Wednesday, January 26, 2011
ခင်ခင်ထူး ၏ တောဈေး အပိုင်း (၂)
''တော့် ဆန် ကလည်း အရင်ဈေးတစ်ပတ်တုန်းကမှ ရှစ်ရာကို ခုတစ်ပတ် ဘယ့်နှယ် ရှစ်ရာငါးဆယ်တုံး ကိုဂျိုးတူး ရဲ့၊ ချက်ချင်း ငါးဆယ်ခုန်တက်ရောလား၊ ကြည့်လည်း လုပ်ပါဦး''
''ခင်ဗျား တို့က ဂင့်ဂဲဈေးထဲ ဆန်ရောက်အောင် သယ်လာသာကို ကျေးဇူးမတင်ကြဘူး၊ ငါးဆယ် မမြင် ကြနဲ့ဗျား။ ကျုပ်ဖြင့် စရိတ်စက ထောင်းသာနဲ့တင် ဆန်ရောင်းချင်စိတ်ကုန်သယ် အဟုတ်ပြောသာ''
ဈေးတန်းထိပ် က ကျူလယာခေါ်ကြသည့် စုံစီနဖာ ကုန်သေးကုန်နုတ် ဆိုင် မှာလည်း လူတွေ ကြိတ် ကြိတ်တိုး။
အပ်ကအစ သိကြားမင်းနကင်းအထိ တောသုံးရွာသုံး ပစ္စည်းကလေးတွေ စုံအောင်ထားရ တာဆိုတော့ ပစ္စည်းဗူလိနတ်စ တို့လို တွဲလောင်းတွေက ဈေးဝယ်တောင်းနှင့်ပင် မလွတ်ချင်။ တောင်း ညိပါသွားတာ ဖြုတ်ဖို့၊ လူတစ်ယောက်က ဆိုင်ရှေ့မှာ မိုးတိုးမတ်တတ် ရပ်နေရသေး၏။
''င်္နှစ်ထောင် သုံးထောင်ဘိုး ၀ယ်သာတောင် အပ်ချည်တစ်လုံး မေတ္တာလက်ဆောင်မပေးချင်ဘူး''
''အပ်ချည်က အပ်ချည်ဈေးတော်ရေ၊ သူ့ဈေးနဲ့ သူ့ပစ္စည်း ရောင်းနိုင်သဲ့ ဈေးနဲ့ ရပြီးမှပဲ''
သို့သော် ပေးလိုက်ရတာပါပဲ။ လက်ထဲရောက်နှင့်ပြီကိုး။ ဈေးဝယ်ပြီး သည်လိုမေတ္တာလက်ဆောင် တောင်းသူ တွေကို အ၀တ်ချုပ်အပ်ကလေးဖြစ်ဖြစ် ပေးရတာမျိုးကိုလည်း ဈေးသည်က နှမြောလို့မဖြစ် ပါ။ ပေါက်စိမ်း ရွာ ထွက် ထန်းလျက်ပျော့တောင်းကြီးတွေကလည်း ယင်တွေတလောင်းလောင်းဆိုတော့ ဈေးသည် ခမျာ လက်တစ်ဖက်က ယင်ရမ်းရင်း ချိန်ခွင်တစ်ဖက်ချိန်ရသည်။ ပေါက်စိမ်းထန်းလျက် က ဖယောင်း လို အပျော့ကလေးဖြစ်သည်။ သည်ထန်းလျက်ပျော့ကို စဥ့်ခွက်ကလေးထဲထည့်ကာ မြေပဲဆီ မွှေးမွှေး ကလေးဖြင့် စိမ်ကာစားကြသည့်အလေ့ သည်ဘက်ရွာတွေမှာ ရှိကြသည်။
ပေါက်စိမ်းထန်း လျက်က နာမည်ကြီး။ အသားတန်း၊ ငါးတန်းဘက်ကို ကျွန်မ လျှောက်လာခဲ့သည်။ အမဲသား လျှော်တွဲ များ၊ ၀က်သား၊ ကြက်သားသည်များနှင့် မြစ်ငါးသည် တွေ ကလည်း ဈေးနေ့တိုင်း အမြဲရှိသည်။ အသား တွေ ငါးတွေ ကလည်း မလတ်မှာမပူရ။ လောလောလတ်လတ်တွေချည်း။ ကျွန်မတို့ရွာတွေဘက်မှာ ဧည့်သည် ထမင်းကျွေးချင်ပြီဆိုလျှင် ဂင့်ဂဲဈေးပတ် နှင့် ချိန်ညှိပြီး ကျွေးကြရပါသည်။ ဈေးပတ် နှင့် မတိုက် လျှင် ဟင်းစား အရှာရခက် တတ်တော့ ဧည့်သည်ကို ဈေးပတ်မိအောင် တားထားရမလို ဖြစ်နေ တတ်သည်။
နေကလေးရင့်လာတော့ ဈေးကလေးကွဲစပြုလေပြီ။ တောသူတောင်သားတွေဆိုတော့ ရောင်းသူ ကလည်း ၀ီရိယ နှင့် ၀ယ်သူကလည်း ၀ီရိယနှင့်၊ တောအလုပ်ဝင်ကြရဦးမှာ မဟုတ်လား။ ကုန်ကျန်တော့ လည်း ဈေးပေါင်ကျိုး ဖြင့် ပါသမျှကုန် အစွံထုတ်ကြရပြီ။ ရသမျှဈေး နှင့် တွန်းတိုက်ရောင်းချနေသူတွေ လည်း ရှိပါ၏။ ၀ယ်ပြီး သမျှလေး ခေါင်းတစ်တင်ရွက်ကာ ပြန်သူကပြန်ကြပြီ။ ခေါင်းတစ်တင်ဆိုသည်မှာ ခေါင်းပေါ် တင်နိုင်သမျှ ဆင့်တင်ကာ ရွက်ခြင်းကို ခေါ်ခြင်းဖြစ်၏။
တောင်းကြီးပေါ် တောင်းလေးဆင့် တင်ရွက်ကြတာ၊ အိုးဝယ်ပြီး အိုးထဲပစ္စည်း တွေထည့် အိုးသုံးလုံးဆင့် ရွက်ကြတာ မျိုး ကလည်း ဈေးပြန် မြင်ကွင်းဖြစ်သည်။ တချို့ကလည်း လက်ထဲကျန်သမျှ ငွေကလေး ဈေးထဲ ရသမျှ ၀ယ်လိုက်ချင်သေးပုံ ပေါ်သည်။ ဟိုဟာ ၀ယ်ရကောင်းနိုးနိုး၊ သည်ဟာ ၀ယ်ရကောင်းနိုးနိုး ဈေးထဲ တယောင် လည်လည် ပတ်နေကြသူတွေ။ ဈေးနေ့ကြုံခိုက် အသုံးတည့်တာလေး ကျန်ခဲ့မှာ စိုးကြသည်။
ဂတ်စ်မီးခြစ် ဂတ်စ်ဖြည့်သည့်သူတွေကလည်း လက်မလည်ပါ။ ဂတ်စ်မီးခြစ်ကလည်း ၀ယ်ပြီးကတည်း က အကြိမ်ပေါင်း များစွာ ဂတ်စ်ထည့်သုံးတာဆိုတော့ ကချိုးကချောင်။ ဈေးတစ်ပတ်မှာ တစ်ခါ ဓာတ်အား သွင်းကြ ရသော ဘတ်ထရီဆိုင်ကလေးရှေ့မှာတော့ အရွာရွာက ဘတ်ထရီအိုးဟောင်း တွေ တင်းကြမ်း။ ဘတ်ထရီအိုး က ကျေးရွာတွေမှာ မရှိမဖြစ်ပစ္စည်းဖြစ်သည်။ ဇာတ်ထုပ်၊ သီချင်းနားထောင် ရသည်။ နဖားပွင့် သေးသေး မီလုံးကလေး တွေ ထွန်းကြရသည်။ အဟောင်းအပ်၊ အသစ်ရွေး၊ နှစ်လုံး လောက်ရှိမှ လက် လည်သည်။ လေးရက် တစ်ခါ ချွေချွေတာတာသုံရသော ဓာတ်အိုးမည်းမည်းတွေက ဆိုင်ခန်းထဲမှာ ခြေချ စရာ မရှိအောင် မွစာတက်နေသည်။
“သည် ၀ါးထမ်းပိုးထမ်းနဲ့ တစ်ထမ်းဆိုရင် ဘတ်ထလီအိုးက အလုံးနှစ်ဆယ် အစိတ်ပါသယ်၊ မနက်ဖြန် ဈေးနေ့ ဆိုရင် ကျုပ်က သည်နေ့လို ညနေ အိမ်ပေါက်စေ့ ဘတ်ထလီအိုးလည်စု၊ မနက်ဈေးထမ်းပို့၊ အရင် တစ်ပတ် က သွင်းထားသဲ့ အိုးတွေပြန်ထမ်းလာ၊ ရွာထဲက အိမ်တွေလည်ပို့၊ ကျုပ်ရသာ တစ်အိုး နှစ်ရာ၊ ဘတ်ထလီ သွင်းခ က တစ်အိုးတစ်ရာဆိုတော့ ကျုပ်အတွက် တစ်အိုးပေါ်မှာ တစ်ရာကျန်သယ်”
ကွမ်းချိုးတွေ တက်နေသော သွားမည်းမည်းကြီးတွေပေါ်အောင် အားရပါးရကြီးပြောနေသော ဘကြီးက သူ့မြေး သန်သန်နှစ်ယောက် ထမ်းသွားသော ဘတ်ထရီအိုးတွေကိုပြရင် ကျွန်မကို ပြောခြင်းဖြစ်၏။ သည်ခေတ် ကျေးတောရွာ တွေ မှာ ရေနံဆီမီးခွက် အလင်းမှိတ်တုတ်ကလေးတွေနှင့် မဟုတ်ကြတော့ပါ။ ဘတ်ထရီ မီးသီးကလေး တွေ ဖြာနေကြပြီ။ အချိန်ပြည့် ထွန်းကြတာတော့မဟုတ်။ ညဘက် စကား ကောင်းသူ က ကောင်းကြတုံး ဘတ်ထရီကလစ် ဖြုတ်ချင်သူက ငေါက်တော့သည်။
“ကဲ... ကဲ ညည်းတို့ ပစိပစပ်တွေ ပြီးပလား၊ ပြီးရင် ဘတ်ထရီကလစ်ဖြုတ်လိုက်တော့မယ်။ ဈေးပတ် ကျမှ အားသွင်းရမှာအေ့၊ အားကုန်သွားလို့ မဖြစ်ဘူး”
မြို့က ဧည့်သည်ဖြစ်သော ကျွန်မတို့မှာ အိပ်ရာခင်းစရာရှိတာ ကပျာကသီခင်းကြရသည်။ ပြီးလျှင်တော့ ကြီးတော် က ဘယ့်သူမှ အားမနာပါ။ ဘတ်ထရီကလစ် ဖြုတ်လိုက်သည်။ သည်တော့လည်း ကျွန်မတို့ မှာ အမှောင်ထဲ ငုတ်တုတ်ထိုင်ကာ စကားပြောကြရသည်။ အရေးအကြောင်း တစ်စုံတစ်ရာ ရှိလာလျှင် တော့ ဘက်ထရီကလစ် ပြန်တပ်။ သည်လိုနှင့် လေးညပြည့်တော့ ဘက်ထရီမီးရောင်က ကျချင်ပြီ။ ကက်ဆက်က အသံ အီချင်ပြီ။ သည်တော့ ဈေးပတ်နေ့အကြိုညမှာ သွားပို့ထားရသည်။ ဘတ်ထရီပြည့် လာသည့် နေ့ ကတော့ တစ်ရွာလုံး ကက်ဆက်သံ ညံလေတော့သည်။
“ပြန်ကြစို့အေ နေမြင့်ရင် ပူသယ်”
ဈေးကလေးထိပ်က လှည့်ချွတ်သည့်ကွင်းမှာ ဈေးပြန်လှည်းတွေက ကုန်တွေနင့်နေအောင် တင်ထား ကြပြီ။ စဥ့်အိုးစဥ့်ခွက်တွေ၊ မြေသောက်ရေအိုးကြီးတွေ၊ တောင်းပလုံး၊ ဆန်ကော ဆန်ကာတွေ၊ အိတ် တွေ၊ တောင်းတွေ တင်းနေအောင် တင်ထားသော လှည်းတွေကတော့ အဝေးရွာတွေက ဖြစ်လိမ့်မည်။ ဈေး ရက်တိုင်း မှန်မှန်မလာနိုင်ကြသူတွေကတော့ ဈေးလိုက်ရသခိုက် စုံအောင်စေ့အောင် ၀ယ်ကြရခြင်း ဖြစ်ပါ၏။ လှည်း တွေက အရပ်အသီးသီး ကို အီသံပေးကာ ထွက်ခွာကြလေပြီ။
“ဟော... မမှတ်ကြီးတို့လှည်းပါလား၊ များလှချည်လားတော့်”
“များဆို လာသခိုက် ၀ယ်ရသာကိုအေ့၊ ငတို့ရွာက ဈေးဝေးသယ်ဟဲ့၊ မရှိလည်း ရှာပြီး ၀ယ်ခြမ်းထားရ သယ်၊ ဈေးလိုက် ရသာ ကလည်း ပြောသာပြောသာ နေ့ဝက်ကျိုး ကရောပဲ၊ တောအလုပ်တစ်ဖက်နဲ့ ဈေး ပတ်တိုင်း လည်း မလိုက်နိုင်ပေါင်အေ။ လူကြုံမှာတွေလည်း ပါသေးသာ အေရဲ့။ ကိုယ့်တုံးကလည်း သည်လိုမှာ ရသာကိုး”
ကိုယ်မလိုက်နိုင်လျှင် လူကြုံမှာတတ်ကြတာကလည်း အလေ့မဟုတ်လား။ မှာသူက မှာကြသလို ၀ယ် သူ ကလည်း တင်စီးလေခြင်း မမြင်ကြပါ။ ဆောင်ကြဉ်းပေးတတ်ကြသည်ချည်း ဖြစ်၏။ တောသူတောင် သားများ ပီပီ ၀တ်စရာမရှိလို့ အစုတ်နှင့်ထိုင်နေချင်နေကြလိမ့်မည်။ အိမ်မီးဖိုချောင်မှာတော့ နေ့ဖို့ညစာ စုဆောင်းထားတတ်ကြမြဲ။ ဧည့်သည်သောင်သည်လာလို့ မရှိမဖြစ်စေရ။ တောဈေးကလေးဆိုသော် လည်း ဆန် အိတ်လိုက်၊ ဆီပုံးလိုက် ရောင်းကြချကြ ၀ယ်ကြခြမ်းကြရှိကြသည်။ တချို့ကလည်း ရွာအိမ် ဆိုင်ကလေး တွေမှာ ပြန်ရောင်းဖို့ဖြစ်သည်။
“ကိုယ့်အိမ်က ဇလားထဲ အိုးထဲ ဆန်နဲ့ဆီ ပြည့်စုံနေမှ ဆေးတစ်လိပ် စိတ်ချလက်ချ ထိုင်သောက်နိုင်ပါ သာပါတော၊ နို့မို့ဖြင့် မနေတတ်ချက်တော့”
ကျေးလက်အိမ် တွေမှာ တောင်သူသုံးပစ္စည်း ပြည့်ပြည့်စုံစုံနှင့် မီးဖိုချောင်ရိက္ခာ တင်းတောင့်နေမှ သောင်သာ သူ ဟု ဆိုတတ်ကြသည်။ အိမ်မှာ မပြည့်မစုံသည့်ကြားက ၀တ်ကောင်းစားလှ တရွရွရှိတတ် ကြသူတွေ မဟုတ်။ စားနိုင်မှ လုပ်နိုင်မည်။ လုပ်နိုင်မှ စားကြရမှာ မဟုတ်လား။ စားဖို့လုပ်၊ လုပ်ဖို့စား။ သည့်ထက် မပိုရှာကြပါ။
ဈေးကလေးထဲမှာ ခင်းကျင်းရောင်းချသမျှ စားကုန်သောက်ကုန်တွေကတော့ ဈေးတစ်ပတ် တစ်ခါ ပါသမျှ အရောင်း သွက်သော်လည်း အထည်ဆိုင်တွေကတော့ ပုံမှန်လောက်တောင် အရောင်းမသွက် ချင်ကြ။ သည်ကြား ထဲ ပွဲကလေး လမ်းကလေး ရှိလျှင်တော့ ကတ်ကြေးလက်မချရောင်းကြပေရော့။ ပဲပေး၊ နှမ်းပေး၊ ကြက်သွန်ပေး၊ အကြွေ နှင့်လည်း ကင်းလို့မရ။
ဈေးထဲက ကျွန်မတို့ ထွက်လာတော့ ရွာပြန်လမ်းတွေပေါ်မှာ ဈေးပြန်ကြသူတို့ ဘုရားပွဲပြန်ကြသလို တဟိုဟို တဟေးဟေး။ ခေါင်းပေါ်မှာ အချိန်တစ်ဆယ်ဝင် တောင်းကြီးတွေ ရွက်ကာ သုတ်သုတ်ပါ အောင် ပြန်ကြသူ တွေချည်း။ ခေါင်းပေါ်က အလေးချိန်နှင့် ခြေလှမ်းချိန် ကိုက်ထားသလား မှတ်ရသည်။ မသုတ်လို့ကလည်း မဖြစ်။ အိမ်မှာ လုပ်စရာတွေ ပြည့်လို့။ မနက်က ခေါက်ဆွဲသုတ်ကလေးပင် နံကြိုနံကြား ညပ်ကုန်ကြပြီ ထင်ပါ၏။
နေက မြင့်သထက် မြင့်လာပြီ။ သဲကုန်းပေါ်က ဈေးကလေးပင် အပူငွေ့တွေ ဖုန်ငွေ့တွေ လှိုင်လှိုင်ထ လို့လာပြီ။ ဈေးတစ်ပတ်လည်အောင် လေးရက်စောင့်ကြရဦးမည်။
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>
ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၄)
(ဆရာခိုင်)
သန့်ရှင်းနှင့်တည်မြဲကွဲပြီးနောက် ဦးနုသည် ရွေးကောက်ပွဲတွင် အနိုင်ရကာ ဒုတိယအကြိမ် ၀န်ကြီးချုပ် ဖြစ် လာ၏။ သူသည် ၀င်ဒါမီယာတွင်မနေ ကျမတို့ခြံနှင့်ကပ်လျက် ဂွတ္ထလစ်ပြည်ထောင်စုလမ်းသွယ်ရှိ အိမ်သို့ ပြောင်း လာသည်။
တနံနက်တွင် သူ့သက်တော်စောင့် ဗိုလ်လှမြင့် မော်တော်ကားနှင့်ရောက်လာသည်။
“ဘဘကြီးကော ဘဘကြီး ဘယ်သွားလဲ...” သူသည် ဖေဖေ့ကို မေးရင်းမှ အိမ်ထဲသို့ ၀င်လာ၏။
“ဘာလုပ်မလို့လဲ ဗိုလ်လှမြင့်...”
“ဘဘကြီးရဲ့ ခြေထောက်တဖက်နဲနဲဆွဲနေတာ ဆရာခိုင် နဲ့ ပြဘို့ လာခေါ်တာ...”
ကျမ ကတော့ ချက်ခြင်းတွေးလိုက်မိပြန်သည်။ ဖေဖေတယောက် ခြေထောက်တဖက် ဆွဲနေသည်ကို ဦးနု အားသွား၍ အပူကပ်ပြန်သည် ထင်သည်၊ ဒါမှမဟုတ် ကိုကိုကြီး ကဘဲ ဖေဖေ၏ခြေထောက်တဖက် ဆိုင်းတွတွ ဖြစ်နေသည် ကို မြင်၍ဘဲလား၊ ဆရာခိုင်နှင့်ကုရန် စီမံကြပြန်သည်၊ ကျမကတော့ ကိုယ့်အဖေ ဓာတ် ကို ကိုယ်ကောင်းကောင်းသိထားသည်မို့ ဖေဖေ့ခြေထောက်သည် ဆရာခိုင်နှင့်ကု၍ မပျောက်ဆို သည် မှာ တတ်အပ် သိထားပါသည်။
သမားတော်ကြီး နေလ၀ိဇ္ဇာ ဆရာခိုင် အစွမ်းမထက်၍ကား မဟုတ်ပါ၊ ဆရာခိုင်၏သတင်းကို ကြား လည်း ကြားဘူး ပါ၏။ မြန်မာဆေးပညာ၏ အစွမ်းကိုလည်း မလေးစား၍မဟုတ်ပါ၊ ဆရာခိုင်၏ ဆရာကြီး ဆရာလှိုင် ၏ တပည့်ရင်း ဂျာနယ်ကျော် ဒေါ်မမလေး နှင့် ကျမအမဖြစ်သူ မတင်ဦး အား လေးလလုံးလုံး ကုဘူးပါသည်။ သို့သော် ဖေဖေ့ရောဂါသည် ဆရာခိုင်နှင့်ကုမရဆိုသည်ကိုတော့ ကျမသိ၏။ အဘယ့် ကြောင့်ဆိုသော်....
ကုသပေးလိုသူ ဦးနုကလည်း စေတနာနှင့် အခေါ်လွှတ်သည်ဆိုတော့ ကျမမှာ စာရေးရပြန်ပါသည်။ ကို ကိုကြီး က အခေါ်လွှတ်လိုက်၍ ဗိုလ်လှမြင့် အခေါ်ရောက်လာပါကြောင်း... အစချီပြီး အကျိုးအကြောင်း ဖေါ်ပြရ၏။ နုနုကိုလည်း ဆရာခိုင် နှင့် စကားပြောစဉ် ဘာသာပြန်ရအောင် ထည့်လိုက်ရပါသည်။
“နုနုရေ... ကိုကိုကြီး စိတ်ကြေနပ်အောင်သာ ထည့်လိုက်ရတယ် ဖေဖေ့စိတ် နဲ့ ဒီဆရာခိုင် ကုလို့ရောဂါ က မပျောက်ပါဘူးဟယ်...”
“ပျောက်ပျောက် မပျောက်ပျောက် ခေါ်တဲ့လူက ခေါ်ယင်ထည့်လိုက်၊ တနေ့ သူ့ဦးလေးအကြောင်း သူ သိလိမ့်မယ်” ကားပေါ်တက်ယင်း နုနုကပြောသွားကာ ဆရာခိုင်ထံသို့ ထွက်သွားကြပါသည်။
ပြန်လာလျှင် ထုံးစံအတိုင်း တဲ့သောအစာ မတဲ့သောအစာ စာရွက်နှစ်ရွက်ပါလာ၏။ စာရွက်များကို ထမင်းစားခန်း တွင် ကပ်ထား၏။ ထမင်းချက်သည့် ခလေးမကို ကျမစာရွက်များပြသထားလိုက်ပါသည်။ ခလေးမလေး သည် သင့်လျောသောဟင်းများကို အဆင်ပြေသလို စာရွက်ကိုကြည့်၍ ချက်ရန်ဖြစ်ပါ သည်။ ဖေဖေ့ကိုလည်း ဆရာခိုင်နှင့်ကုသလျှင် လိုက်နာရန်စည်းကမ်းများကို စာရေးပြ၏။
ကျမ ထင်သည့် အတိုင်းပင် တနေ့တွင် ကျမစာရေးနေသော စာဖတ်ခန်းသို့ ခလေးမလေး ပြေး၍လာပြန် ပါသည်။
“မမယု...  ဘဘကြီးရယ် သူ့ဟင်းသူမစားဘူး၊ မမယု တို့ဘို့ ချက်ထားတဲ့ဟင်းကို စားတယ်”
ကျမစာရေးပြရန် စာရွက်စာတမ်း အစုံအလင်နှင့် ထမင်းစားခန်းသို့ ပြေးရပြန်သည်။ ရောက်ရောက်ခြင်း ပင် ဖေဖေ က ဦးအောင်တိုင်၏။
“ငါးခူဟင်းချင်း အတူတူ ဖေဖေ့အတွက်ကျတော့ ဒီကောင်မလေးက ခရမ်းချဉ်သီးထည့်မပေးဘူး”
ကျမ ကလည်း စာရေးပြရပြန်သည်။
“ဖေဖေ အစတည်းက ဆရာခိုင်စကား နားထောင်ပါမယ်ဆို၊ သူတို့နေလ၀ိဇ္ဇာဓာတ်က မတည့်ဘူးဆိုရင် အရှင်း မစားရဘူး၊ စားရင်အဆိပ် လို့ ဖေဖေ့ကို သမီးအစကတည်းက ပြောပြထားတယ်၊ အခုလဲ ငါးခူဆီ မွှေ က ဖေဖေနဲ့တဲ့တယ်၊ ခရမ်းချဉ်သီးက မတဲ့ဘူး၊ ဒါကြောင့် ဖေဖေစားတဲ့ဟင်းထဲ ခရမ်းချဉ်သီးထည့် မ ချက်တာ မကျွေးချင် လို့ မဟုတ်ဘူး”
ကျမက ရေးပြီးစာရွက်ကြမ်းလေးကို ထိုးပြလိုက်၏။
“အို... ငါခရမ်းချဉ်သီး ကြိုက်တာဘဲဟာ စားမှာဘဲ” သူသည် စာဖတ်ပြီး စာရွက်ကို ဆုတ်ချေပြစ်ယင်း အပြင် ထွက် သွားတော့သည်။
ထို့ကြောင့်ပင် ဆရာခိုင်ဆေးနှင့်ကုသ၍ ဖေဖေ့ရောဂါမပျောက်ပါဟု ကျမဆိုလိုခြင်းဖြစ်ပေသည်။ သို့သော် စိတ်ရှိသရွေ့တော့ လွှတ်ပေးထားလိုက်ပါဦးမည်။
ကျမသည် စာဖတ်ခန်းထဲမှာလဲ စာရေး၏။ ဘုရားဆောင်တွင်လည်း စာရေး၏။ များသောအားဖြင့် ဖေဖေ နှင့် ဝေးရာမှာ ရေး၏။ ခုတလော ဖေဖေက ဘုရားဆောင်တွင် အနေများ၍ စာဖတ်ခန်းတွင်သာ စာအရေး များပါသည်။ စာဖတ်ခန်းမှ ဘုရားဆောင်သို့သွားလျှင် တိုက်၏အပြင်ဘက်ထွက်ခါ လျှောက်၍ သွားရ၏။ သို့သော်... စာဖတ်ခန်းမှ ဘုရားဆောင်သို့ လှမ်းကြည့်လျှင် အတိုင်းသားမြင်နေရသည်။
ကျမ သည် တနံနက်တွင် ငုံ့၍စာရေးနေဆဲ ဘုရားခန်းဘက်မှ သစ်ကိုင်းကျိုးကျသလို ၀ုံးဒိုင်းနှင့် ပြင်း ထန်သော အသံတစ်ခု ကြားလိုက်ရပါသည်။ ခေါင်းမော်၍ ကြည့်လိုက်ပါလျှင် ပြတင်းမှနေ၍ ဖြစ်သမျှကို အားလုံး မြင်နေရမည်ဖြစ်၏။ သို့သော်... မကြည့်ပါ။ ကျမသည် စာရေးစားပွဲပေါ် မျက်နှာမှောက်ခါ ရင် ဖတ် ကို ဖိထားလိုက်၏။ လှမ်း၍မကြည့်ရဲ တဒိတ်ဒိတ်ခုံသော ရင်ကိုသာ ငြိမ်အောင်ဖိထားရ၏။ ကျမ၏ ရောဂါမှာ ထိုစဉ်ကတည်းက စလာပြီထင်ပါသည်။
“ဘဘကြီးရယ်...”
ဖေဖေ့ ခလေးမလေး သည် စာဖတ်ခန်းအ၀သို့ အပြေးရောက်လာကာ “ဘဘကြီးရယ်”ဟု ဆိုကာရှိသေး ကျမ ကလည်း ကိုယ့်ရင်ဘတ်ကိုယ်နှိပ်ခါ ခေါင်းမထောင်သေးဘဲ၊ လက်တဖက်နှင့်ကာပြရ၏။
“မသင်ရယ်... ဘဘကြီး တခုခုဖြစ်တယ်ဆိုတာ နင်မပြောဘဲနဲ့ ငါသိပြီးသားပါ၊ ဂလူးကို့(စ်)တခွက်သာ ငါ့ဖို့မြန်မြန် သွားဖျော်စမ်းပါ”
ကျမတို့ သားအဖနှစ်ယောက် ဇာတ်လမ်းကို ဦးဖေမောင်တင်ရေးသော စတုတ္ထတန်း မြန်မာကြည့်စာထဲ က ငပွကြီး ဇာတ်လမ်း အတိုင်းပါပင်တည်း။
“ငပွကြီးရယ် ဆိုတာရှိသေး ဘုန်းတော်ကြီးက “ငပွကြီးပါမှန်းတော့ ငါသိပြီးသားပါ၊ တခြားလူ ဘယ်သူ ပါသေးလဲ ဆိုတာ သိချင်လို့”ဟု ဘုန်းတော်ကြီးက အမိန့်ရှိလေ၏”ဟူသော စာပိုဒ်လိုပင်ဖြစ်၏။
ယခုလည်း ဖေဖေတခုခုဖြစ်ပြီဆိုသည်ကိုတော့ ကျမသိပြီးဖြစ်၏။ မမြင်ဝံ့မရှုဝံ့ တခုခုဖြစ်လျှင် ကြည့်ရဲ သော သတ္တိ တဖြည်းဖြည်းနည်းလာ၍ ကျမရင်ဘတ် ကျမဖိကာ စာရေးစားပွဲပေါ် အသာမှောက်နေရ သေး၏။ ကျမ ထင်သည့်အတိုင်းပင် ဂလူးကို့(စ်)မရောက်လာခင် မောင်ကံညွန့် ကျမအနား အပြေး ရောက်လာ၏။
“မမယု... ဘဘကြီးလေ ဒန်းစီးတာ သစ်ကိုင်းကြီး ကျိုးကျသွားလို့”
“အင်း...” ကျမလည်း အသက်ကိုမှန်မှန်ရှုရ၏။ “လူ ဘာဖြစ်သေးလဲ”ဟု ဖြေးဖြေးမေးရသည်။
“ဖြစ်တယ် မဖြစ်တယ်တော့ မသိရသေးဘူး၊ အနိမ့်ပိုင်းကို လိမ့်ကျသွားတယ်၊ သူ့အနားကို ဘယ်သူမှ မကပ်ရဘူးတဲ့၊ ဒါကြောင့် မမယုကို လာခေါ်တာ”
“အသက်တော့ရှိနေသေးတယ်မို့လား” ကျမရင်များမှာ ခုံနေဆဲပါပင်တည်း၊ မအေးသင်ယူလာသော ဂလူးကို့(စ်)ကိုသောက်၍ မောင်ကံညွှန်ကို ခေါ်ကာ ဘုရားဆောင်ဘက်သို့ ထွက်လာရပြန်သည်။ ထုံးစံ အတိုင်း တခုခုဖြစ်၍ ပုံလျက်လဲနေပါလျှင်လည်း ဘယ်သူမှအနားမကပ်ရ နာလွန်းလျှင်သာ “ငါ့လခွေးမှ ဘဲ နာလိုက်တာ ဘယ်သူမှမကိုင်နဲ့”ဟူ၍ ကုန်းအော်တတ်သည်။ ကျမတို့အိမ်ရှေ့ဘက်မှာ ကုန်းမြင့် လေးလို နိမ့်လျောဖြစ်နေ၍ ဒန်းကျိုးပြတ်ခါ အနိမ့်ပိုင်းသို့ ဒလိမ့်ခေါက်ကွေး ကျသွားဟန်ရှိပါသည်။ ဒန်း လွှဲပေးသော ခလေးတအုပ်မှာ လက်ပိုက်၍ကြည့်နေရ၏။
ဘယ်သူမှ သူ့အနားမကပ်ရ ကျမကိုမြင်သည့် တပြိုင်နက် သူ့ခန္ဓာကိုယ်ကြီးကို ကျိုးစား၍ သူ့ဖာသာ ထူနေသည့်ကြားက “ဖေဖေဘာမှမဖြစ်ဘူး၊ ဘာမှ မဖြစ်ဘူး၊ သွား... သွား” ခုနှစ်သံနှင့် ကုန်းအော်ပြန်သည်။
ကျမ သည် မျက်နှာထားတင်းတင်း ပြင်လိုက်ရကာ မောင်ကံညွန်နှင့် ခလေးများကို ဇွတ်ခေါ်၍ သူ ပုံ ရက်လဲနေရာသို့ သွားရ၏။ ကြီးမားကြံ့ခိုင်သော ကိုယ်ကြီးကို ဆွဲထူရ၏။ ပြုတ်ကျသောအရှိန်နှင့် ဒဏ် မှာ အတော်ပြင်းထန်ပုံရပါသည်။ သို့သော် သူသည် ကျမခေါ်ရာ အိမ်မကြီးဆီသို့မလိုက်၊ ဘုရားဆောင် ပေါ် သို့သာ အတင်းတက်၏။ ခြေထောက်မှာ ထော့နင်းထော့နင်းဖြစ်နေသည်။ ဘုရားဆောင်ပေါ်သို့ ရောက်လျှင် ရောက်ခြင်း ကြေးစည်ကိုင် ၍ သူ့နားနားကပ်ခါ တအားထုပါတော့သည်။
ကြေးစည် ကို သာယာနာပျော်ဖွယ်ဖြစ်အောင် တီးခတ်နေခြင်းမဟုတ်၊ တအားထုနေသောကြောင့် ကျမ တို့ နားကောင်းသူ များမှာ သူ့အနားမနေနိုင်ဘဲ ဖိနပ်ချွတ်မှာ သွား၍နေရသည်။ ထိုစဉ်က ကျမခင်ပွန်း သည်၏ တော်လှန်ရေး ရဲဘော်ဟောင်းကြီး တယောက်မှာ ဘုရားဆောင်တွင် တည်းခိုလျက်ရှိ၏။ သူ သည် ကျမတို့ သားအဖ ဘယ်လိုဖြစ်နေကြသည်ကို သိလိုသော မျက်လုံးနှစ်လုံးဖြင့် ကျမကိုတလှည့်၊ ဖေဖေ့ကိုတလှည့် ကြည့်နေ၏။ အကယ်၍သာ ဤနေရာတွင် စာရေးဆရာကြပ်ကလေးသာ ဖြစ်ပါက ၀တ္ထုတပုဒ် တော့ ရပေမည်၊ ကြေးစည်သံဆုံးမှပင် ကျမသည် ဧည့်သည်ကို ရှင်းပြရ၏။
“ဦးဧရာရေ... ဖေဖေ့ရောဂါကို ဆရာခိုင်နဲ့ကုနေတယ်၊ နေလ၀ိဇ္ဇာ ဆရာခိုင်ဆိုတာ ကြားဘူးမှာပေါ့... သူတို့က အာရုံငါးပါးအစုံကုတယ်၊ ဓါတ်စာလဲပါတယ်၊ ဒန်းလဲစီးရမယ်ဆိုလို့ ခုန ဒန်းစီးတာလေ... ဖေဖေက ၀လွန်းတော့ ခုနသစ်ကိုင်းကျိုးကျတာ၊ ခုတခါ ကြေးစည်သံ နားထောင်ရမယ်ဆိုတော့ ကြေး စည် ထု တာလေ...”
ကျမစကားဆုံးတော့မှ ဦးဧရာသည် ပြုံးလိုက်ယင်း...
“အော်... ဒီလိုလား၊ အဲဒီလိုလဲ ရှင်းပြအုံးမှပေါ့ မယုရယ်... ကျွန်တော်ဖြင့် ခုန ဘာတွေများဖြစ်နေကြပါ လိမ့် လို့ တွေးနေတာ...”ဟုပြောကာ သူ့ဟာသူ ရယ်တော့သည်။
ကျမ ကတော့ ခလေးများနှင့် မောင်ကံညွန့်ဘက်သို့ လှည့်ကာပြောရပြန်သည်။
“နောက်တခါ ဒီဒန်းနွယ် လက်ဆက်ပင်မှာ ဒန်းဆင်ပေးပါအုံးလို့ ဘဘကြီးပြောယင် ဘယ်သူမှဆင်မပေး ရဘူးနော်...  ငါ့ကိုသာလွှဲချ၊ မမယုက မဆင်ပေးရဘူးလို့ပြောတယ်လို့...”
ကျမ သည် ဖေဖေ့ ကို စိတ်ဆိုးသမျှ ခလေးတွေ ပုံချကာ လက်ညှိုးငေါက်ငေါက်ထိုးယင်း မျက်နှာထိ မျက် နှာထား နှင့် လူမိုက်ဂိုက်နှင့်ပြောရသည်။ ထိုကဲ့သို့ မျက်နှာထိ မျက်နှာထားနှင့်ပြောနေလျှင်တော့ သူ သည် ဘေးမှကြည့်ခါ ကျမစိတ်ဆိုးပြီကို ရိပ်မိသိရှိတတ်ပါသည်။
ညနေ နုနု ကျောင်းဆင်းလာသော အခါမှ ကျမဒေါသကို ဖွင့်ရ၏။
“မိနု... သွား နင့်ကိုကိုကြီး(ဦးနု)ကို သွားသံတော်ဦးတင်အုံး... ဖေဖေ့ကို ဆရာခိုင်နဲ့ မကုတော့ဘူးလို့၊ ဓာတ်စား လဲ တဲ့ဟာ ကို ရွေးမစားဘူး၊ သူကြိုက်တာဘဲ အတင်းစားတာဘဲ၊ ထမင်းချက်ရ၊ ထမင်းကြွေးရ တဲ့ မိအေးသင် လဲ ရူးတော့မယ်... မနက်ကလဲ ဒန်းစီးကောင်းလိုက်တာ သစ်ကိုင်းကျိုးကျလို့ မမြင်ဝံ့၊ မရှုဝံ့၊ ဆရာခိုင်ဆေး နဲ့ ကုလို့ ခြေထောက်ဆွဲတာ မပျောက်ခင် ဒန်းပေါ်ကလွင့်ကျတဲ့ ဒဏ်ရာနဲ့သေနေမှ လှမယ်၊ ဒါလောက် ၀ တဲ့ ခန္ဓာကိုယ်နဲ့ ခလေးတွေက ဖြေးဖြေးလွှဲပေးယင်လဲမကြိုက်၊ တအားလွှဲမှကြိုက် တာ၊ ကံကောင်း လို့ပေါ့၊ 
ဟိုဘက်စီးရိုး က အုတ်တံတိုင်းနဲ့ သံဆူးကြိုးပေါ်သာကျရင်ပြီးရော၊ ပြီးရော... နင်က ပြောအုံးမှာမို့လား၊ မမယုကလဲ ပူစရာမရှိပူ၊ ဆေးရုံကောက်တင်လိုက်ပြီးရောလို့... နင်တို့က ပါး စပ်နဲ့ ပြောတာလွယ်တယ်၊ ဆေးရုံတက်ရတော့ သွားရလာရနဲ့ ငါဘဲဒုက္ခရောက်တာ၊ ဒီဆေးရုံကို ငြီးစော် နံလို့ ကြည့်တောင် မကြည့်ချင်ဘူး၊ နင်တို့ကတော့ ကျောင်းအေးအေးတက်နေလို့ ဆေးရုံဒုက္ခကို မသိဘူး... ဖြစ်လိုက်ကြရင် လဲ သူများလို တပတ်နှစ်ပတ်နဲ့ ပြီးကြတဲ့ရောဂါတွေမဟုတ်ဘူး၊ အနည်းဆုံး တလ နှစ်လ ဖြစ်ကြရော...”
ကျမက မိုးမဆုံး လေမဆုံး ဖေဖေ့ကို ဒေါသဖြစ်သမျှ စုခဲ၍ နုနုကိုပြောချသာနေသည်။
မိရွှေနုကတော့ မှန်ပြတင်းမှ ဒန်းနွယ်လက်ဆက်ပင်ကြီးကို ကြည့်ခါ တဟားဟားရယ်တော့သည်။
“ဒီအကိုင်းတွေက ပွပွနဲ့ ဆတ်ဆတ်ရယ်... ဖေဖေ့ကိုယ်ကြီးနဲ့ ကျိုးကြမှာပေါ့၊ ဒန်းမဆင်ဖို့ပြောရောပေါ့”
“အောင်မယ်... နင့်ဖေဖေက တသက်လုံး က ပြောရခဲ့ဘူးတဲ့ အဖေကိုး၊ တသက်လုံး သူထင်တာ သူ လုပ်တာ၊ ခလေးတွေ လဲ တမနက်လုံး သူမနေရ ငါမနေရ၊ သူများက ခိုင်ခိုင်မာမာ ဆင်ပေးမယ်ဆိုလို့ ရတာလဲမဟုတ်၊ တမနက်လုံး မောင်ကံညွန့် ကို သူက အမိန့်ပေးနေတာ၊ ငါတော့မောလွန်းလို့ ၀င်မပြော တော့ဘူး၊ မပြောတာ နဲ့ တချက်ထဲ ကျိုးကြတာနဲ့ တချက်ထဲဘဲ... စာရေးရေးပြရတာလဲ လက်တိုတော့ မယ်၊ (ခင်နှင်းယု) အနေနဲ့ ကိုယ်ဝါသနာပါတာလေး၊ ကိုယ်စိတ်ဝင်စားတာလေး ရေးရတာတော်တော်၊ သူ့အဖေကို တနေ့ တနေ့ ရေးပြနေရတာက တကယ်ဘဲ သမုဒ္ဒရာကို မင်ရေဖျော်ရတော့မယ်... နင်က တော့ ရီ အားတာပေါ့...”
ကျမ စကားပြောယင်း မျက်ရည်များလည်လာမှ နုနုသည် အရယ်ရပ်လိုက်ပါသည်။
“မငိုပါနဲ့ မမယုရယ်... နုနု ကိုကိုကြီးကို သွားပြောပါ့မယ်”ဆိုကာ ထွက်သွားတော့သည်။
ကျမ ကတော့ တကယ်ဘဲငိုချင်ပါသည်။ အဖြစ်များက လူနာတယောက် ဆေးရုံတင်လျှင် ငွေကြေးဆေး ၀ါး က အစ ဆရာဝန်၊ ပြုစုသူ အလုံအလောက်လုပ်ပေး၍လည်း ကိစ္စကမပြီးပြတ်၊ လူနာများမှာ တလမှ သည် ခြောက်လ တနှစ်လောက် ကုသရသော ရောဂါမျိုးလည်းဖြစ်ပြန်၊ “မမယု ဒီညနေ လာမတွေ့လို့ လူနာက မျက်နှာ မကောင်းဘူး၊ ထမင်းမစားဘူး”ဆိုပြန်တော့ ကျမစိတ်ကမနေနိုင်၊ ဒီဆေးရုံကြီးကို အပြေးအလွှား ညနေတိုင်း ပြေးရ၏။ ကားနှင့်ဘာနှင့် စတိုင်နှင့် ဂိုက်နှင့်သွားရခြင်းမဟုတ်၊ တခါတလေ များ ဆေးရုံ ကပြန်ရောက်လျှင် အိမ်မှာ ဘာမှမလုပ်ချင်ဘဲ ခွေလျက်ပုံလဲနေတော့သည်၊ 
သို့သော် “ကိုယ့်မျက်နှာ ငွေလ ၀င်းပပ” ကို မြင်ရပါလျှင် ရောဂါသည်တို့မှာ စိတ်နှလုံး သက်သာသည် ဆိုတော့ ညနေတိုင်းသွားရ၏။ ပြုံးရ၏။ နှစ်သိမ့် ရ၏။ ကြာရှည်တော့လည်း ဤဒဏ်တွေကို မခံနိုင်တဲ့ ငယ်ငယ် ရွယ်ရွယ်နှင့် ကျမသည် အားအင် ကုန်ခန်း အာရုံကြောများ အားနည်းသော ရောဂါ စွဲကပ် လာလေသလား၊
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁ဝ)
အခန်း (၅)
အဲဒီလို အကျပ်အတည်း ဖြစ်နေချိန်မှာ စက်ဘီးက ဒိုင်နမိုအကြောင်း ကျွန်တော် လေ့လာခွင့် ရခဲ့ပါ တယ်။ ဘီးမှာ တပ်ထားတဲ့ သတ္တုဘူးကလေးကို ကျွန်တော် တွေ့ဖူးနေတာ ကြာပါပြီ။ ဒါပေမဲ့ သိပ်ဂရု မစိုက် ခဲ့မိပါဘူး။ တစ်ညမှာ အဖေ့ဆီ စက်ဘီးနဲ့ ဧည့်သည်တစ်ယောက် ရောက်လာပါတယ်။ မီးလင်းနေ တဲ့ စက်ဘီး ဟာ အိမ်ရှေ့ရောက်လို့ သူ ခုန်ဆင်းလိုက်တာနဲ့ ငြိမ်းသွားပါတယ်။
"ဦးလေး၊ ဘာလို့ စက်ဘီး မီးငြိမ်းသွားတာလဲ" လို့ ကျွန်တော် မေးတော့ "ဒိုင်နမိုမီးလေကွာ၊ ဘီးရပ်သွားတော့ ငြိမ်း သွားတာပေါ့" လို့ ဧည့်သည်က ရှင်းပြပါတယ်။
သူ အိမ်ထဲဝင်သွားတာနဲ့ စက်ဘီးပေါ် ခုန်တက်ပြီး ကျွန်တော် နင်း ကြည့်ပါတယ်။ မီတာနည်းနည်း သွားမိတာ နဲ့ မီးလင်းလာပါတယ်။ စက်ဘီးပေါ်က ဆင်းပြီး မီးလုံးနောက်က ၀ိုင်ယာကြိုးကလေးကိုင်ပြီး လျှောက်စမ်းပါတယ်။ ဘီးမှာ တပ်ထားတဲ့ ဒိုင်နမိုကလေးမှာ ကြိုးက ဆုံးသွားပါတယ်။ ဒိုင်နမိုထိပ်မှာ လည်း သတ္တု ဘီးကလေး တစ်ခု ပါသေးတာကို။ အဲဒီဘီးကလေးနဲ့ စက်ဘီးတာယာ ပွတ်ပြီး လည်တာ ပါလား။ ခြေနင်း ကို ကျွန်တော် လက်နဲ့ လှည့်ကြည့်ပါတယ်။ စက်ဘီးက ဘီးလည်သလို ဒိုင်နမိုက ဘီးကလေးလည်း လိုက်လည်နေပါတယ်။ မကြာခင် မီးလင်းလာတာ တွေ့ရပါတယ်။
ဒီကိစ္စ ကျွန်တော့်ခေါင်းထဲက မထွက်တော့ပါဘူး။ ဘီးလည်တာနဲ့ ဘာလို့ မီးလင်းလာတာလဲ။ မကြာပါ ဘူး။ တွေ့သမျှ လူကို ဒိုင်နမိုရဲ့ ဂုဏ်သတ္တိအကြောင်း ကျွန်တော် မေးတော့တာပါပဲ။
"ခင်ဗျား စက်ဘီးနင်း လိုက်တာ နဲ့ ဘာပြုလို့ မီးလင်းလာတာလဲ"
"ဒိုင်နမို လည် လို့ မီးလင်းတာပေါ့ကွ"
"ဒိုင်နမို လည်တာ ကျွန်တော် သိပါတယ်။ ဘာကြောင့် မီးလုံးလင်းလာတာလဲ၊ ဘာလျှို့ဝှက်ချက် ရှိလို့လဲ"
"အဲဒါတော့ ငါလည်း မသိဘူး"
"ကျွန်တော် စမ်းကြည့်မယ်နော်"
"လုပ်လေ"
စက်ဘီးဒေါက်ကို အားပြုပြီး တစ်ဖက်ကို စောင်းရင်း ခြေနင်းကို လက်နဲ့ လှည့်ကြည့်ပြန်ပါတယ်။ ပြီးတော့ မီးလင်းလာပုံ ကို စောင့်ကြည့်ပြီး အတွေးနက်နေမိပါတယ်။
တစ်နေ့မှာ အဖေ့မိတ်ဆွေရဲ့ စက်ဘီးရဲ့ ဆော့နေရင်း မီးလုံးကို ၀င်တဲ့ ၀ိုင်ယာကြိုးကလေး အပြင် ထွက် နေတာ သတိထားလိုက်မိတယ်။ ကျွန်တော်ခြေနင်းကို လှည့်နေတုန်း အဲဒီကြိုးစကလေးဟာ စက်ဘီး လက်ကိုင် နဲ့ ထိပြီး  မီးပွင့်နေတာ မြင်လိုက်ရပါတယ်။ ဟုတ်ပြီ။ နောက်တစ်ဆင့် တွေးစရာ ရပြီ။
တစ်ရက်မှာ အဲဒီစက်ဘီးကိုပဲ ငှားပြီး ကျွန်တော်နဲ့ ဂျက်ဖရီ ဆော့ကြပြန်ပါတယ်။ စက်ဘီးကို ပြောင်းပြန် လှန်ပြီး အဖိုနဲအမ ကြိုးစကို ဖြုတ်လိုက်တယ်။ ပြီးတော့ ရေဒီယိုမှာ သူ့နေရာနဲ့သူ တို့ထားလိုက်တယ်။ ဓာတ်ခဲ အစားပေါ့။ ခြေနင်းကို လှည့်ကြည့်တော့ ဘာမှမဖြစ်ဘူး။ ဒါနဲ့ ကြိုးပြန်ဖြုတ် ပြီး ဒိုင်နမိုရဲ့မီးလုံးနဲ့ ဆက်တယ်။ ခြေနင်းကိုလှည့်တယ်၊ မီးလင်းလာတယ်။ ရေဒီယိုထဲက ထုတ်ထားတဲ့ ဓာတ်ခဲတွေကိုစီပြီး ဟိုဘက်ထိပ် ဒီဘက်ထိပ် မှာ ၀ိုင်ယာစတို့ပြီး မီးလုံးကို တို့ကြည့်တော့ လင်းတယ်။
ဟေ့ ဂျက်ဖရီ၊ ဒိုင်နမိုရဲ့ မီးလုံးဟာ သူတို့အလုပ် သူတို့ လုပ်တယ်ကွ။ ဘာလို့ ရေဒီယိုမှာ အလုပ် မလုပ် တာလဲ။
မသိဘူးလေကွာ၊ ဒီနေရာနဲ့ ဆက်ကြည့်ပါလား။
သူညွှန်ပြန် တဲ့ နေရာကို ကျွန်တော် ကြည့်လိုက်တယ်။ အေစီလို့ရေးထားတဲ့ ပလပ်ပေါက်။ အဲဒီ အပေါက်ထဲ ကို ကြိုးစ ထိုးထည့် လိုက်တော့ ရေဒီယို အသက်ဝင်လာတယ်။
အဲဒီမှာ ခြေနင်းကို ကျွန်တော် တအားလှည့်လိုက်တယ်။ ရေဒီယိုတူးက ဘီလီကွန်ဒါ ရဲ့ ဂီတသံကို ကြည်ကြည် လင်လင်ကြားလိုက်ရတယ်။ အဲဒီမှာ ဂျက်ဖရီ ထ ကတော့တာပဲ။
''ဟေ့...၀ီလျံ၊ မရပ်နဲ့ ဆက်လှည့်နေ''
ဂျပ်ဖရီ က အော်တယ်။
'' ဟေ့ ငါလည်း ကခင်တာပေါ့ကွ''
''အေးပါ မင်းအလှည့် လာမှာပေါ့။ ငါ လှည့်ပေးပါ့မယ်''
မထင်ဘဲ နဲ့ အေစီ ရဲ့ ခြားနားချက်ကို ကျွန်တော်တို့ တွေ့လိုက်တာပါ။ ဒါပေမဲ့ အဓိပ္ပါယ်ကိုတော့ နောက်နှစ်များစွာ ကြာ မှ ကျွန်တော် သဘောပေါက်လာတာပါ။
ဇောက်ထိုးမိုးမျှော် လုပ်တားတဲ့ စက်ဘီးခြေနင်းကို လှည့်နေရင်း ကျွန်တော့်လက်မောင်းတွေ အောင့်လာပြီး လက်အံ သေလာတော့ ရေဒီယိုသံ တဖြည်းဖြည်း ပျောက်သွားပါတော့တယ်။ ကျွန်တော် စဉ်းစားရပါပြီ။ ကျွန်တော် တို့ နှစ်ယောက်စလုံး က နိုင်အောင် ဘာလုပ်ရပါ့မလဲ။
ဒိုင်နမိုကနေ လျှပ်စစ်ဓာတ်ရဲ့ အရိပ်အယောင်ကို ကျွန်တော်လှစ်ခနဲ မြင်လိုက်ရတာပါ။ ဘယ်လိုလုပ်ပြီး ကျွန်တော့်လက် နဲ့ လျှစ်စစ် ကို ဖန်တီးရပါ့မလဲ။ မာလာဝီမှာ လူဦးရေရဲ့ နှစ်ရာခိုင်နှုန်းသာ လျှပ်စစ်သုံး စွဲခွင့် ရကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လျှစ်စစ်ဓာတ်အားဟာ အကြီးမားဆုံး ပြဿနာကြီးပါ။ လျှစ်စစ် ဓာတ်အား မရတော့ မီးမရ။ မီးမရတော့ ညအခါမှာ ကျွန်တော်ဘာမှလုပ်လို့ မရပါဘူး။ ကျောင်းစာလည်း မကျက်နိုင်ဘူး။ ရေဒီယိုလည်း မပြင်နိုင်ဘူးပေါ့။ ကြမ်းပေါ်မှာ လျှောက်သွားနေတဲ့ ကြွက်တွေ၊ နံရံမှာ တွယ်တက်နေတဲ့ ပိုးဟပ်တွေကိုလည်း မမြင်ရဘူး။ လမရှိတဲ့ညတွေမှာဆိုရင် နေ၀င်သွားတာနဲ့ လူတွေ သွားတိုက်ပြီး အိပ်ရာဝင်ကြတော့တာပဲ။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ အာဖရိကတိုက်သား အများစုဟာ ခုနစ်နာရီ ထိုးတာနဲ့ အိပ်တတ်ကြပါတယ်။
ရေနံဆီမီးခွက် ထွန်းကြပေမယ့် ရေနံဆီဈေးကြီးလို့ ဘယ်သူမှ ကြာကြာမထွန်းနိုင်ကြပါဘူး။ ရေနံဆီမီးခွက် ဆိုတာ ကလည်း မှိုင်းတွေတလူလူနဲ့မို့ ခဏထွန်းတာနဲ့ မျက်စိတွေ ကျိန်း၊ ချောင်းတွေဆိုး ဖြစ်လာတတ် ပါတယ်။ မှန်အိမ် က ပိုလင်းပြီး မှိုင်းမတက်ပေမယ့် ဈေးကြီးလို့ မ၀ယ်နိုင်ကြပါဘူး။
ခင်ဗျားမှာ ပိုက်ဆံတွေ အများကြီးရှိရင်တော့ မီးရနိုင်ပါတယ်။ ကီလိုမီတာ တစ်ရာကျော်ဝေးတဲ့ လီလွန်းဂွေ ကိုသွား၊ အစိုးရလျှစ်စစ်ဌာန မှာ လျှောက်လွှာတင်၊ လျှောက်လွှာဖိုးချည်း ထောင်ချီကုန် ပါတယ်။ သူတို့ လာကြည့် ဖို့ မြေပုံဆွဲပေးရတယ်။ အဲ့ ခင်ဗျားကံကောင်းရင် သူတို့  လိုင်းဆွဲပေးလိမ့်မယ်။ အဲဒီတိုင်ဖိုးတွေ၊ ကြိုးဖိုး တွေ ခင်ဗျား ကျခံရမယ်။
အဲ့ မီးရပြီဆိုတော့ ပျော်ရမယ် ထင်သလား။ ညဆယ်နာရီ အထိရေဒီယိုဖွင့်ပြီး ကမယ် စိတ်ကူးသလား၊ အစိုးရ က ညညမီးဖြတ်ထားတတ်ပါတယ်။ ဒီတော့ ဘယ်သူမှ မကြိုးစားတော့ဘူး။ ဒီတော့ ခုနစ်နာရီမှာ အိပ်ရာဝင် တာပဲ မကောင်းဘူးလား။
တိုင်းပြည်အတွက် ပိုဆိုးတာက လျှစ်စစ်မီး မပေးနိုင်တော့ သစ်တောတွေ ပြုန်းတဲ့ကိစ္စပါ။ ကျွန်တော်တို့ လူမျိုး တွေ လူမွေးမပြောင်တာ အဲဒီကိစ္စအဓိကပါ။ ကျွန်တော့်အဘိုး ပြောဖူးတယ်။ မာလာပီဟာ သူတို့ ငယ်ငယ်က မွန်းတည့်ချိန်မှာတောင် နေကိုမမြင်ရတဲ့ တိုင်းပြည်တဲ့။ မြေပြင်ကို နေပြောက်မထိုးတဲ့ တိုင်းပြည် တဲ့။ ခုတော့ ၀င်ဘီတစ်ဝိုက်မှာ သစ်တောဆိုတာ မရှိသလောက် ဖြစ်နေပါပြီ။ ဟိုအဝေးက တောင်တန်း တွေ လည်း အားလုံး ကတုံးချည်းပါပဲ။
သစ်ပင်တွေ မရှိတော့ မိုးရွာတဲ့အခါ ရေမနေတော့ဘဲ မိုးက မြေဆီတွေ၊ သတ္တုဓာတ်တွေကို တိုက်စား သွားပါတယ်။ မြေဆီလွှာဟာ အမှိုက်သရိုက်တွေရဲ့ တွန်းအားနဲ့အတူ ရှိုင်ယာမြစ်ထဲကို ပါသွားပါတော့တယ်။ ပြီးတော့မကြာခဏ မိုးခေါင်လာတယ်။ လူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ ဆုံးရှုံးလေ၊ ထင်းပိုခုတ်လေ၊ သစ်ပင် တွေ ရှားလာလေနဲ့ နောက်ဆုံးမှ အာဖရိကဟာ သဲကန္တာရ တိုင်းပြည်တွေ ဖြစ်ခါနီးလာတော့တာပဲ။
ကျွန်တော်တို့ရွာနားက ဖြတ်သွားတဲ့ ဓာတ်အားလိုင်းကနေပြီး ဂီးလ်ဘတ်တို့အိမ်ကို မီးသွယ်ထား ပါတယ်။ သူ့အဖေ က အကြီးအကဲကိုး။ သူတို့က တိုင်းဖိုးကြိုးဖိုး တတ်နိုင်တယ်လေ။ ကျွန်တော် ငယ်ငယ်က သူတို့အိမ် သွားလည်ရင်း ဂီးလ်ဘတ်က နံရံကို ထိလိုက်တာနဲ့ မီးလင်းလာတာကို မှတ်မိနေတယ်။ ခုမှ မီးခလုတ်ဆိုတာ ကျွန်တော် သိလာတာ။
ကျွန်တော် ကကော သူ့လို နံရံကခလုတ်ကို ဖိလိုက်ရုံနဲ့ မီးလင်းအောင်ဘာလို့ မလုပ်နိုင်ရမှာလဲ။ ဘာလို့ အမှောင်ထဲ မှာ ချည်း အချိန်ကုန်ပြီး မီးခြစ်လိုက်လိုက်စမ်းနေရာမှာလဲ။
ဒါပေမဲ့ ကျွန်တော့်အိမ်မှာ မီးလင်းဖိုဆိုတာ စက်ဘီးဒိုင်နမိုနဲ့ လက်နှိပ်ဓာတ်မီးထဲက မီးသီးလင်းအောင်ပဲ လုပ်နိုင် ပါလိမ့်မယ်။ ဒါတောင် ကျွန်တော့်အဖေဟာ စက်ဘီးတစ်စီး မ၀ယ်နိုင်လို့ မဖြစ်နိုင်သေးပါဘူး။
ဒါတွေကို မစဉ်းစားသေးပါဘူးလို့ စိတ်လျှော့ပြီး အဓိကလုပ်ရမယ့် လောလောဆယ်ပြဿနာကိုပဲ အာရုံစိုက် ဖို့ ကြိုးစား ရပါတယ်။ အဲဒါကတော့ မူလတန်းပြီးအောင် လုပ်ဖို့ပါပဲ။
စက်တင်ဘာလမယ်မှာ စာမေးပွဲတွေ ပြီးသွားပါတယ်။ ဆရာတွေက ကျွန်တော်တို့ကို ကံကောင်းပါစေ လို့ ဆုတောင်းပေးပြီး နှုတ်ဆက်ကြပါတယ်။ ပြီးခဲ့တဲ့ ခုနစ်လလုံးလုံး ရေနံဆီခွက်ကလေးနဲ့ ကျွန်တော် ကြိုးကြိုး စားစား စာကျက်ခဲ့ပါတယ်။ ရှစ်တန်းစာတွေလည်း ကျွန်တော် ကြိုပြီး ဖတ်နေပါပြီ၊ ပြည်သူ့နီတိ၊ စိုက်ပျိုးရေး၊ အထွေထွေသိပ္ပံ နဲ့ နိုင်ငံရေးသိပ္ပံ တွေအပြင် အင်္ဂလိပ်စာကိုလည်း အပြင်းအထန် လေ့လာခဲ့ပါတယ်။
ဒီကြိုးစားမှုတွေအတွက် အစိုးရအထက်တန်းကျောင်းကို ကျွန်တော်ဝင်ခွင့်ရခဲ့ပါတယ်။ ကျောင်းစရိတ်က ကြီးလို့ မာလာဝီ မှာ အထက်တန်းကျောင်းကို တက်တဲ့လူ သိပ်မရှိပါဘူး။ ကျွန်တော့်အစ်မ အင်နီဆိုရင်  အထက်တန်း မပြီးခဲ့ပါဘူး။
အထက်တန်းကျောင်းမှာ ဘောင်းဘီတို မ၀တ်ရလို့ ကျွန်တော်တစ်ယောက် ဘောင်းဘီရှည်နဲ့ဘာနဲ့ စမတ် ကျကျ ဖြစ်တော့မှာပါ။ ကျောင်းမတက်သေးခင် တစ်နေ့မှာ အားနေတာနဲ့ ကျွန်တော်နဲ့ ဂီးလ်ဘတ် တောလည် ထွက်ခဲ့ကြပါတယ်။
ကျောင်းကကျွေးတဲ့ နံနက်စာကို အရမ်းစားလို့ကောင်းပါတယ်။ အထက်တန်းကျောင်းသားဘ၀မှာ ကျောင်း ပိတ်ရက် တွေဟာ ပျော်စရာ မကောင်းတော့ပါဘူး။ ဘာပြုလို့လဲဆိုတော့ အဖေ့ကို ကူရတာ အရမ်းပင်ပန်း လို့ ပါပဲ။ စိုက်ခင်းအလုပ်တွေက ပြီးတယ်လို့ကို မရှိဘူး။ စပါးစိုက်ရ၊ ဆေးခင်းအတွက် ပျိုးခင်းလုပ်ရ၊ အပင်ကလေး တွေ ပေါက်လာတော့ ရွှေ့စိုက်ရနဲ့ တစ်ချိန်လုံးမနားရပါဘူး။
စက်တင်ဘာလ ထဲ မှာ အလုပ်နည်းနည်း ပါးသွားတာနဲ့ ကျွန်တော်နဲ့ ဂီးလ်ဘတ်ဈေးဘက်သွားပြီး ကျောက်ဒိုး ရိုက်ကြပါတယ်။ ပြီးတာနဲ့ ဂီးလ်ဘတ်တို့အိမ်ဘက် ပြန်လာခဲ့ကြပါတယ်။ လူတစ်ဒါဇင် လောက် သူတို့ အိမ်ရှေ့ ကွက်လပ်သစ်ပင်ရိပ် မှာ စုဝေးနေကြပါတယ်။ သူတို့မျက်နှာတွေက ညှိုးညှိုး ငယ်ငယ်နဲ့ပါ။ မိန်းမ တွေလည်း ပါပါတယ်။ သူတို့ခေါင်းမှာ ပူပူလောင်လောင်အရောင် ခေါင်းပေါင်းတွေနဲ့။ သူတို့အားလုံးရဲ့ လက်ထဲ မှာ ခြင်းတောင်း ကိုယ်စီကိုင်လို့။ ဂီးလ်ဘတ်က လုံးဝအံသြတဲ့ဟန် မပြဘူး။ ကျွန်တော်က ဘယ်သူ တွေလဲ၊ ဘာအတွက် ရောက်နေကြတာလဲ မေးတော့ သူက ဘာမှ မထူးဆန်းသလို ဖြေပါတယ်။
ရွာသားတွေလေကွာ၊ သူတို့မှာ စားစရာမရှိတော့ စားစရာရရ၊ ဗာဟီရအလုပ်ကလေး ရရဆိုပြီး အဖေ့ဆီ လာ တောင်းကြတာလေ။ ဒီကိုရောက်အောင် ရက်ပေါင်းများစွာ သူတို့ လမ်းလျှောက်လာခဲ့ ကြရတာ။
သူတို့ရွာ မှာ သူတို့ မလုပ်ကြဘူးလား။
ဒီနှစ် သူတို့ဆီမှာ ဘာမှ လုပ်စရာ မရှိတော့ဘူးလေ။
အဲဒီတော့ မင်းအဖေက ဘာလုပ်ပေးမလဲ။
စားစရာလေး ဘာလေး ပေးရမှာပေါ့ကွာ၊ သူခေါင်းရှောင်လို့ မရဘူးလေ။ သူက သူတို့ရဲ့ အကြီးအကဲ မဟုတ်လား။
ဟုတ်ပါတယ် ရေကြီးမိုးခေါင်းပြီး နောက်ပိုင်းမှာ ရာသီဥတု လုံးဝ မကောင်းတော့ပါဘူး။ ၀မ်းစာကလေးတွေ ထိုင်းစား ကြတာလည်း ကုန်သလောက် ရှိသွားပါပြီ။ မကြာခင် ဈေးထဲမှာ တီးတိုးသတင်းတွေ ထွက်လာ ပါတော့တယ်။ ရိက္ခာပြတ်တော့မယ်တဲ့။
တစ်နေ့မှာ အဖေခိုင်းလို့ မစ္စတာဘန်ဒါက သူ့ဆိုင်မှာ ဇွန်လဆိုရင် နယ်တကာက ကုန်တွေအပြည့် ၀ယ်လှောင် တဲ့ လူ။ ဒီနှစ်တော့ သူ့ဂိုဒေါင်ထဲမှာ ဟောင်းလောင်း။
ဒီအကြောင်းရော၊ ဂီးလ်ဘတ်အိမ်မှာ တွေ့ခဲ့တဲ့အဖြစ်ကိုပါ အဖေ့ကို ကျွန်တော်ပြောပြလိုက်ပါတယ်။ အဖေ က ပြောတယ်၊ ဒီလိုဖြစ်မယ်ဆိုတာ သူသိတယ်တဲ့။ ဘာမှမပူနဲ့တဲ့။
အစိုးရ မှာ အရံရိက္ခာတွေ ရှိပါတယ်။ ရောင်းပေးမှာပေါ့။ သူများပြောတိုင်း မစိုးရိမ်ပါနဲ့ကွာ လို့အဖေက နှစ်သိမ့် ပါတယ်။
စက်တင်ဘာလနှောင်းပိုင်း တစ်ရက်မှာ အဖေအပြင်က ပြန်လာပြီး အမေ့ကို ပြောနေသံ ကျွန်တော် ကြား လိုက်တယ်။
လယ်သမား နံပါတ်တစ် ဆိုတဲ့ သမ္မတဟောင်း ဘင်ဒါရဲ့ အတိုက်အခံပါတီဖြစ်တဲ့ မာလာဝီကွန်ဂရက် က လူထု အစည်းအဝေး လုပ်တယ်။ လူတွေအများကြီးတက်တယ်။ အဲဒီမှာ လက်ရှိသမ္မ မလူဇီရဲ့ လူတွေက လာ တားတယ်၊ ဒါကို လူထုက ၀င်ပြီး သူတို့ကို တားတယ်၊ အတိုက်အခံပါတီ ဆက်ဟောဖို့ ၀ိုင်းအော်ကြတယ်။ အဲဒီမှာ မူလူဇီရဲ့ လူတွေ လက်လျှော့သွားရတယ်။
ကြားခဲ့ရ တဲ့ သတင်းတွေက မကောင်းဘူး၊ ပြီးခဲ့တဲ့ လတွေတဲမှာ မူလူဇီရဲ့ လူတွေက အရံရိက္ခာတွေကို ထုတ်ရောင်း ပစ်ကြတယ်တဲ့။ ကင်ညာနယ်စပ်ကို ကားကြီးတွေနဲ့ အများဆုံး ပို့ခဲ့တယ်တဲ့။ တိုင်းပြည်မှာ စားစရာ မရှိတော့ဘူး။ အစိုးရက ဘယ်သူ့မှ အရေးမယူဘူး၊ ဒီနှစ် တစ်နိုင်ငံလုံး သရောကြီးခိုင်းလိမ့်မယ် လို့ ပြောနေ ကြတယ်။
အမေ က ပြန်ပြောတယ်။
ဘုရားသခင် ကို ပဲ အားကိုးရမှာပေါ့ရှင်။
မိုးခေါင်လို့ ရိက္ခအထွက် ကျရတဲ့အထဲ ကမ္ဘာ္ဘဘဏ်က မာလာဝီအစိုးရကို ကြွေးတွေဆပ်ဖို့ ဖိအား ပေးလာတယ်။ အဲဒီမှာ အစိုးရက အရံ ရိက္ခတွေကို နောက်ရောင်းလိုက်တာလို့ ပြောသံတွေ ကြားရတယ်။ အစိုးရ နဲ့ နီးစပ်တဲ့ ကုန်သည်ကြီးတွေကလည်း ဒီအရေးတွေ ကြိုမြင်လို့ လယ်ယာ ထွက်ကုန်တွေ အစောကြီး ၀ယ်ထားတယ်၊ ပြီးမှ မတန်တဆ အမြတ်တင်ပြီး ကင်ညာနဲ့မိုဇမ်ဘစ် ကို ရောင်းပြစ်တယ်လို့လည်း ကြားရတယ်။ သူတို့ လက်ထဲမှာ လှောင်ထားတဲ့ လက်ကျန်ရိက္ခာ ရှိရင်လည်း ဘယ်သူမှ ၀ယ်မစားနိုင်တဲ့ ဈေး ကို ခေါ်ကြတော့မှာပေါ့။
အဖေပြောတဲ့အတိုင်းပဲ။ ကျွန်တော်တို့တစ်တွေ အငတ်ဘေးနဲ့ ရင်ဆိုင်ကြရတော့မယ်။ ဘယ်လောက်ထိ ဆိုးရွား မလဲ ဆိုတာသာ မသိကြတာပါ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Tuesday, January 25, 2011
ခင်ခင်ထူး ၏ တောဈေး
တောဈေး
သည်ကနေ့က ဈေးနေ့ ဆိုတော့ တစ်ရွာလုံး မိုးမလင်းခင်ကတည်းကတလှုပ်လှုပ်။ လေးရက် တစ်ဈေး ဆိုတော့ ဈေးတစ်ပတ် လွတ်လိုက် လို့ မဖြစ်ပါ။ ဈေးနေ့ ကို မသိ လိုက်လေခြင်း လို့တော့ မရှိကြ။ ဈေးကြိုည ကတည်းက ၀ယ်ဖို့ခြမ်းဖို့ စာရင်းတို့ ထားကြ ရတာ မဟုတ်လား။
မနက်မိုးမလင်းခင် ကြက်ဦးတွန်ကတည်းက ဈေးကလေးဆီက အသံတွေ တအုပ်အုပ် ကြားနေရပြီ။ ဈေးဆီက ဆိုသော်လည်း နီးနီးတော့မဟုတ်ပါ။ ရောင်နီကလေး စို့လာပြီဆိုသည်နှင့် ရွာပေါင်းစုံက လှေတွေ၊ လှည်းတွေ ဈေးဘက်ကိုဦးတည်ကြပြီ။ ဈေးကမြစ် နှင့် ကပ်လျက်ဆိုတော့ မြစ်လေက ကမ်းပါး ထိပ် သောင်ကုန်း ပေါ်မှာ ရှိနေသည့် ဈေးကလေးဆီကို စွတ်စွတ်ရွတ်ရွတ် ရောက်လာတက်သေး၏။ 
ဈေးက မိုးလင်း မှ စည်သည် ဆိုသော်လည်း မနက်စောစော မှောင်ကြီးမည်းမည်း ကတည်း က ရောက်နေ ကြတာ လည်း ရှိပါ၏။  အဝေးရွာတွေက လှမ်းကြည့်လျှင် ဈေးခင်း မှောင်မှောင်ဆီက ဈေးမီးခွက် ရောင် ကလေးတွေ၊ ပိုးစုန်းကြူး ကလေးတွေ တောက်စားနေကြသလို ဖျိုးဖျိုးဖျောက်ဖျောက် မြင်နေရသည်။ ရောင်ခြည်ဦး နေခြည် ကလေး ဖျန်းပက်လိုက်သည် နှင့် မြစ်ကမ်းဘေးက ဈေးကလေး ဘွားခနဲ ပေါ်လာ ခဲ့လေပြီ။
  သည်ဈေးကလေးက လေးရက်တစ်ဈေးဆိုသော်လည်း သည်ဘက်နယ်က ရွာတွေအဖို့တော့ ဆယ်နှစ်ပွဲ ဈေးကြီး လို အားကိုးရသောဈေး ဖြစ်ပါ၏။ ပဲဈေး၊ နှမ်းဈေး၊ ကြက်သွန်ဈေးက သည်လေးရက် တစ်ဈေး မှာ ဈေးတိုက် ကြရသည်။ သူ့ရွာသူဈေး၊ ကိုယ့်ရွာကိုယ့်ဈေး သိခွင့်ရကြသည်။ ရွာသီးနှံ လာကောက်သော လက်ခွဲ ပွဲစားများ ကိုယ်တိုင် သည်ပင် လေးရက်တစ်ဈေးမှာ ကုန်ဈေးနှုန်း စနည်းနာကြရသည်။ မြို့ပွဲရုံ တွေက သက်မှတ်သည့်ဈေးကို ရွာတောင်သူတွေ ဘယ်လိုသဘောထား ကြသလဲ လာ `ထောက်` ကြရသည်။ ကျွဲ၊ နွား အလဲအထပ် အရောင်း အ၀ယ် လုပ်ကြသူတွေလည်း သည် ဈေးကလေးထဲမှာ ခြေချင်းလိမ် နေ တတ်ကြပါသည်။
ကျန်တာက ဈေးဝယ်ရင်း တစ်ရွာ့တစ်ရွာ လူကြုံပါးနိုင်သည်။ ဖိတ်စာကမ်းနိုင်သည်။ ရပ်သတင်း၊ ရွာသတင်း ကြားနိုင်သည်။ လူမမာလှမ်း မေးနိုင်သည်။ အဖိတ်အပြု၊ အမှာအကမ်း လုပ်နိုင်သည်။ အလှူပွဲ၊ ဘုရားပွဲ၊ ဇာတ်ပွဲ တွေအကြောင်း သတင်းရနိုင်သည်။ ဘယ်သူ့သားနဲ့ ဘယ်သူ့ သမီး ဘယ်နေ့ ဘယ်ရက် မင်္ဂလာဆောင် မှာ ဖြစ်လို့လာစေချင်တာလည်း ပါတတ်သည်။ ဘယ်သူတော့ဖြင့် ရောဂါသည်းလို့ ပျက်စီး လို့ ဆိုတာတွေလည်း ကြားနိုင်သည်။ သည့်အတွက် သာရေး နာရေးကိစ္စ အ၀၀အတွက် ဈေးရက်ကို ရက်တွက်ကာ ဈေးဝယ်ဖို့ ဆောင်ရွက်ကြရသည်။ မြို့ကရောက်လ်ာတက်သော အသင့်ထည်၊ စက်ထည် အ၀တ်အစား ကလေး ၀ယ်ချင်တော့လည်း သည်ဈေးကိုပဲ ပြေးလာကြရတာမဟုတ်လား။ တစ်ထည်ပြီး တစ်ထည် ကောက်စွပ်ကြည့်။ မတော်လျှင် ပစ်ချလိုက်။ တော်တာ တွေ့လည်း ဈေးကို ခေါက်ချိုး ဆစ်ကြ တော့သည်။ 
   ``မရိုးကုန်းက သန်းတင်တို့ အလှူတုန်းကများ ပိတ်ဖောက်ဇာတွေချည်း မဏ္ဍပ်ထဲ ပလူပျံသွားချက်တော့ ဒီး တိုက်လို့ မျက်လုံး မလွတ်ဘူး။ အလှူက အငြိမ့်ခဲသဲ့ အလှူကြီးဆိုတော့ တော်ရုံအ၀တ်နဲ့ မတိုးချင် ကြတာလည်း ပါသာပေါ့။ တစ်ကိုက်တစ်ထောင်ကျော် နှစ်ထောင်ကျော်အေ၊ ကိုယ်တောသူတောင်သား လော်မာရာ ကျမှန်းလည်း သိပါရဲ့။ နောင်ခါလာ နောင်ခါရောက်ရား အများတန်းတူ ၀ယ်ဝတ်ရတော့သာပဲ။``
   အထည်စကို ပိုက်ဆံလုံးခနဲ ခဲခနဲ ပေးပြီး ၀ယ်ရမှာ နှမြောတတ်ကြသူတွေဆိတော့ ပဲရိတ်၊ နှမ်းရိတ်၊ ကြက်သွန် ဖော်ချိန် ကလေးမှာ တစ်ချို့ချင်းသွင်းကြရင်း ၀တ်ကြရသည်။ တောသူတောင်သားများအဖို့ ခါးရေး ထက် ၀မ်းရေး ကို ဦးစားပေးကြရသူတွေ မဟုတ်လား။ ပေါ်တုန်းပေါ်ခါ  အခင်းက ထွက်သည့် သီးနှံ ကလေး ထုတ်ရောင်းကြကာ အိမ်အတွက် လိုအပ်သမျှ ကျီပြည့်ပုတ်ပြည့် ၀ယ်တက်ကြသည်။ ဈေးကလေး ထဲ မှာ ထွန်၊ထယ်၊ပေါက်ပြား၊တူရွင်းကအစ နွားနဖားကြိုး၊ နွားခြူလုံး၊တောစီးဖိနပ်တွေအဆုံး တောင်သူသုံး ပစ္စည်း လိုရာအကုန်ရနိုင်သည်။
ဧရာဝတီနှင့်ချင်းတွင်းကြား ရွှေလံ၊မြစ်စုတ်ဘက်ကလာရောင်းကြသော တောင်း၊ ပလုံး၊ ဆန်ကော၊ ဆန်ကာ သည်တွေကတော့ မနက်အစောထိအောင် မစောင့် ညဘက်ကတည်းက ဈေးဘက်ကမ်း ကူးလာကြ သူတွေ ဖြစ်သည်။ ရွာကနေတောင်ပလုံးတွေ လှည့်ပြီး တစ်စီးတိုက်တင်ကာ ဧရာဝတီမြစ်ကို လှေဖြင့် ညကြီး မှောင်မဲထဲ ဖြတ်ကူးခဲ့ကြရသည်။ ဈေးကိုရောက်ဖို့မလွယ်သော်လည်း မရောက်မရှိကြပါ။ ၀ီရိယ ကောင်းသူ တွေ မဟုတ်လား။ဈေးရက်တိုင်းရွှေလံမြစ်စုတ်ဘက်ကဈေးသည်တွေရောက်နေကျ၊ တောင်းပလုံး၊ ဆန်ကော၊ ဆန်ကာ ပင် မက ရွှေလံငရုတ်ကလည်း နာမည်ရလှပါ၏။ ငရုတ်သီးဆိုသော်လည်း  စပ်ခြင်း၊ ပူခြင်း မရှိ ခပ်ဆိမ့်ဆိမ့် ကလေးဖြင့် မွှေးလှသည်။ ရွှေလံငရုတ်ဆိုလျှင် ကျေးရွာ အိမ်ရှင်မတိုင်း ၀ယ်ကြ ရသည်။ ကောင်းလည်း ကောင်းတာကိုး။
သည်ဈေးကလေးကို ရောက်လာနေကျ ဈေးသည်တွေ၊ ဈေးဝယ်တွေဆိုတာကလည်း ဝေးဝေးလံလံ မဟုတ်သော တကြောတစပ်တည်း ရွာတွေကဆိုတော့ တစ်ဦးတစ်ဦး ခင်မင်ရင်းစွဲ ရှိနေကြတာကလည်း ချစ်စရာ ဓလေ့ဖြစ်သည်။ သည်ဈေးခင်းကျည်းကျည်း ကလေးထဲ လေးရက်တစ်ခါ မျက်နှာချင်း အပ်ကြရ မဟုတ်လား။ အရှေ့ကြည်းတောတန်းရွာတွေဘပကဆီက ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဂျူံစေ့၊ ကုန်ဆေး စသည့် တောထွက် ကုန်တွေ တောင်းကြီးတောင်းငယ်နှင့် လှည်းဝင်ရိုးကျိုးမတက် တင်တက်ကြသလို၊ ဆီမီးခုံ ရွာဘက်က မုန့်လက်သုတ်သည်တွေ၊ ငရုတ်သီးကြော်သည်တွေက၊ မြို့ကုန်ရောင်းချကြသော ဈေးသည် တွေကလည်း ဈေးနေ့တိုင်း လှေ နှင့် စုန်လာကြရုံသာ။
မြစ် ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း နရန်းရွာတွေက ရွာအခင်းထွက် ခရမ်းချဉ်သီး၊ခရမ်းသီး၊ ပဲသီး၊ဗူးသီး စသည့် သီးနှံလတ်လတ်ဆတ်ဆတ်တွေကလည်း ဈေးရောင်းရင်း၊ဈေးဝယ်ရင်း အချိန်တန်တော့ ကုန်ခဲ့သည် ချည်းဖြစ်၏။ တချို့ကလည်း ပဲကလေးတစ်တောင်စ၊ နှစ်တောင်းစ ရောင်းဖို့လာကြရင်း အိမ့်ဗာဟီရ ကလေး တွေ ၀ယ်ကြသည်။ ဈေးထဲမှာပဲ ငွေဖော်၊ဈေးထဲမှာပဲ ငွေသုံးကြရသူတွေပါတကား။
     ``ဟေးတင်အိ ညည်းတို့ရွာက ကိုကျောက်ဖြုံးကို ပြောလိုက်ပအေ၊ဇလပ်ကုန်းက မလှရှင်က မနှစ်တုန်းက ယူသွားတဲ့ မျိုးပဲတစ်တင်းဘိုး လာဆပ်လှည့်ဦးလို့ ငါ့ကိုမှာလိုက်လို့ဟေ့ ကြားထဲက ပြောရသော ကြွေးရှင် နှင့် ကြွေးခံ သူကြား ဘာမဆိုင် ညာမဆိုင် သူ့ကိစ္စကို ကိုယ့်ကိစ္စ လုပ်ကြသူတွေလည်းမရှားပါ။ တိုးတိုး ပြောတာ မဟုတ်တော့ ဘေးဘီက လူတွေ အကုန်ကြားနိုင်သည်။ ကိုကျောက်ဖြုံး အကြွေးရှိတာလည်း အားလုံး သိကုန်ကြ၏။ သည့်အတွက် ဘယ်ူသူ့ဘယသူမှ ရှက်စရာမလိုပါ။ ဒါမျိုးကရိုးလှပြီ။ ဘယ်သူတွေ ဘာ အရေးအကြောင်း ရှိရှိ အော်ကြီးဟစ်ကျယ် ပြောတက်ကြသူတွေကိုး။ တိုးတိုးပြောပါအေလို့ ပိတ်ချင် လို့လည်း မရပါ။ ``တိုးတိုးလုပ်နိုင်ပေါင်အေ၊ မှန်သာပြော သဲ့ဟာကို` ဆိုတာ အဆစ်ပါလာလိမ့်ဦးမည်။
  ဈေးထဲမှာ အထည်ဆိုင်က များများရှိတာမဟုတ်။ မသကာ သုံးလေးဆိုင်လောက်ရှိတာ ဆိုတော့ တစ်နယ်လုံး သည်ဆိုင်သုံး  ၊လေးဆိုင်မှာ တင်သမျှ အဆင်တွေကိုသာ ၀တ်ကြ ပေတော့။ မြို့ပေါ်မှာ အဆင်ဆန်း ပေါ်ပြီးဆိုသည်နှင့် သည်ဈေးကို မရှေးမနှောင်း ရောက်လာ တတ်သည်။ မန္တလေး၊ မြင်းခြံလို မြို့တွေ နှင့် အဆက်အစပ်ရှိသည့်ရွာ မဟုတ် လား။ 
တတ်နိုင်သူတွေက တတ်နိုင်သလို အထည်စ ကောင်းကောင်း၊ အဆင်ကောင်း ကောင်းဝယ်ဝတ် ကြသော်လည်း အများကတော့ တော်ရုံတန်ရုံနှင့် ပြီးကြ ရသည်။ သစ် ခင်းကိုင်းခင်းထဲ ဆင်းကြရသူ တွေ ဆိုတော့ ဂိုက်ဆိုက်မလိုပါ။ တော်ဝတ်တောစား ချည် ခိုင်ခိုင် ဆိုလျှင် ရပြီ။ ပွဲဝတ်လမ်းဝတ် အထည်းမျိုး ဆိုလျှင်တော့ ရိုရိုသေသေ ရှိတတ်ကြ သည်။ ပွဲဝင်ဝတ်ကြပြီ ဆိုတော့ လည်း ပရုတ်လုံး နံ့ မွှေးမွှေး ကလေးနှင့်။
ဈေးအနောက်ဘက်ခြမ်း ဧရာဝတီမြစ်ဘက်ကို ကျောပေးထားသော ရွာလက်ဖက်ရည် ဆိုင်တွေကလည်း ဈေးနေ့တိုင်း လူလုံးကြီးကျပ်ကာ စည်ကားလှး၏။ ခေါက်ဆွဲသုတ်၊ မုန့်ဟင်းခါး၊အကြော်စုံ စသဖြင့်ု ရွာမုန်ု့ ရွာသရေစာ ကလေးတွေ အဖီချခုံထိုးရောင်းကြသော မုန့်ဈေးတန်းကလေးလည်းရှိသည်။
လေးရက်တစ်ခါမှ တွေ့ရသည့်မုန့်တွေ၊သရေစာဆိုတော့   လူအုံနေတက်ပါသည်။ မုန့်ဈေးတန်း တဲကလေး တွေဆီက မီးခိုးတအူအူ။
       ကျွန်မကတော့ ရွာပြန်ဖြစ်လေတိုင်း ကျွန်မတို့ရွာနှင့်တိုင်ဝက်လောက်ဝေးသည့် ဂင်ဂဲ့ဈေးကို မရောက်မဖြစ် ရောက်အောင်သွားမြဲဖြစ်ပါသည်။ ဈေးလည်ချင်တာထက် အရွာရွာ အဝေးဝေး ပြန့်ကြဲနေကြသော ကျွန်မ ဆွေမျိုး များကို စုစုဝေးဝေး နှုတ်ဆက်နိုင်လို့ဖြစ်ပါ၏။
  ``ညည်း ဂင့်ဂဲဈေးနေ့သာ သွားပါအေ၊ လှေခ လှည်ခ မကုန်ဘဲ မျက်ခွက်တွေအကုန်လုံး တွေ့ရပါ့``
        ကြီးတော်ပြောလည်း ပြောစရာ။ မြင်သမျှ တွေ့သမျှ မျက်ခွက်တွေက အဖေ့အမျိုး၊ အမေ့အမျိုး ကင်းသည် မရှိ။ ဂင့်ဂဈေးကိုကျွန်မ ရောက်ချင်သည့် နောက်တစ်ကြောင်းက တောမုန့်ကလေးတွေ စားချင် တာလည်း ပါပါ၏။  ပြီးတော့ ဧရာဝတီမြစ်ကမ်းဘေး သဲသောင်ခုံမြင့်ပ်ါက တောဈေးကလေးကို လာရောက် ကြသော တောသူတောင်သားများ ၏ဘ၀ ဝေဒနာပေါင်းစုံကို မျှဝေခံစားချင်တာလည်း ပါ ပါသည်။ လှေနှင့်လှည်းတွေကို မ၀စတမ်းကြည့်နိုင်သော နေရာ။ ကျေးလက်သဘာဝသရုပ်ဖော် ပန်းချီကား တစ်ချပ်ပင်။
     ``အောင်လှရေ နင်တို့ရွာကို ပွဲစား စံညွန့် လာသာမြင်မိးသလား၊ ပြောလိုက်စမ်းပကွ ကြည်ရွာက ကိုပိုက် တို့ မချစ်တင်တို့က မျိုးမြေပဲအလှမ်းပေးဝယ်ချင်လို့လို့၊ မောင်အောင်ရတို့ မမိတွတ်တို့ရော၊ သန်းဆောင်တို့ ဘုမတို့ရော၊ မဆံကြော်တို့ ကကော ယူကြမှာလို့၊ ပွဲစားဆိုသဲ့ နှုန်းပေးပါ့မယ်လို့နှော၊ ကြားးသလားဟဲ့ ငါပြောသာ``
   မျိုးချိန်ကျတော့ မျိုးမြေပဲကို အလှမ်းပေးနှင့် ၀ယ်ရတာ တောင်သူထုံးစံ။ မျိုးမြေပဲတစ်တောင်း သောင်းချီ နေသည့် ခောတ်မှာ ပိုးကနဲ ပက်ကနဲ ပေးစရာ ငွေရင်းရယ်လို့ လုံးကနဲမရှိတော့ သည်လိုပဲ တစ်တောင်းဘိုး ပေးထား လျှင် မြေပဲပေါ်ချိန်ကျ ဘယ်နှတောင်း ပြန်ဆပ်ရမည်ဆိုသည့် သဘောတူညီချက်ဖြင့် ပွဲစားက ငွေကြို ပေးထားခြင်းကိုဆိုလိုပါ၏။ ပဲပေါ်ချိန်ကျတော့ ရွာခံပွဲစား ကိုစံညွန့်လက် ရှိသမျှပဲ ထိုးအပ်ကြရသည်။ နောင်ခါလာ နောင်ခါဈေး လောလောဆယ် ကိုယ့်မြေကလး ဟောင်းလောင်းပက်လက် မဖြစ်ချင်ကြ။ အချိန်တန် လျှင် သစ်စေ့ သစ်ဆံချဖို့က အရေးကြီးတာမဟုတ်လား။
      တောဆန်သည်တွေကလည်းစင်ပေါ်မှ ဇလားကြီးတွေ နှင့် ထည့်ရောင်း ကြသူတွေ ရှိသလို တာလပတ်ကြီး တွေ ခင်းကာ ပုံတိုက်အောတိုက် ရောင်းကြသူတွေလည်းရှိသည်။ ဆန်ကလေး တစ်ပြည် တစ်စိတ် ၀ယ်ရပါမည့် အကြောင်း လက်ဖ၀ါး ထဲ ထည့်ထည့်ကြည့်  ကြရတာ အမော။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၃)
''မေမေ....ဖေဖေမောင်း ဟိုမှာ ဟိုမှာ... ကြည့်ပါအုံး၊ သစ်ပင်အောက်မှာ မနက်ကလာတဲ့ ဘဘကြီး တို့....''
ကျမတို့ နှစ်ယောက်သည် မိညွှန်ပြသော နေရာဆီသို့ ကြည့်လိုက်သောအခါ ဘကြီး ဦးဘိုးဥာဏ်တို့လင် မယား မှာ သစ်ပင်လေးတပင်အောက်တွင် ငုတ်တုတ်လေးထိုင်နေကြသည်ကို မြင်ရတော့သည်၊ ဖေဖေ့ ကိုတော့ မတွေ့မိပါ။
ကျမသည် ကမန်းကတန်းပင် သူတို့ရှိရာသို့ ပြေးသွားရ၏။
''ဘဘတို့ ဘယ်လိုဖြစ်တာလဲ၊ ဖေဖေကော....''
အဘိုးကြီးလင်မယားမှာ အတော်နွမ်းနယ်နေပုံရ၏။ ကျမကိုမြင်မှ အားတက်သွားပုံရ၏။ ရင်ဖတ် ကို လက် နှင့် ဖိကာ ဘဘကြီးက အတော်ကို မောပမ်းသောအသံနှင့်ပြောပါသည်။
''အမလေး... မခင်ယုရေ၊ ခြောက်ဆယ့်ခြောက်နှစ်ပြည့်လို့ မသေ၊ နင့်အဖေ မောင်ဘ - တို့ကို သတ်လို့ သေလိမ့်မယ်၊ မနက်က နင်လဲရုံးထွက်သွားရော တို့ကို ထမင်းကျွေးပြီး ''သူ့ကားကို စောင့်မနေနဲ့တဲ့၊ ခင်ဗျား တို့ကို အစုံ ကျုပ်လိုက်ပို့မယ်''ဆိုပြီး ဆွဲခေါ်လာတာဘဲ၊ ဘုရားတွေတော့ စုံပါရဲ့၊ ဘတ်စ်ကား တွေက တဖြေးဖြေး ကြပ်လာတော့ တချို့နေရာတွေမှာ ကုန်းကြောင်းလျှောက်လာရတာ ငါသေတော့မယ်၊ ဒီ ကမ္ဘာအေး ရောက်တော့ ဘုရားကုန်းပေါ် အနှံ့ လျှောက်အုံးမယ်တဲ့လေ၊ မင်းဖာသာ သွားတော့ တို့ တော့ မလိုက်နိုင် တော့ဘူးဆိုပြီး ဒီမှာ နေရစ်ခဲ့ရတော့တယ်၊ မင်းအဖေတော့ သွားလေရဲ့.... ''
ကျမ မှာ အတော်စိတ်ထိခိုက်သွားပါသည်။
''ဒါကြောင့် ကျမသိတ်စိတ်ညစ်တာ အဘရဲ့.... သူက သူထင်ရာသူ စွတ်လုပ်တာဘဲ၊ တခြားလူ လုပ် နိုင်လား မလုပ်နိုင်လား လဲ မသိဘူး၊ ခုလဲ ဘယ်ထွက်သွားလဲမသိ၊ သူ ဘယ်သွားသွား၊ ဘဘတို့ အေး အေး အဖျော်ရည် တခွက်စီ လောက်တော့ သောက်ကြပါအုံး.... ကားနဲ့ တခါထဲပြန်ပို့မယ်.... ''
ဘဘ မှာ ပန်းနာရှိသူဖြစ်၍ ကျမက ပိုသနား၏။
''မသောက်ပါရစေနဲ့တော့ကွယ်.... အိမ်ကိုသာ ပြန်ပို့ပါတော့၊ သူနဲ့သာဆိုရင် ငါသေလိမ့်မယ်....''
အတော်ပင်တည်း၊ ဦးစံငွေပြန်ရောက်လာ၍ ဘကြီးဦးဘိုးဥာဏ်တို့လင်မယားကို တခေါက်သတ်သတ် ပြန်ပို့ခိုင်း ရ၏။ ကျမတို့မှာ အဘ ဦးဘိုးဥာဏ်တို့ နားနေခဲ့ရာ သစ်ပင်အောက်တွင် ဖေဖေ့ကို စောင့်ခေါ် ခါ နောက်တခေါက် ကားနှင့် မှ ပြန်လာရပါတော့သည်။
ဖေဖေ ကတော့ ဟန်ပင်မပျက်ပါပေ။
ဘကြီး ဦးဘိုးဥာဏ်သည်လည်း ဖေဖေပြောသော အသက် ခြောက်ဆယ့်ခြောက်နှစ်တွင်မသေခဲ့၊ တနှစ် ကမှ ဆုံး၍ သွားပါသည်။
ဦးအချိန်မှန်
ဆူးလေဘုရားလမ်းတိုက်တွင်နေစဉ်က ခြေတဖက်ဆွဲရုံသာဆွဲနေသေး၍ လမ်းကောင်းကောင်း လျှောက်နိုင် နေသေး ရာ တခါတရံ သူစိတ်ပါလက်ပါရှိသောနေ့တွင် ရေနွေးဘူးထဲ ကော်ဖီထည့်ပြီး စားစရာသောက်စရာ အစုံအလင် နှင့် ကျောက်မြောင်းသြဘာလမ်း ရှိ သမီးအလပ်အိမ်သို့၎င်း၊ ရွှေတိဂုံ ဘုရားမြောက်ဖက် အာဇာနည်ကုန်း နားရှိ ခြံတွင်နေသော သားအကြီးဆုံး ဗိုလ်မှူးသီဟ အိမ်သို့၎င်း ကုန်းကြောင်း လျှောက်တတ် ပါသည်။
ထိုစဉ်ကတည်းက ဦးနုမှာ ၀န်ကြီးချုပ်ရာထူးမှ ခဏခဏ ထွက်ဖို့အကြောင်း စီစဉ်၏။ သူစီစဉ်တိုင်း ကျမ မှာလည်း အတွင်းရေး အတွင်းဝန်အဖြစ်မှ နှုတ်ထွက်ဖို့ပြင်ရ၏။ ဘာကြောင့်ပြင်ရသနည်းဆိုသော် အဓိက အကြောင်းရင်း မှာ ဖေဖေပါပင်တည်း။ အစိုးရအလုပ်မှ ထွက်လျှင် အစိုးရအိမ်ကို ပြန်အပ်ရမည်၊ ဖေဖေနှင့် ရပ်ကွက်ထဲ ရှိ အိမ်များကို ငှားနေ၍ဖြစ်မဖြစ်၊ ထိုအချက်မှာ အဓိကထား၍ စဉ်းစားရသော အချက်ဖြစ်၏။
ယခု ဆူးလေဘုရားလမ်းပင် ကုလားများကြားထဲတွင်နေရ၍ ရပ်ကွက်ကို အားမနာရခြင်း ဖြစ်သည်။ မြန်မာ ဆို၍ ဦးလေးချစ် (ကောက်ပဲသီးနှံ)နှင့် ဒေါ်နုနုတို့ အိမ်ထောင်စုတစုသာရှိသည်။
ဒါတောင် ပြောင်းစက ၀ါးခယ်မမှ မိတ်ဆွေတယောက် ဆူးလေဘုရားဖူးပြီး ဘုရားလည်း ပလက်ဖောင်း ပေါ်လျှောက် ၍ ကျမတို့အိမ်ရှိရာဘက်သို့ ကူးလာရာ ဖေဖေက တိုက်ပေါ်က လှမ်းမြင်လိုက်ပါသည်။ ဘယ်လောက် ၀မ်းသာအားရစိတ် နှင့် ဘယ်လောက်အော်ဟစ်ခေါ်လိုက်သည်မသိပါ။ အိမ်ခန်းနားနီးချင်း ကုလား များရော လမ်းဘေးကပ်ရပ်ထားကြသည့် မော်တော်ကားများမှာ ဒရိုင်ဘာများပါ ဓားမြတိုက် သည် ထင်ပြီး အိမ်ပေါ်ပြေးတက်လာသောကြောင့် မနည်း အကျိုးအကြောင်း ရှင်းလင်းပြောပြ၍ တောင်း ပန်လွှတ် ရတော့သည်။
''သမီးတို့ဖေဖေ ပြောပုံ၊ ဆိုပုံ၊ နေပုံနဲ့တော့ မောင်နု ရာထူး က ထွက်ယင် သမီးတို့နေဘို့ အိမ်လိုတယ်၊ ရပ်ကွက် ထဲတော့ မဖြစ်ပါဘူး... လူဝေးဝေးတနေရာမှာ ခြံလေးတခြံတော့ ၀ယ်ပါသမီး၊ ခြံထဲမှာတော့ တဲလေးဘဲ ထိုးနေရ နေရပေါ့၊ တော်တော်ကြာ ဖေဖေ့အတွက် ဘေးလူတွေ စိတ်ဆင်းရဲစရာကြီး...''
ကျမတို့သည် ဖေဖေပေးသော အကြံဥာဏ်အတိုင်းပင် ယခုဂွတ္တလစ်ရပ်ကွက်ရှိ ဧက၀က် မပြည့်တပြည့် လောက် ကို သုံးထောင်ပေး၍ ၀ယ်ယူထားရပါသည်။
မြေ၀ယ်ပြီးပြန်တော့လည်း တဒုက္ခ၊ ဖေဖေသည် ထမင်းစားသောက်ပြီးလျှင် ဓါတ်ဘူးထဲ လဘက်ရည် အချို ဖျော်ထည့်ပြီး မုံ့မျိုးစုံထည့်ယူသွားခါ သူစိုက်ချင်သည့် သစ်ပင်မျိုးစုံ မျိုးစေ့မျိုးစုံနှင့် ထွက်သွားလိုက် သည်မှာ မိုးစုတ်စုတ်ချုပ် မှ ပြန်လာတော့သည်။
တခါတရံ ကျမရုံးမှပြန်လာချိန်အထိ ဖေဖေက ပြန်မရောက်သေးပေ။
''နုနုရေ.... ဖေဖေ မိုးချုပ်လိုက်တာကွယ်'' ကျမကား ပူပင်သောကများသူတည်း။
''ပူမနေ နဲ့ ကားတိုက်ခံထိလဲ ဆေးရုံကြီးက လာအကြောင်းကြာလိမ့်မပေါ့၊ အဲဒီတော့မှ လိုက်သွားလိုက် ကြတာပေါ့''
နုနုကတော့ ဘယ်တော့မဆို စိတ်သက်သာသောလမ်းကို ကြံဖန်တွေးသူတည်း၊ တနေ့တွင်တော့ ကျမတို့ အကို ၀မ်းကွဲတော်သူ ကိုချစ်ထွန်းသည် ညနေခြောက်နာရီလောက် သူ့ကားနှင့် ပေါက်လာ၏။ သူ့ကားထဲ တွင် ဖေဖေပါလာသည်။ ကိုချစ်ထွန်းသည်လည်း ကျမတို့ခြံရှေ့ရှိ မြေကွက်ကို ၀ယ်ထားသူ ဖြစ်၏။
သူက အိမ်ပေါ်ရောက်ရောက်ခြင်း ထိုင်ပင်မထိုင်။
''မယုရယ်... ဦးလေးတယောက် ဒီလိုဘဲ လျှောက်သွားနေတာဘဲလား၊ ကိုယ်ခြံထဲကအပြန် ဂွတ္တလစ် လမ်းမကြီးပေါ် ကားမောင်းလာတော့ ဦးလေးကို လမ်းထောင့်နားမှာတွေ့လို့ ခေါ်လာခဲ့တယ်၊ မှောင်စ လဲ ပျိုးနေဘီ၊ ကားတိုက်မိမှဖြင့် ဒုက္ခပါဘဲ'' သူက ဂရုဏာဒေါသနှင့် ကျမကိုပြောပါသည်။ ကျမက ဘာမှ ပြန်မဖြေသေးဘဲ ကိုချစ်ထွန်းကို ထိုင်ဖို့နေရာ ပေးလိုက်၏။ ပြီးတော့ ကိုချစ်ထွန်းပြောသည်ကို ဖေဖေ့အား စာရေး ပြလိုက်၏။ သူသည် ကင်းဘတ်ရူးဖိနပ်ဖြူကိုချွတ်ရင်း ကျမရေးသောစာကို ဖတ်ကြည့်က ခုနှစ်သံ နှင့်အော်ပါတော့သည်။
''အောင်မယ်... သူ့ကားကို ငါကစီးချင်လွန်းလို့ ဝေးပါသေး၊ ငါ့ကိုလဲ သူက ကားပေါ်အတင်းတက်ပါဆို လို့ ခေါ်လို့လဲတက်ရသေး၊ နောက်ကိုမခေါ်စေနဲ့ ငါ့ဖာသာ လမ်းလျှောက်နိုင်တယ်လို့ပြောလိုက်....''
သူ စကားပြောသော နေရာနှင့် ကိုချစ်ထွန်းထိုင်သောနေရာမှာ ခန်းဆီးတခုသာခြား၍ ကိုချစ်ထွန်းက အားလုံး ကြားရပါသည်။
''ကဲ.... ကြားပြီလား ကိုချစ်ထွန်းရေ၊ သူ့အပေါ် ကျမတို့က မြင်နေတာကတမျိုး၊ သူ့ကိုယ်သူ ထင်နေတာက တမျိုး...''
ကျမ က ဆက်လက်ရှင်းပြမှ ကိုချစ်ထွန်းမှာ သဘောပေါက် ရယ်မောကာ ပြန်သွားပါတော့သည်။
စစ်ကြီးဖြစ်နေစဉ် အတောအတွင်းကပင် ၀ါးခယ်မမြို့သည် စစ်လမ်းမကျ၍ ငြိမ်းအေးနေသည်တော့ မှန်၏။ တခါတရံ တော့ လေယာဉ်ပျံဝဲကာ စက်သေနတ်နှင့် လာ၍ ပြစ်တတ်၏။
အိမ်ရှိလူအိုများကို လေကြောင်းရန်လုံခြုံရာသို့ ပို့ပြီးသည့်နောက် ဖေဖေ့ကို လိုက်ရှာလျှင် များသော အားဖြင့် ခြံထဲ ရှိ အုံးပင်အောက်တွင် အုံးလက်များကို အုံးတံမျက်စီးတန် လုပ်ရန် သင်၍နေတတ်သည်။
မေမေ့မှာ ''လင်''ဟူသော သံယောဇဉ် ဗျာပါဒဖြင့် သူကိုယ်တိုင်လည်း ပြေး၍သွားခေါ်ပါသည်။ ကျမတို့ ကိုလည်း...။
''ဟဲ့... သမီးတို့ဖေဖေကို ဆွဲခေါ်ပါအုံး၊ လေယာဉ်ပျံသံ သူကြားမှာမဟုတ်ဘူး''ဟု အော်တတ်၏။ လေယာဉ်ပျံ သာပျံ၍ သွားသည် ဖေဖေကတော့ ထိုင်ရာမှမထ။
''တင်တင် ဘာဖြစ်တာလဲ....''
မေမေက လေယာဉ်ပျံလာ၍ စက်သေနတ်ပြစ်ကြောင်း ပြောပြ၏။
''အလကားဘဲ စိတ်ပူနေ၊ စစ်ဖြစ်သလေး ဘာလေးနဲ့ အရူးထနေကြဒါသိလား၊ ဘာမှကြောက်စရာ မရှိဘူး''
သူက ဘာမှမတုံမလှုပ် ရောဂါရ၍ နားသာလေးသွားသည် ဟိုစဉ်ကတည်းက နေ့စဉ်အင်္ဂလိပ်မြန်မာ သတင်းစာ ဂျာနယ်များ ကို ဖတ်သည်၊ ရီးဒါးဒိုင်ဂျက်၊ လိုက်ဖ်တိုင်းမ်၊ နယူး(စ်)၀ိခ် စသည်များကိုလည်း ဖတ်သည်။ သို့သော် သူက စစ်ဖြစ်ခြင်းကို မယုံ၊ ခေါင်းဆောင်များ အရူးထကြသည်ဟူ၍ပင် စွတ်စွဲလိုက် သေးသည်။ ယခုလည်း သူ့အိပ်ခန်းတွင် စာအုပ်ပုံမှာ မပြည့်။
ကျမပင် အင်္ဂလိပ်စာ တတ်စက ဖေဖေ့ခေါင်းရင်း ဘုရားစင်မှ အင်္ဂလိပ်စာအုပ် လွယ်လွယ်ကလေးများ ကို စ၍ ဖတ်ခဲ့ရ၏။ အမှန်တော့ နတ်သမီးပုံပြင်ကလေးများကိုသာ အဖတ်များ၍ ၀တ္ထုကိုတော့ ထိုစဉ်က ပထမဆုံး ဖတ်ဘူးသည်မှာ (EASTERN LOVER) ဟုခေါ်သော စာအုပ်ဖြစ်သည်။ ထိုဝတ္ထုလေးကို စွဲလမ်းခဲ့ သည် ကလည်း ၀တ္ထုကြောင်းကို လည်လည်ပတ်ပတ် ဖတ်တတ်၍ မဟုတ်ပါ။ ထိုဝတ္ထုထဲတွင်ပါ သော ကဗျာလေး ကို ကြိုက်၍ဖြစ်ပါသည်။ ကဗျာလေးပင်ဖြစ်သည် ကဗျာပိုဒ်ကြီးတခုလုံးကို မဟုတ်။
(မှတ်ချက်)။    ။ဝတ္ထုစာအုပ်သည် အင်္ဂလိပ်လိုရေးထားသော စာအုပ်ဖြစ်သဖြင့် သူ့အတိုင်း ရေးထည့်ရခြင်း ဖြစ်ပါသည်။ မြန်မာလိုတော့ (အရှေ့တိုင်းက ချစ်သူ)ခေါ်မလားမသိ။
    You are a man and Strong,
    I am a Woman and Weak.
    You are The World to me,
    I am nothing to you.
ထိုကဗျာအပိုဒ်ကလေးကို စွဲရင်းမှ အင်္ဂလိပ်ဝတ္ထုလွယ်လွယ်လေးများကို စွဲလမ်းလာရခြင်းဖြစ်၏။
(မှတ်ချက်) သူ့နဂိုရ် အင်္ဂလိပ်စာပိုဒ်အတိုင်း ရေးပြရသည်ကို ခွင့်လွှတ်ပါ။ သူဆိုလိုချင်သည်ကိုတော့ တတ်နိုင် သမျှ ဖေါ်ပြပါမည်။
    ''သင့်မှာ ယောက်ျားဖြစ်၍ စွမ်းအားနှင့်သူဖြစ်ပါသည်။ ကျမမှာ မိန်းမသားဖြစ်၍ အားနွဲ့သူဖြစ်ပါသည် ကျမ အားထားရာ ကမ္ဘာတခု ကဲ့သို့ ဖြစ်ပါသော်လည်း ကျမသည် သင့်အတွက် ဘာမျှ ထည့်သွင်း စဉ်းစား စရာ သတ္တ၀ါတယောက် မဟုတ်ပါ'' ဟုများ ဆိုလိုခြင်း ဖြစ်ပါလေသလားမသိ၊ အမှန်တော့ ကျမ ဘာသာပြန်မတတ် ၍ သူ့ကဗျာအရသာမှာ ပေါ့သွားကောင်း ပေါ့သွားပါမည်၊ အနီး ကပ်ဆုံး ရှင်းရှင်းရေးရလျှင်တော့ မင်းသုဝဏ်၏ ကဗျာတပုဒ်ကို ဖတ်ဘူးကောင်းဖတ်ဘူးပေလိမ့်မည်။
    ''သင့်မှာ ကျွန့်တွက်၊ တဆံရွက်မျှ၊
      ချစ်သက် ချစ်ငွေ့မကျန်၍'' ဟူသော ကဗျာပိုဒ်ဖြစ်ပါသည်။
သူကမည်မျှပင်ချစ်ပါသော်လဲ သူ့ချစ်သူကမူ ဆံချည်းမြှင်လေး တမြှင်စာလောက်မှ ချစ်သက်ချစ်ငွေ့ သူ့အပေါ်တွင် မရှိပါသေးဟု ဆိုလိုကောင်း ဆိုလိုပေလိမ့်မည်။ စာဖတ်ပရိသတ်အနေနှင့် ''ကဗျာက ဘာမှလဲမဟုတ်ဘဲနဲ့ သူက ဘာကိုများ စွဲလမ်းပါလိမ့်''ဟု ထင်ကောင်းထင်ပေလိမ့်မည်၊ ခက်ပေသား၊ စာရေးဆရာ ညာဉ်ပါလာသူသည် ငယ်ငယ်ကတည်းကပင် သူများမစွဲလမ်းချင်သည့်အရာများ၊ သူများမ ခံစား တတ်သည် များကို တွေ့သိခံစားတတ်သူများဟု ထင်ပါသည်။
သို့သော် ယခုအချိန် ကျမသည် ကလောင်တန်ကို ကိုင်၍ ''ခင်နှင်းယု''ဟူသော ကလောင်အမည်တခု ကို ပိုင်လာသောအခါ ချစ်သူလည်းရှိ၏။ မုန်းသူလည်းရှိ၏။ စာပေလာမေးတိုင်း ကျမကတော့ စိတ်ရှည် လက်ရှည် ဖြေမှာဘဲ။ ဒီလိုပြောတော့လဲ မေးသူများမှာ ဘာမှမပြောပြန်တော့ပေ။
ဖေဖေ့ အကြောင်း ရေးရာမှ မေမေ့အကြောင်းရောက်၊ မေမေ့အကြောင်းရေးရာမှ စာပေအကြောင်း ရောက်သွား ပြန်သည်။ စာရေးသည်ဆိုသည်မှာ ဆွယ်တာထိုးသည်ကို ဖျက်သည်နှင့်တူပေသား၊ အစ တစဆွဲရုံ နှင့် တပြုံကြီး ပါလာတတ်ပေသည်။
ကျမ ၏ စိတ်ကူးသည် ဆူးလေဘုရားလမ်းတိုက်ကြီးမှသည်၊ မေမေနှင့် ၀ါးခယ်မအိမ်အိုကြီးသို့ စိတ် ရောက် သွား၏။ ရှေ့ဘက်တွင် ဖော်ပြခဲ့သလို မေမေသည် သူ့ဆုတောင်းအတိုင်း အကယ်၍များ ''ဖေဖေသာ ငါးမိနစ် ခန့် ပြန်လည်နားကြားပါခဲ့လျှင် သူပြောလိုသော စကားများသည် ဘာတွေများဖြစ်ပါ မည်နည်း...'' တနုံ့နုံ့ တွေးကာ ကျမတို့ ဂွတ္တလစ်အိမ်ကို ပြန်ရောက်လာခဲ့ပါသည်။ ပေါင်ရင်းအနာခွဲစိတ် ပြီးမှ တခြား အနာဖြင့် ဒေါက်တာကြီးပေါ ထံ သို့ ဖေဖေဒုတိယအကြိမ် ပြန်လည်သွားရခြင်းဖြစ်၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၉)
အခန်း (၄)
ကျွန်တော် ဆယ့်သုံးနှစ်ထဲ ရောက်လာတော့ ကျွန်တော့်တစ်ကိုယ်လုံး ပြောင်းလဲလာ တာကို သတိ ပြုမိပါတယ်။ ကျွန်တော်တစ်ယောက် လူပျိုဘ၀ထဲကို ၀င်ရောက်လာခဲ့ပါပြီ။
ငှက်ပစ် မထွက်တော့ဘဲ ရဂီးလ်ဘက်ကို ဂျက်ဖရီတို့နဲ့ တွဲပြီး ဈေးထဲမှာ လတ်လျား လတ်လျား လုပ်တတ် လာပြီ။ ဈေးပိုင်းမှာ ရွယ်တူတွေနဲ့ ကျောက်ဒိုး ပစ်တမ်း ကစားကြပါ တယ်။ ဘော်လုံးပွဲနားထောင်လို့ အားပေး တဲ့ ဘက်က အသင်းရှုံးရင် စိတ်ဓာတ်တွေ အကျကြီး ကျပြီး အိပ်ရာထဲ လဲမတတ်ဖြစ်သွားရော၊ ဒါကြောင့် ဘောလုံးပွဲလည်း နားမ ထောင်ဘဲ နေလိုက်ရပါတော့တယ်။
အဲဒီ အချိန်လောက်မှာပဲ ဂျက်ဖရီက ရေဒီယိုအပျက်တွေရှာပြီး တစ်စစီဖြုတ်ကြည့်တဲ့အလုပ် စပါတယ်။
အဲဒီမှာ ကျွန်တော်နဲ့ပေါင်းပြီးရေဒီယိုပြင်တတ်အောင် လေ့လာကြပါတယ်။
မာလာဝီနဲ့ အာဖရိက နိုင်ငံတော်တော်များများမှာ တယ်လီဗေးရှင်း လွှင့်ဖို့ လျှပ်စစ်မီးမရှိ ကြပါဘူး။ ရွာကလေး ရဲ့ အပြင်ဘက်က ကမ္ဘာကြီးထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိဖို့ ရေဒီယိုကိုပဲ အားကိုးကြ ရပါတယ်။ ချုံနွယ်ပိတ်ပေါင်းတွေနဲ့ ရွာကလေးတွေက စပြီး မြို့ကြီးပြကြီး လမ်းမပေါ်တွေအထိ လူတွေ ရေဒီယို နားထောင်ကြပါတယ်။ လက်ကိုင်ရေဒီ ယိုသေးသေးကလေးတွေပါ။ မာလာဝီတေးဂီတနဲ့ အမေရိကန် သီ ချင်းတွေကို ဘလင် တိုင်း ယားကလွှင့်တဲ့ ရေဒီယိုတူး  အစီအစဉ်က ကြားနိုင်ပါတယ်။
လီလွန်းဂွေ က လွှင့်တဲ့ သမ္မာကျမ်းစာတွေလည်းပါတတ်ပါတယ်။
မာလာဝီ အသံလွှင့်ဌာနကို လွတ်လပ်ရေးရပြီးကတည်းက စတင်လွှင့်ထုတ်ခဲ့ပါတယ်။ ကျွန်တော် တို့မာလာဝီ တွေဟာ ရေဒီယိုကို မိသားစုဝင်လို သဘောထားကြပါတယ်။ အဖေက ကျွန်တော် မမှတ်မိ တဲ့ အချိန်တွေ အကြောင်း ပြန်ပြောင်း ပြောပြတဲ့အခါ ရေဒီယိုအကြောင်း အမြဲပါတတ်ပါတယ်။ အမေရိကန်က ဒေါ်လီပါတန် နဲ့ ကင်နီရောင်ဂျားစ်တို့အသံကို စတင် ကြားဖူးကြောင်း၊ ရောဘတ်ဖူမူလာနီကိုလည်း ရေဒီယို မှာ နားထောင်ရလို့ သူ စွဲလမ်းခဲ့တာ ဖြစ်ကြောင်းတွေပေါ့။
အဲဒီခေတ်တုန်းက လယ်ယာကဏ္ဍကို ဦးစားပေးတယ်၊ သမ္မတဘင်ဒါ က လယ်သမားဟာ တိုင်းပြည် ရဲ့ပထမ အရေးကြီး လူတန်းစားလို့ ပြောခဲ့တယ်၊ မာလာဝီတိုင်း တောရှင်းဖို့၊ ထွန် ရေးညက်ဖို့ အမြဲတမ်း တိုက်တွန်း တယ်၊ မိုးမကျမီစိုက်ကြဖို့ အမြဲသတိပေးတယ်၊ နွားချေး ဖြန့်ဖို့လည်း အမြဲပြောတယ်။
ကျွန်တော်တို့ခေတ်ရောက်တော့ ကျမ်းစာနဲ့ တနင်္ဂနွေနေ့မှာလာတဲ့ ထိပ်တန်းသီချင်း အပုဒ် နှစ်ဆယ်ကို မလွတ်တမ်း နားထောင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့တိုင်းပြည်မှာ ရေဒီယို ၀မ်းနဲ့ ရေဒီယို တူး အသံလွှင့်ရုံ နှစ်ခုပဲ ရှိပါသေးတယ်။ နှစ်ခုစလုံး အစိုးရပိုင် အသံလွှင့်ဌာန တွေပါ။ ဒါကြောင့်လည်း ပြင်ပကမ္ဘာကြီးကို လှမ်းကြည့် ဖို့ ကျွန်တော်တို့ရဲ့ ပြတင်းပေါက်က လေးက ကျဉ်းလွန်းတာပေါ့။
ပထမဦးဆုံး ရေဒီယိုကို နားထောင်ရတဲ့အချိန်ကစပြီး အထဲမှာ ဘာတွေထည့်ထားသလဲ။ ဘာကြောင့် အဝေးကြီး အသံ တွေ ဒီအထဲရောက်လာတာလဲဆိုတာ ကျွန်တော်သိချင်နေခဲ့ တယ်။
ဂျက်ဖရီနဲ့ ကျွန်တော် ရေဒီယိုအပျက်ကို စဖွင့်တုန်းက ၀ိုင်ယာကြိုးကလေးတွေ၊ ဆိုက်ကစ် ပြား ကလေးတွေ ကို ကျွန်တော်ငေးကြည့်နေမိတယ်။ ဒီဝိုင်ယာကြိုးကလေးတွေက ဘာလုပ် နေတာပါလိမ့်။ ဘာလို့ အရောင် တွေ ခွဲထားတာပါလိမ့်။ ပြီးတော့ ဘယ်ကလာလို့ ဘယ်မှာ ဆုံးတာလဲ။ သည် ပလတ်စတစ်ပြားကလေးတွေ၊ ၀ိုင်ယာကြိုး အတိုအစ ကလေးတွေ ကြောင့် ဟိုအဝေးကြိးက အသံတွေ ကျွန်တော်တို့အိမ်ထဲကို ဘယ်လို ရောက်လာတာပဲ။ ဟိုးအဝေး ဘုရားကျောင်းက တရားသံတွေ၊ တခြားနိုင်ငံက တေးဂီတသံတွေ ကျွန်တော် တို့ ဆီရောက်အောင် ကြံဆောင်သူရဲ့အသိဥာဏ်ဟာ အံ့မခန်းပါလား။ ဒီအတတ်ပညာမျိုး သူ ဘယ်က ရတာ ပါလိမ့်။
ဟိုစမ်းသည်စမ်းနဲ့ ကျွန်တော်တို့ တဖြည်းဖြည်းသိလာတယ်။ ဆိုက်ကစ်ပြားကလေးတွေထဲ က ၀ိုင်ယာကြိုး ကလေးတွေ စုပြီး အကြီးဆုံးအပြားမှာ ပေါင်းလိုက်ရင် အသံဖြစ်လာတယ်။ ပြီးတော့ ပဲစေ့ကလေးတွေနဲ့တူတဲ့ ထရန်စစ္စတာလေး တွေက ဓာတ်အားကို ထိန်းပေးပြီး စပီ ကာနဲ့ ဆက်သွယ်ပေးတယ်။ ဒါကို ကျွန်တော်တို့ ဘယ်လို သိသလဲ ဆိုရင် ထရန်စစ္စတာတစ် လုံးကို ဖြုတ်ကြည့်လိုက်တဲ့အခါ အသံသိသိသာသာတိုးသွားတာ တွေ့ရ လို့ပါပဲ။ ကျွန်တော် တို့မှာ ခဲဂဟေတို့တဲ့၊ ဂဟေဆော်တဲ့ဂေါက် မရှိပါဘူး။ သွတ်နန်းကြိုး တုတ်တုတ် တစ်ခု ကို ပူရဲလာအောင် မီးဖုတ်ပြီး ဆိုက်ကစ်ထဲက ဂဟေကို ဖြုတ်ရ၊ တို့ရတာပါ။
အက်ဖ်အမ်တို့ အေအမ်တို့ဆိုတဲ့လိုင်းတွေကို ဘယ်လိုဖမ်းတယ်ဆိုတာလည်း ကျွန်တော် တို့သိလာတယ်။ ရေဒီယို မှာ အင်တီနာလို့ခေါ်တဲ့ အာရုံခံပစ္စည်းပါတယ်။ အေအမ်လိုင်းကို ဖမ်းဖို့ သူ့ရဲ့လှိုင်းတွေကရှည်တော့ အတွင်းမှာ အင်တီနာထည့်ပေးရတယ်။ အက်ဖ်အမ်ကျ တော့ လေထဲမှာ ဖမ်းရတာ လှိုင်းကကျဉ်းပြီး သေးငယ် တာ ကြောင့် အင်တီနာကိုအပြင် ထုတ်ထားရတယ်။ အက်ဖ်အမ်ဟာ အလင်းရောင်လိုပဲ။လှိုင်းက သစ်ပင် အမြင့်တွေ၊ အဆောက်အအုံမြင့်မြင့်တွေနဲ့တိုးရင် အတားအဆီးဖြစ်သွားတတ်တယ်။ အနှောင့် အယှက် ဖြစ်တတ်တယ်။
ကျွန်တော်တို့နှစ်ယောက်ဟာ အတွေ့အကြုံကို အခြေခံပြီး သင်ကြားခဲ့ကြတယ်။ ကျွန်တော်တို့ ပညာရဖို့ အတွက် ရေဒီယို တော်တော်များများလည်း စတေးခံခဲ့ကြရတယ်။ အိမ်နီးနားချင်း အဒေါ်တွေ၊ ဦးလေး တွေရဲ့ ရေဒီယိုတွေ ကို ဟိုအိမ်လည်တောင်း၊ ဒီအိမ် လည်တောင်းနဲ့ပေါ့။ ဂျက်ဖရီအခန်းထဲက သေတ္တာ တစ်လုံး ထဲမှာလည်း ၀ိုင်ယာကြိုးတွေ အ ပြည့်၊ အမှားပေါင်းများစွာကို ဖြတ်သန်းပြီးတဲ့နောက်မှာတော့ သူတို့ ရေဒီယို အပျက်ကလေး တွေ ကိုင်ပြီး ကျွန်တော်တို့ဆီ ရောက်လာကြတယ်။ မကြာခင်မှာပဲ ကျွန်တော်တို့ရဲ့ အလုပ် ကလေး စဖြစ်ပါတော့တယ်။
သူ့အမေ ရဲ့အိမ်နောက်မှာ တွဲထားတဲ့ ဂျက်ဖရီရဲ့အိပ်ခန်းကလေးဟာ ကျွန်တော်တို့ရေဒီယို ပြင်ဆိုင် ဖြစ်လာပါပြီ။ အလုပ်အပ်မယ့်လူတွေကို ကျွန်တော်တို့ တမျှော်မျှော်နဲ့ပေါ့။ ကြမ်းပြင် ပေါ်မှာတော့ ၀ိုင်ယာကြိုး တွေ၊ ဆိုက်ကစ်ပြားတွေ၊ မော်တာသေးသေးကလေးတွေ၊ ရေဒီယိုအခွံတွေ ရှုပ်ပွလို့ပေါ့။ ဈေးဦးဖောက် သူကတော့ ဟိုဘက်ရွာက အဘိုးကြီးတစ် ယောက်ပါ။ ရေဒီယိုကလေးကို ချိုင်းကြားမှာ ကြက် တစ်ကောင် ပိုက်သလို ပိုက်လာပါတယ်။
''၀င်ပါခင်ဗျာ၊ ၀င်ပါ''
''ဒီမှာ ရေဒီယိုပြင်တယ် ကြားလို့''
''ဟုတ်ပါတယ် ခင်ဗျာ၊ ကျွန်တော်တို့နှစ်ယောက် ပြင်ပေးနိုင်ပါတယ်။ ဘယ်လိုဖြစ်တာလဲ၊ တဆိတ်ပြောပြပါ ခင်ဗျာ''
''ဟင် မင်းတို့နှစ်ယောက် က ချာတိတ်ကလေးတွေပဲ၊ ဘယ်လိုလုပ် ရေဒီယို ပြင်တတ်မှာ လဲ''
''စိတ်ချပါ ခင်ဗျာ၊ ကျွန်တော်တို့ ပြင်တတ်ပါတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာသာ ပြောပြပါ''
''ဖမ်းလို့ မရတော့ နားမထောင်ရတော့ဘူးပေါ့''
''ခဏကြည့်ပါရစေ၊ အင်း ရပါတယ်၊ ကျွန်တော်တို့ လုပ်နိုင်ပါတယ်၊ ညနေပိုင်းလောက် ပြန်လာပါ ခင်ဗျာ''
''ခြောက်နာရီ လောက် အပြီးလုပ်ပေးပါကွာ၊ ဒီနေ့ စနေနေ့ကွ၊ ရေဒီယိုပြဇာတ်ရှိတယ်''
''စိတ်ချ အဘ၊ စိတ်ချ''
 ရေဒီယိုဘယ်နေရာမှာ ဘာဖြစ်နေပြီဆိုတာ သိပြီးတဲ့နောက် ကျွန်တော့်အတွက်လိုတာက လျှပ်စစ် ဓာတ်အား ပါပဲ။ ကျွန်တော်တို့ဆီမှာ လျှပ်စစ်ဓာတ်အား မရှိတော့ ဘက်ထရီကို အား ကိုးရတာပေါ့။ ဘက်ထရီ ကလည်း ဈေးကြီးလွန်းတော့ မတတ်နိုင်ပြန်ဘူး။ ဘက်ထရီ ၀ယ် နိုင်လောက်အောင် ကျွန်တော် တို့ ပိုက်ဆံမရကြသေးဘူးလေ။ ဒီတော့ ဈေးနားက အမှိုက်ပုံ မှာပစ်ထားတဲ့ ဓာတ်ခဲအဟောင်းတွေ လိုက်ကောက် ကြရပါတယ်။ အဲဒီအထဲက အားရှိတာ လေးတွေ ရွေးပြီး အလုပ်လုပ်ကြရပါတယ်။
အဖိုတစ်ဖက် အမတစ်ဖက် ၀ိုင်ယာကြိုးနဲ့ထိ ထားပြီး လက်နှိပ်ဓာတ်မီး မီးလုံးကလေးနဲ့ တို့ကြည့်တာပါ။ မှိန်လွန်း နေရင် အားမရှိတော့ ဘူး။ အတော်အတန်လင်းနေသေးရင် အားရှိသေးတယ်ပေါ့။ ပြီးတော့ စက္ကူကတ်ပြား ခပ် မာမာကို လိပ်ပြီး ဓာတ်ခဲတွေစီထည့်ရပါတယ်။ အဲဒီလိုနဲ့ ဓာတ်အားစုပြီး ရေဒီယိုဖွင့်ရပါ တယ်။ ကက်ဆက်ကတော့ အားများလို့ ဒီနည်းနဲ့မရပါဘူး။ ကျားခေါင်းတံဆိပ် တရုတ် ဓာတ်ခဲတွေက မနိပ် ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်တွင် မာလာဝီ နေမင်းတံဆိပ် က အကောင်းဆုံးပါပဲ။
လူကြီး တွေက ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ပြီး ပြောတတ်ကြတယ်။
''တကယ့်သိပ္ပံပညာရှင်ကလေး နှစ်ယောက်ပဲဟေ့၊ ကြိုးစားကြ၊ ကြိုးစားကြ၊ မင်းတို့ အလုပ် ကောင်းကောင်း ရကြမှာပါကွာ''
ရေဒီယိုပြင်ရတာ စိတ်ဝင်စားပေမယ့် ဒါကို သိပ္ပံပညာရှင်လို့ တစ်ခါမှမထင်မိပါဘူး။ ရေဒီယို အပြင် ကားတွေ ကိုလည်း ကျွန်တော်စိတ်ဝင်စားနေပါတယ်။ ဓာတ်ဆီ က အင်ဂျင်ကို ဘာကြောင့် လည်ပတ် စေတာလဲ ဆိုတာ ကျွန်တော် စဉ်းစားတယ်။ သိပ်ခက်မယ် မထင်ပါ ဘူး။ ကားမောင်းနေတဲ့ လူတစ်ယောက်ကို မေး လိုက်ရင် အဖြေရမှာပေါ့။ ဒါနဲ့ ဈေးနားမှာ ရပ်ထားတဲ့ ကားသမားတစ်ယောက်ကို ကျွန်တော်မေးတယ်။
"ကားကြီးဘာလို့ ရွေ့သွားတာလဲဗျ၊ အင်ဂျင်က ဘယ်လို အလုပ်လုပ်တာလဲ"
ဒါပေမဲ့ ဘယ်ကားဆရာကိုမေးမေး သူတို့ မဖြေနိုင်ကြပါဘူး။ ရယ်ကျဲကျဲနဲ့ ခေါင်းခါပြသွားကြတာ ချည်းပါပဲ။ ကျွန်တော့် မှာ အံ့သြမဆုံး ဖြစ်ရပါတယ်။ အင်ဂျင်က ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ မိသဘဲနဲ့ သူတို့ ဘယ်လို ကားမောင်းနေကြပါလိမ့်။
"ဓာတ်ဆီ က မီးဖြစ်တယ်။ အဲဒီအားနဲ့ အင်း ငါလည်း သိပ် မသိပါဘူးကွာ" တဲ့။
ဈေးထဲက ရေဒီယိုဆိုင်မှာ စီဒီပြားကလေးတွေ ရောင်းနေပြီ။ ကျွန်တော်တစ်ယောက် ရူးမတတ် အောင် စိတ်လှုပ်ရှား နေပြီလေ။ စက်ထဲကို အပြားကလေးထိုးထည့်လိုက်ရုံနဲ့ သီချင်းတွေ နားထောင်နေကြပြီ။
"သူတို့ ဘယ်လိုလုပ်ပြီး ဒီအထဲကို သီချင်းတွေ ရောက်လာအောင် လုပ်တာလဲ"
ကျွန်တော် မေးတဲ့အခါ လူတွေက "ဘယ်သိမလဲကွာ၊ ပေါက်ပေါက်ရှာရှာ၊ သီချင်းနားထောင်ရရင် ပြီးရောပေါ့" လို့ ပြောကြတယ်။ သူတို့တွေက အဲဒီလို ကျေနပ်နေကြပေမယ့် ကျွန်တော့်ခေါင်းကို တော့ မေးခွန်းပေါင်း သောင်းခြောက်ထောင်က တူနဲ့ထုသလို ၀ိုင်းထုနေကြပါတယ်။ ဒီမေးခွန်းတွေ ကို သိပ္ပံ ပညာရှင် ပဲ ဖြေနိုင်မှာပေါ့။ ဒါဆို ကျွန်တော် ဖြစ်စေချင်ဆုံးက သိပ္ပံပညာရှင်ပေါ့။
အဲဒီအချိန်က တစ်ကီလိုမီတာဝေးတဲ့ ၀င်ဘီမူလတန်းကျောင်းမှာ ကျွန်တော် တက်နေဆဲပါ။ လာမယ့်နှစ်မှာ ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ ဖြေရပါမယ်။ အောင်ရင် အထက်တန်းကျောင်း ကို ပြောင်းရပါမယ်။ အထက်တန်း ရောက်ရင် သိပ္ပံတွေ အများကြီး သင်ရမယ်။ လက်တွေ့တွေ လည်း လုပ်ရမယ်လို့ ကျွန်တော် ကြားဖူး ထားတယ်။
ကျွန်တော် သိပ္ပံပညာရှင် အရမ်းဖြစ်ချင်နေပါပြီ။ ခုတော့ ကျွန်တော့်အချိန်ပိုတွေကို တောင်ယာ လုပ်ငန်း ထဲမှာချည်း လုပ်အားပေးနေရပါတယ်။ အဖေက ဆေးရွက်ကြီး နဲ့ ပြောင်းကိုပဲ ဆက်စိုက်နေ ပါတယ်။ ဒီဝင်ငွေ နဲ့ ပဲ မိသားစု ကို ကျွေးနေရပါတယ်။
မာလာဝီ မှာ ဆန်နဲ့ပြောင်းကို အဓိကထား စားကြပါတယ်။ မုန့်ဆိုရင်လည်း ပြောင်းနဲ့လုပ်တဲ့မုန့်က ခပ်များများပါ။ ဟင်းလျာကတော့ မုန်ညင်းနဲ့ ဖရုံသီး အဓိကပေါ့။ ဆိတ်သားတို့၊ ကြက်သားတို့ ဆိုတာ ကံကောင်း တဲ့ အခါမှသာ စားကြရတာပါ။ ကျွန်တော်အကြိုက်ဆုံးကတော့ ခရမ်းချဉ်သီးနဲ့ ငါးခြောက်ချက် ပါပဲ။
ခန်ဘာ ခမျာလည်း ကျွန်တော်တို့ ကျွေးတာကို မညည်းမညူ စားရှာပါတယ်။
မာလာဝီ မှာ ယောက်ျားလေးတွေက ယာထဲမှာ ကူရပါတယ်။ အဖေ့ကို ကူမယ့်လူက ကျွန်တော် တစ်ယောက် တည်း ရှိတယ်။ အိမ်မှာ မိန်းကလေးတွေက အမေ့ကို ကူပါ။ ရေခပ်၊ ကလေးထိန်း၊ ပျိုးကျဲ၊ ပျိုးနှုတ်၊ ဆေးခူး၊ ပြောင်းချိုးပေါ့။
မနက်လေးနာရီမှာ အဖေနဲ့ ကွင်းထဲ လိုက်သွားတဲ့အခါ ဟီယားနားလို့ခေါ်တဲ့ ကြောက်စရာ ဧရာမ တောခွေးကြီး နဲ့ တွေ့လို့ စွတ်ပြေးရတဲ့အခါတွေလည်း ရှိပါတယ်။
ရာသီဥတု ကောင်းတဲ့နှစ်တွေမှာ ဓာတ်မြေသြဇာလည်း ကောင်းကောင်း ကျွေးနိုင်တယ်ဆိုရင် ကျွန်တော်တို့ အိမ် မှာ ဆန်အိတ်တွေ၊ ပြောင်းဆန်အိတ်တွေ၊ ဆေးရွက်ကြီးတွေ ကျီအပြည့် ပုံနေပါ တယ်။ ကျီထဲ မဆန့်လို့ ၀ရန်တာ မှာပါ ပြည့်လျှံနေတတ်ပါတယ်။
၂၀၀၀ပြည့်နှစ် ဒီဇင်ဘာလမှာတော့ ရာသီဥတုက ဖောက်လာပါတယ်။ မိုးဦး နောက်ကျလိုက်တာမှ ဒီဇင်ဘာ နောက်ဆုံးအပတ်ထိ မရွာသေးပါဘူး။ ဇန်န၀ါရီ လဆန်းကျမှ မိုးဖွဲဖွဲ စရွာပါတယ်။ တောင်သူလယ်သမားတွေ သည်တော့မှ မျိုးစပါး စကျဲကြရပါတယ်။ မျှော်လင့်ချက်ကြီးစွာနဲ့ မြေသြဇာကျွေးတယ်။ မကြာပါဘူး၊ မိုးကြီး သည်းထန်စွာ ရွာချပါလေရော၊ တစ်ပတ်လုံး ဆက်တိုက် ရွာတာ။ အပင်ပေါက်ကလေးတွ အကုန် မျောပါသွားပါတော့တယ်။ ဒီမှာ ရပ်မနေဘဲ ရေတွေကြီး လာပြီး အိမ်တွေ၊ တိရစ္ဆာန်တွေ မျောပါ ကုန်ပါတော့တယ်။ ကံကောင်းလို့ ကျွန်တော်တို့ အရပ်ဘက် မှာ ရေမကြီးပါဘူး။ ဒါပေမဲ့ စိုက်ထား ပျိုးထား တာလေး တွေတော့ အားလုံးမျောပါသွားပါတယ်။ ဒီနှစ်အတွက် မျှော်လင့်ချက်တွေပါ မျောပါသွားတာပါ။
ကျွန်တော်တို့လိုပဲ ယာသမားတွေ ဘယ်သူမှ ဓာတ်မြေသြဇာ ထပ်မ၀ယ်နိုင်ကြတော့ပါဘူး။ သမ္မတ သစ်ရဲ့ စီးပွားရေး ပေါ်လစီကြောင့် ဓာတ်မြေသြဇာက တစ်အိတ်သုံးထောင်ကျော်သွားပါပြီ။
ရေဒီယိုဝမ်း ကနေပြီး မျိုးစေ့တွေ ဝေပေးမယ်လို့ ကြေညာပါတယ်။ စာရင်းတွေ ကောက်တယ်။ ဒါပေမယ့် ရွာသူကြီး နဲ့ သူ့ဆွေမျိုးတွေလောက်ပဲ ရကြပါတယ်။ ရတဲ့အထဲ ကျွန်တော့်အဖေ နာမည် မပါပါဘူး။ ဒါပေမဲ့ ကိစ္စ မရှိပါဘူး။ မိုးတိတ်သွားလို့ အသက်ရှူချောင်သွားကြပါတယ်။
ရေတွေလျှံပြီး မိုးက ပြန်မရွာတော့ဘဲ ပျောက်ခြင်းမလှ ပျောက်သွားပါတော့တယ်။ တစ်ဆက်တည်း မှာ မြေကြီး ဟာ ကျိန်စာသင့်သလို ခြောက်သယောင်းသွားပါတော့တယ်။ လက်ကျန် ပျိုးပင်ကလေး တွေ၊ မျိုးစေ့ ကလေး တွေကို နေမင်း ဆယ်စင်း တစ်ပြိုင်တည်း ထွက်သလို မီးလောင်တိုက် သွင်းပစ်လိုက်ပါတော့တယ်။
ဒီလို နဲ့ မေလထဲရောက်တော့ ကျန်တဲ့ ပြောင်းပင်တွေဟာ ကြက်သွန်ပင်ကလေးလောက်ပဲ ကျန်တော့တယ်။
"ကျွန်တော် ဘယ်လို လုပ်ကြမလဲဟင် အဖေ"
ကျွန်တော်က ပူပူပင်ပင် မေးကြည့်တော့ အဖေက သက်ပြင်းချပြီး
"အဖေလည်း မပြောတတ်တော့ဘူးကွာ၊ ဒါပေမဲ့ တို့တစ်ဦးတည်း မဟုတ်ဘူး၊ အားလုံး ဖြစ်ကြတာ ပဲ" တဲ့။
အဖေ ပြော တဲ့ အတိုင်းပါပဲ၊ မိုးခေါင်ရေရှး ဒဏ်ကို တစ်နယ်လုံး ခံလိုက် ရပါတယ်။ မိုးခေါင်တာ၊ ဓာတ်မြေသြဇာ မ၀ယ်နိုင်တာ၊ အစိုးရဆီက မျိုးစေ့မရတာတွေ ပေါင်းလိုက်တော့ ဆာလောင် ငတ်မွတ်ခြင်း ဘေးဒဏ် ကို ခံကြရမယ့်ကိန်းဆိုက်လာပါတယ်။
ကောက်သင်းကောက်သလို လိုက်ကောက်တော့ ပြောင်းဆန် ငါးအိတ်ပဲ ရလိုက်ပါတယ်။
တစ်ည မှာ ကျွန်တော် အိပ်ရာဝင်တော့ အဖေ့ကို လှမ်းကြည့်လိုက်တယ်။ ရေနံဆီမီး၊ မှိတ်တုတ် မှိတ်တုတ်မှာ အဖေ့ကို လှမ်းမြင်ရါပတယ်။ ပြောင်းဆန်အိတ် ငါးအိတ် ကို တစ်ယောက်တည်း ထိုင်ကြည့် နေတယ် လေ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Monday, January 24, 2011
ခင်ခင်ထူး ၏ ဆေးမြီးတို
ကျွန်မ မှတ်မိသရွေ့ မိဘများနှင့် နေခဲ့ရစဉ်တစ်လျှောက်လုံး ဆေးရယ် ၀ါးရယ် လိုချင်ပြီဆိုလျှင် ဘုရားစင် အောက် က ကြွက်လျှောက်တန်း မှာ ရှာခဲ့ရသည်။ ကြွက်လျှောက်တန်းမှာ မြန်မာဆေး တွေပုလင်းနှင့် လည်းရှိ၏ စက္ကူထုပ်နှင့်လည်း ရှိ၏။ ကြွပ်ကြွပ်အိတ်နှင့်လည်း ရှိ၏။ 
ဆေးကို မှတ်မိသော်လည်း ဘယ်တုန်း က ဘယ်လို ရောက်နေသည့် ဆေးဆိုတာတော့ ဘယ်သူမှလည်း မပြောနိုင်ပါ။ ဆေးမြစ်တွေကလည်း သည် ကြွက်လျှောက်ပေါ်မှာရှိသည်။ သရင်းကြီးမြစ်၊ ညော်ခံမြစ်၊ ၀ံအူမြစ်၊ တောရှောက်မြစ်၊ သနပ်ခါးမြစ်၊ သီးမြစ် စသည်ဖြင့် ။ နံ့သာဖြူ၊ နံ့သာနီ၊ ဇောင်ချမ်းနက်။ အမေ ကတော့ မှတ်မိတာများပါသည်။ မသေချာ လျှင် သွေးပြီးနမ်းလိုက်လျှင် သေချာပြီ။ သည်ဆေးမြစ်တွေကို တစ်ရွာလုံး က သုံးကြခြင်းဖြစ်သည်။ ဘယ်သူ့ အိမ် မှာ ဘယ်ဆေးမြစ်ရှိသတဲ့ဆိုတာလည်း တစ်ရွာလုံးက သိကြတော့ အချင်းချင်း အလဲအဖယ် ရှိကြ ပါသည်။
မမြတင်ရေ ဖိုးဝင်းတောင်က ဆေးမြစ်စုံ ၀ယ်လာသယ်ဆိုလို့ ဇောင်ချမ်းနက်များ ပါသလားလို့
ပါလိုက်သာမှအေ ဆေးမြစ်စုံပါဆိုမှ ညည်းတို့က ရောဂါလေးဖြစ်မှ ဆေးမြစ်စုံ ဘယ်သူ့အိမ်ရှိသယ်၊ သန်းကောင် စာရင်း ကောက်သာကိုးအေ့။ ကိုယ်ကလေး မအေပဲ ဆေးရယ်ဝါးရယ် ၀ယ်ထားမယ်မရှိဘူး ရော့ ... ဟောသဟာ ဇောင်ချမ်းမြစ် မှတ်မှတ်ရရ ပြန်ပို့ပါအေ၊ ညည်းလိုလို သဲ့လူပေးရသာပေါ့ "
အမေက အားရအောင် ဆူငေါက်ပြီးမှ ပေးလေ့ရှိပါသည်။ ကျွန်မတို့ အိမ်ကြွက်လျှောက်တန်းပေါ်မှာ ရှိနေသည့် ဖုန်အလူးလူး ဆေးများဖြင့် ကျွန်မတို့ လူလားမြောက်ခဲ့ရသည်ဆိုလျှင် ဟုန်ရဲ့လားလို့ မေးစရာ ရှိနိုင်ပါ၏။ တကယ်ပါ။ ကျွန်မတို့ ငယ်ဘ၀တစ်လျှောက်လုံး ချကဆေး၊ စားဆေး၊ ရင်လူးဆေး၊ ညှော်ခံဆေး၊ မန်းဆေး၊ ငန်းဆေး၊ ချွေးထုတ်ဆေးများနှင့် ကြီးခဲ့ရတာ အမှန်ပင်။ မိဘတွေက တောသူ တောင်သား တွေ ဆိုတော့ သူတို့ကိုယ်တိုင်က လက်တစ်ကမ်းမှာ ရနိုင်သည့် တိုင်းရင်းဆေးများကို အားကိုးခဲ့ကြတာ မဟုတ်လား။
ကိုယ့်အိမ်ကိုယ့်ရာနှင့် ဖြစ်လာတော့ ကျွန်မတို့သားအမိ သားအဖသုံးယောက် အိမ်ထောင့်မှာ ဆေးဝါး တွေက လိုတာထက် ပိုများနေပါသည်။ ခေတ်ပေါ်ဆေးဝါးများမှာ အမယ်များလာသ လောက် အာနိသင် ကလည်း ကောင်းကြသည့်အတွက် ၀ယ်ယူ မှီဝဲနေရတာတွေကလည်း များလာ ပါသည်။ ဆေးတွေကို စနစ်တကျ ထားနိုင်ရန် လက်သမားဆရာကို ဆေးပုံးကလေး အရိုက်ခိုင်း ရပါ၏။ ဆေးပုံးကလေးကို သင်္ဘောဆေး အဖြူသုတ်၍ နံရံမှာ ကပ်ထားပြီး အကန့်လေးကန့် ပါပါသည်။ အကန့်လေးကန့်စလုံးမှာ ဆေးတွေ က အပြည့်။ အင်္ဂလိပ်ဆေးတွေချည်းတော့ မဟုတ်ပါ။ တိုင်းရင်း ဆေးတွေက အကန့် နှစ်ကန့် ပါပါသည်။ ကျွန်မတို့ ကိုယ်တိုင်ဝယ်သုံးသည်လည်းရှိ၊ မိတ်ဆွေများက ကောင်းနိုးရာရာ ဆေးကုသိုလ်ဖြစ် လက်ဆောင် ပေးကြသည်လည်း ရှိပါသည်။
အင်္ဂလိပ်ဆေးကတော့ ဆရာဝန်များညွှန်သည့် ဆေးကိုပဲ သုံးတာဆိုတော့ တစ်စုံတစ်ရာ ရောဂါဖြစ် ပါမှ ဆေးပုံးထဲ ထည့်ရတာမျိုး ဖြစ်သည်။ အရက်ပျံလို၊ ဂွမ်းလိပ်လို၊ လိမ်းဆေးလို၊ ဓာတ်ဆားလို အမယ် တွေလည်း ပါပါ၏။ မြန်မာဆေးတွေထဲက လျက်ဆား၊ ရင်လူးဆေး၊ ရှူဆေး၊ မန်းဆေး၊ လေနိုင်ဆေး၊ လျှာပွတ်ဆေး၊ ဆေးတို့ပတ်ကြီး၊ သွေးဆေး စသည့် အလွယ်သုံး အိမ်သုံးဆေးများ လည်း မရှိလို့ မဖြစ်ပါ။ သည်ဆေးပုံး ကလေးကို တစ်လတစ်ခါဆိုသလို ကျွန်မ သန့်ရှင်းဖြစ်ပါသည်။ ရက်လွန်နေသော၊ သိပ်ဟောင်းလွန်း နေသော ဆေးများကို ဖယ်ရှားရသည်။ သည်လို သန့်ရှင်းရေး ၀င်သည့်အခါတိုင်း ရွာမှာ သုံးခဲ့ ရသည့် ဆေးမြီးတိုတွေကို ကျွန်မ သတိရမိပါသည်။ ရွာတွေဆို တော့ လက်တစ်ကမ်းမှာ ဆေးကောင်း ၀ါးကောင်း ရနိုင်ဖို့မလွယ်။ ပျောက်သော်ရှိ ဆေးမြီးတို ဆေးမြီးရှည်တွေကိုသာ အားကိုးကြရသည်။
မြင်းခြံနယ် ဆီမီးခုံတစ်ဝိုက်က ရွာတွေဆိုတော့ အရေးရယ်ကြုံလျှင် မြင်းခြံမြို့ကို ပြေးကြရသည်။ တော်ရုံ တန်ရုံ ရောဂါလောက်ကတော့ ရွာမှာတင်ကုကြရ၏။ တစ်ခါတစ်ရံမှာတော့ စက်ဘီးတစ်စီး ဖြင့် ရွာစဉ် လှည့်တတ်သော ဆေးဆရာ (ကျွန်ကတို့ရွာတွေကတော့ ကျောက်ထိုးဆရာ ခေါ်ကြ ပါသည်) ကို အားကိုး ကြရသည်။ တော်ရုံတန်ရုံလောက်တော့ လက်လှမ်းမီရာ ဆေးမြီးတိုဖြင့် ပြီးလိုက်ကြတာ များပါသည်။ ဆေးမြီးတို ဆိုသော်လည်း အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့သော ရိုးရာအမွေလို ထိန်းသိမ်း ထားကြပါ၏။
"ဟဲ့ ... မျက်စိနာသာများအေးသည်းတို့ခဲယဉ်းနေ၊ ကင်ပွန်းရွက်သတ္တုရည်ကလေးညှစ်ပြီး ကြေးပြား တစ်ပြားစိမ်ပြီး ခတ်လိုက်စမ်းပါလား၊ နင်နေရင် ငါသွားမယ်ပဲ မိုးလင်းလို့ မပျောက်တော့ ငါ့ပြော... "
သည်လို တစ်ယောက်ယောက်က သွားရင်းလာရင်း ဆေးနည်းပေးသည်နှင့် စမ်းသပ်ရန် အဆင် သင့်ဖြစ်ကြပါပြီ။ 
မျက်စိနာ၊ မျက်စိကျိန်းကုဆေးနည်းတွေကလည်း များလှပါ၏။ ရွာခရိုးမှာ ပေါက် နေသော ရေသကျည်းရွက် ကို ပွတ်ချေကာ အရည်ကို ခတ်ကြတာလည်း ရှိသည်။ နုနယ်လှသော မျက်လုံးများအတွက် ထွန့်ထွန့်လူး အောင် ခံစားကြရသည်။ သဘာဝအားဖြင့် ပျောက်သွားတော့ လည်း အားကိုးရာ ဖြစ်ရ တော့သည်။ ၀မ်းကိုက်ခြင် သလိုလို၊ ၀မ်းရစ်ချင်သလိုလို ဖြစ်လာလျှင် ထားဝယ်မှိုင်းရွက် သုတ်စားကြသည်။ ချောင်းဆိုး ပြန်တော့ လျက်ဆားနှင့် ကွမ်းရွက်ပြုတ်ရည် သောက်ကြသည်။ နှာချေ၊ နှာပိတ်တော့ ကင်ပွန်းသီး ကို မီးအုံ၊ နံသာဖြူ နှင့် ရောသွေးကာရသည့် အနှစ်တွေကို နဖူးမှစ၍ နှာခေါင်းကလျှောက်ဆွဲချကြသည်။
နားအူ၊ နားကိုက်လျှင် ကြောင်လျှာသီးသုတ်စားကြသည်။ သန်ကောင်ထိုးလို့ အော်နေရတော့ အဝေရာစေ့ ကို စားကြပါ၏။ ခေါင်းအုံဇက်လေးသော် စလောင်းဖုံးထဲ မီးကျီးခဲထည့် အပေါ်က နနွင်းတက်အုံ၊ အူထ လာသော နနွင်းမှိုင်းကို အားရပါးရ ရှုကြသည်။ ခလုတ်တိုက်၊ ဓားရှ ဒဏ်ရာ လောက်ကိုတော့ ဖုတ်သိပ်တာ နှင့် ပျောက်၏။ ယောက်ျားများညောင်းညာကိုက်ခဲလျှင် ရွဲယိုရွက်နှင့် ရုံးပတီးသီးကြော် စားကြသည်။ ငါးရှဥ့် နှင့် ဂွေးသီး ချက်စားကြသည်။ မိန်းမသားများ သဘာဝ ကိုက်ခဲလျှင်တော့ ထန်းလျက်ခုနှစ်လုံး၊ ချင်းခုနှစ်လွှာ၊ စပယ်ခုနှစ်ရွက် ရောကျိုကာ သောက်ကြရုံ သာ။ ၀မ်းဖောဝမ်းယောင် ဖြစ်လျှင် လယ်ပတူရွက်၊ ကနဖော့ရွက်ပြုတ်တို့စားလျှင် ပျောက်ပြီ။
ဒါတွေ စုံစေ့အောင် ရေးပြရလျှင် ကုန်ဖွယ်မရှိ။ ဆရာလွတ်ဆေးနည်းတွေဆိုတော့ ဝေးဝေးသွားရှာ စရာ မလိုပါ။ သူ့စည်းရိုး ကိုယ့်စည်းရိုးပေါက်နေတာကို ခူးပြီးစားကြခြင်းဖြစ်၏။ သည်ကြားထဲက မပျောက်လျှင် ရိုးရာများလားအေလို့ အကြံပေးကြတာတွေ ရှိလာတော့သည်။ ငါးရိုးမျက်၊ ခွေးကိုက်၊ ကင်းကိုက်၊ မြွေကိုက်၊ စုန်းကိုက်၊ နတ်ကိုက် ဆိုတာတွေကိုလည်း ကုသနိုင်သူတွေ ရွာတိုင်းမှာရှိ သည်။ ကွမ်းမန်း၊ ထုံးမန်း၊ နနွင်းမန်း၊ ဆီမန်း၊ ရေမန်း၊ သဲမန်း၊ ဆန်မန်း မေတ္တာရိမန်းမှုတ်ပေးကြသူ တွေရှိသည်။ ဆေးလိပ်နှစ်လိပ် လက်ဖက်တစ်ပွဲ နှင့် ကန်တော့ရုံ။
"ဥုံ ... ဒင်ကျီးပက်လက် ငါးရိုးမျက် ... ထွက်ဆရာထွက် သက်ဆရာသက် ... ကြေဆရာကြေ ... ပြေစရာပြေ ... ကျဆရာကျ ... "
သည်ဂါထာကို ၃၇ အုပ်မန်း၍သောက် အရိုးကျ၏။ အိမ်တံစက်မြိတ်ကို ရေလက်ပြန်ပက်လျှင်လည်း ငါးအရိုး ကျသည် ဆိုပါ၏။ ကျွန်ကတို့ရွာမှာတော့ ဘကြီးမုန်းဆီ ပြေးကြတာများပါသည်။ ဘကြီး မုန်းက သီလမြဲသူ ဆိုတော့ မန်းရုံနှင့် ပျောက်ကင်းမြဲဟု ယုံကြည်ကြပါသည်။ ယုံကြည်ခြင်းသည်ပင် ခွန်အားဖြစ်ရပုံ ပေါ်ပါသည်။ ဘကြီးမုန်းမရှိတော့ သည်အမွေကို အိမ်နီးချင်း ဘဒွေးသောင်က ဆက်ခံလေ၏။ ဘဒွေးသောင် က ငါးရိုးမျက် မန်းပေးရတာကိုပင် သူိ့ကိုယ်သူ သမားတော်ကြီးပုံ ဖမ်းတတ်လို့ ရွာက မလွှဲသာမှ သွားလေ့ ရှိ၏။
"ဟဲ့ ... မိသေး၊ ညည်းသားလေး ခွေးကိုက်လို့ဆို ဘသောင်ဆီသွားလိုက်၊ ဘသောင် မန်းတတ် သယ်၊ ဘကြီးမုန်းလက်ကျတော့ မီပါရဲ့အေ၊ ဂိုက်ဆိုက် မကြိုက်သာ"
တစ်ဖက်က ဆေးဆရာဆီလွှတ်၊ တစ်ဖက်ကလည်း ဆေးဆရာကိုဝေဖန်။ ဘဒွေးသောင်က ဘကြီးမုန်းနှင့် သားလည်းမတော် တူလည်းမစပ်။ အိမ်နီးချင်းဆိုတော့ ဘကြီးမုန်း၏ ဂါထာ မန္တရား တွေကို ကြားရဖန်များလို့ အလွှတ်ရလိုက်သူ ဖြစ်သည်။ သည်လိုနှင့် ကျွန်မတို့ရွာတွေမှာ သမား နောက် ပါသွားသည့် ပညာရယ် လို့မရှိ။ ဘယ်တုံးကမှလည်း မတိမ်ကောခဲ့။ အခုထိလည်း ရှိနေပါသေးသည်။ ခေါင်းကိုက်မန်း၊ အကြောထုံး မန်း၊ ရေယုံမန်း၊ သက်တန့်နာမန်းကအစ အဆိပ် ချ၊ အပင်းချချင်တော့လည်း ဂါထာဆရာ တွေရှိပါသည်။ ဘယ်ရွာမှာတော့ ဘယ်ဆရာကောင်းသတဲ့ ဆိုလျှင် လှေတစ်တန်၊ လှည်းတစ်တန် သွားကြသူ တွေ ဖြစပါ၏။
ရွာကအိမ်တွေမှာ မရှိမဖြစ် လက်သုံးဆေးနှစ်လက် ရှိရပါသည်။ လျက်ဆားနှင့် ပရုတ်ဆီဖြစ်၏။ ချောင်းဆိုး၊ ချွဲကြပ်လျှင်လည်း လျက်ဆား၊ လေနာ ၀မ်းနာလည်း လျက်ဆား၊ အစားမကြေ ရင်ပြည့်ရင်ကယ်လည်း လျက်ဆား၊ လျက်ဆားရှိလျှင် ခေါင်းမခဲကြတော့ အမြဲဆောင်ထားတတ်ကြ ပါသည်။ အမူးအမော် အကြောတင် အကြောတက် ကိုက်ချင်ခဲချင်ကလေး ဖြစ်လာလျှင်တော့ ပရုတ်ဆီတကော်ကော်ကာ ဇက်လူး၊ နားထင်ပွတ်၊ အနံ့ကလေးရောက်အောင် ပြင်းပြင်းရှုလိုက် ကြရုံသာ။ သည်ဆေးနှစ်လက်မှာမှ သုံးနေကျ လက်သုံးတံဆိပ်ဆိုပါမှ ဆေးတိုးသည်ထင်ကြ၏။ 
လျက်ဆားဆို ဘယ်တံဆိပ်မှ၊ ပရုတ်ဆီဆို ကျားဘမ်းပရုတ်ဆီဗူးနီအ၀ိုင်းကလေးမှ စသည်ဖြင့် အစွဲနှင့် သုံးကြလေ့ရှိသည်။ ရွာက ကျွန်မ ဘကြီး၊ ကျွန်မ ကြီးတော်များအတွက် ဆေးလူကြုံပါးရ တိုင်း သည်နှစ်မျိုးကို မပါပါအောင် ပို့ရသည်။ သုံးနေကျ မဟုတ်သော အခြားတံဆိပ်ကို လုံးလုံး လက်မခံကြ။ တံဆိပ်ပြောင်းချင်လို့မခံ။ အထုပ်ဟောင်းနှင့် တိုက်ကြည့်လို့ သံသယဖြစ်လျှင် လက်မခံကြဘဲ သည်းတို့ ပို့ လိုက်တာ အတုပါအေလို့ ဆိုတတ်ကြပါသည်။
တစ်ခါက ကျွန်မတို့မိသားစု ရွာပြန်တော့ အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်းများအပြင် စားနေ ကျ ဆေးများပါသည့် ဆေးအိတ်ကလေးပါ ကျွန်မ သယ်သွားခဲ့ရသည်။ ခင်ပွန်းသည်အတွက် သွေး ကျဆေး၊ ဆီးချိုကျဆေး၊ သမီးအတွက် အားဆေးအပြင် အခြားခရီးသွား လိုရမယ်ရဆေး အမယ် တွေ စုကာ ထည့်လာခဲ့ခြင်း ဖြစ်သည်။ ဆေးကို အလုပ်တစ်ခုလုပ်ပြီး အချန်နှင့် သောက်နေကြတာ ကို ကြီးတော်က အံ့သြနေပါသည်။ ညဘက်မှာဆေးသောက်ဖို့ ဆေးအိတ်ကို ဖွင့်တော့ ကြီးတော်က မအောင့်နိုင်တော့။
"ညည်းတို့ဆေးတွေက ပွဲစားကို ပဲနမူနာပြရသလိုပါကောအေ၊ လူလေးယောက်ဟာကို၊ ရွာလာ ဆေးကုသယ့် တိရစ္ဆာန်ဆေးကုဆရာရဲ့ ဆေးအိတ်ကျလို့၊ ဆေး, ဆေးနဲ့ သည်လောက်ကြီး ဆေး ၀ယ်သောက် နေရမှတော့ မဟန်ပါဘူးအေ။ ရောဂါမဟုတ်တာကို ရောဂါလုပ်ပြီး ဆေးကို ပဲလှော်ဝါးသလို ၀ါးနေကြ သာ အံ့ပါရဲ့။ ညည်းတို့မြို့ကဟာတွေကြောင့် ဆေးဆိုင်တွေ ချမ်းသာ ကြသာ"
ကြီးတော်က ဆိုတော့ ကျွန်မတို့မှာ ရယ်ကြရသည်။ ကြီးတော်ပင် အသက်ရှစ်ဆယ်ကျော်လို့ ကိုးဆယ်နား သီသီ နီးခဲ့ပြီ။ သည်ကနေ့အထိ ကြီးတော် အင်္ဂလိပ်ဆေးတစ်လုံး မထိုးခဲ့ဖူးတ်ာလည်း အမှန်ပင်။ တကယ်တော့ ကြီးတော်တို့ရွာမှာ အလွယ်ရနေသော အစားအသောက်များကပင် ဆေးဖက်ဝင်နေလို့လား မပြောတတ်ပါ။ ကြီးတော်က ပဲသိမ်းပဲရုပ်လုပ်နိုင်သေးသည်။ မြေးထိန်းနိုင် သေးသည်။ ပုခတ်လွှဲ သီချင်းဆိုနိုင်သေးသည်။ ကျားဘမ်းပရုတ်ဆီကို လက်ဝါးထဲထည့်ပွတ်ပြီး ရှုလိုက်ရလျှင် ကိုးဆယ့်ခြောက်ပါး ပျောက်ကရော ဟု ဆိုပါ၏။
ကျွန်ကတို့ငယ်စဉ်တုန်းကတော့ ရွာမှာ ဆေးဆရာ ဆရာခဆိုသူရှိ၏။ ဆရာခအိမ်ရှေ့က ဖြတ်သွား လျှင်ပင် ပရဆေးနံ့တွေ လှိုင်နေတတ်သည်။ ဆရာခလှမ်းထားတတ်သော စမုံမျိုးငါးပါး၊ ဖာလာ၊ ဇီရာ၊ ကရဝေး၊ ဇာတိပ္ဖိုလ်သီး၊ လေးညှင်း၊ ရှိန်းခို၊ မုန်ညင်းဆီ၊ နှမ်းဆီ၊ ဆားပုတ်ခဲကအစ၊ ဆီးဖြူသီးခြောက်၊ ချင်းခြောက်၊ ကြွေပုပ်၊ နံ့သာဖြူ၊ နံ့သာနီ၊ ကျောက်ချဉ်၊ ဇ၀က်သာ၊ ယမ်းစိမ်း၊ ငရုတ်ကောင်း၊ လက်ချား၊ ပရုတ်၊ နွယ်ချို စသည့် အမယ်တွေ က အနံ့တွေကြိုင်နေခြင်းဖြစ်၏။
"ငါတို့တော့ သရိုးသရီကလေး ဖြစ်ချင်ရင် ဆရာခ အိမ်ရှေ့လျှောက်သာပဲ။ ဆေးနံ့နဲ့တင် ပျောက် သာ၊ ပရဆေး ဆိုသာများ မြို့က ဆိုင်ထက်များသေး၊ ဆေးဖော်ဖို့ သံဆုံနဲ့ ထောင်းနေရင် မွှေးနေ သာပဲ"
ရွာခရိုး တလျှောက် မှာ ဆေးဖက်ဝင်အပင်တွေကလည်း အလေ့ကျပေါက်နေကြတာ များပါဘိ။ ခရာ ပွင့်၊ စူလာနဖာရွက်၊ ရေသကျည်းရွက်၊ မယားကြီးရွက်၊ တောင်ကန်စွန်းရွက်၊ သကြားရေစင်ရွက်၊ ကြဇု၊ ဘုမ္မရာဇာ၊ နွားလျှာကြီးမြစ်၊ ဇီရာ၊ မြင်းသေမြက်၊ ဆီမီးတောက်ဥ၊ နနွင်းဥ၊ တောခတ္တာဥ၊ နန်းလုံးကြိုင်မြစ်၊ ပန်းညိုရွက်၊ ကြိတ်မှန်ရွက်၊ ပဒိုင်းနက်မြစ်၊ ဥသျှစ်မြစ်၊ သခွမြစ်၊ ယမနေ၊ ထိန်ခေါက်၊ ရေသဖန်းခေါက်၊ ညောင်ခေါက်၊ မန်ကျည်းပင်နီခေါက်၊ သနပ်ခါးမြစ်၊ ကြက်သဟင်း မြစ်။ ရွာမှာအကုန်ရှိသည်။
သစ်သီးဓာတ်စာအတွက်လည်း မပူရပါ။ သင်္ဘောသီး၊ ကျောက်ဖရုံသီး၊ သံပုရာသီး၊ ရှောက်သီး၊ ဖီးကြမ်း ငှက်ပျောသီး ဆိုတာ အိမ်တိုင်းမှာရှိသည်။ မရှိလို့လည်း ငွေပေးဝယ်စရာ မလို။ ရွာထဲ လူမမာရှိလျှင် တစ်ရွာလုံး က ခေါင်းပေါင်းတစ်ဖက်တင်ကာ လူမမာမေး သွားကြတာကလည်း ချစ်စရာဓလေ့ဆိုရမလား၊ လူမမာ က ပက်လက်က အမြုပ်ထွက်အောင် ဖြစ်ကြောင်းကုန်စင် ပြောပရော။ လူမမာမေးကလည်း လူနာက ဖြေမှအားရသလို လူနာကလည်း သူကိုယ်တိုင် ပြောလိုက်ရမှ ရောဂါစင်သည် အောက်မေ့ကြ သည်။
အကြေင်းကြောင်းကြောင့် အဝေးမှာ ရောက်နေကြသော်လည်းရွာပြန်မီးဖွားတတ်ကြတာ ရွာဓလေ့ ဖြစ်သည်။ ရွာမှာက မိကြီးဖကြီးဒွေးကြီး ဒွေးလေးတို့ ရှိကြတော့ အားကိုးရသည်။ အတွေ့အကြုံရင့် သော လက်သည်ကြီးတွေလည်း ရှိသည်။ အဖိတ်အစင် မရှိ။ သူနာပြုငှားစရာ မလို။ အထူးသဖြင့် မီးနေသည် ကို ဆွေဆွေမျိုးမျိုးတွေ များလွန်းလို့ပင် ခက်ရသည်။ နို့မထွက်မှာလည်း ပူစရာ မလို။ မိခင် နို့သက်စေ သည့် ဟင်းရွက်တွေကို ငရုတ်ကောင်းနိုင်နိုင်နှင့် ကျိုကာ တစ်အိမ်တစ်ခွက် လာပို့ကြတော့ "သူ့လင်စို့ တော့ မကုန်တည်း" ဆိုရမလောက်ပင်။ သားသည် အမေ မီးနေခန်းအောင်းနေစဉ် ကာလတစ်လျှောက် လုံး ရွာက ပျိုပျိုအိုအို မိန်းမရွယ်တွေက ညအိပ်ညဥ့်နေ လာအိပ်စောင့်ပေးကြသည်။ မီးနေသည်ရှိသည့် အိမ်ရှေ့ ဖြတ်လျှောက် လျှင်ပင် နနွင့်နံ့တွေ ထောင်းကနဲ ရနေတတ်ပါ၏။
ကျွန်မ သမီးကလေးကို ဆေးရုံမှာမွေးတာ ဆိုပေမယ့် အိမ်ရောက်သည်နှင့် အမေက ပျားရည်နှင့် နနွင်း ရောကာ လုံးထားသော အလုံးကလေးများနှင့် နနွင်းတစ်ပုလင်းဖျော်ကာ မ၀င်ဝင်အောင် တိုက်တော့ သည်။ ဆေးရုံပေါ်မှာ မသောက်ခဲ့မှန်းသိလို့ တိုက်ခြင်း ဖြစ်၏။ နနွင်းဖျော်တိုက်ရုံတင်မကပါ။ ကျွန်မ တစ်ကိုယ်လုံး နနွင်း တွေ ပျစ်နေအောင် လိမ်းပေးသည်။ နနွင်းလုံးတွေ မျိုရသည်။
"ညည်းတို့မြို့သာ ဗိုက်ကို ဓားနဲ့ခွဲမွေးသာပါအေ၊ တို့တောဖြင့် ဘယ်သူ့ဗိုက်မှ ခွဲမွေးရသယ် မရှိပေါင် တော်၊ တစ်သက်လုံး သည်လိုမွေးကြသာ၊ သားသည် မအေများ နနွင်းတစ်ပိဿာ ၀မ်းထဲမ၀င်လို့ကို မဖြစ်သာ"
အမေကိုယ်တိုင်က သားသမီးခြောက်ယောက် မွေးဖွားခဲ့သူ ဖြစ်ပါသည်။ မွေးကာနီးဖွားကာနီ သား သမီး မီးဖွားဖို့ အခက်ကြုံနေလျှင် သစ်ကျွတ်စကို ဆံထုံးမှာ စိုက်ကြသည်။ သစ်ကျွတ်စ ဆိုသည်မှာ သစ်ပင် ခုတ်လှဲရာ မှ သစ်ပင်ကျိုးပြီး ကျန်ရစ်ခဲ့သော သစ်မိသားစု အချွန်ကလေးကို ခေါ်ခြင်း ဖြစ်သည်။ ပေါက်ပန်းဖြူ ခုနှစ်ရွက်ကို ဘက်လက်ဖြင့် ဆုတ်ခိုင်းထားစေခြင်းဖြင့် မွေးရဖွားရလွယ်သည်ဟု အယူရှိ ကြသည်။ ဆီးမီးတောက်ဥဖြင့် ဗိုက်ကို ညာရစ် ကိုးရစ် ရစ်ပေးသည်။ မွေးဖွားပြီးလျှင် ဘယ်ရစ် ကိုးရစ် ရစ်ကာ ပြန်ဖြေရသည်ဆိုပါ၏။ တချို့ မီးဖွားရခက်သူ အမျိုးသမီးများကို လင်ယောက်ျား၏ လက်ဆေး ရေ၊ ခြေဆေးရေ အသောက်ခိုင်းကြသည်လည်း ရှိ၏။ ကိုယ်ဝန်ဆောင်ပါပြီဆိုကတည်းက မွေးဖွားပြီး သည်အထိ စိတ်အား လက်အား ရှိတိုင်း အင်္ဂုလိမာဠသုတ်တော်ကို နှုတ်မှ တဖွဖွ ရွတ်နေစေသည်။
"ဆေးကြီးဝါးကြီး မလိုခဲ့ပေါင်အေ၊ တောသူတောင်သား သဘာဝ ငါတို့တောမှာရှိတဲ့ ပစ္စည်းနဲ့ ပြီးရတာပါ။ အဓိကကတော့ ကိုယ်တိုင်က ပျောက်ကင်းချမ်းသာချင်တဲ့စိတ်နဲ့ ယုံကြည်အားထားတဲ့စိတ် ရှိကြသာကိုး၊ မေတ္တာ တွေလည်း ပါမှာပေါ့၊ တောသီးတောစာနဲ့ လေကောင်းလေသန့်နဲ့ လှုပ်လှုပ်ရှားရှား ရှိကြသာနဲ့ ကျန်းမာ နေကြတာပဲ"
အမေ ပြောသလို ဖြစ်ပါလိမ့်မည်။ ရွာကို အလည်အပတ် ရောက်သခိုက် ကြုံရသည့် အဖြစ်ကိုလည်း သတိရ မိပါသည်။
ရွာက ကျွန်မတူ ၀မ်းကွဲကလေးတစ်ယောက် သစ်ပင်ပေါ်က လိမ့်ကျသည်။ လက်ကျိုးသွားမှန်းသိကြလို့ ကျွန်မ က မြင်ခြံဆေးရုံသွားကြဖို့ တိုက်တွန်းသော်လည်း မသွားကြ။ ကလေးလက်ကို သစ်သားပေတံ လောက် ရှိသည့် ၀ါးခြမ်းပြားအကြောမာမာ နှစ်ချောင်းကပ်၍ စည်းနှောင်းကာ ဆပ်သွားဖူးရွက်၊ ဆပ်သွားဖူးမြစ် ကို အရည်ကြိတ်၍ အစက်ချပေးလျှင် ပျောက်သည်ဟုပြောလို့ ကျွန်မမှာ အံ့သြနေရပါ သည်။ နောက်တစ်ခေါက် ရွာကိုပြန်တော့ လက်ကလေး နည်းနည်းကောက်နေတာက လွဲ၍ ရေခပ်၊ မြက်ရိတ်၊ ထင်းကောက် လုပ်နိုင်သည်အထိ အကောင်းပကတိ ဖြစ်နေလေပြီ။
တချို့ ကလည်း လောကျမ်း ကို  လက်ကိုင်ထားကြတုံး ဖြစ်၏။
ခေါင်းခဲသော်အခံ မခက်လော၊ မန်ကျည်းမှည့်ကို ဆားနှင့်ဖျော်၍ ရှူသော် မပျောက်လော။ အနာပေါက် သော် အခံမခက်လော၊ ထန်းလျက်ကိုစားသော် မပျောက်လော။ နှာစေးသော် မခက်လော၊ ရေနံကို ရှူ သော် မပျောက်လော ဆိုသည့် နည်းများကို ယုံကြည်လိုက်နာ သုံးစွဲနေကြဆဲပင်။
" ဆေးမယူ ကောင်းသဲ့ နေရာရယ်လို့တော့ ရှိသာပေါ့အေ။ နတ်ကွန်းမှာ ပေါက်တဲ့ဆေးပင်၊ တောင်ပို့မှာ ပေါက်တဲ့ ဆေးပင်၊ ကျင်းထဲပေါက်တဲ့ဆေးပင်၊ လမ်းခရီးမျာ ပေါက်တဲ့ဆေးပင်၊ ရေမှာပေါက်တဲ့ဆေးပင်၊ မီးလောင် ထားတဲ့ ဆေးပင်၊ ပိုးကျတဲ့ ဆေးပင်တွေတော့ ရှောင်ရသယ်။ ကျန်သာတော့ နတ်လိုလား၊ ဓာတ် လိုလား ကြည့်ပြီး သည်လိုကုသကြရသာပါပဲ။
ပျောက်လည်းပျောက်သယ်လို့ပဲ ပြောရမှာပေါ့အေ"
ကျွန်မ ဘကြီးဘိုးစံ ပြောသလိုပင်။ အခုတော့လည်း ခေတ်မီဆေးဝါးတွေ သုံးစပြုလာကြပြီ။ တကယ့် ဆရာဝန် လား၊ ရမ်းကု လား နားလည်လာကြပါပြီ။ မြို့နှင့် အသွားအလာများလာတော့ အသိဗဟုသုတ တွေလည်း ရနေကြပါပြီ။ ဆေးရုံဆေးခန်း ပြေးရမှန်း သိလာကြပြီ။ သည့်အတွက်တော့ ၀မ်းသာရပါသည်။
သို့သော် ဆေးမြီးတိုကလေးတွေကတော့ ပျောက်ပျက်တိမ်ကောသွားဖွယ်မမြင်ပါ။ သုံးသူတွေက သုံးကြ တုန်း။ ပျောက်သူတွေလည်း ပျောက်ကြတုန်း။ ရောဂါခပ်သိမ်း ငြိမ်းကြပါစေ။
စာရေးသူ - ခင်ခင်ထူး
.
>>>ဆက်ဖတ်ရန်>>> >>
ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၂)
ဗေဒင်ပညာ ကို အနည်းအကျဉ်းလိုက်စားထားသူဖြစ်သည့်အတိုင်း၊ စိတ်ကျဉ်းကြပ်လွန်း၍လာသော အခါ ''ငါက ကုမ်လပ်ပေကိုး၊ ကုမ်လပ်ရဲ့ ပင်ကိုယ်သဘာဝ ကို က ရေထမ်းသမားသဘာဝ၊ ရုပ်ပုံအားဖြင့် တင်ပြထား ပုံကိုကလဲ ရေအိုးလေးကို ပုခုံးပေါ်ထမ်းပြီး မြေကြီးပေါ် ရေသွန်ချပြနေတဲ့ရုပ်ပုံ၊ ကျိုးပန်းသမျှ  ပင်ပန်း သမျှ သဲထဲရေသွန်သလို ဖြစ်ရမှာပေါ့လေ''ဟု ကိုယ့်ထွက်ပေါကိုယ့်ဟာကိုရှာပြီး စိတ်ဖြေရ၏။ ''ဒါပေမင့် ငါလုပ်တာ တရားတယ်မဟုတ်လား၊ ဒီအလုပ်မှာ ငါ့ကိုယ်ကျိုး ငါ့အမြတ်ထွက်ဖို့ သူများကို ဒုက္ခ ပေးတာရယ် လို့ တခုမှ မပါပါဘူး၊ ဘယ်သူက စွတ်စွဲစွဲ အပြစ်တင်တင် ငါ့စိတ်ထဲမှာ ငါ့ဟာ ငါရှင်းနေ တဲ့ အတွက် သတ္တိရှိရမယ်လေ''ဟူ၍ ကိုယ့်ကိုကိုယ်ပင် အားပေးရ၏။
သို့သော် မေမေက မှတ်ချက်ချပါသည်။ ဆွေစုမျိုးစုများတဲ့ လူအုပ်ဟာ ဒီလိုဘဲ သမီးအဝေဖန်ခံရ၊ ဒါချည်းဘဲ တကယ်သွေးစပ်ကြစို့ဆို သူတို့ကဆွေမျိုးလောက်တော်ဒါပါ၊ သမီးမှာက အဖေအရင်းခေါက် ခေါက် အဖေကို ဘယ်သူ က သတ်မတဲ့လဲ၊ တို့များ ဒီလိုလက်ပိုက်ကြည့်နေရင်း သူသေသွားပြီး ဆိုကြပါစို့၊ သမီးမှာ ဥာဉ်ကလေး တခုရှိတယ်၊ အတိတ်က လုပ်ခဲ့ပြီး ဒါကိုလဲ နောင်တဖြစ်တတ်ပါဘိသနဲ့၊ တော် ကြာ ငါမကုမိလို့ ငါ့အဖေ သေရလေခြင်း လို့ ဖြစ်အုံးမယ်၊ ဘာဘဲဖြစ်ဖြစ်ပေါ့လေ၊ ကံ,ကံ၏အကြောင်း တရားဆိုဒါရှိပါတယ်၊ သေချင်မှလဲ သေမှာပါ မတော်တဆ သေသွားပြီဆိုကြပါစို့၊ သမီးကို တရားခံလို့ ဘယ်သူက စွတ်စွဲမှာလဲ၊ အပြစ်ရှာပြီး စွတ်စွဲတယ်ဆိုတဲ့ လူတွေက သမီးရဲ့ဖေဖေ့ဝေဒနာကို တညတလေ လာကြည့်ဘူးပါသလား၊ အကြပ်အတည်း ရောက်နေ ဒါကလေးကို အသက်ရှူပေါက်ကလေး ရအောင် အားပေးကူညီခဲ့ဘူးပါသလား၊ ကိုယ့်ကိစ္စ အတွက် ကိုယ်ဟာကိုယ်လုံးပမ်းယင်းကူသွား ဒါက လေးတွေရှိလေမလားတော့ မသိပါဘူးကွယ်။
တော်ပါသေး၏။ ကျမဆုံးဖြတ်ချက်၏နောက်တွင် မေမေတယောက်လုံးရှိနေပေသေးသည်။ ကျမသည် တခါတရံ ကိုယ့်ကိုကိုယ် အယုံအကြည်ရှိချင်မှ ရှိတတ်သော ပြော့ညံ့ချက်အကွက်ကလေးရှိတတ်၏။ မေမေ သာ နောက်ပိုင်းက ရပ်မပေးလိုက်လျှင် ရဲရဲဝံ့ဝံ့စွန့်စွန့်စားစားလုပ်မည့် မိန်းခလေးတယောက် မဟုတ်ပါပေ။
ကဲ... ဖေဖေ့ကို ခွဲစိတ်ကုသတော့မည်ဟူ၍ ဆုံးဖြတ်လိုက်ပြီ။ ထိုဆုံးဖြတ်ချက်မှာ ကျမတို့သားအမိနှစ် ယောက် ခေါင်းဆောင်ပြီး ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်ဖြစ်၏။ ထိုဆုံးဖြတ်ချက်ကို အကောင်အထည် ဖေါ်ဖို့ က လိုသေး၏။
''ရှင့်အနာကို ခွဲစိတ်ကုသဘို့ ဒေါက်တာကြီးပေါက ပြောတယ်၊ မယုက အားလုံးစီစဉ်လာခဲ့ပြီ'' မေမေက လက်ဟန် ခြေဟန်နှင့်ရော စာရေး၍ရော ပြောပြလိုက်၏။
''ဟင့်အင်း ငါ့အနာကို ခွဲမကု နဲ့ တော်ကြာပျောက်သွားမှာ....''
ဖေဖေ သည် ခွဲစိတ်ကုသနည်းဖြင့် ကုသခံရမည်ကို အကြောက်အကန်ပင် ညင်းလိုက်၏။
''အခုတောင် အနာက အနံ့ထွက်နေဘီ၊ သမီးတို့ အခန်းဘက်ကတောင် အနံ့ရတယ်၊ ခွဲစိတ်ကုလိုက်ရ ရင် ခဏကလေး နဲ့ ပျောက်သွားမှာပါ၊ အခုခံလာရဒါ ဘယ်လောက်ကြာဘီလဲ၊ ခုခေတ်ဆေးတွေကလဲ ကောင်းပါတယ်၊ ဒေါက်တာကြီးပေါ ကိုယ်တိုင်ခွဲ မှာ ဘာမှ အားမငယ်နဲ့....''
မေမေ က စာရေးပြရပြန်သည်။
နောက်ဆုံးတော့ ခွဲသည်ဖြစ်စေ၊ မခွဲသည်ဖြစ်စေ၊ အနာကို ဒေါက်တာက ကြည့်လို၍ ဆေးရုံခဏတက် ပြီး ပြပါရန် အနေမျိုး နှင့် ချော့မော့၍ ဆေးရုံတင်ရ၏။
ကျမသည် ညနေတိုင်း ရုံးဆင်းချိန်တွင် ရုံးမှ အိမ်သို့အပြန် ဆေးရုံကြီးထဲသို့ဝင်ပြီး ဖေဖေ့ကို ကြည့်ရ သည်။ ဆရာဝန် ကတော့ ခွဲရမည်ဟု အတိအကျဆုံးဖြတ်လိုက်ပါသည်။ သွေးအားအလွန်နည်းနေ၍ သွေးသွင်း ဘို့လိုကြောင်း လည်း ပြောပြပါသည်။ ထိုစဉ်က ငွေတန်ဘိုးဖြင့် သွေးတပုလင်း သုံးဆယ့်ငါး ကျပ်ဖြစ်သည်။ ကျမ သည် တညနေတွင် ''ခွဲစိတ်ကုသဘို့ အားလုံးအဆင့်သင့်ဖြစ်ပြီးဖြစ်ကြောင်း၊ သွေး ဘိုးငွေ သုံးဆယ့်ငါးကျပ် ကိုလည်း ပေးပြီးကြောင်း၊ သွေးအားကောင်းနေလျှင် ခွဲစိတ်ကုသခံရခြင်းမှာ ကြောက်စရာ မရှိကြောင်း''ကို စာတိုစာရှည်ရေးပြရ၏။ စာကိုဖတ်ပြီး၍ ဆုံးလျှင်...။
''အမလေး သွေးတပုလင်းကို သုံးဆယ့်ငါးကျပ်တဲ့လား''ဟု အော်လိုက်ပါ၏။ ဖေဖေ့အော်သံကြောင့် ဘေးကုတင် က လူနာများနှင့် ဧည့်သည်များသည် ကျမတို့သားအဖ ကို ၀ိုင်းဝန်းကြည့်ကြ၏။
''အေး... ပိုက်ဆံ သုံးဆယ့်ငါးကျပ်ကို နှမြောလို့ အခွဲခံဒါလို့ ဒေါက်တာကို ပြောလိုက်...''
ကျမသည် တဖက်ကိုလှည့်၍ ပြုံးမိသည်။
ဖေဖေ့ကို အောင်မြင်စွာ ခွဲစိတ်၍ပြီးပေပြီ။ အသက်နှင့်တကွ ခွဲစိတ်ခန်းထဲမှ ပြန်ထွက်လာချိန်တွင်မူ ဒေါက်တာကြီးပေါ ရော ကျမတို့ပါ ဟင်း-ချမိကြ၏။
နောက်တပတ် ဆေးရုံကြီးလှေခါးထစ်များမှ အတက်တွင် ဒေါက်တာကြီးပေါက ဟက်ဟက်ပက်ပက် ရယ်မောကာ ကျမကို ဆီးကြို၏။ သူ့အနားတွင် သူနာပြုဆရာမလေးများနှင့် ဖေဖေ၏ငယ်တပည့်ဖြစ်ခဲ့ သူ ဆေးရုံကြီး၏စတီးဝပ်ဖြစ်သူ ဦးစောမောင် ရပ်နေသည်။ ဦးစောမောင်မှာ ၀ါးခယ်မမှာ ပညာသင်စဉ် က ဖေဖေ့ တပည့်ရင်းတယောက်ဖြစ်၍ ရန်ကုန်ဆေးရုံကြီးတွင် ပစ္စည်းထိန်းဖြစ်သည်။ ၀ါးခယ်မက လူနာ ဟူသမျှ ဆေးရုံတက် လျှင် အယုတ်အလတ် အမြတ်မရွေး သူကူညီ၏။
ဖေဖေ့ကုတင် ကို ကြည့်လိုက်သောအခါ ဖေဖေ့ကို မတွေ့ရတော့ပေ။ ကျမထိတ်သွား၏။ သို့သော် လည်း စိတ်မလေးမိပါ။ အကြောင်းမှာ ဆရာဝန်က ရယ်မောပြီး အားလုံးမျက်နှာများက ပြုံးနေကြသည် မဟုတ် ပါလား။ ဤသို့ဆိုလျှင် တခုခုကတော့ တခုခုဘဲ။ လေးလေးတခုခုတော့ မဟုတ်တန်ရာ။ ပေါ့ပေါ့ တခုခုသာ ဖြစ်စရာ ရှိ၏။
''ရော့ဟေ့ မခင်ယု.... မင်းအဖေရဲ့ကဗျာ၊ ကဗျာဆရာကြီးမှန်း ခုမှတို့သိတယ်.... ဆေးရုံက ဆင်းချင်လို့ တဲ့၊ လက်မှတ် ထိုးပြီး သူ့ဖာသာသူ ဆင်းသွားလေရဲ့... တို့များနဲ့ ဆေးရုံကြီးကို နှုတ်ဆက်တဲ့အနေနဲ့ ကဗျာတပုဒ် ရေးပြီး ဆရာမလေးတွေ ကို ပေးသွားလေရဲ့... ဖတ်ကြည့်စမ်း...''
ဒေါက်တာကြီးပေါသည် ရယ်မောရင်း ကျမသို့စာရွက်တရွက်ကို လှမ်းပေးလိုက်ပါ၏။ ဆရာမလေးတွေ မှာ ပါးစပ်ကို လက်ကိုင်ပုဝါနှင့်ပိတ်ခါ ခပ်အုပ်အုပ်ရယ်မောနေကြသည်။
စာရွက်ကိုယူပြီး ဖတ်လိုက်သောအခါ သူတို့နှင့်ရောပြီး ရှက်ရှက်နှင့်ပင် ရယ်မိပါသည်။
ဖေဖေ့ကဗျာကား....
    ''ယောက်ျားအတိက၊
      အောက်နားကြည့်လိုက်တော့၊
      မရှိ ဖြစ်ရလေတော့သတည်း....''
ဟူသတတ်။
ဘယ့်လောက်များ ပြောင်မြောက်လိုက်ပါသလဲ၊ သာယာပြေပြစ်လိုက်ပါသလဲ၊ ပွင့်လင်းလိုက်ပါသလဲ၊ ကာရန်နဘေ တို့ ၏ ညီညွတ်မှုရှိလိုက်ပါသလဲ၊ ဘာတွေ ဘာသလဲကို ချီးကျူးဘို့ အချိန်ပင်မရတော့ပါ၊ ကျမ ခေါင်းမဖေါ်ရဲသေးပါ။
''အင်မတန် စိတ်ဆောင်တဲ့ဦးကြီး.... သူများတွေသာဆိုယင် ဒါလောက်ခွဲစိတ်တဲ့ဒဏ်ရာ ပြင်းထန်ယင် ဒါလောက်ရက်နဲ့ အိပ်ယာကတောင် မထနိုင်ကြသေးဘူး။ မင့်ဖေဖေကတော့ ဒေါင်ဒေါင်ပြေးနေတာဘဲ..  တခုခု ဖြစ်ယင်သာ ပြန်လာပြောပေတော့ မခင်ယု.... ခုတော့ အိုကေဘဲ၊ သူများတွေတော့ ခြောက်လ ကြာယင် ပြန်လာပြကြရတယ်... အနာက ကင်ဆာသဘောဆန်ဆန် အနာကွဲ့....''
ဒေါက်တာကြီးပေါ က ရှင်းလင်းပြောပြ၏။
ကျမနှင့် ဦးလေးဦးစောမောင်မှာ ဒေါက်တာနှင့်ဆရာမလေးများကို နှုတ်ဆက်ပြီး ဆေးရုံပေါ်မှဆင်းလာ ကြပါသည်။ ဆီးသွားနိုင်ရန်အတွက် အနာအပေါက်တွင် ပိုက်တခုတတ်ပေးလိုက်သည်ကလွဲ၍ ဖေဖေ့ တွင် ယောက်ျားပိုင် သီးသန့်ပစ္စည်းမရှိတော့ပေ။
ဒေါက်တာကြီးပေါ ခွဲစိတ်စဉ်က ၁၉၄၉ ခုနှစ်လောက်မှာပင် ရှိသေးသည်။ ဖေဖေသည် ထိုရောဂါနှင့်ပက် သက်ပြီး ဒေါက်တာကြီးပေါထံ သို့ ပြန်လည်၍ မသွားရတော့ပေ။
သာသနာတော်သက္ကရာဇ် ၁၅၀၀ ပြည့်နှစ်နှင့် အသက် ၆၆
သာသနာတော် သက္ကရာဇ် ၁၅၀၀ ပြည့်သောနှစ်မှာ ရန်ကုန်မြို့သူမြို့သားများအတွက် ကုသိုလ်လည်း အလွန်ရ၍ ကသိကအောက်လည်း နိုင်သောနှစ်ဟူ၍ ဆိုရပေမည်။
ကမ္ဘာအေး လှိုဏ်ဂူတော်တွင် ရှင်သာမဏေ ၁၅၀၀ ရှင်ပြုပွဲဆင်နွဲသည်သာမက ဗုဒ္ဓ၏သာသနာစည်ပင် ထွန်းတောက်နေသော နှစ်ပေါင်း ၁၅၀၀ ပြည့်သော အထိမ်းအမှတ်ပွဲကိုပါ အထူးတလည်ကျင်းပမည် ဖြစ်ရကား နယ်ကလာသောသူများဖြင့် ရန်ကုန်ရှိ အိမ်တိုင်း၊ အခန်းတိုင်းတွင် အိမ်ရှင်ရော၊ ဧည့်သည် ရော နပမ်းလုံးနေကြရသည်။ ရန်ကုန်မြို့ဆိုသည်ကလည်း အရောင်းအ၀ယ် ဗဟိုကျမှု၊ အုပ်စိုးသူများ၏ အာဏာစက် ထုတ်လုပ်ရာ နေရာဖြစ်သည်ကလွဲပြီး နေရေးထိုင်ရေးတွင် အိမ်ခန်းလေးတွေက အပိုအ လိုမရှိ၊ မိမိအိမ်သားနှင့် မိမိ အတိအကျလိုဖြစ်နေ၍ မြန်မာ့လူနေမှုစနစ်၏ အဓိကဖြစ်သော မြန်မာ့စေတ နာ ဘယ်လိုပင်ရှိသည်ဆိုစေကာမူ ဧည့်သည်များအတွက် နယ်မှာလို ပြေလည်စွာနေနိုင်အောင် နေရာ ထိုင်ခင်း စီစဉ် ပေးဘို့အတွက် မလွယ်ပါ၊ ရန်ကုန်အိမ်ရှင်များသည် ဧည့်သည်များ ကသိကအောက်ဖြစ် နေရသည် ကိုကြည့်ပြီး အတော်မျက်နှာပူစရာဖြစ်ခဲ့ရ၏။
ထိုအချိန်တွင် အစိုးရ၏တိုက်ခန်းဖြစ်သော ဆူးလေဘုရားလမ်းရှိ တိုက်ခန်းတခန်းတွင်ပင် ကျမတို့မိ သားစု နေထိုင်လျက်ရှိသေး၏။ ခြံနှင့် ၀င်းနှင့်မဟုတ်သော်လည်း တိုက်ခန်းမှာ အနံ၂၅ပေ၊ အလျားပေ ၅၀ လောက်ရှိ သဖြင့် ဧည့်သည်များလာလျှင် ၂၅ပေ၊ ပေ၂၀လောက်ရှိသော ဧည့်ခန်းတခုလုံးတွင် လေး ငါး ရှစ်ယောက် လောက် တိုးတိုးကြိတ်ကြိတ် တန်းစီအိပ်ပါက အိပ်နိုင်လောက်ပေသည်။
ဧည့်သည် နှင့်ပက်သက်၍ အကြောင်းတခု ပေါ်လာပါသည်၊ ပွဲတော်ရက်မတိုင်ခင် သုံးလေးရက်တွင် ကျမ ရုံးမှ အပြန် အိမ်ဖေါ်ခလေးမလေး မအေးသင်က ဆီးကြို၍ပြော၏။
''ဘဘကြီးရယ်လေ.... ၀ါးခယ်မကို အခုညနေသင်္ဘောနဲ့လိုက်သွားဘီ၊ သင်္ဘောထွက်ချိန်ရောက်မှ နင့်မမကို ပြောတဲ့၊ နို့မို့ရင် လိုက်တားနေမှာ စိုးလို့တဲ့....''
''တားလဲမတားပါဘူး.... ဘာကိစ္စသွားလဲမသိ....''
''မသိဘူး မမယု ရဲ့ နှစ်ရက်ဘဲကြာမယ်လို့ဆိုတယ်''
''အေးအေး ဖေဖေပြန်လာမဲ့ရက်ကြယင်သာ ဦးစံငွေကို ကြိုခိုင်းဖို့မမေ့ကြနဲ့''
ဦးစံငွေ သည် အိမ်တွင် မော်တော်ယဉ်မောင်းပေးနေသူဖြစ်သည်။
ကျမက ဒါလောက်ဘဲပြောနိုင်ပါသည်။ ထိုစဉ်က ကျမတွင် တတ်နိုင်သမျှကလေးနှင့် ချစ်ချုပ်စုပြီး ၀ယ် ထားသည့် ကားလေး ရှိနေပေသေးသည်။ သို့သော် နောက်နှစ်ရက် ဖေဖေချိန်းဆိုထားသောနေ့တွင် ကားနှင့်သွားကြိုရမည့် ဒရိုက်ဘာဦးစံငွေပင် သူ့နေအိမ်မှ ကျမတို့တိုက်သို့ မရောက်ခင် မနက်အစော ကြီး ဖေဖေနှင့် ကျမတို့ဘကြီး (ဖေဖေ့အကိုဝမ်းကွဲ) ဦးဘိုးဥာဏ်နှင့် ဇနီး ဒေါ်ဖွားခင်တို့ ပါလာကြသည်။ သူတို့သည် ၀ါးခယ်မ တဘက်ကမ်း သော်ကရွာဘက်တွင် နေထိုင်ကြပြီး လွှထောင်လုပ်နေသူများဖြစ် ကြ၏။ ဘုရားခန်းအပါအ၀င် ဧည့်ခန်းတွင် နေရာချထားပြီး ကော်ဖီနှင့် မုံ့များပင် ကျွေးပြီးဖြစ်သည်။
ကျမလည်း မီးဖိုခန်းဘက်မှ မျက်နှာသစ်ပြုပြီး ဘုရားခန်းဘက်သို့ ထွက်လာခဲ့၏။ ဘုရားခန်းဟုသာ ဆို ရသည် သီးသန့်အခန်းမဟုတ်ပါ။ ဧည့်ခန်းခေါ် တိုက်၏ရှေ့ဘက်ပိုင်းအခန်း သီမံတလင်းနှင့်တဆက် တည်း ပါတည်း။ ဘုရားရှိခိုးပြီး အဘတို့နှင့် စကားပြောရ၏။
''အဘဦးဘိုးဥာဏ် နေကောင်းရဲ့လား၊ ကျမဖြင့် ဖေဖေသွားတာလဲ မသိဘူး၊ အဘတို့ဆီသွားတာလဲ မသိဘူး၊ ရုံးကပြန်လာမှ ခလေးမလေးတွေ ဆီးပြောလို့သိတာ''
အဘဦးဘိုးဥာဏ်သည် ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အားရပါးရဖွာနေ၏။ သူသည် ဖေဖေ့လို ခပ်၀၀ ပင်ဖြစ်သည်။ ဖေဖေ့လိုတော့ အသားမဖြူ အသားမဲ၏။ သို့သော် စကားပြောလျှင် မောသံပါနေသည်။
''တို့လဲ ဘာမှန်းမသိပါဘူး၊ ဒီသာသနာ ၁၅၀၀ ပြည့်ပွဲကို လာချင်တာတော့ အမှန်ပါဘဲ၊ တနေ့ကညနေ တော့ မောင်ဘ ဖြုံးကနဲ ပေါက်လာတယ် သူကဘာပြေလဲဆိုတော့ ကိုဘိုးဥာဏ် တဲ့ အကိုဟာ (ဦးနု၏ အဖေ ဦးစံထွန်းကို ပြောသည်) အသက်ခြောက်ဆယ့်ခြောက်နှစ်မှာ သေတယ်တဲ့၊ ကျွန်တော် ခင်ဗျား ကို တွက်ကြည့်တော့ ခင်ဗျား ဒီနှစ်ခြောက်ဆယ့် ခြောက်နှစ်ပြည့်တဲ့နှစ်တဲ့၊ ဒီတော့ ခင်ဗျားလဲသေလိမ့် မည့်တဲ့....''
''ဟောတော့'' ကျမမှာ ဖေဖေက စွတ်စွတ်ရွတ်ရွတ်သွားပြောခြင်းအတွက် စိတ်ပျက်အံ့သြမိပါသည်။
''မသေခင် ကုသိုလ်ရအောင် ရန်ကုန်က ဘုရားတွေ ကျွန်တော်လိုက်ပို့မယ်၊ စုံအောင်လိုက်ဖူးပေတော့ ဆိုလို့ ငါနဲ့ ဖွားခင်လဲ လိုက်လာတာဘဲ''
ကျမရယ်မိပါတော့သည်။ ဖွားလေးဖြစ်သူ ဒေါ်ဖွားခင်မှာ ဖြူဖြူပုပုနှင့် ချစ်စရာလေးဖြစ်၏။ စကားအလွန် နည်းပြီး အမြဲပြုံးနေကာ ချစ်စရာကောင်းပေသည်။
''ဖေဖေကတော့ နားမကြားဒါကလွဲလို့ အလွန်မာတာဘဲ၊ တခုတောင်းပန်ပါရစေ ဘဘ... သူပြောတာ တွေကို စိတ်မထိခိုက်လိုက်ပါနဲ့၊ ဘဘ ဦးစံထွန်းက ခြောက်ဆယ့်ခြောက်နှစ်ပြည့်လို့ ဆုံးတာနဲ့ ဘဘ ဦးဘိုးဥာဏ်လဲ ခြောက်ဆယ့်ခြောက်နှစ်ရောက်ရင် ဆုံးရမယ်ဆိုတာ...'' ပြောယင်း ဖေဖေ့ဦးနှောက် သည် ဘာတွေအခြေခံထားတွက်ချက်ပြီး ဘယ်လိုဆုံးဖြတ်လိုက်မှန်းမသိ၊ အဖိုးကြီးလင်မယား အိုးနင်း ခွက်နင်း ဖြစ်လာကြပုံကို ကြည့်ပြီး အူထဲက အလိပ်အလိပ်ထလာသည်ကို ထိန်းယင်း တောင်းပန်ရပြန် ပါသည်။
''ကမောက်ကမတွေ ရှောက်ပြောနေတာ ဘဘ၊ ဖေဖေ ပြောတာတွေ စိတ်ထဲမှာ စွဲမနေနဲ့နော်...''
''အမလေး မစွဲပါဘူးဟယ်၊ သူ့အတွက်သာ စိုးရိမ်တာပါ၊ ဒီလိုလမ်းသလားနေရင်တော့ဖြင့် ဒုက္ခပါဘဲ''
''ကျမတို့တော့ ဖေဖေ့ကို မထိန်းနိုင်ဘူး၊ ဒီအိမ်မှာတော့ ဘဘတို့ပျော်သလိုနေ တောအိမ်လိုတော့ မကျယ်ဝန်းဘူး၊ ဘဘတို့သွားချင်တာရှိလဲ ဦးစံငွေဆိုတာ ကားမောင်းတဲ့လူ ရောက်လာလိမ့်မယ်၊ သွား ချင်ရာ သွားကြ၊ ကျမကိုလဲ ရုံးမှာလာကြိုဘို့ မလိုတော့ဘူး၊ နေရတာတော့ သံမံတလင်းမို့ အားနာပါ ရဲ့...''
''အမလေး... တို့အတွက် ဘာမှမလိုပါဘူး၊ တို့နေတတ်ပါတယ်၊ နင့်ရုံးသာ နင်အေးအေးသွား'' အဘ ဦးဘိုးဥာဏ် သည် ကျမတို့ စိတ်အေးသွားအောင် ပြောရှာပါ၏။
ကျမသည် အိမ်ကိုမှာစရာရှိတာမှာပြီး ရုံးသို့ထွက်သွားပါသည်။ ရုံးရောက်တော့လည်း ဦးစံငွေကို ပြန်မှာ လိုက်၏။
''ဦးစံငွေ ဘဘကြီး ဦးဘိုးဥာဏ်တို့ သွားချင်စရာရှိတာ အကုန်လိုက်ပို့ လိုက်နော်၊ မယုကိုလဲ လာမကြိုနဲ့ တော့ မယုဖြစ်သလိုပြန်လာခဲ့မယ်၊ အကိုကြီးကိုလဲ ပြောလိုက်ပူမနေကြနဲ့တော့...''
ကျမက ဦးစံငွေကို ကားနှင့်ပြန်လွှတ်လိုက်ပါသည်။ ကျမရုံးဆင်းချိန်မှာမမှန် များသောအားဖြင့် နောက် ကျ တတ် ပါသည်။
ကမ္ဘာအေးပွဲတော်မှာ စရက်ဖြစ်၍ လူစည်ကားစဖြစ်ပါသည်။ ၀န်ကြီးချုပ်တို့ ဇနီးမောင်နှံလည်း ငါးနာရီ လောက်ကပင် ကမ္ဘာအေးသို့ ထွက်ခွာသွားကြ၍ ရုံးခန်းတွင် ကျမအားလပ်သွားပါသည်။
ကျမလည်း အိမ်ပြန်ရန်ပြင်ဆင်နေဆဲ ကျမ၏ခင်ပွန်းဖြစ်သူနှင့် သမီး မိ၊ ဦးစံငွေတို့ ကားနှင့်ပေါက်လာ ကြသည်။
''ဟင်... ဘဲ့နဲ့လဲ ကျမကို လာမကြိုနဲ့လို့ ဆိုတာ ဦးစံငွေလာကြိုတယ်၊ မယုဖြစ်သလိုပြန်လာမှာပေါ့၊ အဘ ဦးဘိုးဥာဏ်တို့ ဘယ်ထားခဲ့သလဲ''
ဦးစံငွေက ဘာမှမဖြေဆိုခင် အကိုကြီးက စတင်၍ ''ကဲ.... အလုပ်ပြီးရင် အေးအေးဆေးဆေးသာ ကား ပေါ်တက်၊ တို့များ ကမ္ဘာအေးဘက်ကို ဖြေးဖြေးတပတ်မောင်းကြည့်ရအောင် ခင်ဗျားရဲ့ဘခမည်းတော် ဘုရားကြီး က ဦးစံငွေ အိမ်ပြန်ရောက်တော့ တွေ့တောင် မတွေ့ဘူးတဲ့၊ ဘကြီး ဦးဘိုးဥာဏ်တို့လဲ မရှိ ဘူး၊ ခုထိလဲ ပြန်မလာကြသေးဘူးခင်ဗျ ''
အကိုကြီးပြောသည့်အတိုင်း ကျမသည် ကားပေါ်တက်လိုက်ခဲ့ရသည်၊ အဘ ဦးဘိုးဥာဏ်တို့အတွက် စိတ် တထင့်ထင့် ဖြစ်နေပါသည်။ ကမ္ဘာအေးရောက်လျှင် ကားကို ၀ိသာခါတန်ဆောင်နားတွင် ရပ်ခဲ့ကြ ၏။ ၇-နာရီလောက်တွင် ပြန်ဆုံမည်ဟု ချိန်းကာ ဦးစံငွေအား ပွဲခင်းကို ကြည့်ရန် လွှတ်လိုက်ပါသည်။
ကျမတို့ သားအဖသုံးယောက်သည်လည်း စေတီတော်ဘက်သို့ သွားရောက်ဖူးမြှော်ကြ၏။ စိတ်အေး လက်အေးပင် သိမ်ဘက်၊ ကန်ဘက်များကို လျှောက်ကြ၏။ လှိုဏ်ဂူကြီး ပြင်ဆင်ထားသည်ကိုလည်း အဝေးမှ ကြည့်ကြရင် မိုးချုပ်စ ခြောက်နာရီခွဲလောက်တွင် ၀ိသာခါဇရပ်ဘက်သို့ ပြန်လျှောက်လာကြ သည်၊ ဇရပ်ရှေ့ ခပ်လှမ်းလှမ်း သစ်ပင်တပင်နားအရောက်တွင်မူ မိ က ထ၍အော်ပါသည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၈)
ပွဲကြည့်စင်ရဲ့ တစ်ဖက်စွန်းမှာ ကျွန်တော်နဲ့ ရွယ်တူကောင်လေး တစ်ယောက်ဆီ တိုးဝှေ့သွားပြီး သူ့အနား ရောက်တော့ သူ့ခြေထောက်ကို ကျွန်တော် တမင်တက်နင်းလိုက်တယ်။
ကောင်လေးက နာလွန်းလို့ အော်တယ်။
"အောင်မယ်လေး၊ ဟေ့ မင်းဘာလို့ ငါ့ခြေထောက်ကို နင်းတာလဲ"
"နင်းတော့ ဘာဖြစ်လဲ"
"မင်း ရိုင်းလှချေလား"
"ရိုင်းတော့ မင်းက ဘာလုပ်ချင်လဲ"
"ကောင်းပြီ၊ မင်းကို ငါ ချချင်တယ်"
"ဟုတ်ပြီ၊ ငါ့ဘက်က အသင့်ပဲ"
လက်သီးတွေ တစ်လုံးပြီးတစ်လုံး ကျွန်တော် ပစ်သွင်းလိုက်တယ်။ ဘယ်ဝိုက် ညာဝိုက်၊ ပင့်လိုက် ခုတ်လိုက်နဲ့ပေါ့။ မြန်လွန်းလို့ ကျွန်တော့်လက်တွေကို ခပ်ဝါးဝါးပဲ မြင်ရတော့တယ်။ ကောင်လေးကို သနားတာ နဲ့ ကျွန်တော်အသာ နောက်ဆုတ်လိုက်တယ်။ အဲဒီမှာ အံ့သြစရာနဲ့ ကြုံရတော့တာပဲ။ သူက ဘာမှ မဖြစ်သလို ရပ်လျက်ပဲ။ ရယ်တောင် နေလိုက်သေးတယ်။
နောက်တစ်ချီ ၀င်ထိုးမယ့်ဆဲဆဲမှာ သူ့လက်သီးက ကျွန်တော့် မျက်နှာတည့်တည့်ကို ၀င်လာတယ်။ မျက်လုံးထဲ မှာ ကြယ်တွေ လတွေ ၀င်းလက်သွားပြီး ကျွန်တော် မှောက်သွားတယ်။ အဲဒီမှာ သူက ခွပြီး ထိုးတော့တာပဲ။ မျက်နှာဦးခေါင်းနဲ့ အပေါ်ပိုင်းကို ထိုးလို့ အားရမှ ၀မ်းဗိုက်ကို ဖနောင့်နဲ့ ပေါက်ပါလေ ရော။ တော်ပါသေး ရဲ့၊ ဦးလေး ရောက်လာပြီး ဖျင်လို့။ ကျွန်တော့်တစ်ကိုယ်လုံး ဖုန်တွေ အလိမ်းလိမ်းနဲ့  ဖြစ်နေပါပြီ၊ နာလွန်းလို့ ကျွန်တော် ငိုချလိုက်မိပါတယ်။
"ဘာလို့ မင်း ရန်ဖြစ်တာလဲ ၀ီလျှံ၊ သူက မင်းထက် ဗလကောင်းတာ မတွေ့ဘူးလား"
အဘွားဆီ ပြန်ပြေးလာပြီး အခန်းအောင်း နေလိုက်ပါတယ်။ ရွာ ပြန်ရောက်တာနဲ့ ရှာဘာနီဆီသွားပြီး ချဲတာပေါ့။
"ဟေ့ကောင်၊ မင်းဆေး အလကားပဲ၊ ဒိုဝါမှာ ငါ အတီးခံခဲ့ရတယ်"
သူက ခဏ စဉ်းစားပြီး
"နေပါဦး၊ ငါ ဆေးစီရင်တဲ့နေ့က မင်း ရေချိုးသလား"
"ချိုးတယ်"
"ဟာ သေတော့မှာပဲ။ မင်းကို ရေမချိုးနဲ့လို့ ငါပြောလိုက်တယ်လေ"
"မင်း မပြောပါဘူး"
"ပြောပါတယ်"
"ဒါပေမဲ့"
သွားပြီ၊ ကျွန်တော် အလိမ်ခံလိုက်ရပြီ။ စိတ်ဓာတ်အကျကြီး ကျသွားပါတော့တယ်၊ မျက်နှာ ဓားနှင့် လှီးပစ်ချင် စရာ ကောင်းလောက်အောင် ရှက်ဖို့ကောင်းတဲ့ အဖြစ်ပါ။
အခန်း (၃)
၁၉၉၇ ခုနှစ် ဇန်န၀ါရီလထဲမှာ အန်ကယ်ဂျွန် အဆုတ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကျန်တဲ့ ညီအစ်ကို နှစ်ယောက်လည်း အသုဘပို့ဖို့ ရောက်လာကြပါတယ်။ ကာစန်ဂူမှနေတဲ့ ဦးလေးမူဆယ်ေ၀၀းလ်နဲ့ ဦးလေး ဆိုကရေးတီးတို့ နှစ်ယောက်ပါ။
ဂျက်ဖရီတစ်ယောက် သူ့အဖေအတွက် ငိုလို့မပြီးနိုင်အောင် ဖြစ်နေရှာပါတယ်။ ဂီးလ်ဘတ်ရဲ့ အဖေ အကြီးအကဲ ငွာတာက အဘုဘမှာ စကားပြောပါတယ်။
"ဂျွန်ဟာ မိသားစုအတွက် ဥစ္စာပစ္စည်းတွေ ထားခဲ့ပါတယ်။ အဲဒီအထဲမှာ အဖိုးတန်ဆုံးကတော့ သား သမီးတွေပါပဲ။ သည်ကလေးတွေကို ထိန်းသိမ်းဖို့ တာဝန်ဟာ သူ့ညီ ဂျွန်ဖြစ်ပါစေလို့ ကျွန်တော်တို့ ဆန္ဒ ပြုပါတယ်။ သူ့အဖေဆန္ဒအတိုင်း သူတို့ကလေးတွေ အထက်တန်းအောင်တဲ့အထိ ညီတော်မောင် က ကျောင်းထား ပေးပါလိမ့်မယ်။ ပစ္စည်းဥစ္စာနဲ့ ပတ်သက်လို့လည်း မျှမျှတတ ဖြစ်အောင် စီမံခန့်ခွဲလိမ့်မယ် လို့ ကျွန်တော် တို့ မျှော်လင့်ပါတယ်။ ကလေးတွေရဲ့ ကျောင်းလခ၊ အ၀တ်အစား၊ စတာတွေကို ကူညီ ချင်တဲ့ လူများရှိရင်လည်း ကူညီကြဖို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်။
ကာစန်ဂူက ရော်ကလာတဲ့ ဂျက်ဖရီ့အမေ အဒေါ် အင်နီဖာရဲ့ အစ်ကို မစ္စတာဂျုံစ်ကလည်း စကားပြော ပေးပါတယ်။
အန်ကယ်ဂျွန်ရဲ့ အလောင်းကို အဖေရဲ့အစ်မ နှစ်ယောက်ဖြစ်တဲ့ ဖန်နီနဲ့ အီဒစ်တို့ သဂြိုဟ်တဲ့ သုသာန် မှာပဲ သင်္ဂြိုဟ်လိုက်ပါတယ်။ အလွန် ကြေကွဲစရာကောင်းတဲ့ အသုဘပါ။
အန်ကယ်ဂျွန် မရှိတော့ အခက်အခဲတွေ အများကြီး ဖြစ်လာပါတယ်။ လုပ်ငန်းဆောင်တာ အ၀၀ဟာ အဖေ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ အချိန်က စိုက်ပျိုးရာသီပါ။ ရိတ်သိမ်းချိန်အထိ အဖေ အလုပ်ရှုပ် ရပါတော့တယ်။ သူရင်းငှားတွေကိစ္စ၊ စာရင်းအင်းကိစ္စတွေနဲ့ အဖေ့မှာ လုံးဝ နားချိန် မရှိတော့ ပါဘူး။ နောက်ဆုံး ကျမှ အကြီးအကဲနဲ့ တိုင်ပင်င်္ပြီး ဦးလေးဂျွန်ရဲ့သား အကြီးဆုံး ဂျယ်ရီမီယာကို လွှဲပေး လိုက်ပါ တယ်။
ဂျယ်ရီမီယာက အသက်နှစ်ဆယ် ရှိပြီ။ အလုပ်ကြမ်းလုပ်ဖို့ သိပ် ၀ါသနာမပါဘူး။ ကျောင်းလည်း ကေင်းကောင်းမနေခဲ့တော့ အထက်တန်းလည်း မအောင်ဘူး။ ဘုံဆိုင်မှာ အပေါင်းအသင်းတွေနဲ့ အမြဲတမ်း အရက်မူး နေတတ်တဲ့ လူစားမျိုး။ အကြီးအကဲရဲ့ ဆန္ဒနဲ့ ရိုးရာဓလေ့အရ သူ့ကို လွှဲပေးလိုက် ရပေမယ့် အဖေ က လုံးဝ စိတ်မချဘူး။
ဆေးရွက်ကြီးတွေနဲ့ ပြောင်းဆန်တွေ ဈေးကောင်းကောင်းနဲ့ ရောင်းရသမျှ သူက အားလုံးသုံးဖြန်းပစ် တယ်။ နှစ်နှစ် အတွင်းမှာပဲ ပြောင်းဆန်ကြိတ် စက်ရုံကော နို့စားနွားမတွေပါ သူများလက်ထဲ ထိုးအပ် လိုက်ရတယ်။ ဒီအခါ မှာ အဖေလည်း သူ့မိသားစုအတွက် သူတို့ မြေကွက်ကလေးပဲ အားကိုးခဲ့ရတော့ တယ်။
၁၉၉၄ခုနှစ်မှာ မာလာဝီသမ္မတသစ် တက်လာတယ်။ ဘင်ဒါရွေးကောက်ပွဲ ရှုံးသွားပြီ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ အခက်အခဲ ဖြစ်လာတယ်။ ဘင်ဒါ လက်ထက် နှစ်ပေါင်းသုံးဆယ်လုံးလုံး ပြည်သူတွေ လှိမ့်ပိန်ခံခဲ့ရတယ်။  တိုင်းပြည်လည်း မြောင်းထဲ ရောက်နေပြီ။ ဒီတော့မှ သူ့အတိုက်အခံတွေနဲ့ ပြည်သူ တွေ အုံကြွလာတော့တာ၊ သူက သူ့ကို မဲပေးဖို့ ပြည်သူတွေကို ခြိမ်းခြောက်သေးတယ်။ သူ့လူတွေက ခေါင်းတလား အလွတ်ကြီးထမ်းပြီး "ရာသက်ပန်သမ္မတ ကို မဲမပေးရင် မင်းတို့အားလုံး အသုဘဖြစ်ကုန် မယ်" ဆိုပြီး မြို့တကာ၊ နယ်တကာမှာ လိုက်ပြီး ခြိမ်းခြောက်စည်းရုံးတယ်။
ဒါပေမဲ့ အတိုက်အခံတွေ နိုင်သွားတယ်။ ဘင်ဒါ က အခြား အာဖရိက ခေါင်းဆောင်တွေလို ဆက်မညစ် ဘဲ အသာ ဆင်းပေးတယ်။ ၀န်ကြီးမူကူဇီ သမ္မတ ဖြစ်လာတော့ တိုင်းပြည်က ကုန်းကောက်စရာ မရှိ အောင် မွဲတေ နေပြီ။ ဒုက္ခ ပင်လယ် ဝေနေပြီ။
ဘင်ဒါ က ရက်စက်ပေမယ့် စိုက်ပျိုးရေးလုပ်ငန်းကို စိတ်ဝင်စားတယ်။ လယ်သမားတိုင်း မြေသြဇာရတယ်၊ မျိုးစပါး တွေ မျိုးစေ့တွေ ဈေးပေါသေးတယ်။ ယာသမားတိုင်း ဆေးရွက်ကြီး စိုက်ကြတယ်။ မိုးကောင်း နေသမျှ တောင်သူလယ်သမားတွေ ချောင်လည်ကြတယ်။
မူကူဇီ က နိုင်ငံရေးမလုပ်ခင် ချမ်းသာတဲ့ ကုန်သည်ကြီးတစ်ယောက်ဖြစ်ပါတယ်။ သူ့လက် ထက်မှာ ချမ်းသာ တဲ့ ကုန်သည်ပွဲစားတွေ ပိုချမ်းသာလာပြီး တောင်သူလယ်သမားတွေ မွဲသထက် မွဲလာသည်။
ကျွန်တော့် တို့ မိသားစုလည်း ပိုကျပ်တည်းလာတော့ လူငှားခ မတတ်နိုင်တော့ဘူး။ ဒါနဲ့ ကျွန်တော်ရော၊ ၀မ်းကွဲ တွေပါ လူငှားခ မတတ်နိုင်တော့ဘူး။ ကွင်းထဲဆင်းပြီး အလုပ်လုပ် ကြရတော့တာပေါ့။
အန်ကယ်ဂျွန် ဆုံးပြီး နောက်တစ်နှစ်မှာပဲ အန်ကယ်ဆိုကရေးတီး အလုပ်လုပ်နေတဲ့ အလုပ်ရုံပိတ်လိုက်ရလို့ မိသားစု နဲ့ အတူ ရွာပြန်ရောက်လာပါတယ်။ ကျွန်တော့်တို့အိမ်နား ကအစ်မနဲ့ ညီမတွေ သဘောကျ နေကြတယ်။ ဧရာမ ခွေးကြီးတစ်ကောင်လည်း ပါလာသည်။
အန်ကယ်ဆိုကရေးတီး က မိတ်ဆက်ပေးတယ်။ သူ့နာမည်က 'ခမ်ဘာ' တဲ့။ ကြက်ခြံနဲ့ ဆိတ်ခြံအတွက် စိတ်ချ တော့တဲ့။ သိပ်အားကိုးရတဲ့ ကောင်ကြီးဆိုပဲ။
ခမ်ဘာ ဟာ တော်တော် ထူးခြားတဲ့ခွေးကြီးပဲ၊ အဖြူပေါ်မှာ အမည်းအစက်အပျောက်တွေနဲ့။ တစ်ယောက်က သူ့ကို သင်္ဘောဆေးနဲ့ ပက်ထားတဲ့အတိုင်းပဲ။ ရွာထဲမှာ ရှိရှိသမျှ ခွေးတွေ ထက် ထွားတယ်။ နည်းတဲ့ ကောင်ကြီး မဟုတ်ဘူး။
သူနဲ့ ကျွန်တော် ချက်ချင်း ရင်းနှီးသွားတယ်။
အိမ်မှာ မိန်းကလေးတွေချည်းဆိုတော့ ခမ်ဘာ ခုမှ  အဖော်ကောင်းတွေ့သွားတာလို့ ဦးလေးလုပ်သူက ပြောတယ်။
ကျွန်တော် တို့ အိမ်မှာ ခွေးမမွေးခဲ့ဖူးဘူး။ တကယ်ပဲ ခမ်ဘာဟာ ကျွန်တော့်သူငယ်ချင်း ဖြစ်လာတယ်။ ကျွန်တော့် အခန်းဝ မှာပဲ အိပ်တယ်။ ဦးလေး ပြောတဲ့အတိုင်း ဒီကောင်က ကြက်ခြံကို စောင့်တယ်။ ဆိတ် လည်း ကျောင်းပေးတယ်။
ကျွန်တော်သဘောကျဆုံးကတော့ အမဲလိုက်ရာမှာ ကျွန်တော်နဲ့ ၀ါသနာချင်း သွားတူနေလို့ပဲ။ အဆင်သင့် ချင်တော့ သူရောက်လာတဲ့ အချွန်က ငှက်တွေပေါတဲ့အချိန် ဖြစ်နေပါတယ်။ မိသားစု ငွေကြေး မပြေလည် တော့ သားငါးသိပ်မစားနိုင်ဘူး။ ဒီအချိန်မှာ ကျွန်တော်နဲ့ ခမ်ဘာ ငှက်တွေရလာရင် အိမ်မှာ ပျော်ပွဲကြီးပေါ့။
ကျွန်တော် တို့ ညီအစ်ကိုတွေက ငှက်လည်းပစ်တယ်။ ငှက်လည်းဖမ်းတယ်။ ထောင်ချောက် လည်း ထောင်တယ်။
''အမ်ဖာလာ '' ဆိုတဲ့ အဓိပ္ပာယ်က လူပျိုအိမ်လို့ အဓိပ္ပာယ်ရပါတယ်။ ကျွန်တော့်ဝမ်းကွဲ  'ချာရတီ' က အဲဒီမှာ နေပါတယ်။ အိမ်ဆိုပေမယ့် ကလပ်နဲ့ ပိုတူပါတယ်။ ကျွန်တော်တို့ အိမ်နဲ့ သိပ်မဝေးပါဘူး။ ဂျယ်ဖရီတို့ အိမ်လောက် ပဲ ဝေးပါတယ်။  အဲဒီအိမ်မှာ တစ်ခါတုန်းက ဂျိမ်းစ်နေခခဲ့ဖူးတယ်။ ဂျိမ်းစ်က ဖီရီနဲ့ဆော်ခဲ့တဲ့ လူလေ။ သူက ကျွန်တ်ာတို့ ရဲ့ စာရင်းငှားပါ။ သူမရှိတော့ ဒီအိမ် လွတ်နေပါ တယ်။ အဲဒီမှာ ချာရတီက သူ့ သူငယ်ချင်း မီဇက်နဲ့အတူ နေနေတယ်။ မီဇက်က ကျောင်းထုတ်ခံထားရပြီး ခုတော့ ဈေးရောင်း နေတယ်။  လူကောင် ကြီးကြီး၊  ဗလကောင်းကောင်းထဲကပါ။ ကလပ်က ဂီးလ်ဘတ်တို့ အိမ်နဲ့လည်း သိပ်မဝေးပါဘူး။ သူတို့ နှစ်ယောက်စလုံး မိဘတွေနဲ့ နေကြတာပါ။ ညညမှာ ပဲအဲဒီမှာ သွားအိပ်ကြတယ်။
အိမ်က ရှုပ်ပွနေတယ်။ မြေပဲခွံတွေ၊ သရက်သီး အစေ့တွေ၊ အ၀တ်ဟောင်းတွေနဲ့ ဘယ်သူ မှ သန့်ရှင်းရေးမလုပ်ကြဘူး၊ နံရံမှာ ဘောလုံးသင်း တစ်သင်းရဲ့ ပုံသာ ချိတ်မထား ရင်လူနေတယ်လို့ ထင်စရာ မရှိဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီနေရာဟာ ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးလို့ ထင်တယ်။
ကျွန်တော်က အားလုံးထဲမှာ အငယ်ဆုံးမို့ ဒီနေရာကို လာခွင့်မရှိဘူး။ ဒါပေမဲ့ သူတို့အတွက် တစ်ခုခု လုပ်ပေးနိုင်တဲ့ အခါမျိုးမှာတော့ သူတို့နဲ့ ရောခွင့်ရတယ်။ ဥပမာ သရက်သီး ခိုးပေးတဲ့အခါမျိုးပေါ့။
ဒါပေမဲ့ သူတို့ပြောတာတွေ ကျွန်တော်နားမလည်ဘူး။ ကျွန်တော်က ဆယ့်တစ်နှစ်သားပဲ ရှိသေးတယ်လေ။ သူတို့ ပြောတာတွေက ကောင်မလေးတွေအကြောင်း ခပ်များများ။ တစ်ခါမှာတော့ မီဇက်က ချာရတီ့ကို ပြောနေသံ ကျွန်တော်ကြားတယ်။ မြို့ထဲမှာတော့ သူတွေ့ထားတဲ့ ကောင်မလေး တစ်ယောက် အကြောင်းပါ။ ပြီးတော့မှ ပြောရင်းတန်းလန်း ရပ်ပစ်လိုက်ပြီး
ဟေ့ တို့စကားပြောရင် သတိထားရမယ်ဟေ့၊ တို့အနားမှာ ချာတိတ်ရှိနေတဲ့ အခါ ဒီအကြောင်းတွေ ပြောဖို့ မသင့်ဘူးတဲ့။
ကျွန်တော်က ဘယ်အကြောခံမလဲ။
''ကျွန်တော် ချာတိတ်မဟုတ်တော့ဘူးဗျ။ ဆက်ပြောပါ၊ ကျွန်တော်လည်း ကောင်မလေးတွေအကြောင်း သိသင့် သလောက် သိပါတယ်။
'ဟုတ်လား၊ မင်းက ဘာတွေသိထားသလဲ၊ ပြောစမ်းပါဦး'
'သိတာပေါ့ ... ခင်ဗျားတို့ သိတာမျိုးတွေ အားလုံးသိတယ်'
တစ်နေ့မှာ ကျွန်တော်နဲ့ ခန်ဘာ ငှက်လိုက်ထွက်ကြတယ်။ သူတို့ဆီ သွားဖို့ ကျွန်တော် အခွင့်ကြုံခဲ့တယ်။ ကလပ်ထဲမှာ သူတို့နှစ်ယောက် ရှိနေမှန်းသိတော့ ကျွန်တော် တံခါးသွားခေါက်တယ်။ ချာရတီက တံခါး ဖွင့်ပေးပြီး
'မင်း ဘာလိုချင်လို့လဲ'
'ကျွန်တော်မှာ ငှက်လေးကောင်တောင် ပါလာတယ်။ ၀င်ခဲ့ရမလား'
သူက ပြုံးပြီး
အင်ဖာလာမှာ မင်းလိုကောင်မျိုး တို့လိုအပ်တယ်ကွ လို့ မီဇက်က ပြေတယ်။
ချာရတီကလည်း ၀မ်းသာအားရ ကဲ မီးမွှေးကြမယ်။
ကျွန်တော်က ဧရာမ  မယ်ညိုကြီးတွေကို အမွှေးနုတ်ရတယ်။ ခေါင်းတွေဖြုတ်ပြီး သူ့ဝေစုအဖြစ် ခမ်ဘာဆီ ပစ်ပေးတယ်။ ဒီကောင် အားရပါးရ လွေးတော့တာပဲ။
မီးသွေးမီးဖို မှာ ကင်တော့ ကျွန်တော် သွားရည်ယိုလာတယ်။
ကျွန်တော်တော့ သွားရည်ကျနေပြီ လို့အော်ပြောတော့ သူတို့နှစ်ယောက်က ပြိုင်တူ ဟန့်တယ်။
ဟေ့ကောင် တိုးတိုး တဲ့။
ငှက်လေးကောင် မီးကင်ပြီး ရဲကျွတ်လာတော့ ကျွန်တော်တို့ အားရပါးရ စားကြပါတယ်။ ပြီးတာနဲ့ ကျွန်တော် မမျှော်လင့် တဲ့ စကား ကြားရတော့တာပဲ။
မီးဇက် က အလန့်တကြား ပုံစံဖြင့်
"ဟေ့ ၀ီလျံ  မင်းအမေအော်ခေါ်နေတယ်"
"ကျွန်တော် မကြားပါဘူး"
ချာရတီကလည်း
"ဟုတ်တယ်ကွ၊ မင်းအမေ အသံ။ လစ်၊ လစ်၊ မြန်မြန်လစ်"
ကျွန်တော့် ကို မောင်းထုတ်ကြတာလေ။ ကျွန်တော်ဘာမှ မပြောနိုင်တော့ပါ။ ဒါနဲ့ ငှက်အိတ်ကိုယူ၊ ခွေးကို ခေါ်ပြီး မိန်းကလေးတွေ တစ်ပြုံကြီး ရှိရာ ကျွန်တော်တို့အိမ်ကို ပြန်လာခဲ့ရပါတော့တယ်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Sunday, January 23, 2011
ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၁)
စာရေးသူ၏အမှာ
ဖေဖေ ၀တ္ထုရှည်ကြီးမှာ ကျမ အဖေအိုကြီး၏ ၀တ္ထုကြောင်းပင်ဖြစ်ပါ၏။ ကျန်ဝတ္ထုတို အသစ်စက်စက် လေးပုဒ် မှာလည်း စိမ်းမြသော စပါးခင်းများ ၀ိုင်းရံနေသည့် ပန်တမွတ်ကမ်းခြေတွင် ရောဂါကြောင့် အပမ်းဖြေ ရင်း တဖြေးဖြေးရေးသော ၀တ္ထုတိုများဖြစ်သည်။
ဖေဖေ အသက်ရှစ်ဆယ်ပြည့် အတွက် ရည်မှန်း၍ ရေးခဲ့သော်လည်း ကျမကျန်းမာရေးချိုတဲ့၍ ဖေဖေ အသက် ရှစ်ဆယ် တနှစ်ထဲ ၀င်ရောက်လာမှ ပြီးပါသည်။
အေးဆေးငြိမ်သက်၍ ကျမ မွေးရပ်မြေနှင့်တူသော ပန်တမွတ်ကမ်းခြေအား ၀တ္ထုတိုလေးများ ရေးသား ရန် အတွေးအခေါ် ရအောင် ကူညီသည့်အတွက် အမြဲပင် သတိရကျေးဇူးတင်မိ၏။
    ''၀ဋ်သို၊ ၀ဋ်ဟောင်း
      ဘယ်သို့ထောင်းလည်း
      အကြောင်းမျက်ပြေ
      လွှတ်ပါလေလျှင်
      တိမ်စင်ကြယ်ခ
      မိုးယံလသို့၊
      မယ့်သည်းအိမ်မှ၊
      တကြိမ်ထွန်းသစ်၊ ဖွင့်လှစ်သွန့်ကြဲ
      ပန်းတို့ပွဲသည်၊
      မွှေးမြဲ မွှေးပါစေသတည်း၊
      အေးမြဲ အေးပါစေသတည်း....''
ချမ်းမြေ့ရွှင်လန်းပါစေ။
ခင်နှင်းယု
ကဗျာဆရာကြီး
ရှေ့သီတင်းကျွတ်လဆန်း နှစ်ရက်နေ့သို့ ရောက်ပြီဆိုလျှင်၊ ဖေဖေသည် အသက်ရှစ်ဆယ်ပြည့်ပေ တော့မည်။ 
ကျမနှင့်အတူနေခဲ့သော နှစ်အနေဖြင့်ကိုကျ နှစ်ပေါင်းလေးဆယ့်နှစ် နှစ်ရှိပေပြီ။
ကျမ ငါးနှစ်သမီးအရောက် လူမှန်းသိတတ်စပြုသောအခါ ဖေဖေမှာ နားမကြားတော့ပြီ။ သာမာန်လူတို့ ဖြစ်သကဲ့ သို့ နားလေးရုံ လေးနေခြင်း မဟုတ်ပါ။ လုံးဝမကြားခြင်းဖြစ်၍ တစိမ်းတို့အဖို့၊ ဖေဖေ့ကို စကားပြော ရသည် မှာ အလွန်ဝန်လေးရှာကြမည်သာဖြစ်ပါ၏။ ရှည်လျားသော စကားများအတွက် စက္ကူ ပေါ် စာရေး၍ ပြခြင်း မှာ ဖေဖေနှင့် စကားပြောရ အလွယ်ကူဆုံး သင်္ကေတတခုပင် ဖြစ်ပါသည်။
အိမ်သားများ နှင့် သားသမီးများအတွက် တော်ရုံတန်ရုံစကားမှာ လက်ဟန်ခြေဟန်နှင့် ပါးစပ်လှုပ်ဒါကို ကြည့် ၍ နားလည်ကြသော နည်းလမ်းကိုသာ အသုံးပြုလိုက်ကြပေသည်။
လွန်ခဲ့သော (၄၂)နှစ်ကျော် ညတညတွင် ဖေဖေသည် အိပ်ရာဝင်အိပ်သွားပြီး နောက်တနေ့နံနက် မိုးလင်းချိန် တွင် လုံးဝနားမကြားတော့ခြင်းဖြစ်သည်ဟူ၍လောက်သာ ကျမသိပါသည်။
နားမကြား သည်မှတပါး ဖေဖေသည် ၀ဖြိုး၏။ အသားဖြူ၏။ ကျန်းမာတောင့်တင်း၏။ သူ့တွင် ကျောက် ပေါက်မရာ များ ရှိ၍ သူ့အစ်ကို(ကျမ၏) ဘဘတို့လို အသားဆွတ်ဆွတ်ဖြူ၍နေသည်မှာ မထင်ရှားပေ။ သို့သော် ဖေဖေ တို့ အမျိုးများသည် အသားဖြူကြ၏။
ကျမခပ်ရွယ်ရွယ်သို့ရောက်ပြန်တော့ ဖေဖေသည် လေငန်းရောဂါပါ ယှဉ်လာပြီး စကားပြောလျှင် မပီမသနှင့် လေး၍ လာသည်။ လမ်းလျှောက်လျှင်လည်း ခြေဖျား အနည်းငယ်ဆွဲနေပုံရ၏။
သို့သော် သူသည် မနက်စောစောတခါ ညနေထမင်းစားပြီးတခါ ၀ါးခယ်မမြို့ကို တပတ် ပတ်မိအောင် တော့ လျှောက် ရမှ အိပ်ပျော်စားဝင်ပုံရပါ၏။
ကျမတို့မိသားစုမှ ကျမသည် ၀ါးခယ်မမှ ရန်ကုန်သို့ ပထမခွဲထွက်လာခဲ့၏။ ကရင်သောင်းကျန်းများ သောင်းကျန်းစ တွင် မေမေနှင့်မမသည် ရန်ကုန်သို့ ခေတ္တလာယင်း နယ်အခြေအနေမှာ တဖြေးဖြေး ဆိုး ၀ါးလာတော့ရာ နောက်ပိုင်းတွင် ရန်ကုန်နှင့်ဝါးခယ်မ အဆက်အသွယ်လုံးဝပြတ်သွားပြီး ရန်ကုန်တွင် ပင် သောင်တင် နေကြပါတော့သည်။
ညီမလေး နုနုမှာ မြို့မကျောင်းတွင် ကျောင်းတက်နေရသော တခြေသို့ရောက်ရပြီး၊ ညီမအလတ်ဖြစ်သူ အကြွယ် မှာမူ ရန်ကုန်တွင်ပင် အိမ်ထောင်ကျ၍ နေပေပြီ။
ဝါးခယ်မ အိမ်အိုကြီးတွင် ဖေဖေသည် ဇနီးနှင့်သားသမီးများနှင့် အတူမနေရသော်လည်း ဆွေမျိုး သားချင်း များ နှင့် ကျန်ရစ်ခဲ့ပါ၏။ တခြားဆွေမျိုးများရှိသော်လည်း ကျမတို့မိသားစုအနေနှင့်ဆိုလျှင် ဖေဖေ ''တယောက်ထီး'' ကျန်ရစ်ခဲ့သည်ဟု ဆိုရပေမည်။
ဝါးခယ်မနှင့်ရန်ကုန်မှာ လေကြောင်းအဆက်အသွယ်တခုတည်းသာရှိတော့သည်။ တခုတည်းဆိုသော် လည်း တိုက်ရိုက် မဟုတ်ပါ။ ၀ါးခယ်မမှ ပုသိန်ကိုလာရသည်။ ပုသိန်မှ လေယျဉ်ပျံနှင့် ရန်ကုန်ကိုလာရ သည်။
ဖေဖေ့တွင် တခါတခါ စိတ်ဖေါက်ပြန်တတ်သော ရောဂါရှိသော်လည်း စာရေးဆရာဖြစ်မည့်သူ၏ ဖခင်ဖြစ်၍ လားမသိ၊ ဖေဖေသည် တခါတရံ လွမ်းဆွတ်ကြေကွဲဘွယ် စာကိုရေးတတ်သေး၏။
    သမီးယုရေ...
    ဧရာဝတီသင်္ဘောကြီးတွေ ဆိုက်ချိန်ရောက်ရင်လေ ဖေဖေ သင်္ဘောဆိပ်ကို ဆင်းသွားတတ်     တယ်။ သင်္ဘောကြီး တွေကလဲမလာ သမီးတို့မေမေတို့ကိုလဲ မမြင်ရတော့ ဖေဖေမြစ်ကမ်းပါးမှာ     ငိုမိတယ်။
ကျမသည် ဤစာပိုဒ်ကို ဖတ်လိုက်ရကတည်းက မျက်ရည်ကျမိ၏။ မေမေနှင့် မမတို့ကလည်း ခေတ္တခဏ ရန်ကုန် လာယင်း သင်္ဘောလမ်း ယုတ်တရက်ပိတ်သွားသောကြောင့် အစောပိုင်းက အစီရင် ခံခဲ့ပြီးအတိုင်း ၀ါးခယ်မ ကို မပြန်နိုင်ကြတော့ပါ။ အမှန်တော့ ခေတ်ပျက်လိုက်ရသည်မှာ ခဏလောက် သာဖြစ်ပြီး နောင်တွင် မူလအတိုင်းပြန်ဖြစ်မည်ဟုသာ သဘောပေါက်ခဲ့ကြပါသည်။ သို့ဖြင့် တနေ့ပြန် မည်၊ တနေ့ပြန်မည် နှင့် စောင့်နေသည့်အထဲမှ သောင်းကျန်းမှုအခြေအနေမှာ စောစောက ကျမတို့ သဘောပေါက် နေကြသကဲ့သို့မဟုတ်ဘဲ ပိုမိုအခြေအနေဆိုးဝါးလာသောကြောင့် ရန်ကုန်တွင်မကြံ့ကြာ သင့် ဘဲ ကြံ့ကြာနေကြရပါတော့သည်။
ကျမက ဖေဖေထံမှစာကို မေမေအားပြသောအခါ မေမေလည်း မျက်နှာမကောင်းရှာပါ။ ဖေဖေသည် မေမေ ကို တခါတရံသာ ''တင်တင်''ဟူ၍ မေမေ၏မူရင်းအမည်ဖြစ်သော ဒေါ်သိန်းတင်အမည်ကို အဖျား ဆွတ်ခေါ် တတ်သော်လည်း များသောအားဖြင့် သားတွေ သမီးတွေနှင့်ရောပြီး ''မေမေ''ဟူ၍သာ အခေါ် များသည်။ မေမေ သည် တရပ်တကျေးသို့ အလည်အပတ်သွားရာမှ မူလခန့်မှန်းထားသည်ထက် ရက်များ ကြံ့ကြာ နေပါလျှင် သင်္ဘောဆိပ်သို့ နေ့တိုင်းလိုလိုဆင်းပြီး စောင့်တတ်သည်။ မေမေပြန်လာ သောအခါများဆိုလျှင် ၀ါးခယ်မ ဘုရားကြီးလမ်းထိပ် (ကမ်းနားလမ်းနှင့်ဆုံရာ) နေရာလောက်မှစ၍ ''တို့ မေမေပြန်လာဘီ၊ တို့မေမေ ပြန်လာဘီ'' ဟူ၍ လက်နှစ်ဘက်ကိုမြှောက်ယင်း လက်ခုတ်တီးပြီး ၀မ်းသာ အားရ အော်သွားသည် ကို ကိုက်တထောင် လောက်ဝေးသော ကျမတို့အိမ်က အတိုင်းသားကြားနေရပေ သည်။
ရန်ကုန်တွင် ဖော်ပြထားသည့်အတိုင်း သားတွေ သမီးတွေနှင့် မေမေသည် သောင်တင်နေဆဲ ရက်ပိုင်း အတွင်း ဖေဖေ တယောက်ထီး သင်္ဘောဆိပ်သို့ အိမ်မှ ဘုရားကြိးလမ်းတလျှောက် ခေါက်တုံခေါက်ပြန် လျှောက်နေမည် ကို မြင်ယောင်သောအခါ ရင်နင့်ရပြန်ပါသည်။
''ဘာဘဲဖြစ်ဖြစ်ပေါ့ မေမေရာ၊ ရန်ကုန်မှာဘဲ ရတဲ့အိမ်ငှားပြီး နေကြပါစို့၊ ဖေဖေ့ကိုလဲ လေယာဉ်ပျံနဲ့ လိုက်လာ ဘို့ အခေါ်လွှတ်လိုက်မယ်လေ''
ကျမ ၏ စိတ်ကူးကို မေမေအားပြောပြမိပါ၏။
''အေးပေါ့... ဒါပေမင့် ရန်ကုန်က လူတွေက သမီးအဖေအကြောင်း ဓါတ်မသိကြတော့ သမီးဖေဖေအတွက် အိမ်နီးချင်း တွေကို မေမေက အားနာလှတယ်...''
''နောက်တော့ ကြည့်လုပ်ရတာပေါ့ မေမေရာ....''
သဘောတူကြပြီးသည့်နောက်တွင် ကျမသည် အခေါ်လွှတ်ဖို့ လေယာဉ်ပျံ နေရာရဘို့စသည်များကို စီစဉ်ရ၏။ သွားခေါ်ပေးသူမှာ ၀ါးခယ်မသား စစ်ရဲတပ်ရင်းမှ ရဲဘော်လေးတဦးဖြစ်သော တကျောင်း ထည်းထွက် ဖြစ်သည့် မောင်ကြင်အောင်ဖြစ်ပါ၏။
ထိုစဉ်က လေယာဉ်ပျံ အသွားအလာမှာလည်း လွယ်ကူသည်မဟုတ်ပေ။ သို့သော် မောင်ကြင်အောင် သည် ဖေဖေ့ ကို ချောမောစွာပင် ရန်ကုန်ကိုရောက်အောင် ခေါ်လာနိုင်ခဲ့၏။ ရန်ကုန်လေဆိပ်သို့အ ရောက်တွင်မူ အဘ၏ ထူးချားချက်ကလေးများနှင့်ပတ်သက်ပြီး ဦးနှောက်ချောက်ခဲ့ရသော အဖြစ်အ ပျက်များကို ဟာသ နှောပြီး ပြောပြပါတော့၏။
''အဘဖြစ်ပုံကတော့ မပြောချင်တော့ပါဘူး မမယုရယ်၊ ကျောက်ရေစစ် ငရုတ်ဆုံကြီးမပါရင် မလိုက်ဘူး ဆိုလို့ ဦးနှောက် ကို ချောက်သွားတာဘဲ.... လေယာဉ်ပျံကလဲ နောက်ဆုံးအကြိမ်ပြန်မဲ့ လေယာဉ်၊ အချိန် ကလဲ ကပ်နေပြီ၊ နေရာကလဲမပေးနိုင်၊ နေရာမပေးနိုင်ယင်လဲ မလိုက်ဘူးလားဆိုနေ၊ စဉ်းစား ကြည့်ပေတော့.... နောက်ဆုံးတော့ စွန့်ပြီး အတင်းတင်ရတဲ့ဘ၀ရောက်တာဘဲ....''
ကျမကတော့ မောင်ကြင်အောင် ညွှန်ပြသောပစ္စည်းများကို ကြည့်ရင်း ပြုံးရယ်မိပါသည်။ မောင်ကြင်အောင် ကိုသာ ကျေးဇူးတင်စကားပြောရ၏။ ကျောက်ရေစစ်ဆိုသည်မှာ ရိုး ကုမ္ပဏီတိုက်တွင် ရောင်းသည့် လက်တဖက် နှင့် သွန်ငဲ့၍ ရသော ခပ်သေးသေးရေစစ်အိုး လေးမျိုး အပေါ့စားမဟုတ်ပါ၊ ကျမ တို့ မြစ်ဝကျွန်းပေါ် တွင် သုံးလေ့သုံးထရှိသောသစ်သားရေစစ်အိမ် ၏ ထိပ်အပေါက်တွင်တင်ထားပြီး၊ နံရံ လေးဘက် သစ်သား ကာထားရသည့် ကျောက်သားအစစ်ကိုထွင်းထားသော ကျောက်ရေစစ်ဖြစ်ရာ တယောက်ထီးအား နှင့်မ၍ မရတတ်ပေ။ ဒန်အိုးကြီးက အ၀ နှစ်တောင်လောက်ကျယ်သည်။ ငရုပ်ဆုံ ကြီး ကလည်း အ၀ တထွာ နှင့် လက်နှစ်လုံးလောက်ရှိကာ ဇောက် တထွာလောက်နက်ခြင်းက သူ၏အ ထောင်း ခံခဲ့ ရသော သက်တန်းကို ဖေါ်ပြနေလေသလား အောက်မေ့ရ၏။
''သမီး တို့ အမေကြီးလက်ထက်ကတည်းက ပစ္စည်းတွေ သမီးတို့ထက်တောင် အသက်ကြီးသေးတယ်...  ဒါကို ရဲဘော် က မယူရဘူးတဲ့လေ....''
ဖေဖေ့အော်သံ သည် လေယာဉ်ရုံးတခုလုံးကို ဖုံးသွားပါ၏။
ကျမက ပြရိုးပြစဉ် သင်္ကေတဖြစ်သော လက်ဟန်ခြေဟန်နှင့် သူသယ်ယူလာသည်ကို ကြေနပ်ပါ ကြောင်း ပြောပြ ရသည်။
ကျမတို့ငှားထားသော အိမ်ကလေးမှာ ၀ါးထရံကာ အိမ်ငယ်လေးပင်ဖြစ်သော်လည်း ကျမတို့ စိတ်ချမ်း သာသည်။ ဖေဖေသည် လုံးဝနားမကြားသူဖြစ်၍ သူ့အသံ ကို ထိန်း၍မရ။ တိုးတိုးမပြော၊ ခုနစ်သံချီနှင့် ဟစ်၍ ပြောတတ်သည်။ ယခုအိမ်ရှင်မှာ ၀ါးခယ်မအဆက်အနွယ်ထဲကဖြစ်သဖြင့် ဖေဖေ့ဓါက်ကိုလည်း သိပြီး ဖြစ်သည်။ ဖေဖေ့ ကို နားလည်မှုရှိသူဖြစ်သည်။ ကပ်နေသောအိမ်မရှိသဖြင့် ဖေဖေ့အော်သံကို လည်း အိမ်နီးနားချင်း ကြားရမှာ ကို အားမနာရပါ။ ခြံလေးမှာ ကျယ်ပျံ့၍ တာဝါလိန်းအတွင်းပိုင်းထဲမှာ ဖြစ်သော ကြောင့် အိမ်ချင်းညပ်နေသော အရပ်ထဲမှာလို စိတ်မရှုတ်ရတော့ပေ။ ဖေဖေကလည်း မြေလွတ်ကလေးတွင် စိုက်ရ ပျိုးရ ၍ ကြေနပ်နေပုံရသည်။
မကြာခင် သူ့တွင်ရောဂါတခုဖြစ်လာပြန်ကြောင်း သူပြောပြသဖြင့် သိရပြန်ပါ၏။ သူ့ရောဂါမှာ ပေါင်ရင်း နှင့် ဆီးစပ် တွင် အကြိတ်မှ အနာကြီးတခုဖြစ်လာသည်ဟု ဆိုပါသတည်း။ သွေးအမြဲထွက်ကျနေသဖြင့် သွေးအား ယုတ်လျော့ နေပြီဖြစ်ကြောင်း ကိုလည်း လက္ခဏာပြနေသည်။ ခွဲစိတ်ကုသပါရာဂူဆရာဝန်ကြီး ဒေါက်တာကြီးပေါ သို့ ပြသောအခါ ခွဲစိတ်ကုသရမည်ဆိုပါ၏။ ရောဂါအခြေအနေက မကောင်းလွန်းပါ၊ သို့ဖြစ်ရာ ခွဲစိတ်စဉ် တွင် အသက်ရှင်မည်၊ မရှင်မည်ကို ကြိုတင်ပြောမပြနိုင်ပါကြောင်း၊ အကယ်၍ ခွဲစိတ် ကုသခြင်းမပြုပါလျှင်လည်း ကံအကြောင်းတရားကိုတော့ မပြောလိုပါ။ ရောဂါအနေဖြင့်ကတော့ နောက်ခြောက်လ ထက်ပို၍ အသက်ရှည်နိုင်ဘွယ်အကြောင်း မမြင်တော့ဟုဆိုပါသည်။
ကျမတွင် လူနာတယောက်ကို ဆေးရုံတင်တိုင်း၊ ငွေကြေးကုန်ကျခြင်း၊ ပြုစုရခြင်းများအတွက် မည်သို့မျှ ကျမ စိတ်မမော တတ်ပေ၊ မမျှော်လင့်သောအချိန်တွင် သေရေးရှင်ရေးကိစ္စဆိုပါက တရားခံဝင်လုပ်ရ သည် ခေါ်မလား၊ မျက်စေ့မှိတ်ပြီး ဆုံးဖြတ်ချက်ချရခြင်းခေါ်မလား၊ ဤအဖြစ်မျိုးကို လုပ်ရတတ်သည့်အ ခါ အလွန် စိတ်မောမိ၏။ အမြဲလိုလိုလည်း လုပ်ရပါ၏။ ဘာ့ကြောင့် စိတ်မောရသည်ကို နောက်တွင် တင်ပြပါဦးမည်။
ခွဲစိတ်ကုသခံပါက ခွဲစိတ်ခန်းထဲတွင်ပင် သေချင်လည်းသေမည်၊ အခွဲမခံပါက နောက်ခြောက်လတွင် ဖေဖေ သည် အသက်ရှင်တော့မည်မဟုတ်။ တခုခုကိုတော့ စွန့်စား၍လုပ်ရပေမည်။
''ခွဲစိတ်တာ အောင်မြင်ရင်တော့ နောက်ခြောက်နှစ်၊ ခြောက်နှစ် အသက်ရှင်ဖို့၊ ကျွန်တော်အာမခံ တယ်...''
 ဒေါက်တာကြီးပေါသည် ခြောက်နှစ် ခြောက်နှစ်ဆိုသော စကားလုံးကလေးကို သုံးသည်အချိန်တွင်၊ လက်ချောင်းကလေး ခြောက်ချောင်းထောင်၍ပြယင်း အသက်ရှုပေါက်ကလေးရသွားသည့် အမူအယာ ကလေး ဖြင့် ပြောပါ၏။
ကျမမှာ အတော်လေးပင် ခေါင်းရူတ်သွား၏။
ကျမ တို့ မိသားစုလိုပင် တခြားမိသားစုတွင်လည်း အဖြစ်တူများရှိလေမည်လားမသိ။ တယောက် ယောက် နေမကောင်း၍ ကုသရတိုင်း တညအိပ်မည်သူ၊ သစ်သီးတလုံးကျွေးမည့်သူ၊ ငွေတကျပ်ပေး မည့်သူ၊ ဘာသူ၊ ညာသူ စသည်ဖြင့် ပိစိညှောက်ကပ်ကလေး ကူညီမည့်သူ၊ တဖဲ့တလေကလေးမှပင် မရှိတတ်ပါသော်လည်း လူနာ သည် ကုသရင်းမှ အကြောင်းမညီညွှတ်သဖြင့် ဖိတ်စင်သွားခဲ့ပါသော်၊ ထို လူနာကို စောင့်ရှောက် ဆေးရုံတင်သည့် သူ၊ ပြုစုသူအပေါ်တွင် တရားနည်းလမ်းအရ တရားခံအစစ်ဖြစ် မည် မဖြစ်မည်ကိုပင် ထည့်မတွက်တော့ ဘဲ တချိုးထဲ နှင့် တရားခံအဖြစ်သို့ သွတ်သွင်းချီးမြှင့်တော်မူကြ ပါတော့သည်။
ထိုအဖြစ်မျိုးကို ကျမသည် ဆယ့်လေးနှစ်သမီးလောက်ကတည်းက (သို့မဟုတ်) လူ့ဘ၀ဇာတ်ခုံ၏ ရှေ့ ပိုင်းအမြင်နှင့် နောက်ပိုင်းအညစ်အပတ်ဆိုသည်ကို ဘာမှန်းမသိရကတည်းကပင် ကြုံခဲ့ရ၏။ တင်ပြရ မည်ဆိုလျှင် ကျမ၏အကိုအလတ် ဆုံးသွားစဉ်က တကြိမ်ဖြစ်ပါသည်။ ထိုအကြိမ်မှာ ပထမအကြိမ်ဖြစ် ပြီး၊ ဒုတိယအကြိမ်မှာ ကျမတို့မိသားစု ရန်ကုန်ကို ပြောင်းလာစ ညီမအငယ်ဆုံး နုနု လည်ပင်း ခွဲစိတ်ကု သ ခံရစဉ်က တကြိမ်ဖြစ်သည်။ တညလုံးမေ့ဆေးမပြေမခြင်း လူနာအပါးတွင် ကျမတယောက်ထီးစောင့် နေ၏။ ထိုနေ့ နေ့လယ်ပိုင်းက လူနာကို ခွဲစိတ်ခန်းထဲမှ ထုတ်လာခဲ့ကြသော်လည်း ယခုထိ သတိမရ သေးပေ။ သွေးများ ကလည်း ပတ်တီးကိုပေကျံနေပေရာ မြင်မကောင်းပေ။
နောက်နေ့ နံနက်မိုးလင်းလျှင် ဆွေမျိုးများဝင်ခွင့်တောင်းပြီး ၀င်လာကြပါ၏။ သူတို့ဝင်လာ၍ အဖွား၏ ညီမဖြစ်သူ အဖွားလေး(ဦးနု-မိခင်) မှာ နုနုကို မြင်လိုက်သည့်တပြိုင်နက် ''အမလေး သမီးလေးသေပါဘီ သူ့ဟာသူ နေရင် အကောင်းသား၊ မိခင်ယု ဆတ်ဆော့လို့၊ သမီးလေး သေပါဘီ''ဟု အော်၍ငိုပါလေ တော့ သည်။
မေမေသည် ချက်ခြင်းပင် သူ့အဒေါ်အား အပြင်သို့ခေါ်ထုတ်သွားပါ၏။ နုနုမှာ မသေသေးကြောင်း၊ မေ့ ဆေးဆိုသည်မှာ ဒီလိုပင်ဖြစ်တတ်ကြောင်း၊ လူနာရှေ့တွင် အော်ဟစ်မငိုရကြောင်းကို အပြင်တွင်မနဲ ကြီး ရှင်းပြ လိုက်ဘူးသည်။ ကျမတို့ဖွားလေးကို ကျမတို့က အမဟုခေါ်သည်။ တအိမ်ထည်း တစီးပွား ထည်းနေလာခဲ့ကြ သဖြင့် ဖွားအေအရင်းလိုပင် ဖွားအေနှင့်အတူ ကျမတို့ကို သူကပြုစုစောင့်ရှောက်လာ ခဲ့သည်။
ကျမစိတ်ထဲမှာတော့ ''ငါ့ဘ၀ကုသိုလ်ကိုက သူများမလုပ်တာကို အမိုက်ခံပြီးလုပ်လဲလုပ်ရသေး၊ လုပ် သာလုပ်ရတယ် တရားခံဖြစ်ရမဲ့ ကုသိုလ်ကံပါတယ်ထင်ပါရဲ့''ဟူ၍ စိတ်ဖြေရပါသည်။ အသက်ကြီးကြီး လာသည်နှင့်အမျှ တွေ့တွေ့လာသည်ကတော့ ကျမလိုပင် လုပ်ပင် လုပ်ကြရပါသော်လည်း တရားခံ ဖြစ်ကြရသော သူများကိုမြင်ရသောအခါ စာနာစိတ်ဖြင့် သနားမိ၏။ လုပ်ပုံလုပ်နည်း၊ လုပ်ဟန်ကဘဲ မှားလေ ၍ ငါဘဲတရားခံပြန်ဖြစ်ရလေသလားဟု တခါတရံ ကိုယ့်ကိုကိုယ်ဆန်းစစ်မိ၏။
အကြောင်းများ သည် တခါတရံမလုပ်ဘဲနေ၍ ဖြစ်သောအကြောင်းများမဟုတ်။ မလုပ်၍မဖြစ်၊ ငါသာ လူစွမ်းကောင်း ကြီးကွလို့ ရင်ကော့ပြစားချင်လွန်းလို့ စွန့်စားချင်လွန်း၍ သူရဲကောင်းကြီး လုပ်ချင်လွန်း၍ လုပ်ရသည် မဟုတ်။ အခြေအနေက ဖန်တီးလာသောအခါ လုပ်ရပြန်သည်သာဖြစ်ပါ၏။ ယခု ဖေဖေ့လို ကိစ္စမျိုးတွင် အဆုံးအဖြတ်ပေးရန် အတော်ခက်၏။ ဒုတိယဘ၀၊ တတိယဘ၀တို့တွင်သာ အကျိုးပေး တတ်သည်ဆို သော ဟိုတဘ၀က လုပ်ခဲ့တဲ့ကံသည် ဘာကံဖြစ်မည်တော့မသိ။ အမြဲတန်း အကြပ်အတည်း သို့ ရောက်ရောက်သွား၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>