အခန်း (၁၇)
"ထိုအချိန်ကား သီပေါမင်းသား အိမ်တော်ဦးတွင် မယ်တော် လောင်းရှည်ဖုရားနှင့် သားတော် သီပေါ မင်းသားတို့ စကားပြောဆို နှီးနှောတိုင်ပင်တော်မူလျက် ရှိလေ၏။ မယ်တော်လောင်းရှည် ဖုရားကား သားတော် သီပေါမင်းသားအား ခမည်းတော်ဘုရင် မင်းတရားကြီး ဘုရားက မင်းသားလတ်တို့ အဆောင် အယောင် အခမ်းအနားနှင့် မြှောက်စားသူကောင်းပြုတော်မူလှသဖြင့် သားတော်အား တစိမ့်စိမ့် ရှုစား၍ မ၀နိုင်အောင် ရှိတော်မူလေရာ သားတော်ထံသို့ မကြာမကြာ ကြွတော်မူလိုင်းပင် နောက်နောင် အရေး အမြော်အမြင် ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသော မယ်တော်တစ်ပါးဖြစ်သည့်အားလျှော်စွာ အစစအရာရာ မမှားမယွင်း မပေါ့မလျော့ရန်နှင့်တကွ 'သတိတမန်၊ ဉာဏ်မြေကတုတ်၊ ပညာစွမ်းကို ချွန်းကဲ့သို့ အုပ်'ရန်မှ စ၍ ထီးချက်စောင့် မယ်တော်နတ်သမီးပမာ အမြဲမကွာ သတိပေးလမ်းပြ ဆုံးမသွန်သင်တော်မူ၍ နေရှာ လေ၏။ "သားတော်မောင်ရဲ့ မောင့်ခမည်းတော်ဘုရားက ယခုလိုချစ်ခင်မြှောက်စား သူကောင်းပြုထားလို့ လွှတ်တက် မင်းသားတစ်ပါးအဖြစ်နှင့် အိမ်တော်သီးခြား၊ အခြွေအရံ အမှုထမ်း ကျေးကျွန်များနဲ့ မင်းညီ မင်းသား တို့၏ စည်းစိမ်ကြီးကို ခံစားရပြီရယ်လို့ ငါတကောကိုးပြီး မာန်မာန စိတ်ဆိုးကြီးများ မ၀င်လာ ပါစေနဲ့နော်၊
မော်မော်မောက်မောက်နှင့် ငါမင်းသာရယ်လို့ ကြွားကြွားဝါ၀ါမရှိပါလေနှင့်၊ မယ်မယ်နှင့် သားတော်တို့မှာ ယခုအခါ မောင့်ခမည်းတော်ဘုရား အမျက်တော်ဝင်စားပြီး မေ့မေ့လျော့လျော့ ထားတော်မူခဲ့တာ ခံရဖူးတဲ့ အတွက် ရွှေနန်းတော်ထက်မှာ မယ်မယ် မျက်နှာတော် အများကြီးငယ်တော်မူရတာကို တွေးတော်မူမိလျှင် မယ့်မယ့်အတွက်နှင့် သားတော်မောင်ပါ မျက်နှာငယ်တော်မူခဲ့ရဖူးတာလည်း စဉ်းစား မိပေလိမ့် မယ်၊ 'မင်းခစား ကမ်းနားသစ်ပင်' ဆိုသလို မင်းဧကရာဇ်များနှင့် အစဉ်အဆက်မပြတ် ဆက်သွယ် ယဉ်ပါးပြီး နီးနီးကပ်ကပ် ခစားရတဲ့ ရွှေနန်းတော်သူ ရွှေနန်းတော်သား မိဖုရား၊ မောင်းမိဿံများဟာလည်း အနိမ့်အမြင့် အဆင့်အတန်းမှစ၍ အမြဲနိစ္စ စိတ်ချရတာမျိုး မဟုတ်တော့ မြင့်မြင့်တက်တိုင်း လက်မြဲမြဲ မကိုင်နိုင် လို့ အကျနာရတာတွေလည်း ရှိတယ် သားတော်ရဲ့၊ မောက်နိုင်တဲ့အလှည့် ငါတည်းဟူသော မာန်မာန ကို အရင်းခံထားပြီး မင်းမြှောက်စား သူတစ်ပါးမုန်းအောင် များများကြီး ခြေမထောက်ရဘူး၊
မြို့ဝန်ငဘိုင်ဆပ်ရဲ့ဖြစ်ပုံကို နမူနာထားပြီး အထူးဆင်ခြင်ရမယ် မောင်ရင်" "တင်ပါဘုရား၊ သားတော် မောင်ရဲ့ စိတ်ထားနိမ့်ကျတဲ့ ဂါရ၀တရား ရှိတတ်ပုံများကိုလည်း မယ်ဖျား သိတော်မူပြီး ဖြစ်ပါလိမ့်မယ်၊ သားတော်မောင် အလိုဖြင့် စကြ၀တေး မန္ဓာတ်မင်းတို့၏ စည်းစိမ်ချမ်းသာကိုပင် ရရှိစေဦး မာန်မာနကို သုံးလိမ့်မယ် လို့ မထင်မိပါဘူး မယ်ဖျား၊ ဒီလိုနေရာဘက်မှာတော့ သားတော်ကို များများကြီး စိတ်ချ တော်မူပါ" "အင်း... သာဓု...သာဓု...သာဓု၊ သားတော် ဘုန်းတော်ကြီးလို့ သက်တော်ရှည်အောင် ယခု လိုသာ မြင့်မြတ်တဲ့စိတ်ကို မွေးမြူပြီး အေးအေးကလေး စံတော်မူပါ၊
နို့ပြီး မယ်ဖျား သတိပေးချင်တာတွေ အများပဲ ရှိပါသေးရဲ့" "မိန့်တော်မူပါဘုရား" "ဒီလိုကသား သားတော်ရယ်၊ သားတော်က မာန်မာနမထားဘဲ အေးအေးကလေးစံတော်မူတယ်ထားဦး နောင်တော် မင်းသားကြီး များက ဒီကောင်ကလေးဟာ မနေ့တနေ့ကမှ ငါတို့ခမည်းတော်ဘုရား မြှောက်စား သူကောင်း ပြုတော်မူ ထားရုံမျှနှင့် မာန်မာနထားပြီး ငါတို့လို နောင်တော်ကြီးများကိုပင် မထီမဲ့မြင် အရော တ၀င်မပြုဘဲ သွေးခွဲ ဂုဏ်ပြိုင်နေတယ်လို့များ အထင်အမြင်မှားနှင့် အစွဲမှတ်ထားပြီး ရာဇမာန်ပွားကြမှာကို လည်း ကြောက်ရသေးတယ်၊ ခမည်းတော်အားကိုးနှင့် ဂုဏ်ခံ အံတုရာမကျလေအောင် နော်တော် သုံးဆယ် မင်းသား၊ မက္ခရာမင်းသားကြီးများကအစ နောင်တော်မှသမျှကိုလည်း အရိုအသေ အလေးအမြတ်ပြုရမယ်၊ လွှတ်သဘင်မှာ ဖြစ်စေ၊ အခြားသောမင်းပွဲစိုးခွင် အပြင်အပမှာ ဖြစ်စေ၊ နောင်တော် လောက၀တ် ပျူငှာ မှုများကို အထူးသုံးတော်မူကာ နောင်တော်ကြီးများ ချစ်သနားအောင် ကြံဆောင်ကြိုးစားတော်မူပါ။
"တင်ပါ့၊ မယ်မယ်ဖျား မိန့်ကြားဆုံးမတော်မူတဲ့ အယူအဆအတိုင်း သားတော်စိတ်မှာ လည်း ပိုင်းဖြတ်ပြီး ဖြစ်ပါသည်၊ နောင်တော်ကြီးများကို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနှင့် လေးမြတ်ရိုသေပါမည်၊ နောင်တော် ကြီး များသာမက ရွှေနန်းထက်ဖွား များစွာသော နောင်တော်၊ ညီတော်၊ အစ်မတော်၊ နှမတော်များကို သားတော်မောင်နှင့် တစ်အူထုံဆင်း သွေးသားအရင်း တစ်သွေးမခြား ချစ်ခင်ကြင်နာသောစိတ်များ အမြဲထားလျက် ဖြစ်ပါတယ် မယ်မယ်ဖျား"
"ယခုလို ကြားရတာ အားရ၀မ်းသာ ရှိလိုက်တာ မောင်ရင်ရယ်"
"နို့ပြီး တစ်ခုလည်း သတိပေးချင်သေးတယ်"
"မိန့်တော်မူပါဘုရား"
"အဲဒီလို နောင်တော် ညီတော်၊ အစ်မတော် နှမတော်ကို အလေးအမြတ်ပြု၍ ချစ်ခင် ကြင်နာတော်မူရုံလေးနှင့်လည်း မပြီးသေးဘူး သားတော်ရဲ့၊ မှူးတော်၊ မတ်တော်ကြီးများကအစ ၀န်ကြီး၊ ၀န်ထောက်၊ လက်အောက် အဝေး၀န်ကလေးများအထိ ဆန့်ကျင်ဘက်မပြုမိပါစေနှင့်၊ လွှတ်တော် ၀န်ကြီးများရဲ့ တန်ခိုးအာဏာများဟာလည်း ဘုရင့်အာဏာတမျှ ထက်မြက်ကြပေတယ်၊ သို့အတွက် လွှတ်တော်ဝန်ကြီးများ၊ အတွင်းဝန်များနှင့် လွှတ်တော်ဝန်ထောက်များကိုလည်း အမြဲလေးစားသမှု ပြုပါလေ၊ မင်းသားပီပီ အခေါ်အပြော အမူအရာ မနှင့်သီးပါစေနှင့်၊ ချစ်ချစ်ခင်ခင် ကျေကျေချမ်းချမ်းနှင့် မျက်မှန်း တမ်းမိပါစေ၊ ပြည်ကြီးလက်ရုံး၊ ပြည်ကြီးပခုံးခေါ်ရသည့် အဓိပတိ ပညာရှိ သုခမိန်ကြီးတွေက၊ ရိုရိုသေသေ လေးလေးစားစားရှိမိပါစေ၊ မောင်ရင်က ငယ်ရွယ်သူလည်း ဖြစ်တော်မူတော့ အဘိုးအရွယ်၊ ဦးကြီး၊ ဦးလေးအရွယ်ဆိုသလို အရွယ်ဂုဏ်၊ ရာထူးဂုဏ်အလိုက် ဃဏသုခဖြစ်အောင် ခေါ်ပြော ပေါင်းသင်း ပြီး နည်းပေးလမ်းပြ ဆုံးမသြ၀ါဒ ခံပါဘိ"
"မယ်မယ်ဖျား အမိန့်တော် စကားအတိုင်း သားတော် လိုက်နာပါမည်ဘုရား"
"သံဝရပျို့က မင်းသားကလေးရဲ့ အတ္ထုပ္ပတ္တိများကို မောင်ရင် သင်ကြားမှတ်သားဖူးသည့် သံဝရပျို့ထဲမှာ အပါသားပဲ၊ အဲ... ဒီသံဝရပျို့ပါ မင်းသားကလေးကို စံနမူနာပြုထားပြီး လူချစ်လူခင် များအောင် နေထိုင် တော်မူစေချင်တယ်၊ သံဝရပျို့က မင်းသားကလေးဟာ မောင်ရင်ကဲ့သို့ပင် စိတ်တော် အင်မတန် ပျော့ပျောင်း သိမ်မွေ့တော်မူရှာတယ်၊ ပညာရှိကို ဆည်းကပ်တတ်တဲ့ အလေ့ ၀ါသနာလည်းပါ၊ ကိုယ်တိုင် တော်မှာလည်း ပညာဥာဏ် အခြေခံကလေးရှိတော့ မင်းသားကလေး မဟုတ်ပါလား၊ သူ့ခမျာမှာ ဘုရင့်သား ဆိုပါသော်လည်း ဘုရင့် သားတော်ကြီးတွေ၊ နောင်တော် ကြီးတွေ အများနှင့်မို့ အငယ်ဆုံး၊ အထွေးဆုံးသားတော်ကလေးဖြစ်နေရှာတဲ့ မင်းသားကလေးပေါ့ မောင်ရင်၊ ဒီနေရာမှာတော့ မောင်ရင်နှင့် ခပ်ဆင်ဆင်ပဲ။
"သို့သော်လည်း ဒီမင်းသားကလေးဟာ ပညာရှိအမတ်ကြီးတစ်ဦးကို ဆည်းကပ်ပြီး ပညာရှိအမတ်ကြီး သွန်သင်နည်းပေးတဲ့အတိုင်း အစစလိုက်နာပြီး နောင်တော်မင်းသားကြီးတွေ၊ မှူးမတ်တွေ၊ တိုင်းသူ ပြည်သားတွေရဲ့ ချစ်ခင်မြတ်နိုးခြင်း ခံရအောင်၊ ကြံဆောင်ကြိုးစားလို့ အများက မင်းသားကလေးကို ချစ်ခင် ကြတာနှင့် အဆုံးတစ်နေ့မှာ မင်းသားကလေး ဘယ်တော့မှမမျှော်လင့်ခဲ့တဲ့ ဘုရင်အဖြစ်ကိုပင် နောင်တော်မင်းသားကြီးတွေ၊ မှူးမတ်သေနာပတိ တွေနှင့် တိုင်းသူပြည်သားတွေ စေတနာကြီးကြီးနှင့် ၀ိုင်းပြီးမြှောက်တင်ကြရတယ် မဟုတ်ပါလား မောင်ရင်ရဲ့၊ မယ်မယ်ဖျား မိန့်တော်မူလိုတဲ့ စကားကတော့ သားတော်ကို ရာဇပလ္လင်နှင့် ဥကင် ဘုံမြင့်ကို တော့တလိုလားစေလိုတဲ့ စိတ်ထားနဲ့ မိန့်ကြားတော်မူခြင်း မဟုတ်ဘူး၊ လူချစ်လူခင်များ ပြီး ယခုလို လွှတ်တက်မင်းသားဘ၀နှင့် ထာဝစဉ်မြဲမြံလို့ ရန်စွယ်ရန်ညှောက် ပေါ်ပေါက်က မလိုမုန်းထားသူများ မရှိစေလိုတဲ့ စေတနာနဲ့ မိန့်တော်မူခြင်းပါပဲ"
"မှန်လှပါ၊ မယ်မယ်ဖျား အမိန့်တော်ကို နာယူမှတ်သားပြီး လူချစ်လူခင်များအောင် တရားသဖြင့် နေထိုင်ဆက်ဆံပါမည်၊ စိတ်ချတော်မူပါ သားတော်ရဲ့ နဂိုဝါသနာတော်ကပင် သည်းခံခြင်းတရားကို အမြဲ နှလုံးသွင်းထားသူ ဖြစ်ပါတယ်၊ သူတစ်ပါး စော်ကားသည်ကိုမျှ ပြန်လှန်ခေပခဲ့ရိုး မရှိပါဘဲ အမြဲသည်းခံ ခြိုးခြံတော်မူခဲ့သည့်အတွက် သားတော်က စတင်မာန်မာန ထောင်လွှားပြီး သူတစ်ပါး နာကျည်းအောင် ကာယကံ၊ ၀စီကံ မနောကံဆိုတဲ့ ကံသုံးပါးဖြင့် အနည်းငယ်မျှ ပြုမှားမည်မဟုတ်ကြောင်းပါ မယ်မယ်ဖျား"
"သာဓု...သာဓု...ခန္တီတရား လက်ကိုထားတတ်လျှင် မယ်မယ် အများကြီး ၀မ်းမြှောက် တော်မူပါပြီ၊ မယ်မယ်ကလည်း ကိုယ့်သားရဲ့ စိတ်ထားတော်ကို သိတော်မူပြီးပါ၊ သို့သော်လည်း 'သို့ပမာဒ လေခ'ဆိုသလို မင်းပျို၊ မင်းလွင် ခမည်းတော် ဘုရင်မြှောက်စား သူကောင်းပြုထားတဲ့ အခိုက် စိတ်မိုက်ကို မွေးမြူ၍ လက်ခံတော်မူမိမှားမှာ စိုးရိမ်တော်မူလို့ 'မိုးမပြိုဘူး ပြိုခဲ့သော်'ဆိုတဲ့ စကားလို သတိပေး ဆုံးမတော် မူရတာကလား။
"သြော်...ဒါထက် စကားမစပ် မယ်မယ်ဖျားမှာ သားတော်မောင်ကို အရိပ်ကြည့်ပြီး အနည်းနည်းအဖုံဖုံ အားတက်ဝမ်းမြောက်တော်မူနေရလို့ ရွှေနန်းတော်ကြီး အနောက်ပိုင်းက အတွင်းရေးများကို သတိထား တော်မမူနိုင်အောင် ရှိနေခဲ့ရာမှာ တစ်နေ့ကမှ နန်းရ၊ ဆောင်ရ မိဖုရားတွေ၊ အတော်ပင် စိတ်ရှုပ်တော် မူနေကြတဲ့အကြောင်း ကြားရတယ်၊ မယ်မယ်တော့ ဘယ်လို မိဖုရားတွေနဲ့မှ ရောရော နှောနှော မနေမိပါဘူး၊ မကြာမကြာ အောက်အိမ်တော်မှာ ခပ်အေးအေး စံတော်မူပြီး စိပ်ပုတီးနှင့် ပျော်တော် မူ နေတာ များပါတယ်၊ 'မိုးကောင်းလညး တစ်စလောင်း၊ မိုးမကောင်းလည်း တစ်စ လောင်း'ဆိုတဲ့ စကားလို ဘယ်သူကောင်းစားလို့ ဘယ်သူတောင်းစားလို့ ဘယ်သူ ကောင်းစားလို့ ဘယ်သူ နိမ့်ကျ သွားစေ မယ်မယ်ဖျား တို့လို ခပ်အေးအေးစံနေတဲ့ သူများနှင့်တော့ လားလားမှ မဆိုင်ပါဘူး"
"သို့သော်လည်း 'တစ်နွယ်ငင် တစ်စင်ပါ'ဆိုသလို ဟိုတစ်နေ့ကမှ မြောက်ရွှေရေးဆောင် မဘုရားက မယ်ဖျားကို အခေါ်တော်စေလွှတ်ပြီး သူ့အဆောင်တော်ထဲမှာ ခေါင်းချင်းဆိုင်လို့ တိုင်ပင်တော် မူလိုက် တယ်၊ မယ်မယ်လည်း ဘယ်လိုပြုရမည်လို့ ဝေခွဲတော်မမူနိုင်သေးဘူး၊ တော်ပါရဲ့၊ နောင်ခါ အရေး မရလျှင် သူတစ်ပါး အမုန်းကြီး အဖတ်တင်နေမှာလည်း ကြောက်ရသေး တယ် မောင်ရင်ရယ်၊ ဘုရင် ဧကရာဇ် မင်းမြတ်များ၏ မိဖုရားဖြစ်ရသူများလည်း မိဖုရားဖြစ်ရသူ များလည်း မိဖုရာ စည်းစိမ် ခံစား ရတာနှင့် မမျှအောင် အင်မတန် စိုးရိမ်ပူပင်ကြောင့်ကျစိတ် ၀င်တော်မူစရာများ လှပါကလား မောင်ရင်ရယ်"
ညည်းညည်းညူညူ မိန့်တော်မူလေရာ သီပေါမင်းသားကလေးမှာ ရုတ်တရက် မယ်တော် မျက်နှာ ညှိုးငယ် သွားတော်မူသည်ကို မြင်တော်မူရသဖြင့် စိုးရိမ်ထိတ်လန့်တော်မူမိရကား
"ဘယ်လို အရေးတော်များလဲ မယ်မယ်ဖျားရဲ့၊ မိန့်ကြားတော်မူစမ်းပါဦး"
"အကြောင်းကတော့ မယ်မယ်ဖျားတို့ အနောက်ပိုင်းက မင်းမိဖုရားနှင့်သာ စပ်ဆိုင်တဲ့ကိစ္စပါပဲ၊ ဒီလိုကလား သားတော်ရယ်၊ စကြာဒေ၀ီ မဟေသီခေါင် တောင်ညာစံထား အစ်မတော် ဘုရားဟာ မောင့်ခမည်း တော် ရွှေနန်းရှင်ဘုရားနှင့်လည်း မောင်နှမ၀မ်းကွဲတော်တဲ့ မဟာသွေးချင်းဖြစ်တယ်၊ အလယ် နန်းမဘုရား ကိုယ်တိုင်တော်ကလည်း ဘ၀ရှင်ဘုရား၏ ဘကြီးတော် ဖန်နန်းရှင်ဘုရား၏ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးမှာ ရွှေလင်ပန်းနှင့် မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့တဲ့ ရွှေနန်းထက်ဖွား မင်းသမီး ကြီးတစ်ပါးလည်း ဖြစ်တော်မူပြီး လုပ်ရည် ကြံရည်၊ ဥာဏ်ရည် ဥာဏ်သွားကလည်း ထက်မြက်တော်မူတဲ့ အစများ ရှိတော်မူတော့ ယခုလစ်လပ်နေတဲ့ အဂ္ဂမဟေသီဘွဲ့ထူးကို မြေကြီးလက်ခက် မလွဲ ခံယူရမည့် အရည်အချင်းနှင့် ပြည့်စုံတော်မူနေ တယ်၊ ဒီလိုအရည်အချင်း ပြည့်စုံပြီး အဂ္ဂမဟေသီ တောင်နန်း မိဖုရားကြီးကလွဲလျှင် မြောက်နန်း မိဖုရားသာ ဒုတိယအဆင့်တွင် ရှိကြရိုးအစဉ်အလာ ရှိခဲ့တာကို ဘ၀ရှင် ဘုရားက ဘကြီးတော် ဖန်နန်းရှင်ဘုရား၏ ရွှေနန်းတက်ဖွား ပင်တိုင်မင်းသမီးတစ်ပါး ဖြစ်တဲ့ ဂုဏ်ကို ထောက်ထားလို့ မြောက်နန်းထားတော်မူရမှာကိုပင် မထားခဲ့ဘဲ တောင်နန်း အဂ္ဂမဟေသီ ကြီးလောက် လည်း မမျှ၊ မြောက်နန်းမိဖုရားလောက်လည်းမကတဲ့ အလယ်စကအနေမျိုးနှင့် အလယ် နန်းမိဖုရား ရယ်လို့ ဒီလက်ထက်ကျမှ သီးခြားချီးမြှင့်တော်မူထားခဲ့တာကလည်းရှိတော့ အဂ္ဂမဟေသီ ကြီးမရှိလျှင် အမှန်ပင် အလယ်နန်းမဖုရားဟာ အဂ္ဂမဟေသီကြီး ဖြစ်ထိုက်ပါတယ်။
"သို့သော်လည်း အခြားသော မိဖုရားများက အလယ်နန်းမဖုရားကို အဂ္ဂမဟေသီအဖြစ် ချီးမြှင့်စေလိုတဲ့ဆန္ဒ မရှိကြပါ မိဖုရားကလေးများ အလိုမှာလည်း ကံကုန်တော်မူသွားတဲ့ စကြာဒေ၀ီ မဟေသီ ခေါင်ဘုရားကြီးကဲ့သို့ ခြွေရံမောင်းမတို့အပေါ်တွင် ညှာတာသနားပြီး ရင်အုပ်မကွာ ကရုဏာ ရှေ့ထား၍ မြှောက်စားချီးမြှင့်တော်မူလိုတဲ့ တရားပြည့်ဝ လူကြီးအင်္ဂါ ညီမျှသူကိုသာ အလိုရှိကြပုံရတယ်၊ အလယ် နန်းမဖုရားဟာ အဂ္ဂမဟေသီ ဖြစ်ထိုက်တဲ့ အရည်အချင်း ပြည့်စုံတော်မူပေမယ့် အခြား မိဖုရား များက သူတို့အပေါ်မှာ မညှာမတာ၊ နှိပ်စက်ညှင်းပန်းကာ အနိုင်အထက်ပြုမှာ အလွန်တရာ စိုးရိမ်နေ ရှာကြတယ်၊ အကယ်၍ အလယ်နန်းမဖုရား အဂ္ဂမဟေသီ ဖြစ်တော်မူသွားတဲ့အခါ သူတို့ ထင်သလို မိဖုရားတွေကို နှိပ်စက်ညှဉ်းဆဲမယ်၊ အများရဲ့အထင်မှာ ဧကန်ပင် နျိပ်စက်ကလူ ပြုလိမ့်မယ်လို့ အယူသန် နေကြတာပဲ။
"ဘယ့်နှယ့်ကြောင့် အတပ်အထင် စွပ်စွဲကြသလဲလဆိုော့ အလယ်နန်းမဘုရား မယ်တော်ဟာ ဘကြီးတော်ဖန်နန်းရှင်ဘုရား အပေါ်မှာ သြဇာလွှမ်းမိုးပြီး ထင်သလို စီမံခြယ်လှယ်တော်မူထားလို့ ရွှေနန်းတော်သူ ရွှေနန်းတော်သားတွေဟာ ဆန်ကောပေါ်တွင် တင်၍ လှိမ့်တဲ့ ဖြစ်ခဲ့ကြရတဲ့ ပုံထုံးကို နှလုံးမူလို၍ သူလည်း ဒီပုတ်ထဲက ဒီပဲမျိုး ထွက်လာမှာပဲ ဆိုတဲ့ စိတ်ထားနှင့် အဂ္ဂမဟေသီဖြစ်မှာကို မလိုလားကြဘူး သားတော်ရဲ့"
"ဘ၀ရှင်မင်းတရားကြီးဘုရားကလည်း ပညာရှိ အမြော်အမြင် အဆင်ခြင်ဥာဏ်နှင့် ပြည့်ဝတဲ့ မင်းတစ်ပါးမို့ အများစဉ်းစားသလို စဉ်းစားတော်မူမိတာတစ်ကြောင်း၊ အခြားသော မိဖုရား၊ မောင်းမမိဿံတို့က အလိုမတူ မကြည်ဖြူကြသည်ကိုလည်း အနည်းအကျဉ်း ရိပ်မိသိရှိတော်မူတာက တစ်ကြောင်းကြောင့် အဂ္ဂမဟေသီလောင်းအဖြစ်နှင့် အချိန်အခါငံ့ဆိုင်း မျှော်လင့်နေရတဲ့ အလယ်နန်းမဘုရားမှာလည်း မျှော်တော်ဇောနှင့် မျှော်တော်မူလှရော့မယ်၊ မင်းတရားကြီးဘုရားနှင့် နှစ်ပါးစံတော်မူတဲ့ အခါတိုင်းမှာလည်း အရေးရှင်ဖြစ်၍ တိုက်ရိုက်မဆိုဝံ့ သည်တိုင်အောင် မဟေသီအခေါင် တောင်ညာဘွဲ့ထူးကို ခူးဆွတ် ပန်ဆင်ရန် အချိန်အခါ တန်ပါပြီဆိုတဲ့ အကြောင်းကို အရိပ်အခြည်ပြပြပြီး မကြာခဏ သံတော်ဦး တင်တဲ့ အခါ ထင်ရှားတယ်၊ အရေးသယ်နိုင် အရာရောက်နိုင်တဲ့ ၀န်ကြီးအတွင်းမှစပြီး ဘ၀ရှင် မင်းတရား ကြီးနှင့် မကြာခဏတိုင်ပင်နှီးနှော စကားပြောဟော တော်မူလေ့ရှိတဲ့ ဆရာတော်ကြီးများကိုပင် တစ်ဖက် လှည့် စကားဝင်အောင် ခင်မင်ရင်းနှီးအောင် အတွင်းကျကျပေါင်းလို့ အဂ္ဂမဟေသီမရှိလျှင် မတင့်တယ် ကြောင်း၊ မကြာမီပင် တင်မြှောက်တော်မူသင့်ကြောင့်း၊ စောင်းပါးရိပ်ခြည် တိုက်တွန်း စေသည် ဟု ကြားသိရတယ်။
မင်းတရားကြီးဘုရားမှာလည်း ရုတ်တရက် ဝေခွဲတော်မမူနိုင်တဲ့အတွက် "စကြာဒေ၀ီ အဂ္ဂမဟေသီ ဘုရားကြီးလည်း အဆောင်တော်ကြီးအား ဘယ်မိဖုရားမျှ မပေးနိုင်၊ ငါ၏မိဖုရား ခေါင်ကြီးမှာ ငါနှင့် ပြည်တည်ထောင်ဖက်၊ နန်းစံဖက်၊ စီးပွားဖက်ဖြစ်တဲ့အတွက် ငါ၏ရှင်မိဖုရားကြီး ၏ အရိုက်အရာကို မည်သူ့မျှ ခွဲဝေပေးတော် မမူသေးသည်ကို အဂ္ဂမဟေသစီအရိုက်အရာ ခံလိုသည်ဟု လျှောက်တင်ဝံ့သူမှာ သူပုန်ဟု ယူမှတ်တော်မည်"လို့ မိန့်တော်မူထားလိုက်သည်နှင့် ဤကိစ္စမှာ ဖင့်နှေးလေးကန်နေခဲ့ရသည်ကို မယ်မယ်ဖျား သတိထားတော်မူလိုက်မိသော်လည်း ယခုတစ်လောအတွင်း အလယ်နန်းမဖုရား၏ လုံ့လတော် ကြောင့် ပင်လားမသိ အဂ္ဂမဟေသီ ရွှေးကောက်တင်မြှောက်တဲ့ အရေးကိစ္စနှင့်ပတ်သက်၍ လှုပ်လှုပ် ရှားရှား ဖြစ်လာပြန်သည်ဟု ကြားရလို့ အရင်က အေးအေးလူလူ စံတော်မူခွင့်ရရှာကြတဲ့ မိဖုရား တွေ စိုးရိမ်ပူပန် ဖြစ်လာကြရပြန်သည်တဲ့ မောင်ရင်ရဲ့"
"ဘယ်ကဲ့သို့ လှုပ်လှုပ်ရှားရှား ဖြစ်လာပြန်ပါသလဲ မယ်မယ်ဖျား"
"အရင်အေးတော့မလိုလိုဖြစ်နေရာမှာ ယခုတစ်လောမှာ အလယ်နန်းမတော်ဖုရား၏ အခြေအနေ၊ အဆောင်တော် တွင် နေထိုင်ခစားကြရသော အခြွေအရံများနှင့်တကွ အသုံးအဆောင် အပြင်အဆင်များကို တွေ့မြင်ရ သည်မှာ ရှေးအခါကနှင့်မတူအောင် ထူးခြားကွဲပြားနေရုံမက ထူးခြားတဲ့အချက်ကလည်း အထက်တန်း အဂ္ဂမဟေသီကြီးများ၏ အပြုအမူ အသုံးအနှုန်းများသာ ဖြစ်နေတဲ့အတွက် အနောက်ပိုင်းမှာ ရှေးက လောက် မငြိမ်မသက်ဘဲ အလယ်နန်းတော်ဖုရားဟာ မကြာမီမိဖုရားခေါင် အဂ္ဂမဟေသီရာထူးကို ခံယူတော်မူရဖို့ သေချာပြီဆိုတဲ့ သတင်းရနံ့တွေ ထွက်လာတယ်၊ မိဖုရားငယ်တွေမှာလည်း အဲဒီသတင်း စကားနှင့် အလယ်နန်းမတော်မိဖုရား၏ အဆောင်တော်တွင် ထူးခြားနေသည့်အချက်များပါ ဆက်စပ်၍ အကဲ ခတ်ကြည့်သည့်အခါ ဟုတ်နိုင်စရာအကြောင်းတွေသာ များနေတဲ့အတွက် မျက်လုံးပြူးကုန်ကြပြီး ရွှေရင်တော် တမမနှင့် စိုးရိမ်ကြောင့်ကြတော်မူရှာလှကြပေါ့ မောင်ရင်ရဲ့"
"အဲဒီလိုအေးနေတဲ့အရေးက ရုတ်တရက် ပူနွေးလာပြီး မိဖုရားတွေ ခေါင်းချင်ဆိုင် တိုင်ပင်ကုန်ကြတယ်၊ ဒီအထဲမှာ ညောင်ရမ်းမင်းသားနဲ့ ညောင်အုပ်မင်းသားတို့၏ မယ်တော်ဖြစ်တဲ့ မြောက်ရွှေရေးဆောင် မိဖုရားရယ်၊ သုံးဆယ်မင်းသား၏ မယ်တော်ဖြစ်တော်မူတဲ့ ခုနစ်ရွာတိုက်စားမဖုရားရယ်၊ ရွှေဂူမင်းသား၏ မယ်တော်ဖြစ်တော်မူတဲ့ သက်ပန်းမဖုရားရယ်၊ ပင်တိုင်စံ စလင်းဖုရား၏ မယ်တော်ဖြစ်တောမူတဲ့ လင်းပန်းတိုက်စာ မဖုရားရယ်"
"အဲဒီမဖုရားလေးပါး အမှူးပြုပြီး အခြားသော မိဖုရားများနှင့် တစ်စိတ်တစ်ဝမ်းတည်း ညှိနှိုင်းတိုင်ပင်ကာ ထိုအရေးအထမမြောက်အောင် ဘ၀ရှင်မင်းတရားကြီးကို အတိအလင်း လျှောက်ထားသံတော်ဦးတင်ဖို့ စီမံစိုင်းပြင်းနေကြသည် မောင်ရင်ရဲ့၊ သို့အတွက် မယ်ဘုရားကိုလည်း မြောက်ရွှေရေးဆောင်မဖုရားက ခေါ်တော်မူပြီး ညီမတော် လောင်းရှည်မိမိ ရယ်၊ မမတို့မိမိတို့တော့ အလယ်နန်းမမသာ အဂ္ဂမဟေသီ ဖြစ်တော်မူသွားတဲ့နောက် တနေ့တခြား 'ရေနည်းငါး'ဆိုသလို ဒုက္ခဖြစ်တော်မူကြရတော့မှာပဲ"
"သည့်အတွက် 'ကိုယ်ရေးကြုံလျှင် သက်လုံကောင်းစေရမည်'၊ 'လာမည့်ဘေးကို အဝေးက ကာကွယ်ထား ရမည်'ဆိုသည့် စကားအတိုင်း မမတို့နဲ့အတူ ရွှေနန်းရှင်ဘုရားအထံ တော်သို့ အလျှောက်အထား ၀င်မည့် နေ့ မှာ လိုက်ပါတော်မူပါလို့ မိန့်တော်မူတယ်"
"မယ်မယ်ဖျားတော့ ဒီကိစ္စမှာ ဘယ်လိုဆုံးဖြတ်တော်မူရမယ်ဆိုတာ ဝေခွဲတော်မမူနိုင်ဘူး မောင်ရင်ရဲ့၊ မြောက်ရွှေးရေးဆောင်မဖုရားတို့နှင့် အပေါင်းအပါဖြစ်သွားလို့ အရေးသာ အရာရောက်ရင် တော်ပါ သေးရဲ့၊ အရေးမပါ အရာမရောက်ဘဲ ရှိမှဖြင့် အလယ်နန်းမဖုရားက မယ်မယ်ဖျားကို အငြိုးသိုထား၊ မျက်မာန်တော် ပွားပြီး ငါ၏ကောင်းစားရေးကို မလိုဖက်ျဆီးတဲ့ အပေါင်းအသင်းပါ မိဖုရားတစ်ပါးရယ်လို့ အစွဲအမှတ် ထားခြင်း ခံရမှာလည်း တစ်မျိုးစိုးရိမ်တော် မူသေးတယ် မောင်ရင်ရဲ့"
"သြော်... ဒီကိစ္စမှာ အခြားသော မိဖုရားတွေထက် မယ်မယ်ဘုရားမှာသာ၍ အရေးကြီး သည်ဟု ထင်ပါတယ်၊ အလွယ်တကူနှင့် ဆုံးဖြတ်ချက် ချတော်မမူသင့်ပါ မယ်မယ်ဖျားရဲ့"
"အလို... ဘယ်လို အကြောင်းများကြောင့် မယ်ဖျားနှင့် ဒီကိစ္စသာလို့ အရေးကြီးနေရပြန် သတုံး မောင်ရင်ရဲ့"
သီပေါမင်းသားက ပြုံးကာ
"'ဒီလိုပါ မယ်မယ်ဖျား၊ အလယ်နန်းမိကြီးတော်ဖုရား၏ သမီးတော် မြတောင်စား စုလတ်နှင့် ဖျားသားတော် တို့မှာ လူငယ်ချင်းဘာဝ ချစ်ခင်ရည်ငံ၊ မေတ္တာတမန် ကူးသန်းဆက်သွယ်နေကြတာ ကို ငဲ့ညှာ ထောက်ထား၍ မယ်မယ်ဖျားမှာ 'တစ်ကြောင်းမထောက် တစ်ကြောင်းထောက်'ဆိုသလို အလယ် နန်းမတော် ဖုရား၏ အကျိုးမဲ့စေမည့်ဘက်က လိုက်ပါသဘောတူရန် သင့်လျှောက်တော်မူ မည် မထင်လို့ပါ၊ အကယ်၍ အလယ်နန်းမတော်ဖျားက မိဖုရားများကို နှိပ်စက်ညှင်းဆဲမည် ကြံသည် တိုင်အောင်လည်း ခမည်းတော်ရွှေနန်းရှင်ဘုရားက ပညာရှိမင်းတစ်ပါးမို့ အလယ်နန်းမတော်ဘုရား ပြုပြင် စီမံတိုင်း ဖြစ်စေရမည် မဟုတ်ပါ၊ ဘကြီးတော် ဖန်နန်းရှင်ဘုရား ကဲ့သို့ ခမည်းတော်ဘုရားက အလယ် နန်းမတော်ဘုရား၏ သြဇာလွှမ်းမိုးခြင်းခံရသည့်တိုင်အောင် လည်း မယ်မယ်ဖျားမှာ သားတော် မျက်နှာ နှင့်မို့ ညှင်းဆဲနှိပ်စက်ဖု့ လမ်းမရှိဘူးထင်ပါသည်။ အဆုံးတစ်နေ့မှာ သားတော်၏မျက်နှာကို ထောက်ညှာ တော် မမူသည်ထားဦး သမီးတော်စုလတ်၏ မျက်နှာကို ငဲ့ကွက်၍ သမက်တော်လောင်း၏ မိခင်ကို သူစိမ်းပြင်ပြင်ကြီး နှိပ်စက်နိုင်မည်တော့ မထင်ပါဘူး မယ်ဘုရားရဲ့"
"သြော်... သားတော်နှင့်ပတ်သက်၍ ချွေးမတော်လောင်း စုလတ်ရဲ့ မျက်နှာကို ထောက်မျှောက်လျှက် မြောက်ရွှေရေးဆောင်မမတို့ ခေါ်တော်မူရာ လိုက်ပါတော်မမူပါနှင့်ဟု မယ့်မယ့်သားတော်က ဆိုလိုတာပေါ့၊ အင်းလေ... ဒီနည်းနှင့် တွေးမယ်ဆိုရင်လည်း အဟုတ်ပင် ငဲ့ညှာထိုက်တဲ့ ၀တ္တရားရှိပါပေတယ် မောင်ရင်ရယ်၊ သို့သော်လည်း 'တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ၊ သတ္တ၀ါအပေါင်း ပျက်စီး ကြောင်း ဆိုတာလို မယ်မယ်ဖျားတို့ တစ်မိသားများ ကောင်းစားရုံကလေးနှင့် အခြားတစ်ပါးသော မိဖုရားများ ဒုက္ခ ဖြစ်မှာကို မငဲ့ကွက်ဘဲ ကိုယ်လွတ် ရုန်းထွက်သလို ဖြစ်နေမှာကိုလည်း တစ်မျိုးတွေးပြီး စိုးရိမ်မိသေးတယ်"
မိန့်တော်မူရာ သားတော်သီပေါမင်းသားလည်း အတန်ငယ်ကြာအောင် တွေးတောဆင်ခြင် တော်မူနေပြီးမှ-
"မယ်မယ်ဖျား တစ်ခုလည်း စဉ်းစားဆင်ခြင်တော်မူပါ၊ အခြားသော မိဖုရားတွေက မိကြီးတော် အလယ် နန်းမတော်ဖုရားကို အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး ဖြစ်တော်မူသွားလျှင် သူတို့ သူတို့တစ်တွေအား မတရား နှိပ်စက် ညှဉ်းဆဲလိမ့်မည်ဟု တစ်ဖက်သက် အယူအဆနှင့် အဓမ္မစွပ်စွဲပြီး စိတ်မပူသင့်ပဲ ပူနေကြတယ် ဆိုလျှင်လည်း ဖြစ်နိုင်ပါသေးသည်။ အလယ်နန်းမတော် ဘုရားဟာ အဂ္ဂမဟေသီ ဖြစ်တော်မူ လျှင် သူတို့ထင်သလို မဟုတ်ဘဲ ပိုက်ပိုက်ထုပ်ထုပ်နှင့် ရင်အုပ်မကွာ ကရုဏာရှေ့ထား၍ လွန်တော် မူသွားတဲ့ စကြာဒေ၀ီခေါင်ဘုရားကြီးပမာ တရားပြည့်ဝစွာ အုပ်ချုပ်တော်မူမယ်ဆိုလျှင်လည်း မိဖုရားတွေ အထင်လွဲသမျှ၊ အချည်းနှီးသက် သက်မျှသာ ရှိကြပါလိမ့်မယ်၊ ခမည်းတော် ရွှေနန်းရှင် ဘုရား ကလည်း အများ ထင်သလို အဂ္ဂမဟေသီဘွဲ့ နှင်းတော်မူထားသည့်နောက် အလယ် နန်းမတော် ဖုရားက လမ်းမှား တော်မူသည့် တိုင်အောင် ပညာရှိမင်းတစ်ပါးဖြစ်တဲ့အတွက် မှန်ရာဘက်သို့ လမ်းညွှန် တော် မူမှာ အမှန်ပါပဲ"
"ဒီအတွက်ကြောင့် အလယ်နန်းမတော် ဖုရား အဂ္ဂမဟေသီကြီး ဖြစ်တော်မူမည့်အရေးတွင် အများတွေး ထင်ကြသလို မကောင်းမှာနှင့် ကောင်းမှာ နှစ်လမ်းရှိတဲ့အနက် လမ်းမှန်မှန်နှင့် မကောင်း ဖြစ်မည့် ဘက်က ချိန်ခွင်လျှာ ထွက်နေလိမ့်မ်ဟု ထင်မိပါသည်။"
"အခြားမိဖုရားများ တွေးထင်ကြသလို သာမန်တွေးလျှင်လည်း အတော်ပဲ စိုးရိမ်စရာ ကောင်းပါသည်၊ ယခု ဘုရာ့သားတော် လျှောက်တင်သလို အဖက်ဖက်ကိုငဲ့၍ တစ်မျိုးလှည့် စဉ်းစားတော်မူမည်ဆိုပါလျှင် ပူစရာ အနည်းငယ်မျှ မရှိနိုင်တော့သည့်အတွက် မြောက်ရွှေရေး ဆောင် မိဖုရားတို့၏ အပေါင်းအသင်းမှာ မယ်မယ်ဖျား မပါရုံမျှနှင့် ကိုယ်ကောင်းရှာတယ်လို့ ပိုင်ပိုင်ကြီးမဆိုနိုင် မစွပ်စွဲနိုင်သေးပါ၊ နောက်ခါ သူတို့တွေးထင်တဲ့အတိုင်း အလယ်နန်းမတော် ဖုရားက နှိပ်စက်ညှဉ်းဆဲခြင်း ခံနေကြရပြီး မယ်မယ်ဘုရားမှာ အေးချမ်းပျော်ရွှင်စွာ စံတော်မူနေရမှသာ ခုနင်က မယ်ဖျား မိန့်တော်မူသွားတဲ့ 'တစ်ယောက်ချမ်းသာ ကိုယ့်ဖို့ရှာ၊ သတ္တ၀ါအပေါင်း ပျက်စီးကြောင်း'ဆိုတဲ့ စကားနှင့်ညီညွှတ်စွာ စွဲနိုင်ပါတယ် မယ်မယ်ဖျားရဲ့"
မယ်တော်လည်း သားတော်သီပေါမင်းသား ဖြည်းဖြည်းလေးလေး လျှောက်တင်တော်မူနေ သည်ကို နားစိုက်တော်မူလျက်ရှိရာက -
"သြော်... သူ့ခမျာများလည်း အလယ်နန်းမဖုရားရဲ့ စိတ်တော်များကို မယုံစားဝံ့ရှာကြတဲ့ အတွက် သောက,ကလေး ဖက်တော်မူနေကြရှာတာကိုး မောင်ရင်ရဲ့၊ မှန်တဲ့အတိုင်း မိန့်တော်မူရမယ်ဆိုလျှင် အလယ်နန်းမဘုရား၏ စိတ်တော်များဟာ သူ့မယ်တော် အကျော်ဒေးယ နန်းမတော်မယ်နု အမည်ခံ၊ ရှင်မိဖုရားကြီးလောက် မထက်မြက်စေကာမ သွေးကလေးတော့ပြ လိမ့်ဦးမည်လို့ ထင်တော်မူ မိသေးတာ ကပဲ၊ ခများများလည်း ကြောက်လန့်ရှာကြည့်မည်ဆိုလျှင် ကြောက်လန့်စိုးရိမ်သင့်တာပဲ မောင်ရင်ရဲ့၊ အဲလေ နောက်ဆုံးတော့ဖြင့် ဘယ်သူမှ အမုန်းမခံရ အောင်ဟာ မယ်မယ်ဖျားတော့ အလိမ္မာစိတ်ထားနှင့် ကြားနေ အဖြစ်နှင့်ပဲ နေလိုက်တာ အအေး ဆုံးထင်ပါ့ မောင်ရင်ရယ်"
(အားရကျေနပ်စွာနှင့်)
" မှန်ပါ့တယ် မယ်မယ်ဖျား၊ နှစ်ဦးနှစ်ဖက်၊ အစွန်းမထွက် အမုန်းမခံရအောင်ဟာ ကြားက အေးအေး စံတော်မူနေလိုက်တာက ဘေးကင်းရန်ကင်း အရှိဆုံးပါပဲ၊ မယ်မယ်ဖျား သားတော်လည်း ဒီအကြံကို အင်မတန်မှ သဘောတူညီလှကြောင်းပါ"
" ကိုင်း……..ကိုင်း………. ဒါဖြင့် မောင်ရင့်အလိုတော်လည်းကျ၊ မယ်ဖျားကို လည်း နှစ်ဦးနှစ်ဖက် တို့က အမုန်းခံတော်မူရအောင်ဟာ အလိမ္မာစကားသုံးပြီး လုံးလုံးကြီး ကြား နာတော်မူ လိုက်ပါတော့မယ်၊ ကဲ…..ကဲ မောင်ရင်လည်း ဒီအရေးနှင့်ဖြင့် စိတ်အေးအေး နေတော်မူ ပေတော့၊ သြော်………ဒါနှင့် မယ်မယ်ဖျား ထွက်တော်မူခဲ့တာလည်း အချိန်အတန်ကြာပြီး၊ မောင်ရင့်အစ်မတော် စုကြီးနှင့် နှမတော် စုကလေး တို့လည်း မောင်ရင့်ကို များစွားတွေ့လိုတော် မူရှာကြတယ်"
" နောက်တစ်ခါ မယ်မယ် ထွက်တော်မူလာမှ စုကြီးနှင့် စုလေးပါ ခေါ်တော်မူလာရဦးမယ်၊ အလို……..ဒါနှင့် မောင်ရင့် လက်စွဲတော် ငတုတ်နှင့် ငဖေငယ်တို့လည်း မမြင်ပါကလား ဘယ်များ သွားနေကြသလဲ၊ မောင်ရင် ကလည်း ကိုယ့်အမှုထမ်း ကျေးကျွန်တွေကို တော်တော်မျက်နှာသား ပေးမှပ၊ မြှောက်စားလျှင် ရောင့်တက်သတဲ့၊ မျက်နှာသာပေးပြီး အရေးတကြီးကြာတော့ အရှင်သခင်ကို မကောင်းမူလမ်းများကို ဖျက်ဆီးသွေးဆောင်သွားတတ်တယ်၊ မောင်ရင်ရဲ့။
"မယ်မယ်ဖျား သားတော်ထံ ထွက်တော်မူလာတိုင်း ဒီ………အကောင်နှစ်ယောက်ဟာ အဆောင်တော် ဦးမှာ မောင်ရင်နှင့် ရင်းရင်းနှီးနှီး လက်ပွန်းတတီး အရာတ၀င် နေထိုင်တော်မူတာ တွေ့မြင်တော်မူရတယ်၊ ဒီကောင် နှစ်ယောက်အနက်က ငဖေငယ်ကတော့ လိမ္မာပျော့ပျောင်းပုံရပါ ရဲ့၊ ငတုတ်ဆိုတဲ့ အကောင်ကဖြင့် ကျွတ်ဆတ်ဆတ်, ဆောင့်ကြွားကြွားမို့ မယ်ဖျားတယ်ပြီး စိတ်ချ တော်မမူဘူး၊ ' ဂမူးရှုးထိုး' ' ဆင်ကန်းတောထိုး' လုပ်ကိုင်တတ်ပုံရတယ်၊ ဘယ်အရာမဆို သတိဝီရီယရှေ့ ထားပြီး စေစားတော်မူပါ၊ တပည့်မလိမ္မာ ဆရာ အာပတ် သင့်တတ်တယ် မောင်ရဲ့။
" မယ်မယ်ဖျား သားတော်ထံ ထွက်တော်လာတိုင်း ဒီိ…………. အကောင်နှစ်ယောက်ဟာ အဆောင်တော်ဦးမှာ မောင်ရင်နှင့် ရင်းရင်းနှီးနှီး လက်ပွန်းတတီး အရာတ၀င်နေထိုင်တော်မူတာ တွေ့မြင် တောမူရတယ်၊ ဒီအကောင် နှစ်ယောက်အနက်က ငဖေငယ်ကတော့ လိမ္မာပျော့ပျောင်းပုံရပါရဲ့၊ ငတုတ်ဆို တဲ့ အကောင်ကဖြင့် ကျွတ်ဆက်ဆက် ဆောင့်ကြွားကြွားမို့ မယ်ဖျား တယ်ပြီး စိတ်ချတော်မမူဘူး၊် ' ဂမူးရူုးထိုး' 'ဆင်ကန်းတောတိုး' လုပ်ကိုင်တတ်ပုံရတယ်၊ ဘယ်အရာမဆို သတိဝီရီယရှေ့ထားပြီး စေစား တော်မူပါ၊ တပည့်လိမ္မာ ဆရာအာပတ်သင့်တတ်တယ် မောင်ရဲ့"
မိန့်တော်မူလေရာ သီပေါမင်းသားမှာ မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့၏ အကြံညဏ် နည်းပေးလမ်ပြမှုကြောင့် စုဖုရားလတ်အဆောင်သို့ ထွက်တော်မူကြရန် အခွင့်ပန်စာရွှေလွှာတော် ရေးသား ပေးပို့ကာ များမကြာမီ စုဖုရားနှင့် နှစ်ပါးတွေ့ဆုံဖို့အရေးပင် သတိပေးတော်မူသော အမိန့်တော်မူသော အမိန့်တော်စကားနှင့် ဆက်သွယ်စဉ်းစားတော်မူသောအခါ -
" အင်း……….ဘာလိုလိုနဲ့ ငါကိုယ်တော်လည်း ငတုတ်တို့ ကြိုးဆွဲတိုင်း က,တော်မူနေရတဲ့ မင်းသားရုပ်ကလေးနဲ့ တူနေတော့တာပဲ၊ စုစုနှင့် တွေ့တော်မူရန်အရေးကိုလည်း ငတုတ်တို့နည်းပေးကြ ခြင်းမျှဖြစ်တယ်၊ အကယ်၍ စုစုထံက ထွက်တော်မူလာပါဟု အလွှာတော်သင့်၊ အခွင့်တော်သာလို့ ငါကိုယ် တော်အနောက်ပိုင်းကို တိတ်တဆိတ် ထွက်တော်မူမိတဲအခါများ ရာဇ၀တ်ကောင်များ သင့်ခဲ့လျှင် မလိမ္မာတဲ့ ငတုတ်တို့ မြှောက်ပင့်စကားကို နားယောင်မိလို့ အတိဒုက္ခရောက်ရသလိုဖြစ်မှာပါကလား၊ ယခု မယ်မယ်ဖျား သတိပေးဆုံးမတော်မူတဲ့ စကားများဟာ ငါကိုယ်တော်အတွက် များစွာမှ ဆင်ခြင်တော်မူသင့် တဲ့ အချက်တွေပါပေတယ်၊ အင်း…….. အလွှာတော်ရွှေပြာဖြင့်မဆိုနိုင်ဘူး၊ တကယ်လို့သာ စုစုက ကျေကျေနပ်နပ်ကြီးနှင့်
မောင်တော်ကြွလာပါဆိုသည့်တိုင်အောင် စွန့်စွန့်စားစား အနောက်ဆောင်ပိုင်းသို့ ကျူးကျူးကျော်ကျော် ထွက်တော်မူရမည့်အရေးကို အများကြီး ချင့်ချိန်စဥ်းစားတော်မူစရာ ကိစ္စတွေရှိပေသေး တာပဲ "
စဉ်းစားဆင်ခြင်တော်မူမိကာ ရုတ်တရက် တွေဝေ ငေးမောနေတော်မူမိလေ၏ မယ်တော်ဘုရာ လည်းသားတော် မျက်နှာတော် ရှုစားတော်မူမိကာ
"ကဲ………ကဲ…. မောင်ရင်၊ မယ်ဖျား အစစ သတိပေးတောမူတာများ မမေ့မလျော့လေနှင့်နော်၊ မယ်မယ် ထွက်ကြွတော်မူရော့မယ် မောင်ရင်ရဲ့"
"မှန်လှပါဘုရား၊ မယ်ဖျား ဆုံးမသတိပေးတော်မူတာများ သားတော်၏ စိတ်တော်ထဲမှာ ရွှေမယ်န နှင့် စွဲသလို မြဲမြဲကြီး မှတ်သား၍ များများကြီး ဆင်ခြင်စဉ်းစားပါမည်ဘုရား၊ စိတ်ချပြီး နောက်ပါရံရွှေတော်များ နှင့်အတူ အဆောင်တော်ရှိရာသို့ ပြန်လည်ထွက်ကြွတော်မူလေသတည်း"
" သီပေါမင်းသားလည်း မယ်တော်ဖျား ထွက်တော်မူသွားပြီးနောက် တစ်ပါးတည်း ကျန်တော်မူေ သောအခါ ရွှေလွှာတော်ပေးရန်အတွက် တောင်ဥယျာဉ်ထဲသို့ ထွက်သွားကြသော မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့အား မယ်ဖျား မိန့်စကားကြောင့် များစွာစိတ်လေးတော်မူလျက်ပင် မျှော်တော်မူမိလျက် ပင်မျှော်မိလျက် ရှိနေစဉ် အိမ်တော်မလွယ်ပေါက်ဆီးသို့ သုတ်သီးသုတ်ပြာရောက်လာကြသော မောင်မောင် တုတ်နှင့် မောင်မောင်ငယ်တို့ကို တွေ့မြင်တော်မူသဖြင့်
သီးပေါမင်းသားမှာ နဂိုကပင် မယ်တော် သတိပေးဆုံးမတော်မူပြီးစဖြစ်၍ ငယ်ကျွန်တော်နှစ် ယောက်အတွက် သောကမအေးတော်မူလျက်ရှိဆဲအခါတွင် မလွယ်ပေါက်မှ ပျာယီးပျာယာဝင်လာကြသော မောင်မောင်တုတ နှင့်မောင်မောင်ငယ်တို့ကို မြင်တော်မူရပြန်သောအခါ သောကမအေးရာတွင် စိုးရိမ်စရာတစ်ဆင့်တိုး၍ တစ်မျိုးစိတ်ပူတော်မိသဖြင့် ရင်တော်ကိုလက်နှင့်ဖိပြီး တစ်ပါးတည်းပင်
" ဟော….ငတုတ်တို့ ပျာယီးပျာယာနှင် ဘာများဖြစ်လာကြပါလိမ့်"
မိန့်တော်မိုလိုက်မိစဉ် မလွယ်ပေါက်မှ ၀င်လာသော မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့က လည်း အိမ်တော်ဦးသို့ မော်၍ကြည့်တွင် သီပေါမင်းသားကို တွေ့မြင်ရသောကြောင့် မောင်ဖေငယ်က မောင်မောင်တုတ်ကို လက်ကုတ်ခါ
"ဟော…….ဟိုမှာ ကိုရင်တုတ်၊ ရွှေကိုယ်တော် တယ်မသာဘူး၊ ကျုပ်တို့ကြားလို့ မျှော်တော်မူတာ နှင့်မျက်မာန်ရှတော်မူပြီထင်တယ်၊ သြော်…… ဒါနဲ့ ကိုဖေငယ်ရေ၊ မတော်လို့များ မောင်မင်းတို့ ဘာကြောင့် ကြာနေရသလဲလို့ မေးတော်မူရင် မြို့ပြင်ထွက်ကြတဲ့အကြောင်းကို စောင်းပါးရိပ်ခြည်လောက်ပင် လေသံမ ထွက်ရအောင် ဂရုစိုက်ပြီး သံတော်ဦးတင်ပါ၊ ဘယ့်ကလောက်ပင် မေးစစ်တော်မူသော်လည်း တောင်ဥ ယျာဉ်တော်ထဲမှာ အထိန်းတော်ခသင်ကြီး စောင်ရတာနှင့် ကြာနေပါတယ်ဘုရားလို့သာ လျှောက်တင်ပါဘိ"
တီးတိုးသတိပေးသဖြင့်-
" စိတ်ချပါ၊ ကိုရင်တုတ်ရယ်၊ ကျုပ် ဒါလောက် မမိုက်ပါဘူး၊ ကိုရင့်ပါးစပ်ကသာ အနံ့တွေမထွက်ပါစေနှင့်"
ပြန်ပြောမှ မောင်မောင်တုတ်လည်း သဘောကျသွားကာ-
" ဒါတော့မပူပါနှင့်၊ ကိုဖေငယ်ရဲ့၊ ဟား……ဟား…….ကဲ နံသေးသလား သြဇာရွက်သုံးရွက်တောင် ၀ါးခဲ့ပါတယ်"
ဆိုပြီး ပါးစပ်ကြီးကို မောင်မောင်ငယ်၏ နှာခေါင်းဝနားတွင် 'ဟား' ပြလိုက၍့ ဘာနံ့မှ မရသောအခါ တွင်မောင်မောင်ငယ်ကလည်း ကျေနပ်သွားကာ နောက်ဆောင်မှဖြတ်လျက် အိမ်တော်ဦးသို့ ထွက်လာကြ ပြီး သီပေါမင်းအပါးတော်၌ ခစားမိကြလေ၏ သီပေါမင်းသားလည်း စိတ်ချတော်မမူ၊ စိုးရိမ်တော်မူဟန်ဖြင့်-
" ဟဲ့……….မောင်မင်းတို့ ပျာပျာသလဲနှင့် မလွယ်တံခါးက ၀င်လာကြတာ ဘယ်လိုအရေးအ ကြောင်းများ ထူးထွေလာကြသလဲ"
တုတ်။ ။ " အကြောင့်မထူးပါဘူး၊ အရှင်အိမ်တော်နား ရောက်ကာနီးမှ ရှေ့တူရှုက မက္ခရာကိုယ်တော်ကြီး ထွက်တော်မူလာတာ ခပ်လှမ်းလှမ်းက မြင်ရတဲ့ ကြန့်ကြာနေမည်စိုးသည်အတွက် ကသုတ်ကရက် မလွယ်တံခါးက ပြေးဝင်လာကြခြင်းဖြစ်ကြောင်းပါဘုရား"
မင်းသား။ ။ သြော်……..ဒီလိုဖြင့် တော်ပေသေးရဲ့၊ ငါက နင်တို့ သွားလိုက်တာကြာလွန်းလို့ ဒီကောင်တွေ ဘာများဖြစ်နေပါလိမ်မလဲဆိုပြီး စိတ်ပူတော်မူမိတယ်"
ငယ်။ ။" ဖျာ့ကျွန်တော်မျိုးတို့ ကြာရသည့်မှာ တောင်ဥယျာဉ်တော်တွင် အထိန်းတောကြီး မပေါ်လာသဖြင့် အတော်ကြာကြာကြီး စောင့်ဆိုင်းနေရသည့်အတွက်ပါဘုရား"
မင်းသား။ ။" အလွှာတော်ကို အထိန်းတော်ကြီး ခင်ဘွားသစ်လက်ကို အပ်လိုက်ပြီလား မောင်မင်း''
တုတ်။ ။"မှန်လှပါ၊ ရွှေကိုယ်တော်ဖျား၏ ရွှေလွာတော်ကို အထိန်းတော်သခင်ကြီးလက်သို့ ချောချောမောမော ပေးအပ်လိုက်ပြီးကြောင်းပါဘုရား"
မင်းသား။ ။ " ဟင်…ငါက မပေးရသေးဘူးဆိုလျှင်လည်း ပြန်ပြီးသိမ်းတော်မူမယ်လို့ မောင်မင်းတို့က ဒီလိုနေရာမျိုးမှာတော့ တယ်ပြီးအမှုထမ်းကောင်းကြသကိုး"
မောင်မင်းတုတ်နှင့် မောင်မောင်ငယ်တို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အံ့သြသလိုလို ဖြစ်နေကြလျှင် သီပေါမင်းသားကလည်း လူပျိုတော်များ၏ စိတ်ထားကို ရိပ်မိတော်မူသွားသည်နှင့်
မင်းသား။ ။" မအံ့သြကြနှင့် မောင်မင်းတို့ရဲ့၊ ငါတော့ မယ်မယ်ဖျားက ခမည်းတော် ဘုရား မြှောက်စားသူကောင်းပြုတော်မူထားစမှာ အရာခပ်သိမ်းမျိုး အစွန်းအစ မထွက်တေဘဲ အပြစ်ကင်းအောင် အလိမ္မာသဘောနှင့် အေးအေးငြိမ်ငြိမ် ဣန္ဒြစောင့်ထိန်းပြီး စံတော်မူစေလိုတဲ့အတွက် မောင်မင်းတို့ လျေက်တင်တဲ့ အကြံအစည်ကို ရုတ်တရက် ပြုတော်မူလို့ မတော်သေးဘူးထင်တယ်"
တုတ်။ ။" စိုးရိပ်ပူပင်တော်မမူရန် ကျွန်တော်မျိုးများက အတန်တန် သံတော်ဦးတင်လျက်ပါ၊ ရွှေကိုယ်တော်ဖျားက စိုးရိမ်အားသန်တော်မမူပါနှင့် ဘုရား၊ ဘယ်နည်းမှ ဤကိစ္စနှင့်ပတ်သက်ပြီး အရှုပ်အယှက် ဖြစ်တော်မူစရာမရှိကြောင်းပါ"
မင်းသား။ ။" မောင်မင်းတို့စကားကို ယုံလို့ အပုံကြီး ခရီးလွန်တော်မူလာခဲ့ပြီဟဲ့"
ငယ်။ ။"ခရီးလွန်လေ ရွှေကိုယ်တော်ဖျားနှင့် အရှင်စုဖရားတို့နှစ်ပါး နီးတော်မူရန် အချိန်အခါ ရောက်လွယ်လေပါဘုရား"
မင်းသား။ ။ " အထိန်တော်ကြီး ခင်ဘွားသစ်က ဘယ်လိုများ ပြောသေးသလဲ မောင်မင်း"
တုတ်။ ။ " အထိန်းတော်ကြီးကလည်း အရှင်နှစ်ပါး စုလွှားရစ်ရုံ ရွှေမေတ္တာလှုံ၍ အချစ်ဘုံ အချစ်နန်းကြီးကို သိမ်းမြန်းစိုးစံ၊ အောင်ဘိသိက်ခံဖို့ရန် အင်မတန်အားထုတ်ကြိုးပမ်း အမှုတော်ထမ်းလျက် ရှိသူဖြစ်တဲ့အတွက် အလွှာတော်ကို အရှင်စုဖုရားရွှေလက်တော် အမြန်ဆုံးဆက်ပြီး အကွယ်ဆိုက်အောင် ကြံဖန်ပါမည်ဟု အလီလီ အာမခံသွားကြောင်းပါဘုရား"
မင်းသား။ ။"အင်း… မောင်မင်းတို့ အလုပ်ကဖြင့် နှိုက်မရအောင် စူးနေပါ့ကလား၊ သို့သော်လည်းလေ စုစုက ကြည်ကြည်သာသာနှင့် မောင်မောင်ထွက်တော်မူလာခဲ့ပါလို့ အလွှာတော် မပြန်လာသေးသမျှတော့ ငါကိုယ်တော်မှာ ခပ်အေးအေးစံတော်မူရမှာပါပဲ။ အလွှာတော် တုံ့ပြန်ဖို့အရေးကို စုစုက ခပ်လေးလေး ခပ်အေးအေး နှေးနိုင်သမျှ နှေးပါဆိုတာ ဆုတောင်းရတော့မယ်"
မောင်မောင်တုတ်မှာ အရှင်သခင်ဖြစ်၍ ထပ်ခါလျှောက်တင်ဝံ့တော့သည် မဟုတ်သဖြင့် အားမလို အားမရ ဖြစ်မိသော စိတ်များကို မောင်မောင်ငယ်ဘက်သို့ လှမ်းကြည့်လျက် တစ်ချက်မျှပင့်ရှိုက်လိုက်မိခြင်း ဖြင့် ဖြေသိမ်းလိုက်ရလေ၏ သီပေါမင်းသားကလည်း လူပျိုတော်များအားလ ဆက်လက်လျှောက်တင်ခွင့်မရ အောင်မျက်နှာတော်ကို တညတံ့စွာ ပြောင်းတော်မူလျက်
" မောင်မင်းတို့ကိုလည်း စကားစပ်မိသည့်အခါ တပည့်ကျေးကျွန်ရင်ချများ ဖြစ်တဲ့အတွက် ဆုံးမတော်မူရဦးမည်"
" အရှင်မြင့်လျက် ကျွန်တင့်သည်" ဆိုသော စကားပုံအံတိုင်း ငါကိုယ်တော်ကို ခမည်းတော်ဘုရား မြှောက်စားသူကောင်ပြုတော်မှုလျက် လွှတ်တက်မင်းသားတစ်ပါး ဖြစ်တော်မူလာသည့် အရည်အချင်းရှိသူ များမပီပီ လက်ရုံးရည်၊ နှလုံးရည်နှင့် တည်ကြည်ငြိမ်သက်စွာ အမူတော်ကိုထမ်းရွက်ကြရမည်။ " အရှင်ဘုန်း ကြီးကျွနှ်ဓားပြီး" ဆိုသလို ကိုယ်၏အရှင်သခင် ဂုဏ်ကိုး၍ ဆိုးညစ်မိုက်မဲသော စိတ်ထားများ မွေးမြူလျက် ကိုယ့်လက်အောင်ငယ်သား ဆင်းရဲနွမ်းပါးနိုင်ရမည့်သူများကို မတရား မပြုမိရန် အဖန်ဖန် ဆင်ခြင်ရမယ်၊ ကိုယ်နှင့် ဂုဏ်တုဂုဏ်ယူနိုင်အားကျမခံ မပြိုင်ဆိုင်ဘဲ ကိုယ့်အရှင်မှတစ်ပါး အခြားတစ်ပါးသော မင်းညီမင်း သားဆွေတော်မျိုးတော် အနွယ်တော်များကိုလည်း မထေမဲ့မြင် မပြုလေနှင့်"
" ကိုယ်အရှင်ကို ကြိုးနွံရိုသေသကဲ့သို့ပင် တွေ့မြင်ရာအရပ်နှင့် ရိုသေကိုင်းညွတ်ရမယ်၊ ငါ့ကို အားကိုး၍ တရားမဲ့ မောက်မားဆိုးသွမ်းသော အမှုကို မပြုရဘူး၊ ငါကိုယ်တော်၌ကပင် ငါ့ထက် အရွယ်တော် ကြီး ဘုန်းတန်းခိုး ကြီိးမားသည့် နောင်တော့် နောင်တော် မင်းသားကြီးများကို ထမ်းရမည်၊ မောင်မင်းတို့ မတည် မကြည် လော်လီဆိုးသွမ်းလျှင် တရားလမ်းအတိုင်း ဖြစ်စေရမယ်၊ ငါကိုယ်တော် ကယ်ဆယ်တော် မမူနိုင် 'တပည့်မကောင်း သခင်ခေါင်း' ဆိုသလို တပည့်မိုက် တပည့်ဆိုးကြောင့် သခင်ဖြစ်သူ ဂုဏ်ညှိုး မခံရစေ နှင့် မောင်မင်းများ "
မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့လည်း ခေါင်းအောက်ချကာ ငြိမ်သက်စွာနာခံ လျက် ရှိကြလေ၏။
သီပေါမင်းသားလည်း ငြိမ်သက်စွာ ခစားနေကြသော ကျွန်ယုံတော်နှစ်ယောက်ကို အထပ်ထပ်ရူစား တော် မူလျက် ဆက်လက်၍ ဆုံးမစကား မိန့်ကြားလိုသေးသဖြင့်-
"နို့ပြီးတော့ မယ်မယ်ဖျားက ငတုတ်ကိုလည်း များစွာစိတ်တော်မူပုံမရဘူး၊ မောင်မင်း သတင်းကို ဘယ်လိုများ ကြွားတော်မူနေတယ်မသိဘူး၊ ငတုတ်ကိုကြည့်ရတာ ဆောင့်ကြွားကြွား ကြွပ်ဆတ်ဆတ် နိုင်တယ်၊ သခင့်အရှင် ရှေ့တော်မှာပင် ဘယ်အရာမျိုးမဆို မဟုတ်မခံ အသံစွာစွာ နှင့်ပြောတတ် ဆိုတတ် တယ်၊ သခင့်ကွယ်ရာမှာ ဆိုလျှင် သူကျယ်ချင်တိုင်း ကျယ်နေမှာပဲ၊ ဒီလိုသာ အလိုလိုက် အရေးပေး ထားလျှင် နောင်ကို သည်ထက်ကဲလာလျှင် သားတော်မှာ 'တပည့်မ ကောင်း သခင်ခေါင်း' ဆိုသလို လွှဲစောင်း တိမ်းဖယ် မရအောင် တာဝန်ကျလိမ့်မည်တဲ့၊ အဲဒါကြောင့် မောင်မင်း တို့လည်း ကိုယ်ကို မတော်မသင့်ရာ ရှိမရှိ စိစစ်ဆင်ခြင်ပြီး ပြင်သင့်တာကို ပြင်ကြရမယ်၊ မယ်မယ်ဖျားက ရှေ့နောက်ဆင်ခြင် မြှော်မြင်တောမူလျက် သားတော်နှင့်တကွ ကျေးကျွန်တော် မျိုးများအတွက် စိတ်လက်မအေးတော်မူရှာလို့ သတိတော်ပေးသွားရှာတယ်"
မိန့်ကြားတော်မူစဉ် ညစာပွဲတော်အုပ်နှင့် အိမ်တော်အမူထမ်းများ၊ အဆောင်တော်နှင့် အတူဝင်လာကြသဖြင့် စကားပြတ်သွားတော်မူလေရာ၊ မောင်မောင်တုတ်နှင့် မောင်မောင်ငယ်တို့ လည်းမျက်နှာငယ်လေးနှင့် အပါးတော်မှ ထလာကြပြီး အိမ်ဖန်တော်ထဲသို့ ၀င်လာကာ နှစ်ယောက်သား ခေါင်းချင်းဆိုင်လုပ်ပေးနေတာ၊ သူ့မယ်တော် မိဖုရား ပိန်နာကြီး လာပွေတာနဲ့ ကျုပ်တို့တွေ အလကား နေရင်း………"
ဆုံးအောင်မပြောပသေးမီ မောင်မောင်ငယ်က မောင်မောင်တုတ်၏ ပါးစပ်ကို လှမ်းပိတ် ကာ-
" ဟာ…… ကိုရင်တုတ်၊ ဘယ့်နှာတွေ ပမာမခန့် ပြောနေရတာလဲ၊ ၊ ကြမ်းကြား လေကြား မတော်တဆ ကြားသွားမှဖြင့် ဓားတော်နဲ့ နီးလှသဗျ၊ တော်စမ်းပါ၊ ကိုရင်ကလည်း နည်းနည်းတော့ ကဲချင်တာ အမှန်ပဲဗျာ၊ စင်စစ်တော့ မယ်တော်ကြီးက ရွှေကိုယ်တော် အမှူးထားပြီ တစ်အိမ်တော် သားလုံး တပည့် ကျွေးကျွန်မှ စ၍ အစစ လူချီးမွမ်းခံရအောင် အပြစ်ကင်းကင်းစင်းလုံးချောချော ပြောစရာမမြင်အောင် နေထိုင်ကြစေချင်တဲ့ စေတနာနှင့် ဆုံးမသင် ဆုံးမထိုက်တဲ့ မယ်ဖျားမို့ သားတော်ကို စိတ်ရှုပ်ဟန်နှင့်-
" ဗျာ……….ဆုံးမတာနည်း ဆုံးမသွာပြီ၊ ဒါကိုပဲ ကျုပ်တို့ စိတ်မကောင်းအောင်ဟာ ရွှေကိုယ်တော် ဖျားက အရင်းအဖျား ပြန်လှန်ပြီး အမှန်တိုင်း တစ်ဆင့်မိန့်တော်မူပြန်တာ မကောင်းပါဘူးဗျာ၊ မသိလိုက် မသိပါနေရ အကောင်းသား၊ ခုတော့ ကျုပ်က ဆောင့်ကြွားကြွားဖြစ် နေတယ်လို့ပဲ"
ညည်းညည်းညူညူပြောလျှင်-
" အဲဒါ ကိုရင်တုတ် ဆင်ခြင်ဖို့ပေါ့၊ လူကြီးများဟာ ထော်လော်ကန့်လန့် ကြွပ်ဆတ် ဆတ်အမူအရာ၊ အပြောအဆိုမျိုးကို တယ်ပြီး နှစ်သက်ကြတာ မဟုတ်ဘူးဗျ၊ လူလိမ်မာသား ယဉ်ပါး ဆိုသလို ကိုရင်အမူအရာ ကိုရင်ပြင်နိုင်သမျှပြင်ရင် ကောင်းပါတယ်၊ ရွှေကိုယ်တော်"
ဖျားကတော့် ကိုယ်ပတည့်သားမြေး ကျေးကျွန်ခြံရံများကို သနားညှာတာ မျက်နှာသားပေ တော်မူထားရှာတာတော့ အမှန်ပဲ၊ ဒါကြောင့်လည်း ကိုရင်တို့ ကျုပ်တို့က ' ထောကထားလျှင် နှောင့်ယှက်၊ မြှောက်စားလျှင် ရောင့်တက်' ဆိုသလို ဇက်ရဲလက်ရဲ ဖြစ်နေကြတာကိုး၊ ကဲဗျာ လာပါ ၀ဲဆောင်သွားပြီး အချိုပွဲကလေး စားချေရအောင်"
ဆိုလျက် မောင်မောင်ငယ်က မောင်မောင်တုတ်အား လက်ကုတ်၍ ခေါ်သွားလေ၏။
မောင်မောင်တုတ်လည်း မောင်မောင်ငယ် ခေါ်ရာသို့ စကားမပြော ထုံဏှိဘောနှင့်လိုက် ပါသွားသည်တိုင်အောင် မကျေနပ်သေးသော မျက်နှာနှင့် တွေဝေစဉ်းစာလျက် ပါလာရာက ၀ဲဆောင် ထဲတွင် မောင်မောင်ငယ်က အချိုပွဲမှ သစ်ကျားပျောက် ပန်းကန်ငယ်တစ်ခုကို ယူလျက် မြေခရားတွင် အငွေ့ အဝေသားနှင့် နှပ်သားသည့် လက်ဖက်ရည်ကြမ်းကို ငှဲ့ထည့်လိုက်ပြီး မောင်မောင်တုတ်ဘက်သို့ ကမ်းပေးတာ-
" ကဲ……..ကဲ…….ကိုရင်တုတ်ရဲ့ လုပ်ပါဗျ၊ ရွှေဖီညွန့်အရသာကလေးကို အာရုံခံစစ်ဦး၊ ကျုပ်ကတော့ ကိုရင့်ပင်ကျရေတို့ ၊ နေကျော်တို့ကို အရသာမခံတတ်ဘူး၊ ဟော….ဒါကလေးကို အချိုပွဲကလေးနှင့် မြည်းရှလျှင် အင်မတန် စည်းစိမ်ကြီးတာကလား၊ ရော့……ဟောသည် (*) ခနုံထုပ်ကလေးလည်း စားစမ်းပါဦး"
ပြောသည်ကိုတိုင်အောင် မောင်မောင်တုတ်မှာ ပေးသောပန်းကန်ကို လှမ်းယူလျက် ရှိစေကာမူ မျက်နှာကား မကျေမနပ်ကြီးပင် အတွေးကျွံသလို ငေးလျက်ရှိရာက သက်ပြင်းကြီးတစ်ချက် ရှိုက်ချ လိုက်ပြီး လျှင်
" ပြီးတော့ဗျာ၊ 'ခုပဲ စာကလေးကြော်၊ ခုပဲ ဆီထမင်း၊ ခုပဲ ရင်ကြောတင်း၊' ဆိုသလိုကျုပ် တို့ ရွှေကိုယ်တော်ဗျား မိန့်တော်မူပုံများ စဉ်းစားစမ်းပါဦး၊ အလွှာတော်မပေးခင်တုန်းကတော့ ကောင်းပြီ ကောင်းရဲ့နှင့် ဟော………. အခု အလွှာတော် ဟိုမရောက်မှ ရွှေစိတ်တော်တစ်မျိုး ဖောက်ပြီ နောက်ဆုတ် တော်မူယောင်ယောင်၊ ကွေ့ကွေ့ရှောင်ရှောင်နှင့် တောင်တောင်မြောက်မြောက်ဖြစ်တော် မူလာပြန်ပြီ၊ ဒီဆီထိ ခရီးဆိုက်အောင် ကျုပ်တို့တစ်တွေ အားစိုက်ကြိုးပမ်း အမူတော်ထမ်းခဲ့တာကိုပဲ အပြစ်ဆိုတော် မူချင်သလိုလို ကိုဖေငယ်ရဲ့"
ငယ်။ ။ " ကျုပ်လည်း သိပါတယ်ကိုရင်ရဲ့၊ လိုရင်းက ဒီလိုပါလေ၊ အရှင်စုဖုရားထံတော် ကကြည်သာ တော်မူပါပြီ၊ သဉ္စညောင်းစောင်းသို့ ကြွလှမ်းထွက်ချီတော်မူခဲ့ပါလို့ အလွှာတော်ပြန် တဲ့အခါ ကျုပ်တို့ ရွှေကိုယ်တော်ဖျားက နှစ်ပါးတွေ့ဆုံတော်မူရမှာတွေးပြီး ကြောက်ဒူးများတုန်တော်မူ နေသေးလို့ ခပ်လေး လေး အချိန်ဆွဲတော်မူချင်ရတဲ့ အထဲမှာ မယ်တော်ကြီးကထွက် တော်မူလာပြီး ဘာဘာညာညာ ဟိုနှယ် ဒီနှယ်တွေ ရှုပ်ပွေလို့သွားအောင်ဆုံးမ သွန်သင်တော်မူ သွားပြန်တဲ့အတွက် အကြောက်မှာ အရွံ့ဖက်ပြီး မစွန့်စားရက်နိုင်အောင် သွေးကြောက်တော်မူ သွားပုံရပါတယ်၊ ကျုပ်တို့သခင်က အင်မတန် ရိုးတော်မူတာ ကိုရင်လည်း အသိသားပဲ၊ အခြား မင်းသားတွေ လိုသာများဖြင့် ကျုပ်တို့ကျေးကျွန်များက ခြေတော်ကို ဖက်ပြီးတားဦး အတင်းရုန်း ပြီးစွန့်စားတော်မူမှာပဲ"
တုတ်။ ။ " ဒီလိုဖြင့်လည်းဗျာ အစက ဘာဖြစ်လို့ ချစ်တော်မူသေးတုံး၊ ခုလိုတွေးတွေးပြီး ဘေးက ချောက်တိုင်း လန့်တော်မူရင်လည်း………."
ငယ်။ ။ " သြော်……ကိုရင်နှယ်၊ ချစ်တော်မူတာကတစ်လမ်း၊ စုဖုရားအဆောင်တော် ဖြန့်မြန်ရမှာကို ကျောချမ်း တာကတစ်လမ်းပဲ"
တုတ်။ ။" ကိုင်းဗျာ………ကိုဖေငယ်၊ ကျုပ်တော့ ဒီကြောင်းနှင့်စပ်ပြီး နောက်ထပ်တော် ဗျားက စတင်ပြီး အမေးတော်မရှိဘဲ နည်းနည်းကလေးမှ မလျှောက်တင်ပါလေနဲ့၊ စုဖုရားကို ချစ်အားသန်စိတ်နှင့် စိုးရိမ်ကြောက်ရွံ့ နောက်တွန့်တော်မူလိုတဲ့စိတ်ကို ချိန်ခွင်လျှာ ဘယ်ဘက် သို့ယိမ်းမယ်ဆိုတာ အရိပ်အခြေစောင့်ပြီး ကြည့်နေရအောင်"
ငယ်။ ။ " အင်း……အဲဒါကောင်းတယ်၊ ကျုပ်တို့မှာ 'အကျိုးလိုလို့ ညောင်ရေလောင်း၊ ပတ်ထမ်းတွေ' ဆိုသလို မဖြစ်ရအောင် ဏ္ဍနြေ္ဒ ကိုယ်ရှိန်သက်ပြီး ရပ်တန့်လို့နေကြမယ်၊ ကိုရင် လည်းခပ်ငြိမ်ငြိမ်ကလေး ဟန်လုပ်ပြီး မခုတ်တတ်တဲ့ကြောင်လို ချောင်းခိုပြီး ခစားဗျ၊ တောင်ဥယျာဉ်တော်ကိုလည်း ရွှေကိုယ်တော် ဖျားက သွားချေမခိုင်းဘဲ မသွားစတမ်း"
တုတ်။ ။ "ဟုတ်တယ် ကိုဖေငယ်၊ ဒီအကြံဟန်ပါလေရဲ့ သူငယ်ချင်း၊ ကိုင်း……..ဒီကနေ့ ကစပြီး သခင်နဲ့ကျွန် ' လွန်ပွဲကြီး'လုပ်ကြစို့၊ ဘယ်သူက ဇွဲကောင်းမကောင်း အကြောင်းပြကြရ အောင်"
ဆိုကာဖြောင်ခနဲ့ လက်ခမောင်းခတ်လိုက်သဖြင့် မောင်မောင်ငယ်က စိုးရိမ်စွာ တားဆီလျက်-
ငယ်။ ။ " သြော်………ကိုရင်တုတ်၊ တယ်ခက်တာကိုး၊ ကျုပ်တို့ အရွဲ့တိုက်တဲ့အကြံကို ရွှေကိုယ်တော် ရိမ်မိသွားရင် ငါ့ကို ပမာမခန့်ပြုရမလားလို့ ဓားတော်နှင့် သူကောင်းပြုလို့ လူ့ဘ၀ဆိုပြီး ပြုံးပြုံးကလေး သေတဲ့ မသာကလေးတွေ ဖြစ်ပါဦးမယ်"
တုတ်။ ။ " ခင်ဗျားလည်း တော်တော် ကြံကြံဖန်ဖန် ပြောတတ်တဲ့လူပဲ၊ ကဲလေ ခုနင်က ကျုပ်ပြောတဲ့ အတိုင်းသာ ကတိတည်ပါ၊ တောင်ဥယျာဉ်တော်လည်း ခိုင်းတော်မူဘဲ သွားကိုမသွား နဲ့၊ ဒီကိစ္စ ဒီအကြောင်း လည်း အမေးတော်မရှိဘဲ လျှောက်ကိုမလျှောက်နဲ့"
ငယ်။ ။ " ဟုတ်ပါပြီလေ၊ ဒီအတွက်တော့ စိတ်ချပါ၊ သြော်………..ဒါထက် အထိန်း တော်ကြီး ခင်ဘွားက ခုလိုအကြောင်းတွေ မသိရှာလေတော့ တောင်ဥယျာဉ်တော်ကို ကျွန်တော် တို့ရှိလိမ်မည့်အထင်နှင့် လာလာစောင့်နေလျှင် ဘယ်နှယ့်လုပ်မလဲဗျ"
တုတ်။ ။" ဘယ်နှယ်မှ မလုပ်ရပါဘူး၊ ကိုရင်ရဲ့၊ ဟိုကလည်း ဘယ်နည်းနဲ့မဆို ဗြုန်းခနဲ့တော့ လာဦးမယ်မဟုတ်ပါဘူး၊ စိတ်ချပြီး အေးအေးနေပါ၊ စုဖုရားထံက အကြောင်းပြန် မည်အချိန်နှင့် ကိုယ်တော်ဖျားက ဟန်မလုပ်နိုင်လို့ ' ဟဲ့………ငတုတ်လို့ ငဖေငယ်တို့ အထိန်းတော်ကြီးနဲ့ တွေ့ရအောင် တောင်ဥယျာဉ်တော်ကို မသွားကြဘူးလားကွဲ့' လို့စတင်ပြီး မေးတော် မူရမည့်အချိန်နှင့် တစ်ပြိုင် တည်းလိုလို အခါတော်ရပါတယ်"
ငယ်။ ။ " ကောင်းပါပြီဗျာ၊ ဒါဖြင့် ရှေ့လျှောက်လို့ ရက်အတော်ကြာ ကျုပ်တို့ အမှု တော်ထမ်းစရာ အလုပ်ဝတ္တရားတွေ နည်းဦးမှာပဲနော်၊ ခုလိုအားလပ်တဲ့အခါ အမိန့်တော်ခံပြီ မြို့ထဲက ဆွေးမျိုးများအိမ် ခေတ္တသွားပြီး လည်ပတ်ချေဦးမှပဲ"
ငယ်။ ။ " ကိုရတ်က တယ်ကိုချင်းစာသကိုးနော်၊ ကျုပ်သွားမှက ရိုးရိုးသားသားပါ ဗျာ၊ ကိုရင့်လို ရှုပ်ရှုပ်ယှက်ယှက် မဟုတ်ပါဘူး"
တုတ်။ ။"စကားနောက် တရားပါအောင် မပြောပါနဲ့၊ ကျုပ်က ဘာများရှုပ်ရှုပ်ယှက်ယှက် ရှိလိုကလဲ နဂိုကမှ နာမည်ပျက်ချင်ချင် ရှိရတဲ့ အထဲမှာ ကိုရင်က ဒီလိုမပြောပါနဲ့ဦးဗျ"
ငယ်။ ။ " ကျုပ် ရိုးရိုးသွားတာကို ထင်ရှားစေချင်တာနှင့် ပြောတာပါ ကိုရင်ရ၊ ကိုရင့်ကို နစ်နာအောင် နှိပ်စက်ပြောခြင်း မဟုတ်ပါ၊ ခင်ဗျားသွားလာလည်ပတ်တဲ့အခါလည်း ပင်ကျရေရှိတဲ့ နေရာ၊ မိန်းမပျို ချောချော ကလေးတွေ ရှိတဲ့နေရာ၊ ဒါနှစ်ခုပဲ တ၀ဲလယ်လယ် ပဋ္ဋိစ္စသမုပ္ပါဒ်၊ ချားရ ဟတ်သဖွယ် တွေ့ရလွန်း လို့"
တုတ် ။ ။" ဒါဖြင့်လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေတော့လေ၊ ကိုရင်သွားပြီလည်ပတ် မည့်အိမ်မှာ အပျိုချောချော ရှိသလား၊ လိုက်ကြည့် ကျုပ်ကိုခေါ်သွားပါဗျာ"
ငယ်။ ။"အမယ်လေး………..လျှာရှည်လိုက်လေ ကိုရင်ရာ၊ ကျုပ်တို့ ဆွေမျိုးတွေအိမ်ပါ၊ ခင်ဗျားကျုပ်နဲ့ အထက်တုန်းက လိုက်ဖူးသားတွေပဲ၊ အပျိုချောချော ကျုပ်ကို တူရင်းသားရင်ကဲ့သို့ များစွာ ချစ်ခင်ရှကြတဲ့ ဒိုင်းဝန်ကတော်ကြီးတို့ထံလည်း ၀င်ရဦးမယ် ကိုရင်ရဲ့"
တုတ်။ ။ " နေပါဦးဗျ၊ ခမ်းပတ်မင်းကြီး၏သား ဒိုင်းဝန်ဘိုးကြီးကို ပြောသည်မဟုတ်လား"
ငယ်။ ။" ဟုတ်တယ် ကိုရင်ရဲ့၊ ဘ၀ရှင်မင်းတရာကြီးဘုရား ရွှေလက်ထက်တော်တော် မှာသူကောင်း ပြုတော်မူတဲ့ ခမ်းပတ်မင်းကြီး၏သား ဒိုင်းဝန်မင်း ဦးဘိုးကြီးပါ၊ ဒိုင်းဝန် ဒီတစ် ယောက်ပါပဲ"
တုတ်။ ။ " ကိုရင်တို့နဲ့ ဘယ်လိုနွှယ်ပြီး ဆွေမျိုးတ်ာပါသလဲ"
ငယ်။ ။ "ဆွေမျိုးမတော်ပါဘူးဗျ၊ ဒိုင်းဝန်မင်းနှင့် ဒိုင်းဝန်ကတော်ကြီးမှာ သားသမီးတစ် ယောက်မျှ မထွန်းကားလေတော့ ကျုပ်ကို ငယ်စဉ်ကတည်းက တူးသားရင်အချာလို အင်မတန် ချင်ခင် အလိုလိုက်ခဲ့ရှာပါသည်၊ ယခုလည်း တွေ့လေမှဖြင့် သား၊ သားနှင့် အင်မတန်မှ ချစ်ခင်ယု ယရှာပါတယ်၊ ကျုပ်က ရွှေကိုယ်တော်ဖျား အပါးတော်မှာ ခစားထမ်းရွက်ရသည်နှင့် မသွားမရောက် ရတာ၊ အတော်ကြာ တာနှင့် သွားမယ်လို့ပါ"
တုတ်။ ။" သြော်……..ဒီလိုလားဗျ၊ ဒါနဲ့ ခုမှ သတိရတယ်၊ နေပါဦး ကိုရင်ရဲ့၊ ဒိုင်းဝန်မင်း လင်မယားမှာ သားသမီး မရှိဘူးလား၊ ဟာ……..မဟုတ်သေးပါဘူး၊ ဟိုလွန်ခဲ့တဲ့ နှစ်နှစ်လောက် ကလေ ရွှေကိုယ်တော်ဖျား ရှေးဦးစွာ ပထမပြန်ဆိုတော်မူတဲ့ နှစ်ကပဲလေ၊ မှတ်မှတ်ရရ ဒိုင်းဝန်မင်း ကသူ့သမီးကလေး ခင်ကြီးကို နားထွင်းမင်္ဂလာပြုလုပ်လို့ ကျုပ်တို့တောင် ညကြီးသန်းခေါင်း သူ့တို့ တောင်ပြင်ရပ်က သာပြောတို့ ရုပ်သေး ကြည့်ပြန်ခဲ့ကြသေးတာ မှတ်မိပါတယ်၊ သမီးက လေးရှိတယ်၊ ငယ်ငယ် ကလေးပါ၊ လှကလှသနဲ့ ဘယ်ကလာပြီး သားသမီး မရှိရမှာတုံးဗျ"
ငယ်။ ။ " ကိုရင်က ကျုပ်ထက် မသိချင်စမ်းပါနှင့်ဗျ၊ သူုတို့သမီးအရင်းမဟုတ်ပါဘူး ဒိုင်းဝန်ကတော်ကြီးက ကလေးမရရှာဘုး၊ ဒါကြောင့် ကျုပ်က မွေးပါရစေ၊ အပိုင်းပေးပါတောင်းတာ၊ ကျုပ်မိဘက မပေးလို့ အငှားချစ်ခဲ့ရတယ်၊ နောက်တော့ ကျုပ်ကလည်း ယောက်ျားကလေးဆို တော့ပညာသင်ရ၊ မင်းမူထမ်းရွက်ရနှင့် သူတို့အနားကပ်ပြီ မနေနိုင်လေတော့ တိုးတိုးဖော် သမီးကလေး တစ်ယောက်လိုချင်လို့ ရှာနေတုန်းမှာ အဲဒီ ဒိုင်းဝန်ကတော်ကြီးရဲ့ မောင်အရင်းဖြစ် တဲ့ ဇနက် ပလာဆင် ၀န် ဦးဘိုးတင်ရဲ့ မယားတစ်ယောက်မှာ အဆင်းပြင်လျာနှင့် ပြည့်စုံတဲ့ သမီးချောကလေးတစ်ယောက် ဖွားမြင်လာတယ်၊ ဒိုင်းဝန်ကတော်ကြီးနဲဆိုတော့ တူမအရင်းက လေးပါပဲ၊ အဲဒီကလေးမလေးကို အပြီးအပိုင် တစ်ခါတည်း တောင်းယူပြီး မွေးစားထားတာပါဗျ၊
မွေးစားတယ်သာဆိုရပါတယ်၊ ၀န်ကတော်ကြီးက မွေးစားတဲ့ သမီးမှန်းကို ကျုပ်တို့လို ရင်နှီးတဲ့ သူများသာ သိရတယ်၊ တစ်ရံဆံဆိုလျှင် သူကိုယ်တိုင်မွေးတဲ့ ရင်သွေးကလေးမ ကုသိုလ်ပဲဗျာ၊ လင်ရော မယားရော ချစ်လိုက်ကြတဲ့ ဖြစ်ခြင်း တုန်လို့နေပါရော၊ ဟိုတလောက ကြီးကြီးကျယ်ကျယ် နားထွင်းမင်္ဂလာပြုလုပ်ပြီး ခင်ခင်ကြီးလို့ အမည်ပေးထားတယ်၊ ကလေး မလေးက အင်မတန် ခရာလို့ ချစ်စရာလည်း တယ်ကောင်းတယ်၊ ကိုရင်ရဲ့ ကျုပ်သွားမှဖြင့် အစ်ကိုကြီးနှင့် မောင်ကြီးအရင်းလို အင်မတန် ချစ်ခင်ရှာပါသည်၊ ချောသလောက်လည်း လိမ္မာတဲ့ ကလေးမပဲဗျ"
တုတ်။ ။ " သြော်……ဒီလိုလား၊ အင်း ဒါနဲ့ ယခု ဒီကလေးမလေး အတော်ကြီးလာရော့ မယ်၊ အပျိုပေါက်အရွယ်ကလေး ရှိရောပေါ့နော်၊ သြော်……ခပ်ငယ်ငယ် လွန်ခဲ့နှစ်နှစ် သုံးနှစ် လောက်ကတော့ သျှောင်ပေးစူးကလေးနှင့်ပင် အတော်ချောတယ်၊ ခုတော့ ပြောစရာ မရှိ လောက်ပေါ့နော်၊ ကိုရင်၊ ဟဲ…..ဟဲ နှမချောရဲ့ မောင်ဆိုတော့"
ငယ်။ ။"ဘာလဲဗျ စပ်ဖြဲဖြဲနဲ့၊ ကျုပ်နှမကလေးကိုများ ပြစ်မှားချင်းသေးလို့လား လူချင်း ချစ်ပေမဲ့ ဒီနှမကလေးတော့ မပြစ်မှားမိစေနဲ့ ကိုရင်၊ ဟဲ…….ဟဲ နှမချောရဲ့ မောင်ဆိုတော့"
တုတ်။ ။ " ဟဲ….ဟဲ၊ ငယ်သေးရင်လည်း စောင့်နိုင်ပါတယ်ဗျာ"
ငယ်။ ။" ဟော…….ကဲလာပြန်ပြီ၊ ဟေ့ ကိုရင်တုတ်၊ ငါ့ကိုမုန်းရင် တစ်နေ့လုံး ထိုင်ဆဲ ချင်းဆဲနေပါကွာ ငါ့နှမကလေးထိရင်တော့ မချိဘူးကွ"
တကယ်ပင် ဒေါမောပါကာ မျက်နှာနီရဲရဲနှင့် ပြောသောကြောင့် မောင်မောင်တုတ်က ခပ်သောသော ရယ်ပစ်လိုက်ကာ -
" အမယ်မင်း………. ကိုရင်နှယ့်၊ တယ်လည်း ဒေါသကြီးလိုက်ပါလား၊ ဟား….. ဟား….. ဟား အလကား ကြည်စားတာပါဗျ၊ နှမအရင်း မဟုတ်သေးဘဲနှင့်တောင် ယခုလောက် သ၀န်ကြောင်တာ အရင်းများ ဆိုရင် ထများသတ်မလား မပြောတတ်သေးဘူး"
ပြောမှ မောင်မောင်ငယ်က ရယ်ဖော်ရလာကာ-
" ဟာ …….ကိုရင်လည်း ဒါကလေးပဲ အရင်းလို ချစ်နေတာဗျ၊ ကျုပ်စိတ်က ကတယ့်အရင်းအချာထင်ပြီး ချစ်နေတာထက် ခင်ကြီးကလေးက ပိုပြီးချစ်ခင်နေရှာသေးတယ်၊ ဒါတွေတွေးမိလေ သနားလေ ချစ်လေ ကိုရင်ရဲ့"
တစ်ယောက်တစ်ပြန် စကားတန်းရှည်နေကြစဉ် အဆောင်ကိုင်းမှူးနှင့် လူပျိုတော်သားအ ချို့တို့ ပွဲတော်အုပ်များ သိမ်းလာကြသည်ကို တွေ့ရသောကြောင့်
" ဟော………ပွဲတော်တောင် ကျလာပြီ၊ လာ…..လာ……ကျုပ်ါတို့လည်း အချိုပွဲဆက်ပြီး (**) ပွဲတော် ကျ ကို စားကြချေစို့" ဆိုကာ နှစ်ယောက်သား အဆောင်တွင်းမှ ထွက်လာကြလေ၏။

(*) ခနုံထုပ်မှာ ဘဲဥနှင့်ဆန်မှုံ့ကို ပါးလွှာသော အပြားငယ်များပြုလုပ်၍ အတွင်းမှ ကြက်၊ ၀က်၊ ပုဇွန်ကြိုက်ရာ အသားကို ဌပနာ၍ အထုပ်ငယ်သဏ္ဍန် ကြော်ထားသည့် စားဖွယ်မုန့်တစ်မျိုးကိုခေါ်သည်။
(**) မင်းညီမင်းသား၏ ပွဲတော်ကျများကို အရေးပါ အရာရောက်၍ အရှင်သခင် အထူးသူကောင်း ပြုမြှောက်စား ထားသူများသာလျှင် စားရရိုး ထုံစံရှိသည်။ မောင်မောင်တုတ်နှင့် မောင်မောင်ငယ် တို့မှာ လည်း သီပေါမင်း ထံပါး၌ အထူးချစ်ခင် မြှောက်စားထားသော ကျွန်တော်မျိုးများဖြစ်၍ ပွဲတော်ကျကို အမြဲ စားသောက်ကြရသည်။
အခန်း (၁၈) နက်ဖြန်
No comments:
Post a Comment