Wednesday, November 9, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၁၇)

(၁၇)

ဝင်းဟုတ်မြို့မှလာသော အစောင့်အကြပ်များ မရောက်မီပင် တွမ်တီးမင်းဂျန်းက စင်တိန့် နေရာသို့ ရောက် လာသည်။ အိုချီဗန်းဒေသသည် သူတိုက်ရိုက်လာရသော လမ်းပေါ်မှ မိုင်အနည်းငယ် ဝေးသော နေရာတွင်ရှိသည်။ ကုမ္ပဏီမှထရပ်ကားကြီး တအိအိမောင်းလာနေသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် စင်တိန်က လက်နှစ်ဖက်ကို ခေါင်းပေါ်တွင် ဝှေ့ယမ်းပြီး အားရပါရရယ်ကာ ကားဆီသို့ ပြေး သွားသည်။ စင်တိန်သည် ဒိန်မလာကားထဲတွင်ပါလာသော သူမ၏ အ၀တ်အစားသေတ္တာ မ များထဲမှ မြင်းစီးဘောင်းဘီ နှင့် မြင်းစီးဖိနပ်တို့ကို လဲလှယ်ဝတ်ထားပြီးဖြစ်သည်။

တွမ်တီးမင်းဂျုန်းသည် ကားရှေ့ခန်းထဲမှ ခုန်ဆင်းလိုက်ပြီး သူ၏ ရှည်လျားသောခြေထောက်ကြီးများ ကလန်ကလား ဖြင့် စင်တိန်ဆီသို့ပြေးလာသည်။ သူက သူမကို ပြေးဖက်လိုက်ပြီး တတွတ်တွတ် ရေရွက် သည်။
" ဘုရားမတာပဲ ... ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးကြောင့် မင်းအခုလို ဘေးမသီရန်မခဖြစ်ရတာပဲ "
တွမ်တီးမင်းဂျုန်း သည် စင်တိန်အား ပထမဦးဆုံးအကြိမ် ပွေ့ဖက်မိခြင်းဖြစ်သည်။ ချက်ချင်းပင်သတိရပြီး ရှိုးတိုးရှန့်တန့်ဖြစ်သွားသည်။ သူမကို ဖက်ထားရာမှလွှတ်လိုက်ပြီးနောက်သို့ ဆုတ်လိုက်သည်။
" ကေ၀ိကိုရော ခေါ်လာသေးလား " စင်တိန်က မေးလိုက်သည်။

" ထရပ်ကားထဲမှာပါတယ် "
စင်တိန် ထရပ်ကားဆီသို့ ပြေးသွားသည်။ ကေ၀ိနှင့် သူ့ညီကေ၀ိဝတုတ်တို့သည် ကားနောက်ခန်းထဲတွင် ကုပ်နေကြသည်။ ကားစီးရသော အတွေ့အကြုံသစ်ကြောင့် ကြောက်နေသည်မှာ ထင်ရှားသည်။ သူတို့သည် လှောင်အိမ်ထဲမှ တိရစ္ဆာန်ရိုင်းများနှင့်တူနေသည်။ မည်းနက်ကြီးမားသောမျက်လုံးများက ၀ိုင်း ၀ိုင်းလည် နေသည်။
" နမ်ချိုင်း " ကေ၀ိက ခေါ်လိုက်သည်။
ထို့နောက် သူတို့ညီအစ်ကိုနှစ်ယောက် စင်တိန်ထံ ပြေးလာပြီး စိတ်သက်သာရာရကာ ပျော်ရွှင် သွားကြသည်။ စင်တိန်က သူတို့နှစ်ယောက်အား ကြောက်ရွံ့နေသော ကလေးများကို မိခင်က ပွေ့ဖက် ချော့မြူ အားပေးသကဲ့သို့ အားပေးသည်။

" အခုကစပြီး ကျွန်မ ရှင်တို့နဲ့အတူတူရှိနေမယ်၊ ကြောက်စရာဘာမှမလိုဘူး၊ ဒီလူတွေက လူကောင်းတွေ၊ ရှင်တို့ကို ကျွန်မထားမပစ်ခဲ့ဘူး၊ ရှင်တို့ ဟိုပြန်ရောက်ရင် ပြောပြစရာ အဖြစ်အပျက်ကောင်တွေ ရလိမ့်မယ်၊ ဆန်လူမျိုးတွေထဲမှာ ရှင်တို့ထင်ပေါ်ကျော်ကားလာလိမ့်မယ်၊ ရှင်တို့ရဲ့ နာမည်တွေကို ကာလာဟာရီ တောကြီးထဲကလူတိုင်းရဲ့ပါးစပ်ဖျားမှာ တသသပြောနေရလိမ့်မယ် "
သူတို့ နှစ်ဦးသည် ကြောက်ရွံ့စိတ်များ ပြေပျောက်သွားပြီး ကလေးများကဲ့သို့ပင် ပျော်ရွှင်မြူးထူးစွာ ရယ်မော ကြသည်။

" ကျွန်တော်က ကေ၀ိဝတုတ်ထက်ပိုပြီး ထင်ပေါ်ကျော်ကြားမယ်၊ ကျွန်တော်က သူ့ထက်အသက်ပိုကြီးပြီး ပိုလိမ္မာ တဲ့ အတွက်ကြောင့်ပဲ "
ကေ၀ိ က ပြောလိုက်သောအခါ ကေ၀ိဝတုတ်က ဆတ်ခနဲခေါင်းမော့လာသည်။ စင်တိန်က အငြင်းမပွားရ လေအောင် ၀င်ရောက်ဖျန်ဖြေနှစ်သိမ့်လိုက်သည်။
" ရှင်တို့နှစ်ယောက်စလုံး ထင်ပေါ်ကျော်ကြားမယ့်သူကြီးပါပဲ၊ ကျွန်မကို ဒုက္ခ ကြီးကြီးမားမား ပေးသွားတဲ့ လူဆိုး နောက်ကို ကျွန်မတို့လိုက်ကြမယ်၊ ရှင်တို့နှစ်ယောက်က သူ့နောက်ကို ခြေရာခံလိုက်ပြီး ကျွန်မ တို့ကို လမ်းပြပေးပါ၊ အဲဒီကိစ္စပြီးသွားရင် ရှင်တို့ကို ကျွန်မလက်ဆောင်တွေပေးမယ်၊ ရှင်တို့ အိပ်မက် ထမှာပဲ မြင်ဖူးတဲ့ လက်ဆောင်ကောင်းမျိုးတွေပေါ့၊ က၀ိနဲ့သူ့ညီကေ၀ိလိုတော်တဲ့ မုဆိုးမျိုး ခြေရာခံ လိုက်နိုင်သူမျိုး အလျင်က မရှိခဲ့ဖူးသေးဘူးလို့ လူတိုင်းက ပြောနေကြလိမ့်မယ် အခု လောလောဆယ် မှာတော့ လူဆိုး ကျွန်မတို့ လက်ထဲက လွတ်မသွားခင် အမြန်ဆုံးလိုက်မှဖြစ်မယ် "
စင်တိန် သည် တွမ်တီးမင်းဂျုန်းဆီသို့ ပြန်ပြေးလာသည်။ လူပုလေးနှစ်ယောက် ကလည်း သစ္စာရှိ ခွေး များ သဖွယ် နောက်ပါးမှ ထက်ကြပ်ပါလာသည်။

" ဒီလာရေးက စက်မှုလုပ်ငန်းသုံး စိန်သွေးစိန်မွှားတွေကို ထားသွားတယ်၊ အဲ့ဒါတွေကို ရေခန်း နေတဲ့ မြစ်ထဲက  သဲပြင် အောက်မှာကျွန်မမြှုပ်ထားတယ် "
တွမ်တီးမင်းဂျုန်း အနားမှလူနှစ်ယောက်အား မည်သူမည်ဝါဆိုသည်ကို သူမ မှတ်မိ သွားသည်နှင့် တစ်ပြိုင်တည်း အံ့အားသင့်သွားပြီး၊ စကားစရပ်လိုက်သည်။ ထရပ်ကားမောင်းလာ သူမှာ ဂါဟတ်ဖိုရီ ဖြစ်နေသည်။ သူနှင့်ပါလာသော အဖော်မှာ မာဂလီးယားဖြစ်သည်။ ထိုသူနှစ်ယောက်စလုံး သည်သပိတ် ကော်မတီဝင် များဖြစ်ကြသည်။ သူတို့နှစ်ယောက်စလုံး ရှက်ကိုးရှက်ကန်းဖြစ်နေကြသည်။
မာဂလီးယား က စတင်စကားပြောလာသည်။

" ခင်ဗျားကို ခုလိုကောင်းကောင်းမွန်မွန် တွေ့ရတဲ့အတွက် ကျွန်တော်တို့အားလုံး ၀မ်းသာရပါတယ်၊ သတ္တု တွင်း မှာရှိတဲ့ လူအားလုံးက ခင်ဗျားအတွက် စိုးရိမ်ပူပန်နေကြပါတယ် "
" ကျေးဇူးပါပဲ မစ္စတာမာဂလီးယား " စင်တိန်က ပြန်ပြောသည်။
" ကျွန်တော်တို့ ကူညီနိုင်တာရှိရင် ဘာမဆိုကူညီပါရစေ၊ ကျွန်တော်တို့အားလုံး လက်တွဲပြီး ပူးပေါင်း ဆောင် ရွက်ကြတာပေါ့ မစ္စက်ကုတ်နေ "
" ဟုတ်တာပေါ့ မစ္စတာ မာဂလီးယား၊ စိန်တွေမရှိရင် လုပ်ခလစာလဲရှိမှာမဟုတ်တော့ဘူး၊ ဓားပြတွေ ချန် ထားခဲ့တဲ့ စက်မှုလုပ်ငန်းသုံးစိန်တွေ ပထမဆုံးပြန်ဖော်ဖို့ကူညီပါ၊ အဲဒါပြီးရင် ကယ်လ်ကာရင်ကိုသွားမယ်၊ အဲဒီကို သွားဖို့ဓာတ်ဆီအလုံအလောက်ရှိရဲ့လားမစ္စတာဖိုရီ "

" နက်ဖြန်မနက်ဟိုကို ရောက်အောင် ဓာတ်ဆီရှိပါတယ် ၊ မနက်စောစော ရောက်အောင် ကျွန်တော် မောင်း ပေးပါ့မယ် "
ယာဉ်မောင်းဖိုရီက ကတိပေးလိုက်သည်။ ကယ်လ်ကာရင်သည် မော်တော်ကားဖြင့်သွား၍ရသော လမ်းဆုံး နေရာ ဖြစ်သည်။
ဖိုရီသည် သူတို့အား လူရိုင်းတို့၏ အလယ်ပိုင်းဒေသနယ်မြေကို ကွေ့ပတ်ကာမောင်းပြီး ကယ်လ်ကာရင်သို့ ကားဖြင့် တင်ခေါ်သွားသည်။
" လွန်ခဲ့တဲ့နာရီအနည်းငယ်အတွင်းက ဒီလမ်းပေါ်မှာကားအသွားအလာရှိခဲ့ပုံရတယ်၊ ထရပ်ကားနှစ်စီးသွား ခဲ့တယ် နဲ့ တူတယ်၊ ဗိုလ်မှူးကြီးမယ်ကွန်က စေလွှတ် လိုက်တဲ့ ရဲတပ်ခွဲဖြစ်နိုင်တယ်လို့ ထင်သလား" စင်တိန် သည်ကားရှေ့လေကာမှန်ထမှ လှမ်းကြည့်ပြီး ပြောလိုက်သည်။

" သာသနာပြုကျောင်းအတွက် ရိက္ခာသွားပို့တဲ့ ကားတွေဖြစ်ဖို့ပိုများတယ်၊ ရဲတွေနဲ့မြင်းတွေကို ကျွန်တော် တို့ အဲဒီမှာစောင့်နေရလိမ့်ဦးမယ်လို့ ထင်တယ်" တွမ်တီးမင်းဂျုန်းက ပြန်ဖြေသည်။
နံနက်ခင်း နေရောင်ခြည်တွင် သူတို့ရှေ့တည့်တည့် ဟိုအဝေး၌ သာသနာပြုကျောင်းအဆောက်အအုံကို လှမ်း မြင်ရသည်။ ရေတင်သော လေရဟတ်တစ်စုံနှင့် ရေစက်ကို အဆောက်အအုံဘေး၌ တွေ့ရသည်။

" ဂျာမာန်ဒို နီကန်ဘုန်းကြီးတွေ အဲဒီမှာနေတယ်လေ၊ ဒီအရပ်ဒေသမှာ လျှောက်ပြီး လှည့်လည် သွားလာ နေတဲ့ အိုဗာဟင်ဘာဂျစ်ပစီလူမျိုးတွေထဲမှာ သာသနာပြုနေတာပေါ့ "
ထိုအဆောက်အအုံနှင့် တစ်မိုင်ခန့်အကွာအရောက်တွင် တွမ်တီးမင်းဂျုန်းက ပြောလိုက်သည်။ ကားမှာ လမ်းကြမ်းကြမ်း တွင် တဒိုင်းဒိုင်းဆောင့်နေသည်။
" ဟိုမှာကြည့်စမ်း၊ ဘုရားရှိခိုးကျောင်းဘေးမှာ ထရပ်ကားတွေ ရပ်ထားတယ်၊ လေရဟတ်ရေစုပ်စက်မှာလဲ မြင်း တွေကို ရေတိုက်နေတယ်၊ ဟောဟိုဘက်မှာ ယူနီဖောင်းဝတ်တပ်သားတစ်ဦး၊ ဟုတ်ပါပြီသူတို့ပါပဲ၊ သူတို့ကျွန်မတို့ကို စောင့်နေကြတာ၊ ဗိုလ်မှူးမယ်ကွန်က ကတိတည်သားပဲ"စင်တိန်က လက်ညိုးထိုးပြရင်း ပြောလိုက်သည်။
ဖိုရီသည် သူ၏ ကားကိုဖုန်အလိမ်းလိမ်းတက်နေသော ရဲကားနှစ်စီးဘေး၌ ယှဉ်ပြီးရပ်လိုက်သည်။ စင်တိန် ကားပေါ်မှခုန်ဆင်းလိုက်သည်။ စင်တိန်သည် မြင်းရေတိုက်နေသောရဲသားများဆီသို့ ပြေးသွားရင်း အော် မေးလိုက်သည်။

" ဒီမှာရဲဘော် ... ရှင်တို့အကြီးအကဲက ဒီမှာဘယ်သူ ... "
 စင်တိန် စကားစရပ်သွားသည်။ ဘုရားရှိခိုးကျောင်းဘေးရှိ အုတ်တိုက်ကလေးဝရန်တာသို့ ထွက်လာသော အရပ်ရှည်ရှည် လူတစ်ယောက်ဆီသို့ စိုက်ကြည့်လိုက်သည်။ ထိုသူသည် ကာကီမြင်းစီးဘောင်းဘီကို ၀တ် ထားပြီး ပြောင်လက်နေသော အညိုရောင် ဖိနပ်ရှည်ကို စီးထားသည်။ ရှပ်အင်္ကျီပေါ်တွင် စစ်မြေပြင်ဝတ် ကျူးနစ် အင်္ကျီကို ထပ်ဝတ်ထားသည်။ ထိုသူကလည်း ၀ရန်တာလှေကားထစ်များမှ အောက်သို့ ဆင်းလာပြီး သူမဆီသို့ ခပ်သုတ်သုတ်လာနေသည်။

" ဗိုလ်မှူးကြီးမယ်ကွန်၊ ရှင်ကိုယ်တိုင်ဒီကိုလာလိမ့်မယ်လို့ ကျွန်မလုံးဝ မျှော်လင့်မထားဘူး "
" အပြည့်အ၀အကူအညီပေးဖို့ ခင်ဗျားက တောင်းခံထားတယ်မဟုတ်လား မစ္စက်ကုတ်နေ "
မယ်ကွန်ကလက်ကမ်းပေးလိုက်ရာ စင်တိန်ကဆွဲယူနှုတ်ဆက်လိုက်သည်။ လက်ချင်းထိလိုက်သောအခါ သူမ ၏ လက်ချောင်းကလေးများထဲသို့ လျှပ်စစ်ဓာတ်ဖြတ်စီးသွားသလိုခံစားလိုက်ရသည်။ စင်တိန်ရယ် လိုက်ပြီး လက်ပြန်ရုပ်မလိုလုပ်လိုက်သည်။ သို့သော် မယ်ကွန်က ဆက်ပြီး ဆုပ်ကိုင်ထားဆဲဖြစ်ရာ။ သူမ အသာ ငြိမ် နေလိုက်သည်။ သူ၏  ဆုပ်ကိုင်ထားပုံက ခိုင်မာပြီး အားပါလှသည်။ အားရှိစရာ ကောင်း လှသည်။

" ရှင် ကျွန်မတို့နဲ့အတူတူ သဲကန္တာရထဲ လိုက်နိုင်မှာလား၊ လိုက်နိုင်မယ်မထင်ဘူး၊ ရှင့်မှာ နယ်မြေ အုပ်ချုပ် ရေးမှူး လုပ်ငန်းတာဝန် တွေက အများကြီးရှိသေးတာပဲ "
" ကျွန်တော်မလိုက်ဘူးဆိုရင် ခင်ဗျားလဲသွားလို့ရမှာမဟုတ်ဘူး၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ဟာဇော်နဲ့ အတိုက်အခံ ခေါင်းဆောင်ဗိုလ်ချုပ်ကြီး စမတ်တို့နှစ်ဦးစလုံးဆီက ညွှန်ကြားချက်တွေ ကျွန်တော် ရထားတယ်၊ ကျွန်တော်ကိုယ်တိုင်ခင်ဗျားကို ကြီးကြပ်ကွပ်ကဲပါတဲ့၊ ခင်ဗျားခေါင်းမာပြီး ဇွတ်တရွတ် လုပ် တတ်တယ် လို့ သူတို့ကလက်ခံထားတယ်နဲ့တူတယ်၊ အဲဒီလူကြီးနှစ်ယောက်စလုံး အတော်စိတ်မကောင်း ဖြစ်နေကြတယ် "

" ကျွန်မကိုယ်တိုင် သွားရမှာပဲ၊ ကျွန်မခေါ်ထားတဲ့ ပစ်ဂမီလူပုလေးနှစ်ယောက်ကို ကျွန်မကလွဲပြီး ဘယ်သူ မှ ကိုင်တွယ်လို့ရမှာမဟုတ်ဘူး၊ ဓားပြတွေကို သူတို့မှခြေရာခံနိုင်မှာ၊ သူတို့မပါရင် ဓားပြတွေလွတ်သွားမှာ သေချာ တယ် "
" လူကြီးနှစ်ယောက်ကတော့ ကျွန်တော်တို့ နှစ်ယောက်စလုံးကို ဓားပြတွေနောက်မလိုက်စေချင်ကြဘူး၊ ဒီ တော့ကျွန်တော်က အဓိပ္ပာယ်တစ်မျိုးဖွင့်လိုက်တယ် ၊ နှစ်ယောက်စလုံး လိုက်ရင် ကောင်းမယ်လို့ ... မဟုတ် ဘူးလား "

ဘလိန်းမယ်လကွန်က စင်တိန်အား ပြုံးပြုံးကြီးလှမ်းကြည့်လိုက်သည်။ စင်တိန့်ခေါင်းထဲသို့ အတွေးတစ်ခု ၀င်လာသည်။ မင်လကွန်၏ ဇနီး နှင့်  ဝေးရာ သဲကန္တာရထဲတွင် သူနှင့်အတူ သွားရမည့်ခရီးကို တွေးမိလာ သည်။ ထိုခဏတွင် စင်တိန်သည် လိုသာဒီရေးနှင့် စိန်များကို မေ့သွားသည်။ ရုတ်တရက် ချက်ချင်းပင် သူတို့ နှစ်ယောက် တစ်ယောက်လက်တစ်ယောက်ကိုင်ထားဆဲရှိသည်ကိုလည်း၊ လူတိုင်းက သူတို့ နှစ်ယောက် အား စောင့်ကြည့်နေသည်ကိုလည်းကောင်း သတိရလာသည်။
စင်တိန် လက်ချင်းဖြုတ်လိုက်ပြီး မေးလိုက်သည်။

" ကျွန်မတို့ ဒီကဘယ်အချိန်ထွက်နိုင်မလဲ "
ဘလိန်းက သူမကိုဖြေရင်း သူ့လူတွေကိုပါ တစ်ဆက်တည်း အမိန့်ပေးလိုက်သည်။
" အခုပဲထွက်မယ်၊ ကဲ ရဲဘော်တို့ ... မြင်းတွေ ကုန်းနှီးဆင်ကြ၊ မြင်းတွေကုန်းနှီဆင်ကြ၊ တို့ ဒီကချက်ချင်း ထွက်မယ် "
ရဲသားများကမြင်းများ ဆီပြေးကြသည်။ ဘလိန်းက စင်တိန်ဘက်ပြန်လှည့်ပြီးပြောလိုက်သည်။
" ကဲ ... မစ္စက်စင်တိန်၊ ခင်ဗျား ရယ်ရွယ်ချက်တွေကို ကျွန်တော့်ကို အသိပေးဖို့ အချိန်တန်ပါပြီ၊ ကျွန်တော် တို့ ဘယ်ကိုသွားကြမှာလဲ "
" ရှင့်မှာ မြေပုံရှိသလား "

" ရှိတယ်၊ လာ အခန်းထဲလိုက်ခဲ့ "
ဘလိန်းက စင်တိန်အား သာသနာပြုအဖွဲ့၏ ရုံးခန်းထဲသို့ ခေါ်သွားသည်။ သာသနာပြုအဖွဲ့ကို ဆောင်ရွက် နေသောဂျာမန်ဒိုမီနီကန် ဘုန်းကြီးနှစ်ပါးနှင့် မိတ်ဆက်ပေးလိုက်သည်။ ထို့နောက် စားပွဲပေါ်၌ ဖြန့် ခင်းထား သည့် မြေပုံကြီးပေါ်သို့ ငုံ့ကြည့်လိုက်သည်။
" ခင်ဗျားစိတ်ထဲမှာ ဘာစိတ်ကူးထားတယ်ဆိုတာ ကျွန်တော့်ကို ပြစမ်းပါ "
သူမဘေး၌ ရပ်နေသော စင်တိန်က မြေပုံကို လက်ညိုးနှင့်ထောက်ပြီး ပြန်ပြောသည်။
" ဒီနေရာမှာ ကျွန်မက ဓားပြတိုက်ခံရတာ၊ ဒီလမ်းကြောင်းအတိုင်း ကျွန်မခြေရာခံလိုက်ခဲ့တယ်၊ သူပေါ်တူဂီ နယ်မြေဘက်ကို ဦးတည်သွားနေတယ်၊ ဒါတော့ သေချာတယ်၊ ဒါပေမယ့် သူ အဲဒီကိုရောက်ဖို့ မိုင် ၃၀၀ သွားရမယ် "

" ဒီတော့ ခင်ဗျားက သူ့ကိုပက်ပြီး ၀ိုင်းမယ်ပေါ့၊ ရှေ့ကစောင့်ပြီး ပိတ်ဖမ်းမယ်ပေါ့၊  လွယ်တော့မလွယ်ဘူး၊ ကောက်ရိုးပုံ ထဲကျသွားတဲ့အပ်ကို လိုက်ရှာရသလိုနေမယ် "
" ရေ ... သူ့ရဲ့အရန်မြင်းတွေကို ရေရှိတဲ့နေရာတွေမှာ ထားခဲ့မှာသေချာတယ် "
" စစ်တပ်ကခိုးသွားတဲ့မြင်းတွေလား၊ ဟုတ်ပြီ ... ကျွန်တော်နားလည်ပြီ၊ ဒါပေမယ့် အဲဒီဘက်မှာရေရှိတဲ့နေရာမှမရှိဘဲ "
" ရှိတယ်၊ အဲ့ဒါမြေပုံမှာမပါဘူး၊ ဒါပေမယ့် ဘယ်နေရာမှာရေရှိတယ်ဆိုတာ သူသိတယ်၊ ကျွန်မခေါ်လာတဲ့ လူပုကလေးတွေလဲ သိတယ်၊ ရေထွက်စခန်းတစ်ခုခုမှာ သူ့ကို ကျွန်မတို့ပိတ်ပြီးဖမ်းရမယ်၊ ဒါမှ မဟုတ်ရင် လဲ သူ့ခြေရာခံပြီး လိုက်ရမယ်"

" အဲဒီအတိုင်းဖြစ်နိုင်မယ်လို့ ခင်ဗျားထင်သလား " ဘလိန်းက မြေပုံကို လိပ်ပြီး သိမ်းရင်းမေးလိုက်သည်။
" သူက ကျွန်မတို့ရှေ့ကပြေးနေလို့ ပြောတာလား၊ လိုသာဟာ တကယ့်ကိုကြံ့ခိုင်မာကျောတယ်၊ ပြီးတော့ ဒီသဲကန္တာရဟာ သူ့အတွက် အိမ်လိုဖြစ်နေတာ၊ သူ့ကိုတော့ သွားပြီး အထင်မသေးလိုက်လေနဲ့ ဗိုလ်မှူးကြီး၊ သူ့အပေါ် အထင်သေးလိုက်ရင် အမှားကြီးမှားသွားမယ် "
" ကျွန်တော် သူ့ရဲ့နောက်ကြောင်းမှတ်တမ်းတွေကို ဖတ်ရှုလေ့လာပြီးပါပြီ "

ဘလိန်းက မြေပုံလိပ်ကို သားရေဘူးထဲ ထည့်လိုက်သည်။ ထို့နောက် နေရောင်ကာသော ကာကီဦးထုပ်ကို ဆောင်းလိုက်သည်။ ဦးထုပ်နောက်ပိုင်းမှ ကျနေသောအ၀တ်စသည် နားရွက်နှင့်လည်ပင်းအထိ ဖုံးအုပ်သွား ရာဘလိန်းသည် ပို၍ခန့်ထည်နေသည်။
" သူဟာ တကယ်အန္တရာယ်ကြီးတဲ့လူ၊ တစ်ချိန်က သူ့ခေါင်းကိုရရင် ပေါင်စတာလင်ငွေ့ တစ်သောင်းပေး မယ်လို့ ဆုငွေထုတ်ခံထားရတဲ့လူပဲ၊ သူ့လိုက်ဖမ်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာ ကျွန်တော် သိ ထားပါတယ်" ဘလိန်းက ဆက်ပြောသည်။

သူတို့နောက်ဘက်တံခါးဝ၌ ရဲကြပ်ကြီးနှစ်ယောက်ပေါ်လာသည်။ ထိုသူက သတင်းပို့လာသည်။
" အားလုံး အဆင်သင့်ဖြစ်ပါပြီဗိုလ်မှူးကြီး "
" မစ္စက်ကုတ်နေရဲ့မြင်းကိုရော ကုန်းနှီးဆင်ပြီးပလာ "
" ဆင်ပြီးပါပြီဆရာ "
ထိုတပ်ကြပ်ကြီးသည် အရပ်ရှည်ရှည်၊ အသားညိုညို နှုတ်ခမ်းမွှေးပါးသိုင်းမွှေးထူထူနှင့် ကြွက်သားများပြည့်ဝသောသန်မာသူဖြစ်သည်။ သူ့ပုံပန်းကြည့်ပြီး သွားရမည့် ခရီးနှင့်လိုက်ဖက်သဖြင့် စင်တိန်သဘောကျသွားသည်။

ဘလိန်းမယ်လကွန်က ထိုသူအား စင်တိန်နှင့်မိတ်ဆက်ပေးသည်။
" သူက တပ်ကြပ်ကြီး ဟန့်စ်မေယာ၊ သူနဲ့ကျွန်တော်တို့ လက်တွဲလုပ်ကိုင်လာတာကြာပြီ၊ စမတ်ရဲ့ ထိုးစစ် ကုန်းတည်းကပဲ "
" ကျန်းခန်းသာလို့ မာရဲ့လား မစ္စက်ကုတ်နေ၊ ခင်ဗျားရဲ့ ကျော်ဇောသတင်းအားလုံးကို ကျွန်တော် ကြားဖူး ပါတယ်"
တပ်ကြပ်ကြီးက စင်တိန်အား နှုတ်ဆက်ပြီး အလေးပြုလိုက်သည်။

" ရှင် ကျွန်မတို့နဲ့ပါလာတဲ့အတွက်၊ ၀မ်းသာအားရ ဖြစ်ပါတယ်ရှင် "
သူတို့သည် ဂျာမန်ဒိုမီနီကန်ဘုန်းကြီးများအား နှုတ်ဆက်ပြီး နေပူထဲသို့ ဆင်းလာကြသည်။ စင်တိန်သည် ဘလိန်းကသူ့အတွက် စီစဉ်ပေးထားသော မြင်းကြီးဆီသို့ သွားသည်။
" မြင်းပေါ်တက်ကြ "
ဘလိန်းက အမိန့်ပေးလိုက်ရာ ရဲသားများမြင်းပေါ်တက်ကြသည်။ စင်တိန်က တွမ်တီးမင်းဂျုန်းဘက်သို့ လှည့်လိုက်သည်။
" ကျွန်တော် ခင်ဗျားနဲ့ အတူတူလိုက်ချင်ပါတယ် မစ္စက်ကုတ်နေ၊ ကျွန်တော် အခုထက်အသက် ၂၀ လောက်သာပြန်ငယ်သွားရင် လိုက်မှာသေချာတယ် "
တွမ်တီးမင်းဂျုန်းက စင်တိန်ကို ပြောလာသည်။

စင်တိန်က ပြုံးလိုက်ပြီးပြန်ပြောသည်။
" ကျွန်မတို့ အောင်မြင်ပါစေလို့သာ ဆုတောင်းပေးပါရှင်၊ ကျွန်မတို့အဲဒီစိန်တွေသာပြန်ရမလာရင်၊ ရှင်လဲ ဒီဘီးယား ကုမ္ပဏီမှာ ပြန်ပြီး အလုပ်လုပ်ကောင်းလုပ်ရလိမ့်မယ်၊ ကျွန်မလဲ တဲကုပ်လေးထဲမှာ စက်ချုပ် ကောင်း ချုပ်ရလိမ့်မယ် "
" ဓားပြကောင် ကို သံကြိုးနဲ့ချည်ပြီး ခေါ်လာခဲ့နိုင်ပါစေ "
တွမ်တီးမင်းဂျုန်းက ဆုတောင်းလိုက်သည်။

စင်တိန် မြင်းပေါ်တက်လိုက်သည်။ နေသားတကျ ထိုင်မိသွားသည်နှင့် သူမ မြင်းကိုဘလိန်းမြင်းဘေးသို့ စီးသွားသည်။
" ကဲ ... ခင်ဗျားရဲ့ အမဲလိုက်ခွေးတွေကို သွားခိုင်းပေတော့ " ဘလိန်းက စင်တိန်အား ပြုံးပြီးပြောလိုက် သည်။
" ကျွန်မတို့ကို ရေရှိတဲ့ဆီကို ခေါ်သွားပါကေ ၀ိ "
လေးနှင့်မြားများကို ပခုံး၌ လွယ်ထားသော လူပုကလေးနှစ်ယောက်သည် အရှေ့ဘက်သို့မျက်နှာမူပြီး လှည့် လိုက်ကြသည်။ ထို့နောက် တစ်ချိုးတည်းပြေးတော့သည်။ သူတို့သည် ပြေးလွှားရန်အတွက် မွေးဖွား လာကြ သူများပင်ဖြစ်သည်။ နောက်မှမြင်းများက သူတို့ကို မျက်ခြည်ပြတ်မသွားစေရန် အသာကျ စီးပြီးလိုက်ကြ သည်။.

စင်တိန်နှင့်ဘလိန်းတို့ မြင်းနှစ်ကောင်က ရှေ့ဆုံးမှအတူယှဉ်တွဲပြီးစီးသွားသည်။ တပ်ကြပ်ကြီးနှင့် တပ်သား လေးဦးက နောက်မှ တစ်ကောင်စီ စီတန်းလိုက်လာကြသည်။ သူတို့အားလုံးတွင် မြင်းအပိုတစ်ကောင်စီ ဆွဲ လာကြသည်။ မြင်းအပိုများတွင် ရေဂါလံ  ၂၀ ကို ပုလင်းများတွင်ထည့်ကာ မျှပြီး တင်လာကြသည်။ သူတို့ အားလုံးနှင့် မြင်းများသည် သဲကန္တာရအတွေ့အကြုံရှိပြီးဖြစ်သဖြင့် ထိုရေသည် သုံးရက်စာ လုံလောက် သည်။

စင်တိန်နှင့်ဘလိန်းတို့ စကားမပြောဘဲ ငြိမ်သက်စွာဖြင့် မြင်းကိုယ်စီ စီးလာကြသည်။ စင်တိန်က မျက်လုံး ထောင့် ကပ်ပြီး ဘလိန်းအား မသိမသာကြည့်လိုက်သည်။ မြင်းကျောပေါ်တွင် ကိုယ်ခန္ဓာကို မတ်မတ် ထားပြီး စနစ်တကျ စီးနေပုံမှာ ကြည့်ကောင်းလှသည်။
ခင်တန်းလေး ကိုကျော်လာပြီး ကြမ်းတမ်းသော ကုန်းမြေပတ်ကြားအက်များသို့ ရောက်သောအခါ ဘလိန်း က စတင်ပြောလာသည်။

" ခင်ဗျား မှန်တယ်၊ ဒီနေရာကို ဘယ်လိုမှကားနဲ့လာလို့ မရဘူး၊ မြင်းနဲ့လာမှရတဲ့ နေရာမျိုးပဲ "
" ဒီရဲ့ရှေ့မှာတော့ သဲပြင်ကြီးပဲ ရှိတော့တယ်၊ ကားနဲ့သာဆိုရင် ဘီးတွေသဲနစ်လို့ သွားမရတော့ဘူး "
သူတို့နောက်ဘက်တွင် တစ်မိုင်ပြီးတစ်မိုင် ကျန်ရစ်ခဲ့သည်။ ရှေ့မှလူပုလေးနှစ်ယောက်သည် ရှေ့တည့်တည့် သို့ စိုက်လိုက်မတ်တတ်ဦးတည်ပြီး ပြေးနေသည်။ သူတို့၏ ရည်မှန်းချက်ပန်းတိုင်သို့သာ အာရုံ စိုက်ကာ ဘေးဘက်ဝဲယာသို့ပင်  ငဲ့စောင်းမကြည့်ပေ။ ဘလိန်းသည် တစ်နာရီသွားပြီးတိုင်း ငါးမိနစ် ရပ် နားသည်။ မြင်းနှင့်လူများကို စစ်ဆေးပြီး အစစအရာရာကြိုတင်ပြင်ဆင်သည်။ သူသည် တကယ် စေ့စပ် သေချာသူပင်ဖြစ်သည်။

နေလုံး၀၀င်ပြီး အမှောင်ဖုံးသွားမှသာ ထိုနေ့အဖို့သူတို့ စခန်းချရင်နားကြသည်။ ဘလိန်းသည် လူများနှင့် မြင်းများအား အချိုးကျရေဝေငှလိုက်ကျွေးသည်ကို ကိုယ်တိုင်ကြီးကြပ်သည်။ ထို့နောက် မြင်းများကို ပြုစု စောင့်ရှောက်ပြီးမှ စင်တိန်ထိုင်နေသော မီးပုံကလေးအနားသို့လာသည်။ စင်တိန်သည် လူပုကလေးနှစ် ယောက်အား ကျွေးမွေးပြီးနောက်အိပ်ရန်နေရာချထားပေးပြီးမှ ဘလိန်းနှင့်မိမိအတွက် ညစာ ပြင်ဆင် နေခြင်း ဖြစ်သည်။ စင်တိန်က သူမရှေ့တွင်ထိုင်နေသော ဘလိန်းထံပန်းကန်ပြားကို လှမ်းပေးလိုက်သည်။

" ရစ်ငှက်အသားနဲ့ ငါးဥမပါတဲ့အတွက် တောင်းပန်ပါတယ်၊ ဒါပေမယ့် အမဲသားပြုတ်ကြော်လေးကလဲ ကောင်း ပါတယ်၊ စားကြည့်စမ်းပါဦး "
" ခင်ဗျား စားကောင်းတယ်ဆိုရင်၊ ကျွန်တော်လဲ စားကောင်းမှာပါပဲ "
စားသောက်ပြီးသောအခါ ဘလိန်းကဆေးပြင်းလိပ်ကို မီးညှိပြီး သောက်လိုက်သည်။ စင်တိန်က မနက်စော စောခရီးထွက်နိုင်ရေးအတွက် အသင့်ဖြစ်စေရန် ယခုတည်းက ပြန်လည်ထုပ်ပိုးပြင်ဆင်ထားသည်။ ထို့နောက် မီးပုံဆီပြန်လာပြီး ဘလိန်းနှင့်မျက်နှာချင်းဆိုင်ဝင်ထိုင်သည်။ စင်တိန်သည် မီးပုံဘေး၌ ချထား သော မြင်းကုန်းနှီးပေါ် မှ အ၀တ်အစားများကို ဘေးသို့ဖယ်ကာ ကုန်းနှီးပေါ်တက်ထိုင်သည်။

စင်တိန်သည် ညဥ့်ဦးယံကောင်းကင်ပေါ်သို့ မော်ကြည့်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
" သိပ်လှတာပဲ၊ ကြယ်လေးတွေကလဲ နီးနီးလေးလိုပဲ၊ အဲဒီကြယ်လေးတွေကို လှမ်းဆွတ်ပြီး လည်မှာ ပန်းရိုင်းကုန်းကလေး လို သီဆွဲထားချင်လိုက်တာ "
" ခင်ဗျားအလှ နဲ့ ယှဉ်လိုက်ရင် ကြယ်ကလေးတွေအလှက မှေးမှိန်သွားမှာပါ " ဘလိန်းက ပြော လိုက်သည်။
စင်တိန်က ဘလိန်းဘက် လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် ကောင်းကင်သို့ ပြန်မော့ကြည့်ပြီး ပြော လိုက်သည်။

" ဟိုဟာ ကျွန်မရဲ့ကြယ်ပဲ "
စင်တိန်က ကြယ်တစ်လုံးကို လက်ညိုးထိုးပြလိုက်သည်။ မိုက်ကယ်က သူမအတွက် ရွေးပေးခဲ့သော ကြယ် ဖြစ်သည်။ မိုက်ကယ်ကိုသတိရသဖြင့် ၀မ်းနည်းလာသည်။ သို့သော် ယခင်ကလောက်တော့ မဟုတ်ပေ။
" ရှင့်ကြယ် ကရော ဘယ်ဟာလဲ "
" ကျွန်တော် မှာမှ ကြယ်မရှိဘဲ "
" ရှိသင့်တာပေါ့၊ ရှိဖို့လိုအပ်တာပေါ့၊ ကျွန်မရှင့်အတွက် ရွေးပေးရမလား " စင်တိန်က ရှိုးတိုးရှန့်တန့်နှင့် ပြော လိုက်သည်။

" ခင်ဗျား ရွေးပေးမယ်ဆိုရင် ကျွန်တော့်အဖို့ ဂုဏ်ယူ ၀မ်းသာစရာဖြစ်မှာပါ "
စင်တိန်သည် ကောင်းကင်ပေါ်သို့ မော့ပြီးမြောက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
" ဟို ... ဟို ကြယ်ကြီးကောင်းတယ်၊ ရှင့်ရဲ့မွေးနံ ခြင်္သေ့နဲ့လဲ ကိုက်ညီတယ်၊ ကျွန်မ အဲဒီကြယ်ကို ရှင့် အတွက် ရွေးပြီးပေးလိုက်ပြီ ဘလိန်း "
" ကျွန်တော် ကျေးဇူးတင်ဝမ်းမြောက်စွာ လက်ခံပါတယ် စင်တိန်၊ ကျွန်တော်ဒီကြယ်ကို မြင်တိုင်း ခင်ဗျား ကို သတိရနေမှာပါ "

ပေးအပ်ခြင်းနဲ့ လက်ခံယူခြင်းတို့သည် အချစ်၏သင်္ကေတများဖြစ်သည်။ သူတို့နှစ်ယောက်စလုံး ဤအချက် ကိုနားလည်ကြသည်။ ကြည်နူးမှုပီတိဖြင့် နှစ်ယောက်စလုံး ခေတ္တငြိမ်နေကြသည်။
" ကျွန်တော့် မွေးနံဟာ ခြင်္သေ့ဆိုတာ ခင်ဗျားဘယ်လိုလုပ်သိသလဲ "

" ကျွန်မသိအောင် ရှာထားရတာပေါ့၊ သိဖို့လိုတယ်လို့ထင်လို့လေ၊ ရှင်ဟာ ၁၈၉၃ ခု၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ မွေးခဲ့တာမဟုတ်လား "
" ခင်ဗျားပဲ ရာစုနှစ်အသစ်ရဲ့ ပထမဆုံးနေ့မှာ မွေးခဲ့တာမဟုတ်လား၊ ဒါကြောင့် ခင်ဗျားကို ရာစုမယ်လို့ အဓိပ္ပာယ်ရတဲ့ စင်တိန်လို့ နာမည်ပေးထားတာပေါ့၊ မဟုတ်ဘူးလား၊ ကျွန်တော်လဲ ခင်ဗျားအကြောင်းသိဖို့ လိုမယ်ထင်လို့ ရှာထားရတာပေါ့။
**************
ဆက်ရန်
.

No comments: