Friday, December 25, 2009

ပန်းသတင်း (ဒီဇင်ဘာ ၁)

ကိုယ်ချင်းစာပါအမေရယ်
မြနှောင်းညို

"ဇင်တော့ သေလိုက်ချင်တာပါပဲ မှူးရယ်"
    ခြူသံပါအောင် ညည်းတွားရင်းကပဲ သွေးဇင်သည် ဂျဲတင်ထားသော ရွှေအိုရင့်၊ ညိုရင့်စုနင့် ညိုပါနု၊ အရောင်မျိုးစုံလင်စွာ ဆေးဆိုးခြယ်မှုန်းထားသည့် ဆံပင်အရှည် တချို့အား လက်ချောင်းများ စုံနှစ်ကာ ကုတ်ဖဲ့ ပစ်လိုက်လေသည်။ "ဟဲ့ ဟဲ့ မလုပ်နဲ့လေ ဇင်လေးရဲ့၊ ခက်တော့တာပဲ၊ ငါ့နှယ်နော်'

    မှူးက သွေးဇင်၏ စိုဝင်းလက်မောင်းတွကို ဆွဲဖယ်လိုက်ရသည်။ ဇင်၏ တက်သစ်ဆဲ ကိုယ်ရည် ကိုယ်သွေး ခန္ဓာအလှအပကို မှူးသိမြင်နေကျပါ။ အဲသည် ဇင်၏ စိုပြည်တင်းရင်းသော လက်မောင်းတွေဟာ ဘယ်လောက်ကျစ်လျစ် ကြံ့ခိုင်သလဲဆိုတာကို သူက ပိုမိုသတိထား လိုက်မိ လေသည်။ ကြုံဆုံနေရသော အဖြစ်အပျက်အတွက် မှူးမှ စိတ်မသက်မသာစွာ ဖြစ်နေရပြီး သက်ပြင်း များပင် ချမိ၏။

    သွေးဇင်သည် ကျော့ကျော့မှူး၏ မျက်နှာကို ဖျက်ခနဲဆို လှည့်ကြည့်သည်။ ပြီးတော့ သေချာ သဲကွဲ သိလိုစိတ်ဖြင့် မှူး၏ မျက်လုံးတွေကို စေ့စေ့ကြည့်ပြန်လေသည်။

    "အေးပါ ဇင်လေးရယ်၊ နင်ဘယ်လို ခံစားနေရတယ်ဆိုတာ ငါနားလည်ပါတယ် ဟဲ့"
    "ဇင့်ကို အမေက မိန်းမပေးစားချင် နေတယ်။ ဇင် မယူချင်ဘူး။ အတန်တန်ငြင်းပေမယ့် အမေက လုံးဝ လုံးဝ လက်မခံဘူး"
    "အဲဒါတွေ ငါကြားရလွန်းလို့ အဖန်တရာ တေနေပြီကော ဇင်ကလေးရဲ့"
    သွေးဇင်က ပင်ကိုယ်ပန်းသွေးဖျော့ဖျော့ စိုစိုထွေးထွေး အောက်နှုတ်ခမ်းပါးကလေးကို မကျေမနပ် အသာကိုက်ရင်း မှူး၏ အိတွဲနေပြီဖြစ်သော လက်မောင်းတွေကို ဆတ်ခနဲ တွန်းဖယ်ပစ်လိုက်သည်။

    ဇင်သည် မှူးနှင့် တစ်ထွာတစ်မိုက် အကွာအဝေးသို့ တိုးရွှေ့သွားလေသည်။ "ဘာလဲ၊ ဘာလဲ မကြား ချင်ဘူးပေါ့လေ။ နားညည်းတယ်ပေါ့လေ။ မှူးတို့များ အတော်ကို ရက်စက်တယ်" "ညည်းက ငိုမလို့လား။ မလုပ်ပါနဲ့အေ။ ငါက ညည်းပြောတိုင်း ရင်နာရလွန်းလို့ပါ မကြားရက်လို့ပါ ကောင်မရယ်"

    သည်တော့မှပင် သွေးဇင်မျက်နှာ ကြည်လင်လာတော့သည်။
    "ကဲ ပြောချင်သပဆို ပြောစမ်းအေ။ ညည်းအမေက ဘယ်လို အတင်းအဓမ္မ ကြံစည်နေပြန်ပလဲ"
    သွေးဇင်က မှူး၏ ပေါင်ပေါ်သို့ ခေါင်းချ လှဲလျောင်းလိုက်လေသည်။
    အဲသည် အရှိန်နှင့် ဖိအားကြောင့် မှူးမှာ နောက်သို့ အနည်းငယ် ယိမ်းယိုင်သွားရသဖြင့် အလျင်အမြန် ပြန်လည်တည့်မတ်လိုက်ရရှာလေ၏။

    "ဒီကောင်မဟာလေ၊ ဆံပင်တွေ ဒီလောက် အချိန်ကုန်ခံ ငွေအကုန်ခံ ရှိုးပြင်ထားတာတွေ အလဟ    ဿ ဖြစ်ကုန်တော့မှာပဲ။ ထစမ်း ထစမ်း"
    မှူးက သွေးဇင်၏ ခန္ဓာကိုယ်ကြီးကို မနိုင်မနင်း ထူမသည်။

    ပြီးတော့ တဖန် ပုံစံပျက်လုနီးဖြစ်နေသော သွေးဇင်၏ ဆံပင်တွေကို ကြည့်ကောင်းအောင် အသာ သပ်ပေးလိုက်လေသည်။
    "ပြောလေ၊ ဇင်လေးစိတ်ညစ်အောင် အမေက ဘယ်လိုလုပ်သလဲ"
    "ချော့လိုက် ချောက်လိုက်၊ မျက်ရည်ခံ ထိုးလိုက်နဲ့၊ အရင်အပတ်က သူဘာလုပ်သလဲ မှတ်မိလား"
    သွေးဇင်က မျက်တောင်တွေ အသာစင်းကာ သူ့ဒုက္ခတွေအပေါ်မှာ အာရုံစိုက်စာနာသော မှူး၏ "သူနေမကောင်းလို့ ခေါင်းမထူနိုင်လို့ ဆရာဝန်ပင့်ပေးပါဆိုပြီး ဇင့်ကို ခိုင်းတယ်"
    "အေးပါ၊ ငါသိသားပါပဲ။ အဲဒါများဟယ် စိတ်ညစ်စရာလား။ ကိုယ့်အမေ နေမကောင်းတာ လုပ်ပေး ရမှာပေါ့ဟဲ့"
    မှူးက ချက်ချင်း အဖြေပေးလိုက်တာကြောင့် သွေးဇင် အားရှိကျေနပ်သွားသည်။

    "အစစ်ပေါ့မှူးရာ။ ဇင့်အမေကို ဇင် မသနားလို့ မဟုတ်ပါဘူး။ သူ့ကျန်းမာရေး မကောင်းတာ၊ အကြောင်းပြပြီး ဇင့်ကို မိန်းမ ပေးစားချင်နေတာကိုသာ စိတ်နာတာ။ ဇင် မိန်းမယူတာ မယူတာဟာ သူကျန်းမာလာအောင် ကုသပေးနိုင်တဲ့ ဆေးဝါးမှ မဟုတ်တာ"

    "ဇင့်ကို ဆရာဝန်ပြတဲ့ စမ်းသပ်ချက် အဖြေလွှာတွေပြသားနဲ့၊ အဲဒီအထဲမှာ သူ့ သွေးတိုးတွေ၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ် ဘယ်ကလီစာမှ အကောင်းမကျန်ဘူးမဟုတ်လား။ အဲဒီဝေဒနာတွေ အတွက်တော့ နင် စိတ်ပူပန် သင့်တယ်လေ"
    "ပြဿနာက မိန်းမပေးစားဖို့ သူ့ အစီအစဉ်ဟာ တစ်ခါထက်တစ်ခါ ပိုပြီး ပြင်းထန်လာတာပဲ။ အခု နောက်ဆုံးနှုတ်မိန့်ကတော့ ပြေးမလွတ်တဲ့ စိန်ခေါ်မှုပဲ မှူးရေ"
    "မနက်ဖန်ကျရင် သားအမိနှစ်ယောက်အတူတူ ဇင့်အတွက် မိန်းမတောင်းဖို့ သွားကြမယ်တဲ့"
    မှူးသည် မျှော်လင့်ထားသည်ထက် ပိုကဲလှသည့် အဖြစ်ကြောင့် မျက်လုံးပြူး မျက်ဆန်ပြူးနှင့် အတော်ကြီး အံ့အားသင့်သွားရသည်။
    "မနက်ဖြန် ဟုတ်လား။ မြန်လှချေလား"
    "ဘယ်သွားတောင်းကြရမှာလဲ"
    "ကိုးမိုင်တင်ပါပဲ"
    "အဲဒါများ အတော်ဝေးလံသလားလို့ဟယ်"
    "ဝေးတယ်မပြောပါဘူး။ မိန်းမတောင်းရမယ့် ပြဿနာက ဆိုးရွားတယ်လို့ ပြောတာပါ"
    "အေးလေ ဟုတ်ပါ့။ မိန်းမတောင်းရမှာတော့ ဇင်လေး၊ ဘယ်သွားချင်ပါ့မလဲအေ။ ကျုပ် ကိုယ်ချင်း စာပါတယ်"
    "မြန်းမယ်လို့ ပြောတာ။ သူက မုဆိုးမဆိုတော့ ဇင်လေးမျက်နှာ မငယ်ရအောင် သူ့ အစ်ကိုနဲ့ ဇနီးကိုပါ ခေါ်ထားတယ်တဲ့"
    "ဟုတ်ပါ့တော်။ ဇင်လေး တကယ်ပဲ ပြဿနာဖြစ်နေရရှာတာပါလား"
    မှူး၏ မှတ်ချက်အဆုံးတွင် သွေးဇင်တစ်ယောက် ငိုမလို မဲ့လာပြန်တော့သည်။

    "ညည်း ဘယ်လို လုပ်မလဲဆိုတာ အဖြေရှာမှဖြစ်မယ် ဇင်လေး။ မိန်းမ သွားတောင်းဖို့ဆိုတာကတော့ ညည်းတို့ ကျုပ်တို့အတွက် ဒညင်းသီးနဲ့ ဘီးလို မဆက်စပ်နိုင်တဲ့ဟာတွေပဲ"
    သွေးဇင်က မျက်စောင်းထိုးသည်။
    "မှူးနော် ဒညင်းသီးနဲ့ အီးလို့သာ ကြားဖူးပါတယ်"
    "ရိုင်းမှာစိုးလို့ဟဲ့"
    မှူးက သွေးဇင်၏ ပခုံးနှစ်ဖက်ကို သိုင်းဖက်သည်။
    "ညည်းကို ကျုပ်က ပျော်စေ ပြက်စေနောက်တာပါဟယ်။ ကဲ.. ညည်းဘယ်လိုလုပ်ရင် ကောင်းမလဲ"
    "ဇင် မကြံတတ်လို့ မှူးဆီက အကူအညီတောင်းနေတာပေါ့ မှူးရဲ့"
    မှူးသည် ငုတ်တုတ်ထိုင်ကာ လူးလာ လှုပ်ရှားနေရာမှ ကုတင်ပေါ်မှဆင်းဖို့ ပြင်ဆင်ခြေဆန့်၏။ သူသည် ကုတင်ခြေရင်းဘက်တွင် ချွတ်ထားသော ခြေသည်းသပ်ရပ် တိရိစွာ လှီးဖြတ်ထားသည့် ခြေထောက် နှစ်ဖက်ကို ရှေ့ထိုးကတ္တီပါဖိနပ်ထဲသို့ အသာအယာ ထိုးဆွပ်လိုက်လေသည်။

    မှူးက မရမ်းပြာရောင် ပလပ်စတစ်မှန်ခုံကလေးဆီသို့ လျှောက်သွားပြန်သည်။ သူ၏ ၀မ်းဗိုက်ပြင်သည် အတော်ကြီး စူပုံ့လျက် ခြေလှမ်းတိုင်းပင် တုန်သိမ့်လှုပ်ရှား၏။
    မှန်ခုံပေါ်တွင် တင်ထားသော နှင်းဆီပွင့်တွေ အလှခြယ်ထားသည့် ကြွေမတ်ခွက်ထဲမှ ရေကို သူက တစ်ကျိုက် နှစ်ကျိုက် သောက်လိုက်လေသည်။

    သွေးဇင်သည် ယောပုဆိုးစည်းထားသော မှူး၏ မြင့်မားသော အရပ်အမောင်း တုတ်ခိုင်သော ကိုယ်ခန္ဓာ အချိုးအဆက်နှင့် မလိုက်ဖက်အောင် အဆီပြင်တွေ ပိုနေသော အိဖြိုးတွဲဖိုင့်နေသည့် တင်ပါးကြီးကို အမှတ်မထင် ငေးငိုင်မြင်တွေ့နေရသည်။

    ဇင်သည်ကား မိန်းမတွေကို စိတ်ဝင်စားခြင်းမရှိသော၊ ယောက်ျားချင်းချင်း အပေါ်မှာသာ အာရုံ ကပ်ငြိလေ့ ရှိသော ယောက်ျားတစ်ယောက်ဖြစ်သည်ဟု ဘယ်လိုပဲ ကြည့်ကြည့် သာမန်လူတွေသာဆိုလျှင် ထင်မှတ် လိုက်နိုင်စရာ လုံးဝမရှိနိုင်ပါ။

    သွေးဇင်သည် တစ်ခါမျှ မိန်းကလေးတို့၏ ဆင်ယင်ထုံးဖွဲ့မှုတွေ အသုံးအဆောင်တွေကို လူအများစုဝေးနေရာတွေမှာ တစ်ခါဖူးမျှ ဆောင်ထားခြင်း သုံးစွဲခြင်း မပြုခဲ့ပါ။
    သူသည် ယောက်ျားပီပီ အရပ်မြင့်မြင့် ကိုယ်လက်အင်္ဂါ တောင့်တင်းပြေပြစ်စွာ အရွယ်ရောက်လာခဲ့သူပါ။

    သို့စင်လျက် မှူးနှင့် ပထမဆုံး တွေ့ဆုံသိကျွမ်းကြရသည့် အခိုက်မှာပင်လျှင် ဇင်သည် ယောက်ျား အချင်းချင်း အပေါ်မှာသာ စိတ်ဝင်စားသောသူတစ်ယောက်ဖြစ်သည်ဟု မှူးက သိနားလည်ခဲ့၏။
    ထူးဆန်းသည်မှာ နှုတ်ခမ်းနီပါးနီမဆိုးသော ဆံပင်ကို ဘိုကေသပ်သပ်ရပ်ရပ် ဖြီးသင်သော မှူးသည်လည်း ယောက်ျားအချင်းချင်းအပေါ်မှသာ စိတ်ဝင်စားသောသူတစ်ယောက် ဖြစ်သည်ဟု မြင်မြင်ချင်း မှာပင် သွေးဇင် ရိပ်မိခဲ့၏။

    တစ်ယောက်၏ ခံစားချက်နှင့် ဘ၀ကို ကျန်တစ်ယောက်က စိတ်ဝင်တစား နားထောင်ပေးသည်။ နားထောင်ခြင်းဆိုသည်မှာ ပြောဆိုသွန်သင်တာထက် အဆပေါင်းများစွာ လိုအပ်သော ဖြည့်ဆည်း ချက်ပါပဲ။ မလှမ်းမကမ်းမှ အကဲဖြတ်လျှင် ဦးလေးနှင့် တူပမာ သူတို့၏ ဆက်ဆံရေးသည် အဖြူရောင် သံယောဇဉ် များနှင့် အလွန်ချစ်ခင်ကြသည်ဟု မြင်ရပေလိမ့်မည်။

    စက်ရုံတစ်ခုမှ ကုန်ထုတ်လုပ်ရေးဌာန မန်နေဂျာ တစ်ဦးဖြစ်သော ဦးကျော်မင်း ဆိုသူသည် စည်းဝိုင်းတစ်ခုအတွင်းရှိ သူတို့၏ ကိုယ်ပိုင်နယ်မြေတွင် မှူးဟု သိရှိလက်ခံထားကြသည်။
    အရင် ဆယ့်လေးငါးနှစ် အချိန်အခါတုန်းက အခြားမြို့နယ်တစ်ခုတွင် ယောက်ျားတစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားခဲ့ဖူးသည်ဟု ပြောပြမည်ဆိုပါလျှင် တစိမ်းပြင်ပြင် လူတို့အတွက် ယုံတမ်းဒဏ္ဍာရီတစ်ပုဒ်သာ ဖြစ်ချိမ့်မည်။ သူသည် မိန်းမနှင့်သားကို ရက်စက်စွာ စွန့်ခွာပစ်ထားခဲ့သော လူမဆန်သည့်သူဖြစ်သည်ဟု ပြောလာကြပြန်လျှင်လည်း မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်နေကြပေလိမ့်မည်။

    အဲသည်အခါမျိုးမှာ ပြောရေးဆိုခွင့်ရှိများ ရှိခဲ့ပါမူ သူ့တသားအရွယ်သာရှိသော သွေးဇင်က သူ့ဘက်မှ ခိုင်မာစွာ လျောက်လဲချက်ပေးမှာ အမှန်ပင်။
    "ဆရာဟာ သူ့အတွက်ကြောင့် သူ့မိသားစု တစ်သက်လုံး ရှက်မနေရလေအောင် အဝေးကို ထွက်ခွာပေးခဲ့တာပါဗျာ။ သူကဇနီးဟာ အရာရှိမ တစ်ယောက်ဖြစ်တဲ့အတွက် သားကို ဂုဏ်မနိမ့် မျက်နှာမငယ်ရအောင် ပြုစု ပျိုးထောင်ပေးနိုင်ပါတယ်"
    "သူသာ ယောက်ျားအဖြစ် မနေနိုင်ဘူးဆိုရင် ဘာလို့ ကလေးယူရတာလဲ"ဟု တစ်စုံတစ်ယောက် ကများမေးခွန်းထုတ်လာခဲ့မည်ဆိုလျှင်လည်း သွေးဇင်ကပဲ ဖြေရှင်းပေးပါလိမ့်ဦးမည်။
    "သူဟာ ယောက်ျားတစ်ယောက် ဖြစ်ချင်လွန်းလို့ ဖြစ်လာမယ်ထင်လွန်းလို့ မိန်းမယူခဲ့၊ ကလေးယူခဲ့မိပေမယ့်၊ သူ့ကံကြမ္မာလား သူ့ဝ၌်ကြွေးလား မသိနိုင်တဲ့ တစ်စုံတစ်ရာက သူ့ကို ယောက်ျားခန္ဓာ ဖွဲ့စည်းထားပုံအပြည့် အစုံရှိလျှာက်နဲ့ မိန်းမစိတ်သာရှိတဲ့ ဘ၀ကနေ ပြောင်းလဲ မပေးခဲ့ပါဘူး။ တစ်နေ့ကျရင် ယောက်ျားစစ်စစ် ဖြစ်လာဦးမလားဆိုပြီး မျှော်လင်ကြိုးစားမိတဲ့ သူ့ရဲ့ နားမလည်မှုတွေကိုပဲ အပြစ်ပုံချရမှာပါပဲ။ အဲဒီ သူ့ရဲ့ မပြတ်သားမှုတွေနဲ့ တွေဝေမှုတွေကြောင့် သူ့သား ကလေးခမျာ လူဖြစ်လာရရှာတော့တယ်"
    "လူဖြစ်လာရရှာတဲ့ သူ့သားကလေးကို ဖခင်ဆုနတဲ့ ဂုဏ်သိက္ခာ မပေးဆပ်နိုင်တဲ့အတူတူ အခြောက်ရဲ့သားဆိုတဲ့ ချိုးနှိမ်မှုတွေ မခံရစေချင်လွန်းလို့ အလုပ်ထွက်ပြီး အဝေးတစ်နေရာကို သူရှောင် ပြေးခဲ့ရတာပါ"
    သွေးဇင်က အစွမ်းကုန် ဖြေရှင်းကာကွယ်သည်။

    "သူ့သား ပညာရေးအတွက် သူ့လခ ထုတ်တိုင်း မှန်မှန် ငွေပို့ပေးပါတယ်။ သူ့သွေးသူ့သားကို သူက ခုံခုံမင်မင် သံယောဇဉ်ရှိတယ်ဆိုတဲ့ အကြောင်းကို တစ်နည်းနည်းနဲ့ သူ့သား သိခွင့်ရသွားခဲ့ရင် သူ့မေတ္တာကို လကခံလာမလားဆိုတာတော့ သူတိတ်တခိုး မျှော်လင့်ရှာတာပေါ့ဗျာ"
    ကန့်လန့်ကာနောက်ကွယ်မှာ မှူး ဟု တစ်ကိုယ်နှစ်စိတ် အမည်ပြောင်းလဲထားသော ဦးကျော်မင်း က သူ့ဘ၀ သူ့ခံစားချက်တွေကို ရင်ဖွင့် ထားသောကြောင့် ဤသို့ သွေးဇင်ကာကွယ် လျှောက်လဲတတ်နေခြင်း ဖြစ်ပေမည်။

    အကယ်၍သာ သူတို့နှင့် အပြင်လူတွေအကြား ပိုင်းခြားထားသော မမြင်ရသည့် စည်းအတွင်းသို့ ကျူးကျော်ကာ တကယ်တမ်း သူတို့ ကျင်လည်သည့် လောကထဲသို့ ၀င်ရောက် ပတ်သက်နိုင်ခွင့် တွေကို ရများ ရခဲ့ကြမည် ဆိုပါလျှင် သူတို့ကို ယောက်ျားသားကြီးတွေ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် လုံးဝ ကွာခြားလှသော မိန်းမနှစ်ယောက်၏ အတွင်းစိတ်ခံစားမှုများ ပေါင်းသင်းဆက်ဆံမှုပုံစံများဖြင့် အဖြူထည် ချစ်ခင် နားလည်မှုတွေကို တအံ့တသြ ခံစားမြင်တွေ့ကြရမှာ အသေအချာပင်။

    ခုနခါမှာတော့ သွေးဇင်အား အကျပ်ကိုင်နေသော အရေးတကြီး ပြဿနာကို မှူး၏ ကာလရှည်ကြာ ခံစားနေရသော အိမ်ထောင်ရေးနှင့် မိသားစုပြဿနာကို ဖုံးအုပ်လွှမ်းမိုးနေတာမို့ ဘယ်လိုဖြေရှင်းမလဲ ဆိုတာ ကိုသာ နှစ်ယောက်သား ခေါင်းချင်းဆိုင် ဆွေးနွေးကြလေတော့၏။   

    ခြေသံတဖျပ်ဖျပ်ကြားကတည်းက သွေးဇင် အသက်အောင့်ထားမိနေသည်။
    အဲဒါ မေမေ့ခြေသံပါပဲ။
    သွေးဇင်က အသက်မှန်မှန် ရှူဖို့ ကိုယ့်ကိုယ်ကို သတိပေးရသည်။ သူ့မျက်နှာ သွေးဆုတ်ဖြူရော် နေပါလျှင် သူ့ကို ဖြုန်းခနဲ မြင်တွေ့လိုက်ရသည့်အခါ မေမေ ထိတ်လန့်ပူပန်သွားပေမှာပေါ့။
    တစ်တိတိ တဖဲ့ချင်းတိုးဝင် လှုံ့ဆွနေခဲ့တာမို့ တစ်နေ့နေ့မှာတော့ဖြင့် တိတိပပ ပြတ်ပြတ်သားသား ကြီး ဆိုက်ရောက်လာလိမ့်မည်ဆိုတာကို သွေးဇင် စောစောကပင် ကြိုတင်နားလည် သိထားခဲ့ရလေသည်။

    ခုတော့ဖြင့် သွေးဇင်က အသင့်အနေအထားမှာ ပြင်ဆင် စောင့်စားနေနိုင်ခဲ့ပါပြီ။
    အဲသည် ပြဿနာကြီးနှင့် ထိပ်တိုက် ရင်ဆိုင်တော့မည်ဟု သတ္တိမွေးကာ သွေးဇင် အားတင်း ထား၏။
    ကျွီခနဲ မြည်သံနှင့်အတူ သွေးဇင်၏ အိပ်ခန်းတံခါးပွင့်လာသည်။

    အခန်းထဲဝင်လာသူသည် သူ့မိခင် ဖြစ်မှာပဲဆိုတာ သူ မှန်းဆတတ်နေပါသည်။
    "သားရေ၊ ကိုးနာရီထိုးတော့မယ်ကွယ်၊ ခုထိ အ၀တ်မလဲသေးပါလား၊ စာကြည့်စားပွဲကလည်း မထဘူး၊ မေမေသတိပေးနေတာ မနက် ခုနစ်နာရီကတည်းကနော်"
    မေမေ ပြောလည်းပြောစရာပင်။ သွေးဇင်သည် ည၀တ်အိပ် ပဂျားမားအင်္ကျီ လက်ရှည် ဘောင်းဘီရှည် အစင်းကျားကြီး တစ်စုံ မလဲလှယ်ရသေးရုံမက မျက်နှာမသစ် သွားမတိုက်ရသေး။
    ပြောရလျှင် သွေးဇင်က စာကြည့်စားပွဲမှာ ထိုင်လို့သာထိုင်နေသည်။ ဘာစာတစ်လုံးကိုမျှ မဖတ်ဖြစ်၊ မကြည့်ဖြစ်ပါ။ ပြေးတွေ့မည့် ပြဿနာကို ပုံစံအမျိုးမျိုး အကွက်ချ ကြည့်ရင်း သူ့စိတ်တွေ ကယောက် ကယက် ဖြစ်နေလိုက်ပုံများ။

    "ဘဘကြီးနဲ့ ကြီးကြီး ရောက်နေပြီ။ ရေမိုးချိုး မျက်နှာသစ်ချေတော့။ ဆယ့်ငါးမိနစ်နဲ့အပြီး ပြင်ဆင်ချေ။ မေမေတို့ ဧည့်ခန်းထဲက စောင့်နေကြမယ်"
    သွေးဇင်က မိခင်အား လည်ပင်းငဲ့ အကဲခတ်သည်။ မေမေ၏ ဘီးကျော်ပတ်ဆံထုံးတွင် ထိုးတပ်ထားသော စိန်ဆံထိုးမှ တန်းလန်းကျနေသော ရွှေချည်မျှင်လေးငါးခုမှ စိန်မှုန်ကလေးတွေက ဖြိုးဖြိုး ဖျတ်ဖျတ် လက်နေ၏။ ပ၀ါစုံချထားသော ရင်ညွန့်မှ စိန်ရင်ထိုးကလည်း ၀င်းကနဲ  လက်ကနဲနှင့် သွေးဇင်၏ မျက်လုံးများကို ကျိန်းစေ၏။

    မေမေ့ ကိုပြောမည့် စကားသည် လည်ချောင်းထဲတွင် တစ်ဆို့နေသည်။ သို့တစေ သူပြောလိုက်မှ ဖြစ်မည်ဆိုတာကိုလည်း သူသိနေသည်။
    အခန်းထဲမှ ထွက်ခွာသွားတော့မည့် မေမေ့ကို သွေးဇင်က လက်ဆွဲထားလိုက်သောအခါ မေမေ၏ ခြေလှမ်းတွေ ဆိုင်းငံ့သွားရသည်။
    "မချိန်မဆွဲမနေပါနဲ့သားရယ်။ မေမေတို့ နောက်ကျလို့မဖြစ်ဘူး" ဟု တုံ့ပြန်ပြောဆိုရင်း မေမေက လက်ကို ရုန်းဖယ်လေသည်။
    မေမေသည် သွေးဇင်အပေါ် စိတ်ရှည်နိုင်အောင် ကြိုးစားနေဟန်တူသည်။ "သား မြန်မြန် ထွက်ခဲ့နော်။ လာမယ်ပြောထားတော့ မျှော်နေလိမ့်မယ်"
    မေမေ တံခါးဝရောက်ကာမှ သူ့လည်ချောင်းထဲမှ အက်ကွဲသောအသံသည် ဟိန်းခနဲ ပွင့်ထွက်လာ၏။
    "နေပါဦးမေမေ"
    မေမေ ကြောင်အမ်းသွားကာ သွေးဇင်၏ မျက်နှာကို လှည့်ကြည့်သည်။
    "ခဏထိုင်ပါဦး မေမေရယ်၊ သားတစ်ခု ပြေချင်လို့ပါ"
    "မသွားချင်ဘူး ငြင်းဦးမှာလား သွေးဇင်"
    "မဟုတ်ပါဘူး မေမေ၊ ဆွေးနွေးမှာပါ"
    ငြင်းဆန်ကာ တောင်းပန်ခယနေဦးမှာလား သံသယ၀င်ကာ မေမေက တင်းမာဖို့ ကြိုတင်ဟန်ပြင်သည်။

    သို့တစေ သွေးဇင်၏ မျက်နှာသည် ဖြူရော်မနေတော့ဘဲ ပင်ကိုယ်ပြကတေ့ အသားအရောင်အတိုင်း တည်ငြိမ်နေပါပြီ။ သူ၏ တည်ငြိမ်သော အနေအထားသည် သူ့ မိခင်ကိုပင် အတန်အသင့် အလေးမူ ဂရုပြုမိ သွားစေခဲ့၏။

    သွေးဇင်တောင်းဆိုသည့် အတိုင်း သူ့မိခင်သည် သူ့ကုတင်စောင်းတွင် ၀င်ထိုင်သည်။ သူ့ကိုတော့ မယုံကြည်သေးဟန် စူးစမ်းအကဲခတ်နေ၏။
    သွေးဇင်သည် ကုလားထိုင်ပေါ်မှ လျှောချကာ မိခင်၏ ခြေရင်းတွင် ဒူးနှစ်ဖက်စေ့ပြီး ကြုံ့ကြုံ့ထိုင်၏။ မိခင်၏ ခြေဖမိုးနှစ်ဖက်ပေါ်သို့လည်း လက်ဖ၀ါးနှစ်ဖက် အသာတင်လိုက်လေသည်။
    သူက မိခင်၏ မျက်နှာကို မမှိတ်မသုန် မော့ကြည့်၏။ သူ့ကိုသူ ယုံကြည်မှုအပြည့် ထားပြီမို့ ဘယ်တော့မှ နောက်ကြောင်း ပြန်မလှည့်တော့ပြီဟု ကြေညာနေဟန် ရှိလေ၏။
    "မေမေ သားကို မခင်စုနွယ်၊ စုစု ဟုတ်တယ်နော်။ အဲ မစုစုကို မြန်းဖို့ လိုက်ခဲ့စေချင်နေတယ်"
    မိခင်ဖြစ်သူ ရှူးရှူး ရှဲရှဲ သက်ဝင်လှုပ်ရှားလာသည်ကို သူက အသာခေါင်းခါယမ်းတားမြစ်၏။

    "သူက သားဟာ ယောက်ျားချင်းသာ စိတ်ဝင်စားသူဖြစ်တယ်ဆိုတာ သိထားရဲ့လား မေမေ"
    "သားဟာ ယောက်ျားလေးတွေနဲ့သာ ရင်းရင်းနှီးနှီး ရှိခဲ့လို့ အဲသလို ခံစားတတ်နေတာပါ။ မိန်းကလေး တစ်ယောက်နဲ့သာ ရင်းနှီးထိတွေ့ စေလိုက်မယ်ဆိုရင် မကြာခင်မှာဘဲ သားရဲ့ စိတ်နေ သဘောထား အမူအကျင့်တွေ ပြောင်းလဲသွားမယ်ဆိုတာ လူကြီးတွေက သိပြီး ကျွမ်းပြီး အတွေ့အကြုံ များပြီးသား၊ သားစဉ်းစား တွေဝေမနေနဲ့တော့"
    သွေးဇင်က သဲ့သဲ့ပြုံးသည်။

    "မေမေ မျက်စေ့ကျနေတဲ့ စုစုက သားအကြောင်းကို သိတားမှာက သားဟာ လူရည်သန့်၊ ဆွေကြီးမျိုးကြီး၊ ဘွဲ့ရပညာတတ် ဥစ္စပေါ၊ တကယ်တမ်းကျတော့ သားဟာ မိန်းမ မလိုချင်တဲ့ ယောက်ျားချင်း သာ စိတ်ဝင်စားတဲ့ အခြောက်တစ်ယောက်ဆိုတာ..."
    "တော်ပါသားရယ်၊ ဒါတွေဟာ မိန်းမရပြီး အတူနေရပြီးရင် သားပြောင်းလဲသွားမှာ
    "လူငယ်လူလတ် အသိုင်းအ၀ိုင်းက သားကို အပုန်းလို့ သတ်မှတ်ကြတယ်။ အခြောက်လို့ ခေါ်ကြတယ် ဆိုတာ.."
    သူ့မိခင်သည် မကြားလိုဟန် နားနှစ်ဖက်ကိုပိတ်ရင်း နေရာမှ ဇွတ်ထသည်။

    "သွားကြမယ်သား၊ အ၀တ်လဲ၊ မေမေတို့လာမယ်ပြောထားလို့ သူတို့ မျှော်နေကြမှာအမှန်ပဲ"
    "မေမေ့ မိတ်ဆွေဟာ သားရဲ့ ဘ၀မှန်ကို သိထားမယ်မဟုတ်ဘူး။ သိလို့ကတော့ ဆွေဂုဏ် မျိုးဂုဏ် ပညာဂုဏ်တွေနဲ့ မေမေ့ ဆွဲဆောင်ချက်တွေဟာ သူ့သမီးနဲ့ သားကို ပေးစားဖို့ လုံးဝ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး မေမေ"
    "အမေ့စကားကို နားမထောင်ချင်တိုင်း ပလီစိချာက်ချက်တွေ လျှောက်ပြောမနေနဲ့ သွေးဇင်၊ ချိန်းဆို ထားတဲ့ အစီအစဉ်တွေ နောက်ကျနေကုန်ပြီ။ မြန်မြန် ရေချိုး၊ အ၀တ်လဲ။ မေမေတို့ ကားနားက စောင့်နေမယ်"
    မေမေသည် သူ့ဇင်းမယ်ထဘီ တရွှမ်းရွှမ်းနှင့် အခန်းတံခါးဆီသို့ လျှောက်သွားသည်။
    "ဆိုပါတော့ မေမေ၊ မေမေ့သမီး၊ ကျွန်တော့်အစ်မ ခင်လှလှဇင်ကိုလာပြီး မြန်းပြီ ဆိုပါတော့။ အဲဒီလူဟာ လူရည်သန့်၊ ဆွေကြီး မျိုးကြီး၊ ဘွဲ့ရ ပညာတတ် ဥစ္စာပေါဆိုပါတော့၊ ဒါပေမယ့် အခြောက်တစ်ယောက် ဖြစ်နေတယ်။ အဲဒါဆိုရင် မေမေသဘောတူမှာလား"
    မိခင်ဖြစ်သူသည် ချက်ချင်း လည်ပြန် လှည့်ကြည့်သည်။ မျက်နှာတင်းမာ ခက်ထန်သွား၏။ "မပြောကောင်း မဆိုကောင်း သားရယ်။ မင်းမို့လို့ ပြောထွက်တယ်"
    သွေးဇင်သည် လက်နှစ်ဖက် ငုံယှက်ကာ ခေါင်းငုံ့ညွတ်တွားသည်။

    "မိန်းမတစ်ယောက်ကို အိမ်ထောင်ပြုပေးတယ်ဆိုတာ ယောက်ျားစိတ် ရှိတဲ့ယောက်ျားတစ်ယောက်နဲ့မှလည်း သဘာဝကျတဲ့ အိမ်ထောင်ဖက်ဖြစ်မှာပေါ့ မေမေ၊ မစုစုရဲ့ အမေဟာလည်း သားအကြောင်း မသိသေးလို့သာ သွားမြန်းတာကို လက်ခံမယ်ပြောတာပါ။ သိသွားတာနဲ့ ဖျက်သိမ်းမှာ သေချာပါတယ်။ ဘယ်အမေကမှ သူ့သမီးကို အခြောက်နဲ့ ပေးစားမှာမဟုတ်ဘူး။ အသိုင်းအ၀ိုင်းမှာလည်း မတင့်တယ် အိမ်ထောင်ရေး သုခလည်းမရ"
    မေမေသည် တံခါးရွက်ကို ကိုင်းကာ ငေးငိုင်တွေဝေဆဲဖြစ်သည်။

    သွေးဇင်က မိခင်ကို သနားပါသည်။ သို့သော်လည်း သဘာဝမကျမည့် အိမ်ထောင်ရေးကို ဇွတ်ဖန်တီးဖို့ ကြံစည်လျှင် နှစ်ဦး နှစ်ဖက် နစ်နာကြရမည့်ဆိုတာကို မေမေ သဘောပေါက်မှ ဖြစ်မှာမို့ ပြောနေတာပါ။ "ကိုယ်ချင်းစာလိုက်ပါ မေမေရယ်။ ကျွန်တော့်အစ်မကို အခြောက်နဲ့မပေးစာချင်တဲ့ နည်းတူ သားကိုလည်း မစုစု မယူရစေချင်ပါနဲပတော့နော်"

    တံခါးရွက်ကို နောက်ပြန်ဆွဲပိတ်ထားသော အသံသည် ငြင်ငြင်သာသာရှိလေသည်။

အမှတ် (၃၉) နိုဝင်ဘာလ၊ ၂၀၀၉ ခုနှစ်
ပန်းအလင်္ကာ

1 comment:

သိင်္ဂါကျော် said...

အဲလို ဝတ္တုလေးတွေ ပြန်တင်ပေးတာ အရမ်းကောင်းတယ်..