Saturday, July 23, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၁၄)

အခန်း(၁၅)

ချိန်းထားသော ဂျွန်ကရက်ဂိုပေါလော့စ် နှင့် ရုံးတွင် မတွေ့မီ ဒေါ်ရော်သီ သည် သူ၏အပူရုပ်ကို ဖုံးရဖိရ ပါ သေးသည်။
ငိုထားသောကြောင့် မျက်ခွံများမို့ပြီးနီနေသည်။ ထိုနေရာများကို ပေါင်ဒါထူထူလေး ဖို့ လိုက်ရသည်။ ဆံပင်များ ကိုလည်း ကြည့်ပျော်ရှုပျော် သပ်ရပ်သွားအောင်ပြင်ရသည်။ မစ္စတာဟန့်၏ ရှုခင်းသာအိမ် ကြီးကို ဝယ်မည့်သူအား လိုက်ပြရခြင်းအားဖြင့် ခေတ္တခဏ အပြောင်းအလဲဖြစ်သွားသောကြောင့် အထိုက် အလျေက် စိတ်သက်သာရာတော့ ရပါသည်။ အိမ်ကြီးအကြောင်း ရှင်းပြနေခြင်းအားဖြင့် ကလေးတွေ ဘယ်ရောက် နေကြောင်း တွေးရသည့်ဒုက္ခမှ ခေတ္တလွတ်ကင်းနိုင်ပါသည်။ ကလေးတွေ ဘယ်ရောက် နေကြ သနည်း။ သူတို့၏ ကံကြမ္မာမည်သို့ဖြစ်နေကြသနည်း။
ထုံးစံ အတိုင်း ဆိုလျှင် ဒေါ်ရော်သီသည် အိမ်ဝယ်လိုသူကို အရောင်းအဝယ်လုပ်မည့်အိမ်အား တိုက်ရိုက် ပြလေ့ မရှိ။

ပထမဆုံးမြို့အနေအထား၊ ပတ်ဝန်းကျင်အနေအထား၊ အရောင်းအဝယ်လုပ်မည့် အိမ်၏ တည်နေရာ၊ ပင်လယ် ကမ်းခြေ၊ ရေကန်များ၊ ရေအိုင်များ၊ ဆက်သွယ်ရေးလမ်းကြောင်းများ မော်တော်ကားလမ်း များ ကို လိုက်လံပြလေ့ရှိသည်။
သို့မှသာ သူဝယ်မည့်သူ၏ ပုံသဏ္ဌာန်နှင့် တည်နေရာကိုကောင်းစွာ ပုံဖော်ယူနိုင်မည်ဖြစ်သည်။ သို့သော် ယနေ့ တော့ သည်လိုမဟုတ်တော့ပါ။
မိုးသီးတွေ ကျနေသည်။ မော်တော်ကားခေါင်းမိုးနှင့် မှန်များကိုလာရောက်ထိမှန်သော အသံကစဲ သွားသည် မရှိ မိုးသားများကလည်း တစ်မိုးလုံးပြည့်ကာ မည်းမှောင်နေသည်။ ပင်လယ်ပြင်မှာ တိုက်ခိုက် လာသည့် လေ က အရိုးကွဲ လောက်အောင် အေးစိမ့်နေသည်။

ထို့ကြောင့်လည်း အိမ်ဝယ်လိုသူ ဂျွန်ကရက်ဂိုပေါလော့စ် ကို ရူခင်းသာအိမ်ကြီးဆီသို့ တိုက်ရိုက်ခေါ် သွားလေ တော့သည်။ ဒေါ်ရော်သီမှာ သူလက်ရှိလုပ်နေသည့် အလုပ်ပေါ်တွင် အာရုံစိုက်နိုင်ဖို့ အလွန်တရာ ခက်ခဲနေသည်။ အာရုံက တခြားသို့ လွင့်နေသည်။ အလွန်တရာလည်း  စိုရိမ်ထိတ်လန့် နေသည်။
သူမငိုဖူးသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ ယခုမျက်ရည်မကျအောင် အံကိုတင်းတင်းကြိတ် ပြီး ထိန်း နေရတော့သည်။ စိုးရိမ်ခြင်းနှင့် ဝမ်းနည်းခြင်း တို့သည် သူ့မခုံးပေါ်မှာ လေးပင်စွာတည်ရှိ နေသည်။
သူ တစ်ယောက်တည်း ထမ်းဆောင်ထားခြင်းမှာ မစွမ်းသာတော့ချေ။ ရေခဲများ ဟိုတစ်စ သည်တစ် ဖုံးကာ အလွန်ဆိုး သည့်လမ်းပေါ်တွင် ကားမောင်းလာရင်း သူ့ဘေးမှာ ထိုင်လိုက်လာသူကို မကြာ ခဏ ခိုးကြောင် ခိုးဝှက် ကြည့်မိသည်။

ညိုမောင်းသည့်အသားအရောင်ရှိသော ဂျွန်ကရက်ဂိုပေါလောစ် သည် အသက် လေးဆယ့်ငါးနှစ် လောက် ရှိပြီ။
ကိုယ်လုံး ကိုယ်ထည်က အလေးမ သမား တစ်ယောက်လို ကြံ့ခိုင်လှသည်။
စကားပြောရာ ဆိုရာ တွင်လည်း အလွန်ယဉ်ကျေးသိမ်မွေ့သည်။
သူက သူတို့လင်မယားအကြောင်း ဒေါ်ရော်သီ ကို ပြောပြလာသည်။

နယူးယောက်မြို့မှာရှိသည့် သူတို့၏ စားသောက်ဆိုင်ကို မကြာသေးမီက ရောင်းချလိုက်ကြောင်း နောက် ဖွင့်မည့် စားသောက်ဆိုင်ကိုမူ သူတို့ရာသက်ပန် နေထိုင်ခေါင်းချမည့်နေရာတွင်ဖွင့်ဖို့ လင်မယား နှစ်ယောက် သဘောတူထားကြကြောင်း ထိုနေရာသည်လည်း ပတ်ဝန်းကျင်ကောင်းဖို့ လိုကြောင်း ပင်စင်စားများ ကြီးနေသည့် အရပ်ဖြစ်မည်ဆိုလျှင် ပိုကောင်းကြောင်း ထို့ကြောင့်လည်း သည်အရပ်မှာ သူတို့ နေရာလာရှာခြင်းဖြစ်ကြောင်းများ ဒေါ်ရော်သီကို ပြောပြသည်။

သူပြောပြသည့် အချက်များကို ဒေါ်ရော်သီက စဉ်းစားကြည့်နေသည်။ ပြီးတော့ ဒေါ်ရော်သီ က ပြော သည်။ ဒီမြို့ ရဲ့ဟိုဘက်ခြမ်း မှာ စားသောက်ဆိုင်လုပ်ငန်းလုပ်ဖို့ ကျွန်မဘယ်တုန်းကမှ ဘယ်သူ့ကိုမှ မတိုက်တွန်း ခဲ့ဖူးဘူး၊ ဟိုဘက်ခြမ်းမှာ စားသောက်ဆိုင်တွေ မှိုလိုပေါက်နေတာ မှန်တယ်ဆိုပေမယ့် သိက္ခာ မရှိလှဘူး၊ ဒီဘက်ခြမ်းက မြင်ကွင်းပိုလှတယ်၊ ဒီ လူကြီးလူကောင်း တွေ အများဆုံး နေထိုင်တယ်၊ စောစော က ရှင်ပြောခဲ့လိုပါပဲ ပင်စင်စားတွေ များတွေများတယ်။

အခုကျွန်မတို့သွားကြည့်မယ့် ရှုခင်းသာဟာ  စားသောက်ဆိုင်လုပ်ငန်းအတွက်ရော တည်းခိုဆောင် လုပ်ငန်း အတွက် ပါ အင်မတန် ကို သင့်မြတ်တဲ့နေရာဖြစ်တယ်။ ၁၉၃၀ ခုလွန်နှစ်တွေတုန်းက အဲဒီ အဆောက်အအုံ ကို ငွေအမြောက်အမြား အကုန်ခံပြီး ပြင်ဆင်ခဲ့ကြတယ်၊ ပြီးတော့ ကလပ် အဖြစ် ဖွင့်ခဲ့တယ်၊ ဒါပေမယ့် မအောင်မြင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ဒါလောက်ဈေးကြီးတဲ့ ကလပ်တစ်ခုမှာ ငွေဖြုန်း နိုင်လောက်အောင် လူတွေမှာ ငွေမရှိဘူးလေ၊ ဒါကြောင့် နောက်ဆုံးတော့ အရှုံးမခံတော့ဘဲ ပိတ် လိုက်ရ တော့တယ်။
မစ္စတာဟန့် က အဲဒီအဆောက်အအုံ နဲ့ မြေတွေကိုပါဝယ်လိုက်တယ်၊ မြေ က ကိုးဧကကျယ်တယ်၊ သဲသောင်ပြင် ပေါ်မှာ ပေတစ်ထောင်လောက် မြေအပိုလဲပါသေးတယ်၊ မြင်ကွင်းကတော့ ဒီကမ်းခြေ တစ်လျှောက်လုံး မှာ အလှဆုံးနေရာပါပဲ။

ရှုခင်းသာ ရဲ့ မူလပိုင်ရှင် ဟာ ကပ္ပိတန်ကြီး တစ်ယောက်လို့ ကျွန်တော်ကြားဖူးတယ်၊ ဟုတ်ပါတယ်နော် ထို မေးခွန်း ကို ကြည့်ခြင်းအားဖြင့် ဂျွန်ကရက်ဂိုပေါလော့စ်သည် ရှုခင်းသာအ ကြောင်းကို သည်အရပ်သို့ မလာမီ ကတည်းက သေသေချာချာ လေ့လာခဲ့ကြောင်း ထင်ရှားသည်။ လေ့လာသည်ဆိုတော့ စိတ်ဝင်စား သည် မှာ သေချာသွားသည်။
“မှန်ပါတယ်ရှင်၊ ကပ္ပိတန်တစ်ယောက် ပိုင်ခဲ့တာပါ ဒေါ်ရော်သီ က ထောက်ခံသည်။ ပြီးတော့မှ ရာဇဝင် နှင့် ချီပြီး ရှင်းပြလေသည်။

“ရှုခင်းသာအဆောက်အအုံကြီးကို ၁၆၉၀ ခုနှစ်တုန်းက ဝေလငါးဖမ်းတဲ့ သင်္ဘောကပ္ပိတန်ယောက် က သူနဲ့ လက်ထပ်မယ့် အမျိုးသမီးကို လက်ဆောင်ပေးဖို့ ဆောက်ခဲ့တာပါ၊ ဒီအဆောက်အအုံကြီး ကို နောက်ဆုံး ပြန်ပြင် တာကတော့ နှစ်ပေါင်းလေးဆယ်လောက်ရှိသွားခဲ့ပါပြီ၊ အဲဒီတုန်းကအပေါ်ကို နောက်ထပ် အထပ် နှစ်ထပ် ထပ်တင်လိုက်တယ်  အမိုးကိုတော့ မဖျက်ဖူး၊ မူလအမိုး ကို မြှင့်ပြီး ပြန်မိုးတယ် မီးခိုးခေါင်းတိုင် ပတ်လည် မှာ လမ်းလျှောက်ဖို့ စင်္ကြံရှိတယ်၊ အဲဒီစင်္ကြံကလဲ နဂိုဟာပဲ ၊ သူ့ကိုလဲမဖျက်ဘဲ အပေါ် ကိုမြှင့်တင် လိုက်တယ်၊ ဘာကြောင့်လဲဆိုရင် သင်္ဘောကပ္ပိတန်ကတော် တွေဟာ သူတို့ ယောက်ျား ဘယ်တော့ ပြန်လာမလဲ ဆိုတာ အမြဲမျှော်နေကြတာမဟုတ်လား ဒါကြောင့်သူတို့တစ်တွေ အဲဒီ အပေါ် တက်ပြီး ပင်လယ်ပြင်ဘက် ကို မျှော်ကြည့်နိုင်အောင် ဆောက် ပေးထားတာ။
“အင်း... ပင်လယ်ဆိုတာ ပရိယာယ်ကတော့ အများသားမဟုတ်လား”

ဂျွန်ကရက်ဂိုလော့စ်က အလိုက်သင့်ပြောသည်။ ဒါထက်စကားမစပ် အဲဒီပိုင်နက်ထဲမှာ သင်္ဘောကပ်လို့ ရနိုင် တဲ့ နေရာများ ရှိပါသလားခင်ဗျာ၊ နေရာရှိမယ်ဆိုရင် သင်္ဘောတစ်စီးဝယ်ဖို့ ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်။ သင်္ဘောကျင်းလုပ်ဖို့ အင်မတန်ကောင်းတဲ့ နေရာတစ်ခုပါ တယ်ရှင်။ ဒေါ်ရော်သီက အားရပါးရ ပြောသည်။
“အိုး....ဘုရားခင်”
မော်တော်ကားကို လမ်းကျဉ်းကလေးဘက်သို့ ချိုးအကွေ့တွင် အန္တရာယ်ဖြစ်လောက်အောင် ဘီးချော် သွား သောကြောင့် ဒေါ်ရောသီ က အလန့်တကြား အော်လိုက်မိလေသည်။
သို့သော်လည်း ချက်ချင်းပင် ကားကို ပြန်ထိန်းလိုက်နိုင်သည်။ ပြီးတော့ဘေးမှ ဂျွန်ကရက်ပေါ လော့စ်ကို အားတုံ့အားနာ အမူအရာဖြင့် လှည့်ကြည့်လိုက်မိသည်။ ဂျွန်ကမူ ဘာမှမဖြစ်သလို အေးအေး ဆေးဆေး ထိုင်နေသည်။

“တယ်သတ္တိကောင်းတာပဲ” ဟု ဒေါ်ရော်သီကိုပင် ချီးကျူးစကားပြောလိုက်သေးသည်။ ထိုစကားကြောင့် ဒေါ်ရော်သီ တွန့်ခနဲ ဖြစ်သွားသည်။ ဓားချွန်ချွန်နှင့် အထိုးခံလိုက်ရသလို ခံစားရလေသည်။ ယနေ့ ရာသီဥတု က အလွန်ဆိုးသည်။ စိတ်အာရုံများကလည်း လွင့်နေသည်။ ပျောက်နေသည့် ကလေး နှစ်ယောက် အတွက် သောက ရောက်နေသည်။
ရာသီဥတု သာ ကောင်းမွန်မည်ဆိုပါက ကလေးပျောက်ရှာဖွေရေးအဖွဲ့များကို တိုးမပေါက်အောင် မြင်တွေ့ နေရမည် ဖြစ်မည်။ ယခုတော့ မလွှဲသာသည့်သူများသာ ရှာဖွေရေးလုပ်ကြသည်။ လူအများစုကမူ ရှာဖွေရေး လုပ်ငန်း ကို သက်သက်မဲ့အချိန်ကုန် လူပန်းခံပြီး လုပ်ဆောင်နေခြင်းဖြစ် သည်ဟု ပြောဆို နေကြ သည်။

“ဒီလိုရာသီဥတု ဆိုးနေတဲ့ အချိန်မျိုးမှာ ကားမောင်းရတာမလွယ်ဘူး ဒါပေမယ့် အရေးမကြီးပါဘူး မောင်းနိုင် ပါတယ် ကျွန်မတို့နဲ့အတူတူ မစ္စတာအဲလ်ဒရက်ခ်ျ ပါမလာတာတော့ စိတ်မကောင်းပါဘူးရှင်။ ဒါပေမယ့် ရှင်နားလည်နိုင်ပါလိမ့်မယ်လို့ ကျွန်မထင်ပါတယ်”
ဒေါ်ရော်သီ က လှိုက်လှိုက်လှဲလှဲ ပြောနေသည်။

“ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်ပါတယ်ခင်ဗျာ၊ သားသမီး တွေ ပျောက်သွားတယ် ဆိုတော့ ကာယကံရှင် မိဘတွေအဖို့ ဘယ်လောက်တောင် ကမ္ဘာမီးလောင်နေကြမယ်ဆိုတာ ကျွန်တော် ခံစား ကြည့်နိုင်ပါတယ်။ အမှန်ကဒီလိုနေ့မျိုးမှာ ခင်ဗျားကို အိမ်လိုက်ပြခိုင်းနေမိတဲ့ အတွက် စိတ်မကောင်း ဖြစ်ရမှာ က ကျွန်တော်ပါ၊ တောင်းပန်ရမှာက ကျွန်တော်ပါ၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားနဲ့ မစ္စတာအဲလ်ဒရက်ခ်ျ တို့ဟာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်ရုံမက အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေတွေ မဟုတ်လား၊ ခင်ဗျား အနေနဲ့လဲ အရမ်းစိတ်ထိခိုက်နေမှာပေါ့”
ဂျွန်ကရက်ဂိုပေါလော့စ် က ရှင်းပြသည်။ စာနာထောက်ထားသည့် လေသံအပြည့်အဝ ပါနေ ကြောင်း ဒေါ်ရော်သီ သိသည်။

သို့သော်လည်း ထိုအကြောင်းကို စကားမဆက်တော့ဖို့ သူဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အလုပ် အကြောင်း ကို  သူစကားဆက်သည်
“ရှုခင်းသာအိမ်ကြီးအကြောင်း ပြောပြပါရစေ၊ အိမ်ရှေ့ဘက်ခြမ်းက ပြတင်းပေါက်တွေအားလုံးဟာ ပင်လယ်ပြင် ကို မျက်နှာပြုနေတယ်၊ ပြတင်းပေါက်တိုင်းရဲ့ အပေါ်မှာ မှန်လည်တံခါးတွေတပ်ထား တယ်၊ သူတို့ ခေတ်တုန်းက ဆောက်တဲ့အိမ်ကြီး အိမ်ကောင်းတိုင်း မှာမပါရင် မဖြစ်ဘူးလေ အောက်ထပ်မှာရှိတဲ့ အခန်းကျယ်ကြီး ထဲမှာလဲ ဧရာမမီးလင်းဖိုကြီးတွေရှိတယ် အခုလို ရာသီဥတုဆိုးရွားပြီး မုန်တိုင်းထန်တဲ့ နေ့မျိုး ဆိုပါတော့၊ လူတွေဟာ အပြင်ကို လုံးဝမထွက်နိုင်ကြဘူး မဟုတ်လား အဲဒီလိုနေ့မျိုးမှာ နွေးနွေး ထွေးထွေးနေ တဲ့ အခန်းကျယ်ကြီးထဲမှာ ပြတင်းပေါက် တွေပိတ်ထားပြီး ပင်လယ်ပြင်မှာ မုန်တိုင်းကျနေတာ ကို စိမ်ပြေနပြေ ထိုင်ကြည့်နေနိုင်ပါတယ် ဝီစကီလေးသောက်လိုက် စားကောင်း သောက်ဖွယ် လေး စားလိုက်နဲ့ ထိုင်ရာမထ မုန်တိုင်းကျပုံကို ကြည့်နိုင်တယ်၊ ဒီလိုအခွင့်အရေးမျိုး ဘယ်မှာ ရနိုင်မှာလဲရှင် ဟော့ပြောရင်းဆိုရင်း ရှုခင်းသာကို ရောက်ပြီ” လမ်းချိုးကလေးကို ကျော်လိုက်သည်။

ရှုခင်းသာအိမ်ကြီးကို အကွယ်အကာမဲ့စွာ ရှင်းရှင်းလင်းလင်းမြင်ရသည်။ မြင်နေကျပင်ဖြစ် သော်လည်း ဒေါ်ရော်သီ ပင်လျှင် ယနေ့အဖို့ အမြင်ဆန်းသလိုဖြစ်နေသည်။ မိုးမှောင်ကြီးကျပြီး မိုးရာသီတွေရော၊ ဆီးနှင်းတွေ ပါ တသောသော ကြွေကျနေသည့်ကြားတွင် ရှုခင်းသာအိမ်ကြီးသည် ညိုမှောင်ပြီး ရာသီဥတု ကြံ့ကြံ့ခံကာ ရပ်တည်သည်။
မိုးသီး နှင့် နှင်းပွင့်များက ပြတင်းပေါက်များနှင့် အိမ်နံရံများကို အညှာအတာကင်းမဲ့စွာဖြင့် အပြင်းအထန် ရိုက်ပုတ် ထိုးနှက် နေကြသည်။

ဒေါ်ရော်သီ က ကားဂိုဒေါင်ဆီိသို့ သူ့ကားကို မောင်းယူသွားသည်။ ဂိုဒေါင်တံခါးဖွင့်နေသည်ကို တွေ့ရ သောကြောင့် သူအံ့အားသင့်သွားသည်။ မစ္စတာပါးရစ်သည် ဂိုဒေါင်တံခါးကို ဘာကြောင့်ပြန် မပိတ်ဘဲ ထားခဲ့ လေသနည်း။ ဒေါ်ရော်သီ စဉ်းစားကြည့်နေမိသည်။ မစ္စတာပါးရစ် ဈေးဝယ်ပြီးပြန်လာတာ ဖြစ်နိုင်သည်။  ဈေးဝယ်လာသည့် ပစ္စည်းကို အိမ်တွင်းသို့ သယ်သွင်းရင်း လက်မအားသောကြောင့် မပိတ်မိခဲ့ရာ မှ နောက်တစ်ခေါက်ပြန်ထွက်လာပြီး ပိတ်ဖို့မေ့သွားခြင်းဖြစ် နိုင်သည်။

ထိုသို့တံခါးပွင့်နေခြင်းက သူတို့နှစ်ယောက်အဖို့ ကောင်းသွားသည်ဟုဆိုနိုင်ပါသည်။ ဒေါ်ရော်သီက ကားဂိုဒေါင်ကျယ်ကြီးထဲသို့ သူ့ကားကို တောက်လျှောက်မောင်းဝင်သွားသည်။ မိုးအစို သက်သာ သွားသည်။
ဂိုဒေါင်ထဲမှာရှိနေသည့် မစ္စတာပါရစ်၏ စတေရှင်ဝင်္ကဂွန်း ကားဟောင်းဘေးမှာ သူ့ကားကိုရပ် လိုက်သည်။ ဂိုဒေါင်ထဲမှ ထွက်ပြီးအိမ်ဆီသို့ အပြေးကလေး သွားလျှင်မိုးအစို သက်သာပေ လိမ့်မည်။
“အိမ်နောက်ဖေး တံခါးကနေပြီး ဖွင့်ဝင်ဖို့ ကျွန်မမှာ သော့ပါလာတယ်” ကားပေါ်မှဆင်းရင်း ဒေါ်ရော်သီက ဂျွန်ကိုပြောသည် “ရေးရဲ့ ဂေါက်ရိုက်ထီး ယူခဲ့မိရင် အကောင်းသား မေ့သွားတယ် ရှင်တော့မိုးစိုတော့မှာပဲ”
“ကျွန်တော့် အတွက်တော့ မပူပါနဲ့ခင်ဗျာ၊ ဒါလောက်တော့ ခံနိုင်ရည်ရှိပါတယ်၊ ကျွန်တော့် ခန္ဓာကိုယ်ကြီး ကိုလဲကြည့်ပါဦး” ဂျွန်ကပြောရင်း တစ်ချက်ရယ်သည်။ ဒေါ်ရော်သီက မသိမသာ ပြုံးလိုက်ပြီး ခေါင်းညိတ် ပြသည်။

“ကောင်းပါပြီလေ၊ ဒီလိုဆိုရင် အိမ်နောက်ဖေးဘက်ကို ကျွန်မတို့ပြေးကြစို့ ဂိုဒေါင်ထဲမှ သူတို့ ပြေးထွက် ခဲ့သည်။
အိမ်နောက်ဘက် မီးဖိုချောင်တံခါးအထိ ပေးငါးဆယ်လောက်အောက် ကွာဝေးပေလိမ့်မည်။ မိုးသီးများက သူတို့မျက်နှာဆီကို ဆီးကြိုတိုက်ခိုက်ပြီး လေအေးကလည်း သူတို့ကို ဆီးကြိုတွန်းထားသည်။
အိမ်နောက်ဘက်မှ မီးဖိုချောက်တံခါးကို သော့နှစ်ထပ်ခတ်ထားသည်ကို တွေ့ရသောကြောင့် ဒေါ်ရောသီ စိတ်တိုချင်သလို ဖြစ်သွားသေးသည်။
မစ္စတာပါးရစ် သည် ဘာကြောင့် ဒါလောက်တောင် သတိထားနေသနည်းဟု တွေးရင်း စိတ်တိုမိခြင်း လည်း ဖြစ်သည်။

ပိုက်ဆံအိတ်ထဲမှာ မွှေနှောက်ပြီး သော့ရှာသည်။ တွေ့သည်။
သူတို့ရောက်ကြောင်း မစ္စတာပါးရစ်ကို အသိပေးသည့်အနေဖြင့် ခေါင်းလောင်းနှိပ်လိုက်သည်။
သော့ဖွင့်ပြီး တံခါးကိုအတွင်းသို့ တွန်းလိုက်သည့်အချိန်မှာပင် ခေါင်းလောင်းသံက အပေါ်ထပ်တွင် ပဲ့တင် ထပ် သွားသည်ကို ဒေါ်ရော်သီကိုယ်တိုင် ပြန်ကြားလိုက်ရလေသည်။
အိမ်ဝယ်မည့် သူသည် သူ့ကိုယ်ပေါ်မှ ဆီးနှင်းများ၊ မိုးသီးများကို အေးအေးဆေးဆေး ခါချနေ သည်။
ပြီးတော့ မျက်နှာကို လက်ကိုင်ပ၀ါဖြင့် ကျကျနန သုတ်နေသည်။

သူလုပ်နေပုံမှာ အေးအေး ဆေးဆေးနိုင်လှသည်။
ဒေါ်ရော်သီကတော့ တက်သုတ်နှင်ချင်နေသည်။
အိမ်ထဲလိုက်ပြပြီး "ဟောဒါကိုကြည့်၊ ဟောဒီမှာ မြင်တယ်မဟုတ်လား၊ ဟိုဟာကိုလဲ ကြည့်ပါဦး၊ အားလုံး ကောင်းပါတယ်ရှင်၊ ငြင်းစရာ ဘာအကြောင်းမှမရှိပါဘူး၊ ကဲ- ကျေနပ်ပြီနော်၊ ဒီလိုဆိုရင် ရေးနဲ့ နန်စီ တို့ဆီကို ကျွန်မ ပြန်ပြေးလိုက်ပါရစေဦး ကလေးတွေနဲ့ ပတ်သက်တဲ့ သတင်းကောင်း တစ်ခုခု ရောက်ချင် ရောက်နေမှာ…"
ဒေါ်ရော်သီ က ထိုအတိုင်းပြောပြီး တကယ်ပဲ ရေးနှင့် နန်စီတို့ဆီသို့ ချက်ချင်း ပြန်ပြေးသွားချင်နေ လေသည်။

မီးဖိုချောင်အား ဂျွန်ကရက်ဂိုပေါလော့စ်က စေ့စေ့စပ်စပ် လေ့လာနေသည်ကို ဒေါ်ရော်သီ သတိ ထားမိ သည်။
ဘေးအိတ်ထဲမှ လက်ကိုင်ပ၀ါနှိုက်သည်။
ဆောင်းရာသီ ၀တ်သည့် အ၀တ်အစား သစ်သစ်လွင်လွင်များကို ၀တ်လာခဲ့မိကြောင်း ထိုအခါကျမှ သူ့ကိုယ်သူ ပြန်သတိထားမိလေသည်။
ထိုအ၀တ်အစားများကို ဘာကြောင့် ၀တ်ခဲ့မိကြောင်းလည်း ပြန်လည်သတိရနေသည်။
ဂျိုနသန်နိုးလ်စ် သည် သူတို့ရုံးသို့ မကြာခဏ လာလည်လေ့ရှိသည်။
ထိုသို့ လာလည်တိုင်း ဒေါ်ရော်သီကို ညစာအတူလိုက်စားဖို့ ဖိတ်ဖြစ်တော့မလိုလို ဖြစ်နေသည်။

တစ်နေ့မဟုတ် တစ်နေ့တော့ မုချမသွေ ဖိတ်တော့မည်ဖြစ်ကြောင်း ဒေါ်ရော်သီ သိနေသည်။
ယနေ့ညနေ လည်း ဂျိုနသန် သူတို့ရုံးသို့ လာကောင်းလာလိမ့်မည်။ သည်တစ်ခါတော့ သူ ဖိတ် တော့မည် ဟု ဒေါ်ရော်သီ ထင်သည်။
ထို့ကြောင့် အကယ်၍ ဖိတ်ခဲ့လျှင် အဆင်သင့်ဖြစ်နေအောင် ၀တ်ကောင်းစားလှများကို သူ ၀တ်ခဲ့ ခြင်းလည်း ဖြစ်လေသည်။

"ဒေါ်ရော်သီ…"
ဂျွန်၏အသံကို ရုတ်တရက် ကြားလိုက်ရသောကြောင့် သူ အလန့်ကြီး လန့်သွားသည်။
"ဟုတ်ကဲ့၊ အိုး… လန့်လိုက်တာ၊ ဆောရီးနော်၊ ကျွန်မစိတ်ကူး က တခြားကို ရောက်နေလို့ပါရှင်"
ဒေါ်ရော်သီ က အထစ်ထစ် အငေါ့ငေါ့ တောင်းပန်သည်။
ဂျွန် ဘာတွေပြောနေသည်ကို မသိဘဲ သူ ပြောချင်ရာကို ဆက်ပြောသည်။
"ရှင် မြင်တဲ့အတိုင်းပဲ၊ ဒီ မီးဖိုချောင်ကတော့ ခေတ်မီအသုံးအဆောင်တွေ တပ်ဖို့လိုတယ်၊ ဒါပေမယ့် အခန်းက သိပ်ကျယ်လွန်းတော့ ထင်တိုင်း ပြင်ဆင်လို့ရနိုင်ပါတယ်။ မီးဖိုထားတဲ့နေရာကို ကြည့်ပါ ဦး၊ လူတွေ အများကြီးအတွက် တစ်ပြိုင်တည်း ချက်နိုင်လောက်အောင်ကို ကျယ်တဲ့နေရာကြီးပါ၊ ဒါ ပေမယ့် ရှင် ကတော့ ခေတ်မီလျှပ်စစ်မီးဖိုတွေကို အစားထိုးသုံးမှာ မဟုတ်လား၊ ကျွန်မ သိပါတယ် လေ"
ဒေါ်ရော်သီ က စိတ်မှတ်မထင် အသံကို စောစောကထက်မြှင့်ပြီး ပြောလိုက်မိလေသည်။

အိမ်ကြီးကို လေပြင်းက တိုးနေသည်။
လေတိုးသံ သည် ငိုညည်းသံကြီးလိုဖြစ်နေသည်။ စိတ်ချမ်းသာဖွယ်မကောင်းသော အသံဖြစ်သည်။
တစ်ချိန်တည်းမှာ ပင် အိမ်အပေါ်ထပ်မှ တံခါးကို ဆောင့်ပိတ်လိုက်သည့် အသံကြားရသည်။
ထိုအသံ နှင့် ဆက်၍ ငိုသံကိုလည်း ကြားလိုက်ရသည်ဟု သူ စိတ်ထဲမှာထင်သည်။
သို့သော် အကြာကြီးတော့မဟုတ်။ တစ်စက္ကန့်လောက်သာ ကြာသောငိုသံဖြစ်လေသည်။
သူ့စိတ်တွေ ကယောင်ချောက်ချားဖြစ်နေသောကြောင့်လည်း ဖြစ်နိုင်သည်။

သည်အိမ်ကြီးက သူ့စိတ်တွေ ကယောင်ချောက်ချားဖြစ်အောင် လုပ်နေသည်ဟုလည်း ထင်စရာ ဖြစ် လာသည်။
မီးဖိုချောင်ထဲမှာလည်း အရမ်းအေးနေသည်။
အိမ်ရှေ့ခန်းများဆီသို့ သူကပဲ ဦးဆောင်ပြီး ခပ်မြန်မြန်ခေါ်သွားသည်။
အလွန်လှပ သည့် ပင်လယ်ပြင်မြင်ကွင်းကြီးကို အိမ်ရှေ့ခန်းမှနေ၍ အမြန်ဆုံးလည်း ပြချင်နေသည်။
အိမ်ရှေ့ပြတင်းပေါက် များမှာ သူတို့ သွားရပ်သည်။

မြင်ကွင်းကတော့ တကယ်လှပါသည်။
ပင်လယ်ပြင် သည် ဒေါသကြီးစ ပြုနေပြီ။
လှိုင်းလုံးများ ကြွနေပြီ၊ ကျောက်ဆောင်များကို ပြေးတိုက်နေသည်။
ပြီးောတ့ ဖွေးခနဲ ပြိုကွဲကျသွားသည်မှာလည်း ရှုမငြီးနိုင်စရာဖြစ်နေသည်။

"ဒီရေအမြင့်ဆုံးအချိန်မှာ အဲဒီကျောက်ဆောင်တွေ အားလုံးမြုပ်သွားတယ်၊ ဒါပေမယ့် ဟောဟို ဘယ်ဘက် ကို ကြည့်လိုက်စမ်းပါ၊ အဲဒီနေရာမှာတော့ သောင်ပြင်က ဒီအတိုင်းကျန်နေခဲ့တယ်၊ သူ့ ကို ရေမမြုပ်ဘူး၊ ကဲ- မလှဘူးလား၊ အဲဒီနေရာကိုလဲ ဒီအိမ်ကြီးကပဲ ပိုင်တာပဲလေ၊ မြေတစ်ဆက် တည်း၊ သင်္ဘောကျင်း လုပ်လို့ ရနိုင်တဲ့ နေရာက အဲဒီရဲ့ဟိုဘက်"
ဒေါ်ရော်သီက ဂျွန်ကို တစ်ခန်းပြီးတစ်ခန်း ခေါ်သွားပြသည်။
တစ်ခုပြီး တစ်ခု ရှင်းပြသည်။
အိမ်ခန်းများ ဖွဲ့စည်းမှုကောင်းပုံ၊ အိမ်ထောင်ပရိဘောဂများ အဖိုးတန်ပုံ၊ ကြီးကျယ်လွန်းသော အိမ် ကြီး ဖြစ်သဖြင့် ကိုယ်စိတ်တိုင်းကျ ပုံစံပြောင်းနိုင်ပုံ၊ လုပ်ငန်းကြီးကြီးကျယ်ကျယ်ကို လုပ်နိုင်ပုံစသည် ဖြင့် တစ်ဘက်လူ မက်လောက်အောင် ပြောပြနေသည်။

ဒုတိယထပ် သို့ သူတို့တက်သွားကြသည်။
အိပ်ခန်းကြီးများ ကျယ်လှသည်။
ထို့ကြောင့် ညအိပ်ညနေ ဧည်သည့်များကို ကောင်းစွာလက်ခံနိုင်ကြောင်း ဒေါ်ရော်သီက ပြောပြ သည်။
"ဒီအိမ်ကြီးကို ပြန်ပြင်တုန်းက အိပ်ခန်းကျဉ်းကလေးတွေကိုဖျက်ပြီး ရေချိုးခန်းနဲ့ အိမ်သာတွဲလျက် ပါတဲ့ အိပ်ခန်းကျယ်ကြီးတွေ လုပ်ပစ်လိုက်တယ်၊ ဒါကြောင့် ရှင့်အနေနဲ့ အထူးတလည်ပြင်နေစရာ မလိုတော့ဘူး၊ ဆေးပြန်သုတ်လိုက်ရုံနဲ့ အလုပ်ဖြစ်သွားနိုင်တယ်"
ထို့နောက် ကြေးခုတင်ကြီးများဆီသို့ ရောက်သွားကြသည်။

ဒေါ်ရော်သီက ခုတင်ကြီးများကို လက်ညှိုးထိုးပြသည်။
"အဲဒီကြေးခုတင်ကြီးတွေကို ကြည့်ပါဦး၊ ဘယ်လောက်ကြီးကျယ်သလဲ၊ သူတို့ရဲ့တန်ဖိုးကချည်း နည်းတာ မဟုတ်ဘူး၊ အိမ်ထောင်ပရိဘောဂမှန်သမျှ ပထမတန်းစားတွေချည်းပဲ၊ ကျွန်မကအိမ်တွင်း အလှပြင်တဲ့ လုပ်ငန်းလုပ်ဖူးတယ်၊ ဒီလို အိမ်ကြီးမျိုးကို ကျွန်မ အိပ်မက်မက်နေတာကြာပြီ၊ ဒီလို အိမ်ကြီးမျိုးကို စိတ်တိုင်းကျသာ ပြင်ဆင်လိုက်ရမယ်ဆိုရင် ဘာပြောကောင်းမလဲ၊ နတ်ဘုံနတ်နန်း နဲ့တောင် မှား သွားလောက်မယ်"
ဂျွန်ကရက်ဂိုပေါလော့စ် စိတ်ဝင်စားနေပါပြီ။

ဗီရိုများကို ဖွင့်ကြည့်ပုံ၊ နံရံများကို ပွတ်သပ်ကြည့်ပုံများကို ကြည့်ရုံဖြင့် ဒေါ်ရော်သီ အတပ်ပြောနိုင်ပါ ပြီ။
ရေဘုံပိုင်ခေါင်း များကအစ သူ ဖွင့်ကြည့် ပိတ်ကြည့်နေသည်။
"တတိယထပ်မှာ အိပ်ခန်းတွေ ပိုများတယ်။ စတုတ္ထထပ်ကတော့ မစ္စတာပါးရစ်ကို ငှားထားတဲ့ အ ထပ်၊ အဲဒီ အထပ် ကို အရင်တုန်းက ကလပ်မန်နေဂျာနေဖို့ ပြင်ဆင်ထားခဲ့တာ၊ သူလဲ အရမ်းကျယ် တာပဲ၊ ပြီးတော့ ပင်လယ်ပြင်ကြီး တစ်ခုလုံးနဲ့ တစ်မြို့လုံးကို အပေါ်ကနေပြီး စီးမြင်နေရတဲ့ မြင်ကွင်း လေ၊ အရမ်း သာယာ တယ်၊ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို မြင်နိုင်တယ်"
ဂျွန်က အခန်းထဲ မှ ထွက်သွားသည်။ ဒေါ်ရော်သီကို တစ်စုံတစ်ရာ အဖြေပြန်မပေး။

ဒေါ်ရော်သီ က ပြတင်းပေါက်တစ်ခုဆီသို့ လျှောက်သွားသည်။
အိမ်ကြီး အကြောင်း ကို သူ တစ်ယောက်တည်း အေးအေးဆေးဆေး စဉ်းစားစေချင်သည်။
အိမ်ကြီး ၏ အဆင့်အတန်းကို လွတ်လပ်စွာ အကဲဖြတ်စေချင်သည်။
ပြီးတော့မှ သူ ကြိုက်ရာမေးခြင်းက ကောင်းသည်။

ကဲ မြန်မြန်လုပ်ပါ… မြန်မြန်လုပ်ပါ…
ဒေါ်ရော်သီက စိတ်ထဲမှ ကျိတ်ပြီးပြောနေမိသည်။
သည်နေရာမှ သူ အမြန်ဆုံးထွက်ခွာသွားချင်ပြီ။ နန်စီနှင့် ရေးတို့ဆီကို ပြန်ပြေးချင်ပြီ။
ဟိုမှာ တစ်ခုခုဖြစ်ချင် ဖြစ်နေနိုင်သည်။ ကလေးတွေကို ပြန်တွေ့နေတာမျိုးလည်း ဖြစ်နိုင်သည်။
ဒေါ်ရော်သီ၏စိတ်ထဲမှာ တင်းကျပ်လာသည်။

အမှန်တော့ သူ့ကို အိမ်လိုက်ပြနေသည့်အစား ကားမောင်းပြီး ထွက်သွားရမည်။
လမ်းဘေးများတွင် မိုက်ကယ်နှင့် မစ်စီကို ရှာရမည်။
တောအုပ်တွေထဲသို့ အော်ခေါ်ရမည်။
ဒေါ်ရော်သီ က ခေါင်းကို ခပ်ကြမ်းကြမ်း ယမ်းခါပစ်လိုက်သည်။
မနေ့တုန်းက အကြောင်းများကို သူ ပြန်စဉ်းစားနေမိသည်။
နန်စီက မစ်စီ ကို သူ့ရုံးမှာ ခဏထားခဲ့သည်။

"သူ့လက်အိတ်တွေ ချွတ်မထားအောင် နည်းနည်းကြည့်ပေးနော်၊ သူ့လက်တွေက အေးလွန်းလို့" ဟု နန်စီ က မစ်စီကို အပ်ရင်းပြောသည်။
မစ်စီသည် အနီရောင်သိုးမွှေးလက်အိတ်ကလေးများ ကို စွပ်ထားသည်။
ထို့နောက် သူတို့ရေခဲမုန့်စားကြသည်။
"ရေခဲမုန့်စားနေတုန်း လက်အိတ်တွေချွတ်ထားလို့ရမလား အန်တီ ဒေါ်ရော်သီ"
မစ်စီက သူ့ကို မော့ကြည့်ပြီး မေးခဲ့ပုံကိုလည်း သူ ပြန်လည်မြင်ယောင်နေမိလေသည်။
ဒေါ်ရော်သီ မျက်ရည်စို့လာသည်။ လက်ကိုင်ပ၀ါ ထုတ်ပြီး သုတ်လိုက်ရသည်။

သူ့စိတ်ကိုထိန်းပြီး ဂျွန်ကရက်ဂိုပေါလော့စ်ဆီသို့ လျှောက်သွားသည်။
ဂျွန်သည် အခန်းအတိုင်းအတာများကို သူ့မှတ်စုစာအုပ်ထဲတွင် ရေးမှတ်ပြီးစ ဖြစ်သည်။
"ဟိုခေတ် က ဆောက်တဲ့အိမ်တွေမှာသာ မျက်နှာကြက်အမြင့် ကို တွေ့နိုင်တော့တယ်၊ ဒီခေတ်မှာ  တော့ ဒါမျိုး တွေ ရှားကုန်ပြီ"
ဂျွန်က ဒေါ်ရော်သီကို ဆီးပြောသည်။
ဒေါ်ရော်သီသည် သည်နေရာတွင် ကြာရှည် ဆက်လက်နေနိုင်စွမ်းမရှိတော့ပါ။

ထို့ကြောင့်…
"ကျွန်မ တို့ အပေါ်ထပ် တက်လိုက်ကြရအောင်"ဟု တုံးတိတိကြီး ပြောလိုက်မိလေသည်။
ချက်ချင်း ပြန်သတိရသောကြောင့် စကားဖာသည်။
"အပေါ်ထပ်ကနေ ကြည့်ရင် ရှုမျှော်ခင်းက ပိုလှတယ်"
ခန်းမကို ဖြတ်လျှောက်လာကြသည်။ အိမ်ရှေ့ဘက်ရှိ လှေကားကြီးဆီသို့ သူတို့သွားကြသည်။
"အိမ်ထဲမှာ နွေးနေအောင် လုပ်ထားတဲ့နေရာ လေးနေရာ ရှိတယ်၊ ဒါကြောင့် မီးသွေးဖိုး လဲ အလိုအ လျောက် သက်သာ တယ်"
ထိုသို့ ပြောရင်း လှေကားပေါ်သို့ သူတို့တက်ကြသည်။

"တတိယထပ်ကတော့ ဒုတိယထပ်နဲ့ တစ်ပုံစံတည်းပဲ၊ ဘာမှမထူးပါဘူး"
တတိယထပ် ကို ဖြတ်လာရင်း ဒေါ်ရော်သီက ရှင်းပြသည်။
"မစ္စတာပါးရစ်က စတုတ္ထထပ်ကို ငှားလိုက် ပြန်အပ်လိုက် ထပ်ငှားလိုက်လုပ်နေခဲ့တာ ကြာသွားပြီ လေ၊ ခြောက်နှစ် ခုနစ်နစ်လောက်ရှိသွားပြီလို့ ကျွန်မထင်တယ်။ သူ့ကို ဈေးသက်သက်သာသာနဲ့ ငှားထားတာပါ၊ ဒါပေမယ့် အိမ်ငှားရှိနေရင် အိမ်ဝယ်မယ့်သူတွန့်တတ်တယ်လို့ မစ္စတာအဲလ်ဒရက်ခ်ျ က ထင်တယ်၊ ဟောဒီ မှာ ကျွန်မ တို့ ခန်းမကြီးထဲကို ရောက်ပြီ"
ဒေါ်ရော်သီ က အိမ်ခန်းတံခါးကို သွားခေါက်သည်။

အတွင်းမှ ဘာသံမှမကြားရ။
"မစ္စတာ ပါးရစ်၊ မစ္စတာ ပါးရစ်"
ပါးစပ် ကလည်း အော်ခေါ်သည်။
သူ့လက်ကိုင်အိတ် ကို ဖွင့်သည်။
"အတော်တော့ ထူးဆန်းတာပဲ၊ မော်တော်ကားမပါဘဲ ဘယ်နေရာကိုများ သူသွားနေသလဲ မသိဘူး၊ ဒါပေမယ့် ကျွန်မ မှာ သော့ပါလာပါတယ်၊ ဒီအိတ်ထဲထည့်လာခဲ့တာပဲ"
လက်ကိုင်အိတ်ထဲ မှာ မွှေနောက်ရှာသည်။
စိတ်ထဲမှာလည်း အနည်းငယ် ထင့်တင့်တင့်ဖြစ်နေသည်။

ဘာကြောင့်မှန်းမသိ။
မိမိတို့လာမည်ဖြစ်ကြောင်း ဖုန်းဆက်ပြောတုန်းက မစ္စတာပါးရစ်၏အသံသည် သိပ်ကျေနပ်သည့်အ သံမျိုး တော့ မဟုတ်။
တစ်နေရာရာသွားမည်ဆိုလျှင် အကျိုးအကြောင်းပြောဖို့ကောင်းသည်ဟု ဒေါ်ရော်သီ စဉ်းစားနေ သည်။
အိမ် ကို သပ်သပ်ရပ်ရပ် ရှိနေဖို့ လိုသည်။
ဝယ်မည့်သူက အခန်းတိုင်းကို ကြည့်ခွင့်ရှိရမည်။

အိမ်တန်ဖိုး မှာ ဒေါ်လာသုံးသိန်းခွဲဖြစ်သည်။
ဒါလောက် ပိုက်ဆံ အများကြီး ပေးရမည့်အိမ်ကို မည်သူက သမန်ကာလျှံကာ ကြည့်မည်နည်း။
သည်အိမ်ကြီး ကို ရောင်းမည်ဟု ကြော်ငြာထားသည်။
သို့သော်လည်း ဈေးကြီးလွန်းသောကြောင့် တစ်နှစ်အတွင်း စုံစမ်းမေးမြန်းသူ တစ်ယောက်တလေ ပင် မပေါ် ပေါက်ချေ။
တံခါးလက်ကိုင် အား အတွင်းမှလည့်နေသည်ကို ဒေါ်ရော်သီ သတိမထားမိချေ။

တံခါး ဖြုန်းခနဲပွင့်သွားသည်။
ဒေါ်ရော်သီ က ထိတ်လန့်တကြား မော့်ကြည့်လိုက်သည်။
စူးစမ်းလေ့လာ သော မျက်လုံးများနှင့် ဇောချွေးပြန်နေသည့် မျက်နှာကြီးကို မြင်လိုက်ရသည်။
အခန်းငှား နေထိုင်သူ ကုတ္တနေပါးရစ်၏မျက်နှာကြီးဖြစ်လေသည်။
"ဒီလောက်တောင် ရာသီဥတုဆိုးရွားနေတဲ့နေ့မျိုးကြီးကျမှ ခင်ဗျားတို့မှာ ဒုက္ခခံပြီးလာရတယ်နော်"
ပါးရစ် က အလွန်သိမ်မွေ့သည့်လေသံဖြင့် ပြောသည်။

ပြီးတော့ ဒေါ်ရော်သီတို့နှစ်ယောက် ၀င်သာအောင် ဘေးသို့ တိမ်းဖယ်ပေးသည်။
တံခါးလက်ကိုင် ကို မလွှတ်။
တံခါးလက်ကိုင် ကို မလွှတ်ဘဲကိုင်ထားခြင်းအားဖြင့် လက်ဆွဲနှုတ်ဆက်ရမည့် အန္တရာယ်မှ ကင်းဝေး သွား သည်။
သူ့လက်ဖ၀ါးများသည်လည်း ဇောချွေးများဖြင့် ရွှဲနေသည်။
ကုတ္တနေပါးရစ် က ဒေါ်ရော်သီတို့နှစ်ယောက်ကို တစ်ယောက်စီ မသိမသာကြည့်ပြီးအကဲခတ်သည်။

ကလေးမလေးငိုသံ ကို သူတို့များ ကြားသွားလေသလား…
သူ အရမ်းလောကြီးခြင်း မှာ အရမ်းမိုက်မဲလွန်းရာကျသည်။
အမှန်တော့ အချိန်တွေ အများကြီးရှိသေးသည်။
အေးအေး ဆေးဆေး လုပ်ဖို့ ကောင်းသည်။
ဘာမှ လောနေစရာ အကြောင်းမရှိ။
ယခုတော့ သည်လိုမဟုတ်။
ဒေါ်ရော်သီ ဖုန်းဆက်ပြီးကတည်းက သူ တက်သုတ်နှင်ခဲ့သည်။

ကေးလနှစ်ယောက် ၏ အ၀တ်အစားများကို သိမ်းသည်။
အလျင်စလို လုပ်မိသောကြောင့် ကလေးမလေး၏အတွင်းခံအင်္ကျီ ကျန်ခဲ့တော့မလိုဖြစ်သွားသည်။
ပြီးတော့ ဘေဘီပေါင်ဒါဘူး မှောက်သည်။
ပေါင်ဒါများ ပြန့်ကြဲကုန်သည်။
ထိုပေါင်ဒါများကို ပြောင်အောင် သုတ်သင်ရသေးသည်။
ကလေးများ ကို ခြေရောလက်ပါ ကြိုးနှင့်တုပ်သည်။

ပါးစပ်များကို အ၀တ်ဆို့သည်။
မီးလင်းဖို နောက်နားရှိ လျှို့ဝှက်ခန်းထဲသို့ထည့်ပြီး တံခါးကို သော့ခတ်ထားလိုက်သည်။
ထိုလျှို့ဝှက်ခန်း ကို သူ တွေ့ထားသည်မှာ မကြာသေးပေ။
ရှေးခေတ်တုန်းက သည်အရပ်ဒေသသို့လာရောက် အခြေချနေထိုင်သူများကို နယ်ခံအင်ဒီးယန်း များက တိုက်ထုတ်ကြသည်။
ထို့ကြောင့် အင်ဒီးယန်းများ ၀င်ရောက်တိုက်ခိုက်သည့်အခါများတွင် ပုန်းအောင်းရန်ပြုလုပ်ထားခဲ့ ကြသည့် အခန်းများဖြစ်သည်။
လျှို့ဝှက်ခန်းများ အကြောင်း ကို တောရုံတန်ရုံလူမသိပါ။

သို့သော်လည်း သူ စိုးရိမ်နေသည်။
အိမ်ပွဲစားမကြီး ကတော့ ထိုအခန်းအကြောင်းကို သိကောင်းသိပေလိမ့်မည်။
သူသိထားပြီး အိမ်ဝယ်မည့်သူကို ထိုအခန်းပြလိုပါသည်ဆိုလျှင် မည်သို့လုပ်ရပါမည်နည်း။
ထိုလျှို့ဝှက်ခန်း ကို ထိုမိန်းမကြီးသိဖို့ဆိုသည်မှာလည်း ထင်မြင်ချက်သာဖြစ်သည်။
သိကောင်း သိနိုင်သည်ဟု ခန့်မှန်းကြည့်ခြင်းသာဖြစ်သည်။

တကယ်တမ်း သိချင်မှလည်း သိပေလိမ့်မည်။
အပြင် သို့ သူ လှမ်းကြည့်နေဆဲမှာပင် ဆီဒင်ကားကြီးတစ်စီးခြံထဲသို့ ချိုးဝင်လာသည်ကိုတွေ့ရ သည်။
ထိုနေရာ မှ အောက်ထပ်သို့ သူ အပြေးဆင်းသည်။
လျို့ဝှက်ခန်းထဲမှာ ထည့်ထားသည့်ကလေးနှစ်ယောက်ကို ကောက်ပွေ့သည်။
အပေါ်ထပ် သို့ အူရားဖားရား ပြန်တက်လာသည်။
သူ့အိပ်ခန်းထဲရှိ ဗီရိုကြီးတစ်လုံးထဲသို့ ကလေးနှစ်ယောက်ကို ထိုးသွင်းလိုက်သည်။

ပြီးတော့ သော့ခတ် ထားလိုက်သည်။
ကောင်းသည်။ ဒါက ပိုကောင်းသွားသည်။
ပွဲစားမကြီး က သော့တောင်းလျှင် သည်ဗီရိုကိုပစ္စည်းဟောင်းများထည့်သိမ်းသည့်ဗီရိုအဖြစ် သုံးနေ ကြောင်း၊ သော့ပျောက်နေကြောင်း၊ အသုံးမလိုသည့်ပစ္စည်းများ ထည့်ထားသောကြောင့် သော့ ပျောက် နေလည်း အရေးမကြီးဟု သဘောထားပြီး မရှာမိကြောင်း ပြောပြရမည်ဟု စိတ်ကူးသည်။
နောက်ပြီးတော့ ထိုဗီရိုကို သူ သော့အသစ်တပ်ထားသည်။
ထို့ကြောင့် ပွဲစားမကြီး မှာ သော့ဟောင်းအပိုရှိနေလျှင်လည်း ဘာပြဿနာမှမပေါ်နိုင်တော့။

ဗီရိုကိုပြချင်သည်ဆိုလျှင် အရွယ်တူ၊ ပုံစံတူ ဗီရိုများအခန်းထဲမှာ ရှိနေသေးသည်။ ထိုဗီရိုများကို ပြနိုင်သည်။
ဒေါ်ရော်သီ တို့ နှစ်ယောက်မှာ အောက်ထပ်များတွင် အချိန်အတော်ကြာကြာ ကြည့်နေကြသည်။
ထို့ကြောင့် သူလုပ်ထားသည်များ ပိရိမှုရှိမရှိ သေသေချာချာစစ်ဆေးဖို့ အချိန်လုံလောက်စွာရသည်။
မသပ်မရပ်ဖြစ်နေတာ ဘာတစ်ခုမှမရှိ။

ရေချိုးကြွေဇလုံထဲ မှာ ရေတွေပြည့်နေသည်။ သည်အတိုင်းထားလိုက်ဖို့ သူ ဆုံးဖြတ်လိုက်သည်။
တယ်လီဖုန်း စကားပြောတုန်းက သူ့ဘက်မှ သိပ်လှိုက်လှိုက်လှဲလှဲမရှိခဲ့။
ရေချိုးမည့် ဆဲဆဲ ဖုန်းဆက်ခြင်းကြောင့် ထိုသို့ဖြစ်သည်ဟု ဒေါ်ရော်သီ ထင်ပေတော့ပေါ့။
ထိုအချိန်မျိုး တွင် နှောင့်ယှက်ခြင်းခံရပါက မည်သူမဆို ကသိကအောက်တော့ဖြစ်မြဲပင်။
ကလေးမ ဆီသို့ သူ အရမ်းပြန်သွားချင်နေသည်။

သူ့စိတ်ကို သူ နိုင်အောင်ထိန်းထားရသည်။
ကိုယ့်လက်ထဲရောက်နေပြီပဲ၊ လက်တကမ်းအကွာမှာ ရှိနေပြီပဲဟု စိတ်ကို ဖြေရသည်။
သို့သော်လည်း သူ မစောင့်နိုင်ပါ။
သတိထား… သတိထား…
သူ့စိတ်ကို သူ အရမ်းထိန်းနေရသည်။
"ကျွန်တော့နာမည် ဂျွန်ကရက်ဂိုပေါလော့စ်ပါ"
ခွေးသား က လက်ဆွဲနှုတ်ဆက်ဖို့လက်ကို အတင်းကမ်းပေးနေသည်။

သူက ပုံပျက်ပန်းပျက်ဖြင့် သူ့လက်ဖ၀ါး ကို ဘောင်းဘီနှင့် သုတ်လိုက်သည်။
လက်ဖ၀ါး မှာ ချွေးစေးတွေရွှဲနေသည်။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ဘက်မှကမ်းပေးလာသည့်လက်ကို သူ မသိချင်ယောင်ဆောင်၍မရနိုင် တော့ချေ။
"ကျွန်တော် ကုတ္တနေပါးရစ် ပါ"
မျက်နှာမကြည်မသာဖြင့် သူက ပြန်ပြောသည်။

သူတို့လက်နှစ်ချောင်း ထိလိုက်သည့်အချိန်တွင် တစ်ဘက်လူ၏မျက်နှာပေါ်၌ မနှစ်မြို့သည့်အမူအရာ ကို သူ သတိထား လိုက်မိလေသည်။
စားသောက်ဆိုင်ကြီး ဖွင့်ဖို့ သည်အိမ်ကြီးကို သူတို့ဝယ်ကြတော့မည်။
ဝယ်လျှင်လည်း ဘာပြဿနာမှမရှိပါ။
သည်နေ့နောက်ပိုင်းတွင် သည်အိမ်ကြီးကို သူ မလိုတော့ပါ။ သုံးစရာအကြောင်းမရှိတော့ပါ။
သူလည်း ကိပ်ကော့ သို့ပြန်လာစရာ အကြောင်းမရှိ။

ထို့ကြောင့် ကုတ္တနေပါးရစ်ဆိုသူကို မည်သူကမျှ မယုံသင်္ကာဖြစ်စရာ အကြောင်းမရှိတော့ချေ။
ထို့နောက်ပိုင်း တွင် သူ့ကိုယ်အလေးချိန် ကို လျှော့ရမည်။
သူ့ဆံပင်ကို အရှည်ပြန်ထားရမည်။
ထိုအခါတွင် သူ့ကိုမည်သူမျှမှတ်မိတော့မည်မဟုတ်။
ကလေးနှစ်ယောက်၏ အလောင်း ကိုပြန်တွေ့ကြသောအခါ နန်စီကို လူသတ်မှုဖြင့် တရားစွဲကြ ပေ လိမ့်မည်။

ထိုအခါတွင် အမှုစစ်ဆေးပုံကို သူ လာရောက်နားထောင်ချင်သေးသည်။
ဘာပြဿနာ မှ မပေါ်နိုင်တော့ပါ။
ကုသိုလ်ကံ သည် သူ့လက်ထဲသို့ရောက်နေသည်။
သူကြိုက်သလို ဖန်တီးနိုင်သည်။
စိတ်အား တက်ကြွမှုကြောင့် သူ့တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထသွားသည်။
နန်စီ အကြောင်း သူ ဘာကြောင့်မမေးနိုင်ရသလဲ။

အိမ်နီးနားချင်းတွေပဲ။
ထိုသို့စဉ်းစားမိသောအခါ သူ့မှာ ယုံကြည်စိတ်တွေ ပိုခိုင်မာလာသည်။
"တွေ့ရတာ ၀မ်းသာပါတယ် မစ္စတာ ကရက်ဂိုပေါလော့စ် အခုလို ရာသီဥတုဆိုးရွားနေတုန်း အိမ် လာကြည့်ရတာ ဒုက္ခရောက်မှာပေါ့ဗျာ"ဟု သူက ယဉ်ကျေးစွာပြောသည်။
သူ့လက်ဖ၀ါးမှာ၊ ချိုင်းကြားမှာ၊ ပေါင်ကြားမှာ ချွေးစေတွေရွှဲနေသည်ကိုလည်း သတိထားမိနေ သည်။
အတော်ကလေး တော့ သူ အနေရအထိုင်ရ သက်သာသွားသည်။

ဘာပဲဖြစ်ဖြစ် အနေရအထိုင်ရခက်နေခြင်းမှာ ဒေါ်ရော်သီကြောင့် ဖြစ်သည်ကို သူသိသည်။
ဘာကြောင့်ဖြစ်ရသလဲ။
ဒေါ်ရော်သီ သည် သူနှင့်စိမ်းသူမဟုတ်။
အကြိမ်ပေါင်း များစွာ မြင်ဖူးတွေ့ဖူးနေသည်။
ပြောဖူးဆိုဖူးနေသည်။

နန်စီ၏ကလေးနှစ်ယောက်ကို ဒန်းပေါ်တင်လွဲပေးနေသည့် ဒေါ်ရော်သီကိုလည်း သူ မကြာခဏ မြင်ဖူး သည်။
ကလေးများကို ကားပေါ်တင်ခေါ်သွားသည်ကိုလည်း မြင်ဖူးသည်။
သားသမီး မရှိသော မုဆိုးမတို့ထုံးစံအတိုင်း တစ်ယောက်ယောက်ကို တွယ်တာနေတတ်သည်။
ယခု နန်စီ တို့ မိသားစုကို သူ တွယ်တာနေသည်။
ကလေးများအပေါ် သံယောဇဉ်ဖြစ်နေသည်။

"ကျွန်တော် ရေဒီယိုနားထောင်လိုက်တယ်၊ အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်၊ အဲလ်ဒရက်ခ်ျရဲ့ ကလေး တွေ ပြန်တွေ့ပြီလားဟင်"
ကုတ္တနေပါးရစ် က ဒေါ်ရော်သီကို လှမ်းမေးသည်။
"မတွေ့သေးပါဘူး"
ထိုအကြောင်း စကားစလိုက်သဖြင့် ဒေါ်ရော်သီရင်ထဲမှာ တင်းကျပ်သွားသည်။
အခန်းထဲရှိ ရေဒီယိုဖွင့်ထားသည်ကို ကြားရသည်။

ထိုအချိန်လေးမှာပင် "သတင်း"ဆိုသော စကားလုံးကို ကြားလိုက်ရသဖြင့်…
"ခဏနော်"ဟု ပြောပြီး အခန်းထဲသို့ သူအတင်းပြေးဝင်သွားသည်။
ရေဒီယို အသံ ကို မြှင့်လိုက်သည်။

"မုန်တိုင်းထန်နေပါတယ်။ ရေပြင်မြေပြင်လေဟာ တစ်နာရီကို မိုင်ငါးဆယ်က ခြောက်ဆယ်အထိ တိုက်ခတ်နိုင်ပါတယ်၊ မော်တော်ယာဉ်မောင်းနှင်သူများ အန္တရာယ်ရှိနိုင်ပါတယ်၊ အဲလ်ဒရက်ခ်ျ ကလေး တွေ ကို ရေကြောင်းလေကြောင်းနဲ့ ရှာဖွေနေတာအားလုံးကို အချိန်အကန့်အသတ်မရှိရပ်ဆိုင်း ထားလိုက် ပါတယ်၊ ဒါပေမယ့် အထူးရဲပတ္တရောင်ကားများကတော့ ကုန်းပေါ်မှာ ရှာဖွေရေးလုပ်ငန်း များကို ဆက်လက် လုပ်ကိုင် နေမှာဖြစ်ပါတယ်၊ သတင်း ရလျှင်ရချင်း အကြောင်းကြားဖို့ ခရိုင်ရဲအရာ ရှိ ဂျက်ကော်ဖင်က နယ်သူ နယ်သား အားလုံး ကို မေတ္တာရပ်ခံထားပါတယ်"
ထို့နောက် အကြောင်းကြားရမည့်ဖုန်းနံပါတ်ကို ကြေညာနေသည်။

ဒေါ်ရော်သီ က အသက်ကိုပင် ကောင်းစွာမရှူဝံ့ဘဲ နားထောင်နေသည်။
"ပျောက်ဆုံးနေတဲ့ ကလေးများ ပြန်တွေ့နိုင်ဖို့ သဲလွန်စရရေးအတွက် မစ္စက်နန်စီဟာမွန်အဲလ်ဒ ရက်ခ်ျကို ရဲစခန်း ကို ခေါ်ယူစစ်ဆေးမေးမြန်းဖို့အစီအစဉ် ရှိနေကြောင်းကို သိရပါတယ်"
သည် အတိုင်းဆိုလျှင်တော့ နန်စီနှင့် ရေးထံသို့ မိမိသွားမှဖြစ်တော့မည်ဟု တွေးကြည့်နေမိသည်။
ဂျွန်ကရက်ဂိုပေါလော့စ်ဘက် သို့ ဖြုန်းခနဲ သူ လှည့်ကြည့်လိုက်ပြီး ဟောဟောဒိုင်းဒိုင်း ပြောချလိုက် သည်။

"ဒီအခန်းလေး သိပ်လှတာ ရှင်မြင်ပြီပေါ့နော်၊ နှစ်ယောက်တော့ ချောင်ချောင်ကြီးနေလောက်ပါ တယ်၊ မြင်ကွင်း ကတော့ လှသလားမမေးနဲ့၊ ပတ်ပတ်လည်ကို မြင်နေရတာပဲ၊ တစ်မြို့လုံးကိုအပေါ် စီးကနေ မြင်နေရတာ"
"ခင်ဗျားက နက္ခတ်ပညာရှင်ထင်တယ်"
ဂျွန်ကရက်ဂိုပေါလော့စ်က ကုတ္တနေပါးရစ်ကို လှမ်းမေးသည်။
"မဟုတ်ရပါဘူးဗျာ၊ ဘာဖြစ်လို့မေးတာပါလိမ့်"
"ဟောဟိုမှာ ဧရာမမှန်ပြောင်းကြီး ဆင်ထားတာတွေ့လို့ပါ"
အဲလ်ဒရက်ခ်ျ တို့ အိမ်ကို တည့်တည့်ချိန်ထားသည့် မှန်ပြောင်းကြီးကို နေရာမရွှေ့ဖြစ်ကြောင်း များ စွာ အချိန်နောက်ကျပြီးမှ သူ သိလိုက်ရလေတော့သည်။

ဂျွန်ကရက်ဂိုပေါလော့စ်က မှန်ပြောင်းကြီးမှတစ်ဆင့် ချိန်ထားသည့်နေရာကိုကြည့်ဖို့ ဟန်ပြင်လိုက် သည်။ ထို့ကြောင့် မှန်ပြောင်းအနေအထား ကို သူက ကမန်းကတမ်း ရွှေ့ပစ်လိုက်သည်။
"သြော်… ဒါလား၊ ကျွန်တော်က ကြယ်တွေကြည့်ရတာ သဘောကျလို့ပါ"
စကားကို မြန်မြန်ပြင်ပြောလိုက်ရသည်။
ဂျွန်ကရက်ဂိုပေါလော့စ်က မိုးပေါ်ထောင်နေသည့် မှန်ပြောင်းမှတစ်ဆင့် ချောင်းကြည့်သည်။

"အင်မတန်ကောင်းတဲ့ မှန်ပြောင်းပဲ"
ကရက်ဂိုပေါလော့စ်က စောစောက အနေအထားသို့ရောက်အောင် တဖြည်းဖြည်းပြန်ရွှေ့ကြည့်ရင်း ပြောသည်။ ထိုသို့လုပ်နေရင်း ကုတ္တနေပါးရစ် မကျေမနပ်ဖြစ်နေကြောင်း အလိုလို ရိပ်စားမိလိုက် သည်။ ထို့ကြောင့် သူ့ကိုယ်သူ ဆန့်လိုက်သည်။
"ဒီအခန်း ကို သေသေချာချာပြင်ထားတာပဲ၊ ကောင်းပါတယ်"
ဒေါ်ရော်သီ ကို သူ လှမ်းပြောသည်။

"ဒီမှာ ကျွန်တော်နေတာပဲ၊ အင်မတန်ကို သက်တောင့်သက်သာရှိပါတယ်ဗျာ"
ကုတ္တနေပါးရစ် ကလည်း ၀င်ထောက်ခံသည်။ သို့သော်လည်း စိတ်ထဲကတော့ သူ့ကိုယ်သူကျိတ်ပြီး ဒေါသ ဖြစ်နေမိသည်။ သူ့စိတ်ကို သူ မထိန်းနိုင်သောကြောင့်ဖြစ်သည်။
ကလေးများ ရှိနေသည့်အရိပ်အယောင် ပေါ်နေသလား၊ သဲလွန်စတစ်ခုခုများ အခန်းထဲမှာ ရှိနေသ လား ဆိုသည် ကိုလည်း မသိမသာ အကဲခတ်ကြည့်မိသည်။
ဘာမှမရှိပါ။

ဒေါ်ရော်သီက ပြောသည်။
"အနှောင့်အယှက်မဖြစ်ဘူးဆိုရင် အိပ်ခန်းနဲ့ ရေချိုးခန်းကို ကျွန်မ လိုက်ပြပါရစေနော်"
"ပြပါဗျာ ပြပါ"
အိပ်ရာခင်းများ စန့်စန့်ရန့်ရန့်ဖြစ်အောင် သူ ပြင်ဆင်ထားပြီးဖြစ်သည်။ ဘေဘီပေါင်ဒါဘူးကိုလည်း အံဆွဲ ထဲမှာ ကြိုတင်ဝှက်ထားခဲ့ပြီးဖြစ်သည်။
"ရေချိုးခန်းကတော့ အရမ်းကျယ်တယ်၊ ဒီခေတ်ဆောက်တဲ့ အိမ်တွေက ရေချိုးခန်းတွေနဲ့ ဘာမှ မဆိုင်ဘူး"
ဒေါ်ရော်သီ က ကရက်ဂိုပေါလော့စ်ကို ပြောသည်။ ပြီးတော့ ပတ်ဝန်းကျင်ကို လှမ်းကြည့်ပြီး သူ တုံ့ ဆိုင်းဆိုင်း ဖြစ်သွားသည်။

"အို… အားနာစရာတွေတော့ ဖြစ်ကုန်ပါပြီရှင်၊ ရှင့်ကို နှောင့်ယှက်သလိုဖြစ်သွားပြီ၊ ရှင် ရေချိုးမလို့ လုပ်နေ တုန်း ကျွန်မတို့ရောက်လာကြတာကိုး"
ရေချိုးကြွေဇလုံထဲမှာ ရေအပြည့်ရှိနေသည်ကိုတွေ့သောကြောင့် ဒေါ်ရော်သီကပြောခြင်းဖြစ်သည်။
"ကျွန်တော်က စည်းကြီးကမ်းကြီးနဲ့ နေတဲ့လူမဟုတ်ပါဘူးဗျာ၊ ရပါတယ်"
သူ့အဖို့ ဘာမှ အရေးမကြီး သည့် အမူအရာမျိုးဖြစ်အောင် သူ ကြိုးစားလုပ်ပြလိုက်သည်။

ကရက်ဂိုပေါလော့စ်က အိပ်ခန်းထဲသို့ ခပ်မြန်မြန်ပြန်ဆုတ်သွားသည်။ သူတို့ရောက်လာသည်ကို ပါးရစ် မကျေမနပ် ဖြစ်နေကြောင်း သူ သဘောပေါက်သွားသည်။ ရေအပြည့်ထည့်ထားခြင်းဖြင့် မကျေနပ်ကြောင်း ဖော်ပြခြင်း ဖြစ်သည်။
ကန်ထဲမှာ ရာဘာဘဲရုပ်ကလေးတစ်ခု ပေါလောမျောနေသည်။
ကရက်ဂိုပေါလော့စ် မျက်မှောင်ကုပ်သွားသည်။
ကလေး ကစားစရာ…
ဘာကြောင့် ကလေးကစားစရာရှိနေသလဲ။ သူ နားမလည်နိုင်အောင် ဖြစ်သွားသည်။

ဗီရိုတံခါး ကို သူ ကိုင်ကြည့်သည်။ အိမ်ကြီးကတော့ ကောင်းသည်မှာအမှန်ဖြစ်သည်။ သည်အိမ်မျိုး ကို ၀ယ်ပြီး စီးပွားရေးလုပ်ငန်းလုပ်သည့်အတွက် အရှုံးမပေါ်နိုင်၊ အိမ်ကိုပြန်ရောင်းလျှင်လည်း မည် သည့်နည်း နှင့်မှ အရင်းမဆုံးနိုင်ဖို့ သေချာသည်။
သူတို့က ဒေါ်လာသုံးသိန်းခွဲ ဈေးခေါ်နေသည်။ သူက နှစ်သိန်းကိုးသောင်းငါးထောင် ဆစ်သည်။ သုံးသိန်း အထိ တိုးပေးသည်။ ထိုဈေးနှင့်ရမည်ဟု သူ အပိုင်တွက်ထားသည်။
စိတ်ကူးဖြင့် သူ ဆုံးဖြတ်ချက်ချနေမိသည်။

"ဗီရို ကို ကျွန်တော် ဖွင့်ကြည့်လို့ရမလား"
အမှန်တော့ တာဝန်ကျေမေးလိုက်ခြင်းသာဖြစ်သည်။ လက်ကမူ ဗီရိုလက်ကိုင်ကို လှည့်နေနှင့်နေ ချေပြီ။
"ဆောရီး ပဲဗျာ၊ အဲဒီသော့ကို ကျွန်တော် လဲထားတယ်၊ ပြီးတော့ ဘယ်နေရာထားလိုက်မိမှန်း မသိ ဘူး၊ တခြားဗီရို တွေကို ကြည့်ပါလား၊ အားလုံးတစ်ပုံတည်းချည်းပါပဲ"
ပါးရစ် က ကမန်းကတန်း ပြောသည်။
ဒေါ်ရော်သီ က လဲထားသည်ဆိုသော သော့ကို လှမ်းကြည့်သည်။

အပေါစားသော့နှင့် လဲတပ်ထားခြင်းဖြစ်သည်။
အပေါစား လက်ကိုင် ကိုလည်း တပ်ထားသည်။
"လက်ကိုင်အဟောင်း ရှိပါသေးတယ်နော်၊ ဒီအိမ်ကြီးရဲ့တံခါးလက်ကိုင်တွေ အားလုံးကို ကြေးနဲ့ စပယ်ရှယ် ပုံလောင်း ထားတာလေ"ဟုလည်း ပါးရစ်ကို လှမ်းပြောသည်။
"ရှိပါတယ်၊ ကျွန်တော် သိမ်းထားပါတယ်"
ဘုရား… ဘုရား၊ ပွဲစားမကြီးက လက်ကိုင်ကိုများ တအားလှည့်ပစ်လိုက်လေမည်လား၊ အပေါစား သော့ ဖြစ်သောကြောင့် လက်ကိုင်က သိပ်ခိုင်လှသည်မဟုတ်။ ခပ်သာသာလှည့်ရုံဖြင့် ပွင့်သွားနိုင် သည်။
ကလေးနှစ်ယောက် က ထိုအထဲမှာ ရှိနေသည်။

အကယ်၍များ ပွင့်သွားလျှင်…
ဒေါ်ရော်သီ က လက်ကိုင်ပေါ်မှ လက်ကို ပြန်ရုပ်လိုက်သည်။
ပါးရစ်သည် သူတို့နှစ်ယောက်ကို မောင်းထုတ်လိုက်မိတော့မလို ဖြစ်နေသည်။
ကလေး တွေက သစ်သားပြားလေး တစ်ချပ်ခြားမှာရှိနေသည်။
သူတို့၏ ခြေနှင့်လက်ကို တုပ်ထားသည့်ကြိုးများ ခိုင်ပါရဲ့လား။

ပါးစပ်မှာ ဆို့ထားသည့်အ၀တ်တွေ ကျွတ်ထွက်ကုန်ပြီလား။
သူ ရင်တမမဖြစ်နေသည်။
ပွဲစားမကြီးနှင့် အိမ်ဝယ်မည့်သူ သည်အိမ်ထဲမှာ ရှိနေသမျှ သူ၏လုံခြုံမှုသည် စိတ်မချရဆုံးဖြစ်နေ သည်။
ကလေး နှစ်ယောက်သည် ဒေါ်ရော်သီ၏အသံကို ကြားပေလိမ့်မည်။ ဒေါ်ရော်သီမှန်း သိလိမ့်မည်။
ထို့ကြောင့် တစ်နည်းနည်းဖြင့် အသံပြုကြမည်လော။

ထို့ကြောင့် သူတို့နှစ်ယောက်အိမ်ထဲမှ အမြန်ထွက်သွားရေးက အရေးကြီးနေသည်။
ဒေါ်ရော်သီကလည်း အမြန်ထွက်သွားချင်နေသည်။
ပါးရစ် ၏ အိပ်ခန်းထဲတွင် သူ မှတ်မိသောအနံ့တစ်မျိုးရနေသည်။
ထိုကြောင့် မစ်စီ ကို အရမ်းသတိရလာသည်။
မစ်စီ ကို သတိရစေသော နေရာမှာ သူကြာကြာမနေချင်။

ကရက်ဂိုပေါလော့စ် ကို သူ လှည့်ပြောသည်။
"ကျွန်မတို့သွားကြရင်ကောင်းမလား၊ ရှင် အဆင်သင့်ဖြစ်ရင်ပေါ့လေ"
ကရက်ဂိုပေါလော့စ်က ခေါင်းညိတ်သည်။
"သွားလို့ရပါပြီ၊ ကျေးဇူးတင်ပါတယ်ဗျာ"
ဒေါ်ရော်သီ ကို အဖြေပေးရင်း ပါးရစ်ကို ကျေးဇူးတင်စကားလှည့်ပြောသည်။

သည်တစ်ခါတော့ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးခြင်းမရှိချေ။
အခန်းပြင် သို့ ထွက်သွားသည်။
ဒေါ်ရော်သီ က သူ့နောက်မှလိုက်သွားသည်။
"ကျေးဇူးတင်ပါတယ် မစ္စတာပါးရစ်၊ ရှင့်ကို အကျိုးအကြောင်း ကျွန်မ ပြန်ပြောပါ့မယ်"
တိတ်ဆိတ်စွာဖြင့် အောက်ထပ်သို့ သူတို့ဆင်းလာကြသည်။
မီးဖိုချောင် မှ တစ်ဆင့် နောက်ဖေးတံခါးကိုဖွင့်လိုက်သည်။

မိုးလေ၀သဌာနက ဘာကြောင့် မုန်တိုင်းအကြောင်း သတိပေးကြောင်း သဘောပေါက်သွားသည်။
အပြင် မှာ လေအတော်ပြင်းနေပြီ။
မိုးသီးတွေကြွေ၊ မိုးတွေရွာ၊ မိုးနှင်းတွေကျနေသည်။
သည်အတိုင်းဆိုလျှင်တော့ တစ်နေရာရာရောက်နေသည့် ကလေးနှစ်ယောက် အအေးမိပြီး သေ တော့မှာ ပဲဟု တွေးမိသည်။
"မိုးရေထဲကဖြတ်ပြီး ကားဂိုဒေါင်ဆီ ပြေးကြရအောင်နော်"
ဒေါ်ရော်သီ က ပြောသည်။

တစ်စုံတစ်ခုထဲမှာ အာရုံနစ်နေသည့် ကရက်ဂိုပေါလော့စ်က ခေါင်းညိတ်ပြသည်။
ပြီးတော့ ဒေါ်ရော်သီ၏လက်မောင်းကိုဆွဲပြီး ကားဂိုဒေါင်ဆီသို့ ပြေးသွားသည်။
ဂိုဒေါင်ထဲရောက်တော့ ဒေါ်ရော်သီက စတေရှင်ဝက်ဂွန်းကားနှင့် သူ့ကားကြားမှလျှောက်သွား သည်။
ကားတံခါး ဖွင့်ပြီး ၀င်အထိုင်လိုက်တွင် မြေပြင်ပေါ်တွင် ကျနေသည့် အနီရောင်ပစ္စည်းလေးတစ်ခုဆီ သို့ မျက်လုံး ရောက်သွားသည်။
ကားထဲ မှ ပြန်ဆင်းသည်။

ပစ္စည်းကလေးကို ကုန်းကောက်သည်။
ကားပေါ်မှာ ပြန်ထိုင်သည်။
ပစ္စည်းကလေးကို ပါး နှင့် အပ်ထားသည်။
တိုးတိုးကလေး ရှိုက်လိုက်မိသည်။
"ဒေါ်ရော်သီ၊ ဘာဖြစ်တာလဲဟင်"
ဂျွန်ကရက်ဂိုပေါလော့စ် အထိတ်တလန့်ဖြစ်သွားသည်။

"လက်အိတ်ကလေး၊ မစ်စီရဲ့လက်အိတ်ကလေး၊ မနေ့တုန်းက သူ့ကို ကျွန်မ ရေခဲမုန့်လိုက်ကျွေး တုန်းက ဒီလက်အိတ် ကလေးကို မစ်စီ စွပ်ထားတယ်၊ ကျွန်မကားထဲမှာ သူ ကျွတ်ကျန်ခဲ့တယ်နဲ့ တူတယ်။ စောစော က ကားပေါ်က ကျွန်မ ဆင်းတော့ခြေထောက်နဲ့တိုက်လိုက်မိလို့ အောက်ကိုကျ သွားတာဖြစ်မှာပေါ့၊ မစ်စီက ခဏခဏ လက်အိတ်ပျောက်တတ်တယ်၊ ဒီနေ့မနက်ကလဲ လက်အိတ် တစ်ဘက်ကို ဒန်းပေါ်မှာ တွေ့ သေးတယ်လေ"
ဒေါ်ရော်သီ သည် ပြောရင်း စတင်ငိုကြွေးတော့သည်။

ငိုသံမထွက်အောင် သူ ကြိုးစားပါသည်။
မစ်စီ၏လက်အိတ်အနီလေးကို သူ့ပါးစပ်မှာပိတ်ထားပါသည်။
ကရက်ဂိုပေါလော့စ်က တည်ငြိမ်သည့်လေသံဖြင့် ပြောသည်။
"ဘုရားသခင်ရဲ့အလိုတော့အရ ဖြစ်ကြရတာပါ ခင်ဗျာ၊ ဘာပဲဖြစ်ဖြစ် ကလေးတွေကို ဘုရားသခင် က စောင့်ရှောက် တော် မူပါလိမ့်မယ်၊ ကဲ… ကျွန်တော် ကားမောင်းပေးရမလားဟင်"
"ကျေးဇူး တင်ပါတယ်ရှင်"

နေရာပြောင်းထိုင်ရင်း ဒေါ်ရော်သီက သိုးမွှေးလက်အိတ်အနီကလေးကို အိတ်ထဲမှာ ထည့်ထား လိုက်သည်။
နန်စီ နှင့် ရေး ကို ထိုလက်အိတ်ကလေးပြချင်သည်။
ဘယ်လောက် ထိခိုက်စရာကောင်းလိုက်လေမည်လဲ။
မစ်စီ… မစ်စီ…
မနေ့တုန်းက မစ်စီကို သူ ရေခဲမုန့်လိုက်ကျွေးသည်။

ထိုစဉ်က ခဏချွတ်ထားပြီး သူ့ကားထဲမှာ ကျကျန်ခဲ့တာဖြစ်ရမည်။
မနေ့ကတည်း က ကျသည်ကိုမတွေ့ရကောင်းလားဟု သူ့ကိုယ်သူ အပြစ်တင်မိသည်။
သြော်… သနာစရာကောင်းလိုက်တဲ့ ကလေးလေးရယ်…
စိတ်လှုပ်ရှား နေသော ဒေါ်ရော်သီမောင်းသည့်ကားကို မစီးရဘဲ ကိုယ်တိုင်မောင်းရသည့်အတွက် ကရက်ဂိုပေါလော့စ် မှာ ရင်ထဲက အလုံးကျသွားသည်။
ပါးရစ် နှင့် တစ်ခန်းထဲမှာ ခဏလောက် အတူနေလိုက်ရသည်ကိုပင် သူနေမထိထိုင်မသာဖြစ်ခဲ့သည်။

ထိုသူ၏ ကိုယ်က ချဉ်စူးစူးအနံ့ နံ့နေသည်။
အခန်းထဲမှာ ဘေဘီပေါင်ဒါနံ့လည်း ရသည်။
နောက်ပြီးတော့ ရေချိုးကြွေဇလုံထဲမှာ ကလေးကစားစရာတစ်ခုရှိနေသည်။
ပါးရစ် လို လူကြီးတစ်ယောက်က ဘာကြောင့် ကလေးကစားစရာရှိနေရသလဲ။
အိမ်အပေါ်ထပ် တွင် ကုတ္တပါးရစ် ရှိနေသည်။

ဒေါ်ရော်သီ တို့ကားမောင်းထွက်သွားသည်ကို ပြတင်းပေါက်မှာရပ်ပြီး ကြည့်နေသည်။
လမ်းကွေ့ မှာ ကားကွယ်သွားတော့မှ သူ ပြန်လှည့်ခဲ့သည်။
အိတ်ထဲက သော့ကိုထုတ်သည်။
ဗီရိုကိုဖွင့်သည်။
မိုက်ကယ် က သတိရနေသည်။
နဖူးပေါ်သို့ ဆံပင်များ ဖရိုဖရဲကျနေသည်။

သူ၏အပြာရောင် မျက်လုံးဝိုင်းကြီး များမှာ အလွန်တစ်ရာကြောက်ရွံ့နေကြောင်း အသံတိတ် ဖော်ပြ နေကြ သည်။
သူ့လက်နှစ်ဘက်၊ ခြေနှစ်ဘက်မှာ တုပ်ထားသည့်ကြိုးများသည် နေရာမပျက် ခိုင်ခိုင်မြဲမြဲရှိနေကြ သည်။
ပါးစပ် ကို ဆို့ထားသည့်အရာလည်း နေသားတကျရှိနေသည်။

မိုက်ကယ် ကို ဘေးသို့ ခပ်ကြမ်းကြမ်း သူ တွန်းပစ်လိုက်သည်။
ပြီးတော့ မစ်စီ ကို လှမ်းဆွဲယူသည်။
ပျော့ခွေနေသည့် ကလေးများကို သူပွေ့လာပြီး အိပ်ရာပေါ်မှာ အလိုက်သင့်တင်သည်။
မှိတ်နေသည့် မစ်စီ ၏ မျက်လုံးကလေးများကို စိုက်ကြည့်ရင်း ဒေါသစိတ်နှင့် မကျေနပ်စိတ်များကို သူ ရောထွေး ခံစား လိုက်ရလေသည်။

အခန်း (၁၆) ဆက်ရန်
.

1 comment:

mstint said...

မနက်စောစောလေး အပိုင်း ၁၃နဲ့၁၄ ပေါင်းဖတ်သွားပြီ ညီမရေ။ ကျေးဇူးတင်ပါတယ်နော်။

မေတ္တာဖြင့်
အန်တီတင့်