အောင်ဆန်းနဲ့ ရေနံချောင်း
(၁)
ပထမဆုံး ပြောချင်တာက မြန်မာ့သမိုင်း မျက်နှာစာမှာ မြန်မာ့အချုပ်အခြာကို ပြန်လည်ထူထောင်နိုင် ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းရာမှ ထိပ်ဆုံးကပါဝင်ခဲ့ပြီး တစ်ကမ္ဘာလုံး က လေးစားရတဲ့ ပုဂ္ဂိုလ် တစ်ဦး ကို ဗိုလ်ချုပ် ဆိုတဲ့၊ သခင် ဆိုတဲ့၊ ဦး ဆိုတဲ့ ဂုဏ်ပုဒ်ဝိသေသတွေမသုံးဘဲ "အောင်ဆန်း" လို့ပဲ သူ့ရဲ့နာမည်နာမကို သုံးစွဲတဲ့အတွက် ရိုင်းစိုင်းသွားတယ်၊ မသင့်လျော်ဘူးလို့ မြင်သွားကြရင် ခွင့်လွှတ် စေချင်တယ်။
တစ်ခါတစ်ခါ အဲဒီ ဝိသေသပြုပြီး သုံးစွဲလိုက်တဲ့ ဂုဏ်ပုဒ်တွေဟာ ကာယကံ ရှင်အတွက် ချစ်စရာမရောက်၊ နှစ်ရာ ရောက်သလို ဖြစ်သွားတတ်ပါတယ်။ လက်ငင်းကာလတစ်ခု မှာ မသိသာပေမဲ့ ကာလ ရွေ့လျား သွားတဲ့အခါ ထင်ယောင်ထင်မှား ရောရောထွေးထွေး ဖြစ်သွား နိုင်တာကြောင့် ဒီလိုသုံးရတာပါ။ နောက်ပြီး ရေးမဲ့အကြောင်းအရာကလည်း အောင်ဆန်းရဲ့တကယ့် လူငယ်ဘဝ၊ အရောင်အသွေး ကင်းစင် တဲ့ ကျောင်းသားငယ်ဘဝ၊ ရေနံချောင်းအမျိုးသားကျောင်းကို ရောက်စကာလများက အခြေအနေ တွေမို့ပဲဖြစ်တယ်။
ဥက္ကဌကြီးမော် ဆိုတာ ထက် "မော်စီတုန်း"ဆိုတာက ပိုမိုရိုးသားပွင့်လင်းတယ် ထင်ပါတယ်။ သမ္မတ ကြီး ကာစ်ထရို ဆိုတာထက် "ကာစ်ထရို"ဆိုတာက ပိုပြီး လေးလေးနက်နက်ရှိတယ်လို့ မြင်ပါတယ်။ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီထက် "ဂန္ဒီ"လို့ပဲ လွတ်လပ်ရဲရင့်စွာ ခေါ်ဆိုဂုဏ်ပြုချင်ပါတယ်။ ဒါ ကြောင့် ကျွန်တော် တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ အမြဲပဲရှင်သန်နေမဲ့ သူ့ကို သူ့နာမည်ရှေ့က ဘာတွေ ညာတွေ မတတ် ဘဲ အသည်းနှလုံး က ထာဝရလေးစားချစ်ခင်နေတဲ့ "အောင်ဆန်း" ဆိုတဲ့ နာမည်ကိုပဲ သုံးနှုံး လိုက်ရတာ ဖြစ်ပါတယ်။
အောင်ဆန်း ဟာ မြန်မာလူထုကြီးတစ်ရပ်လုံး နှစ်ရှည်လများ တောင့်တောင့်တတရှိခဲ့ကြတဲ့ လွတ် လပ်ရေးပန်းတိုင် ကို ရအောင်ဆွတ်ခူးပေးခဲ့တဲ့သူပါ။ သူဟာ မြန်မာ့လူ့ဘောင်မှာ ထာဝရဂုဏ် ပြောင် နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့ကို ကျွန်တော်တို့ အသက်တမျှ တန်ဖိုးထားလေးစားပါတယ်။ အပေါ်ယံက ပညတ်ဂုဏ်ပုဒ် တွေထက် အသည်းနှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း နားလည်ဂုဏ်ပြုနေ တာက ပိုမို လေးနက် တယ်လို့ မြင်ပါတယ်။ ဟုတ်တယ် "အောင်ဆန်း"။ ကျွန်တော်တို့အသည်းနှလုံး ထဲမှာ နက်ရှိုင်း စွာ အမြစ်တွယ်နေတဲ့ အောင်ဆန်းပါ။ ဒီနာမည်ကို ကျွန်တော်တို့တစ်တွေ သားစဉ် မျိုးဆက် ကမ္ဘာတည် နေသ၍ သယ်ဆောင်သွားရပေလိမ့်မယ်။
တစ်ခါတစ်ခါ အဲဒီ ဝိသေသပြုပြီး သုံးစွဲလိုက်တဲ့ ဂုဏ်ပုဒ်တွေဟာ ကာယကံ ရှင်အတွက် ချစ်စရာမရောက်၊ နှစ်ရာ ရောက်သလို ဖြစ်သွားတတ်ပါတယ်။ လက်ငင်းကာလတစ်ခု မှာ မသိသာပေမဲ့ ကာလ ရွေ့လျား သွားတဲ့အခါ ထင်ယောင်ထင်မှား ရောရောထွေးထွေး ဖြစ်သွား နိုင်တာကြောင့် ဒီလိုသုံးရတာပါ။ နောက်ပြီး ရေးမဲ့အကြောင်းအရာကလည်း အောင်ဆန်းရဲ့တကယ့် လူငယ်ဘဝ၊ အရောင်အသွေး ကင်းစင် တဲ့ ကျောင်းသားငယ်ဘဝ၊ ရေနံချောင်းအမျိုးသားကျောင်းကို ရောက်စကာလများက အခြေအနေ တွေမို့ပဲဖြစ်တယ်။
ဥက္ကဌကြီးမော် ဆိုတာ ထက် "မော်စီတုန်း"ဆိုတာက ပိုမိုရိုးသားပွင့်လင်းတယ် ထင်ပါတယ်။ သမ္မတ ကြီး ကာစ်ထရို ဆိုတာထက် "ကာစ်ထရို"ဆိုတာက ပိုပြီး လေးလေးနက်နက်ရှိတယ်လို့ မြင်ပါတယ်။ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီထက် "ဂန္ဒီ"လို့ပဲ လွတ်လပ်ရဲရင့်စွာ ခေါ်ဆိုဂုဏ်ပြုချင်ပါတယ်။ ဒါ ကြောင့် ကျွန်တော် တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ အမြဲပဲရှင်သန်နေမဲ့ သူ့ကို သူ့နာမည်ရှေ့က ဘာတွေ ညာတွေ မတတ် ဘဲ အသည်းနှလုံး က ထာဝရလေးစားချစ်ခင်နေတဲ့ "အောင်ဆန်း" ဆိုတဲ့ နာမည်ကိုပဲ သုံးနှုံး လိုက်ရတာ ဖြစ်ပါတယ်။
အောင်ဆန်း ဟာ မြန်မာလူထုကြီးတစ်ရပ်လုံး နှစ်ရှည်လများ တောင့်တောင့်တတရှိခဲ့ကြတဲ့ လွတ် လပ်ရေးပန်းတိုင် ကို ရအောင်ဆွတ်ခူးပေးခဲ့တဲ့သူပါ။ သူဟာ မြန်မာ့လူ့ဘောင်မှာ ထာဝရဂုဏ် ပြောင် နေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူ့ကို ကျွန်တော်တို့ အသက်တမျှ တန်ဖိုးထားလေးစားပါတယ်။ အပေါ်ယံက ပညတ်ဂုဏ်ပုဒ် တွေထက် အသည်းနှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း နားလည်ဂုဏ်ပြုနေ တာက ပိုမို လေးနက် တယ်လို့ မြင်ပါတယ်။ ဟုတ်တယ် "အောင်ဆန်း"။ ကျွန်တော်တို့အသည်းနှလုံး ထဲမှာ နက်ရှိုင်း စွာ အမြစ်တွယ်နေတဲ့ အောင်ဆန်းပါ။ ဒီနာမည်ကို ကျွန်တော်တို့တစ်တွေ သားစဉ် မျိုးဆက် ကမ္ဘာတည် နေသ၍ သယ်ဆောင်သွားရပေလိမ့်မယ်။
(၂)
ဘူမိနက်သန် ရေနံမြေ
မြန်မာ့လွတ်လပ်ရေး သမိုင်းအကြောင်းကိုပြောရင် မပါမပြီးတဲ့ လေဘာယူနီယံဆိုတဲ့ ရေနံမြေက အလုပ်သမားအဖွဲ့အစည်း၊ "စဒိုက်ကြီး (Strike)ကြီး"လို့ နာမည်တွင်ခဲ့တဲ့ အလုပ်သမားလှုပ်ရှားမှု၊ ဒီက တစ်ဆင့် "ထောင့်သုံးရာပြည့် အရေးတော်ပုံ"စတဲ့ အကျိုးအကြောင်း၊ အချင်းအရာတွေဟာ မေ့ ထားလို့ရမယ် မဟုတ်ပေဘူး။ အဲဒီလှုပ်ရှားမှုနဲ့ အရေးတော်ပုံတွေကို ဥပေးခဲ့တဲ့ဒေသဟာ ရေနံ ချောင်းပါ။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းမှာ အခိုင်အမာ ကမ္ဗည်းမှတ်တိုင်တွေဖြစ်တဲ့ "ဆရာစံ လယ်သမား အရေးတော်ပုံ" "ရေနံမြေ က အလုပ်သမား လှုပ်ရှားမှု" တွေထဲက ကိုလိုနီဗြိတိသျှကို အံ တုဖက် ပြိုင်ခဲ့သူ တွေက ရေနံချောင်းက ရေနံမြေအလုပ်သမားတွေနဲ့ ရေနံချောင်းမြို့သူမြို့သားတွေ ဖြစ်ပါတယ်။
နှစ်ဆယ်ရာစုကို တံခါးဖွင့်ပြီးစကာလ ဆယ်စုနှစ်အစောပိုင်းကာလတွေမှာ ရေနံချောင်းဟာ နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တွေနဲ့ ထုံမွှမ်းလို့ နေခဲ့ပါတယ်။ အရေးတော်ပုံကာလများ အတွင်း မှာ အလုပ်သမှားတွေ၊ သခင်၊ သခင်မတွေရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံကြ၊ သွေးမြေကျခံကြ တဲ့ ပုံရိပ် တွေထဲမှာ မြို့သူမြို့သားတွေရဲ့ ရက်ရက်ရောရော ပံ့ပိုးကူညီမှု စိတ်ရောလူပါ အားပေး ထောက်ခံမှု တွေ ကိုလည်း ပြက်ပြက်ထင်ထင်တွေ့ရမှာ အမှန်ပါ။
ရေကိုတားလျှင် အကြားမထင်ဆို သလို ရှေ့က တိုက်ပွဲဝင်သူတွေရဲ့နောက်မှာ မြို့သူမြို့သားတွေကို အခိုင်အမာ တွေ့ရပါလိမ့်မယ်။
ပြောချင်တာက အဲဒီလို နိုင်ငံရေးဘူမိနက်သန်မှန်တဲ့ မြေကို သူ့အစ်ကိုဖြစ်သူနဲ့ ရောက်လာခဲ့တဲ့ မောင်အောင်ဆန်း အဖို့ တစ်စုံတစ်ရာ ရိုက်ခတ်မှုခံရမှာဖြစ်သလို သွေးပွက်ပွက်ဆူခဲ့ရမှာလည်း အမှန်ပါပဲ။ မီးပုံကြီး တစ်ခု ရဲ့ ဘေးကို ရောက်လာရတဲ့ လူတစ်ယောက်ဟာ မီးပုံကြီးနဲ့အနီးအဝေးအ လိုက် သက်ရောက်မှု ရှိသွားနိုင်ပါတယ်။ နီးရင် နီးသလို၊ ဝေးရင် ဝေးသလို ဖြစ်ပါလိမ့်မယ်။ ဘာပဲ ဖြစ်ဖြစ် မီးပုံ နား ကို ရောက်လာမှတော့ အနည်းဆုံးသွေးနွေးသွားတော့မယ်ဆိုတာကတော့ ငြင်းမရပါ ဘူး။
ရေနံချောင်းမှာ ဖြစ်ပွားခဲ့တဲ့ ၁၉၁၈ ခုနှစ် အမေရိကန်ရေနံတွင်းတူး "ဘို"တွေရဲ့ဘီအိုစီ(BOC) ရေနံ ကုမ္ပဏီ ကို သပိတ်မှောက်ခဲ့တဲ့ သပိတ်ဟာ ပထမဆုံးသပိတ်ပဲဖြစ်ပါလိမ့်မယ်။ ဒီသပိတ်ကြောင့် ရေနံမြေ အလုပ်သမား တွေကို နားမျက်စေ့ ဖွင့်စေခဲ့ပါတယ်။ လစာလျှော့မှု၊ နည်းပါးမှုဆိုတဲ့ နစ်နာမှု အတွက် အမေရိကန် တွေဟာ သပိတ်မှောက်ပြီး သူတို့အခွင့်အရေးကို ရအောင်တောင်းယူပြခဲ့ပါ တယ်။ ဒီတော့ မြန်မာ အလုပ်သမား တွေကို မတရားတာကို ခေါင်းငုံ့မခံဘဲ မှန်မှန်ကန်ကန်တိုက်ပွဲ ဝင်ရင် အောင်မြင်မှု ရနိုင်တယ် ဆိုတာကို သင်ကြားပေးလိုက်သလို ဖြစ်နေပါတော့တယ်။
ဒီနောက်တော့ ရေနံမြေဟာ အလုပ်သမားတွေ စုစည်းထားတဲ့ "လေဘာယူနီယံ"ဆိုတဲ့ အလုပ်သ မား အဖွဲ့အစည်း က ဦးဆောင်ပြီး အလုပ်သမားလှုပ်ရှားမှုကြီးတွေ ပေါ်လာခဲ့တယ်။ မြို့ခံလူထုက လည်း အားတက် သရော ထောက်ခံအားပေးခဲ့တယ်။ ငုံ့လျှိုးနေခဲ့တဲ့ မျိုးချစ်စိတ်ဓာတ်ဟာ ကျိုး ပေါက်သွားတဲ့ ရေကာတာ ကို ဒလဟော သွန်ကျ လာခဲ့တယ်။ အဲဒီမြို့၊ အဲဒီပတ်ဝန်းကျင်၊ အဲ့ဒီနိုင်ငံ ရေးအဝန်းအဝိုင်းကို ခြေချမိ တဲ့ မောင်အောင်ဆန်းအဖို့ မပြေးသော်လည်း ကန်ရာရှိမှာကတော့ ငြင်း မရနိုင်ပါဘူး။
အစ်ကိုဖြစ်သူ ကိုဘဝင်း (အာဇာနည်ဦးဘဝင်း) က ရေနံချောင်း အမျိုးသားကျောင်းက ကျောင်းဆရာ၊ သူ ရေနံချောင်း ကို ရောက်လာပြီး ပညာရင်နို့သောက်စို့ရတာက အမျိုးသားကျောင်း၊ ဒီတော့ အမျိုးသားကျောင်း တွေက မွေးမြူပေးလိုက်တဲ့ အမျိုးသားရေး၊ လွတ်လပ်ရေး၊ မြေခံရေခံက ဗိုလ်မင်း ရောင် ရဲ့ မြေး အာဇာနည် ဦးဘဝင်း ရဲ့ညီ နတ်မောက်သားလေး မောင်အောင်ဆန်းရဲ့မှန်ကန်တဲ့ မျိုး စေ့ ကို အပင်ပေါက်စေတာဟာ ဆန်းတဲ့ကိစ္စမဟုတ်လောက်ပါဘူး။
တကယ်ပါပဲ။ အောင်ဆန်းကို ရေနံချောင်းက ကမ္ဘာသိအောင် မြေတောင်မြှောက်ပေးခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ်မထင်ပါဘူး။ သူ့ရင်တစ်ပြင်လုံး လွတ်လပ်မှုဆိုတဲ့ ဆန္ဒတွေပြည့်လျှံသွား အောင် လည်း ရေနံချောင်း ကပဲ ဖန်တီးပေးခဲ့ပါရဲ့။
ရေနံချောင်းအမျိုးသားကျောင်း
ရေနံချောင်းက အမျိုးသားအထက်တန်းကျောင်းကို ၁၉၂၁ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။ အင်္ဂ လိပ် အစိုးရ ရဲ့ "ကရက်ဒေါက်စီမံကိန်း"ကို ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်တက္ကသိုလ်သပိတ် (တစ် နည်းအားဖြင့်) ရန်ကုန်တက္ကသိုလ်ကျောင်းသားသပိတ်ကြီး ပေါ်လာတဲ့အခါ ရေနံချောင်းက ရန်ကုန် တက္ကသိုလ် ရောက် ကျောင်းသားအများစုဟာ အိမ်ပြန်လာခဲ့ပါတယ်။ ကိုယ့်မြို့ကိုယ့်ရွာကိုရောက်တဲ့ အခါ အမျိုးသား အထက်တန်းကျောင်း တစ်ကျောင်းပေါ်ပေါက်ဖို့အတွက် ဝိုင်းဝန်းလုံးပန်းကြပါ တယ်။
အများစု ဟာ (ဖေ၊ ပု၊ ရှိန်) အဖွဲ့က ဦးထွန်းရှိန်ရဲ့တပည့်တွေဖြစ်တာကြောင့် ရေနံချောင်းမှာရှိပြီးဖြစ် တဲ့ အင်္ဂလိပ်မြန်မာ နှစ်ဘာသာ သင်ကျောင်းဖြစ်တဲ့ (King Edwards Memorial Buddhist Anglo Vernacular Middle School)က ကျောင်းသားတွေကို သပိတ်မှောက်ဖို့ လှုံ့ဆော်စည်းရုံးရေးအောင် မြင်ပြီး ကျောင်းသားတွေ သပိတ်မှောက်ကြတဲ့အခါ "ကျောက်စာရုံသာသနာ့ဗိမာန်တော်ကြီး" မှာ သပိတ်စခန်း ဖွင့် ခဲ့ပါတယ်။
တစ်ဆက်တည်း မှာပဲ ရေနံချောင်းရေနံမြေက ရေနံဝန်ဦးစီးတဲ့ "ဘုရင်အက်ဒွပ်အထိမ်းအမှတ် ဗုဒ္ဓ ဘာသာ အင်္ဂလိပ်မြန်မာ နှစ်ဘာသာသင် အလယ်တန်းကျောင်း"နဲ့အပြိုင် အမျိုးသားအထက်တန်း ကျောင်း တစ်ကျောင်း ပေါ်ပေါက်စေရေးကိုလည်း ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရပါတယ်။ သပိတ် မှောက်ကြ တဲ့ ကျောင်းသားတွေရဲ့ သပိတ်စခန်းကို အစားအသောက်၊ အနေအထိုင် အဆင်ပြေစေ ဖို့ လိုအပ်သမျှ ကိစ္စအားလုံး ကို မြို့ခံများက ဆောင်ရွက်ပေးခဲ့သလို အမျိုးသားကျောင်းပေါ်လာဖို့ကို လည်း မလျှော့တဲ့ ဇွဲသတ္တိ၊ များပြားတဲ့ ပရိယာယ်ဝေဝုစ်များစွာနဲ့ ဆောင်ရွက်ခဲ့ရတာပါ။
အုပ်စိုးသူ အင်္ဂလိပ်ရဲ့အလိုတော်ရိ ရေနံဝန်နဲ့ သူရဲ့တပည့်လက်သားတွေရဲ့ သြဇာကိုပယ်ဖျက်ပြီး အမျိုးသား ကျောင်း ပေါ်ပေါက်စေဖို့အတွက် ကြိုးစားရတာဟာ မလွယ်ပါဘူး။ အခက်အခဲအဆင့် ဆင့်ကို ကျော်ဖြတ်ခဲ့ ရတာအမှန်ပါ။ သပိတ်မှောက် ကျောင်းသားများ ကျောင်းဆက်နေကြဖို့ လို အပ်တဲ့ကျောင်းနဲ့ ကျောင်း အအောက်အအုံ၊ ကလေးတွေကို ပညာသင်ကြားမဲ့ ဆရာ၊ ဆရာမ၊ လို အပ်နေတဲ့ ပရိဘောဂနဲ့ ကျောင်းဆရာ များ အတွက် လစာပေးဖို့ ကျောင်းရံပုံငွေ စတာတွေအတွက် တစ်မြို့လုံး ခေါင်းခဲ ခဲ့ ရပါတယ်။
ရန်ကုန်မှာရှိတဲ့ အမျိုးသားပညာရေးကောင်စီနဲ့ ဆက်သွယ်၊ လိုအပ်တဲ့ အကူအညီတွေ၊ အကြံ ဉာဏ်တွေ တောင်းပြီး အမျိုးသားအထက်တန်းကျောင်းတစ်ကျောင်း ပေါ်ပေါက်လာဖို့ ကြိုးစားခဲ့ရ တာဟာ တိုက်ပွဲ အဆင့်ဆင့် ကို ရေကုန်ရေခန်း တိုက်နေရသလိုပါပဲ၊ အမျိုးသားကျောင်း ကော်မတီ အဆင့်ဆင့် ကျောင်းအုပ်ကြီး နဲ့ ကျောင်းဆရာအသီးသီးက စေတနာ့ဝန်ထမ်းသဘောမျိုးနဲ့ ကျောင်း မဖြစ်ဖြစ်အောင် တည်ဆောက် ခဲ့ ရတာပါ။
ကျောင်းတည်စက မြို့မမြောက်ရပ်ကွက်က ဦးထွန်းရှင်ရဲ့နှစ်ထပ်တိုက်မှာ၊ နောက် သူ့တိုက်ရဲ့ မျက်နှာချင်း ဆိုင် မှာရှိတဲ့ ဒေါ်သစ်စုရဲ့မြေကွက်ကို အကန့်အသတ်မရှိ သုံးခွင့်ပေးတဲ့အတွက် အ ဆောင် တွေ ဆောက်ပြီး စာသင်ခဲ့ရာက တစ်ခါ၊ ရွာသစ်ရပ်က မန္တလေးကျောင်းတိုက်ဆရာတော်ကြီး ရဲ့ခွင့်ပြုချက် အရ ကျောင်းများရဲ့အောက်ထပ်တွေမှာ၊ နောက်ဆုံး ရွှေကြာနံရပ်က ဦးလူကြီးရဲ့အိမ်၊ အဆုံးမတော့ သူ့ အိမ်ရှေ့ က မြေကွက်လပ်မှာ ဂရံယူပြီး နှစ်ထပ်ကျောင်းဆောင်သစ်ကြီးကိုဆောက် ပြီး ကျောင်းက ထွက်လာ ခဲ့တဲ့ (King Edwards Memorial Buddhist Anglo Vernacular Middle School)မှာ ကျောင်းသားနှစ်ဆယ်လောက်သာ ကျန်တော့ပြီး အမျိုးသားအထက်တန်းကျောင်းမှာ တော့ စာသင်ခန်း သုံးဆယ်ကျော် ခဲ့ပေမဲ့ နေရာထိုင်ခင်းမလုံလောက်တဲ့အတွက် ကျောင်းကော်မတီ တွေမှာ ခေါင်းကိုက် နေရဆဲပါ။
မောင်အောင်ဆန်း ကျောင်းသားဘဝက အမျိုးသားကျောင်းရဲ့ကျောင်းအုပ်ဆရာကြီးကတော့ ဦးပု ဆိုသူ ဖြစ်ပါတယ်။ သူဟာ အိန္ဒိယမှာ ဘီအက်စီ၊ လန်ဒန်မှာ ဘီအက်စီဘွဲ့များရခဲ့ရုံမျှမက AMF သတ္ထု ပါရဂူတစ်ဦး လည်းဖြစ်ပါသတဲ့။ သူ တတ်ကျွမ်းထားတဲ့ပညာတွေနဲ့ ရတဲ့လစာလေးဟာ မ လောက်မင ဖြစ်ပေမဲ့ မျိုးချစ်စိတ်အပြည့်အဝနဲ့ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ အောင်ဆန်း ကို မျိုးချစ်စိတ် သွင်း ပေးခဲ့သူ၊ ပညာထက်မြက် ထူးချွန်စေသူဟာ ဦးပုပါပဲ။
သင်္ချာဘာသာသင်တဲ့ ဦးဘဝင်း၊ မြန်မာစာသင်တဲ့ ဦးဘသန်း (ကဗျာဆရာ-သျှင်သန်းမေ)၊ အမိန့် တော်ရ ရှေ့နေကြီး ဦးဆကျင် (အဲဒီအိမ်မှာနေပြီး ကျောင်းတက်တာ)၊ BOC စာရေးကြီး ဦးအုံးတင် နဲ့ ဂျီစီဘီအေ ဦးစိုးသိမ်း (သမ္မတကြီး ဦးစိုးသိမ်း)အပါအဝင် ဆံသဆရာ ကိုဘဂျမ်း တို့ဟာလည်း အောင်ဆန်းကို နိုင်ငံရေး အသိအမြင်တွေ မြင့်မားလာအောင် မြေတောင်မြှောက်ပေးခဲ့သူတွေလို့ ပြောရင်ရပါသေးတယ်။
ကျောင်းသားလူငယ် မောင်အောင်ဆန်းဟာ ဂျီစီဘီအေ ဦးစိုးသိမ်းရဲ့တရားပွဲတွေကိုရောက်ကောင်း ရောက်နိုင်ပါတယ်။ ဦးစိုးသိမ်းရဲ့ "ဗွိုင်လာအိုးကြီး က ချုန်းချုန်းမြည်လေ၊ စိုးသိမ်းရင်ထဲ မသက်သာ လေ" ဆိုတဲ့ အပြောတွေကို ရင်ခုန်ခံစားရလေ ဖြစ်ပါလိမ့်မယ်။ အောင်ဆန်းဟာ နယ်ချဲ့သမားက ရေနံချောင်း ရေနံမြေ က ထွက်သမျှ ရေနံတွေကို စက်နဲ့မောင်းပြီး ပိုက်လိုင်းကြီးတွေနဲ့ ရန်ကုန်-သံ လျင်ကိုပို့ရင်း အမြတ်ထုတ် သွေးစုပ်ကြပုံကို ကြားဖူးပါလိမ့်မယ်။ နာကျည်းစိတ်မကောင်းဖြစ်ပါလိမ့် မယ်။ နယ်ချဲ့ ကို မောင်းထုတ် ချင်စိတ်နဲ့အတူ လွတ်လပ်တဲ့နိုင်ငံတော်ကြီးကို မျှော်မှန်းတည်ဆောက် နေပါလိမ့်မယ်။
နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ရောက်တိုင်း ရေနံချောင်းအမျိုးသားအထက်တန်း ကျောင်း မှာ "အမျိုးသားအောင်ပွဲနေ့"ကျင်းပပြီး မြို့တွင်းကို ကျောင်းသားကျောင်းသူတွေ လှည့် လည်ကြမြဲ ဖြစ်တယ်။ ပင်နီအင်္ကျီ၊ ရွှေတောင်လုံချည်အနီလေးတွေ ဆင်တူဝတ်ထားတတ်ကြပါ တယ်။ ဒီအထဲ မှာ နတ်မောက်သား ရေနံချောင်းမှာကြီးတဲ့ အောင်ဆန်းလည်းပါမှာ အသေအချာပါ။
(၃)
ကျွန်းပင်တွေလို ခိုင်ခံ့ကြီးမားတဲ့သစ်ပင်ကြီးတွေပဲ ဖြစ်ဖြစ်၊ စပါးပင်လို၊ ဟင်းစားသီးနှံပင်တွေလို အပင်ငယ်မျိုး တွေပဲဖြစ်ဖြစ်၊ စနစ်တကျ ထွန်ယက်ထားတဲ့၊ သမန်းကြေတဲ့၊ မြေသြဇာ သင့်တင့်စွာ ထည့် ထား တဲ့ ပျိုးခင်းများထဲမှာ ပျိုးထောင်ပြီး ကြီးပြင်းစေတာဟာ ကောင်းပါတယ်။ အလေ့ကျ အပင်တွေထက် ပိုမို သန်စွမ်း ကြံ့ခိုင် သလို အရည်အချင်းမှာလည်း ကွာခြားပါတယ်။ ပျိုးခင်းထဲက အပင်များဟာ သင့်လျော် တဲ့ ရေမြေ၊ ရာသီဥတုနဲ့ မြေသြဇာဆိုတဲ့ အချက်အလက်များရဲ့ ပံ့ပိုးကူညီမှု ရခဲ့တာမို့ ရှင်သန် ကြီးထွား ခွင့် ပိုမိုတတ်ပါတယ်။
မောင်အောင်ဆန်း ဟာ ရေနံချောင်းဆိုတဲ့ ရေခံမြေခံကောင်းလှတဲ့ အရပ်ဒေသမှာ လာရောက်ပညာ သင်ခဲ့ ရတာဟာ ပျိုးခင်းတစ်ခုမှာ ပျိုးထောင်ခွင့်ရခဲ့တဲ့ အပင်ငယ်နဲ့တူပါတယ်။ ဆရာကောင်း သမား ကောင်းများ ရဲ့ သွန်သင်ညွှန်ပြမှုများအောက်မှာ ပညာရေးသာမက မျိုးချစ်စိတ် ရှင်သန်နိုးကြားနိုင်ခဲ့ သလို နိုင်ငံရေးအမြင်လည်း ကျယ်ခဲ့ရတယ်။ အစ်ကိုကြီး ဦးဘဝင်း အပါအဝင် ပညာတတ်များရဲ့ အနီးကပ် လမ်းညွှန်မှု များဟာ သူ့ကိုလှပတဲ့ အိမ်မက်တွေကို မက်စေခဲ့ပါတယ်။
သူ့အတွေးများမှာ လွတ်လပ်ငြိမ်းချမ်းတဲ့ အနာဂတ် မြန်မာပြည်ကို မြင်ယောင်စေပါတယ်။
အဲဒီအချိန် အလုပ်သမားလူတန်းစားတွေ နိုးကြာမှးုအရှိဆုံးဒေသ၊ အုပ်စိုးသူအင်္ဂလိပ်ရဲ့လက်ပါးစေ တွေကို ဆန့်ကျင်မှု ပြင်းထန် လှ တဲ့ဒေသ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ကျောင်းသားတွေရဲ့ အမျိုးသားရေး နိုးကြားမှု အရှိန်အဟုန် အပြင်းထန်ဆုံးဒေသကိုရောက်ရှိလာခဲ့တဲ့ မောင်အောင် ဆန်းဟာ အဲဒီ ရပ်ရွာဒေသမှာ ကြုံတွေ့သိမြင်ခဲ့ရတဲ့ ကောင်းမှု၊ ဆိုးမှုအားလုံးကို ရောင်ပြန်ဟပ် ခံစားခဲ့ရ ပေလိမ့် မယ်။
လူတစ်ရပ်စာလောက် ရေနံပိုက်လိုင်းကြီးတွေ သွယ်တန်းပြီး ရန်ကုန်ကို အချိန်ပြည့်ပို့ပေးနေတဲ့ ရေနံ တွေဟာ အလုပ်သမားများရဲ့သွေးတွေ ချွေးတွေလို့ သူ့ကိုမြင်သိစေလိမ့်မယ်။ "ခိုတောင်"ဆို တဲ့ ရေနံမြေ ကနေ "ညောင်လှ"ဆိုတဲ့ ဧရာဝတီမြစ်ကမ်းအထိ ရှည်ရှည်လျားလျား သွယ်တန်းပြီး ပစ္စည်းတင်ပို့နေတဲ့ ကောင်းကင်ကြိုး တွေဟာ အလုပ်သမားတွေရဲ့လည်ပင်းကို ညှစ်နေတဲ့ လက် မည်းမည်းကြီးတွေလို့ ထင်မြင် ကောင်း ထင်မြင်နေပေလိမ့်မယ်။ နယ်နှင်ခံ၊ အရိုက်အနှက်ခံ၊ ထောင် ကျခံ၊ အသေခံသွားကြတဲ့ သခင် သခင်မတွေ၊ ကျောင်းသား အလုပ်သမားတွေရဲ့ ပုံရိပ်တွေဟာ လည်း သူ့ကိုသွေးတွေ ပွက်ပွက်ဆူ နေစေလိမ့်မယ်။
ခပ်လှမ်းလှမ်းမှာနေပြီး နယ်ချဲ့သမားရဲ့ဆိုးဝါးရက်စက်ပုံ၊ အရင်းရှင်လူတန်းစားရဲ့ကောက်ကျစ် ယုတ်မာပုံ တွေကို တစ်ဆင့်စကားကနေ ကြားတာထက် အဲဒီဒေသမှာရောက်၊ အလုပ်သမားအများ စုကြီးရဲ့ ရင်ခွင်ထဲ မှာ အသက်ရှု နားနေခွင့်ရခဲ့တဲ့ သူ့အဖို့ လက်တွေ့မြင်သိ ထိတွေ့နေရတာမို့ အင်မတန် ကြေကွဲ ရပေ လိမ့်မယ်။ ကိုယ့်တိုင်းပြည်က သယံဇာတတွေကို ညှစ်ထုတ်စုပ်ယူနေတဲ့ သွေး စုပ်ကောင် နယ်ချဲ့ သမား ကိုလည်း ပိုမို မျက်မုန်းကျိုးနေပေလိမ့်မယ်။
တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံနေကြတဲ့၊ လေဘာယူနီယံ ဦးမျိုးညွှန့်လို၊ ဂျီစီဘီအေ ဦး စိုးသိမ်း လို၊ သပိတ်တား သခင်မကြီးတွေဖြစ်တဲ့ ဒေါ်မှီ၊ ဒေါ်သန်းကြည်၊ ဒေါ်ပြန့်၊ ဒေါ်ခန့်၊ ဒေါ်အေး၊ ဒေါ်ဖွားမြင်၊ ဒေါ်အေးမိတို့လို၊ သခင်ဗတင်၊ သခင်ခ၊ သခင်ဗဗတို့လို ပုဂ္ဂိုလ်တွေရဲကလှုပ်ရှားမှု ပုံရိပ် တွေ ကလည်း မောင်အောင်ဆန်းကို အမျိုးသားရေး စိတ်ဓာတ်သွတ်သွင်းပေးနေသလို၊ တောက်မဲ့ မီးခဲကို ရဲ လာအောင် လေမှုတ်ပေးနေကြသလိုပါပဲ။
နယ်ချဲ့ရဲ့လုပ်ရပ်တွေကို မကျေနပ်ဘူး၊ နယ်ချဲ့ဗြိတိသျှကို ကိုယ့်တိုင်းကိုယ့်ပြည်က မောင်းထုတ် ပစ်ချင် တယ်။ သူတို့တစ်တွေဆီကနေ ကိုယ့်အချုပ်အခြာကို ပြန်ယူချင်တယ်။ ဒီအတွက် တက်ကြွ လှုပ်ရှား ဆောင်ရွက် နေသူတွေကို ဗြောင်ကျကျ ထောက်ခံတာရော၊ နောက်ကွယ်က အားပေးကူညီ တာရော နှစ်မျိုးစလုံး နဲ့ ပံပိုးသူတွေကတော့ ရေနံချောင်းက တွင်းရိုး၊ တွင်းစားတွေပဲဖြစ်ပါတယ်။
သူတို့က ပုဂံခေတ် "အလောင်းစည်သူ"နဲ့ "တန်နက်မိဖုရား"ရဲ့အနွယ်တွေ၊ "မင်းတုန်းမင်းရဲ့အမျိုး တွေ"လို့ သူတို့ကိုယ် သူတို့ သတ်မှတ်ထားတဲ့သူတွေ။ ရွှေထီးရွှေနန်း ရွှေကြငှန်းနဲ့ နေထိုင်လာခဲ့တဲံ ကိုယ့်တိုင်းပြည် ကျွန် ဖြစ်သွားတဲ့အခါ သူတို့လည်း အနေကျုံ့ခဲ့ရတယ်။ မိဘဘိုးဘွားများရဲ့ လက် ငုတ်လက်ရင်း ရေနံ ထွက်ရာ ဒေသတွေမှာ အင်္ဂလိပ်နယ်ချဲ့သမားနဲ့ ပုလင်းတူဘူးဆို့ဖြစ်တဲ့ ဘီအိုစီ ရေနံကုမ္ပဏီက ဝင်ရောက် တူးဖော် လုပ်ကိုင်ကြလေတော့ သူတို့ထမင်းပန်းကန်ထဲက ထမင်းကို နယ်ချဲ့နဲ့ အပေါင်းအပါတွေက လုပြီး စားနေတယ် လို့ ယုံမှတ်ကြတယ်။ ဘီအိုစီကိုမုန်းတဲ့နေရာမှာ သူတို့က ရှေ့ဆုံးကပါတယ်။
ဒါပေမဲ့ ဓနရှင်ပေါက်စတွေလည်းဖြစ်၊ ပညာတတ်တွေလည်း ဖြစ်ကြလေတော့ အလုပ်သမားလူ တန်းစား လို တုန်းတိုက်တိုက်၊ ကျားကိုက်ကိုက်၊ ပြတ်ပြတ်သားသား ဆန့်ကျင်တာမျိုးတော့ နည်း တယ်။ ဦးမျိုးညွှန့် လို၊ ဦးစိုးသိမ်း လို ပုဂ္ဂိုလ်တွေ (ရေနံတွင်းရိုးတွင်းစားတွေ အဆက်အနွယ်တွေ) ရှိခဲ့ ပေမဲ့ တကယ့် အနည်း တကာ့ အနည်းစု ကလေး ပဲ ဖြစ်ပါတယ်။
ဒီအထဲက တွင်းရိုးတွင်းစား "ဦးရွှေဒင်"ရဲ့အင်္ဂလိပ်ဆန့်ကျင်ရေး စိတ်ဓာတ်နဲ့ လုပ်ရပ်ကတော့ တစ် မျိုး ဆန်း တယ်။ သူဟာ တွင်းရိုးတွင်းစား တစ်ယောက်မို့ ငွေကို လေလို မသုံးနိုင်ပေမဲ့ ရေလိုတော့ သုံး နိုင်ပါတယ်။ တစ်ရက်မှာ သူ့အိမ်ကို မျက်နှာဖြူအင်္ဂလိပ်အရာရှိတစ်ယောက် အလည်ရောက်လာ တဲ့ အခါ လက်ဖက်ရည် သုံးဆောင်ပြီးမှ ပြန်ပါလို့ "ဦးရွှေဒင်"က တားထားတယ်။ ပြီးမှ အင်္ဂလိပ်အရာ ရှိရဲ့ ရှေ့မှာပဲ အင်္ဂလိပ်ငွေစက္ကူ တွေကို မီးရှို့ (ထင်း၊ မီးသွေး နဲ့ နေရာမှာ ငွေစက္ကူ ကို သုံးတာပါ) ပြီး ရေနွေး ကို ဆူအောင် လုပ်လို့ လက်ဖက်ရည်ဖျော်တိုက်ပါသတဲ့၊ ကဲ၊ မထူးဆန်းပေဘူးလား။ သူရဲ့ အင်္ဂလိပ် ဆန့်ကျင်ရေး လုပ်ရပ်က ဘာပဲဖြစ်ဖြစ် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးနဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု တွေဟာ အသွင် သဏ္ဍာန်မျိုးစုံနဲ့ ထောင့်ပေါင်းစုံမှာ မောင်အောင်ဆန်းတွေ့နေရတယ်။ နဂိုကတည်က နယ်ချဲ့ ကို အ သက်စွန့် ဆန့်ကျင်တော်လှန်သွားတဲ့ ဗိုလ်မင်းရောင် ဆိုသူရဲ့မြေးဖြစ်တဲ့သူဟာ ဒီအရပ် ဒီဒေသ က ဒီလိုလုပ်ရပ် တွေကို တွေ့မြင်ရတဲ့အခါ နဂိုင်းထွက်လာတော့တာ မဆန်းပါဘူး။ နဂိုရှိလို့ နဂိုင်းထွက် လာတာမဟုတ်လား။
(၄)
မောင်အောင်ဆန်းတစ်ယောက် ရေနံချောင်းကနေ ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်ကို ရောက် သွားတယ်။ တက္ကသိုလ်မှာ ကိုအောင်ဆန်း အဖြစ် နိုင်ငံရေးလှုပ်ရှားမှု အသီးသီးမှာတွေ့လာ ရပြီ။ တောက်မဲ့မီးခဲ ဟာ ရေနံချောင်းက မီးထိုးပေးလိုက်သမို့ ပိုမိုတောက်ပရဲရင့်လာခဲ့ပြီး အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဆန်း၊ နောက်တော့ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်သွား တဲ့ သခင် အောင်ဆန်း အဖြစ်နဲ့ပါ။
သူ့ဘဝ တစ်သက်တာကို မြန်မာပြည်လွတ်လပ်ရေး၊ အချုပ်အခြာ ပြန်လည်ထူထောင်ရေးဆိုတဲ့ အ ရေး ကိစ္စ တွေထဲ မှာ မြှပ်နှံသဂြိုလ်လိုက်တာ တွေ့ရတယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင် ရေး၊ လွတ်လပ်ရေး နဲ့ ငြိမ်းချမ်းရေး အတွက်ပဲ သူ စိုက်လိုက်မတ်တပ် အလုပ်လုပ်သွားတာကိုလည်း တွေ့ရ ပါတယ်။ နောက်ဆုံး မြန်မာပြည်လွတ်လပ်ရေးအတွက် အသက်စွန့်သွားတဲ့အထိပါပဲ။
ဘာကြောင့်များ သူ ဒီလောက် ရဲရင့်စွန့်စားနိုင်ပါလိမ့်။ အဖြေက ရှင်းပါတယ်။ ဘုရားတောင် အမှီရှိ မှ ပွင့်တယ် ဆိုတဲ့ စကား လို အမှီကောင်း ကို သူရခဲ့ပါတယ်။
ဆရာကောင်းသမားကောင်း အပေါင်း အသင်းတွေနဲ့ ဆုံခဲ့ရတယ်။ အသိအမြင်တွေ ကြွယ်ဝခဲ့ရတယ်၊ မှန်ကန် တဲ့ မျိုးစေ့ဟာ သင့်လျော်တဲ့ ပတ်ဝန်းကျင်နဲ့ ရေမြေသဘာဝမှာ ဖွံ့ဖြိုးရှင်သန်ခဲ့ရတယ်။ ဒါဟာ အရင်းခံ ပါ။
တကယ်လို့များ မောင်အောင်ဆန်း တစ်ယောက် ရေနံချောင်း ကို မရောက်ဘဲ တစ်ခြားတစ်မြို့တစ်ရွာ ကို ရောက် သွားခဲ့ရင်....
တကယ်လို့များ မောင်အောင်ဆန်းတစ်ယောက် နိုင်ငံရေးမျက်လုံးအစုံကို အကျယ်ပြန့်ဆုံး ဖွင့်ပေး ခဲ့တဲ့ ရေနံချောင်း က လူပုဂ္ဂိုလ်တွေနဲ့မဆုံခဲ့ရင်...
တကယ်လို့များ "အောင်ဆန်း နဲ့ ရေနံချောင်း" ဒွန်တွဲမနေခဲ့ရင်...
မြန်မာ့ သမိုင်းကြောင်း၊ မြန်မာ့လွတ်လပ်ရေး ဖြစ်စဉ်တွေဟာ တလွဲတချော်ဖြစ်မသွားနိုင်ဘူးလို့ ဘယ်သူ ပြောနိုင် ပါ့မလဲ။
ထက်ကျော်
.
No comments:
Post a Comment