Saturday, March 23, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၃)

ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး ဘ၀ခရီးလမ်းကိုတော့ ဆက်လက်လျှောက်နေရမှာပါပဲ။ ဦးမြလှိုင် အတွက် ခရီးဆက်ရမဲ့ မြေပုံ Mapက ကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာ ဖြစ်လေတော့ သားသမီး တွေ လျှောက်နေဆဲလမ်းနဲ့ အလှမ်းကွာဝေးလွန်းတာအတွက် နှစ်ဦးနှစ်ဖက်နှလုံးသား နာကျင်စွာ ခံစားကြရဦးမှာတော့ သေချာလှပါတယ်။
ရှင်တော်ဘုရား ကိုယ်တိုင်က "ချစ်သောသူများနဲ့ ကွေကွင်းရခြင်း ဆင်းရဲ"ကို အဘိဏှ သုတ်တော် မှာ အထင်အရှားဟောကြားထားခဲ့တာပဲလေ။
ကို ဆက်ဖတ်ရန် .....

အပိုင်း (၅၅)

မိသားစုဘ၀ ဆိုတာ အချိန်အခါသေးသေးလေးတွေနဲ့ စုစည်းထားတဲ့ မေတ္တာခရီးပါပဲ။ တစ်ဦးနဲ့တစ်ဦး အနစ်နာ ခံခြင်း၊ ရိုင်းပင်းခြင်း၊ စေတနာထားခြင်းတွေနဲ့အတူ ရုန်းကန်ရ တာတွေ၊ ရင်ဆိုင်ရ တဲ့ ပြဿနာတွေ လည်း အမြောက်အမြား။ လူပင်ပန်းစိတ်ပင် ပန်းရှိကြပေမဲ့ မေတ္တာအအရင်းခံပြီး စည်းလုံးမှု ရှိကြတာကြောင့် အပြုံးအပျော် မပျက်ကြတဲ့ သားသမီးတွေရဲ့ ကြည်လင်တဲ့ မျက်နှာလေးတွေ မိခင် တစ်ယောက် အနေနဲ့ ကြည်နူးအား တက်ရပါရဲ့။
နေ့စဉ်တွေ့ရတဲ့ ရိုးရိုးကိစ္စလေးတွေက တန်ဖိုးထားရှုမြင်တတ်ရင် ပျော်စရာတွေ့နိုင်တာပါ ပဲ။ ကြီးကြီး အပျော်တွေ က ခဏခဏ ရောက်လာခဲ့ပေမဲ့ အသေးလေးတွေက ခံစားတတ်ရင် အမြဲတမ်းကို ရနိုင်ပါ တယ်နော်။
အခုလည်း အိမ်ဆည်းလည်းမြေးလေးတွေရလာတော့ ကျွန်မတို့ အိမ်လေးထဲစနေ၊ တန င်္ဂနွေရက်တွေဆို စိုပြည် လို့။ သားတွေ သမီးတွေတင်မကဘဲ မြေးနှစ်ယောက်ပါတိုးလာ တာမို့ အော်ရဟစ်ရ၊ ဆူရပူရ၊ ရယ်မောရ နဲ့ လက်မလည်နိုင်ဘူး။ အေးကြည်မ ရောက်လာ ရင် ကျွန်မမြေးတွေ မြန်မာ စကားပြော တတ်တော့မယ် ထင်မှတ်ထားပါတယ်။ ကလေးတွေ ကမြန်မာ စကားတတ်မလာ ဘဲ အေးကြည်မက ဘိုလို တရွှတ်ရွှတ်မှုတ်နေတော့တယ်။

ခန့်စန္ဒီ က သူ့မောင်လေးကို ဗိုလ်ကျနေရင် "This is your brother, be nice" တဲ့။ အေးကြည်မက ဘိုလို ဆူပူလေ ရဲ့။
သူ့မောင်လေး မတ်တတ်ရပ်နေ တာ ထိုင်ခိုင်းဖို့ပြောချင်တော့ ခန့်စန္ဒီက "ခန့်သီဟ" မတ် တတ်ဒေါင်း (Down) တဲ့။ မြန်မာစကား အကျိုးအပဲ့ဖြစ်ကုန်တာ ကြည့်ပြီးကျွန်မရဲ့ မဟာစီမံကိန်း ကြီးပါမတ်တတ်ဒေါင်း သွားလေရဲ့။
ဒီလို နဲ့သင်္ကြန်အချိန် နီးကပ်လာပါရော။ ကျွန်မသားလတ် ကိုရွှေစင်နဲ့တူတော်မောင် ကိုအောင်ဇော်မောင် အပြင် Tampoမြို့က ကိုရာရာတို့တစ်တွေ ဦးစီးတည်ထောင် ဖွဲ့စည်း ထားတဲ့ ဖလော်ရီဒါ မြန်မာသူငယ်ချင်းများအသင်းက မြန်မာသင်္ကြန်ပွဲကျင်းပကြမယ်ဆိုပြီး ကာလီဖိုးနီးယား မှာရောက်ရှိနေ တဲ့ အဆိုကျော်ကိုသိန်းတန် (မြန်မာပြည်)နဲ့ ကိုင်ဇာ၊ မေခလာ တို့ကို ဖျော်ဖြေ ဖို့ဖိတ်ကြားလိုက်တော့ အဲဒီနှစ်က စာဖွဲ့လောက်အောင် စည် ကားအောင်မြင်တဲ့ သင်္ကြန်ပွဲတော် ဖြစ်မြောက် သွားတာမို့ ချီးကျူးဂုဏ်ယူစရာပါပဲ။

အဆိုတော်တွေ ကျွန်မအိမ်မှာ စုပြီးတည်းကြတော့ အိမ်နဲ့ လူနဲ့ကအပြည့် တသောသော နဲ့ညညထိုင်ပြီး ၀ိုင်းဖွဲ့ကြ တဲ့ စကားဝိုင်းအတွက် လက်ဖက်သုပ်ပေးရတာလည်း လက်မလည်နိုင်အောင်ပါပဲ။ အဲဒီနှစ်ကစပြီး နာမည်ရ လိုက်တဲ့ သင်္ကြန်ပွဲတော်ဟာ နောက်ပိုင်း ဦးစီးတည် ထောင်ခဲ့တဲ့ကိုရွှေစင်၊ ကိုအောင်ဇော်မင်းနဲ့ ကိုရာရာတို့ ဖလော်ရီဒါမှာမရှိကြတော့ပေမဲ့ လက်ကျန်အမှုဆောင် ဒေါ်ခင်မမနဲ့ အဖွဲ့ ၀င်တွေက ဆက်လက်ကြိုးပမ်းကြတာကြောင့် အခုထက်တိုင်ဆယ်နှစ်ကျော်ကြာမှ နှစ်စဉ် နာမည်ကြီး အဆိုတော် များနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် အောင်မြင်စည်ကားစွာ ကျင်းပနိုင်ဆဲမို့ အစဉ်အလာ မပျက်အောင် ထိန်းသိမ်းနိုင်တဲ့ လူငယ်များအသင်းအမှုဆောင်အဖွဲ့ကို ချီးကျူးရပါတယ်။
အဲဒီလို အပျော်သေးသေးလေးတွေနဲ့ ဖြတ်သန်းလာခဲ့ရာက ဘ၀ဆိုတာ တစ်ပြေးညီသာ ယာဖြောင့်ဖြူးနေ တာ မဟုတ်ဘဲ အတက်အကျ၊ အဆိုးအကောင်း၊ အလှည့်အပြောင်းတွေ ကရှိစမြဲမို့ ကျွန်မ တို့မိသားစုအတွက် ရင်မှာထိခိုက်နာကျင်ရမဲ့ အဖြစ်ကလေးတစ်ခုက ရောက်ရှိလာပါတယ်။ အိမ်မှာမိသားစု တစ်ပိုင်းလို မွေးထားတဲ့ခွေးကလေးပါရှယ် ကျန်းမာ ရေး၊ ကျဆင်းလာခြင်းပါပဲ။ ခွေးပေမဲ့ ကျွန်မတို့ အားလုံးကသူ့ကိုမိသားစုလို ဆက်ဆံခဲ့ ကြတာလေ။ သူကလည်း သူ့ကိုယ်သူ ခွေးလို့ ထင်မှတ်ပုံမရပါဘူး။

အိုင်ကျူကလည်း ခပ်မြင့်မြင့်၊ ဘ၀င်ကလည်းခပ်မြင့်မြင့်။ အိပ်ရာပေါ်တက်အိပ်လိုက် ရင်လည်းခေါင်းရင်း မှ။ ပြီးတော့်လူတစ်ယောက် လို ခေါင်းအုံးနဲ့ အိပ်သေးတာ်။ ခွေးဆိုတာ အသီးအနှံ စားတယ်လို့ တစ်ခါမှ မတွေ့ဖူးပါဘူး။ ဒီကောင်ကျ အသီးအနှံမျိုးစုံကြိုက် လိုက်တဲ့ဖြစ်ခြင်း။ ဖရဲသီးဆို ဟပ်တပ်ကိုဆွဲလို့။ ငှက်ပျော်သီး၊ သခွားသီး အကုန်ကြိုက်။ မနက်ဆို နှို့မှုန့်၊ ဘီစကစ်၊ နေ့လယ်ငှက်ပျော်သီး၊ ဖရဲသီးပေါ်ပင်စာ သစ်သီးတွေ စား၊ ညနေကျမှသူ့ခွေးစာကို ကျွေးရတာပါ။
သူအမုန်းဆုံး က တဖုန်းဖုန်းနဲ့ နားငြီးအောင်အသံကုန်မြည်အောင် စီးတတ်တဲ့မော်တော် ဆိုင်ကယ် သမားတွေပါပဲ။ ကျွန်မနဲ့အတူ ကားပေါ်ပါလာလို့ လမ်းပေါ်မှာမော်တော်ဆိုင် ကယ်သမား မတွေ့လိုက်နဲ့။ ဆွေ့ဆွေ့ခုန်ပြီး တအားထိုးဟောင်တော့တာ ရုပ်ပျက်ဆင်း ပျက်ပါပဲ။ အကောင် သာ သေးတယ်။ ဘယ်သူ့ကိုမှကြောက်တာ မဟုတ်ဘူး။ လမ်းထွက် လျှောက်ကြရင်း သူ့ထက်သုံးလေးဆ ကြီးတဲ့ခွေးကြီးတွေတွေ့လည်း ထိုးလိုက်တာ။ သူ့မာန်ကို ကြောက်ပြီးခွေးကြီးတွေက ထွက်ပြေးရတဲ့ထိ။

ဘယ်လောက်စွာစွာ လောကကြီးမှာ သူကြောက်တဲ့အရာတော့ ရှိပါသေးတယ်။ လျှပ်စီးတွေလက်၊ မိုးတွေချုန်းပြီး မိုးကြိုးတွေ ပစ်ရင် သူ့မှာနေစရာ မရှိတော့ဘူး။ ကျွန်မတို့ နေတဲ့သန္တာစမ်းကလည်း Ever Glades (အဲဗားဂလိပ်စ်)လို့ခေါ်တဲ့ နွံတောကြီးနဲ့တစ် ဆက်တည်းဖြစ်နေတာမို့ သဘာဝအရ တခြားနေရာတွေ ထက် လျှပ်စီးပိုလက်တယ်။ မိုးပို ပြီးခြိမ်းတယ်။ ကျွန်မတစ်သက်နဲ့ တစ်ကိုယ်ဒါလောက် လျှပ်စီး လက် တာမျိုး ကြုံဖူးပါဘူး။ မိုးညိုပြီဟေ့ဆိုရင် လျှပ်စီးလျှပ်နွယ်တွေ တစ်မိုးလုံးအပြည့် အချောင်းလိုက် တဖျိုးဖျိုး တဖျပ်ဖျပ် နေရာမလပ်မြင်တွေ့ရတော့တာပါပဲ။
ပါရှာ ကလည်း ခွေးလည်။ အရေးဆိုဘယ်သူ့ကို အားကိုးရမယ် ဆိုတာသူသိတယ်။ မိုးချုန်း ပြီဆိုတာနဲ့ အိမ်မှာ ယောက်ျား မားမားဖြစ်တဲ့ သားရွှေစင်ရဲ့ ခုတင်ပေါ်ပြေးတတ်တော့ တာပဲ။ သားရင်ခွင် ထဲ ခေါင်းကလေး ပုပြီး အတင်းဝင်တိုးတာ မြင်ရတော့ သူ့ကိုသနားရပြန် ရော။

မနှစ်က ပါရှာလေဖြတ်သွားပါတယ်။ နောက်ခြေထောက်လေး နှစ်ချောင်းကကောင်း ကောင်း မလျှောက်နိုင် ဘဲ တရွတ်ဆွဲနေတာ နဲ့ချက်ချင်း တိရိစ္ဆာန်ဆေးရုံကို ခေါ်သွားပြရ တယ်ပေါ့။ ဆရာဝန်က အကုန် စမ်းသပ်ကြည့်ပြီး အသက်သိပ်ကြီးလို့ဖြစ်တာ ကုလို့ရမှာ မဟုတ်ဘူး။ အကောင်းဆုံး က ဝေဒနာ မခံစား ရအောင် ဆေးထိုးပြီး အိပ်ခိုင်းလိုက်ပါလို့ အကြုံပြုပါတယ်။ ဒီမှာ ခွေးကြောင် တိရိစ္ဆာန်တွေ ရောဂါ ကျွမ်းနေပြီ ဆိုရင် ဆရာဝန်တွေက အများအားဖြင့် Put him to sleepဆိုပြီး ဆေးထိုးပေး မထသော အိပ်ခြင်း နဲ့ အိပ်ခိုင်း လိုက် တော့တာပါပဲ။

အမှန်လည်း အသက်ကတော်တော်ကြီးနေပါပြီ။ ခွေးသက် ၁၃နှစ်ဆိုတော့ လသက်နဲ့ တွက်မက်ဆိုရင် ၇ နဲ့မြှောက် ရမှာကြောင့် အသက်၉၁နှစ် ရှိတဲ့ ခွေးအဘိုးကြီးလို့ ပြောရင် လည်းရတယ်ပေါ့။ သက်ရှိ သတ္တ၀ါ မှန်သမျှ အိုခြင်း၊ နာခြင်း၊ သေခြင်းတရားတွေက ကင်းလွတ် နိုင်ကြတာမဟုတ်လို့ ကျွန်မခွေး ပါ ရှယ်လေး လည်း ဇရာမ္ပိဒုက္ခော ကို လက်တွေ့ ခံစားနေရရှာပါပြီ။ မျက်စိကလည်း ကောင်းကောင်းမမြင်၊ နား ကလည်း ကောင်းကောင်း မကြား။
မီးဖိုထဲ မှာ ကျွန်မက ငရုတ်ဆုံတောင်းနေရင် သူကအိမ်ရှေ့တံခါးလာခေါက်တယ် ထင်ပြီး သွားဟောင်နေ ပါလေရော။ အကြား လွဲရုံမကဘူး။ မျက်စီကလည်း မှုန်၊ ကောင်းကောင် မမြင်တော့ တစ်ခါတစလေ အခန်းထဲ က ထွက်ပေါက်ရှာမရဘဲ ထောင့်တစ်ခုမှာ ကပ်တိုး ရင်းတအီအီ ညည်းပြုနေတတ်ပြန်လို့ သွားဆွဲပြီး ထုတ်ရတဲ့အခါတွေလည်းရှိရဲ့။

အခုလည်း ဆရာဝန်က လက်လျှော့ပြီး ဆေးထိုးအပ်ခိုင်းလိုက်မယ် ဆိုပေမဲ့ သားသမီးတွေ အားလုံးက သူ့ကို ၀ိုင်းချစ်နေကြတာကြောင့် ဘယ်သူကမှ မလုပ်ရက်ကြပါဘူး။ ကျွန်မ ကိုယ်တိုင်ကလည်း လက်မခံနိုင်တာ နဲ့ စောင့်ကြည့်ပါရစေဦး ခွင့်တောင်းပြီး ဆေးရုံကပြန် ခေါ်လာခဲ့ပါတယ်။ အမေရိကန် မိတ်ဆွေတွေကတော့ ကျွန်မကို "မင်းမှားတယ်။ သူဝေဒနာ ခံစားနေရရင် စိတ်ညစ်မှာပေါ့။ ဆရာဝန် ပြောတဲ့ အတိုင်းလုပ်သင့် တယ်"လို့ ၀ိုင်းပြောကြပါတယ်။
ကျွန်မက စိတ်မလျှော့သေးဘူး။ ဘုရားကု ကုကြည့်ဦးမယ်လို့ အားတင်းပြီး သူ့ကိုချော့ မော့ခေါ်ပြီး လမ်းများများလျှောက်ပေး၊ လမ်းလျှောက်ပေးရင်းလည်း သူ့ဖို့ရည်စူးပြီး ဓရဏ ပရိတ်ရွတ်၊ အိမ်မှာလည်း ပရိတ်ခွေ မပြတ်ဖွင့်ထားပြီး တိပ်ရီကောဒါရှေ့မှာ ဘုရားကိုရည် စူးပြီး ရေတော်တစ်ခွက် ကပ်ထား၊ အဲဒီပရိတ်ရေ ကို တိုက်၊ သား ကိုရွှေစင်ကလည်း သုံး နေကျရှန်ပူအစား ဆေးရှန်ပူကိုပြောင်းသုံးဖို့ ၀ယ် လာပေး ပါတယ်။ အားဆေးတွေတို့၊  ညညကျသူ့ခြေထောက်ကလေး နှစ်ချောင်းကို ကျားဘမ်း ပရုတ်ဆီပူပူလေးနဲ့ လိမ်းပေး ရင်းဖြည်းဖြည်းနှိပ်၊ ကျွန်မတို့ သားအမိတစ်တွေ သူ့ကိုပြုစုလိုက် တာ ၀ိုင်းဝိုင်းလည်ပါပဲ။

ကျွန်မတို့ ပြုစုစောင့်ရှောက်ရကျိုးတော့ နပ်ပါရဲ့။ ရတနာသုံးပါး ဂုဏ်ကျေးဇူးနဲ့ ကိုယ်တော် ချောလေးခြေထောက် တဖြည်းဖြည်းထောက်နိုင်လာပြီး လမ်းကောင်းကောင်း လျှောက် သွားနိုင်လေ ရဲ့။ ဒီလိုနဲ့ ဂရုစိုက်စောင့်ရှောက်လာခဲ့တာ တစ်နှစ်ကျော်လောက် ဟုတ်လို့။ စားနိုင် သွားနိုင် ရှိနေရာ က တဖြည်းဖြည်း ချည့်လာပါတော့တယ်။ အသက် ၁၄နှစ်ကျော်လာပြီလေ။
ဆေးရုံခေါ် သွားပြရင်လည်း အပြီးအိပ်ခိုင်းလိုက်မှာစိုးတာနဲ့ အိမ်မှာပဲဂရုစိုက်ပြုစုပေးလာ တာအခုတော့ အိပ်ရာ က လုံးဝမထနိုင်တော့ဘူး။ အစာကိုလည်း ကျွန်မခွံ့ကျွေးမှစားနိုင် တော့တဲ့အခြအနေဖြစ်လာတော့ အိပ်သား တစ်စုလုံး၊ စိတ်ထိခိုက်နာကျင်ရတော့တေယ် ပေါ့။ ခံစားနေရတာကိုလည်း မကြည့်ရက်လို့ သား ကိုရွှေစင် က "မာမီ သားဆေးရုံခေါ်သွား လိုက်တော့မယ်။ ခံစားနေရတာ သနားပါတယ်"နဲ့ စကားဆို လာပါတယ်။

မဖြစ်ပါဘူးသားရယ်။ ငရဲကြီးဦးမယ်နဲ့ ကျွန်မကတားပေါ့။ တစ်ခါသားငယ် အိန္ဒာ ကရောက်လာ တော့လည်းသူ့အစ်ကိုအတိုင်းသား "သားဆေးရုံခေါ်သွားလိုက်တော့မယ်မာမီ"နဲ့ သားနှစ်ယောက် စလုံးက အပေါ့အပါးလည်း ထမသွားနိုင်အောင် အိပ်ရာပေါ်မှာ ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေတဲ့ပါရှာ ကိုကြည့်ပြီး တကျီကျီပြောကြပေမဲ့ သူတို့ငရဲကြီးမှာစိုးလို့ ကျွန်မ က ခေါင်းခါမြဲခါနေ ပါတယ်။
သူအာရုံ ခံစားနိုင်လး။ မခံစားနိုင်လားလဲ မသိ။ ဒါပေမဲ့ ဘုရားရှင် လက်ထက်တော်က တရားနာကြားရတဲ့ ဖား သူငယ်လေး နာမလည်ပေမဲ့ တရားအသံရဲ့ သာယာတဲ့အာရုံကို ခံစားရင်း သေသွားတော့ နတ်သားဖြစ်တယ် ဆိုတဲ့အကြောင်းတွေးပြီး ပါရှာ့အနားမှာ ပရိတ်တရာများ မပြတ်ဖွင့် ထားပေးပြီး ကောင်းသော ဘ၀ကူးခြင်း ရရှိပါစေ၊ တိရိစ္ဆာန်ဘ၀ ကလွတ်မြောက်ပါစေဆိုတာလည်း ဆုတောင်းပေးရ ပါသေးတယ်။

ပြောရရင်တော့ ကျွန်မကိုရယ်ချင်စရာများ ဖြစ်မလားမသိ။ ပါရှာအိမ်ကိုရောက်လာ ကတည်းက ကျွန်မနောက် တကောက်ကောက်လိုက်နေတာ။ ကျွန်မမီးဖိုထဲရှိရင် သူလည်း ရှိအိပ်ခန်းထဲလာလည်း သူလည်း ပါ။ ကျွန်မအနားက မခွာ နေတတ်တာမို့ ကျွန်မ ဘုရား ရှိခိုးရင်လည်း သူကအမြဲဘေးမှာ လာဝပ်နေတတ်ပါတယ်။ ကျွန်မ၀တ်ပြုပြီးတာနဲ့ ပါရှာ ရှေ့လက်နှစချောင်းလေးကို ပူးပြီး ဘုရားကို ရှိခိုးပါ၏။ တရား ကိုရှိခိုးပါ၏။ သံဃာတော် အရှင်မြတ်များအား ရှိခိုးပါ၏။ ကျေးဇူးရှင်အပေါင်းကို ရှိခိုးပါ၏နဲ့ ကျွန်မက ရွတ်ပေးပြီး သူ့ကို ဦးသုံးကြိမ်ချစေပြီး နေ့စဉ်ဝတ်မပျက် ရှိခိုးခိုင်းပါတယ်။ ဒီကုသိုလ်တွေလည်း ရရှိပါ စေဆိုတာ လည်း ဆုတောင်းရသေးတယ်လေ။
ဒီလိုနဲ့ ပါရှာရဲ့အခြေအနေက ယိုယွင်းလာတာမြင်ရက်စရာတော်င မရှိတော့ပါဘူး။ စနေ၊ တနင်္ဂနွေ လာကြလေ့ ရှိတဲ့ ကျွန်မသားသမီး မိသားစုတွေ ရောက်လာတော့ ဂယ်ရီ က ပါရှာ့ အခြေအနေကိုကြည့်ပြီး "မာမီ... ဒီကောင် အခြေအနေ သိပ်ဆိုးနေပြီ။ ဆေးရုံကိုကျွန်တော် ယူ သွားမှဖြစ်မယ်"တဲ့။ အားလုံးက ကျွန်မ ငြင်းဦးမလား လို့ ၀ိုင်းအကဲခတ်နေကြပါတယ်။

ပါရှာ့ခေါင်းလေးပေါ် ကျွန်မလက်နှစ်ဖက်တင်ပြီး "တိရစ္ဆာန်ဘ၀က ကျွတ်လွတ်ပါစေ၊ ကောင်းရာ ဘုံဘ၀ ရောက်ရှိပါစေ"လို့ ဆုတောင်းပေးပြီး သူရဲ့ရှေ့လက်နှစ်ဖက် ပူးပြီး "ဘုရား၊ တရား၊ သံဃာရတနာ သုံးပါးကို နောက်ဆုံးအကြိမ် ပူဇော်ကန်တော့ပါ၏"လို့ဦးသုံးကြိမ် ချပေးရင်း မျက်ရည်ဖြိုင်ဖြိုင်ကျတော့ တာပဲ။ ပြီးတာနဲ့ ဂယ်ရီ့လက် ကို စောင်ပါးလေးနဲ့ ထုတ်ပြီး ပေးအပ်လိုက် ပါတယ်။
ဂယ်ရီကျောခိုင်း ထွက်သွားတာနဲ့ မိသားစုတစ်စုံတစ်ယောက် သေဆုံးသွားသလို ကျွန်မ သားသမီး အားလုံး ချုံးပွဲချငိုကြပါလေရော။ ကျွန်မလည်း သူတို့နဲ့အတူ ရောငိုပေါ့။ သံယောဇဉ်တွယ်ပြီ ဆိုရင် စွန့်လွတ်နိုင်ဖို့ တော်တော်ခက်ခဲလှပါတယ်။ တစ်နာရီလောက်ကြာတော့ ဂယ်ရီ ပြန်ရောက်လာပြီး သူလည်းစကားတစ်ခွန်းမှ မဆိုနိုင်ဘဲ ကျွန်မလက်ထဲပစ္စည်းတစ်ခု လာထည့်လေရဲ့။ ပါရှာ့ရဲ့ နာမည်၊ လိပ်စာနေရပ် ပါ ရေးထွင်းထားတဲ့ မှတ်ပုံတင် သတ္တုဆွဲပြားလေးနဲ့အတူ သူ ဆွဲထားတဲ့ သူ့ရဲ့ လည်ပတ် ကလေးပါပဲ။

ကျွန်မရင်မှာ ထိခိုက်နာကျင်မှုနဲ့အတူ မျက်ရည်တွေ သွန်ကျလာပါတော့တယ်။ သံသရာအတွက် ဘ၀ တစ်ခုတော့ ပြီးဆုံးသွားပြန်လေပြီ။ ရေစက်ရှိခဲ့လို့ ကျွန်မတို့မိသားစုထဲရောက်ရှိလာပြီး အားလုံး ကြည်နူးပျော်ရွှင်မှု ပေးခဲ့တဲ့ ပေးခဲ့တဲ့ သူနဲ့ပတ်သက်တဲ့ အဖြစ်အပျက် ကလေး တွေ က တော့မိသားစု အားလုံး ရဲ့ နှလုံးသားထဲမှာ ထာဝရရှင်သန်နေဦးမှာပဲလေ။
ဂယ်ရီက ပြန်ခါနီး မှာ ကျွန်မကို ဖက်ပြီးစိတ်ဖြေဖို့ နှစ်သိမ့်အားပေးပါတယ်။ သမီးကေသီကတော့ မကျေမနပ် နဲ့ စကားတစ်ခွန်း ဆိုလေရဲ့။
"မာမီ က မတရားဘူး။ သူ့သားတွေကျတော့ ငရဲကြီးမှာစိုးလို့ ပါရှာ့ကို ဆေးရုံမပို့စေရဘူးတဲ့။ သမီးယောက်ျား ကျတော့ ဆေး၇ုံ ခေါ်သွား မယ်ဆိုတာ မငြင်းဘူး"တဲ့။
"သြော်...သမီးရယ်၊ ဂယ်ရီက ဆရာဝန်၊ အသက်ပေါင်းများစွာကို ကယ်ထားတဲ့ကုသိုလ်တရားတွေ ရှိ တယ်လေ။ အခုထည့်လိုက်ရတာလည်း မမြင်ရက်စရာ နောက်ဆုံးအခြေအနေ ရောက်နေပြီမို့ သက်သောင့် သက်သာ ရှိပါစေ စေတနာနဲ့ ခေါင်းညိတ်လိုက်တာပါ"လို့ ရှင်းပြရပါသေးတယ်။ ဟုတ် လည်းဟုတ်ပါရဲ့။ ကျွန်မကလည်း သမီးပြောချင်စရာ မမျှမတဖြစ်သွားတာ မဟုတ်လားနော်။

ပါရှာ ဆုံးသွားလို့ ရင်ထဲမှာ ဟာကျန်ခဲ့ဆဲပဲ ရှိသေးတယ်။ နောက်ထပ် ပြဿနာ တစ်ခု က ပေါ်လာ ပြန် ပါရော။ တစ်နေ့မှာ အေးကြည်မရဲ့ သမီးလွင်လွင်ဆီက စာတစ်စောင်ရောက် လာပါတယ်။ "အမေ့မွေးစား သမီး ယောက်ျားနဲ့ကွဲပြီး ကိုယ်ဝန်ကြီးနဲ့ အိမ်ပြန်ရောက်လာတယ်" တဲ့။ အဲဒီစာ ရပြီး ကတည်း ကအေးကြည်မ မျက်နှာ မကြည်မလင် ဖြစ်တော့တာပဲ။ "မာမီ ကျွန်မ ပြန်ဦးမှ ဖြစ်မယ် ထင်တယ်"တဲ့။ မလာခင်တုန်း က နီးတဲ့ခရီး မဟုတ်လို့ နှစ်နှစ်လောက် နေနိုင်မှ စိတ်ဆုံးဖြတ်ပြီး လာခဲ့ဖို့ အတန်တန် သေချာအောင် ပြောထားခဲ့တာတော့ ဟုတ်ပါရဲ့။ ဒါပေမဲ့ မိသားစု အရေးဆို တော့ကျွန်မ မတားရက် ပါဘူး။ ပြန်လာဖို့ စီစဉ်ပေးမယ်ဆိုတာ မြန်မာပြည်ကို အကြောင်းပြန်လိုက် ပါတယ်။ သားရော သမီးကပါ "အမေ ပြန်ခဲ့ဖို့ မလိုဘူး"နဲ့ စာအတန်တန် ရေးကြပေမဲ့ အေးကြည် မဘ၀င်ကျပုံမရပါဘူး။

အစကတည်းက စေတနာနဲ့ လာကူပေးတာဖြစ်လို့ သူ့စိတ်ဆန္ဒအတိုင်း ဖြစ်ရအောင် တစ်လ အတွင်း ပြန်ဖို့ စီစဉ်ပေးလိုက်ပါတယ်။ ပြန်ရမယ်ဆိုတော့လည်း မျက်ရည်လည်ရွဲနဲ့ သူ့မှာ နှစ် အိမ်ထောင်ကြား ဗျာများနေလေရဲ့။ ဒီလိုနဲ့ မြန်မာပြည် ပြန်ရောက်သွားပါလေရော။
နောက်ပြီး နှစ်ပတ်လာက်ရှိတော့ တစ်ရက်တည်း ကျွန်မဆီ စာ ၆စောင်ရောက်လာပါတယ်။ အားလုံး အေးကြည်မ ဆီက ချည်းပါပဲ။ လက်ရေးအမျိုးစုံနဲ့ ရောက်လာတဲ့ စာတွေ က မြေးတွေ ကို ရေးခိုင်းတာရော၊ သားကိုရေးခိုင်းတာရော၊ ချွေးမရေးပေးတာရော စုံလို့။ အကြောင်းအရာ က တစ်ခု တည်းပါပဲ။ သူအမေရိကားကို ပြန်လာချင် လို့ ခေါ်စာကို အမြန်ဆုံးပို့ပါတဲ့။
ကျွန်မသမီး ကေသီကန်တော့လိုက်တဲ့ ငွေတွေ အားလုံးကိုလည်း သူတစ်ပြားတစ်ချပ်မှ မသုံးဘဲ မင်းကွန်းတောင်ရိုး က ဆရာတော်ဦးဝိစိတ္တ ကျောင်းကို သမီးကေသီတို့ မိသားစုနာမည်နဲ့ အလှူ ဖြတ်ပိုင်း လည်း စာနဲ့အတူ ပူးတွဲထည့်ပေးလိုက်ပါသေးတယ်။ ဒီတစ်ခါပြန်လာရင် သူ့စရိတ် နဲ့သူ လေယာဉ် လက်မှတ် ကအစ အားလုံးကျခံပြီး လာခဲ့မှာတဲ့လေ။

အေးကြည်မအဖြစ်က ရယ်လည်း ရယ်ရပါတယ်။ သူ့သမီးလွင်လွင် ရေးလာတဲ့စာထဲမှာ "မာမီ၊ အမေ့ကို အမြန်ပြန်ခေါ်ပါတဲ့။ တစ်သက်လုံး နေလာတဲ့ မန္တလေးမှာ အခုမှ ခြင်ကိုက်တယ်၊ ဖုန်ထူ တယ်၊ အိုက်တယ် လို့ ညည်းညူနေပြီး နေမ၀င်ခင် ခြင်ထောင်ထဲရောက်နေပြီတဲ့။ ကျွန်မတို့ကို လည်းညည်းတို့ ငါ့ ကိုမြန်မြန်သေအောင် သတ်နေတာလား။ ဟင်းချက်တာ ဆီတွေ များလို့တဲ့။ အမေရိကားမှာ ဘယ်သူမှ ဆီမစားဘူး။ ကျန်းမာအောင် အဆီတွေရှောင်ရမယ်တဲ့။ စေတနာနဲ့ ဆီပြန်ဟင်း ချက်ကျွေးမိတဲ့ ကျွန်မတို့ကို လည်း အဆူခံရသေးတယ် မာမီရယ်"တဲ့။

သူ့စာဖတ်ပြီး ကျွန်မမှာ ပြုံးလည်းပြုံးရ၊ စိတ်လည်းညစ်ရ၊ အမေရိကားနဲ့ မြန်မာပြည်ကို အေးကြည်မ စိတ်ထဲ မှာ စိတ်လိုတိုင်း ကောက်သွားလို့ရတဲ့ ပဲခူးနဲ့ရန်ကုန်လို့များ ထင်မှတ်နေလေ သလားမသိ။ စပွန်ဆာ တစ်ခု လုပ်ဖို့ စာရွက်စာတမ်း များစွာ၊ အာမခံအထောက်အထား များစွာ အတွက်ငွေကုန် အချိန်ကုန် အလုပ်ရှုပ်ရတဲ့ ဒုက္ခတွေ သူနားလည်အောင် ပြောပြဖို့ကလည်းအခက်။
ဒီနှစ်ထဲမှာတော့ ကျွန်မတို့ မိသားစုအတွက် အဆိုး အကောင်း၊ အပြောင်းအလဲတွေက တစ်ခုပြီး တစ်ခုပါပဲ။ အမေရိကားကိုရောက်လာပြီး မိသားစုစုံစုံလင်လင်နဲ့ တသိုက်တ၀န်းတစ်ခုတစည်း ရှိနေရာက အချိန်တန် အရွယ်ရောက်ကြတော့ ကိုယ့်ဘ၀ကိုယ် ကျောင်းဖို့အတွက် သိုက်မြုံက တစ်ယေက်ပြီး တစ်ယောက် ခွဲခွာသွားကြတာ သားအမိသုံးယောက်ပဲ ကျန်တော့တာနော်။ အိမ်ကို အမြဲတမ်း လုံခြုံမှု ကာကွယ်ပေး တဲ့ ခွေးကလေးပါရှာ အဖော်လည်း အခုအပြီးတိုင် ခွဲခွာသွားရပြီ။ အားကိုးအားထားရာ ယောက်ျားမားမား သားရွှေစင် တစ်ယောက်တည်း ရှိတာကလည်း အလုပ်တာ ၀န်အရအမေရိကန်ပြည်ထောင်စုတစ်ခုလုံးကို အခါမခပ် ခရီးထွက်နေရတာမို့ အိမ်မှာ ရှိတဲ့ရက်က ခပ်နည်းနည်း။

ဒီအထဲမှာ သားလျှောက်ထားဖူးတဲ့ အလုပ်တစ်ခုက အင်တာဗျူးတွေ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ထားပြီး လပေါင်းများ စွာ ကြာကာမှ သားကိုရွေးချယ်ကြောင်း အကြောင်းပြန်စာရောက်ရှိလာပါ တယ်။ အရေးပါတဲ့ ဌာနဖြစ်လို့ လုံခြုံရေးအတွက် ကိုယ်ရေးရာဇ၀င်စစ်တမ်းရယူရတာ မြန်မာပြည် အထိအောင် ဆက်သွယ်ရတာကြောင့် ခုလောက်ကြန့်ကြာသွားတာ စာရမှ ကျွန်မတို့လည်း နားလည်ရ၊ သဘောပေါက် ရတော့တယ်ပေါ့။ သားအတွက် ရှေ့ရေးအလားအလာ ကောင်းတဲ့ ရနိုင် ခဲမျှအလုပ်တစ်ခုမို့ တစ်နိုင်ငံလုံး က လျှောက်တာလူပေါင်း ထောင်သောင်းထဲက ရွေးချယ်ခြင်းခံရ အောင်အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့တဲ့ သား အတွက် မိသားစုအားလုံး ၀မ်းသာဂုဏ်ယူမဆုံးပါပဲ။
ကျွန်မ သားကိုရွှေစင် က စွန့်စားလိုစိတ်လည်း ရှိတယ်။ အရာရာကို စူးစမ်းလေ့လာလိုစိတ် ရှိတဲ့ အပြင် ခရီးသွားရတာ ကိုလည်း ၀ါသနာပါတော့ အခုရတဲ့ ကမ္ဘာအရပ်ရပ်၊ နိုင်ငံတကာကို ခြေဆန့် ရမယ့် Foreign Service နဲ့ အံကိုက်အဆင်ပြေသွားလေတယ်ပေါ့။ သူပထမဆုံး တာဝန်ပေးခံရတဲ့ တိုင်းပြည် ကလည်း ပြင်သစ်နိုင်ငံ မို့ ပါရီမြို့ကို သွားရမှာပါ။

တာဝန်ယူရတဲ့ အလုပ်သဘောတွေအပြင် ရောက်ရှိရာနိုင်ငံရဲ့ ဘာသာစကား တတ်ကျွမ်းဖို့လည်း လိုအပ်သေးတာတဲ့။ ယဉ်ကျေးမှုကအစ အလေ့အထတွေ အားလုံးကို နားလည်ဖို့ ၀ါရှင်တန်ရှိ ဌာနချုပ်မှာ သတင်းပို့ပြီး တာနဲ့ အဲဒီသင်တန်းတွေကို တက်ရမှာဖြစ်လို့ သွားရဖို့ရက်အမီ ပြင်ဆင် ရပါလေရော။
လက်ရှိ အလုပ်က ထွက်ဖို့ ကြိုတင်အကြောင်းကြားရတာကြောင့် တစ်ဖက်မှာလည်း အလုပ်အလွှဲ အပြောင်း လုပ်ရတာတွေနဲ့ သားခမျာ ပတ်ချာလည်နေပါတယ်။ ကျွန်မတို့အိမ်မှာ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေ ကြားထဲမှာ ပဲ နောက်ထပ်ကြီးကျယ်တဲ့ ဆုံးဖြတ်မှုတစ်ခုလုပ်ဖို့ အကြောင်းတစ် ခုကပေါ်လာပြန်ပါတယ်။
တစ်နေ့မှာ ရှီကာဂိုက သားကြီးခင်မောင်ဝင်းခန့်က ဖုန်းဆက်လာပါရော။ သူလက်ရှိတာဝန်ယူ လုပ်ကိုင်နေ တဲ့ ကုမ္ပဏီက တစ်တိုင်းပြည်လုံး စီးပွားရေးကပ်ဆိုက်နေတဲ့အထဲက ရုန်းမထွက်နိုင် ဘဲကျဆုံး သွား တာကြောင့် လုပ်သားပေါင်းများစွာ လျှော့ လိုက်ရတဲ့အပြင် ရှီကာဂိုမှာ ဆက်လက် ရည်တည်ဖို့ မဖြစ်နိုင်တော့ တာကြောင့် စက်ရုံကို တခြားပြည်နယ် ပြောင်းဖို့ တာဝန်ရှိလူကြီးတွေ ကဆုံးဖြတ်ကြ တယ်တဲ့။

"ဒါဖြင့် သားတို့ဘယ်လိုလုပ်မလဲ။ ကုမ္ပဏီနဲ့အတူ လိုက်ပြောင်းရမှာလား"လို့ ပူပူပင်ပင်ပြန်မေး မိပါတယ်။
ဒီတော့ မှ သားက အေးအေးဆေးဆေး ရှင်းပြလေရဲ့။ အကျပ်အတည်းကြုံလာရင် လွတ်မြောက်ဖို့ လမ်စ ရှာရမှာပဲ။ ဒါဟာ ကိုယ့်ရဲ့အရည်အသွေးကို စိန်ခေါ်ခြင်းဖြစ်လို့ သူ့အနေနဲ့ စွန့်စားကြည့် ပြီး ဒီအခွင့်ကောင်းကို ယူလိုက်ချင်တယ်။ မာမီဘယ်လို သဘောရလဲလို့ ကျွန်မရဲ့သဘောထားကို မေးပါတယ်။ ကျွန်မငယ်ငယ် ကလည်း ခပ်မိုက်မိုက်၊ သတ္တိရှိရှိနဲ့ အခါအခွင့်ကောင်းလာရင် ရအောင်ယူခဲ့ လို့ အောင်မြင်ရတာတွေ ရှိတာမို့ သားရဲ့ဆန္ဒကို ရာခိုင်နှုန်းပြည့် ထောက်ခံလိုက်ပါ တယ်။ အခါအခွင့် ဆိုတာ ကြုံကြိုက်တုန်း အမိဖမ်းနိုင်ပါမှ၊ အမြဲတမ်းကိုယ့်ရှေ့ ရောက်လာတတ်တာ မဟုတ်ဘူးနော်။

အကျပ်အတည်း ကြုံတဲ့အခါ စိတ်ဓာတ်မကျဖို့တော့ အရေးကြီးပါတယ်။ အကျပ်အတည်းက တစ်ဆစ်ချိုး လမ်းတွေပါပဲ။ အပေါ်လည်းရောက်နိုင်တယ်။ အောက်လည်းကျနိုင်တယ်။ ရှေ့လည်း တိုးနိုင်တယ်။ ကိုယ့် ဆုံးဖြတ်ချက်ပေါ် မူတည်တယ်ပေါ့။ အကျပ်အတည်းဆိုတာ တကယ့်လောကဓံ နဲ့နပန်းလုံးရခြင်း၊ မျက်နှာချင်း ရင်ဆိုင်လိုက်ရခြင်း မို့ ကိုယ့်ရဲ့အရည်အသွေး အစစ်ဆေးခံပွဲလို့ ပြောရင်လည်း ရပါတယ်။ ဒါကို ရအောင် ကျော်လွှားနိုင်ရင် ပိုပြီးစိတ်ဓာတ်ရင့်ကျက် ခိုင်မာမှု ရလာ နိုင်တာမို့ သတ္တိရှိရှိ နဲ့ ရင်ဆိုင်ရမဲ့ ပွဲကြီးပွဲကောင်း မျိုးပါပဲ။

သားလည်း ကုမ္ပဏီကို သန်းနဲ့ချီပေးပြီး ၀ယ်ယူရမှာမို့ တာဝန်ကြီးလေတယ်ပေါ့။ သူ့မှာ ရှိရှိသမျှ စုဆောင်းထား တဲ့ ငွေကြေးအပြင် လက်ရှိအိမ်ကိုပါ ထည့်ပြီး အရင်းအနှီးပြုရမှာပါ။ တစ်ခုခု တိမ်း ချော် သွားရင် သားတို့နေစရာအိမ်ထောင် ကျန်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရရှိလိုက်တဲ့ တန်ဖိုးမဖြတ် နိုင်တဲ့ အတွေ့အကြုံ နဲ့ ကိုယ့်မှာ ရှိထားပြီးသားပညာကို အထောက်အကူပြုပြီး ဘ၀ကို ပြန်စနိုင် သေးတာမို့ စွန့်စား ရကျိုးတော့ နပ်ပါတယ်လေ။
နိုင်ငံတော် အစိုးရကလည်း စီးပွားရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို အလေးပေးအထောက်အကူပြု ပါတယ်။ စက်ရုံတစ်ခု ပျက်သွားရင် အလုပ်လက်မဲ့များမယ်။ မှီခိုသူတွေဒုက္ခရောက်မယ်။ အူမ မတောင့်ရင် သီလ မစောင့်နိုင်ဘဲ မှုခင်းတွေများမယ်။ အားလုံးက ကွင်းဆက်တွေကို ဖြစ်နေတာ ကြောင့် စက်ရုံ တစ်ခု ဖြစ်တည်ရေးကူညီဖို့ ၀န်မလေးပါဘူး။ ဒါကြောင့် သားတို့လိုအပ်တဲ့ ငွေသန်း ပေါင်းများစွာကို ဆယ်နှစ် ဆပ်အနေနဲ့ အတိုးသက်သာစွာ ချေးပေးတဲ့အပြင် အခုလို စီးပွားရေး ကပ်အတွင်းမှာ သတ္တိရှိရှိ၊ လုပ်ငန်း တစ်ခု ထူထောင်မဲ့သားကို ပြည်နယ်ဘုရင်ခံ ကိုယ်တိုင်က ချီးကျူး ဂုဏ်ပြုပေးလိုက်ပါသေးတယ်။

ဒီနှစ်ကတော့ သားနှစ်ယောက်အတွက် မိခင်ဖြစ်တဲ့ ကျွန်မဂုဏ်တက်ရတဲ့နှစ်လို့ ဆိုရမယ်ထင်ပါ ရဲ့။ ဘ၀မှာ မထင်မှတ်တဲ့ အပြောင်းအလဲတွေက များစွာပါပဲနော်။ သားရွှေစင်ကသူ သွားရတော့ မယ်ဆိုတော့ ကျွန်မကို ထားခဲ့ရမှာ စိတ်မချလေဘူး။ သမီးသူဇာကလည်း အလုပ်နဲ့ နီးရာမှာ ပြောင်းနေဖို့ အိမ်က ရထားပြီးသား။ ကျွန်မအဖော်မရှိမှာစိုးလို့သာ မပြောင်းသေးဘဲ စောင့်နေပေး တာပါ။
"မာမီအိမ်ကြီး တစ်လုံးနဲ့ တစ်ယောက်တည်းနေလို့မဖြစ်ဘူး"ဆိုပြီး မောင်နှမအားလုံးကို ကျွန်မ မသိအောင် သားက သူမသွားခင်မှာ ကွန်ဖရင့်ခေါ်ပြီး ဆွေးနွေးကြလေရဲ့။ တစ်ယောက်တစ်မျိုး ထွက်လာတဲ့ အသံတွေက အစုံပါပဲ။ နောက်ဆုံးတော့ ကာယကံရှင်ကျွန်မရဲ့ဆန္ဒကို မေးဖို့ ဆုံးဖြတ် ကြတယ်တဲ့လေ။ သားသမီးတွေ ထဲက ကျွန်မနေလိုသူတစ်ယောက်ယောက်နဲ့ အမြဲအတူသွားနေမ လား၊ ဒါမှမဟုတ် မျှမျှ တတဖြစ်အောင် သားသမီးတွေ အားလုံးဆီမှာ တစ်လှည့်စီနေမလားလို့ ကျွန်မရဲ့ ဆန္ဒကို မေးပါတယ်။

"ဟင့်အင်း... ဘယ်သူ့ကိုမှ တာဝန်မပိစေချင်ဘူး။ ကိုယ့်ဟာကိုယ်ပဲ နေချင်တယ်"လို့ ကျွန်မဖြေ လိုက်ပါ တယ်။
"ဒါဆိုရင်တော့ ရပ်ကွက်ထဲက အိမ်မှာနေလို့ စိတ်ချရမှာ မဟုတ်ဘူး။ အစောင့်အရှောက် ရှိတဲ့ နေရာမျိုး မှ ဖြစ်မှာ"တဲ့လေ။
ဒီတိုင်းပြည်မှာ မိန်းမသားတွေကလည်း ယောက်ျားတွေနဲ့တန်းတူ ပညာသင်၊ လုပ်ငန်းခွင်မှာလည်း ခွဲခြားမှုမရှိဘဲ ပခုံးချင်းယှဉ်ပြီး ၀င်ငွေရှာ ရပ်တည်နိုင်ကြတာဖြစ်လို့ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်ထူ ကိုယ် ထနေကြသူတွေ အများအပြားရှိပါတယ်။ ငယ်ရွယ်သူ တစ်ကိုယ်ရေ သမားများရော ကျွန်မ လိုသားသမီး ကို တာဝန်မပိစေချင်သူ သက်ကြီးရွယ်အိုတွေလည်း ရှိကြတာမို့ အဲလို လူလွတ်တွေ အတွက်လုံခြုံမှုအပြည့်အ၀ စီစဉ်ထား တဲ့ စုပေါင်းအိမ်ရာတွေ ရှိသလို ငွေကြေးတတ်နိုင်သူ မိသား စုများအတွက်လည်း သီးခြားမြို့သေးသေးလေး တည်ပြီး ကိုယ်ပိုင်အစောင့်အရှောက်၊ ကိုယ်ပိုင် မြို့တော်ဝန်၊ ကိုယ်ပိုင်ရဲများနဲ့ ကိုယ်ပိုင်အိမ် မှာ လုံခြုံအေးချမ်းစွာ နေကြတာတွေလည်း ရှိပါ တယ်။

ကျွန်မအတွက် ကံကောင်းချက်ကတော့ သမီးကေသီအိမ်ထောင်မကျခင်က သူတစ်ယောက်တည်း တစ်ကိုယ်ရေ မို့ အစောင့်အရှောက် အခိုင်အလုံပါတဲ့ Bay Colony ဆိုတဲ့ ပင်လယ်ကမ်းခြေ အနီး က နေရာလေးမှာ အိမ်ခန်းတစ်ခု ၀ယ်ပြီးနေပါတယ်။ လက်ထပ်ပြီး ပြောင်း သွားတော့ ပြန်မရောင်း တော့ဘဲ ကျွန်မအသက်ကြီး တဲ့အခါ ငြိမ်းငြိမ်း ချမ်းချမ်း နေလိုတဲ့ အခါ နေရအောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ ဒီစပ်ကြားမှာ အိမ်ငှားတင်ထားခဲ့တယ်ပေါ့။
အခု ကျွန်မတစ်ယောက်တည်းနေလိုတယ်ဆိုတာနဲ့ တခြားမှာရှာစရာမလိုဘဲ သမီးကေသီက သူရဲ့အိမ်ငှားတွေ ကို နို့တစ်ပေးပြီး ဖယ်ခိုင်းပေးဖို့ စီစဉ်မယ်လို့ ဆိုလာပါတယ်။ သမီးကေသီက နေဖို့ အိမ်ပေးရင် သားကစောင့်ရှောက်ခ Maintenance ကျသင့်တာကို သူတာဝန်ယူမယ်လို့ ဆိုပါရော။

လုံခြုံအေးချမ်းစွာ နေရတယ်ဆိုပေမဲ့ အရာခပ်သိမ်းမှာ တန်ဖိုးဈေးနှုန်းက ကပ်ထားပြီသားလို တစ်ခါတည်း ပါပြီးသား ပါပဲ။ ၀ယ်ထားတဲ့ အိမ်ခန်းအတွက်က တခြား၊ Bay Colonyဂိတ်ဝမှာ လူအ ၀င်အထွက်စစ်ဆေးပြီး ကာယကံရှင် က ခွင့်ပြုတယ်ဆိုမှာ ပေးဝင်ခွင့်ပေးတာမျိုး အစောင့်အရှောက် အပြင် ၂၄နာရီ ကင်းလှည့်တဲ့ ရဲကားကလည်းရှိပြီးသား။ ၀ိုင်းထဲမှာတင် Club Houseကလေးခု။ ရေကူးကန်က လေးခု၊ တင်းနစ်ကုတ် က လေးခု ရှိထားတာမို့ ၀ါသနာပါရာ လုပ်စရာတွေ အများ အပြားရှိပါသေးတယ်။ စာကြည့်တိုက်နဲ့ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်စရာ အခန်းလည်း သုံးနိုင် ပါတယ်။

Club House မှာအခါအလိုက် ကပွဲတွေ၊ ဘရစ်ခ်ျကစားတာတွေနဲ့ စည်စည်ကားကားပါပဲ။ ၀ိုင်း အပြင် မထွက်ဘဲနဲ့ ကိုယ်လိုရာ လုပ်စရာတွေအများအပြား ရှိလို့လည်း အဆင်ပြေလေတယ်ပေါ့။ တစ်ဝိုင်းလုံးကို ပန်းပင်တွေ လှလှပပ စနစ်တကျ စိုက်ပျိုးထားတာမို့ အုပ်ချုပ်ရေးရုံးခန်းအပြင် စောင့်ရှောက်ရေး လုပ်သားတွေကလည်း အချိန်ပြည့် လှပသန့်ရှင်းရေး ဂရုစိုက်ထားတာကြောင့် အသုံးချစရာ အားလုံးအတွက် စောင့်ရှောက်ရေး အဖိုးအခကလည်း လစဉ် သီးခြားပေး၇တာ တနင့် တပိုးပါပဲ။

အမေက သီးသီးခြားခြားနေလိုတယ်ဆိုတာနဲ့ ဒီလို လှပထည်ဝါ လုံခြုံမှုပါတဲ့နေရာကောင်းတစ်ခု မှာတင့်တင့်တယ်တယ် ထားပေးမယ်ဆိုတဲ့ သမီးနဲ့ သားရဲ့စေတနာကို သိနားလည်ရတော့ ရင်မှာ ကြည်နူးမှုနဲ့ အတူ ကျေးဇူးတင်ရှိမဆုံးလည်း ဖြစ်ရပါတယ်။ ဒီလိုနဲ့ နေရေးထိုင်ရေးတွေ အသေအ ချာလျာ ထားစီစဉ်ပြီးတော့ သားသမီးတွေလည်း အမေ့အတွက် စိတ်လက်ပေါ့ပါးသွားကြလေ တယ်ထင်ပါရဲ့။

လက်ရှိအိမ် ကို ရောင်းချဖို့ နောက်တစ်ဆင့် စဉ်းစားရပြန်ပါရော။ ဒါကတော့ အချိန်ယူပြီး စဉ်းစားရမဲ့ကိစ္စပါ။ သား ကလည်း သွားရခါနီပြီမို့ အိမ်ဆေးသုတ်တဲ့ ကိစ္စကအစ သူနိုင်သလောက် တွေကို စီစဉ်ခန့်ခွဲနေ လိုက်သေးတယ်။ ကျွန်မကတော့ မထင်မှတ်ဘဲ ဆက်တိုက်ကြီး ဖြစ်လာတဲ့ အပြောင်းအလဲတွေကို ခံနိုင်ရည် ရှိစွာ ရင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် မနည်းကြီး ကြိုးစားပြင် ဆင်နေရတယ် ဆိုပါတော့။ ဒီရက်ထဲမှာ သူ့မောင်လေး ၀ါရှင်တန်သွားရတော့မယ် ဆိုတာနဲ့ သမီးယမင်းက ကာလီဖိုးနီးယား ကနေ ရောက် လာပါတယ်။ ပစ္စည်းတွေ သိမ်းနေရပြီဖြစ်တဲ့ သားရဲ့မျက်နှာကလေးက ညိုလို့။ ကျွန်မလည်း ကိုယ့်အခန်း ထဲမှာ ကျိတ်ပြီး သားမမြင်အောင် မျက်ရည်ကျပေါ့။ သားတကယ်ထွက်ခွာသွားရတဲ့ နေ့ကတော့ ကျွန်မနဲ့ အတူ ညီအစ်ကို မောင်နှ မအားလုံး လေယာဉ်ကွင်းမှာ ဘယ်သူမှ စိတ်ကိုတင်းမထားနိုင်ကြဘဲ ငိုပွဲကြီးဖြစ်တော့တာပဲ။

ဘ၀မှာ မိသားစုအတူနေကြရတဲ့ အချိန်က တန်ဖိုးအရှိဆုံးပါပဲ။ ငယ်ရွယ်စဉ်မှာသာ ကိုယ့်မျက်စိ အောက်မှာ ထားနိုင်တာနော်။ အရွယ်ရောက်လာရင် သူ့ဘ၀သူ လျှောက်ကြရတော့မှာလေ။ သူတို့ ဘ၀ ရဲ့အောင်မြင်ရေး၊ တိုးတက်ရေး၊ ကြီးပွားရေးအတွက် ဖြစ်လို့ ဘယ်လောက်ပဲဖြစ်ဖြစ် မတားသာဘဲ စွန့်လွှတ်နိုင် ဖို့ ကြိုးစားရတာ မိခင်ဘ၀မှာ အခက်ခဲဆုံးအရာပဲ ဖြစ်မယ်ထင်ပါရဲ့။
သား မရှိတော့ဘဲ အိမ်မှာ ကျွန်မတို့သားအမိနှစ်ယောက်တည်း ခြောက်ကပ်လို့ ဟာလာ ဟင်းလင်း ဖြစ်နေတဲ့သားအခန်းကို လှမ်းမြင်ရတိုင်း ကျွန်မရင်မှာလည်း နာကျင်လို့ မနေတတ် မထိုင် တတ် ဖြစ်နေတဲ့ ရက်တွေကို အလုပ်နဲ့ ကြိုးစားပြီး ဖြေဖျောက်နိုင်အောင် အစားထိုးရပါတယ်၊ ဒီလိုနဲ့ သားသွားပြီး လို့ တစ်ပတ်လောက်ပဲရှိသေးတဲ့ တစ်မနက်မှာ မြန်မာပြည်က ဦးမြလှိုင်ရဲ့ တူမလေး အေးအေးသန်း ဖုန်း ဆက်လာပါတယ်။ ဦးမြလှိုင် လည်ပင်းမှာအကျိတ်ကလေးတစ်ခု တွေ့လို့ ဆရာဝန်ပြတော့ ဓာတ်ခွဲ စမ်းသပ်ဖို့ လိုတာကြောင့် ဆေးရုံတင်လိုက်ရတယ်တဲ့။

ကျွန်မရင်ထဲမှာ မကောင်းလိုက်တာ။ ဒီသတင်းကို သားကိုဘယ်လို ပြောရမယ်မှန်းမသိဘူး။ ပြီးခဲ့ တဲ့နှစ်လလောက် တုန်းက ဦးမြလှိုင် နေမကောင်းဘူး၊ အစာကောင်းကောင်းမစားနိုင်ဘဲ အားသိပ် ပြီးနည်းနေ တယ် ဆိုတာနဲ့ သားကချက်ချင်း အားဆွေးတွေဝယ်ပို့၊ အာဟာရဖြစ်အောင် ကြက်ဆီ တွေ ၀ယ်ပို့နဲ့ ထထသွားသွားလုပ်နိုင်လာပြီဆိုတော့ သူ့အဖေနဲ့ ဖုန်းပြောသံ ကြားရသေးတယ်။
"ဖေဖေဘာမှ မစဉ်းစားနဲ့။ နေကောင်းဖို့ အရေးကြီးတယ်။ ဖေဖေလိုတာမှန်သမျှ သားလုပ်ပးမယ် ဘာမှမပူနဲ့"တဲ့။
အဖေနေကောင်းအောင် တာဝန်ယူချင်တဲ့သား၊ အခုသူကိုယ်တိုင် အလုပ်တာဝန်သစ်ကို ယူထားခါစ ဖြစ်လို့ ကျွန်မပြောမထွက် ဘဲ ဘာလုပ်ရမလဲ ဆိုတာစဉ်းစားနေဆဲ။ နောက်သုံးလေး ရက်မှာအေးအေးသန်းဆီက ဖုန်း တစ်ခု ထပ်ဝင်လာပြန်ရော။
"ဦးလေးမောင် က ဆေးရုံမှာ မနေချင်ဘူးဆိုပြီး ပြန်ဆင်းလာတယ်။ ဆရာဝန်က အဆုတ်ကင်ဆာ လို့ပြောတယ်" တဲ့။

အကျိုးအကြောင်း မသေချာသေးတာနဲ့ စောင့်နေခဲ့တာ။ အခု ရေရေရာရာသိရပြီဆိုတော့ သားကို အသိပေး ဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်ပြီး ပြောပြလိုက်ပါတယ်။ "သား ဘာလုပ်ချင်လဲပြော၊ မာမီအ ကုန် စီစဉ်ပေးမယ်"ဆိုတာလည်း သားစိတ်သက်သာအောင် ပြောပြအားပေးလိုက်ပါတယ်။
သားတော်တော်စိတ်ထိခိုက်သွားပုံရပါတယ်။ ခဏကြာတိတ်ဆိတ်ငြိမ်သက်သွားပြီးမှ အသံတုန် တုန်ယင်ယင် နဲ့ "ဖေဖေ့ ကို ဒီခေါ်ပြီး ကုမယ်မာမီ"တဲ့။
"အေး...ဒါဆိုရင် လည်း မာမီအစီအစဉ်တွေလုပ်လိုက်မယ်"လို့ ပြောတော့ "သားအဖေဖေ့ကို အနီးကပ်ပြုစုနိုင်အောင် အလုပ်ကထွက်ပြီး ဖလော်ရီဒါကို ပြန်လာခဲ့မယ်။ ဒီကျမှ အလုပ် တစ်ခုခု ပြန်ရှာမယ်" တဲ့။
ဖခင်တစ်ယောက်အပေါ် မှာ ထားရှိတဲ့မေတ္တာရဲ့ အတိမ်အနက်ကို ချက်ချင်းကျွန်မတိုင်းလိုက်နိုင် ပါတယ်။ "မေတ္တာ ဆိုတာ ပေတံနဲ့ တိုင်းလို့မရဘူး"လို့ ပြောကြပေမဲ့ ကိုယ်ချစ်မြတ်နိုးသူအတွက် ဘယ်လောက် အနစ်နာခံနိုင်လဲ။ အဲဒီအတိုင်းအတာနဲ့ တိုင်းကြည့်ရင်ထားရှိတဲ့ မေတ္တာရဲ့ ထုထည် ကိုသိနိုင်တာပါပဲနော်။

အခုလက်ရှိအလုပ်က ရွေးချယ်ကြောင်း အကြောင်းကြားစာရလာတော့ ကျွန်မက သူလုပ်နေဆဲ အလုပ်နဲ ကနှိုင်းယှဉ်ကြည့်ပြီးမှ ဆုံးဖြတ်ဖို့ ပြောပါတယ်။ ဘာလို့လဲဆိုရင် အလုပ်က ဘယ်လောက် ကောင်းကောင်း ကိုယ့်စရိုက်နဲ့ ကိုက်ညီမှ ပျော်စရာကောင်းမှာလေ။ လုပ်နေဆဲ အလုပ်ကလည်း အဆင်ပြေနေတာ။ အထက်အရာရှိတွေကလည်း သူ့ကို ချစ်ချစ်ခင်ခင် လေးလေးစားစားရှိ၊ တာဝန်အရ ခရီးထွက်ရရင်လည်း သူ့ရဲ့အတွင်းရေးမှူး အမျိုးသမီးက အားလုံးအဆင်သင့် စီစဉ် ထားပြီးသား။ ဘယ်နေ့ ဘယ်ရက် ဘယ်ကြို ဆိုတာ ပြောလိုက်ရုံ ပဲ။ တည်းဖို့ ဟိုတယ် အဆင် သင့်၊ ကားအဆင်သင့်၊ လေယာဉ်လက်မှတ် အဆင်သင့်။ သူကခရီးသွားဝါသနာ ပါတော့ အလုပ်က ပျော်စရာ ဖြစ်နေတာပါ။
အဲလိုအလုပ်ကိုစွန့်ပြီး ဒီအလုပ်လက်ခံခဲ့တာ သူတကယ်ကြိုက်နှစ်သက်လို့ ကြိုးစားရယူခဲ့တာပဲ။ အခုမှအဖေ့ အတွက် ကိုယ်နှစ်သက်လို့ ရွေးထားတဲ့ အလုပ်ကို စွန့်ဦးမှာဆိုတော့ သူ့ရဲ့ထား ရှိတဲ့ မေတ္တာ စေတနာကို ကျွန်မခန့်မှန်းလို့ရတယ်ပေါ့။ သားရဲ့စေတနာကို လေးစားမိပေမဲ့ ရုတ်ရက် စိတ်ခံစားချက်ကို ဦးစားပေးပြီး စဉ်းစားဆုံးဖြတ်ရင် မှားမှာစိုးတာကြောင့် "ဖေဖေလာဖို့ အစီအစဉ် တွေ အရင် လုပ်တာပေါ့ သားရယ်။ ပြီးမှအရေးကြီးတဲ့ ကိစ္စကို စဉ်းစားဆုံးဖြတ်ကြတာပေါ့"လို့ သူ့ကို နှစ်သိမ့် လိုက်ရပါတယ်။

တကယ်လည်းဦးမြလှိုင် ဆေးကုလာနိုင်ဖို့အတွက် သားကိုယ်စားကျွန်မစတင် လှုပ်ရှားရတယ် ပေါ့။ ဒီက မိတ်ဆွေရင်း ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့်တော့ အဆုတ်ကင်ဆာဆိုရင်တော့ မျှော်လင့်ချက် နည်းတယ် လို့ ပြောကြပါတယ်။ သားကတော့ ဇွဲမလျှော့ပါဘူး။ "ဘယ်လောက်ပဲ မျှော်လင့်ချက် နည်းနည်းဖေဖေ့ကို ဒီရောက်အောင် ခေါ် ကုမယ်။ ဖေဖေ့ရဲ့နောက်ဆုံးအချိန်မှ သားသမိးတွေနဲ့ ပြည့်ပြည့်စုံစုံ ရှိစေချင်တယ်" တဲ့။
ဒါကြောင့် ဦးမြလှိုင် ဆေးကုလာနိုင်ရေးအတွက် တူတော်သူ ဦးဝင်းနိုင်နဲ့ ဦးဝင်းငြိမ်း (ရွှေအမြုတေ) တို့ကို ရိုင်းပင်း ကူညီ စီစဉ်ပေးကြဖို့ တောင်းခံရပါတယ်။ သူတို့တစ်တွေကလည်း အရေးပေါ် ပြေးလွှား လှုပ်ရှားနေရတဲ့ အတွက် အချိန်ပေး စောင့်ရပြန်ပါရော။ သားကအကျိုးအကြောင်း သိချင် စိတ်စောပြီး မြန်မာပြည် ကို ဖုန်းဆက်တော့လည်း လိုင်းကမ၀င်၊ ကျွန်မ ကိုယ်တိုင်ကြိုးစားကြည့် တော့ လည်း ခေါ်လို့မရ။
နှစ်ရက်ဆက်ပြီး ကြိုးစားခေါ်တာ ဘယ်လိုမှ မရတဲ့အဆုံး ကြေးနန်းပို့လိုက်တာလည်း ဘာအကြောင်း မှ ပြန်မလာ။ စိတ်ထဲမှာ ကသိကအောက် ရှိနေဆဲ။ ၁၉၉၀ခုနှစ်၊ အောက်တိုဘာလ ၁၄ရက် မနက် အရုဏ်တက် မှာ ဖုန်းမြည်လာတော့ မြန်မာပြည်က ဖုန်းပဲဆိုတဲ့အတွေးနဲ့ ၀မ်းသာ အားရ ကောက်ကိုင်ပြီး ထူးလိုက်ပါတယ်။

"အန်တီခင်...ဦးလေးမောင် အခု သုံးနာရိက ဆုံးသွားပြီ"တဲ့။
မိုးမချုန်း ဘဲ ရုတ်တရက်မိုးကြိုးပစ်ခံလိုက်ရတဲ့အတိုင်းပါပဲ။ စောစောက ၀မ်းသာတဲ့စိတ်ကလေး အစိတ်စိတ် အမြွှာမြွှာ ကြွေလွင့်သွားပါတော့တယ်။
"ဒီသတင်းဆိုး ကို မကြာခင်အဖေရောက်လာတော့မယ်လို့ မျှော်လင့်ထင်မှတ်နေတဲ့ ကျွန်မ သားကို ဘယ်လို ပြောရပါ့"
သားခံစားနေရ မဲ့ နှလုံးသား ဝေဒနာကို စာနာကူးစက် ခံစားကြည့်ရင်း ကျွန်မနှလုံးသားတွေ ကြွေမွ သွားပါတော့ တယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, March 17, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၂)

ကိုယ်မှားလို့ သူများလက်ညှိုးထိုး ကဲ့ရဲ့တာက တစ်ပတ်နဲ့ ပြီးသွားနိုင်သေးတယ်။ ရင်ထဲ က နှလုံးသား အသံက ကဲ့ရဲ့ပြီဆိုရင် တစ်သက်စာ ခံရပြီမှတ်တော့ပါပဲ။ ကိုယ့်အမှားကို အမှားမှန်း သိပြီး ပြုပြင်ဖို့ နောက်ကျသွားတဲ့တိုင်အောင် ဖွင့်ဟ၀န်ခံ တောင်းပန်လိုက်ရရင် ရင်ရှင်းသွား စမြဲပါပဲ။
ဦးမြလှိုင် ကျွန်မအပေါ်မှာ မှားခဲ့တာတွေရှိသလို ကျွန်မအနေနဲ့လည်း လက်တွဲခဲ့ကြတဲ့ သက်တမ်း အတွင်းမာန်မာနထားပြီး ပြောမှားဆိုမှား၊ အတွေးမှားအမြင်မှားတွေနဲ့ မှားယွင်းမှု အမြောက် အမြား ရှိခဲ့မှာ သေချာပါတယ်။ ဒါကြောင့်...
"ပြောမှား ဆိုမှား ပြုမိမှားအားလုံးအတွက် ခင့်ကိုလည်း ခွင့်လွှတ်ပါလို့"ကျွန်မလက်အုပ်ချီ ကန်တော့ ရင်း ဦးမြလှိုင်ကို တောင်းပန်လိုက်ပါတယ်။
ဘ၀ ဆိုတာ ဆုပ်ကိုင်ထားခြင်းနဲ့ စွန့်လွတ်ခြင်းကြားမှာ ဖြစ်တည်နေကြတာပါပဲလေ။
ကို ဆက်ဖတ်ရန် .....

အပိုင်း (၅၄)
Yiddish စကားပုံတစ်ခုက "Mensh Tracht Gott Lacht" တဲ့။ အဓိပ္ပာယ်က "လူတွေက ကြံစည်တယ်။ စိတ်ကူး တယ်၊ ပြင်ဆင်တယ်၊ ဘုရားသခင်က ရယ်တယ်"တဲ့။
ဟုတ်ပါရဲ့။ ကိုဝင်းဦးမြန်မာပြည် ပြန်ခါနီးမှာ ကျွန်မကို ဖုန်းခေါ်ပြီး နှုတ်ဆက်တော့ သူက စိတ်ကူးယဉ်စွာနဲ့ ဒီဇင်ဘာလ ကျရင် လန်ဒန်ကို ဆေးစစ်ဖို့ ပြန်လာရဦးမှာ။ လန်ဒန်ကအ ပြန်အမေရိကား ၀င်မယ်နဲ့ အစီ အစဉ်တွေ သေသေချာချာ ဆွဲလို့။ ကယ်လီဖိုးနီးယား မြန်မာအသင်းက ရန်ပုံငွေပွဲအတွက် ဖိတ်ထားတာ လည်း တစ်ခါတည်း သွားလိုက်မယ်ပေါ့။
နောက်ပြီး စန္ဒာမဂ္ဂဇင်းမှာ ကျွန်မလစဉ် ပင်တိုင်ရေးခဲ့တဲ့ ဆောင်းပါးတွေ စုပေါင်းပြီး စာအုပ် အဖြစ် ထုတ်ချင် လို့ သူ့ကိုထုတ်ဝေခွင့်လွှဲစာ ရေးပေးလိုက်ပါဆိုတာနဲ့ ရေးပေးလိုက်ရပါ သေးတယ်။ သူပြန်သွားပြီး ကျန်းကျန်း မာမာမှာ ရှိရဲ့လား စိတ်ပူလို့ ဖုန်းဆက်မေးတဲ့အခါ သူနေကောင်းကြောင်းတွေ ပြောလိုက်တာမှ ရွှန်းရွှန်း ကို ဝေလို့။

ဒါပေမဲ့ ကျွန်မကြားသိရတဲ့ သတင်းတွေက တစ်မျိုးဖြစ်နေလေရဲ့။ မန္တလေးကမင်္ဂလာ ဆောင်တစ်ခုမှာ သီချင်းသွား ဆိုပေးရင်း အရက်တွေ အလွန်အကျွံသောက် လို့တဲ့။ ရန်ကုန် ပြန်ရောက်တော့ နေမကောင်း ဘူး ဆိုတာ ကြားရပါရော။ ကိုယ့်မောင်ငယ်တစ်ယောက်လို ချစ်ခင်တာ မို့ မပေဖို့၊ မတေဖို့၊ အရက်မသောက် ဖို့တွေ ကျွန်မစာရေးပြီး သတိပေးပါ တယ်။ သူ့စာတစ်စောင်ထဲမှာတော့ ကျန်းမာရေးကောင်းအောင် လေ့ကျင့်ခန်း ယူတဲ့အနေ နဲ့စက်ဘီးထွက်စီးနေတာက တစ်နေ့ကိုဘယ်နှမိုင် ဆိုလား ပါပဲ။
တစ်ခါကျ တိုက်ဖွိုက်လို အဖျားဝင်ပြီး နေမကောင်းလို့ ဆရာဝန်ပြရကြောင်း၊ သက်သာ သွားပြီဆိုတဲ့ အကြောင်း ဖုန်းဆက်ပြောလာပါတယ်။ အဲဒီအချိန်တုန်းက တယ်လီဖုန်းက သုံးမိနစ်ပဲပြောခွင့်ပြုတာမို့ အသေးစိတ် လည်း မမေးလိုက်နိုင်ဘဲ သူပြောသမျှနားထောင် ရင်းနဲ့ပြီးသွားတော့တယ်။ ဘာပဲဖြစ်ဖြစ် မကြာခင်မှာ ဒီဇင်ဘာလကို ရောက်တော့မှာမို့ လန်ဒန်ကိုဆေးစစ်ပြန်သွားလိုက်ရင် အဆင်ပြေသွား မှာပဲလို့ အားခဲပြီးရက်တွက်ရင်း အား တက်မိတာပေါ့။
ဒီလိုနဲ့ ဒီဇင်ဘာလ ထဲ ရောက်လာပါရော။ ဘယ်နေ့လန်ဒန်သွားဖြစ်မလဲ စိတ်စောနေဆဲ မှာမန္တလေးက ကျွန်မ ရဲ့သူငယ်ချင်း လှလှမြင့် ဖုန်းဆက်လာပါတယ်။

"ဟေ့... ခင်၊ မင်းသိပြီးပြီလား။ အခုပဲ သတင်းကြေညာသွားတယ်။ ရုပ်ရှင်မင်းသားကိုဝင်းဦး ကွယ်လွန် သွားပြီ"တဲ့။
"သြော်...လူတွေက ကြံစည်တယ်။ စိတ်ကူးတယ်။ ဘုရားသခင်က ရယ်တယ်"ဆိုတာ ဟုတ်မှန် လိုက်လေခြင်း။ ကျွန်မတို့ ဗုဒ္ဓမြတ်စွာ ရှင်တော်ဘုရားကလည်း မမြဲသောအစိုးမ ရခြင်းတရားကို အဓိက ထား ဟောကြား ခဲ့တာမို့ ကျွန်မ မျက်ရည်ဖြိုင်ဖြိုင်ကျရပါတယ်။ ရင်ထဲမှာ ဆို့နစ်နာကျင်တဲ့ ခံစားရမှု ကလည်း မခံရပ်နိုင်အောင် ပြင်းပြလွန်းတာကြောင့် အိပ်ရာပေါ်မှာသွားခွေရင်း မျက်ရည်မိုးစွေရပါတယ်။
"သွားလေပြီ။ မြန်မာပြည်ရဲ့ သူမတူအောင် ထူးခြားစွာ ထွန်းတောက်ခဲ့တဲ့ ကြယ်တစ်ပွင့်"

ရင်နာခြင်းနဲ့အတူ ယူကျုံးမရနှမြောတသမှုကလည်း ပြောမပြနိုင်အောင်ပါပဲ။ ကိုယ့်စိတ် ကိုမနည်း တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပြန်ထိန်းသိမ်းနိုင်တဲ့ အခြေရောက်မှ ကိုဝင်းဦးအစ် မတင်တင်ဦး ဆီကိုရော၊ ကိုဝင်းဦး ရဲ့ သက်ထားအိုင်းရင်းတင်လှ ဆီကိုပါ ဖုန်းဆက်ပြီး အကျိုး အကြောင်းမေးရပါတယ်။ ဖုန်းပေါ် မှာ ပြောကြရင်း လည်း အတူရောပြီးငိုကြပေါ့။ ကိုဝင်းဦးကို ချစ်ခင်လေးစားမြတ်နိုး တွယ်တာကြသူ အားလုံး နှလုံးသားကြွေမတတ် ၀မ်းနည်းထိခိုက်ရတာ ကျွန်မတို့တင်မကဘူး၊ မြန်မာတစ်ပြည်လုံး သူရဲ့ပရိသတ် မှန်သမျှ ထိခိုက်ခံစားကြရမျာပါပဲ။

ကိုဝင်းဦး လူ့လောကထဲက ကွယ်ပျောက်သွားတာ မှန်ပေမဲ့ သူ့ကိုတန်ဖိုးထား လေးစား ကြသူတိုင်း ရဲ့ နှလုံးသားထဲမှာတော့ ရှင်သန်နေဆဲ ဖြစ်မှာပါ။ လူတစ်ယောက် တကယ်သေ သွားတယ်ဆိုတာ အဲဒီလူကို ဘယ်လိုမှ လည်း သတိမရတော့ဘူး၊ အခါအခွင့် တိုက်ဆိုင် လို့သတိရတယ်ဆိုရင်လည်း သူနဲ့ပတ်သက်တဲ့ ခံစားချက်ကိုယ့်မှာ မကျန်တော့ဘူးဆိုရင် အဲဒီလူက အသက်ရှင်နေသေးတဲ့တိုင်အောင် ကိုယ့် အတွက် သေသူတစ်ဦးလို့ သတ်မှတ် လို့ရပါတယ်။
ကိုယ့်ရင်ထဲ မှာ အမြဲတမ်းရှိနေမယ်၊ သူနဲ့ပတ်သက်သမျှတွေလည်း အမှတ်တရအနေနဲ့ တန်ဖိုးထားနေမြဲ ဆိုရင်အဲဒီလူဟာ ရှင်သန်ဆဲလို့ ပြောလို့ရမယ်ထင်ပါရဲ့။ နှလုံးသားရဲ့ ခံစားချက်ဆိုတာ မိမိကိုယ်ပိုင် ပစ္စည်းပဲ။ ရှင်သေမင်းကလည်း ဆွဲထုတ်သွားလို့မ ရဘူး။ အချိန်ကာလ လည်း ပြောင်းလဲ သွားအောင် ပြုပြင်လို့မရပါဘူး။ ဒါကြောင့်ပြည့်သူချစ်တဲ့ ကိုဝင်ဦးဟာ ပြည်သူရဲ့ရင်ထဲမှာ ရှင်သန်နေဆဲ အနေနဲ့ မြန်မာပြည်ထောင်စုရဲ့ ကြယ်တစ် ပွင့်အဖြစ်ကာလကြာမြင့် စွာ တောက်ပနေ လိမ့်ဦးမယ်လို့ တွေးရင်း ကြိုးစားပြီးစိတ်ကိုဖြေရ ပါတယ်။

ကိုဝင်းဦးက သူရှိရှိ မရှိရှိ စန္ဒာမဂ္ဂဇင်းကို ဆောင်းပါးမှန်မှန်ပို့ပါ မှာထားခဲ့တဲ့ စကားကြောင့် သူ့စကား ကို လေးစားသောအားဖြင့် စာမူအချိန်မီပို့နိုင်အောင် ကြိုးစားရေးရတယ်ပေါ့။ စန္ဒာမဂ္ဂဇင်းကို ကိုဝင်းဦး ရဲ့ အရင်းနှီးဆုံး ရေးဖော်ရေးဖက် မိတ်ဆွေဆရာမြသန်းတင့်က တာဝန်ယူပြီး အိုင်ရင်းတင်လှက အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူ ဆက်လက် ထုတ်ဝေပါ တယ်။
ဒီလိုနဲ့ ကိုယ့်နှလုံးသားမှာ ထပ်ခါတလဲရနေတဲ့ ဒဏ်ရာတွေကို တရားရေအေးနဲ့ ကြိုးစား ပြီးကုရတယ်ပေါ့။ ဗုဒ္ဓဘာသာ အသင်းတစ်ခု ဖွဲ့ထားပြီး ဘုန်းကြီးကျောင်း ဖြစ်မြောက်ရေး ကိုလှုပ်ရှားနေခဲ့တာ တစ်နှစ်နီးပါး ရှိပါပြီ။ တခြားပြည်နယ်တွေမှာ တဖြည်းဖြည်းနဲ့ကြိုးစား ပြီးမြန်မာဗုဒ္ဓဘာသာကျောင်း တည်ထောင်ကြတာ ခုဆိုရင် ဆန်ဖရန်စစ္စကို မှာ နှစ်ကျောင်း၊ အယ်လ်အေမှာ သုံးကျောင်း၊ နယူးယောက်မှာ တစ်ကျောင်း၊ ၀ါရှင်တန် မှာတစ်ကျောင်း၊ ရှီကာဂိုမှာတစ်ကျောင်း၊ နက်ရှ်ဗေးလ်မှာတစ်ကျောင်း စုစုပေါင်း ကိုးကျောင်းတောင် ရှိနေပြီဆိုတော့ ကျွန်မတို့လည်း အားကျပြီး ဖလော်ရီဒါမှာ တစ်ကျောင်း မဖြစ်မနေရအောင် ကြိုးစားကြမယ်လို့ဆုံးဖြတ်ကြပါတယ်။

ပြောလို့သာ ပြောရတာ။ ဖလော်ရီဒါမှာ မြန်မာဦးရေက နည်းရတဲ့အထဲ ဗုဒ္ဓဘာသာမြန်မာ ကလည်း ခပ်ရှားရှား။ အပြေးအလွှား ရေတွက်မှာဆယ်ဦးလောက်ပဲ ရှိတာပါ။ ခုချိန်မှာတော့ အရေအတွက်ထက် အရည်အချင်း ကိုပဲ အားထားရပါတော့တယ်။ ကျောင်းဖြစ်မြောက်ရေး အလှူငွေကို တတ်နိုင်သလောက် လည်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကြတဲ့အပြင် တခြားပြည် နယ်တွေကနီးစပ်ရာ မိတ်ဆွေတွေဆီကိုလည်း လှမ်းအလှူခံ ရတာ ရာဂဏန်းက ထောင်ဂ ဏန်းဖြစ်လာတယ်ပေါ့။
မြန်မာပြည်မှာ ကျောင်းတစ်ကျောင်း ဆောက်လှူတယ် ဆိုရင်အများအားဖြင့်က မိသားစု တစ်စု အနေနဲ့ ငွေကြေးချမ်းသာတတ်နိုင်သူများက တာဝန်ယူလိုက်ကြတာ များပါတယ်။ ကျောင်းပြီး ရင် ကျောင်းထိုင် မဲ့ ဆရာတော် ကို ရေစက်ချလှူလိုက် တာနဲ့ ကိစ္စကပြတ်ရော လေ။

ဒီမှာတော့ အဲဒီလို တစ်ဦးတစ်ယောက်အနေနဲ့ လှူနိုင်သူ မရှိပါဘူး။ ကုန်ကျရတဲ့ ငွေကြေးတင်မကသေးဘူး။ ဥပဒေ စည်းကမ်းချက်တွေ လည်းများပါတယ်။ သာသနာရေး အဆောက်အအုံခွင့်ပြုတဲ့ ဇုန်နေရာ လည်း ဖြစ်ပါဦး မှ။
လာကြတဲ့ ပရိသတ်ကလည်း တစ်အိမ်ထောင် ကားတစ်စီးနှုန်းနဲ့ဖြစ်တော့ ပွဲတော်အခါမှာ ကားရပ် စရာနေရာပြည့်စုံအောင် ကျောင်းပရိဝုဏ်က ကျယ်ဝန်းပါဦးမှ စတဲ့လိုအပ်ချက်တွေ ကလည်းရှိပါသေးတယ်။ ဒါကြောင့် ကျွန်မတို့မှာ ထောင်ဂဏန်းလောက် နဲ့ ကျောင်းတစ် ကျောင်းဖြစ်အောင် အရာ မရောက် ဖြစ်နေပါတော့ တယ်။ မြန်မာသောင်းဂဏန်းလောက်က ပြည့်စုံလာရင် အဲဒီငွေကို တချို့ Downment အနေနဲ့ ပေးချေပြီး ဘဏ်တိုက်က နှစ်သုံး ဆယ်၊ ဒါမှမဟုတ် ဆယ့်ငါးနှစ် အရစ်ကျဆပ် စနစ် နဲ့ ငွေချေးပြီး ၀ယ်ကြရမှာပါ။

အဲဒီလိုဝယ်နိုင်ရင်တောင်မှ လစဉ်ကုန်ကျမဲ့စရိ ကာမိဖို့ ကျောင်းရန်ပုံငွေက လိုအပ်ပါသေး တယ်။ ကျောင်းထိုင်ပေး မဲ့ဆရာတော်အတွက် ဆွမ်း၊ ကွမ်း၊ ဆေးဝါးစတာတွေအပြင် အဓိက လိုအပ်ချက်က ကျန်းမာရေး အာမခံပါပဲ။ အနည်းဆုံး လူတစ်ယောက်အတွက် ဒေါ်လာနှစ်ရာ။ ဒါ့အပြင်ရေဖိုး၊ မီးဖိုး၊ အမှိုက်ကားဖိုး စတဲ့ စရိတ်နဲ့ ဘဏ်ကို ပြန်သွင်းရမဲ့ လစဉ်ကြေးပါ ရှိဦးမှာမို့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့အနေ နဲ့ တာဝန်ကြီးလှပါတယ်။
ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာများအုပ်စုထဲမှာ ကျောင်းဖြစ်မြောက်ရေးစိတ်အားအထက်သန် ဆုံးနဲ့လှုပ်ရှားသူ ကတော့ ဖလော်ရီဒါအနောက်ဘက်ကမ်းခြေ ဖို့ဒ်မာယာမှာနေ တဲ့ ဒေါက်တာတင်မျိုးသန်း နဲ့ ဒေါက်တာရီရီမြင့် တို့ ဇနီးမောင်နှံပါပဲ။ အပိုင် ၀ယ်နိုင်အောင် ငွေကြေးမပြည့်စုံသေး ခိုက် ကျောင်းထိုင်ပေးမဲ့ ဆရာတော်ဦးဝိမလ ကလည်း အဆင်သင့် ကြွလာတာနဲ့ ယာယီကျောင်းအဖြစ် အိမ်ငှားပြီး စကြမယ် လို့ ဆုံးဖြတ်ကြပါတယ်။

ကျောင်းနဲ့အပ်စပ်မဲ့နေရာ လိုက်ရှာကြတာ မြို့အနှံ့ပါပဲ။ ဖို့ဒ်မာယာဘက်က အေးအေး ချမ်းချမ်းရှိသလို အိမ်ဈေးမြေဈေးတွေကလည်း သက်သာတာကြောင့် လက်ရှိရထားတဲ့ငွေ နဲ့လည်းအဆင်ပြေနိုင်တယ်ပေါ့။ အဲဒီလိုရှာကြရင်းစိတ်ကြိုက်တစ်နေရာကို တွေ့ပါလေ ရော။ မြို့စွန်မှာမို့ လူနေရပ်ကွက်နဲ့ ဝေးတဲ့အပြင် တိတ်ဆိတ်ငြိမ်သက်နေတာ ဖြစ်လို့ ဘုန်းကြီးကျောင်းအတွက် အဆင်ပြေလှပါတယ်။ စမ်းချောင်း ကလေးကလည်း အိမ်ရဲ့ဘေး မှာတသွင်သွင်စီးဆင်းလို့၊ တကယ့်သာယာအေးချမ်းတဲ့ နေရာလေးပါပဲ။

ကျွန်မတို့အားလုံး သွားကြည့်ကြပြီး တစ်နှစ်စာချုပ်နဲ့ ငှားမယ်လို့အားလုံး သဘောတူ ဆုံးဖြတ် လိုက်ပါတယ်။ နေရာရပြီဆိုတာနဲ့ လိုအပ်မဲ့ပစ္စည်းတွေကို စာရင်းအရှည်ကြီးပြုစုပြီး အလှူခံလိုက်တော့ ဘယ်သူက စားပွဲ၊ ဘယ်သူက ကုလားထိုင်၊ ဘယ်သူက အိပ်ရာနဲ့ ၀ိုင်းပြီး တစ်ဦးစီက တာဝန်ယူပြီး လှူလိုက်ြ ကတာ ချက်ချင်းကို ဥုံဖွဆိုပြီး ဖန်ဆင်းလိုက်တဲ့ အတိုင်းတစ်ကျောင်းစာ လိုက်အပ်တဲ့ ပစ္စည်း ပြီးပြည့်စုံသွားတာ မို့ ကျွန်မမှာ သာဓုခေါ်ရင်း မုဒိတာပွားဝမ်းသာရပါတယ်။
ဆရာတော် ဦးဝိမလက "ဓမ္မသုခကျောင်"လို့ နာမည်ရွေးပေးပါတယ်။ ယာယီကျောင်း လေးလည်းရ၊ ပစ္စည်းပစ္စယ လည်း ပြည့်စုံပြီဆိုတော့ ကျောင်းဖွင့်ပွဲလေးလုပ်ကြမယ် ဆိုပြီး စီစဉ်ကြတယ်ပေါ့။ ဖလော်ရီဒါ မှာ ပထမဦးဆုံးအနေနဲ့ ယာယီပဲဖြစ်စေဦးတော့၊ ကိုယ့်ကျောင်းနဲ့ ကျောင်းထိုင်ပေးမဲ့ ဆရာတော် နဲ့ ပြည့်ပြည့်စုံစုံ ဖြစ်လာပြီ ဆိုတော့ ရင်ထဲမှာကြည်နူးပီတိဖြစ်ရတာလာကြတဲ့ မြန်မာတိုင်းမျက်နှာကို ကြည်ရွှင် ရွှန်းမြနေကြတာ ပါပဲ။

တစ်ယောက်တစ်မျိုးစီနဲ့ မြန်မာစားကောင်းသောက်ဖွယ်တွေ ချက်ပြီးယူလာကြတာလည်း အမျိုးအမည် စုံပါပဲ။ စုပြီးဆရာတော်ကို ဆွမ်းကပ်ကြပါတယ်။ ဆရာတော်က မုံရွာဇာတိပါ။ မုံရွာ အပိုင်၊ ကျောက်ကာ မြောက်ရွာက ပါတဲ့။ ကိုးနှစ်သားကတည်းက သာသနာ့ဘောင် ၀င်လိုက်တာ ခုဆိုရင် သက်တော် ၅၃နှစ်၊ ၀ါတော် ၃၄၀ါရပါပြီ။ အမေရိကားကို သာသနာပြု ဖို့ကြွလာတာ လည်း လေးနှစ်ရှိပြီးဆိုတော့ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးရတဲ့ အမေရိကန် လူနေမှုစနစ် နဲ့လည်း ခေါက်ရိုးကျိုးနေပြီ မို့ ကပ္ပိယမရှိဘဲ တစ်ပါးတည်းလည်း နေတတ်နေပြီ ဆိုပါတော့။

ဆရာတော်က တရားဟောလည်း အလွန်ကောင်းပါတယ်။ သံနေသံထားနဲ့ အသံကလည်း အောင်မြင်ပါဘိ။ တရားနာရင်း ဒီလို ဆရာတော်မျိုး ကျွန်မတို့ ဖလော်ရီဒါပြည်နယ် ကျောင်း အတွက်ပင့်ဆောင်ခွင့်ရတာ ကံကောင်းလေစွ လို့ တွေးပြီး ကျေးဇူးတင်နေမိပါရဲ့။ အဲဒီနေ့ ကဘုန်းကြီးကျောင်းဖွင့်ပွဲမှာ ဦးမြလှိုင် တို့နဲ့လည်း ဆုံဖြစ်ပါသေးတယ်။ တစ်ဦးကို တစ်ဦး အတေးအမှတ်တွေ မရှိကြတော့ဘဲ ခွင့်လွတ်ပြီး သား ဖြစ်နေတာကြောင့် ကြည်ကြည်လင် လင်နဲ့စကားပြော ဆက်ဆံနိုင်ခဲ့ပါတယ်။

ဦးမြလှိုင် တို့လည်း အခုတော့အမေရိကားမှာ နေသားတကျဖြစ်နေပါပြီ။ သားရွှေစင်တစ် ယောက်ပဲအဖေနဲ့ အမေကြား မှာ ဗျာများပြီးပင်ပန်းနေရရှာတာ။ အမေကိုချစ်တော့ အမေကိုလည်း စောင့်ရှောက်ချင်၊ အဖေ ကိုလည်း လာနေတဲ့အခိုက် စိတ်ချမ်းသာအောင် ၀တ္တရားကျေချင်နဲ့ နှစ်အိမ့်တစ်အိမ် ကူးနေရတာ သူ့မှာ အားချိန် နားချိန်မရှိသလောက်ပါ ပဲ။ ကျွန်မလည်းသားကို သနားတာနဲ့ တတ်နိုင်သလောက်တော့ လိုအပ်တာ ရှိရင် ကူလုပ် ပေးလိုက်တာပါပဲ။
တစ်နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ရယ်စရာတစ်ခုလည်း ကြုံလိုက်ရပါသေးတယ်။

အဲဒီနေ့ ကမြန်မာအသင်းအမှုတောင် ရွေးကြရမယ့်နေ့။ ကျွန်မတို့လူကြီးပိုင်းက ဘယ်သူဘယ်ဝါ ဘယ်တာဝန် ဆိုတာတွေ လျာထားကြပြီးသားပါ။ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ ဦးမြလှိုင်ရဲ့ တူမလေး ကကယ်လီဖိုးနီးယား သွားမှာမို့ မာယာမီလေဆိပ်ကို လိုက်ပို့ပေးရမှာ။ သားရွှေစင်ကအလုပ်ချိန်မှာမို့ မပို့နိုင် တာကြောင့် ကျွန်မကကြားထဲက ပို့ပေးမယ်ဆိုပြီး တာဝန် ယူလိုက်ပါတယ်။ မာယာမီလေဆိပ်က အိမ်နဲ့ တစ်နာရိကျော်ကျော် မောင်းရမှာဆိုတော့ အသွားအပြန်ခရီးနဲ့ တွက်ပြီးအစည်းအဝေးကို နည်းနည်း အချိန်နောက်ကျမှ ရောက်မယ်။ ကျွန်မကိုမစောင့်ဘဲ စနှင့်ကြဆိုတာလည်း ကြိုပြောထားခဲ့တယ်ပေါ့။
ကျွန်မ ကား ဦးမြလှိုင်ရဲ့ အိမ်ရှေ့မှာရပ်လိုက်တော့ သေတ္တာတွေနဲ့အတူ ဦးမြလှိုင်နဲ့ ကလေးမ ထွက်စောင့်နေကြ ပါတယ်။ သယ်သွားမဲ့ သေတ္တာကလည်း ဧရာမအကြီးကြီး။ တစ်လုံး မဟုတ်သေး ဘူး နှစ်လုံးနော်။ သေတ္တာတွေကို ကား Trunkထဲထည့်ပြီးတာနဲ့ ကလေးမ ကားပေါ်တက်ဖို့ ရှေ့တံခါးကို လှမ်းဖွင့်ပေး လိုက်ပါတယ်။ ဦးမြလှိုင်က ၀င်ထိုင် လိုက်ပါလေရော။

ကျွန်မထင်ထားတာက ကလေးမတစ်ယောက်တည်း လေဆိပ်ကို လိုက်ပို့ပေးရမှာ။ ခုကျ ဦးမြလှိုင်ပါ လိုက်ပို့မဲ့သဘော ဖြစ်နေလေရဲ့။ မိန်းကလေးက သူ့ဟာသူတံခါးဖွင့်ပြီး နောက် ခန်းမှာဝင်ထိုင်ပါတယ်။ ကျွန်မ လည်း ဘာပြောရမှန်းမသိ၊ အူကြောင်ကြောင်နဲ့မောင်းထွက် ခဲ့ပါတယ်။ မာယာမီက မြို့ကြီးမို့ ဟိုင်းဝေးမောင်း ရတာ အလွန်အမင်းရှုပ်ထွေးတဲ့အပြင် ကားတွေကလည်း များလွန်းတာကြောင့် အန္တရာယ် ကင်းအောင် သူတို့ကိုစကားမပြောနိုင် ဘဲကိုယ့်ဟာကိုယ် အာရုံစိုက်ပြီး မောင်းနေရတယ်ပေါ့။

ဒီလိုနဲ့ လေဆိပ်ကိုရောက်သွားပါရော။ သွားရမဲ့ လေကြောင်းလိုင်းရှေ့မှာ ရပ်လိုက်ပါ တယ်။ အဲဒီ ကောင်တာထိမ၀င်ဘဲ ပလက်ဖောင်းပေါ်မှာအလွယ်တကူ Check in လုပ်လို့ရတာမို့ သေတ္တာတွေချ။ ဘယ်လို လုပ်ရမယ်ဆိုတာ ညွှန်ကြားပြောပြပြီး ကားရပ် ရမဲ့နေရာကိုသွားရပါသေးတယ်။ ကားထားခဲ့ပြီး လမ်းပြန်လျှောက် လာရတာ ဝေးတော့ မိနစ် နှစ်ဆယ်လောက် ကြာသွားတာမို့ ခုလောက်ဆို Check in လုပ်ပြီးလောက်ပြီ ထင်ထား တာ။
နှစ်ယောက်စလုံး သေတ္တာကြီးတွေနဲ့အတူ ရပ်လို့ ကျွန်မအလာကို စောင့်နေကြလေရဲ့။ သွားရ မယ့် လေယာဉ်ခရီးစဉ်က ဖျက်လိုက်လို့တဲ့။ ဒါနဲ့အဲဒီကောင်တာက သက်ဆိုင်ရာ ပုဂ္ဂိုလ်ကို တခြားဘယ်လေကြောင်းလိုက်က ခရီးသည်တွေယူသလဲ မေးကြည့်တော့ Easternက ယူတယ် ဆိုတာသိရပါတယ်။ Easternကောင်တာအထိ သွားရမှာကလည်း အဝေးကြီး။ လက်ခံတယ်ဆိုတာတောင် ခုံလွတ် ရှိသမျှပဲ ရမှာမို့ အကန့်အသတ်ကလည်း ရှိဦးမှာလေ။ အချိန်မီဦးအောင်ပြေးပြီး သတင်းပို့နိုင်ပါမှ ရမှာကြောင့် Eastern ကောင်တာ ကိုလိုက်ခဲ့ကြဆိုပြီး ကျွန်မပြေးရတယ်ပေါ့။

တော်ပါသေးရဲ့။ Eastern ကောင်တာရောက်တော့အမောတကော မေးကြည့်တာထိုင်ခုံ တစ်ခုံ ကျန်သေးတာ နဲ့ အဆင်ပြေသွားပါရော။ ဒါပေမဲ့လေယာဉ်ထွက်မှာက ည ၁၀နာရီ တဲ့။ ကြားထဲမှာ ငါးနာရီ စောင့်ပြီး စီးရမဲ့အဖြစ် ကြုံနေတာကြောင့် သွားလို၊ မသွားလိုဆန္ဒကို မေးဖို့ရှိသေးတာနဲ့ ကောင်တာက မိန်းကလေး ကို နာမည်ပေးထားခဲ့ပြီး လာခဲ့ရာလမ်းပြန် လှည့်ရပါတယ်။ ကျွန်မနောက်က ပါလာကြလိမ့်မယ် တွက်ထား တာ။ အခု ရှာကြည့်တော့ ဘယ်လိုမှရှာမတွေ့။
မာယာမီလေဆိပ်ကြီးကလည်း အပြည်ပြည်ဆိုင်ရာမို့ ဧရာမအကြီးကြီး။ ကျွန်မ တစ် ယောက်တည်း မာရသွန်ပြေးကျင့်နေတဲ့ အတိုင်းပါပဲ။ အသွားအပြန် ပြေးနေရတာ။ လေဆိပ်ကအပြန် အစည်းအဝေး ဆက်သွားဖို့ ကြံစည်ထားတာမို့ ၀တ်ကောင်းစားလှနဲ့ ဒေါက်မြင့်ဖိနပ်ကြီးကလည်း စီးထားလိုက်သေး တယ်။ ခုံမြင့်ဖိနပ်ကြီးနဲ့ ပြေးရတာ ချော်လဲ မှာစိုးပြီးသတိထားရတာကတစ်ဖက်၊ လူအုပ်ထဲဦးမြလှိုင်တို့ကို လွတ်သွားမှာ စိုးလို့ ပြူးပြူး ပျာပျာရှာကြည့်နေရတာက တစ်မျိုး၊ အချိန် နဲ့ ကောင်တာ ကို ပြန်ရောက်မလာလို့ ရထား တဲ့ထိုင်ခုံလွတ်သွားမှာလည်း စိုးရိမ်။

အင်း..၀ဋ်ကြွေးတွေမကုန်သေးပါလားလို့ ကိုယ့်ဟာကိုယ် စဉ်းစားရင်းလည်း ပြုံးမိပါရဲ့။ ဒီလိုနဲ့ လာလမ်းသာ ဆုံးရော၊ ဘယ်မှာမှရှာမရတာနဲ့ ဆန့်ကျင်ဘက် စင်္ကြံလမ်းကူးပြီး ရှာတော့ မှ ရှေ့ ခပ်လှမ်းလှမ်းမှာ သေတ္တာတွေဆွဲပြီး အေးအေးဆေးဆေး ဖြည်းဖြည်း လျှောက်နေကြတဲ့ တူဝရီးနှစ်ယောက် သား ကို လှမ်းမြင်တာနဲ့ အမီလိုက်ရပါတယ်။ ကျွန်မက အမေရိကား မှာ နေသားကျနေပြီဆိုတော့ ဘာမဆို အပြေးလုပ်တတ်နေပါပြီ။ ဒါကြောင့်သူတို့ သေတ္တာတွေပါကူဆွဲပြီး ခပ်သုတ်သုတ် လျှောက်ရတယ်ပေါ့။

အခုလေယာဉ်နဲ့လိုက်လိုရင် ငါးနာရီကြာ စောင့်စီးရမှာကိုလည်း ပြောပြလိုက်ပါတယ်။ ကလေးမက ရရာလေယာဉ် နဲ့ပဲ လိုက်ချင်တယ်ဆိုတာနဲ့ ကောင်တာအရောက်သွားလိုက် ပြီးသေတ္တာတွေ Check inလုပ်၊ ထိုင်ခုံ နံပါတ်ပါ ရပြီးကာမှ နားနေရာထိုင်ခုံတွေဆီ သွားပြီး ထိုင်ရင်း အမောဖြေရပါတယ်။ သူတို့ကိုကြိုခဲ့တုန်း က ညနေ သုံးနာရီ၊ လေယာဉ်က ညနေ ခြောက်နာရီကျော် ပြန်ရောက်မှာမို့ တက်ရောက် ရမဲ့ အစည်းအဝေးနဲ့ အံကိုက်ဆိုပြီး တွက်ထားတာ။ အခုမထင်မှတ်ဘဲ ခရီးစဉ်တွေ အလွဲလွဲ အချော်ချော် ဖြစ်ကုန်တော့ စိတ်မောရပါတယ်။

အများသုံး တယ်လီဖုန်းကနေ အကြွေစေ့တွေ ထည့်ပြီးကယ်လီဖိုးနီးယားက လာကြိုမဲ့သူ ဆီကိုလည်း အပြောင်း အလဲတွေ ဖြစ်ကြောင်း သတင်းပို့ပေးရ၊ အစည်းအဝေးကိုလည်း မတက်နိုင်တော့ကြောင်း ခေါ်ပြောရ၊ ဥက္ကဋ္ဌကြီး ဦးညွန့်ရှင်နဲ့ ပြောတော့အားလုံးက ကျွန်မ လာတဲ့အထိ စောင့်ကြမဲ့ အသင်းသားများကိုလည်း အားနာ၊ မအူမလည်နဲ့ ကလေးမ တစ်ယောက် တည်းလေဆိပ်မှာ ထားခဲ့ရဖို့အတွက်လည်း စိတ်မချနဲ့မို့ ရင်ထဲ မှာဘ၀င်မကျပေါ့။
နာရီကိုကြည့်လိုက်တော့ ခြောက်နာရီပဲ ရှိပါသေးတယ်။ လေယာဉ်ထွက်မဲ့အချိန်ထက် နာရီဝက်စောပြီး Board လုပ်မြဲမို့ ကြားထဲမှာသုံးနာရီခွဲအချိန်ကို ဘယ်လိုဖြုန်းရပါ့ စဉ်းစား နေရသေးတယ်။ ခရီးစဉ်တွေ အလွဲလွဲ အချော်ချော်ဖြစ်ကုန်တာကြောင့် ကလေးမကလည်း ၀မ်းနည်းအားငယ်သွားတယ် ထင်ပါရဲ့။ မျက်ရည်တွေကျ လို့။ ဦးမြလှိုင်က နှစ်သိမ့်ချော့ မော့နေတာနဲ့ ကျွန်မလည်း အနား မှာ နေရခက်တာနဲ့ကြောင့် လေဆိပ်ထဲက လက်ဆောင် ပစ္စည်းရောင်းတဲ့ ဆိုင်တွေဘက်လျှောက်ကြည့်ရင်း သွားမော့နေ လိုက်ပါတယ်။

စောင့်ရတဲ့အချိန်တွေက ကုန်ခဲတယ်ဆိုတာ အမှန်ပါပဲ။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လျှောက်ရင်းဝမ်းထဲ ဆာ လာပါတယ်။ ဦးမြလှိုင်တို့ကို သွားကြိုလာခဲ့တာလည်း သုံးနာရီ ကတည်းကဆိုတော့ သူတို့လည်း ညစာ စားခဲ့ရမှာမဟုတ်ဘူး။ ဒါနဲ့လေဆိပ်ထဲက စားသောက်ဆိုင်တစ်ခု ညစာကျွေးဖို့ သွားခေါ်လိုက်ပါတယ်။ ညစာစားပြီးတဲ့ အချိန်မှာ ကိုးနာရီ ထိုးခါနီးနေပြီဆိုတော့ အချိန်ကိုက်ဖြစ်သွားပြီး လေယာဉ်ထွက်မဲ့ ဂိတ်ဝ အထိ ကလေးမကို လိုက်ပို့လိုက်တယ်ပေါ့။
ခရီးသည်ခုံနံပါတ်စဉ်ခေါ်ဖို့ စောင့်နေရဆဲအများသုံး ဖုန်းကနေပြီး အသင်းအစည်းအဝေး ရှိရာကို ခဏနေ ထွက်လာတော့မဲ့ အကြောင်း သတင်းပို့ဖို့ ခေါ်လိုက်တော့ "ဘယ်လိုလဲ ဒေါ်ခင်ကြီး၊ ဦးမြလှိုင်ကို ကား တင်သွားတယ်ဆို" နဲ့ တစ်ဖက်က တဟားဟားရယ်သံနဲ့ အတူတယ်လီဖုန်း ထူးလေတော့ ကြောင် အမ်းအမ်းဖြစ်လို့။

ဒီမှာတော့ မာရသွန်ပြေးရ။ ဖုန်းဆက်ပေးရ၊ ညစာဝယ်ကျွေးရ ဗျာများရတဲ့ ဒုက္ခတွေကို ကိုယ့်ဟာကိုယ် အသိဆုံး ပါပဲ။ နောက်မှသိရတာက ဦးမြလှိုင် အချိန်နဲ့ ပြန်ရောက်မလာတော့ စိတ်ပူတဲ့ ဒေါ်အေးမြင့်က ကျွန်မ အိမ်ကို အကျိုးအကြောင်းဖုန်းဆက်မေးတယ်ပေါ့။ ဘာမှမသိတဲ့ သမီးသူဇာက "မာမီ မရှိဘူး၊ မြန်မာအသင်း အစည်းအဝေး ကိုသွားတယ်"လို့ ဖြေလိုက်ပါတယ်။
အစည်းအဝေး ရှိရာကို ဒေါ်အေးမြင့်က ဖုန်းဆက်ပြီး "ဒေါ်ခင်မ်ြကီးနဲ့ ဦးမြလှိုင်ရှိလား" မေးလိုက်တာကြောင့် ကျွန်မကိုဝိုင်း စ ချင်စရာသတင်း တစ်ခု ဖြစ်သွားရခြင်းပါပဲ။ ကျွန်မရဲ့ ဘွားလေးပြောနေကျ "ငါ့မြေး ခင်မကြီး လုပ်လိုက် ရင် အကြောင်းကြောင်းချည်းပဲ"ဆိုတဲ့ အတိုင်းပါပဲနော်။

ဒီလိုနဲ့ ဦးမြလှိုင်တို့လည်း ဖလော်ရီဒါမှာ တစ်နှစ်လောက်နေပြီး သမီးယမင်းနဲ့ နီးရာ ကယ်လီဖိုးနီးယား ကို ပြောင်းသွားကြပါတယ်။ အဲဒီအချိန် သားရွှေစင်လုပ်နေတဲ့ Bendix Aerospace ကလည်း ကင်စစ္စမြို့ကို ကုမ္ပဏီ တစ်ခုလုံး ပြောင်းရွှေ့ ဖို့ အစီအစဉ်တွေ ဖြစ်လာတာကြောင့် သာူးကမပြောလိုတာနဲ့ တခြား အလုပ်တစ်ခု ရှာလိုက်တော့ Siemens ကုမ္ပဏီမှာ အလွယ်တကူ ရလို့ အဆင်ပြေသွားပါတယ်။
အငယ်ဆုံးသား အိန္ဒာလည်း ဒီနှစ်ထဲမှာပဲ ကျောင်းပြီးလေတော့ အားလုံးသော သားသမီး တွေ အတွက် ကြောင့်ကြစရာ မရှိတော့ပါဘူး။ အိန္ဒာက ဆေးကုသမှု အာမခံကုမ္ပဏီကြီး တစ်ခုမှာ အလုပ် ရပါတယ်။ အလုပ်နဲ့အိမ်က အလှမ်းဝေးတာနဲ့ အလုပ်နဲ့နီးတဲ့ နေရာမှာ အိမ်ရှာပြီးပြောင်းသွားတော့ အိမ်မှာ ကျွန်မတို့ သားအမိသုံးယောက်ပဲ ကျန်ရစ်ခဲ့လေရဲ့။ အထွေးဆုံးသားမို့ ခွဲခွာခါစကတော့ သားကိုလွမ်းတဲ့ စိတ်နဲ့ မနေတတ်မထိုင်တတ်ပါပဲ။ ကိုယ့်ပညာ၊ ကိုယ့်အလုပ်အကိုင်၊ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ အခြေတကျဖြစ်သွားတာမို့ မိခင် တစ်ယောက်အနေနဲ့ ၀မ်းသာဂုဏ်ယူကျေနပ်ကြည်နူးတဲ့ စိတ်ကို အလေးပေးပြီး ဖြေ ယူရ တယ်ပေါ့။

ဘာလိုလိုနဲ့ ရက်တွေ လတွေကုန်လာလိုက်တာ ကျွန်မရဲ့မြေး "ခန့်စန္ဒီ"တောင် Terribe Two လို့ခေါ် တဲ့ ပြောရ ဆိုရခက်တဲ့ ဘာမဆိုစူးစမ်းချင်တဲ့ နှစ်နှစ်ကျော်အရွယ် ရောက်လာ ပါပြီ။ သူ့ကိုထိန်းပေးတဲ့ ကလေးမ က ပြင်သစ်အမျိုးသမီးမို့ သူလည်းပြင်သစ်လို ကောင်းကောင်းပြောတတ်နေပြီလေ။ မြေးအငယ် "ခန့်သိဟ" ကိုတော့ Mrs Neilဆိုတဲ့ အမေရိကန် အဘွားကြီးတစ်ယောက်က ထိန်းပေးပါတယ်။ သူ့တာဝန် နဲ့သူ အဆင်ချော နေရာက ပြင်သစ်မလေး ရွှန်တဲလ်က သူ့တိုင်းပြည်ကို ပြန်ရဖို့ ကိစ္စတစ်ခုပေါ်လပါရော။

Mrs Neilကလည်း မကြာခဏ ခါးနာတတ်သူမို့ ကလေးနှစ်ယောက်ကို သူတစ်ယောက် တည်းတာဝန် မယူနိုင်လေးဘူးပေါ့။ ဒီတော့ ကျွန်မတို့ နောက်ထပ်အဖော်တစ်ယောက်ရှာ ဖို့စဉ်းစား ရပါတယ်။ ပြင်သစ်မလေးနဲ့နေတော့ ပြင်းသစ်စကား တတ်သလို မြန်မာအဖော နဲ့နေရရင် ကျွန်မ မြေးမလေးတွေ မြန်မာစကားကောင်းကောင်း တတ်မှာပဲ ဆိုတဲ့ အတွေး နဲ့မြန်မာပြည်မှ ကျန်ခဲ့တဲ့ ကျွန်မ ရဲ့ မွေးစားသမီး "အေးကြည်မ"ကို အမေးရိကား နှစ်နှစ် လောက်လာနေပြီး ကူပေးမလားလို့ လှမ်းမေးရ ပါတယ်။

ပြောသာပြောရတာ။ အေးကြည်မက သူ့အိုးသူ့အိမ်၊ သူ့သားသမီး၊ သူ့ကိုယ်ပိုင် လုပ်ငန်း တွေ နဲ့ မြန်မာပြည်မှာ အခြေတကျ ကြီးပွားချမ်းသာနေသူပါ။ သူကသဘောတူ လက်ခံ ရင် တောင်ငွေကြေး အတွက် မဟုတ်ဘဲ ကျွန်မတို့မိသားစု လိုအပ်ချက်တွေကို ဖြည့် ဆည်းပေးလိုတဲ့ စေတနာသက်သက်နဲ့သာ လာမဲ့ သဘောရှိပါတယ်။ သူ့ဆီကို အကျိုးအ ကြောင်းစာရေးလိုက်တာနဲ့ လွယ်လွယ်ကူကူ လာမဲ့မယ် ဆိုတာ အကြောင်းပြန်လာပါလေ ရော။
ဒါပေမဲ့ သေချာအောင် သူ့ကိုဒီမှာ ရင်ဆိုင်ရမဲ့ ပြဿနာတွေကို အသေးစိတ်ရေးပြောရပါ သေးတယ်။ ဖလော်ရီဒါ မှာ မြန်မာတွေရှိတယ်ဆိုပေမဲ့ နေ့စဉ် မြန်မာပြည်မှာလို တွေ့ဆုံနေ ကြတာမဟုတ်ဘူး။ တစ်လမှ တစ်ကြိမ်၊ နှစ်ကြိမ် ဆုံဖြစ်ကြတာမျိုးမို့ ကိုယ့်မိသားစု ကလွဲ ပြီး မြန်မာစကားပြောစရာ မရှိတာကြောင့် ပျင်းနိုင်တာရော၊ မြန်မာပြည်နဲ့နီးနီးနားနားခရီး မဟုတ်တာကြောင့် တစ်လ တစ်ခါ၊ ခြောက်လ တစ်ခါ "မာမီရေ အိမ်လွမ်းတယ်၊ ပြန်လိုက်ဦး မယ်"ဆိုတာမျိုးလည်း မဖြစ်နိုင်လို့ တကယ်ခေတ္တ ခွဲနိုင်မှ လာခဲ့ဖို့ ရေးပြရပါတယ်။

အဲဒီတုန်းကတော့ လာချင်ဇောကသန်နေလို့ ကောင်းပြီကောင်းရဲ့ပါပဲ။ ဒါနဲ့အားလုံးသော စာရွက်စာတမ်းတွေ လုပ်ဖို့ရော၊ လေယာဉ်လက်မှတ်ပို့ဖိုရော စတင်လှုပ်ရှားပြီး ပို့လိုက် တယ်ပေါ့။ ကျွန်မသမီး "အေးကြည်မ"က အမေရိကားကို တစ်ယောက်တည်းသာ လာမှာ နော်။ အင်္ဂလိပ်စကား တစ်လုံး မှ မတတ်တဲ့အပြင် မြန်မာစာလည်း တစ်လုံးမှ မရေးတတ်၊ မဖတ်တတ်ပါဘူး။ သူ့လက်မှတ်ကိုတောင် ကြက်ခြေ ပဲ ခတ်တတ်တာမို့ ကျွန်မရဲ့ သူငယ် ချင်းလှလှမြင့် က နိုင်ငံကူး လက်မှတ် လျှောက်တာကအစ ပြည်ဝင်ခွင့် ဗီဇာရဖို့အဆုံး အကုန် လိုက်လုပ်ပေးရတဲ့အပြင် ကြက်ခြေခတ် နဲ့ နိုင်ငံကူးလက်မှတ် ထုတ်မရမှာကြောင့် "အေးကြည်"ဆိုတဲ့ သူ့နာမည်တစ်လုံးရေးတတ်ဖို့ တစ်ပတ်လောက် အိမ်ခေါ်ပြီး လေ့ကျင့်ပေး လိုက်ရသေးတာတဲ့လေ။

ဒီလိုနဲ့ သတ္တိကောင်းတဲ့ အေးကြည်မ လေယာဉ်သုံးတန် ပြောင်းစီးပြီး မန္တလေးကနေ ဖလော်ရီဒါ ကို ချောမောစွာ ရောက်ရှိလာလေရဲ့။ သူ့တစ်ယောက်တည်း စွမ်းဆောင်ချက် နဲ့တော့ မဟုတ်ပါ ဘူး။ ဒေါ်လှလှမြင့်ရဲ့သား ဒေါက်တာစိုးတင့်က ကတ်ပြားတစ်ခုမှာ စာရေး ပေးလိုက်ပါတယ်။ ကျွန်မ အင်္ဂလိပ်စကား မတတ်ပါ။ ကျွန်မကို ကူညီပါ လို့ အင်္ဂလိပ်လို ရေးပေးပြီး လေယာဉ်မယ်ကို ပြဖို့ မှာကြားလိုက် ပါတယ်။ လေယာဉ်မယ်များက ခရီးသည် များရဲ့လိုအပ်ချက်ကိုသိရင် လေးစားစွာနဲ့ လိုအပ် သမျှ အစအဆုံး ကူညီဖို့ ၀န်မလေးတတ် ကြပါဘူး။

အဲဒီနေ့က လေဆိပ်က သွားကြိုလာခဲ့တော့ လေယာဉ်မူးပြီး ကားပေါ်မှာ တဝေါ့ဝေါ့အန် လာတာ ကား တစ်စီးလုံး အံဖတ်နဲ့အပြည့် မနည်းဆေးကြောယူရပါတယ်။ ဒေါ်လှလှမြင့် ကကျွန်မအတွက်လက်ဆောင် ထည့်ပေးလိုက် တဲ့ ငွေထည်ပစ္စည်းတွေပါတဲ့ လက်ဆွဲအိတ် တစ်လုံးလည်း LAအထွက် Scan လုပ်တဲ့နေရာမှာ ပြန်ကောက်ခဲ့ဖို့ မေ့လာလို့ ပါမလာဘဲ ပျောက်ပါလေရော။ ဘာပဲဖြစ်ဖြစ် လူရောက် လာတာပဲ ကျေးဇူးတင်ပါသေးတယ်။ အိမ်ရောက် တော့ခရီးလည်းပန်း၊ လေယာဉ်မူးလာတဲ့အရှိန် မပြေသေး တာကြောင့် အစာ များများမစားနိုင်ဘဲ စွပ်ပြုတ်ပူပူတစ်ခွက် တိုက်ပြီး စောစောအိပ်ရာဝင်ခိုင်းရပါတယ်။

နောက်တစ်နေ့ မနက် ကျွန်မဘုရားရေတော်၊ ဆွမ်းတော်ကပ်ဖို့ မီးဖိုချောင်ထဲ မှာ ပြင်ဆင် နေဆဲ အနားရောက်လာနာနဲ့ "ဘယ်လိုလဲ အေးကြည်မ၊ ညက ကောင်းကောင်အိပ်ရရဲ့ လား"မေးတော့...
"ကျွန်တော် ညက တစ်ရေးမှ မအိပ်ရဘူးမာမီ။ ဒီအိမ်မှာသရဲရှိတာ မာမီမသိဘူးလား။ ကျွန်တော် တစ်ညလုံး ခေါင်းမြီးခြုံထားရတာ အပေါ့သွားချင်တာတောင် မထရဲ့လို့ မသွားရ ဘူး"တဲ့။
ဒီအိမ် မှာ ဆယ်နှစ်ကျော်နေလာတာ ဘာသံမှမကြားရပါဘဲနဲ့ အေးကြည်မရောက်မှ သရဲ ခြောက်တယ် ဆိုတော့ အံ့သြရပါတယ်။ နေပါဦး။ သရဲကဘယ်လိုခြောက်တာလဲ မေးကြည့် တော့...
"စက်ကြီး ကို လူမရှိဘဲနဲ့ ပိတ်ချည်ဖွင့်ချည် လုပ်နေတာ တစ်ညလုံးပဲ မာမီရဲ့"

"ဘာစက်ကြီးလဲ"
"ဟို လေအေးတွေ ထွက်တဲ့စက်လေ"
ဒီတော့မှ ကျွန်မရယ်မိတော့တယ်။ အဲဒါ သရဲခြောက်တာမဟုတ်ပါဘူး ဟယ်။ မီးပါဝါ သက်သာအောင် အလိုအလျောက် ဖွင့်ဖို့ ပိတ်ဖို့ အော်တိုမစ်တစ်ခလုတ်မှာ ဖွင့်ထားတာလို့ သူ့ကိုမနည်းရှင်းပြရပါတယ်။ တစ်ပတ်လောက်နေတော့ အေးကြည်မ လည်းအမေရိကားက စက်တွေနဲ့ တဖြည်းဖြည်း ယဉ်ပါးသွားလေရဲ့။ သမီးကေသီအိမ် ရောက်ပြီးတစ်လကျော်ကျော်လောက်ရှိတော့ တစ်နေ့ကျွန်မ ကားပေါ်ပါလာရင်း...
"မာမီ့ကား အဲကွန်းကလည်းမအေးဘူး။ ခလုတ်ကိုမြှင့်လိုက်ပါဦး။ ကျွန်တော်တို့အိမ်က ကားဆို တက်လိုက်တာ နဲ့ တစ်ခါတည်း အေးသွားတာ"တဲ့။
"ဟဲ့... ကားအမျိုးအစားကိုလည်း ထည့်ပြောပါဦး။ ဒီကားစီးရင် ဒါလောက်ပဲအေးနိုင်မယ် အမိ" လို့ပြောရပါတယ်။ အေးကြည်မက တစ်လနဲ့ လူလည်ကျ သွားတာအတွက် လည်း ပြုံး ရပါတယ်။ ဒီလိုနဲ့ အေးကြည်မလည်း အမေရိကားမှာ နေသားတကျရှိလာပါရော။ ကျွန်မ ရဲ့မြေး "ခန့်သီဟ" လည်း တစ်နှစ်သားအရွယ်ရောက်လာပြီဖို့ ငယ်ငယ်ကလောက် ကရိက ထမများတော့ပါဘူး။

ဒီအချိန်မှာ ခရီးသွားအလွန်ဝါသနာပါတဲ့ သမီးကေသီက ရောဂါထလာလေရဲ့။ တစ်ဦးစ နှစ်ဦးစမြန်မာပြည် ကို ပြန်ခွင့်ရတယ်ဆိုတဲ့ သတင်းကြားလာတာနဲ့ မြန်မာပြန်နဲ့ ထိုင်းနိုင် ငံကိုသွားလည်ဖို့ စဉ်းစားပါတော့ တယ်။ သူနဲ့ကျောင်းနေဖက်သူငယ်ချင်း မေရီကလည်း စိတ်တူကိုယ်တူမို့ သူတို့သားအမိလည်း လိုက်ကြမယ်ပေါ့။ အစီအစဉ်တွေလုပ်ပြီး မြန်မာသံရုံးကို ပြည်ဝင်ခွင့် ဗီဇာလျှောက်ဖို့ မေးကြည့်တော့ လူတိုင်းကို ပေးတာမဟုတ် ဘူး။ အရေးပေါ်ကိစ္စမျိုးနဲ့မှ ဗီဇာထုတ်ပေးကြောင်း သိရပါတယ်။

ဒါနဲ့မြန်မာပြည်အစား ထိုင်းနိုင်င့နဲ့ ဖိလစ်ပိုင်နိုင်ငံကို သွားလည်ဖို့ ရွေးချယ်ပြီး ၁၉၈၉ ခုနှစ်၊ သြဂုတ်လမှာ သမီးကေသီ နဲ့ ကျွန်မ ခရီးထွက်ဖြစ်ကြပါရော။ ဖြစ်ချင်တော့ကျွန်မ ခရီးမထွက်ခင် သုံးလေးရက်အလိုမှာ ဦးမြလှိုင် ရဲ့တူမ ဒေါက်တာခင်လက်ျာက UNမှာ အ လုပ်ရတာနဲ့ အမေရိကား ခေတ္တရောက်နေခိုက် သူရဲ့ ၀မ်းကွဲမောင် ညီမတွေကို လာတွေ့ ချင်လို့ဆိုပြီး ဖုန်းဆက်လာပါတယ်။ ကျွန်မ မရှိပေမဲ့ အိမ်မှာ သားရွှေစင်နဲ့ သမီးငယ်သူဇာ နှစ်ယောက်ရှိနေမှာမို့ လာခဲ့ဖို့ ပြောလိုက်ပါတယ်။ သားရွှေစင်ကလည်း သူ့အစ်မ ကို ပြန် တွေ့ရမှာမို့ ပျော်လို့ပေါ့။

ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်က ဥရောပနဲ့ မက္ကဆီကိုနိုင်ငံကို သွားခဲ့ရတဲ့ ခရီးထက် ပိုပျော်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်း အစားအသောက်မျိုးစုံကို ခံတွင်းတွေ့ကြတဲ့ အ ပြင်အရှေ့တိုင်း ယဉ်ကျေးမှု ကတည်း တူတာမို့ ကိုယ့်တိုင်းပြည်ကို ပြန်ရောက်နေတဲ့အ တိုင်းပါပဲ။ တန်ဖိုးကြီးမြဘုရား ကို ဖူးမြော်ခွင့် ကြုံရတဲ့နေ့ကဆို ကြည်နူးပီတိဖြစ်ရတာ ပြောမပြနိုင်အောင်ပါပဲ။ နောက်နေ့တွေမှာလည်း တန်ခိုးကြီး ဘုရားတွေကို မြန်မာမိတ်ဆွေ တစ်ဦးကတာဝန်ယူပြီး လိုက်ပို့ပေးတာနဲ့ ဘုရားတွေစုံအောင် ဖူးမြော်ခွင့် ရခဲ့ပါတယ်။

ရွှေစင်အတိပြီးတဲ့ဆင်းတုတော်ကြီး မြေကြီးထဲမြှုပ်ဝှက်ထားခဲ့ရတဲ့ ဘုရားရော၊ ဧရာမ လျောင်းတော်မူ ဆင်းတုတော်ကြီးရော ခုထက်ထိ စိတ်အာရုံမှာအမှတ်တရ ရှိနေဆဲပါပဲ။ Floating Marketခေါ်တဲ့ လှေတွေနဲ့ ကုန်တင်ပြီးရောင်းချ တဲ့ ရေပေါ်ဈေးကတည်း ပျော်စရာကြီး။ တစ်ခုဆိုးတာက မတန်တဆ ဈေးဆစ် ရတဲ့ကိစ္စပါပဲ။ ပိုက်ဆံအိတ်တစ်လုံး ကိုဘတ်ငွေ ၁၅၀၀ ဆိုတော့ ကျွန်မသမီးကေသီက ဘတ် ၁၀၀၀ဆစ်ပြီး တစ်ယောက် တစ် လုံးဝယ်လာခဲ့ပါတယ်။ ကိုယ့်ကိုယ့်တော့ ဟုတ်လှပြီထင်နေကြတာ ဟိုတယ်ရောက် လို့ မေရီက ဘတ် ၂၀၀နဲ့ ဆစ်ဝယ်လာတယ် ပြောပြမှ ကိုယ့်ညံ့တာသိရပါတော့တယ်။
ဘန်ကောက်မြို့မှာ တစ်ပတ်ကြာ နေဖြစ်တာမို့ ဘုရားတွေဖူးရတာအပြင်ဘုရင့် နန်းတော် တို့၊ ဂျင်သော်မဆင်ရဲ့ ပိုးထည်ဆိုင်နဲ့ ပြခန်းလုပ်ထားတဲ့အိမ်တို့ စုံအောင် လည်း ရောက် ဖြစ် တယ်ပေါ့။ ပြီးမှာဇင်းမယ်ကို ခရီးဆက်ကြပါတယ်။ ဇင်းမယ်ကိုရောက်တော့ ကျွန်မ မန္တလေးမြို့ ကို အရမ်းလွမ်းသွားတာပဲ။ ဇင်းမယ်နဲ့ မန္တလေး တော်တော်တူပါတယ်။

ဇင်းမယ်က ဆိုင်တိုင်းမှာ မြန်မာငွေချည်ထိုးတွေ၊ ယွန်းထည်တွေ၊ ပန်းပုရုပ်မျိုးစုံတွေ၊ ဘုရား ဆင်းတုတော်တွေ အပြည့် မြင်တွေ့ရတော့ ရင်ထဲမှာမကောင်းလိုက်တာ။ မှန်သော မမှန်သော နည်းမျိုးစုံနဲ့ ဒီဘက်မှာဈေးကွက်ရနေတာကတော့ မြင်ရသူအဖို့ စိတ်မချမ်းမြေ့ ဖွယ်ရာပါပဲနော်။ နာမည်ကြီးတြိဂံနယ်မြေ ကို လည်း ရောက်ကြပါသေးတယ်။ အဲဒီကနေ ကရင်နီရွာကလေးတွေဝင်ပြီး ဂျက်ခုတ် ရက်ကန်းလုပ်ငန်းတွေကို မေရီတို့သားအမိ မြင် ဖူးအောင်ဝင်ပြတော့ သူတို့ကစိတ်ဝင်စားလို့ တစ်ရွာလုံး ကလေးတွေ ကျွန်မတို့ကို မျောက်ပွဲလို ၀ိုင်းလာကြည့်ကြတာနဲ့ အခွင့်ကောင်းကြုံခိုက်သ မီးကေသီ က ပါလာတဲ့ ဘတ်ငွေတွေ ဝေပေးလိုက်တာ ပျော်ကြလွန်းလို့ ရယ်မော ဆူညံသွားတော့တာပါပဲ။
ဇင်းမယ် မှာသုံးလေးရက်လည်ပြီး ဘန်ကောက်ပြန်ရောက်တော့ ဈေးဝယ်ထွက်ပြီးတာနဲ့ ဖိလစ်ဖိုင်၊ မနီလာမြို့ ကို ကူးခဲ့ကြပါရော။ မနီလာမှာ မိတ်ဆွေရင်းစန္ဒာခင်က နေရာအနှံ့ လိုက်ပို့ပေးပါတယ်။ ရောက်ကတည်းက သမီးကေသီနဲ့မေရီက သမ္မတကတော် မစ္စစမာ ကိုးစ်ရဲ့ ဖိနပ်တွေကို ကြည့်ချင်လှချည့်ရဲ့နဲ့ စန္ဒာခင်ကို အပူတိုက်နေကြတာနဲ့ ဈေးဦးပေါက် နန်းတော် ကိုလို့ရှာပါတယ်။ အဲဒီနေ့ကလည်း မိုးကြီးသည်းထန်စွာရွာလို့ ဇွဲမလျှော့ဘဲ မိုးရေထဲမှာကို နန်းတော် အရောက်သွားဖြစ်အောင်သွားလိုက်ကြသေးတယ်။

ဟုတ်လည်းဟုတ်ပါရဲ့။ သမ္မတကတော် မစ္စစမားကိုးစ်ရဲ့ ဖိနပ်တွေကလည်း စာဖွဲ့ စရာ ကောင်းလောက်အောင် ကို ထောင်နဲ့ချီရှိနေတာပါ။ တစ်နေ့တစ်ရံလဲဝတ်ရင်တောင် တစ်သက်စာ ၀တ်မကုန်နိုင်ဖြစ် မှာ သေချာပါရဲ့။ ဖိနပ်တွေတင်မဟုတ်သေးပါဘူး။ ဖိနပ်နဲ့ တွဲဖက်သုံးရတဲ့ ပိုက်ဆံအိတ်တွေလည်း အများအပြား။ ရိုးရိုးအိတ်မျိုး မထင်လေနဲ့။ ဈေးတွေ ခေါင်းခိုက်အောင်းပေးရတဲ့ ဒီဇိုနာလူဝီဗွီတောင်းတို့၊ ဂူချီတို့၊ ရှယ်နယ်လတို့ စတဲ့အိတ်မျိုးတွေလည်း တွေ့ခဲ့ရလို့ ကျွန်မတို့မှာ အံ့သြကုန်နိုင်ဖွယ် ဖြစ်ရလေတယ်ပေါ့။ ဒါတွေဟာ ပါဝါနဲ့ အာဏာရဲ့ ပြယုဂ်ကြွင်းတွေ ဆိုရင်လည်း မမှားပါဘူးနော်။
မနီလာမှာ ချမ်းသာကြွယ်ဝသူတွေကလည်း ကျိကျိတက် ချမ်းသာတာမို့ မကာတီဆိုတဲ့အရပ်မှာ ကိုယ့်ဝင်း ကိုယ့်ခြံ အိမ်ကြီးတွေနဲ့ ကိုယ်ပိုင်စောင့်ရှောက်ပေးမဲ့ ရဲအစောင့်အရှောက်နဲ့ ထည်ထည် ၀ါဝါနေနိုင်သူတွေ အများအပြားရှိသလို လမ်းဘေးမှာ ကျိုးတိုးကျဲတဲအမိုးအကာနဲ့ တဲတိုးနေကြရ တဲ့ဆင်းရဲသားတွေကလည်း ရှိနေတာမို့ လူနေမှုအတင့် အဟပ်ကွားခြားနေတာ မြင်ခဲ့ရပါတယ်။ လမ်းဆုံးလမ်းခွမှာ မီးနီးလို့ ကားရပ် ထားခိုက်မှာလည်း ကလေးငယ် များစွာက ၀ိုင်းလာပြီး ပိုက်ဆံ တောင်းကြတာလည်း ရှိရဲ့။

အဲဒီအချိန်မှာ တိုင်းပြည်ကလည်း မငြိမ်သက်တာကြောင့် လာတဲ့ပြည်ပရီး သည်တိုးရစ္စတွေကို ဟိုတယ်တွေ က အသိပေးညွှန်ကြားစာတွေ ရောက်တာနဲ့ ထုတ်ပေးပါတယ်။ နိုင်ငံကူးလက်မှတ်ပုံ တူကော်ပီပဲ မိမိနဲ့ အတူ ထားရှိပြီး မူရင်းကို ဟိုတယ်က အာမခံသေတ္တာမှာထားခဲ့ဖို့အပြင် ငွေ လည်းတစ်နေ့စာသုံးစရိတ်ပဲ ယူဆောင် ဖို့ ညွှန်ကြားပါတယ်။ တက္ကစီကအစဟိုယ်တယ်က ခေါ်ပေးတဲ့ကားကိုပဲ အသုံးပြုဖို့ အထိ ပြောတာ မို့ ကျွန်မတို့လည်း မိန်းမသားတွေ ချည်းမို့ သတိရှိ ရှိနဲ့သွားကြရပါတယ်။

အဲလို သတိရှိနေတဲ့ထဲက တစ်နေ့ဈေးကအတွက် နေ့ခင်းကြောင်တောင်အစောင့်ရဲနဲ့ မလှမ်း မကမ်းမှာပဲ ကျွန်မတို့နဲ့အတူ ပါလာတဲ့ မေရီရဲ့ ရွှေဆွဲကြိုးကို ကုပ်နေဆောင့်ဆွဲဖြတ် ယူသွားပြီး မေရီ့ ကိုတွန်းပစ် ခဲ့တာကြောင့် လမ်းပေါ်မှာ မှောက်လျက်လဲတဲ့ဒဏ်ရာနဲ့ မျက်နှာလည်းစုတ်ပြဲလို့။ ဒါတောင် ဆွဲကြိုးက အပြင် ထုတ်ဆွဲထားတာ မဟုတ်ဘဲ တီရှပ်အောက်မှာ ရှိနေတာပါ။ ကျွန်မတို့လည်း ခရီးသွားအတွေ့အကြုံ စုံအောင် ရလာခဲ့ကြတယ် ဆိုပါတော့။
သမီးကေသီ လည်း အိမ်ပြန်ရောက်တော့ အေးကြည်မနဲ့ Mr5s Neilတို့တစ်တွေရဲ့ အစောင့် အရှောက်နဲ့ အားလုံး ကလေးတွေ ပါ အေးအေးဆေးဆေး ကျန်းကျန်းမာမာ ရှိကြပါတယ်။ ကျွန်မတို့အိမ်မှာလည်း ခင်လက်ျာ က လေးငါးရက်ကြာ မောင်နှမတွေနဲ့အတူနေပြီး ပြန်သွားတယ်တဲ့။ ဦးမြလှိုင်တို့လည်း ကယ်လီဖိုးနီးယား မှာ သမီးယမင်း နဲ့အတူ မြေးတွေနဲ့ ဆုံးပြီးပြီမို့ ပြန်ကြဖို့ စီစဉ်နေတယ်ဆိုတာ သားရွှေစင် က ပြောပြပါတယ်။ သူ့ရဲ့ပေဖူးလွှာမဂ္ဂဇင်း ကိုပစ်ထားခဲ့်ရတာလည်း ကြာနေပြီလေ။

အဖေပြန်တော့မယ် ဆိုတော့ သားသမီးတွေ စိတ်မကောင်းကြပြန်ဘူး။ အထူးသဖြင့် အဖေနဲ့ အနီးကပ် ဆုံးဖြစ်တဲ့ သားရွှေစင်က ပိုဆိုးလေတယ်ပေါ့။ ဦးမြလှိုင်အနေနဲ့လည်း သားသမီး အားလုံးကို ထားခဲ့ပြီး ပြန် သွားရမှာအတွက် ရင်နာရမှာ အမှန်ပါပဲ။ ပြန်လည် ဆုံစည်းရခြင်း က ပျော်ရွှင်ကြည်နူးစရာ ဖြစ်ပေမဲ့ ခွဲခွာရခြင်းမှန်သမျှကတော့ နှလုံးသား နာကျင်ရမြဲမို့ ကျွန်မကိုယ် ချင်းစာနိုင်ပါတယ်။
တက်ယ်ကတော့ လူသားမှန်သမျှ ကိုယ့်ခရီးစဥင်္နဲ့ကိုယ် သွားနေကြရသူတွေချည်းပါပဲ။ တစ်ဦးနဲ့တစ်ဦး ထပ်တူ ထပ်မျှ ကျတဲ့ခရီးဆိုတာ ရှာမှရှားပါ။ ကိုယ်နဲ့ခရီးကြုံတုန်းအခိုက်မှာ ဆုံဖြစ် ကြပြီးခဏကြာတော့ သူတစ်လမ်း၊ ကိုယ်တစ်လမ်းဖြစ်သွားကြတာ အများကြီး။ တစ်ခါတလေ လမ်းဆုံ လမ်းခွမှာခေတ္တ ရပ်ပြီး နှုတ်ဆက်ကြရင်း ခမ်းခွဲရသူတွေလည်းရှိရဲ့။

တခြားမကြည့်နဲ့။ တစ်မိုးအောက်တည်း မွေး၊ တစ်မိုးအောက်မှာ အတူကြီးပြင်ကြတဲ့ တစ်အူထုံ့ဆင်း ညီအစ်ကို မောင်နှမရင်းချာတွေလည်း လူးလားမြောက်လို့ လောကထဲ ခြေချရပြီဆိုတာနဲ့ ကိုယ့်ခရီးစဉ် နဲ့ကိုယ် တစ်လမ်းစီ လျှောက်ကြရတာမဟုတ်လားနော်။
ကိုယ့်ခရီးက ကြမ်းတမ်းမယ်။ ခလုတ်တံသင်းထူပြောတဲ့အပြင် ကျောက်တုံးကျောက်ခဲ လျိုမြှောင်ချောက် ကမ်းပါးတွေ ကို ကျော်လွှားဖြတ်သန်းရအောင် ခက်ခဲမယ်။ သူတစ်ပါးခရီးက ချောမောပြေပြစ်ပြီး သာယာဖြောင့်ဖြူး မယ်။ တစ်ဦးးနဲ့တစ်ဦးမတူပေမဲ့ ခရီးလမ်းတစ်ခုတိုင်း တစ်ခုတိုင်းမှာ ကိုယ် မသိမြင်နိုင် တဲ့ ကြောင်းကျိုးတရားတွေက သိနိုင်မှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကောင်းဆိုးဆိုး ဘ၀ခရီးလမ်းကိုတော့ ဆက်လက်လျှောက်နေရမှာပါပဲ။ ဦးမြလှိုင် အတွက် ခရီးဆက်ရမဲ့ မြေပုံ Map က ကမ္ဘာရဲ့တစ်ဖက်ခြမ်းမှာ ဖြစ်လေတော့ သားသမီး တွေ လျှောက်နေဆဲ လမ်း နဲ့ အလှမ်းကွာဝေးလွန်းတာအတွက် နှစ်ဦးနှစ်ဖက်နှလုံးသား နာကျင်စွာ ခံစားကြရဦး မှာတော့ သေချာ လှပါတယ်။
ရှင်တော်ဘုရားကိုယ်တိုင် က "ချစ်သောသူများနဲ့ ကွေကွင်းရခြင်း ဆင်းရဲ"ကို အဘိဏှသုတ်တော်မှာ အထင်အရှားဟောကြားထားခဲ့ တာပဲလေ။

ဆက်ရန်
.

>>>ဆက်ဖတ်ရန်>>> >>

Saturday, March 16, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅၁)

ကျွန်မက အိပ်မက်မက်နေတာ။ သားဇာနည် က ရောက်လာတာတဲ့။ ကျွန်မက ၀မ်းသာအားရနဲ့  သားပြန်လာ တာ အတော်ပဲ။ မင်းအစ်မ သမီးလေးမွေးတယ်။ ဟောဒီမှာ လို့ ကလေးကို ပြတော့ ဟုတ်တယ်။ သား သိလို့ လာကြည့်တာ မာမီ တဲ့။ သားကလည်း ရွှင်ပြုံးလို့၊ ဒီအခိုက်မှာပဲ ရှိုက်သံ ကြောင့် ကျွန်မ လန့်နိုးသွားရတာ။ သားကို တွေ့ရတာ။ တကယ့်အတိုင်း ဖြစ်နေချိန် သမီးက ခုလို ပြော လိုက်တော့ ကျွန်မ ရင်ထဲမှာ မခံရပ်နိုင် ပွင့်အန်ကျလာပြိး သမီးနဲ့အတူ ဖက်ငိုမိပါတော့ တယ်။
ကျွန်မ သားလေး မသေပါဘူး။
ကျွန်မ နဲ့ တကွ ညီအစ်ကို မောင်နှမအားလုံးရဲ့ နှလုံးသားထဲမှာ သားဟာ အမြဲရှင်သန်လျက် အတူ တကွ ရှိနေဆဲ ပါ။
ကို ဆက်ဖတ်ရန် ..........

အပိုင်း (၅၃)

တစ်ခါတလေ ကိုယ်ရင်ဖွင့်လိုတဲ့ အကြောင်းအရာတွေကို စိတ်ရှည်စွာ နားထောင်ပေးခဲ့သူလိုသလို ကိုယ့်ကို အပြုံးနဲ့ နှစ်သိမ့်ပေးမဲ့သူလည်း လိုပါတယ်။ တစ်ခါတလေ အကြာင်နာနဲ့ ကိုယ့်ကို ဂရုစိုက်မဲ့သူ လိုသလို အရေးကြုံ တဲ့ အခါ လိုအပ်ချက်တွေကို အလိုက်တသိ ဖြည့်ဆည်းပေးနိုင်မဲ့သူလည်း လိုပါ တယ်။
တစ်ခါတလေ ကိုယ့်ရဲ့ကောင်းဆိုးတွေကို နားလည်မှုရှိစွာနဲ့ မျှဝေခံစားပေးမဲ့သူ လိုအပ်ပြန်ရော။
'လိုအပ်ချိန် တိုင်းမှာ အဆင်သင့်ရှိနေတတ်သူက 'မိခင်'ပဲ ဖြစ်ပါတယ်'လို့ စာရေးဆရာ KAREN RAVN က ဆိုပါတယ်။
သမီးကေသီအတွက် မိခင်ဖြစ်သူက ကျွန်မက အနီးအနားမှာ ရှိနေတာမို့ အဆင်ပြေလေတယ်ပေါ့။ အိမ်ကဧည့်သည်တွေခမျာတော့ အချင်းချင်း ရိုင်းပင်းစောင့်ရှောက်ပြီး နေကြလေရဲ့။ အစ်မကြီး ဒေါ်မြ စိန်က ကျွန်မ နှစ်အိမ့်တစ်အိမ် ကူပြီး ဗျာများနေတာကို မကြည့်ရက်လို့ မီးဖိုထဲမှာ ဒိုင်ခံချက်ထားပြီး သူတို့အတွက် နောက်ဆံမတင်းဖို့ ပြောရှာပါတယ်။ မြန်မာပြည်မှာတော့ ဧည့်သည်ဆိုတာ လက်ဆေး စားရုံပဲနော်။ အိမ်ရှင် မအားလည်း အိမ်ဖော်တွေက လိုလေသေးမရှိ တာဝန်ယူကြတာမို့ ပူစရာ မရှိပါ ဘူး။

အမေရိကားမှာ အရာရာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး နေရတာကြောင့် လူနေမှုစနစ်က ကွာ ခြားပါတယ်။ တော်ရုံတန်ရုံ ပြည့်စုံသူများလည်း အိမ်ဖော်မထားကြပါဘူး။ အိမ်ဖော်က တစ်နာရီကို အနည်းဆုံး ဒေါ်လာတစ်ဆယ်ပေးပြီး ငှားရတာမို့ တစ်ပတ်မှာ တစ်ရက်လောက်ပဲ အိမ်ရှင်းဖို့၊ တိုက်ချွတ်ဆေးကြော ဖို့ အတွက်ပဲ ခေါ်ထားတာမျိုး ရှိပါတယ်။ အိမ်ဖော်က သူ့ကားနဲ့သူလာ၊ အလုပ် ချိန် ပြီးရင် ပြန်သွားကြတာပဲ။ အနောက်တိုင်းသားတွေက ကျွန်မတို့ အရှေ့တိုင်းသူတွေလို လုံးလုံးထွေး ထွေး နေလေ့ မရှိဘူး။ အလုပ်ကို အလုပ်လိုပဲ ဆက်ဆံကြတာပါ။ ကျွန်မ တို့ မြန်မာပြည်နေခဲ့စဉ် က အိမ် ဖော်ဆိုပေမဲ့ မိသားစုတစ်ပိုင်းလို နေကြတာပါ။

သမီးမကေသီ ကလေးငယ်နဲ့ လုပ်တတ်ကိုင်တတ် နေသားတကျလေး ဖြစ်သွားမှ ကျွန်မလည်း အိမ်ပြန် လာရတော့တယ်။ အဆိုတော် ဦးအံ့ကြီးကတော့ ကျွန်မ မရှိလည်း သူ့ရဲ့ပရိသတ်တွေက တမ်းတမ်းစွဲ ဖြစ်နေ တ်ာကြောင့် ဟိုအိမ်ကဖိတ်၊ ဒီအိမ်ကဖိတ်နဲ့ ဝိုင်းဝိုင်လည်လိုက်စားနေရတာနဲ့ အိမ် မှာတောင် မကပ်ပါဘူး။ တစ်နေ့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးညွှန့်လွှင် ရဲ့အိမ် မှာ မြန်မာမိသားစု အားလုံးကို ဖိတ်ပြီး ကိုအံ့ကြီး ရဲ့ တစ်ကိုယ်တော် အဆိုပွဲကျင်းပတာ မိုးလင်းခါနီးမှ လူစု မကွဲတော့ တာ ပဲ။
အဲဒီပွဲ မှာ ကျွန်မလည်း အနှစ်လေးဆယ်လောက် ပြန်ငယ်သွားသလို ခံစားရပါတယ်။ ကျွန်မနဲ့ ကိုအံ့ ကြီးတို့ ညီအစ်ကို တစ်တွေ ဘီတီဘရားသားမိသားစုက ဆွေမျိုးတစ်ပိုင်း ရင်းနှီးချစ်ခင်ကြတာ မဟုတ် လား။ ကိုအံ့ကြီး တို့ နာမည်ကြီးတဲ့ အချိန်တုန်းက မိတ်ဆက်လိုကြတဲ့ မိန်းကလေးတွေ ဝိုင်းဝိုင်းလည် နေတာလေ။ ကျွန်မ ဆီလာလာပြီး မိတ်ဆက်ခိုင်းကြတာမို့ ကျွန်မပါရောပြီး မျက်နှာပွင့်ခဲ့ရသေးတာပါ။ အခုလည်း သူ့ပရိသတ်တွေ အမေရိကားမှာ ဝိုင်းဝိုင်းလည်နေဆဲပါပဲ။

ဒီလိုနဲ့ ဧည့်သည်တွေလည်း ပြန်သွား၊ ကျွန်မလည်း ယူထားတဲ့ ခွင့်ရက်တွေများနေတာနဲ့ အလုပ်ပြန် သွားပြီး အချိန်ပိုတွေပါ ဖြည့်လုပ်ပေးနေရတာနဲ့ မအားနိုင်ဖြစ်နေဆဲ တစ်ရက်မှာ သားရွှေစင်က 'မာမီရေ... ဖေဖေ့ ဆီကစာရတယ်။ နောက်နှစ်ထဲမှာ အမေရိကားကို လာလည်ရကောင်းမလား စိတ်ကူး တယ် လို့ ရေးလာတယ်'တဲ့။
'သူလာချင် ရင်လည်း ခေါ်လိုက်တာပေါ့ သားရယ် သူလည်း သားသမီးတွေနဲ့ ခွဲခွာနေရတာ ဆယ်နှစ် တောင် ကျော် လာပြီဆိုတော့ လွမ်းရှာမှာပဲ'လို့ ကိုယ်ချင်းစာစိတ်နဲ့ သားကို ပြောမိပါတယ်။ အဲဒီအချိန် က ဦးမြလှိုင် ရဲ့ဇနီး ဒေါ်ခင်မြင့် က ကွယ်လွန်သွားတာ သိပ်မကြာလှသေးပါဘူး။ ဒါကြောင့်မို့ စိတ်ပြေ လက်ပျောက် သားသမီးတွေကို လာတွေ့လိုတာလည်း ဖြစ်နိုင်ကောင်းပါတယ်။
သူ့အဖေ လာမယ် ဆိုတော့ လိုအပ်မဲ့ စာရွက်စာတမ်းတွေအတွက် အပြန်အလှန်စာရေးမှာရ၊ လူဝင်မှု ကြီးကြပ်ရေး နဲ့လည်း ဆက်သွယ်ရ၊ သားလည်း အလုပ်တွေရှုပ်ပေါ့။ ကျွန်မတို့ မြန်မာပြည်က သတင်း ကား ကလည်း ပျံ့လွယ်တာ အလွန်ပါပဲ။ မကြာပါဘူး။ ကိုဝင်းဦးဆီက စာတစ်စောင် ရောက်လာပါ တယ်။

'မမခင်ကြီး ပြန်ပေါင်းထုပ်ကြတော့မယ်ဆို' တဲ့။
'စာပေလောက မှာ သတင်းတွေဖြစ်နေတယ်။ ပေဖူးလွှာဦးမြလှိုင် အမေရိကားကို သွားတော့မှာ။ ဟိုကျ မမခင် နဲ့ ပြန်ပေါင်းထုပ်ကြမှာလို့ ပြောတယ်။ အဲဒီလို ပြန်ပေါင်းထုပ်ဖြစ်ရင် ကျွန်တော်တို့က အတိုင်း ထက် အလွန် ဝမ်းသာ မှာပဲ။ ကြားတဲ့အတိုင်း မဟုတ်ဘဲ မမခင်တစ်ကိုယ်ရေ နေမြဲဆိုရင်လည်း ကိုယ့် အစ်မကို နားလည် စွာ နဲ့ လက်ခံမှာပဲ။ ကိုယ် စိတ်ချမ်းသာမဲ့လမ်းကို ကိုယ့်ဟာကိုယ်ပဲ ရွေးချယ် ဆုံး ဖြတ်ပေါ့' လို့ ရေးလာ ပါ တယ်။
ကျွန်မကလည်း ယောက်ျားနဲ့ ကွဲနေတဲ့လူလွတ်၊ ဦးမြလှိုင်ကလည်း မိန်းမဆုံးပြီးခါအစ တစ်ကိုယ်ရေ သမားမို့ ပတ်ဝန်းကျင် က တစ်နဲ့တစ်ပေါင်း နှစ်လုပ်ပြီး ထင်ကြေးနဲ့ အဖြေထုတ်လိုက်ကြတာ ထင်ပါရဲ့။ စာဖတ်ပြီး ကျွန်မ မှာ ပြုံးရပါတယ်။ ဦးမြလှိုင်က တစ်ယောက်တည်းလာမှာ မဟုတ်ပါဘူး။ ဒေါ်အေးမြင့် နဲ့ တူမလေး တစ်ယောက် ပါအ ဖော်ပါဦးမှာပါ။

မြန်မာပြည်နဲ့ အမေရိကားက ပထဝီအနေအထားအရ ကမ္ဘာတစ်ခြမ်း ခြားနေတဲ့အပြင် အဲဒီအချိန် က နိုငငံတော်ရဲ့ ဥပဒေအရ သွားလာဆက်ဆံရေး တင်းကျပ်ဆဲကာလ ဖြစ်တာကြောင့် ဆက်ဆံရေး နယ်ပယ် ကလည်း ကျဉ်းသေးတဲ့အတွက် မကြာခဏ သတင်းမှားတွေ ရတတ်ပါတယ်။ တစ်ခါမှာ ကျွန်မ သူငယ်ချင်းတစ်ယောက် က စာရေးလာပါတယ်။ 'မင်းရဲ့မိတ်ဆွေကြီး အတွင်းဝန်ဦးလှဆောင် ကွယ်လွန် သွားပြီ'တဲ့။
သူ့စာဖတ်ပြီး ကျွန်မ မှာ မျက်ရည်ကျရသေးတယ်။ ချက်ချင်း ကျန်ရစ်သူဇနီး (မြတ်မြတ်ကျော်)ဆီကို လည်း စာတစ်စောင် ရေးလိုက်တယ်ပေါ့။ ကိုဆောင် ဆုံးတဲ့အတွက် စိတ်မကောင်းကြောင်း၊ ၀မ်းနည်း ကြောင်း အပြင် သူ့ကိုလည်း စိတ်အားတင်းဖို့ နှစ်သိမ့်စကားလည်း ပြောရင်းပါပဲ။ တစ်လလောက်ရှိ တော့ကျွန်မဆီ စာတစ်ဆောင်ရောက်လာပါရော။ စာအိတ်ပေါ်ကလက်ရေးက ကိုဆောင့်လက်ရေး။

စာအိတ်ကိုင်ကြည့်ရင်း ကျွန်မအူကြောင်ကြောင်ဖြစ်လို့ ဟောတော့.. ဘယ်လိုပါလိမ့်။ ကိုယ်ထင်ပြတာ ဆိုရင် လည်း သရခြောက်တယ်ပြောရရဲ့၊ အခုဟာက သူ့လက်ရေးနဲ့ကဆိုတော့လည်း တွေးရခက် ကြီး။ သိချင်ဇော နဲ့ စာကိုကပျာပယာဖောက်လိုက်ပါတယ်။
"ကိုယ်မသေ ပါဘူး ခင်ရ။ ကျန်းမာပကတိ ချမ်းသာစွာ ရှိလျက်ပါဗျာ"တဲ့။ ကျခဲ့ရတဲ့မျက်ရည်တွေ ကို တောင်မနှမြောနိုင်ဘဲ ကျွန်မမှာ စာဖတ်ပြီး ၀မ်းသာလိုက်ရတာ။ ဒီလိုနာရေးတင်မကဘူး။ ဘယ်သူနဲ့ ဘယ်သူ ယူလိုက်ပြီတို့၊ ဘယ်သူနဲ့ ဘယ်ဝါကွဲသွားပြီ ဆိုတာမျိုးတွေလည်း မကြာခဏ ကြားရ တတ် သေးလို့ နောက်ဆိုရင် ခလုတ်တိုက်သလား၊ ဖားဖြုတ်ကိုက်သလား မရေရာဘဲ မမေးရဲတော့ပါဘူး။

ဒီလိုနဲ့ အလုပ်အားတဲ့ရက်တွေမှာ မြေး "ခန့်ခန္ဒီ"ကို သွားထိန်းရင်း ကျွန်မမှာ အပျင်းကိုပြေလို့။ သမီး ကိုမိသားစုနဲ့အတူ ကိုလိုရာဒိုကိုလည်း နှင်းလျှောစီးတဲ့ခရီး လိုက်သွားဖြစ်ပါသေးတယ်။ အဲဒီအချိန်မြေး (ခန့်စန္ဒီ)က ငါးလသမီးပဲ ရှိသေးတယ်။ ကျွန်မတို့ အုပ်စုမှာသမီးကေသီတို့ မိသားစုအပြင် သူတို့ရဲ့ သူငယ်ချင်း မေရီတို့ ဇနီးမောင်နှံလည်း ပါရဲ့။ သမီးကြီးကေခိုင်ပါ ပါလိုက်သေးတာမို့ တပျော်တပါးပါ ပဲ။

သူတို့တစ်တွေ နှင်းလျှော်စီးထွက်နေတဲ့အချိန် ငှားထားတဲ့ အဆောင်မှာ ကျွန်မက စာတစ်အုပ် နဲ့ နှပ်လိုက်၊ မြေးခန့်စန္ဒီနဲ့ ဆော့လိုက်ကျန်ရစ်ခဲ့သော သမီးတွေက မာမီပါလိုက်ခဲ့ပါ၊ ကိုယ်မစီးလည်း သူများတွေ စီးတာ အပျင်းပြေ ကြည့်ရတာပေါ့တဲ့။ ဒါနဲ့ အအေးခံနိုင်အောင် အနွေးထည်တွေ အထပ် ထပ်ဝတ်၊ ခေါင်းစွပ် ခြေစွပ်တွေအပြင် လက်အိတ်တွေ ဘာတွေစွပ်ပြီး ထွက်လိုက်တော့ ဖိုးဝရုပ် ပုံစံကို ပေါက်လို့။
တောင်ထိပ်ကို ရောက်အောင် လျှပ်စစ်ဓာတ်ကြိုးနဲ့ သွယ်ထားတဲ့ ကေဘယ်လ်ကားလေးတွေနဲ့ တက် ရပါတယ်။ နှစ်ဦးစီ မျက်နှာချင်းဆိုင် ထိုင်ပြီးလေးယောက်စီး ကားလေးတွေပေါ့။ ကားခက တစ်ယောက် ကို ဒေါ်လာတစ်ဆယ် ပေးရပါတယ်။ ဆီးနှင်းတွေ ဖြူဖွေးနေအောင်ဖုံးထားတဲ့ တောင်ပေါ် ကိုအခုလို အပေါ်စီး ကမြင်ရတာ သိပ်လှတာပါပဲ။ လေကလည်းသန့်ရှင်းလတ်ဆတ်အေးမြလို့။ စကီးစီးတဲ့ သူတွေကို လည်း လှမ်းမြင်နေရတယ်။
တော်တဲ့ တတ်တဲ့ သူတွေကတော့ ခါးကလေး လှည့်လိုက်။ ဒူးကလေး နွဲ့ပြီး အားယူလိုက် နဲ့ လျှောခနဲ လျှောခနဲ ကွေ့ကောက် ဆင်းသွားလိုက်ကြတာ စက်ရုပ်ကလေးတွေကို သံပတ်ပေး လွှတ်လိုက် တဲ့ အတိုင်းပဲ။ ဒီအထဲမှာ ကြောက်ကြောက်လန့်လန့်နဲ့ ဟိုယိုင်ဒီထိုးပြီး တအိအိ ဆင်းလာသူမျိုး လည်း ကြိုးကြားကြိုးကြား တွေ့ရတတ်သေးတယ်။

"ကြည့်ထား၊ ကြည့်ထား၊ မာမီ့သမီးကေခိုင် စီးတာအဲဒီပုံစံမျိုး"တဲ့။ ကေသီက သူ့အစ်မကို မခံချင် အောင်နှိမ်ပြီး စလိုက်တော့။
"အောင်မယ်... သမီးက သူ့လိုပြာကလောင်ခတ်စီးတာ မဟုတ်ဘူး။ မာမီ့သမီးက အရှိန် မထိန်းနိုင် ဘဲ ရှေ့က လူကြီးဝင်တိုက်ပြီးဖင်ထောင် ရက်ကျတာ။ သမီးက သူ့လိုဘယ်တော့မှ ပုံမပျက် ဘူး"တဲ့။ ညီအစ်မနှစ်ယောက်သား စကားအနိုင်လုတာ နားထောင်ရင်း ရယ်ရပါသေး တယ်။ တောင်ထိပ်ရောက် တော့နွေးထွေးသွားအောင် ကော်ဖီပူပူလေး သောက်ကြမယ်ဆိုပြီး စားသောက် ဆိုင် မှာ ဆင်းကြတယ် ပေါ့။
ကော်ဖီနဲ့မုန့်မှာထားဆဲ တစ်ဖက် ကိုလှည့်ကြည့်လိုက်တော့ လူတစ်အုပ် တောင်ပေါ်ကို တက်လာကြ တာဝတ်ထား တဲ့ ဂျာကင်အင်္ကျီတွေကလည်း အဆင်တူ အ၀ါရောင် တောက်တော်တွေနဲ့။ အနား ရောက် လို့ ကြည့်လိုက် မှ အနက်ရောင်ထင်းထင်းနဲ့ ဂျာကင်မှာ ရေးထားတဲ့ စာတန်းကိုဖတ်လိုက်မိပါ တယ်။ "မျက်မမြင် စကီး သမား များ"တဲ့။

အံ့ပါရော။ မျက်စိမမြင်တာ အေးအေးမနေကြသေးဘူးနော်။ မြင်ရဘဲနဲ့ လယ်လိုများ စကီးလုပ်ကြမလဲ မသိဘူး။ ကျွန်မတော်တော်စိတ်ဝင်စားသွားမိပါတယ်။ ဒါနဲ့ သူတို့အုပ်စုရှိရာ သွားပြီးကိုယ့်ကိုယ်ကို မိတ်ဆက် ရင်း စပ်စုမိတယ်ပေါ့။ မျက်မမြင်အဖွဲ့ကို ကြီးကြပ်သူက "ဂျူဒီ"ဆိုတဲ့အမျိုးသမီးပါ။ သူ့က မျက်မမြင် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး မဟာဝိဇ္ဇာဘွဲ့ ရထားတာတဲ့။
 
သူ့တာဝန် က အချိန်ဇယားတွေ ဆွဲပေးဖို့၊ လူထုနဲ့ဆက်ဆံရေးကိစ္စ အ၀၀တွေစီစဉ်ပေးဖို့၊ စကီးလုပ် ဖို့အတွက် လေ့ကျင့်ရေးဆရာတွေ လမ်းပြတွေနဲ့ ညှိနှိုင်းညွှန်ကြားပေးဖို့ပါ။ သူတို့ကို စကီး လုပ်နိုင် အောင်သင်ကြားပေးသူက ဒုတိယကမ္ဘာစစ်မှာ ဆုတံဆိပ်တွေများစွာ ရခဲ့တဲ့ စစ်ဝန်ထမ်းပောင်း "ကာ နယ်နီဗင် "ပါတဲ့။ မျက်မမြင်များကို သာမန်လူတွေကို စကီးစီးနိုင်အောင် ဘယ်လိုများ သင်ကြားပေးလဲ ဆိုတာ သိချင်လှ လို့ အဲဒီမှာပဲ တွေ့ဆုံမေးမြန်းပြီး စန္ဒာမဂ္ဂဇင်း မှာ နှစ်လ ဆက်ဆောင်းပါး ရေး သားဖော် ပြပြီးဖြစ်တာကြောင့် အကျယ်မချဲ့လိုတော့ပါဘူး။

ကျိုးကျိုးကန်းကန်း ကိုယ့်ကိုယ်ကိုယ် ဒုက္ခိတလို့သဘောမထားဘဲ ဘ၀ကိုမရှုံးမပေးလိုတဲ့ သူတို့ရဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်ကတော့ လေးစားချီးကျူးဖွယ်ရာပါပဲနော်။ အဲဒီလိုစိတ်ဓာတ်ကြံ့ခိုင်ဖို့၊ ကိုယ့်ကိုယ် ကိုယ်ယုံကြည် ကိုးစားဖို့၊ လေးစားဂုဏ်ယူတတ်ဖို့တွေ ဖြစ်လာအောင် စိတ်ဓာတ်မြှင့်တင်ပေး တဲ့ စေတနာ့ ၀န်ထမ်းတွေ ကလည်း များစွာရှိတာမို့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေ ချို့ယွင်းပေမယ့် ကိုယ်အား ကိုယ် ကိုးနိုင်ပြီး လူတန်းစေ့ ဘ၀ကို ရရှိကြတဲ့အပြင် တချို့များနိုင်ငံကျော် အောင်မြင်သူတွေ ဖြစ်လာတဲ့အထိ ထွန်းပေါက်သူ များလည်း ရှိပါတယ်။ ဂီတမှာ စတားတွေ ဖြစ်နေကြတဲ့ ရေးချားလ်စ် တို့၊ စတီဗီးဝမ်းဒါး တို့ နှစ်ယောက်စလုံး မျက်မမြင်တွေပဲလေ။

ဒီလို ဇွဲမာန်မျိုးကို မြင်ရတော့လည်း ကိုယ့်ဘ၀ရဲ့အရှုံးတွေက သူတို့တစ်တွေနဲ့စာရင် ဘာမှ မဟုတ် သေးပါလားလို့ တွေးရင်း ဖြေသာရာရပါရဲ့။ ဘာလိုလိုနဲ့ နှစ်ကုန်ခရစ္စမတ်အချိန်ရောက်လာပါရော။ ခရစ္စမတ်ပွဲတော် ရောက်တိုင်း သမီးကေသီတို့အိမ်မှာ ကျွန်မတို့မိသားစုဖြစ်ကြတယ်ပေါ့။ မကေသီက ကြက်ဆင် အကောင်လိုက်ကင် စတဲ့ပွဲတော်စာတွေလည်း စားရင်းလက်ဆောင်ပစ္စည်းတွေလည်း ဖွင့်ကြ ရင်း တပျော်တပါး ပါပဲ။
ကျွန်မရဲ့မြေး ခန့်စန္ဒီတောင် တောက်တောက်ပြေးနေပါပြီ။ စကားတစ်ခွန်းစ နှစ်ခွန်းစ ပြောတတ်ခါစ အရွယ် ကတည်းက စာအုပ်ဆိုရင် အသေကြိုက်တာနော်။ အခုလည်းကိုယ်စီကိုယ်ငှ ရကြတဲ့ လက် ဆောင် ပစ္စည်းတွေ ဖြေကြည့်ကြတော့ သူလည်းရထားတဲ့ ဝေစုလက်ဆောင်ထုပ်တွေကို တစ်ခုပြီးတစ် ခုဖြေနေ ပါတယ်။ အရုပ်ကလေးဆိုရင် ဖြေပြီး ချထားလိုက်၊ အင်္ကျီလှလှ၊ ဖိနပ်လှလှလေးတွေရလည်း ဖွင့်ပြီးချထား လိုက်နဲ့ လက်ဆောင်ထုပ်တစ်ခုထဲမှာ ပုံပြင်စာအုပ်ကလေးတွေ လည်း တွေ့ရောခြေ လေးနှစ်ဖက်ရှေ့ ဆင်းပြီး အေးအေးဆေးဆေး တစ်ရွက် စီလှန်ကြည့်နေလေရဲ့။

"ဟေး.. ဘိုဘို၊ ကျန်တဲ့အထုပ်တွေ ရှိသေးတယ်လေ။ ဒီမှာရော့ ဖွင့်ဦး"လို့ သူ့အမေကအထုပ်တွေ လှမ်းပေးပေ မဲ့ ဘယ်လိုမှ ဖွင့်ခိုင်းလို့ မရတော့ဘူး။ ရထားတဲ့ စာအုပ်ကလေး ကိုပဲ နှစ်နှစ်သက်သက် ကျေကျေနပ်နပ်နဲ့ ကြည့်နေတတော့တာ။ ဒါတောင်စာဖတ်တတ်တဲ့အရွယ် မဟုတ်သေး ပါဘူး။သူ့သ မီးပြောမရတော့ မကေသီက "အဲဒါ အဘွားတူတာ"တဲ့။ ကျွန်မကိုသာ ဆွဲထည့်နေ တာ တကယ်က အဖေရော အမေရောကကလည်း စာပေမြတ်နိုးတဲ့ စာအိုးတွေပါပဲ။
အဲဒီလို ကျွန်မ တို့တစ်တွေ အားလုံးလက်ဆောင်ထုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ရှုပ်ယှက်ခတ်နေကြဆဲ ဂယ်ရီ က "နောက်ဆုံးလက်ဆောင်တစ်ခု ကျန်သေးတယ်"တဲ့။
သမီးငယ် သူဇာက "ဘယ်မှာလဲ၊ မရှိတော့ပါဘူး။ ဒီမှာအကုန်ဖွင့်ပြီးပြီးလေနဲ့" ဖဲပြားတွေ၊ ရောင်စုံစက္ကူ စတွေ နဲ့ လက်ဆောင်ပစ္စည်းထုပ်တွေက ထွက်လာတဲ့ အမှိုက်ပုံကို လက်ညှိုးထိုးပြတော့...
"ဟောဒီမှာ" ဆိုပြီး ဂယ်ရီက သူ့ဇနီးမကေသီရဲ့ ဗိုက်ကို ပွတ်ပြပါတယ်။

ကျွန်မတို့လည်း မထင်မှတ်တဲ့လက်ဆောင်မို့ အားလုံးအံ့အားသင့်လို့။
"တကယ်လား၊ တကယ်လားနဲ့"၀ိုင်းမေးကြတာ ဆူညံသွားတာပဲလေ။ လာမဲ့နှစ်သစ်ထဲမှာ ကျွန်မတို့ မိသားစုအတွက် မြေးလေးတစ်ယောက် တိုးဦးမှာမို့ ကြည်နူးပျော်ရွှင်တဲ့အပြုံးတွေနဲ့ အမှတ်တရ ခရဂစ္စမတ်နေ့ ဖြစ်သွားတော့တာပါပဲ။
သမီးရဲ့ ကိုယ်ဝန်ငါးလထဲရောက်တော့ လုပ်နေကျအတိုင်း ဆရာဝန်က ဆိုနိုဂရမ်ရိုက်ကြည့်ပါတယ်။။ ဒီတစ်ခါမွေး မှာ ယောက်ျားလေးတဲ့။ သမီးလေးတစ်ယောက်၊ သားလေးတစ်ယောက်ဆို အတော် ပဲ။ ပြည့်စုံပြီဆိုပြီး သူတို့ဇနီးမောင်နှံလည်း ပျော်မဆုံး ဖြစ်နေကြလေရဲ့။ သားလေးတစ်ယောက် ရထား ပြီးရင် အများအားဖြင့် ကလေးထပ်မယူကြတော့ပါဘူး။ သားသမီးတစ်ယောက် အဌာရသစုံနဲ့ လူလားမြောက်အောင် ပြုစုပျိုးထောင်ဖို့ စရိတ်စက ကြီးမားတဲ့အပြင် တာဝန်လည်း ကြီးလွန်းလှပါ တယ်။
သမီးကေသီ လည်း အခုကိုယ်ဝန်က ဒုတိယမြောက်မို့ အတွေ့အကြုံရထားပြီးဖြစ်နေလို့ ပထမသမီး တုန်း ကလောက်ပြဿနာမရှိတော့ပါဘူး။ ဒါကြောင့် ကျွန်မတို့ မိသားစုတစ်တွေလည်း မွေးဖွားမဲ့ရက်ကို လက်ချိုးရေတွက် ရင်း အေးအေးဆေးဆေး ကြည်ကြည်နူးနူးနဲ့ စောင့်မျှော်နေကြ ဆဲကျွန်မရဲ့နှလုံးသားကို နာကျင် တုန်ခါသွားစေတဲ့သတင်းဆိုးတစ်ခုက လုံးဝကို မမျှော်လင့်တဲ့ အချိန် မှာရောက်လာလေရဲ့။

တစ်မနက် လင်းအားကြီး လေးနာရီလောက်မှာ တယ်လီဖုန်း မြည်လို့ အိပ်ချင်မူးတူးနဲ့ ကောက်ကိုင် လိုက်ပါ တယ်။ ခေါ်တဲ့သူက ကိုဝင်းဦးပါ။
"မမခင် ကျွန်တော်စကားပြောဖို့ သုံးမိနစ်ပဲ အချိန်ရတယ်။ ခု အရေးကြီးတဲ့ကိစ္စပြောမလို့။ စိတ်မကောင်း လည်း မဖြစ်နဲ့။ ကျွန်တော် အူမကြီးကင်ဆာဖြစ်လို့ မနက်ဖြန်လန်ဒန်ကို ဆေးကုဖို့ ထွက်ရမယ်။ ကျွန်တော် ရှိရှိ မရှိရှိ စန္ဒာကို စာမူ မပြတ်အောင်ပို့ပါနော်။ ကျွန်တော်စိတ်ချ သွားမယ်။ ဟိုကျမှ ထပ်ခေါ်ဦး မယ်"တဲ့။ ပြောရင်းဖုန်းလိုင်းက ပြတ်သွားပါတယ်။
သားဇာနည်ဆုံးပြီးကတည်းက ကျွန်တယ်လီဖုန်းဖြေရမှာကို ကြောက်နေခဲ့မိတာ ခုတစ်ခါလည်းမထင် မှတ် တဲ့ သတင်းဆိုးကြားလိုက်ရတော့ ရင်ထဲမှာကျင်စက်နဲ့ တို့ခံလိုက်ရသလို လှိုက်ခါ နာကျင် သွား တော့တာပဲ။ နှလုံးသားမှာ ဒဏ်ရာတစ်ခု မကျက်သေးဘူး။ နောက်ထပ် ဒဏ်ရာတစ်ခု ဖြစ်ရပြန်ပြီ။ "အူမကြီးကင်ဆာ"တဲ့။ ကုလို့မှရပါ့မလား။ ကျွန်မစိတ်ပူလိုက်ရတာ။ ပြန်ပြီးမအိပ်နိုင်တော့တာနဲ့ ကိုယ် လက် သန့်စင်ပြီး ဘုရားဝတ်ပြု၊ ကိုဝင်ဦးအတွက် ဆုတောင်းမေတ္တာတွေ ပို့ရပါတယ်။
ကျွန်မ ဆီ ရေးလာတဲ့ စာတွေထဲမှာတော့ အပါသား။ သူ မကြာခဏ ၀မ်းချုပ်နေလို့ မြန်မာဆေး စားနေ တယ်။ မမခင်ရော မြန်မာဝမ်းနုတ်ဆေးတို့၊ လျက်ဆားတို့၊ သွေးဆေးတို့ ယူမလားသူပို့ပေး မယ်လေတဲ့။

သူ့စာဖတ်ပြီး ကျွန်မလည်းဒါလောက် စိုးရိမ်စရာကောင်းတဲ့ ကင်ဆာရောဂါရဲ့ လက္ခဏာဆိုတာ မတွေးမိ တာကြောင့် အလေးအနက် ပြန်မရေးဖြစ်ခဲ့ပါဘူး။ အခုတော့မောင်ငယ်တစ်ယောက်လို ချစ်ရတဲ့ မိတ်ဆွေကောင်း တစ်ယောက် အတွက် သောကများရပြန်ပါပြီ။ စန္ဒာက ကျွန်တော့ဘ၀၊ ကျွန်တော့်အသက် လို့ သူအမြဲကြွေးကြောခဲ့တဲ့အတိုင်း ကျွန်တော်ရှိရှိ မရှိရှိ စန္ဒာကို စာမူမပြတ်အောင် ပို့ပေးပါလို့ အမှာ စကား ထားသွားတာအတွက် ကြေကြေကွဲကွဲ ခံစားရပြီး မျက်ရည်တောင် ကျမိပါ တယ်။
ကျွန်တော် ရှိရှိ၊ မရှိရှိဆိုတဲ့ စကားက သူ့ကိုယ်သူ အားမရတဲ့ သဘောဆောင်နေတာမို့လည်း ပိုပြီး စိတ်ပူမိ တယ်ပေါ့။ 

သူပြောတဲ့အတိုင်း လန်ဒန်ရောက်ပြီး ရောက်တစ်ရေက် ကျွန်မဆီ ဖုန်းဆက်လာပါ တယ်။ သူ့အတွက် ကံကောင်းထောက်မ တဲ့အချက်က ကိုဝင်းဦးရဲ့ အစ်မဒေါ်တင်တင်ဦးက အဲဒီအချိန် မှာ လန်ဒန်မြန်မာသံရုံး မှာ သူ့ခင်ပွန်းက အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ဆဲလေ။ အစ်မရင်း တစ်ယောက်လုံး လူခံ ရှိနေတာမို့ နေရေးထိုင်ရေး အဆင်ပြေတာအပြင် အားရှိစရာလည်း ဖြစ်တာ ကြောင့်ထင်ပါရဲ့။ သူ့အသံက တက်ကြွ လို့။
"မမခင် ရဲ့ ၆၄နှစ်မြောက် မွေးနေ့လက်ဆောင်ကို စပယ်ရှယ်ပေးမလို့ ပုံတူပန်းချီးကားကို ပန်းချီးဆရာ ဦးသောင်းဟန် နဲ့ ဆွဲပြီးယူလာခဲ့တယ်သိလား"တဲ့။ ကျိုးမှာစိုးလို့ လိပ်ပြီးလက်နဲ့ ကိုင်ယူလာ ခဲ့ရတာ။ ဆေးရုံက ဆင်းမှ မမတင်ကို ပို့ခိုင်ပေးလိုက်မယ်လို့ ပြောပြနေတာ သူ့မှာဘာမှ ပူစရာမရှိတဲ့ အတိုင်း လေ။

အရေးထဲမှာ ကျွန်မက ပန်းချီကားတွေဘာတွေ စိတ်မ၀င်စားနေနိုင်ပါဘူး။ သူ့ရောဂါ အခြေအနေကိုပဲ သိချင်စိတ်စောနေ တာမို့ ဒါကိုပဲဦးထားမေးရပါတယ်။ ဆေးရုံမှာ ဆရာဝန်ကြီးနဲ့ ချိန်းထားပြီးပြီ။ လိုအပ်တဲ့ စစ်ဆေးမှုတွေအတွက်လည်း ပြင်ဆင်ထားပြီးသား။ မမခင်ဘာမှပူမနေနဲ့တဲ့။ သူကရုပ်၇ှင် မင်းသားမို့ ရုပ်ရှင်မင်းသား မို့ အကယ်ဒမီရှော့တွေ လုပ်ပြနေသလားလည်းမသိ။
သူက မပူနဲ့ဆိုပေမဲ့ ကင်ဆာဆိုကတည်းက ကျွန်မစိတ်ပူနေရတာမို့ သူမသိအောင် အစ်မဒေါ်တင်တင်ဦး ကို ခေါ်ပြီးစကားသွင်းထားရပါတယ်။ ခွဲစိတ်ြပီးတာနဲ့ အကျိုးအကြောင်းအမှန်အ တိုင်းပြောပြပေးပါလို့ ကျွန်မတို့နှစ်ယောက် ကွယ်ရာမှ သူ့အကြောင်းတွေစုံနေအောင် ပြောဖြစ်ကြ ပါတယ်။ အဓိကကတော့ သူရဲ့ ကျန်းမာရေးအတွက်ပါပဲ။

ကျွန်မစိတ်ပူနေမှန်း သိလို့ သားရွှေစင်က "မာမီ ကိုဝင်းဦးဆီ သွားကြည့်လိုက်ပါလား၊ သားလေယာဉ် လက်မှတ် ၀ယ်ပေးလိုက် မယ်" လို့ ပြောရှာပါ၇ဲ့။ တကယ်လည်း ကျွန်မသွားကြည့်လိုက်ချင်ပါတယ်။ တင်တင်ဦး ကလည်း "အားရှိသွားအောင် မမခင်လာခဲ့ပါလား"ခေါ်တာမို့ သွားဖို့စဉ်းစားပေမဲ့ ကျွန်မ သွား လို့တွေ့ရတာထက် ပိုပြီးအရာရောက်မဲ့ ဆေးကုဖို့ငွေကြေး လိုအပ်တာမဟုတ်လားနော်။

ပြည်ပမှာဆေးကုသရတာ ကျန်းမာရေးအာမခံ မရှိရင် အလွန်အမင်း ဈေးကြီးလှပါတယ်။ ဒါကြောင့် သား ပေးလာတဲ့လေယာဉ်လက်မှတ်ဖိုးငွေ ကို တင်တင်ဦးနဲ့တိုင်ပင်ပြီး ကိုဝင်ဦးဆေးကုသစရိတ် ထဲ ထည့်ပေး ဖို့ ပို့ပေးလိုက်ပါတယ်။ တကယ်က မေတ္တာဆိုတာ နီးတာ ဝေးတာ၊ တွေ့ရတာမတွေ့ရတာနဲ့ မဆိုင် ပါ ဘူး။ လိုအပ်ချိန်မှာ ဖြည့်ဆည်းနိုင်ဖို့က အဓိကပါပဲ။

ကိုဝင်ဦး က ဆေးရုံမှ ခွဲစိတ်ပြီးပြီးချင်း အခြေအနေကောင်းတယ် ၉၅ရာခိုင်နှုန်းအောင်မြင်မှု ရှိတယ် ဆိုတဲ့ သတင်းစကားကို တင်တင်ဦး က ဖုန်းဆက်ပေးလာလို့ သိရတာကြောင့် ကျွန်မလည်း ၀မ်းတွေ သာလို့။ ဘုရား မှာ ဆုတောင်းရင်း မေတ္တာပို့ရတာလည်း အကြိမ်များစွာပါပဲ။ ကိုဝင်းဦးကို ချစ်ခင်တာ တင်မကဘူး။ ဘက်စုံတော်လွန်း လှတဲ့ အနုပညာရှင် ကြယ်တစ်ပွင့်လည်း ဖြစ်တာမို့ ကျန်းမာစေချင်၊ အသက်ရှည်စေချင် တဲ့ ဆန္ဒလည်း ပါပါတယ်။

ကိုဝင်ဦး က တစ်ခေတ်မှာတစ်ယောက်ဆိုရလောက်အေင် ထူးခြားတဲ့ ပါရမီရှင်ဖြစ်သလို စိတ်စေတနာ ကောင်းသူ လည်းဖြစ်တာမို့ ကိုယ့်ထက်ဆယ်နှစ်တိတိငယ်ရွယ်သူဖြစ်ပေမဲ့ သူ့ကိုလေးစားကြည်ညို ပါ တယ်။ ကျွန်မသိသလောက် သူသာမချမ်းသာရှိရမယ် သူ့ရဲ့ တပည့် လက်သားတွေ အတွက် စီးပွားရေး ထူထောင်ပေးခဲ့တာတွေလည်း အများကြီး။ သူစင်တင်ပေးလို့ ထွန်းတောက် သွားကြတဲ့ အနု ပညာကြယ်ပွင့်တွေလည်း တစ်ပုံတစ်ပင်ရှိနေကြဆဲပါ။ ကျွန်မကိုလည်း သူ့ရဲ့စန္ဒာစင်မြင့် မှာ တင်ပေးခဲ့ တာကြောင့် စာပေကျေးဇူးရှင်လို့ ဆိုနိုင်ပါသေးတယ်။

ဘုရားက လူတစ်ယောက်ရဲ့တန်ဖိုးကို တိုင်းတဲ့အခါ ပေကြိုးကိုခေါင်းမှာပတ်ပြီး တိုင်းတာ မဟုတ်ဘူး။ နှလုံးသားမှာတိုင်းတာတဲ့။
ကိုဝင်းဦးရဲ့ နှလုံးသားက သူနဲ့ထိတွေ့ဆက်ဆံရတဲ့သူတိုင်း အပေါ်မှာကြီးပွားအောင်မြင်စေလိုတဲ့ စိတ်၊ တိုးတက်ချမ်းသာစေလိုတဲ့ စိတ်နဲ့အမြဲတမ်းပံ့ပိုးကူညီချင်တဲ့ မေတ္တာစေတနာတွေ ပြည့်လျှံနေ တာမို့ တန်ဖိုး ရှိသူ လူသားတစ်ယောက်လို့ သတ်မှတ်နိုင်ပါတယ်။ ကိုဝင်ဦးဆေးရုံက ဆင်းပြီး အစ်မ ဒေါ်တင်တင်ဦး ရဲ့ အိမ်မှာပဲအနားယူရင်း ဆေးကုသမှုဆက်လက်ယူရဆဲ တင်တင်းဦးနဲ့ စကားပြော ဖြစ်တော့...

"မမခင့်မောင်က စန္ဒရားတီးမပျက်၊ အိမ်လည်းမပျက်ပါပဲ"တဲ့။ ညီမ ၀မ်းကွဲ ဖြစ်တဲ့ ဘီဘီစီ က ဒေါ်ခင်မြဆွေ (နီနီ) နဲ့လည်းဈေးဝယ်နေ့တိုင်းထွက်သေးတာတဲ့လေ။ ကျွန်မဆီ ဖုန်းဆက်တော့တောင် သူကီမိုယူရရင် ဆံပင်တွေ ကျွတ်မှာမို့ ရှပ်ရှင်ရိုက်တဲ့အခါ သုံးရအောင် ဆံပင်အတုတွေ ရှာထားပေးပါ ဦးလို့မှာနေသေးတာ မို့ စိတ်ဓာတ်မကျဘူးဆိုတာ သိသာပါတယ်။

ဒီဇင်ဘာကျရင် အင်္ဂလန်ကို ဆေးစစ်ဖို့ ပြန်လာရမယ်။ အဲဒီကျတော့ အမေရိကားကို လှည့်ဝင်ပြီး မှ မြန်မာပြည် ပြန်မယ်လို့လည်း စိတ်ကူးတွေ ယဉ်နေလိုက်ပါသေးတယ်။ မြန်မာပြည်ပြန်ရောက်ရင် မပေဖို့၊ မတေဖို့ ကျန်းမာရေးအထူးဂရုစိုက်ဖို့တွေလည်း ဖုန်းပြောဖြစ်တိုင်း အထပ်ထပ်မှာရပါတယ်။ အမေရိကား မှာ သူဖြစ်တဲ့ "ကိုလုံး" ကင်ဆာနဲ့ အသက်ရှည်နေကြသူတွေကို အများ အပြား တွေ့ ဖူးတာ ကြောင့်ကျွန်မအနေ နဲ့ သူ့ကိုအသက်ရှည်ဦးမယ်လို့ ယုံကြည်မျှော်လင့် ထားမိတယ်ပေါ့။

ဒီလိုနဲ့ ကျွန်မရဲ့ ၆၄နှစ်မြောက်မွေးနေ့ကို ရောက်လာပါရော။ ဒီနှစ်မွေးနေ့ကတော့ ထူးထူးခြားခြား မွေးနေ့ လက်ဆောင်နှစ်ခုရပါတယ်။ တစ်ခုက ကိုဝင်းဦး လန်ဒန်ကနေပို့ပေးလိုက်တဲ့ ကျွန် မနဲ့ ပုံတူ ပန်းချီးကားချပ်ကြီးပါ။ ကျွန်မအသက် ၂၄နှစ်အရွယ်က မြန်မာဆန်ဆန်ဆံထုံးမှာ သဇင် ပန်းတွေ ဝေနေ အောင်ပန်ပြီး ရိုက်ထားတဲ့ဓာတ်ပုံတစ်ခုကို ကိုဝင်ဦးက ပန်ချီးဆ၇ာကြီး ဦးသောင်းဟန် ဆီမှာ ပုံတူဆွဲ ခိုင်းပြီး ပို့ပေးလိုက်တာလေ။

ဦးသောင်းဟန်ရဲ့ လက်ရာဆိုတော့ ပန်ချီးကားက အသက်ဝင်လိုက်တာ။ အိမ်ကိုလာတဲ့ သူတိုင်းက ချီးကျူး တာ ခံရပါတယ်။ နောက်လက်ဆောင်တစ်ခုကတော့ သမီးကေသီနဲ့ သူ့ခင်ပွန်း ဂယ်ရီဆီက ရတဲ့ လက်ဆောင် ပါပဲ။ မွေးနေ့မတိုင်ခင် မိသားစု ဆုံကြမြဲဖြစ်တဲ့ စနေနေ့မှာ နေ့လယ်စာ စားပြီးကြ တော့ဈေးဝယ်သွားရအောင် မာမီပါလိုက်ခဲ့ပါလား ခေါ်တာနဲ့ သမီးတို့နဲ့အတူ လိုက်သွားဖြစ် ပါတယ်။

ကြုံတုန်း ခဏလေး ကားဝင်ကြည့်လိုက်ဦးမယ်နဲ့ ဂယ်ရီက ကားရောင်းတဲ့နေရာ တစ်ခုထဲ ချိုးဝင်လိုက် ဆော့ကိုယ်စိတ်စားတဲ့ကိစ္စ မဟုတ်တာကြောင့် ကျွန်မက သူ့တို့အထဲဝင်မပါဘဲ ဧည့်ခန်းက မဂ္ဂဇင်း တစ်အုပ် ကို လှန်ဖိတ်နေလိုက်ပါတယ်။ ၀ိုင်းထဲမှာရပ်ထားတဲ့ ကားသစ်တွေကလည်း အရောင်စုံ၊ အမျိုး အစားစုံပါပဲ။
သမီးကေသီ က "မာမီ ထွက်ခဲ့ပါဦး၊ သမီးတို့ကားတစ်စီးယူမလို့ ကူကြည့်ပေးပါဦး"ဆိုတာနဲ့ မကောင်း တတ် လို့ ထွက်ကြည့်ပေးရတယ်ပေါ့။ ဂယ်ရီက "မာမီ ဒီကားအရောင်လေး မလှဘူးလား၊ ဟိုကား အ ရောင်လေး မဆန်းဘူးလားနဲ့" မေးတော့လည်း "အင်း လှပါရဲ့၊ ဆန်းပါရဲ့"လို့ အလိုက်သင့်ပဲ ဖြေဖြစ်ပါ တယ်။

ကိုယ်က ကားအကြောင်းလည်း နားမလည်၊ ကားဝယ်ဖို့လည်း စိတ်မ၀င်စားတော့ အထောက်အကူ မဖြစ်လေ ဘူးပေါ့။ ဒီတော့ သမီးကေသီက "မာမီသမီး ရွေးထားတဲ့ ဒီနှစ်စီးကြည့်ပါဦး။ မာမီဆိုရင် ဘယ်ကား နဲ့ ဘယ်အရောင်ကို ရွေးမလဲဟင်"တဲ့။
"မာမီက အဖြူရောင်ပဲ ကြိုက်တာမို့ ဒီကားကို ရွေးမှာ"လို့လည်းပြောလိုက်ရော မရွှေကေသီက အူယား ဖားယား ဂယ်ရီကို လှမ်းခေါ်ပြီး "ဒီမှာ ဒီကား ဒီကား"နဲ့ လက်ညှိုးထိုးပြလေရဲ့။ ကျွန်မ စိတ်ထဲ မှာတော့ "သြော်... သူ့ဟာသူ ရွေးရခက်နေတာကြောင့် အမေကိုရွေးခိုင်းတာ ဖြစ်မှာ" လို့ တွေးရင်း လက်ထဲက မဂ္ဂဇင်း ဆက်ဖတ်နေလိုက်ပါတယ်။ နာရီဝက်လောက်ကြာတော့မှ လင်မယားနှစ်ယောက် တပြုံးပြုံးပြန်ရောက် လာကြပြီး...
"မာမီ့ ဘာသာ အိမ်ပြန်တော့"ပြောရင်း လက်ထဲ ကားသော့်တစ်ခု လာထည့်ပါတယ်။

"ဟင်...ဘာဖြစ်လို့လဲ"နဲ့ နားမလည်နိုင်လို့ ပြန်မေးတော့...
"မာမီ့အတွက် သမီးတို့က ၀ယ်ပေးတဲ့မွေးနေ့လက်ဆောင် ကားလေ"တဲ့။
ကျွန်မ အဲဒီနေရာမှာတင် ရှိုက်ကြီးတငင်နဲ့ ထိင်ငိုလိုက်ပါရော။ ဂယ်ရီက ခြေမကိုင်မီ လက်မကိုင်မီ ကျွန်မ ငိုတော့ ဘာလုပ်ရမှန်း မသိရှာဘူး။
"ကျွန်တော် တို့က မာမီ့ကိုချစ်လို့ မေတ္တာရဲအထိမ်းအမှတ်နဲ့ လက်ဆောင်ပေးတာ မာမီက၀မ်းသာရ မှာ၊ ဘာဖြစ် လို့ ငိုတာလဲ"တဲ့။ ပျာပျာသလဲ ပခုံးလာဖတ်ရင်း ရှင်းပြလေရဲ့။
သားသမီးတွေ ဆီက မေတ္တာကို ရရှိတာအတွက် ရင်ထဲမှာ လှိုက်ခါနေအောင် ၀မ်းသာပီတိဖြစ်ရတာ အမှန်ပါ။ ဒါပေမဲ့ သားသမီးတွေဆီက တန်ဖိုးကြီးပစ္စည်းတွေ လက်ခံရယူရတိုင်း ကျွန်မရဲ့ရင်မှာ နာကျင်မှုဝေဒနာ ကို ပြင်းပြစွာ ခံရမြဲပါပဲ။ မိခင်တစ်ယောက်အနေနဲ့ ကျွန်မကသာ ပေးလို့တဲ့ဆန္ဒရှိပေ မဲ့မေတ္တာ ကလွဲပြီး ကျွန်မမှာ ထိုက်တန်စွာ ပေးနိုင်လောက်အောင် ပြည့်စုံတဲ့အခြေအနေ မရှိတာကြောင့် ပိုပြီး ခံစားမိတာလည်း ပါပါတယ်။

အခုလည်းတန်ဖိုးကြီး ပစ္စည်းတစ်ခုဖြစ်လို့ လက်ခံမယူရက်ဘဲ မျက်ရည်တွေ သွန်ချမိ လိုက်တာ ပါပဲ။ နောက်မှ ကိုယ့်စိတ်ကိုယ် မနည်းပြန်ထိန်ြး်ပီး သမီးကေသီနဲ့ သမက်ဂယ်ရီကို ကျေးဇူးတင်စကား ဆိုရ ပါတယ်။ ဒါကြောာင့် ကျွန်မရဲ့ ၆၄နှစ်မြောက် မွေးနေ့က အမှတ်တရပဲ ဆိုပါတော့လေ။

ဒီနှစ်ထဲမှာ အမှတ်တရတွေက အများကြီးပါပဲ။ ကျွန်မရဲ့မွေးနေ့ပြီးလို့ နှစ်လပဲရှိသေးတယ်။ ဇူလိင်လ ၁၅ရက်နေ့မှာ သမီးကေသီက သားလေး(ခန့်သီဟ)ကို ချောမောစွာ မွေးဖွားပါတယ်။ မိသားစုထဲမှာ သားယောက်ျားလေးတစ်ယောက် တိုးလာတယ်ဆိုတော့ အားလုံးက ပျော်မဆုံးပဲပေါ့။ ဒီတစ်ခါ ကလေး မှာတော့ သမီးက အတွေ့အကြုံရှိထားပြီးသားဖြစ်တဲ့အပြင် ကလေးကိုတာဝန်ယူတဲ့ နာနီရှိ ထားပြီးသား ဖြစ် လို့လည်းအမေဖြစ်တဲ့ ကျွန်မ မကြောင့်ကြရတော့ပါဘူး။
ဒီလိုနဲ့မကြာခင် ဦးမြလှိုင်တို့ ရောက်ရှိလာတော့မှာမို့ ကျွန်မသားရွှေစင်လည်း အလုပ်တွေ လှုပ်နေ ရှာလေ ရဲ့။ သူ့အဖေအတွက် အဆင်သင့်နေဖို့အိမ်ရှာရ၊ အိမ်ရပြန်တော့လည်း လိုအပ်ပရိဘောဂတွေ ၀ယ်ရ၊ လှပတင့်တယ်အောင် ခင်းကျင်းပြင်ဆင်ရနဲ့ လူလည်းမော၊ စိတ်လည်းမော၊ ငွေလည်းမောပေါ့၊ အမေရိကားမှာ စားစရိတ်ထက် နေစရိတ်က ပိုပြီးမြင့်မားပါတယ်။

အိမ်တစ်ခုငှားရင် အိမ်လခက ဈေးကြီးရုံမကဘူး။ ပထမလရယ်၊ နောက်ဆုံးလရယ်၊ အိမ်ထဲက ပစ္စည်း ပစ္စယတွေ ပျက်စီး ခဲ့သော် လျော်ကြေးအဖြစ် အာမခံတစ်ခခရယ် သုံးလကြိုတင်ပေးထားရတာက ရှိသေး တယ်။ ပြီးရင် တယ်လီဖုန်းသယ်ခ၊ မီးသွယ်ခတွေက လာပြန်ပါရော။ အဖေကို ချစ်တဲ့သားက အဖေလာမယ် ဆိုကတည်းက လိုလေသေးမရှိလုပ်ထားရှာတာ။ တစ်နေ့ဦးမြလိင် မရောက်ခင်တစ် ပတ်လောက်အလိုမှာ ကျွန်မ ကိုလာပြောပါတယ်။
"မာမီ...သားဖေဖေတို့အတွက် ရောက်လာရင် နေဖို့အိမ်ပြင်ထားတာ အခုအားလုံး အဆင်သင့်ဖြစ် နေပြီ၊ ဘာလိုသေးလဲ ဆိုတာ မာမီလိုက်ကြည့်ပေးပါလား"တဲ့။

ဒါနဲ့ သားနဲ့အတူလိုက်သွားပါတယ်။ ရွေးပြီးငှားထားတဲ့ နေရာလေးကလည်းနေရာကောင်း။ စည်းကား တဲ့မြို့လယ်က လမ်းမကြီးပေါ်မှာဖြစ်တဲ့အပြင် အစားအသောက်အစုံဝယ်လို့ရတဲ့ စူပါမားကတ်ကြီးနဲ့ မျက်စောင်းထိုး။ တစ်ခေါ်လောက် လမ်းလျှောက်သွားလို့ရတဲ့ နေရာမှာက ပစ္စည်းမျိုးစုံ အရောင်း ဆိုင် တွေ စုပေါင်းဖွင့်ထားတဲ့ ဧရာမ Mall ကြီးမို့ သွားရေးလာရေး လွယ်ကူရုံမကဘူး၊ လိုအပ်တဲ့ပစ္စည်းအစုံ လည်း လက်တစ်ကမ်း ၀ယ်ယူလို့ရအောင် အဆင်ပြေလှတာမို့ နေရာရွေးတော်တဲ့ သားကိုချီးကျူးရပါ တယ်။

အိမထဲဝင်လိုက်တော့လည်း ဧည့်ခန်းမှာ၊ မီးတိုင်နဲ့၊ ဆိုဖာခုံနဲ့၊ ကော်ဖီစားပွဲနဲ့ ရုပ်မြင်သံကြား တီဗီစက် နဲ့၊ ဗီဒီအာရ်နဲ့ အပန်းဖြေစရာပစ္စည်းတွေပါ သူ့နေရာနဲ့သူထည့်ထားတာအကျအန။ လာကြမဲ့သူက သုံးယောက်မို့ အိပ်ခန်းက နှစ်ခန်း၊ ခုတင်နဲ့မှန်တင်ခုံနဲ့ အိပ်ရာခင်းပြီးသား၊ ခေါင်းအုံးတွေ၊ စောင်တွေ လည်းအပြည့်အစုံ ထည့်ထားပြီးသား။ အိပ်ရာဖုံးတွေ၊ ခန်းဆီးတွေကလည်း အခန်းနဲ့လိုက်ဖက်တဲ့ အရောင်အသွေး ဆင်တူ။ သွားတိုက်တံ၊ သွားတိုက်ဆေးနဲ့ ဆပ်ပြာမုတ်ဆိတ်ရိတ် ကရင်အဆုံး လိုအပ်သမျှ ပစ္စည်းတွေလည်း မျက်နှာသစ်ကန်ဘေးမှာ အဆင်သင့်။ မျက်နှာသုတ်ပ၀ါတွေက အလွယ် တကူယူသုံးဖို့ တောင်းတစ်ခုထဲမှာ အလိပ်လိုက်လှလှပပ စီလို့။

ထမင်းစားခန်းမှာလည်း ကျကျနန ပြင်ဆင်ထားလိုက်တာ။ စားပွဲခင်းနဲ့ လက်သုတ်ပ၀ါကအရောင်တူ။ ထမင်းစား ပန်းကန် ဇွန်းခက်ရင်းနဲ့ အဆင်သင့်ပြင်ထားပုံက မဂ္ဂဇင်းထဲက အတိုင်း၊ မီးဖိုထဲမှာလည်း အိုးခွက် အပြည့်အစုံအပြင် အရန်သင့်ချက်ဖို့ ဆန်၊ ဆီ၊ ဆား၊ အိုဗာတင်း၊ ကော်ဖီ၊ နွားနို့၊ လိမ္မော်ရည်နဲ့ အသီးအနှံတွေ ပါ ထည့်ထားပြီးသား။ ဖရီဆာထဲမှာသားငါးတွေက အပြည့်။ အသေးစိတ် စဉ်းစား စိတ်ကူး ပြီး တစ်ခုစီပြည့်စုံအောင် လုပ်ထားလိုက်ပုံကိုကြည့်ပြီး သားရဲ့ထားရှိတဲ့မေတ္တာနဲ့ စေတနာ အလေး အနက်ကိုခံစား မိပါတယ်။
 
ကျွန်မက သူပြင်ဆင်ထားတာတွေကို သဘောတကျနဲ့ ချီးကျူးတော့ သားရဲ့မျက်နှာ နုနုလေးက ကြည်နူးစွာ နဲ့ ပြုံးလို့။ တကယ်ဘာမှမလိုဘူးလားဟင် တဲ့။
ရင်ထဲမှာ "စေတနာ"ဆိုတဲ့ သဒ္ဓါစိတ်ကလေးတစ်ခု ရှိထားရင် အရာခပ်သိမ်းပြီးပြည့်စုံတာပါပဲနော်။
ဖေဖေ ဒီရောက်လာရင် သူ့အိမ်နဲ့သူ စိတ်လွတ်လက်လွတ်နေရတော့စိတ်ချမ်းသာမှာပါနော် "မာမီ"တဲ့။ သူ့အဖေ ဒီရောက်လာပြီး မပျော်မှာ ကိုလည်း ကြောင့်ကြာနေရှာတယ် ထင်ပါရဲ့။ လောကမှာ စုန်ရေသာ ရှိတယ်၊ ဆန်ရေ မရှိဘူးလို့ အဆိုပြုခဲ့တဲ့ မြန်မာစကားစုဟာ အခါခပ်သိမ်းမမှန်ပါလားလို့ ကျွန်မအတွေး တစ်ခု ၀င်လာမိပါတယ်။

အခု သားစီစဉ်ထားသမျှတွေဟာ မနည်းမနော ကုန်ကျထားရတာ ဖြစ်မှာအပြင်လူသုံးယောက်စာ လေယာဉ် စရိတ် အသွားအပြန် ၀ယ်ရတဲ့ လက်မှတ်ဖိုးကလည်း တန်ဖိုးသေးမှာမဟုတ်ပါဘူး။ နေထိုင်သမျှ ကာလပတ်လုံး တာဝန်ယူရမဲ့ စားဝတ်နေရေးအပြင် ဆေးကုသစရိတ် ဆိုတာမျိုးကအစ ရှိနေသေးတာမို့ သား ကို သနားမိတာကြောင့် အပြန်ခရီးကားပေါ်မှာ "သားရယ်၊ ဖေဖေဒီမှာ လာနေတဲ့အခိုက် အိမ်ထောင်နှစ်ခု ကို တာဝန်ယူရတာ သားပင်ပန်းပါတယ်။ မာမီကို ပေးတဲ့ငွေလျှော့ ပေးပါလား။ သားရဲ့ညီ၊ ညီမတွေ လည်း တာဝန်ပေါ့စပြုပြီပဲ မာမီရပ်တည်နိုင်ပါတယ်"ပြောတော့..
"ဖေဖေရောက် လာတာနဲ့ မာမီကို တာဝန်မယူဘူးဆိုရင် ဘယ်မျှတပါ့မလား၊ သားနိုင်လို့သားလုပ်ပေး တာပဲ။ သား စိတ်မကောင်းအောင် ဒီစကားမျိုး မပြောပါနဲ့"လို့ မကျေမနပ်ဆိုလေတာနဲ့ ကျွန်မလည်း လက်လျှော့နှုတ်ဆိတ်နေ လိုက်ရတော့တယ်။
ဦးမြလှိုင် တို့ ရောက်လာမဲ့နေကျတော့ သားရွှေစင်၊ သမီးသူဇာနဲ့ သားငယ် အိန္ဒာ တို့မောင်နှမ သုံး ယောက်ကားနှစ်စီးနဲ့ မာယာမီလေဆိပ်မှာ သွားကြိုကြလေရဲ့။ ကွဲကွာနေရတဲ့အဖေကို ၁၂နှစ်ကြာ မှ ပြန်တွေ့ရမှာကြောင့် သူတို့အားလုံး စိတ်လှုပ်ရှားနေကြပုံပါပဲ။ သူတို့ပြန်လာရင် ဘာသတင်းတွေ ကြားရမလဲ လို့ တွေးရင်း ကျွန်မပါ ရောပြီးစိတ်စောနေမိပါသေးတယ်။

လေဆိပ်က ကြိုပြီးနေထိုင်ဖို့ ပြင်ဆင်ထားတဲ့ အိမ်မှာနေသားတကျ ဖြစ်အောင်ထားခဲ့ပြီးမှ ပြန်လာကြ တာမို့နေအတော်စောင်းမှ ရောက်လာကြပါတယ်။ သားရွှေစင်က ရောက်မဆိုက်ကျွန်မ ခုတင်ပေါ်မှာ ပစ်ထိုင် ချပြီး ရှိုက်ကြီးတငင်ငိုပါလေရော။
"ဟဲ့သား ဘာဖြစ်လာတာလဲဟင်။ ဘာလို့ ဒါလောက်တောင် ငိုရတာလဲ သားရယ်။ မာမီ့ကိုပြောပါဦး" နဲ့ကျွန်မ ပျာပျာသလဲ ဘာလုပ်ရမှန်းမသိ ဖြစ်ပြီးမေးတော့ တော်တော်နဲ့မဖြေနိုင်ဘဲ အားပါးတရ ငိုချ ပြီးခါ မှ...
"ဖေဖေရုပ် အရမ်းကျသွားတာပဲ မာမီ၊ ဖေဖေ အိုသွားတာကိုကြည့်ပြီး သားသိပ်ဝမ်းနည်းသွားတာပဲ"တဲ့။
အစ ကတော့ ဒါလောက် ငိုကြီးချက်မဖြစ်လာတာ ခရီးရောက်မဆိုက် အဖေနဲ့ဘာတွေများ ပြဿနာဖြစ် လာပြီလဲ နဲ့သူ့အဖြေကို ရင်မပြီးနားထောင်နေမိတာပါ။

"ဖေဖေအိုသွား လို့ ငိုတာ"ဆိုတာလည်း ကြားလိုက်ရရော ကျွန်မရယ်လည်း ရယ်ချင် သားကိုလည်း သနားတဲ့စိတ် နဲ့ စိတ်မကောင်းဖြစ်ပြီး အဲဒီအချိန်က ကိုယ့်ကိုယ်ကို မှန်ထဲပြန်ကြည့်ရင်း "ငို၍ ရယ်၍ မရသော မျက်နှာ"များ ဖြစ်နေမလားမသိ။
စဉ်းစားကြည့်ပါဦးနော်။ သူသူငါငါ လူတာအိုနေကြတာပဲ မဟုတ်လား။ ကျွန်မကိုယ်တိုင်လည်း အိုနေတာပဲ။ အမေ ကိုနေ့တိုင်းမြင်တွေ့နေရတော့ အိုနေမှန်း သူသတိမထားမိဘူးပေါ့။ ၁၀နှစ်ကျော်၊ ၁၂နှစ်နီးပါး မတွေ့ရတဲ့ အဖေကိုသူ့စိတ်ထဲမှာ သူထွက်လာခဲ့တုန်းကရုပ်ပဲလို့ ရှိနေလိမ့်မယ်ထင်ပါရဲ့။ ၁၀နှစ်၊ ၁၅နှစ်ဆို တဲ့ ရုပ်ဟာအများကြီး ကွာသွားပြီဆိုတာမေ့နေပုံရပါတယ်။ သားကလူကောင်ကြီး ထွားပြီး ကျားကျား လျားလျား ရှိပေမဲ့ သူရဲ့နှလုံးသားက အလွန်အမင်း နူးညံ့လွန်းလှပါတယ်။
"ကြားဖူးကြလားနော်၊ အဖေ အိုလို့ငိုရသတဲ့"
ကျွန်မ တို့ မိသားစုဖြစ်ပျက်ပုံတွေကတော့ စာဖွဲ့စရာချည်းပါပဲ။ ဒီလိုနဲ့နောက်တစ်နေကျတော့ သားက "ဖေဖေ က မာမီ့ ကိုလာတွေ့ချင်လို့တဲ့ ခေါ်ခဲ့ရမလား"လို့ မေးပါတယ်။
ကျွန်မ မှာ ဦးမြလှိုင်နဲ့ ပတ်သက်ခြင်း ချစ်ခြင်း မုန်းခြင်းလည်းမရှိ၊ ပကတိကြည်လင်တဲ့ စိတ်ပဲရှိတာမို့ "ရပါတယ်၊ ခေါ်ခဲ့ပေါ့ သားရယ်" လို့ဖြေလိုက်ပါတယ်။
ဦးမြလှိုင် ကိုတွေ့ရတော့ အသက်အရွယ်အရ ရင့်ရော်သွားတာမျိုးရှိပေမဲ့ အရယ်အပြုံးအပြောအဆိုက အစအရင် ကပုံစံအတိုင်း နူးညံ့သိမ်မွေ့ဆဲပါပဲ။

"ခင့်ကို ကိုယ်တောင်းပန်ချင်လို့ လာခဲ့တာ"တဲ့။
ကျွန်မရင်ထဲမှာ ငယ်ရွယ်စဉ်ကလို အတေးအမှတ်၊ မကျေမနပ်နဲ့နာကြည်းမှု၊ တုံ့ပြန်လိုမှုဆိုတာတွေ စိုးစဉ်းမှ မရှိတော့ပါဘူ့း။
"တောင်းပန်စရာကိစ္စ ဘာမှမရှိတော့ပါဘူး"လို့ကျွန်မအပြုံးနဲ့ ပြန်ပြောနိုင်ခဲ့ပါတယ်။
"မဟုတ်သေးဘူးလေ၊ ကိုယ်မသေခင်မှာ ရင်ရှင်းသွားချင်လို့ပါ ခင်ရယ်။ ကိုယ် ခင့် အပေါ်မှာပြုမိ မှား၊ ပြောဆိုမိမှားမှန်သမျှကို ခွင့်လွှတ်ပါလို့ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ရရင် ကျေနပ်ပါပြီ"တဲ့။
မီလျံနာ ကအစ ဆင်းရဲသားအထိ အသက်ရှင်နေတဲ့ လူသားတိုင်းမှာ "နောင်တ"ရှိကြတဲ့သူချည်းပါပဲ။

နှလုံးသား ဆိုတာ တစ်ကိုယ်လုံး သွေးတွေလည်ပတ်စေဖို့ ညှစ်ထုတ်ပေးနေတာတင် မဟုတ်သေးဘူး နော်။ ကိုယ်တစ်ဦး တည်း သိတဲ့အမှားအမှန်တွေကိုလည်း အမြဲတမ်းစစ်တမ်းထုတ်တဲ့ အလုပ်ကိုလည်း လုပ်နေသေး တာ။ မမှန်တာ တစ်ခုခု၊ စည်းကမ်းတစ်ခုခု ဖောက်မိတာနဲ့ ရင်ခုန် နှလုံးတုန်ဖြစ်ရပြီ ဆိုက တည်းက "ကိုယ့်လူမင်းမှားနေပြီနော်"လို့ သတိပေးနေခြင်းပါပဲ။

ကိုယ်မှားလို့ သူများလက်ညှိုးထိုး ကဲ့ရဲ့တာက တစ်ပတ်နဲ့ ပြီးသွားနိုင်သေးတယ်။ ရင်ထဲက နှလုံးသား အသံ က ကဲ့ရဲ့ပြီဆိုရင် တစ်သက်စာ ခံရပြီမှတ်တော့ပါပဲ။ ကိုယ့်အမှားကို အမှားမှန်း သိပြီး ပြုပြင် ဖို့ နောက်ကျသွားတဲ့တိုင်အောင် ဖွင့်ဟ၀န်ခံ တောင်းပန်လိုက်ရရင် ရင်ရှင်းသွားစမြဲပါပဲ။
ဦးမြလှိုင် ကျွန်မအပေါ်မှာ မှားခဲ့တာတွေရှိသလို ကျွန်မအနေနဲ့လည်း လက်တွဲခဲ့ကြတဲ့ သက်တမ်းအ တွင်း မာန်မာနထားပြီး ပြောမှားဆိုမှား၊ အတွေးမှားအမြင်မှားတွေနဲ့ မှားယွင်းမှု အမြောက်အမြား ရှိခဲ့မှာ သေချာပါတယ်။ ဒါကြောင့်...
"ပြောမှား ဆိုမှား ပြုမိမှားအားလုံးအတွက် ခင့်ကိုလည်း ခွင့်လွှတ်ပါလို့"ကျွန်မလက်အုပ်ချီ ကန်တော့ ရင်းဦးမြလှိုင် ကို တောင်းပန်လိုက်ပါတယ်။
ဘ၀ ဆိုတာ ဆုပ်ကိုင်ထားခြင်းနဲ့ စွန့်လွတ်ခြင်းကြားမှာ ဖြစ်တည်နေကြတာပါပဲလေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, March 2, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၅ဝ)

ဆရာတော်ကြီးအဖွဲ့က ကျွန်မတို့ ဖလော်ရီဒါကနေ တက္ကဆက်ပြည်နယ်ကိုကြွပါမယ်။ အဲဒီကနေ ၀ါရှင်တန်နဲ့ ရှီကာဂိုမြို့တွေ အထိကြွပြီး ဆန်ဖရစ်စစ္စကိုကိုပြန်ကြွမှာပါ။ သက်တော်၈၉နှစ်ရှိပြီမို့ ဆရာတော်ကြီး ကို နောက်တစ်ခါ ဖူးမြော်ခွင့်မှ ကြုံပါဦးမလားဆိုတဲ့ အတွေး နဲ့ ပြန်ကြွမယ့်နေ့ မှာ ခြေတော်စုံကို ဦးခိုက်ကန်တော့တဲ့ အချိန်မှာ ကျွန်မ မျက်ရည်ကျမိပါတယ်။
တကယ်လည်း အဲဒါနောက်ဆုံး ဖူးမြော်ကန်တော့ခွင့်ကြုံလိုက်ရခြင်းပါပဲ။ ဒါကြောင့်ဘယ်သူနဲ့မဆို ဆုံစည်း ရခိုက် ဟာ တန်ဖိုးအရှိဆုံးအချိန်အဖြစ်နှလုံးသွင်းပြီး မိမိရဲ့အကောင်းဆုံးကိုပေးနိုငအောင် ကြိုးစားရမှာပဲ ထင်ပါရဲ့နော်။

အပိုင်း (၅၂)

ဘ၀ခရီးဆိုတာ အဝေးပြေးကားလမ်းပေါ်မှာ မောင်းသွားရသလိုပါပဲ။ တစ်ခါတလေ လမ်းက ညီညာဖြောင့်ဖြူး လို့၊ တစ်ခါတစ်လေလည်း ချောက်တွေ ကျင်းတွေနဲ့ ခယောင်း တောဖြစ်လိုဖြစ်၊  ဒါပေမဲ့ အသက်ရှင်နေ သမျှ ရပ်ထားလို့မရ။ ဘယ်ကို ရောက်မယ်မှန်း မသိတဲ့ အနာဂတ်ကြီးဆီကို ထိုးထွင်းပြီး ဆက်သွားနေကြ ရတာပဲ။ ခရီးမိုင်တိုင်တွေ တစ်ခုပြီး တစ်ခု ဖြတ်ကျော်မိလေ အတွေ့အကြုံက ပိုပြီး စုံလေပေါ့့နော်။
ဘ၀ရဲ့ တိုးတက်မှုအတွက် လှုပ်ရှားနေရမြဲမို့ ကြုံလာတဲ့ မုန်တိုင်းတွေကြောင့် အသည်းကွဲမယ်။ မျက်ရည်တွေ  အိုင်ထွန်းအောင် ငိုချင်လည်း ငိုရမယ်။ စက်ရုက်တစ်ရုပ် လိုနေရတာ အဓိပ္ပာယ်မဲ့ ချင် မဲ့သွား မယ်။ ဘ၀အမောတွေက လူတိုင်းကြုံရမဲ့ ကိစ္စတွေပါပဲ။ ဒါဟာ ကမ္ဘာပျက်သွားတာ မဟုတ်သေးဘူးလို့ ကိုယ်ဟာ ကို ပြန်အားပေးနိုင်မှာပါ။
အချိန်ဆိုတာ ရပ်ထားလို့ မရသလို အချိန်နဲ့အတူ ကုန်ဆုံးရတဲ့ဘ၀ကလည်း တည်ငြိမ်မှု မရှိ ပါဘူးလေ။ ကောင်းတာတွေ ဖြစ်လိုက်၊ ဆိုးတာတွေ ကြုံလိုက် သံသရာလည်နေကြရ တာ။

ကျွန်မတစ်ယောက်တည်းမှ မဟုတ်တာ။ သက်ရှိလူသားတိုင်း ကြုံတွေ့ရတဲ့ ဓမ္မတာ တရားမို့ ကြုံလာရင် သင့်တင့် စွာ နှလုံးသွင်းနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ကြမ်းတမ်းတဲ့ ဘ၀ရိုက်ချက်တွေကို ကြီးမားတဲ့ စိတ်ခွန်အား အဖြစ် ပြောင်းလဲလာနိုင်မှာ ပေါ့နော်။
သေချာတာ တစ်ခုက သဘာဝနိယာမအရ အရာခပ်သိမ်းဟာ ပြောင်းလဲခြင်းသဘော ရှိတာ မို့ မုန်တိုင်းပြီး သွားရင် သာယာလှပ အေးချမ်းငြိမ်သက်သွားမြဲပါပဲ။ တစ်နေ့ လန်ဒန်မှာ အခြေချနေထိုင်တဲ့ ကျွန်မရဲ့ သူငယ်ချင်း ဒေါ်စောရင် (ဒေါန်အော့ဘရေး) ဆိုသူ အလည်ရောက်လာပါတယ်။ အမေရိကား ရောက် မလာခင် လန်ဒန် မှာတည်းက ကျွန်မရဲ့ ဘ၀အမောတွေကို တစ်ဆင့်စကား ကြားလာခဲ့ပြီးပြီမို့ အကျိုး အကြောင်း သတင်းမေး ပါ ရော။ သူငယ်ချင်းမို့ ကျွန်မလည်း မခြွင်းမချန် ကိုယ်ရေး မှန် သမျှတွေ ပြောပြ လိုက်တာပေါ့။
နားထောင်ရင်း မျက်ရည်တွေ စီးကျနေရာက ဖျတ်ခနဲ ထပြီး ကော်ဇော်ပေါ်မှာ ဒူးထောက် ရင်းလက်အုပ်ချီ လို့ ရုတ်တရက်မို့ သူဘာလုပ်တာပါလိမ့်နဲ့ နည်းမလည်နိုင်ဘဲ အူကြောင် ကြောင်ကြည့်နေမိပါသည်။

''ဘုရားသခင် .....ခင်မကြီး ကို စမ်းသပ်သလို မစမ်းသပ်တော်မူပါနဲ့။ သူ့လိုခံနိုင်ရည် စွမ်းမရှိလို့ ကြိုတင် သိရှိအောင် လျှောက်ထားပါတယ်။ သည်းခံခွင့်လွှတ်တော်မူပါဘုရား'' တဲ့။ မျက်ရည်စက်လက်နဲ့ အတည်ပေါက် လေးလေး နက်နက် ဒူးထောက် ဆုတောင်းနေ တဲ့ သူ့ပုံကို ကြည့်ပြီး ကျွန်မ မထိန်းနိုင်ဘဲ တအား ရယ် မိတော့တယ်။
''ဟဲ့....ဒေါန်ရဲ့ ကိုယ်ဖြစ်တိုင်း မင်းပါ လိုက်ဖြစ်ပါ့မလား။ လူတိုင်း ကိုယ့်အကျိုးပေးနဲူ့ကိုယ် ဖြစ်ကြတာ။ မင်းနဲ့ မဆိုင်ပါဘူး ဟယ်။ ထပါနဲ့ သူကိုဖျောင်းဖျပြီး ချော့ရပါသေးတယ်။ ကျွန်မ သူငယ်ချင်း အကြောက်လွန်ပုံများ စာဖွဲ့လောက် ပါရဲ့။
ကျွန်မဆီက ပြန်သွားပြီး သိပ်မကြာလိုက်ဘူး။ မျက်စိမှာ တိမ်ဖြစ်လို့ ခွဲရတော့ ခွဲစိတ်နေ ဆဲ ဆေးရုံ ခုတင်ပေါ် မှာ အကြောက်လွန်ပြီး shock ရသွားတာကြောင့် ကွယ်လွန်သွားခဲ့ရပါ တယ်။ ဒီအဖြစ်ကို ကြား ရတော့ ကြောက်ရွံ့ခြင်း၊ စိုးထိတ်ခြင်း၊ ပူပန်ခြင်းစတဲ့ စိတ်ရဲ့ခံစားမှု မှန်သမျှ ဘယ်အရာမှ အစွန်း မရောက်အောင် နှလုံးသွင်းနိုင်ဖို့ အရေးကြီးတယ် ဆိုတာ တွေးမိပြီး၊ မသေသင့်ဘဲနဲ့ သေဆုံးသွားရတဲ့ ကျွန်မ သူငယ်ချင်းကို နှမြောတသ မဆုံးပါပဲ။
ဒီလိုနဲ့ နွေပြီးရင်ဆောင်း၊ ညပြီးရင် နေ့၊ အဆိုးပြီးရင် အကောင်းဆိုတဲ့ လောကဓံအလှည့် လေးတွေပဲ ကျွန်မ ဆီရောက် လာကြပြန်ပါတယ်။

ဒီနှစ်ထဲမှာပဲ သမီးလေးကေသီလည်း သူရည်မှန်းကြိုးစားခဲ့တဲ့ မဟာ ဘွဲ့ တစ်ခု ထပ်ရတဲ့အပြင် ချစ်သူ သက်ထား ပါ ရလာလေရဲ့။ အလုပ်မှာ တွေ့ကြုံသိကျွမ်းရာက တစ်စတစ်စ ကျွမ်းဝင်လာပြီး အခုတော့ တစ်သက်တာ လက်တွဲဖို့အထိ အလေးအနက် ဖြစ်လာပါတယ်။ ပထမဆုံး သူရည်မှန်းတဲ့ ချစ်သူကို မိသားစု နဲ့ တွေ့ဆုံအသိပေးဖို့ အိမ်ခေါ်လာတဲ့နေ့ကအဖြစ်ကို ကျွန်မသမက်က ခုထက်ထိ ရယ်ပွဲဖွဲ့ ပြောပြ လို့မဆုံးဘူး။
အဲဒီနေ့ က ရှီကာဂိုက သားကြီးလည်း ရောက်နေဆဲကာလ။ ကျွန်မကို သမီးက ကြိုတင်ပြီး ဖုန်းဆက် ပြောပြထားပါတယ်။ မာမီ၊ ဂယ်ရီကို အိမ်ခေါ်လာပြီး မိသားစုနဲ့ မိတ်ဆက် ပေးမလို့ ကိုကိုက ဆူမှာလား ဟင်' တဲ့ ။ ဒီအသက်အရွယ် ရှိနေပေမဲ့ အစ်ကိုအကြီး အဖအရာ မို့ သူတို့ အစ်ကိုကို ချစ်ကြောက် ရိုသေကြပါတယ်။
ပြောထားတဲ့အတိုင်း ရောက်လာကြတော့ အိမ်ရှင်ဖြစ်တဲ့ သမီးက ရှေ့ဆောင်ဝင်လာ ရမဲ့အစား၊ ဂယ်ရီကို အရင်တွန်းဝင်ခိုင်းပြီး နောက်ကနေ ဂယ်ရီကိုယ်နဲ့ ပုန်းကွယ်ပြီး အထဲဝင်ဖို့တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတာ အပေါက်ဝမှာ အကြာကြီးတဲ့။

နောက်ဆုံးတော့ မကေသီကို ရှေ့ကသွားခိုင်းတာ မရတာနဲ့ စိတ်မရှည်နိုင်လို့ သူပဲ ရှေ့ဆောင်ဝင်ခဲ့ပြီး သားကြီး ''၀င်း 'နဲ့ ကျွန်မကို ကိုယ်ဟာကိုယ်ပဲ မိတ်ဖွဲ့ နှုတ်ဆက်ရတော့တာတဲ့လေ။ အနောက်နိုင်ငံသား တစ်ယောက်အနနဲ့ ကြီးသူကို လေးစားရိုသေ ကြောက်ရွံ့တတ်ကြတဲ့ အရှေ့တိုင်းစိတ်ဓာတ် ကို မကြုံဖူးတော့ နားမလည်နိုင်ပေဘူးပေါ့။ ခုတော့လည်း လူစုံရင် ရယ်စရာတစ်ခုအဖြစ် ပြောစရာ တွင် ကျန်ရစ်ခဲ့တော့ တာပါပဲ။
သမီးကေသီ နဲ့  ဂယ်ရီ ကျွန်မတို့နဲ့ တွေ့ဆုံပြီး မကြာခင်မှာ လက်ထပ်ဖြစ်ပါတယ်။ သူ့အိုး သူ့အိမ်နဲ့ အခြေတကျ ဖြစ်သွားတော့လည်း မိခင်တစ်ယောက်အနေနဲ့ ရင်အေးရတာပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်း လက်လွတ် လာလိုက်တာ အခုဆို အထွေးဆုံးသမီး သူဇာလည်း သူ့ပညာနဲ့၊ သူ့အလုပ်အကိုင်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အခြေရောက်နေပါပြီ။ အငယ်ဆုံးသား အိန္ဒာ တစ်ယောက်ပဲ ကျောင်းသား အနေနဲ့ ကျန်တော့တာမို့ တာဝန်ပေါ့စ ပြုလာပြီဆိုပါတော့။
ဒီကြားထဲ မှာ ဘန်ကောက်မှာ ရောက်ရှိနေတဲ့ ဦးကျော်ဇောဆီက စာရောက်လာပါတယ်။ သူအမေရိကား ကို ပြန်လာတော့မယ်။ လေယာဉ်ကွင်းမှာ ကြိုပေးပါတဲ့ပ။ သူထွက်သွားပြီး တစ်လတစ်ခါ၊ နှစ်လတစ်ခါ လိုမျိုး စားရေး လာတတ်တာမို့ အဆက်အသွယ် ရှိနေဆဲပါပဲ။ ဆက်ဆံရေးက အရင်လို ရင်းနှီးမှုမျိုးတော့ မဟုတ် ပါဘူး။ အပြီးသွားတဲ့ သူက ဘာကိစ္စ ပြန်လာမှာလဲ မေးနေရင် အဖြေစကားက ရှည်ရှည်ဝေးဝေး ကြားနေ ရမှာကြောင့် မမေးတော့ဘဲ ပြောထားတဲ့နေ့မှာ လေဆိပ်ကို သွားကြိုလိုက်ပါတယ်။ ကားမောင်းလာရင်း လမ်းတစ်ခု ထဲ ချိုးဝင်လိုက်တော့... ဘယ်သွားမလို့လဲ တဲ့ ဟိုတယ်ကို သွားတာလေ လို့ အေးအေးဆေးဆေး ပဲ ပြန်ဖြေလိုက်ပါတယ်။

သြော် ခင်က ဒီလိုလား တဲ့။
မြတ်စွာဘုရား စာချုပ်စာတမ်းနဲ့ ခွဲခွာပြီးကာမှ အိမ်ကို ပြန်လာချင်သေးတာလား မသိ။ အိမ်ထောင်ရေးကို ကျွန်မ တကယ် စိတ်ကုန်သွားပါပြီ။ အိမ်ထောင်တစ်ခု တည်မြဲဖို့ စွမ်းဆောင်နိုင်တဲ့ အားအင်တွေလည်း မရှိတော့ ပါဘူး။ ကိုယ်ဘက်က အရည်အချင်း မဲ့ခဲ့ တာကြောင့် အိမ်ထောင်အဆက်ဆက် ပျက် ခဲ့ရတာ ဖြစ်မှာ မို့ ကိုယ် မကျွမ်းကျင်တဲ့ နယ်ပယ် မှာ ဧကရီနေရာ မရနိုင်တဲ့အတူ လက်မြှောက် အရှုံးပေး လိုက် တာသာ အကောင်းဆုံး အဖြေ ဖြစ်မှာပါနော်။
ဦးကျော်ဇော လည်း ကျွန်မ ပို့ထားခဲ့တဲ့ ဟိုတယ်မှာ တစ်ညပဲ အိပ်ပြီး နောက်တစ်နေ့ မီရာလေယာဉ်နဲ့ တက္ကဆက်ပြည်နယ် မှာ ရှိတဲ့ သူ့ညီမတွေဆီ ထွက်သွားလေရဲ့။ ဒီတစ်ခါတော့ ကျွန်မကိုယ်ကျွန်မ Congratulation လုပ်လိုက်ပါတယ်။ ပျော့ညံ့လွန်းလှ တဲ့ နှလုံးသားကို အခုမှ အနိုင်ယူလိုက်နိုင်လို့ပါပဲ။
အခုတော့ ကျွန်မ ဘ၀လေး က ပူပင်စရာမရှိ၊ ကြောင့်ကြစရာ မရှိ၊ ရှိးရှင်းငြိမ်သက်အေးချမ်း လို့ပါပဲ။ အချိန်တန် အလုပ်သွား။ ပြန်လာတော့ သားတွေ၊ သမီးတွေနဲ့အတူ တသိုက်တ၀န်း စားကြသောက်ကြ၊ ပြီးတာ နဲ့ သူတို့ ကြည့်နေတဲ့ ရုပ်မြင်သံကြားလေး ခဏတစ်ဖြုတ် ၀င်ကြည့်၊ ခြံထဲဆင်း စိုက်ထား တဲ့ အပင်လေးတွေနှိုက် ရေလောင်းရင်း၊ ပေါင်းသင်ရင်း ပရိတ်ရွတ်။
မအိပ်ခင် ကိုယ့်အခန်းထဲမှာ စာထိုင်ရေးလိုက်ရင် ဟော..တစ်ခါတည်း စာဖက်သူတွေနဲ့ စကားလက်ဆုံ ကျသွားပြီး အာရုံက မြန်မာပြည် ရောက်သွားလိုက်တာ၊ ကျေနပ်လို့၊ ကြည်နူးလို့ လက်ရှိနေရာ ကိုတောင် မေ့သွားသလောက်ပါပဲ။ စာအုပ်အဖော်ရှိတဲ့သူဟာ ညအိပ်ရာဝင်မှာ ဘယ်တော့မှ တစ်ယောက် တည်း မဖြစ်ဘူးတဲ့။
ဟုတ်ပါ့။

ကျွန်မမှာ အဖော်လုပ်မဲ့ စာအုပ်တွေက အများကြီး၊ ကုန်အောင် မဖတ်နိုင်သေးတဲ့ စာအုပ်တွေက အိပ်ရာဘေးမှာ အပုံလိုက်။ ဒီလိုနဲ့ အေးချမ်းငြိမ်းသက်တဲ့ ဘ၀လေး သံသရာလည်နေပါတယ်။ ကျွန်မ အခြေချနေထိုင်တဲ့ ဖလော်ရီဒါပြည်နယ်က ရာသီးဥတု အားဖြင့် မြန်မာပြည်နဲ့ တော်တော်တူတာပါ။ နွေမှာ တအားပူတာမှန်ပေမဲ့ ဆောင်းကျ ရန်ကုန်လိုပဲ အေးအမကဲလှပါဘူး။ အထက်ပြည်နယ်တွေလို စနိုးလည်းကျလေ့ မရှိတော့ ကျွန်မတို့ မြန်မာများအနေနဲ့ အဆင်ပြေတယ် ဆိုရမှာပေါ့။
ဒါကြောင့် အထက်ဘက်မှာ အအေးကဲတဲ့ ဆောင်းရာသီ ရောက်တိုင်း ဆန်ဖရန်စစ္စကိုမှာ ရှိတဲ့ ဆရာတော် ဦးသီလနန္ဒကို ဖလော်ဒါကြွဖို့ ကျွန်မနှစ်စဉ်ပင့်ပါတယ်။ ဆရာတော် ကြွ လာတဲ့အခါ မြန်မာများအပြင် ဗုဒ္ဒဘာသာကို စိတ်ဝင်စားကြတဲ့ အနောက်တိုင်းသားတွေကို ပါ ဖိတ်ပြီး တရားဆွေနွေးကြ၊ တရားထိုင်ကြ လုပ်ဖြစ် ပါတယ်။ ဆရာတော်က ကြွလာရင် မြန်မာမိသားစုတွေ ဆွမ်းပင့်ကျွေးကြတာမျိုး၊ လုပ်တာတင် မကျေနပ် ဘူး။ တရားထိုင်မှ တရားဆွေးနွေးပွဲလုပ်မှ ကြွလာရကျိုး နပ်တယ်လို့ ယူဆတာမို့ ကြိုးစား လုပ်ဖြစ်ရ တယ်ပေါ့။
 
အနောက်တိုင်းသားတွေလည်း အမေးအမြန်းထူပါ့။ ဆရာတော်က အင်္ဂလိပ်စကား ကျွမ်းကျင် စွာ ပြောနိုင်သူ မို့ တော်ပါတော့တယ်။ တစ်ခါတလေလည်း မေးတဲ့ မေးခွန်းတွေ က ရယ်ရတာလည်း ရှိသေးတယ်။ အမျိုးသမီးတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်က ဗုဒ္ဓဘာသာမှာ သံသရာ ဆိုတဲ့ ဘဝများစွာ ရှိတယ် ဆိုတာ ဟုတ်ပါသလားတဲ့။ အကယ်၍ ရှိတယ်ဆိုရင် နောက်ဘဝမှာ သူနဲ့ အခုသူမွေးထားတဲ့ ခွေးနဲ့ ပြန်ပြီး အတူ ဆုံဖြစ်ပါ့မလားတဲ့ သူ့ခွေးကို အတော်သံယောဇဉ်ကြီးပုံရပါရဲ့။
ဆရာတော် က တပြုံးပြုံးနဲ့ သူမေးသမျှ မေးခွန်းတွေကို စိတ်ရှည်စွာနဲ့ တရားတော် နဲ့ အညီ ဖြေရှင်းဟောကြားပါတယ်။

ပရိသတ်ရှင်းတော့ "ဒကာမကြီး ဖလောရီဒါမှာ ဘုန်းကြီးကျောင်း တစ်ခု ဖြစ်မြောက်ဖို့ လိုပြီ"တဲ့။ ဆရာတော်ဘုရား တိုက်တွန်းတာနဲ့ ကျွန်မတို့ ဖလောရီဒါဗုဒ္ဓဘာသာ အသင်းလေးတစ်ခု ဖွဲ့စည်းခြင်း ဖြစ်ပါသွားပါတယ်။ မြန်မာဗုဒ္ဒဘာသာ မိသားစုကလည်း နှစ်ယောက်နဲ့ တစ်ဝိုင်းဆိုတာလို နည်းပါးသေး တာကြောင့် ရှိရှိသမျှလေးနဲ့ပဲ တစ်ယောက်က ဥက္ကဌ တစ်ယောက်က အတွင်းရေးမှုးနဲပ ရာထူးတွေ ယူ လိုက်တာနဲ့ ကုန်သွားပါလေရော။
အဲဒီ အချိန်တုန်း က အမေရိကားမှာ မြန်မာဘုန်းကြီးကျောင်းတွေ အစပျိုးကြဆဲပဲ ရှိပါသေး တယ်။ ပြည်ထောင်စု တစ်ခုလုံးမှ ဆရားတော် 11ပါးနဲ့ ဘုန်းကြီးကျောင်း 6ကျောင်းတည်း ရှိတာမို့ အား နည်းသေး တယ် ဆိုရမှာပေါ့ အနောက်တိုင်းသားတွေက ဗုဒ္ဓဘာသာ ဟိန္ဒူဂိုဏ်းတွေ အမျိုးစုံက လည်း အချို့နေရာတွေ မှာ ရောထွေးနေတာမို့ သာသနာပြုဖိုပ ကြွလာကြတဲ့ ဆရာတော်ကြီးများ တစ်ခါတစ်ခါ ရှင်းပြ ရတာ မလွယ်ကူလှပါဘူး။ ကျွန်မတို့လည်း အားခဲပြီးသာ ကြိုးစားရတာ။

အခက်အခဲများစွာ ရှိမယ်ဆိုတာတော့ လက်ခံထား ရပါတယ်။ ဒီလိုနဲ့ ကိုယ်ရေးကိုယ်တာ အချိန်လေးတွေထဲက လူမှုရေးရာ၊ သာသနာရေးရာ ကိစ္စလေးပါ တက်အားသမျှ အချိန်ပေးပြီး လှုပ်ရှားနေ ရင်း နေလာတာ ခြေထောက်ဗွေပါတဲံ သမီး မကေသီက တစ်နေ့မှာ စကားစလာပါတယ်
"မာမီ သမီးတို့ မက္ကဆီကိုနိုင်ငံကို သွားလည်မလို့ ဂယ်ရီအမေလည်း ပါမယ်။ မာမီပါလိုက်ခဲ့နော်"တဲ့ ကျွန်မ ကလည်း ခရီးသွားမယ်ဆို နှစ်ခါမခေါ်ရဘူး။ "အေး.. လိုက်မယ်။ လိုက်မယ်"နဲ့ ဖြေလိုက်ပါ တယ်။ ဖလောရီဒါနဲ့ မက္ကဆီကိုက ပင်လယ်ကွေ့လေးပဲ ခြားတာမို့ မာယာမီကနေ လေယာဉ် စီးလိုက်တာမက္ကဆီကိုမြို့ကို သုံးနာရီ ရောက်သွားပါပဲ။ လေဆိပ်ကနေမြို့ထဲ ဟိုတယ်ကို အသွား၊ ဘယ်နေရာကြည့် လိုက်၊ ကြည့်လိုက် လူတွေ ကြိတ်ကြိတ်တိုး စည်းကားနေတာ ကိုတွေ့ရ ပါတယ်။ကမ္ဘာပေါ်မှာလူဦးရေအများဆုံးမြို့ကြီးလေးမြို့ထဲမှာ ဂျပန်က တိုကျိုမြို့နဲ့မက္ကဆီကိုမြို့လည်းပါဝင် တယ်ဆိုတာ သိရပါတယ်။
မက္ကဆီကို ခရီးသွားမှတ်တမ်းစာအုပ် ရှာမတွေ့တော့လို့ အသေးစိတ်မမှတ်မိတော့ပါဘူး။ တစ်ဖက် ကတောင်၊ တစ်ဖက်ကပင်လယ်ကွေ့နဲ့မို့ သာယာလှပတာ အလွန်ပါပဲ။ အာကိုပူလ် ပင်လယ် ကမ်း ခြေ ကိုလည်းရောက်ခဲ့ပါတယ်။ ရေကူးကြသူ၊ နေပူလှန်းကြသူတွေနဲ့ စည်ကား လိုက်။ အဲဒီမှာ လည်းကြိတ်ကြိတ်တိုး ပါပဲ။ အမှတ်တတရရှိခဲ့တဲ့ နေရာလေးတစ်ခုကိုလည်းသတိရမိပါသေးတယ်။ ထိုးထွက်နေ တဲ့ တောင်စွန်းနှစ်ခုကြားထဲမှာရေလက်ကြားလေး တစ်ခုရိှပါတယ်။ တောင်ကြီးက လည်းအမြင့်ကြီး ရယ်။ ရေလက်ကြားကလည်း တကယ့်ကျဉ်းကျဉ်းလေး။
တောင်ထိပ် မှာ စားသောက်ဆိုင်လည်းရှိတယ်။

အဲဒီစားသောက်ဆိုင်ကနေပြီး စွန့်စားခန်းတစ်ခု ကိုကြည့်လို့ရမယ်ဆိုပြီး ဂယ်ရီက ကျွန်မ တို့တစ်တွေ ကိုခေါ်သွားပါတယ်။ တောင်ထိပ်အစွန်း ရောက်အောင်ကို ကားနဲ့အချိန်ယူပြီး မနည်းသွား ရတာပါ။ တောင်ထိပ်ဖျားမှာတက်ပြီး တည်ထားရ တဲ့စားသောက်ဆိုင်ဖြစ်တော့ ဈေးကလည်း ကြီးပါဘိခြင်း။ စွန့်စားခန်း ကိုကြည့်ဖို့ တစ်ယောက်ကို ဒေါ်လာနှစ်ဆယ်ပေးပြီး လက်မှတ်ဝယ်ရပါသေးတယ်။
စွန့်စားခန်း ဆိုတာ ဘာများလဲပေါ့။ သူများတွေကတော့ မပြောတတ်ဘူး။ ကျွန်အတွက်တော့ တကယ့်သည်းထိတ်ရင်ဖိုပါပဲ။ မျက်နှာချင်းဆိုင်ဘက်မှာရှိတဲ့တောင်စွန်းလေးမှာ လူငယ်လေး တစ် ယောက် ရပ်နေပါတယ်။ ဟိုးအမြင့်ကြီးတောင်စွန်းပေါ် ကနေ အောက်မှာ ရှိတဲ့ ရေလက်ကြား ထဲအ ရောက် ဒိုင်ဗင်ထိုးပြမှာတဲ့လေ။ ထိုးချရမဲ့နေရာက ကျဉ်းကျဉ်းလေးအပြင် မတော်တဆ အချန် အဆ မှားသွားရင် တိုက်မိနိုင်တဲ့တောင်ကမ်းပါးယံက ထိုးထွက်နေတဲ့   ကျောက်တုံးကျောက်စွန်းတွေ နဲ့ အန္တရာယ် ကလည်းရှိသေးတာနော်။
တွေးကြည့်မိရုံလေး နဲ့ကိုကျွန်မရင်တုန်နေမိပါပြီ။ လောကမှာ လုပ်စားစရာတွေ အများကြီး။ ဈေးရောင်း မလား၊ လယ်ထွန်မလား၊ ယာလုပ်မလား၊ ဆိုက်ကားနင်းမလား၊ လခစားလုပ်မလား၊ အမျိုးစုံရှိတဲ့ထဲက အခုလို အသက်နဲ့ရင်းရတဲ့အလုပ်ကို ဘာဖြစ်လို့များလုပ်ချင်တာပါလိမ့်နော်။ သူ့အမေကတော့ တစ်နေ့တစ်နေ့ သားအတွက်ရင်မ နေရတာနဲ့ပဲ နှလုံးရေဂါနဲ့ ကိစ္စချော လောက်ပါရဲ့။
ဘာမှ သွေးမတော်သားစပ်တဲ့ကျွန်မတောင် အခုကြည့်ရင်းရင်မ ပြီးဘုရားတနေမိပါတယ်။ ဒီသူငယ် လေး ကဘေးကင်းရန်ကင်းရှိပါစေနဲ့ ဆုတောင်းရတာအဆက်မပြတ်ပါပဲ။ ခုချခါနီးတော့ ကမ်းပါး အစွန်းမှာ ရှိတဲ့ မယ်တော်မာရီ ရုပ်တုတော်ရှေ့မှာလက်အုပ်ချီပြိးဆုတောင်းနေတာမြင်ရတော့ ကျွန်မ မှာ ရင်ကိုဆို့လို့ မျက်ရည်ဝိုင်း လာသေးတယ်။ သူဆုတောင်းပြီးလို့ ဒိုင်ဗင်ထိုးချမဲ့နေရာမှလည်း ရပ်ရောကျွန်မ ကပျာကယာ ကျောပေး ထားလိုက်ပါတယ်။ ဒီမြင်ကွင်းဘယ်လိုမှ မရှုမြင်ရက်တော့ ပါဘူး။
နှုတ် ကလည်း တဖွဖွဆုတောင်းလိုက်ရတာအမော။

ကျွန်မဖြစ်ပျက်နေပုံကို သမီးကေသီက တွေ့ သွားတော့် မာမီဘာလုပ်နေတာလဲ၊ ဒီဘက်လှည့်ကြည့်လေ၊ ဒိုင်ဗင်ထိုးတာ ကို သေသေချာချာ မြင်ရ အောင် ဒီထိလာကြည့်ရတဲ့ဟာတဲ့။
ကျွန်မလက်ကာပြလိုက်တော့ စိတ်ပူတတ်တာသိတဲ့ သမီးကရယ် ပါလေရော။ တော်ပါသေး ရဲ့။ မောင်မင်းကြီး သားလေး ဘေးမသီရန်မခနဲ့ ချောချောမောမောပင်လယ်ရေပြင်ထဲကျသွားပေလို့ ကျွန်မနေ့လယ်စာ ကို ဖြောင့်ဖြောင့်စားနိုင်တာပါ။ ကျွန်မတို့ စားသောက်ပြီးချိန်ကျတော့ စောစောက ဒိုင်ဗင် အလှထိုးပြခဲ့တဲ့ချာတိတ် ကလေး ရောက်လာပါရော။ အားလုံးက ကွန်ဂရက်ကျူ လေးရှင်းတွေလုပ်ပြီး ၀ိုင်းချီးကျူးကြ၊ လက်ဆွဲနှုတ်ဆက်ကြ ၀ိုင်းဝိုင်းကိုလည်လို့ ကျွန်မအနားကို ရောက်လာတော့။
"ဒါလောက် အသက်နဲ့ရင်းပြီးစွန့်စားရတဲ့အလုပ်ကို ဘာဖြစ်လို့လုပ်တာလဲ"မေးလိုက်မိပါတယ်။
"ကျွန်တော် က စွန့်စားရတာကို ပျော်လို့ပါ"တဲ့လေ။
ဘုရား၊ ဘုရား ကျွန်မမွေးထားတဲ့သားတွေထဲမှာ ဒါမျိုးလုပ်စားချင်တဲ့သားပါမလာပေလို့ ကျေးဇူး တင်ရပါသေး တယ်နော်။

မက္ကဆီကိုမြို့မှာ ကြည့်စရာ၊ လည်စရာတွေလည်းတော်တော်စုံအောင် ရောက်ဖြစ်ပါတယ်။ အများစု ကရိုမင်ကက်သလစ် ဘာသာ ကိုးကွယ်သူများဖြစ်ကြလို့ ရှေးဟောင်းဘုရားရှိခိုးကျောင်းကြီးများစွာ လည်း ဥရောပမှာ တုန်းကပုံစံမျိုးအတိုင်းရုပ်လုံး ရုပ်တုပေါင်းများစွာနဲ့ ခမ်းနားကြီးကျယ်လှ ပါုတယ်။ ရှေးနှစ်ပေါင်း များစွာ က ရှိထားတဲ့ ပစ်ရမစ်တွေကိုလည်း ရောက်ဖြစ်ပါတယ်။ အီဂျစ်ပြည်မှာ၇ှိတဲ့ ပစ်ရမစ်ပုံစံနဲ့ တစ်ထပ်တည်း ပါပဲ။ မာယန်အင်ဒီးယန်းများတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ခုက နေ၊ တစ်ခုက လတဲ့။ နှစ်ခု ယှဉ်တွဲလို့။
ယဇ်ပူဇော်တဲ့ပလ္လင်၇ှိရာထိပ်ဖျားထိ ကျွန်မတို့အရောက်တက်ခဲ့ကြပါတယ်။ လှေကားထစ်တွေက ခြေထောက်ကိုအတည့်ချလောက်အောင် မကျယ်တာ ဘာဖြစ်လို့လဲမသိဘူး။ ပစ်ရမစ် နှစ်ခ်ုစလုံး ကိုခြေဖ၀ါးဘေးတိုက်ချပြီး တက်ရတာ ကတ်သီးကတ်သတ် အနိုင်သား။ မက်ဆီကင်လူမျိုးတွေက အသားညိုညို၊ အရပ်ပုပုမြန်မာတွေနဲ့ ရုပ်ရှည် အတော်ဆင်ပါတယ်။ ရှေးသရောအခါက မွန်ဂိုလူ မျိုးတွေအလာစကာဘက်ကနေ အောက်ဘက်ဆင်းပြီး တဖြည်းဖြည်းနဲ့ မက္ကဆီကိုဘက် ရောက် လာကြတယ်အဆိုပါတယ်။
မက္ကဆီကိုမြို့မှာ မြန်မာပြည်မှာလို သရက်သီးစိမ်းတွေကိုခြမ်းပြီး ဆားနဲ့ငရုတ်သီးမှုန့်တွေလူး၊ တုတ်ထိုး ထားတာမျိုးက လမ်းပေါ်မှာတွန်းလှည်းနဲ့ မောင်းတဒူဒူထုပြီးရောင်းတဲ့ နောင်နောင် သရက်သီးလှည်း မျိုး လည်း တွေ့ရပါတယ်။ သမီးကေသီက အဲဒီတွန်းလှည်းလည်းတွေ့ရော..
မာမီရ ဟိုမှာနောင်နောင်သည်မြန်မာပြည်ကအတိုင်းပဲ။ ကြည့်ပါဦး၊ သမီးတော့မနေနိုင်ဘူး။

စားရ လိမ့်မယ်နဲ့ ပြောပြောဆိုဆို ၀မ်းသာအားရနဲ့ လမ်းဖြတ်ကူးပြီး ၀ယ်လေရဲ့။ သူယောက်ျား ဂယ်ရီက လည်းဘုမသိဘမသိ ပါသွားတာ။
ဝမ်းလျှော ကုန်မယ်၊ မစားနဲ့လို့ ကျွန်မကအော်ပြီး တားနေတဲ့ ကြားထဲက ဂယ်ရီရော့...စာကြည့်၊ သိပ်ကောင်းတာ နဲ့ လောကွတ်ချောတာ မြင်ပေမဲ့ တားမရတာကြောင့် လက်ပိုက်ကြည့်နေလိုက် ရပါ တယ်။ နေ့တောင်မကူးပါဘူး။ တစ်နာရီလောက်လည်းကြာရောလင်မယားနှစ်ယောက် ၀မ်းလျှော လိုက်ကြတာ ဟိုတယ်ပြန်ြ်ပီး အိပ်ရောပေါ် ပက်လက်ဖြစ်ကုန် တဲ့ထိပါတဲ့။ မြို့ပြင် ဘက် တောရွာတွေ မှာလည်း ဘေးကကျောင်းတုံးကြီး တွေပေါ်မှာ အ၀တ် ထိုင်လျှော်ဖွပ်နေကြ သူတွေနဲ့ ရေးတွင်း က ရေငင်ပြီးအိုးနဲ့ခေါင်းပေါ် ရွက်သက်သွားကြတာလည်းမြန်မာတွေနဲ့ တစ်ပုံစံတည်း။ တစ်ခုပဲကွာတာက သူတို့ အမျိုးသမီးတွေ ဂါဝန်ပွပွကြီး ၀တိထားတာပါပဲ။
မာမီရေ..ကြည့်ပါဦး။ သမီးတော့ ၃၈လမ်းဈေးထဲက အဒေါ်ကြီးတွေကို ဂါဝန်ဝတ်ပေးသလိုပဲ မြင်မိတယ်။ မတူဘူးလား တဲ့။ ဈေးတစ်ခုရောက်တော့ ကြက်သွန်ရော၊ ငရုတ်သီးတွေ၊ အသီး အရွက် တွေဖြန့်ခင်းထားတဲ့ပုံစံကို ကြည့်ပြီး ကျွန်မကို လှမ်းပြောနေလေရဲ့။
မက္ကဆီကိုက ငွေလည်းထွက်ပါတယ်။ ငွေသတ္တုတူးဖော်ရာ မိုင်းတွေရှိတဲ့မြို့ကို ရောက်ကြခိုက် လိုက်လေ့လာ ရင်း ငွေထည်ပစ္စည်းတွေလည်းဝယ်ကြပေါ့။ တစ်ညမှာ ညစာနဲ့ရိုးရာပဲါရှိတယ် ဆိုတဲ့နေ ရာကိုသွားကြပါတယ်။ သွားရတဲ့ ခရီးကလည်းတောင်ဘက်လမ်းမှ ကျဉ်းကျဉ်းလေးရယ်။ ကားတစ်စီးနဲ့တစ်စီ မရှောင်သာလို့ တစ်စီးလာတာတွေ့ရင် အဝေးကြီးကတည်း က ဘေး ကပ်ရပ် ပြီး စောင့်ပေးရတာမျိုးပါ။ တော်ကြီးကလည်း ထူထဲပါဘိ။ ညဘက်မို့ မှောင် ကလည်းမှောင်၊ လမ်းမီးကလည်းမရှိ၊ ကားအသွားအလာကလည်းပြတ်၊ တစ်နာရီ နီးပါးမောင်းတဲ့ ထိ လူသူရိပ်တောင် မတွေ့ရတော့ ကျွန်မတို့ လန့်တောင် လာတယ်။ တော်ထဲခေါ်လာပြီးတို့များသတ်ထားလေမလား ပေါ့။
ဟန်ကိုယ်ဖို့သာ လုပ်နေရတာ ရင်ထဲက တထိတ်ထိတ်ပါပဲ။

တော်ပါသေးရဲ့ တောင်ကလပ်တစ်ခု ရောက်မှ ဧရာမဟိန်းနေတဲ့ ရိုးရားပွဲကြီးကို တွေ့ရပါတယ်။ Bull Fight ခေါ်တဲ့ နွားနဲ့ သတ်ကြ တဲ့ ပွဲလည်းပါရဲ့။ မက္ကဆီကင်အမျိုးသမီးတွေ ဂါဝန်အတွန် အတွန့်ကြီးတွေ ဝဲဝေ့ပြီး ကကြတဲ့ မြူးမြူး ကြွကြွ အကလည်း ပါသေးရဲ့။ အမျိုးသားတွေရဲ့ သံစုံတေးဂီတနဲ့ အဆိုအကလည်း မြိုင်မြိုင် ဆိုင် ဆိုင် ရှိရဲ့။ တခြား တခြား ဖျော်ဖြေရေးတွေလည်း စုံလို့ပါပဲ။
မြန်မာပြည်ကို အမှတ်တရ ဖြစ်စေတာ တစ်ခုလည်း ပါပါသေးတယ်။ ကျွန်မတို့ တန်ဆောင်တိုင် အခါ ကျရင် ချောတိုင်တက်ပွဲ လုပ်ကြတာလေ။ အခုခေတ်တော့ ရှိမှ ရှိပါ့သေးရဲ့လား။ မသိဘူး ကျွန်မတို့ ငယ်ငယ်က ချောတိုင်တက်ပွဲပါရင် သွားသွားပြီး မော့ရတာ။ တိုင်ကိုချောဆီင်္တွေ သုတ် ထားတာမို့ တက်ရတဲ့ သူခမျာလည်း သက်သာတာမဟုတ်ဘူး။ အပေါ်ရောက်အောင် ကုပ်ကပ် တက်လိုက်၊ အောက်လျှောက် ကျလိုက်နဲ့ ကြည့်ရတာကိုက အသည်းယားစရာ။
အခုလည်း ချောတိုင်တက်နေတာ မြန်မာပြည်က ပုံစံအတိုင်းပါပဲ။ ချောတိုင်ထိပ်မှာ ဆုငွေထုပ် ချိန်ထားတာ မို့ မရမက ကုပ်ကပ်တက်နေလေရဲ့။ တောဓလေ့ရိုးရာ ခြေဆန့်ကတဲ့ ပွဲတော့ အတွဲ ကိုယ်စီ ကကြတာပါပဲ။ ပရိသတ် ညလည်း ရှေကဆုံးက ရောက်နေကြတဲ့ ကျွန်မနဲ့ ဂယ်ရီအမေ အဘွားကြီးနှစ်ယောက်ကို အတူတွဲကဖို့ လာဆွဲတော့ ကန့်လန့်ကန့်လန့် ပါသွးကြပြီး သူတို့နဲ့ စီးချက်ညီ ဝင်ကခဲ့ရပါသေးတယ်။
သမီးကေသီ ကိုလည်း လာဆွဲခေါ်နဲပ သူလည်း တစ်ပွဲဝင်နွှဲလိုက်သေးရဲ့။ ရိုးရာပွဲက ပြန်တော့ နံနက်နှစ်နာရီ ရှိနေပါပြီ။ တောကြီးမျက်မည်းထဲမှာ လာကြည့်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေက လည်း အမြောက်အမြား။ အပြန်ခရီး မှာတော့ ရှင်လောင်းလှည့်သလို ကားတန်းကြီးက ရှည်လျား စွာနဲ့မို့ လာတုန်း ကလို သောကမများဘဲ စိတ်လက်ပေါ့ပါး ပျော်ရွှင်လို့။
ခရီးတစ်ခါ ထွက်ရင် အတွေ့အကြုံတွေက တစ်မျိုးစီ ရတာမို့ပါပဲ။

သမီးကေသီက အသားညိုညိုမို့ သူ့ကိုမက္ကဆီကင် အမျိုးသမီးထင်ပြီး Spanish လို လာစကားပြောကြ တာကလည်း ရှိသေးတယ်။ သမီးက သူ Spanish စကားမတတ်ပါဘူးလို့ ပြောရင် မယုံကြ ဘူး။.
"ဒီလိုပဲ အမေရိကားရောက်သွားပြီးရင် ဘဝင်မြင့်ကုန်ကြပြီး ကိုယ့်ဘဝကိုယ် မေ့သွားကြတာပေါ့" ခနိုးခနဲ့ပြောတော့ သမီးက စိတ်တိုပြီး "ဒီမှာကြည့် ငါရဲ့နိုင်ငံကူးလက်မှတ်။ ငါ မြန်မာအရှေ့တိုင်း သူ။ မက္ကဆီကင် မဟုတ်ဘူုး"နဲ့ ပြန်အော်ပါလေရော။ ကျွန်မနဲ့ ဂယ်ရီတို့ သားအမိကတော့ ဘေးက ကြည့်ပြီး ရယ်ရတာအမော။
မက္ကှဆီကိုက ပြန်ရောက်တော့လည်း ပုံမှန်ဘဝနဲ့ လည်ပတ်မြဲပေါ့။ တစ်ညနေမှာ သမီးကေသီနဲ့ ဂယ်ရီ တို့ ရောက်လာပါတယ်။ "မာမီ အဝတ်လဲ။ယိုးဒယားဆိုင်မှာ ညစာသွားစားရအောင်"တဲ့ ခါတိုင်းလည်း မကြာခဏ သွားစားနေကျမို့ ကောက်ကာငင်ကာ လိုက်သွားလိုက်ပါတယ်။ မီနူးမှာ စားလိုတာတွေ မှာစားထား လိုက်ကြပြီး အေးအေးဆေးဆေး စကားပြောနေကြရာက ဂယ်ရီက "ကဲ ပြောလေ"တဲ့။ သူ့မိန်းမကို လက်တို့လိုက်ပါတယ်။
သမီးက ရှက်ရယ် ရယ်နေတယ်။ စကားတစ်လုံးမှ ထွက်မလာဘူး။ ဒီတော့ ဂယ်ရီက မနေနိုင် တော့ဘူး။ "မာမီ ဝမ်းသာရမဲ့ သတင်းကောင်း သတင်းကောင်း ပေးမလို့၊ မာမီသမီးကို မေးကြည့်" တဲ့ ကျွန်မလည်း စစချင်းတော့ ဘာများလဲပေါ့ဆိုတဲ့ အနေနဲ့ လှမ်းကြည့်တော့ မကေသီက "သူက မာမီမြေး ရတော့မှာကို ပြောခိုင်းနေတာလေ"တဲ့
 ဒီတော့မှ "ဟယ်.. ဟုတ်လား"ဆိုပြီး ဝမ်းသာပီတိနဲ့ သမီးရဲ့ပါးလေးကို မွှေးလိုက်ပါတယ်။ အခု ဆိုရင် ခုနှစ်ယောက်မြောက် ဖြစ်မဲ့ မြေးလေးရလေဦးမယ်ပေါ့။

တစ်ဦးတည်းသော သမီးဖြစ်ခဲ့လို့ အထီးကျန်နိုင်ခဲ့တဲ့ ကျွန်မ၊ အခုကျတော့ ကျွန်မရဲ့ လိုအင်ဆန္ဒအတိုင်း သားတွေ၊ သမီးတွေအပြင် မြေးတွေနဲ့ပါ သာယာဝေစည်နေတာမို့ ရင်မှာ ကြည်နူးပီတိ ဖြာရပါတယ်။ ကျွန်မတို့မိသားစု လည်း တဖြည်းဖြည်း တိုးပွားလာလိုက်တာ ခုဆိုရင် သားကြီး  ခင်မောင်ဝင်းခန့်နဲ့က သားချည်းလေး ယောက်၊ သမီးယမင်းက သမီးတစ်ယောက်၊ သားတစ်ယောက် ဆိုတော့ မြေးခြောက်ယောက်တောင်  ရှိနေ ပါပြီ။

မြေးယောက်ျားလေးတွေက ငါးယောက်၊ မိန်းကလေးက တစ်ယောက်တည်ရှိသေးတာကြောင့် ဒီတစ်ခါ မြေး မိန်းကလေးရရင် ကောင်းမှာပဲ ဆိုပြီး တောင့်တမိပါတယ်။ ကျွန်မတို့ ခေတ်အခါတုန်း က မွေးလာပြီဆိုတဲ့ အခါမှ သမီးလား သားလားဆိုတာ သိကြရတာပါ။ လူကြီးသူမတွေက ကိုယ် ဝန်ဆောင် အထိုင်လေးရင် မိန်းကလေး၊ သွက်ရင် ယောက်ျားလေးနဲ့ အကဲခတ်ပြီး ပြောတာတွေ နားထောင်ရင်းသာ စိတ်ကူးယဉ်ရတာနော်။ အခုခေတ်အခါကျတော့ ဒီလိုမဟုတ်တော့ပါဘူး။ သိပ္ပံ ပညာတွေ ထွန်းကားလာပြီဖြစ်လို့ ကိုယ်ဝန်လေးငါးလ ရှိတာနဲ့ ဆိုနိုဂရမ်ရိုက်ကြည့်ပြီး ကြိုကြို တင်တင် ကျားမ ခွဲခြားသိနိုင်နေပါပြီ။
သမီးကေသီလည်း ကိုယ်ဝန် ငါးလရှိတော့ သူများနည်းတူ ဆိုနိုဂရမ်ရိုက်ကြည့်တဲ့ အခါကျ "မာမီ ရေ သမီးမွေးမှာ မိန်းကလေး"တဲ့ ဆိုပြီး ဝမ်းသာအားရ ဖုန်းဆက်လာပါတယ်။ လိုချင်နေတဲ့ မြေး မိန်းကလေး ဖြစ်လို့ မိသားစုတစ်ခုလုံး ကျေနပ်မဆုံး၊ ကြည်နူးမဆုံးပါပဲ။ မွေးမလာသေးဘူး။ အမေနဲ့ အဘွား က ခုကတည်းက သမီးမိန်းကလေးဆိုတာနဲ့ နာမည်လှလှလေးတွေ ပေးဖို့ ရွှေးနေကြပါပြီ။
"မာမီ Jade ဆိုတဲ့ နာမည်လေး မလှဘူးလားဟင်။ သမီးတို့ မြန်မာပြည်ရဲ့ ကမ္ဘာကသိတဲ့ တွင်းထွက် တန်ဖိုးကြီး ရတနာလည်း ဖြစ်တယ်။ နောက်ပြီး သမီးဖကတ်ထားဖူးတဲ့ Jade ရဲ့ ကောင်း ခြင်းငါးဖြာကိုလည်း မာမီ့ကို ပြောပြရဦးမယ်"

Charity, for its luster,
Rectitude, for its translucence,
Wisdom, for its purity of sound when struck
Equity, for its sharp edges that injure none,
Courage, for its con be broken but no bent တဲ့။
မကောင်းဘူးလားဟင်။ သမီးလေးကို အဲဒီကောင်းခြင်းငါးဖြာနဲ့ ပြည့်စုံတာမျိုးဖြစ်အောင် Jade လို့ နာမည်ပေးမယ်။ မြန်မာနာမည်တော့ မာမီပဲရွှေး”တဲ့။

မိခင်ရဲ့ မေတ္တာဆိုတာ မွေးမလာသေးတဲ့ ရင်သွေးလေးအပေါ်မှာကို အကောင်းတကာ့ အကောင်း ဆုံးဖြစ်စေချင်တဲ့ စေတနာတွေ သွန်းဖြိုးဝေဆာနေတာနော်။ ဒါကြောင့် သားသမီးနဲ့ ဆတူ မိခင် စိတ်ဆိုတာ တစ်ပြိုင်တည်း တစ်ချိန်တည်း သန္ဓေတည်လာသလား မသိဘူး။း မိန်းမသားတစ် ယောက်ဟာ မိခင်ဘဝ ရတာနဲ့ သားသမီးက နံပါတ်တစ် ဦးစားပေး ဖြစ်သွားတော့တာပဲ။ မိခင် လောင်းဖြစ်တဲ့ မကေသီတင် မွေးလာမဲ့ သမီးလေးအတွက် စတ်လှုပ်ရှားနေတာ မဟုတ်ဘူး မောင် တွေ၊ ညီမတွေကပါ ဝိုင်းဝိုင်းလည် စိတ်လှုပ်ရှားနေကြပြီး 'ဒီဗိုက်ကြီးက ဘယ်တော့မွေးမှာလဲ'နဲ့ အစ်မ ရောက်လာရင် ဗိုက်ကို ပွတ်ပြီးမေးတဲ့သူ နဲ့ ဗိုက်ထဲက ကလေးလှုပ်နေတာကြုံနေတဲ့အခါ ဒါ ခြေထောက်လာ၊ လက်လားနဲ့ ရအောင် အပေါ် က အတင်းဆွဲကြည့်ချင်သူနဲ့ တဟဲ့ဟဲ့ လုပ်နေရတဲ့ အထိပါပဲ။ ဒီလိုနဲ့ မွေးရက်ကလည်း တဖြည်းဖြည်း နီးကပ် လာပါရော။ သားဦးဆိုတော့လည်း သမီး က အားငယ်တယ် ထင်ပါရဲ့။ "သမီးမွေးရင် မာမီအနား မှာ နေနော။ ဆေးရုံကို လိုက်ခဲ့နော်"နဲ့ တဖွ ဖွ မှာနေပါတယ်။ ကျွန်မလည်း အစစအနား မှာ နေပြီး စောင့်ရှောက်ပေးမယ် ဆိုတာ အာမခံထားပြီး သားပါပဲ။
ဖြစ်ချင်တော့ဒီရက်ထဲမှာ ဧည့်သည်က ဆုံပြီးကျလေရဲ့။ ပါရီမှာ အခြေချ နေထိုင်တဲ့ ကျွန်မရဲ့ သူငယ်ချင်းဒေါ်မြစိန်တို့က သားရှိရာ ဆန်ဖရန်စစ္စကိုကို လာလည်ရင်း ကျွန်မဆီကို ဝင်ခဲ့မယ်လို့ ဖုန်းဆက် ပါတယ်။ သမီးကေသီ မွေးခါနီးလို့ သမီးဆီ သွားနေရမယ်ဆိုတာ ပြောပြလိုက်ရင် အားနာ ပြီး မရောက် လာမှာ စိုးတာနဲ့ မပြောပြတော့ဘဲ လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အထူးသဖြင့် အစ်မ ရင်းတမျှ ချစ်ခင်ရတဲ့ အစ်မကြီး ဒေါ်မြစိန်ကိုလည်း မတွေ့ရတာ ကြာပြီ တွေ့ချင်တာလည်း ပါတယ် ပေါ့။
တစ်ရက်တည်းမှာပဲ ဘီတီတရားသားကော်ဖီက အဆိုတော် ကိုအံ့ကြီးကလည်း သူ အမေရိကား ရောက် လာလို့ ကျွန်မဆီ အလည်လာချင်တယ်ဆိုပြီး ဖုန်းဆက်ပါလေရော။ ကိုယ့်ပြဿနာတွေ ပြောပြနေ ရင်လည်း သူတို့ အနေခက်မှာစိုးတာနဲ့ မပြောတော့ဘဲ လာခဲ့ လို့ ပြောလိုက် ပါတယ်။ ဒီလို နဲ့ ပါရီက ဧည့်သည်နဲ့ မြန်မာပြည်က ဧည့်သည်ဆုံပြီး တစ်ရက် တည်း မှာ ရောက် လာကြလေရဲ့။
သမီးက ဗိုက်နာပြီဆိုတာနဲ့ အရေးပေါ် ပြေးရမှာမို့ စားစရာတွေ ရေခဲသေတ္တာနဲ့ အပြည့်ဝယ်ထည့် ပြီး အဆင်သင့် လုပ်ထားရပါတယ်။ ဖြစ်လာခဲ့ရင် ဧည့်သည်ချင်း တစ်ဦးကိုတစ်ဦး စောင့်ရှောက် ပြီး ကြိုက်သလို သာ ချက်စားကြပေတော့ဆိုပြီး မီးဖိုပါ အပ်ထားလိုက်ပါတယ်။ ကျွန်မသားတွေ၊ သမီး တွေကလည်း အလုပ်နဲ့၊ ကျောင်းနဲ့ တစ်နေကုန်အိမ်မှာ ရှိကြတာမဟုတ်ဘူးလေ။ မြန်မာပြည်မှာလို အိမ်ဖော်မိအေးတို့၊ မခွေးတို့ကလည်းမရှိ။ ကိုယ်ထူကိုယ်ထ လုပ်ရတဲ့ အမေရိကားမှာ ဧည့်သည် လာရင် ဝတ္တရားကျေဖို့ အလွန်ခက်ခဲလှပါတယ်။
တွက်ထားတဲ့ အတိုင်းပါပဲ။

ဧည့်သည်တွေ ရောက်ပြီး နှစ်ရက်လောက်ရှိတော့ လင်းအားကြီး အချိန် ဖုန်းမြည်လာပါရော။ မကေသီ ဗိုက်နာနေလေပြီတဲ့။ ဒါနဲ့ ကျွန်မလည်း အဆင်သင့် ပြင်ဆင်ထား ပြီးသား လက်ဆွဲအိတ်ယူပြီး ကသော ကမျော သွားရပါတယ်။ ဆေးရုံရောက်တော့ ဂယ်ရီမျက်နှာ နဲ့ အားလုံးက ဂရုတစိုက် ပါပဲ။ မွေးခန်းထဲ ပို့ရလောက်အောင် သားအိမ်က မပွင့်သေးတာနဲ့ တွဲလျက် အခန်းထဲမှာ ထားပြီး ဆရာဝန်၊ ဆရာမများက လိုအပ်တာမှန်သမျှ ဝိုင်းဝိုင်းလည် လုပ်ပေးနေကြပါ တယ်။
ကျွန်မလည်း အနားမှာနေပြီး ပရိတော်တွေ ရွတ်ဖတ်ပေါ့။ သမီးနဲ့ တက္ကသိုလ်မှာ ကျောင်းအတူ တက်ခဲ့တဲ့ သူငယ်ချင်းမေရီ လည်း ရောက်လာပြီး ကျွန်မနဲ့အတူ စောင့်ပေးပါတယ်။ ဂယ်ရီလည်း သမီးရဲ့အနားက တစ်ဖဝါးမခွာ ရှိနေလေရဲ့။ ဒါပေမဲ့ တစ်မနက်ခင်းလေးပဲ နေနိုင်ရှာတယ်။ နေခင်းကျတော့ ခွဲစိတ်ခန်း ဝင်စရာ ရှိလို့ဆိုပြီး တာဝန်ရှိရာသို့ အချိန်မီ ပြေးရပါရော။ အနာစိပ်လာ လို့ ကျွန်မက လွယ်လွယ် ကူကူ မွေးလိမ့်မယ် ထင်ထားတာ။ သမီလည်း ဇောချွေးတွေ ပြန်နေပြီ။ ညစ်အားရလာပေမဲ့ ကလေးက မထွက်ဘူး။ နောက်ဆုံးတော့ သမီးရဲ့ညပ်ရိုးက ကျဉ်းနေတာ ကြောင့် ဗိုက်ခွဲမွေးပေးဖို့ ဆရာဝန်က ဆုံးဖြတ်လိုက်ပါတယ်။
တော်ပါသေးရဲ့ ဂယ်ရီလည်း အချိန်မီ ပြန်ရောက်လာပေလို့ ခွဲစိတ်ခန်းထဲကို ဂယ်ရီပါ အတူ လိုက်သွားနဲ့ စိတ်အားရှိရပါတယ်။ ကျွန်မနဲ့မေရီ နှစ်ယောက်သား ခွဲစိတ်ခန်းအပြင်က စောင့်ရင်း ချောမောပါစေလို့ ဆုတောင်းနေရတာလည်း အမော။ ရပ်ဝေးက မောင်နှမတွေကလည်း အကြောင်း ကြားဖို့ မှာထားတာနဲ့ ဘောလုံးပွဲ ရီပို့ဒ်ကျနေတာပဲ။ မေရီက အခု ဘယ်အခြေအနေ ရှိနေ၊ အခု မွေးခန်းထဲ ဝင်သွားပြီနဲ့ သူပဲ ဖုန်းတစ်လုံးနဲ့ ပြောပြနေတာ နားထောင်ပြီးလည်း ပြုံးရ ပါတယ်။
မနက်မိုးလင်းက စကာ ညဆယ်နာရီကျော်မှ မွေးဖြစ်တော့တာပဲ။ ချောချောမောမော မွေးဖွားပြီး ကြောင်း ဂယ်ရီကခွဲစိတ်ခန်းထဲက ထွက်လာပြီးပြောပြပါတယ်။ ကလေးက ကိုးပေါင်ခွဲတဲ့။ ပိန်းသေး သေးမကေသီဗိုက်ခွဲမွေးရတာ ဘာဆန်းပါတော့မလဲ။ ခွဲခန်းထဲကတွန်းလှည်းလေးနဲ့ ဆရာမက တွန်းထုတ် လာတော့ ကလေးက လသားအရွယ်နဲ့တူနေတာကြောင့် မေရီနဲ့ကျွန်မက လှည့် လို့တောင်မကြည့်မိဘူ။ အဲဒါ ဘေဘီဂီးစကီးလို့လာပြောကာမှ အပြေးသွားကြည့်ရတယ်။
လူ့လောက ထဲရောက်လာခါစ ပူပူနွေးနွေးပဲရှိသေးတဲ့မြေးလေးရဲ့ ပန်းနုရောင်နုနုမျက်နှာလေးကို တစ်ချက်ငုံ့ပြီးမွှေးလိုက်ပါတာ ရင်ထဲမှာ နွေးထွေးသွားအောင် ချမ်းမြေ့ကြည့်နူးရပါတယ်။ အင်္ဂါသမီး မို့ နေ့နံလိုက် ခန့်စန္ဒီလို့ နာမည်လေးရွေးဖြစ် သွားတော့ တယ်။ မေ့ဆေး အရှိန်မပြေ့ တပြေ ဖြစ်နေသေး တဲ့သမီးကို ၀င်ကြီးပြီး အိမ်ပြန်လာတော့ သန်းခေါင်တိုင်နေ ပါပြီ။
ဧည့်သည်တွေကိုတစ်နေ့လုံး ပစ်ထားရတာ အားနာပေမဲ့ အခြေအနေအရမတတ်သာတာကြောင့် ခွတ်လွတ်ဖို့ပဲတောင်းပန်းရပါတော့တယ်။

တော်ပါသေးရဲ့။ နှစ်ဦးစလုံးကမိသားစုလိုရင်းနှီးသူများ ဖြစ်ပေလို့အဆင်ပြေကြတယ်ဆိုပါတော့။ ဗိုက်ခွဲမွေးရတာကြောင့် သမီးလည်းဆေးရုံမှာသုံး လေးရက်ဆက်နေလိုက်ရသေးတယ်။
ချောချောမောမောမွေးဖွားပြီးလို့ အမေရောသမီးပါ ကျန်းကျန်းမာမာရှိကြတယ်ဆိုတော့ ကျွန်မ လည်း စိတ်ပေါ့သွား ရပါတယ်။ ဒါကြောင့်ဧည့်သည်တွေကို လိုက်ပို့စရာတွေပို့ဖို့ အစီအစဉ်တွေ ဆွဲလို့ပေါ့။ သမီးဆေးရုံ ကဆင်းတဲ့ည၁၁နာရီခွဲလောက်မျာ တယ်လီဖုန်းမြည်လာတာနဲ့ ကောက် ကိုင်လိုက်တော့ ဂယ်ရီ ဆီကဖြစ်နေပါရော...။
"မာမီ၊ မာမီသမီးရှိုက်ကြီးတငင်နဲ့တအားငိုနေတယ်။ ကျွန်တော်ချော့တာလည်း မရဘူး။ ဘာဖြစ်လဲ ဆိုတာလည်း မေးလို့မရဘူး။ ကလေးကလည်းငို၊ အမေကလည်းငို၊ နှစ်ယောက်စလုံး ပြိုင်တူ ငိုနေကြတာ ကျွန်တော်မလုပ်တတ်တော့ဘူး။ မာမီလာနိုင်ရင်လာပါဦး၊ မာမီ့ကိုဒုက္ခ ပေးရတာတော့ အားနာပါတယ်"တဲ့။
ဂယ်ရီရဲ့အသံကပါ တော်တော်စိတ်ဓာတ်ကျနေပုံရပါတယ်။

ဒီအချိန်ကြီးမှာ ခေါ်ရတာသူလည်း မတတ်နိုင်လွန်းလို့ဖြစ်မှာဆိုတော့ တွေးမိပြီး ကျွန်မ ချက်ချင်း အိပ်ရာကထ၊ ကပျာကယာအ၀တ်လဲ ပြီး လိုက်သွားရပါတယ်။ နာရီဝက်လောက်မောင်းရတာမို့ သူတို့အိမ်ရောက်တော့ သန်းခေါင်တိုင်နေ ပါပြီ။ ကျွန်မမှာသူတို့အိမ်သော့အပိုတစ်ချောင်းရှိထားတာကြောင့် တံခါးဖွင့် လိုက်ပါတယ်။
ဦးနှောက်ခွဲစိတ်ဆရာဝန်ကြီးဖြစ်ပျက်နေပုံကို ကြည့်ပြီး ကျွန်မတအား ရယ်ချင်သွားတော့ တာပဲ။ ဆေးရုံ ကပြန်လာတဲ့အဝတ်အစား အတိုင်းပဲ ရှိသေးတယ်။ ည၀တ်အင်္ကျီတောင် မလဲရရှာသေးဘူး။ ညာဘက်က တ၀ါးဝါးငိုနေတဲ့ သမီးကိုတစ်ဖက်က ချီလို့၊ ဘယ်ဘက်လက်က တရှုပ်ရှုပ်ငိုနေတဲ့ဇနီး ကိုတွဲလို့ ရေချိုးခန်းမှာ ရပ်လျက်သားတွေ့ ရပါတယ်။
မကေသီ က ဗိုက်ခွဲထားတဲ့ ဒဏ်ရာကနာလို့ ရေချိုးခန်းဝင်ချင်တာမထနိုင်တာကြောင့် တွဲပို့ရတာတဲ့။ သမီး ကလည်း တ၀ါးဝါးငို။

"ကလေးကငို၊ သေးကစို၊ တံတိုကပျောက်၊ လင်ကငေါက်"ဆိုတဲ့ မြန်မာ စကားပုံကို ဂယ်ရီ အတွက်ပြောင်းပြန် လှန်ရမလား မသိပါဘူး။ ကျွန်မကိုတွေ့တော့ မျက်နှာငယ်လေးနဲ့။
"မာမီ ရယ် သူတို့နှစ်ယောက် အငိုတိတ်အောင် ဘာလုပ်ပေးရမှန်းကို မသိတော့ဘူး"တဲ့။ သမီးကလည်း ကျွန်မ ကိုတွေ့မှ ဟီးချပြီး ငိုပြန်ပါလေရော။ "မာမီ ကလေးက ငိုနေတာ ဘာလုပ်ပေးရမှန်းလည်းမသိဘူး။ သမီးဗိုက်ခွဲ ထားတဲ့ ဒဏ်ရာကလည်း တအားနာလို့ မလှုပ်နိုင်ဘူး" တဲ့။ ဒီလိုဖြစ်ပျက်ခံစားရတာကို သူတို့ အနောက်နိုင်ငံမှာတော့ (ဘေဘီဘလူ) ¬(baby blue)ရောဂါ လို့ခေါ်ပါတယ်။ မိခင်အသစ်စက်စက်တွေ အတွေ့အကြုံ မရှိသေးတာကြောင့် မွေးလာတဲ့ ကလေး ပိစိကွေးနီတွေးတွေးလေးကို ဘယ်လို ကိုင်တွယ်ရမှန်းမသိ။ ဘယ်လိုစောင့်ရှောက်ရမှန်းလည်းမသိ။ ဘယ်လိုအလိုဖြည့်ရမှန်းမသိဖြစ်ပြီး အားငယ် ၀မ်းနည်းကြတဲ့ စိတ်ရဲ့ခံစားမှုပါပဲ။
ကျွန်မတို့အရှေ့တိုင်း မှာတော့ လူနေမှုစနစ်တွေကွာြး့ခားတယ်လေ။ အိမ်ထောင်စုမှာ အဘိုးရော၊ အဘွားရော၊ ဒွေးတော်၊ မိကြီးတွေရော၊ အတူတကွ တသိုက်တ၀န်းနေကြတာဖြစ်တော့ အတွေ့အကြုံရှိ ထားပြီးသား လူကြီးတွေက မွေးခါစကလေးကို ၀ိုင်းဝန်းစောင့်ရှောက်ဖော်ရကြတာမို့ မိခင် ပူပူနွေးနွေး အနေနဲ့ ကြောင့်ကြစရာ မရှိပါဘူး။ အနောက်တိုင်းမှာက အိမ်ထောင်ရက်သား ကျပြီးရင် တသီးတခြား နေတတ်ကြတော့ အရေးကြုံတဲ့အခါ အားကိုးစရာ ခက်ခဲတာကြောင့် မိခင်ဖြစ်စ ကလေးမတွေ အားငယ် စိတ် ၀င်ကြရတာ ပြဿနာတစ်ခုလို ဖြစ်နေပါတယ်။
အဲဒီညမှာ ကျွန်မက သမီးကေသီနဲ့အတူ အိပ်ပြီး၊ ကလေးကို ကျွန်မတို့နှစ်ယောက်ကြားထဲမှာ ထား သိပ်လိုက်တယ်ပေါ့။ မအိပ်ခင်မှာ အမေ့နို့အ၀ တိုက်ထားလိုက်ပါတယ်။ သေးစိုဝတ်တွေ လဲပြီး နွေးနွေးထွေးထွေးလေးဖြစ်အောင်စောင်ပါးလေးနဲ့ထွေး၊ရင်ဘတ်ပေါ်မှာလည်းစောင်ခေါက်ကလေးတင် သိပိလိုက်တော့ညလုံးပေါက် အိပ်ရှာပါတယ်။ ကျွန်မတို့ အိပ်ရာဝင်တဲ့အချိန်ကလည်း နှောင်းလှ
တဲ့ တစ်ချက်ကျော် ဖြစ်နေပြီလေ။

အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်တာ အိပ်မက်တွေ ဘာတွေ မက်လို့၊ ရှိုက်ကြီးတငင်ငိုသံတစ်ခု ကြောင့် ကျွန်မ လန့်နိုး အိပ်မက်တန်းလန်း နဲ့ နိုးလာပါရော။ ကြည့်လိုက်တော့ သမီးကေသီရယ်
 ကျွန်မဘေးမှာ ငိုရှိုက်လို့ ကောင်းနေဆဲ။
'ဟဲ့....သမီး ဘာဖြစ်တာလဲ။ ဘာဖြစ်လို့လဲ နဲ့ ပျာပျာသလဲ မေးမှ
 သမီး မောင်လေးဇာနည်ကို သတိရလို့။ သူရှိရင် ကလေးကို ပြေးလာကြည့်မှာ မာမီရဲ့။ သူက ကလေး ချစ်တတ်တော့ လက်ပေါ်က ချမှာ မဟုတ်ဘူး။ ရင်ထဲမှာ မခံရပ်နိုင်ဘူး မာမီရယ်။ သမီးသိပ်အောက်မေ့နေတာပဲ။ မောင်လေးကို ရှိစေချင်လိုက်တာ တဲ့။
ဟော ... တကယ်အံ့သြဖွယ်ရာ ကောင်းတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။

ကျွန်မက အိပ်မက်မက်နေတာ။ သားဇာနည် က ရောက်လာတာတဲ့။ ကျွန်မက ၀မ်းသာအားရနဲ့  သားပြန်လာ တာ အတော်ပဲ။ မင်းအစ်မ သမီးလေးမွေးတယ်။ ဟောဒီမှာ လို့ ကလေးကို ပြတော့ ဟုတ်တယ်။ သား သိလို့ လာကြည့်တာ မာမီ တဲ့။ သားကလည်း ရွှင်ပြုံးလို့၊ ဒီအခိုက်မှာပဲ ရှိုက်သံ ကြောင့် ကျွန်မ လန့်နိုးသွားရတာ။ သားကို တွေ့ရတာ။ တကယ့်အတိုင်း ဖြစ်နေချိန် သမီးက ခုလို ပြောလိုက်တော့ ကျွန်မ ရင်ထဲမှာ မခံရပ်နိုင် ပွင့်အန်ကျလာပြိး သမီးနဲ့အတူ ဖက်ငိုမိပါတော့တယ်။
ကျွန်မ သားလေး မသေပါဘူး။
ကျွန်မ နဲ့ တကွ ညီအစ်ကို မောင်နှမအားလုံးရဲ့ နှလုံးသားထဲမှာ သားဟာ အမြဲရှင်သန်လျက် အတူ တကွ ရှိနေဆဲပါ။
   
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>