ပင်စင်စားတစ်ဦးနှင့် အာလူးပူရီ (၁)
တို့လူလေးများဆိုသလေ
ကျွန်ုပ်သည် ကျန်းမာရေးအတွက် နံနက်စောစောထ၍ ၆မိုင်မျှလမ်းလျှောက်ခြင်းအမှုကို ပြုလုပ်ရန် ကြံရွယ် ခဲ့သည်မှာ နှစ်ပေါင်း ၄၀ နီးပါးရှိပြီဖြစ်လျက် တစ်နှစ်တွင် ၃၆၅ ရက်တိုင် နံနက်အိပ်ရာနိုးချိန်မှာ ၉ နာရီ ထိုးတွင်သာ ဖြစ်ခြင်းကြောင့် ကဗျာကရာ နပ်စတာစား၍ ရုံးသွားခဲ့ရသည်မှာ ပင်စင်ယူသည်အထိ ဖြစ် သတည်း။ ပင်စင်ယူပြီးသည့်နောက်တွင် ဇိမ်နှပ်အိပ်ခြင်းကြောင့် ၁၀ နာရီကျမှ အိပ်ရာထဖြစ်တော့ သည်။ အဟောသုခံဝတ ပင်စင်စားရသည်မှာ ကောင်းလေစွ။
ဤနေရာတွင် နပ်စတာ ဟူသော ဝေါဟာရကို မန္တလေးသား ဒို့ဗမာမွတ်စလင် မဟုတ်သူများ အတွက် ရှင်းလင်း ရပါမူ ဘရိတ်ဖတ်စ် မည်၏။ တစ်ဖန်ဘရိတ်စ်ကို မြန်မာပြန်ရပါသော် ချွတ်တားဟဇာရီ ဖြစ်၏။ ပြင်သစ်ဘာသာ ဒီပလိုမာ ရလျက် ၅ကျပ် ၂၅ပြား နေ့စားစကားပြန်အလုပ် မ၀င်ရသေးသည့် ပညာတတ် လူငယ်တစ်ဦး ၏ အဆိုအရ ပြောရပါလျှင် ပက်တီဒေးရှူးနေး ခေါ်သည်။ အများသုံးဝေဟာရအရ နားလည်အောင် ပြောရပါမူ နံနက်စောစော အိပ်ရာထတွင် သောက်ပင်းရှိုခြင်းဟု အနီးစပ်ဆုံး အဓိပ္ပာယ် ထွက် ပေသည်။ ကျွန်တော်ရေးသည်ကို ယခုထိ မရှင်းလင်းသေးပါလျှင် ကျွန်တော့်ရည်ရွယ်ချက်မြောက် ပေပြီ။ အကြောင်းဟူမူစာရေးရန် ချီကတည်းက ကျွန်ုပ်သည်ဟူ၍ ဆရာကြီး ရွှေဥဒေါင်းဟန်နှင့် စချီခဲ့လျက် ဘာမျှမဟုတ်သည့် အကြောင်းတစ်ရပ်တွင် ဘူးလုံးနားထွေး အရေးအသားနှင့် မိတ်ဆွေ၏ မျက်စိ ကို ယခုထိ အလုပ်ပေးထားရန်မှာ ကျွန်တော့ အာသီသ ဖြစ်ခြင်းကြောင့်တည်း။
အကြောင်းရှိပါသည်။ ကျွန်တော်ရေးသည်မှာ အကြောင်းမဲ့တော့ မဟုတ်ပါ။ ယနေ့မြန်မာစာပေတွင် ဘူးလုံး နားထွေး အရေးအသားများ တာစားနေခြင်းကြောင့် တစ်နည်းဆိုသော် အများသူငါ လွယ်ကူ ရှင်းလင်း စွာသဘောပေါက်နိုင်စေသည့် စာများကို ရေးသားနိုင်ပါမှ ရေပန်းစားခြင်းကြောင့်၊ ရှုပ်ရှုပ် ထွေးထွေး စာရေးနည်း ကို လေ့ကျင့်နေခြင်းပင်ဖြစ်ပါသည်။
ယင်းသို့လျှင် ရှုပ်ထွေးစာပေအရေးအသား လေ့ကျင့်နေစဉ်ခိုက် မိတ်ဆွေဖြစ်သည့် တပ်မတော် ပင်စင်စား တစ်ဦးသည် လမ်းလျှောက်တုတ်ကောက်ကို ကိုင်စွဲကာ '' ပန်းပရှူး၊ ဘိုစဖုတ် နှင့် စီးကရက်ပိုလို'' မခဲ ဘဲလျက် ကျွန်ုပ်၏တဲတွင်းသို့ ၀င်လာ၏။
ကျွန်ုပ်။ ။ မောနင်း ဗိုလ်မှူး လမ်းလျှောက်ပြန်လာသလား၊ ဘုရားမှာ ယတြာချေပြီး ပြန်လာတာလား။
ပင်စင်စား။ ။ မောနင်း ဗိုလ်မှူး ဆိုပါတော့ဗျာ၊ ဘုရားကပြန်အဆင်းမှာ ဓာတ်ကျတာနဲ့ ခင်ဗျားဆီ ရောက် လာတာပဲ။
(ဤနေရာတွင် ထပ်ရှုပ်အောင် ပြုရသော် မောနင်းဗိုလ်မှူး ဆိုသည်မှာ ကျွန်တော်က သူ့အား တစ်သက်လုံး ခေါ်ခဲ့သည့်အတိုင်း နှုတ်ကျိုးနေ၍ ရိုသေမြဲထုံးစံအတိုင်း ပဋ္ဋိသန္တာရ စကားဆိုခြင်းဖြစ်ပြီး သူက တစ်ဖန် တုံ့ပြန်ခြင်းမှာလည်း အလားတူဖြစ်ပေသည်။ အင်္ဂလိပ်စာရေးဆရာကြီး ချားလ်ဒစ်ကင် က ''ဒွန်ဘေ နှင့် သား'' ၀တ္ထုတွင် ရေးသားထားသည်ကို သူများဖတ်ပြ၍ သိရသည်မှာ ....ဆရာကြီး ဒစ်ကင် သည် အမေရိကန်ပြည်သို့ ပထမဆုံူးရောက်ရှိသွားချိန်တွင် အမေရိကန်ပြည်တွင်းစစ် ပြီးစအချိန်ဖြစ်သည်။
ဆရာကြီးဒစ်ကင် က အမေရိကန်ရှုခင်း ကို လေ့လာပြီးနောက် မှတ်ချက်တစ်ခု ပြုခဲ့သည်။ ''ဒီအမေရိကန်ပြည် ဆိုတာ အတော်ဆန်းတဲ့ တိုင်းပြည်ပဲ၊ လမ်းပေါ်မှာ လူသုံးယောက်ကို ပခုံးစောင်း ၀င်တိုက်မိရင် တစ်ယောက်ကတော့ ဗိုလ်ချုပ်ဟောင်းဖြစ်မှာ သေချာတယ်'' ဟု ဆိုခဲ့သည်။ ပြီးမှ သူက ညည်းတွားခဲ့သည်။ O' flag of liberty at close quarter thou art nothing but a sorry fustian; '' တဲ့။ အဲဒီစာအကြောင်းကိုမူ တက်တိုး၏ ဒစ်စိန်နာရီကို မ၀ယ်ရသေးခြင်းကြောင့် ကျွန်တော် အဓိပ္ပာယ် မဖော် တတ်ပါလေ)။
ကျွန်ုပ် ။ ။ ဓာတ်ကျတယ်ဆိုတော့ ဘယ်လိုလဲဗျ၊ အခု ဓာတ်တွေဘာတွေစီးနေလို့လား။
ပင် ။ ။ ဒါပေါ့ဗျ၊ ကိုယ့်လူကိုတောင် ဓာတ်ခန်းကို တစ်ခေါက်တော့ခေါ်ရဦးမယ်၊ စားပြီးပြီလား။
ကျွန်ုပ် ။ ။ အင်း...ခေတ်မီသူတိုင်း ဒါတွေ လုပ်နေကြတယ်ဆိုပါတော့။ ဒါလည်း ရောဂါတစ်မျိုးပဲ။
ပင် ။ ။ ဟုတ်တယ်ဗျ၊ ကျုပ်လည်း လက်ဖက်ရည်ဆိုင်ဖြစ်ဖြစ်၊ ထမင်းဆိုင်ဖြစ်ဖြစ် ဖွင့်ရမလား စိတ်ကူးတယ်။ အဲဒါခင်ဗျားဆီကအကြံဥာဏ်လေး လာလေးလည်း ယူရင်း ဆိုပါတော့ဗျာ။
ကျွန်ုပ် ။ ။ လုပ်မနေစမ်းပါနဲ့ဗျာ။ လက်ဖက်ရည်ဆိုင် ဖွင့်တယ်ဆိုတာ အကြံတုံးဥာဏ်တုံးတဲ့လူတွေ လုပ်စားတဲ့ အလုပ်ပါ။ တစ်နှစ်လောက် လုပ်မိရင် အိပ်မက်ထဲတောင် ''၀မ်းတီး၊ တူးကော်'' လို့ ယောင် အော်နေမိမယ်။ အလကား အလုပ်ပါ။
ပင် ။ ။ အလကားအလုပ်ဆိုနေရင် ခင်ဗျားကကော ဘာကြောင့် လုပ်ရသလဲ။ ခင်ဗျား လက်ဖက်ရည် ဆိုင် ဖွင့်ထားတယ် ကြားပါလား။
ကျွန်ုပ် ။ ။ ကျုပ်လုပ်ငန်းမဟုတ်ပါဘူးဗျာ၊ ကျုပ်က စာပေလုပ်သားပါ။ အိမ်ကမိန်းမ ထမင်းအိုးတည် ထားတဲ့ ကိစ္စပါ။ တစ်ခုတော့ရှိတယ်။ လက်ဖက်ရည်ဆိုင်လုပ်ငန်း က နေ့စဉ် ဆလံပေးခြင်း ခံရတယ်။ အရာရှိဟောင်း တွေ ဘ၀င်ခိုက်တယ်။
ပင် ။ ။ ကြံကြံဖန်ဖန်ဗျာ၊ ဘယ်သူကလာ ဆလံပေးလို့လဲ။
ကျွန်ုပ် ။ ။ နွားနို့သည်ကုလားကပေးတယ်။ ဆလံပေးတာ နည်းနည်းလျော့ လာပြီထင်ရင် ''ဟေ့ကောင်.. မင်းနွားနို့ မယူတော့ဘူး၊ ပန်နီများတယ်'' ဘာညာကြိမ်းလိုက်။ တစ်နေ့ဆယ်ခါ လောက် ပေးတယ်။
ပင် ။ ။ ဒါလည်း ရောဂါပဲ။ အဲဒီလိုမှ လုပ်မစား လည်း ဘာလုပ်စားရမလဲဗျ။ ကျုပ်တို့က ပင်စင် အပြည့် ရကြတာမဟုတ်ဘူး။ ပင်စင်အပြည့်ရတောင်မှ တစ်လခြောက်ရာကျပ်ဆိုတာ မလှုပ်သာတဲ့ ဥစ္စာပဲ။
ကျွန်ုပ် ။ ။ မလှုပ်သာလည်း မလှုပ်နဲ့ပေါ့ဗျာ။ မြက်မြက်ကလေးစားရပါမလားလို့ ဆိုင်းထဲဝင်ပါတယ်၊ နှဲကြီး တက်နင်းမိလို့ လျော်ရတဲ့အဖြစ်မျိုး ဖြစ်နေပါ့မယ်။ နောက်ပြီး တစ်ခါပြင်ပလုပ်ငန်းမှန်သမျှ မှောင်ခို နဲ့ မကင်းသလိုချည်း ဖြစ်နေတယ်။ ကျုပ်တို့လိပ်ပြာမသန့်ဘူး။ ပုံနှိပ်စက်လုပ်တယ်၊ စက္ကူမှောင်ခိုနဲ့ ဆက်ဆံ ရတယ်။ ဆေးခန်းဖွင့်တယ်။ ဆေးမှောင်ခို နဲ့ သိကျွမ်းထားရတယ်။ နောက်ဆုံး ရုပ်ရှင် တစ်ပွဲ ကြည့် ချင်တာတောင် လက်မှတ် ကို မှောင်ခိုဝယ်ကြည့်ရတယ်။
ပင် ။ ။ ဟုတ်တယ်။ ဒီနေ့ လူတိုင်းလူတိုင်း ကိုယ်ပေါ်မှာ မှောင်ခိုပစ္စည်းတစ်မျိုးမဟုတ် တစ်မျိုး ရှိသည်။ လက်ပတ်နာရီ၊ ဖောင်တိန်၊ မျက်မှန်ကအစ ဆင်ကြယ်ဖိနပ်ထိ ရှိတယ်။ အိမ်တိုင်းအိမ်တိုင်း မှာလည်း ရှိတယ်။ ကက်ဆက်တိပ်ခွေ၊ သွားပွတ်တံ၊ ဆပ်ပြာခွက်ကအစ အားလုံး မှောင်ခိုဝင်လာတဲ့ အကောက်ခွန်မဲ့ ပစ္စည်းချည်းပဲ။ ဒီအထဲက ကျုပ်တို့က မှောင်ခိုနဲ့ ကင်းချင်ပါတယ်ဆိုလို့ ဖြစ်နိုင်ပါ့ မလားဗျာ။
ကျွန်ုပ် ။ ။ လောလောဆယ်တော့ လုံးဝမကင်းနိုင်တဲ့အခြေအနေမှာ ရှိနေတယ်။ ဒါပေမဲ့ တတ်နိုင် သမျှ ကင်းအောင်နေပေါ့ဗျာ။ မရှိမသုံးနဲ့။ ကက်ဆက်ခွေနဲ့ တရားမနာနဲ့။ သွားပွတ်တံမရှိ တမာရိုးနဲ့ တံပူစား။ သွားတိုက်ဆေးက မီးသွေးမှုန်နဲ့ ဆား။ ခေါက်ထီးအစား ဆီစိပ် ပုသိမ်ထီးဆောင်း။ ခင်ဗျားတို့လို စစ်သားဟောင်းကြီးတွေကမှ နမူနာစံအဖြစ် မနေနိုင်ရင် ဘယ်သူက နေနိုင်မှာလဲ။
ပင် ။ ။ ခင်ဗျားပြောတဲ့ သဘောထားမျိုး ထားနိုင်ရင်တော့ ကောင်းတယ်။ ခုထိတော့ သိပ်မတွေ့ သေးဘူးဗျာ။ အဓိကအချက်ကတော့ အတ္တကြီးတာပေါ့။ မာနတွေ၊ အာဃတတွေ၊ ကုဿမစ္ဆရိယ တွေကလည်း များကြတယ်။ ငါတို့ကတော့ အဆိုးဆုံးအချိန်မှာ လုပ်ခဲ့ရတယ်၊ ကောင်းတဲ့ အချိန် ရောက်ကာမှ အပြင်ရောက်ပြီး ငတ်နေတယ်ဆိုတဲ့ လွဲမှားတဲ့ အယူအဆတွေ ရှိနေကြတယ်။ ကိုယ်တာဝန် ကိုယ် ကြေခဲ့ပြီ။ တော်ပြီ။ သူတို့အလှည့်မှာ သူတို့သမိုင်းတာဝန်ကို သူတှို့ ဆက်ထမ်းကြပါစေ။ ဟုတ်လား.....။
ကျွန်ုပ် ။ ။ ဟုတ်ပါတယ်။ ဒါတင်မကသေးဘူး။ ပစ္စုပ္ပန်မှာလည်း တတ်နိုင်သမျှ တာဝန်ကျေကြရလိမ့် ဦးမယ်။ တတ်နိုင်တဲ့ဘက်ကပေါ့ဗျာ။ ဥပမာ...ရပ်ရွာသန့်ရှင်းရေး တံမြက်စည်းလှဲခြင်း။
မီးကင်းစောင့်ခြင်းပေါ့ဗျာ။ ရှောင်ရန်မျာ ဘီအီးဒီစီ အရက်ဖြူရောင်းခြင်း၊ စီးကရက်သေတ္တာလိုက် ထုတ်၍ မှောင်ခို ရောင်းခြင်းများနဲ့တော့ ကိုယ်သမိုင်းမှာ အမည်းကွက် မကျန်ရစ်စေချင်ဘူး။
ပင် ။ ။ အဲဒီတော့ ခင်ဗျားကကော ဘာလုပ်သလဲ။ ခင်ဗျား တံမြက်စည်းလှဲတာ တစ်ခါမှလည်း မတွေ့ဖူး ပါလား။
ကျွန်ုပ် ။ ။ ကျွန်တော်လား...... ကျွန်တော်ကတော့ ဘာမှမလုပ်ခြင်းအားဖြင့် တိုင်းပြည်တာဝန် ကျေပြီ ဖြစ်တယ်။ ဒီနေရာမှ ဆရာကြီးရွှေဒေါင်း လို အင်္ဂလိပ်လို ဘာသာပြန်ရမှ ကျေနပ်ရင်လည်း မျက်မမြင် ကဗျာဆရာကြီး မီလ်တန်က ''They also serve who stand and wait'' တဲ့။
ပင် ။ ။ အဲဒါကော တက်တိုး အဘိဓာန် မ၀ယ်ရသေးလို့ အဓိပ္ပာယ်မသိဘူး မဟုတ်လား။ သွား မယ်ဗျာ။
ကျွန်ုပ် ။ ။ ဟုတ်တယ်။ ကိုယ်ပြောတဲ့စကား ကိုယ်မသိလေ လူအထင်ကြီးလေပဲဗျ။ ကဲ... ကြွ ပေဦးတော့ ပင်စင်စားကြီးရေ။ နောက်တစ်ချီ မှ တွေ့ကြဦးစို့ရဲ့။
ဆက်ရန်
.
3 comments:
ဒီအပုဒ်ကို တော်တော်လေး ကြိုက်လို့ မအားတဲ့ကြားက မန့်လိုက်တယ် အရီးလေးရေ ... ။ ခေါင်းလျှော်ပြီး ဆံပင်ရေသုတ်ချိန်လေး အပြေးအလွှားဖတ်ရတာ။ :))
မောင်သော်က အားလုံးပြီးရင် ပီဒီအက်ဖ်လေး လိုချင်တယ်လို့ ကြိုတင်ပူဆာပါရစေ ... ။
Ma Shwe Zin, Thank you and bow down Saya Thaw.
One of Myanmar ID is relied too much on other.
I see generosity of Ma Shwe Zin, shall fulfill demanding on PDF !
ဟုတ်တယ်အမရွှေစင်ရေ
အားလုံးပြီးဆုံးရင်တော့
ပီဒီအက်ဖ်လေး လိုချင်မိပါတယ်
ချမ်းမြေ့ပါစေအမရွှေစင်
Post a Comment