Tuesday, January 12, 2010

တော့တိုး-ချန်

ပြတင်းပေါက်က မိန်းကလေး

အမေ စိုးရိမ်သောက ဖြစ်ရခြင်းအကြောင်းမှာ တော့တိုး-ချန်သည် ယခုမှ ကျောင်းနေခါစ ရှိသေးသည်။ ကျောင်းမှ ထုတ်ပယ်ခြင်းခံခဲ့ရသောကြောင့် ဖြစ်သည်။ သူမသည် ပထမတန်းမှ ထုတ်ပယ် ခြင်း ခံခဲ့ရသည်။

လွန်ခဲ့သော ရက်သတ္တပတ်က ဖြစ်သည်။ တော့တိုး-ချန်၏ အတန်းပိုင်ဆရာမက ခေါ်သည့်အတွက် အမေသည် ဆရာမနှင့် သွားတွေ့ရသည်။ ဆရာမက လိုရင်းကို တည့်တည့်ကြီး ပြောချလိုက်သည်။
"ရှင့်သမီးဟာ ကျွန်မအတန်းတစ်တန်းလုံးကို ပျက်စီးအောင် လုပ်တယ်၊ ရှင့်သမီးကို တခြား ကျောင်းတစ် ကျောင်း မှာ ပြောင်းထားပါတော့"
ဆရာမလှလှလေးသည် သက်ပြင်းချလိုက်သည်။

"တကယ်ပါပဲ၊ ကျွန်မတော့ ဘယ်လိုမှ သည်းခံနိုင်စွမ်း မရှိတော့ဘူး"
အမေသည် အလွန်အံ့သြသွားသည်။ တစ်တန်းလုံးကို ပျက်စီအောင် တော့တိုး-ချန်သည် ဘယ်လို များ ပြုလုပ်ပါလိမ့်။ သူမ များစွာ အံ့သြခြင်း ဖြစ်မိသည်။

ဆံပင်များကို ယောက်ျားကလေးသဖွယ် တိုတိုဖြတ်ထားသော ဆရာမလေးသည် စိတ်လှုပ်ရှားစွာ ဖြင့် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီးလျှင် သူမ၏ ဆံပင်ကို လက်ဖြင့် ပွတ်သပ်ရင်း အကြောင်း အရာ အပြည့်အစုံကို ပြောပြလေတော့သည်။

"ကောင်းပြီလေ၊ အစက ပြောရမယ်ဆိုရင် တော့တိုး-ချန်ဟာ သူမရဲ့ စာရေးစားပွဲငယ်ကို အကြိမ် ပေါင်းများစွာ ဖွင့်လိုက်ပိတ်လိုက် လုပ်တယ်။ ကျွန်မက ပြောတာပေါ့။ စားပွဲထဲက ပစ္စည်းတစ်ခုခုကို ယူချင်တဲ့အခါ၊ ဒါမှမဟုတ် ပြန်ထားချင်တဲ့ အခါမျိုးကလွဲရင် စားပွဲအဖုံးကို ဖွင့်လိုက်ပိတ်လိုက် မလုပ် ကြရဘူးလို့။ အဲဒီတော့ ရှင့်သမီးက တစ်ချိန်လုံး လိုလိုပဲ ပစ္စည်းတစ်ခုခု ထုတ်လိုက်၊ ပြန်ထည့်လိုက် လုပ်တော့တာပဲ၊ မှတ်စုစာအုပ်၊ ခဲတံဗူး၊ ဖတ်စာစာအုပ်နဲ့ စာရေးစားပွဲထဲမှာရှိတဲ့ ပစ္စည်းတွေကို တစ်ခု မဟုတ်တစ်ခု ထုတ်ယူလိုက်၊ ပြန်ထားလိုက် လုပ်တော့တာပဲ။ ဥပမာ အက္ခရာ စာလုံးတွေကို ရေးကြ ရအောင်လို့ ပြောလိုက်ရင် ရှင့်သမီးဟာ စာရေးစားပွဲကို ဗုန်းကနဲအသံမြည် အောင် ပိတ်လိုက်တယ်။ အဲဒီနောက် အဖုံးကို ထပ်ဖွင့်လိုက်ပြန်တယ်။

သူမရဲ့ ဦးခေါင်းကို အထဲ ထည့်ပြီး ခဲတံကို ယူထုတ်လိုက်တယ်။ ပြီးရင် အဖုံးကို ခပ်မြန်မြန်ပြန် ပိတ်လိုက် တယ်။ 'အေ' အက္ခရာ စာလုံးကို ရေးလိုက်တယ်။ သူမရေးတာ မကောင်းရင် ဒါမှမဟုတ် အမှားရေးမိရင် စာရေး စားပွဲကို ထပ်ဖွင့်ပြန်ပါလေရော၊ ခဲဖျက်ကို ယူတယ်၊ အဖုံးကို ပြန်ပိတ်တယ်၊ စာလုံးကို ဖျက်တယ်၊ ပြီးရင် ခဲဖျက်ကို ပြန်ထားဖို့ အဖုံးကို ဖွင့်လိုက်ပိတ်လိုက် ထပ်လုပ်ပြန်ပါ လေရော၊ ကျယ်လိုက်တဲ့ အသံ။ 'အေ' ကို ထပ်ရေးပြီးတဲ့ခါ ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု စားပွဲထဲ ပြန်ထည့်တယ်။ ခဲတံ ပြန်ထည့်တယ်၊ ထည့်ပြီးရင် အဖုံးကို ပြန်ပိတ်လိုက်တယ်။

ပြီးရင် ပြန်ဖွင့်ပြီး မှတ်စုစာအုပ် ကို ထည့်ပြီးရင် အဖုံးကို ပြန်ပိတ်လိုက်တယ်။ နောက်တစ်ခါ အခြားအက္ခရာ စာလုံးတစ်လုံးရေးဖို့ အတွက် သူမ ခပ်စောစောက လုပ်ခဲ့သလို ထပ်လုပ်ပြန်တယ်။ ပထမဦးဆုံး မှတ်စုစာအုပ်ကို ထုတ်တယ်၊ ပြီးတော့ ခဲတံ၊ နောက်ပြီးတော ခဲဖျက်၊ စားပွဲကို ဖွင့်လိုက်ပိတ်လိုက်နဲ့ ထပ်ခါ တလဲလဲ လုပ်တယ်။ ကျွန်မရဲ့ ဦးခေါင်းကို ချာချာလည်စေတယ်။ ကျွန်မအနေနဲ့ သူမကို ဆူပူကြိမ်းမောင်းလို့ လည်း မဖြစ်ဘူး၊ ဘာကြောင့်ဆိုတော့ သူမ အဖွင့်အပိတ်လုပ်တာဟာ အကြောင်းပြချက် ခိုင်လုံနေ တယ် မဟုတ်လား"

သူမ မြင်တွေ့ခဲ့ရသော မြင်ကွင်းများသည် သူမ၏ မျက်စိရှေ့တွင် ပြန်လည်ပေါ်လာဘိသည့် အလား ဆရာမလေး၏ ရှည်လျားသော မျက်တောင်များသည် ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်လာလေ သည်။
တော့တိုး-ချန်တစ်ယောက် သူမ၏ စာရေးစားပွဲကို အဘယ်ကြောင့် ခဏခဏ ဖွင့်လိုက်ပိတ်လိုက် လုပ်ရသည်ဆိုသည့် အချက်ကို အမေသည် ရုတ်တရက် နားလည်လိုက်သည်။ သူမ ပထမဆုံး ကျောင်းစ သွားသည့်နေ့က ကျောင်းမှ အိမ်သို့ ပြန်ရောက်သောအခါ တော့တိုး-ချန်သည် စိတ် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်ကို အမေမှတ်မိသည်။

"ကျောင်းဟာ အံ့သြစရာပဲ၊ အိမ်မှာရှိတဲ့ ကျွန်မတို့ရဲ့ စာရေးစားပွဲက အံဆွဲတွေကို အပြင်ဘက်ကို ဆွဲထုတ်ရတယ်။ ကျောင်းက စာရေးစားပွဲက အဲဒီလိုမျိုး မဟုတ်ဘူး။ အပေါ်ဘက်ကို ဖွင့်လိုက် ပြန်ပိတ်လိုက် လုပ်လို့ရတယ်။ သေတ္တာနဲ့တူတယ်၊ အထဲကို ပစ္စည်းအမျိုးမျိုးထည့်ထားလို့ ရတယ်။ သိပ်ကောင်းတဲ့ စာရေးစားပွဲ"
အမေသည် သမီးဖြစ်သူက ၀မ်းသာအားရဖြင့် စာရေးစားပွဲ အသစ်၏ အဖုံးကို ဖွင့်လိုက်ပိတ်လိုက် လုပ်နေမည့် ပုံဏ္ဍာန်ကို မျက်စိထဲ၌ မြင်ယောင်လာသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် မိုက်မဲသည် ဟု အမေ မထင်မိ။ မည်သို့ပင်ရှိစေ အဖုံးကို ဖွင့်ခြင်းပိတ်ခြင်းသည် သူမကြာကြာ ဆက်လုပ်မည် မဟုတ်။ ရိုးသွား သောအခါ ရပ်သွားမည် ဖြစ်သည်။ သို့ပါသော်လည်း အမေသည် ဆရာမလေးအား "ဒီအကြောင်းနဲ ပတ်သက် ပြီး သမီးကို ကျွန်မဆုံးမပါ့မယ်" ဟု ပြောလိုက်သည်။

"အဲဒါလောက်နဲ့ဆိုရင် ကျွန်မအဖို့ အကြောင်း မဟုတ်ပါဘူး"
စကားဆက်ပြောနေသော  ဆရာမ၏ လေသံသည် ပို၍ မြင့်လာသည်။
ဆရာမက ရှေ့သို့တိုးလာသဖြင့် အမေသည် နောက်သို့ ဆုတ်လိုက်သည်။
"သူမရဲ့ စာရေးစားပွဲခုံနဲ့ အသံမြည်အောင် မလုပ်တဲ့အခြား အချိန်တွေမှာ တော့တိုး-ချန်ဟာ မတ်တပ် ရပ်နေတယ်။ စာသင်ချိန် တလျှောက်လုံး မတ်တတ်ရပ်နေတယ်"
"မတ်တပ်ရပ်နေတယ်၊ ဘယ်နေရာမှာလဲ"ဟု အမေသည် တအံ့တသြ မေးလိုက်သည်။
"ပြတင်းပေါက်မှာ" ဟု ဆရာမသည် စိတ်တိုစွာဖြင့် ပြန်ဖြေလိုက်သည်။

"သမီးဟာ ပြတင်းပေါက်မှာ ဘာဖြစ်လို့ မတ်တပ်ရပ်နေရပါလိမ့်" ဟု အမေသည် စိတ်ရှုပ်စွာဖြင့် မေးလိုက် ပြန်သည်။
"လမ်းပေါ်က အတီးအမှုတ်သမားတွေကို ဖိတ်ခေါ်နိုင်အောင်လို့ပေါ့" ဟု ဆရာမသည် အော်ငေါက် လုနည်းနည်း လေသံဖြင့် ပြောလိုက်သည်။
ဆရာမ ပြောပြသော ဇာတ်လမ်း၏ အကျဉ်းချုပ်မှာ-

စာရေးစားပွဲအဖုံးကို ၀ုန်းကနဲ ဒိုင်းကနဲ ဖွင့်လိုက်ပိတ်လိုက်နှင့် တစ်နာရီနီးပါး အဆက်မပြတ် ပြုလုပ် ပြီးသော အခါ တော့တိုး-ချန်သည် စာရေးစားပွဲမှထသွားပြီး ပြတင်းပေါက်၌  မတ်တပ်ရပ်ကာ အပြင် ဘက်သို့ ကြည့်နေသည်။ သူမ ငြိမ်ငြိမ်သက်သက်နေမည်ဆိုလျှင် ထိုနေရာ၌ပင် ရပ်နေခြင်းက ပိုကောင်း မည်ဟု ဆရာမတွေးတောနေမိ၍မှ မဆုံးသေးမီ တော့တိုး-ချန်သည် ကျောင်းရှေ့မှ ဖြတ် သွားကာ တောက် တောက်ပြောင်ပြောင်နှင့် ဖိုးရိုးဖားရားအ၀တ်များ ၀တ်ဆင်ထားကြသည့် လမ်းပေါ်မှ အတီးအမှုတ် သမား တစ်စုကို လှမ်းခေါ်လိုက်သည်။ စာသင်ခန်းသည် မြေညီထပ်တွင် တည်ရှိပြီး လမ်းမကို မျက်နှာပြု ထားလေရာ တော့တိုး-ချန်က ၀မ်းသာသလောက်၊ ဆရာမသည် ကြီးစွာသော စိတ်ဆင်းရဲခြင်း ဖြစ်မိသည်။ လမ်းနှင့် စာသင်ခန်းအကြားတွင် ခပ်နိမ့်နိမ့် ခြံစည်းရိုးပင် များသာ ရှိသည်။ ထို့ကြောင့် စာသင်ခန်းထဲတွင် ရှိနေသူ မည်သူမဆို လမ်းပေါ်မှ လမ်းသွား လမ်းလာလူများကို အလွယ်တကူဖြင့် စကားပြောနိုင်သည်။ တော့တိုး-ချန်က သူတို့ကို လှမ်းခေါ် လိုက်သောအခါ လမ်းပေါ်မှ အတီးအမှုတ်အဖွဲ့သားများသည် ပြတင်းပေါက် ရှိရာသို့ တန်းတန်း မတ်မတ် လာကြလေတော့၏။

ဤတွင် တော့တိုး-ချန်က "သူတို့ရောက်လာကြပြီ" ဟု တစ်တန်းလုံး ကို အသိပေးပြောကြားလိုက်ရာ ကလေးများ အားလုံးသည် ပြတင်းပေါက်ဆီသို့ စုပြုံတိုးဝှေ့ရောက် လာကာ အတီးအမှုတ်သမားများကို နှုတ်ဆက် စကား ပြောကြလေတော့သည်ဟု ဆရာမက ပြောပြ သည်။
"တစ်ခုခုတီးမှုတ်ပြပါ" ဟု တော့တိုး-ချန်က ပြောလိုက်သည်။ ယခင်က ကျောင်းရှေ့မှ တိတ်ဆိတ် ငြိမ်သက် စွာ ဖြတ်သန်းသွားလေ့ရှိသော ထိုအတီးအမှုတ်အဖွဲ့ငယ်သည် တော့တိုး-ချန်က ထိုကဲ့သို့ ပြောလိုက် သည်နှင့် တပြိုင်နက် သူတို့၏ ဗုံများ၊ ဗျပ်စောင်းများ၊ မောင်းများနှင့် လေမှုတ်ကိရိယာ များကို ဆူညံစွာ တီးမှုတ် ကြလေတော့သည်။ သနားစရာကောင်းသော ဆရာခမျာမှာမူ ဘာမျှ မတတ်နိုင်တော့ဘဲ ဆူသံညံ သံများ ရပ်ဆိုင်းသွားမည့်အချိန်ကိုသာ သည်းခံပြီး စောင့်နေရရှာလေ တော့၏။

နောက်ဆုံး၌ တီးသံမှုတ်သံများ ရပ်ဆိုင်းသွားသည်။ အတီးအမှုတ်သမားများ ထွက်ခွာသွားကြလေ ပြီ။ ကျောင်းသား များအားလုံး တော့တိုး-ချန်မှတပါး သူတို့၏ မူလနေရာများဆီသို့ ပြန်သွားကြလေ ပြီ။
"နင်ဘာဖြစ်လို့ ပြတင်းပေါက်မှာ ခုထက်ထိ ရပ်နေရတာလဲ" ဟု ဆရာမက မေးလိုက်သည်။
"အခြားတီးဝိုင်းအဖွဲ့တစ်ဖွဲ့လာရင် လာဦးမှာပါ။ လာလို့ ကျွန်မတို့နဲ့ မတွေ့လိုက်ရဘဲ လွဲသွား ရင် သိပ်ရှက် စရာ ကောင်းပါလိမ့်မယ်" ဟု တော့တိုး-ချန်သည် မျက်နှာထား ခပ်တည်တည်ဖြင့် ပြော လိုက်သည်။

"ဒီအပြုအမူဟာ တစ်တန်းလုံးကို ဖျက်ဆီးတဲ့  အပြုအမူပေါ့ မဟုတ်ဘူးလား" ဟု ဆရာမသည် ခံစားချက် အပြည့်အ၀ဖြင့် ပြောလိုက်သည်။
"ဒါ့အပြင် ရှိသေးတယ်"ဟု ဆရာမသည် ပို၍စူးရှသော အသံဖြင့် ထပ်ပြောသောအခါ အမေသည် သူမ အပေါ် သနားကရုဏာ သက်မိလေတော့သည်။
"နောက်ထပ် ဘာများ ပြုလုပ်ပြန်ပါလိမ့်"ဟု အမေသည် စိတ်ဓာတ်ကျစွာဖြင့် မေးလိုက်ပြန်သည်။

"နောက်ထပ်ဘာလုပ်သလဲ ဟုတ်လား၊ သူမလုပ်တာတွေကိုသာ ကျွန်မရေတွက်ပြနိုင်မယ်ဆိုရင် ရှင့်သမီးကို ကျောင်းလာ နုတ်ပါတော့လို့ ရှင့်ကို ကျွန်မအခုလို ခေါ်မပြောဘူးသိလား" ဟု ဆရာမ ပြောလိုက်သည်။ ဆရာမ သည် သူမ၏စိတ်ကို အနည်းငယ် ငြိမ်သက်သွားအောင် ပြန်ထိန်းရင်း အမေ့ကို စူးစူးစိုက်စိုက် ကြည့်လိုက် သည်။

"မနေ့ကလည်း တော့တိုး-ချန်ဟာ ထုံးစံအတိုင်းပဲ ပြတင်းပေါက်မှာ မတ်တပ်ရပ်နေပြန်တယ်။ ကျွန်မလည်း ကျောင်းသင်ခန်းစာ ပို့ချရင်းနဲ့ ဒီကလေးမတော့ လမ်းပေါ်က အတီးအမှုတ်သမားတွေ ကို စောင့်နေတာပဲလို့ စဉ်းစား မိနေတုန်း ရုတ်တရက်သူမက "နင်ဘာလုပ်နေတာလဲ" လို့ တစ်စုံ တစ်ယောက်ကို နှုတ်ဆက်လိုက် ပါလေရော၊ အဲဒီအချိန်မှာ ကျွန်မရောက်နေတဲ့နေရာက ကြည့်မယ် ဆိုရင် သူမလှမ်းစကား ပြောလိုက်တဲ့သူကို ကျွန်မ မမြင်နိုင်ပါဘူး။ အဲဒီနောက် သူမထပ်မံ နှုတ်ဆက် လိုက်ပြန်တယ်။ "နင်ဘာလုပ် နေတာလဲ"တဲ့။ တော့တိုး-ချန်ဟာ လမ်းပေါ်က တစ်ယောက်ယောက်ကို စကားပြောနေခြင်းတော့ မဟုတ်ဘူး၊ အမြင့်ပိုင်းတစ်နေရာရာမှာ ရှိနေတဲ့ တစ်ဦးတစ်ယောက်ကို ပြောနေခြင်းသာ ဖြစ်တယ်။ ကျွန်မဖြင့် သိပ်အံ့သြသွားတာပဲ၊ ပြန်ဖြေသံကို ကျွန်မဂရုစိုက် နားထောင်ပေမယ့်လို့ ပြန်ဖြေသံကို မကြားရ ပါဘူး၊ ရှင့်သမီးကတော့ "နင်ဘာလုပ် နေတာလဲ"လို့ ထပ်ခါတလဲလဲသာ မေးနေလေတော့ ကျွန်မ စာဆက် သင် လို့ မရတော့ဘူး။

"ဒါကြောင့် ပြတင်းပေါက်ရှိရာကို သွားပြီး ရှင့်သမီး ဘယ်သူနဲ့ စကားပြောနေပါလိမ့်လို့ သွားကြည့်မိ တယ်။ ကျွန်မရဲ့ ဦးခေါင်းကို ပြတင်းပေါက်အပြင်ဘက် ထုတ်ပြီးတော့အပေါ်ကို မော့ကြည့်လိုက်တဲ့ အခါမှာ စာသင် ခန်းရဲ့ တံစက်မြိတ်တစ်နေရာမှာ အသိုက်ဆောက်လုပ်နေတဲ့ ပျံလွှားငှက်နှစ်ကောင် ကို တွေ့လိုက် ရတယ်။ လက်စသတ်တော့ ရှင့်သမီးဟာ ပျံလွှားငှက်တွေနဲ့ စကားပြောနေတာကိုး၊ ကလေးတွေရဲ့ အကြောင်း ကို ကျွန်မ နားလည်ပါတယ်။ ဒါကြောင့် ပျံလွှားငှက်ကို စကားပြောခြင်း ဟာ အဓိပ္ပာယ် မရှိဘူးလို့တော့ ကျွန်မ မဆိုလိုပါဘူး၊ သို့ပေမဲ့လို့ စာသင်နေတဲ့အချိန်မှာ ပျံလွှားငှက် တွေကို "နင်တို့ ဘာလုပ် နေကြတာလဲ" လို့ မေးမြန်းတာမျိုးကတော့ဖြင့် လုံးဝမလိုလားအပ်တဲ့ အပြု အမူမျိုးလို့ ကျွန်မ ယူဆမိပါတယ်။

အမေသည် ဆရာမကို တောင်းပန်ရန် ပါးစပ်မဟမီ ဆရာမကပင် ဆက်ပြောပြန်သည်။
"ပြီးတော့ တစ်ခါ ပုံဆွဲချန်မှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက် တစ်ခု ရှိသေးတယ်၊ ကလေးတွေ အားလုံး ကို ဂျပန်အလံ ရေးဆွဲပါလို့ ကျွန်ရေး ဆွဲခိုင်းတယ်၊ အခြားကလေးတွေ အားလုံးက အလံပုံကို မှန်မှန် ကန်ကန် ရေးဆွဲကြတယ်၊ ဒါပေမဲ့လို့ ရှင့်သမီးဘာပုံဆွဲတယ်ဆိုတာ ရှင်သိလား၊ ရေတပ်အလံ ပုံဆွဲ တယ်၊ ရောင်ခြည်တန်း တွေပါတဲ့ အလံပေါ့၊ ဘာမှ မမှားနိုင်ပါဘူးလို့ ကျွန်မ ထင်မိတယ်"
"ဒါပေမဲ့လို့ တော့တိုး-ချန်ဟာ ရုတ်တရက်ဆိုသလိုပဲ ပုံရဲ့ပတ်ပတ်လည်မှာ အကွပ်တွေ ရေးဆွဲ ထည့်တော့ တာပဲ၊ အကွပ်တွေပေါ့၊

လူငယ်အဖွဲ့အလံများမှာ ပါရှိတဲ့ အကွပ်မျိုးတွေပေါ့၊ သူမဟာ အဲဒီအလံမျိုးကို တစ်နေရာရာမှာ မြင်ခဲ့ဟန် တူတယ်၊ ဒီကလေးမ ဘာများ လုပ်နေပါလိမ့်လို့ စဉ်းစားလို့မှ မပြီးသေးဘူး၊ သူမဟာ အ၀ါရောင် အနားကွပ် တစ်ခုကို စာရွက်အဆုံးထိ ရေးဆွဲပြီး အဲဒီကမှတစ်ဆင့် စာရေးစားပွဲပေါ်အထိ ဆက်ဆွဲတော့တာပဲ၊ သူမရဲ့ အလံဟာ စာရွက်တစ်ခုလုံး မျက်နှာပြည့်နီးပါး ဖြစ်နေလေတော့ အကွပ်ရေးဆွဲဖို့ရာ နေရာမရှိ ဖြစ်နေတယ်။ တော့တိုး-ချန်ဟာ အ၀ါရောင်ပုံဆွဲခဲတံနဲ့ သူမရဲ့ အလံပုံ ပတ်ပတ်လည်မှာ အစင်းကြောင်းကြီးတွေ အများကြီး ရေးခြစ် တော့တာပဲ၊ စာရွက်အစွန်းက လွန်ပြီးတော့ ခုံပေါ်မှာလည်း အ၀ါစင်းတွေ ဖြစ်နေတယ်၊ စာရွက်ကို ဆွဲမလိုက်တဲ့အခါ ခုံပေါ်မှာ အ၀ါစင်းတွေဟာ မြင်မကောင်းအောင် ဖြစ်နေတယ်။ ဒီအ၀ါစင်း တွေကို ဘယ်လိုပဲဖျက်ဖျက် ပျက်ကို မပျက်ဘူး၊ ကံအားလျော်စွာပဲ ဒီအ၀ါဆင်းတွေဟာ အနားသုံးဘက်မှာ ပဲ ရှိတယ်"

"ရှင် ဘာကို ဆိုလိုတာလဲ၊ အနားသုံးဘက်မှာပဲ ရှိတယ်ဆိုတာ"
အမေသည် ဆရာမ ဆိုလိုချက်ကို သဘောမပေါက်သဖြင့် လျင်မြန်စွာ မေးလိုက်သည်။
ပင်ပန်းနွမ်းနယ်ပုံရသော်လည်း ဆရာမသည် ထပ်မံရှင်းပြလိုက်သည်။
"လက်ဝဲဘက်အစွန်းမှာ အလံတိုင်ပုံ ရေးဆွဲထားတော့ အကွပ်တွေမျာက ကျန်သုံးဘက်မှာပဲ ရှိရ တာပေါ့"
အမေသည် သက်ပြင်းချလိုက်ရင်း "ဒီလိုကိုး၊ သုံးဘက်တည်းကိုး" ဟု ပြောလိုက်သည်။

"ဒါပေမဲ့လို့ အလံတိုင်ဆွဲတာ စက္ကူနဲ့မဆံ့တော့ စက္ကူအပြင်ကို ထွက်သွားပြီး စာရေးစားပွဲမှာ အရာ ထင်ကျန်နေရစ်ခဲ့သေးတယ်" ဆရာမက တစ်လုံးချင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
ထို့နောက် ဆရာမသည် ထိုင်ရာမှ ထလိုက်ပြီး အဆုံးသတ်စကား ပြောလိုက်သည်။
"အနှောင့်အယှက်နဲ့ ကြုံတွေ့ရတာ ကျွန်မတစ်ယောက်တည်း မဟုတ်သေးဘူး။ ကျွန်မတို့အတန်း နှင့် ကပ်လျက် ရှိတဲ့ အခြားအတန်းက ဆရာမလည်း အနှောင့်အယှက်နဲ့ ကြုံရတာပေါ့"
ဤအကြောင်းအရာနှင့် စပ်လျဉ်းပြီး အမေသည် တစ်စုံတစ်ရာ ဆောင်ရွက်မှ ဖြစ်တော့မည်။ ထိုသို့မှ မလုပ်လျှင် အခြားတပည့်များ အပေါ် မတရားပြုလုပ်ရာ ကျပေမည်။ သူမသည် အခြား ကျောင်းတစ် ကျောင်း ကို ရှာရမည်။ ထိုကျောင်းသည် သမီးငယ်အကြောင်းကို နားလည်သည့် ကျောင်းမျိုး ဖြစ်ရမည်။ သူမအား အခြားသူများနှင့် အဆင်ပြေပြေနေတတ်အောင် သွန်သင်နိုင်မည့် ကျောင်းမျိုး ဖြစ်ရမည်။

သူတို့ ယခုရှေးရှူသွားနေသော ကျောင်းသည် အမေက ပင်ပင်ပန်းပန်းလိုက်လံ ရှာဖွေပြီးမှ တွေ့ရှိ ခဲ့သော ကျောင်းတစ်ကျောင်း ဖြစ်သည်။
အမေသည် တော့တိုး-ချန်အား သူမကို ကျောင်းမှ နုတ်ပယ်လိုက်ပြီ ဆိုသည့်အကြောင်းကို မပြောချေ။ သူမ အမှားများ ပြုလုပ်ခဲ့သည်ဆိုသည့်အကြောင်းကို ပြောပြလျှင်လည်း သူမနားလည်လိမ့် မည် မဟုတ်ဟု အမေထင်သည်။ သမီးငယ်စိတ်ရှုပ်ထွေးသွားမှာကိုလည်း အမေမလိုလား။ ထို့ကြောင့် အမေသည် တော့တိုး-ချန် အရွယ်မရောက်မချင်း ဤအကြောင်းအရာများကို မပြောဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။ သမီးငယ် ကို အမေပြောသည့်စကားများမှာ-

"ကျောင်းအသစ် တစ်ကျောင်းကို သမီးပြောင်းမနေချင်ဘူးလား၊ ကျောင်းကောင်းကောင်း တစ်ကျောင်း ရှိတယ်လို့ အမေသတင်းကြားထားတယ်"
တော့တိုး-ချန်သည် အနည်းငယ် စဉ်းစားလိုက်သည်။
"ကောင်းပါပြီ၊ ဒါပေမဲ့လို့ ..."
"ဘာများပါလိမ့်၊ ကျောင်းအနုတ်ခံရတာ သမီးသိသွားပြီလား"
အမေသည် ထိတ်ကနဲ တွေးလိုက်မိသည်။

သို့သော်လည်း ခဏ အကြာတွင် တော့တိုး-ချန်သည် ရွှင်လန်းမြူးထူးစွာဖြင့် "အဲဒီကျောင်းအသစ် ရှိရာကို လမ်းပေါ်က အတီးသမား အမှုတ်သမားတွေ လာမယ်လို့ရော အမေထင်သလား" လို့ မေးလိုက်လေ တော့၏။


ကျောင်းသစ် ကိုမျှော်ပါ
.

2 comments:

အင်ကြင်းသန့် said...

မ...
လာဖတ်ပြီးသွားပြီ
အစအဆုံးနှစ်ခေါက်ပြန်ဖတ်ခဲ့တယ် :)
အဆက်လေးလုပ်ဦးနော်...

ချစ်ညီမလေး

ချစ်ကြည်အေး said...

Waiting for next ....