Friday, May 28, 2010
ရွှေစင်ဦး လည်း ခေတ်မှီချင်တယ်
ဒီနေ့ မင်္ဂလာဈေး အကြောင်းရေး မလို့ .... ဟင် ..... သတင်းဟောင်း ကြီး ဆိုပြီး စိတ်ညစ် မသွားပါနဲ့ အုန်း...၊ ကျနော် လည်း စိတ်မကောင်းတာ အပြင် ဘာမှ မတတ်နိုင်ပါဘူး .. ဘာသတင်း မှလည်း သူများ ထက် ပိုထူးပြီး မသိ ပါဘူး... ဒါဆို ဟို ထက်ထက်မိုးဦး အကြောင်းရော.. ။
သူ့ အကြောင်း တော့ နဲနဲ ပြောချင်တယ်....၊ အရင်တုန်းက ထက်ထက် ကို တီဗွီ ကြော်ငြာ မှာ အဖိုးကြီး က စပြီး တော့ စကားမပြောတတ်တဲ့ ကလေး လေး ထိကြိုက်ကြတယ်.. သားသား  ငယ်ငယ် က ဆံပင်ညှပ်ရင် အရမ်းငိုတယ်.. ဆိုင်မှာ ရှိတဲ့ ထက်ထက် ပိုစတာ တွေ ပြမှ အငို တိတ် ပြီး ဆံပင်ညှပ် ခံတယ်...၊ ထက်ထက် ကို ချစ်ကြပုံ များတော့ မကြုံဘူးပါဘူး ...။
အခုနောက်ပိုင်း ကျနော် လည်း တီဗွီ သိပ်မကြည့်ဖြစ်ဘူး.. ဒါပေမဲ့ ထက်ထက် အရင်တုန်းက လောက် စန်းမထ တော့ ဘူးလို့တော့ စာတွေဖတ် ရင်းနဲ့ သတိထားမိတယ်....၊ဘဝ ဆိုတာ ဒီလိုပါဘဲ.. အဟောင်း အဟောင်း တို့ နေရာမှာ အသစ်အသစ် တို့ အစားထိုး ဝင်ရောက်လာရင်း သံသရာ ကြီး ဟာ လည်ပတ် ရစမြဲ ပါဘဲ...၊ အဲဒီ လောကဒဏ် တွေကို ခံနိုင်ဘို့ ကျနော်တို့  ကိုးကွယ်တဲ့ ဘာသာ အလိုက်.. ကျင့်ကြံ တဲ့ တရားတွေ အလိုက် .. ဖတ်ထား တဲ့ စာတွေ ရဲ့ အဆင့် နဲ့  မိမိ ရဲ့ ပင်ကိုယ် စိတ်ထားတတ်မှု့ နဲ့  ခံနိုင်ရည် ရှိမှု့ တွေ ကို မွေးဖွားရမှာပါ...။
တချို့ ကတော့ အချိန်တန် မှ လောကဒဏ် တရားကို ခံရပေမဲ့ .. တချို့ကတော့ အချိန် မတန်ခင်... ၊ အစိုးရ ဝန်ထမ်း တွေ အဖြစ်နဲ့ ပြောရရင် ၆၀ ပြည့်လို့ ပုံမှန်အတိုင်း ပင်စင် ယူတဲ့ လူတွေ တောင် ပင်စင် နာဆိုပြီး ရောဂါတွေ ရပြီး မြန်မြန် သေသွားကြတယ်... ၆၀ မပြည့်ဘဲ ထုတ်ပယ် ခံရတဲ့ ဝန်ထမ်း (force to retire) တွေ ရော.. စိတ်မထိန်း နိုင် လို့ ကတော့ ကြွေလွင့် သွားတာများပါတယ်....။
ဒါက သာမန်ဝန်ထမ်းတွေ.. ပြည်သူ အမြှောက်စားခံရတဲ့ အနုပညာ ရှင်တွေ.. အားကစား သမားတွေ ဆိုရင် ပိုဆိုး တော့မှာပေါ့...  သနားစရာ ကောင်းပါတယ်ဗျာ... အဲဒီလို လူမျိုးတွေ မှာ များသော အားဖြင့် depression ဝင်ပြီး လူမသိသူမသိ စိတ်ဝေဒနာ ခံစားနေကြပါတယ်...၊ ကျနော် တော့ အနုပညာရှင် တချို့ စိတ်လိုက် မာန်ပါလုပ်လိုက် တာမျိုးတွေကို စိတ်ဝေဒနာ ကြောင့် လိုဘဲ မြင်မိပြီး သနားမိပါတယ်..။
ကမ္ဘာ အနှံ က အနုပညာ ရှင်တွေ နဲ့ အားကစား သမားတချို့ (ပရိသတ် အချစ်တော် တွေ) ဟာ အောင်မြင်မှု့ ရပ်တန့် သွားတဲ့ အခါမှာ အဲဒီဒဏ် ကို မခံနိုင်လို့ ကိုယ် ကို ကိုယ် သတ်သေသွားတာတွေ ..ဘဝ ကို အရှုံးပေးပြီး...  ရောဂါ အဖြစ်ခံ .... အရက်သမားဘဝ.... ဆေးသမားဘဝ .... အဖြစ်ခံ ပြီး သေသွား ကြ တာ တွေ အများကြီးပါ..။
ကျနော် နဲ့ နီး စပ်ရာမှာလည်း သတ်သေ တဲ့ အထိ... စိတ်ကျပြီး ရောဂါ တွေ ဝင်ပြီး အရှုံးပေးသွားတဲ့ သူတွေ အများကြီး တွေ့ဘူးပါတယ်.. ၊ အဲဒီလို ဖြစ်နေတဲ့ အချိန် မှာ ပတ်ဝန်းကျင် ရဲ့ ဖေးမ မှု့တွေ နားလည် စာနာ မှု့တွေ ဟာ အများကြီး အရေးကြီးပါတယ်..  ပတ်ဝန်းကျင် က depression ဖြစ်မှန်း မသိဘဲ လွှတ်ထားလိုက်ရင် နောက်ဆုံး အသက် ကို ရန်ရှာတဲ့ အထိ ဖြစ်သွား တတ်ကြပါတယ်... 
depression ဆိုတာလည်း သိသာ ထင်ရှားစွာ ပြတဲ့ ထမိန် မနိုင် ပုဆိုး မကပ် တဲ့ စိတ်ရောဂါ မျိုး မဟုတ်လေ တော့ သတိထား မိဘို့ ခဲယဉ်း တဲ့ အပြင် ကာယကံရှင် ကလည်း သူကိုယ့် သူ depression ဆိုတာ လက်မခံသလို သိလည်း သိချင်မှ သိမှာပါ.. တော်တော် သိမ့် မွေ့တဲ့ စိတ်ရောဂါတခုပါ..တခါ တလေ စိတ်တွေ သိပ်တက်ကြွ နေပြီး... တခါတလေ တော့လည်း စိတ်ဓါတ် တအားကျ နေပြီး သတ်သေ တဲ့ အထိ ဖြစ်သွား ပါတယ်...။
ချစ်ချစ်ကြီး ကတော့ သူ ငယ်ငယ် က သူ့ ကိုယ် သူ သတ်သေသွားတဲ့ သူ့ဦးလေး အကြောင်းကို အခြေခံ ပြီး အခုနောက်ပိုင်း သူ စာတွေ ဖတ်လို့ သိလာတဲ့ အချိန်မှာ သူ့ ဦးလေး ဟာ မသေသင့်ဘဲ ပတ်ဝန်းကျင် ရဲ့ နားမလည် မှု့ကြောင့် သေသွားရတယ် ဆိုပြီး အမြဲတမ်း ပြောလေ့ရှိပါတယ်...။
ချစ်ချစ်ကြီး မေမေ ရဲ့ မောင်အငယ်ဆုံး ဟာ ဘောလုံးသမား တယောက်ပါ..၊ မဆလ အစိုးရ လက်ထက် က တက္ကသိုလ် ပေါင်းစုံ အားကစားပွဲ တွေ ဟာ မြန်မာပြည် မှာ တော်တော် ကို ရေပန်းစား ခဲ့ ဘူးပါ တယ်... ဦးလေး က ကျောနံပါတ် ၁၃ (ကက်နက်) ဆိုတဲ့ နံမည် နဲ့ ရန်ကုန်စက်မှု့တက္ကသိုလ် က နံမည်ကြီး ဘောလုံးသမား တဦး ပါ...။
သူ 5th year ရောက်တဲ့ အချိန် မှာ အရေးကြီး တဲ့ ဖိုင်နယ် ပွဲ စဉ် တခုမှာ အောင်ဆန်းကွင်း မှာ ဘောလုံး ကန်ရင်း နဲ့  ညှပ်ရိုးကျိုး သွား ခဲ့ပါတယ်.. ၊ ပါမောက္ခချုပ် ကိုယ်တိုင် ကွင်း ထဲ အထိ လာ အားပေးရင်း  စာမေးပွဲ အတွက် လည်း မပူပါနဲ့ ဘာညာ ပြောသွား ပေမဲ့. .... အဲဒီနှစ်က သူ စာမေးပွဲ ကျခဲ့ ပါတယ်.. ၊ အဲဒီ အချိန်က စပြီးတော့  ကျောင်းလည်း ဆက် မတက်တော့ ဘဲ... အရှုံးသမား ဘဝနဲ့ ကျောင်းက ထွက် လာ ပါတယ်..။
ချစ်ချစ်ကြီး တို့ နဲ့ အတူနေရင်း အရက်သောက် ပြီး တူများကို ဆုံးမ ခဲ့ တယ်.. အရက်သောက် ပြီး ဘဝမှာ ဘာ အောင်မြင်မှု့ မှ ဆုတ်ကိုင် မပြနိုင်တဲ့ ဦးလေး ဖြစ်သူကို ဘယ် တူ တွေကများ လေးစား ခြင် မှာလည်း ..၊ ဒါပေမဲ့ ဦးလေး ဟာ ပညာသိပ်တော် တဲ့ အပြင် အရက် ဘယ်လောက် သောက်သောက် တူ တူမ များ ကို စာသင်ပေး တာ လည်း မပျက်ခဲ့ဘူး ဆိုဘဲ... ၊ သူ့ တူတွေ စာဖတ်တတ်အောင် လည်း သူဘဲ စာအုပ် ကောင်း များ ကို ရွေးချယ်ပေးခဲ့ ပါသတဲ့...။
သူ ရဲ့ တော်တဲ့ ကောင်း တဲ့ အချက်တွေ ကလည်း အများသားပါ..၊ ချစ်ချစ်ကြီး တို့ မိသားစု ဟာ ယဉ်ကျေး တဲ့ သူများ ဖြစ်တဲ့ အပြင် သူတို့ ဦးလေး ကို လည်း ချစ်ကြတော့ အားလုံး ဟာ သူ အရက် သောက် တာကို သည်းခံ ခဲ့ ကြပါတယ်တဲ့ ..၊ ယောက်ဖ ဖြစ်သူ ကလည်း ညတရေးနိုး ရင် ရေဆာ မှာဆိုးလို့ ဆိုပြီး ညတိုင်း ရေကရား လေး ကို သူ့အိပ်ရာဘေး မှာ ချထားပေးသတဲ့...၊  တအိမ်လုံး က အလို လိုက် ခဲ့ ကြပါတယ်တဲ့..  ။
တခါ တလေ သူ ပြောတာတွေ ကို အရက်ကြောင် ကြောင်လို့ ပြောတယ် ဘဲ ထင်ခဲ့ ကြတယ်တဲ့... အဲဒီ ထဲမှာ သူ သတ်သေ တော့ မယ် ဆိုတာကို လည်း အဲဒီလို ထင်သွားတာ ဟာ သူ့အတွက် ကံဆိုးခြင်း တခု ဘဲပေါ့....၊ တကယ်တော့ ဒါဟာ သူ စိတ်ရောဂါ အပြင်းအထန် ခံစားနေရတာပါ...။
သူ မသွားခင် တပတ်လောက် ကထဲက သူသတ်သေတော့ မယ် .. မသေခင် သူစားချင်တာတွေ စားအုန်း မယ် ဆိုပြီး.. ချစ်ချစ်ကြီး ကို ဆနွင်းမကင်း တွေ ဘာတွေ ဝယ်ခိုင်း သေးသတဲ့.. ဝယ်ပေးတော့လည်း သေချာ စားတယ်.. ၊ သူ့အတွက် ရစရာရှိတဲ့ အမွေတွေ ကိုလည်း ချစ်ချစ်ကြီး တို့ ညီအကို တွေကို ခွဲဝေ ပေး ဘို့ စာတွေ ဘာတွေ ရေးခဲ့ သေးတယ်... ဒါကို ဘယ်သူ မှ အလေး အနက် မထားခဲ့ ကြတာဟာ မြန်မာ လူမျိုး တွေ ရဲ့ ဗဟုသုတ နဲမှု့ အမြင် မကျယ်မှု့တွေပေါ့...။
သတ်သေ တဲ့ မနက် မှာ တအိမ်လုံးဟာ ဆိုင် မှာ ရောက်နေကြပါသတဲ့... သူ သတ်သေ ပြီးတဲ့ အချိန်  လောက် မှာဘဲ သူ့ဝိညာဉ် ဟာ ဆိုင်ကိုရောက်လာခဲ့ပါတယ်.. ချစ်ချစ်ကြီး မေမေ က ဆိုင်ထဲ ဝင်လာတဲ့ သူ့မောင် ကို အခုဘဲ ထမင်း ပို့တော့ မလို့ .... မောင်လေး အတွက် ငရုပ်သီး ကြော်နေတယ် ဆိုပြီး ..... ၊ သူ ရောက်လာ တာကို သတိမထားမိ လိုက်တော့ ဘဲ အလုပ်တွေ ဆက်လုပ် နေပါတယ်...။
ခဏနေ ငရုပ်သီး ကြော်ပြီးလို့ သူ့အတွက် ထမင်း လည်း သွားပို့ ရော သူဟာ အိမ်ရှေ့ ထုတ်တန်းမှာ ကြိုးတွဲလွဲ နဲ့ သေနေပါပြီ ... ပုဆိုး ကိုလည်း ကျွတ်ကြမှာ ဆိုးလို့ ကြိုးနဲ့ချီထား သတဲ့...၊ အဲဒီ အချိန် မှာ သူ ဟာ သေပြီးခါစ ပူပူနွေးနွေး ဘဲရှိပါသေးတယ် ....၊ အချိန် မတန်သေးဘဲ ဘဝကို အရှုံး ပေးသွားခဲ့ ပါပြီ.. ။
ကဲ.. အားလုံးသော လူသားများ လောကဓံ အနိမ့် အမြင့် ကို ခံနိုင်ရည် ရှိတဲ့ ပုဂ္ဂိုလ် များ အဖြစ် ယောနိသော မနသီကာရ သင့်တင့် သော နှလုံးသွင်း တတ်ခြင်းဖြင့် ဘဝမှာ နေလို့ ပျော်နိုင်ကြပါစေ...။
သြ.. ကျနော် ရေးမဲ့ မင်္ဂလာဈေး အကြောင်းက ကျနော် တို့ မန္တလေး က မင်္ဂလာဈေး ရဲ့ လွန်ဆွဲပွဲ အကြောင်း ပါ... အခုတော့ ချောတောငေါ့ သွားလို့ နောက်နေ့မှဘဲ တင်ပရစေတော့ဗျာ...။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>
မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၈)
အခန်း (၈)
ဂျိုစီသည် သူလုပ်ရမည့်အလုပ်ကို ပုံမှန်ပင် လုပ်သည်။ ခိုခြင်း ကပ်ခြင်း ပျက်ခြင်းမရှိ။ သို့သော်လည်း သူ၏ အနေအထိုင်နှင့် အပြုအမူများကတေ့ သိသိသာသာကြီး ပြောင်းလဲလာသည်။ ယခင်ကလို ပြုံးဖော် ရယ်ဖော် မရ။ စကားလည်း မပြော။ နှုတ်ဆိတ်နေသည်က များသည်။ မျက်နှာထားကလည်း တည်ငြိမ် သည်ထက် တည်ငြိမ်လာသည်။ အလုပ်ပင်ပန်းသည့် ဒဏ်ကြောင့် လူကလည်း တနေ့တခြား ပိန်ချုံး လာသည်။
ကောင်စစ်ဝန် ကတော့ သူ ရည်မှန်းထားသည့် ပုံစံအတိုင်း ဖြစ်လာသဖြင့် ကျေနပ်အးရလျက်ရှိ၏။ တခုတော့ဖြင့် စိတ်မကောင်းဖြစ်မိသည်။ တခြားတော့ မဟုတ်။ သူ့စိတ်ထဲက ဂျိုစီပြီးပြတ်အောင် လုပ်နိုင် လိမ့်မည် မဟုတ်ဟု ထင်ထားသော အလုပ် ပြီးပြတ်သွားခြင်းကြောင့် ဖြစ်သည်။ သို့တစေ လည်း ဥယျာဉ် စိုက်ပျိုးခြင်း အလုပ်တွင် လုပ်စရာတွေ အများကြီးရှိသည်။ ဂျိုစီ မပင်ပန်း ပင်ပန်း အောင်၊ စိတ်ဓာတ်မကျ ကျအောင် ကြံဖန်ပြီး ခိုင်းမည်ဆိုပါက ခိုင်းစရာအလုပ်တွေ တပုံကြီးရှိသည်။ ဂျိုစီ၏ ခေါင်းမာချင်သောဇွဲနှင့် အာခံ ချင်သော စိတ်ဓာတ်များ ချိုးနှိမ်၍ မရမချင်း သူ့ဘက်ကတော့ လျှော့ဖို့ စိတ်မကူး။ ပညာရှိနည်းဖြင့် ဂျိုစီ ၏ မာနနှင့်ဇွဲ့ကို ဖြုတ်ပစ်မည်ဟု သူ စိတ်ကူးသည်။
ဘရန်းဒီးသည် ဂျိုစီ၏ အပေါ်၌ အာဃာတစိတ် ပြင်းထန်နေသည်နှင့်အမျှ တဘက်မှလည်း သူ့ ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်နေသည်ကို သတိပြုမိသည်။ လွန်ခဲ့သော နှစ်များက ဆိုလျင် သူ့မှာ ကောင်းစွာ ကျန်းမာသည်ဟု မရှိခဲ့။ ကိုယ်ပိုင်းရော စိတ်ပိုင်းပါ နှစ်ပိုင်းစလုံးတွင် ကျန်းမာရေး ချို့တဲ့ခဲ့သည်။ သူသည် ပူနွေးသော ရာသီဥတုကိုသာ ကြိုက်သည်။ နေရောင်ခြည် များများ ရလေ သူ့ ကျန်းမာရေးသည် ကောင်းလေ...။
လက်ရှိ နွေဦးပေါက် ရာသီမှာ သူနှင့် အသင့် တော်ဆုံး...။ အံဝင်ခွင်ကျ အဖြစ်ဆုံး ရာသီဖြစ်၏။ ရုံးပိုင်း အခြေ အနေ မှာလည်း ဆိုးသည်ဟု မဆို သာပေ။ သူနှင့် ထိုက်တန်သော နေရာမျိုး မဟုတ်သည့် တိုင်အောင် လုပ်လို့ ကိုင်လို့ကတော့ ချော မောပြေပြစ်လျက်ရှိသည်။ သူရေးနေသည့် မေဘရန်းချီး အတ္ထုပ္ပတ္တိ မှာလည်း အခုဆိုလျှင် ပြီးဆုံး တော့မည်။ လက်ရေးမူကို တကြိမ် ပြန်လည် ဖတ်ရှု စစ်ဆေး နေသည့် နောက်ဆုံးအဆင့်သို့ ရောက် နေပြီ။
ဘရန်းဒီး အနေဖြင့် သူ့သား နီကိုလတ်စ်အတွက်လည်း များစွာ စိတ်ချမ်းသာနေရသည်။ နီကိုလတ်စ် သည် ယခုအခါတွင် သူ၏ သြဇာအာဏာ၌ လုံးဝ တည်လျက်ရှိသည်။ ပထမတော့ နီကိုလတ်စ်သည် သူ့ကိုပင် ခပ်ခွာခွာ လုပ်နေခဲ့သည်။ သူ့အပေါ်၌ သူ မကျေနပ်ကြောင်းပင် သိသိ သာသာ ဖော်ပြခဲ့၏။ ထို့နောက် ရက်အနည်းငယ် ကြာလာသောအခါ မူလ အနေအထားအတိုင်း ပုံမှန် ပြန်၍ ဆက်ဆံ လာခဲ့သည်။ သူ့ကို ချစ်သော၊ သူ့စကားကို မပယ်ရှားသော ကလေးတယောက် ပြန်လည် ဖြစ်လာ ခဲ့သည်။ ယခင်ကလိုပင် ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောနှင့် နေလာခဲ့သည်။ ဂျိုစီနှင့် ဖြစ်ခဲ့ရသော ပြဿနာ အားလုံးကိုပင် ကလေးသူငယ်များ၏ သဘာဝအတိုင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားပုံ ရလေသည်။
ဤကဲ့သို့ အဘက်ဘက်မှ အဆင်ပြေနေပြန်တော့လည်း ဘ၀၏ အရသာကို ခံစားနေရသည်မှာ စိတ်ချမ်းမြေ့ စရာကောင်းလှပေသည်။ လုပ်သမျှ ဖြစ်နေသဖြင့် အရာရာကို လွှမ်းမိုးနိုင်သည်ဟူသော စိတ်ဓာတ်သည် ရှင်သန်ကြီးထွားလာသည်။ ထိုအခါ စိတ်ရောကိုယ်ပါ ပြန်လည် နုပျိုတက်ကြွလာ တတ်သည်မှာ လူတို့၏ သဘာဝဖြစ်၏။ ယခုလည်း ဘရန်းဒီး၏ စိတ်ဓာတ်မှာ အသစ်တဖန် ပြန် လည်နိုးကြွ လာသည့်နှယ် ခံစားနေရသည်။ သူ့ရှေ့ရေးကို မျှော်တွေးပြီး အားမန်အပြည့်နှင့်ဖြစ်လာ သည်။ ယခင်က ရှိခဲ့သော မကောင်းမြင် ၀ါဒသည် သိသိသာသာလျော့နည်းသွားသည်။ အကောင်း မြင်မျက်စိဖြင့် မြင်တတ် ကြည့်တတ်လာသည်။ ကံကြမ္မာသည် သူ့အပေါ်၌ ယခင်ကလို ဆိုးတော့ မည်မထင်။ အခုဆိုလျှင် သူ့အား မျက်နှာသာပင် ပေးနေပြီလော ...။
စနေနေ့ မွန်းလွှဲပိုင်း ငါးနာရီထိုးခါနီး အချိန်တွင် ကောင်စစ်ဝန်သည် သူ့ရုံးဘက်သို့ အညေင်းပြေ သဘောဖြင့် လမ်းလျှောက်ထွက်လာခဲ့သည်။ ၀င်လုဆဲ နေရောင်သည် ၀င်းလက်လျှောက်ထွက် လာခဲ့သည်။ ၀င်လုဆဲ နေရောင်သည် ၀င်းလက်တောက်ပနေသည်။ အမှန်အားဖြင့် စနေနေ့ နေ့လယ် ရုံးပိတ်ရက်...။ သူ ဆန်ဂျော်ဂျီသို့ မရောက်ခင်ကဆိုလျှင် ရုံးပိတ်ရက်တွင် ရုံး၌ ရုံးစောင့် မှတပါး အခြား ဘယ်သူမှ မရှိ။ အခု သူရောက်တော့ ရုံးတွင်း စီမံခန့်ခွဲမှုတွင် သူကျွမ်းကျင်ကြောင်း ပြလိုသည့်စိတ်ဖြင့် ရုံးပိတ်ရက် တွင် အလှည့်ကျတာဝန်မှူးတဦး ရှိရမည်ဟူသော စနစ်ကို ထွင်ခဲ့ သည်။ ယနေ့ တာဝန် ကျသူမှာ ဘာတန်...။ သို့သော်လည်း ဘာတန်မှာ သူ့မိန်းမနှင့်အတူ သူတို့ ဖွဲ့ စည်းထားသော အေလ်ကာဒီ လူငယ်များ အသင်းဝင် ကလေးသူငယ်များနှင့် ဟူစကားမြို့သို့ ပျော် ပွဲစားခရီး ထွက်ရန် ရှိနေ သဖြင့် သူ ကိုယ်တိုင်ပင် ခွင့်ပေးခဲ့သည်။ ဘာတန်အစား အထက်တန်း စာရေး ဖာနန်ဒိုအား တာဝန် ပေးခဲ့သည်။
အခု သူ ရုံးဘက်သို့ ထွက်လာခဲ့ခြင်းမှာ အညောင်းပြေ လမ်းလျှောက်သည့် သဘောလည်းပါသည်။ သူအမိန့် ထုတ်ထားသည့်အတိုင်း လက်အောက် ၀န်ထမ်းများ အတိအကျ လိုက်နာခြင်းရှိမရှိ ကြည့် ရှု စစ်ဆေး လိုသော ရည်ရွယ်ချက်လည်း ရှိသည်။ ထို့ပြင်လည်း စနေနေ့တိုင်း ဘာစီလိုးနားမြို့မှလာ သည့် မွန်းလွဲ ပိုင်း မီးရထားဖြင့် စာများ ရောက်လာတတ်၏။ ထိုစာများထဲတွင် မိမိမှတပါး အခြား ၀န်ထမ်းများ ဖောက်ခွင့် မရှိသည့် အရေးတကြီး စာများ ပါလာတတ်သည်။
ယင်းကဲ့သို့သောစာများ ရှိလိုရှိငြား ကြည့်မည်ဟူသော စိတ်ကူးလည်း ပါသည်။ ရုံးပိတ်ရက်ကျခါမှ ရောက်လာ လေ့ရှိသည့် ဤစာများအတွက် သူ့မှာ များစွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရ၏။ သို့သော် လည်း ဤစာများ အချိန်မီ ချက်ချင်းပို့ပေးဖို့အတွက် စာတိုက်ဌာနနှင့် အပြင်းအထန် စကားပြောခဲ့ရသည်။ နောက်ဆုံး တွင် စတိုက်က သူလိုချင်သည့် ပုံစံအတိုင်း စနေနေ့ရထားဖြင့် ရောက်လာသည့် စာများကို နေ့ချင်း ပို့ပေးရန် သဘောတူခဲ့လေသည်။
ယနေ့ ညနေပိုင်းတွင် သူ့မှာ ဘာပြဿနာမှမရှိ။ စိတ်လက်ကြည်သာသည်။ ရုံးထဲ ၀င်လာသည့်အ ခါတွင်လည်း တာဝန်ကျဖာနန်ဒိုအား သူ့စားပွဲတွင် ထိုင်လျက် တွေ့ရသဖြင့် ပို၍ ကျေနပ်ခြင်းဖြစ် သည်။ သူသည် ဖာနန်ဒို အား တရင်းတနှီး လေသံဖြင့် နှုတ်ဆက်စကားပြောသည်။
' မင်း ခံတပ်ကို တာဝန်ယူ စောင့်ကြပ်နေတာပေါ့လေ၊ ဟုတ်လား... ဖာနန်ဒို၊ ဘာသတင်းထူးများ ရှိသေးလဲ'
ဖာနန်ဒို သည် ကပျာကယာ ထိုင်ရာမှ ထရပ်သည်။ ငိုက်မြည်းထားသဖြင့် သူ့မျက်လုံးများမှာ ရီတီတီ ဝေတေတေ...။
' မရှိပါဘူး... ဆီညော်၊ ကနေ့ ရာသီဥတုက သိပ်သာယာပါတယ်ခင်ဗျ၊ အပြင်ထွက်လည်ဖို့ အင်မတန် ကောင်းတဲ့နေ့တ နေ့ပါ၊ ပင်လယ်ကမ်းခြေဘက် ထွက်ရရင် သိပ်ကို ကောင်းမယ့်နေ့မျိုးပါ'
' အပြင် မထွက်ရပေမယ့် မင်းရဲ့ တာဝန်တရပ်ကို ကျေပွန်အောင် ဆောင်ရွက်ခွင့် ရတဲ့အတွက် တမျိုး ၀မ်းသာ ဖို့ ကောင်းပါတယ်ကွ ' ဟု ဘရန်းဒီးက လေအေးဖြင့် ပြောသည်။ ' စာတွေကော မရောက် သေးဘူးလား '
' ရောက်ပါပြီ ... ဆီညော်၊ စာဗူးထဲမှာ ရှိပါတယ်...၊ ပြီးတော့ စာပို့လုလင်က ပြောသွားပါတယ်၊ မက်ဒရစ် က ရုံးတံဆိပ်တွေ နှိပ်ထားတဲ့ ချိပ်ပိတ်စာတစောင်ပါတယ်...တဲ့၊ ဒါပေမယ့် ကျွန်တော် ကိုင်ခွင့်မရှိတဲ့ စာမို့ လက်ဖျား နဲ့တောင် မတို့ပါဘူး '
' အေး...ကောင်းတယ်၊ ဒါမှပေါ့ ' ဘရန်းဒီးက သဘောကျသည့်နှယ် ခေါင်းဆက်ပြသည်။ ' ကဲ... မင်း သွားချင် သွားတော့ '
ဖာနန်ဒိုသည် စားပွဲပေါ်မှ သူ့ဦးထုပ်ကို ကသောကမျော ကောက်ယူကာ ယာယီ ဒဏ်ပေးထားခြင်း မှ လွတ်မြောက် သွားသည့် ကျောင်းသားလေး တယောက်သဖွယ် ၀မ်းသာအားရနှင့် ထွက်သွားသည်။ ဘရန်းဒီး ကတော့ စာဗူးရှိရာသို့ သွားကာ သူ့လက်ထဲမှ သော့ဖြင့် ဖွင့်၍ အထဲမှ စာအိတ်ကို ထုတ်ယူ သည်။ စာအိတ်ပေါ်တွင် အနီရောင် ရုံးတံဆိပ်ရိုက်နှိပ်ထားသည်။ စာကတော့ မက်ဒရစ်မြို့မှ ပို့သည့်စာ။
သူသည် စာအိတ်ကိုကြည့်ကာ ငိုင်နေမိသည်။ ဤစာတွင် ထူးခြားသည့် အကြောင်းအရာတခုတော့ ပါလိမ့် မည် ထင်၏။
အထူးသဖြင့် သူ့အတွက် အလွန် အရေးကြီးသော သတင်းတခု ပါလာလိမ့်မည် ဟုစိတ်ထဲက ကြို၍ သိနေ သလိုလို ခံစားရသည်။ သူသည် စာကို လျင်မြန်စွာ ဖောက်၍ ဖတ်သည်။ သူ့စိတ်က ခံစား ရသည့် အတိုင်း မှန်နေသည်။ စာတွင် ဖော်ပြထားသည့် သတင်းမှာ သူ့အတွက် အလွန် အရေးကြီးသော သတင်း...။
စာမှာ မက်ဒရစ်မြို့ရှိ ကောင်စစ်ဝန်ချုပ် လေတွန်ဘေလီ ထံမှဖြစ်သည်။ တိုတိုနှင့်လိုရင်းကို ဖော်ပြ ထားသည်။ ဂျော့ခ်ျတင်းနေးမှာ ရုတ်တရက် ဦးနှောက်အမြှေးပါးရောင်ရောဂါဝင်လာသဖြင့် အပြင်း အထန် ဖျားကြောင်း၊ အသက်မစိုးရိမ်ရသည့်တိုင်အောင် ရောဂါ၏ ပြင်းထန်မှု ဒဏ်ကြောင့် အလုပ် မှ မမာပင်စင် ယူ၍ နားရလိမ့်မည်ဟု ယူဆရကြောင်း၊ ထို့ကြောင့်... ဘရန်းဒီးသည် လူကိုယ်တိုင် သံရုံးသို့ အမြန်ဆုံး ရောက်ရှိ သတင်းပို့စေလိုကြောင်း ...။
ဘရန်းဒီးသည် ခဏမျှ မိန်းမောသလို ဖြစ်သွားသည်။ သူသည် စာကို နောက်တခေါက် ထပ်၍ဖတ် ပြန်သည်။ စာ၏ ဆိုလိုရင်းအဓိပ္ပာယ်မှာရှင်းသည်။ တင်းနေး ၏ နေရာကို သူယူရမည်။ ရာထူး တဆင့် တက်ခြင်း...။ အချိန်ကာလကြာမြင့်စွာ သူ့အား တိုးတက် မပေးပဲ လုပ်ထားခဲ့ကြ၏။ နောက် ဆုံးကျတော့ မပေး၍ မရ။ ပေးကြရပြီ။
အမှန်တော့ သူသည် ၀မ်းသာလုံးဆို့လျက်ရှိ၏။ သို့သော်လည်း သူ့စိတ်သူ ထိန်းချုပ်ထားသည်။ နောက်ဆုံး ကျတော့လည်း သူတို့ လူစုသည် သူ့တန်ဖိုးကို အသိအမှတ်မပြု၍မရ။ သူသည် ကုလား ထိုင် တွင် ကျောမှီကာ ဦးခေါင်းကို မော့်လိုက်ပြီး သာယာကြည်နူးမှုကို အပြည့်အ၀ ခံစားသည်။
ကျေနပ် အားရပြီ ဆိုတော့မှ ထိုင်ရာမှ ထကာ နံရံကပ်တယ်လီဖုန်းဖြင့် ဘူတာသို့ဆက်၍ ရထား အ၀င် အထွက် အချိန်စာရင်းကို မေးသည်။ ယနေ့ည ညစာ စားအပြီးတွင် ဂရေစီယာအား ဘာစီလိုး နားမြို့အထိ မော်တော်ကားနှင့် လိုက်အပို့ခိုင်းမည် ဆိုပါက ဇာရာဂျီဇီမြို့သို့ ထွက်သည့် သန်းခေါင် ရထားကို မီနိုင် သည်။
ဇာရာဂျီဇီမြို့မှ ဗာလာဒိုလစ်မြို့အထိ လိုကယ်ရထား ဆက်စီးပြီး ထိုမြို့ဘူတာ မှ တနာရီခန့် စောင့်လိုက် လျှင် တနင်္ဂနွေနေ့ မွန်းမတည့်မီ မက်ဒရစ်မြို့သို့ ဆိုက်ရောက်သွားနိုင် သည့် ' ဆင်ထရယ် ကာစတီလီ အမြန်ရတား' ကို စီးနိုင်စရာရှိ၏။ ထိုခရီးစဉ်အတိုင်း သွားမည်ဆိုပါ ကအလွန် ပင်ပန်းမည်ဖြစ်သည်။ သို့သော်လည်း ပင်ပန်းသလောက် အကျိုးရှိနိုင်မည့် အလားအလာ ရှိသည်။ ဘယ်နည်းနှင့်မဆို သူ၏ လျင်မြန် သွက်လက်မှုနှင့် တာဝန်ဝတ္တရားကို အတိ အကျလိုက်နာမှုတို့အတွက် သူ့အတွက် လူကြီးဖြစ်သူ ဘေလီ က သူ့အပေါ် အထင်အမြင်ကြီးသွား နိုင်စရာရှိသည်။
ဘရန်းဒီးသည် ရွှင်လန်းတက်ကြွသော စိတ်ဖြင့် သူ့ခရီးစဉ်ကို အေးစိတ် ပြန်ချိန်သည်။ အနည်းဆုံး သုံးရက်ခန့်တော့ အိမ်နှင့် ခွဲနေရလိမ့်မည်ဖြစ်၏။ ဤခရီးစဉ်တွင် သူ့သားကို ခေါ်သွားလို့ကတော့ မဖြစ်။ နီကိုလတ်စ် အား ဂရေစီယာနှင့် မက်ဂ်ဒါလီးနားတို့ လင်မယားထံ အပ်ထားခဲ့မည်။ အခုလို အချိန်မျိုးတွင် ယုံကြည် စိတ်ချရသည့် ဂရေစီယာတို့လို စုံတွဲကို အိမ်ဖော် အိမ်စောင့်အဖြစ် ရထား ခြင်းသည် သူ့အတွက် ကံကောင်းခြင်း တရပ်ပင်...။ ပြီးတော့ နီကိုလတ်စ်အား စောင့်ကပ်ကြည့်ရှု ပေးဖို့အတွက် ဘာတန်တို့ လင်မယား ကိုပါ တာဝန်ပေးနိုင်သည်။ ဤကိစ္စနှင့် ပတ်သက်၍ အိမ်ပြန် ရောက်မှပင် အေလ်ဗင်ဘာတန် ထံ ဖုန်းဆက် ၍ မှာမည်။
နီကိုလတ်စ် အကြောင်း တွေးမိသည့်အခါ သူ့မျက်လုံးများတွင် မျက်ရည်စို့လာသည့် အထိပင် ကျေ နပ်အားရ ခြင်းဖြစ်မိသည်။ ဤသတင်းကို သူ့သားအား ပြောပြ လိုက်ရလျှင် မည်မျှ ၀မ်းသာရှာလိမ့် မည်နည်း။ ဆန်ဂျော်ဂျီလိုမြို့သိမ်မြို့ငယ်ကလေးမှနေ၍ စပိန်နိုင်ငံ၏ မြို့တော်ဖြစ်သော မက်ဒရစ်မြို့သို့ ပြောင်းရွှေ့ ရခြင်းသည် မည်မျှ စိတ်ချမ်းသာစရာ ကောင်းလိုက်ပါသနည်း..။ 
မြို့တော် ဆိုတော့ မြို့က ကြီးကြီး...။ တခမ်းတနားထည်ထည်ဝါ၀ါ နေနိုင်သည့် နေရာမျိုး...။ သူတို့ သားအဖအတွက် ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်နှင့် အသိဥာဏ်ပညာ တိုးတက်ဖွံ့ဖြိုးရေး နယ်ပယ် များသည် အတိုင်းအဆမရှိ ကျယ်ပြန့် လာပေတေ့မည်။ ပြီးတော့ နီကိုလတ်စ်အား မရားဒိုး...၊ စပိတ်ဘုရင် နန်းတော်...။ ဘူအင်ရက်တီရိုး နန်းဆောင်များ...။ အလွန် စိတ်ဝင်စားဖို့ ကောင်းသည့် နေရာဌာနများသို့ လိုက်ပို့နိုင်မည်။
ဤအတွေး ၀င်လာသောအခါ ဘရန်းဒီးသည် သူ့သား နီကိုလတ်စ်နှင့် အမြန်ဆုံး တွေ့ချင်သည့် စိတ်ကို မမျိုသိပ်နိုင်။ ချက်ချင်းပင် လက်ထဲမှ စာကို မှတ်စု စာအုပ်ကြားတွင် ညှပ်လိုက်ပြီး ရုံးခန်း တံခါးကို ကပျာ ကယာ သော့ခတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ လမ်းမပေါ် ရောက်သည့်အခါ တည်တည် ငြိမ်ငြိမ်နှင့် ဣနြေ္ဒရရပင် မလျှောက်နိုင်။ အိမ်ကို အမြန်ဆုံး ရောက်လိုသည့် ဇောဖြင့် ခြေလှမ်းကို မြန်နိုင် သမျှ မြန်မြန် လျှောက်လာ ခဲ့လေ၏။
အခန်း (၉) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၅)
အခန်း (၂၅)
ဗိုလ်ကြီးကို ရွက်ဖျင်တဲထဲ သယ်ယူလာကြသည်။ ခွဲစိတ်စားပွဲပေါ်တွင် ညင်ညင်သာသာ တင်လိုက်ကြ သည်။
သူနာပြုဆရာမက ဗိုလ်ကြီးဝီလျံကိန်းအား ညှိုးငယ်သောမျက်နှာဖြင့် တွေ့တွေ့ကြီး ကြည့်နေသည်။ ဆရာမ ဘာစကားတွေပြောနေမှန်း ဗိုလ်ကြီးက လုံးဝမသိ၊ လုံးဝမကြား။
သူ မကြားရခြင်းသည် ခေါင်းတွင် ပတ်တီးစည်းထား၍လား၊ သူ့နားတွေ ပင်းကုန်ပြီဖြစ်၍လား ဆိုသည် ကိုလည်း လုံးဝမသိ။
ဆရာမနှုတ်ခမ်းတွေ လှုပ်နေတာကိုပဲ သူက စိုက်ကြည့်နေသည်။ သိုသော် ဘာသံမှတော့ မကြားရ။
သူက မျက်လုံးကို ပြန်မှိတ်လိုက်သည်။
ပြီးတော့ တွေးကြည့်နေသည်။
သူက အတိတ်ကိုသာ အများကြီးတွေးသည်။ အနာဂတ်ကို နည်းနည်းသာ တွေးသည်။
ငါ သေသွားရင် ဘာတွေဖြစ်လာမလဲ။
သေသွားရင် တွေးပူစရာတွေက တစ်ပုံကြီးပဲ။
သူ့အတွေးသည် နယူးယောက်သို့ ရောက်သွားသည်။ ကိတ်၏မျက်နှာကို မြင်ယောင်လာသည်။
သူမက သူ့အား စစ်ထဲမ၀င်ရန် အတန်တန်တားခဲ့သည်။
ကိတ်က ငါ့ရည်ရွယ်ချက် နားမလည်ပါဘူး။ ရှင်းပြတော့လည်း သဘောပေါက်မှာ မဟုတ်ပါဘူး။
ထို့ကြောင့် သူက ရှင်းပြမနေတော့ဘဲ သူထင်ရာ စွတ်လုပ်လာခဲ့ခြင်းဖြစ်သည်။
ကိတ်၏ စိုးရိမ်မကင်းဖြစ်နေသော မျက်နှာက သူ့ကို ခြောက်လှန့်လာပြန်သည်။
သူက သေဖို့ကို ဘယ်တော့မှ မစဉ်းစားခဲ့။ သူ မသေချင်သေး။ သူကိုယ့်အိမ်ကိုယ့်ရာသို့ ပြန်သွားချင် သေးသည်။
*
ဝီလျံသည် ဘဏ်တိုက်ကို သူပြန်ရောက်သည်အထိ စောင့်ရှောက်ထားရန် အက်ဒွပ်လိခ်ျနှင့် တိုနီဆိုင်မွန် တို့ နှစ်ယောက်အား ပူးတွဲလွှဲအပ်ထားခဲ့သည်။
သို့သော် အကယ်၍ သူပြန်မလတော့လျှင် ဘယ်လိုလုပ်ကြပါတော့ဟု ဘာညွှန်ကြားချက်မှ ပေးမထားခဲ့။
လိခ်ျ နှင့် ဆိုင်မွန်တို့က သူ့ကိုမသွားရန် တားကြသည်။ သူတို့လည်း သူ့ကို သဘောမပေါက်ကြပါလား။
နောက် နှစ်ရက် သုံးရက်အကြာတွင် သူ တပ်ထဲဝင်လိုက်သည်။
ကလေး တွေ၏ မျက်နှာကို ရင်မဆိုင်ရဲအောင် ခံစားရသည်။
၁၀ နှစ်သား ရစ်ချက်က သူ့ဘာသာသူ ဘူတာသို့ လိုက်ချလာသည်။ မျက်နှာတွင်လည်း မျက်ရည် အသွယ်သွယ် စီးကျလျက် ...။
'ဖေဖေ မသွားရင် မဖြစ်လို့ပါ သားရယ်။ ဖေဖေမသွားရင် နာဇီတွေကို ဘယ်တိုက်နိုင်တော့မလဲ '
သူက သားကြီး သဘောပေါက်အောင် ကြိုးစား၍ ရှင်းပြသည်။ သည်တော့မှ သားကြီး မျက်ရည်တိတ်သွား သည်။
ထို့နောက် သူသည် ဗားမွန့်မှ ဗိုလ်သင်တန်းကျောင်းသို့ ရောက်လာခဲ့သည်။ မက်သယူးနှင့် စကိတ်စီးထွက် တုန်းက ဗားမွန့်သို့ သူ နောက်ဆုံးရောက်ခဲ့ဖူးသည်။ ရေခဲတောင်ပေါ်သို့ အတက်တွင် ဖြည်းဖြည်း ကလေး၊ အဆင်းကျတော့ ရွှီခနဲ လျှောဆင်းလာခဲ့သည်။
အခုတော့ သူ့ဘ၀ခရီးက အတက်လည်း ဖြည်းလွန်းလှသည်။ အဆင်းလည်း နှေးလွန်းလှသည်။
ဗိုလ်သင်တန်း သုံးလတက်ရသည်။ သူ တော်တော် ကျန်းမာလာသည်။ ဟားဗက်တက္ကသိုလ်တုန်းက အခြေ အနေမျိုးအထိ သန်မာထွားကျိုင်းလာခဲ့သည်။
ဗိုလ်သင်တန်းပြီးတော့ လန်ဒန်မြို့သို့ ရောက်လာသည်။ လန်ဒန်မြို့တွင် အမေရိကန် စစ်သားတွေ အများအပြား တွေ့ရသည်။ သူက အမေရိကန်တပ်နှင့် ဗြိတိသျှတပ်အတွက် ဆက်ဆံရေး အရာရှိ လုပ်ရသည်။
သူသည် ဒေါ်ချက်စတာဟိုတယ်တွင် စခန်းချရသည်။ ပထမတုန်းက ဒေါ်ချက်စတာ ဟိုတယ်ကို ဗြိတိသျှ တပ်များအတွက် စစ်ရုံးဖွင့်ခဲ့သည်။ နောက်တော့ အမေရိကန်တပ်များ အတွက် ဌာနချုပ်အဖြစ် လွှဲပြောင်း ပေးခဲ့သည်။
အေဘယ်ရို့စနော့စကီးလည်း နယူးယောက်မှ သူ၏ နယ်စားဟိုတယ်ကို အမေရိကန်တပ်အတွက် ဌာနချုပ်ဖွင့်ခွင့်ပြုကြောင်း သတင်းစာတွင် ၀ီလျံဖတ်လိုက်ရသည်။ သူက အေဘယ်၏ စေတနာကို ချီးကျူး ခဲ့မိသည်။
တစ်ချိန်လုံးတွင် အရေးပေး အချက်ပေးဥသြဆွဲသံများ၊ ဗုံးကြဲသံများ၊ စက်သေနတ်သံများနှင့် တစ်မြို့လုံး မီးမှောင် ကျခြင်းများသာ ကြုံနေရသည်။ ဤအချက်က သူသည် တကယ့်ကြီးကျယ်သော စစ်ပွဲကြီး တစ်ပွဲ တွင် ပါဝင်ပတ်သက်နေရပြီ ဆိုသည်ကို သတိရစေသည်။
သူသည် ဘ၀တစ်လျှောက်လုံးတွင် ပွဲကြည့်ပရိသတ် ဘယ်တော့မှ မဖြစ်ခဲ့။ ဇာတ်ခုံပေါ်မှ ဦးဆောင် လှုပ်ရှား နေသူသာ အမြဲတမ်း ဖြစ်ခဲ့သည်။
ယခုတော့ သူ့မှာ အမေရိကန် ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါ၏ စစ်ဌာနချုပ်နှင့် ဗြိတိသျှ နန်းရင်ဝန် ချာချီ ၏ စစ်ရုံးနှစ်ခုကြားတွင် စကားပြန်အဆင့်လောက်တာဝန်မျိုးဖြင့်သာ စခန်းသွားနေရသည်။ ကိုယ်စွမ်း ကိုယ်စဖြင့် တီထွင်လုပ်ကိုင်သော အလုပ်ဟူ၍ ဘာမှမရှိ။ သည်အတိုင်းဆိုလျှင် ဟစ်တလာက ထရာဖာ လဂါ စကွဲယား ရင်ပြင်ကြီးကို လာတိုက်မှသာ သူ့အနေဖြင့် တကယ့်နဖူးတွေ့ဒူးတွေ့ စစ်ပွဲကို ၀င်နွှဲခွင့် ရတော့မည့်ကိန်းမျိုး ဆိုက်နေရပြီ။
ထို့နောက် အမှတ်(၁) တပ်ရင်းကို စကော့တလန်သို့ အထူးစစ်လေ့ကျင့်မှုအတွက် ပို့သောအခါ ၀ီလျံက လေ့လာသူအဖြစ် လိုက်ပါလာခဲ့ရသည်။ သူက တိုးတက်မှုများကို ဌာနချုပ်သို့ အစီရင်ခံရမည် ဖြစ်သည်။
သည်တာဝန်ကို ၀ီလျံက စိတ်မ၀င်စား။ သေသေကြေကြေ တိုက်ပွဲသာ ၀င်တိုက်လိုက်ချင်သည်။
ထို့ကြောင့် လန်ဒန်သို့ ပြန်ရောက်လျှင် သူ့အထက်အရာရှိ ဗိုလ်မှူးကြီးကို တောင်းပန်ပြီး တိုက်ခိုက်ရေး တာဝန် ပြောင်းပေးရန် ပြောသည်။ ဗိုလ်မှူးကြီးက ရှောရှောရှူရှူပင် ခွင့်ပြုလိုက်သည်။
ထို့နောက် စကော့တလန်သို့ပြန်ပြီး သုံးလတိတိ စစ်သင်တန်းပြန်တက်ရသည်။ သင်တန်းက ယခင် သင်တန်းများထက် ကြမ်းသည်။ တောတောင်အထပ်ထပ်ကို ကျော်ဖြတ် လေ့ကျင့်ရသည်။ သူက စိတ်မပျက်။
စစ်ထဲဝင်လာတာ တိုက်ဖို့ ၀င်လာတာ။ ပင်ပန်းခံနိုင်မှ တိုက်နိုင်မယ်ဆိုပီး ၀မ်းပင်သာနေသေးသည်။
သုံးလကြာတော့ ၀ီလျံတို့တပ်သည် ဥရောပစစ်မျက်နှာသို့ ၀င်ရောက်လာသော ဗိုလ်ချုပ်ကီး ဘရက် ဒလေ ၏ တပ်နှင့် ပူးပေါင်းရန် ပြင်သစ်ပြည်မြောက်ပိုင်းသို့ လေထီးဖြင့် ဆင်းကြရသည်။
ထိုအချိန် တွင် မဟာမိတ်တပ်များ အောင်ပွဲခံစပြုနေပြီ။ ၀ီလျံက ဘာလင်မြို့သို့ ၀င်ောက်သော ပထမဆုံး စစ်သားဖြစ်ချင်လှပြီ။
အမှတ်(၁) တပ်မဟာသည် ရိုင်းနယ်သို့ ချီတက်သည်။ လမ်းတစ်လျှောက်တွင် တွေ့သမျှ တံတားများကို ဖြတ်ကျော် သည်။
ထိုနေ့တွင် ဗိုလ်ကြီးဝီလျံကိန်းအား လူဒင်ဒေါ့တံတားဖြတ်၍ ရီမာဂျင် အရှေ့မြောက်ဘက် တစ်မိုင်အကွာရှိ ရန်သူတပ်ကို ရှေ့ပြေးသွားရောက်တိုက်ခိုက်ရန် အထက်မှ တာဝန်ပေးသည်။
သူသည် တောင်ကုန်းတစ်ခုပေါ်တွင်ရပ်ပြီး တံတားကို ကျော်ဖြတ်နေသော အမှတ်(၉)တပ်မကို လှမ်း ကြည့် နေသည်။ ရန်သူမိုင်းများ ရုတ်တရက် ၀ုန်းခနဲ ပေါက်ကွဲပြီး တံတားကြီးတစ်ခုလုံး မိုးပေါ်သို့ တက် သွား တော့မှာလားဟု တွေးကာ သူက အသည်းတထိတ်ထိတ် ဖြစ်နေမိသည်။
ဝီလျံ၏ အထက်အရာရှိ ဗိုလ်မှူးကြီးကလည်း သူ့တပ်နှင့်အတူ နောက်မှ ကပ်လိုက်လာသည်။ ၀ီလျံ၏ တပ်တွင် လူပေါင်း ၁၂၀ ပါလာသည်။ သို့သော် အားလုံးလိုလိုမှာ သူ့လိုပင် သည်တစ်ကြိမ်သာ စစ် မျက်နှာ သို့ ထွက်ဖူးကြသူများချည်းဖြစ်သည်။
သူတို့တပ် တောစပ်ရောက်လာသည်။ ရန်သူဘက်မှ ခုခံမှုတစ်စုံတစ်ရာ မရှိ။ သို့ဖြင့် သူတို့က တောနင်း ချီတက်ကြသည်။ ပိတ်ဆီးနေသော တောနက်ကြီးကို ထိုးဖောက်ရသောကြောင့် ခရီးက အလွန်နှေးသည်။ ရဲဘော် တွေလည်း အင်မတန် ပင်ပန်းကြသည်။ အမှန်က သည်လမ်းကို ဗိုလ်မှူးကြီး၏ တပ်မကသာ အလျင် ထိုးဖောက်ချီတက်သင့်သည်။ ၀ီလျံက ယင်းသို့ တွေးလိုက်မိသည်။
အတွေး ပင် မဆုံးလိုက်ပါချေ။
သူတို့ တပ်သားများပေါ်သို့ ကျည်ဆန်တွေ မိုးရွာသလို ရွာကျပါလေတော့သည်။ သူတို့ကား ရန်သူ၏ ချုံခို တိုက်ခိုက်ခြင်းကို အမှတ်မထင် ခံလိုက်ကြရပြီ။ မော်တာထုသံတွေ နားကွဲမတတ် တရစပ် ပေါ်ထွက် နေကြ သည်။ လက်ပစ်ဗုံးတွေ တ၀ုန်းဝုန်း ပေါက်ကွဲကြသည်။ ကျည်ဆန်တွေ တ၀ီဝီ ဖြတ်သွား ကြသည်။
အဖြစ်အပျက်သည် မြန်ဆန်လွန်းလှသည်။ ၀ီလျံ၏ တပ်သားတွေ အတုံးအရုံးလဲကျသွားကြသည်။ အချို့က သစ်ပင်များဆီ ပြေးကပ်ကြသည်။ ချုံပုတ်ကို ကာဘာယူကြသည်။ မြေနိမ့်ချိုင့်ဝှမ်းတွင် ပြေးဝပ်ကြသည်။
မြင်ကွင်းသည် ရုတ်တရက်အားဖြင့် ကမ္ဘာတစ်ခု ဖရိုဖ`ရဲ ပြိုကွဲပျက်စီးသွားသည်နှင့် တူလှတော့သည်။
စက္ကန့်ပိုင်း အတွင်းတွင် သူ့ရဲဘော်တွေ တစ်ဝက်ခန့် ကျဆုံးသွားကြသည်။
သည်တိုက်ပွဲသည် စုစုပေါင်း တစ်မိနစ်ပင် မကြာ။ ဒါကိုပင် တိုက်ပွဲဟု ခေါ်နိုင်ပါမည်လား။ တစ်ဖက်နှင့် တစ်ဖက် သူနိုင်ကိုယ်နိုင် အစွမ်းပြ၍ ရင်ဆိုင်မတိုက်ရသော တိုက်ပွဲကို တိုက်ပွဲဟု ခေါ်နိုင်ပါမည်လား။ ဘယ်တော့မှ မခေါ်နိုင်။ တကယ်တော့ တိုက်ပွဲမဟုတ်။ လူသတ်ပွဲသာ ဖြစ်သည်။
ဝီလျံက မကျေမချမ်းစွာဖြင့် ယင်းသို့ တွေးမိပြီး တင်းတင်းပါအောင် အံကြိတ်လိုက်မိသည်။
သူသည် နာဇီစစ်သားတစ်ယောက်၏ အရိပ်အရောင်ကိုမျှပင် မမြင်လိုက်ရ။
ဝီလျံက ရွံ့ဗွက်ထဲတွင် မှောက်လျက်ကီး ၀ပ်နေရာမှ ဗိုလ်မှူးကြီး၏ တပ်က နောက်မှ ချီတက်လာသည်ကို လှမ်းမြင် လိုက်ရသည်။
သူ့ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။
ရန်သူ၏ ချုံခိုတိုက်ခိုက်မှု အန္တရာယ်ရှိကြောင်း နောက်တပ်ကို သတင်းပို့ရန် သူက ၀ပ်နေရာမှ ကမန်း ကတန်း ထပြီး သစ်ပင်တစ်ပင်ဆီသို့ စွတ်ပြေးသည်။
သူ့ ဦးခေါင်းကို ကျည်ဆန်တစ်တောင့် ထိမှန်သွားသည်။ သူ ဗွက်ထဲ လဲကျသွားသည်။
သူက အားယူပြီးနောက် တပ်ဆီသို့ လက်ကိုဝှေ့ယမ်းပြလိုက်သည်။
ဒုတိယကျည်ဆန်က သူ့လည်ပင်းကို လာမှန်သည်။ နောက်တစ်တောင့်က ရင်ဘတ်ကို ထိသည်။
သူသည် ရွှံ့ဗွက်ထဲတွင် မလှုပ်မယှက် စန့်နေသည်။ သေမည့်အချိန်ကို စောင့်နေသည်။ ရန်သူ့ မျက်နှာကိုပင် မမြင်လိုက်ရဘဲ သေရတော့မည်။ ဂုဏ်မရှိသော သူရဲကောင်းမဆန်သော သေခြင်းမျိုး။
နောက်တစ်ခု သူ မှတ်မိတာကတော့ သူ့ကို ထမ်းစင်နှင့် သယ်ယူသွားကြသည်။ သူ ဘာကိုမျှ မကြားရ၊ ဘာကိုမျှ မမြင်ရ၊ ညအချိန်လား၊ သူ့မျက်စိကန်းသွားပြီလား သူမသိ။
ခရီးတော်တော်ရှည်သည်။
သူ မျက်လုံးဖွင့်ကြည့်သည်။
အရပ်ပုပု ၀၀တုတ်တုတ် ဗိုလ်မှူးကြီးတစ်ယောက် ရွက်ဖျင်တဲထဲမှ ထွက်လာသည်။ သူက တစ်ခုခုကို မှတ်မိသလို ထင်မိသည်။ သို့သော် အသေအချာ စဉ်းစား၍မရ။
ထို့နောက် သူ့ကို ခွဲစိတ်စားပွဲပေါ် တင်လိုက်ကြသည်။ သူက သေခြင်းကို မတွေးချင်။ အိပ်ပျော် သွားချင် သည်။ မျက်လုံးတွေ ပြန်မှိတ်လိုက်သည်။ မကြာမီ အိပ်ပျော်သွားသည်။
*
သူ ပြန်နိုးလာသည်။ သူ့ဘေးတွင် လူနှစ်ယောက် ရပ်နေသည်။ သူတို့က သူ့ကို ညင်ညင်သာသာ ဖေးမ၍ တစ်ဖက်သို့ စောင်းလိုက်ကြသည်။ ထို့နောက် သူ့ကို ဆေးထိုးကြသည်။
သူ အိပ်မက် မက်သည်။ အိပ်မက်ထတွင် ကိတ်ကိုလည်း တွေ့ရသည်။ သူ့မေမေကိုလည်း တွေ့ရသည်။ မက်သယူး က သူ့သားကြီး ရစ်ချတ်နှင့် ကစားနေသည်။ ပြီးတော့ သူ အိပ်ပျော်သွားသည်။
*
သူ ပြန်နိုးလာသည်။
သူ့ကို ခုတင်တစ်လုံးသို့ ပြန်ပြောင်းကြသည်။ သူ မသေနိုင်တော့ဘူးဟု ယုံကြည်ချင်လာသည်။ သူ မလှုပ်မယှက် ပက်လက်ကီး လှဲနေသည်။ ရွက်ဖျင်တဲခေါင်းမိုးကို တွေတွေကြီး စိုက်ကြည့်နေသည်။ ခေါင်းကို လှုပ်၍ လုံးဝမရ။ သူနာပြုဆရာမ တစ်ယောက် ၀င်လာသည်။ လူနာရောဂါမှတ်တမ်း ကတ်ပြား ကို ယူကြ့်သည်။ ထို့နောက် သူ့ကို ကြည့်သည်။
သူ အိပ်ပျော်သွားပြန်သည်။
*
သူပြန်နိုးလာသည်။
အချိန်ဘယ်လောက်များ ကြာသွားပြီလဲ။ နောက်ထပ် ဆရာမတစ်ယောက် ၀င်လာပြန်သည်။ သူ့မျက်လုံးတွေ စောစောကထက် ပို၍ မြင်လာသည်။ သူ အလွန်ပျော်သွားသည်။ အများကြီး ပျော်သွား သည်။ ခေါင်းကို လှုပ်ကြည့်သည်။ လှုပ်လို့ရလာပြီ နာတော့ အလွန် နာသည်။ မအိပ်ဘဲနှင့် မှိန်းနေ ချင်သည်။ သူ မသေချင်။
သူ အိပ်ပျော်သွားပြန်သည်။
*
သူ ပြန်နိုးလာသည်။
ဆရာဝန်လေးယောက် ရောက်နေသည်။ သူတို့ ဘာတွေ လုပ်နေကြပါလိမ့်။ သူ ဘာမှမကြားရ။ ထို့ကြောင့် ဘာမှမသိ။
သူတို့က သူ့ကို နေရာရွှေ့ကြပြန်သည်။ သူ့ကို တပ်မတော် လူနတင်ကားပေါ်သို့ တင်ကြသည်။ ကားတံခါးတွေ ပြန်ပိတ်သွားသည်။ ကား စထွက်ပီ။ လမ်းက တော်တော် ကြမ်းသည်။ သူနာပြုဆရာမ အသစ် တစ်ယောက် သူ့ဘေးတွင် ထိုင်ကာ ညင်ညင်သာသာ ဖေးမပြီး လိုက်လာသည်။ တစ်နာရီ လောက် ကြာခဲ့ပြီ ထင်သည်။ သို့သော် အတိအကျတော့ မပြောနိုင်။
လူနာတင် ကားသည် လမ်းကောင်းပေါ်သို့ ရောက်လာပြီ။ ထို့နောက် ကားရပ်သွားသည်။
သူ့ကို နေရာရွှေ့ပြန်သည်။ သည်တစ်ကြိမ်မှာတော့ သူတို့က မြေညီပြင်ကို လျှောက်လာကြသည်။ ထို့နောက် လှေကားကို တက်သည်။ မှောင်နေသော အခန်းထဲ ရောက်လာကြသည်။ သူတို့ ခဏရပ်စောင့် နေကြ သည်။ ထို့နောက် အခန်းသည် ရွေ့လျားလာသည်။ နောက်ကားတစ်စီးဖြစ်မည် ထင်သည်။ အခန်း သည် အပေါ်သို့ မြင့်တက်သွားသည်။ ဆရာမက သူ့ကို ဆေးတစ်လုံးထိုးပေးသည်။
သည်ကြား ထဲတွင် သူ ဘာကိုမျှ သတိမရ။ သူတို့ကား တုံ့ခနဲ ရပ်သွားတော့မှ မျက်စိများ ပွင့်လာသည်။ သည်တော့ မှ လေယာဉ်ပျံ မြေပြင်တွင် ဆိုက်ကြောင်း သိရတော့သည်။
သူ့ကို ထပ်ပြီး နေရာပြောင်းကြပြန်သည်။ နောက်ထပ် ဆရာမအသစ် တစ်ယောက် နောက်ထပ် အနံ့ တစ်မျိုး၊ နောက်ထပ်မြို့ တစ်မြို့။
နယူးယောက်မြို့ဖြစ်မည်။ ဒါမှမဟုတ် အမေရိကန်နိုင်ငံ တခြားမြို့တစ်မြို့ဖြစ်မည်။
လူနာတင်ကား ဆက်ထွက်လာခဲ့သည်။ မြေညီပြင်တွင် မောင်းလာသည်။ ရပ်လိုက်၊ ဆက်မောင်းလိုက်ဖြင့် နောက်ဆုံး တစ်နေရာတွင် အမြန်ရပ်လိုက်ကြသည်။
သူ့ကို သယ်ယူလာကြပြန်သည်။ လှေကားအတိုင်း တက်လာကြသည်။ ဆေးဖြူသုတ် အခန်းကလေး တစ်ခန်း ထဲ ရောက်လာသည်။
သူ့ကို ခုတင်ပေါ်သို့ ချသည်။ ခုတင်က အိစက်နေသည်။ သူ့ဦးခေါင်းသည် ခေါင်းအုံးပေါ် ရောက်လာ သည်။
သူ အိပ်ပျော် သွားသည်။
*
သူ ပြန်နိုးလာသည်။
မျက်လုံးများကို အားတင်း၍ ဖွင့်ကြည့်သည်။ ကိတ်က သူ့အနီးတွင် ရပ်ကြည့်နေသည်။ သူက လက်ကို မြှောက်ကြည့်သည်။ မြှောက်၍မရ။ ပါးစပ်ဖွင့်ကြည့်သည်။ ဖွင့်၍မရ။
ကိတ်က ပြုံးပြသည်။ သူကလည်း ပြန်၍ ပြုံးပသည်။ သို့သော် သူ့အပြုံးကို ကိတ် မြင်မည်မထင်။
သူ အိပ်ပျော် သွားပြန်သည်။
*
သူ ပြန်နိုးလာသည်။
ကိတ်ကို တွေ့ရပြန်သည်။ အ၀တ်အစားတစ်မျိုးဖြစ်နေသည်။
ကိတ် ခဏခဏ လာလိုက် ပြန်သွားလိုက် လုပ်နေတာ ဖြစ်မည်။
ကိတ်က ပြုံးပြပြန်သည်။
သူက ခေါင်းကို နည်းနည်းစောင်းကြည့်သည်။
သားကြီး ရစ်ချက်ကို တွေ့ရသည်။ အရပ်တော်တော် ရှည်နေပြီ။ ချောလည်း ချောလာသည်။
သူက သမီးငယ်နှစ်ယောက်ကိုလည်း မြင်ချင်သည်။ ဒါပေမဲ့ ခေါင်းကို လှည့်မရ။ နောက်မှ သူ မြင်ရမည့် နေရာတွင် လာရပ်ကြသည်။
ဗာဂျင်နီယာ ... ဟုတ်မှ ... ဟုတ်ပါရဲ့လား။ အကြီးမြန်လှချည်လား။
ပြီးတော့ ... သမီးထွေး လူစီ။
ဟာ .. တကယ်ပါပဲလား၊ သူကလေးလည်း တော်တော် ကြီးနေပါရောလား၊ ဟုတ်မှ ဟုတ်ပါရဲ့လား။
အချိန် တောင် တော်တော်ကြာခဲ့ပါပကော။
သူ အိပ်ပျော် သွားပြန်သည်။
*
သူ ပြန်နိုးလာသည်။
အခန်းထဲတွင် တစ်ယောက်မှ မမြင်ရ။ သို့သော် ခေါင်းကိုတော့ ဘယ်ညာစောင်း၍ ရလာပြီ။ တချို့ ပတ်တီးတွေ ပြန်ခွာထားပြီးပြီ။ အလျင်ထက် ပို၍ မြင်လာပြီ။ စကားပြောကြည့်သည်။ သို့သော် ဘာသံမှ ထွက်မလာ။
သူ အိပ်ပျော်သွားပြန်သည်။
*
သူ ပြန်နိုးလာသည်။
ပတ်တီးတွေ ယခင်လောက် မရှိတော့။ ကိတ်ကို တွေ့ရပြန်သည်။
သူမ၏ အိစက်ရှည်လျားသော ဆံပင်များကို ပခုံးနှစ်ဖက်ပေါ် ဖြန့်ချထားသည်။ အပြာရောင် မျက်လုံး၊ အပြုံး မျက်နှာနှင့် ယခင်ထက် ပိုလှနေသလို ထင်ရသည်။ သူက သူမကို ခေါ်ကြည့်သည်။ သူမက ပြုံးပြ သည်။
သူ အိပ်ပျော်သွားပြန်ပြီ။
*
သူ ပြန်နိုးလာသည်။
ပတ်တီးတွေ နည်းနည်းသာ ကျန်တော့သည်။ သည်တစ်ကြိမ်တွင် သူ့သားကြီးက စကားပြောသည်။
' ဖေဖေ ... ဖေဖေ .... နေကောင်းတယ်နော် '
' ကောင်း ... ကောင်းပါတယ် ... သားရယ် '
သူက မနည်းအားယူပြီး ပြောလိုက်ရသည်။ သို့သော် ... သူ့အသံကို သူမမှတ်မိ။
သူနာပြုဆရာမက သူ့ကို ခုတင်ပေါ်တွင် မ ထူပေးသည်။ သူ ထိုင်နိုင်ပြီ။ ဆရာမကို ကျေးဇူးတင်သည်။ ဆရာဝန်က သူ့ပခုံးပေါ် လက်လာတင်သည်။
' မစ္စတာကိန်း ... အဆိုးဆုံးအခြေအနေ ကျော်လွန်သွားပါပြီ၊ မကြာခင် နေကောင်းသွားပါလိမ့်မယ်၊ အဲဒီတော့မှ အိမ်ပြန်တာပေါ့ ဟုတ်လား '
အခန်းထဲသို့ ကိတ် ၀င်လာသည်။ ဗာဂျင်နီယာနှင့် လူစီတို့လည်း ပါလာသည်။ သူက ပြုံးပြသည်။ သူက မေးခွန်းတွေ မဆုံးနိုင်အောင် မေးလိုက်ချင်သည်။ သို့သော် ဘယ်ကစ မေးရမှန်းမသိ။
သူ သေရွာက ပြန်လာတာဟု ကိတ်က ပြောသည်။ သူလည်း သိသည်။ သို့သော် သူ ရီမာဂျင်တိုက်ပွဲတွင် ဒဏ်ရာ ရခဲ့တာ တစ်နှစ်ပင် ကျော်လာခဲ့ပြီဆိုတာကိုတော့ လုံးဝမမှတ်မိ။
ရစ်ချတ်က ၁၂ နှစ်သားအရွယ်တောင် ရှိသွားပြီ။ အထက်တန်းအောင်လျှင် ဟားဗတ်တက္ကသိုလ် တက်မည် ဟုပင် ပြောနေပြီ။
ဗာဂျင်နီယာ ကိုးနှစ်သမီး။ လူစီက ခုနစ်ပြည့်တော့မည်။ သူတို့အ၀တ်အစားတွေက တိုလွန်းလှချည့်လား၊ သူတို့ကို နားလည်အောင် မနည်းကြိုးစားရဦးမည်။
ကိတ်က တကယ်လည်း လှနေသည်။ ယခင်ကထက် အများကြီး လှနေသည်။
ရစ်ချတ်က ဘတ်ကလေအထက်တန်းကျောင်းမှာ တက်နေကြောင်း၊ အလွန်စာတော်ကြောင်း၊ ဗာဂျင်နီယာနှင့် လူစီတို့က ဖေဖေ့ကိုပဲ တစ်မေးတည်း မေးနေကြကြောင်း ကိတ်က ပြောပြသည်။ ပြီးတော့ သူ့မျက်နှာ နှင့် ရင်ဘတ်ပေါ်မှ အမာရွတ်တွေက တစ်သက်လုံး မပျောက်တော့ကြောင်း၊ သို့သော် ဦးနှောက်ကို ဘာမှမထိခိုက်ကြောင်း ဆရာဝန်တွေက ပြောပြ၍ ကံကောင်းကြောင်း၊ မျက်လုံးများလည်း နဂို အတိုင်း ပြန်မြင်လာမည်ဖြစ်ကြောင်း ကိတ်က ဆက်လက် ပြောပြသည်။
' မောင် နဂိုအတိုင်း ပြန်ကောင်းလာအောင် ကျွန်မ အစွမ်းကုန် ပြုစုပါ့မယ် ... မောင်ရယ် '
ချစ်ဇနီး၏ စေတနာကို သိရ၍ သူ အလွန်ဝမ်းသာမိသည်။
သို့သော် သူနှင့် ကိတ်နှင့်က ရည်မှန်းချက်ချင်း မတူကြ။
ကိတ်က ဖြည်းဖြည်းသာ ပျောက်ကင်းစေချင်သည်။ သူက နေ့ချင်းရက်ချင်း ပြန်ကောင်းသွားစေချင်သည်။
သူ့အတွက် ဇနီးမယားနှင့် သားသမီးများက တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပြုစုကြသည်။
သူ တော်တော် ကျန်းမာလာပြီ။
ပထမ အသံထွက်လာသည်။ ထို့နောက် မျက်စိမြင်လာသည်။ ထို့နောက် စကားပြောနိုင်လာသည်။
ရစ်ချတ်က သူ့ဖေဖေကို လမ်းလျှောက်သင်ပေးသည်။ နောက်တော့ တဖြည်းဖြည်းနှင့် ချိုင်းထောက် လွှတ်သွားသည်။ လူစီက ထမင်းခွံ့သည်။ နောက်တော့ ကိုယ်တိုင် ယူစားနိုင်လာသည်။ ဗာဂျင်နီယာက စာရေးဆရာကြီး မတ်ခ်တွိန်း၏ ၀တ္တုတွေကို ဖတ်ပြသည်။ သားအဖနှစ်ယောက် အလွန်ပျော်ကြသည်။
သည်လိုနှင့် ခရစ်စမတ်ပွဲတော်ပြီးတော့ ၀ီလျံ အိမ်သို့ ပြန်ရောက်လာခဲ့တော့သည်။
သူသည် လျင်မြန်စွာပင် ကျန်းမာလာခဲ့သည်။ နောက် ခြောက်လဆိုလျှင် ဘဏ်တိုက် လုပ်ငန်းများကို လုပ်နိုင်ပြီ ဟု ဆရာဝန်များက ပြောသည်။
ယခုတော့ သူ့ဆီကို ဧည့်သည်တွေလည်း သဘောရှိလာနိုင်ကြပြီ။
ပထမဆုံး ရောက်လာသူမှာ အက်ဒွပ်လိခ်ျဖြစ်သည်။ ၀ီလျံ၏ ရုပ်ကိုမြင်တော့ လိခ်ျက မသိမသာ မျက်လုံး ပြူး သွားမိသည်။
လိခ်ျက သူ့လုပ်ငန်းအခြေအနေကို အသေးစိတ် ပြောပြသည်။ သူမရှိချိန်တွင် လက်စတာဘဏ်လုပ်ငန်းသည် အရှိမပျက် တိုးတက်နေကြောင်း၊ သူ အလုပ်ပြန်ဝင်လာလျှင်လည်း ဥက္ကဋ္ဌ အဖြစ်ပင် ပြန်ခန့်ရန် အားလုံးက သဘောတူကြကြောင်း ...။
သို့သော် တိုနီဆိုင်မွန် ယူလာသော သတင်းကတော့ ၀ီလျံအား အထူးပင် စိတ်မချမ်းမသာဖြစ်စေသည်။
အလန်လွိုက် နှင့် ရုပတ်ကော့ခ်စမစ်တို့ နှစ်ယောက်စလုံး ကွယ်လွန်သွားရှာကြပြီ။ သည်ပုဂ္ဂိုလ်ကြီး နှစ်ယောက် ၏ အသိပညာကို သူက အလွန့်ပင် နှမြောမိသည်။ ထို့နောက် ရှေ့နေကြီး သောမတ် ကိုဟင် ထံမှ တယ်လီဖုန်းဆက်သည်။
ဝီလျံနေကောင်းလာ၍ သူ အလွန်ဝမ်းသာကြောင်း ပြောပြီးနောက် မကြာမီတွင် သူ အငြိမ်းစား ယူတော မည် ဖြစ်၍ သူ့လုပ်ငန်းကို သားဖြစ်သူ သာဒီယပ်က ဆက်ခံလုပ်ကိုင်သွားမည်ဖြစ်ကြောင်း မစ္စတာ ကိုဟင် က ပြောပြသည်။
သူတို့သားအဖနှစ်ယောက်စလုံးသည် ခရစ်ယာန် သာသနာပြုပုဂ္ဂိုလ်ကြီးများ၏ နာမည်များကို ယူထား၍ ဂုဏ်ယူမိကြောင်း ၀ီလျံက ပြန်ပြောလိုက်သည်။
ဤတွင် မစ္စတကိုဟင်က သဘောကျ၍ ရယ်လိုက်ပြီး သူ အငြိမ်းစားယူပြီး နောက်တွင်လည်း သူ့သားနှင့် ယုံကြည် စိတ်ချစွာ ဆက်ဆံသွားစေချင်ကြောင်း ပြောသည်။
ဝီလျံ ကလည်း ဆက်ဆံသွားပါမည်ဟု ကတိပေးလိုက်သည်။
နောက်ဆုံး မစ္စတာကိုဟင်က ပြောသည်။
' ဒါနဲ့ ခင်ဗျားသိသင့်တဲ့ သတင်းတစ်ခု ကျန်သေးတယ် ဗျ '
' ဘာသတင်းပါလိမ့် ... မစ္စတာကိုဟင် '
ဝီလျံက တစ်ဖက်မှ စကားပြောသံကို စိတ်ဝင်စားစွာဖြင့် နားစွင့်လိုက်သည်။
မစ္စတာကိုဟင်၏ စကားကို ကြားရပြီးသောအခါတွင်ကား ၀ီလျံမှာ ယမ်းပုံမီးကျသလို ဒေါသအိုးကြီး ၀ုန်းခနဲ ပေါက်ကွဲသွားတော့သည်။
....................................................
အခန်း (၂၆) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Thursday, May 27, 2010
မောင်ထွန်းသူ ဘာသာပြန် အကျဉ်းစံ အပိုင်း (၇)
အခန်း (၇)
နောက်တနေ့ နံနက်တွင် ဘရန်းဒီးသည် စောစောစီးစီး အိပ်ရာမှ ထကာ နံနက်စာ စားပွဲသို့ ရောက် လာသည်။ မနေ့က တနေ့ခင်းလုံး စိတ်ရှုပ်ခဲ့ရသဖြင့် ညတွင် ကောင်းစွာ အိပ်ပျော်လိမ့်မည် မဟုတ် ဟုထင်ခဲ့ မိ၏။ သို့သော်လည်း သူထင်သလို မဟုတ်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့၏။
ဂရေစီယာက သူ့ဆရာ ကောင်စစ်ဝန်အတွက် ကော်ဖီနှင့် သစ်သီးများ ယူလာသည်။ သစ်သီးများ ကို ငွေပန်းကန် တချပ်တွင် စားချင်စဖွယ် ဖြစ်အောင် လှပစွာ ထည့်ထားသည်။ သူ ယူလာသော နံနက်စာကို စားပွဲပေါ် ၌ ချထားပေးပြီးသော အရိပ်အခြည်ကို ကြည့်နေသည်။ လိုအပ်သမျှကို လုပ် ကိုင်ပေးရန် အဆင်သင့် စောင့်နေသည့် သဘော ...။
ကောင်စစ်ဝန်သည် ဂရေစီယာ၏ အကြောင်းကို စဉ်းစားတွေးတောလျက်ရှိသည်။ ဂရေစီယာ၏ အပြုအမူနှင့် ပြောဟန် ဆိုဟန်များကတော့ သဘောမကျစရာမရှိ။ အလုပ်ကျတော့လည်း တာဝန် ကျေသည်။ အလိုက်သိတတ်သော သဘောလည်း ရှိသည်။ မိမိအနေဖြင့် သူ့အား ယုံကြည် စိတ်ချ၍ ဖြစ်ပါ မည်လော။ သူ့ကို ကြည့်ရသည်မှာ နှုတ်လုံပုံလည်းရ၏။ နောက်ဆုံးတွင် ကောင်စစ် ၀န်သည် ဂရေစီယာအား သူ့လူယုံတဦးအဖြစ် မသိမသာ မွေးသွားရန် ဆုံးဖြတ်လိုက်လေသည်။
' ဂရေစီယာ...၊ ငါ မင်းကို တခု မေးချင်တယ် '
ဂရေစီယာက သူ ရပ်နေသော နေရာမှ ရှေ့သို့ တိုးလာပြီး ရပ်သည်။
' ဒီကိစ္စက ငါတို့ရဲ့ ဥယျာဉ်မှူးအသစ် ဂျိုစီနဲ့ ပတ်သက်နေတယ် ' ဘရန်းဒီးက သူ့သောက်လက်စ ကော်ဖီ အပေါ်၌သာ စိတ်ဝင်စားလေဟန်ဆောင်ကာ စကားကို စသည်။ ' တခါ တလေ ဒီကောင် ငါ့သားနဲ့ စကား ပြောပြော နေတာ မင်း မြင်ဖူးသလား '
အဖြေ ချက်ချင်းမရ။ တဒင်္ဂမျှ ငြိမ်ဆိတ်နေသည်။ ဂရေစီယာ၏ မျက်နှာသည် ပြုံးခြင်း ရယ်ခြင်းမရှိ။ မေးခွန်း အတွက် အံ့သြဟန်လည်း မပြ။ တည်တည်ငြိမ်ငြိမ်ပင် ရှိသည်။
' တခါတရံ စကားပြောနေတာ တွေ့ဖူးပါတယ် ဆီညော် ဘရန်းဒီး၊ သူ အလုပ်ခွင်မှာ ရှိနေသမျှ တချိန်လုံး ဆီညော် ရဲ့ သားနဲ့ စကားပြောနေတာပဲ ဆိုတဲ့ အဖြေက ပိုပြီး မှန်ပါလိမ့်မယ်၊ သူတို့ နှစ် ယောက်ဟာ အမြဲတမ်း တတွဲတွဲနေကြတာပါ။ စကားပြောကြတယ်၊ ရယ်ကြတယ်၊ ပြီးတော့ အလုပ်လဲ အတူတူ လုပ်ကြ တယ် '
' အတူတူ အလုပ် လုပ်ကြတယ်...ဟုတ်လား ' သူ၏ သဘောထားအမှန်ကို မဖော်ပြမိအောင် သတိထား နေသည့် ကြားမှပင် ဘရန်းဒီးသည် စိုးရိမ် မကင်းသော အသံဖြင့် အမှတ်မထင် ရေရွက် မိသည်။
' မှန်ပါတယ် ခင်ဗျာ ' ဂရေစီယာက ခပ်ပေါ့ပေါ့ လေသံဖြင့် ထပ်ပြောသည်။ စ၍ စကားပြောပြီ ဆိုကတည်း က ဂရေစီယာသည် ကောင်စစ်ဝန်၏ မျက်နှာကို ဂရုတစိုက် အကဲခတ်ခဲ့သည်။ အခုလည်း အကဲခတ်ဆဲ...။ သူ့မျက်လုံး များသည် ကြောင်တကောင်၏ မျက်လုံးများနှင့်တူသည်။
' ပြီးခဲ့တဲ့ အပတ်ထဲက ဆိုရင် ဆီညော်ရဲ့ သားက အင်္ကျီချွတ်ပြီး ကိုယ်တုံးလုံးနဲ့ ကျွန်တော် ပြူတင်း ပေါက်က လှမ်းမြင်နေရတာပဲ၊ နေပူကြီးထဲမှာ ပေါင်းခုတ် ဓားတလက်နဲ့ အလုပ် ရှုပ်နေတယ် '
' မင်း ဒီအကြောင်း ဘာပြုလို့ စောစောက မပြောခဲ့တာလဲ ' ကောင်စစ်ဝန်က နဖူးကြောများ ထောင် ၍မေး သည်။
' ကျွန်တော် အတင်းပြောတာ ၀ါသနာမပါဘူး ဆီညော် ' ဟု ဂရေစီယာက ပခုံးနှစ်ဖက်ကို တွန့်၍ ဖြေသည်။ ' အတင်းအဖျင်း ပြောတာကို ကျွန်တော် ကိုယ်တိုင်ကလဲ မကြိုက်ဘူးခင်ဗျ၊ ၀န်မင်းရဲ့ သားဟာ အလွန် နူးညံ့ သိမ်မွေ့ တဲ့ ကလေးတယောက်ပါ...၊ လူအေး လူပျော့ကလေး တယောက်လို့ ဆိုရင်လဲ မမှားပါဘူး၊ ပြီးတော့ လူချောကလေး တယောက်ပါ၊ ဟို ...ဂျိုစီဆိုတဲ့ ကောင်ကတော့...၊ ကျွန်တော် ၀န်မင်းကို မေးပါရစေ...၊ ဂျိုစီဟာ ဘာကောင်လဲ '
ကောင်စစ်ဝန် ငြိမ်နေသည်။ သူသည် ဇွန်းတချောင်းကို လက်နှစ်ဘက်နှင့် ကိုင်၍ အမှတ်တမဲ့ လှည့်နေ မိသည်။ တွေးတော၍ ပူမည်ဆိုပါက ပူစရာတွေ တသီကြီး ရှိလာသည်။ ဂရေစီယာကို ဆက်၍ မေးချင်စိတ် ရှိနေသော်လည်း မမေးဝံ့။
' ကျေးဇူးတင်တယ် ဂရေစီယာ ' ဟု သူက ပြောသည်။ ' ငါ မင်းဆီက အကူအညီ အများကြီး ရခဲ့ ပါတယ်၊ မင်းပြောပြ တဲ့ စကားတွေကိုလည်း ငါ ယုံကြည်ပါတယ် '
ဂရေစီယာ က အလွန် အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် တရိုတသေ တလေးတစား ဦးညွတ် လိုက်သည်။
သို့သော်လည်း ကောင်စစ်ဝန်အား ကျောခိုင်းပြီး ထွက်ခွာလာသည့်အခါတွင် မူ သူ့မျက်နှာသည် သိသိ သာသာကြီး ပြောင်းလျက် ရှိသည်။ ကျေနပ်အားရခြင်းကို ဖုံးဖိမထား နိုင်။ သူ၏ စွေစောင်းစောင်း မျက်လုံး အစုံသည် ၀င်းလက်တောက်ပလျက်ရှိသည်။ ပြုံးချင်ရယ်ချင်စိတ်ကို မျိုသိပ်ထားရသည်။ ဟန်လည်း ပေါ်နေသည်။ သူ့နှုတ်ခမ်းများတွင် ထင်ဟပ်နေသည့် လှောင်ပြောင်သရော်လိုသော အရိပ် လက္ခဏာ ကတော့ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံး...။
*
တယောက်တည်း ကျန်ခဲ့သော ဟာရင်တန် ဘရန်းဒီးသည် သူ့လက်ချောင်းများဖြင့် စားပွဲကို တဒေါက်ဒေါက် ခေါက်ကာ တွေတွေငေးငေး ဖြစ်လျက်ရှိသည်။ သူသည် နံနက်စာ စားပြီးတိုင်း ဆေးလိပ်ကို အရသာခံ၍ သောက်တတ်သော အလေ့အထ ရှိသူဖြစ်၏။ သို့သော်လည်း အခုတော့ ဖြင့် ဆေးလိပ် ကို သတိမရ။ လောလောဆယ် ဖြစ်ပေါ်နေသည့် သူ၏ဆန္ဒမှာ ဂျိုစီအား ချက်ချင်း အလုပ်ဖြုတ်ပစ်ရန်ဖြစ်သည်။
သို့တစေလည်း အသေအချာပြန်၍ ဆင်ခြင်သုံးသပ်ကြည့်လိုက်သည့်အခါ ဂျိုစီကို အလုပ်မှ ထုတ် ပစ်ရုံမျှဖြင့် သူရင်ဆိုင်နေရသော အခက်အခဲသည် ပြေလည်သွားလိမ့်မည် မဟုတ်ဟု တွက်မိပြန် သည်။ အကယ်၍ အလုပ်ဖြုတ်လိုက်ပါမူ သူနှင့် ဂျိုစီ၏ကြားတွင် ပြဿနာကတော့ ရှိလာနိုင်၏။ ရေးကြီးခွင်ကျယ် မလုပ် လောက်သည့် ကိစ္စတခုကို အကြောင်းပြု၍ မိမိထက် အဆင့်အတန်းအားဖြင့် များစွာ နိမ့်ကျသော ဂျိုစီ လို လူတယောက်နှင့် ဖက်ပြိုင်သင့်ပါ၏လော။
မိမိ၏သား နီကိုလတ်စ်နှင့် ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံနေ၍ အလုပ်မှထုတ်ပစ် ခြင်းဖြစ် သည်ဟု ဆိုလျှင် လူကြား၍ပင် ကောင်းမည်မဟုတ်။ ဤမျှလောက် ကလေးအတွက် မိမိ လက်အောက် မှ အလုပ်သမား တဦးကို အလုပ်မှ ထုတ်ပစ်သည်အထိ အရေးယူသည့်အတွက် သူ့ သိက္ခာ ကျရမည် မှာကတော့ သေချာလျက်ရှိ၏။ ဘာမှမဟုတ်သည့် အောက်တန်းစားတယောက် အတွက် မိမိ၏ဂုဏ်နှင့် သိက္ခာ ကို အကျခံသင့်ပါ၏လော။
ဂျိုစီကို အလုပ်မှ ဖြုတ်တော့မည်ဆိုပါက သည့်ထက်ကောင်း၍ သည့်ထက်ခိုင်လုံသော အကြောင်း ပြချက် တခု လည်း ရှိသင့်သည်ဟု သူတွေးမိ၏။ ပြီးတော့လည်း နီကိုလတ်စ်သည် သူ့သားဖြစ်သည်။ သူမကြိုက်သောအလုပ်ကို မလုပ်ဖို့ သူ့သားကို သူ တားမြစ်နိုင်ရမည်။ သူတို့ နှစ်ဦး၏ ခင်မင် ရင်းနှီးမှု ကိုမတိုးတက် မကျယ်ပြန့်လာအောင် မိမိကိုယ်တိုင် ဣနြေ္ဒရရ သိက္ခာရှိရှိနှင့် ပိတ်ပင်တားဆီးနိုင်ရမည်။ လောလောဆယ် အခြေအနေအရ ထိုလုပ်နည်းလုပ်ဟန်သည် သူ့ အတွက် အမှန်ကန်ဆုံးနှင့် အကောင်း ဆုံး ဖြစ်လိမ့်မည်ဟု သူ ဆုံးဖြတ်သည်။
ဆုံးဖြတ်ချက်ရသည် နှင့် တပြိုင်နက် သူ ပထမဆုံး လုပ်သင့်သည့် အလုပ်ကို စဉ်းစားသည်။ ဘာပဲဖြစ်ဖြစ် သူ၏ ရန်သူဟု သတ်မှတ်ထားသော ဂျိုစီအား စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် လုပ်ရမည်။ မိမိက အလုပ်ရှင် အနေဖြင့် အပေါ်စီးရထားသူဖြစ်ရာ ဂျိုစီ၏ စိတ်ကို ချိုးနှိမ်ပစ်ရမည်။
သူ မော်တော်ကားဆီသို့ လျှောက်သွားချိန်တွင် ပီတူးနီးယား ပန်းခင်းကို ရေလောင်းနေသော ဂျိုစီ အား သတိထား မိသည်။ ဂျိုစီကတော့ သူ့ကို မြင်ဟန်မတူ။ ရုံးရောက်ပြန်တော့လည်း တမနက်ခင်း လုံး အလုပ် လုပ်၍ မရ။ ထိုနေ့ မွန်းလွဲပိုင်းတွင် သူသည် ခါတိုင်း အိမ်ပြန်လာနေကျအချိန်ထက် တနာရီ တိတိ စော၍ ပြန်လာသည်။
သူ အပြန်တွင် သူ့သားနှင့် ဂျိုစီတို့ တပူးတွဲတွဲ လုပ်နေကြသည်ကို ဖမ်းမိလိမ့်မည်ဟုလည်း မျှော်လင့် ထားသည်။ သို့သော်လည်း နီကိုလတ်စ်မှာ အိမ်အပေါ်ထပ်တွင် စာကျက်လျက်ရှိ၍ ဥယျာဉ်မှူးဂျိုစီမှာ အိမ်ဝင်း အုတ်ထရံအနီးရှိ မြက်ပင်ကြီး များကြားတွင်ရပ်ကာ မြက်ရိတ်တံစဉ်ကို သွေးနေသည်။ ဟာရင်တန် ဘရန်းဒီး သည် ကားပေါ်မှ ဆင်းမိလျှင် ဆင်းမိချင်း ဂျိုစီထံသို့ တိုက်ရိုက်လျှောက်သွားသည်။
' ငါ မင်းနဲ့ စကားပြောစရာရှိတယ် ... '
' ဟုတ်ကဲ့ပါ ...ဆီညော် ' ဂျိုစီ၏ အသံမှာ တရိုတသေပင်ဖြစ်သည်။ မနေ့ကလို မခံချင်စိတ်နှင့် ယှဉ် သော အသံမျိုးမဟုတ်။ အမူအရာကလည်း ကျိုးကျိုးနွံ့နွံ့ပင် ဖြစ်သည်။ သို့သော်လည်း အလျင်ကလို သူ ပြောသမျှ လုပ်သမျှကို ခေါင်းငုံ့ခံမည့် အမူအရာမျိုးတော့မရှိ။ ရင်ဆိုင်စရာရှိလာလျှင် တိကျပြတ်သားစွာ ရင်ဆိုင် မည့်ပုံမျိုးဖြစ်သည်။ ဂျိုစီ၏ အမူအရာသည် ကောင်စစ်ဝန်၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွား သည်။
' မင်း ... နီကိုလတ်စ်နဲ့ စကားမပြောပါနဲ့ '
ဂျိုစီသည် လက်ထဲမှ ဓားသွေးကျောက်ကို အတန်ကြာမျှ စိုက်ကြည့်နေသည်။
' ဘုရားသခင်က ကျွန်တော့်ကို လျှာပေးထားခဲ့ပါတယ် ဆီညော်...၊ ကျွန်တော့်လျှာကို မသုံးရဘူးလို့ တားမြစ် လိုပါသလား... '
' ဟုတ်တယ် ... ငါ တားမြစ်တယ် ' ဟု ကောင်စစ်ဝန်က ဒေါသတကြီးနှင့် ပြောသည်။ ' ငါ့သားနဲ့ ပတ်သက် နေရင် လုပ်ခိုင်းတယ်၊ သူ့ကိုမင်းက မြေတူးခိုင်းတယ်၊ ပေါင်းသင်းခိုင်းတယ်၊ ချုံပင်တွေ ခုတ်ခိုင်း တယ်'
' သူ့ကို သန့်သန်စွမ်းစွမ်း ဖြစ်လာစေချင်တဲ့ စေတနာနဲ့ ကျွန်တော် လုပ်ခဲ့တာပါ ' ဟု ဂျိုစီက ဖြေသည်။ ' အချိန်ရှိသမျှ နာဖျားမကျန်းဖြစ်နေတဲ့ မိန်းကလေးတယောက်လို အိပ်ရာပေါ်မှာချည်း လှဲမနေသင့်ပါဘူး '
' မင်း တော်တော်လူပါးဝတဲ့ အကောင်ပါလားကွ ဟေ ... '
' သူဟာ အလျင်ကထက် အများကြီး ကျန်းမာလာပါတယ် ' ဟု ဂျိုစီက အလျှော့မပေးပဲ ဇွတ်တိုးပြောသည်။ ' ဆီညော်ကိုယ်တိုင် မြင်နိုင်ပါတယ် ...၊ ရောက်စက ဖြူရော်ရော် ၀ါကြန်ကြန်ဖြစ်နေတဲ့ သူ့ အသား အရေဟာ အခုဆိုရင် အညိုရောင်ကို ပြောင်းလာတာ တွေ့နိုင် ပါတယ်..၊
ပြီးတော့ သူကိုယ်တိုင်ကလဲ တံစဉ် ပေါ့ပေါ့ပါးပါးကလေးနဲ့ သဲမြေပေါ်မှာ ပေါက်တဲ့ ကျောက်ခက်ပင်လို အပင်မျိုးတွေကို ရိတ်ရတာ သဘောကျတယ်၊ ကျွန်တော်ကလဲ ဒီလို ပေါ့ပါးတဲ့ အလုပ်မျိုးကိုပဲ ခိုင်းတာပါ၊ ကျွန်တော် နဲ့ နေတဲ့အခိုက်မှာ လေကောင်းလေသန့်ရှူရင်းနဲ့ သူ့အကြော တွေကို အသုံးပြုနိုင်အောင် လုပ်ပေးတဲ့ သဘောပါ '
ဂျိုစီ၏ စကားသည် ဘရန်းဒီး၏ ဒေါသကို ပို၍ ကြီးလာစေသည်။ ဒေါသအရှိန်ဖြင့် တမျက်နှာလုံး ညိုမည်း လာသည်။ သို့သော်လည်း သူ့ဒေါသကို ပေါက်ကွဲမထွက်အောင် ထိန်းချုပ်ထားသည်။ သူ သည် ဂျိုစီအား အံကြိတ်၍ ကြည့်သည်။
' မင်း ငါပြောတာကို လိုက်နာရင် လိုက်နာ မလိုက်နာရင် အလုပ်ကထွက် '
အချိန် အတော်ကြာမျှ ငြိမ်ဆိတ်သွားသည်။ ဂျိုစီက ကောင်စစ်ဝန်၏ မျက်နှာကို မော့ကြည့်သည်။ ချက်ချင်းပင် သူ့အကြည့်ကို အဝေးသို့ ပြောင်းလိုက်၏။ သူ့မျက်နှာမှာ မှုန်မှိုင်းလျက်ရှိလေသည်။
' ကျွန်တော် လိုက်နာဖို့ ကတိပေးတယ် '
သူ၏ သြဇာအာဏာ တည်သွားသဖြင့် ကောင်စစ်ဝန်သည် ကျေနပ်အားရသွားသည်။ သူ့ဘက်က အပေါ်စီးရခိုက်တွင် ဂျိုစီအား ဦးကျိုးသွားအောင် လုပ်ရမည်။ ဂျိုစီ၏ အစွယ်များကို စေစောစီးစီး ချိုးထားမှဖြစ်မည်။ နောင်ကြဉ်သွားအောင် သင်ခန်းစာပေးမှ ဖြစ်မည်ဟု သူတွေးသည်။
ဂျိုစီကတော့ ဘာတခွန်းမှ မပြောတော့ပဲ သူ့အလုပ်ကို ပြန်လုပ်ရန် ဟန်ပြင်သည်။
' နေဦး၊ ပြောစရာကိစ္စ တခုရှိသေးတယ်၊ ဥယျာဉ်က ငါမျှော်လင့်ထားတဲ့ပုံစံ ဖြစ်မလာသေးဘူး၊ ဒီကိစ္စမှာလဲ ငါမကျေနပ်ဘူး၊ ငါ မင်းကို လက်တွေ့ဥပမာ တခုပြမယ်၊ ဟောဒီမှာကြည့် ' ကောင်စစ် ၀န်က ကက်တား ပါးပင် ၏ တဘက်ရှိ မြေကွက်အလွတ်တခုကို လက်ညိုးထိုးပြသည်။
ထိုမြေမှာ မြေကြမ်းမြေရိုင်း ဖြစ်နေဆဲ။ လုံးဝ ပြန်လည် ပြုပြင်ရှင်းလင်းခြင်းမပြုရသေး။ ' မင်း မြင်တဲ့ အတိုင်းပဲ၊ ဒီမြေပေါ်မှာ ဘာမှမရှိဘူး၊ မြေလွတ်ကြီး၊ ဒီမြေကို ကျောက်ဆောင် ကျောက်တုံးတွေ ခင်းပြီး၊ ကြည့်လို့ လှပမယ့် ကျောက်ပန်းဥယျာဉ်တခု လုပ်မယ်လို့ ငါ စိတ်ကူးထားတယ် '
' ကျောက်ပန်း ဥယျာဉ် လုပ်မယ် ဟုတ်လား ဆီညော် ' ဂျိုစီက တအံ့တသြ ရေရွတ်သည်။
' ဟုတ်တယ်၊ ဟောဟိုဘက် အနိမ့်ထဲမှာရှိနေတဲ့ မြေကွက်ထဲက ကျောက်တုံးကို မင်းသယ်ပြီး လုပ်နိုင်တယ် '
ဂျိုစီက ကောင်စစ်ဝန် ညွှန်ပြနေသော မြေကွက်ကို လှမ်းကြည့်သည်။
' ဒီကျောက်တုံးကြီးတွေက အကြီးကြီးတွေပဲ၊ သယ်ဖို့မလွယ်ဘူး၊ သိပ်လေးပါတယ် ... ဆီညော် '
' မင်းက အလုပ်ကြမ်း လုပ်ရမှာ ကြောက်နေသလား ' ဘရန်းဒီးက မလိုတမာ အသံဖြင့် သရော် သည်။
' အလုပ်ကြမ်း လုပ်ရမှာ မကြောက်တဲ့ အကြောင်းကို ကျွန်တော် လက်တွေ့ပြခဲ့ပြီးပါပြီ ဆီညော် ' ဂျိုစီက သူ့အသံကို ထိန်း၍ ပြောသည်။ သူ့ လေသံမှာ မသိနားမလည်သော ကလေးငယ် တယောက်အား နားဝင်အောင် ရှင်းလင်း ပြောပြနေသည့် လေသံမျိုး ...။ ' ဒါပေမယ့် အဲဒီ မြေကွက် ပေါ်က ကျောက်တုံးကြီးတွေကို ဒီဘက်ရွှေ့ဖို့ ဆိုတာက အလုပ်သမားအများကြီး လိုလာပါလိမ့်မယ်၊ သံကြိုးတွေနဲ့ ကရိန်း တခုလဲ ရှိမှဖြစ်မှာပါ '
' အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောမနေပါနဲ့ကွာ၊ လူတော်တယောက်ဆိုရင် တယောက်တည်း လုပ် နိုင်တဲ့ အလုပ်မျိုးပါ '
' ဆီညော်ဟာ လူတော် တယောက်ပါ ခင်ဗျာ၊ ဆီညော် တယောက်တည်း ဒီကျောက်တုံးတွေကို သယ်နိုင် ရွှေ့နိုင် ပါ့မလား' ဟု ဂျိုစီက လေအေးကလေးဖြင့် ပြန်မေးသည်။
' မင်း ငါ့ကို စောကား မော်ကား မပြောနဲ့ '
ဂျိုစီသည် နှုတ်ခမ်းကို ကိုက်ကာ အနိမ့်ပိုင်းထဲမှ မြေကွက်ဆီသို့ ငေးကြည့်နေသည်။ ကျောက်ဆောင် ကျောက်တုံး များမှာ သေးသေးငယ်ငယ်များ မဟုတ်။ အလွန် ကြီးမားသော ကျောက်တုံးကြီးများဖြစ်သည်။ အချွန် အတက်များနှင့် အလွန်ကြမ်းသော ကျောက်တုံးကြီးများ ဖြစ် သည်။ အချို့ကျောက်တုံးကြီးများသည် မြေကြီး ထဲတွင် နစ်ဝင်လျက် ရှိကြသည်။ ပို၍ ဆိုးသည်မှာ တခြားမဟုတ်။
အချို့ နေရာများတွင် ယူကလစ်ပင် အမြစ်များသည် ကျောက်တုံးကြီးများ အောက်ခြေဘက်၌ တွယ်ပတ် မြုပ်ဝင်လျက် ရှိခြင်းဖြစ်၏။ ဤကျောက်တုံးကြီးများအား သယ်ဖို့ ရွှေ့ဖို့ဆိုသည်မှာ အလွန် အလွယ် ကူသော အလုပ်တခုဖြစ်၏။ လုပ်၍ ဖြစ်မြောက်နိုင်သည် ဆိုဦး တော့...။ အဆမတန် အပင်ပန်း ခံရပေလိမ့်မည်။ ပီလိုတာ ဘောလုံးပွဲအတွက် မွေးထားသည့် ခွန်အား ဟူသမျှ အကုန်ခံရပေလိမ့်မည်။
ဤအလုပ် မှာ မလုပ်ခင် ကတည်းက စဉ်းစား တွေးတောရုံမျှဖြင့် ဂျိုစီမှာ စိတ်ထိခိုက် ကြေကွဲခြင်း ဖြစ်ရ သည်။
မလုပ်နိုင်ဟု ငြင်းဆန်ဖို့ ဆိုသည်မှာလည်း သူ့အဖို့ မလွယ်။ သူ့အိမ်အခြေအနေမှာ ကောင်းသည် မဟုတ်၊ သူ့အမေ ဆိုလျှင် တနေကုန် တနေခန်း မိုးလင်းမှ မိုးချုပ် အများသုံး ရေချိုးကန်တွင် ထိုင်၍ အ၀တ် လျှော်ရသည်။ ရသည့် လုပ်ခက မဖြစ်စလောက်။ သူ့အောက် ညီမငယ် ငါးယောက်မှာ လူလား မြောက်ကြသေးသည်မဟုတ်။ သူတု့သည် စာပေါက်စကလေးများ သဖွယ် အမြဲတစေ ပါးစပ်များကို ဟလျက် အစားအစာကို ငံ့လင့်နေကြသူများ ဖြစ်၏။ သူ့အဘိုး ပက်ဒရိုကိုတော့ ထည့်၍ စဉ်းစားရန်ပင် မလို။ သူ့အဘိုးမှာ အိုမင်းမစွမ်း အရွယ် ရောက်နေပြီဖြစ်၍ ၀င်ငွေ တပြားတချပ်မှ ရှာဖွေ နိုင်တော့ သည်မဟုတ်။ အမှန်တော့ သူ့အမေ အပါအ၀င် တအိမ်သား လုံးသည် သူ့လုပ်စာကို မှီခိုနေရသူများဖြစ်၏။
သို့ဖြစ်ရာ အခု ကောင်စစ်ဝန်ခိုင်းသည့် အလုပ်ကို သူမလုပ်၍ မဖြစ်။ နောက်ဆုံး ဖြစ်လိုရာ ဖြစ်စေ တော့ဟု သဘောထားကာ လုပ်ရမည်သာ ဖြစ်သည်။ အရေးကြီးသည်မှာ ရထားသည့် အလုပ်မှ မပြုတ်ရန် သာဖြစ်၏။ ထို့အပြင်လည်း နီကိုလတ်စ်၏ မျက်နှာက ရှိသေးသည်။ ဘာကြောင့် ရယ်တော့ မသိ...။ နီကိုလတ်စ် ကို သူ တွေ့စကတည်းက ညီလေး တယောက်သဖွယ် ခင်မင်မိခဲ့ သည်။ သူသည် တွေဝေ ငေးငိုင် နေရာမှ တည်ငြိမ်လေးနက်သော မျက်နှာထားဖြင့် ကောင်စစ်ဝန် အား မော့်ကြည့်သည်။
' ကောင်းပြီလေ...၊ ကျွန်တော် လုပ်မယ် '
' အေး ... ၊ ငါကလဲ မင်း လုပ်လိမ့်မယ်လို့ ထင်ထားပြီသားပါ ' ဟု ဘရန်းဒီးက လှောင်ပြောင် သရော်သံဖြင့် ပြောသည်။ ' ကောင်းကောင်း လုပ်ပေါ့ကွာ၊ မလုပ်နိုင်တော့လဲ မင်း ဘာကြောင့် မလုပ်နိုင်ရသလဲဆိုတဲ့ အကြောင်း ကို ငါ သိလားရမှာပေါ့ '
သူသည် နောက်သို့ လှည့်ကာ အိမ်ဘက်သို့ ပြန်လျှောက်လာသည်။ သူ၏ လက်ကိုင်တုတ်နှင့် ဦးထုပ်ကို ဆီးကြို၍ ယူရန် တံခါးဝမှ ရပ်စောင့်နေသော ဂရေစီယာကို ကျေနပ်နှစ်သိမ့်လှသော အမူအရာဖြင့် ခေါင်း တချက် ဆတ်ပြပြီး အိမ်ထဲသို့ ၀င်သည်။ ယနေ့ည ဘုရားရှိခိုးအပြီးတွင် သူ့သားနီကိုလတ်စ်နှင့် ပြောစရာ ရှိသမျှ စကားများကို ပြောရပေဦးမည်။
*
နောက်တနေ့ နံနက်မှစ၍ ဂျိုစီသည် ကျောက်ပန်းဥယျာဉ်ကို စလုပ်သည်။ သူ့တွင် လက်နက် ကိရိ ယာ ပြည့်ပြည့် စုံစုံ မရှိ။ ရှိသမျှမှာလည်း သိပ်ပြီး အရာရောက်နိုင်သည့် ပစ္စည်းများမဟုတ်။ ပေါက်ချွန်း တလက်၊ သံတူရွင်း နှစ်ချောင်းနှင့် ၀င်ရိုးပျက်နေသော လက်တွန်းလှည်း တစ်စီးသာ ဖြစ်သည်။ အများအားဖြင့် ကျောက်တုံးကြီးများမှာ မြေကြီးထဲ နစ်ဝင်နေကြသဖြင့် သံတူရွင်းများကို ကုပ်သဖွယ် အသုံးပြု၍ ကော်ထုတ် ရသည်။ ထို့နောက် လက်တွန်းလှည်းပေါ်တင်၍ ဆွဲယူရသည်။
တင်၍ မရသည့် အခါများတွင်မူ ကျောက်တုံးကြီးများကို ကြိုးနှင့်ချည်၍ လှည်းနှင့် ဆွဲယူရသည်။ ကျောက်တုံးများ တည်ရာမြေနှင့် ဥယျာဉ်မြေမှာ ဂိုက်ငါးဆယ်ကျော်ကျော် ခန့်ဝေးသဖြင့် များစွာ အပင်ပန်းခံ၍ သယ်ရလေသည်။ ကျောက်တုံးကြီးများ၏ အောက်ခြေသို့ သံတူရွင်းများကို ကုပ်သဖွယ် ထိုးသွင်း ၍ မထားပြီးခါမှ ပြန်၍ ကျသွားသည့် အခါများတွင် ဂျိုစီမှာ အကြီးအကျယ် စိတ်မောလူမော ဖြစ်ရသည်။
ဤအဖြစ်မှာ မကြာခဏ ကြုံရသောအဖြစ်တခုမို့ ကြာတော့လည်း အရေထူလာသည်။ တခါတရံတွင် တွန်းလှည်းပေါ် ရောက်နေပြီဖြစ်သော ကျောက်တုံးသည် အမြင့်ပိုင်း ရောက်လုနီးခါမှ ထွက်ကျပြီး အောက်ဘက်သို့ ပြန်၍ လိမ့်ဆင်းသွားတတ်သည်။ ထိုအခါမျိုးတွင်လည်း ဂျိုစီမှာ စိတ်ပျက်လက်ပျက်ဖြင့် တခေါက် ပြန်၍ သယ်ရတတ်လေသည်။
အလုပ်ကတော့ အဆမတန် ပင်ပန်းလွန်းလှချေသည်။ ရာသီဥတုကလည်း ပူနွေးသော ရာသီဖြစ်၍ ပို၍ ခက်ခဲ ပင်ပန်း ရခြင်းဖြစ်၏။ မနက်ပိုင်း အရုဏ်တက်ချိန်လောက်တွင်သာ အအေးဓာတ်ရှိ၍ နေထွက် လာသည်နှင့်တပြိုင်နက် အပူရှိန်သည် သိသိသာသာ တက်လာတတ်သည်။ ဂျိုစီ၏ လက်နှစ်ဘက်မှာ ကျောက်တုံး အစွန်းများနှင့် ထိခိုက်မိသဖြင့် ဒဏ်ရာအနာအဆာများနှင့် ဗရပွ ဖြစ် လာသည်။ ပေါက်ပြဲ နေသော ထိုဒဏ်ရာများမှ သွေးများသည် စို့ထွက်နေကြ၏။
တကိုယ်လုံးမှာလည်း ရေချိုးထားသည့်နှယ် ချွေးများဖြင့် ရွှဲရွှဲစိုလျက် ရှိသည်။ နဖူးမှ ချွေးသီးချွေးပေါက်ျား သူ့မျက်စိများအတွင်းသို့ စီးမ၀င်စေရန်အတွက် သူ့လက်ကိုင်ပ၀ါ အနီကို နဖူးမှ ပတ်၍ စည်းထား ရလေသည်။ သူ့အတွက် စိတ်ချမ်းမြေ့စရာ အကောင်းဆုံးအချိန်မှာ တချိန်သာလျှင်ရှိ၏။ ထိုအချိန်မှာ လိမ္မော်ရောင် နေလုံးကြီး အနောက်ဘက်ပင်လယ် ရေပြင် အောက်သို့ ငုပ်ဆင်းသွားသည့် အချိန်ပင်တည်း။
ဤမျှလောက်အထိ ပင်ပန်းကြီးစွာ လုပ်နေရသော်လည်း ဂျိုစီသည် အလုပ်ကို ဆက်မလုပ်ပဲ ရပ်လိုက်တော့ မည်ဟု စိတ်ကူးခြင်းမပြု။ မတရားသဖြင့် ခိုင်းမှန်းလည်း သူသိသည်။ မတရားသဖြင့် လုပ်မှန်း သိ၍ပင် သူ့စိတ် သည် တိုး၍ခိုင်မာလာသည်ဟု ထင်သည်။
ဤသို့ဖြင့် ရက်တွေ တရက်ပြီးတရက် ကုန်လာသည်။ သူကလည်း နေ့စဉ်မှန်မှန်ပင် သူ လုပ်ရမည့် အလုပ် ကို လုပ်သည်။ ပန်းခုံးအောက်တွင်ထိုင်၍ စာကျက်နေရသော နီကိုလတ်စ်သည် သူ့မိတ်ဆွေ ဂျိုစီ၏ အဖြစ် ကို ကြည့်၍ စိတ်မကောင်းဖြစ်နေရသည်။ အလွန်လေးလံသော ကျောက် တုံးကြီးများကို မနိုင့်တနိုင် သယ်ယူ ရသည့်အဖြစ်မှာ သူ အမြဲတစေ မြင်တွေ့နေရသောရှုခင်းဖြစ်နေသည်။ ကျောက်တုံးတတုံး ဂျိုစီ၏ ခြေထောက် ပေါ် ကျသွားသည်ကို မြင်တွေ့လိုက်ရသည့် အခါကဆိုလျှင် သူ့မှာ များစွာ စိတ်ထိခိုက်ခဲ့ရ၏။
အဆိုးဆုံးကား တခြား မဟုတ်။ ဂျိုစီက သူ့ကို မကြည့်ခြင်းပင်တည်း။ သူ့ရှေ့မှ ဖြတ်သွားဖြတ်လာ လုပ်နေ သော်လည်း သူ့ကို လှည့်မကြည့်။ အမှတ်တမဲ့ မျက်နှာချင်း ဆိုင်မိပြန်တော့လည်း ပြုံးဖော် ရယ်ဖော် ပင်မရ။ သူ့ မျက်နှာသည် အမြဲတစေ ရှေ့တည့်တည့်ကိုသာ စူးစိုက်ထားသည်။ သူ မျက်နှာမှာ ယခင်ကလို ရွှင်ရွှင် လန်းလန်းမရှိ။ တစုံတခုသော အကြောင်းကြောင့် နာကျည်းဟန် ပေါက်လျက်ရှိလေသည်။
နီကိုလတ်စ် အနေဖြင့် ဂျိုစီအား စကား ပြောချင်ပါ၏။ မပြောဝံ့။ ဤအဖြစ်ကြောင့် သူ့နှလုံးသားမှာ နာကျင် ရသည်။ သူ့အဖေက ဘာကြောင့် ဂျိုစီအား စကားမပြောရဟု ပိတ်ပင်ထားရပါသနည်း..။ သူ့ အဖေ၏ သဘောထားနှင့် သူ့အဖေ၏ အမိန့်ကို သူ နားမလည်။ သူ့အနေဖြင့် သူ့ အဖေကို ချစ်ပါ၏။ ဤအချက် နှင့် ပတ်သက်၍ နည်းနည်းကလေးမှ သံသယဖြစ်စရာမရှိဟု သူ ထင်သည်။ တဘက်တွင်လည်း ဂျိုစီအား သူချစ်သည်။ သို့သော်လည်း ဂျိုစီကို ချစ်ပုံနှင့် သူ့အဖေကို ချစ်ပုံမှာ တူတော့မတူ။ တမျိုးစီ တဘာသာစီ ဖြစ်သည်။ သူ့ အဖေသည် ဘာကြောင့်များ သူတို့ နှစ်ယောက် ၏ခင်မင်မှုကို တားမြစ် ပိတ်ပင် ချင်ရပါသနည်း။
ရုတ်တရက် သူ့ ခေါင်းထဲသို့ စိတ်ကူးတခု ၀င်လာသည်။ သူ့ စိတ်ကူးမှာ သူတို့နှစ်ယောက်အတွက် ထွက်ပေါက် တခုဖြစ်သည်။ ဤစိတ်ကူး အတိုင်းသာ လုပ်လျှင် သူ့အဖေ၏ အမိန့်ကို မလိုက်နာရာ ရောက်လိမ့် မည်မဟုတ်။ ဂျိုစီနှင့်လည်း အဆက်အသွယ် ပြတ်စရာအကြောင်းမရှိ။ သူသည် အတန် ကြာမျှ ငိုင်၍ စဉ်းစားနေသေးသည်။ ထို့နောက် စားပွဲပေါ်မှ စာရေးစက္ကူတရွက်ကို ယူကာ ခဲတံဖြင့် စာတစောင် ရေးသည်။
    ချစ်သောဂျိုစီ ...
    ကျွန်တော် ခင်ဗျားနဲ့ စကားမပြောပါဘူးလို့ ကတိပေးထားရတယ်။ ဒါပေမယ့် ခင်ဗျားဆီ စာမရေးပါဘူးလို့တော့ ကတိ ပေးမထားဘူး။ ဒါကြောင့် ကျွန်တော် ဒီစာကို ရေးတာ၊ အခုလို စာရေး တာတော့ ကျွန်တော် မမှားဘူးလို့ ထင်တယ်။ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ စာရေးရမှာပဲ။ ဘာကြောင့် လဲ ဆိုတော့ ကျွန်တော် ခင်ဗျားကို သိပ် သတိရလို့ပါ။ ညအိပ်တဲ့ အချိန်ဆိုရင် ခင်ဗျားကို သတိရလွန်းလို့ အိပ်လို့ တောင် ကောင်းကောင်းမပျော်ဘူး။
ဂျိုစီရာ ခင်ဗျား သိပ်အပင်ပန်းခံတယ်။ သိပ်ပြီးတော့လဲ မလုပ်နဲ့ဗျာ။ နားနားနေနေ လုပ်ပါ။ ကျွန်တော် ခင်ဗျားကို ကူညီပြီး လုပ်ကိုင်ပေးချင်ပါတယ်။ တကယ်ပါ။ ကျွန်တော်တို့ ပန်းပင်တွေ စိုက်ကြတုန်းက ခင်ဗျား ပြောခဲ့တယ် မဟုတ်လား။ ကျွန်တော်ဟာ သိပ်ပြီး အကူအညီရတာပဲလို့။
တကယ်လို့ ခင်ဗျားကျောအောင့်ရင် မာရီယာကို ခေါ်ပြီး နှိပ်ခိုင်းပေါ့ဗျာ။ ဒီစကားက ခင်ဗျား ကျွန်တော့်ကို ပြောခဲ့ဖူးတဲ့ စကားပဲ။ ကျွန်တော် ခင်ဗျားနဲ့အတူတူ အလုပ် မလုပ်နိုင်ပေမယ့် ခင်ဗျား သင်ထားတဲ့ ကာယ လေ့ကျင့်ခန်း တွေကို မှန်မှန် လုပ်တယ်။ ဒါကြောင့်မို့ အလျင်ကလို သန်သန် မာမာပဲ၊ နောက်တနေ့ကျရင် ကျွန်တော် လည်း ခင်ဗျားလို ပီလိုတာ ဘောလုံးသမားကောင်း တယောက်ဖြစ်ချင် ဖြစ်လာမှာပါဗျာ။ စာပြန် ရေးပါ။ ခင်ဗျား သဘောထားကိုလည်း ထည့်ရေးဖို့ မမေ့ပါနဲ့။
ဟိုနေ့က ခင်ဗျားရလာတဲ့ငါးတွေကို အဘိုးပက်ဒရိုနဲ့ ညီမလေး ငါးယောက်က ကြိုက်ကြတယ် မဟုတ်လား။
ခင်ဗျား ကလည်း ကျွန်တော့်ကို သတိရနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။
                                    နီကိုလတ်စ်
စာရေးပြီးသောအခါ နီကိုလတ်စ်သည် စက္ကူကို သေးသေးကလေး ဖြစ်သွားအောင် အထပ်ထပ် ခေါက်သည်။ အိမ်ပြူတင်းပေါက်များမှ သူ့အား ချောင်းမြောင်းကြည့်နေသူ ရှိ မရှိ မသိမသာ မျှော် ကြည့်ရင်း ဂျိုစီ သူ့ရှေ့မှ ဖြတ်အသွားကို စောင့်နေသည်။ ဂျိုစီ သူ့ရှေ့တည့်တည့် ရောက်သည်နှင့် တပြိုင်နက် လက်ထဲ၌ ဆုပ်ထားသော စက္ကူခေါက်ကလေးကို တွန်းလှည်းပေါ်သို့ လှမ်းပစ်လိုက်၏။ စာရွက် ခေါက်ကလေးသည် တွန်းလှည်းပေါ်ရှိ ကျောက်တုံးနှစ်တုံးကြားသို့ ကျရောက် ပျောက်ကွယ် သွားလေ၏။
ဂျိုစီကတော့ အံ့အားသင့်သွားသည့် အရိပ်အရောင် မပြ။ တွန်းလှည်းကို အရှိန်မပျက် ဆက်၍တွန်း သွားသည်။ သူပစ်ထည့်လိုက်သည့် စာကို မမြင်၍များလား။ နီကိုလတ်စ်သည် သူ့အတွေးနှင့်သူ ရင်ခုန် လျက်ရှိသည်။ ဂျိုစီဘက်သို့ တချက်လှမ်းကြည့်သည်။
ဂျိုစီသည် တွန်းလှည်းအတွင်းမှ ကျောက်တုံးများကို သွန်ချလိုက်ပြီး စာရွက်ခေါက်ကို ဆက်ကနဲ ကောက်ယူကာ လက်နှင့် ဆုပ်ထား သည်။ ထို့နောက် အောက်ဘက်မြေကွက်ဆီသို့ ပြန်ဆင်းသွားသည်။ သူသည် တခါတရံ တွင် ပစ္စည်းများထားရာ တဲ အတွင်းသို့ဝင်၍ ရေသောက်ရင်း အမောဖြေတတ်သည်။ အခု တခေါက် တွင်လည်း တော်တော်နှင့် ပြန်၍ ပေါ်မလာ။ သူ ပြန်ပေါ်လာသည့်အခါတွင်မူ သူ့နားတဘက် ၌ ခဲတံ တချောင်း ညှပ်ထားသည်ကို မြင်ရလေသည်။
ဂျိုစီသည် စောစာကလိုပင် ပုံမှန်ပြန်လျှောက်လာသည်။ သူ့ရှေ့မှ အဖြတ်တွင် တချက်မျှပြုံးသည်။ ဂျိုစီ၏ လက်တဘက်သည် သွက်လက်လျင်မြန်စွာ လှုပ်ရှားသွားသည်။ တဆက်တည်းပင် သူ့ ရင်ခွင်ထက်သို့ ကျစ်ကျစ် လျစ်လျစ် ထုပ်ထားသော စာရွက်ခေါက်တခုကျလာသည်။
နောက် တခဏတွင် ဂျိုစီသည် ပိုင်ယာတဲလ် ပန်းချုံနောက်ဘက်သို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။
ဂျိုစီ ကတော့ အံ့အားသင့်သွားသည့် အရိပ်အရောင် မပြ။ တွန်းလှည်းကို အရှိန်မပျက် ဆက်၍ တွန်း သွားသည်။ သူပစ်ထည့်လိုက်သည့် စာကို မမြင်၍များလား။ နီကိုလတ်စ်သည် သူ့အတွေးနှင့်သူ ရင်ခုန် လျက်ရှိသည်။ ဂျိုစီဘက်သို့ တချက်လှမ်းကြည့်သည်။
ဂျိုစီသည် တွန်းလှည်းအတွင်းမှ ကျောက်တုံးများကို သွန်ချလိုက်ပြီး စာရွက်ခေါက်ကို ဆတ်ကနဲ ကောက်ယူကာ လက်နှင့်ဆုပ်ထား သည်။ ထို့နောက် အောက်ဘက်မြေကွက်ဆီသို့ ပြန်ဆင်းသွားသည်။ သူသည် တခါတရံတွင် ပစ္စည်းများထားရာ တဲအတွင်းသို့ဝင်၍ ရေသောက်ရင်း အမောဖြေတတ်သည်။ အခု တခေါက်တွင် လည်း တော်တော်နှင့် ပြန်၍ပေါ်မလာ။ သူ ပြန်ပေါ်လာသည့်အခါတွင်မူ သူ့နားတဘက် ၌ ခဲတံ တချောင်း ညှပ်ထားသည်ကို မြင်ရလေသည်။
ဂျိုစီသည် စောစောကလိုပင် ပုံမှန် ပြန်လျှောက်လာသည်။ သူ့ရှေ့မှ အဖြတ်တွင် တချက်မျှပြုံးသည်။ ဂျိုစီ ၏ လက်တဘက်သည် သွက်လက်လျင်မြန်စွာ လှုပ်ရှား သွားသည်။ တဆက်တည်းပင် သူ့ရင်ခွင်ထက်သို့ ကျစ်ကျစ်လျစ်လျစ် ထုပ်ထားသော စာရွက်ခေါက်တခုကျလာသည်။ နောက် တခဏတွင် ဂျိုစီသည် ပိုင်ယာတဲလ် ပန်းချုံနောက်ဘက်သို့ ၀င်ရောက်ပျောက်ကွယ်သွားသည်။
နီကိုလတ်စ် သည် အခုမှ စိတ်အေးသွားသည့်နှယ် သက်ပြင်းတချက် ချလိုက်ပြီး စာကို ကောက်ယူ သည်။ လက်ရေးက ၀ိုင်းဝိုင်းစက်စက်...။ သပ်သပ် ရပ်ရပ် ညီညီညာညာတော့ မဟုတ်။ ခဲတံအမာ စားနှင့် ရေးထား သည့် ဂျိုစီ၏ လက်ရေး...။
    နီကိုလတ်စ် ...
    မင်းက ငါ့ထက်ဦးနှောက်ကောင်းတယ်။ ဦးနှောက်ကောင်းလို့မင်း ဒီနည်းလမ်းကို သိတာပေါ့။ စာထပ်ရေးဦးကွာ။ စာရေးတာကတော့ ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။ အခု ငါ လုပ်နေ ရတဲ့ အလုပ်က မဖြစ် လောက်ပါဘူးကွာ။ မင်းလည်း သိသားပဲ။ ငါက အင်ဒါလူစီယန် မြည်းတကောင်လို ပေတေတေ ကောင်စားပါ။
အင်ဒါလူစီယန် အလွန် ဇွဲကောင်းတယ်ကွ။ သိလား။ စိတ်မပူပါနဲ့။ ဘာပဲဖြစ်ဖြစ် တနင်္ဂနွေကျလို့ အေရင်းရိုးမြစ်ကို သွားပြီး ငါးမျှားတဲ့အခါ ငါ ကောင်း ကောင်း အနားရပါတယ်ကွာ။ အေရင်းရိုး မြစ်ကိုသွားတဲ့အခါ မင်းပါ လိုက်လာနိုင်ရင် သိပ်ကောင်းမှာပဲ။ ညီမလေးငါးယောက်လည်း နေကောင်းကြပါတယ်။
အဘိုးပက်ဒရိုကတော့ ဟိုနေ့က ငါးကို အငမ်းမရ စားတာပေါ့ကွာ။ မင်း ... ငါ့ကို သတိရတယ်ဆိုတာ တကယ် မှ ဟုတ်ရဲ့ လားကွာ။ မင်းက သတိရတယ်ဆိုတော့လည်း ငါ့မှာ အားတက်တာပေါ့ကွာ။
                                    ဂျိုစီ
နီကိုလတ်စ်သည် စာကိုဖတ်ကာ ၀မ်းသာလုံးဆို့လျက် ရှိသည်။ ဂျိုစီ သူ့ကိုအခင်အမင်မပျက်သေး။ သူ့ကို သတိရနေဆဲ။ သူသည် တချက်မျှ အသံထွက်၍ ရယ်လိုက်ပြီး ခဲတံကို လှမ်းယူပြန်သည်။
ခင်ဗျားလို ဆန်ဂျော်ဂျီမြို့ပေါ်မှာ အကောင်းဆုံး ပီလိုတာဘောလုံးသမားတယောက်ဟာ အင်ဒါလူစီယန် မြည်းတကောင်နဲ့ ဘယ်လိုလုပ်ပြီး တူမှာလဲဗျာ။ မတူပါဘူး။ ပြီးတော့လဲ ခင်ဗျားဟာ ကျွန်တော့်ရဲ့ အခင် မင်ဆုံးနဲ့ အကောင်းဆုံး သူငယ်ချင်းမဟုတ်လား။
အလျင်တုန်းက ကျွန်တော့်မှာ သူငယ်ချင်းတယောက်မှ မရှိခဲ့ဘူး။ အခု ခင်ဗျားနဲ့ မိတ်ဆွေဖြစ်ရလို့ ကျွန်တော် အရမ်းဝမ်းသာတာပဲ။ ဟဲ ... ဟဲ။ ခင်ဗျားရဲ့ လက်တွန်းလှည်း ၀င်ရိုးကို ဘာပြုလို့ ဆီမထိုး တာလဲဗျာ။ တကျည်ကျည်နဲ့ လွှတ်နားငြီးတယ်ဗျ။ ဒါပေမယ့် ကိစ္စတော့ မရှိပါဘူး။ အဲဒီ အသံကို ကျွန်တော် နားထောင် နိုင်ပါတယ်။ အဲဒီအသံက ကျွန်တော့်အဖို့ တေးဂီတသံ တမျိုးနဲ့ တူတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအသံကြားနေရရင် ခင်ဗျားဟာ ကျွန်တော့်ရဲ့ အနီးအနားမှာ ရှိနေတယ်ဆိုတာ သိနိုင်တယ် မဟုတ်လား။ ကျွန်တော်ဖြင့် ပျော်တယ်ဗျာ။
                                    နီကိုလတ်စ်
ထုံးစံအတိုင်း နီကိုလတ်စ်၏ စာသည် ဂျိုစီ၏ လက်တွန်းလှည်းထဲသို့ ရောက်သည်။ ခဏမျှကြာတော့ ဂျိုစီ၏ စာသည် နီကိုလတ်စ်၏ ခြေရင်းရှိ ခြေသုတ်ခုံပေါ်ရောက်လာသည်။ ခဏမျှကြာတော့ ဂျိုစီ၏စာသည် နီကိုလတ်စ်၏ ခြေရင်းရှိ ခြေသုတ်ခုံပေါ်ရောက်လာသည်။
    ငါ့လှည်းဝင်ရိုးကို တကျည်ကျည်မြည်နေအောင် ငါတမင် လုပ်ထားတာကွ။ ဒါမှ ဥယျာဉ်မှူး ငပျင်း တကောင် အလုပ် တကယ်လုပ်နေတယ်ဆိုတာ လူတိုင်းသိမှာ။ ဒါပေမယ့် မင်း အတီးအမှုတ် ၀ါသနာ ပါတယ်ဆိုရင်တော့ တနေ့လောက် ငါ ကလဲရီနက် မှုတ်ပြမယ်။ ငါတို့ ကက်တာလန် စပိန် တေးဂီသံတွေကို မင်းကြားရင် မင်း ငြိမ်ငြိမ်နေနိုင်မှာ မဟုတ်ဘူး။ ထပြီး ခုန်ပေါက်နေမှာ သေချာ တယ်။ ငါတို့ နှစ်ယောက်စာရေးပြီး စကားပြောရုံမကဘူး။ ငြိမ်ငြိမ်ဆိတ်ဆိတ်နဲ့ ဘောလုံးကစားနိုင် တဲ့နည်းပါ ရှိတယ်ကွ။ ငါလဲ လူအ လူနတယောက် မဟုတ်ပါဘူးကွာ။
                                မြည်း ဂျိုစီ။
ထို့နောက် နီကိုလတ်စ်ထံမှ စာ ...။
    ခင်ဗျားက မြည်းဆိုရင် ကျွန်တော်က သန်းတကောင်ဖြစ်ရမှာပေါ့ ဂျိုစီရာ။ ဒါမှလဲ ဘယ်သူမှ အမြင်မခံရပဲ ခင်ဗျားနဲ့ တွဲနိုင်မှာဗျ။ ပြီးတော့ ခင်ဗျားခုန်ချင်သလောက်ခုန် ကျွန်တော် လွင့်စင် ထွက်မသွား နိုင်ဘူး။ ဒါပေမယ့် တခုတော့ သေချာတယ်ဗျ။ ခင်ဗျားက ကျွန်တော့်ကို မခင် တော့ဘူးဆိုတဲ့ တနေ့ကျရင် ကျွန်တော် ခင်ဗျားကို တအားကိုက်ထားနိုင်တယ် ...။
                                သန်း နီကို။
နောက်တခေါက် နီကိုလတ်စ် ရှေ့မှ ဖြတ်သွားသည့်အခါ ဂျိုစီသည် မပြုံးတော့ပေ။ စာကိုတော့ ထုံးစံအတိုင်း ပစ်သွားသည်။
    နီကိုရေ...သတိ။ ဂရေစီယာဆိုတဲ့ ကောင်ကြီး ၀င်းခြံနားမှာ ရပ်နေတယ်။ ငါတို့ လုပ်နေ တာတော့ မမြင် ပါဘူး။ ဒါပေမယ့် စာတွေ ဆက်ရေးနေလို့မဖြစ်တော့ဘူး။ ရပ်ထားဦးမှ။ မနက်ဖြန် ပေါ့ကွာ။ ငါမင်းကို သတိရ နေပါတယ်။
                                    ဂျိုစီ
    နီကိုလတ်စ်သည် ထိတ်လန့်သော စိတ်ဖြင့် တကိုယ်လုံး တောင့်တင်းသွားသည်။ ရုတ်တ ရက် ဘာလုပ်ရမှန်း မသိ။ သို့သော်လည်း ချက်ချင်းပင် သူ့ကိုယ်သူ ဟန်မပျက်အောင် ထိန်းကာ ဂျိုစီ၏စာကို ရှပ်အင်္ကျီ အိတ်ကပ်ထဲသို့ ထိုးထည့်သည်။ သူ ဖတ်ခဲ့ဖူးသော စာအုပ်များထဲမှ စာဖျောက်ဖျက် နည်းတနည်းကို သူ သိထားသည်။ စာကို ၀ါးချေပြီး မျိုချလိုက်ရန်ဖြစ်သည်။ သို့သော်လည်း စာရွက်တွေက သေးသေး မဟုတ်။ ကြီးနေသဖြင့် ၀ါးဖို့မလွယ်။ မျိုချ၍လည်းမဖြစ်။
ထို့ပြင်လည်း ဂျိုစီ၏စာများကို သူ အမှတ်တရ သိမ်းချင်သည်။ သူ့အင်္ကျီအိတ်ကပ်ထဲမှ ဂျိုစီ၏ စာ သည် ခိုးလိုး ခုလု ဖြစ်လျက်ရှိသည်။ သူ့အသက် ရှူလိုက်တိုင်း တလှုပ်လှုပ်ဖြစ်ကာ သူ့အသားကို ပွတ်တိုက် လျက်ရှိလေသည်။
အခန်း (၈) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
မောင်ပေါ်ထွန်း ဘာသာပြန် ကမ္ဘာရန် အပိုင်း (၂၄)
အခန်း [၂၄]
အေဘယ်သည် "ရှီကာဂိုထရီဗွန်း"သတင်းစာ စီးပွားရေးကဏ္ဍတွင် ဖော်ပြထားသော "လက်စတာကိန်း အင်ကုမ္ပဏီ" အကြောင်း သတင်းစာ ဖတ်ရှုနေည်။
    သတင်းစာ မျက်နှာဖုံးတွင် ပုလဲဆိပ်ကမ်းကို ဂျပန်တို့ ဗုံးကြဲတိုက်ခိုက်သော သတင်းကိုသာ ဝေေ၀ ဆာဆာ အသားပေး ဖော်ပြထားသည်။ အကယ်၍သာ ၀ီလျံကိန်း၏ ခေတ်မမီသော ဓာတ်ပုံသေးသေး ကိုသာ မကြည့်မိပါက အထက်ဖော်ပြပါ သတင်းတိုကလေးကို အေဘယ်လုံးဝ ဖတ်မိမည်မဟုတ်။ ယခုတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကျော်က ဘော့စတွန်မြို့တွင် ၀ီလျံထံသို့ အေဘယ်သွားရောက်ခဲ့စဉ် မြင်တွေ့ ခဲ့ရသည့် အတိုင်း ၀ီလျံ၏ ဓာတ်ပုံကို ရုတ်တရက် သွားမြင်မိသောကြောင့် အဆိုပါ သတင်းတိုကလေးကို အေဘယ် က အမှတ်မထင် ဖတ်မိခြင်းဖြစ်သည်။
    အေဘယ်သည် အထက်ပါ သတင်းတိုကလေးကိုဖတ်ပြီး ၀မ်းသာမိသည်။ အဘယ်ကြောင့်ဆိုသော် ၀ီလျံကိန်း အနေဖြင့် အဆိုပါ ဘဏ်လုပ်ငန်းကြီးတစ်ခုလုံးကို ဘယ်နည်းနှင့်မျှ နိုင်နိုင်နင်းနင်း ချုပ်ကိုင် နိုင်မည် မဟုတ်ဟု သူက ယုံကြည်သောကြောင့် ဖြစ်သည်။
    သို့သော် ၀ီလျံနှင့် သူတို့၏ ဇာတ်လမ်းက ဤမျှနှင့် မဆုံးသေး။ ရှေ့ကိုဆက်ရန် ကျန်နေသေးသည်။ ၀ီလျံ က သူ့အပေါ်တွင် တင်နေသော ရာဇ၀င်ကြွေးကို ဖြစ်သည့်နည်းဖြင့် ဆပ်ခိုင်းရဦးမည်ဖြစ်သည်။
    အေဘယ်အနေဖြင့် လွန်ခဲ့သော ၁၀ နှစ်ကျော်ကာလအတွင်းတွင် စီးပွားရေး တိုးတက် လာခဲ့သော ကြောင့် သူ့အား ကျောထောက်နောက်ခံ အကူအညီပေးခဲ့သော ပုဂ္ဂိုလ်ကြီးထံမှ ချေးယူခဲ့သည့် ငွေအားလုံးကို အကျေအလည် ပေးဆပ်နိုင်ရုံမျှမက ဟိုတယ်လုပ်ငန်းတစ်ခုလုံး၏ အစုရှယ်ယာ အားလုံး ကိုပင် ပိုင်ဆိုင်သူ ဖြစ်လာနိုင်ခဲ့သည်။
    သူသည် ၁၉၃၉ ခုနှစ်အကုန်တွင် အကြွေးအားလုံးကို ပေးဆပ်နိုင်ခဲ့သည်။ ထိုနှစ်အတွင်း ၁၉၄၀ ပြည့်နှစ် တွင် အသားတင် အမြတ်ငွေ ဒေါ်လာငါးသိန်းရရှိခဲ့သည။ ထိုနှစ်အတွင်း ၀ါရှင်တန်နှင့် ဆန်ဖရန် စစ္စကိုမြို့ များတွင် "နယ်စားဟိုတယ်" နှစ်ခု တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။
    ယင်းကာလများတွင် သူသည် ဇနီးသည် ဇာဖီယာအား ယုယမှု နည်းပါးလာခဲ့သော် လည်း သမီးဖြစ်သူ ဖလော်ရင် တီနာကိုကား အထူးတလည် ဂရုစိုက်ခဲ့သည်။
    ဇာဖီယာက သမီးတစ်ယောက်တည်းနှင့် မကျေနပ်၍ နောက်ထပ် ကလေးလိုချင် လာသည်။ ဖြစ်နိုင်လျှင် သားယောက်ျားကလေး လိုချင်သည်။ ထို့ကြောင့် အေဘယ်အား ဆရာဝန်ထံ သွားရောက် စစ်ဆေးရန် မကြာ ခဏ နားပူနားဆာလုပ်လာသည်။ နောက်ဆုံး မနေသာတော့ အေဘယ်သည် ဆရာဝန်နှင့် သွားရောက် စစ်ဆေးသည်။ သို့သော် ပထမ ကမ္ဘာစစ်အတွင်း ခံစားခဲ့ရသော နာမကျန်းဖြစ်ခြင်း၊ အာဟာရ ချို့တဲ့ခြင်းတိုကကို အကြောင်းပြု၍ သုတ်ပိုးအားနည်းမှုကြောင့် သူ့အနေဖြင့ ဘယ်နည်းနှင့်မျှ သန္ဓေ သားမျိုး စေ့မအောင်မြင်နိုင်တော့ဟု ဆရာဝန်ကပြောသည်။
    သို့ဖြင့်သူသည် ယောက်ျားကလေး ရရှိရေး မျှော်လင့်ချက်ကို လုံးဝစွန့်လွှတ်ပြီးလျှင် တစ်ဦးတည်းသော သမီးငယ် အပေါ်တွင်သာ ရှိသမျှ အခ်ျကို စုပုံထားလိုက်တော့သည်။
    ယခုအချိန်တွင် အေဘယ်၏ ဂုဏ်သတင်းသည် အမေရိကန်တစ်ပြည်လုံးတွင် ပျံနှံ့နေပြီ။ သူ့အား စာနယ်ဇင်းများက "ရှီကာဂိုနယ်စား"ဟူ၍ တင်စားခေါ်ဝေါ်ကြပြီး။ သူ့နောက်ကွယ်တွင် ပြောင်နောက် ပြောဆို နေကြသည်ကိုလည်း လုံးဝဂရုမစိုက်တော့။
    ၁၉၄၁ ခုနှစ်တွင် သူ၏ ဟိုတယ် ၁၃ ခုမှ အသားတင်အမြတ်ငွေ ဒေါ်လာ တစ်သနးနီးပါးရသည်။ ထို့ကြောင့် သူက အားရှိလာပြီး ရင်းနှီးငွေ ထပ်ဖြည့်လျက် လုပ်ငန်းများ ပိုမိုတိုးချဲ့ရန် ဆုံးဖြတ်လိုက်သည်။
    ကံဆိုးချင်တော့ ထိုအချိန်တွင်ပင် ဂျပန်က ပုလဲဆိပ်ကမ်းကို ၀င်ရောက်တိုက်ခိုက် တော့သည်။
    အေဘယ်သည် ပိုလန်အမျိုးသား စစ်ပြေးဒုက္ခသည်များအား ထော့ပံ့နိုင်ရေး အတွက် ဗြိတိသျှ ကြက်ခြေနီအသင်းသို့ ငွေကြေးအမြောက်အမြား ပေးလှူလိုက်သည်။ တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံအနေဖြင့် စစ်ထဲဝင်ရန် ကိစ္စအတွက်လည်း သူက ဒီမိုကရက် တစ်ပါတီ အတွင်း၌ လည်းကောင်း၊ စာနယ်ဇင်းများမှ တစ်ဆင့်လည်းကောင်း သဲကြီးမဲကြီး လှုံဆော်စည်းရုံးသည်။ သည် လုပ်ရပ် အတွက် သူ့အနေဖြင့် အတိုက်အခံတွေ အများကြီးနှင့် ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရသည်။
    သို့သော် သူ၏ ကြိုးပမ်းမှုမှာ ဘာမှအရာမထင်ခဲ့။
    ဒီဇင်ဘာလ ၁၁ ရက်  တနင်္ဂနွေနေ့တွင်မူ ဂျာမနီနှင့် အီတလီနိုင်ငံတို့က အမေရိကန်အား စစ်ကြော်ငြာကြောင်း သတင်းပေါ်ထွက်လာတော့သည်။ ဤတွင် အမေရိကန်နိုင်ငံသည် စစ်ကို ဘယ်နည်း နှင့်မျှ ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း အေဘယ်က သဘောပေါက်မိတော့သည်။
    မိမိကိုယ်တိုင်စစ်ထဲဝင်လိုသောဆန္ဒလည်း တဖွားဖွားဖြစ်ပေါ်လာမိသည်။ သို့သော် သူ့အနေဖြင့် အမျိုးသားရေး စစ်ပွဲကို မစတင်မီ ပုဂ္ဂိုလ်ရေးစစ်ပွဲကို အလျင်စတင်ရန် ရှိသေးသည်။
    ထို့ကြောင့်သူသည် ကွန်တီတင်တယ် ဘဏ္ဍာထိန်းဘဏ်တိုက်မှ မစ္စတာ ကာတစ်ဖင်တန်သို့ တယ်လီဖုန်း လှမ်းဆက်သည်။ မစ္စတာဖင်တနသည် အေဘယ်အတွက် နှစ်ပေါင်း တော်တော်ကြာကြာ ကတည်းက ပင် သစ္စာရှိစွာဖြင့် အကျိုးဆောင်လာခဲ့သူ တစ်ဦးဖြစ်သည်။ ထို့ကြောင့် အေဘယ်က သူ့အား "နယ်စားကုမ္ပဏီ" အုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင် ဒါရိုက်တာလူကြီးအဖြစ် ခန့်ထားခဲ့သည်။ မစ္စတာဖင်တန် သည် နယ်စားကုမ္ပဏီနှင့် ကွန်တီနင်တယ်ဘဏ်တို့အား စီးပွားဖက်အဖြစ် သို့ရောက်အောင် ဆောင်ကြဉ်း ပေးခဲ့သဖြင့် အေဘယ်အတွက် ငွေရေးကြေးရေးကိစ္စများ တွင် အလွန်အားထားရသူလည်းဖြစ်သည်။
    တစ်ဖက်မှ လိုင်းဝင်လာသည်။ မစ္စတာဖင်တန်၏ ယဉ်ကျေးပျူငှာသော ကြားနေသော အသံကိုကြားရသည်။
    "ဟလို..... ဖင်တန် စကားပြောနေပါတယ်"
    'ကျွန်တော်ပါ.. မစ္စတာဖင်တန်၊ အေဘယ်ပါ၊ လောလောဆယ် ဘစ်တိုက်မှာ ကျွန်တော့်စုငွေ ဘယ်လောက် များ ရှိပါသေးသလဲ မစ္စတာဖင်တန်'
    မစ္စတာဖင်တန်က စားပွဲပေါ်တွင်  အသင့်ရှိနေသော ဖိုင်တွဲတစ်ခုကို ကမန်းကတန်း ကောက်လှန် လိုက်သည်။
    'စုစုပေါင်း နှစ်သန်းမပြည့်တပြည့်လောက် ရှိပါသေးတယ်'
    'ကောင်းတယ် အတော်ပဲ၊ အဲဒီတော့ နောက်တစ်ခု ဆက်လုပ်ပေးပါဦး၊ လက်စတာ ကိန်းအင် ကုမ္ပဏီနာမည်နဲ့ အသစ်ဖွင့်တဲ့ဘဏ်တိုက်ကို မစ္စတာဖင်တန် သိမှာပေါ့၊ အဲဒီဘဏ်ကို စုံစမ်းကြည့်ပါ၊ အဲဒီဘဏ် မှာ ရှယ်ယာဝင်ထားတဲ့လူတွေနဲ့ နာမည်ရယ်၊ သူတို့ပိုင်ဆိုင်တဲ့ အစုရှယ်ယာ ရာခိုင်နှုန်းရယ်၊ ပြီးတော့ အဲဒီရှယ်ယာတွေကို တစ်ယောက်ယောက်က ၀ယ်မယ်ဆိုရင် ဘယ်လိုစည်းကမ်း သတ်မှတ်ချက်နဲ့ ရောင်းမယ် ဆိုတာတွေကို အသေးစိတ် သိချင်တယ်၊ ဒီလိုလုပ်တာကို အဲဒီဘဏ်ဥက္ကဋ္ဌ မစ္စတာဝီလျံကိန်း လုံးဝ မသိစေချင်ဘူး၊ ကျွန်တော်နာမည်ကို လုံးဝမသိပါစေနဲ့'
    မစ္စတာဖင်တန်က ဟင်းကနဲ သက်မတစ်ချက် ချလိုက်သည်။ သူက ဘာမှပြန်မပြော။ သူ၏ အံ့အားသင့် သွားသော မျက်နှာကို အေဘယ် မမြင်နိုင်သည်ကိုပင် သူက တွေးပြီးဝမ်းသာမိသည်။ အေဘယ်သည် ၀ီလျံကိန်း ပိုင်တဲ့ဘဏ်မှာ ဘာကြောင့်များ အရင်းအနှီးမြှုပ်နှံချင်ရတာပါလိမ့်။
    နာမည်ကျော် ဘဏ်တိုက်ကြီးနှစ်ခု ပူးပေါင်းလိုက်သည့် သတင်းကို "ဝေါလ်စထရိ ဂျာနယ်"တွင် သူလည်း ဖတ်လိုက်ရသည်။ တစ်ချိန်တည်းတွင် ပုလဲဆိပ်ကမ်းကို ဂျပန်ဝင်ရောက်ဗုံးကြဲသည့် သတင်းကိုလည်း ဖတ်လိုက် ရသည်။ ယင်းသတင်းနှစ်ပုဒ်မှာ ဆင်နှင့်ဆိတ်လို ပမာဏချင်း ကွာခြားလွန်းသောကြောင့် ဘဏ်တိုက် နှစ်ခု ပူးပေါင်းသည့် သတင်းကို သူ့အနဖြင့် မျက်စိပင် ရှန်သွားမိသေးသည်။
    အင်း.. သူဖုန်းဆက်တာအတော်ပဲ၊ ၀ီလျံကိန်းဆီ သံကြိုးရိုက်ပြီး ၀မ်းသာကြောင်း သ၀ဏ်လွှာ ပို့ပေးဦး မှာပဲ။
    သူက ယင်းသို့တွေးမိပြီး ဖိုင်တွဲအောက်နားတွင် ခဲတံနှင့် တေးမှတ်ထား လိုက်သည်။
    အေဘယ်အသံ ပြန်ပေါ်လာသည်။
    'အားလုံးအပြည့်အစုံ သိရတဲ့အခါ ကျွန်တော်ကို လူကိုယ်တိုင်လာပြီး တင်ပြပါ၊ အစီရင်ခံစာတွေ ဘာတွေနဲ့ လုပ်မနေပါနဲ့'
    'ကောင်းပါပြီ မစ္စတာရိုစနော့စကိး'
    အင်း... ဒီလူတော့ တစ်မျိုးထွင်ပြန်ပြီ၊ သူတို့နှစ်ယောက် ဘာတွေဖြစ်ကြဦးမလဲ မသိဘူး။
    အေဘယ်က ဆက်ပြောသည်။
    'ပြီးတော့ ကျွန်တော့ဆီ သုံးလပတ်အစီရင်ခံစာတင်တဲ့အခါ လက်စတာဘဏ်ရဲ့ လှုပ်ရှားမှု အားလုံး ကိုလည်း တစ်ခန်းသပ်သပ်ထည့်ပေးပါ၊ အဲဒီဘဏ်တိုက်ဲ့ ဆက်သွယ်နေတဲ့ ကုမ္ပဏီတွေအကြောင်းလည်း ပါပါစေ'
    'စိတ်ချပါ မစ္စတာရိုစနော့စကီး'
    'ကျေးဇူးတင်ပါတယ် မစ္စတာဖင်တန်၊ ဒါနဲ့ စကားမစပ် သတင်းကောင်း တစ်ခု ပေးရဦးမယ်၊ ဈေးကွက် သုတေသန အဖွဲ့ရဲ့ အကြံပေးချက်အရ ကနေဒါက မွန်ထရီရယ်မြို့ မှာ နယ်စားဟိုတယ်သစ်ဖွင့်ဖို့ ဆုံးဖြတ် လိုက်ပြီ ချင်ဗျ'
    'ဟင်... ဘယ်နှယ့် ဒီလောက်စစ်ကြီးဖြစ်နေတာ မစ္စတာရိုစနော့စကီးက ထည့်မတွက် ဘူးလား'
    'ဟင့်အငး၊ မတွကပါဘူး၊ ဂျာမန်တွေ မွန်ထရီရယ်မြို့ကို ၀င်လာရင် ပိတ်ပစ်လိုက်ရုံ ပဲပေါ့၊ ကွန်တီနင်တယ်ဘဏ်လည်း ဒီအတိုင်းနေမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဒီကောင်တွေ အလျင် တစ်ကြိမ် ကလည်း အပြတ်ဆော်ခဲ့ပြီးပြီ၊  ဒီတစ်ကြိမ်လည်း အပြတ်ဆောရဦးမှာပဲ၊ ဒါပေမဲ့ ကျွန်တော် ကတော့  ဒီကောင်တွေကို ဒီတစ်ချီမှာ ကိုယထိလက်ရောက် ၀င်ဆော်နိုင်လိမ့်မယ် ထင်တာပဲ၊ ကဲ... ဒါပါပဲ။ မင်္ဂလာေ န့ ပါ မစ္စတာဖင်တန်'
    ဒီလူဦးနှောက်ထဲ ဘာတွေများဝင်နေသလဲ မသိပါဘူး မစ္စတာဖင်တန်က တွေးလိုက်ပြီး တယ်လီဖုန်းကို ပြန်ချ လိုက်သည်။
    ထို့နောက် သူကဆက်တွေးနေမိသည်။
    ဒီလူ လက်စတာဘဏမက အစုရှယယာတွေအကြောင်း ဘာလို့သိချင် နေရတာလဲ၊ အဲဒီဘဏ်မှာ အစုရှယ်ယာ ၀င်ချင်လို့လား၊ ၀ီလျံကိန်းနဲ့ သူနဲ့က အလျင်တုန်းကလည်း ဘာမှအဆကအဆံ မရှိခဲ့ပါဘူး၊ သူတို့နှစ်ယောက် ဆက်မိသွားရင် နှစ်ယောက်စလုံးတွက် အကျိုးထက် အပြစ်သာများလာဖို့ ရှိတယ်...
    ဖင်တန် က ယင်းသို့ စဉ်းစားမိပြီး လောလောဆယ်တွင် သူတို့နှစ်ယောက်၏ ခြေလှမ်းကိုသာ အကဲခတ် စောင့်ကြည့် နေရန် ဆုံးဖြတ်လိုက်သည်။
    တစ်ချိန်တည်း တွင် အေဘယ်ကလည်း ချီတုံချတုံဖြစ်နေမိသည်။
    လက်စတာဘဏ်မှာ ငါဘာကြောင့် ရှယ်ယာပါချင်တဲ့အကြောင်း ဖင်တန်ကို ဖွင့်ပြော လိုက်ရင် ကောင်းမလား၊ အင်း... ဖြစ်သေးပါဘူးလေ၊ ငါ့လုပ်ရပက လူမသိလေ ကောင်းလေပါပဲ။
    သူသည် ၀ီလျံကိန်းအကြောင်း ခေါင်းထဲမှ ခဏဖယ်ထုတ်ထားလိုက်ပြီးနောက် ဂျော့အား သူ့ရုံးခန်း ထဲသို့ လွှတ်လိုက်ရန် အတွင်းရေးမှူး စာရေးမအား ဖုန်းနှင့်လှမ်းပြော လိုက်သည်။
    ဂျော့မှာ ယခုခါ နယ်စားကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌဖြစ်နေပြီ။ ရေမြင့်ကြာတင့် ဆိုသလို အေဘယ် ကြီးပွား လာခဲ့သည်နှင့်အမျှ ဂျော့မှာလည်း အလုပ်လက်မဲ့ဘ၀မှ လူတစ်လုံးသူတစလုံး ဖြစ်လာခဲ့သည်။ ယခုဆိုလျှင် ဂျော့သည် အေဘယ်၏ အားအကိုးရဆုံး ညာလက်ရုံးပုဂ္ဂိုလ်တစ်ယောက်ပင် ဖြစ်နေပြီ။
    အေဘယသည် ရှီကာဂိုနယ်စားဟိုတယ်၏ လေးဆယ့်နှစ်ထပ်ရှိ သူ၏ ရုံးခန်းတွင် ထိုင်ကာ မီချီဂန် ရေအိုင်ကြီးကို အပေါ်စီးမှ လှမ်းကြည့်လျက်ရှိသည် မျက်လုံးများက ရေအိုင်ကြီးကို ကြည့်နေသောလည်း စိတ် ကတော့ ပိုလန်နိုင်ငံသို့ လွင့်မြောပါသွားသည်။ ငါ့တစ်သက်မှာ ရဲတိုက်ကြီးကိုများ တစ်ခါတစ်ခေါက် ပြန်ရောက် နိုင်ပါဦးမလား။
    ယခုအခါ ရဲတိုက်ကြီးမှာ ရုရှားနယ်မြေထဲသို့ ရောက်ရှိသွားခဲ့ပြီ။ သူသည် ပိုလန်နိုင်ငံတွင် ဘယ်တော့မှ အခြေမချနိုင်တော့ဆိုသည်ကို အေဘယ်က ကောင်းစွာ သဘောပေါက်မိသည်။ သို့သော် တစ်ချိန်က သူ ပိုင်ခဲ့သော ခမ်းနားကြီးကျယ်သည့် သမိုင်းဝင် ရဲတိုက်ကြီးကိုတော့ ဖြစ်နိုင်လျှင် ပြန်လိုချငပါသေးသည်။ ယခု ဆိုလျှင် သူ၏ ရဲတိုက်ကြီးထဲတွင် ရုရှတွေက ၀င်ရောက်တပ်စွဲပြီး ထင်သလို ကြဲနေကြပေရော့မည်။
    အေဘယ်သည် ယင်းသို့တွေးမိရင်း မိမိတို့မျိုးဆက်ပိုင် ရဲတိုက်ကြီးကို မျိုးခြားနယ်ချဲ့တို့လက်မှ ပြန်လည်ရယူလိုသည့်ဆန္ဒ တဖွားဖွား ဖြစ်ပေါ်လာမိသည်။
    ထိုအခိုက်အခန်းထဲသို့ ဂျော့ဝင်လာသဖြင့် သူ့အတွေးများ ပြတသွားရသည်။
    'ကျွန်တော့ကို တွေ့ချင်တယ်ဆို အေဘယ်'
    အေဘယ်အား ငယ်နာမည်နှင့် ခေါ်လေ့ရှိသောလူမှာ နယ်စားကုမ္ပဏီတစ်ခုလုံး တွင် ဂျော့ တစ်ယောက် သာ ရှိသည်။ သူတို့နှစ်ယောက်က ငယ်ပေါင်းမိတ်ဆွေ များမို့ တစ်ယောက်ကိုတစ်ယောက် ငယ်နာမည်ဖြင့်ပင် ရင်းရင်းနှီးနှီး ခေါ်ကြခြင်းဖြစ်သည။
'ဟုတ်တယ်ဂျော့၊ ကျွန်တော် သုံးလေးလလောက် ခွင့်ယူရကောင်းမလားလို့ စိတ်ကူးမိတယ်၊ အဲဒီတော့ ကျွန်တော် မရှိတုန်းမှာ ခင်ဗျားအနေနဲ့ ဟိုတယ်တွေကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ပါ့မလား'   
'ရပါတယ် အေဘယ် ကျွန်တော် အုပ်ချုပ်နိုင်ပါတယ်၊ ဒါနဲ့ ဘာလဲ ချင်ဗျားက ခွင့်ရရှည်ယူပြီး အပန်းဖြေဖို့ ခရီးထွက် မလို့လား'
'မဟုတ်ဘူး၊ စစ်ထဲဝင်မလို့'
'ဘာ...ဘာ...ဘယ်လို၊ စစ်ထဲဝင်မလို့ဟုတ်လား'
    'ဟုတ်ပါတယ်၊ ကျွန်တော်တကယ် ပြောနေတာပါ၊ ကျွန်တော် မနက်ဖြန်မနက် နယူးယောက်ကိုသွားပြီး စစ်တပ်ထဲ ၀င်လိုက်တော့မယ်'
    'ဘယ်နှယ့်... ချင်ဗျား ရူးများ ရူးနေပြီလား အေဘယ်၊ စစ်ထဲဝင်ရင် ခင်ဗျား သေသွားမှာပေါ့'
    'ကျွန်တော်မသေပါဘူး၊ သေမှာက ဂျာမန်နယ်ချဲ့တွေပါ၊ သူတို့ကို ကျွန်တော် သွားသတ်မယ်၊ ပထမ အကြိမ် တုန်းက သူတို့ကို ကျွန်တော်သတ်ခွင့်မရလိုက်ဘူး၊ ဒီတစ်ချီတော့ ဒီငတိတွေကို အပြတ်ဆော် ရတော့မယ်'
    ဂျော့က အေဘယ်၏ မျက်နှာကို တည့်တည့်ကြည့်လိုက်သည်။ သူတကယ်ပင် လုပ်တော့မည်ဆိုသည်ကို သူ့ မျက်နှာ အမူအရာက ထင်ထင်ရှားရှား ဖော်ပြနေသည။
    သို့သော ဂျော့က သူ့ကို ဆက်၍ တားသည်။ အမေရိကန်နိုင်ငံသည် အေဘယ်မပါဘဲနှင့်လည်း ဤစစ်ပွဲကြီး အောင်ပွဲခံနိုင်ပါသည်ဟု ဂျော့က အကြောင်းပြပြီး သူ၏ အချစဆုံး သူငယ်ချင်းကို အတန်တန် တားသည်။
    တစ်ချိန်တည်းတွင် ဇနီးသည် ဇာဖီယာကလည်း မျက်ရည်စက်လက်နှင့် တောင်းပန်ရှာသည်။ သူမက စစ်ဆိုလျှင် အန်ချင်အောင် အလွန်မုန်းသည်။ ဖြစ်နိုင်လျှင် နားမှာပင် ထပ်၍ မကြားချင်။ ထို့ပြင် ရှစ်နှစ် အရွယ် သမီးငယ် ဖလော်ရင်တီနာကလည်း ဘုမသိဘမသိနှင့် အဖေ့မျက်နှာတစ်လှည့်၊ အမေ့ မျက်နှာ တစ်လှည့် ကြည့်ပြီး တစ်ငိုတည်း ငိုနေတော့သည်။ သို့သော် သူမ၏ အချစ်ဆုံး ဖေဖေသည် သူမနှင့် သူမ၏ မေမေတို့အား ပစ်ထားခဲ့ပြီး ဘာကြောင့်များ အကြာကြီး ခရီးထွကချင်ရပါလိမ့် ဆိုသည်ကိုတော့ သူမ အနေဖြင့် လုံးဝနားမလည်နိုင်ပါချေ။
*
ဂျော့နှင့် ဇာဖီယာတို့က အတန်တန် တားနေကြသည့်ကြားထဲမှပင် အေဘယ်သည် ဇွတ်မှိတ်ပြီး နောက်တစ်နေ့နံနက်တွင်  လေယာဉ်ဖြင့်  နယူးယောက်မြို့သို့ ထွက်လာခဲ့လေသည်။
    အမေရိကန်တစ်ပြည်လုံးသည် အရပ်လေးမျက်နှာသို့ ဦးတည်လျှောက်လှမ်းလျက် ရှိသည်။ နယူးယောက်မြို့ထဲတွင် ကာကီယူနီဖောင်းဝတ် လူငယ်များဖြင့် ပြည့်နှက်နေသည်။ သူတို့သည် မိဘများ၊ ဇနီးမယား နှင့် ချစ်သူများအား နှုတ်ဆက်နေကြ သည်။ မကြာမီ စစ်ကြီးပြီးဆုံးသွားမှာပါဟု သူတို့က ပါးစပ်က ပြောနေကြသော်လည်း နှလုံးသားကတော့ လုံးဝ မယုံကြ။
    အေဘယ်သည် ညနေစာအမီ နယူးယောက် နယစားဟိုတယ်သို့ ရောက်ရှိ လာသည်။ စားသောက်ခန်းကျယ်ကြီးထဲတွင လူငယ်တွေ ခြေချင်းလိမ်နေကြသည်။ ကြည်းတပ်သား၊ ရေတပ်သား၊ လေတပ်သား အစုံပါဝင်သည်။ မိန်းကလေးတွေက သူတို့၏ ချစ်သူစစ်သည် မောင်များအား သွေးရူး သွေးတန်း ဖက်ထားကြသည်။ တွမ်မီ ဒေါ်ဆေ၏ တီးဝိုင်းကြီးကလည်း မြိုင်လှသည်။ အဆိုကျော်မင်းသား ဖရန့် ဆင်နာထရာ၏ အသံကလည်း လှိုင်လှသည်။
    အေဘယ်သည် ဇာတ်ခုံပေါ်တွင် မိမိတို့၏ မိမိတို့၏ ချစ်သူများနှင့် တပျော်တပါး တွဲကနေကြသော စစ်သည် လူငယ်များကို စိတ်ဝင်စားစွာဖြင့် ရပ်ကြည့်နေမိသည်။ သူတို့အနက် ဘယ်နှစ်ယောက်များ သည်လို ပွဲမျိုးကို နောက်တစ်ကြိမ် ပြန်လည် ဆင်နွှဲနိုင်ကြပါဦးမလဲဟု သူက တွေးနေမိသည်။ သူ အလုပ် လုပ်ခဲ့ဖူးသော ပလာဇာဟိုတယ်မှ စားပွဲထိုးသုံးယောက် မကြာမီကလေးကမှ အနောက်ဘက် စစ်မျက်နှာက ပြန်ရောက် လာခဲ့ကြသည်။ သူတို့တွင် ခြေထောက်တစ်ဖက်စီသာ ပြန်ပါလာခဲ့ကြတော့သည်။ ယခု ပျော်ပျော် ရွှင်ရွှင် ကခုန်နေကြသော လူငယ်များသည် စစ်ဆိုတာ ဘာဟူ၍ အတိအကျ သိကြသူ များမဟုတ်။
    သူက ကပွဲတွင် ၀င်မကဘဲ သူ့အခန်းသို့သာ လှည့်ပြန်လာသည်။
    အေဘယ်သည် နောက်တနေ့နံနက်တွင် အနက်ရောင်ဝတ်စုံကို ၀တ်လျက် တိုင်းစတွဲယား ရင်ပြင်ရှိ စစ်သားစုဆောင်းရေးရုံးသို့ လာခဲ့သည်။ သူသည် ရှီကာဂိုတွင် မ၀င်ဘဲ နယူးယောက်သို့လာဝင်ခြင်းမှာ သူ့ကို အသိတစ်ယောက်ယောက်က မြင်သွားမည် ကြောက်သောကြောင့်ဖြစ်သည်။
    စစ်သားစုဆောင်းရေးရုံးတွင် မနေ့ညက ကပွဲခန်းမမှာထက်ပင် ပို၍ လူတွေ စည်ကားနေသည်။ သို့သော် သည်နေရာမှာတော့ ဘယ်သူ့ကိုမှ ဘယသူတစ်ယောက်က ဆွဲထားခြင်း၊ ဖက်ထားခြင်း လုံးဝမရှိ။
    သူသည် ပုံစံတစ်ခုဖြည့်ရဖို့အတွက် တစ်မနက်လုံး ရပ်စောင့်ရသည်။ ယခုမြင်ရသော စစ်သား လောင်း အားလုံး လိုလိုပင် သူ့ထက အရပ်အမောင်း ကောင်းကြသည်ကို တွေ့ရသည်။
    ပုံစံဖြည့်ပြီးတော့ လူတွေ့စစ်ဆေးရန်အတွက် နှစ်နာရီကျော်ကျော်မျှ တန်းစီရသည်။ နောက်ဆုံး သူ့အလှည့် ရောက်လာသည်။ တပ်ကြပ်ကြီးတစ်ယောက်က သူ့ကိုမေးမြန်းသည်။
    'ဘာလုပ်သလဲ'
    'ဟိုတယ်လုပ်ငန်း'
    ပြီးတော့ သူက ပထမကမ္ဘာစစ်အတွင်းက အတွေ့ကြုံများကို တစ်ဆက်တည်း ပြောပြလိုက်သည်။
    တပ်ကြပ်ကြီးက အရပ် ငါးပေ ခုနှစ်လက်မ၊ ကိုယ်လေးချိနပေါင် ၁၉၀ရှိသော သူ့ကို သေသေချာချာ စူးစိုက် ကြည့်နေသည်။
    တကယ်လို့ သူသည် "ရှီကာဂိုနယ်စား"ဖြစ်ကြောငး ပြောပြလိုက်လျှင် သူစောစောက ပြောခဲ့သော အကျဉ်းကျ ခံရပုံများ၊ ထွက်ပြေး လွတ်မြောက်လာပုံများကိုလည်း တပ်ကြပ်ကြီးက သံသယမရှိဘဲ ယုံကြည် သွားနိုင်စရာ ရှိသည်။ သို့သော် သူက ယင်းအကြောင်းကို မပြောရန် ဆုံးဖြတ်လိုက်သည်။ သူ့ကိုလည်း အခြားသူ တွေလိုပင် သာမန်နိုင်ငံသားတစ်ယောက်အဖြစ် ဆက်ဆံစေချင်သည်။
    'မနက်ဖြန်မနက်မှာ ကျနးမာရေးစစ်ဆေးခံရမယ်၊ အခုလို စေတနာအလျောက် တပ်မတော်ထဲ ၀င်လာတာ ဂုဏ်ယူပါတယ်'
    တပ်ကြပ်ကြီးက ဤမျှသာပြောပြီး နောက်နေ့နံနက်တွင် ထပ်လာရန် ချိန်းလိုက်သည်။
    နောက်တစ်နေ့ မနက်တွင်လည်း အကြာကြီး တန်းစီစောင့်နေရပြီးမှ ကျန်းမာရေး စစ်ဆေးခံရသည်။
    သူ၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ဆရာဝန်ကပြောင်ပြောင်ပင်ပြော သည်။
    'ခင်ဗျားက ကိုယ်အလေးချိန်လည်း  များနေတယ်၊ မျက်စိလည်းမကောင်းဘူး၊ နှလုံးကလည်း အားနည်းနေတယ်၊ ပြီးတော့ ခြေတစ်ဖက်ကလည်း ဆာနေသေးတယ်၊ ဗြောင်ပြောရရင် ခင်ဗျားဟာ စစ်သား ၀င်လုပ်ဖို့ အရည်အချင်းမပြည့်စုံဘူး၊ ရို့စနော့စကီး၊ ဒီလိုလူစားမျိုးကို တို့က စစ်မြေပြင်ကို မပို့နိုင် ဘူး၊ ရန်သူမမြင်ခင် အသက်ပျောက်သွားမှာ စိုးရတယ်၊ သို့ပေမဲ့ ဒီအတွက်ကြောင့် စစ်တပ်ထဲ မ၀င်ရဘူး လို့တော့ ပြောတာမဟုတ်ဘူး၊ ခင်ဗျားရဲ့ အခြားအရည်အချင်းတွေကို တပ်မတော်မှာ အသုံးချ လို့ရပါတယ်၊ ခင်ဗျား စိတ်ဝင်စားမယ်ဆိုရင် ရုံးလုပ်ငန်းမှာ လုပ်နိုင်တာတွေ အများကြီးရှိပါတယ်'
    အေဘယ် က ဆရာဝန်ကို လက်သီးနှင့်သာ ပိတ်ထိုးလိုက်ချင်သည်။ သို့သော် ထိုး၍မဖြစ်။ ထိုးလျှင် သူ့အနေ ဖြင့် ယူနီဖောင်းမ၀တ်ရတော့ရုံသာမက အချုပ်ထဲတန်းဝင် သွားရလိမ့်မည်။
    'ကျေးဇူးတင်ပါတယ် ဒေါက်တာ၊ ဒါပေမယ့် ဒေါက်တာပြောတာတော့ ကျွန်တော် မလုပ်ချင်ပါဘူး၊ ကျွန်တော်က ဂျာမန်တွေကို တိုက်ပဲတိုက်ချင်ပါတယ်၊ သူတို့ဆီစာတော့ သွားမပေးချင်ပါဘူး'
    ထိုနေ့ညနေက အေဘယ်သည် စိတ်ပျက်လက်ပျက်ဖြင့် ဟိုတယ်သို့ ပြန်လာခဲ့သည်။ သို့သော် လက်မလျော့ သေး။ မရရအောင် ကြိုးစားမည်ဟု ဆုံးဖြတချက် ချလိုက်သည်။ သို့ဖြင့် နောက်တစ်နေ့တွင် စစ်သား စုဆောင်းရေးတပ်တစ်ခုသို့ ထပ်သွားသည် သို့သော ယခင်အတိုင်းပင် ဟိုတယ် သို့ ပြန်လာခဲ့ ရပြန်သည်။
    နောက်ဆရာဝန်က ယခင်ဆရာဝန်လောက်မဆိုး။ သို့သော် တိုက်ပွဲကိုတော့ ဘယနည်းနှင့်မှ သွား၍ မဖြစ်ဟု သူကပြောသည်။ သို့ဖြင့် အေဘယမှာ ပထမအကြိမ်တုန်း ကလိုပင် ၄(အက်ဖ်) ကျန်းမာရေးအမျိုးအစားဖြင့် အပယ်ခံခဲ့ရပြန်သည်။
    သူ့ကိုသူ ပြနတွေးပြီး ရှကလည်းရှက်မိသည။ ဒေါသလည်း ထွက်မိသည်။ အရပ်ထဲတွင် သူ့ကို ယခုလို ချိုးချိုး နှိမ်နှိမ် ပြောရဲသူ တစ်ယောက်မျှမရှိ။ ဒါကလည်း သူ့အဆင့်အတန်းနှင့် သူ့အောင်မြင်မှုကြောင့်ပင် ဖြစ်လိမ့် မည်။
    ဘာပဲဖြစ်ဖြစ် စစ်တပ်ထဲတော့ ၀င်ဖြစ်အောင် ၀င်ရမည်။ သို့သော ဒီအခြေအနေ မျိုးနှင့်တော့ လုံးဝ မဖြစ်နိုင်တော့။ ကိုယ်အလေးချိန် လျော့ကျပြီး ကျန်းမာရေးကောင်း လာအောင် ဘာလုပ်ရမလဲ။ ဟုတ်ပြီ.... အကြံ ရပြီ။
*
နောက်တစ်နေ့မနက်တွင် အနောက် ၅၇ လမ်းမှ ကျန်းမာရေး အားကစားရုံသို့ လာခဲ့သည။ ပြင်သစ် အားကစား နည်းပြဆရာတစ်ယောက်ကို ပိုက်ဆံပေးပြီး ငှားသည်။ သူ၏ ပြင်ပ ကိုယ်ခန္ဓာအနေအထားကို အချိုး ကျအောင် ပြုပြင်ပေးရန် ပြောသည်။
    သို့ဖြင့် သူသည် ကိုယ်အလေးချိန် လျော့သွားရန်နှင့် အထွေထွေ ကျန်းမာရေးကောင်းလာရန်အတွက် သုံလလုံးလုံး အားသွန်ခွန်စိုက် ကြိုးစားပြီး လေ့ကျင့်ခန်းများလုပ်သည်။
    သူသည် ဘောက်ဆင်ထိုးသည်။ နပန်းသတ်သည်။ ပြေးသည်။ တန်းခုန်သည်။ အလေးမသည်။ အစာငတ် ခံသည်။ သည်လိုနှင့် ကိုယ်အလေးချိန် ၁၅၅ ပေါင်သို့ ရောက်လာသောအခါ နည်းပြဆရာက ဒီထက် ပို၍ မကျနိုင်တော့ဟု၍ ပြောသည်။
    သို့ဖြင့် သူသည် ပထမဆုံးသွားခဲ့သော စစ်သားစုဆောင်းရေးတပ်သို့ ပြန်လာခဲ့သည်။ ၀လာဒက်ကော်စကေ၀စ်ဟူ၍ နာမည်ပြောင်းပြီး ပုံစံဖြည့်လိုက်သည်။ သည်တစ်ကြိမ်တွင်တော့ တခြား တပ်ကြပ်ကြီး တစ်ယောက်က စစ်ဆေးသည်။ တပ်ကြပ်ကြီးတစ်ယောက်က စစ်ဆေးသည်။ တပ်ကြပ်ကြီးက တောတော် သက်သက်ညှာညှာ စစ်ဆေးပြီးတော့ အရန်တပ်သားအဖြစ် ရွေးချယ်လိုက်သည်။ လိုအပ် သောအခါ ခေါ်မည်ဟုလည်း ပြောသည်။
    'ဒါပေယ့် ကျွန်တော်က တိုက်ပွဲပဲ သွားချင်တယ် ဆာဂျင်၊ ကျွန်တော်က ဂျာမန်တွေ ကိုတိုက်ချင်လို့ အခု လို ၀င်လာတာပါ'
    'ကျွန်တော်တို့ အမြဲတမ်း ခင်ဗျားနဲ့အဆက်အသွယ်ရှိနေမှာပါ မစ္စတာ ကော်စကေ၀စ်' တပ်ကြပ်ကြီးကပြောသည်။ 'ကိုယ့်ကိုကိုယ် ကျန်းမာအောင်သာ နေပါ၊ လိုအပ်တဲ့အခါ ချက်ချင်း လိုက်နိုင် အောင်သာ ပြင်ဆင်ထားပါ၊ ဒါပေမဲ့ ဘယ်နေ့ခေါ်မယ် ဆိုတာတော့ အတိအကျ ပြောလို့မရပါဘူး'
    အေဘယ်က တော်တော်ကလေး ဒေါသထါက်သွားသည် သူ့ထက် အသက်ငယ်ပြီး သူ့ထက်ပိန်သော အမေရိကန်လူငယ်များကိုတော့ တစ်ထိုင်တည်းနှင့် တိုက်ပွဲသို့သွားရန် ချက်ချင်းရွေးလိုက်သည်ကို မြင်ရ၍ ပို၍ ဒေါသဖြစ်မိသေးသည်။
    သူသည် တံခါးဖွင့်ပြီး အပြင်သို့ ထွကလာခဲ့သည်။ လောလောဆယ် ဘယ်သွား၍  ဘာလုပ်ရမှန်မသိ။
    သူက ဒေါသတကြီးနှင့် ခပ်သုတ်သုတ် လျှောက်လာစဉ် အပြင်ဘက်တွင် ပိန်ပိန်ရှည်ရှည်နှင့် ယူနီဖောင်းဝတ် ပုဂ္ဂိုလ်တစ်ယောက်ကို အမှတ်မထင် ၀င်တိုက်မိသည်။
    'မတော် လို့ပါခင်ဗျာ'
    အေဘယ်က မော်ကြည့်ပြီး တောင်းပန်လိုက်သည်။ ထိုပုဂ္ဂိုလ်၏ ပုခုံးထက်တွင် ကြယ်ပွင့်တွေ တပ်ဆင် ထားသည်။ ဧကန္တတော့ ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နိုင်သည်။ အေဘယ်က လှည့်မကြည့် တော့ဘဲ ရှေ့သို့သာ ဆက်လျှောက်လာခဲ့သည်။
    'ဟေ့ သူငယ်' ဗိုလ်ချုပ်က လှမ်းခေါ်လိုက်သည်။
    အေဘယ်က သူ့ကို ခေါ်သည်ဟု မထင်၍ ဆက်လျှောက်မြဲ လျှောက်သည်။ အသက် ၃၅ နှစ်ရှိပြီ ဖြစ်သော သူ့အား ဘယ်သူကမှလညး "သူငယ်"ဟု ခေါ်မည်မထင်။
    ဗိုလ်ချုပ်က ထပ်ခေါ်ပြန်သည်။
    "ဟေ့....သူငယ်"
    အေဘယ်က လှည့်ကြည့်လိုက်ပြီး
    'ကျွန်တော့ကို ခေါ်သလားဗျာ'
    'ဟုတ်ပါတယ်'
    အေဘယ်က ဗိုလ်ချုပ်ထံသို့ ပြန်လျှောက်လာခဲ့သည်။
    'ကျုပ်ရုံးခန်းထဲ ခဏကြွပါ မစ္စတာ ရို့စနော့စကီး'
    'ဟာ... အဲဒါမှ ဒုက္ခပဲ၊ ဒီပုဂ္ဂိုလ်ငါ့သိတယ်ထင်တယ်၊ ဒါဆိုရင်တော့ ငါဘယ်တော့မှ တိုက်ပွဲကို သွားရမှာ မဟုတ်ဘူး'
    အေဘယ်က ယင်းသို့ စဉ်းစားရင်း ဗိုလ်ချုပ်နောက်မှ လိုက်လာခဲ့သည်။ ဗိုလ်ချု့ပ်၏ ရုံးခန်းမှာ ပင်မအဆောက်အအုံကြီး၏ အနောက်ဘက် အခန်းကျဉ်းကလေးဖြစ်သည်။
    စားပွဲတစ်လုံးနှင့် သစ်သားကုလားထိုင်နှစ်လုံးသာ ရှိသည်။ တစ်ခန်းလုံးကို အစိမ်းရောင်သုတ်ထားပြီး တံခါး တစ်ပေါက်သာ ရှိသည်။ ဗိုလ်ချုပ်၏ ရုံးခန်းမှာ အေဘယ်၏ နယ်စားဟိုတယ်မှ သာမန်အမှုထမ်း တစ်ယောက် ၏ နယ်စားဟိုတယ်မှ သာမာန်အမှုထမ်း တစ်ယောက်၏ အခန်းလောက်ပင် မသားနား။
    'ကျုပ်က ဗိုလ်ချုပ်ကြီး မတ်ကလပ်ပါ မစ္စတာရို့စနော့စကီး' ဗိုလ်ချုပ်က စားပွဲတွင် ၀င်ထိုင်ရင်း ပြောသည်။ အေဘယ်ကလည်း ကုလားထိုင်အလွတ်တွင် ၀င်ထိုင်လိုက်သည်။ 'ကျုပ်က အမှတ်(၅) အမေရိကန်တပ်မတော်၊ တပ်မဟာမှူးပါ၊ ဒီကို စစ်ဆေးရေးထွက်လာရင်း ခင်ဗျားနဲ့ မမျှော်လင့်ဘဲ တွေ့ရတာ ၀မ်းသာပါတယ်၊ ခင်ဗျားက ကျုပ်ကိုမသိပေမယ့် ကျုပ်ကတော့ ချငဗျားကို သိနေတာ ကြာပါပြီ၊ ခင်ဗျား ကိုသိနေတာ ဆိုတာထက် လေးစားနေတာ ကြာပြီလို့ပြောရင် ပိုမှန်လိမ့်မယ်၊ ခင်ဗျားရဲ့ ဘ၀ ဇာတ်လမ်း က ဒီနေ့ အမေရိကန်လူငယ်တွေ အားကျစရာ အလွန်ကောင်းတာပဲ၊  ဒါနဲ့ ပြောစမ်းပါဦး၊ ခင်ဗျား ဒီမှာ ဘာလာလုပ်တာလဲ'
    'ဗိုလ်ချုပ်က ဘာလာလုပမယ်ထင်လို့လဲ၊ ခွင့်လွှတ်ပါ ခင်ဗျာ၊ ကျွန်တော်စကား နည်းနည်း ရိုင်းသွား သလား မသိဘူး၊ ကျွန်တော့ကို ဘယ်သူကမှ စစ်ထဲဝင်ခွင့်မပြုတာနဲ့ စိတ်ဆိုးပြီး ပြောမိတာပါ'
    'ခင်ဗျားက စစ်ထဲဝင်ပြီး ဘာလုပ်မလို့လဲ'
    'ဂျာမန်တွေကို တိုက်မှာပေါ့'
    'ခြေလျင်စစ်သားအနေနဲ့လား'
    'ဟုတ်ပါတယ်၊ ၀င်ချင်တဲ့လူတိုင်း ၀င်လို့မရဘူးလား'
    'ရပါတယ်၊ ဒါပေမဲ့ ခင်ဗျားအရည်အချင်းကို ခြေလျင်စစ်သားထက် အသုံးဝင်တဲ့ နေရာမှာ သုံးမှ ပိုကာင်းမှာပါ့'   
    'ဘာပဲ လုပ်ရလုပ်ရ၊ ကျွန်တော်ဝင်ချင်ပါတယ်'
    'အခု ၀င်မှာလား၊ ဒါနဲ့ ခင်ဗျားတဲ့ နယူးယောက်ဟိုတယ်ကို ယာယီစစ်ဌာနချုပ် ဖွင့်ရင် သဘောတူ နိုင်ပါ့ မလား၊ အမှန်အတိုင်းပြောရရင်တော့ ခင်ဗျားကိုယ်တိုင် စစ်မြေပြင် ထွက်ပြီး ဂျာမန်စစ်သား တစ်ဒါဇင် သတ်တာ ထက် အဲအလုပ်က ပိုပြီး တန်ဖိုးရှိပါတယ် မစ္စတာ ရို့စနော့စကီး'
    'ကောင်းပါပြီ၊ နယ်စားဟိုတယ်ကို ဗိုလ်ချုပ်ကြိုက်သလို အသုံးပြုပါ၊ ဒါနဲ့ ကျွန်တော့်ကိုရော စစ်ထဲဝင်ခွင့်ပြုမလား'
    'ခင်ဗျား ရူးနေသလား မစ္စတာရို့စနော့စကီး'
    'ကျွန်တော်မရူးပါဘူး၊ ကျွန်တော်ပိုလန်သားပါ ဗိုလ်ချုပ်' နှစ်ယောက်စလုံး ရယ်လိုက်ကြသည်။ 'ဒါဆို ဗိုလ်ချုပ် နားလည်ပါလိမ့်မယ်၊ ကျွန်တော့်ကို စလိုနင်မြို့ပြင်မှာ မွေးခဲ့ပါတယ်၊ ကျွန်တော့အိမ်ကို ဂျာမန်တွေ သိမ်းသွားတယ်၊ ကျွနတော်အစ်မကို ရုရှတွေ သတ်သွားတယ်၊ နောက်ပိုင်းဆိုက်ဘေးရီးယား အကျဉ်း စခန်းက ကျွန်တော် ထွက်ပြေး လွတ်မြောက်လာခဲ့တယ်၊ အခု ဒီကောင်တွေ ထပ်ပြီး ကျူးကျော်လာပြန်ပြီ ကျွန်တော် မရူးပါဘူး ဗိုလ်ချုပ်၊ ကျွန်တော် လူကောင်းတစ်ယောက်ပါ'
    'ဒါဆိုလည်း ကောင်းပြီလေ၊ ခင်ဗျားက ဒီလောက်တောင်မှ စိတ်အားထက်သန် နေရင်လည်း တစ်နေရာရာမှာ တာဝန်ပေးရတာပေါ့၊ ဒါပေမယ့် ချင်ဗျား စိတ်ကူးထားသလို တော့ ဖြစ်မှာမဟုတ်ဘူး၊ ဗိုလ်ချုပ်ကြီး ဒင်းဗားက သူတို့ရှေ့တန်းမှာ တိုက်နေတုန်း နောက်တန်းမှာ တပ်ထောက်တစ်ယောက်  လိုနေတယ်လို့ ပြောတယ်၊ စစ်တပ်တစ်တပ်ဟာ လက်နက်နဲ့ တိုက်ခိုက်တာမဟုတ်ဘူး၊ ၀မ်းဗိုက် နဲ့ တိုက်ခိုက်တာဖြစ် တယ်လို့ နပိုလီယံပြောတာ ခင်ဗျားယုံမယ်ဆိုရင် ဒီတာဝန်က အလွန်အရေးပါတဲ့ တာဝန်ပဲ၊ အဆင့်ကတော့ ဗိုလ်မှူးအဆင့်ရမယ်၊ ဒါဟာ စစ်အောင်နိုင်ရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီခြင်း ပါပဲ၊ ဘယ်လိုသဘောရသလဲ'
    'ကျွန်တော်လုပမယ် ဗိုလ်ချုပ်'
    'ကျေးဇူးတင်ပါတယ် မစ္စတာ ရို့စနော့စကီး'
    ဗိုလ်ချုပ်ကြီးက စားပွဲပေါ်မှ ခလုတ်ကို နှိပ်လိုက်သည်။ ဗိုလ်ကလေးတစ်ယောက် ၀င်လာသည်။ ဗိုလ်ချုပ်ကြီးကို အလေးပြုသည်။
    'လက်ဖတင်နင်... ဒီကဗိုလ်မှူးရို့စနော့စကီးကို မှတ်တမ်းဌာနကို ခေါ်သွားပါ၊ ပြီးတော့ ငါ့ဆီ ပြနခေါ်လာခဲ့'
    'ဟုတ်ကဲ့ ဗိုလ်ချုပ်' လက်ဖတင်နင်က အေဘယ်ဘက်သို့ လှည့်လိုက်ပြီး 'ဒီဘက်ကို ကြွပါ ဗိုလ်မှူး'
     အေဘယ်က ထိုင်ရာမှထ၍ လိုက်သွားသည်။ တံခါးဝသို့ရောက်တော့မှ နောက်ပြန် လှည့်ပြီး....
    'ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်'
*
အေဘယ်သည် စနေနှင့် တနင်္ဂနွေရက်အားတွင် ရှီကာဂိုသို့ပြန်ပြီး ဇနီးနှင့် သမီးငယ်တို့နှင့် အချိန်ဖြုန်း သည်။
    'ဒါနဲ့ ရှင့်ဝတ်စုံ ၁၅ စုံ ရှိနေတာ ဘယ်လိုလုပရမလဲ အေဘယ်'
    ဇာဖီယာက မေးသည်။
    'ဘာလုပ်ရမှာလဲ၊ သိမ်းထားပေါ့ကွ' အေဘ်က ဇာဖီယာ ဘာပြောမှန်းနာမလည် သဖြင့် ပြန်ဟောက် လိုက်သည်။ 'မင်းတို့က စစ်တပ်ထဲဝင်ရင်ပဲ သေဖို့ဝင်တယ်လို့ ထင်နေကြသလား၊ ငါမသေနိုင် ပါဘူးကွ'
    'ဟုတ်ပါတယ်.. ရှင်မသေနိုင်ပါဘူး၊ ကျွန်မက အဲဒါပြောတာ မဟုတ်ဘူး အေဘယ်၊ ရှင့်က ကိုယ် ပေါင်ချိန်လျော့သွားလို့ အခုရှင့်ဝတ်စုံတွေက ရှင်နဲ့မတော်တော့ဘူး၊ ရှင့်ကိုယ်ထက် သုံဆလောက် ကျယ် သွားကြပြီ၊ အဲဒါ ဘာလုပ်ရမလဲလို့ ကျွန်မက မေးတာပါ'
    အေဘယ်က ရယ်သည်။ ပြီးတော့ သူက ၀တ်စုံအားလုံးကို ပိုလန်စစ်ပြေး ဒုက္ခသည်များ စခန်းသို့ သွား၍ လှူပစ်လိုက်သည်။
    ထို့နောက် နယူးယောက် နယ်စားဟိုတယ်သို့ ပြန်လာခဲ့သည်။ ကြိုတင်ဧည့်သည်စာရင်းကို လုံးဝ လက်မခံတော့ဘဲ ပိတ်ပစ်လိုက်သည်။
    နောက် ၁၂ ရက်ကြာသောအခါ ဟိုတယ်တစ်ခုလုံးကို အမှတ်(၅) အမေရိကန်တပ်မဟာသို့ လွှဲပြောင်း ပေးလိုက်သည်။ အေဘယ်၏ လုပ်ရပ်ကို စာနယ်ဇင်း များက "ကိုယ်ကျိုးစွန့်သောလုပ်ရပ်၊ ပထမ ကမ္ဘာစစ်တွင်းက ကိုယ်တိုင် စစ်ဘေးဒုက္ခသည် တစ်ယောက်ဖြစ်ဖူးသော ပုဂ္ဂိုလ်တစ်ယောက်၏ ဂုဏ်ပြု ထိုက်သည့် မြင့်မြတ်သော လုပ်ရပ်" ဟူ၍ ချီးကျူးကြသည်။
    အေဘယ်သည် ဟိုတယ်၌ပင် ဆက်လကနေထိုင်ပြီး ဗိုလ်ချုပ်ကြီးကလပ်၏ လုပ်ငန်းအောင်မြင်ရေးအတွက် အစစအရာရာ စီမံခန့်ခွဲပေးရန် သုံးလခန့် အချိန်ကုန်လွန်သွားခဲ့သည်။ ထို့နောက် တွင် ဗိုလ်သင်တန်းတက်ရန် "ဖို့ထ်တင်းနင်း" စစ်စခန်းသို့ လာခဲ့ရသည်။ သင်တန်းပြီး ဆုံးသောအခါ အမှတ်(၅) တပမဟာဌာနချုပ်တွင် ဗိုလ်ချုပ်ကြီး ဒင်းဗားလက်အောက်၌ အမှုထမ်းရသည်။ မကြာမီ တွင် အာဖရိကမြောက်ပိုင်း တစ်နေရာသို့ တပ်ထွက်ရသည်။ သူက ဂျာမနီကိုမှ ရောက်နိုင် ပါတော့မလားဟု တွေးပူမိသည်။
    သူသည် အာဖရိကသို့ မထွက်မီ သေတမ်းစာတစ်စောင် ရေးထားခဲ့သည်။ သေတမ်းစာတွင် နယ်စားကုမ္ပဏီကို ဒေးဗစ်မက်တွန်အား စည်းကမ်းချက်များ သတ်မှတ်၍ ပေးထားသည်။ ကျန်သော သူ၏ အိုးအိမ်ခြံမြေ ပစ္စည်းများကိုမူ ဇနီး ဇာဖီယာနှင့် သမီး ဖလော်ရင်တီနာတို့အား ခွဲဝပေးထားသည်။ ဤ အကြိမ်သည် အာဖရိကမြောက်ပိုင်း တစ်နေရာသို့ တပ်ထွက်ရသည်။ သူက ဂျာမနီကိုမှ ရောက်နိုင် ပါတော့ မလားဟု တွေးပူ မိသည်။
    သူတို့တပ်သည် နယူးယောက် ဆိပ်ကမ်းမှ သင်္ဘောဖြင့် ထွက်ခွာသည်။ အေဘယ်က လေဘာတီအထိမ်းအမှတ် ကျောက်ရုပ်ကြီးကို သင်္ဘောကုန်းပတ်ပေါ်မှ ရပ်ကြည့်နေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က အမေရိကသို့ ထွက်ခွာလာစဉ်က ဤအထိမ်းအမှတ် ကျောက်ရုပ်ကြီးကို ပထမဆုံး အကြိမ် စတင်မြင်ခဲ့ရသည်ကို ပြန်လည် သတိရမိသည်။
    မီးရှူးတိုင် ကိုင်မြှောက်ထားသော အမျိုးသမီးကျောက်ရုပ်ကြီးကို သင်္ဘောကျော် သွားတော့ သူက နောက် တစ်ကြိမ် ပြန်လှည့်၍ မကြည့်တော့။ သို့သော် ပါးစပ်ကတော့ အသံထွက်၍ ပြောလိုက်မိသည်။
    'သွားလိုက်ပါဦးမယ် အမေရေ၊ နောက်တစ်ကြိမ် ကျွန်တော်တို့ ပြန်လာတဲ့အခါ တော့ အောင်ပွဲခံလို့ ပြန်လာပြီ လို့သာ မှတ်ပေတော့ အမေရေ'
    အေဘယ်သည် သူနှင့်အတူ စားဖိုးမှူးနှစ်ယောက်နှင့် မီးဖိုခန်းလုပ်သား ငါးယောက်ကိုလည်း ခေါ်လာခဲ့သည်။
    သူတို့ သင်္ဘောသည် အတ္တလန္တိသမုဒ်ပြင်ကျယ်ကို ဖြတ်ကျော်ခုတ်မောင်းလာခဲ့ သည်။ 
    နောက်ဆုံး ၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အယ်လ်ဂျီးရီးယားသို့ ရောက်ရှိလာသည်။
    သူသည် ဖုန်ထူသော၊ နေပူရှိနပြင်းသော သဲကန္တာရထဲတွင် တပ်သားအားလုံး ၀၀လင်လင် အဆင် ပြေပြေ စားသောက်ရအောင် စီမံခန့်ခွဲရင်း တစ်နှစ်တာတိတိ နေခဲ့ရသည်။
    'ကျုပ်တို့တပ်မှာ ဖုတ်ပူမီးတိုက် စားကြရပေမယ့် အစားအသောက်ကတော့ ဟိုတယ်လောက် ကောင်းတယ်ဗျို့'ဟု ဗိုလ်ချုပ်ကြီး ကလပ်က ချီးကျူးစကားဆိုသည်။
    အေဘယ်သည် အယ်လ်ဂျီးရီးယားရှိ တစ်ခုတည်းသော ဟိုတယ်ကို အုပ်ချုပ်ရသည်။ ထိုဟိုတယ်ကို ဗိုလ်ချုပ်ကလပ်၏ ဌာနချုပ်အဖြစ် ပြောင်းလဲလိုက်သည်။ သူ့အနေဖြင့် အရေးကြီးသောတာဝန်ကို ထမ်းဆောင် နေရသည် မှန်သော်လည်း အေဘယ်က တာဝန်ယူရသော ဗိုလ်မှူးများအားေ၇ှ့တန်းသိုက ပို့ခဲ့ သဖြင့် သူ့အဖို့ အခက်ကြုံနေရလေသည်။
    သူသည် ဇာဖီယာနှင့် ဂျော့တို့ထံသို့ မကြာခဏ စာရေးသည်။ သမီးငယ်ကိုလည်း ဓာတ်ပုံတွင် မြင်ရသည်။ ဖလော်ရင်တီနာကလေးသည် တစ်နေ့ထက် တစ်နေ့ ချောလာသည်ဟု ထင်မိသည်။ မစ္စတာ ကာတစ်ဖင်တန် ထံမှလည်း ကြိုးကြားကြိုးကြား စာလာသည်။ နယ်စားကုမ္ပဏီစီးပွားရေး အလွန်ကောင်း နေသည်။ အဘယ်ကြောင့်ဆိုသော် အမေရိကန်ရှိ ဟိုတယ်တိုင်းလိုလို စစ်သားများနှင့် အရပ်သားများ ပြွတ်ခဲ နေသောကြာင့် ဖြစ်သည်ဟု မစ္စတာဖင်တန်က သတင်းပို့သည်။
    မွန်ထရီယယ်မြို့တွင် နယ်စားဟိုတယ်သစ် ဖွင့်ပွဲသို့ မတက်ရောက်နိုင်ခြင်း အတွက် အေဘယ် အတော်ကလေး စိတ်မကောင်းဖြစ်မိသည်။ သူ့ကိုယ်စား ဂျော့က တက်ရောက်ရသည်။ ဤတစ်ကြိမ်သည် နယ်စားဟိုတယ်သစ်တစ်ခုဖွင့်ပွဲကို အေဘယ်ကိုယ်တိုင် မတက်ရောက်နိုင်ဖြစ်ရသည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ သို့သော် ဟိုတယ်သစ်များလည်း စီးပွားရေး ကောင်းမွန်နေကြောင်း ဂျော့က စာရေး သောကြောင့် အေဘယ်က ၀မ်းသာမိသည်။ တစ်ချိန်တည်းတွင် အမေရိက၌ သူ့အနေဖြင့် ဘယ်အတိုင်း အတာ အထိ စီးပွားရေး ကောင်းမွန်နေကြောင်း ဂျော့က စာရေးသောကြောင့် အေဘယ်က ၀မ်းသာမိသည်။ တစ်ချိန် ထဲတွင် အမေရိက၌ သူ့အနေဖြင့် ဘယ်အတိုင်းအတာအထိ ကျေးဇူးပြန်ဆပ်ရမှာလဲဟူသော မေးခွန်း ကိုလည်း သူ့ကိုယ်သူ မေးမိလာသည်။
    တဖြည်းဖြည်းနှင့် အာဖရိကတွင် နေရသည်ကို အေဘယ်ငြီးငွေ့လာသည်။ တစ်နေ့လာလညးဒါဖြင့် အပြောင်းအလဲမရှိသော ဘ၀တွင် နေနေရသည်ကို ပျင်းလာသည်။
    သူသည် တကယ့်ရင်ဆိုင်တိုက်ပွဲတစ်ခုကိုလည်း တစ်ခါမျှ မမြင်ရသေး။ ရှေ့တန်းသို့ ရိက္ခာသွားပိုကရင်း သေနတ်သံများကိုတော့ ကြားခဲ့ရပါ၏။ သို့သော် ယင်းအချက်ကပင် သူ့အား ပို၍ ရိုးတိုးရွတ ဖြစ်စေ ခဲ့သည်။ ပို၍ ဒေါသထွက်အောင် လှုံဆော်ပေးခဲ့သည်။ သူသည် တကယ့်တိုက်ပွဲတွင် ရင်ဆိုင် တိုက်ချင် ၍ စစ်ထဲဝင်လာခဲ့သူ မဟုတ်ပါလား။
    တစ်နေ့တော့ ဗိုလ်ကြီးကလပ်၏ အမှတ်(၅) တပ်မဟာကို ဥရောပတောင်ပိုင်းသို့ ချီတက်ရမည်ဟု အမိန့်ကျလာသည်။ အေဘယ်မှာ စိတ်ကူးဖြင့် အူမြူးနေရတော့သည်။
    အမှတ်(၅)တပ်မဟာသည် ကုန်းရေသွား တင့်ကားများဖြင့် အီတာလျံကမ်းခြေသို့ တက်ရောက်တိုက်ခိုက် သည်။ လေတပ်မတော် တိုက်လေယာဉ်များက အပေါ်မှ ကူတိုက်ပေးသည်။
    အန်ဇီယိုတွင် တစ်ကြိမ်၊ မွန်တီကတ်စီနိုတွင် တစ်ကြိမ် ရန်သူတပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားသည်။ သို့သော် ယင်းတိုက်ပွဲနှစ်ပွဲစလုံးတွင် အေဘယ်မပါ။ သို့ဖြင့် သူသေနတ်တစ်ချက်မျှ မဖောက်လိုက် ရဘဲလျက် စစ်ပွဲကြီး ပြီးဆုံးသွားမည့်အရေးကို တွေးပီးစိတ်မချမ်းမသာပင်ဖြစ်မိသည်။ သို့သော် သူ့လား ရှေ့တန်းသို့ ပို့စေနိုင်မည့် နည်းလမ်းကိုလည်း သူက ကြံဆ၍မရ။ သည်လိုနှင့် သူ့အား ဒုဗိုလ်မှူးကြီး အဆင့် သို့ တိုးမြှင့်ပေးပြီးနောက် နောက်ထပ် အမိန့်ကိုစောင့်ရန် လန်ဒန်သို့ ပို့လိုက် တော့သည်။
*
၁၉၄၄ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် ဥရောပစစ်မျက်နှာများသို့ မဟာမိတ်တပ်များ အလုံးအရင်းနှင့် ချီတက်၍ ထိုးစစ်ဆင်သည်။ သြဂုတ်လ (၂၅)ရက်နေ့တွင် ပြင်သစ် နိုင်ငံ သို့ ချီတက်၍ ပါရီမြို့တော်ကို ပြန်လည်သိမ်းပိုက်လိုက်သည်။
    အေဘယ်သည် အမေရိကန်နှင့် လွတ်လပ်သေ ပြင်သစ်စစ်သည်တော်များနှင့် အတူ ပြင်သစ်ဗိုလ်ကြီးချုပ်ကြီး ဒီဂေါ၏နောက်မှ ချီတက်လာစဉ် စစ်ဒဏ်ကို အလူးလဲခံရ သော်လည်း လှပ ခမ်းနားလျက် ပင်ရှိသေးသော ပါရီမြို့တော်ကို အလွန်သဘောကျ သွားသည်။ သို့ဖြင့် စစ်ကြီးပြီး သောအခါ ပြင်သစ်နိုင်ငံတွင် နယ်စား ဟိုတယ် ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။
    မဟာမိတ်တပ်များသည် ပြင်သစ်နိုင်ငံမြောက်ပိုင်းသို့ ဆက်လက်ချီတက်ကာ ဂျာမနီနယ်စပ်ကို ဖြတ်ကျော်ပြီး ဘာလင်မြို့တော်သို့ ၀င်ရောက်လာသည်။ အေဘယ်သည် အမှတ် (၁) တပ်မလာသို့ ပြောင်းရွှေပြီး ဗိုလ်ချုပ်ကြီး ဘရက်ဒလေလက် အောက်၌ အမှုထမ်းရသည်။ တပ်သားများအတွက် စားနပ် ရိက္ခာကို အများအားဖြင့် အင်္ဂလန်မှ ပို့ပေးနေရသည်။ တပ်ဆုတ်သွားသော ဂျာမန်တပ်များက ရောက်လေရာ မြို့တိုင်း၌ ရိက္ခာများကို မြေလှန်စနစ်ဖြင့် ဖျက်ဆီးပစ်ခဲ့သောကြောင့်ဖြစ်သည်။
မြို့တစ်မြို့သို့ရောက်လာလျှင် အခြားတပ်ထောက်တာဝန်ခံ အရာရှိများက လိုနေသော စားနပ်ရိက္ခာကို ဘယ်နေရာ တွင် သွားရှာနေရမှန်း မသိကြသေးခင် အေဘယ်က အချိန်အနည်းငယ်အတွင်း ရှာဖွေရရှိပြီး ဖြစ်နေတတ်သည်။ အမေရိကနှ်င့် ဗြိတိသျှ စစ်သားများသည် အေဘယ်တို့တပ်တွင် စားသောက်ရသည်ကို အလွန် ကျေနပ်ကြသည်။ ရိက္ခာတာဝန်ခံဖြစ်သော အေဘယ်၏ စွမ်းရည်ကိုလည်း ချီးမွမ်းမဆုံး ဖြစ်ကြ သည်။
တစ်နေ့တွင် ဗိုလ်ချုပ်ကြီးပေတန်သည် ဗိုလ်ချုပ်ကြီး ဘရက်ဒလေနှင့်အတူ ညစာလာစားသည်။ သူ့တပ်သား များအား ဆင်စွယ်ရိုးတပ် ခြောက်လုံးပြူးသေနတ်များ တ၀င့်ဝင့်ဖြင့် အမြဲတမ်း ချီတက်ခိုင်းလေ့ ရှိသော ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီးနှင့် အေဘယ်တို့ ပထမဦးဆုံးအကြိမ် တွေ့ဆုံသိကျွမ်းကြရသည်။
ညစာစား ပြီးသောအခါ ဗိုလ်ချုပ်ကြီးပေတန်က -
' စစ်ကာလ တစ်လျှောက်လုံး စားခဲ့ရသမျှထဲမှာ ဒီနေ့ညစာ အမြိန်ဆုံးပဲဗျ ' ဟူ၍ ချီးကျူးသွားသည်။
*
၁၉၄၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အေဘယ်သည် စစ်မှုထမ်းသက် သုံးနှစ်နီးပါးရှိခဲ့ပြီ။ စစ်ကြီးသည် လပိုင်း အတွင်း ပြီးဆုံးတော့မည်ဆိုသည်ကို သူက ခန့်မှန်းမိသည်။ ဗိုလ်ချုပ်ကြီး ဘရက်ဒလေက သူ့ထံသို့ ချီးကျူး စာတွေနှင့် အဓိပ္ပာယ်မရှိသော ဂုဏ်ပြုတံဆိပ်တွေကိုသာ အမြဲတမ်း ပို့နေသည်။ သူ၏ စစ်အင်္ကျီအဟောင်း ကြီးတွင် တံဆိပ်တွေ တစ်ပြုံကြီး တပ်ထားရသော်လည်း သူက လုံးဝ ၀မ်းမသာ။ ရှေ့တန်းသို့ ထွက်ချင် သော ဆန္ဒသာ မီးလိုပြင်းပြနေမိသည်။ သူက တစ်ချီတစ်ပွဲလောက်ဖြစ်ဖြစ် တိုက်ပါရစေဟု ဗိုလ်ချုပ်ကြီး ထံတွင် ခွင့်တောင်းသော်လည်း ဗိုလ်ချုပ်ကြီးက မကြားချင်ယောင်သာ ဆောင်နေသည်။
အစဉ်အလာအရ ရှေ့တန်းစစ်မျက်နှာသို့ ရိက္ခာကားများ သွားပို့ခြင်းနှင့် ရှေ့တန်းရောက် စစ်သားများအတွက် အစားအသောက် ချက်ပြုတ်စီစဉ်ခြင်းများကို အငယ်တန်း အရာရှိများကသာ ကြီးကြပ် ရသည်။ သို့သော် အေဘယ်သည် မကြာခဏဆိုသလို ယင်းတာဝန်ကို သူကိုယ်တိုင် ဆောင်ရွက် တတ်သည်။ ထို့ပြင် သူ့ဟိုတယ်များကို စီမံအုပ်ချုပ်သကဲ့သို့ပင် သူဘယ်အချိန်တွင် ဘယ်နေရာ ၌ ဘာအလုပ် ကို လုပ်မည်ဆိုသည်ကိုလည်း သူ့လက်အောက် အမှုထမ်းများအား ဘယ်တော့မှ ကြိုတင် ပြောထား လေ့မရှိ။
' စိန့်ပက်ထရစ်နေ့ ' တွင် သူတို့စခန်းသို့အပေါ်မှ စောင်ဖုံးထားသော လူနာထမ်းစင်တွေ တစ်ခုပြီးတစ်ခု အဆက်မပြတ် ရောက်လာသောအခါ အေဘယ်သည် ရှေ့တန်းသို့ ကိုယ်တိုင်သွားရောက်ချင်စိတ် ပြင်းပြစွာ ဖြစ်ပေါ်လာမိသည်။ နောက်ဆုံး သည်းမခံနိုင်လောက်တော့သည့် အဆင့်အထိ ရောက်လာသောအခါ သူ့ လူများ ကို စုပြီး ရိက္ခာတင်ကား ၁၄ စီးဖြင့် စိတ်ကူးနှင့်သူ ရှေ့တန်းသို့ ထွက်လာခဲ့ကြသည်။ သူနှင့်အတူ ဗိုလ်တစ်ယောက်၊ တပ်ကြပ်ကြီးတစ်ယောက်၊ တပ်ကြပ်နှစ်ယောက်နှင့် ရဲဘော် ၂၈ ယောက် ပါလာသည်။
ရှေ့တန်းသို့ ခရီးတာမှာ မိုင် ၂၀ မျှသာရှိသော်လည်း ထိုနေ့ နံနက်ခရီးသည်နှေးကွေးပြီး ပင်ပန်းလှသည်။ အေဘယ်သည် ရှေ့ဆုံးထရပ်ကားကို ကိုယ်တိုင်မောင်းလာခဲ့သည်။ မိုးကလည်း အလွန်သည်းသည်။ လမ်း ကလည်း ရွံ့ဗွက်ထူသောလမ်း။ သည်ကြားထဲ သူတို့ကားများကို လမ်းဘေးသို့ ထိုးချကာ ရှေ့တန်းပြန် လူနာတင် ကားများအား မကြာခဏ လမ်းပေးနေရသေးသည်။ လူနာတင်ကားများပေါ်တွင် ဒဏ်ရာရစစ် သားတွေ တစ်ယောက်အပေါ်တစ်ယောက် ထပ်နေကြသည်။ ဒဏ်ရာရရုံလောက်ပဲ ဖြစ်ကြပါစေဟု အေဘယ် က ကျိတ်ပြီး ဆုတောင်းမိသည်။
ရီမာဂျင်ရှိ ရှေ့တန်းကွပ်ကဲစခန်းသို့ ရောက်သောအခါ ခပ်လှမ်းလှမ်းမှ သေနတ်သံများ ကြားလာရသည်။ သည်တစ်ကြိမ်တော့ နဖူးတွေ့ ဒူးတွေ့ ကြုံရတော့မှာပဲဟု အေဘယ်က တွေးလိုက်သည်။ ရင်တွေလည်း ခုန်လာမိသည်။ အလောင်းတွေနှင့် လူနာတွေ ပို၍ ပို၍ ရောက်လာသောအခါ အေဘယ်မှာ ခြေတစ်ဆောင့် ဆောင့်ဖြင့် အလွန်ဒေါသဖြစ်မိသည်။ သူသည် သမိုင်းဝင် စစ်ပွဲကြီးတစ်ပွဲတွင် ပါဝင်နေရသော်လည်း တကယ့်တိုက်ပွဲကို တစ်ကြိမ်မျှ မကြုံဖူးသေး၍ သူ့ကိုယ်သူ ဘယ်လိုမှ မကျေနပ်နိုင်အောင် ဖြစ်နေရသည်။ တကယ့်စစ်ပွဲ တစ်ပွဲအကြောင်းကို နယူးယောက်တိုင်း သတင်းစာဖတ် ပရိသတ်ကပင် သူ့ထက် ပိုသိနေ လိမ့်ဦးမည်ဟု တွေးပြီးလည်း မချင့်မရဲဖြစ်နေမိသည်။
အေဘယ်သည် သူ၏ရိက္ခာကားအုပ်စုကို ရှေ့တန်းထမင်းချက်စခန်းဘေးတွင် ရပ်ရန် အမိန့်ပေးလိုက်သည်။ မိုးကလည်း သည်းလိုက်သည့်ဖြစ်ခြင်း။ သူတို့တပ်စုက မိုးကို ရှောင်နေကြစဉ် တခြားတပ်များက ကျည်ဆန် ကိုရှောင်နေကြရသည်ဟု တွေးမိပြီး အေဘယ်က အလွန်ရှက်မိသည်။
ထို့နောက် သူက ရိက္ခာများကို ကားပေါ်မှ ချကြရန် အမိန့်ပေးလိုက်သည်။ ရိက္ခာများမှာ စွပ်ပြုတ်ဂါလန် တစ်ရာ၊ အမဲသားတစ်တန်၊ ကြက်ကောင်ရေ ၂၀၀၊ ထောပတ်တန်ဝက်၊ အာလူးသုံးတန်၊ စည်သွတ် ပဲဘူး ပေါင်း ၁၁၀ ပါဝင်ပြီး ရှေ့တန်းထွက် ရှေ့တန်းပြန်တပ်များအတွက် အဆင်သင့် ယူလာခဲ့ခြင်းဖြစ်သည်။
ရှေ့တန်းထမင်းစားဆောင်သို့ အေဘယ် ၀င်သွားသောအခါ စားပွဲရှည်ကြီးများနှင့် ခုံရှည်များကိုသာတွေ့ရ သည်။ ဘာစားစရာမျှမရှိ။ သို့ဖြင့် စားဖိုမှူးနှစ်ယောက်အား ချက်ချင်း ထမင်းဟင်း ချက်ပြုတ်ရန် အမိန့်ပေး သည်။ ဘာစားစရာမျှ မရှိ။ ရဲဘော်များအားလည်း အာလူးအလုံးတစ်ထောင် အခွံနွှာခိုင်းသည်။ ထို့နောက် သူက တာဝန်ကျအရာရှိကို ရှာရန် ထွက်လာခဲ့သည်။
သူသည် အခြေအနေကို လေ့လာရန် ဗိုလ်မှူးချုပ် ဂျွန်လီယိုနတ်၏ ရွတ်ဖျင်တဲဘက်သို့ လျှောက်လာစဉ် လူနာထမ်းစင်များ ဆက်တိုက် ၀င်လာနေကြသည်။ သေသူများနှင့် ဒဏ်ရာရသူများ၊ သာမန်လူတစ် ယောက်အနေဖြင့် ကြည့်ပင် ကြည့်ရဲမည်မဟုတ်။ သို့သော် သည်နေရာမှာတော့ ရိုးနေပြီ။ ဖြစ်ရိုးဖြစ်စဉ်လို ပင်သဘောထားကြတော့သည်။
အဘယ်က ရွတ်ဖျင်တဲထဲသို့ ၀င်မည်လုပ်တုန်း ဗိုလ်မှူးချုပ် လီယိုနတ်နှင့် သူ့လက်ထောက်တို့ ထွက်အလာ နှင့် သွားဆုံသည်။ သို့ဖြင့် ဗိုလ်မှူးချုပ်က ဆက်လျှောက်ရင်း အေဘယ်နှင့် စကားပြောလာခဲ့သည်။
' ဘာလုပ်ပေးရမလဲ ဗိုလ်မှူးကြီး '
' ဗိုလ်မှူးချုပ် တပ်မအတွက် ကျွန်တော် ထမင်းချက်ဖို့ စီစဉ်နေပါတယ် ဗိုလ်ချုပ် '
' လောလောဆယ် ထမင်းက အရေးမဟုတ်ဘူးဗျ၊ ဒီနေ့မနက် တိုက်ပွဲတုန်းက ရီမာဂျင်နောက်ဘက်မှာ ရထားလမ်းတံတားတစ်ခု မပျက်မစီးဘဲ ရှိနေတာကို တပ်ရင်း (၉)က ဗိုလ်ဘာရိုးက တွေ့လာခဲ့တယ်၊ ကျုပ် ကအဲဒီတံတားကို ချက်ချင်းဖြတ်ကျော်ပြီး မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ လိုအပ်တဲ့ တံတားတွေ အမြန်ဆုံး ဆောက်လုပ်သွားဖို့ အမိန့်ပေးလိုက်တယ်၊ အခုအချိန်အထိတော့ ဂျာမန်တွေက ရိုင်းနယ်မြေတစ်လျှောက် မှာ တွေ့သမျှ တံတားတွေကို ဖောက်ခွဲဖျက်ဆီးတာ အလုပ်ဖြစ်နေတာပဲ၊ အဲဒါ ဒီတံတားမပျက်နိုင်အောင် အချိန်မီ တားဖို့ အရေးကြီးနေတယ်၊ ဒါကြောင့် နေ့လယ်စာ စားဖို့ အချိန်မရှိတော့ဘူး '
' တပ်ရင်း (၉)က တံတားကို အောင်အောင်မြင်မြင် ဖြတ်နိုင်ခဲ့ရဲ့လား '
' ဖြတ်နိုင်ခဲ့တယ်၊ ဒါပေမဲ့ မြစ်တစ်ဖက်က တောထဲရောက်တော့ ပြင်းပြင်းထန်ထန် တိုက်ပွဲတော့ ဖြစ်သေး တယ်၊ ပထမတစ်စုကို ချုံခို တိုက်ခိုက်ခံရတယ်၊ ဘယ်နှစ်ယောက်ကျတယ်ဆိုတာ ဘုရားသခင်ပဲ သိလိမ့် မယ်၊ အဲဒီတော့ ခင်ဗျားထမင်း ခင်ဗျားပဲ စားတော့၊ ကျုပ်ကတော့ ကျုပ်လူတွေ အသေအပျောက်နည်းနိုင် သမျှ နည်းအောင် လုပ်ဖို့ပဲ အရေးကြီးနေတယ် '
' ကျွန်တော် လုပ်နိုင်မယ့် အလုပ်ရှိရင်လည်း ခိုင်းပါ ဗိုလ်ချုပ် '
ဗိုလ်မှူးချုပ်က ခြေလှမ်းတုံ့သွားပြီ အေဘယ်၏မျက်နှာကို စိုက်ကြည့်လိုက်သည်။
' ခင်ဗျားလက်အောက်မှာ လူဘယ်နှစ်ယောက်ရှိသလဲ '
' ဗိုလ်တစ်ယောက်၊ တပ်ကြပ်ကြီးတစ်ယောက်၊ တပ်ကြပ်နှစ်ယောက်၊ ရဲဘော်နှစ်ဆယ့် ရှစ်ယောက်၊ ကျွန်တော်ပါဆို စုစုပေါင်း ၃၃ ယောက် ရှိပါတယ်ခင်ဗျာ '
' ဒါဆို ဟုတ်ပြီ၊ စစ်မြေပြင်ဆေးရုံကို အမြန်ဆုံး သတင်းပို့၊ ပြီးတော့ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ခင်ဗျား လူတွေ အားလုံးနဲ့ အမြန်ဆုံး သယ်ယူဖို့ လုပ်ပေတော့ '
' ကောင်းပါပြီ ဗိုလ်ချုပ် '
အေဘယ်သည် စားသောက်ဆောင်သို့ အမြန်ပြန်ပြေးလာခဲ့သည်။
' ကဲ ... ဟေ့လူတွေ၊ မြန်မြန်လုပ်ကြ၊ ရှေ့တန်းထွက်ဖို့ အသင့်ပြင် '
အေဘယ်က အမိန့်ပေးလိုက်သည်။
သူရဲဘော် ၃၂ ယောက်စလုံး သတိအနေအထားဖြင့် ကမန်းကတန်း ထရပ်လိုက်ကြသည်။
' ကဲ ... အားလုံး၊ ငါ့ နောက်လိုက်ခဲ့ကြ၊ နှစ်ဆတိုးပြီး မြန်မြန် လျှောက်ကြ '
အေဘယ်က သူ့ရဲဘော်များအား စစ်မြေပြင်ဆေးရုံသို့ ခေါ်လာခဲ့သည်။
သူတို့ ရောက်သွားချိန်တွင် လူငယ်ဆရာဝန်တစ်ယောက်က ဆေးတပ်ဖွဲ့ဝင် ၁၆ ယောက်ကို ညွှန်ကြားချက် များပေးနေသည်။
' ကျွန်တော် ဘာကူညီရမှာလဲ ခင်ဗျာ ' ဒေါက်တာက မေးသည်။
' ခင်ဗျား ကူညီစရာမလိုဘူး၊ ကျုပ်တို့က ခင်ဗျားကို ကူညီဖို့လာတာ၊ ကျုပ်မှာ လူ ၃၂ ယောက် ပါလာတယ်၊ ဗိုလ်မှူးချုပ် လီယိုနတ်က ခင်ဗျားတပ်ဖွဲ့နဲ့ ပူးတွဲလုပ်ဖို့ ညွှန်ကြားလိုက်တယ် '
ဆရာဝန်က အေဘယ်အား စေ့စေ့စပ်စပ်ကြည့်ပြီး -
' ဟုတ်ကဲ့ ... ခင်ဗျား '
' ခင်ဗှားတွေ ဘာတွေ လုပ်မနေပါနဲ့၊ ကျုပ်တို့ လုပ်စရာတွေကိုသာ မြန်မြန်ပြောပါ '
' ဟုတ်ကဲ့ ... ခင်ဗျား '
ထို့နောက် ဆရာဝန်က အေဘယ်အား ဆေးတပ်ဖွဲ့ လက်ပတ်များ ထုတ်ပေးပြီး လူဒင်ဒေါ့တံတားတစ်ဖက်ရှိ တောထဲတွင် သွားရောက်လုပ်ကိုင်ရမည့် လုပ်ငန်းစဉ်ကို အသေးစိတ် ရှင်းပြသည်။
ပြီးတော့ သူက ဆက်ပြောသည်။
' တပ်ရင်း (၉)က တော်တော် အထိနာသွားတယ်၊ အဲဒီတော့ ဆေးဘက်ကျွမ်းကျင်တဲ့ ရဲဘော်တွေက စစ် မြေပြင်မှာ နေရစ်ပြီး ကျန်တဲ့ရဲဘော်တွေက ထိခိုက်ဒဏ်ရာရသူတွေကို အမြန်ဆုံး ဆေးရုံကို သယ်ယူလာဖို့ ပဲ '
အရေးပါသော လုပ်ငန်းတစ်ခုကို လုပ်ရတော့မည်ဖြစ်၍ အေဘယ်က အလွန်ဝမ်းသာမိသည်။
ထို့နောက် ဆရာဝန်က လူပေါင်း ၄၉ ယောက်ကို ဦးဆောင်ပြီး အရေးပေါ် ဆေးတပ်ဖွဲ့ တစ်ဖွဲ့ ဖွဲ့လိုက်သည်။ တပ်ဖွဲ့ဝင်များအး လူနာထမ်းစင် ၁၈ ခုနှင့် လူစေ့ဆေးသေတ္တာတစ်လုံးစီ ထုတ်ပေးသည်။
ဆရာဝန် ဦးဆောင်ပြီး လူဒင်ဒေါ့တံတားသို့ ချီတက်လာခဲ့ကြသည်။ အေဘယ်က ဆရာဝန်နောက်မှ လိုက်ပါ လာသည်။
မိုးရေကြောင့် လမ်းတွေ ဗွက်ပေါက်နေသည်။ သို့သော် ရဲဘော်တွေက သီချင်းတကျော်ကျော်ဖြင့် ဟန်မပျက် ချီလာခဲ့ကြသည်။ တံတားသို့ ရောက်တော့မှ သီချင်းဆိုရပ်သွားကြသည်။
သူတို့အား လူနာထမ်းစင်တွေက အသင့်ကြိုဆိုနေကြသည်။ ထမ်းစင်ပေါ်တွင် အ၀တ်ဖြူများ ဖုံးထားကြ သည်။
သူတို့သည် ရထားလမ်းကြောင်းအတိုင်း တံတားကို ဖြတ်ကျော်ပြီး ဆက်လက်ချီတက်လာခဲ့ကြသည်။ တစ်ယောက်မှ စကားမပြောကြ။ ကိုယ့်အတွေးနှင့်ကိုယ် ငြိမ်၍ လိုက်လာကြသည်။
ရထားလမ်းတံတားကို ဂျာမန်တပ်များက မိုင်းခွဲဖျက်ဆီးခဲ့ကြသေးသည်။ သို့သော် အုတ်မြစ်ခိုင်ခံ့၍ တံတား မပျက်ခဲ့။
တောစပ်သို့ ရောက်တော့ သေနတ်သံများကြားလာရသည်။ ရန်သူနှင့် နီးလာပြီဟူသော အတွေးကြောင့် အေဘယ်သည် ရင်ခုန်ပြီး စိတ်ဓာတ်တက်ကြွလာသည်။ တစ်ချိန်တည်းတွင် ရန်သူ့လက်ချက်ကြောင့် မိမိတို့ ဘက်မှ ရဲဘ်ေတွေ အမြောက်အမြားသေကြေကြရသည်ကို မြင်ရ၍ အကြီးအကျယ် တုန်လှုပ်ချောက်ချား ခြင်းဖြစ်သည်။ ဘယ်ဘက်ကိုပင် ကြည့်လိုက် ကြည့်လိုက် ပြန့်ကြဲနေသော အလောင်းများနှင့် အော်ညည်း နေသော လူနာများကိုသာ မြင်နေရသည်။
သူတို့သည် စစ်ကြီးပြီးဆုံးတော့မည်ဟူသော အသိဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် စစ်ကြီးကား မပြီးဆုံး သေး။ သူတို့၏ ဘ၀သာ ပြီးဆုံးသွားခဲ့ကြရသည်။
ဆရာဝန်ကလေးသည် တစ်နေရာပြီး တစ်နေရာရပ်ကာ ဒဏ်ရာရသူများအား တတ်နိုင်သမျှ လိုက်လံပြုစု နေသည်။ အေဘယ်မှာလည်း ဒဏ်ရာရသူများအား လူနာထမ်းစင်များပေါ်သို့တင်ရင်း မနားတမ်း အလုပ် များနေသည်။ ထမ်းစင်သယ်ရဲဘော်များ ထွက်ခွာသွားကြသည်။ ဆရာဝန်ရယ်၊ သူရယ်၊ တခြားရဲဘော်လေး ယောက်ရယ်သာ တောစပ်တွင် ကျန်နေရစ်တော့သည်။
သူတို့သုံးယောက် တောထဲသို့ ၀င်လာခဲ့ကြသည်။ ရန်သူ့သေနတ်သံများ နီးကပ်စွာ ကြားလာရသည်။ အေဘယ်သည် တံတားဘက်သို့ ပြောင်းဝလှည့်ထားသော သေနတ်ကြီးတစ်လက်ကို ခပ်လှမ်းလှမ်းတွင် ရုတ်တရက် မြင်လိုက်ရသည်။ ထို့နောက် သေနတ်သံများ နားကွဲမတတ် ပေါ်ထွက်လာကြသည်။ ရန်သူ သည် သူနှင့်ကိုက် ၁၀၀ ကျော်မျှသာဝေးကြောင်း သတိပြုမိလိုက်သည်။
အေဘယ် က ဒူးတစ်ဖက်ကို မြေကြီးတွင် ထိုင်ချလိုက်သည်။ မျက်လုံးကို ဖွင့်နားကိုစွင့်ထားသည်။ အော် ညည်းသံများ ကြားနေရသည်။
ထိုအခိုက် သူ့ရှေ့တွင် သေနတ်သံတစ်ချက် ရုတ်တရက် ပေါက်ကွဲပေါ်ထွက်လာသည်။
သူက ရုတ်တရက်ထခုန်ပြီး ရှေ့သို့ ပြေးတက်လာခဲ့သည်။ သူ့နောက်မှ ဆရာဝန်နှင့် ရဲဘော်ကလေးတို့ လိုက်ပါလာသည်။
သုံးယောက်သား ရှေ့ဆီသို့ တအားစွတ်ပြေးလာခဲ့ကြသည်။ ကိုက် ၁၀၀ ခန့်မျှ ရောက်လာသည်။
မြက်ခင်းပြင်တစ်ခုပေါ်တွင် အမေရိကန် စစ်သားအလောင်းတွေ ပြန့်ကြဲနေသည်ကို တွေ့ရတော့သည်။ အေဘယ်နှင့် ဆရာဝန်တို့က တစ်လောင်းပြီးတစ်လောင်း လိုက်ကြည့်သည်။ ' အုပ်စုလိုက် သတ်ပစ်ထား တာနဲ့ ဘာထူးသေးသလဲ ' အေဘယ်က နာကျည်းစွာဖြင့် ညည်းပြောလိုက်သည်။ ရန်သူတပ်များ ဆုတ်ပစ် သွားသံများ အဆက်မပြတ် ကြားနေရသည်။ ဆရာဝန်ကလေးကတော့ ဘာစကားမှမပြော။ ညည်းလည်း လုံးဝ မညည်း။ သူက သုံးနှစ်လုံးလုံး ညည်းခဲ့ရပြီ မဟုတ်လား။
' သေတဲ့လူတွေ ဂရုစိုက်မနေနဲ့ ' ဆရာဝန်က ပြောသည်။ ' မသေသေးတဲ့လူတွေပဲ အမြန်သယ်ယူဖို့လုပ်ပါ '
' ဟိုမှာတစ်ယောက် '
အေဘယ်က ခပ်လှမ်းလှမ်း ဗွက်တောထဲ လဲနေသော တပ်ကြပ်ကြီးတစ်ယောက်ဆီ ပြေးသွားသည်။
' သူက သေနေပါပြီ ဗိုလ်မှူးကြီး '
ဆရာဝန် က လှမ်းပြောလိုက်ပြီး နောက်ထပ်လှည့်၍ပင် မကြည့်တော့။
အေဘယ်သည် လဲနေသော လူတိုင်းဆီသို့ ပြေးလိုက်ကြည့်သည်။ တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်သည်။ အတူတူချည်းပင်။
ဗွက်ထဲမှ ခေါင်းထောင်ကြည့်သော ရဲဘော်တစ်ယောက်ဆီ အပြေးကလေးလိုက်သွားသည်။ ခေါင်းသာ ထောင် နိုင်တော့သည်။ ကိုယ်က လုံးဝလှုပ်၍ပင် မရတော့။
' ဘာမှမထူးဘူး၊ အတူတူချည်းပါပဲ '
သူက ညည်းလိုက်သည်။
' စစ်မြေပြင်ပါ ဗိုလ်မှူးကြီး '
ဆရာဝန်က ပြန်ပြောသည်။
အေဘယ်က ဆက်လက်ပြီး တစ်ယောက်ပြီး တစ်ယောက် လိုက်ကြည့်နေသည်။ သုံးဆယ်ကျော် လေးဆယ်နီးပါးရှိမည်။ အားလုံး အတူတူချည်းပင်။
ထို့နောက် ဆရာဝန်ဆီသို့ လိုက်သွားသည်။ ဆရာဝန်က မသေသေးသော ဗိုလ်ကြီးတစ်ယောက်ကို ပြုစု နေသည်။ ဗိုလ်ကြီးက မျက်လုံးကို စုံမှိတ်ထားသည်။ ပါးစပ်မှ သွေးတွေ စီးကျနေသည်။
အေဘယ် က ဆရာဝန်အပေါ်မှ စီး၍ ရပ်ကြည့်နေသည်။ ဗိုလ်ကြီး၏ ပခုံးမှ တပ်ရင်းတံဆိပ်ကို ကြည့်လိုက်။ (၉)တပ်ရင်း မှ ဖြစ်သည်။
တပ်ရင်း ဦးစီးမှူး ဗိုလ်မှူးချုပ် လီယိုနတ် ပြောခဲ့သောစကားကို ရုတ်တရက် သတိရလိုက်မိသည်။
' ဘယ်နှစ်ယောက် ကျဆုံးတယ်ဆိုတာ ဘုရားသခင်ပဲ သိပါလိမ့်မယ် '
' ခွေးမသားတွေ ... ' အေဘယ်က ဒေါသဖြင့် ကျိန်ဆဲလိုက်သည်။
' ဟုတ်တယ် ဗိုလ်မှူးကြီး '
' သူ အသက်ရှိသေးသလား '
' ရှိသေးတယ်၊ ဒါပေမဲ့ သွေးက အရမ်းထွက်နေတယ်၊ အချိန်ပိုင်းပဲ ကျန်တော့တယ်၊ ဗိုလ်မှူးကြီး ဒီမှာရပ်နေ လို့ အလကားပဲ၊ ဒဏ်ရာရသူကို သယ်ယူပြီး တပ်ရင်း မြန်မြန် ပြန်ပို့ရရင် ကောင်းလိမ့်မယ်။ ပြီးတော့ ကျွန်တော် က ရှေ့ဆက် ချီတက်ချင်တယ်၊ တပ်ရင်းကရှိတဲ့လူ ထပ်ပို့ဖို့လည်း ပြောပေးပါ '
' ကောင်းပြီ ... ဒေါက်တာ '
ထို့နောက် ဗိုလ်ကြီးအား လူနာထမ်းစင်ပေါ် ချီတင်ပြီး အေဘယ်နှင့် ရဲဘော်ကလေးတို့က ထမ်းစင်ကို စစ် မြေပြင်ဆေးရုံသို့ သယ်ယူလာခဲ့ကြသည်။ သူတို့သည် နှစ်မိုင်တိတိ မနားစတမ်း လျှောက်လာခဲ့ကြသည်။ သူက လူနာ ဗိုလ်ကြီးအား အတတ်နိုင်ဆုံး ကူညီလိုက်ချင်သည်။ မသေထိုက်က မသေစေချင်။ ပြီးတော့ ဆရာဝန် ကိုလည်း စစ်မြေပြင်သို့ မြန်မြန် ပြန်သွားစေချင်သေးသည်။
တစ်နာရီ ကျော်ကျော်အထိ မိုးထဲ ရွံ့ထဲတွင် ထမ်းစင်ကို သယ်လာခဲ့ကြသည်။ လူနာဗိုလ်ကြီးမှာ ထမ်းစင် ပေါ်တွင် မလှုပ်မယှက် ငြိမ်သက်နေသည်။ အေဘယ်ကတော့ အသက်ပျောက်သွားပြီဟု ထင်သည်။
ဆေးရုံ ရောက်တော့ အေဘယ်နှင့် ရဲဘော်ကလေးတို့မှာ လျှာထွက်နေကြသည်။ ထမ်းစင်ကို အရေးပေါ် ဆေးတပ်ဖွဲ့ သို့ လက်ဆင့်ကမ်းလိုက်ကြသည်။
ဗိုလ်ကြီးက မျက်လုံးကို အားယူဖွင့်ပြီး အေဘယ်ကို စိုက်ကြည့်နေသည်။ သူက လက်ကိုမြှောက်ရန် ကြိုးစား သည်။ အေဘယ်က ဆလုရိုက်၍ အလေးပြုလိုက်သည်။ ဗိုလ်ကြီး မသေသေး၍ သူက အလွန်ဝမ်းသာသွား သည်။ သူ အမြန်ဆုံး ကျန်းမာလာပါစေဟု ကျိတ်ပြီး ဆုတောင်းလိုက်သည်။
ထို့နောက် စစ်မြေပြင်သို့သွားရန် အေဘယ်က ဆေးရုံအပြင်ဘက်သို့ ပြေးထွက်လာခဲ့သည်။ တာဝန်ကျ အရာရှိက သူ့ကို ကမန်းကတန်း လိုက်ခေါ်သည်။
' ဗိုလ်မှူးကြီး .... ဗိုလ်မှူးကြီး ခဏနေပါဦး၊ ကျွန်တော် တစ်ချိန်လုံး ဗိုလ်မှူးကြီးကို လိုက်ရှာနေတာ၊ ဒီမှာ လူ သုံးရာကျော် ထမင်းမစားရသေးဘူး၊ ဒုက္ခပါပဲ၊ ဒါနဲ့ ဗိုလ်မှူးကြီး ဘယ်သွားနေတာလဲ '
' တန်ဖိုး ရှိတဲ့ အလုပ်တစ်ခု သွားလုပ်နေတာဗျ '
အေဘယ်သည် ပြန်လှည့်ပြီး စားသောက်ဆောင်ဆီသို့ လျှောက်လာရင်း စောစောက ဗိုလ်ကြီး အကြောင်း ကို တွေးလာခဲ့သည်။
သူနဲ့ငါနဲ့ အတူတူပါပဲ။ တို့နှစ်ယောက်စလုံးအတွက် စစ်ကြီးပြီးသွားပြီ။ သူလည်း မတိုက်ရတော့ဘူး။ ငါလည်း မတိုက် ရတော့ဘူး။
..................................
အခန်း (၂၅) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>