အခန်း (၃၀)
သီပေါမင်းသားသည် နောင်တော်များနှင့်အတူ ကြေးတိုက်တော် အချုပ်ခန်း၌ စိတ်ပင်ပန်းစွာ စံတော်မူ လျက်ရှိစဉ် မောင်မောင်တုတ် ရုတ်တရက် ၀င်ရောက်လာပြီး
"ကိုယ်တော်ဖျား ... အမြန်လိုက်ပါတော်မူပါတော့ဘုရား"
အရေးတကြီး ပြောလျက် ပခုံးထက်တွင် ထမ်းတင်၍ ခေါ်ယူခဲ့လေရာ သီပေါမင်းသားမှာ ဘုမသိ ဘမသိ ကျီးကြည့် ကြောင်ကြည့်နှင့် မောင်မောင်တုတ်၏ ပခုံးပေါ်တွင် ပါလာရင်း ...
"ကဲ့ ... မောင်တုတ်ရဲ့၊ ဘယ်လိုဖြစ်သတုံး၊ ဒီနားမှာ ခဏရပ်နားပြီး အကျိုးသင့် အကြောင်းသင့် ကလေးများ တင်စမ်း ပါဦးဟဲ့"
ဆိုသဖြင့် မောင်မောင်တုတ်မှာ လမ်းခုလတ်တွင် ခေတ္တရပ်ပြီး ...
"ကိုယ်တော်ဖျားကို အမိန့်တော်အရ ရွှေနန်းတော်ကြီးပေါ် ပို့မလို့ပါဘုရား"
"ခက်ပါဘိ ငတုတ်ရယ်၊ သားတော်တွေ ရှိသမျှ ရာဇ၀တ်မှု ရောက်နေကြတဲ့အထဲ ငါ့ကို ကြေးတိုက်ထဲက နင်ဆွဲလို့ ထုတ်လာတဲ့အတွက် ငါ့အသက်ကို ဦးဦးဖျားဖျား သတ်ကြ ပါလိမ့်မယ်၊ ငါ မလိုက်ပါရစေနဲ့၊ ငါ့နောင်တော်တွေနဲ့ သေအတူ ရှင်အတူ နေပါရစေ၊ ပြန်ပို့ ခဲ့ပါ ငတုတ်ရဲ့"
"ကိုယ်တော်ဖျား ဘာမှ စိုးရိမ်တော်မမူနဲ့ သို့ပေမဲ့ ကျွန်တော်မျိုးကို ကတိတော်တစ်ခုဖြင့် သနားတော်မူ ပါဘုရား"
"ပြောပါဟယ် ... ဘယ်လို ကတိလဲ၊ ငါ စိတ်မကောင်းရတဲ့အထဲ နင်ကလည်း တစ်မှောင့် ပါပဲ"
"ကိုယ်တော်ဖျား အထွတ်အမြတ် ရောက်တဲ့အခါ ကျွန်တော်မျိုးကို အရှင့်ဓားတော်နှင့် ဘယ်တော့မှ မသေ စေရဘူးဆိုတဲ့ 'ဘေးမဲ့တစ်ခု' ကိုဖြင့် သနားတော်မူပါ"
"ငါ့နောင်တော်တွေ ကျော်ပြီး ဘယ်နည်းနှင့် ငါက အထွတ်အမြတ် ရောက်ရမှာလဲ ငတုတ် ရယ်၊ မဟုတ်တမ်း တရမ်းတွေ"
"ကိုယ်တော်ဖျား နောက်တော့ သိတော်မူအောင် လျှောက်တင်ပါမယ်၊ အခု ကျွန်တော်မျိုး တောင်းတဲ့ ကတိကိုသာ သနားတော်မူပါဘုရား"
"ကိုင်း ... ကိုင်း မောင်မင်းကို ငါ၏လက်နက် ဓားလှံနှင့် ဘယ်တော့မှ မသေစေရဘူး၊ ငါ ကတိပြုတော်မူလိုက်ပြီ"
"၀မ်းမြောက်လှပါဘုရား၊ ကိုယ်တော်ဖျားကို ခမည်းတော်ဘုရားက အိမ်ရှေ့နှင်းအပ်သော မူပါတော့မယ် ဘုရား"
"ဘုရား ... ဘုရား၊ ထူးဆန်းလှချည်လား မောင်တုတ်ရယ်၊ ငါ ဘယ်လို လုပ်ပြီး ယုံကြည် တော်မူရမည်လဲ"
"မှန်ပါသည်။ ကံအကျိုးပေးအတိုင်း ကြံပါသော်လည်း မဖြစ်မြောက် မကြံစည်ဘဲနဲ့လည်း ဖြစ်မြောက် နိုင်ကြောင်း မြတ်စွာဘုရား ဟောတော်မူတဲ့အတိုင်း ယုံကြည်တော်မူပါဘုရား"
"အခု ငါ့ကို ဘယ်ခေါ်သွားမယ်လို့တုံးဟဲ့"
"ရွှေနန်းတော်ကြီးကိုပါဘုရား၊ စိတ်ချက်လက်ချ လိုက်ပါတော်မူပါတော့"
ဆိုကာ မောင်မောင်တုတ်သည် မိမိပခုံးပေါ်တွင် ထမ်းလျက်ပင် ရှိနေသေးသော သီပေါ မင်းသားအား မှန်နန်းဆောင်တော်ကြီးရှိရာသို့ ခပ်သုတ်သုတ်ပင် ဆက်လက်ဆောင်ကြဉ် သွားလေ၏။
ထိုနေ့သည်ကား သက္ကရာဇ် ၁၂၄၀ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ရက်နေ့ ဖြစ်ရာ သီပေါမင်းသားအား အိမ်ရှေ့နှင်းသော အခမ်းအနားကို ကျင်းပလေ၏။ မင်းတုန်းဘုရင် မင်းတရားကြီး၏ အိမ်ရှေ့ နှင်းတမ်း အမိန့်တော်ကို နာခံတော် မင်းထင်ကျော်ခေါင်က အမိန့် တော်ပြန်မှတ်ရာ အိမ်ရှေ့နှင်းတမ်း အမိန့်တော်မှာ ...
"ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင်မင်းတရားကြီး အမိန့်တော်ရှိသည်။ ရှေးရှေးသော မင်းကောင်း မင်းမြတ်တို့သည် သာသနာတော်သုံးပါး စည်ပင်ပြန့်ပွား ထွန်းလင်းစေ ကြောင်း၊ တိုင်းပြည်နိုင်ငံ အစီးအပွား များပြားတိုးတက်စေကြောင်းများကို ဆောင်ရွက် စေခြင်းငှာ ရိုက်ရာတော်ခံ နန်းရံ အစစ်ဖြစ်သော သားတော်မြတ်ကို အိမ်ရှေ့နှင်းတော်မူမြဲ ဖြစ်သည်နှင့်အညီ ငါအရှင် ဧကရာဇ် မင်းမြတ်သည်လည်း အပရိဟာနိက စသော ရာဇဓမ္မ ကျင့်ဝတ်တရားအပေါင်းတို့ကို မြဲမြံစွာ ကျင့်ဆောင် တော်မူလျက် ရတနာပုံ မဟာရာဇဌာနီ ရွှေပြည်တော်ကြီးကို လက်မွန်အစ တည်ထောင်ဖန်ဆင်းတော်မူ၍ မြတ်စွာ ဘုရား သာသနာတော် အထူးသဖြင့် စည်ပင်ထွန်းလင်းစေခြင်းငှာ ငါးကြိမ်မြောက်ဖြစ်သော ပဉ္စမ သင်္ဂါယနာသဘင် ဆင်ယင်တော်မူပြီးလျှင် သာသနာတော်မြတ် အစီးအပွား၊ ကိုယ်တော် မြတ် အကျိုး စီးပွား သားတော်အစဉ်၊ မြေးတော်အဆက် မြစ်တော်အညွန့်စီးပွား ရဟန်းရှင် လူ ပြည်သူ သတ္တ၀ါအပေါင်းတို့၏ အကျိုးစီးပွား များပြားစေကြောင်းကို တရားနှင့်အညီ ထိန်းသိမ်း စောင့်ရှောက် တော်မူသည့် သားတော် သီပေါမြို့စား မင်းသားသုသီရိ မဟာဓမ္မ ရာဇာသည် ကပ်ဦးမဟာ သမတ ဥက္ကာမုက္ခ သကျသာကီဝင် မင်းတို့မှ အစဉ်မပျက် ဆင်းသက်ခဲ့သော ကုန်းဘောင်နန်းရိုး နေမျိုး နွယ်စစ် ဖြစ်ခြင်း၊ ပိဋကတ်သုံးပုံကို ချောက်ချား စေလျက် သုံးကြိမ်မြောက် ပထမပြန်ဆိုနိုင်၊ သုံးကြိမ်မြောက် မြတ်စွာဘုရားသာသနာတော် ကို ထမ်းဆောင်နိုင်ခြင်း။
လောကဓမ္မ လိမ္မာကျေပွန်သဖြင့် နောင်အခါ ငါနှင့်ထပ်တူ တိုင်းပြည်နိုင်ငံကို အုပ်စိုးနိုင်မည့် နှလုံးလက်ရုံး ဘုန်းပညာလက္ခဏာနှင့် ဂုဏ်ထူးဝိသေသ ရှိသော သားတော်များဖြစ်သည်နှင့်အညီ သာသနာတော်ရေး၊ တိုင်းပြည်ရေးမှုများကို ညီညာဆောင်ရွက်စေခြင်းငှာ အိမ်ရှေ့မင်း၏ တင့်တယ်စမ္ပာယ်ခြင်း အလုံးအရင်း ဆင်မြင်း ဗိုလ်ပါ အပေါင်းတို့ဖြင့် ခြံရံလျက် အိမ်ရှေ့ဥပရာဇာအဖြစ်သို့ ဆောင်နှင်းတော်မူသည်။ အိမ်ရှေ့မင်းတို့ အခမ်းအနား ၀န်၊ ၀င်းမှူး၊ အတွင်းဝန်မှ စ၍ သင်းစုပင်းစု ပေးဘွဲ့ရန် စာရင်းကိုလည်း သွင်းစေ"
အထက်ပါ အိမ်ရှေ့နှင်းတမ်း အမိန့်တော်ကြီးသည် တစ်နိုင်ငံလုံးသော်လည်းကောင်း၊ တစ်နန်းတော် လုံးသော်လည်းကောင်း၊ ဆွေတော်မျိုးတော် အားလုံးကိုသော်လည်းကောင်း အံ့အားသင့်၍ သွားစေရုံမက ကာယကံရှင် ပုဂ္ဂိုလ်ဖြစ်သော သီပေါမင်းသားနှင့် မယ်တော် လောင်းရှည် မိဖုရားတို့ပင်လျှင် ကံတရား၏ လှည့်စားမှုကို အံ့သြတော်မူမိလေတော့သည်။
မြတောင်စုဖုရားလတ်နှင့် အဆောင်တော်တစ်ခုလုံးရှိ အထိန်းတော်၊ အပျိုတော်များမူကား ထိုသတင်း စကားကို မောင်မောင်တုတ်မှတစ်ဆင့် ပို့လိုက်၍ ကြားရသည့်အချိန်မှစပြီး ၀မ်းမြောက်သော နှလုံးဖြင့် တပြုံးပြုံး တရွှင်ရွှင် ရှိနေကြလေသတည်း။
ချိန်ခွင်လျှာသည် အခါခပ်သိမ်း တညီတည်းမရှိနိုင်သကဲ့သို့ တစ်ဖက်မှ ၀မ်းမြောက် နေကြ သလောက် တစ်ဖက်မှ ရင်ဘတ်စည်တီးနှင့် မီးတောက်နေကြသူများမှာ ကြေးတိုက်တော် အတွင်း၌ ရောက်ရှိနေကြသော မင်းသားများနှင့် ရွှေနန်းတော် အနောက်ပိုင်း အဆောင် ဆောင်အခန်းခန်း၌ ရှိကြသော ၎င်းမင်းသားများ၏ မယ်တော်များဖြစ်ကြသူ ဆောင်ရ၊ နန်းရ မိဖုရားများ ဖြစ်ကြလေ၏။
မက္ခရာမင်းသားကြီး၊ သုံးဆယ်မင်းသားကြီး အမှူးရှိသော သားတော်များမှာ သီပေါ မင်းသားအား ခမည်းတော်ဘုရားက အိမ်ရှေ့နှင်းအပ်တော်မူကြောင်းကို ကြေးတိုက်တော် အတွင်းမှ သတင်းစကား သန့်သန့် ကြားလိုက်ရသည့်အချိန်မှာ ဆွေ့ဆွေ့ခုန်မျှ ဒေါမနဿ ဖြစ်တော်မူကြရလေ၏။
မိမိတို့ကို မလိမ့်တစ်ပတ်နှင့် ကြိုတင်ဖမ်းဆီးခြင်း၊ လုံခြုံရာ ကြေးတိုက်တော်အတွင်းသို့ သွင်း၍ ထားပြီးမှ သီပေါမင်းသားကို ခမည်းတော်ဘုရား အမိန့်တော်ဖြင့် အိမ်ရှေ့ဆောင် နှင်းလိုက်ခြင်းသည် ခမည်းတော်ဘုရား၏ အလိုတော်အတိုင်း မဟုတ်ကြောင်း ရိပ်မိကြ သော်လည်း တစ်စုံတစ်ရာ မေးမြန်းပြောဆိုခွင့် မပြုနိုင်ရှာကြဘဲ ခမည်းတော်ဘုရား ကိုယ်တိုင်နှင့် အသက်တော်မြဲလျက်မှ ရှိပါသေးစ၊ အကယ်၍ ခမည်းတော်ဘုရားသည် ဝေဒနာတော်ဖြင့် နတ်ရွာကြွသွားတော်မမူသေးလျှင် ခမည်းတော်၏ အမိန့်ဟု လှည့်ဖြား၍ တစ်စုံတစ်ဦးသောသူက အာဏာကို ကြိုးကိုင်ပြုကာ ဖောက်လွဲဖောက်ပြန် ပြုမူနေသည် ကိုပင် သိရှိတော်မမူနိုင်ရှာသော အခြေအနေသို့ ရောက်တော်မူနေရှာပြီဟု မချိတင်ကဲ အံတခဲခဲ ဖြစ်နေရှာရလေ၏။
ထိုသို့ အိမ်ရှေ့နှင်းသော အခမ်းအနား ပြုပြီးသည့်အချိန်မှာပင် ကြေးတိုက်တော်အတွင်း ရှိရင်းစွဲဖြစ်သော ဖမ်းဆီးထားပြီး မင်းသားကြီးများအား အချုပ်နှင့် ထားရုံပင် စိတ်ဝမ်းမချ သေး သည့်အလား၊ ခြေချင်းရိုက်စွဲခြင်း၊ အပြင်တွင် ကျန်သေးသည့် သားတော်၊ တူတော်၊ မြေးတော်များကိုပါ ထပ်မံဖမ်းဆီးချုပ်နှောင်ထားလိုက်ပြန်လေသတည်း။
ရွှေနန်းတော်တစ်ဝန်းလုံး လက်နက်အစောင့်အနေတို့ဖြင့် ဖုံးလွှမ်းလာသည့်အချိန်က စ၍ မင်းသားများကို ဖမ်းဆီခြင်းခံရသည်အထိ အကြောင်းတစ်စုံတစ်ရာ ထူးခြားတော့မည်ကို ကြောက်ရွံ့ငြိမ်သက်စွာ နားစွင့်လျက်ရှိသော ဆောင်ရ၊ နန်းရ မိဖုရားကြီးများသည် သီပေါ မင်းသားအား အမိန့်တော်နှင့် အိမ်ရှေ့ နှင်းလိုက်သည်ကို ကြားသိရသည်နှင့် တစ်ပြိုင်နက် ဆင်ဖြူမရှင်မိဖုရားကြီး၏ လက်ချက်ဟု အတတ်သိကာ မခံမရပ်နိုင်အောင် ဖြစ်၍ လာကြ လေ၏။
ငါတို့၏ သားများတော့ ဖမ်းဆီးချုပ်နှောင်ထားပြီး သူ့သမီးနဲ့ သီပေါမင်းသားကိုတော့ အိမ်ရှေ့နှင်းသည်မှာ တရားသလား။ ဘာပဲဖြစ်ဖြစ် ရွှေနန်းရှင်ဘုရားကို ခုသွားတိုင်မယ်၊ မခံနိုင်ဘူးဟု နွားရူးဆူးတိုး စိတ်ထွက် ကုန်ကြလေ၏။
အချို့ စိတ်နူးညံ့လွန်းသော မိဖုရားများနှင့် သားတော်မထွန်းကားသော မိဖုရားများက အစောင့်အရှောက် ကျပ်တည်းလွန်း၍ သွားသင့်၊ မသွားသင့် အကြံပေးကြရာ။
"မိမိတို့က သားသမီးသံယောဇဉ်မျိုး မရှိတော့ စိတ်နှလုံး ဘယ်မျှ ထိခိုက်သည်မသိရှာကြ ဘူး။ မမတို့မှာ ဆယ်ကျိုးဆယ်လ လွယ်၍ မွေးထားရပါသည်။ သည်တော့ သတ်လို့ပစ်ချင် လည်း ပစ်ကြပါစေ၊ အတင်းပင် သွား၍ သံတော်ဦးတင်ကြတော့မည်"
ပြောကာ လင်ပန်းတိုက်စားမိဖုရား၊ သက်ပန်းမိဖုရား၊ ခုနှစ်ရွာမိဖုရား၊ မြောက်ရွှေရေး မိဖုရားတို့သည် မှန်နန်းတော်ဆောင်ရှိရာသို့ ဗျာပါကြီးစွာဖြင့် ထွက်တော်မူလာကြလေရာ အနောက်ဆောင်နှင့် မှန်နန်းတော် ဆောင်အကြားတွင် အစောင့်အနေ ချထားသော လက်နက်ကိုင် အမှုတော်ထမ်းများမှာ ထဘီ၊ ပ၀ါ၊ ဆံကေသာ မသိမ်းနိုင်အောင် အပူမီးခ လာကြသော မိဖုရားကြီးများအား တားဆီးပိတ်ပင်ရန် မ၀ံ့ရဲကြသဖြင့် သွားလိုရာသို့ လမ်းဖယ်၍ ပေးလိုက်ကြရာ မှန်နန်းဆောင်တော် တံခါးဝသို့ ဆိုက်ရောက် လာကြလေ၏။
မှန်နန်းဆောင်တော်မှာ မင်းတရားကြီး မမာတော်မူသော အဆောင်တော်ဖြစ်ခြင်းကြောင့် မမာတော်မူစဉ် စိတ်မချမ်းမြေ့ဖွယ် အကြောင်းများနှင့် နားပူနာဆာ မရှိစေခြင်းငှာ ဆင်ဖြူ မရှင်မိဖုရားကြီး အမိန့်တော်ဖြင့် အတွင်းတော်သို့ မည်သူမျှ မ၀င်နိုင်ရန် အစောင့်အရှောက် များ အထပ်ထပ် တိုးတက်ချထားရုံမက အတွင်းက တံခါးကျည်းရှည်ကို ခိုင်လုံစွာ ပိတ်ဆို့ ထားပြီးလျှင် သမားတော်ကြီးများ အနှိပ်တော် ဘလဲ့ဘရွာစားတို့က အလှည့်ကျဝင်၍ အနှိပ်တော်ဆက်ခြင်း၊ ဆေးတော်ဆက်ခြင်းများ ပြုလျက် စားတော်ဝန်ကြီး ဦးခဲသာလျှင် သလွန်တော်အနီးတွင် ကြပ်မတ်ပွေ့ပိုက် စောင့်ရှောက်ကာ ရေကြည်တော် နှင့် ဆေးတော် များတိုက်၍ နေခိုက်ဖြစ်လေ၏။
စားတော်ဝန်ကြီး ဦးခဲအား မင်းတရားကြီးဘုရားသည် မမာတော်မူစဉ် အချိန်ကစ၍ အပါး တွင် ကပ်၍ နေ့ညဥ့်မပြတ် အမှုတော်ထမ်းရန် ခေါ်ယူထားတော်မူသည်ဖြစ်ရာ ထိုနေ့အဖို့ မှာလည်း ဝေဒနာ တော်သည်း၍ မှိန်းတော်မူသည့် အခိုက်အတန့်သာလျှင် ငြိမ်သက်စွာ စံတော်မူ၍ အနည်းငယ် ကြည်လင် လာသည်နှင့် တစ်ပြိုင်တည်း ...
"မောင်ခဲ ... ငါ့အနား ဘယ်သူများ ရှိသတုံး"
သမားတော်များက "မောတော်မူမည်စိုးသဖြင့် မည်သူမျှ အပါးတော်မှာ မခစားစေရ ကြောင်းပါဘုရား"
"ပြောစရာ၊ မေးစရာရှိသလောက် မေးချင် ပြောချင်ပါဘိတယ်၊ နေ့တိုင်း၊ နေ့တိုင်းပဲ ဒီလို နေရ တော့မှာလား"
"မောတော်မူပါမယ်ဘုရား"
"ကိစ္စမရှိပါဘူး၊ မောင်ကောင်းတို့၊ မောင်ဖိုးလှိုင်တို့တစ်တွေ ခေါ်လိုက်စမ်းပါဘိ"
"ရွှေလွှတ်တော်ကြီးမှာ အလုပ်များနေကြပါတယ်ဘုရား"
"မောင်ရွှေမောင်တို့၊ မောင်ကလေးမောင်လှဘူးတို့လည်း မရှိဘူးလား"
"မရှိကြောင်းပါဘုရား"
"ဒီလိုတွေ င့ါကို တမင်ရှောင်များနေကြရော့သလား၊ သွားစမ်း ... သွားစမ်း မောင်ခဲ၊ သူတို့အားလုံး ငါ့ရှေ့တော် ခေါ်ခဲ့"
"မသွားဝံ့ ကြောင်းပါဘုရား"
"သယ် ... ငါရှင်ဘုရားပဲ၊ ငါ့အာဏာထက် ဘယ်သူ့အာဏာက ထက်နေလို့ မသွားဝံ့ရပြန် သတုံး"
"မှန်လှပါ၊ အရှင့်အာဏာ ဒီအဆောင်ထဲမှာသာ ရှိပါကြောင်း"
"မြတ်စွာဘုရား၊ ငါ့ကို လူမမာဆိုပြီး မထီလေးစား ပြုကြပြီလား၊ ငါ မသေသေးပါဘူးဟဲ့"
"မ၀ံ့ကြောင်းပါဘုရား"
ထိုအခိုက် မှန်နန်းဆောင်အပြင်ဘက်တွင် ရောက်ရှိနေသော မိဖုရားများသည် လက်နက် ကိုင် အစောင့် အနေ များနှင့် အတိုက်အခံ စကားဆိုလျက် ရှိလေ၏။
အစောင့်။ "ဝေဒနာတော်တိုးမှာစိုး၍ သမားတော်ကြီးများပင် ဆေးဆက်ချိန်ကျမှ ၀င်ခွင့် ရကြောင်း ပါဘုရား"
လင်ပန်းတိုက်စားမိဖုရား။ "ဆေးဆရာ မ၀င်ရပေတဲ့ ငါတို့ မိဖုရားများကို မတားနဲ့"
အစောင့်များ။ "သည်းခံတော်မူပါဘုရား၊ ကျွန်တော်မျိုးများ အထက်အမိန့်အရ လျှောက်တင်ရခြင်းပါ"
ခုနှစ်ရွာမိဖုရား။ "ငါတို့လင်ကို ငါတို့ဝင်ကြည့်မည့်ဟာကို နင့်အထက်အမိန့်က ဘာဆိုသတုံး"
မြောက်ရွှေရေးဆောင်မိဖုရား။ "ကိုယ့်လင် မမာသည်ကို ၀င်လို့မှ မကြည့်ရတော့ဘူး ဟာလား။ ဖယ်ပေး ကြပါ။ ငါတို့ဘာသာ ငါတို့ ၀င်သွားပါ့မယ်"
အစောင့်များ။ "သည်းခံတော်မူပါဘုရား"
သက်ပန်းမိဖုရား။ "ဒီဟာ သည်းခံနိုင်တဲ့ကိစ္စမျိုး မဟုတ်ဘူးတဲ့"
အစောင့်များ။ "ဆင်ဖြူမရှင်ဖုရား အမိန့်တော်ကို ခံယူပြီးတဲ့အခါ သဘောရှိ ၀င်တော်မူ ကြပါဘုရား"
မိဖုရားများသည် တဖြည်းဖြည်း ပို၍ စိတ်တော်ကို မထိန်းသိမ်းနိုင်အောင် ရှိလာကြသဖြင့်...
"ငါတို့လင် မမာနေရာ ငါတို့သွားမည်။ အရေးထဲ ဘယ်သူ့အမိန့် ခံရဦးမှာလဲ"
ပြောကာ အစောင့်များကို အတင်းတွန်းဖယ်ပြီး ကျည်းရှင်တံခါးဝသို့ စုရုံးတိုးကပ်ကာ ပိတ် ထားသော အဆောင်တော်တံခါးရွက်ကို ထုနှက်လျက် အဖွင့်ခိုင်းကြလျှင် လက်နက်ကိုင် အစောင့်အမှုထမ်းများသည် ဘ၀ရှင် မင်းတရားကြီး၏ မိဖုရားများဖြစ်သောကြောင့် ဆွဲဖယ် မပစ်ဝံ့သဖြင့် အကြောင်သားငေး၍ ကြည့်နေ ရ တော့၏။
အပြင်မှ ဆူညံသံများ၊ တံခါးရွက်ထုသံများကြောင့် သလွန်တော်ပေါ်တွင် မှေးစက်လျက် ရှိသော မင်းတရား ကြီးဘုရားသည် ရုတ်တရ် မျက်လုံးဖွင့်၍ ရှုစားကာ ...
"ဟဲ့ ... မောင်ခဲ၊ တံခါးဖွင့်လိုက်ပါ။ သမားတော်များ ၀င်ချိန်ရောက်ပြီ ထင်ပါရဲ့" မိန့်တော် မူသောကြောင့် စားတော်ဝန် ဦးခဲသည် ထ၍ တံခါးဖွင့်လိုက်လျှင် မိဖုရားကြီးများသည် ဦးဆံဖားလျားနှင့် ခြေတော်ရင်းသို့ ပြေးလာကြပြီး မင်းတရားကြီး၏ အရိပ်အကဲကိုကြည့်ရာ ရောဂါအတန် သက်သာသည်ကို မြင်ရသော ကြောင့် တစ်အားတက်သွားကြလေ၏။
"အလို ... မိမိတို့ ဘာဖြစ်လာကြသည်တုံး"
ခပ်သဲ့သဲ့ မေးတော်မူလိုက်သောအခါ မိဖုရားကြီးများမှာ ချုပ်တည်းအောင့်အီးခြင်းငှာ မစွမ်းနိုင်ရှာ ကြတော့ဘဲ ...
"ကယ်တော်မူပါဘုရား၊ ဖျာ့ကျွန်မတို့သားတွေ ဒုက္ခဖြစ်လို့ နေပါပြီဘုရား"
ငိုရှိုက်လျှောက်တင်ကြလျှင် ...
"တင်ကြစမ်းပါဦး၊ ဘယ်ပုံဒုက္ခမျိုး ဖြစ်ကြသလဲ၊ မိမိတို့ရဲ့"
မေးတော်မူရာ မိဖုရားများက ...
"ဖျာ့ကျွန်မတို့ သားတော်များကို အိမ်ရှေ့မင်းနှင့် မှူးတော်၊ မတ်တော်တို့က ခြေချင်း ရိုက်စွဲ၍ အကျဉ်း ချုပ်ချ ထားသဖြင့် ကယ်တော်မူပါဘုရား"
လျှောက်တင်လျှင် မင်းတရားကြီးသည် ခေတ္တစဉ်းစားတော်မူကာ ...
"အိမ်ရှေ့မင်းက ... အိမ်ရှေ့မင်းက ... "
နားမရှင်းသည့်အလား နှုတ်တော်မှ ရေရွတ်ကာ အမိန့်တော်မဆက်ဘဲ ရပ်ဆိုင်းတော်မူနေ လျှင် ...
သက်ပန်းမိဖုရား။ "မှန်လှပါ၊ သားတော် သီပေါမင်းသား အိမ်ရှေ့မင်းနှင့် မှူးတော် မယ်တော်များက ဖျာ့ကျွန်မတို့ သားများကို ဖမ်းဆီးချုပ်နှောင်ထားပါပြီဘုရား"
ထပ်၍ လျှောက်တင်လိုက်သောအခါတွင် မမာတော်မူရာမှ သက်ပြင်းရှူလိုက်ပြီးလျှင် ...
"ဟင် ... ငါမသေသေးဘဲနှင့်ပင် သည်လိုဖြစ်ကုန်ကြပြီလား။ ကိုင်း ... ကိုင်း မှူးတော် မတ်တော်ကြီးများကို ငါ၏ ရှေ့တော်သို့ ခေါ်ကြစမ်းဟဲ့"
အမိန့်တော်ရှိရာ မည်သူမျှ သွား၍ မခေါ်ဝံ့ဘဲ ရှိနေကြပြန်၏။
ထိုအခိုက်တွင် မှန်နန်းစနုဆောင်၌ ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ၀န်ကြီးများ စီမံဆွေးနွေး လျက်ရှိရာသို့ အစောင့် အမှုထမ်းများ ရောက်လာပြီး မင်းတရားကြီးဘုရား၏ အဆောင် တော်တွင်းသို့ မိဖုရားကြီးများ ဇွတ်အတင်း တွန်းထိုးဝင်ရောက်သွားကြောင်း သတင်း ရောက်လာသောကြောင့် ...
"ဟော ... ဟိုမိန်းမတွေ ရှုပ်လို့ကုန်ပြန်ပြီ။ အပါးတော်ကို ကျွန်မတို့အားလုံး လိုက်သွားကြ မှ ဖြစ်မယ်"
ဆင်ဖြူမရှင် မိဖုရားကြီးက အမိန့်ရှိကာ ၀န်ကြီးများပါ အရေးတကြီးရောက်လာလျက် မင်းတရားကြီး၏ သလွန်တော် အပါးဝယ် ခစားမိကြလေတော့၏။
မင်းတရားကြီးဘုရားသည် သားတော်များအတွက် စိတ်ဆောင်တော်မူလျက်ရှိသော ကြောင့် ခါတိုင်းကဲ့သို့ ညှိုးညှိုး ခွေခွေ စံနေတော်မမူဘဲ အုံးဝန်းတော်ကိုမှီကာ မတ်မတ် ထိုင်တော်မူလျက် အသင့်ရောက်လာသော ၀န်ကြီးများကို လှမ်း၍ ရှုစားတော်မူကာ ...
"ငါ မမာတော်မူရုံမျှ ရှိသေးလျက် ရက်စက်ကြေကွဲမှုတွေ ဖြစ်ကုန်ကြပြီလား။ မောင်ကင်း တို့၊ ဘယ်လို စံမံ ထားကြသလဲ"
အမေးတော်ရှိလျှင် ...
ကင်းဝန်မင်းကြီး။ "အရှင် မမာတော်မူချိန်၌ တိုင်းနိုင်ငံ အေးချမ်းသာယာမှုကို အရှင့် ကိုယ်တော်အစား ရွှေလွတ်တော်ကြီးမှ ကျွန်တော်မျိုးက တာဝန်ကြီးလေးစွာ ထမ်းဆောင် နေရကြောင်းပါ။ ကာလံဒေသံ အဂ္ဂံ ဆိုသည့်အတိုင်း ကြက်ဥအဆောင် တိမ်တောင်သဖွယ် မင်ရေးကျယ်လှသည့်အတွက် နိုင်ငံတော် အေးချမ်း သာယာမှုကို အဓိကထားလျက် ရုတ်တရက် ရန်လက်စ ငြိမ်းတဲ့အောင်အခိုက်အလှည့် သင့်သလို ခေတ္တ ခဏ ကြံဆောင်ရ ခြင်း ဖြစ်ပါကြောင်းဘုရား"
ကျေးကျွန်သင်းပင်းတို့ပါ လိုသလောက် ခေါ်ယူ၍ ယနေ့နေ့ချင်း ညဥ့်ချင်း ချီတက် သွားကြရန်ဒ အမိန့်တော်မြတ် မှတ်တော်မူလေ၏။
မှူးတော် မတ်တော်ကြီးများလည်း အမိန့်တော်ကို ဦးထိပ်ရွက်လျက် အဆောင် တော်အပြင်သို့ ထွက်ခဲ့ကြရာ မိဖုရားများလည်း သားတော်များအတွက် ၀မ်းမြောက် ၀မ်းသာနှင့် မိမိတို့ အဆောင်တော် ရှိရာသို့ ပြန်လာခဲ့ကြရှာလေသတည်း။
ဆင်ဖြူမရှင် မိဖုရားကြီးနှင့် ၀န်ကြီးများလည်း မှန်နန်းစနုဆောင်တွင် ခေါင်းချင်း ရိုက်မျှ ဆွေးနွေး တိုင်ပင်ကြပြန်လေ၏။
ဆင်ဖြူရှင်။ '' အမိန့်တော်အတိုင်း ကြေးတိုက်တော်က မင်းသားများကို ဘုရင် ခံခန့်အပ်တော်မူတဲ့ အမိန့် ကို ပြန်ပါစေ''
ကင်းဝန်။ '' ဘုရင်ခံခန့် အမိန့်တော် ပြန်ပြီးလျှင် အချုပ်အနှေင်မှ လွတ်ရပါလိမ့်''
ဆင်ဖြူမရှင်။ ''ဟုတ်ပါသည်၊ အချုပ်အနှေင်မှလွတ်၍ အမိန့်တော်အတိုင်း စရိတ်ငွေတော တွေလည်း အမြောက်အမြား ထုတ်ပေးရပါလိမ့်မည်။ နေ့ချင်း ညဥ့်ချင်း ခရီးထွက်ရမည် ဖြစ်တဲ့အတိုင်း သူတို့ မြောက်သား ကြင်ရာတော်များ၊ ညီတော်နှမတော်များ၊ ကျေးတော် ကျွန်တော်မျိုးများကိုလည်း ခေါ်လိုရာ ခေါ်နိုင်ရန် မယ်တော်မိဖုရားများကိုလည်း နှုတ်ဆက် ကန်တော့ရန် အတွင်းဝန်မင်းတို့က အမြန်ဆုံး စီမံဆော်သြ၍ ပေးလိုက်ကြပါ။ အင်္ဂလိပ် သံထဲက အောက်မြစ်စဉ် ဘုရင်ခံလောင်း ညောင်ရမ်း မင်းသားကိုပါ သွားရောက်ခေါ်ယူ အကြောင်းကြားပါ။ လာသည် မလာသည်မှာ သူ့သဘောပ''
ဝန်ကြီးမင်းများသည် ဆင်ဖြူမရှင် မိဖုရား၏ ထူးခြားသော အမိန့်တော်ကို မစဉ်းစား တတ်အောင် ရှိကြသဖြင့် ခပ်မဆိတ် ငြိမ်သက်လျက် ရှိကြလေ၏။ တိုင်းတာမင်းကြီးမှာ မမျိုသိပ်နိုင်အောင် ရှိလာသော ကြောင့်.....
'' ဘ၀ရှင်မင်းတရားကြီး သလွန်တော်ပေါ်မှ ချမှတ်မူလိုက်တဲ့ အမိန့်တော်အတိုင်း သာဆိုလျှင် ဒီဘုရင်ခံမင်းသားကြီး သုံးပါးက ကျွန်တော်မျိုးတို့ နေပြည်တော်ကြီးကို သည်အတိုင်း အဝေးက အလှ ကြည့် နေကြမည် ထင်ပါသလားဘုရား''
နှုတ်ပေါ့ လျှာသွက်နှင့် ကန့်ကွက်တင်လျှောက်လိုက်သည်တွင် ဆင်ဖြူမရှင် မိဖုရားကြီးက တည်ငြိမ်စွာ ပြုံးတော်မူလိုက်ပြီး....
'' ဘ၀ရှင်မင်းတရားကြီး၏ အမိန့်တော်အတိုင်း ဆောင်ရွက်ဖို့က ဘ၀ရှင်ဘုရားထံ မှာ ကျေးဇူး သစ္စာ တော်ခံထားကြတဲ့ မင်းကြီးတို့ရဲ့တာဝန် မဟုတ်ပါသလား၊ ကျန်သည့် လုပ်ရေးကြံရေး ကိစ္စ အရပ်ရပ် တို့ကို ဆက်လက်လုပ်ကိုင်ရန် ရွှေလွှတ်တော်ကြီးက နောက်ထပ်၍ အမိန့်သတ်မှတ်ပြီး အင်အားကြီးမားတဲ့ လက်နက်ကိုင် စစ်သည်တော် များကို အချက်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အခါကာလအလျောက် ဆောင်ရွက်ကြရန် လျှို့ဝှက်စီမံထားရလိမ့်မယ်။
သည့်အတွက်လည်း အခက်အခဲမရှိရလေအောင် အကျဉ်းထောင်က မင်းသားများကို ကြေးတိုက်တော်က ထုတ်ယူ၍ မြောက်ဥယျာဉ် တော်အတွင်းမှာ သူတို့၏ သား မယား ကျေးကျွန်များနှင့် တွေ့ဆုံ ပေးရ လိမ့်မည်။ သူတို့၏ မယ်တော်များကိုလဲ ခရီးထွက်မည့် သားတော်များကို နှုတ်ခွန်းဆက်သကြရန် မြောက်ဥယျာဉ် တော်မှာပင် ကျယ်ကျယ်ဝန်းဝန်း တွေ့ဆုံတော်မူကြပါစေ၊ သည့်နှယ်မှ သူတို့၏ နောက်လိုက် နောက်ပါ အလုံးအရင်း အဆက်အသွယ် ရှိသမျှကို တစ်စုတည်း တစ်ရုံးတည်း ကျွန်မတို့လက်ဝယ် ရောက်ရှိနိုင်ကြမည် မဟုတ်ပါလား''
ဤတွင်မှ တိုင်းတာမင်းကြီးနှင့်တကွ စိတ်ဒွိဟဖြစ်နေကြသော မှူးတော် မတ်တော်ကြီးများလည်း ဆင်ဖြူမရှင် မိဖုရားကြီး၏ အကြံဥာဏ်ကို ရိပ်စားမိသဖြင့် စီမံခန့်ခွင့်ရှိသမျှ အမိန့်ချမှတ်ရန် တီးတိုး လေသံ ဖြင့် ထပ်မံဆွေးနွေး တိုင်ပင် နေကြပြန်လေ၏။
ဘ၀ရှငိမင်းတရားကြီးသည် မကျန်းမာတော်မူရာကပင် သားတော်များ၏ အရှုပ်အထွေး ပြဿနာကြီးကို သလွန်တော် ပေါ်မှနေ၍ ဖြေရှင်းပေးတော်မူလိုက်ပြီးနောက် ရောဂါဝေဒနာ တော်မှာ တိုးတက် ဖိစီး တော်မူလာလေ၏။
ဆင်ဖြူမရှင် မိဖုရားကြီးသည် ဤတစ်ကြိမ်၌ မင်းတရားကြီး စံတော်မူသည့် မှန်နန်း ဆောင်တော်တွင်းသို့ အခြားမိဖုရားသားတော်၊ သမီးတော်၊ မှူးတော် အ၀င်အထွက် မရှိစေရ၊ အပြင်လူ မ၀င်ရ၊ အတင်း ရောက်နေသူလည်း အဆောင်တော်အပြင်သို့ မထွက်ရဘဲ ကျပ်တည်းစွာ တားမြစ်ပိတ်ပင်ထားရုံမက ဆင်ဖြူ မရှင် မိဖုရားကြီး ကိုယ်တိုင်လည်း မင်းတရားကြီး၏ သလွန်တော်အနီး၌သာ ကိုယ်ဖိ ရင်ဖိ ပြုစု လျက် ရှိလေသည်။
အပြင်မထွက်ရဘဲ အဆောင်တော်အတွင်းသို့ ရောက်ရှိနေရသူများကား သားတော်မထွန်းကားသည့် မိဖုရားများဖြစ်ကြသော တောင်ဆောင်တော်မိဖုရား၊ စိန်တုံးမိဖုရား၊ လက်ပန်စဉ်မိဖုရား၊ သရစိန်မိဖုရား၊ လဲချားမိဖုရား၊ သနစ်စစ်မိဖုရား၊ အနှိပ်တော်ဘလဲ့ ရွာစားနှင့် သီဟိုဠ်ကျွန်းသား ဆေးသမား သာရာ လင်္ကာရ တို့သာ ရှိလေရာ ၎င်းတို့ကိုယ်တိုင်ပင် အပြင်မှ အဆက်အသွယ်ကင်းပြတ်လျက်ရှိသောကြောင့် မည်သည့် အကြောင်းကိစ္စထူးမျိုးကိုပင်ဖြစ်စေ မသိနိုင်ရှိကြလေသတည်း။
ကြေးတိုက်တော် အတွင်းမှ မင်းသားများသည် အကျဉ်းမှလွတ်၍ ဘုရင်ခံခန့် အပ်လွှာဖြစ်သော ခမည်းတော်ဘုရား၏ အမိန့်တော်မြတ်ကို နာခံရသော အချိန်အခါတွင် ရာဟုအသူရိန်လက်မှ လွတ်ကင်း ရသော လ၀န်းပမာ ၀မ်းမြောက် ၀မ်းသာ ဥယျာဉ်တော်အတွင်းသို့ ရောက်ရှိလာကြပြီးလျှင် ဖမ်းဆီးခြင်း ခံရသည့် အချိန်အခါကစ၍ ပူပင်သောကမအေး ဖြစ်လျှက်ရှိကြသော မယ်တော်များ၊ ကြင်ယာ မြောက် သားတော်များ၊ ညီတော်၊ နှမတော်၊ ခြွေရံကျေးကျွန်များနှင့် အားရ၀မ်းသာ နှုတ်ခွန်းဆက်စကား ပြောကြားလျက် ခရီးထွက်ရာတွင် လိုက်လိုသူ၊ မလိုက်လိုသူတို့ကို ဆိုင်ရာ ဆိုင်ရာ မေးမြန်းဆွေးနွေးလျက် ရှိကြလေ၏။
မက္ခရာမင်းသားကြီးနှင့် သုံးဆယ်မင်းသားကြီးတို့မှာ အချုပ်မှ လွတ်မြောက်လာကြ
သော ညီတော်များကို ဦးစီးဦးဆောင်ပြုကာ မယ်တော်များနှင့် ဆွေးနွေးလျက် ရှိကြလေရာ...
မက္ခရာမင်းသားကြီး။ ''မသမာသူတို့ အစီအမံကို မယ်တော်ဖျားများ စွန့်စားကြိုးပမ်း အချုပ်အနှေင်မှ လွတ်မြောက်ရုံမကဘဲ ဘုရင်ခံရာထူးများလည်း ခံရပါပြီ။ သည်တော့ မယ်တော်ဖုရားများလည်း နေပြည် တော်မှာ နေလျှင် ရန်များဖွယ်မြင်ပါတယ်၊ သားတော် များနှင့်အတူသာ လိုက်ပါတော် မူကြပါ ဘုရား''
သုံးဆယ်မင်းသား။ '' မယ်တော်များ သာမက ညီတော် ၊ နှမတော် များလည်း လိုက်ပါ တော်မူလိုကြပါ သလား''
ညီးတော်များ။ '' ဖျကျွန်တော်တို့သည်မှုာ မျက်နှာငယ်နှင့် မနေရစ် ပါရစေနှင့် နောင်တော်ကြီးများ နောက်တော် သို့ လိုက်ပါရစေဘုရား''
ခုနစ်ရွာ တိုက်စားမယ်တော်။ '' မောင်တို့ခမည်းတော်ဖုရား မမာတော်မူနေဆဲကို၊ မယ်ဖျားတို့က စွန့်ခွာပြီး သားတော်များနောက် မလိုက်ရအောင် ရှိကြ တော့တယ်၊ မောင်တို့ရယ်''
လင်းပန်းတိုက်စားမယ်တော်။ ''သားတော်တွေ ရာထူးဌာနန္တရ ရှိကြသဖြင့် မယ်တော်တွေက ငါ့ကို စွန့်ပစ် သွားကြတယ်လို့ ဘ၀ရှင်ဘုရား အထင်တော် မှားမည်ကိုလည်း စဉ်းစားစရာပဲ သားတို့ရယ်''
သုံးဆယ်မင်းသားကြီး။ ''သည်အရေးကိုတွေးလိုက်ပြန်လျှင်လည်း မယ်ဖုရားများ နောက်ဆံ ငင်တော်မူစရာပါပေပဲ။ သို့ရာတွင် သားတော်များကဖြင့် မယ်ဖျားတို့ကို ထားခဲ့ရသည်မှာ စိတ်မချစရာ ကိစ္စတစ်ရပ်ကယ်လို့ ယူဆပြီး တစ်ပါးတည်း ခေါ်ဆောင်လို့သာ သွားလိုပါသည်ဘုရား''
မက္ခရာ ။ '' မယ်ဘုရားများအား သူတို့လုပ်ရေးကိုင်ရေး ခက်အောင် ခမည်းတော်ဘုရား ရွှေနား တော်ကြား လျှောက်တင်မူနှင့် ရန်လိုမှု အပြစ်ရှာကြံပြီး နော်ကတစ်ခါ အန္တရာယ်ပြုခြင်း ခံရလျှင် ရေတိမ်မှာ နစ်ရ ပါ လိမ့်မည်ဘုရား''
သက်ပန်းမယ်တော်။ '' မောင်တို့တစ်တွေ အကျဉ်းအကျပ်မှ လွတ်ကင်းပြီး ရာထူးစည်းစိမ်ပျက် အသက် ရှည်စွာ နေရသည်ကိုပင် ၀မ်းသာလှပါပြီ၊ မယိတော်များတော့ အသက်လည်းကြီးပါပြီ မောင်တို့ ရယ်။ ဖြစ်ချင်ရာသာ ဖြစ်ပါစေ''
သုံးဆယ်။ '' မယ်ဖျားတို့ရဲ့ ဘေးအန္တရာယ်ကို သိလျက်သားနှင့်ဖြင့် မထားခဲ့နိုင်အောင ရှိပါတော့သည် ဘုရား။ ကြိုးစားလို့ သံယောဇဉ်ကို ဖြတ်တော်မူပါ''
သားတော်ငယ်များ။ '' ခမည်းတော်ဘုရားလည်းသက်တော်ကြီးလှပါပြီ။ ဒီဝေဒနာတော်မှာလည်း လွန် မြောက်တော် မမူနိုင်မည့်အတူ အန္တရာယ်မကင်းတဲ့ ဌာနမှာ စံတော်မမူကြပါနှင့်တော့။ ခမည်းတော် ဘုရားကို အဝေးကသာ မေတ္တာပို့လို့ နေတော်မူကြပါ စို့ ဘုရား''
မက္ခရာမင်းသား။ '' မယ်တော်များ မပါလျှင် သားတော်များသွားရာမှာ မဖြောင့်နိုင်အောင်ရှိပါတော့မယ်၊ လိုက်တော်သာမူခဲ့ကြပါဘုရား''
ထိုအချိန်တွင် ဓားဖွေးဖွေး လှံပြောင်ပြောင်နှင့် များမြောင်သော စစ်သည်တော် များသည် မြောက်ဥယျာဉ် တော်၏ အရပ်ရှစ်မျက်နှာမှ ဘွားခနဲ ပိတ်ဆို့ဝိုင်းရံ ထားလားကြသဖြင့် သားမယ်တော်တစ်စုမှာ ရုတ်ချည်း ပူပင် ထိတ်လန့် ဖြစ်သွား ကရပြန်လေ၏။
လွှတ်တော်ကြီးက အမိန့်ဖြင့် မင်းသား၊ မင်းသမီးများနှင့် ခြွေရံသင်းပင်း တို့ကို ပြန်လည်ဖမ်းဆီးကြောင်း သိကြရသောအခါ မလှုပ်နိုင်၊ မပြေးနိုင် ကြံရာမရ ရှိကြတော့၏။ အချို့ မင်းသားများ၏ ကျေးကျွန်များမှာ မခံချိ မခံသာ ဖြစ်လှသော်ကြောင့် စည်းလုံးမိသမျှ အင်အားစု၍ ခုခံထွက်ပြေးမည် ကြံကြသော်လည်း မင်းသမီး ကလေး များနှင့် မိဖုရားများရှိနေသောကြောင့် အကြမ်းဖက်ပါက မိမိတို့ဘက်ကသာလျှင် နာတော့မည်ဟု မနိုင်သည့်အတူ မာန်လျော့၍ နောက်တစ်ကျော့ ဖမ်းဆီးချုပ်နှောင်ခြင်းကို စုလိုက် အုပ်လိုက် ခံလိုက်ကြရပြန်လေ၏။
ဤအကြိမ်တွင် မင်းသားမျာ၏ မယ်တော်များ၊ နှမတော်၊ ညီတော်၊ ကြင်ရာမြောက် သားတော်၊ ကျေးကျွန် အခြွေအရံများသာမက မင်းသားများနှင့် ဆက်သွယ်ကြသူ၊ ဆွေမျိုးမကင်းကြသူများဖြစ်သော သုံးဆယ် မင်းသား ဦးရီးတော် (မယ်တော်၏မောင်) ဗန်းမော်အတွင်းဝန် ဦးဘိုး၊ ရနောင်မင်းသား၏ ဦးရီးတော် ၊ ရေနံသာမြို့စားမင်းသား ဦးရွှေမောင်၊ တပယ်မြို့စား မင်းသား မောင်မောင်ဘ၊ မြင်းစုကြီးဝန် ဦးတက်တူ၊ ရန်ကုန်ဝန် ဦးအုပ်တို့နှင့်တကွ အလားတူ ပုဂ္ဂိုလ်အမြောက်အမြားကို လက်တံရှည်သမျှ လှမ်းဆွဲ ဖမ်းဆီးကာ ထောင်အကျဉ်းချထားလေရာ ထိုအသုတ်တွင် အင်္ဂလိပ်သံတဲ၌ ခိုဝင်ရောက်ရှိ နေသော ညောင်ရမ်း မင်းသား၊ ညောင်အုပ်မင်းသား တို့ကိုလည်း အမိန့်တော်ခန့် လွှာနှင့်တကွ မှူးမတ်များ အကြိမ်ကြိမ် သွားရောက်ခေါ်ယူသည့်တိုင်အောင် မလိုက်လာကြ သဖြင့် လက်လျှော့၍ ပြန်ခဲ့ကြရလေ၏။
ကြေးတိုက်တော်အတွင်းသို့ ဒုတိယအကြိမ် ရောက်ရှိလာကြသော မင်းသားများမှာ ယခုအကြိမ်တွင် မယ်တော်များ၊ ကြင်ရာမြောက်သားတော်များ၊ နှမတော်၊ ညီတော်၊သားတော်၊ သမီးတော်များသာမက အခြွေအရံများပါ တစ်စုတရုံးတည်း မြုံးမိသော ငါးကဲ့သို့ ချုပ်နှောင်ဖမ်းဆီးခြင်း ခံရသောအခါ ကြံရာ မရအောင် ဖြစ်ရပြန်လေ၏။
အချို့မင်းသားများ၏ ကြင်ရာတော်များမှာ မျက်နှာသန့်စင်ပြီးစ သွေးသားနုလှသော မီးတွင်းရက် ဖြစ်လျက် နှင့်ပင် ဖမ်းဆီးထားရာတွင် ရောနှောပါလာလေရာ အချင်းချင်းပင် ၀ိုင်းဝန်းပြုစု ယုယ၍ နေကြ ရတော့၏။
သားတော်များ ဖမ်းဆီးချုပ်နှောင်ထားရာ ကြေးတိုက်တော်မှာ အလွန်တရာ လုံခြုံခိုင်ခန့် လှသော ကြောင့်လည်း လွတ်မြောက်ထွက်ပြေးနိုင်မည့်နည်းလမ်း မရှိ သလောက် ဖြစ်ရလေ၏။
ကြေးတိုက် အကျဉ်းထောင်မှာ မင်းညီမင်းသားနှင့် နန်းတွင်းမှ ရာဇ၀တ်သင့်သူ၊ ရာဇ၀တ်သားများအတွက် သီးသန့် ဆောက်လုပ်ထားသော အဆောက်အအုံတစ်ခုဖြစ်ရာ လူတစ်ဖက်စာမျှတုတ်သော ကျွန်းသား တိုင်ရှည် ကြီးများကို ထိပ်ဘက်မှ အချွန်ပြုလျက် တစ်ခုနှင့်တစ်ခု ထိကပ်ကာ မြေတွင်စိုက်ထောင်ပြီး ရန်ထား သော သစ်တပ်မြိုရိုးသဖွယ် ရှိ၍ အတွင်းဘက်တွင် အုတ်အင်္ဂတေအခင်းပြုလျက် လယ်ပေါ်စကြော နှစ်ထပ်အမိုးဖြင့် ဆောက်လုပ်ထားသော အဆောက်အအုံကြီးတွင် အကျဉ်းချထားသူတို့ နေထိုင်ရာ ဖြစ်လေ၏။
အုတ်ခံ အုတ်ကာ ကြေးတိုက်အဆောက်အအုံကြီး အတွင်းမှာ ပြွတ်သိပ်ပြွတ်ခဲ ဖမ်းဆီး ထည့်သွင်း ထားခြင်း ခံရသော မင်းသား၊ မင်းသမီးများအနက် စိတ်ငယ်သူ မိန်းမသားများမှာ လွတ်မြောက်ရေးကို တွေးတော မျှော်လင့်၍ တငိုငို တရှိုတ်ရှိုတ် ဖြစ်နေရှာကြလေ၏။
တချို့ထက်မြတ်သော မင်းသားကြီးများမှာ ရာဇဣနြေ္ဒမပျက် ယခုကဲ့သို့ ခဏခဏ ဖမ်းဆီး ချုပ်နှောင် ထားခြင်းထက် မြန်မြန်ထက်ထက် သေရသည်က မြတ်သေးသည်ဟု သီပေါမင်းသားနှင့် မယ်တော် လောင်းရှည် မိဖုရားတို့၏ ငယ်ကျိုးငယ်နာကို ထုတ်ဖော်ရေရွတ် ဆဲဆိုကာ တောက်တခေါက်ခေါက်နှင့် စင်္ကြံလျှောက်၍ နေကြလေ၏။
သားတော် သုံးဆယ်ကိုယ်တော်ကြီးကား အခြားသော မင်းညီမင်းသားတို့ကဲ့သို့ ရေရွတ် မြညတွန်ခြင်းမရှိ။ မိမိလက်ရုံးရည်စွမ်းအားကို ယုံကြည်ကိုးစားတော်မူသည့် ယောက်ျား အာဇာနည် တစ်ပါးဖြစ်သည့်အားလျော်စွာ မြင့်မားလှသော သစ်တိုင်အကာအရံ ကြီးအနီးတွင် စကြံင်္လျှောက် လျက်ရှိရာမှ ဝေဒနာ ကပ်ရောက်လျက်ရှိသော ခမည်းတော် ဘုရား၏ စေတနာတော် ကိုလည်းကောင်း၊ မှူးတော် မတ်တော်ကြီးများနှင့် ဆင်ဖြူမရှင် မိဖုရားကြီးတို့က လွှတ်တော်ကြီးကို ကြိုးကိုင်ပြု၍ နေသည် ကိုလည်းကောင်း၊ မလှုပ်တတ်သည့် ညီငယ် သီပေါမင်းသားက မိမိတို့အား ဖမ်းဆီးချုပ်နှောင်ထားပြီးမှ အိမ်ရှေ့ဥပရာဇာ လုပ်နေသည်ကိုလည်း မချင့်မရဲဖြစ်က မတရားမှု မှန်သမျှကို လက်ရုံးအားကိုး တွန်းလှန်ဖြိုဖျက်ရန် သန္နိဌာန်ချလျက် ဤအချုပ်အနှောင်မှ လွတ်မြောက်အောင် ရုန်းထွက်မည်ဟု ပိုင်းဖြတ် တော်မူလိုက်လေ၏။
သုံးဆယ်မင်းသားကြီးသည် မိမိလက်ရုံးရည်နှင့် သတ္တိဗလကို ယုံစားတော်မူကာမြင့်မား၍ အဖျားချွန် ထားသော သစ်တိုင်အကာအရံကြီးကို ခုန်လွှားကြည့်လျှင် လွယ်ကူစွာ လွတ်မြောက်ခဲ့လေ၏။
သို့ လွယ်ကူစွာ လွတ်မြောက်ခဲ့ရာတွင် မိမိတစ်ကိုယ်ကောင်း အလွတ်ရုန်းတော်မမူရက် နိုင်ဘဲ ကြေးတိုက် ထဲတွင် ကျန်ရစသေား နောင်တော်၊ ညီတော်များကို ငဲ့ညှာလျက် အတွင်းဘက်သို့ ပြန်၍ ခုန်ကျော် ၀င်ရောက်ခဲ့ပြီးလျှင် ညီတော်များကို တစ်ပါးပြီးတစ်ပါး သယ်ယူမည်ဟု အကြံပြုလျက် ရှေးဦးစွာ ညီတော် တစ်ပါးကို ထမ်းခါ သစ်တိုင်၏ အပြင်သို့ ခုန်ထွက်လိုက်လေ၏။ လူမှာ ပေါ့ပါးစွာ လွတ်မြောက် သွားပါသော်လည်း ရုတ်တရက် ခါးတောင်းကျိုက်ပြေလျက် ပုဆိုးအိတ်ထောင်စ တစ်ဖက်သည် ချွန်ထားသော သစ်တိုင်ဖျား နှင့် သွား၍ငြိတွယ်သောကြောင့် တစ်ဖက်မြေပေါ်သို့ မရောက်ခင် ပုဆိုးစ တစ်ဆုံး တွင် တန်းလန်းဆွဲထားသည့်အသွင် မတင်မကျ ဖြစ်နေလေ၏။
ထိုအချိန် အခိုက်အတန့်ကလေးမှာပင် သစ်တပ်အပြင်မှ ကင်းလှည့်လာသော အစောင့် အနေတို့နှင့် ပက်ပင်း ပါသွား၍ တိုးမိလေရာ ပြန်လည်ဖမ်းဆီးမိရှာရတော့သည်။ ဤတွင် လည်း သစ်တပ်ပတ်လည်တွင် အစောင့် အရှောက်များ ရှေးကထက် တိုး၍ထားခြင်း၊ မင်းသားများကို ခြေချင်းရိုက်စွဲခြင်းများ ထပ်မံပြုကြ တော့ရာ လွတ်မြောက်ရေးအတွက် မလှုပ်မယှက်နိုင်အောင် ငြိမ်လျက် နေကြရရှာတော့၏။
မိဖုရားများ သမီးတော်များမှာ တစ်နေ့တစ်ခြား စိတ်ငယ်ကြောက်ရွံ့လျက် ကယ်မည့်သူကို စောင့်စား၍ ဘုရား တရား ကိုသာ အာရုံပြု၍ နေရှာကြ၏။ ယခင်တစ်ကြိမ်ကကဲ့သို့ မ်ငးတရားကြီးရွှေနားတော် ပေါက်ကြား အောင် လျှောက်ထားသံတော်ဦးတင်ပေးမည့် မိဖုရားကြီးများမှာလည်း ကြေးတိုက်တော် ထဲတွင် ရော်ကနေသူနေ၍ အချို့အပြင် အိမ်တော်တွင် ကျန်ရစ်သည့် မင်းသားကြီးများ၏ မြောက် သားတော်၊ ကိုယ်လုပ်တော်များ၊ သားတော် သမီးတော်များမှာလည်း အထောက်တော်များနှင့် လိုက်လံဖမ်း နေသည့်ဘေးမှ ကင်းဝေးရာ အောက်ပြည်အောက်ရွာသို့ ရုပ်ဖျောက် ထွက်ပြေးကြရရှာသောကြောင့် အပြင် မှနေ၍ ကူညီဖေးမမည့်သူ လုံးဝကင်းဝေးလျက်ရှိရာ တစ်နေ့သောအခါတွင် ကြေးတိုက် တော်အတွင်းမှ အချိန်မှန် ကြားနေကြဖြစ်သော ပဟိုစည် ဓာတ်စည်သံများ ရုတ်တရက် ရပ်စဲပြီး တစ်ခါတည်း ကြားရတော့ သဖြင့် ခမည်းတော်မင်းတုန်းမင်းတရားကြီး လူ့ပြည်ငြီး၍ နတ်ထီးစံကြောင်း အလိုလိုသိရှိကာ မိမိတို့ လွတ်မြောက်ရန် အရေးအတွက် ခမည်းတော် ကို အားထားမျှော်လင့်နေကြရှာသူများမှာ ဤတွင်မှ ရွှေတောင်ကြီးပြို၍ ခိုစရာမဲ့ကြပြီဟု ပြင်းပြစွာ အော်ဟစ်ငိုကြွေးလျက် ရှိကြရှာလေသတည်း။
ပဉ္စသင်္ဂါယနာတင် ဘ၀ရှင်မင်းတုန်းမင်းတရားကြီးသည် ရောဂါတော်တိုးသည်မှ အစ သက်သာတော်မူခွင့် မရတော့ဘဲ ၁၂၄၀ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၆ရက်၊ အင်္ဂါနေ့ နှစ်ချက်တီးကျော်အချိန်တွင် နတ်ရွာစံတော်မူလေသတည်း။
နတ်ရွာစံတော်မူသောအခါ မင်းတရားကြီး၏အလျင် နတ်ရွာစံတော်မူပြီးသော အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးဖြစ်သော စကြာဒေ၀ီ မိဖုရားခေါင်းကြီးတွင် သားတော် သမီးတော် ထွန်းကားခြင်း မရှိသော်လည်း ဒုတိယမြောက် မိဖုရားခေါင်ကြီး ဆင်ဖြူမရှင် မိဖုရားကြီးနှင့် တကွ ဆောင်ရ နန်းရ မိဖုရားပေါင်း ၄၉ပါးမှ သားတော်ကြီးငယ်ပေါင်း ၅၄ပါး၊ သမီးတော် ပေါင်း ၆၀၊ မြေးတော် ယောကျာ်ပေါင်း ၃၈၊ မြေးတော် မိန်းမပေါင်း ၄၅ပါးမျှရှိရာ အရွယ် တော်ရောက်ပြီးသော မောင်ကြီးမရှိသူ သမီးတော်အချို့နှင့် ကလေးအရွယ်မျှသာ ရှိသေး သော သားတော်ငယ်ကလေး အချို့သာလျှင် နန်းတော်ပေါ်၌ ညှိုးငယ်စွာ ကျန်ခဲ့လေ၏။
သားတော်ကြီး၊ သမီးတော်ကြီး၊ မြေးတော်ကြီးများမှာ ကြေးတိုက်တော် အကျဉ်းထောင် အတွင်း ရောက်ရှိနေရာ အပြင်အိမ်တော်တွင် ကျန်ရှိသေးသော သမီးတော်များ၊ မြေးတော် များမှာ နယ်ပယ် ရပ်ခြားသို့ ရုပ်ဖျောက် ထွက်ပြေး၍ အသက်ဘေးလွတ်အောင် တိမ်းရှောင် နေရှာကြရသောကြောင့် မင်းတုန်း မင်းတရားကြီး၏ ရုပ်အလောင်းတော်ကို ဖူးမြော်ခြင်းငှာ နေပြည်တော်ကြီး၏ အနီးအပါးသို့ပင် မကပ်ဝံ့ ကြရှာပေ။ အသက်ဘေးကြောင့် ပုန်းကွယ် နေရသူ အချို့မှာလည်း ခမည်းတော်ဘုရား မရှိသည့်အတူ ရောက်လေရာအရပ်သို့ ထွက်သွား၍ တစ်ဝမ်းတစ်ခါး ရုပ်ဖျောက်လုပ်ကိုင် စားသောက် တော့မည်ဟု နှလုံးပြုကာ ဝေးနိုင်သမျှ ဝေးရာသို့ ပြေးရှာကြလေသတည်း။
ရွှေနန်းစဉ်လာ ထုံးတမ်းအရ ဘုရင်မင်းတရားကြီး နတ်ပြည်စံတော်မူသည်နှင့် တစ်ပြိုင်နက် တစ်ချက်တည်းပင် ပဟိုရ်စည်, ဓာတ်စည်တို့ တီးမြည်ခြင်းမှ ရပ်ဆိုင်းထားရလေရာ သာယာ ပျော်ရွှင်ဖွယ် ကောင်းသော နေပြည်တော်ကြီးတစ်ရပ်လုံး ပဟိုရ်စည်သံပျောက်၍ ခြောက်ကပ်ဆိတ်သုဉ်းလျက် ရှိလေတော့၏။
သာသနာ့ ၀န်ထမ်း ရဟန်းနှင့်တကွ တိုင်းသူပြည်သားများမှာ ဘုရင်မင်းမြတ်ကြီး နတ်ရွာစံ ရှာသည့်အတွက် ၀မ်းနည်း ပက်လက် ဖြစ်ကြရရုံတွင်မက နောင်ခါနောင်ရေး ရှုပ်ထွေးလာ မည့် နန်းတွင်းကိစ္စ အ၀၀ တို့ကိုလည်း မျှော်ဆတွေးတော၍ စိတ်မောလျက် ရှိလေ၏။
မှန်နန်းဆောင်တော်ကြီး အတွင်းမှာကား မိဖုရား မောင်းမ ကိုယ်လုပ်တော်တို့၏ တသ ငိုကြွေးသံသည် ဆူညံလျက် ရှိလေ၏။
ဘုရင်မင်းတရားကြီး နတ်ရွာစံသောနေ့တွင် အိမ်ရှေ့ဥပရာဇာသည် ရွှေနန်းတော်သို့ ပြောင်းရွှေ့ကာ ကြီးကဲ အုပ်ချုပ်ရသည့် အစဉ်အလာအတိုင်း သားတော် သီပေါမင်းသား အိမ်ရှေ့ ဥပရာဇာသည် လွှတ်တော် မြောက်ဘက်ရှိ စံနေရာအိမ်တော်က ရွှေနန်းတော်ကြီး သို့ ပြောင်းရွှေ့စံနေတော်မူရန် မှူးတော်, မတ်တော် တို့က တင်လျှောက်သဖြင့် တောင်စမုခ် ဆောင်၏ အရှေ့ဘက်ရှိ ညီလာခံပန်းခုံစံနန်းတော်သို့ ပြောင်းရွှေ့စံနေတော်မူလျက်ရှိစဉ် ၀န်ကြီး၊ အတွင်းဝန်၊ မှူးမတ်တော်အများ စုံညီစွာ စုရုံးသွားရောက်ပြီးလျှင် ခမည်းတော် မင်းတရားကြီးဘုရား၏ အရိုက်အရာတော် ရွှေထီးရွှေနန်းနှင့် တိုင်းနိုင်ငံ အလုံးကို သိမ်းကျုံး အုပ်စိုးတော်မူပါမည့်အကြောင်း ထုံးဟောင်းလမ်းစဉ်အတိုင်း တင်လျှောက် ကြပြီး နောက် ရွှေနန်းစဉ်လာအရ မှန်နန်းတော်သို့ ထွက်ကြတော်မူပြီးလျှင် ခမည်းတော်ဘုရား အရိုက် အရာတော် ရွှေထီးရွှေနန်း တိုင်းပြည်အလုံး သိမ်းမြန်းစိုးစံ လက်ခံတော်မူကြောင်း အမိန့် တော်ကို မှတ်ရလေ သတည်း။
ထိုအခါတွင် လက်သုံးတော် လူယုံတော် မောင်မောင်တုတ်သည်လည်းကောင်း၊ မိမိ အရှင် သခင် အိမ်ရှေ့ ဆောင်နှင်းခံရသည့် သတင်းကို ကြားလျှင်ကြားချင်း အူယားဖယား ၀မ်းသာ အားရ ပြေးရောက်လာသော မောင်မောင်ငယ် သည်လည်းကောင်း သီပေါမင်းသား၏ နောက်ပါးမှ ရွှေနန်းတော်ထက်သို့ ရောက်ရှိ နေကြ လေ၏။
သီပေါမင်းသား အိမ်ရှေ့မင်းက မောင်မောင်တုတ်မှာ လက်ရုံးရည်ဖြင့် အမှုတော်ထမ်း လျက် သွက်လက် ချက်ချာလှ၍ အခွင့်အရေးကြံသမျှ နေ့ညဥ့်မပြတ် ဆောင်ရွက်ရသော် လည်း နှလုံးရည်နှင့် အမှုထမ်းသူ မောင်မောင်ငယ် ကိုမူကား မကျန်းမာသေးဟူသော အရှိန် နှင့် အိမ်သို့ ညဥ့်အချိန်ပြန်စေ၍ နံနက် ညီလာခံ သာလျှင် လာခွင့်ပြုထားလေသတည်း။
ဘုရင်မင်းတရား၏ အလောင်းတော်မှာ ရွှေဘုံနိဒါန်း ထုံးထမ်းစဉ်လာအတိုင်း ခမ်းနား ကြီးကျယ်စွာ ပြင်ဆင်လျက် မှန်နန်းတော်အလယ် ရာဇပလ္လင်တော်ရှေ့တွင် ရွှေသား ကျောက်စီသလွန်တော်ပေါ်၌ တင်ထားပြီးလျှင် ဆင်ဖြူမရှင် မိဖုရားကြီး၏ သမီးတော် မိုင်းနောင်စုဖုရားကြီး၊ မြတော်စုဖုရားလတ်၊ ရမည်းသင်း စုဖုရားကလေး၊ အိမ်ရှေ့ဥပရာဇာ သီပေါမင်း၏ အစ်မတော် ပခမ်းကြီး။ စုဖုရားနှမတော် မိတ္တီလာစုဖုရားစသော သမီးတော် များက ဦးဆောင်ပြ၍ အခြားသော သမီးတော်များပါ ရွှေသားယပ်ရိုးရှည် ဒေါင်းမြီး ရှည်များ နှင့် ခမည်းတော်ဘုရား၏ အလောင်းတော်ကို ယပ်လေလွှဲခတ်ကာ ညှိုးငယ်ဝမ်းနည်းစွာ ခံစားချက် ရှိတောမူကြလေ၏။
ခမည်းတော်မင်းတရားကြီး၏ အလောင်းတော်အနီးတွင် မပြတ်ရှိနေသည့် သမီးတော် များအနက် ၀မ်းနည်း ကြေကွဲတော်အမှုဆုံး သမီးတော်မှာ တစ်ပင်တိုင်နန်းဖြင့် ခမ်းနားကြီး ကျယ်စွာ သူကောင်း ပြုမြှောက်စား တော်မူခြင်း ခံရသော စလင်း စုဖုရား သုသီရိမြတ်စွာ ရတနာဒေ၀ီ ဖြစ်လေ၏။
သူတော်ကောင်း စိတ်ထားဖြင့် တရားဓမ္မကိုသာ အဖော်လုပ်နေသူ ဖြစ်သည်တစ်ကြောင်း၊ ပင်တိုင်စံ မင်းသမီးကြီး ဟူသော မြင့်မြတ်သည့် ဂုဏ်ထူးကြီးကြောင့် တစ်ကြောင်း၊ ဖမ်းဆီး ချုပ်နှောင်ရာသို့ မပါခဲ့ စေကာမူ အလွန်တရာ ကြောက်ရွံ့အားငယ်စွာနှင့် အပြစ်လွတ် အောင် မည်သို့ နေရပါမည်နည်းဟု အပျိုတော် ကြီးများနှင့် တိုင်ပင်ကာ မှီခိုအားထားရာ ခမည်းတော် နတ်ရွာစံသည်တွင်လည်း အသည်းခိုက်မ ပရိဒေ၀ဖြစ်လျက် ရှိရတော့သည်။ ခမည်းတော်၏ အလောင်းတော်အနားမှ ပင်တိုင်ဆောင်သို့ ပြန်ရောက်လျှင် ...
စလင်းစုဖုရား။ "ခင်နှစ်တို့ ခင်ထားတို့၊ ငါတို့ဖြင့် မှီခိုအားထားရာ ရွှေတောင်ကြီး ပြိုခဲ့ပြီး။ ဘယ်လို ကြံကြ မတုံး"
ခင်နှစ်။ "တရားရင် ဆင်ခြင်တော်မူပါဘုရား"
စုဖုရား။ "တရားလက်မလွတ်ပါဘူး ခင်နှစ်ရယ်။ လူ နတ် သတ္တ၀ါ မှန်သမျှ သင်္ခါရ မမြဲ တတ်တဲ့ သဘောကို တွေးတောလို့ ဖြေနိုင်ပါတယ်။ တို့မယ် အနှောင့်မလွတ် အသွားမလွတ် ဘ၀ကြီးကို ရောက်နေ ပြီဟဲ့။ ဘယ်နှယ်ကြံရမလဲ"
ခင်ထား။ "ခမည်းတော်ဘုရား မရှိတဲ့နောက် ကြောက်စရာကောင်းတဲ့ အခါကြီးမှာ ဖျကျွန်မများ ဘယ်လို ကြံဖန်လို့ မျက်မာန်မရှအောင် နေထိုင်မည်ဆိုတဲ့ အရေးကိုဖြင့် တွေးလို့ကို မရအောင် ရှိပေါ့ဖုရား"
စုဖုရား။ "ယခု လောလောဆယ်မှာတော့ ခမည်းတော် ဘုရားအလောင်းတော်ကိုလည်း မသင်္ဂြိဟ်ရသေး၊ သီပေါမင်း ကလေးကလဲ နန်းတက်စ ပြုလုပ်ဆောင်ရွက်ရမည့် အရေး ကိစ္စတွေက များပြားနေတဲ့အခိုက်မို့ ငါတို့ဘက်ကို ဘယ်သူမှ မျက်နှာမမူအားသေးလို့ အနေချောင်ခဲ့သည်လို့ မှတ်ပါ။ ငါ့မှာ ခမည်းတော် ဘုရားက အများကြီးရှိတဲ့ သမီးတော်တွေ ထက် ထူးထူးခြားခြား ပင်တိုင်စံ သမီးတော်ကြီးအဖြစ်နှင့် မြှေက်စား တော်မူခဲ့သည်ကို မလို လား မကြည်ဖြူ မျက်စိစပါးမွေးစူးတော်မူတဲ့ အနောက်ဆောင်သူတွေ ရှိနေခဲ့တယ်။ ခုလို ခမည်းတော်ဘုရား မရှိရင် နိုင်ချင်သူတွေက ဖိ၍ ညှဉ်းဆွဲကြတော့မည် ခင်နှစ်တို့ရဲ့"
ခင်နှစ်။ "ရွှေဘုံနိဒါန်း ထုံးတမ်းစဉ်လာအတိုင်းသာဆိုလျှင် အရှင်ထိပ်စုဖုရားသည် ပင်တိုင်စံစုဖုရား ဖြစ်ပါသောကြောင့် ခမည်းတော်ဘုရား၏ အရိုက်အရာကို ဆက်ခံရတဲ့ ဘုရင်မှန်လျှင် ဘိသေကသဘင် ဆင်မြန်း၍ ဘွေသဖန်းမှာ ရေဖျန်းခံရမည့် တောင်နန်းစံ မဟေသီမိဖုရားခေါင်ကြီးလောင်းပါ"
ခင်နှစ် စကားမဆုံးခင် စုဖုရားက လက်တော်နှင့် လှမ်းပိတ်လိုက်ပြီး ...
စုဖုရား။ "ခင်နှစ်ရယ် တိတ်စမ်းပါ၊ ရွံစရာေးကာင်းတဲ့စကားကို ကြားတော်မမူပါရစေနဲ့။ ဆင်ဖြူမရှင် ဖုရားက သီပေါမင်းသားကို အိမ်ရှေ့နန်းလျာ ထားလိုက်သည်ဆိုကတည်းက သူ၏ သမီးတော်များနှင့် ရည်မှန်း ပြီး သည်စခန်းကို ပို့လိုက်တယ်ဆိုတာ တစ်နန်းတော်လုံး သိကြပါလျက်နှင့် ပင်တိုင်စံ ရဲ့ထုံးစံ တွေကို ပြောမနေအပ်ဘူး၊ ငါရှိနေသမျှ သူတို့အတွက် ခလုတ်ကန်သင်းကြီးတစ်ခုအဖြစ်နဲ့ အပြစ်သာ မြင်နေလိမ့်မည်။ သည်တော့ ခမည်းတော် ဘုရား မရှိတဲ့နောက် ငါက အလိုက်သိစွာ တိမ်းရှောင်ပေးမှ ရန်အေး လိမ့်မည်ဟဲ့"
ခင်ထား။ "ဘယ်လိုများ ရှောင်ရှားမည် ကြံစည်ပါသလဲဖုရား။ အသက်စည်းစိမ်ကို စွန့်လွှတ်လို့ သွားတော်မမူပါနှင့်။ ဖုရားကျွန်မများကို သနားတော်မူပါဦး ဘုရား။
စလင်း စုဖုရားသည် စဉ်းစားဆုံးဖြတ်တော် မမူနိုင်ခင် အလွန်လျှင် ကြေကွဲဝမ်းနည်းတော်မူ လှသဖြင့် ခမည်းတော် မင်းတရားကြီးကို တမ်းတငိုကြွေးတော်မူလျက် ရှိလေ၏။ အပျိုတော် ကြီးများမှာလည်း တရား လက်ကိုင်ရှိသူပင် ဖြစ်ကြငြားလည်း တားဆီးဖြေသိမ့်၍ မရနိုင်ကြ ဘဲ အသက်ရှင်သခင် စုဖုရားအနီးတွင် ရှိုက်ကြီးငင်ကြီး ငို၍သာနေကြရရှာတော့၏။ ပင်တိုင်စံ စလင်းစုဖုရားကြီးသည် သိမ်မွေ့သော တရားရှင်ပီပီ စိတ်တော်ကို ဖြေဆည်ပြီး နောက် တစ်စုံတစ်ခုသော အကြံဥာဏ် ပေါ်ပေါက်လာသဖြင့် စိတ်တော်ကို ပိုင်းဖြတ်တော် မူလိုက်လေ၏။
စုဖုရား။ "ကိုင်း ... ကိုင်း ခင်နှစ်နဲ့ ခင်ထားတို့၊ စုဖုရား စိတ်ပိုင်ဖြတ်တော်မူလိုက်ပြီးပြီ"
ခင်နှစ်။ "မိန့်တော်ပါဘုရား"
စုဖုရား။ "ခမည်းတော်ဘုရား၏ အလောင်းတော်ကို သင်္ဂြိဟ်ပြီးတဲ့အချိန် ဆံကေသာကို ဖယ်ရှားပြီး တစ်ခါတည်း သီလရှင်ဘ၀ ကူးပြောင်း၍ ပင်တိုင်နန်းမှ အိမ်နိမ့်ဆင်းကာ စံနေ လိုက်တော့မည်။ ဒီတော့မှ ငါ့ဝါသနာ ဘာဂီအရ တရားဓမ္မနှင့် မွေ့လျော်ပြီး လောကုတ္တရာ ခရီးကြီးသို့ လွတ်လွတ်လပ်လပ် ကြွလှမ်းတော်မူနိုင်တော့မည်။
ခင်ထား။ "အင်မတန် သင့်လျော်မွန်မြတ်တဲ့ အကြံတော်ဖြစ်ပါကြောင်းဘုရား။ ဘုရား ကျွန်မများလည်း ကျေးဇူးသစ္စာတော်ရှိတဲ့ အပျိုတော်ကြီးများပီပီ အရှင့်တစ်သက်မှာ သီလ ရှင်ဘ၀သို့ပင် ကူးပြောင်း လိုက်ပါ၍ ရေပူ ရေချမ်းကမ်းကာ လုပ်ကျွေးသမှု ပြုပါတော့မယ် ဘုရား"
စုဖုရား။ "သာဓု ... သာဓု ... သာဓု၊ သူတော်ကောင်း သမီးကောင်း မှန်ကြပါပေသည်။ သို့ရာတွင် ခမည်းတော် ဘုရား အလောင်းတော်ကို သင်္ဂြိုဟ်ခြင်းမပြုမီ လေးငါးရက်အတွင်း မှာဖြင့် အဆုံးစွန ကန်တော့ ပူဇော်သည့်သဘောနှင့် အလောင်းတော်အနီးတွင် မပြတ်နေ ကြချည်စို့ကွယ်တို့"
ခင်နှစ်။ "အမိန့်တော်အတိုင်းပါဘုရား။ သီလရှင်ဝတ်လဲတော်များ၊ ဆုံတော်စွန်ရန် ရွှေကတ်ကြေး တော်များ အရံသင့်ဖြစ်အောင် စီစဉ်လို့ထားပါ့မယ်"
ခင်ထား။ "သူတို့တစ်တွေ အထင်အမြင်မအေး မရှိစေရန် အဓိဋ္ဌာန်တော်တို့ကို သတင်း ပေးထားတန်သမျှ သတင်းလွှင့်လိုက်ပါမယ့်ဘုရား"
စုဖုရား။ "ကောင်းလေရဲ့ ... ကောင်းလေရဲ့၊ ကိုင်း ... ကိုင်း ခမည်းတော်ဘုရား အလောင်းတော်ကို ပူဇော်ကြချည်စို့ရဲကွယ်တို့"ဟု မိန့်တော်မူကာ မင်းတရားကြီး၏ အလောင်းတော်ရှိရာသို့ ထွက်လာ ကြလေ၏။
သီတင်ကျွတ်လဆန်း ၁၂ရက်သည် ပဉ္စမင်္သါယနာတင် မင်းတုန်းဘုရားမင်းတရားကြီး၏ အလောင်းတော်ကို အဆုံးစွန် သင်္ဂြိုဟ်တော်မူသောနေ့ ဖြစ်လေ၏။ သားတော် သီပေါ မင်းတရားကြီးသည် ခမည်းတော် အလောင်းတော်ကို အရှည်သဖြင့် ပူဇော်နိုင်ကြစေခြင်း ငှာ အလောင်းတော်ကို ရွှေနန်းတော် အရှေ့မြောက်အရပ်၌ အုတ်နန်းပြသာဒ်တော်အတွင်း တွင် အခမ်းအနား ကြီးကျယ်စွာနှင့် သင်္ဂြိုဟ် တော်မူရာ ဆင်ဖြူမရှင်မိဖုရားကြီးနှင့် သမီး တော်သုံးးပါး၊ တောင်ဆောင်တော်မိဖုရားစသော ရွှေနန်းတော် ပေါ်တွင် ရှိသမျှ မိဖုရားများ၊ သမီးတော်းများနှင့် ၀န်ကြီးမင်းများ၊ အတွင်းဝန်မင်းများကိုယ်တိုင် အလောင်း တော်ကို သန်လျင်းတော်မှ ကြပ်မတ်ယူဆောင်၍ အုတ်နန်းပြဿာဒ်တော် မုခ်လေးမျက်နှာကို ပန်းရန် ကံကျွေး တို့က ပိတ်ဆို့ပြီးမှ နန်းတော်ကြီးသို့ မိဖုရားများနှင့် သမီးတော်များ ၀င်တော် မူကြလေ၏။
ရွှေနန်းတော်ကြီးသို့ ရောက်လျှင် သမီးတော်တစ်ပင်တိုင် စလင်းစုဖုရား သုသီရိမြတ်စွာ ရတနာဒေ၀ီသည် ဆံတော်ကို ပယ်၍ အပျိုတော်ကြီးများ ဖြစ်ကြသော သာစည်ရွာစား ခင်နှစ်တို့နှင့်အတူ သီလရှင် အ၀တ်လဲလျက် အိမ်နိမ့်ဆင်း၍ စံတော်မူလေရာ ထိုသတင်း ကို ကြားသိရသော အချို့နန်းတော်သား၊ နန်းတော်သူများနှင့်တကွ နေပြည်တော်တစ်ဝန်း မှာ စိတ်မချမ်းမသာနှင့် ရင်ထုမနာ ဖြစ်ကြရှာလေ သတည်း။
မင်းတရားကြီး မမာတော်မူခြင်း၊ သားတော်များကို ဖမ်းဆီးချုပ်နှောင်ကြခြင်း၊ သီပေါင် မင်းသားအား အိမ်ရှေ့နန်းလျာ မြှေက်တင်ရခြင်း၊ မင်းတရားကြီး အမိန့်တော်နှင့် ပြန်လွှတ် သောမင်းသား၊ မင်းသမီး များကို တစ်ဖန်ပြန်၍ ဖမ်းဆီးစောင့်ကြပ်ထားရခြင်း၊ မမာတော်မူ သော မင်းတရားကြီးဘုရား နတ်ရွာ စံတော်မူခြင်း၊ သီပေါမင်း နန်းသိမ်းတော်မူရခြင်း၊ အသုဘအခမ်းအနားကို ကြီးကျယ်စွာ သင်္ဂြိုဟ်တော် မူရခြင်း၊ သီပေါဘုရင် မင်းအဖြစ် ရောက်ရှိသောအခါ ခမည်းတော်၏ အရိုက်အရာကို ဆက်ခံရသော ဘုရင်မင်း တစ်ပါးဖြစ် သည့်အားလျော်စွာ ခမည်းတော် မင်းတရားကြီးကဲ့သို့ပင် သာသနာတော်ကြီးအကျိုး၊ နိုင်ငံ တော်၏အကျိုး၊ စော်ဘွား၊ မြို့စား၊ ဆွေတော်မျိုးတော်၊ ကျေးတော်၊ ကျွန်တော်မျိုးတို့၏ အကျိုးကို တိုးပွားစေရန် အမိန့်တော် ပြန်တမ်းဖြင့် အသစ်တစ်ဖန် စီမံအုပ်ချုပ်တော်မူရ ခြင်း၊ တပည့်ကျေးကျွန်ရင်းများကို လည်းကောင်း၊ ၀န်ကြီး မှူးကြီးမှအစ အမှုထမ်း၊ အရာ ထမ်း ရှိရှိသမျှတို့အား အရည်အချင်း အလျောက် ချီးမြှင့် သူကောင်းပြုနေသော အချိန်အခါ ဖြစ်သည်တစ်ကြောင်း၊ ရာဇဣနြေ္ဒ တော်နှင့် ညီညွတ်စွာ ဘုရင်မင်းအဖြစ် စံနေတော်မူရ ခြင်း၊ မင်းသားဘ၀တွင် စံတော်မူရစဉ်ကဲ့သို့ လွတ်လပ် စွာ မရှိခြင်းတို့ကြောင့် မြတ်နိုးလှစွာ သော မြတောင်နှမတော် ထိပ်စုဖုရားလတ်နှင့် နှစ်ပါးချင်း တွေ့တော် မမူနိုင်သေးချေ။
မြတောင်ထိပ်စုဖုရားလတ်မှာလည်း မင်းခွင့်မင်းရေးအများကြောင့် တစ်ကြောင်း၊ ခမည်းတော် နတ်ရွာစံတော်မူသည် တစ်ကြောင်းများကြောင့် မောင်တော် သီပေါမင်းနှင့် တွေ့ဆုံတော်မမူနိုင်။ အထိန်းတော်ကြီး ခင်ဘွားသစ်နှင့် လက်သုံးတော် မောင်မောင်တုတ် တို့ ကူးသန်းဆက်သွယ်ရန်မှာလည်း အရေးပေါ်ကိစ္စများကြောင့် ပြတ်လပ်လျက် ရှိကြလေ သည်။ သို့ရာတွင် စုဖုရားလတ်နှင့်တကွ အဆောင်တော်သူ အထိန်းတော်၊ အပျိုတော်များမှာ သီပေါမင်းသား အိမ်ရှေ့ ဥပရာဇာအဖြစ်မှသည် အထွတ် အမြတ်ရောက်သည်အထိ ထိပ်စုဖုရားလတ်မှာ အဂ္ဂမဟေသီ မိဖုရားခေါင်းကြီး လောင်းလျာဟု ယုံကြည် စိတ်ချစွာနှင့် အလွန်လျှင် ၀မ်းမြောက်ဝမ်းသာဖြစ်လျက် ရှိကြလေသည်။
သီပေါမင်းသည် မှူးမတ် အရာရှိတို့ကို ထပ်မံချီးမြှင့်သူကောင်းပြုရာတွင် မိမိ၏ အိမ်တော် ပါ လက်စွဲတော်ရင်းများဖြစ်ကြသည့် လူပျိုတော်များကို သူကောင်းပြုရာတွင် မောင်မောင် ငယ်မှာ ရွှေတိုက်စိုး အရာနှင့် တောင်သမန်လယ်စား စီးတော်မြင်းဝန်အဖြစ် သူကောင်းပြု၍ ဒိုင်းဝန်မင်းအား အတွင်းဝန်၊ ပုဂံမြို့စားအဖြစ် ချီးမြှင့်ပြီးလျှင် ဒိုင်းအတွင်းဝန်မင်း၏ ဖခင် ခန်းပတ် မင်းကြီးအား ၀န်ကြီးခန့်အပ်ခြင်း ခံရသောကြောင့် ဒိုင်းဝန်မင်းဝန်ကတော် သမီး ငယ် ခင်ခင်ကြီးတို့မှာလည်း ပျော်ရွှင် မဆုံး တပြုံးပြုံး ဖြစ်နေကြလေ၏။
မောင်မောင်တုတ်မှာ မင်းညီမင်းသား အခွင့်အရေးနှင့် ရနောင်မြို့ကို မြို့စားသနားခံရ၍ တန်ခိုး အာဏာထက်မြက်လှသော လက်သုံးတော်ကိုင် မြောက်ထားဝယ် ဗိုလ်ကြီး ဖြစ်လာ လေ၏။ မောင်မောင်တုတ်၏ ညီရင်း၊ မောင်မောင်ဗျောင်းကိုလည်း ပင်းသာမြို့ကို မြို့စား ရ၍ မင်းညီမင်းသားတို့၏ အခွင့်အရေးကို ရရှိလာပြီးလျှင် အိမ်တော်ပါ အလားတူ လက်သုံး တော်ကြီးများ မြောက်ဓားဝယ် သေနတ်ဗိုလ်၊ တောင်ထားဝယ် သေနတ်ဗိုလ်များ အပေါ် တွင် အချုပ်အချာပြု၍ ရနောင်မင်းသား မောင်မောင်တုတ်၊ ပင်းသားမင်းသား မောင်မောင်ဗျောင်းတို့က ၀ဲလှည့် ယာလှည့်ကို အုပ်ချုပ်လျက် ရွှေနန်းတော် ထက်ဝယ် နေ့ညဥ့်မပျက် ထမ်းရွက်နေထိုင်ရလေ၏။
ထို့ကြောင့် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့မှာ မင်းသားဘ၀၌ ခစားကြရသကဲ့သို့ နေ့ညဥ့်မပြတ် အတူပူးတွဲလျက် တစ်ယောက်လည်းပင် တစ်ယောက်ဖက်၍ မနေနိုင်ကြ တော့ပေ။ မိမိတို့၏ သိက္ခာဂုဏ်အသရေအလျောက် ချစ်ခင်လေးစားစွာ မောင်မောင်ငယ် က နေ့အချိန်တွင် အခစား ၀င်တော့မှသာ တွေ့ဆုံကြရလေတော့သတည်း။
ဆင်ဖြူမရှင် မိဖုရားခေါင်းကြီးသည် မင်းတုန်းမင်းတရားကြီး၏ အလောင်းတော်ကို သင်္ဂြိုဟ် ခြင်းကိစ္စ ပြီးမြောက်၍ ၀န်ကြီးများနှင့် မိမိသဘော နှစ်သက်တော်မူရာ သီပေါမင်းသား အားလည်း အိမ်ရှေ့ ဥပရာဇာအဖြစ်မှသည် ရွှေထီး၊ ရွှေနန်း သိမ်းမြန်းစိုးစံလျက် ဘုရင်သစ် တို့ ထုံးတမ်းစဉ်လာအတိုင်း လက်အောက် သစ္စာတော်ခံ အရာရှိကြီးငယ်အပေါင်းနှင့် အိမ်တော်ပါ အခြွေအရံများကိုလည်း မြှေက်စား သူကောင်းပြု၍ ပြီးလေပြီဖြစ်သောကြောင့် စံတော်မူရင်း ဖြစ်သည့် အလယ်နန်းတော်ဆောင်ဝယ် ငြိမ်းချမ်းစွာ ပြန်လည်စံတော်မူနေ စဉ် သမီးတော်များအရေးကို ညီမတော်ကဲ့သို့ ခင်မင်တော်မူရင်းရှိသည့် တောင်ဆောင် တော် မိဖုရားနှင့် ဆွေးနွေးတိုင်ပင်လျက် ရှိလေ၏။
ဆင်ဖြူမရှင်။ "တောင်ဆောင်တော်မိမိရဲ့။ ကိစ္စအရပ်ရပ်များနှင့် ပြည့်နှက်တဲ့ ကန္တာရ ခရီးကြမ်းကြီးကို အပန်းတကြီး ကျော်လွှားလွှတ်မြောက်ခဲ့ရပြီ။ သည်နောက်မျဖြင့် စိတ်အေးအေးနှင့် စီမံတော် မူစရာ ကိစ္စတစ်ရပ် ကျန်လေသေးရဲ့"
တောင်ဆောင်တော်မိဖုရား။ "ဘယ်လိုကိစ္စများ ကျန်နေပါသေးသလဲ မဖျား၊ ညီမတော် တို့လည်း သင့်လျော် ရာမှ ကူညီဖော်ရအောင် အသုံးချတော်မူပါဘုရား"
ဆင်ဖြူမရှင်။ "ဆောင်ရွက်ဖွယ်ကျန်သည့် ကိစ္စကို ရှေးဦးစွာ တိုင်ပင်ဆေးနွေးရန် ဆို၍ လည်း မိမိတစ်ယောက်ပဲ မဖျားယုံကြည်တော်မူတယ်။ ဦးကောင်းတို့၊ ဦးဘိုးလှိုင်တို့ ဆိုသည်မှာလည်း ယောက်ျားကြီး တွေ ဖြစ်နေတော့ အသေးစိတ်ဆွေးနွေးလို့ မသင့် လျော် သေးပေဘူး မိမိရဲ့"
တောင်ဆောင်တော်။ "စိတ်ချယုံကြည်စွာ တိုင်ပင်တော်မူပါဘုရား"
ဆင်ဖြူမရှင်ဘုရား။ "ကိုင်း ... ခင်ပုတို့၊ ခင်နုတို့ အပျိုတော်တွေခေါ်ပြီး အပြင်ဆောင် တော်မှာသွား၍ နေကျပေတော့"ဟု ဆိုသဖြင့် အပျိုတော်များလည်း အဆောင်ပြင်သို့ ထွက်ခွာသွားကြလေရာ ဆင်ဖြူမရှင် မိဖုရားနှင့် တောင်ဆောင်တော်မိဖုရားတို့ နှစ်ပါးချင်း သလွန်တော်ပေါ်တွင် တိုင်ပင်တော်မူကြလေ၏။
ဆင်ဖြူမရှင်။ "သားတော် သီပေါမင်းသားကလေး ရွှေနန်းသိမ်းမြန်းပြီးတဲ့နောက် အဂ္ဂမဟေသီ တင်မြှောက်ပေးဖို့ကိစ္စကို ဆွေးနွေးတော်မူမယ်လို့ မိမိရဲ့"
တောင်ဆောင်တော်။ "ရိုးသားတော်မူရှာဆုံး သားတော်ကလေးပါဘုရား။ အခြားသော မင်းသားများလို ကိုယ်လုပ်တော် ကလေး တစ်ဦးတစ်လေမျှပင် ထားတော်မမူခဲ့ရှာတဲ့ တကယ့်လူပျိုစစ် ဘုရင်ဖြစ်တဲ့အတွက် ထီးဖြူဆောင်းဖက်ဖြစ်ရမည့် အဂ္ဂမဟေသီ လောင်းလျာ မင်းသမီးဟာ အင်မတန်မှ ကံထူးချွန်ရှာသူ ဖြစ်ပါ လိမ့်မယ် မမဖျား"
ဆင်ဖြူမရှင်။ "ကံက ထူးလာလျှင် အကျိုးပေးထူးပေမှာပ မိမိရယ်"
တော်ဆောင်တော်။ "ဟုတ်လှချည့် မဖျား၊ စလင်းမင်းသမီးကို မြင်ရသည်နှင့်ပင် ကံတရားကို ယုံကြည်မိပါတယ်။ ဘ၀ရှင်ဘုရားက သမီးတော်ကို ထူးထူးခြားခြား ချစ်ခင်ပြီး ပင်တိုင်စံဘွဲ့နှင့် မြှောက်စား လို့ မိဖုရားလောင်းအဖြစ် လျာထား ခဲ့သော်လည်း ကံတရားက မိဖုရားမဖြစ်ထိုက်တော့ ၀တ်ကြောင် ကို စွန့်ခွာလို့ သီလရှင်ဘ၀ ကူးလိုက်ရရှာပေတယ်"
ဆင်ဖြူမရှင်။ "အင်း ... သူ့ဘ၀အကြောင်းပေါ့ မိမိရယ်။ စလင်းမင်းသမီးက လိမ္မာ ရှာပါ တယ်။ ကိုယ့်အခြေအနေ ကိုယ်သိတတ်လျှင် လိမ္မာတယ်လို့ ဆိုရပေမှာပ၊ သို့မဟုတ်ပါက မမမှာ သူ့အတွက် တာဝန်လေးပြီး ကြံရေးစည်ရေး ခက်နေရဦးတော့မယ်"
တောင်ဆောင်တော်။ "ဘ၀ရှင်ဘုရား ရှိတော်မူစဉ်က အိမ်ရှေ့စံမည့်သားတော်ကိုတော့ ပြီးပြီးပြတ်ပြတ် ရွေးမပေးခဲ့ဘဲနှင့် ပင်တိုင်စံကို ရှေးဦးစွာ ရွေးထားခဲ့သည်မှာ ယုန်သား မရသေးဘဲ သံသရာသီး ရှာထား သည်နှင့် တူပါသည်"
ဆင်ဖြူမရှင်။ "ဟုတ်လှသည် မိမိရယ်၊ မဖျားတို့မှာ ဘ၀ရှင်ဘုရား အသည်းအသန် မမာတော်မူမှ အိမ်ရှေ့မင်းသားကို အသက်ဆံဖျား စွန့်စားပြီး ရွေးလိုက်ရသည်မှာ မောလှချည့်"
တောင်ဆောင်တော်။ "အမောခံရသလောက်လည်း မဖျား အလိုက်တော်ကျကို ရသည် မဟုတ်ပါလားဘုရာ့"
ဆင်ဖြူမရှင်။ "ဆိုပါတော့လေ၊ အသက်တော်ကလည်းငယ်၊ ရဟန်းသာမဏေဘ၀မှာ လည်း အနေကြာ၊ ပညာရဲရင့်ပွဲလယ်တင့်သလောက် ရိုးသားတော်မူတာကလည်း တစ်ကြောင်းဆိုတော့ တခြားညီတော် နောင်တော်များကို မဟုတ်ရှာဘူး။ ဒါကြောင့်လည်း မမဖျားက သည်မင်းသားကို ရွေးတော်မူလိုက်တာပ"
တောင်ဆောင်တော်။ "အလွန်မှ သင့်လျော်လှပါကြောင်းဘုရား။ နို့ ... မဟေသီလောင်း ကို ဘယ်လို ရွေးချယ် တော်မူပါမည်တုန်းဘုရာ့"
ဆင်ဖြူမရှင်။ "မိမိကို အလုံးစုံဖွင့်၍ တိုင်ပင်ပါတော့မည်။ သည်မင်းသားကလေးကိုမှ ရွှေထီးရွှေနန်း ရွေး၍ ပေးအပ်ကြသည်မှာ အခြားအကြောင်း မဟုတ်ဘူး မိမိရဲ့၊ မမဖျားမှာ လည်း သမီးတော်တွေချည်းပဲ ရှိတယ်။ မက္ခရာမင်းသား၊ သုံးဆယ်မင်းသားဆိုတဲ့ သားတော်ကြီးတွေဆိုလျှင်ဖြင့်လည်း သူတို့မှာ လက်ထပ်ပြီး ကြင်ရာတော်ကြီးနှင့် ကိုယ်လုပ်တော်တွေ အများအပြား ရှိကြတယ်။ မဖျားတို့ မှူးတော်၊ မတ်တော်များနှင့်လည်း တစ်စိတ်တစ်ဝမ်းတည်း ရှိချင်မှ ရှိကြမည်။ သည်လိုအကြောင်းကြောင်းတို့ကြောင့် စိတ်သဘောနူးညံ့ပျော့ပျောင်း သဘောနှလုံးကောင်းတော်မူပြီး လက်ထပ်ပြီး ကြင်ရာ မြောက်သားတော် မဆိုထားနှင့် ကိုယ်လုပ်တော်ကလေး တစ်ယောက်တစ်လေမျှပင် မရှိ သေးတဲ့ လူပျိုစင် သီပေါ မင်းသားကလေးကို ရွေးချယ်တော်မူလိုသည်မှာ မဖျားရဲ့ သမီး တော်များအတွက် ရည်ညွှန်းတော် မူချက် တစ်ရပ်လည်း ပါဝင်ခဲ့တယ် မိမိရဲ့"
တောင်ဆောင်တော်။ "မမဖျား မမြော်အမြင် ရှိပါပေတယ်ဘုရား၊ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူဆိုသည်မှာ မှူးတော်၊ မတ်တော်များနှင့် တစ်စိတ်တစ်ဝမ်းတည်း ညီညွတ် တိုင်ပင်တတ်မှ နိုင်ငံတော် အကျိုးကျေးဇူး များပါသည်။ နိုင်ငံတော်မှာ မည်သို့ဆောင်ရွက်မှ အကျိုးကျေးဇူး ရှိနိုင်မည် ဆိုသည့် အသေးစိတ် ကိစ္စမှန်သမျှမှာလည်း ဘုရင်းမင်းမြတ်က မသိနိုင်ပါ။ နိုင်ငံတော်အလုံးနှင့် ဆက်သွယ် အုပ်ချုပ် စီမံခန့်ခွဲရသူ လွှတ်တော်ကြီးမှ ၀န်ကြီး၊ ၀န်ထောက်များကသာ အကျိုးမှန်၊ အကြောင်းမှန်ကို သိရှိ ရစမြဲ ဖြစ်ပါသည်။
ဆင်ဖြူမရှင်။ "အင်း ... နိုင်ငံတော်ရဲ့အကျိုးနှင့် ကိုယ့်အကျိုးပဲ ဆိုကြပါစို့ မိမိရယ်။ အဲသည်တော့ လူပျိုစင်ဘုရားမင်းကလေးကို မဖျားသမီးတော်နှင့် အဂ္ဂမဟေသီခေါင် တောင်နန်းမိဖုရားအဖြစ် သိသိက် သွန်းအပ် လက်ထပ်တော်မူရလိမ့်မယ် မိမိရဲ့"
တောင်ဆောင်တော်။ "မဖျား၏ ရည်ရွယ်တော်မူချက်ကို သားတော်ဘုရင်မင်းတရား ကလေး သိတော် မူပါပြီလား"
ဆင်ဖြူမရှင်။ "သည်ကိစ္စမှာတော့ သားတော်ဘုရင်မင်းကလေးကို အထူးတိုင်ပင်တော် မမူရှိသေးဘူး။ သို့ရာတွင် နက်ဖြန်သဘက်ဆိုသလို သည်ကိစ္စကို ဆွေးနွေးတော်မူတော့ မယ်။
တောင်ဆောင်တော်။ "မင်းကလေးကလည်း မယ်တော်အရာထား၍ မဖျားစီမံတော်မူ ရာကို လိုက်နာ တော် မူရန် ရှိပါသလားဘုရား"
ဆင်ဖြူမရှင်။ "သဘောကောင်းတဲ့ သားတော်ကလေးပဲ၊ မဖျားအလိုတော်နှင့် မှူးတော် မတ်တော်များက သင့်လျော်ကြောင်း လျှောက်တင်ကြလျှင် နားဝင်တော်မူမှာပါပဲ"
တောင်ဆောင်တော်။ "မဖျားသာလျှင် အရာရာ စီမံခန့်ခွဲတော်မူနေတဲ့အတွက် သင့်လျော်သလို စီစဉ်တော်မူပါ။ ညီမတော်ကလည်း တတ်စွမ်းသမျှ ဆောင်ရွက်ပေးရန် အသင့်ပါဘုရား"
ဆင်ဖြူမရှင်။ " သည့်နှယ်ကြောင့်လည်း မိမိကို တိုင်ပင်တော်မူရသည်။ ယခုအချိန်အခါ မှာ သားတော်ကြီး များနှင့် သူတို့၏ မယ်တော်ကြီးများက ရန်လက်စပွားပြီး မလိုလားနိုင် ဖြစ်နေမှာစိုး၍ သူတို့ရန်က တစ်ဆိတ်ကလေးမှ အေးစေတော့လို့ ခေတ္တခဏ ဖမ်းဆီးပြီး ထိန်းသိမ်းထားရဆဲအခါမို့ အနောက်ဆောင် တော်ထဲမှာဆိုလျှင် မဖျားနှင့် မိမိတို့ မိဖုရား လေးငါးပဲ ရှိကြတယ် မဟုတ်လား"
တောင်ဆောင်တော်။ "ညီမတော်များမှာ ဘ၀ရှင်ဘုရားလည်း ရှိတော်မူတော့သည် မဟုတ်ပါ၍ နားအေး ပါးအေးနှင့် မဖျားစီမံတော်မူသည်ကိုသာ နာခံပြီး စံနေလိုပါသည်။ ယုံကြည်စိတ်ချတော်မူပါ"
ဆင်ဖြူမရှင်။ "ကောင်းပါလေရဲ့ မိမိရယ်၊ ကဲ ... ကဲ ပွဲတော်တည်ချိန်လည်း ရောက်ပါပြီ။ မိမိလည်း သည်မှာပင် မဖုရားနှင့်အတူ ပွဲတော်တည်တော်မူပါ။ အဆောင်တော်သို့ မပြန်ပါ နှင့်တော့" ဟု ဆိုကာ ရှောင်ရှား နေကြသော အပျိုတော်များကို ပြန်လည်ခေါ်ယူတော်မူ လိုက်လေ၏။
ဒိုင်းဝန်မင်းတို့ အိမ်သားများတွင် ကလေးစိတ်မပျောက်တပျောက် အရွယ်နှင့် အပျော်ဆုံး ဖြစ်နေသူကား ဒိုင်းအတွင်းဝန်မင်း၏သမီး ခင်ခင်ကြီး ဖြစ်လေ၏။
မိမိဆိုးသမျှ၊ နွဲ့သမျှ ခံ၍ သွားလိုရာ၊ စားလိုရာ အလိုလိုက် အကြိုက်ပြုလျက်ရှိသော အစ်ကိုကြီးဖြစ်သူ မောင်မောင်ငယ်နှင့် တစ်အိမ်တည်း အတူနေရသောကြောင့် ကလေး ဘ၀ အထူးပျော်ရွှင်လှသည်။
မောင်မောင်ငယ်မှာလည်း အရှင်သခင် အထွတ်အထိပ်ရောက်လျက် မိမိတို့အိမ်တော်ပါ လူပျိုတော်များ သြဇာ အာဏာထက်မြက်ကာ မြို့စား၊ ရွာစား ရာထူးဌာနများ ရရှိသည့် အတွက် စိတ်အားတက်ကြွ ၀မ်းမြောက် ၍ နေရတော့သည်။
ဒိုင်းဝန်မင်းမှာလည်း ပုဂံမြို့စားကြီး၊ အတွင်းဝန်ကြီး အဆင့်အတန်းသို့ အမြင့်လှမ်းခဲ့ရ သည့်အတွက် ဒုတိယမင်းဆက်တွင်ထပ်မံမြှောက်စား သူကောင်းပြုခံရသူတို့ ဓမ္မတာ ၀မ်းမြောက်ဝမ်းသာ ရှိနေကြရာ မကျန်းမာသူ ဒိုင်းဝန်ကတော်ကြီးပင်လျှင် တပြုံးပြုံး တရွှင် ရွှင် ဖြစ်၍ နေလေ၏။ ထို့ကြောင့် ယနေ့အဖို့ မိသားတစ်စု ၀ိုင်းမိသည့်အခါ ...
ဝန်ကတော်။ "သမီးတော့ အင်မတန်မှ ပျော်နေသည်။ မောင်မောင်နှင့် အခုလို တစ်အိမ် တည်း နေရချိမ့်မည်လို့ သူမထင်ဘဲနှင့် အကြောင်းတိုက်ဆိုင်၍ လာသည်နော်"
မောင်မောင်ငယ်။ "မောင်လည်း မေဖျားတို့နှင့် ယခုလို လာ၍နေရသည်ကို သူကောင်းပြုတော်မူသည့် ရာထူးကို ရရှိသကဲ့သို့ပင်ဝမ်းမြောက်လှသည် မေဖျား"
ခင်ခင်ကြီး။ "အစ်ကို့မင်းသားက အို ... မဟုတ်ချည်ဘူး၊ ဘယ်လိုခေါ်ရပါမယ်။ အစ်ကို့ ရှင်ဘုရင်ကြီးက အင်မတန် အလိုက်သိတော်မူတတ်ပါကလား"
မောင်မောင်ငယ်။ (ရယ်မောလျက်) "ရှင်ဘုရင်ကြီး မခေါ်ပါနှင့်ဦး ခင်ရဲ့၊ အသက်မကြီး သေးပါဘူး။ ဒီတော့ ရွှေနန်းရှင်ဘုရားပေါ့"
ခင်ခင်ကြီး။ "အဲ ... အဲ ရွှေနန်းရှင်ဘုရားက အလိုက်သိတော်မူတယ်။ ခင်တို့ အစ်ကိုနှင့် အတူ နေနိုင်အောင် ရွှေတိုက်စိုးလည်း ခန့်တော်မူတယ်။ နောက်ပြီးတော့ ခင် အင်မတန် သဘောကျလို့ အစ်ကို ခဏ ခဏ လည်ပတ်ကြတဲ့ တောင်သမန် အင်ကြီးနဲ့ လယ်တော် တွေကိုလည်း အပိုင်စား သနားတော် မူတယ်။ ကဲ ... ဘယ်လောက်တော်သည်လဲ"
မောင်မောင်ငယ်။ "ဒါဖြင့် ခင်က ရွှေနန်းရှင်ဘုရားကို အင်မတန် ကျေးဇူးတင်ရတာပေါ့ အစ်ကိုရဲ့"
ဝန်ကတော်ကြီး။ "ဒါနှင့် မောင်မောင်၊ စကားစပ်လို့ ပြောရဦးမယ်၊ မောင်မောင်တို့ သီပေါ ဘုန်းတော်ကြီး ဘုရားမှာ မင်းဧကရာဇ် ဖြစ်တော်မူပြီးသည့်နောက် အဂ္ဂမဟေသီ တင်မြှောက်ဖို့ကိစ္စ ရှိသေးသည်နော်"
မောင်မောင်။ "အဆင်သင့် ရှိပြီးသားမို့ ကောင်းမြတ်သော အချိန်အခါရောက်လျှင် ဘိသိက်တော်ခံရန်သာ ကျန်ပါတော့သည်"
ဝန်ကတော်ကြီး။ "အဆင်သင့် ရှိသည်မှာ မြတောင်ထိပ်စုဖရားကို ပြောသည်လား"
မောင်မောင်။ "မှန်ပါသည်၊ သည်တစ်ပါးကိုမှ မောင်တို့ အတန်ပင် ကြိုးကြိုးစားစား ဆောင်ကြဉ်းဆက်သွယ်၍ ထားရခြင်းပါ။ မင်းသားဘ၀က အင်မတန် ရိုးသားတော်မူရှာပါ တယ်။
ခင်ခင်ကြီး။ "အဲသည် မြတောင်ထိပ် စုဖုရားက လှသည်လား အစ်ကိုရဲ့"
မောင်မောင်။ "လှတာပေါ့ ခင်ရဲ့"
ခင်ခင်ကြီး။ "ဒါဖြင့် အစ်ကိုတို့ ရွှေနန်းရှင်ဖုရားက သူ့မိဖုရားလောင်း မြတောင်ထိပ်စု ဘုရားကိုလည်း သူ့မှာရှိတဲ့ ရွှေဟင်္သာရုပ်ကလေးတွေ၊ ရွှေချူလုံးကလေးတွေ အများကြီး ပေးမှာပဲနော် အစ်ကိုရယ်။ အစ်ကိုတို့ကိုပင် ပေးသေးတာပဲ၊ မြတောင်ထိပ်စုဖုရားကို လည်း အများကြီး ပေးထားမှာပေါ့နော်"
ဒိုင်းအတွင်းဝန်းမင်း၊ ၀န်ကတော်နှင့် မောင်မောင်ငယ်တို့မှာ ခင်ခင်ကြီး၏ ကလေးစိတ် မပျောက်တပျောက်နှင့် ပြောချင်ရာ လျှောက်ပြောလိုက်သည်ကို ၀ိုင်း၍ ရယ်မောနေကြ တော့သည်။ ခင်ခင်ကြီးမှာ မိမိစကားကို ၀ိုင်းရယ်မောနေကြသဖြင့် ရှက်ကိုးရှက်ကန်း ဖြစ် သွားကာ ..."
"ဟင် ... မေဖျားတို့ကလည်း ခင်ကြီး စကားပြောသည်ကို ၀ိုင်း၍ ရယ်ကြသည်။ ဒီလိုဖြင့် လျှင် ခင်ကြီး စကားမပြောတော့ပါ။ ရွှေဟင်္သာရုပ်ကလေးတွေနှင့်သာ သွား၍ ကစားနေချေ ပါတော့မည်" ဆိုလျက် အတွင်း ဆောင်သို့ စူစူအောင့်အောင့်နှင့် ထ၍ သွားလေ၏။
အတွင်းဝန်မင်း။ "အိမ်း ... ခင်ကြီးကတော့ ကလေးလိုပင် ရှိသေးတာပဲ ၀န်ကတော်ရေ ..."
ဝန်ကတော်။ "စပ်ကူးမတ်ူးအရွယ်ကိုး၊ ခင်ကြီးတို့ ဘဘရဲ့၊ သို့ပေမဲ့ သုံးလေးနှစ်အတွင်း လူကြီး စာရင်းဝင် တော့မယ်"
ဝန်မင်း။ "အင်း ... ကလေးမရဲ့ ရှေ့ရေးကို စပ်မိတဲ့အခါ ဆွေးနွေးရဦးမည်။ ကျုပ်တို့ ကြံစည်ရည်ရွယ်ထားတဲ့ အလိုကိုလည်း သူ့အစ်ကို မောင်မောင့်ကို နည်းနည်းပါးပါး ပြော ထားပြီလား"
ဝန်ကတော်။ "သြော် ... ဟုတ်ပ။ မပြောရသေးဘူး ခင်ကြီးတို့ဘဘရေ၊ ကိုင်းလေ ... သတိရတုန်းကို ပြောပါမည်။ မောင်မောင်ကလည်း မေဖျားတို့ အစီအမံကို နာယူလိမ့်မည် ထင်၍ စိတ်ကူးနှင့် ရည်ရွယ်ထားကြသည်ကွဲ့"
မောင်မောင်ငယ်။ "မေဖျားတို့ထင်သလို မောင်ကလည်း အစဉ်အမြဲ အမိန့်သြဇာကို နာခံရန် အဆင့်သင့် ပါပဲဘုရာ့"
အတွင်းဝန်မင်း။ "အေး ... တို့သားက လိမ္မာပြီးသားပါ။ ဒါပေမဲ့ကွယ် ပြောသင့်သည့် အရာကို ပြော၍ ထားလိုက်သည်က ကောင်းသပေါ့"
ဝန်ကတော်။ "သည်လိုသားရဲ့၊ မေဖျားတို့မှာ သားထောက်သမီးခံဆိုလို့ သားနှင့် ခင်အကြီး နှစ်ယောက်ပဲ ရှိတယ်။ ရှေ့ရေးစဉ်းစားလိုက်ပြီလားဆိုလျှင် သားနှင့်သမီး အချိန် အရွယ်ရောက်တဲ့အခါ တအေတခြား ကွဲပြားသွားမည်ကိုလည်း မလိုလားဘူး။ သည်တော့ တကယ့်ခေါင်းနင်းဆင်းများလည်း မဟုတ်ကြသည့် အတူ ဖိတ်ချင်းဖိတ်လျှင် ကိုယ့်အိတ်ထဲ မှာသာ ဖိတ်စေချင်တာပဲ မောင်မောင်ရဲ့"
မောင်မောင်ငယ်သည် ၀န်ကတော်ကြီး၏ စကားကို ကြားရလျှင် မိမိက စတင်မပြောဝံ့ မပြောရက်သေး၍ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသော ကိစ္စကြီးကို လူ့အလို နတ်ရော၊ သိကြားပါ လိုက်သကဲ့သို့ ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ကြုံကြိုက်လာသဖြင့် စိတ်တွင်းမှကျိတ် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိရှာလေ တော့သလည်း။
ထို့ကြောင့် ...
"မေဖျားစီမံရာကို လိုက်နာပါမည်ဆိုတဲ့ စကားကို ပိုပိုမိုမို လေးလေးနက်နက်နှင့် နှစ်သက် စွာ သဘောတူလှပါသည်။ မောင့်မှာလည်း သည်နှမကလေးနှင့် သွေးကွဲ၍ မသွားလိုတဲ့ ဆန္ဒဟာ မူလရင်းကတည်းက အစွဲရှိခဲ့ပါသည် မေမေဖျားရယ်"
ကျေနပ်စွာ နာခံလိုက်လေ၏။
ဝန်ကတော်။ "ကောင်းပါလေရဲ့ မောင်ရယ်၊ မောင့်မှာဆိုရင်လည်း ခုနေအခါမှာ ရာထူး စည်စိမ်များလဲ ရရှိလျက် ရှေ့ဆက်ပြီး ကြီးပွားဖို့သာ ရှိတော့သည်။ ခင်အကြီးလည်း နောက်နှစ်နှစ် သုံးနှစ်ကြာလျှင် လိမ္မာရေးခြားရှိကာ အချိန်အရွယ် ပြည့်မြောက်လာတော့ မည်။ အဲသည်လို အချိန်သင့်မြတ်သည့်အခါမှသာ ပေးထိမ်းမြားဖို့ ဘဘနှင့် မေဖျားတို့က ရည်ရွယ်ပါသည်။ လောလောဆယ်ဆယ် မဟုတ်သေးပေဘုး"
မောင်မောင်ငယ်။ "ကောင်းမွန်သင့်မြတ်လှပါပြီ မေဖျား၊ သို့ရာတွင် ခင်အကြီးကိုတော့ အသိမပေးပါနှင့်။ သူ့ခမျာ ရှက်၍နေရှာပါလိမ့်မည်"
ဝန်ကတော်။ "ဟာ ... ကလေးလိုပင် ရှိသေးတယ်။ ဘယ်မှာ အသိပေး၍ တော်ဦးမည်လဲ မောင်မောင် ရယ်"
အတွင်းဝန်။ "ကဲ ... ကဲ သည်ကိစ္စ ပြီးကြပြီဆိုပါစို့၊ ဒါထက် မောင်မောင်ရေ၊ မောင်မောင် က ရွှေတိုက်စိုး ရာထူးနှင့် အမှုထမ်းရသည်၊ ဘဘမှာ ဘုန်းတော်ကြီးလှသော ရွှေနန်းရှင် ဘုရားအမိန့်တော်နှင့် မနက်ဖြန် ရွှေတိုက်တော်မှ အိမ်ဖြူတော် ဆောက်လုပ်ရန် ငွေတော် များ လာ၍ ထုတ်ယူစရာ ကိစ္စရှိပါသည်။ ရွှေတိုက်ဝန်မင်းက ငွေတော်များ အဆင်သင့် ထုတ်ပေးရန် အမိန့်ချထားပြီပါပြီလား မောင်မောင်ရဲ့"
ငယ်။ "အိမ်ဖြူတော် ဆောက်လုပ်ရန် ငွေတော်များကို အရံသင့် လာရောက် ထုတ်ယူက ထုတ်ပေးနိုင်ရန် ရွှေတိုက်အတွင်းဝန်မင်းက သည်ယနေ့ပင် အမိန့်ချပေးပြီးပါပြီ"
ဝန်ကတော်။ "အိမ်ဖြူတော်ဆောက်မည်ဆိုတော့ လောင်းရှည်ဘုရားအတွက် ဖြစ်မှာပေါ့ ခင်ကြီးတို့ ဘဘရဲ့"
အတွင်းဝန်။ "ဟုတ်ပေတယ် ၀န်ကတော်၊ သီပေါဘုန်းတော်ကြီးဘုရားက မယ်တော် လောင်းရှည်မိဖုရားအတွက် ရွှေနန်းစဉ်လာအတိုင်း မယ်တော်ကို အိမ်ဖြူတော်နှင့် စံနေရန် ဆောက်လုပ်၍ ပေးရမြဲပေးးကိုး"
ဝန်ကတော်။ "တော်တော်ကြီးကြီးကျယ်ကျယ် ဆောက်ရမှာပဲထင်ရဲ့"
အတွင်းဝန်။ "ဘုံငါးထပ်နှင့် ဆောက်ရံ ခုနှစ်ဆောင် ရှိရမည် ဆိုသည့်အတိုင်း အတော်ပင် ကြီးကျယ် ခမ်းနားမည့် အိမ်ဖြူတော်ကြီးဖြစ်မှာပဲ ၀န်ကတော်ရဲ့"
ဝန်ကတော်။ "သြော် ... လောင်းရှည်မိဖုရားဟာ ကံထမ်းလာသည်ကို မမြင်ရဆိုသလို ထူးချွန်တဲ့ ပါရမီရှင် သားတော်မြတ်ကို ဖွားမြင်တော်မူရသည့်အတွက် ဇာတာစန်းလဂ်နှင့် ဘုန်းတန်ခိုများ အလွန်တက်၍ လာရှာပေပြီနော်"
အတွင်းဝန်။ "အင်း ... ကံအကျိုးပေးများဟာ အင်မတန် ဆန်းကျယ်တာပဲ ၀န်ကတော်။ နောင်တော်ကြီးတွေ ရှိနေသားဟာမို့ သီပေါမင်းသားတော့ ရွှေထီးရွှေနန်း အရိုက်အရာကို ဆက်ခံ တော်မူရမည် မထင်ကြဘဲနှင့် ရာဇပလ္လင်ကို ထိုင်တော်မူရသည်"
ဝန်ကတော်။ "ဟုတ်ပါ့ ခင်ကြီးတို့ ဘဘရယ်၊ ကျွန်မတို့အားလုံးက ထင်ကြေးပေးခဲ့ကြတဲ့ မက္ခရာ၊ သုံးဆယ် စတဲ့ မင်းသားကြီးများမှာဖြင့် ကံအလှည့် မသင့်လို့ ထင်ပါရဲ့။ ရာဇပလ္လင် နှင့် အလှမ်းဝေးပြီး ကြေးတိုက်တော်အတွင်းမှာ အကျည်းခံနေ ရှာကြသည် မဟုတ်လား။ ခမျာမျာလည်း သနားစရာပဲနော်။ ဒါနှင့် သူတို့တစ်တွေကို ဘယ်လိုများ လုပ်ကြမတဲ့တုံး ခင်ကြီးတို့ ဘဘ သိရဲ့လား"
အတွင်းဝန်။ "မင်းသားကြီးတွေ မကျေမနပ် ဖြစ်ပြီး ပုန်ကန်သောင်းကျန်းနေကြလျှင် တိုင်းပြည် ချောက်ချားမည် စိုးရိမ်တဲ့အတွက် ရုတ်တရက် လွှတ်ဦးမည် မဟုတ်ဘူး ၀န်ကတော်"
ဝန်ကတော်။ "သားတော်၊ သမီးတော်များသာမက မယ်တော်၊ မိဖုရားကြီးတွေလည်း ပါလေတော့ ကြေးတိုက်တော်ထဲမှာ မသေမရှင်နှင့် အင်မတန်မှ အနေအထိုင် အတော် ဆင်းရဲရှာကြမှာပဲနော်"
မောင်မောင်ငယ်။ "မောင်တို့ ရွှေနန်းရှင်ဘုရားကဖြင့် နောင်တော်များကို ယခုလို ထားတော်မမူလိုပါဘူး၊ ဖမ်းဆီးရာမှာ မပါတဲ့ ညီတော်၊ တူတော်များကိုလည်း ငယ်ရွယ် သည့် ကလေးငယ်များပါ မကျန်ရအောင် မင်းသားကြီး၊ မင်းသားလတ်၊ အဆောင်အရွယ် ဘွဲ့မည်များနှင့် မြို့စား၊ ရွာစားပေလျက် တစ်လောကပင် ချီးမြှင့်သူကောင်းပြုတော်မူပြီးပါ ပြီ။ သားတော်ကြီးများ ဖမ်းဆီးချုပ်နှောင်ထားရခြင်း ကိစ္စမှာတော့ မလွဲသာလို့ ၀န်ကြီး၊ မှူးကြီးများနှင့် ဆင်ဖြူမရှင်ဘုရားတို့က တိုင်းပြည် ဆူပူမရှိအောင် ၀ီရိယရှေ့ထားပြီး ခေတ္တ ထိန်းသိမ်းသည့်သဘောနှင့် ဖမ်းဆီးထားရခြင်းပါ၊ ယခုလည်း မင်းသားများအား ကိုယ်လုပ် တော်, သားတော်၊ သမီးတော်များပါ အတူတကွ ကျယ်ကျယ်ဝန်းဝန်းနှင့် စံနေကြရအောင် စည်ရှည်တံခါး လမ်းမတော် တောင်ဘက်က ရွေးလက်ဝဲကွက်မှာ စတုရန်းတာလေးဆယ် ကျော်ရှိသည့် လုံခြုံမည့် အုတ်ဝင်းအကာအရံကြီးနှင့် အိမ်တော်တွေ အသီးသီး ဆောက် လုပ်ပေးစေရန် မောင်တို့ ရွှေတိုက်တော်မှ ငွေတော်အမြောက်အမြား ထုတ်ပေးပြီး အရေး တကြီး ဆောက်လုပ်နေကြပါပြီ မေဖျားရဲ့"
ဝန်ကတော်။ "သြော် ... ဒီလို ကျယ်ကျယ်လွင့်လွင့် ထားမည်ဆိုလျှင်တော့ ကြေးတိုက် တော်ထဲမှာ ဆင်းဆင်း ရဲရဲ နေရသည်ထက် သက်သာမှာပါပဲ"
အတွင်းဝန်။ "ကျုပ်တို့ မင်းတရားကြီးဘုရား၏ သွေးတော် သားတော်မှန်သမျှကို ချစ်ခင် လေးစား ရမှာချည်းပါ။ သို့ရာတွင် အခါကာလကိုလည်း နားလည်ရမယ်တဲ့ ၀န်ကတော်။ မင်းခစား ကမ်းနား သစ်ပင် ဆိုတဲ့ စကားလည်း ရှိလေတော့ နီးရာဓားကို ပို၍ လေးစားနာခံ ရမှာပဲ။ အဲသည်တော့ ယခု အကြောင်း တွေကို ကိုယ့်အိမ်သားချင်းမှတစ်ပါး အခြားသူများ နှင့် သွား၍ မပြောမိပါစေနှင့် ၀န်ကတော် ရယ်"
ဝန်ကတော်။ "မပြောပါဘူး ခင်ကြီးတို့ ဘဘရယ်၊ ကိုယ့်အချင်းချင်း ဆွေးနွေးကြတာပဲ။ ကျွန်မလည်း နားလည်ပါတယ်" ဟု ပြောနေကြစဉ် ခင်ခင်ကြီး အခန်းတွင်းမှ ပြန်ထွက်လာ သဖြင့် စကားပြတ် သွားကြလေ၏။
အပိုင်း (၃၁) ဆက်
.
1 comment:
တကယ်တော့ ဒီစာဆိုတော်ကို အသက်ကြီးမှပြန်ဖတ်ရတော့ ပိုကောင်းလာတယ် အချစ်ဘွဲ့တွေ လွမ်းတာဆွေးတာတွေဖတ်ရတယ် ခုမှနားလည်တော့တယ်။ အရင်ကတော့ လွမ်းတယ် ချစ်တယ်ဆိုတာ ဘာမှန်းမသိဘူးလေ..။
အမကို သိပ်ကျေးဇူးတင်တာပဲ။
နောင်ကိုလဲစာကောင်းပေမွန်လေးတွေတင်ပေးပါလို့ နော်..
Post a Comment