Monday, September 26, 2011

ဒဂုန်ခင်ခင်လေး ၏ ကျွန်းဦးတည့်သန်လျက်ခုံ အပိုင်း (၃)

ဗိဿနိုးမြို့ကို ရန်သူတွေ လာဝိုင်းတော့မည်ဆိုတဲ့ သတင်းကြားရင် မိုးခေါ် စည်ကြီးတီးတော့ မိုးကရှာချ၊ ချောင်းရေ က ရန်ပယ်ချောင်းအပြည့် ဒလေဟော စီးလာတော့ ရန်သူများ ချောင်းကိုမကူးနိုင်လို့ လက်မှိုင်ချ ပြန်သွားရတယ်လို့ ဆိုတယ်။ ရှေးခေတ်က လေယာဉ်ခေတ်၊ မော်တော်ကားခေတ် မဟုတ်။ ခြေလျင်၊ မြင်း လျင်နဲ့ စစ်ချီတဲ့အခေတ် ဆိုတော့လည်း ဖြည်းဖြည်းလာနေတုန်း မိုးခေါ်စည်ကလည်း တအုံးအုံး ထုပါများ တော့ မိုးလန့်ရွာတာနဲ့ အံဝင်ခွင်ကျ ဖြစ်သွားပုံရပါတယ်။

ဒါကြောင့် ဒွတ္တပေါင် မင်းကြီးဟာ ဗိဿနိုးမြို့ကို တိုက်ရေးခိုက်ရေး နှောင့်နှေးနေလေတော့ သူလျှိုတစ်ဥိး အား ရဟန်းရှင်ယောင် ဆောင်စေပြီး ဗိဿနိုး မင်းသမီးထံလွှတ်ကာ မိုးခေါ် စည်ကြီးကို ဖျက်ဆီးခိုင်းရ တယ်။ စည်ကြီး ပျက်စီးမှ ဗိဿနိုးမြို့နှင့် မင်းသမီးကို အနိုင်သိမ်းပိုက်ရရှိတယ်လို့ ဆိုတယ်။ ဒါကြောင့် ဗိဿနိုး မိဖုရားကြီးက စိတ်နာပြီး ကျိန်စာဆိုထားခဲလို့ ရဟန်းနှင့် ပေပင်များ မထွန်းကားကြောင်း ဆိုပြန် တယ်။ ဒါပေတဲ့ နောက်ခေတ်မှာ အဲဒီကျိန်စာဟာ မထိတော့ဘူးလို့ ဆိုရမယ်။ ဘာပြုလို့တုံးဆိုတော့ အ၀င် အပါ တောင်တွင်းကြီးမြို့က ပေါ်ထွက်လာတယ် မဟုတ်လား ...။
ရန်ပယ်ချောင်း သံတံတားကို ကားကလေး ဖြတ်ကျော်လာပြီးနောက် မကွေးမြို့သို့ တောက်လျှောက် မရပ် မနား မောင်းနှင်လာခဲ့ပါတယ်။ တောင်တွင်းကြီးက မကွေးမြို့အရောက် ၅၁ မိုင် မောင်းရပါတယ်။ လမ်းမှာ ကတ္တရာလမ်း၊ သိပ်သိပ်သည်းသည်း အလွန်ကောင်းပြီး သစ်ပင်ကြီးကြီးမားမား ဆိုလျှင် ကုက္ကိုပင်နှင့် မန် ကျည်းပင်ကြီးများ ကြိုးကြားတွေ့ရသည်မှတစ်ပါး လွင်တီးခေါင် ကုန်းရိုးတန်းတစ်လျှောက် ဖြစ်လို့ ပူလောင် ခြောက်သွေ့နေပါတယ်။

ထန်းတော စိမ်းစိမ်းကလေးများ အဝေးတွင် ပြောက်ကြား တွေ့ရသော်လည်း ကုန်းကြော တစ်လျှောက်မှာ ရှားပင်၊ တယ်ပင်၊ ဖန်ခါးပင်၊ ဆူးခေါက်ပင်ငယ်များသာ ကျဲကျဲတွေ့ရတယ်။ ကုန်းကြောခေါင်ခေါင် ပူလောင်သော ဒေသ ပီပီပြင်ပြင် ဖြစ်သတည်း။ အလွန်ကျယ်သော သဲချောင်းကြီးနှစ် ခုကိုလည်း ဖြတ် ရတယ်။ ယင်းချောင်းနဲ့ ဒေါင်းနေချောင်းလို့ ခေါ်ပါတယ်။ ရန်ပယ်ချောင်းကဲ့သို့ သံတံတား လမ်းမရှိ၊ သစ်သား တံတားလည်းမရှိ၊ ချောင်းကျယ်ကြီးတွင် သဲအပြည့်တည်း။ ယင်းချောင်း ခေါ် ချောင်း ကျယ်ကြီး က ရေနည်းနည်းကို ဖြတ်ရပါတယ်။

သုံးနာရီကျော်လောက်မှာ မကွေးမြို့သို့ ရောက်ခဲ့ပါတယ်။ မကွေးမြို့ အကြောင်းတော့ စာဖွဲ့ရန် မလိုတော့ ပါ။ မကွေးမြသလွန် ဘုရားဟာ အလွန်ကြည်ညိုဖွယ်ရာ ထင်ရှားကျော်ကြားသောစေတီတော်ကြီးဖြစ်ပါ တယ်။ ဖန်ခါးသီး ဆိုလျှင် မကွေးကမှ ကောင်းပါတယ်။ သင်္ဘောဆိပ်မြို့ကြီး ဖြစ်ပြီး အညာကုန်များ စုပြုံ တင်ဆောင်ရာ သင်္ဘောဆိပ်မြို့ ဖြစ်သော်လည်း နွေအခါ သဲသောင်ကြီးက အလွန် ဒုက္ခပေးလျက် ရှိပေ တယ်။ စာရေးသူ ငယ်စဉ်က မကွေး အစိုးရကျောင်းတွင် သုံးတန်းမှ လေးတန်းအထိ နေခဲ့ဖူးပါတယ်။ ကျောင်းသူ သူငယ်ချင်းများလည်း စာရေးသူကဲ့သို့ပင် ယခုအခါ အဘွားကြီးတွေ ဖြစ်နေပေပြီ။ မသန်းကြီး၊ မသန်းနှစ်၊ မမကြီး၊ မြ၊ လှ၊ မဟုတ်ရင်။

ထုံးစံအတိုင်း ဈေးနားတစ်ဝိုက်မှာ ဓာတ်ဆီဖြည့်ရန် ရှာပါသေး၏။ မရ။ ရှိတဲ့ ဓာတ်ဆီနင့် ရေနံချောင်းကို တော့ ရောက်ပါလိမ့်မည်။ မကွေးမှ ရေနံချောင်းသို့ သိပ်မဝေးတော့ပါ။ ၃၂ မိုင်မျှသာရှိသတည်း။
မကွေးနှင့် တောင်တွင်းကြီးကြားမှာ အလွန်ကျယ်သော " ယင်းချောင်း" ခေါ် ချောင်းကလေးတစ်ခုနှင့် မကွေးမှ ရေနံချောင်းမြို့ ၀င်ခါနီးပင်းချောင်းခေါ် ချောင်းကြီးက တစ်ခု၊ သည်ချောင်းကြီး နှစ်ခုမှာ ကားများ ဖြတ်ကူးရာတွင် အလွန် ဒုက္ခပေးသော ချောင်းကြီးများ ဖြစ်ကြပါသည်။ ချောင်းတွေ့ တံတားဆောက် သော အစိုးရဌာနများကလည်း ဘာကြောင့်များ တံတား မဆောက်သေးသည်ကို ထိုစဉ်က မတွေးတတ်ခဲ့ပေ။

ဒေါင်းနေချောင်းမျာ ရေမရှိဘဲ သဲတွေသာရှိ၍ ကားဖြတ်မောင်းလို့ အကြောင်းမဟုတ်သော်လည်း ယင်းနဲ့ ပင်မှာက ၁၂ ရာသီရေစီးမပြတ်ပါ။ ဘယ်လောက်ပူတဲ့ နွေခေါင်ခေါင်ပဲ ဖြစ်ဖြစ် ရေက နည်းနည်းဖြစ်တော့ စီးနေ သေးသည်။ မိုးတွင်းဆိုရင်တော့ ပြောစရာမရှိတော့ပြီ။ ကားများကို ဖောင်တင်၍ ကူးရသည်။ သိပ်ပြီး ရေကျများလာရင်တော့ ဖောင်လည်း မတင်နိုင်၊ ချောင်းရိုး ကမ်းပါးက ထိုင်ပြီး နှစ်ရက်၊ သုံးရက် မှိုင်ငေး စောင့်နေရသည်။ အရဲကိုးပြီး ကူးဝံ့သူမရှိ၊ သတ္တိရှိ ကူးကြည့်ပါ။ ဆယ်ဘီး ကားကြီးတောင် သူက မဖြုံ။ ရေစီးနဲ့ တရကြမ်း ဆွဲခေါ်သွားလိမ့်မည်။

စာရေးသူတို့လည်း ပင်းချောင်းကို ရောက်လာပါပြီ။ ချောင်းကြီးက အလွန်ကျယ်ပါ၏။ ရေစီးပြန့်ပြန့် စီးဆင်းလျက်ရှိသည်။ ရေနက်မှာ တစ်ပေနှင့် တစ်ပေသာသာရှိသည်။ သိပ်မနက်သော်လည်း ရေအောက် က သဲဆွဲတတ်သည်။ ရန်ကုန်က ကားမောင်းသူများ အညာသဲချောင်းကူးရာ၌ အ၀ါးမ၀လျှင် သဲထဲ ကားကျွံနစ်ပြီး အမယ်ကူပါ၊ အဘကူပါ၊ လူတကာခေါ် တွန်းကြရသည်။ တစ်ရှိန်တည်း ဂီယာဆုံးထိုး ကူး ပါမှ။ ဒါတောင် အမောင်းမြန်ရင် ကာဗျူရိုက်တာထဲ ရေ၀င်သွားတော့ ကုန်းအတက်စမှာ စက်ဖုံးမပြီး တောင်နှိုက် မြောက်နှိုက် လုပ်ကြရမြဲဖြစ်သည်။

လူစီးး ဘတ်စ်ကားကြီးတွေနဲ့ ကုန်ကားကြီးတွေ ကုန်းလမ်းသယ်ယူ ပို့ဆောင်ရေးဌာနက ဆလိမ်ကားကြီး တွေသာ ခဏခဏ မောင်းချနေသောကြောင့် ချောင်းရေထဲမျာ ကားဘီးရာတွေက နက်နက်ကြီး ချိုင့်ဝင် နေလေတော့ ကားငယ်ကလေးများမှာ ချောင်းကူးရာ၌ ပို၍ မသက်သာလှပါ။ သို့သော် ဘာပဲဖြစ်ဖြစ် တတ် သရွေ့ မျတ်သရွေ့ သဲချိုင့်တိမ်ရာက လမ်းကြောင်းပြောင်းပြီး မောင်းလာလိုက်တာ ကံကောင်းလို့ စက်ဖုံး မမ ရတော့ဘဲ ချောင်းတစ်ဘက် ရောက်လာခဲ့သည်။

ပင်းချောင်းက ယင်းချောင်းလောက် ရေစီးမကျယ်ပြန့်သော်လည်း ရေစီးအား အလွန်သန်သည်။ ဒါတောင် နွေဦးအစ ရေကျန် ရေကြွင်း ကလေးမျှ ဖြစ်ပါသည်။ ပင်းချောင်းရေ တိုက်စားမှုဒဏ်ကို နှစ်စဉ်ခံနေရသော ပင်းဘုရား မှာလည်း အောက်ခြေ တဲတဲကလေးသာ ကျန်တော့သည်။ သည်နှစ် စံချိန်များ ချိုးပစ် လေမလား ဟု ဘုရားကြီးအတွက် စိုးရိမ်ထိတ်လန့်မိတော့သည်။
အစ ကတော့ ဘုရား ကုန်းတော်မြေနေရာမှာ ပင်းချောင်းထဲမှာကျယ်ပြန့် ကြံ့ခိုင်ခဲ့ပါ၏။ သို့သော် ချောင်းရေ တရကြမ်းကျပြီဆိုလျှင် တည့်တည့်မတ်မတ် မစီးဘဲ ဟိုကွေ့သည်တိုက် လုပ်လာတဲ့ နှစ်တွေက များလာ လေတော့ နောက် တဖြည်းဖြည်းဘုရားတဲတဲလေးသာကျန်ပါတော့သည်။

ဒကာ ဒကာမတို့လည်း နေ့စဉ်နဲ့အမျှ ခရီးသွားကားကြီးကားငယ်မှန်သမျှကို ဆီးပြီး အလှူငွေခံကြ၊ ရသမျှ နစ်တိုင်းပဲ ဘုရားကုန်းကို ချောင်းရေ တိုက်စားမှုမှ ကာကွယ်ရန် အုတ်၊ ကျောက်တို့နှင့် ကာရံတားဆီးကြ ရှာပါသည်။ တားဆီးမှုက တစ်နှစ်ထက် တစ်နှစ် တိုးတက်မလာဘဲ ဒီတစ်နွေ လုပ်ထားသမျှ အုတ်၊ ကျောက် တို့ဟာ တစ်မိုးလာလို့ ပင်းချောင်းရေ တစ်မိုးအကျမှာ ဘုရားကုန်းကို ရိုက်ခတ် တိုက်စားပစ်လိုက် ပြန်ရင်းနဲ့ပဲ ဘုရားကုန်းမြေဟာ လုံးပါးပါးပြီး နည်းနည်းလေးသာ ကျန်နေပါတော့သည်။ ပင်းချောင်းရဲ့ ရေ အားကို တားဆီးတဲ့ အုတ်၊ ကျောက် အင်အားက မခံနိုင်လောက်အောင် ရေစောင်း ထက်လျသည်။ ပုပ္ပား တောင် မြောက်ဘက်စောင်းက ကျောက်လုံးကြီးတွေကို ကရိန်းနှင့် ဆွဲယူလာပြီး အုံထားရင်ဖြင့် ရေအားကို ခံနိုင်ရည် ရှိမလား မပြောတတ်ပါ။

ပင်းဘုရား ကိစ္စထက် ပင်းချောင်း ဖြတ်ကူးရတဲ့ စာရေးသူတို့ကားကလေးအတွက် ရင်မ ရပြန်၏။ ကူး နေဆဲ တစ်နေရာတွင် ကားကြီးတွေ ဘီးရာကြောင့် အတော်နက်နေသည်။ တစ်ဘက်က ရေစီးအား ကလည်း သန်လိုက်တဲ့ဖြစ်ခြင်း။ ကူးတို့ပို့တဲ့ဌာနက သူငယ်တစ်ဦးက လာရောက် ကူညီပြီး ပလတ်စတစ်စ တစ်ခု နှင့် ကားစက်အုံကြီး ရစ်ပတ်၍ ရေမ၀င်အောင် ကာကွယ်ပေးသည်။ ရေတိမ်ရာ လမ်းကြောင်းလည်း ပြပေးသည်။ ဒါတောင်မှ ရေနက်ပိုင်းကို ကားဘီးတစ်ဘက် မလွတ်၍ ကားထဲ ရေတွေ ၀င်လာသည်။ ကား ကလေးများ သွား၍ဖြစ်ရန် ရေနက်နေသော အနိမ့်ပိုင်းကို ကျောက်ခဲကလေးတွေ စီချပေးထားနိုင်လျှင် အကောင်း သား။ ချောင်းထဲမှာ ကျောက်လုံး ကျောက်ခဲတွေလည်း ပေါပါဘိသနှင့်။ အကျိုးရှိမယ့် ကုသိုလ် ဖြစ် ပရဟိတလုပ်ငန်း ၀ါသနာပါသူများ တံတားကြီးဆောက်၍ မလှူနိုင်စေကာမူ ဒီလို လူမှုဝန်ထမ်း ကုသိုလ် ရေးစိတ်ဓာတ်ရှိကြလျှင် ကောင်းပေမည်။

ပင်းချောင်းထဲ ဖြတ်ကူးသမျှ ကားတွေ ဆီးတားပြီး ပင်းဘုရားကြီးအတွက် မျောခွက်တွေနဲ့ ၀ိုင်းအလှူခံ နေတဲ့ လူတစ်စုဟာ ဒါကလေး လုပ်ဖို့ သတိမရကြဘူးနဲ့တူတယ်။ စိတ်မော လူမော၊ ကားမောနဲ့ ကူးတက် လာရ တဲ့ ကားများကလည်း ဒီလိုလုပ်ထားတော့ ပိုပြီး စေတနာနဲ့ အလှူထည့်သွားကြမှာပါပဲ။
အဲဒီလိုနဲ့ပဲ ကားကလေး ချောင်းတစ်ဘက်ကို ရောက်ခဲ့တယ်။ အလှူခံတွေ ၀ိုင်းလာသည်ကို တတ်အားသ လောက် မျောခွက်ထဲ ထည့်ခဲ့ပြီး ကုန်းအတက်ကို စက်ကုန်ဖွင့်၍ မောင်းရပြန်သည်။ ကုန်းက အတော်ကလေးမြင့်သည်။ လမ်းတစ်ဝက်မှာ ကားစက် ရပ်သွားပါလေရော။

စက်ဖုံးမ၍ ကူးတို့ဌာနက သူငယ်ကလေးပါ တောင်နှိုက် မြောက်နှိုက်စုံစမ်းကြသောအခါ စက်က ဘာမှ မဖြစ်ပါ။ ကုန်းအတက်မို့ ဓာတ်ဆီ မလိုက်လို့ စက်ရပ်ခြင်းဖြစ်သတဲ့။ ဓာတ်ဆီတိုင်ကီထဲမှာ ဆီက နည်းနေ ပြီလေ။ ကုန်းအတက်ဆိုတော့ ဦးမော့နေတဲ့အတွက် ဆီကောင်းကောင်း မလိုက်နိုင်ပဲကိုး။ ဓာတ်ဆီ ထွက်ရာ ဌာန အချက်အချာ ဖြစ်တဲ့ ဤရေနံချောင်း၊ ပင်းချောင်း အတက်မှာ ဓာတ်ဆီ ရှာပုံတော် ဖွင့်ရ ပြန်ပါသတည်း။
တနင်္ဂနွေ ဓာတ်ဆီဆိုင်တွေ ပိတ်ထားသောကြောင့် ဆိုင်ကိုတော့ အားမကိုးသာပါပြီ။ ဒီတော့ ကူးတို့မှ ကူညီတဲ့ သူငယ်ကလေးက အရေးမကြီးပါဘူး၊ သူ ရှာပေးပါမည်ဆိုပြီး သူတို့ အဆက်နဲ့သူတို့ လွယ်လိုက် တဲ့ ဖြစ်ခြင်း။ ၄င်းမိတ်ဆွေ အလုပ်ရပ်ထားတဲ့ ကုန်ကားထဲက ပိုက်နဲ့ကဲ့ပြီး ၄ ဂါလံပုံးကြီး တစ်ပုံး မလာသည်။

တစ်ဦးကို တစ်ဦး အပြန်အလှန် ကျေးဇူးပြုတဲ့နည်းနှင့် အောင်လံမြို့မှာတုန်းက ဓာတ်ဆီမျှလိုက်တဲ့ နည်း ဥပဒေအတိုင်း ရေနံချောင်းမှာလည်း ဓာတ်ဆီ ကူညီ ချေးငှားလိုက်သူအား လည်းကောင်း၊ ကူးတို့သူငယ် ကလေးအား လည်းကောင်း ကျေးဇူးတင် စကားများ ပြောကြားနှုတ်ဆက်ပြီးသည့်နောက် ကျောက်ပန်းတောင်း အရောက် မောင်းရမည်ဖြစ်သောကြောင့် ရေနံချောင်းမြို့ထဲမှာ ၀င်ရောက် ရပ်နားခြင်း မပြုကြတော့ပဲ တစ်ဆက်တည်း ခရီးထွက်ခဲ့ကြပါသည်။ ရေနံချောင်းမှ ကျောက်ပန်းတောင်း သို့ ခရီး ၃၄ မိုင် သာဝေးသောကြောင့် အေးအေးဆေးဆေး မောင်းသွားလျှင် ကျောက်ပန်းတောင်းသို့ ညနေ ၅ နာရီလောက် ရောက်ကြမည် ဖြစ်ပါသည်။

*
ကျောက်ပန်းတောင်းသို့

ရေနံချောင်းနှင့် ကျောက်ပန်းတောင်းလမ်း ၂၈ မိုင် အရောက်တွင် ဂွေးချိုမြို့ ရှိပါသေးသည်။ ဂွေးချိုတောင် တန်းကြီးက ကန့်လန့်ဖြတ် တည်ရှိသည်။ ယင်းတောင်တန်းကြီးမှာ သစ်ပင်များ မပေါက်နိုင် အောင် မာကျော သော ကျောက်တောင်တန်းကြီးသာ ဖြစ်ပါသည်။ ၄င်းတောင်မှ ထွက်လေသမျှသော ကျောက်တုံး ကျောက် ပြားများမှာ မြန်မာတစ်ပြည်ထောင်လုံး သုံးစွဲနေကြသော ကျောက်ပြင်များ၊ ကျောက်ငရုတ်ဆုံ များ၊ ကြိတ်ဆုံ စသော လူသုံး အိမ်သုံးပစ္စည်းများဖြစ်ကြကုန်သည်။ ဂွေးချို ကျောက်ပြင် သည် အမျိုးသမီးများအတွက် အလွန် နှစ်သက်သော ပစ္စည်းတစ်ရပ်အဖြစ် ကျော်ကြားခဲ့ပါသည်။

ဂွေးချိုမြို့သည် ဂွေးချို ကျောက်တောင်တန်းကြီးက လူတို့အဖို့ အတိတ် ပစ္စုပ္ပန် အနာဂတ် ကာလတစ်လျှောက်လုံး စားမကုန်၊ ရောင်းမကုန်နိုင်အောင် အကျိုးပြုနေပေသည်။ အခြားသော အဓိကထွက်ကုန်များက ထန်းလျက်၊ ပြောင်း၊ ပဲ၊ နှမ်း၊ ၀ါ၊ မန်ကျည်း၊ ဆီး စသည်များ ဖြစ်ကြပါသည်။ ဂွေးချို မြို့တွင် ချောက်မြို့သို့သွားသော ကားလမ်းခွဲလည်းရှိသည်။ ယခုအခါ ကျောက်ပန်းတောင်း မှ မီးရထားလမ်း ကိုချောက်မြို့အရောက် ဖောက်လုပ်နေရာ ဂွေးချို တောင်တန်းကြီးသို့ ဖြတ်ကျော်မိ နေပြီဖြစ်၍ မကြာခင် ချောက်ရေနံမြေသို့ မီးရထားလမ်းဒုတ်ဒုတ်ထိ ရောက်ရပေတော့မည်။
ဂွေးချို နှင့် ကျောက်ပန်းတောင်းမှာတော့ ခုနစ်မိုင် (၇ မိုင်) သာ ဝေး၍ ကားလမ်းဘေးတစ်လျှောက်၌ မျှော် မဆုံးနိုင်သော ထန်းတောများချည်း ဖြစ်လျက်၊ ထန်းပင်များ အောက်ခြေတွင် ပဲ၊ နှမ်း၊ ပြောင်း၊ ပါ စသော ယာခင်းတွေ အတိသာရှိသည်။ ယာခင်းတို့၏ စည်းရိုးတစ်လျှောက်မှာတော့ မန်ကျည်းပင်နှင့် အလေ့ကျ ပေါက်ရောက်နေသော ဆီးပင်များသာတည်း။ " ဆီးဝင်းပေါက်ပြဲ တပို့တွဲ" ဆိုသည့်တိုင်း ဆီးပင် တွေမူ ပြွတ် သိပ်ကျပ်ခဲ ရဲရဲနီနေသော ဆီးသီးများကို တွေ့ရသည်။

ကလေး လူကြီး အမျိုးသမီးတစ်စုတို့သည် ဆီးသီးကောက်၍ တောင်းဘကီး တောင်းငယ်နှင့် သယ်ယူကာ၊ ဆီးဝယ်ဒိုင်သို့ လာရောက်ရောင်းချသော ရာသီလည်း ဖြစ်လေသည်။ သို့ကြောင့် ကျောက်ပန်းတောင်းနား နီးလာလေ ရဲရဲနီနေသော ဆီးသီးပုံကြီးများကို တောင်ပူစာငယ်များတမျှ တွေ့ရ၍ အချို့က အောက်ပြည် အောက်ရွာများသို့ တင်ပို့ရန် ပုတ်ကြီး ပုတ်ငယ် အသွယ်သွယ်တွင် ထည့်သွင်း လုပ်အားပေးနေကြသည်။ ပခုက္ကူ၊ မုံရွာ၊ ရေဘို၊ မကွေး။ မြင်းခြံ၊ ကျောက်ပန်းတောင်းစသော အထက်အညာတစ်ခွင် အရပ်ရပ်မှ ဤမျှ အမြောက်အမြားထွက်သော ဆီးသီးခြောက်များသည် အများအားဖြင့် ရန်ကုန် စသော အောက်ရပ် လူထုကြီး က ၀ါး၍ စား၍ ပစ်လိုက်ကြသည်မှာ နှစ်စဉ် နှစ်စဉ် တန်ချိန်ပေါင်း မည်မျှ မည်မျှ ရှိနေမည်ကို အံ့သြလောက် အောင်တွေ့ရမည်သာဖြစ်ပါသည်။
ဆီးယို၊ ဆီးပေါင်း စသဖြင့် နေ့စဉ်နှင့်အမျှ ဆီးသီးကို ကောင်းကောင်း စားဝါးပေးနေသော ပွဲဈေးတန်းများ၊ ရုပ်ရှင်ရုံများ၊ စာသင်ကျောင်းများ၊ လမ်းတကာ အရပ်တကာ၊ လက်တွန်းလှည်းများနှင့် လှည့်လည် ရောင်းချ နေကြသော ဆီးသီး စီးပွားရေးကြီးကား နျယ်နှယ်ရရ မဟုတ်ပါချေတကား ဟူ၍ စဉ်းစားစရာပင် ဖြစ်ပါ၏။

ညနေ ၅ နာရီ နေမ၀င်မီ ကျောက်ပန်းတောင်းမြို့ထဲသို့ ရောက်လာပါသည်။ အသက်ခြောက်ဆယ်ကျော်၍ ခုနစ်ဆယ် ပတ်ဝန်းကျင်ရှိကြပြီဖြစ်သော စာရေးသူနှင့် ငယ်သူငယ်ချင်း တွေမျိုးနှစ်ထပ် တော်စပ်သော ရှေ့ နေကြီး ဦးစောမောင်၊ ဒေါ်မမလေးတို့ ဇနီးမောင်နှံတို့ အိမ်မှာ စတည်းချကြပါသည်။ သူတို့ အိမ်နားတစ်ဝိုက် အရှေ့ ခုနစ်အိမ်၊ အနောက်ခုနှစ်အိမ် တစ်တန်းလုံးမှာလည်း အားလုံး ငယ်သူငယ်ချင်း အဘွားကြီး တွေ ချည်းနှင်နှင် ဖြစ်ပါသည်။ သူတို့တစ်တွေကမှ တကယ့် သူငယ်ချင်းအစစ်တွေဖြစ်ပါ၏။

စာသင်ကျောင်းမှာ ကင်တာဂါဒင် ခေါ် သူငယ်တန်း၊ ၀လုံးတန်းကစပြီး သုံးတန်းအထိ အတူ နေခဲ့ကြရသူ များဖြစ်ပါသည်။ သူတို့ ခုနစ်အိမ်တန်း၏ အလယ်ကောင် အိမ်နေရာသည် ရှေးယခင်က စာရေးသူတို့၏ စာသင်ကျောင်းကြီး နေရာ ဟောင်းဖြစ်ပါသည်။ ယခုတော့ စာသင်ကျောင်း နေရာဝိုင်းအတွင်း စပျစ်ပင်များ စိုက်ထားသည်။ အလယ် အိမ်တစ်ဆောင်မှာ ကျောင်းဆရာကြီး၏သမီး၊ ယခု အဘွားကြီး ဒေါ်ဒေါ်ဆွေ နေထိုင်သည်။
အဘွားကြီး သူငယ်ချင်းတွေ ပြန်တွေ့ကြသောအခါ ၀မ်းသာအားရနှင့် သူငယ်ပြန်ကြကုန်တော့၏။ ကိုယ့် ကိုယ် ကိုယ် ကျောက်သင်ပန်းကလေး ချိုင်းညှပ်လာသော သူငယ်တန်း ကျောင်းသူကလေးများ ဘ၀သို့ ကိုယ်စီ ကိုယ်င ပြန်ရောက်သွားကြပါသည်။

ကျောက်ပန်းတောင်းမြို့ကား စာရေးသူ၏ ဖခင်ဘက်မှ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်တို့ ရပ်တည် ပေါက်ဖွား နေထိုင်ရာအရပ်ဖြစ်ပါသည်။ သူတို့ ရပ်တည်ဖြစ်ထွန်းလာသည့် အဆက်အနွယ်ကလည်း ရှည် လျား လျသည်။ ပုဂံခေတ် အနော်ရထာဘုရင် မင်းသားဘ၀က ဤကျောက်ပန်းတောင်းမြို့ တည်သည်။ အဲဒီ နေ့က မြို့သူကြီး ဖြစ်သူ၏ အဆက်အနွယ်မှ ဆင်းသက်လာခဲ့သည်မှာ သား၊ မြေး၊ မြစ်၊ တီ အသက် ၄၀ ကျော်ကနေပြီး ယနေ့ မြို့သူကြီး ဒေါ်ခင်လှကြီး အထိ ကြားဖောက်မရှိ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ မြို့ သူကြီး ဒေါ်ခင်လှကြီးမှာ ဆိုရှယ်လစ်ခေတ်ပြောင်း တော်လှန်ရေးအစိုးရခေတ်တွင်လည်း ဥက္ကဋ္ဌ၊ ကျေးရွာ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီအဖြစ် ဆောင်ရွက်လျက်ရှိနေသည်။ သူက စာရေးသူ၏ တူမပင် တော် စပ်ပါသည်။

သည်လောက် ရှည်လျားထွေပြား မနေမနား ပေါက်ဖွားလာခဲ့သော ဆွေမျိုးတစ်သိုက် သံသရာလည်ခဲ့၊ ထွန်းကား ခဲ့သောကြောင့်လည်း ကျောက်ပန်းတောင်းမြို့ ပြင်ဘက်မှာရှိတဲ့ ကျောက်တောင် ကျောက်ကလပ် များပေါ်တွင် ဘုရားတွေ မှိုပေါက်အောင် တည်ခဲ့ကြသည်။ မြတ်ရွှေကူဘုရား၊ ရွှေတောင်ဦး ဘုရားများ ပွဲတော်အခါ အထူးစည်ကား ကြီးကျယ်လှသည်။ စာရေးသူပင် ယောင်ယောင် ပေါင်ပေါင် နှင့် အဘိုးဖြစ်သူ ကျောက်ပန်းတောင်း မြို့အုပ်ကြီး ဦးဘိုးရွှေ၏ ရွှေတောင်ဦးဘုရားကို စောင်းတန်း များ ပြုပြင်ဆောက်လုပ် လှူဒါန်းခဲ့ဖူးသေးသည်။ ကွယ်လွန်သူ အဘိုးနှင့် ဖခင်တို့အား လေးစား သဖြင့် ရည်စူးလှူဒါန်းခြင်းဖြစ်ပါသည်။

ဖခင်မှာ အစိုးရအလုပ်နှင့် အရပ်တကာ နယ်တကာ ရွှေပြောင်းအမှုထမ်းရသော်လည်း ဤနယ်က လိုလား သောကြောင့် ၁၉၀၇ ခုနှစ်က ၁၉၁၄ ခုနှစ်အထိ ကျောက်ပန်းတောင်းတွင် အလုပ်တာဝန် (၇)နှစ် ကျော်မျှ ကြာအောင် ထမ်းဆောင်ခဲ့ရပါသည်။ ဒါကြောင့် အဲဒီမှာပဲ စာရေးသူလည်း ၀လုံးတန်းပညာကို စသင် ခဲ့ရပါသည်။ သို့ကြောင့် မိမိ၏ မွေးရပ်ဇာတိ မဟုတ်သော်လည်း ပ၀တ္တိအနေများခဲ့ခြင်းကြောင့် ကျောက်ပန်းတောင်း၊ ပုပ္ပား၊ ပုဂံ၊ ညောင်ဦးမြို့များကို တစ်နှစ်လျှင် အနည်းဆုံး တစ်ခေါက် နှစ်ခေါက် တော့ ရောက်လေ့ရှိပါသည်။ ဘယ်နှခါပဲ ရောက်ရောက် ပုပ္ပားနှင့် ပုဂံဘုရားများကိုလည်း မ၀င်ဘဲ မနေနိုင်ပါ။ တစ်ခေါက်လာလျှင် သုံးလေးရက်မှ အနည်းဆုံး တစ်ညအိပ်လောက်ဖြစ်စေ နေလိုက်ရမှ ကျေနပ် လေ့ရှိပါ သည်။

ပုပ္ပားမြို့သူကြီး၊ တောင်ဆင်းမြို့သူကြီး၊ ငသရောက်၊ တူရွင်းတိုင်၊ တံငါကံ၊ ချောင်းချား၊ မဲထီး၊ မကျည်းကုန်း၊ ပွေးကျစ် စသည်စသည်တို့မှ မြို့သူကြီးများသည် ကျောက်ပန်းတောင်းမြို့သူကြီးကို ဗဟို ပြုလျက် ရှေးသရောအခါ ဗရာဏသီပြည် တည်စအချိန်မှစပြီး သမီးပေး၊ သားယူ ပြုလုပ်ဆက်နွယ်ခဲ့ကြသော သာကီ ၀င်ထုံးတမ်းအရ ယခုအခါမှာ ကားဆိုလျှင် အားလုံး ဆွေမျိုး စာရင်း ၀င်ချည်းနှင်နှင် ဘယ်လိုတော်မှန်းပင် မသိနိုင်အောင် နှစ်ထပ်ကွမ်း သုံးထပ်ကွမ်း ဆွေမျိုးတွေ ဖြစ်နေလေရာ၊ ဘယ်နေရာသွားသွား၊ ဤနယ်တစ် ခွင်မှာဖြင့် စာရေးသူက ရှောင်မရအောင်တိုးမိရသည်။ ဒီနယ် တစ်ဝိုက် တွင် သာမက မြန်မာပြည် မြို့ရွာ အနှံ့ အပြားမှာလည်း သည်အနွယ်ထဲက လူတွေဟာ ရေကြည်ရာ မြက်နုရာ ကူးသန်းရောင်းဝယ်ရေးဘက်မှာ လည်းကောင်း၊ အစိုးရ အမှုထမ်း၊ အရာထမ်းများ အဖြစ် လည်းကောင်း၊ စစ်မှုရေးရာနှင့် ပညာရေးဌာနများ တွင် လည်းကောင်း၊ ဆိုင်ရာဆိုင်ရာ တာဝန် ထမ်းဆောင်နေကြသူများကလည်း ခွေးလေးပျား တောအနှံ့ ဆိုတဲ့ စကားပုံအတိုင်း " နေရာတကာ ရောက်ပါတယ် " ဖြစ်ကြပါသည်။

နောက်တစ်နေ့ ပုဂံဘုရားများ သွားဖူးဦးမည်။ သူငယ်ချင်း အမေအိုတစ်စု သူ လိုက်မည် ငါ လိုက်မည် ဆိုရာ ကားတစ်စီးအပြည့် ၅ ယောက်တိတိ လိုက်လာကြသည်။ သူတို့အိမ်သားများ ငဲ့ညှာ၍ ညမအိပ်ဘဲ နေ့ချင်း ပြန်လာခဲ့ရသည်။
ပုဂံနှင့် ကျောက်ပန်းတောင်းမှာ ၃၂ မိုင်သာဝေး၍ တစ်နာရီလောက် ကားမောင်းလာက ရောက်ပါသည်။ အမှန်တော့ ကျောက်ပန်းတောင်းက ညောင်ဦးသို့ ၂၈ မိုင် ဖြစ်၍ ညောင်ဦးမှ ပုဂံမြို့ဟောင်းသို့ ၄ မိုင်၊ စုစု ပေါင်း ၃၂ မိုင် ဖြစ်ပါသည်။

ခါတိုင်းလာလျှင် ပုဂံ သံတဲခေါ် ဧည့်ရိပ်သာ၌ ၃-၄ ရက်နေမြဲဖြစ်ပါသည်။ တစ်နှစ်လျှင် ၂ ကြိမ်လောက် အနည်းဆုံး ရောက်လာလေ့ရှိသောကြောင့် သံတဲခေါ် ဧည့်ရိပ်သာစောင့် အကြီးအမှူး ဦးသိန်းကလည်း ခင်မင်လေးစားစွာနှင့် သူ၏သားများနှင့်တကွ တာဝန်ဝတ္တရားထက်ပင် ပို၍ ဂရုစိုက်လေ့ရှိပါသည်။
ယနေ့အခေါက်တွင်မူ နေ့ချင်းပြန်လာခဲ့ခြင်းကြောင့် ဧည့်ရိပ်သာကို ခေတ္တသာဝင်၍ နားခဲ့ရပါသည်။

စာရေးသူနှင့်တကွ သူငယ်ချင်း အဘွားကြီးတစ်စုတို့သည် ပုဂံဘုရားများကို ငယ်စဉ်ကစ၍ အထပ်ထပ်အခါခါ ဖူးမြော်ခဲ့ရသော ရပ်ဘုရား၊ ရွာဘုရား၊ ဆွေဘုရား၊ မျိုးဘုရားကဲ့သို့ပင် ယဉ်ပါး လာခဲ့ကြသူ များဖြစ်ပေမင့်၊ ဘယ်နှခါပဲ ဖူးရဖူးရ ကြည်ရနူးရ ကြည်ညှိုရတဲ့ ဇောစေတနာကတော့ တစ်ခါမှ မရောက်ဘူးသေးတဲ့ ဘုရားဖူး အသစ်များပမာ ဇောစေတနာထက်သန်စွာ ပေါ်ပေါက်လာမြဲ ဖြစ်ပါသည်။ ပထမဦးစွာ ရွှေစည်းခုံဘုရားကို ၀င်ရောက် ဖူးမြော်ကြသည်တွင် ဘုရားတကာ နော်ရထာမင်းကြီးနှင့် ကျန် စစ်မင်းကြီးတို့ အတ္ထုပ္ပတ္တိက ထင်မြင်မြဲထင်မြင် ပေါ်ပေါက်လာရပြန်သည်။

ဤဘုရားရင်ပြင်တော်တွင် ငယ်စဉ်က ရောက်သည့်အခါတိုင်း အမြဲလှည့်ပတ် ကြည့်ရှုခဲ့သည့် ဆွမ်းဦး သပိတ်၊ အင်္ဂါထောင့် ခြင်္သေ့၊ အဖေ့ထက် သားတစ်လကြီး နတ်ရုပ်ကြီးများသည် လည်းကောင်း၊ သစ်သား မင်းတုပ်တံခါးအတွင်း ရွှေငါးကြင်းရုပ်ကလေးသည်လည်းကောင်း၊ ဘုရားထီးတော် ငှက်မြတ်နားကို မော်မဖူးရဘဲ ငုံ့နေရင်း ဖူးမြင်ရသော ကျောက်ရေခွက်ကလေးသည် လည်းကောင်း၊ ငယ်စဉ်က တွေ့မြင်ရတဲ့ အတိုင်းပင် ခြေရာလက်ရာမပျက် တွေ့မြင်ရသေးသည်။ အချိန်ကာလကား ကြာခဲ့လေပြီ။ ဘုရားတကာ ကျန်စစ်သားမင်းကြီးလက်ထက်က ပြန်တွက်လျှင်ကား အနှစ်ကိုးရာကျော်လောက်ပင် ရှိ၍ သာ၍ ကြာညောင်းခဲ့လေပြီ။ အတိတ်ဖြစ်စဉ်တို့သည် သမိုင်းဝင် ခိုင်မာသော အမှတ်လက္ခဏာများပါပေ တကား။

ရေကြေးမုံ

စာရေးသူအဖို့ ရွှေစည်းခုံဘုရားရောက်တိုင်း အထူး ထင်မြင်မိသော အကြောင်းတစ်ခုမှာ ငှက်မြတ်နားနှင့် တည့်တည့် အရိပ်ထင်သော ဘုရားရင်ပြင်တော်က ကျောက်ရေခွက်ငယ်ကလေးပင် ဖြစ်ပါသည်။ လက်ဖက် ရည် ပန်းကန်လုံး သာသာမျှရှိသော ကျောက်ခွက်ငယ်ကလေးအတွင်းရှိ ရေထဲတွင် ငုံ့ကြည့်လိုက်ပါက ရွှေ စည်းခုံဘုရား ထီးတော်ဖျားနှင့် ငှက်မြတ်နားသည် ရေထဲတွင် မှန်ကြေးမုံကဲ့သို့ ကြည်ကြည်လင်လင် အရိပ် ထင်နေသည်။

ဤနေရာသည် လွန်လေရှေးခါ အနှစ်ကိုးရာ တစ်ထောင်နီးပါးခန့်က ဘုရားတကာ ကျန်စစ်မင်းကြီး ထိုင်၍ ဘုရားဖူးခဲ့သော နေရာပါတကား။ ဘုရင်မင်းမှာ မင်းမြောက်တန်ဆာ ၀တ်ဆင်လျက် မကိုဋ် သရဖူကို ဆောင်းဆင်ထားရသောကြောင့် ဘုရားငှက်မြတ်နားကို မော်၍ ဖူးလိုက်ပါက မကိုဋ်သရဖူ ပြုတ်ကျမည်ဖြစ် သည်။ မပြုတ်အောင် လက်နှင့် ကိုင်ထားရမည်ကလည်း ရာဇဣနြေ္ဒပျက်မည်။ သည်တော့ အခြေမပျက်၊ အာရုံမပျက် မျက်လွှာချရင်းက ကျောက်ရေခွက်တွင် ထင်လာသော ထီးတော်ကို သဒ္ဓါကြည်နူးစွာ အာရုံပြု နိုင်ရန် ဖန်တီးထားခြင်းကို ချီးကျူးမိသည်။ ထိုမျှမက အာနန္ဒာဘုရားအတွင်းမှ ကျန်စစ်မင်းကြီး၏ ရုပ်ထု ပုံသဏ္ဍာန်တွင် ဆောင်းဆင်ထားသော သရဖူမကိုဋ်နှင့်တကွ ကျောက်ရေခွက်အနီးတွင် ဘုရား ထိုင်ထူးနေဟန်ပုံသဏ္ဍာန်သည်ပင် စိတ်အာရုံတွင် ထင်လာ မြင်လာစေပါသည်။

မှန် မပေါ်မီခေတ်၊ ကြေးဖြင့်ပြီးသော ကြေးမုံ (သို့မဟုတ်) ရေမှန်ကိုသာ အားထားရသော ရှေးခေတ်က ရှေး လူကြီးတို့၏ စိတ်ကူး အကြံဥာဏ်ကြောင့် ရွှေစည်းခုံဘုရား ကျောက်သားရင်ပြင်မှ ကျောက်ခွက်ငယ် တွင် ရေထည့်၍ ကြည့်ခြင်းဖြင့် ဘုရင်မင်း မကိုဋ်သရဖူနှင့်တကွ ဣနြေ္ဒမပျက် ထီးတော်ကို ဖူးရသည်။ ရေ၌ ထီး တော်ပုံ ဇောက်ထိုးမပေါ်သည်မှာလည်း အံ့သြစရာတစ်ပါးပင်။
စာရေးသူတို့သည် ရွှေစည်းခုံ ဘုရားမှ အာနန္ဒာဘုရားသို့ ရောက်လာကြပြန်သည်။

အာနန္ဒာဘုရားမှာ ကျန် စစ်မင်းကြီး နန္ဒမူလိုဏ်ဂူပုံသဏ္ဍာန် ရည်ရွယ်၍ တည်ထားသော ဘုရားကြီးဖြစ်၍ အလါန်ပုံပန်းလှ၍ အချိုး အစားကျန လက်ရာမြောက်လှသော လေးဘက်မုခ် လိုဏ်ဂူခံ အာရုံခံသုံးထပ်နှင့် ဘုရားကြီး ဖြစ်သည်။ စေတီရံ တစ်သောင်း၊ မုခ်ပေါင်း တစ်ထောင်ရှိသည်။ သံတန်း၊ သစ်သားတန်၊ ရက်မ လုံးဝ မပါသော အုတ် ပေါင်းကူးများဖြင့် ဖန်တီးထားနိုင်ခြင်း၊ လေးဘက်မုခ်ကြီးများမှတစ်ဆင့် အပေါ်ပစ္စယံသို့ ကွေ့ကောက်လိမ် တက်သွားသော လျှို့ဝှက်ကြောင်လိမ် အုတ်လှေကားများကလည်း ပေါင်းကူးများ အကြားတွင် ပညာသား ပါပါ ရှိနေသေးရာ ကမ္ဘာ့အံ့ချီးဖွယ်ရာ တစ်ပါးကဲ့သို့ ဖြစ်နေသဖြင့်လည်း ယနေ့ထိ နိုင်ငံခြားသားတို့ လက်ဖျား ခါမိကြသော မြန်မာ့ရှေးခေတ် ယဉ်ကျေးမှု အနုပညာ လက်ရာများ ဖြစ်ခဲ့ပါသည်။

အနှစ်ကိုးရာ တစ်ထောင်ခန့်က အင်ဂျင်နီယာအတတ် စသော သိပ္ပံပညာများ မထွန်းကားသေမီ ဤမျှ ၀ိသေသ ထူးခြားသော အဆောက်အဦ စေတီဘုရားများစွာကို ပုဂံသားတို့ ဖန်တီး တီထွင် ထားခဲ့နိုင်သည်ကို ခန့်မှန်းလျှင် မြန်မာတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုအနုပညာ၊ ကာယဥာဏ စွမ်းအားများကို ယနေ့ခေတ် လူတို့ အားကျဖွယ် ဂုဏ်ယူဖွယ် ကောင်းလှပေတော့သည်။
ယင်းခေတ်က မြန်မာ့ယဉ်ကျေးမှု အခြေအနေနှင့် ယနေ့ယဉ်ကျေးမှု အခြေအနေများမှာ ဆီနှင့်ရေကဲ့သို့ ကွာခြား နေရုံမက တစ်စတစ်စ ဆုတ်ယုတ်လာကာ အောက်ခြေ လှေကားထစ်မျာ ပုံလျက်သား ကျနေပါပြီ ဟု ဆိုရမလောက် ၀မ်းနည်းဖွယ်ရာပင် တွေ့မြင်နေကြရပေသည်။

(၁၀)ရာစုနှစ်ဆီက မတိုးတက် သေးသော တိုင်းနိုင်ငံများမှာ ယခုအခါ ကမ္ဘာက မော့ကြည့်လောက်အောင် တိုးတက်ထွန်းကားနေပါလျက်၊ ၄င်း(၁၀)ရာစုနှစ်တုန်းက စပြီး ယဉ်ကျေးတိုးတက်နေတဲ့ မြန်မာတွေဟာ ယခုအခါ သူများတကာ နိုင်ငံ ထက်သာပြီး ထိပ်စီးက နေရာရနေဖွယ်သာ ဖြစ်ပါလျက် မတိုးတက်ဘဲ တစ်စထက်တစ်စ တဖြည်းဖြည်း ကျ ဆင်းလာသည်မှာ နယ်ချဲ့ လက်အောက်သို့ ပြားပြားမှောက် ရောက်လာခဲ့ရသည်ထိ အညွန့်ကို တိလိုက်တဲ့ အတိုင်းခံကြရပုံများ ..

ပုဂံဘုရားများ ရောက်လေတိုင်း ဤအတွေးများမှာ ပေါ်လာရမြဲ ဖြစ်ပါသည်။ သို့ပေမဲ့ သင်္ခါရ သဘောတရား ကိုလည်း ထည့်မတွက်၍ မဖြစ်ပါ။ (၁၀)ရာစုထက်မက ရှေးပဝေဏီကျလှသော ခေါမ၊ ရောမတို့ ခေတ်က သူတို့သည် လျှမ်းလဆမ်းတောက် တိုးတက်ခဲ့ပါလျက် နိမ့်ကျပျက်စီးကိန်း ကြုံရသောအခါ ဘာမျှ မတတ် နိုင်ခဲ့ပါတလား။ ယနေ့ လူများသည် ခေါမ၊ ရောမတို့ ထားခဲ့သော အကြွင်း အကန် လက်ရာများကို ကြည့်ပြီး ငေးမော့ အံ့သြနေကြဆဲသာ။ ထို့အတူ မြန်မာ့လက်ရာ အကြွင်းအကျန် ကိုလည်း ပုဂံမှာ လာရောက်ငေး မောအံ့သြနေရပေတော့သည်။
ယနေ့ လကမ္ဘာရောက်အောင် တိုးတက်နေကြသော လူတို့သည်လည်း နောင်အခါ ဖြစ်ပျက် သင်္ခါရလမ်း ကြောင်း ကို လွန်သာကြမည်မဟုတ်။ တစ်ချိန်မှာ သူတို့၏ လက်ရာ အကျန်အကြွင်းကလေးများကို ကြည့်ရှု ငေးမောရသူများ ပေါ်လေဦးမှာပါတကား ... ရယ်လို့ စဉ်းစားတွက်ဆရဦးမည် ဖြစ်ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၃)

ဦးအောင်ဆန်း 
(ဦးအုန်းမြင့်)

(ဤဆောင်းပါးရှင် ဦးအုန်းမြင့်မှာ ကွယ်လွန်သူ ဗိုလ်ချိုပ်ဦးအောင်ဆန်း၏ အရင်းအနှီးဆုံး မိတ်ဆွေ တစ်ဦးဖြစ်သည်။ ဦးအုန်းမြင့်နှင့် သခင်တင်ဦးတို့မှာ သခင်ဘ၀ကပင် ဗိုလ်ချုပ်ဦးအောင်ဆန်း၏ ပြောမနာ ဆိုမနာ မိတ်ဆွေရင်းများဖြစ်ကြသည်။ ဦးအောင်ဆန်း မကွယ်လွန်မီကလေးက ကျင်းပခဲ့ သော သတင်းစာဆရာများအစည်းအဝေးတွင် ဦးအောင်ဆန်းက ''ကျုပ်အကြောင်းသူတို့နှစ်ယောက် သာ ကောင်းကောင်းသိတယ်'' ဟု ပြောဆိုခဲ့ဖူးသည်။ ဤဆောင်းပါးမှာ ဦးအုန်းမြင့်၏ ဆောင်းပါးပင် ဖြစ်သည်။)

တိမ်ဖုံးသောလပမာ

ဗိုလ်ချုပ်ကွယ်လွန်ပြီဟိုပြောသံကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ကျွန်တော်၏အနီးတွင် ကပ်၍ဗုန်း ကျပြီး ပြင်းထန်စွာ မြည်ဟီးပေါက်ကွဲကာ၊ မီးခိုးလုံးတွေ ပိတ်ဖုံးမှောင်မဲသွားသကဲ့သို့ ထင်မှတ်လိုက်မိ တော့သည်။ လျှပ်တစ်ပြက် လုံးလုံးသတိလစ်ခါ လဟာပြင်ကြီးကဲ့သို့ ရှိနေရာမှ တဖြေးဖြေးပင် တရေး ရေး ထင်မြင် ပေါ်ပေါက်လာသည်မှာကား ယခင်နှစ်ပေါင်း အတော်ကြာမှ ယခုအထိ ဗိုလ်ချုပ်နှင့် အတူ နေထိုင် လုပ်ကိုင် စားသောက်သွားကာ ပြောဆိုရပုံများပင် ဖြစ်ပေသည်။ သို့စိတ်ထဲတွင် ထင်ယောင် မြင်ယောင် ပေါ်ပေါက်လာသော်လည်း သာယာသော နေ့လည်  နေ့ခင်းတွင် မြင်တွေ့ရသော အခြင်းအရာမျိးကဲ့သို့ မဟုတ်ဘဲ၊ တိမ်ဖုံးသော လရောင်အောက်တွင် မြူတွေအုံ့ဆိုင်းနေသည့်ကြားမှ မြင်ရသော အရိပ်အရောင် ကဲ့သို့ ဖြစ်ပေသည်။

သခင်အောင်ဆန်း

တက္ကသိုလ်ကျောင်းသားပင်ဖြစ်သော်လည်း ကော့စမစ်တစ်ဟဲရားကရင်း တို့နှင့်ဝေးစွ။ အုန်းဆီပင် ထိတွေ့ ဖူးဟန် မတူသော စုတ်ဖွားဖွားဆံပင်၊ ကြမ်းပေ့ဆိုသော ကော်လာမပါသည့် ပင်နီရောင်မွဲ ရှပ်လက်တို အရောင်မပြောင်သော ကြေးနီရောင်ဘန်ကောက်လုံချီတို့ကို ၀တ်ဆင်လျက် အမြီးပိုင်း ပါးလျက် ရှိသော လေယာဉ်ပျံ ဖိနပ်နှင့် သခင်ပေါက်စ ကိုအောင်ဆန်းကို ပြန်၍မြင်ယောင်မိသည်။ မျက်နှာထားမှာမူ ရှုးသိုးသိုး ပင်၊ တက္ကသိုလ်ကျောင်းသားဆို၍ ယုံနိုင်စရာအလျဉ်းမရှိသည့် သခင် အောင်ဆန်းကို တက္ကသိုလ် ပဲခူးကျောင်းဆောင်တွင် စ၍ တွေ့ရလေသည်။

သူကားဒီလို

ထိုအချိန်မှစ၍ သခင်အောင်ဆန်းနှင့် မကြာခဏတွေ့ရသည်။ တို့ဗမာအစည်းအရုံုးသို့ မကြာမကြာ ပေါက်၍ပေါက်၍လာတတ်သည်။ သခင်သန်းထွန်း၊ သခင်စိုးနှင့် ကျွန်တော်တို့ ၃ဦး နေသော အိမ်သို့ လည်း လှည့်၍လှည့်၍ လာတတ်လေသည်။ သူနှင့်တစ်နေ့တခြားပို၍ ရင်းနှီးလာလေလေ သူ့အား ကြည်ညို လာလေလေ ဖြစ်တော့သည်မှာ အခြားမဟုတ်။
ကျွန်တော် တို့ နှင့် တွေ့ဆုံတိုင်း တခြားစကားကိုမပြော၊ လွတ်လပ်ရေးအကြောင်းကိုသာပြောသည်။ အချိန်နာရီ ရှိသမျှ လွတ်လပ်ရေးအတွက် အမြဲတမ်းအလုပ်လုပ်ဖို့ စိတ်သာစောနေသည်။ သူ့မှာ လွတ်လပ်ရေး အတွက် အမြဲတမ်းအလုပ်လုပ်ဖို့ စိတ်စောလွန်းအားကြီး၍သာ အခြားသူများကခေါ်လျှင် ကြားချင်မှ ကြားသည်။ သူများပြောလျှင် ဂရုတစိုက်နားထောင်ချင်မှ ထောင်သည်။ သူ့ဘာသာသူ စဉ်းစား နေသည်သာ ဖြစ်သည်။

ထိုကြောင့် မိတ်ဆွေရင်းများကပင် သူ့အား ဟန်ကြီးပန်ကြီးလုပ်သည်။ သွေးကြီးသည်၊ ခွကျသည်၊ အူကြောင်ကြောင် နိုင်သည်။ ဦးနှောက်ကျဉ်းနေသည်ဟု အမျိုးမျိုး အထင် မှား အမြင်မှားဖြစ်ကြသည်။ သူ့အကြောင်း နှင့် စပ်လျဉ်း၍ အဖြစ်အပျက်ကလေးကို ပြန်၍ မြင်ယောင် လျက်ရှိရပေသည်။ တနေ့သော် သခင်ဗိုလ်(ဂျပန်တော်လှန်ရေး အတွက် အိန္ဒိယပြည်မှ မြန်မာပြည်သို့ လေယာဉ်ပျံနှင့်အလာ လေယာဉ်ပျံ ပျက်ကျ၍ သေဆုံးသွားရရှာသူ) သည် ကျွန်တော်နှင့် သခင် သန်းထွန်းတို့ဆီသို့ ဒေါကြီး မောကြီး နှင့် ရောက်လာသည်။ 

''ဟေ့ ကိုဗို၊ ဘာဖြစ်လာတာလဲဗျ''ဟု ဆီး၍ မေးကြရာ၊ သခင်အောင်ဆန်း ပေါ့၊ ကျွန်တော်သူ့ကို ကွန်တီနင်တဲလ်ဒေါင့်မှာ ယောင်ချာချာနဲ့တွေ့တယ်၊ တွေ့လို့ ဟေ့ သခင်အောင်ဆန်း ဘယ်လဲ ဘိုင်စကုတ် ကြည့်မလို့လား၊  ကျွန်တော်နဲ့ အတူတူကြည့် မယ်လို့ နှုတ်ဆက်တယ်၊ သူက ခပ်တည်တည် လူကိုကြည့်ပြီး ချာကနဲလှည့်ထွက်သွားတယ်။ လူတွေအများကြီးထဲမှာ သိပ်ရှက်စရာ ကောင်းတာပဲ'' ဟု ရှူးရှူး ရှားရှားဖြစ်နေသဖြင့် ''ကိုဗိုကလည်းဗျာ သူ့အကြောင်းအသိသားနဲ့ပဲ'' ဟု ၀ိုင်းဝန်း ဖြောင့်ဖျ လိုက် ရသည်။ နောက်တစ်နေ့မနက် သူကိုယ်တိုင် ပေါက်လာသည်နှင့် တပြိုင်နက် ''ဟေ့ သခင်အောင်ဆန်း ခင်ဗျား မနေ့က ကိုဗိုကို အူကြောင်ကြောင် လုပ်လွှတ်လိုက်လို့ ကိုဗို ဒေါပွနေတယ်'' ဟု ပြောရာ၊ သခင်အောင်ဆန်း မှာ ကျွန်တော်ပြောသည်ကို အရှင်းနားမလည်၊ ''ဘာလဲကွ''ဟု ဆိုနေပြန်၍ အကျိုး အကြောင်း ပြောမှ ''ငါသူနဲ့မတွေ့ပါဘူး''ဟု ပြန် ၍ဖြေလေသည်။

တို့ဗမာအစည်းအရုံး

တက္ကသိုလ်ကျောင်းတွင် အေးအေးလူလူ စာသင်နေရာမှ လွတ်လပ်ရေး စိတ်စောမှုဖြင့် အငတ်ငတ် အပြတ်ပြတ် နေရသော သခင်ဘ၀သို့ လုံးလုံးလျားလျား ရောက်လာလေပြီ။ တို့ဗမာအစည်းအရုံး အမြဲတမ်း အလုပ်သမား အတွင်းရေးမှူးအလုပ်ကို လက်ခံပြီး တို့ဗမာအစည်းအရုံးသို့ ပြောင်းရွှေ့ လာလေသည်။ ချွေးနံ့တသင်းသင်းထွက်နေသော လွှာချင်းစောင်တစ်ထည် ချေျးညှာ်လှိုင်၍ မာသော နေရာ မာ၍ မှို့များထွက်နေသည့် နေရာ ထွက်နေသော မွေ့ရာခေါင်းအုံးတို့ဖြင့် ဖုံအထပ်ထပ် တက် နေသော ကြမ်းပြင်တွင် စာအုပ်ပုံကြီးငယ် သတင်းစာအဟောင်းအမြင်းများ၊ ပတ်လည်ဝိုင်းနေပြီး အမြဲ မရှင်းသည့် အိပ်ရာထက်တွင် အိပ်ကာ၊ လမ်းဘေးဆိုင်တွင် စားကာသောက်ကာနှင့်ပင် လွတ် လပ်ရေး တိုက်ပွဲ ကို သဲသဲမဲမဲလုပ်လေသည်။

သို့သော် တစ်ခါတစ်ခါတွင်ကား၊ ဘိုင်အမြဲကျနေသည့် အပေါင်းအဖော်များတွင် ပိုက်ဆံရှိမရှိ နားမ လည်၊ ဟေ့ ည ငါဘာစားချင်သည်ဟု ပြောပြောဆိုဆိုထွက်ကာ သူဝင်ချင်သည့်ဆိုင်ဝင်ပြီး စားချင်တာ တွေ စား၍ အတူပါလာသူ အပေါင်းအသင်းများမှာ ပိုက်ဆံမရှိ၍ ချောက်ကျခဲပေါင်းမှာ မရေမတွက်နိုင် တော့ပေ။ တစ်ခါ တစ်ခါလည်း ပိုက်ဆံမရအရ ချေးခိုင်းပြီး ရုပ်ရှင်ပြခိုင်းတတ်သည်။ ရုပ်ရှင်ကြည့်သည့် အခါလည်း အတန်း မရှောင် တစ်မက်တန်းကလည်း တိုးခွေ့၍၀င်သည်။ ပြနေစဉ်လည်း တစ်ပိုင်းတစ နှင့် ထွက်သွား တတ် လေသည်။ ရုပ်ရှင်ကြည့်ချင်လျှင်လည်း သူသဘောကျပါက အားရပါးရ ၀ါးကနဲ ရယ်ချ လိုက် လေသည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်၊ သူများရယ်လို့ ရယ်ချင်မှရယ်သည်။ သူရယ်လျှင် ကား သူတစ်ယောက်တည်း ရယ်သံသာ ထူးထူခြားခြား ထွက်တတ်လေသည်။

ရေနစ်စဉ်က

ပြန်၍မြင်ယောင်ပါသေးသည်။ အချိန်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများကွန့်ဖရင့် ပုသိမ်မြို့တွင် ကျင်းပပြီး မော်တင်စွန်းသို့ နွေရာသီစခန်းထွက်ခဲ့ကြသည်။ တစ်ခုသော နံနက်လင်းအားကြီးတွင် ကျွန်တော်တို့ လူပေါင်း ၁၄ ယောက် ဇီးချိုင် "ရခိုင်ရွာ"သို့ ထွက်ခွာသွားကြသည်။ လမ်းတွင် တောင်ကျ ချောင်းတစ်ခုကို ဖြတ်ကူးနေကြရင်း တောင်ရေကျလာရာ ၁၄ ယောက်အနက် ၁၃ ယောက်သာ ရေကူး တတ်၍ သခင်အောင်ဆန်း၊ သခင်သန်းထွန်းနှင့် ကျွန်တော်တို့ရေနစ်ကြတော့သည်။ ထိုအခါ အားလုံး မျက်လုံးပြူး မျက်ဆံပြူးဖြစ်နေရာမှ သခင်ဗဟိန်း(ကွယ်လွန်)ဦးဇော်ဝိတ်(ကာယဗလ)နှင့် အခြားတစ်ဦး တို့ကကယ်၍ သက်သာတော့သည်။ တစ်ဖက်ကမ်းသို့ရောက်သောအခါ အားလုံးပင် ရေအောက် ကျောက်ကျင်း များထိခိုက်၍ ဒဏ်ရာအနည်းအများရကြရာ၊ သခင်အောင်ဆန်း ခြေထောက်မှ ရစရာမရှိ အောင် အရှအနများ အစင်းများထင်နေသော်လည်း နေပူကြဲကြဲသဲသောင်ပြင်တွင် မငြီးမတွားလျောက် ၍ သွားလေသည်။

သူပုန်ထရမယ်

ဇီးချိုင့်ရွာသို့ ရောက်သောအခါ ဘုန်းကြီးကျောင်းတွင် နံနက်စာစားပြီး ရွာသူရွာသားများအား တရား ဟောတော့သည်။ ဤတွင်မှ "လွတ်လပ်ရေးကို လက်နက်ကိုင်တော်လှန်မှသာရမယ်။ ကျုပ်တို့ သူပုန် ထရမယ်"ဟု သခင်အောင်ဆန်း အတိအလင်းဟောပြောခဲ့လေသည်။ (သူပုန်ထမှ လွတ်လပ်ရေးရမယ် သူပုန်ထ ရမယ်)ဟု ဒေါမာန်ပါပါ ဟောလိုက်သံကြားရသဖြင့်၊ ထိုအခါက ကြက်သီးတဖြန်းဖြန်းထခဲ့ရာ၊ ယခု တိုင် တွေးမိတိုင်း ကြက်သီးထလာပေတော့သည်။
ဇီးချိုင့် ရွာ တွင် ဟင်းအမျိုးပေါင်း ၂၀ ကျော်နှင့် စားသောက်လာကြရာ၊ အပြန်တွင် သခင်အောင်ဆန်း ဓါတ်တွေ လျှောသဖြင့် အတော်ကို အလူးအလဲခံခဲ့ရသေးသည်။ သူကား ဓါတ်လျှောသည်မှာ ခဏခဏ ပင်။

သံယောဇဉ်မရှိအောင် နွားတွေလို

၁၉၃၈ ခုနှစ်လောက်က အိန္ဒိယသို့သွားကြသည်။ သင်္ဘောကုန်းပတ်ပေါ်တွင် ခေါ်တောကုလားများ၊ ဂေါ်ရင်ဂျီ ကုလားများ၊ မိလ္လာသိမ်းကုလားများ အရောရော အနှောနှောသွားကြရသည်။ အခြားသူအား လုံးလိုလို အဖို့ မသတီစရာကြီးလို ဖြစ်နေသော်လည်း သခင်အောင်ဆန်းမှာ ဘာမျှဂရုမစိုက်။ သတိထား မိဟန် မတူ စကားဝိုင်းဖွဲ့၍ ပြောကြတိုင်း လူငယ်လူရွယ်တိုင်း နိုင်ငံရေးကို အမြဲတန်း (Whole time) လုပ်ဖို့ လိုတယ်။ ဒီလိုလုပ်ဖို့လည်း သံယောဇဉ်မရှိမှဖြစ်မယ်၊ သံယောဇဉ်မရှိအောင် နွားတွေလို ဝှေး သင်း ထားရင် ကောင်းမယ်ဟု ပြောခဲ့လေသည်။
သခင်အောင်ဆန်း ကား သူ့စိတ်ထဲရှိသမျှ ပြောချလိုက်သည်။ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို ဂရုမစိုက်၊ လွတ်လပ်ရေး အတွက် ဘာမဆိုလုပ်ချင်သည်၊ လုပ်သည်။

ပျောက်သွားပုံ

အိန္ဒိယအသွား အပြန်လည်း လမ်းတစ်လျှောက်လုံး ခဏခဏဝမ်းလျှောသဖြင့် အလူးအလဲခံရရှာသည်။ သို့သော်လည်း တချက်မညည်းမတွားခဲ့၊ အိန္ဒိယမှ ပြန်လာကြပြီးနောက် ဗမာပြည်တွင် လွတ်လပ်ရေး တိုက်ပွဲ ပိုမိုပြင်းထန်လာရာ သခင်သန်းထွန်း၊ သခင်စိုး၊ ကိုဗဟိန်းစသည့် လုပ်ဖော်ကိုင်ဖက်များ တစ် ယောက်ပြီး တစ်ယောက် အဖမ်းခံရသည့်ကြားထဲမှာ သခင်အောင်ဆန်း ပျောက်ချင်းမလှပျောက်သွား တော့သည်။

ခွေးမသားစစ်ထဲဝင်

ထိုနောက်မှာကား ဂျပန်တို့ ဗမာပြည်ဝင်လာသည့်အခါ သူ့အား ဗိုလ်တေဇအဖြစ်နှင့် ပြန်၍တွေ့ရ၏။ ကျွန်တော် လည်း တောမှ ရန်ကုန်သို့တက်လာပြီး သူ့အား ဒီဗွန်းကုတ်တွင် စစ်ဝတ်စစ်စားနှင့်တွေ့လိုက် ရသောအခါ သူက ကျွန်တော့်အား သုန်သုန်မှုန်မှုန်ကြီးကြည့်နေသည်။ ကျွန်တော်က "ဗိုလ်တေဇ နေ ကောင်း ရဲ့လား"ဟု စကားစလိုက်သည်နှင့် တစ်ပြိုင်နက် "ဘာ ဗိုလ်တေဇလဲ ခွေးမသား စစ်ထဲဝင်ရ မယ်" ဟု ပြန်၍နှုတ်ဆက်လိုက်သည်ကို ယခုတိုင်ကြားယောင်လျက် ရှိပါသေးသည်။

ထို့နောက် သခင်အောင်ဆန်း၊ သခင်တင်ဦး (ယခု အစိုးရ အသံလွှင့်ဌာနအစီအစဉ်လက်ထောက်) သူရဲ ဗအေး (ယခု အာလံကွန်မြူနစ် ပါတီခေါင်းဆောင်)တို့ ဂိုးလ်ဒင်းဘဲလ်လီတွင် အတူနေကြသည်။ တစ် နေ့နံနက် သူအိပ်ရာထတွင် ကျွန်တော်က မုံရွာထောင်ထဲတွင်ရှိသည့် သခင်သန်းထွန်း၊ သခင်စိုးနှင့် အ ခြားရဲဘော်များကို သွားထုတ်ရန် လက်နက်နှင့် လူပေးဖို့ပြောသည့်အခါ "ခွေးမသား မင်းသေချင်သလား၊ သူတို့လည်း သူတို့ဘာသာထွက်လာကြမှာပေါ့၊ မင်းမသွားရဘူး"ဟု ပြတ်ပြတ်တောက်တောက် ပြော လေသည်။ ကျွန်တော်လည်း အံ့အားသင့်သလို ကြည့်နေစဉ် "ဒီပြင် လူတွေကြည့်လွှတ်ပို့မယ် ကွယ်၊ မင်း လိုက်မသွားပါနဲ့"ဟု လေချိုကလေးနှင့် ပြောသံကို ယခုတိုင်နားမှ မထွက်နိုင်မမေ့နိုင် ကြား ယောင် လျက်ပင် ရှိပါသေးသည်။
ထိုသို့ ကျွန်တော့်အပေါ် ကြင်နာစိတ်ရှိသော်လည်း သခင်တင်ဦး၊ သခင်ဗအေး ကျွန်တော်နှင့် မျက်နှာ ချင်းဆိုင်မိတိုင်း "ခွေးမသားတွေ မင်းတို့စစ်တိုက်ရမယ်"ဟု အမြဲပြောလေ့ရှိသည်။

သူနှင့်အရက်

တစ်နေ့သော် ကျွန်တော်တို့ ဗိုလ်စကြာအိမ်ရောက်သွားကြသည်။ ဗိုလ်စကြာတို့အိမ်တွင် သခင်တင် (ယခု လယ်ယာစိုက်ပျိုးရေးဝန်ကြီး)၊ နောင်ကြီးလင်း (ကွယ်လွန်သူ သထုံခရိုင်ဝန် သခင်လင်းကြီး) တို့ လည်းရှိရာ၊ အားလုံးကးပင် "စစ်ဗိုလ်ဆိုရင် အရက်သောက်ရတယ်"ဟု ပြောပြောဆိုဆို သခင်အောင်ဆန်း အား ဝိုင်း၍ အရက်တိုက်ကြတော့သည်။ ပထမတော့ မသောက် ဇွတ်ငြင်းသေးသည်။ နောက်မနေ နိုင်တော့ "စစ်တိုက်မှပဲ သောက်မယ်၊ ငါ သောက်မယ်၊ အဟမ်းဟဲဟဲ"ဟုဆိုကာ တစ်ခွက်မော့ လိုက် လေသည်။ မော့ပြီးသည်နှင့်တစ်ပြိုင်နက် "မင်းတို့ဥစ္စာ မကောင်းဘူး၊ နံလည်းနံတယ်၊ ပူလည်းပူတယ်" ဟု မှတ်ချက် ချလေသည်။ ဗိုလ်စကြာ သခင်တင်နှင့် နောင်ကြီးလင်းတို့ ကောင်းမှုကြောင့် ၃-၄ ခွက် လောက် သောက်ပြီးနောက် "သူ့ကို အတင်းတိုက်ရမလား" ဟု ဆဲသည်။

နောက် "ငါ အိမ်ပြန်မယ်"ဟု ပြောပြောဆိုဆို ထပြန်လေသည်။ အိမ်ရောက်သောအခါ "ငါမူးတယ် အိပ်မယ်" ဟုပြောကာ အိမ်ရာဝင် လေသည်။ ခဏမျှငြိမ်နေပြီး အိပ်ပျော်သွားပြီဟု ထင်နေစဉ် "ဟေ့ ခွေးမသား အုန်းမြင့်၊ တင်ဦး၊ ငါ မူး တယ်၊ အိပ်လို့မရဘူး" ငါ့အမူးပြောအောင်လုပ်ပေးကြဟု အော် တော့သည်။ ကျွန်တော်တို့ဝင်သွားသော အခါ ဒယိမ်းဒယိုင်ထပြီး "ငါ အမူးပြေအောင် လုပ်ပေးကြ ခွေးမသား တွေ" ဟု တကြိမ်းတည်းကြိမ်းနေ၍ "ရေချိုးဗျာ ပျောက်သွားမှာပဲ"ဟု ပြောလိုက်သည် နှင့်တစ်ပြိုင်နက်၊ ဆင့်ကာဆင့်ကာ ကြိမ်းတော့သည်။ သခင်အောင်ဆန်းမှာ ရေကို ၇ ရက် ၈ ရက်ကြာမှ ချိုးချင်မှ ချိုးသည်။ အမြင်မတော်၍ အခြားလူများက အတင်းချိုးခိုင်းမှ ချိုးတတ်သည့် အလေ့မှာ မပျောက်။ ထိုနောက်မှ သူ့အား သခင်တင်ဦးနှင့် ကျွန်တော် ၂ ယောက်တွဲ၍ လမ်းလျှောက် နေရတော့သည်။ နောက်တစ်နေ့ မနက်တွင် အိပ်ရာထခါတိုင်းထက်နောက် ကျပြီး အိပ်ရာမှနိုးလျှင်နိုးချင်း "ခွေးမသား တွေ ငါမူးနေသေးတယ်"ဟု မနက်ခင်း နှုတ်ဆက်လိုက်လေ သည်။

နောက် ဗမာ့တပ်မတော်ဖွဲ့လေပြီ၊ သခင်တင်ဦး၊ သခင်ဗအေးနှင့် ကျွန်တော်တို့စစ်ထဲမဝင်၍ "ခွေးမ သားတွေ စစ်ထဲဝင်ရမယ်" ဟု တကြိမ်းတည်း ကြိမ်းနေသည်။ သခင်အောင်ဆန်းကား စစ်တပ်ကြီး ကျယ်မှ လွတ်လပ်ရေး ရမည်။ စစ်တပ်ကြီးကျယ်မှ လွတ်လပ်ရေးအစစ်ခိုင်လုံမည်ဟု တထစ်ချယုံကြည် သည်။ စစ်တပ်ကြီးကျယ်မှုကို ကြိုးစားသည်၊ လုပ်ခဲ့သည်။

ခေါ်ခင်ကြည်နှင့်

ကျွန်တော် နယ်သို့ထွက်သွားပြီး ပြန်လာသောအခါ သူဆေးရုံတွင်ရောက်နေလေပြီ။ သခင်တင်ဦးနှင့် ကျွန်တော် သူ့အခန်းထဲ ဝင်သွားကြရာ၊ ဟိုခွေးသား "တင်ဦး ကို ငါ့မိန်းမဖို့ လက်စွပ်ဝယ်ခိုင်းတာမရဘူး၊ မင်း ဝယ်ပေးရမယ်"ဟု စကားစလေသည်။ ကျွန်တော်လည်း သူကျေနပ်အောင် "ဝယ်ပေးပါ့မယ်"ဟု ပြော၍ "ဟေ့ တင်ဦး၊ အုန်းမြင့် ကို ပိုက်ဆံပေးလိုက်၊ ဟေ့ကောင် လက်စွပ်ဝယ်ဖို့နော် ခွေးမသား မင်း သုံး မပစ်လိုက်နဲ့ဦး"ဟု တစ်ဆက်တည်းပြောလေသည်။ ထိုအခိုက် ဆရာမလေးတစ်ယောက် ဆေးခွက် ကိုင်၍ ဝင်လာရာ "မသောက်ဘူး၊ မသောက်ဘူး၊ ဆရာမ မခင်ကြည်တိုက်မှ သောက်မယ်"ဟု ခေါင်းတ ခါခါ ပြောသဖြင့်၊ ဆရာမကလေးပြုံးပြီး  လှည့်ထွက်သွားလေသည်။ တစ်ဖက်ခန်းမှ ဦးကျော်ငြိမ်း ယခု ပြည်ထဲရေး ဝန်ကြီးက "မြန်မြန်ရအောင် လုပ်ပေးလိုက်စမ်းဗျာ ဟဲဟဲ" ထုံးစံအတိုင်း လေအေးလေပြော့ ကလေး နှင့်လှမ်း၍ နောက်လိုက်လေသည်။

ထို့နောက် ကျွန်တော် တောသို့ပြန်သွားရာ သခင်အောင်ဆန်း ဒေါ်ခင်ကြည်နှင့် လက်ထပ်သည့်သတင်း ကို ကြားရလေသည်။ ထိုစဉ်က သခင်အောင်ဆန်းမှာ လွတ်လပ်ရေးအတွက် ဆင်းရဲပင်ပမ်းကြီးစွာ ကြိုး ပမ်း ၍ အတော် မကျန်းမမာဖြစ်နေရာ၊ ဒေါ်ခင်ကြည် ၏ဂရုတစိုက်ကြည့်ရှုပြုစုမှုကြောင့်သာ နာလံထူလာ ခြင်း ဖြစ်ပေသည်။ သို့မဟုတ်က တရှောင်ရှောင်နှင့် ထိုစဉ်ကပင် လုံးလုံးလဲဖွယ်ရာရှိပေသည်။ ဒေါ်ခင် ကြည် ၏ကျေးဇူးကြောင့်သာ ယခုကဲ့သို့ လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းနိုင်ခြင်းဖြစ်လေသည်။ သို့ သော် လွတ်လပ်ရေးအတွက် တိုက်နေရင်းပင်၊ လွတ်လပ်ရေးမရခင် လမ်းခုလတ်တွင်ပင် ရန်သူ့လက် နက်ဖြင့် အသက်ဆုံးရှုံးရရှာလေပြီ။

တော်လှန်ရေးအပြီး

နောက် ဂျပန်ကို တော်လှန်ကြလေပြီ။
အင်္ဂလိပ်ပြန်၍ ဝင်လာပြီး မကြာခင်ပင် သခင်အောင်ဆန်း၊ ဗိုလ်လက်ျာ (ယခု ကာကွယ်ရေးဝန်ကြီး) မျက်နှာဖြူစစ်ဗိုလ်နှင့် စစ်ဗိုလ်ကလေးအချို့ ဟင်္သာတသို့ရောက်လာသည်တွင်မှ သူနှင့် ကျွန်တော်ပြန် တွေ့ရသည်။ ကျွန်တော်နှင့်တွေ့သောအခါ "ဟေ့ကောင် ခွေးမသား မင်းဒီမှာ ဘာလုပ်နေသလဲ၊ စစ်ထဲ ဝင်ရမယ် ငါနဲ့လိုက်ခဲ့"ဟု ခေါ်ပြန်သည်။

ရုံးထိုင်သည့်နေ့

ကျွန်တော် ရန်ကုန်သို့ပြန်၍ ရောက်လာသောအခါ၌ကား၊ သူ့မှာ နေ့မအား ညမအား အလုပ်လုပ်နေရ သဖြင့် အေးအေးလူလူ ရယ်ရွှန်းပတ်ရွှန်း နေခွင့်မရခဲ့ပေ။ သို့သော် ဖဆပလ အစိုးရအဖွဲ့စ၍ ရုံးထိုင် သည့်ညနေတွင် အတွင်းဝန်များ ရုံးလှေခါးအဆင်း၌ သူနှင့်ဗိုလ်ထွန်းလှကိုတွေ့ရာ "အစိုးရလုပ်ရတာ မနိပ်ပါဘူးကွာ... အုန်းမြင့်ရာ"ဟု ညီးညီးညူညူ ရှုံ့မဲ့ကာပြောပြီး ကားပေါ်သို့တက်သွားသည်ကို ယခု တိုင် ကြားယောင် မြင်ယောင်လျက်ရှိတော့သည်။

ဘိလပ်ပြန် ကွန်ဖရင့်၌

ဘိလပ်မှပြန်လာကြပြီး။ တစ်ည သူ့အိမ်တွင် သတင်းစာဆရာများကို ဖိတ်ခေါ်ကာ ရှင်းလင်းပြောပြလေ သည်။ ရှင်းပြကြပြီးနောက် အသီးသီးထ၍ ပြန်ကြစဉ် ကျွန်တော့်အနီးသို့ ကပ်လာပြီး၊ "ဟေ့ကောင် မင်း က ဘာနားလည်လို့ သတင်းစာထဲမှာ တောရေးတောင်ရေးနဲ့ထည့်ရတာလဲ"ဟု မျက်နှာထားနှင့် ပြော ပြော ဆိုဆို သူ့လက်ထဲရှိ လန်ဒန်တိုင်းသတင်းစာခေါက်နှင့် ရိုက်လေတော့ရာ၊ အနီးရှိပုဂ္ဂိုလ်များ အံ့ အားသင့်နေကြ၏။ နောက် "ခွေးမသား မင်းတစ်နေ့လာဦး။ ဟဲဟဲ"ဟု ရယ်တော့မှ၊ အားလုံးကြက်သေ သေ နေရာမှ ဝိုင်း၍ရယ်နိုင်ကြတော့သည်။ သခင်အောင်ဆန်း ဝန်ကြီးဖြစ်လို့လည်း ဟန်မကြီး၊ စတိုင်မ လုပ် သူ့သဘောရိုး အတိုင်း ပြောဆိုနေ၊ ဆက်ဆံနေကျအတိုင်းပင်။

သူ၏ဇာတ်သိမ်း

ထိုနောက်တစ်ဖန် အစိုးရအဖွဲ့သစ် ပြန်လည်ပြင်ဆင်၍ဖွဲ့မည့် နံနက်က သူအိမ်တွင် သတင်းစာဆရာ များနှင့် ဝန်ကြီးများဆုံကြပြန်သည်။ ထိုနေ့နံနက်က ၇ နာရီခွဲသာသာလောက်တွင် သူ့ကလေး အထွေးဆုံး သမီး အနိစ္စရောက်သွားသဖြင့်၊ ဧည့်သည်တွေ ရှေ့မှောက်တွင်ပင် အိမ်ပေါ်မှချသွားရလေသည်။ သို့သော် ဧည်သည့်များ အနက် တစ်ဦးနှစ်ဦးသာ သိသည်။ ဆရာချို (ကွယ်လွန်သူ ဒီးဒုတ်ဦးဘချို)ကား စုတ်တသတ်သတ် နှင့်ရှိတော့သည်။ နိမိတ်သိပ်မကောင်းကြောင်း ပြောရှာသေးသည်။ သို့သော် သူကား ကလေး သေ၍ ဘာမျှမထိခိုက် မတုန်လှုပ်၊ သူ၏လုပ်ငန်းများကို ခါတိုင်းလိုပင် ရှင်းလင်းပြောပြခဲ့ရှာလေ သည်။

သူ့ဇာတာ

ထို့နောက် ကျွန်တော်နှင့် ကိုသိန်း(ဇဝန)တို့သည်၊ ဆရာချို၏စကားကိုသာ စိတ်တွင် တအုံတနွေးနွေး ဖြစ်ကာ မကြာခဏ သူ့အကြောင်းကိုပြောရသည်။ တစ်နေ့ညနေခင်းတွင် သခင်အောင်ဆန်း ဒေါ်ခင် ကြည်နှင့် ကလေးတွေပါ ဗဟန်းပလာတာဆိုင်၌ တွေ့ကြသည်။ ဟန်ကြီးပန်ကြီးမလုပ်တတ်သော သခင် အောင်ဆန်းသည် ပလာတာဆိုင်၌ ကုလားထိုင်ပေါ်တွင် ဒူးတစ်ဖက်ထောင်ထိုင်ကာ ပလာတာ စားသည်။ သူ့ဇာတာ မေးရန်ပြောပြီး သူ့အိမ်သို့လိုက်သွားကြသည်။ အိမ်ရောက်သောအခါ ဇာတာကို ဒေါ်ခင်ကြည် က ထုတ်ယူလာသဖြင့်၊ ကျွန်တော်လည်း ဇာတာကိုင်ပြီး "ဟင် ခင်ဗျားဇာတာက ရေနံ လည်း မရှိဘူး၊ ပဲ့ရွှဲ့ တောင်နေပြီ"ဟုပြောရာ၊ "အောင်မာ မင်းက ဒီဇာတာဟာ နာမည်ကျော် ဆရာဦးထွန်းမြတ် ဖွဲ့ပေးတာကွ"ဟု ရယ်ရယ်မောမော ပြောလိုက်သေးသည်။

သူ့ဇာတာမှာ ဖွဲ့ရိုးဖွဲ့စဉ် ရှေးရိုးရေးစဉ်အတိုင်းဖြစ်သော်လည်း အလွန့်အလွန် ထူးခြားချက်တစ်ခုပါရှိ သည်ကား။
(ဘုံပညာနှင့်ပြည့်စုံသော သတိုးသားကို မာတာမိခင် ဖွားသန့်စင်သည်၊ နာမသညာ ခေါ်တွင်ရာကား၊ မောင်ထိန်လင်း အသက်ရာကျော်ရှည်စေသော်)ဟု ပါရှိလေသည်။
အမှန်မှာ (ဘုန်းပညာ)ဟု ဖြစ်ရမည့်အစား (ဘုံပညာ)ဟု သူ့ဇာတာတွင် ထူးထူးခြားခြားပါရှိခြင်းကို ကို သိန်း ရော ကျွန်တော်ပါ ပြော၍မဆုံးနိုင်အောင်ရှိရလေသည်။

သူနှင့်နောက်ဆုံးတွေ့ရသည့်နေ့
သူနှင့်နောက်ဆုံးတွေ့လိုက်ရသည်မှာကား၊ ဆရာချို၏အခန်းထဲ သတင်းစာဆရာများ ကွန်ဖရင့်တွင်ပင် ဖြစ်ပေသည်။ ထို့နေ့ကမူ သခင်ဆောင်ဆန်းမှာ တစ်ချိန်လုံးလုံး ရယ်ကာပြုံးကာ ဒေါမာန်ပါပါပြောသွား လေသည်။ တစ်သက်နှင့်တစ်ကိုယ်တွင် ဤတစ်ကြိမ်သာ အာဝဇ္ဇာန်းရွှင်ရွှင် ရယ်ရယ်မောမော ကျေ ကျေ နပ်နပ် စကားပြောသွားသည်ကို တွေ့ရလေသည်။ ပြောဆိုပြီးနောက် အသီးသီးပြန်ကြသောအခါ ကျွန်တော် လည်း သူ့အနားသို့ကပ်သွားပြီး "မြို့ရွာ လှုပ်လှုပ်ရွရွနဲ့ အကာအကွယ်တွေများ လုပ်ထားရဲ့ လား"ဟု မေးရာ "ဟေ့ အုန်းမြင့် ရ၊ သူတို့က ကာကွယ်ပေးနိုင်လိမ့်မယ်လို့ မင်းထင်သလား"ဟု နှုတ်ခမ်း နှစ်ခု စေ့ကာ ပြန်၍ပြောသွားလေသည်။

ဤစကားများ ပြောသွားခဲ့ပြီးဖြစ်၍မှ မကြာမီပင် မြန်မာတစ်ပြည်လုံးကို အုပ်ချုပ်ရသော အစိုးရဗဟိုဌာန မြန်မာပြည်၏ မြို့တော် ရန်ကုန်မြို့ အလယ်ခေါင် အတွင်းဝန်များရုံးပေါ်သို့ ရန်သူတို့ အတင့်ရဲရဲ ချဉ်းနင်း ဝင် ရောက်ကာ၊ ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် သူ့မှာ လွတ်လပ်ရေးရခါနီး  လမ်းခု လပ် တွင် ကျဆုံးသွားရရှာလေပြီ။
သူ့အလိုရှိသော တကယ့်လွတ်လပ်ရေး၊ သူအလိုရှိသော ခေတ်မှီလက်နက်များဖြင့် လုံးဝပြည့်စုံသော စစ်သားတစ်သန်း ရှိ စစ်တပ်ကြီးကို ဖြစ်မြောက်အောင် လုပ်နိုင်သူကား။ သူအလိုရှိသော တစ်မျိုးလုံး ညီ ညွှတ်ရေးဖြင့် သဲသဲမဲမဲ ဇွဲကောင်းကောင်းဖြင့် သူ့အလိုကို ဖြည့်စွက်ကာ သူ့ကျေးဇူးကိုဆပ်ကြဖို့သာ ရှိ ပေတော့ သတည်း။

ဦးအုန်းမြင့်
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း(၂ဝ)

(၃၀)

ရေအိုင်ထဲ၌ ဆင်အုပ်ကြီး ရေသောက်တော့ ဆော့ကစားမြူးထူးနေသည်ကို စင်တိန် မိုပါနီအပင်ကြီး ၏ ထိပ်ဆုံးခွဆုံမှ လှမ်းကြည့်နေရင်း သူမပါ စိတ်ထဲကပါ ပျော်လာသည်။ ဆင်အုပ်ကြီး ရေအိုင်မှ ထွက်သွားသော အခါ အိုဝါနှင့် စင်တိန်တို့ သစ်ပင်ပေါ်မှ ဆင်းလာကြသည်။
သစ်ပင်အောက်တွင် စောင့်နေသော ဟာနီနှင့်အတူ သုံးဦးသား ရေအိုင်အစပ်သို့ ဆင်းလာကြသည်။ ဆင်အုပ် ရေဆင်းသောက်သဖြင့် ရေအိုင်မှာ နောက်နေသော်လည်း အပူဒဏ်သက်သာစေရန် ရေဆင်းချိုး မည် ဟု စင်တိန် စိတ်ကူးလိုက်သည်။

သို့သော် အိုဝါ၏ အမူအရာမှာ ရုတ်တရက် ပြောင်းသွားသည်။ ဆတ်ခနဲ ခေါင်းထောင်ကာ နားစွင့် လိုက်ပြီး နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်သည်။ ဆင်အုပ်ကြီး ရေအိုင်သို့ ဆင်းလာခဲ့သော မြောက်ဘက် အရပ် သို့ လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်တာလဲ အဖေကြီး"
အိုဝါ အမူအရာ ပြောင်းသွားသဖြင့် ဟာနီက မေးလိုက်သည်။ အိုဝါက ချက်ချင်း မဖြေသေးပေ။ သို့သော် သူ့မျက်နှာ နှင့် နှုတ်ခမ်းတွင်မူ စိုးရိမ်သည့် အရိပ်လက္ခဏာများ ပေါ်လွင်နေသည်။
"တစ်ခုခုပဲ၊ လေထဲမှာ တစ်ခုခု ပါလာတယ်၊ အသံလား၊ အနံ့လား ဆိုတာတော့ သိပ်မသေချာသေး ဘူး"
အိုဝါက ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက် ဆုံးဖြတ်ချက် တစ်ရပ်ကို ချက်ချင်းချလိုက်သည်။

ဟာနီသည် ထိုင်နေရာက ကောက်ခါ ငင်ကာ ထလိုက်ပြီး ငှက်ဥရေဘူးများ ပါသော အိတ်ကို ကောက်ယူ လိုက်သည်။ အိုဝါ၏ ကြိုတင်ထိုးကွင်း သိမြင်တတ်မှုနှင့် ပတ်သက်၍ ဟာနီ ဘယ်တုန်းကမှ စောဒက မတက်ခဲ့။ အိုဝါ ထိုသို့ ကြိုတင် သိမြင်မှုကြောင့် သူတို့ဘ၀တွင် အသက်ဘေးမှ လွတ်ခဲ့ရသော အကြိမ်ပေါင်း များခဲ့ပြီး မဟုတ်လား။
"နမ်ချိုင်း ... မြန်မြန်လုပ်၊ သွားမယ်"
ဟာနီက ခပ်တိုးတိုးပြောလိုက်သော်လည်း အသံက လောဆော်သံပါနေသည်။
"ဟာနီ သိပ်ပူတယ်၊ ကျွန်မ မသွားချင်သေးဘူး"
ရေထဲ သို့ ဒူးဆစ်လောက်အထိ ရောက်နေသော စင်တိန်က ဟာနီအား လှည့်ကြည့်ပြီး ပြောလိုက်သည်။

"အန္တရာယ် ရှိတယ်၊ အန္တရာယ် ..."
အိုဝါနှင့် ဟာနီ တို့က တောစပ်ထဲသို့ ခပ်သုတ်သုတ် ၀င်သွားကြသည်။ စင်တိန်လည်း တစ်ယောက် တည်း ကျန်ခဲ့တော့မည်ကို သိ၍ ရေအိုင်ထဲမှ ကမန်းကတန်း တက်လာသည်။ အိတ်နှင့် လမ်းလျှောက်တုတ်ကို ဆွဲယူပြီး တောထဲဝင်ပြေးရင်း အ၀တ်အစားကို ၀တ်သွားရသည်။
အိုဝါသည် မိုပါနီသစ်တောအတွင်း ကွေ့ကာကောက်ကာဖြင့် သွားနေရာ နောက်ဆုံး သူ့ဖက်ပိုင်းဘက် မှ လေတိုက် လာသည် အထိ ဖြစ်သည်။ ဆန်လူပုကလေးများသည် ကျွဲများ ဆင်များလိုပင် အန္တရာယ်ကြုံ လာပါက လေအောက်သို့သာ စုန်ပြေးသည်။ သို့ဖြင့် မိမိနောက်မှ လိုက်လာသူများ၏ အနံ့ ကို မိမိက ရနေ ပေမည်။
အိုဝါ က စင်တိန် မီလာစေရန် ရပ်စောင့်နေသည်။

"ဘာဖြစ်လို့လဲဟင် အိုဝါ" စင်တိန်က မေးသည်။
"အန္တရာယ်၊ အသက်အန္တရာယ် ရှိတယ်"
"ဒါဖြင့် ကျွန်မ ဘာလုပ်ရမလဲဟင်"
"ခြေရာလက်ရာမကျန်အောင် ဖျောက်ဖျက်ဖုံးအုပ်ပစ်ခဲ့"
နောက်ကလိုက်သူ မတွေ့ရအောင် ခြေရာလက်ရာ ဖျောက်ပုံ၊ ဖုံးကွယ်ပုံများအား အိုဝါ သင်ကြားပေး ထားသည် ကို စင်တိန် သတိရလာသည်။ နောက်မှလိုက်သူက အလွန်တော်၍ ခြေရာခံနိုင်လျှင် တောင်မှ အချိန် ကြန့်ကြာသွားစေမည် ဖြစ်သည်။ ဤအတတ်ပညာနှင့် ကျွမ်းကျင်မှုသည် ဆန်လူမျိုး ယခုအထိ အသက်ရှင် ကျန်ရှိနေခြင်း၏ အဓိက အခြေခံအကြောင်းတစ်ရပ် ဖြစ်သည်။
"ဟာနီ က ရှေ့ကသွား၊ နမ်ချိုင်းက နောက်ကလိုက်၊ သူ လုပ်သလို လိုက်လုပ်သွား၊ ငါမင်းတို့ နောက်က လိုက်ခဲ့ပြီ မင်းတို့ ကျန်နေခဲ့တဲ့ ခြေရာလက်ရာအကြွင်းအကျန်တွေကို ဖျောက်ဖျက်လာခဲ့ မယ်"
အိုဝါ က အမိန့်ပေးလိုက်သည်။

"အဘွားကြီးဟာနီက လျင်မြန်သွက်လက်စွာဖြင့် ရှေ့ဆောင်သွားသည်။ ခြေရာများ၊ လမ်းကြောင်းများ အလွယ် တကူ ကျန်ရစ်ခဲ့မည့် တောလိုက်လမ်းကြောင်းများ၊ မြေပြောင်များကို ရှောင်ကွင်း၍ ခက်ခဲသော လမ်းဖြင့် သွားသည်။ နောက်ကလိုက်သူများက သူတို့သွားမည်ဟု မယူဆ နိုင်သော ချုံကြိုချုံကြား များနောက်မှ သွားသည်။ လဲကျနေသော သစ်လုံးများပေါ်မှ သွားသည်။ ခြေလှမ်းအကျယ်အကျဉ်း အမျိုးမျိုး ပြောင်းသွားသည်။

ခြေရာ မထင်နိုင်သော မြေမာများပေါ်တွင် ခုန်ဆွခုန်ဆွဖြင့် သွားသည်။ တစ်သက်တာလုံး လေ့လာ ဆည်းပူး ခဲ့သော ခြေရာဖျောက်နည်းများကို သုံးစွဲသွားသည်။ စင်တိန်ကာ ဟာနီ့အတိုင်း နောက်မှ လိုက်လုပ် သွားသည်။ သို့သော် ဟာနီလောက် မသေသပ် မပိရိပါချေ။ တချို့နေရာတွင် ချုံထဲတိုးသွားရာ သစ်ကိုင်း အစိမ်းကလေး များ ကျိုးကျန်ရစ် ခဲ့သည်။ တချို့နေရာ၌ မြက်ပင်များ လဲကျန်ခဲ့သည်။ အိုဝါက နောက် မှ လိုက်လာပြီး ထိုဟာကွက်များ ကို ဖျောက်ဖျက် ပိတ်ဆို့လာသည်။
အိုဝါက နောက်မှနေပြီး ငှက်အော်သံတစ်မျိုးဖြင့် ရှေ့မှ ဟာနီကို အချက်ပေးသည်။ ဟာနီကလည်း ငှက်သံဖြင့် တုံ့ပြန်သည်။ အိုဝါက ဟာနီအား ဆက်လျှောက်၊ ဘယ်ကွေ့၊ ညာချိုး စသည်များကို ငှက်သံ ဖြင့် အမိန့်ပေး ညွှန်ကြားသွားသည်။

သူတို့ရှေ့တွင် မြေတလင်းကွင်းပြင်ကျယ် ကွက်လပ်တစ်ခုကို ဘွားခနဲ တွေ့လိုက်သည်။ မိုက်ဝက် ခန့် ကျယ်သည်။ ဆူးပင်တချို့သာလျှင် ကျိုးတိုးကျဲတဲပေါက်နေသည်။ ထိုကွက်လပ် ဟိုမှာ ဘက်တွင် သစ်ပင်ကြီး များ ထူထပ်စွာ ပေါက်နေသော ခင်တန်းတစ်ခု ရှိသည်။ ထိုတောထဲသို့ အိုဝါဦးတည်လိုက် သည်။ ထိုတောထဲ သို့ မည်သည့်လူသားမှ လိုက်ဝံ့မည် မဟုတ်မှန်း အိုဝါ သိသည်။ ထိုတောထဲသို့ ရောက်သည် နှင့် မိမိတို့အဖို့ လုံခြုံစိတ်ချရပေမည်။

သို့သော် ထိုတောထဲရောက်ရန် ရှေ့မှ ကွက်လပ်ကို ဖြတ်ရပေမည်။ ကွက်လပ်ထဲဖြတ်နေစဥင်္ နောက်မှ လူများ မီလာပါက သူတို့ သေနတ်စာမိပြီး ခန္ဓာစဲသွားမည်ကို အိုဝါ သိသည်။ ထို့ကြောင့် အိုဝါ နှာခေါင်း ပွစိပွစိ လုပ်ပြီး အနံ့ခံလိုက်သည်။ လေညင်းတွင် မသိမသာလေးပါလာသော ကာဘော်လစ်ဆပ်ပြာနံ့၊ မလျှော်မဖွပ်တာ ကြာပြီဖြစ်သော အ၀တ်အစားနှင့် ခြေနံ့မှ အနံ့နှင့် အိုဗန်တို လူမည်းများ ကိုယ်ခန္ဓာ၌ သုတ် လိမ်းသည့် သားကောင်အဆီနံ့တို့ကို အိုဝါ ရလိုက်သည်။ အကွာအဝေးကား မှန်းရခက်သည်။
သို့သော် ဘာပဲဖြစ်ဖြစ် ဤကွင်းပြင်ကို စွန့်၍ ဖြတ်ရပေမည်။

"ကဲ ... ပြေးပေတော့ နမ်ချိုင်း၊ ဟိုဘက်တောစပ်ရောက်အောင်၊ ဒီကွက်လပ်ထဲမှာ တွေ့သွားယင် တော့ သေ လိမ့်မယ်"

"ကျွန်တော်တို့ အနံ့ကို သူတို့ ရနေတယ်၊ ခြေရာလက်ရာတွေ ဘယ်လိုဖျောက်သွားတယ်ဆိုတာ ကြည့် ပါလား"
ဟင်းဒရစ်က နောက်မှ လိုသာကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
တောစပ်သို့ သူတို့ရောက်လာသောအခါ ရှေ့မှ ဆန်များသည် ငှက်ဖြစ်ကာ လေထဲပျံတက်သွား သလားဟု ထင်ရလောက်အောင်ပင် ခြေရာလက်ရာများက ပျောက်သွားသည်။ ထို့ကြောင့် ဟင်းဒရစ်က သူ၏ အိုဗန်ဘို မုဆိုးများအား အချက်ပြလိုက်ပြီး ရင်ပေါင်တန်း လူဖြန့်လိုက်ကာ လူပိုက်ကွန်ဖြန့်ကြက်ပြီး ရှေ့သို့ ဆက်လက် ချီတက်သည်။ ညာဘက်ဆုံးမှလူက လေချွန်အချက်ပေး ကာ လမ်းပြောင်းသွားသည့်နေရာကို ညွှန်ပြလိုက်သည်။

"သူတို့က လေအောက်ဘက်ကို စုန်ဆင်းသွားတာကိုး၊ အင်း ... အစတည်းက တွေးမိဖို့ ကောင်းတာ" ဟင်းဒရစ် က သူ့ဘေးလေးငါးဆယ်လှမ်းအကွာရှိ လိုသာအား ပြောလိုက်သည်။ ခြေရာများကို ဖျက်ဆီး ဖျောက်ဖျက် ထားပုံများကို ရှေ့တွင် လိုသာ ဆက်တွေ့လာရသည်။
"ပစ်ဂမီ တွေဟာ ဆင်တွေလိုပဲ အနံ့ခံကောင်းတယ်ဆိုတာ ခင်ဗျား ယုံသလား" ဟင်းဒရစ်က မေးလိုက် သည်။
"ငါက မျက်စိနဲ့ မြင်မှ ယုံတဲ့လူစား၊ ငါ့ရှေ့မှာ ပစ်ဂမီ တစ်ယောက် မြေကြီးကို နှာခေါင်းနဲ့ကုန်းပြီး အနံ့ခံနေတာ မြင်ယင်တော့ ယုံမယ်"
သူ့စကားကြောင့် ဟင်းဒရစ် ရယ်လိုက်ပြီး ထပ်ပြောသည်။

"သူတို့မှာ မြားတွေလဲ ပါလာကြလိမ့်မယ်"
"သူတို့နဲ့နီးနီး သိပ်မကပ်နဲ့ပေါ့၊ မြင်တာနဲ့ သေနတ်နဲ့သာ လှမ်းပစ်၊ ဒါပေမယ့် လူဖြူ အမျိုးသမီးကို တော့ မထိ စေနဲ့နော်၊ အမျိုးသမီးကို အန္တရာယ်ပြုတဲ့လူကိုတော့ ငါသတ်မှာပဲ၊ ကဲ ... မင်းလူတွေကို အဲဒါ အမိန့် ပေးလိုက်"
ဟင်းဒရစ်က "ပစ်ဂမီကိုပစ်၊ လူဖြူ အမျိုးသမီးကို လုံးဝ မထိစေနဲ့" ဟု တစ်ဦးမှတစ်ဦး စကားကမ်း စေပြီး အမိန့်ပေးလိုက်သည်။ တောထဲတွင် ခြေရာခံလိုက်ရာ၌ နှစ်ကြိမ်တိတိ ခြေရာပျောက်သွား သဖြင့် အတော် အချိန်ယူပြီး ခြေရာ ပြန်ကောက်ခဲ့ရသည်။

"သူတို့ရှေ့မှာ တော်တော်ဝေးဝေး ရောက်နေရော့မယ်၊ ငါ ဒီလမ်းအတိုင်း သွားမယ်၊ မင်းတို့နောက်က ခြေရာခံလိုက်ခဲ့" လိုသာက စိတ်မရှည်နိုင်တော့သဖြင့် ဟင်းဒရစ်အား ပြောလိုက်သည်။
"သတိထားသွားနော်၊ သူတို့က ချုံခိုတိုက်တတ်တယ်၊ သူတို့ မြားတွေအန္တရာယ်ကိုလဲ မျက်ခြည် မပြတ်နဲ့"
ရှေ့မှ ထွက်သွားသော လိုသာကို ဟင်းဒရစ်က အော်ပြီး သတိပေးလိုက်သည်။ လိုသာက သူ၏ သတိပေး ချက်ကို အလေးမထားဘဲ ရှေ့သို့သာတိုးကာ တောတိုးပြီး သွားတော့သည်။ သူသည် ပစ်ဂမီတို့အား အမီ လိုက် ရန်သာ စိတ်စောနေသည်။ မီလျှင် လူဖြူ အမျိုးသမီးအား သူတို့လက်မှ မဖြစ်မနေ ကယ်တင်ရပေ မည်။ လိုသာသည် ချုံတောထဲ တိုးသွားရသဖြင့် ဆူးများ ငြိကာ အင်္ကျီများစုတ်ပြတ်ပြီး အသားကိုလည်း ခြစ်မိ ကုန်သည်။

လိုသာသည် တောတွင်းမှနေ၍ ကွင်းပြင်အစပ်သို့ ဘွားခနဲ ရောက်သွားသည်။ မောဟိုက်လှသ ဖြင့်ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ချွေးများပင် စိုရွဲနေသည်။
လိုသာရှေ့ရှိ ကျယ်ပြန့်သော ကွင်းပြင်ကြီး၏ ဟိုမှာဘက်အစပ်တောထူထပ်သော ခင်တန်းအ နိမ့်လေး အောက်တွင် လှုပ်ရှားမှုကို တွေ့ရသည်။ ယိမ်းထိုးလှုပ်ရှားနေသော အ၀ါရောင်မြက် ခင်းပေါ်တွင် အမည်းစက် ကလေး သုံးစက်က လှုပ်ရှားနေသည်။ လိုသာသည် ပိုပြီးရှင်းလင်း ပြတ်သားစွာ မြင်ရန် အနီးရှိ သစ်ပင်တစ်ပင်၏ အောက်ဆုံးတစ်ကိုင်းပေါ်သို့ တက်ပြီး ထိုလှုပ်ရှား မှုကိုလှမ်းကြည့်လိုက်သည်။

    လိုသာ ကိုယ်တွင်လွယ်ထားသော အမဲလိုက် အိတ်ထဲမှ မှန်ပြောင်းကိုထုတ်ယူကာ မျက်စိ တွင်တေ့ပြီး လှမ်းကြည့် လိုက်သည်။ သူ့လက်များက တုန်လို့ပင်နေသည်။ ထို့ကြောင့် ရှင်းလင်း ပြတ်သားစွာ မြင်အောင် အနီးအဝေးကိုပင် အတော်ချိန်ယူရသည်။ မှန်ဘီလူးမြင်ကွင်းထဲ၌ လူသုံး ဦး၏သဏ္ဌာန် ပေါ်လာ သည်။ ထိုလူသုံးဦးသည် ရှေ့နောက်တန်းစီပြီး တစ်ဘက်တောစပ်သို့ ပြေးနေသည်။ သူတို့၏ ခေါင်းများနှင့် ပခုံးများကို မြက်ပင်များပေါ်တွင် ထင်ရှားစွာ မြင်ရသည်။ ထိုသုံးယောက်အနက် တစ်ယောက် မှာ ကျန်နှစ်ယောက်ထက် အရပ်ရှည်သည်။

    တစ်ဘက် တောစပ်သစ်ပင်များဆီသို့ သူတို့ ရောက်မသွားခင် စက္ကန့်ပိုင်းမျှ လိုသာ မြင်လိုက်ရသည်။ လူပုကလေး နှစ်ယောက်က ချက်ချင်းတောထဲဝင်ပြီး ပျောက်သွားသည်။ ရှည်သူ တစ်ယောက်က တော်ထဲ သို့ ၀င်မသွားသေးဘဲ တောစပ်တွင် လဲကျနေသော သစ်လုံးတစ်လုံးပေါ် တက်ကာ လိုသာရှိသော ကွင်းပြင်ဘက် သို့ နောက်ပြန်လှည့်ကာ ကြည့်လိုက်သည်။

    ထိုသူမှာ အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း လိုသာမှန်ပြောင်းမြင်ကွင်းထဲ၌ အထင်အရှား မြင်လိုက်ရသည်။ သူမ၏ရှည်လျားနက်မှောင်သော ဆံပင်များကို ဘယ်ညာခွဲပြီး အထုံးနှစ်ထုံးထုံး ထားသည်။ ထိုဆံပင် အထုံးနှစ်ထုံးသည် ပခုံးနှစ်ဘက်ပေါ်၌ ကျနေသည်။ သူမ၏ အသွင်အပြင် နှင့် အမူအရာ ကို လိုသာကမှန်ပြောင်းထဲမှ နေ၍ ထင်ထင်ရှားရှားမြင်နေရသည်။ ကြောက်ရွံ့စိုး ရိမ်နေပုံရှိသော်လည်း အံတုလိုသည့်အသွင်က အထင်းသားပေါ်နေသည်။ သူမ၏မျက်ခုံး၊ မျက်လုံး နှင့်မေးရိုး ကျပုံက အထက်တန်းစားပုံပေါ်လွင် နေသည်။ နှုတ်ခမ်းအစုံက ပြည့်ဖြိုးဖောင်းအိပြီး တင်းတင်း ရင်းရင်း ပိပိရိရိရှိသည်။ တောက်ပနေသော မဟူရာ မျက်လုံးအစုံက ၀ိုင်းစက်ရွှန်းစို နေသည်။

လိုသာစိုက်ကြည့်နေစဉ်မှာပင် အမျိုးသမီးက ပခုံးတစ်ဘက်တွင် လွယ်ထားသော အိတ်ကို အခြားပုခုံး တစ်ဘက် သို့ ပြောင်းလွယ်လိုက်သည်။
ထိုတစ်ခဏ ၌ သူမ၏ကိုယ်ခန္ဓာအထက်ပိုင်းတွင် လွမ်းခြုံထားသော တာလပတ်စအကြမ်းမှာ ရုတ် တရက် လှစ်ဟ ပွင့်လင်းသွား သည်။ လိုသာ အဖို့ရုတ်ခြည်းမြင်သည့် ရွှေရင်ဖုံးတုံ့မဖုံးတုံ့ မြင်ကွင်းမှာ  အသက်ရှူ ပင်ရပ်သွား တော့မလောက်ဖြစ်ရ သည်။

အမျိုးသမီးက လိုသာဘက်ကိုလှမ်းကြည့်နေရာမှ တစ်ဘက်တောစပ်ဘက်သို့ ခေါင်းကိုပြန်လှည့် သွားသည်။ ထိုအခါသူမ၏ မျက်နှာကို ဘေးတိုက်မြင်ကွင်းမှနေ၍ လိုသာမြင်လိုက်ရ ပြန်သည်။ လိုသာ အဖို့ တစ်သက်တာတွင် စွဲမက်စရာ အကောင်းဆုံး မျက်နှာကလေးကို သူ့အသည်းတွင် တံဆိပ်ခတ်နှိပ်မိလျက်သား ဖြစ်သွားသည်။ လိုသာ၏ အသည်းနှလုံးနှင့် အသွေးအသားတို့ အားလုံးက သူမ အား လိုလားတောင့်တမှုများ ဖြင့်ပြည့်လျှမ်းသွားသည်။

သူမက လိုသာဘက်ကို ကျောခိုင်းလိုက်ပြီး သစ်လုံးပေါ်မှ ခုန်းဆင်းကာ တောထဲသို့ တိုးဝင် ပျောက်ကွယ် သွားသည်။ သူမတိုးဝင်သွားသော တောစပ်တွင် သစ်ရွက်တစ်ခက်ကလေးများ လှုပ် ယမ်းကျန်ခဲ့သလို လိုသာ့ ရင်ထဲ၌လည်း တုန်ခါ ကျန်ရစ်ခဲ့သည်။ လိုသာသည် သစ်ပင်ပေါ်၌ စက္ကန့် အတန်ကြာမျှ ငူငူကြီး ကျန်ရစ်ခဲ့ပြီး ဟာတာတာကြီး ဖြစ်နေသည်။ ထို့နောက်မှ သက်ပြင်း မော ကြီးချပြီး သစ်ပင်ပေါ်မှ ဆင်းလာခဲ့သည်။

လိုသာက လေချွန်ပြီးအချက်ပေးလိုက်ရာ နောက်ဘက်တွင် ကျန်ရစ်ခဲ့သော ဟင်းဒရစ်ကလည်း လေချွန်ပြီး ပြန်အချက်ပေး သည်။ သို့သော် လိုသာသည် သူ့လူများ ရောက်လာသည်အထိ စောင့် မနေ တော့ဘဲ ကွင်းပြင်ကို ဖြတ်ကာ ပြေးသွားသည်။

အမျိုးသမီးက သစ်လုံးပေါ်တက်ပြီး မိမိဘက်သို့ ပြန်လှည့်ကြည့်ခဲ့သည့် နေရာသို့ လိုသာရောက် သွားသည်။ သစ်လုံးပေးမှ ခုန်ဆင်းသွားရာတွင် မြေပျော့်ပေါ် ထင်ထင်ရှားရှား ကျန်ရစ်ခဲ့သော ခြေရာ လှလှလေးများကို လိုသာမြင်ရသည်။ သို့သော် ထိုရှေ့ဘက်တောထဲ၌ မြေမာများဖြစ်နေ သဖြင့်ခြေရာ မထင် တော့ပေ။ သို့ရာတွင် လိုသာသည် သူမအား ထပ်မံမြင်ရလို မြင်ရငြားဖြင့် ရှေ့ ဆက်လိုက် သွားသည်။

သို့သော် သစ်တောမှာ တိုးမပေါက်အောင် ပိတ်ကျပ်နေသည်။ ထို့ကြောင့် လိုသာသည် သစ်ပင် တစ်ပင်ပေါ်တက်ပြီး ရှေ့သို့ လှမ်းမျှော်ကြည့်ရာ သစ်တောများက မျက်စိတစ်ဆုံး ပိန်းပိတ်အောင် ဖုံးလွှမ်း အုပ်ဆိုင်း နေသည်။ အစိမ်းရောင် သစ်တောပြင်ကျယ်ကြီးမှ တစ်ပါး ဘာမျှမမြင်ရတော့ပါ ချေ။ လိုသာ သစ်ပင်အောက် ပြန်ဆင်းလာသည်။ နွမ်းယိ ယိုင်နဲ့လေးကွေးသော ခြေလှမ်းများဖြင့် ကွင်းပြင်စပ်ဆီသို့ ပြန်လျှောက်လာသည်။ ဟင်းဒရစ်နှင့် နောက်လိုက်များက ထိုနေရာမှ နေ၍ သူ့ကိုစောင့်နေသည်။
မြေမာမှာ ခြေရာပျေက်သွားတယ် ဟင်းဒရစ်က စတင်ပြောလိုက်သည်။

"ရှေ့ဆက်လိုက်ကွာ၊ သူတို့ကိုတွေ့အောင်ရှာမယ်"
လိုသာက အမိန့်ပေးလိုက်သည်။
"ကျွန်တော်ကြိုးစားပြီးပါပြီ၊ ဒါပေမယ့် ခြေရာလဲပျောက် ရေလဲနောက် ဖြစ်နေပြီ"
"ဘာပဲဖြစ်ဖြစ် ငါလက်မလျှော့နိုင်တော့ဘူး၊ တို့ဆက်လိုက်ရမယ်၊ သူတို့ကို လက်လွတ်မခံနိုင်ဘူး"
"ခင်ဗျား သူတို့ကို မြင်လိုက်ရသလား"
ဟင်းဒရစ် က သူ့ဆရာ၏ အမူအရာကိုကြည့်ပြီး ခပ်တိုးတိုး မေးလိုက်သည်။

"မြင်လိုက်ရတယ်"
"မျက်နှာဖြူအမျိုးသမီး ဟုတ်လား"
"ဟုတ်တယ်၊ အဲဒီအမျိုးသမီးကို ဒီတောကြီးမျက်မည်းနဲ့ ကန္တာရထဲမှာ မထားရစ်ခဲ့နိုင်ဘူး၊ သူ့ကို တွေ့အောင်ရှာရမယ်" လိုသာက အဝေးသို့ငေးကြည့်ပြီး ပြောလိုက်သည်။ သူ၏ရင်တွင်းမှ ခံစား ချက်ကို ဟင်းဒရစ် မမြင်စေလို၍ မျက်နှာလွှဲလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ ထပ်ပြီးကြိုးစားကြတာပေါ့၊ အဲဒီအမျိုးသမီးက ချောသလား" ဟင်းဒရစ်က ရှက်ကိုး ရှက်ကန်း ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်....ချောတယ်"
လိုသာက ဟင်းဒရစ်ဘက် လှည့်မကြည်ဘဲ ခပ်တိုးတိုး ဖြေလိုက်သည်။ လိုသာအဖို့ ယခုမှ အိပ် မက် က လန့်နိုးလာသလို ဖြစ်သွားသည်။ မေးရိုးကြီးများ ထောင် တက်လာသည်။
"မင်းလူတွေကို တောထဲတိုးပြီး လိုက်ခိုင်းစမ်းကွာ" လိုသာက အမိန့်ပေးလိုက်သည်။

အိုဗန်ဘို တောလိုက်မုဆိုးများသည် အမဲလိုက်ခွေးများလိုပင် တောတိုးကာ လိုက်ကြသည်။ သို့သော် ကျောက်ဆောင် ကျောက်သားမြေပေါ်တွင် ပစ်ဂမီနှင့် မျက်နှာဖြူမတို့၏ ခြေရာကို တစ်ခါသာ ထပ်တွေ့ရတော့သည်။
လိုသာသည် တစ်နေရာတွင် သူ့ပခုံးခန့်ရှိ ချုံပုတ်တစ်ခုမှ သစ်ကိုင်းများတွင် လူ့ဆံပင်အတွေး တစ်ခုငြိပြီင်္း ကျန် နေသည်ကို တွေ့ရသည်။ ထိုချုံပုတ်သစ်ကိုင်းများအောက်မှ အမျိုးသမီး ငုံ့လျှိုး ၀င်သွားရာတွင် ဆံပင် များ သစ်ကိုင်းနှင့် ငြိပြီး ကျွန်ကျန်နေခြင်းပင် ဖြစ်ရမည်မှာ သေချာသည်။ ဆံပင်မှာလိုသာလက် တစ်ဖျန် ခန့်ရှိသည်။ ပျော့ပျောင်းနူးညံ့ပြီး နေရောင်တွင် မဟူရာ ပိုးသား ရောင် တောက်ကာ လှိုင်းထနေသည်။

လိုသာသည် မိမိအား မည်သူကမှ စောင့်ကြည့်နေခြင်း မရှိသည်ကို မြင်သောအခါ လည်ပင်းရှိ ရွှေဆွဲကြိုးမှ ကြုတ်ကလေးကိုဖွင့်ကာ ဆံပင်ချည်လေးများကို တယုတယ ထည့်သွင်းသိမ်း ဆည်း ထားလိုက်သည်။ ထိုနေ့က မိုးချုပ်သည်အထိ သူတို့လိုက်ကြသည်။ နောက်တစ်နေ့တွင်လည်း အလင်းရောင်လာသည်နှင့် စတင်လိုက်ကြပြန်သည်။
လေးရက်ကြာလာသည်အထိ ဘာခြေရာ လက်ရာမှ မတွေ့ရသေးပေ။ အိုဗန်ဘိုနောက် လိုက်နှစ် ယောက်က ညအိပ်ပျော်နေကြ ချိန်တွင် ရိုယ်ဖယ်များယူပြီး ထွက်ပြေးသွားကြသည်။
"ကျန်တဲ့လူတွေပါ ထွက်ပြေးကုန်ကြလိမ့်မယ်၊ အခုအမျိုးသမီးနောက်လိုက်တာ ရူးတာပဲလို့ သူတို့က ပြောနေကြပြီ၊ သူတို့အဖို့ နားမလည်နိုင်အောင် ဖြစ်နေကြတယ်ဗျ၊ ဆင်အုပ်ကိုလဲ ကျွန်တော်တို့ မျက်ခြည်ပြတ်ခဲ့ပြီ၊ အခုခရီးကို ဆက်လိုက်လို့တော့ ဘာအကျိုးအမြတ်မှ ရှိမှာမ ဟုတ်တော့ဘူး၊ ခြေရာ လဲပျောက် ရေလဲနောက်ဖြစ်နေပြီမဟုတ်လား၊ ခင်ဗျားအခုဆက်ရှာလို့ တော့ဘယ်လိုမှ တွေ့မှာ မဟုတ်တော့ပါဘူး၊ ဟင်းဒရစ်က လိုသာအား သတိပေးလိုက်သည်။"

ဟင်းဒရစ်စကားမှန်သည်။ အမျိုးသမီးမျက်နှာကို ခဏလေး မြင်လိုက်ရရုံဖြင့် မိမိအဖို့ အရူးအမူး ဖြစ်နေရသည်။ ရင်ထဲ၌ ခံစားချက်တစ်နင့် တစ်ပိုးဖြင့် ဝေဒနာတစ်ရပ်က မိမိကိုဖိစီးနှိပ်စက် နေမှန်း လိုသာ သိလာသည်။ လိုသာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ၊ ခြေရာလဲ ပျောက်နေပြီပဲ၊ လမ်းလဲဆုံးပြီပေါ့၊ ကဲတို့နောက်ကြောင်း ပြန်လှည့်ကြ မယ်"
သူ့ လူများက နောက်ကြောင်းပြန်လှည့်ကြသည်။
လိုသာသည်ရင်ဘတ်ပေါ်ရှိ လည်ဆွဲကြုတ်ကလေးကို ကိုင်ရင်း သူ့ရှေ့ဘက်ရှိ တောကြီးမျက် မည်းထဲသို့ စိုက်ကြည့် နေသည်။ ထိုတောနက်ကြီးထဲသို့ လူဖြူအနည်းငယ်သာ စွန့်စား သွားရောက် ခဲ့ဖူးသည်။
"မင်းဘယ်လိုများ ပျောက်သွားသလဲကွယ်၊ ကာလာဟာ တောနက်ကြီးထဲကိုများ သွားတာလား၊ ဘာကြောင့် တို့ကို မစောင့်တာလဲ၊ ဘာကြောင့်ပြေးရတာလဲ အချစ်ရယ်"
လိုသာသည် တစ်ယောက်တည်း စကားပြောကာ တစ်ယောက်တည်း မေးခွန်းထုတ်နေသည်။ သို့သော် အဖြေက ထွက်မလာ။ လက်ဖြင့်ကိုင်ထားသော ကြုတ်ကလေးကို ရင်ဘတ်ပေါ် ပြန်ချ ထားလိုက်သည်။

"နောက်တစ်ခါ မင်းခြေရာတို့ တွေ့ယင်တော့ မင်းမလွတ်နိုင်တော့ပါဘူး အချစ်ရယ်၊ နောက် တစ်ခါကျရင်တော့ မင်းကိုတို့ မိုးတစ်ဆုံး မြေတစ်ဆုံး စကြ၀ဠာတစ်ခုလုံး လိုက်လို့ရှာမယ် အချစ်ရယ်"
လိုသာက တိုးတိုးလေးရေရွတ်လိုက်သည်။ ထို့နောက် တောကြီးမျက်မည်းကို ကျော်ခိုင်းပြီး လာ ရာလမ်းသို့ ပြန်လှည့်လိုက်တော့သည်။
၃၁

အိုဝါသည် ဟာနီနှင့် စင်တိန်တို့အား တောထဲတွင် တောင်ဘက်သို့ ခရီးပြင်း မောင်းနှင်သွား သည်။ မိန်းမသား နှစ်ဦးအား လုံးဝ အနားမပေးဘဲ ခရီးပြင်းနှင်စေရာ စင်တိန်မှာ လဲကျလု မတက် ဖြစ်နေသည်။ ထို့ကြောင့် စင်တိန်က နောက်ဘက်ရှိ အိုဝါအား လှည့်ကြည့် လှည့်ကြည့်ဖြင့် ရပ်နား ခွင့်တောင်းနေသည်။
မွန်းတည့် ပြီးနောက် အချိန်အတော်ကြာမှ နားခွင့်ပေးလိုက်သည်။ မိန်းမသားနှစ်ဦးသည် ကျောက် တောင် ဆင်ခြေ လျှောစောင်း တွင် လက်ဆွဲအိတ်များကို ပစ်ချကာ ခြေပစ်လက်ပစ်နားလိုက် ကြသည်။ အိုဝါသည် အောက်ဘက် သို့ ဆက်ဆင်းပြီးပတ်ဝန်းကျင် ကိုအကဲခတ်သည်။ အောက် ခြေရောက်ခါနီး လမ်းတစ်ဝက် တွင် အနံ့ရသဖြင့် နှာခေါင်းနှင့်ရှူကြည့်ပြီး အနံ့လာရာသို့ လိုက်သွားရာ မြင်းကျား အသေတစ်ကောင်ကို တွေ့ရသည်။

အိုဝါက မြင်းကျားအသေ၏ ပုံစံကိုကြည့်ပြီး အခြေအနေကို အဓိပ္ပာယ်ဖွင့်၍ ရသွားသည်။ မြင်းကျား သည် လွင်ပြင်ကို ဖြတ်အပြေးတွင် ခြင်္သေ့အဆွဲခံရပြီး ဤနေရာသို့ပါလာကာ ခြင်္သေ့အစာ ဖြစ်ခဲ့ရ သည်။ သေနေသည်မှာ တစ်ပတ်ခန့်ရှိနိုင်ပြီး ခန်းခြောက်နေသောအသားများ နှင့် အရိုးများကို ကြည့်ခြင်းဖြင့် သိသာ သည်။ အရိုးများကလည်း အပိုင်းပိုင်းအစစဖြစ်ပြီး ကျောက်တုံးကျောက်ခဲ များကြားတွင် ပြန့် ကျဲနေသည်။

အိုဝါက ထိုပတ်ဝန်းကျင်တွင် လျက်မြန်စွာ လိုက်ရှာရာ မြင်းကျားခြေလေးချောင်းကို အကောင်းပက တိတွေ့ရသည်။ ခွေးသားများပင် ကိုက်ဖြတ်စားသောက်ထားခြင်း မရှိသေးပေ။ အိုဝါသည် မြင်းကျားခွာ နှင့် အရေတို့ကို လှီးဖြတ်ထုတ်ယူသည်။ ထို့နောက် အမျိုးသားနှစ်ဦးကို ထိုနေရာသို့ သွားခေါ် လာသည်။ အိုဝါက စင်တိန်ရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး မြင်းကျားခွာနှင့် အရေကို စင်တိန့် ခြေထောက်တွင် ဖိနပ် သဖွယ် စည်းနှောင်ဝတ်ဆင်ပေးနေသည်။
"ငါ နမ်ချိုင်း ကို အလျင်လုပ်ပေးမယ်၊ ပြီးတော့မှ မင်းကိုလုပ်ပေးမယ်" အိုဝါက ဟာနီကို ပြော လိုက်သည်။

"မြန်မြန်လုပ်အဖေကြီး သူတို့ကျွန်မတို့နဲ့ နီးလာလိမ့်မယ် ဟာနီက နှာခေါင်းတရှုတ်ရှုတ်ဖြင့် အနံ့ခံရင်း ပြော လိုက်သည်။ မျက်လုံးကလည်း ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေသည်။"
"သူတို့ဆိုတာ ဘယ်သူတွေလဲဟင်၊ ကျွန်မတို့ကို ဘယ်သူက လိုက်နေလို့လဲ၊ ကျွန်မဖြင့်ဘာမှ လဲ မမြင်ပါလား၊ သူတို့ဟာ ကျွန်မတို့လို လူတွေလား အိုဝါ၊ ကျွန်မတို့လိုလူမျိုး တွေလား"
စင်တိန် သည် အမောပြေလာသဖြင့် လှဲနေရာမှ ကောက်ထပြီး မေးလိုက်သည်။ သိချင်စိတ်များက နှိုးကြားလာသည်။
အိုဝါ မဖြေခင်မှာပင် အာနီက ကြားဝင်ဖြေလိုက်သည်။

"သူတို့က လူမည်း တွေပါ၊ မြောက်အရပ်က လူမည်းလူထွားကြီးတွေ၊ မင်းလူမျိုးတွေ မဟုတ်ပါဘူး"
ဟာနီ က လိမ်လိုက်သည်။ ဟာနီနှင့်အိုဝါတို့သည် တောစပ်ထဲ ၀င်ခါနီး၌ နောက်လှည့်ကြည့်လိုက် ရာ လူဖြူ တစ်ယောက်ကို မြင်ခဲ့ရသည်။ သို့သော် စင်တိန်အား ပြောမပြဘဲ ဖုံးထားရန် တိုးတိုး တိတ်တိတ် သဘောတူ ထားခဲ့သည်။
"ဟာနီ ရှင်မြင်ရတာ သေချာရဲ့လား၊ ကျွန်မလို အသားဖြူမဟုတ်တာ သေချာတယ်နော်"
စင်တိန် က သေချာအောင် ထပ်မေးလိုက်သည်။ သူမသည် မြင်းကျားခွာကို ဖိနပ်သဖွယ်စီးပြီး လမ်း စလျှောက်ကြည့်နေရာ ဒေါက်မြင့်ဖိနပ်စီးတတ်ခါစ မိန်းကလေးနှင့် တူနေသည်။

"မဟုတ်ဘူး၊ မင်းအသားရောင်မျိုး လုံးဝမဟုတ်ဘူး"
ဟာနီက ခြေကာကာ လက်ကာကာနှင့် ငြင်းလိုက်သည်။ စင်တိန်သည် ကလေးမွေးဖွား ခါနီးနေပြီ ဖြစ်သည်။ ဟာနီ့ဘ၀တွင် နောက်ဆုံး လိုလားချက်တစ်ရပ်မှာ ကလေးငိုသံကြားပြီး ကလေးလေး ကို ချော့မြူ နေချင်သည်။ ထို့ကြောင့် ဤအခွင့်အရေးကို သူ့လက်လွတ် မခံနိုင်တော့ပါချေ။
"သူတို့ဟာ လူ့အသားတွေကို စားတဲ့အသားမည်းလူ့ဘီးလူး ကြီးတွေပါ နမ်ချိုင်း" ဟာနီက ထပ် ပြော လိုက်သည်။

"အို...လူသားစားတဲ့လူရိုင်းတွေပေါ့"
"ဟုတ်တယ် ဟုတ်တယ်၊ ဒါကြောင့် တို့နောက်ကို လိုက်နေတာပေါ့၊ သူတို့က မင်းဗိုက်ထဲက ကလေး ကိုခွဲထုတ်ပြီး....."
"ဒါဖြင့် သွားကြစို့ အိုဝါ၊ မြန်မြန်....မြန်မြန်"
စင်တိန် က ဟာနီ့စကားမဆုံးခင်ပင် ပြောလိုက်ပြီး တောထဲသို့ ခရီးဆက်ထွက်သည်။ တစ်မိုင်ခန့် ခရီး ပေါက်လာသော အခါအိုဝါသည် စင်တိန်အားချုံပုတ်တစ်ခု အောက်တွင် ပုန်းနေစေပြီး သူ့ထံမှ မြင်းကျားခွာနိမ့် ဖိနပ်ကိုချွတ်ယူကာ ဟာနီထံပြန်သွားပြီး ထိုဖိနပ်ကို စီးစေကာ ခေါ်လာသည်။ သို့ဖြင့် နောက်မှ လူများကို လုံးဝ ခြေရာဖျောက်ထားနိုင်ခဲ့သည်။

စင်တိန် ထံ ရောက်သောအခါ ဖိနပ်များချွတ်လိုက်ပြီး သုံးယောက်သား အရှေ့အရပ်ကို တစ်ညလုံး ခရီးနှင် ကြသည်။ မနက်အရုဏ်တက်ချိန်တွင်မှ အမျိုးသမီးများ သိပ်ပင်ပန်းနေသဖြင့် ရပ်နား အိပ်စက်ကြသည်။ တတိယညရောက်သောအခါ ဘေးကင်းလာပြီ ဖြစ်၍ အိုဝါကဟာနီအား မီးဖိုခွင့်ပေးလိုက်သည်။ နောက်တစ်နေ့ ခရီးထွက်သောအခါ ယုန်လေးများကို တွေ့လာရသည်။ အိုဝါက ယုန်များ ထောင်ပြီး ဖမ်းသည်။ ညဘက်တွင် ယုန်နှစ်ကောင်ထပ်မိသည်။ ထိုညစာမှာ ယုန်သားကင်ဖြစ်၍ စင်တိန် ခံတွင်းတွေ့လှသည်။
နောက်တစ်နေ့ မနက်တွင် သူတို့ခရီး၏ နောက်ဆုံးအပိုင်းကို စတင်ကြသည်။ စူးရှပြင်းထန်သော လေပူကြီး က သူတို့၏ မျက်နှာကို ၀င်တိုးလာသည်။

သတ္တ၀ါအားလုံး၏ ငြိမ်းချမ်းရာနယ်မြေ(၀ါ) လွတ်မြောက်ရာ နယ်မြေသို့ ထွက်လာခဲ့သော ပစ်ဂမီ လင်မယား အဖို့ ယခုခရီးသည် နောက်ဆုံးခရီး အစိတ် အပိုင်းပင်ဖြစ်သည်။ အစဉ်အလာအရ ယခု နယ်မြေ တွင် သူတို့အမဲမလိုက်ရပေ၊ အသက်မသတ်ရပေ၊ သို့သော် သူတို့အတွက် စားသောက် စရာ ပူပင်စရာ မလိုပေ။ မြေပေါ်တွင် အသီးအနှံများ အလျှံပယ်ပေါများသလို မြေအောက်၌လည်း သစ်ဥ သစ်ဖုများ ပေါကြွယ်လှသည်။ ရေအိုင်စိမ့်စမ်းများလည်းရှိသည်။

သို့သော် လေပူကြီးတိုက်နေပြီး သဲများလွင့်မျောပါလာနေသည်။ ထို့ကြောင့် မျက်နှာကို သားရေစ များဖြင့် ဖုံးကွယ် ကာဆီးပြီး သွားနေရသည်။ မြင်းကျင်းများကိုလည်း တွေ့လိုက်ရသည်။ လေဝှေ့လိုက်လျှင် သဲမှုန်များတထောင်းထောင်း ထသွားရာ မြင်ကွင်းမှာေ၀၀ါးသွားရသည်။ ခရီးကြမ်းသော်လည်း အိုဝါနှင့်ဟာနီသည် တစ်နေ့ထက်တစ်နေ့ ပိုပြီး သန်မာလာပုံရသည်။ တစ်နေ့ ထက်တစ်နေ့ ပုံမို စိတ်ဓာတ်တက်လာပုံရသည်။ စင်တိန်မှာမူ ပင်ပန်းနွမ်းနယ်ကာ နောက်တွင် ကျန်ရစ နေတတ်သည်ကများသည်။ ပင်လယ်ကမ်းခြေ ခရီးအစတွင် စင်တိန်နောက် ကျကျန်ရစ်သလို ယခုလည်း နောက်ကျ ကျန်ရစ်လာပြန်သည်။

ငါးရက်နေ့မြောက် ညနေခင်းတွင် သစ်တောအုပ်ကို ဖြတ်ကျော်လာခဲ့သည်။ ရှေ့မှသွားနှင့်သော အိုဝါနှင့် ဟာနီတို့ ထိုးထားသည့် တဲစခန်းသို့ လေးကန်ဖင့်နှေးသော ခြေများဖြင့် စင်တိန်ရောက် သွားသောအခါ နောက်ထပ် တောင်ကြားချိုင့်ဝှမ်းတစ်ခုကို ထပ်မံတွေ့လိုက်ရသည်။ အလွန်အမင်း ပူပြင်းလှသဖြင့် စင်တိန် သည် အားအင်ကုန်ခန်းနွမ်းနယ်ကာ မြေပေါ်သို့ ခြေပစ်လက်ပစ် ခွေကျ သွားသည်။
ဟာနီက စင်တိန်အတွက် အစားအသောက်များ ယူလာသည်။ စင်တိန်က လုံးဝစားချင်စိတ်မရှိ သဖြင့် အစားအစာများကို တွန်းဖယ်လိုက်ပြီး ပြောလိုက်သည်။
"ဟင့်အင်း....ကျွန်မဘာမှမစားချင်ဘူး၊ ဘာမှလဲ မလိုချင်ဘူး၊ အပူရှိန်ရယ် သဲမှုန်တွေရယ်ကို ကျွန်မ မုန်းလာပြီ"
"မကြာခင်မှာပဲ တို့သက်ရှိသတ္တ၀ါအားလုံးရဲ့ ငြိမ်းချင်းရာ နယ်မြေကိုရောက်လာတော့မှာပါ၊ မင်း ရင်သွေးလေး လဲ မွေးတော့မှာပါ"
ဟာနီ က ချော့မော့နှစ်သိမ့်လိုက်သည်။

"ကျွန်မ တစ်ယောက်တည်းနေပါရစေရှင်" စင်တိန်က မြေပေါ်တွင် တစ်ဘက်သို့ လူးလှိမ့်သွား ရင်း ပြော လိုက် သည်။
အိုဝါနှင့်ဟာနီ တို့၏ အော်ဟစ်သံများကြောင့် စင်တိန်အိပ်ရာမှ နိုးလာသည်။ သူအိပ်ရာမှနိုးလာ သည့် အချိန်မှာ နေသစ်ပင် ထိပ်ဖျားခန့်ရောက်နေသည်။ တစ်ကိုယ်လုံးမှာလည်း ပေရေနေပြီး နွမ်းနယ် နေဆဲရှိသည်။ ညပိုင်းက လေငြိမ်သွားသဖြင့် သဲမှုန်များလေထဲတွင် ဖုန်တထောင်းထောင်း ထ မနေတော့ဘဲ မြင်ကွင်းမှာ ကြည်လင်ရှင်းလင်းနေသည်ကို တွေ့ရသည်။
"နမ်းချိုင်း တွေ့လား...." ဟာနီက အားရ၀မ်းသာပြောလိုက်သည်။

စင်တိန်က အိပ်နေရာမှ ထထိုင်လိုက်သည်။ ယမန်နေ့က သဲမုန်တိုင်းကြောင့် မှိုင်းဝေပိတ်ဆို့ နေသော မြင်ကွင်း မှာ ယနေ့တွင် ကြည်လင်ပြတ်သား ထင်ရှားစွာ လှမ်းမြင်နေရသည်။
ချိုင့်ဝှမ်း၏ တစ်ဘက်ဟိုမှာဘက်တွင် ကြီးမားသောတောင်ကြီးတစ်လုံး သဲကန္တရထဲမှ တိုးထွက်ပေါ် ပေါက် လာရာ ဝေလငါး၏ ကျောကုန်းကြီးနှင့်တူလှသည်။ တောင်ထိပ်မှာ လုံးဝိုင်းနေပြီး ဘေးဘက် က မတ်စောက် လှသည်။ နံနက်ခင်းလင်းရောင် နီအောက်တွင် ထိုထောင်ကြီးသည် ခေါင်းမပါသော သတ္တ၀ါကြီး တစ်ကောင်နှင့် တူလှသည်။ တောင်ကြီး၏တချို့နေရာများတွင်မူ သစ်ပင်များထူထပ် သိပ်သည်းစွာ ပေါက်နေသော သစ်တောများ ရှိသည်။ သစ်ပင်မပေါက်သော နေရာတွင် ကျောက် တောင် ကျောက်ကမ်းပါး များက ပြောင်ချောနေပြီ၊ အနီရောင် တောက်နေသည်။
"အဲဒါ သက်ရှိသတ္တ၀ါ အားလုံးရဲ့ ငြမ်းချမ်းရာ မယ်မြေပေါ့၊ တို့သွားမယ့်နေရာပေါ့" ဟာနီက စင်တိန် အား ခပ်တိုးတိုးပြောလိုက်သည်။ အိုဝါကလည်း ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ဒါဟာ တို့အတွက် နောက်ဆုံးငြိမ်းချမ်းရာ နယ်မြေပဲပေါ့"

နေရောင်တွင် ရွှေ့ရေင်ဝင်းနေသော တောင်မဟာကြီးဆီသို့ သူတို့ဦးတည်သွားနေကြသည်။ အမြင်က နီး သော်လည်း ခရီးကဝေးသည်။ တောင်စောင်းကျောက်ဆွယ် ကျောက်ကမ်းပါး များသည် နေရာင်တွင် တောက်ပနေသည်။
ရှေ့ဆုံးမှသွားနေသော အိုဝါက ဆန်လူမျိုးတို့ ကိုးကွယ်သော နတ်နှင့်တောင်စောင့်နတ်များကို တေးသီချင်း သီဆိုကာ ပူဇော်ပသတောင်းပန်တိုးလျှိုးသွားနေသည်။ တောင်ခြေရင်းသို့ သူတို့ ရောက် သွားသည်။ တောင်ထပ်သို့ မော့ကြည့်လိုက်ရာ မြင့်မားမတ်စောက်လှသည်ကို တွေ့ရသည်။ သူတို့ ခေါင်းပေါ်တွင် စီးမိုးနေသော တောင်နံရံ ကျောက်သားများကို ကိုယ်တွယ်စမ်း သပ်ကြည့်ကြရာ ချောမွေ့ပြီး အေးစက်နေသည်။ ခေါင်းပေါ်မှ အမိုးကျောက်ခုံးကြီးက ဘုရားရှိခိုး ကျောင်းအတွင်းမှ ကြည့် လျှင် မြင်ရသောအမိုးနှင့် တူလှသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, September 25, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၂)

အောင်ဆန်း(သို့မဟုတ်)အရိုင်း
ဒဂုန်တာရာ

သူ၏ အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီး သည် စူးစိုက်ခြင်းမရှိ၊ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်းတစ်ခုကား အချင်းချင်း ခေါင်းချင်း ကပ်ကာ တီးတိုးပြော၍နေ၏။ သို့သော် ပြက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်း  သည် အားလုံး၌ တညီတညွတ်တည်းတည်ရှိ၏။ အစိမ်းပုပ်ရောင် ကတ္တီပါကားကြီးသည် သူ့ကို နောက် ကားခံ ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင် မှ ခြယ်လှယ်ထားခြင်းမရှိ ပကတိပိန်းပြောင် ပြောင်ဖြစ်၏။

ကတ္တီပါကားသည် အခြားဘာအဓိပ္ပာယ်ကိုမျှ ထူးထူးထွေထွေ မဖော်ပြပါ။ သို့သော်မှိုင်း ညို့ခြင်းတစ်ခုသာ ရဲဝံ့စွာ ဆောင်၍နေသည်။ သူသည် သည်စိမ်းညို့မှိုင်းသော ကားကြီး၏ အရှေ့စင် မြင့် ဇာတ်ခုံ ပေါ်၌ ရပ်ကာ စကားပြော၍နေသည်။ သူသည် ဗမာပထ၀ီမြေကြီးမှ ဗမာ့ဝါဂွမ်းစစ်ဖြင့် ယက်လုပ်သည့် ပင်နီဖျင်ကြမ်း ကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင်ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်း နှင့်မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများ တွင်နေထိုင်သော မွန်ဂိုလီယံ အနွယ်လူရိုင်းမျက်နှာနှင့် တူ၏။

သို့မဟုတ် တောင်ပေါ်ချင်း တစ်ယောက်၏ မျက်နှာနှင့် တူ၏။ တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား ၏ လက္ခဏာ ဖြစ်သော ထယ်ဝါခြင်း၊ ယဉ်ကျေးသိမ့်မွေ့ခြင်းတို့သည် သူ့တွင် လုံးဝမခိုအောင်း၊ လမ်းပေါ် တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန် ဆင်းရဲသားတစ်ဦးနှင့် တူ၏။ ဗမာလူထုကြီးထဲမှ သူတစ်ဦး၏ အသွင် အပြင် မျိုးသာဖြစ်၏။ သူသည် လက်နှစ်ဖက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားကို ပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်းမရှိ၊ ချောမွေ့ခြင်း မရှိ၊ သို့သော် အတွင်း၌ကား အနက် ပါ၏။ သင်ပထမဆုံးတွေ့မြင်သော အောင်ဆန်း၏ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေး ပြမည်ဖြစ်၏။

ထိုအခါကား ၁၉၃၅ခု ပထမဦးဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ညီလာခံ ကြီး ကို ရန်ကုန်မြို့ ကျူဘလီဟောခန်းမတွင် ဆင်ယင်နေသောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်း သားများ ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်းစကားပြောသည်ကို တွေ့မြင်ရခြင်းဖြစ်ပေသည်။ ၁၉၃၆ခု သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့်အခိုက်၊ အောင်ဆန်း အမည် ကို သတင်းစာများတွင် ဖတ်ရသောအခါ၊ သူ့ကို သိချင်သောစိတ် အင်မတန်ထက် သန်ခဲ့သည်။ ထို အခါက အောင်ဆန်းမှာ တက္ကသိုလ်သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။

ကျွန်တော်မှာ စာပေ၀ါသနာပါသူဖြစ်ရာ အောင်ဆန်း ကို အိုးဝေ မဂ္ဂဇင်းအယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကိုသိချင်၏။ တွေ့ဖူးချင်၏။ သို့သော် ဂျူဘလီဟော ကျောင်းသားများ ညီလာခံ တွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့ မြင်ကြားနာရသောအခါ အထင်နှင့်အမြင် ကွာ နေသည်ကို တွေ့ရ၏။ ကျွန်တော်ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်ဂိုက်ကျ၊ စကားပြော ကောင်းဟုဖြစ်၏။ အယ်ဒီတာလည်းဖြစ်သဖြင့် အတော်အထင်ကြီးထား၏။

တွေ့ရသောအခါ ရုပ်ကလည်းမဖြောင့်၊ စကားပြောကလည်းမပြောပြစ်၊ သို့ဖြစ်၍ စိတ်ကမကျေနပ်၊ ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲကမကျေနပ်။ နောက်တစ်နှစ်ခန့်ကြာသောအခါ ကျွန်တော် လည်း တက္ကသိုလ်ရောက်၍နေသည်။ ကျွန်တော်တက္ကသိုလ်ရောက်သည့် ၁၉၃၇-၃၈ ခုနှစ် က ကိုအောင်ဆန်း သည် တက္ကသိုလ်သမဂ္ဂတွင် ဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ တွင် ဥက္ကဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။

အသိသာဖြစ်ရုံဖြစ်သည် မရင်းနှီးခဲ့ပေ။ သူနှင့်ကား ရင်းနှီး၍မဖြစ်၊ သူသည် ရင်းနှီး၍ရသော လူစားမျိုး မဟုတ်၊ နိုင်ငံရေး အတူတူ တွဲဖက်လုပ်လျှင်သာ သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော် သည် သမဂ္ဂနိုင်ငံရေး ကိုသာ တဖက်သတ်မလိုက်၊ စားပေလည်းဖတ်ချင်၏။ စာလည်းရေးချင်၏။ ဂီတ ကိုလည်း လိုက်စားဖူး ၏။ သည်လိုအစုံလုပ်ချင်သဖြင့် သူနှင့်မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေး သမား သက်သက် ဖြစ်သည်။ ကိုအောင်ဆန်းနှင့် ကျွန်တော်ကို ယခု သခင်ဗဟိန်းက အသိဖွဲ့ပေးခဲ့၏။

သို့သော် ကျွန်တော်သည် နိုင်ငံရေးသမားသက်သက် မဟုတ်သဖြင့် သူနှင့် အသိထက်လွန်မြောက်၍ ရင်းနှီးသော အဖြစ် သို့ မ ရောက်သွားခဲ့ပေ။ သခင်ဗဟိန်းနှင့်ကားသည်လိုမဟုတ်၊ သခင်ဗဟိန်းသည် ယဉ်ကျေး သိမ်မွေ့ သူဖြစ် ၏။ စာပေကဗျာအလင်္ကာများကို နှစ်သက်၏။ ဂီတကိုချစ်၏။ ထိုကြောင့် ကျွန်တော် နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ၊ ယခု သူကွန်မြူနစ်ဖြစ်နေသည့် ဘ၀အထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက် ကျွန်တော်ကား ခုခံရေးကိုလည်းမပြု၊ နိုင်ငံရေးသမားလည်းမဟုတ် သို့သော် ချစ်ခင် ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား ဤကဲ့သို့မဟုတ်၊ ကျွန်တော်စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်း သိ၏။

သို့ရာတွင် ကျွန်တော်ရေး ခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံမှစသောကဗျာများ၊ ၀တ္ထုတိုဆောင်းပါး စသည့် စာပေ များကို သူဖတ်ဖူးလိမ့်မည်မထင်၊ ဂရုစိုက်၍ဖတ်မည့် လူမျိုးလည်းမဟုတ်၊ သို့သော် တစ်ခါက သခင်ဗဟိန်း နှင့် အတူ သမဂ္ဂကော်မတီခန်းတွင် ပင်းယ မဂ္ဂဇင်းတွင် ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါး တစ်ခု ကိုကား ကျွန်တော် ၏ ရှေ့တွင် ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက် ပေး၏။

 ကိုအောင်ဆန်း သည်လည်း အင်္ဂလိပ်ဗမာ ဆောင်းပါးရှင် တစ်ဦးဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေး သော သူ၏ဆောင်းပါးများကို ဂန္ထလောကမဂ္ဂဇင်းတွင် ဖတ်ရဖူး၏။ သူသည် ဗုဒ္ဓဘာသာတရား တော်နှင့် ပတ်သက် သော ဆောင်းပါးများကိုရေး၏။ ကျောင်းသားများ အ၀တ်အစားဆင်ယင်ရေး ပြဿ နာ ကိုလည်း သူသည် ဂန္ထလောကတွင် ပန်းတနော်ဦးသန့် နှင့် အပြန်အလှန်ရေးသည်ကို အမှတ်ရ၏။ ဗမာနိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော မျိုးညွှန့်မဂ္ဂဇင်းတွင်ပါ သော သူ၏ လောက၀ိဟာ အမည်ရှိ ဗမာဆောင်းပါးတိုကလေးကိုကား ကျွန်တော်အတော်သဘောကျ ပါ၏။ ကမ္ဘာလောကကြီးကို ပညာဗဟုသုတ အမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးထား ၏။

ကိုအောင်ဆန်းသည် ဗမာစာအရေးညံ့သူမဟုတ်ပေ၊ တိတိကျကျ ရေး၏။ ပါဠိကို မှန်ကန် စွာသုံး၏။ တစ်ခါ တစ်ရံ ဟာသဥာဏ်ပါ၏။ ပုသိမ်မြို့တွင်ကျင်းပသော ကျောင်းသားများညီလာခံ သူ၏ ဥက္ကဌ မိန့်ခွန်းတွင် ကင်ဘဲလ် အစီရင်ခံစာကို '' ပညာရေးပူရာဏကျမ်းကြီးပေတကား'' ဟု ပြောင် လှောင် ထားသည်မှာ သရ်ာချက် (Irony) ပါ၏။ ကျောင်မှထွက်ပြီး တို့ဗမာအစည်းအရုံးသို့ ၀င်သွားသော အခါ ငတ်ပြတ် လာ၍ လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်း တွင် ဆောင်းပါး ရေးလိုကြောင်း ကျွန်တော်ကိုပြော ၏။ ကျွန်တော် လည်း တိုက်ရှင် တို့နှင့် စီစဉ်၍ လစဉ်ကိုအောင်ဆန်းဆောင်းပါးများ ပါစေ၏။ ဒဂုန် မဂ္ဂဇင်း က ကိုအောင်ဆန်း ရေးသော ဆောင်းပါးများအတွက်ငွေချီးမြှင့်၏။

သူရေးသော ဆောင်းပါးကား ''နိုင်ငံရေးအမျိုးမျိုး' ဟူသော ဆောင်းပါးဖြစ်၏။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက်ဗမာ နိုင်ငံရေး အခြေအနေအထိ ရေး၏။ စာပြောလှ၏။ ဖတ်လို့ကောင်း၏။ သူလည်း ဒဂုန် တွင် ကြာကြာမရေးရ၊ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍သွား၏။ အစိုးရ ကလည်း ညှိုးထား၍လားမပြောတတ်၊ ဒဂုန်မဂ္ဂဇင်း ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာ၏။ သမဂ္ဂဥက္ကဌဖြစ်သော ၁၉၃၈- ၃၉နှစ် က သူသည် ဘီအယ်လ် တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင်နေသည်။ အခန်း သည် သပ်ယပ်ခြင်းကင်းမဲ့၏။ သူ၏ အခန်းတွင် စာအုပ်များပြည့်နှက်၍ နေ၏။ စာအုပ်များသည် စား ပွဲပေါ် တချို့၊ ဘီရိုပေါ်တချို့၊ ကြမ်းပြင် ပေါ်တွင်တချို့ ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ်ဖြစ်၍ နေကြ၏။ သူ သည် အင်မတန်စာဖတ် သူတစ်ယောက်ဖြစ်၏။

သူသည် ဒေါသကြီးသူတစ်ဦးဖြစ်၏။ သည်လိုအများကထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည် မကြီး သည်ကို ကား မသိ၊ သူ့တွင် စိတ်လိုက်မာန်ပါစိတ်(Emotionalism) တွေရှိသည်ဟု ကျွုန်တော် ထင်၏ နှစ် ကို ကား  အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည် အထိမ်းအမှတ်ပွဲတစ်ခု တက္ကသိုလ် သမဂ္ဂ တွင် ကျင်းပ၏။ ပရိတ်သတ်ထဲမှထ၍ ဝေဖန်စကားများထပြောကြ၏။ ထိုပြောကြ သည့်အထဲတွင် စစ်ကိုင်း ကျောင်းဆာင် မှ ကုလားကျောင်းသားတစ်ဦး က ဥက္ကဠဟောင်း မစ္စတာရာရှစ် ကို ဝေဖန်ရာ၌ အတော် ထိခိုက် သော အပြစ် တွေကို ထုတ်ဖော်ပြော၏။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင် သည် မခိုင်သည်ကိုကား မမှတ်မိတော့။

ကိုအောင်ဆန်း သည် မစ္စတာရာရှစ် အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင် ထွက် စသော အသုံး မျိုး သုံး၏။ လက်သီး ဆုပ်ကာ ကုလားအပါး သို့တိုး၍ သွား၏ ဘေးကကျောင်းသားများက ၀ိုင်း၍ ဆွဲထား ရ၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက်ရှိသည်။ ကိစ္စနှင့်ပတ်သက်၍ အိုးဝေညို (အမေရိကန်ပြန်) အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆို တင်သွင်း၏။ ထိုအစည်းအဝေး ၌ ကိုအောင်ဆန်း ညိုမြ ကို ဒေါပွကာ၊ ဥက္ကဠကုလားထိုင် မှနေ၍ ညိုမြ အတင်း ကို အတော်ပြောလိုက် ၏။ သည်လိုစိတ်လိုက်မာန်ပါပြောပြီး နောက်တစ်ပတ်လောက် ကြာသော အခါ ထိုနေ့က အောင်ဆန်း က ညိုမြ အား ရှံ့ချပါသော စကားများကို ရုတ်သိမ်းလိုက်ကြောင်း၊ ကြော်ငြာစာ ကို တက္ကသိုလ်ကျောင်းသား အသီးသီးတွင် ထွက်ပေါ်၍လာ၏။ တက္ကသိုလ်ရှိစဉ်က ကိုအောင်ဆန်း သည် ပြုံးသော မျက်နှာထား ကို ထားခဲ၏။ သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါ တွေ့ဖူးသော သူကို နောက်တစ်ခါတွေ့ လျှင် နှုတ်ဆက်ချင်မှဆက်၏။ သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှပြုံး၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည် ၏ လွတ်လပ်ရေးအတွက် စိတ်ပူ ပုံရ၏။

ထိုကြောင့် သူသည်သုန်မှုန်လျက် နေသည်။ သူစကားပြောလျှင်လည်း နိုင်ငံရေးအကြောင်းကို သာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးက လူများ၏စကားကိုသူ မကြား။ သူပြောချင်တာ တွေကိုသာ စွတ်ပြော၍နေတတ်သည်။ တစ်ခါက ရန်ကုန် ကို ဂျပန်တို့ သိမ်း ပိုက်စအချိန် ၀ီတိုရိယ ရိပ်သာ ရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များနေထိုင်လျက်ရှိကြသည်။ ကျွန်တော့် မှာလည်း တောက ရောက်ခါစဖြစ်၏။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်က ထိုင်ကာတီးနေ ၏။ ဘေးမှ သခင်စံဝေ နှင့် တက္ကသိုလ်ကျောင်းသားတချို့က ၀ိုင်း၍သီချင်းလိုက်ဆိုလျက် ရှိ၏။ ဘီအိုင်အေ သမား များမှာ၊ ဂီတအင်မန်ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်း ကြ ၏။ စန္ဒယားမှာ အသံတွေ ပျက်၍ နေ၏။ ''ချစ်ခင်မှာလား... ကြင်မှာလား ခင်ခင်ရယ်...ချစ်သံနွယ် အဟုတ်ကို ချစ်တော့မယ်၊ ခင်ရယ်ကြင်မယ်... ''

ဝိုင်း၍ဆိုနေကြရာမှ သည်နေရာသို့ ရောက်လာသောအခါ ကိုအောင်ဆန်းသည် ဂေါက်ဂေါက်ဂေါက် နှင့် တစ်ဖက်မှ လျောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ကာရပ်လျက် ''ဟေ့ ရပ်ကြ ခုလိုအခါမျိုး မှာ ရဲစိတ်၊ မာန်စိတ်တက်စေမဲ့ ရဲတင်းသံတို့ကိုသာ ဆိုရတယ်ဗျ။ ဒီချစ်မယ်ကြင်မယ် သီချင်းမျိုးက မဟန်ဘူး''၊ ရုတ်တရက် ကြောင်၍ူ စန္ဒယားကို ခေတ္တရပ်လိုက်၏။ သူသည် သူပြောချင်တာပြောပြီး၍ ထွက် သွားလေသည်၊ ကျွန်တော်တို့လည်းဆက်၍ သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကားသည်လို လူစားမျိုး ။ သမဂ္ဂ ဥက္ကဠ ကိုလှမောင်(ယခု ဆိုရှယ်လစ်ပါတီဝင်၏) လက်ထပ်ပွဲသည် ဘီအိုင်အေခတ် ၌ ရွှေတောင်ကြား တွင် လုပ်၏။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပထမဆုံးဖြစ်၏။

လက်ထပ်ပွဲပြီးသောအခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာနေကြ၏။ ကြေးစားစန္ဒယားဆရာ တစ်ဦး က တီးကာ ဖျော်ဖြေလျက်ရှိ၏။ သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကို ရပ်စေကာ ကျွန်တော့် ကို လူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက် ကာ မရတရဖြင့် လိုက်ဆို၏။ တီးသောသီချင်းမှာ ကဉ္စနသီချင်းပင်ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ် တီးကာ နောက်တစ်ပုဒ် တီးခိုင်ပြန်၏။ တစ်ခါက ဂျပန်ခေတ်ဝန်ကြီးတစ်ဦး ၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအား ဖြင့် ထမင်းစားခန်းကြီးထဲ သို့ သူ့ကို အရင်ဝင်စေ၏။

 အခြား ဧည့်သည်များက အ၀တွင်ရပ်၍ သူ့အ၀င် ကို စောင့်လျက်နေကြ၏။ သူသည် စစ်ဝတ်စစ်စားနှင့် ၀င်လာသော အခါ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီး ဇတ်ခနဲ ဘယာကြော်တစ်တုံး ကို ယူကာစားလိုက်၏။ သူထမင်းစား နေစဉ်  ဧည့်သည်ဝင်လာလို့လည်း ဗမာ့ဧည့်ဝတ်ထုံးတမ်းအရ ဝင်စား ပါဦး လား ဟု ခေါ်ချင်မှခေါ် သော လူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ကြောင်သည်ဟု အမှတ်ထားကြ၏။ သူ့တွင်သိမ်မွေ့ခြင်းမရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံယဉ်ကျေးခြင်းစသည်တို့ကို သူသည် လုံးဝဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာရပ်များကို မလိုက်စား၊ သူ့ကိုသူ အတင်း ယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုပြင်ဘဲနေ၏။

သူ့တွင် နိုင်ငံရေးဝိညဉ် ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးကို သာ တစ်ခုတည်းလုပ်သော သူတစ်ဦး ဖြစ်၏။ သူသည်ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ၊ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေ ရှိ လူကြီး လူကောင်း မဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ လုပ်သော နိုင်ငံ ရေး သတ္တ၀ါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။ိ၁၉၄၂ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အတတ်ပညာ(Art) အကြောင်း ကိုပြောပြ၏။

''အတတ်ပညာ ဆိုတာရှိတာပဲ။ လင်မယားဘ၀မှာလည်း အတတ်ပညာမြောက်အောင်လုပ်ရတာပဲ၊ အတတ်ပညာ မဲ့ ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန် ရေးမှာလည်း အတတ်ပညာရှိတာပဲ။ အတတ်ပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့် တော်လှန်ရေးအစစ်ပဲ'' သည့်နောက် သူနှင့် ကျွန်တော် မတွေ့တော့၊ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီသွားလည်ကလည်း ဖော်ဖော် ရွေရွေ လောကွတ်ပြူငှာခေါ်မည့် လူစားမျိုး မဟုတ် တစ်ခါက ဗိုလ်ချုပ်ဘ၀တွင် မော်တော်ကားကြီး ထဲ ၌ သူ၏ဇနီး ကလေးများနှင့် တစ်ပြုံကြီးကို မြင်လိုက်၏။ 
 
အော် သား နဲ့ မယား နဲ့ မို့ လူ စိတ် တော်တော် ပေါက်လာပြီ၊ အရင်ကလို ''ကြောင်'' တော့မည်မဟုတ်။ အကြမ်း၊ အရိုင်းမှ၊ ယဉ်ကျေး လာတော့မည်ဟု အောက်မေ့လိုက်၏။ မှန်မမှန်ကား မပြောတတ်။ ဖဆပလဥက္ကဠ အမျိုးသား ခေါင်းဆောင် ဦးအောင်ဆန်း ကိုကား ကျွန်တော်မသိ၊ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်းမဟုတ်၊ သူ၏ လူ အဖြစ်သာ ကျွန်တော်သိသည်အထိ ပြောပြခြင်းဖြစ်ပေသည်။ တစ်ခုတော့ထင်သည်။ သူသည် လူထုထဲမှ လူတစ်ဦးဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာရသည်ဖြစ်လိမ့်မည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၁၉)

(၂၈)

ရေခန်းနေသော သဲချောင်းအတိုင်း အရှေ့ဘက်သို့ သူတို့ ထွက်လာကြသည်။ သဲချောင်း၏ သဲပြင် အောက် တွင် ရေရှိနေပြီဖြစ်၍ ညဘက်လာခဲ့ရသော ခရီးများလို ကတိုက်ကရိုက် အပြင်းအထန် ခရီး နှင်စရာ မလိုတော့ပေ။
နံနက် နေမထွက်ခင် သူတို့ စတင် ခရီးထွက်ကြသည်။ နေ့ခင်းပိုင်း နေပူပြင်းချိန်တွင် အရိပ်အာဝါသ၌ ခိုလှုံပြီး ညနေပိုင်းတွင် ခရီးပြန်ထွက်ကြရာ ညအမှောင်ထု လွှမ်းမိုးလာသည်အထိ ဖြစ်သည်။ ဟာနီက စင်တိန် အား တူးဆွနေသာ တုတ်ချောင်း တစ်ချောင်း လုပ်ပေးပြီး မြေအောက်မှ သစ်ဥ သစ်ဖုများ ရှာဖွေ ဖော်ထုတ် ပုံ ကို လက်တွေ့ သင်ပေးသည်။
ညနေပိုင်းခရီး တွင် အိုဝါက ရှေ့မှ သွားနှင့်သည်။ အိုဝါသည် ငှက်ကုလားအုပ် အသိုက်ကို ရှာကာ ဥ နှိုက်ရန် ရှေ့မှ ခပ်သွက်သွက်သွားခြင်း ဖြစ်သည်။ ဟာနီနှင့် စင်တိန်က နောက်မှ အချီအချ စကားပြောပြီး လိုက်ပါ လာသည်။

"ဟင့်အင်း ဟင့်အင်း ... နမ်ချိုင်း၊ တစ်နေရာတည်းက သစ်ဥနှစ်ခု မတူးရဘူး၊ တစ်ခုတူးယူယင် တစ်ခုချန်ထားခဲ့ရတယ်၊ အလျင်ထဲက ငါပြောထားခဲ့သားပဲ" ဟာနီက ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
"တစ်ခု ကို ကလေးတွေအတွက် ချန်ထားခဲ့ရမှာပေါ့"
"ကလေးမှ မရှိတာ"
"နောက်တော့ ရှိလာမှာပေါ့၊ သူတို့အတွက် တို့က မချန်ထားခဲ့ယင် သူတို့ ဆာလောင်မွတ်သိပ်လာ တဲ့အခါ တို့ကို ဘာပြောကြမလဲ၊ ကျိန်ဆဲကြမှာပေါ့"
"သစ်ပင်တွေ အများကြီး၊ သစ်ဥသစ်ဖုတွေ အများကြီးပဲ ဟာနီရယ်"

"အိုဝါက ငှက်ကုလားအုပ်အသိုက်တွေ့ယင် ဥတွေ အကုန်မယူပဲ တချို့ ချန်ထားလိမ့်မယ်၊ မင်းလဲ သစ်ဥ သစ်ဖု နှစ်ခုတွေ့ယင် တစ်ခုချန်ထား၊ မင်းရဲ့သားက သန်သန်မာမာနဲ့ ကြီးပြင်းလာပြီး သူ့သားသမီးတွေကို မင်း နာမည် ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြလိမ့်မယ်"
သူတို့ ဆက်လျှောက်ကြပြန်သည်။ ဟာနီက မြေအောက်မှ ဥတစ်မျိုးကို တူးပြီး စင်တိန်အား ပေး လိုက်သည်။ စင်တိန် ကြိုက်သော အင်ဥများ ဖြစ်နေ၍ စင်တိန် ပျော်သွားသည်။
ညပိုင်းတွင် တဲအောက်၌ အိပ်ကြချိန်တွင် စင်တိန်သည် အန်အား သတိရမိသည်။ သူ့အိမ်သူ့ယာနှင့် သူ့ ပတ်ဝန်းကျင် အသိုက်အ၀န်းကို သတိရလာသည်။

စင်တိန့်ဗိုက်ထဲမှ သန္ဓေသားငယ် သည် ပိုကြီးလာပြီး ပိုလှုပ်လာသည်။ ရင်သားများက ပိုမိုပြည့်ဖြိုး ထွားကျိုင်း လာသည် ကို စင်တိန် သတိထားမိလာသည်။

သူတို့ ခရီးစဉ်တွင် တဖြည်းဖြည်းနှင့် ဘေးနှစ်ဘက်၌ တောများ တောင်များ ပေါ်ထွက်လာသည်။ ခြောက်သွေ့ ပူပြင်းသော သဲကန္တာရကြီးထဲမှ တောရိပ်တောင်ရိပ်များဆီသို့ ရောက်လာသည်။ နေ့ခင်း ပိုင်း များတွင် အိုဝါသည် သစ်ပင်တစ်ပင်အောက်သို့ တစ်ယောက်တည်း သွားထိုင်ကာ ရှေ့တွင် နွားသားရေကို ချပြီး ဓားတစ်လက်ဖြင့် တစ်ယောက်တည်း အလုပ်များတတ်သည်။ မြားတံလုပ်ပုံ၊ မြားထိပ်ဖူးလုပ်ပုံ၊ အဆိပ် လူးပုံ၊ တပ်ဆင်ပုံ များကို အိုဝါက စင်တိန့်အား သင်ပေးသည်။

ချောင်းရိုး၏အဆုံး မတ်စောက်သော ကမ်းပါးထိပ်ပြင်ညီသို့ ရောက်သောအခါ ယာယီတဲစခန်း ထိုးကြ သည်။ ထိုစခန်းသည် ယခင်တဲစခန်းများထက် ပိုမိုခိုင်ခံအောင် ထိုးထားမှန်း စင်တိန် သတိပြုမိသည်။
"ကျွန်မတို့ ဘာဖြစ်လို့ ဒီနေရာမှာ ရပ်နေကြတာလဲဟင်" စင်တိန်က မေးလိုက်သည်။
"တို့ ဟိုကို ဖြတ်သန်းဖို့ ဒီနေရာက စောင့်ရလိမ့်မယ်"
"ဘယ်ကို ဖြတ်မှာလဲ၊ ကျွန်မတို့ ဘယ်ကိုသွားမှာလဲ" စင်တိန်က မေးလိုက်သည်။

ဟာနီက အရှေ့ဘက်မိုးကုပ်စက်ဝိုင်းဆီသို့ လက်ညှိုးထိုးပြပြီး တစ်စုံတစ်ခုကို ပြောလိုက်သည်။ "မည်သည့် အရာမှ မသေဆုံးသော နေရာ" ဟု စင်တိန် အဓိပ္ပာယ် ကောက်ယူလိုက်သည်။
စင်တိန့် သန္ဓေသားမှာ ပိုမိုကြီးထွားလာရာ တစ်ခါတစ်ရံ စင်တိန်အဖို့ အသက်ရှူပင် ကျပ်လာသည်။ စင်တိန်သည် သူ့နေရာတွင်သူ ပက်လက်လှန်ကာ တွေးနေသည်။ မိမိနှင့် မိုက်ကယ် အတူအိပ်ခဲ့ သည်မှ ယခု အထိ နေ့ပေါင်းရက်ပေါင်း မည်မျှကြာလာပြီကို တွက်ကြည့်သည်။ အတိအကျ မမှတ်မိ တော့။ သို့သော် မိမိမွေးဖွားဖို့ နီးလာပြီဟုတော့ ထင်သည်။ ဟာနီက စင်တိန့်ဗိုက်ကို အသာပွတ်သပ် စမ်းသပ်ရင်း စင်တိန့်ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။

"ကလေးက အောက်ကို အတော် လျှော်ဆင်းနေပြီ၊ လှုပ်ရှားရုန်းကန်တာလဲ သိပ်သန်တယ်၊ ယောက်ျား လေး ဖြစ်လိမ့်မယ် နမ်ချိုင်း"
ဟာနီက စင်တိန်အား ခေါ်ပြီး မွေးဖွားလျှင် လိုအပ်မည့် သစ်ဥသစ်ဖုများ ဆေးပင်များကို လိုက်ရှာကာ အသင့် စုဆောင်း ထားသည်။
"ဗိုက်ထဲက ကလေးအဖေက ဘယ်မှာလဲ နမ်ချိုင်း"
ဟာနီက မေးလိုက်သည်။ သို့သော် စင်တိန့်မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ဝေ့၀ိုင်းလာသည်ကို မြင်လိုက် ရသော အခါ ဟာနီကပင် သူ့ဘာသာသူ အဖြေထုတ်ပြောကြားလိုက်သည်။
"ဒီကမ္ဘာမြေကြီး က ဟိုမြောက်ဘက်ဆုံ အရပ်မှာ သူ သေသွားပြီပေါ့ ဟုတ်လား"
"ကျွန်မ မြောက်အရပ် က လာတယ်ဆိုတာ ဘယ်လိုလုပ်သိသလဲ"

"သဲကန္တာရထဲက တို့ဆန်လူမျိုးတွေထက် မင်းကိုယ်ခန္ဓာက အများကြီး ပိုကြီးတယ်၊ ဒါကြောင့် မင်းဟာ အစားအစာ ပေါများတဲ့၊ မိုးကောင်းတဲ့၊ စားမှုနေမှုအဆင်ပြေတဲ့ အရပ်က လာတာပဲ ဖြစ်ရမှာ ပေါ့၊ မိုးရွာ စေတဲ့ လေဟာ တို့ဆီကို မြောက်ဘက်က လာတယ်၊ ဒါကြောင့် မင်းဟာ မြောက်ဘက်က လာတယ်ပဲ ဖြစ်ရမှာ ပေါ့"
ဆန်လူမျိုးတို့အဖို့ ရေသည် အသက်ပင် ဖြစ်သည်။
"ကျွန်မ အဝေးကြီးက ရောက်လာတယ်ဆိုတာကော ဘယ်လိုလုပ် သိသလဲ"
စင်တိန်က ဟာနီအဖြေကို သဘောကျပြီး အပြုံးဖြင့် မေးလိုက်သည်။

"မင်းအသားရေက ဖြူဖပ်ဖြူရော်နဲ့၊ တို့ဆန်လူမျိုးတွေလို မမည်းဘူး၊ ဒါကြောင့် မင်း အဝေးကြီးက အေးတဲ့ အရပ် က လာတယ်ဆိုတာကို သိတာ"
"ကျွန်မလို လူမျိုး အလျင်က တွေ့ဖူးသလား၊ ကျွန်မ အသားအရောင်မျိုးနဲ့ ကျွန်မ ကိုယ်ခန္ဓာမျိုးလေ"
စင်တိန် က အားတက်သရော မေးလိုက်သည်။ အဘွားကြီးက တစ်ဘက်သို့ လှည့်သွားပြီး ငေးမော သွားသော အခါ စင်တိန်က ဟာနီလက်ကို လှမ်းကိုင်လိုက်ပြီး မေးလိုက်ပြန်သည်။
"ကျွန်မကို ပြောပြစမ်းပါဦး အမေကြီးရယ်၊ ကျွန်မလို လူမျိုးကို ဘယ်မှာ တွေ့ဖူးသလဲ၊ ဘယ်ဘက် အရပ် မှာလဲ၊ ဘယ်လောက်ဝေးသလဲ၊ ကျွန်မ သူတို့ဆီ သွားလို့ရနိုင်မလား၊ ပြောစမ်းပါဦး"
ဟာနီမျက်နှာက ညှိုးငယ်သွားပြီး မျက်လုံးအိမ်က ရီဝေလာသည်။ အတန်ကြာမျှ ငြိမ်သက်နေသည်။

"ပြောပါဦး ဟာနီရယ်၊ ပြောစမ်းပါဦး"
"ရှေးလူကြီးတွေ ပြောသွားတာကို တို့ ကြာဖူးလိုက်တာပဲ ရှိပါတယ်၊ ငါကိုယ်တိုင်တော့ အဲဒီလူတွေကို မမြင်ဖူးပါဘူး၊ သူတို့ ဘယ်မှာ ရှိတယ်ဆိုတာလဲ ငါမသိဘူး၊ သူတို့ဟာ ခြင်္သေ့တွေလို ကြောက်စရာ ကောင်းပြီး ကင်းမြီးကောက်တွေလို အဆိပ်ပြင်းထန်တယ်၊ တို့ ဆန်လူမျိုးတွေက သူတို့နဲ့ မတွေ့ရ အောင် ပုန်းရှောင် နေကြတယ်"
ဟာနီ လိမ်ပြောနေမှန်း စင်တိန် သိလိုက်သည်။ ဟာနီသည် သူ့အိတ်နှင့် တုတ်ကို ကောက်ယူပြီး ထွက်သွားရာ ညနေခင်း နေ၀င်မှ ပြန်ရောက်လာတော့သည်။
ထိုညက စင်တိန် မြင်ခင်းအိပ်ရာပေါ်တွင် အိပ်ပျော်သွားသောအခါ ဟာနီက အိုဝါအား တိုးတိုးလေး ပြော လိုက်သည်။

"ကလေးမကလေးက သူ့လူမျိုးတွေကို လွမ်းနေတယ်ရှင့်"
"ငါလဲ သိပါတယ်၊ သူတောင်ဘက်ကို ငေးကြည့်ပြီး ၀မ်းနည်းနေတာကို ငါတွေ့ခဲ့ရတယ်"
"အဲဒီ အသားဖြူ လူ့ဘီလူးကြီးတွေနေရာကို ရောက်အောင် သွားယင် ဘယ်လောက်ကြာမလဲ"
"လတစ်ခါ ထွက်လောက် လဆုတ်လဆန်းတစ်ခါစာလောက် ကြာမယ်"
"ကျွန်မ မသေခင်မှာ ကလေးငိုသံတော့ တစ်ခါလောက် ကြားသွားချင်သေးတယ် အဖေကြီးရယ်"

နောက်ဆုံး ဟာနီက သူ့ဆန္ဒကို ထုတ်ဖော် ပြောလိုက်ရာ အိုဝါက ခေါင်းညိတ် သဘောတူ လိုက်သည်။  သူတို့နှစ်ဦး၏ မျက်နှာများကို အရှေ့ဘက်သို့ မူလိုက်သည်။ အမှောင်ထုထဲမှ နေ၍ အားလုံးသော အသက်များ ဘ၀များ၏ နေရာ၊ သို့မဟုတ် မသေသော အရပ်ဆီသို့ မှန်းဆကာ စိုက်ကြည့်နေကြသည်။

အိုဝါ၊ ဟာနီနှင့် စင်တိန်တို့ ထိုနေရာတွင်ပင် စခန်းချ စောင့်ဆိုင်းရင်း အေးအေးဆေးဆေး နားနေသည်။ တစ်ညနေခင်းတွင် ကောင်းကင်၌ တိမ်ညိုတိမ်မည်းများ ယှက်သန်းလာခဲ့ပြီး မိုးရိပ် ဆင်လာသည်။ ထိုညတွင် အိုဝါက မိုးနတ်သားအား ပူဇော်ပသပြီး မိုးအခ်ါအကကိုကသည်။ သို့သော် နောက်တစ်နေ့တွင် မိုးရိပ်မိုးအဆင်များ လွင့်ပြယ်သွားပြန်သည်။ ပူပြင်းသော ဒဏ်ကြောင့် စင်တိန့် ပါးပေါ်တွင် ချွေးများ စီးကျ လာသည်။ ဗိုက်ထဲမှ သန္ဓေသားကို လွယ်ထားရသည်မှာလည်း ပိုမို လေးလံလာသည်။ ထို့ကြောင့် "မိုးရယ်ရွာပါတော့" ဟု နေ့စဉ် နေ့တိုင်း ရေရွတ်ဆုတောင်းမိသည်။

တစ်မနက်တွင် ကောင်းကင်၌ မိုးတိမ်များ အတိ ဖုံးလာသည်။ မိုးပေါက်တစ်စက်က စင်တိန့်နဖူးပေါ် ကျလာ သည်။ မိုးသီးမိုးပေါက်က ကြီးမားလှသဖြင် စင်တိန်နောက်သို့ပင် ယိမ်းယိုင်သွားကာ အံ့အား သင့်ပြီး အော်လိုက်မိသည်။ ထိုနောက် မိုးသည်းထန်စွာ ရွာသွန်းတော့သည်။ စင်တိန်နှင့်တကွ အိုဝါနှင့် ဟာနီ တို့ မိုးရေကိုပါးစပ်နှင့်ခံပြီး သောက်ကြကာ တစ်ဝချိုးကြသည်။ မိုးရေချိုးရင်း မိုးနတ်သားအား အက ဖြင့် ကောင်းချီးသြဘာပေးပူဇော်ကြသည်။

မိုးက သူတို့အား ဘ၀သစ်နှင့် ခွန်အားသစ်များကို ပေးစွမ်းလာသည်။ ရေခန်းနေသော သဲသောင်ထဲ တွင် အ၀ါရောင် ရေများ ဒလဟောစီးဆင်းလာကာ ကမ်းပါးနှစ်ဘက် ရေအပြည့် ဖြစ်သွားသည်။ ချောင်းရေစီး ထဲတွင် တိရစ္ဆာန် အသေကောင်များ မျောပါလာသည်ကို တွေ့မြင်ရသည်။ သူတို့ ရေလွတ်ရာ အမြင့်ဘက်ဆီသို့ ပြောင်းရွှေ့ကြရသည်။ ထိုနေ့တစ်နေ့လုံးနှင့် တစ်ညလုံး မိုးအဆက် မပြတ် ရွာသွန်း နေသည်။
"မိုးကလဲမစဲတော့ဘူးလား"
ခိုက်ခိုက်တုန်နေသော စင်တိန်က မေးရိုက်သံဖြင့် ပြောလိုက်သည်။

"မိုးရယ် တိတ်ပါတော့"
အိုဝါ က ဆုတောင်းအသနားခံလိုက်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် မိုးတိတ်သွားသည်။ နေ့ခင်းပိုင်း ရောက်သောအခါ ယမန်နေ့က ပြည့်လျှံ နေသော ချောင်းရေများ လုံဝ မရှိတော့ချေ။
"မိုးနတ်သား က တို့အတွက် လမ်းဖွင့်ပေးလိုက်ပြီ၊ ကဲ ... ခရီး ဆက်ဖို့ ပြင်ကြဆင်ကြပေတော့၊ မနက် အာရုဏ် တက်ချိန်မှာ တို့ခရီးစထွက်မယ်"

သူတို့ ခရီးစထွက်လာသော ပထမနေ့မှာပင် ပတ်ဝန်းကျင်အသစ်ထဲသို့ ရောက်ရှိသွားသည်။ အာဖရိက တိုက်တစ်ခု တည်းအတွင်း၌ ထိုသို့ ပတ်ဝန်းကျင်အခြေအနေချင်း ခြားနားနေသည်ကို တွေ့ရသောအခါ စင်တိန် မယုံကြည်နိုင်လောက်အောင် ဖြစ်င်္ရသည်။ ကုန်းမြင့်များပေါ်တွင် ပင်ခြောက်များ ပေါက်ရောက် နေသည်။ တောင်များ၊ ချိုင့်ဝှမ်းများ၊ သစ်တောများ၊ ချုံပုတ်များဖြင့် ပတ်ဝန်းကျင် အသွင်အပြင် လုံးဝ ပြောင်းသွားသည်။ တောင်ကြား ချိုင့်ဝှမ်းများတွင် မြက်ခင်းများ စိမ်းစိုနေသည်။ တောပန်း အမျိုးမျိုး ကလည်း မကြာခင်က ရွာခဲ့သော မိုးကြောင့် ပွင့်လန်းဝေဆာလာ သည်။

ယခု အရှေ့ဘက်ခရီးစဉ်မှာ အနောက်ဘက် လွင်တီးခေါင်ခေါင် ခရီးစဉ်နှင့် မတူဘဲ သက်သောင့် သက်သာ ရှိလှသည်။ နေ့စဉ်နေ့တိုင်း ပတ်ဝန်းကျင်၌ တိရစ္ဆာန်အသစ်များကို တွေ့လာရသည်။ တစ်နေ့ တွင် အိုဝါသည် အလွန်မြင့်သော သစ်ပင်ကြီး တစ်ပင်ပေါ်သို့ တက်ပြီး ပျားများ မရှိသော ပျားလဘို့ကြီးကို ယူချ လာသည်။ ချိုမြိန်မွှေးပျံ့သော ပျားရည်များ သူတို့ သောက်ကြရသည်။
တစ်ညတွင် ကြောက်စရာကောင်းသော အသံတစ်သံကြောင့် စိင်တိန် လန့်နိုးသည်။ ခြင်္သေ့ ဟောက်သံ မှန်း သိရသောအခါ သူမ ပိုကြောက်လာသည်။ သူတို့သုံးဦး မီးဖိုတွင် မီးအဆက်မပြတ် ထည့်ကာ မီးပုံနား ကပ်နေကြသည်။ ခြင်္သေ့တစ်ကောင် ရောက်လာသော်လည်း မီးပုံနှင့် ခပ်လှမ်းလှမ်းမှ ၀ိုင်းချပတ် လျှောက်နေပြီးောက် ပြန်ထွက်သွားသည်။

ကိုးရက်မြောက်သောနေ့တွင် သစ်တောတစ်တောထဲသို့ ၀င်လုဆဲဆဲ၌ ခရာမှုတ်သံနှင့်တူသော အသံတစ်သံ ကို ကြားရသည်။ အိုဝါက လေလာရာဘက်သို့ နားစွင့်ထောင်လိုက်သည်။ ထိုနောက် အလွန်မြင့်သော သစ်ပင်ကြီးတစ်ပင်အောက်သို့ သွားပြီး ၀န်စည်စလွယ် ပစ္စည်းများကို သစ်ပင် အောက်ခြေ ၌ ပုံလိုက်သည်။ စင်တိန်ကို "လာ ... လိုက်ခဲ့" ခေါ်ကာ အချက်ပြလိုက်ပြီး အိုဝါက သစ်ပင် ပေါ်သို့ မျောက်တစ်ကောင်လို တက်သွားသည်။ စင်တိန်သည် ကိုယ်ဝန်ကြီးနှင့်ဖြစ်၍ ခက်ခက်ခဲခဲ လိုက်တက် ရသည်။

သစ်ပင်ထိပ်ဆုံး ခွကြားသို့ ရောက်ရှိသောအခါ ရေအိုင်ဘေးဘက်ရှိ မြက်ခင်းပြင်ဆီသို့ လှမ်းမျှော် ကြည့် လိုက်သည်။
"ဟာ ... ဆင်အုပ်ကြီးပါလား"
စင်တိန် အထိတ်တလန့် ရေရွတ်လိုက်မိသည်။ ဆင်အုပ်ကြီးသည် ရေရှိရာသို့ တောင်ပေါ်မှနေ၍ ဆင်ခြေ လျှော အတိုင်း ဆင်းလာနေသည်ကို တွေ့ရသည်။ နှာမောင်းကြီးများ တယမ်းယမ်းဖြင့် ရေအနံ့ခံ လာ ကြသည်။
 
(၂၉)

လိုသာဒီလာရေး သည် ကူနီနီမြစ်ကို ဖြတ်ကျော် ထွက်လာခဲ့ပြီးနောက် သုံးရက်အကြာတွင် ဆင်အုပ်၏ ခြေရာများကို တွေ့ရှိရသည်။ လိုသာနှင့် သူ့နောက်လိုက် အိုဗန်ဘိုလူမျိုးတစ်စုံသည် ထိုနေရာတစ်ဝိုက်၌ လူခွဲဖြန့်ကြက်ပြီး ဆင်ခြေရာများကို အသေးစိတ် လေ့လာ စူးစမ်းကြသည်။ ထို့နောက် လူများ ပြန်စုမိသောအခါ လိုသာက သူ့လက်ထောက်ဖြစ်သူ အိုဗန်ဘိုအကြီးအကဲအား ခေါင်းဆိတ်ခေါ်လိုက်ပြီး ပြော လိုက်သည်။

"ကဲ ... မင်းအမြင် ပြောစမ်းပါဦး ဟင်းဒရစ်"
အိုဗန်ဘိုအကြီးအကဲ ဟင်းဒရစ်သည် လိုသာနီးပါး အရပ်မြင့်သည်။ သို့သော် ပခုံးသားကြီးများက လိုသာထက် ပို၍ တုတ်ခိုင်သည်။ အသားအရောင်က မည်းနက်သော်လည်း ချောမွေ့သည်။
"ဆင်အုပ်ကတော့ အုပ်ကြီးပဲ၊ အမ အကောင် ၄၀ ရှိတယ်၊ ဆင်ပေါက်ကလေးတွေလဲ ပါတယ်၊ အထီးက ရှစ်ကောင်ပါတယ်၊ ဆင်အုပ်ရဲ့ ခေါင်းဆောင် ဆင်ကြီးက အသက် သိပ်ကြီးနေပြီဆိုတော့ အသွားနှေး နေပြီ၊ အသက် သိပ်ကြီးနေပြီဆိုတော့ အစားအစာတောင် ကောင်းကောင်း မ၀ါးနိုင်တော့ ဘူးဆိုတာ သူ စွန့်သွားတဲ့ မစင်တွေ ကြည့်ရတာနဲ့ သိတယ်၊ လမ်းလျှောက်ယင် ရှေ့ခြောက်ထောက် ပေါ်မှာ သိပ်ပြီး အားပြု လျှောက်နေရတယ်၊ အစွယ်က သိပ်ကြီးတော့ ခေါင်းက ရှေ့ကို စိုက်ကျနေပြီ၊ အဲဒီ အကောင်ကြီး နောက် လိုက်ရမှာပဲ"
ဟင်းဒရစ် က ဘယ်ဘက်လက်မှ မောင်ဇာရိုင်ဖယ်ကို ညာဘက်သို့ ပြောင်းကိုင်လိုက်သည်။ ပခုံးတွင် ကျည်ဆန်အိတ် ကို လွယ်ထားသည်။

"လေတိုက်တာရော၊ ကြက်ငှက်ပိုးမွှားတွေ ဖျက်ဆီးတာရောကြောင့် ဆင်ခြေရာတွေ သိပ် မထင်တော့ဘူး၊ သုံးရက် လောက်ပဲ ကြာသွားပြီကိုး" လိုသာက ခြေရာများကို ညွှန်ပြပြီး ပြောလိုက် သည်။
"ဆင်အုပ်က အစာစားပြီး သွားနေတော့ နှေးပါတယ်၊ ဆင်ပေါက်ကလေးတွေလဲပါတော့ သိပ်မြန်မြန် သွား လို့ မရပါဘူး" ဟင်းဒရစ်က ပြောလိုက်သည်။
"တို့မြင်းတွေကို ပြန်ပို့လိုက်မှ ဖြစ်မယ်၊ အဆိပ်ပြင်းတဲ့ ယင်ကောင်တွေ အန္တရာယ် ရှိတယ် မဟုတ်လား၊ ဆင်အုပ်ကို ခြေကျင်လိုက်ယင် မီနိုင်ပါ့မလား" လိုသာက မေးလိုက်သည်။
လိုသာသည် လည်ပင်းမှ လည်စည်းကို ဖြုတ်လိုက်ပြီး မျက်နှာကို သုတ်ကာ တွေးဆလိုက်သည်။ မိမိ အတွက် ဆင်စွယ်များ ရရန် တကယ်ပင် လိုအပ်နေသည်။ မိုးရွာလာပြီဟူသော သတင်းစကားကို သူ၏ ကင်းထောက်များထံမှ ရလျှင်ရချင်း လိုသာသည် ကူနီနီမြစ်ရှိရာ မြောက်ဘက်ဆီသို့ မြင်းများ ဖြင့် ကဆုန်စိုင်း လာခဲ့သည်။ မိုးရွာလိုက်သဖြင့် ဆင်အုပ်များ ရေရှိရာသို့ ဆင်းကြတော့မည်ကို လိုသာ အတတ်သိ လိုက်သည်။

"ခြေကျင်လိုက်မယ်ဆိုယင် သုံးရက်နေမှမီမယ်" ဟင်းဒရစ်က ပြောလိုက်သည်။
လိုသာသည် အခွင့်အလမ်း အလားအလာများကို အတန်ငယ် ကြာအောင် တွေးဆလိုက်သည်။ အုပ်စု ခေါင်းဆောင် ဆင်ကြီးနှင့် အရွယ်တော်ဆင်ထီးများတွင် ပထမတန်းစားဆင်စွယ်များ တစ်နင့် တစ်ပိုးပါ ရှိ လိမ့်မည်။ ဆင်မများတွင်ပင် တစ်ကောင်လျှင် အစွယ်အလေးချိန် ပေါင် ၂၀စီထက် နည်းပါနိုင်သည်။ ဆင်စွယ် ဈေးနှုန်းမှာ ယခုအခါ အလေးချိန်တစ်ပေါင်လျှင် စတာလင်ငွေ ၂၂ ပေါင် ၆ သျှီ လင်ဈေးဖြင့် ဈေးကောင်း ရနေသည်။

ယခု မိမိတွင် အတော်ဆုံးနောက်လိုက် အိုဗန်ဘို ၁၂ယောက် ပါလာသည်။ နှစ်ယောက်ကို မြင်းများ ပြန်ပို့ခိုင်းလိုက်သည့်တိုင်အောင် ကျန် ၁၀ယောက်ဖြင့် ဤဆင်အုပ်ကို ဖမ်းနိုင်သည်။ ဆင်အုပ်ကို မီလျှင် ဆင် များကို ပစ်သတ်ပြီး အစွယ်များကို ဖြတ်ယူရန် အခွင့်အလမ်း ရှိနေသည်။
လိုသာ ဒီလာရေးအဖို့ ဘိုင်ကျမွဲတေနေချိန် ဖြစ်သည်။ ဗိုလ်မှူးကြီးဖရန်ကေး လက်နက်ချပြီး နောက်တွင် လိုသာ က လက်နက်မချဘဲ ဆက်လက် တိုက်ခိုက်ခဲ့သဖြင့် သူ့မိသားစုပိုင် ဥစ္စာဓနများ ဆုံးရှုံးခဲ့ရပြီး တိုင်းပြည် သစ္စာဖောက်အဖြစ် ကြေညာခံရကာ ဥပဒေပြင်ပသို့ ရောက်ရှိခဲ့ရသည်။ ဆုငွေ ထုတ်ခြင်းလည်း ခံ နေရသည်။ ယခုဆင်အုပ်သည် မိမိ၏ ဆုံးရှုံးသွားသော ဥစ္စာဓနများကို ပြန်လည် ဖြည့်ဆည်းရန် နောက်ဆုံ အခွင့်အရေး ပင် ဖြစ်နိုင်သည်။

ဗြိတိသျှတို့သည် သူတို့ အောင်နိုင်သိမ်းပိုက်ခဲ့သော နယ်မြေသစ်များ၌ အုပ်ချုပ်ရေးလုပ်ငန်းများကို မကြာခင် မှာပင် စတင် လုပ်ကိုင်လာကြပေလိမ့်မည်။ ဝေးလံသီခေါင်သော ဒေသများတွင်ပင် ခရိုင်ဝန် များ၊ သစ်တောအရာရှိများ ခန့်ထားကွပ်ကဲပေလိမ့်မည်။ ဆင်များကို ဥပဒေမဲ့သတ်ဖြတ်ကာ ဆင်စွယ် များရယူခြင်းကို အထးအလေးထား တားမြစ်ပေလိမ့်မည်။ ထို့ကြောင့် ယခုတစ်ခေါက်သည် မိမိအတွက် နောက်ဆုံး အခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။

"ကဲ မြင်းတွေကို ပြန်ပို့လိုက်ပြီး ဆင်ခြေရာ ကောက်တော့ကွာ" လိုသာက အမိန့်ပေးလိုက်သည်။
လိုသာ့ နောက်လိုက်များသည် နှစ်ကာလ ကြာရှည်စွာ စစ်တိုက်ခဲ့သူများ ဖြစ်၍ အကြမ်းခံ၊ ရေစိမ်ခံ များ ဖြစ်သည်။ သူတို့ ဆင်ခြေရာများကို ကောက်ပြီး လိုက်လာရာ ညနေပိုင်းတွင် ဆင်ခြေရာ လတ်လတ် ဆတ်ဆတ် များကို တွေ့ရသည်။ နောက်နှစ်ရက် ခရီးသာ လိုတော့သည်။ မိုးချုပ်နေ၀င် ချိန်တွင် အမှောင်ထု ဖုံးလာသဖြင့် ရပ်နားကြရသည်။ လိုသာ့ နောက်လိုက်များက မြေမာပေါ်တွင်ပင် လှဲအိပ် လိုက်ကြသည်။

လထွက်လာပြီး သစ်ပင်ထိပ်ဖျားခန့် မြင့်တက်လာသောအခါ လိုသာက သူ့လူများကို နှိုးပြီး ခရီးဆက် သည်။ နေထွက်လာပြီး တစ်နာရီခန့်အကြာတွင် အဆိပ်ပြင်းသော ယင်ကောင်များ နယ်မြေမှ ကျော်လာသည်။ မွန်းမတည့်မီနှစ်နာရီခန့်အလိုတွင် မိုပါနီသစ်တော၏ တောင်ကြားချိုင့်ဝှမ်းမှ ရေအိုင် တစ်အိုင် သို့ ရောက်ကြသည်။ သူတို့အဖို့ ဆင်အုပ်ကို မီရန် နာရီပိုင်းသာ လိုတော့သည်။
"ရေမြန်မြန်သောက်ကြဟေ့"
လိုသာက သူ့လူများကို အမိန့်ပေးလိုက်သည်။ ဒူးဆစ်ခန့် နက်သော ရေမှာ ဆင်များ ဆင်းပြီး ရေချိုး ရေသောက်သွားသဖြင့် နောက်ကျိနေသည်။ သို့သော် ဆင်လိုက်မုဆိုးများကမူ ထိုရေကိုပင် သောက်ပြီး ရေဘူးများ၌ ရေဖြည့်ကြသည်။

"မြန်မြန်သောက်ကြဟေ့"
လိုသာက ခပ်တိုးတိုးပြောလိုက်သည်။ ဆင်အုပ်နှင့် နီးသော အသံဖြင့် အသံမထွက်ရအောင် အုပ်ပြီး ပြောလိုက်သည်။
"ဒီမှာ ..."
ဟင်းဒရစ်က လိုသာအား အချက်ပြပြီး လှမ်းခေါ်လိုက်သည်။ လိုသာသည် ကန်စောင်းတစ်နေရာရှိ ဟင်းဒရစ် ထံသို့ ခပ်သွက်သွက် လျှောက်သွားပြီး မေးလိုက်သည်။
"ဘာလဲကွ ဘာတွေ့လို့လဲ"
ဟင်းဒရစ်က ပါးစပ်ဖြင့် မဖြေဘဲ မြေကြီးပေါ်ရှိ တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။ ပျော့ရာမှ မာစပြုနေသော အ၀ါရောင် မြေကြီးပေါ်တွင် ခြေရာတစ်ခုကို ထင်ထင်ရှားရှား တွေ့ရသည်။ ဆင်အုပ် ထိုအပေါ်မှ ဖြတ်သွားသော်လည်း မူလခြေရာက လတ်လတ်ဆတ်ဆတ် ကျန်ရှိနေသေးသည်။

"လူခြေရာတွေ၊ ဆင်အုပ် ထွက်သွားပြီး ဒီနေရာကို လူတွေ ရောက်လာသေးတာပဲ" လိုသာက အံ့အား တသင့် ပြောလိုက်သည်။
"လူ မဟုတ်ဘူး ဂစ်ဂမီဆန်တွေ၊ ကျွဲနွားတိရစ္ဆာန်တွေကို သတ်ဖြတ်တဲ့ အ၀ါရောင် လူပုလေးတွေ၊ ကျွန်တော် တို့ မွေးထားတဲ့ အကောင်းဆုံးနွားမတွေကို အဲဒီ သဲကန္တာရခွေးတွေက သတ်ကြတယ်လေ၊ သူတို့ ကျွန်တော် တို့ အလျင် ဒီကို ရောက်လာတာ မိနစ်ပိုင်းပဲ ရှိသေးတယ်" ဟင်းဒရစ်က ၀င်ပြော လိုက် သည်။
"သေနတ်သံကြားယင် ဆင်အုပ်ကြီး လန့်ပြေးသွားလိမ့်မယ်"

လိုသာသည် ဟင်းဒရစ်နည်းတူပင် ပစ်ဂမီ တောပုန်းလူထုကလေးများအား မုန်းတီးသူ ဖြစ်သည်။ ပစ်ဂမီဆန် များအား အန္တရာယ်ရှိသော တိရစ္ဆာန်များ၊ ကျွဲနွား သူခိုးများနှင့် လူသတ်သမားများဟု သဘော ထားသည်။ လွန်ခဲ့သော အနှစ် ၅၀ က လိုသာ၏ ဦးလေးတစ်ဦးသည် ပစ်ဂမီဆန်တို့၏ အဆိပ်လူး ထိပ်ဖူးမြား ထိသွားကြောင့် ဇီဝန်ချုပ်ခဲ့ရသည်။ ဤဖြစ်ရပ်ကို သူတို့မိသားစု  ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်း မှတ်တမ်း တင်ခဲ့ပြီး ကမ္ဘာမကြေစတမ်း သဘောထားခဲ့သည်။

အင်္ဂလိပ်လူမျိုးများကလည်း ယခု နှစ်ဆယ်ရာစုခေတ်တွင် ဆန်ပစ်ဂမီလူမျိုးများအတွက် နေရာ မရှိတော့ ဟု သဘောထားလာကြသည်။ ကင်းလှည့်ထွက်သော ရဲသားများသည် ဆန်ပစ်ဂမီ နှင့် ခွေးများကို တွေ့ရာ နေရာတွင် ပစ်သတ်ကြရန် တောင်အာဖရိကမှ နာမည်ကြီး ရဲအရာရှိကြီး စီရိုးဒက်စ် က ထာဝစဉ် တည်မြဲ အမိန့်ထုတ်ထားခဲ့သည်။ ဆန်ပစ်ဂမီ နှင့် ခွေးကို တစ်တန်းတစ်စား တည်း သဘောထား ခဲ့ကြသည်။

လိုသာ သည် ဆန်ပစ်ဂမီများကို လိုက်ပြီး ပစ်သတ်ရကောင်းမလား၊ မိမိအတွက် စီးပွားဖြစ်မည့် ဆင်အုပ် နောက်ပဲ လိုက်ရကောင်းမလား ဆိုသည်ကို ဝေခွဲရခက်နေသည်။
"အင်း ... ဆင်စွယ် ... ဒီအ၀ါရောင်မျောက်တွေကို လိုက်ပစ်သတ်ဖို့ထက် ဆင်စွယ်တွေက ငါ့အတွက် ပိုပြီး အရေးကြီးတယ်" လိုသာက မိမိလျှောက်ရမည့်လမ်းကို ဆုံးဖြတ်လိုက်သည်။
"ဆရာလိုသာ ဒီမှာ လာကြည့်စမ်းပါ"

ဟင်းဒရစ်သည် ရေအိုင်စပ်တစ်လျှောက်တွင် လျှောက်ကြည့် အကဲခတ်နေရာမှ ရုတ်တရက် ရပ်လိုက်ပြီး လိုသာအား လှမ်းပြောလိုက်သည်။ သူ့အသံနှင့် လှုပ်ရှားသွားသည့် အမူအရာကြောင့် လိုသာက ဟင်းဒရစ် ထံ အပြေးကလေးသွားလိုက်သည်။ ထို့နောက် လိုသာက ဟင်းဒရစ်ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်ကာ ခြေရာသစ်များကိုအနီးကပ် ကြည့်ရှုအကဲခတ်လိုက်သည်။
"ဒီခြေရာတွေက ပစ်ဂမီခြေရာ မဟုတ်ဘူး၊ သိပ်ကြီးတယ်" ဟင်းဒရစ်က လေသံဖြင့် ပြောလာသည်။

"ဒါ ... မိန်းမခြေရာ၊ ခပ်ငယ်ငယ် မိန်းမတစ်ယောက်ရဲ့ ခြေရာ" လိုသာက ပြောလိုက်သည်။ ခြေဖ၀ါး အရာ ခပ်သွယ်သွယ် နှင့် သေးပြီး ပုံကျသော ခြေချောင်းအရာကလေးများကို ကြည့်ပြီး အမျိုးသမီး ခြေရာ ဆိုသည် မှာ မမှားနိုင်ကြောင်း လိုသာ သိသည်။ ခြေချောင်းအရာကလေးများသည် ခြေဖနောင့် အရာ ထက် ပိုပြီး မြေပေါ်တွင် နက်ဝင်ကာ ထင်ရှားနေသည်။ ထိုခြေလှမ်းမျိုးသည် ငယ်ရွယ်သူ၏ ခြေလှမ်းမျိုး၊ ကြွကြွရွရွ လေးလျှောက် သူတို့၏ ခြေလှမ်းမျိုးပင် ဖြစ်သည်။
"မဖြစ်နိုင်ပါဘူး" လိုသာက စောဒကတက်လိုက်သည်။

"ဖိနပ်စီထားပုံရတယ်" ဟင်းဒရစ်က ပြောသည်။
"မျက်နှာဖြူ အမျိုးသမီးတစ်ယောက်လို့ ဆိုချင်တာလား၊ မဖြစ်နိုင်ပါဘူး၊ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ ဆန်လူရိုင်း တွေနဲ့အတူတူ မျက်နှာဖြူမတစ်ယောက်က ဒီလိုနေရာမျိုးမှာ သွားမတဲ့လား၊ ဒီနေရာဟာ လူ့ယဉ်ကျေးမှု နဲ့ မိုင်ရာပေါင်း အတော်ဝေးပြီး ကျောက်ခေတ်လောက်ကို ပြန်ရောက်နေတဲ့ နေရာပဲ" လိုသာ က သူ့အမြင်ကို ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ အဲဒါကြောင့် ပြောတာပေါ့၊ ဒီအမျိုးသမီးလေးကို ဆန်လူရိုင်းတွေ ဖမ်းလာတာ ဖြစ်နိုင် တယ်"
ဟင်းဒရစ် က သူ့အမြင်ကို ပြောလိုက်ရာ လိုသာ မျက်မှောင်ကုတ်ပြီး တွေဝေသွားသည်။

မိမိနှင့် မျိုးတူ မိန်းမသားများအပေါ် အလေးထား ညှာတာခြင်းသည် လိုသာအဖို့ အစဉ်အလာ လိုက်နာ ခဲ့သော ကျင့်ဝတ် တစ်ရပ် ဖြစ်သည်။ လိုသာသည် စစ်သားတစ်ယောက်ဖြစ်ခဲ့သလို မုဆိုး တစ်ယောက် လည်း ဖြစ်သည်။ ထို့ကြောင့် မြေတွင် ထင်ကျန်ရစ်သော ခြေရာကို ကြည့်လိုက်ခြင်းဖြင့် လူလား တိရစ္ဆာန် လား၊ ယောက်ျားလား၊ မိန်းမလားဆိုသည်ကို ခွဲခြားသိသည်။
ယခုလည်း မိမိရှေ့တွင် မြင်နေရသော ခြေရာကို ကြည့်ကာ ခြေရာရှင်အား မိမိစိတ်ထဲတွင် စိတ်ကူး ပုံရိပ် ဖော်လိုက်သည်။ အရိုးအဆစ်ပြေပြစ်၍ သွယ်လျရှည်လားလှပသော ခြေထောက်ပိုင်ရှင် ချစ်စဖွယ် အမျိုးသမီး တစ်ဦး။ သို့သော် သူမသည် ကျန်းမာသန်းစွမ်းသူ၊ ရဲရင့်ဝံ့စားသူ၊ သတ္တိရှိသူ၊ သန္နိဌာန် ခိုင်မာသူဖြစ်ကြောင်းကို ခြေရာနှင့် ခြေလှမ်းများက ကြေးမုံရိပ်သွင်ပမာ ထင်ဟပ် ပြနေသည်။ ဤ ကဲ့သို့သော ကန္တာရမြေတွင် အားနည်းသူများ၊ စိတ်မခိုင်မာသူများအတွက် နေရာ မရှိနိုင်ပါချေ။

အမျိုးသမီး၏ ပုံရိပ်သည် လိုသာ့စိတ်မျက်စိထဲ၌ ပုံပေါ်လာသောအခါ သူ၏နှလုံးသား အောက်ဆုံး အလွှာ၌ ဟင်းလင်းပြင်ဖြစ်နေသည်ကို တွေ့ထိ ခံစားလိုက်ရမိတော့သည်။
"အဲဒီအမျိုးသမီးနောက်ကို ငါတို့လိုက်မယ်၊ သူ့ကို ဆန်လူရိုင်းတွေ လက်ထဲက ကယ်ရမယ်" လိုသာက ငြင်သာ တိုးညင်းစွာ ပြောလိုက်သည်။
"လေ က ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်ကနေ တိုက်နေတယ်၊ သူတို့က လေစုန်ဘက်ကို သွားတ၊ သူတို့ကို ဘယ်လိုမှ တွေ့နိုင်မယ် မထင်ဘူး" ဟင်းဒရစ်က လေတိုက်ခတ်မှု အခြေအနေကို စူးစမ်းပြီး ပြော လိုက်သည်။

"မင်းမလုပ်ချင်တာဆိုယင် ဆင်ခြေကောင်းကောင်းပေးတာကတော့ မဆန်းတော့ပါဘူး၊ ဆန်တွေဟာ တိရစ္ဆာန် မဟုတ်ပါဘူး၊ သူတို့နောက်ကို တို့လိုက်မယ်၊ လေက အကြောင်း မဟုတ်ပါဘူးကွ"
"ဆန်တွေဟာ တိရစ္ဆာန်တွေဗျ၊ အခု လေတိုက်နေတဲ့ လေကြောင့် အနံ့ရလိမ့်မယ်၊ ကျွန်တော်တို့က သူတို့ကို မမြင်ရခင် သူတို့က ကျွန်တော်တို့အသံ ကြားရလိ့မ်မယ်"
"ဘာပဲဖြစ်ဖြစ်ကွာ တို့ သူတို့ နောက်လိုက်မယ်၊ မင်းအစွမ်း ငါသိပါတယ်၊ ကဲ အဲဒီမျက်နှာဖြူ အမျိုးသမီး ခြေရာကိုသာ ကောက်ပြီး လိုက်ပေတော့"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, September 24, 2011

ဒဂုန်ခင်ခင်လေး ၏ ကျွန်းဦးတည့် သန်လျက်ခုံ အပိုင်း (၂)

တောင်တောရယ်သာ

ပြလို့မှ ထွက်လာသောအခါ လမ်းတစ်လျှောက်တို့၌ သာယာသော ရှုခင်းများကိုသာ ပိုမို တွေ့လာ ရ ပါသည်။
တောင်ကမ်းပါးယံစွယ် တွင် ဖောက်လုပ်ထားတဲ့ ကားလမ်းမှာ ဧရာဝတီမြစ်ကြီး၏ ကမ်းဘေးတွင် ကွေ့ကာ ကောက်ကာ ရှိလေတော့ကြည့်ရတဲ့ ရေမြေတောတောင် စခန်းများမှာ ရိုးရိုးတောင်များ၊ တောများ ဖြတ်သန်း သွားလာရသည်ထက် ကြည်နူးနှစ်လိုဖွယ်ရှိပါသည်။

နိမ့်ချည်မြင့်ချည် လှိုင်းလုံးကြီးများ ကြွထနေသောနှယ် ခင်တန်း၊ ကုန်းရိုးတွေကို တစ်ခုပြီးတစ်ခု ဆက်ကာ ဆက်ကာ ဖြောင့်တန်းစွာ ဖောက်လုပ်ထားတဲ့ လမ်းဖြူးဖြူး ဖြောင့်ဖြောင့်ကြီးတွင် ကားမောင်းသွား ရခြင်းမှာ ကုန်းပေါ်သွားနေရသည်နှင့်ပင် မတူဘဲ ပင်လယ်ထဲ မော်တော်ဘုတ်ကလေးနှင့် မောင်းသွား နေသလို ထင်ရ ပါသည်။ ဒီလမ်းများဟာ နေ့စဉ်နှင့်အမျှ ကုန်ကားကြီးတွေ၊ လူစီး ဘတ်စ်ကားကြီးတွေ မောင်းနှင် နေသော် လည်း အပျက်အစီး အလွန်နည်းသည်။ ဘယ်တော့အခါပဲ လာလာ ကျောက်လမ်းမှာ ဖာရာ၊ ထေးရာ၊ ပြင် ထားရာတွေ မရှိ၊ ချောပြောင်လျက်သာ တွေ့ရမြဲ ဖြစ်လေတော့ လမ်းဖောက်လုပ်တဲ့ လူတွေပဲ တော်လို့လား၊ အောက်ခြေ အမာခံကပဲ ကောင်းလို့လား၊ တွေးစရာပါပဲ။ ရန်ကုန်၊ မန္တလေး ကားလမ်းများ နှင့်တော့ ကွာပါပေ့။

လမ်းဘေး တစ်ဖက်တစ်ချက် တွေ့မြင်နေရတဲ့ တောတန်း တစ်လျှောက်မှာ တောဆိုတဲ့အတိုင်း မြကြော ရှိန်းရှိန်း စိမ်းစိမ်းစိုစို မဟုတ်တော့ပါ။ အခါရာသီမှာ တပို့တွဲလဖြစ်၍ ရွက်ကြွေလုလု နွေရတုသို့ ယွန်းစပြု နေပြီ။ တစ်မျှော်တစ်ခေါ် လှမ်းမျှော်ကြည့်လိုက်လျှင် ရော်ရွက်ကျင့် ရှုခင်း ဖြစ်ပြီး၊ တောတန်းတစ်ဝိုက်ရှိ သစ်ရွက်များသည် စိမ်းရောင်ရင့်နှင့် တစ်ခြမ်းနီ၊ တစ်ခြမ်းဝါ နီလာရောင်လို တနှုန်း၊ တစ်ပင်လုံး ထိန်ထိန်ဝါ သည်က ၀ါ၊ ပတ္တမြားရောင်ပမာ နီတျာတျာ အရွက်မှ မြေသို့သက်ရန် အခါ စောင့်နေ ရရှာသည်။ ဣန္ဒနီလို သိင်္ဂီ တစ်ဝက်၊ မြတစ်ဝက်နှင့် ဆေးစုံဖက်ခြယ် ပန်းချီနှယ်လျှင်ဆိုတဲ့ ရှေးစာပေ ပညာရှင်ကြီး များ ရေးသား ခဲ့တဲ့ အချက်အလက် အသုံးအနှုန်းတွေကို ဒီတော ဒီတောင် တစ်ဝိုက်က ရွတ်ဆိုပြသ နေသလို ထင်ရပါ တယ်။

တပို့တွဲ ပေါက်လဲရယ်တဲ့ ငုံညှာစီ၊ ဖူးတံကချီ ဆိုသော အပိုဒ်အတိုင်း ရောင်စုံချယ်ထားတဲ့ တော တောင်ဆွယ် မှာ ရဲရဲနီ ပင်လုံးကျွတ် တအားကုန် ပွင့်ဖူးနေတဲ့ ပေါက်ပင်နှင့် လဲမှို့ ထွက်တဲ့ လက်ပံပင် ကြီးများကလည်း ဟိုမှာ တချို့ဒီမှာ တချို့ ဆေးနီတွေ "တို့" ပေးထားသလို တွေ့မြင်ရတယ်။
စာပေ ကဗျာဂီတများ ရေးသားတဲ့ ရှေးပညာရှိကြီးများဟာ အိမ်ထဲမှာ ကုပ်ပြီး ရေးထုတ်ထားခဲ့ကြတာ မဟုတ်ဘဲ တောထဲ တောင်ထဲ လက်တွေ့မျက်မြင် လာရောက် လေ့လာပြီးမှ ရေးသားထားကြလို့သာ ခုလို သဘာဝကျ တဲ့ နွေရာသီ တောတောင်စခန်းရဲ့ သာယာမှုမျိုးများ တိတိကျကျ ထိထိမိမိ ရေးပြ နိုင်ကြတာပါ ကလားလို့ ကြည်ညိုလေးစားတဲ့ စိတ်များ ပိုပြီး ဖြစ်ပေါ်ခဲ့ရတယ်။

ပေါက်နဲ့ လဲ ကိုမှ ခွဲခြားမသိတဲ့ လူတွေကလည်း ရှိသေးတယ်။ တပို့တွဲ ပေါက်လဲ ငုံညှာစီ၊ ဖူးတံကချီ လို့ စာရှိလို့ ဆိုရပေတဲ့ တချို့အမှတ်တမဲ့ပါပဲ။ (ပေါက်နှင့်ကျေး) (ပေါက်ပွင့်ခွေးမျှော်) ဆိုတဲ့ စကားပုံထဲကလို ပေါက်ပင်က ပွင့်တဲ့အခိုက် ကျေးခေါ်တဲ့ ကြက်တူရွေးများ နားနေလျှင် နှုတ်သီးနီနီ အမွေးအတောင် စိမ်းစိမ်း ဆိုတော့ ပေါက်ပွင့်ကလည်း နီနီ၊ အညှာက စိမ်းစိမ်းမို့ ခွဲခြားလို့မရတဲ့ ပေါက်ပင်ပဲ။ ပြီးတော့ ပေါက်ပွင့် က နီနီရဲရဲ၊ အသားတုံးနှင့် တူလေတော့ အပင်အောက်က ခွေးကစားချင်လို့ မော့မျှော်ကြည့်တတ်သလို ရှိခဲ့ တာ ကိုဆိုတယ်။ လဲ ဆိုတာကတော့ ခေါင်းအုံးတို့ မွေ့ရာတို့ လုပ်ရတဲ့ လဲမှို့ ထွက်တဲ့ လက်ပံပင်က ပွင့်တဲ့ လက်ပံပွင့် နီနီရဲရဲကို ဆိုပါတယ်။ တပို့တွဲလရာသီ တစ်ချိန်တည်းမှာပဲ ပေါက်ပင်ရော၊ လဲ လက်ပံပင်ရော တအားကုန် ပွင့်ကြတဲ့ ကာလပေါ့။ ပြီးတော့ ကသစ်ပန်းနီနီလည်း ရှိသေးတယ်။ သူက မိုးဦးကျခါနီးမှ ပွင့် တဲ့ အသူရာရဲ့ပန်းပါ။ သို့နှင့် ပြည်မြို့မှ ၄၄ မိုင် ဝေးသော အောင်လံမြို့ ကို မနက် ၉ နာရီခန့်တွင် ရောက်လာပါသည်။

အောင်လံမြို့မှာ ဧရာဝတီမြစ်ကမ်းတွင်ရှိ၍ ဈေးကြီးမှာ ရေစပ်ကမ်းပါးပေါ်တွင် ဆောက်လုပ်ထားရာ မြစ်ရေ ကြီးသောအခါများတွင် ဈေးတစ်ခြမ်း ရေ၀င်မြဲဖြစ်ပါသည်။ ပဲ၊ ပြောင်း၊ ငရုတ်၊ ခရမ်းချဉ်၊ ခရမ်းချို၊ ဖရဲ၊ သခွား စသော ကိုင်းထွက်ပစ္စည်းများသည် မြစ်စပ်ကမ်းနားတစ်ခွင်နှင့် သဲသောင်ကျွန်း တစ်လျှောက် မှ အမြောက်အမြား ထွက်သောဌာနဖြစ်၍ ဈေးတစ်ဝိုက်နှင့် ရေစပ် ကူးတို့ဆိပ်များတွင် စိမ်းနေသော ဖရဲသီး များ၊ ၀ါဝင်းနေသော သခွားသီးမှည့်များ၊ နီနီရဲနေသော ခရမ်းချဉ်သီးများမှာ ရောင်စုံခြယ် ထားသလို တောင်ပုံ ရာပုံအားရဖွယ် တွေ့မြင်ရသည်။

သို့ရာတွင် ကိုင်းသမားများမှာ ပင်ပန်းခံပြီး စိုက်ပျိုးရသလောက် ဖောက်သည်ဈေးမှာ ကောင်းစွာ မရရှာ ကြဘဲ သူတို့ထံမှ ဖိဖိနှိပ်နှိပ် ဈေးချသိမ်းကျုံးဝယ်ပြီးမှ ပုတ်ကြီး ပုတ်ငယ်နှင့်ထည့်၍ ရန်ကုန်လို မြို့ကြီး တွေကို ရေကြောင်း ကုန်းကြောင်းက သယ်ယူရောင်းချတဲ့ တစ်ဆင့်ခံ အမြတ်ကြီးစားတွေကသာ အကျိုး များစွာ ရှိကြပါတယ်။
ရန်ကုန်လို မြို့ကြီးမှာ ခရမ်းချဉ်သီးပေါ်စ တစ်ပိဿာ နှစ်ကျပ်မှ သုံးကျပ်အထိ ရောင်းဈေးရှိပေတဲ့ ပင်ရင်း စိုက်ပျိုး ထုတ်လုပ်သူ ကိုင်းသမားများမှာတော့ ပင်ပန်းခကလေး၊ လုပ်အားခကလေး လောက် ရရှာကြတယ်။ အောင်လံမြို့၊ တောင်တွင်းကြီးမြို့ ဈေးကြီးပတ်ပတ်လည်မှာ လာရောင်းကြတဲ့ ပင်ရင်း အသည် တွေဟာ ခရမ်းချဉ်သီး တောင်းကြီးနဲ့ တစ်တောင်းစာမှ တစ်မတ်၊ ငါးမူးလောက် ရရှာကြတယ်။ ပုတ်ကြီး တွေနဲ့ ထည့် သယ်ရောင်းချသူတွေကတော့ တစ်တောင်းကို အနည်းဆုံး တစ်ဆယ်မက ရကြ ပါသတဲ့။

ခရမ်းချဉ်သီး တစ်တောင်းကို တစ်မတ်၊ ငါးမူး၊ ပြားငါးဆယ်နဲ့ ၀ယ်ကြ၊ သိမ်းကြတဲ့လူ နည်းသွားတဲ့ အခါများ ကျန်တဲ့ အသီးမျိုးစုံတွေကို ဈေးနားတစ်ဝိုက် စုပုံ သွန်ပစ်ခဲ့ရလို့ အမှိုက်ပုံးမှာ နွားတွေ တရုန်းရုန်းလာစားနေ ကြတာ မြင်ရတော့ ကိုင်းသမား ခမျာများအတွက် ရင်နာစရာ ကောင်းလှတယ်။
ရာသီကုန်ဆိုတာ ပေါတဲ့အခါ အလွန်ပေါများပြီး မနိုင်မနင်းကြီး ဖြစ်တတ်လေတော့ ... ဥပမာ ... ခရမ်းချဉ် သီးများကို ကြာရှည်ခံအောင် ယိုထိုးထားတဲ့နည်း၊ ဟင်းခတ်အတွက် သုံးနိုင်အောင် နိုင်ငံခြားကလာတဲ့ (တို မတိုးဆော့) ခရမ်းချဉ်သီး အဖျော်တစ်မျိုး လုပ်ထားတတ်ကြမယ်ဆိုရင် ကိုင်းသမားများ လျှော့ဈေး တစ်မျိုး လုပ်ထားတတ်ကြမယ်ဆိုရင် ကိုင်းသမားများ လျှော့ဈေးမချရဘဲ အကျိုးခံစားကြရမှာပဲ။

ဂျပန်ပြည်မှာဆိုရင် ဖရဲသီးဖျော်ရည် ပုလင်း၊ သခွားသီးဖျော်ရည်ပုလင်းပြုလုပ်ထားပြီး ရောင်းကြတယ်။ ဟို ၂ နှစ် ၃ နှစ်လောက်ကပဲ သိမ်ကြီးဈေးအပေါ်ထပ်မှာ ပြည်သူ့ဆိုင်ကြီး ဖွင့်ရောင်းစဉ်က ဂျပန်ကလာတဲ့ အဖျော် ယမကာ ပုလင်းမျိုးစုံတွေထဲမှာ ဖရဲသီး သခွားသီးယမကာ ပုလင်းတွေ သူ့ထက်ငါ ၀ယ်လိုက်၊ သောက်လိုက် ကြရတာ မှတ်မိသေးတော့တယ်။
ဤကဲ့သို့ အောင်လံမြို့ ဈေးနားတစ်ဝိုက် ရောက်လာတယ်ဆိုရင်ပဲ ကိုင်းလုပ်သားကြီးများအတွက် မပြေ လည်တဲ့ မြင်ကွင်းကို စဉ်းစားမိခဲ့ရတယ်။ အောင်လံမြို့ရဲ့ အထင်ရှားဆုံးကတော့ ကုဿိနာရုံ ဘုရားကုန်း ပါပဲ။ တပေါင်းလထဲမှာ ပွဲတော်လုပ်ဖို့ ခုကတည်းက ၀ါးတွေ တောင်ပုံ ရာပုံ ချပြီး၊ ပွဲဈေးတန်းကြီး ထိုးစပြု နေပါပြီ။ ဘယ်လိုပဲ ငွေရေးကြေးရေး ကျပ်နေပေမဲ့ ဗုဒ္ဓဘာသာပီပီ ပွဲတော်အခါမှာဖြင့် ကြိတ်ကြိတ်တိုး စည် ကားမြဲ အတိုင်း စည်ကားမှာပါပဲ။

ကုဿိနာရုံ ဘုရားကုန်းမှာ ထူးခြားတာကတော့ မြတ်စွာဘုရား ဖွားတော်မူခန်းကစပြီး ပရိနိဗ္ဗာန် ၀င်စံတော် မူတဲ့အထိ ရုပ်လုံးကြီးတွေ ထခမ်းတနားပြုပြင် ဖန်တီးထားခြင်းဖြစ်ပါတယ်။ တောင်ကုန်း တစ်ခု မှ တစ်ခု စောင်းတန်းတွေ ကူးထားခြင်းဖြစ်ပါတယ်။ တောင်ကုန်းတစ်ခုမှ တစ်ခု စောင်းတန်းတွေ ကူးထားပြီး အာရုံခံ အဆောင်ပြာသာဒ်များနှင့် တစ်ခန်းစီ တစ်ခန်းစီ ပြုလုပ်မွမ်းမံထားလိုက်သည်မှာ ဗုဒ္ဓ၀င်တစ်ခုလုံး ဆုံးသည့် အထိပါပဲ။

အဲ ... ဒါက ကိစ္စမရှိပါဘူး၊ ကားအတွက် ဓာတ်ဆီဖြည့်စရာ အရေးက ရှိသေးတယ်။ ဘယ်မှာ ဓာတ်ဆီ ၀ယ်ရမလဲ။ ဟော ... ဒီမှာလည်း ဆိုင်ပိတ်ထားပြန်ပြီ။ ချောက်ပါပဲ။ အောင်လံမှာပဲ သောင်တင်နေရဦးမှာ လား။ ခရီးသွားများအတွက် ဓာတ်ဆီ အခက်အခဲ မတွေ့ရလေအောင် တနင်္ဂနွေ အလှည့်သမား သီးသန့် ထားပြီး ရောင်းတဲ့ ဓာတ်ဆီဆိုင်ကလေးများ ရှိရင် ကောင်းလေစွတကား။ ဓာတ်ဆီကို ပုံးနဲ့ တင်ဆောင် သယ်ယူခြင်း မပြုရတော့ ခရီးရှည်သွားသူများမှာ လမ်းတွင် ဓာတ်ဆီပြတ်တဲ့ အကျပ်အတည်းတွေ့ရမြဲပဲ ထင်ပါရဲ့ ...
ကဲ ... ဘယ်လို လုပ်ရမလဲဆိုတော့ အနီးအနားက ၀ပ်ရှော့တစ်ခုမှာ ပြင်ဆင်ဖို့အပ်ထားတဲ့ ဘတ်စ်ကား တစ်စီးမှာ ဓာတ်ဆီတွေ ရှိနေပါတယ်။ ဒီထဲက ခွဲထုတ်ရောင်းချပါ၊ မနက်ဖြန်ကာ ဓာတ်ဆီဆိုင်ဖွင့်တော့ အစားဝယ်ထည့်ပါ ဆိုတဲ့အကြောင်း တောင်းတောင်းပန်ပန် ပြုလို့၊ သူ့ခမျာ စိတ်ကောင်း ရှိရှာလို့ မျှတ လိုက်ရှာပါတယ်။ ဒါနဲ့ တောင်တွင်းကြီးအရောက် ခရီးဆက်ခဲ့ရပြန်ပါတယ်။
*
ပေလေးပင် စခန်း

အောင်လံမှ တောင်တွင်းကြီးသို့ ကားလမ်းမှ အကွာအဝေးမှာ ၅၇ မိုင်ရှိပါသည်။ ဓာတ်ဆီ ၄ ဂါလန် ဖြည့်ခဲ့ရသောကြောင့် ရေနံချောင်းအထိ စိတ်အေးလက်အေး မောင်းသွားနိုင်ပြီ ဖြစ်ပါသည်။ တနင်္ဂနွေေ့ ပေပဲမို့ မကွေးမှာလည်း ဓာတ်ဆီဆိုင် မဖွင့်ဘဲရှိမည်မှာ သေချာပါသည်။ တောင်တွင်းကြီးမှာလည်း သည် အတိုင်းပဲ ဖြစ်ရမည်။ သို့သော် နည်းသိပြီဖြစ်၍ သူ့ဟာနဲ့သူ မုဆိုး စိုင်က သင်သွားပေမည်။ မပူရေးချ မပူ တော့ပြီ။

၅၇ မိုင်ကို တစ်နာရီခွဲလောက်ပဲ အေးအေးဆေးဆေး မောင်းလာခဲ့သည်ဖြစ်၍ ၁၁ နာရီခွဲလောက်မှာ တောင် တွင်းကြီးသို့ ရောက်ခဲ့ကြပါသည်။ ပါလာသူများကို နံနက်စာကျွေးရန် ရှိသောကြောင့် ဈေးအနီး စားသောက် ဆိုင် ဟိုတယ် တစ်ခုမှာ ကားထိုးဆိုက်ပြီး ချိုင့်ဆင့်နှင့် ထည့်လာသော အဆောင် ဟင်းလျာ၊ အကြော် အလှော်များ၊ သစ်သီးဝလံများပါ ယူလာပြီး ဆိုင်မှ ရရှိသော ထမင်းဟင်းလျာများပါ မှာယူ စားသောက် ကြရ ပါသည်။

ဆိုင်မှာ တရုတ်၊ ကုလားစာ၊ မြန်မာ ဟင်းလျာမှ အစ စုံစုံ လင်လင် ရနိုင်ပါသည်။ စားသူအဖော် တို့ကလည်း မြန်မာထမင်း ဟင်းလျာကိုသာ စုံရေမက်ရေ စားလို၍ မှာကြသည်။ ခရမ်းချဉ်သီးနိုင်နိုင် ထည့်ချက်သော အညာချဉ်ရည်ဟင်း နှင့် ငါးပိချက် တို့စရာများက စားသူရွှေဂုန်မယ်တို့အတွက် ခံတွင်းမြက်စေ ပါသည်။

ထမင်း စားသောက်ပြီးစီးသောအခါ ၁၂ နာရီခန့် နေအတော်ပူလာ၍ အိုက်စပ်စပ် ဖြစ်လာသောကြောင့် ရေချိုးလိုကြပြီဖြစ်ရာ ဈေးမြောက်ဘက်တွင် ကပ်လျက်ရှိသော ဦးသန်းညွန့်တို့ တိုက်သို့ ၀င်ပြီး ရေချိုးကြပါ သေးသည်။ ဦးသန်းညွန့်၏ ညီမ ဒေါ်မြင့်မြင့်မှာ ရန်ကုန်နှင့် တောင်တွင်းကြီးကို အိမ်ဦးနှင့် ကြမ်းပြင် ကဲ့သို့ တစ်လ ၂ ခေါက်၊ ၃ ခေါက် ကူးသန်းနေသူဖြစ်ပါသည်။
သို့ကြောင့်လည်း တစ်ရက်လောက် နေသေးရန် ပြောရာ အပြန်မှ ၀င်အိပ်ပါမည်၊ ယနေ့ ကျောက်ပန်းတောင်း ရောက်အောင် သွားပါရစေဟု အနူးအညွတ် တောင်းပန်၍ ၁ နာရီခွဲလောက်မှာ ခရီး ဆက်လက် ထွက်ခွာလာခဲ့ကြရပါသည်။

တောင်တွင်းကြီးမြို့နှင့် စပ်လျဉ်း၍ကတော့ ရေးဖွယ်ရာတွေ အများအပြားပင်ရှိပါသည်။ ဗိဿနိုး မြို့ဟောင်း ကြီး တူးဖော်စ ပြုနေသည့် အချိန်ကစ၍ တောင်တွင်းကြီးမြို့ကို မပြတ် ရောက်ရှိခဲ့ပါသည်။ ဗိဿနိုးမြို့ဟောင်း ၏ တစ်စိတ်တစ်စေသများ မြေအောက်မှ ပေါ်လာချိန်က စတင်ပြီး တောင်တွင်းကြီး မြို့၏ သတင်းက အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်ခဲ့ရပြန်ပါသည်။
တစ်ချိန် က ဗိဿနိုးမိဖုရားကြီး၏  ဘုန်းမီးနေလ" ထင်ရှားခဲ့သမျှနှင့် ဒွတ္တပေါင်မင်းကြီးတို့ ချစ်ကိစ္စများက လည်း ကဏ္ဍတစ်ရပ်အနေနှင့် လူတွေ ပြန်လည် စိတ်ဝင်စားဖွယ်ရာ ဖြစ်ခဲ့ရပြန်သည်။ သရေခေတ္တရာ ရာဇ၀င် နှင့် ဗိဿနိုးကိစ္စများကို ဒဏ္ဍာရီ ပုံဝတ္ထုလို ယုံကြည်ဖွယ်ရာ မရှိဟု ယူဆခဲ့ကြရာမှ မြေအောက်က ပေါ်ထွက် လာတဲ့ သက်သေသက္ကာယတို့ကြောင့် ဒဏ္ဍာရီမှ အပိုင်းကဏ္ဍများကို ပြန်မကောက်လျှင် မဖြစ် သလောက် ဖြစ်ခဲ့ကြရသည်။

ဒါနှင့်တောင် ဗိဿနိုးမြို့ဟောင်း တူးဖော်ရာ၌ ယခုအခါ အစချီသလောက် ပဏ္ဍမမျှလောက်သာ ပြီးစီး သေး သည်။ နောက်ထပ် တူးဖော်ရန် ကုန်းကမူတွေ အများကြီး ကျန်နေပါသေးသည်။ ဒါတွေကိုသာ အကုန်လုံး တူးဖော်မိလို့ တွေ့ရှိရတဲ့ အထောက်အထားများစွာကို လူထုသို့ တင်ပြနိုင်လျှင် ဘယ်မျှ ထင်ရှား ကျော်ကြား လာဦးမည် မခန့်မှန်းနိုင်။ တိမ်မြုပ်နေသော ရာဇ၀င် အထောက်အထားတွေ၊ တန်ဖိုး မထားနိုင်၊ မခန့်မှန်းနိုင် အောင် အကျိုးထူးမည့် အချက်အလက်တွေ တိတိပြတ်ပြတ် ထပ်ခါ ထပ်ခါ ပေါ်ပေါက်လာဦးမည်သာတည်း။

သို့ရာတွင် ပေါ်လာလေဦးမည့် အဖိုးတန် အထောက်အထားပစ္စည်းများကို လုံခြုံအောင် စနစ်တကျ ထိန်း သိမ်း စောင့်ရှောက်မှု မပြုနိုင်ပါက တူးဖော်ရကျိုးနပ်မည် မဟုတ်ပါ။
ယခင် တူးဖော် ရရှိခဲ့တဲ့ အဖိုးတန် အရုပ်ကလေးများ ပျောက်ဆုံးသွားရဖူးသော ကိစ္စကို နမူနာယူပြီး နောက်ထပ် တွေ့ရဦးမည့် ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းစောင့်ရှောက်နိုင်ပါစေလို့ ဆုတောင်းရပေ တော့မည်။

တောင်တွင်းကြီးမြို့၌ အထူးချီးကျူးဖွယ် တစ်ခုလည်းရှိပါသေးသည်။ မြန်မာ့ပြည်မှာရှိတဲ့ မြို့ကြီးတွေထဲမှာ ရန်ကုန်၊ မန္တလေး၊ ပြည်မြို့၊ ပုဂံတို့မှ ဘယ်မှာမှ ပြတိုက်ရယ်လို့ မရှိဘဲ တောင်တွင်းကြီးတစ်မြို့ထဲမှာပဲ ပြ တိုက်တစ်ခု တွေ့ရှိရလို့ပါပဲ။ ရှေးခေတ်ဟောင်းက တည်ထောင်လာကြတဲ့ မြို့ကြီးတိုင်းမှာ သူ့အထွာနဲ့သူ၊ သူ့ရာဇ၀င်နဲ့သူ ရှေးဟောင်းပစ္စည်းစုဆောင်းပြသထားတဲ့ ပြတိုက်တစ်ခုစီရှိထိုက်ပေမဲ့ မရှိခဲ့ မထားခဲ့ကြဘဲ ဤတောင်တွင်းကြီးမြို့ တစ်မြို့မှာမှ ရှေးဟောင်းပစ္စည်း ပြတိုက်တစ်ခု စေတနာ့ဝန်ထမ်းထားရှိ ပြသထား ခြင်းကို အထူး ချီးကျူးထိုက်ပါပေတယ်။

အဲ ... စေတန့ဝန်ထမ်း ပြတိုက်ထဲမှာ ပြည်မြို့က ရွှေဘုန်းပွင့် စာကြည့်တိုက်နဲ့ ပြတိုက်ကို ထည့်၍ မချီးကျူး လို့မဖြစ်နိုင်ပါ။ မြန်မာပြည်မှာ အစိုးရအထောက်အပံ့ မပါသေးဘဲ စေတနာ့ဝန်ထမ်း ရှေးဟောင်း ပြတိုက် ဆို ရင် ပြည်မြို့နဲ့ တောင်တွင်းကြီး နှစ်မြို့တည်းသာ ရှိသေးလို့ အထူး ဂုဏ်ယူထိုက် ချီးကျူး ထိုက်ပါတယ်။ ကျန် မြို့တွေကလည်း ခုလို စေတနာ့ဝန်ထမ်း ရှေးဟောင်း ပြတိုက်ကလေးများ တက်အား သလောက် ပြုပြင် ပြသနိုင်ကြမယ်ဆိုရင် ရာဇ၀င်ဘက်က အထောက်အကူ ပေးနိုင်လိမ့်မယ်။ မိမိတို့မြို့၏ ရာဇ၀င် ဂုဏ်ထူးကလေးများကို တူးဖော်ပြသပေးရာလည်း ရောက်ပါလိမ့်မယ်။ စာရေးသူ နိုင်ငံခြားများ သွားရောက် လည်ပတ်စဉ်က သူတို့ နိုင်ငံများရှိ မြို့ငယ်ကလေးများမှာ သူတို့မြို့နယ်နဲ့ စပ်ဆိုင်ရာ ရှေးဟောင်းပစ္စည်း ကလေးများ ရှာဖွေ စုဆောင်း ခင်းကျင်းပြသထားတဲ့ ပြတိုက်ငယ်ကလေးများကို ရောက်လေရာ မြို့ငယ် ကလေးများတွင် တွေ့မြင်ကြည့်ရှုခဲ့ရလို့ပဲ ဖြစ်ပါတယ်။

ရှေးဖြစ်စဉ်ခြင်း ယှဉ်ကြည့်မယ်ဆိုရင် စာရေးသူတို့ အရှေ့နိုင်ငံများ စုပေါင်းတည်ရှိရာ အာရှတိုက်ကြီးက ပိုပြီး ရှေးခေတ်ကျတယ်၊ ယဉ်ကျေးမှု စောခဲ့တယ်လို့ တစ်ကမ္ဘာလုံးက ယူဆထားကြတဲ့အတိုင်း ရှေးဟောင်း ပစ္စည်းများကို ပစ်စလက်ခတ် မထားဘဲ ကိုယ့်နယ် ကိုယ်မြို့ဆိုင်ရာ ရာဇ၀င် ပစ္စည်းကလေး များ စုဆောင်း ပြသထားကြသင့်တယ်လို့ ယူဆမိပါတယ်။ စေတနာ့ဝန်ထမ်း စံနမူနာပြ ပြည်မြို့၊ တောင်တွင်းကြီး မြို့များက ပြတိုက်များလို စတင် လုပ်ကြမယ်ဆိုရင် မိမိတို့ မြို့မှာရှိတဲ့ ဘုန်းတော်ကြီး ကျောင်းများမှာပဲ ယာယီပြတိုက် စတင်ဖွင့်ထားလဆင် ဘုန်းတော်ကြီးများကလည်း မကူညီဘဲ မနေဘူး ထင်ပါတယ်။ ဒီကိစ္စမျိုးမှာ ကိုယ့်ရပ် ကိုယ့်ရွာက ဆရာတော် ဘုန်းဘုရားများဟာ စိတ်ဝင်စားစွာ ကူညီ စောင့်ရှောက်မှာ အမှန်ပါပဲ။

ရာဇ၀င် ထင်ပေါ်ခဲ့တဲ့မြို့ကြီးများမှာ တောင်တွင်းမြို့ဟာဖြင့် ထိပ်တန်းက ပါခဲ့တဲ့ မြို့ကြီးတစ်မြို့ပါပဲ။ အင်းဝ ခေတ်မှာ ပေလေးပင်၊ ရှင်လေးပါး ပေါ်ပေါက်ခဲ့ဖူးတဲ့အတွက်လည်း တောင်တွင်းကြီးမြို့ဟာ မဟာ ပညာကျော် ပညာရှိ က၀ိတံခွန် ပုဂ္ဂိုလ် အမွန်တွေ ပေါ်ထွက်ရာ ဂုဏ်ထူးဆောင် မြို့ကြီးအဖြစ် ကျော်စော ထင် ရှားခဲ့တယ်။

ပညာရှိ အမော် စာရေးဆရာ အကျော်တွေဟာ အဲဒီအခါတုန်းက တောင်တွင်းကြီးနဲ့ နတ်မောက်မြို့ ကချည်း ဒိုင်ခံထွက်လာခဲ့ကြတယ်။ ထူးချွန်တဲ့ ပညာရှိပုဂ္ဂိုလ် စာရေးဆရာ အကျော်အမော် ဖြစ်လာ လို့ရှိရင် တောင် တွင်းကြီးသား၊ နတ်မောက်သားဆိုတာ သေချာတယ်။ ဟိုခေတ်ဦးဆီက တောင်တွင်းကြီးမြို့ နဲ့ နတ်မောက် မြို့ဟာ ရေမြေလည်း တစ်ကြောတည်း ဆက်နေသလို နာမည်ချင်း လည်း တစ်ဆက်တည်း ပူးတွဲထင်ပေါ် ခေါ်ဝေါ် အသုံးပြုခဲ့ကြပါတယ်။

ကုန်းဘောင်ခေတ်မှာတော့ မြို့အနေနဲ့ တောင်တွင်းကြီးက နည်းနည်း မှိန်လာပြီး ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း ဆိုတဲ့ မြို့သုံးမြို့က နာမည်တစ်ဆက်တည်းနှင့် ထင်ရှားလာပြန်တယ်။ ပင်းမြို့၊ နတ်မောက်မြို့၊ ကျောက်ပန်းတောင်းမြို့ ဆိုတဲ့ သုံးမြို့ဟာ တစ်ဆက်တည်းခေါ်၊ တစ်ဆက်တည်း ထင်ပေါ်ခဲ့ကြခြင်းဟာ စာရေးဆရာ ပညာကျော်တွေ ပေါ်ခဲ့လို့ မဟုတ်၊ အုပ်ချုပ်ရေးအပိုင်းနဲ့ နိုင်ငံရေး အပိုင်းမှာ ထင်ရှားကျော်ကြားတဲ့ အရာရှိကြီးများ၊ မြို့စားကြီးများဟာ အဲဒီ အရပ်သားတွေ များတယ်။ စလေ၊ ရေနံချောင်းနဲ့ မကွေး ထည့်လိုက်ရင် ပင်း၊ နတ်မောက်၊ ကျောက်ပန်းတောင်း၊ ရေနံ ချောင်း၊ မကွေး နဲ့ မကွေးနားက ၀က်မစွတ်မြို့ ... ဒါတွေဟာ ကုန်းဘောင်နန်းဆက်မှာ ဘုရင် သဒ္ဓါ တော်မူတဲ့ မှူးတော်၊ မတ်တော်ကြီးများကို မြို့စားဘွဲ့ သနားတော်မူလေ့ရှိခဲ့လို့ ဒီမြို့ကြီးတွေဟာ ထင်ရှား ကျော်ကြား ခဲ့ခြင်းတစ်မျိုးပါပဲ။

နောက်ပိုင်း ခေတ်မှာတော့ တောင်တွင်းကြီးမြို့ဟာ မီးရထားလမ်းများ ပေါက်လာတော့ အညာထွက်ကုန် မှန်သမျှ တောင်တွင်းကြီးမှာ လာစုပြီး အရောင်းကြီး အ၀ယ်ကြီးဖြစ်ကာ ကုန်သည် ပွဲစားတို့ အရောင်းအ၀ယ် အင်မတန်ကောင်းခဲ့တဲ့ မြို့ကြီးတစ်မြို့ ဖြစ်လာခဲ့တယ်။ တောင်တွင်းကြီးမြို့မှာ အင်မတန် ထင်ရှားကျော် ကြားတဲ့ " ရွှေအင်းတောင်ဘုရား" ဆိုတာ ရှိသေးတယ်။ ဘုရားပွဲတော်အခါမှာ နာမည်ကျော် ဇာတ်၊ ရုပ်စုံ တွေ တစ်ပြည်လုံးက စုရုံးလာရောက်ကပြကြတယ်။ မြေလတ် တစ်နယ်လုံးက လူထု တစ်ရပ်လုံး အုံကြွဆင်း ချလာတဲ့ ပွဲတော် ဖြစ်လေတော့ ပွဲဈေးတန်းမှာလည်း ရောင်းမလောက်၊ ဇာတ်ပွဲ၊ ရုပ်စုံပွဲ၊ ရုပ်ရှင်ပွဲတွေမှာလည်း နေရာမလောက် ဆိုသလို ဖြစ်ကုန်တော့တာပဲ။

သူတို့ဆီမှာ တစ်နှစ်တစ်ခါ ပွဲတော်ဖြစ်မှ ပစ်ခတ် သုံးဖြုန်းရတာကိုး။ ယခု တော်လှန်ရေးခေတ်မှာလည်း တောင်တွင်းကြီးမြို့ဟာ ဘယ်မှာ ညံ့လိမ့်မလဲ။ ခေတ်ပြောင်းတော်လှန်ရေး ခေတ်နဲ့ အညီ တစ်ပြည်လုံး၊ တစ်နိုင်ငံ လုံး လှမ်းနေကြတဲ့ ခြေလှမ်းနဲ့ အမီလိုက်နိုင်တဲ့ မြို့ကြီးတစ်မြို့ပါ။ ဖျတ်ဖျတ်လတ်လတ်နှင့် မျက် ခြည်မပြတ်အောင် လမ်းစဉ်ကို ခံယူလုပ်ကိုင်နေကြသော မြို့တစ်မြို့ပင်ဖြစ်ပါတယ်။
တောင်တွင်းကြီးမြို့မှ နှစ်နာရီခန့်တွင် စတင်ထွက်လာခဲ့သည်။ မကြာခင် ကားကလေးသည် ဗိဿနိုးမြို့ဟောင်းအနီးသို့ ရောက်ခဲ့ကြသည်။ ရောက်တုန်း ရောက်ခိုက် ဗိဿနိုးမြို့ဟောင်း တူးဖော်ရာများကို တစ်ချီတစ်ပွဲ ကြည့်ဦးမည် ကြံစည်သော်လည်း နေ့နှစ်နာရီတွင် နေအလွန်ပူလှသော ကြောင့် လမ်းအရိပ်အောက်မှ ခေတ္တရပ်ပြီး မျှော်ကြည့်ရုံ ကြည့်ခဲ့ရတော့သည်။ နောက်ထပ် တူးဆွထား၍ အသစ် ပေါ်ရင် ၀င်ဦးမည်သာ။ ယခုတော့ ယခင် လာရောက်စဉ်ကထက် ဘာမှ မထူးခြားသေး။ လှပသော ဧည့်ရိပ်သာ ကလေးမှတစ်ပါး အရိပ် အာဝါသလည်း မရှိ၊ ပကတိ သဲကန္တာရ သာသာမျှသာ အလွန် ပူလှစွာ၏။ ဒါကြောင့် ရှေ့ဆက် ထွက်ခဲ့ရပါသည်။

ဗိဿနိုး လမ်းခွဲမှ မကွေးဘက်သွားသော ကားလမ်းကြီးအတိုင်း ကားဆက်မောင်းခဲ့သည်။ ရှေးခေတ် ဟောင်းက စိုက်ပျိုးထားခဲ့သော ကုက္ကိုပင်ကြီးများသည် ကားလမ်း တာရိုး တစ်ဖက်တစ်ချက်မှ အခက် အလက်တွေ ဝေဆာစွာနှင့် ထီးမိုးထားသလို နေပြောက် မထိုးရလေအောင် အကာအကွယ်ကိုပေး၍ အေးမြ ရိပ်ငြိမ် ပြုနေရှာသည်။ ယင်း ကုက္ကိုပင်ကြီးများ၏ ပင်စည်မှာ လူ နှစ်ယောက်၊ သုံးယောက် လက်ချင်းယှက်မှ ဆက်မမည် ဖြစ်လောက်အောင် ကြီးမားတုတ်ခိုင်လျ၍ လွန်ခဲ့သော နှစ်ပေါင်း ၇၀၊ ၈၀ ခန့်က လမ်းဘက် ဌာနက စိုက်ပျိုးထားခဲ့ကြခြင်းဖြစ်သည်။ အရိပ်ရှားပါးသော အပူပိုင်းဒေသများတွင် ကုက္ကိုပင် နှင့် တမာပင်ရိပ် များသည် လူထုအတွက် အရိပ်ခိုစရာ အလွန် အသုံးဝင်ကြသည်။

ယခုတော့ အရိပ်နေနေ အခက်ချိုးချိုး ဆိုတဲ့ စကားအတိုင်း ရန်ကုန် မန္တလေး ကားလမ်းတစ်လျှောက်နှင့် ရန်ကုန် ပြည် ကားလမ်းတစ်လျှောက်တို့မှာ ကုက္ကိုပင်အိုများ စခန်းသိမ်းကုန်ရှာကြလေပြီ။ သင်္ခါရ တရားကြီး က ကုက္ကိုများကို မျိုဝါးနေခြင်းမှာ တရားရစရာ ပင်တည်း။

ပြောရင်းဆိုရင်းပဲ ရန်ပယ်ချောင်း တံတားထိပ်သို့ ရောက်လာကြပါပြီ။ ရန်ပယ်ချောင်းကြီးက ကျယ်ပါဘိ။ ရေမရှိ၊ သဲချောင်းကြီးသာ ဖြစ်သော်လည်း ရေကျလျှင် အန္တရာယ်ဖြစ်၍ ကြောက်စရာကောင်းလှပါ၏။ ဤ ချောင်းကြီးကို သံတံတားကြီးနှင့် ဖြတ်ကူးပေးထား၏။ တောင်တွေ့ လမ်းဖောက်၊ ချောင်းတွေ့ တံတား ဆောက် ဆိုသော တော်လှန်ရေးအစိုးရ စေတနာပေပဲပေါ့။
အဲဒီ ရန်ပယ်ချောင်းကြီးဟာ ဗိဿနိုးမြို့ကို ရံပက်စီးနေတဲ့အတွက် မြို့ကို ရန်သူများ မ၀င်နိုင်အောင် ကျုံး သဏ္ဍာန် ကာရံထားသလို ရှိ၏ဟု စာဆိုရှိခဲ့သည်။ ချောင်းရေသဲသဲ ကျနေချိန်ဆိုရင် ဘယ်ရန်သူဖြတ်ကူးဝံ့ ပါမည်နည်း။ ရေထဲ မျောပါကုန်ကြပါမည်။ ရန်သူ စစ်ချီလာရင် စည်ကြီး တီးလိုက်ပါက ရန်ပယ်ချောင်းက အချိန်မရွေး ရေတွေ ဒလဟော စီးကျလာသည်ဟု ပြောရိုးရှိကြသည်။ မယုံလည်း ဒဏ္ဍာရီပေါ့။

ရန်ပယ်ချောင်း ဟာ ပုပ္ပားတောင်ပေါ်က ညို့မှိုင်းမှိုင်း မိုးရွာလာရင် ရေတွေ ဒလဟော စီးဆင်းလာလေ့ရှိ တယ်။ ပုပ္ပားတောင်ဟာလည်း တောင်ထိပ်မှာ အမြဲလိုလို မိုးသားတွေ ခမောက်ဆောင်းနေလေ့ရှိတယ်။ ဗိဿနိုး မင်းသမီးရဲ့ မိုးခေါ် စည်ကြီးကလည်း ထူးထူးခြားခြား စီမံဖန်တီးထားလေတော့ စည်ကြီးကို တီး လိုက်ရင် မိုးပြိုမခန်း ဟိန်းဟိန်းသွားတာနှင့် မိုးပြိုပြီး ရွာချလိုက်တဲ့ သဘောနှင့် တူပါရဲ့။ ကရင် အမျိုးသား များမှာတောင် ယခုခေတ်အထိ မိုးခေါ်တဲ့ ဖားစည်ဆိုတာမျိုးတွေရှိနေသေးတာ တွေ့နေရတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>