Tuesday, February 19, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၂)

ငယ်ငယ်ရွယ်ရွယ် နဲ့ မုဆိုးမအဖြစ် နောက်အိမ်ထောင်မထူဘဲ တစ်ယောက်တည်း ရုန်းကန် ပြီးကျွန်မ ကို လူလားမြောက်အောင် စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင်မိခင် ကွယ်ပျောက်သွား ပါပြီ။
မိဘနဲ့ သားသမီး ရဲ့သံယောဇဉ် ဆက်သွယ်မှုဆိုတာ နှိုင်းပြစရာမရှိအောင် ကြီးမားတဲ့ထု ထည်နဲ့ခံစား မှု တစ်ရပ်ပါပဲ။
ကျွန်မ ရဲ့ မျက်မှောက်မှာ "အမေ"ဆိုတဲ့ ပညတ်နဲ့လူသားတစ်ယောက်မရှိတော့ပေမဲ့ မေတ္တာစေတနာ၊ ကရုဏာ၊ ခွင့်လွှတ်ခြင်း ဆို တဲ့ စုတ်ချက်ပေါင်းများစွာနဲ့ တစ်သက်တာ ရေးခြစ်ခဲ့တဲ့ အနုပညာ ဂန္တ၀င်မြောက်အောင် အရောင်အသွေး ထူးခြားလှပ တဲ့ မာမီ့ရဲ့ပုံရိပ် ပန်းချီကားကြီးတစ်ချပ်ကတော့ ကျွန်မ ရဲ့နှလုံးသားစံအိမ်ထဲမှာ ထာဝရ သိမ်းဆည်းထားမှာ သေချာလှပါတယ်။
ကို ဆက်ဖတ်ရန် ..

အပိုင်း (၄၄)

ကျွန်မအတွက် မိခင်ကွယ်လွန်ခြင်းဟာ အရိပ်ခိုရာအမိုးတစ်ခု ပြိုကျပျက်စီးသွားတဲ့အတိုင်း ပါပဲ။
မိခင်ရဲ့အရိပ်ဟာထာဝတရအေးမြတယ်လို့ ဆိုထားတဲ့စကားလည်း ရှိထားတာပဲနော်။ မထင်မှတ် ဘဲ ဗြုန်းခနဲ မိခင်ရဲ့အရိပ်ကကွယ်သွားတဲ့အတွက် မနေတတ်မထိုင်တတ်နဲ့ ရင်ထဲကဟာကွက်ကိုလည်း ဘယ်လိုမှဖြည့် လို့မရပါဘူး။ ဘ၀မှာဆုံးရှုံးမှုအမျိုးစုံ ရှိတဲ့ထဲက သားသမီးတွေအဖို့ မိခင်မဲ့ဆုံးရှုံးရခြင်းကတော့ အစားထိုး မရနိုင် တဲ့ ကြီးစွာသော ဆုံးရှုံးမှု တစ်ရပ်ပါပဲ။ ကိုယ့်ရင်ထဲက ခံစားချက်ပြင်းထန်နေပေမဲ့လည်း တာဝန်အရ လုပ်စရာတွေ ရှိနေတာ မို့ စိတ်မပါလက်မပါနဲ့ ထပြီးလုပ်ကိုင်လှုပ်ရှားရတော့တာပဲလေ။
တခြားပြည်နယ်တွေမှာ အခြေချနေကြတဲ့ သမီးကြီးကေခိုင်နဲ့ သမီးလတ်ယမင်းတို့ နှစ်ယောက်စလုံး အဘွားရဲ့ အသုဘ အမီရောက်လာကြပါတယ်။ ဒီတစ်ခါလည်း ကျွန်မ အတွက်ရောက်မဆိုက် အသုဘအတွေ့အကြုံတစ်ခု ရလိုက်ပြန်တယ်ပေါ့။

အမေရိကား မှာ တစ်စုံတစ်ဦးအိမ်မျာ အသက်ပျောက်သွားရင်တောင်မှာ အိမ်ကနေ အသုဘချလေ့မရှိကြပါဘူး။ Funeral Homeလို့ခေါ်တဲ့ ဈာပနဂေဟာတွေကို အကြောင်း ကြားလိုက်ရပါတယ်။ ဆေးရုံမှာ ကွယ်လွန်သူတွေ လည်း ဒီနည်းအတိုင်းပါပဲ။ ဈာပနဂေဟာ ကိုအကြောင်းကြားလိုက်ရင် နာရီပိုင်းအတွင်း သူတို့ဂေဟာက ကားနဲ့အလောင်း ကို လာသယ်ပြီးဂေဟာက အအေးတိုက်မှာ စနစ်တကျ ထားပေးပါတယ်။ ဈာပနဂေဟာ တွေ က မြို့ထဲကတခြားစီးပွားရေး အဆောက်အအုံတွေလိုပဲ လမ်းကြီးလမ်းကောင်းတွေ ပေါ်မှာထည်ထည်ဝါ၀ါနဲ့ လှပစွာ တခမ်းတနား ဆောက်ထားတဲ့ အဆောက်အအုံတွေပါပဲ။

ဈာပနကိစ္စနဲ့ သက်မွေးဝမ်းကျောင်းပြုကြပေမဲ့ နိမ့်ကျသိမ်ငယ်တဲ့ အလုပ်အဖြစ် မခံယူကြ ပါဘူး။ သူလို ကိုယ်လို စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကြသူများအဖြစ် တန်းတူဆက်ဆံကြ တာပါပဲ။ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး တက္ကသိုလ် မှာ ဘွဲ့ယူပြီးလုပ်ကြရတာဆိုလို့ ကျွန်မတ အံ့တသြဖြစ်ရပါသေးတယ်။ တစ်ခါကမိတ်ဆွေတစ်ဦးက သူ့သား နဲ့မိတ်ဆက်ပေးရင်း သား ကအဲဒီ (...)ဘွဲ့ယူဖို့ တက္ကသိုလ်တက်နေတဲ့အကြောင်း ဂုဏ်ယူစွာ နဲ့ ပြောပြ လို့ ကျွန်မ လည်းကြားဖူးရခြင်းပါ။

အမေရိကား မှာ စားဝတ်နေရေးနဲ့တကွ ဆေးကုသမှုကအစ စရိတ်စက ကြီးမားလှ လို့ နေ ရေး မလွယ်လှ သလို သေရေးမှာလည်း အသုဘစရိတ်က အလွန်အမင်းကြီးလို့ မလွယ်ကူ လှပါဘူး။ သားကြီးဝင်းက ကျွန်မ တို့ရောက်ခါစ မှာ ဘ၀ကိုထူးထောင်စရာတွေ ရှိနေသေး တာကြောင့်သူ့အဘွားရဲ့ အသုဘအတွက် ဈာပနကိစ္စ အ၀၀ကို သူတာဝန်ယူမယ်လို့ ပြောပါတယ်။ အိမ်ထောင်ကွဲ သမီးနှစ်ယောက်လည်း သူတို့နိုင်သလောက် ပါဝင်ပါရစေ လို့ အစ်ကိုကိုခွင့်တောင်းနေကြလေရဲ့။ သမီးတစ်ယောက်အနေနဲ့ ကျွန်မမှာ လုံးဝတာဝန်ရှိ တာမို့ အိမ်မ၀ယ် ရရင်လည်း အရေးမကြီးဘူး။ ကျွန်မပဲ အကုန်အကျခံမယ်ဆိုတာကို သားကြီးက လုံးဝလက်မခံ တဲ့အတွက် အချေအတင်တွေ ပြောရဆိုရ၊ သားသမီးတွေရဲ့ စေတနာ မေတ္တာကို ထိတွေ့ခံစားရလို့ စုဆောင်းထားတဲ့ မာမီ့ရဲ့ငွေကိုတော့ ဈာပနအ တွက်ထည့်သုံးခွင့်ပြုဖို့ မနည်းတောင်းပန် မှပြဿနာ က အေးရပါတော့တယ်။

နောက်တစ်နေ့မှာ သားကြီးက "အန်ကယ်နဲ့ မာမီရော၊ မောင်နှမတွေပါ အားလုံး အတူ သွားရအောင်"ဆိုပြီး ဈာပနကိစ္စ အစီအစဉ်လုပ်ဖို့ ဂေဟာက ဒါရိုက်တာနဲ့ ရက်ချိန်းယူပြီး သွားတွေ့ကြပါတယ်။ ဒါရိုက်တာက ဘယ်လိုပုံစံ နဲ့ဖြစ်စေချင်လဲဆိုတဲ့ ကျွန်မတို့ရဲ့ ဆန္ဒ ကိုမေးတော့ မြန်မာပြည်မှာကတည်းက မာမီက သူသေရင် မီးသင်္ဂြိုဟ်ပြီး ပြာ ကိုပင်လယ် ထဲမှာမျှေပေးဖို့ သေသေချာချာမှာထားပြီးဖြစ်လို့ မာမီ့ဆန္ဒအတိုင်း စီစဉ်ပေး ဖို့ ပြောပြရပါ တယ်။
ဒီကဓလေ့ထုံးစံ က အသုဘမချခင် ဂေဟာမှာပဲ ကာယကံရှင်မိသားစုနဲ့အတူ မိတွေ သင်္ဂဟများ က သေဆုံးသူ ကို နောက်ဆုံးဂါရ၀ပြုတဲ့အနေနဲ့ အသုဘရှုဖို့ ဆိုပြီးနှစ်နာရီ လောက်အချိန်ပေးတဲ့ အခမ်းအနားလေး လုပ် ကြပါတယ်။ ဂူသွင်းသင်္ဂြိုဟ်မယ် ဆိုရင်လည်း တချို့ကတစ်ရက်တည်းမှာပဲ ဂေဟာက ခန်းမ မှာ အသုဘရှုပြီး တာနဲ့ သက်ဆိုင်ရာ ဘုရား ကျောင်းကိုသွား ဘုန်းတော်ကြီးက ကွယ်လွန်သူအတွက် ရွတ်ဖတ် ဆုတောင်းကောင်းချီး ပေးပြီးပြီ ဆိုရင်တောက်လျှောက် ဘုရားကျောင်းကနေ သင်္ချိုင်းကို အသုဘချလိုက်တာမျိုး ရှိ သလို တချို့ကျတော့အသုဘရှု ဖိတ်ကြားတာက တစ်ရက်သတ်သတ်၊ ဈာပနအသုဘ ချာတာက တစ်ရက် သီးခြား လုပ်တာလည်း ရှိပါတယ်။

အသုဘချတဲ့ အခါ မိတ်တွေများရင် များသလို အသုဘပို့သူတွေရဲ့ကားတန်းကြီးက ရှည် လျားတာမို့ သက်ဆိုင်ရာ ရဲဌာနကို ပိုင်းလော့ရဲတွေပေးဖို့ အကူအညီ လည်းကြိုပြီး တောင်း ထာ်းရပါသေး တယ်။ မော်တော်ဆိုင်ကယ်ရဲတွေက အသုဘယာဉ်ကို ဦးဆောင်ပြီး သွားမှကားတန်းက အဆက်မပြတ်ဘဲ မီးနီတွေ ကိုလည်း ဖြတ်ခွင့်ရတာပါ။ အသုဘပို့တဲ့ ကားမျန်သမျှ ကွယ်လွန်သူကိုလေးစားဂါရ၀ပြုသော အမှတ် အဖြစ် ရှေ့ကမီးကြီးတွေ ဖွင့် ပြီးမောင်းကြရပါတယ်။ ကျွန်မတို့က မာမီ့ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်မှာဖြစ်တော့ အဲဒီကိစ္စ အတွက်မပူရပါဘူး။ ဒါကြောင့် အသုဘရှုအခမ်းအနားအတွက်ပဲ စီစဉ်စရာတွေ လုပ်ရပါ တယ်။

ပထမဆုံးလိုအပ်ချက်ဖြစ်တဲ့ခေါင်းရွေးဖို့ ဂေဟာရဲ့အပေါ်ထပ်မှာရှိတဲ့ ခေါင်းပြခန်းကို တာဝန်ခံ မန်နေဂျာ လုပ်သူက လိုက်ပြပါတယ်။ ခန်းလုံးပြည့်ခင်းထားတဲ့ကော်ဇောဖြူကြီး ကလည်းထည်ဝါပါဘိ။ စနစ်တကျ အနေအထား လှလှနဲ့ ပြင်ဆင်ထားတဲ့ ခုံတွေပေါ်မှာ တင်ပြထားတဲ့ ခေါင်းတွေကလည်း သားနားပါဘိ။ မဟော်ဂနီရောင် ဖိတ်ဖိတ်လက်နေ တဲ့ ခေါင်းတွေကလည်း ပုစံမျိုးစုံပါပဲ။ ဦးခေါင်းပိုင်းက အဖုံးကို တစ်ဝက် ဖွင့်ပြထားတာ မို့ အတွင်းကခံထားတဲ့ ကူရှင်ပိုးဖဲရောင် လက်လက်တွေကလည်း ထိရက်စရာ မရှိအောင် အိစက် ညက်ညောနေတာ မြင်သာပါတယ်။

လူသားတစ်ယောက် ရဲ့ နောက်ဆုံးအချိန်အတွက် အကောင်းတကာ့ အကောင်းဆုံးအဖြစ် အတတ်နိုင်ဆုံး စီစဉ် ထားပေးခြင်းလို့ တွေးနေမိပါတယ်။ ထိတ်ထိတ်ကြဲ ကောင်းသမျှ လုပ်ထားတဲ့ ဒီခေါင်းဖိုးတွေကလည်း ဘယ်သေး ပါ့မလဲ။အနည်းဆုံး၊ အညံ့ဆုံးဆိုတဲ့ ခေါင်း ဈေးကဒေါ်လာနှစ်ထောင်ကျော် သုံးထောင်နီးပါးဖြစ်ပြီး အကောင်းဆုံးခေါင်း က ဒေါ်လာ သောင်းဂဏန်းနားကပ်နေလေရဲ့။ မြန်မာပြည်က ရောက်ခါစမို့ အရာရာ ကိုမြန်မာငွေနဲ့ ပြန်တွက်လေ့၇ှိတဲ့အကျင့်က မပျောက်သေးတာမို့ စိတ်ထဲမှာ အမြှောက်အစားတွေလုပ် ရင်းကုန်ကျရမဲ့ အထွေထွေစရိတ်ကိုမှန်းဆကြည့်နေမိပါတယ်။
ဒါက ခေါင်းတစ်ခုတည်း စရိတ် ရှိသေးတာပါ။

ရုပ်ကလာပ် ကို အအေးခန်းမှာ ထိန်းသိမ်း ထားခ၊ အသုဘရှုတဲ့အခမ်းအနားအတွက် ခန်းမငှားခ၊ အခန်းပြုပြင်ပေးခ၊ ရုပ်ကလာပ် ကို ဆင်ယင်ထုံးဖွဲ့ပေးခ၊ ဈာပနဂေဟာကို ဆေးရုံကနေ ရုပ်ကလာပ သယ်ဆောင်ပေးခ၊ ဂေဟာ ပိုင် မီးသင်္ဂြိုလ်စက်ရှိရာ သယ်ဆောင်သွားခ၊ မီးသင်္ဂြိုလ်ခ၊ ပြားအိုးကို ပင်လယ်ပြင် ရေလယ် အရောက်ပို့ဆောင်ရမယ့် သင်္ဘောခ၊ ပြာအိုးနဲ့အတူ ချမယ့်ပန်းခွေအခ၊ အသုဘ ရှုအခမ်းအနား ကိုမိသားစုလာရောက်ဖို့ အိမ်တိုင်ရာရောက် လာကြိုလိုက်ပြန်ပို့ပေးမဲ့ စတိုင်ကျကျ ၀တ်စုံ အပြည့်နဲ့ ယာဉ်မောင်း ပါတဲ့ လက်မဇင်းကားခ စတဲ့စတဲ့ စ၇ိတ်တွေ အားလုံးပေါင်းလိုက်ရင် အသုဘ တစ်ခုအတွက် ကုန်ကျငွေက ဒေါ်လာသောင်းဂဏန်းနီးပါး ဖြစ်သွားတော့တာပါပဲ။

မီးသင်္ဂြိုဟ်ပေး လို့ နည်းနည်းသက်သာသေးတာနော်။ သင်္ချိုင်းမှာ ဂူလုပ်မြေမြှုပ်ဦးမယ်ဆို ရင် လူ တစ်ကိုယ်စာ မြေ တစ်ကွက်ဈေးနှုန်းကိုက ဒေါ်လာ လေးငါးထောင်၊ အုတ်ဂူဖိုးစတဲ့ ကိစ္စတွေက ပါသေးတာမို့ မီးသင်္ဂြိုလ်တာ ထက် နှစ်ဆ သုံးဆတက်သွားပါလေရော။ ဂူသွင်း နည်တွေကလည်းအမျိုးစုံ ၇ှိသေးတာပါ။ တစ်ချို့ ကမြေမြှုပ်ဂူ လုပ်ကြသလို တချို့ ကျတော့ သင်္ချိုင်းအတွင်းမှာ ဆောက်ထားတဲ့ မိုးလုံလေလုံ အဆောက်အအုံ တစ်ခုထဲမှာ ရုပ်ကလာပ်ပါရှိတဲ့ ခေါင်းကိုဘဏ်တိုက်တွေမှာ Safe Deposit Boxတွေ ထည့်သိမ်း သလို နံရံအတွင်း သူ့အကန့်နဲ့သူ တစ်ကိုယ်စာ အခန်းလေးတွေထဲမှာ ထည့်သိမ်းထားလိုက် တာမျိုးလည်း ရှိရဲ့။ တံခါးမှာ ဘယ်သူဘယ်ဝါဆိုတဲ့ ကမ္ပည်းတွေ ထိုးထားပြီး အဲဒီရှေ့မှာ ပန်းအိုး တင်စရာ နေရာလေး ပါ ထည့်ထားပေးလို့ ပန်းတင်ထားတာတွေလည်း တွေ့ရပါ တယ်။

တချို့ကျတော့လည်း ရုပ်ကလာပ်လိုက် မသိမ်းကြဘဲ မီးသင်္ဂြိုဟ် ပြာချပြီးမှ ပြာအိုးတစ်အိုးစာ အကန့် ငယ်လေးတွေ မှာ ထည့်ထားတာမျိုးလည်း ရှိရဲ့ ။ သေဆုံး ကွယ်ပျောက်သွားတဲ့ တိုင် အောင် ပိုင်ဆိုင်မှု ဆိုတာ ကလည်း ရှိသေးတာနော်။ ကျွန်မရဲ့ မိတ်ဆွေ တစ်ဦး သူ့သား ကွယ် လွန်သွားတာ ဇနီးက သူ့ခင်ပွန်းကို ဂူသွင်း သင်္ဂြိုဟ် ထားတယ်ပေါ့။ နှစ်ပတ်လည်နေ့တွေမှာ မိခင်က သးဂူရှိရာကို ပန်းစည်းတင် ဆုတောင်းလေ့ရှိပါတယ်။ ပန်းစိုက်အိုး မရှိတော့ ပန်းတွေက ကြာကြာမခံဘဲ နွမ်းနွမ်းကုန်တာကြောင့် ဂူရဲ့ရှေ့မှာ ပန်းစိုက် အိုးလေးနှစ်လုံးလောက် အင်္ဂတေကိုင် လုပ်ခက ဒေါ်လာခုနှစ်ရာ ကျမယ်တဲ့။ ဒါပေမဲ့ မိခင်အနေနဲ့ လုပ်ပိုင်ခွင့် မရှိ လို့ ချွေးမဆီက သဘောတူညီကြောင်း ခွင့်ပြုစာ အရင်ရယူပြီးမှ လုပ်နိုင်မယ်လို့ ပြောပြလိုက်ပါတယ်။

တော်ပါသေးရဲ့။ ချွေးမနဲ့ ယောက္ခမ ပြေလည်နေကြပေလို့ ချွေးမဆီိက ခွင့်ပြု စာ ချောချောမောမော ရောက် လာတာကြောင့် ဂူရှေ့မှာ ထားတဲ့ ပန်းအိုးလေးနှစ်လုံးကိစ္စ အထမြောက်သွားပါတယ်။ မာမီ့ရဲ့ အသုဘကိစ္စ မှာတော့ မီးသင်္ဂြိုဟ်ပြီး ပြာ ကို ရေမျှောလိုက်မှာမို့ ပြာသနာ နည်းလေတယ်ပေါ့။ ကျွန်မ တို့ ရောက်ခါစ နှစ်တွေ တုန်းက မြန်လူဦးရေက နည်းသေးတဲ့အပြင် မြန်မာဘုန်းကြီးကျောင်း ဆိုတာလည်း မရှိသေးပါဘူး။ ဒါကြောင့် ဗုဒ္ဓဘာသာ ထုံတမ်းစဉ်လာအရ လုပ်ရတဲ့ သက်ပျေက် ဆွမ်းကို အိမ်က ဘုရားစင်မှာပဲ ကပပလှူ ပူဇော်ရပါတယ်။ အမေရိကား ရောက်မှ ဒီလို အခြေအ နေမျိုး ကြုံခဲ့သော်ဆိုတဲ့ အတွေးနဲ့ မလာခင်မှာ ဆားလင်းဆရာတော်ကြီးကို သရဏဂုံ တင်တဲ့ ကိစ္စ လျှောက်ထားပြီး မာမီ့အတွက် လိုရမည်ရ သရဏဂုံတင် တိပ်ခွေ တစ်ခု အသံသွင်းယူလာပြီး သရဏဂုံတင်ဖြစ်သွားတာမို့ စိတ်ကျေနပ်ရပါတယ်။ ဒါ့အပြင် ချွေးမ ဘော်ဘီ ကလည်း သူ့ဘာသာ အရ ဘုရားကျောင်းက ဘုန်းတော်ကြီးကို ပင့်ပြီး မာမီအတွက် ဆုတောင်း ကောင်းချီး ပေး လုပ်ချင်ပါသေး တယ် ဆိုတာနဲ့ သူ့ဆန္ဒအတိုင်းလည်း ပြည့်စုံအောင် လုပ်ဖြစ်ပါတယ်။

ဒီက ထုံစံအရ အသုဘရှု အခမ်းအနား အတွက် မိတ်ဆွေများက ကွယ်လွန်သူကို ဂါရဝပြုတဲ့အနေ နဲ့ ပန်းခွေ သို့မဟုတ် ပန်းခြင်းတွေ ပို့ကြပါတယ်။ ပန်ခြင်းတစ်ခု တစ်ခုရဲ့ တန်ဖိုးကလည်း နည်းတာမဟုတ်ပါဘူး။ အနည်းဆုံး ဒေါ်လာငါးဆယ်ကနေပြီး ဒေါ်လာရာကျော် အထိ ဈေးကြီးပါ တယ်။ ဒီတန်ဖိုး ပန်းတွေနဲ့ အနုပညာမြောက်စွာ ပြင်ဆင် ထားတဲ့ အသုဘရှု ခန်းမကတော့ လှပတင့်တယ် ရှုချင်ဖွယ်အတိပါပဲ။ ခန်းလုံးပြည့် ပန်းရောင်စုံတွေ ရဲ့အလှကို နှစ်နာရီတာမျှ အသုံး ချပြီးရင် အသုဘရှုခြင်းကလည်း ပြီးဆုံးပြီးမို့ ပန်းတွေကို ဘုရားကျောင်း အတွက် ဖြစ်စေ၊ လူအိုရုံအတွက် ဖြစ်စေ ပေးပို့ပြီး လှူဒါန်းကြပါတယ်။

တချို့ကျတော့လည်း နှစ်ပတ်လည်သာ အထားခံတဲ့ ပန်းခြင်းတွေ ပို့မဲ့အစား အကျိုးရှိရာကို ပေးလှူဖို့ အသုဘရှင် များက မေတ္တာရပ်ခံတာမျိုးလည်း ရှိပါတယ်။ ကျွန်မတို့ မိတ်ဆွေ ဦးခင်မောင်သန်း နဲ့ ခရစ္စတာသန်း တို့ရဲ့ သမီးလေး အင်ဂရစ်သန်းက စာအလွန်တော်တဲ့ ဂုဏ်ထူး တန်း ကျောင်းသူလေးပါ အသက် ၁၆ နှစ်မှာ ကွယ်လွန် သွားတာ မိဘနှစ်ပါးက အသုဘအတွက် ပန်းပို့မဲ့အစား (အင်ဂရစ်စကောလာရှစ်) အဖြစ် ကျောင်မှာ တည်ထောင် လိုက်ပြီး အလှူငွေ ကို အင်းဂရစ်စကောလားရှစ် ရန်ပုံငွေအတွက် ထည့်ဝင် လှူဒါန်းဖို့ မေတ္တာ ရပ်ခံပါတယ်။
အလားတူ ပညာရေးရန်ပုံငွေတွေ စီစဉ်တာမျိုး ရှိသလို နှလုံရောဂါနဲ့ ကွယ်လွန်သူ၊ ကင်ဆာရောဂါနဲ့ ကွယ်လွန်သူ တချို့ ကလည်း ကိုယ်လို ဝေဒနာရှင်တွေ အကျိုးများစေမဲ့ ကင်ဆာသုတေသန၊ နှလုံး ရောဂါ သုတေသန စတဲ့ အပြုလုပ်ငန်းတွေ အတွက် ပို့ ပြီး လှူ စေတယ်ပေါ့။ ဒါန မြောက်အောင် စိတ်ကူးကောင်းကြတာအတွက် သာဓုခေါ် ဖွယ် ရာပါပဲ။

မာမီ ရဲ့ အသုဘမှာတော့ ကျွန်မတို့က ဘာမှ မေတ္တာရပ်ခံထားချက်  မရှိတာကြောင့် သားသမီး တွေရဲ့ အလုပ်ဌာန ဆိုင်ရာတွေက ပို့တဲ့ ပန်းတွေရော သူတို့ အသိုင်းအဝိုင်း မိတ်ဆွေတွေရဲ့ ပန်း တွေရော ကျွန်မ ရဲ့ မြန်မာမိတ်ဆွေတွေ ပိုပတဲ့ ပန်းတွေပါ များပြားလှာစွာ ရောင်ျစုံဖြာနေပါတယ် အလွန်အလှ အပ ကို မြတ်နိုးတတ်တဲ့ ကျွန်မ အမေ မြင်စေချင်စမ်းပါရဲ့။
ဘယ်လို အတတ်ပညာတွေနဲ့ ဈာပနဂေဟာက ပြုပြင်လိုက်သလဲ မသိပါဘူး။ မာမီရဲ့ ရုပ်ကလာပ်က ယုံနိုင်စရာ မရှိအောင် နုပျို ငယ်ရွယ် သွားလိုက်တာ။ ဝတ်ထားတဲ့ ကြိုးကြီးချိတ် လုံချည်၊ အင်္ကျီလက်ရှည်ပေါ်မှာ ပဝါစုံနဲ့ အင်လျားလိတ် က မင်္ဂလာဆောင်ကို ခုခက်ချင်း၊ ထသွားတော့မဲ့အတိုင်းပါပဲ။ ကိုယ့်မြေ ကိုယ့်ရေမှာ သားသမီးတွေ ရဲ့ အသိုင်းအဝိုင်းရော၊ ကျွန်မရဲ့ မြန်မာအသိုင်းကပါ လာရောက်ကြတာမို့ မာမီ့အသုဘက လှလှပပ နဲ့ စည်စည်ကားကား ဖြစ်ပါတယ်။

သားကြီးဝင်း က လာတဲ့ ပရိတ်သတ်တွေကိုတောင် ဧည့်မခံနိုင်ဘဲ သူ့အဘွားရဲ့ ရုပ်ကလာပ် ဘေးမှာ ဒူးထောက်ပြီး ကလေးတစ်ယောက် လို တရှိုက်ရှုက် ငိုနေလေရဲ့။ အစ်ကို့အနားမှာ အငယ်မောင်နှမ တွေလည်း စုပြီး လိုက်ငိုနေကြပြန် တာနဲ့ သားသမီးတွေကို ရင်မျာထွေး အားပေးရင်း ကိုယ်တိုင်လည်း ထိန်းထားတဲ့ထဲက မနေနိုင် ဘဲ မျက်ရည်ဖြိုင်ဖြိုင် ကျရပါတော့တယ်။ မျက်ရည် တွေကြားထဲက ကိုယ့်မိခင်ရဲ့ မျက်နှာ ကို နောက်ဆုံအကြိမ် တစ်ဝကြည့်ပြီး ကျွန်မအပေါ်မှာ ထား ရှိခဲ့တဲ့ မေတ္တာစေတနာ အကြင်အနာကျေးဇူးတရား ကို ဆင်ခြင်မိတဲ့ အခါ ရင်ထဲမှာ ပေါက်ကွဲ မတတ်ပါပဲ။
သတ်မှတ်ထား တဲ့ အချိန်ကာ နှစ်နာရီ ဆိုတာ ဘာမှ မကြာလိုက်ပါဘူး။ ရုပ်ကလာပ် ကိုအအေးတိုက် ထဲ ပြန်သွင်း ချိန် ရောက်ပြီမို့ ကျွန်မတို့ မိသားစုအားလုံ မာမီကို ကိုယ်စိတ်နှလုံး သုံပါးစလုံးနဲ့ နောက်ဆုံးအကြိမ် ရှိခိုး ကန်တော့ကြပါတယ်။ ဒီအချိန်မှာ ဘယ်လိုမှ မထိန်းနိုင် တော့ ဘဲ အားလုံး ရှိုက်ကြီးတငင် မျက်ရည်တွေ သွန်ချကြတော့ တာပဲလေ။
သံသရာမှာ မာမီ့အတွက် တစ်ဘဝစာ ပြီးလေပြီပေါ့။

အသက်ရှင်စဉ် ကာလ ထားရှိခဲ့တဲ့ မျှော်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေ၊ ယုံကြည်ချက်တွေ၊ မိမိအတွက်ရော ချစ်သောသူများ အတွက်ပါ ရာက်ရှိရတဲ့ ပူပင်သောကတွေ အလိုဆန္ဒ ပြည့်ဝတဲ့အခါ ကျေနပ်ကြည်နူးခြင်းတွေ၊ ချစ်ခြင်း မုန်းခြင်း ဆိုတဲ့ စိတ်ရဲ့ ခံစားချက်တွေ အားလုံး ဟာ အသက်နဲ့ အတူ ပျောက်ကွယ်သွားလေပြီပဲ။ စိတ်စေတသိက် အတွက် အထောက်အကူ ပြုဖို့ ဖြစ်ပေါ်လာရတဲ့ ဒီခန္ဓာကိုယ် ရုပ်ပစ္စည်းကြီးကလည်း သက်မဲ့ဖြစ်နေချိန် မှာ စွန့် ပစ်ကြရစမြဲ ပါပဲလေ။

မာမီ ကွယ်လွန်ချိန်မှာ ကျွန်မ အသက်ငါးဆယ်ကျော်ပြီ ဖြစ်လို့ တရားကို အတော်အသင့် နှလုံး သွင်းနိုင်တဲ့ အရွယ် ရောက်ရှိပြီ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ မလွယ်ကူပါဘူး။ ကျွန်မရင်မှာခံစားရတာတွေကို မိခင်လို ချစ်တဲ့ ဒေါ်ဒဂုန်ခင်ခင်လေး ကို စားရေးရင်ဖွင့်တော့ ''ငါ ညီမကအမေနဲ့ အသက်ငါးဆယ်ကျော်တဲ့အထိ အတူ နေခွင့်ရခဲ့ တဲ့ နှစ်တွေအတွက် ဝမ်းသာကျေ နပ် စမ်းပါ။ မမခင်မှာ အမေနဲ့ ဆယ့်ခုနစ်နှစ်ထိပဲ အတူနေခွင့် ရခဲ့တဲ့ နှစ်တွေအတွက် ဝမ်းနည်းကြေ ကွဲ မဖြစ်ပါနဲ့။ ရှိခဲ့ဖူးတာကို တန်ဖိုးထား ဝမ်းသာပါလို့ စာပြန်ရေး လာပါတယ်။ မမခင်ရဲ့ စာဟာ တန် ဖိုးရှိ ဖြေဆေးတစ်ခုပါပဲ။
ကျွန်မ အမေ ကယ်လွန်သွားတာနဲ့ ပတ်သက်ပြီး ကြီးစွာသော နောင်တနဲ့အတူ တစ်သက်စာ သင်ခန်းစာ တစ်ခု တည်း ရရှိလိုက်ပါတယ်။ မာမီ့မှာ နှလုံးရောဂါရှိတဲ့အတွက် စိုးရိမ်စိတ်နဲ့ ဂရုစိုက်နေရတယ် ဆိုပေမဲ့ သွားသွား လာလာ လှုပ်လှုပ်ရှားရှားနဲ့မို့ခုလို ဗြုန်းခနဲ့ ဖြစ်သွားလိမ့် မယ်လို့ မတွေးထင်မိပါဘူး။ ကွေးသောလက် မဆန့်ခင် သေခြင်းတရား အချိန်မရွေး ကျရောက်လာနိုင်တယ် ဆိုတာကို  အလေးအနက် မထားမိဘူး ဆိုတာ ၀န်ခံ ရမှာပါပဲ။

မာမီက ဘယ်တော့မှ အအားမနေတတ်တဲ့သူ ဆိုတော့ တစ်ခုမဟုတ် တစ်ခု ချုပ်လုပ်နေတာပါ။ ဒီမှာ ၀ယ်လို့ရ တဲ့ ပုံစံစာအုပ်တွေကလည်း တီထွင်ဖန်တီးမှုတွေက ဆန်းသစ်တာကြောင့်  မာမီကပုံစံ တစ်ခု လက်တည့်စမ်းနေလေ ရဲ့။ တစ်နေ့ ကျွန်မ အလုပ်က ပြန်လာတော့.... 
''သမီး ဒီမှာကြည့်ပါဦး၊ မလှဘူးလား''
ချုပ်ပြီးသား အဝတ်စလေးကို အဖျားကနေ ကိုင်ပြီး ထောင်ပြလိုက်ပါတယ်။ မာမီ ချုပ်ထားတာက ဖက်ခေါင်းအုံးလေး ပါ။ လုံးလုံးရှည်ရှည်၊ ရိုးရိုးဖက်ခေါင်းအုံး ပုံစံမျိုး မဟုတ်ပါဘူး။ ထူးထူးဆန်ဆန်း လူရုပ်ပုံ ဖော်ထား တဲ့ ခေါင်းအုံးလေးပါ။ မျက်နှာ ဝိုင်းဝိုင်းစက်စက် ကလေးမှာ မျက်ခုံးတွေ၊ မျက်လုံးတွေက ပုံဖော် ထားလိုက်သေးတယ်။ ခုံးမျက်စ၊ သုံးရက်လနဲ့ မျက်တောင်ကော့ကော့ကြီးတွေ နဲ့ပါ။ နှုတ်ခမ်းလေး တွေ ကလည်း နှင်းဆီဖူးလို နီထွေးထွေးလေး။ ခေါင်းပေါ်မှာ သိုးမွှေးချည် အနက်တွေနဲ့ ဆံပင်လည်း တပ် ထား ပါသေးတယ်။ ထိပ်လယ်တည့်တည့်မှာ ခွဲပြီး ဘေးတစ်ဖက်စီမှာ ဖဲကြိုးနီနီလေးတွေ ချည်ထားတဲ့အပြင် ဂါဝင်လှလှလေး ပါ ဆင်ထားတော့ တကယ့်ဒေါ်လီရုပ်ကလေးလေး ကျနေတာပါပဲ။

''အရမ်းလှတာပဲ မာမီ၊ အဲဒါ ဘယ်သူ့အတွက်လဲ'' လို့ မေးတော့ ''ယမင်းအတွက်လေ။ ဒီကောင်မလေး က ခေါင်းအုံးကြီး ဖက်ဖက် အိပ်တတ်တယ် မဟုတ်လား။ ဒီဖက်အုံးမျိုးလေးဆို သူ ကြိုက်မှာ'' တဲ့။
''အင်း.. ဟုတ်တယ်၊သူ ဖုန်းဆက်ရင် သမီး ပြောပြလိုက်မယ်'' လို့ ပြောရင်း အဝတ်လဲမယ် လုပ်တော့...
''ဒီခေါင်းအုံးလေး သွတ်ဖို့ မှို့သွားဝယ်ပေးဦး'' တဲ့။
''အင်းပါ၊ နောက်နေ့ ဝယ်တာပေါ့'' လို့ လွယ်လွယ်ပြောလိုက်မိပါတယ်။တကယ်ဆို ကားလေး နဲ့ သွားလိုက်ရ တာပဲ။ နာရီဝက် ခရီးလောက် ကြာတာ။ အမေ့ရဲ့ ဆန္ဒကို ချက်ချင်း ဖြည့်လိုက်ဖို့ ကောင်းတာ မဟုတ်လာ နော်။

လူတွေဟာ အိပ်ရာပေါ် လဲ၊ လူမမာဖြစ်ကာမှ ဘာစားချင်လဲမေးပြီး ဆန္ဒကို ဖြည့်ရှာဖွေကျွေးချင်ကြတာ။ ကျန်းမာနေ ဆဲ ကာလမှာတော့ စားချင်တာ ကျွေးရကောင်းမှန်းမသိတဲ့ လူစားမျိုးထဲမှာ ကျွန်မဆိုတဲ့ ငမိုက် သားလည်း ပါလေပါတယ်ပေါ့။ နောက်နေ့တွေမှာလည်း မာမီက မှို့ဝယ်ပေးဖို့ ပူဆာမြဲပါပဲ။
''စနေနေ့ကျ မှ သွားရအောင်ပါ။ ကလေးတွေလည်း ကျောင်းပိတ်တယ်။ မာမီပါ တစ်ခါတည်း လိုက်ခဲ့။ ကြိုက် တာ တစ်ခါတည်း ရွေးဝယ်ပေါ့'' လို့ ကျွန်မ က ရက်ရွှေ့လိုက်တော့ စိတ်မြန်လက်မြန် ဘာမဆို ခုချက်ချင်း လုပ်တတ် တဲ့ မာမီက စိတ်ပျက်လက်ပျက် ပုံစံနဲ့ အရုပ်ကလေးကို စက်ပေါ်မှာ လွှားတင်ထားလိုက်လေရဲ့။
ကျွန်မပြော တဲ့ စနေနေ့က ရောက်လာပေမဲ့ ဖက်အုံးအတွက် မှို့ဝယ်မထွက်ဖြစ်တော့ပါဘူး။ သောကြာနေ့ မှာ မာမီ စ အန်ပြီး တနင်္လာနေ့ ညနေမှာ ကွယ်လွန်သွားပါလေရာ။ မာမီ မရှိတဲ့နောက် ခြေရာလက်ရာမပျက် စင် ပေါ် မှာအလိုက်သင့် လွှားတင်ထားတဲ့ အရုပ်ကလေးလည်း မြင်ရော ကျွန်မ ချုံးပွဲချငို မိတော့တာပဲ။ ကျွန်မကိုယ် ကျွန်မလည်း ခွင့်မလွှတ်နိုင်အောင် အပြစ်တင်ရင်း နောင်တကြီးစွာ ရမိပါတယ်။

ကိုယ်ရောသူပါ လူမှန် သမျှ ဘယ်နေ့ သေမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ကြပါဘူး။ နောက်နှစ်ပေါင်း ငါး ဆယ် လား။ နှစ်ဆယ်လား။ ဆယ်နှစ်လား။ ဒီနေ့လား။ အခုလား။
အဲလို မသိနိုင်ကြလိုသာ အမြဲတမ်း ဖြစ်တည်နေကြမဲ့အတိုင်း ပေါ့ပေါ့တန်တန် နေမိကြတာပေါ့နော်။ ဒီနေ့ ဟာ ကိုယ် ရဲ့ နောက်ဆုံးနေ့လည်း ဖြစ်နိုင်တာပါပဲ။ ဒီလိုအသိ တရားလေးသာ စောစောက နှလုံးသွင်းနိုင်မယ်ဆိုရင် မာမီ့ရဲ့ဆန္ဒကို ကျွန်မအပြေးအလွှား ဖြည့်ပေးခဲ့မိမှာပေါ။ ခုတော့ နှောင်းတဲ့ နောင်တအဖြစ်နဲ့ ရင်နာနေရတာပဲ ကျန်နေခဲ့ ပါတယ်။
ဒီလိုနဲ့ ကိုယ်စိတ် ကို မနည်းအားတင်းပြီး သက်သာရာရှာတဲ့အနေနဲ့ အလုပ်ကို တအား ဖိလုပ်ပေါ့။ အိုးသစ် အိမ်သစ် ထူထောင် ရမှာမို့ အပ်ကအစ အဝတ်လျှော်စက်အထိ အရာရာ လိုအပ်နေတာတွေကို လည်း နည်းနည်း ချင်း ဝယ်စုနဲ့ ပျိုးထောင်နေဆဲ ဆိုပါတော့။ ဒါကြောင့် မာမီ ဆုံးပြီး နှစ်လခွဲ ရှိတော့မှ ကျွန်မတို့ အိမ်သစ် ကို ပြောင်းဖြစ်ပါတယ်။ မြန်မာပြည်က မလာခင် စိတ်ကူးယဉ်ခဲ့တုန်းက သားကြီးရဲ့အိမ် မှာ အလွန် ဆုံး ခိုလှုံရ သုံလ လို့ တွက်ထားခဲ့မိပေမဲ့ တကယ်တမ်းကျ တစ်နှစ်ခွဲကြာမျှ သားနဲ့ ချွေးမရဲ့ အရိပ်အောက်မှာ ခိုခဲ့ကြရတာပါ။

သားက ဘယ်လောက်ပဲ မိသားစုကို စောင့်ရှောက်ချင်တယ် ဆိုပေမဲ့ ချွေးမဖြစ်တဲ့ ဘော်ဘီသာ စိတ်ထား မပြည့်ဝ ရင် ကျွန်မ တို့မိသားစု ခုနှစ်ယောက် ဒါလောက် ကြာကြာနေနိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကိုယ့်သားတင် မကဘဲ ချွေးမ ဘော်ဘီကိုပါ ကျေးဇူးရှင်အဖြစ် နှလုံးသားမှာ  အမြဲခံယူ ထားပြီး ကျေးဇူးတင် နေ ရတယ်။
ကိုယ်အိမ်လေးနဲ့ကိုယ် ဖြစ်လာတော့ ခြံကလေး ရှင်းလိုက်၊ အိမ်ကလေး သလိုက် ဖလော်ရီဒါ ပြည်နယ်ရဲ့ ရာသီဥတု ကလည်း Sub Tropical မို့ မြန်မာပြည်  ရာသီဥတုနဲ့ ဆင်တာကြောင့် မြန်မာသီးနှံပင်တွေ စိုက်လို့ ဖြစ် ပါတယ်။ သားကြီးဝင်းကလည်း သစ်ပင်စိုက် ဝါသနာပါလို့ ရှောက်သီးပင်၊ သြဇာသီးပင်တွေ ပျိုးခြံက သွား ဝယ်လာပြီး ကျွန်မခြံထဲတွင် စိုက်ထားပေးပါတယ်။ သူ့ခြံထဲမှာ ရှိတဲ့ ဖီးကြမ်းငှက်ပျောပင် ပေါက်တွေ ယူလာစိုက်၊ ကုလားအော်ငရုတ်သီးပင်တွေ  စိုက်နဲ့ စနေ၊ တနင်္ဂနွေဆိုရင် အလုပ်တွေရှုပ်၊ မြန် မာမိတ်ဆွေအချင်းချင်းလည်း သူ့ရှိတာ ကိုယ်ယူ ကိုယ့်ရှိတာ သူ့ပေးနဲ့ သစ်ပင်တွေ အလဲအလှယ် လုပ် ကြပေါ့။ ဒေါက်တာ ရီရီမြင့် အိမ်က ယိုးဒယားဆီးပင် သစ်တောမင်းကြီး ဦးအောင်ဒင်အိမ်က ပျဉ်းတော်သိမ် နဲ့ ဘူးပင်၊ ဒေါ်စူစန်သိန်း အိမ်က ဒန့်သလွန်ပင် နဲ့ ကျွန်မခြံထဲမှာ မြန်မာ အပင်လေးတွေလည်း စုံလို့။

ဖလော်ရီဒါပြည်နယ် တောင်ပိုင်းရဲ့ ကျွန်မတို့ နေတဲ့ ဘရားဝဒ်ကောင်တီကို  Venice of America လို့ခေါ် ကြပါတယ်။ venice မြို့တ်ာလို တူးမြောင်ပေါင်း မြောက်မြားစွာ ရှိလို့ပါပဲ။ အထူးသဖြင့် လေယာဉ်ပေါ်က ကြည့်ရင် တူးမြောင်းများစွာ က မြို့ရဲ့အလှကို ဆင်ထားတာ ထင်ထင်ရှားရှား မြင်တွေ့ နိုင်ပါတယ်။ တူမြောင်း များစွာ က ရေမျက်နှာစာ ရှိတဲ့ တူးမြောင်းတွေဖြစ်လို့ ရေကလည်း အမြဲလျှံနေတာပါ။ တူးမြောင်းတွေများ လို့  ရေ ပျော် သတ္တဝါတွေ ဖြစ်တဲ့ ဗျိုင်းတို့ မယ်ညိုတို့၊ ငှက်ကြီးဝန်ပိုတို့၊ လိပ်တို့ လဲတို့ တစ်တွေကလည်း ပေါခြင်းသောခြင်း။ သူတို့ကို ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ပစ်ခတ် အန္တရာယ် ပြုတာမျိုး မရှိတော့ လူကို တောင် လူထင်ကြတာ မဟုတ်ဘဲ ကိုး။ လိပ်တွေက ဝင်းတကာ ခြံတကာကို ဝင်ရုံမကဘူး။ ကားလမ်းပေါ်အထိ ကျူးကျူး ကျော်ကျော် တက်လိုတက်။

ကိုက အရေးတကြီး သွားစရာရှိနေတုန်း ဘဲမိသားစု ကားလမ်းဖြတ်နေကြပြီဆိုရင် သွားပါလေရော။ အမေ ဘဲမကြီး က ကော့ကော့ကော့ကော့ နဲ့ ရှေ့ကသွားရာနောက်ဘဲပေါက်စလေး တစ်ဒါဇင်လောက်က တန်းစီ လိုက်လာကြတာ ကို ကားတန်းကြီးက်ရပ်စောင့် ရပါတယ်။ အစောင့်လို့ကလည်း မဖြစ်ဘူး။ လမ်ပေါ်မှာ ဘဲတွေ၊ လိပ်တွေ  ကားတက်ကြိတ်မိ ရင် ဖလော်ရီဒါ ပြည်နယ် ဥပဒေက ဒေါ်လာလာငါးရာ ဒဏ်ပေးဆောင် ရပါတယ်။ ဘဲက မှ တော်သေး။ ကိုရွှေလိပ် က ဖြတ်ပြီဆိုရင် ကားမောင်းသူတွေ ငိုချင်းချချင်လောက်အောင် စိတ်ညစ် ရပါတယ်။

ခြံထဲကို အလေ့ပေါက် ဘဲတွေ လာတိုင်း သား ကိုရွှေစင်က ပေါင်မုန့်ကျွေးလေ့ရှိတာကြောင့် သူတို့တစ်တွေက စားအိမ် သောက်အိမ် လို သဘောထားနေကြလား မသိပါဘူး။ ကျွန်မအိမ်ကို ''မြရတနာ သားဖွားခန်း '' အဖြစ် လည်း သဘောထားကြပါသေးတယ်။ အမေ ဘဲမကြီးက ဥဖို့ အချိန်တန်ပြီ ဆိုတာနဲ့ မိသား စုအခန်း ဘေးက ပန်းပင်တွေကြား မှာ ပုံမှန် နေရာယူထားလေရဲ့။
လူမိခင်တွေထက်တောင် သူတို့က ပိုပြီး ပင်ပန်းကြီးစွာနဲ့ မွေးလာမယ့် သားသမီးတွေကို စောင့်ရှောက်ရတာ ပါ။ ဝပ်ကျင်း ထိုင်ပြီး ဆိုကတည်းက အစာလည်းထမစား ရေလည်းထမသောက်၊ မနေနိုင်တဲ့ ကျွန်မတို့ သား အမိက အစာ ကို ဝပ်နေ တဲ့ အမေ့ရှေ့မှောက် အရောက်သွားပို့ပေးရတာ။ ဘဲကလေးတွေ ပေါက်တဲ့ထိ နေ့ စဉ်နဲ့အမျှ လုပ်ရ တဲ့ အလုပ်တစ်ခုပါပဲ။ အဲဒီလို ဘာမဟုတ်တဲ့ သက်မဲ့သစ်ပင်၊ သက်ရှိသတ္တဝါလေးတွေ နဲ့ ကိယ့် ဘဝ အေးအေးချမ်းချမ်းရှိနေရာက သုံးလလောက်ပဲ နေရပါသေးတယ်။ တစ်ညနေမှာ ဦးကျော်ဇောက ဆိုင်းမဆင့် ဗုံမဆင့် နဲ့...
''ကိုယ် အလုပ်က ထွက်တော့မယ်ကွာ။ ဒီမှာလည်း မနေချင်တော့ဘူး '' တဲ့။

''ဟောတော့၊ ဘယ်လိုဖြစ်တာလဲ ခုမှ အခြေတကျဖြစ်ခါစ ရှိသေးတယ်။ မနေချင်ဘူး ဆိုရင်လည်း အိမ်မ ဝယ်ခင် က ပြောရောပေါ့" လို့ ကျွန်မ က ပြန်ပြီး မေးသာ မေးရတယ်။ သူအလေးအနက် ပြောနေတယ်လို့ မထင်မိပါဘူး။ ရုံးမှာ တစ်ယောက်ယောက် နဲ့ အဆင်မပြေဖြစ်လို့ ခါတိုင်း ဂျီကျနေကျ အပြာမျိုးလို့ တွေး လိုက်မိတာပါ။
"ဟုတ်တယ် ခင်၊ ကိုယ် ဒီမှာကို မနေချင်တော့တာတဲ့"
ကျွန်မ တအံ့တသြ ဖြစ်သွားရပါတယ်။  ကျွန်မနဲ့ ရန်လည်းမဖြစ် စကားလည်းမများ၊ ခါတိုင်းလို ကြည်ကြည် လင်လင် ရှိနေရာ က ဗြုန်းစားကြီး ဒီစကားကို ကြားလိုကင်ရတာ မယုံနိုင်အောင်ပါပဲ။ ဒါနဲ့ ရှင်းရှင်းလင်းလင်း သိရအောင် .. "ပြောပါဦး၊ မနေချင်ရတဲ့ အကြောင်းအရင်းကို" လို့ မေးတော့မှ သူ့ရင်ထဲက ခံစားချက်တွေကို ထုတ် ပြော လာပါတော့တယ်။

နံပါတ်(၁) အနေနဲ့ သူ လခစား အလုပ်လိုတော့ဘူးလို့ ဆိုပါတယ်။ မြန်မာပြည်မှာ ကတည်းက လခစား မလုပ် လိုလို့ ရာထူး ကို စွန့်ထွက်ခဲ့ပြီးမှ အအေရိကားမှာ လာပြီး လခစားလုပ်ရတာ အဓိပ္ပါယ် မရှိလေဘူးတဲ့။
စီးပွားရေးလုပ် ဖို့ မြန်မာပြည်က နမူနာပစ္စည်းတွေ တကူးတက ယူလာပြီးမှ ဒါတွေ အတွက် ဈေးကွက် ရှာလို့ မရနိုင်ဘူး ဆိုပြီး လက်လျှော့နေလို့ မဖြစ်သေးဘူးတဲ့။
ဈေကွက်ရှာ ကြိုးစားဖို့ကလည်း ဖလော်ရီဒါမှာ မဟုတ်ဘဲ  ကာလီဖိုးနီးယား၊ ဝါရှင်တန်၊ နယူယောက် စတဲ့ တခြားပြည်နယ်တွေကို သွားလိုတာပါတဲ့။
ဒါ့အပြင် နောက်ဆုံး အချက်ကလည်း ကျွန်မသားတွေ သမီးတွေနဲ့ တစည်းတလုံးအတူတကွ ရှိနေကြပြီမို့ သူအနေ နဲ့ ဆက်လက် စောင့်ရှောက်စရာ မလိုအပ်တော့ဘူလို့ လည်း ဆိုပါသေးတယ်။
ကျွန်မ သူ ပြောသမျှ ကို အငေးသားနားထောင်ရင်း ဒါဟာ လူကြီးလူကောင်းပုံစံနဲ့ "လမ်းခွဲကြစို့ ဆိုတာ ယဉ်ကျေးစွာ နဲ့ ပြောကြားနေခြင်းပဲလားလို့ တွေးကြည့်နေမိပါတယ်။

ကိုယ်အမိမြေကို စွန့်ပြီး အမေရိကား လာတယ် ဆိုကတည်းက ဒီသားသမီးတွေနဲ့ အတူတကွ တစု တစည်းတည်း ရှိလိုတဲ့ဆန္ဒ အဓိကနဲ့ လာရောက်ခဲ့တာ နှစ်ဦးသဘောတူ ဆုံဖြတ်ချက် ဖြစ်ပါလျက်နဲ့ အ ခု ဒီဟာက ပြဿနာ ဖြစ်ပေါ်လာ ရတာကို ကျွန်မ နားမလည်နိုင်အောင်ပါပဲ။
ဒါကြောင့် "မနေချင်တော့ဘူး ဆိုတဲ့ စကားဟာ အလေးအနက် စဉ်းစား ဆုံးဖြတ်ပြီးမှ ပြောတာ ဟုတ်ရဲ လား"လို့ တစ်ခွန်း ပဲ မေးလိုက်ပါတယ်။
"ဟုတ်ပါတယ်။ ကိုယ်စဉ်းစားပြီးမှ ပြောတာပါ။ ဒီက နှစ်ဆန်းတစ်ရက်နေ့ ထွက်မယ်လေ" တဲ့။
ရက်တောင် သတ်မှတ်ပြီးပြီ ဆိုမှတော့ ကျွန်မ ဘာမှ စောဒက မတက်လိုတော့ပါဘူး။ နေချင်ရင် နေလိုက်ကြရုံ၊ မနေချင် ရင် သွားပေါ့ မတားပါဘူး။ လူဆိုတာ မာနနဲ့ ပါ။ နေရာတိုင်းတော့ အရှုံးမပေးနိုင်ဘူး" ဆိုတဲ့ အဆိုကျော် စိုင်းထီးဆိုင် ရဲ့ "စဉ်းစားပါဦး" သီချင်းထဲကလို မာနစိတ်နဲ့ အံကြိတ် တင်းခံထားလိုက် တယ်ပေါ့။

သူ့အစီစဉ် အတိုင်း မှတ်မှတ်ရရ နှစ်ဆန်းတစ်ရက်နေ့မှာ ကျွန်မကိုယ်တိုင် ကားမောင်းပြီး ဦးကျော်ဇော ကို လေယာဉ်ကွင်း အရောက် လိုကိပို့ ပေးလိုက်ပါတယ်။ ကားပေါ်က ပစ္စည်းတွေ ချရင်း ကျွန်မကို တစ်ချက် ပြန်လှည့်ကြည့်ပြီး..
"ဂွတ်ဘိုင် ခင်" တဲ့။
အဆုံးသတ်ပုံ က ရိုးရိုးလေးပါပဲ။
ကျောခိုင်း ထွက်သွားသူ ရဲ့ နောက်ကျောကို ကြည့်ရင်း လူသားတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်း ဆိုတဲ့ စိတ်ရဲ့ ခံ စားချက် မှန်သမျှတွေ ဟာ အခါအားလျှော်စွာ ပျက်ပြယ်သွားနိုင်ပါလား ဆိုတဲ့ အသိတရား တစ်ခု ရရှိလိုက် ပါရဲ့။

ဘဝမှာ သင်ခန်းစာတွေက ကျက်မှတ်လို့ မကုန်နိုင်အောင် များပြားလှစွာပါပဲနော်။ ကိုယ့်ဘ၀အဓိပ္ပာယ်  အတွက် ကိုယ့်သင်ခန်းစာ နဲ့ကိုယ် ပါလာပြီးသားပေလားမသိ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကိုယ်သင်မှတ်ရမဲ့ သင်ခန်းစာကိုတော့ ကျေညက်အောင် ရှိရမယ်ပေါ့။ သင်ခန်းစာရဲ့ အခြေခံဥပဒေကတော့ အမြင်မကျဉ်းဖို့နဲ့ မျှတစွာ ရှုမြင်တတ်ဖို့ပါပဲ။
အပြန်မှာ ကားမောင်းလာရင်း ကိုယ့်အဖြစ်ကို ပြန်သုံးသပ်ကြည့်နေမိပါတယ်။ ရေမြေခြားပြီး ကမ္ဘာ တစ်ခြမ်း ရောက်နေကြ တဲ့ သားသမီးတွေနဲ့ရော၊ တစ်ခုစီကွဲနေတဲ့ သားသမီးတွေနဲ့ပါ တစည်းတလုံး ကိုယ့်ရင်ခွင် ထဲ အားလုံးပြန်ရောက်လာပြီမို့ ကံကောင်းလေစွလို့ ဝမ်းသာ ကြည်ရွှင်နေရာက ဘာမှမကြားလိုက်ဘူး။ မထင် မှတ်ဘဲ တစ်သက်လုံး မကွဲ မကွာအတူ နေလာခဲ့တဲ့ မိခင် ကွယ်ပျောက်ဆုံးပါးသွားပြန်တော့ ယူကျုံးမရ ရင်မှာ နာကျင်မှုတွေ ခံစားရပြန်ရောလေ။ အဲလို စိတ်ဆင်းရဲ ရာက မိသားစု အတွက် ကိုယ်အိုး ကိုယ့်အိမ် လေးနဲ့ အခြေတကျ ဖြစ်တည်လာတော့လည်း အေးချမ်းသာယာတဲ့ ဘဝလေး ရပြီလို့ အားတွေတက် စိတ်လက်ကြည်လင် ဘဝင်ကျမယ် ကြံခါရှိသေး။ ဗြုန်းခနဲ ဘဝအဖော်က ရုတ်တရက် လက်တွဲဖြုတ်သွား ပြန်တော့ တာဝန်တွေနဲ့ တစ်ကိုယ်ရေ လျှောက်ရမဲ့ ခရီးကြမ်းအတွက် စိတ်မောစရာ ဖြစ်ပြန်တယ်ပေါ့။

ကိုယ်အဖြစ် ကိုယ်စဉ်းစားရင်း ဖတ်ဖူးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ကို သတိရမိပါတယ်။ တောရွာတစ်ခုမှာ ပညာရှိကြီး တစ်ဦး ရှိတယ်တဲ့။ တစ်ခုခုဆို ရွာသားတွေက သူ့ဆီမှာ အကြံဥာဏ်သွားပြီး တောင်းကြရပါတယ်။ တစ်နေ့ကျတော့ လယ်သမား တစ်ယောက်က ပြေးလာပြီး "ပညာရှိကြီး ခင်းဗျား၊ ကျွန်တော် အကြီးအကျယ် ဒုက္ခရောက်နေ ပါတယ်။ လယ်မှာ ခိုင်းနွားသေသွားလို့ လယ်လုပ်စရာ နွား မရှိ တော့ ပါဘူး။ ဘယ်လိုကြောင့် ကျွန်တော် ဒါလောက် ကံဆိုးရတာလဲ" လို့ မေးတော့...
"မောင်ရင် ဒါဟာ ကံဆိုးတယ် ဆိုပေမဲ့ ကံကောင်းတာလည်း ဖြစ်နိုင်တာပဲလို့ ပညာရှိကြီးက ဖြေတယ်။

ဒီအဖြေကို လယ်သမားက မကျေနပ်လေဘူး။ ရွာပြန်သွားပြီး "တို့ ပညာရှိကြီးတော့ ရူးသွားပြီထင်တယ်။ ကြည့်ပါဦး။ ကျုပ်နွား သေသွားတဲ့အကြောင်း သွားပြောတာ ဒါ ကံကောင်းတာလည်း ဖြစ်နိုင်တယ်တဲ့။ ဟုတ် နိုင်စရာ ရှိသေး ရဲ့လားဗျာ" လို့ လူတကာကို လည်ပြောလေရဲ့။
နောက်နေ့ကျ သူ့လယ်တောအနားမှာ ပိုင်ရှင်မဲ့ မြင်းတစ်ကောင် ရောက်နေတာတွေ့ရပါတယ်။ "ဟန်ကျတာ ပဲ၊ ဒီမြင်း ကို ဖမ်းပြီး လယ်ထွန်ရရင် ကောင်းမယ်ဆိုတဲ့ အကြံနဲ့ မြင်းကို ဖမ်းပြီး လယ်ထွန်ကြည့် တော့ နွားနဲ့ ထွန်တာ ထက် အရာရောက်ပြီး မြန်မြန်အလုပ်ပြီးတာကြောင့် ဝမ်းသာအားရနဲ့ ပညာရှိကြီး ဆီပြေးပြော ပြန်ရော။
"ကျွန်တော် အထင်မှားသွားတာပါ။ ပညာရှိကြီး ပြောစကား မှန်လိုက်တာ။ ကံကောင်းတာ ဖြစ်နိုင်တယ် ဆိုတဲ့ အတိုင်း ခု မြင်းတစ်ကောင် ရတော့ လယ်ထွန်ရတာ ခရီးရောက် လို့ ဟန်ကျလိုက်တာ" လို့ အားပါးတရ ပြောလေ ရဲ့။

"အေးကွယ် မောင်ရင် စောင့်ကြည့်ပါဦး သိပ်လည်း ဝမ်းသာမနေနဲ့ဦး။ ကံဆိုးစရာလည်း ကြုံလာနိုင် တယ် နော့" ပြောလိုက်တော့ လယ်သမားလည်း ဘဝင်မကျချင်နဲ့ပေါ့။
နှစ်ရက်လောက် ကြာ တဲ့အခါ လယ်သမားရဲ့သားက အဲဒီမြင်းကြီးကို တက်စီးလိုက်တာ လိမ့်ကျပြီး ခြေကျိုး ပါလေရော။
"ဟာ ..ပညာရှိကြီး ပြောတာ မှန်လိုက်လေခြင်း။ ကျွန်တော် တကယ် ကံဆိုးတာ ပါလား" နဲ့ လာပြောပြန် တယ်။
"အခု ကံဆိုးပေ မယ့် ကံကောင်းစရာလည်း ဖြစ်ချင်ဖြစ်မှာပေါ့" လို့ ပြောတော့..
"ဘယ်လိုလုပ် ကံကောင်းတာ ဖြစ်လာနိုင်ပါ့မလဲ ပညာရှိကြီးရယ်။ ဒီသားလေးကို အားကိုးနေရတာ အခု ခြေ ကျိုးတော့ ကျွန်တော်အလုပ်ကိုလည်း မကူညီနိုင်တော့ဘူး။ ကျွန်တော် တကယ်ကံဆိုးသူပါပဲ" နဲ့ ညည်းညူပြီး ပြန်သွားပါတယ်။

သိပ်မကြာဘူး။ ဘုရင့်နန်းတော်က မောင်းတဒူဒူ ထုပြီး စာချွန်တော် ပြန်ကြားတဲ့ အဖွဲ့ ရောက်လာလေရဲ့။ ရွာရှိ လူငယ်လူရွယ် ယောက်ျာလေး မှန်သမျှ စစ်ထွက်ဖို့ လိုက်ကြရမယ် အမိန့်တော် ပြန်တော့ တစ်ရွာလုံက လူငယ်တွေ လိုက်သွားကြရပြီး ခြေကျိုးနေတဲ့ လယ်သမားရဲ့ သားတစ်ယောက်ပဲ ကျန်ခဲ့ရစ်တယ်တဲ့။
ဒီပုံပြင် လေး မှာ သင်ခန်းစာယူစရာတွေ အများကြီးပါပါတယ်။ ဘယ်တော့ ဘာဖြစ်မယ် ဆိုတာ ဘယ်သူမှ မပြောနိုင် ပါဘူး။ ကောင်းတာတွေ ဖြစ်လာနိုင်သလို ဆိုးတာတွေလည်း ဖြစ်လာနိုင်တာပါပဲ။ ကိုယ်ကတော့ အရာရာချောမွေ့နေရင် ကောင်းတော့မယ် ထင်တာပဲနော်။ အဆိုးကြုံရင်လည်း ငါ့ဘ၀တော့ သွားပြီလို့ တွက်တော့တာပဲ။ အများအားဖြင့် အထင်နဲ့အမြင်တွေ လက်တွေ့မှာ လွဲတတ်တာတွေ အများကြီး ရှိပါတယ်။

    သေချာတာတစ်ခုက ဘယ်အရာမှ မမြဲခြင်း ဆိုတာပါပဲ။
ကံဆိုးလှချည့် ဆိုရင်လည်းခဏ၊ ကံကောင်းလှချည့်တိုရင်လည်း တဒင်္ဂ။
ပျော်စရာတွေ၊ နာကြည်း ၀မ်းနည်းစရာတွေ၊ ကျေနပ်စရာတွေ၊ မခံရပ်နိုင်စရာတွေ၊ အောင်မြင်မှုတွေ၊ ရှုံးနိမ့် မှုတွေ၊ ထင်ပေါ်ကျော်ကြားခြင်းနဲ့ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်း ဆိုတာတွေအားလုံးဟာလည်းကောင်းကင်မှာ မီးပန်းလွှတ်သလို လင်းလက်ပြီး ပျောက်ကွယ်သွားကြတာချည်းပါပဲ။
အစရှိပြီးရင် အဆုံးဆိုတာ ရောက်ရစမြဲပါ။

တကယ် ကတော့ ပြဿနာတစ်ခုခု ရင်ဆိုင်တဲ့အခါ အဆုံးစွန် အထိတ်တလန့် မဖြစ်စေဘဲ ဖြစ်လာသမျှ ကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားရမှာပါပဲ။ အခြေအနေအရပ်ရပ်အကောင်း အဆိုးတွေဟာ ကိုယ်ပြုပြင်ဖန်တီးလို့မရတဲ့ သူ့သဘောသူ ဆောင်ပြီး ဖြစ်နေခြင်းပေပဲ။ ဖြစ်တာက ကိုယ့်နဲ့မဆိုင်ဘဲ ဘယ်လို အကောင်းဆုံး ပုံစံနဲ့ ကြိုးစားရင်ဆိုင်ရမလဲ ဆိုတာက ကိုယ့်တာဝန်လို့ ယောနိသောရင်း ကျွန်မ လည်းလျှောက် ရ မဲ့ ခရီးအတွက် အားမာန်တင်းပြီး ပြင်ဆင်ရပါဦးမယ်လေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, February 10, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄၁)

ကျွန်မက ပြီးတာတွေပြီးခဲ့ပါပြီ။ မျက်ကွယ်ကိစ္စတွေကို ဘွာခတ်လိုက်ပါတော့မယ်လို့ခံ ယူပြီးမေတ္တာ နဲ့ လက်တွဲ ဖို့ ပြင်ဆင်ထားခါမှ ဒီဓာတ်ပုံကို မျက်ဝါးထင်ထင်မြင်ရတော့ တာလေ။ ရှုပ်ထွေးခဲ့တဲ့ ဇာတ်လမ်းတွေ ကို နိဋ္ဌိတံပြီးကျွန်မဆိပြန်လာခဲ့တာ ဖြစ်ခဲ့ရင်ဒီဓာတ် ပုံကနိုင်ငံကူးလက်မှတ်ထဲမှာ ညှပ်ပြီး ပါလာစရာ မရှိပါဘူး။ အထင်ကရ၊ အမြတ်တနိုးနဲ့ ယူလာခြင်းကိုက အခြေအနေမှန် ကို ဖော်ပြ ဖို့ သိကြားစေသက်သေညွှန်းခြင်းပဲ မဟုတ်ပါ လားနော်။
ပြန်လည် ဆုံးစည်း ရတဲ့နေ့ရဲ့ အနာတရဖြစ်တဲ့အမှတ်အသားလေးတစ်ခုပါပဲလေ။
ကို ဆက်ဖတ်ရန် ..

အပိုင်း(၄၃)

အရာခပ်သိမ်းဟာ ပြောင်းလဲခြင်းသဘောရှိတတ်ပါတယ်။
နေ့ပြီးရင်ညရောက်သလို၊ ဆောင်းပြီးရင်နွေ၊ နွေပြီးရင်မိုး၊ ရာသီတွေလည်းပြောင်းကြတာ ပါပဲနော်။ လူသားတိုင်း အသက်ရှင်နေတဲ့ ကာလမှာ ပြောင်းလဲခြင်းတွေကိုလိုလားသည်ဖြစ် စေ၊ မလိုလားသည်ဖြစ်စေ နေ့စဉ်နဲ့အမျှ ကြုံတွေ့ ရင်ဆိုင်နေရတာ လည်း ဓမ္မတာတရား တစ်ခုပါပဲ။ အခြေအနေတွေပြောင်း၊ ဆက်ဆံရေးတွေပြောင်း၊ သဘော ထားတွေပြောင်း၊ ခံယူချက်တွေပြောင်း၊ ဒါကြောင့်လည်း ရှင်တော်ဘုရားက မမြဲသောတရားတွေ ကို ဟော ကြား ဆုံးမတော်မူခဲ့တာပါ။
ကျွန်မတို့ပုထုဇဉ်လူသားတွေက ဘုရားရှင်ဟောကြားခဲ့တဲ့တရားတော်ကို အလေးအနက် နှလုံး မသွင်းနိုင်ကြဘဲ အရာရာကို တစ်သက်စာမြဲလိမ့်မယ်လို့ မိုက်မဲစွာနဲ့ဖက်တွယ်ဆုပ် ကိုင်ထားလိုတတ်ကြတဲ့အတွက် မထင်မှတ်တဲ့ အချိန်မှာ အရှိုက်ထိုးခံလိုက်ရတာမျိုးကို ကြုံလိုက်ရတော့ ခံရခက်ခြင်း နဲ့အတူ ဒေါသ လည်းထွက်မိလေ တယ်ပေါ့။

လျှောက်ခဲ့ရတဲ့ ဘ၀ခရီးတစ်ခုမှာ မှတ်တိုင်ထူလောက်အောင်ရသမြောက်သော ညတစ်ခု အဖြစ်ပြောရမလား မသိပါဘူး။ ကိုယ့်အိုးကိုယ့်အိမ် ဆိုရင်တော့လည်း ပွက်လောရိုက် အောင်ပေါက်ကွဲသွားမဲ့ ရန်ပွဲတစ်ခုဖြစ်လောက် တဲ့ ကိစ္စမှန်ပေမဲ့ သားနဲ့ချွေးမအရိပ်မှာ ခိုနေရဆဲကာလမှား အားလုံးကိုဖုံးဖုံးဖိဖိနဲ့ ဟန်မပျက် ဆက်လက်နေပြ ရပါတယ်။ တစ်နှစ် နဲ့တစ်လကြာအောင် စောင့်ဆိုင်းခဲ့ရတဲ့ကာလများရဲ့အဖြေကိုရရှိထားတဲ့ ကျွန်မရဲ့ရင်ထဲ မှာမကျေလည်မှုတွေ ကိုလည်း မျိုသိပ်ထိန်းထားရင်းပဲ ဆိုပါတော့။
ကျွန်မဟန်ဆောင်ကောင်းလို့ မာမီနဲ့တကွ သားသမီးအားလုံး ဘယ်သူမှမရိပ်မိကြပါဘူး။ ဒါကြောင့်သားကြီးက အိမ်ဝယ်ပြီးမှပြောင်းဖို့ကိစ္စတွေကို ဦးကျော်ဇောသဘောပေါက် အောင်တိုင်ပင်ဆွေးနွေးနေကြလေရဲ့။ ဦးကျော်ဇော ကလည်းသားပြောတာကို လက်ခံသ ဘောတူပါတယ်။ အိမ်ဝယ်နိုင်အောင်ဝင်ငွေပြနိုင်ဖို့ အလုပ်ကောင်းကောင်း တစ်ခု ရှိထားဖို့ လိုအပ်တဲ့အတွက် အချိန်သိပ်မဆိုင်းဘဲ အလုပ်ရှာတော့ ဘဏ်တိုက် တစ်ခုမှာအဆင်ပြေ တဲ့အလုပ်ရပါတယ်။ အိမ်ဝယ်တဲ့အခါ Down Payment ထိုက်ထိုက်တန်တန်ပေးနိုင်ဖို့ ကျွန်မ တို့နှစ်ယောက်စလုံးရတဲ့ ၀င်ငွေတွေကိုလည်း ဖဲ့ပြီးစုကြပေါ့။

ဒီကြားထဲမှာလည်း စိတ်ကြိုက်အိမ်ရွေးဖို့ Real Estateလို့ခေါ်တဲ့အိမ် အရောင်းအ၀ယ် ကုမ္ပဏီက ပွဲစားတွေ နဲ့လည်း ချိန်းပြီးအလုပ်အားချိန်လေးမှာ အိမ်တွေကိုပြေးကြည့်ရတာ လည်းလုပ်ရပါသေးတယ်။ Ocral Springs လို့ခေါ်တဲ့ သန္တာစမ်းက ဘရားဝဒ်မြို့နယ်မှာ နောက်ဆုံးတည်ဆောက်တဲ့မြို့မို့ စနစ်တကျ တည်ဆောက် ထားတဲ့ အပြင် သတ်မှတ်ထား တဲ့ဥဒပေစည်းကမ်းချက်တွေကလည် များပြားလှပါဘိပဲ။ မြို့ထဲမှာ ကုန်တင်ကား လို ကားကြီးမျိုးညအိပ်ညနေမရပ်ရ၊ လျှော်ထားတဲ့အ၀တ်တွေ အိမ်အပြင်ခြံဝင်းထဲမှာထုတ်မ လှန်းရ၊ အိမ်ရှေ့ မျက်နှာစာရှေ့မှာ ခြံစည်းရိုးမခတ်ရစတဲ့စတဲ့ မြို့တော်အလှအပပျက်ပြား စေမှာတွေကိုလည်းမလုပ်ရတာတွေလည်း ရှိပါသေး တယ်။ မြို့သစ်မို့ အရာရာကစနစ်တ ကျရှိပြီး သန့်ရှင်းလှပတဲ့ အပြင် တောင်ပိုင်း ဖလော်ရီဒါပြည်နယ် မှာ  သန္တာစမ်း အထက်တန်း ကျောင်းက ပညာရေး အဆင့်အမြင့်ဆုံး အဖြစ် နာမည်ကျော်ကြား တာကလည်း ရှိတာမို့ သားတို့လို သားသမီးရှိကြသူအများစုက ဖလော်ရီဒါကိုပြောင်းမယ်ဆိုကတည်းက ကလေးတွေရဲ့ ပညာရေး အတွက် သန္တာစမ်းကိုရွေးချယ်ကြတာပါပဲ။ ကျွန်မအဖို့တော့ ကံကောင်းထောက်မစွာ ဘာမသိညာမသိ နဲ့ ကျောင်းကောင်း ရှိတဲ့ နေရာကိုဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာတာမို့ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူး လို့ပဲပြောရမယ်ထင်ပါရဲ့။

အားကိုးရာ သားနဲ့နီးနီးလည်းဖြစ်စေ၊ သားသမီးတွေအတွက် ကျောင်းကောင်းကောင်း လည်းထားရစေဆိုတဲ့ စိတ်ကူး နဲ့ဈေးသက်သာတဲ့ တခြားမြို့ငယ်လေးတွေကို မစဉ်းစား တော့ဘဲ သန္တာစမ်းမှာပဲ အိမ်ဝယ်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။ အိမ်တွေကိုလိုက်ကြည့်တော့ လည်းတော်တော်နဲ့အဆင်မပြေပါဘူး။ တချို့အိမ်တွေ ကျတော့ အခန်း ဖွဲ့စည်းပုံတွေ မကြိုက်တာနဲ့၊ ခြံဝင်းအချိုးအစားမကျတာနဲ့၊ ကြိုက်တဲ့အိမ်တွေပြန်တော့ ရပ်ကွက် စိတ် တိုင်း မကျတာနဲ့၊ စိတ်ကြိုက်ဖြစ်ပြန်တော့ ကိုယ်တတ်နိုင်တဲ့ဈေးမမီးတာနဲ့ စတဲ့ စတဲ့အ ဆင်မပြေမှုတွေကြောင့် အိမ်က တော်တော်နဲ့ရှာမရ ဖြစ်နေပါတယ်။
ဒီအချိန်မှာ ကျွန်မရဲ့အစ်ကိုလေး ဦးခင်မောင်မောင်ဆီက စာတစ်စောင်ရောက်လာပါ တယ်။သူ့ဇနီး မင်နီနေ မကောင်းလို့ လိုအပ်တဲ့ဆေးကိုတစ်နေ့တစ်နေ့လိုက်ရှာနေရတာ ကြောင့် "ဆေးလျှောက်ရှာ"လို့ တရုတ်နာမည် ကို ပြောင်းရမလားလို့တောင် စဉ်းစားနေ တယ်တဲ့။ အဲဒီစာကိုဖတ်ပြီး "အတော်ပဲ ကိုကိုလေးရေ၊ ဒီမှာခင်မကြီး လည်း တရုတ်နာ မည် "အိမ်လျှောက်ရှာ"လို့ တူတူနာမည်ပြောင်းကြတာပေါ့"လို့ ကျွန်မ စာပြန်ရေး လိုက်ပါ တယ်။ အိမ်ကတကယ်ရှာတော့ တကယ်ရှာဖြစ်နေတော့တာလေ။

"မင်းတို့ အရှေ့တိုင်းသူတွေကို အိမ်ရောင်းရတာလည်း တော်တော်ခက်ခဲတဲ့ အလုပ်ပဲ"လို့ လိုက်ပြတဲ့ပွဲစားက ညည်းညူးလေ ရဲ့။ ဟုတ်လည်းဟုတ်ပါရဲ့။ ရပ်ကွက်ကောင်းကောင်း တစ်ခုမှာ စိတ်တိုင်းကျ အိမ်ကောင်း တစ်ခု တွေ့ပါတယ်။ အထဲဝင်ကြည့်ဖို့ တံခါးလည်းဖွင့် လိုက်ပါရော၊ သရဲလိုလျှာကြီးတွဲလောင်းထုတ်ထားတဲ့ ဧရာမ ပိုစတာဓာတ်ပုံကြီး ကို တန်းမြင်လိုက်ရတာနဲ့ ကျွန်မတော်တော်စိတ်ပျက်သွားပါတယ်။ အတိတ်နိမိတ်ကို အင်မ တန်ယုံကြည်တတ် တဲ့ ကျွန်မက ဒီအိမ်ကိုစာရင်းထဲက ပယ်လိုက်ပါရော။ အိမ်ရောက်လို့ သားသမီးတွေ ကို ပြန်ပြောပြတော့ သားရွှေစင်က ကျွန်မကို ဆူလိုက်တာ။
"မာမီ ကလည်း အဲဒါ Rolling Stonesအဖွဲ့က ကြောငြာပိုစတာကြီးပဲဟာ။ ကိုယ်ကြိုက်ရင် ၀ယ်လိုက်တာ မဟုတ်ဘူး။ အဲဒီနေရာ ကနေရာကောင်း၊ Super Marketနီး၊ ရုပ်ရှင်ရုံနဲ့ လည်းတစ်လမ်းပဲ ခြားတဲ့နေရာ" တဲ့။

ကျွန်မထက်ဆိုးတဲ့ သူတွေလည်း ရှိပါသေးတယ်။ အမေရိကားမှာ (ဂ)ဂငယ်အက္ခရာပုံလမ်း တိုလေးတွေ မြို့တိုင်း မှာအများအပြားရှိပါတယ်။ အဲဒီလိုလမ်းကို Dead Endလို့ခေါ်ပါ တယ်။ ဖြတ်သွားတဲ့ ကားအသွားအလာ ရှင်းတဲ့လမ်းမျိုးမို့ သီးသီးသန့်သန့်ရှိတဲ့နေရာ ဆို ပြီးအနောက်တိုင်း သားတွေကအလွန်ကြိုက် တတ်ကြပေမဲ့ အရှေ့တိုင်းသားတွေက ဘယ် သူမှဒီနေရာမျိုးကို ၀ယ်ဖို့ စိတ်မကူးကြပါဘူး။ အများစု က ကျွန်မလိုပဲအတိတ်နိမိတ် ကောက်ပြီး Dead ကလည်းသေခြင်း၊ End ကလည်း အဆုံး ဒီစကးနှစ်ခု စလုံးက အမင်္ဂလာ စကားတွေဖြစ်နေတာကြောင့် Dead Endက အိမ်ဆိုရင် လှည့်လို့တောင် မကြည့်ကြ ဘူး တဲ့။

နောက်ပြီး အခုခေတ်စားနေ တဲ့ တရုတ်လူမျိုးရဲ့ လက်သုံးဖုန်းရွှေဆိုတာကလည်းရှိပါ သေးတယ်။ အိမ်အ၀င်ဝ တံခါးပေါက် နဲ့ နောက်ဘက်ကထွက်တဲ့တံခါးတည့်တည့် ဖြစ်နေ ရင်အဲဒီအိမ်က စီးပွား မဖြစ် ဘူး။ ရှေ့က၀င်တဲ့ငွေ နေက်ကထွက်မဲ့အတိတ်နိမိတ်မို့ မကြိုက် ကြပြန်ဘူး။ အပေါ်ထပ်ကို တက်တဲ့လှေကား က အ၀င်ဝတံခါးနဲ့တည့်နေရင်လည်း အဲဒီလို ပဲရှာသမျှအဖတ်မတင် ဘဲ ငွေထွက်မဲ့နိမိတ်တဲ့။ အဲလိုမျိုး အကြောင်းအရာ များစွာ ကို ဖုန်းရွှေ စာအုပ်ထဲမှာ ရေးထားတာပါ။ အင်္ဂလိပ်လိုဘာသာပြန်ပြီးလည်း ထုတ်ထား ပါသေးတယ်။
အခုတော့ အမေရိကားမှာအခြေချတဲ့ အရှေ့တိုင်းသားများစွာ ရှိလာပြီမို့ အိမ်မြေအရောင်း အ၀ယ်ဈေးကွက်က လူတွေလည်း မျက်စိပွင့်လာကြပါပြီ။ ရောင်းဖို့ရပ်ကွက်တည်၊ အိမ် တွေဆောက်ပြီဆိုကတည်းက အနောက်တိုင်း သားကြိုက် ပုံစံတင်မဟုတ်တော့ဘဲ တရုတ် ရှေးလူကြီးများလက်ခံကျင့်သုံးခဲ့တဲ့ ဖုန်းရွှေရဲ့ စည်းကမ်းတွေ နဲ့လည်း အခက်အခဲသိပ်မရှိ တော့ပါဘူး။ ဖုန်းရွှေစာအုပ်က ဘယ်လောက် လွှမ်းမိုးလဲ ဆိုရင်အခုအနောက်တိုင်းသား တော်တော်များများကပါ ယုံကြည်ပြီး လိုက်နာကျင့်သုံးနေတာ တွေ့ရပါတယ်။

တစ်နေ့ကပဲ ကျွန်မရဲ့သမီး ကေသီနဲ့ကပ်လျက်အိမ်က အိမ်နီးချင်း ခရစ္စတီနာက ကျွန်မ ကားကေသီ့ အိမ်ရှေကထိုးဆိုက်တာလည်း မြင်ရော အပြေးကလေးရောက်လာပြီး...
"ကျွန်မအိမ် ကို လာဝင်ကြည့်ပါဦး၊ လှေကားက တံခါးဝကိုဦးတိုက်နေလို့ ဖုန်းရွှေအရ လာဘ်မကောင်းဘူး လို့ ပြောတယ်၊ အဲဒါကျွန်မ လှေကားနေရာပြင်မလို့ ဘယ်လိုသ ဘောရလဲဟင်"တဲ့။ ကျွန်မကိုအရှေ့တိုင်းသူမို့ လူတတ်ကြီးဖြစ် လိမ့်မယ်ထင်ပြီး လာမေး နေလေရဲ့။
နောက်တစ်အိမ် က မိတ်ဆွေကျတော့လည်း ရယ်ရတယ်။ အိမ်သာကမုတ် နောက်ခုံပေါ်မှာ ပေါက်ပေါက်ပွင့် (Pop Corn)တွေ ဖောက်ပြီးတောင်းကြီး နဲ့ အပြည့်ထည့်၊ ဖဲကြိုးရောင်စုံ တွေနဲ့လှလှပပဆင်ပြီး တင်ထားလေ ရဲ့။ စားသောက် တဲ့ Pop Corn က အိမ်သာ ထဲမှာ မဆီ မဆိုင်ရောက်နေတာမို့ မနေနိုင်ဘဲ "အဲဒါဘာလုပ်ထား တာလဲ" လို့ မေးကြည့်တော့...
"ဖုန်းရွှေ အရ ယတြာချေထားတာတဲ့လေ"တဲ့။

အိမ်သာက နေရာ မှားနေတာ ပြန်ပြောင်းလို့ကလည်းမဖြစ်။ အိမ်သာကို သုံးတိုင်းရေ ဆွဲချ နေရတာကြောင့် အောက် ကို ကျသွားတဲ့သဘော ရှိနေတာကို တန်ပြန်ဆန့်ကျင်ဘက် အရ ဖောက် လိုက်ရင် အပေါ်တက်ပေါက်လေ့ရှိတဲ့ ပေါက်ပေါက်ပွင့်ကို ထားပြီးယတြာချေရတာ ဆိုတဲ့ အကြောင်း သေသေချာချာရှင်းပြမှ ကျွန်မလည်းသူ့စကားနားထောင်ပြီးပြုံးရပါသေး တယ်။ မြန်မာပြည် မှာမင်္ဂလာယူတဲ့ ပေါက်ပေါက်ပွင့်ကလည်း ဖုန်းရွှေအရအမေရိကားမှာ အိမ်သာ ထဲရောက်လိုရောက်။ ကြုံရတဲ့အဖြစ်များက စုံလေရဲ့ဆိုတဲ့အထဲကပါပဲနော်။ တကယ်တော့ လူမျိုးပဲကွဲကွဲ၊ ဘာသာပဲခြားခြား လူးသားဟာ လူသားပါပဲ။ အတွင်းစိတ် သန္တာန်မှာ ခံစားမှုတွေကတော့ ထပ်တူပါပဲ။

ကျွန်မတို့လည်း အိမ်ပေါင်းစုံ၊ ရပ်ကွက်ပေါင်းစုံ လိုက်ကြည့်ရွေးပြီးမှ အသစ်စက်စက် ဆောက်ပြီးခါစ အိမ်တစ်လုံး ကို ရွေးဖြစ်သွားပါတော့တယ်။ သားတို့အိမ် နဲ့ ငါးမိုင်လောက် ဝေးပြီး အထက်တန်းကျောင်း နဲ့ နှစ်မိုင် ၀န်းကျင်အတွင်းဖြစ်လို့ ကလေးတွေအတွက်လည်း အဆင်ပြေလေ တယ်ပေါ့။ စိတ်ကြိုက် အိမ်ရွေးပြီးတော့ လည်း ကိုယ်နိုင်တဲ့ငွေ အတွင်းဖြစ်ဖို့ ကရှိသေးတယ်။ ကံကောင်းထောက်မစွာနဲ့ ကျွန်မ တို့ နိုင်မဲ့ငွေ အတွင်း ဈေးဆစ်လို့ရတာ ကြောင့်အိမ်ကိစ္စအဆင်ပြေသွားပါတယ်။

အဆင်ပြေတယ် ဆိုပေမဲ့ ဖြတ်သန်းရမဲ့အဆင့်တွေက အများကြီးကျန်ပါသေးတယ်။ မြန်မာ ပြည်မှာလို့ "ရော့ပတ္တမြား၊ ရော့နဂါး"ဆိုတဲ့ လက်ငင်းငွေချေလိုက်ရင်ပြီးရော ဆိုတာမျိုးမ ဟုတ်ပါဘူး။ အိမ်ဝယ်ရင် အနည်းဆုံး အိမ်တန်ဖိုး ရဲ့ ဆယ်ရာခိုင်နှုန်း ကို ကိုယ်ကအရင်ပေးရ ပါတယ်။ အဲဒီငွေကို Escrowကုမ္ပဏီက အရောင်းအ၀ယ် မပြီးပြတ် မချင်း ထိန်းသိမ်းထား ပေးပါတယ်။
ကျန်ပေးရန်ရှိငွေ ကို ဘဏ်တိုက်မှာဝယ်လိုသူက အချက်အလက်တွေတင်ပြပြီးချေးရတာပါ။ မြန်မာပြည်က ဘဏ်တွေ လို စိန်ရွှေလက်ဝတ်ရတနာ စသည်တွေကိုဒီကဘဏ်တိုက်တွေ ကလက်ခံပြီးငွေမချေးပါဘူး။ လူတစ်ယောက် ကိုငွေချေးမယ် ဆိုရင် သူရဲ့Credit Line ကောင်း၏ မကောင်း၏နံပါတ်တစ် စစ်ဆေးတာမို့ ဒီနိုင်ငံမှာငွေကြေး နဲ့ ပတ်သက်ပြီး အစွန်းအထင်းမရှိဘဲ နာမည်ကောင်းရှိထားဖို့ သိပ်အရေးကြီးပါတယ်။

အဲဒီလို နာမည်ကောင်းတစ်ခုတည်းရှိရုံနဲ့လည်း မလုံလောက်သေးပါဘူး။ ငွေချေးလိုသူရဲ့ ၀င်ငွေပေါ်မှာလည်း တွက်သေးတာပါ။ ခိုင်မာတဲ့ အလုပ်အကိုင်ဝင်ငွေရှိသူလား၊ အဲဒီငွေနဲ့ မိသားစုစားဝတ်နေရေးကိုဘယ်လောက် တာဝန်ယူထား ရသလဲ။ ၀င်ငွေနဲ့ကုန်ကျငွေမမျှ တဘူး ဆိုရင် လည်း ငွေချေးလို့ မရနိုင်ပြန် ပါဘူး။ ငွေချေးမဲ့ဘဏ်တိုက်တွေကလည်း သူတို့ ချေးငှါးလိုက်ရမဲ့ငွေအတွက် လုံခြုံမှု ရှိဖို့ နှစ်ရှည် စီမံကိန်းတွေနဲ့ တွက်ပြီးတွက်ချက်ရသူ၊ ရာဇ၀င် အထောက် အထားတွေ လေ့လာ စစ်ဆေးရမှာ ဖြစ်တဲ့ အတွက် လျှောက်လွှာတင် ထားပြီးတဲ့ နောက်အဆုံးအဖြတ်ပေးတဲ့အဖြေကို အထိုက်အလျောက် စောင့်ရပါသေး တယ်။

ကိုယ်ဝယ်မဲ့အိမ်ရဲ့ တန်ဈေး မှန် မမှန်ဖြစ်ဖို့လည်း ဘဏ်တိုက်က ရာဖြတ်အရာရှိက လာ ကြည့်ပြီးဈေးဖြတ် ပါတယ်။ ငွေရှင်ကြေးရှင်းများပီပီအားလုံး ချည်ပြီးတုပ်ပြီး လုပ်ပြီး အရာရာ သေချာ ခိုင်မာမှ ပဲ ငွေကို ထုတ်ချေးတာမျိုးပါ။ အဲဒီလိုအပ်ချက်တွေ ပြီးတဲ့အထိ ကျွန်မတို့ လည်းသားရဲ့ အိမ်မှာနေ ရင်း စောင့်နေရဆဲဆိုပါတော့။ ကိုယ့်အိုးကိုယ့်အိမ်နဲ့ အခြေတကျ ဖြစ်ခါနီးပြီမို့ မြန်မာပြည်မှာကျန်ခဲ့တဲ့ သား ကိုဇာနည် ကိုလည်း စာမေးပွဲပြီးရင် အမေရိကား လိုက်လာခဲ့ဖို့အစီအစဉ်တွေ စလုပ်ခိုင်းထားပါပြီ။ ဒီလိုနဲ့အမေရိကား မှာ ပျော်တယ် မဟုတ် ပေမဲ့သွားတတ် လာတတ်၊ လုပ်တတ် ကိုင်းတတ် နဲ့ နေသား တကျလေး ရှိစပြုပြီလို့ပြောရ ပါမယ်။

အဲဒီအချိန်က ဖလော်ရီဒါမှာ မြန်မာမိသားစုရယ်လို့ များများစားစားမရှိသေးပါဘူး။ လက်ချိုး ရေတွက်လို့ရတဲ့ အရေအတွက်လောက်ပဲ ရှိတာပါ။ ရှိနေတဲ့ မြန်မာချင်းကလည်း တစ်ဦးနဲ့တစ်ဦး ရှိမှန်းမသိကြတော့ မဆက်သွယ် မိကြတာလည်း ပါတယ်ပေါ့။ သားကြီး ခင်မောင်ဝန်းခန့်ရောက်ခါစ ဖလော်ရီဒါမှာ သူတစ်ဦး တည်း မြန်မာရှိတာလို့ ထင်နေခဲ့တာ တဲ့လေ။ ဆရာဝန်စာရေးဆရာ ဒေါက်တာမောင်မောင်ညိုတို့အဖွဲ့ အမေရိကား သွားမယ် သတင်းကြားတော့ ကျွန်မက အမေရိကားရောက်ခါစဖြစ်တဲ့ သမီးယမင်းအတွက် လူကြုံပါး ဖို့ ပစ္စည်းတစ်ထုပ် ဆရာမောင်မောင်ညိုနဲ့ ထည့်ပေးလိုက်ပါတယ်။ ဆရာက ကလေးအ ထူးကု ဆရာဝန်ကြီး ဒေါက်တာညွန့်လွင် အိမ်မှာ တည်းရင်း ယမင်းရဲ့လိပ်စာ ကိုပြပြီးမေး တော့ မှမြန်မာမိသားစု ရှိမှန်းသိပြီး ဆက်သွယ်မိကြတာတဲ့။

ဆရာညွန့်လွင်ကတစ်ဆင့် ဒေါက်တာနိုင်ဝင်းနဲ့ ဇနီးလဲ့လဲ့၊ ဒေါက်တာလင်းအောင်သက်နဲ့ ဇနီးဒေါက်တာ ခင်မေမြင့်၊ ဒေါက်တာအင်နီမောင်ဦးနဲ့ အန်တီဒေါ်ခင်စုတို့ကိုထပ်ပြီး ဆက် သွယ်မိပြန် ပါရော။ ဒေါက်တာမျိုးသန်း နဲ့ ဒေါက်တာရီရီမြင့်တို့ကိုတော့ ကျွန်မလာတုန်းက လူကြုံပါးပစ္စည်းတွေ ယူလာရာ က တစ်ဆင့် အဆက်အသွယ် ရသွားတာပါ။ အင်ဂျင်နီယာ ဦးခင်မောင်သန်းနဲ့ ဦးခင်မောင်သိန်း ညီအစ်ကိုနှစ်ယောက် ကျတော့ ကျွန်မရဲ့သားကြီးတို့ အိမ်မှာပါတီတစ်ခုလုပ်တဲ့အခါ လာတဲ့အိန္ဒိယလူမျိုး အင်ဂျင်နီယာ တစ်ဦးက သူနဲ့အတူ တင်းနစ်ကစားတဲ့ မြန်မာညီအစ်ကို ရှိတယ်လို့ ပြောပြရာက စပ်မိပြီး တယ်လီဖုန်းနံပါတ် တောင်းထားဆက်သွယ်လိုကတာလို့ သားကပြောပြပါတယ်။

အမေရိကားကို ရောက်နေတဲ့ မြန်မာတွေက ရှားသေးတော့ ကိုယ့်မြန်မာချင်း တွေ့ရတာကို မိုးကျနတ်တစ်ပါး တွေ့ရတဲ့အတိုင်း ၀မ်းတွေသာ၊ စိတ်လှုပ်ရှားပျော်ရွှင်ရတာ ပြောမပြ နိုင်အောင်ပါဘဲ။ တစ်ခါက သမီးကေသီစနေ တနင်္ဂနွေ အလုပ်ပိတ်ရက်မှာ အိမ်ပြန်လာပြီး ဈေးဝယ်သွားချင်တယ် ဆိုတာနဲ့ ကျွန်မနဲ့ အတူသမီး ငယ်သူဇာပါ လိုက်သွားလေတယ် ပေါ့။ သူတိုကညီအစ်မ အင်္ကျီတွေ၊ စကတ်တွေ ရွေးနေတာ မပြီးနိုင်ဘူး။ စောင့်ရတဲ့အချိန် ကကြာပြီဆိုတော့ ကျွန်မလည်းညောင်းလာတာနဲ့ အ၀င်ဝနားက ကုလားထိုင်မှာ သွားထိုင် ရင်းပုတီးစိပ်နေလိုက်ပါတယ်။
ခဏနေတော့ လူငယ်ဇနီးမောင်နှံ နှစ်ယောက်ဆိုင်ထဲဝင်လာပါတယ်။ အနောက်တိုင်းဝတ် စုံဝတ်ထားတာမို့ ဂျပန်လား၊ တရုတ်လား တွေးနေမိသေးတယ်။ ယောက်ျားက ကျွန်မအ နားရောက်လာပြီး...
"အန်တီက မြန်မာလား"တဲ့။

အမေရိကားရောက်နေပေမဲ့ အမြဲတမ်း ကျွန်မက မြန်မာဝတ်စုံဝတ်တာဆိုတော့ သူက တန်းတန်းမတ်မတ် လာမေးလေရဲ့။ မြန်မာစကား ပီပီသသနဲ့ မေးလိုက်တဲ့သူ့အသံကြား တော့ကျွန်မလည်း အံအားသင့်လို့ ဖုန်းနံပါတ်တွေ လဲကြ၊ နေရပ်တွေမေးကြ၊ နှစ်ဦးစလုံး ကြည်နူးပျော်ရွှင်လို့ပေါ့။ သူတို့လည်း သန္တာစမ်း မှာနေ  တာတဲ့။ ပြောင်းလာတာ မကြာသေး ဘူးလို့ပြောပြပါတယ်။ အိမ်ရောက်လို့ သားကြီးဝင်း ကို ဖောက်သည် ချတော့...
"ဒါဆို ခုညကော်ဖီသောက်ကြွ ပါလို့ မာမီဖိတ်လိုက်ပါလား။ သားတို့နဲ့လည်းတွေ့ရအောင် ပေါ့"တဲ့။
ဖုန်းဆက်လိုက်တာ နဲ့ သူတို့ကလည်း ၀မ်းသာအားရနဲ့ လာခဲ့မယ်ဆိုပြီး မကြာဘူးရောက် လာကြပါတယ်။

တံခါးလည်း ဖွင့်လိုက်ရော၊ အိမ်ရှင်နဲ့ ဧည့်သည်တစ်ယောက်ကို တစ်ယောက် ကြောင်ကြည့်နေပြီးမှ...
"ခင်ဗျား Albert မဟုတ်လား။ ကျွန်တော် Patrickလေ"တဲ့။
စိန်ပေါကျောင်း မှာ အတူနေခဲ့ကြတဲ့ ငယ်သူငယ်ချင်း နှစ်ယောက်တစ်ယောက်ကို တစ်ယောက်လုံးပြီး ဖတ်ထားကြလေ ရဲ့။ ကျွန်မရဲ့သား ၀င်းကလည်း မုတ်ဆိတ်မွေးနဲ့ ငယ်ကလို ပိန်သေးသေးမဟုတ်တော့ဘဲ ဖိုးဝရုပ်ဖြစ်နေတာ မို့ ရုတ်တရက် မှတ်မိစရာ မရှိ တော့တာကိုး။ အဲလိုမထင်မှတ်ဘဲ ငယ်ပေါင်းသူငယ်ချင်းကို တစ်ရပ် တစ်ကျေး မှာ ပြန်လည် ဆုံစည်းရတာလည်း ၀မ်းသာစရာတစ်ခုပဲပေါ့။ ပြည်ပမှာ ကိုယ့်မြန်မာချင်းချင်း ခင်ရာဆွေ မျိုး အဖြစ်တစ်ဦးကိုတစ်ဦး အမှီပြုပြီး စိတ်ရဲ့အာဟာရရှာ ရင်း အိမ်လွမ်းနာကို ကုကြရတာပါ ပဲနော်။

အဲဒီလို Patrickတို့နဲ့ ဆုံဖြတ်တဲ့ရက်က ဧပြီလ ဖြစ်နေတာနဲ့ ရှိတဲ့မြန်မာမီသားစုလေးကို စုစည်းရရင်ကောင်း မှာလို့ စိတ်ကူးပေါ်မိတာနဲ့ မှတ်မှတ်ရရ မြန်မာသင်္ကြန်ပွဲ ကျင်းပကြ ရ အောင် လို့ဒေါက်တာညွန့်လွင် တို့တစ်တွေနဲ့ တိုင်ပင်ကြည့်တော့ သူတို့အားလုံးကလည်း ၀မ်းသာအားရ သဘောတူကြပါတယ်။ အများသဘောတူ ပင်လယကမ်းခြေနဲ့ ကပ်နေတဲ့ Spanish River Parkမှာ သင်္ကြန်ပွဲ ကျင်းပရင်းတစ်အိမ် တစ်ခွက်မြန်မာအစားအသောက် တွေချက်ပြီးပျော်ပွဲစားလည်း လုပ်ကြမယ်ဆိုတာ စီစဉ်လိုက်ပါတယ်။

စတိအဖြစ် ကျင်းပတဲ့သင်္ကြန်ပွဲနေ့မှာ မြန်မာမိသားစုတွေအကုန်လုံးစိတ်အားထက်သန်စွာ နဲ့ရောက်လာကြလေ ရဲ့။ ကျွန်မ တို့စီစဉ်ရွေးချယ်ထားတဲ့ ပန်းခြံထဲမှာ ပျော်ပွဲစားဖို့ စားပွဲ ရှည်ကြီးတွေနဲ့ ထိုင်ခုံတန်းတွေရှိတဲ့အပြင် အသားကင်တွေ ဘာတွေ လုပ်ချင်ရင်ဖြစ်စေ၊ အစောင်းအသောက်တွေနွှေးဖို့ဖြစ်စေ သုံးလို့ရတဲ့ မတ်တတ် မီးဖိုတွေ လည်း အဆင်သင့်ရှိ တာမို့တော်တော်အဆင်ပြေသွားပါတယ်။
တစ်ဦး က ထမင်းသုပ်၊ တစ်ဦးက အုန်းနို့ခေါက်ဆွဲ၊ နောက်တစ်ဦးက မန္တလေးမုန့်တီအပြင် မုန့်ဟင်းခါး၊ ဆီးထမင်း၊ ကြက်သားကြော်၊ ကြာဇံချက်၊ တို့ဟူးသုပ်၊ ဆနွင်းမကင်း ကျောက် ကျော စတဲ့မြန်မာမုန့် မျိုးစုံကလည်း စားပွဲရှည်ကြီးပေါ်မှာ တည်ခင်းထားတာ လျှာ်ရည် လည်ချင်စရာပါပဲ။

မိသားစုလိုက် လူကုန်လာကြတာမို့ ကလေးလူကြီး စုစုပေါင်း သုံးဆယ်ကျော် လေးဆယ် နီးပါးလောက် ရှိမယ်ထင်ပါရဲ့။ မတွေ့ဖူးသေးသူတွေ တစ်ဦးကို တစ်ဦးမိတ်ဆက်ကြ၊ လိပ်စာတွေ လဲလှယ်ကြနဲ့ တပျော်တပါးပါးပဲ။ လူငယ် လူလတ်ပိုင်း တွေရော၊ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေလည်း ပါတဲ့အပြင် အသက်ရှစ်ဆယ်နီး ပါးအဘွားကြီးနှစ်ယောက်လည်း ပါပါသေးတယ်။ တစ်ဦးက ကျွန်မရဲ့မာမီနဲ့ နောက်တစ် ဦးကဒေါက်တာနိုင်ဝင်း ရဲ့ မိခင်ဖြစ်ပါတယ်။
"ဟင်...ဟန်ကျလိုက်တာ်။ အမေရိကားရောက်တာ ကြာပြီ။ မြန်မာသက်ကြီးရွယ်အိုတွေ ကို ဒါပထမဆုံးကြုံရတာပဲ။ လာ....လာ သားနဲ့သမီးတို့ရော၊ ကိုခင်မောင်သိန်းရော ဒီကို လာကြ၊ လူကြီးသူမကို ဂါရ၀ပြုဖို့ ကြုံရခဲမျှ ကန်တော့ရအောင် ဆိုပြီးစစ်ကိုင်းသူ ဒေါ်စူစန်သိန်းက သူ့မိသားစုအားလုံးကို လှမ်းခေါ်ပြီး အဘွားကြီးနှစ်ယောက်ကို ထိုင်ကန် တော့ကြလေရဲ့။ ဘေးကကြည့်တဲ့ ကျွန်မတောင် ရင်ထဲမှာပီတိစိတ်နဲ့ ကြည်နူး မျက်ရည် လည်မိပါသေးတယ်။ ပြည်ပရောက်ပေမဲ့ ကိုယ့်မြန်မာယဉ်ကျေးမှုကို ထိန်းသိမ်းစိတ် ရှိတဲ့ ဒေါ်ခင်ဆွေ (ခ)ဒေါ်စူစန်သိန်းကို သာဓုခေါ်ရင်း ချီးကျူးရပါတယ်။"
ဒီလိုနဲ့ မိတ်သစ်ဆွေသစ်တွေ တပျော်တပါးမြန်မာမုန့်တွေ စုပြီးစုံအောင် စားကြရတာ လည်းအရသာတွေ့ပါဘိခြင်း။

အဲဒါထက် မစ္စတာဂျမားကြီး ပြောသလို အချင်းချင်းမြန်မာ စကားတစ်ဝကြီးပြောရတာက ကျွန်မတို့မြန်မာတွေ အတွက် ပိုပြီးလေးနက်တဲ့အရသာဖြစ် ပါသေးတယ်နော်။ ဒီအချိန်မှာ ကျွန်မရဲ့သမီးကေသီနဲ့ သားရွှေစင်တို့က သူတို့ယူလာ တဲ့ လက်ဆွဲကက်ဆက်လေးကို စားပွဲပေါ်တင်ပြီး မြန်မာသီချင်းတွေဖွင့်လိုက်တော့ အတိုင်းမ သိပြည့်စုံသွားတယ်ပေါ့။ အချိန်အခါအလိုက် ပိတောက်ရွှေဝါတို့၊ မြနန္ဒာတို့၊ တူးပို့တူးပို့ စတဲ့သင်္ကြန် သီချင်းတွေ လှိုင် သွားတာနဲ့ အားလုံးက စိတ်လှုပ်ရှားတက်ကြွလာပြီး သံပြိုင် လိုက်ဆိုရင်း လက်ခုပ်တွေတီးကြ နဲ့ ပန်းခြံထဲ မှာ ဂီတသံတွေနဲ့အတူ ရယ်မောသံတွေပါ ဆူညံရိုက်ခတ်သွားတော့တာပဲလေ။

ဂီတသံနဲ့ အရှိန်ရသွားလိုက်ခါမှ ရေပက်ဖို့ သတိရကြပြီး စည်ပိုင်းထဲမှာ ကြိုတင်ဖြည့်ထား တဲ့ရေတွေကို ခွက်နဲ့ခပ်ရင်း တစ်ယောက်ကို တစ်ယောက်ရွှဲနေအောင် ပက်ကြ၊ ရေစိုမခံ ချင်လို့ထွက်ပြေးတဲ့သူတွေကို မီအောင် လိုက်ဖမ်းပြီး လောင်းကြနဲ့တကယ့်ကိုပျော်စရာကြီး ပါပဲ။ ရေ၀အောင်ပက်ပြီးခါမှ အမောဖြေသူကဖြေ၊ လူတွေ ကတော့ မမောနိုင်ဘဲ ပန်းခြံ ကနေလမ်းတစ်ဖက် ကူးလိုက်ရုံနဲ့ ရောက်သွားတဲ့ ပင်လယ်ထဲ မှာ ရေကူးကြ၊ လှိုင်းစီးကြနဲ့ ပျော်လို့မဆုံးကြဘူး။
နေ့ခင်းပိုင်း ကျတော့ ပန်းခြံထဲက မီးဖိုမှာရေနွေးတည်ပြီး ဆနွင်းမကင်း၊ ကျောက်ကျော်စ တဲ့အချိုပွဲတွေ နဲ့ ရေနွေးကြမ်းသောက် ရင်း လူကြီးတွေက ၀ိုင်းဖွဲ့စကားပြောကြ။ ကလေး တွေကလိုက်တမ်းပြေးတမ်း ကစားကြ၊ ဘောလုံးပုတ်ကြ၊ သင်္ကြန်အရှိန်မသေနိုင်သေးတဲ့ လူငယ်တချို့ကလည်း ဆက်ပြီးရေ ကစားကြ၊ အော်ဟစ် ဆူညံကြ။

"ဟော...ဒီမှာ ငါ့ဖိနပ်နှစ်စင်း ထားခဲ့တာ အခုတစ်စင်မရှိတော့ဘူး"
ကျွန်မအနားမှာ ကလေးတစ်ယောက် ဖိနပ်ရှာနေတာနဲ့ ၀ိုင်းကူရှာပေးရင်း "သားရဲ့ ဖိနပ် ဆိုတာ နှစ်စင်း မပြောရဘူး။ တစ်ရန်လို့ပြောရတယ်။ ဖိနပ်တစ်ခုတည်းကျတော့လည်း တစ်ဖက်၊ မှတ်ထားနော်"လို့ ကလေးငယ် ကို ပြင်ပေးလို့မှ မပြီးသေးဘူး။ ညီအစ်မနှစ် ယောက်မုန့်ဝေနေကြတာ "ငါ တစ်ဝက်ယူမယ်၊ နင်နှစ်ဝက် ယူ"တဲ့။
နောက်တစ်ယောက်ကလည်း ခပ်လှမ်းလှမ်းမှာ ရှိတဲ့ရေကန်ကြီးကို လက်ညှိုးထိုးရင်း "ဟယ်...ဟိုမှာ ကြည့်ပါ ဦး၊ ရေကန်ကြီး မှိုတက်နေတာ မလှတော့ဘူးနော်"တဲ့။
မုန့်နှစ်ဝက် ကို အသာထားပြီး ကိုယ်ပါလိုက်ကြည့်မိတော့ ရေညှိတွေဖုံးနေတဲ့ ရေကန်ကြီး ကိုမြင်လိုက်ရပါတယ်။ "အင်း... ဒီမှာ ကြီးကြတဲ့ ကလေးတွေလည်း မလွယ်ပါလား"လို့ တွေးမိလိုက်ရင်း သက်ပြင်းချမိပါရဲ့။ ထူးတော့ မထူးပါဘူး။ ကျွန်မသားသမီးတွေလည်း ရွှေပြည်တော်နဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါး ဝေးနေတာ မို့ ပြောလိုက်ရင် တစ်ခါ တလေအလွဲလွဲအချော်ချော်။

တစ်လောက ပြည်ပ မှာတာဝန်ထမ်းဆောင်နေတဲ့ သားလတ်ရွှေစင်ခွင့်ရက်နဲ့ အိမ်ပြန်လာ တော့ သူ့အစ်မ ကေခိုင် က "တို့တွေ ဟိုတစ်နှစ်က မာမီရော၊ မောင်နှမအားလုံးစုပြီး ဘဟားမားကို သွားကြ တာ လေယာဉ်ပေါ် မှာ ကေသီက" ခုနေလေယာဉ်ပျက်ကျပြီး တစ်မိ သားစုလုံး သေကုန်ရင် ငါ့မောင်လေးရွှေစင်တော့ ကြွက် တစ်ကောင်ဖြစ်ပြီး ကျန်ခဲ့ရှာမှာပဲ လို့ပြောတယ်သိလားတဲ့။
"နင် တို့ သေတာနဲ့ ငါက ဘာလို့ ကြွက်ဖြစ်ရမှာလဲ"ဆိုပြီး သားရွှေစင်က သူ့အစ်ကို မအူ မလည် နဲ့ ပြန်မေးနေလေရဲ့။
ဘေးကနားထောင်နေ တဲ့ ကျွန်မက၀င်ပြီး "တစ်ကောင်ကြွက် ဖြစ်ကျန်ခဲ့မှာလို့ကေသီ ပြောတာကိုမင်းအစ်မက ဆို လိုတာ သားရေ" လို့ ဘာသာပြန်ပြရပါတယ်။ ကျွန်မတို့ မြန်မာ စကားကလည်းရှေ့ နဲ့နောက်စကားလုံးလေး လွဲရုံ နဲ့အစိပ္ပာယ်က အများကြီးကွာ ခြားသွားတာမို့ ရှင်းပြရင်းပြုံးရပါသေးတယ်။

အဲဒီနေ့က ကျွန်မတို့ မြန်မာတွေအားလုံးအပျော်လွန်ကြပြီး နေစောင်းမှလူစုခွဲဖြစ်ကြပါ တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ယဉ်ကျေးမှု နှစ်သစ်ကူးသင်္ကြန်ပွဲလေးက နာမည်ကြီးမြို့မတီး ၀ိုင်းတို့၊ ရွှေခြေကျင်း ကိုယ်စီ နဲ့ ရွှေမန်းသူယိမ်းအကတို့၊ ငွေငန်းဖြူသရုပ်ဖော်ကားကြီးတို့ မပါဘဲ သာမန်ပွဲလေး မျှ ဖြစ်ပေမဲ့ အမေရိကား ဖလော်ရီဒါမြေမှာ ပထမဆုံး စပြီးကျင်းပတဲ့ သင်္ကြန်ပွဲလေးအဖြစ် အုတ်မြစ်ချခဲ့ရ တဲ့ နေ့မို့ကျေနပ်ကြည်နူးပျော်ရွှင် မိတာတော့ အမှန်ပါ ပဲ။ အဲဒီနေ့က စခဲ့တဲ့ရိုးရာ သင်္ကြန်ပွဲလေး ကို နှစ်ပေါင်းနှစ်ဆယ်ကျော် တည်မြဲစွာနှစ်စဉ် ကျင်းပလာနိုင်တဲ့အပြင် နောက်ပိုင်မြန်မာပြည်က နာမည်ကြီး အဆိုတော်တွေကိုတောင် ဖိတ်ကြားပြီး တခမ်းတနား စည်စည်ကားကားဖြစ်အောင် စိတ်ဝင်တစားနဲ့ ကြိုးပမ်းကြ တဲ့ မြန်မာလူငယ်လေးတွေ ရဲ့ စိတ်ဓာတ်ကိုလည်း ချီးကျူးရပါတယ်။ အစပျိုးပေးရကျိုးနပ် တယ်လို့ဆိုရမှာပါပဲ။

အဲဒီလိုခေတ္တခဏ ဖန်ဆင်းလိုက်တဲ့ သင်္ကြန်အပျော်တစ်ရက် ပြီးသွားတော့လည်း လူတိုင်း လူတိုင်းကိုယ့် အလုပ်နဲ့ ကိုယ် ပုံမှန်ရုန်းကန်လှုပ်ရှားရမြဲဘ၀ကို ပြန်ရောက်သွားကြရရော လေ။ ဒီက လက်သုံးစကားအရ Time is Moneyဆိုတဲ့အတိုင်း အချိန်ကို ငွေနဲ့စက်ပြီးလုပ် ကြရတာပါ။ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားလိုသူတွေအတွက် ဘာတိုးတက်မှု မှမရနိုင်ပေမဲ့ တကယ်ကြိုးစားသလောက်အကျိုးသက်ရောက်မှုလည်း ရနိုင်တာမို့ အလုပ် ကိုလေးလေး စားစားလုပ်သူအများစုကို တွေ့နိုင်ပါတယ်။
အိမ်ထောင် ဦးစီး တစ်ယောက်မှ အားထားလောက်တဲ့ အလုပ်ကောင်းတစ်ခုတော့ ရှိထားဖို့ လိုအပ်တယ်ပေါ့။ အလုပ် ရှိမှ မိသားစုကိုထောက်ပံ့ဖို့ ၀င်ငွေရတဲ့အပြင် ကိုယ့်မိသားစုရဲ့ ကျန်းမာရေးအတွက်လည်း စိတ်အေးချမ်းမှု ရနိုင်ပါတယ်။ ကိုယ်ရသင့်တဲ့ သတ်မှတ်လစာ ကဒီ၍ဒီမျှ ဆိုပေမဲ့တကယ်တမ်း ကိုယ့် လက်ထဲရောက် လာတာက သုံးပုံနှစ်ပုံလောက်ပဲ ရှိပါတယ်။ လစာထဲက နှစ်စဉ်ဆောင်ရမဲ့ အမြတ်တော်ခွန် ခန့်မှန်းချေ ကို အရစ်ကျ တွက်ပြီး ဖြတ်တာနဲ့ မိသားစုအတွက် ဆေးကုသမှု အာမခံဖြတ်တာနဲ့ အိုစာမင်းစာ လူမှုဖူ လုံရေးထောက်ပံ့ငွေဖြတ် တာနဲ့ သုံးပုံတစ်ပုံ လစာက ကုန်ပါလေရော။

အမေရိကားမှာ ဆေးကုသမှုက အလွန်အမင်းဈေးကြီးပါတယ်။ အလုပ်၇ှိထားရင် ကိုယ်ကိုယ် တိုင်မကဘဲ ကိုယ့်ကို မှီခိုသူများ အထိ ဆေးကုသမှုအာမခံရနိုင်တာမို့ စိတ်အေး ရတယ်ဆိုပါတော့။ မှီခိုသူဆိုတဲ့ အထဲမှာ ဆေးကုသမှု အာမခံအတွက် ကိုယ့်ဇနီးသို့မဟုတ် ခင်ပွန်းနဲ့ သားသမီးများသာ အကျုံးဝင်ပြီး မိဘ ညီအစ်ကိုမောင်နှမတွေက ခံစားခွင့်မရှိပါ ဘူး။ နိုင်ငံတော်အစိုးရက အသက်ခြောက်ဆယ့် ငါးနှစ် ပြည့်ပြီးသူမှန်သမျှကို ဆင်းရဲချမ်း သာမရွေး Medicareဆိုတဲ့ ဆေးကုသမှုအာမခံ အခမဲ့ပေး ထားတာကြောင့် ကျွန်မ ရဲ့မိခင် အတွက်မှီခိုသူစာရင်းမှာ မပါနိုင်ပေမဲ့ ခံစားခွင့်ရထားတာမို့ စိတ်အေး ရတယ်ဆိုပါတော့။

အမေရိကားရောက်ကတည်းက ဒေါက်တာနိုင်ဝင်းဆီမျာ မာမီ့ကိုအပ်ထားပြီးသုံးလတစ် ကြိမ်းဆေး မှန်မှန် စစ်ပါတယ်။ သားသမီး မြေးမြစ်တွေနဲ့ ဒီကျမှ စုံစုံလင်လင် အတူတကွ နေရလို့ စိတ်ကြည်လင်တာအပြင် သူဝါသနာ ပါတဲ့ အချုပ်အလုပ်ပစ္စည်းတွေကလည်း Craft Storeလို့ခေါ်တဲ့ လက်မှုပညာဆိုင်ရာ စတိုးဆိုင်ကြီး များစွာမှာ ပစ္စည်းမျိုးစုံက ရှိနေ တော့ဆိုင်ထဲရောက်တာနဲ့ တန်းစေ့မွှေလို့နှောက်လို့ မဆုံးတော့ပါဘူး။ မာမီ့စိတ်ကြိုက် ပစ္စည်းတွေကလည်း အမျိုးအမည်စုံပါပဲ။ အပ်ချည်လုံးရောင်စုံတွေ၊ ကြယ်သီးပုံစီမျိုးတွေ၊ သိုးမွှေးချည်တွေ၊ ပုံစံစာအုပ်တွေ၊ ဖဲကြိုးတွေ၊ ပိုးဖဲကတ္တီပါ ပိတ်စ မျိုးစုံတွေ ရွေး မကုန် အောင်များပြား လှတော့ကျွန်မအမေလည်း သကြားလုံးရတဲ့ ကလေးငယ်လေးကို ရွှင်မြူး တက်ကြွနေတော့တာပဲ။

ဝယ်လာသမျှတွေ ဖြတ်ညှပ်ပြီးလက်နဲ့ တပင်တပန်းချုပ်လုပ်နေတာတွေ့တော့ မာမီလွယ် လွယ်ကူကူနဲ့ စိတ်တိုင်းကျ ချုပ်လုပ်ချင်တာရှိရင် ချုပ်ရလုပ်ရအောင်ဆိုပြီး မာမီအတွက် စင်းကားအုပ်ချုပ်စက်တစ်လုံး ၀ယ်ပေးထား လိုက်ပါတယ်။ စက်ရပြီးဆိုကတည်းက ကျွန်မ အမေမအားနိုင် မနားနိုင်တော့ဘူး။ အိမ်ရှိလူကုန် အတွက်လိုတာရော၊ မလိုတာရော စိတ် ကူးရသမျှဒိုင်ခံပြီး ချုပ်တော့တာပဲ။ အထူးသဖြင့် သူ့မြေးတွေ၊ မြစ်တွေ အတွက် စပါရှယ် ၀တ်မကုန်နိုင်အောင် ချုပ်လုပ်နေလေရဲ့။
စိတ်မကြည်လင် တိုင်း ဆူဆူပူပူလုပ်နေကျမို့ အမြဲတမ်းမျက်နှာရိပ်ကိုစောင့်ကြည့်နေရတဲ့ ကျွန်မရဲ့အမေ သူ့ ဟာသူ စိတ်ဝင်စားစွာ နဲ့ အလုပ်တွေရှုပ်ပြီး ကြည်ကြည်လင်လင်နဲ့ ကျန်းမာပျော်ရွှင်နေတာကြောင့် တစ်နည်း ရင်အေးရတယ်ဆိုပါတော့။

အိမ်ထောင်ကွဲ သားသမီးသုံးယောက်စလုံးလည်း သူတို့အလုပ်အကိုင်တွေနဲ့ သူတို့ဟာသူတို့ အဆင် ပြေစွာရပ်တည်နေနိုင်ကြပြီးမို့မပူရတော့ပါဘူး။ အငယ်ကလေးတွေရဲ့ ပညာရေး က ကျောင်းစာ လိုက်နိုင်ကြတဲ့ အပြင် အဆင့်ကောင်းကောင်းတွေ့ ရနေတာ တွေ့ရလို့ ကြည် နူးအားတတ်ရပါသေးတယ်။ ခွဲခွာနေရ တဲ့ သားလေးကိုဇာနည်လည်း မကြာမတင် ရောက်ရှိ လာပါတော့မယ်။ အားကိုးရာ ခင်ပွန်းလည်း အတူရှိနေပြီး ကျွန်မတို့နှစ်ယောက် အလုပ် ကိုယ်စီနဲ့ ရှိနေပြီမို့ ဒီတစ်ခါတော့ ကျွန်မဘ၀လေး ကြိုးစားရကျိုး နပ်အောင် အေးချမ်း တည်ငြိမ်စွာနဲ့ ပြီးပြည့်စုံခြင်း ရှိတော့မယ်ဆိုတဲ့ အတွေးရောက်နေမိပါတယ်။

 အဲဒီလို အတွေးနဲ့ စိတ်အေးလက်အေး ပုံမှန်လှုပ်ရှားရင် တစ်ညနေကျွန်မအလုပ်ကို မဆက်စဖူး ဦးကျော်ဇော ဖုန်းဆက် လာပါတယ်။
"ခင်ရေ၊ မာမီကြီး ဆက်တိုက်အန်နေတာ တော်တော်လေး ပင်ပန်းနေပုံရတယ်။ ဒေါက်တာနိုင်ဝင်းကိုလည်း လာကြည့်ပေး ဖို့ ဖုန်းဆက်ထားပြီးပြီ။ ခဏနောလိမ့်မယ်။ ဖြစ်နိုင်ရင် ခင်အလုပ်က ခွင့်တောင်းပြီး ပြန် လာခဲ့ပါလား"တဲ့။
ကျွန်မ နှလုံးသားရင်ထဲက ခုန်ထွက်သွားသလို ခံစားလိုက်ရပါတယ်။ လက်တွေ လည်းတုန်း၊ ရင်တွေလည်းခုန်၊ တစ်ကိုယ်လုံး ကတုန်ကယင်ဖြစ်ပြီး ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိဘူး။ ခဏလေးပဲ အသက်ရှူမှန်အောင် သတိ နဲ့ ပြန်ထိမ်းပြီးမှ ရုံးချုပ်က အရာရှိ ကိုအကျိုးအကြောင်း ဖုန်းဆက်ပြောပြပြီး အိမ်ပြန်ခွင့်တောင်းရပါတယ်။ အိမ်ရောက် လို့ အခန်းထဲဝင်လိုက်တော့ သားကြီးဝင်းနဲ့ ဘော်ဘီက မာမီကိုဝိုင်းထိန်းထားပြီး မာမီက ခုတင်ပေါ် မှာ ထိုင်လျက်ထွေးခံ တစ်ခုနဲ့ အန်နေဆဲပါပဲ။

ကျွန်မကိုမြင်တော့ လက်ကာပြတယ်။ "ကိစ္စမရှိဘူး၊ စိတ်မပူနဲ့"ဆိုတဲ့ ပုံစံမျိုးနဲ့ပါ။ သားကြီး ကလည်းကျွန်မ မျက်နှပျက်နေတာ ကို ကြည့်ပြီး "အစာမကြေဖြစ်ပြီး အန်တာဖြစ်မှာပါ" တဲ့။
ကျွန်မနား ထဲမှာတော့ "အန်တီရဲ့ နှလုံးရောဂါက ကျွမ်းနေပြီ။ အလွန်ဆုံးခံရင် ခြောက်လပဲ" ဆိုတဲ့ သမားတော်ကြီး ရဲ့ စကားကိုပြန်ကြားယောင်နေမိပါတယ်။ အဲဒီလို သိရတဲ့နေ့က ရှိုက်ကြီးတငင်ငိုပြီး အစ်ကိုရင်း လို အားထားရတဲ့ ဆရာစန္ဒြဆီရောက်သွားတော့ ဆရာက။
"ဒါလောက် လည်း စိတ်မပူပါနဲ့ဟယ်၊ မြန်မာဆေးကောင်းတွေ ရှိပါတယ်။ ပျားရည်ဟာ အလွန်ကောင်းတဲ့ဆေး၊ ဆရာ့ဆီ မှာ တောက မှာထားတဲ့ ပျားရည်စစ်စစ်ရှိတယ်။ တစ်ပုလင်းယူသွားပြီး အန်တီ့ကို လက်ဖက်ရည် တစ်ဇွန်းနေ့တိုင်း မှန်မှန်တိုက်"ဆိုပြီး ကျွန်မကို နှစ်သိမ့်ရင်း ပျားရက်တစ်ပုလင်း ပေးလိုက်ပါတယ်။ ဆရာ့စကား ကိုလေးစားနယူ စွာနဲ့ မာ့မီကိုပျားရည်တစ်ဇွန်း နေ့စဉ်မှန်မှန်တိုက်ခဲ့တာ သမားတော်ကြီး ပြော လိုက်တဲ့ ခြောက်လကနေ အခုခြောက်နှစ်တောင် စွန်းလာခဲ့ပြီ ။ ကျွန်မမာမီ နှလုံးအားနည်းပေမဲ့ ကျန်းမာစွာ လှုပ်ရှားနေလျက် ရှိဆဲပါပဲ။

ရင်ဘတ်ထဲက နာတာ၊ ဘယ်လက်လက်တစ်ဖက် နာတာ၊ အော့တာ အန်တာ၊ အစာမကြေ သလို၊ လေထိုး သလို ဖြစ်တတ်တာတွေဟာ နှလုံးရောဂါရဲ့ လက္ခဏာ ဆိုတာကို စာထဲမှာ ဖတ်ပြီး မှတ်သားထားဖူးတာကြောင့် အခု မာမီ အော့အန်နေတာဟာ ကျွန်မစိုးထိတ်ပူပန်နေ မိတဲ့တစ်နေ့ကို ဦးတည်နေပြီးလား လို့ တွေးရင်းရင်ထဲ မှာ ငရဲမီးလောင်ထားတဲ့အတိုင်း ပူလောင်နေမိပါတယ်။
နာရီဝက်လောက်ကြာတော့ မာမီကိုအမြဲဆေးစစ်ပေးနေတဲ့ ဒေါက်တာနိုင်ဝင်းနဲ့ လဲ့လဲ့တို့ ရောက် လာကြပါတယ်။ စမ်းသပ်ကြည့်ပြီး မာမီရဲ့နှလုံးက အပြည့်အ၀ အလုပ်မလုပ်တော့ ဘူး။ ပျက်စီး လာပြီ။ ဆေးရုံတင်ရင်လည်း ဘာမှထူးခြားမှာမဟုတ်ဘူး။ အိမ်မှာပဲ သက်သောင့် သက်သာရှိအောင် သူတာဝန်ယူကြည့်ပေးပါမယ်လို့ပြောပါတယ်။

ထင်ထားတဲ့အတိုင်း ကျွန်မစိုးထိတ်ခဲ့ရတဲ့ရက်ကိုရောက်လာပြီပေါ့။ ပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေကို မာမီမမြင်အောင် အမြန်သုတ်ပစ်ပြီး မျက်နှာရိပ်ကို အကဲခတ်နေတဲ့ ဝေဒနာရှင်မိခင် အားရှိသွားအောင် အားပေးပြုံးမျိုးကို ကြိုးစားရင်းလည်း ဆောင်ထားရပါ သေးတယ်။ ဒေါက်တာနိုင်ဝင်းတို့ ဇနီးမောင်နှံ အဲဒီနေ့က ညနက်တဲ့အထိ စောင့်ပြီးဂရု စိုက်ကြည့်ပေးပါတယ်။ ဆေးလည်းထိုးပေး၊ ဂလူးကို့စ်လည်း သွင်းပေးထားပြီး တပ်အန် မှာစိုးလို့ ရေပေးမတိုက်စေဘဲ ရေခဲတုံးသေးသေးလေးတွေကိုပဲ အာသာပြေ ငုံခိုင်းထား ပါတယ်။
ဒေါက်တာနိုင်ဝင်းတို့ ရောက်ပြီး တော်တော်လေးကြာမှအန်တာရပ်သွားတာကြောင့် နေသာထိုင်သာရှိသွားပုံရပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့က သောကြာနေ့ပါ။ နောက်နေ့ တွေကစန်ေတနင်္ဂနွေ ဖြစ်တဲ့အပြင် တနင်္လာနေ့က အမေရိကန်ပြည်ထောင်စု လွတ်လပ် ရေးရတဲ့ ဇူလိုင်လဆန်း လေးရက်နေ့မို့ ရုံးတွေကျောင်းတွေ ပိတ်ထားတာကြောင့် မာမီ့ အနားမှာ သားသမီးမြေးမြစ်တွေအားလုံး စုံစုံညီညီ ရှိနေကြတာလည်း မာမီ့အတွက် အားရှိ စရာအဖြစ်မို့ ကံကောင်းတယ်ဆိုရပါတယ်။

မာမီအန်တာ ရပ်သွားပေမဲ့ လုံးဝသက်သက်သာသာဖြစ်လာတာကတော့ မဟုတ်ပါဘူး။ ရင်ပူတယ် ဆိုပြီး ခဏခဏ ရေတာင်ားတိုင်း ချော့ပြီး ရေခဲတုံးလေးတွေ ခွံ့ပေးရပါတယ်။ မာမီကသာ သူတစ်ပါး နေထိုင် မကောင်းဘူးဆိုရင် ပျာပျာ်သလဲ ပြုစုတတ်တာနော်။ ကိုယ့် အလှည့်ကျပြုစုကာကို ခံယူတတ်သူ မဟုတ်ပါဘူး။ အခုလည်း ဒေါက်တာနိုင်ဝင်းက အခြေ အနေမကောင်းဘူးဆိုတာ ပြောသွားလို့ ကျွန်မတို့က စိတ်ပူပြီး မာမီ့ကို အပေါ့အပါး သွားဖို့ အိပ်ရာပေါ် က မထစေဘဲ အိုးထိုးပေးတာတောင် လက်မခံဘဲ ကိုယ်တိုင်ထပြီး ရေချိုးခန်း အရောက် သွားသေးတာပါ။
နေသာတဲ့ အခါလည်း တရားစာအုပ်လေးဖတ်လိုက်၊ မြေးတွေနဲ့ ရယ်ရယ်မောမောစကား တွေပြောလိုက်၊ မနေသာတဲ့ အခါလည်း အိပ်ရာပေါ်မှာထိုင်လိုက် ပြန်လှဲလိုက်၊ ဘယ်စောင်း ညာစောင်း တလူးလူး တလိမ့်လိမ့်မို့ ဘေးကကြည့်ရတဲ့ ကျွန်မရင်ထဲမှာ မချိတင်ကဲနဲ့ ကိုင်တိုင်ခံစားလိုက်ချင်မိပါရဲ့။ ကိုယ့်မိခင် ခံစားနေရတဲ့ အဖြစ်ကို မကြည့်ရက်လို့ ကွယ်ရာ မှာမျက်ရည်တွေသွန်ချလိုက်၊ မာမီ့ရှေ့မှာတော့ ဘာမှမဖြစ် သလို ဟန်ဆောင်ကောင်း ကောင်းနဲ့ စိတ်သက်သာစရာတွေ ရှာကြံပြောလိုက်နဲ့ ခုနစ်ထွေ မင်းသမီးလုပ်ရတဲ့ အဖြစ် ကလည်းတကယ်ဆင်းရဲခြင်းပါပဲ။

နေသာလိုက်၊ မနေသာလိုက်နဲ့ သုံးရက်မြောက်လာပါတယ်။ ဒေါက်တာနိုင်ဝင်းလည်း နေ့ စဉ်လာကြည့်ပြီး လိုအပ်သလို ကုသပေးဆဲပါပဲ။ ညဘက်တွေမှာတော့ သားရွှေစင်က ကျွန်မကိုကူပြီး လာစောင့်အိမ်ပေးပါတယ်။ သက်သာခိုက် အိပ်ရာပေါ်မှာ  နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မာမီ့ရဲ့မျက်နှာကို စေ့စေ့ကြည့်ရင်း တစ်သက်လုံး မကွဲကွာနေလာခဲ့ တဲ့ ဒီအမေကို မကြာမတင်ဆုံးရှုံးခွဲခွာရတော့မှာပါလား ဆိုတဲ့အသိကြောင့် ရင်ထဲမှာ လှိုက်လာ ပြီးမာမီ့ရင်ခွင့်မှာ ငယ်ရွယ်စဉ်ကလို ၀င်တိုးရင်း အားရှိပါးရှိ ငိုလိုက်ချင်တဲ့စိတ်ကို မနည်းပြန် ထိန်းထား ရပါတယ်။
အစရှိရင် အဆုံးရှိတယ်။ မွေးဖွားခြင်းမှာလည်း သေဆုံးခြင်းအဆုံး ရှိတယ်ဆိုတဲ့တရား သဘောကိုသိထားပေမဲ့ လက်တွေ့ မှာတော့ အတွေးနဲ့တောင် ရင်မှာနာကျင်မှုတွေက ပေါက်ကွဲထွက်မတတ် ခံစားရပါတယ်။ လွတ်လပ်ရေးနေ့ ရဲ့ အကြိုညမို့ တဒိန်းဒိန်းတ ဖောင်းဖောင်းနဲ့ နေရာတကာပစ်လွှတ်နေတဲ့ မီးပန်း မီးကျည်ရောင်စုံတွေ ကောင်းကင်တစ် ခုလုံး ပြန့်ကျဲနေတာကို ပြတင်းကလှမ်းမျှော်ကြည့်ရင်း အလှအပ ကိုမက်မော တတ်တဲ့ ကျွန်မ ခါတိုင်းလို မခံစားနိုင်ဘဲ ရင်ထဲမှာဆို့ကျပ်ပြီး မာမီ့ရဲ့ နောက်ဆုံးအချိန်ကို ဘယ်လို အားအင်နဲ့ ရင်ဆိုင် ရပါ့မလဲလို့ တွေးရင်း ပြင်ဆင်ကြည့်နေမိပါတယ်။

ကျွန်မကြာကြာပြင်ဆင်ချိန် မရလိုက်ပါဘူး။ ဇူလိုင်လလေးရက်လွတ်လပ်ရေးနေ့ ညနေမှာ မာမီ့အခြေအနေ သိသိသာသာ ဆိုးလာပါရော။ သားကြီးဝင်းက သူ့အဘွား ကိုနေသာ အောင်ရင်ခွင့် မှာထွေးပြီး ပွေ့ ထားပါတယ်။ ဒေါက်တာနိုင်ဝင်း ကိုအမြန်လာကြည့်ပေး ဖို့ ဖုန်းဆက်အကြောင်းကြားတော့ ချက်ချင်း ပဲ ရောက်လာပါတယ်။ စစ်ဆေးကြည့်တဲ့ အခါ မာမီ့ရဲ့နောက်ဆုံးအချိန် ရောက်တော့မယ်ဆိုတာ သိရတော့ တာပါပဲ။
အချိန်မီအရေးပေါ် (911)ခေါ်ဖို့ စီစဉ်ကြနဲ့ အားလုံးလည်း ပျာသွားကြတာပေါ့။ သားလတ် ရွှေစင် နဲ့ ချွေးမဘော်ဘီ တို့က အနားက လိုအပ်သမျှပြုစုပေးကြဆဲ ရှေးဦးသူနာပြုအဖြစ် ရဲကားနှစ်စီးခြောက်မိနစ် အတွင်း ရောက် လာပါတယ်။

အဲဒီအချိန် မာမီသတိလစ်သွားပါပြီ။ ပြန်ပြီးသတိလည်အောင် CRRလုပ်ကြ၊ ကျွန်မကြည့် နိုင်တဲ့ စွမ်းအင်မရှိတော့တာ နဲ့ တစ်ဖက်ခန်းပြေးပြီးရှိုက်ကြီးတငင် ငိုတော့တာပဲ။ ကျန်တဲ့ သားသမီးမြေးတွေလည်း ကျွန်မ အနား မှာလာတွယ်ပြီးငိုကြ၊ ဦးကျော်ဇောက ကျွန်မတို့ကို ဖက်ပြီးနှစ်သိမ့်ရ၊ တရားချရနဲ့ သူလည်း လက် မလည်နိုင်အောင်ပါပဲ။
သူနာပြုကားရောက်လာတဲ့အချိန် မာမီသတိပြန်လည်လာတာနဲ့ ဆေးရုံပို့ဖို့ ပြင်ဆင်ကြပါ တယ်။ မာမီနဲ့အတူ သူနာပြုကားပေါ်မှာ သားကြီးဝင်းနဲ့ သားလတ်ရွှေစင်တို့ လိုက်သွား ကြလေရဲ့။ ကျွန်မနဲ့ ဦးကျော်ဇောက ကားတစ်စီး နဲ့ နောက်ကအမီလိုက်ကြပါတယ်။ ဆေးရုံရောက်ပြီး ၁၇မိနစ်အကြာမှာ ကျွန်မမိခင် ဘ၀သစ်ကို ကူးပြောင်း သွားပါပြီ။ သားနှစ် ယောက် က ကျွန်မကို လာဖက်ပြီး ရှိုက်ကြီးတငင် ငိုကြလေရဲ့။

ငယ်ငယ်ရွယ်ရွယ် နဲ့ မုဆိုးမအဖြစ် နောက်အိမ်ထောင်မထူဘဲ တစ်ယောက်တည်း ရုန်းကန် ပြီးကျွန်မကို လူလားမြောက်အောင် စောင့်ရှောက်ခဲ့တဲ့ ကျေးဇူးရှင်မိခင် ကွယ်ပျောက်သွား ပါပြီ။
မိဘနဲ့ သားသမီးရဲ့သံယောဇဉ် ဆက်သွယ်မှုဆိုတာ နှိုင်းပြစရာမရှိအောင် ကြီးမားတဲ့ထု ထည်နဲ့ခံစားမှု တစ်ရပ်ပါပဲ။
ကျွန်မ ရဲ့ မျက်မှောက်မှာ "အမေ"ဆိုတဲ့ ပညတ်နဲ့လူသားတစ်ယောက်မရှိတော့ပေမဲ့ မေတ္တာစေတနာ၊ ကရုဏာ၊ ခွင့်လွှတ်ခြင်း ဆိုတဲ့ စုတ်ချက်ပေါင်းများစွာနဲ့ တစ်သက်တာ ရေးခြစ်ခဲ့တဲ့ အနုပညာဂန္တ၀င်မြောက်အောင် အရောင်အသွေး ထူးခြားလှပ တဲ့ မာမီ့ရဲ့ပုံရိပ် ပန်းချီကားကြီးတစ်ချပ်ကတော့ ကျွန်မရဲ့နှလုံးသားစံအိမ်ထဲမှာ ထာဝရ သိမ်းဆည်းထားမှာ သေချာလှပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, February 9, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၅ဝ)

 ကျွန်တော်သည် ဆွေးမြည့်နာကြည်းစိတ်များဖြင့် ရင်၌ ပြည့်လျှံလာသောအခါ အနာဟောင်းများကို စဉ်းစားရင်း မိမိဦးတည်ဆောင်ရွက်လျက်ရှိသော ဖက်ဆစ်တော်လှန်ရေးဟူသော ဦးတည်ချက်နှင့် အတူ မြစ်ဝကျွန်းပေါ် ရှိ ကျွန်မြူနစ် ပါတီ ကိုလည်းကောင်း၊ ကွန်မြူနစ်ပါတီ၏ လက်အောက် ခံ ပြောက်ကျား ရဲဘော် များကို လည်းကောင်း၊ နိုင်ငံရေးမှူးဆိုသူများကိုလည်းကောင်း ရန်သူ အဖြစ် မြင်လာခဲ့ ပါ သည်။ ထို့ထက် အခါအခွင့်သင့် လျှင် ရဲဘော်သောင်းအိ ကိုယ်စား လက်စားချေ မည် ဟူသော သန္နိဋ္ဌာန်ချထားလိုက်ပါသည်။ ထိုအချိန်မှစ၍ ကွန်မြူနစ် ဆန့်ကျင်ရေး သမား မြလှိုင် အဖြစ် ဘ၀ကူးပြောင်း ရောက်ခဲ့ရပါသတည်း။ ကို ဆက်ဖတ်ရန် ....

တူးမြောင်းရွာတွင် တစ်ပတ်ခန့် ရင်မှအနာကို ကုစားနေရပါသည်။ ထိုအချိန်တွင် ဗိုလ်ဘစိန်တပ်နှင့် ဆက်သွယ်သတင်းပို့၍ ဖျာပုံအနောက်ဘက် တိုက်ခိုက်ရေး တာဝန်ကို ဗိုလ်ဘစိန်ထံမှ ညွှန်ကြားရရှိပါသည်။ ကျွန်တော်တို့ တပ်စုသည် ကိုသိန်းဖေ၏ဌာနေ ပြောက်ကျားများနှင့်ပူးပေါင်း၍ ဖျာပုံ ဆင်ခြေဖုံးတစ်ဝိုက် ဖက်ဆစ် အလိုတော်ရိ များကို လိုက်လံသုတ်သင်ကြပြီး၊ အခြားကြီးချောင်းဝတွင် ဂျပန် အ၀ယ်တော်တပ်နှင့် တိုက်ခိုက်ခဲ့ရာ ရဲဘော်ဟန်ရင်ဆိုသူ ဒဏ်ရာရရှိခဲ့ပြီး ဖက်ဆစ်များဘက်မှ ၃ ဦး လက်ရ ဖမ်ီးးသုတ်သင်နိုင်ခဲ့ ကြပါသည်။

ဖက်ဆစ်တ်ာလှန်ရေး၏ အရှိန်အဟုန်မှာ မြစ်ဝကျွန်းပေါ်တစ်ခုလုံး မြင့်မားစွာ လှုပ်ရှားပေါ်ပေါက်လျက်ရှိပါ သည်။ ကျွန်တော် တို့ တစ်တွေမှာ ခြေလျင်ခရီး၊ လှေသမ္ဗန်စသည်တို့ဖြင့်သာ သွားလာနေခြင်းကြောင့် အချို့ နေရာများ သို့ လွယ်ကူစွာ ဆက်သွယ်နိုင်ခြင်းမရှိဘဲ ရန်သူအများအပြားကို လွတ်မြောက်စေခဲ့ပါသည်။ ထို့ပြင် ရန်သူများ သည် ယခုအခါ လူနည်းစု သွားလာခြင်းမပြုတော့ဘဲ တပ်စုလိုက်၊ တပ်ခွဲလိုက် စုပေါင်း၍ စနစ်တကျ လှည့်လည် သွားလာခြင်းပြုကြကုန်သည်။ ကျွန်တော့် တပ်စုသည် တူးမြောင်းရွာကို အခြေစိုက်စခန်းထားရှိပြီး ထိုမှတစ်ဆင့် လှည့်လည်တိုက်ခိုက်ကြပါသည်။ ထိုအချိန်တွင် ဖျာပုံမြို့၏ အခြေအနေသည် လှုပ်လှုပ်သာရှိနေပါသည်။

ဖက်ဆစ်များသည် ကျွန်တော်တို့ တပ်မတော်နှင့် တိုက်ခိုက် ရာတွင် အထိနာခဲ့ရသည်များကို အကြောင်းပြု၍ ဖျာပုံမြို့အား ကြွက်မနိုင် ကျီမီးနဲ့ရှို့သည့်ပမာ တစ်မြို့လုံး မြေလှန်သွားဖျက်ဆီးမည်ကို အထူးစိုးရိမ်လျက် ရှိပါ သည်။ ဖျာပုံမြို့ပေါ်တွင် ကျန်ရှိနေသော ကျွန်တော်တို့၏ အထောက်တော်များထံမှ ဖျာပုံမြို့ကို အမြန် သိမ်းပိုက်ရန် တိုက်တွန်းသည့် အကြောင်းကြား စာများကိုလည်း မကြာခဏ ရရှိပါသည်။ သို့ကြောင့်ပင် ကျွန်တော်တို့ အားလုံး ဖျာပုံမြို့သိမ်းရေး အစီအစဉ် များကို တမော့ဝစခန်းတွင်ရှိသော ဗိုလ်လက်ျာထံ သတင်းပို့ ရန် ကျွန်တော့်ကိုပင် တာဝန်ပေးလိုက်ပါသည်။
မကြည့်ချင် မြင်ချင်လျက်သားဆိုသည့် စကားပုံကဲ့သို့ ကျွန်တ်ာသည် တမော့ဝစခန်းသို့ သွားရောက်ရခြင်း ကိုမနှစ်မြို့သော် လည်း မိမိအထက်အရာရှိဖြစ်သူ ဗိုလ်ဘစိန်၏ စှာင့် ရေးသားစေလွှတ်သော အမိန့်ဖြစ်၍ မသွား၍ မဖြစ်ပေ။

သို့ဖြစ်ခြင်းကြောင့် ကျွန်တော်နှင့်အတူ ကိုသိန်းဖေ (အောင်ပင်လယ်သိန်ဖေ)၊ ရဲဘော် ဟန်ရင်၊ ရဲဘော် စံယျတို့ ကို ခေါ်၍ တမော့ဝစခန်းသို့ ခြေလျင်ခရီးဖြင့် ထွက်ခွာလာခဲ့ပါသည်။ ကျွန်တော်တို့ တွင် နံနက်စာအဖြစ် တူးမြောင်းရွာ မှ မစောမြင့်တို့ ပေးလိုက်သည့် ကောက်ညှင်းထုပ်တစ်တွဲစီ ပါခဲ့ကြပါ သည်။ ကျွန်တော်တို့ ထွက်လာသော အချိန်မှာ နံနက်လင်းစ အချိန်ဖြစ်၍ နှင်းရိပ်များ ပိတ်ဆီးနေသဖြင့် သွားလာရေးအတွက် လုံခြုံပါ သည်။ ရှေးဦးစွာ တူးမြောင်းမှ ကျုံးကူးရွာ အနောက်ဘက်မှတစ်ဆင့် အကြီးဝ ရွာသို့လည်းကောင်း ထိုမှတစ်ဆင့် သလိပ်ကြီးရွာ မှ ဌာနပြောက်ကျားခေါင်းဆောင် သခင်မှင်ထံသို့လည်း ကောင်း ရောက်ရှိခဲ့ပါသည်။ သခင်မှင်ထံသို့ ရောက်သောအခါ ဗိုလ်ဟန်သိမ်းတို့တပ်စု ဗိုလ်ဘစိန်ထံသို့ ထွက်ခွာသွားကြောင်း သတင်းရပါသည်။ သခင်မှင်တို့အဖွဲ့သည် ကျွန်တော်တို့အား ဘောက်တူတစ်စင်းဖြင့် တမော့ဝရွာသို့ ပို့ဆောင်ပေးပါသည်။ တမော့ဝရွာသို့ ရောက်သောအခါ ညနေ ၄ နရီခန့်ပင် ရှိချေပါပြီ။

ယခုတစ်ခေါက်တွင် တမော့ဝရွာ၌ ဗိုလ်မြတ်ကျော် မရှိတော့ပေ။ ကျွန်တော်သည် ရွာခံပြောက်ကျားခေါင်း ဆောင် ရဲဘော်စိန် အား ကျွန်တော့်အား ဗိုလ်ဘစိန်တို့၏ ခိုင်းစေချက်အရ ဗိုလ်လက်ျာနှင့် တွေ့ရှိရန် ရောကှ်ိနေကြောင်း သတင်းပို့ခိုင်း လိုက်ပါသည်။ မကြာမီ ဗိုလ်တင်အေး (အမ်-တင်အေး) လိုက်လာပြီး ဗိုလ်လက်ျာနှင့် တွေ့ဆုံ ရန် ခေါ်ယူသွားပါသည်။
“ဆိုစမ်း မြလှိုင်၊ ဘာထူးလဲ”

“ဖျာပုံမြို့ အခြေအနေဟာ စိုးရိမ်စရာဖြစ်နေတယ်။ ဖက်ဆစ်ရန်သူများက မြေလှန့်မီးရှို့မှာ စိုးရိမ်ရတယ်။ ဒါကြောင့် ဖျာပုံ ကို ကျွန်တော်တို့တပ်မတော်က ၀င်သိမ်းထားချင်တယ်။ ဒါကို ဗိုလ်ဘစိန်က သတင်းပို့ပြီး ညွှန်ကြားချက် ကို တောင်းခိုင်းလိုက်ပါတယ်”
“ဘယ်ဖြစ်မလဲကွ”
“ဗိုလ်လက်ျာ၏ အသံမဟုတ်ဘဲ အခြားအသံတစ်ခု ဖြစ်ခြင်းကြောင့် ကျွန်တော် မော်ကြည့်လိုက်သည်။ ဖက်လက်စ စာအုပ်တစ်အုပ်ကို လက်ညှိုးခြား၍ ကိုင်ရင်း၊ စကားဝိုင်းသို့ ၀င်လာသော ဆရာကြီး သခင်စိုး ကို တွေ့လိုက်ရပါသည်။ ကျွန်တော်သည် သခင်စိုးအား ကောင်းသည်ဆိုးသည်ဟု ဆက်၍ မပြောဘဲ ဗိုလ်လက်ျာ ကို စူးစိုက်ကြည့်နေလိုက်ပါသည်။ ထိုအခါ သခင်စိုးက ဆက်၍ ပြောပြန်သည်။
“ဖျာပုံမြို့ ကို ၀င်သိမ်းလို့ လက်ဝယ်ရပြီပဲ ထားပါတော့။ ရန်သူက နောက်တစ်ခါ အလုံးအရင်းနဲ့ ၀င်ပြီးချလို့ ဆုတ်ပေးရမယ်ဆိုရင် ဖျာပုံတစ်မြို့လုံး ပြာပုံဖြစ်သွားမယ် မဟုတ်လား သခင်လှဖေ”
ဗိုလ်လက်ျာက စကားပြန်မပေး။ ကျွန်တော့်ကိုလည်း မကြည့်ဘဲ သူကြီး ဦးညွှန့်အိမ်တွင် ရှိနေသော မေဂျာဗွိုက်တို့နှင့် ကိုသောင်းတို့အား သွားရောက်ခေါ်ယူခဲ့ရန် ဗိုလ်တင်အေး (အမ်-တင်အေး)အား စေလွှတ် လိုက်ပါသည်။

“မြလှိုင်၊ မင်း ဒီတစ်ည ဒီမှာ နေဦးကွ။ တို့တိုင်ပင်ပြီး အဖြေပေးမယ်မဟုတ်လား”
မကြာမီ ဗိုလ်တင်အေး (အမ်-တင်အေး) နှင့်အတူ၊ မေဂျာဗွိုက်တို့ ၀ိုင်ယာလက် အော်ပရေတာ ချာလီ၊ လေထီးဆင်း ကိုဘသောင်း (ဦးဘသောင်း၊မြန်မာ့ထုတ်ကုန်သွင်းကုန် ကော်ပိုရေးရှင်း) တို့ ရောက်ရှိ လာပါ သည်။ ၎င်းတို့အား ဗိုလ်လက်ျာက ဖျာပုံမြို့ အခြေအနေ၊ ရန်သူအင်အား၊ ဖျာပုံမြို့ပတ်ပတ်လည်၌ရှိသော ဗမာ့ တပ်မတော်အင်အား၊ ကွန်မြူနစ်ပြောက်ကျားအင်အား စခန်းများကို ရှင်းပြပြီးနောက်၊ ဖျာပုံမြို့ သိမ်းပိုက်ရေးကို တိုင်ပင်ပါသည်။ ဗိုလ်လက်ျာ၏ ပြောကြားချက်များကို နားထောင်၍ မေဂျာဗွိုက်တို့နှင့် ကိုဘသောင်း တို့က ဖျာပုံမြို့ကို တပ်မတော်မှ ၀င်ရောက်သိမ်းခြင်းသည် တစ်ဖက်နှင့်တစ်ဖက် ၀င်ရောက် သိမ်းယူရမည် ဖြစ်၍ (၁)နှစ်ဘက် အကျအဆုံး ရှိနိုင်ကြောင်း၊ (၂) ရန်သူက ဆုတ်ခွာရာတွင် မြို့အား မီးရှို့ ဆုတ်ခွာနိုင်ခြင်း၊ (၃) ထိုသို့ အချိန်မရသည့်တိုင်အောင် တိုက်ပွဲ၌ မြို့သူမြို့သားများ ထိခိုက်နိုင်ခြင်း စသည် တို့ကြောင့် တိုက်ခိုက်သိမ်းယူခြင်း မပြုသင့်ကြောင်း ပြောကြားပါသည်။

“အကောင်းဆုံး အကြံဥာဏ်ပေးနိုင်ပါသလား”
“ဖြစ်နိုင်ရင် ရန်သူ့စခန်းတွေ ဘယ်မှာရှိတယ်၊ အင်အား ဘယ်လောက်ရှိတယ်၊ ဘယ်နှစ်နေရာရှိတယ်ဆိုတာ တိတိကျကျ မြေပုံနဲ့တကွရရင် ကျွန်တော်တို့ ဗုံးကြဲပေးမယ်။ ဒါဆို ရန်သူ့စခန်းပဲ ပျက်စီးမယ်”
“မြလှိုင် ကြားလာ။ မင်း ရန်သူ့စခန်းတွေကို တိတိကျကျညွှန်းတဲ့ မြေပုံ ရနိုင်မလား”
“ရနိုင်ပါတယ်။ ကျွန်တော် ခုပြန်ပြီး ရရချင်း လာပို့ပေးပါမယ်”
“ဗိုလ်ဘစိန်တို့ကို ဖျာပုံသိမ်းရေး ခဏဆိုင်းထားဦးလို့ ပြောလိုက်ကွာ”
ဗိုလ်လက်ျာဆီမှ ပြန်လာသောအခါ ရဲဘော်ဟန်ရင်အား ဗိုလ်ဘစိန်ထံသို့လည်းကောင်း၊ ရဲဘော်စံယျအား ဖျာပုံ ၇ လမ်းမှ ဦးလေး ဦးအုန်းစိန်ထံသို့ လည်းကောင်း သတင်းပို့ခြင်း၊ မြေပုံရရှိရေးတို့ကို ဆောင်ရွက်ပါသည်။

ဦးလေးဦးအုန်းစိန်သည် အခွန်ဝန်ရုံးတွင် တာဝန်ထမ်းဆောင်နေသူဖြစ်၍ မြေပုံရရှိရေးမှာ မခက်ခဲသော်လည်း ဖက်ဆစ်များ၏ စခန်းများ အတိအကျရရှိရန် လွယ်ကူမည်ဟု မထင်ခဲ့ပေ။ သို့သော် ဦးအုန်းစိန် သည် အောက်ကွင်းရွာဘက်သို့လည်းကောင်း၊ ဖျာပုံမြို့ပတ်လမ်းဘက်သို လည်းကောင်း လှည့်လည်ကြည့်ရှုပြီး ရန်သူစခန်း များကို မြေပုံကြမ်း ဆွဲပေးရုံသာမက ဖျာပုံမြို့ စည်ပင်သာယာအဖွဲ့မှ ရရှိသော မြေပုံပေါ်တွင် မင်နီသား၍ ရန်သူစခန်းများကို ဖော်ပြပေးလိုက်ပါသည်။ ဦးအုန်းစိန် ထံမှ မြေပုံ ရလျှင်ရချင်း ကျွန်တော်သည် တမော့ဝစခန်းသို့ ခရီးပြင်းပြန်လာခဲ့ပြီး မြေပုံများကို အပ်နှံလိုက်ပါသည်။ မြေပုံများ ရရှိပြီးနောက် မကြာမီ ရန်သူစခန်းများအား မဟာမိတ်တို့မှ သွားရောက် ဗုံးကြဲခဲ့သော်လည်း မှန်းခြေမကိုက်ဘဲ ရန်သူစခန်း တစ်ခုမှလွဲ၍ ဖျာပုံမြို့တွင်းသို့ ဗုံးအချို့ကျခဲ့သဖြင့် ရပ်သူ ရပ်သားအချို့ သေဆုံးခဲ့ကြရပါသည်။ ယင်းကိစ္စတွင် ကျွန်တော် တရားခံဖြစ်နေမည်လားပင်မသိဟု စိတ်ထဲတွင် ခံစားခဲ့ရပါသည်။

ကဇောင်းတိုက်ပွဲ

ဤတိုက်ပွဲား မြစ်ဝကျွန်းပေါ် ဖက်ဆစ်တော်လှန်ရေးတွင် သမိုင်းတွင်ရစ်သည့် တိုက်ပွဲကြီးတစ်ခုဖြစ်ပါ သည်။ ဖက်ဆစ်တပ် များသည် အရူးမီးဝိုင်းဟိုမှသည်မှ တိုက်ခိုက်ခြင်းခံရသောကြောင့် ၎င်းတို့၏ စစ်ဆင်ရေး နည်းဗျူဟာ ကို ပြောင်းလဲသုံးစွဲလာပါသည်။ ၎င်းတို့သည် တပ်မတော်သားများ ရှိမည်ထင်သော ရွာသို့ အလုံး အရင်းနှင့် ချီတက်၍ ရွာသူရွာသားများရှိမည်ထင်သောရွာသို့ အလုံးအရင်းနှင့် ချီတက်၍ ရွာသူ ရွာသားများကို ဖမ်းဆီး စစ်မေးခြင်း၊ မီးရှို့ခြင်းများကို ပြုပါသည်။ ကြာသော် ရွာသူရွာသားများသည် တပ်မတော်သားများကို လက်ခံ ရန် အလွန်ကြောက်ရွံ့ကြကုန်သည်။ ယခုအခါ အင်အားကြီးမားစွာ တပ်စွဲ ထားသော နေရာ ၂ ခုသာရှိ ပါသည်။ ယင်း ၂ ခုမှာ (၁) ကျွန်တော့်တပ်စုနှင့် အင်အား ၃၀၀ ခန့်ရှိသော ပြည့်သူ့ အရေးတော်ပုံပါတီ မှ ပြောက်ကျား များ၏ တူးမြောင်းစခန်း၊ (၂) ဗမာ့တပ်မတော် ဗိုလ်ဘစိန် ဦးစီးသောတပ်နှင့် ကွန်မြူနစ်ပြောက်ကျား ၂၀၀ ခန့် ရှိသော ကဇောင်းရွာစခန်းတို့ ဖြစ်ကြပါသည်။
ထိုနေ့ ကား သင်္ကြန်အကြိုနေ့ဖြစ်သည်။

တူးမြောင်းရွာသို့ ဆက်သားရောက်လာသည်။ ဖျာပုံတွင် ဖက်ဆစ်တပ်နှင့် ရဲအဖွဲ့ ဘေိုထိုင်အဖွဲ့များ စုဝေး၍ နယ်သို့ ဆင်းကြမည်ဟူသော သတင်းဖြစ်သည်။ ယင်းသတင်းအရ ကျွန်တော်တို့သည် ရန်သူများ ချီတက်လာနိုင်သည့် ရေလမ်း၊ ကုန်းလမ်းများမှ ဆီးကြိုတိုက်ခိုက်နိုင်ရေးကို စီစဉ်ကြပါသည်။ သို့သော် ထိုနေ့တစ်နေကုန် သည်အထိ ရန်သူများ ချီတက်တိုက်ခိုက်ခြင်းမရှိသဖြင့် အခြေအနေကို မစဉ်းစား တတ် အောင် ဖြစ်မိပါသည်။ ထိုနေ့ည ၈ နာရီခန့်တွင် ဓနုံးချောင်းရွာမှ ရဲဘော်လှဦးဆိုသူ အရေးတကြီး ရောက်ရှိ လာပြီး ယခုညနေဘက် က ရဲသား ၃၀ ခန့်၊ ကေဘိုထိုင် ၂၅ ခန့်၊ ဟေးဟိုး ၁၀ ခန့်နှင့်ဖက်ဆစ်တပ်မှ စစ်သား ၁၅၀ ခန့်ဖျာပုံမြို့ ၏ တောင်ဘက်သို့ ဆင်းသွားကြသည်။ ၎င်းတို့ ချီတက်သည်မှာ ဗမာ့တပ်မတော် အား တိုက်ခိုက် ရန် ဖြစ်သော်လည်း မည်သည့်ဒေသသို့ သွားရောက်ကြသည်ကို တပ်အပ်မပြောနိုင်ကြပေ။ ကျွန်တော် သည် ကိုလှဦး၏ စကားဆုံးသောအခါ ဖက်ဆစ်ရန်သူများ အနေဖြင့် ကျွန်တော့်စခန်းအား တိုက်ခိုက်ခြင်း မပြုလျှင် မုချမသွေ ကဇောင်းတွင် တပ်စွဲထားသော ဗိုလ်ဘစိန်တပ်သို့ တက်ရောက် တိုက်ခိုက်ခြင်းဖြစ်မည်ကို သဘောပေါက်မိပါသည်။

ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ဖြစ်၍ ကဇောင်းရွာဖျားမှ အိုးစည်သံကလေးသည် လေဟုန်စီး၍ လွင့်ပါး လာသည်။ ရွာသူရွာသားများဖြစ်ကြသော သက်ကြီးရွယ်အိုများမှာ သီလဆောက်တည်ရန် ရွာဦးကျောင်းသို့ လှူဖွယ်ဝတ္ထုတို့ဖြင့် ရောက်ရှိကြကုန်သည်။ ဗိုလ်ဘစိန်သည် ဆေးမှူး ဆရာတင်အောင်နှင့်အတူ ကင်းများ စစ်ဆေးပြီး ကဇောင်းအနောက် ရွာသူကြီးနှင့် သူကြီးကတော်တို့ ဘုန်းကြီးကျောင်း သွားရန် ပြင်ဆင်နေ ၍ နှုတ်ဆက်စကားပြောဆိုပြီး သူကြီးအိမ်ရှေ့ကြမ်းပေါ်၌ အိပ်ပျော်နေသော ဗိုလ်ကျော်စိုးအား နှိုး၍ အကျိုး အကြောင်းမေးမြန်းကြည့်ရာ ဗိုလ်အောင်စိန်တို့ ကျုံကဒွန်းဂါတ်ကိုစီး၍ သိမ်းယူခ့သော လက်နက်များ လှေနှင့် အပြည့် ပါလာကြောင်း ပြောကြားသဖြင့် တပ်မတော်အတွက် လုံလောက်သော လက်နက် ခဲယမ်းမီး ကျောက်များ ဖြည့်ဆည်းရရှိသဖြင့် ဗိုလ်ဘစိန် ၀မ်းသာမိသည်။ ဗိုလ်ကျော်စိုးအား ချီးကျူးစကားပြော ဆို၍ ကဇောင်းအရှေ့ရွာတွင် ဗိုလ်ဟန်သိမ်းတပ်နှင့်အဆင်သင့်တွေ့၍ ဗိုလ်ဟန်သိမ်းတပ် ခရီးထွက်ရေးကို စီစဉ် ညွှန်ကြား လျက်ရှိပါသည်။ ထိုအခိုက် ကရင်အဘိုးအို တစ်ယောက် မောပန်းကြီးစွာဖြင့် ရောက်ရှိလာပြီး ဖက်ဆစ်တပ်ကြီး ချီတက်လာပြီဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ပုလိပ်အဖွဲ့ ကေဘိုထိုင်နှင့် ဟယ်ရီသိန်းဆိုသူ လည်းပါကြောင်း ပြောပြပါသည်။

“ဖထီး၊ ဖက်ဆစ်တပ်က ချီတက်လာတာ သေချာရဲ့လား”
“ဝေး ... ငါဘာလုပ် မုသားပြောရမှာလဲ စစ်ဗိုလ်ကြီးရယ်။ သင်းတို့နဲ့ ငါနဲ့တွေ့ခဲ့တာပဲ။ သူတို့က ငါ့ကို မှာတယ်။ ဗမာတွေ ကို မပစ်ပါနဲ့တဲ့။ သူတို့လည်း ဗမာစစ်သားတွေကို မပစ်ပါဘူးတဲ့။ သေနတ်သံကြားရင် မြေမှ ၀ပ်နေပါမယ် တဲ့”
“ကျေးဇူးတင်တယ် ဖထီး၊ ကျွန်တော်တို့ ခုပဲ စီစဉ်ပါမယ်”
ကရင်အဘိုးကြီး ထွက်သွားသောအခါ ဗိုလ်ဟန်သိမ်းခရီးထွက်ရေးကို ဖျက်သိမ်းလိုက်ပြီး၊ ရန်သူများအား အဆင်သင့် ဆီးကြိုတိုက်ခိုက်နိုင်ရန် စဉ်းစားရပါသည်။ ထိုအချိန်မှာပင် သပေကန်ရွာသားတစ်ယောက် အပြေး အလွှားရောက်ရှိ လာပြန်ပြီး။ ဖက်ဆစ်တပ်ကြီး တက်လာနေပြီဖြစ်ကြောင်း ပြောလာပြန်ပါသည်။ ယင်းသို့ဆိုလျှင် ရန်သူများ အင်အားကြီးမားစွာဖြင့် တိုက်ခိုက်တော့မည်မှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။ ဗိုလ်ဘစိန်သည် ဆရာတင်အောင် ၏ လက်ကို တင်းတင်းဆုပ်၍ စကားဆိုသည်။

“ပွဲကြီးပွဲကောင်းတော့ တွေ့ရပြီပေါ့။ အရာတင်အောင်ရေ”
ဖက်ဆစ်တပ်မှ တပ်ခွဲတစ်ခွဲ ၁၅၀ နှင့် ရဲအဖွဲ့ဝင်များ၊ ကေဘိုထိုင်များ၊ ဟေးဟိုးများ စုစုပေါင်း အင်အား ၂၀၀ ကျော်ခန့်တို့သည် ဧပြီလ ၁၃ ရက်နေ့ညနေတွင် ဖျာပုံမြို့မှ စတင်ထွက်ခွာလာကြပြီး ဖျာပုံတမံရွာတွင် စခန်းချ ပါသည်။ ထိုမှတစ်ဆင့် မရောင်းရကျော်အတိုင်း ချီတက်လာခြင်းဖြစ်ပါသည်။ ရန်သူများသည် စက်သေနတ်ကြီး၊ စက်သေနတ်ကလေးများ အပါအ၀င် လက်နက်မျိုးစုံ ပါဝင်ပီး မြန်မာများကို ရှေ့မှတင်၍ ချီတက် လာခြင်းဖြစ်သည်။ မြန်မာများအနေဖြင့် နီးရာဓားကို ကြောက်၍ သူ့ဆန်စား ရဲရသော်လည်း တကယ်တမ်း အသက်ဖြင့် ရင်း၍ တိုက်ရတော့မည်ကို သသောအခါ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့ကြ ကုန်သည်။

ထို့ပြင် ဗမာ့တပ်မတော်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲအသီးသီးတွင်လည်း ဖက်ဆစ်များ အရေးနိမ့် လျက်ရှိကောင်း မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည်။ ထိုထက် မကြာသေးမီက မဟာမိတ်တို့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခြင်းသည် ဖက်ဆစ်တော်လှန်ရေးတွင် တပ်မတော်နှင့် မဟာမိတ်တို့ ပူးပေါင်းမိခြင်းဖြစ်ကြောင်း သတင်းကြားပြီး လည်း ဖြစ်ပါသည်။
ကျွန်တော့် မိဘ ညီအစ်ကို မောင်နှမများနှင့် ဇနီးဖြစ်သူ သန်းသန်းတို့သည် ဖက်ဆစ်များ အလုံးအရင်းနှင့် ဗမာ့တပ်မတော် အား တိုက်ခိုက်ရန် ဆင်းသွားပြီဟူသော သတင်းကို ကြားသိလိုက်သည်နှင့် တစ်ပြိုင်နက်၊ စိုးရိမ် ပူပန်စိတ် များ အထွတ်အထိပ်သို့ ရောက်ခဲ့ကြလေသည်။ မည်မျှပင် ကျွမ်းကျင်သည် ဆိုလင့်စကား လက်နက်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရသော အလုပ်သည် အသက်ခန္ဓာကိုယ် အရင်းတည်ရသောအလုပ် မဟုတ် ပါလား။ သန်းသန်းသည် ဘုရားစင်ရှေ့တွင် တစ်နေကုန်ထိုင်နေသည်။ မိခင်နှင့် အဒေါ်များသည် ကမ~မဋ္ဌာန်းကျောင်း ၌ မေတ္တညကမ~မဋ္ဌာန်းကို ထိုင်၍ မေတ္တာပို့လျက် ရှိကြကုန်သည်။ ထိုအချိန် ကျွန်တော် သည် လက်နက်ခဲယမ်းမီးကျောက်များကို စစ်ဆေးလျက်ရှိနေပါသည်။

ဗိုလ်ဘစိန်သည် သပြေကန်ရွာမှ ဆက်သားဖြစ်သူအား ကဇောင်းရွာအတွင်း အသိအိမ် တွင် နေထိုင် ရန်၊ လောလောဆယ် ရွာသို့ မပြန်ရန် တိုက်တွန်းရင်း ဗိုလ်ဟန်သိမ်းအား အသင့်ပြင်ရန် ပြောပါသည်။
“ဗိုလ်ဟန်သိမ်း၊ ခင်ဗျားတပ်ဖွဲ့ အဆင်သင့်ဖြစ်ရင် ကန်ဘောင်ကိုသွားနှင့်ပါ။ ဟိုမှာ စက်သေနတ်ကြီး တပ်ခွဲက ဗိုလ်ချစ်စု သူ့တပ်နဲ့ ရှိနေတယ်။ ဗိုလ်ချစ်စုကိုလဲ ပြောလိုက်ပါ။ ရန်သူအင်အား ၂၀၀ နဲ့ ၃၀၀ လောက်ရှိတယ်။ အသင့်ရှိနေပါလို့။ နောက်ပြီး ကျုပ် လိုက်လာမယ်”
ဗိုလ်ဘစိန်စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဗိုလ်ဟန်သိမ်း၏ တပ်သည် လက်နက်ကိုယ်စီဖြင့် ကန်ဘောင် ဆီသို့ အပြေး ချီတက် သွားသည်။ ထိုအခိုက် ဗိုလ်ဘစိန် ခေါင်းထဲသို့ အသိတစ်ခု တိုးဝင်လာသည်။ ယခု ရန်သူများ ချီတက် လာကြောင်း သတင်းပေးသူများမှာ ရွာသားများသာဖြစ်သည်။ ၎င်းတို့သည် ရန်သူအင်အား၊ လက်နက် အင်အားနှင့် မည်သည့်လမ်းက ချီတက်လာသည်ကို တိတိကျကျ မပြောနိုင်ပေ။ အကောင်းဆုံးမှာ မိမိတပ်မှ ရဲဘော်ကို ရုပ်ဖျက်စေလွှတ်ရန်ပင် ဖြစ်သည်။ ထို့ကြောင့် -
“ဟေ့ ... ရဲဘော် မောင်သန်း၊ အကူရဲဘော်တစ်ယောက်ကိုပါ ခေါ်သွား၊ ငါးဆောင်းတို့၊ ငါးတို့ ကွန်တို့ ယူပြီး ရန်သူအင်အားကို သွားထောက်ချေပါ။ အင်အား၊ လက်နက်၊ ဘယ်ပုံစံနဲ့ ချီလာတယ်ဆိုတာ မှတ်ခဲ့။ ကိုင်း ... သွားတော့ဒါပဲ”

ရဲဘော်မောင်သန်းနှင့်အတူ ရဲဘော် ညိုမှိုင်းတို့ ထွက်သွားကြသည်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ထို့နောက် ကျုံကဒွန်းရွာမှ သိမ်းဆည်းလာသော လက်နက်များအနက် ရိုင်ဖယ်များကို ရဲဘော်များအား ပေးဝေစေပြီး နှစ်လုံးပြူး၊ ၀င်ချက်စတာ သေနတ်များကို ရွာမှ ပြောက်ကျားများအား ဝေငှပေးထားရန် မှာ ကြားရပါသည်။ ဗိုလ်ဘစိန်သည် မိမိအဖြစ်ကို စဉ်းစားရင်း ပြုံးမိသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ သင်္ကြန်အကျနေ့တွင် မိမိတပ်နှင့် ရွာခံများ စုပေါင်း၍ ရိုးရာအတာပွဲကလေး လုပ်၍ ရဲဘော်များအား အပန်းဖြေစေမည်ဟု မျှော်လင့်ထားခ်ျကလေး ပျောက်ဆုံးသွားခြင်းပင် ဖြစ်ပါသည်။ မိမိ၏အပြုံးကလေး မပျက်ပြယ်မီပင် ဆက်သားတစ်ဦး အပြေးအလွှား ရောက်လာပြန်သည်။

“ဆိုစမ်း ... ရဲဘော်၊ ဖြည်းဖြည်းပြော၊ အမောလည်းဖြေဦး။ ဟေး ... ရဲဘော်တစ်ယောက် ရေတစ်ခွက်ယူခဲ့ စမ်းဟေ့”
“ဖက်ဆစ်တပ်ကြီး၊ ဖိုးရှမ်းပေါစုဘက် ရောက်လာပြီ”
“ဘယ်လောက်များသလဲ ရဲဘော်”
“အိုး ... အများကြီးပဲ ဗိုလ်ကြီး။ အများကြီးပဲ။ လူ ၄ ယောက် ထမ်းတာကြီးတွေလည်း ပါတယ်ဗျ”
“အင်း ... စက်သေနတ်ကြီး ပါလာတာကိုး”
ဗိုလ်ဘစိန်သည် ဆက်သားရဲဘော်အား မေးမြန်းပြီးသောအခါ ဗိုလ်ကျော်စိုးနှင့် ရုံးအဖွဲ့အား ရုံးပစ္စည်းများ သိမ်းဆည်း၍ ပြောင်းရွှေ့ထားရန် မှာကြားပြီး၊ ဗိုလ်မျိုးချစ်နှင့် ရဲဘော်သစ်များအား ရွာအနောက်ဘက် စည်းရိုးသို့ သွားရောက်၍ ရန်သူများ ရွာအတွင်း ၀င်ရောက်ခြင်း မပြုရန် ဟန့်တားတိုက်ခိုက်ရန် မှာကြား လိုက်ပါသည်။ ဗိုလ်မျိုးချစ်တို့ လူသိုက် ထွက်ခွာသွားသော အခါ ဗိုလ်ဘစိန်သည် လက်နက်အပြည့်အစုံကို ယူ၍ ရဲဘော် ဘတင့်၊ ရဲဘော်ထွန်းကြည်တို့နှင့်အတူ ဖျာပုံကွန်မြူနစ်ပါတီ မြို့နယ်ခေါင်းဆောင် ကိုမြင့်အောင် (ခ) ကျော်သိန်း၊ ကိုဘဥာဏ်၊ ကိုတင်အေးတို့အားခေါ်၍ ဗိုလ်ချစ်စု၊ ဗိုလ်ဟန်သိမ်းတို့ရှိရာ ကန်ဘောင်ဆီသို့ ထွက်လာခဲ့ပါသည်။ လမ်းတွင် ကင်းထောက်လွှတ်လိုက်သော ရဲဘော်မောင်သန်းနှင့်တွေ့၍ မောင်သန်းအား အကျိုး အကြောင်း မေးရပါသည်။

“ရဲဘော်မောင်သန်း၊ အခြေအနေ ဘယ်လိုလဲ”
“ဟော ... ဟိုမှာ လာနေပြီ ဗိုလ်ကြီး၊ မ်ြငတ်ယ မဟုတ်လား”
ရဲဘော်မောင်သန်းညွှန်ရာသို့ ကြည့်လိုက်သောအခါ ရန်သူများသည် ရွာဆီသို့ လူတန်း ၂ တန်းခွဲ၍ ခပ်ကျကျဲ ချီတ်လာသည်ကို တွေ့ရပါသည်။ ယခုတက်လာသော အင်အားမှာ ၄၀-၅၀ ခန့်သာဖြစ်သည်။
“ဒါပဲလား၊ မောင်သန်း”
“မဟုတ်ဘူး၊ ဖိုးရှမ်းပေါစု ဘက်ကလည်း တချို့ ချီတက်လာနေတယ်”
“ဘယ်လောက်များလဲကွ”
“ဒါထက် များတယ်။ ဖက်ဆစ်တပ်က ၁၀၀ လောက်၊ အရန်တပ်နဲ့ဆို ၂၀၀ ကျော်ကျော် ရှိတယ်ထင်တယ်၊ ဗိုလ်ကြီး”
“ကိုင်း ... မောင်သန်း၊ မင်းတပ်ကို အမြန်သွားတော့”

ရဲဘော်မောင်သန်း ထွက်ခွာပြီးနောက်၊ ဗိုလ်ဘစိန်သည် ကန်ဘောင်ရိုးပေါ်မှ ချီတက်လာသော ရန်သူတပ် များအား ကိုယ်ရောင်ပြ၍ ရပ်နေလိုက်သည်။ ရန်သူတပ်များသည် ၂ တန်း ချီတက်လာရာမှ ၄ တန်း ခွဲလိုက် သည်။ ကန်ဘောင်အတွင်းမှ စက်သေနတ်ကြီး ရဲဘော်မောင်ပေါသည် ရန်သူများအား စက်သေနတ်ကြီးဖြင့် လိုက်ချိန်ရင်း မရိုးအရွ ဖြစ်နေသည်။ ၎င်း၏ လက်ချောင်းကလေးများသည် တပ်ခွဲမှူး၏ “ပစ်”ဟူသော အမိန့်ကို စောင့်ရင်း ခလုတ်ပေါ်တွင် အသာတင်ထားလိုက်သည်။ ရဲဘော်သာထိုက်မှာ စက်သေနတ်ကြီး ဘေးမှ ယမ်းဗုံးကြီးကို ဖွင့်ကာ ယမ်းကတ်များ တစ်ကတ်ပြီးတစ်ကတ် ထိုးပေးရန် အသင့်စောင့်နေပါသည်။

ထို့အတူ ဗိုလ်ဟန်သိမ်း ၏ တပ်မှာလည်း ကန်ဘောင်တွင် ၀ပ်၍ အသင့်ချိန်ထားကြသည်။ စက်သေနတ်ကီး တပ်ခွဲမှူး ဗိုလ်ချစ်စု၊ တပ်ခွဲ (၂) တပ်ခွဲမှူး ဗိုလ်ဟန်သိမ်းတို့သည် ရန်သူ့ အခြေအနေကိုကြည့်၍ တာဝန်များကို ခွဲဝေလျက်ရှိကြသည်။ ရဲဘော်မောင်ပေါသည် သူ့တပ်ခွဲမှူး ဗိုလ်ချစ်စုအား ပစ်ရတော့မလား၊ ပစ်ရတော့မလားဟု တမေးထဲ မေးနေပါသည်။ ဗိုလ်ချစ်စုသည် ရန်သူများကို နောက်ဆုံးလူမှ စ၍ ပစ်ပြီး ရှေ့ကို ဆွဲ၍ ပစ်ရမည်ဟု ပြော၍ “ပစ်” ဟူသော အမိန့်ကို ပေးလိုက်ပါသည်။ အမိန့်သံဆုံးသည်နှင့်တစ်ပြိုင် နက်၊ စက်ကြီးသံ၊ ဘရင်းဂန်းသံ၊ ရိုင်ဖယ်သံများသည် ဘ၀ဂ်သို့တိုင် ဆူယံသွားပါတော့သည်။ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ပစ်နေကြသည်မှာ အ၀ီစိပွက်မျှ ဖြစ်ပါသည်။ နံနက် ၇ နာရီခန့်မှ စတင်တိုက်ခဲ့ကြ သည်မှာ ၈ နာရီ ကျော်သည့်အထိ တိုက်ပွဲကား ပြင်းထန်ဆဲဖြစ်သည်။ ရန်သူများသည် တိုက်ကွက်များပြောင်းလာသည်။

ကဇောင်းရွာ နောက်ကျောမှ ပန်း၍တက်ကာ ရွာကို သိမ်းမိရန် ကြိုးစား ကြပြန်သည်။ အနောက်ဘက်တွင် ဗိုလ်မျိုးချစ်နှင့် ဗိုလ်မိုးနက်တို့ရှိကြသည်။ ၎င်းတို့သည် ရဲဘော်သစ်များ ကို ဦးဆောင်၍ ရှိသမျှအင်အားဖြင့် ခုခံလျက်ရှိကြပါသည်။ ရွာသူရွာသားများကလည်း ရန်သူများ ကြောက် လန့်စေရန် ညာသံပေး၍ ပါးစပ်သေနတ်များ ပစ်ပေးကြပါသည်။ ရန်သူများသည် ထိုအခါတွင်မှ လူစုလူဝေး ရှိနေသော နေရာကို ခန့်မှန်းသိရှိကာ စိန်ပြောင်းနှင့် ပစ်ပါတော့သည်။ စိန်ပြောင်းကျည်ဆန် သင့်၍ ရွာသား ရဲဘော်တစ်ယောက် ကျဆုံးသွားပါသည်။ ထိုအချိန်တွင် ဗိုလ်မျိုးချစ်၊ ဗိုလ်မိုးနက်၊ ဗိုလ်ကျော်စိုးတို့ လူသိုက်မှာ ရန်သူများ၏ လက်ချက်ဖြင့် ဗိုလ်ဘစိန်နှင့်တကွ ဗိုလ်ချစ်စု၊ ဗိုလ်ဟန်သိမ်းနှင့် ရဲဘော်အားလုံး ကျဆုံးကုန်ပြီဟု ယူဆကာ ၀ဲကြီးရွာဆီသို့ ဆုတ်ခွာသွားကြပါတော့သည်။
စက်ကြီးနှင့် တရစပ်ပစ်နေသည့်ကြားမှ ရန်သူများသည် တွား၍ တက်လာကြသည်။

ယင်းကား ဖက်ဆစ် များ၏ မဆုတ်မနစ်သော အသေခံတိုက်သည့် ချီးကျူးဖွယ် စိတ်ဓာတ်ပင်ဖြစ်ပါသည်။ ဗိုလ်ဘစိန်သည် ရန်သူ များနောက်ကျောမှ တ်၍ ရွာကိုသိမ်းပြီး မီးရှို့မည်ကို စိုးရိမ်ပူပန်လာသည်။ ထို့ကြောင့် ဗိုလ်ဟန်သိမ်း အား ရွာနောက်သို့ ၀င်ရောက်သိမ်းရန် ကြိုးစားနေသော ရန်သူ၏ နောက်ကျောမှ ၀င်တိုက်ရန် ညွှန်ကြားရ သည်။ သို့သော် သေနတ်သံများ ဆူညံနေသဖြင့် ဗိုလ်ဟန်သိမ်းအား အော်ပြော၍ မကြားသဖြင့် ရဲဘော် ဘတင်သည် မြေပြင်ပေါ်၌ တရွှီရွှီ ဖြတ်သန်းနေသော ကျည်ဆန်များကြောင့် ချောင်းဘေးမှ ကပ်ကာ ဗိုလ်ဟန်သိမ်းထံသို့ လာခဲ့သည်။ ထိုအချိန်တွင် ချောင်း၏ လက်ယာဘေးတွင် ကပ်၍ ခိုနေသော ဖက်ဆစ် တပ်ကို တွေ့ည်။ ပထမသော် မိမိတို့ ဗမာ့တပ်တော်မှဟု ထင်၍ “ဆက်သားလာတယ်ဟေ့” ဟု အော်၍ ပြောလိုက်သည်။ ထို့နောက် တဖြည်းဖြည်း နီးလာသောအခါ ငွေရောင်သွားများကို တအားဖြဲ၍ “ရာပါ၊ ရာပါ” ဟု ခေါ်နေသော ဖက်ဆစ်တပ်သားတစ်ဦးကိုတွေ့ပြီး လန့်ဖျပ်ကာ ချောင်းထဲသို့ လှိမ့်ချလိုက်လေ သည်။ ရဲဘော် ဘတင် တစ်ယောက် သေကံမရောက်၍သာ အသက်ရှင်ခဲ့ရပါသည်။

ရဲဘော် ဘတင်၊ ဗုလ်ဟန်သိမ်းထံသို့ မရောက်ဘဲ ဗိုလ်ဘစိန်ထံ ပြန်လာနိုင်ခဲ့ခြင်းသည် အမှန်စင်စစ် ကံ ကောင်းသည်ဟု ဆိုရချေမည်။ အဘယ်ကြောင့်ဆိုသော် မီတာ ၁၀၀ ခန့်အထိ ရန်သူများ ရှိနေခြင်းနှင့် စက် သေနတ်ကြီးအဖွဲ့ဖြစ်ကြောင်း သိလိုက်ရခြင်းကြောင့်ပင်။

“အဘ ... ရွာကျတော့မယ်။ ရွာကျရင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီးသား ဖြစ်သွားမယ်။ အချိန်ရှိတုန်း ရွာထဲ ၀င်ရအောင်”
ဗိုလ်ဘစိန် သည် ဗိုလ်ဟန်သိမ်း၏ အထက်ပါစကားကို ကြားလိုက်ရာတွင် ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခုကို မြန်မြန်ချလိုက်မိသည်။ ရန်သူများ ညှပ်ပူးညှပ်ပိတ် တက်လာသည့်အချိန်တွင် တစ်ဘက် ရန်သူကို အပြတ်နိုင်အောင် တိုက်ပြီးမှသာ ကျန်ရစ်သူကို ဖြိုရလွယ်ကူမည်ဖြစ်သည်။
“ဗိုလ်ဟန်သိမ်းရေ၊ ဒီကန်ဘေးက ရန်သူကို အရင်နိုင်အောင် တိုက်ရမယ်။ ပြီးရင် ကျုပ်တို့အားလုံး ကန်ထဲမှ စုပြီး ရွာကို ချီလာတဲ့ ရန်သူကို ပြန်တိုက်ရမယ်”
“ကောင်းတယ်”

ဗိုလ်ဘစိန်သည် ကန်ဘေးမှကပ်၍ တက်လာသော ရန်သူအား စက်ကြီးဖြင့် တရစပ် ပစ်ခိုင်းသည်။ ထိုအချိန်တွင် ဗုံးကြဲလေယာဉ်နှစ်စင်းသည် တိုက်ပွဲဖြစ်နေသည့်ပေါ်မှ တည့်တည့်ပျံသွားပါသည်။ ရန်သူများ သည် ဗမာ့ တပ်မတော်နှင့် မဟာမိတ်တို့ အဆက်အသွယ်ရရှိသည်ဟု ထင်မှတ်ဟန် တူပါသည်။ ရုတ်တရက် ပစ်ခတ်မှုများ ရပ်ဆိုင်းသွားသည် ကို တွေ့လိုက်ရလေသည်။ ယင်းအခွင့်ကောင်းကိုယူ၍ ရဲဘော်များနှင့် အတူ ချောင်းကို ဖြတ်ကူးလိုက်ကြသည်။ ဗိုလ်ဟန်သိမ်းသည် ခြောက်လုံးပြူးကိုင်၍ ရှေ့မှ တက်နေသဖြင့် အကာအကွယ် ယူရန် ဗိုလ်ဘစိန် မကြာခဏ သတိပေးရပါသည်။ ယခုကဲ့သို့ ချီတက်နေ သည်ကို ရဲဘော်များ မှား၍ မပစ်မိရန်လည်း “တို့ ဒီက တက်နေတယ်ဟေ့” ဟု ၃ ကြိမ်မျှ အသံပေးသော အခါတွင်မှ သစ်ပင်ပေါ်တွင် ကင်းစောင့်နေသော ရဲဘော်က ကြားကြောင်း အသံပြန်ပေးသည်။ ရန်သူအား ဗိုလ်ဘစိန် အော်သံကို ကြားကောင်း ကြားလိမ့်မည် ထင်သည်။ သို့သော် မတတ်နိုင်ပြီ။

ထိုအချိန်ွင် ကျုံကဒွန်းရွာကို စီး၍ လက်နက်များ သိမ်းဆည်း၍ ပြန်လာသော ဗိုလ်အောင်စိန်၏ တပ်ခွဲ ၃ သည် ၀ဲကြီး လယ်ကွင်းထဲ၌ စခန်းချလျက် အိပ်စက်နားနေကြပြီး၊ နံနက်ဝေလီဝေလင်းအချိန်အတွင်း ၀ဲကြီးရွာထဲသို့ ၀င်ခဲ့ကြသည်။ ရဲဘော်များကို အနားပေးပြီး စားရေးသောက်ရေးအတွက် စီစဉ်နေစဉ် ကဇောင်းရွာဘက်မှ စက်သေနတ်ကြီး ပစ်သံ၊ စိန်ပြောင်းပစ်သံများကြားရသဖြင့် ချက်ချင်းအစီအစဉ်ပြောင်း လျက် ကဇောင်းရွာသို့ အပြင်း ချီတက်ခဲ့ကြလေသည်။ နံနက် ၈ နာရီခွဲခန့်တွင် ပိန်းချောင်းသို့ ရောက်ခဲ့ကြ သည်။ ကဇောင်းရွာ ၏ မြောက်ဘက်ယွန်းယွန်း မီတာ ၈၀၀ ခန့်ဝေးသော ဥယျာဉ်စုရွာကလေးတစ်ရွာဖြစ် သည်။ ဗိုလ်အောင်စိန် သည် ကဇောင်းရွာမှ ပြေးလာသော ရွာသားအချို့ကို မေးသည်။ တိုက်ပွဲဖြစ်နေ သည်ဟုသာ ပြော၍ မည်မည်ရရ မည်သူမျှ မပြောနိုင်ဘဲ ရှိပါသည်။ ရှေ့သို့ ဆက်ရန်လည်း ရန်သူများ မည်သည့် အရပ်တွင် ရှိနေသည်ကို မသိရခြင်းကြောင့် ဆက်၍ မတက်ရဲအောင် ဖြစ်ရသည်။ ထိုအချိန်တွင် ပိန်းချောင်းရွာထဲ၌ ဗိုလ်ရဲဥိးကို အခန့်သင့်တွေ့လိုက်ရသဖြင့် ဗိုလ်ဘစန်တို့ ဘယ်မှာရှိသည်ကို မေးမြန်းရ သည်။ ဗိုလ်ရဲဦး၏ ပြောပြချက်အရ ဗိုလ်ဘစိန်နှင့် ဗိုလ်ဟန်သိမ်းတို့ တပ်များ ဖိုးရှမ်းပေါ်စု ရွာနားက ကန်ထဲတွင် ရှိနေကြောင်း သိရသည်။

ဗိုလ်အောင်စိန် ရောက်သောအချိန်သည် စစ်ပွဲအရှုံးအနိုင်အတွက် အဆုံးအဖြတ်ပေးမည့် အခြေအနေတွင် ရှိသည်။ အဘယ်ကြောင့် ဆိုသော် ရန်သူများသည် ကဇောင်းရွာနှင့် မီတာ ၁၀၀၊ ၁၅၀ အတွင်းသို့ ချဉ်းနင်း ၀င်ရောက်လာကြ၍ အနီးကပ်တိုက်ပွဲအတွက် လှံစွပ်များပင် တပ်ဆင်ထားသည်ကို တွေ့မြင်ရပါသည်။ ဗိုလ်အောင်စိန် သည် လွှတ်လိုက်သောဆက်သား ပြန်ရောက်သည်အထိ မစောင့်တော့ဘဲ ဤသေရေး ရှင် ရေးအချိန်တွင် ရန်သူအား ရှာ၍ တိုက်ခိုက်ခြင်းသည်သာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ကာ ကဇောင်း ရွာနှင့် မီတာ၁၀၀၊ ၂၀၀ တွင် လှုပ်လှုပ်လှုပ်လှုပ် ရွေ့လျားနေသော မြင်ကွင်းဆီသို့ ဘရင်းကိုင်ရဲဘော်အား အချက်တိုနှစ်ဆင့်မျှ ဆွဲရန် အမိန့်ပေးလိုက်ပါသည်။ ဘရင်းကိုင် ရဲော် အောင်မြကြည်သည် ကန်သင်းပေါ် တွင် ဘရင်းကိုတင်၍ ၆ ချက်စု၊ ၅ ချက်စုမျှ ဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် ရန်သူများထံမှ ပြန်လှန်ပစ်ခတ် သော ကျည်ဆံများသည် မိုးသီးမိုးပေါက်ပမာ ရောက်ရှိလာပါတော့သည်။

ကံကောင်းထောက်မသည်ဟု ဆိုရဖွယ်ပင်။ ရန်သူများသည် ကဇောင်းရွာသို့ လွတ်လွတ်ကင်းကင်း ၀င် ရောက်စီးနင်းချိန်တွင် မမျှော်လင့်ဘဲ ဗိုလ်အောင်စိန်၏ တပ်မှ ဘေးဘက်ဝင်ရောက် ထိုးဖောက် တိုက်ခိုက် ခြင်းဖြင့် ရန်သူများ ကဇောင်းရွာသို့ မ၀င်နိုင်တော့ဘဲ ဗိုလ်အောင်စိန် တပ်ရှိရာသို့ မြားဦး လှည့်၍ တိုက်ရပါ တော့သည်။
မွန်းတည့်နေ သည် ခြစ်ခြစ်တောက် ပူလှသည်။ သို့သော် တိုက်ပွဲကား အရှိန်ကောင်းတုန်း၊ တစ်ဖက်နှင့် တစ်ဖက် သဲကြီးမဲကြီး ပစ်ခတ်နေတုန်းပင်။ ရန်သူများသည် မူလက ဗမာ့တပ်မတော်ကို ကြက်ကလေး၊ ငှက်ကလေးများကဲ့သို့ သာသာဖြင့် ဖမ်းယူနိုင်မည်ဟု တွက်ခဲ့ရာတွင် ယခုမှန်းချက်နှင့် နှမ်းထွက် လုံးဝ မကိုက် ဖြစ်ခဲ့ချေပြီတကား ...။

ထိုအချိန်တွင် ဗိုလ်ဘစိန်၏ နားထဲသို့ အသံတစ်သံ တိုးဝင်လာသည်။ ယင်းကား “ဗိုလ်အောင်စိန်တပ် ရောက် လာပြီ” ဟူ၍ဖြစ်သည်။ ဗိုလ်ဘစိန်သည် တစ်ဖက်တွင် သဲသဲမဲမဲ ပစ်နေသော ဗိုလ်ဟန်သိမ်း အား ဗိုလ်အောင်စိန်၏ တပ်ရောက်လာညပီဖြစ်ကြေင်း အသိပေးလိုသည်။ သို့သော် အသံကကွဲအက်နေလေပြီ။ သို့ကြောင့် ရဲဘော်ခင်မောင်ကို သံကုန်ဟစ်၍ “ဗိုလ်အောင်စိန်တပ်ရောက်လာပြီ”ဟု ၃ ကြိမ် အော်ခိုင်းသည်။ ခင်မောင်၏ အော်သံကြောင့် ဗိုလ်ဟန်သိမ်းကြားအောင် ပြန်အော်သည်။ ရန်သူနှင့်စာလင် လက်နက်အင်အား လူအင်အား ချို့တဲ့သော်လည်း စိတ်ဓာတ်အင်အားမှာ ပြည့်ဝသဖြင့် ဤတိုက်ပွဲသည် မုချမသွေနိုင်မည်ဟု ဗိုလ်ဘစိန် သန္နိဋ္ဌာန်ချထားခဲ့ပါသည်။ အရေးကြီးသည်မှာ စစ်ပွဲဆိုသည်မှာ လက်နက် အင်အား လူ အင်အား ကောင်းရုံမျှဖြင့် အောင်ပွဲခံနိုင်သည် မဟုတ်ရကား ...။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, February 7, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၄ဝ)

ကိုယ့်ရဲ့ထားရှိတဲ့ စေတနာကိုစော်ကားခံရတာအတွက် နှလုံးသားမှာ နာကျင်မှုကိုခံစားရ ထာက တစ်ဖက်၊ လူပီသစွာနဲ့ စိတ်ထားကောင်း ထားရှိလိုတာကတစ်ဖက် လွန်ဆွဲခဲ့ရ တဲ့ နေ့ ရက်ပေါင်း က များစွာပါပဲ။
နောက်ဆုံးတော့ " ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်နဲ့"ဆိုတဲ့ ဆုံးမစကားကို နှလုံး သွင်းလိုက် ပါတယ်။
 ရခဲ မျှသော လူ့ဘ၀ကိုရထားမှတော့ လူပီသတဲ့စိတ်ထားမျိုး ထားရှိနိုင်မှသာ လူ့ဘ၀ ရယူကျိုးနပ်ပေ မှာပေါ့နော်။ ရွေးချယ်တဲ့အခါ နှလုံသားရဲ့ခံစားချက်နောက် မလိုက်ဘဲလိပ် ပြာသန့်သန့်စိတ်ရှင်းရှင်း ရှိရာနောက် လိုက်ပြီး ဆုံးဖြတ်သင့်တမို့ ကျွန်မလက်ထဲမှာရှိဆဲ လိုအပ်တဲ့ စာရွက်စာတမ်းများကို ပို့ပေး လိုက် ပါတယ်။
နှစ်လလောက် ကြာပြီးတဲ့အချိန်မှာ ကျွန်မဆီ ကြေးနန်းတစ်စောင် ရောက်လာလေရဲ့။

"ခင်
မာယာမီလေဆိပ်မှာ ကြိုပါ"
အောက်မှာ လက်မှတ်ရေးထားသူက "ကျော်ဇော" တဲ့။
ကို ဆက်ဖတ်ရန် .....

အပိုင်း (၄၂)

လူ့ဘ၀ဆိုတာလည်း Currentလို့ခေါ်တဲ့ ရေစီးကြောင်းလိုပါပဲ။ အပေါ်ယံမှာမြင်ရ တဲ့ ရေးစီး ကြောင်း တစ်ခုအောက် မှာ ဆန့်ကျင်ဘက်သွားနေတဲ့ ရေးစီးကြောင်းက တစ်ခု။
ခင်ပွန်းသည် ရောက်တော့မှာ ဆိုတော့အများကတော့ ပျော်ရွှင်စွာပြန်လည်ဆုံးစည်ကြလေသ တည်းဆိုတဲ့ အမြင်မျိုး နဲ့ပေါ့။ ကျွန်မရင်ထဲက လူမသိမမြင်နိုင်တဲ့ခံစားချက်ကတော့ ဇာတ်လမ်းတွေ ရှုပ်ထွေးနေခြင်းအတွက် အဖြေရှာ မရနိုင်တဲ့ ဆင်းရဲခြင်းနဲ့ပေါ့။
"အန်ကယ် ရောက်လာမှ မာမီအိမ်ခွဲနေပါ"လို့ ပြောထားတဲ့သားရဲ့ စကားအရ ရောက်လာ ရင်အဆင်သင့်နေဖို့ အိမ်ရှာတော့မယ် လုပ်တော့ မဟုတ်ရပြန်ပါဘူး။
"မာမီ အိမ်ငှားနေ ဖို့ စိတ်မကူးပါနဲ့၊ ကိုယ်ပိုင်အိမ် ၀ယ်ပြီးမှ ပြောင်းပါတဲ့"

"ဘာဖြစ်လို့လဲ"လို့ ပြန်မေးတော့...
"ဒီလိုလေ၊ အိမ်ငှားနေတာ မတန်ဘူးမာမီရ၊ မာမီတို့ မိသားစုက လူကြီးသုံးယောက်၊ ကလေးသုံးယောက် အားလုံး က ခြောက်ယောက်ဆိုတော့ အိပ်ခန်းသုံးခန်းပါတဲ့ အိမ်မျိုးမှ ဖြစ်မှာ။ အဲဒါဆို တစ်လကို အနည်းဆုံး ဒေါ်လာရှစ်ရာ ကိုးရာပေးရမှာ။ နှစ်ကုန်ရင် ပေးရမဲ့ အမြတ်ခွန်ထဲက ခုနှိမ်ယူခွင့်လည်းမ၇ှိတော့ နစ်နာ တယ်။ ကိုယ်ပိုင်အိမ်ဝယ်ရင် Mortgageဘဏ်တိုက်ကို ဆပ်ရတဲ့ငွေကလည်း ဒီလောက်ပဲ ပေးရ မှာ။ ပေးရ တဲ့ အတိုး ငွေကနှစ်ကုန်တဲ့အခါကျတော့ အမြတ်တော်ခွန်ထဲက ခုနှိမ်ယူခွင့်ရှိတာ ကိုယ့်အတွက် အကျိုးရှိ တယ်လေ"
"ဒါပေမယ့် အိမ်ဝယ်ဖို့ ငွေမှမရှိသေးတာ"

"အဲဒါကြောင့် မာမီ့ကို ပြောင်းဖို့မစဉ်းစားနဲ့ဦးလို့ ပြောနေတာပေါ့။ အန်ကယ်ရောက်လာ ရင်အလုပ်လုပ်မှာပဲ။ အန်ကယ်ရော၊ မာမီရော လုပ်တဲ့အလုပ်က ၀င်ငွေကို Down Payment ပေးစရာ ရအောင်စု၊ ဒီမှာအဲလို အိမ်တန်ဖိုးငွေ ရဲ့ ဆယ်ရာခိုင်နှုန်းလောက်ကိုယ် ကချေးပေးနိုင်ရင် အိမ်ဝယ်လို့ ရတယ်။ မြန်မာပြည် မှာလို ငွေကျေပေးဝယ်ရတာမျိုးမဟုတ် ဘူး။ ကားဆိုရင် ငါးနှစ်ဆပ်၊ အိမ်ဆိုရင် အနှစ်သုံးဆယ် ဖြစ်ဖြစ်၊ တစ်ဆယ့် ငါးနှစ်ဖြစ်ဖြစ် ဆပ်၊ လူတိုင်းအဲလို ၀ယ်ကြတာ။ အဲဒါအစိုးရက လူတိုင်းကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကား နဲ့ နေနိုင်အောင် လုပ်ထားတဲ့ စနစ်တစ်ခုပဲ"
"လိုအပ်တဲ့ငွေကို ဘဏ်တိုက်မှာ သွားချေးလို့ရတယ်။ ဒါပေမဲ့ ကိုယ့်မှာခိုင်လုံမှုရှိတဲ့ ၀င်ငွေကောင်းကောင်း အလုပ်၇ှိ မှ။ နောက်ပြီးရိုးသားမှု ဆိုတဲ့သိက္ခာလည်းရှိမှ ချေးလို့ရ တာ။ အလကားသွားချေးလို့တော့ မရဘူးပေါ့။ ဒါကြောင့် ဒီမှာလူတိုင်းအဆင့်မီမီ နေချင် ရင်အလုပ်ကောင်းကောင်း၇ှိရတယ်။ Creditကောင်းကောင်း ၇ှိတယ်ဆို တဲ့ ရိုးသားတဲ့သိ က္ခာလည်း ၇ှိရတယ်။"

အိမ်ငှားလို့ ကုန်သွားတဲ့ငွေက အဖတ်မတင်ဘူး။ ဘဏ်ကိုလစဉ်ဆပ်၇တဲ့ Mortgage ကျ တော့အဖတ်တင်တယ်။ အနှစ်သုံးဆယ်ပြည့်ရင် ကိုယ်ကအိမ်ပိုင် သွားရော။ လေးငါးနှစ်နေ ပြီးပြန်ရောင်း ချင်ရင် လည်း အိမ်ဈေးမြေဈေးက တရိပ်ရိပ်တက်နေတာမို့ အမြတ်အစွန်း ကောင်းကောင်းရနိုင်တယ်။ အိမ်တို့မြေ တို့ ၀ယ်တာ အကောင်းဆုံးမြှုပ်နှံငွေပဲ။ နောက်ပြီး ကိုယ်ပိုင်အိမ်နဲ့ နေရတာက ပိုစိတ်ချမ်းသာ ပါတယ် မာမီရာ၊ စိတ်ကူးမလွဲပါနဲ့။ သားပြော တဲ့စကားကို နားထောင်စမ်းပါတဲ့။
ရှည်ရှည်ဝေးဝေး ရှင်းပြနေတဲ့ သားရဲ့စကားကို နားထောင်ရင်း အချိန်ယူရဦးမှာဆိုတဲ့ အခြေအနေကို ဘ၀င်မကျ ချင်ချင်ဖြစ်နေ တဲ့ ကျွန်မကို မျက်နှာရိပ်ကိုသတိထားမိသွားတယ် ထင်ပါရဲက။ အကင်းပါးတဲ့ ချွေးမဘော်ဘီက ပခုံးကို လာဖက်ပြီး..
"မာမီ Albertပြောတဲ့ စကားကြေင့် စိတ်အားငယ်သွားပြီလား၊ စိတ်မပူပါနဲ့ မာမီရယ်၊ မာမီ့ သားကကိုယ့်အိုး ကိုယ့်အိမ်နဲ့ အခြေတကျဖြစစေချင်လို့ စေတနာနဲ့အကြံပြုတာပါ။ အခုပြောတဲ့အတိုင်း အန်ကယ်ရောက် လာပြီး လေးငါးလကြိုးစားလိုက်ရင် ဖြစ်သွားမှာပဲ။ ဒီအတွင်းမြေးတွေနဲ့ ဒီမှာပျော်ပျော်နေပါဦး"တဲ့။

ကျွန်မ တွေတွေဝေေ၀ဖြစ်သွားပါတယ်။ သား ပြောသလို မိသားစုလေး ကိုယ်ပိုင်အိမ်နဲ့ တင့်တင့် တယ်တယ်ဖြစ်စေ ချင်တဲ့ဆန္ဒတစ်ဖက်မှာရှိသလို သားနဲ့ချွေးမအိမ်ပေါ်မှာအနေ ကြာလို့ အားနာတာက တစ်ဖက်၊ လေးလေးနက်နက် အကြုံပြုတဲ့ သားရဲ့စကားကိုလည်း နားထောင်သင့်တာအမှန်ပါပဲ။ ဘာဆုံးဖြတ် ရမလဲ မဝေခွဲနိုင်ခင်မှာ စိတ်မြန်လက်မြန်ရှိတဲ့ သားက...
"ကဲ..မာမီ၊ နက်ဖြန် ကျရင်ဘဏ်တိုက်သွား၊ Savingထဲမှာ မာမီစုထားတဲ့ငွေကို အာမခံ ထားပြီးငွေချေး ချင်တယ်လို့ပြော"
"ဘာအတွက်ငွေချေးရမှာလဲ"နဲ့ ကျွန်မကနားမလည်တာနဲ့ စကားဖြတ်မေးလိုက်တော့..
"အိမ်ဝယ်မယ် ဆိုရင် ကိုယ့်မှာ Creditကောင်းပါတယ်ဆိုတဲ့ အထောက်အထားက ရှိထားမှ ဖြစ်တာ။ အဲဒီချေးတဲ့ငွေ ကို မာမီထုတ်သုံးဖို့လည်း မဟုတ်ဘူး။ သူ့စည်းကမ်းအတိုင်းလ စဉ်မှန်မှန်ပြန်ဆပ်။ အဲဒီတော့မှ မာမီ က ယုံကြည်သူစာရင်း ၀င်သွားမှာလေ"တဲ့။

"အင်း...ဆန်းလည်းဆန်းပြားပေါ့၊ ကျွန်မကိုမြန်မာပြည်မှာတော့ ကြွေး၇ှိတယ်ဆိုရင် ခေါင်းပူရလွန်းလို့ လူတိုင်း က ကြိုးစားပြီး ကြွေးကင်းအောင် နေကြ၇တာနော်။ ဒီမှာကျမှပဲ ကြားဖူး၇တော့ တယ်။ ကြွေးယူဖူး သူ၊ ကြွေးကိုလည်း မှန်မှန်ဆပ်တဲ့ နာမည်ကောင်းရှိမှ အလုပ်ဖြစ်တာတဲ့။ ကိုယ်မကြားဖူး၊ မသိဖူးတာတွေကို သားသမီး ဆီက ပြန်ပြီးသင်ကြား နေရပါလား။ ဒီခေတ်က သိစရာတွေက သိပ်များတာမို့ လိုက်လို့ မမီအောင်ပါပဲနော်"
ကျွန်မ ရောက်ခါစမှာ ကြွေးဆိုတာနဲ့ ခေါင်းနာပန်းကြီးသွားသလို နောက်လေးငါးနှစ်အကြာ မှာမြန်မာပြည်က အစ်မအရင်း လိုချစ်တဲ့ ဒေါ်မြစိန်အလည်လာတာနဲ့ သူရှိရာ ဆန်ဖရန် စစ္စကိုကို သွားတွေ့တော့ မြင်မြင်ချင်း ကျွန်မလက် ကို ဆွဲပြီး အိပ်ခန်းထဲခေါ်သွားပါတယ်။
"ခင် လာလည်တာနဲ့ အတော်ပဲ။ အစ်မကြီးရောက်ကတည်း အိပ်လို့ကိုမပျော်ဘူး။ အခု ဒီအိမ်ကို သားက အကြွေးနှစ်သိန်း ယူပြီး ၀ယ်ထားသတဲ့။ ကဲ...ပြောစမ်းပါဦး။ ဒီဒေါ်လာနှစ် သိန်းဆိုတဲ့ငွေကို ဘယ်လို ပြန်ဆပ် ကြမလဲ" တဲ့။ ရင်ဖိပြီးမျက်လုံးအ၀ိုင်းသားနဲ့ ကျွန်မကို မေးတော့ရယ်ရပါသေးတယ်။

ဒီမှာတော့ လက်ငင်းအကျ ငွေပေးဝယ်နိုင်တဲ့ မီလျံနာသူဌေးတွေကလည်း ငွေကျေပေးမ ၀ယ်ကြ ပါဘူး။ ကြွေးစနစ်နဲ့ပဲ အားလု့းက လှုပ်ရှားနေကြတာပါ။ သူ့နည်းသူ့ဟန်နဲ့ တွက် ခြေကိုက်အောင်လည်း ဖန်တီးနိုင်ကြတာ မို့ ဒီပုံစံယန္တ၇ားကြီးကလည်း လည်ပတ်နိုင်တာ ပါ။ ကြောင်းကျိုးဆက်စပ်မှုတွေက ကျယ်ပြန်တာ မို့ အသေးစိတ်ပ မဖော်ပြတော့ပါဘူး။
ဒီလိုနဲ့ သား အကြံပေးတဲ့ အတိုင်း အိမ်ဝယ်ဖို့ ဆုံးဖြတ်ပြီး Creditနာမည်ရအောင်လည်း ဘဏ်တိုက်မှာ ကိုယ့်ငွေ ကိုယ်ချေးပြီးအတိုးပေးရပါသေးတယ်။ ဘယ်နေ့ဘယ်ရက်ကြိုပါ ဆိုတဲ့ကြေးနန်းအရ ဦးကျော်ဇောရောက်လာ မဲ့အချိန် မာယာမီလေဆိပ်ကို ကျွန်မနဲ့အတူ သားကြီးနဲ့ ချွေးမဘော်ဘီပါ သွားကြိုကြပါ တယ်။ အကြောင်းမသိရှာတဲ့ သားကလမ်းမှာ ကျွန်မကိုတောင် စနောက်နေလိုက်သေး တယ်လေ။ လေယာဉ် ဆိုက်လို့ ခရီးသည်တွေ တံခါးဝက ထွက်လာကြတော့ ကုန်လုသာနီးရော ဦးကျောဇောရဲ့ အရိပ်အယောင်တောင် မတွေ့ ရပါဘူး။ ဘယ်လိုများလဲလို့ စဉ်းစားနေဆဲ နောက်ဆုံးခရီးသည်တွေနဲ့အတူ ထွက်လာသူ က ကျွန်မရဲ့မိတ်ဆွေမမ ဖြစ်နေပါလေရော။ ဒါဆိုရင်ဦးကျော်ဇောလည်း အတူ ပါမှာ မမက အနားရောက် လာတာနဲ့။

"ဦးကျော်ဇောရော"လို့ မေးလိုက်တော့...
"မပါဘူးလေ၊ မမတစ်ယောက်တည်းလာတာ၊ ဟိုမှာ ကိစ္စတွေမပြတ်သေးလို့ ကြာဦးမှာ တဲ့"
ဒါဖြင့် လည်း ဘာဖြစ်လို့ ကြေးနန်းက ဦးကျော်ဇောနာမည်နဲ့ ရိုက်ရတာတဲ့လဲ။ ကျွန်မရဲ့ ခေါင်းထဲမှာ အတွေးတွေ ရှုပ်ထွေး သွားပါတော့တယ်။ ဟန်မပျက် နှုတ်ဆက်ပြီး ချွေးမ ဘော်ဘီနဲ့လည်း မိတ်ဆက်ပေး လိုက်ရတယ်ပေါ့။ အပြန်တစ်လမ်းလုံ မမကစကားတွေ ရွှန်းရွှန်းဝေလာလေရဲ့။ အိမ်ရောက်တော့လည်း သားကြီးဝင်း နဲ့ ချွေးမဘော်ဘိက အမေ့ မိတ်ဆွေဆိုပြီး မမကိုဂရုတစိုက် ဧည့်ဝတ်ပြုကြပါတယ်။ ကျွန်မအမေ ကလည်း တစ်ရပ်တစ် ကျေးမှာရင်းနှီးခင်မင်တဲ့ မိတ်ဟောင်းဆွေဟောင်းပြန်ပြီး တွေ့ရတာမို့ ၀မ်းတွေသာလို့။ ကျွန်မရင်ထဲမှာသာ ပြောချင်တဲ့စကားတွေ မျိုချနေရတာနဲ့ ဗလုံးဗထွေး ဆို့ဆို့နင့်နင့်ဖြစ် နေတာပါ။

မမ ကို အကဲခတ်ကြည့်တော့လည်း သူ့အနေနဲ့ ဘာအမှားအယွင်းမှ မရှိခဲ့တဲ့ပုံစံနဲ့ ကြည်လို့ ရွှင်လို့။ ဒါကြောင့် လှပ်နေ တဲ့ အခြေအနေလေးကို ကျွန်မရဲ့ယိုးစွပ်လိုတဲ့ စကား တွေနဲ့အကျည်းတန်သွားအောင် မလုပ်တော့ပါ ဘူးလေ ဆိုပြီးနှုတ်ပိတ်ရေငုံထားလိုက်တဲ့ အပြင်ဦးကျော်ဇောအကြောင်းလည်း မာ၏ သာ၏ တစ်ခွန်းမှ ထုတ်ပြီး မမေးဖြစ်အောင် နှုတ်ကို စောင့်ထိန်းထားလိုက်ပါတယ်။ မကြားချင်၊ မမြင်ချင်၊ မသိချင်တာဟာ အကောင်း ဆုံးပါ ပဲ မဟုတ်လားနော်။

မမက ရောက်လာတာနဲ့ သူ့စားဝတ်နေရေးအတွက် အလုပ်ရှာချင်တယ်ဆိုတာနဲ့ တနင်္ဂ နွေနေ့မှာ ထုတ်ဝေတဲ့ သတင်းစာထဲက အလုပ်ခေါ်တဲ့ ကြောငြာတွေ ၀ိုင်းဖတ်ပြီးအဆင် ပြေမဲ့၊ အပ်စပ်မဲ့အလုပ်တွေကို ဖုန်းဆက် အင်တာဗျူးတောင်း ရတာပေါ့။ ကျွန်မရဲ့ ချွေးမ ဘော်ဘီက ဘုရား တရားအလွန်ကြည်ညိုတဲ့အပြင် ပရဟိတအလုပ် ကိုလည်း အလွန်အ မင်းဝါသနာပါတာ။ အားတဲ့အချိန်ဆိုရင် ဘုရားကျောင်းက ကြီးမှုးလုပ်ထား တဲ့ လူမှုဝန်ထမ်း ကိစ္စတွေနဲ့ရှုပ်ထွေး လုပ်အားပေးနေတာမျိုး။ မမရောက်လာတော့ ဒီကျရင် အနောက်တိုင်း လိုဝတ်မှာဆိုပြီး မြန်မာဝတ်စုံတွေ ယူမလာပါဘူး။ အနောက်တိုင်းဝတ်စုံလည်း ၀ယ်မ၀တ် နိုင်သေးတဲ့ ကာလမှာ အင်တာဗျူး သွားရမယ်ဆိုတော့ ပြဿနာပေါ့။

ဒီတော့ဘောဘီက ဘုရားကျောင်းကို ခေါ်သွား၊ သူတို့ဘုရားကျောင်းမှာ လိုအပ်သူတွေကို ကူညီဖို့ ဆိုပြီးပြည့်စုံကြွယ်ဝ သူ အများတကာက ပေးလှူထားတဲ့အ၀တ်အထည်တွေထဲက မမဆိုက်၊ မမအရွယ်ကိုရှာပြီး အိမ်မှာနေ၀တ် ဖို့ ၊ည၀တ်ဖို့၊ အလုပ်သွားဖို့ကအစ အမျိုးမျိုး ရှာပြီးအကျအန ဆင်ပေးသေးတာပါ။
အပြောအဆို ကလည်း ချိုသာ၊ အင်္ဂလိပ်စကားကလည်း သွက်လက်၊ ပညာအရည်အချင်း ကလည်ရှိ၊ အ၀တ်အစား အဆင်အပြင်ကအစ အနောက်တိုင်းသူတွေနဲ့ တစ်သားတည်း ကျ လေတော့ သိပ်ကြာကြောတောင် အလုပ်မရှာ လိုက်ရပါဘူး။ တစ်ခဏနဲ့ ထိုက်ထိုက်တန် တန်အလုပ် တစ်ခုရသွား ပါတော့တယ်။ အလုပ်ရခါစ ရက်တွေမှာတော့ ကျွန်မပဲဒိုင်ခံပြီး အကြိုအပို့လုပ်ပေး၇တယ်ပေါ့။ တစ်နေ့ ကားပေါ် မှာ စကားတစ်ခွန်းဆိုလာပါတယ်။

"ငါ့ညီမကို မမသိပ်သနားတာပဲ၊ ခင်က အိမ်ထောင်ရေး ကံမကောင်းဘူးနော်၊ အိမ်ထောင် မပြုဘဲ နေတာပဲကောင်းပါတယ်"တဲ့။
ကျွန်မ ပြန်မေးချင်တဲ့ စကားတွေ နှလုံးသားကနေ နှုတ်ခမ်းဝအထိရောက်လာပါရဲ့။ နှုတ်ခမ်း ကို တင်းတင်းစေ့ပြီး ပြိုကျတော့မဲ့ မျက်ဝန်းက မျက်ရည်တွေကို မျက်တောင်တဖျက်ဖျက် ခတ်ရင်းနဲ့ သိမ်း ဆည်းနိုင်အောင် ကြိုးစားရပါတယ်။ အမေး အဖြေတွေလုပ်ပြီး ဇာတ် ကြောင်းလည်းမပြန်ချင်တော့ပါဘူး။

ကျွန်မဆီက ခွန်းတုံ့မရတာနဲ့ သူလည်းစကားမဆက်တော့ဘဲ ရပ်သွားပါတော့တယ်။ ဒီလိုနဲ့ ပထမ Pay Check၊ ဒုတိယ Pay Check လစာငွေလေး ရလာတဲ့အခါ အလုပ်နဲ့နီးနီး အိမ်ခမ်းငှးပြီး နေတော့မယ် ဆိုပြီး ပြောင်းသွားလေ ရဲ့။ မမပြောင်းမယ်ဆို တော့မာမီကစိတ်မကောင်းတွေဖြစ်လို့။ မမလက်ကလေးကိုဆွဲပြီး "မကြာမကြာ လာလည် နော်"လို့ ၀မ်းပန်းတနည်းနဲ့ မှာနေရှာသေးတယ်။
ဒါပေမဲ့ ကျွန်မရဲ့ မိတ်ဆွေရင်းဖြစ်တဲ့ မမတစ်ခေါက်မှ ပြန်လာမလည်ပါဘူး။ ကျွန်မအမေ ကွယ်လွန်တဲ့အချိန်မှာ သားကြီး က သတိရပြီး မမကိုဖုန်းဆက်အကြောင်းကြာခဲ့ပါတယ်။ ၀မ်းနည်းကြောင်း သ၀ဏ်လွှာလေး တစ်စောင် ပြန်ကြားပို့လာတာလွဲလို့ ကိုယ်တိုင်တော့ အသုဘပို့ရောက်မလာပါဘူး။

ဒီလိုပါပဲ၊ ဘ၀ခရီးမှာ ကိုယ်က ရယူတဲ့အခါတွေရှိခဲ့သလို ကိုယ်ကပေးဆပ် လိုက်ရတဲ့ အခါ တွေလည်း ရှိတတ်တာပါပဲ။ သံသရာဆိုတာက အရှည်ကြီး။ ပေးဆပ်စရာ ကြွေးတွေကိုယ့် မှာဘယ်လောက် ပါလာခဲ့သလဲမှ မသိနိုင်တာနော်။ သီယိုဆိုဖီအသင်းမှာ ပို့ချတဲ့စကား တစ်ခွန်းကို သတိရမိ ပါတယ်။ ပေးဆပ်စရာ ရှိရင်အကြွေး ကို စိတ်ကြည်ကြည်လင်လင် ထားပြီး အပြည့်အ၀ ကျေကျေနပ်နပ် ပေးဆပ်လိုက်မှ ကြွေးကကျေတာတဲ့။ တကယ်တော့ ကြွေးဟောင်းတွေဆပ်ရင်း ကြွေးသစ်မတင်မိဖို့က အရေးကြီးတာပါပဲလေ။
မမကိစ္စ တာဝန်ပေါ့သွားတာ ကျွန်မလည်အိမ်ဝယ်နိုင်ရေး ဦးတည်ပြီးအလုပ်ကောင်းကောင်း တစ်ခုရှာ လုပ်မှဖြစ်တော့မယ် လို့ စဉ်းစားမိပါတယ်။ ခက်တာက မာမီက ကျန်းမာရေး မကောင်းတဲ့အပြင် နားကလည်း လုံးဝမကြားသူဖြစ်တာမို့ အိမ်မှာအဖော်မ၇ှိဘဲတစ် ယောက်တည်းထားခဲ့လို့ မဖြစ်ပါဘူး။ ဘော်ဘီက အလုပ်မလုပ်ဘူး ဆိုပေမဲ့ စောစောက ကျွန်မရေးခဲ့တဲ့အတိုင်း သူ့မှာလူမှုဝန်ထမ်း ပရဟိတ ကိစ္စတွေနဲ့ နေ့စဉ်အလုပ်များနေတဲ့ သူပါ။ နောက်ပြီး မက်သဒစ်အမျိုးသမီးအဖွဲ့မှာလည်း သူကဥက္ကဋ္ဌအဖြစ် တာဝန်ယူထား လိုက်သေးတယ်လေ။ သူတို့ထား၇ှိနိုင်တဲ့ စိတ်စေတနာမျိုးကလည်း ရှးပါရဲ့၊

တစ်ခါတစ်ရံ မာမီမှာ အဖော်ရှိတဲ့အခါ သူလုပ်နေတဲ့ ပရဟိတနေရာတွေကို ကျွန်မ လိုက်သွားဖြစ်တဲ့ အခါတွေလည်း ရှိတာမို့ အတွေ့အကြုံက အစုံပါပဲ။ ဒီမှာဦးနှောက်ဥာဏ် အဆင့်မိအောင် မပြည့်စုံတဲ့ ကလေးတွေ ကို လူမှုဝန်ထမ်းဌာနက တာဝန်ယူပြီးသီးခြား ပညာသင်ပေးတဲ့ ဌာနတွေရှိပါတယ်။ အတန်းစာ သင်ပေးသလို သူတို့စိတ်ဝင်စားစရာ လက်မှုပညာတွေလည်း သင်ပေးတယ်ပေါ့။ ကိုယ့်ဝမ်းစာကိုယ်ရှာစားပြီး ကိုယ့်အားကိုယ် ကိုးနိုင်အောင် သက်မွေးဝမ်းကျောင်းပညာပေးခြင်းပါပဲ။ သင်ကြားပြသရတဲ့ဆရာ၊ ဆရာမ တွေ အတော်ကိုစိတ်ရှည်ရှည်ထားနိုင်ကြတာက တကယ်ချီးကျူးစရာတစ်ခုလို့ ကျွန်မ ကြည့်ပြီး သာဓုခေါ်မိပါရဲ့။

ကျွန်မ ချွေးမ ဘော်ဘီကအဲသလို ကရိကထခံပြီးစိတ်ရှည်ရှည်နဲ့ လုပ်အားပေးဆရာမ လည်းရက်ပိုင်းနဲ့ လုပ်ပါသေးတယ်။ ကျွန်မလည်း အထိုက်အလျောက်တော့ သူတစ်ပါး အပေါ်မှာ စာနာ တတ်သူ၊ စေတနာ ထားသူလို့ ကိုယ့်ဟာကိုယ် ထင်ထားမိပေမဲ့ လက် တွေ့ကျတော့ဘော်ဘီ ရဲ့ စေတနာမျိုး ကို လိုင်မမီတာ ၀န်ခံရပါတယ်။ တစ်နေ့ သူလုပ် အားပေးတဲ့ တခြားနေရာတစ်ခုကို လိုက်သွားမိတာ ခေါင်းတွေကိုက်ပြီး ညကျတော့  တစ်ညလုံးလည်း အိပ်လို့မရတော့ဘူး။ သူခေါ်သွားတဲ့နေရာက သက်ကြီးလူအိုထိန်းဌာန လေ။

ဒီမှာစားဝတ်နေရေး ရပ်တည်မှုအတွက် အများအားဖြင့် လူတိုင်းနီးပါး အလုပ်လုပ်ကြရပါ တယ်။ ရှေးခေတ် တုန်းကတော့ မြန်မာပြည်မှာလိုပဲ အိမ်ထောင်ဦးစီး တစ်ယောက်က စီးပွား ရှာရင် တစ်အိမ်လုံး ထိုင်စားနိုင်ကြတာပဲ။ အမျိုးသမီးတစ်ယောက်အနေနဲ့ လက်ထပ်တာ ကလည်းဘ၀ရဲ့လုံခြုံမှုရဖို့အတွက် အားကိုးရှာ တာပါပဲ။ ယောက်ျားက စီးပွားရှာ၊ မိန်းမက သားသမီးတွေမွေး ပြုစုပျိုးထောင်ပေးပြီး အိုလာတဲ့ မိဘတွေကို ပြန်စောင့်ရှောက်။ ခုခေတ် ကျတော့သိပ္ပံပညာတွေ တိုးတက်လာတာနဲ့အမျှ လိုအပ်ချက်တွေကများလာပြီး ကုန်ကျစ ရိတ်တွေတက်လာတဲ့အခါ ယောက်ျားတစ်ယောက်တည်း ရှာစာနဲ့ မလုံလောက်တော့ ဘူးလေ။

အမျိုးသမီးတွေ လည်း ပညာတတ်တွေဖြစ်လာပြီး ယောက်ျားတွေနဲ့ ရင်ပေါင်တန်း အလုပ် တွေ လုပ်လာနိုင်တာကြောင့် မွေးထားတဲ့ ကလေးတွေကိုလည်း ကိုယ်တိုင်ထိန်းကျောင်းဖို့ အချိန်မပေးနိုင် တာမို့ နေ့ကလေးထိန်း ဌာနကိုပို့၊ မိအို ဖအိုတွေကိုလည်း လူအိုရုံပို့၊ တချို့ကျတော့ လည်း နေ့ကလေးထိန်းဌာနလို ဖွင့်ထားတဲ့သက်ကြီးလူအိုထိန်းဌာနကို ပို့ကြရပါတယ်။ အလုပ်မသွားခင်မှာ အဖေအို၊ မအေအိုတွေကိုချထား၊ ညနေအလုပ်က ပြန်မှလာကြို။

အဲဒီဌာနမျိုးတွေကို ဘုရားကျောင်းကလူမှုရေးအနေနဲ့ ထား၇ှိပေထားတာမို့ ဘော်ဘီက လည်းတစ်ပတ်တစ်ရက် လုပ်အားပေးသွားပါတယ်။ ပေးလှူခြင်းအမျိုးမျိုး ၇ှိတဲ့အထဲမှာ ငွေကိုပေးလှူခြင်း၊ လုပ်အား ကိုပေးလှူခြင်း၊ အချိန်ကိုပေးလှူခြင်း စသဖြင့်ပေါ့။ သူလည်း အချိန်နဲ့လုပ်အားကိုပေးလျူခြင်းလို့ ဆိုရမယ် ထင်ပါရဲ့။ သားသမီးတွေက ချထားခဲ့တဲ့ ဌာနကိုလာကြရရှာတဲ့ ဘိုးဘွားတွေခမျာ ရောဂါကလည်း အမျိုးစုံ၊ တချို့ကလူတွဲနဲ့၊ တချို့က Walkerဆိုတဲ့ လေးချောင်းထောက်လက်ကိုင်ထုတ်နဲ့၊ တချို့က Wheel Chair နဲ့ ကိုယ့်ဟာကိုယ် လျှောက်နိုင်တယ် ဆိုတာတောင်မှ ချည့်နဲ့နဲ့ ယိုင်ထိုးထိုး အမျိုးမျိုးပုံစံ နဲ့တွေ့ရ ပါတယ်။

တစ်ဦးစီ တစ်ဦးစီမှာလည်း ပြဿနာကိုယ်စီနဲ့ပါ။ ဒီတစ်ယောက်က ဆိးချို၇ှိလို့ အချို ရှောင် ရတာမျိုး၊ နောက်တစ်ယောက်က သွေးတိုရှိလို့ အငန်မတည့်တဲ့ဟာမျိုး၊ ကျွေးရမဲ့ အစားသောက်ကို မမှားမယွင်း ရအောင် စိစစ်ရသလို သောက်ရမဲ့ဆေး အမျိုးအမယ်စုံကို လည်းတစ်ဦးတစ်မျိုးစီ တိုက်ရသေး တာပါ။ ကျွေးမွေးသန့်စင်ပေးပြီးရင်လည်း သူတို့ကို အချိန်နဲ့အနားယူခိုင်၊ တစ်နေ့တာလုံး ဆိုတော့ မပျင်းရအောင် စာဖတ်ဝါသနာ ပါသူတွေ ကိုဘုရားစာ တရားစာဖတ်ရင်ဖတ်ပြ၊ ဖဲကစားဝါသနာပါသူတွေကို အဖော်လုပ်ပြီး ဖဲကစား ပေး၊ စကားပြောလိုသူတွေ ပြောလိုသမျှစိတ်ဝင်စားဟန်ပြပြီး နားထောင်ဆိုတဲ့ အဖော်မဲ့သူ ဘိုးဘွားတွေကို အဖော်လုပ်ပေးရတာလည်း ရှိပါသေးတယ်။

တချို့ကျတော့လည်း သတိတွေချို့ယွင်းကုန်တာမို့ တပိုတပါးသွားချင်ရင်တောင် မပြော ကြလို့ ကလေးငယ်တွေ လို ခါးတောင်းကျိုက်ပါ ၀တ်ပေးထားရတဲ့ဘိုးဘွားတွေလည်း ရှိသေးတာနော်။ အဲဒီဘိုးဘွားတွေ ကို ကလေးငယ်လို ရေအိမ်ပို့၊ သန့်ရှင်းရေး လုပ်ပေးရ တဲ့ထိအညစ်အကြေးတွေကိုပါ သုတ်သင်ပေး ရတာကြောင့် လုပ်အားပေးတွေရဲ့ စေတနာ ကိုလေးစားချီးကျူးစရာကောင်းတာပါ။
ကျွန်မလိုက် သွားတဲ့နေ့က အိုရခြင်း၊ နာရခြင်းရဲ့ ဆင်းရဲဒုက္ခတွေကို မျက်ဝါး ထင်ထင်မြင် တွေ့လိုက် ရတာမို့ ထိတ်လန့်တုန်လှုပ်စွာနဲ့ တရားရမိတာအမှန်ပါပဲ။ ကိုယ်ကပုထုဇဉ် လူသားပဲဖြစ်တော့ တရားသဘောကို လက်ခံမိပေ မဲ့ တွယ်ငြိနေတဲ့ သံယောဇဉ်နွံထဲက လည်းရုန်းထွက်နိုင်တဲ့ စိတ်စွမ်းအားမရှိတာကြောင့် တစ်ညလုံး တလူးလူး တလွန့်လွန့်နဲ့ အိပ်မရဖြစ်တော့တာပဲ။ ချွေးမဘော်ဘီကတာ့ ဒါမျိုးတွေရိုးနေပြီဆိုတဲ့ ပုံစံနဲ့လက်တွေ့ ကျ ကျသူလုပ်ပေးစရာ ရှိတာတွေကို ဆက်လက်လှုပ်၇ှားလျက်ပါ။

မာမီ့ကိုအိမ်မှာ ထားခဲ့ပြီးအလုပ်ထွက်လုပ်ရင် ဘော်ဘီက စောင့်ရှောက်ပေးမှာသေချာပေမဲ့ ကိုယ်က အရာရာတင်စီးသလို ဖြစ်မှာစိုးတာနဲ့ ကလေးတွေကျောင်းကပြန်လာတဲ့အချိန်ကျ မှမာမီနဲ့ အဖော် ထားခဲ့ပြီး ကျွန်မအလုပ်သွားတာက ပိုပြီးအဆင်ပြေနိုင်တာမို့ ညနေပိုင်း လုပ်ရမဲ့အလုပ်မျိုးကိုပဲ ဦးစားပေးပြီး ရှာရတော့တာပေါ့။ ဒီကကုန်တိုက်ကြီးတွေ ကုန်မျိုးစုံ ဆိုင်ကြီးတွေက ညဘက်ထိဖွင့်ကြတာကြောင့် ကိုယ်နဲ့ အဆင်ပြေမဲ့အချိန် ရှာရတာ အ ခက်အခဲမရှိပါဘူး။

ကျွန်မအလုပ်ထွက်လုပ်လို့ ၀င်ငွေလေးရလာသလို ကျွန်မရဲ့မိခင်မှာလည်း Social Securityခေါ်တဲ့ သက်ကြီး လစာ၊ အစိုးရက ထောက်ပံ့တဲ့ငွေ ရပါသေးတယ်။ ရောက်ခါစ တုန်းကတော့ ကိုယ့်ဟာကိုယ် အလုပ်ရှုပ်နေတာ နဲ့ပဲ ဒါတွေကိုရကောင်းစေ မစဉ်းစားမိပါ ဘူး။ အမေရိကားမှာ လူတိုင်းဆင်းရဲ ချမ်းသာမရွေး အသက်၆၉နှစ်ကျော် ရင် အစိုးရက ထုတ်ပေးတဲ့ သက်ကြီးလစာရကြပါတယ်။ တကယ်ကအစိုးရပေးတာ မဟုတ်ပါဘူး။ လူ တိုင်းကိုယ်လုပ်တဲ့ အလုပ်ကရရမဲ့ လစာငွေထဲက လစာထုတ်တိုင်း အစိုးရကိုပေးရမဲ့ အမြတ်ခွန်ရယ်၊ အသက်အရွယ် ကြီးတဲ့အခါ ထုတ်ပေးမဲ့ သက်ကြီးလစာ အတွက် ရယ်၊ ဆေးကုသ အာမခံကြေးရယ် အားလုံးဝင်ငွေ ရဲ့အချိုးကျကိုဖြတ်ယူထားလိုက်ပြီးသားပါပဲ။

ဒါကြောင့်ဒီမှာ လူတိုင်းအလုပ်ရှိဖို့ အရေးကြီးပါတယ်။ အလုပ်ရှိမှ ကိုယ့်ရဲ့စားဝတ်နေရေး ပြေလည်တာအပြင် ကိုယ့်မိသားစု ရဲ့ ဆေးကုသအာမခံလည်း ရှိထားတော့ ကျန်းမာရေး အတွက်စိတ်အေးရတယ်ပေါ့။ အမေရိကား မှာဆေးကုသမှုက အလွန်အမင်း ဈေးကြီးပါ တယ်။အာမခံ မရှိဘဲ ဆေးရုံးတက်လို့ကတော့ မွဲသွားနိုင်တာမျိုးပါ။ တစ်ခါက မြန်မာမိတ် ဆွေဇနီးမောင်နှံ အမေရိကားမှာ ရှိတဲ့သားဆီ အလည်လာခိုက် ခင်ပွန်းသည်က ရုတ်တ ရက်နေမကောင်းဖြစ်တာ နဲ့ ဆေးရုံတင်လိုက်ရတာ ICUမှာ နှစ်ရက်တည်းနေခဲ့တဲ့ ကုန်ကျ စရိတ် က ဒေါ်လာသောင်းကျော်ဖြစ်သွားလို့ ဆေးရုံကဆင်းတာနဲ့ ချက်ချင်းမြန်မာပြည်ကို ပြန်သွားကြလေရဲ့။
ဒီမှာအသက် ၆၉နှစ်ကျော်တဲ့ သက်ကြီးသူတွေအတွက် ဆေးကုသအခမဲ့ Medicareဆိုပြီး လည်း တာဝန်ယူထားပေးတဲ့ စနစ်ကရှိထားလို့ မာမီ့အတွက်ဆေးစစ်တာ၊ ဆရာဝန်ပြတာ အစစအတွက်တော့ ကျွန်မမပူရ ပါဘူး။ မာမီက နှလုံးရောဂါ ရှိတာမို့ လစဉ်မှန်မှန်ဆေးစစ် ရပါတယ်။ ကျွန်မှာမအလုပ်လေး တစ်ခုရှိ ထားပြီး ဆိုတော့လည်း သားသမီး၊ မိသားစုအ တွက်ပါဆေးကုသ အာမခံရထားတော့ စိတ်အေးရတယ်ပေါ့။

ဦးကျော်ဇောဆီကတော့ တစ်ခါတစ်ရံ စာအဆက်အသွယ်ရပါတယ်။ ကျွန်မရောက်ပြီး တစ် နှစ်၇ှိ တာတောင် ရောက်မလာသေးပါဘူး။ ကျွန်မလည်းကြာတော့အားနာနာနဲ့ သားအိမ် မှာနေသား တကျဖြစ် သွားပြီပေါ့။ မြေးတွေနဲ့ လုံးထွေးနေရတာ တစ်ခါတလေလည်း ကိုယ့် ဘ၀ကိုယ်မေ့ထားမိသလိုပါပဲ။ သူတို့နဲ့နေရ တာပျော်ရတဲ့ အချိန်တွေရှိသလို စိတ်ရှုပ်ရ တာမျိုးလည်းကြုံရပါရဲ့။ အထူးသဖြင့် "ခန့်ကိုကို" က မြန်မာပြည်အကြောင်းကို ပိုပြီးစိတ် ၀င်စားပါတယ်။
ခဏခဏလည်း လာစပ်စုတတ်ပါသည်။
"ဘွားဘွား...မြန်မာပြည်က အမေရိကားကို လှလားဟင်"
"လှတာပေါ့၊ ဘွားဘွားတို့နေတဲ့ ဖလော်ရီဒါလိုပဲ နေကိုအမြဲမြင်နေရတာ"

"ဘွားဘွားတို့၊ သားရဲ့ဒယ်ဒီတို့ မွေးခဲ့တဲ့ဇာတိ မန္တလေးမြို့မှာဆိုရင် ဟိုးရှေးရှေးတုန်းက ရှင်ဘုရင်တွေ နန်းစံခဲ့တဲ့ နန်းတော်မြို့ရိုးတွေ၊ ကျုံးတွေ၊ တံတားတွေ ပကတိအတိုင်းရှိ သေးတယ်။ မန္တလေးတောင် ဆိုတာလည်း သိပ်လှတာပဲ။ အဲဒီတောင်ပေါ်က တက်ကြည့် ရင်မန္တလေးတစ်မြို့လုံးရဲ့ ရှုခင်းကို မြင်ရတယ်"
"သားတို့ မြန်မာပြည်သွားရင် အဲဒီမန္တလေးကို ခေါ်သွားမှာလားဟင်"
"ခေါ်သွား မှာပေါ့၊ အဲဒီမှာ မြင်းနဲ့ဆွဲတဲ့ ရထားတွေလည်းရှိတယ်၊ ခန့်ကို စီးမယ် မဟုတ် လား"
"ဟုတ်လား၊ လူတိုင်းစီးလို့ရလား"
မြင်းနဲ့ဆွဲတဲ့ရထား ဆိုတာနဲ့တော်တော် တအံ့တသြဖြစ်နေလေရဲ့။ ရှားပါးပစ္စည်းဆိုတာ တန်ဖိုးရှိမြဲပါပဲနော်။ ကျွန်မတို့မြန်မာပြည်က ကားကတန်ဖိုးရှိပစ္စည်းဖြစ်ပေမဲ့ ကားထုတ် လုပ်ရာဒေသဖြစ်တဲ့ အမေရိကားမှာတော့ ကားကဖောခြင်းသောခြင်းပဲလေ။ ကားကိုလူ တိုင်းလိုစီးနိုင်ပေမယ့် မြင်းကျတော့ လူတိုင်းမစီးနိုင်ပါဘူး။ မြင်းကတန်ဖိုးကြီးတဲ့အပြင် မြင်းဇောင်းနဲ့ ဘာနဲ့အကျအနထားရတဲ့ စရိတ်ကကြီးတာမို့ သူဌေးတွေမှမြင်းကို အပျော် စီးနိုင်ကြတာပါ။

မြန်မာပြည်မှာ မြင်းလှည်းစီးလို့ရမယ်ဆိုတာနဲ့ ခန့်ကိုအတော်စိတ်ဝင်စားသွားပါပြီ။
"ဘွားဘွားယူလာတဲ့ ရှောက်သီးဆေးပြားတွေရော အများကြီးရှိလားဟင်"
"အို...အများကြီးပေါ့၊ တစ်မျိုးတည်းတောင် မကဘူး။ ဇီးပြားတို့၊ သရက်ပြားတို့၊ သံပရာ ပြားတို့အမျိုးစုံပဲ၊ သိပ်စားလို့ကောင်းတာ"
ခန့်ကို ကျွန်မပြောတာတွေ နားထောင်ပြီးတော့ သွားရည်တမြားမြားကျနေပုံရပါတယ်။
"ဘယ်တော့ခေါ်သွားမှာလဲဟင်။ လာမဲ့ဇွန်လကျရင် သားတို့နွေကျောင်းပိတ်နှစ်လခွဲ ရမှာ။ အဲဒီအချိန် သွားရအောင်နော်"
ကျွန်မက နားအေးအောင်..
"အေး...သွားတာပေါ့"လို့ ပြီးစလွယ် ပြောလိုက်မိတာပါ။

ည ဆယ့်တစ်နာရီလောက်ကျတော့ ကျွန်မတို့ အိပ်ခန်းတံခါးကို တဒေါက်ဒေါက်လာခေါက် သံကြားရတာနဲ့ အိပ်ပျော်ခါနီးဆဲဆဲခေါင်းထူးပြီး "ဘယ်သူလဲ" မေးလိုက်တော့..
"ခန့်ကိုပါ"တဲ့။
"၀င်ခဲ့လေ၊ ဘာလိုချင်းလို့လဲ၊ ခုချိန်ထိ မအိပ်သေးဘူးလား"
"မအိပ်သေးဘူး၊ ဘွားဘွားကိုမေးစရာ၇ှိလို့။ မြန်မာပြည်သွားရင် လမ်းစရိတ်ဘယ် လောက်ကျသလဲဟင်"
အချိန်မဟုတ် အခါမဟုတ်မှာ ဒီလိုမေးခွန်းလာမေးတာ ကျွန်မရယ်လည်း ရယ်ချင်၊ သူ့ကို စောစော စိတ်ဝင်စားအောင် မြန်မာပြည်အကြောင်းတွေ ပြောလိုက်မိတာ မှားသွားပြီလို့ တွေးလိုက်မိပါရဲ့။
"အသွား အပြန် ဆိုရင် တစ်ယောက်ကို ဒေါ်လာတစ်ထောင့်ခြောက်ရာ ကျတယ်" လို့ကိစ္စ ပြတ်ခပ်တိုတို ပဲ ဖြေလိုက်ပါတယ်။
"ဒီမှာ သားရဲ့စုဘူး ယူလာတယ်။ ဘွားဘွားရေပေးပါ၊ မြန်မာပြည်သွားဖို့ လမ်းစရိတ်လေ"
"သေလိုက်ပါတော့" လို့ ကိုယ့်ဟာကိုယ် ညည်းမိပါရဲ့။ ဆတ်ဆော့ပြီး အိပ်ရာဝင်ခါနီးမှ မြန်မာပြည်အကြောင်း သွားပြောမိတာ ကျွန်မအပြစ်ပါပဲ။

"မနက်မှ ရေပါ ခန့်ကိုရယ်၊ ဘွားဘွားအိပ်ချင်ပြီ"
"အခု ရေပေးပါ ဘွားဘွားရယ်၊ ဒါမှဘယ်လောက်လိုသေးလဲ ဆိုတာသိရင် ထပ်စုမလို့"
မျက်နှာငယ်လေးနဲ့ ပြောနေတော့လည်း ကျွန်မ မနေနိုင်တော့ဘူး။ အိပ်ရာကထပြီး သူ့စုဘူးရဲ့ အောက်ဘက်က အဖုံးကလေးကို ကလန့်ဖွင့်လိုက်ပြီး စားပွဲပေါ်မှာ မှောက်ချလိုက်ပါတယ်။ အကြွေစေ့မျိုးစုံ ထွက်ကျလာလေရဲ့။
တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ၊ သုံးဒေါ်လာ၊ လေးဒေါ်လာ စုစုပေါင်း ငါးဒေါ်လာနဲ့ ခြောက်ပြား။
" မြန်မာပြည် ရောက်ဖို့တော့ နီးပြီ "လို့။

သူ့စုဘူးထဲက အကြွေတွေကို ရေတွက်ပြီင်္း ကျွန်မ မှတ်ချက်ချလိုက်တော့ ဒါကို သူက အတည်ပြောတယ်မှတ်ပြီး ၀မ်းသာအားရနဲ့ အကြွေစေ့တွေပိုက်ပြီး ပြန်ထွက်သွားပါလေရော။ ဒီတော့မှ ကျွန်မလည်း  အိပ်ရပါတော့တယ်။ မိုးလင်ခါစ အိပ်ရာကနိုးလို့ ပြတင်းတံခါး ဖွင့်လိုက်တာနဲ့ လမ်းပေါ်က အိမ်ဘက်ကို ချိုးဝင်လာတဲ့ စက်ဘီးတစ်စီး တွေ့လိုက်ရတော့ စောစောစီးစီး ဘယ်သူများလဲပေါ့။ သေသေချာချာ ကြည့်လိုက်မှ ခန့်ကိုဖြစ်နေလေ ရဲ့။ တစ်အိမ်လုံး ဘယ်သူမှ မနိုးကြသေးဘူး။ ကျွန်မကသာ စောစောထတတ်သူမို့ နိုးနေတာ။ ဘယ်အချိန် က ဒီကောင် အိပ်ရာကထပြီး ဘယ်သွားပါလိမ့်နဲ့ ရင်ထဲမှာ ထိတ်သွားမိတာနဲ့ အပေါက်ဝကို အပြေးသွားပြီး...
" ခန့်ကို အစောကြီးရှိသေးတယ်၊ ဘယ်သွားတာလဲ "

ပြူးပြူးပျာပျာနဲ့ ကျွန်မက မေးတော့...
" ဟိုဘက်ကမ်းက မစ်ကီတို့အိမ် သွားတာပါ "တဲ့။
" ဘာကိစ္စ ဒီအချိန်ကြီး သွားရတာလဲ။ သူတို့ အိပ်ရာက နိုးပြီမို့လား "
" မနိုးသေးပါဘူး၊ သားက တံခါးသွားခေါက်တော့ နိုးပြီမို့လား "
" ဘာအရေးတကြီးရှိလို့ သွားခေါက်ရတာလဲ။ ဒီအချိန်သွားတာ လူကြီးတွေလည်း ဒီမှာ မနိုးသေးဘူး။ ပြောသွားတာ မဟုတ်ဘဲ ထွက်သွားတာ မင်းဒယ်ဒီနဲ့ မာမီ သိရင် ဘယ်လောက်ပူမလဲ။ နောက် ဒါမျိုးမလုပ်နဲ့၊ ကြားလား "
" အင်းပါ၊ အခုလည်း သားတို့ ကျောင်းပိတ်ကျရင် မြန်မာပြည်ကို သွားလည်ကြမလို့ ဆိုတာ မစ်ကီင်္ကို သွားပြောတာပါ "

ကြည့်ပါဦး၊ မိုးလင်းအောင် မစောင့်နိုင်ဘဲ သူများအိမ် အိပ်နေကြတုန်း တံခါးခေါက်နှိုးပြီး သွားပြောစရာလားနော်။ အင်း... ကျွန်မ စလိုက်တဲ့ မြန်မာပြည်ရောဂါက မသေးဘူးဆိုတာ တွေးလိုက်မိပါရဲ့။
ဇာတ်လမ်း က ဒါနဲ့တင် မပြီးသေးပါဘူး။ ကျွန်မ မျက်နှာသစ်၊ ဘုရားဝတ်ပြုပြီး ရှစ်နာရီလောက် နံနက်စာ စားဖို့ ကောဖီစားပွဲကို သွားထိုင်တော့...
" ဟော... ဒီပြက္ခဒိန်ကို ခဲတံနီတွေနဲ့ ဘယ်သူ လာခြစ်ထားတာလဲဟင်။ အားလုံးပွစိကို တက်လို့ "
ကျွန်မ ချွေးမဘော်ဘီ က မီးဖိုနံရံမှာ သူလုပ်စရာ၊ သွားစရာ ကိစ္စအ၀၀အတွက် ဇယားချ မှတ်သားထားတဲ့ ပြက္ခဒိန်လှလှလေး ပွစိတက်နေတဲ့ အဖြစ်ကို ကြည့်ရင်း မကျေမနပ်နဲ့ မေးနေပါတယ်။
" ခုနတုန်းက ခန့်ကို ကုလားထိုင်နဲ့ တက်ပြီး လုပ်နေတာ တွေ့တယ် မာမီ "နဲ့ ခန့်ညီက ဖော်ကောင် လုပ်ပါလေရော။

" လာစမ်း ခန့်ကို၊ ဒီပြက္ခဒိန်ကို ဘာလို့ ခြစ်ထားရတာလဲ " မေးတော့...
" မြန်မာပြည်သွားဖို့ ဘယ်နှရက် လိုသေးလဲဆိုတာ သား တွက်ထားတာ မာမီ "တဲ့။
တရားခံကတော့ ကျွန်မပဲပေါ့။ ဒါကြောင့် ကလေးတွေကို ပေါ့ပေါ့တန်တန်မပြောသင့်ဘူး ဆိုတာ သင်ခန်းစာရလိုက်ပါတယ်။ ကိုယ်တကယ်လုပ်ပေးနိုင်မှ ကတိခံတာအကောင်းဆုံးပါ ပဲ။ မလုပ်ပေးနိုင်၇င်လည်း အကျိုးအကြောင်းနဲ့ သူတို့နားလည်းလက်ခံနိုင်အောင် ရှင်းပြရ မှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မရင်ထဲ မှာ တော်တော်ခံစားသွားမိပါတယ်။ တစ်နေ့ သောတစ်နေ့သောပြောထားမိတဲ့ စကားအတိုင်း ခန့်ကိုကို မြန်မာပြည်လိုက်ပို့နိုင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
အဲဒီတစ်နေ့ကတော်တော်နဲ့ ရောက်မလာပါဘူး။ ကိုးနှစ်သားအရွယ်က ပြောထားတဲ့စ ကားကခန့်ကို ဘွဲ့ရပြီးလို့ သူ့ဖခင်ပိုင်တဲ့ ကုမ္ပဏီမှာအရာရှိတစ်ယောက် ဖြစ်လာတဲ့အ သက်၂၈နှစ်အရွယ်ကျမှမြန်မာပြည်ကို လိုက်ပို့ဖြစ်ပါတော့တယ်။ ငယ်ငယ်ကလို ရှောက် သီးဆေးပြား ကြိုက်တဲ့အရွယ် မဟုတ်တော့လို့ ရှောက်သီးဆေးပြားတော့ မပူဆာပါဘူး။

မန္တလေးနဲ့ ပုဂံမှာမြင်းလှည်းစီးခဲ့ရတာတွေကိုလည်း သတောတွေကျ။ ကိုကျော်ကျော်နဲ့ မေးဘယ်လ်ရဲ့သမီး ယမင်းတို့မောင်နှမတွေက မန္တလေးတောင်ပေါ် ခေါ်သွားတမို့ ရှုမျှော် ခင်းလှတဲ့ မန္တလေးမှာလည်းပျော်လိုက၊ တည်းခိုတဲ့ ယဇနဟိုတယ်က လှမ်းပြီး ဖူးမြော်လို့ ရတဲရွှေတိဂုံစေတီတော်ကြီးကိုလည်း ကြည်နူးကြည်ညို မဆုံးနဲ့ အရုဏ်နဲကဆည်းဆာချိန် မှာဗွီဒီယိုရိုက်ရတာလည်းအမော။ အပျော်တာ့အပျော်ဆုံး ကတော့ ရွှေအမြုတွေမဂ္ဂဇင်း ဦးဝင်းငြိမ်းက ရုပ်ရှင်မင်းသမီး စိုးမြတ်နန္ဒာ ရဲ့မွေးနေ့ပွဲကိုခေါ်သွား တာနဲ့ မြန်မာပြည်က အပျိုချောတွေ တွေ့လာခဲ့ရလို့တဲ့လေ။
အဲဒီပွဲမှာ သူ့ဦးလေး ရွှေစင်ရဲ့သူငယ်ချင်းရစ်ချီမော်ဒယ်အေဂျင်စီ ပိုင်ရှင်ဒေါက်တာ ကျော်ဝင်းနဲ့ ဇနီးမီးငယ် တို့နဲ့ပါ ဆုံးခဲ့ပြီးသူတို့အဖွဲ့နဲ့ နိုက်ကလပ်တွေကို ပါသွားလိုက် တာမိုးလင်းခါနီးမှ ဟိုတယ်ကို ပြန်ရောက်လာပါတယ်။ အမေရိကားကိုပြန်မဲ့ရက်ရောက် တော့မြန်မာပြည်မှာပျော်လို့ သူဆက်နေချင်သေး တယ်။ ကျန်ခဲ့ရစ်မယ်တဲ့လေ။ အဖေက ထားခဲ့ရမလားနဲ့ ကျွန်မကိုလာမေးတော့ "ဘယ်ဖြစ်ပါ့ မလဲ၊ ဒါလောက်လည်ရ တော်ပြီပေါ့" ဆိုပြီးမပြန်ချင်သေးတဲ့ကောင်ကို တရွတ်ဆွဲခေါ်လာခဲ့ ရပါတယ်။ သွေးပြောတယ်ဆိုတဲ့ စကားကတကယ်ပဲထင်ပါရဲ့နော်။

သွေးပြောတာ သူတစ်ယောက်တည်းမဟုတ်ပါဘူး။ မျက်လုံးပြာပြာ၊ ဆံပင်ရွှေဝါရောင်နဲ့ ခန့်ညီကလည်း သူ့ကိုယ်သူ မြန်မာဆိုပြီးဂုဏ်ယူသေးတာပါ။ တစ်နေ့ကျောင်းကစာသင် ခန်းထဲမှာ ဆရာကပထ၀ီသင်ရင်း လူမျိုးစုံအကြောင်းကိုလည်းပြောပြတယ်ပေါ့။ နေရာဒေ သအလိုက်ကမ္ဘာပေါ်မှာ လူမျိုးပေါင်းများစွာ၇ှိတဲ့ အကြောင်း ကိုသင်ပြရင်း လက်တွေ့အ တန်းသားထဲမှာ ကွဲပြားတဲ့လူမျိုးတွေလည်း ပါရှိတာမို့ လူမျိုးစု အလိုက်မတ်တတ်ရပ်ခိုင်း တယ်တဲ့။ အာဖရိကတိုက်နယ်သားလူမည်းတွေ မတ်တတ် ရပ်ပြပြီးတဲ့နောက် အရှေ့တိုင်း သားတွေကိုမတ်တတ်ရပ်ခိုင်းတော့ တရုတ်ကလေးတွေ၊ ထိုင်းကလေးတွေ၊ ဂျပန်ကလေး တွေနဲ့ အတူ ခန့်ညီညီကလည်း မတ်တတ်ရပ်ပြလိုက်တယ်တဲ့။
"Neil Khant မင်းကိုရပ်ခိုင်းတာမဟုတ်ဘူး။ အရှေ့တိုင်းသားတွေကို ရပ်ခိုင်းတာ၊ မင်းပြန် ထိုင်"လို့ ဆရာကပြောတော့...
"ဆ၇ာ...ကျွန်တော်ရဲ့ဖခင်က မြန်မာမို့ ကျွန်တော်လည်း မြန်မာလူမျိုးအရှေ့တိုင်းသားပါ" လိုက်ပြန်ဖြေတယ်တဲ့။

ကျောင်းက အပြန်ဒီနေ့ဖြစ်ပျက်ပုံကို လာပြန်ပြောပြတော့ ကျွန်မရင်မှာ ကြည်နူးပီတိစိတ် နဲ့နားထောင်းရင်း မျက်ရည်တောင်လည်မိပါတယ်။ "ဒါမှ ဘွားဘွားရဲ့မြေး"ဆိုပြီး ခန့်ညီကို တအားဖက်ရင်း မွှေးမွှေးတွေလည်း အများကြီးပေးပစ်လိုက်တယ်ပေါ့။ တစ်ခါကပါရီမှာ အတူဆုံခိုက်အသည်းအထူးကုဆရာဝန်ကြီး ဦးခင်မောင်ဝင်းပြောဖူး တဲ့ စကား တစ်ခွန်းကို အခုစာရေးရင်းသတိရမိပါသေးတယ်။ "မမခင်ရေ၊ မန္တလေးသား ဆိုတဲ့ အစွဲကသွေး ထဲမှာ ပါပြီးသားဗျာ"တဲ့။ အဲဒီစကားအရပြောရရင် ကျွန်မမြေးခန့်ညီလည်း မျက်လုံးပြာ၊ ဆံပင်ဝါ ပေမဲ့မြန်မာသေးကတော့ ရဲရဲတောက်ပါပြီးသားလို့ ဆိုရမယ်ထင်ပါရဲ့။ (မဟေသီမဂ္ဂဇင်း က"စင်တင်တဲ့စာ" ပင်တိုင်ဆောင်းပါးရှင် ဆရာဂိုးရှင့်၊ ဒါတော့ဇာတိစွဲ မလွန်တန်ကောင်း ပါဘူးနော်။)
ကျွန်မကမြန်မာအဘွားဆိုတော့ ကလေးတွေကိုလည်း မြန်မာစကား သင်ပေးထားတာပေါ့။ ခက်တာကအများနဲ့ တစ်ယောက်တည်းဆိုတော့ အလုပ်မဖြစ်ပါဘူး။ အငယ်ဆုံး ခန့်အောင်က အခါလည်ကျော်ကျော် နှစ်ခါ လည် နီးပါးမို့ စကားစပြောတတ်ခါစ မြန်မာလို့ နှစ်လုံးတွဲ စကားလေးတွေပြောတတ်နေပါပြီ။ ကျွန်မနဲ့တော အပြန် အလှန် အဆင်ချောလို့ပါ ပဲ။ သူ့အရွယ် အိမ်နီးချင်း ကလေးတွေ လာကစားတဲ့အခါ သူ့အရုပ်တွေ ကားတွေယူဆော့ တာတွေ့ရင် နောက်ကလိုက်ပြီး "ပေးပါ" "ပေးပါ"နဲ့ ပြန်လိုက်တောင်းနေရှာတာ။ ဟိုကလေးတွေက သူပြောတာနားမလည်တော့ ပြဿနာဖြစ်ပါလေရော။

တစ်ခါကလည်း သူ့အမေရှေ့မှာသွားရပ်ရင်း "ချီပါ" "ချီပါ"နဲ့ လက်ကလေးနှစ်ဖက် ကို မြှောက်ပြရင်းချီစေချင် လို့ပြောနေတာ အမေက cheeseချိစ္စပြား တောင်းတယ်ထင်ပြီးရေခဲ သေတ္တာထဲက cheeseတစ်ပြား ထုတ်ပေး လိုက်တော့ သူပြောတာ မဟုတ်လို့ ဘသားချော လေးကဒေါသ နဲ့ချိစ္စပြား ကို ပေါက်ထည့်ပစ်လိုက်ပါလေရော။ ဒါနဲ့ပဲ ကျွန်မလက်လျှော့ လိုက်ရပါတော့တယ်။ သားပြောသလို သားသမီးမြေးတွေနဲ့ ထိတွေ့နေခဲ့ရတဲ့ အချိန်ကာလ ထဲကအမှတ်တရ အဖြစ်အပျက်ကလေးတွေဟာ နှလုံးသားတစ်နေရာမှာ စွဲငြိပြီးအရာထင် သိမ်းဆည်းထား တဲ့ တန်ဖိုး၇ှိရတနာစုလေးတွေလိုပါပဲ။ နှစ်ပေါင်းကြာလို့ အတိတ်လမ်း ကို ပြန်လျှောက်ကြည့်မိ တဲ့ အခါ အပြုံးနဲ့နှလုံးအေးစေသော ဘ၀ရဲ့ပန်းချီကားချပ်လှလှက လေးတွေပါပဲနော်။
ဒီလိုနဲ့ ဦးကျော်ဇောရောက်လာမဲ့ရက်ကို လက်ချိုးရေတွက်မနေတော့ဘဲ ကိုယ်လုပ်စရာရှိ တာတွေလုပ်ရင်း ပုံမှန်လှုပ်ရှား လာခဲ့တာ ၁၃လမြောက်တဲ့အချိန်ကျတော့တစ်နေ့မှာ ဖုန်း တစ်ခုဝင်လာလေရဲ့။ ခေါ်တဲ့သူက သားကြီးရဲ့အင်္ဂလိပ်နာမည်နဲ့ Albertရှိလားလို့ မေးပါ တယ်။

"မရှိပါဘူး။ အလုပ်သွားပါတယ်။ ပြောစရာရှိရင်မှာခဲ့ပါ"လို့ပြန်ပြောတော့...
"မနက်ဖြန်ညနေ ဒယ်လ်တာလေကြောင်း ဖလိုက်နံပါတ် ဒီလောက်နဲ့ မစ္စတာကရောဇွာ မာယာမီလေဆိပ် ကို ရောက်မယ်၊ သွားကြိုဖို့ ပြောပေးပါ"တဲ့။
ဒါဆိုသူ့ရုံးကိစ္စဖြစ်မှာပဲလို့ တွေးလိုက်မိတာပေါ့။ အဲဒီအချိန်တုန်းက သားကြီးက ဘရား ဇီးလ်နိုင်ငံက သူတို့ရုံးခွဲတစ်ခု ကိုလည်း တာဝန်ယူပြီးကြီးကြပ်ရတာမို့ မကြာခဏခရီးထွက် ရပါတယ်။ ဟိုကတာဝန်ခံတွေ လာလိုက်၊ သူကသွားလိုက်ဆိုတော့ ဒီနာမည်က ဘရာဇီးသားတစ်ယောက် ဖြစ်လိမ့်မယ်ထင်ပြီး...
"နေဦး၊ Albertရဲ့ရုံးကို ဒီနံပါတ်နဲ့ခေါ်ပြီး ကိုယ်တိုင်ပြောပြလိုက်ပါ"လို့ပြောရင်းရုံးကနံပါတ် ကိုပေးလိုက်ပါတယ်။

အဲဒီလူ ဖုန်းချသွားသွားချင်း သားကိုလည်းဖုန်းဆက်ပြီး မစ္စတာကရောဇွာဆိုတာလာမှာမို့ လူတစ်ယောက်က အကြောင်းကြားတယ်။ ဘရာဇီးလ်ကလားမသိဘူး။ သားရဲ့ရုံးနံပါတ်ကို မာမီပေးလိုက်တယ်။ ဆက်လာလိမ့်မယ် ဆိုတာ ပြောပြထားလိုက်ပါတယ်။ တစ်အောင့် လောက်ကြာတော့ ဖုန်းမြည်လာပြန်ပါရော။
"ဘယ်က ဘရာဇီးလ်က မစ္စတာကရောဇွာရမှာလဲ၊ ရောက်မှာက အန်ကယ်ဦးကျော်ဇောဗျ" တဲ့။
"ဟင်"ခနဲ ကျွန်မအံ့သြသွားရပါတယ်။ လာမယ်ဆိုတာ စားလည်းမရေး၊ ကြေးနန်းလည်းမ ပို့၊ကိုယ်တိုင်လည်း ဖုန်းမဆက်လာဘဲ ဘယ်တစ်ယောက်ကကြားကနေ အကြောင်းကြားရ တာတဲ့လဲ။ နောက်ပြီးပြောတဲ့သူက မစ္စတာကရောဇွာဆိုပြန်တော့ ဟုတ်မှဟုတ်ရဲ့လားလို့ ပြန်မေးရပါတယ်။
"ဟုတ်ပါတယ် မာမီရာ၊ သားသေသေချာချာမေးထားလိုက်တာပါ။ ပြောတဲ့သူကစားလုံး ပေါင်းဖတ်တာ အသံထွက်မမှန်လို့ ကရောဇွာဖြစ်နေတာပါ"တဲ့။

အဲဒီအသံထွက် မှန်အောင်မခေါ်နိုင်တာကလည်း အမေရိကားမှာပြဿနာတစ်ခုပါပဲ။ မြန်မာနာမည်တွေက အများအားဖြင့် (ကျော်)တို့ (မြင့်)များတာနော်။ စားလုံးပေါင်းက (Y) တွေ၊ (h)တွေ၊ (int)တွေပါလာပြီဆိုရင် ရှုပ်ကုန်တော့ တာပဲ။ ကျွန်မနာမည်မွေးကတည်းက အမေပေးထားတဲ့ "ခင်မကြီး" တစ်သက်လုံး ခင်မကြီးခေါ်တွင်လာပါလျက်နဲ့ ဒီကျမှ (ခင်မဂိုင်း)ဖြစ်ရတော့တာပဲ။ (ကြီး)လို့ အသံထွက်ကို (GYI)နဲ့ပေါင်းပေ မယ့် သူတို့က (Y)ပါတဲ့အတွက် (ဂိုင်း)လို့ခေါ်တာလေ။ သူတို့မှာ (ဂျီးဂျီး)ဆိုတဲ့နာမည်ရှိပါတယ်။ အဲဒါကို (GLI)နဲ့ပေါင်းတာပါ။ တစ်ခါတလေလည်း (GEE)နဲ့ပေါင်းတယ်။ (kyaw)ကျော်က (ကရော်)ဖြစ်၊ (MYINT)မြင့် က (မိုင်ရင့်)ဖြစ်၊ အဆိုးဆုံးကကျွန်မရဲ့သားရွှေစင်ကို "ရွှီ"လို့ အသံထွက်ခေါ်ကြခြင်းပါပဲ။ အတန်းထဲမှာ တစ်ရွှီတည်းရွှီနေကြတာကို သည်းမခံနိုင်ဘဲ ကျွန်မကိုလာမဲလေရဲ့။

"သားကို ရွှေစင်လို့ နာမည်မှည့်စရာလား။ ခေါ်ရခက်တဲ့ မိန်းမနာမည်ကြီး"တဲ့။
"မဟုတ်ပါဘူးသားရယ်၊ သားလှရွှေစင်၊ ထောင်နားဆင်လော့"ဆိုတာ အထင်ကရရှိတဲ့စာ ပါ။သားရွှေစင်ဆိုတာ အမေ့ရင်မှာထားရှိခံစားရတဲ့ချစ်ခြင်းမေတ္တာက သန့်စင်ပြီးသားေ၇ွှ ပိုပီတိတွေဝင်းအိနေတဲ့ သဘော။ တန်ခိုးကြီး တဲ့ရွှေစင် နဲ့နှိုးပြီး မြတ်မြတ်နှိုးနှိုးရွေးမှည့် ထားတဲ့နာမည်လှလှလေးပါလို့ မနည်းကြီးရှင်းပြလည်း မကျေနပ်နိုင်တာ နဲ့သူတို့ခေါ်လို့ လွယ်ကူနိုင်မဲ့ရှိပြီသား အင်္ဂလိပ်နာမည် ERICလို့ပြောင်းပေးလိုက်မှပဲ နာမည်ခေါ်တာ အ ဆင်ချော သွားလေရဲ့။ အမေရိကားရောက်မှ အတွေ့အကြုံတွေ အမျိုးမျိုး ရတော့တာ ပါပဲ လေ။
ဒီလိုနဲ့ အမှာစကားရထားတဲ့အတိုင်း နောက်တစ်နေ့ညနေမှာအရင်တစ်ခေါက်တုန်းကလိုပဲ ကျွန်မနဲ့ အတူသားကြီးဝင်း နဲ့ ချွေးမဘော်ဘီတို့ပါ အဖော်လိုက်ပြီး မာယာမီလေဆိပ်မှာ ဦးကျော်ဇော ကိုသွားကြိုကြ ပါတယ်။ တစ်ဆင့်စကားပါးထားတာဖြစ်လို့ လာသာကြိုရတာ၊ ရင်ထဲမှာတော့ ဟုတ်မှ ဟုတ်ရဲ့လား နဲ့ မယုံမရဲနဲ့ပါဘဲ။ တော်ပါသေးတယ်။ စောင့်ကြည့် နေဆဲလေယာဉ်ခရီးသည်တွေထဲမှာ ဦးကျော်ဇော ကိုတွေ့လိုက်ရ လို့ ၀မ်းသာအားတက် သွားရတယ်ပေါ့။

ရောက်မဆိုက် ဟိုဘက်မှာလုပ်ရကိုင်ရတာတွေ ခက်ခဲလို့မကြည့်ကြာသင့်ဘဲ ပိုကြန့်ကြာ သွားရတယ် ဆိုတာတွေလည်း ရှင်းလင်းပြောပြနေလေရဲ့။ ကျွန်မစောဒကမတတ်ဘဲ သူပြောသမျှ မယုံတစ်ဝက်နဲ့ နားထောင်နေလိုက်ပါတယ်။ ရင်ထဲက မကျေမလည်ရှိနေ တာတွေအတွက် မေးခွန်းတွေမေးလိုပေမဲ့ ဘ၀အသစ်ပြန်စရမဲ့အချိန်အခါမှာ တစ်ဦးနဲ့ တစ်ဥိးကတောကကဆ၊ မကြည်မလင်မဖြစ်ကြ ဘဲ မေတ္တာ နဲ့လက်တွဲပြီး ခြေလှမ်းညီညီ လျှောက်နိုင်ပါမှ အရာရာအဆင်ချောမှာမို့ မျက်ကွယ်က ကိစ္စကို ဘွာခတ်လိုက် ပါတော့ မယ်တွေးပြီးစိတ်ကိုလျှော့ထားလိုက်ပါတယ်။
အိမ်ကိုပြန်ရောက်တော့ ညနက်နေပြီဖြစ်တာကြောင့် ကလေးတွေအားလုံးလည်း အိမ်မော ကျနေကြပါပြီ။ ကျွန်မ မာမီတစ်ယောက်ပဲမအိမ်သေးဘဲ ထိုင်စောင့်နေလေရဲ့။ ဦးကျော်ဇောကိုပြန်တွေ့ရတော့ ၀မ်းတွေသာလို့ပေါ့။ သားနဲ့ချွေးမ ကလည်း အလိုက် တသိနဲ့ "ကဲ...အန်ကယ်ကလည်း ခရီးရှည်လေယာဉ်စီး လာရတာ မောရော့မယ်၊ နာကြဦး" ဆိုပြီးအိပ်ခန်းထဲဝင်သွားပါရော။ တကယ်လည်း ခရီးပန်း လာတာဖြစ် လို့ ပေါ့ပေါ့ပါးပါး ည၀တ်အင်္ကျီလဲပြီးတာနဲ့ နားဖို့ အိပ်ရာဖုံးတွေခွာ၊ လဲလျောင်း စရာ နေရာပြင်ပေး လိုက် တယ်ပေါ့။

သူအိပ်ရာပေါ် လှဲနေတုန်းကျွန်မလည်း သိမ်းစရာရှိတာတွေ သိမ်းခေါက်ရင်းဝတ်လာတဲ့ ကုတ်အင်္ကျီကို အင်္ကျီချိတ်မှာ ချိတ်ဖို့ယူလိုက်ပါတယ်။ အိတ်ထဲက ဖောင်းဖာင်းပွပွဖြစ်နေ တာနဲ့ ဆွဲထုတ်လိုက်တော့ လက်ကိုင်ပ၀ါရော၊ စီးကရက်ဘူး၊ မီးခြစ်နဲ့ရှူဆေးဘူးကအစ ပစ္စည်းတွေအမျိုးစုံပါလာလေရဲ့။ အဲဒါတွေ လက်တကမ်းသုံးနိုင် ဖို့ အိပ်ရာဘေးက စားပွဲပေါ် တင်ထားပေး လိုက်ပြီး နောက်အိတ် တစ်ခုကို နှိုက်လိုက်တော့ နိုင်ငံကူးလက်မှတ် PASS PORTစာအုပ်နီလေး ထွက်လာ ပါတယ်။ စာအုပ်ကြားမှာ ဓာတ်ပုံ တစ်ခု ညှပ်ထားတာနဲ့ ဖွင့်ကြည့်လိုက်မိတော့ ကျွန်မ မျက်လုံးတောင် ကျွန်မမယုံနိုင်အောင်ပါပဲ။
ဓာတ်ပုံ က ပုပ္ပါးတောင်တော် ဘက်ကရောင်းနဲ့ ဦးကျော်ဇောနဲ့ အမျိုးသမီးငယ်စုံတွဲပုံဖြစ် နေပါရော။

ကျွန်မက ပြီးတာတွေပြီးခဲ့ပါပြီ။ မျက်ကွယ်ကိစ္စတွေကို ဘွာခတ်လိုက်ပါတော့မယ်လို့ခံ ယူပြီးမေတ္တာ နဲ့လက်တွဲ ဖို့ ပြင်ဆင်ထားခါမှ ဒီဓာတ်ပုံကို မျက်ဝါးထင်ထင်မြင်ရတော့ တာလေ။ ရှုပ်ထွေးခဲ့တဲ့ ဇာတ်လမ်းတွေ ကို နိဋ္ဌိတံပြီးကျွန်မဆိပြန်လာခဲ့တာ ဖြစ်ခဲ့ရင်ဒီဓာတ် ပုံကနိုင်ငံကူးလက်မှတ်ထဲမှာ ညှပ်ပြီးပါလာစရာ မရှိပါဘူး။ အထင်ကရ၊ အမြတ်တနိုးနဲ့ ယူလာခြင်းကိုက အခြေအနေမှန်ကို ဖော်ပြဖို့ သိကြားစေသက်သေညွှန်းခြင်းပဲ မဟုတ်ပါ လားနော်။
ပြန်လည် ဆုံးစည်းရတဲ့နေ့ရဲ့ အနာတရဖြစ်တဲ့အမှတ်အသားလေးတစ်ခုပါပဲလေ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>