Saturday, April 6, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၆၁)

အထူးသဖြင့် နာမကျန်းချိန်မှာ အလေးထား ဂရုစိုက်ခြင်းမေတ္တာဟာ အစွမ်းထက်သော ဆေး တစ်ပါး ပါပဲ။ လူသားတစ်ယောက်ချင်းရဲ့ လိုအပ်ချက်ထဲမှာ အသက်ရှင်နေရတာနဲ့တင် မပြီး သေး ပါဘူး။ ကိုယ်က မေတ္တာပေးဝေစရာ ချစ်ခင်ရသူ မိသားစုနဲ့ တကွ မိတ်ဆွေသင်္ဂဟအသိုင်း အ၀ိုင်းတွေ လိုအပ်သလို ကိုယ်က ချစ်ခြင်းကို ရယူခံစားဖို့ မေတ္တာများလည်း လိုအပ်တာအမှန်ပါ ပဲ။
အခု ထွက်ဖြစ်ခဲ့တဲ့ ခရီးကတော့ ပြန်လည်သန်စွမ်းလာအောင် Therapy ယူရသလို သမီးရဲ့စိတ် ဓာတ်ကြည်လင် ရွှင်လန်းစွာနဲ့ ကြံ့ခိုင်သန်စွမ်းစေဖို့ မောင်နှမတစ်တွေက ၀ိုင်းပေးလိုက်ကြ တဲ့ မေတ္တာ Theraphy တစ်ခုဆိုရင်လည်း မမှားပါဘူးလေ။
ကို ဆက်ဖတ်ရန် ....

အပိုင်း (၆၃)

Jon Bon Jovi က "ကိုယ့်ရဲ့ အနာဂတ်ခရီးကို ဘယ်လို သွားမယ်ဆိုတာ လျာထား ဖို့ မြေပုံတစ်ခု တော့လိုအပ်ပါတယ်။ ဒါပေမဲ့ ခဲတံနဲ့ဆွဲမှ ဖြစ်မယ်နော်"တဲ့။
ဟုတ်တယ်လေ။ အမြဲတမ်း အပြောင်းအလဲတွေ ရှိနေတတ်တဲ့ ဘ၀ခရီးကို တစ်သမတ်တည်း ပုံ သေကားကျ တွက်ပြီး မင်နဲ့ အပီအပြင်ရေးထားလို့ ရနိုင်တာမှ မဟုတ်ဘဲ။ လူသားတိုင်းနေ့စဉ်နဲ့ အမျှ လမ်းဆုံ လမ်းခွ ကိုရပ်နေတာပဲ။ ကိုယ့်ရဲ့တိုးတက်ကြီးပွားရာ ကြီးပွားကြောင်း ဘယ်လမ်းကို လိုက်ရမယ် ဆိုတဲ့ ရွေးချယ်မှုတွေကတော့ ကိုယ့်ရှေ့မှာ ရှိနေတတ်ပါတယ်။
တစ်ခါတလေ ကိုယ်က အလေးမမူမိလို့ မမြင်လိုက်ရတာ ဖြစ်ချင်ဖြစ်မယ်။ အခွင့်အလမ်းဆိုတာ မျက်မှောက် မှာ ရှိနေတတ်မြဲပါ။ ရွေးချယ်မှုပေါ်မှာ မူတည်ပြီး ဘ၀ခရီးလမ်းက ပြောင်းချင်ပြောင်း သွားပြန်ရော။

ကျွန်မရဲ့သား ကိုရွှေစင်လည်း ကမ္ဘောဒီးယားမှာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပေမယ့် ဌာနဆိုင်ရာ အတွင်း မှာ အလုပ်ခွင်သစ်တစ်ခု ပေါ်ပေါက်လာတာကြောင့် သားက စိတ် ၀င်စားပြီး လျှောက်လိုက်တော့ အားလုံးသော အင်တာဗျူးတွေအပြီး ရွေးချယ်ခြင်းခံရပါတယ်။ ဒီတော့ တစ် နှစ်ခွဲ နဲ့ ကမ္ဘောဒီးယားက တာဝန်ကို လူစားလွှဲထားခဲ့ပြီး ၀ါရှင်တန်ကို ပြန်လာရမယ်ဆိုတဲ့ သတင်းကောင်း ကိုကြားရတော့ ကျွန်မတို့မိသားစု ၀မ်းသာပီတိဖြစ်လို့ပေါ့။
စာဆို တစ်ဦးက လူသားတွေရဲ့ နှလုံးသားထဲက ကရုဏာ၊ စေတနာနဲ့အတူ လေးစားခြင်း၊ မြတ်နိုး ခြင်း၊ တန်ဖိုး ထားခြင်း၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း ဆိုတဲ့ ဒြပ်တွေ စုစုပေါင်း ပေါင်း စပ်လိုက်ရင် "မေတ္တာ" ဆိုတဲ့ အစွမ်းထက် ဆေးတစ်ပါး ရရှိနိုင်ပါမယ်တဲ့။

ကျွန်မသမီး မကေသီလည်း နိုင်ဂရာနဲ့ ကနေဒါနိုင်ငံ ခ၇ီးတစ်လျှောက် မိသားစု ညီအစ်ကို မောင်နှမ တွေရဲ့အားပေးစောင့်ရှောက်မှု မေတ္တာတွေ အပြည့်အ၀ ရလိုက်တာကြောင့် ကြည်ကြည် လင်လင် ရွှင်ရွှင်လန်းလန်း ရှိလာလေရဲ့။
မိသားစု တင်မကပါဘူး။ ကျွန်မရဲ့ သမီးတစ်ယောက်လို ချစ်ရတဲ့ နယူးယောက်ခ်က ချိုချိုဦးက လည်း တကူး တက ဖလော်ရီဒါ ကို ဆင်းလာပြီး ဆယ်ရက်ကြာ သူ့အစ်မ ကေသီကို ကူညီစောင့် ရှောက်ပြု စုပေးသေး တာပါ။ ချိုချိုဦးကလည်း ပြန်ရော ကမ္ဘောဒီးယားက သား ကိုရွှေစင် လည်း ပြန်ရောက်လာလေရဲ့။ သား ကလည်း အစ်မအိမ်မှာ အတူနေပြီး တစ်လှည့်အစ်မ ကိုဂရုစိုက်ပေါ့။
လူသားတစ်ယောက်အနေနဲ့ မွေးလာတော့လည်း အားကိုးရာမဲ့ သူတစ်ပါး အစောင့်အရှောက်လို တာပါပဲ။ ကြားကာလမှာ မကျန်းမာရင် အစောင့်အရှောက်က လိုအပ်မြဲမို့ ကိုယ်တတ်နိုင်တဲ့အခိုက် သူတစ်ပါး ကို စောင့်ရှောက်ခွင့် ကြုံတဲ့အခါ အပြည့်အ၀ပေးကြရင် အကောင်းဆုံး ဒါနမြောက်သော လက်ဆောင်တစ်ခု ဖြစ်တာပါပဲနော်။

အမေရိကား မှာ ရုပ်ဝတ္ထုတွေ ပြည့်စုံသလောက် တစ်ခုခု လိုအပ်ရင် စောင့်ရှောက်ပေးမဲ့ အသိုင်းအ ၀ိုင်းက အလွန် ရှားပါတယ်။ ကျွန်မတို့မှာ မိသားစုက ကြီးမားပေလို့ တစ်ယောက်အကူအညီ လိုအပ်ရင် တစ်လှည့်စီ ပြေးလာဖော်ရတာကြောင့် ခံသာသေးတာပါ။ သမီးကေသီလည်း သူ့မောင် ကိုရွှေစင်ပြန်ရောက် လာတော့ အားရှိကျေနပ်လို့ပေါ့။ အားလုံးထဲမှာ သူတို့ မောင်နှမက မြန်မာပို ဆန် ပါတယ်။ မြန်မာကဗျာ နဲ့ စာပေမြတ်နိုးတာလည်းတူ၊ မြန်မာသီချင်းတွေ နှစ်သက်သဘောကျ တာလည်း တစ်ထပ်တည်း မို့ အတွဲညီတာကြောင့် ပိုပြီးနီးစပ်ကြတယ်ပေါ့။

ဒီလိုနဲ့ သားလည်း နှစ်ပတ်ကြာ ခွင့်ရက်စေ့တော့ ၀ါရှင်တန်ကို သွားရပါရော။ သမီးကေသီလည်း စိတ်ကြည်ကြည် လင်လင် ဖြစ်ရုံမကဘူး၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးတဲ့အတွက် ချိုင်းထောက် လွတ်လမ်းပြန်လျှောက်နိုင်ပြီမို့ ကျွန်မလည်း စိတ်အေးရပြီး အိမ်ကိုပြန်ပြောင်းလာဖြစ်တော့တယ်။ ကိုယ့် အိမ်လေး ကိုယ်ပြန်ရောက်တော့ တိတ်ဆိတ်ငြိမ်သက် အေးချမ်းစွာနဲ့ ခေတ္တခဏ ဘ၀ အမော တွေဖြေလိုက်ဦးမယ် စိတ်ကူးထားပါတယ်။ မထင်မှတ် ပြဿနာတစ်ခု ပေါ်လာပြန်ပါရော။
"ရယ်မောရခြင်း ဟာ အသက်ရှည်ဆေးတစ်ခွက်"တဲ့။

ကျွန်မမှာ သားသမီးတွေနဲ့ ပတ်သက်ပြီး အမောတွေရှိသလို ရယ်မောရတဲ့ အခါများစွာလည်း ကြုံရ သေးတာပါ။ ဒါကြောင့် ခုချိန်ထိ ကျန်းမာစွာနဲ့ အသက်ရှည်နေသလား မသိလို့ တစ်ခါတစ်ခါ အတွေးရောက် မိပါတယ်။ သန္တာစမ်းက အိမ်ကို ရောင်းဖို့ အစီအစဉ်လုပ်နေဆဲကာလ ကျွန်မ တစ် ယောက်တည်း အိမ်ကြီးတစ်လုံးနဲ့ နေနေတာကို သားသမီးတွေက ဘ၀င်မကျဘဲ အမေကို ဖုန်းတ ဂွမ်ဂွမ် ဆက်ပြီး မာ၏ သာ၏ တစ်လှည့်စီ ထောက်လှမ်းစစ်ဆေးကြလေရဲ့။
ဒီတော့ ကျွန်မ က သူတို့စိတ်မမောရအောင် ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတဲ့ တစ်နေ့တာ စာရင်း ဇယား ကို သမီးကေသီဆီ မိုးလင်းတာနဲ့ အစီရင်ခံရပါတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့မို့ ဘာအစီအစဉ် မှမရှိ၊ ဘယ်မှမသွားဘဲ အိမ်လာကြည့်မဲ့သူများလာရင် အဆင်သင့်ရှိနေဖို့ စောင့်မယ် ဆိုတာပြောပြ ထားလိုက်တယ်ပေါ့။ ကေသီနဲ့ စကားပြောပြီး ဘုရားဝတ်ပြုတစ်နာရီလောက် ကြာ တော့ကားရေဆေးဖို့ သတိရတာ နဲ့ ဂိုဒေါင်ထဲက ထုတ်ပြီး အိမ်ရှေ့မှာ ရေဆေးနေလိုက်တာ အေးအေးဆေးဆေးပဲလေ။

ဝုန်းခနဲ ကားတစ်စီး အနားထိုးရပ်လိုက်သံ ကြားမှ ကြည့်လိုက်တော့ အငယ်ဆုံးသား အိန္ဒာရယ် မျက်စိ မျက်နှာပျက်ပျက်နဲ့...။
"မာမီက ဒီမှာ အေးအေးဆေးဆေးလုပ်နေ၊ သားတို့မှာ ပျာသွားရတာပဲ"တဲ့။ "အလိုတော်.... ဘာကိစ္စ ပျာကြ ရတာလဲ"လို့ သားပြောတာ နားမလည်နိုင်လို့ပြန်မေးတော့-
"မာမီ့သမီး ကေခိုင်ပေါ့။ မာ့မီဆိ ဖုန်းဆက်တာ ဘယ်သူမှဖုန်းမကိုင်လို့ ကေသီ့ဆီဆက်ပြီး မာမီ ဘယ်ရောက်နေ လဲမေးတော့ အိမ်မှာရှိတယ်။ ဘယ်မှမသွားဘူးပြောတယ်တဲ့။ အခါ အခါပေါင်းများ စွာဆက် တာမရလို့ မာမီတစ်ယောက်တည်း မူးလဲနေပြီလား၊ တစ်ခုခုဖြစ်နေပြီလား မသိဘူး၊ သားကို ခုချက်ချင်း သွားကြည့်ပြီး သူ့ ကိုပြန်ဆက်ရမယ်လို့ ခိုင်းလိုက်တာနဲ့ လာကြည့်ရတာ။ သားမှာ မောင်းသာလာရတယ်၊ တစ်လမ်း လုံး စိတ်ပူလိုက်ရတယ်။ ကေခိုင် ပြောသလို တစ်ခုခုများ ဖြစ်နေပြီလားမသိ။ တော်ပါသေးရဲ့၊ မာမီ့ ကို အဝေးကလှမ်းမြင်လိုက်ရမှ ရင်ထဲ ပေါ့သွားတော့ တယ်"တဲ့။

ကဲ...ကြည့်ပါဦး။ ကျွန်မမှာ ကိုယ့်အိမ်ရှေ့ ထွက်ပြီး ကားရေဆေးတာလေးတောင် သူတို့မှာ ပြဿ နာဖြစ် ရသေးတာကြောင့် ကိုဖိုးသဲ၊ မရွှေသဲတို့အဖြစ်ကို ကြည့်ပြီးရယ်ရပါရဲ့။ အဲဒီလို အဖြစ်သည်း အောင် စိတ်ပူတတ်ကြတဲ့ သားသမီးတွေအကြောင်းကို သိလို့ သောကဖြစ်စရာကြုံရင် တော်ရုံ ကိစ္စ လောက်တော့ သူတို့ကို အသိမပေးဘဲ ဖုံးဖိထားလိုက်တယ်ပေါ့။ ဖြစ်ချင်တော့ အားလုံးထဲမှာ အသည်းအကြောင်ဆုံး၊ ခံနိုင်ရည် မရှိဆုံး မကေသီနဲ့မှ သတင်းတစ်ခုက တန်းတိုးတာကြောင့် ပိုပြီး ရယ်စရာကောင်းတော့ တာပဲလေ။

တကယ်တော့ ဘာမှလည်း ကြီးကျယ်တဲ့ကိစ္စမဟုတ်ပါဘူး၊ ကနေဒါနိုင်ငံခရီး မထွက်ခင်လေးမှာ ကျွန်မ လုပ်ရိုးလုပ်စဉ် ကျန်းမာရေး ဆေးစစ်ချက်တွေလုပ်ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ နေထိုင် မကောင်းမှ ဆရာဝန် ဆီ ရောက်ကြတာမျိုးလေ။ ဒီမှာတော့ ကျန်မာရေး အာမခံရှိ ထားတာကြောင့် နှစ် စဉ် ဆေးစစ်တာတွေ လူတိုင်းလုပ်ကြရပါတယ်။ ထုံးစံအတိုင်း ဆီးစစ်၊ သွေးစစ် EKG စစ်၊ Mammogram ရိုက် စတာတွေအားလုံး အပြည့်အစုံလုပ်ကြည့်ရတာ၊ ကျန်တာတွေအားလုံး ကောင်းပေမဲ့ Mammogram ရိုက်ထား တဲ့ရင်သား မှာ အကျိတ်တစ်ခု တွေ့နေလို့ဆိုပြီး ဆေးရုံက ပြန်ခေါ်ပါတယ်။

 ကျွန်မမှာ ခုချိန်ထိ ဆီးချို မရှိ၊ သွေးတိုးမရှိ၊ နှလုံးအားနည်းတာမရှိ၊ ကျန်မာရေးကောင်းပေမဲ့ အသက် ၁၇နှစ် တစ်ခါ၊ ၂၄နှစ်တစ်ခါ ရင်သားမှာ အကျိတ်တွေ့တဲ့အတွက် နှစ်ခါခွဲစိတ်ကုသထားရ တဲ့ရာဇ၀င်က ရှိ ထားတာကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်တဲ့အလားအလာ ရှိနေတယ်။ ကျွန်မရဲ့ ဆရာဝန်နဲ့ ညှိနှိုင်းပြီး ဆက်လက် ကုသမှုယူပါ ဆိုပါလေရော။
ဆရာဝန် နဲ့ ဆက်သွယ်လိုက်တော့ ကျွန်မရဲ့ သွေးစစ်ချက်ထဲမှာ သွေးဖြူဥတွေများနေတာတွေ့ရ ပါတယ်။ အဲဒါ ကင်ဆာ Risk ဖြစ်နိုင်တာကြောင့် ပေါ့ပေါ့ထားလို့မရဘူ။ Biopsy လုပ်ပြီး ဓာတ်ခွဲ ကြည့်ရမယ်။ အကျိတ် ကိုလည်း ခွဲထုတ်ရမယ်။ ဒါကြောင့် ခွဲစိတ်ဆရာဝန်နဲ့ ရက်ချိန်းယူပြီး ကျွန်မ ကိုဖုန်းပြန်ဆက် အကြောင်းကြား မယ်လို့ ပြောပါတယ်။

သားသမီးတွေ ကို ပြောပြလိုက်ရင် စိတ်ပူကြမှာစိုးတာနဲ့ ဘယ်သူ့ကိုမှ အသိမပေးဘဲ သားမက် ဂယ်ရီ ကတော့ ဆရာဝန်မို့ သူ့ကိုပဲ တိုးတိုးတိတ်တိတ် အကျိုးအကြောင်း ပြောပြပြီး သားသမီးတွေ ကိုမသိပါစေ နဲ့လို့ ပိတ်ထားရင်း ဆရာဝန်နဲ့ ရက်ချိန်းဖုန်းအခေါ်ကို စောင့်နေလိုက်တယ်ပေါ့။
နောက်တစ်နေ့ မနက် မိုးလင်းတာနဲ့ ဖုန်းသံတွေ ဆက်တိုက်ကြားရတော့တာပဲ။ တက္ကဆက်၊ ကယ်လိဖိုးနီးယား၊ ရှိကာဂို၊ ပင်ဆယ်လ်ဗေးနီးယား၊ ဖလော်ရိဒါနယ်အစုံက သားတွေသမီးတွေ တစ်ယောက်ပြီး တစ်ယောက် ခေါ်လိုက်ကြတာ။
"မာမီ့သမီး ဘာဖြစ်တာလဲဟင်။ ညက ငိုကြီးချက်မနဲ့ Answering Machingမှာ သူ့ကိုချက်ချင်း ပြန်ခေါ်ပါလို့ အမှာ စကား ထားသွားတယ်။ သမီးတို့လည်းခုမှဖွင့်နားထောင် ဖြစ်တာ။ သူ့ခြေ ထောက်ကောင်းသွားလို့ လမ်းလျှောက်နိုင်ပြီ မဟုတ်လား။ အခု ဘာဖြစ်ပြန်တာလဲ"နဲ့ စိုးရိမ်တကြီး ၀ိုင်းမေးကြလေရဲ့။

သမီးကေသီ သူ့မောင်နှမတစ်တွေကို လူစေ့အောင် လိုက်ဖုန်းဆက်ဆဲ့ အချိန်က သန်းခေါင်နီးပါး ရှိနေပြီ ဆိုတော့ အားလုံးက အိပ်ကုန်ကြပြီပေါ့။ မနက်လင်းမှ သူထားခဲ့တဲ့ အမှာစကားကြောင့် သူတို့အစ်မ ဘာတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပြန်သလဲဆိုတာ သိချင်ဇောနဲ့ ကျွန်မကို ဆက်မေးကြတာ ပါ။ အကျိုးအကြောင်း ဘာမှ မသိတော့ ကျွန်မလည်း အူကြောင်ကြောင် ဖြစ်လို့ပေါ့။ သမီး ကို မေးကြည့်ပြီး မှ ပြန်ဆက်မယ် ပြောရင်း နှစ်သိမ့်လိုက်ရပါတယ်။
တလွဲတချော်တွေ ဖြစ်ချင်တော့ ကျွန်မရဲ့ဆရာဝန်က ပြန်ခေါ်မယ်ပြောထားပြီး ကျွန်မကို မခေါ်ဘဲ ည ၁၁နာရီ ထိုးခါမှ ဂယ်ရီဆီကို ဖုန်းဆက်ပြောပြတယ်တဲ့။ သူတို့ချင်းရင်းနှီးခင်မင်တဲ့ ဆရာဝန်ချင်း ဖြစ်နေတာကြောင့် အချိန်မတော်ပေမဲ့ အားမနာကြေး ခေါ်လိုက်တာထင်ပါရဲ့။ အဲဒီတော့ အနား မှာ အတူရှိနေတဲ့ မကေသီက အားလုံးပြောသမျှ ကြားသွားပါလေရော။ အမေအတွက် စိုးထိတ် ပူပန်စွာ နဲ့ညီအစ်ကို မောင်နှမတွေကို သတင်းပို့ဖို့ မိနစ်မဆိုင်း ညကြီးသန်းခေါင်မှာ လူစေ့အောင် ဖုန်း တွေ လိုက်ခေါ်တာလေ။

ဒီဇာတ်လမ်းကို မသိလို့ ကျွန်မက ဖုန်းဆက်မေးတော့ ဖုန်းထဲမှာ ငိုလို့မပြီးနိုင်ဘူးလေ။ ခဏကြာ တော့ မျက်ရည်လည်ရွှဲနဲ့ လူကိုယ်တိုင်ရောက်လာပြန်ပါရော။ "မာမီ သမီးနဲကအတူ လာနေမှဖြစ် မယ်" တဲ့။ ခုချက်ချင်းပဲ တစ်စုံတစ်ခုဖြစ်တော့မဲ့အတိုင်းလေ။ သူအဖြစ်သည်းနေပုံကိုကြည့်ပြီး ကျွန်မက ရယ်တော့ "ဒါရယ်စရာ မဟုတ်ဘူး မာမီ"တဲ့။ ကျွန်မကို မကျေမနပ်နဲ့ ပြန်တွယ်လေရဲ့။
တကယ်က အကျိတ်တွေ့တာနဲ့ ကင်ဆာလို့ အတပ်ပြောနိုင်သေးတာ မဟုတ်ပါဘူး။ လိုအပ်တဲ့ ဓာတ်ခွဲဆေးစစ် ချက်တွေ လုပ်ရဦးမှာပါ။ မရေရာသေးတဲ့ ကိစ္စအတွက်နဲ့ ပူပင်သောကရောက်နေ တာမော လိုက်တာ။ ဒါကြောင့် သမီးကို မနည်းဖျောင်းဖျ တရားချ နှစ်သိမ့်ချော့မော့ပြီး ပြန်လွှတ်ရ ပါတယ်။ ဇာတ်လမ်း က ပြီးသလား မထင်လေနဲ့နော်။

သမီးပြန်သွားပြီး မကြာပါဘူး။ ဖုန်းတွေက လာပြန်ပါရော။ မကေသီ သတင်းဖြန့်ချိလိုက်တာနဲ့ ကျန်တဲ့ သားသမီးတွေ ပါ ရေကြောမြေကြောလိုက်ကြပြီး ဖုန်းဆက်သတင်းမေးရင်း ငိုကြပြန်လို့ အားပေးရ၊ နှစ်သိမ့်ရ၊ ဖျောင်းဖျရ။ တော်ရုံအားငယ်တတ်တဲ့ လူနာမျိုးဆိုရင် သူတို့အငိုသန်ကြပုံနဲ့ ကိုယ်ပါ စိတ်ဓာတ်ကျပြီး အသုဘဖြစ်လောက်ပါရဲ့။
ပြောကြပုံလည်း နားထောင်ပါဦး။ "ကီမိုပေးရင် ဆံပင်တွေအဖတ်လိုက် ပြုတ်ကြတာတဲ့နော်။ မာမီ အဲလိုဖြစ်တာ သမီးတို့ကြည့်ရက်မှာ မဟုတ်ဘူး"တဲ့ သူနဲ့၊ "ကီမိုပေးတဲ့အခါကျရင် အစားပျက် အအိပ်ပျက်တာ နဲ့ အရမ်းပိန်ချုံးသွားတာတဲ့။ မာမီ အဲလိုခံစားနေရရင် ဘယ်လိုလုပ်ကြမလဲ" မေးတဲ့သူနဲ့။

ကျွန်မမှာ သူတို့ပြောသမျှ နားထောင်ပြီး ရယ်လိုက်ရတာ။ ဒီအထဲ ဇာတ်တိုက်ထားတာမျိုးက လည်း ရှိပါသေးတယ်။ ညနေကျ ၀ါရှင်တန်က သားရွှေစင်ဖုန်းဆက်လာပါရော။ သူအသံက တိုးတိုး တိမ်တိမ်နဲ့ "မာမီ နေကောင်းလား"တဲ့။ သူ့အသံကြားရရုံနဲ့ ကျွန်မက သိလိုက်ပါပြီ။ "ကေသီ လာလား"တဲ့။ "အခုရော ကေသီ အနားမှာရှိလား"တဲ့။ စကားတွေချီ၊ နိဒါန်းတွေပျိုးနေတာနဲ့ ကျွန်မ ကရယ်ချင်လာပြီး "သားအစ်မ က သတင်းကြေညာပြီးပြီ မဟုတ်လား"မေးလိုက်တော့ "မာမီ ဘယ် လိုလုပ်သိလဲ"တဲ့။

ကျွန်မအော်ရယ်မိပါရော။ သူတို့ကို မွေးထုတ်ထားတဲ့ အမေပဲနော်။ ပါးစပ်ဟရုံနဲ့ ဘာဆို လိုတာ နောကျေနေပြီးသားပဲ မဟုတ်လား။ ဒီတော့မှ သားကဇာတ်ကြောင်းပြန်ပါတယ်။ ညက သူ့အစ်မ ဖုန်းခေါ်တော့ မအိပ်သေးတာနဲ့ စားပြောရတယ်တဲ့။ ကင်ကာဆိုရင် ကျွန်မစိတ်ဓာတ်ကျတော့မှာ ပဲ။ ဒါကြောင့် ညနေ ကျရင် သားက အားပေးဖို့ ဖုန်းခေါ်လိုက်၊ သူနဲ့ဂယ်ရီက လာစောင့်နေကြမယ်၊ အားလုံး ၀ိုင်းနှစ်သိမ့်အားပေးပြီး သူတို့အိမ်ကို တစ်ခါတည်းခေါ်သွားကြမယ်ပေါ့လို့ ဇာတ်တိုက် ထားကြတာတဲ့လေ။

ဒီသတင်းကို ကျွန်မအရင်ရပြီး သူတို့မသိအောင် ဖုံးဖိထားပြီး ခုမှ မတော်တဆပေါ်သွားတယ် ဆိုတာ မသိလေကြ ဘူး။ ဒါကြောင့် သူတို့ဖြစ်ပုံကို ကြည့်ရင်းကျွန်မမှာ ရယ်ရတာအမော။ အမှန် တော့ ရှင်တော်ဘုရားဟောကြေားတဲ့အတိုင်း တွယ်ငြိခြင်း သမုဒယသံယောဇဉ်ကြောင့် သူတို့ခမျာ ဆင်းရဲခြင်းသောကတွေ ဝေနေရရှာတာပါ။ သားသမီးတွေရဲ့ ခံစားချက်ကို စာနာမိတော့လည်း ပုထုဇဉ် လူသားပီပီ သူတို့ကို သနားစိတ်နဲ့ ရင်မှာနာကျင်မှု ခံစားရပြန်ပါရော။
ဒီလိုနဲ့ ဆေးရုံတက်ဖြစ်ပြီး ရင်သားက အကျိတ်ကို ခွဲစိတ်ထုတ်ယူတာပါ။ ဓာတ်ခွဲဆေးစစ်တာတွေ ရောပါ လိုအပ်တာ မှန်သမျှ လုပ်ကြည့်လိုက်တော့ ကံကောင်းထောက်မစွာ ကင်ဆာမဟုတ်ကြောင်း သိရပါတယ်။ မိသားစု အားလုံးလည်း ခုမှရင်ထဲက အပူလုံးကျပြီး ပြုံးနိုင်ကြတယ ဆိုပါတော့။

အဲလို ကျွန်မရဲ့ ကျန်းမာရေးကိစ္စ မရေမရာ ပြဿနာတွေ ဖြစ်နေဆဲကာလမှာ သမီးသူဇာက သားဦး ကိုယ်ဝန်ကြီးနဲ့မို့ စိတ်မဆင်းရဲစေချင်တာကောင့် လုံးဝအသိမပေးဖို့ မှာထားရပါတယ်။ ဆေးရုံက ဆင်းပြီးမှ သမီး ကိုပြောပြတော့ မရွှေချောက အေးအေးမနေလေဘူး။ ဗိုက်ကြီးတပြဲနဲ့ ချက်ချင်း ရောက်ချလာပြီး သူ မသိလိုက်ရကောင်းလာနဲ့ ငိုကြီးချက်မဖြစ်ရပြန်ပါရော။ ကျွန်မတို့ မိသားစုလောက် စာရင်းရှုပ်တာမျိုးလည်း ရှိအံ့ မထင်ပါဘူးနော်။
နှစ်ပတ်ကြာတော့ သမီးကို ချော့မော့နှစ်သိမ့်ပြီး အိမ်ပြန်ခိုင်းရပါတယ်။ အိမ်ထောင်ရှင်မဖြစ်နေပြီး အစ်မ ကို ပြုစုစောင့်ရှောက်ဖို့ ပြန်ရောက်လာလိုက်၊ အမေစောင့်ရှောက်ဖို့ ပြန်ရောက်လာလိုက် တစ်နှစ်တည်း အခေါက်ခေါက်ပြန်လာနေတာ ယောက်ျား သဘောကောင်းလို့ တောပါသေးတယ် ဆိုပေမဲ့ "ယောက်ျားနဲ့ ငါးကြာကြာ ပစ်ထားလို့"မရဘူး ဆိုတဲ့စကားရှိတယ် မဟုတ်လားနော်။

သမီးသူဇာ ပြန်သွားပြီး ကျွန်မလည်း စက်တင်ဘာလကုန်တဲ့အထိ အိမ်မှာ ကောင်းကောင်းအနား ယူလိုက်တယ်ပေါ့။ ခွဲစိတ်ပြီး တစ်လအကြာမှာ ဆရာဝန်က ပြန်လည်ဆေးစစ်မှုတွေ လုပ်တော့ အားလုံး အခြေအနေကောင်းကြောင်း သိရတာမို့ စိတ်အေးရတယ်ဆိုပါတော့။ ခြောက်လ ကြာရင် ထပ်ပြီးဆေးစစ်ဖို့ ရက်ချိန်းပေး ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်လက်ပေါ့ပါးသွားရတာ ကြောင့် အောက်တိုဘာလ တစ်လ လုံး တက္ကဆက်က သမီးကေခိုင်ဆီ တစ်လှည့်သွားလည်၊ နိုင်ဝင်ဘာကျ သားကိုရွှေစင်ရှိရာ ၀ါရှင်တန် ကို ခရီးဆက်ဖြစ်ပါတယ်။

သားနေတဲ့ ဗာဂျင်းနီးယားနဲ့ သမီးသူဇာရှိရာ အယ်လ်လစ္စဘက်မြို့က လေးနာရိလောက်ပဲ ဝေးတာ မို့ကျေးဇူးတော်နေ့ ရုံးပိတ်ရက်မှာ သားက လိုက်ပို့ပေးမယ် ဆိုတာနဲ့ သားအမိနှစ်ယောက်ကား မောင်းပြီးသွားလိုက်ကြသေးတယ်လေ။ ဗာဂျင်းနီးယားက တောင်ကုန်းတွေ၊ ချိုင့်ဝှမ်းတွေနဲ့ သာ ယာလှပလွန်းတာကြောင့် သဘာဝအလှတွေ ငေးမောရင်း အဆိုတော် ပုလဲနဲ့ ကိုစိန်လွင်၊ ကိုစိုးပိုင် တို့ရဲ့သီချင်းတွေ နားထောင်ရင်းလေးနာရီခရီးက တစ်ခဏလေး လို ရောက်သွားလေရဲ့။ သမီးက အမေနဲ့ အစ်ကိုရောက်လာတော့ ပျော် လွန်းလို့ ဆွေ့ဆွေ့ခုန်နေ တာပဲ။ ကျေးဇူးတော်နေ့ ပွဲ တော်စာကြက်ဆင်ကောင်လုံးကင်နဲ့ တခြားဖွယ်ဖွယ်ရာရာတွေ စုံအောင် ချက် ထားတာ တွေ့ရ တော့အိမ်ရှင်မ ပီပီသသ ဖြစ်နေတဲ့ သမီးကို ချီးကျူးရပါသေးတယ်။

သမီးဆီက ပြန်လာပြီး တစ်ပတ်ကြာတော့ ကျွန်မလည်း ဖလော်ရီဒါ ပြန်ဖြစ်ပါရော။ ခရစ္စမတ်ပွဲ တော်ရုံးပိတ်ရက်ကျတော့ မိသားစုတစ်တွေ ဆုံးဖြစ်ကြဦးမှာ ရှိသေးတယ်လေ။ အမေရိကား မှာ နေရတဲ့တစ်ရက် တစ်ရက်ကလည်း အကုန်မြန်သလား မပြောပါနဲ့တော့။ တစ်နှစ်ဆိုတာ ဟိုလှည့် ဒီလှည့် နဲ့ ကုန်သွားလိုက်တာ ဘာလိုလိုနဲ့ ၁၉၉၆နှစ်ဆန်းက ဖျတ်ခနဲ ရောက်လာတော့တယ်။
သမီးသူဇာ က ဖေဖော်ဝါရီလဆန်းမှာ မီးဖွားမှာဖြစ်လို့ မီးဖွားချိန်အမီ ဇန်န၀ါရီလကုန်လောက် သမီး ဆီသွား မယ် စိတ်ကူးနေဆဲမှာပဲ၊ ဇန်န၀ါရီ ၈ရက် မနက် ၄နာရီ အရုဏ်တက်လောက်မှာ ဖုန်းဝင်လာ လေရဲ့။ သမီး မီးဖွ့ားလို့ ဆေးရုံကို သွားရတော့မှာတဲ့။ ဆရာဝန်တွက်ပေးထားတဲ့ ရက်ထက် တစ်လနီးပါးတောင် စောနေတာမို့ ကျွန်မလည်း စိတ်ပူလို့ပေါ့။ ပိုပြီး စိတ်ပူစရာကောင်းတာက အဲဒီအချိန် မှာ နှင်းမုန်တိုင်းက အကြီးအကျယ် ကျနေခိုက်လေ။

ဆေးရုံမသွားခင် သမီးက စိတ်လှုပ်ရှားတဲ့အသံနဲ့၊ "သမီး၊ မာမီ့ကို ဦးသုံးကြိမ်ခိုက်ပြီး ကန်တော့ခဲ့ ပါတယ်။ သမီးရဲ့သားလေး ခြေလက်အင်္ဂါစုံအောင်လည်း ဆုတောင်းပေးပါနော်"နဲ့ မှာသွားတော့ ကျွန်မရင်ထဲမှာ နင့်သွားတော့တာပဲ။ ကိုယ်ဝန်ရှိစက ကြောင်ကလေးခြေပြတ်ပြီး သေသွားရတာ ခုထက်ထိ သူ့ရင်ထဲမှာ စွဲလမ်းနေဆဲ ဆိုတာ တွေးမိတော့ သမီးကိုပိုပြီး သနားရပြန်ပါရော။
"သမီး မီးဖွားရင် မာမီအနားမှာ နေပါနော်"နဲ့ အားကိုးတကြီး မှာထားပါလျက်နဲ့ အခု အရေးကြုံ တော့အမေက အနားမှာမရှိနိုင်တာအတွက်လည်း စိတ်မကောင်းဖြစ်၊ စိတ်ရှိတိုင်းပြောသွားလို့ ရနိုင်တဲ့နေရာ လည်း မဟုတ်၊ရင်ထဲမှာ သောကမျိုးစုံနဲ့ ပူလောင်လိုက်ရတာ။

အရေးကြုံတိုင်း ကျွန်မရဲ့ အားထားရာက ရှင်တော်ဘုရား တစ်ပါးပဲရှိပါတယ်။ ကောင်းကောင်းဆိုး ဆိုးဝမ်းသာစရာပဲ ကြုံကြုံ၊ ပူလောင်စရာပဲ တွေ့တွေ့ ရှင်တော်ဘုရားရှေ့မှောက်ရောက်အောင် သွားပြီး အားကိုးမှုနဲ့ လျှောက်ထားရတာတွေ အမျိုးစုံလို့ သက်တော်ထင်ရှားသာရှိရင် ပြုံးတော်မူ ပြီး "ချစ်သမီး ပြဿနာတွေကလည်း မပြီးနိုင်တော့ပါလား၊ သံသရာလွတ်ကြောင်း စဉ်းစားဖို့ ကောင်းပြီ"လို့ မိန့်လေမလား မသိ။
ကျွန်မအတွက် နံနက်ခင်း ဘုရားကို အာရုံပြုရခြင်းက တစ်နေ့တာအတွက် ငြိမ်းချမ်းခြင်းပါပဲ။ ညဦး တောင်းဆုပြုရတာကျတော့ တစ်ညတာအတွက် လုံခြုံစေတယ်လေ။ စိတ်အားငယ်တဲ့အခါ ဘုရား ရှင်ရှေ့မှောက် ရောက်တာနေဲ့ အားတက်စရာ ဖြစ်သလိုအထီးကျန်နေချိန်မှာ အနားမားမားရပ် သကဲ့သို့ ခံစား ရပြီး၊ ၀မ်းနည်းတဲ့အခါ ဖေဖေ နှစ်သိမ့်မှု ရစေတဲ့အပြင် သံသယ၀င်နေခိုက် အာရုံ ပြုလိုက်တာနဲ့ဆုံးဖြတ်မှုပေးနိုင်အောင် အလင်းရပြီး စိတ်ကျေနပ်စရာ ကြုံတဲ့အခါကျ ကြည်နူး ချမ်း မြေ့မှုကို ရပါရော။

ဒါကြောင့် ဘာလေးတစ်ခု မကြုံလိုက်နဲ့ ကလေးတစ်ယောက် ဖခင်ကို အားကိုးလိုတဲ့စိတ်မျိုးနဲ့ ရှင်တော် ဘုရားရှေ့မှောက် အမြဲရောက်လျက်မို့ အခုလည်း သမီးအတွက် အမျိုးစုံတောင်း ဆုတွေ ပြုနေဖြစ်တော့ တယ်ပေါ့။ အမေက အချိန်မီ မရောက်နိုင်ပေမဲ့ သူ့ခင်ပွန်းက အနားမှာရှိနေတာမို့ သမီးလည်းအားရှိမှာပါ။ အမေရိကား မှာ ၁၉၇၀ပြည့်နှစ်လောက်ကစပြီး Dr.F.LAMAZ ရဲ့နည်းစ နစ်အရ LAMAZ သင်တန်းရယ်လို့ ပေါ်ပေါက်လာပြီး ကိုယ်ဝန်ခြောက်လရှိတာနဲ့ လေးပတ်သင် တန်းတက်ရပါတယ်။

ကိုယ်ဝန်ဆောင်သူနဲ့အတူ ခင်ပွန်းပါတက်ပြီး သင်ရတာပါ။ သားဖွားခြင်းအကြောင်း အပြည့်အစုံ ပညာပေး တာတွေအပြင် မီးဖွားချိန် ဘယ်လိုအသက်ရှူရမယ်၊ ဘယ်ပုံအနေအထားနဲ့ညှစ်အားပေး ရမယ် စသဖြင့်တွေပေါ့။ ကလေးအဖေပါ မွေးခန်းထဲ ၀င်ခွင့်ပြုထားတာမို့ ကိုယ့်ဇနီးရဲ့ ခံစားရတဲ့ အာဝေဏိက ဝေဒနာတွေကို လက်တွေ့မြင်ခွင့်ရတာကြောင့် ကြင်နာယုယဖေးကူမ ပေးခြင်းနဲ့ မိခင်လောင်းရဲ့ စိတ်အားတိုးတက်စေတဲ့ သဘောလည်း ပါပါတယ်။
ကျွန်မလည်း နာရီဝက်တစ်ခါလောက် ဖုန်းဆက်ပြီး သမီးကို အားပေးရတာအမော။ ဒီလိုနဲ့ ညနေ ၈နာရီ ၃မိနစ်ကျမှ သားဦးလေးကို ချောချောမောမော မွေးဖွားကြောင်း သိရလို့ ရင်ထဲက သောက မီးငြိမ်းရတော့တယ်။ ဒါပေမဲ့ လုံးဝစိတ်အေးရတာ မဟုတ်သေးဘူး။ ကလေးက ၀မ်းက ကျွတ်ကျွတ် ချင်းမငိုဘူးတဲ့။ ကျွန်မသမီး ကေသီက "သူဇာ့သားမို့ သူ့အမေလို ငိုရကောင်းမှန်း မသိလို့ မငို တာဖြစ်မှာ" နဲ့ အပြေင်အပြတ် မှတ်ချက်ချနေသေးတာပါ။

တကယ်က ကလေးက တစ်လ စောမွေးတဲ့အတွက် အဆုတ်ကပြည့်ပြည့်၀၀ မဖွံ့ဖြိုးသေးလို့ မငို တာဆိုပြီး ကလေးအထူးကုဆရာဝန်ကြီးကို ချက်ချင်းအကြောင်းကြားပါတယ်။ ဆရာဝန်ကြီးက မိနစ်ပိုင်းသာ ရှိသေးတဲ့ ကလေး ကိုဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ်မှာအပေါက်ရှိနေတာကြောင့် ချက်ချင်း (ICU)အခန်းမှာပို့ ကုသမှု ပေး ရတယ်တဲ့လေ။ ဒီတော့ကလေးအတွက် တစ်ခါစိတ်မော ရပြန်ပါရော။
သောကစိတ်နဲ့ နောက်တစ်နေ့အမီ သမီးဆီလိုက်သွားဖို့ကြိုးစားပေမဲ့ နှင်းမုန်တိုင်းက ရှိနေဆဲ မို့ လေယာဉ်ခရီးစဉ်တွေ ဖျက်ထားတာကြောင့် အဆင်မပြေဘဲ စောင့်နေရတာ ရင်တမမနဲ့ပါပဲ။ တော် ပါသေးရဲ့။ သုံးရက်ကြာတော့ ကလေးကလုံးဝ ကျန်းမာသွားပေလို့။ ကျွန်မလိုပဲ စိတ်ပူနေ တဲ့ ယောက္ခမက မြို့ချင်း သိပ်မဝေးလှတာမို့ နှင်းမုန်တိုင်းကြားထဲက ကားမောင်းပြီး အရောက်သွား လိုက် တာကြောင့် ကျေးဇူးတင်ရပါသေးတယ်။

စောစောက အစီအစဉ်အရ ကျွန်မတို့ မိခင်နှစ်ယောက် တစ်လစီ သွားစောင့်ရှောက်ပေးကြရင်း ဂျူတီ လဲကြမယ်ပေါ့။ ကျွန်မအရင်သွားမဲ့အစား သူကအရင်ရောက်နှင့်တာမို့ သမီးဆီ ဖေဖော်ဝါရီ လအလယ်ကျမှ သွားဖို့ လေယာဉ်လက်မှတ် ပြန်ပြောင်းနဲ့ အလုပ်ရှုပ်ရပါသေးတယ်။ နောက်တစ် နေ့မှာဆေးရုံက ပို့ပေးလိုက်တဲ့ ဗီဒီယိုအခွေတစ်ခု အမြန်ချောနဲ့ ရောက်လာလေရဲ့။ သူတို့ငွေရှာ နည်းရိုက်စားပုံက အတုယူလောက်ပါတယ်။
အခွေပေါ်မှာ နာမည်ထုးထားတာက "ဇက်ကရီ ကောင်းမြတ် ဘာဝစ္စ်တီ"ဆိုတဲ့ ကျွန်မမြေးရဲ့ နာမည် အပြည့်အစုံနဲ့နေလေ။ ဖွင့်ကြည့်လိုက်တော့ Pittsburgh Megee Woman's Hospital ဆို တဲ့ဆိုင်းဘုတ် နဲ့ ဆေးရုံပေါ်လာတယ်။ တစ်ချိန်တည်းမှာပဲ ၁၉၉၆ခုနှစ် ဇန်န၀ါရီလ ၈ရက်နေ့ ဒီဆေးရုံမှာ မင်္ဂလာရှိသော သားယောက်ျားလေးတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ အစချီပြီး မိဘနာမည်၊ နေရပ်လိပ်စာ၊ မွေးဖွားတဲ့အချိန်၊ ကိုယ်အလေးချိန်၊ အရပ်အမောင်းစသည်တွေ ပြောပြချိန် ကလေးရဲ့ပုံတွေက ငိုတာရော၊ ပြုံးတာရော၊ မဲ့တာရောနဲ့အတူ ငိုက်လျက်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်လျက်စုံအောင် ရိုက်ပြထားပါတယ်။

နောက်ပြီး "ဇန်န၀ါရီ"ဆိုတာ "အဦးအစ"လို့ အဓိပ္ပာယ်ဖွင့်ပါသတဲ့။ ရိုမင်ဘုရား JANISက ကြီးစိုး တာမို့ "ဇန်န၀ါရီ"အမည် ဖြစ်တည်စေတယ်ပေါ့။ JANISရဲ့ ပုံသဏ္ဌာန်က မျက်နှာနှစ်ခုရှေ့မှာ တစ်ခု၊ နောက်မှာ တစ်ခုရှိလေတော့ ဒီလမှာ မွေးတဲ့ ကျွန်မမြေးက ရှေ့နောက် နှစ်ဖက်အမြင်ရလို့ အမှားအမှန် ဆင်ခြင်နိုင်သူပဲ ဖြစ်လေမလား။ ဒါမှမဟုတ် အပျိုချောတွေ အလယ်မှာ မျက်နှာများ သူပဲဖြစ်လေမလားမသိ။
ဒီလရဲ့ အထိမ်းအမှတ် ပန်းက "ဇော်မွေး"ပန်းဖြစ်သလို ကျောက်မျက်ရတနာက ဂါနက်ခေါ်တဲ့ ဂေါ် မုတ်ကျောက်အနီရောင်လို့ ဆိုပါတယ်။ ဂရိတိုင်းပြည်မှာတော့ ဒီနေ့ဟာ "အမျိုးသမီးများက ဇိမ်နဲ့ ဒူးနှန့်နေကြပြီး ယောက်ျားများက အိမ်ရဲ့ ဝေယျာဝစ္စမှန်သမျှ ကျုံးပြီး လုပ်ကြရတဲ့နေ့လို့ ပြောပြ တော့ဒီနေ့မှာမွေးတဲ့ ကျွန်မရဲ့ မြေးလေးလည်း "မစ္စတာအိုက်တိုးအနှော်ရှီး"ဆိုတဲ့ နာမည်ပဲ ပေးရတော့မလို။ တွေးရင်းသူတို့ ငွေရှာတော်ကြပုံကို ချီးကျူး မိပါရဲ့။"

ဒီလိုနဲ့ သမီးသူဇာဆီမှာ မြေးထိန်းရင်း သွားနေပေးလိုက်တာ မတ်လအလယ်လောက် ကျမှ ပြန် ရောက်တော့တာပဲ။ ဒီနှစ်ထဲမှာ မြေးအသစ်တိုးတဲ့ မင်္ဂလာသတင်း အပြင် နောက်ထပ် ရတဲ့ ကောင်းသတင်းတစ်ခုက သားကိုရွှေစင် ဇွန်လထဲမှာ မော်စကိုကို တာဝန် နဲ့ ပြောင်းရမယ်ဆိုတာပါ ပဲ။ ဒါကြောင့် သူ့ Russainစကားတွေ သင်ဖို့ ကျောင်းတက်နေရတယ်တဲ့။
သားက ဇွန်လ ၁၀ရက်နေ့မှာ မောစကို ထွက်ရမှာမို့ မသွားခင် မေလကုန်မှာ အမေဆီ ၁၀ရက် လောက်လာနေမယ်ပြောတာနဲ့ ကျန်တဲ့မောင်နှမတွေကလည်း သား မသွားခင် ဆုံကြရအောင် ဆိုပြီး တန်းစီရောက်လာကြပြန်ပါရာ။ ဒီအထဲမှာ ကလေးပိစီကွေးနဲ့ သမီးမသူဇာလည်း ပါသေး တယ်လေ။ မောင်နှမတွေ ဆုံမိကြတော့လည်း ထုံးစံအတိုင်းအပျော်လွန်ကြပေါ့။

သားကိုရွှေစင် ရောက်လို့မှနှစ်ရက်ပဲရှိသေးတယ်။ တစ်ညနေမှာ သားအငယ်ဆုံး အိန္ဒာဖုန်းဆက်လာ ပါတယ်။ "မာမီ သားကားတိုက်လို့ ဆေးရုံရောက်နေတယ်"တဲ့။
ကျွန်မတို့ အားလုံး ပျာသွားကြတာပဲ။ အသက်အန္တရာယ်စိုးရိမ်လောက်စရာ မရှိပါဘူးဆိုပေမဲ့ ၀င် တိုက်တဲ့ကား ရဲ့အရှိန်က ပြင်းထန်လို့ အသက်ကယ်လေအိတ် ပေါက်ထွက်သွားပြီး မျက်နှာနဲ့ လက်တွေမှာ အပွန်းအပဲ့ ဒဏရာတွေရလို့တဲ့။ တော်ပါသေးရဲ့။ လေအိတ် ကယ်ပေလို့ပါပဲ။ ဘာပဲ ဖြစ်ဖြစ်ကားတိုက်တယ် ဆိုကတည်းက ကျွန်မတို့မိသားစု ပျာယာခတ်ကုန်ကြပါပြီ။ ဆေးရုံအသွား ကားပေါ်မှာ သမီးကေခိုင်က ငို၊ ကေသီက ငို၊ ကျွန်မက ငိုကားနေရတဲ့ သားရွှေစင်လည်း ပါသမျှ သူတွေ အကုန်ငိုနေကြလို့ ဆေးရုံအမြန်ရောက်အောင် စက်ကုန်ဖွင့်မောင်းလေရဲ့။

ဘယ်လိုဆိုးဆိုးရွားရွား အခြေအနေမျိုးတွေ့ရမလဲ၊ ရင်တထိတ်ထိတ်နဲ့ ရောက်သွားတော့ ကိုယ်ချောလေးက Wheel Chairပေါ်မှာ ပြုံးစစနဲ့ ထိုင်လို့။ မျက်နှာနဲ့လက်တွေ၊ ရင်ဘတ်တွေမှာ တော့ အပွန်းအပဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ပေါ့။ ဒီတော့မှ မောင်နှမတစ်တွေ ရယ်မောနိုင်ကြတော့ တယ်။ ကျွန်မ တို့ မိသားစု အဖြစ်သည်းကြပုံကလည်း တစ်ခါ တစ်ခါတော့ ရယ်ချင် စရာပါပဲ။ ရောက်လာကြရင် ပြုံးလို့ ပျော်လို့ ရွှင်လို့ မြူးလို့ ဟော....ပြန်တော့မယ်ဆိုရင် အသက် ဆုံးဆယ် ကျော် ဆေးဆယ်တွေကလည်း ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြပြန်ပါရော။

သားသမီးတွေကိုသာ ပြောနေတယ်။ ကျွန်မလည်း သူတို့နည်းတူစွာပါပဲ။ ကွေကွင်းရခြင်း ဆင်းရဲ ရဲ့ဒဏ်ကို ခံနိုင်ရည် စွမ်း ခုထက်ထ မရှိသေးတာ သေချာလှပါတယ်။ ဒါကြောင့် ဘယ်ခရီးပဲ သွား သွားအပြန်မှာ မျက်ရည်စ နဲ့ ပြန်ခဲ့ရတာက ရိုးနေပါပြိ။ အခုလည်း သားသမီးတွေ ပြန်သွားတော့ ရင်ထဲမှာ ဟာကျန်ခဲ့ တာပါပဲ။ သူတို့ကိုလွမ်းတနေဆဲမှာပဲ ကျွန်မနဲ့ ညီအစ်မအရင်းလို ချစ်တဲ့မရွှေ ဥတစ်ယောက် ကင်ဆာရောဂါကြောင့် ခွဲစိတ်ကုသပြီး ကီမိုပေးရမယ်ဆိုတာ ဖုန်းဆက်လာတော့ စိတ်ပူပန်စွာနဲ့ နယူးဂျာစီ ကို အပြေးအလွှားထွက်လာရပါတယ်။

အလွန်ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ မရွှေဥရဲ့ လက်ရှိကျန်းမာရေး အခြေအနေကိုမြင်ရတော့ ရင် ထဲမှာ ထိခိုက်ခံစားလိုက်ရတာ။ ကျွန်မတို့နှစ်ယောက် နေကုန်နေခန်း စကားတွေ အများကြီး ပြောဖြစ်ကြ ပါတယ်။ သေခြင်းတရားကို သတ္တိရှိရှိနဲ့ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားတဲ့သူရဲ့ စိတ်ဓာတ် ကိုလည်းချီးကျူးအားကျရပါရဲ့။ ကာယကံရှင်က အားတင်းနိုင်သလောက် အားပေးဖို့ ရောက်လာ တဲ့ကျွန်မ က ခွဲခွာရတော့မဲ့ အချိန်ကာလကို တွက်ပြီး ရင်နာနာနဲ့ သူ့ကွယ်ရာမှာ မျက်ရည်ကျရ။
လူသားတိုင်း အပူအပန် ကင်းကြရတယ်ဆိုတာ မရှိကြပါဘူးနော်။ ကိုယ့်အတွက်ပူရ၊ ကိုယ့်မိဘ ကိုယ့် သားသမီး ကိုယ့်မိသားစုအတွက် ပူရ၊ ချစ်ရတဲ့မိတ်ဆွေ သူငယ်ချင်းအတွက် ပူရ၊ ငွေကြေး အတွက်ပူရ၊ အလုပ် အကိုင်နေရေး စားရေးအတွက် ပူရ၊ အဆိုးတကာ့အဆိုးဆုံးက ကွက်လပ် အ ဖြစ် ကဘယ်တော့မှ ဖြည့်ဆည်းမရနိုင်တဲ့ သေခြင်းတရားနဲ့ ရင်ဆိုင်ရတာအတွက် ပူရ၊ မျက်ရည် ခန်းမှ တရားရမယ် ဆိုရင်တော့ ကျွန်မအတွက တရားနဲ့ ဝေးပါလေရဲ့။

မရွှေဥနဲ့အတူ ဆယ်ရက်ကြာမျှ နေခဲ့ပြီး စိတ်လက်မကြည်မလင်နဲ့ ဖလော်ရီဒါပြန်လာရပါတယ်။ တစ်နှစ်တစ်နှစ် မသွားမဖြစ်တဲ့ ခရီးတွေကလည်း ကုန်ပဲမကုန်နိုင်ဘူး။ သားသမီးတွေက တစ်နှစ် တစ်ခေါက် အမေ ရောက်မလာရင် မကျေမနပ်နဲ့ ပြဿနာရှာတတ်ကြတာကြောင့် အခုလည်း ရှီကာဂိုက သားကြီး ခင်မောင်ဝင်းခန့်ဆီ သွားဖို့ ပြင်ဆင်ရပြန်ပါရော။ ရှီကာဂိုမှာ ရှိနေခိုက် သမီးသူ ဇာက ဖုန်းဆက်လာပါတယ်။ သူ့သားအခု ခုနစ်လပြည့်ပြီမို့ ယောက်ျားဘက်က အဘိုး အဘွားများ ကသူတို့မြို့ မှာ ကင်ပွန်းတပ်ပွဲ လုပ်ပေးမှာတဲ့။ အဲဒီပွဲအမီ မာမီလာခဲ့ပါတဲ့လေ။ ခရီးတစ်ခု မပြီးခင် နောက်ခရီးတစ်ခုဆက်ဖို့ပေါ်လာတော့ ရှိကာဂိုကနေ Syracuseကို အသွားအပြန် လေယာဉ်လက် မှတ်လုပ်ရနဲ့ အလုပ်ရှုပ်ပေါ့။ ဒီပွဲကို ဖလော်ရီဒါက သမီးကေသီလည်း တက်ရောက်ဦးမှာမို့ ကျွန်မ တို့သားအမိ ပြန်ဆုံကြရဦးမှာလေ။

ကျွန်မရဲ့ခမည်းခမက်တွေက ဆွေးမျိုးအုပ်စုတောင့်ကြတော့ မိတ်ဆွေသင်္ဂဟ အသာထားဦး၊ သူတို့ ဆွေမျိုးနဲ့တင်ကို ခန်မအပြည့်နီးပါး ရှိနေပါပြီ။ မြန်မာတွေလို မိသားစုက သိုင်းသိုင်းဝိုင်းဝိုင်း ရှိကြတာ မို့ ကင်းပွန်းတပ်ပွဲက ပျော်စရာကောင်းပါရဲ့။ ကလေးက ခုနှစ်လသားသာဆိုတယ်။ ထွားလိုက်တာ ဧရာမကြီး။ သူတို့အတွက် လက်ပေါ်မှာ ပထမုဆံးကြီးရတဲ့ မြေးမို့ အဘိုးအဘွားက သည်းသည်းလှုပ်နေတာ ကြည့်ပြီး ကျွန်မလည်း ကျေနပ်ကြည်နူးရပါတယ်။
အချိန်တွေဖဲ့ခြေပေးလိုက်ရတာကြောင့် ရှီကာဂိုမှာ ကြာကြာနေဖို့ ရက်မကျန်တော့ဘဲ ဇူလိုင်လ ကုန်တာနဲ့ ဖလော်ရိဒါကို ပြန်ခဲ့ရပါရော။ အိမ်ရောက်လို့ ခရီးဆောင်သေတ္တာတွေရှင်းနေဆဲပဲ ရှိသေး တယ်။ မော်စကိုက သားကိုရွှေစင်က ဖုန်းဆက်လာပါတယ်။

"သား အိမ်အဆင်သင့် ဖြစ်ပြီ မာမီ...အခုလာခဲ့တော့လေ။ အောက်တိုဘာ၊ နိုဝင်ဘာကျရင် အရမ်း အေး တာတဲ့။ မော်စကိုရဲ့ အအေးဒဏ်ကို မာမီခံနိုင်မှာမဟုတ်ဘူး။ သား ထားခဲ့တဲ့ လေယာဉ်လက် မှတ် က Open Dateလုပ်ထားတာ။ လေယာဉ်လက်မှတ် ရက်တောင်းပြီး လာခဲ့လိုက်တော့"တဲ့။
အခုပဲ အိမ်ပြန်ရောက်လို့ သေတ္တာတောင် ပြီးအောင်မဖြေရသေးဘူး။ နောက်ခရီးတစ်ခုဆက်ဖို့ လုပ်ရဦးတော့မယ်လေ။ လေယာဉ်ရုံးကို ဆက်သွယ်စုံစမ်းတော့ အစောဆုံးသြဂုတ်လ ၉ရက်နေ့ မှာရမယ်ဆိုတာနဲ့ အဲဒီရက်ကိုပဲ ယူလိုက်ရတယ်ပေါ့။ ကျွန်မက အညာသူ၊ အအေးအလွန်ကြောက် တဲ့မိန်းမ။ သွားရမှာက မော်စကို ဆိုတာနဲ့ ကျောထဲက ချမ်းချင်နေပါပြီ။ ဒါပေမဲ့ စားရေးသူတစ် ယောက်အနေနဲ့ နေရာသစ်၊ အတွေ့အကြုံသစ်ဆိုတာ ရတနာတွေလိုပဲ၊ တန်ဖိုးရှိပစ္စည်း ဖြစ်တာ လို့အခါအခွင့်သာတဲ့အတွက် ကျေနပ်ဝမ်းသာနေမိပါတယ်။

အထူးသဖြင့် မော်စကိုဆိုတာ ကိုယ်နဲ့ ဘာမှမဆိုင်သလို ရောက်ဖို့ မပြောနဲ့စိတ်ကူးယဉ်အိမ်မက် ထဲ မှာတောင် ထည့်မမက်ဖူးတဲ့ နေရာမျိုးလေ။ ရှေးအတိတ်ကံ ရေစက်ကတွေက ဘယ်လို ရှိခဲ့ဖူး လေတယ်မသိ။ သားကိုအကြောင်းပြုပြီး ရောက်ရတဲ့နိုင်ငံတွေကလည်း ကျွန်မအတွက် အထူးအ ဆန်း စိတ်ဝင်စားစရာချည်း ဖြစ်နေပါတော့တယ်။
ရုရှားနိုင်ငံကို ကွန်မြူနစ်နိုင်ငံအဖြစ် စိတ်ကူးထဲမှာရှိထားတဲ့ပုံစံနဲ့ တကယ့်အမြင်လက်တွေ့က ကွားခြားလွန်းနေပါတော့တယ်။ အဆောက်အဆုံးတွေက ကြီးမှကြီး၊ လမ်းမကြီးတွေက ကျယ်မှ ကျယ်၊ တချို့လမ်းတွေဆိုရင် အသွားခုနစ်လမ်း၊ အပြန်ခုနစ်လမ်းနဲ့ ဆယ့်လေးလမ်းရှိတဲ့ အဝေး ပြေးလမ်းမတွေတောင် ရှိတာမို့ အံ့သြရပါရော။

သားနေ တဲ့ အိမ်ဝိုင်းထဲက ထွက်လိုက်တာနဲ့ အမေရိကား ပြန်ရောက်သွားသလား အောက်မေ့ရ တယ်။ ကျွန်မတို့ ဆီမှာ ရှိနေတဲ့ ပုံစံအတိုင်း Pizza Hutနဲ့ ကင်ကာကီ ကြက်ကြော်ဆိုင်နဲ့ မက်ဒေါ် နယ်လ်များ ဟိန်းလို့၊ လူတွေကလည်း တန်းစီပြီး ကြိတ်ကြိတ်တိုးဝယ်စားနေကြတာနော်။ ၀တ်စား ထားကြတာလည်း ပွဲထိုင်သွားကြတော့မဲ့အတိုင်း အပျံစားပါပဲ။
အမေရိကားမှာတော့ မက်ဒေါ်နယ်လ်ဆိုင်က Fast Food ဆိုင်မို့ တကူးတကလာစားကြသူက နည်းနည်း၊ သွားရင်ဟန်လွှဲ ကြုံသလို ဗိုက်ဖြည့်ကြတာမို့ ဂျင်းဘောင်းဘီနဲ့ တီရှပ်နဲ့ လည်း ရောက်ချင်ရောက်သွားကြတာ တချို့များဆို ကားပေါ်ကတောင် ဆင်းတာမဟုတ်ဘူး။

Drive Throughtဆိုတဲ့ ကားပေါ်က အော်ဒါမှာတဲ့စနစ်နဲ့ ပြီးသွားကြတာမျိုးလေ။ ဒီမှာတော့ မက်ဒေါ် နယ်လ်ရှေ့မှာ ဂုဏ်ယူစွာနဲ့ဓာတ်ပုံရိုက်ကြ၊ ဗီဒီယိုရိုက်ကြမိုက ကျွန်မမှာ အထူးအဆန်းကို ဖြစ်လို့။
"ကမ္ဘာပေါ်မှာ အကြီးဆုံး မက်ဒေါ်နယ်လ်ဆိုင် ဘယ်မှာရှိလဲ မာမီ သိလား"တဲ့။ သားကမေးပါတယ်။ အဲဒီအကြီး ဆုံး မက်ဒေါ်နယ်လ်ဆိုင်က တစ်ချိန်တုန်းက ကွန်မြူနစ်တိုင်းပြည်ဖြစ်ခဲ့ဖူးတဲ့ မော်စကို မှာရှိတာ တဲ့လေ။ အခုလက်ရှိ ခြောက်ဆိုင်ရှိထားပြီးသား။ နောက်ထပ်ငါးဆိုင် ဖွင့်ဖို့ စီစဉ်နေဆဲပါ။ မကြာသေးခင် အချိန်တုန်း က ပေါင်းမုန့်တစ်လုံးရဖို့၊ သွားတိုက်ဆေးတစ်ဘူး ၀ယ်နိုင်ဖို့ တစ်နေ ကုန်နီးပါး တန်းစီ ခဲ့ရသူတွေ အခု ဆိုင်ကြီးတကာမှာ လိုတာမှန်သမျှ လွယ်လွယ်ကူကူ ၀ယ်လို့ရနေ ပါပြီ။

ပြည်ပက မြှုပ်နှံငွေများစွာနဲ့ ဘဏ်တိုက်ကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ ဟိုတက်ကြီးတွေကလည်း ဟိန်းနေအောင် ဖြစ်လာသလိုနေရာတကာ လမ်းထောင့်တိုင်းမှာ ကိုကာကိုလ်ာတို့၊ ပက်စီ တို့ ကြော်ငြာတွေကလည်း အများအပြားတွေ့မြင်ရပါတယ်။ ရုရှားအမျိုးသမီး အများစုကလည်းချော်မှ ချော၊ အရပ်ရှည်ရှည်၊ ကိုယ်လုံးသွယ်သွယ်၊ အသားဖြူဖြူ၊ မျက်ဝန်းညိုညိုနဲ့ အ၀တ်အစားက လည်းဖက်ရှင်ကျကျ တစ်ချိန်က ကွန်မြူနစ်တိုင်းပြည်ဖြစ်ခဲ့တယ် ဆိုတာတောင် ယုံနိုင်စရာ မရှိ အောင် အရာရာ က ပြောင်းလဲသွားပါပြီ။

ကျွန်မလည်း မော်စကို ရောက်တာနဲ့ တစ်ချီတည်း သန်ကြွယ်သူဌေး မီလျံနာဖြစ်သွားတော့တာပဲ။ အံမယ်...ကိုင်သုံးတာတောင် သောင်းတန်၊ သိန်းတန်ငွေစက္ကူကိုင်သုံးတာပါနော်။ သားက "မာမီ သုံးချင်တာ သုံးဖို့ ဒေါ်လာနှစ်ရာ ရူဘယ်လ်နဲ့လဲပြီး ယူလာခဲ့တယ်"ဆိုပြီး လက်ထဲလာထည့်တော့ တစ်သန်းနဲ့ ငါးသောင်းတောင်ဖြစ်နေပါရော။ တစ်ဒေါ်လာက သူတို့သုံးတဲ့ ရူဘယ်လ် ငါးထောင့် နှစ်ရာ့ငါးဆယ်နဲ့ ညီမျှပါတယ်။ ငွေစက္ကူက တစ်ရာတန်၊ နှစ်ရာတန်၊ တစ်ထောင်တန်၊ ငါးထောင် တန်၊ ငါးသောင်းတန်၊ တစ်သိန်းတန်နဲ့ ခြောက်မျိုးတောင်ရှိတာ။

ရောက်ခါစ သုညတွေ များလွန်းလို့ မတွက်တတ်ဘဲ တသ်စောင်းပေးရမှာ တစ်သိန်းတန်နဲ့ မှားပေး ခဲ့မိလို့ ဆယ့်ရှစ်ဒေါ်လာဖိုး အချောင်ပါသွားလေရဲ့။ ရုရှားနိုင်ငံမှာ ရူဘယ်လ်ရော ဒေါ်လာပါ တရား ၀င်သုံးစွဲခွင့်ရှိပါတယ်။ ဒါပေမဲ့ ကုန်တိုက်ကြီးတွေမှာ ဒေါ်လာကို ငွေစက္ကူအနေနဲ့ လက်မခံဘဲ Credit Card နဲ့ပေးတာမှ လက်ခံတဲ့စနစ် ဖြစ်နေပြန်ပါရော။ ဈေးတွေကလည်း တကယ်ကြီးပါ တယ်။ ကမ္ဘာမှာ စားဝတ်နေရေး ဈေးအကြီးဆုံးနိုင်ငံလေးခုထဲမှာ ဂျပန်နိုင်ငံက နံပါတ်တစ် ဖြစ်ပြီး၊ ရုရှားနိုင်ငံက နံပါတ်နှစ် ချိတ်တယ်လို့ ဆိုပါတယ်။ အစားအသောက်ရော၊ အ၀တ်အထည် အသုံး အဆောင် အားလုံး ဈေးကြီးလွန်းလို့ ဈေးဝယ်ထွက်တိုင်းဘုရားတရတာ အခါခါမို့ ကိုသိုလ်တော့ တော်တော်ရမှာပါ။
သွားရေးလာရေးက ဒီမှာအလွန်ကို အဆင်ပြေပါတယ်။ ကိုယ်ပိုင်ကားရှိစရာ မလိုပါဘူး။ ဘတ်စ် ကားနဲ့သွား မလား၊ မြေအောက်ရထားနဲ့ သွားမလား၊ ထရောလီ စီးမလား၊ အကုန်ဘယ်နေရာမဆို အလွယ်တကူ ရောက်နိုင်ငံရုံအပြင် လက်မှတ်ခကလည်း ပေါမှပေါ။ ခရိး နီးနီးဝေးဝေး ဈေးက အတူတူ ပါပဲ။ မြေအောက်ရထားဘူတာကြီးတွေကလည်း ကြီးကျယ်ခမ်းနားပါဘိ။ ကျောက်ရုပ်တု တွေ၊ ပန်းချီးကားတွေ နဲ့ ပြတိုက်ထဲ ရောက်နေသလား အောက်မေ့ရပါတယ်။

ဘယ်တိုင်းပြည် ရောက်ရောက ကိုယ်ကဘာသာစကား မတတ်ရင် ပြဿနာပါပဲ။ ရောက်လေရာမှာ ကျွန်မ လည်း ခြေရှည်ချင်တတ်သူ၊ လေ့လာလိုသူဆိုတော့ သားရုံးသွားတာနဲ့ အပြင်ထွက်ဖို့ လမ်းရှာပြီလေ။ ကံကောင်းထောက်မ စွာနဲ့ သားနေတဲ့ ၀ိုင်းထဲမှာ အမေရိကားက တာဝန်ထမ်း ဆောင်ဖို့ ရောက်နေကြတဲ့ မိသားစုတွေ ရှိ ပါတယ်။ သူတို့တစ်တွေနဲ့ အဖွဲ့ကြပြီးနေ့ခင်းဘက် စုပြီးမြိုကထဲထွက်ကြ၊ စကားလည်း မတတ်၊ လမ်းတွေလည်း မသိတော့ ဘယ်သူ့ဘယ်သူမှလည်း ဆရာတင်လို့ မရ။

သူတို့ ရုရှားစားတွေလည်း ဖတ်ရခက်ပါဘိ။ အက္ခရာတွေက အင်္ဂလိပ်စာလုံးပုံစံတော့ ဟုတ် ပါရဲ့။ မှောက်လျက်ရော၊ ပက်လက်ရော၊ ဇောက်ထိုးရော၊ ပြောင်းပြန်ရော ဖြစ်နေတာတွေက တစ်မျိုး၊ စာလုံးက တခြား အသံထွက်က တခြားအေးကြီး မြင်နေပါလျက်နဲ့ အသံက အာထွက်လိုထွက်၊ အဲဒီလိုပဲ အိတ်ခ်ျ က အင်န်ဖြစ်နေပြန်ရော၊ အိုင်ကလည်း အီးတဲ့။ အသံထွက်တွေက တလွဲစီဖြစ်နေ တဲ့အထဲမှာ ဘီအကြီးစားရော ဘီအသေးစားရော နှစ်လုံးတောင်ပါလိုက်သေးတယ်။ ဖတ်တတ်ဖို့ မပြောနဲ့ မှန်းကြည့်လို့တောင် မနီးစပ်နိုင်ပါဘူး။
အဲဒီစာလုံးတွေ ကြည့်ပြီး ဒီမလာခင် ရုရှားစာနဲ့ စကားသင်ခဲ့ရတဲ့သားကို သနားနေမိပါရဲ့။ ကျွန်မ တို့အုပ်စုက စာတစ်ခုံမှ မဖတ်တတ်ပေမဲ့ လူစည်စည်ဈေးတန်းရောက်ရင် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်မွှေကြ၊ ဈေးကြီးလွန်းလို့ ဘာတစ်ခုမှ ၀ယ်နိုင်ကြတာ မဟုတ်ဘူး။ အတူပါလာတဲ့ လောဒတ်စ် ဆိုတဲ့ ဆရာဝန် မလေးက ဈေးနှုန်းတစ်ခု ဖတ်ပြီးတိုင်း "အံမယ်လေး ငါသွးသေလိုက်တော့မယ်" နဲ့အခါပေါင်း များစွာ သေလို့ တစ်ယောက်က ရင်ဘတ် သွားဖိရင်း "အသက်ရှိသေးရဲ့လား"နဲ့ နောက်ကြ ပြောင်ကြ။

မော်စကိုမှာ နေရင်ပိုက်ဆံအိတ်ကြီးကြီးကိုင်ဖို့တော့ လိုအပ်ပါတယ်။ အိမ်က မထွက်ခင်ကတည်း ကမပါမဖြစ် ထည့်ယူရမဲ့ ပစ္စည်းက စက္ကူလက်သုတ်ပ၀ါရယ်၊ ကိုယ်လက်သန့်စင်ဖို့ Toilet Paper ရယ်၊ ပလတ်စတစ် အိတ် လေးငါးလုံးရယ်ပေါ့နော်။ သွားရင်းလာရင်း ဆာလို့ တစ်ခုခုဝင်စားရင် ဆိုင်က လက်သုတ်ပ၀ါမပေးပါဘူး။ ကိုယ့်လက်သုတ်ပ၀ါနဲ့ ကိုယ်သုါံ်ရသလို တစ်နေရာရာမှာ အပေါ့အပါး သွားချင်မိရင်လည်း ကိုယ်လက်သန့်စင်ဖို့ ကိုယ်ဟာကိုယ်ပဲ တာဝန်ယူ ရတယ် ဆိုပါ တော့။ ဈေးဝယ်ရင် လည်း ကုန်တိုက်ကြီးများမှအပ ဘယ်သူကမှ အိတ်နဲ့ထည့်ပေးတာမျိုး၊ စက္ကူ တို့၊ ဖတ်တို့နဲ့ ထုပ်ပေးတာ မျိုး မရှိ၊ ကိုယ့်အိတ်ကိုယ် ဆောင်းထားပါမှ။
တိုင်းပြည် တစ်ခုနဲ့တစ်ခု မူဝါဒဆိုတာတွေပေါ် အခြေတည်ပြီး ကွဲပြားမှုတွေကရှိမှာပေါ့နော်။ အရင်က အစိုးရ ကပြည်သူ အားလုံးအတွက် နေရေးထိုင်ရေး အိုးအိမ်ကအစ ပေးထားပြီး ပညာရေး၊ ကျန်းမာရေး အစစ တာဝန်ယူထားခဲ့တာ မဟုတ်လား။ အခုမှ မူဝါဒ အပြောင်း အလဲတွေ ဖြစ်လာတာ နှစ်မကြာသေးတာကြောင့် သူတို့လည်း စနစ်သစ်နဲက စနစ်ဟောင်း အပြောင်းအလဲ မှာ ပြုပြင်စရာ တွေအများကြီး ရှိနေဦးမှာပါ။

မောက်စကိုမှာ စိတ်ဝင်စားစရာ ရာဇ၀င်များစွာ ရှိနေတာကြောင့် နှစ်လဆိုတဲ့ အချန်ကာလ မ လောက်နိုင်အောင်ပါပဲ။ ရေးစရာ အကြောင်းအရာတွေကလည်း များပြားလွန်းတာမို့ ကလျာနဲ့ မဟေသီမဂ္ဂဇင်းမှာ ဆောင်းပါးများစွာ ရေးဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ စက်တင်ဘာလ ကုန်ခါနီး ပိုင်း ရောက်လာတာနဲ့ အအေးကပိုကဲလာလိုက်တာ အပြင်ထွက်ရင် ခေါင်းစွပ်တွေ၊ လက်အိတ်တွေ၊ လည်စည်းတွေအပြင် တစ်ကိုယ်လုံး နွေးထွေးနေအောင် သိုးမွေးထည်၊ သက္ကလတ်ထည်တွေ အထပ်ထပ် ၀တ်ထားရတာနဲ့ ပွဲဈေးတန်းမှာ ရောင်းတဲ့ ဖိုးဝရုပ်ပုံ ထွက်နေတော့တာပဲ။ တိုက်ခဲ့ တဲ့ လေကအေးလွန်းတာကြောင့် နှုတ်ခမ်းတွေတောင် တဆတ်ဆတ်တုန်တဲ့ထိ ဖြစ်လာတဲ့အချိန်မှာ ကျွန်မ ဆက်မနေနိုင်တော့ဘဲ စက်တင်ဘာလကုန်တာနဲ့ ဖလော်ရိဒါအရောက်ပြန်ပြေးခဲ့ရတော့ တယ်။

လေဆိပ်မှာ သမီးကေသီတို့ မိသားစုအားလုံး လာကြိုကြလေရဲ့။ "မာမီပြန်လာတာနဲ့အတော်ပဲ၊ သမီးတို့ Sea Ranch Lakesထဲမှာ အိမ်အသစ်ဝယ်လိုက်ပြီ၊ မာမီကို လိုက်ပြရဦးမယ်"တဲ့။
သမီးရဲ့ ဒူးပြဲအနာကြောင့် အတက်အဆင်းမလုပ်နိုင်လို့ လက်ရှိအိမ်ကိုရောင်းဖို့ တင်ထားပြီးက တည်းက သမီး တို့လည်း စိတ်ကြိုက်အိမ်ကို လိုက်ရှာနေတာ ကြာပြီလေ။ အထူးသဖြင့် သားသမီး တွေနဲ့ဆိုတော့ လုံခြုံ စိတ်ချရတဲ့နေရာဖြစ်ဖို့က ပိုအရေးကြီးတယ်မဟုတ်လား။ Sea Ranch Lakes ထဲမှာတော့ ကျွန်မလည်း စိတ်လက်ပေါ့ပါး ပျော်ရွှင် သွားရတယ်ပေါ့။
ကျွန်မအိမ် နဲ့ ဆယ်မိနစ်အကွာအဝေးပဲ ရှိတာမို့ တစ်အိမ်တစ်အိမ် ကူးဖို့လွယ်ကူတဲ့အပြင် သီးသန့်် အိမ်ရာနယ်မြေ ဖြစ်တာကြောင့် ကိုယ်ပိုင်မြို့တော်ဝန်၊ ကိုယ်ပိုင် ရဲအစောင့်အရှောက် နဲ့ဆို တော့ ကလေးတွေ အတွက် လွတ်လပ်စွာ သွားလာဆော့ကစားဖို့ စတ်ချလုံခြုံမှု ရှိပါတယ်။ နောက် ပြီးအတ္တလန္တိတ်ပင်လယ်ကမ်းခြေနဲ့လည်း လမ်းတစ်ခုပဲ ခြားတာဖြစ်တော့ ကျွန်မတို့ သားအမိ တစ်တွေညနေဘက် အပန်းဖြေ သဲသောင်ပြင်ပေါ် လမ်းလျှောက်ဖို့လည်း အကွက် အကွင်းကောင်း ရှုခင်း တစ်ခုပါပဲ။

ကောင်းတာတွေ အတွက် ၀မ်းသာပျော်ရွှင်ရတာတော့ဟုတ်ပါရဲ့၊ အိမ်ပြောင်းဖို့ပြင်ဆင်ရတဲ့ ကိစ္စ ကတော့ တကယ့်ကိုဦးနှောက်ခြောက်စရာပါပဲ။ ဆယ်နှစ်ဆယ်မိုးမက စုဆောင်းထားတဲ့ ပစ္စည်းတွေ ကအိမ်နဲ့အပြည့်၊ ပရိဘောဂတွေ အတွက် ပြောင်းရွှေ့တာဝန်ယူကုမ္မဏီတွေကို ဆက်သွယ်လိုက် တာနဲ့ကိစ္စပြတ် စိတ်သက်သာ ရပေမဲ့ စာရွက်စာတမ်းတွေက အစအသုံးအဆောင် အ၀တ်အထည် တွေကျတော့ ဘယ်ဟာ သိမ်း၊ ဘယ်ဟာပစ်ရမယ်။ စိစစ်ရတာကို တကယ့်အမောပါပဲနော်။
ကျွန်မ လည်း ပြန်ရောက်တာနဲ့ ကိုယ့်သမီးတစ်ယောက်တည်း အိမ်ပြောင်းတဲ့ကိစ္စနဲ့ ပတ်ချာလည် နေတာမမြင်ရက်လို့ သွားကူပေးရင်း အလုပ်ရှုပ်ပေါ့။ သိမ်းရင်း ရှင်းရင်းနဲ့ သားအမိနှစ်ယောက် စိတ်တူကိုယ်တူ အရာရာကို ဟာသနဲ့ ရှု့မြင်ရင်း ရယ်ပွဲဖွဲ့ရတာနဲ့ ပင်ပန်းတာတွေ ဘယ်ရောက် နေမှန်း မသိ၊ ပျော်လည်း ပျော်ရပါရဲ့။

တစ်နေ့တော့ စာရေးစားပွဲကိုရှင်းရင်း ထွက်လာတဲ့ ကဗျာစာအုပ်ကို သားအမိနှစ်ယောက်ခေါင်း ချင်းဆိုင်ပြီး ဖတ်လိုက်ကြတာ တစ်နေကုန်သွားလို့ ဘာမှမပြီးလိုက်ပါဘူး။ သူတို့မှောင်နှမတစ် တွေကျွန်မလိုပဲ ကဗျာစု ၀ါသနာ ပါကြပါတယ်။ အထူးသဖြင့် သူတို့ခေတ် ကနာမည်ကြီးတွေ ဖြစ် တဲ့ မောင်စိန်ဝင်း(ပုတီးကုန်း) တို့၊ မောင်ပန်းမွှေး၊ မောင်ဆွေနွယ်၊ သစ္စာနီ၊ နွမ်ဂျာသိုင်း၊ မောင်မောက် (ဥက္ကလာ)စသည်တို့ရဲ့ ကဗျာတွေပေါ့။
ဒီလိုနဲ့နှစ်လနီးပါး သိမ်းရင်းထုပ်ရင်း ရှင်းလိုက်ကြတာ နိုဝင်ဘာလ ကုန်ခါနီးမှာ အိမ်သစ် ကို ပြောင်းဖြစ်တော့တယ်။ မကေသီအတွက် တာဝန်ကျေသွားတော့မှ ဒီနှစ်အတွင်းသွားဖို့ အကြွေး တင်နေ တဲ့ သမီးယမင်းဆီ ခရီးဆက်ရပါတယ်။ ကိုယ်ကတစ်ယောက်တည်းနဲ့ မျှဝေရတဲ့သားသမီး တွေကများတော့ သူတို့မှာလည်း အမေနဲ့တစ်နှစ် တစ်နှစ် ခဏလေးစီပဲတွေ့ကြရတာ မို့ အချိန်များများ မပေးနိုင် တာကြောင့် ရင်ထဲမှာတော့ မကောင်းဖြစ်ရတယ်ပေါ့။

ကျွန်မသားသမီးတွေအပေါ်မှာ မေတ္တာအကြွေးတွေ အများကြီးတင်နေတဲ့ အမေလေ၊ သူများတ ကာအမေလို မိစုံဖစုံ လုံခြုံတဲ့ဘ၀ကိုလည်း မပေးနိုင်ခဲ့တဲ့အပြင် ကိုယ်ကစီးပွးရေး ဦးဆောင်နေ ရသူ ဖြစ် တာကြောင့် သားသမီးတွေအတွက် ပေးရမဲ့အချိန်ကို ငွေကြေးနဲ့ လဲခဲ့ရပြန်ပါရော။
ဒါကြောင့် အခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မပူမပင် မကြောင့်မကြ နေရတဲ့ကျွန်မရဲ့ အချိန်များစွာကို သးသမီးတွေ အတွက် ဖဲ့ခြွေပေးဝေရတာကို ကျွန်မ ကျေနပ်ကြည်နူးရပါတယ်။
မေတ္တာဆိုတာ ထိတွေ့ခြင်း၊ ဆက်နွယ်ခြင်း၊ ဂရုထားခြင်း၊ ဖြည့်စွမ်းပေးခြင်း၊ အတူရယ်မောခြင်း၊ အတူ ငိုကြွေးခြင်း စသည်စသည်တို့ပဲ မဟုတ်ပါလားနော်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, April 4, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၆ဝ)

ကဗျာဆရာမလေး Laura Mae Atley Gibson က "အသက်ကို နှစ်နဲ့မတွက်ပါနဲ့ ချစ်မြတ်နိုး ရတဲ့ မိတ်ကောင်းဆွေကောင်း ဘယ်နှစ်ဦးရှိလဲဆိုတာနဲ့ ရေတွက်ကြည့်ပါတဲ့"
ဒါဆိုရင် ကျွန်မအသက်ကရတနာသုံးပါး ဂုဏ်ကျေးဇူး၊ ချစ်ခင်သော မိတ်ကောင်း ဆွေကောင်းများ ဂုဏ်ကျေးဇူးအပြင် ချစ်ခင်သော စာဖတ်သူများ ဂုဏ်ကျေးဇူးနဲ့ ၇၀ဟိုတယ် ဘယ်လောက်များ ပိုနေမလဲဆိုတာ လက်ချိုး ရေတွက်ကြည့်ရဦးမှာပေါ့နော်။
ကို ဆက်ဖတ်ရန် ...

အပိုင်း (၆၂)

ဘာလိုလိုနဲ့ ကျွန်မအသက် ၇၀ပြည့်ခဲ့ပါပြီ။ "အသက်ကို နှစ်နဲ့မတွက်ပါနဲ့၊ ဘာတွေဖြစ်ခဲ့သလဲ ဆိုတဲ့ လုပ်ဆောင်ချက်တွေ နဲ့ တွက်ပါ"တဲ့။ တချို့ကလည်း "မိတ်ကောင်းဆွေကောင်း ဘယ်နှဦးရှိ လဲဆိုတာနဲ့ တွက်ပါ" လို့ပြောလိုပြော။
"အသက်ကို ကျခဲ့ရတဲ့ မျက်ရည်နဲ့ မတွက်ဘဲ ရယ်မော်ခဲ့ရတဲ့ အခါတွေနဲ့ တွက်ပါ"ဆိုလို့ဆို။ ဘယ်လို ပဲဖြစ်ဖြစ် ကိုယ်တန်ဖိုးထားရှိရာ ခံယူချက်အတိုင်း အကြံပြုကြတာမို့ အားလုံးကောင်းပါ တယ။ သင့်မြတ်ပါသည် လို့ ဆိုရမှာပါပနြော်။ ကျွန်မကတော့ အသက်ကို အသက်အတိုင်းပဲ တွက် ချင်ပါတယ်။ အသက် ၃၀ မှာ လာမေးရင်လည်း အသက် ၃၀၊ ၇၀မှာလာမေးရင်လည်း ၇၀ပဲ။

အဲဒီ အသက်ထဲက ငယ်ရွယ်စဉ် ချစ်သူရလို့ ပျော်ရွှင်ရတဲ့နှစ်တွေ၊ ရယူချင်တဲ့ သားလေးတွေ သမီးလေး တွေထွန်းကားလာလို့ တက်ကြွကြည်နူးရတဲ့နှစ်တွေ၊ ၀ါသနာပါရာ လုပ်ငန်း က အောင်မြင်ခဲ့ လို့ ကျေနပ်နှစ်သိမ့်ရတဲ့ နှစ်တွေ၊ သားသမီးတွေ ပညာကိုယ်စီနဲ့ လူလားမြောက်ကြပြီး အောင်မြင်စွာ ရပ်တည်နိုင်ကြ လို့ ၀မ်းသာပီတိဖြစ်ရတဲ့ နှစ်တွေချည်းပဲ အသိအမှတ်ပြုပြီး လူမမည် ကျောင်းသူ အရွယ်မှာ အနီးကပ်ဆုံး ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ဘွားမေ ကွယ်လွန်ခဲ့လို့ နှလုံးသားမှာ ပထမ ဆုံးနာကျင်ကြေကွဲရမှု ကြုံ ရတဲ့နှစ်တွေ၊ ဒုတိယကမ္ဘာစစ်ကြီးဒဏ်ကြောင့် ပိုင်ဆိုင်မှုမှန်သမျှ ဆုံးရှုံး ပြီးကုန်းကောက်စရာ မရှိအောင် မွဲပြာကျ သွားရတဲ့နှစ်တွေ၊ ဆယ်ကျော်သက်အရွယ်မှာ တစ်ဦးတည်းသေားအားထားရာမိခင်က စိတ်ဝေဒနာ ရှင်ဖြစ်သွား လို့ ဘယ်ကိုဦးတည်ရမှန်းမသိအောင် အားငယ်ချောက်ချားခဲ့ရတဲ့ နှစ်တွေ၊ ငယ်ရွယ်သူ ဘ၀ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့လို့ ဖြတ်သန်း ခဲ့ရတဲ့ မပြေလည်သော အိမ်ထောင်သက်နှစ်တွေ၊ တစ်သက် တာ မကွဲမကွာ အရိပ်ကြည့်စောင့် ရှောက်ခဲ့ရတဲ့ မိခင်နဲ့သေကွဲကွဲလို့ ခံစားခဲ့ရတဲ့နှစ်တွေ၊ အဆိုးတကာ့ အဆိုးဆုံး ရင်မှာဖြစ်ရတဲ့သားလေးကို အရွယ်ကောင်း အချိန်ကောင်းမှာ မရဏသေမင်းလက် အပ်လိုက်ရ လို့ ဘ၀ပျက်မတတ် နှလုံးသားပဲ့ကြွေခဲ့ရတဲ့ နှစ်တွေ စတဲ့နှလုံးသားမှာ အမာရွတ် ထင်ကျန်ခဲ့ရတဲ့ အရှုံးတွေ အဆုံးပါ ၀င်တဲ့နှစ်တွေကို နုတ်ယူပြီး ဆန်ခါတင် ပျော်ရွှင်ရတဲ့နှစ်တွေချည်းသက်သက် မတွက်ချင် ပါဘူး လေ။

တကယ်က လူ့ဘ၀်ဆိုတာ ပန်းခင်းသောလမ်းချည်း မဟုတ်သလို ကြယ်ကြွေသော ညချည်း လည်း မဟုတ်တာ အမှန်ပါပဲ။ အကောင်းနဲ့အဆိုး နှစ်မျိုးစလုံးကြုံရမြဲ ဓမ္မတာမို့ ကောင်းတဲ့နှစ်ရော ဆိုးတဲ့နှစ်တွေ ပါ အပြည့်အ၀ရေတွက် မှ ဘ၀ရဲ့အဓိပ္ပာယ်ပီပြင်လေမယ်ပေါ့။
အခုလည်း အသက် ၇၀ဆိုတာ လူ့ဘ၀သက်တမ်းပြည့် နေခဲ့ရပြီးပြီမို့ နောက်ထပ် ကျန်းမာစွာနဲ့ အသက်ရှင်ခွင့် ရမဲ့ရက်တွေကို ကျွန်မအတွကိ အပိုဆုပေါက်သော ကာလများအဖြစ် ကျေးဇူးတင်ရှိ စွာ နဲ့တန်ဖိုး ထားနေတတ်ဖို့ ကြိုးစားပြင်ဆင်ရဦးမှာပါ။ လောလောဆယ် မှာတော့ ကိုယ့်မိသားစုနဲ့ ကိုယ်စာရင်း ရှုပ်ရင်း မအားနိုင်၊ မနားနိုင်ခရီးတွေ များနေရဆဲပါပဲ။
ကမ္ဘောဒီးယား ကို ရောက်ရှိသွားတဲ့ သားကိုရွှေစင်ကလည်း သူအခြေတကျဖြစ်ပြီဆိုတာနဲ့ အမေကို လှမ်းခေါ်နေပြီလေ။ ဒါကြောင့် သြဂုတ်လထဲမှာ ကမ္ဘောဒီးယားခရီးစဉ်ပြင်ဆင်ရပြန်ပါရော။ ဖနွမ်းပင် ပိုချင်တောင်လေဆိပ်ကနေ မြို့ထဲကို ဖြတ်မောင်းလာတော့ မြင်ကွင်းက မစိမ်းသလိုပဲ။ လမ်းတွေရော ရပ်ကွက်တွေရော အိမ်ပုံစံတွေရော အားလုံးက ကျွန်မတို့ ကြီးပြင်းခဲ့ရတဲ့ စစ်ကြို ခေတ် မန္တလေး ပုံစံအတိုင်းပါပဲ။

"ဟယ်...ပျော်စရာကောင်းလိုက်တာ။ ခုဖြတ်မောင်းသွားတဲ့လမ်းက မန္တလေးကျောက်သွေး တန်း ပြန်ရောက် သလိုပဲ"နဲ့ ကျွန်မက စိတ်လှုပ်ရှားစွာနဲ့ပြောတော့ သားကကျေနပ်နေလေရဲ့။ ကိုယ်က အရှေ့တိုင်းသူ ဆိုတော့ အရည်တူ အသွေးတူ၊ ဓလေ့ထုံးစံတူ၊ ယုံကြည်မှုဘာသာရေးတူ၊ ယဉ်ကျေးမှုတူ၊ အစားအသောက် ပါ တူတဲ့နေရာမို့ ရောက်တာနဲ့ တစ်ခါတည်း အံဝင်ခွင်ကျ ဖြစ် သွားတော့တာပဲ။ အဲ....ဘာသာစကား မတူတာ တစ်ခုကတော့ ပြဿနာပေါ့။
ခမာ စကားကို သွက်သွက်ပြောနိုင်တဲ့ World Vision ကဒေါက်တာကြည်မင်း ပြော စကားအရတော့ မြန်မာစကားနဲ့ အလွန်နီးစပ်လို့ သင်ယူရင် လွယ်လွယ် တတ်နိုင်ပါတယ်တဲ့။ ဖနွမ်းပင်မှာ ပိုပျော် စရာကောင်းတာက တာဝန်နဲ့ ရောက်နေကြတဲ့ မြန်မာမိသားစုတွေ တော်တော်များများ ရှိနေကြ လို့ ပါပဲ။ ဒေါက်တာကြည်မင်းနဲ့ သားကိုရွှေစင်ဆိုရင် KG သူငယ်တန်း ကတည်းက ဒဂုံ အထက(၁) ကျောင်းမှာ လည်ပင်းဖက်ကြီးလာခဲ့တဲ့ ငယ်သူငယ်ချင်းတွေလေ။ မထင်မှတ်ဘဲ ဖနွမ်ပင်မှာ ပြန်တွေ့ ကြရတော့ ပျော်မဆုံးပေါ့။

ခမာအများစုက အင်္ဂလိပ်စကား မပြောနိုင်ကြပါဘူး။ ဒါကလည်း အနှစ နှစ်ဆယ် ခံခဲ့ရတဲ့ ပြည်တွင်း စစ်ရဲ့ ဒဏ်တင်မကဘဲ ခမာနီများ လက်အောက် ရောက်ခဲ့စဉ်ကာလက လူတန်းစား တစ်ပြေးညီဖြစ် ရမယ်ဆိုပြီး ပညာတတ်တွေကို သတ်ခဲ့သေးတာ မဟုတ်လားနော်။ Killing Field ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ဖြစ်ရင် ခမာနီများရဲ့ ရက်စက်မှုကို သဘောပေါက်နိုင်မှာပါပဲ။ အမျိုးစုရဲ့ သုံးပုံတစ်ပုံ လူပေါင်း နှစ်သန်းကျော်တောင် အသတ်ခံခဲ့ရတာမို့ အခုမှ အိမ်မက်ဆိုးတစ်ခု လွတ်မြောက်ခါစ ပြန်လည်ထူ ထောင်ရဆဲ ကာလ လို့ ပြောရမှာပါ။
ကမ္ဘောဒီးယား မှာ အစားအသောက်ကတော့ တကယ်ပေါပါပဲ။ ကမ္ဘောဒီးယားသုံးငွေကို riel ရီးလ် လို့ခေါ် ပါတယ်။ သူတို့ဆီမှာ ငွေအကြွေသုံးတာမရှိဘူး။ ငွေစက္ကူကလည်း အားလုံးမှ သုံးမျိုးပဲရှိ တာ။ တစ်ရာတန်၊ နှစ်ရာတန်နဲ့ ငါးရာတန်ဆိုတော့ တွက်ရတာလွယ်ကူပါဘိ။ အမေရိကန်ဒေါ်လာ ကိုလည်း တရားဝင် သုံးခွင့်ပြုထားပါတယ်။ တစ်ဒေါ်လာ က သူတို့ငွေ ရီးလ် ၂၅၀၀နဲ့ ညီမျှပါတယ်။ ကမ္ဘောဒီးယားရောက်မှ ဈေးဝယ်ထွက်ရင် ခါတိုင်းလို "အမယ်လေး"တပြီး ရင်မမ ရဘဲ ပေါလှချည်း ရဲ့နဲ့ ကျွန်မအတွက် ပွဲတော်ကြီးကိုဖြစ်လို့။ ငွေနည်းနည်းနဲ့ တစ်ထမ်းတစ်ပိုး အမျိုးအမည်စုံ ၀ယ် လို့ရတာတွေကြည့်ပြီး ပျော်လိုက်ရတာ။

အမေရိကားမှာ မြင်ရခဲမျှ ဖြစ်တဲ့ ဒူးရင်းသီးတွေဆို ကောင်းမှကောင်း။ ခွဲလိုက်ရင်း ၀င်းဝါနေ တဲ့ ရွှေဒင်္ဂါးမျိုးလေ။ ကြက်မောက်သီး၊ မင်းဂွတ်သီး၊ သြဇာသီးတွေကလည်း ၀ယ်ချင်စရာ တောင်ပုံရာ ပုံ။ ဒီတော့နှစ်ပါင်း များစွာက ငတ်ခဲ့သမျှ အတိုးချပြီး ဒူးရင်းသီး၊ သြဇာသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီးတွေ ခြင်းလိုက်ဝယ်ပြီး နေ့တိုင်း အ၀ထိုင်စားပစ်လိုက်တာ လေးငါးရက်လည်း ရှိ ရော အပူတွေကန်ပြီး လည်ပင်းတွေနာ၊ ဘာတစ်ခုမှမျိုးမရ၊ အသံလည်းမထွက်တော့ဘဲ အိပ်ရာထဲ လဲတော့ တာပဲ။
အရေးပေါ် အစွမ်းထက်တဲ့ Anti Bioticဆေးတွေ သောက်လည်း မသက်သာ။ သားသိသွားတော့ ဆူခံ လိုက်ရတာ မပြောနဲ့တော့။ ၀ယ်ထားပြီးသား ခြင်းလိုက် ဒူးရင်းသီး၊ သြဇာသီးတွေအားလုံး အမှိုက်ပုံး ထဲ ရောက်သွားကြပါလေရော။ ကမ္ဘောဒီးယားမှာ အစားတွေ စုံသမားမမေးနဲ့။ ကျွန်မတို့ မန္တလေးမှာသာ ရတဲ့ ပုရစ်ကြော်တို့၊ စာကလေးကြော်တို့အပြင် သူတို့ခမာများစွာနဲ့ ပွဲတော်စာ ဖားကောင်လုံး အစာသွတ် နဲ့ ဥထဲကပေါက်ပြီးခါစ ကြက်မွေးကင်း ပေါက်လေးတွေ ပြုတ်ထားတာ မျိုးလည်းရှိပါသေးတယ်။

ရေထွက် ပစ္စည်း ငါး၊ ပုစွန်တွေကလည်း လတ်လတ်ဆတ်ဆတ် မြန်မာပြည်က အတိုင်း။ ဧရာမ ပုစွန်ထုပ်ကြီးတွေ တစ်ကီလိုမှ ဆယ်ဒေါ်လာဆိုတာ အများဆုံး၊ အနောက်တိုင်းမှာလို အလေးချိန် နဲ့ဈေးနှုန်း အတိအကျ ကပ်ထားတာမဟုတ်လိုက ဈေးလည်းဆစ်၇၊ အလေးခိုးတာလည်း ဂရုစိုက် ကြည့်ရ နဲ့ ဈေးသွားဝယ်ရတာ လမ်း ၃၀ဈေးထဲ ပြန်ရောက်နေသလို ရှေးဖြစ်ဟောင်း အောက်မေ့ ဖွယ်ပါပဲ။
ကျွန်မ တို့ ရောက်ခဲ့တဲ့ အချိန်တုန်းက ပြန်လည်ထူထောင်ခါစမို့ ပြည်သူလူထုသုံးယာဉ်အဖြစ် ဘ၀တ်စ် ကားတွေ မရှိသေးပါဘူး။ မော်တော်ဆိုင်ကယ် အသေးစား စကူတာလေးတွေပဲ ပြေးဆွဲ နေတာမို့ လမ်းပေါ် မှာ စကူတာလေးတွေ မွမွကြဲနေတာပဲ။ သွားလိုရာ လက်တားပြီး နောက်က ထိုင်ခုံပေါ် တက်ထိုင် သွားလိုက်ရုံပါပဲ။ နောက်တစ်ခု အားကိုးရတဲ့ ယာဉ်က ဆိုက်ကားပါ။ မြန်မာ ပြည်ကဆိုက်ကားပုံစံနဲ့တော့ မတူဘူး။ ခရီးသည် ထိုင်တဲ့ခုံက ရှေ့က၊ နင်းတဲ့သူက နောက်ဆို တော့မျက်နှာချင်းဆိုင် ယာဉ်တိုက် မှု ဖြစ်လို့ကတော့ ခရီးသည်က အရင်ကြွမဲ့ ပုံစံပါပဲ။ အဲဒီ ဆိုက်ကားမျိုးကို Cyclo "စီကလို"လို့ ခေါ်ပါတယ်။

စီကလို နဲ့ တစ်အိမ်ထောင်လုံး ပစ္စည်းတွေတင်ပြီး ပြောင်းလာတာမျိုးလည်း တွေ့ရ။ ကုန်ပစ္စည်း အမျိုးစုံ တင်တာ မျိုးလည်း တွေ့ရ၊ သူ့နည်းသူ့ဟန်နဲ့တော့ အဆင်ပြေလို့ပါပဲ။ ဖနွမ်ပင်က မြို့ တော်ဆိုပေမဲ့ ကားနဲ့ နာရီဝက်လောက် ပတ်လိုက်ရင် တစ်မြို့လုံး နှံ့သွားအောင် ရောက်နိုင် တာမို့ သိပ်မကြီး လှပါဘူး။ မြို့လယ် Central ဈေးနဲ့ ရုရှားဈေးရယ်လို့ ဈေးကြီးနှစ်ခုရှိတော့  ကျွန်မတို့ မြန်မာမိတ်ဆွေတွေ စုမိကြရင် အဲဒီဈေးနှစ်ခုကို တစ်နေကုန် ခြေရာချင်းထပ်အောင် သွား ပတ်ကြတာပါပဲ။
ဈေးကလည်း ပေါ၊ အရှေ့တိုင်းကြိုက်ပစ္စည်းကလည်း စုံတော့ ပြန်လာရင်အထုပ်ကြီး အထုပ်ငယ် သယ်ကြရတာ အမော။ ဈေးကလည်း ဆစ်တတ်ပါမှ။ ကျွန်မတို့ အရှေကတိုင်းထုံးစံအတိုင်း တစ်ကျပ် နဲ့ ရောင်းမဲ့ပစ္စည်းကို တစ်ဆယ်ကစ ဈေးဆိုတာမျိုးလေ။ ကျွန်မလည်း အိမ်ကပ်တယ် ကိုမရှိရပါဘူး။ အရှေ့တောင်အရှေ့ဘက် ဒါရိုက်တာဦးလှအောင်ရဲ့ ဇနီး မDixie နဲ့ထွက်လိုက်၊ UNDP ကအရာရှိ ဦးစိုးရဲ့ ဇနီး မစမ်းရီနဲ့ သွားလိုက်၊ ဒေါက်တာကိုကြည်မင်းဇနီး တင်တင်စီနဲ့ ပါ လိုက်ညနေတိုင်ကျ လည်း မြန်မာတွေ စုကြပြီး တစ်အိမ်တစ်လှည့် ညစာစုစားကြရင်း ပြောကြဆို ကြ၊ အတွေ့အကြုံတွေ ဖလှယ်ကြ ရင်း ရယ်မောကြ။

ကျွန်မတို့မှာ ပြောစရာ ပုံပြင်တွေကလည်း အမြဲတမ်း တစ်ယောက် တစ်မျိုးရှိနေတတ် ပါတယ်။ ဒေါကတာကြည်မင်းတို့က လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက စောရောက်နေတာဆိုတော့ ဖရိုဖရဲဖြစ် နေဆဲကာလလေ။ ရောက်ခါစ နိုဝင်ဘာလထဲမှာ ဘုရင်သီဟာနုရဲ့ မွေးနေ့ကျင်းပလို့ ညဘက် မှာ တစ်မြို့လုံး ဗြောက်အိုးတွေ ဖောက်ကြတာကို မြို့ဝင်စီးတယ် အထင်နဲ့ ကလေးတွေ တရွတ်ဆွဲပြီး စားပွဲအောက် ၀င်ပုန်းနေကြတာတဲ့။ ဒီဇင်ဘာကျတော့ ပြဿနာတစ်ခု ကြုံပြီး သေနတ်နဲ့ ထိန်း သိမ်းတာ ကို ဗြောက်အိုးဖောက်တယ် အထင်နဲ့ အေးအေးဆေးဆေးနေတာ ကျန်ဆည်တစ်ခု ရွှီခ နဲမြည်ပြီး ၀ရန်တာပေါ် ကျလာမပြေးပုန်းရတာတဲ့။ ကမ္ဘောဒီးယားမှာ သေနတ်သံနဲ့ ဗြောက်အိုးသံ က ခွဲလို့ရတာမဟုတ်ဘူးလေ။ တရုတ်နှစ်သစ်ကူးမှာ နှစ်ဆင့်ကွဲ သုံးဆင့်ကွဲ ဗြောက်အိုးတွေ ဖောက်ကြ တာက သေနတ်သံ အတိုင်းပါပဲ။

UNDP မှာလုပ်တဲ့ ဦးစိုးအတွေ့အကြုံလေးးက တစ်မျိုး။ သူ့ဇနီးမစမ်းရီ မြန်မာပြည်က ပြန်လာမဲ့ ရက်မှာသွားကြိုတော့ လေယာဉ်မမီလိုက်လို့ ပါမလာဘူးတဲ့။ မိန်းမ မပါလို့ စိတ်တိုတိုဖြစ်ချင်ရတဲ့ အထဲမှာ ကားထဲမှာ ထိုင်စောင့်နေတဲ့ ယာဉ်မောင်းက "My wife no come"လို့ ဆီးပြီးသတင်းမေး တော့ စိတ်ဆိုးရလည်း အခက်၊ အင်္ဂလိပ်စကားမကျွမ်းရှာတဲ့ ယာဉ်မောင်းဆိုလိုတာက "ဆရာဇနီး မပါလာဘူးလား"ပေါ့နော်။ နေရင်းထိုင်ရင်း ကိုယ့်ဇနီးက သူများဇနီးဖြစ်လိုက်ရတော့ ဦးစိုး ပိုပြီး စိတ်တိုစရာ ဖြစ်တော့တာပဲ။

ခမာစကား မတတ်တဲ့ ကျွန်မအဖြစ်က တစ်ဖုံ။ သားက တစ်ကိုယ်ရေသမားမို့ အိမ်မှာချက်စားတာ မဟုတ်ဘူး။ ကြုံသလို အပြင်မှာစားတာ များပါတယ်။ အမေရောက်တဲ့အခါမျိုးမှာ အိမ်ထမင်း အိမ် ဟင်းစားရတာလေ။ အိမ်ဖော် ကလေးမလေး ရှိပေမဲ့ မနက်လာညပြန်၊ သန့်ရှင်းရေးနဲ့ အ၀တ် လျှော် မီးပူ တိုက် ဒါလောက်ပဲ လုပ်ရတာ။ တစ်နေ့ ကြက်သားဟင်းချက်မယ် စိတ်ကူးနဲ့ ဖရီဇာထဲ ကကြက်တစ်ကောင် ထုတ်ပြီး အခဲပျော်အောင် လက်ဆေးကန်ထဲမှာ ထားခဲ့ပါတယ်။
နေ့ခင်းရောက် မှာ အခဲပျော်လောက်ပြီ ဆိုတဲ့အတွေးနဲ့ သွားကြည့်တော့ ထားခဲ့တဲ့ကြက်က မရှိလေ ဘူး။ နေရာ အနှံ့ လှန်လှောရှာလည်း မတွေ့၊ ဒါနဲ့မီးပူတိုက်နေတဲ့ ကလေးမ "စုခ"ကို သွားမေတော့ သူ ကလည်း မရေလည်။ ကိုယ်ကလည်း သူနားလည်အောင် ပြောပြဖို့ ခမာစကားက မတတ်။ လက်ဟန်ခြေဟန်ပြ မေးလည်း သဘောမပေါက်။ နောက်ဆုံးတော့ ကြက်မခွပ်သလို လက်မောင်းနှစ်ခု ကွေးခတ်ပြမှ နားလည်သွားပေလို့ တော်ပါသေးရဲ့။
သူက ခေါင်းခါခါ လက်ခါခါလုပ်ရင်း ကျွန်မကို အပြင်မှာရှိတဲ့ အမှိုက်ပုံးဆီဆွဲခေါ်သွားပြီး အဖုံးကို ဖွင့်ပြတော့ ညနေ စာဖြစ်ရမဲ့ ကြက်က အမှိုက်ပုံရဲ့အလယ်မှာ တင့်တယ်စွာစံပယ်နေတာ ကြည့်ပြီး ကျွန်မမှာ တအံ့ တသြဖြစ်လို့။ နားမလည်နိုင်တာနဲ့ ခြံတံခါးဝမှာ လုံခြုံရေးအတွက် အစောင့်ချထား တဲ့ဝန်ထမ်းတွေ ကို ခေါ်ပြီးဘာသာပြန်ခိုင်းရပါတယ်။

ကြက်ကြီးက မာခဲနေတာ နဲ့ မကောင်းဘူးဆိုပြီး မီးဖိုသန့်ရှင်းရေး လုပ်တုန်းက အမှိုက်ပုံးထဲ ပစ် ထည့်လိုက်တာ တဲ့လေ။ ဖရီဇာက ထုတ်ခါစမို့ မာခဲနေတယ်ဆိုတာ သူ့ခမျာနားမလည်ရှာတော့ လည်း ကိုယ်ကခွင့်လွှတ်စွာနဲ့ ရယ်မောရင်း ဘာသာပြန်နဲ့ ရှင်းပြလိုက်ရပါသေးတယ်။ ကမ္ဘောဒီး ယားမှာ နေခဲ့ရတဲ့ ရက်တွေ က ရယ်မောပျော်ရွှင်ရတာတွေ ရှိသလို စာနာစိတ်နဲ့ ၀မ်းနည်းကြေကွဲ နာကျင်ရခဲ့အခါတွေလည်း ရှိပါတယ်။
ဖနွမ်ပင်မြို့နဲ့ နာရိဝက်ခရီးလောက်သာ ဝေးကွာတဲ့ ကမ္ဘာကျော်အောင် တုန်လှုပ်ချောက်ချား စရာ ကောင်းတဲ့ Killing Field တို့၊ လူသားတွေရဲ့ ဦးခေါင်းခွံအရိုးပေါင်း ထောင်သောင်းနဲ့ စုပြီးတည် ထားတဲ့စေတီတော် တို့၊ အစိုးရလက်ထက်မှာ ပြတိုက်အဖြစ်ပြောင်းလဲထားတဲ့ ခမာနီများ ကြီးစိုး ခဲ့စဉ် က ညှဉ်းပန်းနှိပ်စက်ခြင်း ပြုလုပ်ရာ အကျဉ်းထောင်စခန်းတို့က ရက်စက်မှုရဲ့ ရုပ်ကြွင်းပုံ ရိပ်များကို မြင်ရတော့ ကံဆိုး မိုးမှောင်ကျခဲ့တဲ့ ခမာများအတွက် လူသားချင်း စာနာစိတ်နဲ့ မျက်ရည် ကျတဲ့ထိ ခံစားရပါတယ်။

ကျွန်မတို့ ရောက်တဲ့ အချိန်မှာတော့ ကမ္ဘောဒီးယားက တိုးတက်ကြီးပွား စည်ပင်နေပါပြီ။ ရုံးအား ရက်တွေ ရောက်တိုင်းကျွန်မတို့ သားအမိနဲ့ ဒေါက်တာကြည်မင်း မိသားစုအတူ လျှောက်လည် ကြတာနေရာ အနှံ့ ပါပဲ။ ဘုရင်သီဟာနုရဲ့ နန်းတော်ကလည်း အရှေ့တိုင်းဆန်ဆန် အနုပညာ မြောက်စွာဆောက် ထားတာ ခမ်းနားပါဘိ။ နန်းဦးငွေဘုရားမှာ ကြမ်းခင်း ထား တာတောင် ငွေသား စစ်စစ် နဲ့ပြုလုပ်ထားတဲ့ ငွေအုတ်ချပ်တွေ စီခင်ထားတာမို့ ခြေချရက်စရာတောင် မရှိပါဘူး။
၁၃၇၃ခုနှစ်က ဗုဒ္ဓရဲ့ရုပ်ပွားတော်ကို ဌာပနာပြီး တောင်ထိပ်ပေါ်မှာ တည်ထားတဲ့ Wat Phanom စေတီတော် ကလည်း အရာရာ အောင်မြင်အောင် ဆုတောင်းပြည့်တဲ့ဘုရားအဖြစ် တန်ခိုးကြီးပါ တယ်။ မဲခေါင်မြစ်ကမ်းဘေး မှာ လှပခမ်းနားစွာ တည်ရှိနေတဲ့ အခန်း ၃၈၀ပါ ကမ္ဘောဒီးယားနား (ကြယ်ငါးပွင့်) ဟိုတယ်ကြီးကတော့ ခမ်းနားကြီးကျယ်လှတယ်လို့ ဖနွမ်ပင်မြို့ရဲ့ ကျက်သရေ ဆောင် လို့ ပြောနိုင်လောက် ပါရဲ့။

ဂျပန်တံတားကနေ မဲခေါင်မြစ်ရဲ့ တစ်ဖက်ကမ်းကို ကူးလိုက်ရင်တော့ မြို့တော်ရဲ့ အငွေ့ အသက် တွေ ကင်းပြီး တကယ့်တောရွာ သဘာဝအလှလေးတွေ ခံစားရင်း ခမာတို့ရဲ့ ရိုးရာသရေစာအမျိုး စုံကိုမြည်းစမ်းကြည့်နိုင် တာမို့ တစ်မျိုးပျော်စရာကောင်းပြန်ပါရော။ ကျွန်မတစ်သက်တာ မေ့နိုင်စရာ မရှိအောင် ချီးကျူး စွဲလမ်းစိတ်နဲ့ အံ့မခန်း ဖြစ်ခဲ့ရတာကတော့ သားကိုရွှေစင် တကူးတက လိုက်ပို့ ပေးတဲ့ Angkor Wat ခရီးစဉ်ပါပဲ။ ဖနွမ်ပင်ကနေ ပြည်တွင်းလေကြောင်းနဲ့ Siem Reap ကို လေး ဆယ့်ငါးမိနစ်ကြာ စီးပြီးမှ ကား နဲ့တစ်ဆင့်သွားရတာပါ။ Angkor Wat ဆိုတာ ကမ္ဘာရဲ့ အံ့မခန်း ဌာနကြီးတွေထဲမှာ တစ်ခု အပါအ၀င် ဆိုတာကိုတော့ ကြားသိခဲ့ရဖူးပါရဲ့။ မျက်မြင်ကိုယ်တွေ့ ရောက်ခဲ့ရမှ အဆမတန် အံ့သြ ကုန်နိုင်ဖွယ်ရာအဖြစ်ခံစားရပါတော့တယ်။

တကယ့်တောကြီးမျက်မည်းထဲမှာ အိမ်မက်ကမ္ဘာတစ်ခုထဲရောက်ရှိနေသလို စံထားလောက်အောင် ကြီးကျယ် လွန်းလှပတဲ့ ခမာများရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေး သရုပ်ဖော်ရှေးဟောင်းဗိသုကာရုပ် ကြွင်း တစ်ခုပါပဲ။ ခမာဘုရင် Surya Varman ဒုတိယ ၁၁၈၁ ခုနှစ်မှာ Angkor Wat ကို တည်ဆောက် ခဲ့တာပါ။ မယုံရင်ပုံပြင် လို့ ပြောနိုင်လောက်အောင် ထုတည်ကြီးမား ဆန်းပြားလွန်း တာကြောင့် လူသားတွေဘယ်လို အင်အား နဲ့ ဘယ်လောကြာကြာ အချိန်ပေးပြီး တည်ဆောက်ခဲ့သ လဲဆိုတာ အဖြေရှာဖို့ ခပ်ခက်ခက်ပါပဲ။
နယ်ခံ ခမာလူမျိုးတွေရဲ့ လက်ခံယုံကြည်ချက်ကတော့ ဒါဟာ လူသားတွေ ဆောက်ခဲ့တာမဖြစ် နိုင်ဘဲနတ်နဲ့ ဘီလူးတွေ တူတူတည်ဆောက်ခဲ့တာတဲ့လေ။ သူတို့ညွှန်းလည်း ညွှန်းချင်စရာ။ တစ်ချိန်က ကမ္ဘာမှာ ကြီးကျယ် လှခဲ့တဲ့ ဧရာမမြို့ကြီးတို့၊ အီဂျစ်နိုင်ငံက ပိရမစ်ဆိုတာတွေထက် ပိုပြီး နက်နဲဆန်းကြယ်နေတာ မဟုတ်လားနော်။

ဒီလို ထုထည်ကြီးမားဆန်းပြားခမ်းနားလှတဲ့ ဘာသာရေးအဆောက်အအုံများ အပါအ၀င် မြို့တော် ကြီး တစ်ခုလုံးဟာ နှစ်ပေါင်းလေးရာကျော်ကြာမျှ လူ့လောကအလယ်က ပျောက်ကွယ် ဆိတ်သုဉ်း သွား၇ တယ် ဆိုတာ ယုံနိုင်ဖွယ်မရှိအောင် ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ၁၈၆၀ခုနှစ်မှာ ပြင်သစ်နိုင် ငံသားရုက္ခဗေဒနဲ့ သဘာဝလေ့လာရှင် Henri Mouthotဆိုသူက အရှေ့တောင်အာရှတစ်ဝိုက်က ထူးခြားတဲ့ ငှက်အမျိုးများ လိုက်ရှာရင်း နဲ့ ထူတပ်လှတဲ့ တော်ကြီးအလယ်မှာ သစ်ပင်နွယ်ပင်တွေ နဲ့ဖုံးကွယ်နေတဲ့ Angkor Wat ကိုတွေ့ရှိ သွားတာပါ။
Henri Mouthotရဲ့ အစီရင်ခံစာအရ ပြင်သစ်အစိုးရနဲ့ ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးအဖွဲ့က ၁၈၆၆ ခုနှစ်မှာ သစ်ပင်ချုံနွယ်တွေနဲ့ ပိတ်နေတဲ့ Angkor Watကို တာဝန်ယူပြီး တူဖော်ရှင်းလင်း ပေးခဲ့တာကြောင့် ကမ္ဘာရဲ့ အံ့ဖွယ်တစ်ပါးအဖြစ် ထင်ရှားကျော်ကြားလာခဲ့တယ်ပေါ့။

Angkor Wat ရဲ့ အလှဟာ နေ့မှာကြည့်ရင် တစ်မျိုး၊ အရုဏ်ဦးမှာတစ်ဖုံ၊ နေလုံးကွယ်ခါနီး ဆည်း ဆာချိန်မှာ တစ်ကဏ္ဍ၊ လရောင်ဖြာတဲ့ညမှာတစ်လီ အမျိုးမျိုးကွဲပြားခြားနားစွာနဲ့ လူသားတွေရဲ့ နှလုံးသားကို ညှို့ယူ ဖမ်းစားနိုင်တယ် ဆိုတဲ့ စကားအမှန်ပါပဲ။ ကျွန်မတို့ရောက်ရှိချိန်မှာ မိုးတွေ စွေ နေဆဲမို့ မိုးစက် မိုးပေါက်တွေ အောက်က Angkor Wat ရဲ့အလှက ရင်ကိုလွမ်းမောဖွယ်ရာတွေနဲ့ ဆီးကြိုနေသလိုပါပဲ။
တခြားမြို့ဟောင်းတွေနဲ့မတူ ကျုံး၊ မြို့ရိုး၊ ရင်တား ဆိုတာတွေကလည်း ထူးခြားလှပါရဲ့။ ကျုံးရေတွေ ကတော့ ကောတဲ့နေရမှာ ကောနေပါပြီ။ မြို့ရိုးတစ်ပတ်လုံးမှာ ဆင်တပ်မတော် ကြီးတစ်ခုလုံး ချီတက် လာသလို ကျောက်သားပေါ်မှာ ဆင်ရုပ်ပေါင်းမြောက်မြားစွာ ထွင်းထုထားတဲ့ ပန်းပုလက်ရာတွေကို ကြည့်ပြီး ဘယ်လောက် အချိန်ယူ ထုထွင်းရမလဲ ဆိုတာ တွေးကြည့်မိပါသေး တယ်။

မုခ်ဝကနေ အဝေးမှာ လှမ်းမြင်ရတဲ့အဆောက်အအုံ ပုံသဏ္ဍာန်က ဟိုန္ဒူယဉ်ကျေးမှုတွေ လွှမ်းမိုးခဲ့ တဲ့ပုံရိပ်ကို သတိပြုမိပါတယ်။ တကယ်လည်း ဟိန္ဒူနဲ့မဟာယာန ဗုဒ္ဓဘာသာနှစ်မျိုးစလုံး ရောထွေး ယှက်နွယ်နေ တဲ့ အထောက်အထားတွေ အမြောက်အမြားပါပဲ။ ဟိန္ဒူအယူအရ စကြ၀ဠာရဲ့ ဗဟို တည့်တည် မှာ တည်ရှိတဲ့ Mount Meruမှာ ထောင်ထွက်ငါးခု ရှိတာကို ကိုယ်စားပြုတဲ့သဘောနဲ့ Angkor Wat ကိုလည်း ပြာသာဒ် ငါးခုနဲ့ တည်ဆောက်ခဲ့တာပါတဲ့။
ဒါလောက်ကြီးမား တဲ့ အဆောက်အအုံကြီးတစ်ခုလုံးကို ဧရာမ လေးထောင့်ကျကျ ကျောက်တုံးကြီး တွေနဲ့ တည်ဆောက် ခဲ့တာပါ။ ဒီကျေက်တုံးကြီးတွေကို လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်နီးပါးက ဘယ်လို ပစ္စည်းတွေ နဲ့ ဖြိုခွဲပြီးဒီနေရာအရောက် သယ်ခဲ့ကြသလဲ၊ လေးထောင့်အနားညီဖြစ်အောင် ဘယ်ပုံ ဖြတ်ညှိနိုင်ခဲ့ သလဲ။ လူပေါင်းထောင်သောင်းကုဋ ကုဋာနဲ့ လုပ်လို့တောင် မလွယ်ကူသော ကိစ္စ တစ်ခုပါ။ အဲဒါတွေထားပါဦး။ မိုင်ပေါင်းရှည်စွာ လေးဖက်လေးတန် စင်္ကြံတစ်လျှောက် ကျောက် နံရံရှိရှိသမျှ ကလည်း လူရုပ်၊ နတ်ရုပ်၊ စစ်သည်တော်ရုပ်စသဖြင့် အဲဒီခေတ်အခါက ဘ၀သရုပ်ဖော် ပန်းပုတွေ ထွင်းထား တာတွေ ရှိပါသေးတယ်။

အဲသလောက် များပြားလှစွာ ကျောက်ဆစ်ပန်းပုတွေ ထုနိုင်လောက်အောင် တစ်တိုင်းပြည်လုံး အနုပညာရှင် ပန်းပုဆရာတွေ ပဲ ဖြစ်ကုန်ကြသလား။ ကျောက်တုံးကြီးတွေပေါ်မှာ အနုပညာမြောက် စွာထုထွင်းရမဲ့ အချိန်ကာလ ကိုလည်း တွက်ကြည့်ပါဦးနော်။ ကျွန်မတို့ သားအမိကိုယ့်မျက်စိရှေ့ အောက်မှာမြင်ရသမျှကို အဖြေ ရှာမရဘဲ အံ့သြငေးမော်နေမိတော့တယ်။ ရင်ပြင်ကျယ်ကြီးကနေ အပေါ်ဆုံးပစ္စယံကိုတက်ရမဲ့ အုတ်လှေကား ကတော့ ပစ်ရမစ်ပေါ် တက်ခဲ့ရတဲ့အတိုင်း မတ်စောက် ပုံက ထပ်တူပါပဲ။
Angkor Wat ကနေ အပေါ်စီးမြင်ရတဲ့ မြင်ကွင်းက ပုံဂံမြို့ဟောင်းကို သဗ္ဗညုစေတီ အထက်ပစ္စယံ ကမြင်ရတဲ့ပုံစံကို လွမ်းမောဖွယ်ရာ ရှုခင်းမို့ အမိမြေကို လွမ်းမိပါသေးတယ်။ အရာရာကလည်း တိတ်ဆိတ်ငြိမ်သက် လို့ ပတ်ဝန်းကျင်တစ်ခုလုံး လူရိပ်တောင် မတွေ့ရပါဘူး။ အောင်မြင်ကျော် ကြားမှုနဲ့ ရင်သန် လှုပ်ရှားခဲ့တာတွေ လည်း တစ်ချိန်ကျရပ်ဆိုင်း မေ့လျော့်တဲ့ အိမ်မက်တွေ ဖြစ်ကုန် တာပါပဲနော်။

ခန်းမဆောင်တွေထဲက ဘုရားရှင်ရုပ်ပွားတော တွေ့တဲ့နေရာတိုင်း ကျွန်မတို့ သားအမိ ဦးခိုက် ပူဇော်ကန်တော့ဖြစ်ပါတယ်။ ဖူးမြော်ရသမျှ ရုပ်ပွားတော်မြတ်များ သဘာဝရဲ့ လေဒဏ်မိုဒဏ် ရာသီ ဥတုဆိုးဒဏ်တွေကို နှစ်ပေါင်းတစ်ထောင်နီးပါး ခံနိုင်ခဲ့ပါရဲ့နဲ့ လွဲမှားတဲ့စိတ်ထားနဲ့ လောဘမောဟ များကြတဲ့ လက်ရှိခေတ် မသမာသူ လူသားများရဲ့ ဒဏ်ကြောင့် တချို့ရုပ်ပွားတော်များ ခေါင်းပြတ်၊ လည်ပြတ်ဖြစ်ကုန် ရပါရော၊ နှစ်ပေါင်းထောင်သက် ရှိတဲ့ ရှေးဟောင်း ရုပ်ပွားတော် ခေါင်းတွေ ဟာ နိုင်ငံရပ်ခြားက ရှေးဟောင်းပစ္စည်းကုန်သည်ကြီးတွေ လက်ထဲမှာ ဒေါ်လာငွေသိန်းသောင်း တန်တဲ့ ကုန်ပစ္စည်းဖြစ် ကုန်တာ တွေးပြီး ကြေကွဲရင်နင့်ရပါတယ်။

Angkor Wat ရဲ့မြောက်ဘက်မှာရှိတဲ့ Bayon Templeကလည်း ကြိးကျယ်ခမ်းနား တစ်မျိုး ထူးခြား နေပြန် ပါရော။ မုခ်ဦးကနေ ၀င်ရာ လမ်းမကြီးရဲ့ ၀ဲယာတစ်လျှောက် ကျောက်သားနဲ့ ထုထားတဲ့ ဧရာမ နတ်ရုပ်ကြီးတွေက တန်စီလို့နေပါတယ်။ Bayon ကို ၁၁၈၁ခုနှစ် သတ္တမမြောက်ဘုရင် Jayavarman က တည်ဆောက်ခဲ့တာပါ။ အဲဒီအချိန်က မဟာယနဗုဒ္ဓဘာသာ လွှမ်းမိုးချိန်ဖြစ်လို့ ဗောဓိသတ္တ ရုပ်ပွားတော်ပုံများ ဖြစ်ပါတယ်။ ကျောက်တုံးတွေနဲ့ ထုဆစ်ထားတဲ့ ဧရာမ ဗုဒ္ဓရုပ်ပွား တော်ရဲ့ မျက်နှာတော်များဟာ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာကို မူထားတာမို့ စကြာဝဠာက သတ္တ၀ါများ အားလုံးကို ကရုဏာတော်မျက်လုံးနဲ့ လွှမ်းခြုံပြီး ကြည့်နေသလားတောင် အောက်မေ့ရပါတယ်။
အဲလောက် ကြီးမားတဲ့ ရုပ်ပွားတော်ကြီးတွေက တစ်ခုတည်း မဟုတ်ဘူးနော်။ လေးမျက်နှာတည် ထားတဲ့ကျောက်သား မုခ်ဦးတွေဟာ ၅၄နေရာရှိတာမို့ လုပ်အားတွေ ဘယ်လောက်သုံးရမလဲဆို တာ တွက်ကြည့်ပါတော့။ ကမ္ဘောဒီးယားနိုင်ငံက ပင်ကို သယံဇာတပေါများ တဲ့ နိုင်ငံဖြစ် ပါတယ်။ ရွှေနဲ့ ကျောက်မျက်ရတနာများ ထွက်တဲ့အပြင် မဲခေါင်မြစ်ကို အားကိုးပြုပြီး စပါးကလည်း တစ်နှစ် ကိုနှစ်သီး သုံးသီး စိုက်နိုင်တာကြောင့် ဖွံ့ဖြိုးပြည့်စုံတဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့တာမို့ လူအင်အားတွေ ဒါ လောက်သုံးပြီး ကုသိုလ်ရေးလုပ်ခဲ့ကြတာ ဖြစ်နိုင်မှာပါပဲ။

ကမ္ဘောဒီးယားကို ရောက်လာတဲ့ ရှေးခေတ် ခရီးသည်များက "ကမ္ဘာမြေပေါ်မှာ ဖြစ်တည်နေတဲ့ နတ်ပြည်က နန္ဒ၀န်ဥယျာဉ်ကြီးတစ်ခု"လို့ ဆိုစမှတ်ပြုပါတယ်။ သုတေတစ်ဦးကလည်း ကမ္ဘောဒီး ယားက တရုတ် လိုအုပ်ချုပ်ရေးနဲ့ ပညာရေးမထားခဲ့ဘူး။ အိန္ဒယလို စာပေ၊ ကိုးကွယ်ရာ၊ အဘိဓမ္မာ နဲ့ယဉ်ကျေးမှုတွေ မကျန်ခဲ့ဘူး။ ဒါပေမဲ့ အရှေ့တိုင်းရဲ့ ဗိသုကာအတတ်နဲ့ တန်ဆာဆင်မွန်းမံမှု အတတ်မှာ အထွတ် အထိတ် ရောက်ခဲ့တာကို ပြသနိုင်တဲ့ တန်ဖိုးအရှိဆုံးရုပ်ကြွင်းတစ်ခုပဲ။ လူ့သမိုင်း ကို နှစ်ပေါင်း တစ်ထောင်ကျော် တည်အောာင် ရာဇ၀င်အဖြစ် ကျန်ခဲ့နိုင်တာကို ချီးကျူး မှတ် တမ်းပြုခဲ့ပါတယ်။

အဲဒီလို ထူးခြားဆန်းပြားလှတဲ့ ကမ္ဘာ့အံ့ဖွယ်တစ်ပါး အပါအ၀င် နေရာတစ်ခုကို ရောက်နိုင်ခွင့်ရ အောင် တကူးတက လိုက်ပို့ပေးတဲ့ သားကိုရွှေစင်ကိုလည်း ကျေးဇူးတင်ရှိမဆုံးပါပဲ။ ကမ္ဘောဒီးယား မှာနေရခိုက် အတွေ့ အကြုံတွေကတော့ စာဖွဲ့မကုန် များပြားလှတဲ့ အပျော်ရက်များလို့ ဆိုနိုင်ပါရဲ့။ သားနဲ့ အတူနေခဲ့တာ နှစ်လကြာလို့ ပြန်တော့မယ် ပြင်ဆင်ဆော့ လက်ပြခြေပြနဲ့ ရင်းနှိးချစ်ခင်ခဲ့ ရတဲ့အိမ်ဖော် ကလေးမ "စုခ"တစ်ယောက် ငိုလိုက်တာတစ်ရက်နဲ့ မပြီး၊ သုံးလေးရက်ဆက်တိုက် ငိုမဆုံးဖြစ်နေပါရော။ သူ့ကို ချော့မော့ရင်း ကျွန်မပါရောပြီးငိုပေါ့။ "မေတ္တာမှာ ဘာသာစကား မလို ဘူး"ဆိုတာ လက်တွေ့ဖြစ်ရပ် တစ်ခုပါပဲနော်။

နေရပ်မြေ ဖလော်ရီဒါကို ပြန်ရောက်ပြီး ခရီးက အပန်းဖြေလို့ တစ်လကျော်ကျော်လည်းရှိရော ကာလီဖိုးနီးယား မှာနေတဲ့ သမီးအလတ် "ယမင်း"က ခွဲစိတ်ကုသစရာ တစ်ခုနဲ့ ဆေးရုံတက်ရမယ် ဆိုတာကြောင့် သမီးဆေးရုံတက်အမီ ထိတ်ထိတ်ပျာပျာ်နဲ့ လိုက်သွားရပါတယ်။ ခွဲစိတ်ဆေးစစ် ကြည့်လိုက် မှ ရောဂါက စိုးရိမ်ဖွယ်ရာ အခြေအနေမဟုတ်လို့ ရင်မောသက်သာသွားရပါတယ် ဆိုပါ တော့။ ဘာပဲဖြစ်ဖြစ် ရောဂါကြီးကြီး သေးသေး သားသမီး အားကိုးရာ လိုအပ်ချိန် အနားမှာ မားမား ရပ်လိုကြတာ မိခင်တိုင်းရဲ့ ဆန္ဒဖြစ်မှာပါ။
ဒီလိုနဲ့ အပျော်ခရီးတွေ သွားရင်းပျော်လိုက်၊ မထင်မှတ်တဲ့ သောကခရီးတွေပေါ်လာတော့လည်း သွားရင်း စိတ်မောလိုက်နဲ့ အကောင်းအဆိုး သံသရာလည်နေရတဲ့အထဲမှာ ဟော...အခုကျ မင်္ဂလာ ခရီး ထွက်စရာ ပေါ်လာလေရဲ့။ ရှိကာဂိုမှာ အခြေချတဲ့သားကြီး ခင်မောင်ဝင်းခန့်ရဲ့ ဒုတိယသား "ခန့်ညီညီ"က လက်ထပ် ဖို့ ဒီဇင်ဘာလ ၁၀ရက်နေ့ကို ရွေးပြီးပြီတဲ့လေ။ သူတက်တွဲမဲ့ ဘ၀ကြင် ဖော်မိန်းကလေး "မီရှယ်လ်" က အထက်တန်းကျောင်းမှာကတည်းက အတူတွဲလာခဲ့တဲ့ သူငယ် ချင်းချစ်သူ ငယ်ကျွမ်းဆွေ ဆိုပါတော့။

လက်ရှိ မြေး ၈ယောက်ထဲမှာ ပထမဆုံး ဈေးဦးပေါက် မင်္ဂလာပွဲ ဖြစ်တာကြောင့် မိသားစုအားလုံးက စိတ်လှုပ်ရှားစွာနဲ့ ပျော်ရွှင်နေကြလေရဲ့။ အနယ်နယ် ရောက်ရှိနေကြတဲ့ ကျွန်မသားသမီးတွေ ရှီကာဂို မင်္ဂလာပွဲ မှာ တစ်ခါပြန်ဆုံဖြစ်ကြပြန်ပါရော။ ကမ္ဘောဒီးယားရောက်နေတဲ့ သားအလတ် "ရွှေစင်" တစ်ယောက် ပဲ ခရီးက ဝေးကွာလွန်းတာမို့ မလာဖြစ်နိုင်ပါဘူး။
ကျွန်မရဲ့သားကြီး ခင်မောင်ဝင်းခန့်လည်း အကျိုးပေး ကောင်းတယ်လို့ ပြောရမလား မသိ။ သားချည်း လေးယောက်ထွန်းကားထားလို့ တစ်ယောက်တစ်မျိုး တေကြ ပေကြမလား ကျွန်မက တွေပြီး စိတ်ပူနေ မိတာပါ။ အရွယ်ရောက်လာကြတော့လည်း ညီအစ်ကိုတစ်တွေ စုပြီး ကြိုးနဲ့သီ ထား သလားအောက်မေ့ ရတယ်။ ဘာလုပ်လုပ် ဘယ်သွားသွား လေးယောက်အတွဲလိုက်ကြီး။ အခု အစ်ကိုအလတ် က လက်ထပ်မယ်ဆိုတော့လည်း မိသားစုထဲမှာ မိန်းကလေးတစ်ဦး တစ်ယောက်မှ မရှိခဲ့ဖူး တာကြောင့် မရီးတော်ရမဲ့ "မီရှယ်လ်"ကို အစ်မတစ်ယောက် ကောက်ရကြတဲ့အတိုင်း အားလုံးက ၀ိုင်းပြီး ဖူးဖူးမှုတ် ထားကြလေရဲ့။

အရှေ့တိုင်းနဲ့ အနောက်တိုင်းမူညီတဲ့ ခံယူချက်ကလေးတွေရှိပါတယ်။ ဒီမှာ သားသမီးတွေ အသက် ၁၈ပြည့် လို့ အခြေခံပညာရေးကျောင်းပြီးတာနဲ့ အိမ်ကထွက်၊ တက္ကသိုလ်သွား၊ ဘွဲ့ရ ပြီရင်အလုပ်ဝင်၊ ကိုယ့်အိမ်နဲ့ကိုယ့်ကားနဲ့ ကိုယ့်ဘ၀ကိုထူထောင်ကြတာက ပုံမှန် လူနေမှု စနစ် တစ်ခုပါပဲ။ မိဘကို မှီခိုပြီး နေသူမျိုးက ခပ်ရှားရှား၊ လက်ထပ်ပြီး မိဘအိမ်မှာ အတူနေသူဆိုတာ မရှိ သလောက်ပါပဲ။
ကျွန်မမြေးတွေ ကျတော့ တစ်ဖက်မှာ အမေဆီက အနောက်တိုင်း ခံယူချက်တွေ ရှိထားပေမဲ့ မြန်မာ လို အုပ်ချုပ်ထားတာမို့ အဖေက အဖြူဆို ဘယ်သူကမှ မမည်းရဲကြပါဘူး။ တက္ကသိုလ်က အင်ဂျင်နီယာဘွဲ့ ရခဲ့ပြီးတဲ့တိုင် ခန့်ညီညီ က မိဘအိမ်မှာ မြန်မာမိသားစုတွေလို အတူနေရဆဲ။ အလုပ်အကိုင်ကျတော့လည်း အဖေ့ဆန္ဒအရ အဖေ့ကုမ္ပဏီမှာ ၀င်လုပ်ရ၊ အခု လက်ထပ်ပြီးတော့ လည်းအဖေက ကိုယ်ပိုင်အိမ် ၀ယ်နိုင်အောင် ငွေစုပြီးမှ ပြောင်းရမယ်ပြောထားလို့ အောက်ထပ်မှာ သူတို့ဇနီးမောင်နှံ တစ်နှစ်ကြာ နေကြပြီး ငွေ စုကြဦးမှာတဲ့လေ။

တချို့က ချမ်းသာခြင်းကို ဥစ္စာဓနငွေကြေးဆိုတာတွေနဲ့ တိုင်းတာကြတယ်။ ကျွန်မကတော့ တစ်ဦးတည်း သမီး အထီးကျန် ဘ၀က လာခဲ့ရတာမို့ ချမ်းသာခြင်းကို သိုက်ဝန်းတဲ့ မိသားစုကြီးနဲ့ တိုင်းတာလိုပါတယ်။ ကျွန်မ ရဲ့ သားသမီး ကျွန်မရဲ့မြေးမြစ်တွေဟာ ညီအစ်ကို မောင်နှမ၊ ဦးလေး အဒေါ်၊ မိဘနှစ်ပါးနဲ့ အဘိုး အဘွားတွေ ရဲ့ မေတ္တာကို အချိန်အခါမလပ် ရနိုင်တာမို့ လုံခြုံချမ်းမြေ့ တဲ့ဘ၀ ရကြတဲ့အတွက် သူတို့ကို ကြည့်ပြီး ကျေနပ်ပီတိ ဖြစ်ရတယ်ပေါ့။
ဒီလိုနဲ့ ၁၉၉၅နှစ်သစ် ကို အေးချမ်းစွာနဲ့ ကြိုဆိုဖြစ်တယ်ဆိုပါတော့။ နှစ်ဦးမှာ သမီးသူဇာက လာလိုက်၊ မြေး ခန့်ကိုကို နဲ့ ခန့်အောင်အောင်က ရောက်လာလိုက်နဲ့ ကျွန်မလည်း သားသမီး မြေးတွေနဲ့ အိမ်မှာ ပွဲစည်ရတော့လည်း တစ်လ တစ်လ ခဏလေးနဲ့ ကုန်သွားသလိုပါပဲ။ မတ်လ ကုန် Spring Break နွေဦးကျောင်း ပိတ်ရက်တွေကတော့ သမီးကေသီတို့ မိသားစုက ကိုလိုရာဒိုမှာ နှင်းလျှောစီးတဲ့ ...သွားကြလေ ရဲ့။ ပြန်လည်းလာရော မရွှေကေသီ နှင်းလျှောစီးကောင်းခဲ့တာ ကြောင့်ချော်လဲရာက ဒူးနှစ်ဖက် စလုံး ဒဏ်ရာဒဏ်ချက်နဲ့ ဆေးရုံတက်ရတော့တာပဲ။

ဆရာဝန်က ဒူးနှစ်ဖက်စလုံးကို ခွဲစိတ်ကုသရမယ်လို့ ပြောပါတယ်။ တစ်ခါတည်း ခွဲလို့မရဘဲ ဒူး တစ်ဖက်ကို တစ်ခါစီ ခွဲရမှာတဲ့။ ဒါကြောင့် ဘယ်ဘက်ဒူးကို အရင်ခွဲစိတ်ရပါတယ်။ အိမ်ပြန်လာ တော့ ချိုင်းထောက်ကြီးနဲ့ပေါ့။ သမီးမှာ ထိခိုက်ဒဏ်ရာရတယ်ဆိုတော့ အနီးကပ်ပြုစုစောင့်ရှောက် ဖို့သမီး အိမ်မှာပြောင်းနေရပါတယ်။ မိသားစုဆိုတာ တစ်ဦးကိုယ်တစ်ဦး မေတ္တာနဲ့ အမှီပြုနေ ကြရ တာ မဟုတ်လားနော်။ ကျွန်မနဲ့ သမီးကေခိုင် ချိုင်းထောက်ကိုယ်စီနဲ့ ဒုက္ခိတဘ၀ရောက်တုန်းက လည်း သမီးကေသီ ပဲ အမေနဲ့အစ်မကို အိမ်မှာအတူခေါ်ထားပြီး တာဝန်ယူပြုစုခဲ့တာပါ။ အလေး ထားဂရုစိုက် တာဝန်ယူမှု မှန်သမျှက မေတ္တာရဲ့အတိုင်းအတာကို ပြသခြင်းပါပဲ။

ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး တစ်သက်လုံး ကျန်းကျန်းမာမာသွားသွား လာလာလှုပ် လှုပ် ရှားရှားနေလာရာက ဒူးတစ်ဖက်ခွဲပြီး တစ်လအကြာနေက်တစ်ဖက် ထပ်ခွဲပြီးချိန်မှာ ချိုင်း ထောက်ကြီး နဲ့ နေရတဲ့ဘ၀ကို ငြီးငွေ့ပြီး သမီးစိတ်မကျစဖူး ကျလာပါရော။ စိတ်ဓာတ်ကျမှန်း သိ လို့သူရဲ့ သူငယ်ချင်းတွေကလည်း ဂရုစိုက်ကြပါတယ်။ ကားပေါ်မှာ သက်သက်သာသာ ထိုင် လိုက် နိုင်အောင် ခေါင်းအုံးတွေ သုံးလေးဆင့် ပြင်ဆင်ပြီး အိမ်နားက ပင်လယ်ကမ်းခြေတစ်လျှောက် သမီး စိတ်အပန်းပြေရအောင် ညနေတိုင်း ကားမောင်းလိုက်ပို့ပေးသူနဲ့ နေ့လယ်နေ့ခင်း ကြိုက် တတ်ရာ အစားအစာတွေ ယူလာပြီး အိမ်မှာအဖော်လုပ်ပေးကြရင်း အားပေးနှစ်သိမ့်သူနဲ့။
သူ့ခင်ပွန်း ဂယ်ရီ ခမျာလည်း ဆေးရုံ ၁၁ရုံ တာဝန်ယူထားသူမို့ ခွဲစိတ်ခန်းတကာလှည့် ခွဲစိတ်ရတဲ့ အထဲက အချိန်ဖဲ့ပြီး ဇနီးကို ဂရုစိုက်ဖေးမအားပေးရရှာသေးတာပါ။ အဝေးရောက် မောင်နှမတွေက လည်း တစ်ချိန် လုံး ဖုန်းဆက်ပြီး သူတို့ ညီမကို နှစ်သိမ့်ကြ၊ အထွေးဆုံးညီမ "သူဇာ"ကတော့ တခြားမောင်နှမတွေလို အလုပ် တာဝန် မရှိတာကြောင့် သူ့အစ်မအနားမှာ ပြုစုပေးဖို့ အပြေးရောက် လာလေရဲ့။

"ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါး"ဆိုတဲ့ စကားဟာ အမှန်ပါပဲ။
ဘယ်လောက်ပဲ အားလုံးက ၀ိုင်းဝိုင်းလည် ဂရုစိုက်ကြတယ်ဆိုပေမဲ့ နှစ်သိမ့်ရုံ၊ အားပေးရုံ ကူညီပြုစု စောင့်ရှောက်ရုံလောက်သာ လုပ်ပေးနိုင်ကြတာပါ။ ကိုယ်ချစ်ရသူ ဝေဒနာခံစားနေရတာကို မကြည့် ရက်လို့ ကိုယ်စားလွှဲယူဝင်ခံစားပေးချင်ပေမဲ့ ရတာက မဟုတ်။ ဒီတော့သမီးခမျာ ခံစားရတဲ့ ဝေဒ နာကတစ်မျိုး၊ မစွမ်းဆောင်နိုင်လို့ အိမ်ရှင်မဘ၀ ခင်ပွန်းအပေါ်မှာလည်း တာဝန်မကျေနိုင်။ မိခင် အနေနဲ့ သားသမီးလေးတွေ အနားကပ် ပူဆာသမျှ မဖြည့်ဆည်းနိုင်တဲ့ အပြင် ကိုယ်ကိုယ်တိုင် လည်းခါတိုင်း လို ဖြီးဖြီးလိမ်းလိမ်း ပြင်ပြင်ဆင်ဆင်နဲ့ တက်တက်ကြွကြွ သွားသွားလာလာ စိတ်သွားတိုင်း ကိုယ် မပါနိုင်တာကြောင့် ချမ်းမြေ့ပျော်ရွှင်စရာ ကောင်းလှတဲ့ သမီးဘ၀လေးက တစ်စစီ ခြွေချသလို အားငယ်စရာကောင်းနေတာပေါ့။
အရေးထဲ တစ်ပူပေါ် နှစ်ပူဆင့်ရတဲ့ အဖြစ်ကလေးတစ်ခုကလည်း ကြုံရပါသေးတယ်။ တစ်နေ့ခင်း သမီးငယ်မသူဇာက ဆေးဝယ်ဖို့ သွားရာက ပြန်အလာမှာ ခြံဝင်းတံခါးကို ဖွင့်လိုက်တော့ ၀င်းတံ ခါးသံဆူးချောင်းတွေရဲ့ ကြားထဲမှာမွေးကင်းစ ကြောင်လေးတစ်ကောင်က ညပ်ပြီး ပါလာပါလေ ရော။ ဘယ်ကကြောင်မက ခြံထဲရောက်လာပြီး သားပေါက်ထားလဲဆိုတာလည်း မသိ၊ ခြံတံခါးက ကားထဲကနေ ခလုတ်နှိပ်ပြီး ဖွင့်လို့တဲ့ အော်တိုမတ်တစ်တံခါးဖြစ်တာ့ ကြောင်ပေါက်စလေး သံဆူး ချောင်း ထဲရောက်နေတာ လည်း လှမ်းမမြင်နိုင်။

သမီးကေသီ ကို သတင်းလာမေးကြတဲ့ မေရီတို့ ဇနီးမောင်နှံက ကျွန်မတို့ကို နှုတ်ဆက်ပြီးအထွက် မှာကြောင်လေး ညပ်နေတာ ကို အတွင်းဘက်က လှမ်းမြင်ရပြီး အော်ကြလို့ သိရတာပါ။ မေရီရဲ့ ခင်ပွန်း အကူအညီ နဲ့ ကြောင်လေးကို ဆွဲထုတ်လို့ရတာ ခြေထောက်ကလေး နှစ်ချောင်းက စိစိ ညက်ညက်ကြေပြီး ခန္ဓာကိုယ် ကနေ ပြုတ်ကျတော့မတတ် တွဲလောင်းကြီး ဖြစ်နေတာ မကြည့်ရက် နိုင်စရာပါပဲ။
သမီးသူဇာ က သူ့ကြောင့်ဒီလိုဖြစ်ရပါတယ်ဆိုပြီး ရှိုက်ကြီးတငင် ငိုရင်းနဲ့ ကြောင်ကလေး ကိုသူ ကိုယ်တိုင် တိရစ္ဆာန်ဆေးရုံကို ခေါ်သွားလေရဲ့။ အရေးပေါ်ဆေးရုံတင်ခ ဒေါ်လာ ၁၂၀ကုန်တာသာ အဖတ်တင်ပြီး ကြောင်ကလေးကို ကယ်တင်ခွင့်မရလိုက်ဘဲ သေသွားပါတော့တယ်။

ဘယ်ဆီဘယ်က ရောက်လာမှန်းမသိတဲ့ ကြောင်ကလေးကို မျက်စိတစ်မှိတ်လောက်သာ မြင်တွေ့ ရတာဖြစ်ပေ မဲ့ ကြုံရတဲ့အဖြစ်ဆိုးကြောင့် သနားစာနာစိတ်နဲ့ တစ်အိမ်လုံး ရှိုက်ကြီးတငင်ငိုလိုက် ကြတာ တကယ့် အသုဘအိမ်အတိုင်း။ အထူးသဖြင့် သမီးသူဇာက အဆိုးဆုံး။ သူကြောင့် ဖြစ်ရလေ ခြင်းဆိုတဲ့ စိတ်နဲ့ ၀မ်းနည်း မဆုံး ဖြစ်နေလေရဲ့။ ဒါ့အပြင် သူ့မှာခံစားချက် ပိုကဲတာက လည်းအကြောင်းရှိပါတယ်။ ဖလော်ရီဒါ ကို ထွက်မလာခင် တစ်နေ့ကပဲ ဆရာဝန်နဲ့ စစ်ဆေးတော့ ၀မ်းကြာတိုက်မှာ သားသမီး ရတနာလေး သန္ဓေတည်နေပြီဆိုတဲ့ မင်္ဂလာ သတင်းကိုရလာခဲ့လို့ပါ ပဲ။

"မာမီ ကြောင်လေး အဲဒီကြားထဲမှာ ရှိနေတယ် ဆိုတာ သမီးတကယ်မသိလို့ ဖြစ်သွားတာပါ။ သမီး မှာအခု ကိုယ်ဝန်နဲ့ ငရဲကြီးပြီး ၀ဋ်လိုက်ရင် ဘယ်လိုလုပ်မလဲဟင်"နဲ့ ပြောရင်း အမေ့ရင်ခွင်ထဲ အားကိုးတကြီးဝင် တိုးရင်း ရှိုက်ကြီး တငင်ငို။
"ဟုတ်တယ် မာမီ၊ သမီးအိမ်က ၀င်းတံခါးကြောင့် ဖြစ်တာဆိုတော့ သမီးလည်း ငရဲကြီး ၀ဋ်လိုက် မလား မသိဘူး။ သမီးခြေထောက်တွေ ပြန်မကောင်းရင် ဘယ်လိုလုပ်မလဲဟင်"နဲ့ မေးရင်း သမီး ကေသီပါ တရှိုက်ငင်ငင်ဖြစ်။
"စေတနာ မပါရင် အကုသိုလ်မမြောပါဘူး သမီးရယ်"နဲ့ နှစ်ယောက်စလုံး ကို ချော့ရ၊ နှစ်သိမ့် ရ၊ ဖျောင်းဖျရတဲ့ အထဲက မြေးခန့်စန္ဒီကလည်း တစ်မှောင့်။ အမေနဲ့ အဒေါ်နှစ်ယောက်ကြားထဲမှာ သူပါ ရောငိုနေရင်းက...
"ဘွားဘွား အခုဆို ကြောင်လေးက ကောင်းကင်ဘုံကို ရောက်သွားပြီပေါ့နော်။ ဒီလိုဖြစ်ရတာ ၀မ်းနည်း ပါတယ်လို့ သူ့ဆီတောင်းပန်စာ ရေးချင်တယ်။ ကောင်းကင်ဘုံကို စာထည့်လို့ရမလား ဟင်"တဲ့။

ကိုးနှစ်သာ ရှိသေးတဲ့ မြေးရဲ့ဆန္ဒကို "ဟင့်အင်း"မပြောရက်တာနဲ့ "အေး...အေး... သွားရေးချေ" ဆို ပြီးပြောလိုက်ရပါတယ်။ အခုဒီဆောင်းပါးကိုရေးနေဆဲ တစ်ပတ်လောက်အရင်က ကျွန်မ သိမ်းထား တဲ့ "ကောင်းကင်ဘုံ က ကြောင်းကလေးသို့"လိပ်စာနဲ့ စာလေးပြန်တွေ့တာနဲ့ ဒီအဖြစ်ကို သတိရ ပြီးပြုံးမိ ပါသေးတယ်။
၇နှစ်ကြာပြီး တဲ့ အခုချိန်မှာသာ ပြန်လှည့်ကြည့်ရင်း ပြုံးနိုင်တာနော်။ ဖြစ်ဆဲအချိန်တုန်းက ကျွန်မမှာ အရူးမီးဝိုင်း။ ချိုင်းထောက်နဲ့ ဝေဒနာရှင်သမီးကိုလည်း အားမငယ်စေချင်။ ကိုယ်ဝန်ရခါစ မိခငလောင်း သမီးကို လည်း စိတ်မထိခိုက်စေလို။ ငယ်ရွယ်နုနယ်သေးတဲ့ မြေးလေးရဲ့ နှလုံးသားမှာ လည်းဒဏ်ရာ ရမှာစိုးလှတာမို့ ကာကွယ်ရ၊ အမေတစ်ယောက်ရဲ့ဘ၀ကလည်း မလွယ်လှပါရဲ့။
ကျွန်မရဲ့သားသမီးတွေထဲမှာ သမီးကေသီက စိတ်ဓာတ်ရော၊ ခန္ဓာကိုယ်ဖွဲ့ စည်းပုံပါအပျော့ဆုံး။ မိသားစု အတွင်း တစ်ခုခု အဆိုးကြုံတိုင်း အများထက် သမီးက ပိုခံစားတတ်မြဲပါ။ သား ဇာနည် တုန်းကလည်း ဗုန်းဗုန်းလဲ မတတ် ခံစားခဲ့ရှာတာပါ။ ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင်လည်း သူက ပိုနာတတ်သေးတာနော်။ နန်းမတော်မယ်နု နဲ့ ဘယ်နှဝမ်းကွဲ ညီမတော်ကြလဲ လို့တောင် ပြောရမ လိုဆိုတဲ့ အထဲကလေ။

အခုလည်း ပထမ ဒူးခွဲစိတ်ပြီးတဲ့ ရက်က တွက်လိုက်ရင် ချိုင်းထောက်နဲ့ နေရတာ သုံးလကျော်ခဲ့ ပါပြီ။ ဒုတိယ ဒူးခွဲပြီးတဲ့နောက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း Therapy တစ်ပတ် သုံးကြိမ်း သွားလုပ်ရင်း လမ်းပြန်လျှောက်နိုင် ဖို့ လေ့ကျင့်နေရဆဲပါပဲ။ ချက်ချင်း "ဥုံဖွ"နဲ့ ပျောက်နိုင်တဲ့ ရောဂါမျိုး မဟုတ်တော့ လည်း စိတ်ရှည်ရှည်ထားပြီး ကုသရတာပေါ့။ ကျန်တဲ့မောင်နှမတစ်တွေက သူတို့ရဲ့အစ်မ စိတ်ဓာတ်ကျနေမှန်း သိတော့ စိတ်ကြည်လင်ပျောရွှင်သွားအောင် လာမဲ့ဇူလိုင် ၄ရက်၊ အမေရိကန်ပြည်ထောင်စု ရဲ့ လွတ်လပ်ရေးနေက နှစ်ပတ်လည်ရုံးပိတ်ရက် ဟောလီဒေးမှာ အတူစုပြီး အပျော် ခရီးထွက်ကြဖို့ စီစဉ်ကြလေရဲ့။

ပြည်နယ်အသီးသီးက မောင်နှမတစ်တွေ စုရပ်အဖြစ် ဆုံကြဖိုက "သူဇာ့"အိမ်ကိုရွေးချယ်ကြပါ တယ်။ သွားလည်မှာက အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံ နှစ်ခုကြားမှာ တည်ရှိနေတဲ့ နာမည်ကျော် နိုင်ဂရာရေတံခွန်ကြီးဆိုတော့ သူဇာနေတဲ့ Pittsburgh မြို့နဲ့ ၈နာရီခရီးပဲဝေးတာမို့ အဆင်ပြေ တယ်ပေါ။ နိုင်ဂရာရေတံခွန်မှာ နှစ်ရက်ကြာ နေပြီးကနေဒါနိုင်င့က တိုရန်တိုမြို့ကို ကူးကြဦးမှာလေ။
မောင်နှမတွေအားလုံး ဆုံမိတော့ပွဲတော်ကြီးပါပဲ။ အခန်းအပြည့် လူအပြည့်အပြင် ဧည့်ခန်းမှာ လည်းတန်းစီိပ်တဲ့သူက အိပ်၊ ခုတင်ပေါ် နေရာရထားသူလည်း ကြမ်းပေါ်က အုပ်စုထဲ လာတိုးလို တိုး၊ ညလုံးပေါက်နီးပါး မအိပ်ဘဲ တရုန်းရုန်ဖြစ်နေပုံက မျက်စိနောက်ချင် စရာ ကောင်း လှပါရဲ့။ နောက်တစ်နေ့မှာက ဗင်ကားအကြီးကြီးတစ်ခု ငှားပြီး ခရီးစထွက်ပါတယ်။ ခရီး တစ်လျှောက်လုံး ကားပေါ်မှာစားကြ သောက်ကြ အကြောင်းကြောင်းတွေ ပြောကြရင်း တဟားဟား ရယ်မောကြ စကြနောက်ကြ ပြောင်ကြဆိုတော့ သမီးကေသီရဲ့ မျက်နှာလေး နည်းနည်းတော့ လန်းဆန်းလာပါ တယ်။

ကနေဒါ နယ်ခြားစခန်းကို ဖြတ်ကျော်ပြီးမှ နိုင်ဂရာ ရေတံခွန်အနီးက ဟိုတယ်မှာ တည်းကြပါတယ်။ ကနေဒါဘက်က မြင်ရတဲ့ နိုင်ဂရာရေတံခွန် ရှုခင်းက ညဦးယံရဲ့ မီးရောင်စုံအောက်မှာ အသက်ရှူ မှားလောက်အောင် လှပလွန်းပါရဲ့။ မြောက်ပိုင်းရောက်လာလို့ နွေအခါပေမဲ့ ရာသီဥတုက အေးမြ မြလေ။ ညနေစာ စားအပြီး ကမ်းနားတစ်လျှောက် လမ်းလျှောက်ကြတော့ လမ်းမလျှောက်နိုင်ရှာတဲ့ သမီးကေသီက Wheel Chair ကြီးနဲ့ပေါ့။ အငယ်ဆုံးကောင် "အိန္ဒာ"က သူ့အစ်မကို ဂရုတစိုက်နဲ့ Wheel Chair ကိုတာဝန်ယူတွန်းလေရဲ့။
နောက်တစ်နေ့ မနက်အစောကြီးမှာ ဂယ်ရီက အားလုံးအတွက် လက်မှတ်ဝယ်ပြီး နိုင်ဂရာရေတံ ခွန်ကြီး တစ်လျှောက် သင်္ဘောနဲ့ သွားကြည့်ကြဖို့ ခေါ်သွားပါတယ်။ ရေစိုခံအောင်လို့ သင်္ဘောပေါ် တက်တာနဲ့ မိုးကာ အင်္ကျီအပြာရောင်တွေ လူစေ့ဝတ်ဖို့ ထုတ်ပေးတာနဲ့ အားလုံးဆင်တူဝတ်သွား ရတာ တပျော်တပါးပါးပဲ။ နိုင်ဂရာရေတံခွန်မှာ နှစ်ရက်ကြာလည်ကြပြီး တိုရန်တိုမြို့အထိ ခရီးဆက် ကြဖို့ နောက် တစ်နေ့မနက် ကားနဲကထွက်ကြပြန်ပါရော။

ခရီးတစ်လျှောက်လုံး မောင်နှမတစ်တွေက အစ်မမျက်နှာကို အရိပ်တကြည့်ကြည့်နဲ့ လိုလေသေး မရှိဝိုင်းဝန်းဂရုစိုက်ကြတာ မြင်ရတော့ မိခင်ဖြစ်တဲ့ ကျွန်မရင်မှာ ကျေနပ်ကြည်နူးစိတ်နဲ့အတူ ချမ်း မြေ့မှုကို ခံစား ရပါတယ်။ သူတစ်ပါး ခံစားမှုကို စာနာ နားလည်ပေးခြင်းက လည်း မေတ္တာရဲ့ သင်္ကေတ တစ်ခုပါပဲ။ မေတ္တာနဲ့ ရှုမြင်ရင် တစ်ဦးရင်ထဲမှာတင် တိုးတိုးတိတ်တိတ်ကလေး ပြောတဲ့ စကား ကိုလည်း ကြားနိုင်တယ်၊ တစ်ယောက်မျက်လုံးရဲ့ အရိပ်ကို တစ်ယောက်ကြည့်တာနဲ့ ခံစား ချက်ကို သိနိုင်တာ မဟုတ်လားနော်။

အထူးသဖြင့် နာမကျန်းချိန်မှာ အလေးထား ဂရုစိုက်ခြင်းမေတ္တာဟာ အစွမ်းထက်သော ဆေးတစ်ပါး ပါပဲ။ လူသားတစ်ယောက်ချင်းရဲ့ လိုအပ်ချက်ထဲမှာ အသက်ရှင်နေရတာနဲ့တင် မပြီး သေးပါဘူး။ ကိုယ်က မေတ္တာပေးဝေစရာ ချစ်ခင်ရသူ မိသားစုနဲ့ တကွ မိတ်ဆွေသင်္ဂဟအသိုင်း အ၀ိုင်းတွေ လိုအပ်သလို ကိုယ်က ချစ်ခြင်းကို ရယူခံစားဖို့ မေတ္တာများလည်း လိုအပ်တာအမှန်ပါ ပဲ။
အခုထွက်ဖြစ်ခဲ့တဲ့ ခရီးကတော့ ပြန်လည်သန်စွမ်းလာအောင် Therapy ယူရသလို သမီးရဲ့စိတ် ဓာတ်ကြည်လင် ရွှင်လန်းစွာနဲ့ ကြံ့ခိုင်သန်စွမ်းစေဖို့ မောင်နှမတစ်တွေက ၀ိုင်းပေးလိုက်ကြတဲ့ မေတ္တာ Therapy တစ်ခုဆိုရင်လည်း မမှားပါဘူးလေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, April 3, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၉)

တွယ်တာမှု သံယောဇဉ်တွေနဲ့ ထွေးပိုက်ခြင်း ခံရတဲ့နေရာ၊
သုခဘုံတမျှ ချမ်းမြေ့ပျော်ရွှင်ဖွယ်အတိ ဖြစ်တဲ့နေရာ၊
အဲဒီနေရာကား ဝေးကွာလှစွာသော နေရာတစ်ခုဆီသို့ ဦးတည်ထွက်ခွာခဲ့ရပါပြီ။
အတိတ်ကံတရားအရ ပြည်ပမှာ အခြေချရပေမဲ့ နှလုံးသားကတော့ အမိမြေမှာ ထာဝရတည်ရှိနေ ဆဲ ဆိုတာ သေချာလှပါရဲ့။
ကို ဆက်ဖတ်ရန် ............

အပိုင်း (၆၁)

ဘ၀မှာလူသားတိုင်း ကိုယ်တန်ဖိုးထားရာ တစ်ခုခုတော့ နှလုံးသားထဲမှာ ရှိနေတတ်မြဲပါပဲ။
မောင့်အဲဗားရက်စ်တက်နိုင်မှာ၊ နိုင်ငံတော်က ချီးမြှင့်တဲ့ ဆုတံဆိပ်ကြီးရမှ၊  ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဖြစ်မှ စိတ်ရဲ့ ကျေနပ်မှုကို ရယူနိုင်တာ မဟုတ်ပါဘူး။
ကိုယ်တန်ဖိုးထားရာ တစ်ခုခုကို လုပ်နိုင်ခွင့်ရရှိခိုက်ခြင်းအားဖြင့်လည်း စိတ်ရဲ့ အထွတ် အထိပ် ရောက်အောင် ကျေနပ်မှု ရတာပါပဲနော်။
ကျွန်မ အဖို့တော့ ကိုယ့်ဇာတိရပ်မြေကို မသေခင်မှာ ပြန်လည်ခြေချခွင့် ကြုံလိုက်ရတာအတွက် ကျေနပ် မဆုံး၊ ကြည်နူးမဆုံး ဖြစ်ရတာနဲ့အတူ ချစ်သောသူများနဲ့ အတူတကွ ကုန်ဆုံးခဲ့ရတဲ့အချိန် ကာလလေးတွေ ကို တသသနဲ့ တန်ဖိုးထားရင်းလွမ်းမောရတဲ့ "အိမ်လွမ်းနာ"ကိုလည်း ရင်ထဲမှာ တနင့်တပိုး ခံစားရပါသေး တယ်။

ကျွန်မနည်းတူ သမီးလည်း ခံစားတမ်းတရှာတယ် ထင်ပါရဲ့။
"မာမီ သမီးတို့ စင်ဒရယ်လားပုံပြင်ထဲကလို ဖြစ်နေပြီနော်"တဲ့။
"၁၂နာရီ ဒေါင်ခနဲ ထိုးသံကြားလိုက်တာနဲ့ အချိန်စေ့ပြီ ဆိုပြီး ပြေးလွှားပြန် လာလိုက် တာ မြင်းဆယ်ကောင်က တဲ့ ရထားလည်း ဖရုံးသီးကြီးပြန်ဖြစ်၊ စင်ဒရယ်လား လည်း မင်းသမီးလေး အဖြစ်က မိထွေးရဲ့ အိမ်မှာ တံမြက်စည်းပြန်ကိုင်ပြီး အမှိုက်ကျုံး ကျွန်ခံရတဲ့ဘ၀ ပြန်ရောက်သွားရသ လိုပဲမဟုတ်ဘူးလားဟင်"
သမီးပြောတာ သဘောကျပြီး ကျွန်မမှာ ရယ်လိုက်ရတာ။ ဟုတ်ပါရဲ့။ မြန်မာပြည် မှာတုန်းက ရွှေမင်းသမီး တမျှ ခံစားခဲ့ရတဲ့ အဆောင်အယောင် အပြုအစုခံရတာတွေ အမေရိကားရောက်တာနဲ့ တစ်ခါ တည်း ပျောက်ကွယ် သွားတော့တာပါပဲ။ ဟိုမှာတော့ "ရေဆာလိုက်တာ ဆိုတာနဲ့ ရေခပ်ပေး မဲ့သူက အဆင်သင့်။ "ပူလိုက်တာ"တစ်ခွန်း ညည်းရုံနဲ့ အနားမှာ ယပ်ခတ်ပေးသူနဲ့ စားတော့ လည်း ထမင်းပွဲရှေ့ရောက်၊ အ၀တ်အစား ကျလည်း လျှော်ပြီးသား၊ မီးပူတိုက်ပြီးသား၊ သွားမယ်ဆို ကားက အဆင်သင့်၊ ယာဉ်မောင်း က တံခါးဖွင့်တောင် စောင့်နေသေးတာမျိုးနော်။"

ဒီလို အပြုအစုနဲ့ စောင့်ရှောက်မှုက မြန်မာပြည်မှာသာ ရနိုင်တာပါ။ အမေရိကားမှာတော့ အရာရာ ကိုယ်ထူ ကိုယ်ထ၊ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကားကိုယ်မောင်း အားလုံးကိုယ်လုပ်မှပြီးတဲ့ ကိစ္စတွေ ချည်းဖြစ်နေတော့ စင်ဒရယ်လား လို အိမ်ကျွန်ဘ၀ ပြန်သက်ဆင်းရတဲ့အတိုင်းပါပဲ။
"ပျော်ခဲ့ရတာ နဲ့ လွမ်းရတာ မကာမိအောင်" "ခံစားရင်း အိမ်လွမ်းနာ"ကို အချိန်ယူပြီး ကိုယ့်ဟာကိုယ် ပဲကုစားရ ပါတော့တယ်။ သမီးကေသီကတော့ ပြန်ရောက်တာနဲ့ အချိုးကိုပြောင်း လို့။ မျက်နှာမှာ သနပ်ခါး ဘဲကြားရိုက်နဲ့။ မြန်မာသီချင်းတွေလည်း အချိန်ပြည့်ဖွင့်နားထောင်နေ တာကြောင့် မြန်မာစကားတစ်လုံးမှ မတတ်ကြ တဲ့ သူ့သားသမီးတွေတောင် "ကိုကို ယောက်ျားမ ဟုတ်ဘူး"တို့၊ "ဒီလို ဒီလို ချစ်တယ်တအား"တို့ စတဲ့ ပုလဲသီချင်းတွေကို အလွတ်ရပြီ လိုက်ဆိုနေ ကြတာလေ။

ဒီလိုနဲ့ ကျွန်မတို့ သားအမိနှစ်ယောက် နေ့ရှိသမျှ မြန်မာပြည်အကြောင်း အပ်ကြောင်းထပ်အောင် စားမြုံ့ပြန် လို့ ကောင်းနေကြဆဲမှာ စပိန်နိုင်ငံ ရောက်ရှိနေတဲ့ သားအလတ် "ကိုရွှေစင်"က "မာမီ လာ ခဲ့တော့လေ၊ သားဒီမှာ အခြေတကျ ရှိနေပြီပဲ"နဲ့ ဖုန်းဆက်လာတော့ အမောမပြေနိုင်သေးဘဲ စပိန်နိုင်ငံ ကို အောက်တိုဘာလဆန်းမှာ ထွက်ဖို့ပြင်ဆင်ရပြန်ပါရော။
တော်ပါသေးရဲ့။ အမေရိကားနဲ့ စပိန်က နီးပေလို့။ မာယာမီကနေ စပိန်ပြည်ရဲ့မြို့တော် မဒရစ် အရောက် ၈နာရီကြာ မျှပဲ လေယာဉ်စီးရတာကြောင့် မဆိုးလှပါဘူး။ မဒရစ်မြို့က ပါရီနဲ့ ခပ်ဆင် ဆင်တူပါတယ်။ ထုထည်ကြီးမား တဲ့ ရာဇ၀င်ရှိ ရှေးဟောင်းအဆောက်အအုံတွေရော၊ လမ်းထ်ပ်တွေ မှာရုပ်တုကြီးတွေ ရှိနေပုံ ကရော ပါရီအတိုင်းမို့ မဒရစ်မြို့ကို Poor Man's Paris လို့တင်စားတတ် ကြတယ်တဲ့။
ရာသီဥတု က အမြဲသာနေပြီး ကောင်းကင်က ပြာလွင်နေတာမို့ ပါရီနဲ့ ဒါတစ်ခုတော့ ကွားခြားလေ တယ်ပေါ့။ ကျွန်မတို့ တိုင်းတစ်ပါးသားတွေကသာ စပိန်လို့ ခေါ်တာနော်။ သူတို့လူခံတွေက Espana အက္စပါးညားလို့ ခေါ်ပါတယ်။ ပြည်တွင်းသုံးငွေက Pasetes ပါစေးတက္စတဲ့။ အမေရိကန် တစ်ဒေါ်လာက သူတို့ငွေ ပါစေတက္စ ၁၃၀နဲ့ ညီမျှပါတယ်။

ထုံစံအတိုင်း ပစ္စည်းတစ်ခု ၀ယ်ပြီဆိုတိုင်း ကျွန်မမှာ ၁၃၀နဲ့ စားရတာ အမောလေ။ အမေရိကန် ဒေါ်လာနဲ့ တွက်ပြီးတာ နဲ့ ရင်မရတာလည်း အခါခါပါပဲ။ ဈေးကြီးလှပါတယ်ဆိုတဲ့ ပါရီထက်တောင် မဒရစ် က ဈေးပိုကြီးပါသေးတယ်။ မဒရစ်မှာ ဈေးဝယ်ထွက်ချင်ရင် သူတို့ရဲ့ မီယက္ခတာအချိန်ကို သတိပြု ရပါတယ်။ အမေရိကားမှာလို ဆိုင်တွေက တစ်နေကုန်ဖွင့်ကြတာမဟုတ်ဘူး။
မနက် ၉နာရီ မှာ ဖွင့်တဲ့ဆိုင်တွေက နေ့ခင်း ၁ နာရီထိုးတာနဲ့ ပိတ်ကြပါလေရော။ အိမ်ပြန်ပြီး နေ့ လယ်စာ စား၊ တစ်ရေးတမော အိပ်ကြသေးတာတဲ့။ အဲဒါ ညနေ ၄နာရီမှ ပြန်ဖွင့်တာနော်။ ညနေပိုင်း ၄နာရီကနေ ည ၈နာရီ ဆိုင်ပိတ်ပြီး သိမ်းကြတာပါ။ နေ့လယ်နေ့ခင်း အရေးတကြီး ပစ္စည်းဝယ် ချင်လို့ကတော့ မလွယ်လေ ဘူး။ နားနေချိန် Fiesta က သူတို့အတွက် အရေးကြီးပါတယ်။

စားသောက်ဆိုင်တွေကလည်း ည၈နာရီကျော်မှ ဖွင့်ကြတာမို့ ကျွန်မအတွက်တော့ အားလုံးအထူး အဆန်း ကိုဖြစ်လို့။ လမ်းပေါ်မှာကားတွေကလည်း တ၀ီဝီမောင်းနေကြတာ ညဥ့်နက်လို့ သန်းခေါင် ကျော်လည်း သွားနေကြ ဆဲ။ မနက်သုံးလေးနာရီထိ ကားဆက်က ပြတ်တယ်ကို မရှိပါဘူး။ လူတွေကလည်း အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေး၊ ယောက်ျားလေးတွေ အုပ်စုလိုက် ဆယ်ယောက် ဆယ့်ငါးယောက်လောက် လက်တွဲပြီး သွားနေကြတာ နေ့ညမရွေးပါပဲ။
"ဟဲ့...သူတို့တွေ အိပ်မှ အိပ်ကြသေးရဲ့လား"လို့ သားကို မေးကြည့်တော့ "အမေရိကားနဲ့ တခြားစီပဲ မာမီ၊ ဒီမှာက အားလုံးအေးအေးဆေးဆေးပဲ။ သူတို့ရဲ့ လက်သုံးစကားက "Life Is Fiesta- And The Fiesta Is Outside" ဘ၀ဆိုတာ ပွဲတော် ပဲ။ ပွဲတော်ဆိုတာ ပြင်ပမှာ ရှိတာ"လို့ ခံယူထားကြတာ။

"အမေရိကားမှာသာ လူတွေ အသေအလဲ အလုပ်လုပ်ကြရတာ မာမီ၊ ဒီမှာက မနက်ဆို လက်ဖက် ရည်ဆိုင် ထိုင်၊ ညနေအလုပ် က ပြန်တော့ ယမကာအခန်းမှာ အချိန်ဖြုန်းရင်း စကားပြောကြ၊ တေးဂီတမှာ နစ်မြော သူမြော၊ ကလိုသူက ကကြ၊ တစ်ယောက်နဲ့ တစ်ယောက် သိသိမသိသိ ရင်းရင်းနှီးနှီး ပြောဆို ဆက်ဆံကြတာပဲ။ စားသောက်ဆိုင်တွေမှာ တစ်ခါညစာ ထိုင်စားရင်သုံးနာရီ ကြာတယ် မာမီရဲ့။ ဘ၀ကိုအေးချမ်းပျော်ရွှင်စွာနဲ့ အချိန်ပေးပြီးနေကြတဲ့ လူမျိုးတွေလေ"
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘ၀ကိုအေးချမ်းစွာ နေနိုင်ရင်လည်း ကောင်းလေခြင်းပါပဲ။ အမေရိကား မှာတော့ လူတွေက အချိန်နဲ့ စက်ပြီး လှုပ်ရှားရလွန်းတာကြောင့် စက်ရုပ်တမျှ ဖြစ်နေကြပါပြီ။ Spanish လူမျိုးတွေအနေနဲ့ ပွဲကြိုက်တဲ့နေရာမှာ မြန်မာလူမျိုးတွေအတိုင်း သူတို့မှာလည်း ၁၂ရာသီပွဲတော်တွေနဲ့ မပြတ်စည်ကားရုံမကဘူး။ ရုပ်ရှင်ရုံတွေကလည်း မြို့နဲ့မလိုက်အောင် များ ပြားလှစွာပါပဲ။ ရုံတိုင်းကြိတ်ကြိတ်တိုးနေတာမို့ ပျော်ရွှင်စွာ စိတ်အာရုံခံစားနေကြသူများလို့ ဆိုနိုင် လောက်ပါရဲ့။

နှစ်စဉ်နှစ်တိုင်းလည်း မတ်လမှာရုပ်ရှင်ပွဲတော် ကျင်းပမြဲလေ။ ကမ္ဘာအရပ်ရပ်က ရုပ်ရှင်ထုတ်လုပ် သူများနဲ့ ဒါရိုက်တာတွေတက်ရောက်ကြတဲ့ ပွဲပေါ့။ စပိန်နိုင်ငံရဲ့ ရာသီဥတုက အမြဲနေသာပြီး သာယာလှပလွန်းတဲ့ သဘာဝရှုခင်းတွေက ရုပ်ရှင်လုပ်ငန်းရှင်များကို ဆွဲဆောင်လေသလားမသိ။ စပိန်နိုင်ငံမှာ ရိုက်ခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင်ကားတွေ ဖြစ်တဲ့ Dr Zhivago တို့ Indiana Jones တို့ Elcid နောက်ပြီး The Last Crusade ရုပ်ရှင် ထဲက ရှုခင်းတွေ ဘယ်လောက်လှလဲဆိုတာ ကိုယ်တိုင် ရောက်ခါမှပဲ သဘောပေါက်ရပါတယ်။
မဒရစ် မှာ ကြည့်စရာ လည်စရာတွေ များပြားလှပါတယ်။ စပိန်က "ပီကာဆို"စတဲ့ ကမ္ဘာကျော် အနု ပညာသည် များထွန်းကားရာ အရပ်ဖြစ်တဲ့အပြင် အပျောအပါးတွေ စုံလေတော့ ကမ္ဘာလှည့်ခရီး သည်တွေ အလာများတာကြောင့် မနှစ်က မှတ်တမ်းအရတိုးရစ်တွေဆီက ရတဲ့ဝင်ငွေ ၁၉ဘီလျံ ရှိပါတယ်တဲ့။

မဒရစ်မှာ ရောက်ခိုက်မကြည့်မဖြစ် သွားသင့်တဲ့ နေရာကတော့ Royal Palaceနန်းတော်၊ Pardo ကမ္ဘာကျော် ပြတိုက် နဲ့ ခမ်းနားကြီးကျယ် ထည်ဝါလှစွာသော Cathedrals ဘုရားကျောင်းများစွာ ပါပဲ။ မဒရစ်မြို့ပြင် ၇မိုင်ဝေး တဲ့ နေရာမှာလည်း Vally of the Fallen ဆိုပြီး ခမ်းနားကြီးကျယ်စွာ ဂုဏ်ပြု တည်ဆောက်ထားတဲ့ စပိန်နိုင်ငံတော်အတွက် အသက်ပေးကာကွယ်ရင်း ကျဆုံးသွားကြတဲ့ စစ်သည်တော် များရဲ့ သင်္ချိင်းကလည်း ရောက်သင့်သော နေရာတစ်ခုပါပဲ။
 မဒရစ်မြို့ နဲ့ မိုင် ၄၀အကွာမှာ စပိန်နိုင်ငံရဲ့ ရှေးဟောင်းမြို့တော် Toledoရှိပ်သေးတယ်။ ဒုတိယ မြောက် ဖိလစ်ဘုရင်ရဲ့ လက်ထက်မှာ မဒရစ်မြို့ကို နန်းစိုက်မြို့တော်အဖြစ် ပြောင်းလိုက်ပေမဲ့ စစ် တပ်၊ ခံတပ်နဲ့ စစ်ပညာသင်ကျောင်း ကတော့ Toledoမှာရှိနေဆဲပါပဲ။ သားကရုံးပိတ်ရက်တွေမှာ အမေကို စိတ်ရှည်စွာ နဲ့ ရောက်သင့်ရောက်ထိုက်တဲ့ နေရာမှန်သမျှ အပင်ပန်းခံ၊ ငွေကုန်ခံပြီး လိုက် ပို့ပေးတာကြောင့် ကျွန်မ ပင်တိုင်လစဉ် ရေးနေတဲ့ ကလျာမဂ္ဂဇင်းအတွက် ခရီးသွားဆောင်းပါးတွေ ရေးနိုင်တာမို့ အထောက် အကူပြုတဲ့သား "ကိုရွှေစင်"ကို ကျေးဇူးတင်ရပါသေးတယ်။

စပိန်နိုင်ငံကို ရောက်ခဲ့လျက်နဲ့ Bull Fightလို့ခေါ်တဲ့ (နွားရိုင်းသတ်ပွဲ)ကို မကြည့်ရင် မပြည့်စုံဘူး ဖို့အများ အဆိုရှိပေမဲ့ သူတစ်ပါး ထိခိုက်နာကျင်မှုကို ကျွန်မရဲ့နှလုံးသားက လက်ခံနိုင်တဲ့ စွမ်းအင် မရှိလို့ အဲဒီပွဲတွေ ကိုတော့ မျက်နှာလွှဲခဲ့ရပါတယ်။
အဲ...မျက်နှာမလွှဲဘဲ ငေးမောချီးကျူးရအောင် လိုက်ကြည့်ရသူများကတော့ စပိန်သူလေးတွေပါပဲ။ ဆံပင်က အမည်း၊ အသားအရေက နိုနှစ်ရောင် ဖြူဖွေးပြီး မျက်ခုံး မျက်လုံး ထင်းထင်းဆိုတော့ အများစုက အချော အလှ စာရင်းဝင်တွေချည်း ဖြစ်နေတော့တာပေါ့။ ဒါကြောင့် စပိန်နိုင်ငံကို လူပျို လူလွတ် ပြောင်းလာရင် အိမ်ထောင်ကျမြဲလို့ ဆိုကြတာ ထင်ပါရဲ့။
ကျွန်မသား ကိုရွှေစင်လည်း ကြာကြာနေဖြစ်ရင် ကျွန်မအတွက် စပိန်သူချွေးမ ချောချောလေး ရလေ မလားမသိ။ အခုတော့ စပိန်ကိုရောက်လိုက် ၆လအကြာ အစီအစဉ်တစ်ခုပေါ်လာလေရဲ့။ ၀ါရှင်တန် ရုံးချုပ်မှာ ရှိတဲ့သားရဲ့ အထက်အရာရှိက နေရာသစ်၊ ဌာနသစ်မှာ သူ့အတွက် အခွင့်အ လမ်း၊ အတွေ့အကြုံ သစ်တွေ ရနိုင်မှာမို့ စိတ်ဝင်စားခဲ့သော် သွားမလားလို့ သားကိုမေးပါတယ်။

အခါအခွင့် ဆိုတာ ကိုယ့်အိမ်တံခါးကို မကြာခဏ ခေါက်လေ့ရှိတာမျိုး မဟုတ်ဘူးနော်။ ကြုံကြိုက် လို့လာခေါက်တဲ့ အခိုက်မှာ ကိုယ်က တံခါးဖွင့်လက်ကမ်းကြိုဆိုတတ်ဖို့လည်း လိုပါသေးတယ်။ ဒီအခါအခွင့်ဟာ ကိုယ့်အတွက် ဘယ်လောက်ထိ အကျိုးများနိုင် မလဲဆိုတဲ့ ကြောင်း ကျိုးကောင်းဆိုး တွေကိုတော့ သေသေချာချာ ပိုင်းခြား စိတ်ဖြာ ဝေဖန် တွက်ကြည့်သင့်တာသာ အမှန်ပါပဲ။
ကမ္ဘောဒီးယားက ကိုယ့်ဇာတိ အရှေ့တိုင်းနိုင်ငံချင်းမို့ ဘာသာတရား ယဉ်ကျေးမှုနဲ့ အစားအ သောက်ကအစ မခြားနားတာကြောင့် စိတ်ဝင်စား လက်ခံစရာကောင်းတာ မှန်ပေမဲ့ အခုမှ ပြဿ နာပေါင်းများစွာက တည်ငြိမ်စပြုတဲ့ နိုင်ငံတစ်ခု အခြေအနေရှိသေးတာမို့ ရုံးအသစ်၊ ဌာနအသစ်မှာ ရင်ဆိုင်ရမယ့် စိတ်ခေါ်မှု တာဝန်များစွာကိုလည်း ကြုံရဦးမှာ သေချာပါတယ်။ သားကတော့ အတွေ့ အကြုံသစ်တွေနဲ့ စွန့်စားကြိုးစားလိုစိတ် စိတ်အားထက်သန်သူဖြစ်လို့ ရင်ဆိုင်ရမဲ့ အခက်အခဲတွေကို မမှုဘဲ လက်ကမ်းရောက်ရှိလာတဲ့ အခါအခွင့်ကို လက်ခံဖို့ ဆုံးဖြတ်ပါတယ်။

ကမ္ဘောဒီးယားမှာ ဖွင့်မဲ့ ဌာနသစ်က ၁၉၉၄ခုနှစ်၊ ဇန်န၀ါရီလမှာ စရာမှာကြောင့် ကြိုတင်ပြင်ဆင်မှု တွေနဲ့ ညွှန်ကြားချက်တွေ ယူဖို့ သားလည်းဝါရှင်တန်ကို ချက်ချင်းပြန်ရမယ် ဖြစ်ပါလေရော။ တော် ပါသေးရဲ့။ ကျွန်မတို့ သားအမိ စပိန်မှာ တော်တော်နှံ့စပ်အောင် လည်ပြီးဖြစ်ပေလို့ ကျန်တဲ့ရက် တွေမှာ ပစ္စည်းသိမ်းကြပြီး အမေရိကားကို တစ်ရက်တည်း ပြန်ဖို့ ပြင်ဆင်ရတယ်ပေါ့။ ရယ်စရာ လည်းကောင်းပါရဲ့။ အိမ်က တစ်ချိန်တည်း အတူတကွထွက်ကြပေမဲ့ စီးရတဲ့လေယာဉ်က တစ်စီး စီ။ သားက၀ါရှင်တန်ကို ဦးတည်တဲ့ လေယာဉ်နဲ့ထွက်၊ ကျွန်မက မာယာမီကို သွားမဲ့လေယာဉ်ပေါ် မှာတက်၊ ဘ၀ခရီးဆိုတာလည်း အလားတူပါပဲ။ အရင်းနှီးဆုံး သားနဲ့အမိပင်ဖြစ်သော်ငြားလည်း ကိုယ့်ကံအကြောင်းတရားနဲ့ကိုယ် တစ်ခရီးစီ နှင်ကြရစမြဲပါပဲနော်။

ဒီလိုနဲ့ စပိန်နိုင်ငံက အောက်တိုဘာလကုန်မှာ ပြန်လာပြီး အိမ်မှာ နှစ်ပတ်လောက်ပဲနားချိန် ရပါ တယ်။ နိုဝင်ဘာလထဲမှာ ကျရောက်တဲ့ ကျေးဇူးတော်နေ့ပွဲတော်အမီ သားကြီးခင်မောင်ဝင်းခန့်ကို မိသားစု ဆီလာပါ့မယ် ကတိခံထားမိတာကြောင့် ရှီကာဂို တစ်ခေါက်ခရီးဆန့်ရပြန်ပါရော။ မိခင်ဆိုတာ သားသမီးတွေ အတွက် အဝေးကပေးရတဲ့ မေတ္တာနဲ့ လုံလောက်သေးတာမဟုတ်ဘူး။ ကိုယ်ပိုင် အချိန်လေးတွေ ကိုလည်း ဖဲ့ခြွေပြီး အတူတကွ ကြည်ကြည်နူးနူးနေရတဲ့ ကာကလေးတွေ နဲ့လည်း မေတ္တာနှောင်ကြိုးဖွဲ့ရသေးတာပါ။
ဖလော်ရီဒါ ကို ပြန်ရောက်တော့ ဒီဇင်ဘာလဆန်းနေပြီလေ။ ခရစ္စမတ်ပွဲတော်ရက်မှာ ၀ါရှင်တန်က သား ကိုရွှေစင် အိမ်ပြန်လာတာနဲ့ မိသားတစ်စု သက်ဝင်လှုပ်ရှား ပိုပြီးပျော်ရွှင်ချမ်းမြေ့ ကြည်နူးရ တယ်ပေါ့။ နှစ်ဆန်း ဇန်န၀ါရီ ၃ရက်နေကျတော့ တာဝန်သစ်ထမ်းဆောင်ဖို့သားက ကမ္ဘောဒီယား နိုင်ငံကို ထွက်ခွာသွားရပါတယ်။
ဘ၀မှာ တွေ့ကြုံဆုံပွဲ ငိုတစ်ခါ ရယ်တစ်လှည့်တွေက များပြားလှပါရဲ့။ သားရောက်လို့ ပျော်ရွှင် တက်ကြွနေရာ က ခွဲခွာရတော့မယ် ဆိုတော့လည်း မျက်ရည်လည်ရွှဲနဲ့ ရင်နာပြီးကျန်ခဲ့ရပါရော။ ဒါပေမဲ့ ကျွန်မသား က ပြည်ပဘယ်နိုင်ငံမှာပဲ ရောက်ရှိနေနေ အမေဆီကို နေ့စဉ်ဖုန်းဆက်တတ် သူဖြစ်တာကြောင့် တကယ်တမ်း အလှမ်းဝေးနေတယလို့ မဆိုနိုင်ပါဘူးလေ။ ချစ်ခြင်းမေတ္တာက မိုင်ပေါင်း ကုဋေကုဋာအဝေးကိုလည်း အနီးရောက်လာအောင် ဆွဲဆောင်နိုင်တဲ့စွမ်းအား ရှိပါတယ် နော်။

ဒီလိုနဲ့ သားသွားလို့ တစ်လလောက်ပဲ ရှိသေးတယ်။ ကျွန်မရဲ့သမက် ဂယ်ရီက သူ့ဇနီးကေသီ ရဲ့ မွေးနေ့အတွက် ဘဟားမားကျွန်းစုကို အပျော်ခရီးထွက်ကြမယ်လို့ စီစဉ်ပြန်ပါရော။ ကျွန်မတို့နဲ့ အတူလိုက်မဲ့ တက္ကဆက်ပြည်နယ်က သမီးကေခိုင်လည်း အချိန်မီရောက်ရှိလာပါတယ်။ ထွက်မဲ့ မနက်ကျ ရှီကာဂိုမှာရှိတဲ့ သားကြီးခင်မောင်ဝင်းခန့်ကို နှုတ်ဆက်ဖို့ ဖုန်းဆက်လိုက်တော့ သူ့အတွင်း ရေးမှူး အမျိုးသမီးက...
"မစ္စတာခန့်တို့ မိသးစုခုပဲလေယာဉ်ကွင်း ဆင်းသွားကြပါပြီ"တဲ့ လေ။
"ဟင်...သူတို့ ဘယ်ကို သွားကြတာလဲ"လို့ တအံ့တသြနဲ့ ပြန်မေးမိတာပေါ့။
"အဲဒီ ဖလော်ရီဒါကို လာကြတာလေ။ ရှင်တို့မိသားစုအားလုံး စုပြီး ဘဟားမားကို သွားကြမှာဆို၊ ရှင်မသိဘူးလား"တဲ့။ ကဲ...ကျွန်မသိတာအတွက် သူကတစ်ပြန် ပြန်ပြီးအံ့သြနေပြန်ပါရော။

ကျွန်မက ဖုန်းကိုင်ထားရင်း ကြောင်နေဆဲ သူက ပျာပျာသလဲနဲ့ "မစ္စတာခန့်က သူလာမှာကို ရှင် ၀မ်း သာအောင် တမင် Surpriseလုပ်ချင်လို့ အသိမပေးတာလား မပြောတတ်ဘူး။ တကယ်ရှင် မသိဘူးဆိုရင် ဆက်ပြီး မသိဟန် ပဲဆောင်နေလိုက်ပါနော်။ ကျွန်မပြောတယ်လို့ မပြောလိုက်ပါနဲ့" လို့ထပ်ပြီး မှာနေပါသေးတယ်။
ကျွန်မတို့ မိသားစု စာရင်းရှုပ်ပုံကတော့ ဒီက တီဗွီမှာ နေ့ခင်းဘက် ပုံမှန်လာတဲ့ ဇာတ်လမ်းတွဲ Soap Operaထက်တောင် ပိုပါဦးမယ်။ မနေ့က သားကြီးနဲ့ ဖုန်းပြောတုန်းက "မာမီတို့ သားအတွက်ပါ ပိုပျော် လာခဲ့ကြနော်" နဲ့တောင် သူကခပ်တည်တည်မှာလိုက်သေးတာပါ။ ဟော... အခုတော့ မိသားတစ်စု လုံး လေယာဉ်ပေါ် ရောက်နေကြပြီလေ။
အနားမှာရှိ တဲ့ သမီးတွေက ကျွန်မဖုန်းပြောတာ နားထောင်ရင်း ပဟေဠိ အဖြေညှိကြလေရဲ့။

"ဒါ ကိုကို လုပ်တာမဖြစ်နိုင်ဘူး။ မာမီ့သမက်ရဲ့ မဟာအကြံအစည်နေမှာ။ ကိုကိုတို့ မိသားစုပါမယ် ဆိုတာ သမီးကို လုံးဝ ပြောထားတာမဟုတ်ဘူး။ သိတယ်မဟုတ်လား။ သူက Surpriseလုပ်ရမှ ကျေနပ်တဲ့သူလေ"
"အေး... ဟုတ်တယ်။ ဒါဆို ခုတို့ သိထားပြီး ဆိုတာ ဂယ်ရီကို ပြန်မပြောနဲ့။ ဟိုကျမှ အကြီးအ ကျယ်အံ့သြပြလိုက်ကြရအောင်"
ကျွန်မတို့ သားအမိသုံးယောက် ပေါင်းပြီး တန်ပြန်စစ်ဆင်ရေးတွေ လုပ်ရင်း ကျေနပ်စွာနဲ့ ရယ်မော ကြရပါသေးတယ်။ လေဆိပ်ခန်းမထဲမှာ ဘဟားမား ထွက်ဖို့ ထိုင်စောင့်နေကြရတဲ့အချိန်ထိ သားကြီးတို့ မိသားစုရောက်လာကြမယ်ဆိုတာ ဂယ်ရီက တစ်လုံးတစ်ပါဒမှ မဟလေဘူး။ သူ့ဟာ သူတော့ ဟုတ်လှပြီ ဆိုပြီး ကျေနပ်နေတဲ့ပုံပါ။ မကြာပါဘူး။ မိသားစုထဲမှာ စပ်အစုတက်ဆုံး သမီးကေခိုင်က ကျွန်မကို လက်ကုပ် ရင်း လေသံတိုးတိုးနဲ့ "မာမီ ဟိုမှာ ကိုကိုတို့ လာနေကြပြီ။ အသာနေ လှည့်မကြည့်နဲ့"လို့ သတင်းပေးပါတယ်။ သူတို့ခမျာ ကျွန်မကို မမြင်အောင် အကာ အကွယ်တွေ ယူရင်းကွေ့ ပတ်ပြီး နောက်ဘက်က ၀င်လာကြရရှာတာကို ရယ်ချင်ရယ်နဲ့ မသိဟန် ဆောင်ပြီး ခပ်တည်တည် လုပ်နေရသေး တယ်။

 မြေးအငယ်ဆုံးကောင် ခန့်မောင်မောင်က ကျွန်မကို နောက်ကနေ သိုင်းဖက်လိုက်တော့မှ အထိတ်တလန့် ပုံစံနဲ့ "အမေ့...ဗုဒ္ဓေါ.."ွေ ဘာတွေ တရင်း ကျွန်မကအကြီးအကျယ် အံ့အားသင့်ပြလိုက်တဲ့အပြင် သမီးနှစ်ယောက်ကပါ "ဟော..ကိုကိုတို့ ဘယ်လိုရောက်လာကြတာလဲ"နဲ့ အကယ်ဒမီရှော့နဲ့ အံ့သြပြလိုက်မှ ဂယ်ရီရော သားကြီးခင်မောင်ဝင်းခန့်တို့မိသားစုပါ တဟားဟားနဲ့ ရယ်မောင်း သဘောကျနေလေရဲ့။ တစ်ခါ တလေလည်း သူတစ်ပါး စိတ်ချမ်းသာ ပျော်ရွှင်စေဖို့ သိလျက်နဲ့ သဘောကျနေလေရဲ့။ တစ်ခါတ လေလည်း သူတစ်ပါးစိတ်ချမ်းသာပျော်ရွှင်စေဖို့ သိလျက်နဲ့ မသိဟန်ဆောင်ရတဲ့ အကြောင်းတ ရားတွေလည်း ဘ၀မှာ အကြိမ်အါများစွာ ကြုံရတတ်ပါသေးတယ်နော်။
ဘဟားမားက ကျွန်မတို့ နေတဲ့မြို့နဲက ဘယ်လောက်မှ ဝေးကွာတာ မဟုတ်ပါဘူး။ မာယာမီမြို့ ကနေမိုင် ၅၀ပဲဝေး ပါတယ်။ ကျွန်းပေါင်း ၇၀၀ကျော်နဲ့ Keysလို့ခေါ်တဲ့ကျွန်းပီစီကွေးလေးတွေ ၂၅၀၀စုပေါင်းထားတဲ့ ကျွန်စုလေးပါပဲ။ လူဦးရေက နှစ်သိန်းနဲ့ ငါးသောင်းပဲရှိတာ ဖြစ်ပေမဲ့ တစ်နှစ် တစ်နှစ်လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေက သုံးသန်းခွဲရှိပြီး တိုးရစ္စလုပ်ငန်း တစ်နှစ်မှာ ဒေါ်လာ ၁.၃ဘီလျံ ၀င်ငွေရှိတာတဲ့လေ။ ဘဟားမားက ကျွန်းပေါင်းများစွာရှိပေမဲ့ တကယ်လူနေ တဲ့ကျွန်းက ၃၀လောက်ပဲ ရှိတာပါ။ လူနေအများဆုံးကျွန်းကတော့ ဘဟားမားရဲ့ မြို့တော် Nassau ရှိတဲ့ Providenceကျွန်းနဲ့ Free Port မြို့ရှိတဲ့ Grand Bahamas ကျွန်းပါပဲ။

လကမ္ဘာကနေ ကမ္ဘာမြေကြီးကို ပြန်ကြည့်ကြတဲ့ အာကာသယာဉ်မှုးများရဲ့ အဆိုအရ ဘဟားမားက ကမ္ဘာမှာ အလှဆုံးမြင်ကွင်း တစ်ခုလို့ ဆိုညွှန်းကြလေရဲ့။ ပင်လယ်ရဲ့ ကြည်လင်ပြီး ပြာပုံက သဘာဝအလှတစ်ပါး ဖြစ်နေတာမို့ ငြိမ်သက်အေးချမ်းစွာ အပန်းဖြေ လိုသူများ အတွက် တော့ကွန်းခိုရာ နေရာကောင်း တစ်ခုပါပဲ။ လောဘနဲ့ လောင်းကစား ၀ါသနာပါသူများအတွက် လည်းCasinoတွေရှိတဲ့အပြင် အကောက်ခွန်လွတ် Duty Freeဆိုင်တွေလည်း ရှိတော့ ကမ္ဘာအရပ် ရပ်ကအပန်းဖြေရင်း ဈေးဝယ်ထွက်ကြသူတွေလည်း အများအပြား တွေ့ရပါတယ်။
အားကစားဝါသနာ ပါသူတွေအဖို့ ကောင်းကင်နဲ့ မြေပြင်မက ရေပေါ်ရေအောက်ကစားမျိုးစုံ ရှိနေ တာကြောင့် ပျော်မွေ့ဖွယ်ရာ ကစားကွင်းတစ်ခုလို့ ပြောနိုင်ပါရဲ့။ အစားအသောက်ကလည်း  ပင်လယ်စာ ရေထွက်ပစ္စည်းတွေ လတ်လတ်ဆတ်ဆတ် ရနိုင်တာမို့ ဧည့်သည်တော်တွေအဖို့ ဘဟားမားက အကြိုက်တွေ့စရာ နေရာလေးတစ်ခုပါပဲ။

ကျွန်မတို့ ရောက်တဲ့ညနေမှာပဲ ဂယ်ရီက ပင်လယ်ကမ်းခြေလေး က ရေထွက် ပင်လယ်စာ ကောင်း ကောင်း ရတဲ့ စားသောက်ဆိုင်မှာ ညစာကျွေး ပါတယ်။ ဘဟားမားကျွန်းရဲ့ နာမည်ကြီး ပွဲတောစာ ခရုသုပ်လည်း ပါလေတယ်ပေါ့။ မြန်မာပါးစပ်နဲ့ ခံတွင်းတွေ့စရာ ချဉ်ချဉ်စပ်စပ်သုပ်ထားတာမို့ အားလုံး မိသားစု စားလိုက်ကြတာ တရှူးရှူးတရှဲရှဲနဲ့ ဘယ်နှပွဲစာ မှာမိမှန်းတောင် မသိတော့ပါဘူး။
နောက်တစ်နေ့ မြို့ထဲ ပတ်ဖြစ်တော့ သူတို့ပွဲတော်စာ ခရုသုပ်ဆိုင်တွေက လမ်းဘေးမှာ စီတန် လို့။ ပန်းဆီရောင် ရဲနေတဲ့ ဧရာမခရုသင်းကြီးတွေလည်း ဆိုင်ပေါ်မှာ ခင်ထားတာ အပြည့်။ စားမဲ့သူလာပြီ ဆိုကာမှ အဲဒီခရုအဲဒီခရုသင်းကြီးထဲက အကောင်ကို လက်နဲက ကျွမ်းကျင်စွာ နှိုက် ကလော်ယူထုတ်ပြီး စဉ်းတီးတုံးပေါ်မှာ အရှင်လတ်လတ် တောက်တောက်စဉ်းတော့တာလေ။ ပြီးမှ သံပရာရည် ရွှဲရွှဲ၊ ငရုတ်သီးမှုန့်ရဲရဲနဲ့ သုပ်ပေးလိုက်တာပါ။
အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်မတို့တစ်တွေ ဘုရားတ ကြရင်း ဘယ်သူမှ ခရုသင်းကောက်သုပ် ကိုယောင် လို့မှ မတို့မိအောင် ဝေးဝေးက ရှောင်ဖြစ်ကြတော့တာပဲ။ ဘဟားမားမှာ ကြည့်စရာ၊ လေ့လာ စရာတွေကလည်း အမျိုးအမည်စုံပါဘိ။ ကျွန်မတို့တည်းတဲ့ Paradise Island ပေါ်က Atlantis ဟိုတယ်ရဲ့ အောက်ထပ်မှာ ကမ္ဘာမှာ အကြီးဆုံးရေအောက်ကမ္ဘာ ငါးအလှပြ ဖန်အိမ်ကြီး ကလည်း အံ့မခန်းစရာပါပဲ။

ဒါတင်မကသေးဘူး။ တကယ့် ပင်လယ်ရေအောက်ကမ္ဘာကို လေ့လာချင်သေးရင် ပင်လယ်ရဲ့ အတွင်းပိုင်း ထိ ရောက်အောင်သွားပြီး Glass-Bottom Boatခေါ်တဲ့ မှန်ချပ်ခင်းထားတဲ့ သင်္ဘော ထဲ ကနေရေအောက်ကမ္ဘာ ကို ကြည့်လို့ရပါတယ်။ သဘာဝ အတိုင်းဖြစ်တည်နေ တဲ့ ကျောက်ခက် ချောက်နွယ် ကျောက်ပန်းနဲ့တကွ အမျိုးအမည် မဖော်နိုင်လောက်အောင် အသွေး အရောင် စုံနဲ့ ပုံသဏ္ဍာန် ခြားနားလှတဲ့ ရေသတ္တ၀ါတွေဆိုတာ အံ့မခန်း ဆန်းကြယ်လှပါရဲ့။
ညနေဘက်ကျတော့လည်း ဒင်နာနဲ့ရှိုးတွဲလျက် ညစာစားလျင်း ရိုးရာကပွဲတွေ ကြည့်လိုကကြည့်၊ ခေတ်နဲ့အမိပြေးနေတဲ့ တေးဂီတနဲ့ ကပွဲတွေ ရွေးသွားလို့ကသွား၊ ကိုယ်ကြိုက်ရာ ရွေးချယ်စ ရာကလည်း အများအပြားရှိပါတယ်။ ကျွန်မမြေးတွေကတော့ ရေပေါ်ရေအောက် ကစား ရတာတွေ ကိုစိတ်ဝင်တစား ရှိကြလေရဲ့။ Dolphin ငါးအုပ်စုတွေ ရှိရာ ပင်လယ်ဘက်ထိ မိနစ်နှစ်ဆယ် လောက် မော်တော်မောင်းသွားကြပြီး ငါးတွေနဲ့အတူ ဖက်လဲတကင်းကျော်သပ် ရင်သပ် ခေါင်းသပ် လုပ်ရင်း ရေအတူတူ ကူးတာကိုလည်း တစ်ယောက်ကို ဒေါ်လာသုံးဆယ်ပေးပြီး လုပ်ကြသေးတာ လ။

Virgin Beachလို့ခေါ်တဲ့ လူသူကင်းဝေးရာ ကျွန်းက ငွေသောင်ယံကမ်းခြေကိုလည်း တကူး တက ရောက်ဖြစ်ပါတယ်။ လှိုင်းပုတ်သံနဲ့ အုန်းပင်က အုန်းလက်တွေကို လေတိုးသံကလွဲပြီး ဘာသံမှ မကြားရအောင် တိတ်ဆိတ်ငြိမ်သက်လွန်းတာကြောင့် မျက်စိတစ်ဆုံး မိုးကုပ်စက်ဝိုင်းဆီ ငေးမော ရင်းကမ္ဘာတစ်ခြမ်းက ချစ်သူတွေကို အလွမ်းဝေခဲ့ရတာလည်း ရှိရဲ့။
စိတ်လှုပ်ရှားစရာ အကောင်းဆုံးကတော့ Para-Sailingလို့ခေါ်တဲ့ ကောင်းကင်အမြင့်ပေါ် တက်ပြီး လေထဲမှာ ရွက်လွင့်ခြင်းပါပဲ။ သင်္ဘောနဲ့ပင်လယ်ထဲမှာ တည်ဆောက်ထားတဲ့ဖောင်ကြီး တစ်ခုဆီ သွားကြရပါတယ်။ ဖောင်ပေါ်မှာ ရွက်လွှင့်ဖို့ လေထီးကလည်း အဆင်သင့်၊ လွှင့်တင်ပေးကြမဲ့ အမျိုးသမီးသုံးဦးကလည်း အဆင်သင့်။ အဲဒီလိုရွက်လွှင့်တက်ဖို့ တစ်ဦးကိုဒေါ်လာ ၂၅စီပေးရပါ တယ်။

ကောင်းကင်ပြာပြာမှည ရွက်လွှင့်နေကြတဲ့ လေထီးရောင်စုံတွေကလည်း အများအပြားပါပဲ။ တန် ဆောင်တိုင် မှာ မီးပုံးပျံတွေ လွှင့်ကြသလို ကောင်းကင်မှာ ရောင်စုံလွှင့်နေကြတာ နေနဲ့ ညပဲကွားပါ တယ်။ လေထီး အလယ်က ထိုင်ခုံမှာ လူက၀င်ထိုင်၊ ပြုမကျအောင် သေသေချာချာ တုပ်နှောင်ပြီးမှ ခလုတ်ဖြုတ်ပြီး လွှင့်ထုတ်လိုက်တာပါ။ ပင်လယ်ပြင်ထဲမှာမို့ အတားအဆီးမရှိ တိုက်ခတ် တဲ့ လေအားကောင်းကောင်းနဲ့ မိုးပေါ်ကို အရှိန်နဲ့ တက်သွားတော့တာပဲလေ။
ကျွန်မမြေးတွေက ပျော်ကြလွန်းလို့ ကိုယ့်အလှည့်ရောက်မှာကို မစောင့်နိုင် မအောင့်နိုင်ဘဲ နေရာ လုကြ၊ မဟာဗန္ဓုလမျိုး လို့ ဆိုရလောက်အောင် သတ္တိကောင်းတဲ့ သမီးကေသီတစ်ယောက်ပဲ သူ့ အလှည့်ရောက် တိုင်းနောက်က လူနောက်မှာ ပြေးပုန်းနေလေရဲ့။ နောက်ဆုံးပုန်းစရာလူ မကျန် တော့ မှ လေထီးပေါ် ရောက်တော့တယ်။ အလုတ်ဖြုတ်ပြီး လွှင့်တက်လိုက်တာနဲ့ "အမယ်လေး... ကယ်ကြပါဦး၊ Help Help နဲ့ ဆူညံသွားအောင် အော်ရင်းဟစ်ရင်း လေထီးနောက် ပါသွားလေရဲ့။"
တက်မဲ့သူ ကုန်တော့ ချောင်မှာကပ်နေတဲ့ ကျွန်မကို ဂယ်ရီက လက်ဆွဲပါလေရော။ "အမယ်လေး.. မလုပ်ပါ နဲ့၊ မလုပ်ရဲပါဘူး" နဲ့ အကျောက်အကန် ငြင်းတော့..
"ကလေး ကိုးယောက် မွေးထားတဲ့ သတ္တိတွေ ဘယ်ရောက်ကုန်ပြီလဲ မာမီ၊ လေထီး တက်စီးရတာ ကလေးမွေး ရတာလောက် စွန့်စားရတာ မဟုတ်ပါဘူး"တဲ့။ သူပဲ ပုံခိုင်းတက်လေတယ်။

နောက်တစ်နေ့မှာတော့ ဂယ်ရီက အပိုင်လုပ်လာလေရဲ့။ ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာ မပြောဘဲ "သင်္ဘော စီးကြမယ်၊ ရေကူးဝတ်စုံတွေ အင်္ကျီအောက်မှာခံပြီး ၀တ်လာခဲ့ကြ၊ ရေကူး လို့ ကောင်းတဲ့နေရာ တွေ့ရင် ကူးကြဆော့ကြတာပေါ့"တဲ့။
သင်္ဘော တစ်စီးစာ လူက ၃၀ပဲပါတာပါ။ တစ်ယောက်ကို ဒေါ်လာငါးဆယ်ပေးစီးရပါတယ်။ ကမ်းက ခွာပြီး မကြာခင် ကပ္ပတိန်က ခရီးသည်များကို နှုတ်ခွန်းဆက်စကားဆိုရင်း ရှင်းပြတာက အခုခရီးက ပင်လယ် ရဲ့အတွင်းဘက် ထိ သွားရမှာမို့ သုံးနာရီခွဲကြာမျှ ခုတ်မောင်းရပါမယ်။ အစီအစဉ်က Deep Sea Walking (ပင်လယ်ကြမ်းပြင်ပေါ် ဆင်းပြီးလမ်းလျှောက်ခြင်း)လို့ ကြေညာလိုက်တော့ ကျွန်မ တို့အားလုံး အထိတ်တလန့်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြူးပြဲသွားတော့တာ ပဲ။ တကယ်လည်း အံ့သြကြလို့။
ဂယ်ရီက ထုံးစံအတိုင်း မဟာ Surpriseကြီး အောင်မြင်သွားတာကြောင့် ကျေနပ်စွာနဲ့ သူ့ရဲ့စေတ နာကိုရှင်းပြပါတယ်။

Deep Sea Walking သွားကြရအောင်လို့ ပြောရင် ကျွန်မတို့က "မသွားချင်ပါဘူး"နဲ့ ငြင်းဆန် ကြမှာ သေချာတာကြောင့် တမင်တကာ မပြောဘဲ ခေါ်လာခဲ့တာတဲ့။ အထူးသဖြင့် ကျွန်မက စားရေးသူ ဆိုတာ ထူးခြားတဲ့ အတွေ့အကြုံကို ကိုယ်တွေ့လေ့လာသင့်တယ်ပေါ့။ မြန်မာပြည်က စာဖတ်ပရိတ်သတ်တွေကို မျှဝေခံစားလို့ရအောင် ကျွန်မကို အဓိကထားရောက်ဖူးစေချင်လို့ တမင်စီစဉ်ခဲ့တာတဲ့လေ။
ရွှေသမက်က မြန်မာပြည်က စာဖတ်ပရိသတ်တွေအပေါ် စေတနာ အပိုကောင်းလိုက်တာနဲ့ သတ္တိခဲ ပတ္တမြားခင် တစ်ယောက် သေပေါက်တိုးတော့တာပါပဲ။ ကျွန်မက ရေဆို အသေကြောက် တတ်တဲ့ အညာသူ။ ခါးလယ်လောက်ရောက်တဲ့ ရေတောင်ကြောက်တတ်တဲ့ မိန်းမက ပင်လယ်ရဲ့ အလယ်ကောင်ကြမ်းပြင်ထိ ဆင်းကြည့် ရမယ်ဆိုတာ တွေးကြည့်ရုံနဲ့ကို အသက်ကထွက်ချင်နေ ပြီလေ။ သင်္ဘောပေါ်က ခရီးသည်တွေ လှည့်ကြည့်လိုက်တော့ အားလုံးကအရွယ်ကောင်း လူငယ် လူရွယ်လေးတွေချည်း။ အသက် ၇၀အဘွားကြီးဆိုလို့ ကျွန်မတစ်ယောက်တည်းပါတာမို့ သေဖော် ညှိစရာ သက်ကြီးရွယ်အိုလည်း တစ်ယောက်မှ မမြင်မိတာကြောင့် စိတ်အားငယ်ချင်လာလေရဲ့။

ဒါပေမဲ့ ထူးထူးခြားခြား ရေးစေချင်တဲ့ စေတနာနဲ့ ဒါလောက်ငွေကုန်ကြေးကျခံလုပ်ပေးထားပါ လျက်နဲ့ ကျွန်မက သူရဲဘောကြောင်ပြီး "မဆင်းရဲပါဘူး"ပြောလို့က စေတနာကို စော်ကားရာ ရောက်ဦးမှာပါ။ ၇နှစ်၊ ၈နှစ်အရွယ် ကျွန်မရဲ့ မြေးလေးတွေတောင် သတ္တိရှိရှိနဲ့ ဆင်းရဲမှတော့ ကျွန်မ ရော ဘာကိုတွေးကြောက်စရာရှိလဲနဲ့ ကိုယ့်ဟာကိုယ် သတ္တိမွေးလိုက်တော့လည်း အကြောက်တွေ ပြေ သွားပါတော့တယ်။
တကယ်လည်း ငွေကုန်ရကျိုးနပ်တဲ့ အတွေ့အကြုံကောင်းတစ်ခုပါပဲ။ ကမ္ဘာအရပ်ရပ်ကလာကြတဲ့ တိုးရစ္စတွေအတွက် တည်ထောင်ထးတဲ့ ကိုယ်ပိုင်လုပ်ငန်း တစ်ခုပါ။ သင်္ဘောကပ္ပတိန် ခရစ္စက ရေအောက်ကမ္ဘာရဲ့ ဆန်းကြယ်လှပပုံကို ရိုက်ထားတဲ့ ဗီဒီယိုခွေကိုပြသရင်း ကျွန်မတို့ ပင်လယ် ကြမ်းပြင်ကို ဆင်းကြတဲ့အချိန်မှာ ဆောင်ရန် ရှောင်ရန်တွေကို သေသေချာချာရှင်းပြပါတယ်။

ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ထဲ သုံးနာရီခွဲကြာမျှ ခုတ်မောင်းလာပြီးတဲ့နောက် ရေအောက် ကမ္ဘာကို ဆင်းကြည့်ရမဲ့နေရာရောက်တော့ သင်္ဘောကို ကျောက်ချရပ်လိုက်ပါရော။ ရေအောက်ကို ဆင်းဖို့ကိစ္စ စောစောကတည်းက ကပ္ပတိန်ခရစ္စကိုယ်တိုင် လူရွေးပြီး လေးယောက်တစ်တွဲနဲ့ နံပါတ်စဉ် ပေးထားပြီးသားမို့ ကိုယ့်အတွဲနဲ့ကိုယ် အဆင်သင့်အနေအထားနဲ့ စောင့်နေကြရပါ တယ်။ အဲဒီအချိန် မှာ အားလုံးအပေါ်အ၀တ်တွေ ချွတ်ပြီး ရေကူးဝတ်စုံကိုယ်စီနဲ့ ဖြစ်နေကြပြီလေ။ တာဝန်ယူမဲ့ ကပ္ပတိန် ကိုယ်တိုင်လည်း ရေငုပ်ဝတ်စုံ လဲထားပြီးသားပါ။
ပင်လယ်ကြမ်းပြင်ကို ဆင်းဖို့ သင်္ဘောဝမ်းဗိုက်ဘေးကနေ ကြိုးလှေကားတစ်ခု ချလိုက်ပြီး ခိုင်မြဲ အောင်လုပ်သားတွေက ပြင်ဆင်နေကြလေရဲ့။ လှေကားရဲ့ အောက်ဆုံးမှာ ကပ္ပတိန် ခရစ္စက စောင့် နေပါတယ်။ အဆင်သင့်ဖြစ်တော့ လေးယောက်တစ်တွဲ ပေးထားတဲ့ နံပါတ်စဉ်အတိုင်းခေါ်ပြီး ဆင်း ခိုင်းတာ ကျွန်မက အုပ်စုနံပါတ် ၂။ အတူတွဲဆင်းရမဲ့သူက ဂျပန်ကလာတဲ့ ကာမီဇိုဆိုတဲ့ မိန်းက လေးပါ။

လေးယောက်တစ်တွဲ ဆိုပေမဲ့ ကြိုးလှေကားက ကျဉ်းတော့ နှစ်ယောက်တစ်တွဲ ဆင်းရတာ။ ကြိုး လှေကားပေါ် ရောက်လို့ ခိုင်မြဲအောင် တွယ်မိပြီဆိုမှ ခေါင်းပေါ်ကို အောက်ဆီဂျင်ပါတဲ့ သံခေါင်း စွပ် Helment ကြီးကို ပခုံးပေါ် ရောက်တဲ့ထိ မပြီးစွပ်ပေးလိုက်ပါရော။ တစ်ထစ်ချင်း နင်းပြီး ဖြည်း ဖြည်းချင်း ဆင်းရတာ။ ရေကြောက်တဲ့ကျွန်မ ဒူးတော့အတုန်ချင်သား။ ဒါဟာ ရနိုင်ခဲသမျှ အတွေ့ အကြုံသစ်တစ်ခု ဖြစ်တဲ့အပြင် ဂယ်ရီပြောသလို ကျွန်မချစ်တဲ့စာဖတ်သူများတွက်လည်း စိတ်ဝင် စားစရာ အကြောင်းအရာ တစ်ခုခုရနိုင်တာပဲဆိုတဲ့ အကောင်းမြင်အတွေးနဲ့ အားပေးရင်း သတ္တိ မွေးလိုက်တော့လည်း အကြေက်ပြေပြီး တက်ကြွစိတ်တွေ ၀င်လာလေရဲ့။

တစ်ထစ်ချင်းဆင်းရင်း ရေအောက်ကိုရောက်တာနဲ့ ခေါင်းပေါ်ကဆယ်ပိဿာလောက်လေးတဲ့ Helment ကြီး ကရေဖိအားကြောင့် တစ်ခါတည်း ခေါင်းပေါ်မှာ ဘာမှမရှိတော့ သလို ပေါ့ပါး သွား တော့ တာပဲ။ အောက်အဆင်းမှာ ကပ္ပတိန်ခရစ္စက လက်ကမ်းထိန်းပေးရင်း ကျွန်မကိုဖေးကူချပေး ပါတယ်။ တစ်သက်နဲ့တစ်ကိုယ် ပင်လယ်ရဲ့ကြမ်းပြင်ကို ခြေချခွင့် ကြုံရမယ်လို့ စိတ်ကူးနဲ့တောင် မတွေးမိဖူးပါဘူး။ ဘ၀ရဲ့ ထူးခြားတဲ့ မှတ်တိုင်လေး တစ်ခုပါပဲလေ။
မြေပြင်ပေါ်မှာ မတ်တတ်ရပ်သလို ရေအောက်မှာ မရပ်ကြဖို့ ညွှန်ကြားထားတာမို့ ဒူးနှစ်ဖက်စလုံး ကွေးပြီးကွတတပုံစံနဲ့ ရပ်ရတာကြောင့် ကာတွန်းရုပ်ထွက်နေမှာ သေချာပါတယ်။ ဒါ့အပြင်လေး ယောက်စလုံး တစ်ဦးနဲ့တစ်ဦး လက်တွဲမဖြုတ်ကြဖို့လည်း ညွှန်ကြားထားသေးတာပါ။ အဲဒီလို တွဲထားပေလို့ပါပဲ။ မဟုတ်ရင်ကိုယ်က ပေါ့ပြီး ရေပေါ်ရောက်သွားမှာလေ။ အောက်ဆီဂျင်ပါတဲ့ Helment ဆောင်းထားတာတောင် ရေအောက် ရောက်တာနဲ့ အသက်ရှူရတာ နည်းနည်းခက်ပါ တယ်။

အသက်ရှူရကျပ်လာရင် မကြာမကြာ သမ်းပေးပါလို့ ဆိုတဲ့ညွှန်ကြားချက်အရ ပါးစပ်ဟပြီး တ၀ါးဝါး သမ်းရသေးရဲ့။ Helmetက ပခုံးအထိအလုံစွပ်ထားတာမို့ ပါးစပ်ဟပေမဲ့ ရေမ၀င်ပါဘူး။ ရှေ့ဘက်မှာ မှန်ကာထားတာ ဖြစ်လို့ မြင်ကွင်းကောင်းစွာ ရပါတယ်။ ကပ္ပတိန်က ခြောက်ပေ လောက်ရှည်တဲ့ တုတ်တစ်ချောင်းကိုယူလာပြီး လက်နှစ်ဖက်နဲ့ အဲဒီတုတ်ကိုကိုင်ကြပါလို့ စာတန်း ထိုးပြတော့ လေးယောက်သားတုတ်ကို မြဲမြဲကိုင်ထားမှ အဲဒီအတွဲလိုက်ကြီးကို သူက ဦးဆောင်ပြီး ခေါ်သွားပါတယ်။
မြေပြင်ပေါ်က ပန်းဥယျာဉ်ထက် အဆပေါင်းများစွာ လှပတဲ့ဥယျာဉ်ကြီးထဲဖြတ်သွားရတာ စိတ်ဝင် စားစရာကောင်းလိုက်တာ။ သဘာဝအရဖြစ်တည်နေတဲ့ ကျောက်ဆောင်ကျောက်ခဲ ကျောက်း ပန်းခက်ကျောက်နွယ်တွေဆိုတာ အရောင်စုံအသွေးစုံ ပုံသဏ္ဍာန်စုံ သက်ဝင်လှုပ်ရှားနေတဲ့ ပန်းချီ ကားကြီးတစ်ချပ်ကို ကြည့်ရသလိုပါပဲ။ ရေကလည်း ကြည်လင်နေတာ မှန်သားရောင်အတိုင်း။ ငါးလေးတွေကလည်း အရောင်အသွေးအမျိုးစုံ ကူးခပ်နေကြတာ လှမှလှ။
အုပ်ဖွဲ့လာတဲ့ ငါးတွေကျွန်မတို့ရှေ့ကို ဖြတ်လာရင် ဒီဟာဘာငါးမျိုး ဖြစ်တယ်ဆိုတာ ကပ္ပတိန်က စာတန်းထိုးပြီး ပြောပြပါတယ်။ ဧရာမ ပင်လယ်ပုစွန်ကြီးတွေ ကလည်း ကျောက် ခက်ကျောက်နွယ် တွေကြားမှာ ၀င်လိုက် ထွက်လိုက် လုံးလုံးရှည်ရှည် ပုပုဝိုင်းဝိုင်း ပုံသဏ္ဍန်စုံ ခရုကောင်တွေ က လည်းအများအပြား တစ်ခါမျမြင်ဖူးမတွေ့ဖူးတဲ့ ရေသတ္တ၀ါတွေကလည်း အနန္တ။

ငါးတွေကို အစာကျွေးဖို့ ကပ္ပတိန်က သူ့ခါးမှာ ချိတ်လာတဲ့ အထုပ်ကလေးကို ကျွန်မတို့ကို ပေး တာနဲ့လက်တစ်ဖက် က တုတ်ကိုမြဲမြဲကိုင်ရင်း ကျန်တစ်ဖက်နဲ့ ကျွေးတော့ ငါးအုပ်ကြီးက အလု အယက် စား လိုက်ကြတာ ကို ကြည့်ပြီးလည်း ပီတိဖြစ်ရပါရဲ့။ ကြမ်းပြင်ပေါ်က ဧရာမခရုကြီးတွေကို ကောက်ပြီး ကပ္ပတိန် က ကျွန်မတို့ကို ကိုင်ခိုင်းရင်း ရေအောက်ပိုလာရွိုက် ကင်မရာနဲ့လည်း ဓာတ်ပုံ ရိုက်ပေး ပါသေးတယ်။
ရေအောက်ကမ္ဘာကို လျှောက်ကြည့်ရင်း ကျောက်ခက် ကျောက်တက်တွေရဲ့ အမျိုးအမည်ကိုလည်း သိရအောင် စာတန်းထိုးပြပါသေတယ်။ တချို့ကျောက်ခတ်တွေက အပင်လို အပွင့်လို ပုံသဏ္ဍန် ဖြစ်ပေမဲ့ သက်ရှိရေသတ္တ၀ါကောင်တွေ ဆိုတာသိရလို့ ကျွန်မတို့မှာ အံ့သြလိုက်ရတာ။ အစာကျွေး လိုက်ရင် သတ္တာဝါတွေ အတိုင်း ပါးစပ်ဟပြီး စားကြတာနော်။ Sponge လို့ခေါ်တဲ့ ရေမြှုပ်ကလည်း လူတွေလို အသက်ရှူလို့။ Brain Coral ကျ တကယ့်လူရဲ့ ဦးနှောက်ပုံသဏ္ဍာန် အတိုင်း ဖြစ်နေတာ အံ့သြဖွယ်ရာပါပဲ။ Fire Coral ဆိုတာကလည်း ရေအောက်နေပြီး သူ့ကိုထိမိ ရင်မီးလို ပူတာတဲ့လေ။

အပြာ၊ အ၀ါ၊ အနီ၊ ခရမ်းအပြင် အသွေးအရောင် ဆန်းပြားလှတဲ့ ကျောက်ခက်ကျောက်နွယ်တွေ သဘာဝအရ ဖြစ်တည်နေတာ အမျိုးမည်ပေါင်း နှစ်ထောင်ကျော်တောင် ရှိတာပါတဲ့။ ရေအောက် ကမ္ဘာရဲ့အံ့ဖွယ်တစ်ပါး ဆိုရလောက်အောင် ထူးခြားဆန်းပြားလွန်းလှတာမို့ ကျွန်မတို့ လျှောက် ကြည့်လို့မဆုံး စိတ်ဝင်စားလို့ကောင်းနေတာ အချိန်ကိုတောင် သတိမထားမိပါဘူး။ အသက်ရှူရ တာနည်းနည်းခက်ခဲလာတော့မှ ဆက်နေလို့ဖြစ်ပါမလား စဉ်းစားမိပေမဲ့ အခြေအနေဆိုးသေးတာ မဟုတ်လို့ ကြိုးစားပြီး နေလိုက်ပါတယ်။
ကပ္ပတိန်ကတော့ မှာထားပြီးသားပါ။ အကယ်၍ အသက်ရှူ ခက်လာရင် ဆက်မနေပါနဲ့ သူ့ကို လက်ညှိုးထောင်ပြပြီး အပေါ်တက်မဲ့ ပုံသဏ္ဍာန်ညွှန်ပြပါ။ သူချက်ချင်း တင်ပေးပါမယ်၊ အန္တရာယ် မဖြစ်စေ ရပါဘူးတဲ့။ မကြာပါဘူး။ သတ်မှတ်ထားတဲ့ ၂၅မိနစ်စေ့ပြီ ဖြစ်တာနဲ့ ကျွန်မတို့လေး ယောက် လက်ပြန်တွဲကြပြီး ကွတကွတနဲ့ ကြိုးလှေကားအရောက် ပြန်လျှောက်သွားရင်း အပေါ်ကို နှစ်ယောက်စီ တစ်ထစ် ချင်း တက်ကြမယ်ပေါ့။ အားလုံးက ဒီအတွေ့အကြုံကို ကျေနပ်ပျော်ရွှင် ကြတာမို့ ကပ္ပတိန် ကို ကျေးဇူးတင်စကား ၀ိုင်းပြောကြလေရဲ့။

ရေအောက်မှာ ရိုက်လာခဲ့တဲ့ ပိုလာရွိုက်ကင်မရာက ဓာတ်ပုံတွေရလို့ တစ်ပုံကိုဒေါ်လာ ၁၅ပေးပြီး လည်း အလုအယက် ၀ယ်ကြပါသေးတယ်။ အပြန်ခရီးကတော့ ကမ္ဘာအရပ်ရပ်က လာကြသူချင်း ရင်းနှီး ခင်မင်သွားကြပြီး ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံတွေ ဖလှယ်ကြပြောဆို ရယ်မော ကြနဲ့ နေကုန်လို့ သင်္ဘောဆိပ်ကမ်းကိုကပ်မှ လူစုကွဲပါတော့တယ်။
ဘဟားမား တစ်ပတ်ခရီးစဉ်က မိသားစုအားလုံး စိတ်လှုပ်ရှားခြင်းများစွာနဲ့ ပြီးဆုံးသွားလေရဲ့။
သူ့ဇနီး "ကေသီ"ရဲ့ မွေးနေ့ပွဲကို ထူးထူးခြားခြား ပျော်စေချင်တဲ့ ဆန္ဒနဲ့ ညီအစ်ကို မောင်နှမ မိသားစုအားလုံးကို တာဝန်ယူ ဖိတ်ကြားပြီး စိတ်ဝင်စားရာမှန်သမျှ အတွေ့အကြုံစုံအောင် သေသေ ချာချာရွေးချယ် စီစဉ်ပြီး လိုက်ပို့ပေးတဲ့ သမက်ဂယ်ရီရဲ့ မေတ္တာစေတနာကိုလေးစား တန်ဖိုးထား ရင်း ကျေးဇူးတင်၇ှိမဆုံး ဖြစ်ရပါတယ်။

ဒီလိုနဲ့ မိသားစု မောင်နှမတွေ တွေ့လိုက် ဆုံလိုက် ပျော်လိုက် အချိန်တန်တော့လည်း ကိုယ့်အလုပ် ရှိရာ ပြန်လိုက်၊ ခွဲခွာရလိုက်နဲ့ ဘ၀သံသရာလည်နေရမြဲပါပဲ။ ပြည်နယ်တစ်ခုစီမှာ အခြေချနေကြရတာမို့ ခရီးက မနီးကြပေမဲ့ မိသားစု ကြီးမားလွန်းတာကြောင့် တစ်ခုမဟုတ် တစ်ခု နဲ့ပြန်ဆုံကြဖို့ အကြောင်း၇ှိနေတာ ဆိုတော့ တစ်နှစ်မှာ အခါများစွာ ပြန်လည်ဆုံဖြစ်ကြတာပါ ပဲ။
ဟော...အခုပဲကြည့်လေ၊ သမီးကေသီနဲ့ ကျွန်မရဲ့မွေ့နေ့က သုံးလပဲ ကွားခြားတာမို့ မေလဆန် ၁၄ရက်နေ့ကျရင် သားသမီးတွေ ပြန်လည်စုစည်းဖြစ်ကြဦးမှာပါ။ ဒီနှဏ်က ကျွန်မရဲ့အသက် ၇၀ ပြည့်မှာကြောင့် ထူးထူးခြားခြား မှတ်မှတ်ရရ မွေးနေ့ကျင်းပပေးချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ သားသမီး တွေက စီစဉ်လှုပ်ရှားနေကြလေရဲ့။ အဲဒီသတင်းကို ကြားတဲ့ ကျွန်မရဲက ၀မ်းမနာသား သုံးယောက်က...
"ဟာ..မဖြစ်ဘူး။ ဒီနှစ် ၇၀ပြည့်မာမီရဲ့ စပါရှယ်မွေးနေ့ပွဲကို ကျွန်တော်တို့ သားသုံးယောက် အတူ တာဝန်ယူလုပ်ကြမယ်လို့ တိုင်ပင်ထားကြပြီးသား"နဲ့ အရေးဆိုပါလေရော။

အဲဒီ ၀မ်းမနာသား သုံးယောက်ကောက်ရပုံလည်း ပြောပြရဦးမယ်။ တစ်နေ့ကျွန်မနေတဲ့ သန္တာစမ်း မြို့မှာဓာတ်ပုံပညာနဲ့ပက်သက်တဲ့ဟောပြောပွဲတစ်ခု လုပ်တော့ ဓာတ်ပုံဝါသနာပါတဲ့ ကျွန်မရဲ့ မိတ်ဆွေ ဒေါက်တာနိုင်ဝင်းက အဲဒီဟောပြောပွဲကို အတူသွားရအောင်လို့ အဖော် စပ်ပါတယ်။ ဟောပြောပွဲခန်းမ အ၀င်ကျတော့ ၀င်ကြေးအဖြစ် လက်မှတ်ဝယ်ရတယ်ပေါ့။ တစ်ဦးစီဆိုရင် တစ်စောင် ၁၅ဒေါ်လာ၊ မိသားစုကျ တစ်စောင် ၁၀ဒေါ်လာတဲ့။
ဖြတ်ထိုးညဏ်လျင်တဲ့ ဒေါက်တာနိုင်ဝင်းက နှစ်ဆယ်တန် တစ်ရွက်ထုတ်လိုက်ပြီး "ဒါကျွန်တော့် အမေ"ဆိုပြီး ချက်ချင်း အမေတော်ထည့်လိုက်လေရဲ့။ ဒီလိုနဲ့ စာမချုပ်၊ လက်မှတ်မထိုး ကိုးလ မလွယ်လိုက်ရဘဲ သား တစ်ယောက် ကောက်ရလိုက်တယ်ဆိုပါတော့။ မြန်မာတွေ ဆုံမိကြလို့ ပွဲစည်ပြီဆိုရင် ဒေါက်တာနိုင်ဝင်းက ကျွန်မ ကို "ဒါ ကျွန်တော့်မာမီ၊ အမေဖြစ် မွေးစားထားတာ"နဲ့ ထုတ်ဖော်လေ့ရှိပါတယ်။

ဒီတော့အနားမှာရှိကြတဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါကတာညွန့်လွင်နဲ့ မျက်စီအထူးကု ဆရာဝန်ကြီး ဒေါက်တာလင်း တို့ကလည်း "အမယ်...ခင်ဗျား တစ်ယောက်တည်း ကျိတ်ပြီး အမေ တော်ထားလို့ ဘယ်ရမလဲ။ ကျွန်တော်တို့လည်း အမေ တော်ရမှာပေါ့"နဲ့ ၀ိုင်းပြီး အမေတော် တာနဲ့ နေရင်း ထိုင်ရင်း သားသုံးယောက် ဖြစ်သွားပါလေရော။
တကယ်လည်း အားကိုးရတဲ့ သားတွေပါ။ ကျွန်မတို့ အမေရိကားကို ရောက်လာကတည်းက တစ် မိသားစုလုံး ဖျားနာ နေမကောင်းဖြစ်တိုင်း အခမဲ့ ဆေးကုသပေးခဲ့တာပါ။ ကျွန်မမိခင် ဆုံးခါနီးမှာ လည်းဒေါက်တာနိုင်ဝင်းတို့ ဇနီးမောင်နှံ နှစ်ယောက်စလုံး ညအထိဘေးက ထိုင်စောင့်ကြည့်ရှုပေး ခဲ့တာလေ။ ကျွန်မတို့တင်မဟုတ်ပါဘူး။ ရပ်ဝေးရပ်နီး လာသမျှ မြန်မာမှန်သမျှကို ဒေါက်တာညွန့် လွင်၊ ဒေါက်တာလင်း၊ ဒေါက်တာနိုင်ဝင်း သုံးယောက်စလုံး ကုသိုလ်ဖြစ် ကြည့်ရှုစောင့်ရှောက်ပေး ကြမြဲပါပဲ။

အထူးသဖြင့် ဖလော်ရီဒါက မြန်မာလူနည်းစု ဖြစ်တော့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးချစ်ခင်စွာနဲ့ မိသားစု အကြီးကြီး တစ်ခုလို စည်းလုံးကြည့်ရှု့ စောင့်ရှောက်ကြတာမို့ ချမ်းမြေ့ကြည်နူးစရာကောင်းပါ တယ်။ ကျွန်မမှာ ၀မ်းမနာသားတွေတင်မကဘူး။ ၀မ်းမနာ သမီးပေါင်းလည်း အများအပြားရှိပါသေး တယ်။ မေတ္တာဆိုတာ ခွဲဝေခံစားခြင်းပဲ မဟုတ်လားနော်။
မေတ္တာရှိရင် စေတနာရှိတယ်။
စေတနာရှိရင် စာနာစိတ်ရှိတယ်။
စာနာစိတ်ရှိရင် အလေးထားဂရုစိုက်ပါတယ်။
အမှန်က အသေးအမွှား ကိစ္စလေးတွေကို သတိတရ ဂရုစိုက်တာ။ ကြီးစွာသော အားထုတ်ရတာမျိုး မဟုတ်ပါဘူး။

သူတစ်ပါး နေသာထိုင်သာရှိသွားအောင် လှိုက်လှိုက်လှဲလှဲ အပြုံးကလေးနဲ့ ဖော်ဖော်ရွေရွေ ဆက် ဆံတာ။ ၀မ်းနည်းအားငယ်နေသူကို ပခုံးလေးဖက်၊ လက်ကလေးကိုင်ပြီးနှစ်သိမ့်တာ၊ သူတစ်ပါး တိုင်းပြည် မှာ ရောက်ခါစ အထီးကျန်အဖော်မဲ့ ဖြစ်နေသူကို ဖုန်းကလေးဆက် စကားပြောဖော် လုပ် ပေးတာ၊ ရင်ဖွင့်လိုသူ ကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးတာ၊ ပြဿနာဖြစ်နေသူကို ၀ိုင်းကူပြီး အကြံဥာဏ်ပေးတာ၊ သူတစ်ပါးရပ်ရွာမှာ ကိုယ့်အားကိုယ်ကိုးရဲအောင် အားမာန်သွင်းပေးတာ။
စသည် စသည်တွေဟာ ရင်ထဲက စေတနာနဲ့ လုပ်ပေးရတာ။ တစ်ပြားတစ်ချပ်မှာ ကုန်ကျရတာ မဟုတ်ပေမဲ့ လက်ခံရရှိသူအနေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အားအင်တစ်ခုဖြစ်စေတာ အမှန်ပါပဲ။ အမေရိကားမှာ ရုပ်ပစ္စည်းသာ ပြည့်စုံကြွယ်ဝတာနော်။ တစ်ဦးနဲ့တစ်ဦး အချိန်မမေပးနိုင်မှုကြောင့် စိတ်အာဟာရကတော့ အလွန်ချိုတဲ့လှပါတယ်။ အထူးသဖြင့် မိဝေးဖဝေး တစ်ကိုယ်ရေ လာပြီး ပညာရှာ၊ ဥစ္စာရှာကြတဲ့ မိန်းကလေးငယ်လေးတွေအနေနဲ့ တစ်ခါတစ်ရံ အားငယ်စရာကောင်းတဲ့ အချိန်အခါတွေလည်း ကြုံကြရတယ်ပေါ့။

အနီးအနားမှာ အမေငုတ်တုတ်ရှိနေတဲ့ ကျွန်းမရဲ့ သားသမီးတွေတောင် အရေးကြုံတိုင်းအမေကို တပြီးကောင်းကောင်းဆိုးဆိုး တိုးတိုးဖော်အဖြစ် ပြောတတ်ကြသေးတာ။ သူတို့ခမျာလည်း အမေလိုရှာမှာပဲ ဆိုတဲ့ စာနာစိတ်နဲက ကျွန်မရဲ့ မရှိမဲ့ရှိမဲ့ အချိန်လေးတွေကို ဖဲ့ခြွေပြီးသူတို့ ပြောသမျှ စိတ်ရှည်ရှည်နဲ့ နားထောင်ပေးလိုက်၊ ကိုယ့်အတွေ့အကြုံတွေလည်း ခွဲဝေခံစားစေပြီး သင်ခန်းစာ ပေးစရာရှိပေး၊ ၀မ်းနည်းစရာကို ရယ်စရာအဖြစ် မြင်အောင် ဟောသနှောတန်လည်း နှောရင်း စိတ်လက်ပေါ့ပါးစရာ ပြောလိုက်နဲ့ မေတ္တာနဲ့ စိတ်ရဲ့အာဟာရ ဆေးပေးဝေ ဖြစ်တာကြောင့် အငှားအမေလုပ်ရင်း သမီးတွေပါ တိုးပွားလာပြန်ပါရော။

အမေအဖြစ် မွေးစားလိုက်ကြတဲ့ သားသုံးယောက်က ကျင်းပပေးတဲ့ အသက် ၇၀ပြည့်မွေးနေ့ပွဲ မှာ တော့ကမ္ဘောဒီးယားကို တာဝန်နဲ့ ရောက်ရှိနေတဲ့ သားအလတ် ကိုရွှေစင်မှာအပ ကျန်ရှိတဲ့ သားသ မီးအားလုံးနဲ့ မြေးများပါ ပြည်နယ်အသီးသီးက ရောက်ရှိလာရုံမကဘူး ကျွန်မရဲ့ ၀မ်းမနာ သားသမီးပေါင်း များစွာ၊ မိတ်ဆွေပေါင်းများစွာနဲ့ တသိုက်တ၀န်း ကျင်းပဖြစ်တာမို့ ဘ၀ရဲ့အမှတ် တရပျော်ရွှင် ရသော နေ့များထဲက တစ်နေ့အဖြစ် မှတ်တိုင်တူရမဲ့ နေ့ထူးနေ့မြတ် တစ်ခုပါပဲ။
ကဗျာဆရာမလေး Laura Mae Atley Gibson က "အသက်ကို နှစ်နဲ့မတွက်ပါနဲ့ ချစ်မြတ်နိုး ရတဲ့ မိတ်ကောင်းဆွေကောင်း ဘယ်နှဦးရှိလဲဆိုတာနဲ့ ရေတွက်ကြည့်ပါတဲ့"
ဒါဆိုရင် ကျွန်မအသက်ကရတနာသုံးပါး ဂုဏ်ကျေးဇူး၊ ချစ်ခင်သော မိတ်ကောင်း ဆွေကောင်းများ ဂုဏ်ကျေးဇူး အပြင် ချစ်ခင်သော စာဖတ်သူများ ဂုဏ်ကျေးဇူးနဲ့ ၇၀ဟိုတယ် ဘယ်လောက်များ ပိုနေမလဲဆိုတာ လက်ချိုး ရေတွက်ကြည့်ရဦးမှာပေါ့နော်။

 ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, April 2, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၈)

အဲဒီ ခရွိုင်စယ်လာကား ကလည်း ပြောလိုက်တာ အမျိုးကိုစုံလို့။ "ဓာတ်ဆီ နည်းနေပြီ" "ရှေ့မီး ဖွင့်ပါအုံး"တို့ "ပိတ်ပါဦး" တို့၊ တံခါးက ချက်မကျရင်လည်း ပြော၊ ကားပေါ်ထိုင်လို့ခါးပတ် မပတ်ရ သေးရင်လည်းပြော၊ တစ်ခါတလေတော့ ကိုယ်ကမေ့ တတ်သူမို့ သူသတိပေးပြောဖော် ရတာအ တွက်ကျေးဇူးတင်ပါရဲ့။ တစ်ခါ ကတော့ ဟိုင်းဝေးပေါ်ရောက်ကာမှ "ကားကအင်ဂျင်ပူနေ တယ်။ အမြန်ဆုံး ကားပြင်ဆိုင်ယူသွား စစ်ဆေးပါ" တဲ့။
သိတဲ့ အတိုင်း ဟိုင်းဝေးပေါ် တက်မိရင် Exitတစ်ခုနဲ့ တစ်ခုက အဝေးကြီး။ ဟိုင်းဝေးပေါ် မရောက်ခင် က ပြောပါလားလို့ ကားနဲ့ကျွန်မရန်ဖြစ်ကြရသေး တယ်။ နောက်တော့ လည်း ကျေအေးပီး အနားမှာ အဖော်ကောင်း တစ်ယောက် ပါသလို အားကိုးရှိလို့။ အခု ကား အသစ်ကြီး ရတာကြောင့် သူ့ကိုခွဲခွာရမယ် ဆိုရင် ကျွန်မလွမ်းနာကျရဦးမှာပဲ။ ဘ၀နေ၀င်ချိန် ဆည်းဆာ ကာလမှာ ကျွန်မအတွက် မထင်မှတ်ဘဲ ရောက်ရှိလာကြတဲ့ အပြောင်း အလဲဖြစ်ရပ်တွေ ကို တွေးရင်း ကံတရားရဲ့ ဆန်းကြယ်လှပုံကို အံ့မခန်းဖြစ်ရပါတော့တယ်။တကယ်တော့ ဘ၀ ဆိုတာ ကောင်းတစ်လှည့် ဆိုးတစ်ခါနဲ့ ဒီရေကို တက်လိုက် ကျလိုက်ပဲ မဟုတ် ပါ လားနော်။
ကို ဆက်ဖတ်ရန် .........

အပိုင်း (၆၀)

ဘ၀ဆိုတာ ကြိုတင်ပြီး မသိမမြင်နိုင်တဲ့ အကြောင်းတရားတွေထဲမှာ တိုးဝင်ပြီး လျှောက်လှမ်းနေကြရတာ မဟုတ်လားနော်။ ကောင်းရာက ဆိုး၊ ဆိုးရာက ကောင်း ရှင်တော်ဘုရား ဟောကြားတော်မူခဲ့တဲ့ လောကဓံ တရားရှစ်ပါးက အချိန်အခါမရွေး လူသားအားလုံးဆီကို ရောက်ရှိလာနေတာကတော့ သေချာလှပါရဲ့။
ကျွန်မအဖြစ်ကိုပဲ ကြည့်ပါဦး။ ဆယ်ကျော်သက် အရွယ်လေးထိတော့ သူလို ကိုယ်လို ကျောင်းသူဘ၀မှာ အပူအပင် ကင်းမဲ့စွာနဲ့ ပျော်ရွှင်ချမ်းမြေ့လို့။ လူလားမြောက်ခဲ့တဲ့ အချိန်ကစပြီး ကြုံခဲ့ရတဲ့ ဒုက္ခပေါင်းများစွာ၊ အခက်အခဲ အပြောင်းအလဲပေါင်း များစွာတွေနဲ့ နပန်းလုံးရင်း ရုန်းကန်ကျော်လွှားခဲ့ရတာ အမောတကော ပါပဲ။
Jill Wolf ရေးထားတဲ့ စာလေးတစ်ပုဒ်ကို သတိရမိပါသေးတယ်။
ဘ၀ဒီရေကျလို့ စိတ်မလျှော့နဲ့။ တက်ဖို့အလှည့် ရောက်လာဦးမယ်ဆိုတာ သတိထားရမယ်။

သံသယနဲ့ အဖြေရှာမရတာတွေအတွက် စိတ်မလျှော့နဲ့။ မိမိအတွက် သင်ခန်းစာတစ်ခုရဖို့ အလားအလာ ဆိုတာ သိထားပါ။
မိုးမှောင်ကျလို့ စိတ်မလျှော့နဲ့ အရုဏ်ဦး ရောက်တော့မယ်။ ပန်းတိုင်နီးနေပြီဆိုတာ သိထားပါ။
တာအဝေးဆုံး ပြေးခဲ့ရတာအတွက် စိတ်မလျှော့နဲ့။ ပန်းတိုင်နီးနေပြီဆိုတာ သိထားပါ။
တောင်ထိပ်မြင့်လွန်းတယ်လို့ စိတ်မလျှော့နဲ့။ ရည်မှန်းချက် မြင့်မားရမယ်ဆိုတာ သိထားပါ။
ရှုံးတော့မယ် အထင်နဲ့ စိတ်လျှော့ရပ်မပစ်နဲ့။ စမ်းသပ် မကြည့်သေးသမျှ အရှုံး အနိုင် မသိပါဘူးတဲ့။

အားလုံးသော ဒုက္ခဆင်းရဲ အခက်အခဲ အကျပ်အတည်း ပြဿနာတွေဟာ အစဉ်တည်မြဲနေခြင်း မရှိပါဘူး။ စိတ်မလျှော့ဘဲ ရင်ဆိုင်ကြိုးပမ်းခဲ့ရင်၊ အချိန်တန်တော့ ပြီးဆုံးသွားရင် ကောင်းတဲ့အလှည့် ရောက်ရှိလာမြဲ လို့ Jill Wolf ပြောသလို လက်ခံနိုင်ဖို့တော့ လိုအပ်တာပေါ့နော်။ ဒါမှ စိတ်အားတင်နိုင်ပြီး အခက်အခဲကို ရင်ဆိုင်မှာပါ။ ရှုံးနိမ့်မယ်လို့ ထင်နေရင် ရှုံးတာပဲ။ ဖြစ်နိုင်မှာ မဟုတ်ပါဘူး တွေးလိုက်တာနဲ့ သတ္တိက ထွက်ကို မလာတော့ဘူး။
ဒါကြောင့် ဘယ်လို လောကဓံမျိုးပဲ ရောက်ရှိလာလာ မိမိကိုယ်ကိုယ် ယုံကြည်မှု သတ္တိမွေးပြီး ရတနာသုံးပါး အပေါ် အားထားမှုရှိရင် အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မှာပဲလို့ ကျွန်မ ခံယူထားပါတယ်။ ဟိုတုန်းက ကြုံခဲ့ရတဲ့ အုံ့ဆိုင်းမည်းမှောင်နေတဲ့ ဘ၀မုန်းတိုင်းထဲက ထွက်ခွင့်သာခဲ့ပြီး အခုလို နေခြည်ဖြာတဲ့ ဘ၀ ဆည်းဆာချိန်လေးကို ကံကောင်းထောက်မစွာနဲ့ ရောက်ရှိလာတော့လည်း ချစ်မြတ်နိုးရတဲ့ သားသမီးတွေ တစ်သိုက်တစ်ဝန်းနဲ့ ပုထုဇဉ်လူသားပီပီ ကိုယ့်ဘ၀ကိုယ် ကျေနပ်ကြည်နူးမိပြန်ပါရော။

ဒီလိုနဲ့ ပါရီက နိုဝင်ဘာလကုန် ပြန်လာပြီး အေးဆေးငြိမ်သက်တဲ့ သိုက်မြုံလေးထဲမှာ ခေတ္တခဏ အပန်းဖြေ ဦးမယ် စိတ်ကူးပေမဲ့ ခရစ္စမတ်ပွဲတော် ကာလက စောင့်ကြိုနေပြီလေ။ လူတိုင်းလူတိုင်းအတွက် အလုပ်ရှုပ် ရသော အချိန် မို့ ပြောရမယ် ထင်ပါရဲ့။ ကိုယ်က လူမျိုးမတူ ဘာသာခြားပေမဲ့ အသိုင်းအ၀ိုင်းနဲ့ နေရတာမို့ လူမှုရေး ကိစ္စတွေက ကင်းကွာမရတာကြောင့် ရင်းနှီးခင်မင်တဲ့ မိတ်ဆွေပေါင်းများစွာဆီက ပို့လာ တဲ့ နှစ်သစ်ကူးဆုတောင်းလွှာ ကတ်ပြားတွေ ရောက်လာသမျှ ယဉ်ကျေးမှုအရ တုံ့ပြန်ရတာမို့ ကတ်ပေါင်း ရာချီ နီးပါး ရေးရ၊ လိပ်စာတပ်ရ၊ တစ်ခါတလေ ကြိုတင်ဝယ်ထားတဲ့ ကတ်ပြားတွေ မလောက်ငလို့ စတိုးဆိုင်တွေ မှာ ပြေးဝယ်ရ။
မိသားစုကလည်း တစ်နှစ် တစ်နှစ် ပွားများလာလိုက်တာ သားသမီးတွေတင်မကဘူး။ ချွေးမတွေ၊ သမက် တွေ၊ မြေးတွေအပြင် ခမည်းခမက်တွေအတွက်ပါ သူတို့ ထုံးတမ်းစဉ်လာအရ လက်ဆောင် ပစ္စည်းတွေ ၀ယ်ရ၊ ရင်းနှီးချစ်ခင်တဲ့ မိတ်ဆွေသင်္ဂဟတွေအတွက်လည်း ချန်ထားလို့ မရတာမို့ တစ်နေ့ တစ်နေ့  ဈေးဝယ် ထွက်ရတာကလည်း အလုပ်ကြီးတစ်ခုပါပဲ။

ဒါနဲ့တင် ပြီးသေးတာ မဟုတ်ဘူး။ အိမ်ရောက်တော့ လက်ဆောင်ပစ္စည်း အရွယ်စုံကို စက္ကူပုံးလှလှ၊ ပက်ကင် စက္ကူလှလှ၊ ဖဲကြိုးလှလှတွေနဲ့ စိတ်ရှည်လက်ရှည် ရှုမောဖွယ်ရာ ဖြစ်အောင် ထုပ်ရပိုးရ။ ရပ်ဝေးနေ သူတွေ အတွက် ခရစ္စမတ်ပွဲတော်ချိန် အမီရောက်ဖို့ စာတိုက်သွားပို့ရ။ ကိုယ့်ရှေ့က ရှည်လျားစွာ တန်းစီနေ သူတွေ ရဲ့ နောက်ကမှာ ကပ်ရပ်ပြီး ယောနိသောစိတ်နဲ့ အချိန်ကြာစွာစောင့်ရ။
ဘယ်လောက်ပဲ အချိန်တွေကုန်ကုန်၊ အလုပ်တွေများများ၊ လက်ဆောင်ဖိုးငွေတွေ ဒလဟော ထွက်သွား သွား ခရစ္စမတ်ပွဲတော်စိတ်နဲ့ ပျော်ရွှင်တက်ကြွလို့ပါပဲ။ လမ်းကြီး လမ်းငယ်အသွယ်သွယ်မှာ ခရစ္စမတ် အပြင်အဆင်တွေနဲ့ ထိန်ထိန်လင်းနေသလို အိမ်တိုင်းမှာလည်း ရောင်စုံ ထွန်းညှိထားတဲ့ မီးတွေနဲ့ ဝေဆာ လှပလို့။ ဘယ်နေရာရောက်ရောက် ငြိမ့်ညောင်းသာယာ ကြည်နူးဖွယ် ခရစ္စမတ် ဓမ္မတေးသံသာတွေ ကြားနေရတာ မို့ ဘာမှမဆိုင်တဲ့ ကျွန်မတို့တောင် သူတို့တစ်တွေနဲ့ရောပြီး စိတ် တက်ကြွ ပျော်ရွှင်ကြည်နူး ရပါ သေးတယ်။

အဲဒီရက်တွေမှာတော့ ဟိုမိတ်ဆွေက ဖိတ်၊ ဒီမိတ်ဆွေက ဖိတ်နဲ့ အိမ်မှာ မီးခိုးတိတ်ရက်တွေက ခပ်များများ ပါပဲ။ ခရစ္စမတ် ပွဲတော်ရက်မှာတော့ သမီးကေသီမှာ မိသားစုအားလုံး ဆုံကြပြီး စပါယ်ရှယ် ချက်ထားတဲ့ ကြက်ဆင် ပွဲတော်စာနဲ့အတူ လက်ဆောင်ပစ္စည်းတွေ ဖွင့်ကြပေါ့။ တစ်ဦးနဲ့တစ်ဦး ရကြတဲ့ လက်ဆောင်တွေ ကို ပြကြ ရင်း ကျီစယ် နောက်ပြောင်ကြ ရယ်မောကြ တစ်ခန်းလုံးလည်း ဆုတ်ဖြဲထားတဲ့ လက်ဆောင်ထုပ် စက္ကူတွေ နဲ့ ရှုပ်ပွလို့။ လက်ဆောင်ထုပ်တွေ ကုန်ပြီဆိုပြီး ရှင်းမယ်အလုပ် သမီးကေသီက "ဟောဒီမှာ မာမီ အတွက် နောက်ဆုံး ဖွင့်စရာကျန်တဲ့ အိတ်တစ်ခု" ဆိုပြီး လှမ်းပေးပါတယ်။
ဖွင့် လိုက်တော့ လေယာဉ်လက်မှတ်တစ်စောင် ဖြစ်နေလေရဲ့။ "သမီးတို့ ကေခိုင်ဆီမှာ တူတူစုပြီး နှစ်သစ် ကူးကြ မယ်လေ။ အဲဒါ မာမီ အိမ်ပြန်ရင် အချိန်မီ အထုပ်ပြင်ပေတော့" တဲ့။

ကဲ ... မကေသီလုပ်ပုံ မလွန်ဘူးလားနော်။ ၁၉၉၂ ခုနှစ်တစ်ခုလုံး ခရီးတွေ များခဲ့ရပြီး အခုနှစ်ကောင် မကူးရ သေးဘူး။ သူ့မှာ ခရီးက ရှာထားနှင့်ပြီးနေပြီ။ ဒီပုံစံနဲ့ဆို ကျွန်မလည်း အိမ် မကပ်ရဘဲ လေယာဉ်ပေါ် မှာ တဲထိုးနေရတော့မဲ့အတိုင်းမို့ လေယာဉ်လက်မှတ် ကိုင်ထားရင်း သူ့ကို မျက်စောင်းခဲတော့ ရယ်ကျဲကျဲ မျက်နှာနဲ့ ...
"မာမီ ညည်းညူဖို့ စိတ်ကူးမနေနဲ့ဦး၊ ဖေဖော်ဝါရီလကျရင် သမီးမွေးနေ့ကို ရောက်တော့မှာ။ ဂယ်ရီကို စပါယ်ရှယ် လက်ဆောင် ပေးရမယ်လို့ ပူဆာထားပြီးပြီ။ ဘာလဲသိလား။ သမီးနဲ မာမီ မြန်မာပြည် ကို ပြန်လည်ကြမလို့"တဲ့။
ကြည့်ပါဦး။ ပြည်တွင်းခရီးတင် မဟုတ်သေးဘူး။ ပြည်ပခရီးပါ ရှာထားပြီးနေပြီလေ။ ကျွန်မ သမီး ဘယ်လောက် အထိ ခရီးသွားဖို့ ၀ါသနာကြီးသလဲဆို "စီးပွားရေးအဓိက"နဲ့ "မဟာ"ဘွဲ့ယူဖို့ ကျောင်းတက်ခဲ့ စဉ်တုန်း က အတွဲသူငယ်ချင်း မေရီနဲ့ နှစ်ယောက်သား စိတ်တူကိုယ်တူ အဖွဲ့ကျပြီး ကလေးနှစ်ယောက် ရပြီးခါမှ လေယာဉ်မောင်း ပိုင်းလော့ကျောင်း ကို အတူတက်ကြဖို့ အစီအစဉ် လုပ်ကြသေးတာပေါ့။

သူ့ခင်ပွန်း ဂယ်ရီ ကို ပြောပြတော့ "ကေသီရေ ... စဉ်းစားပါဦး ကလေးတွေက "ပိုင်းလော့" လိုတာ မဟုတ် ဘူး။ "အမေ" လိုတာပါနော်" လို့ သတိပေး ကန့်ကွက်ပေလို့ပဲ။ မဟုတ်ရင် မကေသီ ယောက်ျားနဲ့ ကလေးတွ ကို ထားခဲ့ပြီး လေယာဉ်မောင်းရင်း ဘယ်နှစ်ခေါက် ဘယ်နှစ်ခါကမ္ဘာကို ပတ်လေမယ် မသိပါဘူး။
ခရီးသွား ဖို့ တစ်ချိန်လုံးပဲ လမ်းရှာနေတတ်လို့ သူ့ကို "မလမ်းရှာ" လို့ ကျွန်မ နာမည် ပေးထားပါတယ်။ ကုန်ကုန်ပြော ရရင် အာကာသကို လေ့လာဖို့ ဒုံးပျံနဲ့ တင်ပေးလိုက်တဲ့ အပိုလို အမှတ် (...) ထဲက မျောက်ကလေးကိုယ်စား လိုက်သွားမလား။ မေးခဲ့ရင်တောင် နှစ်ခါ မစဉ်းစားဘဲ အာကာသထိ အပြေး အလွှား လိုက် သွားမှာ သေချာပါရဲ့။
သမီး ကိုသာ ဝေဖန်နေတာ။ တကယ်ကတော့ ကျွန်မလည်း ဘာထူးလို့လဲ။ မကြီး မငယ်နဲ့ သမီး သွားလေ ရာပါတဲ့ "မလေးရှား" ရဲ့အမေ "ဒေါ်ပါရာ" ဖြစ်နေတာပဲ မဟုတ်ပါလားနော်။ အခုလည်း နှစ်သစ်ကူးပွဲတော် အမီ သမီးကေခိုင်တို့ဆီ အရောက်သွားဖို့ ပြင်ဆင်ရပြန်ပါရော။

တစ်ပတ်ကြာမျှ တက္ကဆက်ပြည်နယ်မှာ တစုတဝေး လည်ပတ်ကြပြီးတဲ့နောက် ဇန်န၀ါရီလေးရက်နေ့ ညမှာ ဖလော်ရီဒါ ကို ပြန်ရောက်ကြပါတယ်။
"မာမီ ... မြန်မာပြည်ကို ဖေဖော်ဝါရီလကုန်လောက် သွားရအောင်နော်။ အချိန်မရှိတော့ဘူး။ ခုကတည်း က လေယာဉ်လက်မှတ် စုံစမ်းဖို့ ဗီဇာလျှောကို့ တွေးမိပြီး လုပ်မှဖြစ်မှာ"တဲ့ ခရီးရောက်မဆိုက် နောက်ခရီး အတွက် လာလာသွားလေရဲ့။
တကယ် တွက်ကြည့်လိုက်တော့လည်း ကြားမှာ ခုနစ်ပတ်လောက်ပဲ အချိန်ရှိတာမို့ ဒီရက်ထဲမှာ တယ်လီဖုန်း တစ်လုံးနဲ့ လေယာဉ်လက်မှတ် စုံစမ်းရေ၊ မြန်မာသံရုံးနဲ့ ဆက်သွယ်ပြီး ပြည်ဝင်ခွင့်ဗီဇာကိစ္စ မေးမြန်းရနဲ့ အလုပ်တွေ ရှုပ် လို့။ သုံးလေးရက်ပဲ ရှိသေးတယ်။ ၈ရက်နေ့ နေ့ခင်းမှာ ဖုန်းမြည်လာလို့ ကိုင် လိုက်တော့။

"မာမီ ... သမီး ကားတိုက်လို့"တဲ့ ကတုန်ကယင်နဲ့ ပြောလိုက်တဲ့ သမီးကေသီရဲ့ အသံကိုလည်း ကြားရော ကျွန်မ ထိတ်ထိတ် ပျာပျာ ဖြစ်သွားတော့တာပဲ။
ဘယ်ထိသွားလဲ။ ခုဘယ်မှာလဲ။ 991 ကို ခေါ်ပြီးပြီလား။ ဂယ်ရီကိုရော ပြောပြီး ပြီလား နဲ့ မေးခွန်းပေါင်း မြောက်မြား စွာကို ချောက်ချားစွာနဲ့ မေးမိပါတယ်။
တော် ပါသေးရဲ့။ အသက်ဆုံးပါးလောက်တဲ့ ဒဏ်ရာ မဟုတ်ပေလို့ ညာဘက်လက်ကို ထိသွားတာတဲ့။ အခု ဆေးရုံ သွားရတော့မှာမို့ ကျွန်မကို လိုက်မလာဘဲ သူ့သားအငယ် ကိုသီဟကိုသာ ကျောင်းကကြိုပြီး အိမ် မှာ ခေါ်ထားလိုက်ပါလို့ မှာပါတယ်။
ကျွန်မ စိတ်ထဲမှာတော့ ဘ၀င်မကျပါဘူးပေါ့။ အမေ စိတ်ပူမှာစိုးတာနဲ့ လျှော့လျှော့ပေါ့ပေါ့ ပြောလေသလား ဆိုတဲ့ အတွေးနဲ့ ကျောင်းကြိုပြီးတာနဲ့ တစ်ဆက်တည်း ဆေးရုံ လိုက်သွားပါတယ်။ အပြင်ခန်းမှာ ထိုင်စောင့် ရင်း ရင်တမမနဲ့ပါပဲ။ ဆရာဝန် အခန်းက ထွက်လာတော့ မကေသီရဲ့ ညာဘက်လက် တစ်ခု လုံး ကျောက်ပတ်တီးကြီးနဲ့ ဖြစ်နေပါရော။

"နာချင် ချက်ချင်း၊ သေချင် ချက်ချင်း" ဆိုတဲ့ သင်္ခါရတရားကို ဆင်ခြင်လိုက်မိပါတယ်။
"ဆရာဝန်က သမီး ကားမမောင်းရဘူးတဲ့။ ကျောက်ပတ်တီး သုံးပတ် စီးထားရမယ်လို့ ပြောတယ်"
"အေး ... ဒါဆိုလည်း သက်သာသလို နေဦးပေါ့ကွာ။ ကလေးတွေ ကျောင်းပို့ ကျောင်းကြို မာမီ လုပ်ပေးလို့ ရပါတယ်" နဲ့ သမီး ကို အားပေးရင်း အိမ်ကို လိုက်ပို့တော့ ကားပေါ်မှာ ခရီးသွားဖို့ကိစ္စ သတိရတာနဲ့ ...
"မြန်မာပြည် သွားဖို့ ကိစ္စ ဘယ်လိုလုပ်မလဲ။ ဖျက်လိုက်ရင် ကောင်းမယ် ထင်တယ်နော်" မေးတော့ ...
"မဖျက်ပါ နဲ့ မာမီရာ၊ ပတ်တီးက ဒီလကုန် ဖြေရမှာပဲ။ ဖေဖော်ဝါရီလ တစ်လလုံး ရှိသေးတယ်။ သမီးတို့က ၂၈ရက်နေ့မှ ထွက်မှာပဲဟာ၊ ရပါတယ်"တဲ့။ သူ စိတ်မလျှော့သေးတာနဲ့ ကျွန်မလည်း လုပ်စရာရှိတာတွေ ဆက် လုပ်ပေါ့။
တစ်နေ့ တစ်နေ့ ကျောင်းပို့ရ၊ ကြိုရတဲ့အပြင် ကျောင်းဆင်းပြီးတော့လည်း သူတို့ရဲ့ အဋ္ဌာရသ ၁၈ ပါးမကတဲ့ ဘဲလေးအကသင်တန်း၊ စန္ဒရားသင်တန်း၊ တင်းနစ်သင်တန်း၊ ကရာတေးသင်တန်း စတဲ့ သင်တန်းများ စွာ တွေလည်း ကြိုရပို့ရ၊ တစ်ဖက်မှာလည်း မြန်မာပြည် သွားဖို့ကိစ္စ လုံးပန်းရ။

မြန်မာပြည် ပြန်ဖူးပြီး ဖြစ်ကြတဲ့ ဟူစ္စတန်က "နွဲ့နွဲ့သွင်"နဲ့ နယူးယောက်က စာရေးဆရာမ "ရီတာအောင်" တို့ကို မြန်မာပြည် လက်ဆောင် ဘာယူသွားရရင် ကောင်းမလဲနဲ့ ဆရာတင်ပြီး မေးကြည့်တော့ 'Made In U.S.A' တံဆိပ် ပါဟာ မှန်သမျှ အကုန်ယူသွား" လို့ နှစ်ယောက်စလုံးက တစ်ပုံစံတည်း ညွှန်းကြလေရဲ့။
'Made In U.S.A' ကလည်း အမေရိကားမှာ ရှာမှရှား။ ကုန်ထုတ်လုပ်သူတွေက လုပ်အား သက်သာ တဲ့ ပြည်ပမှာ စက်ရုံတွေ တည်ပြီးမှ ပြည်တွင်းကို ပြန်သွင်းတာ ဖြစ်တော့ ၀ယ်မယ်လို့ ကိုင်ကြည့်သမျှ ပစ္စည်း က ချိုင်းနား၊ ကိုးရီးယား၊ ဟောင်ကောင်၊ မလေးရှား၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ရှရီလာကာလုပ်တွေချည်း ဖြစ်နေရုံ မကဘူး။ "လစ္စတလေဘွန်း" ဒီဇိုင်းနာတွေ ဆို Made In Myanmar တောင် ပါလိုက်သေး။
အဲဒီတော့ ကုန်တိုက်ကြီးမှန်သမျှ ခြေတိုအောင်သွား၊ မနည်း ချောင်ကြိုချောင်ကြား မကျန် ဖြဲရပြီး ရှာနိုင်ပါမှ USA Made က ရနိုင်တာ မို့ ဈေးဝယ်ထွက်ရတာလည်း အချိန်တွေကုန်ပေါ့။ ဒီအထဲက ကျွန်မသမက် ဂယ်ရီ က သူကိုယ်တိုင် ဆရာဝန်မို့ ပူပူပင်ပင်နဲ့ အရှေ့တောင်အာရှတိုက် ရောဂါကာကွယ်ရေးဌာနကို လိုအပ်ချက်တွေ ညွှန်ကြားဖို့ တောင်းခံလိုက်တော့ ပြန်လာတဲ့ စာရင်းကြီးက ရှည်လျားစွာနဲ့ မင်နီ မင်ဝါတွေ တားလို့။

ကျွန်မတို့ သားအမိ ထိုးလိုက်ရတဲ့ဆေးတွေ လက်ကြီးကို ရောင်ကိုင်းပြီး ဖျားတဲ့နေ့တောင် ပါလိုက်သေး တယ်။ အသားဝါရောဂါဆေး၊ ၀မ်းရောဂါဆေး၊ ငှက်ဖျားဆေး၊ တိုက်ဖွိုက်ဆေးနဲ့ စုံတကာစုံ လို့ပါပဲ။ မြန်မာ ပြည်လေး တစ်ခေါက် သွားဖို့အရေး မောရတဲ့ကိစ္စတွေက မြောက်မြားစွာပါပဲ။
"မာမီ ... သမီးသူငယ်ချင်း ညိုညိုအေးတို့၊ ရင်ရင်တို့၊ မာလာခင်ညိုတို့၊ မြသဇင်ညွန့်တို့တစ်တွေလည်း ဘယ်ရောက် ကုန်ကြလဲ မသိဘူးနော်။ သမီးတို့ ပြန်ဆုံကြရင် ပျော်မှာနော်" လို့ သမီးက တမ်းတမ်း တတနဲ့ ပြောပြန်တော့ အမေလုပ်တဲ့ ကျွန်မ မနေနိုင်ဘူး။ သားတစ်ယောက်လို ချစ်ခင်အားကိုးရတဲ့ ကိုဝင်းငြိမ်း (ရွှေအမြူတေ) ကို လှမ်းပြီး စာရေး၊ ဖုန်းဆက်ပြီး သမီးသူငယ်ချင်းတွေကို ဆက်သွယ်နိုင်ဖို့ ရှာပုံတော် ဖွင့် ခိုင်းရ။
"မာမီ သမီးတို့ ပြန်တဲ့အချိန် မမလှ ရန်ကုန်မှာရှိရင် ကောင်းမှာ။ မမလှနဲ့ တူတူ လည်ကြရရင် ပျော်စရာ ကောင်းမှာ" နဲ့ သူချစ်တဲ့ မမလှကို သတိတရနဲ့ အားကိုးစကား ဆိုလာတော့ အဆက် အသွယ် ပြတ်နေတဲ့ ဒေါ်လှလှ (လာရှိုး)ကို မြေလှန်ရှာဖို့ ညီမတစ်ယောက်လို ချစ်ခင်အားကိုး ရတဲ့ ဒေါ်မြင့်မြင့်ကြည် (ညွှန်မှူး ရ/သုံး)ဆီကို စာတစ်တန် ပေတစ်တန် ရေးပြီး အကူအညီတောင်းရ။

ကျွန်မမှာ တောင့်တတိုင်း စွမ်းဆောင်ပေးနိုင်အား ရှိကြတဲ့ မေတ္တာနဲ့ တော်စပ်ထားရသော မောင်၊ ညီမ၊ သားသမီးတွေ မြန်မာပြည်မှာ အားကိုးစရာ ရှိနေပေလို့ပဲ တစ်လအတွင်းမှာ အားလုံးတွေ့လို ဆုံလိုသူတွေနဲ့ အဆက် အသွယ် ရတာကြောင့် ၀မ်းသာကြည်နူး ကျေးဇူးတင်ရှိမဆုံး ဖြစ်ရပါတယ်။
"ကြံတိုင်းလည်း မဖြစ်" ဆိုတဲ့ စကား မှန်လေစွလို့ လက်ခံရတဲ့ နေ့ကတော့ ဇန်န၀ါရီ ၂၉ရက်နေ့ပါပဲ။ သုံးပတ်ပြည့် လို့ သမီးလက်က ကျောက်ပတ်တီးဖြုတ်ဖို့ ချိန်းထားတဲ့အတိုင်း ဆရာဝန်ဆီ သွားပြ ရပါတယ်။ ဆေးခန်းက ထွက်လာတဲ့ သမီး မျက်နှာက မသာမယာနဲ့လေ။
"ဆရာဝန် က ပြောတယ် မာမီ၊ သမီးလက်က မကောင်းသေးဘူးတဲ့။ မနက်ဖြန် MRI ရိုက်ရမယ်တဲ့။ သူ့စိတ်ထင် ခွဲစိတ် ရမယ်လို့ ပြောလိုက်တယ်" လို့ ပြောပြတဲ့ သမီးအသံက တိုးတိတ်စွာနဲ့ စိတ်ဓာတ်ကျပုံရ လို့ ကျွန်မရင်ထဲ ထိခိုက်နာကျင် ရပါသေးတယ်။ ဒီလိုနဲ့ နောက်တစ်နေ့ MRI ရိုက်ကြည့်ရတယ်ပေါ့။ MRI က ရိုးရိုး ဓာတ်မှန် လို မဟုတ်ဘဲ ဓာတ်ရောင်ခြည်နဲ့ အတွင်းကျကျ ရောဂါအနေအထား ရှာနိုင်တာမို့ အဖြေရတဲ့နေ့ ကျတော့ သမီးရဲ့ လက်အတွင်းမှာ Ligaments လို့ခေါ်တဲ့ အမာရွတ် အမှေးတစ်ရှူးတွေ ကွာ ထွက်ပြီး အတွင်းမှာ လုံးထွေးကုန်ဆိုတာ သိရပါတယ်။

ဆရာဝန် က ချက်ချင်း ဆေးရုံတက်ပြီး ခွဲစိတ်ကုန်သရမယ် ဆိုတာနဲ့ ၃၁ရက်နေ့မှာ သမီးကို ဆေးရုံတင် လိုက်ပါရော လက်ကို ခွဲစိတ်ကုသပြီး ကျောက်ပတ်တီး တစ်လကြာမျှ စည်းထားရပါတယ်။ ပတ်တီးဖြုတ်ပြီး တာ နဲ့ မပြီးသေး ဘူး။ လက်ကို နဂိုနေ ပြန်ဖြစ်ဖို့ လေ့ကျင့်ခန်း Therapy က တစ်ပတ်ကို သုံးခါ သွားယူရဦး မှာတဲ့လေ။ လုံးဝအကောင်း အတိုင်း ပြန်ဖြစ်ဖို့ ကုသချိန် ခြောက်လကြာမှာလို့ ပြောလိုက်တော့ "ပြည်တော် ပြန်" ရောဂါသည်းနေတဲ့ မကေသီ စိတ်ဓာတ်ကျရော ဖြစ်တော့တာပဲ။
ခရီးသွား ဖို့ ဆရာဝန်က ခွင့်မပြုတာကြောင့် ဖေဖော်ဝါရီလ ၂၈ရက်နေ့ ထွက်ရမဲ့ အစီအစဉ်တွေကိုလည်း ဖျက်ရ၊ သမီးခမျာ သူစိတ်ကူးယဉ်ထားတဲ့အတိုင်း မသွားရလို့ မျက်နှာလေးကို ငယ်နေတာပါပဲ။ ဘ၀မှာ အကောင်း နဲ့ အဆိုးက ရာသီဥတုလို တစ်လှည့်စီ လာနေကြတာပါပဲ။ တစ်သက်လုံး ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒ တွေ ပြည့်ဝပြီး အဆင်ချောနေတဲ့သူဆိုတာ ရှိနိုင်တာမှ မဟုတ်တာနော်။ ဖြစ်လာတာကိုပဲ လက်ခံပြီး ရင်ဆိုင် ရမှာက ကိုယ့်တာဝန်ပါ။
ဒီအချိန် မှာ ပါရီ ရောက်နေတဲ့ သား "ရွှေစင်" ဆီက သတင်းကောင်းကောင်း တစ်ခု ကြားရပါတယ်။

"မာမီ ... သား မတ်လထဲမှာ စပိန်ကို ပြောင်းရမယ်"တဲ့။
သူ့ရဲ့ အလုပ်တာဝန်က တိုင်းပြည်တစ်ခုမှာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ရတာမို့ ပြောင်းရဖို့ အချိန်တန် တဲ့အခါ ဘယ်တိုင်းပြည်တွေ ရောက်လေမလဲ စိတ်စောနေရတာ မဟုတ်လား။ ကိုယ့်စိတ်ကြိုက် ငါးနိုင်ငံထဲ က ရွေးချယ် ခွင့် ရှိထားတာမို့ အဆင်တော့ ပြေပါတယ်။ အခုလည်း စပိန်နိုင်ငံကို သွားရမယ်ဆိုတာ သိရတော့ ၀မ်းသာကြည်နူးရတယ်ပေါ့။
ကျွန်မမှာ မိသားစုက ကြီးတော့ တစ်ဦး အဆင်မပြေချိန် တစ်ဦးက အဆင်ပြေစတဲ့ အားနည်းချက်၊ အားသာချက်တွေနဲ့ ပျော်လိုက်ရ၊ ၀မ်းနည်းလိုကရ၊ ကြည်နူး ဂုဏ်ယူလိုက်ရ၊ ပူပန်သောကရောက်လိုက်ရနဲ့ တစ်ယောက်တည်း အမေဘ၀မှာ ခုနစ်ထွေမင်းသမီး တက်ကနေရတဲ့ အတိုင်းပါပဲ။ အခုလည်း သမီးကေသီ အတွက် စိတ်မကောင်းဖြစ်ရ၊ သား ရွှေစင်အတွက် ၀မ်းသာ ဂုဏ်ယူရတဲ့အထဲမှာ သမီးထွေး မသူဇာက သူ့ချစ်သူနဲ့ ဒီနှစ်ထဲမှာ လက်ထပ်လိုကြောင်း ခွင့်တောင်းစကား ဆိုလာပါရော။

ကျွန်မတို့က လက်ခံသဘောတူမယ် ဆိုရင် သူငယ်လေးကိုယ်တိုင် နယူးယောက်က လာပြီး စေ့စပ် ကြောင်း လမ်း ပါမယ်တဲ့။ အသက်အရွယ်အားဖြင့် သမီးက သုံးဆယ်ကျော်လို့ တစ်နှစ်တောင် စွန်းနေ ပါပြီ။ "သမီးကညာ အခါမလင့်သာ" အရွယ်ကို လွန်လို့ ဟိုဘက်တောင် ရောက်နေပြီ ဆိုပါတော့။ ဒါ့အပြင် သူ့ပညာ၊ သူ့အလုပ်အကိုင်၊ သူ့အိမ်နဲ့ တသီးတခြားလည်း ရပ်တည်နိုင်နေပြီ ဖြစ်တာကြောင့် သူကိုယ်တိုင် ရွေးချယ်ထားတဲ့ ဘ၀ကြင်ဖော်ကို လေ့လာကြည့်ပြီး သင့်မြတ်တယ်ဆိုရင် လက်ခံရတော့မှာပဲ။
သူငယ်လေးက ရည်ရည်မွန်မွန် ရိုးရိုးသားသား ဖြစ်တာကြောင့် အနီးအနားမှာ ရှိတဲ့ သမီးကေသီနဲ့ သူ့ခင်ပွန်း ဂယ်ရီတို့နဲ့ တိုင်ပင်ညှိနှိုင်းကြပြီး စေ့စပ်ကြောင်းလမ်း လက်စွပ် ယူလာပြီး ခွင့်တောင်းတာကို လက်ခံ သဘောတူလိုက်ကြပါတယ်။
မရွှေသူဇာ က သူ့လက်ထပ်ပွဲကို မင်္ဂလာရှိသော ရက်လည်းဖြစ်၊ မှတ်မှတ်ရရလည်း ရှိ ရအောင် မြန်မာနှစ်ဆန်း တစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့ ကို ရွေး မှာ တဲ့လေ။ ပြည်ပရောက်နေပေမဲ့ မြန်မာ စိတ်ဓာတ်လေး မပျောက်ဘဲ တန်ဖိုး ထားဖော်ရတာအတွက် ကျွန်မမှာ ၀မ်းသာ ပီတိ ဖြစ်ရပါသေးတယ်။ သူ့မင်္ဂလာဆောင်အတွက် ကျွန်မတို့တစ်တွေ ၀င်ပါစရာမလိုဘဲ စိတ်ကူးယဉ် စွာ နဲ့ သူ့ဘာသာသူ စီစဉ်ဖန်တီး နေလိုက်တာမှ အကွက်ကို စေ့လို့။

ငယ်ငယ်တုန်း က ညကြီးမှောင်မှောင် ကားဂိုထောင်ထဲ မေ့ကျန်ခဲ့တာကိုတောင် ငိုရကောင်းမှန်းမသိ ဘဲ လက်မကြီးစုပ်ရင်း ငြိမ်သက်နေတဲ့ ကလေးမက ခုကျတော့သွက်လက်ဖျတ်လက်စွာနဲ့ ဖန်တိး နိုင်စွမ်းတွေ ရှိနေတာ ကို ကြည့်ပြီး ကျွန်မမှာ တအံ့တသြဖြစ်ရပါသေးတယ်။ လူသားတစ်ယောက်ရဲ့ စွမ်းရည် ဆိုတာ မွေးကတည်းက ပါထားပြီးသား။ အချိန်ကာလနဲ့လိုက်ပြီး တိုးတက်ပြောင်းလဲလာ တာပဲ ကွာခြားပါတယ်။ အခါလည်အရွယ်မှာ တောင်တစ်လှမ်း မြောက်တစ်လှမ်းနဲ့ ကြိုးပမ်းရင်း လမ်းစလျှောက်တတ်သွားသလို ဆယ်ကျော်သက်မှာ ကားမောင်းနိုင်နေကြပြီလေ။ လူငယ်ပိုင်း ရောက်တော့ အလုပ်အကိုင်နဲ့တကွ အရာရာကို စီမံဖန်တီးနိုင်စွမ်းရှိလို့။ အမှန်က မိမိမှာ ရှိထား ပြီးသားစွမ်းအင်ကို ယုံကြည်စိတ်နဲ့ အသုံးချသွားဖို့ပဲ လိုအပ်တာ ထင်ပါရဲ့။

သမီးက သူ့လက်ထက်ပွဲမှာ သတို့သားအရံလေးယောက်၊ သတို့သမီးအရံ လေးယောက်စီစဉ် ထားတဲ့အထဲမှာ သူ့အစ်ကိုရွှေစင်နဲ့ သူ့မောင်အငယ် အိန္ဒာတို့ကို သတို့သားအရံအဖြစ်ပါစေ ချင်တယ်ဆိုတာနဲ့ သားရွှေစင်လည်း စပိန်ကနေ မင်္ဂလာပွဲအတွက် တကူးတက ပြန်လာရပါ တယ်။ အစ်ကို အကြီး အဖအရာဖြစ်တဲ့ သားကြီးခင်မောင်ဝင်းခန့်က သူ့ညီမကို မခင်ကိုယ်စားအနေနဲ့ သတို့သား လက်ကို သူတို့ထုံးတမ်းစဉ်လာအရ ပေးအပ်ရတယ်ပေါ့။
မြန်မာထုံးတမ်းအရ စုလျားရစ်ပတ် လက်ထပ်ပေးသူများကတော့ ကျွန်မတို့နဲ့ မိသားစုလိုလေးစား ချင်ခင်တဲ့ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာညွန့်လွင်နဲ့ ဇနီးဂျင်ဒါလွင်တို့က မေတ္တာနဲ့ ဆောင်ရွက်ပေးကြပါတယ်။ ပြည်နယ်တစ်ခုစီက အစ်မနှစ်ယောက်ဖြစ်တဲ့ "ကေခိုင်"နဲ့ "ယမင်း"တို့ ပါရောက်လာကြတော့ မိသားတစ်စုလုံး ပြန်လည်ဆုံစည်းရတဲ့ပွဲမို့ မိခင်ကျွန်မမှာ ကြည်နူးမဆုံး ပျော်မဆုံးပေါ့။

ဖလော်ရီဒါ မှာ လုပ်တဲ့လက်ထက်ပွဲပြီးတော့ သတို့သားဘက် မိသားစုတွေက သူတို့နေရာ နယူး ယောက် မှာလည်း မင်္ဂလာဧည့်ခံပွဲ ကျင်းပလိုသေးတယ် စီစဉ်ထားပြန်တော့ အဲဒီဧည့်ခံပွဲအတွက် ကျွန်မမလည်း "ဒေါ်ပါရာ" အနေနဲ့ နယူးယောက်ကို လိုက်သွားရပြန်ပါရော။ အဲဒီမှာ သတို့သား ဘက်ကဆွေမျိုး အုပ်စုတောင့်တော့ ဧည့်ခံပွဲကလည်း ကြီးကျယ်ခမ်းနားပါဘိ။ အငယ်ဆုံးသားမို့ အမေကအရိပ်ကြည့်ပြီး အစစ ဖြည့်ဆည်းပေးနေပုံက အီတာလျံလူမျိုး ဖြစ်ပေမဲ့ မိသားစုစိတ်ရှိပုံ ချင်းမြန်မာတွေအတိုင်းပါပဲ။
ကျွန်မ တို့ ခမည်းခမက်နှစ်ယောက်လည်း ရေစက်နီးကြလို့လား မိသဘူး။ ခုမှတွေ့ရ၊ သိရပေမဲ့ တစ်သက်လုံး ပေါင်းလာကြတဲ့သူတွေလို ရင်းနှိးချစ်ခင်သွားတာ။ ကျွန်မပြန်တော့ လေယာဉ်ကွင်း လိုက်ပို့ပေး တဲ့ "အနီတာ"က မျက်ရည်စက်လက်နဲ့ ကျန်ခဲ့လေရဲ့။ လူမျိုးခြားကြပေမဲ့ လူသား ချင်း မေတ္တာစပ်ကြဖို့သာ အဓိကပါပဲနော်။
သတို့သား ရဲ့အလုပ်က ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ရှိတာမို့ သမီးသူဇာလည်း သူ့အလုပ် က အပြီးအပိုင် ထွက်လိုက်ရပြီး သျှောင်နောက်ဆံထုံး ပါသွားလေရဲ့။ မိခင်ဆိုတာ သားသမီးကို ထာဝစဉ် ရင်ခွင် ပိုက်ထားလိုပေမဲ့ အတောင်အလက် စုံတဲ့အခါ သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အ ရပျံသန်းလိုရာကို သွားဖို့ စွန့်လွတ်နိုင်စွမ်း အားအင်ကိုလည်း ကြိုးစားပြီး မွေးရပါသေးတယ်

အနီးကပ်နေတဲ့ သမီးတစ်ယောက် လျော့သွားတော့ ကျွန်မရင်ထဲမှာ ဟာကျန်ခဲ့တာပါပဲ။ တဖြည်း ဖြည်းနဲ့ တစ်ယောက်ပြီး တစ်ယောက် ဝေးသွားလိုက်ကြတာ ခုဆိုရင် အနီးအနားမှာ သမီး "ကေသီ"နဲ့ သားအထွေး "အိန္ဒာ" တို့ နှစ်ယောက်ပဲ ကျန်ပါတော့တယ်။ သမီးကေသီရဲ့ လက်က လည်း တစ်လပြည့်တော့ ကျောက် ပတ်တီးခွာပြီး ဓာတ်မှန်ပြန်ရိုက်နဲ့ ဆေးစစ်တာတွေလုပ်ရပါ သေးတယ်။ နဂို အတိုင်းဖြစ်အောင် လေ့ကျင့်ခန်းတွေ တစ်ပတ်လုံး သုံးကြိမ်သွားရမှာတွေရှိနေတာ ကြောင့် မြန်မာပြည် ခရီးစဉ် ကို ဇူလိုင်လ ၈ရက်နေ့ထိ ရွှေ့ထားလိုက်ရတယ်ပေါ့။
၁၆နှစ်ကြာ မျှ ခွဲခွာလာခဲ့ရတဲ့ ကိုယ့်အမိမြေကို ပထမဆုံးအကြိမ် ပြန်ရတော့မယ် ဆိုတဲ့ ခံစားချက် ကတစ်သက် မှာ မေ့နိုင်စရာမရှိတဲ့ နုလုံးသားရေးရာ တစ်ခုပါပဲ။ "မိမိဇာတိ၊ မိမိမွေးရပ်မြေ၊ မိမိအိမ် ဆိုတာ နိဗ္ဗာန်ရဲ့ တစ်စိတ်တစ်ဒေသ လို့ ဆိုရိုးစကားရှိတယ် မဟုတ်လားနော်။" လူကိုယ်တိုင် မဆိုထားနဲ့။ အတွေးနဲ့ ရောက်ရတာတောင် ရင်ထဲမှာ ပျော်စရာကောင်းလှနေပြီ။
ကျွန်မ တို့ သားအမိနှစ်ယောက် မြန်မာပြည်သွားကြမယ် စပြီး စီစဉ်ကတည်းက စိတ်ကူးနဲ့ အခေါက် အခါအခါ ရောက်နေတာ အကြိမ်ပေါင်း မရေတွက်နိုင်အောင်ပါပဲ။ တစ်နေ့ တစ်နေ့ သမီး ကေသီ စိတ်ကူးနဲ့ ရောက်တိုင်း ပြောသမျှ နားထောင်ရတာလည်း မသက်သာဘူး။

"မာမီ ဟိုကျရင် တခြားဘာမှ မစားဘဲ ပုစွန်တုပ်ကြီးတွေ စားကြရအောင်နော်။ ၁၉လမ်းက ကြေး အိုးပြုတ် လည်း သောက်မယ်။ ရွှေဘုံသာလမ်းလေး ထဲက ကြက်ကင်စားမယ်။ နောက်ပြီး တရုတ် တန်းက ဒူးရင်းသီး အလုံး လိုက်ကြီးတွေ ခွဲခိုင်းပြီး တစ်ဝ ကို စားပစ်လိုက်မယ်။ ဟိုလေ ပူတူးတူးနဲ့ မြူးမြူးကြွကြွ အချဉ်ထုပ်တွေ အများကြီး စားရဦးမယ်"
"ရင်ရင်တို့၊ ညိုညိုတို့၊ မာလာခင်ညိုတို့နဲ့ တူတူ သမီးတို့နေခဲ့တဲ့ တက္ကသိုလ်ကျောင်းကြီးကို လည်း သွားကြည့်ရင်း ခြေရာဟောင်းတွေ ပြန်ရှာရဦးမယ်။ မမလှနဲ့လည်း ဗိုလ်ချုပ်ဈေးပတ်ရင်း ဈေးဝယ်ရဦးမှာ"
စိတ်ကူး နဲ့ ဈေးဝယ်ထွက်၊ စိတ်ကူးနဲ့ သူငယ်ချင်းတွေနဲ့ လျှေက်လည်၊ စိတ်ကူး နဲ့မြန်မာ အစားအ သောက်တွေအမျိုးစုံစားရင်း သူ့မှာကြည်နူးလိုက်ရတာ အမောပါပဲ။ ဒါပေမဲ့ တစ်နေ့မှာတော့ ကျွန်မ ဆီ စိုးထိတ်စွာနဲ့ ရောက်လာပြီး...
"မာမီ...သမီးသူငယ်ချင်း တစ်ယောက် သမီးတို့လိုပဲ အမေရိကားကို ရောက်နေတာ ၁၅နှစ်ရှိပြီ။ သူ့ဇာတိ "ကိုလံဘီယာ" ကို ပြန်လည်တာ ဟိုမှာမိသားစုအားလုံးကလည်း ရှိတာဆိုတော့ ပြန်တွေ့ ရမှာ အတွက်စိတ်တွေ အရမ်း လှုပ်ရှားနေတာ လေယာဉ်မှုးက "အခု ဘိုဂါဒါ"လေဆိပ်ကို ဆင်းပါ တော့မယ်" လို့ ကြေညာတဲ့အသံလည်း ကြားရော၊ အသက်ရှူလို့မရဖြစ်ပြီး သတိလစ် သွားတာ တဲ့။ လေယာဉ်မယ်တွေ က အပြေးအလွှားအောက်စီဂျင်ပေးမှ သတိပြန်ရတာလို့ ပြောတယ်။ သမီးတို့ လည်းသူ့လို နှာနှပ် ယူရမယား မသိဘူးနော်"နဲ့ ပူပူပင်ပင် လာပြောလို့ပြော။

ဒီလိုနဲ့ တကယ်သွားဖြစ်ကြပြီဆိုတော့ သားအမိနှစ်ယောက်စလုံး စိတ်လှုပ်ရှား လိုက်ကြ တာ အောက်ဂျင်စီ ပဲ ပေးရမလို၊ နှာပဲနှပ်ရမလို အခြေအနေပါပဲ။
မာယာမီ ကနေ လေယာဉ်စီးရတာ တစ်နေ့နဲ့ တစ်ညတာ ခရီးက စိတ်ကိုအတန်အသင့် ထိန်းထား နိုင်ပေ မဲ့ နောက်တစ်နေ့ရန်ကုန်လေးဆယ့်ငါးမိနစ်ကြာ ခရီးကတော့ တစ်သက်တာမှာ သည်း မခံ နိုင်လောက်အောင် ကြာ ရှည် လွန်းလှတယ် အထင်ရောက်ရလို့ လက်ကနာရီကိုကြည့်မိတာ အကြိမ်ပေါင်း မရေ တွက်နိုင်အောင်ပါပဲ။
ရင်ထဲက နှလုံးခုန်သံ တဒိုင်းဒိုင်းကလည်း ပွင့်ထွက်လုမတတ် မြည်ဟိန်းနေတာ အတိုင်း သားကြား နေရပါတယ်။ ကျွန်မသီး "ကေသီ" ကတော့ စိတ်လှုပ်၇ှားရင် ပြုတတ်မြဲ သူ့ထုံးစံအတိုင်း အိမ်သာ ကိုအခေါက်ခေါက်ခါခါ ကူးနှင့်ပြီးနေပြီလေ။
ကျွန်မတို့ စီးလာတဲ့ လေယာဉ်ရဲ့ဘီး ရန်ကုန်လေဆိပ်ရဲ့မြေကြီးကို ဒုန်းခနဲ ထိလိုက်သံနဲ့အတူ ကျွန်မရဲ့နှလုံးသားမှာလည်း ပေါက်ကွဲမှုတစ်ခုလို တုန်ခါသွားတော့တာပဲ။

"ရောက်ပြီး၊ မွေးရပ်ဌာနီ၊ ကိုယ့်တိုင်းပြည်ကို ရောက်လေပြီ"ဆိုတဲ့ အသိက မျက်နှာကို ၀င်းပသွားစေ ပါတယ်။
သားအမိနှစ်ယောက် ပျော်ရွှင်တက်ကြွစိတ် အပြည့်နဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ဖြစ် ကြတော့ သမီးက "မာမီ သမီးတို့ တကယ်ရောက်လာတာနော်" အိမ်မက်လည်း မဟုတ်ဘူးနော်။
"လေယာဉ် ရဲ့ လှေကားပေါ်က ပထမဆုံး မြန်မာ့မြေကို ခြေချခွင့်ရလိုက်ချိန်မှတြော့ အတိုင်း မိသ သောပီတိနဲ့ ကြည်နူးမှုကို ခံစားရပါတယ်။ တစ်သက်တာ ဘယ်သော အခါမှ ပြန်တွေ့ဆုံ ခွင့်ကြုံ တော့ မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့မိတဲ့ ချစ်သူ ခင်သူမိတ်ရင်းဆွေရင်းတွေကို အခုပြန်တွေ့ရ တော့မယ်ဆိုတဲ့ အသိ က နှလုံးသားကို တုန်ခါနေအောင် ချမ်းမြေ့ပျော်ရွှင်စေတာမို့ ခရီးပန်းတဲ့အ ထဲကလူက ရွှင်လန်း တက်ကြွပေါ့ပါးနေလေရဲ့။"

ပထမဆုံး တွေ့ရသူကတော့ လေဆိပ်အ၀င်ဝမှာ ရပ်ကြိုနေတဲ့ ဒေါ်လှလှ(လားရှိုး) ပါပဲ။ ကျွန်မတို့ သားအမိကို ပြေးလာဖက်ရင်း လူသေတဲ့အတိုင်း ရှိုက်ကြီးတငင် ငိုနေလို့ အနားက ဖြတ်သွားတဲ့ တိုးရစ် တစ်ယောက်က "ပြန်တွေ့ကြတာအတွက် ပျော်ရမှာ ဘာလို့ငိုနေတာလဲ"နဲ့ သူ့ကို ပခုံး ပုတ် ပြီးနှစ်သိမ့်သွားရပါသေးတယ်။ အားလုံးသော စစ်ဆေးမှုတွေပြီးလို့ အပြင်လည်း ထွက်လာရော ကျွန်မ အစ်ကိုလေး ဦးခင်မောင်မောင် မိသားစုအားလုံးရော၊ မန္တလေးက ရန်ကုန်ထိ တကူးတက ဆင်းလာကြိုတဲ့ သူငယ်ချင်း "လှလှမြင့်" နဲ့ "တင်ဦးရီ"အပြင် ကိုဝင်းဦးရဲ့ ချစ်သက်ထား "အိုင်းရင်း တင်လှ"နဲ့အတူ "ကိုဝင်းငြိမ်း"(ရွှေမြုတေ)၊ နောက်ပြီးလာကြိုမယ် ပြောမထားဘဲ အံ့အားသင့် အောင် လုပ်ပြီး ရောက်လာကြတဲ့ "ဒေါ်မြင့်မြင့်ကြည်"နဲ့အတူ တိုင်းမင်းကြီးကတော် "ဒေါ်ခင်မြမူ" (ဒေစီ)လည်း ပါရဲ့။

အားလုံးက ၀မ်းသာလှိုက်လှဲစွာနဲ့ ဖက်လဲတကင်း ကြိုဆိုကြတာမို့ မေတ္တာရောင်ပြန်တွေဟပ်ပြီး ရွှင်မြူးတက်ကြွနေတော့တာပဲ။ သမီး "ကေသီ"တို့ လူငယ်ဝိုင်းကလည်း ၀ုန်းဒိုင်းကြဲ အော်ဟစ် ရယ် မောဆူညံနေကြလေရဲ့။ ကျွန်မက သမီးရဲ့သူငယ်ချင်း အားလုံးနဲ့ အဆက်အသွယ်ရထားပြီးသား ဆိုတာသမီး "ကေသီ"ကို မပြောဘဲ လုံအောင် ဖုံးဖိထားခဲ့တာမို့ ခုလိုလေဆိပ်မှာ မထင်မှတ်ဘဲ အားလုံးက လာကြိုနေတာ တွေ့ရတော့ မကေသီ အတိုင်းမသိ ၀မ်းသာပြီး ခုန်ပေါက်ပျော်ရွှင်နေ တော့တာလေ။
သူ့သူငယ်ချင်းတွေ အားလုံးကလည်း စိတ်ထားမပြောင်းဘဲ သူငယ်ချင်းကောင်း ပီသကြပါတယ်။ ကျွန်မက ရန်ကုန် မှာရှိကြတဲ့ "ညိုညိုအေး"နဲ့ "ရင်ရင်"တို့နှစ်ယောက်ကို စည်းရုံးရေးအဖွဲ့အဖြစ် တာဝန်ပေးထား လိုက်တာလေ။ သူတို့ အစည်းအရုံးကောင်းလို့ စီးပွားရေးကိစ္စနဲ့ ရောက်နေတဲ့ "မြသဇင်ညွန့်"ကလည်း သူငယ်ချင်းကြိုဖို့ အချိန်မီပြန်လာ၊ တောင်ငူရောက်နေတဲ့ "မာလာခင်ညို" ကလည်း ခင်ပွန်းက ရှေ့တန်းရောက်နေလို့ ကလေးသုံးယောက်ကို အိမ်မှာဒီတိုင်း ထားခဲ့ဖို့ စိတ်မ ချတာနဲ့ ကျောင်း ခွင့်တစ်ပတ် ယူပြီး ရန်ကုန်ကို မိသားစုလိုက် ဆင်းလာကြိုကြတာပါ။

ဒီလို လှိုက်လှဲတဲ့ မေတ္တာမျိုးဘယ်မှာ ရှာတွေ့နိုင်ပါ့မလဲနော်။ "သူငယ်ချင်းကောင်းရထားသူ ဆိုတာ ဘ၀ရဲ့ အကောင်းဆုံး ရလဒ်ကို ရရှိထားခြင်း"ဆိုတဲ့ စကားဟာအမှန်ပါပဲ။ တစ်ဦးနဲ့တစ်ဦးမထိတွေ့ ရဘဲအချိန်တွေ ဘယ်လောက်ကြာကြာ စစ်မှန် တဲ့ မေတ္တာဆိုတာ အပြောင်းအလဲ မရှိတာကို လက်တွေ့မျက်မြင် ခံစားရတာ မို့ မိတ်ဆွေကောင်းများရဲ့ လှိုက်လှဲလေးနက်တဲ့ စေတနာ သဒ္ဓါစိတ် ကိုကျေးဇူးတင်မဆုံး၊ တန်ဖိုး မဆုံး ဖြစ်ရပါတယ်။
အစ်ကိုလေး ဦးခင်မောင်မောင်အိမ်မှာ ယောက်မ "ဒေါ်ကြည်ကြည်သန်း"နဲ့ မနက်နှစ်နာရီထိုးတဲ့ ထိထိုင် စကားပြောကြပြီး တစ်အိမ်လုံးသာ အိမ်မောကျကုန်တယ်။ ကျွန်မတို့ သားအမိနှစ်ယောက် အပျော်လွန်နေတဲ့ စိတ်ကြောင့် တစ်မှေးမှ အိပ်ချင်စိတ်မရှိဘဲ ဆယ်ကျော်သက်တွေလို ရယ်မောလို့ မဆုံးနဲ့ အရှိန်သတ် မရ ဖြစ်နေကြတော့တယ်။ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ရဲ့ မှတ်တိုင်များစွာ ထဲမှာ မြန်မာပြည် ပြန်ရောက်တဲ့နေ့က ပျော်ရွှင်ခြင်းရဲ့ အထွက်အထိပ် မှတ်တိုင်တစ်ခုအဖြစ်လည်း ပါဝင် တယ် လို့ ပြောရမှာပါ။

တစ်မှေးမှ မအိပ်လိုက်ရဘဲ သမီးရဲ့ သူငယ်ချင်းတွေက ရွှေတိဂုံဘုရားကို အရုဏ်တက်အမီ လိုက်ပို့ ကြမယ်ဆိုပြီး လာခေါ်တာနဲ့ လိုက်သွားပြန်ပါရော။ ရောင်ခြည်ဦးမှာ ရွှေတောင်ကြီးလို ၀င်းထိန်နေ တဲ့ စေတီမြတ်ရဲ့ မြင်ကွင်းက ချမ်းမြေ့မှု အနန္တ၊ ကြည်နူးမှုအနန္တ၊ အေးချမ်းမှုအနန္တနဲ့ ယှက်ဖြာတဲ့ပီတိတွေ ရင်ထဲမှာ လှိုက်ခါလာတော့တာပဲ။ ဘုရားရှင်တော်မြတ် ကိုယ်စားတော်ရှေ့မှာ ဦးခိုက်ကန်တော့တဲ့အချိန်မှာ စိတ်ကိုမထိန်းနိုင်ဘဲ ကျွန်မငိုရှိုက်မိပါတော့တယ်။ ဝေးကွာလှစွာသော နေရာက လာရတဲ့ခရီးဟာ ရှင်တော်မြတ်ဘုရားကို ဦးခိုက်ခွင့်ရတာ တစ်ခုတည်းနဲ့ကို့ လာရကျိုး နပ်အောင် တန်သွားပြီလို့ ရင်ထဲမှာ ခံစား ရပါတယ်။
နောက်ရက်တွေမှာတော့ ဒေါ်လှလှ(လာရှိုး)က တာဝန်ယူလိုက်ပို့ပေးမဲ့အညာခရီးအတွက်ပြင်ဆင် ဖို့လိုအပ်တာကြောင့် အဆင်ပြေအောင် လှလှ အိမ်ကိုပြောင်းလာခဲ့ပါတယ်။ လှလှကလည်း ကျွန်မ တို့ကို ကြိုဖို့ လာရှိုးက တကူးတက ဆင်းလာရုံတင်မကဘူး။ ပုံဂံညောင်ဦး၊ ပုပ္ပား၊ မန္တလေး၊ စစ် ကိုင်း၊ ပြင်ဦးလွင်ထိ လိုက်ပို့ပေးဖို့ ကားတစ်စီ အဆင်သင့်ဝယ်ထားပြီး ယာဉ်မောင်းနဲ့ပါ စောင့်နေ ရှာတာပါ။

လှလှမြင့်ကလည်း ရောက်တဲ့နေ့မှာပဲ ကျွန်မ ပိုက်ဆံအိတ်ထဲ အထုပ်ကြီးတစ်ထုပ်ကို မဆံ့မပြဲ ထိုးသိပ်ထည့်ပြီး "အဲဒါ မြန်မာပြည်မှာ မင်းသုံးဖို့အတွက်"တဲ့။
ကိုယ့်ရပ် ကိုယ့်မြေ ကိုယ့်ဌာန ပြန်လာရတာ တယ်ဟုတ်ပါလားနော်။ အသက်ခုနစ်ဆယ်နားနီးနေ တဲ့ အဘွားကြီး ကို ကလေးတစ်ယောက်လို မုန့်ဖိုးပေးမဲ့သူနဲ့၊ သွးလိုရာ လိုက်ပို့မဲ့သူနဲ့၊ စားချင် တာမှန်သမျှ ပို့ပေး၊ လိုက်ကျွေးကြေသူတွေနဲ့ ၀ိုင်းဝိုင်းကို လည်လို့။ မိခင်ရင်ခွင်ထဲရောက်နေတဲ့ ကလေးတစ်ယောက် လို လိုတရအဖြစ်မို့ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ နေ့ရက်တိုင်း ဟာ ပျော်ရွှင်ဖွယ်ရာ အတိ ဖြစ်နေတာပဲလေ။
အိုရင်းတင်လှ (စန္ဒာရုပ်ရှင်)နဲ့ သားကိုဝင်းငြိမ်း (ရွှေအမြုတေ)တို့ကလည်း ကားတစ်စီးနဲ့ သွား တွေ့လိုရာ စာပေ မိတ်ဆွေတွေဆီ အနှံ့လိုက်ပို့ရင်း လမ်းမှာ စကားတွေ တစ်ဝပြောကြ၊ ညီမ ကလျာမဂ္ဂဇင်းတိုက်မှာ ဆရာမောင်ဆုရှင် နဲ့ ဆရာမြသန်းတင့်တို့ကို တွေ့ဆုံခွင့်ကြုံရပြီး အဲဒီစ ကားဝိုင်းလေးက အစပျိုးခဲ့တဲ့ ကျွန်မ ရဲ့ ပတ္တမြားခင် ရန်ပုံငွေအဖွဲ့ ဖြစ်တည်မှုကိုကြုံရပြီး အဲဒီစကား ၀ိုင်းလေးက အစပျိုးခဲ့တဲ့ ကျွန်မရဲ့ ပတ္တမြားခင် ရန်ပုံငွေအဖွဲ့ ဖြစ်တည်မှုကို အကောင်အထည်ဖော် ဖို့စဉ်းစားတိုင်ပင်လို့ မပြီးခင်မှာပဲ အညာခရီးထွက်ဖြစ်သွားပါရော။

သုံးပတ်ကြာပဲ မြန်မာပြည်မှာ နေနိုင်တာမို့ သွားလိုရာ နေရာတိုင်း ရောက်ဖို့ အချိန်မပေးနိုင်တာ ကြောင့် အညာခရီးကို တစ်ပတ်နဲ့အပြီး ပြေးပြေးလွှားလွှား သွားရပါတယ်။ သူငယ်ချင်းလှလှမြင့် ကတော့ သရဲခြောက်သလို ကိုယ်ထင်ပြပြီး ပြန်သွားတဲ့ ကျွန်မကို အကြီးအကျယ် မကျေနပ်စွာနဲ့ ကျန်နေခဲ့လေရဲ့။ မန္တလေးမှာရှိတဲ့ အမျိုးတွေကိုလည်း လူစုံအောင်တောင် မတွေ့ဖြစ်ခဲ့ရပါဘူး။ မမမာ (လူထုဒေါ်အမာ) ကိုတောင် မဟာမြတ်မုနိဘုရားဖူး သွားရင်း လမ်းအကြုံပုဆိန်ပေါက် ဦးသုံးကြိမ်ချခဲ့ရတာလေ။
ရန်ကုန်ပြန်ရောက်တော့ အချိန်က တစ်ပတ်ပဲ ကျန်ပါတော့တယ်။ သမီး ကေသီလည်း သူ့သူငယ် ချင်းတွေနဲ့ လုံးထွေးပြီး ဈေးဝယ်ထွက်၊ ကျွန်မလည်း ကိုယ်သံယောဇဉ်ရှိခဲ့တဲ့ မန္တလေးအသင်း တိုက် ကိုရောက်အောင်သွားပြီး မိတ်ဟောင်းဆွေဟောင်းတွေနဲ့ ဆုံဖြတ်ကြတော့ ကွယ်လွန်သွား ကြပြီဖြစ်တဲ့ လုပ်ဖော် ကိုင်ဖက်တွေကို သတိရလို့ ကျန်ရစ်သူ မိသားစုတွေနဲ့ ဖက်ပြီးငိုရ၊ ကျွန်မကို အသင်း စတင်တည်ထောင်ခဲ့သူ ၁၅ဦးထဲက တစ်ဦးအဖြစ် ဂုဏ်ပြုဧည့်ခံပွဲ လုပ်ပေးတော့ အသင်းသူ အသင်းသား အားလုံးနဲ့ ဆုံတွေ့ခွင့်ရလို့လည်း ပျော်ရွှင်ကြည်နူးရပါတယ်။

မြန်မာပြည် ကို ရောက်ရောက်ချင်း နှစ်ရက်သာ အိမ်မှာ မြင်လိုက်ရပြီး လှစ်ခနဲပျောက်သွားတဲ့ ညီမ ကိုမျှော်နေ တဲ့ အစ်ကိုလေးကလည်း မြန်မလာကောင်းလားနဲ့ လှမ်းပြီး တဆူဆူ လုပ်နေလေ ရဲ့။ တွေ့ရမဲ့ ဆွေမျုးတွေကလည်း တစောင့်စောင့်နဲ့မို့ နောက်ဆုံးတော့ တစ်ဦးစီ လိုက်တွေ့ဖို့ အချိန် မရတာ နဲ့ "ကိုကိုလေး နဲ့ မင်နီအိမ်မှာပဲ ဆွေမျိုးတွေအားလုံး စုပေးပါတော့"လို့ အလိုက်မသိစွာ အစ်ကို နဲ့ ယောက်မကို အပူကပ် ဒုက္ခပေးရပါတယ်။
ဝမ်းကွဲ ညီအစ်ကိုမောင်နှမ၊ တူတူမတွေ စုလိုက်တော့ လူပေါင်း သုံးဆယ်ကျော်မျှ တပျော်တပါးပါ ပဲ။ ၁၆နှစ်တာ မျှ ကင်းကွာနေရတဲ့ နှစ်အတွင်းမှာ ကွယ်လွန်သွားကြတဲ့ ညီအစ်ကိုမောင်နှမတွေကို လည်းပြန် မတွေ့နိုင်ရလို့ စိတ်မကောင်းဖြစ်ရတာလည်း တစ်ပိုင်းခံစားရပါသေးတယ်။ တွေ့ဆုံရတဲ့ ခဏလေး မှာအတိုးချပြီး မိသားစု သတင်းတွေ ဖလှယ်ကြနဲ့ တစ်နေ့တာ အချိန်ကလေးက ကုန် သွားပါလေရော။

နောက်နေ့တွေ မှာတော့ ကျွန်မအညာခရီးထွက်ခိုက် ဒေါ်မြင့်မြင့်ကြည်က ဂရုတစိုက်နဲ့ ပတ္တမြားခင် ရန်ပုံငွေ ဖွဲ့စည်း ဖို့ အစီအစဉ်တွေ အဆင်သင့် လုပ်ထားပြီးနေတာကြောင့် လိုအပ်သူတွေနဲ့ လိုက် တွေ့ဆုံရ၊ သွေးရင်းသားရင်းတာမျှ ချစ်ခင်ရတဲ့ ညီမကလျာ၊ သားကိုဝင်းငြိမ်း၊ မန္တလေးအသင်း ညီမ တင်တင်လှ၊ ဦးမောင်မောင်ကြီးနဲ့ဥက္ကဋ္ဌ ဦးအောင်ကြည်တို့နဲ့ ဒေါ်မြင့်မြင့်ကြည်တို့ပါ စုဝေး ကြပြီးအသင်း ကို တာဝန်ယူဖို့ ဖွဲ့စည်းကြနဲ့ မပြန်ခင်မှာ ကိစ္စပြီးပြတ်အောင် လုံးပန်းရပါတယ်။
မြန်မာပြည် ပြန်လာခွင့် ကြုံရခိုက်လေးမှာ ရင်ထဲမှာ ကြာမြင့်စွာကတည်းက ဆန္ဒရှိနေတဲ့ ငွေပသာပင် အလှူကလေး အထမြောက်သွားရတာအတွက် ကြည်နူးမဆုံး၊ ကျေနပ်မဆုံး၊ ၀မ်းသာ မဆုံးနဲ့ ကူညီသူအားလုံးကိုလည်း ကျေးဇူးတင်ရှိလို့မဆုံး ဖြစ်ရပါတယ်။

ဒီလိုနဲ့ ပြန်ရမဲ့ရက်ကို ရောက်လာပါရော။ ပျော်ခဲ့ရတဲ့ရက်တွေ ကုန်ဆုံးတော့ မျက်ရည်စက်လက်နဲ့ အထုပ် အပိုးတွေ ပြင်ရဆင်ရ၊ ထည့်ရသိမ်းရ၊ တော်ပါသေးရဲ့၊ တူမလေးတွေဖြစ်တဲ့ င်္သိဂီခင်နဲ့ ရတနာတို့က ၀ိုင်းကူလာ ထုပ်ပေးပေလို့ပါပဲ။ ချစ်သောသူအားလုံးကို ထားခဲ့ရပြီးထွက်ခွာလာခဲ့ရ တဲ့အပြန်ခရီးကတော့ တက်ကြွမှု လုံးဝ မရှိတဲ့ ပကတိ စက်ရုပ်တစ်ခုလိုပါပဲ။
ကိုယ့်ဇာတိမြေဆိုတာ ကမ္ဘာပေါ်မှာ ထူးခြားမွန်မြတ်တဲ့ ရတဲ့နေရာ၊
ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့နေရာ၊
မေတ္တာစေတနာ ကရုဏာ သဒ္ဓါတွေအားလုံး ထုံးမွှန်းခံစားခွင့် ရတဲ့နေရာ၊
နှလုံးသားရှိတဲ့နေရာ၊
ယုံကြည်အားထား လုံခြုံမှုရှိတဲ့နေရာ၊

တွယ်တာမှု သံယောဇဉ်တွေနဲ့ ထွေးပိုက်ခြင်း ခံရတဲ့နေရာ၊
သုခဘုံတမျှ ချမ်းမြေ့ပျော်ရွှင်ဖွယ်အတိ ဖြစ်တဲ့နေရာ၊
အဲဒီနေရာကား ဝေးကွာလှစွာသော နေရာတစ်ခုဆီသို့ ဦးတည်ထွက်ခွာခဲ့ရပါပြီ။
အတိတ်ကံတရားအရ ပြည်ပမှာ အခြေချရပေမဲ့ နှလုံးသားကတော့ အမိမြေမှာ ထာဝရတည်ရှိနေ ဆဲ ဆိုတာ သေချာလှပါရဲ့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>