Friday, February 22, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၅)

 အမှန်အတိုင်းပြောပါ သမီးရယ်၊ ဖုန်းမထားပါနဲ့။ ဖေဖေတရား နဲ့ ဖြေနိုင်ပါတယ်" လို့ ပြောတယ် တဲ့ လေ။
သူ့အဖေ နဲ့ ပြောပြီးတာနဲ့ သမီးကချက်ချင်းဖုန်းဆက်ပြောလာပါတယ်။ "မာမီတကယ်သေသွား တယ် ထင်ပြီးဖေဖေ ဖုန်း ဆက်လာတယ်။ တရားနဲ့ဖြေနိုင်ပါတယ်သမီး ရယ် နဲ့ ပြောတဲ့ ဖေဖေ့ အသံကြီး က လည်း ငိုသံပါကြီးနဲ့" တဲ့။
သြော်...နှစ်ပေါင်း များစွာ အတူလက်တွဲလာခဲ့တဲ့အပြင် သားသမီးတွေရဲ့ မိခင်တစ်ယောက်အနေနဲ့ သံယောဇဉ် တစ်မျှင်လောက်တော့ သူ့ရင်ထဲမှာ ကျန်ရှိနေသေးတယ် ထင်ပါရဲ့လေ။

အပိုင်း (၄၇)

ညီညွှန်မှုက အိမ်ရဲ့အလှ။
သစ္စာရှိမှုက အိမ်ရဲ့လုံခြုံခြင်း။
မေတ္တာထားရှိမှုက အိမ်ရဲ့ချမ်းမြေ့ခြင်းတဲ့။
လူတစ်ယောက်ရဲ့ ထိုက်တန်တဲ့ဘဝဆိုတာ အလုပ်ကောင်းတစ်ခု ရှိထားတာလား။ ခမ်းနားကြီးကျယ် တဲ့ အိမ်ကြီး ပိုင်ဆိုင် ထားတာလား။ နောက်ဆုံးပေါ် ကားသစ်ကြီး စီးနိုင်တာလား။ ဘဏ်ထဲက ငွေတွေ လား။ ခေတ်ပေါ်ဖျော်ဖြေ စရာ ပစ္စည်းမျိုးစုံ ဝယ်နိုင်တာလား။
ဒါမှမဟုတ် အထက် အချက်သုံးချက်နဲ့ ညီတဲ့အိမ်ရဲ့ ချမ်းမြေ့ခြင်းကို ပိုင်ဆိုင်ထားသူလား ဆိုတာ ခဏ ခဏ တွေးကြည့် မိပါတယ်။
ကျွန်မ တန်ဖိုးထားလိုလားတောင့်တမိတဲ့ ဘဝကတော့ ပစ္စည်းဥစ္စာနဲ့ ထိုက်ထိုက်တန်တန် ရှေးရှုမှုထက် အတွင်းနှလုံးသား ဆိုင်ရာ စည်းလုံးညီညွှတ်ခြင်းဆိုတဲ့ မိသားစုနဲ့ ငြိမ်းချမ်းသာယာတဲ့ အိမ်လေးတစ်ခု ပါပဲ။ အိမ် ဆိုတာ ခမ်းနားကြီးကျယ်မှုက အဓိက မဟုတ်ပါဘူးနော်။

ဘယ်လို အိမ်ကလေးပဲဖြစ်ဖြစ် လွတ်လပ်စွာနဲ့ လုံခြုံမှုရှိတဲ့နေရာ။ စိတ်ရော လူပါ ပန်းခဲ့သမျှ နားဖို့ရတဲ့ နေရာ၊ အားသစ် မာန်သစ် ဖြည့်ဆည်းတဲ့နေရာ၊ စိတ်ကျဉ်းကျပ်ရတဲ့ နေရာမျိုး မဖြစ်သင့်ပါဘူး။ ဒေါသနဲ့ ကင်းရာ ခြိမ်းခြောက်မှု ကင်းရာ ခွင့်လွတ်ခြင်းသာ ရှိရမဲ့နေရာပါ။ မိသားစုဆိုတာ အမြဲတမ်း တိုက်ဆိုင်မှု တော့ ရှိနေမှာ မဟုတ်တော့ ပါဘူး။ လူသားများပီပီ မှားယွင်းတာလည်း ရှိကြမှာပါပဲ။ ဒါပေမဲ့ ပွင့်ပွင့်လင်း လင်း ကိုယ့်အမြင် ကိုယ့် ခံစားချက်ကို ပြောပြနိုင်တဲ့နေရာ ဖြစ်မှ ပျော်စရာကောင်းပြီး စိတ်သက်သာ၊ လူသက်သာ ရှိမှာပါ။ အိမ်သူအိမ်သား တိုင်း လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့ အိမ်ထဲဝင်နိုင်မှ ချမ်းမြေ့တဲ့အိမ် လို့ ဆိုရမှာပါပဲ။

ကျွန်မတို့အိမ်မှာက အဲဒီလို လွတ်လပ်ပေါ့ပါးစွာနေရတာကြောင့် သားသမီးတွေတင်မကဘဲ သားကြီး ကမွေးထား တဲ့ မြေးတွေပါ စနေ၊တနင်္ဂနွေဆိုရင် တန်းစီပြီး Sleeping Bagခေါ်တဲ့ အိပ်ရာလိပ် နဲ့အတူ ရောက်လာကြလေရဲ့။ သူတို့တွေတင်မကသေးဘူး။ မျက်စောင်းထိုးအိမ်က လေးနှစ်အရွယ် 'မလစ္စာ' ဆိုတဲ့ ကလေးမလေးကလည်း မိုးလင်းတာနဲ့ 'ခင်ကြီး'ရေဆိုပြီး တံခါးလာခေါက်တော့တာနော်။ နေကုန် တဲ့ထိ အိမ်မပြန်တော့ပါဘူး။ ကျွန်မတို့ စားစားချင်း သွားသွားချင်း၊ နေရာတကာ ပါပြီး အိမ်သားတစ် ပိုင်း ဖြစ်နေတော့တာပဲ။
အရှေ့နဲ့အနောက် ယဉ်ကျေးမှု မတူတာတွေကလည်း ရှိပါသေးတယ်။ မြန်မာပြည်မှာ ရင်းနှီးရင် အစ်မ အရွယ် အစ်မ၊ အစ်ကိုအရွယ် အစ်ကို၊ အဒေါ်အရွယ်နဲ့လိုက်ပြီး ကိုကို၊ မမ၊ ဒေါ်ဒေါ်၊ ဘဘ၊ ဦးလေး၊ ဘွားဘွား နဲ့ ခေါ်ကြာတာမျိုးနော်။ မရင်းနှီး ရင်လည်း နာမည်ရှေ့က လူငယ်ဆို ကိုနဲ့မ၊ လူကြီးကျ ဦးနဲ့ ဒေါ် ထည့်ပြီး လေးလေးစားစား ခေါ်တာပါ။ နာမည်အတိုင်းခေါ်ရင် ဂါရဝတရားမဲ့ပြီး ရိုင်းတယ်လို့ ခံယူ ထားကြတာ မဟုတ်လားနော်။

ဒီမှာတော့ အဲလိုမဟုတ်ပါဘူး။ မလစ္စာကို ကလေးသေးသေးကလည်း အဘွားအရွယ် ကျွန်မကို နာမည် အတိုင်း 'ခင်ကြီး'လို့ ခေါ်လိုက် တာပါပဲ။ တစ်ခါတစ်ရံ ကိုယ့်မြန်မာချင်း ပေးစရာရှိလို့ ချက် လက်မှတ် ရေးပေးတဲ့ အခါ လေးစားသမှုနဲ့ နာမည်ရှေ့က ဒေါ်တပ်ပြီး 'ဒေါ်ခင်မကြီး' ရေးလာခဲ့ရင် ဘဏ်တိုက်က ဝန်ထမ်းနဲ့ စာရင်း ရှင်းရပြီ သာ မှတ်ရော့ပါပဲ။ 'ဒေါ်'က တခြားတစ်ယောက်လား။ ခင်ဗျားရဲ့ မှတ်ပုံတင် သက်သေခံဖြစ်တဲ့ ကားမောင်း လိုင်စင် ကတ်ပြားန်ာမည်က 'ခင်'၊ 'ဒေါ်'ဆိုတာနဲ့ မတူပါလား။ စတဲ့ မေးခွန်းတွေ ကို ရေလည်အောင် ဖြေရှင်း ရတာကလည်း အလုပ်တစ်ခုလို ဖြစ်လို့။
ဒီမှာက မိဘနာမည် Last Name ကို အဓိကထားကြတာမို့ အရာရာက Last Name နဲ့ သွားကြပါတယ်။ တယ်လီဖုန်း စာအုပ်မှာလည်း အက္ခရာစဉ်က Last Nameနဲ့ ဖော်ပြထား တာပါ။ ရောက်ခါစ က မြန်မာ ပြည်ပုံစံအတိုင်း တယ်လီဖုန်းတံပါတ်တွေကို ပထမနာမည် အက္ခရာစဉ်အောက်မှာ ကိုယ့် ဟာကိုယ် ရေးမှတ်ထားတာပေါ့။ ကျွန်မရဲ့ချွေးမ ဘော်ဘီက တစ်ဦးဦးရဲ့ နံပါတ်လိုလို ကျွန်မစာအုပ်ကို ကြည့်မိ ရင် သူ့မှာ ရှာလို့ မတွေ့ဖြစ်ပါလေရော။ ဒီလိုမတူညီမှုတွေကိုလည်း အံဝင်ခွင်ကျအောင် ပြုပြင်ယူရပါ သေးတယ်။
တစ်နေ့မှာ ချွေးမဘော်ဘီက 'မလစ္စာ'နဲ့ ပတ်သက်ပြီး သတိပေးပါတယ်။

'မာမီ မလစ`ာကို ချစ်လို့ နေရာတကာ တကောက်ကောက်ပါအောင် ခေါ်သွားတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ 'မလစ္စာ'က မာမီ့မြေးအရင်း မဟုတ်ဘူးနော်။ သတိထားဦး'တဲ့။
'ဘာဖြစ်လို့လဲ'မေးတော့...
'မာမီ့အိမ် မှာ အစားအသောက်လည်းစား၊ ကားနဲ့လည်း တင်ခေါ်သွားနဲ့ တစ်နေ့နေ့ အခန့်မသင်ဖြစ် ပြီး ကလေး က ဗိုက်နာမယ်၊ ဝမ်းသွားမယ်၊ အစာအဆိပ်ဖြစ်မယ် ဆိုရင် မာမီ့အတာဆိုပြီး တရားစွဲခံရမှာ။ ကားပေါ်ပါလာလို့ မတောတဆ တိုက်မိ ခိုက်မိပြီး ဒဏ်ရာရရင်လည်း မာမီအတာ တရားစွဲခံရမှာ'တဲ့။
သူပြောမှ 'ဟုတ်ပေသားပဲ' လို့ တွေးမိတာပါ။ ဘာကြာသေးလဲ ကျွန်မတို့ ကုမ္ပဏီမှာ ကားရပ်တဲ့ Paking Lot ထဲက ကလေး တစ်ယောက် သူ့ဘာသာသူ ချော်လဲပြီး ခြေထောက်မျာ ထိခိုက်ဒဏ်ရာရသွားတာ ကုမ္ပဏီကို တရားစွဲ တာကြောင့် လျော်ကြေးတွေ မတန်တဆ ပေးလိုက်ရတာ သတိရမိပါတယ်။ ဒါ တောင် ဆိုင်ထဲမှာ ဖြစ်တာ မဟုတ်ဘူးနော်။ အိမ်မှာ လာလည်တဲ့ မိတ်ဆွေ ကိုယ့်အိမ်အတွင်း မတော် တဆ လဲပြိုကျလို့ ထိခိုက် ဒဏ်ရာ ရရင်လည်း အိမ်ရှင်ကို တရားစွဲတာမျိုးတွေ ရှိတတ်ပါတယ်။

ဟိုတစ်လော က သတင်းစာထဲမှာ အိမ်ထဲ ဝင်ခိုးရင်း ထိခိုက်ဒဏ်ရာရလို့ သူခိုးက အိမ်ရှင် ကို လျော် ကြေးတောင်း တရားစွဲလာတာ ဖတ်လိုက်ရပါတယ်။ အထူးသဖြင့် ဆရာဝန်တွေမှာ တစ်ခုခုလေး မတိမ်းချော် လိုက် နဲ့ လူနာရှင်က တရားစွဲတာ အများဆုံးခံကြရတာမို့ အလွန်အမင်း သတိထား ကုသ ကြရတာ ပါ။ ကျွန်မတို့ မြန်မာပြည်မှာတော့ ကိုယ့်ကံတရားအတိုင်းပဲဆိုတဲ့ သူတစ်ပါးကို အပြစ်မမြင်ဘဲ ကိုယ့်ကိုယ်ကိုယ် သာ ပုံချဖြေတတ်ကြတာမို့ ခံယူချက်သဘောထားချင်း ကွာခြားတဲ့နေရာမှာ တစ်ခါ တစ်ရံ မိမိရဲ့ စေတနာကို ဘရိတ်အုပ်ရတဲ့အခါတွေလည်း ရှိပါသေးတယ်။
ကိုယ့်စေတနာကို ဘရိတ်အုပ်ရတာကတော့ အကြောင်းအားလျော်စွာ ပြဿနာနည်းအောင် ဆင်ခြင် ပြီး လျှော့ ရတာမျိုးပါ။ အိမ်က မဟာစေတနာရှင် ကိုဇာနည်ရဲ့ စေတနာကိုလိုက်ပြီး ဘရိတ်အုပ်မရတဲ့ အခါ ကျတော့ ကျွန်မစိတ်မောရတာတွေလည်း ရှိပါလေရဲ့။ ကျွန်မအမေ ကွယ်လွန်သွားတော့ မာမီ့ရဲ့ လည်ပင်းမှာ အမြဲဆွဲထားတဲ့ ရွှေကြိုးနဲ့ ကြုတ်ကလေးကို အမေ့ကိုယ်စား ဆိုပြီး ယူဆွဲထားပါတယ်။ ကျန်တဲ့ပစ္စည်း အသီးသီးတွေကိုလည်း အဘွားအမှတ်တရအဖြစ် မြေးတွေကို တစ်ခုစီ ခွဲဝေပေးလိုက် တယ်ပေါ့။ သား ရွှေစင် ကို ပေးထားတဲ့ ရွှေလက်စွပ်ကို သားက မဝတ်လိုဘူးဆိုပြီး သူ့ညီ ကိုဇာနည်ကို ပေးလိုက်လေရဲ့။ အဲဒီလက်စွပ်ပေါ် မှာ မာမီက နာမည်အတိုကောက် အမှတ်အသားအဖြစ် Kဆိုတဲ့ အင်္ဂလိပ်စာလုံး ထွင်းထားပါတယ်။ စောစောပိုင်း တုန်းကတော့ အမြတ်တနိုး ဝတ်းထားတာ မြင်တွေ့ နေရပါတယ် KIMဆိုတဲ့ မိန်းကလေးနဲ့ ချစ်သူဖြစ်ကြပြီး သိပ်မကြာဘူး။ အဲဒီလက်စွက်က KIMရဲ့ လက်ပေါ် ရောက်နေပါလေရော။

KIMပြန်သွားတာနဲ့ ကျွန်မက စစ်တမ်းထုတ်တော့....
'ဟုတ်တယ်။ သားပေးလိုက်တာ။ K ဆိုတဲ့စကားလုံးက KIMအတွက် အတိုကောက် ဆိုတော့ အဓိပ္ပါယ် ရှိတယ်ဆိုပြီး အမှတ်တရ အနေနဲ့ ပေးလိုက်တာ'တဲ့။
တန်ဖိုးအနေ နဲ့ ကျွန်မက နှမြောတာမဟုတ်ပါဘူး။ အဘွားရဲ့ ပစ္စည်းတစ်ခုအနေနဲ့ တန်ဖိုးထား မထိန်း သိမ်း ရကောင်းလား ဆိုပြီး ရင်ထဲမှာ ခံစားရတာပါ။ တန်ဖိုးထားသင့်တဲ့အကြောင်း သားကို နားလည် အောင် အေးအေးဆေးဆေး ပဲ ပြောပြလိုက်ပါတယ်။
ခက်တာက ကျွန်မကလည်း ဗုဒ္ဓဘာသာကောင်းတစ်ဦးလို လိုက်နာကျင့်သုံးနိုင်ခြင်း မရှိဘဲ အရာရာကို စွဲလမ်းတွယ်တာ တတ်သူ တစ်ယောက်ဖြစ်နေခြင်းပါပဲ။ ဘုရားရှင်က စွဲလမ်းခြင်းတဏှာကို ပယ်ဖို့ အဓိက ဟောကြား ထားတာ မဟုတ်ပါလားနော်။ အခုတော့ ကျွန်မက အမေ့ပစ္စည်းမို့ တွယ်တာရတာနဲ့ ကိုယ့်မြန်မာ အနုပညာ ပစ္စည်းမို့ စွဲလမ်းရတာနဲ့ ပစ္စည်းအမျိုးစုံကို ပုံစံအမျိုးစုံနဲ့ တွယ်တာစွဲမက်နေခဲ့တာ ကို ဝန်ခံရပါမယ်။

တစ်နေ့ ကျောင်းက အရှေ့တိုင်းလေ့လာရေး Project တစ်ခုရှိတယ်။ အရှေ့တိုင်းသားဖြစ်တဲ့ ကိုဇာ နည်ကို အိမ်မှာရှိ တဲ့ အရှေ့တိုင်းနဲ့ သက်ဆိုင်ရာပစ္စည်းများ လက်တွေ့လေ့လာရအောင် ယူလာခဲ့ပါလို့ ဆရာမက မှာလိုက်တယ်တဲ့လေ။ အဲတော့ ကချင်လွယ်အိတ်တွေ၊ ပန်းပုရုပ်တွေ၊ ယွန်းထည်းနဲ့ ပုသိမ် ထီးတွေအပြင် ပန်းချီကားတွေပါ တစ်ပွေ့တစ်ပိုက် အိမ်ကထုပ်ပိုးပြီး ယူသွားလေရဲ့။ ပြန်လာလို့ ပစ္စည်း စာရင်း စစ်ကြည့်လိုက်တော့ ပန်းချီးဆရာကြီးဦးခင်မောင် ရေးဆွဲထားတဲ့ နန်းမြို့ရိုး၊ ပန်းချီကားတစ်ချပ် ပါမလာပါဘူး။ ကျွန်မ အကြိုက်ဆုံး ပန်းချီကားမို့ သတိထားလိုက်မိတာပါ။
'ဟုတ်တယ် မာမီ၊ ဆရာမက အဲဒီပန်းချီကားလက်ရာ သိပ်ကောင်းတာပဲနဲ့ ချီးကျူးမဆုံူး ဖြစ်နေတာနဲ့ သားက ပေးခဲ့လိုက်တာတဲ့'။

ဆရာကြီးဦးခင်မောင်ရဲ့ လက်ရာကို နောက်ထပ် ပြန်မရနိုင်တော့တာကြောင့် ရင်ထဲမှာ နှမြောတသ ဖြစ်မိပေမဲ့ သားက သဒ္ဓါများစွာနဲ့ ပေးထားပြီးဖြစ်တော့လည်း ကျွန်မ ပြောချင်တာတွေနှုတ်က မထွက် ရက်တော့ပါဘူး။ ကျွန်မသား ကိုဇာနည်က လူတွေပေါ်တင် စေတနာကောင်းတာ မဟုတ်သေးဘူး။ တိရစ္ဆာန်လေးတွေပေါ်မှာလည်းဒ စာနာစိတ်ထားတတ်ပါသေးတယ်
တစ်နေ့ ခြံနောက်ဘက်က သစ်ပင်ပေါ်က ဆင်းလာတာ လက်မှာလည်း သွေးသံရဲရဲနဲ့ တွေ့တော့ ကျွန်မ အထိတ်အလန့်ဖြစ်ပြီး....
'ဘာလို့ သစ်ပင်တက်ရတာလဲ၊ လက်မှာဘာဖြစ်သွားတာလဲ'နဲ့ ပျာပျာသလဲ ပြေးသွားပြီး မေးရပါတယ်။
'ဟို ပြိတ္တာငှက်မပေါ့'တဲ့။ သားကို ဆိတ်ထည့်လိုက်တာ။ သူ့အသိုက်ထဲက ငှက်ကလေး ပြုတ်ကျလာ လို့ စေတနာနဲ့လည်း တက်ပြီး ပို့ပေးရသေးတယ်။ ကျေးဇူးမတင်ဘဲ ဆိတ်လွှတ်လိုက်တာ'တဲ့လေ။
အဲဒီတော့ သူ့ကိုကြည့်ပြီး ရယ်ရပါတယ်။

"ငှက်ပဲသားရယ်။ ကျေးဇူးတင်ရကောင်းမှန်း ဘယ်သိပါ့မလဲ၊ သူ့အသိုက်ကို ဖျက်မယ်ထင်လို့ ကာ ကွယ်တာ ဖြစ်မှာပေါ့။ မင်းမို့လို့ပဲ အဲဒါလောက် အပင်မြင့်ကြီးကို တက်တယ်။ မတော်လို့ လိမ့်ကျရင် သေပေါက်နော်"လို့ သတိပေးတော့...
'မာမီကလည်း သားမှာ အမေနဲ့ခွဲနေလာခဲ့ရတာ ငှက်ကလေးကို အမေနဲ့ မကွဲပါစေနဲ့ဆိုပြီး တက်တင် ပေးတာပါ'လို့ ပြန်ဖြေတာကြားရတာနဲ့ ရင်ထဲမှာ နာကျင်ထိခိုက်သွားမိပါတယ်။ ကျွန်မဘဝ အမှားများ စွာ လုပ်ခဲ့တဲ့ အထဲမှာ သားလေးကို ဒီလို ထိခိုက်နာကျင်မှု ပေးခဲ့တဲ့အမှားကတော့ မိမိကိုယ်ကိုယ် ခွင့် လွှတ်နိုင်ခြင်း မရှိတဲ့ ကြီးစွာသော အမှားတစ်ခုပါပဲလေ။ တိုက်ဆိုင်မှုတစ်ခု ကြုံလာတိုင်း ရင်မှာ ဆန်းသစ်ခံစားရပါတယ်။

သားကတော့ ပြောပြီးပြီရော။ လက်ရှိ အမေ့ရင်ခွင်မှာမို့လား မသိဘူး။. အမြဲတမ်း တက်ကြွလန်းဆန်း လို့ပါပဲ။ သားသမီးတစ်တွေ မျက်စိအောက်မှာ တပျော်တပါး တစည်းတလုံးနဲ့ လှုပ်ရှားနေကြတာ မြင်ရ တာနဲ့ ကိုယ်ပါသူတို့ရဲ့ အပျော်တွေ ဟပ်ပြီး စိတ်လက်ကြည်လင်လို့ပေါ့။ ဒီအချိန်မှာ သမီးယမင်းက သူ့ သမီးငယ်လေးကို စောင့်ရှောက်ထိန်းကျောင်းပေးမဲ့သူ အခက်အခဲရှိနေတာကြောင့် မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ တီတီ ဒေါ်အေးမြင့်ကို ခေါ်ထားချင်တယ်လို့ ပြောလာပါတယ်။
ဒေါ်အေးမြင့်ကလည်း လက်ရှိအခြေအနေက တစ်ဦးတည်ဖြစ်နေတာမို့ လာမယ်ဆိုရင် အဆင်ပြေတယ် ဆိုပါတော့။ ဒေါ်အေးမြင့်အတွက် အမေရိကားပြည်ဝင်ခွင့် ဗီဇာကို ကျွန်မ ထွက်လာချိန်ကတည်းက လိုရမည်ရဆိုပြီး မိသားစုစာရင်းမှာ သွင်းထားပြီးသားပါ။ ကိုဇာနည့်အပေါ် သူကလည်း သားတစ် ယောက်လို ချစ်တာ မို့ ကိုဇာနည်ကို ခေါ်ယူတဲ့တစ်နေ့ သူက မခွဲနိုင်ဖြစ်နေခဲ့ရင် ကျွန်မလည်း ငရဲမများ လိုတာကြောင့် လိုက်လာလို့ရအောင် ကြိုတင်ပြင်ဆင် ထားခဲ့တာပါ။

ဒီလိုစီစဉ်ခဲ့မိတာ အခုတော့ ယမင်းအတွက် အဆင်ပြေစရာ ဖြစ်သွားတယ် လို့ ပြောရပါ မယ်။ ဒေါ်အေးမြင့် ကလည်း အကြောင်းကြား လိုက်တာနဲ့ လိုလိုလားလား ချက်ချင်းထ လိုက်လာတာ မို့ အရင် ကလို ဒီမှာ အားလုံး တစုတစည်းတည်း ဖြစ်သွားပါလေရော။ ယမင်းရဲ့ သမီးငယ်လေး ကင်ပွန်းတပ်ပွဲ အတွက် မာမီ လာခဲ့ပါ မှာတာနဲ့ အလုပ်က ခွင့်တစ်ပတ်ယူပြီး ကျွန်မ ကယ်လီဖိုးနီးယားကို လိုက်သွား ရပါသေးတယ်။
ယမင်းတို့နေတဲ့ လာ့အိန်ဂျယ်လိစ်မြို့မှာ မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ခါစလေးပဲ ရှိပါ သေးတယ်။ မလေးရှားက ဆရာတော်ကြီး ဦးပညာဝံသက ဒေါ်လာငွေနှစ်သောင်း ယူလာတာကို ပထမဆုံး မတည်ငွေအဖြစ် ထည့် လိုက်ပြီး မြန်မာ ဒကာ၊ ဒကာမတွေကို စည်းရုံးလိုက်တာ ချက်ချင်း အောင်မြင်မှုနဲ့ အကောင်အထည်ဖော်နိုင် တာမို့ ဆရာတော်ကြီးရဲ့ အားထုတ်မှုကို ချီးကျူးစရာကောင်း လှပါတယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်း ဖြစ်တည်လာတော့ မြန်မာတွေအားလုံးလည်း အားတက်ကြ လို့ပေါ့။

ဘုန်းကြီးကျောင်းရှိနေတဲ့အတွက် ကင်ပွန်းတပ်ပွဲနေ့က ကျောင်းမှာရှိတဲ့ သံဃာတော်သုံးပါးကို ပင့်ပြီး ဆွမ်းကပ်ခွင့်ရတာ မို့ ကြည်နူးပီတိဖြစ်လို့ မဆုံးပါပဲ။ ဒါ ပထမဆုံးအကြိမ်ပြည်ပမှာ သံဃာတော်များကို ဖူုးမြော်ကန်တော့ရတာဖြစ်လို့ ကိုယ့်တိုင်းကိုယ့်ပြည် ပြန်ရောက်သွားတဲ့အတိုင်း စိတ်အားတွေရှိ သွား တာပါပဲ။ ဆရာတော် ဦးပညာဝံသနဲ့အတူ ပါလာတဲ့ ဆရာတော်ဦးသီလနန္ဒကလည်း ကျွန်မ စစ်ပြေး စဉ်ကာလ စစ်ကိုင်းတောင်ရိုး သစ်ဆိမ့်ချောင်မှာ အတူနေခဲ့ဖူးတာပါ။ အဲဒီတုန်းက ဆရာတော်က ကယ်လီကျောင်းသား၊ စစ်အတွင်းမှာ ကိုရင်စည်းခါစပါ။ ကျွန်မထက် နှစ်နှစ်လောက် ငယ်မယ်ထင်ရဲ့။
ပါရမီရှင်ဖြစ်လေတော့ ရဟန်းဘဝမှာ ပျော်ပိုက်ပြီး လူပြန်မထွက်တော့ဘဲ သာသနာ့တာဝန် ထမ်း ဆောင်လာတာ အခု မဟာစည်ဆရာတော်ကြီးနဲ့အတူ အမေရိကားကို ကြွလာတာ မကြာသေးဘူးတဲ့။ ဆန်ဖရန်စစ္စတိုမြို့မှာ အခြေချပြီးအမေရိကားမှာ သာသနာပြုဖို့ ဆရာတော်ကြီးက ရွေးချယ်ပြီး ထားခဲ့ တယ်ဆိုတာ သိရတော့ ကျွန်မ ပိုပြီ ဝမ်းသာသွားမိပါတယ်။ ဆရာတော်က စစ်ကြိုခေတ် ကယ်လီ ကျောင်းထွက်မို့ အင်္ဂလိပ်စာနဲ့ စကားပြောပိုင်နိုင် ကျွမ်းကျင်တာကြောင့် ပေးအပ်တဲ့ တာဝန်နဲ့ အဆင် ပြေလေတယ်ပေါ့။

လူသားတိုင်းဟာ ပန်းခင်းသော လမ်းပေါ်မှာ အမြဲတမ်း လျှောက်လှမ်းနေကြရတာမှ မဟုတ်ဘဲနော်။ လောကဓံ တရားရဲ့ အဆက်မပြတ် ထိုးနှက်ခြင်းခံရတဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရုန်းကန်လှုပ်ရှား  ဘဝ ခရီးကို သွားနေကြရတာပါ။ အထူးသဖြင့် သူတစ်ပါး တိုင်းပြည်မှာ ရာသီဥတု မတူ။ ဘာသာစကား မတူ။ ယဉ်ကျေးမှု မတူ။ မိတ်ဆွေသင်္ဂဟ အသိုင်းအဝိုင်းပါ မတူတာတွေကြောင့် ပိုပြီးခက်ခဲစွာ သွားနေ ရတာမို့ ဘာသာတရား အထောက်အကူ မရှိရင် မလွယ်ကူပါဘူး။ ဘာသာတရားအတွက် ဆုံးမညွှန် ကြား တရားပြသပေးဖို့ ကျွန်မတို့ရဲ့ အားကိုးဆည်းကပ်ရာ သံဃာတော် အရှင်မြတ်များ ရှိနေခြင်းဟာ တန်ဖိုးမဖြတ်နိုင်သော ရတနာစု တစ်ခုပါပဲ။

ကျွန်မ ကယ်လီဖိုးနီးယားက ပြန်ရောက်တော့ ဦးကျော်ဇောက ဖုန်းဆက်လာပါတယ်။ သူ့အလုပ်အကိုင် အဆင်ပြေတဲ့ အကြောင်း၊ သူ့အတွက် ကားအသစ်တစ်စီး ဝယ်ရင်း ကျွန်မအတွက်လည်း တစ်စီးဆင်တူ ဝယ်လိုက်တဲ့ အကြောင်း ကျွန်မတို့မြို့မှာ ရှိတဲ့ ကားကိုယ်စားလှယ်ဆီမှာ သွားထုတ်ယူလိုက်ဖို့ ပြောပြ ပါတယ်။ ဒီမှာ ကားဝယ်တယ် ဆိုတာ ငွေကြေး တစ်ခါတည်း ပေးဝယ်တာမျိုး မဟုတ်ပါဘူး။ ကားရဲ့ တန်ကြေးရဲ့ တစ်ဆယ် ရာခိုင်နှုန်း Down Payment ပေးရင် ကားဝယ်လို့ရပါတယ်။ ကျန်တဲ့ငွေက ဘဏ်တိုက်ကို အရစ်ကျစနစ် နဲ့ လေးနှစ် ဆပ်ပေါ့။
အခုလည်း ဦးကျော်ဇော က Down Payment နှစ်ဆယ်ရာခိုင်နှုန်း ပေးသွင်းပြီး ထားတာမိုပ ကျွန်မ လက်ထဲ ကားရောက် ရင် ကျန်ငွေကို လေးနှစ်ဆပ်ရမဲ့ သဘောပါ။ ကားသစ်စီးရတာနဲပအတူ တာဝန် တစ်ခုလည်း ပိုလာမယ် ဆိုပါတော့။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့စေတနာကို လေးစားစွာနဲ့ပဲ ကျေးဇူးတင်ရတယ် ပေါ့။

ဘာလိုလို နဲ့ နွေကျောင်းပန်ရက် ရောက်ဖို့လည်း နီးကပ်နေပါပြီ။ ကိုဇာနည်အထက်တန်းကျောင်း ပြီး သွားရင် တက္ကသိုလ်ဝင် ဖို့ လပိုင်းပဲ ကျန်တော့တာပါ။ နောက်တစ်နှစ် ဆက်တိုက်ဆိုသလို အငယ်ဆုံး သား အိန္ဒာလည်း တက္ကသိုလ်ရောက်တော့ မှာမို့ သူတို့လေးတွေရဲ့ ရှေ့ရေးကို တွေးပြီး ကျွန်မရဲ့ စိတ်ကူးအိပ်မက်တွေက သက်တံရောင် လို လှပစွာနဲ့ ရောင်စုံဖြာနေလေရဲ့။ သက်တန့်ရဲ့ အလှကို လို ချင်ရင် မိုးရဲ့ဒဏ်ကိုလည်း ကြိုတင် ခံနိုင်မယ် ဆိုတဲ့စကားအတိုင်း ကျရောက်လာမဲ့ တာဝန်တွေရဲ့ ဒဏ် တွေ ခံနိုင်ဖို့ ကြိုတင်ပြင်ဆင်နေရဆဲပါပဲ။
တစ်မနက် သမီးသူဇာ ကျောင်းသွားခါနီး သူ့ကားသော့ ရှာမတွေ့လို့ဆိုပြီး ကျွန်မကိုလာမေးပါတယ်။ ကျွန်မလည်း ဝိုင်းကူရှာပေးတာ ဘယ်မှာမှ ရှာမတွေ့ပါဘူး။ ကားထဲများ မေ့ပြီးထားခဲ့လား သွားကြည့်ပါ ဦး  ခိုင်းလိုက်တော့မှ ပြူးပြူးပျာပျာနဲ့ ပြေးလာလေရဲ့။

'မာမီ သမီးကားလည်း မရှိတော့ဘူး။ တစ်ယောက်ယောက်များ ခိုးသွားပြီလားမသိ'နဲ့ ပြောပြီး ပျာယာ ခတ်တော့တာပဲ။ ကျွန်မကတော့ ဒက်ခနဲ တွေးလိုက်ပါတယ်။ ကားခိုးတဲ့သူက အိမ်ထဲထိတော့ ကား သော့ကို ဘယ်ဝင်ယူပါ့မလဲနော်။ သူ့မောင် ကိုဇာနည်ရဲ့ လက်ချက် ဖြစ်မယ်ဆိုတာ ပြောပြလိုက်မှ။
'သမီးကား တစ်ခုခုဖြစ်လာရင်တော့ မာမီ့သား အသိပဲ'တဲ့။
ကားသစ်ကလေးမို့ တသသလုပ်ထားတဲ့ မသူဇာ ဒေါသထွက်နေတာကို ချော့မော့ပြီး ကျွန်မပဲ ကျောင်း ချိန်မီအောင် အလုပ်သွားဖို့ထဲက အချိန်လုပြီး လိုက်ပို့ပေးရပါတယ်။ ရင်ထဲမှာတော့ တထိတ်ထိတ်နဲ့ ဘယ်အချိန် ဘာသတင်းကြားလေ မလဲနဲ့ တွေးပြီး သောကများနေမိတယ်ပေါ့။ ကားတစ်စုံတစ်ခု ဖြစ်မှာ ထက် လူ့အသက်အန္တရာယ် ကျရောက်မှာကို စိုးထိတ်နေရတာပါ။
သူ့ချစ်သူ ရည်းစားကလည်း သူဌေးသမီးမို့ ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်းပြီး ကျောင်းတက်နေ တာ မဟုတ်လား။ ကိုဇာနည်က ကျောင်းပိတ်ခါနီး အစ်မကားနဲ့ သူလည်း အပြိုင်ရှိုးပေးပြချင်တာနဲ့ ယူသွား လေ သလား မသိ။ အလုပ်မှာ ကျွန်မ လုံးဝ စိတ်မဝင်စားနိုင်ဘဲ တယ်လီဖုန်းသံ ကြားတိုင်း ရင်မပြီး နားထောင်နေ မိပါတယ်။ ထင်ထားတဲ့အတိုင်းပါပဲ။ နေ့ခင်း တစ်နာရီလောက်မှာ ဖုန်းဝင်လာလေရဲ့။

'မာမီ ခုချက်ချင်း ကျောင်းကိုလိုက်ခဲ့ပါ သား ကားတိုက်လို့'တဲ့။
ပြောတဲ့သူရဲ့အသံက သားကိုယ်တိုင် ဖြစ်နေတာကြောင့် 'တော်ပေသေးရဲ့'ဆိုပြီး အသက်ဖြောင့် ဖြောင့် ရှူနိုင်ပါတော့တယ်။ ကျောင်းကို အူယားဖားယားနဲ့ မောင်းသွားလိုက်တာ ဇောကပ်နေလို့ ဘယ်ရောက် သွားမှန်းတောင် မသိပါဘူး။ ဖြစ်ရပုံကိုလည်း ကြည့်ပါဦး။
လိုင်စင်မရှိဘဲ ကားမောင်းတာက တစ်မှု၊ ကျောင်းဝင်းအတွင်းမှာ သတ်မှတ်ထားတဲ့ မိုင်နှုန်း ထက် ကျော်ပြီးမောင်းတာကတစ်မှု၊ သူများကားကို ဝင်တိုက်တာက တစ်မှု။
အမှုက တစ်ခုတည်းမဟုတ်ဘူး သုံးမှုနဲ့လေ။ တစ်ချီတည်းနဲ့ သုံးမှုရအောင် ပြဿနာရှာနိုင်တဲ့သားမို့ ဆုချရမလားတောင် စဉ်းစားရမယ့်ပုံပါပဲ။ ဘာပဲဖြစ်ဖြစ် အရေးကြုံလာတော့လည်း ရင်ဆိုင်ဖြေရှင်း ရတော့တာ ပဲပေါ့။ ကျွန်မတို့မိသားစုနဲ့ ရင်းနှီးခင်မင်နေတဲ့ ဝတ်လုံကို  အကြောင်းကြား အမှုအပ်ရပါ သည်။

ဒီတိုင်းပြည်မှာ နေရင် မရှိမဖြစ်တွေက အသက်အာမခံ၊ နာရေး ဖျားရေးအတွက် ဆေးကုသခွင့်အာမခံ၊ အိမ်အာမခံ၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ ခိုးသူ၊ ဓားပြဘေး အားလုံး အကျုံးဝင်တဲ့ အာမခံ စတဲ့ အာမခံပေါင်းများစွာအပြင် အရေးကြုံတဲ့အခါ အားကိုးရဖို့ ရင်းနှီးသော ဝတ်လုံတစ်ဦးနဲ့ ဆရာဝန်ဦး လည်း လိုအပ်ပါသေးတယ်။
'သမီးကား တစ်ခုခုဖြစ်ရင် မာမီ့သားတော့ အသိပဲ'နဲ့ ကြိမ်းဝါးထားတဲ့ မသူဇာလည်း သူ့မောင် ကျောင်း ကပြန် လာတော့ မျက်နှာငယ်လေး ဖြစ်နေတာတွေ့ပြီး မဆူရက်။ မပြောရက်တဲ့အပြင် သူကပါ သွား ချော့နေလိုက်သေး ရဲ့။ သူ့တို့မောင်နှမ အထက်အောက်မို့ ပိုပြီး စည်းလုံးပါတယ်။ သူဇာငယ်ငယ်က ဝဝကစ်ကစ်ကလေး ရယ်။ အထွားကလည်းမြန်၊ ဝကလည်း ဝတော့ ဂါဝန်ကလေးတွေက ခဏနဲ့ မတော်ဖြစ်ကုန်ပါတယ်။ တစ်ခါက ဂါဝန်က ဝတ်ပေးတုန်းက ရှောရှောရှူရှူ ဝင်သွားပြီး ပြန်ချွတ်ကာမှ ချွတ်မရဘဲ တစ်နေ့တာကို အနားမှာရှိတဲ့ သူ့မောင်ကိုဇာနည်က အစ်မဖြစ်ပုံကိုကြည့်ပြီး ရှိုက်ကြီးတငင် ငိုပါလေရော။ အဲလို အဖြစ်သည်းကြတဲ့ မောင်နှမပါ။

သူ့မောင် ကိုဇာနည် မြန်မာပြည်က ရောက်လာတော့ မုန့်ဖိုးအတူတူရကြတဲ့ အထဲက သူ့မုန့်ဖိုးထဲက မောင် သုံးလိုသမျှကို ဖြည့်ဆည်းပေးသေးတာလေ။ ဒီမှာက လိုချင်ဖွယ်ရာပစ္စည်းက အမျိုးစုံရှိတာ မဟုတ်လားနော်။ အထူးသဖြင့် ဆယ်ကျော်သက်တွေအတွက် စိတ်ကူးယဉ်ချင်စရာ လက်ဆောင် ကတ်ပြားမျိုးစုံက လှလည်းလှ၊ ရေးထားတဲ့ စာသားလေးတွေ ကဗျာလေးတွေကလည်း ကောင်းမှ ကောင်း၊ ကတ်ပြားလှလှတွေ တစ်ပွေ့တစ်ပိုက် ဝယ်တော့တာပဲ။ သူ ဝယ်တဲ့ ကတ်တွေကလည်း တော်ရုံတန်ရုံ သာမန်ဆိုတဲ့ အရွယ်မဟုတ်ဘဲ တစ်တောင်လောက်ကြီးများတဲ့ စပယ်ရှယ်ကတ်မျိုး ကြီး တွေလေ။
'ရော့ သူဇာ၊ အဲဒါတွေ နင်ကျောင်းသွားရင် စာတိုက်က ပို့ပေးစမ်း'လို့ ခိုင်းလိုက်ပါရော ရိုးရိုးပို့ရင် ပျောက်မှာစိုးလို့ မှတ်ပုံတင်နဲ့ ပို့ခိုင်းတာပါ။ မှတ်ပုံတင်ုနဲ့ပို့ရတော့ တစ်ဒေါ်လာခွဲလောက်ကျမဲ့ကတ်က ခုနစ်ဒေါ်လာ၊ ရှစ်ဒေါ်လာ ဖြစ်တော့တာပေါ့။ ကတ်ပြားပေါင်း ဆယ်ခုနီးပါး ပို့ခိုင်းတဲ့လဆိုရင် မသူဇာ မုန့်ဖိုး ကုန်သလောက်ဖြစ်လို့ ကျောင်းဆင်းချိန် ဗိုက်မှောက်မနေရအောင် အိမ်က ထမင်းဘူး ဆောင်ရ ရှာပါတယ်။

အခုလည်း ညာဘက်တစ်ခြမ်းလုံး ပိန်ရှုံ့လာတဲ့ ကားအသစ်စက်စက်ကလေးကို ကြည့်ပြိး မောင်ကို မဆူရက်လို့သာ နေရတယ်။ မျက်နှာလေး ပျက်လို့။ တော်ပါသေးတယ်။ ကားအာမခ့ ရှိထားတာမို့ အာမခံကုမ္ပဏီက ပြင်ပေးပါတယ်။ ကျွန်မကတော့ ကျသင့်တဲ့ Deductible ငွေ အနည်းငယ်လောက် သာ ကုန်ကျတာမို့ ခံသာသေးရဲ့ပေါ့။ တစ်ခါ ထိဖူးဆိုရင် နောက်ကို သတိထားမောင်းဖြစ် မှာပါပဲလေ။ နောက် တစ်ခါ ပြဿနာကင်းအောင် ကားမောင်းလိုင်စင် ယူခိုင်းလိုက်ပါတယ်။
ဒီလိုနဲ့မကြာခင်မှာပဲ ကိုဇာနည် အလယ်တန်းကျောင်း ပြီးပါလေရော။ သူတို့ဒီပလိုမာဘွဲ့မယူခင်မှာ Promဆိုတဲ့ ကျောင်းဆင်းကပွဲ အကြီးအကျယ် လုပ်တာက ဒီမှာ ရိုးရာထုံးစံပါ။ အဲဒီပွဲက ယောက်ျား လေးဆိုရင် ဘိုးတွေ တိုင်တွေ ကုတ်အကျီတွေနဲ့ ဝတ်စုံပြည့်ဝတ်ရသလို မိန်းကလေးက Evening Grown ခေါ်တဲ့ ညနေဝတ်စုံနဲ့ တခမ်းတနား ဝတ်စားပြီး ကိုယ့အတွဲနဲ့ကိုယ် လာကြရတာမျိုးလေ။ အတွဲ မရှိတဲ့သူလည်း နီးစပ်ရာ အတွဲတွေရအောင် ရှာရပါသေးတယ်။ အတွဲမပါရင် သူတို့အမြင်က ဂုဏ်ငယ် သေးတာကိုး။

ကိုဇာနည်က အတွဲရှိပြီးသူမို့ အမျိုးသမီး KIMနဲ့အတူ တက်ကြမယ်ဆိုပါတော့။ ခက်တာက သူ့အတွဲက သူဌေးသမီးမို့ ကိုယ်တော်မြတ်ကလည်း အဆင့်မီ ရှိုးထုတ်ချင်ပါရော။ သူများတကာလို တော်ရုံတန်ရုံ ဝတ်စုံမဟုတ်ဘဲ အကောင်းဆုံးဝတ်စုံမှ တက်ရွေးပြီး ပူဆာလေရဲ့။ ကိုယ့်မှာ ခြိုးခြံရချိန်ဖြစ်ပေမဲ့ သူရဲ့ ကြိုးစားမှုလေးကို ချီးမြင့်တဲ့အနေနဲ့ပဲ သူ့စိတ်ကြိုက် ဝယ်ပေးလိုက်ရပါတယ်။ အဲဒီနေ့က prom မသွား ခင် KIMရဲ့ မိသားစုနဲ့အတူ ညစာ သွားစားကြသေးတာတဲ့။ KIMမိဘများကလည်း သမီးလေး နှစ်ယောက်တည်းရှိတာမို့ ကိုဇာနည်ကို သားတစ်ယောက်လိုပဲ အရေးပေးပြီး ချစ်ကြပါတယ်။
နွေကျေားင်းပိတ်ရက်မှာ လပိုင်းအနေနဲ့ ကျောင်းသူကျောင်းသားတွေကို ဦးစားပေပြီး အလုပ်ခန့်တဲ့ အစဉ်အလာ ဒီမှာရှိတာမို့ ကိုဇာနည်နဲ့ အိန္ဒာတို့ ညီအစ်ကိုနှစ်ယောက်လည်း ကျောင်းပိတ်ရက်မှာ အလုပ်ကိုယ်စီ ရလာကြပါတယ်။ ကိုဇာနည်က ပထမဆုံး ရလာတဲ့ လခနဲ့Waterbedတဲ့ ရေမွေ့ယာ တစ်လုံး ဝယ်လာလေရဲ့။
'မာမီ လာအိပ်ကြည့်စမ်းပါ ဘယ်လောက်ဇိမ်ကျလဲ။လှိုင်းစီးနေရတဲ့ အတိုင်းပဲ'တဲ့။ ကျွန်မကို ဇွတ်အတင်း ဆွဲပြီး တက်အိပ်ခိုင်းပါတယ်။ အိပ်နေကျ အိပ်ရာလိုတင်းတင်းမာမာ မဟုတ်ဘဲ လှုပ် တုတ် လှုပ်တုတ် ဖြစ်နေတာမို့ 'ကြိုက်ဘူးဟယ်'ဆိုပြီး ဆင်းလာခဲ့ရပါတယ်။ သားငယ် အိန္ဒာကတော့ တက္ကသိုလ်တက်တဲ့အချိန် ကားတစ်စီး ဝယ်နိုင်အောင် ဆိုပြီး ခုကတည်းက သူရတဲ့ လစာငွေကို ကျစ် ကျစ်ပါအောင် စုနေလေတယ်။

ကျောင်းပိတ်ရက်မို့ KIMကလည်း ကျွန်မတို့အိမ် တစ်ချိန်လုံး ဝင်ထွက်နေတာ အိမ်သားတစ်ပိုင်းပါပဲ။ သမီးသူဇာနဲ့လည်း အဖော်ကိုဖြစ်လို့ ရုပ်ရှင်အတူသွားကြ။ ဈေးအတူထွက်ဝယ်ကြ၊ ကျွန်မတို့ မိသားစု အားလုံး ကလည်းKIMကို ချစ်ကြတာကြောင့် ကိုဇာနည်နဲ့ ရန်ဖြစ်ရင်တောင် KIMဘက်က ဝိုင်းပါကြ သေးတာလေ။
ဒီအချိန်မှာ တက္ကဆက်ပြည်နယ်မှာနေတဲ့ သမီးကေခိုင်ရဲ့ သူငယ်ချင်း ကိုဂျင်မီနဲ့ ရေနံကုမ္ပဏီက အရာ ရှိ ကိုသက်ထွန်းတို့နှစ်ယောက် ဖလောရီဒါကို အလည်ရောက်လာကြပါတယ်။ ကိုဂျင်မီက သမီး ကေသီနဲ့လည်း ခင်တာမို့ ကျွန်မအိမ်မှာပဲ တည်းဖြစ်ပါတယ်။ ညညဆို ကိုဂျင်မီတို့နဲ့ သားတို့တစ်တွေ အုပ်စုဖွဲ့ပြီး လည်ကြပတ်ကြ၊ တစ်ခါတလေလည်း ညလုံးပေါက်လက်ဖက်သုပ်၊ ချင်းသုပ်ဝိုင်းနဲ့ စကား တွေပြောကြ၊ ဆိုကြ တီးကြနဲ့ တပျော်တပါးပါပဲ။

လူပျိုနှစ်ယောက်ဖြစ်တဲ့ ကိုဂျင်မီနဲပ ကိုသက်ထွန်းက တစ်အိမ်တည်း အတူနေကြတာတဲ့။ အခုလည်း အပျော်ခရီးကို စိတ်တူကိုယ်တူ အေးအေးဆေးဆေးကားမောင်းလာကြတာပါ။ သားတို့နဲ့ ခုမှတွေ့ရ တာဖြစ်ပေမဲ့ အဆို အတီး ဝါသနာတူကြတော့ ခဏလေးနဲ့ ရင်းနှီးကျွမ်းဝင်သွားကြလေရဲ့။ ပြန်ခါနီး တစ်ရက်နှစ်ရက် အလိုကျတော့ ကိုသက်ထွန်းက...
ဇာနည် အပြန်ကျရင် အစ်ကိုတို့နဲ့ လိုက်ခဲ့ပါလား။ တို့ကုမ္ပဏီမှာ ဂျူနီယာအော့ဖ်ဖဆာဘာတွေ ခေါ် နေတယ်။ မင်းကို သွင်းပေးမယ်။ မင်းအမေကို ပြောကြည့်ဆိုပြီး လိုလိုလာလား ခေါ်တာကို ကိုဂျင်မီက လည်း ထောက်ခံပြီး...
'အေး ဟုတ်တယ် လိုက်သာလိုက်ခဲ့ မင်းအစ်မ ကေခိုင်အိမ်မှာ မနေချင်ရင်လည်း တို့နဲ့ အတူတလာ နေ သုံးယောက်ပေါင်း လောင်းကျော်ရတာပေါ့ကွာ'တဲ့။
ကိုဇာနည်ကလည်း နှစ်ခါမခေါ်ရဘူး မာမီ သားလိုက်သွားမယ်နော်။ ကိုဂျင်မီတို့ကားနဲ့ တစ်ခါတည်း လိုက်သွားမယ်နော်နဲ့ တစ်နော်တည်း နော်ပြီး အမေကို အပူကပ်တော့တာပါပဲ။

ကိုသက်ထွန်းက ဇာနည်လိုက်မယ်ဆိုရင် သူတာဝန်ကျတဲ့ သဘောင်္ပေါ်မှာ အတူရဖို့ ခန့်ထားရေးတာ ဝန်ခံကို ပြောပေးမဲ့အကြောင်း အခွင့်အရေးတွေလည်း ကောင်း၊ လစာလည်းကောင်းတဲ့အပြင် ကြိုးစား တာနဲ့အမျှ တက်လမ်းတွေလည်း ကောင်းတာမို့ လူငယ်လူရွယ် လူလွတ်တွေအတွက်အလုပ်ဟာ အခွင့် အလမ်းတစ်ခုမို့ စိတ်ချလက်ချသာ ထည့်လိုက်ပါ။ သူတို့နဲ့အတူ ထားပြီ ညီငယ်တစ်ယောက်လို စောင့် ရှောက်ပါမယ်လို့ တိုက်တွန်းတာနဲ့ ကျွန်မဒီကိစ္စကို အလေးအနက် ထားပြီး စဉ်းစားပါတယ်။
သားသမီးတွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်တော့ တက်လမ်းရှိတဲ့ အလုပ်မို့ သူ စိတ်ပါရင်လည်း လိုက် သွားပါစေ။ စမ်းကြည့်ပြီး မပျော်ရင်လည်း အချိန်မရွေး ပြန်လာနိုင်တာပဲ။ အခု ကျောင်းပိတ်ရက်ဖြစ် လို့ စမ်းကြည့်ချင်တယ် ဆိုရင် အခါအခွင့်ကောင်းတစ်ခုပဲ။ အကယ်၍ တက္ကသိုလ်တက်ချင်ရင် အချိန်မီ ကျောင်းဖွင့်ရက်မှာ ပြန်လာနိုင်တာပဲလို့ ပြောကြတာနဲ့ 'ဟုတ်ပါတယ်လေ'လို့ တွေးရင်း ကျွန်မ သဘော တူခွင့်ပြုလိုက်ရပါတယ်။

ဒီလိုနဲ့ ကုမ္ပဏီကြီးမျိုးမှာ အလုပ်ရဖို့ဆိုတာ လွယ်တာမှ မဟုတ်ဘဲ။ ခုဟာက ကံကောင်းထောက်မလို့ သာ မိတ်ကောင်းဆွေကောင်းနဲ့ တွေ့ပြီး လိုလိုလားလား အကူအညီပေးလို့ လွယ်လွယ်ကူကူ ရလိုက် တာလေ။ နောက်ပြီး အဲဒီရေနံကုမ္ပဏီက တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာဆိုတော့ သူ့အစ်မကြီး ကေခိုင် လည်း ရှိနေတာမို့ စိတ်မချစရာတော့ မရှိပါဘူး။
ကိုသက်ထွန်းပြောပြလို့ သိရတာက သူတို့ကုမ္ပဏီက ပင်လယ်ထဲ ဘယ်နေရာမှာ ရေနံရှိသလဲ ဆိုတာ လိုက်ရှာတဲ့ ရေနံရှာဖွေရေး လုပ်တာပါတဲ့။ ရေနံရှိတဲ့နေရာ တွေ့ထားပြီးဆိုရင် ကွန်ပျူတာနဲ့ တွက် ချက်ပြီး မြေပုံလုပ်၊ အဲဒီမြေပုံကို ရေနံ လက်တွေ့တူးတဲ့ ကုမ္ပဏီတွေကို ပြန်ပြီး ရောင်းစားတာပါ။
တစ်ခါ သဘောင်္ထွက်ရင် ပင်လယ်ပြင်မျာ ခြောက်ပတ်တိတိ နေကြရတယ်။ ခြောက်ပတ်ပြည့်တဲ့အခါ အိမ်ကို သုံးပတ်ပြန်ပြီး နားခွင့်ရှိတယ်တဲ့။ အဲလို အိမ်ပြန်ခွင့်ရတော့ ကုမ္ပဏီက တာဝန်ယူပြီး လေယာဉ် လတ်မှတ် အသွားအပြန် ကျခံသေးတာတဲ့လေ။ ဒါဆိုရင် ကျွန်မရဲ့သားလေးကို ခြောက်ပတ်တစ်ခါ မှတ်မှန်ပြန်တွေ့ရမှာမို့ မဆိုးလေဘူးပေါ့ ဆိုပြီး အတွေးနဲ့တင် ကြည်နူးလိုက်ရပါရဲ့။

ဒီလိုနဲ့ ကိုဂျင်မီတို့ ကိုသက်ထွန်းတို့ အပြန်မှာ သားကိုဇာနည် ပါသွားပါလေရော။ သဘောင်္မတက်ရခင် မှာ သမီးကေခိုင်နဲ့အတူ သွားနေဖို့ မှာလိုက်ရပါတယ်။ ကေခိုင်ကလည်း မိသားစုနဲ့ ဝေးနေတဲ့သူမို့ သူ့ မောင် ကိုဇာနည် ရောက်လာတာကို ဝမ်းတွေသာပြီး ဂရုတစိုက်နဲ့ မောင်အတွက် အိပ်ခန်းတစ်ခု သီးခြားရှင်းပေးထားလိုက်တယ်တဲ့။ ငယ်ငယ်ကတည်းက စွန့်စားတာ ဝါသနာပါသူ ဖြစ်တော့ သဘောင်္ တက်ရမဲ့ နေ့ကများ စိတ်တွေ လှုပ်ရှားပြီး သူ့မှာ အပျော်လွန်းလို့ ကျွန်မကို ဖုန်းဆက်ပြီး ပြောပြနေလေ သေးရဲ့။

အညာသူ ကျွန်မက ရေကြောက်သူပီပီ ပင်လယ်ထဲ သွားရမဲ့ သားအတွက် ရတတ်မအေးနိုင်လို့ အဲဒီနေ့ ကစပြီး  ဓာရဏပရိတ်နဲ့ ပဋ္ဌာန်းစတဲ့ ပရိတ်ဂုဏ်တော်တွေကို သူ့အတွက် အာပေါက်အောင် ရွတ်တော့ တာပဲ။ ကိုဇာနည်တစ်ယောက် လျော့သွားတာ အိမ်မှာ သိသိသာသာကို ခြောက်သွေ့သွားတာနော်။ ကျန်တဲ့ညီအစ်ကို၊ မောင်နှမတစ်တွေလည်း ကိုဇာနည်မရှိတော့ ငြိမ်လို့။
ကိုဇာနည်တို့ ကြီးပွားချင်တော့ နေ့ချင်းညချင်းပါပဲ။ ခြောက်ပတ်ပြည့်လို့ အိမ်ပြန်လာတဲ့နေ့က ကျွန်မ လက်ထဲ ဒေါ်လာတစ်ထပ် လာထည့်ပြီး 'သားဦးဦးဖျားဖျားလစာကို မာမီ့ကို ကန်တော့တာ'တဲ့။ မိခင် တစ်ယောက်အနေနဲ့ သားရဲ့ စေတနာရဲ့ မေတ္တာကို ထိတွေ့ခံစားရတော့ ကြည်နူးမျက်ရည် လည်မိပါ တယ်။ အလုပ်မှာ သူပျော်တဲ့ အကြောင်းနဲ့အတူ သူ့ရဲ့ အတွေ့အကြုံ အသစ်အဆန်းတွေကို အားပါးတ ရ ပြောပြနေလေရဲ့။ ကိုသက်ထွန်းကလည်း ညီငယ်တစ်ယောက်လို ချစ်ခင်ဂရုစိုက်ပြီး အစစ အရာရာ သင်ကြားပေးတဲ့ အကြောင်းအရာ၊  မကြာခင်မှာ ကွန်ပျူတာနဲပ ပတ်သက်တဲ့ သင်တန်းတစ်ခု တက်ရ မဲ့အကြောင်းတွေပါ ပြောပြနေလို့ ကျွန်မလည်း သားရဲ့ရှေ့ရေးအတွက် အားတွေတက်လို့ပေါ့။

သူ ပြန်လာတိုင်း လက်ထဲမှာ ငွေစရွှင်တာကြောင့် အသုံးအဖြုန်းကလည်း များပါတယ်။ တစ်နေ့ မြန်မာ ပြည် က ရောက်ခါစ မိသားစုတစ်စု လာလည်တာနဲ့ ကြုံတော့ ပါလာတဲ့ ကလေးငယ်လေးကို မုန့်ဖိုးဆို ပြီး ဒေါ်လာ ငါးဆယ် ပက်ခနဲ ပေးလိုက်လေရဲ့။ ကျွန်မက သူရတဲံလစာထဲက ထိုက်သင့်သလောက်ကို စုစုဆောင်းဆောင်း၊ လုပ်ထားစေ ချင်တယ်ပေါ့နော်။ အဲဒီလို စုဆောင်းနိုင်အောင် တိုင်းတိုင်းထွာထွာ ရှိစေချင်တာမို့....
'သားရဲ့ ကလေးကို မုန့်ဖိုးပေတယ်ဆိုတာ ငါးကျပ် တစ်ဆယ်ပဲ ပေးကြတာပါ။ မင်းဟာက ငါးဆယ်ကြီး များတောင် လွန်လှချည်ရဲ့'ပြောတော့....
'မာမီ ကလည်း မြန်မာပြည်က ရောက်ခါစဆိုတော့ ဒီမှာအားလုံးက အသစ်အဆန်းတွေဖြစ်နေတာ မဟုတ်လား စားကြည့်ချင်၊ သုံးကြည့်ချင်တာတွေက အများကြီး။ မာမီ မမှတ်မိဘူးလား သားရောက် ခါစက ပန်းသီးလုံး အနီရဲရဲကြီးတွေ ပလတ်စတစ်အိတ်နဲ့ အထုပ်လိုက်ရောင်းတာ တွေ့တော့ သဘော ကျပြီး တစ်ထိုင်တည်း စားပစ်လိုက်တာ။ အန်ယူပါရောလေ။ သူ့ခမျာလည်း အဲလို စားကြည့်ချင်တာ တွေ့ရင် စားပါစေဆိုပြီး သားက ပေးလိုက်တာပါ'တဲ့။

ဒီတော့လည်း သူ့ရဲ့စာနာတတ်တဲံ စေတနာကို လေးစားစိတ်နဲ့ မပြောရက်တော့ဘဲ နှုတ်ဆိတ်ရတော့ တာပါပဲ။ ဒီလိုနဲ့မကြာခင်မှာ ကွန်ပျူတာသင်တန်း တက်ရပါတယ်။ သက်ဆိုင်ရာ ရေနံရှာဖွေရေး လုပ်ငန်းနဲ့ ပတ်သက် တာတွေပေါ့။ သင်တန်းကျောင်းရှိရာနဲ့ အနီးကပ်ဆုံး ဟိုတယ်တစ်ခုမှာ သင်တန်း ကာလတစ်လျှောက် နေထိုင်ဖို့ ကုမ္ပဏီကပဲ တာဝန်ယံ စီစဉ်ပေးထားပါတယ်။ သင်တန်းပြီးလို့ နားခွင့် ရက်နဲ့ အိမ်ကို ပြန်လာတော့ သူ့မောင်နှမ တစ်တွေကို သူ နေခဲ့ရတဲ့ ကြယ်ငါးပွင့်ဟိုတယ်ကြီးက ဘယ်လို အကောင်းကြောင်း၊ ဘယ်လို ဇိမ်ကျကြောင်းတွေ ပြောုပတော့ သူ့အစ်မ ကေသီက...
'ဇာနည် ငါ့မောင်လည်း အမေရိကားရောက်မှ လေယာဉ်ပျံ ပထမတန်းစား First Classက စီးရတာနဲ့ ကြယ်ငါးပွင့်ဟိုတယ်မှာ နေရတာနဲ့ ကောင်းစားနေလိုက်တာ မတန်မရာတွေ ဖြစ်နေလို့ တော်နေ ဝမ်းစိမ်းပန်း သေမယ်နော'တဲ့ သူ့မောင်ကို မခံချင်အောင် စနေလေရဲ့။

ရေနံကုမ္ပဏီတွေကတော့ ထုံးစံအတိုင်း အခွင့်အရေးကို မတန်မဆ ပေးတတ်ကြပါတယ်။ အလုပ်ကြိုး စားရင်လည်း ကြိုးစားသလို တိုးတက်မှုရတာပါ။ သားကိုဇာနည်သင်တန်းက အောင်လက်မှတ် ရလာ တော့ အဆင့်မြင့်မြင်နဲ့ အမှတ်ကောင်းတာကြောင့် ချက်ချင်း ဂျူနီယာအော့ဘ်ဇာက Jr. Observer ကနေ Sr.Observer အဆင့် တိုးပြီး ခန့်ထားတာ ခံရပါတယ်။ အဲဒီလို စိတ်ပါလက်ပါ ကြိုးကြိုးပမ်းပမ်း လုပ်နေတော့လည်း အမေတစ်ယောက် အနေနဲ့ ကျေနပ်ဂုဏ်ယူရပါတယ်ပေါ့။
သူ့ရဲ့ လစာငွေထဲကလည်း လစဉ်ကျွန်မကို အိမ်စရိတ်ထောက်တဲ့အပြင် သူ့ညီအိန္ဒာတက္ကသိုလ်တက် တဲ့ စရိတ် ကိုလည်း သူ တာဝန်ယူမယ်လို့ ဆိုလာပါတယ်။ သားနှစ်ယောက်က ဝင်ငွေကောင်းတဲ့ အလုပ်ကိုယ်စသီနဲပ မားမားရပ်နိုင် လာတော့ ကျွန်မလည်း တစ်စထက်တစ်စ အသက်ရှူချောင်လာ တယ် ဆိုပါတော့။ ကျောင်းသားအနေနဲ့ အငယ်နှစ်ယောက်ပဲ ကျန်တော့တာမို့ တာဝန်တွေလည်း ပေါ့ ပါးစပြုလာပါပြီ။

သား ကိုဇာနည်ကို လုပ်ရည်ကိုင်ရည် ပြည့်ဝလာပြီမို့ ကိုသက်ထွန်းသဘောင်္ကနေ တခြားသဘောင်္ကို ပြောင်းပေးလိုက်ပါတယ်။ နားရက် သုံးပတ်ရတဲ့အခါ အမေအိမ်ပြန်လာတာ များပေမဲ့ တစ်ခါတစ်ရံ အစ်မကေခိုင်က သူ့ဆီမှာ နေပါ တားတဲ့အခါ အစ်မနဲ့ နေဖြစ်တယ်ပေါ့။ အဲလိုရက်တွေဆို မောင်နှမ နှစ်ယောက် ဈေးဝယ်ထွက်ကြ၊ တရုတ်တန်း၊ ကုလားတန်းက ဆိုင်တကာမှာ မွှေနှောက်စားကြနဲ့ ပျော် လို့ပါပဲ။
သဘောင်္ထွက်နေဆဲ ဆိပ်ကမ်းတစ်ခုခု ကပ်ရပြီဆိုရင် ကျွန်မဆီ အပြေးအလွှား ဖုန်းဆက်တော့တာပဲ။ အချိန်ကာလကလည်း ရွေးတာမဟုတ်ဘူးနော်။ သန်းခေါင်ကပ်ရင် သန်းခေါင်ဆက်။ အရုဏ်မတက်ခင် ကပ်လည်း ဆက်။ နေ့နေ့ညည ရောက်တဲ့အချိန် ဆက်တော့တာမို့ ကြာတော့ ကျွန်မလည်း ဆက်ခါစတုန်ကလို အထိတ်အလန့် မဖြစ်တော့ဘဲ ရိုးသွားပါတော့တယ်။
'မာမီ သားတို့ ဘယ်ဆိပ်ကမ်း  ရောက်နေတယ်'နဲ့ မနက်က ဆက်ပြီးရင်လည်း မပြီးသေးဘူး။ နေ့လယ် တစ်ခါထပ်ဆက်။ 'မာမီ ဘာလုပ်နေလဲဟင် အလုပ်များနေလား'နဲ့ စပ်စု။ ဟော... ညနေဘက် တယ်လီ ဖုန်း မြည်လာရင်လည်း ကိုဇာနည်လို့ အတပ်စောလို့ ရပါတယ်။ 'မာမီ မီးဖိုထဲမှာလား ခု ဘာဟင်ချက် နေလဲ'နဲ့ အမေးအမြန်းထူ။ ကျွန်မက ငွေကုန်ကြေးကျ မများစေချင်လို့...
'သားရယ်၊ ဈေးကြီးတဲ့အချိန်တွေ ဆက်နေတာ ညကျမှ အေးအေးဆေးဆေး ခေါ်ပါလား' ပြောမိရင်...
'မာမီကလည်း အောက်မေ့လို့ ဆက်တာပဲ အခု အောက်မေ့ရင် ခုဆက်ချင်တာပေါ့ ဈေးပေါတဲ့ အချိန် ထိ အောက်မေ့တာကြီးကို အောင့်ထားပြီး စောင့်ခေါ်ရမှာလား'တဲ့။

သူ့လခတစ်ဝက်လောက်က သူ့ချစ်သူ KIMနဲ့ ကျွန်မဆီခေါ်ရတဲ့ ဖုန်းဖိုးနဲ့ပဲ ကုန်လောက်ပါတယ်။ သူတို့ သဘောင်္ကပ်တဲ့ ဆိပ်ကမ်းတွေကလည်း အများသား အခု ကနေဒါ ရောက်လိုက်၊ တော်ကြာ အလပ်စ္စ ကာရောက်လိုက်။ အမေရိကားပြည်နယ်တွေက ဆိပ်ကမ်းတကာလည်း စုံလို့ အရွယ်နဲ့မလိုက်အောင် နေရာအနှံ့ ရောက်ခွင်ကြုံရတာလည်း သူ့ကုသိုလ်ထူးခြင်း တစ်ရပ်ပါပဲ။
အဲဒီလိုနဲ့ပဲ ကိုဇာနည် ပြန်လာတဲ့အခါ အိမ်က ပိုမိုဆူညံစည်ကား သိုက်မြိုက်လျက်၊ သူ ပြန်သွားတဲ့ အခါ ရင်မှာ ဟာပြီး ငြိမ်သက် တိတ်ဆိတ်လျက် ပုံမှန်လည်ပတ်နေပါတယ်။ တစ်နေ့မှာ မမျှော်လင့်ဘဲ တောင်ပုလုဆရာတော်ကြီးရဲ့ ကပ္ပိယအဖြစ် ပြည်ပထွက်တိုင်း လိုက်ပါလာလေ့ရှိတဲ့ ဦးမောင်မောင်ဆီ က ဖုန်းဝင်လာပါတယ်။ ဆရာတော်ကြီး ဆန်ဖရန်စစ္စကိုကို ရောက်နေတယ်တဲ့။ အဲဒါ ဆရာတော်ကြီး က ဒကာမကြီး ခင်မကြီး မလာဘူးလားနဲ့ မေးတာ နှစ်ခါရှိပြီလို့ ပြောပါတယ်။

တောင်ပုလုဆရာတော်ဘုရားကို နှစ်စဉ် မိတ္တီလာကနေ ရန်ကုန်ပင့်ပြီး ယာယီကျောင်းအဖြစ် သူတို့ တိုက်မှာ သီတင်းသုံး ဆည်းကပ်ပူဇော်ကြတဲ့ ဒေါက်တာဆာကားတို့ မိသားစုက ဦးမြလှိုင်မိသားစုနဲ့ အလွန်ခင်မင်ရင်းနှီးကြပါတယ်။ ဒါကြောင့် ဦးမြလှိုင်ရဲ့ အစ်ကိုကြီး ဦးဘသန်း၊ အစ်မ မမတင်။ မမသန်း တို့နဲ့အတူ ကျွန်မနဲ့ သားသမီးများကလည်း လိုက်ပြီး ရန်ကုန်မှာရှိခိုက် ဝေယျာဝစ္စကုသိုလ်များ နေ့စဉ် ယူပြီး တရားလည်း ဝင်ဖြစ်ကြတာကြောင့် ဆရာရင်း၊ တပည့်ရင်း ဖြစ်နေခဲ့တာ ကြာပါပြီ။

ဒေါတာဆာကားတို့ မိသားစု အိန္ဒိယပြည်ကို ပြန်သွားကြပြီးတဲ့နောက် ညီမဖြစ်တဲ့ ဒေါက်တာရီနာဆာ ကားက ဆန်ဖရန်စစ္စကိုက တက္ကသိုလ်မှာ ပါဠိပါမောက္ခအဖြစ် ရောက်လာပါရော။ သူ့နေရာနဲ့ မနီး ဘိုလ်ဒါကရစ်ဆိုတဲ့ အရပ်မှာ တောင်ပုလုဆရာတော်ကြီးးကို ပင့်ပြီး ကျောင်းဖြစ်အောင် မြန်မာအများစု နဲ့ စီစဉ်ကြိုးပမ်းလိုက်တာကြောင့် အောင်မြင်သွားပါတယ်။ နိုင်ငံခြားသား တော်တောများများ လာရောက်တရား အားထုတ်တဲ့နေရာပါ။ ပုံမှန်ကတော့ မြင်းခြံဆရာတော်ကြီး ကျောင်းထိုင်အဖြစ် ရှိနေ ပြီး တောင်ပုလုဆရာတော်ကတော့ သုံး လေးနှစ်တစ်ခါ  ကြွလာတတ်ပါတယ်။
ကျွန်မတိုပ ရောက်ခါစနှစ်က ဆရာတော်ကြီး ကြွလာပြီး အဲလိုပဲ 'ခင်မကြီး'ရော မေးတော့ ဦးမောင် မောင်က ဖုန်းဆက်အကြောင်းကြားပါရဲ့။ ရောက်ခါစလည်ဖြစ်လို့ အခြေတကျကလည်း မရှိသေးတဲ့ အပြင် ဖလော်ရီဒါနဲ့ ကာလီဖိုးနီးယားက ခရီးအတန် လှမ်းတာကြောင့် ဆရာတော်ကြီးကို ကိုယ်တိုင် သွားမဖူးနိုင်ဘဲ အလှူငွေပဲ ပို့ပြီး လှူလိုက်ရပါတယ်။ နောက်တစ်ခေါက် ကြွလာရင်တော့ ကြိုးစားပြီး ရောက်အောင် သွားမယ်လို့ အားခဲထားမိတယ်ပေါ့။

အခု ဦးမောင်မောင်က ဖုန်းဆက်လာတော့ ကျွန်မလည်း အခြေတကျလေး ဖြစ်နေပြီမို့ ချက်ချင်းပဲ ဘယ်နေ့ ဘယ်ရက် အရောက်လာခဲ့မယ် ဆိုတာ ဆရာတော်ကြီးကို လျှောက်ထားလိုက်ဖို့ မှာလိုက် ပါတယ်။ လေယာဉ်ကွင်းကို ဦးမောင်မောင်နဲ့ အဖွဲ့ကားနဲ့ လာကြိုကြပြီး ကျောင်းတည်ရှိရာ ဘိုလ်ဒါ ကရစ်ကို နှစ်နာရီလောက် ခရီးဆက်ရပါသေးတယ်။ ရောက်လို့အမောတောင် မဖြေရသေးဘူး ဆရာ တော်ကြီးကို သွားကန်တော့တော့ 'ကဲ ..ကဲ ရှစ်ပါးသီလ ယူ'ဆိုပြီး သီလပေးပါလေရော။ ပြီးတာနဲ့ တရားဆယ်ရက်ဝင်လို့ အမိန့်ရှိပါတယ်။

ခရီးကရှည်တော့ ကျွန်မ ဝမ်းကလည်း ဟာတာတ။ ကျောင်းရောက်မှ ကော်ဖီပူပူလေးတစ်ခွက်နဲ့ ပေါင် မုန့်လေးဖြစ်ဖြစ် စားလိုက်မယ်။ စိတ်ကူးထားတာလည်း သီလယူလိုက်ရတာမို့ မတတ်သာတော့ဘူး ပေါ့။ အဲဒီနေ့က ဝမ်းတကြိုတ်ကြုတ်နဲ့ တရားစဝင်ရတာ နောက်ရက်တွေကျမှ အရှိန်လေးရပြီး နေသာ ထိုင်သာ ဖြစ်တော့တာလေ။ ရိပ်သာကလည်း ကျယ်ဝန်း၊ မြို့နဲ့လည်း ဝေးတာကြောင့် တိတ်ဆိတ် ငြိမ်သက်နေတာအပြင် လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကင်းရာ သံဃာတော် အရှင်မြတ်များရဲ့ တရား ဓမ္မ အရိပ် အာဝါသအောက်မှာမို့ တရားဝင်ရတဲ့ ရက်တွေမှာ စိတ်ရဲ့ ငြိမ်းချမ်းမှု ရခဲ့တာ အမှန်ပါပဲ။
အိမ်ပြန်ရောက်တော့ သား ကိုဇာနည်လည်း ပြန်ရောက်နေခိုက် ကြုံတာနဲ့ ကျွန်မက ဝမ်းပန်းတသာနဲ့ ကြုံခဲ့ရပုံကို ဟာသနှော ပြောပြပါတယ်။ သားက သဘောကျစွာနဲ့ တဟားဟား ရယ်ပြီး...
'သား... အသက်နှစ်ဆယ့်တစ်နှစ်ပြည့်တဲ့နေ့ကျရင် မာမီ့အတွက် တောင်ပုလုကျောင်းမှာ သား ရဟန်း ခံပေးမယ်နော်။ မာမီ အဲဒီကျတော့ ရဟန်းအမ၊ မာမီလည်း တစ်ခါတည်း တရားဝင် သားအမိနှစ် ယောက် အတူတူကုသိုလ်ယူကြတာပေါ့။ သီလမယူခင် မာမီကို ကော်ဖီပူပူလေး တစ်ခွကတော့ တိုက် ကြပါလို့ သား မှာထားမယ်'လေတဲ့။

ကျွန်မရင်ထဲ မှာ သားရဲ့စကား ကြားရတော့ ကြည်နူးချမ်းမြေ့လိုက်တဲ့ ဖြစ်ခြင်းပါပဲ။ တစ်ခါတစ်လေ ကျွန်မတို့ တစ်တွေဟာ ကိုယ့်မှာရှိထားတဲ့ လက်ဆောင်ကောင်းတွေကို မေ့ထားတတ်ကြပါတယ်။ သူများက ပေးမှ ရရှိမဲ့ မေတ္တာကို ထိုင်မျှော်ပြီး စိတ်ပင်ပန်းနေတတ်ကြတယ်။ ကိုယ့်ကို ချစ်ကြတဲ့ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းအသိုင်းအဝိုင်းအပြင် သူလိုကိုယ်လို လှုပ်ရှားသွားလာ ကျန်းမာစွာ နေနိုင်ခြင်း၊ ကိုယ်လက်အင်္ဂါ နဲ့ အာရုံငါးပါး မချို့တဲ့ခြင်း စတဲ့ ပြည့်စုံမှုတွေရဲ့ တန်ဖိုးကို သိကြမယ်ဆို ရင် ဘဝမှာ နေရကျိုးနပ်တယ်လို့ ခံယူရမယ် ထင်ပါရဲ့နော်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, February 21, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၄)

"ရွှေလ၀င်း" က အရှေ့တိုင်း စားသောက်ကုန်ပစ္စည်း ရောင်းတဲ့ဆိုင် ပိုင်တာမို့ သူ့ဆီက အလုပ်အကိုင် စီးပွားရေး ကိစ္စတွေ ကို လေ့လာချင်လို့ ပြောင်းလာတဲ့ အကြော်ငးလည်း ပြောပြတာနဲ့ ကျွန်မလည်း "အင်း" လိုက် ရင်း သူပြောသမျှကို နားထောင်နေလိုက်တယ်ပေါ့။
တစ်ဦး နဲ့တစ်ဦး ဝေးကွာသွားပြီး ဆိုတော့လည်း သူ့ပြဿနာ၊ သူ့ရည်မှန်းချက်တွေက ကိုယ်နဲ့ မဆိုင်လေတော့ ဘူး မဟုတ်လားနော်။ ထားရှိခဲ့ဖူးတဲ့ မေတ္တာနဲ့ ကျေးဇူးတရားကို ထောက်ထားတဲ့ အနေနဲ့သာ အကောင်း ဆုံးစေတနာ ထားချက်တွေကို ၀င်ရောက်စွက်ဖက်ခြင်း မပြုသင့်တာ ကျွန်မ နားလည် လက်ခံထားမိ ပါတယ်။
ပြောင်းလဲ တဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး လူ့စိတ်ဆိုတာလည်း ပြောင်းလဲ စေတတ်တယ် တဲ့။
တရားဝင် ကွာရှင်းပြတ်စဲခြင်းလည်း မရှိ။ အတူနေထိုင်ခြင်းလည်း မရှိပါဘဲနဲ့ တယ်လီဖုန်းနဲ့ အမြဲ တမ်း ဆက်သွယ်နေ တတ် တဲ့ သူတစ်ဦးကို ကျွန်မဘယ်လို တံဆိပ်ကပ်ပြီး အသိအမှတ်ပြုရမလဲ ဆိုတာ တွေးရ ခက်နေ ပါ တော့ တယ်။
ကို ဆက်ဖတ်ရန် ....
 

အပိုင်း (၄၆)

မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ် ကာလမှာ နတ်တစ်ပါးက ညဥ့်သန်း ခေါင် အခါသမယ မှာ လာရောက်လျှောက်ထားပါတယ်။
''အရှင်ဘုရား... လူတို့၏ မှီရာတည်ရာသည် အဘယ်နည်း"
"လောက၌ လွန်မြတ်သော အဆွေခင်ပွန်းကား အဘယ်နည်း"
"အသင်နတ်သား... လူတို့၏ မှီရာ တည်ရာသည် သားသမီးသာတည်း"
"ဤလောက၌ လွန်မြတ်သော အဆွေခင်ပွန်းကား မယားတည်း"လို့ ဘုရားရှင်က ဖြေကြားတော်မူ တာကို သံယုတ္တိနိကာယ် ဒေဝတာသံယုတ်မှာ ဖတ်ရဖူးပါတယ်"
'မယား'က လွန်မြတ်သော အဆွေခင်ပွန်း ဖြစ်တယ်လို့ ဆိုခဲ့ရင် အမျိုးသမီးတစ်ယောက်အတွက် "ကြင်ရာတော် လင်သား" ဟာ လွန်မြတ်သော အဆွေခင်ပွန်း ဖြစ်ရမှာပေါ့နော်။

လွန်မြတ်သော အဆွေခင်ပွန်း အနားမှာမရှိပေမဲ့ မှီရာ တည်ရာ သားသမီးများစွရဲ့ မေတ္တာအင်အားတွေ က ရှိနေတာမို့ ကျွန်မဘဝက နေပျော်တယ်လို့ ဆိုရမှာပါပဲ။ နေရာစိမ်းတစ်ခုမှာ အခြေကျခါစမို့ ရုန်းကန် ရဆဲ ဖြစ်လေတော့ မိုးပေါ်က ကြယ်ပွင့်တွေလို မတောက်ပနိုင်တဲ့တိုင်အောင် ကိုယ့်အိမ်ခန်းလေးထဲမှာ တင် ထွန်းလင်းနိုင် တဲ့ မီးတိုင်လေးအဖြစ်ကိုပဲ လုံလောက်ပါပြီလို့ သဘောထားပြီး ကိုယ့်ဘဝကိုယ် နှစ် သိမ့်ကျေနပ် ပါတယ်။
    သားသမီးတွေလည်း သူတို့အပေါင်းအသင်း၊ သူတို့သူငယ်ချင်းတွေနဲ့ ပျော်အောင်နေတတ်ကြ ပါပြီ။ သားရွှေစင်နဲ့ မင်းရှင်မော်နိုင်ရယ်၊ ဝိန်နဲ့ ဘီလ်ဆိုတဲ့ အမေရိကန်သူလေး နှစ်ယောက် ရယ် လေးယောက်ပေါင်း ပြီး သောကြာ၊ စနေ ညဘက်ဆိုရင် အိမ်နဲ့မဝေးလှတဲ့ ပင်လယ်ကမ်းခြေမှာ သွား ထိုင်တဲ့အခါထိုင်၊ ဒါမှမဟုတ် တေးဂီတ အဖွဲ့ကောင်းကောင်းရှိတဲ့ ကလပ်တစ်ခုခုမှာ သွားနားထောင်တဲ့ အခါ နားထောင် နဲ့ အေးအေးဆေးဆေး အချိန်ဖြုန်းလေ့ ရှိ သလို သားလတ် ကိုဇာနည်က ပါပလို အပါအဝင် သူငယ်ချင်းအုပ်စုနဲ့ အိမ်မှာ တီးဝိုင်း ဖွဲ့ပြီး ဆိုကြ တီးကြ ဆိုကောင်းကောင်းရှိလို့ မိုးသိပ်ချုပ် သွားရင်လည်း အိမ်မပြန်ကြဘဲ ကိုဇာနည့် အိပ်ခန်း က ကြမ်းပြင်ပေါ်မှာ တန်းစီပြီး အိပ်ကြ။

ကျွန်မ က မနက်စောစော ထလေ့ရှိသူပါ။ ကိုယ်လက်သန့်စင် ဘုရားဝတ်ပြုပြီးတာနဲပ ဥပါဒသတ္တိသုတ် တော်၊ ဓာရဏပရိတ်တော်၊ ပဋ္ဌာန်းစတဲ့ ပရိတ်တော်တွေကို တိပ်ခွေဖွင့်ပြီး နာလေ့ရှိပါတယ်။ တစ်နေ့မှာ အမရပူရ မဟာဂန္ဓာရုံ ဆရာတော်နဲ့ တပည့်သံဃာတော်အားလုံး စုရွတ်ထားတဲ့ ပဋ္ဌာန်းတရားအခွေ ဖွင့် လိုက်ကာပဲ ရှိသေး ဝုန်းဝုန်း ဝုန်းဝုန်း နဲ့ ကိုဇာနည့်အခန်းထဲက ကောင်လေးတွေ ပြေးထွက်လာလိုက်ကြ တာ ကျွန်မက ဘာများဖြစ်ပါ လိမ့်  ပူပင်စိုးရိမ်စိတ်နဲ့ မေးကြည့်မိမှ နောက်ပါလာတဲ့ ကိုဇာနည်ကို စပ်ဖြဲ ဖြဲမျက်နှာနဲ့။ ဘာမှ မဟုတ်ပါဘူး မာမီ ရာ။ ထ...ထ...နဲ့ အားလုံး လိုက်နှိုးပြီး ပြေးလာကြည့်ကြတာတဲ့။
ဘာသာစကား မတူကြတော့လည်း ပရိတ်တရားအသံက သူတို့အတွက် အံ့သြစရာဖြစ်အောင် ကြုံရတော့ တာပေါ့လေ။ ဘာသာစကား မတူတာကြောင့် သူတို့က ကိုယ့်ရဲ့ ကိုးကွယ်ရာတရားကို မသိ သလို၊ ကြီးပြင်း ရာ ဒေသမတူတော့လည်း သူတို့နဲ့နေထိုင်မှု အစဉ်အလာတွေကို ကိုယ်ကမသိ။

တစ်ခါက ကျွန်မအလုပ်ုက ပြန်ရောကတော့ သားကိုဇာနည်က ဆီးပြီးတိုင်တယ်။
"မာမီ နောက်ဘက်ခြံ က အဘွားကြီးက သားကိုခေါ်ပြောတယ်။ ခြံထဲက သားတို့သစ်ပင်ကြီးကို သူတို့ ဘက် အကိုင်းတွေ ထွက်နေလို့ ခုတ်ပေးပါတဲ့။ သူတို့က မခုတ်ပေးဘူးဆိုရင် သစ်ပင်ဖြတ်သမားကို ခေါ် ခုတ်ခိုင်းမယ် တဲ့။ ပြောပုံကလည်း အငေါ်တူးတူးရယ်။ ဒါနဲ့ သားက အမြင်ကတ်လို့ "Go Ahead" လို့ ပြောလိုက်တယ်"တဲ့။
သား က ပေါ့ပေါ့တန်တန် ပြောတာဖြစ်ပေမယ့် ကျွန်မက ကိုယ့်ဘက်ဂျက်ထိမှာမို့ အထိတ်အလန့် ဖြစ် သွား ရပါတယ်။
"အမလေး၊ Go Ahead မိလုက်ပါနဲ့သားရယ်။ သစ်ပင်ဖြတ်သမား ခေါ်ခုတ်ရင် ဒေါ်လာနှစ်ရာလောက် ပေးရမှာ။ သူ တို့က ခေါ်ခိုင်းရင် ကျသင့် တဲ့ ဘီလ်ကျ မာမီတို့က ပေးရမှာ မသက်သာဘူး"ဆိုမှ။
"ဟင် ဟုတ်လား။ သစ်ပင်ခုတ်တာကို မတရားသဖြင့် ဈေးကြီးလှချည်လား။ ဘာများခက်လို့လဲ" ပြောပြောဆိုဆို ကားဂိုဒေါင်ထဲ က (ချိန်းစော) လွှကြီး ယူသွားပြီး သူကိုယ်တိုင် မီရာ ကိုင်းတွေကို တဝုန်းဝုန်းနဲ့ တိုက်ချနေလေ ရဲ့။ စိတ်မြန်လက်မြန် လုပ်ထည့် လိုက်တာ တစ်ညနေနဲ့ သစ်ကိုင်းတွေ အကုန်ရှင်းပြီးသား ဖြစ်သွားပါလေရော။

ကျွန်မတို့နေတဲ့ ဖလော်ရီဒါက စည်းကမ်းဥပဒေတွေကလည်း များပြားလှပါဘိ။ ထန်းပင်တွေကို ပြည် နယ်ရဲ့ အလှအပ အဖြစ် စိုက်ထားတာ မို့ ခုတ်ခွင့်မရှိပါဘူး။ ကိုယ့်ဝင်းကိုယ့်ခြံထဲက ထန်းပင်တောင် ကိုယ့်ဆန္ဒနဲ့ ခုတ်ခွင့် ရှိတာ မဟုတ်ဘူးနော်။ ထန်းပင် တစ်ခု ခုတ်ပစ်ရင် ဒဏ်ငွေ ဒေါ်လာငါးရာ။ အကယ် ၍ ဒီထန်းပင် ကိုယ့်ဝင်းခြံထဲ မှာ မရှိစေချင်တော့ဘူး ဆိုရင် ပြောင်းစိုက်လို့ ရပါတယ်။ ထန်းတစ်ပင်ရဲ့ ဈေးးကလည်း ထောင်ချီပြီး တန်တာ မို့ ကျောင်းတွေ၊ ပန်းခြံတွေ ကို ပေးလှူလို့ရပါတယ်။ အဲဒီ ပေးလှူ လိုက်တဲ့ ထန်းပင်ရဲ့ တန်ဖိုးငွေ ကို နှစ်ကုန်တဲ့ အခါ အကောက်ခွန်ပေးရငွေ ထဲက ခုနှိမ်ခွင့်ရှိတာမို့ တချို့ က ပေးလှူကြတာ တွေ့ရဖူးပါတယ်။

ကျွန်မ ပါးစပ်ဆော့မှုကောင့် ဒဏ်ငွေပေးဆောင်ရမဲ့ အဖြစ်တစ်ခုလည်း ကြုံရဖူးပါရဲ့။ တစ်ခါက ကားနဲ့ ဖြတ်သွား ရင်း လမ်းဘေး ပလက်ဖောင်းမှာ စိုက်ထားတဲ့ ဝက်မလွတ်အုန်းပင်က ညွှတ်နေအောင် သီးနေ တဲ့ အုန်းသီး ခိုင်ကြီး ကြည့်ပြီး....
"ဟိုမှာ သားရေ ကြည့်ပါဦး။ အုန်းသီးတွေ ပြွတ်ခဲနေတာပဲ ဇွန်းခြစ်သာ စားလိုက်ရ သိပ်ကောင်းမှာ" လို့ ပြောလိုက်မိပါတယ်။
ညနေကျ ကိုဇာနည် နဲ့ ပါပလို နှစ်ယောက်သား အုန်းသီးခိုင်ကြီးထမ်းပြီး ရောက်လာပါရော။
"ဟယ်... ဘယ်က အုန်းသီးတွေ ရ လာတာလဲ" မေးကြည့်တော့။
"မာမီ ပြခဲ့တဲ့ အပင်က သွားချိုင်ခဲ့တာလေ"တဲ့။

ကျွန်မ 'ဘုရားတ'သွားရတော့တာပဲ။ ပလက်ဖောင်းပေါ်မှာ စိုက်ထားတဲ့ အပင်က နိုင်ငံတော်ပိုင် ပစ္စည်း လေ။ ခူးယူ ခွင့် ရှိတာမှ မဟုတ်တာ။ ကံကောင်းထောက်မစွာ ကင်းလှည့်တဲ့ရဲကားနဲ့ မကြုံခဲ့ပေလို့ပေါ့။ မဟုတ်ရင်တော့ အမေ ကို စားစေချင် တဲ့ စေတနာပိုမှုကြောင့် အုန်းသီးဖိုး ဒေါ်လာငါးရာ ထွက်သွားမှာ သေချာလှပါတယ်။ သား ကို ဥပဒေ စည်းကမ်းတွေ နားလည်ဖို့၊ ရိုသေဖို့ ရှင်းပြပြီး ဆုံးမရပါတယ်။
ဒီလိုနဲ့ နေတတ် ထိုင်တတ်ကလေးလည်း ရှိရော သိပ်မကြာလိုက်ဘူး။ ကိုဇာနည်ကျောင်းမှာ ချစ်သူ သက်ထားရည်းစား ရလာလေရဲ့။ တစ်နေ့ကျောင်းက ပြန်လာပြီး ကျွန်မကို မိန်းကလေးဓာတ်ပုံတစ်ခု လာပြ ပါတယ်။
"မချောဘူးလား မာမီ"တဲ့ ကြည့်လိုက်တော့ ကလေးမလေးက ရွှေဝါရောင် ဆံပင်နဲ့ ချောချောလှလှ လေးရယ်။

'သားနဲ့ ဘယ်မှာတွေ့တာလဲ'လို့ စပ်စုရတယ်ပေါ့။
'ကျောင်းကလေ။ သားနဲ့ အတန်းတူတူပဲ မာမီရဲ့။ ဒီမှာ သူ့ရဲ့လိပ်စာကတ်ပြား။ မာမီဖတ်ကြည့်ပါဦး။ ဘယ်လိုလဲ မသိဘူး။ သူရဲ့ Last Name နဲ့ လမ်းနာမည် ကလည်း အတူတူပဲ'တဲ့။
ကျွန်မ ယူကြည့်လိုက်တော့ ဟုတ်ပါရဲ့ သားပြောတဲ့အတိုင်း သူ့နာမည်နဲ့ လမ်းနာမည်ကလည်း တစ်ထပ် တည်း ဖြစ်နေပါတယ်။
'ဒါဆို ကိုယ်ပိုင်လမ်း ဖြစ်ရင်ဖြစ်မှာပေါ့။ သားကောင်မလေးက သူဌေးသမီးလား မှ မသိ'လို့ အထင်နဲ့ မှတ်ချက်ချ လိုက်မိပါတယ်။
နောက် သုံးလေးရက်ရှိတော့...
'မာမီ ပြောတာ ဟုတ်တယ်။ KIM က နေ့လယ် မုန့်စားဆင်းချိန်မှာ သားကို သူ့အိမ်လိုက်ခဲ့ဆိုပြီး ခေါ် သွားတာ။ ခြံဝင်းကြီး က အကျယ်ကြီး။ သူတို့ အပျော်စီးတဲ့ မြင်းတွေလည်း ရှိတယ်။ အဲဒီမြင်းဇောင်း ကြိးက သား တို့ အိမ်ထက်တောင် ကြီးသေးတယ်။ သားဖြင့် သူ့အိမ်ကြည့်ပြီး ဖျားသွားတာပဲ'တဲ့။
'ကိုယ်တော်ချော သူဌေးသမီး ကြိုက်မယ်ကြံရင် သူဌေး လို ထားနိုင်ဖို့ စာကြိုးစားပေတော့'လို့ သားကို ပြောရ ပါတယ်။

အဲ.... သူဌေးသမီးကြိုက်မိကာမှ ပြဿနာက တက်ပါလေရော။ ဒီဇင်ဘာကျောင်းပိတ်ရက်ရောက်တော့ ကလေးမ က သူတို့မိသားစုနဲ့ အတူ ဖလော်ရီဒါရဲ့ အနောက်ဘက်ကမ်းခြေမှာ ရှိတဲ့ 'ဟင်နဘယ်(လ)' ကျွန်းကို အပန်းဖြေ ခရီး ထွက်သွားပါတယ်။ ကိုဇာနည်ကိုလည်း သူရှိမဲ့နေရာရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ် တွေ ဆက်သွယ် ရအောင် ပေးထားခဲ့တာပေါ့။ ဒါတွေကို စောစောက ကျွန်မ မသိခဲ့ပါဘူး။ လကုန်လို့ တယ်လီဖုန်း ဘီလ် ရောက်လာတာနဲ့ ဖွင့်ကြည့်လိုက်ကာမှ တယ်လီဖုန်းဖိုး ဘီလ်က ခါတိုင်းလို တစ်ရာ ဝန်းကျင်မဟုတ် ဘဲ ဒေါ်လာခုနစ်ရာကျော် ဖြစ်နေလေရဲ့။
မဖြစ်နိုင်ဘူး။ တစ်ခုခုတော့ မှားနေပြီဆိုတဲံ အတွေးနဲ့ တယ်လီဖုန်းခေါ်ထားတဲ့ နံပါတ်တွေကို စစ်ကြည့် ကာမှ ကျွန်မအိမ် ကနေ စင်နဘယ်(လ) ကျွန်းကို ခေါ်ထားတဲ့ ဧရာမစာရင်းရှည်ကြီးကို တွေ့ရတော့ တာလေ။ ခေါ်တဲံ အချိန်တွေ ကိုလည်း ကြည့်ပါဦး အလွန်ဈေးကြီးတဲ့ နေ့ခင်း အချိန် ဖြစ်နေတဲ့အပြင် ပြောတဲ့ ကာလ ကလည်း တော်ရုံ တန်ရုံ သုံးလေးမိနစ် မဟုတ်ဘဲ။  မယ်ဘွဲ့ မောင်ဘွဲ့တွေ နာရီနဲ့ချီ ပြီး ပြောထားတာ မို့ ဒေါ်လာခုနစ်ရာ ကျနေတာ မဆန်းလေဘူးပေါ့။

အမေရိကား မှာ အချိန်အခါအလိုက် တယ်လီဖုန်းဈေးနှုန်းတွေ ကွာခြားပါတယ်။ မနက်ရှစ်နာရီက ညနေ ငါးနာရီ အတွင်း အလုပ်ချိန်ဖြစ်တာမို့  ဈေးနှုန်းက အပြည့်ပေးရပြီး၊ ညနေ ငါးနာရီက ညဆယ်နာရီ အတွင်း ခေါ်ရင် 35 ရာခိုင်နှုန်း သက်သာ ပါတယ်။ အပေါဆုံးကတော့ ညဆယ့်တစ်နာရီက နောက် တစ်နေ့ မနက်ရှစ်နာရီအတွင်းနဲ့ စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာ 65 ရာခိုင်နှုန်း သက်သာ တာကြောင့် အများအားဖြင့်  အဲဒီလို အချိန်တွေမှာ သုံးရတာ ပိုပြီး တွက်ခြေကိုက်လေတယ်ပေါ့။
အခုတော့ သိပ္ပံပညာတွေက ထွန်းကားလာတာမို့ လူတိုင်း ကလေးကအစ ဆယ်လူလာဖုန်းတွေ ကိုင် နိုင်နေကြတဲ့ အပြင် တယ်လီဖုန်းကုမ္ပဏီတွေက ဈေးအပြိုင် လျှော့ပေးနေကြတာကြောင့် ဖုန်းဖိုးက ပြဿနာ မဟုတ်တော့ သလောက် ဖြစ်နေပါပြီ။ ကျွန်မ ပြဿနာကြုံရတဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော် အစိတ်ပိုင်း က တယ်လီဖုန်း ကလည်း  မရှိမဖြစ်ပစ္စည်း ဖြစ်နေတာမို့ မတတ်သာဘဲ အောင့်သက်သက်နဲ့ ပဲ တယ်လီဖုန်း ဖိုး ဘီလ်ကို ပေးချေလိုက်ရပါတယ်။

သားကိုလည်း ပြောချင်ရင် ဈေးသက်သာတဲ့အချိန်ကျမှ စောင့်ခေါ်ဖို့ ပြောပြဆုံးမရတယ်ပေါ့။ သူပြော ထားတဲ့ ဖုန်းဖိုးတွေ အဲလောက်ကျတယ်ဆိုတာ သိရတော့ မျက်နှာလေးငယ်ပြီး စိတ်မကောင်းဖြစ်လို့ 'သားအလုပ်ရှာပြီး မာမီ့ ဖုန်းဖိုး ပြန်ပေးပါ့မယ်'နဲ့ ပြောရှာပါရဲ့။ တကယ်လည်း သူ့မှာ အလုပ်အကိုင်နဲ့ အခြေတကျဖြစ်တော့ 'သားပြောခဲ့ တဲ့ ဖုန်းဖိုး'ဆိုပြီး ကျွန်မကို ပြန်ပေးပါတယ်။ ဆယ်ကျော်သက် အရွယ် မအူမလည် အချိန်တွေ မှာတော့ ဘယ်ကလေးမဆို အမှားအယွင်းတွေ လုပ်မိတတ်ကြတာပါပဲ နော်။
ဒီလိုနဲ့ ကျွန်မတို့မိသားစုလေး မရှိမရှားနဲ့ ပုံမှန်လည်ပတ်လို့ အေးအေးချမ်းချမ်း ဘဝကို ဖြတ်သန်းလှုပ် ရှားနေကြပါတယ်။ သမီးသူဇာလည်း သူ့စုငွေလေးနဲ့ ကားတစ်စီး ဝယ်ဖြစ်သွားတာကြောင့် သွားရေး လာရေး ပိုအဆင်ပြေ လာတယ် ဆိုပါတော့။ ဒီအချိန်မျာ ဦးကျော်ဇောက သူ့ညီ ကိုရွှေလဝင်းရဲ့ အရှေ့တိုင်း စားသောက်ကုန် ပစ္စည်းဆိုင်ကို လက်ပြောင်းဝယ်ယူလိုက်တဲ့အကြောင်း ပြောပြလို့ သူ့ဟာ သူ ရည်မှန်းချက် အတိုင်း အဆင်ပြေနေရင်လည်း ကောင်းပါရဲ့ဆိုတဲ့ အတွေးနဲ့ ဝမ်းသာရပါတယ်။

နောက်ထပ် ဝမ်းသာရတဲ့ အကြောင်းတစ်ခုကတော့ သမီးယမင်းဆီက ကျွန်မအတွက် ပဉ္စမမြောက်မြေး လေး တစ်ယောက် တိုးတော့မယ်ဆိုတဲ့ သတင်းပါပဲ။ အထူးသဖြင့် ယမင်းမွေးမှာက သမီးလေးတဲ့လေ ကျွန်မမှာ လက်ရှိ သားကြီး ခင်မောင်ဝင်းခန့် က မွေးထားတဲ့ မြေးလေးယောက်စလုံးက သားယောက်ျား လေးတွေချည်းပဲ။ အခုရမဲ့ မြေး က သမီးလေးဆိုတော့ ပိုပြီးပျော်သွားရတယ်ပေါ့။
ကျွန်မတို့ခေတ်တုန်းကတော့ မွေးလာမဲ့ ကလေးကို ယောက်ျားလေး ဖြစ်မလား၊ မိန်းကလေးဖြစ် မလား ဆိုတာ ကို အထိုင်အထကို လူကြီးတွေက အကဲခတ်ပြီး ပြောကြတာပါ။ အထိုင်အထ ပေါ့ပါးရင် ယောက်ျားလေး၊ အထိုင်အထ လေးကွေးရင် မန်းကလေးတဲ့။ နောက်တစ်မျိုးကလည်း လွယ်ထားတဲ့ ကိုယ်ဝန်ဆောင်ရဲ့ဗိုက်က ချွန်ထွက်နေ ရင် ယောက်ျားလေး။ ဝိုင်းဝန်းရင် မိန်းကလေးနဲ့ အကဲဖြတ်လေ့ ရှိတာပေါ့။ တကယ်မွေးပြီ ဆိုတော့လည်း မွေးလူနာမိခင်အဖို့ ဇောချွေးပြန်အောင် ဗိုက်နာတဲ့အထိကပဲ သိချင်စိတ်စောနေတတ်လို့ စိတ်လှုပ်ရှား ရတာလည်း အရသာတစ်မျိုးပေါ့နော်။

အခုခေတ် ကျတော့ ဒီလိုမဟုတ်တော့ပါဘူး။ ကိုယ်ဝန်ရှိပြီး ငါးလကျော်ပြီးဆိုတာနဲ့ ဆိုနိုဂရမ် ရိုက် ကြည့်လိုက် ရင် မွေးမဲ့ကလေးက ယောက်ျားလေးလား၊ မိန်းကလေးလား ဆိုတာ ကွဲကွဲပြားပြား သိထား နိုင်တာမို့ ရင်ခုန်လှုပ်ရှား စရာတွေ မရှိတော့ဘဲ ရရှိလာမဲံသား သို့မဟုတ် သမီးအတွက် ကြိုတင်ပြင်ဆင် မှုတွေ လုပ်ထားနိုင် တာကြောင့် တစ်နည်းလည်း ကောင်းပါရဲ့ ဆိုပါတော့။
ဘယ်လောက်ပဲ ပြင်ဆင်မှုတွေ လုပ်ထားလုပ်ထား မွေးဖွားရတဲ့အချိန်ကမှ အားငယ်စရာ အကောင်း ဆုံးဆိုတာ မွေးဖွားဖူးတဲ့ မိခင်တိုင်းရဲ့ ခံစားချက်မို့ သိကြမှာပါပဲ။ အထူးသဖြင့် အတွေ့အကြုံ မရှိသေး တဲ့ သားဦး ဆိုရင် ပိုဆိုးလေသေးတာပေါ့။ ဘယ်လောက်ပဲ လွယ်လွယ်ကူကူ မွေးတတ်သူပဲ ဖြစ်ပါစေ နဖူးက ဇောချွေး မပြန်ဘဲ ကလေးတစ်ယောက် အပြင်ကို ရောက်မလာပါဘူး။ တကယ်တော့ မွေးဖွား ချိန်က နာရီပိုင်း ပဲ ကြာတာပါ။

လွယ်ကူတဲ့သူက ဗိုက်နာချိန် 12 နာရီမှာ မွေးပြီး ခက်ခဲသူကတော့ 24နာရီအတွင်း မွေးကြတာချည်းပါပဲ။ 24နာရီထက် ပိုသူများလည်း ခြွင်းချက်အနေနဲ့ ရှိနိုင်ကောင်းပါရဲ့။
24နာရီအတွင်း မမွေးနိုင်ဘူး ဆိုရင် ဒီမှာတော့ ဗိုက်ခွဲပြီး မွေးပေးလိုက်တာပါ။ ရိုးရိုးပဲ မွေးမွေး၊ ဗိုက်ခွဲ မွေးမွေး ခံစားကြရတဲ့ အာဝေဏိက ဝေဒနကတော့ မိန်းမသားတွေအတွက် အတူတူချည်းပါပဲလေ။ မွေးဖွားတဲ့ အချိန် မှာ ချောချောမောမောမှ ရှိပါ့မလား၊ ဘယ်လောက် အတိုင်းအတာထိ နာဦးမှာလဲ အချိန်ကာလ ဘယ်လောက် ကြာအောင် ခံစားရမှာလဲဆိုတဲ့ ကိုယ့်အတွက် စိုးရိမ်ကြောင့်ကြ ဗျာပါဒ အပြင် မွေးလာမဲ့ ကိုယ့် ရင်သွေးလေး ခြေလက်စုံလင် ကိုယ်အင်္ဂါတွေ ပြည့်စုံအောင်မှ ပါပါ့မလား ဆိုတဲ့ သောက လည်း ဆောင်းလိုက်သေးတာမို့ စိတ်ရောကိုယ်ပါ ဆင်းရဲခြင်းတွေနဲ့ ရင်းရတဲ့ ဒုက္ခတစ်ခုပါပဲ။
မွေးရမှာ သမီးဦး ဖြစ်နေတော့ အတွေ့အကြုံ မရှိသေးတာမို့ သမီးယမင်းလည်း အမျိုးမျိုး တွေးပြီး အားငယ်ရှာ တယ် ထင်ပါရဲ့။

'မာမီ သမီး ကလေးမွေးရင် အနားမှာ လာနေပေးရမှာနော်။ သမီးတစ်ယောက်တည်း မမွေးရဲ့ ဘူး ကြောက်တယ်'လို့ ဖုန်းဆက်လာတော့...
'သမီးယောက်ျား Lamaze Class တက်ထားတာ မဟုတ်လား။ သမီးမွေးတဲ့အခါ Coach အနေနဲ့ အနားမှာ ရှိနေမှာပဲ ဟာ။ ဘာကြောက်စရာရှိလဲလို့ ကျွန်မ အားပေးရပါတယ်။' Lamaze Class ဆိုတာ အမေရိကားမှာ 1970 ပြည့်နှစ်လောက်ကစပြီး ပေါ်ပေါက်လာတဲ့ သင်တန်းတစ်ခုပါ။ ဒေါက်တာ Flamaze ဆိုသူက မိခင်လောင်းတွေ အတွက် ခင်ပွန်းဖြစ်သူများ သားဖွားချိန်မှာ ဇနီးရဲ့အနီး အတူ တကွ ရှိနေသင့်တယ်။ အားငယ်ချိန် မှာ မေတ္တာ အကြာင်နာတရားတွေနဲ့ ဝိုင်းကူပြီး စောင့်ရှောက်သင့် တယ်လို့ ယူဆတာကြောင့် သားဖွားဖြင်း ကိစ္စရပ်တွေ ကို သိသင့်တဲ့ ပညာပေးသင်တန်းတစ်ခု စတင် တည်ထောင်ခဲ့တာပါ။ တည်ထောင်ခဲ့သူ ကို အကြောင်းပြပြီး Lamaze Clase လို့ အမည်တွင်လေတယ် ပေါ့။

ကိုယ်ဝန်ရှိလို့ ခြောက်လပြည့်ပြီဆိုတာနဲ့ ဇနီးမောင်နှ့ အတူတကွ သားဖွားရေးကိစ္စတွေကို နားလည် တက်ကျွမ်း ဖို့ သင်တန်း လေးပတ် တက်ကြရပါတယ်။ သင်တန်းက တစ်ပတ်မှ တစ်ခါတစ်နေ့မှာ နှစ်နာ ရီတည်းပါပဲ။ သင်တန်းချိန် မှာတော့ သားဖွားခြင်းအကြောင်း အခြေခံကစပြီး အပြည့်အစုံ သိရအောင် ပညာပေး ရုပ်ရှင်တွေ ပြသလို ဟောပြောပို့ချတာတွေလည်း ပါရဲ့။ ဒါ့အပြင် လုပ်ရမဲ့ နေ့စဉ်လေ့ကျင့် ခန်းတွေကိုပါ သင်ပါတယ်။ ဗိုက်နာတဲ့အချိန်မှာ ဘယ်လိုအသက်ရှူရမယ်။ ဘယ်လို အနေအထား နေ ရမယ်။ မွေးခါနီး ဆိုရင်လည်း ကလေးထွက်လာအောင် ဘယ်ပုံ ညစ်အားပေးရမယ် ဆိုတာမျိုးကအစ သိသင့်သိထိုက် လုပ်ဆောင် ထိုက်တာ မှန်သမျှ သင်ကြားပြုသပေးပါတယ်။

မီးဖွားချိန်က အရေးအကြီးဆုံးမို့ ခင်ပွန်းက ဇနီးမိခင်လောင်းရဲ့ အနားမှာ အနီးကပ် Coach နည်းပြ တစ်ယောက်လို သင်ကြားထားတဲ့အတိုင်း လုပ်စေတယ်ပေါ့။ အာဝေဏိဝေဒနာကို အပြင်းအထန် ခံစား နေရသူ အဖို့ မေတ္တာအကြင်နာနဲ့ ယုယမှု အထူလိုအပ်ချိန် ဖြစ်တာကြောင့် ခင်ပွန်းသည်က ခါးကလေး ကို တယုတယ ပွတ်သပ်ပေးတာမျိုး၊ အကြင်နာစကားလေးနဲ့ အားပေးရင်း နှိပ်နယ်ပေးတာမျိုးလေး တွေ ခံစားရတဲ့ အခါဝေဒနာက တစ်ဝက်လောက် သက်သာစေမှာ အမှန်ပါပဲ။ ချစ်ကြင်မြတ်နိုးအားကိုးရ သူကိုယ့်အနားမှာ ရှိတော့ လည်း ခံနိုင်ရည်ပိုရှိလာစေတာအပြင် ခင်ပွန်းသည်ဘက်ကလည်း ကိုယ့်ဇနီး နအနေနဲ့ ရင်သွေးတစ်ယောက် လူ့လောကထဲ ရောက်လာဖို့ ဘယ်လောက်ခွန်အားတွေစိုက်ပြီး ပင်ပန်းဆင်းရဲခြင်းနဲ့ ရင်းရလဲဆိုတာ ကို မျက်စိအောက်မှာ လက်တွေ့မြင်လိုက်ရတော့ လေးစားစိတ် နဲ့ဂရုဏာပိုစရာ လည်း ဖြစ်တောကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစွာနဲ့ အိမ်ထောင်ရေးအုတ်မြစ်လည်း ပို၍ခိုင်မြဲစေတယ်ပေါ့နော်။

ဒါကြေင့်သမီးယမင်းကို ခင်ပွန်းသည်အနားမှာ ရှိတာပဲလို့ တမင်တကာ အားကိုးစေချင်တဲ့ စေတနာနဲ့ စကားဆို ခဲ့ပေမဲ့ နားမ၀င်ပါဘူး။
"လာခဲ့ပါ မာမီရယ်။ မာမီအနားမှာမရှိဘဲ သမီးမမွေးရဲပါဘူးနဲ့"တစ်နေ့တစ်ဆယ့်ခြောက်ခါ ဖုန်းဆက် ပူဖာရင်း ဂျီကျနေတာ နဲ့ ကျွန်မ စိတ်မောရပါတော့တယ်။ သမီးရောက်ရှိနေတဲ့ ကာလီဖိုးနီးယားပြည် နယ်ကလည်း မိုင်းပေါင်းသုံးထောင်ကျော်ခရီး နီးနီးနားနားလည်းမဟုတ်။ အိမှာထားခဲ့ရမှာကလည်း အားလုံး က ကျောင်းသား အရွယ်တွေ။ လူကြီးရယ်လို့လည်း တစ်ယောက်တလေမှ မရှိ။ သားသမီး တစ်ယောက်စီ အတွက် စောင့်ရှောက်ပေးနိုင်ဖို့ ရုပ်ရှင်ထဲကလို ရှစ်ကိုယ်ခွဲလို့ရနိုင်ရင်လည်း ကောင်း လေစွလို့ တွေးမိပါရဲ့။

နောက်ဆုံးတော့ သမီးအားငယ်စိုးရွံ့နေတာကို မကြည့်ရက်နိုင်တာနဲ့ သမီးအနားမှာ သွားစောင့်ရှောက် ပြုစုပေး မယ် ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အလုပ်ကခွင့်တစ်လယူဖို့ အထက်အရာရှိကို သွားတော့ပြောပြ ပါတယ်။ ကျွန်မရဲ့ လုပ်သက်ခွင့် က နှစ်ပတ်ပဲ ရှိတာမို့ ကျန်တဲ့နှဏ်ပတ်ကို လစာမဲ့ တင်ပေမဲ့ မရပါ ဘူး။ လိုချင်တဲ့ခွင့်မရတော့ မကျေမနပ် နဲ့ ပြန်လာခဲ့ရတယ်ပေါ့။ အဲဒီညက လက်ရှိအခြေအနေကို ဘာလုပ်သင့်သလဲနဲ့ စဉ်းစားလိုက်တာ အိပ်လို့တောင် ကောင်းကောင်းမပျော်ပါဘူး။
သူတစ်ပါးတိုင်းပြည်မှာ ကိုယ့်မိသားစုလေးပဲ ရှိတာနော်။ ဒီမိသားစုလေး စည်းစည်းလုံးလုံးနဲ့ လိုအပ်ချိန် တစ်ဦး လိုအပ်ချိန် တစ်ဦး စောင့်ရှောက်နိုင်မှသာ အဓိပ္ပာယ်ရှိတဲ့ မိသားစုလေး ဖြစ်ပေမှာ ပေါ့။ မိသားစုတစ်ခုမှာ အဓိက လိုအပ်ချက်က ငွေလား၊ အချိန်လား၊ မေတ္တာလား၊ ကျွန်မဝေခွဲမရနိုင် ဖြစ်နေပါတယ်။

ဒီအလုပ်မှာဆက်နေရင် ကျွန်မအတွက် အလားအလာ ကောင်းမယ်၊ ၀င်ငွေကောင်းမယ်၊ ဒါပေမဲ့ မိသားစုအတွက် အချိန်ရှားပါးမယ်။ ကျွန်မလုပ်ခဲ့တဲ့ ပထမအလုပ်ကို ပြန်စဉ်းစားကြည့်ပါတယ်။ ၀င်ငွေ အားဖြင့် အနည်းငယ် ကွာခြားမှုရှိတယ်။ ဒါပေမဲ့ လွပ်လပ်တယ်။ ကျွန်မရဲ့ရိုးသားမှု၊ ကြိုးစားမှုတွေကို အသိအမှတ်ပြုတဲ့ အတွက် ကျွန်မလက်၊ ကျွန်မခြေ လုပ်ပိုင်ခွင့်တွေရှိတယ်။ ကျွန်မမှာ မိသားစုက ကြီးမားတယ်။ ဒါကြောင့် အရေးအခင်း ပေါ်တိုင်းမိခင် တစ်ယောက်အနေနဲ့ အနားမှာ မားမားရပ်နိုင်ဖို့ ငွေကြေးထက် အချိန်က ပိုအရေးကြီးတယ် လို့ ဆုံးဖြတ်လိုက်ပါတယ်။
နောက်တစ်နေ့ ကျွန်မရဲ့ အလုပ်ဟောင်း ကုမ္ပဏီကို ပြန်ဆက်သွယ်ကြည့်တော့ တာဝန်ခံက ၀မ်းသာ လှိုက်လှဲစွာ နဲ့ အချိန်မရွေး ပြန်လာခဲ့ပါလို့ ကြိုဆိုပါတယ်။ ဒီဘက်မှာ အလုပ်အတွက် သေချာတယ် ဆိုတာ သိလည်း သိရော လက်ရှိအလုပ်က ထွက်စာတင်လိုက်ပါတယ်။ ကျွန်မအလုပ်က ထွက်လိုက်တဲ့ အကြောင်းအရင်း ကို သားကြီးခင်မောင်ဝင်းခန့်က သိတော့ ဆုံးဖြတ်တာ မှားတယ်လို့ ဝေဖန်ပါတယ်။ သားလတ် ရွှေစင် ကတော့ မှားတယ် မှန်တယ်မပြောဘဲ "မာမီ စိတ်ဖြောင့်ဖြောင့်သာ သွားပါ။ သားအိမ်ကို ကြည့်စောင့်ရှောက် ထားလိုက်မယ်၊ ဘာမှမပူနဲ့'တဲ့။

သမီးကေသီ ကလည်း "မာမီစိတ်ချသွား။ သမီးလည်း ရှိတာပဲ"လို့ ပြောရှာပါတယ်။့ ပထမဆုံးအကြိမ် ကလေးတွေ ချည်း ထားသွားရမှာမို့ ရင်ထဲမှာတော့ ဘ၀င်မကျလှဘူးပေါ့။ အစ်ကိုတွေ အစ်မတွေ လက်တစ်ကမ်း မှာ ရှိနေတာမို့သာ နည်းနည်းတော့ စိတ်အေးရသေးတာပါ။ ဒါတောင် စိတ်ကမဖြောင့် လို့ သူတို့မာ၏ သာ၏ကိုနေ့စဉ်ဖုန်းဆက်ပြီး သတင်းမေးနေရတာနော်။ တစ်နေ့သားရွှေစင်နဲ့ ဖုန်းပေါ်မှာ စကားပြော ရင်း....
"ဘယ်လိုလဲ မင်းအစ်မရော လာရဲ့လား၊ ဂရုစိုက်ရဲ့လား"မေးကြည့်တော့...
"အင်း.. .လာပါတယ်။ မာမီ့သမီး နှိပ်စက်ထားလို့ သားတစ်ညလုံး ကောင်းကောင်းမအိပ်လိုက်ရဘူး"
"ဘယ်လို ဖြစ်တာလဲ"မေးမှ...
"ညက သားအိပ်ပျော်ခါစ ပဲ ရှိသေးတယ်။ ဖုန်းဆက်လာတယ်။ သူ့ဟာသူ ရုပ်မြင်သံကြားက သရဲကား ကိုကြည့်ပြီး တစ်ယောက်တည်း မအိပ်ရဲလို့ သူနဲ့အဖော်လုပ် စကားပြောနေပေးပါဆိုတာနဲ့ အိပ်ချင် ရက်ပြောနေရ တာပေါ့။ မိုးလင်းခါနီးမှ ဖုန်းချသွားတာ။ သားခေါင်းကိုမးနောက်ကျန်ခဲ့တာပဲမာမီရာ"တဲ့။

"အင်း...စောင့်ရှောက်မဲ့ ပုဂ္ဂိုလ်က ရုပ်ရှင်ထဲက သရဲကိုတောင်ကြောက်သေးတယ် ဆိုတော့ အားကိုး လောက်ဖွယ် ပါပဲ"လို့ တွေးရင်း သက်ပြင်းချမိပါရဲ့။
ကျွန်မ လည်း သမီးလေး အားရှိပါစေဆိုတဲ့ စေတနာနဲ့ အလုပ်ကိုတောင် စွန့်လာခဲ့ပေမဲ့ ဘ၀ဆိုတာ ပုံသေ ကားကျ မြေပုံဆွဲသလို သေချာပေါက်လျာထားပြီး လုပ်လို့မရတဲ့ သဘာဝမို့ ထွက်မလာခင် သုံး ရက်အလိုမှာ သမီး က ရေမြွှာပေါက်ပြီး ဆေးရုံ ရေက်သွားတာနဲ့ သားဖွားချိန်ကိုမမီလိုက်ပါဘူး။ ဆရာ ၀န်ထွက်ပေးထားတဲ့ ရက်ထက် ကလေးက နှစ်ပတ်ခွဲ စောပြီးမွေးလာတာမို့ ဖန်လာတဲ့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရပါတော့တယ်။

ဒါပေမဲ့ ဆေးရုံကဆင်းချိန် မိခင်အသစ်စက်စက်အနေနဲ့ ကလေးကိုမကိုင်တတ်မလုပ်တတ်သေးတဲ့အ ခါမှာအမေအနားမှာရှိနေတာကြောင့် သမီးမျက်နှာလေးက ကြည့်လို့ရွှင်လို့ အားမာန်တွေအပြည့်ဖြစ် နေပုံပါပဲ။
"မာမီ အချိန်မီရောက်မလာနိုင်တော့ မွေးခန်းထဲမှာ သမီးကြောက်လိုက်တာ။ အားငယ်လိုက်တာ။ ဘုရားကိုပဲ အားထားပြီး တစ်ချိန်လုံး ဘုရားစာတွေ ရွတ်နေရတယ်"လို့ သမီးက အိပ်ရာပေါ် ကျွန်မ လက်ကလေးကို အားကိုးတကြီးနဲ့ ဆုပ်ကိုင်ရင်း ပြောပြတော့ ရင်ထဲမှာနင့်သွားလိုက်တာ မျက်ရည် လည်တဲ့အထိပါပဲ။ ကျွန်မဖတ်ထားဖူး တဲ့ စာလေးတစ်ပိုဒ်ကိုလည်း သွားသတိရမိပါတယ်။
အားငယ်မှု နဲ့ စိတ်ဓာတ်ကျနေရင် ဗိုက်တာမင် GIနဲ့ ဗိုက်တာမင် PI လိုအပ်တယ်တဲ့။ GI တိုတာက God ဘုရားကို အားကိုးဖို့နဲ့ PIဆိုတာက Parent မိဘဆီအားပေးမှုကို ယူဖို့လို့ ဆိုထားတာပါ။ လိုက်နာမှတ်သားစရာကောင်းတဲ့ ဆောင်ပုဒ်လေး တစ်ခုပါပဲနော်။

ကျွန်မတို့မိသားစုမှာ နောက်ထပ် သမီးလေးတစ်ယောက် တိုးပွားလာတာမို့ ကျွန်မမောင်နှမ အားလုံး လည်းပျော် လို့ရွှင်လို့ အဝေးကနေ ဖုန်းတွေ တဂွမ်ဂွမ်ဆက်ပြီး စိတ်ဝင်စားစွာနဲ့ စပ်စုကြရင်း သတင်း တွေမေးကြ၊ သမီးဆိုဆိုတော့ အဖေရော၊ အမေရော အရူးအမူးဖြစ်ပြီး ဂုဏ်ယူပြောပြလို့ မဆုံးပါပဲ။ ကလေးဆီ က အဲ့ခနဲအသံကြားတာနဲ့ လင်မယားနှစ်ယောက် အပြေးအလွှား ရောက်သွားကြပါပြီ။ ခြေ မကိုင် လက်မကိုင်မီ "မာမီ နို့ဘူးဖျော်တာ ရေများ နည်းနည်းပူသွားလား၊ ဒီခေါင်းအုံးလေးက သမီးအ တွက်နည်းနည်း များ မာနေလား"နဲ့ အဖြစ်ကလည်း သည်းနေကြပါသေးတယ်။
ကိုယ်သားသမီး ရမှ ကိုယ်သိကြတာ ဓမ္မတာမို့ အပြစ်မဆိုလိုပါဘူးလေ။ ဒီလိုနဲ့ သမီးလည်းကလေးနဲ့ လုပ်တတ် ကိုင်တက် ချီတက်ပိုးတတ်နေသားတကျ ရှိလာပါပြီ။ သားဖွားခွင့်ခြောက်ပတ် ပြည့်တဲ့ခါ အလုပ်ပြန်သွား ရမှာမို့ ကလေးကြည့်ပေးမဲ့သူ ရှာရတော့တယ်ပေါ့။ ကျွန်မနေနဲ့ ကိုယ့်မြေလေးကို ထိန်းပေးချင်ပေ မဲ့ ဥမမည် စာမမြောက်ကြသေးဘဲ အငယ်သားသမီးတွေရဲ့ တာဝန်ကရှိနေသေးတာမို့ အချိန် တန် အိမ်ပြန်ရဦးမှာလေ။

ပြန်မဲ့ညမှာ သားအမိနှစ်ယောက်ထိုင်ပြီး စကားတွေပြောကောင်းနေလိုက်ကြတာ ည ၁၁နာရီတိုင်ပါ ရော။ ဒီအချိန်မှာ ဖုန်းသံက မြည်လာလို့ ဘယ်သူများလဲပေါ့။ ယမင်းက ထသွားပြီးဖြေပါတယ်။
"မဆင်းပါနဲ့ဟယ်။ မနက်ဖြန် မာမီလည်း ပြန်လာတော့မဲ့ဟာ။ အေးအေးဆေးဆေးနေစမ်းပါ။ အလား ကားမင်းတို့လုပ်တာနဲ့ မာမီစိတ်မကောင်းဖြစ်ရဦးမယ်"နဲ့ သမီးက တောင်းတောင်း ပန်ပန် ချော့ပြော နေသံ ကိုကြားရတော့ ကျွန်မစိတ်ပူသွား တာပေါ့။ နောက်ပြီးဖလော်ရီဒါက ကာလီဖိုးနီးယားထက် သုံးနာ ရီစေတာကြောင့် ဟိုမှာနာရီပြန်နှစ်ချက်ဖြစ်နေပြီမို့ ပိုပြီးထိတ်လန့်တကြား ဖြစ်မိပါတယ်။
"သမီး ဘယ်သူဆင်းမှာတဲ့လဲ။ ဘာတွေဖြစ်ကုန်ကြပြီလဲ"နဲ့ ပျာပျာသလဲ မေးတော့...
"နေဦး မာမီ။ သမီး မေးလိုက်ဦမယ်"တဲ့
"ဟဲ့....သမီးကိုယ်တိုင်ပြောနေတဲ့ဟာ။ မေးရဦးမှာလား"လို့ ကျွန်မစိတ်မရှည်သံနဲ့ ပြောမိပါတယ်။

"မာမီ့သားတွေ အားလုံးက အသံတူတူပဲဟာ။ သမီးခွဲခြားလို့မှ မရဘဲ၊ မေးရဦးမှာပေါ့"ဆိုပြီး မေးလေမှ ကိုဇာနည် အိမ်ပေါ်က ဆင်းမင်းဆိုတာ သိရတာပါ။
အဖြစ်က ဒီလိုတဲ့လေ။ တယ်လီဖုန်းဖိုး ဒေါ်လာ ၇၀၀ပေးရပြီးကတည်းက ဖုန်းဆက်ချင်ရင် ဈေးသက် သာတဲ့အချိန် မှ ဆက်လို့ ပြောထားတဲ့အတွက် ကိုဇာနည်က ည၁၁နာရီ ထိုးထာတာကိုထိုင်စောင့်ပြီးမှ သူ့ကောင်မလေး ဆီ ဆက်လေတယ်ပေါ့။ သားငယ် အိန္ဒာကတည်း ကျွန်မကို သတင်းကောင်းတစ်ခု ပါးစရာ ရှိတာကြောင့် သူ့ အစ်ကို ဖုန်းပြောပြီးအောင် ထိုင်စောင့်နေတယ်ပေါ့။ နာရီဝက်ကြာလည်း မပြီး၊ တစ်နာရီကြာ လည်း မပြီး၊ ၁၂နာရီထိုး တဲ့ထိ ပြောမပြီးတော့ သူ့အစ်ကိုကို "မာမီ့ဆီ ဖုန်းဆက်စရာရှိ တယ်၊ ဖုန်းချပေးပါ" လို့ ပြောတယ်တဲ့။
အစ်ကို က "အင်းပါ"ဆိုပြီး ဆက်ပြေလိုက်တာ ၁၂နာရီခွဲတော့ အငယ်ကောင်ကလည်း ထပ်လောလေ တယ်။ အဲဒီမှာ ညီအစ်ကိုနှစ်ယောက် ရန်ထဖြစ်တော့တာပဲ။ အနားမှာရှိတဲ့ အစ်မသူဇာက ရန်ပွဲကို ၀င်ဖျန်ဖြေ ပါရဲ့။ မောင်တွေကို ပြောမရ တာနဲ့ အဲဒီနားမှာတင် ထိုင်ပြီး အော်ငိုပါလေရော။

ဒီတော့ ကိုဇာနည်က နားငြီးတယ်။ နင်တို့နဲ့မနေဘူး။ အိမ်ပေါ်က ဆင်းမယ်ဆိုပြီး အစ်မယမင်းကို ဖုန်း ဆက်အကြောင်းကြားတာတဲ့လေ။ ကြာဖူးကြရဲ့လား။ အိမ်ပေါ်ကဆင်းမဲ့သူက သူသိရှင်ကြား မိုင်းသုံး ထောင်ခရီးကို လှမ်းအကြောင်းကြားရတာတဲ့။ ကျွန်မ သားသမီးတွေဖြစ်ပျက်နေပုံက ရယ်ရမလား၊ ငိုရ မလားတောင် မသိတော့ပါဘူး။ ဒါနဲ့ ကျွန်မက ငိုယိုနေဆဲဖြစ်တဲ့ သမီးသူဇာကို ဖုန်းပေါ်မှာ မေးကြည့်ရပါတယ်။
"နေပါဦး၊ အဲသလောက် သမီး တို့ ပြဿနာဖြစ်နေတာ။ သမီးအစ်ကို ကိုရွှေစင်က ဘာမှမပြောဘူး လား"မေးတော့...
"သူမှ မသိဘဲ။ အိပ်ရာထဲမှာ အိပ်ပျော်နေတာ နိုးတောင်မနိုးဘူး"တဲ့ လေ။
"ကဲ...ဒါဖြင့် သွားနှိုးချေ"လို့ ခိုင်းရပါတယ်။

အိမ်ချင်မူးတူး နဲ့ ကိုရွှေစင် ဖုန်းလာထူးလေရဲ့။ "သားညီက အိမ်ပေါ်က ဆင်းမလိုတဲ့။ ကြည့်လည်းပြော ဦး"ဆိုတော့..
"ဘယ်သူလဲ၊ မဆင်းပါဘူး။ ဒီမှာအားလုံးရှိနေတာပဲ"တဲ့လေ။ ဒါနဲ့တစ်အိမ်တည်းနေပြီး ဘာမှမသိလိုက် တဲ့သားကို မိုင်သုံးထောင်ကျော်မှာ ရောက်နေတဲ့ အမေက ဖြစ်ကြောင်းကုန်စင်ရှင်းပြမှ ဟင်.. ဟုတ်လားတဲ့ ခုမှ သားလည်း ဇာတ်ရည်လည်သွားပုံရပါတယ်။
"သား ကြည့်ထိန်း ထားလိုက်ပါမယ်။ မာမီစိတ်ပူမနေနဲ့။ ဒီကောင်တွေ အလကား။ ဘာမဟုတ်တာနဲ့ ရန်ဖြစ်နေကြတာ"နဲ့ သားက တာဝန်ုယူလိုက်တာမို့ ကျွန်မလည်းစိတ်လက်ပေါ့ပါးပြီး အိပ်ရာဝင်လိုက် ပါတယ်။ အိပ်ရာပေါ်မှာ တစ်နာရီလောက် တလူးလူးတလွန့်လွန့် ဖြစ်ရင်း စိတ်ကိုလျှော့ဖို့ကြိုးစာပေမဲ့ အမေဆိုတော့ သားသမီးဇော ကပ်ပြီး အိပ်လို့မပျော်ပါဘူး။ အေးအေးဆေးဆေးမှ ဖြစ်ကြရဲ့လား၊ သိချင်တာနဲ့ ဖုန်းလှမ်းဆက် လိုက်ပါတယ်။ ဖုန်းလာကိုင်သူက သမီးသူဇာပါ။

"သမီး မောင်တွေပြေလည်သွားကြပြီလား။ ဘယ်လိုလဲ"မေးကြည့်တော့...
"မာမီ့သား အိမ်ပေါ်က ဆင်းသွားပြီ"တဲ့။ ကျွန်မရင်ထဲ ဒိန်းခနဲ ဆောင့်သွားတော့ တာပဲ။
"သမီး အစ်ကို က မတားဘူးလား"နဲ့ အလောတကြီးမေးမိပါတယ်။
"အခန်းထဲ ပြန်သွားအိပ်ပြီ ဆိုတာသေချာမှ သူကထွက်သွားတာ။ အဝေးကြီးဆင်းသွားတာ မဟုတ်ပါ ဘူးမာမီရဲ့။ သမီးကားထဲ မှာ သွားအိပ်နေတာပါ"တဲ့။
ဒီတော့မှ ရင်ထဲက အလုံးကြီးကျသွားရပါတော့တယ်။ ကြည့်ပါဦး ဆင်းဖြစ်အောင် ဆင်းသွားလိုက်သေး တယ်လေ။ မိသားစုဘ၀ဆိုတာ ဒီလိုပါပဲ။ အဖြစ်အပျက်အမျိုးစုံနဲ့ အချိန်အခါ အသေးလေးတွေ စုစည်း ထားခြင်းပါပဲ။ ရယ်စရာတွေ၊ စိတ်တိုချင်စရာရော၊ နားလည်မှုလွဲချော်နေတာမျိုးတွေရော၊ ခံစားချက် အမျိုးစုံ ပါပဲနော်။ ပျော်စရာကောင်း တဲ့ မိသားစု ဖြစ်လို့ စိတ်ရှည်မှုတွေ၊ သည်းခံခွင့်လွှတ်ရခြင်းတွေနဲ့ မတန်တဆ များပြားလှတဲ့ အခြားအရည်အချင်းတွေလည်း လိုအပ်ဦးမယ် ထင်ပါရဲ့။

ငယ်တုန်းမှာ သားသမီးကိုစောင့်ရှောက်ပြုစုရတာက လွယ်ပါသေးတယ်။ နို့တိုက်ရုံ၊ အ၀တ်အစား ဆင် ပြီးသန့်ရှင်းပေးရုံ၊ ဘေးအန္တရာယ်က ကာကွယ်ပေးရုံလောက်ပဲ ရှိတာပါ။ အရွယ်တွေ တဖြည်းဖြည်း ရလာ တာနဲ့ ကောင်းတာ၊ မကောင်းတာ ခွဲခြားတတ်ဖို့ သွန်သင်ရ၊ ညွှန်ကြားရ၊ ပဲ့ပြင်ရ၊ တစ်ခါတလေ အလိုလိုက်ချင်ပေမဲ့ "ဟင့်အင်း"ပြေရ၊ ချော့ရ၊ ခြောက်ရ၊ လျှော့ရ၊ တင်းရ၊ မလွယ်လိုက်တဲ့ ဖြစ်ခြင်းပါပဲ လေ။
ကျွန်မပြန်ရောက်လာတော့ ကားပေါ်မှာ အိပ်တဲ့သားလည်း အခန်းထဲပြန်ရောက်လာလေရဲ့။ ညီအစ်ကို တစ်တွေဘာမှဖြစ်မထားတဲ့အတိုင်း လုံးထွေးလို့ပါပဲ။ ကျွန်မလည်း အလုပ်ခွင့်က တစ်လကြီးတောင် နားထားရတာမို့ ပြန်ရောက်တဲ့တစ်ရက်ပဲ အနားယူပြီး နောက်တစ်နေ့မှာ အလုပ်ဝင်ဖို့ ကုမ္ပဏီကို သတင်းပို့လိုက်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်မပြန်ရောက်လာလို့ ၀မ်းတွေသာလို့။ အိမ်နဲ့ အလုပ်ကတစ်မြို့တည်းမှာမို့ သွားရေးလာရေး အဆင်ပြေတယ်ဆိုပါတော့။

သားသမီးတွေလည်း သူတို့ကျောင်းစာနဲ့ သူတို့လုံးချာလိုက်ပြီး မအားနိုင်ကြပါဘူး။ အထူးသဖြင့် သားလတ်ရွှေစင်က ကျောင်းပြီးခါနီးပြီမို့ အလုပ်ဝင်ဖို့ စိတ်ကြိုက်ရှာရင်းလိုက်စုံစမ်းကြည့်နေလေရဲ့။ သူက စွန့်စွန့်စားစား ထူးထူးဆန်းနဲ့ ကမ္ဘာ့အနှံ့ ခရီးသွားရတာတွေကို ၀ါသနာပါပါတယ်။ သူ့ဟာသူ လျှောက် စုံစမ်းရင်း ရလာတဲ့ အလုပ်တစ်ခုက သူနဲ့အံကိုက်ပါပဲ။ Satellite Tracking တဲ့။ ၀န်ထမ်းနှစ် ရာပဲနေရတဲ့ ကရေးဘီးယန်းပင်လယ်ထဲက လူသူမရှိ ကျွန်းတစ်ခုပေါ်မှာ သွားနေရမှာတဲ့လေ။ လေးလ မှာတစ်ခါ အိမ်ပြန်ခွင့်ရှိတာဆိုတော့ အလုပ်သဘာဝကို ကြိုက်ပေမဲ့ မိသားစုကို ထားခဲ့ရမှာ ၀န်လေး တာနဲ့အဲဒီအလုပ်ကို လက်မခံဘဲ ပယ်လိုက်ရပါတယ်။

တစ်နေ့ ကျွန်မတို့ မိသားစုရဲ့ အစဉ်အလာ အားလုံးဆုံနေကျ စနေနေ့ နေ့လယ်စာစားပွဲမှာ အဲဒီ အကြောင်းကို စကားစပ်မိပြီး ပြေပြတော့ သာိးကြီး ခင်မောင်ဝင်းခန့်က Bendix Aero Space မှာ လည်းအလုပ်သစ်တွေခေါ်နေတယ်။ စိတ်ဝင်စားရင်လျှောက်ပါလားလို့ သူ့ညီကိုသတင်းပေးလိုက်တာ နဲ့လျှောက်လွှာတင်လိုက်တော့ မကြာခင်မှာပဲ အင်တာဗျူးလုပ်ဖို့ အကြောင်းကြားစာ ရောက်လာပါ တယ်။ သားအလုပ်ရပြိဆိုတာ သတင်းကောင်း ကြားရတဲ့နေ့က ကျွန်မပျော်မဆုံးပါပဲ။ သားကိုယ်တိုင် လည်း ၀မ်းသာအားတက်နေပုံရပါတယ်။

"အိမ်အတွက် ပေသွင်းရတဲ့ Mortgage ကိုဒီလကုန်က စပြီး တာဝန်ယူမယ်မာမီ။ သားမှာ ၀င်ငွေရှိလာ ပြီပဲ။ မာမီအဲဒီအတွကိမပူနဲ့တော့"တဲ့။
အရွယ်နဲ့မလိုက် တာဝန်သိတတ်တဲ့ သားရဲ့မျက်နှာနုနုလေးကို ကြည့်ပြီး ရင်ထဲမှာ နင့်သွားအောင် ခံစားလိုက် ရပါတယ်။ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ဆိုတာ လူငယ်တို့သဘာဝ အပေါင်းအသင်း သူငယ်ချင်းတွေ နဲ့ ပျော်လို့ပါးလို့ သုံးလို့ဖြုန်းလို့ ကောင်းတုန်းအရွယ် မဟုတ်လားနော်။ အမေနဲ့ ဦးပဲအတူထမ်းပြီး မိသားစုရဲ့ တာဝန်ကို ယူမယ်ဆိုတဲ့ စကားကြောင့် ရင်ထဲမှ ကျေးဇူးတင်စိတ်နဲ့အတူ သားရဲ့စေတနာ ကို လေးစားတန်ဖိုး ထားမိပါတယ်။

ကျွန်မအတွက် လစဉ် ဘဏ်တိုက်ကို ပေးသွင်းရတဲ့ အိမ်ဖိုးက အဓိကထားရတဲ့ အရေးအကြီးဆုံးပြဿ နာမို့သားတာဝန်ယူလိုက်တာအတွက် ခေါင်းအတော်ပေါ့သွားရပါတယ်ဆိုပါတော့။ ဒီအချိန်မှာ သားရဲ့ သူငယ်ချင်း စစ်တပ်ထဲဝင်ဖို့ လျှောက်လိုက်တာ ရသွားတာနဲ့ တာဝန်ရှိရာ North Carolwa ကို ပြောင်းသွားရပြန်ပါရော။ အိမ်မှာသားတစ်ယောက်လို အချိန်ကြာမြင့်စွာ အတူနေခဲ့တာမို့ မင်ူးရှင် ပြောင်းသွားတာ ကျွန်မရင်ထဲမှာ ဟာကျန်ခဲ့တာပါပဲ။ ကျန်တဲ့ သားသမီးတွေကလည်း မင်းရှင်ကို လွမ်း ကြလို့ပေါ့။
တစ်ခါတော့ ဘယ်သူ က စလိုက်တဲ့ ကောလဟလလည်း မသိပါဘူး။ မြန်မာပြည်က ကျွန်မနဲ့ ရင်းနှီး ခင်မင်တဲ့ သူငယ်ချင်း တစ်ဦးက သမီးကေသီဆီ စာတစ်စောင်ရေးလာပါတယ်။ စာပါအကြောင်းအရာ ကကျွန်မ ကားတိုက်ခံ ရပြီး သေသွားတဲ့သတင်း ကြားရတဲ့အတွက် ၀မ်းနည်းကြောင်း သတင်းမေးထား တာပါ။ အဲဒီစာဖတ်ပြီး ကျွန်မ တို့အားလုံး ရယ်ဖွဲ့ရပါသေးတယ်။

သတင်းက ဒါနဲ့တင်မပြီးသေးဘူး။ ၾသစေၾတးလ်။ ကနေဒါ စတဲ့နိုင်ငံတွေ ရောက်နေတဲ့ ကေသီရဲ့ သူငယ်ချင်းတွေ ဆီကလည်း ကျွန်မကွယ်လွန်သွားတာအတွက် စိတ်မကောင်းဖြစ်ရကြောင်း စာတွေ ထပ်ရောက် လာပြန်ပါရော။ တစ်စတစ်နဲ့ ဟိုလူ့ဆီက စလာ။ ဒီလူ့ဆီက စာလာနဲ့ ဒီသတင်းက တော်တော်ပြန့်နေပုံပါပဲ။ ကျွန်မက "တို့များ တုံးကျော်တာ၊ အသက်ရှည်ဦးမယ်ဟေ့"နဲ့တောင် နောက်ပြောင်ပြောရပါသေးတယ်။
တစ်နေ့တော့ ဦးမြလှိုင်က သမီးယမင်းဆီ ဖုန်းဆက်လာတယ်တဲ့။
"သမီးမာမီ ကားတိုက်လို့ ဆုံးသွားတယ် ဆိုတာ ဟုတ်သလား"လို့ မေးပါတယ်။
"ကြံကြံဖန်ဖန် ဖေဖေကလည်းမဟုတ်ပါဘူး"လို့ ယမင်းက ပြန်ပြောတော့ ဦးမြလှိုင်က မယုံဘူးတဲ့။

"အမှန်အတိုင်းပြောပါ သမီးရယ်၊ ဖုန်းမထားပါနဲ့။ ဖေဖေတရားနဲ့ ဖြေနိုင်ပါတယ်"လို့ ပြောတယ်တဲ့ လေ။
သူ့အဖေ နဲ့ ပြောပြီးတာနဲ့ သမီးကချက်ချင်းဖုန်းဆက်ပြောလာပါတယ်။ "မာမီတကယ်သေသွား တယ် ထင်ပြီးဖေဖေ ဖုန်းဆက်လာတယ်။ တရားနဲ့ဖြေနိုင်ပါတယ်သမီး ရယ်နဲ့ ပြောတဲ့ ဖေဖေ့ အသံကြီးက လည်း ငိုသံပါကြီးနဲ့" တဲ့။
သြော်...နှစ်ပေါင်းများစွာ အတူလက်တွဲလာခဲ့တဲ့အပြင် သားသမီးတွေရဲ့ မိခင်တစ်ယောက်အနေနဲ့ သံယောဇဉ် တစ်မျှင်လောက်တော့ သူ့ရင်ထဲမှာ ကျန်ရှိနေသေးတယ် ထင်ပါရဲ့လေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 20, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၃)

တကယ် ကတော့ ပြဿနာတစ်ခုခု ရင်ဆိုင်တဲ့အခါ အဆုံးစွန် အထိတ်တလန့် မဖြစ်စေဘဲ ဖြစ်လာသမျှ ကို ခေါင်းအေးအေး နဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားရမှာပါပဲ။ အခြေအနေအရပ်ရပ်အကောင်း အဆိုးတွေ ဟာ ကိုယ်ပြုပြင်ဖန်တီးလို့မရတဲ့ သူ့သဘောသူ ဆောင်ပြီး ဖြစ်နေခြင်းပေပဲ။ ဖြစ်တာက ကိုယ့်နဲ့ မဆိုင်ဘဲ ဘယ်လို အကောင်းဆုံး ပုံစံနဲ့ ကြိုးစားရင်ဆိုင်ရမလဲ ဆိုတာက ကိုယ့်တာဝန် လို့ ယောနိသောရင်း ကျွန်မ လည်းလျှောက် ရ မဲ့ ခရီးအတွက် အားမာန် တင်းပြီး ပြင်ဆင်ရ ပါဦးမယ်လေ။ ကို ဆက်ဖတ်ရန် ........

အပိုင်း(၄၅)

ငယ်ရွယ်စဉ် ကာလကတည်းက ကျွန်မ အလွန်နှစ်သက်တဲ့ စာရေးဆရာမကြီး (ပါးလ်အက်စ်ဘတ်) အသက် ၈၀ ပြည့် တဲ့ မွေးနေ့မှာ အင်တာဗျူးလုပ်သူက "အခုချိန် အသက် ၁၈ နှစ်အရွယ် နုငယ်ပျိုမျစ်တဲ့ မိန်းကလေး အဖြစ် ပြန်မရောက်ချင်ဘူးလား" လို့ မေးပါတယ်။
ဆရာမကြီး က "၁၈ နှစ် မိန်းကလေးအနေနဲ့ နုနယ်ပျိုမျစ် ချစ်ချင်စရာ အရွယ်ကလေး မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မ အဖို့ နေစဉ်နဲ့အမျှ ကြုံတွေ့ရတဲ့ ဘ၀သင်ခန်းစာတွေကြောင့် တစ်နေ့ထက် တစ်နေ့ ရင်ကျက်မှု ရလာပြီး နှလုံးသား မှာ အသိတရားတွေ နှစ်ပေါင်း ၈၀ စာ အများကြီး စုဆောင်ထားပြီးဖြစ်လို့ အတွေ့အကြုံ နည်းပါးသေး တဲ့ အသက်၁၈ နှစ်အရွယ်နဲ့ မလဲလိုပါဘူး " ဖြေကြားတာကို သတိရမိပါတယ်။

ဟုတ်ပါရဲ့။ ဘ၀သင်ခန်းစာတွေကလည်း ပြီးကို မပြီးနိုင်အောင် များပြားလှပါလားနော်။ အခု  အသက်အရွယ် အထိ နေ့စဉ် သင်အံကျက်မှတ်နေရပေမဲ့ ကျောင်းက ပြီးတယ်လည်း မရှိ။ ဘွဲ့လည်း မရ။ လူသားမှန်သမျှ ဘ၀ ဆိုတဲ့ ကျောင်းကို မသေမချင်း တက်ကြပေရော့လို့ မိခင်ဝမ်းက ကျွတ်ကတည်းက လူ့အဖြစ်နဲ့ အတူ ကျောင်းဝင်ခွင့် လက်မှတ်ပါ တစ်ခါတည်း ပိုက်ပြီး ရောက်လာကြသလား မသိပါဘူး။ သင်ကြားရတဲ့ ဘာသာရပ် ကလည်း စုပေါ့။
"အိမ်ထောင်ရေး" ဆိုတဲ့ ဘာသာရပ်မှာ ကျွန်မ စာမေးပွဲတွေ အခါခါ ရှုံးပြီးရင်ရှုံး နေတာ တကယ် ညံ့ဖျင်းလွန်း လို့လဲ ဖြစ်မယ် ထင်ပါရဲ့။ အဖြေမှားက ဘာဖြစ်လို့ ဖြစ်ရလဲ ဆိုတာ သေသေချာချာ လေ့လာဖို့ လိုအပ်နေပါပြီ။ အမှား ကို အမှားမှန်း မမြင်တတ်သေးသမျှ သင်ခန်းစာလည်း ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်အမှား ဆိုတာကို လက်ခံပြီး ကိုယ့်ကိုယ်ကိုယ် လေ့လာဆန်းစစ်ကြည့်မိပါတယ်။
အမှားဆိုတာ နာကျင်မှုနဲ့ သိမ်ငယ်စိတ်ကို ယူဆောင်လာစမြဲ မဟုတ်လားနော်။

အမှားကြီးကြီး ဖြစ်ဖြစ်၊ အသေးလေးဖြစ်ဖြစ် သူ့တန်ဖိုးနဲ့သူ ရှိပြီးသားပဲလေ။ အမှားပြုမိသူတိုင်း တန်ရာတန်ကြေး နာကျင်မှု ကတော့ ဖြစ်ရမှာပါ။ နှလုံးသားမှာ နာကျင်ရတဲ့ ဒဏ်ရာတွေနဲ့ မခြားပါဘူး။ အချိန်တန်ရင် အနာကျက် ရမှာပါပဲ။ ရင်ထဲက အနာတွေကျက်ပြီ ဆိုရင်တော့ စိတ်အားတွေ ရင့်ကျက်လာမယ်။ အရာရာကို သတိရှိ လာမယ်။ အမှား အမှန်ကိုလည်း အလေးအနက် ဆင်ခြင်တတ်လာမှာပါ။
ကိုယ် လုပ်သမျှ အမြဲတမ်း အမှန်ချည်း၊ အကောင်းချည်း မဖြစ်နိုင်ပေမဲ လက်ရှိ အခြေအနေတွေထဲက အကောင်းဆုံး ရ ရှိအောင် လုပ်ရုံပဲလို့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း၊ ဆုံးမရင်း စီမံကိန်းတွေ ချရတယ်ပေါ့၊ ကျွန်မ လက်ထဲမှာ စာသင်ဆဲ ကျောင်းသားအရွယ် ကလေးက သုံးယောက် အပြင် မြန်မာပြည် က ရောက်လာတော့မဲ့ သားငယ် ကိုဇာနည်ပါ ပေါင်းလိုက်ရင် ကလေး လေးယောက်ရဲ့ တာဝန်က ရှိနေပါသေး တယ်။

အိမ်က လည်း ဝယ်ပြီးခါစဆိုတော့ လိုအပ်တဲ့ ခန်းဆီးတွေ၊ ပရိဘောဂတွေ၊ အိုးခွက်ပန်းကန်း စသဲ့ အသုံးအဆောင်တွေ ပါ အရာရာ ပြည့်စုံအောင် ဖြည့်ဆည်းနေရတဲ့ ကာလ။
အမေရိကား မှာ လူနေမှုအဆင့်အတန်း မြင့်မားသလောက် စရိတ်စက ကလည်း ကြီးပါတယ်။ ဘဏ်တိုက်ကို လစဉ် သွင်းရတဲ့ ငွေ က အိမ်ဖိုးဆပ်ငွေတင်မကဘူး။ အိမ်အတွက် ထားရတဲ့ အာမခံကြေးနဲ့အတူ အတိုးငွေပါ တနင့်တပိုး ပေးရတာ အပြင် မီးဖိုး၊ ရေဖိုး၊ တယ်လီဖုန်းဖိုး၊ အမှိုက်သိမ်းကားကြေးက အစ စီးတဲ့ကားအထိ လစဉ်စရိတ် ကလည်း မသေးပါဘူး။ ကားဖိုးအရစ်ကျဆပ်ငွေနဲ့အတူ ကားအာမခံကြေးက မပေးမဖြစ် ပေးရ ပါတယ်။ လဆန်းတယ် ဆိုတာနဲ့ ရောက်လာတဲ့ ဘီလ်တွေက တန်းစီးနေတာမျိုးပါ။ စားတာဝတ်တာ က ခြိုးခြံလို့ရပေ မဲ့ ဘီလ်တွေက နောက်ကျလို့ ဖြစ်တာ မဟုတ်တာကြောင့် ကျွန်မတစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ရပ်တည်ရမှာ ကို တွေးပြီး ရင်လေးမိတယ်ပေါ.။

တစ်ရပ်တစ်ကျေးမှာ ကိုယ့်ဘဝ စမယ် ကြံကာရှိသေး။ အတိမ်းအစောင်း ဖြစ်ရတော့ ကိုယ့်အရိပ်ထဲမှာ ကိုယ် ပျောက်ကွယ် သွားရသလို အားငယ်ဆဲ။ ညတိုင်ကျ သားတွေ၊ သမီးတွေ အမေ့ခုတင်ပေါ် ဝိုင်းဝိုင်းလည် လာထိုင်ကြ ရင်း "မာမီ" ချင်းထပ်အောင် အလုအယက်ခေါ်ပြီး တစ်နေ့တာ အကြောင်း အရာတွေ ပြောကြဆိုကြတဲ့အခါ ကိုယ့်ရင်ထဲက သိမ်ငယ်စိတ်တွေ ပျောက်ကွယ်သွားတဲ့အပြင် အားသစ် မာန်သစ်တွေ တစ်ကိုယ်လုံး ပြည့်ဖြိုးလျှံဝေသွားလေရဲ့။
ကျွန်မ မှာ အားကိုးရာ လက်တွဲရုန်းကန်းခဲ့တဲ့ ဘဝအဖော်မဲ့သွားပေမဲ့ မာမီဆိုတဲ့ ခေါ်သံလေးနဲ့ အားမာန် ကို ပေးကြတဲ့ ချစ်မြတ်နိုး စရာ သားသမီးလေးတွေ ရှိနေသေးတာပဲလေ။ လူဆိုတာ တစ်ခုခုကို ချစ်မြတ်နိုးရင် တန်ဖိုးထား တက်ကြတာပဲ။ တန်ဖိုးထားရင် အချိန်ပေးပြီး ပြုစု စောင့်ရှောက်ကြတာ ဓမ္မတာဖြစ်ရပ်ပါ။ အားထုတ် လုပ်ဆောင်ကြမှု အားလုံးထဲမှာ မိခင်အဖြစ် ရယူခြင်းကုဘာနဲ့မှ နှိုင်းယှဉ်မရတဲ့ ဆုလာဘ်တစ်ခု၊ ချမ်းမြေ့ပျော်ရွှင် မှု တစ်ခုပါပဲ။ နှလုံးသားချင်း ဆက်သွယ်နေတဲ့ သားသမီးဆိုတဲ့ အားနဲ့ ကျွန်မဘဝ ခြေလှမ်းသစ် စနိုင်ခဲ့တယ်လို့ ဆိုရင် မမှား ပါဘူး။

အလုပ်က တာဝန်ရှိပုဂ္ဂိုလ်ကို အကျိုးအကြောင်း ပြောပြပြီး ကျွန်မ အချိန်ပို လုပ်လိုကြောင်း တောင်ခံတော့ လွယ်လွယ် ကူကူနဲ့ပဲ အချိန်ပိုတွေ တိုးပေးတာကြောင့် လတ်တလော အခြေအနေကို ထိန်းထားနိုင်ပါရော။ ဘာလိုလို နဲ့ နှစ်ဆန်းကနေ နှစ်ဝက်ကျိုးလို့ နွေကျောင်းပိတ် ရက်တောင် ရောက်ရှိလာပါပြီ။ သမီးထွေး သူဇာ လည်း အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ် ဝင်ရတော့မယ်လေ။ အမေရိကားမှာ ဟိုက်စကူး အထက်တန်းကျောင်း က ဆယ့်နှစ်တန်းအထိ ရှိပါတယ်။ ကျောင်းပြီးရင် တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင် ကျင်းပတဲ့ အတိုင်း ဝတ်ရုံတွေ၊ ဦးထုပ်တွေနဲ့ တစ်ဦးစီကို အောင်လက်မှတ် ပေးအပ်တဲ့ပွဲ တခမ်းတနား ကျင်းပလေ့ ရှိပါတယ်။ မိဘတွေလည်း သားသမီးတွေနဲ့ ကြိုးပမ်းအောင်မြင်မှုကို ဂုဏ်ယူ ဝမ်းသာစွာ အခမ်းအနားကို တက်ပြီး ချီးမြှင့်ကြတာ ခန်းလုံးပြည့်ပါပဲ။ အခမ်းအနား ပြီးတယ် ဆိုတာ နဲ့ မောင်မယ် သစ်လွင် လောင်းတွေက ဆောင်းထားတဲ့ ဦးထုပ်တွေ ချွတ်ပြီး မိုးပေါ် လွှင့်ပစ်ကြ၊ ပျော်ရွင်ခြင်းအတိနဲ့ လွတ်လပ် စွာ လှုပ်ရှားနေတဲ့ ကလေးတွေ ကြည့်ပြီး ကိုယ်ပါ ရောပျော်မိတဲ့အထိပါပဲ။

သမီးသူဇာ တက္ကသိုလ် တက်ရတော့မယ် ဆိုတော့ ကျွန်မလည်း လက်ရှိ အလုပ်ထက် ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခု ကို ရှာဖို့လိုအပ်လာပြီ ဖြစ်လို့ တနင်္ဂနွေနေ့ထုတ် သတင်းစာမှာ အလုပ်ခေါ်တဲ့ ကြော်ငြာတွေ လိုက်ရှာ ရတယ်ပေါ့။
ကုသိုလ်ကံ ထောက်မစွာနဲ့ First Bankers က ငွေစာရင်းဌာနမှာ ကျွန်မ အလုပ်ရပါတယ်။ တစ်ချိန်တည်း ဆိုသလို သားငယ် ကိုဇာနည် လည်း အမေရိကားကို ရောက်လာလေရဲ့။
"မာမီ သားရောက်ပြီ" သူ့အစ်မ ယမင်းရဲ့ အိမ်ကနေ ဖုန်းဆက်လိုက်တဲ့ သားရဲ့ အသံကို ကြားရတော့ ရင်မှာ ဝမ်းသာပီတိ နဲ့ မျက်ရည်ကျရပြန်ပါရော။ အလုပ်က ဝင်ခါစမို့ ခွင့်ရက် မရှိတာနဲ့ သားကို ကာလီဖိုးနီးယားမှာ ကိုယ်တိုင် သွားမကြိုနိုင် ခဲ့ပါဘူး။ သမီး"ယမင်း"က သူ့မောင်ကလေးကို လေဆိပ်မှာ သွားကြိုးပေးပါတယ်။
"မာမီ့ သား ကံကောင်းလို့ ရောက်လာတာ သိလား" တဲ့။

"ဟဲ့ ....ဘာဖြစ်လို့လဲ"နဲ့ ထိတ်ထိတ်ပျာပျာ ပြန်းမေးရပါတယ်။
ဗန်ကောက်လေဆိပ် ရောက်တော့ ထိုင်းလေယာဉ် ကို ပြောင်းစီးရဖို့ စောင့်နေရတဲ့ အခိုက်မှာ လေဆိပ်ထဲက အကောက်ခွန် မဲ့ ဆိုင်တွေကို လျှေက်မော့တာတဲ့လေ။ အဲဒီိဆိုင်မှာ ချော့ကလက်ပြားတွေ မြင်တာနဲ့ ပါလာတဲ့ ခုနှစ်ဒေါ်လာ စလုံး အကုန်ဝယ်ပြီး အားရပါးရ စားပစ်လိုက်တာတဲ့။
ကျွန်မ တို့ ထွက်လာခါစ ၁၉၉၇ ခုနှစ်ဝန်းကျင် အချိန်တုန်းက နိုင်ငံတော်က ပြည်ပ သွားရောက်သူများ တစ်ယောက် ကို ခုနှစ်ဒေါ်လာပဲ ခွင့်ပြုငွေအဖြစ် လဲလှယ်ယူခွင့် ရရှိတာပါ။ ကျွန်မလို ချော့ကလက်ကို အသေကြိုက် တဲ့ သားရဲ့အဖြစ်ကို နားထောင်းရင်း ပြုံးရပါသေးတယ်။

"ဇာတ်လမ်းက မပြီးသေးပါဘူး မာမီရဲ့။ အဲဒါ ဟောင်ကောင်လေဆိပ် ဝင်တော့ တစ်ညအိပ်နားပြီးမှ ခရီးဆက် ရမှာ။ မာမီိ့သားက ယောင်နနနဲ့ လေဆိပ်ကနေ ညအိပ်ရမဲ့ ဟိုတယ်ကို တာဝန်ယူပို့ပေးတဲ့ ဘတ်(စ) ကားက လွတ်သွား ပါလေရော။ လေဆိပ်က အရာရှိက သူ့ကို ဟိုတယ်လိပ်စာ ပေးပြီး တက္ကဆီနဲ့သွားဖို့ မှာတယ်တဲ့။ ဟိုတယ် ရောက်တော့ ကားသမား တောင်းတဲ့ တက္ကဆီခက ပေးစရာ မရှိတော့ဘူးလေ။ ချော့ကလက်ဖိုးနဲ့ ကုန်ခဲ့ပြီ မဟုတ်လား။ ကားသမားက သူ့ကို နားရင်းအုပ်မထားခဲ့တာ ကံကောင်း"
"ယမင်း" က သူမောင့် ရဲ့အဖြစ်ကို ရာဇဝင်းခင်းပြနေပါတယ်။ သူ့စကား နားထောင်ပြီး ကျွန်မ ရင်ထဲမှာ ခံစား လိုက် ရတာ နင့်နေတာပါပဲ။ ကလေးတစ်ယောက်တည်း မအူမလည်နဲ့ လာရတဲ့ခရီး ဆိုတော့ အတွေ့အကြုံ ကလည်း မရှိတာမို့ ဖြစ်ချင်တိုင်း ဖြစ်နေတာပေါ့။

တကယ်က လိုအပ်ရင် လေကြောင်းကုမ္ပဏီကို ခရီးအဆုံးထိ ရောက်အောင် စောင့်ရှောက်ပေးဖို့ အကူ အညီ တောင်းခံ လို့ ရပါတယ်။ ဒါတွေကို လေယာဉ်လက်မှတ် ပို့ခဲ့စဉ်က ကျွန်မ ကြိုတင် မစဉ်းစားခဲ့မိ တဲ့အတွက် ကိုယ့်ကိုယ် ကိုယ် အပြစ်တင်ရင်း စိတ်မကောင်း ဖြစ်မိပါသေးတယ်။
ကာလီဖိုးနီးယား မှာ အလုပ်အကိုင်နဲ့ အခြေတကျ ရှိနေပြီဖြစ်လို့ သမီး" ယမင်း" က ရောက်လာတဲ့ သူ့မောင်လေး " ကိုဇာနည်" ကို သူ တာဝန်ယူမယ်။ သူ့ဆီမှာ ထားပါလို့ ဆိုလာ ပေမဲ့ သားနဲ့ ခွဲခွာနေတာ ကြာပြီ ဖြစ် တာကြောင့် ဘယ်လို အခက်အခဲရှိရှိ မိသားစု အတူတကွ ရှိနေချင်တာမို့ မောင်နှမနှစ်ယောက် တစ်ဝနေပြီး ရင် ကျောင်းဖွင့်ရက်အမီ ကျွန်မဆီ ပို့လိုက်ဖို့ မှာထားရပါတယ်။
သား ကို လေယာဉ်ကွင်းမှာ သွားကြိုရတဲ့နေ့ကများကျွန်မရင်ထဲမှာ လိပ်ပြာ အကောင်တစ်ရာလောက် ပျံသန်းနေတဲ့ အတိုင်း လှုပ်ခါလှိုက်ဖိုပြီး ခြေဖျား  လက်ဖျားများတောင် အေးစက်နေတဲ့အထိ စိတ်လှုပ်ရှား မိပါတယ်။ နှစ်နှစ်ကြာမျှ ခွဲခွဲာနေခဲ့ရတဲ့ သားလေး ကျွန်မရင်ကို ပြန်ရောက်ရှိ လာပြီ်း ကျေနပ်ပီတီစိတ်က တစ်ကိုယ်လုံး ကို ပျံ့နှံနေလေရဲ့။

ကျန်ခဲ့စဉ်က ကျွန်မပခုံးတောင် မမီတတ်သေးတဲ့ သားက အခု ပြန်တွေ့ရတော့ ကျွန်မ အရပ် ကို ကျော်ပြီ်းမိုးလို့ ထောင်နေအောင် ထွားကျိုင်းနေတာကြောင့် သားကို မော်ကြည့်ရတဲ့ အဖြစ် ကြုံရတော ချောမော ထွားကျိုင်း လာတဲ့ သားကို ကြည့်ပြီး ရင်မှာ ပီတီနဲ့ ကြည်နူးလိုက်ရ တဲ့ ဖြစ်ခြင်း ပါပဲ။ မောင်နှမတစ်တွေကလည်း ဝိုင်းဝိုင်းလည် တစ်ယောက်တစ်မျိုး နဲ့ နှုတ်ဆက် လိုက်ကြတာ လေဆိပ် အဝမှာ ဆူညံပွဲစည်သွားတော့တာပဲ။ ပြန်လည်ဆုံစည်းရခြင်းဟာ ပျော်ရွှင်မှုရဲ့ အထွက်အထိပ်ကို ရောက်စေတာ အမှန် ပါပဲနော်။
အိမ်ရောက်တော့ ကျောပိုးအိတ်ထဲက ကျွန်းသားနဲ့ ထုထားတဲ့ ပန်းပုရုပ်တစ်ခု ထုတ်လာပြီး..
"ဒီမှာ မာမီ့ အတွက် သား ယူလာတဲ့ လက်ဆောင်" တဲ့
"ဒါ မာမီ့ ဘဝ သရုပ်ဖော်ပုံလေ။ ဆင်မကြီ်းက သားသုံးကောင် ကို ထိန်းကျောင်းရင်းနဲ့ သစ်တုံးကြီး ဆွဲနေတာ မာမီ နဲ့ မတူဘူးလား" နဲ့ ပန်းပုရုပ်ကို စားပွဲပေါ်တင်ရင်း နောက်လိုက် သေးတယ်လေ။
"မာမီ့ မှာ သားက လေးယောက်ပါကွယ်။ မင်းဟာက သုံးကောင်တည်းရယ်" ဆိုတော...
"သားက မာမီ့အနားမှာ မှ မနေရတာ" တဲ့။

ကျွန်မ ရင်ထဲမှာ စူးနင့်သွားအောင် နာကျင်လှိုက်ခါသွားတော့ တာပဲ။ ဟုတ်ပါရဲ့။ ဒီသားလေးကို ခွဲပြီး ကျွန်မ ထား ခဲ့မိတာ သားရင်ထဲမှာ ဘယ်လောက်များ ကြေကွဲနာကျင်စွာ ခံစားရရှာလေမလဲ။ ဒီအဖြစ်ဟာ သူ့ဘဝမှာ အကျည်းတန် တဲ့ အမှတ်တရလေး အနေနဲ့ စိတ်အစဉ်မှာ စွဲမြဲသွားပေတော့မယ်။ မိခင်ကောင်း မပီိသတဲ့ ကျွန်မ လုပ်ခဲ့ပုံ ကို တွေးပြီး ရှက်လည်းရှက်၊ နောင်တလည်း ကြီးစွာရမိပါတယ်။ ဒါကြောင့် ခွဲခွာခဲ့ရတဲ့ နေ့ရက်တွေ အတိုးနဲ့ ပိုပြီး မေတ္တာ၊ အကြင်နာ ပေးနိုင်ဖို့ စိတ်ဆုံးဖြတ်လိုက်ပါတယ်။
သား ရောက်လာတော့ မှ အိမ်ကပိုပြီး ပွဲစည်လာတော့တပဲ။ ခါတိုင်း အိမ်မှာရှိတဲ့ သားနှစ်ယောက်က ကိုယ့် စိတ်ဝင်စားမှု နဲ့ ကိုယ်လေ။ အကြီးသား "ရွှေစင်" က အားနေရင် သူ့အခန်းထဲမှာ ဂီတာကို တဒေါင်ဒေါင် ခေါက်ရင်း သီချင်းဆိုရင်း ကက်ဆက်ခွေမှာ အသံသွင်းလိုက်၊ ပြန်ဖျက်လိုက် လုပ်ရင်လုပ်၊ ဒါမှမဟုတ် အိပ်ရာပေါ်မှာ စာအုပ်တစ်အုပ်နဲ့ နှပ်ရင်နှပ်၊ ပန်းချီး ဆွဲရင်ဆွဲ၊ သူ့ဟာ သူ အေးအေးဆေးဆေး နေ တတ်သူပါ။

အငယ်ဆုံးသား 'အိန္ဒာ' ကျောင်းအားရင် အင်္ဂလိပ် သီချင်းတွေ အကျယ်ကြီးဖွင့်ပြီးဖင်လှုပ် ခေါင်းလှုပ်နဲ့ တစ်ယောက် တည်း ကလိုက၊ အပေါင်းအသင်း သူငယ်ချင်းများစွာနဲ့ ၀င်လိုက် ထွက်လိုက် လုပ်ရင်လုပ်၊ သူ့ဟာသူ အမြဲစာရင်းရှုပ်နေတတ်ပြီး မအားနိုင်သူပါ။
တစ်ည ကျွန်မ အိပ်လို့ ကောင်းနေတုန်း...
ဝုန်း...၀ုန်ုး...ဒိုင်းနဲ့ အသံတွေ ကြားပြီး လန့်နိုးလာပါတယ်။ နားစွင့်လိုက်တော့ အသံလာရာက အိမ်ရှေ့ မိသားစုခန်း ဘက်က ဖြစ်နေပါရော။ အိပ်ရာဘေးက စားပွဲတင်နာရီကို အပြေးအလွှား လှမ်းကြည့်လိုက် တော့ ညဥ့်နာရီပြန် တစ်ချက်ခွဲ။
    ဒီအချိန်ကြီး ဘာသံဖြစ်ပါ့မလဲနဲ့ သည်ထိပ်ရင်ဖိုဖြစ်ပြီး အိမ်ရှေ့ခန်းကို အပြေးအလွှား သွား ကြည့်တော့ ညီအစ်ကို သုံးယောက်သား ခေါင်းအုံးတိုက်ပွဲ ကစားနေကြတာလေ။
    'ဟဲ့.... အိမ်နီးချင်းတွေကို အားနာကြပါဦး။ အချိန်မတော်ကြီး ထပြီးဆော့စရာလား ဟယ်' နဲ့ ပြောမှ ညီအစ်ကို သုံးယောက် လက်ထဲမှာ ခေါင်းအုံးကိုယ်စီနဲ့ တိုက်ပွဲရပ်သွားပါတော့တယ်။
    ပေါက်ပြဲနေတဲ့ ခေါင်းအုံးထဲက မှို့စတွေလည်း ကြမ်းခင်းပေါ်မှာ ပွစိကြဲလို့။ ခေါင်းအုံးမရှိရထဲမှာ တိုက်ပွဲ ဝင်ကောင်းလိုက်ကြပုံကို ကြည့်ပြီး ကျွန်မ စိတ်မောရပါသေးတယ်။ ခေါင်းအုံး မရှိပုံအကြောင်းအ ရင်းကိုလည်း ကြည့်ပါဦး။ အိမ်အသစ် ကို ပြောင်းတယ်ဆိုတော့ အချုပ်အလုပ် ဝါသနာပါတဲ့ သမီး 'ယမင်း' က ဧည့်ခန်းမှာ ထားဖို့ ဆိုပြီး မြန်မာပြည်က ကြိုးကြီးချိတ်နဲ့ ဧရာမကူရှင်နှစ်လုံး သူကိုင်တိုင်ချုပ် ပြီး ကျွန်မဆီ ပို့ပေးလာပါတယ်။ ကြိုးကြီးချိတ် နဲ့ ချုပ်ထားတဲ့ ကူရှင်ဆိုတော့လည်း သားနားနေတယ်ပေါ့။

    အိမ်အလှအပ အပြင်အဆင် ကို အလွန်ဝါသနာပါတဲ့ အငယ်ဆုံးသားက 'အိန္ဒာ' က ကူရှင် ရောက်ကတည်း က မှို့သွားဝယ်ထည့် ဖို့ ပူဆာနေလေရဲ့။ ကျွန်မက အရာရာခြိုးခြံချွေတာနေရခိုက် ဖြစ်တော့လည်း ဒါတွေကို ဦးစားပေး မစဉ်းစားနိုင်သေးဘူး။ တစ်နေ့မှာ ကျွန်မ အလုပ်က ပြန်လာတော့ သား 'ရွှေစင်'က ....
    'မာမီ သားခေါင်းအုံး ယူလား။ သားမှာတစ်လုံးပဲ ရှိတော့တယ်။ တစ်လုံးက ဘယ်ရောက်သွား မှန်းမသိဘူး' ဆိုပြီး လာမေး ပါတယ်။
    သမီး 'သူဇာ' က အစ်ကို မေးသံကြားတော့ 'ဟုတ်တယ် မာမီ၊ သမီးတို့ ခုတင်မှာလည်း ခေါင်းအုံး တစ်လုံးစီပဲ ရှိတော့တယ်။ သမီး လိုက်ရှာတာလည်း မတွေ့ဘူး' တဲ့။
    ထူးထူးဆန်းဆန်း ခုတင်စေ့ ခေါင်းအုံးတစ်လုံးစီ ပျောက်ဆုံးသွားပုံကို ကြားရတော ကျွန်မလည်း နား မလည်နိုင် ဖြစ်သွားရပါတယ်။ ရယ်ကြဲကြဲ မျက်နှာနဲ့ သားငယ် "အိန္ဒာ" က သူ့အခန်းထဲက ထွက်လာပြီး...
"ဟုတ်တယ်။ သား အဲဒီခေါင်းအုံးတွေအားလုံး ဖောက်ပြီး ကူရှင်ထဲ ထည့်လိုက်တာ မာမီ" တဲ့။

အိမ်ရှေ့ဧည့်ခန်း ထဲက ကူရှင်ကြီးကတော့ ခေါင်းအုံး လေးလုံးစာ မှို့တွေနဲ့ ဖောင်းအိပြီး တင့်တယ်လှပ နေပါရဲ့။ ကျွန်မ တို့မှာသာ ခေါင်းအုံးတစ်လုံးစီ ဆုံးရှုံးလိုက်ရတာ အဖတ်တင်သွား ပါတော့တယ်။ ဒီအထဲ ခေါင်းအုံး တိုက်ပွဲကြောင့် ပေါက်ပြဲကုန်တော့ မခြိုးခြံနိုင်တော့ ဘဲ ခေါင်းအုံးအသစ်တွေ ပြေးဝယ်ရပြန် ပါရော။
ခေါင်းအုံးဖိုး ကုန်ရတာကမှ ဆေးရုံးခ ဒေါ်လာ ထောင် သောင်း ကုန်ရမှထက်စာရင် အများကြီး သက်သာပါသေးတယ်။ တစ်ခါက ညီအစ်ကိုနှစ်ယောက် တရုတ်မင်းသား ဘရုစ္စလီ ကားတွေ ကြည့်ပြီး အားကျလေ သလား မသိပါဘူး။ မြန်မာပြည်က တကူးတက  ရှာဖွေဝယ်လာပြီး ထမင်းစားခန်းမှာ အလှချိတ် ထားတဲ့ ငှက်ကြီးတောင်ဓားကြီး နှစ်ချောင်းကို ယူပြီး ဓားချင်း ခတ်သံတွေ ကြားလို့ ဘာများလဲ ပြေးကြည့်မိမှာ ဓားမင်းသား နှစ်ပါး ကို မြင်တွေ့ရတာပါ။

ဘုရား....ဘုရားနဲ့ ကိုယ့်ရင်ဘတ် ကိုယ်ဖိပြီး သိုင်းပွဲကို ရပ်ခိုင်းရပါတယ်။ တော်ပါသေးရဲ့။ ကိုရွှေစင်ရော၊ ကိုဇာနည် ပါ ခြေပြတ် လက်ပြတ် မဖြစ်ခင် ကျွန်မ ရောက်သွားပေလို့ပါပဲ။ ဓားရိုးက ယွန်းနဲ့လုပ်ထားတဲ့ မှန်စီရွှေ ချတွေတော့ အဖတ်လိုက် ကွာကျပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လို့။ သူတို့တွေ ထိခိုက်အနာအတရ မဖြစ်ကြတာတွေ အတွက်ပဲ ဝမ်းသာကျေးဇူးတင်ရပါသေး တယ်။ အဲဒီကတည်းက နံရံက ဓားတွေ ဖြုတ်ပြီး သူတို့ မမြင်ကွယ်ရာ ကားဂိုဒေါင် ထဲက မျက်နှာကြက်ပေါ်မှာ သွားဝှက်ထားရပါတယ်။ သူတို့ရဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေက မရိုးနိုင်အောင် အမျိုးစုံ ရှိပါတယ်။ တစ်ညနေ ကျွန်မ အလုပ်ကအပြန် မောမောနဲ့ အိပ်ခန်းထဲမှာ အဝတ်လဲနေ ဆဲပဲ ရှိသေးတယ်။ အိမ်ရှေ့က ....
"ကိုကိုဇာနည် ကို ကြောက်ပါပြီ"
"ကိုကိုဇာနည် ကို ကြောက်ပါပြီ" အငယ်ဆုံးသား "အိန္ဒ" ရဲ့အသံ စူးစူးက ထွက်လာတော့ အထိတ်အလန့်နဲ့ ဘာများဖြစ်လဲ ဆိုပြီး အဝတ်ပြီးအောင် မလဲနိုင်ဘဲ ထဘီရင်ရှားနဲ့ ပြေးထွက်လာကြည့် တော့လည်း အိမ်ထဲမှာ လူရိပ်လူခြည် က တစ်ယောက်မှ မရှိဘူး။ လူမတော့ ကျွန်မ ပိုလန့်သွားတာပေါ့။

"ကိုကိုဇာနည်ကို ကြောက်ပါပြီ"
"ပြောဦး နောက်ထပ် ဆယ်ခါပြည့်အောင်"
ဒီိအသံက ကိုဇာနည်ရဲ့အသံ  ဖြစ်နေတာမို့ ဘယ်အချိန်က ညီငယ်ကို နှိပ်စက်ကလူပြုပြီး အသံသွင်း ထားလေတယ် မသိ။ အခုလည်း အမေ အထိတ်အလန့်ဖြစ်အောင် တမင် စချင် နောက်ချင်တာနဲ့ ကက်ဆတ်ကို တကူး တက ဖွင့်ထားခဲ့ပြီး ဘယ်ချော င်မှာ သွားပုန်းနေလေတယ် မပြောတတ်ဘူး။
"သားတွေ အဆော့သန်တာ ကို မာမီ ကြောက်ပါပြီ" လို့ပဲ ဆက်ပြီး အသံသွင်းထား လိုက်ရ ကောင်းမလား လို့တောင် ကျွန်မ တွေးလိုက်မိပါသေးတယ်။ အဲဒီိလို ကျွန်မတို့ အိမ်က အမြဲစိုပြည်နေတာမို့ လာလည်တဲ့ သူတွေကလည်း ပျော်ကြပါတယ်။ သား"ရွှေစင်" ရဲ့ ကျောင်းနေဖက် သူငယ်ချင်း " မင်းရှင်မော်နိုင်" တို့ သူငယ်ချင်း အုပ်စု နယူးယောက်က လာလည်ကြတာ ပျော်လို့တဲ့ "မင်းရှင်း" က ကျွန်မတို့အိမ်ကို အပြီးပြောင်း လာပါတယ်။ အဲတော့ လူငယ်တွေ တိုးလာတာမို့ ပိုပြီး ပွဲစည်လေတယ်ပေါ့။

ကျွန်မလည်း အမေရိကားရောက်မှာ ကူးပေမဲ့ အိမ်ဖော် မိအေးလည်း မရှိ။ မိခွေလည်း မရှိ ဆိုတာ အရာရာ ကိုယ်ထူ ကိုယ်ထ လုပ်ရတာကြောင့် မြန်မာစာနဲ့ မြန်မာ ထမင်း ဟင်းတွေ ကို ကောင်းကောင်း ချက်တတ် သွားပါပြီ။ စနေနေ့ တိုင်း မိသားစုနေ့အဖြစ် သတ်မှတ်လိုက်ပြီး မြန်မာအစား အုန်းနို့ခေါက်ဆွဲ၊ ကြာဆံဟင်း၊ မြီးရှည် စတာတွေ မထပ် ရအောင် အကျအန ချက်ထားပြီး မိသားစုတွေ စုံပြီး စားကြပါတယ်။
သီခြားနေ တဲ့ သမီး "ကေသီ" ရော၊ သားကြီး"ဝင်းခန့်" တို့ မိသားစုအားလုံး မြေးတွေပါ မကျန် ရောက်လာကြပြီ စားကြ သောက်ကြ မောင်နှစ်မတစ်တွေ တွေ့တုန်းဆုံခိုက် ပြောကြဆိုကြ၊ နောက်ကြပြောင်ကြ၊ စကားနိုင်လုကြ။ တသိုင်းတဝိုင်း နဲ့ နေကုန်မှ လူစုခွဲဖြစ်တော့တာပဲ။ ဒီိလိုပဲ သူတစ်ပါး တိုင်းပြည်မှာ စည်းလုံးတဲ့ ကိုယ့်မိသားစုလေး နဲ့ကိုယ် နေပျော်အောင် ကြိုစားနေရင်း အခြေတကျလေး ဖြစ်လာပါတယ်။

ဦးကျော်ဇော်ဆီကလည်း မကြာမကြာ ဖုန်းဆက်လာပါတယ်။ သူ ဘယ်ပြည်နယ်မှာ ရောက်ရှိနေကြောင်း၊ ယူသွား တဲ့ မြန်မာပြည်က နမူနာ ငွေထည်ပစ္စည်းတွေလည်း ရောင်းရလို့ ငွေပေါ်လာကြောင်း၊ စီးပွားရေး တစ်ခုခုလုပ် ဖို့ လေ့လာနေဆဲ ဖြစ်ကြောင်း စသည်လောက်ပါပဲ။ ကျွန်မ ဘယ်လို ရုန်ကန်းပြီး ဘာတွေ ဖြစ်ပျက်နေ တယ် ဆိုတာတော့ ပြောမပြဘဲ သူ ပြောတဲ့ စကားကိုသာ နားထောင်နေမိလိုက်ပါတယ်။
ကျွန်မရဲ့ မိတ်ဆွေ မမလည်း သမီး မြန်မာပြည်က ရောက်လာတာနဲ့ ဦးကျော်ဇော်နဲ့ မတိမ်းမယိမ်း အချိန်အတွင်း မှာပဲ တခြားပြည်နယ် တစ်ခုကို ပြောင်းသွားကြောင်း သတင်းစကား ကြားထားရတာမို့ နှစ်နဲ့ နှစ်နဲ့ ပေါင်းတဲ့ အဖြေ ကို အချိန်ကုန်ခံပြီး မရှာချင်တော့ဘဲ အပြောင်းအလဲ ဖြစ်သွားတဲ့ ဘဝရဲ့ စာမျက်နှာသစ်အတွက်သာ အလေးထားနိုင် ဖို့ စိတ်ကို သွင်းထားလိုက်ပါတယ်။

ဒီိအချိန်မှာ ဝမ်းသားစရာသတင်းတစ်ခုက ကျွန်မရဲ့သားကြီး "ဝင်းခန့်"ရဲ့ဇနီး "ဘော်ဘီ" က သားလေး တစ်ယောက် ထပ်ပြီး ဖွားသန့်စင်လိုက်တာ မို့ ကျွန်မမိသားစုမှာ တစ်ဦး တိုးလာလေရဲ့။ "ခန့်ကိုကို"၊" ခန့်ညီညီိ" "ခန့်အောင်အောင် ညီိအစ်ကို သုံးယောက်အတွက် ညီလေး "ခန့်မောင်မောင်" ရလာတာကြောင့် သူတို့ကလေး တစ်တွေလည်း ပျော်မဆုံးပေါ့။
အဲဒီလို မိသားစု မှာ ပျော်စရာ အဖြစ်ကလေးနဲ့ အားလုံး ကြည်ကြည်နူးနူး ရှိရဆဲမှာ တစ်နေ့ ကျွန်မကိုယ်တိုင် အရေးပေါ်လူနာ အဖြစ်နဲ့ ဆေးရုံးကို တန်းတင်လိုက်ရပါလေရာ။ အရင်တစ်ခါ အမေရိကား ထွက်လာခါနီး သားတွေ ရဲ့ ရှင်ပြုပွဲမှာ ရုတ်တရက် သွေးတွေ သွန်တာနဲ့ ကြံရပြန်ပါတယ်။ ဘယ်သူ့မှ အကြောင်းကြားချိန် မရလို့ ခွဲစိတ်ခန်းဝင်တော့ ကျွန်မ တစ်ယောက်တည်းရယ်။ ခွဲစိတ်ခန်းက ထွက်လာမှ သတင်းကြားပြီး ရောက်နေကြတဲ့ သားသမီးတွေရဲ့ မျက်နှာငယ်လေးတွေကို မေ့ဆေး မပြယ့်တပြယ် အချိန် မှာ မြင်လိုက်ရတော့ အားအင်ရှိသွားတော့တာပဲ။ ဆေးရုံးမှာ သိပ်ကြာကြာ မနေလိုက်ရပါဘူး။ ကျွန်မက ကျွန်းမားရေး ကိုယ်ခံကောင်းသူ ဖြစ်လို့ သုံး လေးရက်နဲ့ အခြေအနေ ကောင်းတာကြောင့် အိမ်ပြန်ခွင့်ရပါတယ်။ အိမ်မှာ တစ်ပတ်လောက် နားပြီး မှ အလုပ် ပြန်ဆင်းရတယ်ပေါ့။

နေကောင်းသွားပြီ ဆိုတော့လည်း စက်ရုပ်တစ်ခုလို လုပ်စရာတွေနဲ့ ပုံမှန်လည်ပတ်ရ တော့တာပဲ။ သား ကိုဇာနည်က ကျောင်းရောက်တာ မကြားသေးပါဘူး။ ဘောလုံး အကန်ကောင်းလို့ ဆိုပြီး လက်ရွေးစင် ရွေးခံ ရပါတယ်။ သူ ဒီလို အရွေးခံရတော့ ကွန်မမှာ ဝမ်းသာကြည်နူးလိုက် ရတာ။ ဒီိတိုင်းပြည်မှာ အားကစား ထူးချွန်ရင် လည်း ကျောင်းသား စကောလားရှစ်ပေးပြီး တက္ကသိုလ်က ဘွဲရတဲ့ထိ ခံစားခွင့်ရတမျိုး ရှိတော့ သားရဲ့ ရှေ့ရေးအတွက် အားတက်မိတယ်ပေါ့။
သား ကိုလည်း အခါအခွင့်ကြုံတုန်း အထူးပြုကြိုးစားဖို့ တိုက်တွန်းအားပေးရပါတယ်။ သား တက်ရတဲ့ကျောင်းက ဖို့ဒ်လော်ဒါဒေးလ်မြို့ မှာမို့  ကျွန်မနေတဲ့ သန္တာစမ်းနဲ့ တစ်နာရီခရီး ရှိပါတယ်။ ဝေပေမဲ့ ကျောင်းကား အကြိုအပို့ ရတာမို့ ကျွန်မ တာဝန်မရှိပါဘူး။ အခု ဘောလုံး လက်ရွေးစင် ရွေးခံရတော့ ကျောင်းဆင်းရင် ခါတိုင်းလို ကျောင်းကားနဲ့ ပြန်လို့ မရတော့ဘူး။ သူရဲ့ ဘောလုံးနည်းပြဆရာက လေ့ကျင့်ဖို့ ကျောင်းမှာ ဆက်နေခိုင်းပါတယ်။ ကျောင်းကို ဘယ်နှစ်ခေါက်လဲ မသိဘူး ပတ်ပြီး တစ်နေ့ ငါးမိုင် ပြေးခိုင်းပါတယ်။ တခြား လေ့ကျင့်ခန်းတွေ လည်း ယူရသေးတယ် အာဟာရ ဖြစ်စေမဲ့ အစားသောက်တွေလည်း ဘယ်ပုံ စားရ မယ် ဆိုတာ စနစ်တကျ ညွှန်ကြားပါတယ်။

ကျောင်းကား မရှိတော့ အလုပ်က ပြီးတာနဲ့ သားကို ကျောင်းမှာ သွားကြို၊ ချွေးသံ တရွှဲရွှဲနဲ့ ကားပေါ်တက်လာတဲ့ သားရဲ့ ပုံစံကို ကြည့်ပြီး ကျွန်မမှာ အားတွေကို တက်လို့။ အထက်တန်းကျောင်းချင်း ယှဉ်ပြိုင် လို့ နိုင်လာတဲ့ နေ့မျိုးဆို အမေအနေနဲ့ ပီိတီတွေ ဝေဝေပေါ့။ တစ်နာရီကြာ ပြန်မောင်းရတာမို့ အိမ်ပြန်ရောက်ပေ မဲ့ မျှော်မှန်းချက်တွေနဲ့မို့ မောရမှန်း မသိပါဘူး။
အဲလို လက်ရွေးစင် ရွေးခံရတဲ့ထဲမှာ သားရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်တန်းတည်း သား"ပါပလို" ဆိုတာလည်း ပါသေး တယ်။ ပါပလိုကတောင် အမေရိကားတိုက် အာဂျင်တီးနားပြည်သား Spanish လူမျိုးပါ။ မြန်မာတွေလို ဆံပင် က အမည်း။ သူတို့နှစ်ယောက်ကို မသိသူက ဆိုရင် ညီအစ်ကိုလို့တောင် ထင်ရလောက်အောင် ရုပ်ချင်း ကလည်း ဆင်ပါတယ်။ အားကစား ဝါသနာ ပါတာလည်း တူ။ ဂီတကို ဝါသနာပါတာလည်း တူကြတော့ သူတို့ နှစ်ယောက် တွဲမိတာ လည်း သိပ်မဆန်းတော့ပါဘူး။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆို ပါပလိုက အိမ်မှာ လာအိပ်တတ်ပါတယ်။တစ်ယောက်စီိ ဂီတာတစ်လုံးစီနဲ့ တဒေါင်ဒေါင် နေကြတာပဲ။ ပါပလိုက ကိုဇာနည်ကို သူတတ်တဲ့ Spanish သီချင်းတွေသင်ပေး၊။ ကိုဇာနည်ကလည်း တစ်ပြန် မြန်မာသီချင်းတွေ သင်ပြနဲ့။ တစ်နေ့ ပါပလိုက "ငွေသော်တာရောင်ခြည်၊ ထိန်လင်းတော့သည်၊ ဘုံကျိုးပြတ်တဲ့ မိုးနတ်မဒီ သဒ္ဒါ က ပိုသည် ဆရာမကိုပဲ အသည်းစွဲချစ်တော့မည် " ကို အသံအနေအထား နဲ့ ဆိုရင် ဂီတာ လိုက်နေတာ ကျွန်မတို့ ကြားတော့ သဘောတွေကျပြီး ဝိုင်းသြဘာပေး ရပါသေးတယ်။
သူတို့ သူငယ်ချင်းနှစ်ယောက် ချစ်မြတ်နိုးစွာနဲ့ စိတ်ကူးယှဉ်ကြတာနဲ့ ပတ်သက်ပြီး ကျွန်မတို့ သားအမိ အချီိအချ စကားများ ရတာကလည်း ရှိသေးတယ်။ တစ်ခါက ပါပလို လာအိပ်လို့ မနက်စာအတူ စားနေကြဆဲမှာ...
"မကေသီ၊ ကျွန်တော် နဲ့ ဇာနည် ကတိတွေထားတာရှိတယ် သိလား"တဲ့။
"ဘာလဲ" လို့ ကေသီက မေးတော့။

"ကျွန်တော်တို့ အရွယ်ရောက်လို့ လက်ထပ်ပြီးတဲ့အခါ သားသမီးတွေ ရလာရင် ကျွန်တော် မွေးတဲ့သားကို "ဇာနည်" လို့ မှည့်ပြီး သူ မွေးတဲ့သားကျ ကျွန်တော်နာမည် "ပါပလို" လို့ မှည့်မှာဆိုပြီး ရွှန်းရွှန်းဝေ ကျေနပ်စွာ နဲ့ ပြောပြတာ နားထောင်ရင်း သမီင်္း "ကေသီ" က ကျွန်မဘက် တစ်ချက်ကြည့်ပြီး မျက်စချီပြပါတယ်။ ပါပလို ထသွားမှ...
"မာမီ့သား ကတိထားတယ် ဆိုတာ ကြားလား။ သမီးရဲ့တူကို "ပါပလို" ဆိုတဲ့ နာမည်ကြီး မခေါ်နိုင် ပါဘူး။ မြန်မာ နာမည်လည်း မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် နာမည်လှလှလေး ပေးမှာပေါ့။ မာမီ့သား ကို ခေါ်ပြောထား ဦး" တဲ့ မကျေမနပ်ပုံစံနဲ့ ကျွန်မကို လာမဲနေလေရဲ့။ 
"သမီးရဲ့ နေစမ်းပါဦး။ သူတို့မှာ မိန်းမ ထားလို့ ရည်းစားတောင် မရှိသေးဘူး။ ကဲ..... မိန်းမ ရပါပြီိတဲ့။ ဘယ်သူက သားလေး ရမယ်လို့ အာမခံနိုင်လို့လဲ။ ဘယ်နေမှန်း မသိသေးတဲ့ တူအတွက် နာမည်ကို လိုက်ပြီး ပူပင်ကြောင့်ကြနေတာ မောလိုက်တာဟယ်။

ကျွန်မ ဆူလိုက်တော့ မကျေနပ်တဲ့ ပုံစံနဲ့ အနားက ဆောင်ခနဲ့ ထသွားပါလေရော။ သူတို့မောင်နှမတွေ အဖြစ်သည်းကြပုံလည်း ကြည့်ပါဦးနော်။ နာမည်ကအစ လိုက်ပါနေကြတာ တွေးပြီး သူတို့ ကွယ်ရာမှာ  ရယ်ရပါသေးတယ်။
ကျွန်မဘဝ ပတ်ဝန်းကျင်က ရင်မောချင်စရာတွေချည်း ပါပဲ။ ဘယ်လောက် ရင်မောမော သူတို့လေးတွေရဲ့ ကလေးဆန် တဲ့ အပြုအမူ အပြောအဆိုလေးတွေက ဟသအနေနဲ့ဘဝရဲ့ ခြောက်သွေ့မှုထဲက စိုပြည်စေတဲ့ အိုအေစစ် ဖြစ်စေတာ အမှန်ပါပဲ။ လူတကာတွေလိုပဲ အမြဲတော့ ရယ်မောနိုင်တာ မဟုတ်ပါဘူးပေါ့။ အသည်းကွဲရတာတွေ၊ အရှုံးတွေ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးကျခဲ့ရတာတွေက ကိုယ့်ရဲ့ ရယ်မောတတ်လေ့ရှိတဲ့ အရာကို ပွန်းပဲ့စေတဲ့အခါတော့ ရှိတာပါပဲ။ တကယ်က ဘဝဆိုတာ ပျော်လို့ရယ်ရတာ မဟုတ်ဘူး၊ ရယ်လို့ပျော်ရတာ ဖြစ်ကောင်းပါရဲ့နော်။

ဒီိနှစ်အစမှာ ကျွန်မအတွက် အရှုံးနဲ့ ကြုံရပေမဲ့ ခွဲခွာနေရတဲ့ သားလေး ပြန်ရောက်ရှိလာတာအပြင် အလွန် ချစ်စရာကောင်း တဲ့ မြေးလေးတစ်ဦး ထပ်တိုးလာတာကြောင့် အလုပ်အားချိန်ဆိုရင် မြေးလေး "ခန့်မောင်မောင်" ကို ချီရပိုးရ နဲ့ ကိုယ့်ဘဝ ရင်မောစရာတွေကို မေ့ထား နိုင်ခဲ့ပါတယ်။ လူမှုရေးအနေနဲ့လည်း မအားလပ်တဲ့ကြား ထဲက မြန်မာမိတ်ဆွေတွေ ဖြစ်တဲ့ ဒေါက်တာညွန့်လွင်တို့၊ ဒေါက်တာနိုင်ဝင်းတို့၊ ဦးခင်မောင်သန်း တို့ကို စည်းရုံပြီး ဖလော်ဒါရီ ပြည်နယ်၊ မြန်မာအသင်းအဖြစ် တည်ထောင်ဖြစ်ပါသေးတယ်။ အသင်းတည်ရာဌာနက ကျွန်မ အိမ်အပြင် အတွင်းရေးမှုးတာဝန်ပါ ယူထားမိတော့ ကိုယ့်ကိစ္စတင်မကဘူး။ အသင်းကိစ္စတွေနဲ့ စာရင်းရှုပ်ပေါ့။ မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲ၊ တန်ဆောင်တိုင်ပွဲနဲ့ အသင်းရန်ပုံငွေ ဈေးရောင်းပွဲ တွေလည်း ကျင်းပဖြစ်ပါတယ်။
နောက်ပိုင်း မြန်မာအသင်းက တရုတ်၊ကိုရီးယား၊ဂျပန်၊ အိန္ဒယ၊ ထိုင်း၊လာအို၊ကမ္ဘောဒီယား၊ ဖိလစ်ပိုင် စတဲ့ အရှေ့တိုင်းနိုင်ငံ ပေါင်းစုံပါဝင်တဲ့ "အေးရှားဖယ်ဒရေးရှင်း"နဲ့ ပါဝင်ဆက်သွယ်ထားဖြစ်တဲ့ အထိ အောင်မြင်ကြီပွား တိုးတက်လာပါတယ်။ "Miss Asia" အလှမယ်ရွေးပွဲတောင် ပါဝင်ယှဉ်ပြိုင်ခွင့် ရလို့ ဒေါက်တာဦးခင်နဲ့ ဒေါက်တာလေးညိုခင်တို့ သမီ်း "မီးမီးခင်" က"Miss Asia" အလှမယ် အဖြစ်ရော၊ နောက်တစ်နှစ် မှာ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာဖေသန်းမောင်နဲ့ ဒေါ်စောမြတ်နွယ်တိုရဲ့ သမီး "မြနန္ဒီသန်း" ပါ အလှမယ် အရွေးခံရလို့ နှစ်နှစ်ဆက်တိုက် ကျွန်မတို့ မြန်မာအမျိုးသမီးများရဲ့ အလှကို အမေရိကားမှာ တင်ပြဂုဏ်ယူနိုင် တာမို့ မြန်မာအသင်း ကိုယ်စား ဝမ်းသာကြည်နူးရပါတယ်။

အလုပ်တဖက်၊ မိသားစု ဝေယျာဝစ္စ တစ်ဖက်၊ လူမူရေးတစ်ဖက်နဲ့ လှုပ်ရှားရင်း သားအတွက် မျှော်မှန်းချက်နဲ့ အားမာန်တွေ တတ်နေရာက အရှိန်နဲ့ ပြုတ်ကျလိုက်သလို စိတ်ဓာတ် ကျစရာ အဖြစ်တစ်ခု ကြုံရပြန်ရော။ နေ့စဉ် လေ့ကျင့်ပေးလို့ လက်ရွေးစင် ဘောလုံးပွဲ တစ်ခုမှာ တစ်ဖက်က ဘောလုံးသမား တစ်ယောက် က ရန်စလို့ ဆိုပြီး ကိုဇာနည် နဲ့ ထိုးကြ ကြိတ်ကြတဲ့ထိ ရန်ဖြစ်ကြတယ်တဲ့။ အဲဒီရန်ပွဲမှာ သူ့ သူငယ်ချင်း ပါပလို ကလည်း ကိုဇာနည့်ဘက်က ဝင်ကူလို့ သူတို့နှစ်ယောက်စလုံး ပွဲခင်းမှာ ရန်ဖြစ်မှုနဲ့ ဒဏ် ခတ်ပြီ်း ခြောက်လတိတိ ကစားကွင်း က ပယ်ခံထိတယ်တဲ့လေ။
ဒေါသ ကို မထိန်နိုင်းခြင်းက ကိုယ်ရောက်ရမဲ့ ပန်းတိုင်ကို သွားရာ ခြေလှမ်းပျက်စေ တာမို့ ကျွန်မမှာ သားအတွက် နှမြောလို့ မဆုံးဘူး။ ဘယ်အရာက တန်ဖိုးဆိုတာ နားလည်ထားခဲ့ရင် ဒေါသကို ထိန်းနိုင်ကောင်းလေမယ်ပေါ့။ ငယ်ရွယ်သူ ဖြစ်တော့လည်း စိတ်ကို မထိန်နိုင် ဘူး  ဆိုတာ ကျွန်မ စာနာ ခံစားနိုင်တာမို့ သား ကိုလည်း အပြင်မတင်ရက်ပါဘူး။ သားက ငယ်ငယ်ကတည်းက မဟုတ်မခံ စိတ်ဓာတ် ရှိတဲ့သူလေ။

ရန်ကုန်၊ဒဂုံ (၁) ကျောင်းက ကျောင်းအုပ်ဆရာကြီး ဦးအောင်သန်းက "ဒေါ်ခင်မကြီး ရုံခန်း ခဏကြွပါ" လို့ တယ်လီဖုန်း လာရင် ကိုဇာနည် ကျောင်းမှာ ပြသာနာတက်ပြီဆိုတာ သေချာပေါက် ပြောလို့ရပါတယ်။ တစ်ကျောင်း နဲ့ တစ်ကျောင်း ကျောင်းဝိုင်းအပြင်မှာ ချိန်းရိုက်ကြတဲ့အခါ ကိုဇာနည်က အုပ်စုခေါင်းဆောင်လေ။ နှစ်ယောက်နဲ့ တစ်ယောက် ချတာမျိုးလည်းရှိရဲ့။ ကျောင်းဆေးခန်းမှာ အကွဲတွေ၊ အပြဲတွေ ဆေး သိပ်ရုံတင်မကဘူး။ တစ်ခါတလေ ဒဏ်ရာပြင်းလို့ ဆေးရုံမှာလေးငါး ဆယ်ချက် ချုပ်ခဲ့ရတာ လည်း အကြိမ်များစွာပါပဲ။
အခုလည်း သားရဲ့စိတ်ကူးအိမ်မက်တွေပျက်ပြယ်ပြီး အားငယ်သွားမှာစိုးလို့ အကြင်နာနှစ်သိမ်အားပေး ရင်းအရာရာ ကိုစိတ်မြန်လက်မြန် မလုပ်ဖို့၊ သည်းခံစိတ်ရှည်ပြီး ဒေါသ ရှေ့မထားဖို့ကို နားဝင်အောင် ပြောဆို ဆုံးမရပါတယ်။ ကိုယ်က နားလည်မှုရှိစွာနဲ့ ဝေမျှခံ စားပြီးအားပေးပါမှ သူတို့ကိုယ်သူတို့ ယုံကြည်စိတ်နဲ့ ဘ၀ခရီးရဲရဲခြေချလျှောက်လမ်းတတ်မှာပါ။

ကျောင်းဆင်းပြီးချိန်မှာ ကိုဇာနည်အတွက် လေ့ကျင့်စရာမလိုတော့တာကြောင့် တကူးတက ကျောင်းသွားကြိုရ တဲ့ တာဝန်က ပေါ့သွားလေ ရဲ့။ ဒီအချိန်မှာ သမီးငယ်သူဇာနဲ့ ကျွန်မက ကားတစ် စီးတည်း ကို မျှပြီးသုံးနေရတာပါ။ သူဇာက ကျွန်မကို အလုပ်မှာချထားခဲ့ပြီး ရင် ကျောင်း သွားတက်။ ကျောင်းချိန်တွေက တစ်ရက် နဲ့တစ်ရက် တူတာမဟုတ်ပါဘူး။ အတန်းမရှိတဲ့နေ့ဆို စောဆင်းရ တာမို့ အလုပ်မှာ လာစောင့်နေတဲ့ အခါလည်း စောင့်ရ။ သိပ်စောနေတဲ့ နေ့မျိုးဆိုရင်လည်း အိမ် တစ်ခေါက်ပြန်ပြီး အလုပ်ဆင်းချိန်နီး မှ လာကြိုရနဲ့ ဆိုတော့ သူအတွက်အချိန်တွေ ပုပ်သလို အသွားအပြန် လုပ်ရတာကြောင့် ဓာတ်ဆီဖိုးလည်း ပိုကုန်ပါတယ်။

အမေရိကား မှာ ကားဆိုတာ ဇိမ်ခံပစ္စည်းမဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာသွားဖို့လာဖို့ ခြေနှစ်ချောင်း ရှိဖို့ လိုအပ်သလို ကားကလည်း သွားရေးလာရေးအတွက် မရှိမဖြစ် လိုအပ်ပစ္စည်းတစ်ခုပါပဲ။ တစ်နေရာ တစ်နေရာ က အဝေးကြီးပါ။ ရန်ကုန်ကနေ ပဲခူးလိုနေရာမျိုးထိ နေ့စဉ်အသွားအပြန် လုပ်ရသူတွေ အများအပြားရှိပါတယ်။ တစ်ခါ က အင်္ဂလန်က လာလည်တဲ့ကျွန်မမိတ်ဆွေ ဒေါ်စောရှင်က...
"ဟဲ့....ခင်ရဲ့၊ မင်းတို့အမေရိကားက လူတွေချမ်းသာလှချည်းလား။ အိမ်တိုင်းမှာ ကားတွေရပ် ထားလိုက်တာ သုံးလေးစီး ရှိတယ်"လို့ ပြောပါတယ်။
"အဲဒါ ချမ်းသာလို့"စီးနေကြတာ မဟုတ်ဘူး ရင်ရင်ရေ။ အိမ်ရှိလူကုန်အလုပ်လုပ်မှ ရပ်တည်နိုင်ကြ တဲ့လူနေမှုစနစ် ရဲ့ သရုပ်ပြလို့ နားလည်းထားရမှာ။ ဒီမှာ ကားကဘ၀ရပ်တည်ရေးအတွက် မရှိမ ဖြစ် အစိတ်အပိုင်း တစ်ခုပဲ။ ကားရှိမှ လှုပ်ရှားနိုင်တာနော်လို့ ရှင်းပြရပါတယ်။

အခုလည်း သမီးသူဇာက ကျောင်းချိန်ပြီးလို့ ပိုနေတဲ့အချိန်ကို ဖြုန်းပစ်မဲ့အစား အချိန်ပိုင်း အလုပ် တစ်ခု လုပ်ပြီး ငွေစုချင်တယ်။ ကိုယ်ပိုင်ကားလေးတစ်စီးကို အဲဒီငွေနဲ့ ၀ယ်ချင်တယ်လို့ ပြောတာနဲ့ ကျွန်မလုပ်တဲ့ ဘဏ်တိုက် က ဌာနခွဲတစ်ခု မှာ အလုပ်သွင်းထားပေးလိုက်ပါတယ်။ အမေရိကားမှာ အသက် ၁၅နှစ်ဆိုရင် ကားမောင်း လိုင်စင် လျှောက်လို့ရပါပြီ။ ဒါပေမဲ့တစ်ယောက်တည်း မောင်း ခွင့်ရှိတာတော့ မဟုတ်ပါဘူး။ အနား မှာ လိုင်စင်ရပြီးသား လူကြီးတစ်ယောက်တော့ ပါဖို့လိုအပ် တယ်ပေါ့။ ၁၆နှစ်ပြည့်မှ တစ်ဦးတည်းမောင်းခွင့် ရတာပါ။
ကိုဇာနည်ရော၊ အိန္ဒာရောက ကားမောင်းချင်လို့ တရွရွဖြစ်နေကြပါပြီ။ ယောက်ျားလေးတွေဆိုတာ ကားကို အရုပ်တစ်ခု လို ငယ်ကတည်းက စိတ်ဝင်စားလေ့ရှိတာမို့ တကူးတကသင်ဖို့မလိုဘဲ သူများမောင်းတာကြည့် ထားရုံ နဲ့ လုပ်တတ်ကိုင်တတ် ရှိနေကြပြီလေ။ အသက် ၁၅နှစ်ပြည့်ရင် ကျောင်းမှလည်း ဘာသာရပ်တစ်ခုအဖြစ် အာမခံကြေး ၀ယ် ယူတဲ့အခါမှာလည်း ဈေးသက်သာတာ မို့သူဇာကအစ ကိုဇာနည်နဲ့ အိန္ဒာပါမောင်နှမအားလုံး ကားမောင်း သင်တန်း တက်ဖြစ်ကြ တယ်ပေါ့။

သူတို့အစ်မ သူဇာလို ကားဝယ်ချင်လို့ အချိန်ပိုင်းအလုပ်ရှာကြမယ် တကဲကဲဖြစ်နေကြတဲ့ ညီအစ် ကိုကို ကျွန်မ မနည်း ဟန့်တားရပါတယ်။ ဆယ်ကျော်သက်ကလေးတွေမို့ စိတ်မချတာလည်း ပါတယ်ဆိုပါတော့။ သားလတ်ရွှေစင် ကတော့ သူကျောင်းနဲ့၊ သူ့အချိန်ပိုင်းအလုပ်နဲ့၊ သူ့ကားနဲ့ တည်တည်ငြိမ်ငြိမ် နေတတ်သူမို့ သူ့အတွက် မကြောင့်ကြရပါဘူး။
ဒီလိုနဲ့ ကျွန်မတို့မိသားစုဘ၀လေး ကျိကျိတတ် မချမ်းသာပေမဲ့ အေးအေးချမ်းချမ်းတင့်တင့် တယ်တယ်နဲ့ လူတန်းစေ့ နေနိုင်ကြတာမို့ ငြိမ်းချမ်းတယ်လို့ ဆိုရပါမယ်။ ဦးကျော်ဇောနဲ့လည်း အဆက်အသွယ်မပြတ် ရှိနေပါ တယ်။ ဘယ်လိုဘယ်လို ပြဿနာတွေ ပေါ်လေတယ်မသိဘူး။ မမ တို့ သားအမိနဲ့ တစ်မြို့တည်း ရှိရာက အခု သူ့ရဲ့ညီ "ရွှေလ၀င်း"ရှိတဲ့ အခြားပြည်နယ်ကို ပြောင်းပြီးနေတော့မယ်လို့ တစ်နေ့မှာ ဖုန်းဆက် အကြောင်းကြားလာပါတယ်။

"ရွှေလ၀င်း" က အရှေ့တိုင်း စားသောက်ကုန်ပစ္စည်း ရောင်းတဲ့ဆိုင် ပိုင်တာမို့ သူ့ဆီက အလုပ်အကိုင် စီးပွားရေး ကိစ္စတွေ ကို လေ့လာချင်လို့ ပြောင်းလာတဲ့ အကြော်ငးလည်း ပြောပြတာနဲ့ ကျွန်မလည်း "အင်း" လိုက် ရင်း သူပြောသမျှကို နားထောင်နေလိုက်တယ်ပေါ့။
တစ်ဦး နဲ့တစ်ဦး ဝေးကွာသွားပြီး ဆိုတော့လည်း သူ့ပြဿနာ၊ သူ့ရည်မှန်းချက်တွေက ကိုယ်နဲ့ မဆိုင်လေတော့ ဘူး မဟုတ်လားနော်။ ထားရှိခဲ့ဖူးတဲ့ မေတ္တာနဲ့ ကျေးဇူးတရားကို ထောက်ထားတဲ့ အနေနဲ့သာ အကောင်း ဆုံးစေတနာ ထားချက်တွေကို ၀င်ရောက်စွက်ဖက်ခြင်း မပြုသင့်တာ ကျွန်မ နားလည် လက်ခံထားမိ ပါတယ်။
ပြောင်းလဲ တဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး လူ့စိတ်ဆိုတာလည်း ပြောင်းလဲ စေတတ်တယ် တဲ့။
တရားဝင် ကွာရှင်းပြတ်စဲခြင်းလည်း မရှိ။ အတူနေထိုင်ခြင်းလည်း မရှိပါဘဲနဲ့ တယ်လီဖုန်းနဲ့ အမြဲ တမ်း ဆက်သွယ်နေ တတ် တဲ့ သူတစ်ဦးကို ကျွန်မဘယ်လို တံဆိပ်ကပ်ပြီး အသိအမှတ်ပြုရမလဲ ဆိုတာ တွေးရ ခက်နေ ပါ တော့ တယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 19, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၂)

ငယ်ငယ်ရွယ်ရွယ် နဲ့ မုဆိုးမအဖြစ် နောက်အိမ်ထောင်မထူဘဲ တစ်ယောက်တည်း ရုန်းကန် ပြီးကျွန်မ ကို လူလားမြောက်အောင် စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင်မိခင် ကွယ်ပျောက်သွား ပါပြီ။
မိဘနဲ့ သားသမီး ရဲ့သံယောဇဉ် ဆက်သွယ်မှုဆိုတာ နှိုင်းပြစရာမရှိအောင် ကြီးမားတဲ့ထု ထည်နဲ့ခံစား မှု တစ်ရပ်ပါပဲ။
ကျွန်မ ရဲ့ မျက်မှောက်မှာ "အမေ"ဆိုတဲ့ ပညတ်နဲ့လူသားတစ်ယောက်မရှိတော့ပေမဲ့ မေတ္တာစေတနာ၊ ကရုဏာ၊ ခွင့်လွှတ်ခြင်း ဆို တဲ့ စုတ်ချက်ပေါင်းများစွာနဲ့ တစ်သက်တာ ရေးခြစ်ခဲ့တဲ့ အနုပညာ ဂန္တ၀င်မြောက်အောင် အရောင်အသွေး ထူးခြားလှပ တဲ့ မာမီ့ရဲ့ပုံရိပ် ပန်းချီကားကြီးတစ်ချပ်ကတော့ ကျွန်မ ရဲ့နှလုံးသားစံအိမ်ထဲမှာ ထာဝရ သိမ်းဆည်းထားမှာ သေချာလှပါတယ်။
ကို ဆက်ဖတ်ရန် ..

အပိုင်း (၄၄)

ကျွန်မအတွက် မိခင်ကွယ်လွန်ခြင်းဟာ အရိပ်ခိုရာအမိုးတစ်ခု ပြိုကျပျက်စီးသွားတဲ့အတိုင်း ပါပဲ။
မိခင်ရဲ့အရိပ်ဟာထာဝတရအေးမြတယ်လို့ ဆိုထားတဲ့စကားလည်း ရှိထားတာပဲနော်။ မထင်မှတ် ဘဲ ဗြုန်းခနဲ မိခင်ရဲ့အရိပ်ကကွယ်သွားတဲ့အတွက် မနေတတ်မထိုင်တတ်နဲ့ ရင်ထဲကဟာကွက်ကိုလည်း ဘယ်လိုမှဖြည့် လို့မရပါဘူး။ ဘ၀မှာဆုံးရှုံးမှုအမျိုးစုံ ရှိတဲ့ထဲက သားသမီးတွေအဖို့ မိခင်မဲ့ဆုံးရှုံးရခြင်းကတော့ အစားထိုး မရနိုင် တဲ့ ကြီးစွာသော ဆုံးရှုံးမှု တစ်ရပ်ပါပဲ။ ကိုယ့်ရင်ထဲက ခံစားချက်ပြင်းထန်နေပေမဲ့လည်း တာဝန်အရ လုပ်စရာတွေ ရှိနေတာ မို့ စိတ်မပါလက်မပါနဲ့ ထပြီးလုပ်ကိုင်လှုပ်ရှားရတော့တာပဲလေ။
တခြားပြည်နယ်တွေမှာ အခြေချနေကြတဲ့ သမီးကြီးကေခိုင်နဲ့ သမီးလတ်ယမင်းတို့ နှစ်ယောက်စလုံး အဘွားရဲ့ အသုဘ အမီရောက်လာကြပါတယ်။ ဒီတစ်ခါလည်း ကျွန်မ အတွက်ရောက်မဆိုက် အသုဘအတွေ့အကြုံတစ်ခု ရလိုက်ပြန်တယ်ပေါ့။

အမေရိကား မှာ တစ်စုံတစ်ဦးအိမ်မျာ အသက်ပျောက်သွားရင်တောင်မှာ အိမ်ကနေ အသုဘချလေ့မရှိကြပါဘူး။ Funeral Homeလို့ခေါ်တဲ့ ဈာပနဂေဟာတွေကို အကြောင်း ကြားလိုက်ရပါတယ်။ ဆေးရုံမှာ ကွယ်လွန်သူတွေ လည်း ဒီနည်းအတိုင်းပါပဲ။ ဈာပနဂေဟာ ကိုအကြောင်းကြားလိုက်ရင် နာရီပိုင်းအတွင်း သူတို့ဂေဟာက ကားနဲ့အလောင်း ကို လာသယ်ပြီးဂေဟာက အအေးတိုက်မှာ စနစ်တကျ ထားပေးပါတယ်။ ဈာပနဂေဟာ တွေ က မြို့ထဲကတခြားစီးပွားရေး အဆောက်အအုံတွေလိုပဲ လမ်းကြီးလမ်းကောင်းတွေ ပေါ်မှာထည်ထည်ဝါ၀ါနဲ့ လှပစွာ တခမ်းတနား ဆောက်ထားတဲ့ အဆောက်အအုံတွေပါပဲ။

ဈာပနကိစ္စနဲ့ သက်မွေးဝမ်းကျောင်းပြုကြပေမဲ့ နိမ့်ကျသိမ်ငယ်တဲ့ အလုပ်အဖြစ် မခံယူကြ ပါဘူး။ သူလို ကိုယ်လို စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကြသူများအဖြစ် တန်းတူဆက်ဆံကြ တာပါပဲ။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး တက္ကသိုလ် မှာ ဘွဲ့ယူပြီးလုပ်ကြရတာဆိုလို့ ကျွန်မတ အံ့တသြဖြစ်ရပါသေးတယ်။ တစ်ခါကမိတ်ဆွေတစ်ဦးက သူ့သား နဲ့မိတ်ဆက်ပေးရင်း သား ကအဲဒီ (...)ဘွဲ့ယူဖို့ တက္ကသိုလ်တက်နေတဲ့အကြောင်း ဂုဏ်ယူစွာ နဲ့ ပြောပြ လို့ ကျွန်မ လည်းကြားဖူးရခြင်းပါ။

အမေရိကား မှာ စားဝတ်နေရေးနဲ့တကွ ဆေးကုသမှုကအစ စရိတ်စက ကြီးမားလှ လို့ နေ ရေး မလွယ်လှ သလို သေရေးမှာလည်း အသုဘစရိတ်က အလွန်အမင်းကြီးလို့ မလွယ်ကူ လှပါဘူး။ သားကြီးဝင်းက ကျွန်မ တို့ရောက်ခါစ မှာ ဘ၀ကိုထူးထောင်စရာတွေ ရှိနေသေး တာကြောင့်သူ့အဘွားရဲ့ အသုဘအတွက် ဈာပနကိစ္စ အ၀၀ကို သူတာဝန်ယူမယ်လို့ ပြောပါတယ်။ အိမ်ထောင်ကွဲ သမီးနှစ်ယောက်လည်း သူတို့နိုင်သလောက် ပါဝင်ပါရစေ လို့ အစ်ကိုကိုခွင့်တောင်းနေကြလေရဲ့။ သမီးတစ်ယောက်အနေနဲ့ ကျွန်မမှာ လုံးဝတာဝန်ရှိ တာမို့ အိမ်မ၀ယ် ရရင်လည်း အရေးမကြီးဘူး။ ကျွန်မပဲ အကုန်အကျခံမယ်ဆိုတာကို သားကြီးက လုံးဝလက်မခံ တဲ့အတွက် အချေအတင်တွေ ပြောရဆိုရ၊ သားသမီးတွေရဲ့ စေတနာ မေတ္တာကို ထိတွေ့ခံစားရလို့ စုဆောင်းထားတဲ့ မာမီ့ရဲ့ငွေကိုတော့ ဈာပနအ တွက်ထည့်သုံးခွင့်ပြုဖို့ မနည်းတောင်းပန် မှပြဿနာ က အေးရပါတော့တယ်။

နောက်တစ်နေ့မှာ သားကြီးက "အန်ကယ်နဲ့ မာမီရော၊ မောင်နှမတွေပါ အားလုံး အတူ သွားရအောင်"ဆိုပြီး ဈာပနကိစ္စ အစီအစဉ်လုပ်ဖို့ ဂေဟာက ဒါရိုက်တာနဲ့ ရက်ချိန်းယူပြီး သွားတွေ့ကြပါတယ်။ ဒါရိုက်တာက ဘယ်လိုပုံစံ နဲ့ဖြစ်စေချင်လဲဆိုတဲ့ ကျွန်မတို့ရဲ့ ဆန္ဒ ကိုမေးတော့ မြန်မာပြည်မှာကတည်းက မာမီက သူသေရင် မီးသင်္ဂြိုဟ်ပြီး ပြာ ကိုပင်လယ် ထဲမှာမျှေပေးဖို့ သေသေချာချာမှာထားပြီးဖြစ်လို့ မာမီ့ဆန္ဒအတိုင်း စီစဉ်ပေး ဖို့ ပြောပြရပါ တယ်။
ဒီကဓလေ့ထုံးစံ က အသုဘမချခင် ဂေဟာမှာပဲ ကာယကံရှင်မိသားစုနဲ့အတူ မိတွေ သင်္ဂဟများ က သေဆုံးသူ ကို နောက်ဆုံးဂါရ၀ပြုတဲ့အနေနဲ့ အသုဘရှုဖို့ ဆိုပြီးနှစ်နာရီ လောက်အချိန်ပေးတဲ့ အခမ်းအနားလေး လုပ် ကြပါတယ်။ ဂူသွင်းသင်္ဂြိုဟ်မယ် ဆိုရင်လည်း တချို့ကတစ်ရက်တည်းမှာပဲ ဂေဟာက ခန်းမ မှာ အသုဘရှုပြီး တာနဲ့ သက်ဆိုင်ရာ ဘုရား ကျောင်းကိုသွား ဘုန်းတော်ကြီးက ကွယ်လွန်သူအတွက် ရွတ်ဖတ် ဆုတောင်းကောင်းချီး ပေးပြီးပြီ ဆိုရင်တောက်လျှောက် ဘုရားကျောင်းကနေ သင်္ချိုင်းကို အသုဘချလိုက်တာမျိုး ရှိ သလို တချို့ကျတော့အသုဘရှု ဖိတ်ကြားတာက တစ်ရက်သတ်သတ်၊ ဈာပနအသုဘ ချာတာက တစ်ရက် သီးခြား လုပ်တာလည်း ရှိပါတယ်။

အသုဘချတဲ့ အခါ မိတ်တွေများရင် များသလို အသုဘပို့သူတွေရဲ့ကားတန်းကြီးက ရှည် လျားတာမို့ သက်ဆိုင်ရာ ရဲဌာနကို ပိုင်းလော့ရဲတွေပေးဖို့ အကူအညီ လည်းကြိုပြီး တောင်း ထာ်းရပါသေး တယ်။ မော်တော်ဆိုင်ကယ်ရဲတွေက အသုဘယာဉ်ကို ဦးဆောင်ပြီး သွားမှကားတန်းက အဆက်မပြတ်ဘဲ မီးနီတွေ ကိုလည်း ဖြတ်ခွင့်ရတာပါ။ အသုဘပို့တဲ့ ကားမျန်သမျှ ကွယ်လွန်သူကိုလေးစားဂါရ၀ပြုသော အမှတ် အဖြစ် ရှေ့ကမီးကြီးတွေ ဖွင့် ပြီးမောင်းကြရပါတယ်။ ကျွန်မတို့က မာမီ့ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်မှာဖြစ်တော့ အဲဒီကိစ္စ အတွက်မပူရပါဘူး။ ဒါကြောင့် အသုဘရှုအခမ်းအနားအတွက်ပဲ စီစဉ်စရာတွေ လုပ်ရပါ တယ်။

ပထမဆုံးလိုအပ်ချက်ဖြစ်တဲ့ခေါင်းရွေးဖို့ ဂေဟာရဲ့အပေါ်ထပ်မှာရှိတဲ့ ခေါင်းပြခန်းကို တာဝန်ခံ မန်နေဂျာ လုပ်သူက လိုက်ပြပါတယ်။ ခန်းလုံးပြည့်ခင်းထားတဲ့ကော်ဇောဖြူကြီး ကလည်းထည်ဝါပါဘိ။ စနစ်တကျ အနေအထား လှလှနဲ့ ပြင်ဆင်ထားတဲ့ ခုံတွေပေါ်မှာ တင်ပြထားတဲ့ ခေါင်းတွေကလည်း သားနားပါဘိ။ မဟော်ဂနီရောင် ဖိတ်ဖိတ်လက်နေ တဲ့ ခေါင်းတွေကလည်း ပုစံမျိုးစုံပါပဲ။ ဦးခေါင်းပိုင်းက အဖုံးကို တစ်ဝက် ဖွင့်ပြထားတာ မို့ အတွင်းကခံထားတဲ့ ကူရှင်ပိုးဖဲရောင် လက်လက်တွေကလည်း ထိရက်စရာ မရှိအောင် အိစက် ညက်ညောနေတာ မြင်သာပါတယ်။

လူသားတစ်ယောက် ရဲ့ နောက်ဆုံးအချိန်အတွက် အကောင်းတကာ့ အကောင်းဆုံးအဖြစ် အတတ်နိုင်ဆုံး စီစဉ် ထားပေးခြင်းလို့ တွေးနေမိပါတယ်။ ထိတ်ထိတ်ကြဲ ကောင်းသမျှ လုပ်ထားတဲ့ ဒီခေါင်းဖိုးတွေကလည်း ဘယ်သေး ပါ့မလဲ။အနည်းဆုံး၊ အညံ့ဆုံးဆိုတဲ့ ခေါင်း ဈေးကဒေါ်လာနှစ်ထောင်ကျော် သုံးထောင်နီးပါးဖြစ်ပြီး အကောင်းဆုံးခေါင်း က ဒေါ်လာ သောင်းဂဏန်းနားကပ်နေလေရဲ့။ မြန်မာပြည်က ရောက်ခါစမို့ အရာရာ ကိုမြန်မာငွေနဲ့ ပြန်တွက်လေ့၇ှိတဲ့အကျင့်က မပျောက်သေးတာမို့ စိတ်ထဲမှာ အမြှောက်အစားတွေလုပ် ရင်းကုန်ကျရမဲ့ အထွေထွေစရိတ်ကိုမှန်းဆကြည့်နေမိပါတယ်။
ဒါက ခေါင်းတစ်ခုတည်း စရိတ် ရှိသေးတာပါ။

ရုပ်ကလာပ် ကို အအေးခန်းမှာ ထိန်းသိမ်း ထားခ၊ အသုဘရှုတဲ့အခမ်းအနားအတွက် ခန်းမငှားခ၊ အခန်းပြုပြင်ပေးခ၊ ရုပ်ကလာပ် ကို ဆင်ယင်ထုံးဖွဲ့ပေးခ၊ ဈာပနဂေဟာကို ဆေးရုံကနေ ရုပ်ကလာပ သယ်ဆောင်ပေးခ၊ ဂေဟာ ပိုင် မီးသင်္ဂြိုလ်စက်ရှိရာ သယ်ဆောင်သွားခ၊ မီးသင်္ဂြိုလ်ခ၊ ပြားအိုးကို ပင်လယ်ပြင် ရေလယ် အရောက်ပို့ဆောင်ရမယ့် သင်္ဘောခ၊ ပြာအိုးနဲ့အတူ ချမယ့်ပန်းခွေအခ၊ အသုဘ ရှုအခမ်းအနား ကိုမိသားစုလာရောက်ဖို့ အိမ်တိုင်ရာရောက် လာကြိုလိုက်ပြန်ပို့ပေးမဲ့ စတိုင်ကျကျ ၀တ်စုံ အပြည့်နဲ့ ယာဉ်မောင်း ပါတဲ့ လက်မဇင်းကားခ စတဲ့စတဲ့ စ၇ိတ်တွေ အားလုံးပေါင်းလိုက်ရင် အသုဘ တစ်ခုအတွက် ကုန်ကျငွေက ဒေါ်လာသောင်းဂဏန်းနီးပါး ဖြစ်သွားတော့တာပါပဲ။

မီးသင်္ဂြိုဟ်ပေး လို့ နည်းနည်းသက်သာသေးတာနော်။ သင်္ချိုင်းမှာ ဂူလုပ်မြေမြှုပ်ဦးမယ်ဆို ရင် လူ တစ်ကိုယ်စာ မြေ တစ်ကွက်ဈေးနှုန်းကိုက ဒေါ်လာ လေးငါးထောင်၊ အုတ်ဂူဖိုးစတဲ့ ကိစ္စတွေက ပါသေးတာမို့ မီးသင်္ဂြိုလ်တာ ထက် နှစ်ဆ သုံးဆတက်သွားပါလေရော။ ဂူသွင်း နည်တွေကလည်းအမျိုးစုံ ၇ှိသေးတာပါ။ တစ်ချို့ ကမြေမြှုပ်ဂူ လုပ်ကြသလို တချို့ ကျတော့ သင်္ချိုင်းအတွင်းမှာ ဆောက်ထားတဲ့ မိုးလုံလေလုံ အဆောက်အအုံ တစ်ခုထဲမှာ ရုပ်ကလာပ်ပါရှိတဲ့ ခေါင်းကိုဘဏ်တိုက်တွေမှာ Safe Deposit Boxတွေ ထည့်သိမ်း သလို နံရံအတွင်း သူ့အကန့်နဲ့သူ တစ်ကိုယ်စာ အခန်းလေးတွေထဲမှာ ထည့်သိမ်းထားလိုက် တာမျိုးလည်း ရှိရဲ့။ တံခါးမှာ ဘယ်သူဘယ်ဝါဆိုတဲ့ ကမ္ပည်းတွေ ထိုးထားပြီး အဲဒီရှေ့မှာ ပန်းအိုး တင်စရာ နေရာလေး ပါ ထည့်ထားပေးလို့ ပန်းတင်ထားတာတွေလည်း တွေ့ရပါ တယ်။

တချို့ကျတော့လည်း ရုပ်ကလာပ်လိုက် မသိမ်းကြဘဲ မီးသင်္ဂြိုဟ် ပြာချပြီးမှ ပြာအိုးတစ်အိုးစာ အကန့် ငယ်လေးတွေ မှာ ထည့်ထားတာမျိုးလည်း ရှိရဲ့ ။ သေဆုံး ကွယ်ပျောက်သွားတဲ့ တိုင် အောင် ပိုင်ဆိုင်မှု ဆိုတာ ကလည်း ရှိသေးတာနော်။ ကျွန်မရဲ့ မိတ်ဆွေ တစ်ဦး သူ့သား ကွယ် လွန်သွားတာ ဇနီးက သူ့ခင်ပွန်းကို ဂူသွင်း သင်္ဂြိုဟ် ထားတယ်ပေါ့။ နှစ်ပတ်လည်နေ့တွေမှာ မိခင်က သးဂူရှိရာကို ပန်းစည်းတင် ဆုတောင်းလေ့ရှိပါတယ်။ ပန်းစိုက်အိုး မရှိတော့ ပန်းတွေက ကြာကြာမခံဘဲ နွမ်းနွမ်းကုန်တာကြောင့် ဂူရဲ့ရှေ့မှာ ပန်းစိုက် အိုးလေးနှစ်လုံးလောက် အင်္ဂတေကိုင် လုပ်ခက ဒေါ်လာခုနှစ်ရာ ကျမယ်တဲ့။ ဒါပေမဲ့ မိခင်အနေနဲ့ လုပ်ပိုင်ခွင့် မရှိ လို့ ချွေးမဆီက သဘောတူညီကြောင်း ခွင့်ပြုစာ အရင်ရယူပြီးမှ လုပ်နိုင်မယ်လို့ ပြောပြလိုက်ပါတယ်။

တော်ပါသေးရဲ့။ ချွေးမနဲ့ ယောက္ခမ ပြေလည်နေကြပေလို့ ချွေးမဆီိက ခွင့်ပြု စာ ချောချောမောမော ရောက် လာတာကြောင့် ဂူရှေ့မှာ ထားတဲ့ ပန်းအိုးလေးနှစ်လုံးကိစ္စ အထမြောက်သွားပါတယ်။ မာမီ့ရဲ့ အသုဘကိစ္စ မှာတော့ မီးသင်္ဂြိုဟ်ပြီး ပြာ ကို ရေမျှောလိုက်မှာမို့ ပြာသနာ နည်းလေတယ်ပေါ့။ ကျွန်မ တို့ ရောက်ခါစ နှစ်တွေ တုန်းက မြန်လူဦးရေက နည်းသေးတဲ့အပြင် မြန်မာဘုန်းကြီးကျောင်း ဆိုတာလည်း မရှိသေးပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာ ထုံတမ်းစဉ်လာအရ လုပ်ရတဲ့ သက်ပျေက် ဆွမ်းကို အိမ်က ဘုရားစင်မှာပဲ ကပပလှူ ပူဇော်ရပါတယ်။ အမေရိကား ရောက်မှ ဒီလို အခြေအ နေမျိုး ကြုံခဲ့သော်ဆိုတဲ့ အတွေးနဲ့ မလာခင်မှာ ဆားလင်းဆရာတော်ကြီးကို သရဏဂုံ တင်တဲ့ ကိစ္စ လျှောက်ထားပြီး မာမီ့အတွက် လိုရမည်ရ သရဏဂုံတင် တိပ်ခွေ တစ်ခု အသံသွင်းယူလာပြီး သရဏဂုံတင်ဖြစ်သွားတာမို့ စိတ်ကျေနပ်ရပါတယ်။ ဒါ့အပြင် ချွေးမ ဘော်ဘီ ကလည်း သူ့ဘာသာ အရ ဘုရားကျောင်းက ဘုန်းတော်ကြီးကို ပင့်ပြီး မာမီအတွက် ဆုတောင်း ကောင်းချီး ပေး လုပ်ချင်ပါသေး တယ် ဆိုတာနဲ့ သူ့ဆန္ဒအတိုင်းလည်း ပြည့်စုံအောင် လုပ်ဖြစ်ပါတယ်။

ဒီက ထုံစံအရ အသုဘရှု အခမ်းအနား အတွက် မိတ်ဆွေများက ကွယ်လွန်သူကို ဂါရဝပြုတဲ့အနေ နဲ့ ပန်းခွေ သို့မဟုတ် ပန်းခြင်းတွေ ပို့ကြပါတယ်။ ပန်ခြင်းတစ်ခု တစ်ခုရဲ့ တန်ဖိုးကလည်း နည်းတာမဟုတ်ပါဘူး။ အနည်းဆုံး ဒေါ်လာငါးဆယ်ကနေပြီး ဒေါ်လာရာကျော် အထိ ဈေးကြီးပါ တယ်။ ဒီတန်ဖိုး ပန်းတွေနဲ့ အနုပညာမြောက်စွာ ပြင်ဆင် ထားတဲ့ အသုဘရှု ခန်းမကတော့ လှပတင့်တယ် ရှုချင်ဖွယ်အတိပါပဲ။ ခန်းလုံးပြည့် ပန်းရောင်စုံတွေ ရဲ့အလှကို နှစ်နာရီတာမျှ အသုံး ချပြီးရင် အသုဘရှုခြင်းကလည်း ပြီးဆုံးပြီးမို့ ပန်းတွေကို ဘုရားကျောင်း အတွက် ဖြစ်စေ၊ လူအိုရုံအတွက် ဖြစ်စေ ပေးပို့ပြီး လှူဒါန်းကြပါတယ်။

တချို့ကျတော့လည်း နှစ်ပတ်လည်သာ အထားခံတဲ့ ပန်းခြင်းတွေ ပို့မဲ့အစား အကျိုးရှိရာကို ပေးလှူဖို့ အသုဘရှင် များက မေတ္တာရပ်ခံတာမျိုးလည်း ရှိပါတယ်။ ကျွန်မတို့ မိတ်ဆွေ ဦးခင်မောင်သန်း နဲ့ ခရစ္စတာသန်း တို့ရဲ့ သမီးလေး အင်ဂရစ်သန်းက စာအလွန်တော်တဲ့ ဂုဏ်ထူး တန်း ကျောင်းသူလေးပါ အသက် ၁၆ နှစ်မှာ ကွယ်လွန် သွားတာ မိဘနှစ်ပါးက အသုဘအတွက် ပန်းပို့မဲ့အစား (အင်ဂရစ်စကောလာရှစ်) အဖြစ် ကျောင်မှာ တည်ထောင် လိုက်ပြီး အလှူငွေ ကို အင်းဂရစ်စကောလားရှစ် ရန်ပုံငွေအတွက် ထည့်ဝင် လှူဒါန်းဖို့ မေတ္တာ ရပ်ခံပါတယ်။
အလားတူ ပညာရေးရန်ပုံငွေတွေ စီစဉ်တာမျိုး ရှိသလို နှလုံရောဂါနဲ့ ကွယ်လွန်သူ၊ ကင်ဆာရောဂါနဲ့ ကွယ်လွန်သူ တချို့ ကလည်း ကိုယ်လို ဝေဒနာရှင်တွေ အကျိုးများစေမဲ့ ကင်ဆာသုတေသန၊ နှလုံး ရောဂါ သုတေသန စတဲ့ အပြုလုပ်ငန်းတွေ အတွက် ပို့ ပြီး လှူ စေတယ်ပေါ့။ ဒါန မြောက်အောင် စိတ်ကူးကောင်းကြတာအတွက် သာဓုခေါ် ဖွယ် ရာပါပဲ။

မာမီ ရဲ့ အသုဘမှာတော့ ကျွန်မတို့က ဘာမှ မေတ္တာရပ်ခံထားချက်  မရှိတာကြောင့် သားသမီး တွေရဲ့ အလုပ်ဌာန ဆိုင်ရာတွေက ပို့တဲ့ ပန်းတွေရော သူတို့ အသိုင်းအဝိုင်း မိတ်ဆွေတွေရဲ့ ပန်း တွေရော ကျွန်မ ရဲ့ မြန်မာမိတ်ဆွေတွေ ပိုပတဲ့ ပန်းတွေပါ များပြားလှာစွာ ရောင်ျစုံဖြာနေပါတယ် အလွန်အလှ အပ ကို မြတ်နိုးတတ်တဲ့ ကျွန်မ အမေ မြင်စေချင်စမ်းပါရဲ့။
ဘယ်လို အတတ်ပညာတွေနဲ့ ဈာပနဂေဟာက ပြုပြင်လိုက်သလဲ မသိပါဘူး။ မာမီရဲ့ ရုပ်ကလာပ်က ယုံနိုင်စရာ မရှိအောင် နုပျို ငယ်ရွယ် သွားလိုက်တာ။ ဝတ်ထားတဲ့ ကြိုးကြီးချိတ် လုံချည်၊ အင်္ကျီလက်ရှည်ပေါ်မှာ ပဝါစုံနဲ့ အင်လျားလိတ် က မင်္ဂလာဆောင်ကို ခုခက်ချင်း၊ ထသွားတော့မဲ့အတိုင်းပါပဲ။ ကိုယ့်မြေ ကိုယ့်ရေမှာ သားသမီးတွေ ရဲ့ အသိုင်းအဝိုင်းရော၊ ကျွန်မရဲ့ မြန်မာအသိုင်းကပါ လာရောက်ကြတာမို့ မာမီ့အသုဘက လှလှပပ နဲ့ စည်စည်ကားကား ဖြစ်ပါတယ်။

သားကြီးဝင်း က လာတဲ့ ပရိတ်သတ်တွေကိုတောင် ဧည့်မခံနိုင်ဘဲ သူ့အဘွားရဲ့ ရုပ်ကလာပ် ဘေးမှာ ဒူးထောက်ပြီး ကလေးတစ်ယောက် လို တရှိုက်ရှုက် ငိုနေလေရဲ့။ အစ်ကို့အနားမှာ အငယ်မောင်နှမ တွေလည်း စုပြီး လိုက်ငိုနေကြပြန် တာနဲ့ သားသမီးတွေကို ရင်မျာထွေး အားပေးရင်း ကိုယ်တိုင်လည်း ထိန်းထားတဲ့ထဲက မနေနိုင် ဘဲ မျက်ရည်ဖြိုင်ဖြိုင် ကျရပါတော့တယ်။ မျက်ရည် တွေကြားထဲက ကိုယ့်မိခင်ရဲ့ မျက်နှာ ကို နောက်ဆုံအကြိမ် တစ်ဝကြည့်ပြီး ကျွန်မအပေါ်မှာ ထား ရှိခဲ့တဲ့ မေတ္တာစေတနာ အကြင်အနာကျေးဇူးတရား ကို ဆင်ခြင်မိတဲ့ အခါ ရင်ထဲမှာ ပေါက်ကွဲ မတတ်ပါပဲ။
သတ်မှတ်ထား တဲ့ အချိန်ကာ နှစ်နာရီ ဆိုတာ ဘာမှ မကြာလိုက်ပါဘူး။ ရုပ်ကလာပ် ကိုအအေးတိုက် ထဲ ပြန်သွင်း ချိန် ရောက်ပြီမို့ ကျွန်မတို့ မိသားစုအားလုံ မာမီကို ကိုယ်စိတ်နှလုံး သုံပါးစလုံးနဲ့ နောက်ဆုံးအကြိမ် ရှိခိုး ကန်တော့ကြပါတယ်။ ဒီအချိန်မှာ ဘယ်လိုမှ မထိန်းနိုင် တော့ ဘဲ အားလုံး ရှိုက်ကြီးတငင် မျက်ရည်တွေ သွန်ချကြတော့ တာပဲလေ။
သံသရာမှာ မာမီ့အတွက် တစ်ဘဝစာ ပြီးလေပြီပေါ့။

အသက်ရှင်စဉ် ကာလ ထားရှိခဲ့တဲ့ မျှော်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေ၊ ယုံကြည်ချက်တွေ၊ မိမိအတွက်ရော ချစ်သောသူများ အတွက်ပါ ရာက်ရှိရတဲ့ ပူပင်သောကတွေ အလိုဆန္ဒ ပြည့်ဝတဲ့အခါ ကျေနပ်ကြည်နူးခြင်းတွေ၊ ချစ်ခြင်း မုန်းခြင်း ဆိုတဲ့ စိတ်ရဲ့ ခံစားချက်တွေ အားလုံး ဟာ အသက်နဲ့ အတူ ပျောက်ကွယ်သွားလေပြီပဲ။ စိတ်စေတသိက် အတွက် အထောက်အကူ ပြုဖို့ ဖြစ်ပေါ်လာရတဲ့ ဒီခန္ဓာကိုယ် ရုပ်ပစ္စည်းကြီးကလည်း သက်မဲ့ဖြစ်နေချိန် မှာ စွန့် ပစ်ကြရစမြဲ ပါပဲလေ။

မာမီ ကွယ်လွန်ချိန်မှာ ကျွန်မ အသက်ငါးဆယ်ကျော်ပြီ ဖြစ်လို့ တရားကို အတော်အသင့် နှလုံး သွင်းနိုင်တဲ့ အရွယ် ရောက်ရှိပြီ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ မလွယ်ကူပါဘူး။ ကျွန်မရင်မှာခံစားရတာတွေကို မိခင်လို ချစ်တဲ့ ဒေါ်ဒဂုန်ခင်ခင်လေး ကို စားရေးရင်ဖွင့်တော့ ''ငါ ညီမကအမေနဲ့ အသက်ငါးဆယ်ကျော်တဲ့အထိ အတူ နေခွင့်ရခဲ့ တဲ့ နှစ်တွေအတွက် ဝမ်းသာကျေ နပ် စမ်းပါ။ မမခင်မှာ အမေနဲ့ ဆယ့်ခုနစ်နှစ်ထိပဲ အတူနေခွင့် ရခဲ့တဲ့ နှစ်တွေအတွက် ဝမ်းနည်းကြေ ကွဲ မဖြစ်ပါနဲ့။ ရှိခဲ့ဖူးတာကို တန်ဖိုးထား ဝမ်းသာပါလို့ စာပြန်ရေး လာပါတယ်။ မမခင်ရဲ့ စာဟာ တန် ဖိုးရှိ ဖြေဆေးတစ်ခုပါပဲ။
ကျွန်မ အမေ ကယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ကြီးစွာသော နောင်တနဲ့အတူ တစ်သက်စာ သင်ခန်းစာ တစ်ခု တည်း ရရှိလိုက်ပါတယ်။ မာမီ့မှာ နှလုံးရောဂါရှိတဲ့အတွက် စိုးရိမ်စိတ်နဲ့ ဂရုစိုက်နေရတယ် ဆိုပေမဲ့ သွားသွား လာလာ လှုပ်လှုပ်ရှားရှားနဲ့မို့ခုလို ဗြုန်းခနဲ့ ဖြစ်သွားလိမ့် မယ်လို့ မတွေးထင်မိပါဘူး။ ကွေးသောလက် မဆန့်ခင် သေခြင်းတရား အချိန်မရွေး ကျရောက်လာနိုင်တယ် ဆိုတာကို  အလေးအနက် မထားမိဘူး ဆိုတာ ၀န်ခံ ရမှာပါပဲ။

မာမီက ဘယ်တော့မှ အအားမနေတတ်တဲ့သူ ဆိုတော့ တစ်ခုမဟုတ် တစ်ခု ချုပ်လုပ်နေတာပါ။ ဒီမှာ ၀ယ်လို့ရ တဲ့ ပုံစံစာအုပ်တွေကလည်း တီထွင်ဖန်တီးမှုတွေက ဆန်းသစ်တာကြောင့်  မာမီကပုံစံ တစ်ခု လက်တည့်စမ်းနေလေ ရဲ့။ တစ်နေ့ ကျွန်မ အလုပ်က ပြန်လာတော့.... 
''သမီး ဒီမှာကြည့်ပါဦး၊ မလှဘူးလား''
ချုပ်ပြီးသား အဝတ်စလေးကို အဖျားကနေ ကိုင်ပြီး ထောင်ပြလိုက်ပါတယ်။ မာမီ ချုပ်ထားတာက ဖက်ခေါင်းအုံးလေး ပါ။ လုံးလုံးရှည်ရှည်၊ ရိုးရိုးဖက်ခေါင်းအုံး ပုံစံမျိုး မဟုတ်ပါဘူး။ ထူးထူးဆန်ဆန်း လူရုပ်ပုံ ဖော်ထား တဲ့ ခေါင်းအုံးလေးပါ။ မျက်နှာ ဝိုင်းဝိုင်းစက်စက် ကလေးမှာ မျက်ခုံးတွေ၊ မျက်လုံးတွေက ပုံဖော် ထားလိုက်သေးတယ်။ ခုံးမျက်စ၊ သုံးရက်လနဲ့ မျက်တောင်ကော့ကော့ကြီးတွေ နဲ့ပါ။ နှုတ်ခမ်းလေး တွေ ကလည်း နှင်းဆီဖူးလို နီထွေးထွေးလေး။ ခေါင်းပေါ်မှာ သိုးမွှေးချည် အနက်တွေနဲ့ ဆံပင်လည်း တပ် ထား ပါသေးတယ်။ ထိပ်လယ်တည့်တည့်မှာ ခွဲပြီး ဘေးတစ်ဖက်စီမှာ ဖဲကြိုးနီနီလေးတွေ ချည်ထားတဲ့အပြင် ဂါဝင်လှလှလေး ပါ ဆင်ထားတော့ တကယ့်ဒေါ်လီရုပ်ကလေးလေး ကျနေတာပါပဲ။

''အရမ်းလှတာပဲ မာမီ၊ အဲဒါ ဘယ်သူ့အတွက်လဲ'' လို့ မေးတော့ ''ယမင်းအတွက်လေ။ ဒီကောင်မလေး က ခေါင်းအုံးကြီး ဖက်ဖက် အိပ်တတ်တယ် မဟုတ်လား။ ဒီဖက်အုံးမျိုးလေးဆို သူ ကြိုက်မှာ'' တဲ့။
''အင်း.. ဟုတ်တယ်၊သူ ဖုန်းဆက်ရင် သမီး ပြောပြလိုက်မယ်'' လို့ ပြောရင်း အဝတ်လဲမယ် လုပ်တော့...
''ဒီခေါင်းအုံးလေး သွတ်ဖို့ မှို့သွားဝယ်ပေးဦး'' တဲ့။
''အင်းပါ၊ နောက်နေ့ ဝယ်တာပေါ့'' လို့ လွယ်လွယ်ပြောလိုက်မိပါတယ်။တကယ်ဆို ကားလေး နဲ့ သွားလိုက်ရ တာပဲ။ နာရီဝက် ခရီးလောက် ကြာတာ။ အမေ့ရဲ့ ဆန္ဒကို ချက်ချင်း ဖြည့်လိုက်ဖို့ ကောင်းတာ မဟုတ်လာ နော်။

လူတွေဟာ အိပ်ရာပေါ် လဲ၊ လူမမာဖြစ်ကာမှ ဘာစားချင်လဲမေးပြီး ဆန္ဒကို ဖြည့်ရှာဖွေကျွေးချင်ကြတာ။ ကျန်းမာနေ ဆဲ ကာလမှာတော့ စားချင်တာ ကျွေးရကောင်းမှန်းမသိတဲ့ လူစားမျိုးထဲမှာ ကျွန်မဆိုတဲ့ ငမိုက် သားလည်း ပါလေပါတယ်ပေါ့။ နောက်နေ့တွေမှာလည်း မာမီက မှို့ဝယ်ပေးဖို့ ပူဆာမြဲပါပဲ။
''စနေနေ့ကျ မှ သွားရအောင်ပါ။ ကလေးတွေလည်း ကျောင်းပိတ်တယ်။ မာမီပါ တစ်ခါတည်း လိုက်ခဲ့။ ကြိုက် တာ တစ်ခါတည်း ရွေးဝယ်ပေါ့'' လို့ ကျွန်မ က ရက်ရွှေ့လိုက်တော့ စိတ်မြန်လက်မြန် ဘာမဆို ခုချက်ချင်း လုပ်တတ် တဲ့ မာမီက စိတ်ပျက်လက်ပျက် ပုံစံနဲ့ အရုပ်ကလေးကို စက်ပေါ်မှာ လွှားတင်ထားလိုက်လေရဲ့။
ကျွန်မပြော တဲ့ စနေနေ့က ရောက်လာပေမဲ့ ဖက်အုံးအတွက် မှို့ဝယ်မထွက်ဖြစ်တော့ပါဘူး။ သောကြာနေ့ မှာ မာမီ စ အန်ပြီး တနင်္လာနေ့ ညနေမှာ ကွယ်လွန်သွားပါလေရာ။ မာမီ မရှိတဲ့နောက် ခြေရာလက်ရာမပျက် စင် ပေါ် မှာအလိုက်သင့် လွှားတင်ထားတဲ့ အရုပ်ကလေးလည်း မြင်ရော ကျွန်မ ချုံးပွဲချငို မိတော့တာပဲ။ ကျွန်မကိုယ် ကျွန်မလည်း ခွင့်မလွှတ်နိုင်အောင် အပြစ်တင်ရင်း နောင်တကြီးစွာ ရမိပါတယ်။

ကိုယ်ရောသူပါ လူမှန် သမျှ ဘယ်နေ့ သေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး။ နောက်နှစ်ပေါင်း ငါး ဆယ် လား။ နှစ်ဆယ်လား။ ဆယ်နှစ်လား။ ဒီနေ့လား။ အခုလား။
အဲလို မသိနိုင်ကြလိုသာ အမြဲတမ်း ဖြစ်တည်နေကြမဲ့အတိုင်း ပေါ့ပေါ့တန်တန် နေမိကြတာပေါ့နော်။ ဒီနေ့ ဟာ ကိုယ် ရဲ့ နောက်ဆုံးနေ့လည်း ဖြစ်နိုင်တာပါပဲ။ ဒီလိုအသိ တရားလေးသာ စောစောက နှလုံးသွင်းနိုင်မယ်ဆိုရင် မာမီ့ရဲ့ဆန္ဒကို ကျွန်မအပြေးအလွှား ဖြည့်ပေးခဲ့မိမှာပေါ။ ခုတော့ နှောင်းတဲ့ နောင်တအဖြစ်နဲ့ ရင်နာနေရတာပဲ ကျန်နေခဲ့ ပါတယ်။
ဒီလိုနဲ့ ကိုယ်စိတ် ကို မနည်းအားတင်းပြီး သက်သာရာရှာတဲ့အနေနဲ့ အလုပ်ကို တအား ဖိလုပ်ပေါ့။ အိုးသစ် အိမ်သစ် ထူထောင် ရမှာမို့ အပ်ကအစ အဝတ်လျှော်စက်အထိ အရာရာ လိုအပ်နေတာတွေကို လည်း နည်းနည်း ချင်း ဝယ်စုနဲ့ ပျိုးထောင်နေဆဲ ဆိုပါတော့။ ဒါကြောင့် မာမီ ဆုံးပြီး နှစ်လခွဲ ရှိတော့မှ ကျွန်မတို့ အိမ်သစ် ကို ပြောင်းဖြစ်ပါတယ်။ မြန်မာပြည်က မလာခင် စိတ်ကူးယဉ်ခဲ့တုန်းက သားကြီးရဲ့အိမ် မှာ အလွန် ဆုံး ခိုလှုံရ သုံလ လို့ တွက်ထားခဲ့မိပေမဲ့ တကယ်တမ်းကျ တစ်နှစ်ခွဲကြာမျှ သားနဲ့ ချွေးမရဲ့ အရိပ်အောက်မှာ ခိုခဲ့ကြရတာပါ။

သားက ဘယ်လောက်ပဲ မိသားစုကို စောင့်ရှောက်ချင်တယ် ဆိုပေမဲ့ ချွေးမဖြစ်တဲ့ ဘော်ဘီသာ စိတ်ထား မပြည့်ဝ ရင် ကျွန်မ တို့မိသားစု ခုနှစ်ယောက် ဒါလောက် ကြာကြာနေနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကိုယ့်သားတင် မကဘဲ ချွေးမ ဘော်ဘီကိုပါ ကျေးဇူးရှင်အဖြစ် နှလုံးသားမှာ  အမြဲခံယူ ထားပြီး ကျေးဇူးတင် နေ ရတယ်။
ကိုယ်အိမ်လေးနဲ့ကိုယ် ဖြစ်လာတော့ ခြံကလေး ရှင်းလိုက်၊ အိမ်ကလေး သလိုက် ဖလော်ရီဒါ ပြည်နယ်ရဲ့ ရာသီဥတု ကလည်း Sub Tropical မို့ မြန်မာပြည်  ရာသီဥတုနဲ့ ဆင်တာကြောင့် မြန်မာသီးနှံပင်တွေ စိုက်လို့ ဖြစ် ပါတယ်။ သားကြီးဝင်းကလည်း သစ်ပင်စိုက် ဝါသနာပါလို့ ရှောက်သီးပင်၊ သြဇာသီးပင်တွေ ပျိုးခြံက သွား ဝယ်လာပြီး ကျွန်မခြံထဲတွင် စိုက်ထားပေးပါတယ်။ သူ့ခြံထဲမှာ ရှိတဲ့ ဖီးကြမ်းငှက်ပျောပင် ပေါက်တွေ ယူလာစိုက်၊ ကုလားအော်ငရုတ်သီးပင်တွေ  စိုက်နဲ့ စနေ၊ တနင်္ဂနွေဆိုရင် အလုပ်တွေရှုပ်၊ မြန် မာမိတ်ဆွေအချင်းချင်းလည်း သူ့ရှိတာ ကိုယ်ယူ ကိုယ့်ရှိတာ သူ့ပေးနဲ့ သစ်ပင်တွေ အလဲအလှယ် လုပ် ကြပေါ့။ ဒေါက်တာ ရီရီမြင့် အိမ်က ယိုးဒယားဆီးပင် သစ်တောမင်းကြီး ဦးအောင်ဒင်အိမ်က ပျဉ်းတော်သိမ် နဲ့ ဘူးပင်၊ ဒေါ်စူစန်သိန်း အိမ်က ဒန့်သလွန်ပင် နဲ့ ကျွန်မခြံထဲမှာ မြန်မာ အပင်လေးတွေလည်း စုံလို့။

ဖလော်ရီဒါပြည်နယ် တောင်ပိုင်းရဲ့ ကျွန်မတို့ နေတဲ့ ဘရားဝဒ်ကောင်တီကို  Venice of America လို့ခေါ် ကြပါတယ်။ venice မြို့တ်ာလို တူးမြောင်ပေါင်း မြောက်မြားစွာ ရှိလို့ပါပဲ။ အထူးသဖြင့် လေယာဉ်ပေါ်က ကြည့်ရင် တူးမြောင်းများစွာ က မြို့ရဲ့အလှကို ဆင်ထားတာ ထင်ထင်ရှားရှား မြင်တွေ့ နိုင်ပါတယ်။ တူမြောင်း များစွာ က ရေမျက်နှာစာ ရှိတဲ့ တူးမြောင်းတွေဖြစ်လို့ ရေကလည်း အမြဲလျှံနေတာပါ။ တူးမြောင်းတွေများ လို့  ရေ ပျော် သတ္တဝါတွေ ဖြစ်တဲ့ ဗျိုင်းတို့ မယ်ညိုတို့၊ ငှက်ကြီးဝန်ပိုတို့၊ လိပ်တို့ လဲတို့ တစ်တွေကလည်း ပေါခြင်းသောခြင်း။ သူတို့ကို ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ပစ်ခတ် အန္တရာယ် ပြုတာမျိုး မရှိတော့ လူကို တောင် လူထင်ကြတာ မဟုတ်ဘဲ ကိုး။ လိပ်တွေက ဝင်းတကာ ခြံတကာကို ဝင်ရုံမကဘူး။ ကားလမ်းပေါ်အထိ ကျူးကျူး ကျော်ကျော် တက်လိုတက်။

ကိုက အရေးတကြီး သွားစရာရှိနေတုန်း ဘဲမိသားစု ကားလမ်းဖြတ်နေကြပြီဆိုရင် သွားပါလေရော။ အမေ ဘဲမကြီး က ကော့ကော့ကော့ကော့ နဲ့ ရှေ့ကသွားရာနောက်ဘဲပေါက်စလေး တစ်ဒါဇင်လောက်က တန်းစီ လိုက်လာကြတာ ကို ကားတန်းကြီးက်ရပ်စောင့် ရပါတယ်။ အစောင့်လို့ကလည်း မဖြစ်ဘူး။ လမ်ပေါ်မှာ ဘဲတွေ၊ လိပ်တွေ  ကားတက်ကြိတ်မိ ရင် ဖလော်ရီဒါ ပြည်နယ် ဥပဒေက ဒေါ်လာလာငါးရာ ဒဏ်ပေးဆောင် ရပါတယ်။ ဘဲက မှ တော်သေး။ ကိုရွှေလိပ် က ဖြတ်ပြီဆိုရင် ကားမောင်းသူတွေ ငိုချင်းချချင်လောက်အောင် စိတ်ညစ် ရပါတယ်။

ခြံထဲကို အလေ့ပေါက် ဘဲတွေ လာတိုင်း သား ကိုရွှေစင်က ပေါင်မုန့်ကျွေးလေ့ရှိတာကြောင့် သူတို့တစ်တွေက စားအိမ် သောက်အိမ် လို သဘောထားနေကြလား မသိပါဘူး။ ကျွန်မအိမ်ကို ''မြရတနာ သားဖွားခန်း '' အဖြစ် လည်း သဘောထားကြပါသေးတယ်။ အမေ ဘဲမကြီးက ဥဖို့ အချိန်တန်ပြီ ဆိုတာနဲ့ မိသား စုအခန်း ဘေးက ပန်းပင်တွေကြား မှာ ပုံမှန် နေရာယူထားလေရဲ့။
လူမိခင်တွေထက်တောင် သူတို့က ပိုပြီး ပင်ပန်းကြီးစွာနဲ့ မွေးလာမယ့် သားသမီးတွေကို စောင့်ရှောက်ရတာ ပါ။ ဝပ်ကျင်း ထိုင်ပြီး ဆိုကတည်းက အစာလည်းထမစား ရေလည်းထမသောက်၊ မနေနိုင်တဲ့ ကျွန်မတို့ သား အမိက အစာ ကို ဝပ်နေ တဲ့ အမေ့ရှေ့မှောက် အရောက်သွားပို့ပေးရတာ။ ဘဲကလေးတွေ ပေါက်တဲ့ထိ နေ့ စဉ်နဲ့အမျှ လုပ်ရ တဲ့ အလုပ်တစ်ခုပါပဲ။ အဲဒီလို ဘာမဟုတ်တဲ့ သက်မဲ့သစ်ပင်၊ သက်ရှိသတ္တဝါလေးတွေ နဲ့ ကိယ့် ဘဝ အေးအေးချမ်းချမ်းရှိနေရာက သုံးလလောက်ပဲ နေရပါသေးတယ်။ တစ်ညနေမှာ ဦးကျော်ဇောက ဆိုင်းမဆင့် ဗုံမဆင့် နဲ့...
''ကိုယ် အလုပ်က ထွက်တော့မယ်ကွာ။ ဒီမှာလည်း မနေချင်တော့ဘူး '' တဲ့။

''ဟောတော့၊ ဘယ်လိုဖြစ်တာလဲ ခုမှ အခြေတကျဖြစ်ခါစ ရှိသေးတယ်။ မနေချင်ဘူး ဆိုရင်လည်း အိမ်မ ဝယ်ခင် က ပြောရောပေါ့" လို့ ကျွန်မ က ပြန်ပြီး မေးသာ မေးရတယ်။ သူအလေးအနက် ပြောနေတယ်လို့ မထင်မိပါဘူး။ ရုံးမှာ တစ်ယောက်ယောက် နဲ့ အဆင်မပြေဖြစ်လို့ ခါတိုင်း ဂျီကျနေကျ အပြာမျိုးလို့ တွေး လိုက်မိတာပါ။
"ဟုတ်တယ် ခင်၊ ကိုယ် ဒီမှာကို မနေချင်တော့တာတဲ့"
ကျွန်မ တအံ့တသြ ဖြစ်သွားရပါတယ်။  ကျွန်မနဲ့ ရန်လည်းမဖြစ် စကားလည်းမများ၊ ခါတိုင်းလို ကြည်ကြည် လင်လင် ရှိနေရာ က ဗြုန်းစားကြီး ဒီစကားကို ကြားလိုကင်ရတာ မယုံနိုင်အောင်ပါပဲ။ ဒါနဲ့ ရှင်းရှင်းလင်းလင်း သိရအောင် .. "ပြောပါဦး၊ မနေချင်ရတဲ့ အကြောင်းအရင်းကို" လို့ မေးတော့မှ သူ့ရင်ထဲက ခံစားချက်တွေကို ထုတ် ပြော လာပါတော့တယ်။

နံပါတ်(၁) အနေနဲ့ သူ လခစား အလုပ်လိုတော့ဘူးလို့ ဆိုပါတယ်။ မြန်မာပြည်မှာ ကတည်းက လခစား မလုပ် လိုလို့ ရာထူး ကို စွန့်ထွက်ခဲ့ပြီးမှ အအေရိကားမှာ လာပြီး လခစားလုပ်ရတာ အဓိပ္ပါယ် မရှိလေဘူးတဲ့။
စီးပွားရေးလုပ် ဖို့ မြန်မာပြည်က နမူနာပစ္စည်းတွေ တကူးတက ယူလာပြီးမှ ဒါတွေ အတွက် ဈေးကွက် ရှာလို့ မရနိုင်ဘူး ဆိုပြီး လက်လျှော့နေလို့ မဖြစ်သေးဘူးတဲ့။
ဈေကွက်ရှာ ကြိုးစားဖို့ကလည်း ဖလော်ရီဒါမှာ မဟုတ်ဘဲ  ကာလီဖိုးနီးယား၊ ဝါရှင်တန်၊ နယူယောက် စတဲ့ တခြားပြည်နယ်တွေကို သွားလိုတာပါတဲ့။
ဒါ့အပြင် နောက်ဆုံး အချက်ကလည်း ကျွန်မသားတွေ သမီးတွေနဲ့ တစည်းတလုံးအတူတကွ ရှိနေကြပြီမို့ သူအနေ နဲ့ ဆက်လက် စောင့်ရှောက်စရာ မလိုအပ်တော့ဘူလို့ လည်း ဆိုပါသေးတယ်။
ကျွန်မ သူ ပြောသမျှ ကို အငေးသားနားထောင်ရင်း ဒါဟာ လူကြီးလူကောင်းပုံစံနဲ့ "လမ်းခွဲကြစို့ ဆိုတာ ယဉ်ကျေးစွာ နဲ့ ပြောကြားနေခြင်းပဲလားလို့ တွေးကြည့်နေမိပါတယ်။

ကိုယ်အမိမြေကို စွန့်ပြီး အမေရိကား လာတယ် ဆိုကတည်းက ဒီသားသမီးတွေနဲ့ အတူတကွ တစု တစည်းတည်း ရှိလိုတဲ့ဆန္ဒ အဓိကနဲ့ လာရောက်ခဲ့တာ နှစ်ဦးသဘောတူ ဆုံဖြတ်ချက် ဖြစ်ပါလျက်နဲ့ အ ခု ဒီဟာက ပြဿနာ ဖြစ်ပေါ်လာ ရတာကို ကျွန်မ နားမလည်နိုင်အောင်ပါပဲ။
ဒါကြောင့် "မနေချင်တော့ဘူး ဆိုတဲ့ စကားဟာ အလေးအနက် စဉ်းစား ဆုံးဖြတ်ပြီးမှ ပြောတာ ဟုတ်ရဲ လား"လို့ တစ်ခွန်း ပဲ မေးလိုက်ပါတယ်။
"ဟုတ်ပါတယ်။ ကိုယ်စဉ်းစားပြီးမှ ပြောတာပါ။ ဒီက နှစ်ဆန်းတစ်ရက်နေ့ ထွက်မယ်လေ" တဲ့။
ရက်တောင် သတ်မှတ်ပြီးပြီ ဆိုမှတော့ ကျွန်မ ဘာမှ စောဒက မတက်လိုတော့ပါဘူး။ နေချင်ရင် နေလိုက်ကြရုံ၊ မနေချင် ရင် သွားပေါ့ မတားပါဘူး။ လူဆိုတာ မာနနဲ့ ပါ။ နေရာတိုင်းတော့ အရှုံးမပေးနိုင်ဘူး" ဆိုတဲ့ အဆိုကျော် စိုင်းထီးဆိုင် ရဲ့ "စဉ်းစားပါဦး" သီချင်းထဲကလို မာနစိတ်နဲ့ အံကြိတ် တင်းခံထားလိုက် တယ်ပေါ့။

သူ့အစီစဉ် အတိုင်း မှတ်မှတ်ရရ နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်မကိုယ်တိုင် ကားမောင်းပြီး ဦးကျော်ဇော ကို လေယာဉ်ကွင်း အရောက် လိုကိပို့ ပေးလိုက်ပါတယ်။ ကားပေါ်က ပစ္စည်းတွေ ချရင်း ကျွန်မကို တစ်ချက် ပြန်လှည့်ကြည့်ပြီး..
"ဂွတ်ဘိုင် ခင်" တဲ့။
အဆုံးသတ်ပုံ က ရိုးရိုးလေးပါပဲ။
ကျောခိုင်း ထွက်သွားသူ ရဲ့ နောက်ကျောကို ကြည့်ရင်း လူသားတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်း ဆိုတဲ့ စိတ်ရဲ့ ခံ စားချက် မှန်သမျှတွေ ဟာ အခါအားလျှော်စွာ ပျက်ပြယ်သွားနိုင်ပါလား ဆိုတဲ့ အသိတရား တစ်ခု ရရှိလိုက် ပါရဲ့။

ဘဝမှာ သင်ခန်းစာတွေက ကျက်မှတ်လို့ မကုန်နိုင်အောင် များပြားလှစွာပါပဲနော်။ ကိုယ့်ဘ၀အဓိပ္ပာယ်  အတွက် ကိုယ့်သင်ခန်းစာ နဲ့ကိုယ် ပါလာပြီးသားပေလားမသိ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ်သင်မှတ်ရမဲ့ သင်ခန်းစာကိုတော့ ကျေညက်အောင် ရှိရမယ်ပေါ့။ သင်ခန်းစာရဲ့ အခြေခံဥပဒေကတော့ အမြင်မကျဉ်းဖို့နဲ့ မျှတစွာ ရှုမြင်တတ်ဖို့ပါပဲ။
အပြန်မှာ ကားမောင်းလာရင်း ကိုယ့်အဖြစ်ကို ပြန်သုံးသပ်ကြည့်နေမိပါတယ်။ ရေမြေခြားပြီး ကမ္ဘာ တစ်ခြမ်း ရောက်နေကြ တဲ့ သားသမီးတွေနဲ့ရော၊ တစ်ခုစီကွဲနေတဲ့ သားသမီးတွေနဲ့ပါ တစည်းတလုံး ကိုယ့်ရင်ခွင် ထဲ အားလုံးပြန်ရောက်လာပြီမို့ ကံကောင်းလေစွလို့ ဝမ်းသာ ကြည်ရွှင်နေရာက ဘာမှမကြားလိုက်ဘူး။ မထင် မှတ်ဘဲ တစ်သက်လုံး မကွဲ မကွာအတူ နေလာခဲ့တဲ့ မိခင် ကွယ်ပျောက်ဆုံးပါးသွားပြန်တော့ ယူကျုံးမရ ရင်မှာ နာကျင်မှုတွေ ခံစားရပြန်ရောလေ။ အဲလို စိတ်ဆင်းရဲ ရာက မိသားစု အတွက် ကိုယ်အိုး ကိုယ့်အိမ် လေးနဲ့ အခြေတကျ ဖြစ်တည်လာတော့လည်း အေးချမ်းသာယာတဲ့ ဘဝလေး ရပြီလို့ အားတွေတက် စိတ်လက်ကြည်လင် ဘဝင်ကျမယ် ကြံခါရှိသေး။ ဗြုန်းခနဲ ဘဝအဖော်က ရုတ်တရက် လက်တွဲဖြုတ်သွား ပြန်တော့ တာဝန်တွေနဲ့ တစ်ကိုယ်ရေ လျှောက်ရမဲ့ ခရီးကြမ်းအတွက် စိတ်မောစရာ ဖြစ်ပြန်တယ်ပေါ့။

ကိုယ်အဖြစ် ကိုယ်စဉ်းစားရင်း ဖတ်ဖူးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ကို သတိရမိပါတယ်။ တောရွာတစ်ခုမှာ ပညာရှိကြီး တစ်ဦး ရှိတယ်တဲ့။ တစ်ခုခုဆို ရွာသားတွေက သူ့ဆီမှာ အကြံဥာဏ်သွားပြီး တောင်းကြရပါတယ်။ တစ်နေ့ကျတော့ လယ်သမား တစ်ယောက်က ပြေးလာပြီး "ပညာရှိကြီး ခင်းဗျား၊ ကျွန်တော် အကြီးအကျယ် ဒုက္ခရောက်နေ ပါတယ်။ လယ်မှာ ခိုင်းနွားသေသွားလို့ လယ်လုပ်စရာ နွား မရှိ တော့ ပါဘူး။ ဘယ်လိုကြောင့် ကျွန်တော် ဒါလောက် ကံဆိုးရတာလဲ" လို့ မေးတော့...
"မောင်ရင် ဒါဟာ ကံဆိုးတယ် ဆိုပေမဲ့ ကံကောင်းတာလည်း ဖြစ်နိုင်တာပဲလို့ ပညာရှိကြီးက ဖြေတယ်။

ဒီအဖြေကို လယ်သမားက မကျေနပ်လေဘူး။ ရွာပြန်သွားပြီး "တို့ ပညာရှိကြီးတော့ ရူးသွားပြီထင်တယ်။ ကြည့်ပါဦး။ ကျုပ်နွား သေသွားတဲ့အကြောင်း သွားပြောတာ ဒါ ကံကောင်းတာလည်း ဖြစ်နိုင်တယ်တဲ့။ ဟုတ် နိုင်စရာ ရှိသေး ရဲ့လားဗျာ" လို့ လူတကာကို လည်ပြောလေရဲ့။
နောက်နေ့ကျ သူ့လယ်တောအနားမှာ ပိုင်ရှင်မဲ့ မြင်းတစ်ကောင် ရောက်နေတာတွေ့ရပါတယ်။ "ဟန်ကျတာ ပဲ၊ ဒီမြင်း ကို ဖမ်းပြီး လယ်ထွန်ရရင် ကောင်းမယ်ဆိုတဲ့ အကြံနဲ့ မြင်းကို ဖမ်းပြီး လယ်ထွန်ကြည့် တော့ နွားနဲ့ ထွန်တာ ထက် အရာရောက်ပြီး မြန်မြန်အလုပ်ပြီးတာကြောင့် ဝမ်းသာအားရနဲ့ ပညာရှိကြီး ဆီပြေးပြော ပြန်ရော။
"ကျွန်တော် အထင်မှားသွားတာပါ။ ပညာရှိကြီး ပြောစကား မှန်လိုက်တာ။ ကံကောင်းတာ ဖြစ်နိုင်တယ် ဆိုတဲ့ အတိုင်း ခု မြင်းတစ်ကောင် ရတော့ လယ်ထွန်ရတာ ခရီးရောက် လို့ ဟန်ကျလိုက်တာ" လို့ အားပါးတရ ပြောလေ ရဲ့။

"အေးကွယ် မောင်ရင် စောင့်ကြည့်ပါဦး သိပ်လည်း ဝမ်းသာမနေနဲ့ဦး။ ကံဆိုးစရာလည်း ကြုံလာနိုင် တယ် နော့" ပြောလိုက်တော့ လယ်သမားလည်း ဘဝင်မကျချင်နဲ့ပေါ့။
နှစ်ရက်လောက် ကြာ တဲ့အခါ လယ်သမားရဲ့သားက အဲဒီမြင်းကြီးကို တက်စီးလိုက်တာ လိမ့်ကျပြီး ခြေကျိုး ပါလေရော။
"ဟာ ..ပညာရှိကြီး ပြောတာ မှန်လိုက်လေခြင်း။ ကျွန်တော် တကယ် ကံဆိုးတာ ပါလား" နဲ့ လာပြောပြန် တယ်။
"အခု ကံဆိုးပေ မယ့် ကံကောင်းစရာလည်း ဖြစ်ချင်ဖြစ်မှာပေါ့" လို့ ပြောတော့..
"ဘယ်လိုလုပ် ကံကောင်းတာ ဖြစ်လာနိုင်ပါ့မလဲ ပညာရှိကြီးရယ်။ ဒီသားလေးကို အားကိုးနေရတာ အခု ခြေ ကျိုးတော့ ကျွန်တော်အလုပ်ကိုလည်း မကူညီနိုင်တော့ဘူး။ ကျွန်တော် တကယ်ကံဆိုးသူပါပဲ" နဲ့ ညည်းညူပြီး ပြန်သွားပါတယ်။

သိပ်မကြာဘူး။ ဘုရင့်နန်းတော်က မောင်းတဒူဒူ ထုပြီး စာချွန်တော် ပြန်ကြားတဲ့ အဖွဲ့ ရောက်လာလေရဲ့။ ရွာရှိ လူငယ်လူရွယ် ယောက်ျာလေး မှန်သမျှ စစ်ထွက်ဖို့ လိုက်ကြရမယ် အမိန့်တော် ပြန်တော့ တစ်ရွာလုံက လူငယ်တွေ လိုက်သွားကြရပြီး ခြေကျိုးနေတဲ့ လယ်သမားရဲ့ သားတစ်ယောက်ပဲ ကျန်ခဲ့ရစ်တယ်တဲ့။
ဒီပုံပြင် လေး မှာ သင်ခန်းစာယူစရာတွေ အများကြီးပါပါတယ်။ ဘယ်တော့ ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင် ပါဘူး။ ကောင်းတာတွေ ဖြစ်လာနိုင်သလို ဆိုးတာတွေလည်း ဖြစ်လာနိုင်တာပါပဲ။ ကိုယ်ကတော့ အရာရာချောမွေ့နေရင် ကောင်းတော့မယ် ထင်တာပဲနော်။ အဆိုးကြုံရင်လည်း ငါ့ဘ၀တော့ သွားပြီလို့ တွက်တော့တာပဲ။ အများအားဖြင့် အထင်နဲ့အမြင်တွေ လက်တွေ့မှာ လွဲတတ်တာတွေ အများကြီး ရှိပါတယ်။

    သေချာတာတစ်ခုက ဘယ်အရာမှ မမြဲခြင်း ဆိုတာပါပဲ။
ကံဆိုးလှချည့် ဆိုရင်လည်းခဏ၊ ကံကောင်းလှချည့်တိုရင်လည်း တဒင်္ဂ။
ပျော်စရာတွေ၊ နာကြည်း ၀မ်းနည်းစရာတွေ၊ ကျေနပ်စရာတွေ၊ မခံရပ်နိုင်စရာတွေ၊ အောင်မြင်မှုတွေ၊ ရှုံးနိမ့် မှုတွေ၊ ထင်ပေါ်ကျော်ကြားခြင်းနဲ့ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်း ဆိုတာတွေအားလုံးဟာလည်းကောင်းကင်မှာ မီးပန်းလွှတ်သလို လင်းလက်ပြီး ပျောက်ကွယ်သွားကြတာချည်းပါပဲ။
အစရှိပြီးရင် အဆုံးဆိုတာ ရောက်ရစမြဲပါ။

တကယ် ကတော့ ပြဿနာတစ်ခုခု ရင်ဆိုင်တဲ့အခါ အဆုံးစွန် အထိတ်တလန့် မဖြစ်စေဘဲ ဖြစ်လာသမျှ ကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားရမှာပါပဲ။ အခြေအနေအရပ်ရပ်အကောင်း အဆိုးတွေဟာ ကိုယ်ပြုပြင်ဖန်တီးလို့မရတဲ့ သူ့သဘောသူ ဆောင်ပြီး ဖြစ်နေခြင်းပေပဲ။ ဖြစ်တာက ကိုယ့်နဲ့မဆိုင်ဘဲ ဘယ်လို အကောင်းဆုံး ပုံစံနဲ့ ကြိုးစားရင်ဆိုင်ရမလဲ ဆိုတာက ကိုယ့်တာဝန်လို့ ယောနိသောရင်း ကျွန်မ လည်းလျှောက် ရ မဲ့ ခရီးအတွက် အားမာန်တင်းပြီး ပြင်ဆင်ရပါဦးမယ်လေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>