Friday, March 26, 2010

နှင်းဆီငုံ လေး ရဲ့တမ်းခြင်း အပိုင်း (၁)

ဘလောဂ့်တခု တွေ့ ခဲ့တယ်..၊ ...စိတ်ဝင်စားခြင်းကြီးစွာနဲ့ နေတိုင်းသွားဖတ်ခဲ့တယ်...၊ ဒီဘလော့ဂ် လေးရဲ့ စာဖတ်သူဟာ ပိုင်ရှင်ကိုယ်တိုင် နဲ့ ကျနော် နဲ့ ၂ယောက် ထဲ ပါလား ဆိုတာ မကြာခင်မှာဘဲ သိလာတယ်..။ ဘလော့ဂ် ပိုင်ရှင်လေးကို သနားခြင်း နဲ့ ကြင်နာစွာ နှစ်သိမ့်လိုခြင်း တွေကြောင့် ကော့မန့် လေး တွေ ရေးမိတယ်..။

ဒီဘလော့ဂ် ပိုင်ရှင်လေး ဟာ သူမ ပျောက်ကွယ်သွား ခဲ့ ရင် သူမ ရေးခဲ့တဲ့ မှတ်တမ်းလေး တွေလည်း သူမ နဲ့ အတူ ပျောက်ကွယ်သွားစေဘို့ ..... သူမ ရဲ့ ခံစားချက် တွေကို ဖွင့်ချဘို့ .....ရည်ရွယ်ပြီး ရေးခဲ့တာလို့  တဖြေးဖြေး နဲ့ သိလာခဲ့ရသလို.. ကျနော် အင်တာနက် သုံးချိန်တွေမှာ သူမ ဘလော့ဂ် လေး ကို အမြဲတမ်း ဖွင့် ထားရင်း နဲ့ သူမ  ရှင်သန်စေကြောင်း ဆုမွန် တောင်းခဲ့တယ်..၊ သူမ တင်တဲ့ ပို့စ် အသစ်လေး တွေကို အမြဲတမ်း အငန်း မရ ဖတ်မိတယ်..၊ သူမ ရှင်သန် နေဆဲပါလားဆိုတာ.. သေချာ သိရတဲ့ အချိန် ကြမှ သက်ပြင်း ချရင်း အသက် ဝဝရှုနိုင်တော့ တယ်...။

ဒီဘလော့ဂ် လေး နဲ့ ကျနော် ထိတွေ့ရင်းနှီးရင်း.. ဘလော့ဂ် ပိုင်ရှင်လေးကို သနားသထက် သနား လာကာ.. ချစ်ခင်မြတ်နိုး မှု့တွေ နဲ့ နားလည်မှု့ ပေးချင်တဲ့ စိတ်တွေ ပိုများလာတယ်...၊ ဒါပေမဲ့ သူမ စီက တုန့်ပြန့်မှု့ တွေ ဘာတခုမှ မရခဲ့သလို... သူမ ဟာလည်း တနေ့ ထက် တနေ့ ပိုမို ယိမ်းယိုင် ပျက်စီးလာသလို ထင်မိတယ်..၊ ပို့စ် အသစ်တွေလည်း သူမ မတင်နိုင်တာကြာခဲ့ပြီ.. အခု အချိန်မှာ ကျနော် အသိချင်ဆုံး ဟာ ဒီဘလော့ဂ် ပိုင်ရှင်လေး ရှင်သန် စဲလား ဆိုတဲ့ အသိတခုထဲပါဘဲ...။

ရက်ပေါင်းများစွာ ကနေ လချီခဲ့ပြီ တကယ် ဘဲ ဘလော့ဂ် ပိုင်ရှင်လေးဟာ ကမ္ဘာကြီးကနေ ပျောက်ဆုံး သွားပြီ လား... ၊ ဒီ ဘလော့ဂ် လိပ်စာလေး ကို သူမ ဘယ်သူ့ကိုမှ သိစေချင်မှာ မဟုတ်ဘူးလို့ ထင်တဲ့ အတွက် ကျနော် မပြောခဲ့ပါဘူး..၊ ဒါပေမဲ့.. သူမ အကြောင်းလေး တွေ ကိုတော့.............။

သူမ နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ကျနော် နားလည်မိသလိုဘဲ ပြောပြချင်ပါတယ်....၊ ဘယ်သူများ သူမ ကို သိတဲ့ သူ ပါသလည်း လို့ပါ.. ၊  သူမ ရေးထားတဲ့ အစီအစဉ် မကျန တဲ့  အကြောင်း လေးတွေကို ကျနော် တတ်နိုင်သလောက် ချုံငုံပြီး အဆင်ပြေအောင် ရေး ပေးထားပါတယ်...။

တကယ်လို့များ ကျနော့် ဘလော့ဂ် လေးကို ဖတ်မိလို့ သူ အကြောင်းလေးတွေ သိတဲ့ သူများ ရှိခဲ့ရင် သူမ ရှင်သန် နေစဲပါ ဆိုတဲ့ သတင်းစကားလေး တခွန်းများ အမှာစာ ပေးနိုင် ခဲ့ရင် တကယ်ဘဲ ကျေးဇူး တင်မိ မှာပါ...။
အခန်း (၁) 

အချစ်စစ် ဆိုတာ တစ္ဆေပုံပြင် တွေလိုပါလား... တစ္ဆေပုံပြင်တွေ အမျိုးမျိုး ကြားဘူးကြပေမဲ့.. တကယ်တန်း ထိပ်တိုက်တွေ့ဘူးတဲ့ လူ နည်းသလို.. အချစ်စစ် ဆိုပြီး တတန်းတန်း တတတ ပြောနေကြပေမဲ့ အချစ်စစ် နဲ့ ရင်ဆိုင်တွေ့ဘူးတဲ့သူ နည်းနည်းလေးဘဲမဟုတ်လား....။

သူမ အတွက် တချိန်တုံးကတော့ အချစ်စစ် ဆိုတာ သူမ နဲ့ တကယ်ဘဲ ထိပ်တိုက်တွေ့ ခဲ့ပြီ.. ကံကောင်း လိုက်လေ ခြင်းဆိုပြီး.. အချစ် မှာ သာယာ နစ်မြောခဲ့ပေမဲ့.. အချိန်ကြာလာလေ.. သူမ တွေခဲ့တဲ့ အချစ်စစ် ဆိုတာ မသေချာလေ..ဖြစ်နေတဲ့အပြင်.. တကိုယ်ကောင်း ဆန်လှတဲ့  တဘက်သတ် အချစ်ပါလား ဆိုတာ သေချာ လာလေ ဖြစ်လာ ခဲ့လို့ပါဘဲ..။

ဆယ်တန်းအောင်ပြီး တက္ကသိုလ် မှာ စတက်ခဲ့တော့ နုပျိုမှု့တွေ တက်ကြွမှု့တွေ နဲ့ သူမ ဟာ တကယ်ဘဲ လှပမွှေးကြိုင် လှတဲ့ နှင်းဆီငုံ လေးပါဘဲ...၊နှင်းဆီငုံ လေးကို နမ်းရှိုက် လိုကြတဲ့ ပျားပိတုံး တွေ ထဲမှာ တယောက်သောသူ က အသဲဆုံး ဇွဲအကြီး ဆုံးနဲ့ တကယ့်ကို တရှိုက်မက်မက် အရှိဆုံးပါဘဲ..။

နှင်းဆီငုံလေး ကိုယ်တိုင်ကလည်း ဒီစွဲမက်မှု့တွေ အတွက် ဂုဏ်ယူဝံ့ ကြွားခဲ့ သလို သူမ ကိုယ် သူမ ကံကောင်း လိုက်လေခြင်း ဆိုတဲ့ အတွေးလေးတွေကို မကြာခဏတွေးမိသလို.. သူ့ အချစ်တွေ နဲ့ ပတ်သက်လို့ ပျော်ရွှင် ကြည်နူးခဲ့ရတယ်..။

သူမ ကျောင်းသွားဘို့ အိမ်က ထွက်လိုက်တာနဲ့ သူ့မျက်နှာကို အရင်ဆုံးမြင်လိုက်ရတယ်..၊ ဒါက နံနက်ခင်းတိုင်း.. ၊ သူမ အတန်းတက်ချိန် တိုင်းမှာလည်း အတန်းထဲက သူမကို မြင်နိုင်တဲ့ နေရာကနေ ကြည့်နေတဲ့ စူးရှတောက်ပတဲ့ မျက်ဝန်းတွေ.... သူမ တနှစ်လုံး ဒီမျက်ဝန်းတွေနဲ့ ထိပ်တိုက်တွေ့တိုင်း ရင်ခုန်သံ တွေ မြန်လာသလို .. မျက်ဝန်းတွေ ရဲ့ အောက်မှာ သူမ ရဲ့ လွတ်လပ်ခြင်း တွေ ကို အရင်ဆုံး စတေး လိုက်ရပါတယ်...။

တကယ်တော့ နှင်းဆီငုံ လေး နဲ့ သူငယ်ချင်းများဟာ သိပ်ပြီး ပျော်ရွှင်တက်ကြွတဲ့ အရွယ်တွေ ဆိုတော့ လွတ်လပ်မှု့တွေ ပျော်ရွှင်မှု့တွေနဲ့ တက္ကသိုလ် ကျောင်းဖွင့်ရက် များစွာမှာ ကောင်းကင် ပေါ်က လေတံခွန် လေးများလို ပေါ့ပေါ့ ပါးပါး နဲ့ ပျော်ရွှင်ခဲ့ကြပါတယ်..။

ဒါပေမဲ့ နှင်းဆီငုံလေး ရဲ့ ပျော်ရွှင်ခြင်းများကို သိပ်မကြာခင်မှာဘဲ ကန့်သတ်ခံလိုက်ရတယ်.. သူ လား ဘာမှတော့ မပြောပါဘူး.. ဒါပေမဲ့  နှင်းဆီငုံလေး ဒီလို ပျော်နေတာဟာ (သူ မပါဝင်ဘဲနဲ့) ပြစ်မှု့တခု ကျူးလွန်နေသလို သူမ စိတ်ထဲမှာ ခံစားလိုက်ရတာတွေ အတွက်ပါ... ၊ သူ့မျက်ဝန်းတွေထဲက နာကျင် တဲ့ အရိပ်တွေကိုလည်း သူမ ဖတ်တတ်သွားခဲ့သလို.. ၊ အပြစ်လို့ ခံစားမိတဲ့ သူမ ရဲ့ စိတ်ကိုဘဲ သူမ အပြစ်ပြောမိပါတယ်..၊ သူ မကြိုက်တာတွေကို သူမပြောဘဲနဲ မလုပ်ချင်ခဲ့တာဟာ... သူမ ကိုယ်တိုင်က သူ့ကို ချစ်သွားမိလေရောသလား....။

ချစ်ခြင်း (အချစ်ခံ ရခြင်း) နဲ့ ဆုံးရှုံးခြင်း တွေဟာ အမြဲတန်း သူမ ရခဲ့တဲ့ သူ နဲ့ ပါတ်သက်တဲ့ ထဲက ဒဏ်ရာတခုပေါ့.... သူမ သူငယ်ချင်းတွေ လွတ်လပ်စွာ ပျော်ပါးနေကြတာတွေ.. အပူအပင် ကင်းကင်း နဲ့ ရီမော နေကြ တဲ့ အချိန်တွေမှာ.. သူမ ကတော့ သူ မကြိုက်ဘူးထင်တယ် ဆိုတဲ့ အသိတခုနဲ့တင် အားလုံးကို ကန့်သတ်ခံ လိုက်ရပါတယ်..၊ သူမ ရဲ့ ပျော်ရွှင်ခြင်းဟာ လွတ်လပ်ခြင်း ကင်းသွားခဲ့ပါပြီ...။

သူ့ ရဲ့ ချစ်ခြင်းတွေဟာ.. သူမတို့ နှစ်ယောက် တရားဝင် ပတ်သက်ခြင်း မရှိတဲ့ အချိန်တွေ  ကထဲက နှင်းဆီငုံလေး ကို ရစ်ပတ် နှောင်ဖွဲ့ ခဲ့ပါတယ်..။

တက္ကသိုယ် ဒုတိယ နှစ်မှာဘဲ နှင်းဆီငုံလေး ကို သူ တရားဝင် ပိုင်ဆိုင်ခွင့် ရသွားခဲ့သလို.. သူငယ်ချင်း တွေ ကြားကနေ တရားဝင် ခေါ်ထုတ်သွားနိုင်ခဲ့ပါပြီ...၊ သူငယ်ချင်း တွေ ထဲမှာတော့ နှင်းဆီငုံလေး ဟာ ချစ်တတ်တဲ့.. ချစ်နိုင်တဲ့.. ချစ်ဘို့သင့်တော်တဲ့ သူ တယောက်ကို ရခဲ့တဲ့ အတွက် .. တကယ့်ကို ကံကောင်း တဲ့ နှင်းဆီငုံ လေးပါဘဲ...၊ ဒါပေမဲ့ နှင်းဆီငုံ လေးရဲ့ လူမမြင်နိုင်တဲ့ ပွင့်ဖတ်လေး တနေရာမှာ ဒဏ်ရာလေး တခုရခဲ့ပါပြီ...။

တကယ့်ကို ချစ်တတ်တဲ့ လူသားတယောက်ဆိုတာ မငြင်းနိုင်ခဲ့ပေမဲ့.. သူမ ကို ချစ်တဲ့ စိတ်တွေဟာ အရူးအမူး ဖြစ်လွန်းတော့ သူမ တကယ်ဘဲ လွတ်လပ်ခြင်း တွေ တရားဝင် ပျောက်ဆုံးခဲ့ရပါတယ်...၊ သူ့ ရဲ့ တရားလွန် သဝန်တို ခြင်း အမြင်ကျဉ်းခြင်း ဆိုတဲ့ အသိတွေထဲမှာ.....သူ နဲ့ မတွေ့ခင်ထိ မိသားစု ချစ်ခြင်း သူငယ်ချင်း တွေရဲ့ ချစ်ခြင်း နဲ့ လွတ်လပ် ပေါ့ပါးစွာ ဘဝကို ဖြတ်သန်းလာခဲ့တဲ့ နှင်းဆီငုံ လေး အတွက် စိတ်ကျဉ်းကြပ် ခဲ့ရသလို.. အမြဲတန်း.. သတိ အနေအထား နဲ့ သူ ဘာကိုများ မကျေမနပ် ဖြစ်သွားမလည်း ဆိုတဲ့ စိတ်နဲ့ ဘဝမှာ ... စတင်ပြီး နေ မပျော် ခဲ့တော့ပါဘူး...။


သူ နဲ့ တရားဝင် ချစ်သူ ဘဝရောက်ကြပြီးတဲ့ နောက်.. နှင်းဆီငုံလေး ရဲ့ အချစ်ဆုံးသူငယ်ချင်း မွေးနေ့ပွဲမှာ စားသောက်ဆိုင်မှာ သွားစားကြဘို့ လွတ်လပ်ပျော်ရွှင်စွာ ဒီမွေးနေ့လေး ကို ဖြတ်သန်းကြဘို့ သူငယ်ချင်း တွေ တိုင်ပင်ထားကြပေမဲ့ ဒီပွဲမှာ နှင်းဆီငုံလေး မပါဝင် နိုင်ခဲ့ ပါဘူး...၊ သူငယ်ချင်း လေး ရဲ့ စူပုတ်ပုတ် မကျေနပ်ခြင်းတွေကို သူ့ရဲ့ အဖိုးတန် မွေးနေ့လက်ဆောင်လေးက ကျေနပ်သွားစေခဲ့ပေမဲ့.. နှင်းဆီငုံ လေးရဲ့ ရင်ထဲမှာတော့ ....။

သူ့ ကိုချစ်ပါတယ်... ဘဝ ရဲ့ ပထမဆုံး ချစ်ဦးသူတယောက် .. ပိုပြီး ကျေနပ်စရာ ကောင်းတာက အားလုံး အားကျ ကြတဲ့ သူ့ရဲ့ ဘဝ...၊ ဒါပေမဲ့ သူ့ရဲ့ အများ မမြင်နိုင်တဲ့ အတ္တကြီးခြင်း နဲ့ နှင်းဆီငုံ လေး ကို သူ တယောက်ထဲ အတွက်သာ ဖြစ်စေချင်တဲ့.. သူ့ရဲ့ စိတ်ကို တော့ နှင်းဆီငုံလေး ပထမဆုံး မကျေမနပ် ဖြစ်ခဲ့ရတယ်.. သူ့ ရဲ့ ချစ်ခြင်း.. အလေးထားခြင်းတွေအောက်မှာ.. တခါတလေ.. တကယ်ဘဲ သူငယ်ချင်း တွေကို မေ့သွားပေမဲ့........။

နောက်ဆုံးတော့ နှင်းဆီငုံ လေးဟာ သူ တယောက်ထဲ နဲ့ဘဲ သက်ဆိုင်သူဖြစ်လာပါပြီ.... သူငယ်ချင်း တွေရဲ့ ပုံရိပ်ဟာ အဝေးတနေရာမှာ မှုံဝါးဝါး ဘဲကျန်နေသလို.. နှင်းဆီငုံ လေးဟာ သူ့ ရဲ့ အချစ်လွန်ခြင်း တွေ အောက်မှာ အထီးကျန် နေရင်း.. သူ တို့ ၂ယောက် လက်ထပ်လိုက်ရင် သူ့ ရဲ့ စွဲလန်းခြင်း တွေ ပုံမှန်များ ပြန်ဖြစ် သွားမလား ဆိုပြီး.. သူ့ ရဲ့ ပိုင်ဆိုင်လိုခြင်းတွေ အတွက် ခေါင်းငြိမ့် ခဲ့ပါတယ်...။

ဒါတွေ ဟာ.. ပထမဆုံး ပျိုမြစ်နုနယ် တဲ့ လှပ ချိုမြိန်တဲ့ နှင်းဆီငုံ လေး ရဲ့ သူ နဲ့ ပတ်သက်လို့ ပေးဆပ် ရခြင်း တွေ ထဲက တကယ့်ကို နိဒါန်း ရဲ့ အစလေး တခု ပါဘဲ....ဆိုတာ မသိခဲ့တာတော့ နှင်းဆီငုံ လေး အတွက်...... ။

အခန်း (၂) ဆက်ရန်

(တကယ်လို့များ နှင်းဆီငုံ လေးရဲ့ ဘလော့ဂ် လေးကို ဖတ်ဘူးသူ များရှိခဲ့ရင် ကျနော် ရေးခဲ့တဲ့.... နှင်းဆီငုံ လေး ရဲ့ တမ်းခြင်း တွေ က မူရင်းခံစားချက် ကို မမှီခဲ့ရင်.... ကျနော့် ကိုသာအပြစ်တင်လိုက်ပါတော့ဗျာ....)

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၁၀)

ခြောက်

ဤမြေကွက်ကလေးကို စိုးပိုင်လာခြင်းမှာ ၀မ်လန်းအား ကြီးစွာသော တဖြစ်လဲခြင်းကို ဖြစ်စေလေ ၏။
တူးမြှုပ်ထားသော ငွေကလေးကို ဖေါ်၍ အိမ်ကြီးသို့ သွားရောက်ပြီး လယ်ပိုင်ရှင်ကြီးနှင့် တန်းတူ ပြောဆို ပြီးစီး သွားခဲ့သောအခါ စိတ်ပျက်ဝမ်းနည်းခြင်း ဖြစ်နေလေ၏။ ပဌမက ငွေအပြည့် ရှိခဲ့သော မြေတွင်း ကလေးသည် ယခုအခါ တက်တက်ပြောင် ဟာလာဟင်း ဖြစ်နေပြီကို တွေးမိသောအခါ ငွေပြန်လိုချင်စိတ် ပေါ်လာ လေ၏။

အဆုံး တွင် မိမိဝယ်ယူလိုက်သော လယ်မှာ ကာလအတန်ကြာ ပင် လုပ်ကိုင်ပင်ပန်းနေရဦးမည့် ဖြစ်၏။ "အိုလင်" ပြောသည့်အတိုင်းလည်း ထိုလယ်မှာ "တလိုင်" (တမိုင်၏ သုံးပုံတပုံခန့်) ကျော်ကျော်ပင် ဝေးကွာ လှပေသည်၊ ထိုလယ်ကို ၀ယ်ယူလိုက်ခြင်းဖြင့် လည်း မိမိမူလက အထင်ရောက်သလို ဂုဏ်တွေ ပါဝါတွေ ပကာသနတွေ တိုးတက်၍မလာပေ။

၎င်းသည် ထိုအိမ်ကြီး သို့ စောစောစီးစီး ရောက်သွားခဲ့၏။ လယ်ပိုင်ရှင် အဘိုးကြီးပင် အိပ်ရာမှ မနိုး သေးပေ။ နေအတော် မြင့်ပြီးကား မှန်၏ မည်သို့ပင်ဖြစ်စေ ၎င်းက စွာကျယ်ကျယ် ရှိလသောအသံ ဖြင့် -
"ကျုပ်အရေးကြီး တဲ့ကိစ္စနဲ့ လာတဲ့အကြောင်း သခင်ကြီးကို သွားပြောစမ်းပါ။ ငွေရေးကြေးရေး ကိစ္စလို့ပြော" ဟု ခိုင်းသည့် အခါ တံခါးစောင့်က -
"ကမ္ဘာကြီး တခုလုံးမှာ ရှိတဲ့ ပိုက်ဆံတွေ လာပေးတောင် ဒီကျားအိုကြီးတော့ သွားမနှိုးဘူးမောင်ရေ့၊ အဘိုးကြီး က မြားသစ်ကလေးနဲ့ မွေ့နေတာဆရာ၊ နံမယ်က "မက်မုံးပွင့် တဲ့ ရထာကမှ ၃ ရက်ထဲရှိ သေးတာ ကျုပ်အသက် က သူ့သွားနှိုးရမှာထက် အဘိုးတန်တယ်ကိုယ့်လူ" တောင်းပန်မရတော့ သကဲ့သို့ ပြောရာ မှ မင်းမွေးများကို လက်နှင့်ဆွဲရင်း။

"ငွေနဲ့နှိုးလို့ များလဲရလိမ့်မယ် မထင်နဲ့မောင် အဘိုးကြီးက လက်ထဲ ငွေစုပ်ပြီး မွေးလာ တဲ့လူ" ဟု ၀မ်လန်း ၏  စကားကို အငြိုး နှင့် လက်တုံချေသလိုလို ဆက်လက်ပြောဆိုလေ၏။
နောက်ဆုံးတွင် ၀မ်လန်းမှာ မိမိ၏ကိစ္စကို အဘိုးကြီး၏ကိုယ်စားလှယ်နှင့် စကားပြောရလေ ၏၊ ထိုသူမှာ စကား ပြောရာတွင် ချွဲချွဲပြစ်ပြစ်နှင့် အစောင်းကလေး အချိတ်ကလေးပါမှ ပြောတတ် သော လူညစ်ပတ် လူရှုတ်ပွေ တဦးဖြစ်လျှက် ၎င်း၏လက်များသည် ငွေအမြောက်အမြား ကိုင်တွယ်ရဖန် များလွန်းပြီးဖြစ်၍ ငွေစီး နေလေ၏။ သို့ဖြစ်လေရာ၊ ၀မ်လန်းစိတ်ထဲ၌ တခါတခါ "သြော်… လက်စသပ်တော့ ငွေဟာ လယ်ထက် တောင်သာပီး အဘိုးတန်ပါလား၊ ငွေကမှ ပြောင်ပြောင်လက်လက် မြင်ရသေးတယ်" ဟု အောက်မေ့ မိပေ၏။

ဤသို့ဖြင့် နောက်ဆုံးတွင် ထိုလယ်ကလေးကို ပိုင်ခဲ့လေ၏။
မိုဃ်းသား တွေက တလိပ်လိပ်နှင့် အုံ့အုံ့ဆိုင်းဆိုင်း မှိုင်းမှိုင်းညို့ညို့ဖြစ်နေသော နေ့တနေ့တွင် ၀မ်လန်း သည် လယ်သစ်ကလေးကို အကြည့်အရှုထွက်ခဲ့လေ၏ ထိုအခါကား၊ နှစ်ကူးပြီးသည့်နောက် ဒုတိယမြောက် လတလ ဖြစ်ပေ၏။ ဤနေ့ဤရက်ရောက်လာသည်အထိ၊ ထိုလယ်ကွက် ကလေးသည် ၀မ်လန်းပိုင် လယ်ကွက် ဖြစ်နေပြီကို မည်သူ တဦးတယောက်မှ မသိရှာကြသေးပေ။

လယ်ကွက် မှာ မြို့ကိုပတ်၍ ကာရံထားသော မြို့ရိုးကို ခွေပတ်ရစ်သိုင်းလျက် ရှိသည့် ကျုံး၏ နံဘေး၌ ၄ထောင့် ရှည်လမြော ကလေးတည်ရှိ၏ ၀မ်လန်းသည် လယ်ကွက်ကို ခြေလှမ်းဖြင့် သေချာစွာ တိုင်းကြည့် သည့်အခါ အလျားအားဖြင့် ခြေလှမ်းပေါင်း ၃၀၀၊ အကျယ်အားဖြင့် ခြေလှမ်းပေါင်း ၁၂၀ရှိသည်ကို တွေ့ရ၏ လယ်ကွက်၏ ထောင့်လေးထောင့်၌ ဟွမ်၏တံဆိပ်အမှတ်အသားများ ခပ်နှိပ်ထားသော နယ်သပ် ကျောက်တိုင် လေးတိုင် စိုက်ထားပေ၏။

ထို အမှတ်အသားများကို ပြောင်းပစ်ရပေမည်။ နောင်အခါများတွင် ထိုကျောက်တိုင် ၄တိုင်ကို နှုတ်ပြစ် လျက်၊ ၄င်းတို့၏ နေရာတွင် မိမိ၏နာမည် အမှတ်အသားကို ထားရှိရပေမည်။ သို့သော် ယခု မဟုတ်သေး၊ လူများ မှာ ထိုအိမ်ကြီးမှ မိမိလယ်ဝယ်နိုင်လောက်အောင် ချမ်းသာနေသည်ကို မသိကြသေး၊ နောင်အခါ ကျမှ မိမိ ဤမျှထက် မက ချမ်းသာလာတော့မှ မိမိဘာကိုပင် လုပ်စေကာမူ၊ အမှုပြုစရာ ဂရုစိုက်ဖွယ် ဘာမျှ ရှိတော့မည် မဟုတ်ပေ၊ ထိုနေ၀ံရှည်လျားသော လယ်ကွက်ကိုကြည့်ရင်း "အင်း-ဒီ လက်တဆုပ်စာ လောက် ရှိတဲ့ မြေကွက်ကလေးဟာ သူတို့အဘို့တော့ ဘယ်လောက်မှ မရှိပေမဲ့၊ ငါ့အတွက်တော့ နည်းတာ မဟုတ်ဘူးနော်"ဟု အောက်မေ့မိပြန်လေ၏။

ထိုအခါ စိတ်တမျိုး ပြောင်းသွားပြန်လျက်၊ ဤမျှလောက် သေးငယ်သော လယ်ကွက်ကလေးကို ပိုင်ဆိုင် လာရခြင်း အတွက်ပင် ကျေနပ်ရောင့်ရဲသလို ဖြစ်လာပြန်လေ၏။ ဤသို့ ရုတ်တရက် စိတ်တမျိုး ပြောင်းလာမိခြင်း မှာလည်း ထိုလယ်ကွက်ကလေးအတွက်၊ သူဋ္ဌေးကိုယ်စားလှယ် အား ငွေစ တွေကို ခတ်ကြွားကြွား သွန်ချပေးရင်း၊ ငွေချေမိစဉ်က ထိုသူကငွေများကို ဘယ်လောက်မျှ သဘော မထားသည့် အမူအရာ ဖြင့် လှမ်းယူရင်း။"

"အင်း ဘာဘဲဖြစ်ဖြစ်လေ၊ အမယ်ကြီး ဘိန်း၂-ရက် ၃-ရက် ရှူဘို့တော့ ရတာဘဲ"ဟု ပြန်ပြောခဲ့ခြင်း မှ အစ ဖြစ်ခဲ့၏။
၎င်းပြင်လည်း မိမိ နှင့် အဆိုပါ အိမ်ကြီး၏ အဆင့်အတန်း အနေအစားချင်း မှာ၊ မိမိရှေ့တွင်ရှိ သော ဤ ရေတွေ ဘောင်းလန် နေသည့် ကျုံးမှ ထိုအထက် ဝေဟင်သို့ မားမားမတ်မတ် ထိုးထိုး ထောင်ထောင် တမျှော်တခေါ်ကြီး ထောင်တက်နေသည့် မြို့ရိုးကြီးကို ရောက်ဘို့ရန် ခဲခက်-ကွာလှမ်း နေဘိသကဲ့သို့ စပ်ကြား တွင် အပြောကျယ်စွာပင် ခြားနား လှမ်းကွာ နေပြန်ကြောင်း ကို ရိပ်မိ သိရှိနားလည် လာပြန် လေ၏။

သို့ဖြစ်လေရာ နှလုံးသည်းပွတ် ထဲ၌ ဒေါသထွက်ထွက် ခံပြင်းပြင်း နှင့် ဆုံးဖြတ်ချက်တခု ကို ချမှတ်ပြီး ဖြစ်သွားလျက် ဟွမ်ထံတွင် ယခု မိမိမြင်နေရသော လယ်ကွက်ကလေးထက်ပင် ပို၍ သေးငယ်သွားသည့် လယ်ကလေး တကွက်မျှသာ ကျန်တော့သော အခြေသို့ရောက်သွားသည်အထိ ၄င်း ထံမှ လယ်တွေကို ၀ယ်ယူ နိုင်လောက်အောင် မိမိ၏ မြေတွင်းကလေးထဲသို့ ငွေစတွေ ဖြည့်ပီးရင်း ထပ်ထပ်ဖြည့်သွားရင်းဖြင့် သာ ငွေစုတော့အံ့ဟု စိတ်ပိုင်းဖြတ် လိုက်လေ၏။

သို့ဖြစ်လေရာ- ဤလယ်ကွက်ကလေးမှာ ၀မ်လန်းအဘို့ အမှတ်သညာတခု အထိမ်းအမှတ် သစ္စာမူရာတခု ဖြစ်ခဲ့ပေ တော့သတည်း။
မိုဃ်းသား တိမ်လိပ်တွေက အလိပ်လိပ် မိုဃ်း သက်လေပြင်းက တမြူးမြူးနှင့် မိုဃ်းဦး ကျလာလေ၏ ဆောင်းတွင်း တရာသီလုံး အပျင်းဆန့်နေခဲ့သော ၀မ်လန်းမှာ လယ်အတွက် နေ့စဥ့်ရက်ဆက် အလုပ်ကြမ်း ပိလေတော့၏ အဘိုးကြီးက မြေးကလေးကို ထိန်း၏။ သူငယ်မက ၀မ်လန်းနှင့်အတူ နေထွက်ကနေ၀င် လယ်သို့ ဆင်းရ၏။ တနေ့တါင် သူငယ်မတွင် ခလေးရှိနေပြန်ပြီကို ၀မ်လန်းတွေ့ရလျှင် စပါး ရိတ်သိမ်းချိန် ၌ ဇနီးသယ် အလုပ်ခွင် ဆင်းနိုင်တော့မည် မဟုတ် ဟု စိတ်နောက်ကျိသွားလေ၏။

"မင်းဟာက ဒီအချိန် သက်သက်ရွေးထားသလိုဘဲ မဟုတ်ဘူးလား…"ဟု မောမောနှင့် အော်မေး လိုက်လေ ၏....။
"ဒီတခါတော့ ကိစ္စမရှိပါဘူး၊ ပဋ္ဌမမွေးတဲ့ ခလေးသာ နဲနဲခက်တာ…"ဟု သူငယ်မက အရှော့ မပေးဘဲ ပြန်ပြော လေ၏။
ထို့နောက်ကား-ဤကိစ္စနဲ့ စပ်လျဉ်း၍ နောက်ထပ်ဘာမျှ ပြောဆိုခြင်း မပြုတော့ဘဲ နေခဲ့ရာမှ၊ အချိန်လည်း တဖြေးဖြေး ရွေ့လျားလာခဲ့လျက် နွေဘက် သို့ ရောက်လာခဲ့သည်တွင် တခုသော နံနက်၌ သူငယ်မသည် ပေါက်ပြား ကို ပစ်ချခဲ့ပြီး၊ အိမ်သို့ လေးဘက်ထောက် ပြန်သွားလေ၏။ ထိုနေရာမှာ မိုဃ်းတွေက တဂျိမ်းဂျိမ်း ထစ်ချုန်းမြည်ဟီးရင်း ရွာတော့မည်လို ဖြစ်နေသည်က တကြောင်း၊ စပါးပင် တွေမှာလည်း မှဲ့ဝင်း သော အသီးတွေပြွတ်လျက်၊ အပင်ချင်း ယှက်လိမ်နေကြပြီဖြစ်သည် တကြောင်းကြောင့်၊ ၀မ်လမ်းမှာ နံနက်စာ စားရန်ပင် အိမ်မပြန်ဘဲ နေလေ၏။

သို့နေရင်း အတန်ကြာ သောအခါ နေမှမ၀င်မှီပင် သူငယ်မသည် လယ်ထဲသို့ ပြန်ရောက်လာလေ၏ သူ၏ ကိုယ်သည် ပြားချပ် ပိန်လှီ ထကိုယ်ရည်တကာယဖြစ်ခဲ့ပြီဖြစ်၏ ခလေးငယ်ကို ဖွားမြင်ထားခဲ့ပြီဖြစ်၏။ သို့သော် သူငယ်မ၏ မျက်နှာကား အကြောက်အရွံ့ဆို၍ မြူချေမျှ မသန်း ငြိမ်သက်လှ ဘိ၏။
ဝမ်လန်း၏ စိတ်ထဲ၌ ဒီနေ့အဘို့တော့ တော်ပါတော့ကွာ သွား-သွား-အိပ်ရာထဲမှာသား လဲနေချေ..ဟု ပြောလိုက် ချင်၏။ သို့သော် တကိုယ်လုံး ပင်ပန်းလှခြင်းဖြင့် ညောင်းညာ ကိုက်ခဲ နေခြင်းကစိတ်ကို ညှာတာ သနားစိတ် မပူးကပ်၊ မခိုအောင်း စေဘဲ ငါလဲ သူခလေးမွေးရတာလောက် ဘဲ ပင်ပန်းရတာဘဲ" ဟု တကိုယ်တည်း ပြောရင်း၊ စပါးရိတ်မျှ မပျက်။

"ယောက်ျား ကလေးလား-မိန်းခလေးလား"ဟု မေးလိုက်လေ၏။
"ယောကျာ်း ကလေးဘဲ"ဟု သူငယ်မက ဧဧလူလူပင် ပြန်၍ ဖြေဆိုလိုက်လေသည်။
ထို့နောက် နှစ်ယောက်သား ဘာစကားမျှ ဆက်မပြောဘဲ ငြိမ်သက်သွားကြလေ၏။ သို့သော် ၀မ်လန်းကား ကျေနပ်၍ သွားလေ၏။ အဆက်မပြတ် ကုန်းရင်း အလုပ်လုပ်နေရခြင်းပင် အမော ပြေသလိုဖြစ်သွားလျက် ပန်းနုရောင် ပြေးနေသော တိမ်တိုက်တွေ အစွယ်တွင် လ၀န်း ပေါ်ထွက်လာသည့် အထိ ဆက်လက် အလုပ်လုပ် နေကြပြီးနောက် အိမ်ပြန်ခဲ့ကြလေ၏။

ထမင်း ဘာညာ စားသောက်ပြီး၍ ကိုယ်လက်သန့်စင် ပြီးနောက် ရေနွေးကြမ်း ကလေးများပါ သောက်ပြီး သည့်အခါ ၀မ်လန်းသည် ခလေးကိုသွားကြည့်လေ၏။ အိုလင်သည် ထမင်းဟင်းချက်ပြုတ်ပေးခဲ့ပြီးနောက်၊ ခလေးကို ဘေးတွင်သိပ်လျက်၊ အိပ်ရာထဲတွင် လဲလျောင်းကာ နေလေ၏ ခလေးကား ၀၀တုတ်တုတ်နှင့် ချစ်စရာ ကောင်းလှ၏ ပထမခလေး လောက်ကား မထွားပေ။
ဝမ်လန်းသည် ခလေးကိုကြည့်ပြီးနောက် အလယ်ခန်းသို့ ပြန်ထွက်ခဲ့ကာ နှစ်သိမ့်ကျေနပ် ၍ နေလေ၏။ ခလေး တယောက်ပြီးတယောက် တနှစ်တသားကျ မွေးနေသည်ဖြစ်၍ ခလေးမွေးတိုင်း ဘဲဥတွေ မ၀ယ်နိုင်တော့ သားဦးကလေး အတွက်၊ ဘဲဥအလှူလုပ်ပြီးလျှင် တော်လောက်ပေပြီ၊ သားတွေသာ မွေးသဖြင့်၊ အိမ်မှာ လာတ်သပ်ပန္နာ ရွှင်၍ နေပေပြီ။ ထိုမိန်းမကား သူ့အတွက် လာဘ်ကောင်း ရတနာ ကိုသာ ပေးဆောင်ခဲ့၏။

"ကိုင်း-အဘရေ-မြေးသစ်တယောက် တိုးလာတော့၊ မြေးကြီးကို အဘအိပ်ရာထဲဘဲ ပို့ရတော့မယ်"ဟု ဘခင်ကြီး အား ဟစ်အော် အကြောင်းကြား လိုက်လေ၏။
အဘိုးကြီး မှာလည်း အားရနေလေ၏ ကာလကြာမြင့်စွာကပင်၊ မြေးအကြီးအား သူ့ကိုယ်ငွေ့ သူ့သွေးနု သူ့သားနု ကလေးဖြင့် မိမိ၏ ဆွေးမြေ့ ရင့်ရော်နေပြီဖြစ်သော ချမ်းစိမ့်ခိုက်တုန်နေသည့် အဘိုးကြီးအို ခန္ဓာကိုယ်ကြီး ကို နွေးအောင် အိပ်ရာထဲ ခေါ်သိပ်လို၏။ သို့သော်-ကလေးကား မိခင်နှင့်မခွဲနိုင်ပေ၊ ယခုမူ ခလေး မှာ မက်တပ်မရပ်နိုင်-ရပ်နိုင်အားမရှိ သေးသည့် ခြေနုကလေးများဖြင့် မိခင်နံဘေးတွင် ရပ်ရင်း နောက်ထပ် တိုးလာသည့် ခလေးအသစ်ကို အထူးအဆန်း သဖွယ် စိုက်ကြည့်နေလေ၏ ထို့နောက် မိမိ နေရာကို တစိမ်းတယောက် ၀င်နေပြီဖြစ်ကြောင်းကို ရိပ်မိ သိရှိနားလည် သွားသည့်အလား၊ အဘိုးအေ အိပ်ရာသို့ မငြင်းမဆန် မကြောက်မကန် လိုက်ပါ သွားရှာလေ၏။

သို့ဖြင့်-ထိုနှစ် အတွက် ၀မ်လန်းမှာ အမြတ်အစွန်းကောင်းကောင်းရရှိပြန်ကာ၊ ရသမျှပိုက်ဆံကို တွင်းတူး၍ မြှုပ်နှံ ထားလိုက်ပြန်၏ ဟွမ်ထံမှ ၀ယ်ယူသော လယ်မှ ထွက်သည့် စပါးကား၊ သူ့ မူလလယ်မှ ထွက်သည့် စပါး ထက်ပင် နှစ်ဆတိုး၍ ရလေ၏။ မြေသြဇာလည်း ကောင်းမွန် ထက်သန်ရကား စပါးတို့မှာ မလိုသည့် နေရာတွင် နှုတ်မနိုင်အောင် ပေါက်ကြသည့် မြက်ပင် ကိုင်းပင်တွေလို အဆမတန် ပေါက်ကြ ရှင်ကြကုန်၏ သို့ဖြင့် တရွာလုံးက ၀မ်လန်း ပိုင်ဆိုင်ကြောင်း သိလာကြကာ ၄င်းအား ရွာသူကြီး ခန့်ဘို့ရန်ပင် တိုင်ပင်စ ပြုထားကြ လေ တော့သတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၅၇)

နှစ်ပေါင်း ၂၀ ဇာတ်သိမ်း၏ အစ

၎င်းသည်ပြည်သူ့အိုးအိမ်ဌာနမှာ အလုပ်လုပ်ခဲ့ဘူး၍ အိမ်ယာကလေးများ ဆောက်ခြင်းအလုပ်ကို သာ နားလည်သဖြင့် ချီးမြင့်စောင့်ရှောက်သော အနေနှင့်ထိုအဆောက်အဦးကလေးကို ကန်ထရိုက် စံနစ်လည်း မကျတကျ၊ အလုပ်ရအောင် ကြံဖန်ပေးခြင်းဖြစ်သည်။ သူတတ်သလောက် မှတ်သလောက် ထေ၀ံမှီသမျှ ဆောက်လုပ် ပေးရခြင်း ဖြစ်သည်ဟုလည်း ပြောပါသည်။ အခြားနေရာ ရပ်ကွက်များမှာလည်း တိတ်တဆိပ် ခိုင်းစရာရှိလို့ ခိုင်းပုံရပါသည်။

သို့ကြောင့် ဤအယ်ဒီတာဌာန၏ စာကြည့်တိုက်အဖြစ် အသုံးပြုမည်ဆိုတာ အိမ်သစ်ကလေးမှာ ပင် ရောက်လာ မည့် ဦးပဉ္ဇင်းကြီးကို သီတင်းသုံးစေရန် ပြင်ဆင်စေသည်။ တပည်များက အားရ ၀မ်းသာ အိမ်ပေါ်မှ ခန်းပြည့် ကော်ဇောလိပ်ကြီးများ ထမ်းချသယ်ဆောင် သွားပြီး အိမ်သစ်မှာ ပြာပြာ သလဲ ခင်းကျင်း ကြသည်။ စားပွဲကုလားထိုင် ပန်ကာစသော အဆောင်အယောင်တွေကို လိုလေသေးမရှိ အသင့် ပြင်ဆင် ထားကြ၏ လူတွေအားလုံး စိတ်ထက်သန်သော ဇောတွေဝင်၍ ရွှင်မြူးနေကြသည်။

နောက်တစ်နေ့မနက် ၁၁နာရီခန့်အချိန်ရောက်လာသည်။ စာပို့တိုက်မှ စာများရောက်လာချိန် လည်းဖြစ် ပါသည်။ နေ့တိုင်းထိုအချိန်မျိုးမှာ ကျမနာမည်တပ်၍ ရောက်လာသော စာများကို အလုပ်တိုက်မှ တဆင့် လာရောက် ပေးနေကျ ဖြစ်ပါသည်။ ကျမခရီးသွားနေလျှင် စာတွေကို စုထားကြသည် ပြန်လာမှ စာအိတ်တွေ တပုံကြီးကိုဖေါက်ကြည့်လေ့ရှိပါသည်။ စာတွေကသိပ် အကြောင်းမထူးလှပါ။ အလှူခံစာများ၊ အကြပ် အတည်း ဖြစ်နေ၍ ငွေရေးကြေးရေးအကူအညီ တောင်းခံစာများ၊ အလုပ်အကိုင် တောင်းသော စာများနှင့် ပရိသတ်တို့ထံမှ ကုန်နေသော ကျမ၀တ္တု များပြန်ရိုက်နှိပ်ဘို့ တိုက်တွန်းသော စာများသာ အများအားဖြင့် တွေ့ရပါသည်။

သို့ကြောင့် ယနေ့မနက်ရောက်ရှိသောစာများ ၄-၅စောင်ရှိ၍ တစောင်ပြီး တစောင် ဖေါက်ကြည့်သည်။ ခါတိုင်း လိုပင် အလှူခံစာအကူအညီတောင်းစာများဖြစ်ရာ နောက်ဆုံးတစောင် သာကျန်တော့ သဖြင့် ဒီစာလဲဒါမျိုး ဖြစ်မှာဘဲဟု ယူဆကာ စာအိတ်ဖေါက်မည် လုပ်ဆဲ မန်နေဂျာက တခုခုပြောဘို့ အနား ရောက်လာ သဖြင့် ဖေါက်မည့်ဆဲဆဲ စာအိတ်ကို မဖောက်သေးဘဲ သူပြောမည့်စကားကို နားထောင် နေလိုက် ပါသည်။

ပြည်မြို့ မှ နေ၍ အကြောင်း ကြားလိုက်ပြီဖြစ်ကြောင်း ဦးပဉ္ဇင်းကြီး မနက်ဖန်မနက် ပြည်မှကားနှင့် ထွက်လာ တော့မည်ဖြစ်၍ မနက်ဖန်ညနေ ၄နာရီခန့်ရန်ကုန်ရောက်မည်။ သို့အတွက် အလုပ်တိုက်မှ လူတွေက ကားကြီးကားငယ်တို့ဖြင့် မနက်ဖန် ၁၂နာရီလောက် ၌ ထောက်ကြံ့မှ သွား၍ ကြိုဘို့ စီစဉ် ပါတော့မယ်။ ဆွမ်းကျွေးရန်ကိစ္စကိုလဲ ထိုနေ့ညဦးပိုင်းမှ တလုပ်သမားတွေ အဆိုင်းဆိုင်း ခွဲဝေစီမံပါမည်။ မမက ဘယ်လို ထပ်မံစီစဉ်လိုပါသေးသလဲဟု ဆိုသည်၊ ကျမက လွတ်လွတ်လပ်လပ် မင်းတို့ ကြိုက်နှစ်သက် သလိုသာ လုပ်ကြပါဟု ပြန်၍ ခွင့်ပြုပါသည်။ ထိုမှအခါ ကြိုဆိုသွားရာကိုပါ မမရော လိုက်ပါ ဦးမည်လားဟု ပြောပြန်ပါသည်။ အေး-နေလဲကောင်းသားဘဲ ပျော်ပျော်ပါးပါး လိုက်ခဲ့တာပေါ့ဟု ပြောလိုက် ပါသည်။

ဤတွင် လူရုံတော် မန်နေဂျာပြန်ဆင်းသွားပါသည်။ ကျမလက်ထဲ၌ ဖေါက်မည့် ဆဲဆဲ ကိုင်ထားသော လက်ကျန် စာအိတ်တလုံးကို ၀တ်ကြေ၀တ်ကုန် ဖေါက်၍ ဖတ်လိုက် ပါသည်။ စာဆုံးသွားသော အခါ ကျမအဘို့ အလွန်မြင့်သော တောင်ထိပ် မှ နက်လှသော ချောက်ကမ္ဘား အတွင်း လိမ့်ကျသွားရသလို တုန်လှုပ် ရင်ဖို ၍သွားသည်။ ခေါင်းနဘန်းကြီးလာပြီး မျက်လုံးတွေ ပြာသွားသည်။ တသက်နှင့် တကိုယ် ဘယ်အခါကမှ မမျှော်လင့်ခဲ့ဘူးသော သတင်းဆိုးကြီး၊ ယခုကဲ့သို့ မွန်မြတ်နေသော အချိန် အခါမျိုးနှင့် မအပ်စပ်ဆုံး သော အဖြစ်မျိုးကြီးဖြစ်ပါသည်။

ကျမက အထင်ကြီးလာခဲ့သမျှ၊ ပြဒါးတလမ်း သံတလမ်း ကိစ္စမျိုး ဖြစ်နေရုံမက၊ အရွယ်လွန်ကာမှ ဤကဲ့သို့ ပြုမူခြင်း သည် လူကြီးမပီ၊ ဂုဏ်သိက္ခာနှင့်မညီလေးခြင်းဟု ယူကြုံးမရ ဖြစ်သွားရပါသည်။
ငယ်ရွယ်စဉ် က ဆိုလျှင်ရမ်းပုံမီးကျ ဒေါသအိုး ကွဲတေ့မည်။ ယခုအခါ အရွယ် ကလည်းမငယ် ဒါန သီလ တွေကို ရင်ဝယ်ပိုက်နေ သူလည်းဖြစ်သည်။ စိတ်၏ လှုပ်ရှားမှုဒဏ်ကို မခံနိုင်သော ခံနိုင်ရည် မရှိသော သွေးတိုး ရောဂါ သယ်လည်း ဖြစ်နေသည်။ ရောဂါစိတ် တည်ငြိမ်မှုနှင့် ညှိ၍ ကုမှသက်သာ ရာရကြောင်းကို ကောင်းစွာ သိရှိခဲ့ခြင်း ကြောင့်လည်း ဒေါမနဿ မီးတောက်ကို ဟုန်ကနဲ မတောက် လာစေရန် သတိ တမန် ဥာဏ်မြေ ကထုတ် လုပ်နေသည်။

အထူးသဖြင့် သည်လောက် ကောင်းရာ မွန်ရာရောက်နေသော ဒုလ္လံဘရဟန်း ဘ၀တွင်မှ သည် အရှုပ် ဇာတ်ထုတ် ကြီးကဘာပြုလို့ အစပေါ် လာရပါသနည်း။ သင်္ကန်းမဆီးခင် ကသာ ပေါ်လာမည်ဆိုလျှင် ဤပြဿနာ ကို စိတ်ရှိလက်ရှိ ဖြေရှင်း လိုက်မည်သာ၊ ယခု ဘုရားအရေခြုံ မိနေသော အခါတွင် မျက်နှာ ရင်ဆိုင် ဘယ်လိုဖြေရှင်း ရမည်ဟု မတွေး တတ်တော့ပြီ အလွန်ကြည်လင် နေသော ရေကို တမဟုတ်ခြင်း နှောက်မွေ ပစ်လိုက် သကဲ့သို့ ဖြစ်သွား ရပါသည်။

ထိပ်ဆုံးရောက်မှ ဘုံးဘုံးကျတဲ့ဘဝ

အမြင့်မြတ်ဆုံး ဘ၀ရောက်ခါမှ ဘ၀သိက္ခာကျ ဆုံးရလေခြင်းဟု နှမြောတသ ယူကြုံးမရလည်း ဖြစ်မိသည်။ စာပါ သဘောအရတော့ လှေနံဒါးထစ် ကွင်းကွင်း, ကွက်ကွက် မှန်နေပါသည်။ သို့ရာတွင် ဟုတ်ချင်မှ ဟုတ်ပါမည်။ မလို၍ ပစ်စာ သဘောနှင့် ဂုံးချောင်ဒါမျိုးလည်း ဖြစ်ချင်ဖြစ် မည်။ ယခင့်ယခင်က ဤစာသွား အဓိပ္ပါယ်မျိုး မပါသော်လည်း ပုဂ္ဂိုလ်စွဲ မလိုမုန်းတီးမှုကြောင့် ဗလာဆဲသော စာမျိုးများ တခါတရံ ရောက်လာဘူး သည်တို့ကို သွား၍ သတိရလာပါသည်။ သို့ကြောင့် စာပါအတိုင်း လူအမည် နေအိမ်နံပါတ် နှင့် လမ်းအမည် များ စာတွင်ပါသည့် အတိုင်း သိရှိရန်စုံစမ်း လိုက်သောအခါ လက်ပူးလက်ကြပ်ကြီး တွေ့ရ ပါတော့သည်။

သို့ စုံးစမ်သည်ဟု ဆိုရာမှာလည်း အတော်ကြီး အခက်အခဲ တွေ့ရပါသည်။ ကျမ၏ ဒရိုင်ဘာက အစ ရင်းနှီးသော တိုက်သားတွေ အားလုံးသိနေသော ကိစ္စများ ဖြစ်သည်။ တညီတညွတ် တည်း ဖုံးဖိ ထားကြသော လျှို့ဝှက်မှု ဖြစ်သည်ဟု စာပါ အတိုင်း သိနေရသောကြောင့် ကျမ၏ စုံစမ်းမှုကို တိုက်ရှိ လူတွေ မသိအောင် ပိပိစီးစီး လုပ်ရပါသည်။ စုံးစမ်းသည်ဟု ရိပ်စားသည်နှင့် တပြိုင်နက် အကွက်လှည့် ပစ်လိုက် ကြတော့မည်ဟု ကြိုတင်ရိပ်မိပါသည်။

စုံစမ်း၍ မျက်မြင်တွေ့ရှိသိမြင် ရသောအခါမှာလည်း ပစ်စာ၊ သတိပေးစာထည်းမှာ ပါရှိသော ညွှန်ပြ ချက်အရ တနေရာထည်း တဦးတယောက်ထည်း ကို စုံးစမ်းရာတွင် အခြား နှစ်ဋ္ဌာနသုံးဋ္ဌာန ကိုပါ အဆစ် ပါလာသလို ပိုပိုမိုမို တွေ့မြင် ကြားသိရပြန်ပါသည်။ သတိပြုဖွယ် ကောင်းသည်မှာ အရွယ်လွန်မှာ အရွယ်လွန်မှ မစောင့်စည်း နိုင်လောက်အောင် ကာမစိတ် ယိုဖိတ် သောင်းကျန်း လွန်းလာ၍ သန့်သန့် ရှင်းရှင်း အရှုပ် အထွေး ကင်းသည့် အထဲမှ ဆိုပါက ထူးဆန်းလှသော ကိစ္စမျိုး မဟုတ်ပါ။

ဂုဏ်သိက္ခာ ကိုငဲ့ ညှာပြီးသိုသိုသိပ်သိပ် နေကြသော ခေါင်းဖြူစွပ်ကျိုး လူကြီးလူကောင်း တွေ အများအပြား ရှိကြသည် ကိုလည်း ကြားသိဘူးပါသည်။ အဆန်းမဟုတ်သော ကိစ္စမျိုးဖြစ်ပါ သည်။ ယခုအဖြစ်က အမြင့်ဆုံး နေရာသို့ရောက်နေရာမှာ ဂုဏ်သိက္ခာကို အကျနာစေကာ မရှင်းမလင်း တွေချည်း ဖြစ်နေသည် ကို သိရသောကြောင့် သူ့အစားယူကြုံးမရ ဖြစ်သွားမိ ပါသည်။

သူ၏ ပတ်ဝန်းကျင်တွင် ကပ်မြှောင်ညာဝါး စားနေသူများသည် ကျမမသိအောင် ဖုံးဖိမြှောက်ပင့် ပေးနေကြမည့် အစား ကိုယ့်ဆရာသမား၏ ဂုဏ်သိက္ခာ အကျမနာစေရန် တိုးတိုး, တိတ်တိတ် ကြိတ် ၍ သတိပေးကြလျှင် ဤမျှများပြားသော မကောင်းမှုတွေကို တခုပြီးတခု ဆက်ခါတိုင်း ၀င်နေမိ သည် မဟုတ်ပါ။ ၀တ္တရားက သူတို့ကိုယ်တိုင်ပြော၍ မနိုင်လျှင် ကျမအား သတိပေးရမည့် တာဝန်ရှိ တွေ အမျိုးမျိုး ခိုဝင် ခံစားနေရပါလျက် တဖက်သတ် ဖုံးဖိမြှောက်ပင့် အားပေးနေခြင်းမှာ ကိုယ်မှီရာ သစ်ပင်ကြီးကို ကိုယ်သာ ဖျက်ဆီးတတ်သော နွယ်ပင်များ နှင့် အလားတူ၍ နေပါသည်။

နွယ်ပင်များ သည် အမှီမရှိလျှင် မကြီးပွါးနိုင်သော ဓမ္မတာအရ သစ်ပင်ကြီးများကို၎င်း၊ ချုံကြီးများ ကို၎င်း၊ ပေါင်းယှက် နွယ်တက်မှီခိုလျက် သူတို့အသက်ရှင် ရေးကို ကြိုးစားကြသည်။ သို့သော်နွယ် ပင်တွေ အများ အပြား အုပ်ဆိုင်းနွယ်ယှက် ခြင်းခံရသော သစ်ပင်ကြီးများမှာတော့ တဖြည်းဖြည်း လုံးပါး, ပါး၍ မစွမ်းမသန် နိုင်သော ဘ၀ရောက်ပြီး နောက်ဆုံး၌ ဘုံးဘုံးလဲကျ ပျက်စီး သွားရသော ဥပမာအတိုင်းပင် ဖြစ်ပါသည်။ သီပေါမင်း နန်းကျသည့် ပါတော်မှုကိစ္စ၌ အလွန်မကျေချမ်းနိုင်ရှာ သော ဆီးပနီးဆရာတော် ဘုရားကြီး သည် (မှုးကြီး- မတ်ငယ်၊ မာလောနွယ်တို့၊ ကိုယ့်မှီရာကို ဖျက်ဆီးလို၍) စသဖြင့် စပ်ဆိုတော်မူခဲ့သည်။ စင်စစ် သီပေါမင်း ကိစ္စမှာ မူးကြီး မတ်ရာတို့ အပြစ်ချည်းမဟုတ်ပဲ နယ်ချဲ့ကျားကဆွဲတော့မည့် ဆဲဆဲ တိုင်းပြည် ပျက်လုဆဲဆဲ၊ ထီးနန်းတိုင်က ယိုင်လုဆဲဆဲ၊ လှေကွဲစီးနေရရှာသော ကံဆိုးမိုးမှောင် ဒါးစာခံ ဘုရင်တပါး မျှသာ ဖြစ်ရှာပါသည်။

သည် ဖြစ်ရပ်မှာ ဤကဲသို့မဟုတ်ပါပဲအလွန် ခိုင်မြဲတောင့်တင်း နေသော စီးပွားရေး အခြေအနေ ပေါ်တွင် မှီလျက် လက်သတ်မွေးတပည့် တပန်း၊ မြှောက်စား၊ ချူစား၊ ကပ်ပေါင်း၊ ညာစား တွန်းပို့ ဆွဲခေါ်ရာသို့ လိုက်ပါခဲ့သည်။ည သို့သော် လူတွင်ပါ၍ နွားကျားကိုက် ထာလည်း ဖြစ်ပါသည်။ စီးပွားရေး တောင့်တင်း လာသူများသည် ခံနိုင်ရည်ရှိမည့် စိတ်ဓါတ်ပြည့်ဝစွာ လေံလာသုံးသပ် နိုင်မှုက အရေးအကြီးဆုံးဖြစ်ပါသည်။

အများအားဖြင့် ဆင်းရဲရာမှာ ချမ်းသာကြွယ်ဝခြင်း မကြုံဘူးပဲ ချမ်းသာကြွယ်ဝလာသူများသည် အပြင်လူက သုံးသပ် ဆင်ခြင်ကြည့်မည် ဆိုလျှင် အများအားဖြင့် လူလိမ်လူညာတို့ လှည့်စားခြင်းအမျိုးမျိုးခံရပြီး ပစ္စည်းဥစ္စာ ဆုံးရှံးနစ်နာမှုနှင့် ရင်ဆိုင်ကြရမြဲ ဖြစ်သည်ကိုတွေ့ရမြဲ ဖြစ်ပါသည်။ ရှေးခေတ်ကဆိုလျှင်လည်း ရှေးခေတ် အလျောက် ပစ္စည်းရှိနေသူ များထံမှောက်သို့ အဂ္ဂိယတ်၊ ဘုမ္မံပစ္စည်းရှိနေသူများ ထံမှောက်သို့ အဂ္ဂိယတ်၊ ဘုမ္မံယတ်ဆေးများ လာရောက်သွေးဆောင်ပြီး မွဲဆေးကြီးဖေါ်ပေးတတ်သည်။ သို့ကြောင့် အဂ္ဂိယတ် ဆရာထွက် ၀င်နေသော အိမ်ဆိုလျှင် ဖွတ်တက်ပြီဟုပင် ဆိုစမှတ်ပြုကြသည်။

ယခု ခေတ်သစ်မှာလည်း ငွေယားကလေးများ ရှိသော သူတို့ကို ရုပ်ရှင်ကုမ္မဏီထောင်ဖို့ ပြဇာတ်ထောင်ဖို့ စသဖြင့် သွေးဆောင်သူတွေ ရှိတက်ပါသည်။ ခေတ်ဟောင်းဆီကို ပြည်ကြည့်မည် ဆိုလျှင် ရုပ်ရှင်ထောင်၍ တက်တက် ပြောင်မွဲ သွားသူတွေ၏ စာရင်း ပေါ်လာပါမည်။ အခြားအလားတူ ကိစ္စမျိုး တွေလည်း တပုံ တထွေးကြီးပင်။

ဆင်သေကို ဆိတ်ရေနှင့်ဖုံး၍မရ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၇) ထဲမှ အခန်း (၃)

ဒဂုန်ခင်ခင်လေး ၏ မြေပဒေသာ အပိုင်း (၇) ထဲမှာ အခန်း (၃) ကျန်နေရစ်ပါတယ်..၊ အခု သီးသန့် ပြန်ထည့် ပေး ထားပါတယ်..၊ အပိုင်း (၇) ထဲမှာ လည်း ပြန်ထည့် ထားပါတယ်..။ အားလုံး ကို တောင်းပန်ပါတယ်..။

သုံး

မျက်နှာမြင် ဘို့ရက် တဖြည်းဖြည်း နီးလာသောအခါ ဇနီးသည်ကလေးအား "ဟိုအခါကျ မင့်အကူအညီ ရအောင် တယောက်ယောက်တော့ ရှိမှဖြစ်လိမ့်မယ်၊ မိန်းမဖေါ် တယောက်လောက်"ဟု တိုင်ပင်ရာ၊ သူငယ်မ က ခေါင်းခါပြလေ၏၊ ၄င်းမှာ ညစာ ထမင်းစားပြီးဟု ပုဂံခွက်ရောက် များကို သယ်ယူနေခိုက် ဖြစ်လေ၏ အဘိုးကြီးကား အိမ်ရာဝင် သွားလေပြီ သူတို့ နှစ်ယောက်သား မှိတ်တုတ် မှိတ်တုတ် နှင့် မျက်တောင်ခတ် နေသည့် ဆီမီးခွက် ကလေး၏ မှေးမှိန်သော အလင်းရောင် တွင် ကျန်ရစ်ခဲ့ ကြလေသည်။

"ဘာ… မိန်းမဖေါ် မလိုချင်ဘူးလား ဟုတ်လား"ဟု အံ့အားသင့်၍ ထပ်မေးလိုက်လေ၏ ယခုအခါ ၀မ်းလန်းမှာ စကားပြောရသည့် အခါများတွင် လက်ဟန် ခြေဟန် နှင့် သာပြောလျက် နောက်ဆုံး မတတ်သာ တော့မှ နှုတ်မှစကားတလုံး မထွက်ချင် ထွက်ချင်ပေါ်ရသော ဇနီးသည်ကလေး၏ လက်ပြခြေပြ စကားပြော နည်းကို နားလည် ကျင့်သားရနေပြီ ဖြစ်ပေ၏။ ဇနီးသည် လက်ဟန် ခြေဟန် နှင့် ပြောသမျှ မိမိ နားမလည် တာ ဘာမျှမရှိဟု မိမိကိုယ်ကို ထင်မိ၏။

"ဒီလိုဆိုရင် ဒီအိမ်မှာ ဒို့ယောက်ျား နှစ်ယောက်ထဲနဲ့ ဂွတိုက် နေလိမ့်မယ်ကွ"ဟု ဆက်လက်ပြောကာ "ငါ့အမေ ခေါ်ခေါ် ခိုင်းဘူးတဲ့ မိန်းမတယောက်တော့ ဒီရွာမှာရှိတယ်၊ ငါတော့ ဒီကိစ္စတွေမှာ ဘာမှ နားမလည်ဘူး၊ ဟိုအိမ်ကြီး မှာကော တယောက်မှ မရှိဘူးလား၊ ဒီလာနိုင်မဲ့ မင်းနဲ့ခင်တဲ့ အစေခံကြီးကြီး ထဲကလေ"

ဇနီးသည် နေခဲ့ဘူးသည့် ထိုအိမ်ကြီးအကြောင်း စကားထဲ ထည့်ပြောမိသည်မှာ ဤအကြိမ်သည် ပဌမဆုံး အကြိမ် ဖြစ်ပေသည်။ သူငယ်မသည် ၀မ်လန်းအား တခါဘူးမျှ မကြည့်ခဲ့ဘူးသော ကြည့်ခြင်းမျိုးဖြင့် လှည့်ကြည့် လေ၏၊ ၄င်း၏မျက်နှာကလေးမှာ ဒေါသရောင်ဖြင့် လှုပ်ရှားနေပြီးလျှင် သေးငယ်သော မျက်လုံး ကလေးများသည် ပြူးကျယ်လျက် ရှိလေ၏။
"ဘာ…ဟိုအိမ်ကြီး မှာ တယောက်မှ မရှိဘူးလားလို့ မေးသလားဟုတ်လား"ဟု ပြန်၍ အော်ဟစ်လေ၏

ဝမ်လန်းသည် ဆေးထည့်နေသော ဆေးတန်ကိုချလျက် ဇနီးသယ်အား စိုက်ကြည့် လိုက်လေ၏၊ သို့သော် သူငယ်မ၏ မျက်နှာကား တခဏချင်းပင် နဂိုမျက်နှာ ကလေးအတိုင်း ပြန်ဖြစ်သွားလျက် ဘာမျှ မပြောမိသလိုလို စားပွဲ့ပေါ်မှ တူချောင်းများကို လိုက်လံကောက်ယူ သိမ်းဆည်း နေလေ၏။

"အင်း…ဖြစ်နေတဲ့ ကိစ္စက"ဟု ၀မ်လန်းမှာ အပြောင်းအလဲမြန်လှသော မျက်နှာကိုကြည့်လျက် အံ့သြခြင်း ဖြင့် ပြောလိုက်စေကာမူ၊ သူငယ်မက ခတ်မဆိတ်သာ နေလေ၏ ၀မ်လန်းက ဆက်လက်၍ "ဒို့ယောက်ျား နှစ်ယောက် က ခလေးမျက်နှာမြင်တဲ့ကိစ္စမှာ ဘာမှမတတ်နိုင်မှာ မဟုတ်ဘူး၊ ငါ့အဖေဆိုရင်လဲ မင့်အခန်း ထဲဝင်လို့ မလျော်၊ ငါဆိုရင်လဲ နွားမခလေး မွေးတာတောင် မမြင်ဘူးဘူး၊ ငါ့လက်ကြမ်းကြီး တွေ က ခလေး အသားတွေ ရှကုန်လိမ့်မယ်၊ အဲဒီတော့ မင်းဟိုကျွန်တွေခလေး အမြဲမွေးနေတဲ့ ဟိုအိမ်ကြီးက တယောက် ယောက်ကို"
သူငယ်မသည် တူတံကလေးများကို စားပွဲပေါ်၌ သပ်သပ် ကြီးစဉ်ငယ်လိုက် တင်လိုက်ကာ ၀မ်လန်းအား အတန်ကြာကြည့်ပြီးနောက်-

"ကျမဟိုအိမ်ကို သွားတဲ့အခါမှ ကျမသားကလေးလဲပါလိမ့်မယ်၊ သူ့အတွက် အင်္ကျီနီကလေးက တထည်ရယ်၊ ပန်းနီပွင့်ကလေးတွေနဲ့ ဘောင်းဘီကလေးကတခု၊ ပီးတော့ ရွှေရောင် ဘုရား ရုပ်ပွားတော် ကလေး တဆူပုံကို ဦးထုတ်ကလေးထိပ်မှာ ဇာအပ်နဲ့ ထိုးပေးပီး ဆောင်းပေးမယ်၊ နောက်ပီးတော့ ကျားပါးစပ် ဘိနပ်ကလေးတရံလဲ ၀တ်ပေးမယ်၊ ကျမလဲ ဘိနပ်သစ်တရံ၊ ပိတ်ဖဲ အင်္ကျီနက်က တထည်၊ အဲဒါတွေ ၀တ်ပီး ကျမအလုပ်လုပ်ခဲ့တဲ့ မီးဖိုထဲလဲသွားမယ်၊ ပီးအခန်းထဲမှာ ဘိန်းနဲ့မှိန်းနေတဲ့ အဖွားကြီး ဆီသွားပီး ခလေးနဲ့ ကျမကိုယ်ကို ၀င်ပြမယ်"

သူငယ်မ ထံမှ ဤမျှရှည်လျားသော စကားတန်းရှည်ကြီးကို ၀မ်လန်းသည် တခါဘူးမျှ မကြားဘူးခဲ့ချေ၊ ဤစကားတန်းရှည်ကြီးကား လမ်းခုလတ်တွင် ရပ်နားခြင်းမရှိ၊ လေးလေးနှင့် မှန်မှန်ကြီး ထွက်ပေါ်လာလျှက် မပြောမီ ကတည်းက ကြံစည်စိတ်ကူး၍ ထားရသော စကားမျိုးဖြစ်လိမ့်မည်ဟု ထင်မိလေ၏။ လယ်ထဲတွင် မိမိနံဘေး မှာ အတူတူ အလုပ်လုပ်ရင်းက ထိုအကြောင်းကို ပြောရန် ကြံစည်စိတ်ကူး နေဟန်တူ၏ မည်မျှ အံ့သြဘွယ် ကောင်းသော မိန်းမပေနည်း။

နေထွက်မှနေ၀င် ဝေယျာဝစ္စမှန်သမျှ တိတ်တိတ်ဆိတ်ဆိတ်နှင့် လုပ်ကိုင်နေသော သူငယ်မမှာ ခလေး အကြောင်းကို စဉ်းစားနေနိုင်လိမ့်မည်မဟုတ်ဟု အောက်မေ့မိ၏ ယခုမူ ခလေးငယ် လူ့လောကထဲသို့ ရောက်မလာ သေးခင်ကပင် သူငယ်မမှာ သူ့ကိုယ်သူ အင်္ကျီသစ်နှင့် မိခင်အအဖြစ် သူ့ခလေးကိုလည်း အ၀တ် အစားကလေးတွေ စိတ်ကူးနှင့် ဆင်ပေးထားပြီးသားနှင့် ယခုကတည်းက ကွက်ကျော် ခြေလှမ်း မြင်ပြီး ဖြစ်နေလေပြီ။

ဝမ်လန်းကား ပြောရန်စကားရှာမတွေ့ဖြစ်နေလျက် ဆေးတန်ဆေးကို လက်မလက်ညှိုး နှစ်ချောင်းဖြင့် အလုံးကလေးတခုဖြစ်အောင် ကြိုးကြိုးစားစားလုံးနေပြီး ဆေးတံကို ကောက်ယူ၍ ဆေးလုံးကလေးကို ထည့် လိုက်လေ၏။

"မင်းငွေနဲနဲပါးပါး လိုချင်တယ်ထင်ပါရဲ့"ဟု နောက်ဆုံးတွင် သံဖြတ်နှင့် မေးလိုက်လေ၏။
"ဒင်္ဂါးသုံးပြားလောက် ပေးရင်တော့"ဟု ရွံ့ရွံ့နှင့် ပြောရာမှ ဆက်လက်၍ "များတော့များတာဘဲ ဒါပေမဲ့ ကျမ ဘယ်လောက် ကုန်မယ်ဆိုတာ တွက်ကြည့်ပြီးသားပါ" တပြားမှ အလဟဿ မဖြစ်စေရဘူး၊ အထည်ရောင်း တဲ့ လူလဲ တလက်မ မှ မခိုအောင် ကျမလုပ်မှာဘဲ"ဟု ပြောရှာလေသည်။

ဝမ်လန်းသည် ပိုက်ဆံအိတ်ကို လက်နှင့်စမ်း၍ ကြည့်လေ၏ ယမန်နေ့က အနောက်ဘက် ကွင်းတွေထဲက ကြူပင်တွေကို ခုတ်ပြီး မြို့ဈေးသို့ တက်ရောင်းခဲ့ရာ သူ့လက်ထဲတွင် ဇနီးသယ် တောင်းသည့် ပိုက်ဆံ ထက်ပင် အနည်းငယ် ပိုပိုလျှံလျှံ ကလေးရှိနေ၏။

ဒင်္ဂါးသုံးပြားကို စားပွဲပေါ်သို့ တင်လိုက်လေသည်။
ထို့နောက် အတန်ငယ်စဉ်းစားပြီး နောက်ထပ် ဒင်္ဂါးပြားတပြားကို ထပ်၍ ထည့်လိုက်လေသည်။ ထိုဒင်္ဂါးပြား မှာ ၀မ်လန်းသည် မြို့ကိုရောက်လျှင် လဘက်ရည်ဆိုင် အံစာဝိုင်း၌ ၀င်ထိုးရန် စုထားသော ပိုက်ဆံဖြစ်၏။ သို့သော် ရှုံးသွားမည်စိုး၍ မြို့ကို ရောက်တိုင်း မထိုးဖြစ်ဘဲ ၀ိုင်းဘေးက ရစ်သီရစ်သီ လုပ်လျက် အံစာ ခေါက်နေသည်ကို ကြည့်ရုံဝင်ကြည့်၍ ပြန်ခဲ့လေသည် များသောအားဖြင့် ကားလမ်းဘေး ကွက်စိပ်ဆရာ၏ စင်သို့ သွားလျက် တခါ နားထောင်လျှင် တပဲနိ ထက် ပိုမပေးရသော ကွက်စိတ်နာခြင်း ၌သာ အချိန်ကို ဖြုန်းလေ့ရှိ၏။

"နောက်ပေးတဲ့ ဟာကို မင်းယူထား"ဟု စက္ကူတံမီးစကို ၀ူးကနဲမှုတ်လျက် တောက်လာသော မီးတောက်ဖြင့် ဆေးတံကို ထည့်ရာက ဆက်လက်၍ "ခလေးအင်္ကျီကလေး ကိုတော့ ပိုးစကလေးနဲ့ ချုပ်ပါကွယ် အဆုံး မတော့ သူက သားဦးကလေးကွ"ဟု ပြောလိုက်လေ၏ သူငယ်မကား ငွေစကို ရုတ်တရက် ကောက် မယူ သေးဘဲ မလှုပ်မရှက် စိုက်ကြည့်နေလေ၏။ ထိုနောက်မှ လေသံကလေးဖြင့် "ကျမတသက် မှာ ငွေစ ကိုင်ဘူးတာ ဒါပဌမဘဲ" ဟု ပြောရှာလေသတည်း။

ထိုနောက် ငွေစများကို ဇပ်ကနဲကောက်ယူလိုက်ပြီး လက်ထဲတွင်ဆုတ်လျက် အိပ်ခန်းထဲသို့ ၀င်ပြေးလေ၏။
ဝမ်လန်းကား ဆေးတံကိုခဲရင်း ပိုက်ဆံ၏ ရာဇ၀င်ကို ဆင်ခြင်၍နေလေ၏။ ထွန်တုံး တလက်ဖြင့် မိမိ ကိုယ်တိုင် ထွန်ယက်ခဲ့သော မိမိကိုယ်တိုင် တူးဆွမှောက်လှန်ခဲ့သော မိမိတကိုယ်လုံးဖြင့် အသုံးချခဲ့သော မြေထု ကမ္ဗလာ ၀ဿုံလွှာကြီးဖြင့် သည်ပိုက်ဆံတို့သည် ဖြစ်လာခဲ့၏။ သူ့အသက်သည် ဤပြည် ရွှေဘုံ ၀ဿုံ မြေကြီးဖြင့်ပင် ရှင်လာခဲ့၏ အပေါက်အပေါက် ကျသော သူ့ကိုယ် မှ ချွေးစက်တို့ဖြင့် သူသည် ဤကမ္ဗလာချပ် ၀ဿုံမြေကြီး မှ အစားအစာကို ညှစ်ထုတ် ယူငင်ခဲ့၏။ အစာတည်းဟူသော သလေးဆန်ဂျုံ မြေ၀တ်မှုံ တို့မှ သူသည် ဤပိုက်ဆံများကို ရရှိခဲ့လေသည်။

ယခင်က ယခုလို သူ့ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံကို နှိုက်ပြီး ပေးခဲ့ရသည့်အခါတိုင်း မည်သူ့ကိုပင် ပေးရ သည်ဖြစ်စေ သူ့စိတ်ထဲ၌ သူ့အသက်၏ တစိတ်တဒေသကို လှီးဖြတ်၍ ပေးလိုက်ရဘိသကဲ့သို့ ဆတ်ဆတ်တုံ နာကျည်းခဲ့၏။ သို့သော် ယခုတခါ ပိုက်ဆံထုတ်၍ ပေးလိုက်ရခြင်း၌ကား သူ့တသက်တွင် ပဌမဆုံး အကြိမ် နာကျဉ်းခံခက်ခြင်း မဖြစ်တော့ပေ၊ သူယခု ပေးလိုက်သော ပိုက်ဆံများကို ကုန်သည် တဦး အား ပေးခြေလိုက်ရသော ပိုက်ဆံမျိုး လို မအောက်မေ့တော့၊ ထိုငွေမျိုးထက်သာလွန်၍ အဘိုးထိုက် လှသည့် ရတနာတခုအသွင်သို့ ပြောင်းလဲသွားသည်ကို သူ့မျက်စိထဲတွင် ထင်မြင်၍ နေလေသည်။ ထိုရတနာ ကား သူ့သားကလေး ၀တ်ဘို့ အင်္ကျီ ဘောင်းဘီကလေးများပင်တည်။

အချိန်စေ့ ၍လာလေ၏ သူငယ်မကား သူ့အနားတွင် မည်သူ့အားမျှ အဖေါ်အလှော်မထားလိုပေ ထိုအချိန် မှာ တခုသော ညနေနေ၀င်ရီတရော ကလေးဖြစ်ပေသည်။ သူငယ်မသည် စပါးတွေ မှည့်ဝင်းနေသော လယ်ကွင်း ထဲ၌၊ သူ့ချစ်လင်နှင့်အတူ အလုပ်ဆင်းနေခိုက်ဖြစ်၏။ ဂျုံတွေရိပ်ယူ ပြီးစီးခဲ့သည့်နောက် လယ်ကွင်း များသည် ရေတွေတဖွေးဖွေးနှင့် ဖြစ်လာကြကာ စပါးတွေ သီးကြပြန်ပြီး ယခုမူ စပါးတွေ ရိပ်ချိန် တန်ပြီ ဖြစ်လျက် အချိန်မှာ ပူပြင်းလှသော နွောရာသီဖြစ်ပေသည်။

လင်မယားနှစ်ယောက်သည် တနေ့လုံး တကုန်းကုန်းနှင့် ကောက်လှိုင်းတွေကို ရိတ်ဖြတ်၍ နေကြ လေသည်။ သူငယ်မကား သူ့ဝမ်းတွင် လွယ်ထားရသော ၀န်လေးကြီးအတွက် ကောင်းစွာ မကုန်းနိုင်ရှာ နှေးနှေး ကွေးကွေး လေးလေးပင်ပင်နှင့်ပင် ရိတ်ဖြတ်နေရှာရကား စပါးရိပ်ရာတွင် သူ့ချစ်လင်ပြီးစီး သလောက် မပြီး၊ သူ့ချစ်လင်က ရှေကက သူကနောက်ကျ၍ နေလေ၏။ နေကတဖြည်းဖြည်း စောင်းလာ လေလေ သူငယ်မမှာ အလုပ်နှေးလာလေလေဖြစ်နေရာ ၀မ်လန်းမှာ စိတ်မရှည်နိုင်တော့ဘဲ သူငယ်မ ကို လှည့်ကြည့်မိလေ၏။ သူငယ်မသည် အလုပ်ကို ရပ်လိုက်ပြီး၊ ခါးကိုဆန့်လိုက်လေရာ လက်ထဲမှ တံဇဉ်သည် မြေသို့ ဖုတ်ကနဲ ကျသွားလေ၏။ ဝေဒနာသစ်တခုကို ခံစားနေရပြီဖြစ်၍ မျက်နှာတွင် ချွေးသစ် ကလေး များစို့ နေလေ၏။

"၀မ်းတော့နာလာပီ ကျမအိမ်ပြန်သွားတော့မယ်၊ ကျမမခေါ်မချင်း ရှင်အခန်းထဲဝင်လိုက် မလာနဲ့နော် ကျူရိုးကလေး တချောင်းသာ အကြောခွါပြီး စိတ်ယူခဲ့စမ်းပါ ခလေးအချင်းဖြတ်ဖို့"ဟု ပြောဆိုပြီး သူငယ်မ သည် ဘာမျှ မစိုးရိမ်၊ ကြောက်လန့်ခြင်း မရှိသည့် အမူအရာဖြင့် လယ်ကွင်းတွေကို ဖြတ်ကာ အိမ်ဆီသို့ ပြန်လေ၏။

ဝမ်လန်းသည် သူငယ်မ သွားရာသို့ မျှော်၍ကြည့်နေနောက် တဘက်ကွင်းမှ ကန်စောင်းသို့ လျှောက် လာခဲ့ကာ စိမ်းလန်း၍လတ်ဆတ်သော ကြူပင်တချောင်းကို ရွေး၍ဖြတ်ယူ အကြောကို ခွဲယူ၍ တံဇဉ် သွားဖြင့် စိတ်ဖြာနေလေ၏ နွေသီလတပေါင်းဖြစ်၍ နေ အကျ အစောင်းမြန်လှကား မကြာခင် အမှောင် ရိပ်တွေ သန်းလာလေ၏ ၀မ်လန်းသည် တံဇဉ်ကိုထမ်းလျက် အိမ်ဆီသို့လှမ်းခဲ့လေ သတည်း။

အိမ်သို့ရောက်သွားသောအခါ အငွေ့ တထောင်းထောင်းနှင့် အသင့်ပြင်ထားသော ထမင်းပွဲတွေ့ ရလျက် အဘိုးပင် ထမင်းစားနေပြီကို တွေ့ရလေ၏ သူငယ်မကား ကမ္မဇသား သန္ဓေလှုပ်ရှားခြင်းကို ဘေး အသာ ချိတ်ထားလျက် ထမင်းဟင်းပင် ချက်ပြုတ်ခူးခတ်ပြင်ဆင်၍ ပေးထားရှာ၏၊ မိန်းမတွေ ထဲမှာတော့ အတော် ရှားတဲ့ မိန်းမပဲဟု စိတ်ထဲမှာချီးကျူးမိလေ၏ ထို့နောက်တံခါးပိတ်ထားသော သူတို့၏ အခန်းသွားလျက် ရော့-ဒီမှာဟေ့ ကြူကြောဟု အော်ပြောလေ၏ သို့သော် အတွင်းမှ ဘာသံမှ ထွက်မလာပေ၊ သူငယ်မ ကိုယ်တိုင် တံခါးဆီသို့လျှောက်လျက် တံခါးကြားမှ လက်လျှိုကာ ကြူခြမ်းပြား ကလေး ကို ယူလေ၏၊ သူငယ်မကား ဘာတခွန်းမျှမပြော သို့သော် အလွန်လေးလံလှသော ခရီးကို အပြေး အလွား ပြေးလာရသူတစ်ဦး၏ တနည်းမျိုးမောဟိုက်နေသည့် အသံကို ၀မ်လန်း ကြားရလေ၏။

အဘိုးကြီးက ထမင်းပွဲမှ မော်ကြည့်ပြီး စားလှဲ့လကွာ ထမင်းတွေအေးကုန်တော့မယ် ဟု လှမ်းပြောပြီး ဆက်လက်၍ စိတ်ပင်ပမ်းမနေစမ်းပါနဲ့ အဝေးကြီးလိုပါသေးတယ် မင့်အမေသားဦး ကလေးမွေးတုံးကများ ငါ သေသေချာချာ မှတ်မိတယ် မနက်လင်းတောင် တယောက်ပီးတယောက် နှစ်ကျိပ်လောက် တောင်ရှိ မလား မပြောတတ်ပါဘူးဟယ် ငါလဲမေ့နေပါပြီ အဲဒီအထဲက မင်းတယောက်ဘဲ အဖတ်တင်တာ အဲဒီတော့ ကာ ဘာပြုလို့ခလေးတွေ တယောက်ပြီးတယောက် မွေးပေးရတယ်ဆိုတာ မင်းနားလ ည် ရောပေါ့ ဟု ပြောရာ မှ အသစ်ပြန် သတိရလာသကဲ့သို့ အင်း နက်ဖြန်ကာ ဒီအချိန်လောက် ဆိုရင် ငါတော့ မြေးယောကျာ်း ကလေး တယောက်နဲ့ အဘိုးအေ ဖြစ်ရချေသေးဟု ဆိုပြီးရယ်လေ၏၊ ထို့နောက်ထမင်းပွဲမှ ရုတ်တရက် ထလျက် မှောင်ထဲတွင် အတော်ကြာထိုင်ပြန်ရင်း တခိခိနှင့် အူမြူး နေပြန်လေ၏။

ဝမ်လန်းမူကား တံခါးနားတွင် ရပ်မြဲရပ်လျက် အတွင်းမှထွက်ပေါ်လာနေသော မောဟိုက်ပြင်းထန် အသက်ရှုသံကြီးမျိုးကို နားစွင့်၍နေလေ၏ ပူနွေး၍စိမ်းရွှေရွှေ ညှီစို့စို့နေသော သွေးစိမ်းနံ့ ကြီးသည် တံခါးရွက်နှစ်ခုအကြားမှ လျှာထုတ်၍ ၀မ်လန်း၏နှာခေါင်းကို ကလိလေရာ ၀မ်လန်းမှာ ထိတ်လန့်၍ သွားမိလေ၏၊ မောဟိုက်ပင်ပမ်းခြင်းကြီးစွာဖြင့် ဖုတ်လှိုက်ဖုတ်လှိုက် ရှိုက်ရှူနေသော အသက်ရှုသံကြီး များသည် ထိုခဏ္က၌ ကြိတ်၍ ညည်းညူဟစ်အော်နေရှာသလိုလို တဖြည်းဖြည်းလျှင် တိုးတက်လျက် လာလေ၏ လူကြားအောင်ကား အော်ဟစ်ခြင်းမပြုရှာပေ သို့ဖြစ်လေရာ ၀မ်လန်း မှာ ရပ်တည်ရာ မရအောင် လာလျက် တံခါးကိုချိုးဖွင့်၍ ၀င်တော့ရန် အကြံလိုက် စူးလျှသေးငယ် သောငိုသံကလေးတခုကို ကြားလိုက်ရပြီးလျှင်၊ လောဘကြီးကို မေ့၍သွားလေ၏။

"ယောကျာင်္ား ကလေးလားဟေ့"ဟု ဇနီးကိုပင် သတိမရတော့ပဲ၊ အရေးတကြီး မေးလိုက်လေ၏။ သေးငယ်၍ မာကြောသော ငိုသံကလေးလား- နောက်တစ်ကြိမ် ဆောင့်ကန်၍ ထွက်လာပြန်သော နာမခံသာအောင် ရှိလေ၏။
"ယောကျာင်္ကလေး လားကွ၊ ဟေ- ဒါလောက်လေးတော့ ပြန်ပြောစမ်းပါအုံးကွ- ယောကျာင်္းကလေးလား
ထပ်၍- အော်၍- မေးပြန်လေ၏။

ထိုအခါ- အသံပြန်ပေးသလို၊ အားနည်းဖြော့တော့ အားအင်လျော့ နေရှာသည့် အသံပြော့က လေးဖြင့်၊ "ယောကျာင်္းကလေး"ဟု သူငယ်မ၏ ပြန်ဖြေလိုက်သောအသံကို ကြားရပေတော့ သတည်း။
 ထိုနောက်ကား- ၀မ်လန်းသည်၊ စာပွဲသို့သွားထိုင်နေလေ၏။ မည်မျှမြန်ဆန်လှဘိသနည်း၊ ထမင်းပွဲ ကားဧစက် ၍နေလေပြီ၊ အဘိုးကြီးလည်း ခုံးပေါ်တွင် အိပ်ပျော်၍နေလေပြီ၊ သို့သော် မည်မျ မြန်ဆန် လှဘိသနည်း  ၀မ်းလန်းသည် အဘိုးကြီး၏ ပခုန်းကိုသွားလှုပ်လျက်။

"ယောကျာင်္းကလေး အဘရေ- အဘက အဘိုးအေ- ကျုပ်က အဖေဖြစ်ပီ"ဟု အောင်မြင်စွာ ကြွေးကြော် ခြင်း ပြုလေ၏။
အဘိုးကြီးသည် အိပ်ရာမှလန့်၍ နိုးလာပြီး၊ မအိပ်ခင်ကရယ်နည်းမျိုး ရယ်ပြန်လေ၏
"အေးကွ- အေးဟဲ့- ဟုတ်သပါ့"ဟု ကြက်ဖကြီးကတော်သလို ကတော်ရင်း "အဘိုးအေကွ- အဘိုးအေ"ဟု မြူးကြွကာ အရှုးထလေ၏။ ထိုနောက်ထိုင်ရာမှ ထတဲ့ကာ သူ့အိပ်ခန်းသို့ တဟားဟားရယ်မော သဘော ခွေ့ရင်း ၀င်သွားလေသတည်း။

ဝမ်လန်းသည် ဧနေသော ထမင်းပုဂံကို ယူ၍စားလေ၏။ အဆာကြီးဆာနေသည် မှန်သော်လည်း ထမင်း လုပ်ကို ပါးစပ်ထဲသို့ မြန်မြန်ထက်ထက် သွင်း၍မရအောင်ရှိလေ၏။ အခန်းထဲ၌ကား- တလှုပ်လှုပ် ရွေ့လျှား လှုပ်ရှားနေသော ဇနီးသယ်၏ အသံနှင့် မရပ်မနားစူးစူးဝါးဝါး ဟစ်ငိုနေသည့် ခလေးငိုသံကို ကြားရလေ၏
"ဒို့အိမ်တော့ အေးအေးချမ်းချမ်းနေနိုင်တော့မယ် မဟုတ်တော့ပါဘူးကွာ"ဟု အထင်ကြီးကြီးနှင့် တကိုယ် တည်း ရေရွက် မိလေ၏။

ထမင်းစား ပြီးသောအခါ၊ အခန်းဝသို့ ရောက်သွားလေ၏ ဤအကြိမ်၌မူ ဇနီးသယ်က ၀င်ခွင့်ပြုပြီး ဖြစ် သဖြင့် အခန်းထဲသို့ စိုက်စိုက်ကြီး ၀င်သွားလေ၏။ ပူနွေး၍ လတ်လတ် ဆတ်ဆတ် ရှိသော သွေးစိမ်း နံ့တို့ကား မပျောက်သေးပေ၊ သို့သော်- စည်ဝိုင်းတလုံးထဲမှတပါး၊ အခြားနေရာတို့တွင် သေးစသွေးနဟူ၍ မမြင် တွေ့ရပေ၊ ထိုစည်ပိုင်းထဲသို့တည်း၊ သူငယ်မသည် ရေများလောင်းထည့် ပြီးကုတင်အောက်သို့ တွန်းသွင်း ထားသည်ဖြစ်၍ ၀မ်လန်းမတွေ့မြင်ရပေ၊ ဖယောင်းတိုင် အနီ ကလေး တတိုင်ကို ထွန်းညှိ ထားလျက်၊ သူငယ်မ မူကား အိပ်ယာပေါ်တွင် သပ်သပ်ယပ်ယပ် စောင်ချုံ လျက်၊ ပက်လက် ကလေး ရှိနေလေသည်။ သူငယ်မ၏ နံဘေး၌ သူတို့ဒေသ သူတို့အရပ်၏ ထုံးစံအတိုင်း ဘခင် ဖြစ်သူ ၏ ဘောင်းဘီဟောင်းတစုံဖြင့် ရစ်ပတ်ပိုက်ထွေးထားသော ခလေးငယ်ကို တွေ့ရပေ၏။

ဝမ်လန်းသည် ထိုနေရာသို့ လျှောက်သွားရာတွင်၊ ပဋ္ဌမသော်- စကားစ ရှာမတွေ့အောင် ဆွံ့အ၍ နေလေ၏၊ ရင်ထဲတခုလုံး ပြည့်တေ့တေ့ကြီး ဖြစ်လျက်၊ ဘ၀င်လှိုက်ဆူကာ တက်ရင်း ခလေးကို ငုံ့ကြည့်လေ၏။ အသားညိုညို မျက်နှာကလေးဝိုင်းဝိုင်း- အရေကလေးတွေ တွန့်လျက် ရှည်လျား သောဆံပင် များမှာ စွပ်စို နက်မှောင်လျက် ရှိကြလေ၏။ ထိုအချိန်တွင် ခလေးမှာ အငိုရပ်နေကာ- မျက်လုံး ကလေးများကို တင်းကြပ်စွာ မှိတ်ထားလေ၏။

ထိုနောက် ဇနီးသယ်အား လှည့်၍ကြည့်လေ၏။ ဇနီးသယ် ကလည်းပြန်၍ ကြည့်လေ၏။ ၎င်း၏ ဆံပင်များသည်၊ ကြီးစွာခံစားလိုက်ရရှာသော ဝေဒနာဒါဏ်ချက်မှ ဖြစ်ပေါ်သည့်၊ ပင်ပမ်းခြင်း ချွေးစီး တို့ဖြင့် စိုရွှဲလျက်ပင် ရှိကြသေးလျက်၊ ကျဉ်းမြောင်းသော မျက်လုံးကလေးများ သည်လည်း၊ နိမ့်ဝင် ဟောက်ပက် ပက်ကလေး ရှိနေကြကုန်၏။ ဤပြောင်းလဲချက်ကလေးများမှအပ၊ သူငယ်မ၏ ရုပ် မှာမှု ရှေးက အတိုင်းပင် ရှိလေသည်။ သို့သော်- ၀မ်လန်း အဖို့ကား- ထိုသဏ္ဍာန်မှာ သနားစဖွယ် ကလေး ဖြစ်နေ ပေ၏။ သူ၏ သနားကြင်နာသော စိတ်ဓါတ်ရေလျှင်သည်၊ သားအမိနှစ် ယောက်အပေါ်သို့ ဒဟဟော ကျဆင်း သွားလျက်။ အခြားထွေရာလေးပါးဆို၍ ဘာတခွန်းမျှ ပြောရန်စကားစ ရှာ၍ မတွေ့ တော့ မှု၍- နှုတ်ဖျား တွင် ပေါ်လာသော-
"ငါမနက်ဖြန် ကျ- မြို့တက်ပီး- မင်းကိုကြိုတိုက်ဖို့ သကြားခဲ သွားဝယ်မယ်" ဟူသော နှစ်သိမ့် အားပေး စကား ကလေး များသာ အလိုလိုထွက်သွားကာ- ခလေးကိုငုံ့ကြည့်ပြန်လျက်၊ ရုတ်တရက် သတိရ လာပြန် သကဲ့ သို့-
"နောက်ပီးတော့- ဘဲအုတခြင်းလောက်လဲဝယ် ရအုံးမယ်- အားလုံးဆေးနီဆိုးပီ၊ ငါ- သားကလေး ရပီဆိုတဲ့ အကြောင်း သတင်းလွှင့်ရင်း၊ ရွာသားတွေကမ်းရမယ်"ဟုပြောပြန်၏။

အပိုင်း (၇) ထဲမှ အခန်း (၄) ဆက်ဖတ်ပါရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, March 25, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၅၆)

လောကုတ္တရာကောင်းကျိုးရှေ့ရှုပြီ

ထို့ကြောင့် အိမ်ကြီးကိုဘုန်းကြီးကျောင်းအဖြစ် လှူပစ်ရန်တိတိကျကျ ဆုံးဖြတ်၍ မရသေး ခြင်းဖြစ်ပါသည်။ အခြားသော နည်းလမ်း တခုမှာလည်း အိမ်ကြီးကို ပြည်သူ့စာကြည့် ပိဋကတ်တိုက် နှင့် ပြတိုက်ငယ် ကလေး သဘောအဖြစ် ရည်မှန်းပြီး ၄၅နှစ်အတွင်း ကျမ ရေးသားခဲ့သော ၀တ္တုများ၊ ဆောင်းပါးစသော စာမူများ အပါအ၀င် အကုန်အစင် လှူဒါန်းချင် သေးသည်။ ဤနည်းမှာလည်း ထာဝစဉ် ထိန်းသိမ်း စောင့်ရှောက်မှု က သာ၍ ၀န်ကြီးလေး နေပြန်ပါသည်။

လှူထားခဲ့သော စာမူများမှာ နောင်သောအခါ ပြန်လည် ရိုက်နှိပ် ရောင်းချ၍ စာကြည့်တိုက် ရံပုံငွေ အလှူ အဖြစ် အသုံးချရန်ကိစ္စ၊ နွေမိုး၊  ဆောင်းရာသီ အလိုက် ကြည့်ရှု ထိန်းသိမ်း စောင့်ရှောက် မှု  စာအုပ်စာတမ်း နှင့် ပစ္စည်း များကို နိုင်ငံခြား စာကြည့် ပိဋကတ်တိုက်၊ ပြတိုက်များ ကဲ့သို့ စနစ်တကျ ထိန်းသိမ်း စောင့်ရှောက် တတ်မည့် ပုဂ္ဂိုလ်များ အထူး လိုလာဦးမည်။ ရံပုံငွေမှ ထိုပုဂ္ဂိုလ်မျိုးကို လခကြေးငွေ အများ နှင့် ထားရန် ကိစ္စကလည်း ကျမက မီလျံနာ သူဌေးကြီး မဟုတ်သောကြောင့် လုံလောက်သော ရံပုံငွေ ကို ထားရစ် ခဲ့နိုင်မည် မဟုတ်ပါ။

သို့ကြောင့် ဘယ်သို့ပြုရန် အကောင်းဆုံး ဖြစ်မည်ကို အကြံဥာဏ်ပေး နိုင်မည် ထင်သူတို့အား စကား စပ်မိတိုင်း မေးမြန်း စုံစမ်းခြင်း ပြုလျက်ရှိပါသည်။ အချို့က တက္ကသိုလ် ကျောင်း စာကြည့်တိုက် ဌာနသို့၎င်း၊ တပ်မတော် ပြတိုက် သို့၎င်း၊ အကြံဥာဏ် တောင်းရန် သို့မဟုတ် အပ်လှူဘို့ ဆွေးနွေးရန် အကြံပေး သဖြင့် အဆက်အသွယ် ပြုမည့် ဆဲဆဲ ရှိနေပါသည်။

ယင်းသို့လောလောဆယ် ကုသိုလ်ရေးနှင့် နောင်ရေး အတွက် ပြုလုပ်ရမည့် ထာဝရ ကုသိုလ် ရေးများ အတွက်ပါ ခြုံ၍ စိတ်အာရုံ ရှေ့ရှုလျက်ရှိသည့် အားလျော်စွာ အကာလိကော အခါ မလင့် ကောင်းသည့် တရားတော် အတိုင်း မဆုတ်မဆိုင်း သည်နှစ်ထည်းမှာ အပြီးသတ် ဆောင်ရွက်ရန် သန္နိဋ္ဌာန် ချထားလိုက် ပါသည်။

ကျမ ကောင်းမှုကုသိုလ် ကို စိတ်ထားသန့်ရှင်းစင်ကြယ်စွာ ပြုမူဆောင်ရွက်နေသလို တဘက်မှလည်း သွားလေရာ လာလေရာ အတူပါလျက် ကုသိုလ် ရေစက် လက်နှင့်မကွာ လိုက်နာ ကျင့်သုံးနေရသည်မှာ အတန် ကြာပြီဖြစ်၍ သက္ကစ္စ ဒါနမြောက်မှု နှင့် ကုသိုလ်၊ အကုသိုလ် တရားတို့တွင် အကြွင်းမဲ့ ယုံကြည်မှု မရှိခဲ့သူ ဖြစ်သည် တိုင်အောင် ယခုအခါ ကျမ၏အလှူဒါနများနှင့် ဆွဲဆောင်ပါ များလာသောကြောင့် စိတ်ပါ ၀င်စား လာပြီဟု ယူဆခဲ့သည်။

ဤလို မမျှော်လင့်ဘဲ င်္သကန်းဆီးခြင်း၊ တရား အားထုတ်ခြင်း စသည်အထိ မြင့်မြတ်သော လုပ်ငန်းစဉ် များကိုပါ စိတ်ဝင်စားလာသော အချိန်မှာ ကျမက ဘာသာရေးတွင် သံသယများ ၀င်ခဲ့မိသော အတိတ် ဖြစ်ရပ်စဉ် ကိုပင် မေ့လျော့သွားပါသည်။ အတိတ်ဖြစ်ရပ် စဉ်ဆိုသည်မှာ လွန်ခဲ့သော ၁၀နှစ်ခန့်က ကျမ စိပ်ပုတီး စိပ်သောအခါ မြင်လျှင်ပြုံးရယ် ပြောင်လှောင်ခြင်း ပြုတတ်သည်။ အလှူအတန်း ပြုလျှင် နောင်ဘ၀ နတ်ပြည်ရောက်ဘို့ ဟု ပြက်ရယ်ပြုသည်။ ဘာသာရေး မှိုင်းမိနေသူ တဦး ဟူ၍ အထင်သေး လေ့ရှိသော ၀ါရင့် ကွန်မြူနစ် ကြီးများ၏ အပြုံးအလှောင်မျိုးသာဖြစ်ပါသည်။

သို့ရာတွင် ထိုစဉ်အခါက အမှတ်မဲ့နေခဲ့သည့် ဗုဒ္ဓဘာသာကို ငယ်စဉ်အခါက ဆရာကောင်း မိဘကောင်း များနှင့် နေခဲ့ရသူတွေသာ နက်နက်နဲနဲ အစွဲနာလေ့ ရှိသည်။ မိဘဘိုးဘွားက ဘာသာရေး၌ ပေါ့ပေါ့ဆဆ နေလာလျှင် သားမြေးဖြစ်သူ တို့မှာ သာ၍ ဘာသာရေးနှင့် ကင်းဝေး နေတတ်သည့်ဖြစ်ရပ်များကို နားလည် ထားဘူး သဖြင့် အသက်ကြီးလာမှ တဖြည်းဖြည်း ဆွဲဆောင် သိမ်းသွင်း ယူတော့မည်ဟု ကြိုးရှည် နှင့် လှန်ထားခဲ့ခြင်းဖြစ်ပါသည်။

ယနေ့လက်ရှိအခြေအနေမှာ ဘာသာရေး၌လေးစား ကိုင်းညွှတ်လာရုံမက ရဟန်းဘ၀ပင်ရောက် သည့် အခြေ အထိ တိုးတက်ယဉ်ပါးမှုရှိလာပြီဖြစ်ရာ ကျမသည်သူ့ဘ၀အမွန် အမြတ်ဆုံးသော ဘာသာတရား၏ တောင်ထွဋ် တောင်ထိပ်ဖျား အထိ သွေးဆောင်ခေါ်ယူကြည့်၍ ရလာလိုက် လာသဖြင့် 'တကဲ့ စေတနာ' ဟူသော ယုံကြည်ချက် တခုကို လက်ကိုင်ထား၍ များစွာဝမ်းမြောက် ၀မ်းသာ ဖြစ်နေပါသည်။

ဘယ်လောက်အထိများ စိတ်ကူးယဉ်လိုက်ပါသနည်းဟု မရှက်မကြောက် အမှန်အတိုင်းကို ၀န်ခံ ရမည် ဆိုလျှင် သူသာလျှင် အကျွတ်တရားဝင်ပြီး သင်္ကန်းဆီးရင်း အရိုး ထုတ်သွားနိုင်လျှင် ကျမ ကလည်းရှိ သမျှ ပစ္စည်းဥစ္စာများ လှူဒါန်း ပေးကမ်းခွဲဝေခဲ့ပြီး လူ့လောက ကြီးကို ကျောခိုင်းကာ တနေရာစီခွဲ၍ လောကုတ္တရာ ကောင်းကျိုးကို ရှာနေမည်၊ ရှေးအခါက ကုဋကြွယ်ဝသော သူများပင်၊ ပစ္စည်းဥစ္စာ လယ်ရာမြေ စွန့်ပစ်လှူဒါန်းပြီး တောတဲ့တောင်ထဲထွက်၍ လောကုတ္တရာစီးပွားရှာနိုင်ကြသေးလျှင် သည်ခေတ် မယ်မယ်ရရ ပစ္စည်းရှင်ကြီးများ မဟုတ်သေးသူ ကျမတို့ အဘို့က ဘာမှ နောက်ဆံ ငင်ဘွယ်ရာ မရှိဘု တွက်ဆမိခြင်းဖြစ်ပါသည်။

စင်စစ်တော့ အသက် အရွယ်ငယ်စဉ်က ဆိုလျှင် ဒီအတွေးအခေါ်မျိုးပေါ်လာဦးမည် မဟုတ်သေးပါ။ ယခု အရွယ် တွေက ၆၀ ပတ်ဝန်းကျင် မှာ ရောက်နေကြသည်။ နောက်ဆံ တင်းစရာလည်း မရှိသဖြင့် အချိန်အခါ နှင့် သင့်တော်သော အတွေးအခေါ်မျိုး ပေါ်ပေါက်လာ ရခြင်းသာ ဖြစ်ပါသည်။ လောကုတ္တရာ အကျိုးစီးပွား ရှာရာ၌ မရောင့်ရဲ နိုင်သော စိတ်ဓါတ် နှိုးဆွမှု ဟူ၍လည်း ဆိုနိုင်ပါသည်။ သို့ရာတွင် မျှော်လင့် ချက်ကြီးသည် နှင့် အမျှ ဖြစ်ချင်သော်လည်း မဖြစ်ရမည့်အခြေအနေက ပေါ်ပေါက်လာကြရလေပြီ။

ကြေနပ်ဖွယ်ရာမရှိသော စီမံမှုများ


အိမ်မက်ဟောင်း တခုတွင် ကြည်လင် သာယာကြည်နူးနေသူ ကဲ့သို့ လောကုတ္တရာအကျိုး စီးပွားရေး တည်းဟူသော စိတ်ကူးယဉ်ရေကြော ၌ မျောကောင်းနေသောအချိန် ဖြစ်ပါသည်။ နိဗ္ဗိန္ဒချောင်သို့သွားရန် လှူစရာ မုံ့သစ်သီး စသည်များကိုလည်း ပြင်ဆင် ထည့်သို့ စေခိုင်း ထားမိသည်။ ဤအတောအတွင်း နိဗ္ဗိန္ဒချောင် မှ အကြောင်းကြားစာကို သတင်းစာတိုက်မှ လာပြပါသည်။

ထိုစာက နိဗ္ဗိန္ဒချောင်မှ ဦးပဉ္ဇင်းကြီး ရန်ကုန်ပြန်လာမည်။ သြဂုတ်လ၇ရက် နေ့လောက် ရောက်မည် ဟူ၍ ပါလာသည်။ သို့ဖြစ်လျှင် ကျမတို့ တခေါက်သွားရန် မလိုတော့ပေ။ တလလောက် တရား အားထုတ် နေမည် ဆိုပြီးမှ ဘာကြောင့် ပြန်လာရသည် ကို မသိပါ။ သို့သော် အလုပ်တိုက်မှ အလုပ်သမား ခေါင်းဆောင် များနှင့် ငယ်သား တို့မှာ သူတို့ဆရာ ဦးပဉ္ဇင်းကြီး ပြန်လာမည် ဆိုသောကြောင့် အလွန် ၀မ်းသာ နေကြပါသည်။ သူတို့သည် တသက်နှင့် တကိုယ် မမျှော်လင့်ဘဲ သင်္ကန်း ၀တ်ထားသော ဆရာဦးပဉ္ဇင်းကြီး အား အမြန်ဆုံးတွေ့ချင်ကြသည်။ ကန်တော့လိုကျသည်။ ရန်ကုန် ရောက်အောင်ပင် မဆိုင်းနိုင် ကြဘဲ အလုပ်သမားအသိုင်းအ၀ိုင်း တစုက ထောက်ကြံ့ လမ်းဆုံမှ သွားရောက်ကြိုဆိုကြ မည်ဟု စီစဉ်ကြသည်။

ရောက်ပြီး နောက်တစ်နေ့မနက်မှာ ဆရာဦးပဉ္ဇင်းကြီး နှင့် တကွ အခြား နီးစပ်ရာ ဘုန်းတော်ကြီးများ အားပင့်ပြီး ဆွမ်းလုပ် ကျွေးကြမည်။ သည်ကိစ္စကုန်ကျ စရိတ်တွေကို အလုပ်တိုက်ရှိ အလုပ်သမား အားလုံး က သူတို့၏ချွေးနည်းစာ လခထဲမှ စုဆောင်း၍ ကုန်ကျခံမည်ဟု ၀မ်းမြောက်ဝမ်းသာ စီစဉ်နေကြပါသည်။ ကျမ ကလည်း သူတို့တတွေ၏ စိတ်အားထက်သန်မှုနှင့် စေတနာကို သာဓုခေါ်မိသည်။ ကူညီလိုသည့် ဘက်မှ ဖြည့်စွက်ပေးဦးမည်ဟူ၍လည်း ပြောထားပါသည်။

ယင်းကိစ္စ အ၀၀များအာ မောင်နှစ်မ၀မ်ကွဲ မန်နေဂျာကသာ ကျမကိုလာပြောသည်။ အလုပ် သမားများအစ အယ်ဒီတာ အဖွဲ့ အဆုံး ကျမနှင့်လုံးလုံး တွေ့ဆုံရသည်မရှိပါ။  အိမ်ဝမှ လှမ်းကြည့်လိုက်သောအခါ သူတို့ တတွေ ၀မ်းမြောက်ဝမ်းသာ စုရုံးလှုပ်ရှားနေကြ သည်ကိုတော့ တွေ့မြင်ရပါသည။် အလုပ်တိုက်မှ အသုံးချသော ကားများအပြင် လူပေါင်းတရာကျော် အတွက် ထောက်ကြံ့ဘက် သွားကြိုစရာ ဘတ်စ်ကားကြီး များလည်း ငှါးရမ်းထားကြသည်။ ဆွမ်းကျွေး တရားနာကိစ္စတွေ တာဝန် ဝေခွဲ စီစဉ်လျက် ရှိကြသည်။

ဦးပဉ္ဇင်းကြီး ပြန်လာလျှင် အိမ်ကြီးပေါ်ရှိ အိမ်ဦးခန်းမှာ ကျယ်ဝန်းသည်။ မကြာခဏ ရဟန်းတော် အာဂန္တု များ လာတိုင်းလည်း သည်အိမ်ဦးခန်းမှာဘဲ တည်းခိုလေ့ရှိကြပါသည်။ သို့ရာတွင် ယခု ပို၍ သင့်တော်သော နေရာ ထိုင်ခင်း အဆောက်အဦသစ် တခုက အရံသင့် ရရှိထားပါသည်။ ထို အဆောက်အဦးသစ် မှာ အိမ်ကြီး နှင့် အလုပ်တိုက်ကြားတွင် ရှိသော မော်တော်ကားရုံနေရာ မှာ အုတ်ခံပျဉ်ကာ နှစ်ထပ်အိမ် အဆောက်အဦး သစ်ကလေး ဆောက်လက်စ အပြီးသတ်ဆဲ ရှိနေပါ သည်။

အောက်ထပ်မှာ ကား၃စီးစာ ထားလောက်အောင် ကျယ်သောကားရုံအဖြစ် အသုံးပြု၍ အပေါ်ထပ်မှာ သတင်း စာတိုက် အယ်ဒီတာများအတွက် စာကြည့်တိုက်အဖြစ် အသုံးချရန် ရည်ရွယ် ဆောက်လုပ် ထားသည်ဟု ဆိုပါသည်။ ထိုအဆောက်အဦးငယ်ကို စတင်ဆောက်လုပ်စဉ် အခါက ကျမသည် ငပလီမှာ ရှိနေဆဲ ဖြစ်ပါသည်။ မော်တော်ကားရုံ နေရာကို စာကြည့်တိုက်လုပ်ရန် ပြုပြင်ဆောက်လုပ်နေသည်ဟု ကျမအား ဘယ်သူမှ စကားစပ် ၍ မပြောကြသဖြင့် လုံးဝမသိရပါ။ ငပလီမှပြန်ရောက်လာမှ အံ့အားသင့်စွာ တွေ့မြင် ရခြင်း ဖြစ်ပါသည်။

သည်အဆောက်အဦး ကလေး ကို မြင်တော့ကျမက ဆောက်လုပ်မည်ဆိုလျှင် ကြိုတင် အကြောင်း ကြား သင့်သည်။ ကျမ ကြိုက်နှစ်သက်သော ပုံစံမှာ အသစ်ဆောက်မည့် အတူတူ ခေတ်မှီသော နိုင်ငံခြား ပုံစံကလေး ဖြစ်စေချင် ပါသည်။ ယခုလို တောဆန်ဆန်ပျဉ်ထောင်ကွက်ကြားနှင့် ပုံမျိုးကို  လက်မခံချင်ပါ။ အုတ်လွှာခြင်းနှင့် မကာရံဘဲပျဉ်ပြားတွေကို ကာရံထားခြင်းဖြင့်လည်း မီးဘေး အန္တရာယ်ကို စိုးရိမ် စရာရှိသည်။ စောစောကသိလျှင် ပြင်နိုင်သည်။

ယခုတော့ ဆောက်ပြီး သွား၍ ဆေးဖြူများပင်သုတ်နေပြီဖြစ်သောကြောင့် ပြုပြင်မဖြစ်တော့ဟု အပြစ် တင်သည်။ ဘယ်သူမှ အစီအမံ နှင့် ဆောက်စေသည်ကို စုံစမ်းသောအခါ အမိန့်အရ မန်နေဂျာက မောင်စန်းမောင် ဆိုသူကို လွှဲအပ်ဆောက်လုပ်စေသည်ဟု ပြောပါသည်။ ၎င်း မောင်စန်းမောင် ဆိုသူမှာ နှစ်ပေါင်း ၂၀အတွင်း အိမ်သို့ဝင်ထွက်သွားနေသည်ကို မတွေ့ရဘူးပါ။ လွန်ခဲ့သော ဗိုလ်ချုပ်နေ၀င်း အစိုးရလက်ထက် ရောက်မှ ပြည်သူ့အိုးအိမ်ဌာနတွင် အလုပ်လုပ်နေရာက အလုပ် ထွက်လာခဲ့ ရသူ ဖြစ်ကြောင်း သူနှင့် ဆွေမျိုးနီးစပ်တော် ကြောင်း သိရသည်။ တန်ခူးလ က လင်မယားနှစ်ယောက် ကျမကို လာကန် တော့ဘူးသည်။ အလုပ် မရှိ၍ ဗမာ့ခေတ် အလုပ်တိုက် က အကူအညီ ပေးနေရသည်ဟုလည်း သိရှိ ရပါသည်။

နှစ်ပေါင်း ၂၀ ဇာတ်သိမ်း၏ အစ ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၉)

နှစ်သစ်ကူးသည့်နေ့၌၊ ဦးလေးဖြစ်သူနှင့် အိမ်နီးနားချင်းများ အိမ်သို့ တပြုံတခေါင်းကြီးရောက်လာ ကြကာ စားကြ သောက်ကြ မူးယစ်ကြ နှင့် သူ့အဖေနှင့်သူ့အား နှစ်သစ်ကူးဆုတောင်း အမျိုးမျိုး တောင်းကြ ပေးကြသည်ကိုလည်း ၀မ်းလန်းမှာ အကြီးအကျယ် စိတ်နောက်ကျိမိလေ၏၊ ဆေးဆိုးထား သော လမုန့် များအား ထိုလူသိုက်ကဲ့သို့သော သာမန်လူများကို ထုတ်ကျွေးနေရမည် စိုးသဖြင့်လည်း လုံလုံခြုံခြုံ မမြင် ကွယ်ရာ သို့ သွားဝှက်ထားလေ၏။ ဤသို့ ၀ှက်ထားရင်းကလည်း ထုတ်ကျွေးသော အဖြူသက်သက် လမုန့် ရိုးရိုး တို့ကိုပင် " အရသာရှိပါပေသည် ကောင်းလှပါပေသည်" စသည်ဖြင့် ချီးမွမ်းထောပနာ ပြုသံကြားရသော အခါ၌ "အရောင်နဲ့ မုန့်တွေလဲစားကြည့် ကြစမ်းပါအုံး ဗျာတို့"ဟု မကြွားလိုက်မိအောင် မနည်း စိတ်ထိမ်း ပါးစပ်ပိတ်ထားရလေ၏။

မိန်းမတွေ တယောက်အိမ်တယောက် သွားရောက်လယ်ပတ်ကြသည့် နှစ်ဆန်း ၂-ရက်နေ့သို့ ရောက်လာ ခဲ့သော အခါ၌ကား ယမန့်နေ့က ကောင်းကောင်းစား၍ ကောင်းကောင်းမူးခဲ့သော ၀မ်းလန်း မှာ မယား နှင့် အတူ မနက်အစောကြီး အိပ်ရာမှထလျက် သူငယ်မက ခလေးအား သူကိုယ်တိုင် ချုပ်လုပ်ပေးထားသော ကုတ်အင်ကျီ အနီကလေးကို၎င်း  ကျားပါးစပ်ဘိနပ် ကလေးကို၎င်း ၀တ်စားဆင်ပြင်ပေးကာ နှစ်သစ် မကူး ခဲ့မီ တနေ့က ၀မ်လန်း ကိုယ်တိုင် ခေါင်းရိပ် ပေးထား၍ ပြောင်နေသော ခလေး၏ ခေါင်းတွင်လည်း ရွှေရောင် ဘုရား ရုပ်ပွားတော်ကလေး တဆူပုံ ဇာအပ်နှင့်ထိပ်တွင် ထိုးပေးသည့် ဦးထုတ်ကလေးကို စွပ်ပေးပြီးလျှင် ခလေးအား အိပ်ရာပေါ်၌ ချထားလိုက်လေ၏။

ထို့နောက် အိုလင်သည် ရည်လျားနက်ပြောင်သော သူ့ဆံပင်များကို ဘီးတခုဖြင့် ဖီးရင်း နောက်တွဲ ကလေး ထုံးလျက် သူ့ချစ်လင် ၀ယ်ပေးထားသော ငွေရေပွတ် ကြေးဆံထိုး တချောင်းဖြင့် ထိုးစိုက်လိုက်ကာ အထည်ဆိုင် က အတောင်ကောင်းသဖြင့် ပိတ် ၂၄တောင်ဝယ်ရာတွင် ၂တောင် ပို၍ပါလာသော ပိတ်စမှ တ၀က်ကို လင့်အတွက် ကုတ်အကျီတထည်ချုပ်ပြီး သူ့အတွက် ချုပ်ထားသည့် ပိတ်အကျီအနက် ကို ၀တ်ဆင်နေစဉ် ၀မ်လန်း ကလည်း ခလေးကိုချီလျက် သူငယ်မ က မုန့်ဆွဲခြင်းကို ဆွဲပြီး အိမ်မှ ထွက်ကြ လျက် လယ်ကန်သင်းတွေ အတိုင်း လျှောက်လာခဲ့ကြ လေသတည်း။

ဟွမ်၏ အိမ်ဝင်းဝသို့ ရောက်သွားကြသော အခါ ၀မ်လန်း မှာ ဆုထူးတခု နှင့် တွေ့နေလေ၏ ။ အကြောင်းမူ ၎င်းတို့ အားမြင်လျှင်ပင် တံခါးစောင့်သည် ပါးပေါ်ရှိ မှဲ့ကြီးမှ ပေါက်နေသည့် မင်းမွေး များကို လက်နှင့် လိမ်ကျစ်ရာမှ။
"အား... လယ်သမား ၀မ်ပါလားဟေ့ ဒီတခါတော့ တယောက်တည်းမဟုတ်တော့ဘဲ သုံးယောက် တောင်ဖြစ်နေ မှကိုး"ဟု ပြောဆိုရင်း ၎င်းတို့ချီလာသည့်သား ယောကျာ်းကလေးကို၎င်း ၀တ်စား ဆင်ပြင် လာသည့် အ၀တ်သစ်အစားသစ် များကို၎င်း ကြည့်ပြန်ကာ" မင်းတို့ရဲ့ ဇာတာစန်းလာဘ် က တက်ပြီး ဖြစ်နေတော့ အခုနှစ်အတွက် အထွေထွေထူးထူး ဆုတောင်းနေဘို့တောင် မလိုတော့ပါဘူးကွာ"ဟု ပြောဆို ပြန်လေ၏ ။

ထိုအခါ ၀မ်လန်းက အဆင့်အတန်းချင်း မကွာလှသော ဂုဏ်ရည် တယောက်အား ပြန်ပြောပုံမျိုး အရေုး မစိုက် ဟန်နှင့်ပင်။
"အရောင်းအ၀ယ်ကထပွလို့ပေါ့ဗျာ ထပွလို့ပေါ့"ဟု ပြောဆိုရင်းဝင်းထဲသို့ရဲရဲဝံ့ဝံ့ စိတ်ချလက်ချနှင့် လှမ်းဝင်လိုက်လေ၏
တံခါးစောင့်လည်း သဘောကျသွားလျက် ၀မ်လန်းအား "ငါမင့်မိန်းမနဲ့မင့်သားကလေးအထဲခေါ်သွားတုံး မင်း ငါ့အခန်းစုတ် ကလေးထဲမှာ နေရစ်ခဲ့တာ ပေါ့"ဟု ပြောဆိုလေရာ ၀မ်လန်းသည် ထိုနေရာတွင်ပင် ခေတ္တ ရပ်လျက် အိမ်ရှင်မကြီးကိုပေးရန် လက်ဆောင်တွေနှင့် ဘုံဆောင်တွေ တဆောင်ပြီးတဆောင် ဖြတ်သန်း ရင်း ၀င်သွားနေကြသော သားအမိနှင့် တံခါးစောင့်အား မျှော်ကြည့်နေလေ၏။ ဤကား သူ ဂုဏ်တက်ဘို့ပင်တည်း လမ်းကလေးအတိုင်း ဘုံဆောင်တွေအောင် တဆောင်ပြီးတဆောင်ဖြတ်ကာ ၀င်သွားနေသော လူတွေ တဘက်သို့ချိုး၍ ကွယ်ပျောက်သွားမှ ၀မ်လန်းသည် တံခါးစောင့်၏ အိမ်သို့ လျှောက်ခဲ့လေရာ တံခါးစောင့်ကတော် ကျောက်ပေါက်မာ နှင့် မဟ၀ါက ဧည့်ဝတ်ကျေပွန်စွာဖြင့် အလယ်ခန်း ၌စာပွဲတလုံးဘေးတွင် နေရာ ထိုင်ခင်းများ ပေးလေ၏။

ထို့နောက် လဘက်ရည်တခွက် ပင် ဖျော်၍ တည်လေသေးသည်ကို ၀မ်လန်းသည် ခေါင်းကလေး ညိမ့်သည်ဆိုယုံညိမ့်၍ လဘက် ရည်ပုဂံကို လှမ်းယူပြီး ရှေ့တွင် ချထားလိုက်လေ၏။ သို့သော် လဘက်ခြောက် ပင် ညံ့နေသလိုလို မသောက်ဘဲ ဟိတ်ဟန်နှင့်နေလေ၏။

အချိန် အတော်ပင် ကြာသွားသလိုလို ရှိမှသားအမိ ၂ယောက် နှင့် တံခါးစောင့်သည် ပြန်ရောက်လာ၏ ၀မ်လန်းသည်ချောချောမောမော မှ ရှိလာပါရဲ့လားဟု မယားသည်၏ မျက်နှာကို အတန်ကြာနီးနီးကပ် ကပ် သေချာ အကဲခတ်၍ ကြည့်နေမိလေ၏။ သို့ကြည့်မိခြင်းမှာ ဘယ်လောက်ပင်ဆိုဆိုဆဲဆဲ မျက်နှာမပျက် အရေထူထူ နှင့် ခံနိုင်ရည်ရှိသော ဇနီးသည်၏ ရိုးသားလှသည့်မျက်နှာကလေးမှာ  ယခုအခါ အနည်းငယ် ထူးခြား ပြောင်းလဲ၍ လာခြင်းကို အကဲခတ်မိသောကြောင့်ပင် ဖြစ်လေ၏။ သူငယ်မ၏ အမူအယာမှာ စိတ် လေးလေးပင်ပင်  ရှိလာသည့် အသွင်ကို ဆောင်နေရကား ယခုကိစ္စ နှင့် လာခဲ့ရာ၌ မိမိကိုယ်တိုင် ၀င်လိုက်မသွားနိုင်ခဲ့သော အိမ်ထဲတွင် ဘာတွေဖြစ်လာသည် မယားထံမှ မကြားမသိရမီ အတွင်း စိတ်မရှည်နိုင်အောင် ယားကျိကျိ ဖြစ်လာလေ၏။

တံခါးစောင့် နှင့် သူ့ဇနီး ကျောက်ပေါက်မာ နှင့် မဟ၀ါအား ခတ်မြန်မြန်ပင် ဦးညွှတ်နှုတ်ဆက်လျက် အိပ်ပျော်နေကြပြီဖြစ်သော ခလေးကိုချီရင်း မယားသည်အိုလင်အား ခေါ်၍ ခြေကုန်သုတ် ထွက်လာခဲ့ရာမှ။
"ဘယ်နှယ့် လဲဟေ့"ဟု နောက်မှတကောက်ကောက် လိုက်လာနေသည့် ဇနီးသည်အား လည်ပြန်ကြည့်ရင် စလိုက်လေ၏ သို့သော် နှေးကွေးအေးစက်လှသော ဇနီးကိုကြည့်ရင်း စိတ်မရှည်နိုင်အောင် ဖြစ်ရ ပြန်လေ၏။ သူ့ဇနီးကား အနားရောက်အောင် အနည်းငယ် ကပ်လာပြီး လေသံဖြင့် "မေးလို့ရှိမှ ကျုပ်တော့ ဒီနှစ် သူတို့တတွေ နဲနဲပမ်းနေပြီလို့ ထင်တာဘဲ"ဟု ဆင်းရဲဒုက္ခ ရောက်သူ နတ်အား ရိုးမယ်ဖွဲ့၍ ထိတ်ထိတ် လန့်လန့်နှင့် ပြောသံမျိုး ပြောလေ၏။ "မင့်ဟာက ဘာအဓိပ္ပာယ်လဲကွ" ဟု ၀မ်လန်းက ပြန်မေးလေ၏။

သို့သော်သူငယ်မကား မြန်မြန်ထက်ထက် မရှိ စကားတလုံးနှင့်တလုံး မနည်းစဉ်းစား၍ ပြောနေရသ ကဲ့သို့။
"သခင်မကြီး ဒီနှစ်ဒီအင်ကျီဘဲ ခါးကမချွတ်ဘူး ဒါမျိုး တခါမှမတွေ့ခဲ့ရဘူးဘူး ခိုင်းတဲ့ ကောင်မတွေလဲ အ၀တ်သစ် အစားသစ် နဲ့ မဟုတ်ကြဘူး"
တဖန် စကားရပ်သွားပြီးနောက် ဆက်လက်၍-
"ခိုင်းတဲ့ ကောင်မတွေဆို ဘယ်ဟာမှ ကျုပ်လောက်တောင် အ၀တ်အစားမပြောင်လှဘူး"
အနည်းငယ် ရပ်ပြီးနောက် ဆက်လက်၍  ....
"ပီးတော့ သခင်ကြီးနဲ့ အပျော်မယားတွေက မွေးခဲ့တဲ့ ခလေးတွေဆိုရင်လဲ ကျုပ်တို့သားကလေး လောက် လှတာရော အ၀တ်အစားပြောင်တာရော ကို တယောက်မှ မတွေ့ခဲ့ရဘူး"ဟု ပြောလေ၏။ သို့ပြောရင်းက သူငယ်မ ၏ မျက်နှာမှာ ပြုံးရောင်ရောင် ဖြစ်လာသည်ကို တွေ့ရလေရာ ၀မ်လန်းလည်း ကျယ်လောင်စွာ ရယ်မိသွားလျက် သားကလေး ကို မြတ်နိုးလှစွာ ရင်ခွင်တွင်အပ်၍ ထားလိုက်လေ၏။

"တယ်တော်တဲ့သားကွ...တယ်တော်တဲ့သား"
အလွန်အကြူး ဘ၀င်မြင့်သွားရာမှ ရုတ်တရက် ထိတ်လန့်သွားမိပြန်လေသည်။
သားချောသားလှ ကလေးကို ပိုက်၍ တစ္ဆေမှင်စာ တွေ အနားက ဖြတ်၍ သွားခိုက်နှင့်များ ကြုံလျှင် မြင် သွားအောင် လမ်းလယ်ခေါင်ကြီး အကာအကွယ်မရှိ လျှောက်နေကြခြင်းမှာမည်မျှ မိုက်မဲ အဆင် အခြင် ကင်းလှဘိ သနည်း။

ကုတ်အင်ကျီ ကျယ်သီးကို ကဗျာကသီ ဖြုတ်လိုက်ပြီး ခလေး၏ ခေါင်းကလေးကို အင်ကျီအောက်သွင်း လျက် ရင်ခွင်နှင့် အပ်ထားလိုက်ရင်း အသံကျယ်ကျယ်ပြုကာ...
"ကွာ လူတိုင်းကအော့နှလုံးနာ နေတဲ့ ကျောက်ပေါက်မာဘရဖြစ်နဲ့ ဒို့သမီးကလေး ဘယ်လောက် သနားစရာ ကောင်းလိုက်ပါဘိ မြန်မြန်သေသွားအောင် ဒို့ဆုတောင်းလိုက်ကြပါစို့ကွာ"ဟု ပြောလိုက် လေ၏။
"ဟုတ်တယ်ဟေ့.. ဟုတ်တယ်" ဟု ဇနီးကလည်း ဘယ်လိုသဘောနှင့်ပြောလိုက်သည်ကို ခတ်ရေးရေးမျှ ရိပ်မိ လာရင်း ရှေ့လောကြီးနိုင်သမျှ ရှေ့လောကြီးကြီးနှင့် ပြန်ပြောလိုက်လေ၏။
ခလေးအတွက် ဤသို့အကာအကွယ်များ ပြုလုပ်လိုက်ပြီး နောက်စိတ်သက်ရာရသွားကာ ၀မ်လန်း က "သူတို့ဘာပြုလို့ စီးပွားလျော့သွားတယ်ဆိုတာ မင်းစုံစမ်း မကြည်ခဲ့ဘူးကွ"ဟု ထပ်၍မေးပြန်လေ၏
"အရင်က ကျုပ် သူ့လက်အောက်မှာ အလုပ်လုပ်ခဲ့ရဘူးတဲ့ ထမင်းချက်ကြီး တယောက်နဲ့တော့ နှစ်ယောက်ချင်း တိုးတိုး ပြောခဲ့ရတယ်။

သူက ဘာပြောသလဲ ဆိုတော့ သားငါးယောက်က တခြား နိုင်ငံမှာသွားပြီး ငွေတွေ ရေလို ဖြုန်း မယားတွေ တယောက်ပီး တယောက်ယူ အီလာရင်တယောက် ပြီးတယောက် ကန်ထုတ် သခင်ကြီးကလဲ အိမ်မှာ အပျော်မယားတွေ တနှစ် တယောက် တိုးလိုက် နှစ်ယောက် တိုးလိုက် သခင်မကြီးကလဲ တနေ့ တနေ့ဘိန်းရှုလိုက်တာက ရွှေတွေ ခြေကျင်းဝတ် မြုပ်လောက်အောင်ကုန်နေတော့ ဒီအတိုင်းသာ ဆိုရင် ဒီအိမ်ဟာ ကြာကြာ မခံတော့ဘူးလို့ ပြောလိုက်တာဘဲ" "တကယ်ဘဲလားကွ" "နောက်ပီး တတိယ သမီးတယောက် လဲ အခု မိုးတွင်း မှာ လက်ထပ်တော့မလို့တဲ့" ထိုနောက် ဆက်လက်ကာ "ပီး သူတို့တင်ရမဲ့ ခန်းဝင်ပစ္စည်းကလဲ မင်းသားတပါး ပြန်ပေးလုပ်တဲ့ ငွေလောက် မြို့ကြီးပြကြီး မှာ အစိုးရရာထူး တခုခု ၀ယ်ယူနိုင်တဲ့ ငွေလောက်များသတဲ့၊ သတို့သ္မီးကလဲ အကောင်းဆုံး ပိုးဖဲတွေ က လွဲလို့ဘာမှ မ၀တ်ဘူးတဲ့ စူချောင် နဲ့ဟန်ချောင်မှာ ဆိုးတဲ့ပန်းပွင့်ပန်းခက်တွေ နဲ့မှ သုံးသတဲ့ နောက်ပြီးတော့ ရှံဟဲ က စက်ချုပ်တဲ့ လူကိုလဲ သူ့နောက်လိုက် နောက်ပါ တပည့်တပန်းတွေနဲ့ နိုင်ငံခြား က မိန်းမတွေဝတ်တဲ့ အ၀တ်အစားမျိုးထက် ခေတ်နောက်မကျအောင် ခေါ်ယူပြီး ချုပ်ခိုင်းမတဲ့"
"နေပါအုံးကွာ ဒါလောက်တောင် အကုန်ကျခံပြီးတော့ ဘယ်သူနဲ့များ လက်ထပ်မှာတဲ့လဲကွ"ဟု ၀မ်လန်းမှာ ငွေတွေဒလဟော အကုန်ခံမည်ဆိုခြင်းကို ချီးမွမ်းခြင်းထိတ်လန့်ခြင်း ရောပြွမ်းလျက် မေးလိုက်မိလေ၏။

"ရှံဟဲက တရားသူကြီးတယောက်ရဲ့ ဒုတိယမြောက်သားနဲ့တဲ့"ဟု သူငယ်မက ဖြေဆိုကာ အတန်ကြာပင် စကားပြတ် သွားပြီးနောက်မှ ဆက်လက်၍...
''သူတို့တော့ ဆင်းရဲသည်ထက်ဆင်းရဲတော့မှာဘဲ ဘာပြုလို့လဲဆိုတော့ သခင်မကြီး ကိုယ်တိုင် ကျုပ်ကို ပြောလိုက်တယ်၊ သူတို့ ဟိုအိမ်တောင်ဘက်က ဟို..မြို့ဝင်တံခါးရှိတယ်မဟုတ်လား အဲဒီမြို့တံခါး အပြင်ဘက်နားက လယ်တွေကိုရောင်းပစ်တာ့မတဲ့ ဒီလယ်တွေဟာ နှစ်တိုင်းစပါးစိုက် နေတဲ့လယ်တွေ မြို့ရိုးနားကကျုံးနဲ့နီးတော့ ရေကောင်းကောင်းရတဲ့ လယ်တွေပေါ့'' ဟုပြောလေ၏။
''ဘာ... လယ်တွေ ရောင်းပစ်တော့မယ်'' ၀မ်လန်းမှာ လိပ်ပတ်လည်၍  လာလေ၏၊ ဒါဖြင့်ရင် သူတို့တကယ် ဆင်းရဲလာတာပေါ့ လယ်ဆိုတာဟာ လူတယောက်ရဲ့ အသွေးနဲ့အသား'' ဟုပြောလေ၏။
အတန်ကြာ ဆက်လက် လျှောက်လာခဲ့ကြရာမှ ရုတ်တရက် အကြံတခုပေါ်လာဘိသကဲ့သို့ လက်ဝါးဖြင့် ခေါင်းကိုပွတ်ရင်း။

''ငါမစဉ်းစား မိဘူးကွာ''ဟု အော်လျက် ဇနီးသည်ဘက်သို့လှည့်ပြီး ဒို့ ဒီလယ်ကိုဝယ်မယ်'' ဟုပြောလေ၏။
ထိုနောက် တယောက်မျက်နှာကို တယောက်စိုက်ကြည့်နေကြလေ၏ သူကား ၀မ်းသာ အားရနှင့် သူငယ်မ မူ စိတ်အိုက်လျက်....
'''ဒါပေမဲ့ ဒီလယ်ကဒီလယ်.....''
သူငယ်မမှာ ရှေ့မဆက်နိုင်။
''ငါဝယ်မယ်လကွာ ငါ-ဟွမ်အိမ်က ၀ယ်ယူလိုက်မယ်ကွ'' ဟု ၀မ်လန်းက သခင်သံ အထက်သံ ဖြင့် အော်ပြောလိုက်ပြန်၏၊
''သိပ်ဝေးလွန်းတယ်တော့ နေ့တ၀က်လောက် လျှောက် မှ ရောက်မှာ'' ဟု သူငယ်မ က တွန့်ဆုပ်တွန့်ဆုပ် နှင့် လုပ်နေ၏။

အို-ဝယ်မယ်ကွာ
မိခင်က တားသည့်အခါ စိတ်ကောက်ကောက် နှင့် ပြန်ပြောသော ခလေးငယ်လို ဝမ်လန်းက ဇွတ်တိုး၍ ပြောပြန် လေသည်။
လယ်ဝယ်တယ် ဆိုတာ က ကောင်းသပေါ့နော် ပိုက်ဆံတွေ မြေကြီး ထဲ မြုပ်ထားတာ ထက်တော့ အားကြီး ပိုကောင်း သပေါ့ ဒါပေမဲ့ တော့် ဦးလေး လယ်တွေထဲ ကတော့ ဘာပြုလို့မဝယ်သလဲတော့် ဦးလေး က ကျုပ်တို့ အခု ရှိတဲ့ ဟိုအနောက် ဘက်ကွင်းတွေနားက သူ့လယ်ကို ရောင်းချင်လွန်းလို့ နံ့နံ့ တက်နေတဲ့ ဥစ္စာ ဟု သူငယ်မက စကားပြေ ထိုးလေ၏။
"ငါ့ဦးလေး လယ်လား ၀ယ်ချင်ပါဘူး အနှစ် ၂၀-လုံးလုံးဟာ လယ်ထဲ နှောက်ချေး မှ ခင်းဖေါ်မရ နှမ်းဖတ် မှ ဖြန်းပေါ်မရ စပါးသာတရိတ်ထဲ ရိတ်ယူနေတာ မြေတွေဟာ ထုံးခြောက်ခဲ ဖြစ်နေပြီ ဟင့်အင်း ငါ့တော့ ဟွမ် လယ်ဘဲဝယ်မယ်"ဟု ၀မ်လန်းကျယ်လောင် ကျယ်လောင် ပြန်ပြော၏။

သို့ပြောရာဆို၌ "ဟွမ်-လယ်" ဟူသော စကားများကို သူ့ အိမ်နီးချင်းလယ်သမား "ချင်းရဲ့လယ်" ဟူ၍ ပေါ့ပေါ့ဆဆတွေ အရမ်းဖြုန်းတည်းပစ်နေသည့် လူသော့သွမ်းများ၏ အိမ်ကြီးက လူတွေ ထက်ပင် အတန်းမြင့်နေသလိုလို အောက်မေ့နေ နေ၏။ လယ်ထဲတွင် ငွေတွေကိုင်လျက် ထိုအိမ်ကြီးသို့ သွားရောက်ပြီး ခတ်ပြောင်ပြောင် ခတ်ဘွင်းဘွင်းနှင့်ပင် "ကျုပ်မှာ ငွေရှိတယ် ခင်ဗျား တို့ ရောင်းချင်တဲ့လယ်က အဘိုးဘယ်လောက်လဲ" ဟု သူဌေးကြီးရှေ့၌ မိမိပြောနေသည့်ဟန် ထို့နောက် သူဌေးကိုယ်စားလှယ်အားလည်း "ကျုပ်ကို ဒီပြင်လူတွေလိုဘဲ သဘောထားလေဗျာ ဈေးချိုချိုဆိုစမ်း ကျုပ်မှာ ငွေရှိပါတယ်ဗျ"ဟု ပြောနေသလိုလို ကြားယောင် မြင်ယောင်နေလေ၏။

မယားသည်မှာလည်း အစပဌမက အဆိုပါ ၀င့်ဝါပလွှား ငါတကားကား ခဲ့ကြသည့် အိမ်သူအိမ်သား များ၏ မီးဖိုချောင် ကျွန်မကလေး အဖြစ် ကျွန်ခံလာခဲ့ရသည့် ဘ၀မှ ထိုအိမ်ကြီး ကြီးပွားချမ်းသာ အောင် နှစ်ပေါင်း များစွာ စွမ်းဆောင်လာခဲ့သော လယ်တွေ အနက်က တကွက်သော လယ်ကွက် ကလေး၏ ပိုင်ရှင် လယ်ပိုင်ရှင် ကတော် ဖြစ်ရတော့မည့် အရေးကို တွေးမိသော အခါ လင့်စိတ်ဓာတ် တွေပါ ကူးလာလျက် မ၀ယ်ဘို့ရန် တားမြစ်နေခြင်းကို တခါတည်း "ဂလောက်ဂျိတ်" ပါးစပ်စေ့ကနဲ ပိတ်လိုက်ပြီးနောက်။

"ဒါဖြင့် ၀ယ်ကြစို့လေ နောက်ဆုံးမတော့ လယ်ကလဲ လယ်ကောင်း ကျုံးနဲ့ကလဲနီးတော့ နှစ်တိုင်း နှစ်တိုင်း ရေ လွယ်လွယ်ကူကူ နဲ့လဲ ရနိုင်တာပေါ့ အဲဒါတော့ မုချ" ဟု ပြောလေ၏။
ထိုနောက် တဖန် ပြုံးယောင်ယောင် အမူအရာ ကလေးသည် သူငယ်မ၏ မျက်နှာပေါ်တွင် ယှက်သန်း၍ လာပြန်လေသည်။ သို့သော် အဆိုပါ ပြုံးယောင်ယောင် အမူအရာ ကလေးမှာ အမြဲ သဖြင့် ထိုင်းမှိုင်း လေးလန်နေပုံရသော နက်မှောင် ကျဉ်းမြောင်လှသည့် မျက်လုံးကလေး များကိုကား တောက်ပြောင် အရောင်မြူးလာစေရန် စွမ်းဆောင်ခြင်း မပြုနိုင်ပေ။ အတန်ကြာ ငြိမ်သက်နေပြီး နောက် သူငယ်မက -
"ဟိုနှစ်တုန်းက ဒီအချိန်မျိုးဆို ကျုပ် သူတို့အိမ်မှာ ကျွန်အလုပ် နဲ့ နေရတုန်းပေါ့" ဟု ပြောလေ၏။ ထိုနောက် နှစ်ယောက်သား ထိုအကြံကို တွေးရင်း တိတ်တိတ် ဆိတ်ဆိတ် လျှောက်၍ သွားကြလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, March 24, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၂)

အညာဟင်း အညာဟင်း နဲ့ မလွယ်ဘူးဗျ.. နေ့တိုင်း ဗမာပြည် နေ ပြီး ကိုယ်ကြိုက်တာ ဈေးထဲ ဝယ်ချက် တာတောင် ဟင်းစပ် မတည့်ရင် စားကောင်းတာ မဟုတ်ဘူး...၊ ရာသီပေါ်လေး တွေ လည်းဖြစ်.. ရာသီဥတု အခြေအနေ နဲ့ လည်း ကိုက်မှ စားလို့ ကောင်းတာ..၊ ဒီနေ့တော့ အိမ်က ဂွေးတောက် ရွက်တွေအများကြီး လာပို့ တယ် (အဖူးတွေလည်း အများကြီးဘဲ).. အိမ်ရှေ့ ဗန်ဒါပင် မှာ နှစ်ပေါင်းများစွာ တွယ်ကပ်ပေါက် နေတဲ့ ဂွေးတောက် နွယ်တွေက စားချင်တဲ့ အချိန် စား တခါချက်တော့ ရတယ်.. ဒါပေမဲ့ ဒီလို နုတဲ့ အချိန် ဆိုရင်တော့ အိမ်တွေ လိုက်ဝေ လောက်အောင်ရတယ်..။

ကျနော် တို့ ငယ်ငယ်ကတော့ အိမ်ဝန်း ထဲမှာ ကို ဂွေးတောက်ရုံကြီး ရှိတယ်.၊ စားချင်တဲ့ အချိန် ခူးစားရုံဘဲ..၊ ဘယာကြော် နဲ့ ကြော်..၊ ကြက်ရိုး ဝက်ရိုး နဲ့ ဟင်းရေ ချက် ကောင်းသလားမမေးနဲ့...။

အခု ဂွေးတောက်ရွက်ကြော် ကတော့ ပုဇွန်ခြောက် ကြက်သွန်ဖြူ နီ ခရမ်းချဉ်သီး နဲ့ ကြော်ပါတယ်..၊ မကြော်ခင် ဂွေးတောက်ရွက် သင်ပြီးတဲ့ အချိန်မှာ ရေနွေး နဲ့ ပြုတ်လိုက်ပါသေးတယ်..၊ အခါးပေါ့ အောင်လို့ လို့ ပြောပါတယ် (ချစ်သမီးက) ကျနော် ကြော်ရင်တော့ ခါးချင်လို့ ဂွေးတောက်စားပါတယ်ဆို တော့ မပြုတ်တော့ ပါဘူး..။

နောက်တခွက် ကတော့ ငါးခြောက်ချက်ပါဘဲ.. ဒီနှစ် ဗမာပြည်မှာ ခရမ်းချဉ်သီး တွေ ပေါလိုက်တာ..၊ တပိသာ မှ ၂၀၀ လောက်ဘဲရှိမယ်ထင်တယ်..၊ ဟိုနေ့က ဧည့်သည်တွေ ဝယ်လာပေးတယ်.. အများကြီးဘဲ.. အမှည့်ခံထားစားတာ.. တပတ်လောက်ရှိပြီ.. မကုန်သေးဘူး..၊ အခု ငါးခြောက်ကတော့ အိမ်မှာ ဝယ်ထား တဲ့ ငါးခြောက်ကို တုံးတစ်ပြီး အငံပေါ့အောင် ရေစိမ်ထားတယ်..၊ ခုနက ခရမ်းချဉ်သီးတွေ အများကြီး နဲ့ ကြက်သွန်ဖြူနီ နဲ့ အနှစ်ကို ကြေနေအောင် ဆီသပ်ပြီး မှ ငါးခြောက်ထဲ့..ရေထည်ပြီး ချက်တယ်..၊ ကျက်ခါနီးမှ ငရုပ်သီး စိမ်း အုပ်တယ်.. အနံမွှေးအောင်လို့...။

သရက်သီးကင်း လေးတွေနဲ့ တို့တယ်..၊ ဝ အောင်စားသွားပါနော်..။

ညီမ မိုမိဂျိ ချက် ခိုင်းတဲ့ မန်ကျီးသီးစိမ်း ငါးပိချက်က မန်ကျီးသီး ကြက်ဆူချိန်မှ ချက်လို့ကောင်းတယ်.. အဲဒီကြရင် ချက်ကြွေးမယ်နော်...။


 သရက်ကင်း လေးက ရေစိမ်ထားတယ်.. အစီးတွေ ထွက်သွားအောင်လို့..... စားသာစား အားမနာနဲ့.. ဒီနေ့ ဟင်းရေတော့ မချက်လိုက်ရဘူး.. ရေနွေးလေးနဲ့သာ မြောချသွားတော့နော်.. တကယ့် ရွှေဖီမိုးလွတ် လဘက်ခြောက်လေးခပ်ထားပါတယ်..။ ဟင်းစပ်က သိပ်တော့ မလိုက်ဘူး.. နောက်မှ လိုက်ဖက်ညီစွာ ချက်ကျွေးပါမယ်ဗျာ....။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၈)

အမှုမဲ့ အမှတ်မဲ့နှင့် နေလာခဲ့ရာမှ သူငယ်မကား လယ်ထဲသို့ပြန်၍ အလုပ်ဆင်းနေပြီကို တွေ့ရပေ၏၊ စပါးရိတ်ချိန် ကျော်လွန်လာခဲ့လျက် ယခုအခါ အိမ်နှင့်မနီးမဝေး တလင်းထဲတွင် စပါးနယ်လျက် ရှိကြလေပြီ၊ ဇနီးမောင်နှံ နှစ်ယောက်ကား ကောက်ရိုက်တုတ် ကိုယ်စီဖြင့် တဘုံးဘုံး ရိုက်နေကြလေ၏၊ ကောက်လှိုင်းမှ အသီးတွေ ကျွေကုန်သောအခါ လှေ့စင်တွင်တင်၍ ၀ါးစကာဖြင့် လှေ့ကြရာ စပါးဖျဉ်း  စပါးဖုံတို့သည်၊ တိမ်ခိုး တွေလို လေထဲတွင် လွင့်ပါ ကုန်ကြပြီး စပါးတို့သည် တလင်းတဘက်တွင် ကျကြကုန်၏၊

လယ်ကွင်းတွေလည်း ဆောင်းရာသီ ဂျုံစေ့တွေပျိုးကြံရန် အသင့်ရှိနေကြပြန်ပြီ၊ သူကထွန်တုံး တလက်ဖြင့် လယ်တွေကို ထွန်ယက်သည့်အခါ သူငယ်မက ပေါက်တူးပြား တလက်ဖြင့် နောက်ကလိုက်လျက် ထယ်ကြောင်း တွေကို အချေသပ်လေ၏။

သူငယ်မမှာ တနေ့လုံး လယ်ထဲတွင် တကုန်းကုန်း လုပ်ကိုင်နေရစဉ် ခလေးငယ် ကား မြေကြီးပေါ်၌ ဂွမ်းစောင်စုတ် ကလေး တထည်ပေါ်တွင် အိပ်ပျော် နေရှာ၏၊ ခလေးနိုး၍ ငိုလျှင် သူငယ်မသည် အလုပ်ကို ရပ်၍ ပြေးလာပြီး မြေပေါ်တွင် အပြားသားထိုင်လျက် ခလေးအား နို့ချိုတိုက် လေ၏။ ကုန်လုနီး နွေရာသီ၏ မပြူချင့် ပြူချင် ထိုးပြူ နေသော နေရောင်ခြည်သည် သားအမိ ၂-ယောက်အပေါ်သို့ ပူပြင်းစွာ ကျရောက် လျက် ရှိလေ၏၊ သားအမိ ၂-ယောက်ကား မြေရောင်လိုလို ညိုမှောင်နေကြလျက် မြေရုပ်တွေလို မိုးမိုးမားမား ရှိကြလေ၏။ မိခင်၏ ဆံပင် တွင်၎င်း-ခလေးငယ် ၏ နူးညံ့နက်မှောင် သည့် ဦးပြည်း တွင်၎င်း ဖုတ်မြူ အလိမ်းအလိမ်း ကပ်နေကြလေ၏။

သို့သော် သူငယ်မ၏ ကြီးမား၍ ညှိုရောင်ပြေးနေသော သားမြတ်တို့မှ ခလေးငယ်အတွက် စီးထွက်နေသော နို့ရည် တို့သည်ကား မိုးဃ်းပွင့် များကို ဆွပ်ဆွပ်ဖြူ လျက်နေ၏၊ ခလေးငယ် သည် တဘက်သော အမိ၏ နို့ကို စို့သည့်အခါ အခြားတဘက် မှလည်း နို့ရည်တို့သည် ပန်း၍ ထွက်နေကြ ကုန်၏၊ သူငယ်မ ကား၊ မပိတ်မပင် ပန်း၍ ထွက်မြဲထွက်စေလေ၏၊ ခလေးငယ်မှာ ငန်းငန်းတက် လောဘတကြီးဖြစ်နေသည့်တိုင် နို့ရည်တို့မှာ ၎င်းတယောက်အတွက်သာမက၊ ခလေးတွေ တပြုံတခေါင်းကြီးအတွက်ပင် ဖူလုံခြင်း ရှိပေရကား၊ သူငယ်မမှာ ငါနို့ရည် ပေါသားဘဲ ဟူသော သဘောဖြင့် ပန်းထွက် နေသည်ကို ဂရုမစိုက် နေလေ ၏။

ပန်းထွက်နေသော နို့ရည်တို့ကား တစ ထက်တစများ၍သာလာလေ၏ တခါတခါသူငယ်မသည် အ၀တ် အစားများ အစိုသက်သာရန် သားမြတ်ကိုမ၍အပြင်သို့ ပန်းထွက်စေလေရာ နို့ရည်တို့သည် မြေကြီး ထဲသို့စိမ့်ဝင်ပြီး နက်မှောင် ပြော့ပြောင်းသောအကွက်ကလေး တခုဖြစ်သွားလေ၏ ။ ခလေးငယ် ကား ၀လည်းဝ သဘောလည်းကောင်း မိခင် တိုက်ကျွေးသော မကုန်မခမ်းနိုင်သည် နို့ချိုရည် ကို သောက်စို့ လျက် နေ လေ၏။

မိန်ရာသီ မှ ဟေမန္တသို့ ကူးပြောင်းခဲ့လေရာ ထိုရာသီအတွက် အသင့်ပြင်ဆင်ပြီးသား ရှိကြလေ၏ ဤသို့သော အသီးအနှံပေါ်ချိန်မျိုးကို တခါဘူးမျှမကြုံဘူးခဲ့ကြ အခန်း ၃ ခန်းရှိသော အိမ်ကလေး တခုလုံး မှာ ပြည့်လျှံ၍ နေလေ၏ သက်ကယ်မိုး၏ ထုတ်ရောက်များတွင် ကြက်သွန်ဖြူ ကြက်သွန်နီများကို ကြိုးတွေနှင့် ချိတ်ဆွဲထားလျက် အလယ်ခန်း တ၀ိုက်အဘိုးကြီး၏ အခန်းနှင့် သူတို့၏အခန်းများတွင်လည်း ကြူပင်တို့ဖြင့်ယက်၍ ပြုလုပ်ထားသော ကျီကြီးတို့ဖြင့် ဆန်တွေ ဂျုံတွေအပြည့် ရှိနေလေ၏ အားလုံး လိုလိုပင် ရောင်းချရန်ဖြစ်စေကာမူ ၀မ်လန်းမှာစေ့စပ်သေချာ မြောက်မြင်ဥာဏ်ဖြင့်ပြည့်စုံသူ တစ်ဦး ဖြစ်ရကား အခြားရွာသားများကဲ့သို့ အလောင်းအစားတွင် အချိန်မကုန်ဘဲ၊ စပါးပေါ် ပေါက်ခြင်း လည်း ဈေးနည်းနည်း နှင့် မရောင်းချမှု၍ စပါးနှင့်ဂျုံများကို လှောင်ထားကာ ဆောင်းရာသီ နှင့်ပွင့်တွေ တဖွေးဖွေး ဖြစ်လျက် ဈေးကလေးလှုပ်လာမှသော်၎င်း၊ သို့မဟုတ်နှစ်သစ်ကူးလာမှသော်၎င်း၊ မြို့က လူတွေ ဘယ်ဈေးနှင့် ဖြစ်ဖြစ် ပေး၍ စားသောက်ကြ သည့်အခါမှ ထုတ်၍ ရောင်းချလေ့ရှိ၏။

၎င်း၏ ဦးလေးဖြစ်သူကား အစဉ်သဖြင့် လိုလိုပင် စပါးတွေ မမှည့်ဝင်းမရိပ်ဖြစ်ရမီကပင် သူ့စပါးများ ကိုရောင်းပစ်လေ့ ရှိလေသည်၊ တခါတရံ ၎င်း၏ လက်ထဲတွင် ငွေကလေး အသုံးလို လာတိုင်းပင် ရောင်းပစ်သည် သာများ၏ ၎င်း၏မယားမှာ မိန်းမလိမ်မာတယောက် မဟုတ်မူ၍ လူဝသလောက် မိုက်မဲ အပြင်း ထူကာ ဟိုဒင်းစားချင် ဒီဒင်းစားချင်နှင့် ပါးစပ် အငြိမ်မနေ လျှာသရေယို သည်ကတစ်မျိုး ဘိနပ် အသစ် ကလေးများ ပေါ်လျှင် ၀ယ်စီးလိုက်ချင်သည့် အာသာက တဖုံ အမျိုးစုံအသုံးဖွာသည့် မိန်းမ တယောက် ဖြစ်ပေ၏ ၀မ်လန်၏ ဇနီးသည်ကား လင့်အတွက်ရော ယောက္ခမအတွက်ရော သူ့အတွက်ရော ခလေး အတွက်ရော စီးဘို့ဘိနပ်များကို သူကိုယ်တိုင် ချုပ်ရှာ၏။

သို့သော် မယား သယ် က  ဘိနပ် ဝယ်စီးချင်သည် ဟူ၍ ပူစာလျှင် သူဗျာများနေမည်မှာမလွဲပေ။
သူ့ဦးလေး ၏ အိမ်အို အိမ်မင်းကြီး၌ကား ထုတ်ရောက်များတွင် ဘာတစ်ခုမျှ ဆွဲချိတ် ထားဘူးသည် မရှိပေ၊ သူ့အိမ်တွင်မူ တခါက သူ့အိမ်နီးချင်းချင်း၏ ၀က်တကောင် အနာတခုရ၍ သေအံ့တော့ ဆဲဆဲ သတ် ရောင်းသည်ကို ၀ယ်ယူစားလိုက်သည့် ၀က်ပေါင် တပေါင်ပင် ရှိနေပေသေး၏ ၀က်မှာ အသားမလျော့မီ အသတ်ခံ ရခြင်းဖြစ်ရကား ၀က်ပေါင်မှာ အတော်ပင်ကြီးလျက် "အိုလင်" သည် ဆားနယ်ပီး အခြောက် လှမ်းထားခြင်း ဖြစ်ပေသည်။

ထို့နောက်လည်း အိမ်က ကြက်နှစ်ကောင်ကို သတ်၍ အမွေးမနုတ်ဘဲ အူနှုတ်ဆားသိပ်ခါ အခြောက် လှမ်းထား သည်လည်း ရှိသေး၏။
သို့ဖြစ်လေရာ ဆောင်းလေတွေမြူးလျက် တဖြည်းဖြည်း အဧဓါတ်ဝင်လာသော ဆောင်းတွင်းသို့ ရောက် စေကာမူ သူတို့မှာ စားဘို့ သောက်ဘို့ အတွက် မပူမပင်ရဘဲ စားနပ်ရိက္ခာတွေ အပြည့်ရှိ နေသော အိမ်ထဲတွင် ဧချမ်းစွာ နေထိုင် စားသောက် ကြရလေ၏။

သူတို့သား ကလေးပင်လည်း ထိုင်နိုင်စ ပြုလာလေ၏ ခလေးအသက် တလတိတိပြည့်သော မွေးနေ့တွင် ခလေး အသက်ရာကျော် ရှည်ပါစေ ဟူသော ဆုတောင်းအထိမ်းအမှတ် အဖြစ်ဖြင့် သူတို့ လက်ထပ်သည့် ညက ဘိတ်ခေါ် ကျွေးမွေး ခဲ့သူများအား တဖန် ထပ်၍ ဘိတ်ခေါ်ပြီး ဖက်ထုပ်များ ကျွေးကာ တဦးလျှင် ဆေးနီ ထိုးထား သည့် ဘဲဥ ၁၀လုံး စီကမ်းလေ၏၊ လာရောက်လယ်ပတ် စကားကောင်းဆိုကြသော အခြား ရွာသူရွာသား များကိုလည်း တဦးလျှင် ဘဲဥ ၂လုံး စီ ကမ်းသေး၏၊ လာရောက် ကြသူ တိုင်းကလည်း ၀၀ ဖိုင့်ဖိုင့် လမင်းကြီး လို ၀ိုင်းဝိုင်း စက်စက် မျက်နှာကြီးနှင့် သူ့အမေလို မေးရိုးကြီးကြီး ရှိသော ခလေး ကို ကြည့် ကာ ၀မ်လန်းကို အားကျ၍ လာကြလေ၏။

ယခုအခါ ချမ်းဧလာပြီဖြစ်ရာ၊ မြောက်ဘက်ကလေရူးက မည်သို့ပင် မြူးဝှေ့၍ ခေါင်းနှင့်တအားတိုက် စေကာမူ အိမ်အုဌ်ထရံကြီးက  နင့်လောက်လား ငါ့လောက်လား၊ အင်အား နှင့် ခြေကန်၍ တောင့်ခံ ပြီးသား ရှိနေရကား၊ ဧရမုန်းပင်မသိတော့ နေရောင်ခြည် ၀င်စေဘို့ တောင်ဘက်က တံခါး ကို ဖွင့်ထားရာ၌လည်း နေရောင်ခြည် က လိုလိုချင်ချင်နှင့်ပင် ထိုးပြူ ၀င်ရောက်နေပြန်သည့် အတွက် အနွေး ဓာတ်နှင့် အလင်းရောင် အား နှစ်အားဆောင်ကာ ရရှိပြန်လျက် ၀မ်လန်းမှာ ဂွမ်းစောင် ဖြင့် ခင်းအပ်သော မြေကြမ်းပြင် အထက်တွင် မကြောင့်မကျ မပူမပင် နေထိုင်လေ၏။
အိမ်တစက်မြိတ်နားက စွန်ပလွံပင် နှင့် လယ်စောင်းက မိုးမခပင် မက်မုံးပင် များသည် ရွက်ဟောင်း တွေ ကျွေကျပြီ ဖြစ်၏၊ အိမ်အရှေ့ဘက်က ၀ါးရုံပင် ခတ်ကြဲကြဲ ကလေးမှ ၀ါးရွက်များသာ လေအဟုန် က အားသစ်လောင်း ၍ တအား တိုက်ချွေသည့်တိုင် အညှာမကျွေ တွဲလောင်းပင် နေကြ လေ၏။

ဤမျှ ချောက်သွေ့ နေသော လေဖြင့်၊ ကွင်းထဲတွင် ပျိုးကျဲ ထားသော ဂျုံစေ့ များမှာ အညှောင့်ထွက် ဘို့ ခဲယဉ်း လှပေရာ ၀မ်လန်း မှာ မိုးအရွာကိုသာ တကြောင့်ကျကျ စောင့်မျှော်နေကာ ထောင် တက်လာသည့် နေ့တစ်နေ့တွင် လေပြင်းကလေး ခက်သွက်ငြိမ်သက်သွားပြီးနောက် အငွေ့ဖြင့်နွေးလာလေရာ တအိမ်လုံးမှာ နေသာထိုင်သာရှိလာကြလျက်၊ ဒလဟောအားသွန်ကာ ဖြောင့်ဖြောင့်တန်းတန်းကြီး ကျဆင်း နေသော မိုးရေတွေ လယ်ကွက်တွေထဲသို့ ငုတ်လျှို့တိုးဝင် နေကြသည်ကို၎င်း၊ အိမ်တစ် စက်မြိတ်မှ တဖြုန်းဖြုန်း ကျဆင်းလာနေသော မိုးပေါက်များကို ၎င်း ကြည့်ကာ ပီတိလျှပ်စစ် ပတ်ရစ် လှိုက်ဆူ နေကြလေ၏။

ခလေးငယ် ကား ကြီးစွာသော အံ့ကြခြင်းဖြင့် လက်ကလေးများကို ဆန့်တန်းလျက် ငွေပြားတွေပမာ ကျဆင်း လာသည့်မိုးရေတို့ကို ကိုင်တမ်းလေ၏ ထို့နောက် ရယ်လေ၏ ထိုအခါ လူကြီးများပါ အတူ ရော ကာ ရယ်ကြလေ၏။ အဘိုးကြီးက ခလေးအနီးကြမ်းပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ရင်း။
"ဒီခလေးလို ခလေး ဒီပြင်ရွာတွေ တဒါဇင်မှာတောင် မရှိဘူးကွကြည့်စမ်း ငါ့ညီရဲ့သားသမီးတွေများ ဖြင့် လမ်းမလျှောက်နိုင်ခင် ဒီအရွယ်မှာ ဘာဆိုဘာမှ သိကြတာမဟုတ်ဘူး" ဟု ပြောလေ၏
ဤသို့ဖြင့် လယ်ကွက် တွေထဲတွင် ဂျုံစေ့များမှာ အညှောက်တွေ ပေါက်လျက် နုထွဋ်သော အစို့စိမ်း စိမ်းကလေး များပင်လည်း စွတ်စို ညိုမှောင်သော မြေမှ လှံသွားများ ပမာ ထိုးထိုးထောင်ထောင် ထွက်ပေါက်၍ လာကြလေ၏။

ထိုအချိန်မျိုး၌ အိမ်တိုင်း လိုလိုပင် ဧည့်မပြတ် အောင်ရှိလေ၏ အကြောင်းမူ လယ်လုပ်သားတိုင်း ၏ စိတ်၌ "ဘုရားမလို့မိုးရွာတာဘဲ" ဟု အလွန်အကြူး ၀မ်းမြောက်ခြင်း ဖြစ်နေကြလျက် ယခုအချိန်မှာ လယ်တွေ ရေလိုချိန် ဖြစ်သည့် အတိုင်း မိမိတို့ကိုယ်တိုင် ကျောရိုး ကျိုးလုမတတ် ရေထမ်း၍ မလောင်းရဘဲနှင့် လယ်တွေ အလိုလို ရေ၀အံကိုက် အဆင်ပြေ သွားခြင်းကြောင့် ဆီစိမ်စက္ကူထီးကြီး များကို ဆောင်းကာ လယ်ကန်သင်း တွေပေါ်တွင် လူးလာတုံ့ပြန် တအိမ်ဝင် တအိမ်ထွက် လဘက်ရည် ကြမ်းဝိုင်း ထိုင်လိုက်နှင့် ပျော်မြူး နေကြသည်ဖြစ်၍ အိမ်တိုင်းတွင် ဧည့်စီကားနေကြလေ၏။
ဝမ်လန်း ဇနီးသည်ကား အိမ်ထဲမှာပင် ကုပ်နေလျက် ဘိနပ်များချုပ်ရင်း အကျီတွေ ဖါထေးရင်း နှစ်သစ်ကူး အတွက် အကျွေးအမွေး လုပ်ရန် စိတ်ကူးကြံစည် ၍သာ နေလေသတည်း။

ဝမ်လန်တို့ ဇနီးမောင်နှံကား သူများတွေလို မကြာခဏ အိမ်လည်ပတ်ခြင်း မပြုကြပေ၊ အိမ်စု ကလေး ၆အိမ် လောက်ရှိသော ရွာကလေး တွင် သူတို့ အိမ်လောက် နေခင်းထိုင်ခင်းသာလျက် သူတို့အိမ် လောက် ပြည့်စုံကြွယ်ဝ သော အိမ်ဟူ၍ တအိမ်တလေမျှ မရှိရကား ၀မ်လန်းမှာ အခြားသူများ နှင့် အလွန်အကြူး ခင်မင်ရင်းနှီး သွားမိလျှင် အချေးအငှား ထူလာမည်ကိုလည်း စိုရိမ်မိလေ၏၊ နှစ်သစ်ကား ကူးတော့အံ့၊ သူလိုချင် သော အ၀တ်သစ် အစားသစ် များနှင့် သူကျွေးချင်သော စားဘွယ်သောက်ဖွယ် များအတွက် သူကဲ့သို့ မည်သူသည် ငွေကုန်ခံနိုင် လိမ့်မည်နည်း။

ဝမ်လန်းမှာ အိမ်ထဲတွင်သာ ကုတ်နေလျက် ဇနီးသယ်က အကျီဘောင်းဘီတွေ ဖါထေးချုပ်လုပ်နေ သည့် အချိန်တွင် သူကထွန်ခြစ်ကို ယူပြင်၏ ကြိုးတွေပြတ်နေသည်ကိုတွေ့လျှင် သူ့ခြံမှထွက်သော ပိုက်ဆံကြိုးဖြင့် အသစ်တခုကို သတ်ရိုက်၍ထည့်လေ၏၊ သူကလယ်နှင့်စပ်ဆိုင်သော ကိရိယာတွေ ကိုပြုပြင် မွမ်းမံ နေသည့်အချိန်၌ သူ့ဇနီး "အိုလင်"က အိမ်မှုကိစ္စ အ၀၀ကို မလပ်အောင်ပြုလုပ်လေ ၏၊ စဉ့်အိုး ပေါက်နေလျှင် အခြားသော အိမ်သူများကဲ့သို့ လွှင့်ပစ်ပြီး အသစ်တလုံး ထပ်ဝယ်ရန် စိတ်မကူး မြေကြီးနှင့် မြေစေး ကို စရနယ်၍ အပေါက်တွင် ဖါထေးကာ မီးကလေးပြလိုက်ရုံမျှနှင့် အသစ်နှင့် မခြား ပြန်၍ အသုံးပြုနိုင်လာ၏။

ဤသို့ဖြင့် ဇနီးမောင်နှံ နှစ်ယောက်တို့မှာ အိမ်ထဲကအိမ်ပြင်မထွက် အိမ်တွင်းပုန်းများလုပ်နေလျက် တယောက် က ပြောသည်ကိုလည်း တယောက်ကနာခံလိုက်လျောခြင်းဖြင့် နေထိုင်လာကြရာ၌ ပြောကြ ဆိုကြ သော စကားများမှာလည်း ထူးထူးထွေထွေ ဆန်းဆန်းပြားပြားများ မဟုတ်လှ။

"မင်းဟိုကျီကြီးထဲက ပျိုးကျဲဘို့ မျိုးယူထားလိုက်သေးသလား"ဟူ၍ ၎င်းသို့မဟုတ်မူ-
"ဒို့ကောက်ရိုးတွေ ရောင်းပစ်ပြီးပဲကိုင်းခြောက်တွေ ထင်းစိုက်ပစ်ရအောင်"ဟူ၍ ၎င်း၊ သို့တည်း မဟုတ်ပြန် မူ ၀မ်လန်းက-
"ဒီနှစ်ကျမတို့ ဆန်မှုံ့ကောင်းကောင်းရတာကိုး"ဟူ၍ပြေပြေပြစ်ပြစ် ဖြေလိုက်ခြင်းဖြင့်သာ စကား အချီအချ ပြီးဆုံး သွားကြသည်ဖြစ်၏။

ထိုနှစ်အတွက် လယ်ထွက်သီးနှံ အားလုံးရောင်းရသောငွေမှာ သူတို့တောင့်တခြင်းထက်ပင် ပိုနေလျက် ဒေါ်လာ ဒင်္ဂါး လက်တဆုတ်ခန့်ပင် ရရှိပိုက်မိရကား ၀မ်လန်းမှာလက်ထဲတွင် မထားရဲ အောင် စိတ်ချောက် လာလျက် မယားမှတပါး မည်သူ့အားမျှ အသိမပေးရဲအောင် ရှိနေလေ၏။ လင်မယား ၂ယောက် ခေါင်းချင်းရိုက်လျက် နောက်ဆုံးတွင် သူငယ်မက အကြံရကာ သူတို့ အိပ်ရာ ခြေရင်း ထရံနား၌ တွင်းတခု တူးလျက် ပိုက်ဆံများကိုမြုပ်ပြီးအပေါ်က မြေထပ်ဖို့ထားလိုက်သည်တွင် နေရာမပျက်မြေပြင်အတိုင်း ထိုနေရာ ကလေးမှာ တိတ်တိတ်ပုံး ချမ်းသာခြင်းကို ဖေါ်ပြနေလေ၏၊ သို့ဖြစ်လေရာ လိုသထက် ပိုနေသော ငွေကလေး ရည်တတ်လာခြင်းအတွက် ၀မ်လန်းမှာ သူငယ်ချင်း အပေါင်းအဖော်တွေ အကြားသို့ လျှောက်သွား မိသည့် အခါများတွင် စိတ်ပေါ့ကိုယ်ပေါ့နှင့် စိတ်ဧလက်ဧ လျှောက်နိုင် လာလေ တော့ သတည်း။

ငါး

နှစ်သစ်ကူးပွဲ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်၍ အိမ်တိုင်း၌ပင် ပွဲတော် အတွက် ဆင်ပြင်လုပ်ကိုင် နေကြလေ၏၊ ၀မ်လန်းသည် မြို့ကိုတက်ခဲ့ပြီး ဖယောင်းတိုင်ဆိုင်မှ "ကိုယ်စိတ်နှစ်ဖြာသော စာလုံးများကို ရွှေမှင် ဖြင့် ရေးထားသည့် စာရွက်နီများ ဖွင့်ဖြိုးတိုးတက်ပါစေတော့ဟု လယ်နှင့်စပ် ဆိုင်သော ပစ္စည်း ကရိယာ များ အပေါ်၌ လျှောက်ကပ် ထားလေ၏၊ ထွန်တုံးပေါ်တွင်၎င်း နွားတံပို့ပေါ် တွင်၎င်း ထိုစာရွက်နီ များကို တခုစီ လျှောက်၍ ကပ်လေ ထိုနောက် အိမ်တံခါး များတွင်လည်း မှတ်သား ဖွယ် စကား လင်္ကာကလေးများ ကို၎င်း၊ သူ့အခန်းဝ၌လည်း စက္ကူပန်းနီရဲရဲကြီးကို၎င်း ကပ်ပြန်၏။

၎င်းပြင် နတ်ရုပ်များအတွက် ၀တ်လဲတော် အသစ်ဆက်ရန် စက္ကူနီများလည်း ၀ယ်ယူခဲ့လေရာ သူ့အဖေက တုန်ချိ နေပြီဖြစ်သော လက်များဖြင့် ကျွမ်းကျင်စွာ ကိုက်ဖြတ် ကော်ကပ် ပြုလုပ်ပေး သည်ကို ယူလျက် နတ်ကွန်း သို့သွားပြီး ဆက်လေ၏ ထို့နောက် နှစ်သစ်ကူးအတွက် အမွေးတိုင် အနည်းငယ်ဖြင့်လည်း ပူဇော် ခဲ့ပေ သေး၏ အိမ်အတွက်မူ အလယ်ခန်း ထရံတွင် ကပ်ထားသည့် ဘုရားကား၏ အောက်မှ စားပွဲပေါ် တွင် ဖယောင်းတိုင် အနီကလေး ၂တိုင်စိုက်ကာ ထွန်းညှိပူဇော် ပြန်လေသည်။"

ထို့နောက် ၀မ်လန်းသည် မြို့ကိုတက်ပြန်ပြီး ၀က်ဆီခေါက်နှင့် သကြားများ ၀ယ်ယူပြန်ရာ ဇနီးသယ် က ၀က်ဆီခေါက် ကို အမွေးတွေ စင်အောင်နှုတ် ဖြူဖွေးလာအောင် ပြုပြင်လျက် အိမ်ကမောင်းဆုံ တွင် ထည့်၍ ထောင်းသော ဆန်မှုန့်ထဲ၌ အဆိုပါ ၀က်ဆီနှင့် သကြား ကို ထည့်၍ စရနယ်ကာ ဟွမ်၏ အိမ်ကြီး တွင် အမြဲစားလေ့ ရှိသော လမုန့် များကို နှစ်သစ်ကူး အတွက် ပြုလုပ်လေ၏၊
မုန့်များကို ဖုတ်ပြီး လှီး၍ စားပွဲပေါ်၌ တင်ထားသောအခါ ၀မ်လန်း၏ စိတ်ထဲတွင် သွေးများပင်ကြီး လျက် ၀မ်းသာလုံး ဆို့သွားလေ၏၊

သူဌေးစား မင်းစား ဆင်းရဲသား ပမွှားများဆိုလျှင် လားလားမျှ မစား နိုင်သော ဤမုန့်မျိုးကို သူ့ဇနီးကဲ့သို့ ကင်နိုင် ဖုတ်နိုင် ကျွမ်းကျင်စွာ လုပ်နိုင်သူ ဤရွာထဲတွင် တယောက်မျှ မရှိဟုလည်း ထင်မိလေ၏၊ သူငယ်မ ကား အချို့သောမုန့်များ၏ မျက်နှာတွင် ဆေးနီ အတန်း ကလေးများဆိုးလျက် စပျစ်သီးချောက် များဖြင့် ပန်းပွင့် ပန်းကွက် ကလေးများဖြစ်အောင် ချယ်စီထားလေ၏။
"စားတောင် မစားရက်ပါဘူးကွာ"ဟု ၀မ်လန်းကပြောလိုက်လေ၏ ။

အဘိုးကြီးမှာလည်း တောက်ပဆန်းကျယ် ရောင်စုံတွေ ချယ်ထားသည်ကိုမြင်ရ၍ အူမြူးနေသော ခလေးငယ် ပမာ စာပွဲဘေး ပတ်ပတ်လယ် ပတ်ချာလှည့် လျက်။
"ဟေ့ မင်းဦးလေး နဲ့ သူ့ခလေးတွေ ခေါ်လိုက်စမ်းပါအုံးကွာ သူတို့လဲကြည့်ကြပါစေ"ဟု ပြောလေ၏၊
သို့သော် စီးပွားအနည်းငယ် တက်လာခြင်းမှာ ၀မ်လန်အား အရာရာ စိတ်မချနိုင်အောင် ဖြစ်နေစေ လေ၏ မုန့်လုပ်ခြင်း ကို ကြည့်ဘို့ရန် ကိစ္စကလေး အတွက် ဆင်းရဲသား လူဆာလောင် တို့အား အိမ်ထဲ ခေါ်မသွင်း လိုပေ။

"နှစ်မဆန်းခင် မုန့်တွေ လူမြင်တာ နိမိတ်မကောင်းပါဘူး အဘရ"ဟု ကမန်းကတန်း ပြောလိုက်လေ၏၊ ထိုအခါ လက်နှစ်ဘက် စလုံးတွင် ဆန်မှုံ့တွေ ၀က်ဆီတွေ စေးကပ် ပေကျံ နေသော သူငယ်မက။
"ဒါတွေက ကျုပ်တို့စားဘို့ မဟုတ်တော့ဘူး ဟောဟိုဆေးမဆိုးတဲ့ မုန့်ရိုးရိုးထဲက တခုနှစ်ခု လောက်ဟာ ဧည့်သည် တွေ မြီးချင်မြီးကြ ပါစေဆိုပီး လုပ်တာ၊ ဒီ ၀က်ဆီတို့ သကြားတို့နဲ့ လုပ်တဲ့ မုန့်မျိုး လဲကျုပ်တို့နဲ့မတန်သေးပါဘူး၊ ကျုပ်လုပ်နေတာက  ဟိုအိမ်ကြီးက ကျုပ်သခင်မကြီး စားဘို့ လုပ်နေတာ နှစ်ဆန်း ၂ရက်နေ့မှာ ကျုပ်သားကလေးနဲ့ ကျုပ်ဒီမုန့်တွေကို သခင်မကြီးဆီ သွားပေးပြီး လက်ဆောင် ပေးမလို့တော့"ဟု ပြောလေ၏။

သို့ဖြစ်လေရာ မုန့်များမှာ မူလထက်ပင် ပို၍အရေးပါအရာရောက်လာပြန်လျက် ၀မ်လန်းမှာ ယခင် တလော က မိမိကြောက်ကြောက်ရွံ့ရွံ့နှင့် ရပ်နေခဲ့ရသော ထိုအိမ်ကြီး၏ အခန်းကြီးထဲသို့ ယခုအခါ မိမိ၏ ဇနီးသယ် သည် သားကလေးကို ပိုက်လျက်အ၀တ်အစား နီနီရဲရဲများကို ၀တ်ဆင်ပြီး သော် အကောင်းဆုံး ဆန်မှုံ့ များ သကြားများ ၀က်ဆီများဖြင့်  ပြုလုပ်သည့် လမုန့်တို့ကိုလည်း လက်ဆောင် ပေးရင် ဧည့်သည် တဦးအနေ သွားရောက်ရမည့်အဖြစ်ကို  တစိမ့်စိမ့်တွေးရင်း ၀မ်းသာအားရ ပီတိ ဟုန်ကြွ ၍ နေလေ၏။

နှစ်သစ်ကူးနှင့် စပ်လျဉ်းသော ကျန်ကိစ္စဟူသမျှမှာ ထိုအိမ်ကြီးသို့ အလယ်အပတ် သွားရမည့် ကိစ္စ ပေါ်ပေါက် လာသည်နှင့် တပြိုင်နက် ကျားအပေါ်လာ နွားအော်ကာ ပြေးရသကဲ့သို့ မြုပ်ကွယ် ပပျောက် ကုန်ကြလေ၏၊ အိုလင်ကိုယ်တိုင် ချုပ်ပေးထားသော ဖျင်ကုတ်အင်္ကျီအနက်ကြီး ကို ၀တ်ကြည့်ရင်းလည်း ၀မ်းလန်းမှာ "ငါသူတို့ကို ဟိုအိမ်ကြီး လိုက်ပို့တဲ့ အခါကျမှ ၀တ်မယ်"ဟု ကြုံးဝါး နေလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၅၅)

ရဟန်းခံပြီးနောက်အစီအစဉ်သစ်များ

နေ့စဉ်ဇရပ်မှ ဆွမ်းကိစ္စအတွက်ကို ဆောင်ရွက် ကြသည်။ သီလရင် ဆရာကြီးများကလည်း ထုံးစံအတိုင်း ဆွမ်းစားကျောင်း၌ ဆွမ်းကိစ္စ ဆောင်ရွက်ကြသည်။ မြို့ပေါ်မှ ဆိုင်ရာ ဆိုင်ရာ တို့ကလည်း နည်းများ မဆို လာရောက် ပို့လှူကြသည်။ ရဟန်းတော် များသည် တရားအားထုတ်နေ ကြောင်း သိရှိရပါသည်။

အချို့ ဒုလ္လဘ ရဟန်းများက ၎င်းတို့အလုပ်ကိစ္စများကြောင့် ခုနှစ်ရက်လောက်သာ သင်္ကန်းနှင့် နေနိုင်မည် ဖြစ်သည်။ ရဟန်းကြီးကတော့ အလုပ်ကိစ္စတွေ ပြန်မကြည့်သော်လည်း ဖြစ်သည်။ သို့အတွက် နိဗ္ဗိန္ဒ ချောင်မှာ အနည်းဆုံး တလလောက် သင်္ကန်းဝတ်နှင့် တရားအားထုတ်စေလို ကြောင်းပြောထားရသည်။ နေဦးမည်ဟုလည်း ၀န်ခံပါသည်။ ကျမကနောက်ထပ် အစီအစဉ် ပြုထားသည်မှာ နီဗ္ဗိန္ဒချောင်မှာ တရား အားထုတ်ပြီးသောအခါ သင်္ကန်းဝတ်နှင့်ပင် ရန်ကုန်သို့ပြန် လာပြီးနောက် မန္တလေးသို့သွားကြမည်။ မန္တလေး ကို ဗဟိုပြုလျက် မုံရွာ ဖိုးဝင်းတောင် ဘက်သို့ ၎င်း၊ ပုပ္ပါး ကျောက်ပန်းတောင်း ဘက်သို့၎င်း၊ ကလော၊ ပင်းဒယ စသည့်အလှူကောင်းမှု ပြုထားသမျှ မြို့များသို့ ကားလမ်း တလျှောက်မှ သွားကြဖို့ ဖြစ်ပါသည်။

ထိုမြို့ရွာဒေသတို့မှ အသိမိတ်ဆွေများကလည်း ရဟန်းဝတ်နှင့်ဦးပဉ္စင်းကြီးကို ကြည်ကြည်ညိုညို ဖူးမျှော် ကန်တော့ လိုကြပါသည်ဟု ဆိုသည်။ ကျမက ဤသို့ အမြို့မြို့လှည့်သည် သွားလာနေခြင်း အတွက် ရက်ညောင်း ၍ သင်္ကန်းဝတ်ဘ၀နှင့် တလမှ နှစ်လသုံးလသို့ တိုင်ရောက်လာအောင် ဆွဲဆောင် ပေးလိုသော ရည်ရွယ် ချက်ကြောင့် လည်းဖြစ်ပါသည်။

ထို အစီအစဉ်များ ပြီးသောအခါ ကျမနှင့် အတူပါလာသော မိန်းမဖေါ်များမှာ အလုပ်တာဝန် ကိုယ်စီ နှင့် ဖြစ်ကြသော ကြောင့် ရဟန်းခံ ကိစ္စပြီး၍ ၄-၅ရက်ကြာသောအခါ ရန်ကုန်သို့ပြန်လာခဲ့ ရပါသည်။ သို့ရာ တွင် ဦးပဉ္ဇင်းကြီး တရားအားထုတ် နေဦးမည်ဆိုသော တလအတွင်းမှာ သီတင်းတပါတ်လျှင် တကြိမ် လောက် ပြည် နှင့် ရန်ကုန်သို့ ကူးချည်, သန်းချည် ပြုနေမည် ဖြစ်ပါသည်။
ကျမ ပြန်လာသော အခါ နိဗ္ဗိန္ဒချောင်ဇရပ်မှာ နေရစ်သော လူများအတွက် ချက်ပြုတ်စားသောက်ရန် မှအစ ဆွမ်းကွမ်း ကိစ္စများ ကိုပါ လိုလေသေးမရှိ စီမံလွှဲအပ် ထားခဲ့ပါသည်။ ပြန်လာသော အခါက ကျမနှင့် မိန်းမဖေါ် သုံးဦးနှင့် ကားနီကြီးကို (၇)နှစ် အလုပ်သက် ရှိနေသူ ဒရိုင်ဘာ က မောင်းပါသည်။ ကားတစီးနှင့် မိန်းမ တွေချည်း ပြန်လာရသော်လည်း ကြောက်ရွံ့စိတ်ဟူ၍ စိုးစဉ်းမျှမရှိခဲ့ပါ။

ရွှေတောင်နှင့်ပေါင်းတည်ကြား တောင်တန်း တောအုပ်မှာ နာမည်ကြီးလှသော နေရာဖြစ်ပါသည်။ မကြာ ခဏ ဒမြတိုက် လုယက်မှု ပစ်ခတ်မှု တွေများသော နေရာ ဖြစ်စေကာမှု ကားအဖေါ်အုပ်စု မပါပဲ အေးဆေး စွာ ဖြတ်ကျော် လာခဲ့ပါသည်။

ကောင်းမှုကုသိုလ်တရားပွားများဝမ်းမြောက် လာခြင်းအတွက် လမ်းပန်းခရီးမှာ စိုးရိမ်ကြောင့်ကြမှု စိတ်များ အလျဉ်း မ၀င်လာပဲ ရှိသည်။ မတော်တဆ တွေ့ရမည့်ရန်ကို ကြိုတင်ပူပင်ရမှန်း ပင် သတိမရစေကာမှု အတွင်း ရန်သူမှန်း မသိရသေးသော သူတယောက်က ကားရှေ့ထဲမှာပဲ ပါခဲ့လေသည်။ သို့သော် ထိုအချိန် ထိုအခါမှာ မကြံသာသေး၍ နေးသေးသပ ချုံထဲကဆိုသော ဥပမာကဲ့သို့ ဖြစ်နေပုံရ ရပါသည်။ ညနေ ၄-နာရီလောက် မှာတော့ ရန်ကုန်အိမ်သို့ ပြန်ရောက်ခဲ့ပါ သည်။

ရဟန်းခံ ကိစ္စနှင့်ပတ်သက်၍ သတင်းစာမှပါရှိတွေ့မြင်ရသူ အသိမိတ်ဆွေများက လာရောက်မေး ကြ မြန်းကြ သည်။ နောက်တခါပြည်သွားလျှင် သူတို့, သူတို့က လိုက်ပါရစေဆိုလာသည်။ တချို့က ဘယ်တော့ ပြန်လာမည်ဆိုသည်ကို လာမေးပါသည်။ ကျမက တလလောက် တရား အားထုတ်နေ လိမ့်ဦး မည်ဟု ဆိုသောအခါ သာဓုအနုမောဒါနာ ပြုကြပါသည်။ ကောင်းသောသတင်းနှင့် ကောင်းသောသာဓု ခေါ်သံ များကို ကြားရသော ကျမအဖို့ နှစ်နှစ် ချိုက်ချိုက် ကြေနပ် လိုက်မိပါ သည်။

အလုပ်တိုက်အဖွဲ့ အယ်ဒီတာ အဖွဲ့ကလည်းနောက်တစ်ကြိမ် ကျမသွားလျှင် သူတို့ အလှည့်ကျ လိုက်ပါ ရစေ ဟု ဆိုသည်။ သူတို့ဆရာကို ကြည်ညိုလိုကြသည်။ ကျမ ပြန်ရောက်သော နေ့ရက်မှစ ၍ ပြည်မြို့မှ အမြဲ သတင်းစာတိုက် ကို သတင်းပို့သည့် အထည်း မှာ ဦးပဉ္ဇင်းကြီး ပြည်မြို့ထည်းမှာ ဆွမ်းခံကြွသည်၊ ဆွမ်းစား ကြွသည်၊ ဘယ်နေ့, ဘယ်ရက်မှာ တရားပွဲ ကျင်းပမည်။ စသည်- စသည်ဖြင့် သတင်းများ ရောက်လျက် ရှိပါသည်။ အချိန်ရှိခိုက် တည်တည်- ငြိမ်ငြိမ် တရားအားထုတ် နိုင်သမျှ ကုသိုလ် ဖြစ်ရမည် ဆိုပြီး ရက်ရှည်ရှည် နေနိုင်သလောက် တရားအားထုတ် စေလိုသော ဆန္ဒအတိုင်း ဤ အသိုင်းအ၀ိုင်း နှင့် ဆိုလျှင် နိဗ္ဗိန္ဒချောင် မှာ တလှမျှသော အချိန်အခါသည် ဘယ်လောက်မျှ ကြာလိမ့်မည် မထင်ခဲ့ပါ ကျမက နောက်သီတင်းပတ် မှာ ပြည်ကိုတခေါက်သွားဖို့ ပင် ရာထားပြီးပါပြီ၊ လိုက်မည့်သူကိုလဲ စီစဉ်ဆဲဖြစ် ပါသည်။

လှူဒါန်းရန်ရည်မှန်းထားသော ပစ္စည်း

ယင်းသို့ကျမက နောက်သီတင်းပတ်တွင် ပြည်မြို့သို့သွားမည်ဟု ရည်ရွယ်ထားဆဲမှာပဲ နိဗ္ဗန္ဒချောင်နှင့် မလှမ်း မကမ်းမှာ တည်ရှိသော ပါဒကြီး ဘုရားပျက်စီးနေသည်ကို ပြုပြင်တည်ထား လှုဒါန်းရန် စီမံဖို့ ကိစ္စ ကလည်း ခေါင်းထဲမှာ ၀င်လာပြန်ပါသည်။

ဤမျှ မကသေးပါ၊ အနှစ်နှစ် အလလ က ကျမ ရည်စူးထားခဲ့သော လှူဒါန်းရေး ကိစ္စကြီး ကိုပါ ထည့်သွင်း စဉ်းစားလျက် အပြီးအစီး ပြုလုပ်ရန် ဆုံးဖြတ်ချက် ချလိုက် မိပါသည်။ ထိုကိစ္စ များမှာ ယခုမှ အကြံရခြင်း မဟုတ်ပဲ စီမံကိန်း ရေးဆွဲ ညှိနှိုင်းဆဲ ကိစ္စကြီးလည်းဖြစ်ပါသည်။ အပြည့်အစုံဖေါ် ပြရမည်ဆိုလျှင် ကျမ အသက် ထင်ရှား ရှိနေစဉ် အချိန်ကပင် ကျမနှင့် စပ်ဆိုင်သမျှ ပစ္စည်း အ၀၀တို့ ကို ကုသိုလ်ပြုဖို့ စီမံ ခဲ့လိုခြင်း ဖြစ်ပါသည်။

ယခု ကျမနေထိုင်လျက် ရှိသောအမှတ် ၄-၅ ဘောင်ဒရီ လမ်းရှိ သုံးဧကကျယ်သော ဥယျဉ်ခြံမြေနှင့် အဆောက်အဦး အိမ်ကြီးအား သံဃာတော်များအတွက် ကျောင်းအဖြစ်သော်၎င်း၊ ဆေးရုံအဖြစ်သော်၎င်း၊ သို့တည်းမဟုတ် ပြည်သူလူထုနှင့် ဘာသာရေး ဆိုင်ရာနှစ်မျိုးလုံးပါဝင်သည့် စာကြည့်ပိဋကတ်တိုက် အဖြစ်သော်၎င်း၊ လှူဒါန်းခဲ့ချင်သည်။ သတင်းစာတိုက် စာပုံနှိပ်တိုက်နှင့် စပ်ဆိုင်သမျှ လုပ်ငန်းများမှ ကျမ ပိုင်ဆိုင် သမျှ တန်းဖိုး ထက်ဝက် ကိုလည်းသီးသန့် ခွဲထားစေလျက် နှစ်စဉ် ထွက်သမျှ အမြတ်ငွေများ မှ ဗမာပြည် အရပ်ရပ်ရှိ ကျမပြု ထားသော ကုသိုလ်ကောင်းမှု များကို ပြုပြင် ထိန်းသိမ်းသွားရန် ကျန် အမြတ်ငွေ ထက်ဝက် ကို ဒိုးတူဘောင်ဘက် စီးပွားဘက်ဖြစ်ကြသော တိုက်ရှိအလုပ်သမားအား လုံးတို့အား နှစ်စဉ် နှစ်တိုင်း အပိုဆုငွေ အဖြစ်ထုတ်ပေးသွားရန် ရည်သန်ထားခဲ့ခြင်း ဖြစ်ပါသည်။

၎င်းပြင် စိန်ဈေး အဆမတန် ကောင်းစဉ်က ပိုလျှံနေသော စိန်ထည် ပစ္စည်းကြီးများကို ထုတ်ရောင်းလျက် အရပ်ရပ်မှာ သာသနာအဆောက်အဦး အဖြစ်လှူဒါန်းခဲ့ပြီး နောက်ဆုံးလက် ကျန်ဖြစ်သော ကိုယ်နှင့် ထိကိုင် သုံးစွဲခဲ့ဘူးသည့် ပစ္စည်းများကိုတော့ စိန်ဈေးသည်မကောင်းတော့ သဖြင့်ရောင်းချ လှူဒါန်းခြင်း မပြုတော့ပဲ ရွှေတိဂုံစေတီတော်ကြီး၏ ထီးတော်ငှက်မြတ်နား စိန်ဖူးမှာ ရတနာပန်ခွေကြီး ပြုလုပ် ထပ်ဖြည့် လှူဒါန်း လိုက်ပါတော့မည်ဟု ရည်စူးရေစက်ချလျက် လွန်ခဲ့သော ၃-၄နှစ် က စ၍ လုံးဝ ၀တ်ဆင်ခြင်း မပြုတော့ပဲ လုံခြုံရေး ဘဏ်ထဲ၌ အပ်နှံထားပြီး ဖြစ်ပါသည်။ ရွှေတိဂုံဘုရား ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ပုဂ္ဂိုလ်ကြီးများ နှင့်လည်း စကားကမ်းလှမ်း လှူဒါန်းပြီးသားဖြစ်ရာ ရတနာပန်းခွေ ကြီးပြုလုပ်ရန် အတိုင်း အထွာ များ ရှာဖွေနေကြဆဲဖြစ်ပါ၏။ အထက်ပါအတိုင်း ကျမ၏ ရည်ရွယ်ချက်များ အကောင်အထည် ပေါ်လာစေရန် စီမံမှု ဆွေးနွေးမှုများ အခါမပြတ်ပြုခဲ့ဘူးရာ စိန်ကျောက် ရတနာများ လှူထားရာတွင် လွယ်ကူ သလောက် အလုပ်အကိုင် ငွေပင်ငွေရင်း ခွဲခိုင်းရာ၌ ကြန့်ကြာခဲ့ရသည်။

အိမ်နှင့်ခြံ အလှူ မှာလည်း သတင်းစာတိုက် အလုပ်တိုက် နှင့် ရောနှော နေခြင်းကြောင့် ပြတ်ပြတ် သားသား ခွဲခြားဖို့ရာ မလွယ်ကူ သေးပဲ အချိန် ဆွဲလာခြင်းခံခဲ့ရသည်။ နောက်တကြောင်း မှာလည်း အိမ်နှင့် သတင်းစာတိုက်ကို မြေနယ်နိမိတ် ခွဲခြားသတ်မှတ်ထားနိုသည့် အချိန်တိုင်အောင် အိမ်ကြီး ကို ဘုန်းကြီးကျောင်း အဖြစ်လှူဒါန်းလိုက် ပါက ဗုဒ္ဓဘာသာတရားတော်၌ ကျောင်းထိုင် ဘုန်းတ်ာကြီး များသည် ၀ိနည်းတော် အရ ကျောင်သင်္ကန်း ဆွမ်းဆေး စသည်တို့ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်လျှင် ခုံမင်စွဲလန်းမှု ပြူသကဲ့ရှိ၍ ရှောင်ကြဉ် ရသည်။ ဥပေက္ခာ ပြုရသည် ဆိုထားသည်။

အချို့မှာ အဖိုးတန် မှန်စီရွှေချ ကျောင်းဆောင်ကြီးများ၊ ခေတ်အလျောက် ဆောက်လုပ် လှူဒါန်း ကြသော အုတ်ကျောင်း၊ တိုက်ကျောင်းကြီးများမှာ ပင့်ကူအိမ်များ၊ ခိုသိုက်ငှက် သို့ စာကလေးသိုက် များနှင့် ကြပ်ခိုးများ ပေရေ ညစ်ပတ် နေသည်တိုင်အောင် သူ့အသိုက်အအုံ မဖျက်ဆီးရ ဆိုထားသော ၀ိနည်း ပညတ် တော်များအရ ဘုန်းကြီးများက လှဲကျင်း သုတ်သင်ရန် ကိုယ်တိုင်လည်း မကြိုးစားရ။ တပည့်တပန်း ကျောင်းသား ကပ္ပိယများ ကိုလည်း မခိုင်းစေရ၊ ကျောင်းသား ကပ္ပိယနှင့် တကာ၊ တကာမ၊ များက အလိုက်သိစွာ ဆရာတော်များ မျက်ကွယ်တွင် သန့်ရှင်းရေးလုပ်၍ သုတ်သင်လှဲကျင်းခြင်း ပြုကြမှသာ အဖိုးတန် အဆောက်အအုံ ကျောင်းဆောင်ကြီးမှာ ကြည့်သာရှု့သာ သန့်ရှင်းစင်ကြယ် လာမည် ဖြစ်ပါသည်။

ကျမရည်ရွယ်ချက်က အနိစ္စသဘောကို မတွေးမိ၍ မဟုတ်သော်လည်း အတော်အသင့် နှစ်ကြာထာဝရ တည်စေ လိုသည်။ အမွေခံအမွေစားသား ထောက်သမီးခံ အများအပြား ကျန်ရစ်ခဲ့သောကျောင်းအမ၊ ဇရပ်အမ၊ ဘုရားအမ၊ တန်ဆောင်းအမ စသူအလှူရှင်တွေပင်လျှင် သူတို့ကွယ်လွန် အနိစ္စ ရောက်သွား သော အချိန်ကာလ၌ မိဘလက်ငုတ်ဖြစ်သော အလှူအတန်းဖြစ်သည့် ဘုရားကျောင်း ဇရပ်များ ကို သားသ္မီးမြေးမြစ်များက လေးစားသမှု ဆက်လက် ပြုပြင်ထိန်းသိမ်းမှုမရှိ တတ်ကြပုံတွေကို တွေ့မြင် နေရ သေးသည်။ ကျမကဲ့သို့ အကိုင်းအခက် အဆက်အနွယ် မကျန်ရစ်ခဲ့သူ အဖို့မှာ ပြောဖွယ်ရာ မရှိတော့ပါ။

လောကုတ္တရာ ကောင်းကျိုးရှေ့ရှုပြီ ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

Blogger Buzz: Blogger integrates with Amazon Associates

>>>ဆက်ဖတ်ရန်>>> >>