Tuesday, November 8, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၁၆)

စင်တိန်သည် ဒိန်မလာကားကို ရေမရှိသောမြစ်ကို ဖြတ်ကူးရန် ကမ်းထိပ်တွင်ရပ်လိုက်သည်။ ကားစက်ကို မရပ်ဘဲ ထားခဲ့ပြီး လူက အောက်ကိုဆင်းလိုက်သည်။ သူမ ရှေ့မှဖြတ်ကူးရမည့် မြစ်ပြင်ကို လှမ်းကြည့် လိုက်ပြီး အကဲခတ်လိုက်သည်။ သူအရှေ့ဘက်မှ မြင်ကွင်းတွင် လမ်းမှာရှင်းလင်းနေသည်၊ ယမန်နေ့ညက ဤမြစ်ပြင်ကို သူမဖြတ်ကူးလာပြီးနောက်၊ နောက်ထပ်ကား အသွားအလာ မရှိသေး သည်မှာ သေချာသည်။ စင်တိန်သည် ရေအိတ်ကို ဖြုတ်ယူလိုက်ပြီး ပါးစပ်အပြည့် သုံးငုံ သောက် လိုက်သည်။ ထို့ နောက် ရေအိတ်ကို ပြန်ချိတ်လိုက်ပြီး ကားပေါ်ပြန်တက်ကာ တံခါးကို ဆွဲပိတ်လိုက်သည်။ ထို့နောက် ကား ကို မြစ်ထဲသို့ မောင်းဆင်းလိုက်သည်။

အောက်ဘက်သို့ မောင်းထွက်၍ မကြာမီမှာပင် မြေပြိုသံများ ကြားရပြီး သူ့အရှေ့ဘက် တည့်တည့် မှ ဖုန်များ တထောင်းထောင်းထလာသည်။ သူမက ဘရိတ်ကို ဆောင့်နင်းလိုက်သည်။ သူ့အရှေ့ဘက်တွင် မြစ်ကမ်း တစ်ဘက်ပြိုကျလာပြီး ကျောက်တုံးများ မြေကြီးများက လမ်းတစ်ခုလုံး ပိတ်ဆို့လု နီးပါး ဖြစ် သွား သည်။
သူမ အလန့်တကြား ရေရွတ်ကျိန်ဆဲလိုက်သည်။ ပြိုကျလာသော ကျောက်ခဲ၊ ကျောက်တုံးများ မြေကြီး များ ကိုဖယ်ရှားလျှင်သော်လည်းကောင်း၊ မြစ်ကို ဖြတ်ကူးရန် အခြားတစ်နေရာ ထပ်ရှာလျှင် သော်လည်းကောင်း အချိန်နှောင့်နှေးကြန့်ကြာတော့မည်မှာ သေချာသည်။ စင်တိန်သည် နောက်သို့ သမင်လည်ပြန် လှည့်ပြီး မှန်များကွဲနေသော နောက်ဘက် ပြတင်းပေါက်မှနေ၍ လှမ်းကြည့်လိုက်သည်။ သူမ အဖို့ ပထမဆုံးအကြိမ် စိုးရိမ်ကြောက်လန့်စိတ်ဝင်လာသည်။

သူ့ကားရှေ့ဘက်မှ မြစ်ကမ်းပါးပြိုကျပြီး လမ်းပိတ်သွားသလို ကားနောက်ဘက်မှကမ်းပါးလည်း ပြိုကျပြီး ကျောက်တုံး များ မြေစိုင်ခဲများဖြင့် လမ်းပိတ်သွားသည်။ ရှေ့နောက်နှစ်ဘက် ညှပ်ပူးညှပ်ပိတ် ထောင်ချောက် မိနေသည်။ စင်တိန်သည် ကားပြတင်းပေါက်မှ ခေါင်းပြူပြီး ကြည့်လိုက်သည်။ ကားတစ်ဝိုက် ထောင်း ထောင်းထနေသော ဖုန်လုံးများကြောင့် ချောင်းတဟွပ်ဟွပ်ဆိုးလာသည်။
ဖုန်များ ရှင်းသွားသောအခါ သူ့အရှေ့ဘက်မှ လမ်းတွင် တစ်စိတ်တစ်ပိုင်းပိတ်ဆို့ပြီး အနည်းငယ် ပွင့်ဟ ကျန် နေသည်ကို တွေ့ရသည်။ မြေပြိုကျသောနေရာ၏ တစ်ဘက်တွင် အနည်းငယ် ဟနေသော နေရာလေး ရှိ သည်။

သို့သော် ဒိန်မလာကားကြီး ဖြတ်မောင်းလောက်အောင်တော့ မကျယ်ပေ။ သို့ရာတွင် ရှိန်းရှိန်း တောက် နေသော နေရောင်အောက်၌ လေးငါးနာရီမျှ ပင်ပင်ပန်းပန်းလုပ်ကိုင်လိုက်လျှင် မိမိကားသွားလို့ ရ လောက်အောင် လမ်းပွင့်သွားနိုင်သည်။ ကားတံခါးဖွင့်ရန် လက်ကိုင်ကို လှမ်းကိုင်လိုက်သည်။ သို့ရာတွင် အန္တရာယ် ကို ကြိုတင်တွေ့လိုက်မိသဖြင့် လက်ပြန်ရုပ်လိုက်သည်။ ထို့နောက် မိမိဘေးဘက်ရှိ မြစ်ကမ်းပါး အပေါ်ဘက်သို့ မော့ကြည့်လိုက်သည်။

အပေါ်ဘက်ကမ်းပါးပေါ်တွင် ယောက်ျားတစ်ယောက်ရပ်နေပြီး မိမိအား ငုံ့ကြည့်နေသည်ကိုမြင်ရသည်။ ထိုသူ၏ ဖိနပ်များသည် မိမိ၏မျက်စိနှင့် တစ်တန်းတည်းလောက်ရှိသည်။ ဖိနပ်မှာ ဖုန်များပေကျံစုတ်ပြတ် နေသည်။ သူ၏ အပြာရောင်ရှပ်အင်္ကျီတွင် ချွေးကွက်များ အထင်းသား ပေါ်နေသည်။ ထိုသူမှာ အရပ်ရှည်ပြီး စစ်သား သို့မဟုတ် မုဆိုးတစ်ယောက်အသွင်ပေါ်နေသည်။ လူကြမ်းလူရမ်းတစ်ယောက်မှန်း သိသာ သည်။ သူ့လက်တွင်ကိုင်ထားသော ရိုင်ဖယ်က စင်တိန့် မျက်နှာသို့ ပြောင်းဝလှည့်ထားသည်။ သူ့ မျက်နှာပေါ်တွင်လည်း မျက်နှာဖုံးစွပ်ထားသည်။ ရိုင်ဖယ်နှင့် မျက်နှာဖုံးတို့က စင်တိန်ကို ထိတ်လန့် သွားစေသည်။

မျက်နှာဖုံးမှာ ဂျုံအိတ်အဖြူကို လုပ်ထားခြင်းဖြစ်သည်။ ဂျုံအိတ်ပေါ်မှ အနီနှင့်အပြာရောင်ဂျုံစက်နာမည်ကို စင်တိန် လှမ်းမြင်နေရသည်။ မျက်နှာဖုံးနှင့်ရိုင်ဖယ်တို့က စင်တိန့်အား ဘာဖြစ်လာမည်ကို ပြောနေသလိုရှိ သည်။
စင်တိန် သည် ယာဉ်မောင်းနေရာ၌ ကျောက်ရုပ်လိုထိုင်ကာ ထိုသူအား မော့ကြည့်နေရင်းမှ သူမ ခေါင်းထဲ သို့အတွေးများ တသီကြီးဝင်လာသည်။
မိမိနှင့် ပါလာသော စိန်များက အာမခံ မထားရသေး။ ထိုအတွေးက သူမစိတ်ထဲသို့ အလျင်ဝင်လာသည်။ ရှေ့တွင် တွေ့ရမည့် မိမိ၏ရင်ရပ်နားရမည့်စခန်းမှာ မိုင် ၄၀ ခန့်ဝေးသေးသည်။ ဤအတွေးက ဒုတိယ၀င် လာသည်။ နောက်အတွေးတစ်ခုမှာ ပြောင်းတိုသေနတ်အား ကျည်ဆန်ထပ်ဖြည့်ရန် မေ့လာခဲ့ခြင်းပင်ဖြစ် သည်။

ကမ်းပါးပေါ်မှလူက လှမ်းပြောသည်။
" မော်တော်ကားစက်ရပ်လိုက် ... လူ အောက်ဆင်း "
သူ့အသံမှာ မျက်နှာဖုံးစွပ်ထား၍လည်းကောင်း၊ အသံဖျက်ထား၍ လည်းကောင်း ဗလုံးဗထွေးဖြစ်နေသည်။ သေနတ် ကိုင်ထားသောလက်ဖြင့် ဝှေ့ယမ်းပြီး ကားအောက်သို့ဆင်းရန် အချက်ပြလိုက်သည်။
စင်တိန် ကား အောက်သို့ ဆင်းလိုက်သည်။ ကားပတ်ဝန်းကျင်သို့ တစ်မုဟုတ်ချင်း အကဲခတ်လိုက်သည်။ ကြောက်စိတ် များ လွင့်ပျောက်သွားချေပြီ။ ခေါင်းအေးအေး တွေးရန်နှင့် လှုပ်ရှားရန်လိုအပ်လာသဖြင့် ကြောက်စိတ် က နောက်တန်းသို့ ရောက်သွားသည်။ သူ့မျက်လုံးအစုံသည် ရှေ့ဘက၌ လမ်းပိတ်ဆို့ နေသော နေရာမှ အနည်းငယ်ပွင့်နေသော ဟာကွက်ကိုသာ စူးစိုက်ကြည့်နေသည်။
သူမခေါင်းထဲ၌ အတွေးဝင်လာသည်။

" အဲဒီဟာကွက်ကနေ ဖြတ်မောင်းသွားလို့ရနိုင်တယ်၊ စွန့်စားစရာ ဒီတစ်လမ်းပဲရှိတယ် "
စင်တိန် စိတ်ထဲကပြောလိုက်ပြီး ကားထဲသို့ ရုတ်တရက် ၀င်ထိုင်လိုက်သည်။
" ဟေ့ ... ရပ်လိုက် "
အပေါ်ဘက်မှလူက လှမ်းအော်သည်။ စင်တိန်က တံခါးကို ဆွဲပိတ်လိုက်ပြီး ကားစက်နှိုးကာ ဂီယာ သွင်းလိုက်သည်။ နောက်ဘီးနှစ်ဘီးက ချာချာလည်သွားရာ ဖုန်တန်းကြီးနှစ်တန်း ထောင်းထောင်းထ သွားသည်။ ထို့နောက် ကားကရှေ့သို့ ထိုးထွက်သွားပြီး အရှိန်ပိုကောင်းလာသည်။ စင်တိန်သည် ကားဦး ကို ကမ်းပါးနှင့်ပြိုကျနေသော ကျောက်ခဲများကြားမှ နေရာလပ်ကလေးသို့ ဦးတည်ပြီး မောင်းလိုက်သည်။

ကမ်းပါးပေါ်မှလူ၏ နောက်ထပ်အော်သံကို စင်တိန် ကြားလိုက်ရသည်။ သူမကား ခေါင်မိုးပေါ်မှကျော်ပြီး သတိပေး ပစ်လိုက်သောသေနတ်သံကိုလည်း ကြားလိုက်ရသည်။ သို့သော် စင်တိန်က လုံးဝ အလေးမထား ဘဲ သူမ၏ ဒိန်မလာကား ထောင်ခြောက်ထဲမှလွတ်အောင်သာ အာရုံစိုက်နေသည်။
ကမ်းပါးစောင်း အတိုင်း မောင်းလာရာ ကားမှာ တစ်ဘက်အလွန် စောင်းနေပြီး မှောက်လုနီးဖြစ်နေသည်။ သို့သော် အရှိန်မလျှော့ဘဲ ဆက်မောင်းနေသည်။ ကားမှာ ခုန်ပေါက်နေသော မြင်းလိုဖြစ်နေရာ စင်တိန် သည် လဲပြိုမသွားရန်အတွက် လက်ကိုင်ဘီးကိုသာ အတင်းအားပြုကိုင်ထားရသည်။

ကျဉ်းမြောင်းသော ဟာကွက်ကလေးထဲတွင် ကျောက်တုံးကျောက်ခဲများ မြေစိုင်ခဲများအနှံ့ ပြန့်ကျဲနေသည့် အပေါ်၌ ကားက ဘယ်ညာယိမ်းထိုး၍ ခုန်ပေါက်နေရာ စင်တိန်သည် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ ကား ထဲ၌ ကျွမ်းထိုး မှောက်ခုန်ဖြစ်နေသည်။
ကားသော့ကို လှမ်းပိတ်ရန် ကြိုးစားသော်လည်း ကိုယ့်ကိုယ်ကိုယ် မည်သို့မျှထိန်းမရဘဲဖြစ်နေသည်။ အမြန် နှုန်းပြ ဒိုင်ခွက်တွင် မိုင် ၃၀  ကိုပြနေသည်။ ယာဉ်မောင်းဘေးမှထိုင်ခုံပေါ်သို့ သူ့ ကိုယ် ပစ်ကျသွားရာ စိန် သေတ္တာ နှင့်နံရိုးများ ဆောင့်မိသွားပြီး အောင့်သွားသည်။

တစ်ချိန်တည်းမှာပင် ကျောက်တုံးတစ်တုံးပေါ် ကားက ခုန်တက်သွားရာ သူမဘေးမှ ကားတံခါးပွင့်သွားပြီး စင်တိန် အပြင်ဘက်သို့ လွင့်စဉ်ထွက်သွားသည်။ စင်တိန်သတိရှိနေသည်။ သဲမြေပေါ်ကျသွားမှန်းသိလိုက် သည် နှင့် တစ်ပတ်နှစ်ပတ် ဆက်လှိမ့်ထွက်လိုက်ရာ နောက်ဆုံးဒူးထောက်လျက် လေးဘက်ကုန်းဖြစ်သွား သည်။
ကားက ရှေ့သို့အနည်းငယ်ဆက်လိမ့်သွားပြီး ကျောက်တုံးတစ်လုံးနှင့်ဆောင့်မိသည်။ ရှေ့ဘက်မှ ဘီးတစ် လုံး ကျွတ်ထွက်ပြီး လိမ့်ဆင်းသွားသည်။ ကားရှေ့ပိုင်းသည် သဲထဲသို့ ငိုက်ဝင်သွားပြီး စိုက်ဆင်းသည်။ ကား စက် က နှိုးနေဆဲဖြစ်သည်။ ကားကြီးသည် သဲထဲသို့ ဦးစိုက်သွားသဖြင့် ရှေ့တိုးမရတော့။ သို့သော် စက်ရှိန် ကလည်း ပြင်းထန်နေဆဲဖြစ်၍ ကားမှာ တစ်ပတ်ကျွမ်းထိုးပြီး ပက်လက်လန်သွားသည်။

ကျန်နေသေးသော ဘီးသုံးလုံးမှာ မိုးကိုမျှော်နေသည်။ ကားပြတင်းပေါက်မှန်များလည်း အကုန် ကွဲကုန်သည်။ မှန်ကွဲအစများသည် ဒက်ရှ်ဘုတ်ထဲမှစက်မှုသုံး စိန်မှုန်စိန်မွှားနှင့်အတူ ပြန့်ကျဲလွင့်စဉ် ထွက် ကုန်သည်။ ကားစက်ထဲမှ ဆီများလည်း သဲပြင်ပေါ်သို့ ယိုစီးထွက်ကျကုန်သည်။ သဲပြင်ပေါ်၌ ဆီကွက် များ ထင်ကုန်သည်။
စင်တိန် အားယူထလိုက်ပြီး ကားဆီသို့ ပြေးသွားသည်။ သို့သော် သဲကခြေကျင်းဝတ် အထိ မြှပ်ပြီးဆွဲနေ သည်။ စိတ်သွားတိုင်းကိုယ်မပါဖြစ်နေသည်။

စင်တိန်သည် နောက်သို့လည်း လှည့်မကြည့်ရဲပေ။ ကြောက်စရာကောင်းသော မျက်နှာဖုံးစွပ်လူသည် သူမ နောက်နား ၌ နီးနီးလေးတွင် ရှိနေလိမ့်မည်ဟုသိနေသည်။ နောက်ကများ ပခုံးကိုလှမ်းဆွဲလိုက်မလား၊ ကျောထဲသို့ ကျည်ဆန်များဝင်လာမလားဟု တထိတ်ထိတ်ဖြစနေသည်။ သို့သော် ကားဘေးသို့ သူမ ရောက်သွား ပြီး သဲပြင်ပေါ်တွင် ဒူးထောက်ရက် ကျသွားသည်။
ယာဉ်မောင်းဘက်မှ ကားတံခါးမှာ စုတ်ပြတ်ပြုတ်ထွက်နေပြီးဖြစ်သည်။ ကားခေါင်းခန်းထဲသို့ ကိုယ်တစ်ပိုင်း ထိုးဝင်လိုက်သည်။ ပြောင်းတိုသေနတ်က ကားစတီယာတိုင်ဘီးတွင် ချိတ်ငြိနေရာ စင်တိန် လှမ်းဖြုတ်ယူ လိုက်ပြီး အထဲမှကျည်ဆန်ဘူးကို နှိုက်ယူလိုက်သည်။

တုန်ရင်နေသောလက်ဖြင့် ကျည်ဆန်ဘူးကို ဆွဲဖွင့်လိုက်သည်၊ ကျည်ဆန်များက သူမ ဘက်တစ်ဝိုက် သဲပြင်ပေါ်တွင် လွင့်စဉ်ပြန့်ကျဲကျကုန်သည်။ ပြောင်းတိုသေနတ်မှ မောင်းထိန်းသော့ကို လက်မဖြင့် တွန်းဖွင့် လိုက်ပြီး ပြောင်းကို ခါးချိုးချလိုက်သည်။ ကျည်ဆန်အခွံနှစ်ခု ခုန်ထွက်သွားသည်။
တစ်ချိန်တည်း မှာပင် သူမလက်ထဲမှ သေနတ်ကို တစ်စုံတစ်ယောက်က ဇတ်ခနဲဆွဲယူခြင်းခံလိုက်ရသည်။

မျက်နှာဖုံးနှင့်လူက သူမအပေါ်မှ စီးမိုး၍ ရပ်နေသည်။ ဤမျှလျင်မြန်သောနှုန်းဖြင့် ကမ်းပါးပေါ်မှ ဆင်းလာ ပြီး မြစ်ပြင်သဲသောင်ကို ဖြတ်လာနိုင်ခြင်းမှာ ထိုသူသည် သားကောင်လိုက် ကျားသစ်မိုဆိုးလို လျင်မြန်သူ ဖြစ်ရချေမည်။ သူက ပြောင်းတိုသေနတ်ကို လွင့်ပစ်လိုက်ရာ ပေ  ၅၀ သို့ လွင့်ထွက်သွားသည်။

သေနတ်လွှင့်ပစ်လိုက်သော အရှိန်ကြောင့် သူ ဟန်ချက်ပျက်ပြီး ယိုင်သွားသည်။ ထိုအခြေအနေကို စင်တိန် က အခွင့်ကောင်းယူလိုက်သည်။ သူမတစ်ကိုယ်လုံးကို သူ၏ရင်ဘတ်ဆီသို့  ခုန်ဝင် ပစ်သွင်း လိုက်သည်။ မမျှော်လင့်သော ဖြစ်ရပ်ကြောင့် ထိုသူမထိန်းနိုင်ဘဲ နှစ်ယောက်စလုံးသဲပြင်ပေါ် ပစ်ကျ သွားသည်။ သူက အောက်ကကျပြီး စင်တိန်ကသူ့အပေါ်မှ ပိနေသည်။ စင်တိန်က ဦးစွာလူးလဲရုန်းကန်ပြီး ဒိန်မလာ ကားဆီသို့ ပြေးသွားသည်။ အင်ဂျင်စက်ကနိုးနေဆဲ။ အပြာရောင်မီးခိုးတန်းက အင်ဂျင်မှ ထွက်နေဆဲ။

ပစ္စတို။ စင်တိန်သတိရနေသည်။ ကားနောက်ခန်းတံခါးကို အားကုန်ဆွဲဖွင့်သည်။ မပွင့်။ တွမ်တီးမင်းဂျုန်း ကားနောက်ခန်း တွင် ထည့်ပေးလိုက်သော သူ၏ပစ္စတို ခါးပတ်အိတ်ထဲ၌ ရှိနေသည်ကို စင်တိန်ကားမှန်ထဲ မှ ဖောက်ထွင်းမြင်နေရသည်။

နောက်ခန်းကားတံခါးမပွင့်သဖြင့် ရှေ့ခန်းပြတင်းပေါက်မှ ခေါင်းလျှိုဝင်ကာ နောက်ခန်း ထိုင်ခုံပေါ်မှ ပစ္စတိုကို လှမ်းဆွဲရန်ကြိုးစားသည်။ သို့ရာတွင် မာကျောသန်မာလှသော လက်ချောင်းများက သူမပခုံး ကိုဆုပ်ကိုင်ပြီး နောက်ဘက်သို့ ဆွဲလှည့်လိုက်သည်။ သူမခန္ဓာကိုယ်လည်ထွက်သွားပြီး ထိုသူမျက်နှာနှင့် မျက်နှာချင်းဆိုင် နီးကပ်သွားသည်။ သူ့ခေါင်းတစ်ခုလုံးတွင် ပါးလွှာသော ဂျုံအိတ်ပိတ်စက ဖုံးနေသည်။ မျက်စိ နေရာမှ အပေါက်နှစ်ပေါက်တွင် လူမျက်လုံးနှစ်လုံးကိုမြင်ရသည်။ မျက်စိပေါက်များဆီသို့ သူမ လက်ချောင်းများဖြင့် လှမ်းဆွဲလိုက်သည်။

ထိုသူက ခေါင်းကိုချာခနဲလှည့်လိုက်သည်။ သို့သော် သူ့လက်ညိုးတစ်ချောင်းက မျက်စိပေါက်တွင် သွားငြိပြီး အ၀တ်စကို ဖြိခနဲဆုတ်ဖြဲလိုက်ရာ မေးစေ့နားအထိပေါ်သွားသည်။ သူမ၏ လက်ကောက်ဝတ်ကို ထိုသူက လှမ်း၍ ဆုပ်ကိုင်လိုက်သည်။  စင်တိန်သည် ရုန်းထွက်ရမည့်အစား သူ့ကိုယ်လုံးဖြင့် ထိုသူကို ၀င်ဆောင့် လိုက်သည်။ သူမ၏ ညာဘက်ဒူးကို မြှောက်ပြီး ထိုသူ၏ ပေါင်ခြံကို ဆောင့်ထည့်လိုက်သည်။ သို့ရာတွင် ထိုသူက ကိုယ်ကို တိမ်းပြီးရှောင်လိုက်ရာ သူမဒူးခေါင်းသည် ပေါင်ခြံကို သွားတိမ်းပြီး ရှောင်လိုက်ရာ သူမ ဒူးခေါင်းသည် ပေါင်ခြံ ကို သွားမထိဘဲ ထိုသူ၏ ဘယ်ဘက် တင်ပဆုံ သို့သာ သွား ထိသည်။ သူမလက်ကောက်ဝတ်ကို ထိုသူက လက်ဖြင့် ဖမ်းဆုပ်ထားသည်မှာ သံမဏိပြုတ်တူဖြင့် ညှပ်ထား ဘိသကဲ့ သို့ပင် တင်းကျပ်ခိုင်မာလှပေသည်။

စင်တိန်သည် မိမိလက်ကောက်ဝတ်အား ဖမ်းဆုပ်ထားသော ထိုသူ၏ လက်ကောက် ၀တ်ကို ပါးစပ် နှင့် ကုန်း ကိုက်လိုက်သည်။ မိမိခြေလက်များဖြင့်လည်း ထိုသူ၏ ကိုယ်လုံးကို ကန်ကျောက်ထိုးနှက်သည်။ သို့သော် ထိုသူ၏ မာကျောသန်မာလှသော အသားအရေများက နာကျင်သည့် လက္ခဏာမရှိပေ။
စင်တိန် သည် မလွတ်တမ်း အားခဲကိုက်ရာ အသားထဲသို့ သွားများမြုပ်ဝင်ပြီး သွေးများထွက်လာသည်။ ပါး စပ် ထဲသို့ သွေးများစီးကျလာသည်။ မျက်နှာဖုံးနှင့်လူသည် မမျှော်လင့်ဘဲ လွတ်နေသော လက်တစ်ဖက်ဖြင့် စင်တိန်၏ ဆံပင်ကို ဆုပ်ကိုင်ကာ စင်တိန်၏ခေါင်းကို နောက်သို့လှန်ဆွဲသည်။ သို့သော် သူသည် ကြမ်းကြမ်း တမ်းတမ်းမလုပ်ဘဲ ညှာညှာတာတာ လုပ်နေသည်မှာ ထူးခြားလှသည်။ စင်တိန်အား ထိခိုက် နာကျင်စေလိုသည့် လက္ခဏာမရှိဘဲ မိမိလက်အား ကိုက်ထားသော စင်တိန်၏ ပါးစပ် လွတ် သွားအောင်သာ ကြိုးစားမှန်းသိသာသည်။

စင်တိန်သည်  နှာခေါင်းဖြင့် အသက်ရှူလိုက်ပြီး အားရှိသမျှအကုန်ထုတ်ကာ တအားကုန်ဆက်ကိုက်သည်။ သူမ သွားများက အရိုးသို့ပင်သွားထိပြီး ထိုသူက အားခနဲ ခပ်တိုးတိုးအော်လိုက်ပြီး၊ သူမခေါင်းကို လက်ဖြင့် ဆက်ဆွဲသည်။ စင်တိန်က မျက်စိအစုံပိတ်ထားသည်။ မိမိဦးခေါင်းကို ထိုသူက လက်သီးနှင့် ထိုး လိမ့်မည်ဟု မှန်းထားသည်။ သူမပါးစပ်ထဲတွင် တစ်စုံတစ်ခုပေါက်ကွဲယိုစီးထွက်လာသလို ခံစား လိုက်ရသည်။ သူမ၏ သွားဖြင့် ထိုသူ၏ လက်ကောက်ဝတ်သွေးကြောကို ကိုက်မိပြီး သွေးကြော ပေါက်ကာ သွေးများ ဒလဟော ပန်းထွက်လာခြင်းဖြစ်သည်။ ပါးစပ်ထဲတွင် သွေးများပြည့်လျှံပြီး မွန်းကျပ် လာသည်။ သို့သော် ကိုက်ထားသည့် သွားကိုမလျှော့ဘဲ ပါးစပ်ဘယ်ဘက်ထောင့်မှနေပြီး သွေးများကို ဖွင့်ထုတ်လိုက်သည်။ သွေးများအပြင်သို့ စီးထွက်ကုန်သည်။

ထိုသူက နာကျင်လွန်းသဖြင့် ညည်းတွားလာသည်။ သူသည် မခံသာတော့သည့်အဆုံး စင်တိန်အား ခပ် ကြမ်းကြမ်း တုံ့ပြန်တော့သည်။ သူ ၏လွတ်နေသောလက်မှ လက်ညိုးနှင့် လက်မနှစ်ချောင်းဖြင့် စင်တိန်၏ မေရိုးနှစ်ဘက်ကို ဖြစ်ညှစ်ညှပ်ထည့်လိုက်သည်။ သူ့လက်ချောင်းများသည် သံပြုတ်တူများတမျှ မာကျော ပြင်းထန်လှသည်။ စင်တိန် မေးရိုးများတွင် မခံသာအောင်နာကျင်လာသည်။ စင်တိန် မည်သို့မျှ ဆက်မကိုက်နိုင်တော့ဘဲ ပါးစပ်ကိုဟပြီး လွှတ်လိုက်ကာ နောက်သို့ ဗြုန်းခနဲဆုတ်လိုက်သည်။ ထိုသူ အံ့အား သင့်သွားပြီး စင်တိန်အား ကိုင်ထားသော လက်တစ်ဖက်ကို လွှတ်လိုက်သည်။ သူမက ထိုအခွင့်ကောင်းကို အသုံးချပြီး ဒိန်မလာကားကြီးဆီသို့ ပြန်ပြေးသည်။

ယခုတစ်ကြိမ်တွင် စင်တိန်သည် ကားရှေ့ခန်းပြတင်းပေါက်မှနေ၍ လက်လျှိုပြီး နောက်ခန်းဆိုဖာပေါ်ရှိ ပစ္စည်းတို့ကို လှမ်းဆွဲသည်။ ပစ္စတို သူ့လက်ထဲ ပါလာသည်။ ထိုအချိန်မှာပင် မျက်နှာဖုံးနှင့်လူက နောက်မှ လှမ်းကိုင်ပြီး နောက်သို့ ဆတ်ခနဆောင့်ဆွဲလိုက်သည်။ သူမလက်ထဲမှပစ္စတိုကြီးသည် အောက်သို့လွင့်ကျ သွားသည်။

စင်တိန်က ထိုသူဘက်သို့ ချာခနဲလှည့်လိုက်ပြီး ထိုသူအား ခြေရောလက်ပါ ကန်ကျောက်ထိုးနှက်သတ်ပုတ် သည်။ နှစ်ယောက်စလုံး လုံးထွေးပြီး မြေပေါ်သို့ လဲကျသွားသည်။ ထိုသူက သူမလက်နှစ်ဖက်ကို ချုပ်ကိုင် ပြီး မြေပေါ်သို့လဲကျသွားသည်။ ထိုသူက သူမလက်နှစ်ဖက်ကို ချုပ်ကိုင်ပြီး စင်တိန်အားမြေပေါ်တွင် ပက် လက်လန်စေကာ သူကအပေါ်မှတက်ခွစီးပြီးဖိထားသည်။
စင်တိန့် လက်ချက်ကြောင့် စုတ်ပြဲသွားသော မျက်နှာဖုံးစက အောက်သို့ဖတ်လပ်ကျနေသည်။ ထို့ကြောင့် သူ၏မျက်လုံးအစုံကို သူမအောက်မှနေ၍ အထင်းသားမြင်လိုက်ရသည်။ ထူးခြားတောက်ပသော အ၀ါ ရောင် မျက်လုံးများနှင့် ရှည်လျားမည်းနက်သော မျက်တောင်များကို တွေ့လိုက်ရသည်။ သူမ အံ့အားသင့်ပြီး ပင့်သက်ဖိုသွားသည်။

" လိုသာ ... "
သူ့နာမည် ခေါ်သံကြားလိုက်ရသဖြင့် ထိုသူတစ်ကိုယ်လုံးတောင့်ခနဲဖြစ်သွားသည်။ တစ်ယောက်နှင့်တစ် ယောက် စကားမပြောဘဲ အတန်ကြာစိုက်ကြည့်နေမိကြသည်။ တစ်ခဏအကြာတွင် လိုသာသည် အပေါ်မှ ဖိပြီး ချုပ်ကိုင်ထားခြင်းကို လွှတ်ပေးလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူ့ခေါင်းပေါ်မှ မျက်နှာဖုံး ကို ချွတ်ယူ လိုက်သည်။ ထိုမျက်နှာဖုံးပိတ်စဖြင့် အကိုက်ခံထားရသော လက်ကောက်ဝတ်ကို စည်းပတ် ချည်နှောင်လိုက် သည်။  ဒဏ်ရာက ကြီးမားပြင်းထန်သည်။ ဒဏ်ရာကိုစည်းပတ်လိုက်သော ပိတ်ဖြူစ သည် တသွင်သွင်ထွက် နေသောသွေးများကြောင့် တစ်မုဟုတ်ချင်း နီရဲသွားသည်။
 စင်တိန် သည် ပက်လက်လန်လဲနေရာမှ ထထိုင်လိုက်ပြီး လိုသာကို စောင့်ကြည့်နေသည်။ မော်တော်ကား စက်သံလည်း ရပ်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်၏ အသက်ရှူသံများမှတစ်ပါး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

" ရှင် ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ " စင်တိန်က တိုးတိုးလေး မေးလိုက်သည်။
" ဘာဖြစ်လို့ လုပ်တယ်ဆိုတာ မင်းသိပါတယ် "
လက်တွင်ပတ်ထားသောပိတ်စကို သွားဖြင့် ကိုက်ချည်ပြီး နောက်ပြောင်လိုက်သည်။ စင်တိန်က ရုတ်တရက် ကုန်းထပြီး ကားဆီသို့ပြေးသည်။ ၀မ်းလျားထိုးပြီး ကားဘေးမှပစ္စတိုကို လှမ်းဆွဲပြန်သည်။ ပစ္စတို ကို သူမ လက်နှင့်သွားထိသည်။ သို့သော် ပစ္စတိုကို ဖမ်းဆုပ်ချိန်မရလိုက်။ လိုသာက သူမကို ခါးမှ လှမ်းဆွဲပြီး သဲပြင် ပေါ်သို့ ပက်လက်ဆောင့်ချလိုက်သည်။ ထို့နောက် လိုသာက ပစ္စတိုကို ကောက်ယူ လိုက်သည်။

" ဟိုဟာတွေဘယ်မှာလဲ "
ပက်လက်လန်နေသော စင်တိန်ကို လိုသာက အပေါ်မှမတ်တတ်ရပ်လျက် ငုံ့ကြည့်ပြီးမေးလိုက်သည်။
" ရှင် ဘာပြောနေတာလဲ "
လိုသာသည် ဒိန်မလာကားထဲသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် လက်ဆွဲသေတ္တာအမည်းလေးကို ဆွဲထုတ် ယူလိုက်သည်။
" သော့ဘယ်မှာလဲ " လိုသာက မေးလိုက်သည်။

စင်တိန်က လိုသာအားမထီလေးစားအကြည့်ဖြင့် ပြန်ာကည့်လိုက်သည်၊ သူ့အမေးကိုမဖြေ။ လိုသာသည် ဆောင့်ကြောင့် ထိုင်လိုက်ပြီး လက်ဆွဲသေတ္တာကို သဲပေါ်တွင်နေသားတကျ ချထားလိုက်သည်။ ထို့နောက် နောက်ကို တစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက် သေတ္တာသော့ကို ပစ္စတိုပြောင်းဝဖြင့် တေ့ပြး ပစ်ထည့် လိုက်သည်။ တိဆ်တိတ်ငြိမ်သက်သော သဲကန္တာရထဲတွင် သေနတ်သံက ဟိန်းထွက်သွားသည်။ သေနတ် ကျည်ဆန် က ကြေးသော့ကို လွင့်စဉ်စုတ်ပြတ်သွားစေသည်။

လိုသာသည် ပစ္စတိုကို အိတ်ထဲကို ပြန်ထည့်လိုက်သည်။ သေတ္တာကို ကောက်ယူဖွင့်ကြည့်လိုက်ရာ သေတ္တာထတွင် အထုပ်ငယ်များနှင့် ပြည့်နှက်နေသည်။ အထုပ်တိုင်းကို စက္ကူအညိုဖြင့်  သပ်သပ်ရပ်ရပ် ထုပ်ပြီး ချိတ်အနီဖြင့်ပိတ်ထားသည်။ လိုသာသည် အထုပ်တစ်ထုပ်ကို ကောက်ယူပြီး အထုပ်ပေါ်တွင် တွမ် တီးမင်းဂျုန်းရေးထားသော စာတန်းကို ဖတ်လိုက်သည်။
" အတုံးပေါင်း ၁၅၆ တုံး၊ စုစုပေါင်း အလေးချိန် ၃၈၂ ကာရက် "
ဒဏ်ရာမရသောလက်ဖြင့်  ကိုင်ထားသောထိုအထုပ်ကို သွားဖြင့်ကိုက်ပြီး ဖြေလိုက်သည်။ ထို့နောက် ဒဏ် ရာရသောလက်၏ လက်ဖ၀ါးထဲသို့ အထုပ်ထဲမှ ရတနာအချို့ကို လောင်းထည့်လိုက်သည်။ နေရောင် အောက်တွင် စိန်အရိုင်းတုံးများကို တွေ့ရသည်။

" သိပ်လှတာပဲ "
လိုသာ က ပြောပြောဆိုဆိုနှင့်ပင် လက်ထဲကစိန်များကို ဘောင်းဘီအိတ်ထဲ ထည့်လိုက်သည်။ စိန်ထုပ်ကို ပြန်ထုပ်ပြီး သေတ္တာထဲထည့်သည်။ ထို့နောက် သေတ္တာကိုပိတ်လိုက်သည်။
" ရှင်ဟာ လူသတ်သမား လို့ အလျင်က သိထားတာ၊ အခုတော့ရှင်က သူခိုးကြမ်းပိုးလဲဖြစ်နေပြီကိုး "
" မင်းလဲ ငါ့ရဲ့ ငါးဖမ်းလှေတွေနဲ့ ငါ့ကုမ္ပဏီကိုခိုးယူခဲ့တာပဲမဟုတ်လား၊ သူခိုးချင်းအတူတူပါပဲကွာ၊ ဒီတော့ ငါ့ကို သူခိုးအကြောင်းလာပြောမနေနဲ့တော့ "
လိုသာသည် စိန်သေတ္တာကို ချိုင်းတွင်ညှပ်ပြီး မတ်တတ်ရပ်လိုက်သည်။ မော်တော်ကားဆီသို့သွားပြီး အကုန်ဖွင့်ကြည့်သည်။

" ကောင်းတယ်။ မင်းမှာသောက်ရေ အပိုပါလာတာ မင်းအတွက်ကောင်းတယ်၊ ဂါလံ ၂၀ လောက်ရှိတော့ မင်းအတွက် တစ်ပတ်စာလောက်ရမယ် ၊  တစ်ပတ်မတိုင်ခင် သူတို့မင်းကိုရှာလို့တွေ့သွားမှာပါ၊ အေဘရာ ဟင်က မင်းဆီကို အကြိုတော်အထောက်တော်တွေလွှတ်နေပါပြီ၊ တွမ်တီးမင်းဂျုန်းရိုက်လိုက်တဲ့ကြေးနန်း ကိုငါကြားက ဖြတ်နားထောင်ပြီးပြီ "
" လူယုတ်မာ" စင်တိန်က တိုးတိုးလေး ကျန်ဆဲလိုက်သည်။

" ငါဒီကထွက်မသွားခင် ကြေးနန်းလိုင်းတွေကို ဖြတ်တောက်သွားမယ် ၊ ကြေးနန်းရိုက်မရတာ သိတာနဲ့ တစ်ပြိုင်နက်တည်း မင်းတစ်စုံတစ်ခုဖြစ်ပြီဆိုတာ သူတို့တွေးမိလိမ့်မယ်၊ မင်းဒီမှာသာစောင့်နေ အားလုံး အဆင်ပြေသွားလိမ့်မယ်"
" သွား ... သွား ... ရှင့်ကို ကျွန်မုန်းတယ် "
" မင်းကား နားမှာပဲနေ၊ ဒါဟာ သဲကန္တာရထဲမှာ ရှင်သန်ဖို့အတွက် ပထမဆုံး ဥပဒေသပဲ၊ ဟိုဟိုသည်သည် လျှောက်မသွားနဲ့၊ နှစ်ရက်လောက်ကြာရင် မင်းဆီကို ကယ်ဆယ်မယ့် သူတွေရောက်လာလိမ့်မယ်၊ ငါ့ အတွက်လ နှစ်ရက်အချိန် ပိုရတာပေါ့ "

" အလျင်က ရှင့်ကို ကျွန်မ မုန်းတယ်လို့ ထင်ခဲ့တယ်၊ အခုတော့ ဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ကျွန်မ ကောင်း ကောင်းသိပြီ"
" ငါ မင်းကိုသင်ပေးခဲ့တာကြာပါပြီ "
လိုသာကေ အးဆေးတည်ငြိမ်စွာ ပြောလိုက်ပြီး သဲထဲမှ ပြောင်းတိုသေနတ်ကို ကောက်ယူလိုက်သည်။
" မင့်သား ကို ငါမွေးမြူစောင့်ရှောက်ခဲ့တဲ့ နှစ်ကာလတွေ တစ်လျှောက်မှာ ငါလဲ ဒီစကားအဓိပ္ပာယ်ကို ကောင်း ကောင်းနားလည်ခဲ့တယ်၊ မင်းငါ့ဆီ နောက်တစ်ခေါက် ပြန်လာတော့ ငါထူထောင် လုပ်ကိုင် ထားတာတွေ၊ ငါ မျှော်မှန်းထားတာတွေအားလုံးကို မင်းဖျက်ဆီးခဲ့တယ် "

လိုသာ သည် ပြောင်းတိုသေနတ်ကို ကျောက်တုံး တစ်တုံးတွင် ရိုက်နှက်ချိုးဖဲ့ဖျက်ဆီးပစ်လိုက်သည်။ ထို့ နောက် သူ၏ မော်ဇာရိုင်ဖယ်ကို ပခုံးတွင် လွယ်လိုက်ပြီး ကောင်းသည့် လက်တစ်ဖက်ဖြင့် စိန်သတ္တာကို ကိုင် လိုက်သည်။ ဒဏ်ရာရထားသော လက်ကို ဘယ်ဘက်ရင်ဘတ်တွင်ကပ်ထားသည်။ ဒဏ်ရာက မခံသာ အောင် နာကျင်နေပုံရသည်။
" မင်းကသာ ငါ့ကိုမတိုက်ခိုက်ဖူးဆိုရင် မင်းကို မထိခိုက်မနာကျင်စေလိုပါဘူး၊ ငါတို့ ဘယ်တော့မှပြန်တွေ့ ကြတော့မှာ မဟုတ်ဘူး၊ ငါသွားမယ်စင်တိန်၊ နှုတ်ဆက်ခဲ့ပါတယ် "
" ကျွန်မ တို့ ပြန်တွေ့ကြရဦးမှာပါ၊ ရှင် ကျွန်မအကြောင်း ကောင်းကောင်းသိပါတယ်၊ ဒီနေ့ဖြစ်ရပ်အတွက် အပြည့်အ၀ လက်စားမချေရမချင်း ကျွန်မ ကျေနပ်မှာမဟုတ်ဘူးဆိုတာ ရှင်ကောင်းကောင်း သိထားစမ်းပါ "

" မင်းအကြောင်း ငါကောင်းကောင်းသိပါတယ်၊ မင်းကြိုးစားလိမ့်မယ်ဆိုတာလဲ ငါယုံပါတယ် "
လိုသာ ခေါင်းတဆတ်ဆတ်ညိတ်ပြီး ပြောရင်း တစ်ဘက်သို့လှည့်ထွက်သွားသည်။
" လိုသာ "
စင်တိန်က ကသောကမျော အော်ခေါ်လိုက်သည်။ ထို့နောက် လိုသာပြန်လှည့်လာသောအခါ လေသံပျော့ လေးနှင့်ပြေလိုက်သည်။
" ကျွန်မ ရှင်နဲ့ အပေးအယူလုပ်ချင်တယ်၊ ရှင် ကျွန်မ စိန်တွေကို ပြန်ပေးရင် ရှင့်ငါးဖမ်းသင်္ဘောတွေနဲ့ ကုမ္ပဏီ ကို ကျွန်မပြန်ပေးမယ် "

" မင်းအပေးအယူက အချိန်နှောင်းသွားပါပြီ၊ အခုအချိန်ဆိုရင် ငါ့ငါးဖမ်းစက်လှေတွေနဲ့ စက်ရုံက ဘာမှ တန်တော့မှာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းရဲ့စိန်တွေကတော့ ... "
" နောက်ထပ် ပေါင်စတာလင်ငွေငါးထောင်ပေးမယ်၊ အဲဒီအပြင် အခုရှင် ကျွန်မဆီက စိန်တွေ ဓားပြတိုက် လု တာကိုလဲ ရဲကို မတိုင်ဘူးလို့ ကျွန်မ ကတိပေးပါတယ် "
စင်တိန် သည် စိတ်လှုပ်ရှားခံစားနေရသည်ကို အသံတွင်မပေါ်ရန် ကြိုးစားနေရသည်။
" မင်းနဲ့ငါနဲ့ အခုမတိုင်ခင်နောက်ဆုံးတွေ့ခဲ့တုန်းက တောင်းပန်ရတဲ့လူက ငါပါကွာ၊ မင်းမှတ်မိ သေးသလား၊ ဖြစ်နိုင်ရင် ငါနောက်ကြောင်းပြန်မသွားချင်ဘူး၊ အတိတ်က ဖြစ်ရပ်တွေ အားလံးကို ငါ မေ့လိုက်ပြီ၊ ငါ့ကို အပေးအယူဘာမှ လာမလုပ်နဲ့တော့၊ ငါသွားတော့မယ် "

" စိန်တွေတစ်ဝက်လောက်တော့ ထားခဲ့ပါလိုသာရယ် "
" ဘာ ... ဘာ့ကြောင့် "
" တစ်ချိန် က ချစ်ခဲ့ရတဲ့ အကြောင်းကြောင့်ပေါ့ "
လိုသာ ဟားတိုက်၍ ရယ်လိုက်သည်။
" ဒီထက်ကောင်းတဲ့ ဆင်ခြေလေးများပေးစရာ မရှိတော့ဘူးလား စင်တိန်ရယ် "
" ကောင်းပြီလေ၊ ရှင်ဒါတွေအားလုံးကို ယူသွားရင် ကျွန်မဘ၀ကို ဖျက်ဆီးလိုက်သလိုပါပဲလိုသာရယ်၊ ဒီစိန် တွေ မရှိရင် ကျွန်မ ဘ၀ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး၊ လောလောဆယ်တောင်မှ ဒုက္ခတွေ့နေရတာ၊ ရှေ့လျှောက် လုံးဝ ပျက်စီးဖို့ပဲရှိတော့တယ် "

" မင်း ငါ့စက်လှေတွေယူသွားတုန်းက ငါဖြစ်သလိုပဲပေါ့ကွာ "
လိုသာသည် တစ်ဘက်သို့လှည့်ပြီး ကမ်းပါးပေါ်သို့တက်သွားသည်။
" လိုသာ ဒီလာရေး ... "
စင်တိန်က နောက်မှအော်ခေါ်လိုက်သည်။
" ရှင် ကျွန်မပြောတဲ့အပေးအယူကိုလက်မခံရင် ကျွန်မ ကျိန်စာတိုက်တာကို နားထောင်လိုက်ပါဦး၊ ကျွန်မ ကျိန်စာတိုက်မယ်၊ ဘုရားသခင်နဲ့အားလုံးသော နတ်ကောင်းနတ်မြတ်များကြားသိပါစေ၊ ရှင် စက်တိုင် မတက်ရ မချင်း ကျွန်မဘယ်တော့မှလက်မလျှော့ဘူး၊ ဘယ်တော့မှနားမနေဘူး"
လိုသာက နောက်သို့လုံးဝလှည့်မကြည့်။ သူသည် ကမ်းပါးပေါ်သို့ တရွေ့ရွေ့ တက်သွားပြီး ရှေ့သို့ ဆက် လက်ထွက်သွားသည်။

စင်တိန် သဲပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ ဒေါသကြောင့် တဆတ်ဆတ်တုန်နေသည်။ ထို့နောက် ဆုံးဖြတ် ချက်တစ်ခု ကို အခိုင်အမာချပြီး ထိုင်ရာမှထလိုက်သည်။ ဒိန်မလာ ကားဆီသို့ လျှောက်သွားသည် ။ ပတ္တူရေ အိတ်ကို ချိတ်တွင် ချိတ်ထားဆဲ တွေ့ရသည်။ သူ့မျက်နှာနှင့်လက်မှ မျက်ရည်များနှင့် လိုသာ့ သွေးစက် များ ကိုရေဖြင့် ဆေးကြောလိုက်သည်။
သူမပါးစပ်ထဲ၌  လိုသာ၏ သွေးအရသာကရှိနေသည်။ ထို့ကြောင့် ရေဖြင့်ပလုပ်ကျင်းပြီး ထွေးပစ်လိုက် သည်။
တစ်ချိန်တည်းမှာပင် လိုသာနောက်သို့လိုက်ရန် တွေးလိုက်သည်။

" လိုက်မယ်လိုသာ ... ရှင့်ကို မိုးမဆုံးမြေမဆုံး ကျွန်မ လိုက်မယ် ကမ္ဘာကြေသော်လဲ ဥဒါန်းမကြေစေရဘူး လိုသာဒီလာရေး၊ ကျွန်မရှင့်ကို ကျိန်စာတိုက်ထားတဲ့အတိုင်း ဖြစ်ရစေ့မယ်" စင်တိန်က တစ်ကိုယ်တည်း ကြွေးကြော်လိုက်သည်။
စင်တိန်သည် ပက်လက်လန်နေသော ဒိန်မလာကားကြီးဆီသို့ ပြန်လျှောက်သွားသည်။ သဲများကို လက် ဖြင့်ယက်ထုတ်လိုက်ပြီး ကားတံခါးအားလုံးကို ဖွင့်လိုက်သည်။ ရေ ၁၀ ဂါလံ စီပါသော ပုံးနှစ်ပုံးကိုဆွဲထုတ် ယူလိုက်သည်။ ထို့နောက် စက်မှုသုံး စိန်သေးစိန်မွှားဘူးကလေးများကိုလည်း ထုတ်ယူလိုက်သည်။ ကမ်းပါး စပ်အရိပ်အောက်သို့ ယူသွားပြီးမြေကြီးထဲ၌ မြုပ်ထားလိုက်သည်။ ရေဘူးများကို သဲထ၌ မြှုပ်ထားခြင်းမှာ တတ်နိုင်သမျှအေးမြနေစေရန် ဖြစ်သည်။

ထို့နောက် ကားဆီသို့ပြန်လာပြီး သူမအမြဲဆောင်နေကျပစ္စည်းများကို ထုတ်ယူလိုက်သည်။ ကြေးနန်းကြိုး လိုင်း ကို ကြားမှဖြတ်တောက်နားထောင် ဆက်သွယ်၍ရအောင်လုပ်နိုင်သည့် ပစ္စည်းကိရိယာများကိုလည်း ယူလာသည်။
စင်တိန်သည် ၀ိုင်ယာကြိုးခွေနှင့် ကြေးနန်းကြိုးအား ဖြတ်နားထောင်သော ကိရိယာကိုယူကာ လိုသာ၏ ခြေရာများအတိုင်းကမ်းပါးပေါ်သို့တက်လာသည်။
" ကြေးနန်းလိုင်းကို ဖြတ်တောက်သွားမယ်လို့ သူပြောသွားတယ်၊ ငါ့မှာ ကြေးနန်းကြိုးကို ဆက်ပြီး နားထောင် လို့၊ ကြေးနန်းရိုက်လို့ရတဲ့ ကိရိယာပါလာမယ်ဆိုတာ သူမတွေးမိဘူးထင်တယ်၊ သူ့အတွက် နှစ်ရက် အသာစီးရ ရှေ့ရောက်နေမယ်လို့ ပြောသွားတယ်၊  ရမလားကြည့်ရသေးတာပေါ့လို သာရယ်"

စင်တိန် ကမ်းပါး ပေါ် ရောက်သွားသောအခါ လိုသာ၏ မြင်းခွာရာများ ထွက်သွားသည့်လမ်းကြောင်းကို တွေ့ ရသည်။ ကိုက် ၂၀၀ ခန့်အရောက်တွင် သံကြိုးရိုက်သော ၀ိုင်ယာကြိုးအား ဖြတ်တောက်ထားသည်ကို တွေ့ရပြန်သည်။ သံကြိုးဝိုင်ယာကြိုးနှစ်စသည် မြေပေါ်သို့ တွဲလောင်း ကျ နေသည်။
ထိုနေရာသို့ သူမ အလျင်အမြန်ပြေးသွားသည်။ မြစ်ကို ဖြတ်ပြီး သံကြိုးအား သွယ်တန်းထားသော ယင်း နေရာ သို့ သူရောက်သွားသောအခါ လိုသာတို့ စခန်းချနေသွားခဲ့သည့် နေရာဟောင်းကို တွေ့ရသည်။ မီးပုံ ပေါ်သို့သဲများကိုခြေဖြင့် ကမန်းကတန်းခြေဖြင့်ယက်ပြီး ဖုံးသွားပုံကို တွေ့ရသည်။ သို့သော် မီးခဲ အချို့ က မီး ခိုးထွက်ဆဲဖြစ်သည်။

စင်တိန်သည်  ၀ိုင်ယာကြိုးခွေနှင့် ကျောပိုးအိတ်ကို မြေကြီးပေါ်သို့ ချထားလိုက်ပြီး ကမ်းပါး အောက်ဘက် သို့ ပြေးဆင်းသွားသည်။ ပုန်းခိုသောမြေကျင်းကို တွေ့လိုက်ရပြီး ထိုနေရာ၌ လူတစ်ဦးမက ရက် အတန်ကြာ နေသွားသည်ကို သတိထားလိုက်မိသည်။ ထိုနေရာတွင် မြက်ဖျာ သုံးချပ်ကိုလည်း တွေ့လိုက်ရသည်။

" ဖျာသုံးချပ်ဆိုတော့ လူသုံးယောက်ဖြစ်ရမယ်၊ သြ ... သူရဲ့ ခွေးကောင်လေးပါ ခေါ်လာတာကိုး၊ နောက် တစ်ယောက် ကတော့ ဆ၀ပ်ဟင်းဒရစ်ဖြစ်ရမယ်၊ သူတို့နှစ်ယောက်က ခွဲခြားလို့မှမရဘဲ "
စင်တိန်သည် မြေကျင်းထဲမှထွက်လာပီး တစ်ခဏရပ်ကာ စဉ်းစားလိုက်သည်။ ဖြတ်တောက်သွားသော သံကြိုးရိုက် ၀ိုင်ယာကြိုးများကို ပြန်ဆက်လျှင် အချိန်ကြာကုန်မည်။ လိုသာ နောက်ကို လိုက်ရေး အတွက်စီစဉ် ရန် သူဘယ်ဘက်သို့၊ ဘယ်အရပ်သို့ သွားသည်ကို ဦးစွာသိဖို့လိုသည်။ သူလွတ်မသွားခင် အုပ်မိဖို့ လိုသည်။
သူမ ဆုံးဖြတ်ချက်ချလိုက်သည်။

" ဘယ်ဘက်ကိုလိုက်ရမယ်ဆိုတာ အလျင်ရှာပြီးမှ သံကြိုးစအပြတ်ကို ပြန်ဆက်တော့မယ် "
လိုသာ သည် အရှေ့ဘက် ကာလာဟာရီတောနက်ကြီးထဲသို့ သွားမည့် အလားအလာမရှိပေ။ ထိုဘက်၌ ထွက်လမ်း မရှိ။
" သူ ၀င်းဟုပ်မြို့ဘက်ကို ပြန်သွားလိမ့်မယ်ထင်တယ် "

စင်တိန်ထိုသို့တွေးလိုက်ပြီး ၀င်းဟုပ်မြို့ဘက်သွားသည့်လမ်းကြောင်းအတိုင်း လိုက်ကြည့်သည်။  စခန်း ပတ်ဝန်းကျင်၌ လူခြေရာများနှင့် မြင်းခွာရာအဟောင်းများကို အထပ်ထပ်တွေ့ရသည်။ သူတို့ ထိုနေရာ ရောက်နေသည် မှာ နှစ်ပင်ထက်မနည်းရှိပြီဟု စင်တိန်ကောက်ချက်ချလိုက်သည်။ အိုဝါ သင်ကြား လေ့ကျင့် ပေးထားသော ခြေရာကောက်ပညာကို စင်တိန်မမေ့သေးပါချေ။
" သူတို့ ၀င်းဟုပ်မြို့ဘက်သွားတဲ့ သဲလွန်စမတွေ့ရဘူး။ သူတို့ တောင်ဘက်ရိုဘာသစ်နဲ့ လိမ္မော်မြစ် ကို သွား တာ မြစ်ရမယ်" နောက်ဆုံး စင်တိန်ဆုံးဖြတ်ချက်ချလိုက်သည်။
လိမ္မော်မြစ်ဘက် သို့သွားသည့် လမ်းကြောင်းဘက်သို့ လိုက်သွားသည်။ မည်သည့်ခြေရာမှမတွေ့။

" အဲဒီဘက်မသွားတာလဲ သေချာတယ် ၊ အဲဒီဘက်က ခရီးကြမ်းကို မြင်းတွေဖြတ်ဖို့မလွယ်ဘူး "
သို့ရာတွင် စင်တိန်သည် မြောက်ဘက်သို့သွားကြည့်ပြန်ရာ မြေပျော့ပေါ်တွင် ထင်ထင်ရှားရှားပေါ်နေသော ခြေရာ အသစ်ကို တွေ့ရသည်။ စင်တိန်က ခြေရာများကိုကြည့်၍ ကောက်ချက်ချလိုက်သည်။
" လွန်ခဲ့တဲ့တစ်နာရီလောက်ကပဲ လူသုံးယောက် မြင်းကိုယ်စီနဲ့သွားကြတာကိုး၊ သူတို့တစ်ယောက်ဆီမှာ မြင်းအပိုတစ်ကောင်စီလဲ ပါသွားသေးသားပဲ၊ လိုသာဟာ မြောက်ဘက်ကို သွားတာပဲဖြစ်ရမယ် "
 စင်တိန် သည် ခြေရာသစ်များအတိုင်း တစ်မိုင်ခန့်လိုက်သွားသည်။ အပြောင်းအလဲအကွေ့အပတ် ရှိမရှိ သေချာရန် ဖြစ်သည်။ ခြေရာများသည် မြောက်ဘက်သကန္တာရရှိ အပူရှိန်ပြင်းထန်နေသည့်ထဲသို့ တန်းတန်း မတ်မတ် ဆက် သွားနေသည်ကို ထင်ရှားစွာမြင်နေရသည်။

ကန္တာရခရီးကြမ်းကို လှမ်းမြင်လိုက်ရသဖြင့် စင်တိန်တုန်လှုပ်သွားသည်။
" သူတကယ် မိုက်မဲတာပါကလား၊ အင်းလေ၊ ဦးနှောက်မရှိတဲ့ လူမဟုတ်ဘူးဆိုတာ ငါသိတယ်၊ သူ အန်ကို လာနှယ်စပ် ကို သွားတာဖြစ်ရမယ်၊ ဆင်စွယ်တွေလိုက်ဖြတ်ပြီး ရောင်းစားခဲ့တဲ့အချိန်တုန်းက အန်ကိုလာ ဟာ သူ့ရဲ့ စခန်းဟောင်း ပဲ၊ သူ မြစ်ကိုရောက်သွားရင် ငါတို့ သူ့ကို ဘယ်တော့မှတွေ့နိုင်တော့မှာ မဟုတ်တော့ဘူး၊ အဲဒီဘက်မှာ သူ့မိတ်ဆွေတွေရှိတယ်၊ ဟိုတုန်းက သူ့ဆီက ဆင်စွယ်တွေကို ၀ယ်ခဲ့တဲ့ ပေါ်တူဂီကုန်သည်တွေပဲ၊ အခုတစ်ချိန်မှာတော့ လိုသာ့အိတ်ထဲမှာ ပေါင်စတာလင် တစ်သန်းကျော်တန်တဲ့ စိန်တွေ ပါသွားပြီ၊ သူ့အတွက်ရွေးစရာလမ်းက များသွားပြီပေါ့၊ သူမြစ်ကိုဖြတ်မကူးခင် ငါမီအောင် လိုက်မှ ဖြစ်မယ် "

စင်တိန်သည် လိုသာတို့စွန့်ကစ်သွားသော စခန်းဆီသို့ ပြန်ပြေးလာခဲ့သည်။ သံကြိုးစပြတ်သွားသောနေရာ တွင် သူ့၌ အပိုပါလာသော သံကြိုးစဖြင့် ပြန်ဆက်သည်။ ဆက်ပြီးသားသံကြိုးစသည် မြေကြီးနှင့်မထိဘဲ လွတ် နေအောင်ပြုလုပ်သည်။ ထို့နောက် သံကြိုးစတွင် ကြားမှဖြတ်၍ နားထောင်နိုင်ရန် နောက်ထပ် သံကြိုး စဖြင့်ဆက်ပြီး ဘက်ထရီအိုးနှင့်တပ်သည်။ ထိုဘက်ထရီအိုးများသည် သူမ၀င်းဟုပ်မြို့မှက ထွက်မလာခင် ကပင် အသစ်လဲထားခဲ့သောအိုးများဖြစ်သည်။ အားအပြည့်နီးပါးရှိသေးသည်။
စင်တိန်သည် သံကြိုးရိုက်သော မော့စ်သင်္ကေတများကို ရုတ်တရက် စဉ်းစားမရဘဲဖြစ်သွားသည်။ ခေါင်း အေးအေး နှင့် စဉ်းစားလိုက်မှ တဖြည်းဖြည်းပေါ်လာသည်။ သံကြိုးရိုက်သော ကြေးခလုတ်ကလေးကို နှိပ်ခါ နှိပ်ခါ တီ-တီ-တာ-တာ၊ ဒီ-ဒီ-ဒါ-ဒါဖြင့် စတင်သံကြိုးရိုက်တော့သည်။

ဗင့်ကို ဂျူနိုခေါ်တယ်၊ အကြောင်းပြန်။
စက္ကန့်အတော်ကြာအောင် ဘာသံမှပြန်မကြားရဘဲ ဖြစ်နေသည်။ ထို့နောက်မှ တစ်ဘက်ကပြန်ကြားသံ ပေါ် လာသည်။
ဂျူနို က ဗင့် ကိုပြန်ခေါ်တယ်၊ ဆက်သတင်းပို့ပါ။

စင်တိန်သည် စိန်များ ဓားပြတိုက်ခံရပုံနှင့် သူမ ရောက်ရှိနေသောနေရာတို့ကို တွမ်တီးမင်းဂျုန်းသိရှိရန် တတ်နိုင်သမျှ တိုရှင်းလိုရင်း ဖြင့် သတင်းပို့လိုက်သည်။ ထို့နောက်မှ ဆက်ရိုက်ပြန်သည်။
သပိတ်သမားများနှင့် စပ်ညှိနှိုင်းပါ၊ ပစ္စည်းများပြန်ရရေးမှာ နှစ်ဦးနှစ်ဘက်အတွက် လိုအပ်သောကိစ္စရပ်ဖြစ် သည်။ ထရပ်ကားဖြင့် မြောက်ဖျားစွန်း ဟိုချီဗန်းသို့သွားပြီး မွန်ဂွန်ကိုသစ်တောထဲ၌ စခန်းချ နေထိုင်ကြသော ပစ်ဂမီလူပုကလေးများကိုရှာပါ။ သူတို့ခေါင်းဆောင်နာမည်မှာ ကေ၀ိဖြစ်သည်။ နမ်ချိုင်း ကာလီယာဟု ကေ၀ိ ကိုပြောပါ။

ကာလီယာဆိုသည်မှာ ပစ်ဂမီလူရိုင်းတို့၏ ဘာသာစကားဖြင့် အတိဒုက္ခရောက်နေ၍ ကယ်ဆယ်ရန် အကူ အညီ တောင်းသောစကားဖြစ်သည်။ ကေ၀ိအား တစ်ပါတည်း ခေါ်လာရန်အကြောင်းကြားသည်။ ထို့နောက် ညွှန်ကြားချက်များဆက်ပေးသည်။

သံကြိုးရိုက်သတင်းပို့ပြီးသောအခါ စင်တိန်သည် မျက်နှာမှချွေးများကို အ၀ါရောင်ပိုးသားလည်စည်းဖြင့် သုတ်ပစ်လိုက်သည်။ သူမသည် နေရောင်အောက်တွင်ထိုင်နေသည်။ စင်တိန်သည်  ၀င်းဟုပ်မြို့ရှိ ကုတ်နေ သတ္တုတွင်းနှင့် ဘဏ္ဍာရေးကုမ္ပဏီရုံးမှ ကြေးနန်းအော်ပရေတာဆီသို့ လှမ်းခေါ်သည်။ တစ်ဘက်မှချက်ချင်း ပြန်ထူးသည်။ စင်တိန်၊ တွမ်တီးမင်းဂျုန်းဆီသို့စောစောကရိုခဲ့သော ကြေးနန်းကို ၀င်းဟုပ်မှ အော်ပရေတာက လည်း တစ်ချိန်တည်းလက်ခံရရှိခဲ့သည်။ သို့သော်သေချာအောင်ထပ် မလိုက်သည်။
စောစောက ကြေးနန်းမိတ္တူရသလား။
ရတယ်။

တစ်ဘက်မှအကြောင်းပြန်သည်။
ဒါဖြင့် အဲဒီအကြေးနန်းမိတ္တူတစ်စောင်ကို အုပ်ချုပ်ရေးမှူးဘလိန်းမယ်ကွန်ဆီပို့ပေးပါ။ ဓားပြလိုက်ဖမ်းရန် နှင့် ပါသွားသောပစ္စည်းများ ပြန်ရရေးအတွက် ကူညီဖို့မေတ္တာရပ်ခါံ။ လွန်ခဲ့သော သုံးလအတွင်း လိုသာဒီလာရေုး ဆိုသူက မြင်းအများအပြားကိုခိုးယူသွားခြင်း၊ သို့မဟုတ် ၀ယ်သွားခြင်းရှိမရှိကို သတင်း စုံစမ်း ၍ အမြန်ဆုံး အကြောင်းပြန်ပါ။ ဂျူနို။
တစ်ဘက်မှ အော်ပရေတာက လက်ခံရရှိကြောင်းပြန်ကြားစာဖြင့် စင်တိန်က နောက်ထပ်ဆက်လက် အကြောင်း ကြားသည်။
ပက်တီဖော်ကာအတွက်၊ ဂျူနို။

စင်တိန်၏ ပထမဆုံးကြေးနန်းကို လက်ခံရရှိချိန်ကပင် အေဘရာဟင်အား သံကြိုးရုံးသို့ အရေးတကြီး ခေါ်ယူ ထားလိမ့်မည်ဟု စင်တိန်အလိုလို သိနေသည်။ တစ်ဘက်မှ အေဘရာဟင်က အကြောင်း ပြန်လာသည်။
ခင်ဗျားရဲ့ လုံခြုံစိတ်ချရမှုအတွက် အလွန်အမင်းစိုးရိမ်ပူပန်နေပါတယ်၊ အဲဒီနေရာမှာနေပါ၊ လက်နက်ကိုင် အစောင့် အရှောက်များ မနက်ငါးနာရီကပင် ထွက်သွားပြီ။ နက်ဖြန်မနက်စောစော ခင်ဗျားဆီရောက်မည်။

ထိုကိစ္စပြီးသွားသော အခါ စင်တိန်သည် လိုသာနောက်လိုက်ရေးကို စီစဉ်စိတ်ကူးသည်။ သူတို့လိုက်ရမည့် လမ်းမှာ ကားသွားမရဘဲ မြင်းနှင့်လိုက်ရမည့်လမ်းဖြစ်သည်။ လိုသာအနေဖြင့်လည်း ကားသွား၍ မရသည့် လမ်း ကိုပင် ရွေး၍သွားမည်မှာ သေချာသည်။ စင်တိန်သည် ထိုနေရာဒေသများကို စိတ်မျက်စိ၌ အာရုံပြုကြည့်လိုက်သည်။ လူရိုင်းတို့နယ်မြေဟုခေါ်သော သဲကန္တာရပြင်ကျယ်ကြီးသာဖြစ်သည်။ ရေရှိသော နေရာ နှစ်နေရာသာရှိသည်။ စင်တိန်သည် ထိုနေရာများသို့ အိုဝါနှင့်ဟာနီတို့နှင့်အတူ ရောက်ဖူး ခဲ့သည်။ ထိုနေရာများကို မိမိသိသလိုလိုသာလည်းသိ နိုင်သည်ဟုတွေးမိသည်။ မိမိ မသိသေးသော ရေရှိသည့်နေရာများကိုပင် သူသိကောင်းသိနိုင်သည်။

သူမတွေးတောနေစဉ်မှာပင် သံကြိုးရိုက်သည့် ဒီ-ဒီ-ဒါ-ဒါအသံဝင်လာ၍ ကောက်ကိုင်ပြီး နားထောင်လိုက် သည်။
မယ်ကွန်မှဂျူနိုသို့။ လွန်ခြ့သောသုံးရက်နေ့က ဟိုကာဟန်ဂျာရှိစစ်တပ်စခန်းမှ မြင်း ၅၃ ကောင် အခိုး ခံရကြောင်း ရဲတွင်တိုင်ချက်ဖွင့်ထားသည်။ နှစ်ကောင်သာပြန်ရသည်။ နောက်ထပ် လိုအပ်တာရှိလျှင် ပြောပါ။

လိုသာသည် သဲကန္တာရကိုကျော်ဖြတ်ရန် ကြားစခန်းများ အသင့်စီစဉ်ထားပြီဖြစ်ကြောင်း မိမိတွေးဆချက် မှန်နေသည် ဟု သဘောပေါက်လာသည်။ စင်တိန်သည် မျက်စိမှေးပြီး မြောက်ပိုင်းနယ်မြေ၏ မြေပုံကို အာရုံ ပြုကြည့်သည်။ အကွာအဝေးနှင့် အချိန်ကာလများကို ခန့်မှန်းကြည့်သည်။ နောက်ဆုံး မျက်စိ ဖွင့်လိုက်ပြီး ကြေးနန်းပြန်ရိုက်လိုက်တော့သည်။
လူဆိုးသည် မြစ်ဆီသို့ တိုက်ရိုက်သွားရန် ကြိုးစားကြောင်းတွေ့ရသည်။ သဲကန္တာရခရီးအတွက် အထူးလေ့ ကျင့် ထားသော လူများနှင့်မြင်းများကိုစုစည်းပါ။ ကတ်လတ်မစ်ရှင်ဘူတာရုံ၌အမြန်ဆုံးတွေ့ဆုံမည်။ ခြေရာခံ ကောင်းသော ပစ်ဂမီလူပုလေးများ နှင့်အတူ သင်တို့နှင့်တွေ့ဆုံမည်။
****************
ဆက်ရန်
.

No comments: