Wednesday, June 23, 2010

ဒဂုန်ခင်ခင်လေး ၏ ကမ္ဘာ့ခရီးသွားမှတ်တမ်း အပိုင်း (၉)

'' ကဗျာဆန်လှသည့် ဟာဝေယန်ကျွန်း ''

သို့                                   မှ
    အယ်ဒီတာ                        ဒေါ်ဒဂုန်ခင်ခင်လေး၊
    ယုဝတီဂျာနယ်                  ဟာလီကလာနီဟိုတယ်၊
                                            ဟိုနိုလူလူမြို့။

အမေရိကန်ပြည် စံဖရံစစ္စကိုမြို့မှ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်စောစောက (ပီ-အေ-အေ) လေကြောင်း ခရီးဖြင့် ထွက်ခွာလာခဲ့ရာ ထိုနေ့ည ၆ နာရီတွင်၊ ဟိုနိုလူလူမြို့သို့ ရောက်ရှိပါသည်။

လောကနီဗ္ဗာန် ဟာဝေယန်

ဟာဝေယန် ကျွန်းဟာ ပျော်စရာကောင်းလှသည်ဟု ယခင်က စာတွေ့ ရုပ်ရှင်တွေနှင့် ကြားသိဘူး ကြတဲ့ အတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ အင်မတန် နေချင်စရာကောင်းတဲ့ ဒေသပါဘဲ။
လေယာဉ်ပျံပေါ်က ဆင်းတယ်ဆိုရင်ဘဲ၊ ဂမုန်းပန်းတွေ သီထားတဲ့ ပန်းကုံးကြီးတွေနဲ့ ခရီးသည် မှန်သမျှကို ဆီးစွပ်ပေးပြီး (အလိုဟား)လို့ ပြုံးချိုချို မျက်နှာကလေးတွေနဲ့ နှုတ်ဆက်ကြတယ်။
' အလိုဟား ' ဆိုတဲ့ ဟာဝေယန် စကားအဓိပ္ပာယ်ကတော့ (၀ဲလ်ကမ်း)ဆိုတဲ့ သဘောမျိုးပါဘဲတဲ့။

ကြည်ပြာနုရောင် ကောင်းကင်အောက်မှာ မှိုင်းပြာညှိ့မောင်းတဲ့ အပြောကျယ်လှသော ပစိဖိတ် သမုဒ္ဒရာ ပြင်ကြီး၏ အလယ်တွင် မြသားကျောက်ဆောင်ကြီးလို စိမ်းလန်းစိုပြေတဲ့ တောကြီး တောင်ကြီးပေါ်မှာ မြို့ရွာ တည်ထွင် နေထိုင်ကြတဲ့အတွက်၊ သဘာဝရဲ့ အလှကို၊ အချိန်မရွေး၊ နေရာ မရွေး တွေ့မြင်နေရပါတယ်။ ရာသီဥတု ကလည်း အမြဲသာယာတယ်၊ မပူလွန်း မအေးလွန်းမို့ နေလို့ ထိုင်လို့ အတော်ကောင်းတာဘဲ။

ဟာဝေယန် လူမျိုးတွေဟာ နိုင်ငံကြီးတွေနဲ့လည်း အလှမ်းဝေးလို့ သမုဒ္ဒရာကြီးရဲ့ အလက်က၊ ကျွန်းငယ် ကလေး မှာ နေကြရတဲ့အတွက် သစ်ရွက်နဲ့ မြက် ကိုဝတ်ပြီး တောထည်းက သစ်သီး၊ သစ် ပွင့်ခူးရင်း လှေထိုး၊ ငါးဖမ်း၊ ကမ်းခြေမှာ နာနတ်သီးစိုက် အုန်းလက်မိုးတဲ့ တဲနဲ့ နေပြီး၊ ဘာသာဘာဝ ပန်းကုန်းကြီးတွေဝတ်၍ ကကြ၊ ခုန်ကြတယ်လို့ ခပ်ရိုင်းရိုင်းထင်ကြသော်လည်း၊ ယခုမျက်မြင်ဟာ ဝေယန်ကျွန်းသူကျွန်းသားများမှာ အနေအထိုင် အလွန် အထက်တန်းကျနေပါသည်။

အားလုံးလိုလို အင်္ဂလိပ် စာတတ် စကားတတ်၊ အ၀တ်အဆင်မှာလည်း ဥရောပ၊ အမေရိကန်တို့လို ၀တ်ဆင် ကြ တယ်။ မြို့ရဲ့ အခြေအနေမှာလည်း အမေရိကန် မြို့ကြီးတမြို့လို ခေတ်မှီပြီး ခန့်ညားလှပတယ်။
ဆိုင်ကြီး ကနားကြီးတွေ၊ စားဘွယ်သောက်ဘွယ် ရောင်းတဲ့ဆိုင်တွေဟာ အားလုံးသန့်ပြန့် ပြောင် လတ်တဲ့ အခင်းအကျင်း နဲ့ အမေရိကန် စံနစ်အတိုင်း တခုမှမနိမ့်ကျပါ။
တယ်လီဖုန်း တယ်လီဗေးရှင်းဆိုင်တိုင်း အိမ်တိုင်းလိုရှိပါသည်။ တမြို့လုံး သာယာလှပအောင် သစ်ပင် တွေ ပြုပြင်။ နယူးယောက် စံဖရန်စစ္စကိုစတဲ့ အမေရိကန် မြို့ကြီးတွေက ဘတ်စ်ကား၊ ဓါတ် ရထားတွေအတိုင်း လမ်းတိုင်း စေ့၊ တောင်ပေါ် တောင်အောက် မကျန်သွားလာပေးတယ်။

လမ်းတွေကလည်း အမေရိကန်က လမ်းကြီးတွေအတိုင်း အဆောက်အဦးတွေကလည်း နောက်ဆုံး ခေတ်မှီ ပုံစံ တွေမို့ ကြည့်လို့ ကောင်းပြီး၊ ဘိုင်စကုတ်ရုံကြီး တွေမှာလည်း အဲယားကွန်းဒီးရှင်းနဲ့ ဆိုဖာကော်ဇော ခင်း ပုံပါ၊ အမေရိကန် စံနစ်အတိုင်း အထက်တန်းကျနေပါသည်။

သာယာလှပသော သဘာဝပန်းချီကားချပ်ကဲ့သို့သော ဟာဝေယန် ကျွန်းကြီးကို အမေရိကန် ယဉ်ကျေးမှုနဲ့ ပူးပေါင်းပြီး တန်ဆာဆင်ထားသဖြင့် ဘာတခုမှ လိုလေသေး မရှိရအောင် အနေအထိုင် ချမ်းသာပြီး အလယ် လာတဲ့ ဧည့်သည်များ ဇိမ်ခံလို့ ကောင်းအောင် ဖန်တီးထားတဲ့ အတွက် ဥရောပ၊ အမေရိကန် စတဲ့ နိုင်ငံကြီး တွေက ဧည့်သည်တွေဟာ ၀င်လာမစဲ တသဲသဲဖြစ် နေလို့ ပင်လယ်ကမ်းစပ်တလျှောက်တွင် ဆောက်လုပ် ထား သမျှ ဟော်တယ်ကြီးတွေမှာ နေရာလွတ်ရယ်လို့ မရှိသလောက် ဖြစ်နေပါတယ်။

ဒါပေမဲ့လို့ ဗမာလူမျိုးများတော့ တယ်ပြီး လာရောက် လယ်ပတ်ကြပုံမရပါ။ သူတို့ဗမာပြည် ဆိုတာကို အတော် နားလည်အောင် ပြောယူရပါသည်။
အင်ဒိုနီးရှား၊ ယိုးဒယား၊ တရုပ်လားလို့သာ အမေးခံရပါသည်။ ဒါတောင် ဟာဝေယန်ကျွန်းတွင် နေထိုင် ကြသော လူမျိုးတွေအတော်စုံပါသည်။
မမခင်တို့ တည်းခိုသော ဟော်တယ်မှာ ပင်လယ်ကမ်းပေါ်မှာရှိတဲ့ (ဟာလီကာကလာနီ) ' ဟော်တယ် ' ဖြစ်ပါ သည်။ အမေရိကန်ဟော်တယ်ကြီးတွေလို ၁၁ ထပ် ၁၅ ထပ်ဆောက်မထားနိုင်ပါ။
ဧက နှစ်ဆယ်လောက်ရှိတဲ့ ပင်လယ်ကမ်းရိုးတလျှောက်မှာ အုန်းပင်တော ထန်းပင်၊ ငှက်ပျောပင်၊ ပိန်းပင်၊ ဂမုန်းပင်၊ ပန်းမျိုးစုံပွင့်ပင်တွေ စိုက်ပြီး တကဲ့တောနက်ကြီးကဲ့သို့ ဖန်တီးထားပြီးမှ ဘင်ဂလို အိမ်ငယ် ကလေးပေါင်း နှစ်ဆယ်ကျော်လောက် ဆောက်လုပ်ထားတယ်။

တအိမ်တအိမ်ကို အပေါ်ထပ် လေးခန်း၊ အောက်ထပ်လေးခန်း၊ အခန်းကျယ်ကြီးတွေ ပေးထား တယ်။ တအိမ် နဲ့ တအိမ်ကိုလည်း သစ်ပင်ပန်းပင်အုပ်ကြီးနဲ့ ခြားခြား ပေးထားတယ်။ လူသွား လမ်းကလေးတွေ ကိုလည်း တောထဲက လမ်းလို ကျောက်ပြားကလေးတွေ ခင်းပြီးတမင်ကောက်ကောက် ကွေ့ကွေ့ လုပ်ထား ပါတယ်။
အိမ်ကလေးတွေကို အဝေးကနေ ကြည့်လိုက်ရင် တောထဲက ရွာကလေးတရွာလို ထင်ရအောင် လုပ်ထား ပါတယ်။ ဒါပေမယ့်လို့ ကိုယ့်အိမ်ခန်းတံခါးကို ဖွင့်ပြီး ၀င်လိုက်တာနဲ့ တပြိုင်တည်း ၀င်းဝင်းတောက်အောင် ပြင်ဆင် ခင်းကျင်း ထားတဲ့ အမေရိကန်က ဟော်တယ်ခန်းမကြီးတွေနဲ့ မခြား မနား တတန်းတစား ထဲပါဘဲ။

မှန်အကာမှာ ပလပ်စတစ် တရုပ်ကပ်ယင်းတွေချပြီး ဧည့်ခန်းမှာ ဟာဝေယန် အထိမ်းအမှတ် ဒီဇိုင်း ပါသည့် ဆိုဖာ ကုလားထိုင် စားပွဲ၊ မီးအုပ်ဆောင်းတို့မှာ ဂုံနီရှော်နဲ့ ပြုပြင် ထားပါသည်။
အောက်ခင်း များမှာ သပေါ့ဖျား ချောကြီးများခင်းထားသည် စားပွဲကုလားထိုင် အားလုံး ၀ါးကြိမ်နှင့် ပြုပြင် ထားပြီး မှ အပေါ်က ဆိုဖာ မှန်များ တပ်ဆင်ထားသည်။
အိပ်ခန်း စာရေးစားပွဲ၊ အ၀တ်လဲခန်း၊ ပစ္စည်းထားသိုရန် အခန်းပိုနှစ်ခု ရေချိုးခန်းမှာ ကျွေရေချိုးကန်၊ မျက်နှာသစ် ကန်၊ ကျွေးနောက်ဖေးအိုးများနှင့် ရေပူရေအေးပိုက်များ သောက်ရေ အတွက် ရေခဲ ရေပိုက်၊ မျက်နှာ သုတ်ပုဝါ၊ လက်သုတ်ပုဝါ။ ကိုယ်သုတ်ပုဝါများကို လူတယောက် အတွက် တနေ့လျှင် နှစ်ထည်စီ၊ ခြောက်ထည် ကျ အသစ်လဲာပေးသည်။

ပင်လယ်ရေ ခဏခဏချိုးကြတဲ့အတွက်၊ မျက်နှာသုတ်ပုဝါအပေးမှာတော့ အမေရိကန် ဟော်တယ် ထက် သာသည်။ ဆပ်ပြာမွေးခဲကြီးများကိုလည်း သူကပို၍ ရက်ရောစွာ ပေးထားသည်။ အခန်းတိုင်း တယ်လီဖုန်းနဲ့ ဓါတ်မီးပွင့် များကိုလည်း လိုဒါထက် ပိုထားပေးသည်။

အခန်းကို တနေ့တကြိမ် လာရောက်သုတ်သင် ရှင်းလင်း အိမ်ရာခင်းလဲပေး ဒါမှာတော့ အမေရိကန် ဟော်တယ် တွေလိုပါဘဲ တနေ့ကို ဂမုန်းပန်းပွင့်ကြီး တပွင့်ကို ဖဲကြိုးချည်ပြီး လှလှပပရင်ထိုးရန်လာ ပို့သည်။
ပင်လယ်ရေချိုးဆိပ်ကြီးကိုလည်း သဲခုံမြက်ခင်းလှလှနှင့် ပြုပြင်ပေးထားသည်။ ပင်လယ်ပြင်ကြီးကို မျက်နှာမူ ထားသည့် ထမင်းစားခန်းကြီး၊ ကောက်တေး ခမ်းကြီးများလည်း ဗဟိုရ် ဟော်တယ်မှာ ထားသည့် မြက်ခင်းပြင် မှနေ၍ ပင်လယ်ရှုမျှော်ခင်းကို ထိုင်ကြည့်နေရန် အုန်းပင်အုပ်ကြီးများ အောက်တွင် စားပွဲ ကုလားထိုင် များ အမြဲခင်းပေးထားသည်။

ညနေ ငါးနာရီလောက်ကစ၍ ည ၁၁ နာရီလောက်အထိ ဟာဝေယန် တူရိယာများ တလှည့်၊ ဟာ ဝေယန်မယ် ကလေးများ၏ အက တလှည့်၊ ဖက်ရှင်ရှိုး .... စသည်ငြဖ့် အမျိုးမျိုးနှင့် ပြုစုဧည့်ခံသည်။
ဒါကြောင့် ဟော်တယ်အခန်းခ တနေ့ကို ဒေါ်လာ နှစ်ဆယ်၊ ဗမာငွေတရာပေးရသည်။ အစားအတွက်က တယောက် ကို မနက်စာ... နေ့လည်စာ ... ညစာ...၊ သုံးကြိမ်အတွက် ဗမာငွေ ၃၀ိ... ခန့်ကုန်ပါသည်။
ဒါတောင် ကောက်တေးသမားဆိုရင် ၄၀ိ... ဆယ်လောက်ကုန်မှာဘဲ။ ၀ယ်ခြမ်းရှောက်လည်တာ မပါသေး...။ တို့တို့ တီတီ လိုချင်စရာကလေးတွေကလည်း ဆိုင်ကြီးဆိုင်ငယ် အသွယ်သွယ်မှာ ဟာဝေယန်ကျွန်းထွက် လက်လုပ် အသုံးအဆောင်တွေဖြစ်တဲ့ အုံးခွံ၊ ၀ါးကြိမ်၊ သစ်သား၊ အုံးရွက်၊ ခရု၊ သစ်စေ့... စတဲ့ ပစ္စည်းများကို လက်မြောက်စွာ ပြုလုပ်ထားသမျှ ရှိုးပြထားတယ်။ ဘယ်သူမှ မ၀ယ်ဘဲ မနေနိုင်ပါ။

အမေရိကန် က လာတဲ့ ငွေဖြုန်းမတွေဖြင့် တကိုယ်တကိုယ်နင့်နေအောင် ၀ယ်သွားကြဒါဘဲ...။ အဘိုး ကလည်း များပါဘိသနှင့်။ အုံးရွက်စိမ်းစိမ်းစိုစို ကို ယက်ထားတဲ့ ဦးထုပ်ကြမ်းကလေးတခုကိုဘဲ တဒေါ်လာ ကျော်ကျော် ပေးရတယ်။ ဗမာငွေ ဆိုရင် အနည်းဆုံး ခြောက်ကျပ်လောက်တန်တယ်။ ဟာဝေယန် ကျွန်းသူများ ၀တ်တဲ့မြက်ခြောက်ကိုအစိမ်း... အနီ ရောင်ဆိုးပြီး ပြော့ပျောင်းအောင် ပြုပြင်ထားတဲ့ ဂါဝန် လည်း တထည် ၆ ကျပ် ၇ ကျပ် ကျပါတယ်။

    အဲဒီဟာဝေယန်ကျွန်းသူများဝတ်လေ့ရှိတဲ့ မြက်ခြောက်ခါးဝတ်ာဟာ သမန်းမြက်လို မြက်ရှည်ကြီးတွေဘဲ။  သမန်းမြက် ဆိုပေမဲ့ မျောက်ကိုဒုက္ခပေးတဲ့ သမန်မြက်မျိုး လို မဟုတ်ပါဘူး။ နူးနူး ညံ့ညံ့ပါဘဲ။ ဒါကြောင့်လဲ သူတို့ ၀တ်နိုင်ကြတာပါ။
    ပယ်လယ်ရေချိုးနေကြတဲ့ လုလင်ဖြူ၊ လုံလင်ဖြူ၊ တွေဟာလဲ ရေထဲက တက်တယ်လို့ကို မ၇ှိကြပါဘူး။ အများ အားဖြင့် အဘိုးဖြူ…. အဖွားကြီးဖြူ စုံတွဲတွေကဟာ အကဲဆုံးပါဘဲ။
    ဟာဝေယန်ကို ဆိုင်တွေက ဆီးရောင်းတဲ့ ရေချိုဝတ်စုံ ကြောင်ကြောင်ကြားကြားကြီးတွေ ကို စုံတွဲဆင်တူ ၀တ်ပြီး ပင်လယ်ထဲမှာ တနေကုန်စိမ်ကြ၊ လှိုင်းစီးကြ၊ မောမောရှိသဲ ပြင်ပေါ်မှာ နေပူလှမ်းကြနဲ့ဘဲ စားချိန်ကြမှ ဟော်တယ်ခန်းပြန်ပြီး ရေချိုးချိုး  အ၀တ်လဲ၊ စားပွဲရုံကူးကြတယ်။

    နေလှန်းတယ်ဆိုပေမဲ့ နေပူရှိန်ဟာဗမာပြည်က နေရောင်လို အပူမပြင်ပါ။ နွေးရုံကလေးပါ ဘဲ။
    ပင်လယ်ရေရောင်ဟာ  အပြာရင့်ရောင်တောက်နေသော်လဲ ဇာတ်လမ်းစပ်ကို ရိုက်ခက် လာတဲ့ ရေပြင်ကမှန်လို့ဘဲ ကြည့်လင်ပါတယ်။ ရေအောက်မှာ နုန်းမြေမရှိဘဲ ခရုခွံ၊ ကျောက်ခက် မှုန့်ကလေးများဖြစ်နေကြတဲ့အတွက် ရေလဲမနောက်ခြေထောက်ချနင်းလဲ ရွှံ့နွံ့မပေဘဲ  အစဉ် သန့်ပြန့် စင်ကြယ် နေပါတယ်။

 ပူပူနွေနွေးရေသရဲကြော်လေး

ဒီပင်လယ်ကြီးနဲ့ ကျွန်းမြေရဲ့ သာယာပြီး ကဗျာဆန်ပုံတွေကို ရေးနေရင် ကုန်နိုင်စရာမရှိဘူး….။ အစားအစာ မှာ ဟာဝေယန်နှင့် အမေရိကန်ကို ပေါင်းထားပါသည်။  မူလ ဟာဝေယန်အစာ ကို အမေရိကန် ရဲ့ အဖွယ်အရာအခမ်းအနား နှင့် တန်ဆာဆင်ထားပါသည်။

     ဥပမာ စာလိပ်ဆိုရင် အမေရိကန်က ခရမ်းချဉ်သီး မုန်လာဥ၊ ဆလပ်ထုတ်..စသည့်တို့ကို အချိုအချဉ် ရေပြစ်ပြစ် နှင့်ရောမွှေရောမှာ သူတို့ ဆီက ကြာရိုးကြာစွယ်၊ နာနတ်သီး အုံးသီးများ ထပ်ထည့်သည်။ အရွက် မျိုးစုံ စာလပ်အပြင် သူတို့ကအသီးမျိုးစုံ စာလပ်ရယ်လို့ လုပ်သေးသည်။
နာနတ်သီး၊ ငှက်ပျောသီး၊ ကပလာသီး၊ ခံသီး၊ သင်္ဘောသီးစသည့် အသီးမျိုးစုံကို ဆလတ်ရွက်ပေါ်တွင် အချဉ်ရေ ဆမ်းပြီးပေးတယ်။ နာနတ်သီးတလုံးကို ဦးစွန်းဖုတ်ပါ မကျန် အလျားလိုက် ထက်ပိုင်းလှီးပြီး အပေါ် က ချိုချိုချဉ်ချဉ် ငန်ငန်ဆိမ့်ဆိမ့်တွေတင်ပြီး စားချင်သဖွယ်ပေးတယ်။

ငါးပုဇွန် ခရု…. စသည့် စားဖွယ်ရာရေသတ္တ၀ါတွေကလဲ အမျိုးမျိုးပါဘဲ။ ရေသူရဲကြော်လဲ စားခဲ့ရတယ်။
ငါးဈေး ထဲတနေ့လျှောက်ကြည့်တော့ ရေသူရဲကောင်ကြီးတွေ တကောင်တကောင် တပိသာကျော် နှစ်ပိသာ နီးပါးကြီးတယ်။ ဒါတွေတွေ့ခဲ့ရတယ်။

အဲဒီရေသူရဲဆိုတာ ဟိုတလော ရန်ကုန်အင်းယားကန်ထဲမှာ ရှိတယ်ဆိုပြီး အုတ်အော်ဒေး ယျဖြစ်ဘူးတဲ့။ အော်တိုပတ်စ် ဆိုတဲ့ ခြေရှစ်ချောင်းကောင်ကြီးဟာပေါ့။ ရန်ကုန်တရုပ်တန်းမှာ နေ့တိုင်း ကစွန်းရွက်ပြုတ်နဲ့ သုတ် ရောင်းတဲ့ ပြည်ကြီးငါး သုတ်အကောင်နဲ့ အတူတူဟာကို ရန်ကုန်သူရန်ကုန်သားတွေက ဘယ်လိုများ ရေသူရဲ ခေါ်ပြီး  ကြောက်စရာကြီး ဖြစ်အောင်လုပ်လိုက် တယ်မသိပါဘူး။

ဆက်ရန်
.

No comments: