မောင်တင်ဦးက တက်သုတ်ရိုက်ပြော၏။ မောင်တင်ဦးပြောသည့်အတိုင်း ဤနေရာမှာ ကြာရှည်နေ၍ မသင့် ကြောင်း ကို သုံးယောက်လုံး စဉ်းစားမိကြသည်။
" လိုက်မယ် ... လိုက်မယ် ... အခုချက်ခြင်း ကျမကိုခေါ်သွားပါ ... "
အပူသည် မိန်းမချောသည် မတွန့်မဆုတ် စဉ်းစားတွေဝေခြင်းမရှိဘဲ ချက်ခြင်း အဖြေပေးသည်။
" ကဲ ဖြစ်ကြောင်း ကုန်စင်ကိုတော့ ဘေးကင်းရာ ရောက်မှ ဇာတ်စုံခင်းပေတော့ မမရေ သွားကြစို့"
" ဟုတ်တယ် သွားတာကအရေးမကြီးဘူး ကိုတင်ဦး၊ ခင်ဗျာပြောတဲ့ အရံအတားတွေနဲ့ တွေ့နေအုံးမယ်၊ ဒီနေရာ က မြန်မြန်ခွာဘို့ ဘေးကင်းရန်ကင်းလမ်းကို မမသိလား၊ သိရင်ရှေ့ကသွား၊ ကျွန်တော်တို့ နောက် က လိုက်မယ်"
မောင်တင်ဦးက သတိပေးသည်။
အပူသည် မိန်းမချောက မောင်တင်ဦး ကြိုတင်တွေးသည့်အတိုင်းပင် မိုင်းမြှုပ်ထားသည့် နေရာတွေ ရှိကြောင်း မည်သည့် နေရာတွေဟု သူမသိကြောင်း ဘေးအကင်းဆုံးမှာ ချောင်းကမ်းပါးမှ ကပ်ပြီး သွားခြင်း သာ ဘေးကင်းနိုင်ကြောင်း ပြောပြ၏။ ချောင်းကမ်းပါးမှာ ရေစီးအုလွန် ကြမ်းသောကြောင့် မိုးဥတု ရောက်ပြီ ဆိုလျှင် အမြဲ ကမ်း ပြိုတတ်သည်။ ထို့ကြောင့် ချောက်ကမ်းပါးမှာ မိုးရာသီဆိုလျှင် မိုင်းမမြှုပ်ဘဲ မိုးကုန်၍ ချောင်းရေ ကျကာ သဲသောင်ပြင်ပေါ်လာမှ မိုင်းမြှုပ်လေ့ရှိကြောင်းလည်း ပြောပြသည်။
အပူသည် မိန်းမချောနှင့် သူငယ်ချင်းနှစ်ယောက်တို့ ချောင်းကမ်းပါးနား ကပ်နိုင်သမျှကပ်ကာ သတိကြီးစွာ ထားပြီး အတတ်နိုင်ဆုံး လျှင်မြန်စွာ ထိုနေရာမှ ထွက်ခွာလာခဲ့ကြ၏။
မှောင်ထဲတွင် ရွံ့နွံဗွက်အိုင်တွေ ဆူးချုံတွေ ကျင်းချိုင့်တွေကို ခက်ခက်ခဲခဲ ကျော်လွှားခြင်း၊ ရှောင်ရှားခြင်းဖြင့် လာခဲ့ရသည်။ ထိုသို့လာရင်းပင် သူငယ်ချင်းနှစ်ယောက်လုံး စိတ်ထဲမှာ သူတို့ ဤနေရာသို့ လာကြစဉ်က သတိ ရှိမိကြ၍ ချောင်းကမ်းပါးစွန်းမှ ကပ်လာခဲ့ကြသည်ကို ပြန်သတိရကြသည်။
သူတို့နှစ်ယောက်ကယောက်ျားတွေဖြစ်သည်ကတကြောင်း ကြမ်းတမ်းသော တောတောင်ခရီးကို နှစ်လ နီးပါး ဖြတ်ကျော်လာခဲ့ကြ၍ အလေ့အကျင့် အတော်အတန် ရပြီးဖြစ်၍ တကြောင်း ဖြတ်သန်းကျော် လွှားလာ နိုင်သော်လည်း အပူသည် မိန်းမချောအဖို့ မကြာခဏ လဲပြိုခြင်း၊ ခြေချော်ခြင်း၊ ယိမ်းယိုင်ခြင်းများ ဖြစ်ရသည်။ သူငယ်ချင်း နှစ်ယောက်က သနားကြင်နာစွာဖြင့် ဖေးမတွဲခေါ်ကြရသည်။ တညလုံး အနားမယူ ဘဲ တတ်စွမ်းသ၍ ခရီးပြင်းနှင်ခဲ့ကြရာ နံနက်အရုဏ်တက်အချိန်လောက်တွင် သုံးယောက်လုံး မလှုပ်ချင် မရှားချင် အောင်ပင် နွမ်းနယ်မောပန်းနေကြလေပြီ။ သူတို့အဖို့ ကုသိုလ်ကံလေးက ဖေးကူသည်ထင်သည်။ တညလုံး မိုးက တခါတရံ ဖွဲဖွဲကလေးကျသည်ကလွဲပြီး ရွာသွန်းခြင်းမရှိပေ။ လေကလည်း အထူးငြိမ်နေ သည်။
သူတို့နှစ်ယောက် မောပန်းသည်ထက် အပူသည် မိန်းမချော၏ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခြင်းက အနားမယူလျှင် မဖြစ်အောင် အခြေအနေမှာ ရှိနေသည်။ အရွက်ဖားဖားကြီးများဖြင့် အုပ်အုပ်ဆိုင်းဆိုင်း ရှိ နေသော သစ်ပင်ကြီး တပင်အောက်မှာ သုံးယောက်လုံး ခြေပစ်လက်ပစ် ထိုင်လိုက်မိကြသည်။ မောလွန်း ပင်ပန်းလွန်း၍ တယောက်ကို တယောက် စကားမစနိုင်သေးဘဲ အသက်ရှူမှန်အောင် ကြိုးစားနေကြရ၏။ လင်းရောင်ခြည် ပေါ်စပြုသော အချိန်ရောက်မှ သုံးယောက်စလုံး နေသာထိုင်သာ ဖြစ်သွားကြသည်။
" သူတို့နေရာနဲ့ လွတ်မှလွတ်ကဲ့လားလို့ ကျွန်တော် သစ်ပင်ပေါ်က တက်ကြည့်အုံးမယ် "
မောင်တင်ဦးကပြောပြီး မောင်တင်အုံးလည်မှာ ဆွဲထားသော မှန်ပြောင်းကို တောင်းယူကာ သူ့လည်တွင် စွပ်လိုက်ပြီး သစ်ပင်ကြီးပေါ်သို့ တက်သွားသည်။ အပူသည် မိန်းမချော နှင့် မောင်တင်အုံးက သစ်ပင် အောက်မှာပင် ငြိမ်သက်စွာ ကျန်ခဲ့သည်။ မောင်တ်ငဦးသည် သစ်ပင်ကြီး၏ ထိပ်ဖျားသို့ ကျန်ခဲ့ သည်။ မောင်တင်ဦးသည် သစ်ပင်ကြိး၏ ထိပ်ဖျားသို့ ရောက်နိုင်သမျှ ရောက်အောင် တက်သွားပြီး မှန်ပြောင်းဖြင့် သူတို့ လာခဲ့ရာလမ်းကို နောက်ကြောင်း ပြန်ကြည့်လိုက်သည်။ မှန်ပြောင်းထဲတွင် ပေါ်လာသော မြင်ကွင်း ကြောင့် မောင်တင်ဦး မျက်လုံးဝိုင်းသွားသည်။
တညလုံး ခရီးပြင်းနှင်လာခဲ့သည်ဆိုသော်လည်း အပူသည် မိန်းမချောကို စောင့်ဆိုင်း ဖေးကူရ၍တကြောင်း၊ ခရီးလမ်းက ကြမ်းတမ်းပိတ်ဆီးလှ၍တကြောင်း ထင်သလောက် ခရီးမရောက်ဘဲ အလွန်ရှိမှ လူဆိုးတွေ စခန်းတောင်ကုန်း နှင့် ခုနှစ်မိုင်ကျော် ရှစ်မိုင်မျှသာ ရှိပေမည်။ ဤမျှလောက်သော အကွာအဝေး မြင်ကွင်း ကား မှန်ပြောင်းထဲတွင် ကြည်လင်ပြတ်သားစွာ ပေါ်နေသည်။
ခေါင်းဆောင် လူ့သရဲကြီးနှင့် နောက်လိုက် အချို့သည် ချောင်းကမ်းနဖူးထိပ် အပူသည် မိန်းမချော နှင့် မောင်တင်ဦး တို့ နှစ်ယောက် ရပ်ပြီး စကားပြောခဲ့သည့်နေရာမှာ မြေပြင်ကို ငုံ့ကြည့်ကြ၊ ညွှန်ပြနေကြသည် များ ကိုလည်းကောင်း၊ မောင်တင်ဦးတို့ နှစ်ယောက် ခိုလှုံနေခဲ့ရာ ချုံကြီးဆီသို့ ခြေရာတွေ ကြည့်ပြီး ဆောလျှင်စွာ သွားကြသည်များကိုလည်းကောင်း မှန်ပြောင်းထဲတွင် ကြည်လင်ပြတ်သားစွာ တွေ့နေ ရသည်။ မောင်တင်ဦးတို့ သုံးယောက်စလုံး၏ ခြေရာတွေကို အသေအချာ ကောက်မိနေပြီဖြစ်ရာ ခြေရာ အတိုင်းလိုက်လာကြတော့မည်မှာ မလွဲပေ။
မောင်တင်ဦးသည် သစ်ပင်ထိပ်ဆီမှ အောက်သို့ အတန်ငယ်ဆင်းလာပြီး သစ်ပင်ရင်းမှာ ရှိနေသူ နှစ်ယောက် ကြားအောင် အသံအုပ်ပြီး သူမြင်တွေ့ခဲ့ရသည်များကို ပြောပြလိုက်သည်။
" ဗုဒ္ဓဘုရား ကယ်တော်မူပါ "
အပူသည် မိန်းချောက တုန်ရီ ထိတ်လန့်သော အသံဖြင့် နဖူးပေါ် လက်အုပ်ချီတင်ကာ တမ်းတ ရေရွတ် လိုက်သည်။ မိန်းမချောအသံကို ကြားရသော မောင်တင်ဦးက ဤအပူသည် မိန်းမချောသည် သူ့ဘခင်နှင့် မေဂျာဝှိုက်တို့ တွေ့ခဲ့ရသော ချိုင့်ဝှမ်းထဲမှ ထူးဆန်းသောလူတွေ၏ အဆက်အနွယ်များ ဖြစ်နေ လေသလား ဟု ဖျတ်ကနဲ တွေးလိုက်မိသည်။ သို့သော် ဤကိစ္စကား ယခုလောလောဆယ်မှာ ဘေးချိတ်၍ သုံးယောက် လုံး အသက်ချမ်းသာဘို့က အရေးကြီးနေသည်။
" သူတို့ လိုက်လာသလား "
မောင်တင်အုံးက မေး၏။ သူငယ်ချင်း နှစ်ယောက်သည် ဗမာလို မပြောကြတော့ချေ။ အပူသည် မိန်းမချောပါ သိရအောင် အင်္ဂလိပ်လိုပင် ပြောကြသည်။ မောင်တင်ဦးက မှန်ပြောင်းဖြင့် သေချာစွာ ပြန်ကြည့်၏။
" အားလုံး လူဆယ့်ရှစ်ယောက်၊ သေနတ်ကိုယ်စိနဲ့ဘဲ ခြေရာတွေ ကြည့်ပြီးလာနေကြပြီ"
မောင်တင်ဦးက ပြောပြီး မှန်ပြောင်းကို မျက်လုံးမှခွာကာ သစ်ပင်ကြီး၏ ပတ်ဝန်းကျင် အနေအထားကို မျက်လုံး ဖြင့် လှည့်လည် စူးစမ်းနေသည်။
" ပြေးလို့ လွတ်နိုင်ပါ့မလား ခင်ဗျား ဆင်းခဲ့လေဗျာ " မောင်တင်အုံးက ခေါ်ချ၏။
" ပြေးလို့ မလွတ်နိုင်ဘူး၊ သူတို့က တောကျွမ်းပြီး သားတွေဘဲ။ ဒီသစ်ပင်ပေါ် တက်ပုန်းလို့လဲ မလွန်နိုင်ဘူးဗျ။ ကျုပ် တို့ သုံးယောက်လုံးက တကိုယ်လုံး ရွှံ့တွေလူးနေတော့ သစ်ပင်ပေါ်တက်တဲ့ စွပ်ကြောင်းရာကြီးရော သစ်ပင် အောက် မှာ ထိုင်နေခဲ့တဲ့ ခြေရာလက်ရာရော ထင်းထင်းကြီးပေါ်နေတာဘဲ။ အဲဒီတော့ ကျွန်တော် တို့ စွန့်စားရလိမ့်မယ်" မောင်တင်ဦးက သစ်ပင်ပေါ်က ပြော၏။
" ဘယ်လိုလဲ " မောင်တင်အုံးက မေးသည်။
" ခင်ဗျားတို့ နှစ်ယောက်လုံး သစ်ပင်ပေါ် မြန်မြန်တက်ခဲ့ကြ၊ ဟိုဘက်အပင်ကြီးကို ကူးစရာလမ်းရှိတယ်။ မြန်မြန် ... မြန်မြန်" မောင်တ်ငဦးက ခေါ်သည်။
မောင်တင်အုံးက မိန်းမချောကို အလျှင် တက်စေသည်။ သူက မိန်းမချောအောက်ကနေပြီး လက်တဖက်က သစ်ပင်ကို ဖက်တွယ်ကာ၊ လက်တဘက်က မိန်းမချော ပြန်လျှောမကျအောင် ဖေးမပေးသည်။ မောင်တင်ဦး က ဆင်းလာပြီး မိန်းမချောအား သူ့ခြေကိုဆွဲပြီး အားပြုတက်စေသည်။ ဤသို့ဖြင့်ပင် သစ်ပင် အမြင့်ခွဆုံသို့ သုံးယောက်လုံး ပင်ပန်းကြီးစွာ ရောက်သွားကြ၏။
" ခင်ဗျား ဘိနပ်ကြီး ပါရဲ့လား" မောင်တင်ဦးက သူ့ခါးမှာ ကြိုးနှင့်ဆွဲထားသော တောစီးဘိနပ်ကို နေရာ တကျ ပြန်ချည်ရင်း ပြော၏။
" ပါ ပါတယ်ဗျ" မောင်တင်အုံးက သူ့ခါးမှ ဘိနပ်ကို ပြသည်။
" သစ်ပင်အောက် ချွတ်မထားခဲ့မိလို့ တော်သေးတာပေါ့ဗျာ "
မောင်တင်ဦး က ပြောပြီး သူတို့ရှိနေသော သစ်ပင်ကြီး၏ အကိုင်းတကိုင်းမှ မြွေပတ်ထားသလို ခိုင်မြဲစွာ လိမ်ယှက် နေသော ယောက်ျားကြီး တယောက်၏ လက်မောင်းလုံးသာသာမျှ အလုံးရှိသည့် နွယ်ကြီးကိုပြ သည်။
" ဒီနွယ်ကြီးက ဟိုဘက် အပင်နဲ့ဆက်ပြီး လိမ်ပတ်နေတယ်၊ ကျွန်တော် ခိုကြည့်ပြီးပြီ၊ သေသေချာချာ ခိုင်တယ်။ အဲဒီနွယ်ကြီးကိုခိုပြီး ဟိုဘက်က သစ်ပင်ကြီးကိုကူး နောက်ပြီးနွယ်ကို ဒါးနှင့် ကြိတ်လှီး ဖြတ်လိုက် တာပေါ့။ တကယ်လို့ သူတို့ ဒီသစ်ပင် ရောက်လာပြီး တက်ကြည့်လဲ နွယ်ကို ဖြတ်ထားတော့ ဟိုဘက်အပင် ကူးမှန်း လဲ သူတို့မသိဘူး"
မောင်တင်ဦးက ပြောသောအခါ မိန်းမချောက ထောက်ခံသည်။
" ဟုတ်တယ် သူတို့က ခြေရာကောက် သိပ်ကောင်းတာ။ မြေပေါ်က သွားလို့တော့ ဒီလောက် အကွာအဝေး မှာ ဘယ်လိုမှ ရှောင်တိမ်းလို့မရဘူး "
မောင်တင်ဦးက မှန်ပြောင်းဖြင့် ကြည့်လိုက်ပြန်သည်။
" လာနေကြပြီဗျ၊ ကျွန်တော်တို့ ခြေရာအတိုင်း တသွေမတိမ်းဘဲ။ ကဲ ... မြန်မြန်ကူးကြ "
" မောင်တင်အုံးက အရင်ကူးသည်။ တောထူ လှသဖြင့် သစ်ပင်ကြီးတွေမှာ တပင်နှင့်တပင် ယှက်သိုင်း အုပ်ဆိုင်း နေသည်ဖြစ်ရာ သူတို့ ကောင်းကင် နွယ်တန်း ခိုနေကြသည်ကို လူသရဲတွေ မြင်နိုင်မည် မဟုတ်ချေ။ နောက်တချက်ကလည်း သူတို့သည် မြေပြင်ပေါ်က ခြေရာကိုသာ အထူးဂရုစိုက်ငုံ့ ကြည့်သူက ကြည့်သည်။ ကောင်းကင် အမြင့်ဆီကိုကား မည်သူမျှ မကြည့်ကြချေ။
ဟိုတဘက် သစ်ပင် သို့ မောင်တင်အုံး ရောက်သွားသောအခါ မိန်းမချောကို လိမ့်မကျစေရန် မောင်တင်ဦး ကဖေးမပြီး နွယ်တန်းကို လက်နှစ်ဘက်ဖြင့် ခိုမိသည့်တိုင် ကူညီလိုက်သည်။
" မမ နွယ်ကို မြဲမြဲကိုင် အောက်ငုံ့မကြည့်နဲ့ စိတ်ရဲရဲထားပြီး ကူး "
မောင်တင်ဦးက အားပေးပြီး လွှတ်လိုက်၏။ မိန်းမချော၏ မျက်နှာသည် ဖြူယော်နေသည်။ ကြောက်စိတ်ကို အားတင်းဖြေဖျောက် ထားရဟန်က ပေါ်နေသည်။ သို့သော် ... နွယ်တန်းကိုကူးရင်း လိမ့်ကျသေရခြင်းက သရဲတွေ လက်ထဲ ပြန်ရောက် သွားခြင်းထက် ကောင်းသေးသည် ဟူသော စိတ်ဓါတ်ဖြင့် ကြိုးစားပြီး ကူး သွား ရှာသည်။ တဘက်စ်ပင်မှာ ရောက်နှင့်နေသော မောင်တင်အုံးက ဆီးကြို လက်ကမ်းပြီး သစ်ပင်ပေါ် ဆွဲတင် လိုက်သည်။ သူတို့နှစ်ယောက်လုံး နေသားတကျ ဖြစ်သောအခါ မောင်တင်ဦးက သွက်လက် လျှင်မြန်စွာ ကူးလာသည်။
သစ်ပင်ပေါ် ရောက်ပြီးသောအခါ မောင်တင်ဦး နှင့် မောင်တင်အုံးတို့သည် သူတို့ရှိနေရာ သစ်ပင်၏ အကိုင်း တွင် လိမ်ပတ်နေသော နွယ်ကြီးကို ဒါးဖြင့် တယောက်တလှည်ကြိတ်လှီးကြသည်။ အသံထွက်မည် စိုး၍ မခုတ်ဝံ့ ချေ။ တောကျွမ်းသူများသည် နားလျှင် နားပါးသူများဖြစ်ကြ၍ ဒါးခုတ်သံကြားရာ လိုက်လာပါက ကိုယ့် သေမင်း ကိုယ်ခေါ်သည်နှင့်ပင် တူနေပေမည်။ ချွေးကျအောင် အားသွန်ခွန်စိုက်ပြီး လှီးရသည်။
နွယ်ပင်ဆိုသော်လည်း မည်မျှနှစ်ချို့နေသည်မသိ၊ အသားမှာ သစ်သားတမျှ မာကြောလှ၏။ အသက်ဘေး ကြောင့် အနားမယူနိုင်ဘဲ တယောက်တလှည့်လှီးကြရာ ဆယ့်ငါးမိနစ်သာသာတွင် နွယ်ကြီး သည် ပြတ်ကျ သွားလေတော့၏။ ပြတ်ကျသွားသော နွယ်စက ဆူးတွေ ပြည့်ဖုံးနေသော ချုံကြီးတွေအကြား ကျသွားသည်။
နွယ်စ ကျသွားသော နေရာမှာ မူလ သူတို့ ခိုနားခဲ့ရာ သစ်ပင်ကြီးအနီးမှာပင်ဖြစ်၍ သာမန်ကြည့်လျှင် ဆူးချုံကြားထဲ ပေါက်နေသော နွယ်ပင်ကြီးက ထိုသစ်ပင်ကြီးပေါ် တက်သွားသည့် သဏ္ဍာန်မျိုးဖြစ်နေသည်။
သူတို့သုံးယောက် ရောက်နေသော သစ်ကိုင်းကြီး၏ အခြေဂွဆုံတွင်ကား သစ်ခေါင်းလိုလို ချိုင့်ကြီးကိုတွေ့ရ သည်။ မလုံမခြုံဖြစ်သော သစ်ကိုင်းပေါ်မှာ မျောက်များသဖွယ် ငုတ်တုတ်ထိုင်နေခြင်းထက် ဂွဆုံချိုင့်ထဲ ဆင်းဝပ် နေခြင်းက အကာအကွယ်ကောင်းမည်ကို တွေးမိကြ၍ သတိကြီးစွာ ထားကြကာ ဂွဆုံသို့ ဆင်း လာခဲ့ကြသည်။ မောင်တင်ဦးက မှန်ပြောင်းဖြင့် ကြည့်နေရစ်ပြီး နောက်ဆုံးမှ ဆင်းလိုက်လာသည်။
ဂွဆုံချိုင့်ကြီးမှာ လူသုံးယောက်အဘို့ ကောင်းစွာ အကာအကွယ် ပေးနိုင်လောက်သည့် အနေအထားမျိုးဖြစ် ကြောင်း ၀မ်းမြောက်စွာ တွေ့ရ၏။ သုံးယောက် ကျပ်ကျပ်တည်းတည်းထိုင်နိုင်ပြီး၊ လူတထိုင်စာလွတ်အောင် ချိုင့်ဝင်နေသည်။
" မှန်ပြောင်းတဲ အမြင်မှာတော့ ဟောဒီ အမ နောက်ဆုံးချော်လဲခဲ့တဲ့ ကမူစောင်းကလေး ရောက်ကုန်ကြပြီ "
နေရာတကျ ထိုင်မိသောအခါ မောင်တင်ဦးက ကြားလောက်ရုံ လေသံဖြင့် ပြော၏။
" ဟာ ... ဒီနေရာဆိုရင် ဘာဝေးတော့မှာလဲ၊ နှစ်မိုင်လောက်ဘဲ ရှိတော့တာ" မောင်တင်အုံးကဆိုသည်။
" ဟုတ်တယ် မမကို ဆွဲထားတဲ့ အကောင်ကြီး မျက်နှာကြည့်ရတာလေ ကျွန်တော်တို့ကို မြင်ရင် အစိမ်း ၀ါးစား မလား မသိဘူး "
မောင်တင်ဦးက ပြောပြီး မိန်းမချောဘက် လှည့်ကာ " မမ နာမည် ဘယ်သူလဲ" ဟု မေး၏။
" မာလာဒေ၀ီ "
မိန်းမချောက ပြန်ပြောသည်။ ထို့နောက် မာလာဒေ၀ီသည် နားစွင့်သလိုလို အမူအယာဖြင့် ငြိမ်နေပြီးမှ ...
" စကားမပြောကြနဲ့တော့ သူတို့က သိပ်နားလျင်တာ လေသံနဲ့ရောပါလာတဲ့ သက်ရှိအသံ၊ သက်မဲ့အသံကို ခွဲခြား သိတဲ့နေရာမှာ အံ့သြလောက်တယ်။ တိတ်တိတ် နေကြတော့ " ဟု လေသံဖြင့် သတိပေးသည်။ သုံး ယောက်လုံး မလှုပ်ဘဲ ငြိမ်သက်စွာ နေကြရာမှ နာရီဝက်မျှ အကြာတွင် မောင်တင်ဦးနှင့် မောင်တင်အုံးက သစ်ခေါင်း အ၀မှ မျက်လုံးမျှကိုသာ ဖော်ပြီး ချောင်းကြည့်လိုက်ကြ၏။
သူတို့ ပထမဦးစွာ နားနေခဲ့သော အရွက်ဖားကြီးများအုပ်ဆိုင်းနေသည့် သစ်ပင်အောက်တွင် သူရဲတစု ရောက် နေကြလေပြီ။
စကားသံလည်းမကြားရ၊ ခြေသံမျှကိုပင် ညင်သာစွာ နင်းပြီး၊ ဤမျှ ကြမ်းတမ်းသော ခရီးကို ဤမျှ တိုတောင်း သော အချိန်မှာ တန်းတန်းမတ်မတ် ရောက်လာသော ဤလူစုကို မောင်တင်ဦးနှင့် မောင်တင်အုံးတို့ အမှန် တကယ်ပင် ချီးကျူးမိကြပါသည်။
သူတို့ လူစုသည် သစ်ပင်ခြေရင်းမှာ မောင်တင်ဦးတို့ သုံးယောက်ထိုင်နေခဲ့သော ခြေရာလက်ရာ များကို လည်းကောင်း၊ သစ်ပင်ပေါ် တွယ်တက်ရာတွင် ပင်စည်မှာ ပေကျံနေခဲ့သော မြေကြီးတွေ ရွှံ့တွေကို လည်းကောင်း၊ စစ်ဆေးကြည့်ရှုကြသည်။ ထို့နောက် သစ်ပင်ပေါ် မော့ကြည့်ကာ ခေါင်းဆောင်ဖြစ်သူက မတိုးမကျယ် အသံဖြင့် တစုံတရာပြောလိုက်၏။ အပေါ်မှာရှိလျှင် ဆင်းခဲ့ကြဘို့ ခေါ်ဟန်တူသည်ဟု မောင်တင်ဦး နှင့် မောင်တင်အုံး တို့က ယူဆကြသည်။
မာလာဒေ၀ီကား သူတို့စကားကို နားလည်ဟန်တူသည်။ နားစွင့်ထောင်နေ၏။ မာလာဒေ၀ီ၏ မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်ဟန် မပေါ်ချေ။ သူတို့ ဘေးကင်းရန်ကင်း နေရာရောက်နေပြီဖြစ်ကြောင်း စိတ်ချ နေဟန် တူသည်။
ခေါင်းဆောင်သူနှင့် ငယ်သားများသည် သုံးမိနစ်မျှ ကြာအောင် ငြိမ်သက်စွာ သစ်ပင်ပေါ် မော့ကြည့်နေကြ သည်။ သစ်ပင်မှာ အရွက်ဖားဖားကြီးများ ဝေဆာပြည့်နှက်စွာဖြင့် အလွန်ထူထပ်စွာ အုပ်ဆိုင်းနေသဖြင့် သစ်ပင်အောက် မှ မော့ကြည့်လျှင် သစ်ကိုင်းတွေကိုပင် သဲကွဲစွာမမြင်ရချေ။ ထို့ကြောင့် "အပေါ်မှာ လူရှိသည်"ဟု ယူဆကာ ဆင်းလာခဲ့ရန်ခေါ်နေဟန်တူသည်။ သစ်ပင်ထက်မှ မည်သည့် လှုပ်ရှားသံကိုမှ မကြား ရသောအခါ ခေါင်းဆောင်လုပ်သူသည် သူတို့ ဘာသာစကားဖြင့် တစုံတရာ အမိန့် ပေးလိုက်၏။
ထိုအခါ သူ့ တပည့်ငယ်သားများက ကိုယ်စီ ကိုယ်ငှ သေနတ်တွေကို သစ်ပင်ပေါ်သို့ ပတ်ပတ်လည် ၀ိုင်ပြီး ချိန် လိုက်ကြသည်။ ထို့နောက် ဆက်တိုက် ထွက်ပေါ်လာသော သေနတ်သံတို့က တတောလုံး တတောင် လုံး ကြောက်မက်ဖွယ်ရာ မြည်ဟီးသွားလေတော့၏။
သစ်ခေါင်းဝမှ မျက်လုံးမျှသာခေါ်ပြီး ချောင်းကြည့်နေကြသော မောင်တင်ဦး နှင့် မောင်တင်အုံး တို့ သည်လည်း ထိုလူ သရဲများ သေနတ်ချိန်စဉ်ကပင် ချောင်းကြည့်နေခြင်းကို လျင်မြန်စွာ ရုပ်သိမ်းကာ သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး ပုနေအောင် ၀ပ်လိုက်ကြပြီးဖြစ်၏။ အရမ်းကာရော ပစ်နေ သော သေနတ်သံ များကို ကြားရသော မောင်တ်ငဦးတို့ သုံးယောက်သည် နွယ်တန်းကြီးသာ မကယ်လျှင် တွေးဝံ့ဘွယ် မရှိသော အဖြစ်ကို ရောက်နေပေရော့မည်ဟု အသီးသီး စိတ်ထဲက စဉ်းစားရင်း ဤလူသရဲများ စိတ်မကျေနပ် ဘဲ အနီးအနားက သစ်ပင်တွေကို လိုက်လံရှာဖွေမည်ကို စိုးရိမ်မိကြသည်။
သို့သော် ကံတရားက ဆန်းကြယ်လှပေသည်။
ဆက်ရန်
.

2 comments:
Thank you
မမရွှေစင်ရေ... ဆရာမ မ၀င်းမြင့် ၀တ္ထုလေး လာဖတ်တယ်။ ဒီ အခန်း ဖတ်ရတာ ရင်တုန် လိုက်တာ။ လူဆိုးတွေ ကိုတင်အုံးတို့ သုံးယောက်ကို မိများ မိသွား မလားလို့ စိတ်ပူ နေတား) ကျေးဇူး မမရွှေစင်။
http://redroseofburma.blogspot.com/
Post a Comment