Thursday, October 20, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၄)

ယမကာညနေခင်း (၄)

ဤညနေခင်းတွင် ရောက်ရှိလာကြသူများမှာ ပင်စင်နာကြီးနှင့်အတူ မလာသည်မှာ ကြာပြီဖြစ်သော ရုပ်ရှင် ထုတ်လုပ်သူ (ပရိုဂျူဆာ) တစ်ဦးတို့ဖြစ်သည်။ ပရိုဂျူဆာကြီး၏ လက်တွင် စကော့ ဝီစကီ တစ်လုံး ပါ လာသည်ကြောင့် လှိုက်လှဲပျူငှာစွာ ကြိုဆိုမှုပြုရပါ၏။

သော်။    ။အမယ် ပရိုဂျူဆာ ဒါရိုက်တာကြီး၊ မပေါ်လာ အတော်ကြာနေပါပြီလား၊ ဗီဒီယိုထုတ်  လုပ်ကိုင်ရေး တွင် လုပ်ကိုင်နေရလို့ မအားနိုင်အောင် ဖြစ်နေတယ်ထင်ပါရဲ့။

ဒါ။    ။လာပါတယ်ဗျာ။ ခင်ဗျားက နယ်ဟောပြောပွဲတွေ ထွက်နေတာနဲ့ အိမ်မှာမရှိတာကို တော့ မပြော ဘူး။ ခင်ဗျားရဲ့မဒမ်ကြီးကိုလည်း မေးကြည့်ပါဦး။ ခရစ္စမတ်လည်းမရှိ၊ နယူးရီးယား လည်း မတွေ့နဲ့ အိမ် မှာပဲ နေသေးသလား အောက်မေ့ရတယ်။

ပင်။    ။ဟုတ်သားပဲ။ ခင်ဗျားက နယ်လှည့်စားသောက်လာလို့ မျက်နှာကြီးကို ပြဲနေတာပဲ၊ တယ် စိုပြည် နေပါလား၊ ကိုင်း ဝီစကီနဲ့တန်အောင် ရေခဲ၊ ဆော်ဒါတော့လုပ်ဗျာ၊ ကျုပ်က အရက်ပုလင်းဖွင့်တဲ့နေရာမှာ လက်နှေးရင် ကြိုက်တာမဟုတ်ဘူး။ "ပုလင်းတစ်လုံး ဖွင့်ရန် နှင့် မိန်းမပျိုတစ်ဦး ကို နမ်းရန် မည်သည့် အခါမျှ တုံ့ဆိုင်းခြင်းမပြုလေနှင့်" ဆို တဲ့စကားကို ကျင့်သုံးတဲ့ လူတွေမဟုတ်လား... ဟဲ ဟဲ ဟဲ။

သော်။    ။မြို့ရွာအနှံ့ လိုက်စားသောက်တယ် မပြောပါနဲ့ဗျာ၊ ပြည်သူ့မေတ္တာကိုခံယူပါ။ "မြို့ မေတ္တာ ခံယူတဲ့ သားပါဗျ... ဗျို့ ဟစ်ကာ မာန်ထူလို့ မကြွားလိုက်ချင်ပါဘူး"လို့တောင် ဆို လိုက်ချင်ပါသေးတယ်။

ဒါ။    ။ကြားပါတယ်ဗျာ၊ ခင်ဗျားက အတော်လည်း အဟောအပြောကောင်းတယ်လို့ သတင်း ကြီးနေတဲ့ သူ တစ်ယောက်ပါ။ ကြုံရင် ကျွန်တော်တောင် လိုက်နားထောင်ချင်ပါသေး တယ်။
သော်။    ။အလကားပါဗျာ၊ ဘာမှအဟောအပြော ကောင်းတာမဟုတ်ပါဘူး။ လူတွေက သူတို့ရင် ထဲမှာ ပြော ချင်လွန်းလို့ တစ်ဆို့နေတာတွေကို ကျွန်တော်တို့က သူတို့ကိုယ်စားအမိုက်ခံ ပြီး စင်မြင့်ပေါ်တက် ပြောပေး နေလို့ ကောင်းတယ်လို့ ထင်ကြတာပါ။ မောင်ကျော်ဟိန်း "ကျွန်တော့် ကိုယ်စား ပြောပေးပါ" ဆိုတာကို ကျွန်တော်တို့က လက်တွေ့ကျင့်သုံးနေ တာပါ။

ပင်။    ။သြော် ခင်ဗျားတို့က သူများကိုယ်စား ကိုယ့်ဗိုက်နဲ့ဓားထိုးခံတဲ့ လူမိုက်တွေပေါ့နော်၊ ဘာပြုလို့ အမုန်းခံပြီး သက်သက်လျှောက်ပြောနေရတာလဲ။ ဘာလဲ လက်ဆောင် ပစ္စည်းတွေ ဘာတွေ မက်လို့လား။

သော်။    ။လက်ဆောင်က အဓိကမဟုတ်ပါဘူးဗျာ။ မြို့နယ် အစီအစဉ်နဲ့ ခရီးသွားရတာ အဆင် ပြေတယ်။ ကျုပ်တို့လည်း ရင်ချောင်ဆေး တိုက်ကျွေးရတာကုသိုလ်လည်း ရပါတယ်။ လက်ဆောင် ကတော့ "ပုဆိုးတစ်ကွင်းနဲ့လည်း မိုးအလင်းဟောခဲ့ရပါတယ်" လို့ စမ်းစမ်းနွဲ့ (သာယာဝတီ) ပြောသလို ပါပဲ။ ကျွန်တော်ကတော့ဖြင့် ငါးချဉ်တစ်တွဲနဲ့လဲ ဖင်ပြဲအောင် ဟောခဲ့ရပါသဗျ။ ကြာတော့ လာဖိတ်လို့သာ လက်ခံ လိုက်ပါ ဟောပြောရ တယ်။ ကိုယ့်ကိုယ်ကို သံသယဖြစ်ပြီး ဟောပြောချင်စိတ်တောင် မရှိတော့ ပါဘူး။ ကျွန်တော့် ဆိုလိုချက်ကိုမှ သဘောပေါက်ကြရဲ့လား၊ "ဟောရင်းသာ ပျံတော်မူရမည်၊ ဆန်ဖြူဖြူ တစ်ခွက် မှ ထွက်ပုံမရ" တဲ့ ဟောပြောပွဲတွေကလည်း အများသားဗျ။ လူတွေက ရယ်ရရင် ကြိုက်တယ်။ ကျုပ် တို့က ဟာသလူရွှင်တော် ဇာဂနာ တို့ မိုးကျော် တို့မှ မဟုတ်တာ။

ဒါ ။     ။ ဟောပြောပွဲ အတွေ့အကြုံလေးတွေ ပြောစမ်းပါဦးဗျာ။ မှတ်လောက်သားလောက် ရှိ တာတွေပေါ့။ လုပ်ပါ ခင်ဗျားသောက်တာလည်း နှေးလှချည်လား။

သော်။    ။ ကျုပ်က ခင်ဗျားတို့လို ယမကာသောက် ရေတံလျှောက်ပမာဆိုတဲ့လူ မဟုတ်ဘူးဗျ။ ကျုပ်နည်း ကျုပ်ဟန် နဲ့ အရက်ကောင်းကောင်းကို ဇိမ်နဲ့ဆွဲမြုံသောက်တာ၊ ဖိုးသောက်ကြာလို့တောင် နာမည်ပြောင်း ရ ကောင်းမလား စဉ်းစားနေသေးတယ်။ ထူဆန်းတဲ့ဖြစ်ရပ်နဲ့ စိတ်မကောင်းတာကတော့ ပွဲဦးထွက် ဟင်္သာတ မှာ ဖြစ်ရတယ်။

ပင် ။    ။ ဘယ်လို ဖြစ်တာလဲဗျ။

သော်။    ။ ကျွန်တော့် မှာက အကြွေးတင်နေတဲ့ ဟောပြောပွဲလည်း ရှိတယ်။ မနှစ်က ဟင်္သာတ ရောက် ပြီးမှ။ လဲကျပြီး လက်နာထားလို့ မဟောနိုင်ဘဲ ပြန်လာခဲ့ရတာ။ ဒီနှစ်တော့ ဦးစားပေးလက်ခံလိုက်တယ်။ ကျုပ် ရယ် လူကြမ်းမင်းသား အောင်သင်းရယ်၊ ချစ်ဦးညို ရယ်ပေါ့။ ဟင်္သာတလည်းရောက်ရော ကျုပ် တို့ကို ဦးဆောင်ဖိတ်ကြားတဲ့ စာပေ လုပ်သားအဖွဲ့ဥက္ကဌ ဦးအုန်းမြင့် အသက်ပျောက်နေတာနဲ့ တန်း တိုး တော့တာပဲ။

ဒါ ။    ။ ဟယ် ... ဘာဖြစ်လို့ဆုံးတာလဲ။

သော်။    ။ နှလုံးရောဂါဆိုရမှာပေါ့ဗျ။ ရန်ကုန်က လာမယ့် စာရေးဆရာတွေ ဟောပြောဖို့ စင်ဆောက်၊ မီးသွယ်၊ ထိုင်ခုံ တွေ စီစဉ် နဲ့ ပင်ပန်းပြီး စင်မြင့်လည်း အဆင်သင့်ဖြစ်ရော သူလည်း ဗုန်းခနဲလဲကျ သေဆုံး တော့ တာပါပဲ။

ပင် ။    ။ ဟာ ... စိတ်မကောင်းစရာကြီးဗျာ။

သော်။    ။ အဲဒါပေါ့ဗျာ။ ဒါ့အပြင် ဒီလူက "ရွှေပြည်တန်" ဆိုတဲ့ တည်းခိုခန်းအသစ်တစ်ခု ဆောက်ပြီး အဲဒီ တည်းခိုခန်း ဖွင့်ပွဲ ကို စာရေးဆရာတွေ ပထမဆုံးတည်းခိုသူတွေအဖြစ်နဲ့ စီစဉ်ထားပြန်တော့ ပိုလို့ ရင်မော ရ သပေါ့။ ကျုပ်တို့လည်း တည်းခိုခန်းမှာ တည်းခိုရ ကောင်းနိုး၊ မကောင်းနိုး ချီတုံချတုံ ဖြစ်ရတာပေါ့။ သို့သော် ကျန်ရစ်သူမိသားစုများက တော်ရှာကြပါတယ်။ ဘယ်ကိုမှ တခြားအတည်းမခံဘူး။ ဟောပြောပွဲ လည်း အပျက် မခံဘူး။

ကွယ်လွန်သူ စာပေလုပ်သားဥက္ကဋ္ဌရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ "ရွှေပြည်တန်မှာပဲ တည်းခို ပါ ဆိုလို့ ကျုပ်က အခန်းနံပါတ် ၁ မှာ ပထမဆုံးသော တည်းခိုသူအဖြစ်နဲ့ တည်းခိုခဲ့ရတယ်။ စာပေ ဟောပြောပွဲလည်း အတိုင်းထက်အလွန် အောင်မြင်ပါတယ်။ ချစ်ဦးညိုကလည်း အတော် အပြော ကောင်းတယ်။ ကျောင်းတုန်းမှာ သာကောင်းသေးတယ်။ ခါတိုင်းသူက လင်္ကာဒီပချစ်သူဟောတယ်။ ကျောင်းကုန်း မှာ တော့ စန္ဒကိန္နရီနဲ့ ကိန္နရာချောင်းခြားကို ဟောပြောအသုံးတော်ခံတယ်။ တကယ့် လွမ်းမော စရာ၊ ကြေကွဲစရာ ပြဇာတ်လေးပါ။ ဇာတ်က တိုလွန်းတော့ ကြည့်ရတာ မ၀ဘူးဗျ။

ဒါ ။    ။ ချစ်ဦးညိုက အစုံရသားပဲနော်၊ စာလည်းရေးတယ်၊ ရုပ်မြင်သံကြားမှာ သီချင်းလည်း ဆိုတယ်၊ ဗီဒီယို လည်း ရိုက်တယ်၊ ရုပ်မြင်သံကြားမှာ သီချင်းလည်း ဆိုတယ်၊ ဗီဒီယို  လည်း ရိုက်တယ်၊ အခု တစ်ခန်းရပ် ပြဇာတ် လည်း ကသေးတယ်လား၊ တယ်ဟုတ်တ်ဲ့ လူပဲ။

သော်။    ။ နောက် ၀မ်းနည်း ဖို့ ကောင်းတဲ့ ဟောပြောပွဲတစ်ခုလည်း ကြုံခဲ့ရသေးတယ်။ အဲဒါ ကတော့ နယ် မှာ မဟုတ်ဘူးဗျ၊ ရန်ကုန်မှာတင်ပဲ။

ပင်။    ။ အလို - ရန်ကုန်မှာ ဖြစ်ရသလား။ ဘယ်လိုများ ကြုံခဲ့ရသလဲဗျာ။

သော်။    ။ ဟုတ်တယ်၊ ဗဟန်းရပ်ကွက် ငါးထပ်ကြီးဘုရားခြေရင်းမှာ၊ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ၊ ဟောပြောပွဲ မှာ ဘယ်သူတွေနဲ့အတူ ဟောပြောရမယ်ဆိုတာ မမေးမစမ်း နဲ့ လိုက်ခဲ့မိတယ်။ ဟိုကျတော့ ရုပ်ရှင် သရုပ်ဆောင်တစ်ဦး နဲ့ တန်းတိုးတော့တာပါပဲ။ အဲဒါ မမေးမစမ်းလိုက်ခဲ့မိတာ ကျုပ်အမှားပဲ။ နောက် ကိုတော့ မရတော့ဘူး။ ဘယ်သူ တွေနဲ့ ဟောရမှာလဲလို့ မေးပြီးလိုက်မှ တော်ကာကျမယ်။ အထူးသဖြင့် ကျုပ်က ဖားတစ်ပိုင်း ငါးတစ်ပိုင်းစာရေးဆရာတွေ၊ စာပေစင်မြင့်ကို အလေးအနက် မထားတတ် တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ တစ်စင်တည်းမှာ ယှဉ်တွဲပြီး မဟောချင်ဘူးဗျ။

ဒါ ။    ။ အလို ဘာဖြစ်လို့။

သော်။    ။ ပရိသတ် မသန့်ဘူး။ စင်နာတယ်လို့ ခေါ်တယ်။ လာတဲ့ပရိသတ်အများက စာပေ ၀ါသနာရှင်က နည်းနည်း ရယ်၊ ရုပ်ရှင်ရူးတွေက များတယ်။ စာပေဟောပြောမယ်ဆိုတဲ့ သရုပ်ဆောင်ကလည်း စာပေဟောပြောမှုကို ဗန်းပြပြီး၊ သူ့ရဲ့ ပိတ်ကားပေါ် ကျော်ကြား မှုကို မာနထောင်ပြီး စာပေစင်မြင့်ကို အလွဲသုံးစား ပြုသွားကြတာ များတယ်။ ဒါကြောင့် တတ်နိုင်ရန် သူတို့နဲ့အတူ ကျုပ် မဟောချင်ဘူး။ ဒီကိစ္စ မှာ ကျုပ်ကလည်း တရားခံ ဖြစ်နေပြန်သေးတယ်။

ပင် ။    ။ ဘယ်လိုကြောင့် ခင်ဗျားက ပါနေရတာလဲ၊ ငှဲ့စမ်းပါဦးဗျာ။ နောက်ထပ် ၀ီစကီ တစ်ခွက်လောက်၊ ခင်ဗျား ကလည်း တယ်လက်နှေးတာပဲ။

သော်။    ။ တစ်မြန်မနှစ်က စမ်းချောင်း၊ ကျောင်းကုန်းလမ်းက စာပေ၀ါသနာရှင်တွေက ဟောပြောပွဲလုပ်ဖို့ ကျုပ်နဲ့ လာတိုင်ပင်တယ်။ သူတို့က ရုပ်ရှင်နယ်က တစ်ယောက် ယောက်လည်း ထည့်ချင် တယ်လို့ ပြောတယ်။ ကျုပ်က မြတ်လေးကို ဖိတ်ပါလားလို့ အကြံပေးလိုက်တယ်။

ပင် ။    ။ ဘာပြုလို့ ခင်ဗျားက မြတ်လေးကို အကြံပြုရတာလဲ။

သော် ။    ။ ဟာ မြတ်လေးက သီချင်းရေးဆရာ၊ ကဗျာဆရာ၊ စာရေးဆရာဗျ။ နောက်မှ အပေါင်း အသင်း မှားပြီး ရုပ်ရှင်နယ်ရောက်သွားတာ။ အဲဒါကြောင့် ကျွန်တော်က သူ့ရဲ့မူလ ဇာတိ စာရေးဆရာအနေနဲပ အဖိတ် ခိုင်းတာ။ မြတ်လေးကလည်း လာဟောပြောပါတယ်။ နာရီဝက်လောက်ဆိုပြီး နှစ်နာရီလောက် ဟောပြော သွားတယ်။ ကျွန်တော်က "မင်း ဘာပြုလို့ ဒီလောက်ကြာ ကြာဟောရသလဲ" လို့ မေးတော့ "အစ်ကို ရေ ကျွန်တော် ဟောရင် ပရိသတ်က များသထက်များလာလို့ အားတက်ပြီး ဆက်ဟောတာနဲ့ ကြာသွား တယ်" လို့ပြောတယ်။ ဒီငနဲက ပရိသတ်မှ မမြင်ဖူးဘဲကလား။ ဟုတ်တယ်လေ ပိတ်ကား ပေါ်က လူက ဘယ်လို မြင်ဖူးပါ့မလဲ။ သူမြင်ဖူးတာက ကြက်ပွဲပရိသတ် လောက်ပဲ မြင်ဖူးတာကလား။

ပင်။    ။ အဲဒါ နဲ့ ဘယ်လုဆက်စပ်သလဲ။

သော်။    ။ အဲဒါနဲ့ မနှစ်က လာပြန်ရောဗျ။ သူတို့က ကျော်ဟန်းကို ဖိတ်ချင်ပါတယ်တဲ့။ ကျွန်တော်က ကျော်ဟိန်း ကို ဘာလို့ဖိတ်ချင်ရတာလဲ။ ကျော်ဟန်းက စာရေးဆရာမှ မဟုတ်ဘဲဆိုတော့ သူတို့က ကျော်ဟိန်း ဟာ ငယ်စဉ်က စမ်းချောင်းကျောင်းကုန်းလမ်း မှာ နေသွားခဲ့ဖူးပါတယ်တဲ့။ ဒါကြောင့် လမ်း ထဲက လူငယ်လေးအနေနဲပ ဖိတ်ချင်တာပါ တဲ့။ အဲဒီတော့ ကျွန်တော်က ပြောလိုက်တယ်။ ဖိတ်ချင်ရင် ဖိတ်ပါ။ သူတို့ဆန္ဒအရ ဖိတ်ပါ။ သူတို့ဆန္ဒအရ ဖိတ်ပါ။ ဒါပေမဲ့ ကျွန်တော်တော့ စင်မတက်ဘူး။ ပြီးတော့ မောင်ကျော်ဟိန်း ကို ပြောလိုက်ပါ။

ဟောဒါ စာပေစင်မြင့်၊ ရုပ်ရှင်သရုပ်ဆောင်ရဲ့ စရိုက် တွေကို ခွာချခဲ့၊ စတီရီယိုအဆိုတော်ဂို မဖမ်းစေနဲ့လို့ မှာ လိုက်တယ်။ အမောင် ကျော်ဟိန်းကလည်း ရည်မွန်ပါတယ်။ သူ မဟောပြောတတ်ကြောင်း ၀န်ခံပြီး ချမ်းမြေ့ ဆရာတော် ရဲ့ ပိုင်ဆိုင်မှုဒုက္ခတရားကို လေးမိနစ်လောက် ဟောပြီး ဆင်းသွားပါတယ်။ ဒီနှစ်တော့ မောင်ကျော်ဟိန်းလည်း စာပေဟောပြောပွဲ ဗိုင်းရပ်ပိုးဝင်ပြီး ရေကျော်မှာ တစ်နာရီလောက် မေတ္တာသုတ် ဟောပြောရွတ်ဖတ်သွားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ပြည်လုံးချမ်းသာဆေးပေါ့လိပ်ကို အကြောင်း မဲ့ ထုတ်ဖွာပြပြီး စာပေစင်မြင့်ကို စီးပွားရေး ကြောငြာစင်မြင့်လုပ် အသုံးချတာတော့ ပြောစရာ ရှိတာပေါ့ဗျာ။ သူ့ရုပ်ရှင်မှာသူ ဘယ်လိုသုံးသုံး ကျုပ်တို့ မပြောပါဘူး။

ဒါ။    ။ နေစမ်းပါဦး၊ ဗဟန်းမှာ ဘယ်လိုဖြစ်တာလဲ ဆက်ပါဦး။ သရုပ်ဆောင်က ဘယ်သူလဲ၊ ဘယ်လို စိတ် မချမ်းမသာ ဖြစ်ရတာလဲ။

သော်။    ။ နာမည်တော့ မပြောချင်ပါဘူးဗျာ။ မပြောဝံ့လို့တော့ မဟုတ်ပါဘူး။ ပြောရမှာ ရှက်လွန်း လို့ပါ။ သူ မရှက်ပေမဲ့ ပြန်ပြောရမှာတောင် ကျုပ်ဖြင့် ရှက်မိပါသေးတယ်။ အရှက်မရှိတဲ့ သူ့မျက်နှာဟာ ပဲစိမ်းစားဥ ကို မြင်းသေးရေစိမ်ထားတာနဲ့ တူတဲ့မျက်နှာမျိုးနဲ့ သရုပ်ဆောင်တစ်ဦးပါ။ လမ်းစဉ် လူငယ် များ၏ စာပေဟောပြောပွဲဆိုတဲ့ သူ့နောက်ဘက် က ဆိုင်းဘုတ်ကြီးကိုမှ အားမနာ၊ စင်ကို စော်ကားတယ်၊ ပရိသတ် ကို စော်ကားတယ်။ ကျုပ်ကိုလည်း နောက်စပ်စပ်နဲ့ စော်ကားသွားသေးတယ်။ ကျုပ်နဲ့အတူ ပါလာ တဲ့ ကျုပ်သမီးနှစ်ယောက်က အသားကို ဆတ်ဆတ်တုန်နေတာပဲ။

ဒါ။    ။ ဟာ လွန်လှချည်လား၊ ဒါလောက်တောင်ပဲလား။

သော်။    ။ ကျုပ်ပြောပါကကော၊ ပြန်ပြောပြရမှာတောင်  ရှက်ပါသေးတယ်လို့။ တက်လာပြီးတော့ အခမ်းအနားမှူး အမျိုးသမီးလေးကို စော်ကားတယ်။ အခမ်းအနားမှူးဟာ ချောပါတယ် တဲ့။ သူ ကြိုက် ပါတယ်တဲ့၊ ဒါပေမဲ့ သူမချစ်နိုင်ပါဘူးတဲ့၊ သူကတော့ သူ့မိန်းမ ဒိုက်ပုံ ကို သာလျှင် ချစ်ပါတယ်တဲ့။

ဒါ။    ။ ဟာဗျာ၊ အဲဒီလိုပဲ တကယ်ပြောသလား။

သော်။    ။ အဲဒီညက လာတဲ့လူတွေ မေးကြည့်လေဗျာ၊ ကျုပ်သမီးတွေက "ပါပါ ဒီကောင်မူးနေ သလား" လို့ မေးတယ်။ နောက်ပြီး သူ့မိန်းမ ဒိုက်ပုံ ရဲ့ ရင်သားဟာ ဟောလိဝုဒ်ရုပ်ရှင် မင်းသမီး ရက်ကွယ်ဝဲ့လ်(ခ်ျ) မတတ်နိုင်တဲ့ လှုပ်ရှားမှုမျိုးနဲ့ လှုပ်ရှားစေပါတယ်တဲ့။ နောက် တင်သားတွေကလည်း ... တော်ပြီဗျာ။ မပြောချင်တော့ပါဘူး။ သူ့မိန်းမ ရင်သားနဲ့တင်သားကို တိုင်းပြည်က သိချင်သတဲ့လား။ ကျွန်တော်ဖြင့် သူ့ရဲ့အောက်ခြေ လွတ်ပုံကို အံ့သြလို့မကုန် ဖြစ်ရပါတယ်။

ပင်။    ။ ဟာ ဆိုးလှချည်လားဗျာ၊ ပရိသတ်ကို လုံးဝမှ အားမနာတော့ဘူးလား။ စာပေ ဟောပြောပွဲဆိုပြီး ဒီလိုသာ ပေါက်ကရတွေ တွေ့ကရာတွေ စွတ်ဟောနေမှဖြင့် ဒုက္ခပါပဲ။

သော်။    ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်နယ်ပယ်မှာ ကွယ်လွန်သူ မင်းသား ကောလိပ်ဂျင်နေ၀င်း နဲ့ သူဟာ ဒါပဲလုပ်ပြီး ဒီကိစ္စမရှုပ်ပါဘူးတဲ့။ အဲဒီလိုပြောစဉ်မှာ လက်မကို အရက်သောက် ဟန်ပြုပြပြီး၊ ဒါ မရှုပ်ပါဘူးဆိုတဲ့နေရာမှာ လက်ညှိုးနဲ့ လက်ခလယ်ထောင်ပြီး ထင်သာမြင်သာ လုပ်ပြသေးတော့တယ်ဗျာ။ ဘာဆိုသလဲဆိုတာ သိသိသာသာကြီးဗျာ။

ပင်။    ။ ဟာ ဒါတော့ လွန်လွန်းပြီ။ အရှက်က နည်းလွန်လှချည်လား။

ဒါ ။    ။ ဟင် ပက်စက်လှချည်လားဗျာ၊ မယုံနိုင်စရာပါပဲ။

သော်။    ။ ဒါထက်ပိုဆိုးသေးသဗျာ၊ နားထောင်သာကြည့်တော့၊ ကော်လိပ်ဂျင်က ပြောတယ်တဲ့၊ ဟေ့ မင်း နဲ့ ငါဟာ ရုပ်ရှင်နယ်မှာ ဒါ (လက်ညှိုးနဲ့ လက်ခလယ် ထောင်ပြပြီး) မရှုပ်တော့ ဘာဖြစ်သလဲ၊ မရှုပ်တော့ ဘာဖြစ်သလဲ၊ မရှုပ်တော့ မလုပ်ရဘူးပေါ့ကွာလို့ ပြောသတဲ့ဗျာ။

ပင်။    ။ ဟာ ဒါတော့ လွန်ပြီ၊ ယုတ်မာတာသက်သက်ပဲ။

ဒါ။    ။ မိမဆုံးမ ဖမဆုံးမ သားဆိုတာမျိုး ပြောတာပေါ့

သော်။    ။ အဲဒီလိုပဲ ပြောရလိမ့်မယ် ဒါပေမဲ့ ကျနော် မပြောပါဘူး ကျွန်တော့်ကို ပုဂ္ဂိုလ်ရေး စော်ကား သွားတာကတော့ ဆရာမောင်သော်ကမှာ မိန်းမ နှစ်ယောက်ရှိတယ်။ ကျွန်တော်ကတော့ ဒိုက်ပုံ တစ်ယောက်သာ ရှိတယ်တဲ့ ။

ပင်။    ။ ဟာ ဒီကောင် ဘယ်လိုကောင်လဲ။ သူပြောစရာလား ဒီကိစ္စက

ဒါ။    ။ ဒါ စာပေ နဲ့ ဘာဆိုင်သလဲ ခင်ဗျားက ပြန်မပြောခဲ့ဘူးလား။

သော်။    ။ ခွေးနဲ့ ဖက်ကိုက်နေလို့ဖြစ်ပါမလားဗျာ ကျုပ်က စာပေဟောပြောဖို့လာတာ စင်မြင့်ကို အားနာ ရမယ်၊ ပရိသတ်ကို အဓိကထား လေးစားရမယ် မဟုတ်လား။ ကျုပ်က တစ်ချက်ပဲတွက်ခဲ့ ပါတယ်။ ဟုတ်ပါတယ် နှစ်ယောက်ရှိပါတယ်။ ခု သုံးယောက်ယူဖို့ ကြိုးစားနေပါတယ်။ အဲဒီ သရုပ်ဆောင် မှာ နှမလေးများရှိသေးရင် ယူပါဦးမယ်လို့ ပြောခဲ့တယ်။ နောက် အယုတ်တမာတွေ ညစ်တီး ညစ်ပတ်တွေ ပြောသွားတာလည်း အများကြီးဘဲဗျ။

ပင်။    ။ နေပါဦး အဲဒါကို ပရိသတ်က ဒီလိုပဲ ငြိမ်ခံနေသလား ခင်ဗျားကကော ဒါလောက်လေးဘဲ ပြန်ပြော ခဲ့သလား။

သော်။    ။ မပြောတော့ပါဘူးဗျာ သူ့အကြောင်းပြောရရင် ညောင်မြစ် တူးတာ ပုတ်သင်ဥ တွေ ပေါ်ကုန် ပါလိမ့်မယ်။ သူ့မိဘ တွေပါ ထိခိုက်နစ်နာကုန်ပါလိမ့်မယ်။ သူ့မိဘ တွေပါ ထိခိုက်နစ်နာကုန်ပါလိမ့်မယ် သူ့မိဘ က သူ့ကို ကြည့်ဆုံးမ ပါလိမ့်မယ်။

ပင်။    ။ ဝမ်းနည်း စရာကောင်း ရှက်စရာကောင်းလိုက်တာဗျာ။ ဒါသက်သက် စော်ကားသွားတာဘဲ ဒီလို လူမျိုး ကို စာပေ စင်မြင့်ထက်က ရိုက်ပုတ်မောင်းထုတ်ဖို့ ကောင်းနေပြိနော်။ ရုပ်ရှင်ပိတ်ကားထက်က လုပ်သလို ထင်ရာလုပ်လို့ ရတယ်များ အောင့်မေ့နေသလားမသိဘူး နောက်ဆုံးမတော့ အောက်တန်း ကျ တဲ့ လူဟာ အောက်တန်းကျကျ ပြုမူတတ်သလား မသိဘူး။ ကိုယ့်ဇာတိ ကိုယ်ပြတာပါဘဲ။

သော်။    ။ ကျွန်တော် ကတော့ သင်ခန်းစာရသွားပြီ။ နောက်ဆိုရုပ်ရှင် သရုပ်ဆောင်နဲ့ အတူ တစ်စင် တည်း မဟောပြောတော့ဘူး။ ရုပ်ရှင်သရုပ်ဆောင်ကို နားထောင်ချင်တယ် ဆိုတဲ့ လူတွေလည်း ကျုပ်ကို လာမဖိတ်ကြ နဲ့ ဒါအပြတ် ဘဲ။

ဒါ။    ။ ဒီညနေခင်ဗျား ဂလက်စ်မော့ဝိုင်း မှာ သောက်ရတာ ဝီစကီက တစ်မျိုးကြီးဘဲဗျာ။ ဒေါသကြောင့် ခါးနေတယ် ထင်ပါရဲ့။ ထွီ-- တစ်လောကသားတည်းမို့ သူ့ကိုယ်စား ကျွန်တော်ရှက်တယ် ဗျ… ဟီး---ဟီး---ဟီး…။

ပန် ဖေဖော်ဝါရီ ၁၉၈၈
.

No comments: