Thursday, April 14, 2011

အရှက် (စိန်စိန် ရေးသည်) အပိုင်း (၆) (ဇာတ်သိမ်း)

"အမကြီး ... အမကြီး ... ခဏကလေး နေစမ်းပါအုံးဗျ ..."
နောက်တနေ့ အညို လမ်းလျှောက်ရာမှ အပြန်တွင်လည်း တံတားလေး တဖက်ထိပ်မှာ ရောက်နှင့် နေသော သူငယ်ကလေးက လှမ်းတား နေပြန်လေသည်။
သည်သူငယ်သည် မနေ့က ဘယ်အချိန်မှ ပြန်သည်ဟူ၍တော့ မသိ၊ သူ၏ ပန်းချီကားမှာ ဆေးရောင် နှစ်ရောင် တင်ထားကာ နောက်ထပ်တရောင် လိုက်မှုန်း နေသည်ကိုပင် တွေ့နေသည်။ အရုဏ်ဦး၏ ပွင့်လင်းစ၊ နေရောင်ခြည်အောက်တွင် သစ်ရွက်ကြွေ တောတန်းကလေးနှင့် ချောင်းကွေ့ကလေးတို့၏ အလှကို ပေါ်လွင် ပြတ်သား၍ နေပေသည်။

အညိုက ပန်းချီကားကို ခဏမျှ ငေးကြည့်ကာ ... "ဒီသူငယ်၏ လက်ရာမြောက်ပေသားဘဲ" ဟု စိတ်ထဲမှာ မှတ်ချက် ချမိသည်။
ပြီးတော့မှ သူငယ်ကို ပြန်ပြောလိုက်ရ၏။ "ဒီတစ်ခါတော့ အမကြီးမှာ စားစရာ ပါမလာတော့ဘူးကွ"
"စားစရာ မလိုပါဘူးဗျာ၊ ဒီနေ့ ကျွန်တော့်မှာ ပါလာခဲ့ပါတယ်၊ အခုလိုနေတာက သောက်စရာဗျ။ အဲ အမကြီးဆီ မှာ တောင်းချင်လို့"
"ဘာတုန်းကွ မင်းပြောတဲ့ သောက်စရာက"

"သြော် ... အမကြီးကလဲ ဒီမှာ မတော်တဆ ရေဗူး ရေထဲကျသွားလို့ပါ။ သောက်ရေလေးနဲနဲ လောက်မျှ မပေး နိုင်ဘူးလား။
"ပေးနိုင်တာပေါ့ကွာ ... ရေတော့၊ မင်းက ရေ လိုတာ ပြောလိုက်ရင် ပြီးရောဟာ၊ သောက်စရာ ဆိုတော့  ဘာလိုလိုကြီးကိုး ..."
"ဘာလဲဗျ၊ အမကြီးက ကျွန်တော့်ကို အရက်သမား မှတ်လို့လား၊ ကျွန်တော် အရက်သမား မဟုတ်သေး ပါဘူးဗျာ၊ အပေါင်းအသင်း ကောင်းရင်သာ ဘီယာလေး စုတ်တတ်တာ"
သူငယ်ကလေးက ပြောပြောဆိုဆိုနှင့် ပလပ်စတစ် ရေဘူး ၀ိုင်းဝိုင်းပြားပြားကလေးကို ကိုင်ဆွဲကာ ၀ါးတံတား ကလေး လျင်လျင်မြန်မြန် ကူးလျှောက်လာသည်။ အညိုက သူ့လက်ထဲ ရေဗူးကလေးကို ဆီးယူပြီး "အဲဒီမှာ ခဏစောင့်နေအုံး ..." ပြောထားခဲ့သည်။

အညိုသူ့ ဇရပ်သို့ပြန်ကာ ရေဗူးမှာ ရေထည့်ယူလာပြီး သူငယ်ကလေးဆီ ရေဗူးကို ပေးလိုက်ပြီး သူငယ်လေး က ချက်ခြင်းပင် လှမ်းယူဖွင့်ပြီး ရေသောက်လိုက်သည်။
"ရေလေး က အေးကအေးသနဲ့သောက်လို့ ကောင်းလိုက်တာ။ အင်းဒါနဲ့ အမကြီးက ပန်းချီဝါသနာ မပါဘူး လားဟင်၊ ဒီတော့ ကားတွေကို အမကြီး ဘယ်လိုမြင်သလဲလို့ ပြောစမ်းပါအုံး"
"ဒါတော့ ဘယ်ပြောတတ်မလဲကွ ...၊ မင်းကားတွေကို အမကြီး မမြင်ဘူးတာကိုး"

"တကယ့်ကို မမြင်ဘူးဘူး ဟုတ်လား၊ လာစမ်းပါဗျာ ... ဟိုဘက်ကမ်းကို ခဏလေးလိုက်ခဲ့ပါ၊ ကျွန်တော် ပြပါမယ်"
"မင်းဆီလိုက်ရမှာကလဲ တတန် တကကြီးကွာ၊ ဟိုးက သစ်သားတံတားထိအောင် လျှောက်သွားရဦးမှာ ..."
"သြော် ... အမကြီးကလဲ၊ ဒီကဘဲ လာစမ်းပါဗျာ၊ မသေတတ်ပါဘူးဗျာ့၊ ကျွန်တော် ဆွဲခေါ်မယ်"
သူငယ်ကလေးက ပြောပြောဆိုဆိုနှင့် လက်လှမ်းပေးလိုက်သည်။ အညိုကလည်း သူ့လက်ကလေး ကို အသာ တကြည်ပင်  လှမ်းဆွဲလိုက် ၀ါးတံတားလေးကို ဖြည်းဖြည်းခြင်း ဖြတ်ကူးသွားကြသည်။
"ဟောဒီကား ကို ဘယ်လို သဘောရသလဲဗျာ့ အမကြီး"

တဖက်ကမ်းကသို့ ရောက်သွားကြလျှင် သူငယ်ကလေးသည် စက္ကူအိတ်ထူ အပြားကြီးထဲမှာ ပန်းချီကား တကား ကို ထုတ်၍ ပြလိုက်၏။
ဖူးစကက်ဆိုက်သာသာမျှ ရှိသော စက္ကူချပ်ပေါ်၌ ရေဆေးဖြင့် လေးရောင်မျှ ခြယ်ထားသော ထိုပန်းချီကား ပေါ်တွင် မိန်းမငယ်တဦး၏ ပုံသွင်သည် ရှုမြင်၍ မကောင်းလောက်အောင် အ၀တ်များ စုတ်ပြတ်ကာ ထိတ်လန့် ရှက်ကြောက် နေပုံမှာ အသက်ဝင်၍ နေပေသည်။

သူ့နံဘေးမှ လူကြီးတယောက်မှာလည်း သမင်ငယ်ကို ခုန်အုပ်တော့မည် ကျားသတ္တ၀ါကြီးနှယ် ကြမ်းကြုတ် စွာ မာန်ဖီ၍ နေလေသည်။
"အို ... မင့်ပန်းချီကလဲ ကြောက်စရာကြီး ပါလားကွာ"

"ဒါက လူ့လောကရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ အစိတ်အပိုင်းကို သရုပ်ဖော်ရတာကိုး အမကြီးရဲ့၊ ၀တ္ထုရေး ဆရာ ရေးထားတဲ့အတိုင်း ကို ပုံဖော်ပေးရတာဘဲ"
"ဒါဆိုရင် စာစောင် မဂ္ဂဇင်းတခုခုအတွက် ဖြစ်ရမှာပေါ့။ မင့်နာမည် ဘယ်သူလဲဟင် ..."
"တင်ဝင်းခိုင်"
"ဟာ ... တင်ဝင်းခိုင် ပန်းချီတေတော့ မဂ္ဂဇင်းမှာ တွေ့တွေနေတာ သတိထားမိသားကွ။ ခုလို တွေ့ရ သိရ တာ ၀မ်းသာစရာကြီးပါဘဲ"
အညို က လှိုက်လှိုက်လှဲလှဲ ပြန်ပြောလိုက်မိသည်။

"မုန့်စားပါအုံးလားဟင် အမကြီး"
တင်ဝင်းခိုက်က သူ့လွယ်အိတ်ထဲမှ ဘီစကွတ် မုန့်တထုပ်ကို နှိုက်ယူပေးကာ ရယ်လိုက်သည်။ အညို ကလည်း သည်သူငယ် ၏ ပြုမူပုံကို သဘောတကျပင် ရယ်ပစ်လိုက်သည်။

"ဟေ... ဒီပန်းချီလှတယ်ကွာ ... သိပ်ကိုလှတယ်။ မင့်မှာ မုန့်ကော များများပါရဲ့လား "
အညို နဲ့ ပန်းချိဆရာငယ်ကလေး တင်ဝင်းခိုင်တို့ သိကျွမ်းကြသည့် တတိယ မြောက်နေ့ဖြစ်ပေသည်။
သည်နေ့ အညိုလမ်းလျှောက်ထွက်လာသောအခါ၊ တင်ဝင်းခိုင်သည် စောစောစီးစီး ရောက်နှင့်နေ၏။ အပြီး သတ် ခြယ်မှုံးပြီးစဖြစ်သော ပန်းချီကားကို ၀ဲယာ ရှေ့နောက်မှ လှည့်ပတ်ကြည့်ရှု၍ပင် နေပေသည်။

အညို က လှမ်း၍ နှုတ်ဆက်လိုက်သောအခါ၊ တင်ဝင်းခိုင် သည် မြူးကြွကြွဖြစ်သွားကာ ၀ါးတံခါးငယ်မှ ပြေး လျှောက်လာ၏။
" လာ လာ အမကြီး၊ အနီးကပ် လာကြည့်လှည့်ပါအုံး "
ပြောပြောဆိုဆို နှင့် အညို့လက်ကို ဇိုးဇိုးဇတ်ဇတ်ကိုင်ဆွဲကာ ခေါ်ဆောင်သွားလေသည်။ အညိုကလည်း မငြင်းမဆန် ပင် လိုက်ပါသွားခဲ့သည်။

" ရွက်ကြွေ တောတန်းကလေးနဲ့ ချောင်းကွေ့ ကလေးက အခုတကယ်ရှိနေတဲ့ ရှုခင်းထက်ပိုပြီး ကြွကြွရွရွနဲ့ လှ နေတာကိုးကွ၊ ကြွေလုလု ရွက်ဝါကလေးတွေ ကြွင်းကျန်နေပုံအဖြစ်နဲ့ ထွက်သစ်စ ပုရစ်ဖူး စိမ်းဖတ်ဖတ် ကလေး တွေ ရောနေပုံကလဲ အပျက်ကို နှိုင်းယှဉ် တင်ပြ ထားသလိုထင်ရတယ်၊ နေခြည်နုနုကလေး လာပုံ ကလဲ အလင်းအမှောင် သိပ်ပြေပြစ်တာဘဲ "
" ဒါပေါ့ အမကြီးရဲ့၊ အနုပညာဆိုတာ အရှိအတိုင်းကို ပုံတူကူးချဘို့မှမဟုတ်ဘဲ၊ စိတ်ထဲမှာ နှလုံးသားထဲမှာ ပေါ်လာတဲ့ အာရုံခံစားမှုကို ဟောဒီလက် ဟောဒီ စုတ်တံတွေက တဆင့် အမိဖမ်းပြီး ပန်းချီကားပေါ်ကို အရောက် ပို့ပေးရတာဘဲ "

အမကြီးကတော့ ... ဒါတွေကို အသေးစိပ် နားမလည်ပါဘူးကွယ်။ ကောင်းတာ ဆိုးတာလောက်တော့ နဲနဲ ပါးပါး ခွဲခြားတတ်တယ်လို့ ထင်တာဘဲ၊ ဒါတောင် ကိုယ့်ကိုကို အထင်ကြီးတာ ဖြစ်ချင်ဖြစ်နေမှာ "
" ဟာဗျာ ... အမကြီးကလဲ ဒီထိအောင် ဘဲလား ... "
ပန်းချီ ဆရာငယ် သည် အညို့အား တခဏတာမျှ စိမ်းစိမ်း စားစားကြည့်နေသည်။ ခဏနေတော့ ဘယ်လို စိတ်ရူး ပေါက်လာသည်မသိ၊ ဘာမပြော ညာမပြောနှင့် အညို၏ တကိုယ်လုံးကို သိမ်း၍ ဖက်လိုက်သည်။

စက္ကန့်ပိုင်းသာသာ မျှသော ထိုအချိန်ကို မိုးမရွာ လေမလာဘဲနှင့် သူ၏ ကိုယ်ပေါ်သို့ ရုတ်တရက် မိုးကြိုးကြီး တည့်တည့် ပစ်ချလိုက်သည့်နှယ် အညိုသည် မျက်စိကို စုံမှိတ်ပြီး တအားကြီး လန့်ဖျပ်အော်ပစ်လိုက်လေ၏။
ပန်းချီ ဆရာငယ် ကိုယ်တိုင်လည်း အညို၏ အော်သံကို လန့်ဖျပ်၍ပင် သူ၏လက်ကို ဖြေလွှတ် လိုက်လေ သလား မသိပေ။

" ဘာဖြစ်တာလဲ ဟင် ... "
" ဘာဖြစ်သွားသလဲ အညို ... "
" အော်သံကဖြင့် ဒို့များတောင် လန့်တုန်သွားတာဘဲ"
ကျောင်းအတွင်း မှ သီလရှင်ကြီးငယ်တို့ ၀ိုင်းဝိုင်းလည်ပြေးတက်လာချိန်တွင်ကား အညိုသည် ပြူးကြောင် သော မျက်စိဖြင့် တုန်တုန် ဟိုက်ဟိုက် ငေးကြည့်နေရုံမှတပါး စကားတစ်ခွန်းမျှ ပြောထွက်နိုင်ခြင်း မရှိ တော့ပေ...။

" ကျောင်းထဲကို ခေါ်သွားပြီးတော့သာ ပြုစုပေးလိုက်ကြပါ။ သူ အော်လိုက်တာ ကျွန်တော်ပါ လန့်တုန် သွားတာ"
ပန်းချီဆရာငယ်က သည်လိုပြောကာ သူ၏ ရေဗူးကို ဖွင့်မော့သောက်နေသည်။
" သူဘာကို လန့်နေတာလဲလို့ ရှင်မသိဘူးလား "
သီလရှင်လေးတပါး က မေးလိုက်၏။
" ဒါလောက် လန့်အော်စရာ အကြောင်းမရှိပါဘူး "
ပန်းချီဆရာငယ်က ခေါင်းကို ရမ်းခါပြလေသည်။

" ဟဲ့ ဟဲ့ ဖြစ်တာကို နောက်မှ မေးယူကြပါ၊ အခု လောလောဆယ်မှာ သူ့ဇရပ်ကိုဘဲ ခေါ်သွားကြပါအုံးလေ "
သီလရှင်ကြီး နှစ်ပါးက ၀င်ရောက်ဆုံးဖြတ်ပေးတော့မှ သူတို့သည် အညိုကို ၀ိုင်းကူတွဲမ ကာ ခေါ်သွား လေ၏။
ထိုနံနက်က ဆရာဘုရား ကိုယ်တိုင် ကြွလာကာ အညိုအား သွေးဆေး နှင့် သကြားကိုတိုက်ပေးသည်။ ကြံရည် ကို ရေခဲဓာတ်ဗူး နှင့် ၀ယ်ထည့်ပေးကာ တစိမ့်စိမ့်သောက်စေသည်။ ထိုမှ အညိုသည် အစား အသောက် စားသောက်နိုင်ခြင်းလည်း စကားပြောနိုင်ခြင်းလည်း မရှိပေ။ မျက်လုံး အကြောင်သား အိပ်ရာထက် မှာသာ လျောင်းခွေ၍ နေလေ၏။
" အညို ... အညို ... " ဟု တစုံတယောက်ကခေါ်လျှင် မော်၍ မျက်လုံးလှန်ကြည့်သည်။

" သြော် ... ဒီလိုတော့ သတိ ရှိနေပေတာဘဲ ... "ဟု " ---- အညို" နှင့် သူတပေါက် ငါတပေါက် ၀ိုင်းခေါ် ကြပြန် လေသည်။ သည်အခါတွင်ကား အညိုသည် အလိုမကျဟန် မျက်လုံးကို စုံမှိတ်ထားပြန်လေ၏။
" သူ့ အသားအရေ ကြည့်ရတာတော့ ကြည်ကြည်လင်လင် စိုစိုပြေပြေ ရှိနေသားဘဲ၊ နှုတ်ခမ်းတွေသာ ဖြူယော်ပြီး တဆတ်ဆတ် တုန်နေတယ်။ စိုးရိမ်လောက်အောင်တော့ မဖြစ်ဘူး ဆရာ ဘုရားထင်တာဘဲ"
နေ့လည်ပိုင်း တွင် ဆရာဘုရားသည် သူကိုယ်တိုင် ပရိတ်စားများ ရွတ်ဖတ်ကာ ဂုဏ်တော်ပုတီးနှင့် ပရိတ်ကြိုး ကို အညို့လည်မှာ စွပ်ပေးထားသည်။

ညဦးပိုင်း အထိ အခြေအနေ ပြန်ကောင်းမလာလျှင် ဆရာဝန် ပင့်ရန်နှင့် မြို့ထဲမှ အညို့ မိတ်ဆွေ ရင်းချာများကို ခေါ်ပေးရန်ကိုလည်း အစီအစဉ်ပြုပေးသည်။
ဝိုင်းအုံနေကြသော သီလရှင်များကိုလည်း ကိုယ့်စာ--- တက်၍ ကိုယ့်အလုပ်ကိုယ်လုပ်ကြရန် အမိန့်ပေး လိုက်ကာ ---- ကြပ်ကြီး ဒေါ်ဓမ္မ၀တီတပါတည်း ကိုသာ ခပ်ဝေးဝေးမှ စောင့်ကြည့်နေရန် မှာထားခဲ့ပြီး ပြန်ကြွ သွားသည်။

အညိုသည် တယောက်တည်း နေရတော့မှပင် စိတ်အကျဉ်းကျနေခြင်းမှ သက်သာရာရသွားလေ၏။
သို့ရာတွင် မိမိစိတ်ကို အကန့်အသတ်မရှိ ကျယ်ကျယ် ၀င့်ဝင့် လွှင့်ကြည့်သည့်တိုင် ကမ္ဘာလောကတခွင်လုံး ၀ယ် သာယာမှု တို့ ဆိတ်သုဉ်းကုန်လေပြီဟူ၍သာ ထင်မိသည်။
ဝမ်းနည်းဘွယ်နှင့် ရှက်စဘွယ်ရာ သည်ကိစ္စမျိုးသည် ဘာ့ကြောင့်များ အညို့ထံသို့ မကြေနိုင်မလည်နိုင် ထပ်ပြန်ကြော့ ၍ လာရပြန်လေသနည်း။
နံနက် က ကြုံတွေ့ရသော ပန်းချီဆရာငယ်၏ အပြုအမူသည် မေတ္တာ၏ အသွင်သဏ္ဍာန်တော့ဖြင့် ဘယ် နည်း နှင့်မျှ မဖြစ်နိုင်။

အနုပညာသည် တယောက်အနေ နှင့် မြတ်နိုး လေးစားထိုက်သော သည်စိတ် သည်အာရုံထဲတွင် လူ့လောက ၏ ဖောက်ပြန်ပျက်စီးမှုတို့ကို ဘာကြောင့်များ လက်ခံကျင့်သုံးလိုရပါသနည်း။
သည်လို သူ့စိတ်ဓာတ်မှာ မစင်မကြယ်ဖြစ်ရှိလာစေရန် မိမိ၏ အပြုအမူ အပြောအဆိုတွေကပင်လျှင် အမှားမှား အယွင်းယွင်း ဖြစ်ခဲ့လေသလား။ မိမိ၏ ၀တ်ပုံဆင်ပုံတို့ကပင်လျှင် ကျစ်လစ် သိပ်သည်းမှု ကင်းမဲ့ ခဲ့လေ သလား။

" အို ... ငါ့စိတ်ဓာတ်က သန့်သန့်စင်စင်ရှိနေတာတော့ အမှန်ပါ။ သူ သူဘာဖြစ်တာပါလိမ့်၊ ငါ့ကို ဘယ်အချိန် ဘယ်ကာလ ကများ မုန်းထားနေပါလိမ့်၊ သူမုန်းလောက်စရာ ရန်ငြိုးဖွဲ့လောက်စရာ အကြောင်း တွေများ ငါ ဘာလုပ်ခဲ့ မိပါလိမ့်၊ ငါ့ကို ပေါ့ပေါ့လွင်လွင် လေလေလွင့်လွင့် မိန်းမစားမျိုး အမှတ်ထားပြီး အထင် သေး ဖြစ်လေ သလား ...
အို ... ရှက်စရာ၊ နာကျည်းစရာ၊ ၀မ်းနည်းစရာချည်းပါလား၊ လူ့လောကနဲ့ သီးခြားကင်းလွတ်အောင် ပုန်း ရှောင်နေ တဲ့ ငါလို သီလရှင်လောင်း တယောက်မှာမှ ဒီမဖွယ်မရာ အမှုအခင်းတွေနဲ့ ကြုံရလေခြင်းနော် ...

" မင်းလို လူငယ်တယောက်အနေနဲ့ စောင့်စည်းအပ်တဲ့ ကိုယ်ကျင့် တရားတွေကို ငါနှမြောပါတယ်၊ ငါ့ကို အရှက် ရစေလိုတဲ့ ဆန္ဒဆိုး စိတ်ဆိုးတွေ မင်းရဲ့ စိတ်ဓာတ်မှာ ငြိတွယ်နေမယ်ဆိုရင်လဲ ငါဝမ်းနည်းပါတယ်၊ ငါသေ သွားရင်တောင်မှ ငါ့ရောဂါကို နာမည်ဖော်ဘို့မတတ်တော့ပါဘူး ...
မိအညိုဟာ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားပြီး လူ့လောကနဲ့ ကင်းဝေးအောင် အေးအေးငြိမ်းငြိမ်း နေလိုသူပါကွယ် ... ငါ့အရွယ် ဟာ မခံ့လေးစားပြုလောက်စရာအရွယ်လဲ မှုတ်ပါဘူး ...
မိအညို မှာ ပြေးဝင်ခိုလှုံစရာ မိဘရင်ခွင်လဲ မရှိတော့ပါဘူး၊ မိအညို ဟာ လူ့လောကအလယ်မှာ မျက်နှာငယ် တွယ်ရာမဲ့ မို့ နှိပ်စက်ချင်ကြသလားကွယ်၊ ငါ့ကို မုန်းရင် သတ်ပစ်လိုက်တာက အေးပါလိမ့်အုံးမယ် ...

ခုအနေ မှာ မိအညို နင်ဘာဖြစ်သလဲလို့ မေးလာကြမယ့် မေးခွန်းတွေကို အကြောက်ဆုံး အလန့်ဆုံးပါဘဲ၊ မိအညို မဖြေ၀ံ့ မဖြေရဲအောင် ရှက်ကြောက် ၀န်လေးလှပါတယ်၊ အဆုံးမှာတော့ သီလရှင်မ၀တ်ရဲနိုင်တဲ့ မိ အညို ရဲ့ ပျော့ညံ့မှု ဒဏ်ချက်တွေပါဘဲ၊ မိအညို ပင်ပန်းလှပါပြီ၊ နွမ်းနယ်လှပါပြီ ... "
မိအညိုသည် အချိန်နှင့်အမျှ ချာလည်လှည့်ကာ ရစ်ပတ်နှောင်သော အတွေးလုံးများဖြင့် ခေါင်းတခုလုံးမှ ပြည့်ညပ် သိပ်အုံခဲ၍ နေလေသည်။
ဘယ်အချိန်ကုန် ၍ ဘယ်အချိန် ရောက်နေပြီကိုပင် သတိပေးမိလိုက်မပေးမိလိုက်ပေ။

သူ၏ အိပ်ရာနဘေးမှ "အညို ... အညို"ဟု ခေါ်သံများနှင့် တီးတိုးစကားပြောသံတွေကို ခပ်များများ ကြား လာရတော့ ရှုပ်ထွေး ပွယောင်းသော အတွေးများဖြင့် လေးလံနောက်ကျိနေသည့် သူ၏ခေါင်းနှင့် သူ၏ကိုယ် ကို ကြိုးစား ထူမ ခေါ်သံလာရာဆီသို့ လှည့်ကြည့်လိုက်သည်။

သူ၏ အိပ်ရာနဘေးတွင် ဦးလေးဇော်၊ မမသစ်၊ အကိုကြီး --- ၊ အကို သန်းအောင်နှင့် ကိုတင်မြင့်တို့ ရောက်ရှိ နေကြသည် ကို တွေ့ရ၏။
ထိန်လင်းနေသော မီးအရောင်ကြောင့်လည်း ညအချိန် ရောက်ပြီကို သတိတချက်ပြုမိသည်။
" အညို ... အညို ... ဘယ်လို ဖြစ်တာလဲ ဟင် "
မမသစ် က ရှေ့တိုးလာကာ အညို၏ လက်ကလေးကို ကိုင်ပြီး မေးနေသည်။

အညိုသည် ကျင်စက်နှင့် အတို့ခံရသူလို တကိုယ်လုံး မွှန်ထူခိုက်သွားလေ၏။ စကားပြောရန် အားယူကြည့် သော်လည်း နှုတ်ခမ်းများသာ ဆတ်ဆတ်တုန်နေပြီး အသံက ထွက်မလာပေ။ သည်ခဏမှာ အညို၏ အဖြစ် ကိုပင် လှောင်ပြောင်လိုက်သည်နှယ် သီလရှင်ငါးဆယ်ကျော်တို့၏ ည ဘုရားဝတ်တက်သံ မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ထွက်ပေါ်လာလေသည်။

အညိုသည် သူ၏ကိုယ်ကို ဘယ်လိုမျှ မထိန်းနိုင်တော့ဘဲ ပျော့ခွေပုံကျသွားလေ၏။ နံဘေးမှ သူ၏ မိတ်ဆွေ များမှာ ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်ကြတော့သည်။
သီလရှင် တို့၏ ဘုရားဝတ်တက်သံကား သည်ဖြစ်ရပ်ကို ဘာမျှ မသက်ဆိုင်သည့်နှယ် ညီညီစီစီ ထွက်ပေါ်မြဲ ထွက်ပေါ် ၍ နေလေသည်။

ပြီးပါပြီ
.

4 comments:

ahphyulay said...

အင်း..
ဇာတ်နာတယ်ဗျာ..။
အညို့  အတွက်က လောကမှာ နေရာတစ်ခု
မရသေးတာ၊ မရခဲ့ တာလို့ လည်းမြင်ပါတယ်။
သူ့ လိုပဲ လောကကြီးမှာ “ နေရာ ” တစ်ခု
ရှာမတွေ့ သေးတဲ့ လူတွေ အများကြီးပါ။
“ နေရာ ” ဆိုတာကတော့  ကိုယ်ယူမှ
ရတာလေ...။

Angelhlaing(May everybody be happy and healthy! said...

အင်းနော် ဘာပြောရမှန်းတောင် မသိတော့သလိုပါပဲ မမရေ.... ခံစားအားပေးလျှက်။
မင်္ဂလာနှစ်သစ်လေး ဖြစ်ပါစေမမ။

တာတူး said...

အညိုအနေနဲ့ တစ်ကိုယ်တည်းဘဝကိုမလိုချင်ရင် အိမ်ထောင်ပြု၊ မပြုချင်ရင် သီလရှင်မဝတ်ချင်လဲ လူ့ဘဝနဲ့ စိတ်ချမ်းသာအောင် နေသွားလို့ ရပါတယ်။ မလိုတာတွေတွေးပြီး စိတ်ညစ်ပူပန်နေမယ့်အစား တလမ်းလမ်းကို ရွေးပြီး ပျော်ပျော်နေသင့်တယ် ထင်တာပဲဗျာ။

သာရေးနာရေးတွေ အလှူအတန်းကိစ္စတွေမှာ ပျော်ပျော်ရွှင်ရွှင်ခေါင်းဆောင်မှုပေးနေတဲ့ အပျိုကြီး လူပျိုကြီးတွေ တွေ့မှာပါ။ လူပျိုအပျိုမဟုတ်ဘဲ ဇနီးခင်ပွန်းဆုံးသွားလို့၊ အိမ်ထောင်ပြိုကွဲသွားလို့ လူလွတ်တကိုယ်တည်းနေတဲ့ လူတွေလဲ ရပ်ရွာထဲက ကလေးတွေ ကျောင်းထားပေးကြ၊ အမျိုးထဲက သက်ကြီးရွယ်အိုတွေ ထောက်ပံ့ကြနဲ့ အများအတွက် ကြည့်တတ်တဲ့စိတ် ရှိတဲ့သူတွေဆို သူတို့ဟာသူတို့ ပျော်နေတာပဲ။
အညို အိမ်ထောင်ပြုချင်လဲ ပြုပေါ့။ မပြုချင်လဲ ပျော်ပျော်နေလိုက်ပေါ့ဗျာ။ တရားနဲ့ နေချင်တယ်ဆိုလဲ တရားထိုင်လိုက်ရင် ဒီလောက် စိတ်ထွေပြားချင်မှ ထွေပြားနေမယ်။ ပုတီးစိပ်တာ၊ ရွတ်တာဖတ်တာထက် လက်တွေ့ တရားထိုင်တာက တရားဓမ္မနဲ့ ပိုနီးစပ်တယ်။ ဟိုဟိုဒီဒီ ထွေပြားနေတဲ့ စိတ်တွေကိုလဲ ထိန်းနိုင်တယ်။ အခုဟာက တရားနဲ့ မွေ့လျော်ချင်တယ်ဆိုပေမယ့် တရားထိုင်တာ မလုပ်ဖူးလို့ အညို့စိတ်တွေ ဒီလိုဖြစ်နေသလားလို့။

Anonymous said...

အညိုကလဲနော်....ဘာပြောရမှန်းတောင် မသိတော့ဘူး။
စာကို စာလိုပဲဖတ်တဲ့။ စစကဆုံးမထားတယ်။ဘာမှ ပြောတော့ဘူး။ ဟီး။ အနော်။