Friday, December 25, 2009

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၉)

အခန်း(၉)

ထိပ်စုဖုရားလတ်သည် ယခင်က ရွှေစိတ်တော် လွတ်လွတ်လပ်လပ်နှင့် ရွှေနန်းတော် အနောက်ပိုင်း တစ်ခွင်တွင် ပျော်ရွှင်စွာ စိတ်ထင်ရာ အဆောင်ဆောင်အခန်းခန်းတို့သို့ ဖြန့်မြန်းတွက်ချီ လှည့်လည် သွားလာ နေတော်မူပြီး တစ်ခါတစ်ရံလည်း မယ်တော်ဆောင်၊ အစ်မတော်ဆောင်များသို့ ၀င်တော်မူကာ ဆိုးတလှည့် နွှဲ့တစ်ခါ ပျော်တော်မူသလို စံခဲ့ရာတွင် ယခုတစ်လောကား သီပေါမင်းသားနှင့် အချစ်တော် စုလျား ဖွဲ့ချည်မိသည်တွင် ငယ်စဉ်ကကဲ့သို့ အကလေးပမာ၊ ပေပေတေတေ ဆိုးနွဲ့နေတော်မူမည်တို့ကို မေ့လျော့ တော်မူလျက် ရုတ်တရက် ပြုပြင်ပြောင်းလွဲ၊ အမှုတော်ထူးကဲ၍ ဆင်ကွဲဖန်တော်မူ ဘိအလား နူးညံ့ပျော့နွဲ့၊ တကယ့်အစ်မတော်မင်းသမီးကြီးများ အမူအရာအတိုင်း အဆောင်တော်ထဲမှာ ငြိမ်သက် ပိပြားစွာ စံတော်မူပြီးလျှင် ယခင်က အလှအပအပြင်အဆင် ကို တော်ရုံတန်ရုံနှင့် တင်းတိမ် တော်မူခဲ့ သလောက် ယခုအခါမှာ နံ့သာပန်းမန်တို့ကို အထူး နှစ်လိုတော်မူလျက် ၀တ်လဲတော်အမျိုးမျိုး၊ ကြိုးထဘီ အလဲလဲနှင့် မှန်ဆောင်တော်ထဲက ထွက်သည်မရှိအောင် အဆောင်တော်တွင်းပုန်း သည်နှင့်မခြား ဖြစ်တော်မူ နေရကား မယ်တော် အလယ်နန်းမတော် မိဖုရားပင် သမီးတော် အတွက် ထိပ်စုဖုရားလတ် အဆောင် တော်သို့ အခြွေအရံ အနည်းငယ်နှင့် ရုတ်တရက်ထွက်တော်မူလာကာ သလွန်တော်ပေါ် တွင် ထိုင်မိပြီး သမီးတော်ကို ရှုစားတော်မူလျက် လက်တော်ဖြင့် ထိပ်စုဖုရားလတ်၏ ဆံစတော် များကို သပ်ခါ-

"လုံမလေး.... မယ်မယ်ဖျားအဆောင်တော်ကို အခစားမရောက်တာနဲ့ ငါ့သမီးတော် ကလေး နေထိုင် မကောင်း ဖြစ်တော်မူသည်အောက်မေ့ပြီး စိုးရိမ်တကြီး ထွက်တော် မူလာခဲ့တယ်၊ လုံကလေးကို ကြည်ကြည် ရွှင်ရွှင် ဖြီးလိမ်း ပြင်ဆင်နေတာတွေ့ရမှ မယ်ဖျား  စိုးရိမ်မကင်းတော်မူခဲ့တဲ့ အလုံးကြီး ကျသွား တော့တာပဲ၊ ဟဲ့...ခါနွေတို့၊ ဘွားသစ်ကြီး တစ်ယောက်မှ မမြင်ပါကလား၊ ကောင်မကြီးဟာ ကဘောက်တိ ကဘောက်ချာနဲ့ ဘယ်အဆောင်များ သွားလည်နေပါလိမ့်မလဲ မေးတော် မူလိုက်သော အခါ ထိပ်စုဖုရား လတ်လည်း အထိန်းတော်ကြီး သီပေါကိုယ်တော်ရှိရာ မှန်ကျောင်းတော်ရှိရာ သွားနေခိုက် ဖြစ်သော ကြောင့်  အကြောင်း ကြောင်း ရိမ်မိတော်မမူစေရန်  လှည့်ပတ်ကြံဖန်တော်မူပြီး-

စု။    ။"အထိန်းတော်ကြီး ရှိပါတယ် မယ်မယ်ဖျား။ ခုပဲ အပါးတော်က ထသွားပါတယ်၊ ကျော်မိုးတံခါးနားက သူ့အစ်မဆင်ဝန်ကတော်ရဲ့ သားကလေးမမာနေတာ သွားမေးချင်လို့ ခွင့်ပေးပါပြောထားတဲ့အတွက် စုထား ကလည်း ထွက်ချင်တဲ့အချိန်ထွက်ဖို့ ခွင့်ပြုထားသဖြင့် သည်ဆီကိုများ  သွားလေသလားဆိုတာ စုထား သံတော်ဦး မတင်တတ်ပါ မယ်မယ်ဖျား"

မယ်။    ။"အဲ...အဲ ရှိပါစေလေ၊ သူ့ခမျာလည်း ဆွေနဲ့မျိုးနဲ့ သံယောဇဉ်ကလေး များနဲ့ ရှိရှာသေးတာကလား၊သွားပါစေ၊  တစ်ခါတလေ သွားတာကပဲ" မိန့်တော်မူကာ တစ်ဖန် သမီးတော်ကို ပြုံး၍ ရှုစားတော် မူကာ-

"အင်း... ငါ့သမီးတော်ကလေးဟာ အရင်က ပုဆိုးကြီးဒီးလွှားနဲ့ မင်းယောက်ျား ကလေးသဖွယ်သာ ရှုစားတော်မူနေခဲ့ရတဲ့အတွက် အလှကျက်သရေ ရှိတော်မူသလောက် မျက်စိမပေါက်ခဲ့ဘူး၊ ခုလို သိမ်သိမ်မွေ့မွေ့ မင်းသမီးပီပီ ၀တ်စားဆင်ယင်ပြီး  နံ့သာပန်းမန် တို့နဲ့ ဖြီးလိမ်း ပြင်ဆင်တော် မူထား တာတွေ့ရမှ  ထက်အာကာဘုံဖျားက ယုန်ရထား ကြူလွှာကို မြူကာဆိုင်းတဲ့အတွင်းက ၀င်းကနဲ မြင်ရသလို နဂိုအလှဓာတ်ကို ပုဆိုး ကြီးရစ်ပတ်ထားရာက ခွာလိုက်တဲ့အတွက် ကျက်သရေရှိသမျှ တိတိ ကျကျ ပေါ်လာ တော်မူတယ်၊ အဲ....သည်လိုသိမ်သိမ်မွေ့မွေ့ ဣနြေ္ဒရှင် သမီးတော်တစ်ပါးပီပီ တည်ကြည် ငြိမ်သက်စွာ စံတော်မူတာ တွေ့ရတဲ့အတွက်လည်း မယ်မယ်ဖျား ရွှေရင်တော်ထဲမှာ အေးခနဲ ၀မ်းမြောက် ၀မ်းသာ ဖြစ်တော်မူ သွားရပေပြီ၊ ဒီလိုသာ အမြဲရှုစားတော်မူပရစေ လုံကလေးရယ်၊သက်တော်လည်း မငယ်တော့ဘူးနော်"
သမီးတော်ကို ဆုံးမမိန့်ကြားတော်မူလျှင်။

ထိပ်စုမြတ်ဖုရားလတ် လည်း မယ်တော်အနီးတွင် လက်ယှက်ခစားရင်း-
"စုထား အရင်ကတော့ ယောက်ျားစိတ် ယောက်ျားမာန်နှင့် ခုန်လိုခုန်၊ပျံလိုပျံ၊ ရွှေနန်း တော်ကြီးပေါ်မှာ စိတ်ပျော်သလို စံခဲ့ပေမဲ့ အရွယ်အလေးကထောက်ပြီး စိတ်နောက်ကိုပါ မပြုတော့ပါဘူး၊ လူသူမြင် လို့လည်း အပိုးမသေ၊ ဣနြေ္ဒမဲ့တယ်လို့ ကဲ့ရဲ့လွယ်ကြမှာ တွေးမိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပြုပြင် ပြောင်းလဲ မိန်းမပီပီပဲ နေပါတော့မယ်လို့ စိတ်ကိုဆုံးမပြီး အဆောင်တော်ထဲမှာ ဖြီးလိမ်းပြုပြင် ၀တ်စားတန်ဆာ ဆင်ယင်ခြင်းအလုပ် များနှင့် စိတ်မအား၊ ကိုယ်မအားပျော်ပျော်ကြီး ခံစားနေပါတယ် မယ်မယ်ဖျား"

ယဉ်ကျေးသိမ်မွေ့စွာ လျှောက်တင်လေလျှင် မယ်တော်ရှင်မိဖုရားကြီးလည်း သမီးတော် နူးညံ့ သိမ်မွေ့တော် မူလာပုံကို စုံမက်နှစ်သက်တော်မူလှသဖြင့်
"အင်း...ဒီလိုလျှောက်တင်တဲ့စကားမျိုး ကြားရတာလည်း မယ်မယ်ဖျား အများကြီး ၀မ်းသာတော်မူမိတယ်၊ လိမ်မာဖို့ အချိန်အရွယ်ရောက်လို့ အသက်ကလေးကလည်း ထောက်လာတော့ အလိုလို အသိဥာဏ် ပေါ်ပေါက်လာရမြဲပေပဲ၊ ကဲ...ကဲယခုလို သမီးတော် မိန်းမပီပီ ၀တ်စားဆင်ယင်၊ အလှပြင်တော်မူတတ်ပြီး ဖြစ်တဲ့အတွက် မယ်မယ်ဖျား သမီး တော်ကို ဆင်တော်မူရန် ရည်သန်ပြီး ပန်းတိမ်တော်စံသူကို လုပ်စေတော် မူထားတဲ့ မြခယားသီး လည်ကပ်တော်ကြီးကို ပို့တော်မူလိုက်မယ်၊ လုံကလေးက ယောက်ျား လိုဝတ်ပြီး ကလေးဆိုးကြီးလို ဟိုဟိုဒီဒီလှည့်လည်တော်မူနေတဲ့အတွက် ပြုတ်ပျက်ကျမှာ စိုးလို့ ဆင်တော် မူဖို့ ထုတ်မပေးဘဲ ထားခဲ့တယ်၊ စုလတ်မြတ်မြတ်နိုးနိုး ဆင်ယင်တော်မူတော့ မယ်မဟုတ်လား"

စု။ ။"တင်ပါဘုရား"
မယ်။ ။"ဒါဖြင့်ကောင်းပြီ၊ ဘွားသစ်ကြီးပြန်လာလျှင် မယ်မယ်ဖျားအဆောင်တော်ကို လွှတ်တော်ပေတော့၊ စုလတ် အတွက် မြခယားသီး လည်ကပ်တော်ကြီးအပြင် အခြားဝတ် ဆင်တော်မူစရာ ရတနာမျိုးစုံနှင့်တကွ စိန်သွယ်ချ ပုတီးကြီးငါးသွယ်နဲ့ စိန်နားဋ္ဋောင်းတော် များကို အလဲလဲဆင်တော်မူရအောင် အလုံးစုံ သနားတော် မူလိုက်မယ်၊ ၀တ်လဲတော်ထဘီ နှင့် အင်္ကျီလက်ရှည်များကော လိုတော်မူသေးသလား"

စု။ ။"မှန်လှပါဘုရား စုထားဆီမှာ ပုဆိုးရှည်တွေသာများလိမ့်မယ်ထင်ပါတယ်"
မယ်။ ။"ကောင်းပြီ...ကောင်းပြီ၊ သမီးတော်အတွက် ရွှေတိုက်တော်က ငွေတော်ထုတ်ပြီး ထည်မျိုးအုပ်စုံ တစ်ပုံ တစ်ခေါင်းကြီး ချုပ်စေရမှာပ"
မိန့်တော်မူရင်း အဆောင်တော် အတွင်းရှိ အပျိုတော်အလေးများ စုရုံးချုပ်လုပ် အလုပ် ရှုပ်နေသည်ကို တွေ့မြင်တော် မူရလျှင်
"စုလတ်ကဲ့ ဟိုမှာ အပျိုတော်ကလေးတွေ စုရုံးထိုင်လို့ ခေါင်းဆိုင်ပြီး ချုပ်လုပ်နေစေတာက ဘာအတွက်လဲ"

စု။    ။ "စုထား ရှေ့လာမည့် စာတော်ပြန်ပွဲမှာ စာတော်ဖြေမည့် ရဟန်းသာမဏေများကို တစ်ပါးလျှင် သင်္ကန်းတော်တစ်စုံစီ လှူဒါန်းတော်မူမယ်လို့ စပ်သင်္ကန်းတော်များကို ခါတော်မီ အမြန် ချုပ်ထားခြင်း ပါဘုရား"

မယ်။    ။ "သာဓုတော်...သာဓု...သာဓု ငါ့သမီးတော်ဟာ နေ့ချင်းညချင်းဆိုသလို ကုတ္တရာဘက်ကလည်း လက်လွှတ်တော်မမူဘဲ ကုသိုလ်ဒါနရေးကို မဆုတ်မနစ် အားပေးတော်မူတာ ၀မ်းသာပါဘိတော့ လုံကလေးရာ၊ မယ်မယ်ဖျားလည်း ပရိယတတ္တိကို ဖြည့်ဆည်းတော်မူကြမဲ့ သာသနာတော်ထမ်း ရဟန်း သာမဏေများကို ကြိုးပမ်းအား ရှိအောင် စိတ်အားထက်သန်စွာ အားပေးတော်မူလိုတဲ့ စေတနာတော်များ ပေါ်ပေါက်နေ တော်မူတဲ့အတွက် နှစ်စဉ်မပျက် သဒ္ဓါတရား ထက်ထက်နှင့် ဆွမ်းအုပ်တော်များ ပို့ဆက် လှူဒါန်းနေခဲ့တာကလား၊စုလတ်ကလည်း မယ်မယ်ဖျား သမီးတော်ပီပီ သည်စာတော် ပြန်ပွဲအတွက် သင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းတယ်ဆိုတော့ အတိုင်းထက်အလွန် တံခွန်နဲ့ဘုရားမို့ ခမည်းတော် ရွှေနန်းရှင်ဘုရား ရွှေနားတော်ကြားလျှင်လည်း များများကြီး ၀မ်းမြောက်သာဓုခေါ်တော်မူလိမ့်မယ် စူတ်ရဲ့"

စု။    ။ "မှန်လှပါ စုထား ကိုယ်တော်တိုင် သက္ကစ္စမြောက်အောင် တစ်နိုင်သလောက် ၀င်ချူပ် ပါသေးတယ် ဘုရား"

ယင်းသို့ သားမယ်တော်နှစ်ပါး ကြည်သာစွာ စကားပြောဆိုနေတော်မူစဉ် အထိန်းတော် ခင်ဘွားသစ်လည်း အဆောင်တော်ထဲသို့ ၀င်ရောက်လာခဲ့ရာ သလွန်တော်ပေါ်တွင် သားမယ်နှစ်ပါး စံနေတော်မူသည်ကို မြင်ရသောအခါ မိမိကိုယ်ရေးကိုတွေး၍ မလုံသဖြင့် အပုံကြီး ထိတ်လန့်တုန်လှုပ်သွားမိသဖြင့် ရုတ်တရက် အတွင်းတော်သို့မ၀င်ဝံ့သေးဘဲ ကပျာကယာ အဆောင်တော်ဘေးသို့ ကွယ်နေလိုက်လျက် တစ်ဖက်ခန်းမှ သင်္ကန်းချုပ် နေသူ အပျိုတော်ကလေးတစ်ဦးကို မျက်ရိပ်ပြ၍ ခေါ်လိုက်ကာ-

"ဟဲ့... မိလ္လာရဲ့၊ လာစမ်းပါဦး၊ စုဖျားအဆောင်တော်ကို အလယ်နန်းမတော်ရှင် ဖုရားထွက် တော်မူလာ ဘယ်လောက်ကြာပလဲ၊ ဘယ်လိုအရေးများကြောင့် ထူးထူးခြားခြား ထွက်တော်မူလာတာတဲ့လဲ၊ ငါ့ကိုကော မမေးဘူးလားဟဲ့" တီးတိုးမေးရာ တစ်ဆယ့် လေးနှစ်အရွယ်ချစ်စဖွယ် လက်ပါးစေအပျိုတော်ကလေး မင်းမိလ္လာလည်း အထိန်း တော်ကြီးအား

"ဖျားကျွန်မတို့တော့ ဘယ်အရေးကြောင့် အရှင်နန်းမတော်ဘုရား ထွက်တော်မူလာတယ် ဆိုတာ မသိရသေးပါ သို့သော်လည်း သားမယ်တော် မိန့်ဆိုလျှောက်တင်တော်မူနေတဲ့ စကားများကြားရတော့ဖြင့် သမီးတော် အခစားမရောက်တာကြာတာနှင့် အညောင်းပြေ ထွက်တော်မူလာတယ်ဆိုတာ ကြားရကြောင်းပါ၊ ၎င်းပြင်လည်း အရှင်ထိပ်စုမြတ်ဖျား မိန်းမပီပီ ဆင်တော်မူပြီဆိုတာ ရှုစားတော် မူရတဲ့အတွက် နှစ်သက်တော်မူလွန်းလို့ အခွန်းပေါင်း မြောက်မြားစွာ ချီးမွမ်းတော်မူနေရှာတဲ့အတွက် ရတနာ လက်ဝတ်တော်များ၊ လည်ကပ်တော်များ၊ အလုံအလောက် ပေးသနားတော်မူမယ်၊ အထိန်းတော် သခင်ကြီး လာရင် အဆောင်တော်ကို လွှတ်လိုက်ရမယ်လို့ မိန့်တော်မူရာ ကြားရကြောင်းပါဘုရား"

"နို့ အရှင်ထိပ်စုမြတ်ဖျားက ငါ့ကိုဘယ်သွားတယ်လို့ သံတော်ဦးတင်သလဲ၊ ငါလာရင် လွှတ်လိုက်ဆိုတော့ အဆောင်တော်ထဲမှာ ငါမရှိကြောင်း သိတော်မူနေလို့ပေါ့" "ထွက်တော်မူလာစက အထိန်းတော် သခင်ကြီးကို မြင်တော်မမူတာနှင့် မေးတော်မူပါ တယ်ဘုရား ဒီတော့အရှင်ထိပ်စုမြတ်ဖျားက ကျော်မိုး တံတားအနီးက အထိန်းတော် သခင်ကြီးရဲ့ အစ်မဆင်ဝန်ကတော် ခင်ဘွားချစ်၏ သားကလေး မကျန်းမမာ ဖြစ်နေတာကို သွားမေးချင်ပါသည် ခွင့်တောင်းထားလို့ သွားချင်နေတဲ့အချိန်သွားဖို့ အခွင့်ပေးတော် မူထားတဲ့အတွက် အဲသည်ဆီများ ထွက်သွားတတ်ကြောင်း မပြောတတ်ကြောင်းပါ ဘုရားလို့ အရှင် အလယ်နန်းမတော် ဖုရားကို သံတော်ဦးတင်သံ ကြားရကြောင်းပါ သခင်ကြီးဘုရား"

ဆိုမှ ခင်ဘွားသစ်လည်း ရင်ထဲကအလုံးကြီး ဗြုန်းခနဲကျသွားကာ စုဖုရားလတ်၏ လျန်မြန်ဖျတ်လတ်သော တင်္ခဏုပ္ပတ္တိဉာဏ်နှင့် အကယ်၍ အတိုင်အဖောက်မညီ လျှင်လည်း အရေးမကြီးစေရန် ခင်ဘွားချစ်အိမ်သို့ သွားပါသည်ဟု တတ်အပ်မဆိုဘဲ ဖြူလိုကဖြူနိုင်၍ မည်းလိုကမည်းနိုင်ရန် မတင်မကျ သံတော်ဦိး တင်ထားရှာသည်များကို လည်း အနည်းနည်းကြိတ်၍ ချီးမွမ်းမိပြီးလျှင်-
"ဟင်...ဒါဖြင့်လည်း ကိစ္စမရှိဘူး၊ ငါ့ကို သမီးတော်တစ်ပါးအတွက် မျက်စိအောက်က မပျောက်ရအောင် အမြဲထိန်းသိမ်းစောင့်ရှောက်ဖို့ ငယ်စဉ်တောင်ကျေးကတည်းက သူကောင်းပြုတော်မူထားပါလျက် အရှင် အလယ်နန်းတော်ဘုရား ထွက်တော်မူလာတဲ့ အခိုက်အတန့်ကလေးမှာ ငါမရှိခိုက်နှင့် ကြုံကြိုက် နေတဲ့အတွက် မျက်တော်မူများ၊ သွားမလားလို့တဲ့"

"စိုးရိမ်တော်မူပါနှင့် သခင်ကြီးဘုရား၊ အရှင်အလယ်နန်းမတော်ဖုရားကလည်း စုထားဖျား က သံတော်ဦးတင်လိုက်တဲ့အခါ မျက်တော်မမူတဲ့အပြင် ရှိပါစေ၊ သွားပါစေ၊ သူ့ခမျာ များလည်း ဆွေနဲ့မျိုးနဲ့ သံယောဇဉ်နဲ့ဆိုတော့ သွားချင်ပေသေးတာပေါ့၊ သွားပါစေ၊ သွားပါစေလို့ မိန့်တော်မူပါသေးတယ်ဘုရား"

"အို...ဒီလိုတောင် မိန့်တော်မူသေးလား၊ အင်း...အင်း၊ ဒါဖြင့်စိုးရိမ်တာတွေ အလကားပေါ့၊ ကဲ...ကဲသွားတော့၊ ငါလည်း အပါးတော်ဝင်ပြီး ခစားချေဦးမယ်"
ပြောပြီးလျှင် အထိန်းတော်ကြီးခင်ဘွားသစ်လည်း သီပေါမင်းသားထံမှ လျှို့ဝှက်စွာယူ ဆောင်လာသော ရွှေလွှာတော်ကို လုံခြုံမြင့်မြတ်သော နေရာတစ်ခုတွင် လူမမြင်အောင် ဖုံးဝှက်ထားခဲ့ပြီးမှ ထိပ်စုဖုရားလတ်တို့ သားမယ်တော်နှစ်ပါးနှင့် စံတော်မူရာ အဆောင်တွင်းသို့ ခပ်ရို့ရို့လက်ယှက်ကာ ခစားရန်ဝင်လာ၏ ။

ထိပ်စုဖုရားလတ်လည်း အထိန်းတော်ကြီးအား မျက်ရိပ်နှင့်ရှုစားတော်မူလိုက်ပြီး
"သြော်... အထိန်းတော်ကြီး သစ်သစ်၊ ဆင်ဝန်ကတော် ချစ်ချစ်တို့အိမ်သွားတာ ပြန်လာပလား၊ ချစ်ချစ်ကဲ့ သားကလေး မမာဘူးဆိုတာကော အတော်သက်သာလာပြီလား၊ မယ်မယ်ဖျားကတောင် သစ်သစ်ကို မမြင်လို့ မေးတော်မူ နေသေးတယ်"

ရေလာမြောင်းပေး၊ နှုတ်သွက်ချက်ချာစွာ မိန့်တော်မူနေရာ နဂိုကပင် ချက်ဆိုလျှင် နားခွက် က မီးတောက် နေကျဖြစ်သော အထိန်းတော်ကြီး ဖြစ်သောကြောင့် အခြေမပျက်ပင် အလယ် နန်းမတော်ဖုရား အပါးသို့ ဦးချကာ ထိုင်လိုက်ပြီး-

"ပြန်ခဲ့ပါပြီ စုထားဖုရား၊ ကလေးလည်း တစ်နေ့ဆီကဖြင့် သူငယ်နာ ထောင့်တန်း တက်တက်နေတာ သမားတော် ဆရာတူဆေးနှင့် ကျမှ အတက်ကျပြီး အတော်ကြီးလန်းလာ ပါပြီဘုရား"
မျက်နှာထိ မျက်နှာထားနှင့် ပိပိရိရိလျှောက်တင်လိုက်သောအခါ ထိပ်စုဖုရားလတ်မှာ မိမိအထိန်းတော်ကြီး အကင်းပါးပုံကို တစ်ပါးတည်း ကြိတ်၍ ချီးမွမ်းမိလေ၏ ။
အလယ်နန်းမတော်ဘုရားလည်း အထိန်းတော်ကြီးဘက်သို့လှည့်၍ ရှုစားတော်မူပြီး "ဘွားသစ်ကဲ့ နင့်သမီးအတော်လိမ္မာနေပါပကောဟဲ့၊ အဲဒီလိုမှ ငါက နှစ်ခြိုက်တော်မူတာ၊ ကြိုးစားပြီး သင်ပါ ကြားပါဟယ်၊ ငါ့က မယ်တော်အရင်းဆိုပေမဲ့ နင်နဲ့ လက်ပွန်းတတီး ကြီးပြင်းတော်မူရတာကများလို့ စုထား ကလည်း အမေအရင်းတစ်မျှ ချစ်ခင်နေတဲ့အတွက် သွန်သင်ဖို့မခက်ပါဘူး" မိန့်တော်မူရာ ခင်ဘွားသစ် လည်း ရှိခိုးလက်ယှက်ကာ "တင်ပါဘုရား" ဟု လိုက်ရလေ၏။

သို့နှင့် အလယ်နန်းမတော်ဘုရားလည်း သမီးတော် အဆောင်တော်တွင် အလျဉ်းသင့်ရာ မေးမြန်းပြောဆိုတော်မူလျက် အတန်နေစောင်းသွား သည့်အချိန်တွင်မှ အဆောင်တော်သို့ ပြန်လည်ထွက်ကြွ သွားတော်မူလေ၏။ အထိန်းတော်ကြီး ခင်ဘွားသစ်လည်း အလယ်နန်းမတော်ဘုရားကြီး ပြန်လည်ကြွသွားပြီးသည့်နောက် ထိပ်စုဖုရားထံတော် မှောက်သို့ အခစားမရောက်လာသေးဘဲ ခပ်လွှဲလွှဲ ခပ်ရှောင်ရှောင် တောင်ယောင်ယောင် မြောင်လိုလိုနှင့်  ချောင်ခို၍နေပြီးလျှင် တစေ့တစောင်းမှလည်း ထိပ်စုဖုရား၏ မျက်နှာ တော်အကဲကို ချောင်းမြောင်းကြည့်ရှုနေလေ၏။ ထိပ်စုဖုရားလတ်လည်း မယ်တော် ဘုရားကြီး ပြန်ကြွသွားသည့်အချိန်ကစ၍ မည်သည့် သတင်းများ  ကြားရမည်လဲဟု အမြဲမျှော်လင့်တော် မူရာကာ အထိန်းတော်ကြီးကိုသာ မျက်လုံးတော်က ရှာ၍နေသည်ကို တွေ့နေရလေ၏။

ခင်ဘွားသစ်လည်း တိတ်တိတ်ပုန်း ကြိတ်ပြုံးကာ "စုထားဖုရားတော့ ဒီတစ်ခါများ သိကြရောပေါ့၊ စိတ်တော်ထဲက ရှိသမျှကို ဒီကသစ်သစ်အပေါ်မှာတောင် ဖုံးတော်မူချင်တာ ဒီတစ်ခါ ဘွားဘွားပေါ်အောင်စစ်ပြီး သစ်သစ်ကြီး ကို ဒုက္ခပေးဦင်္းမလားဆိုတာမေးရင်း ကလေးကိုခြောက်သလို ခပ်ငေါက်ငေါက်ကလေး မေးရကောင်းမလား၊ အင်းလေကြည့် လုပ်မယ်၊ ဒီတစ်ခါတော့ သစ်သစ်ရဲ့ နဲ့ချော့မှ" ဟုတစ်ယောက် တည်းကြိမ်းဝါးလျက်ရှိစဉ်-

"ဟဲ့...ခင်ဟေ၊ လာစမ်း သစ်သစ်ဘယ်မလဲ၊ ဒီမိန်းမကြီးဟာ တစ်နေ့လုံးလည်ချင် ရာလည်ပြီး ယခု ဘယ်ချောင်ဝင် ပုန်းနေမှန်းမသိဘူး၊ ရအောင်ရှာလိုက်ပြီးငါ့ရှေ့တော် ခေါ်ခဲ့" မိန့်တော်မူသံကို ကြားလိုက် ရပြီးနောက် မိမိအပါးသို့ ခင်ဟေရောက်လာပြီးလျှင် "သခင်ကြီးဘုရား အရှင်ထိပ်စုဖျား ခေါ်တော်မူနေပါတယ်" ပြောသည်တွင်မှ အထိန်းတော် ကြီးလည်း စုဘုရားအနီးသို့ ရောက်လာလေ၏ စုဖျားကလည်း အထိန်းတော်ကြီးနှင့် နှစ်ယောက်ချင်း မျက်နှာဆုံမိသောအခါ အပါးကခစားနေရှာသော အပျိုတော်ကလေး များကို အပြင်ထွက်သွားစေလျက် သလွန်တော်က ရှေ့သို့အနည်းငယ်တိုးရွှေ့လာကာ" သစ်သစ်ရဲ့ အကျိုးအကြောင်းများလည်း သိတော်မူစမ်းပါရစေဦး၊ ဒီမှာဖြင့် မယ်မယ် ဖျားများ ရိပ်မိတော်မူသွားလေမလားလို့ ဖုံးလိုက်ဖိလိုက်ရတာ မောနေပါပြီ၊ လမ်းမှာကော ချောချော မောမော ရှိရဲ့လား၊ မောင်တော်သီပေါကိုယ်တော်လေးရဲ့ ရွှေလွှာတော်ကိုကော သူ့လက်တော်အရောက် မှတ်မှတ်ရရ ပြန်လို့ ဆက်သခဲ့ရဲ့သလား၊ စုစုကတော့ အခြားလူသူတွေ မြင်သွားမှာစိုးရိမ်တော်မူတဲ့အတွက် မောင်တော်လက်ကိုပဲ ပြန်ဆက် လိုက်တာ ကိစ္စအေးပါတယ်ဆိုပြီး ဆက်ခိုင်းတာပဲ အဲဒါ အစပျောက်အောင် ထိထိ ရောက်ရောက် ဆက်ခဲ့ရဲ့လား"
မေးတော်မူလျှင် ခင်ဘွားသစ်လည်း မျက်နှာခပ်ညှိုးညှိုးနှင့်- သစ်သစ်က စုထားဖုရား စေခိုင်းတော်မူသမျှ အစစ တာဝန်ကုန်အောင် ဆောင်ရွက်တဲ့အပြင် အရာရာမှာ လိုတာထက်ပိုလို့ပင် အကျိုးတော် ဆောင်ပါတယ်ဘုရား၊ ယခု ရွှေလွှာတော်ကလေး ကိုလည်း သီပေါကိုယ်ကလေးကို သနားနား နဲ့ပဲ မလွှဲသာတဲ့အတွက် စုထားဘုရား အမိန့်တော်အတိုင်း ပြန်ဆက်ခဲ့ပါတယ်" "အင်း.. ဒီတော့ သီပေါ မောင်မောင် က ဘာများမိန့်တော်မူသေးသလဲ" "၀မ်းနည်းစရာကြီးပါစုထားရယ်၊ စုထားဘုရားမှ မေတ္တာ တော် မပြန်လို့ ရွှေလွှာတော်ကိုလက်မခံတဲ့ဟာ လျှောက်တင်အကျယ်ချဲ့နေလို့လည်း အကျိုးထူးတော်မူမှာ မဟုတ်ပါဘူး၊ ဒီတော့တိုတိုတုတ်တုတ်နဲ့ လိုရင်းချုပ် လျှောက်ရ မယ်ဆိုလျှင် စုထားဖုရား လက်ခံတော် မမူလိုက်တဲ့ ရွှေလွှာတော်ကလေးကို နှေးနှေးကန်ကန် လှမ်းယူတော်မူပြီး ကိုယ်တော်အထင်ကြီးလို့ ဒီအထိ ခရီးလွန်တော်မူ လိုက်ရတာ ၀မ်းနည်းပါရဲ့ အထိန်းတော်ကြီးရယ်၊

 ကဲ..ကဲ စုထားဖုရားက လက်ခံတော် မူတဲ့ မျက်နှာမဲ့ရွှေလွှာတော်ကလေးကို တစ်ခါတည်း အရည်ကျိုလို့ဖျောက်ဖျက်ပစ် တော်မူလိုက်မယ် အစအဆုံး ကြည့်သွားပါလေ၊ စုထားကိုလည်း ကျေနပ် လောက်အောင် ဒီရွှေလွှာပေါ်က စာများကို ကမ္ဘာပေါ်မှာ မထားတော့ဘူးဆိုတာ လျှောက်တင် လိုက်ပါ တော့လို့ ရွှေမျက်နှာမကြည်မသာနှင့် မိန့်တော်မူကာ ရွှေလွှာကလေးကို ပြန်လည် ရှုစားတော် မူရမှာ၊ စိတ်နာလို့ထင်ပါဘုရား တစ်ခါတည်းကပ်ကြေးနဲ့ အစိတ်စိတ် အမြွှာမြွှာဖြစ်အောင် ကိုက်ညှပ်တော် မူပြီး ကပ္ပိယဖိုးသူတော်ကြီး အဂ္ဂိရပ်ဖိုးထိုးတဲ့လုံ တစ်ခုထဲထည့်ပြီး တစ်ခါတည်းဖားဖိုပေါ် တင်ထိုးတော် မူလိုက်တာ ရွှေပြားအလေးဘ၀မှ တစ်စတစ်စ ရွှေရည်တွေပျော်ကျပြီး ရွှေထည်သွန်း ချလိုက်သည်နှင့် တစ်ပြိုင်နက် ရွှေခဲ ကလေး ဖြစ်လျက်ရှိပါတော့သည်ဘုရား" လျှောက်ထားပြီး စုဖုရားမျက်နှာကို အမှတ်မဲ့ ကြည့်လိုက်သောအခါ  ထိပ်စုဖုရားလတ်မှာ ရုတ်တရက် မျက်နှာတော် ပျက်သွားလျက်-
"အို..."ဟု စပြီးမှ စကားအဆက်ရခက်သောကြောင့် ရပ်တန့်စဉ်းစားတော်မူနေစဉ် ခင်ဘွားသစ်လည်း ထိပ်စုဖုရားလတ်၏ မျက်နှာကဲဖျက်ခနဲ မသိမသာ လှမ်းကြည့်လိုက်ကာ ကပျာကယာ မျက်လုံးလွှဲပြီး ၀မ်းထဲက ကြိတ်ပြုံးကာ ဆက်လက်လျှောက်တင်မည်ဟု ပါးစပ်ပြင်နေစဉ်မှာပင် ထိပ်စုဖုရားလတ်က မျက်နှာတော်အိုအိုနှင့် "သြော်... စုစု ပြန်ပေး လိုက်တဲ့ ရွှေလွှာတော်ကလေးဟာ တစ်ခါတည်း အက္ခရာတွေပျောက်လို့ ရွှေရည်ဘ၀သို့ ရောက်သွားပြီ်ဆိုပါတော့"
မိန့်တော်မူလျှင်-

သစ်။    ။ "တင်ပါဘုရား၊ သီပေါကိုယ်တော်လေး လက်တော်နှင့် ရေးသားတော်မူထားတဲ့ အက္ခရာ စာလုံးကလေးများဟာ ရွှေပြားကလေးနှင့်အတူအရည်ပျော်ပြီး လုံထဲမှာဘ၀ ပြောင်းသွား ရှာပါသည့်ဘုရား၊ နို့ အရှင်ထိပ်စုဖျားက သူများတကာမမြင်စေချင်ဘူးဆိုလို့ ကိုယ်တော်လေးက စုစုအလိုတော် ပြည့်အောင် မချိရက်နှင့် ဖျောက်ဖျက်တော်မူရရှာခြင်း ပါဘုရား၊ စိတ်တော်တော့ ဘယ်ကောင်း နိုင်ရှာတော်မူပါမလဲ စုဖျားရဲ့"

စု။ ။"သူရေးတဲ့ရွှေလွှာကို နောက်တစ်ခါပြန်လို့ ရှုစားတော်မမူဘဲ တစ်ခါတည်း အရည်ကျိုလိုက်ရောလား သစ်သစ်ရဲ့"

သစ်။    ။ "တင်ပါဘုရား"

စု။ ။"သစ်သစ်ကလည်း ပြန်ပြုရှုစားတော်မူပါဦးလို့မှ သတိတော် မဆက်လိုက်ဘူးလား၊ တယ်ခက်တဲ့ သစ်သစ်ကိုး"

သစ်။ ။"အလိုဘုရားဆွမ်းခံရင်း ငှက်သင့်နေပြန်ပါပြီ၊ ရွှေလွှာကို အရှင်ထိန်စုဘုရားက လက်သင့်တော် မခံချင်လို့ တမင်ပြန်ဆက်ချေပါခိုင်းတော်မူထားမှ ဘုရားကျွန်မက ကိုယ့်လူ သူ့ဘက်သား လုပ်ပြီး အလုပ်ပိုတစ်ခုဖြစ်အောင် မဆီမဆိုင်တာလျှောက်တင်ဖို့ လိုပါသေး သလားဘုရား၊ တကယ်ဆို စုထိပ်ဖျားက မောင်တော့်ရွှေမေတ္တာ လက်ခံတော်မူ တဲ့သဘောနဲ့ ရွှေလွှာတော် ပြန်ကမ်းရင်လည်း ၀မ်းသာ အားရနဲ့ ရှုစားတော်မူပါဘုရားလို့ သံတော်ဦးတင်လေရ အကောင်းသား ခုတော့သူ့အလွှာ သူ့ပြန်ဆက်ရတာမှာ ရှုစားတော် မူပါလို့ လျှောက်တင်ခဲ့ပါလို့ အရှင်ထိပ်စုဖုရားကမှ မှာတော်မမူလိုက်ဘဲနဲ့ ဖျာ့ကျွန်မနှုတ် မရဲစကားတတ် မလုပ်ဝံ့ပေါင်ပါဘုရား"

မျက်နှာထိမျက်နှာထားဖြင့် လျှောက်ထားနေရာ ထိပ်စုဖုရားလတ်မှာ ခင်ဘွားသစ်သိမည် ကို ရှက်စနိုးဖြစ်တော်မူမိသဖြင့် သူမသိအောင်မောင်တော်ထံသို့ မလှိမ့်တပတ်ဥာဏ်ဆင် ပြီးပြန်လည်ရေးသား ပေးပို့တော်မူလိုက်သောရွှေလွှာတော်ကို မောင်တော်သီပေါမင်းသား တွေ့မြင်ရှုစားတော်မမူရဘဲ အထင်လွှဲပြီး အကယ်ပင် အဂ္ဂိရပ်လုံထဲထည့်ကျိုတော်မူ လိုက်လေပြီဟု ယုံကြည်တော်မူသွားသဖြင့် မျက်နှာတော်ပျက်ပျက်ဣနြေ္ဒတော် ချို့ယွင်း လျက် ပင့်သက်ရှုတော်မူလိုက်ကာ စိတ်ရှုပ်စွာနှင့်အတန်ကြာ ငေးစိုက်စဉ်းစားတော် မူနေရာမှ-
"သစ်သစ်တကယ်ပဲ မောင်တော့လက်ထဲကို ဆက်ခံရဲ့လား"

"တကယ်လို့ ဆက်ခဲ့ပါသည်ဘုရား၊ အရှင်ထိပ်စုဖုရားကို လိမ်၍လျှောက်တင်ဝံ့သူ မဟုတ်ကြောင်းပါ၊ ရွှေလွှာတော်ကို သီပေါကိုယ်တော်ရဲ့ လက်တော်တွင်းသို့ ထိထိမိမိ ရောက်အောင်ဆက်ခဲ့ရိုးမှန်ပါသည်၊ ဤအတိုင်း မမှန်ပါက ဖျာ့ကျွန်မ အ၀ီစိငရဲက မတက်ရ ပဲရှိပါစေဘုရား"
ခင်ဘွားသစ်က ၀မ်းတွင်းကရယ်သလောက် မျက်နှာပန်းတည်တည်နှင့် လျှောက်တင် လေ၏ ။

ထိပ်စုဖုရားလည်း တစ်စုံတစ်ရာမိန့်တော်မမူဘဲ ခပ်ငေးငေးစံတော်မူလျက် တစ်ခဏ ကြာသော နှုတ်တော်မှလှစ်ခနဲ"တယ်ခက်တာကိုး"ဟု ယောင်ယမ်းညည်းညူတော်မူ လိုက်လျှင် ခင်ဘွားသစ်လည်း အင်မတန်ရယ်ချင်လာသောကြောင့် အနိုင်နိုင်အောင့် လျက်က

"အကျိုးကြောင်းမိန့်တော်မူမှသိရမဲ့ ကျွန်တော်မျိုးမ ဖြစ်ပါတယ်၊ အရှင်ထိပ်စုမြတ်ဖျား မရိပ်မိ ဘယ်ပုံ ခက်တော်မူ တာတုံးဘုရား"
မချိုမချဉ် မျက်နှာနှင့်လျှောက်တင်စုံစမ်းသောအခါ ခင်ဘွားသစ်၏ လည့်စားချက်ကို မရိပ်မိ မိမိအဘယ်နှင့် အပတ်မပြေရှိသော အတိုင်းသာလျှင် ခင်ဘွားသစ် မသိလက်စနှင့် တစ်ခါတည်း မသိပါစေနှင့်တော့ဟူသော အကြံတော်ကြောင့်

"သြော်...ဘာမှမဟုတ်ပါဘူး သစ်သစ်ရယ်၊ ဒီနှစ်စာတော်ပြန်ပွဲမှာ ကုသိုလ်ရေးရည်မှန်းပြီး သင်္ကန်းများလှူတော်မူမဲ့အရေးနှင့် ပတ်သက်ပြီး 'အကျိုးလိုလို့ ညောင်ရေလောင်း၊ ပတ်ထမ်းတွေ့' ဆိုတာလို သီပေါကိုယ်တော်က စုစုကိုအလွှာတော်သခြင်းခံရတဲ့အတွက် စိတ်ပျက်ပျက်နဲ့ ညည်းတော်မူလိုက်မိတာပါ၊ သီပေါမောင်တော်အတွက် ၀တ်လဲတော် ပုဆိုးဆက်မိရာကစပြီး အမှုကြီး လာတာပဲ သစ်သစ် ရဲ့"
 သစ်။ ။"နို့ဖြင့်ဘုရား စုထားဖုရားကမှ ရွှေမေတ္တာပန်းခိုင် ယိမ်းယိုင်တုံ့ပြန်တော်မမူဘဲဟာ စဉ်းစားတော်မူနေလို့လည်း အလုပ်ပိုတစ်ခုဖြစ်နေတော့မှာပါဘုရား၊ ရွှေမေတ္တာခေါင်းပါးတဲ့ စုထားဖုရားပင် သည်မျှလောက် ရွှေစိတ်တော်နောက်တော်မူနေလျှင် အင်မတန်မှမျှော်လင့် တောင့်တ မေတ္တာတော် ကြီးလှတဲ့ သီပေါကိုယ်တော်ကလေးမှာဖြင့် ထင်တိုင်းမပေါက်၊ ရွယ်တော်မူတိုင်း ခရီးမရောက် လို့ မီးတော် နှင့် မြိုက်တဲ့ပမာအသည်းနှလုံး ညိုးချုံနာကျင် တော်မူနေရှာပြီးတဲ့ဘုရား"

"စုစုက မကြင်နာမှန်းသိတော်မူရတော့ အင်မတန်လည်း ၀မ်းနည်းရှက်ကြောက် ဖြစ်တော်မူ နေရပြီ၊ ဒီဘ၀မှာ ကျုပ်ပြီကြင်နာမဲ့သူများမှ ရှိပါဦးတော့မလား အထိန်းတော်ကြီးရဲ့တဲ့၊ စုစုကိုစပြီး မေတ္တတော် ပန္နက်ချမိတဲ့အတွက် စိတ်ကယောက်ကယက်လည်း ဖြစ်နေပြီ၊ ဒီတော့ ကျုပ်ကိုစုစုအပြင် ကြင်နာမဲ့ အခြား မင်းသမီးများ ရှိသေးတယ်ထင်လျှင်လည်း အထိန်းတော်ကြီးကလဲ သင့်တော်မယ် ထင်သူကို ညွှန်ပြစမ်းပါ"

"ကိုယ်တော့မေတ္တာကို ခံယူမယ်အထင်ရှိလျှင် ဟောဒီရွှေလွှာတော်ကို ဆက်လိုက်ပါဆိုပြီး ရွှေလွှာတော်အသစ်တစ်ခုရေးပြီး ပေးတော်မူလိုက်ရှာသေးတယ် စုထားဖုရားရဲ့"
"သနားပါတယ်ဘုရား၊ စုထားဖုရားက လက်ခံတော်မမူတာနဲ့ ဘုရားကျွန်မ သဘောတူရာ၊ သင့်လျော် မယ်ထင်တဲ့ မင်းသမီးတစ်ပါးကို ရှာပါတော့လို့ဆိုတဲ့ သဘောပါဘုရား၊ ဘုရားကျွန်မဖြင့် ထိတ်လှပါပေါ့ ဘယ်သူ့ကိုများ ဆက်ပေးရမယ်လို့ မစဉ်းစားဝဲ့အောင် ရှိတာ့တာပဲဘုရား"
ဣနြေ္ဒကြီးနှင့်တင်လျှောက်ရာ ထိပ်စုဖုရားမှာ ပိုမိုမျက်နှာညိုးနွမ်းတော်မူသွားပြီး။

သြော်... သစ်သစ်လည်း စုစု အဆောင်တော်မှာ ခစားပြီးအတော်အလုပ်ပိုတွေ များနေပြီ ထင်တယ်၊ ကဲ...ကဲ၊ သီပေါကိုယ်တော်ကို ဘယ်မင်းသမီးနဲ့များ ဖူးစာတော်နှစ်ထွေဂဟေ ဆော်ပေးမည် ကြံစည်သလဲ ပန်းထိမ်တော်ကြီးရဲ့
မချိပြုံးပြုံး၍ မိန့်တော်မူလေ၏ ။

သစ်။ ။"အမယ်လေး... ဘယ်မင်းသမီးကိုမှ သွားအပေးဝံ့ပါဘူး စုထားဖုရားရယ်၊ ခင်ဘွားသစ် တစ်ယောက် ရှုပ်ရှုပ် ရှက်ရှက်လုပ်နေတယ်လို့ ရွှေနားနော်ကြားမှဖြင့် အလကား သေတော်ခေါ်နေရပါဦးမယ်၊ သီပေါ ကိုယ်တော် ကို သနားလွန်းလို့သာ စိတ်ကျေနပ်ပါစေလို့ သူ့ရွှေလွှာကလေး အသာယူခဲ့ရပါတယ်၊ တကယ် မမေးဝံ့ပါဘူး ဘုရား "

စု။ ။"ဘယ်သူ့ကိုပေးဖို့လို့ မရည်ရွယ်ဘဲနှင့် ရေချမ်းစင်တည်တဲ့ သဘောထားနှင့် ရေးသားတော်မူတဲ့စာမို့ ဖတ်လို့ကောင်းမှာလည်း ဟုတ်မယ်မထင်ပါဘူး"
သစ်။ ။ "ဘာတွေရေးထားတယ်ဆိုတာ ဘုရားကျွန်မလည်း ဖတ်မကြည့်မိလို့ မသိပါဘူးဘု၇ား၊ စုထားဖုရား သိတော်မူလိုလျှင် ရှုစားတော် မူပါလားဘုရား"

ပြောကာခြုံပ၀ါကြားက ပိုးဆာပါ ပ၀ါနှင့်ထုပ်ထားသော ရွှေလွှာတော်ကို လှမ်းဆက် လိုက်လျှင် နဂိုကမချင့်မရဲနှင့် ရင်ထဲတွင်ဗလောင်ဆူလျက် ကြည့်ချင်ရက်ဖြစ်တော် မူနေသော စုဖုရားလည်း တစ်စုံတစ်ရာ မိန့်ကြားတော်မမူဘဲ ပိုးဆာပါပ၀ါအတွင်းမှ ရွှေလွှာတော်ကို ထုတ်ယူရှုစားတော်မူလျက် ရှိလေ၏ ။

ခင်ဘွားသစ်လည်း ခစားရင်းပြုံးပြုံးကြီးလုပ်နေလေရာ အလွှာတော်ရှုစားတော်မူနေသည့် ထိပ်စုဖုရား မှာလည်း စာတော် မဆုံးခင် တဖြည်းဖြည်းပြုံးသည်ထက် ပြုံးရွှင်တော်မူလာပြီး စာလည်းဆုံး အပြုံးကြီး လည်း ပြုံးတော်မူလျက် ခင်ဘွားသစ်ဘက်သို့ လှည့်တော်မူ လိုက်လျှင် အိုမလုံအုံပွင့်နေသည့် မျက်နှာ ထား နှင့် ပြုံးပြုံကြီးခစားနေသော ခင်ဘွားသစ်ကို မြင်တော်မူရကား-

"ကြည့်စမ်းပါ သစ်သစ်ကြီးဟာ ပလီစိချောက်ချက်တယ်တတ်နေပါကလား၊ ပြော...ပြော ဒီအလွှာတော်ဟာ ဘယ်သူ့ကို ပေးလိုက်တာလဲ၊ မှန်တဲ့အတိုင်းပြောပါ၊ ဒီမျက်နှာကြီး ကကောဘာပြုမဲ့ အလကား နေရင်း ပြုံးကြည့် နေရတာလဲ"

မချင့်မရဲနှင့် ဆွဲထုတော့မယောင်ယောင် ဖြစ်နေရာ ခင်ဘွားသစ်မှာ တခစ်ခစ်ရယ်ရာက
သစ်။ ။"ခုနင်က ဖျာ့ကျွန်မလျှောက်တင်ပြီးပါပကော၊ ဘယ်သူရယ်လို့ မရည်မှန်းပါဘူး၊ စခမ်း သင့်သလို လက်ခံမဲ့ မင်းသမီးတစ်ပါးပါး"(စကားမဆုံးမီ)
စု။ ။"အို...တော်ပါ၊ ဝေ့လည်ကြောင်ပတ်လုပ်နေမှန်း စုစုသိပါပြီ၊ မှန်မှန်သာပြော၊ ဒီရွှေလွှာဟာ စုစုကို သေသေ ချာချာ ပေးလိုက်တာပဲမဟုတ်လား"
သစ်။ ။"အရှင်ထိပ်စုမြတ်ဖျား လက်ခံတော်မူမယ်ဆိုလျှင်လည်း အရှင့်ဖို့ပါပဲ"

စု။ ။"ဒီလိုတောင်မရောက်မြောက်မကျ ဇကပြောမနေစမ်းပါနဲ့၊ ဒီရွှေလွှာမှာပါတဲ့ တေးထပ်နဲ့ သဖြန့် များဟာစုစုကို သေသေချာချာရေးထားတဲ့ အဓိပ္ပာယ်များပါဝင်နေ တယ်၊ စုစုကရေးလိုက်တဲ့ တေးထပ်စာ နှင့် ယှဉ်ကြည့်လျှင် ဘယ်အထိအဓိပ္ပာယ်များ ပါဝင် နေတယ်၊ စုစုကရေးလိုက်တဲ့ တေးထပ်စာ နှင့် ယှဉ်ကြည့်လျှင် ဘယ်အထိ အဓိပ္ပာယ် တိုက်ဆိုင်နေကြောင်း သိရတာပေါ့"
အမှတ်မဲ့လွှတ်ခနဲ မိန့်တော်မူလိုက်ရာ ခင်ဘွားသစ်က အံ့အားသင့်သော မျက်နှာနှင့်
"ဟော...ဟော...ပေါ်ပြီ၊ ဘယ်ဆီတုန်းက စုထားဖုရား တေးထပ်လွှာဆက်လိုက်ပါသလဲ၊ ဖျာ့ကျွန်မလည်း မသိရပါကလား"

အမှားစောင့်၍ ပြောလိုက်သောအခါ ထိပ်စုဖုရားမှာလည်း အမှတ်မဲ့စကားကျွံသွားမိသဖြင့် ခင်ဘွားသစ်ကို ရှုစားတော်မူနေရုံမှတစ်ပါး စကားတစ်ခွန်းမျှ မိန့်တော်မမူသေးမီ
သစ်။ ။"ပေါ်ပြီ၊ စုထားလိမ်တော်မူလို့မရတော့ဘူး၊ ဘယ်တုန်းကအလွှာတော် ပြန်ဆက်လိုက်ပါသလဲ၊ ငယ်ကတည်းကချစ်ရတဲ့ သစ်သစ်ကိုတော့ စေတော်မမူဘဲနှင့် ဘယ်သူတွေကိုများ စေစားတော် မူလိုက်ပါသတုံး၊ အင်မတန်မုန်းစရာကောင်းတဲ့ စုထား ဖုရားပါကလား၊ မသင့်ပါဘူးလေးနဲ့ မေတ္တာတော် ကင်းဝေးတဲ့ သဘောနှင့် လှည့်စား ပြောတော်မူထားတယ်၊ တကယ်ဆို သစ်သစ်ရယ် သီပေါကိုယ်တော်ကို စုစုကလည်း ချစ်တော်မူပါတယ်လို့ ဖွင့်ပြောတော်မူရင် ဒီမိခင်ကြီးက စောစောစီးစီး မကရပါကလား၊ ခုတော့ စုထားဟာ 'အတွင်းထရံအပြင်ကာဆိုတာလို သစ်သစ်ကို အသိမပေး ဘဲနှင့် သူတထူးနှင့် အလွှာတော် ပြန်ပို့တာများ၊ လားလားမှမတော်ပါဘူး "

ဆူတစ်ခါဆောင့်တစ်ခါ ငိုတစ်လှည်ကမဲ့တဖုံဖုံ အမျိုးမျိုးခနိုးခနဲ့ လျှောက်တင်နေလျှင် ပြုံးပြုံးရွှင်ရွှင်နှင့် ရှုစားတော်မူနေသော စုဖုရားကလည်း
"အို...သစ်သစ်က စုစို အမှုရှာပြန်ပြီ၊ စုစုက သစ်သစ်အပြင်ဘယ်သူ့ကိုများ စေစားတော်မူ တယ်ထင်လို့လဲ၊ စုစုရေးတော်မူတဲ့ အလွှာတော်ကို သစ်သစ်ပင် ယူဆောင်သွားပြီး မောင်တော်ဘုရားကို ဆက်ခဲ့တယ် မဟုတ်လား"

မိန့်တော်မူရာ ခင်ဘွားသစ်က မသိချင်ပြုလျက်-
"ဟောတော့ခက်ရပြန်ချေပြီ၊ သစ်သစ်ကို ဘယ်တုန်းကစေတော်မူလို့ပါလဲ၊ သတိတော် များလည်းထားပါဦး စုထားဖုရားရဲ့"
"သစ်သစ်ကလည်းနော် သိရက်သားနှင့် ညာနေတော့တာပဲ၊ သစ်သစ်ယခုပို့ဆက်ခဲ့တဲ့ ရွှေလွှာတော်ဟာ စုစုရေးတဲ့ အလွှာတော်ပေါ့၊ ဒီအလွှာတော်အရ သီပေါမောင်တော်က ယခုအလွှာတော်ကို ပြန်ပေးတော် မူလိုက်တာပဲ မဟုတ်လား၊ ဒါနဲ့များ ရွှေပြားကို လုံထဲ ထည့်ပြီး အရည်ကျိုလိုက်သလေး ဘာလေးနှင့် လူများစိတ်မအေးအောင်၊ ကလီကမာ စကားတွေပြောနေရသေးတယ်၊ အင်မတန် ဥာဏ်များတဲ့ သစ်သစ်"

ပြောကာ ခင်ဘွားသစ်၏ ပေါင်ပေါ်တအားဖိထိုင်လိုက်မှ ခင်ဘွားသစ်ကြီးက အသံထွက် လာသည့်တိုင်အောင် ရယ်မောလျက် စုစုကိုပိုက်ဖက်ရင်း-

"အနို့စုထားက အမေ့ကို ဘာဖြစ်လို့ တစ်ပတ်ရိုက်ပြီး ခိုင်းတော်မူရတာလဲ၊ သစ်သစ်ဖြင့် တကယ်မှတ်လို့ သီပေါကိုယ်တော်လေး သနားလိုက်တာလေ၊ ကိုယ်တော်လေး ကလည်း အစက သစ်သစ်အထင်လွှဲသလိုပဲ လွဲနေရှာလို့ မျက်နှာတော်မသာဘူး၊ နောက်တော့ အလွှာတော်ကို စိတ်ပျက်ပျက်နဲ့ တစ်ချက်ပစ်ပြီး ရှုစားတော် မူလိုက်မှ စုထားဖုရားပြန်လည် ရေးသားပေးတော်မူလိုက်တဲ့ အလွှာတော်မှန်းသိလို့ ညို့နေတဲ့ မျက်နှာတော်ဟာ သော်တာလနန်းရေတွေ့တဲ့ ပဒုမ္မာပန်းလို ဗြုန်းခနဲ ရွှင်လန်း လာတော် မူရှာတယ် စုထား ဖုရားရဲ့၊ အစက ဘာဖြစ်လို့သစ်သစ်ကို ပွင့်ပွင့်လင်းလင်းမိန့်တော်မမူရတာလဲ၊ မတော် လို့ အလွှဲလွှဲ အမှားမှား ဖြစ်သွားရင် အခက်တန်ဘဲနှင့် ခက်မနေပါလား စုထားဖုရား"

အပြစ်တင်သံကလေးနှင့် လျှောက်ထားလေ၏
"အို...သစ်သစ်ကလည်း ရှက်တော်မူသေးတာကိုး"
ပြောလျက် မျက်နှာကို လက်နှင့်အုပ်ကာ အထိန်းတော်ကြီး ရင်ခွင်သို့ ခေါင်းနှင့်ဝင်ခွေ့ နေရှာ၏ ။
ခင်ဘွားသစ်မှာ ရင်သွေးပမာ ချစ်ခင်လာသော စုဖုရားအား ရှက်အားတော်ပိုမည်စိုးသဖြင့် အခြား စကားများကို ကြားဖြတ်တင်လျှောက်ကာ ရယ်စရာပုံတိုပတ်စများနှင့် တဟားဟား ရယ်သွမ်းသွေး၍ ကလေးကို ချော့သည့်အလား ယုယပိုက်ထွေးလျက် နံ့သာပန်းမန် များကို ဆက်ရန် မှန်ဆောင်တော် ရှိရာသို့ တွဲခေါ်ယူသွားလေ၏ ။

မှန်ခုံတော်ရှေ့တွင် စံတော်မူမိသောအခါ ခါနွေနှင့်ခင်ဘုန်းတို့ အဆင်သင့်ကုံးထားသော မြတ်လေးကုံး ကြီးကို ရွှေကလပ်ပေါ်မှယူ၍ ပန်ဆင်ပေးလျက်-
"မွေးလိုက်တာစုဖုရား၊ ပန်းတကာ့ပန်းမှာ မြတ်လေးပန်းလောက် ဘယ်ပန်းမှရနံ့မထူးပါဘူး၊ စန္ဒကူး နံ့သာတွေ မွှေးတယ်ဆိုတာလည်း သူ့ဟာနှင့်သူတော့ မွှေးပါလိမ့်မယ်၊ သို့ပေမဲ့ ရွှေမြတ်လေး ရနံ့ကိုဖြင့် မလွှမ်းမိုးနိုင်ပေဘူး၊ အဲ...ဒါကြောင့် ပန်းတကာပန်းမှာ ဘယ်ပန်းဟာ အမြတ်ဆုံးပါပဲလို့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို လျှောက်တင်တဲ့အခါ မြတ်လေးပန်းသာလျှင် မြတ်တယ်လို့ မိန့်တော်မူ တဲ့အတွက် မြတ်စွာ ဘုရားကို အထွတ် အမြတ်ထား၍ ပူဇော်ရာတွင် မြတ်လေးပန်းသာလျှင် တမြတ်တနိုး ထား၍ လှူဒါန်းကြတယ်"

"မြတ်လေးပန်းမပွင့်တဲ့ ရာသီမှာ မြတ်လေးပန်းကိုယ်စား မြတ်လေးပွါးမုလေးပွါးနှင့် တံခွန် ကုက္ကား များကိုပင် အမြတ်တနိုးအသုံးပြုကြရတဲ့ အစဉ်အလာကို ထောက်ထားပြီးသည် ပန်းကိုမှ မြတ်လေး ပန်းတော်ပါကလားလို့ အားရနှစ်သက်စွာ ပန်ဆင်တော်မူလိုက်ပါ ဘုရား"

အရိပ်အယောင်နှင့် မြတ်လေးပန်းကို ဥပမာဆောင်၍ လျှောက်တင်ပြီးတစ်ဖန်လည်း လက်ဝတ်တော် ရွှေကြုတ်ကိုဖွင့်ကာ ရတနာခုနှစ်ပါးဖြင့် စီချက်ထားသော မြသားဘယက် ကြီးကို စုဖုရားလည်တွင် ဆွဲဆင်ပေးလျက် ရွှေကသယ်မှုန့်တို့ဖြင့် ပြုပြင်ထားသည့် နံ့သာမှုန်းများကို တို့ဆစ်နေလေ၏ ။

"ဟင်...စုထားဖုရား၊ ဒါနှင့်စကားမစပ် ဘယက်တော်မြင်မှ သတိရပါတော့ကလား၊ မယ်တော်ကြီးဖျား အဆောင်တော် ခစားဝင်ရဦးမယ်ဆို စုထားဖုရား ၀တ်စားပြင်ဆင်တော် မူဖို့အတွက် စိတ်ကောင်း၊ ကျောက်ကောင်း၊ ရတနာကောင်းတွေ သနားတော်မူမယ်၊ မိဘွားသစ် လာယူပေစေလို့ မှာတော်မူ သွားပါတယ်၊ သစ်သစ် အခစားဝင်ချေဦးမည် ဘုရား" 

တင်လျှောက်ကာ အဆောင်တော်အပြင်သို့ ထွက်လာလျှင် အဆောင်တော်အတွင် တစ်ပါးတည်း စံတော်မူရစ်သော စုဖုရားလတ်သည် မောင်တော်သီပေါမင်းသားထံတော်မှ ဒုတိယ အကြိမ် ပေးပို့ တော်မူလိုက်သော တေးထပ်သံထောက်များကို အထပ်ထပ်အကြိမ် ကြိမ်ရှုစားတော်မူလျက် နက်နက် နဲနဲ စဉ်းစားတော်မူပြီး ပီတိသောမနဿ တည်းဟူသော လေပြည် လေညှင်းအလယ်တွင် ဘယ်ယိမ်း ညာနွဲ့ တသွဲ့သွဲ့လှုပ်ရှားနေသော သဇင်ခက် ကလေးပမာနှစ်သက်ကြည်နူး အထူးပျော်ရွှင်၍ နေတော်မူ ရှာလေသတည်း။

အခန်း (၁၀) မျှော်ပါ..

No comments: