Friday, November 5, 2010

ပန်းသတင်း (နိုဝင်ဘာ ၅)

အိမ်ကလေး ၃
စာရေးသူ - နေဝင်းမြင့်

မနက်ခင်း ကျွန်တော်လမ်းလျှောက်ထွက်တိုင်း သညအိမ်ကလေးနားက ဖြတ်ရသည်။ အိမ်ကလေး ဆိုသော် လည်း ခေတ်ဟန် တိုက်တစ်လုံးဖြစ်သည်။ ကျွန်တော်လမ်းလျှောက်သော တာရိုးကမြင့်ပြီး ထိုတိုက်အိမ်က ခပ်လှမ်းလှမ်းအနိမ့်ထဲမှာ ရှိနေခြင်းဖြစ်၏။ သုတ်ထားသည် ဆေးရောင်က "မနက် ခင်း၏ ကျက်သရေ" ဟု ခေါ်သည့် မီးခိုးဖျော့ရောင် ဖြစ်သည်။ တံခါးတွေ၊ ပြတင်းတွေ အားလုံးပိတ် ထားသော်လည်း တိုက်အိမ်၏ သစ်လွင်မှု က ကျန်နေသေးသည်။ အိမ်ပတ်လည်မှာ ကျွန်ပင်တွေ စိုက်ထားသဖြင့် ရပ်ကွက်က ကျွန်တော်အိမ် ဟု ခေါ်ကြသည်။ အိမ်ရှေ့မှာ စိန်ပန်းပင်ကြီး တစ်ပင် ရှိသဖြင့် တိုက်အိမ်၏ လေသာဆောင် ကို စိတ်ပန်းကိုင်းတွေ တိုးဝင်နေသည်။

"သည်တိုက်အိမ်ကလေးမှာ အရင်က သစ်တောအရာရှိကြီး တစ်ယောက်နေခဲ့တာ။ မနက်ခင်းဆို ရင် ခွေးတစ်ကောင် နဲ့ လမ်းလျှောက်နေကျ။ လမ်းလျှောက်တုတ်ကြီး ၀င့်ဝင့်လျှောက်တာရယ်၊ ခါးမှာ စစ်သုံးခါးပတ်ပြားကြီး ပတ်ထားတတ်တာရယ်ကြောင့် လူတွေက ဘုမသိဘမသိ တော်အုပ်ကြီး လို့ ခေါ်ကြတယ်။ သူ့မိန်းမက သိပ်ချောတာပဲ၊ တောအုပ်ကြီးနဲ့ မလိုက်ဘူး"
တစ်ရက် လမ်းလျှောက်ရင်း ဇနီးသည်က ပြောပြခြင်းဖြစသည်။ သည်အဖြစ်အပျက်က ကြာပြီဟု ဆိုသည်။ သည့်နောက်ပိုင်း ဇာတ်လမ်းကတော့ သိပ်ပြီးမရေရာသည့် ဇာတ်လမ်းမျိုးသာ ဖြစ်သည်။ တစ်ရက်မှာတော့ တော်အုပ်ကြီး ၏ဇနီး မိန်းမချော ရုတ်တရက် ကွယ်လွန်ခဲ့သည်ဟု ဆိုသည်။

သည့်နောက်မှာ တောအုပ်ကြီးက တပည့်ဖြစ်သူ ချောင်းခေါင်းလင်မယားကို ထားရစ်ကာ အဝေးသို့ ထွက်ခွာ တာလည်း ပါသည်။ မကြာမီ ချောင်းခေါင်းလင်မယားလည်း တိုက်ကို သော့ခတ် ပြီးရွာပြန်ကြပြီး ကတည်းက ပြန်ရောက်မလာတော့တာလည်း ပါသည်။
"ဒါက အစိုးရပိုင်အိမ်ပဲ၊ တခြားအရာရှိတွေ မထားတော့ဘူးလား၊ နေရာက ခုမှသာ စည်ကားလာ တာလေ။ ဟိုတုန်းက သည်ဘက်ကို တော်တန်ရုံကိစ္စနဲ့ လာကြတာမဟုတ်ဘုး။ သည်တာရိုးကြီးက ဟိုတုန်းက မြစ်နဲ့ ပိုနီးတာ ဆိုတော့ သည်ဘက်မှာ လမ်းရယ်လို့ မရှိခဲ့ဘူး"

ကျွန်တော့်စိတ်ထဲမှာ သည်ဇာတ်လမ်းသည် ထူးခြားမနေသော်လည်း လမ်းလျှောက်တိုင်း သည်တိုက်အိမ်ကို မြင်ရ၊ မြင်ရတိုင်း ဇာတ်လမ်း အကြမ်းထည်ကို သတိရ၊ သတိရတိုင်း သိချင်စိတ် ကလေး 'လူ'လာတတ် တာတော့ ရှိပါသည်။ တစ်ညတော့ တာရိုးစောင်း မေးတင်ထားသည် မီးကင်း ထဲမှာ ကျွန်တော် သွားထိုင် သည်။ ထိုညက အိက်စပ်ပူလောင်လွန်းလှသည့် ညဖြစ်ပါသည်။ လေသည်ပင် ကမ္ဘာလောကနှင့် ဝေးရာ အရပ် သည် ခရီးလွန်နေပုံမျိုး။ လရောင်ကတော့ ရှိ၏။ ကင်းသမားကြီး ဦးကြီးဖေကို မက်ဒလင်ကလေး ဘေးချကာ ကျွန်တော့်ကို ရေးနွေးငှဲ့ပေးသည်။ သည်ကင်းသမားကြီးက အအိပ်အနေ နည်းသည်။ ၀ါသနာ ပါဟန် တူသည့် မယ်ဒလင် ကလေးကို ဂျောင်ဂျောင်ဂျင်ဂျင် တီးနေတတ်သူ ဖြစ်၏။

"ဦးကြီးဖေက ၀န်ထမ်းဟောင်းလား"
"သစ်တော ထွက်ပေါ့ဗျာ၊ သစ်တောထွက်ဆိုပေမဲ့ ကျွန်း၊ ပျဉ်းကတိုး ထဲက မဟုတ်ပါဘူးဗျာ၊ ဒီဒူး လက်ပံလောက်  ပါ"
သူ့စကား ကို ကျွန်တော် သဘောကျသွားသည်။ သည်လိုနှင့် သစ်တောထွက် ကင်းသမားကြီးနှင့် ကျွန်တော် စကားတွေပြောဖြစ် ကြသည်။ တောခေါင်းကြီး၏ တိုက်အိမ်အကြောင်းလည်း အကြောင်း တိုက်ဆိုင် စွာ ပါလာခဲ့၏။

"အဲသည့်တိုက်က အင်မတန် သရဲခြောက်တယ်လို့ နာမည်ကြီးတာကိုဗျ။ တော်ခေါင်းကြီးမိန်းမက မကျွတ်ဘူး ပြောကြတာပဲ။ တချို့က လေသာဆောင်ကို ထိုးဝင်နေတဲ့ စိန်ပန်းပွင့်တွေကို ခူးနေတာ တွေ့ကြ သတဲ့" ကျုပ်တောင် တာဝန်နဲ့ အဲသည့်နား အစောင့်ကျဖူးတယ်။ မတွေ့ခဲ့ပေါင်ဗျာ"
"ဌာန က နောက်ထပ်ဝန်ထမ်းတွေ မထားတော့ဘူးလား"

"အစိုးရပဲဗျာ ဘာအယုံအကြည်ရှိလိမ့်မလဲ၊ ထားတာပေါ့။ ခက်တာက အစိုးရကို ခြောက်တာ မဟုတ်ဘူးဗျာ။ နေတဲ့လူကို ခြောက်တာဆိုတော့ သိပ်ကြာကြာမနေကြဘူး"
ဦးကြီးဖေ ပြောစကားအရ သည့်နောက်ပိုင်း ပိတ်ထားလိုက်ရတာကပဲ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြာခဲ့ပြီ ဆို၏။ ကျွန်တော့်ဇနီး၏ အမှတ်သညာနှင့် မကွာလှပါ။ ဦးကြီးဖေက သည်တိုက်ကလေး ဆောက်စက 'သာက၀န်' ဟု အမည်ပေးခဲ့ကြောင်း ပြောပြနေသည်။ သာက၀န၊ ကျွန်းတောဆိုသည့် အဓိပ္ပာယ်။ သို့သော် သာက၀န် လို့ မခေါ်ကြဘဲ ကျွန်ေးတ်ာအိမ်လို့သာ ခေါ်ခဲ့ကြတာ ကျွန်တော် ပြောခဲ့ပြီ။
"တိုက်ကြီး ဘယ်လောက်ကောင်းကောင်း လူမှမနေ၀ံ့ရင် ဘာလုပ်မလဲဗျာ၊ ကျုပ်ရဲ့ ဟောသည့် ကင်းတဲကမှ ကျက်သရေ ရှိသေးတယ်"

ကင်းတဲက ပြန်တော့ ကျွန်တော့်မှာ တွေးစရာတွေ ရခဲ့သည်။ တွေးစရာဆိုတာထက် သတိရစရာဟု ဆိုနိုင်ပါသည်။ ကျွန်တော်ငယ်ငယ် ၀န်းထမ်းဘ၀က နယ်မြို့ကလေးတစ်မြို့သို့ တာဝန်ဖြင့် ရောက်ခဲ့ ရသည်။ တာဝန်ဖြင့် ပြောင်းရွှေ့ရတာ မဟုတ်သော်လည်း မိခင်ဌာနအတွက် လိုအပ်သော ကုန်ကြမ်း တစ်မျိုး ကို သည်နယ်မြို့ ကလေးမှတစ်ဆင့် ပို့ပေးရသည့်အတွက် နှစ်ပေါက်နေဖို့ ဖြစ်လာသည်။ ရောက်စက ကုန်ကြမ်းကောက် ပေးသည့် ပွဲစားများနှင့်အတူ နေခဲ့သော်လည်း ရေရှည်မှာ မကောင်းနိုင် သဖြင့် အိမ်ငှားရ တော့သည်။

ကျွန်တော်က သီးခြားနေချင်သည်။ မြို့ကလေးနှင့် ဝေးချင်သည်။ စာရေးစာဖတ်ရင်း တာဝန် ထမ်းဆောင် ချင်သူ ဖြစ်သည်။ ကျွန်တော်သည်ပင် တပည့်သာသာ ၀န်ထမ်းဆိုတော့ ကျွန်တော့်အတွက် တပည့် ဆိုတာ ကို မမျှော် လင့်နိုင်။ သည်တော့ ကိုယ်တိုင် ချက်ရ ပြုတ်ရသည်။ နေ့လယ်ခင်း မြို့ထဲမှာ ရှိနေသောလည်း လမ်းလျှောက်ပြီး ထမင်းပြန်စားသည်။ တစ်ရေးတမော်အိပ်၊ စာကလေးဖတ်ပြီး နှစ်ချက်ထိုးလောက် မြို့ထဲပြန်၊ ညနေမှောင်မှ တစ်ခုခုဝယ်ကာ ပြန်လာတတ်မြဲ ဖြစ်သည်။ ကျွန်တော့်ကို ငှားပေးသည့် အိမ်ကလေးက မြို့နှင့်လှမ်းသောလည်း အနီးက ရွာတန်းရှည်ကလေးနှင့်တော့ အဆက်အစပ် ရှိသည်။ သည်အိမ် ကို ငှားတော့ ပွဲစား ကိုကောင်း ပါသည်။

"အိမ်ကလေးက ခင်ဗျားကြိုက်မှာပါ။ သစ်သားအိမ်၊ ပျဉ်ကာ၊ သွပ်မိုး၊ ကြမ်းခင်းနှစ်ထပ်ဗျ၊ ခွေးကတက် ဖိနပ်ချွတ်က တစ်ထပ်၊ ပြီးမှ အိမ်မ ကြမ်းခင်းပေါ် တက်နိုင်တာ။ ပြီးတော့ ကိုယ့်ဝင်း ကိုခြံကလေးနဲ့ဗျ။ ၀င်းတံခါးကလည်း သော့နဲ့၊ အိမ်ကလည်း သော့နဲ့။ ရေချိုးဖို့ အုတ်ကန် ကလေးရှိတယ်။ ဘူးစင် ကလေး တောင် ရှိသေးတယ်"
အိမ်လခ၊ အိမ်၏အကျယ်အ၀န်း၊ နှစ်ဦးနှစ်ဖက် ညှိနှိုင်းရမည့် အချက်များ၊ ရေးမီးကိစ္စ၊ စပေါ်အပျောက် စသည့် အချက်အလက်များကို မပြောဘဲ သော့၊ အုတ်ကန်၊ ဘူးစင်အကြောင်းသာ ပြောနေသည်။ မေးကြည့်တော့ ရေက မနက်ခင်း ရေထမ်းသမားက အုတ်ကန်ထဲ ထည့်ပေးသည်။ မီးမရှိ။ စပေါ် အပျောက် မရှိတာထား၊ အိမ်လခပင် ပေးစရာမလိုဟု ဆိုလေသည်။

"သည်အိမ်က တရားသူကြီးတစ်ယောက်ရဲ့ အိမ်။  အိမ်မှာ လူမရှိဘူး။ မိန်းမသေပြီးကတည်းက တာဝန် ကျရာ နယ်မှာပဲ နေတော့တာ။ အိမ်မပျက်စီးအောင် လူနေရင် တော်ပြီတဲ့။ တရားသူကြီး အမျိုးတွေ ရွာထဲမှာ ရှိတယ်။ ခင်းဗျားဆိုရင် အရှုပ်အရှင်းမ၇ှိနိုင်လို့ ထားချင်တယ်လို့ ပြောတယ်"
ဤသို့ အားဖြင့် ကျွန်တော် သည်အိမ်ကို ရောက်လာခဲ့သည်။ ၀င်းထဲမှာ မြက်ပင်က ရှည်လှပြီ။ အိမ်ကလေး ကတော့ တော့်တော့်ကို သစ်လွင်ပါသေးသည်။ မျက်နှာကြက်မပါသဖြင့် အိမ်မိုး သွပ်တွေကို မြင်နေရသည်။ အိမ်မျက်နှာ မှုသည့် အတိုင်းဆိုလျှင် ဘယ်ဘက်မှာ မိးဖိုချောင် အဆောင်နှင့် တွဲထားသည်။ အိမ်ကြမ်းခင်း တွေမှာတော့ ဖုန်တွေ တင်းကျမ်း။ ဘုရားစင်ပေါ်မှာ ညောင်ရေအိုးတစ်လုံး ရှိနေကာ ပန်းခြောက်တွေက ကြွပ်ရွ နေ၏။ အိမ်ရှေ့ဧည့်ခန်းကလည်း တစ်ပြင်တည်း အလျားရှည်ကြီး ဖြစ်သည်။

အတွင်းခန်းလို့ ပြောနိုင်သည့် သုံးထပ်သားကန့် အခန်း ထဲမှာတော့ အိပ်ရာခေါင်းအုံးတွေ ရှိနေပြီ ခေါက်ခေါက် သိမ်းသိမ်းမဟုတ်။ ဖုန်တသောသော။ အိပ်ရာတွေ ခင်းဖြန့်ထားပုံက ထူးဆန်းနေသည်။ မိုးဖိုးချောင် ကို ၀င်ကြည့်ကြတော့ ဆန်အိုးထဲမှာ ဆန်တွေ ရှိသော်လည်း ပိုးထိုးလောက်ကိုက်။ သစ်သားမီးခြစ် ကလေးက မီးဖိုဘေးမျာ။ အဆန်တွေ အတော်များများ ကျန်သေးသည်။ ချိတ်ထားသည့် မှန်အိမ်ထဲ မှာ ရေနံဆီ တစ်ဝက်။ မှန်အိမ်ပြောင်း ကမည်းညစ်နေသည်။ မီးသွေးတွေကတော့ မြင်မကောင်း အောင် ပြန့်ကျဲနေ၏။ နံရံစင်ပေါ်မှာတော့ အိုးတွေရှိသည်။ အိမ်ရှေ့သံဆန်ခါကွက်မှာ ချိတ်ထားသည့် နတ်စင် သေးသေးက ဘယ်နတ်ကို ညွှန်းလေ သည်မသိ။

ကိုကောင်း၏ တပည့်များက တစ်အိမ်လုံး သန့်ရှင်းပေးကြသည်။ တစ်ယောက် ရေးထမ်းပြီး တစ်ယောက် တဝေါဝေါ ဆေးချသည်။ "ညစ်ပတ်လိုက်တဲ့ တရားသူကြီးနှယ်" လို့လည်း ညည်းကြ သေးသည်။ ကျွန်တော် က ဧည့်ခန်းသုံးထပ်သား အကန့်တွေပေါ်က ဓာတ်ပုံကြီးသုံးပုံကိုသာ စိတ်ဝင်စား နေမိသည်။ အမျိုးသမီး သုံးယောက်။ နှစ်ယောက်က ၆၀ကျော် ၇၀ကျော် အမယ်အိုများ။ တစ်ယောက်ကတော့ ငယ်သေး ချောသေး သည်။ သွားတက်ကလေးပေါ်အောင် ပြုံးထားသည့် အပြုံးက ချစ်ခင်ဖွယ် ကောင်းသည်။ တရားသူကြီး၏ ကွယ်လွန်သူ ဇနီးဟု ဆိုသည်။
"အဘွားကြီးနှစ်ယောက်က တရားသူကြီးရဲ့ အမေနဲက ယောက္ခမဗျ။ ဒါကတရားသူကြီး ကတော်။ သိပ်ကို ငယ်သေးတာ။ ဒေါ်မြသန်းကြည်တဲ့။ ထူးဆန်းတာက သုံးယောက်စလုံး အဆုတ်ရောဂါနဲက သေကြတာ။ သားသမီး တော့မပေါ်ခဲ့ဘူး"

ကိုကောင်း ပြောပြတော့မှ ကြက်သီးထသွားသည်။ အမျိုးသမီး သုံးယောက်စလုံးက ကျွန်တော့်ကို ကြည့်နေ ကြသည်။ ဓာတ်ပုံအရိုက်ခံကြ စဉ်က ကင်မရာမှန်ဘီလူးကို ကြည့်ကြသဖြင့် သည်လိုဖြစ် နေမှန်း ကျွန်တော် သိပါသည်။ သို့သော် ဓာတ်ပုံထဲက အကြည့်တွေက ကျွန်တော်ကို အကဲခတ်နေ ကြပုံမျိုးဖြစ်သည်။ ဒေါ်မြသန်းကြည်က ပိုဆိုးသေးသည်။ ဓာတ်ပုံကသာ ပြုံးနေသော်လည်း "ရှင်က ဘာကိစ္စ သည်အိမ်ပေါ် လာချင်ရတာလဲ ဆိုသည့် အကြည့်မျိုး ဖြစ်နေသည်။ ဓာတ်ပုံကြီးတွေက သုံးပေခွဲနှစ်ပေခွဲ ဆိုက်ကြီးတွေ။ မောက်တပ်ထားပြီး မောက်အောက်ခြေမှာ အမည်၊ မွေးဖွားသည့် ရက်၊ ကွယ်လွန်သည့်ရက်တွေ ဓာတ်ပုံတိုင်း မှာ ပါတာ သတိထားမိပါသည်။"

ကိုကောင်းက အတွင်းအိပ်ခန်းတစ်ခြမ်းကို ကန့်လန့်ကာဟောင်း တစ်ချုပ်နှင့် ကာလိုက်ပြီး ဓာတ်ပုံကြီးများ အပါအ၀င် စုံစီနဖာ အားလုံး ထိုအခန်းထဲ ထိုးသိပ်ထည့်ပေးသည်။ ဧည့်ခန်းအလယ်မှာ လူတစ်ရပ်စာ မြင့်သည့် ကျွန်းဗီရိုတစ်လုံး ရှိသည်။ အကန့်လေးကန့်ပါ သည်။ အကန့်တိုင်းမှာ စာအုပ်တွေ၊ ဥပဒေ ကျမ်းတွေ၊ မဂ္ဂဇင်းတွေ၊ ဖိုင်တွေ ရှိနေတာ မှန်ချပ်များက တစ်ဆင့် မြင်နေရသည်။ အကန့် လေးကန့်ဆိုတော့ တံခါးနှစ်ချပ်အတွက် အကန့်ရှစ်ကန့်။ တစ်ကန့်မှာက ဒေါ်မြသန်းကြည်၏ ဓာတ်ပုံ တစ်ပုံ အတွင်းက ကပ်ထားသည်။ မှန်ကွက်နှင့် ကွက်တိ။ ကျန်မျန်ကွက်များမှာတော့ ဘာမှမရှိသဖြင့် စာအုပ် တွေကို မြင်နေရခြင်းဖြစ်သည်။ ကိုကောင်းက ရုံးသုံးစက္ကူဖြူ ရှစ်ရွက်ကို ကော်သုတ်ပြီး မှန်ကွက် တွေပေါ် က ကပ်ပေးသည်။

"ဗီရိုက သော့ခတ်ထားတော့ အထဲက ဓာတ်ပုံကို ခွာလို့မရဘူးဗျ မှန်ပေါ်က စက္ကူကပ်လိုက်တော့ သပ်ရပ် သွားတာ ပေါ့၊ စာအုပ်တွေနဲ့ဆိုတော့ ဗီရိုကို ရွှေ့ဖို့လည်း ခက်တယ်"
သူပြောတာ မှန်ပါသည်။ ဗီရိုအတွက် ကျွန်တော့်မှာ ကျဉ်းကပ်မသွားပါ။ တစ်ယောက်တည်း ဆိုတော့ အိမ်က ကျယ်လွန်း နေသေးသည်။ ကျွန်တော့် သေတ္တာကလေး၊ အစက်ချိန်သုံးလေး ချောင်း၊ စာအုပ်တချို့၊ သောက်ရေအိုး တစ်လုံး၊ ဖျာတစ်ချပ်၊ ခေါင်းအုံးတစ်လုံး ရောက်လာတော့ ပြည့်စုံသွားသည်။ ပက်လက် ကုလားထိုင် ကလေးကိုတော့ ဘူးစင်ရိပ်မှာ ချလိုက်သည်။ ရေကရေထမ်းသမားကို သုံး၊ မီးက ဖယောင်းတိုင် ကို သုံး။

တံမြက်စည်းက သည်အိမ်က အဟောင်း။ ဟန်ကျသွားပြီ။ သို့သော် ကျွန်တော့်အဖို့ ဆန်းနေသည့် အချက်မှာ အိမ်လခမပေး ရခြင်းနှင့် မည်သူကမှလည်း လာရောက် မစပ်စုကြခြင်းဖြစ်သည်။ တရားသူကြီး ၏ အမျိုးဆိုသူ တွေပင် မလာကြ။ တစ်ပတ်လောက်နေတော့ ခြံဘေးအိမ်က ဘကြီးပွား မိသားစုနှင့် ခင်မင်သွား သည်။ ဘကြီးပွား အိမ်ထောင်သည်က ဘူးစင်အောက် စာဖတ်နေတတ်သည့် ကျွန်တော့်ကို ပဲပြုတ် ဆီဆမ်း ကလေး၊ လက်ဖက်ကလေး လာပေးတတ်၏။ တစ်ခါတစ်ခါတော့ နှီးဖျာနေသည့် ဘကြီးပွား ထံရောက်သွား တတ်၏။
"အရေးအကြောင်းဆို ခေါ်ကွ၊ မင်းရှေ့က ငှားနေတဲ့ မိသားစု ခြောက်စုလောက်လည်း သည်လို ပြောင်း ရတယ်။ သိပ်မခံကြဘူးကွ၊ ပြေးကြတာပဲ"

ဘကြီးပွားက ကျွန်တော့်ကို အိမ်ထောင်ရှိသလား မေးသည်၊ နေရတာ အဆင်ပြေရဲ့လား မေးသည်။ ခြံရှေ့ နောင်ပို့နားက ထွက်လာတတ်သော ခွေးနက်တစ်ကောင်ကို မြင်ပြီးပြီလား မေးသည်။ ဘုရားပန်းလဲဖို့ ရတနာသုံးပါးဆည်းကပ်ဖို့ ပြောတတ်သည်။ ကျွန်တော်က မနက်ခင်း စောစော ထမင်းတစ်လုံးတည်ကာ နေလယ် ပြန်လာမှ မြို့ထဲက ဟင်းဝယ်လာတတ်သည်။
တစ်ရက် မှာတော့ သတိထားမိတာတစ်ခု ရှိလာသည်။

အိမ်တံခါးသော့ဖွင့်လိုက်သည်နှင့် ကြမ်းပေါ် မှာ စက္ကူတစ်ရွက်ကျနေတတ်ကာ ထိုစက္ကူမှာလည်း မမြသန်းကြည် ၏ ဓာတ်ပုံကပ်ထားသည့် မှန်ချပ်က စက္ကူလိုလိုချည်း ဖြစ်နေသည်။ တစ်ရက်မဟုတ်။ နှစ်ရက် မဟုတ်။ တခြားစက္ကူတွေက မကွာ။ သည်တစ်ချက်တည်း ကွာတာဆိုတော့ ကျွန်တော်ကလည်း ကော်ကလေး ပြန်သုတ်၊ ပြန်ကပ်။ နောက်တစ်နေ့ တံခါးဖွင့်ကြည့်တော့ ကြမ်းပေါ်မှာ။ ဓာတ်ပုံကလေးက မှန်အတွင်း ထဲကနေ ကျွန်တော့်ကို ပြုံးပြမြဲ။ တစ်ညတော့ အိပ်မက်မက်သည်။ အမျိုးသမီး တစ်ယောက် ကျွန်တော့် ခြေရင်း မှာ ရပ်နေသည်။ သွားတက်တွေက ညအမှောင်ထဲမှာ လက်ခနဲ။

"ကျွန်မကို စက္ကူနဲက မကာနဲ့လေ၊ ကျွန်မ မကြိုက်ဘူး"
အိပ်ရာက နိုးတော့ ချွေးတွေ ပြန်နေသည်။ သံဆန်ခါကြားက လရောင်ကို မြင်နေရသည်။ သွပ်မိုး ပေါ် နှင်းကျသံ က ဖြိုးဖြိုးဖြောက်ဖြောက်။
တစ်ခါတော့ သေတ္တာပေါ်တင်ထားသည့် ကျွန်တော့်နာရီကလေး မနက်မိုးလင်းတော့ မတွေ့။ ရှာသော် လည်း ဘယ်မှာမျ မတွေ့တော့ အံ့သြ ရသည်။ နာရီတစ်လုံး ၀ယ်လိုက်ရတော့သည်။ နောက်တစ်ပတ် လောက် ကြာတော့ အိမ်မက်မက်ပြန်သည်။ အမျိုးသမီးတစ်ယောက်နှင့် ကျွန်တေ် ဘူးစင်အောက်မှာ စကားတွေ ပြောနေသည်။

"နာရီကလေး ကို နှမြောနေတယ် မဟုတ်လား။ ကျွန်မ စထားတာပါ၊ ပြန်ပေးမယ်"
တကယ်လည်း ပြန်တွေ့ခဲ့သည်။ တစ်ညမှလည်း ဖိနပ်ချွတ်နှင့် အိမ်မကြီး ကြမ်းပြင်ကြား ဟနေသည့် နေရာမှာ ခွေးနှုတ်သီးမည်းမည်းကို မြင်လိုက်ရတော့ တံမြက်စည်းနှင့် ရိုက်ချလိုက်ရ သည်။ ကန့်လန့်ကာကြီး ကာထားသည့် တိုလီမုတ်စအခန်းဆီမှ ပစ္စည်းရှာသံ၊ ခြေလျှောက်သံတွေ ကြားရတာ ကလည်း ခဏခဏ။ တစ်ရက်တော့ သည်အိမ်က ပြောင်းရဖို့ဖြစ်လာခဲ့သည်။ ကြီးမားသလောက် တောင့်တင်း လှသော သွပ်မိုးပျဉ်ကာ အိမ်ကြီးကို ဆင်နှင့် အောင်းနေသလို တသိမ့်သိမ့် လှုပ်ခါနေတာကို ကျွန်တော် မခံနိုင်တော့ ၍ ဖြစ်သည်။ ကိုကောင်းနှင့် ဘကြီးပွားက ကျွန်တော့် ပစ္စည်းကလေးတွေ ပြန်သိမ်း ပေး ကြသည်။

"တရားသူကြီးက နယ်မှာနောက်အိမ်ထောင် ပြုလိုက်ပြီဆိုတဲ့ သတင်းရောက်လာကတည်းက သည်အိမ်ဟာ ထူးခြားလာတာပဲ။ သည်အိမ်က ၀ယ်မယ့်သူလည်း မရှိဘူး၊ ငှားမယ့်သူလည်း မရှိဘူး၊ ရောက်လာသမျှလည်း မမြဲကြဘူး။ မိန်းမသုံးယောက် ဓာတ်ပုံတွေကို ပြန်ချိတ်ပေးလိုက် ကြပါကွာ၊ သူတို့ပဲ နေကြပါစေတော့........."
သည် အဖြစ် အပျက်က ပြောလျှင် ယုံလောက်စရာမရှိသော ကျွန်တော့်ကိုယ်တွေ့ဖြစ်သည်။

ဤသို့ ဆိုသဖြင့် လောက၌ တစ္ဆေသရဲတို့သည် ရှိကုန်၏ဟု ကျွန်တော်မဆိုဝံ့ပါ။ သို့သော် ပြင်းပြသော မိန်းမသားတို့၏ ချစ်ခြင်းမေတ္တာကိုတော့ လျစ်လျူမရှုသာ။ တောအုပ်ကြီး၏ ဇနီးသည် လည်းကောင်း၊ တရားသူကြီး၏ ဇနီးသည်လည်းကောင်း ထိုအိမ်များ၌ ရှိနေသည်ဆိုလျှင်ပင် မည်သို့ကိုမျှ ထိခိုက်စရာမရှိ။ သို့သော် အိမ်ကလေးတွေကို ထိခိုက်နေသည်။ တစ်ပါးသော ပယောဂကြောင့် မဆီမဆိုင် အိမ်ကလေး တွေ မှာ ပြစ်ဒဏ်ကျခံနေရသည်။

သည်အကြောင်းကို ညကျလျှင် ကင်းသမားကြီး ဦးကြီးဖေကို ပြောပြရဦးမည်။ ထုံးစံအတိုင်း အိမ်ကြီး တိုက်ကြီး ဘယ်လောက်ကောင်းကောင်း လူမှမနေ၀ံ့ရင် ကျုပ်ကင်းတဲလောက်တောင် ကျက်သရေ မရှိဘူး လို့များ ဆိုနေလေမလား။ တကယ်တော့ အိမ်ကလေးတွေ မှာ အပြစ်မရှိ။

နေဝင်းမြင့်
.

3 comments:

ညိမ်းနိုင် said...

အစ်မရွှေစင်.....ကျွန်တော်ဒီညတော့ တစ်ယောက်တည်း
အိပ်ရဲတော့ဘူးဗျ..။တရဲကြောက်တယ်...။ဟိုတယ်သွားပြီး
အဖော်ခေါ်အိပ်တော့မယ်..:D။(အလကားပြောတာနော်)
နေဝင်းမြင့်ရေးတဲ့ဝတ္ထုတွေဆို အကုန်ကြိုက်တယ်...။
ဒီလိုမျိုးလေးတွေ သူတော်တော်ရေးတယ်နော်...။

:P said...

ကြောက်ဒယ်တော့်...

ဇွန်မ said...

အမရေ စိတ်ဝင်စားစရာကောင်းတယ်။ မကျွတ်မလွတ်သေးတဲ့သူတွေအတွက် အမျှအတမ်းပေးဝေဖြစ်ရင် ကောင်းမှာပဲနော်။