Wednesday, June 6, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂၆) ဇာတ်သိမ်း

တစ်နေ့လုံး ဖုန်းဆက်ဖို့ အကြိမ်ကြိမ်စိတ်ကူးသည်။ သို့သော် စိတ်ကိုတအားတင်းထား၏။ သတင်းစာ အားလုံးတွင် ရှာလီ့သတင်းတွေ ဆက်တိုက်ပါလာသည်၊ နောက်ရက်များတွင်လည်း ဆက်ပါမြဲ၊ ရှာလီဘက်မှလည်း လုံးဝဖုန်းမလာတော့။ သူမြန်မြန်သွားပါစေ ဟု အော်လီဗာ ကျိတ်ပြီး ဆုတောင်းနေ၏။ သူ့အိမ်ကို ဝင်သွားရမလား၊ စတူဒီယို တွင်းသွားတော့ ရ မလားနှင့် နေ့စဉ်ထိန်းချုပ်ရလွန်းသဖြင့် ပင်ပန်းလှပြီ။ သွားပါတော့ရှာလီရယ်၊ မင်းရဲ့ဘဝသစ် ရှိရာ ကို အပြီးအပိုင်ထွက်သွားပါတော့ အချစ်ရယ်။ ကို ဆက်ဖတ်ရန်.......

အခန်း (၂၉)

ကျေးဇူးတော်နေ့ မတိုင်မီတစ်ရက်တွင် မယ်လီဆာနှင့် ဆမ်ကို ခေါ်ပြီး ဆန်ဖရန်စစ္စကို တစ်ဝိုက် လျှောက်လည် ဖို့ ဆာရာရောက်လာသည်။ အက်နက်နှင့် မြေးကလေးကိုပါ ခေါ်သွားမည်တဲ့။ ဘင်ဂျမင် က စကိတ်စီး ထွက်ဖို့ စီစဉ်ထား၏။
ရေးနေသည့် စာအုပ်ပြီးသွားပြီ။ ဆာရာ့ကို ကြည့်ရသည်မှာ ကျန်းမာရွှင်လန်းနေပုံရ၏။ ပို၍ လှနေ သည် ဟု အော်လီဗာ ထင်သည်။ သူ့ပါးကို နမ်းပြီး နှုတ်ဆက်သည့်ခါ လုံးဝပူနွေးခြင်း မရှိတော့ ဘဲ ကျောက်ဆစ်ရုပ် ၏ ပါးပြင်နှင့်တူနေသည်ကို ထူးဆန်းစွာ တွေ့ရသည်။
မိမိ ဘက် မှလည်း တမ်းတမ်းတတ မဖြစ်မိတော့၊ သူဆွတ်လာသည့် ရေမွှေးအနံ့သည်ပင် နှာခေါင်း ထဲတွင် စိမ်းနေ ၏။ မိမိအိပ်မက်များ စိုးမိုးထားသူက ရှာလီ။ သည်နာမည်ကို သတင်းစာ များ တွင် တွေ့ ရတိုင်း၊ သူ့အကြောင်း စဉ်းစားမိတိုင်း၊ ရင်ထဲမှာ နာကျင်နေဆဲ။
ခရီးထွက်မည့် မနက်တွင် အဲလက်စ်ကလေး ကို ပေါင်ပေါ်တွင် တင်ထားရင်း ဆာရာ မေးသည်။

"အော်လီဗာ တို့ ဘယ်တော့ လက်ထပ်ကြမှာလဲဟင်"
အော်လီဗာ အလန့်တကြား ဖြစ်သွားသည်။
"ကလေးတွေ ပြောတယ်ထင်တယ်၊ ဟုတ်လား"
သူ့အသံမှာ တိုးသော်လည်း မာကျောနေ၏။
"ကလေးတွေ က ဘာပြောရမှာလဲ"
ဆာရာ တအံ့တသြ ပြန်မေးသည်။ အဲလက်စ်ကလေးက ဖွားအေ၏ ရင်ပတ်ကို မျက်နှာ အပ်ပြီး ဆော့နေ သဖြင့် ရှပ်အင်္ကျီအဖြူတွင် သွားရည်စတွေ ပေကျန်ကုန်သည်၊ အက်နက်က ကလေးတွေ ၏ ပစ္စည်းတွေ ကူသယ် ဖို့ အပေါ်ထပ်တက်သွားသည်။

"ရှားလော့ ကို ဘရော့ဒ်ဝေးက လှမ်းခေါ်တယ်၊ သူမကြာခင် သွားလိမ့်မယ်၊ တကယ်တော့ ... ဒါကြောင့် နှစ်ယောက် တိုင်ပင်ပြီး ဆုံးဖြတ်လိုက်တာလေ၊ လက်ထပ်တာထက် နယူူးယောက်ကို သွားတာ က သူ့အတွက် အကျိုးရှိမယ် မဟုတ်လား"
အော်လီဗာ ပြုံးပြုံးရယ်ရယ်နှင့် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ သူ့ရင်ထဲက ဝေဒနာကို ဆာရာ မြင်နိုင် ပါသည်။ သူ့အကြောင်း ကို ကောင်းကောင်းသိခဲ့သူ မဟုတ်လား။ အရမ်းစိတ်မကောင်း ဖြစ်သွား သည်။ မိမိနှင့် ယန်းပီယာ ၏ ဇာတ်လမ်းမျိုးထက် လေးနက်ကြောင်း ဆာရာသိနေသည်။
ဘယ်နည်းနဲ့ ကွဲရကွဲရ ချစ်သူတို့၏ ခွဲခွာခန်းတိုင်းသည် သည်းအူပြတ်မျှ ခံစားကြရစမြဲ မဟုတ်လား။

"အင်း ... ကံပေါ့လေ၊ လက္ခဏာကိုက သိပ်တော်တဲ့၊ သိပ်တတ်တဲ့၊ သိပ်ရည်မှန်းချက် ကြီးမားတဲ့ မိန်းမတွေ နဲ့ ချည်း ဆုံစည်းဖို့ ပါလာတယ်ထင်ပါရဲ့"
"တစ်နေ့နေ့တော့ ထိုက်ထိုက်တန်တန် မိန်းကလေးတစ်ယောက် နဲ့ တွေ့ဦး မှာ ပါလေ၊ အော်လီ တွေ့သင့် ပါတယ်"
ဆာရာ ရင်ထဲ ရှိသည့်အတိုင်း ပြောလိုက်ခြင်း ဖြစ်၏။
"ကိုယ်က တွေ့ချင်သည့် တိုင်အောင် အချိန်မရှိတော့ပါဘူး"
ရင်ထဲက ဝေဒနာကို အပြုံးဖြင့် ဖုံးကွယ်ရင်း ပြောလိုက်သည်။ တစ်ဆက်တည်းတွင် မြေးကလေးကို လှမ်း ကြည့်ပြီး ... "အဲဒီချာတိတ်ကြောင့် တစ်အိမ်လုံး ဘယ်သူမှ မအားကြရဘူး"
ဘင်ဂျမင်ရောက် လာပြီး ကလေးကို အမေ့လက်ထဲမှ ယူပြီး ဆာရာငှားလာသည့် ပွန်တီယက်က ကားကလေးပေါ် သို့ သွားပို့သည်။ ဘင်ဂျမင် သားကလေးနှင့် လုံးဝမခွဲလို၊ သူ့ကို စကိတ်စီး ထွက် ဖြစ်အောင် အော်လီဗာ တမင်စီစဉ်ခြင်း ဖြစ်၏။

ရှားလော့ကို ဆုံးရသည့်အတွက် ရသည့်ဒဏ်ရာဒဏ်ချက်တွေကြားမှာ မိသားစု အစုံအလင် ပျော်ရွှင်စွာ ဆုံကြပုံ ကို ကြည့်ပြီး အော်လီဗာ ပျော်နေသည်။
ခဏနေတော့ ဆာရာနှင့် ကလေးတွေ ထွက်သွားကြသည်။ နောက် မကြာခင် ဘင်ဂျမင်ကို သူ့ သူငယ်ချင်းတွေ လာခေါ်သွားသည်။ အိမ်ကြီးထဲတွင် အော်လီဗာ တစ်ယောက်တည်း ကျန်ရစ် သည်။ ပုံနေ သည့် ငွေတောင်းခံလွှာတွေ၊ စာအုပ်တွေကို ရှင်းဖို့ အာရုံပြုလိုက်သ်ည။
အိမ်ကြီး မှာ ထူးထူးခြားခြား တိတ်ဆိတ်နေ၏။ ကုလားထိုင် နောက်ကျောကို မှီပြီး သက်ပြင်း တစ်ချက် ချလိုက်သည်။ စိတ်ပါလက်ပါ လုပ်ဖြစ်ပါ့မလားဟု ကိုယ့်ကိုကိုယ် မယုံသည့်နှယ် ချီတုံချတုံ ဖြစ်နေ၏။
ရှာလီ အကြောင်း ခေါင်းထဲ ဝင်လာပြန်၏။ ဆာရာ့အကြောင်းကိုလည်း စဉ်းစားပါသည်။ တစ်နည်းတစ်ဖုံ များ သူတို့နှင့် ပြန်လည် ပတသက်လာနိုင်စရာ ရှိနိုင်သေးလားဟု တွေးကြည့်၏။ မည်သို့မျှ ပြန်လည်ဆုံစည်းရန် အကြောင်းမရှိတော့ ဟူ၍ နှလုံးသား၏ အနက်ရှိုင်းဆုံး တစ်နေရာမှ အဖြေပေး သံ ကြားရသည်။

အင်း ... ဘဝအစကတည်းက တစ်မျိုးတစ်ဖုံ စခဲ့ရင် နောင်အခါတွင် ဆာရာ ထွက်ပြေးမည်မဟုတ်။ ပြီးတော့မှ သည်လိုတွေးလို့ ဘာမှအကျိုးမရှိကြောင်း သဘောပေါက်လာသည်။ ဆာရာသည် ဆာရာပဲမို့ ဘယ်လို မှ ထိန်းလို့ရမည် မဟုတ်ပါ။ သူက လွတ်လပ်မှုကို ကိုးကွယ်ချင်သူ၊ တစ်ယောက် တည်း ဖြစ်သလိုနေပြီး ဝတ္ထုတွေ ရေးနေမည်။ ရှာလီက ဘရော့ဒ်ဝေးမှာ၊ မီဂန်က နယူးယောက် မိုးပျံ တိုက်ခန်းကြီးမှာ ဒက်ဖနီ ပင်လျှင် ဇနီးကို မစွန့်နိုင်သော ချစ်သူနှင့် ဣန္ဒြေရရ။

ရှားလော့အကြောင်းတွေးရင်း ရင်ထဲတွင် အောင့်သက်သက် ဖြစ်လာ၏။ အကြင်မိန်းကလေးသည် လက်ထပ်ခြင်း၊ အိမ်ထောင်သားမွေးခြင်းကို ဘဝဟု ယုံကြည်၏။ မိမိအား အသက်တမျှ ချစ်ပါသည် ဆို၏။ ထိုမိန်းကလေး သည်လည်း နောက်ဆုံးတွင် မိမိအား ထားခဲ့ကာ "ကိုယ်ပိုင်လွတ်လပ်ခွင့်" လမ်း ကို ရွေးချယ်သွားသည်ပင်။ သူယုံကြည်တာကို ဦးစားပေးသွားခြင်းပင်။ နယူးယောက်ကို သွားမည်တဲ့။ မကြာ မကြာ ပြန်လာပါမည်တဲ့။ ကတိတွေ အထပ်ထပ်ပေးပြီး ခွဲခွာသွား၏။ ဘယ်တော့မှ ဖြစ်လာမည် မဟုတ် သည့် ကတိများ။ သူ့နှလုံးသားက သည်ကတိတွေကို အမြဲတမ်း သတိပေးနေဦးတော့၊ လက်တွေ့ ဘ၀ က သူ့ကို ခွင့်ပြုမည် မဟုတ်ပေ။
ဘယ်လောက်ကြာအောင် စားပွဲတွင် ထိုင်ပြီး ငိုင်နေမိသည်မသိ။ ထလိုက်တော့ မွန်းလွဲနေပြီ။ ဆာဆာ ရှိသည်နှင့် မီးဖိုဆောင်ဘက်သို့ လျှောက်ခဲ့သည်။ ဤတွင် သူ့ကို လှမ်းမြင်လိုက်ခြင်း ဖြစ်၏။ ကားပေါ်မှ ဆင်း လာပြီး မရေမရာ ပုံစံဖြင့် ရပ်နေသည့် ရှားလော့။

ဂျင်းဘောင်းဘီနှင့် တီရှပ်ဝတ်ထားသည်။ ဆံပင်ကို ခါတိုင်းလိုပင် မြင်းစီးပုံစံစည်းနှောင်လျက်။ မိမိ အသည်းကို ခွဲပြီး လက်တွဲဖြုတ်ခဲ့သည့် မိန်းမတစ်ယောက်နှင့် မတူဘဲ မယ်လီဆာ သူငယ်ချင်းမ ကလေး တစ်ယောက်နှင့် တူနေသည်။ အပြင်ဘက်တွင် အကြာကြီးရပ်ပြီး အော်လီဗာကို သူငေး ကြည့်နေသည်။
အိမ်ရှေ့ တံခါး သွားဖွင့်ပေးရမှာလား၊ သည် အတိုင်း ငေးကြည့်နေရ မှာလား၊ အော်လီဗာ ဝေခွဲ မရ ဖြစ်နေ သည်။ နှုတ်ဆက်ဖို့ လာသည်ဆိုလျှင်တော့ တော်တော် ရက်စက်ရာ ကျလိမ့်မည်။ တစ်စုံ တစ်ခု က ဆွဲယူညှို့ငင်နေသလို ခံစားရ၏။ ကိုယ့်ကိုကိုယ် ဘာလုပ်နေမှန်း မသိဘဲ တံခါး၀ ဆီ သို့ လျှောက်သွားပြီး ဖွင့်ပေးလိုက်မိသည်။ ဆောက်တည်ရာမရ ဖြစ်နေသည့် ခြေလှမ်းများဖြင့် ရှားလော့ လျှောက်လာသည်။

"မောင့်ကို တွေ့မယ် မထင်ဘူး၊ မတွေ့ရင်ထားခဲ့ဖို့ စာတောင် ရေးယူလာသေးတယ်"
လက်ထဲ တွင် စာရွက်ကလေးကိုင်လျက်၊ သို့သော် အော်လီဗာ ဖတ်ချစ်စိတ် မရှိတော့ပါ။
"မလာခင် ရှာလီ မောင့် ကို ဖုန်းဆက်ဖို့ ကောင်းတာပေါ့နော်"
"စာတိုက် ကနေ ထည့်လိုက်လဲ ရတာပဲ"
သူနှင့် စကားများများ ပြောစရာအကြောင်း မရှိတော့ပါ။ ပြောစရာရှိသမျှ အားလုံး ပြောခဲ့ပြီးပြီပဲ၊ မျက်ရည်တွေ လည်း အကြိမ်ကြိမ် ကျခဲ့ပြီးပြီပဲ၊ ရှားလော့က အော်လီဗာကို ကျော်ပြီး မီးဖိုဆောင်ကို လှမ်းကြည့် သည်။

"ကလေးတွေ နေကောင်းကြရဲ့လားဟင်"
"နေကောင်းပါတယ်" ဟု ဖြေရင်း အော်လီဗာ အံ့သြနေသည်။ ဘာအတွက်များ သူရောက်လာတာ ပါလိမ့်" "သူတို့ကို ရှာလီ အောက်မေ့ပါတယ် မောင်ရယ်"
ကိုယ့် ကိုကိုယ် အပြစ်ရှိသူတစ်ယောက် အယူခံဝင်နေသည့်လေသံ၊ တောင်းပန်သည့်လေသံဖြင့် ရှားလော့ ပြောသည်။ "သူတို့လဲ မင်းကို အောက်မေ့နေကြတာပါပဲ"
"အဲလက်စ်ကလေးကော" "ကောင်းပါတယ်၊ သူ့အဖေနဲ့ လုံးထွေးနေတာပဲ"
အော်လီဗာ ပြောရင်း ပြုံးလိုက်သည်။

"တစ်ယောက်မှ မမြင်ပါလား၊ ဘယ်သွားနေကြတာလဲ"
"ကျေးဇူးတော်နေ့ ခရီးထွက်ကြတယ်လေ"
အတွင်း ကို ဝင်ဖို့ ဖိတ်ခေါ်ချင်နေပြီ။ သို့သော် အကျိုးအမြတ်မှာ ဝေဒနာတွေ တိုးလာခြင်းသာ ဖြစ်မည်။ ပြီးမှ ပုခုံးတွန့်ပြီး အထဲဝင်ဖို့ လက်ဝှေ့ပြပြီး တံခါးဆွဲဖွင့်ပေးလိုက်သည်။
"ခဏဝင်ဦးလေ" ရှားလော့ သူ့နောက်မှ လိုက်ဝင်သွားသည်။ ယောကျ်ားပီသလှသည့် ချစ်သူကို အမြတ်တနိုး ကြည့်မိသည်။ ချစ်နေတုန်းပါ မောင်ရယ်၊ စာရွက်ခေါက်ကလေးကို အိတ်ထဲပြန်ထည့် လိုက်၏။ "ဘယ်တော့သွားမှာလဲ" အော်လီဗာ က စမေးလိုက်သည်။ ရှားလော့ ခပ်တွေတွေ ဖြစ်နေသည်။ ဘာပြော ရမှန်း မသိဘဲ ကြောင်တောင်တောင် ဖြစ်နေခြင်းမျိုး။ မိမိကြောင့် ချစ်သူဘယ်၍ ဘယ်မျှ ခံစားခဲ့ရည် ကို ရှားလေ့ သိပါသည်။ သည်အတွက် ဘယ်လိုမှ အလျော်ပေး၍ ရနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ရှည်ရှည် ဝေးဝေး ရှင်းပြစရာလည်း သိပ်ရှိတော့မည် မထင်ပါ။ ရှင်းပြချင်သည့်တိုင်အောင် ဘယ်က စပြော ရမှန်း ရှားလော့ မသိ။ ထို့ကြောင့် ချစ်သူမျက်နှာကို ခပ်ငေးငေးလေး ကြည့်နေမိသည်။

"ပြောရမှာ အရှည်ကြီးပဲ မောင်ရယ်" "သိပ်ပျော်နေမှာပဲနော်"
တတ်နိုင်သမျှ ဣန္ဒြေဆည်ပြီး ပြောသော်လည်း ဒေါသသံပါနေ၏။ အချစ်ကြီးသဖြင့် အမျက်ကြီး ခြင်းမျိုး၊ သို့သော်လည်း ချစ်သူအပေါ် အမျက်မသိုမိရန် အတတ်နိုင်ဆုံး အော်လီဗာ သတိထားပါ သည်။
"မောင်နဲ့မတွေ့တဲ့ ရက်ပိုင်းမှာ အဖြစ်အပျက်တွေက အများကြီးရယ်"
ငရဲတမျှ ပူပူလောင်လောင် ခံစားခဲ့ရသည့်အကြောင်းများကိုတော့ ထည့်မပြောတော့ ပါ။ အေးစက်စက် ဖြစ်နေသည့် သူ့မျက်လုံးများကို ကြည့်ပြီး ပြောဖို့ သိပ်နောက်ကျသွားပြီဖြစ်ကြောင်း ရှားလော့ နားလည် လိုက်ပါပြီ။ လာမိတာပင် မှားလေပြီလားဟု သံသယဝင်လာ၏။

"ကော်ဖီတစ်ခွက်လောက် သောက်ပါလားဟင်" စိတ်တစ်ခုက သူ့ကို ပြန်စေချင်ပြီ။ သို့သော် အခြား စိတ်တစ်ခု က နေစေချင်သေးသည်။ မပြန်စေချင်၊ ဘယ်တော့မှ ပြန်မလွှတ်ချင်။
ချစ်သူ ကို ရှားလော့ ဆွေးဆွေးမြေ့မြေ့ စိုက်ကြည့်နေသည်။ ပြီးမှ တိုးတိုးကလေး ပြောလိုက်သည်။
"ရှာလီ မသွားတော့ဘူး မောင်" "ဘာ ... မသွားတော့ဘူး ဟုတ်လား"
အော်လီဗာ့နားထဲတွင် သူ့စကားလုံးလေးတွေ ဆူညံစွာ ပဲ့တင်နေသည်။ ဘာအဓိပ္ပာယ်ပါလိမ့်။ သတင်းစာတွေ၊ တီဗွီတွေ တရားဝင်သတင်းလွှင့်ပြီးမှ ဘယ်လို ဖြစ်တာပါလိမ့်။
"ဟုတ်တယ်မောင်၊ ဒီမှာပဲ လုပ်လက်စတွေ ဆက်လုပ်တော့မယ်"
"ဒီက ထုတ်လုပ်သူတွေ က စာချုပ်နဲ့ ကိုင်ထားလို့လား" "မဟုတ်ပါဘူး၊ အဲဒီကိစ္စ လုံးဝပြဿနာ မရှိဘူး ..." အော်လီဗာ မျက်မှောင်ကုတ်ပြီး စကားဆက်ကို စောင့်နေသည်။

"မသွားသင့်ဘူးထင်လို့ ရှာလီဘာသာ ဆုံးဖြတ်ချက်ကို ပြင်လိုက်တာပါ"
"ဒါဖြင့် ဘရော့ဒ်ဝေးကို သွားဖို့ မင်းရည်ရွယ်ချက်ကကော၊ ဘာလို့ မသွားတော့တာလဲ"
"မောင့်ကြောင့်ပေါ့၊ သိပ်များ နောက်ကျသွားပြီလားဟင်။ နောက်ဆုံးကျမှ ဘရော့ဒ်ဝေးကို သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မှားကြောင့် သိလာတယ်လေ၊ အိမ်ထောင်ပြုဖို့ရယ်။ အိုးနဲ့အိမ်နဲ့ နေဖို့ ရယ်ကို ရှာလီ ဘယ်လောက် အလေးအနက် ထားခဲ့တယ်ဆိုတာ မောင်သိတယ်နော်၊ ဒါပေမယ့် ရှာလီ လုပ်ပုံက အဲဒါတွေ ကို အားလုံးဘေးချိတ်ပြီး ရှာလီနဲ့ မောင့်ကို ဘယ်လောက်ပဲ ထိခိုက် ထိခိုက် ကလေးတွေ ဘယ်လိုဖြစ်ကျန် ကျန် တစ်ကိုယ်ကောင်းဆန်ဆန် ထွက်ပြေးတဲ့ သဘောပဲ"

"ဒါမျိုး မလုပ်သင့်ဘူးလေ၊ ချစ်သူကို ထားခဲ့ဖို့ဆိုတာ တကယ့်တကယ်ကျမှ မဖြစ်နိုင်မှန်း သိလာ တယ်။ တစ်ဘက်က ဆန္ဒတွေ ဘယ်လောက်ကြီးကြီး အချစ်နဲ့ယှဉ်တိုးကြည့်တဲ့အခါ အလိုလို သေးသိမ် သွားတယ်၊ ရှာလီ ကို မောင်ပြန်ပြီး လက်မခံသည့်တိုင် ဘရော့ဒ်ဝေးကို မသွားဖို့ ဆုံးဖြတ် ချက် ကိုတော့ ရှာလီ မပြင်တော့ဘူး" နာကြည်းပြုံးကလေး ပြုံးလိုက်ပြီး စကားဆက်သည်။
"အဲဒီလို ဆုံးဖြတ်ပြီး မှ ကိုယ့်ကိုကိုယ်အမှန်ဘက် ပြန်ရောက်လာတယ်လို့ ခံစားရတယ်၊ အဲဒီတော့ မှ နေသာထိုင်သာ ရှိလာတယ်" တွန့်နေ သည့် နဖူးရေတွေ တဖြည်းဖြည်း လျော့ကျ သွားပြီး အော်လီဗာ ၏ နှုတ်ခမ်းများပေါ်တွင် ပြုံးရိပ်သန်းလာ သည်။ "သူတို့ ဒေါသပုန်ထမနေကြဘူးလား"
ရှားလော့ ပြုံးသည်။

"ဘယ်ပြောကောင်းမလဲ၊ ဘရော့ဒ်ဝေးနဲ့တော့ ဝေးပြီပေါ၊ ဒါပေမယ့် ဟောလိဝုဒ်က ရှာလီကို ချစ်ကြ ပါ တယ်လေ၊ အဲဒါတွေ မောင့်ကို ရှင်းပြချင်တယ်၊ ဖုန်းဆက်မယ် အကြိမ်ကြိမ် စိတ်ကူးတယ်၊ ရှာလီ မဆက်ရဲလို့" "ဘာဖြစ်လို့" "မောင့်ကို ရှာလီစိတ်ဆင်းရဲအောင် လုပ်ခဲ့မိလို့လေ၊ နောက်တစ်ခုက နယူးယောက် ကို သွားပါတော့ မယ်လို့ ဒီနေ့ ပြောပြီ းနောက်တစ်နေ့မှာ လာပြီး ဘွာခတ်လို့ မကောင်း ဘူးလေ၊ စာရွက်ကလေးထဲ မှာ အဲဒီအကြောင်းတွေ ရေးထားတာပါ။ သတင်းစာတွေ။ တီဗွီသတင်းတွေ ထဲ မပါခင် မောင်ကြို သိထားစေချင်လို့လေ။ မောင်နဲ့ရှာလီ အဆက်အသွယ်ရှိနေရင်တော့ ဒီကိစ္စ မောင်အရင် သိရမှာပေါ့၊ ဒါပေမယ့် မောင်က အဆက်အသွယ်လုပ်ချင်စိတ်တောင် မရှိတော့ဘူး မဟုတ်လား" ချစ်သူဆီမှ ဘာမျှမမျှော်လင့်တော့သည့် လေသံဖြင့် ပြောနေသည်။ ချစ်သော သူနှင့် ကွေကွင်းရလျှင် တစ်သက်လုံး စိတ်ဆင်းရဲနေတော့မည့်အသွင်က အထင်းသား ပေါ်လွင်နေ၏။

ရှားလော့က လေးလံလွန်းသည့်အကြောင်းအရာမှ အာရုံပြောင်းသည့်အနေဖြင့် ပူးလှောင်အိမ် ကလေးကို လှမ်းကြည့်ပြီး … "ဒါထက် … ရှာလီ ကလေးကော" အော်လီဗာက ချစ်သူကို ကြည့်ပြီး ပြုံးလိုက်သည်။ ဖိစီးနေ သည့် ဝန်ထုပ်ဝန်ပိုးကြီး ပခုံးပေါ်မှ လျောကျသွားသလို ပေါ့ပါးသွား၏။
"မျက်စိနောက်တာနဲ့ ဆမ်မရှိတုန်း ကားရုံထဲ သွားပို့ထားတယ်၊ အိပ်လို့မရတဲ့အထဲ သူက လာလာ ရှုပ်နေလို့လေ" ရှားလော့၏ ရင်ထဲတွင် နင့်ခနဲ ဖြစ်သွားသည်။ ပြီးတော့ ဝမ်းနည်းပက်လက် ပြောသည်။
"ရှာလီ တစ်ညမှ ကောင်းကောင်းမအိပ်နိုင်ပါဘူးမောင်ရယ်၊ ရှာလီ သိပ်မိုက်မဲတာပဲနော်၊ ဟုတ်တယ် မဟုတ်လားဟင်" အော်လီဗာက သူ့ကို ကြည့်ပြီး ပြုံးသည်။

"မိုက်တယ်လဲ ဘယ်ဟုတ်မလဲလေ၊ နောက်ဆုံးမှာ လမ်းဆုံလမ်းခွရောက်ရင် တစ်လမ်းလမ်း ကို ရွေးကြ ရတာပဲ၊ ဒါဟာ ဘဝပဲ၊ တို့အားလုံးဟာ ဘဝလမ်းတစ်လျှောက်မှာ စမ်းတဝါးဝါးနဲ့ မရေမရာ လျှောက်နေကြသူတွေပဲလေ"
နှစ်ယောက်သား မထိုင်ကြသေး။ မီးဖိုဆောင်ထဲတွင် ခပ်ကြောင်ကြောင်ကလေး ရပ်နေကြဆဲ ဖြစ်၏။ ခုထိ သူတို့ ဘ၀ ရေရေရာရာ မရှိသေး။ နှစ်ယောက်စလုံး အနာဂတ်သည် အော်လီဗာ့အပေါ် တွင် လုံးလုံး တည်နေပြီ။ "မောင့်ကို ရှာလီ သိပ်အောက်မေ့တာပဲကွယ်၊ ရှာလီ့ကို ခွင့်မလွှတ်ဘူးဆိုရင်တော့ မောင့်ကို တစ်သက်လုံး အောက်မေ့ နေရတော့မှာပေါ့နော်၊ မောင့်ကို ခေါ်ဖို့ နေ့တိုင်း ကြိုးစားတယ်၊ လာဖို့လဲ ကြိုးစား တယ်၊ ရှာလီ့ အပြစ်တွေ အားလုံး ခွင့်လွှတ်ဖို့ မောင့်ကိုတောင်းပန်မလို့လေ၊ ဘရော့ဒ် ဝေးကို သွားဖို့ ဆုံးဖြတ်တာကိုက ခွင့်မလွှတ်နိုင်တဲ့ အမှားပါမောင်" "ဒါပေမယ့် ဘရော့ဒ်ဝေး က မင်းရဲ့ ဘဝပန်းတိုင်ပဲ ရှာလီ၊ ဘာလို့ မှားတယ်လို့ ပြောနိုင်မလဲ"

"မောင့်ကို အဲဒီဘဝပန်းတိုင်ထက် ပိုချစ်လို့ပေါ့၊ အဲဒါကို စောစောပိုင်းက မသိဘူး၊ မောင့်ကို ဆုံးရတော့ မှာပါလားဆိုတဲ့ အသိဝင်မှသိတာ၊ ခုတော့ သိတာ သိပ်နောက်ကျသွားပြီပေါ့နော်"
သူ့မျက်လုံးက နောက်ကျသွားပြီ ဆိုခြင်းကို အတည်ပြုသည့်နှယ် အေးစက်နေဆဲ။ လာမိသည့်အတွက် ရှာလီ ယူကြုံးမရ ဖြစ်နေသည်။ ထိုစဉ် သူ့မျက်နှာပေါ်တွင် ထူးဆန်းသည့် အရောင်များ ယှက်သန်း လာပြီး ရှေ့သို့ တရွှေ့ရွှေ့ တိုးလာသည်။
"ဘယ်သူပြောလဲ၊ နောက်ကျသွားပြီလို့" ရှားလော့၏ ခန္ဓာကိုယ်ကလေးကို ဆွဲယူပြီး တိုးတိုးကလေး ထပ်မေး သည်။

"ဘယ်သူပြောလဲ၊ နောက်ကျသွားပြီလို့၊ ပြီးတော့ မင်းဆုံးဖြတ်ချက်မှားတယ်၊ ကိုယ်က မှန်တယ်လို့ ကော ဘယ်သူပြောလဲ၊ ကိုယ်တို့ မိသားစုပါ နယူးယောက်ကို ပြောင်းပြီး ပါချေ့စ်အိမ်မှာနေဖို့ အကြိမ် တစ်ထောင်မက စဉ်းစားတယ်၊ ဒါပေမယ့် မင်းရဲ့ ရှေ့မှာ ကိုယ်က ကာဆီးကာဆီးလုပ်ဖို့ ဘာအခွင့်အရေး မှ မရှိဘူးလေ" "မောင့်ကို ရှာလီနဲ့ ပတ်သက်တဲ့အခွင့်အရေးအများကြီး ရှိပါတယ်ကွယ်၊ ရှာလီသက်သက် တစ်ကိုယ်ကောင်းဆန်တာပါ" "ဒါဖြင့် ခု ဘာဆက်လုပ်ကြမလဲ" အော်လီဗာနှုတ်မှ ကြိုးကြိုးစားစား ထွက်သွားသော စကားလုံးများ … "မောင့်ကို ရှာလီ သိပ်ချစ်တယ်" ရှာလီ လှိုက်လှိုက် လှဲလှဲ ပြော လိုက်သည်။ အော်လီဗာအတွက် အချိုမြိန်ဆုံးနားဝင်ပီယံအဖြစ်ဆုံး စကားလုံးများ၊ ချစ်သူကို ထွေးပွေ့ပြီး ခပ်ဖြည်းဖြည်း နမ်းလိုက်သည်။

"မောင်လဲ အတူတူပါပဲ အချစ်ရယ်၊ ကိုယ်လေ … မင်းကို အောက်မေ့လွန်းလို့ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ရူးသွးာမလား အောက်မေ့တယ်" "အတူတူပါပဲ မောင်ရယ်"
ရှားလော့က ပြုံးပြုံးကလေး ပြန်ပြောသည်။ အော်လီဗာက ဘာမပြောညာမပြောနှင့် ရှားလော့၏ ကိုယ်ကလေး ကို စွေ့ခနဲ ပွေ့ယူပြီး မီးဖိုဆောင်ထဲမှ ထွက်လာသည်။ "ဒါ ဘယ်ကိုသွားမလို့လဲ"
ရှားလော့ ရယ်ရင်း မေးသည်။ ပျော်လွန်းလို့ ရင်တွေ တလှပ်လှပ်ခုန်လာ၏။ ချစ်သူ ရင်ခွင် ထဲကို ပြန်ရောက်လာခဲ့ပြီ မဟုတ်လား။ "ဘာလုပ်မလို့လဲလို့" ထပ်မေးသည်။ အော်လီဗာ က လှေကားထစ်တွေ ကို တက်နေပြီ။

"အကယ်ဒမီ မင်းသမီးကို ဒဏ်ခတ်မလို့လေ"
ရင်းနှီးပြီးသား အိပ်ခန်းသည် နွေးထွေးလျက် ရှိ၏။ သူ့မျက်နှာကို မော့ကြည့်လိုက်သည်။
"ရှာ့လီကို ခွင့်လွှတ်ပါနော် မောင်" "မောင့်ကို ခွင့်လွှတ်ပါ၊ မောင်မှားတာတွေလဲ ပါတာပဲ"
သူ့ရင်ခွင်ထဲတွင် မျက်နှာကလေး မြှုပ်ထားလိုက်သည်။  လေးရက်လုံးလုံး ငရဲရက်များကို အတိုးချပြီး နှစ်ယောက် သား ပျော်ကြသည်။ ကလေးတွေ ပြန်လာ တော့ ရှားလော့ကို မီးဖိုဆောင်ထဲတွင် အဝတ်အစား ကပိုကရိုနှင့် ဖိနပ်မပါဘဲ တွေ့သည်။ ဆာရာက ကလေးတွေ ကို ပြန်ပို့ပြီး အော်လီဗာ ကို နှုတ်ဆက် ကာ လေယာဉ်ကွင်းတန်းဆင်းမည်၊ အော်လီဗာက ဆာရာ့ကားဆီသို့ လျှောက်လာသည်။ ဆာရာ က မီးဖိုဆောင် ထဲတွင် ရှားလော့ ကို ကပိုကရို မြူးမြူးရွှင်ရွှင် လှမ်းမြင်တော့ ပါးစပ် အဟောင်းသား ဖြစ်နေသည်။

"အဲဒါ သူလားဟင်" ဆာရာက အော်လီဗာကို တိုးတိုးကလေး မေးသည်။
"ဟုတ်တယ်လေ" ရှားလော့ကို ဆာရာနဲ့ မိတ်ဆက်ပေးဖို့ အော်လီဗာ လှမ်းခေါ်မည် ပြုသည်။ သို့သော် အိမ်ထဲတွင် ရှားလော့နှင့် ကလေးတွေ ဆူညံနေကြသည်။ "ဒါဆို အော်လီဗာတို့ နယူးယောက်ကို လိုက်ပြောင်းကြတော့မှာပေါ့နော်" ဆာရာ ဝမ်းသာသွားသည်။ အော်လီဗာ့အတွက် ပျော်သွားခြင်း ဖြစ်၏။ ကားထဲသို့ ဝင်ထိုင်လိုက် သည်။ သားသမီးတွေနှင့် တဝကြီး လည်ပတ်ခဲ့ရ၍ သူ့မျက်နှာမှာ တင်းတိမ်ကျေနပ်နေပုံရသည်။ "ဟင့်အင်း … လိုက်မပြောင်းပါဘူး"
ဝင့်ကြွားသည့် လေသံကလေး စွက်နေကြောင်း ကိုယ့်ကိုကိုယ် သတိထားလိုက်မိ၏။ ဆက်ပြော လိုက်သည်။

"သူ မသွားတော့ဘူးတဲ့"
"ဟုတ်လား" ဆာရာ အရမ်းသဘောကျသွားပုံရ၏။ အော်လီဗာက သူ့ကို ကြည့်ပြီး ပြုံးလိုက်သည်။
"ဒီတစ်ခါတော့ ကိုယ်ကံကောင်းတယ်လို့ အောက်မေ့ရတာပဲ" "ရှားလော့ဟာ သိပ်တော်တဲ့ မိန်းကလေးပါ၊ နှစ်ယောက်စလုံး အတွက် ဂုဏ်ယူပါတယ် အော်လီ၊ သူနဲ့စာရင် ဆာရာက မနူးမနပ် ဖြစ်နေမှာပေါေ့နာ်" "နည်းနည်းပါ" နှစ်ယောက်သား ရယ်ကြသည်။ "အော်လီဗာ ကံကောင်းပါစေကွယ်"

ဆာရာလက်ပြပြီး မောင်းထွက်သွားသည်။ အော်လီဗာအိမ်ထဲသို့ ပြန်ဝင်လာခဲ့၏။ ရှားလော့၏ အဖြစ်ကို မယုံနိုင် သလို လှမ်းကြည့်နေသည်။ လက်တစ်ဖက်က အဲလက်စ်ကလေးကို ချီထားပြီး ကျန်တစ်ဖက်က ဆမ် ကို သိုင်းဖက်ထားသည်။ တပြိုင်တည်းတွင် မယ်လီဆာနှင့် စကားလက်ဆုံ ကျနေသည်။ ရှုပ်ယှက်ခတ်နေသည့်ကြားတွင် အက်နက်က ချောကလက်နွေး လုပ်နေသည်။ မီးဖိုဆောင်ထဲမှ စားပွဲ တွင် ဝိုင်းထိုင်လိုက်ကြ၏။ ရှားလော့က အော်လီဗာ နားနားကပ်ပြီး …
"ရှာလီ အရမ်း ကံကောင်းတာပဲနော်မောင်" "ကံကောင်းတာက ကိုယ်ပါကွာ"
"နှစ်ယောက်လုံး ကံကောင်းတာပါလေ" ပြောနေရင်း သူ့ဆီပြန်ပို့လိုက်သော လက်စွပ်အကြောင်း သွား သတိရသည်။ သူ ဘာလုပ်ပစ်ပါလိမ့်။ ရှားလော့က သူ့လက်ကလေးကို သူ ငုံ့ကြည့်လိုက်၏။ သူ့ကို မော့ကြည့်တော့ ရယ်နေသည်ကို တွေ့ရသည်။
"ဘာရယ်စရာတွေ့လို့လဲ" "မင်းကို ကြည့်ပြီး ရယ်ချင်လို့၊ မမေးတဲ့မေးခွန်းကို ကိုယ်ဖြေပါ့မယ်၊ လွှင့်ပစ် လိုက်ပြီလေ။

တကယ်က စိန်လက်စွပ်ကလေးကို အိပ်ခန်းထဲမှ အဝတ်ဗီရိုထဲတွင် အော်လီဗာက တရိုတသေ သိမ်းဆည်း ထားခြင်း ဖြစ်၏။ "ရှာလီ ဘာတွေးနေတယ်ဆိုတာ မောင် ဘယ်လိုသိလဲဟင်"
"ဘာပြုလို့လဲ ဆိုတော့ မင်းအကြောင်း ပိုပိုသိလာလို့ပေါ့၊ ပြီးတော့ ချစ်လွန်းလို့ပေါ့"
အဲလက်စ်ကလေး ၏ ခေါင်းပေါ်ကျော်ပြီး တစ်ဦးနှင့်တစ်ဦး အပြုံးကိုယ်စီဖြင့် အကြာကြီး စိုက်ကြည့်နေကြသည်။ "ရိုးရိုးရွှေလက်စွပ်ကလေးနဲ့ လဲဝတ်ပါလားဟင်"
အခြေအနေတွေ နောက်ထပ်မပြောင်းခင် အော်လီဗာ အပိုင်လုပ်ထားချင်သည်။ ကမ္ဘာကျော် ကုမ္ပဏီကြီးတွေ၊ ကမ္ဘာကျော် ဒါရိုက်တာကြီးတွေက လာခေါ်လို့ သူစိတ်ပြောင်းသွားရင် မခက်ပါလား၊ ခရစ္စမတ်ရောက် ဖို့ က လေးပတ်လိုသေးသည်။ အော်လီဗာ မစောင့်ချင်တော့။

သူ့မေးခွန်း ကို ရှားလော့က ခေါင်းညိတ်ပြီး ဖြေသည်။ မျက်လုံးများက အော်လီဗာ ဖြစ်နေသည့် သံသယတွေ ကို ချေဖျက်နေဘိသို့ ရှိ၏။ ချစ်သူရင်ခွင်ဆီသို့ အပြီးအပိုင် ပြန်လာခဲ့ခြင်း ပါ မောင်ရယ် ဟု ပြောနေသည့် အလား။
ချစ်သူ ရယ်၊ ချစ်စရာကလေး သုံးယောက်ရယ်၊ ရွှေစင်ရုပ်တုပိုင်ရှင် မင်းသမီးဘဝရယ်၊ ပြီးတော့ မိမိ အတွက်အမြဲ ရှိနေမယ့် ဟောလီဝုဒ်စင်မြင့်ရယ်၊ နောက်ထပ် ရှားလော့ဘဝမှာ ဘာမှ မလိုတော့ အောင် ပြည့်စုံနေပါပြီ။ အော်လီဗာ ကလည်း ဒါတွေအားလုံး ချစ်သူကိကု ပေးဖို့ အသင့်ဖြစ်နေ ပါပြီ။ သူနှင့် ကွဲကွာနေသည့် ရက်ပိုင်းတွင်မှ ပို၍ နားလည်လာခြင်း ဖြစ်၏။ "ဘယ်တော့လဲဟင်"
အော်လီဗာ က မေးသည်။

ရှားလော့ က ပေါင်ပေါ်မှ အဲလက်စ်ကလေးကို အက်နက်အား လှမ်းပေးရင်း အော်လီဗာကို လှမ်းကြည့်လိုက်သည်။ "ဒီနေ့" အော်လီဗာ မျက်မှောင်ကုတ်ပြီး ရှားလော့ကို သူ့ဘက်ဆွဲတိုးလိုက်သည်။ ပြီးတော့ နမ်းဖို့ ပြင်သည်။
စကိတ်ပစ္စည်းတွေ ထမ်းပြီး ဝင်လာသည့် ဘင်ဂျမင်က … "ဟာ … ဆောရီး ဖေဖေ" ရှားလော့ ကို မြင်တော့ ဘင်ဂျမင် အရမ်းပျော်သွားသည်။ သို့သော် ဘာမှ ဆက်မပြောဘဲ အခန်းထဲမှ ပြေးထွက်သွားသည်။ နှစ်ယောက်သား ရယ်ကြသည်။ ပြီးမှ နမ်းကြသည်။
"အကောင်းပြောတာ၊ နောက်တစ်ပါတ်လား" "အကောင်းပြောတာ၊ မနက်ဖြန်"
မင်္ဂလာရက်မြတ်ကို မရွေးတတ်အောင် သူတို့ပျော်နေကြသည်။

"သိပ်ချစ်တယ်"
အော်လီဗာ တိုးတိုးကလေး ပြောသည်။ ချစ်သူ့ ရင်ခုန်သံကို ကြားနေရသည်ထင်၏။
"ရှာလီလဲ မောင့်ကို သိပ်ချစ်ပါတယ် မောင်ရယ်"
ရှားလော့ လေသံဖြင့် ပြန်ပြောသည်။ ကလေးတွေ ရယ်မောသံနှင့် အပေါ်ထပ်သို့ ပြေးတက်သွား ကြသည့် ခြေသံတွေ ကို ကြားရသည်။ မင်္ဂလာသတင်းအကြောင်း ပြောကြဆိုကြရင်း သူတို့တတွေ အပျော်ကြီး ပျော်နေကြသည်။
နောက်အပါတ် ဆိုလျှင် သတင်းစာတွေထဲပါပြီ။ သို့သော် ထိုအချိန်တွင် သူတို့ ဟာဝိုင်ယီ ကို ရောက်နေပြီ။ ကုမ္ပဏီ၏ ခွင့်ပြုချက်ဖြင့် မင်္ဂလာခရီးတစ်ပါတ် ထွက်ကြမည်လေ။
ထင်သည့် အတိုင်းပင် သတင်းထောက်တွေ အလုပ်ရှုပ်ကြပြန်သည်။ ဟာဝိုင်ယီမှ အပြန်တွင် အိမ်မှာကော လေယာဉ်ကွင်းမှာပါ စောင့်ပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ကြသည်။

လေယာဉ်ကွင်းတွင် ဘင်ဂျမင်တို့ သားအဖေ လာကြိုသည်။ ဘင်ဂျမင့်မျက်နှာကလေးမှာ အကျေနပ်ဆုံး ပြုံးနေ၏။ အဲလက်စ်ကလေးက ဖအေ့ပုခုံးပေါ်တွင် အိပ်နေသည်။ အိပ်ပျော်နေသည့် သူ့မျက်နှာကလေး က ဖအေ့ပုခုံးပေါ်တွင် အိပ်နေသည်။ အိပ်ပျော်နေသည့် သူ့မျက်နှာကလေး တွင် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ခြင်းကို တွေ့ရ၏။ "ရှာလီတို့ မွေးလာရင် အဲလက်စ်ကလေးလိုပဲ ချစ်ဖို့ကောင်း မှာပါနော်" တန်ဆာရွေးရမည့် ကောင်တာဆီသို့ ဘင်ဂျမင့်နောက်မှ လျှောက်လိုက်သွားရင်း ရှားလော့က ကပ်မေးသည်။ ဇနီးသည်၏ ခါးကို အော်လီဗာ သိုင်းဖက်လိုက်ပြီး ပြုံးလိုက်၏။ မိမိအနေဖြင့် ဘာမှ မပူတော့၊ ဆန္ဒမှန် သမျှတို့ အားလုံးပြည့်ဝခဲ့ပြီ မဟုတ်လား။

လိုချင်သည့် ဘဝမျိုးကိုလည်း တည်ဆောက်နိုင်ခဲ့ပြီ။ ချစ်သူနှင့်လည်း ဖူးစာဆုံခဲ့ပြီ။ ဘာလိုသေး သနည်း။ ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး လူတစ်ယောက်အဖြစ် မိမိကိုယ်မိမိ ယုံကြည်လိုက် သည်။
"အားလုံးပြီးပြီလား" ဘင်ဂျမင့်ကို အော်လီဗာ လှမ်းမေးလိုက်သည်။ ဘင်ဂျမင်က အထုပ်အပိုးတွေ ကူသယ်သည်။ ကွင်းထဲမှ ထွက်လာခဲ့ကြစဉ် အမျိုးသမီးတစ်ယောက် နောက် မှ ပြေးလိုက် လာပြီး ဆွေ့ဆွေ့ခုန် ဝမ်းသာနေသည့်ပုံဖြင့် မေးသည်။
"ရှား … ရှားလော့ဆင်မဆင် မဟုတ်လား ဟင် …" "လူမှား နေတယ် ထင်ပါတယ်၊ ကျွန်မနာမည် မစ္စက်ဝတ်ဆင်ပါ" "အို …" အမျိုးသမီးက တောင်းပန်ပြီး ပြန်လှည့်ထွက်သွားသည်။ သုံးယောက်သား တခစ်ခစ် ရယ်ကြသည်။ အဲလက်စ်ကလေး က ဖအေ့ ပခုံးပေါ်တွင် အိပ်လို့ ကောင်းတုန်း။
အော်လီဗာနှင့် ရှားလော့တို့သည် ကျန်ကလေးနှစ်ယောက်ရှိရာသို့ ဆက်လက် ထွက်ခွာ လာခဲ့ကြ လေ သည်။

ပြီးပါပြီ
တင်မောင်မြင့်
29-3-1993

2 comments:

Anonymous said...

ကျေးဇူးအများကြီးတင်ပါတယ် အမ..

မေ

AMK said...

ဇာတ်သိမ်းသိပ်ကြိုက်တယ် ပျော်စရာလေးပေါ့ အားလုံးအတွက်ပါ..ကျေးဇူးတင်ပါတယ် အစ်မကြီး နဲ့ စာရိုက်ပေးတဲ့ သူလေးတွေ ကိုပါ