Sunday, October 31, 2010

မြစိမ်းပြာ ကမာရွတ် အပိုင်း (၂၁)

အဲဒါပေါ့၊ ဦးအကြောင်းကို မသိကြသေးတော့ လတ်မေမေတို့၊ လတ်မောင်နှမတွေ တို့က ဦးကိုအရက်ပဲ သောက်နေတဲ့ လူပျိုကြီးကျောင်းဆရာလို့ ထင်ကြသေးတာ။ လတ်ကို အမျိုးဖျတ်တာပေါ့။ အသက်ကြီးတယ်၊ အရက်သောက်တယ်၊ လူ့ခွစာကြီး၊ ပိုက်ဆံလည်း မရှိဘူး၊ ဘာညာနဲ့ပေါ့။ အဲ- အင်္ဂလိပ်စာ သိပ်တော်တာနဲ့ ကျူရှင်အောင်မြင်တာကိုတော့ သူတို့အသိအမှတ်ပြုရတယ်လေ။ လတ်တို့မောင်နှမတွေအကုန်လုံး၊ လတ်တို့ တစ်ဆွေ တစ်မျိုး လုံး ဦးရဲ့ တစ်ပည့်တွေချည်းကိုး။

    ဦးနဲ့လတ်ရဲ့ ဖူစာကလဲဆန်းပါတယ်။ လတ်တက္ကသိုလ်မှာ ဦးအင်္ဂလပ်စာ ကလပ်စ်က နာမည်ကြီးလွန်းလို့ ကိုယ့်မေဂျာနှင့်မဆိုင်ဘဲ သူငယ်ချင်းတွေနဲ့ လိုက်တက်တာလေ။ ဦးကလပ်စ် နာမည်ကြီးတာကလဲ တခြားဆရာ တွေလို ချောလို့ လှလို့မဟုတ်ဘူး။ စာသင်သိပ်ကောင်းပြီး  ဦးရဲ့အသံနဲ့ ဟန်ပန်က ဆွဲဆောင်မှု ရှိတယ်ဆိုပြီး နာမည်ကြီး တာ။ပြီးတော့အော်တဲ့ ငေါက်တဲ့နေရာမှာလဲ အဲဒီကတည်းက နာမည်ကြီး ပါ သတော်။ (ခုတော့လဲ ကိုယ်မှာ လက်တွေ့ပေါ့)

    ဦးက စည်းကမ်းအရာမှာလဲ နာမည်ကြီး။သူ့ကလပ်စ်ဟာ သူစာသင်နေတဲ့အချိန်မှာ တစ်ယောက်မှ စကား မပြောရဘူး။ ဟေ.. ဟားနဲ့လဲ သံသေးသံညောင်မအော်ရဘူး ဆရာကရယ်စရာပြောရင် ရယ်ရတယ်။ ဒါပေမယ့် တော်ရုံ သင်ရုံပဲ မပြီးနိုင်မစီးနိုင် တအားအော်မရယ်ဘူး။
    သူ့စည်းကမ်းကို လိုက်နာနိုင်ရင် ကလပ်စ်ထဲဝင်ခဲ့၊ မလိုက်နာနိုင်ရင်မ၀င်ခဲ့နဲ့။ ၀င်ခဲ့ပြီးမှ စည်းကမ်း ဖောက်ဖျက် လို့ကတော့ ဦးသက်ဦးအကြောင်းပြလိုက်ပါလိမ့်မယ်။ "ဟေ့ကောင်" ဆိုတဲ့ ဒေါသအော်သံ ဟာ ကလပ်စ် တစ်ခုလုံးကို တုန်လှုပ်ချောက်ချားစေပြီးမှ အဲဒီစည်းကမ်းဖောက်ဖျက်တဲ့ ကျောင်းသားကို ပက်ပက် စက်စက် လက်ညှိုးငေါက်ငေါက် ထိုးပြီးပြောတော့တယ်။ ပြီးတော့မှ "ဂက်အောက်" ဆိုတဲ့ မိုးချုန်း သလို အော်သံကြီးနဲ့ ထွတ်သွားခိုင်းတော့တာပဲ (ခု...ကျူရှင်မှာလဲအဲလိုပါပဲ)။

    လတ်ကဦးကလပ်စ်မှာ ဦးဒေါသဖြစ်တာနဲ့တစ်ခါကြုံဖူးတယ်၊ ဦးအော်လိုက်တာ လတ်တုန်သွားပြီး ဖောင်တိန်တောင်လွတ်ကျသွားဖူးတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ မလတ်လတ်ထွေးက ဦးကို စိတ်ဝင်စား နေပြီလေ။ အိပ်မက်တွေမှာတောင် ထည့်မက်တတ်နေ ပြီလေ။ ကွယ်ရာမှာဦးကို  စိတ်ဝင်စားတဲ့ ကျောင်းသူ တွေ ချစ်စနိုးခေါ်တဲ့ ဦးသက်ဦး အဖျားဆွတ်အတိုကောက် "ဦး" ဆိုတဲ့နာမည်လေးကိုလဲ လတ်ခေါ် နေတတ်ပြီ။

    ဦးကတော့ လတ်ကို ပထမ သတိမထားမိပါဘူး။ နောက်မှ လတ်က ကဲပြီး ဦးနဲ့နီးအောင် ရှေ့ဆုံးတွေမှာ သွားထိုင် မှ ဦးသတိထားမိတာပါ။ ဒါတောင်ခပ်တည်တည် ကြီးကြည့်တာပါ။ အဲဒီခပ်တည်တည် အကြည့်ကြီး ကို လတ်ကသာ ရင်တဒိတ်ဒိတ်ခုန်ရတာ။
    ဒီလိုနဲ့ စာမေးပွဲဖြေခါနီး၊ ကျောင်းပိတ်ခါနီး လတ်သွားတတ်တဲ့အချိန်မှာ ကလပ်စ်ပြီးတော့ လတ်ချန်နေ ခဲ့တယ်။ ကလပ်စ်ထဲမှာ လေ့ကျင့်ခန်းစာအုပ်တွေနဲ့ ဦးကြာကြာနေတတ်တယ်ဆိုတာ လတ်သိတာကိုး။

    လတ်လူတွေရှင်းအောင် စောင့်နေတယ်။ ရည်းစားစကားပြောမလို့မဟုတ်ပါဘူး။ ဦးကိုခွဲခွာခြင်းအနေနဲ့ အမှတ်တရ လက်ဆောင်ပေးချင်လို့ပါ။ လတ်က ဖိုင်နယ်လေ။ ဦးနဲ့ခွဲခွာရတော့မယ်။
    လူတွေရှင်းတာနဲ့ ဦးထိုင်နေတဲ့ စားပွဲပေါ်ကို ဒိုင်ယာရီ အသစ်လေးလတ်သွားတင် လိုက်တယ်။ ပေးသာ ပေးရတာ၊ ကြောက်ကြောက်နဲ့ပါ။ "ဆရာ့အတွက် လက်ဆောင်" ဆိုတဲ့စကား ပြောတာတောင်တုန်လို့။

    စာအုပ်တင်ပြီးတာ နဲ့ လတ်က လစ်ပြေးမလို့ရှိသေး၊ ထူးခြားစွာ နူးညံ့ချိုသာနေတဲ့ အသံတစ်ခုက "နေဦးလေ" တဲ့။ မယုံနိုင်စရာ ပြုံးကြည့်နေတဲ့ ဦးရဲ့သိမ်မွှေ့တည်ငြိမ်တဲ့ မျက်နှာကို လတ်တွေ့လိုက်ရတယ်။ ပြီးတော့ "ဒီမှာ...လာကြည့်စမ်း"တဲ့ ဦးလက်ညှိုး ထိုးပြနေတဲ့ စားပွဲပေါ်ကို လတ်ကြောက်ကြောက်နဲ့ ကြည့် လိုက်တော့ မြေဖြူနဲ့ဆွဲထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ခေါင်းပုံလေးတွေ။ ဆံပင်တိုတို ပခုံးဝဲလေးနဲ့။ အဲဒီ မြေဖြူ ပန်းချီပုံတွေထဲက ကောင်မလေးဟာလတ်ပေါ့။ လတ်လတ်ထွေးပေါ့။ ကြည့်စမ်း အလျင်နေ့ တွေကတည်း က ကလပ်စ်ကို တစ်ခုခုလေ့ကျင့်ခန်း လုပ်ခိုင်းထားတဲ့အချိန်ဆို.. ဦးတစ်ယောက်စားပွဲပေါ်မှာ မြေဖြူ နဲ့ ဟိုခြစ်ဒီခြစ် လုပ်နေတာ ဒါတွေကိုး။

    လတ်လေ...အဲဒီတုန်းက အရမ်ပျော်သွားတာပဲ သိလား။ ဒါပေမယ့် ဦးနဲ့လတ်တို့ နောက်နှစ်နှစ်နေမှ ပြန်ဆုံ ရတာပါနော်။ အဲဒီနေ့က လတ်ရှက်ပြီး ချက်ချင်းထွတ်ပြေးခဲ့တာပဲ နောက်တော့ လတ်ကျောခိုင်းပြီး၊ မူလတန်း ကျူရှင်ဆရာမ လုပ်တဲ့ ကျောင်းကိုလဲ မရောက် ဖြစ်ပါဘူး။ နှစ်နှစ်လောက် ရှိတော့မှ ဦး တစ်ယောက် ကျောင်းကထွတ်ပြီး ကျူရှင်ဖွင့်နေတယ် ဆိုတော့မှ လတ် ညီမလေးတစ်ယောက်ကို အကြောင်း ပြပြီး လတ် နဲ့ ဦးပြန်တွေ့ကြတာ။

    အိမ်ကသဘောမတူဘူးဆိုတော့လဲ လတ်ဦးရှိရာကို ဆင်းလာခဲ့တာပဲ။ ဦးသူငယ်ချင်း အခန်းပေါ့။ ဦးက အဲဒီမှာ နေတာကိုး ။တက္ကစီတစ်စီနဲ့ လတ်ရဲ့အ၀တ်အစား သေတ္တာ အလုအပ ပစ္စည်းသတ္တာ အကုန် ပါတယ်။ ဘယ်သူကလိုက်ပို့တုံးဆိုတော့ ဦးရဲ့တပည့်ဟောင်း လတ်ရဲ့ အစ်ကိုလေးလေ။ အိမ်မှာ သူတစ်ယောက် ပဲ လတ်ဘက် က မဲပေးတာလေ။
    အိမ်မှာလူကြီးတွေရော၊ ကလေးတွေရောမရှိတဲ့အချိန် လတ်က သေတ္တာထမ်းချ၊ ကားငှားပြီးလိုက်ပို့တာ။ ဦးတောင် အံ့သြလို့။

    နောက်တော့လဲ မေမေနေမကောင်းတဲ့အချိန် သူတို့လာခေါ်ကြပြီး ပြေလည်တာပါပဲ။ ရယ်စရာ ပြောတတ် တဲ့ လတ်ဖေဖေက အမြဲပြောတယ်။ "ငါတော့ဝဋ်လည်ပါပြီကွာ၊ ငါ့သားကြီးဆရာဝန်ကို ယောက္ခမ က ဆရာ၊ဆရာနဲ့ ခေါ်ရတာကို ငါကအသားယူနေတာ၊ ခုတော့ ငါ့မယ် သမက်ကို ဆရာ ခေါ်ရတော့မယ်"တဲ့ ရယ်ရတယ်။ ဦးကို ဖေဖေက သားသမီးတွေရဲ့ဆရာဆိုပြီး ဆရာခေါ်တာကိုး။ ဒါပေမယ့် လတ်ဖေဖေ က လည်တယ်။ သမက်ဖြစ်မှ ဆရာမခေါ်တော့ဘူး။ ပြောင်းခေါ်တယ်။ "ကိုသက်ဦး" တဲ့။
    လတ်ပြုံးလိုက်မိတယ်။ ဖေဖေနဲ့မတွေ့ရတာတောင်ကြာပြီ၊ ဒီတစ်ပတ်နားရက်ကိုတော့ သွားနိုင်အောင် ကြိုးစား ရမယ်။

    လတ်ကကော်ဖီဖျော်ပြီးသားကို ပန်းကန်နှစ်ခုထဲလောင်းထည့်လိုက်ရင်း အခန်းထဲမှာ မင်းမူ နေတဲ့ ကြီကြီ ကွာကွာစက်သံနှစ်ခု ကို လွှမ်းသွားအောင် အော်လိုက်တယ်။ "ဦးရေ.. အားလုံး အဆင်သင့်ဖြစ်ပြီ" "အိုကေ.. အိုအေ"
    စားစရာသောက်စရာတွေကို စတီးလင်ဗန်းလေးနဲ့ထည့်ပြီး လတ်ဧည့်ခန်းကို ထွက်လာတော့ ထုံးစံ အတိုင်း ဦးက ရေဒီယိုတစ်ဖက် ၊ရီမုတ်ကွန်ထရိုးကို တစ်ဖက်ကိုင်လို့ ကုလားထိုင်ပေါ်မှာ..။
    တီဗွီမှာ သူမကြည့်ချင်တာ၊ မမြင်ချင်တာပါရင် ဒေါသနဲ့မြန်မြန်ပိတ်ဖို့ ရီမုတ်ကွန်ထရိုး က အမြဲ ကိုင်ထား ရတာလေ။ " ဦး..စားလေ"
    ရေဒီယိုကို နားနားကပ်ထောင်နေရာက ဦးခေါင်းညိတ်လိုက်တာနဲ့ "ဟတ်ချိုး"ဆိုတဲ့ ချေသံ ထွက်လာတော့ တာပဲ။"ဟော..ချေပြီဗျို့၊ ကျုပ်အအေးပတ်ပြန်ပြီထင်တယ်"

    "ကောင်းတယ်၊ကောင်းတယ်၊ပပ်မှာပေါ့ ၊ကလေးကျနေတာပဲ လတ်ပြောတာဘယ် တော့မှ နားမထောင် ဘူး အကျီင်္တုံးလုံး ကျွတ်ကြီးနဲ့ မနေပါနဲ့၊စွပ်ကျယ်လက်ပြတ်လေး ၀တ်ထားပါလို့ အာပေါက် မတတ် ပြောတယ်၊ ဒါချွေးအေးပတ်တာနားလည်လား၊ အပြင်က ပြန်တာနဲ့ ချွေးတွေသံတွေနဲ့ အကျီင်္ကိုချွတ် ၊ပြီးတော့ တုံးလုံးကျွတ်နဲ့နေဆိုတော့ ချွေးအေးပတ်တာပေါ့" "ကျုပ်ဒီလိုပဲ နေတတ်တာပဲ ဥစ္စာ" "ခဏခဏ ဖြစ်နေတော့ ဘယ်ကောင်းဦးမလဲဦးရဲ့"

    ချွေးအေးပတ်ပြီး နှာမွှန်ခြင်းကိစ္စနဲ့ ထုံးစံအတိုင်း လတ်ဦးနဲ့စကားပြောရပြီ။ သူများလိုခံနိုင်ရည် ရှိတာလဲ မဟုတ်ဘူး။ နှာခေါင်းကြီးက ပိတ်ပြန်ပြီ။ နှာသံကြီးနဲ့ စာသင်ရတာမကောင်းဘူးနဲ့။ ဒေါသကကြီး ပြီး တစ်ဖျစ် တောက်တောက် နဲ့ မပြီးတော့ဘူး။ ဟောပြောရင်းဆိုရင်းချေပြန်ပြီ။ ဟတ်ချိုးတွေဆက်တိုက်လာပြန်ပြီ။
    "ဦးဆေးသောက်ရအောင်" လတ်က ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ ထိုင်ရာကထပြီး ဆေးသွားယူပေးတယ်။ တစ်လက်စ တည်း စပို့ရှပ်အကျီင်္တစ်ထည်ပါ ယူခဲ့တယ်။
    "ရော့..အကျီင်္အလျင်ဝတ်ရမယ်" ဦးမျက်နှာက ရှုံ့မဲ့သွားတယ်။ "အိမ်မှာနေရင် ကျုပ်ကအကျီင်္ကို မ၀တ်ချင်တာ အခန်းကြီးက သိပ်အိုက်တာ၊ လှောင်နေတာ" "၀တ်ပါဦးရယ်၊ မ၀တ်ရင် ဦး ဖျားလိမ့်မယ်၊ ကလပ်စ် ပျက်လိမ့်မယ်" "ခက်တာပဲ" 

    ဦးကညီးညီးညူညူနဲ့ အကျီင်္ဝတ်တယ်။ ပြီးတော့ တစ်ချက်ချေလိုက်တယ်။ ကဲတွေ့တယ်မဟုတ်လား၊ ရော့... ဆေးသောက် ဘာမီတွန်လေ "ဘာမီတန်ပါ၊ ဘယ်နှယ့်ဘာမီတန်လဲ၊ လတ်မေ့သွားလို့ " အသံထွက် က သိပ်ညံ့တာပဲ အဲဒါသင်တဲ့ ဆရာညံ့လို့ပေါ့" ဆေးသောက်နေတဲ့ဦးကို လတ်မျက်စောင်းထိုးလိုက်တယ်။ ကျုပ်နဲ့ မဆိုင်ပါဘူးနော်၊ ခင်ဗျားရဲ့ ငယ်စာသင်တဲ့ အင်္ဂလိပ်ဆရာညံ့တာပေါ့။

    ဦးက ပခုံးနှစ်ဖက်ကိုတွန့်ပြီး လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သေးတယ်။ စာသင်ခန်းထဲမှာ ကျောင်းသူ ကျောင်းသား တွေ သဘောကျတဲက ဆရာဦးသက်ဦးရဲ့ဟန်ပန်အမူအရာ တစ်ခုပေါ့။
    အိုး...ကြည့်စမ်းပါဦးဗျာ။ ဆိုနေတဲ့ပုံကြီးကလဲ။ ခန္ဓာကိုယ်ကြီးကလည်း ၀လိုက်တာ လာခဲ့စမ်း။
    ဦး က သူ့ရီမုတ်ကွန်ထရိုးကိုအားရပါးရ နှိပ်ချလိုက်တယ်။ ပြီးတော့ ဟတ်ချိုးတစ်ချက် ချေလိုက်တယ်။
    ဟာနှာရည်တွေယိုလာပြီကွာ၊ ဒုက္ခပဲ၊ လက်ကိုင်ပ၀ါ၊ လက်ကိုင်ပ၀ါ..ချတ်လစ် "ရမယ်..ရမယ်ဦး။

    လတ်တစ်ယောက် အိပ်ခန်းထဲ ပြေးရပြန်တယ်။ ဦးကလက်ကိုင်ပ၀ါ အဖြူလေးကို မြန်မြန်လှမ်းယူရင်း နှပ်ညှစ်တယ်။ ဒေါသနဲ့။ နှပ်ညှစ်တာတောင်ဒေါသနဲ့။ ဦးဟာလေ တကယ်ပဲ။
"တဖြည်းဖြည်းနဲ့ ဆိုးလာပြီ၊ ဦးဒီည ဘောင်းဘီဝတ်အိပ်။ ဒါပဲ ။ မကျေနပ်သလို စောဒကတက်ချင်သေးတဲ့ ဦးကို လတ်မျက်စောင်းထိုးကြည့်လိုက်တော့မှ ငြိမ်သွားတယ်။ ဟုတ်တယ်လေ။ အအေးပတ်နေတာကို။ ညမှာစောင်လဲကပ်လို့မရ၊ ဘာလဲကပ်လို့မရတဲ့ လူဟာ ဘောင်းဘီဝတ်အိပ်မှပဲ ဖြစ်မှာပေါ့်။
နောက်တော့မဖြစ်ဘူး၊ ဦးအိမ်ပြန်ရောက်တာနဲ့ စွပ်ကျယ်ဝတ်၊စွပ်ကျယ်ဝတ်ဆိုတဲ့ အသံလေးကို ကက်ဆက်နဲ့သွင်းပြီး ဖွင့်ပြထားရမယ်။ "လုပ်ပြန်ပြီ ဘာကက်ဆက်လဲ။ "ကက်ဆက်"ပါ " လတ်မှ မခေါ်တတ်ဘဲ" "ခေါ်တတ်အောင်ခေါ်ပေါ့ ၊ အမှားကြီးအတိုင်း အသံထွက်နေလို့ ဘယ်ဖြစ်မလဲ"

တော်ပြီ၊ လတ်စိတ်ညစ်တယ်၊ သူလိုမှ လတ်အသံမထွက်တတ်ဘဲ။ ကြာတော့ ဦးရှေ့မှာ အသံ ထွက်ရမှာ ကြောက်တာ နဲ့ အင်္ဂလိပ်စကားလုံးကို မသုံးပဲရှောင်ကြဉ်ခဲ့တာ လတ်အင်္ဂလိပ်စာမှ တတ်သေးရဲ့ လားတောင် မသိတော့ဘူး ကိုယ့်ဟာကိုယ် ဘီအေဘွဲ့ရမှန်း တောင် မေ့နေပါပြီ။ အသံထွက် ပြင် တဲ့ နေရာ မှာတော့ အိမ်ကမိန်းမမပြောနဲ့၊ လမ်းမှာကြုံ တဲ့လူတောင်ပြင်ပေးတာ၊ သူ့ရှေ့မှာ အကြားမတော် လာလုပ်လို့ ကတော့ အားမနာပါးမနာ ပြင်လိုက်ပါလိမ့်မယ်။ ပြောလိုက်ပါလိမ့်မယ်။

တစ်ခါစာအုပ်ဆိုင်တစ်ဆိုင်မှာ စာအုပ်တွေကြည့်နေရင်းက လူတစ်ယောက်က  စာအုပ်တစ်အုပ်ကို ကြည့်ပြီး စာရေးဆရာနာမည်ကို ဖတ်လိုက်တာပေါ့။ ဆမ်းမားဆက် မော်ဂင်လို့ ဖတ်လိုက်တယ်။ အဲဒီအချိန်မှာ ဆရာဦးသက်ဦး တစ်ယောက် သူ့နောက်မှာရောက်နေတယ်ဆိုတာကို ကံဆိုးသူမောင်ရှင် မသိရှာဘူး။ တစ်ခါတည်း အဲဒီဖတ်သံ ကြားတာနဲ့ မျက်နှာကြီးရှုံ့မဲ့ပြီး" ဘာတွေရှောက်ဖတ်နေတာလဲ မှားနေတယ်၊ အဲလို အသံ မထွက်ရဘူး၊ ဆမ်းမားဆက်မွန်လို့ အသံထွက်ရတယ် နားလည်လားလို့ ပြောချလိုက်တာပဲ ဟိုလူစိမ်း ခမျာက သဘောကောင်းလို့ တော်ရှာသေးရဲ့ ။မချိပြုံး၊ရှက်ပြုံးလေးနဲ့ "ဟုတ်. ဟုတ်ကဲ့ခင်ဗျ၊ ကျေးဇူး တင်ပါတယ်"လို့ပြော ရှာတယ် "အမယ် " သူကတော့ အဲဒီလူကို လှည့်တောင်မကြည့်တော့ဘူး။ ကြည့်စရာ ရှိတဲ့ စာအုပ်တွေပဲ ရှေ့ဆက်ကြည့်နေတယ်။ လတ်မှာသာထိတ်လို့။ ကဲ..တကယ်လို့ ဟိုလူက ရှက်ပြီး လူတွေကြားထဲမှာ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ၊ ဘာညာနဲ့ ရန်ဖြစ်ကုန်ရင် ဘယ်နှယ့်လုပ်မလဲလို့။

    တစ်ခါကလဲ ဂျပန်သံရုံးက ရုပ်ရှင်ကြည့်ပြီး ပြန်အလာ ဘတ်စ်ကားပေါ်မှာပေါ့၊ လတ်တို့ နောက်ဆုံးခုံတန်းကလူ နှစ်ယောက်ကလဲ ဂျပန်သံရုံး ရုပ်ရှင်ကြည့်ပြီး ပြန်လာတာနဲ့တူပါတယ်။ အဲဒီရုပ်ရှင် အကြောင်းကို နှစ်ယောက်ပြောကြပါလေရော။ ပြောတာတွေက တလွဲတချော် ဘာသာပြန်ပြီး ပြောနေ ကြတာ။ အဲဒါကို ကိုယ့်ဘာသာကိုယ် နေပါလား။ မနေဘူး၊ တစ်ခွန်းကြားလိုက်တာနဲ့မျက်နှာက တစ်ခါ ရှုံ့မဲ့လိုက် ၊ဟိုဘက်လှည့်ရှုံ့မဲ့၊ ဒီဘက်လှည့်ရှုံ့မဲ့လိုက်နဲ့ဟာ နောက်ဆုံးတော့ ပက်ခနဲပြောချ လိုက်တော့ တာပါပဲ "လူတွေက တော်တော်ခက်တယ်၊အင်္ဂလိပ်စာလေး ချောက်တီးချောက် ချက်နဲ့၊ အရမ်းဘာသာ ပြန်ချင်ကြတယ်၊ ပြန်တော့တလွဲတွေ၊ အရှက်ကို မရှိကြဘူးတဲ့"

    ဟိုလူတွေကြားတာပေါ့။ ရှေ့ခုံနဲကနောက်ခုံ၊ အသံကလဲ အကျယ်ကြီး၊ ဟိုလူနှစ်ယောက်သံ ငြိမ်သွားတာပဲ၊ လတ်တော့ နောက်ကျောကိုချမ်းနေတာပဲ။ လှည့်လဲမကြည့်ရဲတော့ဘူး။တော်ပါသေးတယ်။ ဟိုလူနှစ်ယောက်က ရှေ့မှတ်တိုင်မှာ ဆင်းသွားလို့။ အဲ.. ဆင်းခါနီး မိုက်ကြည့်က ကြည့်သွားသေးတယ်။ အဲဒါ နည်းတောင်နည်းသေးတယ်။ ကိုယ့်ရိုက်မသွားတာကံကောင်း။ အဲဒီလို အဲဒီလို ဦးသက်ဦးတို့ကတော့။

    "အိုး..မြတ်ဝတ်ရည်ပါလား"
    ဒါက ရီမုတ်ကွန်ထရိုး ပြန်နှိပ်ပြီး တီဗွီပြန်အဖွင့်မှာ သူသဘောကျတဲ့ အဆိုတော်ကို မြင်ရလို့ ထွက်ပေါ်လာတဲ့ ဦးရဲ့ ရှားရှားပါးပါး ကျေနပ်သံလေ။
    မြ၀တ်ရည်ဝသွားပြီကွာ၊  ဟိုတုန်းကပိန်ပိန်လေး၊ မြို့မခင်အုန်းမြင့်တုန်းက ပိန်ပိန်လေး၊ ခုဝသွားပြီကွာ အသံလေးကတော့ ကောင်းပါသေးတယ်။
    သူတို့ အညာက မြို့မတီးဝိုင်းနဲ့အဆိုတော် ခင်အုန်းမြင့် (မြ၀တ်ရည်)ကိုတော့ ဦးကစွဲလန်းသလားမမေးနဲ့။ နှစ်ခြိုက် သလားမမေးနဲ့။ သူလူပျိုဘ၀က မြို့မနောက်ကို တကောက်ကောက်လိုက်နားထောင်ခဲ့တာလေ။

    "ဟေး...သိကြားနဲ့ အသူရာ သမက်နဲ့ ယောက္ခမ ကျလို့လဲ အားမရနိုင်ရှာ၊ ဒါကို အနားက မတောင်းပန်ရှာ"
    ဟော....ဟော၊ လုပ်ပြီ လုပ်ပြီ။ သူကြိုက်ရင် စိတ်ထဲမမူးဘဲနဲ့ လိုက်ဆိုပြီ။ အသံကျယ်ကျယ်ကြီးနဲ့ အသံကုန် အော်ပြီး။ပန်းကန်လင်ပန်းကို ကိုင်ပြီး မီးဖိုထဲ သွားတော့မယ့် လတ်ကိုလက်ညှိုးကထိုးလို့။
    "ယောက္ခမဆိုတာ တည့်အောင်ပေါင်း၊ ကျောင်းကိုထုတ်၊ ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ ဟား..ဟား
    "ဦးနော် ဦးနော်"
    ဦးကစိတ်လွတ်လက်လွတ် အားရပါးရ အော်ရယ်နေတယ်။ ဦးကဒီလိုချိန်မှာတော့ သိပ်ကို ချစ်စရာ ကောင်းပါတယ်။ ဦးသီချင်းဆက်ဆိုနေတုန်း လတ်ကမီးဖိုထဲမှာ ပန်းကန်တွေ ဆေးကြော သိမ်းဆည်း တယ်။

    လတ်မီးဖိုထဲက ထွက်လာတော့ တီဗွီကရှစ်နာရီတီးလုံးလာနေပြီ။ လတ်သတိရတ အောက်မြန်မြန်ဆင်းပြီး ရေခလုတ်သွားဖွင့်လိုက်တယ်။ တော်သေးတယ်။ နေ့လယ်က ညနေရေချိုးဖို့ဖွင့်ထားလိုက်လို့။ ညနေက တစ်ချိန်လုံး အောက်လွှာ က ဖွင့်နေတာ။
    လတ်ပြန်တက်လာတာနဲ့ ရှစ်နာရီ တီဗွီတီးလုံးဆုံးတာနဲ့ပဲ။ သတင်းကြော်ငြာမဲ့ သူပေါ်လာတယ်။

    တီဗွီရီမုတ်ကွန်ထရိုးကို ပြင်နေပြီ ။ ဒေါသအပြည့်နဲ့နှိပ်တယ်ရှင်။ နှိပ်ပြီး နှိပ်ပြီးတာနဲ့ တစ်ဖက်ရေဒီယိုကို ပြန်ဖွင့်ပြန်တယ်။ ကြီကြီကြာကြာ၊ ရှဲရှဲသံတွေ ဆူညံလာပြန်တယ်။ လတ်ကတော့ အဲလိုအသံတွေကို အကျင့်ဖြစ်နေပါပြီ။ အဲဒါတွေနဲ့  ဦးအလုပ်ရှုပ်နေတဲ့အချိန်မှာ လတ်က ကုလားထိုင်တစ်လုံးပေါ်မှာ အေးအေး ဆေးဆေး ထိုင်ပြီးတစ်ချောင်းထိုး ထိုးနေ လိုက်တာပဲ။ ဆောင်းမကုန်မီ သိုးမွေးအင်္ကျီရောင်စုံ ၀တ်ချင်လို့။ တစ်ရောင်ကျန်တာ လတ်မယ်အမီထိုးနေရာတာ။ ဦးအသံတွေကို တစ်ခါတစ်ခါ ကြားတောင်မကြားဘူး။

    လတ်မှာ တစ်ချောင်းထိုး ထိုးစရာတွေကတော့ အမြဲရှိနေတာပါပဲ။ တီဗွီအဖုံး၊ ဆက်တီစားပွဲခင်း၊ ကုလား ထိုင်စွပ်၊ မှန်တင်ခုံအဖုံး။ အကုန် လတ်လက်ရာတွေချည်းပဲ။ ရောင်စုံထိုးထားတာ။ အရောင်ဆန်းပေါ်ရင် တစ်ခါ ထပ်ထိုး တာပဲ လတ်သိပ်ဝါသနာပါတာ။ အဲဒါကြောင့်လဲ လတ်တို့အခန်းဟာ သိပ်ကို လှပ ကျက်သရေ ရှိနေတာပေါ့။ ဒီနေ့အပြာဆို ဧည့်ခန်းတစ်ခုလုံးအပြာ။ (တံခါးပေါက်ခန်းဆီးလဲ ဧည့်ခန်း တစ်ခုလုံး အပြာရောင်)။ (တံခါး ပေါက်ခန်းဆီးလဲ လတ်ရောင်စုံ ချုပ်ထားတယ်)။ နောက်နေ့ အစိမ်းဆို ဧည့်ခန်း တစ်ခုလုံး အစိမ်း။

ဧည့်ခန်းကိုဝင်လိုက်တာနဲ့ အေးချမ်းပြီးကြည်နူးသွားစေရမယ်။ ခုဆို လတ်နောက်ထပ် အသစ်ထိုးနေရာက ဦးပန်းအိုးလေးတွေ အောက်မှာ အလှခံတင်ဖို့ တစ်ချောင်းထိုး ဇာအ၀ိုင်းထိုးသေးသေးလေး တွေလေ။ ပွင့်မယ့်ပန်းရဲ့ အရောင်ကိုလိုက်ပြီး အောက်ကဇာ ကိုထိုးရတာ။ လတ်ကတော့ အရောင်ရှာရတာကို ပျော်နေတာပဲ။ ဒီလိုပဲ အကျီင်္နဲ့ လုံချည်အရောင်ဟပ်ဖို့တို့၊ ဖဲပြားနဲ့ဖိနပ် အရောင်ဟပ်ဖို့တို ဈေးမှာ လိုက်ရှာရတာ ကိုလည်း လယ်တော့မှ မပျင်းဘူး။ ရန်ကုန်တစ်မြို့လုံးက ဈေးတွေအနှံ့ လျှောက်ပတ် ရစေဦးတော့ ဘယ်တော့မှမမောဘူး၊ ဘယ်တော့မှ မညောင်းဘူး။

    "ဟေ့...အောင်မာ လာခဲ့လာခဲ့"
    ရုတ်တရက် လတ်လက်ထဲက တစ်ချောင်းထိုးအပ် လွတ်ကျသွားတယ်။ အိပ်ခန်းထဲက ဦးရဲ့ တအားအော်လိုက်တဲ့အသံ။ ဘယ်အချိန်က ထသွားလိုက်ပါလိမ့်
    "ဦး ဦးဘာလဲ၊ ဘာဖြစ်တာလဲဟင်"
    လတ်အပြေးအလွားရောက်သွားတော့ အိပ်ခန်းထဲမှာ ဦးနဲ့ကြောင်နဲ့လေ။ ဦးရယ် ဦးနဲ့ တော့ လတ်နှလုံး ရောဂါဖြစ်တော့မယ် သိလား။ ဒီမှာ ရင်ဘတ်လာစမ်းကြည့်လှည့်စမ်းပါ။
    ဦးက လတ်ရင်ဘတ်ကို လာစမ်းဖို့ဝေးလို့ ရေဒီယို တစ်ဖက်နဲ့ ကြောင်ကို လိုက်လို့ကောင်းတုန်း။ လတ်မှာ ဘယ်နေသာတော့ မှာတုံး။ ပြေးပေါက်ပိတ်နေတဲ့ကြောင်ကို ၀ရန်တာတစ်ဖက် ကူမောင်းပေးရတော့တယ်။

    "ပြေးပြီ၊ ပြေးပြီ ၊ မိလိုက်ချင်တာကွာ၊ ကြောင်စုတ်ကို အသေသတ်မလို့၊ စော်စော်ကားကား အခန်းထဲဝင်ပြေးတယ်"
    "ဦးက၀ရန်တာ တံခါးဖွင့်ထားတာကိုး"
    "ဖွင့်တာခဏရှိသေးတယ်၊ သစ်ပင်လေးတွေကြည့်ရင်း ရေဒီယိုနားထောင်ချင်လို့ဖွင့် တာ၊ တစ်ခါတည်းဝင်လာတယ်" "ကြောင်ဝင်တာပဲ..အော်လိုက်တာဦးရယ်၊ လတ်ဖြင့်ဘာ ဖြစ်တာတုံးလို့၊ ရင်တွေ ကို တုန်သွားတာပဲ၊ ညနေတုန်းကလဲ ကျူရှင်မှာ တစ်ခါတုန်ရပြီးပြီ၊ အော်လိုက်ဆိုတာ"
    "အို...ကျုပ်စည်းကမ်းဖောက်ရင်တော့ အော်မှာပဲ"

    အော်ပါ၊ အော်ပါ။ မိန်းမကိုသာ နှလုံးရောဂါကုဖို့ ပြင်ထားဦးရေ..။ ညနေကျူရှင်မှာ တုန်းကလဲ ကျောင်းသူနှစ်ယောက် စကားပြောနေလို့ အော်လိုက်တာလေ၊ တစ်တန်းလုံး လန့်ဖျပ်သွားလိုက်ကြတာ မပြော နဲ့တော့။ ကောင်မလေး နှစ်ယောက်ကလဲ ကောင်မလေးနှစ် ယောက်ပဲ။ ဦးစာသင်ကတည်းက တွတ်တွတ် တွတ်တွတ်လုပ်နေကြတယ်၊ လတ်ကမြင်လို့ ၊ဒီအရေးတွေကို ကြိုသိလွန်းလို့ ကောင်မလေး နှစ်ယောက် ကို မျက်နှာရိပ်၊ မျက်နှာကဲနဲ့ သူတို့နဲ့ မျက်နှာချင်းဆိုင်ကိုး။ ဦးနဲ့ကျ နောက်ကျောပေး သင်နေတော့ လတ်မျက်နှာရိပ် မျက်နှာကဲကို ဦးဘယ်မြင်ရမလဲ။
    အဲဒါကို နားမလည်ဘူး၊ ဆက်ပြီး တီးတိုး တီးတိုးလည်း လုပ်နေရော၊ တစ်ခါတည်း သူတို့ဆရာနဲ့ တွေ့သွား တော့တာပဲ။

"ဟေ့" ဆိုပြီး ဒေါသနဲ့ အကျယ်ကြီး အော်လိုက်တာ တစ်တန်းလုံးငြိမ်ကျသွားတယ်။ ပြီးတော့မှ ဘယ်အတန်း က ဘာအကီ်ျင်္အရောင်နဲ့၊ ကျောင်းသူကောင်မနှစ်ယောက မတ်တပ်ရပ်လိုက်စမ်းဆိုပြီး အမျိုးမျိုး ပက်ပက် စက်စက် တွေ ပြောတော့တာပဲ။ ကျူရှင်ဆိုပြီး ဒီအပေါက်မျိုး လာမချိုးနဲ့၊ငါပိုက်ဆံပေးထားတာ၊ ကြိုက်သလို နေမယ် ဆိုပြီး၊ လူပါးမ၀နဲ့၊ မကျေနပ်ရင် ခုထွတ်သွားနဲ့ စုံနေတာပဲ။ ကောင်မလေးတွေ မျက်ရည်လေး ကလည်ကလည်နဲ့။

ကလပ်စ်ပြီးတော့ ကျောင်းသူတွေ အကုန်လုံး တုန်တုန်ယင်ယင်နဲ့ ကြောက်လိုက်တာ အမရယ်၊ သမီးတို့ ခုထိရင်တွေတုန်နေတုန်းတဲ့" လတ်မယ်ပြောရတယ်၊"ဟဲ့" နင်တို့ချည်းမှ မဟုတ်ဘူ၊ ငါလည်း ကြောက်တာ ပဲ၊ ငါလဲတုန်နေတာပဲလို့ပြောရတယ်။
ဝရန်တာ တံခါးကို လတ်သေချာပိတ်ခဲ့ပြီူး ဧည့်ခန်းထွက်ခဲ့တော့ ဦးတစ်ယောက် သူ့ဗီယိုကို ဖွင့်နေပြန်ပြီ။ ရေဒီယို ကလည်း ဆက်တီစားပွဲပေါ်မှာဖွင့်လျက်။ တီဗွီကိုတော့ ပိတ်ထားတယ်။ ဦးကလတ်ကို လှမ်းကြည့် တယ်၊ ရေသောက်မလားတဲ့ လတ်ခေါင်းရမ်းပြ လိုက်တယ်၊ တော်ပါပြီရှင်၊ ဒီလိုမေးဖော်ရတဲကအတွက် ကျေးဇူးတင်ပါတယ်။

ဆက်ရန်
.

2 comments:

ကိုဇော် said...

ဦးဆိုတာ ပထမ ကိုဇော်လား...
ဒုတိယ ကိုဇော် လားပဲ....ဟဟဟဟ...
အဲဒီ့ထက် မသာရင်သာ နေမယ်။ လျော့တော့ လုံးဝ မလျော့ဘူး။ ကိုယ်ကလည်း မကျောဘူး ကိုယ့်ကိုလည်း လာမကျောနဲ့...မီးပွင့်သွားမယ်...ဟိဟိဟိ..ခစ်ခစ်..

Anonymous said...

အရှက်မရှိလိုက်တဲ့ မောင်ဇော်
သူ့ကိုယ်သူများ ၀တ္ထုထဲက ဇာတ်ကောင်နဲ့ လာနှိုင်းနေသေးတယ်။
ကိုယ်ကလဲ မကျောဘူး။ ကိုယ့်ကိုလဲ လာမကျောနဲ့တဲ့
ဟုတ်မှာပါ မောင်ဇော်က ကျောတော့ မကျောဘူး ကလိမ်ကကျစ် ကတုံးကတိုက် လှည့်ပတ်လိမ်ညာတတ်တာလေး တခုပါပဲ ဟတ်ဟတ်။