Wednesday, March 28, 2012

သာဓု ၏ အတာ, အပိုင်း (၂ဝ)

(ထိုအတိုင်းတွက်၍ ပြကြ၏။ အတာတစ်ယောက်တည်းကသာ (ငွေနှစ်ကျပ်ရှုံးခဲ့ပါသည်)ဟု တိကျစွာ အဖြေ တွင် ရေးလိုက်၏။
ကျန်အခြားသော ကလေးများအနက် အတော်များများက မရှုံးပါ မမြတ်ပါဟု ဖြေကြပြီး အချို့ကမူ လုံး လုံး မတွက်တတ် သလို ရှိနေကြ၏။) ကို ဆက်ဖတ်ရန်.........

ဆရာမလည်း မှားလာသူများကို ခါတိုင်းကဲ့သို့ပင် အချိန်စေ့သည် အထိ ပြန်မတွက်ခိုင်းတော့ဘဲ ကျောက်သင်ပုန်းကြီးအနီးသို့လာ၍ ဝိုင်းရန် ကလေးများ ကိုခေါ် လိုက်၏။ နောက် အတာအား အမှတ် ၁ ပုစ္ဆာကိုချိန်၍ ကျန်အားလုံးကို အဖျက်ခိုင်းပြီးမှ အတာအား သူ့နည်း အတိုင်း ကျောက်သင်ပုန်းကြီးတွင် အတွက်ခိုင်းလိုက်၏။
"ဒီဂဏန်းပုစ္ဆာဟာ ခါတိုင်းမင်းတို့ကို ပေးတာမျိုးမဟုတ်လို့ အမှတ်များကြတာကို မမ စိတ်မဆိုးဘူး၊ ဒါပေမဲ့ ဒီအတွက် ဟာ အလွယ်ကလေးပဲ၊ အတာ တွက်ပြတာကို ကြည့်၊ ဘာမှမခက်ဘူး"
ဆရာမက သို့ပြောရင်း ကြိမ်လုံးဖြင့် ထောက်ပြကာ သေချာသည်ထက် သေချာအောင် ရှင်းပြလိုက်ပြီးမှ
"ကဲ နားမလည်သေးရင် မမကို မေးနိုင်တယ်၊ ဘယ်သူမေးချင်ကြသလဲ"

တစ်ယောက်သော မိန်းကလေးက လက်ညှိုးထောင်ပြသဖြင့်
"အေး မစွမ်ကြည် က ဘာသိချင်သလဲ"
"အဲဒီ ရုံးစာရေးဟာ ဝင်ခ ၂ ကျပ်ပေးပြီး ဝင်သွားတော့ ၁၈ ကျပ် ကျန်တယ်မဟုတ်လား မမ၊ အဲ့ဒီ ၁၈ ကျပ် နဲ့ ကစားတာ ပြန်လာတော့ ၁၈ ကျပ်ပဲ ပြန်ပါလာတယ်၊ ဒီလိုဆို ဘယ်မှ ၂ ကျပ်ရှုံးလို့လဲ၊ အရင်းပဲ ပေါ့ မမရဲ့"
"ကဲ အတာက မစွမ်ကြည် နားလည်အောင် ရှင်းပြလိုက်စမ်း" ဟု ဆရာမက ပြောလိုက်သည်နှင့်
"နင် သေသေချာချာမှ ပုစ္ဆာကိုမကြည့်ဘဲ၊ သူ ယူသွားတာက ငွေ ၂၀ ကျပ်မဟုတ်ဘူးလား၊ ပြန်လာ တော့ ၁၈ ကျပ် ပဲ ပါလာတယ်ဆိုတော့ နှစ်ကျပ်ရှုံးတာပေါ့ဟ"
"ဟို နှစ်ကျပ် က ဝင်ခပေးရတာပဲ၊ အဲဒါက ကစားလို့ရှုံးတာမှ မဟုတ်တာ"
မစွမ်ကြည်ကလည်း အလျှော့မပေးသေးဘဲ အတာအား ရန်တွေ့သလို မျက်နှာထားကလေးဖြင့် ပြော လိုက်သောကြောင့် ဆရာမတွင် သဘောကျသလို ပြုံးပြုံးကြီးဖြစ်သွား၏။

"ဟ ဝင်ခပေးရတာလဲ ပိုက်ဆံပဲ၊ ဘယ်လိုဖြစ်ဖြစ် သူ သွားတုန်းက ယူသွားသလောက် ပြန်ပါမလာရင် အဲဒါ ရှုံးတာချည်း ပဲပေါ့၊ တို့အဖေ ခဏခဏ ပြောဖူးတယ် သိလား"
"အောင်မယ်"
"ဘာ အောင်မယ်လဲ၊ တို့မေမေက အပတ်တိုင်း မြင်းပွဲသွားနေတာ နားလည်လား၊ ဒါတွေ နင့်ထက် ငါ  ပိုသိတယ်"
အတာကလေးနှင့် မစွမ်ကြည်တို့မှာ ဆရာမကိုပင် သတိမရတော့သလို အချီအချပြောနေကြ၏။ ဆရာမ ကလည်း ရယ်ကာမောကာဖြင့် အကဲခတ်နေပြီးမှ
"ကဲ တော်ကြတော့၊ မစွမ်ကြည်ပြောတာ နည်းနည်းတော့ မှန်တယ်၊ ဒါပေမဲ့ စာမေးပွဲမှာဆိုင်ရင် အမှတ် ရမှာ မဟုတ်ဘူး၊ ဘာပြုလို့လဲဆိုတော့ ဒီပုစ္ဆာက လိမ္မော်သီ ၁၉ လုံးကို တစ်ကျပ်နဲ့ ဝယ်ပြီး တစ်လုံးကို တစ်ပဲနဲ့ ပြန်ရောင်းတော့ ဘယ်လောက်မြတ်သလဲဆိုတဲ့ မေးခွန်းလို မလွယ်ဘူး၊ နည်းနည်း ဉာဏ်ထုတ် ပြီး စဉ်းစားရတဲ့ ပုစ္ဆာမျိုးကွဲ့၊ နို့မို့ဆိုရင် မျက်စိလည်သွားတယ်"
ဆရာမလည်း စိတ်လိုက်မာန်ပါ မြင်းပွဲဆိုသည်ကို စိတ်နာနာနှင့် ဤလိုပုစ္ဆာမျိုးကို ပေးလိုက်မိပြီးမှ သူ့ပြဿနာကိုသူအတော် ဖြေရှင်းနေရတော့၏။

"ခု ပုစ္ဆာကို မမပေးတာက တခြားကြောင့် မဟုတ်ဘူးကွဲ၊ မြင်းလောင်းတာတို့၊ ဖဲရိုက်တာ တို့ ဆိုတဲ့ လောင်းကစားခြင်းဟာ မကောင်းတဲ့အကြောင်းကို မင်းတို့သိအောင်လို့ပဲ၊ ကဲ ခုန မြင်းလောင်း ဖို့သွားတဲ့ ရုံးစာရေးဟာ ငွေ ၂၀ ကျပ် ပါသွားပေမဲ့ ဝင်ခ ၂ ကျပ်ပေးလိုက်ရတော့ ဘယ်လောက် ကျန်သလဲကွဲ့"
"၁၈ ကျပ် ကျန်ပါတယ် မမ"
"အေး အဲဒီ ၁၈ ကျပ်နဲ့ ကစားလို့ အိမ်ပြန်လာတော့ ၁၈ ကျပ်ပဲ ပြန်ပါလာတာကို မင်းတို့က ရှုံးလဲ မရှုံး ဘူး၊ နိုင်လဲ မနိုင်ဘူးလို့ အဖြေပြတယ်၊ မစွမ်ကြည်ကတော့ အရင်းပဲလို့ ခုနပြောတယ်၊ အမှန်တော့ အတာ ပြောသလိုပဲ နှစ်ကျပ် ရှုံးခဲ့တာပေါ့ကွဲ့၊ ဘာကြောင့်လဲဆိုတော့ ပါသွားတာက ငွေနှစ်ဆယ်၊ ပြန် လာတော့ ဆယ့်ရှစ်ကျပ်ပဲ ပါလာတာကိုး၊ ရှင်းရဲ့လား မမပြောတာ"
"ရှင်းပါတယ် မမ"

"အေး ဒါတောင် လမ်းစရိတ်တွေ ဘာတွေနဲ့ဆို ရှုံးတာနှစ်ကျပ်မကတော့ဘူးပေါ့ကွယ်၊ အေး ဖဲရိုက်တာ တို့ ဘာတို့လဲ အတူတူပဲကွဲ့၊ ဥပမာ လူလေးယောက်ဟာ ငွေ တစ်ယောက်တစ်ဆယ်စီ ကိုင်ပြီး ဖဲရိုက် ကြတယ်ဆိုပါတော့၊ အဲဒါဖဲဝိုင်းထောင်တဲ့အိမ်က တစ်လှည့်ကို တစ်မတ်အကောက်ကောက် တယ်ဆိုပါ တော့ကွယ်၊ အဲ သေသေချာချာနားထောင်နော်၊ မမ မေးမယ်၊ ခုနပြောသလို အဲဒီ လူလေးယောက် ဟာ တစ်ကြိမ်ကို တစ်မတ်ကောက်ပေးပြီး အကြိမ်ပေါင်းနှစ်ဆယ် ကစားတယ် ဆိုပါ့တော့၊ နောက်ဆုံးဖဲဝိုင်း ပြီးတော့ ဒီလူလေးယောက်လက်ထဲမှာ ပိုက်ဆံညီတူညီမျှကျန်တယ်တဲ့၊ ကဲ အဲဒီတော့ လူတစ်ယောက် မှာ ဘယ်လောက်စီရှိမလဲ"

ဤပုစ္ဆာကိုမူ အလွန်တော်သော အတာပင် ယောင်ချာချာဖြစ်သွားတော့၏။ သို့လျှင် အဖြေထုတ်နိုင်မည့် သူ ပေါ်မလာ သဖြင့် ကိုယ်တိုင်ပင် ကျောက်သင်ပုန်းတွင် ရေးခြစ်ပြရပြီး
"ခု မမ တွက်ပြထားတဲ့အတိုင်း တစ်ကြိမ်ကို အကောက်တစ်မတ်ပေးရတော့ အကြိမ်နှစ်ဆယ်ကို ငါးကျပ်ပေးရမယ် မဟုတ်လား၊ အဲဒီတော့ ဒီငါးကျပ်ကို ဘယ်သူက ပေးရတယ်ထင်သလဲ"
"ကစားတဲ့ လူလေးယောက်က ပေးရပါတယ် မမ"
"အဲ ဟုတ်ပြီ၊ ဒီတော့ ခုန လူလေးယောက်ဆီက ငွေတွေပေါင်းလိုက်ရင် ၄၀ ကျပ်ရမယ်နော်၊ ဒီ ၄၀ ကျပ်ထဲ က ငါးကျပ်နှုတ်လိုက်တော့ ၃၅ ကျပ်ကျန်မယ် မဟုတ်လား၊ ဒီတော့ အဲဒီငွေ ၃၅ ကျပ်ကို အညီ အမျှ ခွဲလိုက်စမ်း၊ လူလေးယောက်အတွက် တစ်ယောက် ဘယ်လောက်ရမလဲကွယ်"

အတန်ကြာ ငြိမ်သက်နေပြီးမှ
"ဆယ့်ရှစ်ကျပ် နှစ်ပဲစီရမယ် မမ"
ထိုအဖြေကို အတာပင် ပထမဆုံ ပြောလိုက်၏။
"အဲဒီတော့ လေးယောက်ကစားတာ တစ်ယောက်မှ မနိုင်ဘူးမဟုတ်လား"
"အားလုံးပဲ ငါးမတ်စီ ရှုံးတာပေါ့နော် မမ"ဟု မစွမ်ကြည်က ဖျတ်ခနဲ မေးလိုက်သေး၏။
"အေး ဘယ်နိုင်မလဲကွဲ့၊ အကောက်တွေ ပေးလိုက်ရတာကိုး၊ ဘယ်လောင်းကစားတာပဲဖြစ်ဖြစ် အကောက်အခွန် ဆိုတာ ရှိတာပဲ၊ ဒီတော့ လေးယောက်ကစားကစား ဆယ်ယောက် ကစားကစား စ ကစား ထဲက အကောက်ပေးလိုက်ရလို့ ရှုံးနေတာပဲ၊ ဒါကြောင့် မင်းတို့ကြီးလာတဲ့အခါ အလောင်းအစား နဲ့ သူများ ပိုက်ဆံ လဲ မလိုချင်နဲ့၊ သူများပိုက်ဆံ လိုချင်ရင် ကိုယ့်ပိုက်ဆံလဲ ပေးရတတ်တယ်၊ နားလည် ကြရဲ့လား၊ မမ ပြောတာကို"

"နားလည်ပါတယ် မမ"
"ကဲ အရှင်းဆုံးဥပမာနဲ့ မမ ပြောမယ်၊ တကယ်လို့ အတာ့မှ ငွေတစ်ကျပ်ရှိတာကို သူက လောဘကြီးပြီး နှစ်ကျပ်ဖြစ်ချင်တာနဲ့  ကစားဝိုင်းတစ်ခုမှာ သွားလောင်းတယ်ဆိုပါတော့၊ အဲဒီ လောင်းတယ် ဆိုက တည်းက သူ့ငွေတစ်ကျပ်နဲ့ချပြီး လောင်းရမယ်နော်၊ ကဲ မနိုင်ဘဲနဲ့ ဒိုင်က စားသွားပါပြီ တဲ့ကွယ်၊ အတာ့ ပိုက်ဆံတစ်ကျပ်ဟာ နှစ်ကျပ်ဖြစ်လာပါ့မလား"
"ဘယ်ဖြစ် မလဲ မမ၊ ရှုံးသွားပြီပေါ့" အတာကပင် ပျာပျာသလဲ ပြောလိုက်၏။

"ကဲကွယ်၊ အတာက သူ့ဆီရှိတဲ့ တစ်ကျပ်ကို နှစ်ကျပ်ဖြစ်ချင်တဲ့ လောဘလဲမရှိဘူး၊ ကစားလဲ မကစား ဘူးဆိုပါ့တော့၊ အဲဒီတစ်ကျပ်ဟာ ဘယ်ရောက်သွားမလဲ"
"အတာ့ဆီမှာပဲ ရှိမှာပေါ့ မမရဲ့"
မစွမ်ကြည် ဖြေလိုက်သဖြင့်
"အေး၊ အဲသလို လောဘမကြီးဘဲ မကစားဘဲနေလို့ ဒီတစ်ကျပ်ဟာ လျော့မသွားဘူးကွဲ့၊ လောဘကြီး လို့ ကစားရင်တော့ နိုင်ချင်နိုင်မပေါ့ကွယ်၊ ဒါပေမဲ့ လက်ထဲရှိပြီးသား တစ်ကျပ်လောက် မသေချာဘူး၊ ရှုံးချင်လဲရှုံးနိုင်တယ်၊ ဒါကြောင့်"
ဆရာမသည် စကားကို ဤတွင်ဖြတ်၍ တစ်နေရာသို့ ဆတ်ခနဲ လှမ်းကြည့်လိုက်ပြီးမှ
"ဟေ့ စံဝင်း၊ မင်း မုန့်ဈေးတန်းကို ငေးနေတာ ဘာလဲဆာလှပြီလား ဟင်"
သို့ဆရာမ လှမ်းမေးလိုက်မှပင် စံဝင်းဆိုသူကလေးလည်း မုန့်ဈေးတန်း ဘက် မျှော်ငေးကြည့်နေရာမှ ပြူးပြူးပျာပျာ လှည့်လာတော့၏။

"ဘယ်စာပဲ မေးလိုက်မေးလိုက် မင်း နောက်ဆုံးကချည့်ပဲ၊ ဒါနဲ့လဲ မကြိုးစားချင်ဘူး၊ ဆရာမ သင်ပြနေ လဲ မင်း ငေးနေမယ်၊ ဆော့နေမယ်၊ သူများကို နောက်ပြောင်နေမယ်၊ ဒါပဲ မင်းတတ်တယ်၊ လာဦး ဒီနား ကို"
စံဝင်း သည် ကြောက်ကြောက်ရွံ့ရွံ့နှင့်ပင် ဆရာမအနီးသို့ ကပ်လာ၏။
"စံဝင်း ဒီအတိုင်းသာဆို ခက်သေးတယ် သိလား၊ ကဲ မင်းကြီးလာရင် ပညာမတတ်ဘဲနဲ့ ဘာလုပ်စားမ လဲ ဟင်"
"ကျွန်တော် ဂျော်ကီ လုပ်မယ် မမ"
ဆရာတွင် သက်ပြင်းချရင်း ဟင်းခနဲ မောသွားတော့၏။
"ဘာပြောတယ် စံဝင်း၊ မင်း ဂျော်ကီလုပ်မယ်"
"ဟုတ်ကဲ့၊ ကျွန်တော်တို့ဦးလေးက မြင်းပွဲမှာ ပြိုင်မြင်းတွေမွေးထားတယ်၊ ခြောက်ကောင်တောင်၊ အဲဒါ ဦးလေး ကပြောတယ်၊ မင်းကြီးလာရင် မြင်းစီးတဲ့ ဂျော်ကီလုပ်ရမယ်တဲ့"
ထိုစကား ကြားလိုက်ရသည်နှင့် ဆရာမလည်း အသက်ရှူကြပ်သလို မတ်တတ်မှ ထိုင်ချရင်း စိတ်ပျက် သလို ငိုင်သွားတော့၏။

"ကဲ၊ ကိုယ့်နေရာ ကိုယ်ပြန်ကြတော့၊ မြန်မာစာအုပ်ထုတ်ပြီး ဖတ်နေကြ၊ တော်ကြာ မမ အလွတ်မေး မယ်"
ဆရာမလည်း စိတ်မောလူမောရှိနေလျက်ကပင် ထိုပြဿနာကို ဦးခေါင်းထဲမှ ထုတ်မပစ်နိုင်သေး။ လက်ရှိ ကျောင်းသားမိဘများအတွက် စိတ်အပျက်ကြီးပျက်နေမိတော့၏။
မိမိတို့ သားသမီးများသည် မည်သည့်အတတ်ကို ဝါသနာပါ၍ အဘယ်သာသာရပ်ကို စိတ်ဝင်စား ကြောင်း စူးစမ်းမှုမရှိ။

"မင်းကြီးလာရင် ဂျော်ကီလုပ်၊ မင်း ဆယ်တန်းအောင်ရင် ငါ့လက်အောက်မှ စာရေးဝင်လုပ်၊ မင်းက ဆရာဝန်လိုင်းလိုက်၊ မင်းကတော့ အင်ဂျင်နီယာဘက်သိုသွား" စသဖြင့် မိမိတို့ကြိုက်ရာပုံကိုသာ ဇွတ် အတင်းသွင်းနေကြသောကြောင့် လောကာဓာတ် ပညာဘက်တွင် စိတ်ဝင်စားသူက ဝတ်လုံဖြစ်နေရ၏။ အင်ဂျင်နီယာဘက်၌ စိတ်ထက်သန်သူမှာ ဆရာဝန်ကြီးအဖြစ် စခန်းသွားနေရသည်နှင့်ပင် မြန်မာထဲမှ ကမ္ဘာကျော်လောက်အောင် ဘာတစ်ခုမျှ ထူးထူးချွန်ချွန်ပညာရပ်တစ်ခု မပြနိုင်ဘဲရှိခဲ့သည်ကို ဆရာမ သည် ကြိတ်၍ အသည်းနာနေတော့၏။ သူကိုယ်တိုင်ပင်လျှင် ဆရာဝန်ဘက်ကို စိတ်သန်ခဲ့ပါလျက် ဖခင်ပညာဝန်ထောက်၏ အဓမ္မပုံသွင်းချက်ကြောင့် စိတ်ဝင်စားမှုမရှိပါဘဲလျက် ကျောင်းဆရာမဖြစ်နေရ သည်ကိုလည်း တွေးမိတိုင်း ဝမ်းနည်းမဆုံး ဖြစ်နေရ၏။
သို့တွေးရင်း စိတ်ထိခိုက်ရင်းနှင့်ပင် စာကိုသော်မျှ ဆက်မသင်နိုင်တော့ဘဲ မုန့်စားခေါင်းလောင်းထိုး သည်အထိ ဆရာမသည် တွေးမိတွေးရာ တွေးနေဆဲပင် ရှိသေး၏။

"မမ ဘာစားမလဲ ဟင်"
ဝတ္တရားအတိုင်း အတာကလေး လာမေးမှပင် ဆရာမတွင် လှုပ်လှုပ်ရှားရှားဖြစ်လာပြီး
"အေး မမဖို့ အုန်းထမင်းနဲ့ ဆိတ်သားပြုတ်ကြော် တစ်ပန်းကန်မှာနော်၊ ဟို ပဲတီချဉ်နဲ့ ငါးပိချက်ကို ပန်း ကန်တစ်ချပ်နဲ့ သပ်သပ်ထည့်ပေးပါလို့ပြော၊ မင်းလည်း စားချင်တာ ယူစားပေါ့၊ မမ ပိုက်ဆံပေးမယ်"
ဆရာမအတွက် လိုလေသေးမရှိအောင် မှာပေးပြီးသည်နှင့် သူ့ပိုက်ဆံနှင့်သူပင် ခေါက်ဆွဲကြော်တစ် ထုပ် ဝယ်စား၏။ အတာ၏ရိုးသာမှုကြောင့် ချစ်နေပြီဖြစ်သော ခေါက်ဆွဲသည်အဒေါ်ကြီးက နှစ်ပြားဖိုးနီး နီးလောက် နောက်ထပ် အပိုထည့်ပေးလိုက်သည်နှင့် အတာတွင် နှစ်ပြားဖိုးမျှဖြင့် ဝအီသွားတော့၏။
နေ့လယ် ကျောင်းပြန်တက်သည်နှင့်ပင် ကျောင်းဒရဝမ်က စာတစ်စောင်လာပေးသဖြင့် ဆရာမလည်း လိပ်စာကိုဖတ်ကြည့်ကာ ချက်ချင်းပင် အတာအား ခေါ်ပေးလိုက်၏။

"ဒီစာပို့တဲ့လူက ကိုထွန်းအောင် မိတ္ထီလာတဲ့၊ အဲဒါ မင်းတို့ဖေဖေမဟုတ်လား အတာ"
"ဟုတ်ပါတယ် မမ"
"အေး အေး သွား၊ မင့်နေရာကိုယူသွားပြီး ဖောက်ဖတ်ချည်"
သူ့ခုံရှိရာပြန်ရောက်သည်နှင့် အတာလည်း ဝမ်းမြောက်ဝမ်းသာ ဖောက်ဖတ်ကြည့်၏။ ထုံးစံအတိုင်းပင် သူ့မေမေအတွက် စာတစ်စောင်နှင့် သူ့အတွက် စာတစ်စောင်  ပါလာသည်ကို တွေ့ရ၏။

သားလေး အတာ

မင်း ထည့်ရေးပေးလိုက်တဲ့စာကို ဖတ်ရလို့ ငါ ဝမ်းသာမိတယ်၊ မင့်အတွက် စာ များ များတော့  ရေးစရာမရှိဘူး၊ မင်း စာကိုသာ ကြိုးစားသင်ဖို့ပဲ၊ ငါ နောက် နှစ်လကြာရင် ပြန်လာခဲ့မယ်။
ဒါနဲ့ မင့်အမေ ဒီလအတွက် ကျောင်းလခပေးရဲ့လား၊ အဲဒါ ငါ့ဆီ စာရေးလိုက်ဦး ဟုတ်လား။
ခု စာကို မင်းကျောင်းလိပ်စာနဲ့ထည့်လိုက်တာဟာ ဒီစာကိုမင့်အမေက ဒိပြင်လူကို ဖတ်ခိုင်းမှာ စိုးလို့ပဲ။ ကတယ် လို့ မင်းကို ဖတ်ခိုင်းရင်လဲ ကျောင်းလခ အကြောင်းကိုထည့်ပြီး ဖတ်မပြနဲ့၊ (နောက် နှစ်လကြာရင် ငါ ပြန်လာခဲ့မယ်)ဆိုတဲ့အထိပဲ ဖတ်ပြပေါ့ကွာ။

အဖေထွန်း

အတာလည်း ထိုစာကို သုံးကြိမ်တိတိဖတ်ပြီးမှ စာအိတ်ထဲပြန်ထည့်ကာ "ဒါ တို့အဖေဆီက ရေးလိုက် တဲ့ စာကွ သိလား"ဟု အနီးရှိ သူငယ်ချင်းများကို ရင်တကော့ကော့နှင့် ကြွားနေတော့၏။
ဆရာမ၏မျက်လုံးများသည် အတာ့ဆီတွင်သာရှိနေပြီး အတာ့စာရွက်ကိုခေါက်၍ စာအိတ်ထဲထည့် လိုက်ပြီးမှပင် သင်စရာရှိသည်ကို အစပြုတော့၏။

တစ်နေ့တစ်နေ့နှင့် မသိန်းမက ကျောင်းလခပေးမည်ဟု ချိန်းဆိုထားသောနေ့သို့ ရောက်လာခဲ့ပြီဖြစ် သည်။ မနေ့ကတည်းက နေ့ရက်ကို တွက်ထားခဲ့သော အတာသည် ယနေ့နံနက်မိုးလင်းသည်နှင့် သူ့ ကျောင်းလခ ပြဿနာသည် ခေါင်းထဲတွင် စွဲနေ၏။
မုန့်ဖိုးတောင်းရန် ဈေးဘက်သို့ လျှောက်လာခဲ့၍ မသိန်းမေရှိရာသို့ ရောက်လုလုမှာပင် အတာသည် တစ်စုံတစ်ရာကို သတိရလာ၏။ ကျောင်းလခကို စိတ်ထဲတွင် စွဲလမ်းနေရသည်နှင့် သူ့ဆရာမ မှာလိုက် သော ကျောက်ဆူးတံဆိပ်ဇာလုံချည်ဝယ်ရန်ပင် မေ့နေတော့မလိုရှိကာ ယခုမှ သတိရ သည်နှင့် ၂၅ လမ်းကြားတွင် သုတ်သုတ်ကေးလ သွားဝယ်ခဲ့ရ၏။

"ဟင် ဒီနေ့ မိန်းကလေးတွေ အချုပ် ချုပ်ရမဲ့နေ့ဆိုတော့"
ယနေ့သည် သောကြာနေ့ဟူ၍ အတာသည် ယခုမှ သတိထားမိတော့၏။ ယနေ့ သောကြာဖြစ်သော ကြောင့် နက်ဖြန်ဆိုလျှင် သူ့မေမေ မြင်းပွဲသွားမည်။ သို့ဆိုက ယနေ့ သူ ကျောင်းလခတောင်း၍ဖြစ်ပါ မည်လော။ အဆူအရိုက်ခံ၍ တောင်းသည့်တိုင်အောင် ရလျှင် ကား တော်သေး၏။
စနေ့ ကို မဆိုထားဘိ၊ သောကြာနေ့တွင်ပင် အကြွေးလာတောင်းက မသိန်းမေ အော်မောင်းလွှတ်တတ် သည် ကို အတာ သိ၏။ သို့ဖြစ်သည့်အတိုင်းလည်း ယနေ့ ကျောင်းလခတောင်းလျှင် ပေးလိမ့်မည်မ ဟုတ် သည် သာမက လောလောဆယ် အရိုက်အနှက်ခံရရုံမျှဖြင့် မပြီးသေးဘဲ မုန့်ဖိုးကိုပင် ထိခိုက်သွားစရာ ရှိလျက် နက်ဖြန် မြင်းရှုံးပါကလည်း "နင့်ကြောင့်"ဟူ၍ နောက်ဆက်တွဲ အကန်အကျောက် ခံရမည် မှာ သေချာ၏။

သို့ တမျှော်တခေါ် တွေးမိလိုက်သည်နှင့် အတာလည်း "သူပေးမှပဲ ယူတော့မယ်လေ"ဟူသော အား လျှော့မှုကလေးဖြင့် သူ့မေမေအနီးသို့ အရိပ်အခြည်ကြည့်ရင်း ကပ်သွား၏။
ယနေ့လည်း အတာသည် ကုသိုလ်ကောင်း၏။ မုန့်ဖိုကို မသိန်းမေက ကျေကျေနပ်နပ်နှင့်ပင် ထုတ်ပေး လိုက်၏။ သို့သော် ကျောင်းလခနှင့်ပတ်သက်၍မူ ဘာတစ်ခွန်းမျှမပြော၊ သတိပင်ရဟန်မတူပင် ခပ်အေးအေး အမူအရာဖြင့် ဈေးဗန်းကို ပြန်နေသောကြောင့် အတာတွင်လည်း ယောင်၍မျှ စကားမဟ ဝံ့သည့် အတိုင်း ကြာကြာပင် မဆိုင်းဘဲ ထွက်လာခဲ့ရတော့၏။
ယနေ့သော် အတာသည် ဆရာမခေါ်မေးသည်ကိုပင် မစောင့်တော့ဘဲ ဆရာမစားပွဲတွင် သွားရပ်ကာ
"ကျွန်တော်တို့မေမေက ကျောင်းလခကို ၁၅ ရက်နေ့ပေးမယ်ပြောပြီး ဒီနေ့လဲ မပေးလိုက်သေးဘူး မမ"

"ဟေ ဘယ်နေ့ပေးမယ်လို့ကော မပြောဘူးလား"
"ဘာမှကို မပြောလိုက်ဘူးခင်ဗျ၊ ကျွန်တော်လဲ မမေးရဲဘူး၊ ရိုက်မှာကြောက်တာနဲ့"
"ဖြစ်ရလေကွယ်၊ မင့်မေမေက ကျောင်းလခတောင်းတာကိုပဲ ရိုက်ရသေးသတဲ့လား"
သောကြာနှင့် စနေများတွင် ပိုက်ဆံတောင်းခြင်းနှင့်ပတ်သက်၍ သူစောင့်စည်းရသော ဝတ္တရားများကို အတာ က ရှင်းပြလိုက်သည်၌ ဆရာမတွင် စုတ်တသတ်သတ်ဖြင့် စောစောကထက်ပင် စိတ် မကောင်း ဖြစ်သွားရတော့၏။

အတာကလေး သူ့နေရာသူပြန်ရောက်၍ မကြာမီပင် ဆရာမသည် စားပွဲကို ကြိမ်လုံးဖြင့် သုံးလေးချက် ရိုက်လိုက်ခြင်းအားဖြင့် အတန်းသားများ သူ့ဆီသို့ အာရုံစိုက်စေလျက်
"ကျောင်းသွားကျောင်းပြန် ဘတ်စ်ကားစီးဖို့ စာရင်းပေးထားတဲ့လူတွေ သေသေချာချာ နားထောင်ကြ၊ ဒီနေ့ ညနေ ကျောင်းလွှတ်ချိန်ကစပြီး အဲ့ဒီစာရင်းပေးထားတဲ့လူတွေကို ဘတ်စ်ကားနဲ့ ပို့ပေးလိမ့်မယ်၊ အဲဒီတော့ ညနေ ကျောင်းလွှတ်ရင် ကိုယ့်အတန်းထဲမှပဲ ကိုယ်ထိုင်နေကြရမယ် ကြားရဲ့လား"
"ကြားပါတယ် မမ"
အသွားအပြန် ကျောင်းကားစီးမည်ဟု စာရင်းပေးထားသော ကလေးများက ဝမ်းသာအားရသို့လျှင် ဖြေလိုက်ကြ၏။

"နောက်ပြီး နက်ဖြန်ကျရင်လဲ မင်းတို့ကို ကျောင်းကားနဲ့ လာကြိုလိမ့်မယ်၊ မနက် ရှစ်နာရီတိတိမှာ မင်း တို့အဆင်သင့်ပြင်ထားရမယ်နော်၊ အဆင်သင့်လုပ်မထားတဲ့လူကို ကျောင်းကားက စောင့်နေမှာမဟုတ် ဘူး၊ မှတ်မိရဲ့လား"
"မှတ်မိပါတယ် မမ"
"အေး ကျောင်းကားအတွက် တစ်လကို သုံးကျပ်ပေးရလိမ့်မယ်ဆိုတာ မင်းတို့သိပြီနော်၊ ဒီနေ့ ၁၅ ရက် ဆိုတော့ တစ်လရဲ့တစ်ဝက်၊ အဲဒီတော့ လဆန်းရင် မင်းတို့လဝက်ခပဲ ပေးရမယ်၊ လဝက်တွက်ဆိုတော့ ဘယ်လောက်ကျ မလဲဟေ့"
"တစ်ကျပ်ခွဲပါ မမ"
"အဲဒီတော့ လဆန်းလို့ ကျောင်းလခ ယူလာတဲ့နေ့မှာ ကျောင်းကားအတွက် တစ်ကျပ်ခွဲကိုပါ ယူခဲ့ကြရ မယ်"

ကျောင်းသားမိဘများ၏တောင်းဆို နားပူချက်အရ ကျောင်းအုပ်ကြီးတွင် ကျောင်းဘတ်စ်ကားထားရန် အတွက် အပူတပြင်း စီမံရတော့ကာ အလွယ်ကူဆုံးနှင့် အမြန်ဆုံးဖြစ်သွားစေရန် ခရီးသည်တင်ကားအ ဖြစ် သွားလာနေသော ဘတ်စ်ကားတစ်စင်းကိုပင် ခပ်သုတ်သုတ်ဝယ်လိုက်ရတော့၏။ ဈေးသက်သက် သာသာနှင့်လည်းရ၊ ကျောင်းသားမိဘများလည်း ကျေနပ်မှုရသွားစေရန် ကျောင်းအုပ်ကြီးသည် လကုန် အထိပင် မစောင့်တော့ဘဲ ၁၅ ရက်နေ့မှပင် စတင်၍ ကားဖြင့်ပို့ပေးရန် စီမံလိုက်တော့၏။
လဆန်းစလောက်ကပင် စတင်ကြေငြာ၍ စာရင်းသွင်းစေခဲ့ရာ၌ ကျောင်းကားဖြင့် ကျောင်းတက်ရန် အတာတို့အတန်းမှ ကိုးယောက်စာရင်းပေး၏။ ထိုအထဲတွင် စံဝင်းနှင့် ရာမာဆိုသူ ဂေါ်ရင်ဂျီကုလား ကလေး တစ်ယောက်လည်း ပါ၏။

အခြားသော ကလေးတို့မှာ များသော အားဖြင့် ကျောင်းပတ်ဝန်းကျင် အနီးအနားတွင် သာနေကြနေသော ကြောင့် ကျောင်းကားကို စီးရန်မလို။ အတာကလေး အဖို့တွင် မူ ကျောင်းနှင့်အတော်ကလေး အလှမ်း ဝေးသည်ဖြစ် ၍ ကျောင်းကားစီးရန် လိုအပ်သည် မှန်သော်လည်း ကျောင်းလခပင်အနိုင်နိုင်ဖြစ်နေသော ကြောင့် အတာ မှာယောင်၍မျှ စိတ်မကူးဝံ့ခဲ့ဘဲ ဆရာမ က အိမ်ရှိလူကြီးများအား မေးမြန်းခဲ့ရန်မှာသည်ကို ပင် အတာသည် မမေးခဲ့။ ကျောင်းကား ကိစ္စနှင့်ပတ်သက်၍ သူ့မေမေကို ဘာတစ်ခွန်းမျှ စကားရိပ် မသန်းခဲ့၊ သို့သော် သူ စီးချင်ရှာ၏။
သို့ စီးချင်သည်မှာလည်း စစ်စစ် ကျောင်းတက်ကျောင်းပြန် ခြေကျင်ချည့် သွားလာနေရ၍ ညောင်းညာ ပင်ပန်းသောကြောင့်မဟုတ်၊ ကလေးတို့သဘာဝအတိုင်းပင် အညံ့မခံလိုစိတ် အများနည်းတူ စီးလို သည့်စိတ်ကြောင့်သာဖြစ်၏။

ရာမာဆိုသူ ဂေါ်ရင်ဂျီကုလားကလေးမှာ ကျောင်းနှင့် ငါးမိနစ်လောက်လျှောက်လျှင် ရောက်နိုင်သည့် ဘုန်းကြီးလမ်း တွင် နေ၏။ အတာ့အဖို့မူ ခပ်သုတ်သုတ်သွားနိုင်ပါမှ ဆယ့်သုံးလေးမိနစ်ကြာ၏။
ရာမာ တို့နှင့် အခြေအနေချင်း နှိုင်းယှဉ်လိုက်သော် အတာတို့ကသာ၏။ ရာမာ၏အဖေမှာ တစ်နေ့တစ် ကျပ်ပင် မနည်းကြီးဝင်အောင် ကြိုးစားရသော သင်္ဘောကြီးကူလီဖြစ်၏။ ရာမာ၏အမေက မဆလာ ကြိတ်ရောင်းခြင်းဖြင့် တစ်ဖက်တစ်လမ်းရှာ၏။

ဂေါ်ရင်ဂျီကုလားတို့မည်သည် သားသမီးများကို အင်္ဂလိပ်ကျောင်းထား၍  ပညာသင်ပေးသည်မှာ ရှာမှ ရှား၏။ သို့သော် ရာမာ၏ဖခင်မှာမူ အခြားသော ဂေါ်ရင်ဂျီကုလားများကဲ့သို့ မိမိက ကူလီဆိုလျှင် သားကိုလည်း  ကူညီလုပ်ခိုင်းလျက် မိမိက လန်ခြားဆွဲလျှင် သားသည်လည်း အရွယ်ရောက်သည်နှင့် လန်ခြားဆွဲခိုင်းချင်သော စိတ်မျိုးမရှိ။

"ကျွန်တော်နော် သင်္ဘောကြီးမှာ လုပ်တယ်၊ အများကြီး ဒုက္ခများတယ် အမာ၊ အများကြီး ပင်ပန်းတယ်၊ ရာမာနော် ဒီလိုမလုပ်ရဘူး၊ အင်းဂလိစာ၊ မြန်မာစာတတ်တယ်နော်၊ တစ်လကို နှစ်ဆယ်သုံးဆယ် ရပစီ တော်ပြီ၊ သူ ထမင်းစားဖို့ရမှာပဲ၊ ကရာနီအလုပ်လေ စာရေးအလုပ်နော် အများကြီးကောင်းတယ် အမာ၊ အလုပ် အများကြီးသက်သာတယ်၊ ကူလီ အလုပ်နော် အလကားပဲ"
ရာမာ၏ ဖခင် ကုလားကြီးကိုယ်တိုင် ဆရာမထံသို့ မကြာခဏလာရောက်ကာ သို့လျှင် သူ့ဘဝ ကို ပြော ပြတတ်၏။ သူ့သားအပေါ်၌ အဘယ်မျှမေတ္တာထားသည်ကို အစီရင်ခံရင်း ရာမာ စာမကြိုးစားက သွေး ထွက်အောင်ရိုက်သည်ဖြစ်စေ၊ သူစိတ်ဆိုးမည် မဟုတ်  ကြောင်း  တောင်းတောင်းပန်ပန်နှင့် သူ့သားအား ဂရုစိုက်သင်ကြားပေးရန် မေတ္တာရပ်ခံလေ့ရှိ၏။ ထို့ကြောင့် လည်း အတာသည် ရာမာတို့၏အခြေအနေ ကို ရေရေလည်လည် သိခွင့်ရခဲ့၏။

အတာ့မေမေနှင့် ရာမာတို့မေမေ ဝင်ငွေချင်း သိသိသာသာခြားနား၏။ ကိုထွန်းအောင်သည် တစ်လ လေးဆယ့်နှစ်ကျပ်မှန်မှန်ရ၏။ ရာမာတို့အဖေမှာမူ တစ်လ သုံးဆယ်ပင် မသေချာ။
သို့သော် ရာမာတည်းဟူသော ဂေါ်ရင်ဂျီကုလားကလေးသည် အတာထက် အစစအရာရာတွင်သာ၏။ ရာမာသည် နံနက်ကျောင်းတက်တိုင်း ခေါက်ရိုးမကျိုးသော ဒိုဘီကျ ရှပ်အင်္ကျီအကောင်းစားကို ထည် လဲနှင့် လာတတ်၏။ မိုးရာသီတွင် မိုးကာအင်္ကျီနှင့် ဆောင်းဦးပေါက်လျှင် သက္ကလတ်ကွက် သက္ကလတ် ဆွယ်တာနှင့်ဆိုသလို ဘာမျှလိုလေသေးမရှိအောင် သူ့မိဘများက ဆင်ပေးလေ့ရှိ၏။ မုန့်ဖိုးအနေဖြင့် လည်း အိမ်တွင်အဝ နံနက်စာကို ကျကျနနစားခဲ့ရသည့်အပြင် တစ်မူးတိတိ အိတ်ထဲတွင် ပါလာချေ သေး၏။ တစ်ခါတစ်ရံ အတာ့ကိုပင် တစ်ပဲမှ တစ်မူးဖိုးအထိ ဖောဖောသီသီ ဝယ်ကျွေးနိုင်လောက် အောင် တစ်မတ်ငါးမူး ပါလာတတ်သေး၏။

"တို့အဖေကလေ ငါ ကျောင်းမနေတော့ဘူးဆိုရင် တစ်ခါထဲငိုတာပဲကွ၊ မင်း ကျောင်းမနေရင် ငါလိုပဲ ကူလီဖြစ်တော့မှာပဲဆိုပြီး တစ်ခါထဲအော်ငိုတာပဲ၊ တို့အဖေက ငါ ကူလီဖြစ်မှာ သိပ်ကြောက်တာပဲ၊ ဒါ ကြောင့် ငါ ပိုက်ဆံပိုလိုင်ချင်ရင် ကျောင်းမသွားတော့ဘူးလို့ ပြောလိုက်တာပဲ၊ အဲသလိုဆိုရင် ငါတောင်း သလောက် ပေးတယ်ကွ၊ ဒီနေ့လေ ငါ ငါးပဲတောင်ရတယ် ဆရာ"
အကြောင်း ဆိုက်တိုင်း ရာမာသည် အတာ့အား ဤလိုပြောပြလေ့ရှိ၏။

ယခုလည်း ရာမာသည် ကျောင်းတက် ကျောင်းပြန် ကားနှင့်သွားရတော့မည်ဖြစ်၍ အတာထက် သာ သွားပြန်လေပြီ။ သို့သော် အတာသည် ရာမာ့အပေါ်၌ မနာလိုစိတ်မရှိ။ ရာမာသည် ဂဏန်းသင်္ချာနှင့် မြန်မာစာမှလွဲလျှင် အားလုံးသောဘာသာ၌ ညံ့သူဖြစ်သောကြောင့် အတာသည် သူ့အား သနား ၏။ အမြဲလိုလို အားလပ်ချိန်ရတိုင်း အတာက စာပြပေးလေ့ရှိ၏။ သို့ကြောင့်လည်း ရာမာက အတာ အား ချစ်၏။ အတာကလည်း ချစ်၏။

"ဟေ့ ရာမာ၊ မင့်ဖိနပ် ဘယ်လောက်ပေးရသလဲကွ"
တစ်နေ့သော် ရာမာစီးလာသည့် ပန်းရှုါ်ခေါ် ဖဲကြိုးတပ်သားရေပြောင် ဖိနပ်အသစ်ကလေးကိုကြည့်ရင်း အတာက မေးသည်ကို
"လေးကျပ်လေ၊ စပယ်ရှယ် မှာချုပ်တာပေါ့၊ ဒီဖိနပ်မျိုး ငါစီးချင်နေတာ ကြာပြီကွ၊ တို့အဖေက ဈေးများ တယ်ဆိုပြီး ချုပ်မပေးဘူး၊ ဟိုစနေနေ့ကတော့ ငါလဲ သိပ်စီးချင်တာနဲ့ ဒီဖိနပ်ချုပ်မပေးရင် ကျောင်းထွက် တော့မယ်လို့ ပြောတာနဲ့ တို့ဖေဖေက သူ စုထားတဲ့ ပိုက်ဆံဘူးကလေးဖောက်ပြီး လိုက်ချုပ်ပေးတယ် ကွ၊ ကောင်းတယ်နော်"
"အေး သိပ်လှတာပဲ"

"မင်းကော တစ်ရန်ချုပ်ပါလားကွ"
ရာမာက လွယ်လွယ်ကလေး ပြောလိုက်သလောက် အတာတွင်မူ စိတ်ရောလူပါ မောသွားတော့၏။
"ငါ မချုပ်နိုင်ပါဘူး ရာမာရာ"
အတာတွင် ထိုမျှသာ ပြန်ပြောနိုင်၏။
"မင်း လိုချင်ရင် ဒီဖိနပ်ယူလေ၊ ငါ တို့အဖေကို ဖိနပ်ပျောက်သွားပြီဆိုပြီး အသစ်ထပ်ချုပ်ခိုင်းမယ်"
ထိုစကားအတွက် အတာကလေး ငိုင်သွား၏။

"ဟေ့ကောင် မင်း ဒီလိုမလုပ်နဲ့ကွ၊ မင်းတို့အဖေဟာ ဘယ်လောက်တောင် သနားဖို့ကောင်းသလဲ၊ မင်း ပူဆာရင် ဘာမဆို ဝယ်ပေးတာပဲမဟုတ်လား၊ ဒီလို သဘောကောင်းတဲ့ အဖေ အမေကို ခဏခဏ စိတ် ညစ်အောင်လုပ်ရင် မင်း ငရဲကြီးလိမ့်မယ်ကွ၊ နားလည်လား"
"ဒီလိုဆိုလဲ မင့်စကားကို ငါ နားထောင်မှာပေါ့ကွာ၊ ငါကတော့ မင့်ကို ချစ်လို ဒီဖိနပ်ပေးချင်တာပါ"
ရာမာ၏ မိဘများသည် သားကို ပညာတတ်စေလိုသောဇောနှင့် မေတ္တာစိတ်ကြောင့် ဤမျှအလိုလိုက် ယုယ သည်နှင့်ပင် မပြီးသေး၊ တစ်ခါတစ်ရံ မုန့်ဖိုးပေးပြီးဖြစ်ပါလျက် နေ့လယ် မုန့်စားလွှတ်သောအခါ များ၌  ရာမာ၏မိခင်ကြီးရောက်လာကာ ဝယ်လာသော ဖွယ်ဖွယ်ရာရာမုန့်ကလေးများကို ပေးသွားကျွေး သွား တတ်သေး၏။

သို့လျှင် ဂရုတစိုက်ရှိပုံကို အတာသည် သူ့မေမေနှင့်နှိုင်းယှဉ်ကြည့်မိရာမှ တစ်ခါတစ်ခါသော်
"ငါသာ ရာမာတို့အမေဝမ်းထဲ ဝင်စားမိရင် ကောင်းမှာပဲ"ဟူ၍ပင် ကယောင်ကတမ်း ရေရွတ်မိရှာ၏။

အချိန်မှာ ညနေကျောင်းလွှတ်ချိန် ၁၀ မိနစ်ခန့်သာ လိုတော့သောအချိန်ဖြစ်၏။ ဆရာမသည် မိန်းကလေးများကို ခေါင်းအုံးစွပ် ပန်းထိုးပညာကို သင်ပြပေးနေ၏။ အတာမှာမူ ယောက်ျားလေးတစ် သိုက်နှင့် အခန်းထောင့်တစ်နေရာတွင် မြန်မာဖတ်စာအုပ်တစ်အုပ်ကိုင်၍ ဆရာမလေသံမျိုးအတိုင်း ဖတ်ရင်း အဓိပ္ပာယ်ရှင်းပြရင်းဖြင့် အလုပ်ရှုပ်နေ၏။
မကြာမီ ပင် ကျောင်းဝင်းထဲသို့ မောင်းဝင်လာသောဘတ်စ်ကားကြီးနှင့်အတူ စက်သံသည် တစ်ကျောင်း လုံး ဆူညံသွားတော့၏။ ဤတွင် ကျောင်းကားနှင့် ပြန်ကြရမည်ဖြစ်သော ယောက်ျားလေးများ၏ ဝမ်း မြောက်ပျော်မြူးသံ မှာ ထိန်းမရအောင် ညံနေသည်နှင့်
"အတာ မင့်ဘက်က ဘာလို့ ဒီလောက်ဆူနေသလဲ၊ ပြောလို့မရရင် ရိုက်လို့ မမ မှာထားတယ်မဟုတ် လား" ဟု ဆရာမက လှမ်းပြောလိုက်မှ စကားဖြင့်သာ ဖျောင်းဖျောင်းဖျဖျ ပြောလေ့ရှိ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, March 27, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၁၃)

(" ဒိုလားရက်စ်ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သမီးရယ်၊ မေမေသာရှိရင် သစ်ဖြူတော မှာပဲ မွေးဖြစ်မှာ "
ဂျူးဒစ် စိတ်ထဲတွင် ဖေဖေ ပြောသည့်အတိုင်း ဖြစ်လာမည် မထင်ပါ။ သို့သော် ဘာမျှ ပြန်မပြောဘဲ ဒိုလားရက်စ် ၏ အိပ်ရာနံဘေး အရောက်တွင် - " ဒိုလားရက်စ်၊ ဖေဖေ လာတယ်လေ၊ မင်းနဲ့ တွေ့ချင် လို့တဲ့ ")
ကို ဆက်ဖတ်ရန်.....

ယောက္ခမကြီးကို ဒိုလားရက်စ် နွမ်းနယ်နေသည့်မျက်နှာဖြင့် တစ်ချက်မော်ကြည့်သည်။ မတ်က -
" သားချောကလေး မွေးပေးတဲ့ မင်းကို တို့ ကျေးဇူးတင်နေကြတယ် ဒိုလားရက်စ်"
" ဟုတ်လား "
ဒိုလားရက်စ်က မလှုပ်မရှားဘဲ ပြန်မေးသည်။
" ဟုတ်ပါတယ်ကွယ်၊ ရော်ဂျာလို့တောင် နာမည်ပေးပြီးပြီ။ အလွန်သတ္တိပြောင်တဲ့ ဘာသာရေးခေါင်း ဆောင်တစ်ယောက်ရဲ့ နာမည်လေ "
" ကောင်းပါတယ် "

မတ် က နှုတ်ခမ်းကို တံတွေးဆွတ်လိုက်ပြီး ကုတ်အင်္ကျီထဲ လက်နှစ်ဖက် ထည့်လိုက်သည်။ ဖေဖေ သည် ဆံပင်တု ကို စွပ်ခဲသည်။ အလွန့်အလွန် အရေးကြီးသည့် ကိစ္စများတွက်တော့ စွပ်လေ့ရှိသည်။ ယနေ့ ဆံပင်တု စွပ်လာ၏။ အနေရ ကျပ်နေပုံဖြင့် နဖူးရေ တွန့်ထားသည်။
" ကာလက် မကြာခင် လာပါလိမ့်မယ် "
ဒိုလားရက်စ် မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။ မရိုက်ဘဲ မျက်ရည်တွေတွေကျကာ ကျိတ်ငိုနေသည်။
" ကျွန်မ အနားက တစ်ဆိတ် ထွက်သွားပါ " ဟု တိုးတိုးပြောသည်။

မတ်ရှာရမီ က လက်တစ်ဖက်ကို ကုတ်အင်္ကျီအိတ်ထဲက ထုတ်ပြီး အင်္ကျီကြယ်သီးတစ်ခုကို လိမ်နေ သည်။ ဂျူးဒစ် က ဒိုလားရက်စ်၏ ဆံပင်ကို ပွတ်သပ်ပေးနေရာမှ -
" ကဲ သွားစို့ ဖေဖေ" ဟု တိုးတိုးပြောလိုက်သည်။
သမီး၏ လက်မောင်းကို တွဲပြီး မတ် အခန်းထဲမှ ထွက်ခဲ့သည်။
ခန်းမထဲ ရောက်တော့ -
" ဖေဖေ ပြန်မှ ထင်တယ် "
" ညစာစားချိန် ရောက်တော့မယ်၊ ဖေဖေကလဲ စားပြီးမှ ပြန်လေ "

" မစားတော့ဘူး သမီး၊ ဖေဖေပြန်မယ်၊ သမီးက ... သမီးက ဒိုလားရက်စ်ကို တော်တော် သည်းညည်း ခံ တယ်နော် "
" သည်းသည်းတော့ ခံပါတယ်၊ ဒါပေမဲ့ အမြဲတမ်းတော့ မဟ်ုတ်ဘူး ဖေဖေ၊ မခံနိုင်တဲ့အဆုံးတော့ သမီး လည်း သူ့ကို ရက်ရက်စက်စက် ပြောမိတယ် "
" အင်း ဖေဖေ ထင်တယ်လေ၊ သူတို့လို ဟာမျိုးတွေကို ဖေဖေတို့ နားလည်ဖို့ သိပ်လွယ်မှာ မဟုတ်ဘူး "
သက်ပြင်းချပြီး ဖေဖေ ထွက်သွားသည်။

ဝက်သစ်ချမြိုင်သို့ ကာလက် ရောက်လာချိန်တွင် ရော်ဂျာကလေး ခြောက်ရက်သားရှိနေပြီ။
သားကလေးကို ကာလက် သိပ်တွေ့ချင်နေပြီ။ သို့သော် တစ်ပြိုင်တည်းတွင် ဒိုလားရက်စ်နှင့်လည်း မျက်နှာချင်း မဆိုင်ချင် ဖြစ်နေ၏။
တနင်္ဂနွေနေ့ဖြစ်၍ သားအဖနှစ်ယောက် ဘုရားရှိခိုးကျောင်းသို့ သွားရန် ရှိနေသည်။ သို့သော် အဖေ့ကို တစ်ယောက်တည်း လွှတ်လိုက်ပြီး မြင်းတစ်စီးဖြင့် မြစ်ဘက်သို့ ထွက်ခဲ့သည်။ ဂျူးဒစ်၏ စာတို ကလေး ရောက် မလာမီအထိ သူ သည်လို ခံစားရလိမ့်မည် မထင်ခဲ့။ လောကတွင် ရော်ဂျာရှာရမီ ဆိုသည့် ချာတိတ် ရောက်နေပြီ ဆိုသည်ကို သိနေကတည်းက သူ့အာရုံ ဘယ်ကိုမှ မပျံ့လွင့်တော့။
မြစ်ပြင်ပေါ်တွင် တငွေ့ငွေ့ လွင့်တက်နေသည့် နှင်းငွေ့တွေကို ကြည့်ပြီး ကာလက်၏ ရင်ထဲ တွင် ဒေါသတွေ လှိုင်းထလာပြန်သည်။ လိမ်ညာလှည့်ဖြားကာ မိမိကို အရချိုင်ယူသည့် မိန်းမ။

ကာလက်သည် လူဖြောင့်တစ်ယောက်ဖြစ်၏။ ဒိုလားရက်စ်၏ ဒဏ္ဍာရီများကို ယုံကြည်ခဲ့၏။ သည်ပုံပြင်များဖြင့် မိမိကို အသုံးချသွားခြင်းဖြစ်ကြောင်း သိပြီးကတည်းက ကာလက်တစ်ယောက် အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရသည်။ သိက္ခာလည်း အကျကြီး ကျခဲ့ပြီ။
လူတိုင်း၏ ပါးစပ်ဖျားတွင် သူသည် သနားစရာ သတ္တ၀ါ တစ်ကောင်အဖြစ် ရယ်ပွဲဖွဲ့ခြင်းခံနေရပြီ။ သည်အရွယ် အထိ ဘယ်သူ့ ကြင်နာသနားမှုကိုမှ ကာလက် မခံခဲ့ဖူး။ သရော်လှောင်ပြောင်လည်း မခံခဲ့ဖူးပေ။

တွေးလေ တွေးလေ သည်းမခံနိုင်လေ ဖြစ်နေသည်။ သည်မိန်းမကို ကလဲ့စားချေရမည်။ မိမိ ခံစားနေရ သလို ခံစားရအောင်၊ ထိထိခိုက်ခိုက် ဖြစ်အောင် လုပ်ရမည်။ ပြီးတော့ မိမိ လူသိရှင်ကြား အရှက်ကွဲခဲ့သလို အများသိအောင် ဒဏ်ခတ်ရမည်။ ကာလက်ရှာမီဆိုတဲ့ ကောင်ဟာ သိုးငယ်လေးတစ်ကောင် မဟုတ်ဘူး ဆိုတာ သိကြရမှာပေါ့ကွာ။
မြင်းဇက်ကြိုး ကို တုံ့ခနဲဆွဲပြီး ၀က်သစ်ချမြိုင်ဘက်သို့ ဦးတည်လိုက်သည်။ ဖီးလစ်နှင့် ဂျူးဒစ် တို့ကို တွေ့လျှင် အငြင်းအခုံ ဖြစ်နေရဦးမည်။ သည်အချိန်ဆို သူတို့ အိမ်မှာမရှိနိုင်။ ဘုရားရှိခိုးကျောင်း မှ ပြန်ရောက်ကြဦးမည် မဟုတ်သေး။ လှေကားထစ်တွင် ထိုင်ငိုက်နေသည့် ဂျိုးက ကာလက်ကို မြင်တော့ ၀ုန်းခနဲ ထရပ်ပြီး မျက်လုံးပြူး၊ မျက်ဆန်ပြူး ကြည့်နေသည်။ အင်း ... ဒီကိစ္စ အစေခံတွေပါ သိနေပြီကိုး။ ကာလက် ပိုပြီး ခံပြင်းသွားပြန်သည်။

" မစ္စဒိုလားရက်စ် ဘယ်မှာလဲ "
ကာလက် သံပြတ်နှင့် မေးသည်။
" အခန်းထဲမှာ ရှိပါတယ် အစ်ကိုလေး "
" ကလေးထိန်းကို သွားပြောစမ်း၊ ကလေးကို ခေါ်လာခဲ့လို့ "
" ဟုတ်ကဲ့ခင်ဗျ" ဟု ပါးစပ်က ပြောပြီး၊ မျက်လုံးပြူးကြီးနှင့် ဂျိုးစိုက်ကြည့်နေဆဲ။
" ဟေ့ကောင်၊ သွားလေ၊ ငါပြောတဲ့အတိုင်း မြန်မြန်လုပ်စမ်း "
ကာလက် ကြောက်မက်ဖွယ် ဟိန်းဟောက်လိုက်တော့မှ ကျောပေါ်ကျလာသည့် ကြိမ်ကို လွတ်အောင် ရှောင်သည့်အလား ခုန်ချထွက်ပြေးသွား၏။ ဂျိုး အိမ်ထဲဝင်သွားတော့ ဥပစာဆောင်တွင် ကာလက် ရပ်စောင့်နေသည်။

ခဏနေတော့ ကပ္ပလီမကလေးတစ်ယောက် ထွက်လာသည်။ ကလေးကို ပွေ့လျက်။ အခန်းဝတွင် ရပ်ပြီး ကာလက်ကို အရိုအသေပေးသည်။ သူ့အမူအရာက ရှေ့ဆက် တိုးမလာရဲသလို။ ကာလက်က သူ့ဆီ လျှောက်သွားသည်။
" ငါ့ကို ပေးစမ်း "
ကလေးထိန်း ကောင်မလေး ဝေခွဲမရ ဖြစ်နေပုံရ၏။ ပြီးမှ အထုပ်ကလေးကို ကမ်းပေးသည်။ ကလေးငယ် ကို ကာလက် အူကြောင်ကြောင်နှင့် ငုံ့ကြည့်သည်။ သူ အံ့သြနေ၏။ ကလေးပေါက်စကလေးတွေ သည်လောက် သေးကွေးလိမ့်မည်ဟု သူ မထင်ခဲ့။

အိပ်ပျော်နေသည့် ရော်ဂျာကလေးသည် ကလေးထိန်းလက်ထဲမှ သူ့အဖေလက်ထဲ ရောက်တော့ နိုးသွားပြီး တစ်ချက်အဲ့လိုက်သည်။ ကာလက်လှည့်ထွက်လာပြီး တံခါးမကြီးဆီသို့ လျှောက်သွား သည်။
" အစ်ကိုလေး၊ ဘယ်ခေါ်သွားမလို့လဲရှင့် "
ကောင်မလေး နောက်မှ လိုက်သွားပြီး အော်မေးသည်။ ကာလက်က သမင်လည်ပြန် လှည့်ပြီး -
" ဟဲ့ ကောင်မလေး၊ နေခဲ့၊ နင် ရှေ့တစ်လှမ်း တိုးရဲတိုးကြည့် "
ကလေးထိန်းကောင်မလေးနှင့် ဂျိုးတို့နှစ်ယောက် နောက်မှ ပြေးလိုက်သွားသည်။ ကာလက်က ကလေးကို ပွေ့ပြီး သူ့မြင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားနေပြီ။ ပြီးတော့ ကလေး ကို ပွေ့လျက်သား မြင်းပေါ်လွှားခနဲ ခုန်တက်လိုက်သည်။

ကလေးထိန်းက ခြေနင်းကွင်း ကို ကိုင်ပြီး အထိတ်တလန့်အော်သည်။
" အစ်ကိုလေး မလုပ်ပါနဲ့၊ ကလေး ပြန်ပေးပါရှင့် "
" ဟဲ့ ကောင်မလေး၊ နင့်ပါးစပ် ပိတ်ထားစမ်း၊ ခု လွှတ် "
ဂျိုးကလည်း ကောင်မလေးဘက်က ၀င်ပြောသည်။
" အစ်ကို လေးကာလက်၊ ကျွန်တော်တို့ အစ်ကိုလေးဖီးလစ်က ကလေးပေးလိုက်ဖို့ အမိန့်မပေးခဲ့ပါဘူး၊ ဒါကြောင့် ကျွန်တော် တို့ မပေးရဲပါဘူး ခင်ဗျ"
" ဟေ့ကောင်လေး၊ တိတ်တိတ်နေစမ်း၊ မင်း အဆော်ခံချင်လို့လား၊ ဖယ် "

ခြေနင်းကွင်းကို ကိုင်ထားသည့် ကလေးထိန်းကောင်မလေး၏ လက်ကို ခါထုတ်လိုက်ပြီး မြင်းကို အသော့ စနှင်သည်။ ကောင်မလေး တရှုပ်ရှုပ်ငိုကျန်ရစ်သည်။ ရော်ဂျာလေး နိုးလာပြီး အော်ငိုလေ သည်။ ကာလက် နောက်သို့ လှည့်မကြည့်တော့။
ညနေပိုင်း တွင် ဖီးလစ်နှင့် ဂျူးဒစ်တို့ သစ်ဖြူတောသို့ ရောက်လာကြသည်။ ဖီးလစ် ကာလက်ကို နားချနေသည်။
" မောင်ရင် သူ့ကို မြင်စေချင်တယ်ကွာ၊ တကယ် သနားစရာပဲ "
ကာလက် ဘာမှ စကားပြန်မပေး။ ဂျူးဒစ်ကလည်း အားနှင့် မာန်နှင့် ၀င်ပြောသည်။

" ကာလက်လုပ်ပုံက ကံကောင်းလို့ သူ မသေတာ သိလား၊ ကလေးကို ခေါ်သွားမှန်းလည်းသိရော အိပ်ရာပေါ်က ခုန်ချပြီး ကာလက်နောက်ကို တအားပြေးလိုက်တာတဲ့လေ၊ ခန်းမထဲမှာတင် သတိမေ့ပြီး လဲကျ သွားတယ်၊ အိန်ဂျဲလစ် လုပ်တတ် ကိုင်တတ်လို့ပေါ့ ကာလက်ရယ်၊ သူ လမ်းမှ သိပ် မလျှောက်နိုင်သေးတာပဲဟာ "
ကာလက် ပြန်အော်တော့သည်။
" နင်တို့ နှစ်ယောက်စလုံး ပြန်ကြ၊ ငါ့ဘာသာ ငါနေပါရစေ၊ ဒါ ငါ့ကလေး၊ သူလိုဟာမရဲ့ အစောင့် အရှောက်အောက် မှာ ငါ ဘယ်လုပ် လုပ်ထားရဲမလဲ၊ ကဲ ... သွားကြပါတော့ "
ဂျူးဒစ် စိတ်ပျက်လက်ပျက်ဖြင့် လက်အိတ်နှစ်ဖက်ကို ကောက်ယူသည်။ ဖီးလစ်က -
" ခဏလေး ကာလက်၊ ကိုယ် တစ်ခုမေးမယ်၊ ဒိုလားရက်စ်ဟာ ဘာပဲဖြစ်ဖြစ် မောင်ရင့်မိန်းမပဲ၊ သူ့ အတွက် ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ "

ကာလက်က ကလေးပုခက်မှ ကြိမ်နန်းကလေးများကို လက်ဖြင့် ကိုင်ကြည့်နေရင်း -
" အဲဒီအကြောင်း ကျွန်တော် ပြောမလို့ပါပဲ၊ ခင်ဗျားတို့ ဒါလောက် အကြာကြီး သူ့ကို စောင့်ရှောက် ထားရတဲ့ တာဝန် မသေးဘူးဆိုတာ ကျွန်တော် သိပါတယ် "
" ကလေးကို ခုလိုနည်းနဲ့ ယူသွားတယ်ဆိုတော့ သူနဲ့ အတူနေဖို့ စိတ်မကူးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား "
" ကျွန်တော် ခင်ဗျားတို့ကို ဆက်ပြီး ဒုက္ခမပေးပါဘူး၊ ကျွန်တော့် တာဝန် ကျွန်တော် ပြန်ယူမှာပါ၊ ဒီမှာ ပဲဖြစ်ဖြစ် နယူးအော်လီယန်းမှာ ဖြစ်ဖြစ် သူ့ကို အိမ်တစ်လုံးရှာပေးဖို့ ကျွန်တော် စီစဉ်နေပါတယ်၊ သုံးလ တစ်ကြိမ် ထောက်ပံ့ကြေး ပေးသွားမယ်၊ သူ နေကောင်းလာတာနဲ့ တစ်ပြိုင်နက် အသင့်ဖြစ်အောင် ကျွန်တော် လုပ်ထားပါ့မယ် "
ဖီးလစ် က ပခုံးတွန့်ပြီး ခတ်ပြတ်ပြတ် ပြောသည်။

" ကောင်းပြီလေ "
ဂျူးဒစ်က မကျေမချမ်းဖြင့် -
" ကာလက်လုပ်ပုံက သိပ်တစ်ကိုယ်ကောင်းဆန်တာပဲ" ဟု ဆိုပြီး လင်မယားနှစ်ယောက် ထွက်သွား ကြသည်။

ကာလက်သည် သားကလေးကို တစိမ့်စိမ့်ကြည့်ရင်း တသိမ့်သိမ့် ကြည်နူးနေသည်။ ဘယ်တုန်းကမှ၊ ဘယ်သူ့ အတွက်မှ မဖြစ်ပေါ်ဖူးသည့် ပီတိသုခမျိုးဖြင့် ရင်မှာ အေးမြနေ၏။ မိမိ ကိုယ်ပွား ရင်သွေး ကလေးကို ပိုင်ဆိုင်ရပြီဖြစ်၍ ဒိုလားရက်စ်၏ ကဏ္ဍကို လုံးလုံးမေ့ပစ်နိုင်လိမ့်မည် ဟုထင်ခဲ့သည်။
သို့သော် တကယ်ကျတော့ လွယ်လွယ်နှင့် မေ့မရနိုင်ဘဲ ဖြစ်နေသည်။ သစ်ဖြူတောသို့ ချစ်၍ ခေါ်ရာ သူကလေး လိုက်ခဲ့စဉ်က သိပ်ကို ချစ်စရာကောင်းတဲ့ ကျူးဘားအလှမယ်ကလေးလေ။ ခုလို ကလေ ကချေ ကောင်မလေးမှ မဟုတ်တာ။

တွေးလေ ခံပြင်းဒေါသဖြစ်ရလေ ဖြစ်နေ၏။ ဒါကြောင့်လည်း မိမိ အပေါ် သူလွှမ်းမိုးခဲ့သမျှ ပြန်ပြီး အနိုင် ယူဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ရော်ဂျာကလေး ရောက်လာသည်မှာ နှစ်ပတ်ကြာခဲ့ပြီ။ ကလေးကို သိပ်ဖို့ ပုခက်ပြင်နေသည့် ကလေးထိန်း ကို ကြည့်ပြီး ကာလက် ပီတိတွေဖြာနေ၏။ မျက်နှာမှာ ပြုံးချိုလျက်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

သာဓု ၏ အတာ, အပိုင်း (၁၉)

(ကြည့်၍ ဝသလောက်ရှိမှ အတာလည်း ထိုဆိုင်အနီးမှ ထွက်အလာတွင် မလှမ်းမကမ်း၌ ပစ် ထားသော စွပ်ကျယ်သေတ္တာအလွတ်များကို မြင်သည်နှင့် အတာလည်း ကလေးတို့ သဘာဝ အတိုင်း ပင် သေတ္တာ လွတ် များ ကို ကောက်ရန် စွပ်ကျယ်ဆိုင်ဘေးမှ ကွေ့သွားပြီး
"အရာကြီး ဟိုသေတ္တာတွေ ပစ်ထားတာလား ဟင်"ဟု ဆိုင်ရှင်အား မေးလိုက်သေး၏။
"အေး မင်းလိုချင်ရင် ယူသွား"ဟု ဆိုင်ရှင်ကုလားက ခွင့်ပြုလိုက်သည်နှင့် အတာလည်း တပွေ့ တပိုက် ပင် သူနိုင်သလောက် ရွေးကောက်ယူသွား၏။)
ကို ဆက်ဖတ်ရန်..............

အတာလည်း ထိုသေတ္တာအလွတ်ကလေးများကို မသိန်းမေရှိရာသို့ ယူမသွားဘဲ "အိမ်ရှုပ်တယ် မယူ သွားရဘူး"ဟု တားမြစ်မည်ကိုလည်း စိုးရိမ်ရသေးသည်နှင့် မသိန်းမေ မမြင်နိုင်သည့် လမ်းတစ်ဖက် မှ ကွေ့ယူသွား၏။ မောင်ခိုင်လမ်း (ယခု ဗိုလ်ရွဲလမ်း) ထိပ်သို့ ရောက်သည်နှင့်
"ဟေ့ ကောင်လေး အဲ့ဒီသေတ္တာ ရောင်းမယ်လား"ဟု  တရုတ်ဖိနပ်ဆိုင်မှ ခေါ်မေးသဖြင့် အတာက ဝမ်းမြောက် ဝမ်းသာ ခေါင်းညိတ်ပြလိုက်၏။
"ဘယ်လောက်လဲ ကောင်လေး"
"ကျွန်တော် မသိဘူး၊ ထောင်ကဲ ပေးချင်းသလောက်ပေးပါ"

အတာ လည်း အရသလောက်အမြတ်ပဲဟု သဘောထားက ရိုးရိုးပင်ပြောလိုက်သည်နှင့် အတာလည်း စွပ်ကျယ်ဆိုင်နား ဆီသို့ သုတ်ချေတင်လေတော့၏။ သို့သော် အတာကလေး ထိုဆိုင်နား မရောက် တ ရောက်မှာပင် ၎င်းသေတ္တာလွတ်များကို ကျကျနနကြိုးဖြင့် စည်း၍ ထမ်းလာသော တရုတ်ဘိန်းစားတစ် ဦး ကို တွေ့လိုက်ရသည်နှင့် အတာတွင် အကြီးအကျယ် စိတ်ပျက်သွားရှာတော့၏။
"တောက် ငါ နည်းနည်းကလေးနောက်ကျသွားတယ်"ဟု မချင့်မရဲ ရေရွတ်မိပြီးမှ
"ဒီဘိန်းစား ကောက်လာတာ ဟိုဆိုင်နားကမှ ဟုတ်ရဲ့လားမသိဘူး"ဟူသော သံသယကလေးဖြင့် အတာ လည်း အပြေးကလေး သွားကြည့်လိုက်မိသေး၏။ သေတ္တာလွတ်ဆို၍ အစုတ်အပြဲတစ်လုံတ လေပင် မတွေ့ ရတော့မှ လက်မှိုင်ချ၍ အတာ ပြန်လာခဲ့တော့၏။

"ခုန ဘိန်းစား သယ်သွားသလောက်ဆိုရင် အနည်းဆုံး တစ်ပဲလောက်တော့ ရမှာပဲ"
ဤသို့လည်း အားမလို အားမရဖြင့် ရေရွတ်လိုက်မိသေး၏။
"ဟဲ့ အတာ လာစမ်း"
စိတ်ပျက် လက်ပျက်နှင့် လျှောက်လာခဲ့၍ မသိန်းမတို့ဆိုင်နှင့် မျက်စောင်းထိုးနေရာသို့အရောက်တွင် ဆိုင်တစ်ဆိုင်မှ ခေါ်လိုက်သဖြင့်
"ဘာလဲ ကြီးကြီး ဟင်"
"လာဦး၊ ဒီမှာ ခဏထိုင်ရောင်းနေစမ်း၊ ကြီးကြီး အိမ်သာခဏသွားချင်လို့နော်၊ တစ်ထည်ကို ခြောက်မူး၊ သိတယ် မဟုတ်လား"
"ဟုတ်ကဲ့၊ ဒါပေမဲ့ မေမေ့ကိုပြောပါဦး"

"သြော် အေး၊ ဟေ့ မသိန်းမေ ညည်းသားကို ခဏစောင့်ခိုင်းထားမယ်နော်"
မသိန်းမေ ခေါင်းညိတ်ပြလိုက်မှ အတာလည်း ရဲရဲဝံ့ဝံ့ ထိုင်လိုက်တော့၏။ ပထမသော် အတာ လည်း အောင်၍ရောင်းရမည်ကို ရှက်နေသဖြင့် ရိုးရိုးပင်ထိုင်နေ၏။ သို့သော် ပတ်ဝန်းကျင်ရှိ ဆိုင်တိုင်း လိုလိုက ပင် တကြော်ကြော် အော်ဟစ်ရောင်းချနေသဖြင့် သူ တဖြည်းဖြည်း စိတ်ပါလာကာ
"လုံချည်လေးတွေ ခြောက်မူးစီ"ဟု အစမ်းသဘောမျိုးအော်ကြည့်၏။ ရှက်သလိုလိုရှိနေသောကြောင့် အသံမှာ တုန်ခါခါဖြစ်နေ၏။ တစ်ကြိမ်မှ နှစ်ကြိမ်စသည်ဖြင့် လေးငါးကြိမ်လောက် အော်မိသောအခါ အတာ ရဲလာ၏။ လျှာကလေးပါ သွက်နေပြီး
"ဟောဒီမှာ အင်းလေးဆင် လင်မနစ်လုံချည်ကလေးတွေ၊ ခြောက်မူးစီ လျှော့ဈေးနဲ့ ရောင်းနေပြီနော်" ဟူ၍ပင် အော်ဝံ့ဟစ်ဝံ့သည်အထိ လျှာရဲအာရဲဖြစ်လာတော့၏။ ဆိုင်ရှင်ဖြစ်သူ ပြန်ရောက်လာသည့် ဆယ်မိနစ်လောက် အတွင်း၌ အတာသည် လုံချည်သုံးထည်တိတိ ရောင်းလိုက်၏။

"အမယ် ငါ့တူက အဟုတ်ကြီးပဲ၊ ကဲ မင်း အားနေတာပဲ မဟုတ်လား အတာ၊ ထိုင်ရောင်းနေနော်၊ ကြီး ကြီး ဟိုဘက်ဈေး ခဏသွားလိုက်ဦးမယ်"
ထိုဆိုင်ရှင်ထွက်သွား၍ လေးငါးမိနစ်ပင်မရသေးမီ ဘတ်စ်ကားတစ်စီးဖြင့် အပြည့်ရောက် လာသော မြူနီစပယ်ပုလိပ်များက ပလက်ဖောင်းပေါ် ရှိ ဈေးသည်များ ကိုတွေ့မရှောင် လိုက် ဖမ်းသောကြောင့် ဤ အဖြစ်မျိုး ကြုံဖူးနေပြီဖြစ်သော အတာလည်း ခင်းထားသော ဖယောင်း ပုဆိုး ကို ထောင့်လေးစသိမ်းဆွဲ ပြီး ဈေးထဲသို့ ပြေးဝင်သွားတော့၏။

မိသူမိ၊ ပြေးသူပြေးနှင့် ရှုပ်ထွေးနေစဉ်မှာပင် လုံချည်သည်ရောက်လာကာ သူ့လုံချည်တွေပင် ဖမ်းသည့် အထဲ ပါသွားလေပြီလား ဟူသော စိုးရိမ်မှုဖြင့် အတာအား ပျာပျာသလဲ လိုက်ရှာ၏။
"ဒီမှာ ကြီးကြီး"ဟု လှမ်းခေါ်လိုက်သော အတာကလေးအား ဖယောင်းပုဆိုးဖြင့် သပ်ရပ်စွာထုပ်ထား သော လုံချည် များနှင့်အတူ တွေ့လိုက် ၍
"အမယ်လေး အတာရယ်၊ ကြီးကြီးဖြင့် တစ်ကိုယ်လုံးကို ထူပူသွားတာပဲ၊ ငါ့တူက အတော်လည်တာပဲပါ လား၊ ဟေ"
ဝမ်းသာအားရပြောရင်း အတာ့ကိုပါ ဖက်၍နမ်းလိုက်ပြီးမှ
"ရော့ မင်းမုန့်ဝယ်စား"ဟု ပြောရင်း လုံချည်သည်က အတာ့လက်ထဲ ထည့်ပေးလိုက် သည်မှာ ငွေမတ် စေ့ကလေးဖြစ်သောကြောင့် အတာတွင် အံ့သြဝမ်းမြောက်သွားသော မျက်နှာ ကလေးဖြင့် မော်ကြည့် နေမိရှာ၏။

"ကဲ အတာ၊ ပြန်တော့"
"ဟင် ကြီးကြီး၊ မရောင်းတော့ဘူးလား၊ မြူနီစပယ်ပုလိပ်တွေက ခု ပြန်သွားကြမှာပဲ"
"နေပစေတော့၊ ကြီးကြီးလဲ သွားစရာရှိသေးတယ်၊ နောက်တနင်္ဂနွေနေ့ကျတော့လဲ မင်း လာဦးနော်၊ ကြီးကြီး နဲ့ ဝိုင်းရောင်းရအောင် ဟုတ်လား"

ထိုနေ့ကဆိုလျှင် သူ့မေမေပေးသော ထမင်းဖိုးနှင့် သေတ္တာအလွတ်ရောင်းရသော ပိုက်ဆံအပြင် လုံချည်သည်အဒေါ်ကြီးက ပေးသွားသော မုန့်ဖိုးနှင့် စုစုပေါင်း သုံးမူးလောက် အတာ စုမိသွား၏။
"နောက် တနင်္ဂနွေနေ့ကျရင် ချောကလက်ရောင် အနားကွပ်ထားတဲ့ စွပ်ကျယ်ကလေးတစ်ထည် ဝယ် မယ်၊ ကြီးကြီးမေကလဲ ငါ့ကို လုံချည်ဝိုင်းရောင်းဖို့ ခေါ်ထားသေးတော့ မုန့်ဖိုးလဲရဦးမှာပဲ၊ ပြီးတော့ သေတ္တာလွတ်တွေလဲ ဘိန်းစားထက် ဦးအောင် ကောက်ထားမယ်၊ အဲဒါကလဲ တစ်ပဲ တစ်မူးလောက် တော့ရမှာပဲ"
လာမည့်တနင်္ဂနွေနေ့အတွက် ဤလို အကွက်ချတွေးနေရသည်နှင့်ပင် အတာသည် ထိုညက ၁၀ နာရီ လောက်တွင်မှ အိပ်ပျော်ရှာတော့၏။

နံနက်မိုးလင်း၍ ကျောင်းတက်ရန် ထွက်လာခဲ့ပြီးနောက် သူ့မေမေထံရောက်သည်နှင့် မသိန်းမေလည်း အလွယ်တကူပင် မုန့်ဖိုးခြောက်ပြားထုတ်ပေးလိုက်၏။ သို့တိုင်အောင် အတာ့မျက်နှာသည် သာယာ သွားခြင်း မရှိလှသေးဘဲ တစ်စုံတစ်ရာကို စဉ်းစားသလို တွေးနေပြီးမှ
"မေမေ ကျောင်းလခ ဒီနေ့"ဟူသော အတာ့စကားကလေးမှ မဆုံးသေးမီ
"ပေးနိုင်သေးဘူး၊ သွား ၁၅ ရက်နေ့မှ ပေးမယ်လို့ပြော"
မသိန်းမေ၏အမူအရာမှာ စနေ တနင်္ဂနွေနေ့များက မျက်နှာထားမျိုးမဟုတ်တော့ဘဲ ခပ်တင်းတင်း ပင် ဖြစ်လာပြန်သောကြောင့် အတာတွင် နောက်ထပ်ဘာတစ်ခွန်းမျှ မပြောဝံ့တော့ ဘဲ ခြေလှမ်းကျဲဖြင့် ထွက်လာခဲ့ရတော့၏။

ဘုရားရှိခိုး၍ အတန်းထဲရောက်ကြသည်ဆိုလျှင် ဆရာမသည် အတာအား လှမ်းခေါ်လိုက်ပြီး
"မင်း ကျောင်းလခ ပါသလား အတာ"ဟု မေးလိုက်သောကြောင့် အတာတွင် မျက်နှာမထားတတ် အောင် ဖြစ်သွားရှာ၏။
"ကျွန်တော်တို့မေမေက ၁၅ ရက်နေ့မှ ယူပါတဲ့"
"အေး အေး၊ နို့ ခါတိုင်းဆိုရင် မင်း အစောကြီးပေးနေကျပဲ၊ ဒီလမှာတော့ ဘာဖြစ်လို့ နောက်ကျတာလဲ ကွဲ့"
"ကျွန်တော် တို့ဖေဖေ အလုပ်ပြုတ်သွားလို့ပါ၊ ခါတိုင်းဆို ကျွန်တော်တို့ဖေဖေက သူလခထုတ်ရင် ချက် ချင်းပေးတာပဲ"

"အို"
ဆရာမလည်း စိတ်မကောင်းဖြစ်သွားသလို ညည်းညူလိုက်ပြီးမှ
"ခု မင့်အဖေ အလုပ်မရသေးဘူပေါ့"
"မရသေးဘူး၊ ခု သူ မိတ္ထီလာမှာ  ကျောက်ထိုးတဲ့ကျောင်းသွားတတ်တယ်၊ ပြန်လာရင် လခများများရ မယ် ပြောတာပဲ"
"မင့်အမေကကော ဘာမှမလုပ်ဘူးလား"
"ဈေးရောင်းပါတယ် မမ၊ ဒါပေမဲ့ မေမေက အားကြီး မြင်းလာင်းတာပဲ၊ ၃၆ ကောင်လဲ ထိုးတယ်"
"ဟင်"
အတာ့စကား ကြားလိုက်ရသည်နှင့် ဆရာမတွင် "ဟင်"ခနဲ စိတ်ပျက်သွားတော့၏။ ပညာရေးတွင် ထူးချွန် သလောက် အဖက်ဖက်တွင် သွက်လက်ဖျတ်လတ်၍ လိမ္မာရေးခြားရှိလှသော အတာလို ကလေး တစ်ယောက် သည် တိုင်းပြည်၏နောင်ရေးအတွက် အထူးမျှော်င့်အားထားလောက်သည် မဟုတ်ပါလော ဟူ၍ ဆရာမသည် ခေတ်ပညာတတ်တစ်ယောက် အနေမျိုးဖြင့် မြင်၏။

သူမြင်သလို မမြင်ရကောင်းလားဟု ဆရာမသည် အတာ့မေမေအား ကရုဏာဒေါသဖြစ်မိ၏။ သားသမီး ၏နောင်ရေးကို ဂရုစိုက်ရကောင်းမှန်းမသိဘဲ အတာ့စကားအရဆိုလျှင် အတာ့မေမေသည် ကျောင်းလ ခပင် ပေးချင်စိတ်ရှိဟန်မတူကြောင်း (ယနေ့ထိ မပေးသည်ကို အထောက်အကူပြု၍) ဆရာမသည် သိသိ သာသာ ရိပ်မိလိုက်၏။
မိမိတို့၏သားသမီးများအပေါ်တွင် စိတ်ဝင်စားရကောင်းမှန်းမသိ။ ပညာရေးဘက်တွင်လည်း ဖိဖိစီးစီး သင်ကြားအားပေးရကောင်းမှန်းမသိသော မိဘများရှိနေသေးသမျှ မြန်မာပြည်၏နောင်ရေးသည် တွေးဝံ့စရာပင်မရှိတော့လောက်အောင် ဆရာမသည် သူ့ အသိ သူ့အမြင်ဖြင့် ရင်လေးသွားမိတော့၏။

"အေး အေး၊ သွားတော့ အတာ၊ ၁၅ ရက်နေ့ကျတော့ ကျောင်းလခယူခဲ့နော်"
အတာကလေး သူ့နေရာပြန်ရောက်သွားသည့်တိုင်အောင် ဆရာမသည် ရုတ်တရက် စာမသင်နိုင်ဘဲ အတာနှင့် ပတ်သက်သည့် အတွေးလက်စကို ပြန်ကောက်ရင်း ရောက်တတ်ရာရာ တွေးနေမိပြန်၏။
နောက် တစ်ဖန် အတာအား သူ့အနီးသို့ ခေါ်လိုက်ပြန်ကာ
"မင့်မှာ ညီအစ်ကို မောင်နှမ ဘယ်နှစ်ယောက်ရှိသလဲ"
"ကျွန်တော်နဲ့ ကျွန်တော့်ညီမလေး နှစ်ယောက်ပဲ ရှိပါတယ် မမ"
"မင့် ညီမလေးကော ကျောင်းမနေဘူးလား"
"သူ ရန်ကုန်မှာ မဟုတ်ဘူး၊ မော်လမြိုင်က ဘွားဘွားတို့ဆီမှာ"

ဆက်လက်၍ ဆရာမသည် အတာ၏နေရေးထိုင်ရေးနှင့် စားသောက်ရေးပြဿနာများကို စေ့စေ့စပ်စပ် ကလေး မေးမြန်းနေမိ၏။ အတာကလည်း တစ်လုံးမကျန် အမှန်ကိုသာ ပွင့်ပွင့်လင်းလင်း ပြောပြလိုက် သဖြင့် ဆရာမ တွင် မသိမသာ မျက်ရည်ကလေး လည်သယောင်ရှိလာပြီး
"အေး မင်းကတော့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဒုက္ခရောက်နေရတယ်နော်၊ မမတို့ကတော့ ငယ်ငယ်က ဆို သိပ်ချမ်းသာတာပေါ့ကွယ်၊ ဒါပေမဲ့ မမတို့ဖေဖေက မြင်းချည်းလောင်းပြီး ရှိသမျှပစ္စည်းတွေ ဖြုန်းပစ် လို့ ခုတော့ မမတို့ ဆင်းရဲသွားပြီ အတာ၊ အင်း မင်းနဲ့ မမနဲ့ဟာ အဖြစ်ချင်းတူနေလို့ မမဖြင့် နည်းနည်းမှ စိတ်မကောင်းဘူး၊ တကယ်လို့သာ မမတို့ဖေဖေ မြင်းတွေဘာတွေ မလောင်းတတ်ရင် ခုနေဆို အနည်း ဆုံး ကိုယ်ပိုင်ကားနဲ့တော့ ကျောင်းတက်နိုင်မှာပဲကွ"

အတာကမူ ဆရာမစကားနှင့်ပတ်သက်၍ အဆင်ပြေအောင် မည်သို့ပြန်ပြော ရမည် မသိ။ ယောင်ချာချာ နှင့် တွေကြည့်ရင်းသာ ငြိမ်နေရတော့၏။ ဆရာမလည်း ဤလိုစကားကိုဖြတ်၍ အတာ ကိုလည်း သူ့နေ ရာသူ ပြန်ရန် ပြောလိုက်ပြီး လူတွေအား ဒုက္ခပေးသော မြင်းပွဲပြဿနာကို အထပ်ထပ် အခါခါ တွေးနေ မိ၏။
သို့လျှင် တဝကြီးတွေးနေပြီးမှ ဆရာမလည်း ကျောင်းသင်ခန်းစာကို စတော့၏။ အချိန်မှာ ဂဏန်း သင်္ချာချိန်ဖြစ်သည့် အတိုင်း ကျောက်သင်ပုန်းကြီးပေါ်တွင် အောက်ပါပုစ္ဆာတစ်ပုဒ်ကို စိတ်ပေါက်ပေါက် နှင့် ထိပ်ဆုံး မှ ရေးချလိုက်တော့၏။

၁။    ရုံးစာရေးတစ်ယောက်သည် မြင်းလောင်းကစားရန် ငွေ ၂၀ ကျပ် အိတ်ထဲထည့်၍ ထွက် သွား၏။ မြင်းပွဲသို့ရောက်သော် ဝင်ခ ၂ ကျပ်ပေး၍ ဝင်သွားကာ ကျန်ငွေဖြင့် တစ်နေ့လုံးလောင်း ကစားပြီး အိမ်သို့ပြန်လာသောအခါ ငွေ ၁၈ ကျပ်ပါလာ၏။ သို့ဖြစ်လျှင် ထိုစာရေးသည် မည်မျှရှုံး၍ မည်မျှ နိုင်သနည်း။
ကျန်ပုစ္ဆာများမှာမူ ရိုးရိုးပင်ဖြစ်လျက် ကလေးများ တွက်ချက်ပြီးစီး၍ အသီးသီးလာပြကြသောအခါ၌ အတာနှင့် အခြား သုံးလေးယောက်သာလျှင် အမှတ် ၁ ပုစ္ဆာအဖြေ၌
        ကျပ်    ပဲ    ပိုင်
    ရုံးစာရေးယူသွားသောငွေ    ၂၀    ၀    ဝ
    ဝင်ခပေးရသောငွေ    ၂    ၀    ဝ
    ကျန်ငွေ    ၁၈    ၀    ဝ
    အိမ်ပြန်လာသောအခါ၌  ပါလာငွေ    ၁၈    ၀    ဝ
        ၀    ၀    ဝ
သို့ဖြစ်၍ ထိုစာရေးသည် ရှုံးလည်း မရှုံး၊ မြတ်လည်း မမြတ်ပါ။
သို့သော် သွားစဉ်က ၂၀ ကျပ်ယူသွားပြီး ပြန်လာသောအခါ ၁၈ ကျပ်သာ ပြန်ပါလာသဖြင့်
        ကျပ်    ပဲ    ပိုင်
        ၂၀    ၀    ဝ
        ၁၈    ၀    ဝ
        ၂    ၀    ဝ
ထိုအတိုင်းတွက်၍ ပြကြ၏။ အတာတစ်ယောက်တည်းကသာ (ငွေနှစ်ကျပ်ရှုံးခဲ့ပါသည်)ဟု တိကျစွာ အဖြေတွင် ရေးလိုက်၏။
ကျန်အခြားသော ကလေးများအနက် အတော်များများက မရှုံးပါ မမြတ်ပါဟု ဖြေကြပြီး အချို့ကမူ လုံး လုံး မတွက်တတ်သလို ရှိနေကြ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, March 26, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၁၂)

(ဖီးလစ်ထံမှ စာတိုကလေးတစ်စောင် ရောက်လာသည်။ တနင်္လာနေ့က ၀က်သစ်ချမြိုင် ခန်းမ ထဲတွင် ဖြစ်ခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်အတွက် မိမိ အနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများ ရှိလျှင် အကြောင်းကြားစေလိုကြောင်း၊ မိမိအား လိုသလို ခိုင်းစေနိုင်ကြောင်း စသည် စသည်။
ကာလက်က ယောက်ဖလုပ်သူကို ဒုက္ခမပေးဘဲ ကိုယ့်ကိစ္စကိုယ်ရှင်းဖို့ ဆုံးဖြတ်ထားသည်။ ဖီးလစ် အနေဖြင့် ၀တ္တရားရှိနေ၍ ရေးလိုက်ရသော်လည်း သည်လိုကိစ္စမျိုးတွင် လုံးဝ ပါဝင်လိုခြင်းမရှိပေ။ သို့သော် ဂျူးဒစ် ကတော့ လက်ပိုက် ကြည့်မနေနိုင်ပါ။
မစ္စတာသစ်ဆယ်ဝိတ်နှင့် ပြဿနာဖြစ်ပြီးနောက် ၁၀ ရက်အကြာတွင် သစ်ဖြူတောသို့ ဂျူးဒစ် ရောက် လာသည်။ ဒိုလားရက်စ်ကို ၀က်သစ်ချမြိုင် ခဏခေါ်သွားရန်ဖြစ်၏။ ဖီးလစ်နှင့် အတိုက် အခံ လုပ်ပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ ဖီးလစ် အမြင်ကပြတ်သည်။)
ကို ဆက်ဖတ်ရန်...

" ဒီကိစ္စဟာ သူတို့လင်မယားနှစ်ယောက်ထဲ ရှင်းရမယ့်ကိစ္စ၊ ဒိုလားရက်စ်ရဲ့ အပြုအမူတွေက သိပ် အောက်တန်းကျလွန်းတော့ ကာလက်အနေနဲ့ ပေါက်ကွဲမယ်ဆိုရင် ဘာမှ အပြစ်ဆိုစရာ မရှိဘူး" ဟု ဆိုသည်။
သို့သော် ဂျူးဒစ်က သူ့လို မမြင်နိုင်ဘဲ ဖြစ်နေ၏။ ရှာရမီမျိုးဆက်မှ အမျိုးသားများအကြောင်း ဖီးလစ်ထက် ဂျူးဒစ် ပိုသိသည်လေ။ သူတို့သည် ရှေးရိုးဟောင်း မိရိုးဖလာ လမ်းကြောင်းပေါ်တွင် ယနေ့တိုင်ရှိနေပြီး အမျိုးသမီး များနှင့် ပတ်ပတ်သက်သက် နေတတ်သူများမဟုတ်ကြ။

" ဒီမယ် အစ်ကို၊ လူဖြောင့်စိတ်တိုဆိုတဲ့ လူမျိုးဟာ ရက်စက်စရာရှိရင် သိပ်ရက်စက်တတ်တယ်နော်"
ဖီးလစ်က ဘာမှပြန်မပြောဘဲ ပခုံးတွန့်ပြသည်။ ဂျူးဒစ်က ဆက်ပြီး -
" ထားပါလေ၊ အရက်ဆိုင်မှာ အလုပ်လုပ်တဲ့ မိန်းကလေးတိုင်း မိန်းမပျက်တွေချည်း ဖြစ်ရတော့မှာလား၊ အဲဒီအထဲမှာ မိန်းမကောင်းကလေးတွေ မပါနိုင်ဘူးလား "
ဖီးလစ် မျက်ခုံးတွန့်ပြီး ဖြေသည်။

" ရှိတော့ ရှိတယ်၊ ရှားတယ် ဆိုတာမျိုးပေါ့ "
" ဒါကြောင့် သူ့ကို ဒီခေါ်ထားဖို့ အစ်ကို သဘောမတူတာပေါ့ ဟုတ်လား "
" အဲဒီလိုမဟုတ်ဘူး အချစ်ရဲ့၊ အစ်ကို ဒီကလေးမကို သနားပါတယ်။ ဒါပေမဲ့ သူ့လမ်းသူ သွားရလိမ့်မယ်၊ ဒါကြောင့် မင်းကို ကြားမ၀င်စေချင်တာ၊ ကာလက်ကလည်း မင်းဝင်လို့ ကျေးဇူးတင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်းဆုံးဖြတ်ပြီးသား ဆိုရင်တော့ ဆက်လုပ်ပါ၊ ပြဿနာပေါ်လာရင်သာ အစ်ကို့ကို အပြစ်မတင်နဲ့ ဟုတ်လား "
သစ်ဖြူတောကို ဂျူးဒစ် ရောက်သွားတော့ ကာလက်နှင့် အဖေကွင်းထဲရောက်နေကြသည်။ ဂျူး။ဒစ်က ၀မ်းသာအယ်လဲ နှုတ်ဆက်သော်လည်း ဒိုလားရက်စ်က ခါတိုင်းလိုမဟုတ်ဘဲ အေးစက်စက် လုပ်နေသည်။ မျက်တွင်းတွေ ကျပြီး ပိန်နေသည်။ အ၀တ်အစားတွေလည်း ကြေမွတွန့်လိမ်နေသည်။ ခုမှ ကိုယ်ဝန်သည် မလေးနှင့် တူလာသည်။

ခပ်မတ်မတ် နေလေ့ရှိသည့် သူ့ကိုယ်နေဟန်မှာ ညှိုးရော်ပျော့ခွေနေသည်။ ဂျူးဒစ်က သူ့ကို ၀က်သစ်ချမြိုင် ခေါ်ထားချင်ကြောင်း၊ နေကောင်းကျန်းမာလာမှ သစ်ဖြူတောကို ပြန်လာဖို့အကြောင်း ပြောတော့ လုံးဝ ကျေးဇူးတင်ဟန် မပြ။
" ခု ဘာဖြစ်လို့လဲ၊ နေကောင်းနေသားပဲ "
သူ့အသံက အေးစက်စက်။ သို့သော် ချော့မော့ပြောလို့ လိုက်ဖြစ်တော့လည်း ဂျူးဒစ်နောက်မှ အပိုကုန်းနှီးပေါ် လွှားခနဲ ပေါ့ပေါ့ပါးပါး ခုန်တက်သည်။ အိန်ဂျဲလစ်က နောက်မှ မြင်းတစ်စီးနှင့် ဒိုလားရက်စ်၏ အ၀တ်အစားသေတ္တာကို သယ်လာသည်။

ဂျူးဒစ်က သူ့ကို အခန်းလွတ်တစ်ခန်းတွင် နေရာချပေးပြီး ခရစ္စတင်း ဆို သည့်  ကောင်မလေး တစ်ယောက် ကိုပါ ခိုင်းဖို့ ပေးထားလိုက်သည်။
အိန်ဂျဲလစ်ကို အခန်းထဲ ဆွဲသွင်းပြီး -
" ကဲ ငါ့မြင်းစီးအ၀တ်တွေချွတ်ပြီး ညစာစားဖို့ ၀တ်စုံလဲပေးစမ်း၊ ဒိုလားရက်စ် ရောက်လာပြီဆိုတော့ ငါ ဘာလုပ် ရမလဲဟင် "
အိန်ဂျဲလစ်က ရယ်ပြီး -
" သူ့ကို အလုပ်တစ်ခုခု ပေးထားလိုက်ပေါ့ မမလေး၊ ကလေးတွေအတွက် အ၀တ်ချုပ်တာမျိုးတို့ ဘာတို့ ပေါ့လေ "
" အစေခံတွေ နဲ့ ရောပြီး ခိုင်းရမှာလား၊ ဒါမျိုးတော့ ငါ မခိုင်းချင်ဘူး "

" သူ မပျင်းအောင်လို့ပါ မမလေး၊ သူ့ကိုယ်သူ အသုံးဝင်တယ်ဆိုတာလည်း သိအောင်ပေါ့၊ ဒီအတိုင်း အငူသား ထိုင်နေရင် ငြီးငွေ့ပြီး ပျင်းလာမယ်လေ "
ဂျူးဒစ် ခဏ တွေစဉ်းစားပြီး -
" အေး ... နင်ပြောတာ မှန်တယ် "
အိန်ဂျဲလစ်က ဘုရားရှိခိုးသည့်အခါဝတ်ဖို့ သိမ်းထားသည့် ချည်ထည်ပွင့်ရိုက် ဂါဝန်ကိုထုတ်ပြီး -
" ညစာဝိုင်းမှာ ဒါဝတ်ပါလား မမလေးရဲ့၊ မစ္စစ်ဒိုလားရက်စ် ရောက်နေတဲ့အကြောင်း အစ်ကိုလေး ကို ပြောတဲ့အခါ မမလေး ပိုလှနေမှ ကောင်းမှာပေါ့၊ နှင်းဆီပန်းတွေ ပြေးခူးလိုက်ဦးမယ်နော်၊ သူက မမလေး ပန်းပန်ရင် သိပ်သဘောကျတာ "

" အေး အေး၊ နင်က သိပ်လာဘ်မြင်တာပဲဟယ်၊ ဂျိုးကို ဆိပ်ကမ်းဘက် လွှတ်လိုက်ဦးနော် "
ဖီးလစ်က သတင်း ကြိုရထားပြီးဖြစ်သည်။ ဘာမှတော့ ထူးထူး ထွေထွေ မပြော။
" ကလေးက နှစ်ယောက်၊ အစေခံက ၂၀၊ ဒီကြားထဲက မင်း တာဝန်ပိုယူချင်တာကိုး၊ ကောင်းပြီလေ၊ ဒါပေမဲ့ ၀က်သစ်ချမြိုင်ရဲ့ ဧည့်သည်ကို ဟိုဟာနဲ့ပစ်၊ ဒီဟာနဲ့ပေါက် လုပ်ရင်တော့ "
" မလုပ်တော့ပါဘူး အစ်ကိုရယ်၊ ဟိုလူကြီးကို ပေါက်တာကတော့ သူ့ကို အပြစ်မပြောချင်ပါဘူး၊ ပတ်ဝန်းကျင် ကိုတော့ သူ ကိုယ်ဝန်ရှိနေတုန်းနေမကောင်းလို့ ဒီမှာလာနေတာလို့ ပြောထားမယ်နော်၊ ဘယ်သူ မှတော့ ယုံကြမှာမဟုတ်ဘူး၊ ဒါပေမဲ့ ဒီနည်းပဲ ရှိတယ်လေ "
ဖီးလစ် က လှိုက်လှိုက်လှဲလှဲ ရယ်နေသည်။

နောက်တစ်နေ့တွင် သူ့မဲနယ်ပင်တွေ တင်နေသည့် လှေများကိုကြီးကြပ်ရန် ဆိပ်ကမ်းသို့ ဆင်းရင် ၀က်သစ်ချမြိုင်သို့ ကာလက် ၀င်လာသည်။ ဂျူးဒစ်က ဥပစာဆောင်တွင် အကြီးကောင်ဒေးဗစ်ကို သစ်သားတုံး ကလေးများနှင့် အိမ်ဆောက်သင်ပေးနေရာမှ ထသွားပြီး တွေ့သည်။
ကာလက် က မြင်းပေါ်မှ မဆင်းဘဲ ခပ်ပြတ်ပြတ်လေသံဖြင့် -
" ဒိုလားရက်စ် ဘယ်မှာလဲ ဂျူးဒစ် "
" အိမ်ထဲ မှာလေ၊ သူ့ကို ဒီမှာ ခဏနေပါစေလား ကာလက်ရယ် "
" ဘယ်လောက်ကြာကြာလဲ "
" မွေးဖွားပြီးတဲ့ အထိပေါ့ "

ကာလက်က နှင်တံကို နှစ်ဖက်စွန်းမှ ကိုင်ပြီး တွေးနေသည်။ စိတ်ကို ချုပ်တည်းနေပုံ။ အဖေ စိတ်ဓာတ်ကျနေစဉ်က မျက်နှာနှင့် တစ်ထေရာတည်း တူနေသည်။
" သူ နေကောင်းရဲ့လား "
" ကောင်းပါတယ်၊ ဂျူးဒစ် ခေါ်ထားပါရစေနော် ကာလက် "
" ကောင်းပြီလေ၊ ဂရုစိုက်ကြည့်လိုက်ပါ၊ ကလေးအတွက်ရော၊ သူ့အတွက်ရော လိုတာအားလုံး ၀ယ်ပေး လိုက်ပါ၊ ပြီးတော့ ငါပိုက်ဆံပေးမယ် "
" အင်း အင်း၊ စိတ်ချပါ၊ သူနဲ့ မတွေ့တော့ဘူးလားဟင် ကာလက် "
" ဟင့်အင်း "

ကာလက်က ပြောပြောဆိုဆို သူ့မြင်းကို အသော့နှင်ထွက်သွားသည်။ ဒေးဗစ်ကလေးက သူ့အမေ စကတ် ကို ဆွဲပြီး သူဆောက်ထားသည့် အိမ်ကလေးကို ၀မ်းသာအားရပြသည်။ လှေကားထစ်တွင် ထိုင်ချပြီး သားကလေး ကို ကောက်ပွေ့လိုက်သည်။ ဒေးဗစ်ကလေး သူ့အဖေနှင့် တစ်ထေရာတည်း တူလာ၍ ဂျူးဒစ် ၀မ်းသာနေသည်။ လှပ နှစ်လိုဖွယ်ကောင်းသည့် လန်း မျိုးဆက်သွေးကလေး။
ဒိုလားရက်စ် အနေအထိုင် မကျုံ့ရအောင် ဂျူးဒစ် အမျိုးမျိုး ကြိုးစားသည်။ သို့သော် တဖြည်းဖြည်း နှင့် အလွန် မလွယ်သည့်ကိစ္စမှန်း သိလာသည်။ သည်လိုဖြစ်ပြီးမှ သူနှင့်တစ်အိမ်တည်း နေရသည့် အဖြစ်မှာ ကြာလေ မလွယ်လေ ဖြစ်လာသည်။ ဒိုလားရက်စ် အနေဖြင့် မည်သည့်ပြစ်မှုကိုမှ မကျူးလွန်ပါဘဲ တစ်ပါးသူများ၏ ဆက်ဆံရေးကို အနှောင့်အယှက်ပြုသလို ဖြစ်လာ၏။
သူနှင့် တစ်ဝိုင်းတည်းထိုင်ပြီး ဖီးလစ်နှင့် ဂျူးဒစ်တို့ ပြောနေကျ ချစ်ခွန်းတုံ့လှယ် စကားကြွယ်ခန်းလေးများ မဖွင့်နိုင်တော့။ ဂျူးဒစ်အနေဖြင့် ဒိုလားရက်စ်ကို လိုလေသေးမရှိရလေအောင် ကြင်ကြင်နာနာ ဂရုစိုက်သော်လည်း တစ်ဖက်က သူ့ကို မြန်မြန် ပြန်သွားစေချင်သည်။

ဒိုလားရက်စ်သည် ကလေးများနှင့် ကစားသည့် အချိန်မှလွဲင တုဏှိဘာဝေ လုပ်နေတတ်သည်။ ဒေးဗစ်တို့ ညီအစ်ကိုနှင့်ဆိုလျှင်တော့ ထူးထူးဆန်းဆန်း ကစားနည်းတွေ ကစားလိုက်၊ စပိန်ကျေး လက်တေးတွေ သင်ပေး လိုက်ဖြင့် ရယ်ရယ်မောမော နေတတ်သည်။
" ဒိုလားရက်စ်၊ ကလေးတွေနဲ့ နေရတာ စိတ်မညစ်ဘူးလား၊ မမ်မီရှိသားပဲကွယ်၊ သူ ထိန်းလိမ့်မပေါ့" ဟု ပြောလျှင် " ကျွန်မ ကလေးချစ်တတ်ပါတယ် ဂျူးဒစ်ရယ်၊ ကျွန်မပဲ ထိန်းပါရစေ" ဟု ပြန်ပြောသည်။
ကလေးများနှင့် နေသည့်အချိန်မှလွဲပြီး သစ်ဖြူတောသို့ ရောက်စက ကြည်လင်ရွှင်ပျမှုမျိုး သူ့တွင် မတွေ့ရတော့။ သူ့အကြောင်းကိုလည်း တစ်လုံးတစ်ပါဒမျှ မပြောတော့ပေ။ သို့သော် ဘာပြဿနာမှ မပေါ်ပါ။

နိုဝင်ဘာ နေ့တစ်နေ့တွင်မူ လာလည်ကြသည့် အမျိုးသမီး အပေါင်းအသင်းများနှင့် ဖဲကစားကြရာမှ ဂျူးဒစ် စိတ်အနှောင့်အယှက် ဖြစ်ရတော့သည်။ ဧည့်သည်အမျိုးသမီး ခြောက်ယောက်အပြင် ဂျာဗာစီနှင့် ဆီလ်ဗီ ဂျူဟန်တို့ နှစ်ယောက်လည်း ပါသည်။ ညစာစားပြီး ၀ိုင်းဖွဲ့ကာ ဖဲကစားကြခြင်းဖြစ်၏။ ဒိုလားရက်စ် မွေးဖို့ရက်မှာ တစ်ပတ်၊ နှစ်ပတ်သာ လိုတော့သည်။ နေကောင်းနေသည့်အတွက် သူပါ ၀င်ကစား ပါရစေဟု ပြောသည်။

ပထမပိုင်းတွင် သူရှုံးနေသော်လည်း ဒိုလားရက်စ် ပျော်နေပုံရသည်။ သူရှုံးသည်ကို သူ့ဘာသာ သူ ပြန်ရယ်စရာ လုပ်နေသည်။ ဧည့်သည် အမျိုးသမီးအားလုံးပင် သူနှင့်အတူ လိုက်ရယ်နေကြသည်။ ၀က်သစ်ချမြိုင် ရောက်ကတည်းက ဒိုလားရက်စ် ခုလောက်ရွှင်နေသည်ကို ဂျူးဒစ် မမြင်ဖူးသေး။ သူ ဒါလောက် ဖဲကစားဝါသနာပါမှန်း ခုမှ ရိပ်မိသည့်အတွက် ဂျူးဒစ် ကိုယ့်ကိုယ်ကိုယ် အပြစ်တင် လိုက်မိသေး သည်။

ထည်ဝါလွန်းသဖြင့် ဂျူးဒစ် ဘယ်တုန်းကမှ သဘောမကျခဲ့သော ပြင်သစ်သူ ဆီလ်ဗီဂျူဟန်လည်း ၀က်သစ်ချမြိုင် ဖဲဝိုင်းတွင် ပျော်နေပုံရ၏။ ဒိုလားရက်စ် တဖြည်းဖြည်း ပြန်နိုင် လာ သည်။ တောက်လျှောက် သေခဲ့သည့် သူ့ဖဲမှာ ဆက်တိုက် ပြန်ကောင်းလာသည်။ မစ္စတာသစ်ဆယ်ဝိတ် ဆိုသည့် မူလကြီးသာ ပေါ်မလာရင် ဒိုလားရက်စ် တစ်ယောက် သည်အသိုက်အ၀န်းတွင် လူချစ် လူခင် ပေါနေလောက်ပြီဟု ဂျူးဒစ် တွေးနေ၏။ သည်လူကြီးဟာ ဒိုလားရက်စ်ကို ဒုက္ခပေးဖို့ သက်သက် ရောက်လာတာပါလား။
ခုလို အသိုက်အ၀န်းနဲ့ ၀င်ဆံ့ပြီး အားလုံးက သဘောကျနေသည်ကို တွေ့လျှင် ကာလက်တစ်ယောက် စိတ်ဖြေနိုင်ပါမည်လား။ အချိန်ဟာ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားနိုင်သည်ဟုလည်း ကြားဖူးသည်လေ။

အမျိုးသမီးအားလုံး၏ရှေ့မှ လောင်းကြေးငွေတွေ တက်တက်ပြောင်လေပြီ။ ဒါကိုပင် အားလုံးက ၀မ်းသာ စရာ လို သဘောကျနေကြ၏။ ၀ိုင်းသိမ်းလိုက်ကြ၏။ ဆီလ်ဗီဂျူဟန်က -
" သည်နေ့လို ပျော်စရာကောင်းတဲ့နေ့ ဘယ်တော့မှ ပြန်ရောက်ပါ့မလဲကွယ် ဒိုလားရက်စ်ရယ်၊ မင်း အပြင်ကို ထွက်နိုင်တာနဲ့ တစ်ပြိုင်နက် တို့အိမ်မှာ ဆုံပြီး ကစားကြဦးမယ်နော် "
" ဟုတ်ကဲ့ မမ၊ လာခဲ့ပါ့မယ် "
ဒိုလားရက်စ်က သူ့ဦးထုပ်ကို သွားယူပေးရင်း အိမ်အပြင်သို့ လိုက်ပို့သည်။ လက်ချင်းချိတ်လျက်။ ဂျူးဒစ်က ဂျာဗာစီ ကို သူ့မြင်းဆီသို့ လိုက်ပို့သည်။

" တကယ် ပျော်စရာကောင်းတဲ့နေ့ပဲ ဂျူးဒစ်ရေ" ဟု ဂျာဗာစီက ပြောပြီး ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်ရင်း လေသံနိမ့်ဖြင့် -
" အဆင်ပြေရဲ့လား၊ ဘာအကူအညီ လိုသေးလဲ "
" ရပါတယ် ဂျာဗာစီ၊ သူလည်း နေကောင်းပါတယ် "
" အေးနော်၊ တော်တော်ကျန်းမာပုံပဲ "
ဂျာဗာစီက ဂျူးဒစ်လက်ကို တစ်ချက်ညှစ်လိုက်ပြီး -
" ကာလက် အရူးထနေတာတွေ ရပ်တန်းကရပ်ရင် ကောင်းမယ်နော်၊ အေးလေ၊ လက်ထပ်တယ် ဆိုတာလည်း အရူးထခြင်း တစ်မျိုးပဲ "

ဒိုလားရက်စ်နှင့် ဆီလ်ဗီတို့နှစ်ယောက် တရင်းတနှီး နှုတ်ဆက်နေကြသည်။ ဧည့်သည်တွေပြန်သွား တော့ ဒိုလားရက်စ်က ဂျူးဒစ်နှင့် လက်တွဲပြီး အိမ်အ၀င် လှေကားထစ်များကို တက်ရင်း -
" ဒီနေ့ ပျော်စရာကောင်းတယ်နော် ဂျူးဒစ် "
" ဟုတ်တယ် ဒိုလားရက်စ်၊ မင်း ပင်ပန်းသွားပြီလားဟင် "
" မပင်ပန်းပါဘူး၊ လူမမာမှ မဟုတ်ဘဲဟာ ဂျူးဒစ်ကလဲ "
ကောင်းကင်ကို မော့ကြည့်ပြီး ဒိုလားရက်စ် စကားဆက်သည်။

" နေတောင် ၀င်တော့မယ်၊ သူတို့ မြန်မြန် မစီးနိုင်ရင် လမ်းမှာတင် မှောင်မယ် ထင်တယ်နော် "
ဂျူးဒစ် အစေခံတွေကို ဖယောင်းတိုင်ထွန်းဖို့ အမိန့်ပေးလိုက်ပြီး ပြန့်ကျဲနေသည့် ဖဲချပ်တွေကို လိုက် သိမ်းနေသည်။ ဖီးလစ်ဝင်လာတာ မြင်တော့ လှမ်းပြောလိုက်သည်။
" အားလုံး ရှုံးပြီး ဒိုလားရက်စ် တစ်ယောက်တည်း နိုင်သွားတယ် အစ်ကို "
" ဟုတ်လား၊ မင်း ဖဲဝါသနာပါတယ် ဟုတ်လား ဒိုလားရက်စ်"
"ဟုတ်ကဲ့"

ထိုစဉ် အဖေနှင့်အမေကို နှုတ်ဆက်ရန် ဒေးဗစ်နှင့် ခရစ္စတိုဖာကို မမ်မီခေါ်ဝင်လာသည်။ ဒိုလားရက်စ်က လက်နှစ်ဖက် ဆန့်ပြီး ကလေးတွေဆီ ပြေးသွားသည်။
" ဂွတ်နိုက် သားတို့ရေ "
" ဂွတ်နိုက် အန်တီဒိုးလ် "
သူတို့နှစ်ယောက် ပြိုင်တူ နှုတ်ဆက်ကြသည်။ ကလေးနှစ်ယောက်ကမူ လူကြီးတွေလို အစွဲအလမ်း မရှိကြ၍ ဒိုလားရက်စ်ကို ချစ်ကြသည်။
" သားတို့နှစ်ယောက်ကို အန်တီဒိုးလ် ပေးစရာရှိတယ်၊ ရော့ ... မနက်ဖြန်ကျရင် မမ်မီကို မြို့သွားခိုင်းပြီး အရုပ်လှလှကလေးတွေ ၀ယ်ခဲ့လို့ပြော၊ အန်တီဒိုးလ်ရဲ့ လက်ဆောင်၊ ညီအစ်ကို နှစ် ယောက် တစ်ယောက်တစ်ဝက်စီနော် "

" ဒိုလားရက်စ်၊ ကလေးတွေကို ပိုက်ဆံမပေးနဲ့လေ "
ဖီးလစ်က လှမ်းအော်ပြောသည်။ ဂျူးဒစ်ကလည်း -
" အလုပ်ပါနဲ့ ဒိုလားရက်စ်၊ မလုပ်ပါနဲ့ကွယ် "
" အို ... ဘာဖြစ်လဲ၊ ချစ်လို့ပေးတာပဲဟာ၊ သူတို့အတွက် နိုင်အောင် ကစားတာလေ "
သူက အားတက်သရော ပြောနေသဖြင့် ဖီးလစ်နှင့် ဂျူးဒစ် ဘာမှ ဆက်မပြောသာအောင် ဖြစ်နေသည်။
ပိုက်ဆံဆိုတာ ဘာမှန်းမသိလည်း ဒေးဗစ်နှင့် ခရစ္စတိုဖာတို့ နှစ်ယောက် ပျော်နေသည်။ မမ်မီက သူတို့ကို ၀င်သင်ပေးသည်။

" လူကြီးလူကောင်း ကလေးတွေဆိုတာ လက်ဆောင်ရရင် ကျေးဇူးတင်ပါတယ် ခင်ဗျာ လို့ ပြောရတယ်လေ "
ဒေးဗစ်က -
" ကျေးဇူးတင်ပါတယ် အန်တီဒိုးလ်၊ ခရစ္စတိုဖာ မင်းလည်းပြောလေ "
ခရစ္စတိုဖာက ဗလုံးဗထွေးနှင့် ကျေးဇူးတင်ကြောင်းပြောသည်။ ဂျူးဒစ်က ကလေးများအား ပိုက်ဆံ ပေးခြင်းကို လုံးဝ သဘောမကျသော်လည်း ဒိုလားရက်စ် ပျော်နေသည်ကို ကြည့်ပြီး မပြောနိုင် ဘဲ ဖြစ်နေ၏။ သူတို့ညီအစ်ကို ထွက်သွားသည်နှင့် -
" ဒိုလားရက်စ်က သိပ်သိတတ်တာပဲနော်" ဟု အလိုက်အထိုက် ပြောလိုက်သည်။

ဖယောင်းတိုင်မီးရောင်တွင် ဒိုလားရက်စ်ပြုံးသည်။
" ဂျူးဒစ်တို့က ကျွန်မအပေါ်မှာ ဒါလောက် ကောင်းခဲ့တာပဲကွယ်၊ ကလေးတွေကို တစ်ခုခု လုပ်ပေး ချင်နေတာ ပါ၊ ဂျူးဒစ်အတွက်လည်း အမှတ်တရ တစ်ခုခု လုပ်ပေးဖို့ စိတ်ကူးနေပါတယ် "
သည်လို ကျေးဇူးတုံ့ပြန်မှုအတွက် အလွန် အနေအထိုင် ကျပ်လေ့ရှိသော ဖီးလစ်က -
" ကိုယ်လည်း မင်းလိုပဲ ကစားတတ်ချင်လိုက်တာ "
" အို လွယ်ပါတယ်ရှင်၊ ကျွန်မလည်း သိပ်တော့မတတ်ပါဘူး၊ ဒီမှာ ကြည့်လေ "

ဖဲထုပ်ကို ကောက်ကိုင်ပြီး ကုလားဖန်ထိုးသည်။ ပြီးတော့ ပညာပြတော့၏။ ဂျူးဒစ်လက်တစ်ဖက် ပါးစပ်ဆီသို့ ရောက်သွားပြီး အသက်ရှူမှားမတတ် ဖြစ်သွားသည်။ ဖီးလစ်က သူ့ပခုံးပေါ်မှ ကျော်ပြီး လာကြည့်သည်။
ဒိုလားရက်စ် လက်မြန်ပုံမှာ အံ့သြစရာ ကောင်းလောက်ပါသည်။ သူတို့လင်မယား ဒိုလားရက်စ်၏ လက်ချောင်း ကလေးများကို ရင်တမမ စောင့်ကြည့်နေကြ၏။ တခစ်ခစ်ရယ်ရင်း ကုလားဖန်ထိုးပြီး တော့ ဒိုလားရက်စ် က ဖဲထုပ်ကို လှန်ပြီး ဖြန့်ပြသည်။ ဟင် ... အကောင်းဆုံးဖဲချပ်တွေ တစ်နေရာ တည်းစု ပြီးသား ဖြစ်နေပါလား။
ဖီးလစ် ကောက်ကာငင်ကာ မေးလိုက်သည်။

" ကြည့်စမ်း၊ မင်း ငါ့အိမ်မှာ အဲဒီနည်းနဲ့ ကစားသွားတာပေါ့ ဟုတ်လား "
" ဟုတ်တယ်လေ၊ ကျွန်မ ပြန်သင်ပေးပါ့မယ်၊ လူကြီးတစ်ယောက် ကျွန်မကို သင်ပေးသွားတာ။ လွယ်ပါတယ်၊ ပထမ .... "
ဖီးလစ်က ဖဲချပ်တွေကို အတင်းလုယူပြီး ဘာမှမပြောဘဲ မီးဖိုထဲ သွားပစ်ထည့်လိုက်သည်။
" ကြည့်စမ်း၊ မင်းဟာ တော်တော် ကောက်ကျစ်စဉ်းလဲတဲ့ သူခိုးမပဲ "
ဒိုလားရက်စ် ပါးစပ်အဟောင်းသားဖြစ်လျက် ကုလားထိုင်ကို နောက်သို့ တွန်းလိုက်ရင်း -
" ဘာ ... ဘာဖြစ်လို့လဲဟင် ဂျူးဒစ် "
ဂျူးဒစ် တစ်ကိုယ်လုံး ပူသွားလိုက်၊ အေးလာလိုက် ဖြစ်နေသည်။

" ဒီမယ် ဒိုလားရက်စ်၊ နင် နင် ဘာဖြစ်လို့ ... "
" တော်တော့ ဂျူးဒစ် "
ဖီးလစ် ၀င်ဟန့်သည်။ ဒိုလားရက်စ် မီးလင်းဖိုရင်တားကို ကိုင်ပြီး မတ်တတ်ထရပ်သည်။ ဖီးလစ်က သူ့လက်မောင်း ကို အသာကိုင်၍ -
" မင်းအခန်းကို သွားရအောင်လား ဒိုလားရက်စ်၊ တို့တစ်တွေ အလန့်တကြား ဖြစ်သွားကြတယ်၊ ဘာလို့ အဲဒီလို ဖြစ်သွားရတယ် ဆိုတာတော့ မင်း နားလည်နိုင်မှာ မဟုတ်လား "
ဒိုလားရက်စ် က ဖီးလစ်လက်ကို ပုတ်ချလိုက်ပြီး -
" ဖယ်ပါ၊ ပိုက်ဆံမရှိရင် လူကောင်း မဖြစ်နိုင်ဘူးပေါ့၊ သူများကျွေးတဲ့ ထမင်းကိုစားပြီး သူများ အိမ်မှာ နေနေရတဲ့ ဘ၀နဲ့က ... ကျွန်မ သေချင်တယ်။ ကလေးရော ကျွန်မရော သေ သွားရင် အေးမယ်၊ ရှင်တို့ တစ်တွေ အလကားပဲ၊ တစ်ယောက်မှ သောက်သုံးမကျဘူး "

" အရက်ဆိုင် က ပါလာတဲ့ အကျင့်တွေပေါ့ ဟုတ်လား၊ နင် ငါ့မိတ်ဆွေတွေကို လိမ်ညာပြီး .... "
ဂျူးဒစ် မောကြီးပန်းကြီး အော်ပြောတော့ ဖီးလစ်က " သြော် ... ဒုက္ခပါပဲ၊ ဂျူးဒစ် တိတ်စမ်း" ဟု ပြောပြီး ဒိုလားရက်စ် လက်မောင်းကို ဆွဲ၍ ခေါ်ထုတ်သွားသည်။ ဂျူးဒစ်ကို မကြားဝံ့မနာသာ နှစ်ခွန်း၊ သုံးခွန်း အော်ဆဲသွားသေး၏။ ဖီးလစ် သူ့ကို လိုက်ပို့ပြီး ညလယ်စာကို အခန်းထဲအအထိ ပို့ပေးရန် အစေခံတွေ ကို မှာခဲ့သည်။
ဧည့်ခန်း ထဲတွင် လက်နှစ်ဖက်ပေါ် ခေါင်းငိုက်စိုက်ချကာ ဂျူးဒစ်ထိုင်နေသည်။ ဖီးလစ်က ရောက်မ ဆိုက် -
" မင်းလည်း တော်တော် အာကြမ်းတတ်သားပဲနော် "

" ဂျူးဒစ် တောင်းပန်ပါတယ် အစ်ကိုရယ်၊ ဂျူးဒစ် ဒီလို မရိုင်းသင့်ပါဘူး၊ သူက ဒါလောက် အောက် တန်းကျ လွန်းတော့ "
" မင်း ခေါ်လာတာလေ၊ ဘယ်သူ ခေါ်လာတာမှ မဟုတ်ဘူး "
" ဟုတ်ပါတယ်၊ ဒါပေမဲ့ ၀က်သစ်ချမြိုင်ရဲ့ ဂုဏ်သိက္ခာကို သူ တစ်စစီဖြစ်အောင် လုပ်တာတော့ ... အစ်ကို ဘာလို့ ၀င်တားတာလဲ "
" ဘာဖြစ်လို့ တားရသလဲဆိုတော့ သူ့ကို မင်း စိတ်ကုန်နေသလို ကိုယ်လည်း စိတ်ကုန်နေတာပဲ၊ ဒါပေမဲ့ မင်း သူ့ကို ဘယ်လိုမှ မောင်းထုတ်လို့ မရတော့ဘူးလေ၊ အဲဒီတော့ သူ ဒီမှာရှိနေသရွေ့ ကြိတ်မှိတ် ခံရုံပဲရှိတယ်၊ မင်း သူနဲ့ပြိုင်ပြီး နှုတ်သီးကောင်းလျှာပါး လုပ်နေစရာ မလိုဘူး "
" ဟုတ်တယ် ဟုတ်တယ်၊ အစ်ကိုပြောတာ ဟုတ်တယ်၊ ကလေးတွေကို သူပေးတဲ့ပိုက်ဆံတွေ ဘယ့်နှယ် လုပ်ကြ မလဲဟင်၊ ပေးလို့တော့ မဖြစ်ဘူး "
" ဘာလို့ မဖြစ်ရမှာလဲ "

" ဟာ ... လိမ်ညာပြီး ရထားတဲ့ ပိုက်ဆံတွေ "
" ဒါဆိုလည်း ဘုရားရှိခိုးကျောင်း လှူလိုက်ပေါ့ဗျာ၊ ဒါပေမဲ့ မင်း ဒိုလားရက်စ်နဲ့ ပြဿနာ ဆက်လုပ် မနေနဲ့တော့၊ ကြားလား "
ဂျူးဒစ် သည်ကိစ္စကို မေ့မေ့ပျောက်ပျောက် ထားလိုက်ဖို့ ကြိုးစားသည်။ သို့သော် ခံပြင်းနေပုံ ရသည့် ဖြူရော်ရော် ဒိုလားရက်စ်၏ မျက်နှာကို မြင်လိုက်တိုင်း မေ့ပျောက်ဟန်ဆောင်ရသည်မှာ ခက်လှ သည်။
ဒေးဗစ်နှင့် ခရစ္စတိုဖာတို့ဆီမှ ပိုက်ဆံတွေကို ဂျူးဒစ် ဘယ်လိုမှ တောင်းလို့မရပေ။ ဒီပိုက်ဆံတွေ မသန့်ရှင်းမှန်း သူတို့ မသိရှာကြပါဘူးလေဟု နောက်ဆုံး လိုက်လျောလိုက်ရ၏။

နောက်တစ်ပတ်တွင် ဒိုလားရက်စ် ယောက်ျားကလေး မွေးသည်။ ဂျူးဒစ် အတတ်နိုင်ဆုံး လိုက်လိုက် လျောလျော နေသည်။ နိုင်ငံခြားဖြစ် ကလေးဝတ်စုံ ကလေးများဖြင့် မီးနေ၀င်သည်။ သို့သော် ၀န်ထုပ်ဝန်ပိုးကြီး ပေါ့သွားတော့မှာမို့ ၀မ်းသာနေမိခြင်းကိုတော့ ဖုံးကွယ်ဖို့ ခပ်ခက်ခက် ဖြစ်လာသည်။
ဒိုလားရက်စ် ယောက်ျားလေး မွေးပြီးဖြစ်ကြောင်း၊ မိခင်ရောကလေးပါ ကျန်းမာကြကြောင်း စာတို ကလေးရေးပြီး ကာလက်ဆီ ပို့ခိုင်းလိုက်သည်။
ချက်ချင်း ပေါက်ချလာသူက ကာလက် မဟုတ်။ မတ်ရှာရမီ ဖြစ်သည်။

" ဟင် ဖေဖေ တစ်ယောက်တည်းလား၊ ကာလက် ဘာလို့ လိုက်မလာတာလဲ " ဟု ဆီးမေးတော့ ဘာမှ မပြောဘဲ ဖေဖေ့မျက်နှာ သုန်မှုန်နေသည်။ သူ့ကို ကလေးခန်းရှိရာသို့ ဂျူးဒစ် ခေါ်သွားသည်။ ပုခက်ထဲသို့ ငုံ့ကြည့်နေပုံကို ဂျူးဒစ် အကဲခတ်နေ၏။ တင်းမာနေသည့် မျက်နှာသည် ရုတ်ခြည်း ပျော့ပျောင်းသွားသည်။
" ထွားလိုက် ချောလိုက်တဲ့ ကောင်ကြီး၊ သူ့ကို ရော်ဂျာလို့ ဖေဖေ နာမည်ပေးမယ်" ဟု ခပ်တိုးတိုး လေးပြောသည်။ သူ့လက်ညှိုးကို မြေးကလေး၏ လက်ထဲ ထည့်ထားပေးလိုက်၏။
" ရော်ဂျာ ဟုတ်လား၊ ရှာရမီမျိုးထဲမှာ ရော်ဂျာ ရှိဖူးလို့လား ဖေဖေ "

ဂျူးဒစ် နားမလည်သဖြင့် မေးလိုက်သည်။ ဖေဖေက ခေါင်းခါပြီး ...
"ရုဒ်အိုင်လန်ရဲ့ ရော်ဂျာဝီလျံကို အောက်မေ့တဲ့အနေနဲ့လေ၊ သိပ်သတ္တိပြောင်တဲ့ ဘာသာရေး ခေါင်းဆောင် တစ်ဦးပေါ့ "
ဂျူးဒစ် ခဏ တွေစဉ်းစားပြီး -
" ကာလက်က ဖေဖေပေးတဲ့ နာမည်ကို ကြိုက်ပါ့မလား "
" ကာလက်က ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဖေဖေ့ကို ဘာတစ်ခွန်းမှ မပြောဘူး၊ သမီး၊ ဒါထက် ဒိုလားရက်စ် နေကောင်းရဲ့လား၊ ဖေဖေ တွေ့လို့ရမလား "
" ရပါတယ် ဖေဖေ၊ သူ နေကောင်းနေသားပဲ "

မတ်က ကလေးဆုပ်ထားသည့် သူ့လက်ညှိုးကို အသာပြန်ထုတ်ယူပြီး ဒိုလားရက်စ်အခန်းသို့ လိုက် သွားသည်။ လမ်းတွင် သမီးလုပ်သူကို တိုးတိုးကပ်ပြောသည်။
" ဒိုလားရက်စ်ကို စောင့်ရှောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သမီးရယ်၊ မေမေသာရှိရင် သစ်ဖြူတော မှာပဲ မွေးဖြစ်မှာ "
ဂျူးဒစ် စိတ်ထဲတွင် ဖေဖေ ပြောသည့်အတိုင်း ဖြစ်လာမည် မထင်ပါ။ သို့သော် ဘာမျှ ပြန်မပြောဘဲ ဒိုလားရက်စ် ၏ အိပ်ရာနံဘေး အရောက်တွင် -
" ဒိုလားရက်စ်၊ ဖေဖေ လာတယ်လေ၊ မင်းနဲ့ တွေ့ချင်လို့တဲ့ "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

သာဓု ၏ အတာ, အပိုင်း (၁၈)

(ထိုထိုဝတ်လုံများကို ပထမဆုံးအကြိမ် မြင်ဖူးစဉ်က အတာသည် ကိုထွန်းအောင်အား ဤ လို မေးခဲ့၏။
"အဲဒါ ဝတ်လုံခေါ်တယ်ကွ" ဟု ကိုထွန်းအောင်က သာမန်မျှပင် ဖြေလိုက်သည်ကို
"သူတို့က ဘာလုပ်ရသလဲ ဒီရုံးက စာရေးတွေလား"
"မဟုတ်ဘူးလေကွာ၊ သူတို့က အမှုဖြစ်တဲ့လူတွေကို အမှုက လွတ်အောင် ပြောပေးရတဲ့ လူတွေပေါ့ကွ"
"ဘယ်လိုလဲ၊ သူတို့ပြောပေးရင် ဘာမှုမဆို လွတ်တာပဲလား"
ထိုမေးခွန်း အတွက် ကိုထွန်းအောင် အတော်ကလေး ဦးနှောက်ခြောက်သွားခဲ့ရ၏။)
ကို ဆက်ဖတ်ရန် ................

"ဒီလို ဘယ်ဟုတ်မလဲကွ၊ မတရားသဖြင့် အထင်မှားပြီး အဖမ်းခံရတဲ့ လူတွေကိုသာ လွတ်အောင် လုပ် ပေးတာပေါ့"
"သူတို့ကိုကော လွတ်အောင်ပြောပေးတဲ့အတွက် ပိုက်ဆံပေးရလား ဟင်"
"ပေးရတာပေါ့"
အတာကလေး ရုတ်တရက် တွေသွားရာမှ
"မတရား အဖမ်းခံရတဲ့လူတွေက ကိုယ့်ဟာကိုယ်လွတ်အောင် ပြောလို့မရဘူးလား၊ ဟင်"
"ဟာ ဒီကောင်လေး"ဟု ကိုထွန်းအောင်လည်း အတာ့ မေးခွန်းကို သဘောကျသွားသလို ပါးကလေးဆွဲ လိမ်ရင်း ရေရွတ်လိုက်ပြီးမှ
"တချို့က ကိုယ့်ဟာကိုယ် မပြောတတ်ဘူးကွ၊ ဒါကြောင့် သူတို့ကို ငှားပြီး ပြောခိုင်းရတာပေါ့၊ ဒီမှာ အတာ၊မင်းနဲ့ ပွဲကတော်ကြီးသား ဝင်းမောင်နဲ့ဘယ်သူက စကားတတ်သလဲ"
"မမသက်တို့က ပြောတော့ ကျွန်တော် စကားတတ်တယ်တဲ့"

"အေး အဲသလိုပေါ့ကွ၊ ဒီဝတ်လုံဆိုတဲ့ လူတွေဟာ သိပ်စကားတတ်တယ်၊ ဒါကြောင့် သူတို့ကိုအပြောခိုင်း ရတာပေါ့၊ ကဲ အတာ၊ မင်းကော ကြီးလာရင် ဘာလုပ်မလဲ"
"ဝတ်လုံလုပ်မယ်"
"ဘာပြုလို့လဲကွ"
"ဝတ်လုံဆိုတာ ဒုက္ခရောက်နေတဲ့ လူတွေကို ကယ်ဆယ်ရတယ်မဟုတ်လား၊ ကုသိုလ်လဲရတယ်၊ ပိုက်ဆံလဲရတယ်၊ ပြီးတော့ သူတို့ ကွတ်အင်္ကျီကြီးတွေက သိပ်လှတာပဲ"
"အေး ဒါဖြင့် မင်း  ပညာကို ကြိုးစားပြီးသင် ဟုတ်လား"
ဤသည့် နောက်ကြောင်းကလေးများကို တွေးမိပြန်သောအခါ၌လည်း အတာသည် ပရုပ်လုံးကုလားက လေးကဲသို့ ဈေးရောင်းချင်သော စိတ်များပျောက်ပျက်သွားပြန်တော့၏။ သို့အရွယ်နှင့် မမျှအောင် ညနေ ငါးနာရီထိုးခဲ့ပြီ ဖြစ်သဖြင့် သူများနည်းတူပင် ဈေးဗန်းကို ကူလီနှင့်သယ်၍ အိမ်သို့ပြန်ခဲ့၏။

ည ၇ နာရီထိုးသည့်တိုင်အောင် မသိန်းမေ ပြန်ရောက်မလာသေး၊ နံနက်ပိုင်းက သူ့မေမေပေးခဲ့သော ပိုက်ဆံတစ်ပဲမှာ နံနက်စာဝယ်စားခဲ့င ကုန်ပြီဖြစ်ရာ ညစာအတွက် အခုထိ သူမစားရသေး။ ဈေးရောင်း ထားသော ပိုက်ဆံများ လက်ထဲ၌ရှိသည်မှန်သော်လည်း ထုတ်နုတ်သုံးစွဲရန် သူမဝံ့။ မပုလေးတို့ဆိုင် သွားစားရမည်မှာလည်း "နောက်တစ်ခါ လာစားရင် ပိုက်ဆံယူခဲ့နော်"ဟူသော စကားအရ သွားစား၍မ ဖြစ်။ သူ့တွင် ယမန်နေ့က စုထားခဲ့သော ပိုက်ဆံတစ်မူးထဲမှ စိုက်ထုတ်စားထားနှင့်ပြီး သူ့မေမေပြန်လာ ၍ ထမင်းဖိုးပေးမှ ပြန်ဖြည့်လိုက်လျှင်လည်း ပြီးနိုင်သည်ဟု အတာသည် ဆာဆာနှင့် ဤလို အကြံရစေ ကာမူ
"အို ဒီလိုလဲ မဖြစ်သေးပါဘူး၊ တော်ကြာ မေမေ ထမင်းဖိုးမပေးဘဲ ဒေါ်ပုလေးတို့ဆိုင် သွားစားချည်ဆို မှဖြင့်"
အတာလည်း သူ့ပိုက်ဆံကလေး အချောင်ဆုံးရမည့်ဘေးကိုလည်း တွေးပူမိသဖြင့် အဆာခံ၍ပင် သူ့ေ မမေအား မျှော်မိနေတော့၏။

အတာကလေး အိမ်ပေါ်တွင် စာကျက်နေခိုက် ၈ နာရီ လောက်တွင်မှ မသိန်းမေ ပေါက်လာကာ
"ဘယ်မလဲ အတာ၊ ရောင်းရတဲ့ ပိုက်ဆံတွေပေး"ဟု အေးအေးလူလူ အမူအရာဖြင့်ပင် မသိန်းမေ က တောင်းလိုက်သောကြောင့် ခြောက်ကျပ်တစ်မတ်တိတိသော ရောင်းရငွေများကို အတာလည်း ရောင်းရ သည့် ပန်းထုပ်အရေအတွက်နှင့်တကွ ပေးအပ်လိုက်၏။
"မေမေ  နိုင်လာတယ်ထင်ပါရဲ့"
စူစူအောင့်အောင့် မဟုတ်သော သူ့မေမေ၏အမူအရာကိုကြည့်လျက် ဤလိုမှတ်ချက်ချလိုက်၏။ သို့ သော သူ မမေးဝံ့။

"ဒေါ်ဒေါ်၊ ဒီည ဘာစားရမှာလဲ၊ ဒေါ်ဒေါ် တွဲပွဲတိုက်လာတယ်ဆို"
အောက်ထပ်မှ လှမ်းမေးလိုက်သော မခင်သွယ်၏အသံကြောင့်
"တွဲပွဲ တိုက်တာသာ နာမည်ကြီးတာပါအေ၊ လျော်တော့ ငွေကလေး ဆယ့်ရှစ်ကျပ်ရယ်"
"ဒါ ခြောက်ဆယ်လောက် နိုင်တယ်ဆို"
"တောက်တီးတောက်တဲ့အေ၊ စုစုပေါင်း သုံးဆယ့်ငါးကျပ်လောက်ပဲနိုင်တာပါ"
ထိုစကားအရ သူ့မေမေ နိုင်လာသည်ကို အတာ အသိအမှတ်ပြုလိုက်၏။ သူ့တွက်ကိန်းလည်း ကိုက် သွားသောကြောင့် ဝမ်းသာအားရနှင့် ပထမဆုံး သူသတိရသည်မှာ
"ဒီလိုဆို တနင်းလာနေ့တော့ မေမေ ကျောင်းလခပေးနိုင်မှာပဲ"ဟူ၍ပင် ဖြစ်၏။

"နင် ထမင်းစားပြီးပလား"
"မစားရသေးဘူး မေမေ၊ ကျွန်တော့်ဆီ ပိုက်ဆံမှ မရှိဘဲ"
"ဒါဖြင့် သွား မပုလေးဆိုင်မှာ သွားစားချည်"
အတာ ကြိုတင် ထင်မြင်ခဲ့သည့်အတိုင်း မပုလေးဆိုင်သို့ အစားခိုင်းပြန်လေပြီ။ အတာကား မသွားလို ကြောင်း ပြောပြရန်မှာ ယနေ့သည် အခွင့်အသာဆုံး ဖြစ်သည့်အတိုင်း
"မနေ့တုန်းက ကျွန်တော် ထမင်းသွားစားတော့လေ"
ဤသည်ကို အစချီ၍ အတာလည်း ယမန်နေ့ညက ကြုံရသည့်အဖြစ်ကို ရှင်းပြလိုက်၏။

"ဟင် သူတို့က ဒီလိုပဲ ပြောသလား၊ နေပေ့စေ၊ ငါ ထိပ်ဝ သွားမှ ဒင်းတို့သိမယ်"ဟု စိတ်ဆိုးသွား သလို ရေရွတ်လိုက်ပြီးမှ အတာအား မူးစေ့ကလေးတစ်စေ့ကို ပစ်ပေးရင်း
"သွား နင့်ဟာနင် စားချင်တာ သွားစား၊ ပြန်မပေးနဲ့တော့"
အတာ လည်း ထခုန်မိတော့မလောက် ဝမ်းမြောက်သွားရှာ၏။ အပျော်တမြူး ဆင်းလာခဲ့သော အတာ လည်း လမ်းထိပ်သို့ရောက်သည့်တိုင်အောင် သူ ဘာစားရမည်ကို ဝေခွဲမရသေး။ နောက်ဆုံး၌ ယခုအ တောအတွင်း သူ့စုငွေမှာ ကျေနပ်အားရဖွယ် ကောင်းလောက်အောင် မရှိသေးသည် ကို တွေးမိသည်၌ အတာသည် ဝက်ရိုးဝက်ခေါက်တို့ဖြင့် ဗုန်းပေါလအော ကျိုထားသည့် ဆန်ပြုတ်နှစ်ပြား ဖိုးနှင့်ပင် ထိုည အဖို့ ထမင်းကိစ္စ ပြီးလိုက်တော့၏။

မနေ့က သူ့မေမေ မြင်းပွဲသွားစဉ် ဈေးရောင်းခဲ့သော အတွေ့အကြုံနှင့် ပတ်ဝန်းကျင်၏အရောင်းအဝယ် ကိစ္စ များကို စိတ်ဝင်စားခဲ့သော အတာသည် ယနေ့ တနင်္ဂနွေနေ့တွင်လည်း ခပ်စောစောပင် သူ့မေမေ ရှိရာ ဈေးသို့ ထွက်လာခဲ့၏။
ထိုခေတ်ကဆိုလျှင် ကုန်ုတိုက်ဖြစ်စေ၊ ဈေးဆိုင်ဖြစ်စေ ဖွင့်ချင်သောနေ့တွင် ဖွင့်ရောင်းနိုင်၏။ ပိတ်ချင် သာနေ့တွင်  ပိတ်နိုင်၏။ ထို့ကြောင့်ပင် တနင်္ဂနွေနေ့ဖြစ်သော်လည်း သိမ်ကြီးဈေးနှင့်တကွ ပတ်ဝန်း ကျင်ရှိ အထည်တိုက်ကြီးများပါမကျန် အားလုံးလိုလိုပင် ဖွင့်လှစ်ရောင်းချနေကြ၏။
တနင်္ဂနွေနေ့ဖြစ်၍ ရုံးအလုပ်သမားများ အားလပ်ခွင့်ရသောကြောင့်လည်း ဈေးမှာ ခါတိုင်းနေ့များထက် ပို၍ စည်ကားနေ၏။

တစ်ဖန် ထိုခေတ် ထိုအခါကဆိုလျှင် ယခု ကာလမှာကဲ့သို့ လူအများလမ်းလျှောက်၍ မရနိုင်လောက် အာင် ပလက်ဖောင်း များပေါ်တွင် ဆိုင်များတည်ခင်း ရောင်းချရန်မဆိုထားဘိ၊ ဗန်းကလေး တစ်ခုမျှပင် လူသွားစင်္ကြံပေါ်၌ ချ၍ မရောင်းရ၊ ရောင်းလျှင် မြူနီစပယ်ပုလိပ်များက ဖမ်း၏။
တနင်္ဂနွေနေ့၌မူ ရုံးများပိတ်သဖြင့် မြူနီစပယ်ပုလိပ်များလည်း အလုပ်ပိတ်သောကြောင့် ဈေးသည်များ မှာ ထိုနေ့တစ်နေ့ တည်းပင် လူသွားပလက်ဖောင်းများတွင်ချ၍ ရောင်းနိုင်ကြ၏။ သို့တိုင်အောင် စိတ်အေးလက်အေး မရောင်းရ၊ အလစ်အလစ်တွင် မြူနီစပယ်ပုလိပ်က လာ၍ ဖမ်းတတ်သောကြောင့် သတိနှင့် ရောင်းကြရ၏။ မြူနီစပယ်ပုလိပ်များလာလျှင်  ကိုယ့်ပစ္စည်းကိုယ်သယ်၍ ထွက်ပြေးကြရ၏။
ယနေ့လည်း တနင်္ဂနွေနေ့ဖြစ်သည့်အတိုင်း သိမ်ကြီးဈေးတစ်ဝိုက်ရှိ လူသွားစင်္ကြံများမှာ ဈေးသည်မျိုးစုံ ဖြင့် ပြည့်ကျပ်နေတော့၏။

"တစ်ကိုက်တစ်မတ်စီ လျှော့ဈေး၊ တစ်ကိုက်တစ်မတ်"ဟု တကြော်ကြော်အော်နေသည့် ရှင်ဖျင်ရောင်း  သော ကုလားများအသံသည်လည်းကောင်း၊
"ငါးမူးစီ ငါးမူးစီ ကြိုက်တာယူ တစ်ထည်ငါးမူး"ဟူသော မြန်မာလုံချည်သည် အသံများကိုလည်းကောင်း
"ခြောက်ပြား စီ ခြောက်ပြားစီ"ဟုအော်ရင်း ထင်းရှုးပြားတစ်ချပ်ပေါ်တွင် ဖန်ခွက်ဖင်ပိုင်းကို ရိုက်ပြနေသံ များကို လည်းကောင်း
ကော်စမတစ်၊ ပေါင်ဒါ၊ ရေမွှေး၊ သွားပွတ်တံ၊ ကော်ဘီး၊ မှန်စသည့် ပစ္စည်း အမျိုးပေါင်း နှစ်ဆယ်ကျော် လောက်ကို ဖြန့်ကြဲခင်းကျင်းထားပြီး "လိုချင်တာယူပါ ဆယ်ပြား၊ ကြိုက်တာယူပါ ဆယ်ပြား၊ လက်ပတ် ကြိုးလဲ ဆယ်ပြား၊ ပုလဲပုတီးလဲ ဆယ်ပြား"စသဖြင့် အမျိုးမျိုး ဟစ်အော်ရောင်းချနေသော အသံများကို လည်းကောင်း
အတာသည် အလွန့်အလွန် သဘောကျသော အမူအရာဖြင့် နားစွင့်လျက်ရှိ၏။ မျက်လုံးကလည်း အငြိမ်မနေ တောင်မြောက်လေးပါးကို အကဲခတ်ရင်း အရောင်းအဝယ်လုပ်ငန်းတွင် အတော်ကလေး စိတ်ဝင် စားနေမိ၏။ သူ့စိတ်ထဲတွင် ပျော်စရာကောင်းသော အလုပ်ဟူ၍လည်း မှတ်ချက်ချမိ၏။

မနေ့က ဈေးကူရောင်းပေးခဲ့သော အရှိန်ကြောင့်လားမသိ။ အတာကလေး ဈေးသို့လိုက်လာ၍ သို့လျှင် ပူးပူးကပ်ကပ်ရှိနေသည်ကို မသိန်းမေလည်း တစ်စုံတစ်ရာ ဘာမျှမပြောဘဲ ကြည်ကြည်ဖြူဖြူ ခွင့်ပြု ထားရာမှ
"အတာ ရော့၊ ဟောဒီ လက်မှတ်တွေ ကြည့်စမ်း"ဟု ပြောရင်း မသိန်းမေက အပေါင်လက်မှတ် သုံး လေးစောင် ကို လှမ်းပေးလိုက်၏။
အတာ ကလေး ကျောင်းရောက်၍ ပထမတန်းတွင် လေးငါးလသင်မိသည်ဆိုလျှင်ပင် ဇန်နဝါရီ၊ ဖေဖော်ဝါရီ စသော အင်္ဂလိပ်လအမည်များကို သွက်လပ်စွာ ရွတ်ဆိုနိုင်ခဲ့သည်သာမက စာလုံးပေါင်းကိုလည်း ကျင်လည် စွာ ရေးသားနိုင်ခဲ့၏။ အိမ်တွင်လည်း လေ့ကျက်ရွတ်ဆိုနေတတ်သောကြောင့် ထိုအတတ်ပညာ ကို မသိန်းမေသည် အပေါင်ဆိုင်လက်မှတ် နေ့စွဲကြည့်ခိုင်းခြင်းအားဖြင့် ရှေးဦးစွာ အသုံးချလေတော့၏။

ယခုလည်း အတာသည် အပေါင်လက်မှတ်များကို ကြည့်၍
"ဒါက သြဂုတ်လ ခြောက်ရက်နေ့က ပေါင်တာ မေမေ၊ ဒီနေ့ ဒီဇင်ဘာလ ဆယ်ရက် ဆိုတော့ လေးလ ကျော်ပြီ"
"ဒါဖြင့် ငါးလတွက်ပေးရမှာပေါ့၊ အဲဟို တစ်စောင်ကကော"စသဖြင့် မသိန်းမေက မေးလိုက်၊ အတာက တွက်ပေး လိုက်ဖြင့် နောက်ဆုံးတွင် အပေါင်လက်မှတ် လေးစောင်နှင့်အတူ ငွေဆယ့်ရှစ်ကျပ်ကို အတာ့ လက်အပ်ရင်း "ကဲ အဲဒါ သွားရွေးချည်"

အတာလည်း လက်မှတ်နှင့် ပိုက်ဆံများကို ဂရုတစိုက် ဆုပ်ကိုင်ကာ မောင်ခိုင်လမ်း (ယခု ဗိုလ်ရွှဲလမ်း) ထိပ်ရှိ အပေါင်ဆိုင်ဘက်သို့ လျှောက်လာခဲ့၏။
"ဒီလုံချည်တွေ ခုရွေးပြန်ပြီ၊ တော်ကြာ မြင်းပွဲသွားစရာရှိရင် ပေါင်ဦးမှာပဲ"ဟု ညည်းညည်းညူညူ ရေ ရွတ်ရင်း ပင် အပေါင်ဆိုင်ထဲသို့ လှမ်းဝင်သွားတော့၏။
ထိုခေတ်ကဆိုလျှင် မည်သည့်ကုန်တိုက် ဈေးဆိုင်မဆို မည်သည့်အချိန်ဖွင့်၍ မည်သည့်အချိန်ပိတ်ရ မည်ဆိုသော စည်းကမ်းသတ်မှတ်ချက်မျိုး မရှိ။ အပေါင်ဆိုင်များပင်လျှင် နံနက် ခုနစ်နာရီလောက်တွင် ဖွင့်၍ ည ရှစ်နာရီမှ ပိတ်၏။ တနင်္ဂနွေနေ့ပင်ဖြစ်စေ တစ်နေ့လုံးဖွင့်ထားပြီး ည ရှစ်နာရီမှပင် ပိတ်၏။

အပေါင်ဆိုင်စည်းကမ်းတွင် အပေါင်ရော အရွေးပါ ကလေးများကို လက်မခံရသော်လည်း မသိန်းမေ မှာ ဖောက်သည်လိုဖြစ်နေသည်နှင့် မသိန်းမေ၏မှာကြားထားချက်အရ အတာကို သိနေကြ၏။ ပေါင် ပေါင် ရွေးရွေး လက်မနှေးဘဲပေးလိုက်တတ်သည်ဖြစ်သောကြောင့် အတာလည်း သူ့မေမေ မှာသည့်အတိုင်း  ပင် ရွေးလာသော လုံချည်ခြောက်ထည်ကို အိမ်တွင် ဝင်ထားခဲ့ပြီးမှ သူ့မေမေ ထံ ပြန်လာ၏။
ပိုလာသော အကြွေများကို အတွက်ကျ ပြန်အပ်သည်နှင့် မသိန်းမေက ပဲစေ့တစ်စေ့ပြန်ပေးပြီး ထမင်း စားခိုင်း လိုက်သောကြောင့် ဈေးချိုဘက်သို့ ထွက်သွားကာ ခေါက်ဆွဲကြော် နှစ်ပြားဖိုးမျှသာ စားပြီး စု လိုက်ချေသေး၏။

တကြော်ကြော် အော်ဟစ်ရောင်းချနေသော ဈေးတန်းတစ်လျှောက် လျှောက်လာခဲ့ရာမှ အတာသည် ဆိုင် တစ်ဆိုင်ရှေ့တွင် ရုတ်တရက် တန့်သွားကာ အတန်ကြာသည့်တိုင်အောင် တွေကြည့်နေမိ၏။
ထိုဆိုင်မှာ လူကြီးဝတ်စွပ်ကျယ်အင်္ကျီများက တစ်ပုံ၊ ကလေးဝတ်များက တစ်ပုံ၊ မျက်နှာသုတ်ပဝါများ က တစ်ပုံစသဖြင့် သူ့အပုံနှင့်သူ ခင်းထားပြီး "တစ်မတ်စီ၊ သုံးပဲစီ"စသဖြင့် ဟစ်အောင်ရောင်းချနေ သော စွပ်ကျယ်ဆိုင်ဖြစ်၏။ အတာ၏မျက်လုံးများသည် သုံးပဲစီဆိုသော ကလေးဝတ်စွပ်ကျယ်များဆီ တွင် အာရုံ စိုက်နေ၏။

အတာ သဘောကျမည်ဆိုကလည်း ကျစရာပင်။ ထိုကလေး စွပ်ကျယ်များမှာ အတာတို့ အရွယ်ဝတ် ခေါင်းစွပ် လက်စကဖြစ်လျက် လက်ဖျားနှင့် လည်ပင်းအကွပ်များမှာ အနီ၊ ချော့ကလက်၊ အစိမ်း၊ အပြာ စသည်ဖြင့် ရောင်စုံဆိုးထားသည်ဖြစ်သောကြောင့် ကိုယ်ထည်အဖြူနှင့် အလွန်ပနံရလှ၏။ အထူးသ ဖြင့် ကလေးကြိုက် အဆင်ကလေးများ ဖြစ်သည့်အတိုင်းလည်း အတာသည် ထိုစွပ်ကျယ်ဆိုင် နားမှ မခွာနိုငအောင် ဖြစ်နေတော့၏။

ကြည့်၍ ဝသလောက်ရှိမှ အတာလည်း ထိုဆိုင်အနီးမှ ထွက်အလာတွင် မလှမ်းမကမ်း၌ ပစ်ထားသော စွပ်ကျယ်သေတ္တာအလွတ်များကို မြင်သည်နှင့် အတာလည်း ကလေးတို့သဘာဝအတိုင်းပင် သေတ္တာ လွတ် များ ကို ကောက်ရန် စွပ်ကျယ်ဆိုင်ဘေးမှ ကွေ့သွားပြီး
"အရာကြီး ဟိုသေတ္တာတွေ ပစ်ထားတာလား ဟင်"ဟု ဆိုင်ရှင်အား မေးလိုက်သေး၏။
"အေး မင်းလိုချင်ရင် ယူသွား"ဟု ဆိုင်ရှင်ကုလားက ခွင့်ပြုလိုက်သည်နှင့် အတာလည်း တပွေ့တပိုက် ပင် သူနိုင်သလောက် ရွေးကောက်ယူသွား၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, March 25, 2012

သာဓု ၏ အတာ, အပိုင်း (၁၇)

(လက်ထောက်မင်းသမီး ထွက်လုလုအချိန် ရောက်သည်နှင့် မခင်သက်တို့ ညီအစ်မတစ်စု အပြင် ပွဲကတော်ကြီး သမီးနှစ်ယောက်ပါ ပွဲခင်းရှိ အတာယူထားသော နေရာသို့ ရောက်လာ ကြ၏။) ကို ဆက်ဖတ်ရန်.............

အငြိမ့်ထုံးစံ အတိုင်းပင် လူရွှင်တော်များဖြစ်သော ဒန်ပေါက်နှင့် ညှပ်ကြီးတို့ လည်းခါင်းပေါင်းပါင်း ၍ တောင်ရှည်ပုဆိုးများလဲပြီး ပွဲခင်းဘက်သို့ ထ၍ မျက်နှာမူလိုက်သည်နှင့် အတာလည်း ထိုင်ရာမှ ထိုင်ရာ မှ ထကာ လက်ခုပ်တဖျောင်းဖျောင်းတီးနေတော့၏။

"ဟဲ့ ကောင်လေး"ဟု မခင်သွယ်က ဟန့်လိုက်မှပင် အတာ့လက်ခုပ်သံ တန့်သွားလျက် "ကိုယ့်မမတွေနဲ့ ကြည့်တဲ့ အခါမှာ ဒီလိုမလုပ်ရဘူး အတာရဲ့၊ ရှက်စရာကြီး" မခင်သက်ကမူ ဤလို ဖျောင်းဖျောင်း ဖျဖျ ပြောလိုက်၏။
"ဟုတ်ကဲ့၊ ကျွန်တော် နောက်ကိုမလုပ်တော့ပါဘူး"
စင်စစ် သို့ကလို အတာ လက်ခုပ်ထ၍ တီးလိုက်သည်မှာ ပျော်သောကြောင့်သာဖြစ်၏။ သူသည် အငြိမ့် ကို အလွန်ကြိုက်၏။ အတာ အငြိမ့်ကြိုက်သည်မှာ မင်းသမီး ကသည်ကို ကြိုက်ခြင်းမဟုတ်။ အက ကောင်းမကောင်းကိုလည်း သူ နားမလည်။ လူရွှင်တော် (ဝါ) လူပြက်ကိုသာ သူသဘော ကျခြင်းဖြစ်၏။ ဒန်ပေါက်၊ ညှပ်ကြီး၊ ဓာတ်ဆီ၊ ဓာတ်ဆံနှင့် ဦးဗေဒါ၊ ကျင်ခဲဆိုလျှင် သူ့အသည်းစွဲများဖြစ်၏။
ပွဲစတော့မည် ဖြစ်သည့်အတိုင်း လူရွှင်တော်များလည်း တစ်ဦးက တေးထပ်၊ တစ်ယောက်က လေးချိုး စသဖြင့် တစ်မျိုးစီသီဆိုနှုတ်ခွန်းဆက်လိုက်ပြီးမှ ယခုကဲ့သို့ ဂုဏ်သရေရှိလူကြီးများရှေ့တွင် လာရောက် ကပြ အသုံးတော်ခံရသဖြင့် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း အစရှိသဖြင့် ပဏာမခံလိုက်သေး၏။

"ဘယ့်နဲ့ ကိုညှပ်ကြီးရေ၊ခု ကြွရောက်လာကြတဲ့ ပရိသတ်ကိုကြည့်ရတာဖြင့် အမျိုးသားထက် အမျိုးသမီး ပရိသတ် က ပိုများနေတာ တွေ့ရပါလားဗျ၊ ဟင်"
"ဟုတ်ပေါ့ ကိုဒန်ပေါက်ရဲ့၊ ကျွန်တော်တို့ အငြိမ့်ကို အာသီသထားလို့မို့ အားပေးတဲ့အနေနဲ့ ခုလိုလာ ရောက်ချီးမြှင့်ကြတာ ဝမ်းသာစရာ မကောင်းပါလားဗျာ"
"ဝမ်းမြောက်စရာ ပဲပေါ့၊ အဲသလို အမျိုးသမီးတွေက ကျွန်တော်တို့အငြိမ့်ကို ခုလို လာရောက်ပြီး စေတနာရှေ့ထားလို့ အားပေးအားမြှောက် ပြုကြတယ်ဆိုတော့ ကျွန်တော်တို့ကလဲ သက်စွန့်ကြိုးပမ်း အမှုတော်ထမ်းရပေလိမ့်မဗျ"
"မှန်သပေါ့၊ ဒါမှလဲ ကျွန်တော်တို့ဘက်က ဝတ္တရားကျေပွန်ပေမှာပေါ့ ကိုဒန်ပေါက်ရဲ့"
"အဲ နောက်ပြီးတော့ ခုကြွလာတဲ့ ပရိသတ်ထဲကြည့်ရတာ ငယ်ငယ်ရွယ်ရွယ် အပျိုပရိသတ်ကလဲ အတော်များတာ တွေ့ရတော့ သူတို့ ခုလိုလာပြီး ချီးမြှင့်တာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်တော် နည်း ကောင်းကလေး တစ်ခုလောက်ပေးရရင် မကောင်းဘူးလား ကိုညှပ်ကြီးရေ"

"အလို ဘယ်လို နည်းကောင်းများပါလိမ့်"
"သြော် အမျိုးသမီးများအဖို့ အသုံးဝင်တဲ့နည်းပေါ့၊ မိန်းမတို့ဘုန်း ဆံထုံးလို့ ဆိုသမဟုတ်လားဗျ"
"မှန်ပေပေါ့ဗျာ၊ နို့ ကိုဒန်ပေါက်က ဘယ်လိုနည်းနဲ့များ ပေးချင်လို့ပါလိမ့်"
"အမျိုးသမီးများအဖို့မှာတော့ အမြတ်တနိုးထားပြီး အလှပြင်ရတာရယ်လို့ ဆံထုံးဆံပင်နဲ့ မျက်နှာပဲ ရှိတယ်မဟုတ်လား၊ အဲဒီတော့ ကျွန်တော် ဆံပင်ရှည်တဲ့ နည်းကောင်းလေးတစ်ခုတော့ ပေးခဲ့ချင်သဗျ"
"သြ သြ၊ ကျေးဇူးဆပ်တဲ့အနေမျိုးဆိုပါတော့၊ ကောင်းပေါ့ဗျာ ကောင်းပါ့ ကောင်းပါ့"

ဤတွင် လူရွှင်တော် ကိုဒန်ပေါက်က ပရိသတ်ဘက်သို့လှည့်၍
"ကဲ ဆံပင်ရှည်တဲ့နည်းကို အလိုရှိကြတဲ့ အမျိုးသမီးများ သေသေချာချာ နားထောင်ကြပေတော့။ အဟမ်း"
သို့လျှင် အစချီလိုက်သဖြင့် မြန်မာရော တရုတ်အမျိုးသမီးများပါ စိတ်ဝင်တစား နားစွင့်လာကြတော့၏။
"ကိုင်း ပြောတော့မယ်နော်၊ သြော် ဒါနဲ့ အမျိုးသမီးတွေက စိတ်ထဲမှ မှတ်ထားရလို့ မတော် တဆ မေ့သွားမှာလဲ စိုးရသေးတယ် ထင်ပါရဲ့၊ ကဲ အဲဒီတော့ ဒီလိုလုပ်ရင် မကောင်းဘူးလား၊ စာရွက် ကလေး တစ်ခုမှာ ရေးပြီးမှတ်ထားကြရအောင်လေ နော်၊ ကဲ ကဲ၊ ခဲတံတို့ ဖောင်တိန်တို့ စက္ကူတို့ နီးစပ်ရာ မိတ် ဆွေကာလသားများဆီက ခဏငှားကြပေါ့ ဟုတ်လား၊ ရေးမှတ်ထားတာက  ပိုကောင်းပါတယ်"
ကိုဒန်ပေါက်က ဤလိုစကားကို ပြင်ပြောလိုက်သည်နှင့် အမျိုးသမီးပရိသတ်မှာ ပို၍လှုပ်လှုပ်ရွရွဖြစ် သွားတော့ ၏။ လက်လှမ်းမီရာ အမျိုးသားများထံမှ ဖောင်တိန်ငှားသူငှား ကလေးများကို ခဲတံနှင့် စက္ကူ ပြန်အယူခိုင်းသူက ခိုင်းဖြင့် ပွဲခင်းတစ်ခုလုံး မငြိမ်မသက် ယောက်ယက်ခတ်နေတော့၏။

"သွား အတာ၊ ခဲတံနှင့် စက္ကူတစ်ရွက် သွားယူချည်နော်၊ သွားပါဟဲ့ မြန်မြန်လုပ်ပါ"
မခင်သက်က သို့ပြောရင်း အပူတပြင်းခိုင်းနေသည်နှင့်
"အလကားပါ မမသက်ရာ၊ လူပြက်တွေပြောတဲ့စကားများ မမက ယုံနေသလား"ဟု အတာက ထိုင်ရာမှ မထသေး ဘဲ ငြင်းလိုက်သည်ကို
"ဟဲ့ သူ မဟုတ်တာပြောပါ့မလား၊ တကယ်မို့သာ ခဲတံတွေ ဘာတွေနဲ့ ရေးမှတ်ခိုင်းတာပေါ့၊ သွားပါ ထလေ သွားယူချည် ပါ ခဲတံနှင့် စက္ကူ"
အတာလည်း မခင်သက်၏ဇွတ်အတင်း နားပူမှုကြောင့် အမြန်ဆုံး အိမ်ပြန်၍ ခဲတံနှင့် စက္ကူကို ကမန်း ကတန်း ယူ၍ ဆင်းလာခဲ့ရ၏။
ကိုဒန်ပေါက် လည်း ပရိသတ်အကဲကို သေသေချာချာ ခတ်နေပြီးမှ
"ကဲ ရေးမှတ်ထားကြနော်၊ ပြောတော့မယ်"ဟု နိဒါန်းပျိုးလိုက်ကာ

(မြင်လေလျှင် ရှုကာမက်စေဖို့) "ကဲ ရေးကြနော်၊ ထပ်ဆိုဦးမယ်၊ ဖြည်းဖြည်းပဲး လိုက်ရေးကြ" (မြင်လေ လျှင် ရှုကာမှတ်စေဖို့)
ဤတွင် ကိုဒန်ပေါက်လည်း ပရိသတ်အရေးကို စောင့်သကဲ့သို့ အတန်ကြာ နားနေသေး၏။ အမျိုးသမီး များလည်း သူ့အသိုက် သူ့အအုပ်ဖြင့် တလှုပ်လှုပ်ရေးရင်း အလုပ်ရှုပ်ထွေးနေကြတော့၏။
"ဟဲ့ အတာ သေသေချာချာ လိုက်ရေးနော် ပြစမ်း၊ မှန်ရဲ့လား"ဟု မခင်သက်က အတာ့လက်ထဲရှိ စာ ရွက် ကို ဆွဲယူဖတ်ကြည့်လိုက်သေး၏။
"မှန်ပါတယ် မမရဲ့ ပေးပါ၊ ဟိုမှာ ပြောတော့မယ်"ဟု အတာက စာရွက်ကလေးကို ပြန်တောင်းလိုက် သည့် အခိုက်မှာပင်

"ကဲ ပထမအပိုဒ်တော့ ပြီးလောက်ကြရောပေါ့နော်၊ မှတ်ရတာ လွယ်အောင် လင်္ကာကလေးလို စပ်ထား တာမို့ မခက်ပါဘူးနော်၊ ကဲ ဆက်ရေးလိုက်ကြပါဦး၊ ခုနက အပိုဒ်ကို ပြန်စပြီး ဆက်ပြောမယ်"
လည်ချောင်းရှင်း သလို အဟမ်းဟု ဟန့်လိုက်ပြီးမှ
"(မြင်လေလျှင် ရှုကာမက်စေဖို့) ပြီးပြီနော်၊ ကဲ ဆက်ကြဦး၊ (မြင်လေလျှင် ရှုကာမက်စေဖို့၊ ခင် ဆွေ တင် နု မာ သက်တို့ရဲ့) ကိုင်း၊ ပြန်ဆိုဥိးမယ်နော်၊ (ခင် ဆွေ တင် နု မာ သက်တို့ရဲ့)"
စောစောကနည်းတူ ကိုဒန်ပေါက်လည်း စကားကိုရပ်၍ ပရိသတ်အား အကဲခတ်နေ၏။ အမျိုးသမီးများ သည် လည်း ရှုပ်ယှက်ခတ်မျှ ရေးမှတ်နေကြ၏။
"အတာ လိုက်ရေးနော်"
"အင်းပါ မမရဲ့"ဟု ဖြေရင်း သူ့ရေးသားချက် မှန်မမှန်ကို ပြန်ဖတ်နေ၏။

"ပြီးကြပြီနော်၊ ကဲ လိုက်ရေးထားတာ မှန် မမှန် ပြန်စစ်ကြဦး ဟုတ်လား၊ (မြင်လေလျှင် ရှုကာမက်စေဖို့ ခင် ဆွေ တင် နု မာ သက်တို့ရဲ့) ကဲ မှန်ကြရဲ့နော်၊ ခု နောက်ဆုံးတစ်ပိုဒ်ပဲ ကျန်တော့တယ်"
ကိုဒန်ပေါက်လည်း အလွန် ခံ့ထည်သော မျက်နှာထားဖြင့် မှင်သေသေ ပြောလိုက်ပြီးမှ
"ကိုင်း၊ ကိုယ်ရေးထားတာ ကိုယ်ပြန်ကြည့်ကြဦးနော်၊ မှားနေလဲ ပြင်ပေါ့၊ နောက်ဆုံးကျန်တဲ့အပိုဒ်ကိုပါ ဆက်ပြောတော့မယ်၊ အဟမ်း"
"မြင်လေလျှင် ရှုကာမက်စေဖို့၊ ခင် ဆွေ တင် နု မာ သက်တို့ရဲ့၊ ဆံပင်ရှည်ချင်ရင် ဆံစုသာ ဆက်ကြ ပေတော့"
ဤသို့လျှင် အဆုံးသတ်လိုက်သည်နှင့် ပွဲခင်းတစ်ခုလုံး တဝုန်းဝုန်း တအုတ်အုတ်နှင့် ပတ်တုတ်၍ မစဲ အောင် တဟဲဟဲ ပွဲကျသွားတော့၏။

စာရွက်စကလေးများတွင် လည်းကောင်း၊ စီးကရက်ဘူးခွံလွတ်ကလေးများတွင် လည်းကောင်း အကောင်း ထင်၍ ရေးခြစ်မှတ်သားနေကြသော အပျိုစု အပျိုသိုက်မှာလည်း ခေါင်းငိုက်စိုက်နှင့်သာ ရယ် နေကြရတော့၏။ ပရိသတ်၏တဝါးဝါးအသံ မစဲသေးသည်နှင့်အမျှ မခင်သက်တို့တွင် လည်း ခေါင်းမဖော် ဝံ့ကြသေးဘဲ မျက်နှာကို လက်ဝါးဖြင့်ကာလျက် ရှက်ရှက်နှင့်ပင် ရယ်နေကြရတော့၏။
"ကဲ ကျွန်တော် မပြောဘူးလား" ဟု အတာသည် သူ့တွက်ကိန်းမှန်သွားသောကြောင့် ဟန်ကလေး ကျော့ကျော့ဖြင့် မေးလိုက်သေး၏။
အတာလည်း ယင်းသည့်အဖြစ်အပျက်ကို သူ့ဆရာမအား သွက်သွက်ကလေး ရှင်းပြလိုက်၏။ ဆရာမ တွင်လည်း လက်ကိုင်ပဝါလေးထုတ်၍ မျက်ရည်သုတ်ယူရသည်အထိပင် ရယ်မောနေမိပြီးမှ
"သြော် ဒီစာက အဲဒီလို ပြက်ပြောတာကို လိုက်ရေးထားတာဆိုပါတော့"
ဆရာမ လည်း စောစောက အတာ့စာရွက်ကလေး၏ တစ်နေရာကို ထောက်ပြရင်း မေးလိုက်၏။

"ဟုတ်ပါတယ် မမ"
"အဲဒီလို လူပြက်က ပြက်တာကို မင်း သိပ်သဘောကျတာပဲလား အတာ"
"ဟုတ်ကဲ့၊ ကျွန်တော်လေ ရယ်ရတဲ့ လူပြက်ဆိုရင် သိပ်ကြိုက်တာပဲ"
"နို့ အဲသလို လူပြက်က ဆံပင်ရှည်ချင် ဆံစုသာ ဆက်ကြပေတော့လို့ အဆုံးသတ်လိုက်တော့ အဟုတ် ထင်ပြီး မင့်ကိုရေးခိုင်းနေတဲ့ မင်းတို့မမ ဘယ်သူ"
"မမသက်"
"အဲ အဲ့ဒီ မင့်မမသက်ရော ဒိပြင် ခဲတံတို့ ဖောင်တိန်တို့နဲ့ စာရွက်ပေါ် ကူးရေးနေတဲ့ မိန်းမပျိုလေးတွေ ရှက်မသွား ကြဘူးလားကွယ်"
"ရှက်သွားတာပေါ့၊ ကျွန်တော်တို့ မမသက်ဖြင့် အိမ်ကို  ချက်ချင်းပြန်ပြေးတာပဲ"
"အေး အဲဒါ သိပ်ရှက်သွားလို့ပေါ့ကွဲ့"

"ကျွန်တော်ကတောင် ပြောသေးယ် မမရဲ့၊ ဒီ လူပြက်တွေဟာ အကောင်းဘယ်တော့မှ မပြောဘူး၊ မမ တို့ မယုံပါနဲ့လို့ အဲဒါ မရဘူး၊ ကျွန်တော့်ကို ဇွတ်ပဲ ခဲတံနဲ့စက္ကူ ယူခိုင်းတယ်၊ အဲ့ဒါ မမသက်တို့အပြစ်ပေါ့ သူတို့က ယုံတာကိုး"
"ဒီလိုလဲ ဘယ်ဟုတ်မလဲ အတာရဲ့၊ လူပြက်က အတည်နဲ့ပြောတော့လဲ ယုံမိတာပေါ့၊ တကယ်လို့ မမပါ  အဲ့ဒီပွဲမှာရှိရင် ယုံချင်ယုံမိမှာပဲ၊ ဒါပေမဲ့ လူပြက်တွေက ပွဲကြည့်ပရိသတ်ကို ခဲတံယူခိုင်းလား၊ စက္ကူရှာ ခိုင်းလားနဲ့ ဣနြေ္ဒပျက်အောင် လုပ်ဖို့မကောင်းဘူးပေါ့ကွယ်"
"ဒါဖြင့် လူပြက်က အဲသလို ရယ်စရာလုပ်တာ မကောင်းဘူးပေါ့နော် မမ" "ရယ်စရာ လုပ်တာ၊ ပြက်လုံးထုတ်တာကတော့ ကောင်းသားပဲ၊ ရယ်လဲ ရယ်ရပါတယ်၊ ဒါပေမဲ့ အတည် ပေါက်ကြီးနဲ့ ခဲတံ တွေ ဘာတွေ ရှာခိုင်းငှားခိုင်းတာတော့ မကောင်းဘူးကွဲ့၊ ဒါဟာ ပွဲကြည့် ပရိသတ် ကို မလေးစား ရာရောက်တာပေါ့ကွယ်"

ထိုထိုဝေဖန်ချက်များမှာ စင်စစ် အတာ့အဖို့ မြင့်လွန်းနေသည်။ ဉာဏ်မမီနိုင်အောင် ရှိနေသည်မှန်သော် လည်း ဆရာမသည် ထိုအချက်ကို မစဉ်းစားမိ။ သူ့စိတ်ထဲရှိသည့်အတိုင်း ပွဲကြည့်ပရိသတ်အပေါ် မတော်မလျော် ကာယိနြေ္ဒပျက်အောင် အရိုအသေတန်ရကောင်းလားဟူသော မကျေနတ် ချက် ဖြင့် ပြောနေမိဟန်တူ၏။
"ဟေး မြင့်မြင့်၊ စောင့်နေရတာ အတော်ကြာသွားလို့ ပျင်းနေထင်ပါရဲ့၊ ဟုတ်လား" ဟူသော နှုတ်ဆက် သံနှင့် အတူ ဆရာမနှင့် မတိမ်းမယိမ်းအရွယ် မိန်းမပျိုတစ်ဦး အတန်းထဲသို့ ဝင်လာတသည်နှင့် ဆရာမ လည်း အတာ့ စာရွက်ကလေးကို လှမ်းပေးလိုက်၏။

"ကိုယ်လဲ လာတော့ အချိန်မီလာတာပဲ သူငယ်ချင်းရဲ့၊ အရေးထဲကားက စက်ဘာပြုလို့ရယ် မသိပါဘူး၊ လမ်းမှာရပ်ပြီး ပြင်နေတာနဲ့ ခုလို ကြာသွားတာ၊ ကိုယ် သိပ်အားနာတာပဲ"
အဆိုပါ ဧည့်သည် မိန်းမပျိုကပင် ဆက်လက်၍ ပြောနေသောကြောင့်
"ဒီလိုပေါ့ အဆင်မသင့်တဲ့အခါ၊ ကဲ ထိုင်လေ"
"မထိုင်တော့ဘူး၊ လာ ကားနဲ့ပဲ မြင့်မြင့်ကို အိမ်အထိ လိုက်ပို့မယ်၊ ပြောစရာရှိတာလဲ လမ်းမှာပဲ ပြော သွားကြ တာပေါ့ နော်"
ဆရာမကလည်း ဤအစီအစဉ်ကို သဘောတူလိုက်ကာ ခပ်လှမ်းလှမ်းတွင် ထိုင်နေသော အတာက လေးကို အနီးသို့ခေါ်ယူပြီး
"ကဲ မင်းပြန်တော့နော်၊ မမ သူ့ကားနဲ့ပဲ လိုက်သွားတော့မယ်"
"ဟုတ်ကဲ့"
သို့တိုင်အောင် ရုတ်တရက် မပြန်သေးဘဲ သူ့ဆရာမ ကားပေါ်တက်သွားမှပင် ကျောင်းဝင်းအပြင်သို့ အတာ ထွက်လာတော့၏။

ထိုနေ့သည် စနေနေ့ဖြစ်သည့်အတိုင်း ကျောင်းအားသည်နှင့် အတာလည်း စောစောစီးစီးပင် သူ့အဝတ် အစားကလေးများကို ခပ်သုတ်သုတ်လျှော်ကာ ရေချိုးပြီးသည်နှင့် သူ့မေမေရှိရာ ဈေးသို့ ထွက်လာခဲ့၏။ ထိုအချိန်၌ မသိန်းမေလည်း ဈေးဗန်းကို သူ့ရှေ့တွင်ချရင်း သန့်စင်ပန်းများကိုအကောင်းအညံ့များ သီး သန့် ရွေးဖယ်နေသောအချိန်ဖြစ်၍ အတာကလေးအဖို့ အခွင့်ကောင်းကြုံသွားတော့၏။
အကယ်၍သာ အတာကလေးအား ခပ်လှမ်းလှမ်းမှ ကြို၍မြင်ရမည်ဆိုလျှင် "ဘာလဲ၊ ဒါ ထမင်းစားချိန် လား"ဟူသော စကားမျိုးဖြင့် အမှန်ပင် အတာ အငေါက်ခံရမည်ဖြစ်၏။

ယခု အတာရောက်လာသည်မှာ ရှစ်နာရီသာသာမျှသာ ရှိသေးသောကြောင့် အတော်ကြီးစောနေ၏။ သို့သော် သူ ထမင်းဆာ၍ လာခြင်း မဟုတ်။ ထမင်းဖိုးတောင်းရန်လည်း မဟုတ်။ ဤလို စနေနေ့မျိုး၌ ယခု လို စောစောစီးစီးပိုက်ဆံလာ တောင်းလျှင် အဘယ်သို့သော ဘေးဒဏ်နှင့်တွေ့မည်ကိုလည်း သူသိ၏။ ယခုလာသည်မှာ ကောင်း သောရည်ရွယ်ချက်နှင့် လာခြင်းဖြစ်၏။
ယနေ့သည် စနေနေ့ဖြစ်သည့်အလျောက် မသိန်းမေကလည်း ၁၁ နာရီလောက်တွင် မြင်းပွဲသွားမည်ဖြစ် ၏။ သို့မြင်းပွဲသွားတိုင်းလည်း သူ့ဈေးဗန်းကို ဆိုင်နီးချင်းများ အပ်ထားခဲ့ပြီး
"ကြည့်ရောင်းလိုက်ကြပါနော်" ဟု မှာထားခဲ့တတ်၏။ ဤသည်ကို အတာ သိ၏။

ယနေ့ နံနက်က အိပ်ရာမှနိုးနိုးချင်း အတာ စိတ်ကူးရခဲ့သည်မှာ သူ့မေမေ မြင်းပွဲသွားနေသည့်အချိန် အတွင်း သူ့မေမေဆိုင်ကို သူထိုင်၍ ရောင်းပေးမည်ဆိုက သူလည်း မျက်နှာကောင်းရမည်၊ သူ့မေမေ လည်း ရောင်းသင့်သလောက် ရောင်းရမည်ဟု သူတွေးမိ၏။ ကြိုးစား၍လည်း ရောင်းရအောင် ရောင်း မည်။ နောက်ဆုံး သူ့မေမေ၏လိုက်လျောဖော်ရွေမှုဖြင့် ခွင့်ပြုလျှင်ပင် သူအလွန် ဝမ်းမြောက်မည်ဖြစ်၏။
ထိုရည်ရွယ် ချက်ဖြင့် ထွက်လာခဲ့၍ ပန်းများကို ငုံ့ရွေးနေသော မသိန်းမေအနီးသို့ ရောက်သည်နှင့်
"မေမေ မြင်းပွဲသွားရင် ကျွန်တော် ဒီပန်းတွေ ထိုင်ရောင်းနေမယ်နော်"
အတာလည်း မရဲတရဲနှင့်ပင်ပြောရင်း သူ့မေမေရှေ့တွင် ထိုင်ချလိုက်၏။ ဤတွင်မှ မသိန်းမေက မော့ ကြည့် တဲ့ပြီး "နင် ရောင်းတတ်လို့လား"

"ဘယ်အထုပ်က ဘယ်လောက်ရောင်းရမယ်ဆိုတာ မေမေပြောခဲ့ရင် ကျွန်တော် ထိုင်ရောင်းနေမှာပေါ့" ဟု အတာ ကလည်း သွက်သွက်ကလေး ပြန်ဖြေလိုက်၏။
သန့်စင်ပန်းများမှာ တစ်ရာထုပ်၊ ငါးဆယ်ထုပ်စသဖြင့် အခက်များကို ရေတွက်၍ ငှက်ပျောဖက်များဖြင့် ထုပ်ရောင်းကြသည်ဖြစ်သောကြောင့် အထုပ်လိုက် ဈေးနှုန်းပြောရောင်းလျှင် ဘာမျှခဲယဉ်းစရာမရှိ၊ ဤ သည်ကို အတာကလည်း သိ၏။
"အေး ဒါဖြင့် နင် အိမ်မပြန်နဲ့တော့" ထိုစကား ကြားလိုက်ရသည်နှင့် အတာ့ တစ်မျက်နှာလုံးမှာ ပီတိဖြင့် ဖုံးသွားတော့၏။ ယနေ့အဖို့ သူ ထမင်းမစားရသော်လည်း အရေးမကြီး၊ ယခု ခံစားလိုက်ရသော ကြည်နူးမှု အရသာနှင့်ပင် သူ တင်းတိမ် မည်ဖြစ်၏။ ထိုမျှလောက် အတာ ပျော်သွား၏။

"အတာ နင် မခင်သက်တို့ဆိုင် သိတယ်မဟုတ်လား၊ အဲဒီဆိုင်တန်းလမ်းကနေပြီး ဟိုဘက်ရုံထဲကို တည့်တည့်ကြီး ဝင်သွားရင် ငှက်ပျောဖက်ရောင်းတဲ့ ဆိုင်တွေ တွေ့လိမ့်မယ်"
"ဟုတ်ကဲ့၊ ကျွန်တော် သိတယ် မေမေ၊ သရက်သီးသနပ်ရောင်းတဲ့ဆိုင်တွေနားမှာ ဟုတ်လား"
"အေး သွား၊ ငှက်ပျောဖက်တစ်မတ်ဖိုး သွားဝယ်ချည်၊ ကောင်းကောင်းဟာပေးပါလို့ ပြော"
ဇောင်းထဲမှ လွှတ်လိုက်သော မြင်းကလေးပမာ အတာလည်း တစ်ဟုတ်တည်း ထပြေးတော့ ၏။ ပြန် ရောက်သောအခါ၌မူ သူ့ရင်ညွန့်ကလေးမှာ တလှုပ်လှုပ် တရွရွနှင့် လှိုင်းထသလို မောနေ၏။ သို့သော် သူ့မျက်နှာထားမှာ အပြုံးမပျက် အရွှင်ကြီး ရွှင်လျက်ပင်ရှိ၏။

မသိန်းမေလည်း ပန်းများကို အနွမ်းအသန့်ရွေးရင်း ဝယ်သူကိုရောင်းရင်း ဖက်သစ် ဖက်ဟောင်း လဲထုပ် ရင်းဖြင့် ၁၀ နာရီလောက်တွင်
"လာဦး အတာ၊ သေသေချာချာ မှတ်ထားနော်၊ ဒီဘက်က ငါးဆယ်ထုပ်က ခြောက်မူးရောင်း၊ ဒီတစ်ရာ ထုပ်တွေက တစ်ကျပ်စီ၊ ဟောဒီအထုပ်တွေက တစ်ရာစီပဲရှိတယ်၊ ဒါပေမဲ့ နည်းနည်းညံ့လို့ ပြောရောင်း၊ သုံးမတ် စီ၊ အဲဒါ ဘယ်ဟာက ဒီဈေးထက် မလျှော့နဲ့ မှတ်မိရဲ့လား"
"မှတ်မိပါတယ် မေမေ"
"ကဲ ငါသွားမယ်၊ ရော့ ထမင်းဖိုးယူထား၊ ဆာရင် မလှတို့ကို ခဏကြည့်ခိုင်းထားခဲ့ပြီး သွားစားချည်"
ဤလို ချိုသာသော မျက်နှာထားဖြင့် မသိန်းမေက စကားရှည်ရှည်ပြောခဲ့ဖူးသည်မရှိသောကြောင့် အတာတွင် မကြုံဘူးအောင် ဝမ်းမြောက်နေတော့၏။

"မေမေလဲ မြင်းနိုင်လာမယ်၊ ငါလဲ ဒီပန်းတွေ ကုန်သွားအောင် ရောင်းရမယ်ဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲ"ဟူ၍ပင် အတာသည် သားရွှေအိုးထမ်း သဘောမျိုးဖြင့် ရည်စူးရင်း စိတ်ကူး ကလေး ယဉ်နေရှာ၏။
မသိန်းမေ ထွက်သွားသည့်အချိန်မှ ညနေ ၂ ချက်တီးလောက်အထိ ငါးကျပ်နှင့် ခြောက်မူးဖိုးတိတိ အတာ ရောင်းရ၏။ အတာ့ဆုတောင်းကား တစ်ချက်ပြည့်သွားလေပြီ။
"ကြည့်စမ်း၊ ငါ ခဏလေးရောင်းတာ ငါးကျပ်နဲ့ခြောက်မူးတောင်ရတယ်၊ ဒါနဲ့များ မေမေက ဘာလို့ မြင်း ပွဲသွားချင်ရတာလဲ မသိဘူး၊ မြင်းပွဲဆိုတာက ရှုံးချင် ရှုံးမှာ၊ ဒီမှာဈေးထိုင်ရောင်းတာကမှ ကောင်းသေး တယ်"

အတာသည် သူရောင်းရသော ပိုက်ဆံများကို မကြာခဏဆိုသလို ရေတွက်ကြည့်၏။ သို့ရေတွက်ပြီး တိုင်း လည်း သုံးနာရီမျှ ရောင်းရုံဖြင့် ငွေခြောက်ကျပ်နီးပါးရသည်ဖြစ်ရာ ထိုအထဲမှ အနည်းဆုံး တစ်ကျပ် လောက်မြတ်မည်ဟု အတာတွက်နေမိ၏။ ထို တစ်ကျပ် မြတ်သည်မှာ သေချာသောအလုပ် ဖြစ်လျက် မမြတ်သည့် တိုင်အောင်လည်း အရှုံးမရှိ။ ယနေ့ မရောင်း ရသော် နက်ဖြန် ရောင်းနိုင်သေး၏။ ဤမည် သော သန့်စင်ပန်းများမှာ ထားတတ်လျှင် သုံးလေးရက် အထိ မညှိုးမနွမ်းဘဲ လတ်လတ်ဆတ်ဆတ်ရှိ တတ်သည်ကို အတာ သိ၏။ မသိန်းမေသည် ပစ္စည်း တစ်ခုကို အမြဲစွဲ ပုံသေရောင်းလေ့မရှိ။ ဒူးရင်းသီး ပေါ်ချိန်တွင် ဒူးရင်းသီးရောင်း၍ မိုးရာသီဆိုလျှင် ထီး ဆိုသလို ပေါ်ပင်လိုက်၍ ရောင်းတတ်သောကြောင့် မည်သည့်ပစ္စည်းကို မည်သည့်ရာသီတွင် ရောင်း၍ အဘယ် ပစ္စည်း ကို မသိန်းမေ အဘယ်သို့ ပြုပြင် တတ်ကြောင်း အတာ ကောင်းကောင်းသိ၏။

အတာလည်း သူထိုင်ရောင်းနေသော သန့်စင်ပန်းထုပ်များကိုကြည့်ရင်း ပန်းတစ်ထုပ်ရောင်းရလျှင် တစ် မူးတည်းသာ မြတ်သည်ထားဘိဦး ဆယ်ထုပ်ရောင်းရက ငါးမတ်မြတ်မည်ဖြစ်၏။ မြင်းပွဲဆိုသည်မှာ တစ်ခါ တစ်ရံ သူ့မေမေ နှစ်ဆယ်အစိတ်ရှုံးခဲ့သည်ဟုကြားဖူးသဖြင့် မြင်းပွဲဆိုလျှင် အတာ အလွန်မုန်း၏။
"ဘာအသုံးကျ သလဲ၊ ခင်ဗျား မြင်းပွဲက ဟင်၊ ကစားဖို့ ဝင်တယ်ဆိုကတည်းက ဝင်ခ နှစ်ကျပ် ရှုံးနေပြီ" ဟု ကိုထွန်းအောင် မကြာခဏ ပြောဖူးသည်ကို အတာ အမှတ်ရလာ၏။
"ငါ မုန့်ဖိုးတွေ စုသလိုသာ မေမေလဲ ဒီမြင်းရှုံးမယ့် ပိုက်ဆံတွေသာ စုထားရင် သူများတွေလို ဆိုင်ကြီး တစ်ခုတော့ ဖွင့်နိုင်မှာပဲ"

သို့လျှင် သူ့မေမေအတွက် တစ်ဖက်က တွေးလိုက်၊ ပတ်ဝန်ကျင်ရှိ ဈေးသည်များကို ကြည့်ကာ မည်သို့ ပြော၍ မည်သို့ရောင်းပြီး ဝယ်သကို မည်သို့ခေါ်ပုံများကိုပါ အတာသည် ဂရုတစိုက် လေ့လာနေမိ၏။
သူ့ထံသို့ ငွေတစ်ကျပ်တန် လာအမ်းသော ပရုပ်လုံးရောင်းသည့် ကုလားကလေးကိုလည်း အတာသည် သူ့အနီးသို့ခေါ်၍ မေးလားမြန်းလားဖြင့် စုံစမ်းသမှု ပြုနေသေး၏။
"မင်း တစ်နေ့လုံး ပရုတ်လုံး ဘယ်လောက်ဖိုးလောက် ရောင်းရသလဲကွ"
"တစ်ခါ တလေ တစ်ကျပ်ခွဲရတယ်၊ ရောင်းကောင်းတဲ့နေ့မှာနော် နှစ်ကျပ်သုံးကျပ်ဖိုး ရောင်းရတယ်"
အတာနှင့် ရွယ်တူလောက်ရှိသော ပရုတ်လုံးသည် ကုလားကလေးက အတာအား စိတ်ရှည် လက်ရှည် ပြောပြ၏။

"ဒါဖြင့် တစ်နေ့ကို အမြတ်တွေ အများကြီးရမှာပေါ့နော်"
"အများကြီးမရဘူး၊ တစ်ကျပ်ဖိုးရောင်းရရင်နော် သုံးမူးလောက် မြတ်တယ်"
အတာလည်း နောက်ထပ် ဘာမျှမမေးနိုင်တော့ဘဲ သူ့တွက်ကိန်းနှင့် သူ စဉ်းစားခန်းဝင်နေမိ၏။
"တစ်ကျပ်ဖိုးရောင်းရရင် သုံးမူးမြတ်တယ်ဆိုတော့ တစ်နေ့ကို တစ်ကျပ်ခွဲဖိုး ရောင်းရတောင်"ဟု လက် ကလေးချိုး၍ ရေတွက်နေပြီးမှ
"တစ်နေ့ကို ငါးမူးတစ်ပဲမြတ်မယ်၊ မနက်တစ်ပဲ ညတစ်ပဲ ထမင်းစားလိုက်ရင် အိုလေ တစ်နေ့သုံးပဲဖိုး စားတောင် သုံးမူးစုနိုင်မှာပဲ၊ တစ်နေ့ သုံးမူးဆိုတော့ တစ်လကြာရင်"
အတာတွင် သူ့စိတ်ကူးနှင့်သူမြတ်ပြီး ဆိုင်ကြီးတွေပါ အတွေးနှင့်တည်နေတော့၏။ အရောင်းအဝယ်ကို  ည်း သူ စိတ်ဝင်စားလာ၏။ ကျောင်းပညာကို အမြတ်တနိုး လိုလားသည်မှန်သော်လည်း မုန့်ဖိုးကအစ ဆိုသလို အထစ်ထစ်အငေါ့ငေါ့ ရှိနေသောကြောင့် အတာ စိတ်ပျက်ခဲ့သည်မှာ ကြာပြီဖြစ်သည့်အတိုင်း စောစောက ကုလား ကလေး ကဲ့သို့ ဈေးရောင်းရလျှင် ကောင်းလေမည်လားဟု စိတ်ကူးလေးယဉ်နေမိ ၏။

"မင်းကြီးလာရင်ကော ဘာလုပ်မလဲ အတာ"
"ကျွန်တော်ဝတ်လုံလုပ်မယ်"ဟု အတာသည် ကိုထွန်းအောင်အမေးကို ခပ်သွက်သွက်အဖြေပေးခဲ့ဖူး၏။
စနေနေ့ ကျောင်းအားရက်များတွင် ကိုထွန်းအောင်သည် အတာအား မကြာခဏဆိုသလို ရုံးသို့ခေါ် သွားဖူး၏။ ပုလိပ်ရုံးပေါ်တွင် သွားလာနေကြသော ဝတ်လုံကြီးများ ရှေ့နေများကို အတာ အလွန် သဘောကျ၏။ သူ့မျက်စိထဲ၌ ဝတ်လုံကြီးများ ဝတ်ဆင်သည့် ဝတ်ရုံနက်ကြီးများသည် အလွန်ခန့်ညား ထည်ဝါ၍ ကျက်သရေရှိသည်ဟု သူ ယူဆ၏။ သူကိုယ်တိုင်လည်း ဝတ်ချင်လာ၏။
"အဲဒီ ကွတ်အင်္ကျီအနက်တွေနဲ့ လူကြီးတွေက ဘာလဲ ဟင်"
ထိုထိုဝတ်လုံများကို ပထမဆုံးအကြိမ် မြင်ဖူးစဉ်က အတာသည် ကိုထွန်းအောင်အား ဤလို မေးခဲ့၏။

"အဲဒါ ဝတ်လုံခေါ်တယ်ကွ" ဟု ကိုထွန်းအောင်က သာမန်မျှပင် ဖြေလိုက်သည်ကို
"သူတို့က ဘာလုပ်ရသလဲ ဒီရုံးက စာရေးတွေလား"
"မဟုတ်ဘူးလေကွာ၊ သူတို့က အမှုဖြစ်တဲ့လူတွေကို အမှုက လွတ်အောင် ပြောပေးရတဲ့ လူတွေပေါ့ကွ"
"ဘယ်လိုလဲ၊ သူတို့ပြောပေးရင် ဘာမှုမဆို လွတ်တာပဲလား"
ထိုမေးခွန်းအတွက် ကိုထွန်းအောင် အတော်ကလေး ဦးနှောက်ခြောက်သွားခဲ့ရ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, March 24, 2012

သာဓု ၏ အတာ, အပိုင်း (၁၆)

(နားရင်းတွင် ထူပူသွားသည်အထိ ဘယ်ပြန်ညာပြန် အရိုက်အနှက်ခံရဖူးသည်ကို အတာ မမေ့နိုင်။ ထို့ ကြောင့် စနေနေ့ဆိုလျှင် အထူး သတိထားရ၏။ မသိန်းမေသည် လူတစ်မျိုး လိုဖြစ်နေသည့် အတိုင်း တစ်ခါ တစ်ရံ သောကြာနေ့၌ပင်ဖြစ်စေ ပင်းမင်းဆိုင်က အကြွေးတောင်းခြင်း ပြောမိလျှင်ပင်
"နက်ဖြန် မြင်းပွဲသွားမဲ့နေ့ဆိုတာ နင် မသိဘူးလား ဟင်၊ အမျိုးယုတ်ကလေး") ကို ဆက်ဖတ် ရန်...


ဤသို့လည်း မေးမေးပြောပြောူနှင့် အတာ့ ကျောနုနုကို တအုန်းအုန်းထုတတ်သေး၏။ ထို့ ကြောင့်လည်း အတာ သည် သောကြာနေ့ကိုပင် မသိန်းမေ မြင်းပွဲသွားမည့် အကြိုနေ့အဖြစ် အပြောအဆို အထူးဆင်ခြင် ရ၏။
သို့ တွေးမမိသည့်အတိုင်းလည်း အတာသည် ကျောင်းလခကိစ္စ အကြံအစည်ကို ချက်ချင်းပင် ရုပ်သိမ်းလိုက်မိတော့၏။ သို့သော် မုန့်ဖိုးမရသေးသည့် ကိစ္စက ရှိနေသေးသည်နှင့် အတာ လည်း ခုနစ်နာရီခွဲလောက်တွင် အိမ်မှထွက်၍ ဈေးသို့ လျှောက်လာခဲ့။
လွန်ခဲ့သော တနင်္လာကနည်းတူပင် မသိန်းမေကို မတွေ့ရ။ သူ့ဆိုင်နေရာတွင် အညာစောင် တစ်ထည်ဖြင့် လွှမးအုပ်ထားသော သန့်စင်ပန်းများ ထည့်ထားသည့် ဗန်းကိုသာ မြင်ရသဖြင့် အတာလည်း အနီးရှိ လိပ်ခွံဘီးသည် တစ်ဦးအားမေးရတော့၏။

“နင့်အမေလား အတာ၊ အေး အခုပဲ လန်ခြားကုလာတစ်ယောက် ကားတိုက်ခံရလို့ ဆေးရုံသွား ပို့လေရဲ့“
ဤစကား ကြား လိုက်ရသည်နှင့် အတာတွင် စိတ်ပျက်လက်ပျက်နှင့် ကျောင်းသွာရန် ကိစ္စ အနှောင့် အယှက် ဖြစ်ရပြန်တော့၏။
မသိန်းမေသည် အတာ့အပေါ်၌ အတော်ဆိုး၏။ ဆိုးသည်မှာ သာမာန်ဆိုးပုံမျိုးမဟုတ်။ “တုတ် သည် မောင်ဘကို ရိုက်သည်“ ဟူသော ဝါကျကဲ့သို့ ဘာမျှ အဓိပါယ်ဆက်စပ်၍ မရလောက် အောင်ပင် မိဘဝတ္တရား ခေါင်းပါးစွာဆိုးခဲ့။
သို့သော် မသိန်းမေသည် အိမ်ကို အိမ်နှင့်တူအောင် သပ်သပ်ရပ်ရပ် နှင့် နေချင်စဖွယ် မထား တတ်စေကာမူ ဘုရားပန်းကိုကား အနွမ်းမခံဘဲ အမြဲတမ်း အသစ်လဲလေလေ့ရှိသည့် နည်းတူပင် သူ့၌ အခြားသော ချီးကျူးဖွယ်ရာကလေးလည်း ရှိချေသေး၏။

မသိန်းမေသည် အတာနှင့် ကိုထွန်းအောင်အပေါ်၌ ဆိုးသလောက် အခြားသောသူများအဖို့ တွင် အလွန်ကောင်းသော မိတ်ဆွေတစ်ယောက်ကဲ့သို့ အားကိုးရသူဖြစ်၏။ လူတစ်ဖက်သား ဒုက္ခရောက်လျှင် ကူညီတတ်၏။ တစ်ဦးတစ်ယောက်က တစ်စုံတစ်ဦးကို အနိုင်ကျင့်လျှင် အနိုင်ကျင့်ခံသူဘက်မှ ကူညီ ကာကွယ်လေ့ရှိ၏။ ယခု လန်ခြားကုလားတစ်ယောက် ကားတိုက် ခံရ၍ ဆေးရုံပို့လိုက်သည်ဆိုသည်မှာ အတာ့အဖို့ မဆန်းတော့ပေ။ ဤလို တစ်ဦးတစ်ယောက် ဒုက္ခနှင့်တွေ့နေ လျှင် မသိန်မေ ဤအတိုင်း ကူညီအကျိုးဆောင်တတ်သည်မှာ မသိန်းမေ၏ ဝါဒပငါ ဖြစ်သည်ကို အတာ သိ၏။ ထိုကဲ့သို့သော ကိစ္စမျိုါ်နှင့်ကြုံ၍ မသိန်းမေက ကိုယ်ထိ လက်ရောက် လိုက်ပါကူညီဆောင်ရွက်ပြီဆိုလျှင်လည်း အစအဆုံး ဆောင်ရွက်ပြီးစီးမှ ပြန်လာ တတ်သည်ဖြစ်သောကြောင့် အတာတွင် သူ့ကိုစောင့်ရအခက် မစောင့်ရ အခက်နှင့် စိတ်ပျက် သလို ရတက်ကလေး ပွေနေရှာတော့၏။

“နင့်အမေကတော့ ဒီအတိုင်ပဲ အတာ၊ ဘယ်လိုမှ ပြောလို့မရဘူး၊ ကိုယ်နဲ့မဆိုင်ဘဲနဲ့ ကိုယ့် အလုပ်ပျက်ခံပြီး ဒီလို သွားသွားနေတာ ဘယ်လိုဝါသနာလဲ မပြောတတ်ဘူး“
ခွေးခြေကလေးတစ်ခုတွင် ထိုင်၍ အငိုင်သားစောင့်နေသူ အတာကလေးအား လိပ်ခွံဘီးသည် က ပြောလိုက်ပြန်သဖြင့်
“ဟုတ်ပါရဲ့“ဟု အတာလည်း စိတ်ထဲမှာ ရေရွတ်မိပြီးမှ သူ တစ်စုံတစ်ရာကို သတိရလာ၏။

“မင်းတို့တစ်တွေ ကျောင်းကို လာတဲ့အခါမှာဖြစ်စေ၊ အိမ်ပြန်တဲ့အချန်မှာဖြစ်စေ ဘယ်လို အခါမျိုး မှာပဲဖြစ်ဖြစ် လူတစ်ဦးတစ်ယောက်မှာ အကူအညီလိုနေတာတွေ့ရင် အမြဲကူညီရမယ်၊ ဥပမာ ဈေးသည်တစ်ယောက်ဟာ သူ့ဈေးဗန်းကို မနိုင့်တနိုင် မနေတယ်ဆိုပါတော့ အဲ့သလို အခါမှာ ဝင်ပြီး ကူညီ ရမယ်၊ ဝိုင်းပင့်ပေးရမယ်၊ ပင့်ပေးတယ်ဆိုတာ သိကြသလား၊ ပင့်တယ် ဆိုတာ မပေးတာ ကို ခေါ်တယ်၊ နောက်ပြီး အဘိုးအို အဘွားအိုတို့ မျက်စိမမြင်တဲ့လူတို့ ချာချာ ဖြစ်နေရင် သူတို့ လမ်းဖြတ်မကူတတ်ဘူသးဆိုတာ နားလည်ရမယ်၊ အဲဒီအခါမှာ မင်းတို့က တတ်နိုင်သလောက် ကူညီရမယ်၊ မင်တို့က လမ်းဖြတ်ကူးတတ်ရင် မကူးတတ်တဲ့လူကို လက်တွဲပြီး လိုက်ပို့ပေးရမယ်၊ လူတစ်ဦးတစ်ယောက် မတော်တဆ ချော်လဲတာတွေ့ရင် ချက် ချင်း ဝိုင်းထူပေးရမယ်၊ ဖုတ်တွေ ဘာတွေပေရင် ခါပေးရမယ်၊ လူတစ်ယောက် ချော်လဲတာမြင် ရင် ဘယ်တော့မှ မရယ်ရဘူး၊ ကိုယ် မတော်တဆ လဲကျလို့ သူများတွေက ဝိုင်းရယ်ရင် ရှက် တယ်မဟုတ်လား၊ အဲသလိုပဲ သူများချော်လဲ ရင်ဖြစ်စေ၊ ခလုတ်တိုက်မိရင် ဖြစ်စေ၊ ဘယ်တော့ မှ မရယ်ရဘူး၊ ရယ်တဲ့လူဟာ လူလိမ္မာ မဟုတ်ဘူး၊ လူလိမ္မာ မဟုတ်ရင် ဘာလဲ သိကြလား“

“လူမိုက်ပါ မမ“
“အေး မှတ်ထားကြ၊ ခုန မမပြောတာမျိုးတွေ လူတစ်ဦးတစ်ယောက် အကူအညီလိုနေတာမျိုး တွေ မြင်ရင် ကိုယ်နဲ့ မဆိုင်ဘူး လို့ သဘောမထားရဘူး“
သို့လျှင် အခါအားလျော်စွာ ဆရာမက သင်ကြားဆုံးမ သြဝါဒပေးခဲ့ဖူးသည်ကို အတာ သတိရ လာ၏။ ထို့ကြောင့်လည်း “ကိုယ်နဲ့လဲမဆိုင်ဘဲနဲ့“ဟူသော လိပ်ခွံဘီးသည်အဒေါ်ကြီး၏ စကား ကို အတာသည် မကျေမနပ် ဖြစ်သွားမိ၏။
“တကယ်လို့ မေမေသာ လန်ခြားကုလားကြီးကို ဆေးရုံမပို့ရင် သေသွားမှာပေါ့“
မုန့်ဖိုးအတွက် ရတတ်မအေးနိုင်သော အတာလည်း ရုတ်ခြည်းပင် လူတစ်ဖက်သားအား ကူညီ တတ်သည့် သူ့မေမေ အပြုအမူကို သဘောကျသလို ပြုံးမိ၏။ သို့နှင့် ရှဏ်နာရီခွဲလျှင် ခွဲချင်း လန်ခြားတစ်စီးနှင့် မသိန်းမေ ရောက်လာသည်ကို တွေ့ရသည်နှင့် အတာလည်း ကြောက်ရ လန့်ရမည်ကိုပင် သတိ မရနိုင်တော့ဘဲ မသိန်းမေဆီသို့ အပြေးကလေး လှမ်းသွားကာ
“လန်ခြားကုလားကြီး သေဘူးဟုတ်လား မေမေ“ဟု စိုးရိမ်တကြီးဆီး၍ မေးလိုက်၏။

“ဒါ နင့်အရာလား“
ဤလိုစကားမျိုးဖြင့် ယခင့်ယခင် အခါများကဲ့သို့ မျက်နှာထား သုန်သုန်မှုန်မှုန်နှင့် ငေါက်လား ငမ်းလား မလုပ်ဘဲ ခပ်ပြုံးပြုံး အမူအရာနှင့်ပင်
“မသေပါဘူး“ ဟု ကြည်ကြည်လင်လင် ပြန်ဖြေလိုက်ပြီးမှ အနီးရှိ ရောင်းဖော်ရောင်းဖက် များဆီသို့ မျက်လုံး ကစားရင်း
“ဒဏ်ရာက အတော်ကြီးတယ်ရှင့်၊ ကျွန်မ သွားပို့ပေးလို့ သာပေါ့ ဆေးရုံကား ကို သာ စောင့် နေရင် သွေးလွန်တာနဲ့ ကုလားသေမှာပဲ၊ ဒါတောင် ခုထက်ထိ စကားမေး မရဘူး“
လူတစ်ဦးတစ်ယောက် အသက်ကို အောင်မြင်ထမြောက်စွာ ကယ်ဆယ်သည်နှင့်တန်းတူ ကူညီခဲ့ရသဖြင့် မသိန်းမေတွင် အတော်ကလေး ရွှင်နေ၏။ အတာအားလည်း ယခင်ကလို မှင် သေသေ မျက်နှာထား ကြီးဖြင့် မကြည့်တော့။

“ရော့ ကျောင်းသွားတော့“ ဟူသော  ချိုအေးသည့် အသံနှင့်အတူ အတာ့လက်ထဲသို့ မူးစေ့ ကလေးထည့်ပေးလိုက်၏။
အတာလည်း သူ ရနေကျမှာ ခြောက်ပြားမျှသာဖြစ်သောကြောင့် မူးစေ့ကို အမ်းရန်ဟူသော ရည်ရွယ် ချက်ဖြင့် မလှမ်မကမ်းရှိ ကွမ်းယာဗန်းကလေး လွယ်ထားသော ကုလားရှေ့တွင် ရပ် လိုက်သည်နှင့်  “အတာ မအမ်းနဲ့တော့လေ၊ အားလုံး ယူသွားတော့“

သူတစ်ထူးအတွက် ရက်ရက်ရောရော အကျိုးဆောင်ခဲ့ရသဖြင့် ခံစားနေရသော မသိန်းမေ၏။ ကြည်နူးမှုသည် အတာသို့ပင် ကူးစက်သွားတော့၏။ ယနေ့သည် အတာကလေးအဖို့ ကံကောင်းသောနေ့ဖြစ်၏။ မုန့်ဖိုးကို လွယ်လွယ်ကူကူသာ မဟုတ်ဘဲ နှစ်ပြားပင် အပိုရခဲ့သေး သည်ဖြစ်ရာ သူ့တစ်မျက်နှာလုံးမှာလည်း ကျောင်းရောက်သည်အထိ တပြုံးပြုံး ဖြစ်နေတော့၏။
ယခု တလောအတွင်း၌ အတာသည် နံနက်မုန့်ဖိုးကိုလည်း မှန်မှန်မရ။ ညစာအတွက်လည်း မပုလေး ဆိုင်တွင်သာ စားနေရသောကြောင့် သူ့တွင် စုမိသည်ဟူ၍ မရှိခဲ့။ ယနေ့မူ သူ၏ မေမေစိတ်လိုလက်ရ တစ်မူးလုံး ပေးလိုက်သခြင့် အားလုံးကိုပင် စုတော့မည်ဟု အတာ ဆုံး ဖြတ်ချက်ချလိုက်၏။ ယနေ့အဖို့တ၌ အတာသည်ပင် ပါတာနီသည်ကုလားလည်း ဈေးရောင်း ရန်အလာ ကျောင်းဝင်းတံခါးဝတွင် ဆုံမိသွားကြ။

ပါတာနီကုလားလည်း အတာအား မြင်သည်နှင့် အတာ့လွယ်အိတ်ကလေးကို လှမ်းပုတ်ရင်း ရယ်ပြသွားသဖြင့် အတာကလည်း ချစ်စဖွယ်ကလေး ပြုံးလိုက်၏။ နောက် အတန်းထဲရောက် ၍ လွယ်အိတ် ကို ပခုံးမှ ဖြုတ်ပြီး ခုံထဲထည့်မည်အလုပ်တွင်မှ လွယ်အိတ်ထဲတွင် ခိုးလိုးခုလု ဖြစ်နေသည်ကို သတိထား မိသည်နှင့် အတာလည်း လွယ်အိတ်နှုတ်ခမ်းဝကလေး ဟ၍ ကြည့် လိုက်မိ၏။ ချက်ချင်းပင် ထိုးခိုးလိုးခုလု ဖြစ်နေသော အရာဝတ္ထုကို ဆွဲထုတ်ဖြေကြည့်လိုက် သည်၌ စက္ကူကတော့ကလေးဖြင့် အပြည့်အကျပ် ထည့်ထားသော မြေပဲလှော်ထုပ်ကလေး ဖြစ် နေသည်ကို တွေ့ရ၏။
စောစောက ပါတာနီကုလား လွယ်အိတ်ကို ပုတ်သွားသည်ဟု အထင်ရှိခဲ့သည်မှာ လွယ်အိတ်ကို ပုတ်ခြင်းမဟုတ်ဘဲ မြေပဲလှော်ထုပ်ကလေး ထည့်သွားခြင်းဖြစ်သည်ကို ယခုမှ သိလိုက်ရတော့၏။ နံနက် အိပ်ရာ မှ နိုးကတည်းက ဘာမှ မစားရသေးသော အတာသည် မုန့်ဖိုးရခဲ့သော်လည်း မူးစေ့ ပျက်မည်စိုး၍ မစားတော့ ဟု ဆုံးဖြတ်ကာ အငတ်ခံရတော့မည် ကြံခဲ့ရာမှ ယခုကဲ့သို့ စားရကံကြုံလိုက်ရသဖြင့် အတာ လည်း အနင့်သား ပျော်သွားရှာတော့၏။

နေ့လယ် မုန့်စားလွှတ်သော အချိန်တွင်လည်း မမှန်သေး။
“ကဲ အတာရေ ရော့၊ ဟာဒီပေါင်မုန့်ထောပတ်သုတ် နှစ်ခုကို မင်းပဲစားလိုက်တော့ နော်၊ မမဖို့ လက်ဖက်သုပ် ပဲမှာပေး ဟုတ်လား၊ ကြက်သွန်ဖြူလေးတော့ မမေ့နဲ့ဟေ့“
နေ့လယ်ဘက်တွင်လည်း အတာသည် လျှာကလေးမြက်သွားသေး၏။ ပေါင်မုန့်သာမက ပိုသော ကော်ဖီတစ်ခွက်ကိုလည်း ပေါင်းမုန့်နှင့် မိတ်ဖက်၍ ဆိမ့်သက်သက်ကလေး သောက် လိုက်ရ၏။ ဆရာမ စားသောက်၍အပြီး လက်ဖက်သုပ်သည်ထံ ပန်းကန်များသွားအပို့တွင် လည်း “မင်း ငါ့သားလေး ပဲ ဖြစ်လိုက်ပါတော့“ ဟု အမြဲတမ်း ပြောလေ့ရှိသော အဆိုပါ လက်ဖက်သုပ်သည်က အတာ့ လက်တစ်ဖက်ကို ဆုပ်ဆွဲထားပြီး ပဲလုံးကြော်နှစ်ခုကို ပါးစပ်ထဲ အတင်းသွတ်၍ မစားမနေရ ခွံ့ လိုက်ပြန်သောကြောင့် ထိုနေ့အဖို့ အတာ့ကံကလေးမှာ ညွန့် သည်ထက် ညွန့်သွားပြန်တော့၏။

ညနေဘက်တွင် ကျောင်းလွှတ်ခေါင်းလောင်းတီး၍ လေးမိနစ်သာသာပင် ကျော်လွန်ခဲ့ပြီ ဖြစ် သောကြောင့် သူ၏ ဆရာမသည် အိမ်ပြန်ရန်အတွက် ဘာမှပြင်ပြင်ဆင်ဆင် မရှိသေးဘဲ စားပွဲတွင် ထိုင်မြဲ ထိုင်နေသောကြောင့် ကားဆိပ်အထိ လိုက်ပို့ရမည့်တာဝန် ရှိနေသေးသည့် အတာတွင်လည်း သူ့ခုံတွင်ပင် ထိုင်၍ ဆရာမ အရိပ်အကဲကို ကြည့်နေရရှာ၏။
ခါတိုင်းဆိုလျှင် ၃ နာရီခွဲရန် ၅မိနစ်အလိုလောက်ကစ၍ ဆရာမသည် လွယ်အိတ်၊ ကော်ဖီဘူး၊ ထီး စသည်တို့ကို အရံသင့် ပြင်ထားတတ်ပြီး ခေါင်းလောင်းထိုး၍ ကလေးများကုန်သည်နှင့် သူပါ ထွက်လေ့ ရှိခဲ့ပါလျက် ယနေ့မူ အဘယ့်ကြောင့် သူ့ဆရာမ ထိုင်ရာမှမထသေးသည်ကို အတာတွေးရ ကြပ်နေ၏။

“အတာရေ ခဏနေဦးနော်၊ မမ မိတ်ဆွေတစ်ယောက်နဲ့ ချိန်းထားလို့ သူလာမှ သွားကြရ အောင်“
“ဟုတ်ကဲ့ မမ“
သူ့ ဆရာမ မထသေးသည်မှာ “ဒါကြောင့်ကိုး“ ဟု ယခုမှ အတာရှင်းသွား၏။
အတာလည်း တောင်ငေးမြောက်ငေးနှင့် ငေးနေမိရာမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ ပါးစပ် တလှုပ်လှုပ် နှုတ်ခမ်းတရွရွဖြင့် တစ်ရွက်ပြီးတစ်ရွက်လှန်လှော ဖတ်ရှု့နေ၏။ စာအုပ်ကို သူ့ခုံ ပေါ်တင်၍ ဖတ်နေရာ မှ ရုတ်တရက် သူ့ကိုယ်လေးကို နောက်သို့မှီရင်း စာအုပ်ကြားထဲမှ စာရွက်ခေါက် ကလေးတစ်ခု သည် သူ့ပေါင်ပေါ်သို့ ကျသွား။
အတာလည်း ထိုစာရွက်ခေါက်ကလေးကို ပျာပျာသလဲ ကောက်ကာ “ဘာပါလိမ့်“ ဟူသော အမူအရာဖြင့် ဖြန့်၍ ကြည့်နေမိပြီးမှ နောက် အားပါးတရကလေး ရယ်လိုက်၏။
အတန်း ထဲတွင် သူတို့နှစ်ယောက်မှ လွဲ၍ အခြား မည်သူမျှမရှိ။ ဆရာမတွင်လည်း ချိန်းထား သည် ဆိုသော မိတ်ဆွေကို စောင့်ရင်း ပျင်းနေဟန်တူ၏။ သို့နှင့် တစ်ခုတည်းသော အာရုံစိုက် စရာ ရှုခင်းအဖြစ် ဆရာမ သည် အတာကိုသာလျှင် စိုက်ကြည့်နေမိလျက် အတာ၏ လှုပ်ရှားမှု ကို အစမှအဆုံး တပြုံးပြုံးနှင့် အကဲခတ်နေမိ၏။

နောက်ဆုံး လှုပ်ရှားမှုဖြစ်သော စာကလေးတစ်စောင်ကို ဖတ်၍ သဘောကျနေသည့်အတာ့ အမူအရာကို ဆရာမသည် မသင်္ကာအသွင်ဖြင့် ပြုံးရွင်နေရာမှ မှင်သေသေ မျက်နှာထားသို့ ပြောင်းလိုက်ပြီး
“အတာ လာဦး ခဏ“
သို့ ခေါ်လိုက်သော ဆရာမအသံကြားသည်နှင့် အတာလည်း စာရွက်ကလေးကို စာအုပ်ကြား တွင်ပင် ပြန်၍ ညှပ်ပြီး အထလိုက်တွင်
“ခုန မင်းဖတ်နေတဲ့ စာပါယူခဲ့“
ဆရာမသည် ကလေးကျောင်းသားနှင့် လားလားမျှမဆိုင်သင့်သော စာများဖြစ်နေလေမည် ဟူသည့် သံသယမျက်နှာထားဖြင့် ပြောလိုက်သောကြောင့် အတာလည်း ထိုးစာရွက်ခေါက် ကလေးကိုပါ စာအုပ်ကြေားမှ ယူ၍ သုတ်သုတ်ကလေး လှမ်းလာခဲ့၏။

“အဲဒါ ဘာစာလဲ“
“မဟုတ်ပါဘူး၊ ဟို“
သို့ပြောရင်း၊ အထစ်ထစ် အငေါ့ငေါ့ဖြင့် မသိမသာ မျက်နှာကလေးပျက်နေသောကြောင့်
“ပေး မမကို ပြေစမ်း“ ဟု ဆရာမလည်း အတာ့ဆီသို့ လက်ဖြန့်၍ တောင်းလိုက်သောကြောင့် အတာတွင် မငြင်းသား မပယ်သာတော့ဘဲ စာရွက်ခေါက်ကလးကို လှမ်းပေးလိုက်ရတော့၏။
စာရွက်မှာ ကျောင်းသုံးကော်ပီ စာအုပ်ထဲမှ ဆုတ်၍ ခဲတံဖြင့် ရေးသားထားသော စာဖြစ်လျက် စာမှ နည်းနည်းနှင့်ကျဲကျဲ ရေးထားသည်ကို တွေ့ရ၏။ လက်ရေးမှာလည်း အရေး တကြီး သော့ရေးထားဟန်ရှိသဖြင့် ဆရာမတွင် တစ်လုံးချင်း ဂရုစိုက်၍ ဖတ်နေရ၏။ သုံးလေးကြောင်း မျှသာ စာ ကို ဖတ်၍ဆုံးသည်နှင့် ဆရာမလည်း သိသိသာသာကြီး ပြုံးလာ၏။
“ဒါက ဘာလုပ်တာတုံး အတာ“ဟု ဆရာမက အတာအား သူ့အနီးသို့ ဆွဲယူရင်း  မေးလိုက် သည်နှင့် အတာ တွင် ရှက်အမ်းအမ်း အမူအရာကလေးဖြင့် မဝံ့တဝံ့ ပြုံးတဲ့ပြီးမှ
“ဟို တန်ဆောင်တိုင်ပွဲတော် တုန်းက ကျွန်တော်တို့ လမ်းထဲမှာ အငြိမ့်ခံတယ်ခင်ဗျ“

“အင်း ဘာအတွက်တဲ့လဲကွဲ့၊ မင်္ဂလာဆောင်လား အလှူလား၊ ဘာအငြိမ့်လဲ“
ဆရာမလည်း လိုက်လိုက်လျောလျော အမူအရာဖြင့် အတာ၏ ပုခုံးကလေးအပေါ် လက်တင် ထားရင်း သို့ မေးလိုက်သဖြင့်
“တရုတ်ဗုဒ္ဒဘာသာအသင်းက နှစ်တိုင်း ဒီလိုပဲ အငြိမ့်ခံတယ် မမ“
“သြသြ၊ ပွဲတော်အတွက် ဆိုပါတော့“
“ဟုတ်ကဲ့၊ အငြိမ့်က အိုင်စီအက်စ် မတင်ရွှေဆိုလား၊ ကျွန်တော်မေ့နေပြီ ခင်ဗျ လူပြက်တွေ တော့ သိတယ်၊ ဒန်ပေါက်နဲ့ ညပ်ကြီး“

“အေး၊ ပြောပါဦး၊ အဲဒီတော့“
ထိုအငြိမ့်ကသည့်နေ့က အတာသည် ထိုထွန်းအောင်၏ ဆုံးမစာအရ ညဥ့်နက်အောင် မကြည့် ဘဲ ပွဲဦးထွက် မင်းသမီးအသိမ်းတွင် အတာ အိမ်ပြန်အိပ်သည်ကို ဖော်ပြခဲ့ပြီး ဖြစ်၏။
 ထိုနေ့ကဆိုလျှင် သူ့မမသက်ကပါ အငြိမ့်ကြည့်ချင်သည်ဆို၍ အတာလည်း ရတတ်သမျှ သော ကုလားထိုင်နှင့် ခွေးခြေများကို သူကိုယ်တိုင်သယ်ပိုး၍ အကောင်းဆုံးနေရာတွင် အစီ အရီ ချထားခဲ့၏။
လက်ထောက် မင်းသမီး ထွက်လုလုအချိန် ရောက်သည်နှင့် မခင်သက်တို့ ညီအစ်မတစ်စု အပြင် ပွဲကတော်ကြီး သမီးနှစ်ယောက် ပါ ပွဲခင်းရှိ အတာယူထားသော နေရာသို့ ရောက်လာ ကြ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, March 23, 2012

တင်မောင်မြင့် ၏ နွေကန္တာ, အပိုင်း (၁၁)

(အားလုံးပြီးတော့ ဂျူးဒစ် လက်ကိုင်မှန်ကလေးကို ကောက်ယူပြီး ဆံပင်ကို ပတ်ပတ်လည်ကြည့် သည်။
" အေး ကောင်းတယ်၊ ၁၁ လက်မလောက်ရှိမယ်၊ အဲဒီလောက်မြင့်မှ၊ ငါကြားဖူးတာတစ်ခုရှိတယ်၊ ပါရီမှာ ဆံပင်အမြင့်တွေ ဘယ်လောက်ခေတ်စားသလဲဆိုရင် အမျိုးသမီးတွေ ရထားလုံးထဲဝင်ရင် ဒူးထောက်ဝင်ရသတဲ့ " ဘီးတွေကို သိမ်းဆည်းရင်း အိန်ဂျဲလစ် ရယ်သည်။
) ကို ဆက်ဖတ်ရန်........

" ကိုလိုနီတွေမှာတော့ ၁၁ လက်မဆို တော်လောက်ပါပြီ မမလေးရယ် "
ဂျူးဒစ် ရင်ထဲတွင် ဒိုလားရက်စ်နှင့် ပတ်သက်၍ ယခုထိ မရှင်းသေး။ သစ်ဖြူတောရောက်တော့ ဒိုလား ရစ်စ် ပြေးထွက်လာပြီး ကြိုဆိုပုံက နောက်ခံအိမ်ကြီးနှင့်မလိုက်ဘဲ ဣနြေ္ဒမဲ့သည်ဟု ဂျူးဒစ် ထင်လိုက်၏။ ပုံပျက် ပန်းပျက် တအားပြေးချလာခြင်းဖြစ်သည်။
စွဲမက်စရာ ကောင်းသည်ကတော့ အမှန်၊ အဖေ၊ အမေ စည်းကမ်းအောက်တွင် စနစ်တကျ ကြီးပြင်း လာရသည့် လူရိုးလူအေး ကာလက် လို လူတစ်ယောက်ကို ကောင်းကောင်း ထိန်းထားနိုင် သည့် အလှမျိုး၊ ဂျူးဒစ် စိတ်ဖြေလိုက်သည်။ သူ့စကား ရှေ့နောက်မညီတာကလေးတွေက သိပ်ထိ ခိုက်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူးလေ။ သူ့ယောက်ျားရဲ့ အသိုက်အ၀န်းကို သိက္ခာတင်ချင်တဲ့ သဘောနဲ့ ပြောတာမျိုး ထင်ပါရဲ့။ အပြစ် မယူထိုက်ပါဘူး။

ညစာဝိုင်းတွင် ဂျာဗာစီကို ဂျူးဒစ် အကဲခတ်နေသည်။ အမူအရာမှာ အေးစက်စက်နှင့်။ စကားဝိုင်းကို စိတ်မပါ သလို လုပ်နေ၏။ ဒိုလားရက်စ်ကို ငါထင်သလိုများ သူထင်နေသလားဟု ဂျူးဒစ် တွေးနေသည်။
အပြန်တွင် ဝေါ်လ်တာနှင့် ဖီးလစ်တို့နှစ်ယောက် စကားမပြတ်ကြသဖြင့် ရထားတစ်စီး တည်း ပေါင်းစီးကြသည်။ ဂျူးဒစ်ပါ ဂျာဗာစီနှင့် ယှဉ်ပြီး ထိုင်လိုက်ခဲ့၏။ လမ်းဆုံရောက်မှ နောက်က လိုက်လာသည့် ၀က်သစ်ချမြိုင်ရထားကို ပြောင်းစီးကြမည်ဖြစ်သည်။ ရထားထွက်လျှင်ထွက်ချင်း ဂျူးဟစ်က နိဒါန်းမပျိုးဘဲ မေးလိုက်သည်။

" ဂျူးဒစ်ယောက်မကို ဂျာဗာစီ ဘယ်လိုသဘောရသလဲ "
ဂျာဗာစီက ခြုံထည်အောက်က ပခုံးကလေး တစ်ဖက်သို့ နှိမ့်လိုက်ပြီး -
" ချစ်စရာကလေးပါ၊ စကားမပြောရင် ပိုချစ်စရာကောင်းမယ် "
" ဂျူးဒစ် ဆိုလိုတာက အဲဒါ မဟုတ်ဘူး ဂျာဗာစီ "
" ဂျူးဒစ် ဘာဆိုလိုတယ်ဆိုတာ သိပါတယ် "
ဂျာဗာစီ သရော်ပြုံးကလေး ပြုံးသည်။

" ကိုယ့်ကို သူ အင်္ဂလိပ်လိုပဲ ပြောစေချင်တယ်ကွာ၊ သူ့ပြင်သစ်စကားက သိပ်အောက်တန်းကျတာပဲ "
ဒါကိုတော့ ဂျူးဒစ် လက်ခံသည်။ ဒိုလားရက်စ်ပြောသည့် ပြင်သစ် စကားမှာ နားလည်ရခက်သည်။ ကိုယ်ကိုယ်တိုင် က သိပ်မတတ်လို့ဟု ပထမထင်ခဲ့၏။ ဂျာဗာစီက ဆက်ပြောသည်။
" သူပြောတဲ့ ပြင်သစ်စကားက လူမည်းအိမ်စေတွေပြောတဲ့ စကားဂျူးဒစ်ရဲ့၊ ဘယ်လို သူတတ်လာသလဲ မသိဘူး၊ တချို့စကားလုံးတွေက သိပ်ဆိုးတာ "
" သူပြောတဲ့ အင်္ဂလိပ်စကားထဲမှာလည်း မဖွယ်မရာတွေ ပါပါလာတယ် ဂျာဗာစီရဲ့၊ ကာလက်က လိုက် ထိန်းနေလို့၊ ဒါပေမဲ့ သူက ရိုင်းတဲ့စကားလုံးကို ရိုင်းတယ် မထင်ဘူး "
ဂျာဗာစီက ပခုံးကလေးတွန့်ပြီး ဂျူးဒစ်ကို လှမ်းကိုင်ရင်း -

" အေးလေ၊ သူက တို့ ဒီကလူတွေကို ကလေးကချေတွေ ထင်ပြီး သူ့ကိုယ်သူ အထက်တန်းကျတယ် ထင်ချင် ထင်နေမှာကိုး၊ ဘာပဲဖြစ်ဖြစ် ချစ်စရာတော့ ကောင်းပါတယ်ကွယ်၊ သူ့ကို ကိုယ်က မညှာမတာပြောမိတာ ဝေါ်လ်တာ မင်းကို ပြန်မပြောပြဘူးလား၊ သူက ဒီကောင်မလေးကို သိပ်ထင်နေတာကွာ "
ဂျူးဒစ် သတိထားမိပါသည်။ ဒိုလားရက်စ်ကို အမျိုးသမီးတွေထက် အမျိုးသားတွေက သဘောကျကြ၏။ ဖီးလစ်ကိုလည်း သေသေချာချာ မေးရဦးမည်။
ကလေးတွေ သိပ်အပြီးတွင် ဒိုလားရက်စ်ပြောသည့် ပြင်သစ်စကားများအကြောင်း ဖီးလစ် ကို မေးကြည့်သည်။ ထမင်းစားခန်းထဲတွင် ဘီစကစ်နှင့်ဝိုင်သောက်နေကြစဉ် ဖြစ်၏။
ဖီးလစ် မဲ့ပြုံးပြုံးရင်း နားထောင်နေသည်။ တော်တော်နှင့် ဝေဖန်ချက် မပေး။ အတန်ကြာမှ -
" ဂျူးဒစ်ရယ်၊ မင်း ဘာလို့ ဒိုလားရက်စ်ကို ဒါလောက် စိတ်ဝင်စားနေရတာလဲဟင် "

" သိပ်ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ကြောင့် မဖြစ်သင့် မဖြစ်ထိုက် တာတွေ ဖြစ်ကုန်မှာ စိုးလို့ပါ "
" ဘယ်လို မဖြစ်သင့် မဖြစ်ထိုက်တာမျိုးလဲ "
" အဖေနဲ့ ကာလက်က ဘာသာရေးသမားတွေ၊ လှေကြီးထိုး ရိုးရိုးသမားတွေ၊ သူတို့တစ်တွေ တစ်စုံ တစ်ခုကြောင့် ပေါက်ကွဲရင် ဒုက္ခရောက်ကုန်မှာစိုးလို့ပါ "
ဖီးလစ်က ဖယောင်းတိုင်ခံ ငွေပန်းဆိုင်းကြီးကို တစ်ဖက်သို့ တွန်းရွှေ့လိုက်ပြီး ဂျူးဒစ်ကို တည့်တည့် ကြည့်လိုက်သည်။
" ဒီမယ် ဂျူးဒစ်၊ ပြောရမှာတော့ မကောင်းဘူး၊ အဲဒီကောင်မလေး စပိန်အထက်တန်းလွှာက လာတာ မှန်ရင် အစ်ကို ဇက်အဖြတ်ခံမယ် "
" အစ်ကို၊ အစ်ကို တကယ်ပြောတာလားဟင် "
" အစ်ကိုတော့ မြင်မြင်ချင်း သိလိုက်တယ် ထင်တာပဲ "

ဂျူးဒစ် လက်ထဲမှ ဘီစကစ်တစ်ချပ် ပန်းကန်ပြားထဲ လွတ်ကျသွားသည်။ သူထင်လျှင် မှားခဲလှ သည်။
" ဒါဖြင့် သူ ဘယ်သူလဲ "
" အို ဒါတော့ အစ်ကို ဘယ်သိပါ့မလဲ "
ခဏနေ မှ ဖီးလစ် ပြန်မေးသည်။
" သူ နှာဘူးကိုင်ပုံ ရှူပုံ မင်း သတိမထားမိဘူးလား "
အောက်နှုတ်ခမ်းကို ကိုက်ပြီး -
" ဂျူးဒစ် သတိထားမိတာတွေ အများကြီးပဲ အစ်ကို "
" ကောင်မလေးက လျင်တော့ လျင်တယ်၊ တို့တစ်တွေရဲ့ ယဉ်ကျေးမှုကို အမီလိုက်နေတယ်။ ဒါပေမဲ့ မင်း အစ်ကိုကိုတော့ ကောင်းကောင်း အရူးလုပ်ထားပြီးပြီ "
" အစ်ကို ဒါလောက်သေချာရင် ဘာလို့ ကာလက်ကို မပြောသလဲ "

" ဘာလို့ ပြောရမှာလဲ "
" ဟာ ဒုက္ခပါပဲ အစ်ကိုရာ "
" ဘာဒုက္ခလဲ ဂျူးဒစ်၊ သူ့ဘ၀ သူပျော်နေတာပဲ၊ မသိမချင်း ပျော်နေပေစေပေါ့၊ ကောင်မလေးကလည်း တတ်နိုင်သမျှ ကြိုးစားနေတာပဲဟာ၊ ပြီးတော့ သူတို့အချင်းချင်း အမှန် အတိုင်း နားလည် ထားပြီး ကောင်မလေးကို ကာလက်က ပြုပြင်နေတာကော မဖြစ်နိုင်ဘူးလား၊ နိုင်ငံခြားသူကို မကြည်ဖြူတဲ့ အဖေကြီး ကျေနပ်လာတဲ့ အထိလေ "
" ကာလက် အဲဒီလောက် မလျှို့ဝှက်တတ်ဘူး အစ်ကို၊ သူက သိပ်ရိုးတာ၊ လူတိုင်းကို သူယုံတာ၊ ပြီးတော့ သူ့မိန်းမကို သူ တုန်နေအောင် ချစ်တာ "
" အဲဒါကြောင့် သူတို့ကြားကို မ၀င်နဲ့လို့ ပြောတာပေါ့၊ ကာလက် အနေနဲ့ သိလျက်သားနဲ့ သူ့ဘ၀သူ ကျေနပ်နေတာလည်း ဖြစ်နိုင်တာပဲ၊ သူ့အနေနဲ့ ဘာမှမသိဘဲ အစ်ကို့အနေနဲ့ မှားနေတာ လည်း ဖြစ်နိုင်သေးတာပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကြားမ၀င်တာ အကောင်းဆုံးပဲ ဂျူးဒစ် "

ဂျူးဒစ် စားပွဲမှ ထသွားပြီး ပြတင်းပေါက်တွင် သွားရပ်သည်။ နွေဦးလရောင်တွင် ငှက်ပျောပင်တန်းတွေကို ခပ်ဖျော့ဖျော့ လှမ်းမြင်နေရသည်။
" သူ ဘာလို့ ဒါလောက် တုံးရတာလဲဟင် အစ်ကို "
" သြော် အချစ်ရယ်၊ အချစ်စိတ် မွှန်လာပြီဆိုရင် ဘာမှ မမြင်ကြတော့ဘူးလေကွယ် "
ဖီးလစ် ထ လာသည်။ ဂျူးဒစ်ပခုံးကို သိုင်းဖက်ပြီး -
" မင်း အစ်ကို့ကို ချစ်တုန်းကလည်း ဒီလောက်တုံးရလားလို့ ၀ိုင်းပြောကြတာပဲ မဟုတ်လား "
" အင်း ... ပြောတယ်၊ ဒါပေမဲ့ တူမှ မတူတာ "
" ဟုတ်လား၊ ကျေးဇူးတင်ပါတယ်ကွယ် "
သူ့ခေါင်းကလေးကို ရင်ခွင်တွင် မှီစေပြီး -

" ကဲ ... အစ်ကိုပြောမယ်၊ ကာလက်နဲ့ ဒိုလားရက်စ်တို့နှစ်ယောက် သူတို့ဘ၀ သူတို့ ကျေနပ်နေသမျှ မင်းဘာမှ ကြားမ၀င်ရဘူး။ ဟုတ်ပြီလား "
ဂျူးဒစ် ခေါင်းညိတ်ပြီး ကတိပေးလိုက်သည်။ သို့သော် စိတ်ထဲတွင် သိနေ၏။ နိမိတ်ဆိုးကြီးတစ်ခု အစိုင် အခဲ ဖြစ်နေပြီ။ မကြာခင် ပေါက်ကွဲတော့မည်ဟူ၍။ ခုထိတော့ ဒိုလားရက်စ်အပေါ် ကာလက် သံသယ မ၀င်သေးပေ။ အရူးအမူး ဖြစ်နေဆဲ။ အဖေလုပ်သူကတော့ ဘာသာနေသည်။ ကောင်းသည်၊ ဆိုးသည် လုံးဝ မပြော။ သူ့ချွေးမအပေါ် အဖေ ဘယ်လို သဘောထားသည်ကို ဂျူးဒစ် သိချင်နေသည်။
တစ်နေ့ တွင် ၀က်သစ်ချမြိုင်သို့ ဒိုလားရက်စ် ရောက်လာသည်။ မြင်းတစ်စီးဖြင့် လှလှပပ ကြွားကြွား ၀င့်ဝင့် ရောက်လာခြင်းဖြစ်၏။ သူ့တွင် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း လာရောက် သတင်းပေးခြင်းဖြစ် သည်။ ဂျူးဒစ် ၀မ်းမသာနိုင်ဘဲ ဖြစ်နေ၏။ လက်ထပ်ပြီး တစ်နှစ်အထိ ကိုယ်ဝန်မရတော့ ဒိုလားရက်စ်ကို အမြုံ ကလေးပင် ဖြစ်နေစေချင်သည်။ ပို၍ ရှုပ်ထွေးလာတော့မည်ကို တွေးမိပြီး ဂျူးဒစ် စိတ်တွေ လေးသည်ထက် လေးလာသည်။

တိုင်းရေးပြည်ရေးတွေ ပွက်လောရိုက်လာသဖြင့် အခြား အရေးအရာများ မှေးမှိန်နေသလို ဖြစ်သွား သည်။ ဟဒိုလားရက်စ်၏ ကိစ္စကိုလည်း ဘယ်သူမှ ရေးကြီးခွင်ကျယ် လုပ်ချိန် မရကြတော့ပေ။
နယူးအော်လီယန်းတွင် စပိန်ဘုရင်ခံ အန်ဇာဂါ၏နေရာ၌ ဂါလ်ဗက်ဇ် အစားဝင်လာသည်။ သူက ဖလော်ရီဒါ အနောက်ပိုင်း မှ အင်္ဂလိပ်တို့နှင့် ချစ်ကြည်စွာ ဆက်ဆံဖို့ ကြိုးစားသော်လည်း အင်္ဂလိပ်ကို ဆန့်ကျင်တော် လှန်နေကြသည့် အမေရိကန် သူပုန်များကို တစ်ဖက်က လက်နက်တွေ ပုံအောပြီး ပေးနေသည်။
အစင်းကြောင်းတွေ၊ ကြယ်တွေပါသည့် အလံများ တလူလူလွှင့်ကာ နယူးအော်လီယန်း ကို ဖြတ်သန်း နေကြသော လက်နက်ခဲယမ်းမီးကျောက်တွေ သယ်ပို့နေကြသည့် လှေကြီးလှေငယ် များကို မြစ်ရိုးတစ်လျှောက်တွင် မြင်နေကြရသည်။

ဖလော်ရီဒါ အနောက်ပိုင်းသားများ အနေဖြင့်မူ သူပုန်လှေသင်္ဘောတွေကို ကြည့်ပြီး ဒေါသဖြစ်လျက် ရှိကြသည်။ သူတို့ကြောင့် နယူးအော်လီယန်းသွားရာ တစ်ခုတည်းသော ရေကြောင်းလမ်းကို ပိတ်ဆို့ ခံရလျှင် မခက်ပါလား။ ဖီးလစ် အနေဖြင့်မူ အခြေအနေမှန်ကို သိချင် နေသည်။
အမေရိကန် သူပုန်တွေနှင့်ရော အင်္ဂလိပ်တို့နှင့်ပါ သူ ရန်မဖြစ်ချင်ပါ။ သို့သော် သူသာ ကာရိုလိုင်းနားမှာ ရှိနေလျှင် မြေကျွန်တွေ သူပုန်ထသည့် အထဲတွင် ပါကောင်းပါနေမည်ဟု ဂျူးဒစ်ကို ပြော၏။ မဟုတ် လျှင်လည်း သူပုန်တွေကို ထမင်းဖိတ်ကျွေးရင်း ပျော်စရာ စကားဝိုင်းတွေ ဖောင်ဖွဲ့ဖြစ်မည် ထင်ကြောင်းလည်း ပြော၏။
နယူးအော်လီယန်းမှ မစ္စတာသစ်ဆယ်ဝိတ်၏ မသင်္ကာစရာလှေကြီး ဒယ်လ်ရွိုင်းတွင် ဆိုက်တော့ ဖီးလစ်က ဆိပ်ကမ်းတွင် ဆင်းတွေ့ပြီး သူ့ကို ၀က်သစ်ချမြိုင်သို့ ညစာ စားဖိတ်လိုက်သည်။ မစ္စတာ သစ်ဆယ်ဝိတ်သည် ဒီလာဝဲမျ ထွက်လာခဲ့ခြင်းဖြစ်၏။ သူက လူထွားကြီးတစ်ယောက် ဖြစ်သည်။ မျက်နှာ နီနီ၊ ဗိုက်ရွှဲရွှဲနှင့် စကားပြောကောင်းသည်။ ဧည့်သည်ရောက်လာတော့ အိန်ဂျဲလစ်က ကလေးတွေကို အိမ်နောက်ဖေးသို့ ဆွဲခေါ်သွားသည်။

ရှာရမီ မိသားစုကိုလည်း ညစာဝိုင်းသို့ ဖိတ်လိုက်၏။ မတ်ရှာရမီနှင့် ကာလက်ရှာရမီတို့သားအဖ ခန်းမဆောင်ထဲ ရောက်တော့ ဖီးလစ်က ဧည့်သည်နှင့် သူတို့ကို မိတ်ဆက်ပေး၏။
" မစ္စက်လန်း လည်း မကြာခင် ရောက်လာပါလိမ့်မယ်ခင်ဗျ၊ သူ ပန်းခင်းထဲမှာ အလုပ်ရှုပ်နေသေးလို့ပါ"
" အမျိုးသမီး တစ်ယောက်ကို ပန်းခင်းထဲမှာ မြင်ရတာလောက် ကြည့်လို့ ကောင်းတဲ့ မြင်ကွင်းမျိုး မရှိဘူးဗျ "
မစ္စတာသစ်ဆယ်ဝိတ်က ပြောတော့ ဖီးလစ်နှင့် ကာလက်တို့ ရယ်ကြသည်။
သူက ဆက်ပြီး သူ့မိန်းမ ပန်းချစ်ကြောင်း ဆက်ပြော၏။

" ကျွန်တော့် မိန်းမလည်း ပန်းသရဲမပဲဗျ။ စိုက်လိုက်တဲ့ ခရမ်းရောင် ခေါင်းလောင်းပန်းတွေ လက်ညှိုးထိုးမလွဲပဲ။ ဒါပေမဲ့ အင်္ကျီနီနဲ့ ကောင်တွေက မြေလှန်နေချိန်မှာ ပန်းစိုက်ဖို့ မကောင်းပါဘူးဗျာ။ ဘယ်လို ခေတ်ကာလလည်း မသိပါဘူး။ တိုက်ချင်လိုက်တဲ့ စစ်၊ ရချင်လိုက်တဲ့ ရာထူး၊ တကယ်ပါပဲ မစ္စတာလန်းရယ် "
မတ်ရှရမီက ပြင်သစ်နှင့် တိုက်ရသည့် စစ်ပွဲတွင် သူ ပါခဲ့ပုံ၊ သည်အတိုင်း ဖြစ်ခဲ့ပုံများကို စားမြုံ့ပြန်ပြ သည်။
မစ္စတာသစ်ဆယ်ဝိတ်က အသံအောကြီးဖြင့် -
" ဟုတ်ပါတယ်ဗျ။ တိုင်းပြည်ကို တကယ်ချစ်တဲ့လူတွေ တော်တော်ရှားသွားပါပြီ။ ဒါပေမဲ့ အမေရိကန်မှာ အားလုံးတန်းတူ အခွင့်ရကြပြီ။ အားလုံးလွတ်လပ် .... "
သူတို့ စကားသံများကို အ၀တ်လဲဖို့ အိပ်ခန်းဆီသွားရင်း ဂျူးဒစ် ကြားလိုက်သည်။

" ဖီးလစ်ကလည်းကွယ် နိုင်ငံရေးစကားမပြောတဲ့ လူမျိုးကို ရွေးဖိတ်ရောပေါ့" ဟု အနားတွင် ရှိနေ သည့် ဒိုလားရက်စ် ကို လှမ်းပြောလိုက်၏။
" ဘယ်က လူကြီးလဲဟင် ဂျူးဒစ် "
ဒိုလားရက်စက မေးသည်။
" တစ်ခါတလေ ဆိပ်ကမ်းမှာ တွေ့ရတဲ့ ခပ်ရမ်းရမ်း အမေရိကန် ပုံစံမျိုးပါကွာ။ အရက်ကို စည်လိုက် သောက်မယ့် လူစားမျိုး ထင်ပါရဲ့။ ၀ီစကီက ပူလွန်းပါတယ်နော်။ သူ လိမ္မော်ဝိုင်မှ ကြိုက်ပါ့ မလား မသိဘူး "
" ကိုယ်က အ၀တ်လဲပြီးသားပဲ။ သူတို့ကို ၀ိုင် သွားချပေးလိုက်မယ် လေ "
" ကောင်းသားပဲ ဒိုလားရက်စ်၊ မီးဖိုထဲက ကောင်လေးတစ်ယောက် ခေါ်သွားပေါ့ "

ခန်းမဆောင်ကို ဂျူးဒစ် ဖြတ်သွားတော့ ဒိုလားရက်စ်နှင့် နောက်မှ ၀ိုင်လင်ပန်းကို သယ်သွား သည့် ကောင်လေးတစ်ယောက်ကို လှမ်းမြင်လိုက်သည်။ ဒိုလားရက်စ်တစ်ယောက်သည် ညပိုလှနေ၏။ ညိုစိမ့်စိမ့် အသားနှင့် အ၀ါရောင် ချည်သရက်ထည် ပွင့်ရိုက်ဝတ်စုံမှာ လိုက်ဖက်လှသည်။ ကိုယ်ဝန် ရှိနေမှန်း ဘယ်လိုမှ မသိနိုင်။
အခန်းဝရောက်တော့ ဒိုလားရက်စ် တစ်ချက် တုံ့သွားသည်။ မစ္စတာ သစ်ဆယ်ဝိတ်က အရွှန်းတွေဖောက်နေသဖြင့် အိမ်ရှင်တွေ တ၀ါးဝါး ပွဲကျနေ၏။ ဒိုလားရက်စ် ၀င်လာသည်ကို ဧည့် သည်လူကြီး တစ်ယောက်သာ သတိပြုမိသည်။ ပေါင်ကို ပုတ်ထည့်ပြီး -
" အလို ... ကြည့်စမ်း၊ ဒိုလားရက်စ်ပါလား၊ မင်း ... ဘယ်လို ... ဘယ်လို ... ဒီရောက်နေတာလဲဟင်" ဟု တအံ့ တသြ ပြောလိုက်သည်။
ဒိုလားရက်စ် တစ်ချက်တွေသွား၏။ ဂျူးဒစ် သူ့အနား ရောက်သွားတော့ ဖီးလစ်နှင့် အမျိုးသားနှစ် ယောက်စလုံး ပြိုင်တူ ထရပ်လိုက်ကြ၏။

" ကျွန်တော့်ကို မိတ်ဆက်ပေးခွင့် ..... "
" မလိုပါဘူး မစ္စတာလန်း၊ ကျွန်တော် ဒိုလားရက်စ်နဲ့ သောက်နေကျပါ" ဟုပြောရင်း ၀ိုင်တစ်ခွက်ကို လှမ်းယူ လိုက်သည်။
ကာလက်က တအံ့တသြ ဖြစ်နေသည့် အမူအရာဖြင့် -
" ခင်ဗျားတို့ အသိအကျွမ်းတွေပေါ့၊ ဟုတ်လား " ဟု မေးသည်။
" ဒီက လူကြီးမင်း ကို ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး "
ဒိုလားရက်စ်က ပါးစပ်သိပ်မဟဘဲ ပြန်ပြောသည်။

မစ္စတာသစ်ဆယ်ဝိတ်၏ မျက်နှာကြီး နီသည်ထက် နီသွားသည်။ ဖီးလစ်က ကြားဝင်ပြီး -
" မစ္စတာ သစ်ဆယ်ဝိတ် လူမှားနေပြီ ထင်တယ်ခင်ဗျ။ အမျိုးသမီးက ဟောဒီ မစ္စတာကာလက်ရှာ၇မီရဲ့ ဇနီးပါ၊ ဟောဒါက ကျွန်တော့် ဇနီးပါခင်ဗျ"
မစ္စတာသစ်ဆယ်ဝိတ်က ဦးညွှတ်ပြီး -
" တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ" ဟု ပြောပြီး တစ်ချက် ရယ်သည်။
" ကျွန်တော့်ကို ခွင့်လွှတ်ကြပါခင်ဗျာ။ ထူးဆန်းလိုက်တာနော်၊ ဒါဆို နယူးအော်လီယန်းမှာ ကျွန်တော် သိတဲ့ မိန်းကလေးဟာ ဒီက မစ္စက်ရှာရမီနဲ့ အမြွှာဖြစ်ရမယ် "
သူက ပေါင်ပုတ်ပြီး ပြောကာ ရယ်ပြန်သည်။ သူနှင့် ဘယ်သူမှ လိုက်မရယ်တော့မှ စကားဆက် သည်။

" ကျွန်တော်သိတဲ့ အမျိုးသမီးလေး နာမည်က ဒိုလားရက်စ်ဘွန်းဒီယိုတဲ့ခင်ဗျ၊ ကျူးဘားကနေ အမေရိကန်ကို ရောက်လာတာ၊ မစ္စဂျွန်တာနီရဲ့ အရက်ခန်းမှာ ဧည့်သည်တွေကို အရက်ခွက် ဆက်ရတဲ့အလုပ်ကို လုပ်ပါတယ်၊ လှတာချင်းလည်း အတူတူပါပဲ၊ အဲ ... တစ်ခုပဲ ကွာတယ်၊ ကျွန်တော်သိတဲ့ ဒိုလားရက်စ်ကလေးက သွားကလေးတစ်ချောင်း ကျိုးနေတော့ ရယ်ရင်နှုတ်ခမ်းလေး စုစုပြီး ရယ်တတ်တယ်၊ ကျွန်တော့်ကို ခွင့်လွှတ်နော် မစ္စက်ရှာရမီ၊ တူလွန်းလို့ပါ ခင်ဗျာ "
ဒိုလားရက်စ်၏ နှုတ်ခမ်းကလေးတွေ တဆတ်ဆတ်တုန်နေသည်။ နေလောင်ထားသဖြင့် ညိုမောင်း နေသည့် ကာလက်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ အဖေလုပ်သူက ကုလားထိုင် လက်တန်း ကို တအားဆုပ်ထားသည်။

ဖီးလစ်က -
" ဟုတ်ကဲ့ခင်ဗျာ၊ မစ္စတာသစ်ဆယ်ဝိတ် တောင်းပန်တာကို ရိုးရိုးလူမှားတာ ဖြစ်တဲ့အတွက် မစ္စက်ရှာရမီက လက်ခံမှာပါ။ ကဲ ... ဘန်ကာတိုက်ပွဲ အကြောင်းလေး ဆက်ပါဦးခင်ဗျ "
ဒိုလားရက်စ်က ၀ိုင်ခွက်ကို တင်းတင်းဆုပ်ကိုင်လျက် အတောင့်သား ရပ်နေသည်။ ဖီးလစ် စကား ဆုံးသည်နှင့် "ခွေးသူတောင်းစားကြီး "ဟု အော်ပြီး ဧည့်သည်လူကြီး၏ မျက်နှာကို တအား ပတ်ထည့်လိုက်သည်။
မစ္စတာသစ်ဆယ်ဝိတ်၏ မျက်လုံးထဲမှ ၀ိုင်တွေ စီးကျမလာမီ ဒိုလားရက်စ်က အယုတ္တအနတ္တ စကားလုံး များဖြင့် ဆဲဆိုကာ တအားပြေးဝင်သွားသည်။ ဖီးလစ်က သူ့လက်ကို ဖမ်းဆုပ်ပြီး တား လိုက်သည်။
" ဒိုလားရက်စ် တော်တော့ "
ကာလက် က ဖီးလစ်လက်ထဲမှ သူ့ဇနီးကို ဆွဲယူလိုက်ပြီး -
" ဒီကိစ္စ ကျွန်တော် ရှင်းပါရစေ "
နှုတ်ခမ်းရွေ့လျားသည်ကို မမြင်ရဘဲ ကာလက် စကားဆက်သည်။
" သူ့ကို ကျွန်တော် အိမ်ပြန်ခေါ်သွားမယ်၊ မြင်းတွေသာ တစ်ဆိတ်စီစဉ်ခိုင်းလိုက်ပါ "

အခန်း (၈)

" ဆက်ပြောလေ၊ ဟာဗာနာမှာ မင်းအဖေ ဘာလုပ်သလဲ "
" မြင်းဇောင်းတစ်ခုမှာ အလုပ်လုပ်တယ် "
ဒိုလားရက်စ် ဆောင့်ကြီးအောင့်ကြီး ဖြေသည်။
" နယူးအော်လီယန်းကို မင်း ဘယ်တုန်းက ရောက်တာလဲ "
" သုံးလေးနှစ်ရှိပြီ၊ အတိအကျတော့ မမှတ်မိဘူး "
" အဲဒီ အရက်ဆိုင်မှာ အရက်ငှဲ့ပေးရတဲ့ အလုပ်အပြင် မင်း ဘာလုပ်သေးလဲ "
" အို ... တော်ပါတော့ "
ဒိုလားရက်စ် အော်ပြောသည်။ လက်နှစ်ဖက်နှင့် နားထင်ကို နှိပ်ထား၏။

" ရှင်နဲ့ တာပေါ်မှာ တွေ့တဲ့ မနက်က ကျွန်မ ဒီလိုဇာတ်လမ်းမျိုးကဖို့ လုံးဝ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ကျွန်မက ယောက်ျားတွေကို ပေါက်တတ်ကရ ဇာတ်လမ်းတွေ ပြောနေကျလေ၊ သူတို့ သဘောကျ တာကိုး၊ အဲဒီမှာ ရှင့်အလှည့်ကျတော့ မြေပိုင်ရှင် ... "
ကာလက် ၀ုန်းခနဲ ထ ရပ်လိုက်သည်။
" အဲဒီမှာ မင်းက ငါ့ကို လွယ်လွယ်ကလေး ဖမ်းလိုက်တာပေါ့ ဟုတ်လား "
ဒိုလားရက်စ်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် တုံ့ပြန်သည်။
" ရှင်ဟာ တကယ့်ငတုံးပဲ၊ အဲဒီမြို့မှာ ကျွန်မနဲ့ တွေ့တာ ကံကောင်းတယ်မှတ်ပါ၊ ဒူးထောက်ပြီး ဘုရားသခင်ကိုကျေးဇူးတင်လိုက်ဖို့တောင်ကောင်းသေးတယ်။ မဟုတ်ရင် ကျွန်မထက် ဆိုးတဲ့ ဟာမတွေနဲ့ တွေ့မှာ သေချာတယ် "

ပြောပြောဆိုဆို အခန်းတစ်ဖက်စွန်းဆီသို့ လျှောက်သွားသည်။ ပြန်လာသည်။ လက်သီးကျစ်ကျစ်ပါ အောင် ဆုပ်ပြီး တစ်ဖက်နှင့် တစ်ဖက် ထိုးသည်။ နောက်ဆုံးတွင်မှ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ကာလက် ကို တောင်းပန်သည်။
" ဒီလိုအဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ ကျွန်မ လုံးလုံး မထင်ခဲ့ပါဘူး ကာလက်ရယ်၊ ကျွန်မလေ ဘ၀ကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်ပါတယ်၊ အဒေါ် ဂျွန်နီတာက မူးလာရင် ကျွန်မကို ရိုက် တယ်၊ အထက်တန်းစားဆန်လို့တဲ့လေ၊ တခြား ဘယ်မှလည်း သွားစရာမရှိဘူး၊ ယောက်ျားယူမယ် ဆိုရင်လည်း ဗရုတ်သုတ်ခ သင်္ဘောသား တစ်ယောက်ယောက်နဲ့ပဲ ရမှာ၊ အဲဒီမှာ ကျွန်မ ပြောသမျှ ယုံတဲ့ ရှင်နဲ့ တွေ့ပြီး .... "
" ဘုရားရှိခိုးကျောင်းမှာ ပါလာတဲ့ အထိန်းတော်ဆိုတဲ့ ကပ္ပလီမကြီးကကော "

" သူ့ကို ငှားလာတာပါ၊ သူက အင်္ဂလိပ်စာ လုံးဝမတတ်တတော့ အားလုံး အဆင်ပြေတာပေါ့၊ ရှင် ကျွန်မကို လက်ထပ်တဲ့အထိ ဖြစ်လာလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ပါဘူး၊ ကျွန်မဘာသာ ကျွန်မ ပျော်နေတာပါ၊ အဲဒီမှာ ကျွန်မကို ချစ်တဲ့အကြောင်း ရှင်က ဖွင့်ပြောတော့ ကျွန်မ ၀မ်းသာလိုက်တာလေ။ ရှင့်အတွက် ဇနီးကောင်းတစ်ယောက် ဖြစ်အောင် လုပ်မယ်ဆိုပြီး သစ္စာဆိုမိ ပါတယ်၊ တကယ်ကော ကျွန်မ ဖြစ်မလာဘူးလားဟင်၊ မနေ့ကအထိ ရှင် ကျွန်မကို သဘောကျခဲ့တာပဲ မဟုတ်လား၊ ကျွန်မဟာ ကျွန်မပါပဲ ကာလက်ရယ် "
" ကဲ ... သွားအိပ်တော့ကွာ "
မျက်လုံးထဲ သဲဝင်သကဲ့သို့ အနေခက်ပြီး တစ်ကိုယ်လုံး နာကျင်နေသလို ခံစားရသည်။ ဘယ်လို ဆုံးဖြတ်ရမှန်းလည်း မသိ။ နာရီများစွာ ကြာသွားသည်။

အိပ်ခန်းကြီးထဲ လှမ်းဝင်မည်အပြုတွင် ဒိုလားရက်စ် ရုတ်တရ် တန့်သွားသည်။ သူ့ကို တစ်ချက် လှည့်ကြည့်ပြီး ၀င်ခဲ့ကာ တံခါးကို အသာပိတ်သည်။
ကာလက် က အစေခံတစ်ယောက်နှင့် စောင်တွေ ခေါင်းအုံးတွေ ယူခိုင်းပြီး တခြားတစ်ခန်းမှာ အိပ် သည်။
နောက်နေ့များတွင်လည်း အခြေအနေက ကောင်းမလာဘဲ တင်းမာသည်ထက် တင်းမာလာသည်။ အဖေ က ပြောသည်။
" သားအတွက် ဖေဖေ စိတ်မကောင်းပါဘူး၊ သားနဲ့ ဒီကလေးမနဲ့ မတန်တာတော့ အမှန်ပဲ "
ခက်သည် က ဒိုလားရက်စ်ကို ကာလက် ရက်ရက်စက်စက် ပြောလို့ မထွက်ခြင်းပင်။ တစ်ခါတလေ ဒိုလားရက်စ် က တောင်းတောင်းပန်ပန် ပြောသည်။ ရံခါတွင် ခုနစ်သံချီတက်ပြီး ရန်တွေ့သည်။ အခန်းထဲ ၀င်ဖို့ အမိန့်မပေးမချင်း ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးများဖြင့် တရစပ် ပစ်ပေါက်သည်။ ထမင်းစားပွဲ တွင် ထိုင်မိလျှင် စကားတစ်ခွန်းမျှ မပြောဘဲ ခေါင်းမာစွာ ငြိမ်နေတတ်၏။ ကာလက်အဖို့ ထမင်းဝိုင်းသည် လုံးဝ အဓိပ္ပာယ် ကင်းမဲ့လျက်ရှိသည်။

ဖီးလစ်ထံမှ စာတိုကလေးတစ်စောင် ရောက်လာသည်။ တနင်္လာနေ့က ၀က်သစ်ချမြိုင်ခန်းမထဲတွင် ဖြစ်ခဲ့သည့် စိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်အတွက် မိမိ အနေဖြင့် ဆောင်ရွက်ပေးနိုင်သည့် ကိစ္စများရှိလျှင် အကြောင်းကြားစေလိုကြောင်း၊ မိမိအား လိုသလို ခိုင်းစေနိုင်ကြောင်း စသည် စသည်။
ကာလက်က ယောက်ဖလုပ်သူကို ဒုက္ခမပေးဘဲ ကိုယ့်ကိစ္စကိုယ်ရှင်းဖို့ ဆုံးဖြတ်ထားသည်။ ဖီးလစ် အနေဖြင့် ၀တ္တရားရှိနေ၍ ရေးလိုက်ရသော်လည်း သည်လိုကိစ္စမျိုးတွင် လုံးဝ ပါဝင်လိုခြင်းမရှိပေ။ သို့သော် ဂျူးဒစ် ကတော့ လက်ပိုက် ကြည့်မနေနိုင်ပါ။
မစ္စတာသစ်ဆယ်ဝိတ်နှင့် ပြဿနာဖြစ်ပြီးနောက် ၁၀ ရက်အကြာတွင် သစ်ဖြူတောသို့ ဂျူးဒစ် ရောက် လာသည်။ ဒိုလားရက်စ်ကို ၀က်သစ်ချမြိုင် ခဏခေါ်သွားရန်ဖြစ်၏။ ဖီးလစ်နှင့် အတိုက်အခံ လုပ်ပြီး ထွက်လာခဲ့ခြင်းဖြစ်သည်။ ဖီးလစ် အမြင်ကပြတ်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>