Monday, February 20, 2012
မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၅)
တောင်ကြားလွင်ပြင်
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထိ ခုတ်မောင်းသွားမည့် ရထားက မနက် ၈း၃၀ နာရီမှာ ထွက်မှာ ဖြစ်သည်။ ရထားလက်မှတ်က စာရေးဆရာရဲသျှမ်း၏ အကူအညီဖြင့် နှစ် ရက်လောက်ကတည်းက ကြိုထားပြီး ဖြစ်သည်။ လက်မှတ်ရရှိရေးကိစ္စစီစဉ် ပေးသူက ဆရာထက်မြက်၊ ကျေးဇူတော်ပါပဲ ဆရာရဲသျှမ်း နှင့် ဆရာထက်မြက်တို့ခင်ဗျား။
ကျွန်တော် တို့မှာ တစ်နှစ်တစ်ကြိမ်လောက် ခရီးထွက်ဖို့ဆိုတာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်။ တစ်နှစ်ပတ် လုံး ပြေးလွှား လှုပ်ရှားနေတာတောင် မိသားစုအရေးက ပြည့်စုံကြ သည်မဟုတ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီးလျှင် အနည်းလေး တစ်လလောက်တော့ ခရီး ထွက်တတ်ကြလေသည်။ ခရီးသွားခြင်းသည် စိတ်အပမ်း ဖြေနည်း တစ်မျိုးဖြစ်သလို အသိဥာဏ်တိုးပွားရာ တိုးပွားကြောင်း လည်း မည်ပါသည်။ အထူးသဖြင့် စာရေးဆရာတွေအဖို့ ခရီးသွားခြင်းသည်။ စာပေ ထုတ်လုပ်မှု စွမ်းအား ပိုမို တိုးတက်စေကြောင်း ဖြစ်သည်။ ဗဟုသူတတိုးပွားရာ စိတ်ခွန်အား ဖြည့်ရာ မည်ပါသည်။
သည်မေလ ဒုတိယပတ်မှာ ကျွန်တော်တို့ ခရီးထွက်ဖြစ်သည်က ဆရာဒဂုန်တာရာအသက် (၉၀)ပြည့် မွေးနေ့ပွဲ အကြောင်း ပြုလာ၍ ဖြစ်သည်။လူတစ်ယောက်သို့မဟုတ် စာရေးဆရာ ကဗျာဆရာကြီး တစ်ယောက် အသက် (၉၀)ပြည့်သည်အထိ အသက်ရှင်နေနိုင် သွားသည် ဆိုတာ တကယ့်ကို ထူးမြတ် သည့် ကံတရားဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ။ ဆရာဒဂုန်တာရာ အသက် (၉၀)ပြည့်က ၂၀၀၉ မေလ၁၀ရက်နေ့ ဖြစ်သည်။ ကျွန်တော် တို့က မေ (၈)ရက် မနက်မှာ ရန်ကုန်ဘူတာကြီးမှာ ထွက်ခွာ ကြမည်။
ရန်ကုန်မှ ထိုနေ့လိုက်ုပါမည့် စာရေးဆရာ၊ ကဗျာဆရာတွေ အယောက်၂၀ခန့် ရှိပါသည်။ ဆရာဦးအံ့မောင်၊ ဆရာစန္ဒရားသိမ်းမောင်၊ ဆရာထက်မြက်မိသားစု၊ ဆရာမဒေဝီသန့်စင်၊ ထွန်းဝင်းငြိမ်း (ဗျူးတီးမဂ္ဂဇင်း)၊ ဖိုးလမင်း၊ ကိုဇော်သိန်း၊ ကိုညွန့်သစ်၊ ဆရာမတင်တင်ဦး တို့အဖွဲ့၊ လင်းထင်၊ ပန်းချီယဉ်မင်းပိုက်၊ ဆရာသန်းစိုးနိုင်၊ ဆရာကိုခါး စသည်ဖြင့် အသက် အရွယ်ကြီးရင့်ဆရာတွေမှ လူငယ်တွေအထိ ပါဝင်နေပါသည်။ ဆရာမောင်မိုးသူ၊ ဆရာ ရဲသျှမ်းတို့ မလိုက်ပါနိုင်သော်လည်း ဘူတာ ဆင်းကာ ဆရာတာရာ ဂုဏ်ပြုဆုတောင်း ကဗျာများ လူကြုံပါးကြပါသည်။
သွားရောက်ရမည့် ခရီးက ဝေးပါသည်။ ဝေးသည်ဟုဆိုနိုင်ပါသည်။ သို့ကြောင့် ကျွန်တော် တို့ အထက်တန်း တွဲကလိုက်မှ အဆင်ပြေပါမည်။ အထက်တန်းတွဲ လက်မှတ်ခက သုံးထောင့်သုံးရာ နီးပါးကျသည်။ (ရန်ကုန်ဘူတာကြီးမှ မနက် ၈ နာရီခွဲရထား ထွက်ခွာ ပြီး နောက်တစ်နေ့မနက် ၁၀ နာရီခွဲ မှ အောင်ပန်းမြို့ သို့ ရထားဆိုက်သည်။ အချိနိ၂၅ နာရီ သာသာ ကြာမြင့်ပါသည်။ ရထားပေါ်မှာ ကျွန်တော် တို့ တစ်ရက်သာသာ နေထိုင်ခဲ့ရပါ သည်။)
မနက် ၈း၃၃ နာရီတွင် ရန်ကုန်ဘူတာကြီး အမှတိ၎ စင်္ကြန်မှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရထား ထွက်ခွာလာသည်။ လိုက်ပါနှုတ်ဆက်သော ဆရာနှစ်ယောက်ကို လက်ပြနှုတ်ဆက်။ မနက်ခင်း နေရောင်ခြည် က ဝင်းပပြီး မွှေးမြနေပါသည်။
အင်္ဂလိပ်-မြန်မာ ဒုတိယအကြိမ်စစ်ပွဲ ၁၈၅၂ခုနှစ်မှာ ဖြစ်ပွားပြီးတဲ့နောက် အောက်မြန်မာ ပြည်ဟာ အင်္ဂလိပ် လက်အောက်ကျရောက်ခဲ့ပါသည်။ အဲသည်နောက် ၁၈၇၄ ခုနှစ်မှာ ရန်ကုန်-ပြည် မီးရထားလမ်း ကို စတင်ဖောက်လုပ်ပါတယ်။ ၁၈၇၇-ခုနှစ်မှာ ပြီးပါတယ်။
ဗြိတိသျှတွေရဲ့ မီးရထားလမ်းဖောက်လုပ်တဲ့အကြောင်းက အုပ်ချုပ်ရေးခိုက်မာပြီး ကိုလိုနီ တည်မြဲစေဖို့က အဓိက အကြောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဗြိတိသျှကိုလိုနီလက်အောက် စောစီးစွာ ကျရောက်ခဲ့တဲ့ အိန္ဒိယ မှာ ကုလားစစ်တပ်တွေ ပုန်ကန်ခြင်းကြောင့် မီးရထားက အရေးပါလာတာကို အင်္ဂလိပ်တွေက အတွေ့အကြုံအရ သိသွားပါတယ်။ လမ်းပန်းဆက် သွယ်ါမှု လွယ်ကူစေတာ၊ စီးပွားရေးဖြစ်ထွန်းလာမှာက နောက်ဆက်တွဲကိစ္စပါ။ မူလ ရည်မှန်းချက်ကတော့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုကိုတော့ လူထုက ခံစားရပါမယ်။မီးရထားလမ်းဖောက်ပြီး အလုပ် အကိုင် တွေ ဖန်တီးပေးပါတယ်၊ လုပ်ခလစာပေးပါတယ်။
ဗြိတစ်သျှရဲ့ ကိုလိုနီနည်းပရိ ယာယ်အရ အတင်းအကြပ် စေခိုင်းတာမျိုးကို လက်ရှောက်ပါတယ်။
ရန်ကုန်ု-ပြည် ရထားလမ်းဖောက်ပြီး သီပေါမင်းပါတော်မမူမီ ၁၈၈၅ ခုနှစ်မှာ တောင်ငူမြို့ထိ ရထားလမ်းဆက်ဖောက်ပါတယ်။ ၁၈၈၆မှာ မန္တလေးကို ဆက်ဖောက်တယ်။ ၁၈၉၈မှာ မြစ်ကြီးနား ကိုဆက်ပြီး မီးရထားလမ်းဖောက်ပါတယ်။ ၁၉၀၂ ခုနှစ်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အရောက် မီးရထာူးလမ်းဖောက် လုပ်ပါတယ်။ နောက်ပိုင်းဆက် ဖောက်တဲ့ မြစ်ကြီးနား၊ လားရှိုးစတဲ့ လမ်း တွေက မီးရထားကုမ္ပဏီက ဖောက်တာဖြစ်တယ်။ ၁၈၉၆ခုနှစ်မှာ အစိုးရက ကုမ္ပဏီကို မီးရထားလမ်း လုပ်ငန်းများ ငှားရမ်းလိုက်တာပါ။
အသေးစိတ်ရလျှင် ရန်ကုန်တောင်ငူလမ်းက ၁၆၆မိုင် ရှိပါတယ်။ ၁၈၈၁-ခုနှစ်မှာ စဖောက်ပြီး ၁၈၈၅မှာ ပြီးတယ်။ ၄ နှစ်ကြာပါတယ်။ ၁၈၈၆မှာ တောင်ငူက မန္တလေးကို ဖောက်တာ ၂၇လပဲ ကြာတယ် လို့ ဆိုပါတယ်။ တောင်ငူမန္တလေးက မိုင် ၂၂၀ ဝေးပါတယ်။ ၁၈၈၉မှာ ရထားလမ်းက မန္တလေးရင်ခွင်ထဲ ရောက်ပါပြီ။ ဘာကြောင့် ဒီလောက်မြန်မြန် ပြီးရသလဲဆိုတော့၊ အဲသည့်ရထားလမ်းဖောက်လုပ်ရာမှာ တစ်နေ့ ကို အလုပ်သမား ၂၄၀၀၀ နှစ်သောင်းလေးထောင်ပျမ်းမျှ အသုံးပြုတယ်ဆိုပဲ။ အဲဒီထဲမှာ သုံးပုံ နှစ်ပုံ က ဗမာ အလုပ်သမားတွေ ကျန်တာက ကုလားနဲ့ အနောက်သားအချို့ပါ။
ကျွန်တော်တို့ ခရီးသွားနေတဲ့ မီးရထားဆီ ဆက်သွားရအောင်။ ရထားကြီးက ပုံမှန်ပြေး သွားနေပါသည်။ ရန်ကုန်မြို့ပြ ကို လွန်သည်နှင့် လယ်ကွင်းပြင်များကြားမှ ဖြတ်သန်းသွား သည်။ လိမ္မော်ရောင်ကမ္ဘာက တဖြည်းဖြည်း မြင့်တက်လာနေသည်နှင့်အမျှ အပူရှိန်များက လေနှင့်အတူ ရထားပြတင်းများမှ ဝင်လာကြ ပါသည်။
နံနက် ၁၀း၃၀ နာရီမှာပဲ ပဲခူးမြို့ ဘူတာကြီးကို ရောက်သည်။ ပဲခူးဘူတာကလည်း အရင် လို မစည်ကား တော့။ ထမင်းထုပ်ရောင်းသော၊ အချိုရည်၊ ဆေးလိပ်၊ ကွမ်းယာ၊ မုန့်ပဲသွား ရည်စာရောင်းသော ဈေးသည် အချို့ ရထားပေါ်တက်လာသည်။ ပဲခူးဘူတာမှာ ရထားက ဆယ်မိနစ်ပဲ ရပ်သည်။ ရထားက ဆက်ထွက် လာပြန်သည်။ လယ်ကွင်းပြင်များက ခြောက်သယောင်းနေသည်။ မိုးအရိပ်အရောင်ကို မြင်ခဲ့ရဟန် မတူသေး။
တကယ်က ပဲခူးနယ်သည် မြန်မာပြည်၏ ဆန်စပါး များထုပ်လုပ်ရာတွင် အဓိကကျသော နယ်ကြီး ဖြစ်သည်။ ကွင်းပြင်တွေက တပြန်တပျော့။ ၁၁း၄၅ နာရီတွင် ဒိုက်ဦးဘူတာသို့ ရောက်သည်။ ဒိုက်ဦးမြို့ ထဲက ဖရဲသီးထွက်ကောင်းတာ သိရသည်။ ဒိုက်ဦးကွာစိထုပ်တွေ ဟိုအရင်က အလုအယက် ဝယ် လဲဖူးသည်။ ယခုတော့လည်း သူမဟုတ်သလိုပင်။
ကျွန်တော်အပေါ်အင်္ကျီကို ချွတ်ထားပြီး အပူငွေ့များကို ရင်ဆိုင်ဖို့ ပြန်ဆင်ရသည်။ ထမင်း ဆာတာကို ထမင်းထုပ်ယူလာသော ဆရာထက်မြက်မိသားစုဆီမှ ပေးကမ်းသော ထမင်း နှင့် ဖြည့်ဆည်းလိုက်သည်။ သည်အချိန်ဘီယာလေး သောက်ရလျှင် ကောင်းမည်။ သို့ သော် မဖြစ်နိုင်ပါ။ အမျိုးအမည်မသိသော ရေသန့်ဗူး တွေသာ သောက်နေရသည်။ ၁၂း၃၀ တွင် ပြွန်တန်ဆာဘူတာဝင်သည်။ ရှေးရှေးက ရေနွေးငွေ့ မီးရထားစက်ခေါင်း အတော်များ များကို ဘူတာဝင်းထဲက ဂိုဒေါင်ထဲမှာ တွေ့ရသည်က လွမ်းစရာ။
မွန်းတိမ်း၁ နာရီမှာ ညောင်လေးပင်ဘူတာ
မွန်းတိမ်း ၁း၃၀ နာရီမှာ ပိန်းဇလုတ်
မွန်းတိမ်း ၁း၅၀ နာရီမှာ ကျောက်တံခါး
မွန်းတိမ်း ၂း၁၀ နာရီမှာ ပဲနွယ်ကုန်း
မွန်းတိမ်း ၂း၃၅ နာရီမှာ ကညွတ်ကွင်း
မွန်းတိမ်း ၃း၀၅ နာရီမှာ ဖြူးမြို့ဘူတာ ရောက်လာသည်။
ကျွန်တော်တို့ရထားက ဘူတာစဉ်မှာ သိပ်ကြာကြာမရပ်ခဲ့သော်လည်း ဖြူးမှာ နာရီဝက် လောက်ကြာ ရပ်ထားခဲ့သည်။ ဘာများဖြစ်လို့လဲ။ ရထားမီးပေါင်ကျတာတော့ မဖြစ်နိုင်။ ရေနွေးငွေ့မောင်းရထားမှ မဟုတ်တာ။ နောက်မှ သိရတာက နေပြည်တော်အမြန်ရထား ကို စောင့်ပြီး လမ်းပေးရတာတဲ့။ အော်... သည်လိုလား... ကောင်းပါပြီ။
ရထားဆက်ထွက်လာပြီး တောင်ငူမြို့ဘူတာကို ညနေိ၅း၀၀နာရီမှာ ဆိုက်ရောက်ပါ သည်။ တောင်ငူသည် တစ်ချိန်က နတ်သျှင်နောင်နှင့် ဓာတုကလျာ်တို့၏ လွမ်းမောဖွယ် ဇာတ်လမ်းရှိခဲ့ဖူးသည်။ ပြည်တွင်း စစ်ကာလ အချက်အချာကျသော မဟာဗျူဟာ ဖြစ်ခဲ့ဖူး သည်။ နောက်ပိုင်း စည်ကားဖွံ့ဖြိုးသော ရန်ကုန်-မန္တလေးလမ်း က ဆုံရပ်ဖြစ်ခဲ့ဖူးသည်။
ထမင်းသည်တွေ၊ မုန့်သည်တွေ၊ လက်ဘက်ရည်ဆိုင်တွေ၊ စသည်ဖြင့် ဈေးသည်ပေါင်းစုံ ခရီးသည်ပေါင်းစုံတို့၏ အသံဘလန်များကို ကျွန်တော်ကြားယောင်နေမိပါသည်.။ ကျွန်တော်တို့ အပူဒဏ် ကို ခါးစည်းခံရင်း ပလက်ဖောင်းပေါ်မှာ ဆင်းလျှောက်နေမိသည်။ ရသည်ကလေးတချို့၊ အချဉ်သီး စိတ်ရောင်းသူ၊ ကွမ်းယာသည်တစ်ဦး နှစ်ဦး။ ဟိုဘက် စင်္ကြန်ခေါင်းမိုးမှာ ချိန်ဆွဲထာသည့် တီဗီသတင်းကို မော့ကြည့်နေသူ လေးငါးယောက်။ ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ဘယ်ရောက်သွားပါလိမ့်။ ရှင်းလင်း သွေ့ခြောက် နေသော ဘူတာမှာ ကျွန်တော်တို့ ရထားကြီး တစ်နာရီကြာမျှ အိပ်မောကျ နေခဲ့ပါသည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၄၃)
(" ဟုတ်ပါတယ်။ အတိုရေးတာပဲများတယ်။ ဒါပေမဲ့ အခု ရှာမတွေ့တော့ဘူး။ မန္တလေးက ၁၉၄၇ ခုနှစ်လောက်မှာ ထုတ်ခဲ့တဲ့ "ဂွဂျာနယ်" ထဲက "သြော် စီးကရက်" ဆိုတဲ့ ဟာမျိုးလေးတွေဆိုရင် ပြန်လိုချင် တယ်။ ဒီဝတဍ္ဍထုက အင်္ဂလိပ်၊ အမေရိကန် ပြန်ဝင်လာတဲ့အချိန်မှာ ဒီးကရက်တွေ သိပ်ပေါတော့ ဗမာဆေး လိပ်ခုံတွေ ပျက်စီးသွားတယ်။ ဆေးလိပ် လိပ်ပြီး အမေနဲ့ မောင် ညီမလေးကို လုပ်ကိုင်ကျွေးမွေးနေရတဲ့ ဆေးလိပ်သမလေး ဘ၀ပျက်ပြီး "ကြက်တန်း" ရောက်သွားတာ ရေးထားတာပဲ။) ကို ဆက်ဖတ်ရန်...
မန္တလေး "ဘ၀သစ်" ဂျာနယ်မှာပါဖူးတဲ့ "သြော် ဒီမိုကရေစီ"ဆိုတာမျိုးလည်း ပြန်လိုချင်တယ်။ ရှာမတွေ့ တော့ ဘူး။ သူက အများစု လုပ်တိုင်း မှန်သလား ဆိုတာ ရေးထားတာပါ။ တကယ့်အဖြစ်အပျက်ကလေးပဲ။ ဘယ် ကင်း ဆိုတဲ့ ရွာကလေးမှာ စစ်ပြေးလာတဲ့အရာရှိ အရာခံတွေရဲ့ သမီးလေးတွေ၊ ချောပေ့ဆိုတဲ့ ခြောက်ယောက် လောက်ကို ဂျပန်ကင်ပေက စပိုင်ဆိုပြီး ဆွဲလာတယ်။ နောက် ဆေးလိပ်လိပ်တဲ့ ကောင်မလေး တစ်ယောက်လည်း ဆွဲလာတယ်။ အားလုံး ကောင်မလေး ခုနစ်ယောက်ပေါ့။
ဂျပန်ဗိုလ်က တစ်ည တစ်ယောက် ထုတ်ထုတ်ပြီး ပျော်ပါးတယ်။ ခြောက်ယောက်လုံး ပျော်ပါးပြီးပြီ။ ဆေး လိပ်သမလေး တစ်ယောက်ပဲ ကျန်တော့တယ်။ သူ့မှာလည်း ရည်းစားရှိတယ်။ သူ့အလှည့်ကျတဲ့ ညမှာပဲ မမျှော်လင့်ဘဲ တံတားဦး (မန္တလေး) ဘက်က စစ်ကပြိုလာတော့ ကင်ပေတိုင် တွေထွက်ပြေးရတယ်။ ကောင်မလေး တွေ လွတ်လာကြတယ်။ အင်္ဂလိပ်ခေတ်ရောက်တော့ ကျောက်ဆည် တစ်မြို့လုံးက ဆေးလိပ် သမလေး ကို ဂျပန်နဲ့ ခုနစ်ရက်လုံးလုံး ဖြစ်ခဲ့တယ်ဆိုပြီး ၀ိုင်းသမုတ်ကြတယ်။ ဟို ခြောက်ယောက် က ဘာမှ အပြော မခံလိုက်ရဘူး။ တကယ်ဖြစ်တာက သူတို့ ခြောက်ယောက်ပါ။ ဒါပေမဲ့ သူတို့ က ညှိပြီး သတင်းလွှင့်လိုက်ကြ တော့ ဟိုကလေးမလေးခမျာ မဟုတ်ဘဲနဲ့ ခံလိုက်ရတယ်။ ရည်းစား ကလည်း မသတီလို့ မယူတော့ဘူး။ အဲဒီတော့ ခြောက်ယောက်နဲ့ တစ်ယောက် အများက ပြောတိုင်း မှန်ပါ့မလား ဆိုတာကို ရေးခဲ့တာပဲ။
ပြည်ညွန့်မှာလည်း "ကယ်ဖူးတယ်" ဆိုတဲ့ ၀တ္ထုတိုတစ်ပုဒ် ရေးဖူးတယ်။ ကိုယ်နိုင်ငံရေးလုပ်နေတုန်း ဆိုင်း တန်းဘက်မှာ ကောင်မလေးတစ်ယောက် မတရားချုပ်နှောင်ခံရပြီး ခိုင်းစားခံနေရတယ်လို့ စာပစ်ကြတာနဲ့ ကိုယ်တို့ ၀ိုင်းဖမ်းကြတယ်။ အရာရှိအရာခံ သားသမီးပဲ။ ရွှေဘိုက။ ဒါနဲ့ ကိုယ်တို့ထဲက ရဲဘော်တစ်ယောက် ကို တာဝန်ပေးပြီး ရွှေဘိုလိုက်ပို့ခိုင်းလိုက်တယ်။ လိုက်ပို့ခိုင်းတဲ့ ရဲဘော်က ပြန်မရောက်လာသေးဘူး။ ကောင်မလေး က တခြားအိမ် တစ်အိမ် ပြန်ရောက်နေတာ တွေ့ရတယ်။ အဲဒါလေး ရေးထားတာပါ"
" ဆရာက အဲဒီလို တွေ့ဖူး ကြုံဖူးတာလေးတွေချည်း ရေးတယ်ဆိုတော့ မှတ်စုနဲ့များ သီးခြား မှတ်ထား တတ်သလား"
" မရှိပါဘူး။ ခေါင်းထဲမှာ မှတ်ထားပြီး ကြုံလာမှ ဒါလေး ကောက်ရေးတာပဲ"
" စာရေးပြီးရင် တချို့ ပြန်ချော ပြန်ကူးလေ့ရှိတယ်။ တချို့ကတော့ လက်တန်းပဲတစ်ခါတည်း ရေးကြ တယ်။ ဆရာကော ဘယ်လို ရေးပါသလဲ "
" နှစ်မျိုးစလုံးပါပဲ။ တစ်ခါတလေကျတော့ ပြန်ချောတယ်။ တစ်ခါတလေတော့လည်း လက်တန်း ရေးလိုက် တာပဲ။ တစ်နေ့ ကပဲ ကိုယ်တွေ့ဝတ္ထုတစ်ပုဒ် ရေးလိုက်သေးတယ်။ ကားဝယ်တာ တပည့်တစ်ယောက်က ညာသွားလို့  "ကားဝယ်ရင် ကျွန်တော့်ကို တိုင်ပင်ပါ" ဆိုပြီး သောင်းပြောင်းမှာ ပို့ထားတယ်။ အဲဒါလေးက တစ်ထိုင်တည်း ရေးတာပဲ။ တစ်ခါတလေလည်း နှစ်ကြိမ်၊ သုံးကြိမ် ပြန်ရေးရတာတွေ ရှိပါတယ်"
" ၀တ္ထုဖြစ်ဖြစ်၊ ကဗျာဖြစ်ဖြစ် ရေးရင် တချို့ကတော့ အကြောင်းအရာက အဓိကကျတယ်လို့ဆိုပြီး တချို့ က တော့လည်း တင်ဆက်ပုံက အဓိကကျတယ်လို့ပြောတယ်။ ဆရာကကော ဘယ်ဟာကို ဦးစားပေး ပါသလဲ"
" လူတွေ ဖတ်ချင်အောင် ရေးတဲ့နေရာမှာ အကြောင်းအရာက သိပ်ပြီး အဓိကမကျပါဘူး။ အကြောင်းအရာ သေးသေးငယ်ငယ် မဖြစ်စလောက်ကလေးကိုပဲ ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးတတ် ရင်လည်း ဖြစ်သွားတာ ပဲ။ ကိုယ့်အမြင် ပြောတာပါ။
ဘယ်လောက်ပဲ ခိုင်လုံတိကျတဲ့ အကြောင်းအရာဖြစ်ပါစေ၊ သူ့တင်ဆက်ပုံ မကောင်းရင် ဖတ်ချင်စဖွယ် ဖြစ်မလာ နိုင်တော့ဘူး။ ရုပ်ရှင်ကားတစ်ကားမှာ မင်းသား၊ မင်းသမီးကောင်းပါလျက်နဲ့ ဒါရိုက်တာက တင် ဆက်ပုံ မကောင်းရင် ကားကောင်းတစ်ကား ဖြစ်မလာနိုင်သလိုပါဘဲ။
နှစ်ခုစလုံး ကောင်းရင်တော့ အကောင်းဆုံးပါပဲ။ အကြောင်းအရာကလည်း ကောင်းမယ်။ တင်ဆက်ပုံက လည်း ကောင်းမယ်ဆိုရင်တော့ စာဖတ်သူအတွက် အကျိုးရှိတာမျိုး ကိုယ်တို့ကတော့ အဲဒီလိုပဲ ရေးတယ်။ ခိုင်လုံတဲ့ အကြောင်းအရာတစ်ခု ရှာတယ်။ ပြီးတော့ တင်ဆက်ပုံ ကွင်းဆက်ညီအောင် ရေးတယ်။ အဲဒီလို လုပ်မှလည်း ကောင်းမယ်လို့ ယူဆတယ်။
ဖတ်ချင်စဖွယ်ကောင်းအောင် ရေးကြမယ်ဆိုရင်တော့ တင်ဆက်ပုံ ကောင်းရမယ်ပေါ့။ လက်ထဲက မချနိုင် ဘူးဆိုတာမျိုးပေါ့။ ကိုမိုးသူတို့ ဘာသာပြန်တဲ့ စာအုပ်တွေဆိုရင် (သူလည်း ၀န်ခံထားပါတယ်) လက်ထဲ မချနိုင်လောက်အောင် တစ်ထိုင်တည်း ဖတ်ချင်ကြတာပဲ။ ပြီးသွားရင်တော့ ခေါင်းထဲမှာ မရှိတော့ဘူးပေါ့။
ရုပ်ရှင်များလိုပေါ့။ ဥပမာ ... တစ်နေ့က ပြသွားတဲ့ "မြင်းမိုရ်ထက်မြင့်သော" ဆိုရင် ဒီနေ့ထက်ထိ ရင်ထဲမှာ စွဲနေတယ်။ အကြောင်းအရာရော တင်ဆက်ပုံပါ ကောင်းတာကိုး။ တချို့ ရုပ်ရှင်တွေကျတော့ ရုံထဲမှာတော့ လက်ခုပ်သံ တဖြောင့်းဖြောင့်းနဲ့ စိတ်ကို ကြွစေတာကိုး။ ဒါပေမဲ့ ရုံပြင် ရောက်တာနဲ့ တစ်ပြိုင်နက် ဇာတ်လမ်းကို မသိတော့ဘူး။ ဘာမှ မကျန်တော့ဘူး။ အကြောင်းအရာနဲ့ တင်ဆက်ပုံ ကွာခြားမှု ကို ကိုယ် တော့ အဲဒီလိုပဲ မြင်တယ်"
" ဆရာ ရုပ်ရှင်ဇာတ်ညွှန်းလည်း ရေးဖူးတယ်နော် "
" ရေးဖူးပါတယ်။ "သက်ထားဆိုသော မိန်းမချော" ရုပ်ရှင်ကားက ကိုယ့်ဝတ္ထု"သက်ထား"ကို ရိုက်တာပဲ။ ဒီ ကားအတွက် ဇာတ်ညွှန်း ရေးပေးခဲ့တယ်။ ရုပ်ရှင်ဇာတ်ညွှန်းခြောက်ခုလောက် ကိုယ်တိုင် ခွဲပေးခဲ့ဖူးတယ်။ လေးပုဒ် လောက်ကတော့ ၀တ္ထုပဲ ပေးခဲ့တာပဲ"
" ဇာတ်ညွှန်း ရေးတဲ့ပုံစံနဲ့ ၀တ္ထုရေးတဲ့ပုံစံက မတူတော့ တချို့က ပြောကြတယ်။ ဇာတ်ညွှန်း ရေးပါ များလာရင် ၀တ္ထုရေးတဲ့ ပုံစံမှာ ထိခိုက်လာတယ်တဲ့။ ဟုတ်ပါသလား ဆရာ"
" ဖြစ်နိုင်တယ်။ ကိုယ်ကတော့ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆက်တိုက်ရေးတာ မဟုတ်တော့ ဇာတ်ညွှန်း ရေးတဲ့နည်းက ၀တ္ထုရေးရာမှာ လာပြီး မလွှ့မ်းမိုးနိုင်ခဲ့ဘူး။ အများကြီး ရေးတဲ့သူအဖို့ကတော့ ပျက်သွား နိုင်ကြတယ်။
ကိုယ်ကတော့ စုံတယ်။ ဆောင်းပါးတွေလည်း အများကြီး ရေးခဲ့တယ် မဟုတ်လား။ ဆောင်းပါး ရေးသားပုံ က အကြောင်းအရာ တစ်ခုကို တင်ပြပုံနဲ့ ၀တ္ထုက တင်ပြပုံ မတူဘူး။ ဆောင်းပါးတွေ အများကြီး ရေးပြီး ၀တ္ထုရေးရင် တစ်မျက်နှာတောင် တော်တော်နဲ့ မပြီးတော့ဘူး။ အရေးအသားတွေ ခွကျကုန်တယ်။
ကိုဝင်းငြိမ်း မေးတဲ့ ရုပ်ရှင်ဇာတ်ညွှန်းနဲ့ ၀တ္ထုလည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ်။ ကိုယ်ကတော့ အများကြီး ရေးတာ မဟုတ်လို့ မဖြစ်ဘူး။ ဥပမာ- တက္ကသိုလ်မောင်လှသူလို၊ ကိုကို လို များများစားစား ရေး လာရင်တော့ ဖြစ်မယ်ထင်တယ်။
ဆောင်းပါးများများ ရေးလာရင်တောင် ၀တ္ထုမှာ ခက်လာတယ်။ ဆောင်းပါးက နွဲ့နွဲ့ရေးတာမှမဟုတ်ဘဲ၊ ခပ်ပြတ်ပြတ် ရေးတာကိုး။ ဗဟိုစည် မှာတုန်းက တစ်လကို ဆောင်းပါး ဆယ့်ခြောက်ပုဒ်လောက် ရေးနေရာ ကနေ ၀တ္ထုတစ်ပုဒ်လောက် လုပ်စမ်းပါဗျာဆိုရင် ခက်ရော။ တော်တော်လက်သွေးယူရတယ်"
" ဆရာ ၀တ္ထုတို ရေးတာ များတယ်ဆိုတော့ ၀တ္ထုရှည်နဲ့ ၀တ္ထုတို ဘယ်လို ကွာခြားသလဲဆရာ"
" ၀တ္ထုတို က ခက်တယ်၊ အရှည်က ဒါလောက် မခက်ဘူး။ ၀တ္ထုတိုက ဖူးစကတ်စက္ကူ ဆယ်မျက်နှာလောက် အတွင်းမှာ အကြောင်းအရာကို မိအောင် ရေးရတာကိုး။ ဒီနေရာမှာ ကန့်သတ်ချက် ဘောင်အတွင်း ရေးတတ်ဖို့ သိပ်လိုတယ်။ ကိုယ်ရေးလိုက်တာကို ဖတ်တဲ့သူက ကွက်ခနဲ ကွင်းခနဲ မြင်အောင် ရေးနိုင်ရမယ်။
ဝတ္ထုရှည် ဆိုတာက စာမျက်နှာအများကြီး ရတဲ့ ရေးနည်းပဲ။ ကိုယ့်အတွေ့အကြုံအရတော့ ၀တ္ထုတိုက ခက်တယ်။ ၀တ္ထုရှည် ဆိုတာ အချိန်သာရရင် ရေးလို့ရတယ်"
" ဆရာ ဘာဖြစ် လို့ ၀တ္ထုရှည် မရေးတာလဲ "
" ရှင်းရှင်းပြောရရင်တော့ ပျင်းလို့ပါ။ အကြာကြီးရေးပြီး စောင့်နေရတာကို မလုပ်ချင်ဘူး။ ကိုယ့်ဝသီက တစ် မျိုးပဲ။ ကိုယ်ရေးတာကို ပါလာပြီးမှ နောက်တစ်ပုဒ် ရေးချင်တဲ့စိတ်ရှိတယ်။ ဒါကြောင့်လည်း မန္တလေး မှာ နေ တုန်းက ၀တ္ထုမရေးဖြစ်တာဘဲ။ "သက်ထား" ရေးတုန်းကဆို ဆရာကြီး မြမျိုးလွင်က ထုတ်တာ။ "ဟေ့ကောင် ရေးကွာ" တဲ့။ အဲဒီတုန်းကအိမ်မှာ ကလေးပုခက်လွှဲရင်းကို ရေးခဲ့တာပဲ။ သူက ထုတ်မှာ သေ ချာတာ ကိုး။ ကျောင်းက ပြန်လာ၊ ကလေးထိန်းလိုက်၊ ထမင်းချက်လိုက်နဲ့ပဲ ရေးခဲ့တာပဲ၊ ဒါ ကိုယ့် အကျင့်ပဲ။ မကောင်းဘူးပေါ့ကွာ"
" ကျောင်းက ပြန်လာတယ်လို့ ဆရာ ပြောလိုက်တာ ကျောင်းဆရာ လုပ်တာပြောတာလား "
" ဟုတ်တယ်၊ ဇော်ဝမ်း တို့ အမေ ဒေါ်မြမြ ထောင်တဲ့ တိုင်းချစ်ကျောင်းမှာ ကျောင်းဆရာ လုပ်တယ်လေ။ ဒီလိုကွ၊ ပထမ နိုင်ငံရေး လုပ်တယ်။ နောက် စစ်ပြီးခေတ် လွတ်လပ်ရေးရတော့ ကွဲကြပြဲကြနဲ့မို့ စိတ်ပျက် သွားပြီး နိုင်ငံရေး မလုပ်တေ့ဘဲ သတင်းစာဆရာ ၀င်လုပ်၊ ရတဲ့ပိုက်ဆံက မလောက်တော့ ကျောင်းဆရာ ၀င်လုပ် တာပဲ။ ၁၉၄၉ လောက်မှာ တိုင်းချစ်ကျောင်းဆရာလုပ်ခဲ့တာ ၁၉၆၅ ခုနှစ်အထိပဲ။ ဟိုတုန်းက ပရိုက် ဗိတ်ကျောင်းတွေဆိုတော့ နေ့မှာ နှစ်ကျောင်းပြပြီး ညမှာလည်း နှစ်ကျောင်း ပြေးပြ လိုက် သေးတာပဲ။ အိမ် မှာလည်း ကျူရှင်ပေးသေးတယ်။ အဲဒါ ၁၅ နှစ်လောက် ကြာခဲ့တယ် "
" ဒီနေ့ လူငယ်တွေ စာပေဘက်ကို တော်တော် စိတ်ဝင်စားလာကြပါတယ် ဆရာ။ ဒီလူငယ်တွေ အတု ယူနိုင် အောင် ၀တ္ထုတစ်ပုဒ် ရေးတော့မယ်ဆိုရင် အထူးသဖြင့် ၀တ္ထုတိုပေါ့ဆရာ၊ ဘာအရေးကြီးဆုံး ပါလဲဆရာ"
" ကိုယ့်အမြင် ပြောရရင်တော့ ဘာတင်ပြချင်သလဲဆိုတာ အရေးကြီးဆုံးပဲ။ တင်ချင်တာကို ပုံပေါ်အောင် တင်ပြတတ်ဖို့ပဲ လိုတယ်။ အကြောင်းအရာ မရှိဘဲ ရေးတာ တချိုက၀တ္ထုတွေကို ဖတ်လိုက်ရင် သူ ဘာဆို လိုမှန်းကို ကိုယ် မသိနိုင်ဘူး။ ဒါကြောင့် ၀တ္ထုမှာ အရေးကြီးတာက အကြောင်းအရာ၊ နောက် တင်ပြပုံပေါ့။
ကိုယ် ဘာကြောင့် စာရေးဖြစ်ခဲ့တယ်ဆိုတာ ပြောရရင် စာဖတ်များခဲ့လို့ပဲ။ ဘာကြောင့် ဖတ်ဖြစ်ခဲ့သလဲဆို ရင် ၁၉၃၆ ကနေ ၁၉၄၀ ပြည့်နှစ်ထိအောင် တရုတ်တန်းက တို့ဗမာအစည်းအရုံး စာကြည့်တိုက်မှာ စာကြည့်တိုက်မှူး လုပ်လာတာကိုး။ အဲဒီတော့ မဖတ်ချင်လို့ မရတော့ဘူး၊ နောက်ပြီး ကိုယ် ဆယ်တန်းတုန်း ကလည်း Optional Burmese အပို မြန်မာစာ ယူခဲ့တယ်။ မြန်မာစာ မှန်သမျှ မဖတ်ဖူးတာ မရှိတော့ဘူး။ အဲဒီလို အခြေခံရှိနေတဲ့အထဲမှာ နိုင်ငံရေးကလည်း ၀ါသနာပါတော့ "နဂါးနီ"က ထုတ်တဲ့ ဘာသာပြန် မှန်သမျှ ဖတ်တယ်။ ၀တ္ထုရော၊ နိုင်ငံရေးရော ဖတ်တာပဲ။
တို့ ခေတ်တုန်းက ပေါ်လာတဲ့ ဆရာကြီး သခင်ဘသောင်းရဲ့ "ပန်းသာမစာဥ" ကို မဟာဆွေရဲ့ ၀တ္ထုတွေ၊ ဆရာသိန်းဖေမြင့်ရဲ့ ၀တ္ထုတွေကို မလွတ်တမ်း ဖတ်တာပဲ။ တို့ကျောင်းသားတုန်းက ဇာတ်ကြီးဆယ်ဘွဲ့ဆို တာ ကျောင်းသင်ခန်းစာအဖြစ် ထည့်သင်ရတာပဲ။ ပျို့၊ ကဗျာ၊ အဲ၊ အန်တွေလည်း သင်ရတာပဲ။ အဲဒီလို စာဖတ်များလာတော့ ၀တ္ထုတစ်ပုဒ်တော့ ရေးဦးမှပဲလို့ စဉ်းစားမိပြီး စစ်အပြီးမှာ "ပြာဖုံးတဲ့နန်း" ကဗျာက စ ရေးဖြစ်တာပဲ "
" ဒါဆို စာရေးဆရာတစ်ယောက် ဖြစ်လာဖို့အတွက် ပတ်ဝန်းကျင် အခြေအနေအများကြီး လိုမှာပေါ့ "
" ဟာ ... လိုတာပေါ့။ ပတ်ဝန်းကျင် အခြေအနေ လိုသလို ကိုယ်ကိုယ်တိုင်လည်း ရေးနိုင်သားနိုင်တဲ့ အခြေ အနေ ရှိရမယ်။ အတွေးအခေါ်ပိုင်းကတော့ တစ်မျိုးပေါ့"
" ဆရာ စောစောက ပြောတဲ့အထဲမှာ ဆရာကြီး သခင်ဘသောင်း၊ ဆရာကြီး မဟာဆွေ ဆရာကြီး သိန်းဖေမြင့် တို့ရဲ့ ၀တ္ထုတွေ ဖတ်တယ်လို့ ပြောသွားတယ် "
" ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီးမြမျိုးလွင်၊ ဆရာကြီး ပီမိုးနင်းတို့ စာတွေလည်း ဖတ်ခဲ့တာပဲ။ သူတို့ စာတွေ အတုခိုးခဲ့ရတာပဲ "
" ဒါဆို ဒီဆရာကြီးတွေရဲ့ စာပေသြဇာ သက်ရောက်မှု ဆရာ့စာတွေမှာ ရှိမှာပေါ့ "
" ရှိတာပေါ့။ နောက် ရှိသေးတယ်။ ဂန္ထလောက မဂ္ဂဇင်းက ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့ စာတွေလည်း ဖတ်ခဲ့တာပဲ။ ဆရာ မင်းသုဝဏ်ရဲ့ "ဘကြီးအောင် ညာတယ်" ဆိုရင် သိပ်သဘောကျတာ ပေါ့။ ဒီ အတွေးအခေါ်တွေ အများကြီး ၀င်တာပေါ့"
" ဆရာက ကဗျာလည်း ရေးတယ်၊ ၀တ္ထုလည်း ရေးတဲ့သူဆိုတော့ အနောက်တိုင်းက ဆရာကြီး "၀ီလျံဖော့(က်)နာ"ရဲ့ အဆိုတစ်ခုကို ဆွေးနွေးချင်ပါတယ်။ ဒီဆရာကြီးက ဘာပြောခဲ့သလဲဆိုတော့ စာရေး ဆရာတိုင်းလိုလိုရဲ့ ပထမဆန္ဒက ကဗျာရေးတတ်ချင်ကြတာပဲတဲ့။ ကဗျာနဲ့ မတင်ပြနိုင်တော့မှ ၀တ္ထုတို ရေးဖို့ ကြိုးစားတယ်။ ၀တ္ထုတို မဖြစ်တော့မှ ၀တ္ထုရှည် ရေးကြတယ်လို့ ဆိုပါတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ"
" လက်ခံပါတယ်။ ကိုယ်က ကဗျာစ ရေးတယ်။ ၀တ္ထုတို မရေးဖြစ်သေးခင်မှာ ၀တ္ထုရှည် ရေးဖြစ်သွားတာ ကတော့ ထုတ်မယ့်သူက အဆင်သင့်ရှိနေလို့ပဲ။ ကိုယ် စာရေးတာနဲ့ ပတ်သက်ပြီး ပြောစရာ ရှိတာကတော့ တကယ့်အဖြစ်အပျက် ခံစားချက် ရှိတော့မှပဲ ရေးလို့ ဖြစ်တယ် ဆိုတာပါပဲ"
" ဒါဆို ဆရာ့ကဗျာတစ်ပုဒ်နဲ့ ပတ်သက်ပြီး ကျွန်တော် မေးပါရစေ၊ ကဗျာနာမည်က"အတက်နဲ့အဆင်း" ပါ။
  အတက်နဲ့အဆင်း
    တစ်နေ့ဆီက
    ဗုဒ္ဓရွှေတိဂုံ
    လေးဆူဂုဏ်ကို
    အာရုံစိုက်စိုက်
    ဖူးလိုက်ချင်လို့သွားခဲ့၏။
    ကုန်းတော်ထက်သို့
    တက်ဖို့အစ
    ခြေလှမ်းအကြွ
    ပေးပါ့ကမ်းပါ့
    ဒုက္ခိတအို
    လှစ်ဟငိုကြွေး
    မျက်ရည်နွေးဖြင့်
    ငါ့ကို လင့်ရှာပါလေ၏။
    အတက်ခရီးမှာ
    ဆီးကြိုပြုံးပြ
    ပန်းလှခိုင်ခိုင်
    ဖယောင်းတိုင်ဖွေးဖွေး
    ရောင်းဈေးချိုချိုတဲ့။
    ပြုံးသူတွေက လက်လက်
    ခေါ်သူတွေက သွက်သွက်
    အားနာဖက်၍
    ပန်းခက်ပန်းနွယ်
    ထီးနဲ့ဖိနပ်
    ထိုဆိုင်အပ်သည်
    ကြည်ပြုံးရွှင်ရွှင် လက်ခံ၏။
    အဆင်းကျတော့
    ပြုံးပြမျက်နှာ
    ပျူငှာဖော်ရွှေ
    ရှိကြပေ၏။
    ပန်းက လှတယ်
    ထွန်းပါ ညှိပါ
    ဖယောင်းတိုင်ရတယ်။
    မွှေးပါ့ကြိုင်ပါ့
    ပူဇော်ရတယ်
    ခေါ်ကြ ငင်ကြ
    ကြိုဆိုကြ၏။
    ဒါပေမဲ့ ငါ့တော့ မဟုတ်ပါဘူး
    ထိပ်သို့ တက်သူ
    ထိုထိုသူသာ
    သူ ငါ ကြိုဆိုရခြင်းတကား။
    ထီးနဲ့ ဖိနပ်
    အပ်ခဲ့ဆိုင်နောက်
    ငါ ၀င်ရောက်လဲ
    အင်းအဲမလှုပ်
    ကျောက်ရုပ်ဆိုင်ရှင်မကလေး။
    သူ တွေးမျှော်မှန်း
    တက်သည့်လမ်းက
    လူများကို။
    ငါ့ထီး ငါ့ဆွဲ
    ဖိနပ်လဲယူ
    တူရှုအောက်ဆီ
    ဆင်းခဲ့၏။
    ငါ တက်စက
    ထမင်းမဝ
    ဟင်းမရ၍
    ပေးပါ့ ဆယ်ပြား
    တောင်းခံစားသည့်
    ထိုလူအို။
    ငါ ဆင်းခဲ့သည်
    ဆင်းသည် တက်သည်
    သူ မရည်ဘူး
    သူ ရည်သည်က
    လူမှန်သမျှ
    ဒါကြောင့် ငါ့အား
    ရည်မျှော်ထားပြီး
    ငါးပြား ဆယ်ပြား
    သနားပါတဲ့။
    ဆယ်ပြားတစ်စေ့
    နှိုက်၍ယူပြီး
    ခွက်အိုကြီးထဲ
    စွန့်ကြဲလိုက်သည်
    သဲထဲရေသွန်သည် မဟုတ်။
ဒီကဗျာ ရေးတဲ့ ခံစားချက်ကို ကျွန်တော် သိပါရစေ"
" ဒီအတွေးအခေါ်ကတော့ စာရေးဆရာညာဉ် ရှိတဲ့သူတိုင်းမှာ ရှိပါတယ်။ ဒီလို အတက်နဲ့အဆင်း ဖြစ်ပျက် တာမျိုးကို ဟိုကျောင်းသားဘ၀တုန်းက အင်္ဂလိပ်ကဗျာတစ်ပုဒ် ဖတ်ဖူးတယ်။ ဘယ်သူ ရေးတာလဲတော့ မမှတ်မိတော့ဘူး။ သူက ဒီသဘောတော့ မဟုတ်ဘူး။ မင်း လှေကားကို တက်ရင်တဲ့ တစ်ဆင့်တက်တိုင်း တက်တိုင်း အပေါ်က ဆင်းလာတဲ့သူတွေကို ပြုံးပြီး နှုတ်ဆက်ပါတဲ့။ အဲဒီလို မင်းပြုံးပြီး နှုတ်မဆက်ခဲ့ရင် မင်း ပြန်ဆင်းတဲ့အခါမှာလည်း နှုတ်ဆက်မယ့်သူ ရှိမှာ မဟုတ်ဘူးတဲ့။ ဒါ ကိုယ် ဆယ့်လေး ငါးနှစ်သား လောက် က ဖတ်ဖူးထားတာပါ။
နောက် ကိုယ် ရွှေတိဂုံဘုရားဖူးရင်း ပြုရင်းနဲ့ ဒီသဘောကို စဉ်းစားမိတယ်။ ဒီသဘောလေး ၀တ္ထုရေးရရင်၊ ကဗျာရေးရင် ကောင်းမှာပဲလို့။ ဒါပေမဲ့ မရေးဖြစ်ခဲ့ဘူး။ နောက် ရန်ကုန်မှာ လာပြီး ရှစ်နှစ် ဗွီအိုင်ပီ လာလုပ် ရတယ်။ အဲဒီတုန်းက ကိုယ်ကတော့ အားလုံးကို လက်ခံတွေ့ခဲ့တာပဲ။ ကူညီနိုင်တဲ့ကိစ္စဆိုရင် ကူညီခဲ့တာပဲ။ ဒါပေမဲ့ ကိုယ် ရာထူးလက်ကိုင် မရှိတော့တဲ့အချိန်မှာ ကိုယ် ကူညီခဲ့ဖူးသူ တချို့တွေက လမ်းမှာတွေ့ရင် တောင် မတွေ့သလို မမြင်သလို လုပ်လာကြတယ်။ မခေါ်ချင်သလို မပြောချင်သလို လုပ်လာကြတယ်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Sunday, February 19, 2012
မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၄)
မနောမယပန်းကုံး ကဗျာတွေသီလို့
မနေ့က (၁.၁.၂၀၁၁) ကျွန်တော် မြို့ထဲထွက်သည်။ ကင်ဆာရောဂါဖြင့် တောင်ကြီးမြို့မှာ ဓာတ်ရောင်ခြည် နှင့် သွားရောက်ကုသ၊ တစ်လခွဲကြာမြင့်ပြီး ရန်ကုန်ပြန်ရောက်၊ ယခု ရန်ကုန် ပြန် ရောက်ပြီး တစ်လအကြာ မြို့ထဲထွက်ခြင်း ဖြစ်သည်။
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတိုက်ကို နေ့ခင်း (၂)နာရီလောက်မှာ ရောက်သည်။ အယ်ဒီတာ ချုပ် အ၀ကျွန်း ကိုချစ်မောင်က အပြင်သွားနေတာ နှင့် ဆရာမ တင်တင်ဦးနှင့် သီချင်းရေး ဆရာမောင်ကျော်ဇောနှင့် ကိုဦး(သချာင်္) နှင့် စကားစမြည် ပြောဆိုပြီး ၃ နာရီနီးပါးမှာ ပြန်ရန် နှုတ်ဆက်၊ မဂ္ဂဇင်းတိုက်ပေါ်က အဆင်း တွင် ကိုချစ်မောင် ပြန်ရောက်လာသည်။
ကိုချစ်မောင်က ကျွန်တော့်ကိုတွေ့သည်နှင့် ကျန်းမာရေးအခြေအနေကို မေးမြန်းပြီး ကိုဝဏ္ဏ စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာတစ်ယောက် ဒီမနက်ပဲ ဆုံးပါးသွားကြောင်း၊ ကိုဝဏ္ဏ အိမ်ကိုသွားခဲ့ကြောင်း၊ သတင်း ပေးပါသည်။ ဟုတ်လားဆိုတာ ကျွန်တော်စိတ်မကောင်း ဖြစ်သွား၏။
ဆရာမောင်ဝဏ္ဏမှာ ကျွန်တော် ကင်ဆာရောဂါ မဖြစ်ခင်ကတည်းက ကင်ဆာရောဂါ၏ တိုက်ခိုက်ခြင်းကို ခံနေရ ကြောင်း ကြားရသည်။
ဆရာမိုးဟိန်းက စက်တင်ဘာလ စတုတ္ထအပတ် ၂၀၁၀မှာ ဆုံးပါးသွားသည်။ ဘာမှ မကြာ သေး။
ယခု ၂၀၁၁၊ ဇန်နဝါရီလ ၁၁ မှာ ဆရာမောင်ဝဏ္ဏ ဆုံးပြန်သည်။ ဆရာမောင်ဝဏ္ဏလည်း အဆုတ် ကင်ဆာ။ ဆရာမိုးဟိန်း က လည်ချောင်းကင်ဆာ။
ဘုရား... ကင်ဆာ က ကျွန်တော်တို့ စာပေအနုပညာနယ်ထဲ ခပ်စိပ်စိပ် ဝင်ရောက်လာနေပါ လား။ ကိုချစ်မောင် လည်း အဆုတ်ကင်ဆာ။ ကျွန်တော့်ရှေ့ကဖြစ်ပြီး ဆေးကုသခံယူခဲ့ သည်။ ကျွန်တော်က အသံအိုး (လည်ချောင်း)ကင်ဆာ ဖြစ်ပြန်သည်။ ယခုမှ ဆေးကုသခံ ယူပြီးစ။ ကျွန်တော်တို့လည်း အခြား သူတွေ နေထိုင်သလို နေထိုင်စားသောက် ခဲ့ခြင်းသာ ရှိသည်။ ဆရာမိုးဟိန်းဆို သက်သက်လွတ် စားလာသည် မှာ အနှစ်၂၀။ နေ့စဉ် ဥပုသ် စောင့်ခဲ့သည်မှာ ၈နှစ် သက်တမ်း။ ဒါတောင် ကင်ဆာ က အလွတ် မပေးခဲ့။
ကျွန်တော့်လို စိတ်လွတ်ကိုယ်လွတ် သောက်စားနေသူဆိုတာက ကင်ဆာတစ္ဆေကောင် အဖို့ လည်ကုတ် ခွစီး ဖို့ လွယ်ကူသွားပါသည်။
ကျွန်တော်အတွေးများက အတိတ်ကာလက မေ့ပျောက်မရသော ဆရာတွေဆီ ရောက် သွားသည်။ ၁၉၈၇-ခုနှစ် က ဆရာဗန်းမော်တင်အောင် အဆုတ်ကင်ဆာနှင့် ကွယ်လွန်လဲ့ သည်။ ၁၉၈၅ ခုနှစ်ကတော့ ကဗျာဆရာ ဆရာဒေါင်းနွယ်ဆွေ လည်း ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့တာ အမှတ်ရနေမိသည်။
ဒီနှစ် ၂၀၁၁ မတ်လ ၂၂ရက်နေ့ဆိုလျှင် ဆရာဒေါင်းနွယ်ဆွေ ကွယ်လွန်ခဲ့တာ ၂၆နှစ် ပြည့် ခဲ့ပြီ။ ဆရာဒေါင်း နှင့် ပတ်သက်လို့ အမှတ်ရစရာတွေက ပြန်ပေါ်လာသည်။
ဆရာဗန်းမော်တင်အောင်ဆုံးတုန်းက ကျွန်တော်ကနယ်မှာ။ ပြီးတော့ ဆရာဗန်းမော်နှင့် ဆုံ ဖူးသော်လည်း ထိုစဉ်က ကျွန်တော်စာပေနယ်ထဲ မရောက်လှသေးသဖြင့် ဆရာဗန်းမော် တင်အောင်နှင့် ရင်းနှီး ကျွမ်းဝင်ခဲ့ခြင်း မရှိခဲ့သေးပါ။ ဆရာဒေါင်းနွယ်ဆွေနှင့်ကတော့........
ဆရာဒေါင်းနွယ် ကွယ်လွန်ပြီး (၃)နှစ်အကြာ ၁၉၈၈ မတ်လထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှာ ကျွန်တော် ဆရာဒေါင်း အမှတ်တရ အက်ဆေးတစ်ပုဒ် ရေးခဲ့တာ အမှတ်ရမိသည်။
လောကအိမ်မှာ ငါဝင်၍ရှုပ်
ငါ ဇာတ်ထုပ်တွင် ငါသခင်သာ
ငါ ငါ ငါ ငါ ငါ ဘယ်မှာလဲ
ရှာဖွေဆဲပင်။
လောကအိမ်မှာ ငါလျှင်ကျေးကျွန်
သလွန်ခြေရင်း ဒူးထောက်ရင်းသာ
ငါ ငါ ငါ ငါ ငါဘယ်မှာလဲ
ရှာဖွေဆဲတွင်။
လောကအိမ်မှာ ငါရှိရာမှ ငါ့ကို နုတ်လိုက် ခလုတ်တိုက်ရာ
ပြန်ကြည့်ပါသော် ငါသည် ဘယ်ပျောက်သွားပါလိမ့်။
ဒေါင်းနွယ်ဆွေ
အထက်ပါ ဆရာဒေါင်းကဗျာကို အကြောင်းပြုပြီး ကျွန်တော်ဆရာဒေါင်း အမှတ်တရ စာတစ်ပုဒ် ရေးဖြစ် သွားခြင်း ဖြစ်သည်။ များသောအားဖြင့် စာတစ်ပုဒ်ဖြစ်လို့ လိုက်ရှာဖွေနေ လို့ ရသည်မဟုတ်။ အကြောင်း အားလျော်စွာ တိုက်ဆိုင်မှု တစ်ခုရှိလာပြီး စိတ်လှုပ်ရှားလာ တော့မှ စာတစ်ပုဒ် တသွင်သွင် စီးဆင်း လာတတ်တာ ကဗျာဆရာ၊ စာရေးဆရာများ သိရှိ ပြီးဖြစ်မည်။
အထက်ပါ ဆရာဒေါင်း ကဗျာပုံနှိပ်စာရွက်ကို မြို့ပတ်ရထားပေါ်မှာ စာကလေးခွေ ဝယ်စား ရင်း စာကလေးခွေ ထုပ်ထားသော (ယခုကာလလို ပလက်စတစ်အိတ်ခေတ် မရှိသေး) စက္ကူအိတ်မှာ ထို ကဗျာလေး ပါလာခြင်း ဖြစ်သည်။ ကျွန်တော် စိတ်လှုပ်ရှားသွားပါသည်။
သို့နှင့်ဆရာ ကင်ဆာရောဂါခံစား ဆေးကုသခံယူနေစဉ်ကာလတွေကို ကျွန်တော့်အတွေ့ အကြုံ ခံစားမှု တွေ ရေးဖြစ်သွားသည်။
ဆရာဒေါင်း ကင်ဆာဆောင်တွင် တက်ရောက်ကုသနေစဉ်က ကျွန်တော် ကြိမ်ဖန်များစွာ ရောက် သွားခဲ့သည်။ ထိုစဉ်က တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာဆေးရုံမတက်မီ ရက် ပိုင်းလောက်မှာ ကျွန်တော့် မိခင်ကြီးသည် မတော်တဆချော်လဲကာ ပေါင်ကျိုးသွားသဖြင့် ဆေးရုံကြီး ၅/၆ အမျိုးသမီးဆောင်သို့ တက်ရောက် ဆေးကုသ နေသည်။
ရက်ပိုင်းအတွင်း ဆရာကင်ဆာဆောင် သို့ ရောက်လာသည်ကို သိရသောအခါ ကျွန်တော် သည် ရက်ခြား ဆိုသလို မိခင်ကြီး ဆီရောက်တိုင်း ဆရာ့ဆီကိုလည်း ရောက်ရောက်သွား တက်သည်။
အစောပိုင်းရက်များတွင် ဆရာသည် ထူထူထောင်ထောင် ရှိနေခဲ့သေးသည်။ အကူမပါဘဲ အိမ်သာသို့ သွားနိုင် နေသေးသည်။ ရောက်စရက်ပိုင်းမှာပင် ဓာတ်ကင်ခြင်းအကြိမ်ပေါင်း အတော်များခဲ့ပြီဟု ကျွန်တော် ရောက်သွားစဉ် ဆရာ့ဇနီး စာရေးဆရာမကြီး တိုင်းရင်းမေ မမြင့်နွယ်မှ ပြောပြခဲ့သည်။
(ထိုစဉ်က ဓာတ်ရောင်ခြည်ပေးခြင်းကို ဘယ်လိုစနစ်နှင့် လူနာကို ပေးခဲ့သည်လည်း ကျွန်တော် မသိပါ။ ဒီကနေ့ မှာတော့ တစ်ရက်ကို တစ်ကြိမ် မိနစ်အနည်းငယ် ၅ မိနစ်ခန့် တစ်ပတ် ၅ ရက်ပေးကာ ကုသ ပေးသည်။ ဓာတ်ရောင်ခြည်ကင်သည့်ရက်ပေါင်း ၃၀ ရှိ တတ်သည်။)
ဆရာကြည့်ရ သည်မှာ ထူထူထောင်ထောင်ရှိလည်း အသားအရေတို့သည် ဝါဖန့်ဖန့်ဖြစ် နေလျက် ဓာတ်ကင် ထားသော လည်ပင်းတွင် (ပခုံးတစ်လျှောက်ပါ) ညိုမည်းနေတာ တွေ့ ရသည်။ ဆရာက ကျွန်တော့် ကိုပြသဖြင့် ကျွန်တော်ဓာတ်ကင်ထားသော နေရာသို့ မရဲတရဲ ကိုင်ဖိကြည့်ရာ သားရေပြား အမာစား တစ်ချပ် ကဲ့သို့ မာတင်းပူလောင်နေတာကို အ ထိတ်တလန့် ခံစားသိရှိလိုက်သည်။
ထိုစဉ်က ကင်ဆာကောင်ကို နိုင်ဖို့ လက်နက်မရှိဘူးဆိုတာ အယူအဆစွဲနေသော ကျွန် တော့် စိတ်နှလုံးကို အတင်း ဖယ်ရှား ငြင်းဆန်ပြီး ဆရာပြန်ကောင်းလာမှာပါဟု ထင်နေ မိသည်။
"ဆရာ နေသာလား"
ဟု ကျွန်တော် မေးသည်။ ဆရာက...
"ပူတယ်ကွာ" ဟု မျက်နှာရှုံ့မဲ့ကာ ပြန်ပြောလိုက်တာ မှတ်မိနေပါသည်။ ဝေဒနာအရိပ်များ ဆရာ့ မျက်နှာပြင်တွင် ဖြတ်သန်းသွားနေတာ တွေ့ရတာ ကြေကွဲဖွယ်ရာ ကောင်းနေပါ သည်။
တစ်ရက် တွင် ဒေါ်မြင့်နွယ် က ကျွန်တော့ကို ဘီစကွက်မုန့် တချို့ကျွေးပါသည်။ ကျွန်တော် က အားနာ ငြင်းဆန် နေသည့်အခါ ဆရာက "စားပါကွာ၊ ငါလည်း ဒါတွေ စားချင်စိတ် မရှိ ဘူး။ ငါ့မြေးတွေလာရင် ကျွေး နေရတာ" ဟု ပြောလျှင် ကျွန်တော်သည် ဆေးရုံပေါ်မှာ လူနာစာကို ရွံသည်ဟု အထင်မခံ ချင်သည် နှင့် ယူစားလိုက်သည။်
 တစ်ခါတော့ ကျွန်တော်သည် ဆရာ့ ကို တွဲကာရေအိမ် လိုက်ပို့ဖြစ်သည်။ ရက်အချို့တွင် နေ့လယ်ပိုင်းမှာ ဆေးရုံရောက်သွားတတ်၏။
ဒေါ်မြင့်နွယ်ရယ်၊ ဆရာဒေါင်းရယ်၊ ကျွန်တော်ရယ် စကားစမြည် ပြောတတ်ကြသည်။ ဒေါ်မြင့်နွယ် သည် ဆရာ့ကို  "မောင်"ဟု ခေါ်တတ်သည်။
ဆရာ ဆေးရုံမရောက်မီ သူတို့အိမ် ဝင်ထွက်စဉ်ကလည်း ဒေါ်မြင့်နွယ်က ဆရာ့ကို မောင် ဟုခေါ်တာ ကြားဖူးသည်။ ထိုအခါမျိုးတွင် ကျွန်တော်သည် ဘေးမှနေလျက် ရှက်တက် တက် ဖြစ်နေတတ်သည်။ ဆရာ့ ရင်ထဲမှာတော့ ကြည်နူးချမ်းမြေ့ နေလိမ့်မည်ဟုတော့ တွေးမိ၏။
ဒေါ်မြင့်နွယ် သည် တစ်ခါတော့ ဆရာ့ကို အာလူကက်တလိတ် ကျွေးနေ၏။ ဆရာသည် တစ်ဇွန်းသာ စားနိုင်ပြီး "တော်ပြီ"ဟု ငြင်းဆန်လိုက်သည်။ ဇနီးသည်က ချော့မော့ရင်း နည်းနည်းထပ်စားလိုက်ပါဦး "မောင်"။ အားရှိသွားအောင် ဆေးဒဏ်တွေ ခံနိုင်အောင် ဟု ပြောတာ ကြားရသည်။
ဆရာ က ဆက်မစားတော့ (၁၉၈၀-ခုနှစ်လွန် ကာလက ကင်ဆာရောဂါကို ဆေးသွင်း (ကီမိုသရဖီ)ကုသမှု ရှိခဲ့ သလား၊ ကျွန်တော်မသိပါ။ ကင်ဆာဆေးသွင်း ကုသမှုကတော့ စားချင်သောက်ချင်စိတ် အမှန် တကယ်ပင် ပျောက်ကွယ်ပြီး သွေးပေါင်ကျ ပိန်လှီသွား တတ်သည်။) ထိုစဉ်က ဆရာသည် စားချင်စိတ် တွေ အမှန်တကယ်ပင် ပျောက်ဆုံးနေတာ ကျွန်တော် စိတ်မသက်မသာနှင့် မြင်တွေ့ခဲ့ရသည်။ ဆရာသည် သူ့ မြေးကလေး နှင့် ချော့ မြူကစားနေလေသည်။ ထိုမြင်ကွင်းသည် ကြေကွဲစရာ လှပနေခဲ့၏။
နောက်ဆုံးရက် များ နီးကပ်လာသောအခါ ဆရာ့ကို သီးသန့်အခန်းမှထုတ်ပြီး အောက်ထပ် သို့ ရွှေ့ထား ခဲ့ကြလေသည်။ ထိုရက်များတွင် ဆရာသည် အောက်စီဂျင်ပိုက် တန်းလန်း ဖြင့် မလှမပ အသက်ရှင်နေ၏။ ရန်ကင်းနေ ကဗျာဆရာ အေင်ဇင်မင်း တို့နှင့် ပတ်သက်ပြီး ဆရာနှင့် တွေ့ဆုံခဲ့ဖူးသည်။ သို့တိုင် မရင်းနှီးခဲ့။ ဆရာ ကွယ်လွန်ခါနီး နောက်ဆုံးနှစ်များမှာ မှ ဆရာနှင့် ကျွန်တော် ရင်းနှီးသွားသည်။
ဆရာဆေးရုံ မတက်မီ အစောပိုင်းလများတွင် ဆရာဒေါင်းနှင့် ကျွန်တော်တို့နှစ်ယောက် သည် ရန်ကင်း တိုက်တန်းလျား၏ ဆရာလက်ဖက်ရည်ဆိုင် ရောက်သွားလျှင် ဆရာ့ကို မတ်ခွက်ကြီးနှင့် လက်ဖက်ရည် ခပ်များများ ထည့်ပေးတာ တွေ့ရသည်။ တိုင်ကီဆိုပါ တော့ ထိုစဉ်က ဆရာနှင့်ကျွန်တော်တို့ ဆုံမိလျှင် စာအကြောင်း၊ ကဗျာအကြောင်း၊ စာပေ လောကအကြောင်းများသောအားဖြင့် ပြောဖြစ်ခဲ့ကြသည်။
ဆရာသည် တစ်ခါတစ်ရံတွင် ကျွန်တော် စကားပြောသည်ကို ကြင်နာသိမ်မွေ့သော မျက်ဝန်းများဖြင့် ငေးကြည့် နေတတ်၏။ ထိုရက်များတွင် ကြောက်မက်ဖွယ်ရာ ကင်ဆာ ကောင်သည် ဆရာ့ခန္ဓာကိုယ်တွင်း ဝင်ရောက် ကာ ခြစားသလို တဖြည်းဖြည်း ကိုက်ဖဲ့စား သောက်နေတာ ကျွန်တော်မသိခဲ့။
ထိုစဉ်က ဆရာ ယုံကြည်သော အနုပညာနှင့်ဆရာမ၏ အနုပညာအပေါ် နားလည်သော သဘောထား တချို့ကို ကျွန်တော် ကြားနာခွင့်ရခဲ့ပါသည်။
ဆရာ ဆုံးတော့ ပန်းချီမောင်မောင်သိုက် ၏ ဆရာ့ရုပ်ပုံလက်ရာ နှင့် ဆရာ၏ (၇)ရက်၊ ဖေဖော်ဝါရီလ ၁၉၈၅ ကွယ်လွန်ခါနီး တစ်လသာသာ အလိုတွင် ရေးဖွဲ့ခဲ့သော "ကဗျာ အမွေ စာမသေ" ဆိုသော ကဗျာ နှင့် ပန်းဖလက်ကဒ်ကလေး ဝေခဲ့သည်။ ထိုအရာ နောက် ဆုံးလက်ရာထဲက လက်ရာကဗျာတစ်ပုဒ် ကို ကျွန်တော်ဖတ်ကြည့်မိသည်။ ကြေကွဲစရာပါ ပဲ။
ငါ သေတဲ့အခါ
ဘာအမွေပစ္စည်းများ
ထားခဲ့ပါရ။
အို... လောကတစ်ဝန်းလုံး
သဘောဓမ္မ လွှမ်းဖုံး
မနောမယ ပန်းကုံးကဗျာတွေ သီလို့
သည်းလွှာမြေမဟီ ကျောက်ဂူလုပ်ကာ
မြှုပ်ခဲ့မည်ပ။  ။
ဒေါင်းနွယ်ဆွေ
၇.၂.၈၅
မနက်(၅)နာရီ
ဟု ထိုကဒ်တွင်တွေ့ရသည်။
ဆရာသည် ဝတ္ထုတွေ၊ ဝေဖန်ရေးဆောင်းပါး၊ ကဗျာ သဘောတရားဆောင်းပါးတွေ ရေးခဲ့ သော်လည်း အမှန်စင်စစ် ကဗျာသာအဓိက၊ ကဗျာဆရာဖြစ်သည်။
ဆရာဒေါင်းနွယ်ဆွေကို ပုသိမ်ခရိုင် သာပေါင်းမြို့တွင် ၁၉၃၁ ခုနှစ် (ပို့စ်ကတ်နှင့် အုတ်ဂူ တွင် ၁၉၃၂ ခုနှစ်ဟု ရေးထိုးထားသည်) တွင် မွေးသည်။
အဖ ရာဇ၀တ်ဝန်ထောက် ဦးဘထိန်၊ အမိ ဒေါ်ဖုန်ရိန် တို့မှ မွေးသည်။ အမည်ရင်း မောင်အောင်ဆွေ ၁၉၈၅-ခုနှစ်မှာ ဆုံးပါးသည့်အတွက် ဆရာဆုံးပါးစဉ်က ၅၄ နှစ်သာ ရှိပါသေး သည်။
ယခု ဆရာဒေါင်း အမှတ်တရလေး ရေးမယ်စိတ်ကူးမှ ဆရာသည် အသက်အရွယ်အား ကောင်းတုန်း ကွယ်လွန် ခဲ့ တာကို သိရ၍ အံ့လည်းသြ၊ နှမြောလို့လည်း နေမိသည်။
ကျွန်တော်သည် ကိုဝဏ္ဏ ဆုံးပါးသည်မှ စိတ်လှုပ်ရှားသွားမိကာ အတွေးမျှင်တန်းပြီး ဆရာ့ ဒေါင်းနွယ်ဆွေ အမှတ်တရ ကို ရေးဖြစ်သွားသည်။ ကင်ဆာတစ္ဆေကောင်နှင့် စစ်ခင်းခဲ့ သော ဆရာများ လက်မြောက် အရှုံးပေးခဲ့ ကြရသည်။
ကျွန်တော်တို့ ကိုချစ်မောင် တို့တော့ ဆက်လက်၍ ကင်ဆာနှင့် တိုက်ခိုက်နေကြတုန်း ဖြစ် သည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၄၂)
မန္တလေးက ဦးကြည်မြ
"စာဖတ်သူများနှင့် တွေ့ဆုံပေးခြင်း" ကဏ္ဍအတွက် ဒီလ ရွေးချယ်ထားတဲ့သူကတော့ မန္တလေးမှ သတင်း စာ ဆရာ၊ စာရေးဆရာ ဆရာဦးကြည်မြပဲ ဖြစ်ပါတယ်။
ဆရာ ဦးကြည်မြက ၀တ္ထုတိုနဲ့ ကဗျာတွေပဲ ရေးပါတယ်။ ၀တ္ထုရှည်ကိုတော့ (၁၉၄၅-၄၆) လောက်ကပဲ ရေးခဲ့ဖူးတာ ဆိုတော့ ဒီနေ့ လူငယ် စာဖတ်ပရိသတ်များအနေနဲ့ ဆရာ့ ၀တ္ထုရှည်တွေကိုတော့ ဖတ်နိုင်ခွင့် မကြုံခဲ့ကြပါဘူး။ ၀တ္ထုတိုတွေကတော့ သောင်းပြောင်းထွေလာ၊ ရှုမ၀ စတဲ့ မဂ္ဂဇင်းတွေမှာ မကြာခဏ ပါခဲ့ပါတယ်။ ဒီလ ကျွန်တော်ုတိ့ ပေဖူးလွှာမှာလည်း စာဆိုတော်လ အထူးအစီအစဉ်အဖြစ်နဲ့ ရေးပေးထား တဲ့ "ငယ်ပေါင်းယဉ်ဟန်ကြွယ်တဲ့" ကို ဖော်ပြပေးထားပါတယ်။
ဆရာ ဦးကြည်မြက ကျောင်းသားလှုပ်ရှားမှုတွေမှာ ခေါင်းဆောင်ပိုင်းက ပါဝင်လှုပ်ရှားခဲ့ဖူးသလို ကျောင်း ဆရာ၊ နိုင်ငံရေးသမား၊ သတင်းစာသမား၊ တော်လှန်ရေးအစိုးရ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်သူ့ တရားသူကြီး အဖွဲ့ အဖွဲ့ဝင် စတဲ့ နိုင်ငံတော် တာဝန်တွေကိုလည်း ဦးလည်မသုန် ထမ်းဆောင်ခဲ့ပါတယ်။ အခုတော့ နိုင်ငံ့ ဂုဏ်ရည် ပထမဆင့် ချီးမြှင့်ခံရပြီး အငြိမ်းစားဘ၀နဲ့ မွေ့လျော်နေပါတယ်။
" စာစ ရေးဖြစ်တာကတော့ ကဗျာတစ်ပုဒ်က စတာပဲ။ အဲဒီ ကဗျာက စစ်ပြီးခေတ်မှာ မန္တလေးသားတွေ အနေနဲ့ အမြတ်တနိုးထားတဲ့ နန်းတော်ကြီး မီးလောင်ခံရတော့ ဒီနန်းတော်နဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ ကဗျာ ပါပဲ။ "ပြာဖုံးတဲ့နန်း" လို့ ခေါင်းစဉ် တပ်ထားတယ်။ ဒီကဗျာရေးတာက ၁၉၄၅ ခုနှစ်ပေါ့။
ပြီးတော့ "သဲကြွေလုဖန်"ဆိုတဲ့ ၀တ္ထုရှည်တစ်ပုဒ် ရေးတယ်။ သုတ ဖြန့်ချိရေး(မန္တလေး)က ထုတ်တာ။ ၀တ္ထု နဲ့ ပတ်သက်လို့တော့ ဒါ ပထမဆုံးပေါ့ "
" ဆရာ ဘယ်အရွယ်လောက်က ရေးပါသလဲ "
" အသက် ၂၅ နှစ်လောက် ရှိပါပြီ။ အဲဒီနောက် ရဲဘော်က ထုတ်တဲ့ မဂ္ဂဇင်း၊ ပြည်ညွန့်မဂ္ဂဇင်း၊ ဘ၀သစ် ဂျာနယ်တွေမှာ မဂ္ဂဇင်းဝတ္ထုတွေ၊ ကဗျာတွေ ရေးခဲ့တယ်။ အယ်ဒီတာ ၀င်လုပ်သေးတယ်။ ဆရာကြီး မြမျိုး လွင်တို့ တစ်မတ်တန်ဝတ္ထုရေးနေတဲ့ အချိန်တုန်းက မန္တလေးက ထုတ်တဲ့ ပြည်ညွန့်မဂ္ဂဇင်းပေါ့။ မန္တလေးက ကိုဘညွန့်ဆိုတဲ့ ပုဂ္ဂိုလ်က ထုတ်ခဲ့တာ။ အဲဒီမှာ ကိုဘသောင်း (အရင် လုပ်သားသတင်းစာ အယ်ဒီတာ)က အယ်ဒီတာ၊ ကိုယ်က သူ့တွဲဖက်ပေါ့။ ပြည်ညွန့်မှာ အယ်ဒီတာလုပ်နေတဲ့ အချိန်မှာ ကိုယ်က နိုင်ငံရေးလုပ် နေပြီ။ လူငယ်အစည်းအရုံး လုပ်နေပြီ။ အဲဒီတုန်းက ရှုမ၀က ဆိုက်သေးသေးလေးပဲ ရှိသေးတယ်။ ရှုမ၀တို့၊ ပဒေသာမဂ္ဂဇင်းတို့ကိုလည်း ၀တ္ထုတွေ၊ ကဗျာတွေ လှမ်းပို့တယ်။ သွေးသောက်လည်း ပို့တယ်။ အဲဒီတုန်းက ထွက်သမျှ မဂ္ဂဇင်းတွေမှာ ကိုယ့်စာတွေ ပါဖူးတာချည်းပါပဲ။ ဒါပေမဲ့ တကယ် ၀ါသနာပါတာက နိုင်ငံရေးပဲ ဆိုတော့ ၀တ္ထုကို သိပ်မရေးဖြစ်ဘူး။
ကိုယ် ပြောချင်တာ၊ ဖြစ်စေချင်တာတွေကို ကဗျာတွေ၊ ၀တ္ထုတွေက တင်ပြချင်လို့သာ စာရေးဖြစ်တာကိုး။ ဒါကြောင့် ကိုယ်ရေးတဲ့ စာတွေဟာ အကြောင်းမဲ့ရေးတာ မပါဘူး။ ကိုယ့်ခံစားချက်၊ သို့မဟုတ် တစ်ယောက် ယောက် ရဲ့ ဖြစ်ပျက် ခံစားချက်ကို ကိုယ်စား ရေးပေးတာပဲ ရှိတယ် "
" ဆရာနဲ့ ခေတ်ပြိုင်ရေးခဲ့ကြတဲ့ စာရေးဆရာတွေက ... "
" ကိုယ်နဲ့ ခေတ်ပြိုင် ရေးခဲ့ကြတဲ့ သူတွေက ကိုသာဓု၊ သော်တာဆွေ၊ မင်းရှင်၊ မင်းရှင်နောင်၊ သန်းဆွေက တော့ နည်းနည်းနောက်ကျတယ်။ နောက် မိုးဝေ၊ သူတို့က ကိုယ်နဲ့ ခေတ်ပြိုင် စာရေးဆရာတွေပဲ။ သို့သော် သူတို့က ရန်ကုန်မှာနေပြီး ရေးကြတဲ့သူတွေ။ ကိုယ်က မန္တလေးမှာ။ မန္တလေးက နှင်းဦး၊ မာလာ တို့လည်း ကိုယ်နဲ့ ခေတ်ပြိုင်ပဲ။ ကိုယ့်ရည်ရွယ်ချက်ကိုက စာပေနဲ့ အသက်မွေးမယ်လို့ ရည်ရွယ်ချက် မရှိဘူး။ ကြုံတဲ့ အခါမှာ ကိုယ် ရေးမယ်ဆိုတဲ့ သဘောမျိုးပဲရှိတယ် "
" ကြုံကြိုက်တုန်းမှာ တစ်ခု မေးပါရစေ ဆရာ။ ဆရာတို့ခေတ်ကရော ဒီနေ့ခေတ်မှာပါ မန္တလေးက စာပေ အသိုင်းအ၀ိုင်း နဲ့ ရန်ကုန်က စာပေအသိုင်းအ၀ိုင်းဟာ တော်တော်လေး အလှမ်းကွာနေပါတယ်။ အဲဒီ တော့ မန္တလေးက စာပေ၀ါသနာတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလို့ရအောင် ဘယ်လို စီစဉ်ရင် ရနိုင်မယ် ထင်ပါသလဲ "
" မလွယ်ဘူးကွ။ စာပေလုပ်ငန်းနဲ့ ပတ်သက်ပြီး ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်းကိစ္စ အားလုံးက ရန်ကုန်မှာပဲ ရှိ နေတာကိုး။ ပြီးတော့ မန္တလေးမှာက စာပေ၀ါသနာရှင်တွေအတွက် ကလောင်သွေးနိုင်မယ့် အခြေခံ Platform မရှိဘူး။ ကိုယ်ကိုယ်တိုင်ပဲ ဒီနေ့ထိ ၀တ္ထုရေးတာ အပုဒ်ကိုးဆယ်၊ တစ်ရာလောက်ပဲရှိမယ်။ ဘာ ကြောင့် နည်းရသလဲဆိုတော့ မပို့ဖြစ်တာကြောင့်ဘဲ။ ပို့လိုက်ရင်လည်း ပျောက်တာနဲ့ ဘာနဲ့ ကြာတော့ စိတ်ပျက်ပြီး မပို့ဖြစ်တော့ဘူး။ မန္တလေးမှာ ကိုယ်ပိုင်ပုံနှိပ်စက်တို့ ဘာတို့ ရှိရင်တော့ လုပ်ဖြစ်ချင် လုပ်နိုင် လိမ့်မယ်။ ဥပမာ - ကိုချစ်ညိုတို့လိုပေါ့။
စာပေနဲ့ အသက်မွေးမယ်ဆိုရင်တော့ မန္တလေးမှာ နေတာထက် ရန်ကုန်က ပိုကောင်းတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ စာပေရဲ့ နယ်ပယ်ဟာ ရန်ကုန်မှာပဲရှိတယ်။ ဟိုတုန်းက ဆိုရင် လူထုဂျာနယ်တို့ ဘာတို့ ရှိ နေတယ်။ ပြီးတော့ သတင်းစာတွေလည်းရှိတယ်။ ခုတော့ ဒါမျိုး မန္တလေးမှာ လုံးဝ မရှိတော့ မန္တလေးက စာပေသမား တွေအတွက် စာပေနယ်ဟာ ကျဉ်းသွားသလိုပဲပေါ့ "
" ဆရာ သတင်းစာအယ်ဒီတာ လုပ်ရာကနေ ... "
" အဲဒီကနေပြီး ကိုယ်က ၀တ္ထုရေးရင်း၊ ကဗျာရေးရင်းနဲ့ပဲ သတင်းစာ အယ်ဒီတာ ၀င်လုပ်တယ်။ နောက်ပိုင်း ကိုသန်းမောင် နဲ့ ကိုယ် ၀ါဒချင်း မတူတော့ တခြားစီ ဖြစ်သွားကြတယ်။ ၁၉၄၉ ကနေ ၁၉၅၇ လောက်ထိ မြန်မာ့လမ်းစဉ်မှာ ကိုယ် လုပ်ခဲ့တယ်။
နောက် အာရှ-အာဖရိက စာရေးဆရာ ညီလာခံ တက်ခွင့်ရခဲ့တယ်။ မန္တလေးက ကိုယ်ရယ်၊ ကိုချစ်ညိုရယ် တက်ခွင့်ရတာ။ ကိုချစ်ညိုက ရန်ကုန်ရောက်မှ စိတ်ပျက်ပြီး ပြန်သွားတယ်။ ကိုယ်နဲ့ အတူတူ စိန်ခင်မောင်ရီ၊ ဒေါင်းနွယ်ဆွေ၊ ကိုဘ၀င်း၊ တက္ကသိုလ်မြတ်သူ၊ ဆရာကြီး ဇေယျ၊ ကိုသာညွန့်တို့ သွား ကြတယ်။
ပြန်လာတော့ ၀တ္ထုရေးလိုက်၊ ကဗျာရေးလိုက်နဲ့ နေလာလိုက်တာ ၁၉၆၀ ပြည့်နှစ်မှာ အကြောင်းလေး တစ်ခု ကြောင့် တရားရိပ်သာကို ရောက်သွားတယ်။ ရိပ်သာမှာ ဒုလ္လဘရဟန်းခံပြီး လူ ထွက် လာတော့ ဗဟိုစည် သတင်းစာမှာ ရိပ်သာက အတွေ့အကြုံကို အပတ်စဉ် ရေးလာလိုက်တာ စာဖတ်ပရိသတ်က ဒါကို လုံးချင်း ထုတ်ပါလို့ တိုက်တွန်းကြတာနဲ့ "မဟာဗောဓိမြေမှ သံသရာတိုက်ပွဲ"ဆိုတဲ့ နာမည်နဲ့ ဘာသာရေး စာအုပ် ထုတ်ခဲ့ဖူးတယ်"
" ဆရာ ရေးခဲ့တဲ့ စာတွေထဲမှာ ၀တ္ထုတို ရေးတာ များတယ်နော် "
" ဟုတ်ပါတယ်။ အတိုရေးတာပဲများတယ်။ ဒါပေမဲ့ အခု ရှာမတွေ့တော့ဘူး။ မန္တလေးက ၁၉၄၇ ခုနှစ်လောက် မှာ ထုတ်ခဲ့တဲ့ "ဂွဂျာနယ်" ထဲက "သြော် စီးကရက်" ဆိုတဲ့ ဟာမျိုးလေးတွေဆိုရင် ပြန်လိုချင် တယ်။ ဒီဝတဍ္ဍထုက အင်္ဂလိပ်၊ အမေရိကန် ပြန်ဝင်လာတဲ့အချိန်မှာ ဒီးကရက်တွေ သိပ်ပေါ တော့ ဗမာဆေး လိပ်ခုံတွေ ပျက်စီးသွားတယ်။ ဆေးလိပ် လိပ်ပြီး အမေနဲ့ မောင် ညီမလေးကို လုပ်ကိုင် ကျွေးမွေးနေရတဲ့ ဆေးလိပ်သမလေး ဘ၀ပျက်ပြီး "ကြက်တန်း" ရောက်သွားတာ ရေးထားတာပဲ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Saturday, February 18, 2012
ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၄၁)
(ဘယ်မှာလဲ … ကာရန်၊ တစ်ခုမှ မပါပါဘူး။ အခု ရေးနေကြတဲ့ ကာရန်မဲ့ကဗျာ ဆိုတာတွေက ကာရန်တွေ ပါ နေကြတယ်။ ဒီကြားထဲမှာ ကာရန်မဲ့ကဗျာကို "လွတ်လပ်ကာရန်" ဆိုပြီး ခေါ်တဲ့လူက ခေါ်တယ်။ "ဗလာကဗျာ" လို့ ခေါ်သူက ခေါ်သေးတယ်။ ဆောရီးပါပဲ။ ကျွန်တော် ယူကတည်းကိုက အင်္ဂလိပ်စာလုံး Without ဆိုတာကို တိုက်ရိုက်ဘာသာပြန် ယူထားတာပဲ။ တခြားစကားလုံး အစားထိုးလို့ ဘယ်နည်းနဲ့မှ မရ နိုင်ပါဘူး။ Free Verse ဆိုတာလည်း ကျွန်တော် လက်မခံပါဘူး။ Free Verse ဆိုတာ မရှိဘူး။ Blank Verse ပဲရှိတယ်။ ဂျပန်မှာလည်း လုပ်တော့ လုပ်ခဲ့ကြသေးတာပဲ။) ကို ဆက်ဖတ်ရန်...........
အဲဒီတော့ ကျွန်တော် ပြောချင်တာက ကာရန်မဲ့ကဗျာ ဆိုရင် ကာရန်လုံးဝ မပါပါဘူး။ ကာရန်ချိတ်ရေးပြီး ကာရန်မဲ့ ကဗျာ ပါလို့ ပြောရင် ပြောတဲ့သူလည်း မှားတယ်။ ရေးတဲ့သူလည်း မှားတယ်။ ကာရန်ကို မလိုချင် လို့ ကာရန်မဲ့ကဗျာ ကို ရေးခါမှ ဘာကိစ္စကာရန်က ပါလာရမှာလဲ။
ကာရန်မဲ့ကဗျာ ကို စောစောက ပြောသလို ၁၉၅၉ ခုနှစ်ကတည်းက ကျွန်တော် ထွင်ခဲ့တယ်။ အောင်မြင်ချင် လည်း အောင်မြင်မယ်၊ မအောင်မြင်ချင်ရင်လည်း မအောင်မြင်ဘူး၊ ဒါပေမဲ့ ဒီနေ့ ကာရန်မဲ့ ကိစ္စ လှိုင်းဂယက် ထလာတယ်ဆိုတော့ ကျွန်တော် အောင်မြင်တယ်ဆိုရမှာပေါ့။
ကာရန်မဲ့ ကဗျာ ဆိုပြီးမှ ကာရန်ပါလာရင် ကဗျာမှာ ဂုဏ်သိက္ခာအကျဆုံးပဲ။ ကျွန်တော်တို့ ကာရန် စည်းကြပ် ထားတဲ့အထဲ က ကာရန်ကို မတတ်သာလို့ ချိုးဖောက်တယ်ဆိုရင် ဒါက တစ်မျိုး။ အခုဟာက လွယ်လွယ် နဲ့ လျှောက်လုပ်နေပြီး ကာရန်မဲ့ကဗျာပါလို့ တပ်လာရင်တော့ ဆောရီးပဲ။ ကာရန်မဲ့ကဗျာက ပို ခက်တယ်။ စော စောက ပြောခဲ့သလို ကဗျာဝတ္ထုရှည်တွေ အများကြီး ရေးခဲ့ပြီးမှ ကာရန်မဲ့ကဗျာ ကျွန်တော် ရေးခဲ့တာပါ။
ရေးတဲ့နေရာ မှာ ကိုယ့်အတွေးအခေါ်ကို မှတ်တမ်းရေးသလို ရေးနိုင်တယ်။ ဒါသက်ငယ်အတွက် ကာရန်မဲ့ ကဗျာ ပဲ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီလိုပဲ ရေးခဲ့တာပဲ။ ဒုတိယအဆင့်မြင့်လာတာက အတွေးအခေါ် မြင့်မြင့် ကို ကာရန်မဲ့ကဗျာအဖြစ် ရေးချင်ပြီဆိုရင် Theme ကြီးကြီးကို ရေးရမယ်။ ထုထည်ရှိတဲ့၊ အစိုင်အခဲ ရှိ တဲ့ အားရောမာန်ပါ ထည့်ရေးရတယ်။ ဥပမာတွေ၊ ရူပကတွေ၊ အလင်္ကာတွေ အများကြီး ထည့်ပြီးရေးရတယ်။
အထူးသဖြင့် လူတွေ မသိတာက ကာရန်မဲ့မှာ အသံစီးထားတယ် ဆိုတာပဲ။ ကာရန်ရှိပေမယ့် အသံ စီးတယ်။ သို့သော် အသံပျောက်တယ်။ အဲဒီအသံသြဇာကို စီးနိုင်ရင် ကာရန် ခံနိုင်တာနဲ့ အတူတူပဲ။ ဒါတွေကို တော် တော်များများ မသိကြလို့ ကာရန်ပါတဲ့ ကာရန်မဲ့ကဗျာ ရှိနေကြတာပဲ။ Without လို့ သုံးထားတဲ့ အတွက် "လုံးဝ" ကာရန်ပါလို့ မဖြစ်ပါဘူး။ ထင်ရှားအောင် ကဗျာတစ်ပုဒ် ကျွန်တော် ထပ်ပြမယ်။
ကုရာမဲ့ ဝေဒနာ
                         (၁)
        အချစ်ဟာ
        သမားတော်လည်း ဖြစ်တယ်။
                        (၂)
        အချစ်ဟာ
        ဆေးတစ်ပါးလည်းဖြစ်တယ်။
                        (၃)
        အချစ်ဟာ
        ဝေဒနာလည်းဖြစ်တယ်။
                        (၄)
        ဒါပေမဲ့
        အချစ်သမားတော်ဟာ
        အချစ်ဆေးနဲ့
        အချစ်ဝေဒနာသည်ကို
        ဘယ်တော့မှ ပျောက်အောင်
        ကုမပေးနိုင်ရှာဘူး။
ဒီမှာ ကာရန်မပါဘူး။ သို့သော် Theme ကျတော့ နက်တယ်။ အဲဒါကို ကာရန်မဲ့ ကဗျာလို့ ကျွန်တော် ခေါ်တယ်။ ကာရန်မဲ့ကဗျာသဘောပိုပြီး နားလည်သဘောပေါက်အောင် ပန်းချီဘက်က လှည့် ပြောရရင် ပီကာဆို ဟာ ပန်းချီအခြေခံပညာကို ကျေညက်ပြီး Fine art ပေါင်းများစွာ၊ Portrait ပုံတူပန်းချီ ပေါင်း များစွာ အကုန်လုံးကို တတ်ပြီးမှ ချိုးငှက်ကလေး တစ်ကောင်ရဲ့ ပုံကို ရေးခဲ့တယ်။ ပျံနေတဲ့ ချိုးကလေး တစ်ကောင်။ ဒီချိုးက တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ်။ သိန်းသန်းချီပြီး တန်သွားတယ်။ ဘယ်လို ချိုးလဲ၊ ကာရန်မဲ့ ကဗျာ ပုံသဏ္ဍာန် ကွန့်မြူးထားတဲ့ချိုး။ ဒါကို သူက အခြေခံပညာတွေ တတ်ပြီးမှ ရေးတာ။ ကျွန်တော် ဆိုလိုချင်တာက ကာရန်မဲ့ ရေးတော့မယ့်သူဟာ အခြေခံကို ပိုင်နိုင်ပြီးမှပဲ ရေးနိုင်ပါ တယ်။
ခုလိုပုံနဲ့ ကာရန်ပျက်ကဗျာတွေစာ ဆက်ပြီး ကြီးစိုးသွားမယ်ဆိုရင် လူငယ်တွေ ပျက်စီးကုန်ကြလိမ့်မယ်။ နောင်တစ်ခေတ် မှာ လူတိုင်းဟာ ကာရန်မဲ့ကဗျာဆရာလို့ ဖြစ်လာကြလိမ့်မယ်။ ဒါ မဖြစ်နိုင်ပါဘူး။ ကာရန်မဲ့ ကဗျာ ရေးနိုင်ဖို့ အတွက် သူ့ရဲ့ talent သူ့ရဲ့ ကြိုးစားမှု၊ သူ့ရဲ့ ဆည်းပူးမှု၊ သူ့ရဲ့ အတွေ့အကြုံ၊ ပါရမီ၊ ဘာ ညာပေါ့။ နောက် အလင်္ကာ။ ဒါတွေ တတ်ဖို့ အများကြီးလိုပါတယ်။
ကျွန်တော် က ဒီလို ပြောလိုက်တော့ လူငယ်တွေ ကာရန်မဲ့ကဗျာ မရေးကြရတော့ဘူးလားလို့ မေးစရာ ရှိလာ မယ်။ မပိတ်ပင်ပါဘူး။ ရေးကြပါ။ သို့သော် စည်းမျဉ်းကာလကလေးနဲ့ ရေးကြမှ ဖြစ်လိမ့်မယ်။ ကာရန်တစ် လုံးစ နှစ်လုံးစ ပါသွားရင် ကာရန်မဲ့ရဲ့ အခြေခံ Fundamental လုံးဝူပျောက်သွားလိမ့်မယ်။
လူကြီးတွေ တော်တော်များများကတော့ ဒီကာရန်မဲ့ကိစ္စကို ရှောင်ကြတယ်။ သူတို့ စ လာတဲ့သူ မဟုတ်တော့ တရားခံ အဖြစ်မခံနိုင်ကြဘူးလေ။ ကျွန်တော်တို့ ကတော့ စ လုပ်ခဲ့ပြီဆိုတော့ တရားခံ ဖြစ်ချင် ဖြစ်ပါစေတော့၊ ပြောရတော့မှာပဲ။ ကိုယ် စ ခဲ့တဲ့ ဇာတ်ကို ကိုယ်ပဲ ရှင်းရတော့မှာပေါ့ "
" ဆရာ ရေးခဲ့တဲ့ စစ်နဲပြည်သူ ကဗျာဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဆုရကဗျာလို့ သိရပါတယ်။ ဘယ်လို အထိမ်းအမှတ် နဲ့ ပေးခဲ့တာပါလဲ။ ဆရာကရော ဒီကဗျာကို ဘယ်လို ခံစားချက်နဲ့ ရေးခဲ့တာပါလဲ "
" ဒီကဗျာက တော်တော်စောပါတယ်။ ၁၉၅၄ ခုနှစ်က ရေးခဲ့တာပါ။ ငြိမ်းချမ်းရေး ညီလာခံမှာ ရေးခဲ့ တာပေါ့။ ကျွန်တော်တို့က နယ်ချဲ့ဖက်ဆစ်ကာလမှာ ကြီးပြင်းခဲ့ရတာကိုး။ ပြီးတော့ ပြည်တွင်းစစ်ကာလ စစ်တွေ ရဲ့ အနိဋ္ဌာရုံကို မြင်ပြီး ဒီကဗျာကို ရေးခဲ့တာပါ။ အဲဒီတော့ ကိုဝင်းငြိမ်း မေးတဲ့ ဆုကိစ္စ ပြောရရင် ကျွန်တော် ရခဲ့ တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဆုက ပထမဆုံး ပေးတဲ့ဆု။ ပြီးတော့ ဒီတစ်ဆုပဲ ရှိတယ်။ အဲဒီဆုကို တခြား ဘာဆုနဲ့မှ ကျွန်တော် မလဲနိုင်ပါဘူး။ ဒီဆု ရတာ ကမ္ဘာ့နိုဗယ်လ်ဆုရ သလောက် ကျွန်တော် မြတ်နိုးပါတယ်။
ဒီကဗျာကြောင့်ပဲ ကျွန်တော့် ပုလဲကုံး ကဗျာစာအုပ်က ဆုနဲ့ လွဲခဲ့ရတယ်။ ဟိုခေတ်တုန်းကတော့ ဒီကဗျာ ကို ကွန်မြူနစ်ကဗျာလို့ မြင်ကြတာကိုး။ ဒီနေ့ ခေတ်ကျတော့ ဒါဆိုရှယ်လစ်ကဗျာ ဖြစ်သွားပြန်ရော "
" ဆရာနဲ့ ခေတ်ပြိုင် ရေးခဲ့ကြတဲ့ ကဗျာဆရာတွေ ဘယ်သူတွေ ရှိပါသလဲ ဆရာ။ အဲဒီခေတ်က ကဗျာ လောက အခြေအနေကို ဒီနေ့ လူငယ်တွေ သိရအောင် ပြောပြစေချင်ပါတယ်"
" ကျွန်တော်နဲ့ ခေတ်ပြိုင် ရေးခဲ့ကြတဲ့သူတွေကတော့ ဂုဏ်ဝင်း၊ နောင်၊ နွယ် (စစ်တွေ)၊ စစ်ကိုင်းနွယ်မြင့်။ အဲဒီ ခေတ်တုန်း ကတော့ ကျွန်တော် ဘာတွေ ရေးသလဲဆိုတော့ မေး၊ ကဗျာတွေရေးတယ်။ တော်လှန်ရေး ကဗျာတွေရေးတယ်။ အောက်တိုဘာတော်လှန်ရေးတို့ ဘာတို့ပေါ့။ အဲဒါတွေ ရေးတော့ ကျွန်တော် တို့ကို "အနီ" တွေ ဘာတွေ အပြောခံရတယ်။ သို့သော် ကျွန်တော်တို့ကတော့ လှိုင်းဂယက် ရိုက်ခတ် မှု မှာ မရွေ့ လျားဘူး။ အဲဒီတော့ ကျွန်တော်တို့ ကဗျာတွေက တော တောင် ရေ မြေကို ဖွဲ့ဆို နေကြရာကနေ နိုင်ငံရေး နယ်ပယ်ကို၊ လူ့ဘ၀၊ ပြည်သူထဲကို ရောက်လာတာပေါ့။
တော်လှန်ရေးအကြောင်း ရေးတော့ မီးလောင် ငုတ်တိုတို့၊ သွေးတို့ ပါလာတာပေါ့။ ဒီတုန်းက ဘာပြောကြ သလဲဆိုတော့ ဒေါင်းနွယ်ဆွေ ရေးရင် မီးလောင် ငုတ်တိုတို့၊ သွေးတို့ချည်းပဲ။ အနိဋ္ဌာရုံတွေချည်းပဲပေါ့။ ဒီကောင် ဒါက မတတ်တော့ဘူးလို့ ပြောကြတယ်။
အဲဒီမှာ ကျွန်တော်က "မာန်" တို့ ဘာတို့ အလှအပ ကဗျာတွေ ရေးပြလိုက်တယ်။ ကျွန်တော်တို့ ခေတ်ပြိုင် တွေ အားလုံး သာမန်ပုံစံ ကဗျာတွေထက်ကျော်ပြီး အတွေးအခေါ်ကို ယူဆောင်လာကြတယ်။ အားလုံး အတွေး ပီပြင်ကြတယ်။ အရေးရဲတယ်။ ဘာပဲပြောပြော တစ်ယောက်နဲ့ တစ်ယောက် သန့်သန့်ရှင်းရှင်း ရှိကြ တယ်။ ခုတ်တာ ထစ်တာ မပါဘူး။ ၀ိုင်းဝန်းကူညီကြတာပဲ ရှိတယ်။ ကဗျာဆရာ ဆိုတာလည်း အခု လောက် မပေါသေးဘူး။ ကဗျာဆရာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖို့ကို တော်တော် ချိန်းယူရတယ်။
ကဗျာအပုဒ် နှစ်ရာ၊ သုံးရာလောက်က အလကား ရေးခဲ့ကြရတာချည်းပဲ။ ကဗျာဆရာ အသင်းက ဒီကဗျာ စာမူ ကိုတော့ စာမူခ ပေးသင့်ပါတယ် ဆိုမှ ဆယ့်ငါးကျပ်လောက်က စ ရတာ။ ဒါလည်း တော်တော် တိုက်ယူ ခဲ့ကြရတာပါ။
နောက် ကျွန်တော်နဲ့ ခေတ်ပြိုင်လို့ ပြောလို့ရတာ တစ်ယောက် ရှိသေးတယ်။ နေသွေးနီ။ သူက ကျွန်တော် တို့ထက် အသက်တော့ ငယ်တယ်ဗျ။ ဒါပေမဲ့ ခေတ်ပြိုင်လို့ ပြောလို့ရပါတယ် "
" ဆရာ့ ကဗျာတွေမှာ စာလုံးတူ ကာရန်အစပ်တွေ တော်တော် တွေ့ရပါတယ်။ ဥပမာ- "ရွက်ဝါကြွေ လွေလွေ လွင့်လွင့်လောင်းလောင်း" တို့ ဘာတို့ပေါ့။ အဲဒီလို အစပ်မျိုးတွေကို ဘယ်လို ခံစားပြီး ရေးခဲ့တာ လဲ သိပါရစေ"
" ဟုတ်တယ်။ ပထမပိုင်းမှာ ကဏ္ဍသုံးခုလောက် ရှိတယ်။ တစ်ခုက ဘာလဲဆိုတော့ ရိုးရိုးစကားလုံးနဲ့ လေးလုံးစပ် ရေးတယ်။ နောက်တော့ စကားလုံး ကွန့်မြူးလာတယ်။ နောက်တစ်ခုက အတွေးကွန့်မြူးလာ တယ်။ အတွေးကွန့်မြူးလာတယ်ဆိုတဲ့ အပိုင်းကျတော့ အကြောင်းအရာ ပါလာတယ်။ ကျွန်တော်တို့ စကား လုံးနဲပ ပတ်သက်လို့ကတော့ မြန်မာစကားမှာ စကားလုံးနှစ်လုံး ထပ်သုံးတာ တော်တော် များပါတယ်။ ဥပမာ- အင်္ဂလိပ်မှာတော့ The grass is tall လို့ပဲ ရှိတယ်။ The grass is tall tall မရှိဘူး။ ကျွန်တော်တို့ မှာကျတော့ "ရွာရွာလေမဆုံုး၊ အုန်းအုန်းရယ် ငြိမ့်ငြိမ့်၊ ခြိမ့်ခြိမ့်သဲသဲ" ဘာညာဆိုပြီး စကားလုံး တွေ ထပ်လို့ ရတယ်။
အဲဒီအချိန်မှာ စောစောက ကိုဝင်းငြိမ်းပြောတဲ့ ရွက်ဝါကြွေ လွေလွေလွင့်လွင့် လောင်းလောင်းတို့၊ လှိုင်းတွေ တလိမ့်လိမ့်လူးတို့ကို လက်တည့်စမ်းတဲ့ သဘောနဲ့ ယူလာခဲ့တာပဲ။ သို့သော် ဒီဥစ္စာတွေကို ကျွန်တော် တို့က တစ်နေရာမှာ သုံးခဲ့တယ်ဆိုတာ ကွန့်တဲ့သဘောပေါ့။ စကားလုံး ထပ်သုံးခြင်းအားဖြင့် အား ပိုရှိစေတယ်။ မြားတစ်စင်း ပစ်ပြီးတဲ့နေရာကို ထပ်ထပ်ပစ်တဲ့ သဘောပါ။ ဒါတွေကတော့ ရှေးအစဉ်အလာပါ။ မထိရောက် ဘူးလား ဆိုတော့ ထိရောက်ပါတယ်။ တစ်ချက် တစ်ချက်မှာ ဒါလေး သုံး လိုက်တာက လှသွားတယ်၊ ထိ သွားတယ်၊ ထပ်ဆင့်ပြီး ထိုးလိုက်တဲ့ လက်သီးချက်တွေလိုပါပဲ။
ဒါတွေက နုစဉ်အခါက သုံးခဲ့တာတွေပါ။ ဒီလို ပြောလိုက်လို့ ကြီးတဲ့အခါမှာကော မသုံးရဘူးလား ဆိုတော့ သုံး ရပါတယ်။ ကြီးတဲ့အခါမှာ သုံးတော့ စကားလုံးက ပိုတောင်လျသေးတယ်။ ကတဲ့ အကွက်ကလေးကို ပန်းချီ စုတ်ချက် တင်သလိုပေါ့။ ကျွန့်မြူးချက်ပါပဲ "
" ဆရာ ကဗျာဝတ္ထု ဘယ်နှပုဒ် ရေးခဲ့ဖူးသလဲ "
" လေးပုဒ် ရေးခဲ့ဖူးပါတယ်။ မာန်၊ လွမ်းလိပ်ပြာတောင်၊ အညတြ မြင်းခွာနွယ်၊ နောက် ကလျာ မိမိမုန်းကတော့ ကဗျာနဲ့ စကားပြေ ရောရေးထားပါတယ် "
" ဆရာ ၀တ္ထု ဘယ်နှပုဒ်လောက် ရုပ်ရှင်ရိုက်ပြီးပြီလဲ "
" အသည်းနဲ့ထပ်တူ၊ အသည်းထဲကဆူး၊ မင်း ဘယ်ပြေးမလဲ မိချိုသဲ၊ ချစ်တဲ့ရက်ကို ကြိုနေမယ်တို့ ရိုက်ပြီး ပါပြီ။ မျက်ရည်စိမ်း က ကျော်ဟိန်း နဲ့ ရိုက်ဖို့ စီစဉ်နေတယ်"
" ၀တ္ထု တွေကို ရုပ်ရှင်ရိုက်တော့ စာပေရသပိုင်းနဲ့ အနှစ်သာရချင်းဘယ်လို ကွာခြားသွားတယ်လို့ ထင်သလဲ"
" အခု နောက်ဆုံး ရိုက်သွားတဲ့ "ချစ်တဲ့ရက်ကို ကြိုနေမယ်" တစ်ကားပဲ အားရတယ်။ အကယ်ဒမီ သုံးယောက် ပါတယ်လေ။ ဇာတ်ကောင်နေရာ ထားတာက ကျွန်တော်နဲ့ တော်တော်လေး ညှိနှိုင်းပါတယ်။ ကျန် တာတွေကတော့ မမီဘူးဗျ။ ကျွန်တော် ထင်တယ် ဆယ့်ခြောက်ပုံ တစ်ပုံတောင် မမီနိုင်ဘူး။ မမီတဲ့အပြင် ဇာတ်အမြွှာ တွေ ထပ်ဖြည့် ဟာသတွေ လုပ်ရနဲ့ ၀တ္ထုရဲ့ရသ ပျက်သွားတာပဲ။ ဒါတော့ အပြစ် တင် လို့ မရဘူးလေ။ နည်းစနစ်ချင်း ကွာကြတာကိုး"
" အားနာနာ နဲ့ပဲ မေးခွန်းတစ်ခု မေးပါရစေ ဆရာ"
" မေးပါ ကိုဝင်းငြိမ်း မေးပါ"
" ပထမပိုင်းတုန်းကတော့ အပစ်အခတ် အညှစ်အသတ် ၀တ္ထုတွေကို ဆရာတော်တော်လေး ရှုတ်ချ ခဲ့ပါတယ်"
" ဟုတ်ပါတယ် "
" နောက်ပိုင်းမှာ ဆရာကိုယ်တိုင် အဲဒီဝတ္ထုမျိုးတွေ ၀င်ရေးလာတာ တွေ့ရတယ်။ ဘာကြောင့်ပါလဲ"
" တိုတိုဖြေရရင်တော့ စီးပွားရေးကြောင့်ပါ။ အယူအဆ ပြောင်းလာတာလည်း ရှိပါတယ်။ ကျွန်တော်ကိုက ဥပမာ … မာန် ဆိုပါတော့။ ရင်ကိုခွဲပြီး အသည်းကို ထုတ်ပြီးမှ ဂူကို ပက်တယ်ဆိုတာ ဖြစ်မှ မဖြစ် နိုင်တာဘဲ။ သဘာဝယုတ္တိကို လွန်ကဲပြီး သွေးနဲ့ သံနဲ့ ရေးရတာကို ကျွန်တော် တော်တော်ရေးခဲ့တယ်။ လောကမျက်ကန်း မှာ ဆိုလည်း မျက်လုံးဖောက် ချောက်ထဲချတာတောင် မသေဘဲ သူက ပြန် လက်စားချေတာကို ရေးခဲ့တယ်။ လွမ်းလိပ်ပြာတောင် မှာလည်း ခေါင်းဖြတ်တာတို့၊ ဘာတို့ ရေးခဲ့တယ်။ အဲဒီလို သွေးသံရဲရဲ ဇာတ် တွေကို နှစ်သက်တယ်။ လက်တွေ့ ဘ၀မှာလည်း အတိုက်အခိုက်၊ အသတ်အပုတ် တွေ အားပေးရတာ ၀ါသနာပါတယ်။ ဒါတော့ ကိုဝင်းငြိမ်း သိတဲ့အတိုင်း ဆရာကျား (ကျားဘညိမ်း) ရှိတုန်းက လက်ဝှေ့ခုံနားမှာ ကျွန်တော် အမြဲရောက်ခဲ့တာပဲ မဟုတ်လား။
တစ်ဖက်က ကျွန်တော် စီးပွားရေး လုပ်ရပါတယ်။ ကျွန်တော် စိုက်ချင်တာကတော့ နှစ်ရှည်လများ မွှေးကြိုင် နေမယ့် စန္ဒကူးပင်ပါပဲ။ ဒါပေမဲ့ လောလောဆယ် စားဖို့အတွက် ချဉ်ပေါင်ပင်လည်း စိုက် ရပါသေးတယ်။ ကဗျာသာ ရေးစားရမယ်ဆိုရင် ကိုယ့်သားမယားကို ကျွေးဖို့ထားလို့ ပုရွတ်ဆိတ်ကိုတောင် ကျွေးဖို့ လောက်မှာ မဟုတ်ပါဘူး။ ဟိုတုန်းကဆို ကဗျာတစ်ပုဒ် ဆယ့်ငါးကျပ်၊ နှစ်ဆယ်ပဲ ရတာပါ။ ခုမှ ပေဖူးလွှာ လို မဂ္ဂဇင်းကြီးတွေက ပိုမိုချီးမြှင့်တာကိုး။ ဒါပေမဲ့ ကျွန်တော် ကဗျာစာအုပ် ဆယ့်တစ်အုပ် ထုတ်ခဲ့ ပါတယ်။ ကဗျာနဲ့ ပိုက်ဆံလည်း တော်တော်ရခဲ့ပါတယ်။
ထမင်းစား ဖို့အတွက် ဘာရေးရမလဲ စဉ်းစားတော့ ထုတ်ဝေသူတွေက အထိုးအသတ် သွေးသံရဲရဲတွေ ရေး ခိုင်းတယ်။ ဆရာဒေါင်း ရေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်လို့ ၀ိုင်းပြောကြတယ်။ အဲဒီမှာ ချဉ်ပေါင်ရွက်ပင် စိုက် လိုက် တာပါပဲ။ အငှားဆိုင်တွေရဲ့ တံခါးကို ဖွင့်နိုင်ဖို့အတွက် ကျွန်တော် သဘာ၀၀တ္ထုရေးကြည့်တယ်၊ မရဘူး။ အထိုးအသတ် နဲ့ ဖွင့်တော့မှပဲ ရတော့တယ်။ အဲဒါပါပဲ"
" ဆရာ အခုဝတ္ထု တွေ ဘာဖြစ်လို့ ဆက်မရေးတော့တာလဲ "
" အသက်အရွယ်ကြောင့်ရယ်၊ တခြား အကြောင်းတွေကြောင့်လည်း ရှိတာပေါ့လေ။ ဒီအသက် ဒီအရွယ် ကျမှ အချစ်ဝတ္ထု ဆိုတာကလည်း ရေးလို့မကောင်းတော့ဘူး။ အထိုးအသတ်တွေလည်း မရေးချင် တော့ဘူး။ ရေးတုန်းက ရေးခဲ့ပြီပဲ။ အခု ကျွန်တော် ကဗျာပဲ ရေးချင်တော့တယ်။ စန္ဒကူးပင်ပဲ စိုက်ချင် တော့ တယ်။ ကျွန်တော့်ဘာသာ ကဗျာကဏ္ဍမှာပဲ နေချင်တော့တယ်။ ကဗျာနဲ့ပဲ တိုင်းပြည်အကျိုး ကျွန်တော် သယ်ပိုးချင်တော့တယ်"
" ဆရာ က အသက်အရွယ်ကြီးလာလို့ အချစ်ဝတ္ထုမရေးချင်တော့ဘူးလို့ ဆိုလိုက်တယ်။ အတွေ့အကြုံ ရင့်ကျက် လာတဲ့ ဒီအရွယ်မှ အချစ်ဝတ္ထုတွေကပိုပြီး ပီပြင်တယ်လို့ အနောက်တိုင်းက ဆရာတွေက ဆိုကြ တယ်။ ဆရာ ဘယ်လိုသဘောရသလဲ "
" အရှေ့နဲ့  အနောက် မတူဘူးလေ။ ဆမ်းမားဆက်မော(မ်)က အသက်ခုနစ်ဆယ်ကျော်အထိ အချစ်ဝတ္ထု ရေးတယ်ဆိုပေမယ့် ဟိုက အနောက်ပဲ။ အရှေ့မှာ ဒါမျိုး မဖြစ်နိုင်ဘူး။ ကျွန်တော် အချစ်ဝတ္ထုတစ်ပုဒ် ထွက် ပြီး မြို့ထဲ သွားတော့ လူငယ်လေးတွေ ဝေဖန်နေသံကြားရတယ်။ အဘိုးကြီးနှယ်ကွာ ... နှုတ်ခမ်းမွေး မှ အားမနာ၊ ဒီအသက် ဒီအရွယ်ကြီးနဲ့ အချစ်ဝတ္ထု ရေးနေလိုက်တာတဲ့။ ကျွန်တော် တော်တော် ရှက်သွားပါ တယ်။ အရှေ့နဲ့ အနောက် စရိုက်ချင်း မတူတဲ့အတွက် ဒီအသက် ဒီအရွယ် ရောက်မှ အချစ်ဝတ္ထုတွေလည်း မရေးချင်တော့ပါဘူး။ ရေးရမယ်ဆိုရင်လည်း သန့်ရှင်းစင်ကြယ်တဲ့ မေတ္တာ အကြောင်းပဲ ရေးချင်ပါတော့ တယ်"
" ကျေးဇူးပါပဲ ဆရာ၊ ကျွန်တော် မေးချင်တာလေးတွေတော့ တော်တော် မေးပြီးပါပြီ။ ကလောင်နာမည်နဲ့ ပတ်သက်ပြီး သိချင်ပါတယ်။ ဆရာ "ဒေါင်း" ဆိုတာကို ဘာဖြစ်လို့ ခံယူတာပါလဲ"
" ဒီလိုဗျ ကိုဝင်းငြိမ်းရ။ ပထမ ကျွန်တော့် ကလောင်နာမည်က "ဒေါင်းဒင်း"လို့ ယူထားတယ်။ "ဒဒွေး" နှစ်လုံးပေါ့။ ရှင်မဟာရဋ္ဌသာရရဲ့ ပျို့တွေ သိပ်ဖတ်လွန်းတော့ ဒီပျို့တွေ လွှ့မ်းမိုးခံရပြီး စာလုံးတူတွေ သိပ် ကြိုက်ခဲ့တယ်။ ကျွန်တော့်ဆရာက "ဟေ့ကောင်၊ ဒေါင်းဒင်ဆိုတာ တံငါတွေ လှေနံကို ခေါက်တဲ့အသံ ကွ၊ ဘာမှ အဓိပ္ပာယ် မရှိဘူး" လို့ ပြောတယ်။ ဘဒင် ဆိုတာလည်း လူမိုက်နာမည် ခပ်ဆန်ဆန်မို့ မယူချင် ဘူး။ ကျွန်တော့် အဘိုးက ဒေါင်းတွေ မွေးတယ်။ ဒေါင်းတွေကို ကျွန်တော် သိပ်ချစ်တယ်။ နောက်ပြီးတော့ ဆရာကြီးရွှေဥဒေါင်းရဲ့ နာမည်ကိုလည်း သိပ်ကြိုက်တယ်။ ကျွန်တော့်နာမည် တကယ်ပြောရရင်တော့ "ရွှေ ဥဒေါင်း"နဲ့ "မဟာဆွေ" နှစ်ခုကို ညှပ်ယူထားတာပါပဲ။
နေထဲမှာ ဒေါင်းတံဆိပ်၊ မြန်မာအလံမှာ ဒေါင်းတံဆိပ် ... ဒါတွေကို အစွဲပြုပြီး ယူခဲ့တာလည်း ပါပါတယ်။ "စင်ထရယ်လ်" ကျောင်းမှာ နံရံကပ်စာစောင်တွေ စ ရေးကြတော့ ဒေါင်းဒင်နဲ့ပဲ။ နောက်တော့မှ ဒေါင်းနွယ်ဆွေ ဖြစ်သွားတာပါ။ ၁၉၄၈ ခုနှစ်က စတာပေါ့ "
" ကျွန်တော် မှတ်တမ်းတင်ထားလို့ရအောင် ဆရာ စာပေနယ်ထဲ ရောက်လာခဲ့ပုံပြောပြပါဦး ဆရာ"
" စာပေလောကထဲ ရောက်အောင် ပထမဆုံး လှုံ့ဆော်ပေးခဲ့သူကတော့ ကျွန်တော့် အဘွားပဲ။ အဘွားက ဇိနတ္ထပကာသနီ တွေ ဖတ်ပြတယ်။ ပုံတွေ ပြောပြတယ်။ မှတ်မှတ်ရရ ပထမဆုံး ဖတ်တတ်ခဲ့တဲ့ စာ ကတော့ "ကိုပြုံးချို" ၀မ်းနုတ်ဆေး ကြော်ငြာပဲ။ အဘွားရေ ကျွန်တော် စာဖတ်တတ်ပြီလို့ ပြောတော့ အဘွား က ရယ် လိုက်တာ။
နောက် ဂျပန်ခေတ် ရောက်လာတော့ ကျွန်တော့် ဘကြီးတစ်ယောက်ဆီက ဒဂုန်မဂ္ဂဇင်းတွေ ဖတ်ရတယ်။ အဲဒီက ကဗျာတွေ စ လေ့လာတာပဲ။ ဗုံးတွေ ချနေတဲ့ကြားကပဲ ကဗျာ စ ရေးခဲ့တယ်။ ကိုယ့် ကိုယ် ကိုယ်တော့ ဟုတ်လှပြီပေါ့။ ကျွန်တော့်ကို ကဗျာမတတ်ဘူးလို့ လူရှေ့မှာ ပြောလိုက်လို့ အရှက် ရဖူးတာ ရှိတယ်။ ပြောလိုက်တဲ့ လူက "ဟံသာဝတီ ဦးဘရင်" ပေါ့ ဒီလူကြီးက ခေါင်းတုံးကြီးနဲ့ ဂျပန်ခေတ်မှာ ပွဲစား လုပ်နေတာကိုး။ သူ လာတော့ မေမေက သားရေ မင်းကဗျာတွေ ပြလိုက်ပါဦး ဆိုတာနဲ့ သူ့ကို ပြ လိုက်တယ်။
ဂျပန်စက္ကူ တစ်ဖက်လွတ်မှာ လျှောက်ရေးထားတဲ့ ကဗျာတွေ အများကြီး ရှိတယ်။ ကာရန် မပါဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်တော့ ကဗျာသမားပေါ့။ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်း၊ သူ့လမ်းစဉ်မှာ၊ နိုင်ငံရေး သတ္တိ ... ဘာညာနဲ့ ရေးထားတာ တစ်လုံးမှ ကာရန်မချိတ်မိဘူး။ ဆရာက ရယ်တယ်။ မင်းဟာ ကဗျာ မှ မဟုတ်ဘဲတဲ့။ ဟာ ... ဘယ့်နှယ်မဟုတ်ရမှာလဲ၊ ဒီမှာ လေးလုံးစပ် ရေးထားတာပဲလို့ ဆရာနဲ့ ခံငြင်းတယ်။ ဆရာက အဲဒီတော့မှ လေးလုံးစပ်ရေးတိုင်း ကဗျာမဖြစ်တဲ့အကြောင်း၊ ကာရန်ကြိုး ခတ်တာတွေ၊ နွယ်တာ တွေ ပါရမယ့်အကြောင်း ပြောပြတယ်။ ဒါကြောင့် ကျွန်တော့် ပထမဆုံး ဆရာဟာ ဟံသာဝတီ ဦးဘရင် ပဲ။ တကယ့်တကယ် ပြောရရင်တော့ အဘွားနဲ့ ဒဂုန်မဂ္ဂဇင်းက စ ခဲ့တာပေါ့လေ။
ဒုတိယဆရာက "သပြေညို"ပဲ။ ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေ။ ကျွန်တော်တို့ကျောင်းမှာ ဒီကဗျာ သင်ရ တော့ အတန်းထဲမှာ ကျွန်တော်က ထထရွတ်ပြရတယ်။ ကဗျာရွတ်တာကို ကျွန်တော် ၀ါသနာပါတယ်။
ပြီးတော့ တစ်ခါ ကျွန်တော့် ကဗျာတွေကို ပါအောင် ထည့်ပေးလိုက်တာက စာရေးဆရာမ "ငွေတာရီ"ပဲ။ ငွေတာရီ က ကျွန်တော့်ကဗျာ တွေကို ဟံသာဝတီသတင်းစာမှာ ထည့်ပေးခဲ့တယ်။ ဒါကတော့ ကျွန်တော့် ကဗျာလမ်းကြောင်း ပါပဲ။ ၁၉၄၆ ခုနှစ်လောက်က စပြီး ကျွန်တော့် ကဗျာတွေ မဂ္ဂဇင်းတွေမျာ ပါခဲ့ပါတယ်။
" ကျေးဇူးတင်ပါတယ် ဆရာ၊ ခုလို ပြည့်ပြည့်စုံစုံ မှတ်တမ်းတင်ခွင့်ရတဲ့အတွက် ၀မ်းသာပါတယ် ဆရာ "
" ကိုဝင်းငြိမ်း ကသာ ပြည့်ပြည့်စုံစုံလို့ ပြောနေတာ ကျွန်တော်ကတော့ အားမရသေးဘူးဗျ"
" ဟုတ်ပါတယ် ဆရာ။ ပြောမယ်ဆိုရင် နောက်ထပ် ပြောချင်စရာတွေ အများကြီး ရှိပါလိမ့်ဦးမယ်။ ကျွန်တော်တို့ ဘက်က နေရာအခက်အခဲကြောင့် ကန့်သတ်ချက် ထားရတာမို့ ကျွန်တော်လည်း ဒါလောက် နဲ့ပဲ လက်စသတ်ရတာပါ။ နောက်တစ်ကြိမ် ဆုံခွင့်ရဦးမယ်ဆိုရင်တော့ ဒီထက် ပြည့်စုံတဲ့ အကြောင်း အချက် တွေ ပြောကြသေးတာပေါ့ ဆရာ "
" ဘာသာ လာခဲ့ပါဗျာ။ ကျွန်တော့်ဘက်ကတော့ အဆင်သင့်ပါပဲ "
ပေဖူးလွှာ၊ မဂ္ဂဇင်း၊ အမှတ်-၄၁၊ အောက်တိုဘာလ၊ ၁၉၈၄ ခုနှစ်။
.
>>>ဆက်ဖတ်ရန်>>> >>
မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၃)
ဆည်မြောင်းကထွက်ပြီး လက်ဖက်ရည်ဆိုင် ဖွင့်သေးတယ်။ မြို့ပတ်လမ်းဘက်မှာ အဲဒီမှာ နဂိုက ဆေးလိပ် သောက်တတ်သူ လက်ဖက်ရည်ဆိုင်ဖွင့် တော့ စီးကရက်သောက်တာ တစ်နေ့လုံး သုံးဗူး လောက် ကုန်တယ်.. သည်တုန်းက လန်ဒန် စီးကရက်ပေါ့ဗျာဟု ပြောတော့ ကျွန်တော် တောင်ကြီး စပ်စံထွန်း ဆေးရုံတွင် ကင်ဆာရောဂါကြောင့် ဓါတ်ရောင်ခြည်ကင် ကုသခံယူစဉ်က ကင်ဆာဝပ်မှ ဆရာဝန်ကြီး များက လူနားများကို အမြဲသတိပေးသည်မှာ ဆေးလိပ် ကွမ်းယာ အရက် မသောက်ဖို့ အပေါ်ပိုင်း သမားများ (လည်ချောင်းမှ အထက်) အပူအစပ်မစားဖို့ ကို သတိပေးတတ်သည်။ 
ဓါတ်ရောင်ခြည်ကင်တာ ရက်ပြည့်သွားသူများ နေရပ်ပြန်လျှင်လည်း (တောင်ကြီး စပ်စံထွန်းဆေးရုံ ကင်ဆာဝပ် သို့ ကင်ဆာရောဂါ ကုသမှုခံယူရန် ရေး၊မြိတ်၊ထားဝယ်၊ သံဖြူဇရပ်၊ မော်လမြိုင်၊ ရန်ကုန် ၊မန္တလေး၊ မြင်းခြံ၊ ရေန့ချောင်း၊ တောင်ငူ ၊တိုက်ကြီး၊ ပုသိမ်၊ ဘိုကလေး၊ တောင်ကြီးမြို့ဝန်းကျင် စသည်ဖြင့် အနယ်နယ် အရပ်ရပ်မှ လူနာများ ရောက်လာကုသကြသတာကို ကျွန်တော် တွေ့ခဲ့ရသည်။)
ထိုအထဲ တွင် ကိုမြင့်အောင်လို အသံအိုးထုတ် လည်ပင်းဖောက်ထားရသော လူနာသုံးလေး ဦးလည်း တွေ့ခဲ့ ရပါသည်။
အဲဒီသုံးလေးဦးထဲက တစ်ဦးကတော့ ဘိုကလေးကဖြစ်သည်။ ကင်ဆာဖြစ်ပြီး ရွာလည်နေသဖြင့် အသံအိုး ထုတ် လည်ပင်းဖောက်လိုက် ရခြင်းဖြစ်သည်။ သူဖြစ်တာ ဘယ်လောက် ကြာပြီလဲ မေးတော့ လက်နှစ်ချောင်း ထောင်ပြခါ အသံမထွက်ဘဲ ပြောပြသည်။ နှစ်လလား။ ခေါင်းခါသည်။ နှစ်နှစ်လား ဆိုတော့ ခေါင်းညိတ်သည်။ လူက ကျန်းကျန်းမာမာ။ ကျွန်တော် ဓာတ်ရောင်ခြည်ကင်တာ ရက်ပြည့်ပြီး ပြန် လာတော့ ထိုသူ ဓာတ်ရောင်ခြည်ကင်၊ ဆေးသွင်း ကျန်ရစ်လေသည်။ ဆေးစာအုပ်မှာ ဆေးလိပ်၊ အရက် မသောက်ရ၊ ကွမ်းမစားရဟု ရေးပေးလိုက်တတ်သည်။ 
ကင်ဆာဝပ်ရှိ နံရံပေါ်က ဆောင်ရန်၊ ရှောင်ရန် တွေမှာလည်း ဆေးလိပ်၊ အရက်၊ ကွမ်းတို့က ရှောင်ရန်များမှာ အဓိက ပါတတ်သည်။ လက်လုပ်ချဉ် များ၊ ဆိုးဆေး ပက်ထားသည့်ငါးခြောက်၊ ၀တ်ကူချောင်းများ၊ ငရုပ်ဆီများ စသည်လည်း ရှောင်ရန် ထဲမှာ ပါဝင်သည်။
ကိုမြင့်အောင် က ဆက်ပြောသည်။ သို့မဟုတ် ကိုမြင့်အောင်၏ ကိုယ်စား အသံ(Ghost speaker) များက ပြောသည်။
စဖြစ်တော့ ချောင်းဆိုးတယ်။ ပြီးတော့ အသံဝင်လာတယ်။ ချောင်းက ရက်ဆက် ဆိုးပြီး နောက် သွေးစကလေး ထွက်လာတယ်။ ကျွန်တော်သွေးစလေးကို ကိုင်ကြည့်မိတယ်။ အသံက သိပ် မထွက် တော့ဘူး။ ဒါနဲ့ ပြည်မှာရှိတဲ့ ဆေးခန်းက ဆရာဝန်ကိုသွားပြတယ်။ ဆရာဝန်လေးက ချက်ခြင်း ရန်ကုန် လွှတ်ပါတယ်။ ကင်ဆာ ဖြစ်နိုင်တယ်လို့လည်း မပြောဘူး။ (ဒါပေမယ့် ဆရာဝန်က တီဘီသို့မဟုတ် ကင်ဆာ လက္ခဏာဆိုတာ အသေအချာ သိမှာပါ။ ဒါကြောင့် ရန်ကုန် မြန်မြန်လွှတ်တာပေါ့။ နား၊ နှာခေါင်း ဆရာဝန် ကို ပြဟုလည်း ညွှန်းပုံရသည်။)
သို့နှင့် ရန်ကုန်သွားခဲ့သည်။ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် ညီတစ်ယောက် ရှိသည်။ ကျွန်တော့် ညီ အိမ်မှာပဲ တည်းပါတယ်။ တည်းပြီး နား၊နှာခေါင်း၊ လည်ချောင်း ဆရာဝန်ကြီး ဒေါက်တာသာလှိုင် ဆိုတာကို ပြပါတယ်။ ဆေးခန်းမှာပါ။ ဆေးခန်းက ရန်ကုန် ဘယ်နားရှိတယ် မပြောတတ်တော့ပါဘူး။ အာရှတော်ဝင် တို့ ရွှေဂုံတိုင် ဆေးခန်းတို့တော့ မဟုတ်ပါဘူး။ ရွှေဘုံသာလမ်းမှာ ရှိတာလား။ ကျောင်းမြောင်း မှာလား ဆိုတာလည်း မမှတ်မိတော့ပါဘူး။ ကျွန်တော်က ရန်ကုန် သိပ်မကျွမ်းပါဘူး။
ဆရာဝန်ပြတော့ ဆရာဝန်က လည်ချောင်းကို ခြစ်ယူပြီး (အနာအသားစကို မှန်ပြောင်းထည့် နမူနာ  ယူပုံရပါသည်) ဓာတ်ခွဲစမ်းသပ်ပါတယ်။ ဓာတ်ခွခြန်းအဖြေရတော့ ကင်ဆာတဲ့။ ကင်ဆာမှန်း အသေအချာ အဖြေ ကို သိတာက ညီနဲ့ ခယ်မပါ။ ကိုမြင့်အောင်ကတော့ အသေအချာ မသိပါဘူး။ သိလည်း ကင်ဆာ ဆိုတာ ဘာကောင်မှန်း၊ ဘယ်လောက် ခုက္ခပေးမှန်း၊ အသက်အန္တရာယ်ကို ဘယ်လိုခြိမ်းခြောက်နိုင်မှန်း၊ ဘယ်လောက် ကြောက်စရာကောင်းမှန်း စီစဉ်ညွှန်ကြားတာကတော့ ညီရဲ့ဇနီး (ခယ်မ) ပါပဲ။ 
ခယ်မက ဓာတ်ကင်ရင် ဆံပင်ကျွတ်မယ်။ ခံတွင်းပျက်မယ်။ ကင်မနေနဲ့ဆိုပြီး ပြည်ကို ပြန်လွှတ်တယ်။ ဗမာဆရာနဲ့ ဆက်ကု ပေါ့။ ဓာတ်မကင်ရင် (မကုသရင်) ရောဂါက အသက်အန္တရာယ် ရှိတယ်ဆိုတာ ခယ်မလည်း သိပုံ မရဘူး။ သူကတော့ ပြန်ဆိုလည်း ပြန်တာပေါ့ဆိုပြီး ပြန်ခဲ့တယ်။ အဲဒီတော့ ၂၀၀၃ ခုနှစ်၊ မတ်လထဲ ရောက်နေပြီ။ အသံက မထွက်တော့ဘူး။ အစားစားလို့လည်း ကောင်းကောင်းမရတော့ဘူး။
ပြည်ကို ပြန်ရောက်ပြီးတော့ မြန်မာမြစ်ပွားနာ ကုတဲ့ နာမည်ကြီး ဆရာတစ်ယောက် သုံးဆယ်မှာ ရှိတယ် ဆိုလို့ သုံးဆယ်မြို့ သွားပြီးကုတယ်။ အဲဒီဆရာနာမည်က ဆရာမှတ်ကြီးတဲ့။ လည်ချောင်း အလွန်အမင်း နာနေတာ ကို ဆေးလိမ်းတယ်။ သောက်ဆေး ပေးတယ်။ သောက်ဆေးက အရည်ပေါ့။ နှစ်ပတ်လောက် ကု ကြည့်တယ်။ မသက်သာပါဘူး။ အဲဒီအချိန်မှာ လူလည်း အတော်ကျသွားပြီ။ အဖတ်မစားနိုင်တာကြာပြီ ဖြစ်ရာက အရည်သောက်ဖို့တောင် ခက်လာတယ်။ အသံကလုံးဝ အထွက်တော့ဘူး။ အိပ်ရာထဲ ပက်လက်။ မလှုပ်နိုင် မရှားနိုင်။ လူတစ်ကိုယ်လုံး အရိုးနဲ့ အရေခွံပဲ ကျန်တော့တယ်။ အဖေက ကျွန်တော့်ကြည့်ပြီး စိတ်မကောင်း သလို အမေကတော့ မျက်ရည်နဲ့ မျက်ခွက်ပေါ့။ ငါ့သားလေး ဒီတောင်က ကျော်နိုင်မယ် မထင် ဘူးပေါ့။ ဖက်ငိုတယ်။
အောင်လံက လူနာမေးလာတဲ့ အဒေါ်တွေ ဦးလေးဆွေမျိုးသားချင်းတွေလည်း ကျွန်တော့်ကို ပစ်လိုက် ရတော့မယ်ပဲ ထင်ကြတယ်။ ဒါနဲ့ တကယ်လို့ ကျွန်တော်သေရင် သူတို့ ထပ်မလာ နိုင်တော့ဘူးပေါ့။ အလုပ်တွေက တစ်ဖက်နဲ့လေ။ ဒါနဲ့ အသုဘကူငွေကို တစ်ခါတည်း ထည့်သွားကြတယ်။ကျွန်တော့် အခြေအနေ က အဲဒီလောက်ဆိုးနေတာ။ စကားကမပြောနိုင်။ အစာရေစာကလည်း မ၀င်တော့ဘူးလေ။ အသက်ရှုဖို့ တောင် ခက်လာ နေပြီမဟုတ်လား။ ကျွန်တော့ကိုယ်ကျွန်တော်လည်း စိတ်လျှော့ထားပါပြီ။ ဒါနဲ့ အမေအဖေ၊ ညီကိုမောင်နှမတွေက ရွာကဘုန်းကြီးပင့်ပြီး သရဏဂုံတင်လိုက်ကြတယ်။
ကိုမြင့်အောင်၏ အစ်ကို ကိုဝင်းလှိုင် ဖြစ်သူကလည်း ထိုအခြေအနေရောက်နေသော အချိန်တွင် သူ ကူညီ ဆောင်ရွက်ပေးရသော ထူးခြားသည့် အခြေအနေ တစ်ရပ်ကို ပြောပြသည်။
မြင့်အောင် ရဲ့ ကုသိုလ်ပဲဗျာ။ အဲဒီလို အခြေအနေ အတော်ဆိုးနေချိန်မှာ အမွှေးတိုင်ရောင်း တဲ့ကျွန်တော် တို့ မိတ်ဆွေကြီးတစ်ယောက် ဒီပြည်မြို့ကပဲ ရောက်လာတယ်။ အဲဒီမိတ်ဆွေ ကြီးက သာမည ဆရာတော်ကြီး ရဲ့ ပုံတော်တစ်ပုံပေးတယ်။ ဆရာတော်ကြီး ပုံတော်မှာ ဂါထာတော်ပါတယ်။ အဲဒီ ဆရာတော်ကြီးဂါထာကို ရွတ်ဖို့တစ်ရက် ဥပုသ်စောင့်တယ်။ ပြီးတော့ မြင့်အောင်ဘေးမှာထိုင်ပြီး ဆရာတော် ဂါထာ ကို ရွတ်တယ်။ ပုံတော်ကို မြင့်အောင်ခေါင်းရင်းမှာထားပြီး ဂါထာတော်ကို တစ်ညလုံး ရွတ်တယ်။ မနက်ကျတော့ ကျွန်တော်က မြင့်အောင်ကို ပြောလိုက်တယ်။ မြင့်အောင် မင်းမသေ တော့ဘူးလို့။ ဒါတကယ် ကျွန်တော့်အတွင်းစိတ်ထဲကကို ယုံကြည်ပြီးပြောတာ။ မင်းဆရာတော်ကြီး ကိုသာ အာရုံပြု နေပါလို့လည်း ပြောမိတယ်။ ဒီတုန်းက သာမည ဆရာတော်ကြီး ပျံလွန်တော် မမူသေးဘူး။ ထူးဆန်း တာက အဲဒီမနက်ပဲ ဟင်္သာတက ညီတစ်ယောက် ဆီက ဖုန်းဝင်လာတယ်။ ဟင်္သာတမှာ သူ့မိန်းမ ကို ကုပေးတဲ့ ဆရာဝန်တစ်ယောက်ရှိတယ်ပေါ့။
တော်တယ်ပေါ့။ အဲဒီ လာပြကြည့်ပါလားပေါ့။ အဲသည် ဆရာဝန်ကလည်း ရန်ကုန်က နား၊ နှခေါင်း၊ လည်ချောင်း ဆရာဝန်ကြီး ဒေါက်တာသာလှိုင် ရဲ့ တပည့်ပဲ။ ဒေါက်တာ ခင်မောင်အေးတဲ့။ ဒါပေမဲ့ မြင့်အောင် အခြေအနေက အတော်ကို ဆိုးနေပြီ။ ဟိုနား ဒီနား သယ်သွားဖို့တောင် ခက်နေပြီ။ ဒါနဲ့ ချီတုံချတုံ ပေါ့။ ပြောရဦးမယ်။ အဲဒီ ဟင်္သာတမတိုင်ခင် ပြည်က အရင်ပြခဲ့တဲ့ ဆရာဝန်ကို ပြန်ပြ သေးတယ်။ ကိုမြင့်အောင် အခြေအနေက အတော်ဆိုးနေပြီပေါ့။ မချိမဆန့်လည်း ခံစားနေရတယ်ပေါ့။ ဆရာ ဘာလုပ်ပေးနိုင်မလဲ လုပ်ပေးပါလို့လည်း ပြောမိပါလိမ့်မယ်။ ဒေါက်တာ က လူနာကို ကြည့်ရှုပြီး ကျွန်တော် အစကတည်းက ခုမှတော့ ဘာလုပ်လို့ရတော့မှာလဲ။ ဘာမှလုပ်လို့ မရဘူး။ သူစားချင်တာသာ တတ်နိုင် သမျှ ကျွေးကြပေတော့ဆိုပြီး ဆရာဝန်က လက်လျော့ လိုက်တော့ စိတ်ဓာတ်ကျသွားတာပေါ့။ လက်လျော့ လိုက်ရပြီပေါ့။
နောက်ဆုံးတော့ ဟင်္သာတ သွားကုရေး မကုရေး ဘဲ ဆုံးဖြတ်ရတော့မယ်။ ကိုမြင့်အောင်ရဲ့ သဘောထား ကိုလည်း မေးရတယ်။ သူက အဓိကပေါ့။ ဟင်္သာတသွားကုချင်သလား မကုချင်ဘူးလား။ သူလည်း ပထမ တော့ ချီတုံချတုံပေါ့။ နောက်တော့ ကဲမထူးပါဘူး ဒီအတိုင်း လည်စင်းခံနေမယ့်အစား လမ်းမှာ ဖိတ်စင် ရင်လည်း ဖိတ်စင်ပစေတော့ ဆိုပြီး သွားမယ်ဆိုပြီး ဆုံးဖြတ်တယ် ဟု ကိုမြင့်အောင်အစ်ကို ကိုဝင်းလှိုင်က သူ့အပိုင်း ကို ၀င်ပြောပါမည်။ နောက်တော့ ကိုမြင့်အောင်၏ ကိုယ်စားအသံက ဆက်ပြောသည်။
 ကျွန်တော့်မှာ ကင်ဆာရောဂါရဲ့ တိုက်စစ်ဖွင့်ကစားတာကို ခံစစ်နဲ့ အသေအလဲ တောင့်ခံနေရာကနေ အဲဒီအချိန် မှာတော့ ကျွန်တော် တန်ပြန်တိုက်စစ် ဖွင့်ပါတော့တယ်။ ဒါကဘောလုံးစကား နဲ့ ပြောတာပါ။
အဲဒီတော့ ၂၀၀၄ ခုနှစ်ထဲ ရောက်နေပါပြီ။ ဧပြီ၊ မေလလောက်မှာ ဖြစ်မလားမသိဘူး။ ကားစင်းလုံး ငှားရတယ်။ ကျွန်တော်က အားအင်လုံးဝနီးပါး မရှိသလောက်ဖြစ်နေတာ့ ပွေ့ချီပြီးတင်ရတယ်။ ကားပေါ်မှာ လှဲ တင်လို့ရ တဲ့ ဟိုင်းလတ်ကားလေး ငှားရတာပေါ့။ နွေကာလဆိုတော့ ညဘက် ၁၁နာရီမှ ပြည်မြို့ ကနေ စထွက်တယ်။ ဒီပြည်မြို့ န၀ဒေး တံထားကဖြတ်ပြီး ပုသိမ်မုံရွာလမ်းအတိုင်း ကားက သွားတာ။ ဟင်္သာတ ကို မနက် ၇နာရီ လောက်မှာ ရောက်သွားပါတယ်။
အဲဒီနေ့ပဲ ဒေါက်တာ ခင်မောင်အေးကို ပြသတော့ ဆရာဝန်က စစ်ဆေးကြည့်ပြီး ကင်ဆာ ရောဂါက အဆင့်နှစ် ပဲရှိသေးသတဲ့။ ကုလို့ရသတဲ့။ သူ့ဆီရောက်လာမှတော့ ဘာမှမပူနဲ့  ဆိုတော့ အားတက် သွားမိတယ်။ ဒါပေမယ့် လူက အားမရှိဘူး။ ဆရာက ချက်ခြင်းပဲ အသက်ရှူဖို့ လည်ပင်းကဖောက်၊ အစာ အားဆေး ကို နှာခေါင်းကသွင်း စတဲ့ ကုသမှုကို ဆေးရုံတက်စေပြီး စတင်ကုပါတယ်။ ဟုတ်ကဲ့။ သွေးစစ်တာ တို့၊ ဓာတ်မှန် ရိုက်တာ၊ အီးစီဂျီ ရိုက်တာတွေလည်း လုပ်ပါလိမ့်မယ်။
ကျွန်တော် ကတော့ သိပ်မမှတ်မိဘူး။ အဲဒီအချိန်မှာ ကိုယ်အလေးချိန် ဘယ်လောက်ရှိမယ် ဆိုတာလည်း မမှတ်မိ တော့ဘူး။ ဇနီးဖြစ်တဲ့ မသီတာအောင်ကလည်း ကလေးတွေနဲ့ အမေတို့အဖေတို့ တာဝန်ရှိတော့ ကျွန်တော် နဲ့ လိုက်မလာနိုင်ပါဘူး။ အစ်ကို ကိုဝင်းလှိုင် သာပါပါတယ်။ တခြားမိတ်ဆွေတချို့ပါတယ်။ ဟင်္သာတ မှာက ညီဖြစ်သူနဲ့ သူ့ဇနီးဆွေမျိုးသားချင်းတွေရှိတယ်။ သူတို့က အစစအရာရာ ကူညီ ဆောင်ရွက် ပေး ပါတယ်။
ဆေးရုံမှာ မခွဲမစိတ်ခင်အစာသွင်း၊ ဆေးသွင်းလုပ်နေတာ တစ်လလောက်ကြာပါတယ်။ အဲဒီတော့မှ အတော်အတန် အားပြန်ပြည့်လာခဲ့တယ်။ ဒီတော့မှလည်ချောင်းထဲက အကျိတ်ကို ခွဲစိတ်ထုတ်ဖို့ ပြင်ဆင် ပါတယ်။ ကျွန်တော် ကို ခွဲစိတ်ဖို့ ဆေးစာအုပ်တွေ ပြန်ကြည့်၊ မှတ်တမ်းတွေကြည့်၊ ဓာတ်မှန်တွေ လေ့လာ၊ ခွဲစိတ်ခန်း ထဲ ၀င်မယ့် ဆရာဝန် အချင်းချင်း ညှိနှိုင်းဆွေးနွေး တာတွေလုပ်ပါတယ်။ အားလုံးပြည့်စုံပြီဆိုမှ ခွဲပါတယ်။
ခွဲစိတ်တဲ့နေ့က နေ့ခင်း(၁) နာရီထဲက ခွဲစိတ်လိုက်တာ ည ၈နာရီမှ ခွဲခန်းက ထွက်ရတယ်။ အကူဆရာမ တစ်ယောက် ဆိုရင် ပင်ပန်းလွန်းလို့ မူးမေ့လဲသွားခဲ့တယ်လို့ ပြန်ပြော ပြပါတယ်။ ကျွန်တော်ကတော့ ဘယ်သိမလဲ။ အဲဒီနေ့က ကျွန်တော် ည ၁၀ နာရီမှ သတိရ ပါတယ်။ ကျွန်တော့် လည်ချောင်းထဲက ခွဲထုတ် လိုက်တဲ့ အလုံးက ဂုံညင်းလုံးလောက် ရှိမယ်ထင်တယ်။ သုံးလက်မပတ်လည်လောက် ရှိမလားပဲ။
ဟင်္သာတမှာ ၃ လကြာသွားတယ်။ ပါးစပ်ကနေ ထမင်းစားလို့ ရလာတယ်။ ရေသောက်လို့ လည်း ရတယ်။ လည်ပင်းပေါက် ကတော့ အသက်ရှူဖို့ပေါ့ဗျ။ ဟင်္သာတက ပြန်လာပြီးမှ ကျွန်တော် ရန်ကုန်ကို ဓာတ်ရောင်ခြည် ကင် ဖို့ သွားရပါတယ်။ ဟုတ်ကဲ့... ရန်ကုန်မှာ ဓာတ်ရောင်ခြည် သွားကင်တော့ ရှစ်လ ပိုင်း သြဂုတ်လလောက်မှာပေါ့။ ဟင့်အင်း... ကင်ဆာဆေး မသွင်းရပါဘူး။ ဓာတ်ကင်ရုံပါပဲ။ ကင်ဆာခန်း က ဆရာဝန်ကြီး ဒေါ်မေကြည် နဲ့ ပြသရတာပေါ့။ ဟုတ်ကဲ့.. ၂၀၀၄ ခုနှစ်မှာပါပဲ။
တစ်ခါ ဓာတ်ရောင်ခြည်ကင်ရင် ၄မိနစ်လောက်ကြာမယ်ထင်ပါတယ်။ (အမှန်တကယ်က လူနာ တစ်ယောက် ကို ဓာတ်ရောင်ခြည်ကင်ရာတွင် ၅မိနစ်ခန့်မှ အချို့ ထို့ထက်ပိုပါသည်။ ၀သောသူများ အဆီများ သူများဆို အချိန်အနည်းငယ် ပိုကင်ရတတ်သည်ဟု ဆိုပါသည်)
ကျွန်တော် ကင်ဆာရောဂါ ဖြစ်တာ ၂၀၀၂ ခုနှစ်က စတင်ပြီး ၂၀၀၄ ခုနှစ် နှစ်ကုန်ခါနီး သုံးနှစ်ကြာ ခံစား ရပြီးမှ ဆေးကုသမှုဆုံးပါတယ်။ ဆေးကုသပြီး ခုထိဘာမှ ပြန်မဖြစ်ပါဘူး။ ၆နှစ်ရှိပြီဆိုပါတော့။
ကင်ဆာ နဲ့ ကျွန်တော် ရဲ့ တိုက်ပွဲမှာ ကျွန်တော်က ကျွန်တော့်အသက်နဲ့ လူ့ဘ၀ ကို ပြန်ရပြီး ကင်ဆာ ကတော့ ကျွန်တော့် ဆီက အသံကို နုတ်ယူသွားသလို အနံ့နဲ့အရသာကိုလည်း အပိုင်သိမ်းသွားတာ ခံရပါတယ်။ ဒါပေမဲ့ ကျွန်တော် ကံကောင်းပါတယ်။
လုံးဝ သုည အခြေအနေက ကျွန်တော်ပြန်လည် ရုန်းထနိုင်လာပါတယ်။ ခုဆိုကျွန်တော့်သား အကြီးက ဂျီတီစီ ဘွဲ့ရခဲ့ပြီ ဖြစ်ပါတယ်။ ဒုတိယသားက တက္ကသိုလ်တက်နေပြီး အငယ်ဆုံး မိန်းကလေးက ကိုးတန်း မှာ ပညာသင် နေပါတယ်။ ခုချိန်ထိမိသားစု ဥမကွဲသိုက်မပျက် ပျော်ပျော်ရွှင်ရွှင် နေနိုင်သေးတာ ကျွန်တော် ရဲ့ အမြတ်ဝေစုတွေပါပဲ။
ကျွန်တော်နှင့် ကိုမြင့်အောင်တို့ မိသားစုနှင့် စကားစမြည်ပြောဆိုတာ အချိန်သုံးနာရီနီးပါး လောက် ကြာမြင့် ပါမယ်။ နောက်ဆုံးမှာ ကိုမြင့်အောင်ကို ကျွန်တော်က နိဂုံးချုပ်ပေးပါတယ်။
အမှန်တကယ်က ကိုမြင့်အောင်ရေ၊ ခင်ဗျားအဖြစ်က ဝေ့စ်(ကွေ့ကောက်) နေလို့ပါ။ ခင်ဗျားပထမဆုံး ရန်ကုန် သွားပြကတည်းက ဓာတ်ရောင်ခြည်ကင်ရမယ်ဆို ကင်လိုက်ရင် ခုလို အသံတိတ်ဇာတ်ကား ဖြစ် သွားစရာ မလိုတော့ဘူးပေါ့ဗျာ။ အနံ့အရသာလည်း ပျက်ချင်မှ ပျက်မယ်။
ကျွန်တော် လည်း အသံအိုးကင်ဆာဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ဖြစ်စမှာ အသံပျောက် မသွားဘူး။ ခင်ဗျားလို အသံပျောက် သွားတဲ့ လူငယ်တစ်ယောက် ကျွန်တော်တောင်ကြီးမှာ တွေ့ခဲ့တယ်။ သူလည်းအသံအိုးမှာ ကင်ဆာ ဖုလေးတွေ ထွက်ပြီး အသံအိုးယောင်ရမ်း ကာအသံပျောက်သွားတဲ့အထိ ဖြစ်ခဲ့တယ်။ ထိုင်းအထိ သွားကု ဖို့ စိတ်ကူးခဲ့သေးသတဲ့။ ထိုင်းသွားကုရင် မြန်မာငွေ သိန်း ၁၀၀ လောက်ကုန်မယ်ဆိုလို့ မသွားတော့ ဘဲ မြန်မာပြည် တွင်ကုသတာ။ သူလည်း အချိန်မီသွားလို့တဲ့။ လည်ချောင်း ဖောက်ထုတ် ရတော့မလို့တဲ့။ အသံအိုးယောင်ပြီး အသက်ရှူမ၀ဖြစ်လာ အစားအစာ၊ ရေကအစ သောက်မရပြုမရ ဖြစ်လာလို့လေ။ ဒါပေမဲ့ သူ့အသက် ၂၉ နှစ်ပဲရှိသေးတယ်ဆိုတော့ တော်ရုံတန်ရုံ ခံနိုင်ရှိ တာပေါ့ဗျာ။ သို့ပေမယ့် ဆေးကုပြန်သွားတာနဲ့ ဆေးသွင်း ဓာတ်ရောင်ခြည်ကင် အချိန်မီ သွားတော့ အသံပျောက်တဲ့ ကိန်း မဆိုက်လိုက်ရတော့ဘူးပေါ့။
အမှန်က ကင်ဆာရောဂါ ဆိုတာ ဒီခေတ်မှာ အချိန်မီသာ ကုသရင် ၉၀ ရာခိုင်နှုန်း ပျောက်ကင်း နိုင်ပါတယ်။ သိပ်လွန်သွားရင်တော့ မရဘူးပေါ့ဗျာ။ ကင်ဆာဝပ်က စာအုပ်တွေမှာလည်း အတိအလင်း ရေးထားပါတယ်။ ဓာတ်ရောင်ခြည်ကင်တာ ကြောက်စရာမဟုတ်ဘူး။ ပူတာ စပ်တာ၊ နာတာ စသည်ဖြင့် ဘာ ခံစားမှု မှ မခံစားရပါဘူး။ သို့သော်လည်း ဆရာဝန်ညွှန်ကြားတဲ့  အတိုင်းတော့ အနေအထိုင် ဆင်ခြင် ရမှာပေါ့ဗျာ။
အဲ....ကီမိုသရဖီဆိုတဲ့ ကင်ဆာဆေးရည်သွင်းတာတော့ နည်းနည်းခံစားရတယ်။ အစား မစားချင် လောက်အောင် ခံတွင်းပျက်တာတို့၊ အန်တာတို့၊ ကျို့ထိုးတာတို့ စသည်ဖြင့် သွေးပေါင်ကျ အားနည်း တာမျိုးလည်း ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ခိုင်ခိုင် ဖြတ်သန်းနိုင် ဖို့တော့လိုတယ်။
တစ်ခုတော့ ရှိပါတယ်။ ဗုဒ္ဓဘာသာအလိုအရ ခန္ဓရှိရင် ရှိလာပါတယ်။ ဇာတိဇရာ ဗျာဓိ မရဏ လို့ဆိုတယ် မဟုတ်လား။ မိမိပြုတဲ့ ကုသိုလ်၊ အကုသိုလ်ပေါ်မှလည်း တည်ပါတယ်။ ကုသိုလ်ကံ အကျိုးပေးလို့ အနာနဲ့ ဆေးတွေ့တဲ့အခါ ရောဂါအမြစ်ပြတ်ပြီး လုံးဝပျောက် ကင်းချမ်းသာနိုင်ပါတယ်။ ကုသိုလ်ကံဆိုတာက သံသရာ အဆက်ဆက် မိမိပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကိုလည်း ဆိုလိုရာရောက်ပါတယ်။
ကျွန်တော် တို့ ကိုမြင့်အောင် နှင့် မိသားစုကို နှုတ်ဆက်ပြီး ပြည်မြို့တွင်း ပြန်လာတော့ ဆည်းဆာ။ ဘုရားကြီး ဘုရား ၏ အရိပ် ပင် အတော် ရှည်မျောနေခဲ့ပြီ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Thursday, February 16, 2012
ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၄ဝ)
 (တစ်ပုဒ် ပြီးသွားတဲ့နောက်ပိုင်း ရက်တော်တော်ကြာကြာ စာမရေးဖြစ်တော့ပါဘူး။ အဲဒီရက် တွေမှာ စာဖတ် ပါတယ်။ အချက်အလက်တွေ စုပါတယ်။ ဖတ်ရက် တွေးရက် ကြာလာတော့ ရင်ထဲမှာ ခံစားမှုလေး တွေ ပြည့်လာပြန်ရော။ အဲဒီတော့ နောက်တစ်ပုဒ်ကို စ ရေးပြန်ရော ပေါ့လေ "
" သွားလေရာကို မှတ်စုစာအုပ် ယူသွားတတ်ပါသလား။ တွေ့မြင်တဲ့ အချက်အလက်တွေကို "ဒါလေးတော့ ၀တ္ထုထဲ ထည့်သုံးလိုက်ရင် ကောင်းမယ် " ဆိုတဲ့ စိတ်ကူးမျိုးနဲ့ မှတ်သား ထားတတ် ပါသလား ") ကို ဆက်ဖတ်ရန်....
" ခရီးရှည် ထွက်တဲ့အချိန်ကလွဲလို့ မှတ်စု မကိုင်ပါဘူး။ စာရေးတဲ့သူဆိုတော့ ဖြစ်ရပ်မျန်ပေါ် မူတည်ပြီး စိတ်ကူးယဉ်ကြရတာ ဆိုတော့ ပတ်ဝန်းကျင် လက်တွေ့ဘ၀ရလာတဲ့ အချက်အလက်လေးတွေကို ကြုံရင် ကြုံသလို ခေါင်းထဲတော့ ထည့်လိုက်ရင်ပေါ့ရှင်။ ကွင်းဆင်းလေ့လာရတဲ့ ဖြစ်ရပ်တွေကျမှ စာနဲ့ပေနဲ့ ရေး မှတ် ဖြစ်ပါတယ်"
" ဆရာမ ၀တ္ထုဖတ်လေ့ရှိပါသလား။ နိုင်ငံခြားဝတ္ထုတွေကော ဖတ်ပါသလား။ ဆရာမ ၀တ္ထုတွေမှာ ဆရာမ ဖတ်လေ့ဖတ်ထရှိတဲ့ စာရေးဆရာ တစ်ယောက်ယောက်ရဲ့ "ဟန်"၊ "ပုံစံ" မျိုး ၀င်လာတတ်တာ ရှိပါသလား"
" ကျွန်မက "အဖတ်" ကို "အရေး" ထက်တောင် ပိုဝါသနာပါပါသေးတယ်။ စာမရေးဖြစ်တဲ့ ရက်တွေမှာ ၀တ္ထု တွေ ဖတ်ဖြစ်ပါတယ်။ မြန်မာဝတ္ထု ထွက်သမဗ ကလောင်ဟောင်း ကလောင်သစ် အကုန် ဖတ်ပါတယ်။ နိုင်ငံခြားဝတ္ထုကျတော့ မြန်မာဝတ္ထုတွေလောက် မဖတ်ဖြစ်ပါဘူး။
ဆစ်ဒနီရှဲလ်ဒန်နဲ့ ဘာသာဟေလီ ကို ကြိုက်ပါတယ်။ ဇာတ်အိမ် ခိုင်မာခြင်း၊ ဇာတ်ကွက်စိပ်ခြင်း၊ ဇာတ်လမ်း ကျယ်ပြန့်ခြင်း ဆိုတာတွေကို သဘောကျပါတယ်။ အဲဒီဟန်နဲ့ ပုံစံတွေ ကျွန်မ ၀တ္ထုတွေထဲကို ထိုးဖောက် စိမ့်ဝင်ပါတယ်"
" စာရေးဆရာတိုင်းမှာ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်ပုံစံ ရှိသင့်တယ်လို့ နိုဘယ်လ်ဆုရ စာရေးဆရာကြီး "ဖရန်ဆွာမောရယက်ခ်" က ဆိုခဲ့ပါတယ်။ ဆရာမ ဘယ်လို ယူဆပါသလဲ"
"မှန်ပါတယ်။ ကျွန်မဆိုရင် လုံးချင်းလောကထဲ စ ၀င်ကတည်းက ကျွန်မအတွက် ဟန်နဲ့ပုံစံကို တည် ဆောက် ပါတယ်။ ဒီလိုပါ၊ ဘ၀ဇာတ်ခုံမှာ လူသားတိုင်းအတွက် ကိုယ်စီ ဇာတ်လမ်းငယ်လေးတွေ ရှိ နေပါတယ်။ အဲဒီ ကိုယ်ပိုင်ဇာတ်လမ်းငယ်လေးတွေ တစ်နေရာမှာ ပေါင်းဆုံပြီး ဇာတ်လမ်း ခွင်ကျယ်ကြီး ဖြစ်သွား တတ်ပါတယ်။ ဒါဟာ လူ့လောကရဲ့ တကယ့်ဖြစ်စဉ်ပါ။ ဒါကြောင့် ကျွန်မ ၀တ္ထုတိုင်းမှာ ဇာတ်ကောင် များပါတယ်။ ဇာတ်အိမ် ကျယ်ပါတယ်။ ဇာတ်လမ်းရှည်ပြီး ဇာတ်ကွက် စိပ်သွားတတ် ပါတယ်။ သဘာဝနဲ့ အနီးစပ်ဆုံး ဖြစ်အောင် ဖန်တီးချင်လို့ပါ။
နောက်ပြီး ကျွန်မတို့ တိုင်းပြည်မှာ မိန်းမသား ဦးရေက ယောက်ျား ဦးရေထက် ပိုများပါတယ်။ မိန်းမသား တွေအနေနဲ့ အားနွဲ့သူပါရှင် လုပ်နေရင် လူဦးရေတစ်ဝက်ကျော်ကျော်ဟာ ပျော့ညံ့သူတွေဖြစ် လာပါမယ်။ တိုင်းပြည်နဲ့ ချီပြီး နစ်နာမယ့် အဖြစ်မျိုးပါ။ ဒါကြောင့်မို့ မိန်းမသားဆိုတာ ကြိုးစားရင် ယောက်ျားတွေထက် မညံ့ပါဘူးဆိုတဲ့ စံမျိုးနဲ့ ကျွန်မရဲ့ ဇာတ်ကောင် အမျိုးသမီးတွေကို သရုပ်ဖော်ပါတယ်။
ပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ချစ်ဖို့၊ မြန်မာမလေးတွေ မြန်မာ့ယဉ်ကျေးမှု စည်းဘောင်ထဲက ကျော်လွန်မသွားဖို့ အမြဲသတိထားရေးပါတယ်။ အဲဒီလို မူချထားတဲ့ အချက်တွေလည်း ရှိပါတယ်။
မူချ၊ လိုင်းရွေး၊ ဟန်နဲ့ ပုံစံပါ စိတ်တိုင်းကျ တည်ဆောက်ပြီးမှ ကျွန်မ လုံးချင်းလောကထဲကို ၀င်ခဲ့တာပါ။ အလျဉ်းသင့်လို့ ကြုံကြိုက်တုန်း ပြောရမယ်ဆိုရင် ကျွန်မ၀တ္ထု တွေ ၂၅ နှစ်မြောက်ခဲ့ပါပြီ။ မိန်းကလေးက စပြီး ချစ်ရေးဆိုတာမျိုး ဘယ်စာအုပ်မှာမှ မပါခဲ့ပါဘူး။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ ကန့်လန့်ကြီး ဖြစ်နေတဲ့ အချက်ပါ"
" အဲဒီ ဆရာကြီးကပဲ စာရေးဆရာဆိုတာ အတွေ့အကြုံရင့်ကျက်လာပြီးတဲ့ အသက်အပိုင်းအခြား ရောက် မှသာ အောင်မြင်တဲ့ စာရေးဆရာ ဖြစ်လာနိုင်တယ်။ ဒါကြောင့် လူငယ် စာရေးဆရာတွေမှာ အောင်မြင်ဖို့ အခွင့်အလမ်း နည်းပါးတယ်လို့ ဆိုတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ လူငယ်စာရေးဆရာတွေရဲ့ စာတွေ ကို ပိုပြီး ဖတ်ကြတော့ ပိုပြီး အောင်မြင်တယ်လို့ ပြောရင် ရနိုင်မလားဘဲ။ ဒီတော့ ကျွန်တော် သိချင်တာက ဆရာကြီး ရဲ့ အဆိုအမိန့်နဲ့ ကျွန်တော်တို့ဆီက အခြေအနေ ကွာခြားနေတာ ဘာကြောင့်ပါလဲ။ ဆရာမ အမြင် သိပါရစေ"
" ဆရာကြီး ဖရန်ဆွာမောရယက်ခ်ရဲ့ အဆိုအမိန့်ကို ငြင်းစရာ မရှိပါဘူး။ ယေဘုယျမှာ လူကြီးတွေက အတွေ့အကြုံများပြီး ပိုရင့်ကျက်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တိုင်းပြည်မှာ ဒီနေ့ ရသစာပေဖတ် ပရိသတ် အများစု က လူငယ်တွေ ဖြစ်ပါတယ်။ ရေးသူနဲ့ ဖတ်သူ အသက်အရွယ်ချင်း ညီသလို၊ ခံစားမှုပိုင်း အတွေးအခေါ်ပိုင်း မှာလည်း ပိုမိုနီးကပ်ပါလိမ့်မယ်။ ဒီတော့ လူငယ်စာရေးဆရာတွေကို ပိုလက်ခံတဲ့ သဘောပါ"
"၀တ္ထုတစ်ပုဒ် ရေးပြီးသွားချိန်မှာ အဲဒီဝတ္ထုထဲက ဇာတ်ကောင်တွေနဲ့ ပတ်သက်ပြီး ဆရာမ ရင်ထဲမှာ စွဲလမ်း နေတတ်ပါသလား "
" စရေးချိန်ကတည်းက စပြီး စွဲလမ်းတာပါပဲ။ ရေးပြီးတော့လည်း မထွက်ပါဘူး။ ဒါပေမဲ့ ဇွတ်ကို နှင်လွှတ်လိုက်ရပါတယ်။ ဒီလိုမှ နှင်မလွှတ်ရင် နောက်တစ်ပုဒ် စရေးလို့ မရတော့ပါဘူး။ စာဖတ်ပရိသတ် အနေနဲ့ ကလည်း ကိုယ် နှစ်သက်တဲ့ စာရေးဆရာကို မကြာခဏ ဆိုသလို ဖတ်ချင်ကြပါတယ်။ ဒီဆန္ဒကို ဖြည့်ဆည်း ပေးရမယ့် တာဝန်လည်း ရှိပါတယ်။ စာရေးသူဟာ ရေးပြီးသားဝတ္ထုထဲက ကိုယ့်ဇာတ်ကောင်နဲ့ ကိုယ့် ဇာတ်လမ်း ကို စွဲလမ်းနေရင် နောက်ဝတ္ထုအသစ်တစ်ပုဒ် ရေးဖို့ရာမှာ အခက်အခဲတွေ့မှာပဲ "
" ဆရမ ပရိသတ် နဲ့ ပတ်သက်ပြီး ပြောချင်တာများရှိရင် … "
" ဟုတ်ကဲ့။ ကျွန်မ ပြောချင်တာက ကျွန်မဆီကို ရေးလာကြတဲ့ စာတွေနဲ့ ပတ်သက်လို့ပါပဲ။ ကျွန်မရဲ့ စာအုပ် တွေကို ဝေဖန်ရင် လက်ခံပါ့မလားဆိုတဲ့ သံသယ၀င်နေတဲ့ စာချစ်သူတွေကို ပြန်ကြားချင်ပါတယ်။
ကျွန်မရဲ့ ခံစားမှု အတွေးတွေကို "၀တ္ထု"အဖြစ်နဲ့ စာချစ်သူတွေထံ ပို့ဆက်ပါတယ်။ အဲဒီအခါမှာ စာချစ်သူ များထံက "ဝေဖန်အကြံပြုစာ" များကို ကျွန်မက ပြန်လည် လက်ခံရရှိပါတယ်။ ခံစားချက်ချင်း၊ အတွေး ချင်း၊ ဖလှယ်နှီးနှောကြတယ်လို့ ကျွန်မ ခံယူပါတယ်။
ကျွန်မ ရေးလိုက်တဲ့စာအုပ်နဲ့ ကျွန်မ ပြန်လည် ရရှိတဲ့ စာတွေဟာ ကျွန်မနဲ့ ကျွန်မ ပရိသတ်ရေးသူနဲ့ ဖတ်သူ အကြားမှာ ဆက်သွယ် တွယ်နှောင်းထားတဲ့ ပေါင်းကူးတစ်ခုရဲ့ အသွားနဲ့ အပြန်လမ်းလို့ ကျွန်မ မြင် ပါတယ်။
ဒါကြောင့်မို့ ကျွန်မ စာအုပ်တစ်အုပ် ထွက်ပြီးတိုင်း ဝေဖန်အကြံပြုစာများကို ကျွန်မ မျှော်လင့်နေပါတယ် ဆိုတဲ့အကြောင်း ပြောချင်ပါတယ်။ နောက်တစ်ခုက လုံးချင်းလောကထဲကို ၀င်လာတဲ့အချိန်ကစပြီး နေနွယ်ဇင်မြင့် ဆိုတဲ့ နာမည်တစ်ခုတည်းနဲ့ပဲ ကျွန်မ ရေးပါတယ်။ ကျွန်မမှာ ကလောင်ခွဲ မရှိပါဆိုတဲ့ အကြောင်းပါပဲ။
ကျွန်မကို စာချစ်သူတွေရဲ့ ကိုယ်စား တွေ့ဆုံခြင်း ပြုလုပ်ပေးတဲ့အတွက် ကိုဝင်းငြိမ်းနဲ့တကွ ပေဖူးလွှာ ၀ိုင်း တော်သားတွေကို ကျေးဇူးအများကြီးတင်ပါတယ်"
" ကျေးဇူးတင်ပါတယ် ဆရာမ၊ ကျွန်တော်ကလည်း ပေဖူးလွှာရဲ့ စာတည်းအဖွဲ့နဲ့ ဆရာမရဲ့ စာဖတ်ပရိသတ် ကိုယ်စား ကျေးဇူးတင်တဲ့အကြောင်း မှတ်တမ်းတင်ပါရစေ"
ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ်-၄၀၊ စက်တင်ဘာလ၊ ၁၉၈၄ ခုနှစ်။
စာသားမဲ့သီချင်း၊ အကြောင်းအရာမဲ့ ပန်းချီကား၊ ကာရန်မဲ့ကဗျာ
ဒေါင်းနွယ်ဆွေ
ကာရန်မဲ့ ကဗျာ၊ ကာရန်မဲ့ ကဗျာမဲ့ အပြောများလာကြတဲ့ အချိန်မို့ ဒီလ ကျွန်တော်တွေ့ဆုံပေးရမယ့် ကဗျာ ဆရာကြီး ဒေါင်းနွယ်ဆွေ နဲ့ တွေ့ရချိန်မှာ ကာရန်မဲ့ကဗျာ အကြောင်းကပဲ တိုက်ရိုက် စ မေးလိုက်မိ ပါတယ်။
" ဒီနေ့ ကဗျာလောကမှာ ကာရန်မဲ့ကဗျာနဲ့ ပတ်သက်ပြီး တော်တော်လေး လှုပ်လှုပ်ရှားရှား ဖြစ်လာကြပါ တယ် ဆရာ။ ဆရာနဲ့ ပတ်သက်ပြီး ကျွန်တော် လေ့လာလို့ ရခဲ့သလောက် အထဲက ပြောရရင် ကာရန်မဲ့ ကဗျာ ကို ဆရာက စ ခဲ့တာလို့ သိရပါတယ်။ ဒီတော့ ကာရန်မဲ့ ကဗျာကို ဘာကြောင့် ဆရာ ဖန်တီး ခဲ့တာ လဲ ဆိုတာက စပြီး သိချင်ပါတယ် ဆရာ " 
" ကိုဝင်းငြိမ်းက ကျွန်တော် သိပ်ပြောချင်တဲ့အကြောင်းက စ လိုက်တော့ ပြောရတာပေါ့။ ကာရန်မဲ့ကဗျာနဲ့ ပတ်သက်ပြီး သိပ်ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလ ထွက်တဲ့ အထူးထုတ်မဂ္ဂဇင်းကြီးတစ်ခုထဲ မှာ ကာရန်မဲ့ကဗျာကို တော်တော် အားပေးတယ် ဘာညာ ပြောထားတယ်။ တကယ် ဖတ်ကြည့်တော့ ကာရန်မဲ့ တစ်ပုဒ် မှ မပါဘူး။ ကာရန်တွေ ချိတ်ထားတဲ့ ကာရန်ပျက်ကဗျာတွေပဲ တွေ့တယ်။ ကာရန်မဲ့ ကဗျာ ဆိုတာ ကာရန်တစ်လုံးမှ မပါရဘူး။ ဒါမှ ကာရန်မဲ့ ခေါ်တယ်။ အခုဟာက ကာရန်တွေ ချိတ်သုံးထား ကြတာ တွေ့ရတယ်။
ကျွန်တော် ပြောချင်တဲ့ ကာရန်မဲ့က ဒါ မဟုတ်ဘူး။ ကာရန်မပါတဲ့အတွက်ကြောင့် သူက ပိုပြီး ခက်ခဲတယ်။ ကာရန်မဲ့ ကဗျာ ကို ကျွန်တော် ဘယ်တုံးက စ သုံးခဲ့သလဲဆိုတော့ ၁၉၅၉ ခုနှစ်က ရှုမ၀တိုက်ကနေ "ကဗျာ့ ပုလဲကုံး" ဆိုတဲ့ စာအုပ် ထုတ်တယ်။ ကဗျာ၊ ၀တ္ထုတွေ ရေးရတာ ငြီးငွေ့တုန်း အာရှ-အာဖရိက စာရေးဆရာ ညီလာခံအတွက် ကျွန်တော် ဆိုဗီယက်ကို ပါသွားတယ်။ အဲဒီမှာ ကာရန်မဲ့ကဗျာ ဖန်တီးဖို့ စ ခဲ့တာပဲ။
ဟိုမှာ ဘာတွေ့ရသလဲဆိုတော့ စန္ဒရားဆရာမကလေးတစ်ယောက် စန္ဓရား တီးပြတယ်။ သီချင်း မဟုတ်ဘူး။ သူ တီးချင်တာ တီးနေတာပဲ။ မုန်တိုင်း တိုက်တယ်၊ သစ်ရွက်ကြွေတယ်၊ လေတွေ ငြိမ် သွားတယ်၊ မြင်းခွာသံ တွေ ဖြစ်ချင်ဖြစ်လာမယ်။ ပြောရရင် Song Without Words ပေါ့။ ကျွန်တော်တို့ မြန်မာဂီတ မှာလည်း တယောနဲ့ ပတ်သက်ပြီး ရှိပါတယ်။ ဘိုးတံအဖျားကနေ အရင်းအထိ ထိုးချင်သလို ထိုးသွားတာ၊ နွဲ့သွားတာ၊ ဘယ်လူးညာလှည့် ၀င်ချင်သလို ၀င်လာတာတွေ။ စန္ဒရားမှာ သူ အဲဒီလို လုပ်ချင် သလို လုပ်သွားတယ်။
နောက်တစ်ခါ ဘာတွေ့ရပြန်သလဲဆိုတော့ ဘဲလေးကကွက်။ ကချင်တာ ကသွားတာပဲ၊ ဇာတ်လမ်း မရှိဘူး။ Bellet Without Plot ပေါ့။ ဘဲလေးကကွက်တော့ ဟုတ်တယ်၊ ဒါပေမဲ့ ဇာတ်လမ်း မရှိဘူး။ နောက်ဆုံး ကျတော့ မှ ဒီကကွက်ရဲ့ နာမည်ကို စာတန်းထိုးပြလိုက်တယ်။ Thief တဲ့။ သူခိုးပေါ့။
Painting Without Subject ဆိုတာလည်း ရှိတယ်။ အကြောင်းအရာမဲ့သော ပန်းချီကားပေါ့။ နောက် Sculpture Without Object ပန်းပုရုပ်တော့ ပန်းပုရုပ်ပဲ။ ဒါပေမဲ့ ဘာရုပ်မှန်းတော့ မသိဘူး။ Abstract ဆန် ဆန်ပေါ့။ အကြောင်းအရာတွေ ပျောက်သွားတယ်။ ဒါပေမဲ့ လွတ်လပ်စွာ ကွန့်မြူးခွင့်ဆိုတာတော့ ပါတယ်။ နောက် Country Without Border နယ်နိမိတ်မဲ့သောနိုင်ငံ ဆိုတာတွေလည်း ရှိသေးတယ်။
အဲဒီအကြောင်းအရာတွေကို ကျွန်တော် သဘောကျပြီးတော့ ကဗျာမှာ တီထွင်ကြည့်ချင်လို့ ပြန်လာတော့ (ရှုမ၀)ဦးကျော်ကို ပြောပြတယ်။ ကျွန်တော် ဒီလို ရေးချင်တယ်လို့၊ ဦးကျော်ကလည်း ရေးပါဆိုတာနဲ့ ကျွန်တော် ရေးဖြစ်သွားတယ်။ "မိုးသောက်ပန်းကဗျာများ" ဆိုပြီး သီးသန့်ကဏ္ဍ ထည့်ထားပါတယ်။ အဲဒီမှာ ကဗျာတွေအောက်က ဘာကြောင့် ဒီကဗျာ ဖန်တီးတယ်ဆိုတာ မှတ်ချက်တွေ ထည့်ခဲ့ပါတယ်။ " စောင်းသမား နှင့် မုန်တိုင်း" ဆိုတဲ့ ကဗျာအောက်မှာ ကျွန်တော် ဒီလို ရေးခဲပပါတယ်။ (ကာရန်မပါသော ကဗျာစာတမ်းနု ကို ၀တ္ထုကဲ့သို့ ရေးသားသီဖွဲ့သဖြင့် ဤကဗျာကို ကာရန်မဲ့ကဗျာဟု စမ်းသပ် အမည်ပေးခြင်း ဖြစ်ပါသည်) အဲဒီလို ရေးခဲ့တယ်။
ဒီတုန်းက ၀ိုင်းဆဲခဲ့ကြတာ ခေါင်းတောင် မဖော်နိုင်ခဲ့ပါဘူး။ ဒါ ၁၉၅၉ ခုနှစ်က အဖြစ်အပျက်။ ဒီနေ့ ၁၉၈၄ ခုနှစ် ဆိုတော့ နှစ်အစိတ် ရှိခဲ့ပါပြီ။ အခု ကာရန်မဲ့ကဗျာ ပြန်ပေါ်လာတယ်။ ဒါပေမဲ့ ဟိုလူ လုပ်သလုလို၊ ဒီလူ လုပ်သလိုလို ဖြစ်နေတယ်။ အူမှန်က မှတ်တမ်းမှတ်ရာနဲ့ ရှိခဲ့တာပဲ။ သူတို့ ဆက်လုပ်လာကြတာ တွေ့ရတော့ ကျွန်တော် ၀မ်းသာပါတယ်။ ဒါပေမဲ့ သူတို့ လုပ်နေကြတာတွေက ကာရန်မဲ့ကဗျာဆိုပြီး ကာရန် တွေ ချိတ်နေတယ်။ ကာရန်ပျက်တွေ ဖြစ်နေတယ်။ ကလေးတွေ လိုက်ရေးရင် ဒုက္ခရောက်ကုန် မယ်။ လွယ်လွယ်ကူကူနဲ့ ရေးတာမျိုးတွေ ဖြစ်နေတယ်။
ကာရန်ပျက်ကဗျာတွေရဲ့ အန္တရာယ်က တော်တော်ကြီးပါတယ်။ ကာရန်မဲ့ဆိုတာ ကျွန်တော် ပြောပြမယ်။ ဟောဒါ ကာရန်မဲ့။ ကဗျာနာမည်က "မွှေးလွန်းသောအဆိပ်"။ ကာရန်တစ်လုံးမှ မပါဘူး။ ကျွန်တော် ဖတ်ပြ မယ်။
အချစ်ဟာ ငါရဲ့ နန်းတော်
အချစ်ဟာ ငါ့ရဲ့ ရဲတိုက်
အချစ်ဟာ ငါ့ရဲ့ ရထား
အချစ်ဟာ ငါရဲ့ လှေကား
အချစ်ဟာ ငါရဲ့ တံခါး
အချစ်ဟာ ငါရဲ့ ပလွေ
အချစ်ဟာ ငါရဲ့ သီချင်း
အချစ်ဟာ ငါရဲ့ စမ်းချောင်း
အချစ်ဟာ ငါရဲ့ အိပ်မက်
အို … အချစ်ဟာ သေမင်း လက်ထဲက
ငါ့အတွက် မွှေးကြိုင်ဆုံး အဆိပ်ပန်း။
ဘယ်မှာလဲ … ကာရန်၊ တစ်ခုမှ မပါပါဘူး။ အခု ရေးနေကြတဲ့ ကာရန်မဲ့ ကဗျာ ဆိုတာတွေက ကာရန်တွေ ပါနေကြတယ်။ ဒီကြားထဲမှာ ကာရန်မဲ့ကဗျာကို "လွတ်လပ်ကာရန်" ဆိုပြီး ခေါ်တဲ့လူက ခေါ်တယ်။ "ဗလာ ကဗျာ" လို့ ခေါ်သူက ခေါ်သေးတယ်။ ဆောရီးပါပဲ။ ကျွန်တော် ယူကတည်းကိုက အင်္ဂလိပ်စာလုံး Without ဆိုတာကို တိုက်ရိုက်ဘာသာပြန် ယူထားတာပဲ။ တခြားစကားလုံး အစားထိုးလို့ ဘယ်နည်းနဲ့မှ မရနိုင်ပါဘူး။ Free Verse ဆိုတာလည်း ကျွန်တော် လက်မခံပါဘူး။ Free Verse ဆိုတာ မရှိဘူး။ Blank Verse ပဲရှိတယ်။ ဂျပန်မှာလည်း လုပ်တော့ လုပ်ခဲ့ကြသေးတာပဲ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Wednesday, February 15, 2012
ရွှေစင်ဦး ၏ ဆေးရုံပေါ်မှာ အပိုင်း (၃)
 ဆေးရုံပေါ်မှာ (၁)
 ဆေးရုံပေါ်မှာ (၂)
(အဲဒီတော့မှ.. မမြသီ က .... တဟင်းဟင်း နဲ့ အမလေး မအိပ်ကြပါဘူး .. ကျမ တို့ နှစ်ယောက်ဘဲ အိပ်ရမှာ... သူတို့ က မအိပ်ရဲကြဘူးတဲ့... လူနာဘေးမှာ .... စင်္ကြန် မှာ ဖြစ်သလိုဘဲ အိပ်မယ် ပြောနေကြတယ်... ကျ
မ ကတော့ လူနာဘေး မှာလည်း အစောင့် ရှိလို့.. တနေကုန်လည်း ပင်ပန်း လို့  အေးအေး အိပ်ချင်တာ နဲ့ မရွှေစင် ကိုစောင့်နေတာ .... မနက် ကြရင်လည်း အစောကြီး ထချက် ရအုန်းမယ် လေ လို့ ပြော ပါတယ်....
အမလေးဗျာ... ဒီလောက် တိတ်ဆိတ်ငြိမ်သက်ပြီး လူသူကင်းမဲ့ နေတဲ့ အောက်ထပ် တခုလုံးမှာ ကျနော် တို့ နှစ်ယောက်ထဲပါလား...) ကို ဆက်ဖတ်ရန်..
သိရခက်တဲ့ မမြသီ ရဲ့ မျက်နှာပေး ကို ကျနော်သဘောပေါက်သွားပါတယ်.... သြ... တော်ရုံ အသဲ မကောင်း ဘဲနဲ့ ဒီလောက်လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက် နေတဲ့ မြေအောက်ထပ်ထဲမှာ တယောက် ထဲ ဘယ်နေရဲ မလည်း....
နေရာစိမ်း တခုဖြစ်တဲ့ အပြင် ... နှစ်ပေါင်းများစွာ ကထဲက တည်ဆောက်ထားတဲ့ ဆေးရုံကြီး တခုရဲ့ လူနာ ထားတဲ့ မြေအောက်ခန်း တခန်း (စဉ်းစားမိတာက... ဟိုတုန်းက ဆိုရင် လူနာ မဟုတ်ဘဲ လူမနာ တွေများ ထားသလားလို့... အသက်မရှိတော့ရင် လူမနာ လေ..) ... လောလောဆယ်ဆယ် တော့ ရွှေစင်ဦး တို့ကိုဘဲ ထားတာဆိုတော့ နေရတော့မယ်... ဒီနေ့ည မှာဘဲ နှစ်ယောက်ထဲ အိပ်ရ တော့မယ်... ကျန်တဲ့ လူနာစောင့် များ ကတော့ မိုးချုပ်စ လူသူမကင်းမဲ့ ခင်ကထဲက ယူစရာ ရှိတာယူပြီး မိုးလည်း ချုပ်ရော တယောက်မှတောင် ယောင်လို့ဆင်းမလာကြတော့ပါဘူး...
ခဏနေတော့... ရောက်တဲ့ နေရာပေါက် မဲ့ ရွှေစင်ဦးလည်း ... ဝါသနာ အရပေါက်ချင်လာပြန်ရော... အိမ်သာ ကလည်း နဲနဲဝေးပါတယ်...ဆေးထားတဲ့ အခန်းတွေ ကို ဖြတ်ပြီးမှ ထောင်ချိုးလေးမှာ သီးသန့် တည်ရှိတာပါ... မမြသီ ကို အဖော်ခေါ်ရင်လည်း တယောက်အကြောင်း တယောက်  မသိခင်ဆိုတော့ အားနာပါတယ်.... တယောက်ထဲ ဘဲ  သွားတော့မယ် လို့ ဆုံးဖြတ်လိုက်ပြီး .. အမ ရေ အိမ်သာ သွား လိုက် အုန်းမယ်နော် လို့ ပြောလိုက်ပါတယ်... သူလည်း တယောက်ထဲ နေရမှာ ကြောက်လို့ လား မသိဘူး...... ဟုတ် မရွှေစင် ကျမ လည်းသွားချင်နေတာ.. လိုက်မယ်လေ တဲ့ ... (တော်ပါသေးရဲ့)
အိမ်သာ ရောက်တော့ တယောက်တခန်းဝင်ကြပါတယ်... မမြသီ ရေ  ကြာရင်ကြာမှာ အခန်းကို ပြန် နှင့်လေ လို့ ပြောလိုက်ပါတယ်... အို.. မရွှေစင် ကလည်း ကျမ စောင့်နေပါမယ် တဲ့... အိမ်သာ အခန်းပြင် ကို တောင် ထွက်မစောင့်ရဲ ဘူးနဲ့ တူပါတယ်... ကျနော် အိမ်သာ ထဲက ထွက်သံကြားမှ ထွက်လာ ပါတယ်....
အခန်းပြန်ရောက်တော့ ကိုယ့်အိပ်ယာ ကိုယ်ခင်း ကြပါတယ်.. မမြသီ ကတော့ ခြင်ထောင် မပါလို့ ခြင်ဆေးထွန်း အိပ်ပါတယ်... မဟာသတ္တိရှင် ရွှေစင်ဦး ကတော့ ခြင်ထောင် ထောင်တဲ့ အပြင် ခေါင်းရင်း က မှန်ပြတင်းပေါက် မှာ မျက်နှာသုတ် ပဝါ တို့ ပုဆိုးတို့ နဲ့ လုံခြုံအောင် ထပ်ကာရပါတယ်... မမြင်အပ်သော အရာ များ ကို မှန်ပြတင်းက နေ မမြင် ရအောင်ပါ.... အခန်းကျယ် ကြီး ရဲ့ တံခါးမ နှစ်ခု ကို မမြသီ က အတွင်းကနေ လောခ် ချ ပါတယ်... ကျနော့် စိတ်ထဲကတော့ ... သရဲများဆိုရင်တော့ ဒီလော့ခ် လောက်ကတော့ အပျော့ပေါ့ လို့ စဉ်းစား မိပါတယ်...
ဘယ်လောက်ဘဲ ကြောက်ကြောက် တနေ့ကုန် ပင်ပန်းတဲ့ ဒဏ်နဲ့ အိပ်ပျော်သွားပါတယ်.. သရဲ တစ္ဆေများ ဘေးနားမှာ လာ က ရင်တောင်သိမှာ မဟုတ်ပါဘူး...
ဒီလိုနဲ့ တည လွန်မြောက်ခဲ့ပြန်ပါတယ်................
အခန်း (၃)
အစားအသောက် တွေ ကို ကိုယ်ဘာသာ ချက်ရတော့ မယ်ဆိုတော့... ချက်ဖို့ပြုတ်ဖို့ အိုးခွက် တွေ အားလုံး လိုလာပါတယ်.... ကျနော် တို့ မှာ ထမင်းအိုး နှစ်လုံးချက် အသေးတလုံး..... ရေနွေးကြိုတဲ့ အိုး ... ဓါတ်ဗူး.. ပုဂံ.. ဇွန်း..ဒါး...  တို့ဘဲ ပါတယ်... ဒါပေမဲ့ ဟင်းချက်ရတော့ မှာ ဆိုတော့ အားလုံး လိုအပ် တာတွေ ပြန် ဝယ်ရပါတယ်..
အနီးဆုံး ဈေးဖြစ်တဲ့... မင်္ဂလာဒုံ ဈေးကြီး ကို သွားပါတယ်... အစောပိုင်း ကတော့ တက်စီကားနဲ့ သွားတယ်.. သိပ်မဝေးတဲ့ အတွက် တထောင်ဘဲ ပေးရတယ်.... ဈေးကြီး က တော်တော်ကြီးပါတယ်... လျှပ်စစ် ဒယ်အိုး တလုံး ဝယ်ပါတယ်... သုံးသောင်းကျပ်ပေးရပါတယ်...  ကျန်တဲ့ တိုလီမုတ်စ လေးတွေ ဝယ် ပါတယ်...
ဟင်းချက်ဖို့ အသားငါးတန်း သွားပါတယ်... ငါးတွေ ပုဇွန်တွေ တော်တော်ပေါတာ တွေ့ပါတယ်... ကျနော် တို့ မန္တလေး မှာ တွေ့ရ ခဲ တဲ့ ငါးရံအူ များနဲ့ ငါရံခေါင်းများ ကို သီးသန့် ရောင်းတာ တွေ့ ပါတယ်... အူဖတ် တွေက ကြီးလည်း ကြီး... လတ် လည်း လတ် တယ် ... မေမေ ထမင်း စားမကောင်းဘူး ဆိုတဲ့ အသံ ပြန်ကြားတာနဲ့ ငါးရံအူ ဝယ်ပါတယ်... ဈေးသည် တွေ က သေချာ ကိုင် ပေးတယ်.... ငါးရံ သည်းခြေ များကို နို့ဆီခွက် လွတ် တခုနဲ့ သေချာထည့်ထားပါတယ်... ရောဂါပျောက်လို့ လာဝယ်ကြတယ် လို့ ပြောတယ်... ဘာရောဂါလည်း တော့ မသိပါဘူး....
ငါးသလောက် ဥ များကိုလည်း အပုံလိုက် တွေ့ပါတယ်... ငါးရံအူ တို့ ငါးသလောက်ဥ တို့ ဆိုတာ မန္တလေး က ကျနော် တို့ ဝယ်နေကြဈေးများမှာ အလွန် မှ တွေ့ရခဲပါတယ်....
ချစ်ဖေဖေ ကတော့ မနက် အစောစာ နဲ့ ညနေ စာကို ဆန်ပြုတ်ဘဲ သောက်တာဖြစ်ပြီး ထမင်း ကိုလည်း မနက်စာ တထပ် ဘဲ စားပါတယ်.... နောက်ပြီး ကြက်သား ဝက်သား များကို မစားပါဘူး... အကြောင်း ပြချက် ကတော့ သွားကြားညှပ် လို့ သွားများ ပျက်စီးလို့ပါတဲ့.... အဲလို... စားလာတာ နှစ်ပေါင်း တော်တော် ကြာပါပြီ... 
မနက်စောစော ဆန်ပြုတ် စား တဲ့ ရည်ရွယ်ချက် ကတော့ ... မြတ်စွာဘုရား တောင် ယာဂု ဘဲ စားတာ ယာဂု ဆိုတာ ဆန်ပြုတ် ဘဲတဲ့... အဲဒါဘဲ စားမယ်တဲ့... ညနေစာ ဆန်ပြုတ်စားရတဲ့ ရည်ရွယ်ချက် ကတော့...  ကျန်းမာရေး အတွက် မစားလေ ကောင်းလေ ဘဲ... ဆန်ပြုတ် ဆို တော်ရောပေါ့တဲ့...  အခု အားရှိအောင် လို့ အသားစားရမယ် ဆိုတာကို .... အသားမစားဖူး ဆိုတော့ ခက်ပြန်ပြီ....
ကျနော်တို့ မိသားစု အားလုံး ဟာ ဖေဖေ့ ကို မခွဲစိတ်ခင်မှာ တော်တော် ဂရုစိုက်ရပါတယ်... ဆရာဝန် များ က... လူနာ ဟာ ပေါက်ကွဲခါနီး ဗုံးတလုံး ပါတဲ့... သွေးကြောပွင့်နေတာက ၁% ဘဲ ဖြစ်တဲ့ အတွက် ဖြစ်ပါတယ်...
ဗဟုသုတ အနေ နဲ့ ပြောရရင် အိမ်သာထိုင်ရင်တောင် ဘိုထိုင် (sitting type) နဲ့ဘဲ သွားခိုင်းပါတယ် ... ငုတ်တုတ် ထိုင်တာနဲ့ မသွားခိုင်းပါဘူး... အဲလိုထိုင်တာများသွားရင် ပေါင်မှာ သွေးကြောကြီး တွေ ရှိတဲ့ အတွက် ပြန် အထ မှာ နှလုံးကို ထိခိုက်နိုင်ပါတယ်... တချို့ ရောဂါ ရှိမှန်း မသိတဲ့ သူတွေ တောင် အိမ်သာ အထွက် မှာ အတက်ခ်ရ နိုင်တဲ့ အတွက် လို့ ပြောပါတယ်... အိမ်သာ ရေချိုးခန်း ... ဘယ်သွားသွား တွန်းလှဲ နဲ့ဘဲ သွားရပါတယ်.... ကျနော် တို့ အားလုံး လဲ ဖေဖေ နဲ့ ဆန့်ကျင့်ပြီး သိပ် မပြောချင် တဲ့ အတွက် စားစရာ လည်း သူစားချင်တာဘဲ လုပ်ပေးမယ် ဆိုပြီး နေ့တိုင်း မနက်.. ည ဆန်ပြုတ် ပြုတ် ရပါတယ်......
ဆန်ပြုတ် က ကျနော် အကြိုက်ဆုံး အစားအစာ ထဲမှာ ပါပါတယ်... ဈေးထဲမှာ ဆန်ပြုတ် အတွက် ကြက်သား ဝယ်ရပါတယ်... ငရုပ်ကောင်း.. တရုပ်နံနံ... ကြက်သွန်မိတ်... ကြက်သွန်ဖြူကျော် ပြည့်စုံအောင် ဝယ်ပါတယ်... ဆန်ကတော့ ဖေဖေ ကြိုက်တဲ့ ပေါ်ဆန်းမွှေး မွှေးမွှေးလေး ဘဲ ဝယ်ပါတယ်... နောက်ပိုင်း တော့ မောင်လေး က မီနီမတ်ကက် တွေက ကောင်းမယ်ထင်တဲ့ ဆန်ထုတ် လေး တွေ ဝယ်လာပါတယ်.... ဆန်ပြုတ် နဲ့ အတူ စားဖို့ ငါးကြော် ကတော့ ငါးသလဲထိုး ကျွတ်ကျွတ်ကြော်... ငါးကျီးခြောက် ကျွတ်ကျွတ်ကြော်... လုပ်ပေးပါတယ်.... ဆွေမျိုး တွေ ကလည်း မပြတ် ကြော်ပေး ကြပါတယ်.... ကြက်ပေါင်းရည် များလဲ လုပ်ပေးကြပါတယ်...
ဆန်ပြုတ် ပြုတ်တဲ့ အခါ..... ကြက်သား ကို နူးအောင်ပြုတ်ပြီး ... ကြက်အသားတွေ ကို ကြေနေအောင် လုပ်ပြီး မှ နုပ်နုပ်စင်း ထဲ့ရပါတယ်.... နောက်ပိုင်း တော့ ငါး ကိုလည်း ချေပြီး ထဲ့ပါတယ်....  ကြက်ဥပြုတ် ကို လည်း ပါးပါးလှီးထဲ့ ပါတယ်.... ကျန်တဲ့ အဆာပလာ တွေ ထပ် ထည့် လိုက်တော့ ဆန်ပြုတ် က တအားမွှေးပြီး စားချင်စဖွယ် ပါဘဲ... ဆန်ပြုတ် ကို အများကြီး ပြုတ်ပါတယ်... ဘေးနားက ဆန်ပြုတ် သောက်ချင်တဲ့ လူနာတွေ ကို ဆန်ပြုတ် ဒါန ပြုပါတယ်...
ကျနော့် ဆန်ပြုတ် ကို မှန်မှန်သောက်တဲ့ လူနာ လေးဦး လောက် ရှိပါတယ်... ဖေဖေ တို့ နောက်မှ ခွဲမဲ့ လုံမ္မနီ ဆေးရုံအုပ်ကြီး ... ... မန္တလေး က နံမည်ကြီး မျက်မှန်ဆိုင် မှာ အလုပ်လုပ်သူ တယောက်..... မမြသီ ရဲ့ အကို (ဖေဖေ တို့ အရင် ခွဲပြီး ချုပ်ရိုးမကျက်သူ) နဲ့ ကျန်တာတော့ ခွဲဖို့ စောင့် နေတဲ့ လူနာစောင့် မပါဘဲ ... တကိုယ် တည်း ချီတက် လာတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်.... အဲဒီ အထဲက လူနာ နှစ်ယောက် ကတော့ မရဏမင်း ကို အရှုံးမပေး ချင်ဘဲ အရှုံးပေးသွားပါတယ်... သူတို့ အကြောင်းကိုလဲ ဆက်ပြီး ရေးပြပါမယ်...
ဈေးဝယ်တဲ့ အကြောင်းပြန်ဆက်ရရင်.... ဖေဖေ့ စားမဲ့ ထမင်းတနပ် အတွက် ဟင်းရွေးချယ်ရပါတယ် .... ငါးတမျိုးမျိုး နဲ့ အသီးအရွက်...  ပဲ .... ဓါတ်စာ အတွက် ကြွက်နားရွက် အဖြူအမဲ.... ဖေဖေ က ငါးကို မန်းကျီးမှဲ့ နဲ့ ချက်တာ ကြိုက်တော့ မန်ကျီးမှဲ့ လည်း ဝယ်ရပါတယ်... မင်္ဂလာဒုံ ဈေးကြီး က ဝယ်လို့ အင်မတန် ကောင်းတယ်...
မန္တလေး မှာ ဈေးဝယ်ရင်  အသား ငါးတွေ ကို တဆယ်သားဈေး မပြောကြဘူး... အစိတ်သားဈေးပြောပြီး အနည်း ဆုံး အစိတ်သား ဝယ်မှ အဆင်ပြေတယ်... ဒီမှာတော့ အားလုံး ကို တဆယ်သား ဈေးပြောပြီး တဆယ်သား လည်း ဝယ်လို့ ရတယ်... ကျနော် ကတော့ ငါးတွေ ပုဇွန်တွေ ပေါတာဘဲ သဘောကျ တယ်... 
ဖေဖေ့ ကို ငှက်ပျောသီး လည်း တနေ့ နှစ်လုံး လောက် ပုံမှန်ကျွေးတယ်... အဲဒီဈေးမှာ ဆေးမစိမ် တဲ့ တောသည်လေး တွေ ရောင်းတဲ့ ငှက်ပျောသီး ရင့်ရင့် ကြီး တွေလည်း ဝယ်လို့ အဆင်ပြေတယ်..... တခြား အသီးအနှံတွေ ကလည်း လတ်ဆတ်ပြီး ဈေးချိုပါတယ်... ကြက်ဥ ကလည်း အကြီးကြီး တွေ ... လတ်လည်း လတ် တယ် .. အဲဒီဘက်မှာ ကြက်ခြံတွေ ရှိတယ်ထင်တယ်... ဆေးရုံနားမှာတော့ အလုံး သေးတယ်... ဈေးလည်း ပိုတယ်...
ဖေဖေ ကို လတ်လတ်ဆတ်ဆတ် ကျွေးချင် တာကြောင့် ဈေးကို နေ့တိုင်း သွားတယ်... ... နောက်နေ့ တွေ ကျ ဘတ်စ်ကား နဲ့သွားတယ် ... ကားခ ၅ဝ ကျပ် ပေးရတယ်... ဒါပေမဲ့ ဝယ်ချင်ရာ ဝယ်ပြီး အလေးကြီး သယ်ပြီး ကားဂိတ် ရောက်အောင် ပြန် သွားရတာ အဆင်မပြေပါဘူး... ဆေးရုံမှာ ဈေးသွားရင် တခြား မသွားနိုင် တဲ့ သူတွေ .... ကူဖော်လောင်ဖက် မရှိတဲ့ သူတွေ မှာတာတွေပါ ဝယ်ပေး ရတယ်... ဝယ်ရတာ အမယ် များတယ်... တချို့ သူများကတော့ ဈေးသွားရင် တခြားသူ တွေကို မပြောတော့ဘူး.. သူများမှာတာတွေ  မသယ်နိုင်တော့ ... ကိုယ်ဖာသာ ဘဲ သွားကြတယ်....
ဘတ်စ်ကား နဲ့ အဲလို အလေးကြီးသယ် ရတာ အဆင်မပြေ တာ နဲ့ နောက်နေ့တွေကျ ဆိုင်ကယ် တက်စီ လေးနဲ့ သွားတယ်.... ပြန်တယ်...  တခါငှား ရင် ၅ဝဝ ကျပ် ပေးရတယ်... ကိုယ်တိုင် ဆိုင်ကယ် စီးတတ်တော့ ... ဆိုင်ကယ် မောင်းတဲ့ သူ နဲ့ ဆိုင်ကယ် အမျိုးအစား ကို သေချာ သတိထားပြီး ရွေးရတယ်... ဆိုင်ကယ် လည်း တောင့်တင်း ခိုင်မာ မှ လူ ကလည်း သန်သန်မာမာ အရပ်ရှည်ရှည် မှ ... တလွဲမတွေးကြ နဲ့နော်... ဆိုင်ကယ် တခုခုဖြစ်ရင် ခြေထောက်နဲ့ လှမ်းထောက်နိုင်အောင် အရပ်ရှည် ရတယ်လေ... ပုပုလေး သွားရွေးလို့ ခြေထောက်မထောက်နိုင်ရင် ကိုယ် ဘဲ နာမှာ မဟုတ်လား...
ဆေးရုံ မှာ ထမင်းဟင်းချက်ဖို့ မနက်၄နာရီလောက် ကထဲက ထရပါတယ်.... ထမင်းချက်တဲ့ နေရာမှာ မီးပလပ် ဦး ရပါတယ်.... နောက်တော့ ရွှေစင်ဦး လည်း လည် သွားပါတယ် ... ခုတင်ခြေရင်း က ပလပ် ကို ရအောင် လုပ်ထားပါတယ်... ကိုယ့်  အတွက် နေရာ လည်း ရော့ သွားတယ်...  ကိုယ် ချက်ရတာ စိတ်အေး လက်အေး လည်းဖြစ်သွားတယ်....အားလုံး အဆင်ပြေ သွားပါတယ်..... လူနာ တွေ မှာ မနက် ၆နာရီ သောက်ရမဲ့ ဆေး ပါ ပါတယ်.... အဲဒီဆေးမတိုက်ခင် အစားအသောက် ကျွေးထားရတာ ဆိုတော့ လေးနာရီ လောက် ထ မှ အဆင်ပြေပါတယ်.... တချို့ ကတော့ ရေနွေးတအိုး တည် ခနော ဆန်ပြုတ် လေး မာမီ ခေါက်ဆွဲလေး ... ဖောက်ထဲ့ ကြက်ဥလေး ဖောက်ထဲ့ ကြတယ်... 
ရွှေစင်ဦး လို ပွေလီ တဲ့ ချက်ပြုတ်သူ များအဖို့တော့ လည်း တော်တော် အချိန်ပေး ရ ပါတယ်... ည ကထဲက ဆန်ဆေး.. ရေထဲ့ ထား တရေးနိုးရင် နိုး ... မနိုးလည်း နိုးတဲ့ အချိန် ပလပ်တတ် လိုက်တယ်...... ရေနွေးတအိုး တည် တယ် ... ထမင်း ကျက်ရင် ဆန်ပြုတ် အတွက်ခွဲပြီး ... ကြေအောင် ဇွန်းပေါက်လေး နဲ့ ချေရပါတယ်... ပြီးမှ ရေနွေးထဲ့ ပြီး ပွက်အောင် .. နူးအောင် ပြန်တည် ရပါတယ်... အရင်ရက်က ကြော် ထားတဲ့ ငါးကြော် ကိုလည်း  ပျော့ တယ်ထင်ရင်.... ကျွပ်အောင် ပြန်ကြော် ပါတယ်... အဲဒီတော့..... အချိန် နဲနဲ ပေးရတယ်... ကြက်ဥ ကလည်း မနက်အစောစာအတွက် အနဲဆုံး ၂လုံး ပါအောင် ကျွေးရပါတယ်... ဆန်ပြုတ် တပန်းကန် ခွဲလောက်.... ငါးကြော်.... အိုဗာတင်း နဲ့ ကော်ဖီ ကို အများဆုံး ကျွေး ဖြစ်ပါတယ်....
မနက်စောစော ထပြီး ချက်ရတဲ့ အခါမှာ စောစောစီးစီး မှာ အိပ်ချင်မူးတူး ထလာကြတာရယ်... နောက်ပြီး လူနာ ဆေးတိုက် ချိန် အမှီ ပေါ့ပေါ့ပါးပါး လေး တွေ ဘဲ ချက်ပြုတ်ရတယ် ဆိုတော့ သိပ် စကားများချိန် မရှိကြသလို ... မြန်မြန်ဆန်ဆန် ဘဲ ချက်ပြုတ်  ပြီးသွားကြတယ်...
နေ့လည် ကျွေးရမဲ့ တနပ်ကတော့ ဈေးက အပြန်... ကောင်းနိုးရာရာ လေးတွေ ကို လူနာတွေ စားချင်အောင် ချက်ရပြုတ်ရ ပါတယ်... နေရာအနှံ က လာကြတဲ့ အတွက် အရပ်ရပ် က ချက်ပြုတ်နည်း မျိုးစုံ အပြင် ...  စိတ် အမျိုးမျိုး... ဘဝ အမျိုးမျိုး ဆိုတော့ သူတို့ ချက်ပုံပြုတ်ပုံ နဲ့ သူတို့ ပြောစကား တွေဟာ  တော်တော် စိတ်ဝင်စား ဖို့ ကောင်းပါတယ်....
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Tuesday, February 14, 2012
မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၂)
ကင်ဆာသမားတယောက် ရဲ့ ဖွင့်ဟဝင်ခံချက်
ကျွန်တော် အခု အသက် ၅၁ နှစ်ရှိပါပြီ။ ကျွန်တော် ကင်ဆာရောဂါ စဖြစ်တုန်းက အသက် ၄၃နှစ်ပါ။ ကျွန်တော် အိမ်ထောင်ပြီး ၁၆ နှစ်အကြာ သားသမီး ၃ ယောက် ရပြီးချိန်မှာ အင်မတန် ကြောက်စရာ ကောင်းတဲ့ ကင်ဆာရောဂါဆိုတဲ့ အိက်မက်ဆိုးကြီး စတင်ဝင်ရောက်လာတာပါပဲ။ စဖြစ်တုန်းကတော့ ကျွန်တော် ကင်ဆာ နဲ့ မရင်းနှီး။ သူ့ကိုလည်း မသိတော့ ကြောက်ရမှန်း၊ လန့်ရမှန်း မသိခဲ့ပါဘူး အစ်ကိုရာ။ ဓာတ်ရောင်ခြည်ကင်ရင် ဘာဖြစ်မယ်တို့ ညာဖြစ်မယ်တို့ဆိုတာလည်း မသိပါဘူး။ မသိဆို ကျွန်တော် က အောင်လံမြို့မှာမွေး၊ အောင်လံမြို့မှာ ကျောင်နေ၊ အတန်းပညာကလည်း ရှစ်တန်းလောက် အထိသာ ရောက်ခဲ့တော့ ဗဟုသုတ ဝေးခဲ့တာလည်းပါမှာပေါ့။ ဒါကြောင့် ကင်ဆာရောဂါရဲ့ ထိုးနှက်ချက် ကို ကျွန်တော် သေကောင်ပေါင်းလဲ။ အလူးအလဲ ခံစားခဲ့ရပါတယ်လို့ ပြောပြသူမှာ ပြည်မြို့နေ အောင်လံသား ကိုမြင့်အောင်ဖြစ်သည်။
(က)
ကျွန်တော်တို့ စီးနင်းသွားသော အေးရှအိတ်စ်ပရက်စ် အဝေးပြေကားကြီး ပြည်မြို့၊ အဝေးပြေးဂိတ်ဝင်း အတွင်း အဆောင်(၂)၊ အခန်း(၂၉) ရှေ့ ထိုးဆိုက်လိုက်တော့ မွန်းတိမ်း ၂း၀၀ နာရီပင် ရှိပြီ။ တကယ်ဆိုလျှင် နေ့ခင်း ၁၂း၀၀နာရီ (သို့မဟုတ်) ၁း၀၀နာရီထဲက ပြည်ကိုရောက်သင့်၏။ ကားတွေက အဝေးပြေး အိပ်စ်ပရက်တပ်ထားသော်လည်း လိုင်းတိုကားတွေလို ခရီးသည်လမ်းကို အတင်အချတွေက များလွန်း လှသည်။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်၊ အနှစ်နှစ်ဆယ်လောက်ကတော့ သည်လိုမဟုတ်။ ယခုတော့ ဟိုင်းဝေးကားတွေကလည်းများလာ။ (ပြည်ကားကသည်တစ်ဂိတ်တည်းပင် တစ်နာရီ တစ်စီး ထွက် နေပါသည်။ တခြားကားတွေလည်း ရှိသေးသည်) သည်တော့ ပြိုင်ဆိုင်မှုက ပြင်းထန်လာ။ သည်တော့ တွက်ချေကိုက်ရေးအတွက် ဟိုင်းဝေးကား ဂုဏ်သိက္ခာကို မချမဖြစ်ချရတော့သည်ဟု ထင်ပါသည်။ ကားတွေစီးရတာတော့ သက်သောင့်သက်သာ ရှိသည်။ ကားခကတော့ လေးထောင်ကျော် ဖြစ်လာသည်။
ပြည်ဂိတ်ရောက်တော့ ကိုမြင့်အောင်အိမ် သွားရောက်ရေးကို သားဖြစ်သူ ရဲမွန်ထော အစီအစဉ်ဆွဲရသည်။ ဂိတ် မှာ ဆိုင်ကယ်ကယ်ရီရှိသလို သုံးဘီးဆိုင်ကယ်တွေလည်း ရှိသည်။ ဟိုင်းလတ်(သို့) ပတ်ပလက်ကာ လိုင်းတိုကားတွေလည်း ရှိသည်။ ရဲမွန်ထောက ဆိုင်ကယ်မား၊ ကားသမားတွေနှင့် သွားမယ့်နေရာကို ညှိနှိုင်း နေစဉ် ကျွန်တော်က နောက်နေ့မနက် ၇း၃၀ နာ၇ီ ပြည်- ရန်ကုန် ကားလက်မှတ်နှစ်စောင် သွားဖြတ်ထားလိုက်သည်။ အလုပ်က မလုပ်ရသေး။ အလုပ်က မလုပ်ရသေး။ ပြန်ဖို့ကသေချာ သွားသည်။ ဒါက ဘုရင့်နောင် ဖောင်ဖျက်သည့်နည်းဟုဆိုသည်။
ကိုမြင့်အောင်နှင့် ရပ်ဆွေရပ်မျိုးတစ်ဦးက ကျွန်တော့သားကို ကိုမြင့်အောင် အိမ် လမ်းညွန်မြေပုံ ဆွဲပေး လိုက်တာက ပြည်အဝေးပြေးကားဂိတ်နှင့် သိပ်မဝေးလှ။
သို့တိုင် ဘောဘောကြီးဘုရားအနီးဟုဆိုသဖြင့် ဘောဘောကြီးဘုရားက ကားဂိတ်ဝင်းနှင့် အတန်ဝေး သည့် ဟု ဆိုပါသည်။ အမှန်တော့ ဘောဘောကြီးဘုရား မဟုတ်။ ဘုရားကြီး ဘုရားသာ ဖြစ်သည်။ ဘုရားကြီး ဘုရားအနီး က ဆည်မြောင်းတိုးချဲ့ဝင်းမှာ ယခု အိမ်မြေ ၄၀ လောက်ပဲရှိသည်ဟုဆိုသည်။ သူတို့ဝင်း အနောက်ဘက်မှ လေယာဉ်ကွင်းရှိသည်ဟု လည်းဆိုပါသည်။ ဘုရားကြီးအနီးပြည်၊ အောင်လံ အဝေးပြေး လမ်းမကြီး ဘေးမှာ  ရှေးဟောင်းသုတေသနဌာန၊ ပြည်မြို့ နည်းပညာ တက္ကသိုလ် တို့လည်းရှိသည်။
နောက်တော့ ရဲမွန်ထောက ကိုမြင့်အောင်တို့ဆီ ဖုန်းလှမ်းဆက်ပြီး သူရောက် နေပြီဖြစ်ကြောင်း၊  ကိုမြင့်အောင် အိမ်ကို ဘယ်လိုလာရမလဲ စသည်ဖြင့် လှမ်းမေးသည်။ ကိုမြင့်အောင်အိမ်မှာ ဖုန်းမရှိ။ ၅ မိနစ် ကြာမှ ပြန်ဆက်ရန်ဆိုတော့စောင့်နေရသေးသည်။ ရေအိမ်သွားဖို့ အချိန်ရသွား၏။ ၅ မိနစ်ပြည့်တော့ မှ ဘောဘောကြီးဘုရားအနီး မဟုတ်ဘဲ ဘုရားကြီးဘုရားအနီးဆိုတာ သိရသည်။ သုံးဘီး ဆိုင်ကယ်သမား က ကျွန်တော်တို့ စင်းလုံးငှားမှာ သိပြီးစောင့်နေပေးခဲ့သည်။ လိပ်စာ အတိအကျ သိရတော့ သုံးဘီး ဆိုင်ကယ် သမားက  ချက်ခြင်းပေါက်သွားသည်။ ဘုရားကြီးဘေးလမ်းက တည့်တည့် ၀င်ခဲ့။ လူငယ် တွေ ဘောလုံးကန်နေတယ်။ မေးလိုက်ရတယ်။
သုံးဘီးဆိုင်ကယ်သမားနှင့် ဈေးနှုန်းညှိပြီး ကျွန်တော်တို့ကို ကားဂိတ်ဝင်းနှင့် အနီးဆုံး (သို့) လမ်းလျှောက်လာလို့ရတဲ့နေရာက တည်းခိုခန်း အရင်လိုက်ပို့ဖို့ ပြောရသည်။ သို့နှင့် သုံးဘီးဆိုင်ကယ်နှင့် ကားဂိတ်ဝင်းနှင့် သိပ်မဝေးသောနေရာမှ (မြို့တွင်း ရွှေဆံတော်ဘုရားသွားသည့် လမ်းဘေးမှာရှိသည်။ သည်နေရာက ပြည်မြို့၏ တိုးချဲ့ရပ်ကွက်ဟု) ဆိုသည်။ ပြည်မှ အောင်လံမြို့ဘက် ထွက်သော လမ်းအနီးမှာ ရှိသည်။)
’မင်္ဂလာမိုး’ ဧည့်ရိပ်သာဆိုသော သုံးထပ်တိုက် အဆောက်အဦးမှ တစ်ညတာအတွက် မှတ်ပုံတင်တွေပေး၊ ငွေပေးချေပြီးတော့ ကျွန်တော်တို့တည်းရမည့် ဒုတိယထပ်တက်ခါ အ၀တ်အစားအိတ်တွေထားပြီး လိုအပ်တော့ ကက်ဆက်၊ ကင်မရာ မှတ်တမ်းစာအုပ်၊ စသည်ဖြင့်ယူကာ ပြန်ဆင်းလာပြီး သုံးဘီးဆိုင်ကယ် နှင့် ကိုမြင့်အောင် အိမ်သို့။
သုံးဘီးဆိုင်ကယ် က ဘုရားကြီးသို့ ၅မိနစ်၊ အလွန်ဆုံး ၁၀ မိနစ်လောက်ပဲ မောင်းရသည်။ တွေ့တော့ လမ်းဘယ်ဘက် ရပ်ကွက်ထဲ ချိုးဝင်မိသေးသည်။ မေးတော့ လမ်းညာဘက် ဘုရားကြီးဘေးမှ ၀င်ရမည်။
ဘုရားကြီးမှာ ဂူပုထိုးစေတီ ပုံစံတည်ထားခြင်း ဖြစ်သည်။ လေဒဏ်၊ နေဒဏ်၊ မိုးဒဏ် နှစ်ပေါင်းများစွာ ခံလာရပြီ ဖြစ်သောကြောင့် ရေညှိအုတ်ရောင် မည်းညစ်ညစ်နှင့် ရှိသည်။ ပြုပြင်ခြင်း သိပ်ရှိ ပုံမရ။ ဘုရားပရ၀ုဏ် ၀င်းခြံခတ်ထားခြင်း မတွေ့ရ။ ဘုရားကြီးဘေးမှာ မြေလမ်းခြား၍ ရှေးဟောင်းသုတေသန ရှိတာကို တွေ့ရသည်။
ကိုမြင့်အောင် နှင့် စကားစမြည်ပြောပြီးအပြန် ဘုရားဖူးတော့ ကိုမြင့်အောင်အစ်ကို ကိုဝင်းလှိုင်က ဘုရားကြီး ဂူပုထိုးမှာ ဒွတ္တပေါင်မင်းကြီး တည်ခဲ့တာဟုဆိုပါသည်။ ပါဠိဆရာများရေးသော ပိဋကတ်တော် သမိုင်း စာအုပ်ထဲမှာတော့ သီရိခေတ္တရာ ပြည်ကို သဗ္ဗညုဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး ၁၀၁နှစ်အကြာမှာ (သာသနာသက္ကရာဇ် ၁၀၁ နှစ်) ဒွတ္တပေါင်မင်းကြီး ဘိသိက်ခံယူတော်မူသည်ဟု ဆိုသည်။ ယခု သာသနာသက္ကရာဇ် နှစ်ပေါင်း ၂၅၀၀ကျော်ပြီ။ သို့ကြောင့် အနည်းလေးသည် ဘုရားကြီးကို ဒွတ္တပေါင်မင်း တည်သည်ဆိုလျှင် နှစ်ပေါင်း ၂၄၀၀ ကျော်တော့ရှိလောက်ပြီ။ ဟုတ်၊ မဟုတ်တော့ ကျွန်တော် မသိ။ ကျွန်တော် စဉ်းစားနိုင်သလောက် စဉ်းစားကြည့်တာြ့ဖစ်သည်။ ဘုရားကြီးမှာ ခေါင်းလောင်းပုံ ပုထိုးကြီး ဖြစ်သည်။ အုတ်ထုနှင့် တည်ထားပြီး ဘုရား၏ထု (အချင်း) မှာ ပေ ၅၀ ထက်တော့ နည်းမည်မဟုတ်။
လူငယ်တွေ ဘောလုံးကစားနေတာကို ဘုရားကြီးဘေးလမ်းအနီးမှာ တွေရသည်။ ဆက်သွားတော့ ရပ်ကွက်ထဲရောက်သွားသည်။ ကျွန်တော်တို့ ကိုမြင့်အောင်ကို မေးနေစဉ် သူ့အစ်ကိုက ထွက်ခေါ်သည်။ သို့နှင့် ကိုမြင့်အောင်အိမ် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။ ကိုမြင့်အောင်က အိမ်ရှေ့မှာ ရေချိုး နေသည်။ အသားလတ်လတ်၊ ဥပတိရုပ် ကောင်းကောင်း၊ အပြုံးချိုချိုရှိ၏။
(ခ)
တကယ့်တော့ ကျွန်တော်လည်း လွန်ခဲ့သော သုံးလေးလကမှ ကင်ဆာရောဂါဖြစ်ခဲ့ပြီး ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့သို့ သွားရောက်၍ ဓါတ်ရောင်ခြည်နှင့် ရက်ပေါင်း ၃၀ (တစ်လခွဲ) ကြာကုသပြီး ရက်စေ့ခဲ့ ၍ ရန်ကုန်ပြန်ရောက်သည်မှာ နှစ်ပတ်(၁၄) ရက် ပဲရှိသေးသည်။ (ထိုကင်ဆာရောဂါ စတင်ဖြစ်သွားပုံ ကို  ငါ့ခန္ဓာကိုယ်ထဲ ၀င်လာတာ ဘယ်သူလဲ။ ကင်ဆာ ဆိုတော့ စာမူ ရေးသားခဲ့ပြီး ) တကယ်တော့ ခရီးထွက်ဖို့ မသင့်သေး။ သို့တိုင်ကင်ဆာ ရောဂါသည် ကိုမြင့်အောင်နှင့် စကားစမြည် ပြောဖို့၊ ကင်ဆာရောဂါ ဖြစ်ကြပုံ အတွေ့အကြုံတွေ ဖလှယ်ဖို့၊ သားရဲမွန်ထောက အဖေလိုက်ခဲ့ပါ ခေါ်သဖြင့် (စိတ်ဝင်စားတာလည်း ပါသည်။) ယခုလိုပြည်မြို့သို့ တစ်ညအိပ် လိုက်လာခဲ့ခြင်းဖြစ်သည်။
သစ်သားစားပွဲရှည်၊ သစ်သားခုံတန်းရှည်မှာ ထိုင်ရင်း သိပ်မိတ်ဆက် စရာမလိုဘဲ ချက်ချင်း ရင်းနှီး သွားပါသည်။စားပွဲဝိုင်းမှာ ကိုမြင့်အောင်က ကျွန်တော်နှင့်မျက်နှာချင်းဆိုင်။ သူ့ဘေးမှာ သူ့အစ်ကို ကိုဝင်းလှိုင်။ ကိုဝင်းလှိုင်ရဲ့ ညာဘက် ထိပ်မှာက ကိုမြင့်အောင်ဇနီး မသီတာအောင်က ထိုင်နေပါသည်။ ကိုမြင့်အောင် မျက်နှာမှာ ကြည်လင်နေ၏။ လည်ပင်းအခြေအနေ  အပေါက်မှာ အ၀တ်ဖြူဖြင့် အုပ်စီး ထားသည်။ ထိုအ၀တ်ဖြူ ဖယ်လိုက်တော့ ဆယ်ပြားစေ့ခန့် (လူငယ်တွေက ဆယ်ပြားစေ့ကို မြင်ဖူးမှာမဟုတ်) သို့မဟုတ် လက်မခန့် ဒါမှမဟုတ်လျှင်တော့ ငါးမူးပေါက်ခန့် အပေါက်ရှိသည်။  ထိုအပေါက် မှာ ကိုမြင့်အောင်လေရှူပေါက်ဖြစ်နေသည်။ နှာခေါင်းပေါက် အတုပေါ့။ နှာခေါင်းပေါက်က လည်ပင်း အခြေရောက်နေတာက ပီကာဆို၏။ မော်ဒန်ပန်းချီကား ရေးဆွဲထားခြင်းမဟုတ်။ ကင်ဆာရောဂါ ဒဏ်ရာ ဒဏ်ချက်သာ ဖြစ်သည်။ ထိုနှာခေါင်းပေါက်အတုနှင့် အသက်ရှူနေရသဖြင့်လည်း ကိုမြင့်အောင် မှာ အနံ့ဆိုတာမရှိတော့။ အနံ့ဆိုသော အာရုံခံစားမှု မရရှိတော့။ ထိုအခါ လျှာ၏ ရသာရုံ လည်း ဓါတ်ရောင်ခြည် တန်ခိုးကြောင့် ပျောက်ဆုံးနေပါပြီ။
ဒါသည် အသက်မသေသော်လည်း အသက်နှင့် လဲလှယ်လိုက်ရသည့် ကင်ဆာရောဂါ၏ ဆိုးကျိုးတွေ ရရှိခံစားလိုက်ရခြင်း ဖြစ်သည်။
(ဂ)
ဒါနဲ့ ကိုမြင့်အောင်က ကင်ဆာရောဂါ ဘယ်ခုနှစ်တုန်းက စဖြစ်တာလဲ၊ ဘယ်လို စဖြစ်တာလဲဆိုသည့် ကျွန်တော့် အမေးကို ကိုမြင့်အောင်၏အစ်ကို ကိုဝင်းလှိုင်နှင့်ဇနီး မသီတာအောင်တို့မှ ကူညီဖြေကြား ပေးခဲ့ပါသည်။
ကျွန်တော်အသက် ၄၃နှစ်လောက် ၂၀၀၂ ခုနှစ်မှစပြီး ဖြစ်တာပါ။ အခု ကျွန်တော်အသက်က ၅၁ နှစ် ရှိပါသည်။ စဖြစ်တော့ ကျွန်တော်အိမ်ထောင်ကျပြီး သားသမီး ၃ ယောက်ရတဲ့ အချိန်ပေါ့။ အင်မတန် ကြောက်စရာ ကောင်းတဲ့ ကင်ဆာဆိုတဲ့ ရောဂါဆိုးကြီး စတင်ဝင်ရောက်လာတော့ ကျွန်တော် ကင်ဆာမှန်း မသိဘူး။ သိလည်း ကြောက်ရမှန်းလန့်ရမှန်း နားမလည်ခဲ့ပါဘူး။ ကင်ဆာနဲ့ကျွန်တော် မရင်းနှီးသေးတဲ့ အချိန် ဓါတ်ရောင်ခြည် ကင်ရင်ဘာဖြစ်မယ်၊ ညာဖြစ်မယ်၊ သေတတ်တယ်။ ကုမရ တော့ဘူး စသည်ဖြင့် ဆိုတာမျိုးလည်း ဘာဆိုဘာမှ မသိပါဘူး ။
မသိဆို ကျွန်တော်က အောင်လံမြို့မှာမွေးပြီး အဲဒီမှာကြီး၊ အဲဒီမှာ ကျောင်းနေတော့ကာ ဗဟုသုတနဲ့ ဝေးတာလည်း ပါမှာပေါ့။တကယ်တော့ ဓါတ်ရောင်ခြည် ကင်တာ ကြောက်စရာ မဟုတ်ဘူးဆိုတာလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော် ၁၉၈၆ ခုနှစ်မှာ အိမ်ထောင်ကျတယ်။ အိမ်ထောင်ကျပြီးတော့လည်း  ဆည်မြောင်းဌာန မှာ ၀င်လုပ်နေသေးတယ်။  ရုံးဘက်မှာပါ။ အကူ စာရေးပေါ့။ နှစ်နှစ်လောက်ပဲ လုပ်ပြီး ထွက် လိုက်ပါတယ်။ အဲတော့ ပြည်ကိုရောက်နေပြီ။ ကျွန်တော်က သီရိခေတ္တရာသူ မသီတာအောင်နဲ့ အိမ်ထောင်ကျ ခဲ့တာကိုး။ ပထမတော့ ဆည်မြောင်းဝင်းမှာ ။ ဆည်မြောင်းဝင်းက ကျွန်တော်တို့ရဲ့ အရှေ့ဘက် အရပ်မှာ ရှိပါတယ်။ ဒါကြောင့် ဒီဆည်မြောင်း တိုးချဲ့ရပ်ကွက်ထဲ ရောက်နေတာပါ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၃၉)
အချစ်ဝတ္ထုများနဲ့
နေနွယ်ဇင်မြင့်
၁၉၇၉-၈၀ ခုနှစ်လောက်တုန်းက ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်က ကြော်ငြာတွေ အဓိက ရထားတဲ့ မီးရထား ၀င်းနံဘေး မှာ ထူးထူးခြားခြား ကြော်ငြာတစ်ခု တွေ့ခဲ့ရဖူးပါတယ်။ ၀တ္ထုကြော်ငြာပါပဲ။ ဒါပေမဲ့ အများတကာ တွေ ကြော်ငြာသလို တစ်အုပ်ချင်း ကြော်ငြာတာ မဟုတ်ဘဲ ၀တ္ထုဆယ်အုပ်ကို တစ်ပြိုင် တည်း တန်းစီကြော်ငြာ ထားတယ်။ ရေးတာကလည်း တစ်ယောက်တည်း၊ ကလောင်သစ်တစ်ယောက်၊ ကလောင် အမည်က "နေနွယ်ဇင်မြင့်" ပါတဲ့။
တစ်ပြိုင်တည်း ကြော်ငြာထားတဲ့ ဆယ်အုပ်ထဲက တစ်အုပ်ပြီးတစ်အုပ် ဆက်တိုက် ထွက်လာလိုက်တာ အခုဆိုရင် ၂၅ အုပ်မြောက် ထွက်ပြီးသွားပါပြီ။ နေနွယ်ဇင်မြင့်ဆိုတဲ့ ကလောင်အမည်ကို လူငယ်လူရွယ် စာဖတ်ပရိသတ် တွေ စိတ်ဝင်စားသလို သူ့စာတွေကိုလည်း လူငယ်အများစုက ဖတ်ကြ၊ စွဲလမ်း ကြ ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း တချို့ဝတ္ထုတွေဖတ်ခဲ့ဖူးပါတယ်။
"တွေ့ဆုံပေးခြင်းကဏ္ဍ"အတွက် နေနွယ်ဇင်မြင့်ကို တွေ့ဆုံပေးပါလို့လည်း လူငယ်စာဖတ်ပရိသတ်တွေ ဆီက စာမကြာခဏ ရောက်လာပါတယ်။ ဒါကြောင့် ဒီလမှာတော့ လူငယ်စာဖတ်ပရိသတ်များအလိုကျ "နေနွယ်ဇင်မြင့်" နဲ့ တွေ့ဆုံပေးလိုက်ပါတယ်။
" စာပေလောကထဲကို ၀င်ရောက်လာပုံကစပြီး သိပါရစေ"
" အဲဒါဆိုရင် တက္ကသိုလ်ကျောင်းသူဘ၀က စခဲ့တယ်လို့ ဆိုရမယ်။ အဲဒီတုန်းက တက္ကသိုလ်နံရံကပ် စာစောင်၊ တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်း၊ အလင်းရောင်မဂ္ဂဇင်းတွေမှာ ရေးခဲ့ဖူးပါတယ်။ ဆယ်ကျော်သက် ကဗျာရူးအဖြစ်မျိုးဆိုပါတော့။ ၀တ္ထုတိုတွေ၊ ကဗျာတွေ ရေးခဲ့ပါတယ်။ ကလောင်နာမည် လည်း အတည်တကျ မရှိပါဘူး။ တစ်ခါရေးရင် တစ်မျိုးနဲ့ပါ။ "စောစိမ့်မွန်"၊ "စိမ်း"၊ "ခင်ထွေးငယ်" ကိုယ့်ကလောင် နာမည်တချို့တောင် ကိုယ့်ဘာသာ ပြန်မမှတ်မိတော့ပါဘူး။
လုံးချင်းဝတ္ထုလိုင်းထဲကို ၁၉၇၈ ခုနှစ်မှ စ ၀င်တာပါ။ ဘွဲ့ရပြီး အထက်တန်းပြ ဆရာမ ဖြစ်မှ ဆိုပါတော့။ ပထမဆုံး ရေးခဲ့တဲ့ လုံးချင်းက "နွေလယ်မွန်းတည့် မပူတော့ပါ"
" ဆရာမ အခု လုံးချင်းဝတ္ထုတွေ ရေးခဲ့တာ ၂၅ အုပ်မြောက်ခဲ့ပြီလို့ သိရပါတယ်။ တော်တော် များများ လည်း ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။ ဖတ်ခဲ့တဲ့အထဲက တချို့ဝတ္ထု၊ တချို့ဇာတ်ကောင်စရိုက်ကလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ဆွေးနွေးချင်ပါတယ်။
ပထမ ဆွေးနွေးချင်တာက "ခွာနိုင်ဘူး မောင့်နောက်မှာ အမြဲကွယ်" ၀တ္ထုထဲက တူးတူးနဲ့ ပတ်သက်လို့ပါ။ တူးတူး ဟာ ဘ၀နာခဲ့တဲ့ မိန်းကလေးတစ်ယောက်၊ ဗိုင်းကောင်းကျောက်ဖိ နေခဲ့တယ်။ ကြည်သာလို သူငယ်ချင်း ကိုတောင် မျက်နှာသာ မပေးခဲ့တဲ့ မိန်းကလေးတစ်ယောက်က "ပန်းခက်ဖြူ" ဆိုတဲ့ သူဌေးမလေး ဘ၀ နဲ့ "ဝေယံပိုင်" ကို မသဲမကွဲသာ မြင်ရတဲ့ မတွေ့ဖူးသေးတဲ့လူ၊ ပြောဖြစ်ကြတဲ့ အကြောင်း အရာတွေကလည်း "မယားပြိုင်" ကိစ္စ ဆိုတော့ ရှေ့ပိုင်းက တူးတူး စရိုက်နဲ့ ကင်းကွာ မသွားနိုင် ဘူးလား"
" ဒီလိုပါ ကိုဝင်းငြိမ်း၊ စားဝတ်နေရေးအတွက် ရုန်းကန်ရချိန်မှာ ကိုယ့်ဘ၀ကိုယ် မလုံမခြုံ ခံစားရတတ်ပါ တယ်။ ဘ၀နာ တော့လည်း ပတ်ဝန်းကျင်အပေါ်မှာ သံသယစိတ် အမြဲရှိတတ်ပါတယ်။ ငယ်သူငယ်ချင်းပေ မယ့် ကြည်သာ ကိုလည်း ချစ်မှ မချစ်တာ။ မျက်နှာသာပေးလို့ ဘယ်ဖြစ်ပါ့မလဲ။
ပန်းခက်ဖြူ ဘ၀ကျတော့ ပြည့်စုံကုံလုံသွားပြီ။ ရုန်းကန်လှုပ်ရှားစရာ မလိုတော့ဘူး။ တာဝန်တွေ၊ ပြဿနာ တွေလည်း တစ်ခုမှ မရှိတော့ဘူး။ ဒီအခါမှာ ဆယ်ကျော်သက် မိန်းကလေးရဲ့ ရင်ထဲကို စိတ်နုလေးတွေ ၀င်လာတတ်တာပါပဲ။
ဒီကြားထဲ ဝေယံပိုင် ရဲ့ လွမ်းပုံပြင်ကို ကြားလိုက်ရတော့ လစ်ဟာပြီး ခံစားစရာ အလေးအနက် ကိစ္စ ဘာတစ်ခုမှ မရှိတော့ဘဲ ပန်းခက်ဖြူအဖို့ သိပ်စိတ်ဝင်စားသွားရပါတယ်။ မိန်းမသားဗီဇနဲ့ သနားလိုက်မိပါ တယ်။ ဝေယံပိုင်အပေါ်မှာ ညွတ်ပျောင်းပြီး မသိမသာ တွယ်ငြိသွားပါတယ်။ လရောင်ရိပ်မှာ စကားစမြည် ပြောရတာကိုလည်း ကြည်နူးသွားပါတယ်။
အကြောင်းအရာက အဓိကမဟုတ်ပါဘူး။ ရောက်တတ်ရာရာ ပြောဖြစ်နေရတာလေးကိုပဲ သဘောတူ နှစ်ခြိုက် နေတဲ့ အချိန်ပါ။ ပြောကြတဲ့ စကားတွေရဲ့ အကြောင်းအရာ၊ အလေးအနက်၊ အပေါ့အ တိမ် တွေလည်း သူတို့ခေါင်းထဲ မ၀င်ပါဘူး။ ကြည်နူးနေတယ်လေ။ အဲဒီအခန်းမှာ ကျွန်မ ရဲ့ ခံယူချက် အတွေးအခေါ် တစ်ခု ကို ထည့်ပြောလိုက်တာပါ"
" ဆရာမ ဇာတ်ကောင်တွေကို ဖန်တီးနေရာမှာ အပြင်လောက တကယ့်သက်ရှိတစ်ယောက်ကို စံထားပါ သလား။ စိတ်ကူးသက်သက် ပဲ ဖန်တီးပါသလား "
"သက်ရှိစံ ရော၊ စိတ်ကူးယဉ်စံ ရော နှစ်မျိုးစလုံး ပါပဲ။ တကယ် ရှိနေတဲ့ --- ပေါ် မူတည်ပြီးမှ မြန်မာအမျိုးသမီး တွေ၊ ဆယ်ကျော်သက်လေး တွေ အတုယူသင့်တဲ့ စံမျိုးကို ဖန်တီးပါတယ်။
ကျွန်မ ဇာတ်ကောင် အမျိုးသမီး တွေဟာ ထက်မြက်ရမယ်၊ မိန်းမသားမို့ဆိုပြီး ပျော့ညံ့တွေဝေမနေရဘူး။ ကြိုးစားမယ်ဆိုရင် ယောက်ျားတွေ ထက် မညံ့ပါဘူးဆိုတာမျိုး မြန်မာ့ယဉ်ကျေးမှု ကို မတော်လှန်တဲ့ အမျိုးသမီး ဆိုတာမျိုးဖြစ်အောင် ဖန်တီး တည်ဆောက်ပါတယ်။ အမျိုးသမီး စာရေးသူမို့ မိန်းမသား ရှုထောင့် ကိုတော့ ပိုကြည့်မိတာပေါ့ရှင်"
" ဇာတ်တစ်ပုဒ်ကို ကိုယ် ရေးချင်တဲ့ပုံစံ စိတ်ကူးထားပြီးမှ ဇာတ်ကောင်ရဲ့ ဆွဲဆောင်မှုနောက် ပါသွားရတာ မျိုး ကြုံဖူးပါသလား။ ကြုံဖူးရင် ဘယ်ဝတ္ထုဆိုတာ သိပါရစေ"
" ၀တ္ထုတိုင်းလိုလိုမှာ ကြုံရပါတယ်။ စာရေးသူ ဈာန်ဝင်ပြီဆိုရင် ကိုယ့်ဇာတ်ကောင်ကိုယ်ချစ်၊ ကိုယ့်ဘာသာ စွဲလမ်းပြီး ဇာတ်ကောင်နောက်က မျောပါသွားရတာချည်းပါပဲ။ ဒါပေမဲ့ ကျွန်မက အဲဒီလိုဖြစ်ပြီဆိုတိုင်း သတိ ထားပါတယ်။ ကျွန်မ သတ်မှတ်ထားတဲ့ စည်းဘောင်ထဲက ကျော်လွန်မသွားဖို့ပါ။
ဥပမာ ဆိုပါတော့ ... တော်တဲ့ တတ်တဲ့ မိန်းမသားတစ်ယောက်အကြောင်း ရေးဖွဲ့ရင်း ကိုယ့်ဇာတ်ကောင် ကိုယ်အထင်ကြီးပြီး လေးစားလာတတ်ပါတယ်။ တော်ချင်တိုင်း တော်စမ်း၊ ထက်ချင်တိုင်း ထက်စမ်းဆိုပြီး ဇာတ်ကောင်နောက်ကို စာရေးသူက လိုက်ပါသွားမိရင် အားကျအတုယူစရာ ပုံစံက ကျော်လွန်ပြီး အောက် ခြေလွတ် မာနကြီးဆိုတဲ့ ပုံစံမျိုးနဲ့ ချဉ်စရာ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်မ အမြဲသတိထားပြီး ပြန် ထိန်းပါတယ်"
" ခွာနိုင်ဘူးမှာ မမငြိမ်းက ပြောတယ်။ လူ့ဘ၀မှာ စားဝတ်နေရေးနဲ့ ဘ၀ရပ်တည်မှုအတွက် လိုအပ်လာရင် အချစ်ဆိုတာ တကယ်ပဲ လဲလှယ်လို့ ရတယ်လို့ ဆရာမ ယူဆပါသလား။ ဘ၀အတွက် အချစ်ကို လဲကြတဲ့ သူတွေမျာ မိန်းမသားတွေက ပိုများတယ်ဆိုရင် ဆရာမ လက်ခံမလား"
" တကယ့်ဘ၀မှာ ဆယ်ကျော်သက် သမီးပျိုရှိတဲ့ လေးဆယ်ကျော်ရွယ် မိခင်တိုင်း မမငြိမ်းလို စကားမျိုးကို ပြောကြရပါတယ်။ ပြောကိုလည်း ပြောရပါမယ်။ အချစ်တစ်ခုကို ဦးစားပေးလွန်းပြီး ဦးနှောက် လုံးဝ မသုံးဘဲ ရွေးလိုက်တာကြောင့် မမှားသင့်တာ၊ မဖြစ်သင့်တာတွေ မမှားစေ၊ မဖြစ်စေချင်ဘူးလေ။
အချစ်ကို လဲလှယ်လို့ ရသလား၊ မရဘူးလား ဆိုတာထက် တကယ် လဲကြ၊ မလဲကြဆိုတာက ပိုအရေးကြီး မယ်ထင်ပါတယ် ကိုဝင်းငြိမ်း။ တကယ့်လောကမှာ အချစ်ခွန်အားတစ်ခုကလွဲပြီး အရည်အသွေးမှန်သမျှ ပျောက်ဆုံး နေတဲ့သူကို ချစ်မိခဲ့ရင် ဘ၀ခရီးတစ်လျှောက်လုံး ဖြောင့်ဖြူးသွားဖို့ မလွယ်ပါဘူး။ နောင်တ ရစရာ လေးတွေနဲ့ ကြုံဆုံနိုင်ပါတယ်။ ဒါကြောင့်မို့ ဆယ်ကျော်သက် အကျိုးပြုရှုထောင့်အတွက် ကျွန်မတို့ စာရေး သူတွေဟာ လုပ်ချင်တာနဲ့ လုပ်သင့်တာကို ခွဲခြားပြဖို့ တာဝန်ရှိပါတယ်။
မိန်းမသားတွေက ပိုများတယ်လို့ ကိုဝင်းငြိမ်း ဝေဖန်ရင် ကျွန်မ မငြင်းပါဘူး။ မိန်းမသားဆိုတာ အချစ်ရေးနဲ့ အိမ်ထောင်ရေးကို သီးသန့်စီလည်း မြင်ရမယ်။ ယှဉ်တွဲပြီးတော့လည်း ကြည့်တတ်ရပါမယ်။ ဘယ်လောက် တော်တဲ့ ထက်တဲ့ မိန်းမသားပဲ ဖြစ်ဖြစ် မိန်းမဟာ မိန်းမပဲလေ။ အားကိုးအားထားအတွက် အိမ်ထောင်ပြုကြ ရတာ မဟုတ်လား"
" နောက်တစ်အုပ် ကျွန်တော် ဆွေးနွေးချင်တာက ခုတော့ အလှ ဆယ်မြင်းမိုရ်ဆိုတဲ့ စာအုပ်ပါပဲ။ ဒီဝတ္ထု မှာ ဆရာမက ဆံပင်ကောက်ပုံကောက်နည်း၊ မိတ်ကပ်ကို ဘယ်လို လိမ်းရတယ်စသဖြင့် တော်တော်လေး အသေးစိတ် ရေးထားတာ ဖတ်ရပါတယ်။ ကျွန်တော့်စိတ်ထဲမှာ စာဖတ်သူတစ်ယောက်အနေနဲ့ ပြောရရင် ၀တ္ထု ရဲ့ ရသပိုင်း ကို အဲဒီအလှပြင်နည်း အသေးစိတ် ရေးပြနေတာတွေက ဖျက်ဆီးပစ်နေတယ်လို့ ထင်ပါ တယ်။ ဆရာမ ဘယ်လို သဘောရပါသလဲ"
" ဒီလိုပါ၊ ပထမအချက်အနေနဲ့ ပြောရရင် ကျွန်မ ၀တ္ထုတစ်ပုဒ် ရေးတိုင်း အဲဒီထဲမှာ အဓိကပါဝင်ရမယ့် အသက်မွေး ၀မ်းကျောင်း တစ်ခုခုအတွက် ကွင်းဆင်း လေ့လာပါတယ်။ စာချစ်သူတွေအပေါ်မှာ ညာဝါဖြီး ဖြန်းမရေးချင် တဲ့ စေတနာပါ။ ခုတော့ အလှ ဆယ်မြင်းမိုရ်စာအုပ်အတွက် ကျွန်မ လက်တွေ့ရော စာတွေ့ ပါ အများကြီး လေ့လာခဲ့ပါတယ်။
နောက်တစ်ချက်က တိုးတိုးသည် အလှပြင်ဆရာမ ဖြစ်လေသတည်းဆိုတဲ့ ၀ါကျတစ်ကြောင်းနဲ့ တင်းတိမ် လိုက်ရင် ဇာတ်အိမ် ခိုင်မာမှုမှာ အများကြီး ပေါ့သွားပါ့မယ်။ အလှပြင် ဆရာမက အဓိကဇာတ်ဆောင် မဟုတ်လား။အလှပြင်ပြရမယ်။ ဓာတ်ပုံဆရာမဆိုရင် ဓာတ်ပုံရိုက်ပြရမယ်။ ရက်ကန်းရုံပိုင်ရှင် ဖြစ်နေရင် ရက်ကန်းရက် ပြရမယ်။ ဒါမှလည်း သဘာဝကျပြီး ဇာတ်အိမ် ခိုင်မာလာမယ်လေ။
ဒါတွေကို အသေးစိတ်မှုန်းတော့ ရသပိုင်းမှာ ပေါ့ချင် ပေါ့သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ပြောခဲ့တဲ့ အချက် နှစ်ချက်ကို ရသပိုင်းထက် ပိုပြီး ဦးစားပေးလိုက်တာပါ "
" ဆရာမ လုံးချင်းဝတ္ထုတွေအတွက် နေ့တိုင်း စာရေးပါသလား။ စာရေးချိန်ရယ်လို့ သီးခြားသတ်မှတ်ထား ပါသလား။ ဒါမှမဟုတ် စိတ်ကူးရချိန်မှာ ကောက်ရေးပါသလား "
" နေ့တိုင်း မရေးပါဘူး။ နေ့တိုင်းတော့ တွေးပါတယ်။ အတွေးလေးတွေ စုမိဆောင်းမိဖြစ်လာတဲ့အခါမှာ လုံးချင်းတစ်ပုဒ် ကို စ ပါတယ်။ အဲဒီလို စ ရေးပြီဆိုရင် စာရေးချိန် သတ်မှတ်ချက် မရှိပါဘူး။ နေ့ရောညပါ ရေးဖြစ်တော့တာပါပဲ။ လုံးချင်းရေးနေချိန်မှာ လူတစ်ယောက်အဖို့ လိုအပ်တဲ့ အိပ်ချိန်ဆိုတာ ကျွန်မမှာ မရှိ တော့ပါဘူး။
တစ်ပုဒ် ပြီးသွားတဲ့နောက်ပိုင်း ရက်တော်တော်ကြာကြာ စာမရေးဖြစ်တော့ပါဘူး။ အဲဒီရက်တွေမှာ စာဖတ် ပါတယ်။ အချက်အလက်တွေ စုပါတယ်။ ဖတ်ရက် တွေးရက် ကြာလာတော့ ရင်ထဲမှာ ခံစားမှုလေး တွေ ပြည့်လာပြန်ရော။ အဲဒီတော့ နောက်တစ်ပုဒ်ကို စ ရေးပြန်ရောပေါ့လေ "
" သွားလေရာကို မှတ်စုစာအုပ် ယူသွားတတ်ပါသလား။ တွေ့မြင်တဲ့ အချက်အလက်တွေကို "ဒါလေးတော့ ၀တ္ထုထဲ ထည့်သုံးလိုက်ရင် ကောင်းမယ် " ဆိုတဲ့ စိတ်ကူးမျိုးနဲ့ မှတ်သားထားတတ်ပါသလား "
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>