Thursday, February 7, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၉)

ဖျာပုံဘက်တွင် စက်သေနတ်ပစ်ပြီးနောက် ထိုလေယာဉ်ကြီးသည် လာလမ်းအတိုင်း ပြန်လာပြီး တဖြည်းဖြည်း ပျောက်ကွယ် သွားပါတော့သည်။
“ဟေ့ ... ဟိုမှာ ကြည့်စမ်း၊ လေယာဉ်သုံးစီး လာနေတယ်”
“အေး ... ဟုတ်တယ်”
စကားပြော ၍ မဆုံးမီ၊ မြားဦးသဏ္ဍာန် ပျံသန်းလာသော လေယာဉ်သုံးစီးအနက်မှ တစ်စီးပြီးတစ်စီး ချပေးပါ သည်။ ကောင်းကင် တွင် ပွင့်၍ ထွက်လာသော လေထီးများမှာ မှိုပွင့်များအလား အလွန် လှပ ပါသည်။ ထိုနေ့က လက်နက်၊ စားသောက်ဖွယ်၊ အ၀တ်အထည် စည့် ပစ္စည်းပေါင်း ၃၉ ကွန်တိန်နာဖြစ် ပါသည်။
ကို ဆက်ဖတ်ရန် ...

လေထီးဖြင့် ကျလာသော လက်နက်များ၊ ရာရှင်များကို လှည်းများဖြင့် သူကြီး ဦးညွန့်အိမ်သို့ သယ်ယူသွား ကြပါသည်။ ကျွန်တော်၏ တာဝန်သည် လေထီးချစဉ် အတွင်းလုံခြုံရေးတာဝန် ထမ်းဆောင် ရခြင်း မျှသာ ဖြစ်သဖြင့် ယင်းလက်နက်များကို သယ်ယူရာတွင် ကွန်မြူနစ်ပါတိ၏ ကျေးရွာပြောက်ကျားများက တာဝန် ယူ သယ်ပါသည်။ ကျွန်တော်သည် မစားရ၀ခမန်းဖြစ်ရသော ယင်းလက်နက်များကို ကြည့်ရင်း မိမိတပ်စု အတွက် လောလောဆယ် ကိုင်ဆောင်နေရသော ဂျပန်လက်နက်များကို စိတ်ပျက်မိသည်။ သို့သော် ဘာမျှ မတတ်နိုင်သော ဘ၀၏ အကျိုးသက်ရောက်မှုမှာ မိမိကိုယ်ကို ဖြေသိမ့်ခြင်းနှင့် သက်ပြင်းအကြိမ်ကြိမ် ချမိ ခြင်းသာ လျှင် ဖြစ်ပါသည်။
နေလုံးကြီး သည် အနောက်ဘက်မိုးကုပ်စက်ဝိုင်းသို့ ၀င်အံ့ဆဲဆဲဖြစ်ခြင်းကြောင့် ဆည်းဆာ၏အလှ ပန်းနုရောင် အသွေး ကို ဆောင်လျက်ရှိနေပါသည်။ စောစောက လေထီးဖြင့်ချပေးခဲ့သော လက်နက်မျးကို သယ်ဆောင်သော ကျေးရွာပြောက်ကျားများ၏ လှည်းများသည် အစီအရီရွာတွင်းသို့ တအိအိလှိမ့်ဝင်လျက် ရှိနေသည် ကို တွေ့ရသည်။

“ဗိုလ်လေး မပြန်သေးဘူးလား”
“အေး၊ ပြန်တာပေါ့။ တို့တာဝန်ပြီးပြီပဲ။ ကိုစံယျ၊ ရဲဘော်တွေခေါ်ပြီး လူစစ် တန်းဖြုတ်လိုက်ပါဗျာ”
ရဲဘော်စံယျ သည် ကျွန်တော့်ထံမှ အမိန့်ရသောအခါ ကင်းချထားသော ရဲဘော်များရှိရာသို့ အပြေး သွားရောက်ခေါ်ယူ ပါသည်။ ရဲဘော်များသည် တာဝန်ရုတ်သိမ်းနေသည်ကို သိသော်လည်း မိမိသဘောဖြင့် ထွက်ခွာ လာခြင်းမပြုဘဲ ရဲဘော်စံယျ လာရောက်သည့်အထိ စောင့်စားလျက်ရှိနေပါသည်။ ကျွန်တော်သည် ကန်သင်းပေါ် တွင် ထိုင်ရင်း ရဲဘော်များ၏ စည်းကမ်းလိုက်နာမှုအတွက် ၀မ်းသာမိသည်။ ဤရဲဘော်များ သည် လေ့ကျင့်ပြီး တိုက်ပွဲအတွေ့အကြုံရှိသောဗမာ့ကာကွယ်ရေး တပ်မတော်သားများဖြစ် ကြသည်။ ကျွန်တော် တို့ ရန်ကုန်မှ တပ်ဖျောက်ထွက်လာခဲ့ပြီးသည့်နောက် ကျေးရွာများတွင် လှည့်လည် နေထိုင် ခဲ့သော် လည်း လေ့ကျင့်မှု မပျက်ခဲ့ကြပေ။ ကျွန်တော်သည် မိမိ၏ တပ်စုအား ရန်သူနှင့် ယှဉ်၍ တိုက်ခိုက်နိုင်ရန် အတွက် ဓားသွေးသကဲ့သို့ ရဲဘော်များအား လေ့ကျင့်ပေးထားပြီးဖြစ်ပါသည်။ မကြာမီ ရဲဘော်စံယျမှ ရဲဘော် များပြည့်စုံကြောင်း တန်းဖြုတ်ရန် ကျွန်တော့်အား သတင်းပို့ပြီး ရွာအတွင်းသို့ ၀င်ခဲ့ကြ ပါသည်။ သူကြီး ဦးညွန့်၏ အိမ်ကြီး တစ်ခုလုံး ပျားပန်းခတ်မျှ စည်ကားလှုပ်ရှားလျက်ရှိသည်။ ကွန်တိန်နာခေါ် သေနတ် များနှင့်ပစ္စည်းများ ထည့်သော ကျည်တောက်ကြီးများကို ထုနှက်ရိုက်ဖွင့်နေသော အသံများမှာလည်း ပန်းပဲဖိုမှ ထုရိုက်နေသော အသံကဲ့သို့ အဆက်မပြတ် ပေါ်ထွက်လျက်ရှိပါသည်။

“ကိုစံယျရေ ... ရဲဘော်တွေ ထမင်းကျွေးဖို့ ခေါ်သွားတာ့ဗျာ”
“ဟိုက် ... ကိုင်း ရဲဘော်တို့၊ ထမင်းစားရုံကို သွားကြမယ်။ တန်းစီ”
ရဲဘော်များ ထွက်သွားသောအခါ ကျွန်တော်သည် ပင်ပန်းနွမ်းနယ်စွာ ၀ါးကွပ်ပျစ်ပေါ်သို့ လှဲချလိုက်မိသည်။ ထိုအခါ ကောင်းကင်ပြင်သည် ကျွန်တော့်မျက်နှာပေါ်မှ မိုး၍ ကြည့်နေပါသည်။ ကျွန်တော်သည် တစ်ဖက် သို့ စောင်း၍ အိတ်ကပ်ထဲတွင် တွန့်လိမ်ခွေကောက်နေသော လေထီးချ စီးကရက်ဘူးမှ စီးကရက်တစ်လိပ်ကို ထုတ်၍ ပါးစပ်တွင် တပ်ကာ မှိန်းနေလိုက်သည်။ ထိုအခိုက်ဖြောက်ဟူသော အသံနှင့်အတူ မီးပွင့်ကလေး တစ်ချက်ပေါ် လာပြီး ကျွန်တော့်ပါးစပ်မှ စီးကရက်ကို မီးညှိရန် ဖိတ်ခေါ်လိုက်သည်။ ထိုသူ ကား လေထီးဆင်း ရဲဘော် ကိုဘသောင်းဖြစ်ပါသည်။
“ကိုမြလှိုင်ကြီး၊ တော်တော် မောသွားလားဗျ”
“မမော ပါဘူးဗျာ၊ စိတ်နည်းနည်းမောလို့ မှိန်းနေတာပါ”
“ဟက် ... ဟက် ... စိတ်မောတယ် ဟုတ်လား၊ ရှင်းပြစမ်းပါဦး”

ကျွန်တော်သည် ကိုဘသောင်း လှမ်းပေးသော ချွင်းဂန်းကို လှမ်းယူရင်း ပါးစပ်တွင် မြုံစားလိုက်သည်။ ထို့နောက် ကျွန်တော့် တပ်စု၏ ချို့တဲ့သော လက်နက်အခြေအနေကို ရှင်းပြပြီး ကျွန်တော့်တပ်စု၏ လေ့ကျင့်သားရမှု စိတ်ဓာတ်ပိုင်းများ ကို ၀ါဒဖြန့် ပြောကြားလိုက်ပါသည်။
“ကိုမြလှိုင် တပ်စုမှာ လူဘယ်နှစ်ယောက်လောက်ရှိလဲ”
“ခုတော့ အားလုံး ၃၅ ယောက်လောက်ရှိတယ်ဗျာ”
“ဒီလိုလုပ်ဗျာ။ ကျွန်တော် မေဂျဗွိုက်တို့နဲ့ တိုင်ပင်ကြည့်မယ်။ နောက်ညပီး ဒီကပြောက်ကျားခေါင်းဆောင်တွေနဲ့ တိုင်ပင်ကြည့် မယ်။ ပြီးရင် အဖြစ်နိုင်ဆုံး ကျွန်တော် ဆောင်ရွက်ပေးမယ်“တကယ်လားဗျ”
“ဟာ ... ရဲဘော် ကလည်း တကယ်ပဲပေါ့ဗျ”
“ကျေးဇူး သိပ်တင်တယ်ဗျာ၊ ဒါထက် ဘယ်တော့ သိရမှာလဲ”
“အလွန်ဆုံး မနက်ဖြန်ပေါ့”

ကိုဘသောင်းသည် ၎င်း၏ကတိအတိုင်း ကျွန်တော့်တပ်စုအား လက်နက်တပ်ဆင်ပေးရေးကို မေဂျာဗွိုတ်တို့အား လည်းကောင်း၊ ပြောက်ကျားခေါင်းဆောင်(ကိုအောင်ခင်)ကိုထွန်းစိန်တို့အားလည်းကောင်း ပြောဆို၍ နောက်တစ်နေ့နံနက်သို့ ရောက်သည့်အထိ မစောင့်တော့ ဘဲ ထိုည၌ပင် ၃၀၃ ရိုင်ဖယ်အသစ် ၂၅ လက်၊ လက်ပစ်ဗုံး ၂၀၊ စတင်းဂန်း ၃ လက်တို့ကို ထုတ်ပေး လိုက်ပါသည်။ ထို့အတူ ကျွန်တော့်ထံမှ ဂျပန်လက်နက်များကို သိမ်းယူခြင်းမပြုဘဲ ကျွန်တော့် ကိုပင် ပြန်ပေးလိုက်ပါသည်။
ထိုအချိန်မှစ၍ လက်နက်အသစ်ကလေးများ ရထားသော ကျွန်တော်၏ တပ်စုသည် တာလွှတ်အံဆဲဆဲ ပြိုင်မြင်းများ ကဲ့သို့ ဖက်ဆစ်များနှင့် အလျင်အမြန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပါစေဟု တဖွဖွ ဆုတောင်းရင်း အားမွေး လျက်ရှိကြပါလေသည်။

စခန်းတစ်ခုလုံး လက်နက်စွဲကိုင် အသင့်ရှိနေကြပါသည်။
တမော့ဝရွာ၏ အရှေ့ယွန်းယွန်းဆီမှ တိုက်ပွဲဖြစ်နေသည်ဟု ခန့်မှန်းရပါသည်။ အဆက် မပြတ် ပေါ်ထွက် လာသော စက်သေနတ်သံများ၊ တစ်ချက်တစ်ချက် ပြင်းထန်စွာ မြည်ဟည်းသော စိန်ပြောင်းပစ် သံများကို ကြားရခြင်းကြောင့် တိုက်ပွဲပြင်းထန်နေဆဖြစ်ကြောင်းကိုလည်း သဘောပေါက်ပါသည်။ ထိုအချိန် တွင် ဗမာ့တပ်မတော်မှ ဗိုလ်မြတ်ကျော်နှင့် ကျွန်တော်တို့တပ်များ ရှိနေသော်လည်း ကျန်ပြောက်ကျား တပ်များမူ အများအပြားရှိပါသည်။ သို့သော် တိုက်ပွဲတစ်ခုကို စီမံကွပ်ကဲတိုက်ခိုက်ရန်ကိုမူ တိုက်ပွဲအတွေ့အကြုံမရှိသော ယင်းဒေသခံ ပြောက်ကျားများဖြင့် တိုက်ခိုက်၍ ရမည်ကားမဟုတ်ပေ။ သို့တစေ ဗိုလ်မြတ်ကျော်၏ တပ်ခွဲမှာ တမော့ဝရွာ ရှိ လူကြီးများ၏ လုံခြုံမှုကို တာဝန်ယူထားရသော တပ်ဖြစ် ခြင်းကြောင့် ဤနေရာမှ ထွကခွာသွားရန် မဖြစ်နိုင်ပေ။ သို့ဖြစ်ခြင်းကြောင့် ဤနေရာမှ ဗိုလ်မြတ်ကျော်သည် အရေးအကြောင်း ပေါ်ပေါက်၍ ဆက်သား များ ရောက်ရှိ အကူအညီတောင်းလျှင် အဆင်သင့်ဖြစ်စေရန် ကျွန်တော့်တပ်စုအား ပြင်ဆင်ထားရန် ညွှန်ကားပြီး ၎င်း၏တပ်ခွဲကိုလည်း စနစ်တကျ ချထားစီစဉ်လျက် ရှိပါသည်။

မကြာမီ ဆတ်သား ရောက်ရှိလာပါသည်။ ဆတ်သားများ၏ သတင်းပို့ချက်အရ ဒေးဒရဲအပိုင် ပံကဒတ်ရွာတွင် ဖက်ဆစ် များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း ယင်းပံကဒတ်ရွာသည် အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသော ကရင် တိုင်းရင်းသားများ နေထိုင်သော ညီညွတ်စည်းလုံးသော လယ်သမားရွာကြီးတစ်ရွာ ဖြစ်ပါသည်။ ရွာခံများဖြစ်ကြ သည့် စောထွန်းစိန်နှင့် စောအေးကျော်တို့မှာ ပံကဒတ်ရွာ၏ ပညာတတ် လူငယ် များဖြစ်ကြပြီး ယခုအခါ ကွန်မြူနစ်ပါတိ၏ စည်းရုံးမှုဖြင့် ဖက်ဆစ်တော်လှန်ရေး ရဲဘော်များ ဖြစ်လာကြပါ သည်။ ၎င်းတို့အား ဗိုလ်မြတ်ကျော် က တာဝန်ယူ သင်တန်းပေးခဲ့ပါသည်။
“ရဲဘော်၊ ရန်သူအင်အား ဘယ်လောက်ရှိလဲ”
“၆၀-၇၀ လောက်ရှိတယ် ထင်တယ်”
“အခြေအနေကို ပြောစမ်း”
“ရွာကို ၀ိုင်းထားတယ်”

ဆတ်သား ရဲဘော်ထံမှ အကျိုးအကြောင်း သိရပြီးနောက် ဗိုလ်မြတ်ကျော်သည် ကျွန်တော့်အား ခေါ်ယူ၍ တိုးတိုး တိတ်တိတ် မှာကြားပါသည်။ ၎င်း၏ မှာကြားချက်ကို ယခုလာသော ဆတ်သားသည် အမှန်တကယ် လာရောက်သတင်းပို့ခြင်း ဖြစ်နိုင်သကဲ့သို့ ရန်သူ၏ ထောင်ချောက် ထောင်ခြင်းလည်းဖြစ်နိုင်ကြောင်း၊ သို့ဖြစ်၍ ကျွန်တော့် တပ်စု မှ တပ်စိတ်တစ်စိတ်ကို ရှေ့ပြေးကင်းဖြစ်အထောက်တော်လွှတ်ပြီး နောက်ချန်လိုက်သွားရန် အမိန့်ပေး ပါသည်။ ၎င်းဆတ်သားကိုလည်း တစ်ပါတည်းခေါ်သွားရန် မှာကြားပါ သည်။ တိုက်ပွဲ တိုက်ရတော့ မည်ဖြစ်၍ ကျွန်တော်တို့လူသိုက် ပျော်ရွှင်ကြသည်။ ဖက်ဆစ်တော်လှန်ရေးကို နဖူးတွေ့ ဒူးတွေ့ ဆောင်ရွက်ကြ ရတော့မည်မဟုတ်ပါလား။

ရှေ့ပြေးကင်း တပ်စိတ်နှင့် ကျွန်တော်၏ တပ်စု နာရီဝက်ခန့်ခြား၍ ချီတက်ခဲ့ကြသည်။ ရှေ့ပြေးကင်း တပ်စိတ်ကို တပ်ကြပ်သောင်းအိ ခေါင်းဆောင်၍ ရဲဘော်များမှာလည်း တိုက်ရည်ဝသော ရဲဘော်များဖြစ်၍ ကျွန်တော် စိတ်ချ ပါသည်။ ယခုမူ လက်နက်များကပါ အသစ်များ ဖြစ်ခြင်းကြောင့် ပိုက စိတ်ချပါသည်။ ကျွန်တော်သည် မိမိတပ်ကို မိမိယုံကြည်သည်။ နောက်ဆုံး ဤတိုက်ပွဲတွင်အရေးမလှ၍ ရှုံးနိမ့်ခဲ့သော် ကျွန်တော်တို့အားလုံး တိုက်ပွဲတွင် ကျဆုံးခြင်းသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။ ဗိုလ်မြတ်ကျော်က ကျွန်တော့် လက်ကို နာနာညှစ်ရင်း စကားဆိုသည်။
“ရဲဘော်၊ သတိဝီရိယနဲ့ တိုက်နော်။ ရန်သူကို အထင်မသေးနဲ့”
“စိတ်ချပါ”
“အောင်မြင်ပါစေဗျာ၊ ကိုင်း ... ထွက်တော့”

ထိုအခိုက် ကျွန်တော်တို့အနီးသို့ ကွန်မြူနစ် ပြောက်ကျား တာဝန်ခံ ကိုအောင်ခင် (ကိုထွန်းစိန်) ရောက်ရှိလာ ပါသည်။ ၎င်းက ရန်သူအင်အားမှာ များပြားခြင်းကြောင့် ကျွန်တော်၏ တပ်စုအင်အားဖြင့် မလုံလောက်နိုင်ကြောင်း သို့ဖြစ်၍ ပြောက်ကျားတပ်ုတစ်စုကိုလည်း စစ်ကူဖို့လိုကြောင်း ပြောပါသည်။ ကိုအောင်ခင် ၏ ပြောစကားကို ကြားသောအခါ ကျွန်တော်က တုတ်တုတ်မျှ မလှုပ်ဘဲ ဗိုလ်မြတ်ကျော်ကို လှမ်းကြည့် လိုက်သည်။
“မလိုတော့ဘူး ထင်တယ် ကိုအောင်ခင်”
“ဟာ ... လိုတယ်ဗျ။ ကိုမြလှိုင်က နယ်မကျွမ်းဘူး။ ကျုပ်လူတွေက နယ်ခံတွေဗျ။ ကျွန်တော်က စိတ်ပူ လို့ ပြောတာ၊ နောက်ပြီး ရန်သူက ၁၀၀-၂၀၀ ဒီက လူ ၃၀ လောက်ဆိုတော့ အင်အားချင်း မမျှပါဘူး”
“အင်းလေ ... ကိုအောင်ခင် သဘောပေါ့။ ဒါပေမယ့် ကိုမြလှိုင်နဲ့တော့ တွဲတိုက်ပါဗျာ။ ခင်ဗျား တပ်စုကို ဗိုလ်မြလှိုင်ကို အပ်လိုက်ပါ”
“ဟာ ... ဘာဖြစ်မှာလဲ”

ကျွန်တော်သည် ကိုအောင်ခင်နှင့် ယခုလိုအချိန်၌ အငြင်းမပွားလိုပေ။မည်သို့ပင်ဆိုစေ ကိုအောင်ခင်သည် သူ့တပ်စုကို သူကိုယ်တိုင် ကွပ်ကဲ တိုက်ခိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ကျွန်တော် က ကိုအောင်ခင်အား သဘောတူကြောင်း ပြော၍ တိုက်ခိုက်မည့် အစီအစဉ်ကို မေးရပါသည်။ အမှန်က တပ်မတော် တွင် အထက်အမိန့်သည် အဓိကဖြစ်သည်။ ကွပ်ကဲမှု ဆိုသည်မှာလည်း ဆင့်ကဲဆင့်ကဲ နာခံရမြဲဖြစ် သည်။ ယခု ဗိုလ်မြတ်ကျော်သည် တပ်မတော်အရာရှိတစ်ယောက် ဖြစ်သည်။ တာဝန်ဝတ္တရားအရလည်းကောင်း၊ ရာထူးအရ လည်းကောင်း ကျွန်တော့်ထက်လည်းကြီးသူဖြစ်သည်။ သို့ဖြစ်၍ ကျွန်တော်သည် ဗိုလ်မြတ်ကျော် ပေးသော အမိန့် ကို နာခံရမည်သာဖြစ်သည်။ ယခု ကိုအောင်ခင်နှင့် ကျွန်တော့်မှာ တိုက်ပွဲနှင့် ပတ်သက်၍ အစီအစဉ် ချမှတ်ဆောင်ရွက်ရန် မေးခြင်းဖြစ်ပါသည်။

“ဟ ... မြလှိုင် ရ၊ ရန်သူကို တိုက်တာပဲကွာ။ ရန်သူရှိတဲ့ဆီ တို့ပြောက်ကျားနည်းနဲ့ တိုက်ရမှာပေါ့။ မင်း ပြောနေတာနဲ့ အချိန်တွေ လင့်ကုန်ပြီ။ ငါ သွားနှင့်မယ်ကွာ”
ကျွန်တော်က ခေါင်းညိတ်ပြလိုက်သည်။ ကိုအောင်ခင်သည် သူ့တပ်စုကို သူခေါ်၍ အပြင်းချီတက်သွားပါ သည်။ ကိုအောင်ခင်တို့ တပ်စုကို အမည်းစက်ကလေးသဏ္ဍာန် မြင်သည့်အထိ ကျွန်တော် ကြည့်နေမိ သည်။ ထို့နောက် ကျွန်တော့် တပ်စုအား ဦးဆောင်၍ ချီတက်ခဲ့သည်။ ဤနေရာတွင် ကိုအောင်ခင်အား အပြစ်မဆိုလိုပေ။ အဘယ်ကြောင့် ဆိုသော် ကိုအောင်ခင်သည် စိတ်အားထက်သန်ခြင်း၊ ပူပင်ခြင်း စသည့် ဇောကပ်နေ သူဖြစ်ပါ သည်။ ထို့ပြင် ၎င်းသည် ကွန်မြူနစ်ပါတီ၏ တာဝန်ရှိသော ပြောက်ကျားခေါင်းဆောင် တစ်ဦးမဟုတ်ပါလား။

မကြာမီ ရှေ့ပြေးကင်း တပ်စိတ်မှ ရဲဘော်တင်လှ ရောက်ရှိလာသည်။ အချိန်မှ ညနေစောင်းဖြစ်သော်လည်း ကျနေသည် ကျွန်တော်တို့အား စူးစူးဝါးဝါး ပူလောင်စေပါသည်။ ကျွန်တော်တို့ တပ်စုသည် ခြောက်သွေ့၍ ပက်ကြားအက် များ၊ စပါးပင်ငုတ်များကို ပင်ပန်းစွာ နင်းခြေဖြတ်ကျော်လာခဲ့ကြရငြားလည်း စိတ်အဟုန်သည် တိုက်ပွဲ၌ သာ ရောက်ရှိနေပါသည်။
“ဆိုစမ်း တင်လှ။ မင်းတို့ တပ်စိတ် ဘယ်မှာလဲ”
“ရွာစည်းရိုးနဲ့ ကပ်လျက် ဇရပ်အောက်မှာ ရောက်နေတယ်”
“ဒီက ဘယ်လောက်ဝေးသလဲ”
“တစ်မိုင်ခွဲလောက်တော့ဝေးမယ်”
“ရန်သူ့အခြေအနေကို ပြောစမ်း”
“ဆုတ်သွားကြပြီ။ တပ်မတော်က လိုက်တိုက်နေတယ်။ ရွာမှာ စောထွန်းစိန်တို့ပဲ ကျန်ခဲ့တယ်”
“ဘယ်သူ့တပ်လဲ”
“ဦးဘလုံတပ်လို့ ပြောတယ်” (ဗုလ်ချုပ်တင်ဖေ၏ တော်လှန်ရေးအမည်။)

ကျွန်တော်တို့တပ်စု ပံကဒတ်ရွာသို့ ရောက်သောအခါ တိုက်ပွဲပြီးစီး၍ မောပန်းစွာ ပြန်လာသော ဗိုလ်လတင်ဖေကို တွေ့ရပါသည်။ ဗိုလ်တင်ဖေသည် လုံချည်ကို ပုခက်လုပ်၍ သယ်ဆောင်လာသော ဗိုလ်လောင်း ဗိုလ်ရအတွက် လွန်စွာ စိတ်ပူပင်လျက် ရှိပါသည်။ ကျွန်တော်တို့တပ်စု ရောက်ရှိကြောင်း သတင်းပို့ပြီးသော အခါဗိုလ်လတင်ဖေက ဗိုလ်ရအား အလျင်အမြန်တမော့ဝရွာသို့ သယ်ဆောင်ရန် အမိန့် ပေး ပါသည်။ ထိုညက လသည် ထိန်ထိန်သာနေပါသည်။ လယ်ကွင်းပြင်ကြီး မှာ ငွေရောင်အဆင်း ကဲ့သို့ ဖြူဖွေး လှနေပါသည်။ ကျွန်တော်တို့သည် ဗိုလ်အသက်ရှင်ရေးအတွက် တစ်ယောက်တစ်လှည့် အပြေးထမ်းဆောင် သယ်ယူ လာခဲ့ကြသည်မှာ ည ၈ နာရီခန့်တွင် တမော့ဝရွာသို့ ရောက်ရှိပါသည်။

“မြလှိုင် မင်း တပ်စုက ဆတ်သားတစ်ယောက် ပေးစမ်း”
“ရပါတယ်”
“သွက်သွက်လက်လက်ကောင်မှ ဖြစ်မယ်ကွ”
“ကိုသောင်းအိကို ပေးမယ်။ မဖြစ်ဘူးလား”
“အေး၊ ကောင်းတယ်”
ဗိုလ်လကျာ်ခိုင်းစေချက်အရ ကျွန်တော်သည် တပ်ကြပ်သောင်းအိကို ဆတ်သားအဖြစ် တာဝန်ပေးရန် ဗိုလ်လက်ျာထံ သို့ ခေါ်ခဲ့ပါသည်။ ဗိုလ်လက်ျာသည် ဒေးဒရဲမြို့နယ်အတွင်းမှ ကျုံသင်၊ သဲကုန်းစသော ရွာများ တွင် ဖစ်ဆစ်များနှင့် တပ်မတော် တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်မှ အရာရှိနှင့် ရဲဘော်အချို့ ကျဆုံး သွားခဲ့ကြောင်း၊ တပ်မတော်မှ အရာရှိကြီးအချို့ ဖက်ဆစ်များ ဖမ်းဆီး၍ ဒေးဒရဲ အချုပ်ခန်း၌ ထားရှိကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ဒေးဒရဲမှ မြေအောက် အဆက်အသွယ်များ၏ အကူအညီဖြင့် စုံစမ်းရယူရန်နှင့် တပ်မတော် မှ အရာရှိကြီးများမှာ မည်သူမည်ဝါ ဖြစ်သည်ကိုပါ သိရှိရန် လိုအပ်ကြောင်း၊ အသေးစိတ် မှာကြား ပါသည်။ ဗိုလ်လက်ျာထံမှ ပြန်လာသောအါ ကျွန်တော်နှင့်အတူ ဗိုလ်တင်အေး (အမ်-တင်အေး၊ ပန်းချီ၊ ပန်းပု ကျောင်းအုပ်ကြီး)လည်း အတူလိုက်ပါလာလေသည်။
“ကိုသောင်းအိ၊ သေသေချာချာ သတင်းမှန် ယူခဲ့ဖို့ လိုတယ်နော်”

“စိတ်ချပါ ဗိုလ်လေး”
ကိုတင်အေးသည် ကိုသောင်းအိအား အထက်ပါစကားကို ပြောပြီးနောက် စိတ်မချမ်းသာဘဲ ဆရာကြီးသခင်စိုး ၏ ပြောကြားချက်အရ ဗမာ့တပ်မတော်မှ ထိပ်တန်းအရာရှိကြီးနှင့် အချို့အရာရှိများ ဒေးဒရဲအချုပ်ခန်းတွင် ဖက်ဆစ်တပ် မှ လက်ရဖမ်းဆးထားကြောင်း၊ ယင်းသတင်း ခိုင်လုံမှု အတည်ပြုပြီး သည်နှင့်တစ်ပြိုင်နက်၊ ဖက်ဆစ်များ၏ စခန်းများကို မဟာမိတ်တို့ အကူအညီဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး၊ ဒေးဒရဲ အချုပ်ခန်းအတွင်းမှ တပ်မတော် မှ ထိပ်တန်းအရာရှိကြီးနှင့် အရာရှိများအား အသေခံတပ်ဖြင့် ၀င်ရောက် စီးနင်း ထုတ်ယူရန်ဖြစ်ကြောင်း ပြောပြပါသည်။
“ကိုသောင်းအိ၊ ဒီကိစ္စကို ပေါ့ပေါ့တန်တန် မလုပ်နဲ့နော်။ အကောင်းဆုံးကတော့ ခင်ဗျား ဂွကလေးစခန်းကို ၀င်ပြီး ကိုအောင်မင်း (မြေတိုင်းစာရေးကိုတင်)တို့နဲ့ ဆက်သွယ်ပြီး ဒေးဒရဲကို ဆက်သွားတာ ကောင်းတယ်”

“ကောင်းတယ်၊ ဘာဘာညာညာတော့ မပြောနဲ့ ဒေးဒရဲမြေအောက် အဆက်သွယ်ကို ဂွကလေးမှာ အဆင်သင့် တွေ့ချင်လဲ တွေ့မယ်”
“စိတ်ချပါကွာ”
ကိုသောင်းအိကို ကျွန်တော်နှင့် ကိုတင်အေးတို့သည် တမော့ဝရွာနယ်နိမိတ်အဆုံးသို့ လိုက်၍ပို့ကြသည်။ ကိုသောင်းအိသည် တာဝန်ဝတ္တရားများကို တိတိကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်၍ ပြန်လာနိုင်ပါစေဟု ကျွန်တော် ၏ စိတ်ထဲမှ ဆုတောင်းလိုက်မိသည်။ သို့သော် ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ပေ။
အကြောင်းမူ ...။
ဗိုလ်လက်ျာ သည် ကျွန်တော်နှင့် ကိုတင်အေးအား ကိုသောင်းအိကု အကြိုလွှတ်ခဲ့သည်။ ဗိုလ်လက်ျာ၏ ခိုင်းစေချက် အရ ကျွန်တော်နှင့် ကိုတင်အးတို့သည် ကိုသောင်းအိအား အထောက်အကြိုပြုရန် တမော့ဝရွာ၏ စွန်လယ်တဲ တစ်ခုတွင် နှစ်ယောက်သား အိပ်၍ စောင့်နေခဲ့ကြသည်။ ကွင်းပြင်များကို ဖြတ်၍ တိုက် လာသော လေပူသည် ကျွန်တော်တို့အား ချော့၍ သိပ်သကဲ့သို့ ရှိစေပါသည်။
“ကိုမြလှိုင်၊ အိပ်ချင် အိပ်လေ”
“အိမ်က မိန်းမကို လွမ်းတယ်ဗျာ”

ကျွန်တော့်စကားကို ကြားသောအခါ လူပျိုကြီး ကိုတင်အေးက တဟက်ဟက်ရယ်မောသည်။ အမှန်က ကိုတင်အေးသည် အိမ်ထောင်သည် မဟုတ်ရကား ကျွန်တော့်အား ကိုယ်ချင်းမစာတတ်နိုင်စေ။ ကျွန်တော်သည် ချစ်သူသန်းသန်း အား လက်ထပ်ပေါင်းသင်းခဲ့သည့်နောက် အိမ်ထောင်သည်တစ်ဦး၏ တာဝန်ကို တိတိပပ မထမ်းဆောင်နိုင် ဘဲ နိုင်ငံရေးနောက်သို့ ကောက်ကောက်ပါအောင် လိုက်ခဲ့သူ ဖြစ်သည်။ ယခုလည်း ကျွန်တော့် အနေဖြင့် လူငယ်ပီပီ ဇနီးသည်အား လွမ်းဆွတ်သတိရနေမိသည်မှာ အမှန်ဖြစ်ပါသည်။ သို့တစေ ယင်းသို့ လွမ်းဆွတ် တမ်းတမှုကိုပင် အချိန်ယူ စဉ်းစားရသောဘ၀ မဟုတ်သဖြင့် စိတ်ပျက်မိလေသည်။

“မရယ်နဲ့ ကိုတင်အေး။ ခင်ဗျား မိန်းမ မရှိတော့ ကိုယ်ချင်းမဟာတတ်ဘူးပေါ့ဗျာ”
“ဖက်ဆစ်တော်လှန်ရေးကြီးပြီးတော့ တွေ့ကြရမှာပေါ့ဗျာ။ အဲဒီအခါမှာ ခင်ဗျားမိန်းမက ပန်းကုံးစွပ်ဖို့ အသင့်စောင့်နေမှာပါ”
“အင်း ... ဟင်း ... ဟင်း ... ။ မိန်းမက ပန်းကုံးစွပ်မလား။ ယောက်ခမုတ်ကြီးက အိမ်ပေါ်က ကန်ချမလား ဆိုတာ တစ်ခုခုတော့ ဖြစ်မှာပါ”
ကျွန်တော် အိပ်ပျော်သွားသည်။

အိပ်ပျော်သော တဒင်္ဂသည် သုခနှင့် ပြည့်စုံလှသည်။ နေပူမရှောင်၊ မိုးရွာမရှောင် သွားလာရှုပ်ရှားနေသော ကာလများသည် အသက်ကို အရင်းတည်ထားရသည်။ အမြဲသတိရှိစွာ သွားလာရသဖြင့် အလိုလို သွေးက လန့်နေသည်။ ကျွန်တော်တို့ မျက်စိများသည် ကျီးများကဲ့သို့လည်းကောင်း။ ကျွန်တော်တို့၏ လှုပ်ရှားမှုသည် သားကောင်နှင့် ရန်သူကို ရှာဖွေနေရသော မုဆိုးကဲ့သို့လည်းကောင်းရှိပါချေသည်။ ကျွန်တော်တို့အဖို့ အိပ်စက် နားနေခြင်းမှာ နေ့နှင့်ညခွဲခြား၍လည်းမရခဲ့ပေ။ ရသောအချိန် တွေ့သောနေရာတွင်သာ ခေတ္တ နားနေ အိပ်စက်ခြင်းမျှသာ ပြုလုပ်ရမြဲဖြစ်သည်။ ယခု ကျွန်တော် အိပ်ပျော်သွားပါသည်။ အိပ်ပျော်သောအခါ စစ်သားဘ၀ ၏ ကြမ်းတမ်းသော အသိတရားများ ပျောက်ကွယ်လျက် လှပသော အိပ်မက်များ ကို မြင်မက် လေသည်။ ပြန်လည် နိုးကြားမလာမီအတွင်း အိပ်မက်ကမ္ဘာသည် တစ်ဘ၀၏ အလှအပ များ ဖြစ်ပါသည်။

“ကိုမြလှိုင်၊ ကိုသောင်းအိ တစ်ယောက် ပြန်လာနေပြီဗျ”
အိပ်မှုန်စုံမွှားဖြင့် ကိုတင်အေး ညွှန်ရာသို့ ကြည့်လိုက်ပါသည်။ မှန်ပါသည်။ အလွန်ဝေးလံသော ကွင်းထီးထီး၏ အလယ် တွင် မည်းမည်းသဏ္ဍာန်တစ်ခုသည် လှုပ်ရှားလျက်ရှိသည်။ ကိုတင်အေးက လက်ထဲမှ မှန်ပြောင်းဖြင့် ကြည့်ရင်း အင်္ကျီအပြာ ၀တ်ထားသော လူတစ်ယောက်သည် ခြေကုန်သုတ်၍ လာနေကြောင်း ပြောပြနေပါသည်။
”ရော့.... ကြည့်စမ်း ခင်ဗျား ရဲဘော် မဟုတ်လား”
ကျွန်တော်က မှန်ပြောင်းကိုတလှည့်ယူ၍ြ့ကည့်လိုက်မိသည်။ ကိုတင်အေး ပြောသကဲ့သို့ပင် အင်္ကျီအပြာ ဝတ်ထားသော လူတစ်ယောက် ကျွန်တော်တို့ ရှိရာသို့ ဦးတည်လျက် ရှိနေသည်ကို တွေ့ရသည်။ ကိုသောင်းအိ သည် ခရီးမထွက်မီ အကျီင်္အပြာကို ဝတ်ဆင်ထားခဲ့သည်ဖြစ်၍ ယခု လာနေသူမှာ ကိုသောင်း အိပင် ဖြစ်ပေ လိမ့်မည်။

”ကိုသောင်းအိပဲ ဖြစ်မှာပါ”
မှန်ပြောင်းဖြင့် ကြည့်၍ လူတစ်ယောက်မှန်း သိရသော်လည်း ကျွန်တော်တို့ ရှိရာသို့ ၎င်းရောက်လာရန် နာရီဝက် ခန့် လာရဦးမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်တော်သည် ကိုတင်အေးအား ကိုသောင်းအိ နှင့် ကျောင်းနေဖက် သက်တူရွယ်တူ မဟုတ်သော်လည်း တို့ဗမာ အစည်းအရုံး ဖွဲ့စည်းသောအလခါ ကျွန်တော် တို့နှင့်အတူ အလုပ်အမှုဆောင်တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည် ထိုအချိန်မှာပင် အိမ်ထောင်ကျခဲ့ပြီး အိမ်ထောင်သည် ဘဝဖြင့် ဖျာပုံမြို့မှ ဦးတင်ဦး၏ သစ်ဆိုင်တွင် စာရေးလုပ်ရင်း တပ်မ တော်တွင် ဆက်လက်ထမ်းဆောင်ခဲ့ပြီး ယခု ကျွန်တော်တပ်စုတွင် တပ်စိတ်မှူးအဖြစ် ပါဝင်လာခဲ့ပါသည်။
”ကိုသောင်အိ လာရင်တော့ သတင်းစုံသိရမှာပဲ။ ဗိုလ်ချုပ် ဗိုလ်လက်ျက သိပ်စိတ်ပူနေတယ်ဗျ”
”အရေးကြီးတာက သတင်းမှန်ဖို့နဲ့ အချိန်မီဖို့ပဲ လိုပါတယ်”

စောစောက မသဲကွဲသောအရာသည် ယခုသဲကွဲစွာ မြင်ရပါပြီ။ အင်္ကျီ အပြာဝတ်ထားသော လူတစ်ယောက်သည် ကျွန်တော်တို့ ရှိရာသို့ စိုက်စိုက်မတ်မတ် လာလျက်ရှိနေသော်လည်း မည်သူ မည်ဝါဟု တပ်အပ်မပြောနိုင်သေး သဖြင့် မှန်ပြောင်းဖြင့်ပင် မည်သူမည်ဝါ ဖြစ်ကြောင်း စူးစမ်း ရပြန်ပါသည်။
”ကိုမြလှိုင် ကျွန်တော် တို့ဆီ လာနေတဲ့သူဟာ ကိုသောင်အိတော့ မဟုတ်ဘူးဗျ။ ခင်ဗျားကြည့်စမ်းပါဦး”
ကိုတင်အေး ၏ စကားကြောင့်ကျွန်တော်ရင်ထဲတွင် ထိတ်လန့်မှု တစ်ခုကို ရရှိလိုက်မိပါသည်။ အဘယ် ကြောင့် ဆိုသော် ကိုသောင်းအိသည် မည်သည့် အကြောင်းကြောင့် ပင်ဖြစ်စေ ယနေ့ စခန်းသို့ ပြန်လည်ရောက် ရှိရမည် ဖြစ်ပါသည်။ အကယ်၍ ကိုသောင်းအိ တစ်ယောက် မဟုတ်ဘဲ အခြားသူတစ် ယောက်သာဖြစ်ပါမှု ကိုသောင်းအိသည် ရန်သူတို့၏ ထောင်ချောက်တွင် နောက်ထပ်တိုးဝင်လာသူ ဖြစ်ပေလိမ့်မည်။ ယင်းသို့ စဉ်းစားရင်း ကျွန်တော်သည် ကိုတင်အေး ကမ်းပေးသော မှန်ပြောင်းကို လှမ်းယူ၍ ကြည့်လိုက်မိပါသည်။

”ဟုတ်တယ် ကိုသောင်းအိ မဟုတ်ဘူး ဒါပေမယ့် ဗိုလ်မြတ်ကျော်နဲ့တော့ တူတယ်ဗျ”
”ဟုတ်ပြီ ဟုတ်ပြီ ဗိုလ်မြတ်ကျော် ဖြစ်နိုင်တယ်”

ဟေ့လူတွေ ဘာကြောင်ကြည့်နေတာလဲ ရော့ လေထီးရာရှင်”
ဗိုလ်မြတ်ကျော်သည် သိုင်း၍လွယ်ထားသော စစ်လွယ်အိတ်အတွင်းမှ လေထီးရှာရှင် ၂ ဘူးကို ကျွန်တော်တို့ ထံသို့ ပစ်ပေးလိုက်ပါသည်။ ရာရှင်ဘူးများ ၀ါးကြမ်းခင်းပေါ်သို့ ကျသွားသည့်တိုင်အောင် ကျွန်တော် တို့ ကောက်ယူခြင်းမပြုသေးဘဲ ဗိုလ်မြတ်ကျော်အား စိန်းစိန်းကြည့်ကာ မေးလိုက်မိပါသည်။
“ဗိုလ်မြတ်ကျော် ခု ဘယ်က လာတာလဲ“
“ဂွကလေး၊ အောင်မင်းတို့ဆီက ပြန်လာတာလေ ဘာဖြစ်လို့တုန်းဗျ“
“ သြော် ... ကိုသောင်းအိကို ဗိုလ်ချုပ်လျက်ာက ဒေးဒရဲလွှတ်လိုက်တာ ပြန်ရောက်မလာလို့ စိတ်ပူနေတယ်ဗျ“
“ဘာပြောတယ်၊ ကိုသောင်းအိ ဟုတ်လား“

“ဟုတ်တယ်“
“သောင်းအိဟာ ဘယ်ကလဲ ရဲဘော်လား “
“ဟုတ်တယ်လေ၊ ကျွန်တော့်တပ်စုက တပ်ကြပ်ကလေးပဲဗျ“
“ဟာ ... အောင်မင်း ကျုပ်ကို တစ်ပတ်ရိုက်လိုက်ပြီဗျို့၊ အကျိုးတော့စည်းကုန်ပြီ ထင်တယ်ဗျာ“
ဗိုလ်မြတ်ကျော်၏ ပြောပြချက်အရ ကိုသောင်းအိသည် ကျွန်တော်တို့ ညွှန်ကြားလိုက်သည့်အတိုင်း ဂွကလေး ရွာသို့ရောက်၍ အောင်မင်းထံတွင် ဒေးဒရဲမှ အခြေအနေများကို စုံစမ်းသည်။ ယင်းစုံစမ်းချက်ကို အောင်မင်းက သံသယဖြစ်ကာ ကိုသောင်းအိကို ဖမ်းဆီးလိုက်ပါသည်။ တော်လှန်ရေးကာလဖြစ်သဖြင့် ယင်းသို့ အောင်မင်းက ကိုသောင်းအိကို ဖမ်းဆီးခြင်းသည် လုပ်သင့်လုပ်ထိုက်သော ကိစ္စဖြစ်သည်ကို ကျွန်တော် လက်ခံနိုင်ပါသည်။

သို့သော် ဗိုလ်မြတ်ကျော်၏ နောက်ဆက်တွဲ ပြောစကားအရ ရဲဘော်သောင်းအိအား သိလိုက်ရပါသည်။ ယင်းစကားရပ်သည် ကျွန်တော့်ရင်ကို မီးကဲ့သို့ လောင်မြိုက်ခဲ့ရပါသည်။ ကျွန်တော်သည် အောင်မင်း၏ သတ်ဖြတ်မည် အထိရက်စက်လိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ ယင်းသို့ထင်မြင်သည်မှာလည်း အကြောင်း နှစ်ချက် ရှိပါသည်။ ပထမအကြောင်းအချက်မှာ အောင်မင်း(ခ)မြေတိုင်းစာရေးမောင်တင်သည် ကိုသောင်း အိအား ငယ်ပေါင်းကြီးဖော်အဖြစ် တစ်မြို့ထဲ၊ တစ်ပိုင်းတည်း နေထိုင်လာခဲ့ခြင်းနှင့် ဒုတိယအချက်မှာ ဤမျှ ကြီးသေးသော တာဝန်တစ်ခုကို ထမ်းရွက်ရန် တာဝန်ဖြင့် လာရောက်သူတစ်ဦးအား အကြောင်း အမျိုးမျိုးကြောင့် သင်္ကာမကင်း ဖြစ်သည့်တိုင်အောင် စေလွှတ်တာဝန်ပေးလိုက်သော တမော့စ၀စခန်းသို့ အထောက်တော်စေ လွှတ်၍ ဟုတ်မဟုတ် စုံစမ်းနိုင်ခြင်းတို့ကြောင့် ဖြစ်ပါသည်။

ကျွန်တော်သည် ဗိုလ်မြတ်ကျော်၏ နောက်ဆက်တွဲ စကားရပ်ကြောင့် အသက်ရှူခြင်းကို ခေတ္တမျှပင် ရပ်ထားလိုက်မိသည်။
“အောင်မင်းက ဖက်ဆစ်သူလျှိုဆိုပြီး လက်ပြန်ကြိုးတုပ်ပြီး တွဲလောင်းချထားတယ်ဗျ။ ကျုပ်လည်း ရဲဘော် မှန်းမသိ လို့ သတ်မယ့်အတူတူဆိုပြီး သူ့အင်္ကျီချွတ်ဝတ်လာခဲ့တာပဲ။ ကိုင်း အချိန်ရှိတုန်း ဗိုလ်ချုပ်လက်ျာဆီ သတင်း ပို့ပြီး တားကြရင် ကောင်းမယ်။ ကျုပ်လည်း ပြန်လိုက်ခဲ့မယ်ဗျာ။ အောင်မင်း ကျုပ်ကို တစ်ပတ်ရိုက် လိုက်တာပဲဗျို့“
ကျွန်တော်နှင့် ဗိုလ်တင်အေးတို့နှစ်ယောက် ဗိုလ်လက်ျာဆီသို့ အပြေးရောက်ရှိသတင်းပို့ခဲ့နိုင်သော်လည်း ဗိုလ်လက်ျာ ထံမှ ခွင့်ပြုချက်ရရှိပြီး တားမြစ်ရန် စီစဉ်နေချိန်တွင် အောင်မင်းတို့လူသိုက် ၎င်းတို့ဖမ်းဆီးထားသော ရဲဘော်သောင်းအိ သည် ၎င်းတို့လက်မှ သေနတ်ကို ၀င်ရောက်လုယူရန် ကြိုးစားသဖြင့် ပစ်သတ်လိုက်ရကြောင်း သတင်း လာပို့သွားတော့သည်။

ထိုအချိန်သည် ကျွန်တော်တစ်ယောက် အရူးကဲ့သို့ အော်ဟစ်မိပါသည်။ ကျွန်တော့်အား မည်သူမည်ဝါက ဆွဲလွဲခေါ်ယူခဲ့ သည်ဟု ကျွန်တော် မသိလိုက်မိဘဲ လူတစ်ယောက်၏ အသိစိတ်လုံးလုံး ပျောက်ဆုံးခဲ့ရပါသည်။ ကျွန်တော် သတိရလာသောအခါ ကျွန်တော့်အား ၀ိုင်းဝန်းဖျောင်းဖျလျက်ရှိသော တပ်မတော် အရာရှိ များကို တွေ့ရပါ သည်။ ကျွန်တော်သည် ကလေးငယ်သဖွယ် ကျူကျူပါအောင် ငိုချလိုက်မိသည်။ အားရအောင် ငိုလိုက်ပြီးနောက် အောင်မင်း အား လက်စားချေရန် သံန္နိဋ္ဌာန်ချလိုက်မိပါသည်။
“ဗိုလ်မြလှိုင်၊ ဗိုလ်ဘစိန်နဲ့ ဆက်သွယ်ပြီး ဖက်ဆစ်ကို တိုက်ပါ“
ဗိုလ်တင်ဖေ၏ အမိန့်ဖြင့် ကျွန်တော်သည် ထိုအချိန်မှစ၍ တမော့ဝစခန်းကို ကျောခိုင်းခဲ့ပါသည်။
နေနှင့်ဦးတော့ အောင်မင်းရေ ...။

တမော့ဝစခန်းကို ကျောခိုင်းခဲ့သော်လည်း ရဲဘော်သောင်းအိ ရေတိမ်နစ်ခဲ့ရသော ရင်မှဒဏ်ရာက မပျောက်။ စဉ်းစားမိလေတိုင်း တနုံ့နုံ့ခံစားရသည်။ တမြေ့မြေ့ဆွေးရသည်။ နာကြည်းစိတ်များ ရင်္ပ သိုလှောင် ရသော အခါ နှောင်းကာလ ၏ အကြောင်းအချက်များက နှိုးဆွပေါ်ပေါက်လာရပြန်သည်။
တပ်မတော် ကကောင်တွေဟာ မျက်ကန်းမျိုးချစ်တွေ၊ သေရဲတာနဲ့ တိုင်းပြည်ချစ်တာကလွဲလို့ ဘာသဘောတရား ခံယူချက်မှ မရှိတဲ့ကောင်တွေဟူသော ကွန်မြူနစ်ဆရာကြီးများ၏ တပည့်သားမြေးများ အား လက်သိပ်ထိုးပြောစကားများကို ပြန်လည်ကြားယောင်လာခဲ့ပါသည်။ ထို့အတူ မြင်ယောင်ဝိုးတ၀ါး ပြန်ပေါ်လာသော အချက်တစ်ခုသာ ရှိပါသေးသည်။
တစ်နေ့သော ရက်တစ်ရက်။

ဖျာပုံမြို့မှ ဆက်သားရောက်လာသည်။ ဆက်သား၏ သတင်းပို့ချက်အရ ဖက်ဆစ်တပ်မတော်မှ စစ်သားများ ယခုည တမော့ဝစခန်းသို့ ၀င်ရောက်တိုက်ခိုက်မည့်သတင်းဖြစ်သည်။ သတင်းမှလည်း ယုတ္တိတန်ပါသည်။ အဘယ်ကြောင့်ဟူမူ တမော့ဝစခန်းသို့ လေထီးချပေးစဉ်က လက်နက် ခဲယမ်းမီးကျောက်များ၊ အ၀တ်အထည်၊ အစားအသောက် များ ထည့်သည့် ကွန်တိန်နာခေါ် သံကျည်တောက်ကြီးများကို တမော့ဝ ချောင်းဝ သို့ထွက် ၍ မြစ်အတွင်း ၌ ပစ်ချဖျောက်ဖျက်ခဲ့လေသည်။ သို့သော် ရေကျသောအခါ ယင်းပစ္စည်းများ အားလုံး သောင်စပ် ၌ အစီအရီ တင်နေသည်ကို ရန်သူများက တွေ့ရှိပြီး သဲလွန်စရခဲ့ခြင်းဖြစ်ပါသည်။ ဆက် သားထံမှ သတင်း ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်တော်တို့အား စခန်းတစ်နေရာသို့ ရွေ့ထားရန်၊ ထို့အတူ နိုင်ငံရေးခေါင်းဆောင်ကြီး သခင်စိုးကိုလည်း အလားတူ လုံခြံသည့်စခန်း သို့ ပြောင်းရွှေ့ ထားရန် ဖြစ်ပါသည်။ ဒုတိယတာဝန်မှာ တမော့ဝကျေးရွာအား ဖက်ဆစ်တို့ မဖျက်ဆီးနိုင်ရန် အသက်ပေး ကာကွယ် ရန်ဖြစ်ပါသည်။ ထို့နောက် လူကြီးများ ရွှေပြောင်းရေးတာဝန်ကို ဗိုလ်သန်းထွန်း တပ်စုမှလည်းကောင်း၊ ကွန်မြူနစ်ပြောက်ကျား ကိုအောင်ခင်တို့ကလည်းကောင်း တာဝန်ယူ၍ တိုက်ခိုက် ရေးတာဝန်ကို တမော့ဝချောင်းဝ တွင် ကရင်ပြောက်ကျား စောထွန်းစိန်နှင့် တစ်ဖက်ကမ်းရှိ ဦးတင်ကြိုင်တို့ အဖွဲ့က လည်းကောင်း၊ ဌာနချုပ် အဆောက်အအုံနှင့် တမော့ဝရွာကို ကျွန်တော့် တပ်စုကလည်းကောင်း၊ တမော့ဝ အရှေ့ဘက်ကမ်း ဗိုလ်လက်ျာ၏စခန်းကို ဗိုလ်မြတ်ကော် တပ်ကလည်းကောင်း အသီးသီး ခွဲဝေ ဆောင်ရွက်ကြ ပါသည်။

ထိုညက ကျွန်တော်တို့ မျှော်လင့်ထးသကဲ့သို့ ရန်သူများက ၀င်ရောက်တိုက်ခိုက်ခြင်း မပြုဘဲ ဖျာပုံမြို့မှ နှစ် ထပ်သင်္ဘောတစ်စီးနှင့် မော်တော်ကြီး တစ်စင်းတို့ကို ဆွဲ၍ ပုသိမ်သို့ ရေလမ်းမှ ချီတက်သွားပါသည်။ ယင်းသို့ ချီတက်လာသည် ကို ကနစိုကွင်းတွင် ရောက်ရှိနေသော ဗိုလ်ဟန်သိမ်း (ယခင်စားသောက်နှင့် အဖျော်ယမကာ ကုန်သွယ်ရေး ဦးဆောင်ညွှန်ကြားရေးမှူး)၏ တပ်မှ တိုက်ခိုက်လိုက်လေသည်။ ဖက်ဆစ် တပ်များမှ ခုခံ တိုက်ခိုက်သဖြင့် တိုက်ပွဲမှာ ၁ နာရီခန့် ကြာမြင့်၍ ရန်သူအချို့ ကျဆုံးပြီး ရိက္ခာနှင့် စစ်ပစ္စည်း များကို ဗိုလ်ဟန်သိမ်းတို့ ရရှိလိုက်လေသည်။ ဗိုလ်ဟန်သိမ်းတို့တပ်နှင့် တိုက်ပွဲဖြစ်နေချိန်တွင် ရန်သူများ တမော့ဝရွာသို့ ချဉ်းနင်း ၀င်ရောက်လာမည်ဟု ထင်မှတ်၍ လိုအပ်သည်များကို အသင့်စီစဉ် စောင့်နေသော် လည်း ရန်သူများ သည် မိုးစင်စင်လင်းသည့်အထိ ပေါ်မလာကြတော့ဘဲ ကစဥ့်ကလျားဖြင့် ပုသိမ်သို့ ဆက်လက် ချီတက်သွားကြောင်း ရှမ်းကွင်းကြီးရွာမှ ပြောက်ကျားတာဝန်ခံ ကိုတင်ကြိုင်တို့ထံမှ ဆတ်သား လွှတ်လိုက်သဖြင့် သိရှိကာ ကျွန်တော်တို့ တပ်များကို ပြန်လည်ရုပ်သိမ်းထားခဲ့ကြပါသည်။ ကျွန်တော်တို့ စုရုံးမိကြသောအခါ နံနက် ၆နာရီခန့် ရှိပါပြီ။ ဗိုလ်မြတ်ကျော်၊ စောထွန်းစိန်နှင့် ကျွန်တော်တို့ စုရုံး၍ ကင်းလဲ ရန်ကိစ္စ၊ အချို့ရဲဘော်များအား ခေတ္တအိပ်စက်နားနေရန် ကိစ္စကို တိုင်ပင်ကြပါသည်။ ထိုအခိုက် ကျွန်တော့် တပ်စုမှ တပ်ကြပ်တင်ဦးက ၀က်အူချောင်းများ၊ ထောပတ်ဘူးများ၊ သကြားဘူးများကို ပွေ့ပိုက်၍ ယူလာပါ သည်။

“ဟ ... ရဲဘော် ဘယ်က ဟာတွေလဲကွ၊ များလှချည်လား”
“ဟို ... ဟို အခန်းထက တွေ့တာ”
“ထားလိုက်၊ ပြန်ထားလိုက်။ ဒါ ဆရာကြီး သခင်စိုးအတွက် ထားတာကွ”
ကျွန်တော်က ယင်းသို့ပြောခိုက် ဗိုလ်မြတ်ကျော်က တပ်ကြပ်တင်ဦး ယူလာသောပစ္စည်းများကို လှမ်းယူ လိုက်ပြီး မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများကို အားရပါးရ သပ်က ကျွန်တော့်ပေါင်လို လက်ဖြင့်ပုတ်၍ ပြောလာပါသည်။
“လုပ်မနေနဲ့ ကိုယ့်လူ။ ဒါတွေ အားလုံး ကြော်ပြီး ကျိတ်ပစ်ရမယ်။ တို့များ ရဲဘော်တွေ ငယ်လှသကွာ၊ ရွေး-ရဲဘော်တစ်ယောက် လာစမ်း ဟိတ်”
ဗိုလ်မြတ်ကျော် သည် ရဲဘော်လက်သို့ ၀က်အူချောင်းတွဲကြီးနှင့်တကွ ထောပတ်ဘူးများကို အပ် လျက် ကြော် လှော် ခိုင်းပါသည်။ ရဲဘော်များကလည်း ၀က်အူချောင်းများ ကို ထောပတ်နှင့် ပင် ကြော် လိုက်ကြသေး သည်၊ ထို့ပြင် သကြားများကို သောက်ရေအိုးထဲ ထည့်၍ လက်ဖြင့်မွှေကာ ရှာလပတ်ရည် အဖြစ် သောက် လိုက်ကြ ပါတော့သည်။

ထိုနေ့နံနက်က အစားအသောက် ငတ်လှသော ကျွန်တော်တို့တစ်တွေ ပျော်လိုက်သည့် ဖြစ်ခြင်း။ သို့သော် ကြာကြာမပျော်လိုက်ရပေ။ ညနေစောင်းတွေ ခေါင်းဆောင်ကြီး ပြန်ရောက်လာပါသည်။ ထိုအခါ ကိုအောင်ခင်က ခရီးရောက်မဆိုက် ကျွန်တော့်အား ဆရာကြီး၏ ရိက္ခာများကို မတန်မရာ စားသောက်ရကောင်းလား ဟု ပြောဆိုက ဒေါသူပုန်ထပါလေသည်။ ကျွန်တော်ကမူ မည်သူ့အားမျှ လွှဲချမနေ တော့ ဘဲ ခေါင်းငုံ့ခံလိုက်ပါတော့သည်။

ကျွန်တော်သည် ဆွေးမြည့်နာကြည်းစိတ်များဖြင့် ရင်၌ ပြည့်လျှံလာသောအခါ အနာဟောင်းများကို စဉ်းစား ရင်း မိမိဦးတည်ဆောင်ရွက်လျက်ရှိသော ဖက်ဆစ်တော်လှန်ရေးဟူသော ဦးတည်ချက်နှင့်အတူ မြစ်ဝကျွန်းပေါ်ရှိ ကျွန်မြူနစ် ပါတီ ကိုလည်းကောင်း၊ ကွန်မြူနစ်ပါတီ၏ လက်အောက်ခံ ပြောက်ကျား ရဲဘော်များကို လည်းကောင်း၊ နိုင်ငံရေးမှူးဆိုသူများကိုလည်းကောင်း ရန်သူအဖြစ် မြင်လာခဲ့ပါ သည်။ ထို့ထက် အခါအခွင့်သင့် လျှင် ရဲဘော်သောင်းအိ ကိုယ်စား လက်စားချေမည်ဟူသော သန္နိဋ္ဌာန်ချထားလိုက်ပါသည်။ ထိုအချိန်မှစ၍ ကွန်မြူနစ် ဆန့်ကျင်ရေး သမား မြလှိုင်အဖြစ် ဘ၀ကူးပြောင်း ရောက်ခဲ့ရပါသတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 6, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၉)

ပညာရှင်John Wesleyက
မိမိရဲ့စွမ်းအားရှိသမျှနဲ့ အကောင်းဆုံးလုပ်ပါ။
အတတ်နိုင်ဆုံးလုပ်ပါ။
နေရာမရွေးလုပ်ပါ။
အချိန်မရွေးလုပ်ပါ။
ထိတွေ့ရသူမှန်သမျှလုပ်ပါတဲ့။
အသက်ရှင်နေသမျှလုပ်ပါတဲ့။
ဒီဆောင်ပုဒ်အတိုင်း စွမ်းအားရှိသမျှ လုပ်ပြီး ဘဝကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချတိုင်း စိတ်အားတင်း ရတယ် ဆိုပါတော့။
ကို ဆက်ဖတ်ရန် ..........

အပိုင်း (၄၁)

လူဆိုတာ ပထမအစသက်ရှူခြင်းကနေပြီး နောက်ဆုံးနှလုံးခုန်ရပ်တဲ့အထိ မျှော်လင့်ချက် တွေ၊ အိပ်မက်တွေ၊ စိုးရိမ် ပူပန်ခြင်းတွေ၊ အတွေးတွေ၊ ယုံကြည်ချက်တွေနဲ့ ဘ၀ခရီးကို လျှောက်နေကြတာနော်။ မိမိဖြစ်တည်ရာ ဘ၀ ကို ကျေနပ်လက်ခံနိုင်မှ နေသာထိုင်သာရှိ တာပါ။ ကျွန်မအနေနဲ့ သားသမီးမြေးတွေစုံ၊ အတူတကွနေရ လို့ စိတ်ချမ်းမြေ့ကြည်နူးစ ရာဆိုပေမဲ့ သားနဲ့ချွေးမရဲ့ အရိပ်အောက်မှာ မှီခိုသူအဖြစ် နဲ့ နေရာတာမို့ ရင်ထဲမှာ ဘ၀င် မကျဖြစ်နေမိတာအမှန်ပါပဲ။ တစ်သက်လုံး သူတစ်ပါးကို အရိပ်ပေးစောင့်ရှောက် လာသူက တစ်ခဏအတွင်းမှီခိုသူလာဖြစ်နေရတာမို့ မနေတတ်မထိုင်တတ်ပါပေါ့။ သားတို့၊ ချွေးမ တို့ကအမေ စိတ်အားငယ် မှာစိုးလို့ အထူးဂရုစိုက်ပြုစုကြပေမဲ့ ကိုယ့်စိတ်ကိုက အဲဒီလို မှီခို သူဘ၀မှာနေရတာ ကို အလိုလို နေရခက်နေမိတာပါ။

ဒီတော့ ကိုယ့်အိုး ကိုယ့်အိမ်လေး ဖြစ်တည်နိုင်အောင် ခင်ပွန်းသည်ကို အမြန်ရောက်လာ စေချင်လို့ သတင်းမေးပြန်တော့ လည်း ကိစ္စတွေက မပြတ်သေးတာကြောင့် ကြာဦးမယ် လို့အကြောင်းပြန်တာပဲ ကြားသိရ လို့ စိတ်အားပျက်ချင်ချင်ဖြစ်လာတယ်ပေါ့။ သုံးလကနေ ခြောက်လတိုင်ပေမဲ့ ရောက်လာဖို့ အရိပ် အယောင်တောင် မရှိသေး ပါဘူး။ သားကိုထပ်ပြီး အိမ်ပြောင်းနေဖို့ ညှိနှိုင်းပြန်တော့လည်း သားက လုံးဝလက်မခံ ပါဘူး။ အန်ကယ်မရောက် လာခင်သားကြီးတစ်ယောက်အနေနဲ့ သူ့မှာစောင့်ရှောက်ရမဲ့ တာဝန်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဇွတ်တားလေတော့ ကိုယ့်ဟာကိုယ်သက်ပြင်းကျန်ချပြီး နေရပါတော့ တယ်။
ဘာမှမလုပ်နိုင် ဘဲ အခုလိုထိုင်စောင့်နေရတာ အချိန်တွေပုပ်လို့ တစ်ခုခုလုပ်ချင်တယ်ဆို တာသားကြီး ကို ပြောပြတော့ "မာမီ ဓာတ်ပုံဆိုင်ပြန်ဖွင့်ချင်လား"တဲ့။ ကိုယ်ဝါသနာပါရာ မြတ်နိုးရာအလုပ်မို့ လုပ်တော့ လုပ်ချင်သား။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မစိတ်ဓာတ်တွေ အကြီးအကျယ်ကျပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု က ပျောက်ဆုံးနေလေတော့ "ဟင့်အင်း"လို့ပဲ ပြန်ဖြေမိပါတယ်။
အဲဒီ "ဟင့်အင်း" ဟာ ကျွန်မရင်ထဲကတကယ့်ဆန္ဒနဲ့ ထွက်လာတဲ့စကား မဟုတ်မှန်းသား ကရိပ်မိတယ် ထင်ပါရဲ့။ "လာ...အပြင်သွားကြရအောင်၊ မာမီ အ၀တ်လဲ"တဲ့။

ဒါနဲ့ ဘာမသိညာမသိ ကျွန်မအ၀တ်လဲပြီးလိုက်သွားပါတယ်။ သူခေါ်သွားတဲ့နေရာက ဓာတ်ပုံဆိုင်တွေလေ။ အမေရိကားက တိုးတက်တဲ့နိုင်ငံကြီးတစ်ခု ဖြစ်တာကြောင့် ဓာတ်ပုံဆိုင်ကြီးတွေလည်း ဟိန်းနေလိမ့်မယ်လို့ ကျွန်မတွေးထင် ထားခဲ့တာပါ။ တကယ် ရောက်သွားတော့ ဆိုင်ခန်းကလည်း အသင့်အတင့်ပဲ။ မြန်မာပြညက် ဓာတ်ပုံ ဆိုင်ကြီးတွေ ကမှ အများကြီးကျယ်ဝန်းပါသေးတယ်။ ပြင်ဆင်ထားပုံကလည်း သာမန်မျှပါပဲ။ စတူဒီယိုထဲ မှာ ထိုင်ခုံလေး နှစ်ခု သုံးခု၊ ဘက်ကရောင်းလည်း အရောင်နု၊ အရောင်ရင့်နဲ့ အနက်ဒီသုံး မျိုးပဲ၊ ရှင်းလို့။ အပိုပစ္စည်းဘာမှ မရှိပါဘူး။ မီးသုံးတာလည်း ရိုးရိုးလေး Back Lightတစ်ခု၊ Head Light တစ်ခု နဲ့ရှေ့ ရောင်ပြန်ပေးဖို့ မီးလုံးရှေ့မှာ ထီးလိုအကာတစ်ခုပဲ ဖွင့ိ ထားတာရှိပါတယ်။

ဒါပေမဲ့သုံးတဲ့ ကင်မရာကအစ Flash Light အပါအ၀င် အားလုံးကနောက်ဆုံးပေါ် ကျွန်မ မမြင်ဖူးသေးတဲ့ အမျိုးအစားတွေ ပါပဲ။ ဓာတ်ပုံဆရာကလည်း ပညာသားအပြည့်ပါ။ ကျွန်မ တို့လိုအလင်း အမှောင် မီးအားနဲ့ ကင်မရာ ကို စိတ်မှနးနဲ့ ဖွင့်ချလိုက်တာ မဟုတ်ဘူး။ စနစ်တကျ မီတာနဲ့ အလင်းအမှောင်ကို ချိန်ပြီးမှ အညွှန်း အတိုင်း လိုက်နာပြီး ရိုက်တာ မျိုးလေ။
ကျွန်မ လေ့လာကြည့် ရင်း အံ့သြနေမိပါတယ်။ မြန်မာပြည်က ဓာတ်ပုံဆိုင်တွေလို အလှပြု ပြင်ပေးသူလည်း မရှိ။ ခဲထိုး၊ ဆေးခြယ်၊ ပုံကူးသူ လုပ်သားတွေလည်း မရှိ။ ဓာတ်ပုံဆရာ တစ်ဦးတည်းနဲ့ စတူဒီယိုတစ်ခု။ ဒါပဲရှိတာပါ။ ကျွန်မ နား မလည်လို့ မေးကြည့်တော့မှ ဒီမှာ ရိုက်သမျှ ပုံခပ်များများက ဆေးရောင်စုံ ပုံတွေလေ။ ဖလင်ဆေး၊ ပုံကူး ကလည်း ဓာတ်ပုံ ဆိုင်မှာ မဟုတ်ပါဘူး။ အားလုံးက စက်တွေနဲ့ဆေး၊ စက်တွေနဲ့ကူးတဲ့ ဧရာမဓာတ်ပုံ Lab ကြီးတွေ ရှိနေတာ မို့ အဲဒီ Labတွေနဲ့ စီးပွားရေး ဆက်သွယ်ထားလိုက်ရုံပါပဲ။

ဓာတ်ပုံ Lab ကြီးတွေ က နေ့စဉ်ရိုက်ပြီးသား ဖလင်တွေလာယူ၊ အချိန်အတိုင်းအတာ အတိုင်းဆေးပြီး ကူးပြီး ပုံတွေ နောက်နေ့ လာပို့၊ အဆင်သင့်ဖြစ်ပြီးသားပုံကို ကိုယ်က အလွယ်တကူ ရိုက်သူရဲ့ လက်ထဲထည့် လိုက်ရုံပါပဲ။ ဒါလောက်အဆင်ပြေ လွယ်ကူနေတာ ဘာဖြစ်လို့ ဓာတ်ပုံဆိုင်မဖွင့်လဲလို့ မေးစရာရှိပါတယ်။ စတူဒီယို လုပ်ငန်း တစ်ခုတည်းက ဒီမှာမတွင်ကျယ်ပါဘူး။ ကိုယ်ကသိပ်တော်နေ ရင်တော့ လည်း အောင်မြင်မှု ရပြီး (တစ်ဖနီ) ဓာတ်ပုံဆိုင်ကြီးလို ထင်ပေါ်ကျော်ကြားနိုင်တယ်ပေါ့။ သာမန် သူလိုကိုယ်လို အနေအနေ အထား နဲ့တော့ ကြီးပွားရာအလုပ်တစ်ခု မဟုတ်ပါဘူး။

အကြောင်းရင်း ကတော့ မြန်မာအမျိုးသမီးတွေလို ဒီကမိန်းကလေး တော်တော်များများက တကူးတက အချိန် ကုန်ခံပြီး ဓာတ်ပုံဆိုင် မှာ သွားရိုက်တဲ့အလေ့အထိ သိပ်နည်းပါတယ်။ အိမ်မှာ ဓာတ်ပုံတွေ ပုံကြီးချဲ့ပြီး၊ နံရံ အပြည့် ချိတ်ထားတာမျိုးလည်း မရှိပါဘူး။ ကိုယ့်သား သမီးကလေး ငယ်ရွယ်စဉ်မျိုးမှာတော့ ဆိုင်မှာ သွားရိုက်လေ့ရှိကြတယ်ပေါ့။ နောက်တစ်ခု ကလည်းလူတိုင်းရဲ့ လက်ထဲမှာ ကင်မရာကိုယ်စီ ရှိထားကြတာ မို့ မွေးနေ့တွေ ဘာတွေ မှာကိုယ့်အိမ်မှာပဲ စိတ်ကြိုက်ရိုက်တာတို့၊ အပျော်ခရီးထွက်တဲ့အခါ မိသားစုရိုက်တာ မျိုး တွေကိုတန်ဖိုးထားတက်ကြတာကလည်း ရှိသေးတာကိုး။ ဒါ့အပြင် အခုခေတ်ပေါ်တဲ့ ကင်မရာတွေကလည်း တကယ် လွယ်မှ လွယ်၊ ခလုတ်နှိပ်တတ် ရင် ဓာတ်ပုံဖြစ်တဲ့ ကင်မ ရာမျိုးတွေမို့ (Phd ပီအိတ်ခ်ျဒီ) ကင်မရာ လို့တောင် နောင်ပြောင်ပြီး နာမည်ပေးထားကြ သေးတာမဟုတ်လားနော။်

စက်မှုပညာတွေက တိုးတက်နေတာကြောင့် အရင်ကလို ကိုယ့်ဟာကိုယ်အလင်းအမှောင် ချိန်စရာမလိုဘဲ အလို အလျောက် ချိန်သားကိုက်ပြီးသား အော်တိုမက်တစ် ကင်မရာမျိုး တွေဆိုတော့ (ပီအိတ်ခ်ျဒီ)ဆိုတာ Press here dummy တဲ့လေ။ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် လက်ညှိုးတစ်ချောင်းနဲ့ ခလုတ်နှိပ်တတ်ရင်လည်း ဓာတ်ပုံက သူ့အလိုလို ချိန် သားကိုက် ရိုက်ပြီးသား ဖြစ်နေတော့လည်း အချန်ကုန်ခံ၊ ငွေပိုအကုန်ခံပြီး တော်ရုံကတော့ ဆိုင် မှာ သွားမရိုက်လေဘူးပေါ။

ဒါပေမဲ့ မင်္ဂလာဆောင်တို့၊ ဘွဲ့နှင်းသဘင်မျိုးစတဲ့ ပြင်ပကို လိုက်ရိုက်နိုင်ရင်တော့ အကျိုး အမြတ် သိပ်များ ပါတယ်။ ဒီမှာ Service က တန်ဖိုးကြီးတာကိုး။ ကျွန်မကသာ အဲဒီအချိန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေပျောက် ဆုံးပြီး စိတ်ဓာတ်တွေကျနေတာကြောင့် မလုပ်ရဲ တာ။ ကျွန်မတို့ရဲ့ မိတ်ဆွေ ဦးလှဝင်း ဆိုရင် နယူးယောက် မှာ ထင်ရှားကျော်ကြားတဲ့ ဓာတ် ပု့ဆ၇ာတစ်ဦးအဖြစ် ရပ်တည်နေ တာ မြန်မာလူမျိုး အနေနဲ့ ဂုဏ်ယူဖွယ်ရာပါပဲ။ ကျွန်မ သတ္တိမရှိတာနဲ့ ဓာတ်ပုံဆိုင်ဖွင့်ဖို့ ကိစ္စကို ခေါင်းထဲက ထုတ်လိုက်ပါတယ်။ သားကြီးဝင်း ကတော့ ကျွန်မဆန္ဒရှိရင် လုပ်ချင်လုပ်ရအောင်ဆိုပြီး သူကြည့်ထားတဲ့ ဆိုင်ခန်းနေရာလေး ကိုတောင် လိုက်ပြပါသေးတယ်။ နေရာက သားအိမ်နဲ့ မနီးမဝေး Shopping Center ထဲမှာ ပါပဲ။ ဆိုင်ခန်းခတွေ ကလည်း ဈေးကြီးပါဘိ။ ကိုယ်ကသူတစ်ပါးနဲ့ ပခုံးချင်း ယှဉ်နိုင်ဖို့ ရင်း နှီးစရာ ငွေကြေးအပြင် စနစ်တကျ အတတ်ပညာကလည်း လိုအပ်သေးတာမို့ လက်ရှိ အခြေအနေမှာ မိသားစုတာဝန်က ကြီးမာလာတာကြောင့် အတိမ်းအစောင်း မခံရဲဘဲ စွန့် စားဖို့အတွက် သတ္တိ မမွေးနိုင်တာနဲ့ စိတ်ကိုလျှော့်လိုက်ပါတယ်။

သားက ဒါဆိုရင် ဒီက စီးပွားရေးလုပ်ငန်း အခြေအနေတွေကို နားလည်ထားရအောင် ကျောင်းပြန်တက်ပြီး  Small Business Managementသင်တန်းယူဖို့ အကြံပေးပါတယ်။ အဲဒီလို အခြေခံသိနိုငအောင် သုံးလလောက် တက်ပြီး သင်ရတဲ့ရက်တိုသင်တန်းလေးတွေ ကဒီမှလွယ်လွယ်ကူကူနဲ့ တက်လို့ရပါတယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်တဲ့အချိန်တွေကို အလဟ ဿဖြုန်းမပစ်ဘဲ ၀င်ငွေရဖို့ဖြစ်စေ၊ အသိတရားနဲ့ ပညာရဖို့ဖြစ်စေ၊ ကုသိုလ်ရဖို့ပဲဖြစ်စေ၊ အကျိုးတစ်စုံတစ်ရာရှိရာ တစ်ခုခုတော့ လုပ်သင့်တာ မှန်တာကြောင့် သားအကြုံပြုတဲ့အ တိုင်း ကလေးတွေ အိမ်ပြန်ရောက်ချိန်မှာ မာမီ့အတွက်လည်း အဖော်ရှိပြီး မပူပင်ရတာမို့ ညဘက်ကျောင်း သွားတက်လိုက်ပါတယ်။

အမေက ကျောင်းသားဖြစ်ချိန်မှာ သမီးယမင်းက ကျောင်းပြီးလို့ ပညာစုံတာနဲ့ တစ်ခါ တည်းကြင်ရာပါစုံဖို့ ဖြစ်လာလေရဲ့။ ယမင်းရောက်ခါစမှာ သူတကာတွေကို အိမ်လွမ်းရော ဂါထလေတယ်ပေါ့။
"မာမီ့သမီးတွေ က အိမ်လွမ်းကြပြီဆိုရင် တစ်ယောက်က ဗိုက်နာ၊ တစ်ယောက်က ခေါင်း ကိုက်တာတဲ့" သားကြီးက သူ့ညီမတွေအကြောင်း ပြောပြပါတယ်။
"ကေခိုင် ရောက်ခါစတုန်းက ဗိုနာတယ်ဆိုပြီး အိပ်ရာထဲ သွားခွေခွေနေတာ။ ဘော်ဘီက တကယ်မှတ်ပြီး ပက်ပတိုဗစ္စမော်လ်တွေ တိုက်၊ ရေနွေးအိတ်တွေ ကပ်ပေးပေါ့။ ယမင်း ရောက်လာတော့လည်း ဒီအတိုင်း ပဲ။ ခေါင်းကိုက်တယ်ဆိုပြီး အိပ်ရာထဲ ခွေပြန်ရောလေ။ ဒီတော့မှ သားကလည်း သဘောပေါက် တာ မာမီရ"တဲ့။

အဲဒီလို ယမင်းအိမ်လွမ်းနာကျနေတယ် ဆိုတာ တက္ကဆက်ပြည်နယ်မှာနေတဲ့ အစ်မ        ကေခိုင်ကသိတော့ စိတ် မကောင်းဖြစ်ပြီး သူတို့အမေရိကားသွားဖို့ အကြံပြုကူညီပေးခဲ့တဲ့ သူငယ်ချင်းနဲ့ ဖုန်းပြောဖြစ်တဲ့အချိန်မှာ "တို့ညီမလေး Home Sickဖြစ်နေတယ်ဟယ်၊ ၀ိုင်းပြီးအားပေးလိုက်ပါဦး"နဲ့ အကူအညီတောင်းလေတယ်ပေါ့။ ကာလီဖိုးနီးယား မှာ ရှိတဲ့ ကေခိုင့်သူငယ်ချင်းက ယမင်းကိုဖုန်းဆက်အားပေးရင် တစ်ဦးနဲ့ တစ်ဦးမမြင်ဖူး မသိဖူး တဲ့ ဖုန်းပေးမှာ ရင်းနှီးကျွမ်းဝင်သွားလိုက်ကြတာ လေထဲက ဖူးစာရှင်အဖြစ်နဲ့ အခုတော့ လက်ထပ် ယူကြဖို အထိတောင် ဆုံးဖြတ်ကြတဲ့အဆင့် ရောက်လာလေရဲ့။

သူငယ်လေးက ကျွန်မဆီရောက်လာပြီး ၀တ္တရားအရ လက်ထပ်ပေးဖို့ ခွင့်တောင်းလာ တော့သူ့မိဘများက မန္တလေး အဆက်အနွယ်၊ ရင်းနှီးကျွမ်းဝင်ပြီးသားသူတွေ ဖြစ်နေတာမို့ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကားအတိုင်း ကျွန်မလည်း သမီးစိတ်ချမ်းသာရေး ဦးစားပေး စဉ်းစားပြီး သူတို့အဖေ ဦးမြလှိုင်ဆီ အကြောင်းကြား လိုက်ပါတယ်။ ဦးမြလှိုင်က လည်းလက်ခံသဘောတူတာနဲ့ လက်ထက်ပွဲ လုပ်ပေးဖို့ စီစဉ်ရတော့ တယ်ပေါ့။ ကိုယ့်ဟာ ကိုယ်တောင်အခြေတကျ မဖြေစ်သေးဘူး။ အမေရိကားရောက်မဆိုင် မင်္ဂလာပွဲ နဲ့ စပြီးဈေး ဦးဖောက်ရပြန်ပါတယ်။
ကိုယ့်သမီး ဆိုတော့လည်း ထိုက်ထိုက်တန်တန် တင့်တင့်တယ်တယ် ဖြစ်စေချင်တာနဲ့ အရှေ့တိုင်းဆန်ဆန် မှန်စီရွှေချ ပွတ်လုံး တွေနဲ့ ခမ်းခမ်းနားနား ပြုပြင်ထားတဲ့ မိုင်ခိုင်းမှာပဲ ပွဲထိုင်ကျင်းပပေးပါတယ်။

ကျွန်မ လာကတည်းက သမီးတွေလက်ထပ်ရင် မြန်မာဆန်ဆန် ၀တ်ရအောင်ဆုပြီး မစ္စစ်ခိုင်ဆီမှာ ထိုင်မသိမ်းတွေ ချုပ်ယူ လာခဲ့ပြီးသားအပြင် ကိုဝင်းဦးဆီ ကလည်းသူကိုယ်တိုင် သီဆိုထားတဲ့ မင်္ဂလာ အခါတော်ပေး သီချင်း ကို ကက်ဆက်ခွေသွင်း ယူလာခဲ့တာမို့ မြန်မာဆန်တဲ့ မင်္ဂလာပွဲတစ်ခုကို ကျင်းပနိုင်ခဲ့ ပါတယ်။ သမီးကို လက်ထပ် ထိမ်းမြားပေးသူက လည်းကျွန်မတို့နဲ့ ဒီကျမှသိကျွမ်း ရတာ ဖြစ်ပေမဲ့ဆွေမျိုး ရင်းချာလိုချစ် တဲ့ ကလေးအထူးကု ဆရာဝန်ကြီးဒေါက်တာညွန့်လွင် နဲ့ ဂျင်းတာလွင်တို့ပါပဲ။ မြန်မာ့ ယဉ်ကျေးမှု အတိုင်း ပြုလုပ်တဲ့ ထူးထူးခြားခြား မင်္ဂလာပွဲတစ်ခုဖြစ်တာမို့ သတင်းစာတိုက် ကဓာတ်ပုံလာရိုက်ပြီး သတင်း အဖြစ်တောင် ဖော်ပြခံရပါသေးတယ်။

ကိုယ်ကိုယ်တိုင် မင်္ဂလာပွဲကို ဦးစီးဆောင်ရွက်ရမှ အရှေ့နဲ့အနောက် မတူကြတဲ့ အယူအ ဆ၊ ဓလေ့စရိုက်တွေ ကို လေ့လာခွင့်ရတော့တာပါပဲ။ ဒီမှာ တရားဝင်လက်ထပ်ကြတော့ မယ်ဆိုရင် လက်ထပ်လိုင်စင်ယူဖို့အတွက် မိန်းကလေး နဲ့ ယောက်ျားလေး နှစ်ဦးစလုံး သွေးစစ်ကြရပါတယ်။ မွေးလာတဲ့ သားသမီးတွေကို ထိခိုက်အန္တရာယ်ဖြစ်စေ မဲ့ ရောဂါမျိုး ၇ှိနေခဲ့ရင် လက်ထပ်ခွင့်လိုင်စင် ထုတ်မပေးပါဘူး။ အဲဒီရောဂါ ပျောက်ကင်းတဲ့ ထိ ကုသပြီး မှသွေးပြန်စစ်၊ ရောဂါကင်းစင်ပြီဆိုကာမှ လက်ထပ်ခွင့်ရတာပါ။ ဒါဟာကြိုတင် ကာကွယ်တဲ့ နည်းစနစ်တစ်ခုပါပဲ။ မဟုတ်ရင် မွေးလာတဲ့အပြစ်မဲ့ ကလေးတွေမှာ မိဘရဲ့ ဆိုးမွေတွေရပြီး လူစဉ်မမီတာတွေ ဖြစ်က်ုန်နိုင်တယ်ပေါ့။

အဲဒီ သွေးစစ်ထားတဲ့ လက်မှတ်ရဲ့တရားဝင်သက်တမ်းကလည်း တစ်လပဲရှိတာတဲ့။ ကျွန်မ ရဲ့ မိတ်ဆွေ မြန်မာဆရာဝန်တစ်ယောက်က ပြောပြဖူးပါတယ်။ သူ့လူနာတစ်ယောက်လက် ထပ်မယ် ဆိုပြီး သွေးစစ်ပြီးမှ အကြောင်းကြောင်းတွေကြောင့် လက်မထပ်ဖြစ်ဘဲ တစ်လ ကျော် သွားတော့ နောက်တစ်ခါ ပြန်စစ်၊ ဒုတိယအကြိမ်လည်း အဆင်မပြေလို့ တတိယ အကြိမ်စစ်ပြီးမှပဲ တကယ် လက်ထပ်ဖြစ်တော့ တာ ပဲ။ သူ့ခမျာ သုံးခါကြီးများတောင် သွေး ဖောက်ခံလိုက်ရတာ မသက်သာရှာပေဘူးနော်။
ရုံးတော် မှာ သွား လက်ထက်စာချုပ်ထိုး၊ လက်ထပ်လိုင်စင်ရပြီးပြီဆိုမှ ကိုးကွယ်ရာ ဘာသာ တရား ဘုရားကျောင်းတွေ မှာ နံနက်ပိုင်းမှာ ဘာသာရေးလက်ထပ်ပွဲ လုပ်ပြီးတာနဲ့ ကျွေး မွေးဧည့်ခံရာ ဟိုတယ်ကြီးတွေ ဖြစ်စေ၊ ကိုယ်ပါဝင်လှုပ်ရှားရာ ကလပ်ဟောက်စ်ခန်းမတွေ မှာဖြစ်စေ၊ ဒါမှမဟုတ် နာမည်ကြီး စားသောက် ဆိုင် ခန်းမတွေမှာ ဖြစ်စေ ဧည့်ခံပွဲလုပ်ကြ တာပါပဲ။ ထုံစံအတိုင်း စားကြ၊ ယမကာသောက်ကြ၊ ကိတ်မုန့် လှီးကြ၊ ကကြခုန်ကြ၊ ဂီတ ပိုင်းဆိုင်ရာငှားထားတဲ့ ဒီဂျေ ကောင်းရင်ကောင်းသလို ပွဲစည်ပြီး အချိန်တွေနေကုန် တဲ့ အထိပျော်ကြတာမျိုးပါ။

ဒီမှာ မင်္ဂလာဆောင်ရင် သတို့သမီးဘက်က အကုန်အကျခံရပါတယ်။ ကျွန်မတို့ မြန်မာ အမျိုးသမီးတွေ ဆို ရှေးခေတ် က စိန်တစ်ဆင်စာ၊ တိုက်တစ်လုံး၊ ကားတစ်စီးတင်ပြီး တောင်းကြရတာမျိုးရှိတယ်လို့ ပြောပြရင် ဒီက အမျိုးသမီးတွေ က တအံ့တသြဖြစ်ကြလေ ရဲ့။ နောက်ပြီးကျွန်မတို့ မြန်မာပြည်မှာ ကျင်းပလေ့ ရှိတဲ့ ရှေ့ခေတ်းက အင်းယားလိတ် လို့၊ စထရင်းဟိုတယ်တို့မှာလို လူပေါင်းလေငါးရာ ဖိတ်တဲ့ပွဲထိုင်မျိုးလည်း ဒီမှာ မရှိပါဘူး။ မင်္ဂ လာဆောင် တစ်ခုဆိုရင် သူ့ဘက်ကိုယ့်ဘက် ဆွေမျိုးသင်္ဂဟနဲ့ အလွန်ဆုံးများတယ်ဆို ရင်တောင် လူတစ်ရာကျော်လောက် ပဲ ရှိတာမျိုးပါ။

ဖိတ်စာ ရေးပုံရေးနည်းလည်း ကွာခြားပါသေးတယ်။ သူတို့ဖိတ်စာမှာ အဖေ အမေရဲ့ နာမည်ကို လုံးဝထည့် မသုံးပါဘူး။ လက်ထပ်မဲ့ ကာယကံရှင် ဘယ်သူဘယ်ဝါ၊ ဒီနေ့ ဒီရက်၊ ဒီအချန်၊ ဘယ်နေရာမှာ လက်ထပ်ပြီး ဧည့်ခံပွဲ လုပ်ပါမယ် ဆိုတာလောက်ပဲ ရိုးရိုးနဲ့ရှင်းရှင်း ရေးထားတာ၊ ဘွဲ့ထူးတွေ ဂုဏ်ထူးတွေ၊ အလုပ်အကိုင်တွေ တစ်ခုမှ မပါပါဘူး။ ကျွန်မတို့ ဆီမှာတော့ မိဘရဲ့ဂုဏ်ထူးတွေနဲ့ အစချီပြီး ကိုယ်ပိုင်ရှိရှိသမျှ ဂုဏ်ပုဒ်တွေ ထုတ်ပြပြီး ရေးထားတာနော်။ တချို့ဆိုမိဘတင်မကသေးဘူး။ အဒေါ်၊ ဦးလေး၊ အစ်ကို၊ အစ်မတွေ တောင် ပါ လိုက်သေးလို့ များပြားလှတဲ့နာမည်တွေထဲက ဘယ်သူလက်ထပ်မှာလဲဆိုတာ မနည်းဖြဲပြီး ရှာကြည့်ရတာမျိုး ကြုံဖူးပါတယ်။

ဖိတ်စာဝေတာလည်း မတူပြန်ဘူး။ ကျွန်မတို့ဆီမှာ သပ်ရပ်အောင်လို့ နာမည်ကို လက်နှိပ် စက်နဲ့ ရိုက်ကြတာ များတယ်။ ဖိတ်ရင်လည်း ဂါရ၀တရားရှေ့ထားပြီး ရင်းနှီးသူဖြစ်ရင် လေးလေးစားစား လူကိုယ်တိုင် သွားပြီး ပို့ကြတာ မဟုတ်လားနော်။ ဒီမှာတော့ ဖိတ်စာ အားလုံးကိုလက်နဲ့ရေးမှ လေးစားရာကျတယ်ဆိုပြီး ကိုယ်တိုင် လက်ရေးနဲ့ ရေးရပါတယ်။ စက်နဲ့လုပ်သမျှထက် လက်နဲ့လုပ်တာကို တန်ဖိုးထားတဲ့တိုင်းပြည်ပါ။ ဆွယ်တာချင်း အတူ တူစက်နဲ့ရက်တဲ့ ဆွယ်တာက ဒေါ်လာနှစ်ဆယ်သုံးဆယ်ပေးရပြီး လက်နဲ့ထိုးတဲ့ ဆွယ် တာကျဒေါ်လာ တစ်ရာလောက် ပေးရတတ်တာမျိုးလေ။ လုပ်အားကို တန်ဖိုးထားတဲ့ သဘောပေါ့။

ဒီတော့ ဖိတ်စာအားလုံးကို လက်နဲ့ရေးရပါတယ်။ ဖိတ်တဲ့အခါကျတော့လည်း ကပ်လျက် အိမ်က မိတ်ဆွေကို ဖိတ်ချင်ရင်တောင် ကိုယ်တိုင်သွားမပို့ဘဲ စာတိုက်ကတစ်ဆင့်ပို့ရတာ နော်။ ယမင်းလက်ထပ်ပွဲအတွက် ဖိတ်စာဝေ ရတော့ သူတို့အမေရိကန် ထုံးစံအတိုင်း အမေရိကန် မိတ်ဆွေများကို စာတိုက် ကပို့၊ မြန်မာမိတ်ဆွေများကျ ကိုယ်တိုင်ကိုယ်ကျ သွားဖိတ်နဲ့ အလုပ်ကို ရှုပ်လို့။
လက်ဖွဲ့ ပစ္စည်းဝေပုံ တစ်ခုကတော့ လက်တွေ့ကျတာကြောင်း နည်းယူသင့်တယ်လို့ ကျွန်မ ထင်မိပါတယ်။ ဒီမှာလက်ထပ်တော့မယ် ဆိုရင်ဖိတ်စာကိုအနည်းဆုံးနှစ်လ၊ သုံးလ လောက်ကတည်းက ကြိုတင်ပြီး ပို့ထားတာပါ။ ဖိတ်စာထဲမှာ လာမဲ့ လူဦးရေနဲ့ လာရောက် ချီးမြှင့်နိုင်၊ မချီးမြှင့်နိုငဆိုတာ အကြောင်းပြန် ကြား ဖို့ နောက်ဆုံးနေ့ရက် သတ်မှတ်ပြီး (RSVP) ကတ်ပြားလေးတစ်ခု ဖိတ်စာနဲ့အတူ ထည့်ပေး လိုက်ပါတယ်။ အကြောင်းပြန်ဖို့ အလွယ်တကူရှိအောင်လည်း တံဆိပ်ခေါင်းကပ်ပြီးသား၊ လိပ်စာရေးပြီး သား စာအိတ်ပါ ထည့်ပေးလိုက်သေးတယ်လေ။

လာနိုင်မယ်လို့ အကြောင်းပြန်ကြားထားတဲ့ ဧည့်သည်စာရင်းကို တိတိကျကျ ကာယကံရှင် ကသိထားရပြီး ဆိုတော့ စီစဉ်ရတဲ့ကိစ္စမှာ လွယ်ကူသွားတာပေါ့နော်။ မြန်မာနိုင်ငံမှာတော့ ဇနီးမောင်နှံနှစ်ဦးကို ဦးတည်ပြီး ဖိတ် လိုက်တာ ဖြစ်ပေမဲ့ သားတွေသမီးတွေပါ အားလုံးခေါ် လာတတ်တော့ တစ်ရာဖိတ်ထားရင် အပိုငါးဆယ် စာလောက်တော့ ဆောင်ထားမှဖြစ်တာ ပါ။ နောက်ပြီးကျွန်မတို့နဲ့ မတူတဲ့ သူတို့ရဲ့ယဉ်ကျေးမှုတစ်ခုကလည်း ရှိသေး တယ်။ မင်္ဂလာ လက်ထပ်ပွဲဖြစ်စေ၊ ကလေးမျက်နှာမြင်ရင်ဖြစ်စေ (ရှာဝါ)ပေးတဲ့ အလေ့တစ်ခု ရှိပါတယ်။
မိန်းကလေး တစ်ဦး လက်ထပ်တော့မယ်ဆိုတာ သိရင်သူရဲ့သူငယ်ချင်းအပေါင်းအသင်း တွေကစုကြပြီး တစ်အိမ် မှာ ဆယ်ဦး၊ ဆယ့်ငါးဦး (Wedding Shower)လုပ်ဖို့ ဖိတ်ပါ တယ်။ ဧာည့်ခံတဲ့ အိမ်ရှင်က အကျွေးအမွေး တာဝန်ယူကျွေး တယ်ပေါ့။ ဖိတ်ထားတဲ့ သူငယ်ချင်း ဆယ်ဦးလောက်က အိမ်ထောင်ရှင်ဖြစ်လာလို့ ကိုယ့်အိုး ကိုယ့်အိမ် ထူထောင် တဲ့အခါအသုံးလိုမဲ့ပစ္စည်းတွေကို လက်ဆောင်အဖြစ် ယူလာပေးကြပါတယ်။ အပေါင်းအ သင်းများ ရင် များသလို ဟိုသူငယ်ချင်းအိမ်က ရှာဝါ၊ ဒီသူငယ်ချင်းအိမ်က ရှာဝါနဲ့ မင်္ဂလာ ပွဲမတိုင်ခင်မှာပါ ၀က်ဒင်းရှာဝါလေးငါးခု က ရတဲ့ပစ္စည်းတွေက မနည်းမနောဖြစ်နေပါပြီ။

အဲဒီလိုပဲ မိန်းကလေးတစ်ယောက် ကိုယ်ဝန်ရှိလာရင်လည်း ဘေဘီရှာဝါဆိုပြီး မမွေးခင် ကတည်းက သူငယ်ချင်းတွေ က တစ်အိမ် တစ်လှည့် ရှာဝါပေးကတာ ကလေးပစ္စည်းတွေ ၀ယ်ဖို့ မလိုလောက်အောင် ပြည့်စုံနေတတ်ပါတယ်။ ဒါတင်မကသေးဘူး။ လက်ထပ်ပွဲကျ တော့လည်း တစ်ခါထပ်ပြီး လက်ဆောင်ပေး ရပါတယ်။ ဒီမှာတော့ လက်ထပ်ပြီးတယ်ဆိုရင် မိဘအိမ်မှာမနေတော့ဘဲ ကိုယ့်အိုးကိုယ့်အိမ် တစ်ခါ တည်း ထူထောင်ကြတာပါ။ တချို့ လည်းအိမ်က အဆင်သင့်ဖြစ်ပြီးသား။ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် အနောက် တိုင်းနိုင်ငံ သားတေါက အရှေ့တိုင်းသူတွေလို စိတ်ရွှေ မမက်ကြဘူး။ လက်ဝတ်ရတနာထက် ကိုယ့် ရဲ့ အဆင့်အတန်းအခြေအနေကို စိန်နာကပ် ၀တ်မပြဘဲ စီးတဲ့ကား၊ နေတဲ့အိမ်နဲ့ ပြလေ့ရှိပါ တယ်။
ပညာကောင်းကောင်းရှာ၊ အလုပ်ကောင်းကောင်းရပြီဆိုတာနဲ့ ကားကောင်းကောင်း ၀ယ်စီး တော့ တာပဲ။ နောက် တစ်ဆင့် အိမ်ကောင်းကောင်းဝယ်ပေါ့။ အိမ်ဝယ်ပြီးရင် အိမ်ကိုမွမ်းမံ ပြင်ဆင်လှပနေအောင် "သ"တတ်ကြတာ သူတို့ ၀ါသနာလေ။ အိပ်ခန်းပစ္စည်းတွေက ဆင်စွယ်ရောင်ဆိုရင် ခန်းဆီး၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ် စသည်တွေ ကလည်း သူနဲ့လိုက် ဖက်တဲ့အရောင်းမျိုး ကိုမှ ရွေးပြီး သုံးတာပါ။ ရေချိုးခန်း၊ မီးဖိုကအစ သူ့အရောင်းနဲ့သူ။

ဒီတော့ လိုအပ်တဲ့ပစ္စည်းတွေကိုယ်က လက်ဖွဲ့ပေးချင်ရင်တောင်မှ သူ့စိတ်ကြိုက်အရာင် ဖြစ်ပါဦးမှနော်။ ဒါကိုဖြေရှင်းတဲ့နည်းလည်း သူတို့ဆီမှာရှိပါတယ်။ လက်ထပ်တော့မဲ့သတို့ သမီးကသူလိုအပ်နေတဲ့ တစ်အိမ်ထောင်စာ ပစ္စည်းအားလုံးကို အမျိုးအမည်၊ နာမည်နဲ့ တကွအရောင်ကိုပါ တစ်ခါတည်းချရေး၊ ဘယ်လို အမျိုးအစား၊ ဘာတံဆိပ်ဆိုတာတောင် အသေးစိတ်ပဖော်ပြနိုင်ပါသေးတယ်။ ဒီကကုန်တိုက်ကြီးတွေ ဆိုတာ ကလည်း အပ် ကအစ ရေခဲသေတ္တာ၊ အ၀တ်လျှောက်စက် ဆိုတာမျိုးတွေအထိ ရောင်းတာမဟုတ်လားနော်။

သတို့သမီးက ပြုစုထားတဲ့ စာရင်ရှည်ကြီးကို သူ့စိတ်ကြိုက်နာမည်ကြီး ကုန်တိုက်ကြီး တစ်ခုကိုယူသွားပြီး မှတ်ပုံတင် ထားလိုက်ပါတယ်။ လက်ဖွဲ့လိုသူတွေက ဘယ်မှာမှတ်ပုံ တင်ထားလဲဆိုတာ မေးကြည့်ရတာပေါ့။ ဆိုပါတော့ (မေစီ)မှ တင်ထားတယ်၊ (ဘလူမင်ဒေးလ်)မှာ တင်ထားတယ် ပြောလိုက်ရင် လက်ဖွဲ့လိုသူက သွားကြည့်၊ သူလို တဲ့ပစ္စည်းနဲ့ ကိုယ်မှန်းထားတဲ့ ငွေနဲ့အံကိုက်ပစ္စည်းတွေ့ရင် ငွေချေခဲ့ရုံပါ။ ကုန်တိုက်ကြီး က တာဝန်ယူပြီး သတို့သမီးဆီအရောက် ပို့ပေးပါတယ်။ ကိုယ်တိုင်မသွားချင်လို့ တယ်လီ ဖုန်းနဲ့ လှမ်းမေးရင်လည်း ရတယ်။ တို့က ဒေါ်လာတစ်ရာအတွင် ၀ယ်ပေးချင်တယ် ပြော လိုက်တဲ့ အခါ ရောင်းတဲ့ကလေးမကရာတန်အတွင်း လိုအပ်ပစ္စည်းရွေးပေးပါတယ်။ ဖုန်းပေမှာ ကိုယ့်ရဲ့ Credit ကတ်ပြား နံပါတ်ပေးလိုက်ရုံနဲ့ ငွေချေပြီးသားကိစ္စ ပြတ်လေ ရော။ ကိုယ်တိုင်ထုပ်ပိုးစရာလည်း မလို၊ ပွဲထိုင်အရောက် မ, သယ်သွား စရာလည်း မရှိဘဲ လွယ်လွယ်နဲ့ ကိစ္စပြီးလေတယ်ပေါ့။

အကယ်၍ ကိုယ်ပေးချင်တဲ့ ငွေအတိုင်းအတာအတွင်း ပြည့်မီတဲ့ ပစ္စည်းကမရှိတော့ဘဲ ထောင်ဂဏန်းလို ပစ္စည်းမျိုးပဲ ပေးဖို့စာရင်းမှာ ကျန်တော့တယ်ဆိုရင်လည်း ပူစရာမရှိပါ ဘူး။ ကိုယ်ကဒါလောက်ပဲ ပေးဖို့ ရည်မှန်း ထားတယ်။ နောက်ပေးလိုတဲ့သူတွေနဲ့ ဖက်စပ် ပေးပါရစေလို့ ဆိုင်ကရောင်းသူကို ပြောပြရင် သူက တစ်ထောင်တန် ပစ္စည်းကို ဆယ်ဦးစပ်၊ ငါးဦးစပ်ဆိုသလို စီစန်ဖန်တီးပေးတာမို့ ပေးရတဲ့သူအနေနဲ့လည်း လိုအပ်တဲ့ ပစ္စည်း ဖြည့်ဆည်းနိုင်တာမို့ ကုသိုလ်ရ၊ လက်ခံယူသူအနေနဲ့လည်း ကိုယ်လိုအပ်တာ ပြည့်စုံ သွားတဲ့ အတွက် စိတ်ကြည်နူးပျော်ရွှင်ရတာကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိပါတယ်။ လက်ထပ်ပြီးတာနဲ့ အိုးအိမ် ပစ္စည်းအပြည့် အစုံရသွားတာ ဖြစ်လို့ လက်တွေကကျတဲ့ နည်းစနစ်တစ်ခုပါပဲ။

လက်ထပ်ပြီးတာနဲ့ သျှောင်နောက်ဆံထုံးပါ ဆိုတဲ့အတိုင်း သမီးယမင်းကို သတို့သား နောက်ထည့်လိုက်ရတော့ ရင်ထဲမှာ ဟာကျန်ခဲ့တာပါပဲ။ သားသမီးဆိုတာ ကိုယ့်ရဲ့အသွေး အသားနဲ့ ရင်းထားတဲ့ ကိုယ်ပွားလေး ဖြစ်တာမို့ ချစ်မြတ်နိုးစွာ နဲ့ အရုပ်ကလေးတစ်ခုလို ရင်ခွင်ထဲမှာ ထည့်ပြီးတစ်သက်လုံး သိမ်းဆည်းထားလို့ ရတာမျိုးမှ မဟုတ်တာ။ ခွဲခွာချိန် တန်ရင်ခွဲခွာရစမြဲပါပဲ။ လူသားမှန်သမျှ ရေစက်ရှိသလောက် ကာလအတွင်းမှာပဲ အတူနေ ခွင့်ရကြတာပါ။ ဘာပဲဖြစ်ဖြစ် အခုခွဲခွာရခြင်းက တစ်နယ်စီ ဝေးနေပေမဲ့ အချိန်မရွေး ဖုန်း ခေါ်ပြီး စကားပြောခွင့်ရနေတာကြောင့် စိတ်ထဲမှာ နည်းနည်းတော့ ဖြေသာနေသာ ရှိပါ သေးတယ်။

သမီးယမင်းက ညီအစ်မတစ်တွေထဲမှာ သွက်လည်းအသွက်ဆုံး၊ စွာလည်း အစွာဆုံးက လေးမဖြစ်လို့ သူတစ်ယောက်အိမ်မှာလျော့သွားတာ သိသိသာသာ တိတ်ဆိတ်ငြိမ်သက် နေတော့တာပဲလေ။ အိမ် မှာ ပြောစမှတ်ဖြစ်ပြီး ကျန်ရစ် ခဲ့တဲ့ သူ့စွာပုံလေး တစ်ခုကိုလည်း ပြောပြရပါဦးမယ်။ အမေရိကားရောက် လာပြီး ကျောင်းလည်းတက်ရင်း၊ အချိန်ပိုင်းအလုပ် ကလေးတစ်ခုလည်း လုပ်ရင်း သွားရေးလာရေးအတွက် လိုအပ် တဲ့ ကားလေးတစ်စီးလည်း သူ့ဝင်ငွေကလေးနဲ့ သူစုပြီးဝယ်ထားလေတယ်ပေါ့။ အမေရိကားကို စာသင်ဖို့ ပို့တော့ မယ်ဆိုကတည်းက လိုအပ်တဲ့ အဋ္ဌာရသအဖြစ် ကားမောင်းလည်း သင်ပေးလိုက်ပြီးသား ပါပဲ။ ဒါကြောင့်ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်လို့ အဆင်ပြေနေတယ်ဆိုပါတော့။

ကားဝယ်ပြီး လေးငါးလပဲ ရှိသေးတယ်။ တစ်နေ့မှာ သူ့ကားမောင်းမရတော့ဘူး။ ပြင်ဆိုင် ကိုပို့တော့မှ အင်ဂျင် တစ်ခုလုံး လောင်သွားတယ် ဆိုတာသိရတော့တာပါ။ အင်ဂျင်တစ်ခု လုံးလောင်သွားတဲ့ အကြောင်းရင်း က လည်းကြည့်ပါဦး။ ကားထဲမှာ အင်ဂျင်ဝိုင်း တစ်စက်မှ မကျန်အောင်မောင်းထားတာတဲ့လေ။ အစ်ကိုက အင်ဂျင်ဝိုင် မစစ်ဆေးဘဲ တစ်စက်မှမ ကျန်အောင်မောင်းရသလားနဲ့ ဆူတော့ ရှိုက်ကြီးတငင် ငိုပြီး...
"ကားလိုက်ဝယ်ပေး တဲ့နေ့ အစကတည်းက အင်ဂျင်ဝိုင် ထည့်မောင်းရတယ်ဆိုတာ ကိုကို က ပြောပြထားပါလား။ ကိုကိုက မပြောဘဲယမင်းက ဘယ်လိုလုပ် သိပါ့မလဲ"နဲ့ ငိုရင်းနဲ့ ပြန်ရန်တွေ့တာတဲ့။
"မာမီ့ သမီး ရန်တွေ့ကောင်းတာနဲ့ သားတို့မှာ ရယ်လိုက်ရတာ၊ ကားမောင်းပြီးအင်ဂျင်ဝိုင် ထည့်ရတယ် ဆိုတာတောင် သူ မသိဘူးလေ"

သားပြောပြလို့ ကျွန်မပါ ရောရယ်ရပါတယ်။ ဟုတ်လည်းဟုတ်ပါ့။ ကျွန်မအပြစ်က နံပါတ် (၁)လို့ ဆိုရမှာပါ။ သူတို့ကားမောင်းသင်တဲ့အချိန်မှာ ယာဉ်မောင်းမောင်စိုးညွန့်ကလည်း ရှိနေတာကိုး။ ကားကဆေးပြီး တိုက်ပြီး သား။ ဓာတ်ဆီတွေ၊ အင်ဂျင်ဝိုင်တွေကလည်း အပြည့်ဖြည့်ထားပြီးသား။ အဆင်သင့်ရှိနေတဲ့ ကားပေါ် ကို ကြော့ကြော့လေး တက်မောင်း သင်ခဲ့တာဆိုတော့ သူမသိတာ အပြစ်မဆိုသာပါဘူး။ အကြောင်းရှိလို့ ယူမောင်း သွားရင် လည်းမောင်းစိုးညွန့် လိုအပ်တဲ့ ကားကိစ္စမှန်သမျှ တာဝန်ယူဖြည့်ဆည်းထားနေကျမို့ သူတို့ညီအစ်မတွေ က အနေသာကြီးဖြစ်နေတာပါ။
ကားပေါ် မှာထိုင်၊ စတီယာရင်ကိုင်တယ် ဆိုကတည်းက လူသတ်လက်နက်တစ်ခုကိုင်ထား တာနဲ့အတူတူပါပဲ။ သတိလေး တစ်ချက် ချွတ်ချော်တာနဲ့ သူတစ်ပါးအသက်သော်လည်း ကောင်း၊ ကိုယ့်အသက်သော် လည်းကောင်း အန္တရာယ်ဖြစ်တော့မှာလေ။ ဒါကြောင့်ကား မောင်းတဲ့အခါ သတိရှိနေဖို့ သိပ်လိုအပ်ပါတယ်။

ဒါတင်မကဘူး။ စက်နဲ့ လှုပ်ရှားရတဲ့ ပစ္စည်းဖြစ်လို့ တစ်ခုခုချို့ယွင်းတာနဲ့ ကြုံရမဲ့ဘေးအန္တရာယ်က မသေး ပါဘူး။ ကိုယ်မောင်း မဲ့ကား ဆီရှိရဲ့လား။ အင်ဂျင်ဝိုင်ရှိရဲ့လား။ ကားဘီးတာယာတွေရော လေလျော့နေသလား၊ တင်းနေသလား ကအစ စစ်စစ်ဆေးဆေးနဲ့ မောင်းနိုင်ပါမှ ကိုယ်လည်း အန္တရာယ်ကင်း၊ သူတစ်ပါးလည်း အန္တရာယ် ကင်းနိုင်တာပါ။ သမီးကိုအဲဒီလိုအသေးစိတ် ညွှန်ပြမထားမိတာ ကျွန်မရဲ့ချို့ယွင်းချက်မို့ တရားခံ အမှတ် (၁)တာဝန်ရှိသူက ကျွန်မလို့ ဆိုရမှာပါပဲ။
ဒီလိုနဲ့ ယမင်းမရှိတော့တဲ့နောက်မှာ သမီးကေသီကလည်း အလုပ်သွားရတာ ခရီးက လှမ်းတာကြောင့် သူအလုပ်လုပ်တဲ့ ဘဏ်တိုက်နဲ့ နီးနီးမှာ လုပ်ဖော်ကိုင်ဖက် ဒေါ်ရသီဆို တဲ့အမေရိကန်မိန်းကလေးတစ်ဦးနဲ့ အခန်းဖော် လုပ်ြပီး ပြောင်းနေချင်တယ်လို့ ခွင့်တောင်း လာပြန်ပါတယ်။ အရွယ်လည်းရောက်၊ ကိုယ့်အလုပ်အကိုင် နဲ့ကိုယ် ဖြစ်နေကြပြီဆိုတော့ လည်း ဘ၀ရဲ့ ကောင်းဆိုတွေ ကို ဝေဖန် ပိုင်းခြားနိုင်ပြီဖြစ်တဲ့အတွက် သူအဆင်ပြေသလို နေပါစေဆိုပြီး လိုက်လျော ခွင့်ပြုလိုက် ပါတယ်။ တစ်နည်းအားဖြင့်လည်း သားကြီးအိမ်မှာ တစ်ပြုံတစ်မကြီးသောင်တင်နေရတဲ့အဖြစ်က ထိုက်သင့် သလောက် တာဝန်ပေါ့ပါးစေ လို တဲ့စေတနာလည်းပါတယ် ဆိုပါတော။

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာတော့ သမီးကအိမ်ပြန်လာပါတယ်။ အိမ်ခွဲသွားလို့ သူ့မှာ အကုန်အကျ စရိတ်စက တက်လာတာကြောင့် မလုံလောက်မှာစိုးတာနဲ့ လစဉ်ကျွန်မကို ကန်တော့ငွေကို လက်မခံဘဲ ပြန်ပေးတော့ သူက၀မ်းနည်းပြီး ငိုပါလေရော။
"သမီး တတ်နိုင်လို့ ကန်တော့တာပါ။ သမီးကုသိုလ်ရေအောင် မာမီယူပါ"တဲ့။ သမီး ရဲ့ စေတနာ ကို ထိတွေ့ခံစား ရတော့ ကျွန်မပါ ရောပြီးမျက်ရည်ကျပေါ့။ မိခင်ဆိုတာ ကိုယ်က သာသားသမီး ကို ပေးချင်ကျွေးချင်ပြုစုချင်တာ။ သားသမီးဆီက ရယူရတာ၊ ထားရှိတဲ့ မေတ္တာအတွက် ၀မ်းသာကြည်နူးစရာ မှန်ပေ မဲ့ မယူရက်သလိုပါပဲ။ ဒါဟာမိခင်တိုင်းရဲ့ ခံစားချက်မျိုးဖြစ်မှာပါ။ အထူးသဖြင့် ရောက်ခါစမို့ သူတိုကမှာ အရာရာ ပျိုးထောင်ကြရဆဲ လေ။ အ၀တ်အစားကအစ၊ စီးတဲ့ဖိနပ်အထိ သူ့နေရာ သူ့ဌာနနဲ့လိုက်ဖက်အောင် ထိုက် ထိုက်တန်တန်ဝတ်ဖိုက မြန်မာပြည်က ယူလာနိုင်ခဲ့တာမှ မဟုတ်ဘဲ၊ အ၀တ်အစားထည်လဲ လုံလောက်အောင် ရှိထားဖို့ အပြင်စာရေး၊ နေရေး လိုအပ်တဲ့ပစ္စည်းတွေလည်း ၀ယ်ဖြည့် ရဦးမှာမို့ မပြည်စုံသေး တဲ့ အထဲက တာဝန်သိတဲ့ သမီးကို အားလည်းနာ၊ သနားလည်း သနားမိပါတယ်။

သားကြီးက လက်ရှိနေရေး စားရေး စောင့်ရှောက်ထားသလို အိမ်ထောင်ခွဲ သမီးနှစ် ယောက်ကလည်း အထိုက်အလျောက် လိုအပ်တာတွေ မကြာခဏ ပို့ပေးလာတတ်ကြတဲ့ အပြင်အနားမှာရှိတဲ့ သမီးကလည်း တစ်တပ်တစ်အား ထောက်ပံ့ထားတဲ့အတွက် ဆင်းရဲ ဒုက္ခမရောက်ကြပေမဲ့ ခင်ပွန်းသည် ကလည်း ရောက်မလာသေး။ ကိုယ့်ဟာကိုယ်လည်း အခြေအတကျမဖြစ်သေး။ သားကြီးအိမ်မှာ အလွန်ဆုံးနေရ သုံးလ လို့ တွက်ထားရာက ခြောက်လမက ကြာလာတော့ စိတ်အားတွေလျော့လာတယ်ပေါ့။ ဒီအချိန် မှာ မြန်မာ ပြညက်ရောက်လာတဲ့ စာတွေတွေက အားဆေးတစ်ခွက်လို အထောက်အကူပြုနေ လို့ တော်ပါတော့ တယ်။

သူငယ်ချင်းလှလှမြင့်က တစ်လကိုအနည်းဆုံး ဆယ်စောင်လောက်ရေးပါတယ်။ ကျွန်မ တို့ နှစ်ယောက်အပြန် အလှန် ရေးကြတဲ့ စာတွေက ဇာတ်ကြီးဆယ်ဘွဲ့အတိုင်း အစုံပါပဲ။ သူ့ အိမ်မှာ အပ်ကျတာ ကအစ ရေးပြော သလို ကျွန်မကလည်းလေတိုက်လို့ သစ်ရွက်ကြွေ တာအဆုံးအကုန်ရေးပြောတာမို့ ကမ္ဘာခြားနေပေမဲ့ စာလေးတွေ က ပေါင်းကူးထားလို့ လူချင်းမဝေးသလို ထိတွေ့ခံစားရပါတယ်။ သူငယ်ချင်းနဲ့ အနေနီးသလို လက်တွဲဖော်ခင် ပွန်းနဲ့ ပို၍နီးသင့်ပါလျက်နဲ့ စကြ၀ဠာကြီးတစ်လုလု့း ခြားနေသလို ဘာသတင်းမှ မကြားရ၊ မသိရ၊ ဘယ်လိုနေ့လို့ စားသောက်နေမှန်းလည်းမသိ။ တစ်ခါတစ်ရံ ရောက်လာတဲ့စာထဲ မှာလည်း ဘာမှရေရေ ရာရာ မပါ။ လုပ်ရမဲ့ကိစ္စတွေက မပြီးပြတ်သေးလို့ ကြန့်ကြာနေတာ လောက်ပဲကြားသိရပါတယ်။ အိမ်ပေါ် ထပ်မှာနေတဲ့ ကျွန်မတို့အိမ်ရှင်ဒေါ်ခင်မေတင့်ဆီက ရတဲ့စာထဲမှာတော့...

"မမခင်ကို အရမ်းလွမ်း၊ အရမ်းအောက်မေ့တာပဲ။ လွမ်းလို့ မမခင်စီးတဲ့ကားလေးကို အပေါ်ထပ်ကနေ အလွမ်းပြေကြည့် မိတိုင်း တင့်မှာ ရင်နာရလွန်းလို့ မျက်ရည်တောင်ကျမိ တယ်။ မမခင် ကိုပြေးလာပြီး ပြောပြ ချင်တာတွေက ရင်ထဲမှာအပြည့်အသိပ်ပါပဲ။ ဘယ်လို မှပြောမထွက်နိုင်လို့ မျိချနေရတယ်"တဲ့။
တင့်တင့်စာကို ဖတ်ပြီး "ဟင်...ဘယ်လိုများလဲ"ဆိုတာ တအံ့တသြဖြစ်မိတဲ့စိတ်နဲ့အတူ တစ်ပြိုင်တည်း အိပ်မောကျနေ တုန်း ရပ်ကွက်ထဲမှာ မီးလန့်သံချောင်းခေါက်သံကြားလိုက် ရသလိုစိုးထိတ်သွားမိတယ်ပေါ့။ တင့်တင့် ကို ဘာတွေဖြစ်နေသလဲဆိုတာ ပွင့်ပွင့်လင်းလင်း ရေးဖို့မေးမြန်းကြည့်တော့လည်း လင်မယားကြား ၀င်မပါကောင်းဘူးဆိုတဲ့ ရှေးရိုးစား လက်ခံထားလေသလားမသိ။ ဘာမှ ဒီကိစ္စနဲ့ပတ်သက်တာ ထည့်ရေး မလာတော့ ပါဘူး။ အိမ်ထောင်တစ်ခုမှာ ကိုယ်က ယုံကြည်ကိုးစားပြီး ဘ၀လက်တွဲဖော်အဖြစ် ၇ှိထားတဲ့ခင် ပွန်းကိုနောက်ကွယ် မှာ ဘာတွေလုပ်နေသလဲဆိုတာ လိုက်မေးမြန်းစုံးစမ်း၇တယ်ဆိုတဲ့ အလုပ်လုပ်ရတာ ဇနီးတစ်ယောက် အနေနဲ့ သိက္ခာကျလှပါတယ်။ ဒါကြောင့် ဘယ်သူ့ဆီ မှမေးမြန်းမနေဘဲ ကာယကံရှင်ဆီပဲ တိုက်ရိုက် ဘာတွေလုပ်နေလဲဆိုတာ မေးကြည့်လိုက် ပါတယ်။

သူကတော့ ပတ်စာခွာ ဖျာသိမ်းလုပ်ရတဲ့ ဒုက္ခများစွာကိုစာရင်းချပြီး ဒါကြောင့်အချိန်တွေ ကုန်၊ ငွေတွေကုန်ကြောင်းရှင်းပြလေတယ်ပေါ့။ ဟုတ်သင့်သလောက်လည်း ဟုတ်တာမို့ ကျွန်မဘာမှ အရေးမဆို ဘဲ စိတ်လျှော့ထားလိုက်ပြီး နေလာရာက တစ်နေ့မှာ နှစ်နဲ့နှစ် ပေါင်းလေးဆိုတဲ့ အဖြေမျိုးထွက်ပေမဲ့ စာနှစ်စောင် က တစ်ပတ်လောက်စီခြားပြီး ရောက် လာပါတယ်။ တစ်စောင်က မြန်မာပြည်မှာကျန်ခဲ့တဲ့ ကျွန်မရဲ့ သားလေး ဇာနည့်ဆီက၊ တစ်စောင်က အမေရိကားကိုလာလိုလို့ ကျွန်မအကူအညီပေးဆဲ မိတ်ဆွေ ရဲ့သမီး ဆီက ကေသီ့ဆီ ရေးတဲ့စာပါ။
သားဇာနည်စာထဲမှာ သူတို့နဲ့တိုက်ချင်းကပ်လျက် ရန်ကင်းမှာနေတဲ့ အန်တီဒေါ်မာတီ ကွယ်လွန် သွားတဲ့ အကြောင်း၊ အန်တီမဆုံးခင်း သုံးလေးလလောက်တုန်းက သူ့ကိုခေါ်ပြီး မင်းမာမီ ဆီ စာရေး၊ မောင်ကျော်ဇောကိုအမြန်လိုက်လာခဲ့ဖို့ ခေါ်ခိုင်းလို့ မှာတယ်တဲ့။ ဘာဖြစ်လို့ ခေါ်ခိုင်း တယ် ဆိုတာ လည်း သားကိုပြောပြတယ်။ သားကမာမီ စိတ်ဆင်းရဲမှာ စိုးလို့ မပြောရက်တာနဲ့ မရေးတာတဲ့။ အန်တီကြီးဆုံး သွားတော့ သားစိတ်မကောင်းတာ နဲ့ခုမှထည့်ရေးလိုက်ရတာလို့ ရေးထားပါတယ်။ ဘာကြောင့် ဆို ဖော်ပြ မထားပါဘူး။

အန်တီဒေါ်မာတီဆိုတာက ဦးကျော်ဇောရဲ့ အဒေါ်အရင်းခေါက်ခေါက်ပါ။ ကျွန်မကိုလည်း အင်မတန်ချစ်တော့ အခြေအနေ ကိုထိန်းသိမ်းစေချင်တဲ့ စေတနာနဲ့ သားကိုပြောပြတာ ထင်ပါရဲ့။ သား စာကလည်း ပဟေဠိဖြစ်နေတာနဲ့ ဘာကိုဘယ်လို တွေးရမှန်းမသိပါဘူး။ တစ်ခုခုဆိုတာကတော့ သေချာနေလေပြီပေါ့။ စနေ၊ တနင်္ဂနွေ သမီးကေသီ ရောက်လာမှ သူ့နာမည်နဲ့ရထားတဲ့စာကို ပေးလိုက်တော့ သမီးကဖတ်ပြီးတာနဲ့ မာမီ ဖတ်ကြည့်ပါဦးဆို ပြီးကမ်းလာပါတယ်။
စာပါအကြောင်းအရာ က သူတို့သားအမီအမေရိကားကို လာဖို့ပြင်ဆင်နေတဲ့ အကြောင်း၊ သူ့အမေ ရဲ့ နိုင်ငံကူးလက်မှတ်ကိစ္စ၊ ဗီဇာကိစ္စအ၀၀ကိုလည်း အန်ကယ်ဦးကျော်ဇောက အစအဆုံး လိုက်လုပ်ပေးတာမို့ အဆင်ပြေတဲ့ အကြောင်း၊ မကြာခင် လက်ထဲရတော့မယ် ထင်တာအပြင် ဦးကျော်ဇောရဲ့အဒေါ် ဒေါ်မာတီရဲ့ အသုဘမှာ ၇ရက် ၇လီညလုံးပေါက် ဖဲချရတာ ပျော်စရာကောင်းကြောင်း၊ သူ့အမေ အမေရိကား ရောက် လာပြီးမှာ သူ့ကိုခေါ်ရ မှာမို့ စောင့်ရမဲ့အချိန်တွေကို သည်းမခံနိုင်ကြောင်း စုံလို့ ရေးထားလေရဲ့။

ဒီစာနှစ်စောင် ဖတ်ပြီးတာနဲ့ ကျွန်မအဖြေတစ်ခါတည်း ရသွားပါတယ်။ ကျွန်မမိတ်ဆွေဆီ ကလည်း သူမကြာခင် နိုင်ငံကူးလက်မှတ် ၇တော့မယ်ထင်ကြောင်းရေးလာတဲ့ စာကလည်း ရထားတာ မကြာသေး ပါဘူး။ "အင်း...မရွှေခင်၊ နှလုံးသားနဲ့ ဦးနှောက် နပန်းပွဲကျင်းပလေ ဦးပေါ့"လို့ ကိုယ့်ဟာကိုယ် တစ်ကိုယ်ကြား ပြောမိပါရဲ့။ ကျွန်မထားရှိခဲ့တဲ့ ကတိစကား အတိုင်းရောက်လာမဲ့ မိတ်ဆေါကို လက်ခံခေါ်တင် ထားရင် ရှုပ်ထွေးနေတဲ့ ဇာတ်လမ်းကြီး ကဆက်ပြီး ကပြအသုံးတော်ခံလေဦးမှာ မလွဲပါ ဘူး။ ခေါ်ယူလက်မခံဘဲ ထားရင်လည်း လူ တစ်ယောက်အနေနဲ့ ကတိစကား မတည်ဖြစ်ဦးမဲ့အပြင် ကျွန်မရဲ့ စိတ်ထားပြောင်းလဲ မှု ကြောင်းသူတို့အခြေအနေ ပျက်ပြားရဦးမယ်။ ကဲ....စဉ်းစားပေတော့ ဆိုတဲ့ ဖြစ်ရပ်တစ်ခု ပါပဲ။

George Mooreဆိုထားတဲ့ စကားလေးတစ်ခွန်းကို သတိရမိပါသေးတယ်။ "ဘ၀မှာ အခက်ခဲဆု့း အလုပ်တစ်ခု ဟာ ဆုံးဖြတ်ချက်ချနိုင်ဖို့ ရွေးချယ်ရခြင်းပဲ"တဲ့။ ဟုတ်ပါရဲ့။ ဆုံးဖြတ်ချက်ဆိုတာ တကယ် လည်းကြောစရာ ကောင်းတာမျိုးနော်။ ဘယ်ဆုံးဖြတ်ချက်မျိုး ပဲဖြစ်ဖြစ် မိုးကြိုးပစ်သလို ဒက်ထိမှန်တယ် မဆိုနိုင် ပါဘူး။ အခြေအနေအရ ကောင်းဆိုးတွေ ပါလာမှာပဲ။ အရှုံးအမြတ်တွေ ၇ှိနေမှာပဲ။ ၀မ်းသာပျော်ရွှင်စရာ၊ ဒါမှမဟုတ် စိတ်ပင်ပန်း ဆင်းရဲစရာကြုံရမှာပါပဲ။ တစ်ခုခုရွေးလိုက်ရတိုင်း ကိုယ်မသိတဲ့ အကြောင်းတရား တစ်ခုခု နဲ့တော့ရင်ဆိုင်တိုက်ပွဲလုပ်ရတော့မှာလေ။ လက်ရှိအခြေအနေကိုပဲ သုံးသပ်ကြည့်ပါဦး။ ကိုယ်ရွေးချယ် ခဲ့မိတဲ့လမ်း၊ ကိုယ်ဆုံးဖြတ်ချက်ချခဲ့လို့ အမေရိကားဆိုတဲ့ မြေပေါ်ကို ရောက်လာရတာ။ ကိုယ်မသိတာတွေ အများကြီး ရင်ဆိုင်နေရဆဲမှာ နောက်ထပ်ဆုံးဖြတ် ဖို့ ပြဿနာတစ်ခုက တက်လာပြန်သေးတယ်။

ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ ကိစ္စမို့ အချိန်ဆွဲစဉ်းစားနေဆဲမှာ မြန်မာပြည်က စာတစ်စောင် ထပ်ရောက်လာပြန်ပါရော။ ရေးလိုက်သူက အိမ်ချင်းကပ်လျက်နေတဲ့ မိန်းကလေးဆီကပါ။
"မမခင်ရေ၊ စိတ်မကောင်းဖြစ်စေမဲ့ ဒီသတင်းကို ရေးပြောပြရတာ ကျွန်မကိုယ်တိုင်လည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အဝေးရောက်နေတဲ့ မမခင်သိသင့်တယ် ထင်လို့ရေးပြော တာပါ။ မမခင်လည် သွားရောသိပ်မကြာဘူး။ သားအမိနှစ်ယောက် မမခင့်အိမ်ပေါ် ရောက်လာကြတာ။ အစကတော့ ခေတ္တလာတည်းတဲ့ ဧည့်သည် လို့ အောက်မေ့တာ။ အခုမှ မဟုတ်တာသေချာလို့ ရေးလိုက်တာပါ။ မမခင့်ကားပေါ်မျာ မိန်းကလေးက အန် ကယ်ကြီးဘေးမှာ အမြဲတမ်းပါတယ်။ တစ်နေ့ကျွန်မနဲ့ အနီးကပ်တွေကတာ။ အန်ကယ် ကနှုတ်မဆက်ဘဲ မမြင်ဟန်ဆောင်ပြီး မျက်နှာလွှဲသွားတယ်။ ဘာတွေဖြစ်ကုန်လဲဆိုတာ မမခင်ဒီစာရရင် မေးမြန်းကြည့်ပါဦး"တဲ့။

ဒီတော့မှ တင့်တင့်ရေးခဲ့ဖူးတဲ့ စာအကြောင်း ဇာတ်ရည်လည်တော့တာပါပဲ။ ကျွန်မကို ချစ်တဲ့သူတွေက ကျွန်မ ဘက်က နာပြီးရေးလာကြတာကို နာ်းလည်းသဘောပေါက်မိပါ တယ်။ ကျွန်မကို အသိမပေးဘဲ အိမ်ပေါ်ထိ တက်နေကြတယ် ဆိုတာကတော့ စောင့်စည်းရမယ့်နယ် လွန်နေပြီဆိုတာကို လက်ခံ လိုက် မိတာကြောင့် ရင်ထဲ မှာ ခွင့်မလွတ် ချင်လောက်အောင်မကျေမလည် ဖြစ်သွားမိပါတယ်။ သမီးက ငယ်ရွယ်သေးသူ မို့ ထောက်ထား ရမဲ့ အသိတရားမရှိရင်တောင် ကျွန်မထက်အသက်ကြီးတဲ့ မိခင်ကသိသင့်ပေ တာပေါ့လို့ သူတစ်ပါး ကိုအပြစ်ဖို့တွေးရင်း မကျေနပ်စိတ်နဲ့ မကြည်မလင် ဖြစ်နေတယ် ပေါ့။

လူ့ဘ၀ဆိုတာ ရှုပ်ထွေးလှတဲ့ ဒုက္ခဘုံလို့ ရှင်တော်ဘုရားက ဟောကြားခဲ့ပါတယ်။ ကျွန်မ ရရှိထားတဲ့ လူ့ဘ၀က သူတကာတွေထက် ပိုရှုပ်ထွေးလှပါလားလို့ တွေးကြည့်ရင်း ဘာဖြစ်လို့ ရှုပ်ထွေးရလဲဆိုတာ အဖြေရှာကြည့်တော့ ကိုယ့်ရဲ့ပျော့်ညံ့ချက်တွေကို ပြန် မြင်မိပြန်ပါတယ်။ ကိုယ့်တွင်းကိုယ်တူးတဲ့ နေရာမှာတော့ ခင်မကြီးတို့က နံပါတ် (၁)လို့ ပြောရမလားမသိပါဘူး။ ကိုယ့်ဟာကိုယ် သားတွေ သမီးတွေ၊ မိခင်ရဲ့ဝေယျာဝစ္စတွေနဲ့ လုံးချာလိုက်နေတဲ့အထဲက တစ်စုံတစ်ဦးက အကူအညီလာတောင်းတိုင်း မနိုင်ဝန်လိုက် ထမ်းချင်တတ် တဲ့ စိတ်ဓာတ်ကလည်း ရှိနေပြန်တော့ဝင်ကူညီရင်း ပြဿနာတက်တာတွေ လည်း အခါပေါင်းများ စွာ ကြုံတွေ့ရဖူးပြီးပါပြီ။
မှတ်သလား ဆိုတော့ မမှတ်ပါဘူး။ အခုလည်း ကျွန်မရဲ့မိတ်ဆွေ အမေရိကားသွားလိုလို့ အကူအညီတောင်းတ သံရုံး လိုက်ပို့ပြီး ဆက်သွယ်ပေးလိုက်ရုံ ကူညီလိုက်ရင် ကိစ္စပြတ်ပါ ရဲ့။ အမေရိကားရောက်တဲ့အခါ သူ့မှာ လူခံတစ်ယောက် မှ မရှိပါဘူး။ ရောက်ခါစမှာ နေ ရေး၊ စားရေး ပြဿနာတွေက ရှိသေးတယ်။ မမတော့ ခင့်ကိုပဲ အားကိုး ရမှာ။ အခြေတကျ မဖြစ်ခင်မှာ အတူနေပါရစေဆိုတော့ ကိုယ့်ဘယ်လိုအခြေအနေမှာ ရှိမယ်ဆိုတာ မသိသေး ဘဲနဲ့အမြော်အမြင်မရှိတဲ့ ကျွန်မက မာမီ့အတွက်တောင် အဖော်ရသေးရဲ့ဆိုပြီး ၀မ်းပန်းတ သာနဲ့ "ရပါတယ်" လို့ အာမဘန္တေ ခံလိုက်သေးတယ်လေ။

ဒါကြောင့်လည်း ဦးကျော်ဇောကို လိုက်အပ်တဲ့အကူအညီရှိခဲ့ရင် ကူညီပေးလိုက်ပါ။ ကျွန်မ မိတ်ဆွေလည်း အဖော် ရအောင် အတူတူလာခဲ့ကြလို့တောင် မှာထားခဲ့သေးတာပါ။ သေ သေချာချာတွေးကြည့်တော့ ဘယ်သူမပြု မိမိမှု၊ ကိုယ့်တွင်းကိုယ်တူးတာပဲ မဟုတ်လား နော်။ သူတို့အတူတူ ရောက်လာခဲ့ရင်လည်း ရှိထားတဲ့ ကတိစကားအတိုင်း ခေတ္တနေခွင့်ပြု ရမှာတော့ဟုတ်ပါရဲ့။ ကိုယ့်အိုးကိုယ့်အိမ် ပြဿနာမဟုတ်ပေမဲ့ သားကြီးအိမ် မှာ သောင် တင်နေ၇ဆဲ။ အိမ်နဲ့လူကလည်း အပြည့်ဖြစ်နေတာမို့ သားကတော့ ကိုယ့်သားမို့ ထားပါ တော့။ ချွေးမရဲ့မျက်နှာကို ဘယ်လိုကြည့်ရမှန်းတောင် မစဉ်းစားတတ်တော့ပါဘူး။
လက်ရှိနေရေး ထိုင်ရေးကလည်း အခြေအနေမပေး၊ ကျွန်မရဲ့မိတ်ဆွေအပေါ်မှာလည်း စိတ်က မကြည်မလင် ဖြစ်နေတာမို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပို့မပေးဘဲထားလိုက် ရင်ပြဿနာက ရှင်းသွားမှာ ပါပဲ။ အဲဒီနည်း နဲ့ ဖြေရှင်းလိုက်နိုင်တာကတော့ မှန်ပါရဲ့။ ဒီလို လုပ်မိတဲ့အတွက် ကျွန်မလိပ်ပြာကရော သန့်ပါ့ မလား။ သူတစ်ပါးရရှိနိုင်တဲ့ အခွင့်အရေး တစ်ခုကိုပိတ်ပင်လိုက်တာဟာ တရားမျှတမှုရော ရှိပါ့မလား။ ကျွန်မအတွေးတွေ က ပတ်ချာလည်နေပါတယ်။ သူတစ်ပါးမကောင်းတာနဲ့ ကိုယ်ပြန်မကောင်းနိုင်ဘူးဆိုတဲ့ စိတ်ထား ကရော လူပီသမှု ရှိပါ့မလား။ ကျွန်မကိုယ်ကျွန်မ မေးခွန်းပေါင်းမြောက်မြားစွာ ထုတ်နေမိပါတယ်။

ကိုယ့်ရဲ့ထားရှိတဲ့ စေတနာကိုစော်ကားခံရတာအတွက် နှလုံးသားမှာ နာကျင်မှုကိုခံစားရ ထာကတစ်ဖက်၊ လူပီသစွာနဲ့ စိတ်ထားကောင်း ထားရှိလိုတာကတစ်ဖက် လွန်ဆွဲခဲ့ရတဲ့ နေ့ရက်ပေါင်းက များစွာပါပဲ။
နောက်ဆုံးတော့ " ဘယ်သူတရားပျက်ပျက်၊ ကိုယ်မပျက်နဲ့"ဆိုတဲ့ ဆုံးမစကားကို နှလုံး သွင်းလိုက်ပါတယ်။
 ရခဲ မျှသော လူ့ဘ၀ကိုရထားမှတော့ လူပီသတဲ့စိတ်ထားမျိုး ထားရှိနိုင်မှသာ လူ့ဘ၀ ရယူကျိုးနပ်ပေ မှာပေါ့နော်။ ရွေးချယ်တဲ့အခါ နှလုံသားရဲ့ခံစားချက်နောက် မလိုက်ဘဲလိပ် ပြာသန့်သန့်စိတ်ရှင်းရှင်း ရှိရာနောက် လိုက်ပြီး ဆုံးဖြတ်သင့်တမို့ ကျွန်မလက်ထဲမှာရှိဆဲ လိုအပ်တဲ့ စာရွက်စာတမ်းများကို ပို့ပေးလိုက် ပါတယ်။
နှစ်လလောက် ကြာပြီးတဲ့အချိန်မှာ ကျွန်မဆီ ကြေးနန်းတစ်စောင် ရောက်လာလေရဲ့။

"ခင်
မာယာမီလေဆိပ်မှာ ကြိုပါ"
အောက်မှာ လက်မှတ်ရေးထားသူက "ကျော်ဇော" တဲ့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၄၈)

"ဒီကဆင်းသွားကြ ငါ့ညီတို့ ... "
"ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဦးလေးဓ
"ဦးလေးအရွယ် မဟုတ်သေးပါဘူး ငါ့ညီရယ်။ ဟွတ် ... ဟွတ် ... ဟွတ် ... "
"ဆောရီးဗျာ၊ ဒါနဲ့ မြင်းလှည်းခ"
"နေပါစေ ငါ့ညီရယ်။ မင်း နောင်တော် သခင်လှဖေကို ပြောလိုက်။ သထုံဟောတုန်းက တစ်ခန်းကျော် က မြင်းသမားသိန်းမောင် က လိုက်ပို့ပေးတယ်လို့ကြားလား"
"တောက် ... တောက် ... တောက် ... တောက်"
လမ်းပေါ် သို့ လိမ့်ထွက်သွားသော မြင်းခွာသံလေးသည် ကျွန်တော်၏ နားတွင် အလွန် သာယာသော တေးသံ လွင်လွင်နှင့်မခြား ခံစားလိုက်ရသည်။
ကို ဆက်ဖတ်ရန် ....

ဘောက်တူပေါ်တွင် ကျွန်တော်၊ ကိုသိန်းဖေ၊ ကိုစံယျတို့ သုံးဦးထိုင်လျက် လှော်ခတ်လာခဲ့ကြသည်။ ကိုသိန်းဖေ ၏ လက်တွင် လယ်ထွန်တစ်လက် ပါလာသည်။ မုန့်သေတ္တပုံးအလွတ်တွင် ရေနံဆီ မီးခွက်တစ်ခုကို ထွန်းညှိ ထားသဖြင့် မီးရောင်မှိန်မှိန်သည် ဘောက်တူတစ်ဝိုက်တွင်သာ ရေးရေးပျံ့လွင့်လျက် ရှိသည်။ ကိုသိန်းဖေ ကတော့ ကမ်းဘေးဝဲယာသို့ မျက်စိကစား၍ လယ်ထွန်ကို ပစ်လိုက်ဖော်လိုက်လုပ်နေသည်။
ယနေ့ည ဗိုလ်လက်ျာနှင့်အဖွဲ့ စခန်းသို့ရောက်ကြမည်။
ကျွန်တော့်ရင်များ ခုန်နေသည်။ မုန့်သေတ္တထဲ၌ ထည့်၍ ထွန်းထားသော မီးကို လေတိုး၍ ငြိမ်းသေမသွားရန် ဂရုစိုက် ရသည်။ ကိုစံယျကမူ ဘော်တူပဲ့ကို ထိန်းထားရင်း ဖာပုံမြစ်အတွင်းမှ သွားလာနေ သောလှေ သမ္ဗန်များကို အကဲခတ်စောင့်ကြည့်လျက် ရှိနေပါသည်။ ကျွန်တော်တို့လူသိုက်ချောင်းဝသို့ လာရောက်စောင့်နေ သည်မှာ ၂ နာရီကျော်မျှ ကြာမြင်ခဲ့သော်လည်း မည်သည့်ထူးခြားမှုကိုမျှ မတွေ့ရသဖြင့် ဆက်လက်စောင့်ဆိုင်း ရန် စဉ်းစားရသည်။ ထိုအချိန်တွင် ဓနိပင်များကြားမှ ခြင်ရိုင်းများမှာ တဆစ်ဆစ်စုပြုံကိုက်သဖြင့် တစ်ကိုယ်လုံး ယားယံလျက် ရှိပါသည်။

“ဘယ်အချိန်အထိ စောင့်ကြမလဲ၊ ကိုသိန်းဖေ”
“သန်းခေါင်ကျော်တဲ့ အထိတော့ စောင့်သေးတာပေါ့။ ရေလှည့်မသင့်ရင် ချိန်းတဲ့ အချိန် ရောက်ချင် မှ ရောက်တာဗျ”
“စောင့်ရမယ့်အတူတူ အရုဏ်တက်အထိပဲ စောင့်ကြမယ်ဗျာ၊ မဟုတ်ရင် ဗိုလ်ချုပ်တို့ ဒုက္ခရောက်နေလိမ့်မယ်”
မှန်ပါသည်။ ရန်ကုန်တွင် ဗိုလ်လက်ျာနှင့်တွေ့စဉ်က မှာကြားလိုက်သည်။ မှာယနေ့ညညဦးပိုင်း တွင် ရောက်အောင် လာမည်ဟု မှာကြားလိုက်သော်လည်း ရေလမ်းခရီးဆိုသည်မှာ မီးရထား၊ မော်တော်ကား များ ကဲ့သို့အချိန်မှန်ချင်မှမှန်နိုင်ပေလိမ့်မည်။ သို့ဖြစ်ရာ ကျွန်တော်တို့ တာဝန်သည် လာ သည်ဖြစ်စေ၊ မလာ သည် ဖြစ်စေ၊ အချိန်ကုန်သည်အထိ စောင့်ရမည်သာဖြစ်ပါသည်။
“ကိုမြလှိုင်၊ ညောင်းရင် လှေဝမ်းထဲမှာ ခဏလှဲနေပါလား”
“လှုပ်လှုပ် ... လှုပ်လှုပ်နဲ့ မူးတယ်ဗျ၊ မအိပ်တတ်ဘူး။ ကိစ္စမရှိဘူး၊ စောင့်တာပေါ့”
ထိုအခိုက် သမ္ဗန်တစ်စီး ခပ်လှမ်းလှမ်းမှ လမုပင်တန်းတွင် ၀င်ဆိုက်လိုက်သည်ကို မြင်လိုက်ရပါသည်။ ကျွန်တော်တို့ သုံးဦးသည် သမ္ဗန်ရှိရာသို့ လှော်ခတ်သွားရန် သင့်မသင့် စဉ်းစားရင်း ဘောက်တူကို ရပ်တန့် စေရန် ထိန်းထားလိုက်သည်။

“အချက်ပြကြည့်ရအောင်လား”
“နေဦး၊ ခဏစောင့်ကြည့်ဦးမယ်”
“ဟိုမှာ သမ္ဗန်ပေါ်က မီးထွန်းလိုက်ပြီ”
ကျွန်တော်က ၀ှက်ယူလာသော ဆီစိမ်စက္ကူအစိမ်းကို ဘောက်တူပေါ်မှ မီးခွက်ပေါ်တွင် အုပ်လိုက်သည်။ ထိုအခါ သမ္ဗန်ပေါ် မှ မီးရောင်သည် ငြိမ်းသတ်သွားကာ ကျွန်တော်တို့ရှိရာသို့ လှော်ခတ်လာပါတော့သည်။ သမ္ဗန်ကြီး နီးကပ် လာသောအခါ ကျွန်တော်တို့ဘောက်တူကို ဦးလှည့်လိုက်ပြီး လမ်းပြခေါ်ဆောင်လာခဲ့ပါ သည်။ ထိုညဥ့် က ဗိုလ်လက်ျာနှင့် အဖွဲ့အား စခန်းသို့ ခေါ်ဆောင်လာခဲ့ကြပြီး၊ လုံခြုံစွာ သိုဝှက်ထားနိုင်ခဲ့ပါ သည်။

ဗိုလ်က်ျာတို့အဖွဲ့တွင် လူပေါင်း ၈ ဦးခန့် ပါဝင်ခဲ့ကြသည်။ ဗိုလ်လက်ျာ၊ ဗိုလ်ထွန်းဖေ၊ ဗိုလ်မြသန်း၊ ကိုတင်အေး (အမ်တင်အေး)၊ ရဲဘော်လှညိမ်းနှင့် အခြားသုံးဦးတို့ ဖြစ်ကြသည်။
“မြလှိုင်၊ တို့နက်ဖြန်ည၊ တမော့ဝကို ရွှေ့ချင်တယ်”
“ဒီမှာ ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ဘူး၊ တတော့ဝမှာ ဌာနချုပ်ထားဖို့ တို့စီစဉ်ခဲ့ပြီးပြီ”
ထိုညက ကျွန်တော်တို့အားလုံး တရေးမျှမအိပ်ရဘဲ ဖျာပုံမြို့နယ်အတွင်း သွားလာရမည့် အစီအစဉ် များ ရေးဆွဲကြပါသည်။ ဗိုလ်လက်ျာ၏ ပြောကြားချက်အရ မြောင်းမြတွင် စောကြာဒိုး၊ ဗိုလ်ဘနီတို့ အားလုံးကို ဖက်ဆစ် တို့က ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။ ကျွန်တော်တို့တာဝန်များ ခွဲဝေပြီးသောအခါ ကျွန်တော်သည် ဗိုလ်လက်ျာ ၏ ဌာနချုပ်နှင့် စစ်ရေးတာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်ရသော တာဝန်ကို ပေးအပ်ခြင်း ခံ ရပါသည်။

“မြလှိုင်၊ မင်းမှာ တပ်သားအင်အား ဘယ်လောက်ရှိလဲ”
“တပ်စု တစ်စုရှိတယ်”
“တပ်စိတ်တစ်စိတ် ငါခေါ်သွားမယ်”
ဗိုလ်လက်ျာ ၏ အစီအမံများအရ ကျွန်တော်သည် တိုက်ခိုက်ရေးတာဝန်များ မဟုတ်ဘဲ ဆက်သွယ်ရေး တာဝန် များ ဖြစ်ခြင်းကြောင့် စိတ်ပျက်အားလျော့မိသည်။ အမှန်က ကျွန်တော်သည် စစ်တိုက်လိုသောသူ တစ်ယောက် ဖြစ်သည်။ သို့သော် စစ်သားဆိုသည်မှာ အထက်မှ ပေးအပ်သော အမိန့်ကို တသွေမတိမ်း လိုက်နာရ သူဖြစ်သဖြင့် ဆင်ခြေလဲရန်အကြောင်း မရှိပါချေ။ ဗိုလ်လက်ျာက အနုပညာသမားပီပီ ကျွန်တော် တို့ တည်ဆောက်ထားသော စခန်းကို မှတ်ချက်ချပါသည်။

“မင်းတို့စခန်းက သာယာတယ်ကွ။ မိန်းမခိုးလာဖို့ကောင်းတဲ့ နေရာပဲ”
ရဲဘော်ကြီး စံယျသည် ဗိုလ်လက်ျာ၏ မှတ်ချက်ကို ကြားရသောအခါ သူ့မျက်နှာ လေးထောင်းကြီးကို ရှုံ့၍မဲ့မဲ့ကြီးဖြစ် သွားပါသည်။ ရဲဘော်ကြီးစံယျမှာ ဗိုလ်လက်ျာစခ်းချမည်ဆို၍သာ ဤမျှလုံခြုံသော၊ ဤမျှသေသပ်သော ဤမျှ သာယာသော နေရာဖြစ်သည့် သူတို့မိပိုင် ခြံမြေကြီး ကိုရှင်းလင်း တည်ဆောက် ခဲ့ ခြင်းဖြစ်ပါသည်။
ကျွန်တော်သည် ထိုညတစ်ညလုံး နောက်နေ့တစ်နေ့လုံး လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ကိုယ်ကျ တာဝန် ယူ ဆောင်ရွက်ပါသည်။ လူကြီးတစ်ယောက်အတွက် လုံခြုံမှုတာဝန်သည် ကြီးမားလွန်းရကား ကျွန်တော့်ရင်များ သည် အလိုလို ပူလောင်လျက်ရှိပါသည်။

“လာဗျို့ ကိုဝက်ကြီး၊ ဘာထူးလဲ”
“သိပ်ထူးတယ်”
“ပြောလေ”
ကိုဝက်ကြီးသည် တုံ့ဆိုင်းဆိုင်း ဖြစ်နေသဖြင့် အားမလို အားမရ ဖြစ်ရပါသည်။ သို့သော် ဗိုလ်လက်ျာ ရှိနေသဖြင့် အော်ငေါက်ဆူပူခြင်းမပြုဘဲ ကိုဝက်ကြီးပြောမည့်စကားကို သည်းခံစောင့်ဆိုင်းနေမိ သည်။ ထိုအခါတွင် မှ ၀မ်းနည်းစိတ်မကောင်းသော အမူအရာဖြင့် တစ်ခွန်းချင်း ပြောလာသည်။
“မင်းအမေ၊ မင်းဦးလေး၊ မင်းအဒေါ်၊ မင်းမိန်းမတွေကျိုပန်ကင်ပေက စစ်နေတယ်”
“ရော် ... ဘယ်တုန်းကလဲ”
“ဒီနေ့မနက်ကပဲ”
“ဘာဖြစ်သေးလဲ”
“သန်းကြည်အပြောကတော့ နေပူလှန်းတယ်တဲ့”
ကိုဝက်ကြီး ၏ စကားအဆုံးတွင် ကျွန်တော် မျက်ရည်ကျမိသည်။ ကျွန်တော်တို့တစ်တွေသည် မိဘနှစ်ပါး အား လုပ်ကိုင်ကျွေးမွေးပြုစုသော သားကောင်းများမဟုတ်ပေ။ သို့တစေ မိဘမေတ္တာသည် ကြီးမားစွာဖြင့် ခွင့်လွှတ်ခ့သည်။

ယခု ကျွန်တော်တို့ကြောင့် မိဘများကို ကင်ပေတိုင်က ညှဉ်းပန်းမှု ပြုလေပြီ။ ညှင်းပန်းမှု၏ နောက်ဆက်တွဲကား ...
သတ်ဖြတ်ခြင်းပင်။ ယင်းသတင်းကြောင့် ဗိုလ်လက်ျာ တမော့ဝသို့ ခရီးထွက်ရန်ကို ခေတ္တရွှေ့ဆိုင်းလိုက်ပြီး ဖျာပုံ မှ မိခင်ကြီးနှင့် မိသားစုများ အခြေအနေကို သိရှိရန် ရဲဘော်ညွန့်မောင်နှင့် ရဲဘော်နှစ်ဦးအား တိတ်တဆိတ် ဖျာပုံသို့ စေလွှတ်လိုက်ပါသည်။ ဖက်ဆစ်များသည် တပ်မတော်၏ လှုပ်ရှားမှုများကို နယ်အနှံ့၊ ရွာအနှံ့ ပိုက်စိပ်တိုက် လျက် ရှာဖွေလျက် ရှိပါသည်။ သို့သော် ကျေးရွာများတွင် တပ်မတော်သားများမှာ ရွာသူရွာသား များနှင့် ရောနှောနေထိုင်ခြင်း၊ ရွာခံလုပ်သားပြည်သူများ၏ ဖက်ဆစ်တော်လှန်ရေးစိတ် ပြင်းပြ ခြင်းတို့ကြောင့် လုံခြုံမှု ရှိသင့်သလောက် ရှိနေပါသည်။
ကျွန်တော် တို့သည် ရဲဘော်ညွန့်မောင်ကို ဖျာပုံသို့ စေလွှတ်လိုက်ပြီးနောက် တမော့ဝရွာသို့ ဗိုလ်လက်ျာ မရောက်ရှိသေးကြောင်းကို ရဲဘော်သောင်းအိနှင့် ရဲဘော်မြကြည်တို့အား သတင်းပို့လွှတ်လိုက်ပါသည်။

ကျွန်တော်သည် မိခင်နှင့် ဇနီးဖြစ်သူတို့၏ စိတ်မအေးစရာသတင်းများကို ရင်မ၍ ဘ၀င် မကျနိုင်အောင် စောင့်မျှော်နေသော်လည်း လွှတ်လိုက်သော ရဲဘော်ညွန်မောင်နှင့်အဖွဲ့မှာ ညနေ နေ၀င် သွားသည်အထိ ပေါ်မလာဘဲ ရှိနေပါသည်။ ဗိုလ်လက်ျာ အား နောက်ထပ် သတင်းထောက် လှမ်းရန် အတွက် လူလွှတ်ရန်ပြော ကြားသောအခါ ဗိုလ်လက်ျာက ထိုနေ့ည အချိန်ကုန်သည် အထိ စောင့်ကြည့်ပြီးနောက် အခြေအနေများ မထူးလျှင် ကိုယ်တိုင်လိုက်သွား၍ စုံစမ်းဆက်သွယ်ရန် ပြောကြားပါသည်။

အချိန်အခါမှာ လမိုက်ရက်ကာလဖြစ်၍ စခန်းအတွင်း ထွန်းညှိထားသော မီးတိုင်မှလွဲ၍ အပြင်၌ မည်းမှောင်လျက်ရှိသည်။ စခန်းချထားသည့် နေရာမှာလည်း ထူထပ်သော ဓနိတောကြီး၏ အလယ် တွင် ဖြစ်သဖြင့် နှစ်ဖာလုံခန့်မှပင် မြင်နိုင်ဖွယ် မရှိပေ။ စိုစွတ်ခြင်း၊ သစ်ပင်၊ မြက်ပင်၊ ဓနိပင်များ ထူထပ်ခြင်းကြောင့်၊ ခြင်ကောင်များ၏ အော်မြည်သံမှာ လေယာဉ်ပျံကဲ့သို့ပင် ကြားနေရသည်။ ကင်းပုန်းများ မှာ မြေတွင်ဝပ်၍ ကင်းစောင့်နေကြရသဖြင့် ခြင်၊ ဖြုတ်စသော သတ္တ၀ါများ၏ ပွဲတော်ကြီးပမာဖြစ်လျက် ရှိပါသည်။
ည ၈ နာရီ ခန့် ဖြစ်သည်။
မည်းမည်းသဏ္ဍာန်နှစ်ခုသည် လှေပေါ်မှ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
“ဟိတ် ... ရပ်”
ကင်းပုန်းမှ ရဲဘော်များသည် ထိုမသဲမကွဲသဏ္ဍာန်နှစ်ခု၏ ဘေးသို့ အလျင်အမြန် တိုးကပ်လိုက်ပြီးနောက် သေနတ်ဖြင့် ထောက်ထားလိုက်ကြသည်။ မလှမ်းမကမ်းမှ ရဲဘော် ၃ ဦးမှလည်း အသင့်အနေအထားဖြင့် သေနတ်ကို ချိန်ထားလိုက်ကြသည်။

“ဟန်ရင်၊ ရွှေလုံး၊ တို့ ရဲဘော်တွေပါ ...”
“နေဦး ...”
ရဲဘော်တစ်ယောက်သည် ကျွန်တော့်ထံသို့ သတင်းပို့ရန် ရောက်ရှိလာသည်။ ရဲဘော်ရောက်လာသဖြင့် မိမိ မျှော်နေသော ရဲဘော်ညွန့်မောင် ပြန်ရောက်သည်ဟု ထင်ကာ ပျော်ရွှင်မိပါသည်။ သို့သော် ကင်းရဲဘော်က ဟန်ရင်နှင့် ရွှေလုံးဆိုသူဖြစ်ကြောင်း ပြောကြားသောအခါ တူးမြောင်းရွာတွင် ချန်ရစ်သော ရဲဘော်များဖြစ် ကြောင်း သိရှိကာ ၎င်းတို့အား တွေ့ဆုံရန် ကင်းရဲဘော်နောက်မှလိုက်သွားပါသည်။ ကျွန်တော် သည် ရဲဘော် ဟန်ရင်နှင့် ရဲဘော်ရွှေလုံးတို့အား နွားတင်းကုပ်အတွင်းသို့ ခေါ်ယူသွားကာ အကျိုးအကြောင်း မေးမြန်း ရပါသည်။ ရဲဘော်ဟန်ရင်၏ ပြောပြချက်အရ ဖက်ဆစ်တပ်များသည် ဗမ့တပ်မတော် သားများ ရှိသည်ဟု သတင်းရသည့်ရွာများသို့ တပ်နှင့်ဝိုင်း၍ ရှာဖွေလျက်ရှိကောင်း ကျိုက္ဘာရွာမှ ကျွန်တော်တို့ ထွက်ခွာလာခဲ့ပြီး တစ်ပတ်လောက်အကြာတွင် ဗိုလ်ထွန်းညို (ဗိုလ်မြသန်း)တို့ အဖွဲ့ ကျိုက္ကဘာ သို့ ရောက်ရှိခဲ့ကြပြီး ဖက်ဆစ်တော်လှန်ရေးတရား ဟောခဲ့ကြောင်း၊ ဗိုလ်ထွန်းညိုတပ် ထွက်ခွာသွားပြီး မကြာမီ ဖက်ဆစ်တပ် များ ရောက်ရှိလာပြီး ကျိုက္ဘာရွာမှ အိမ်တစ်ချို့ကို မီးတင်ရှို့လိုက် ကြောင်း၊ ကျီးနှစ်ပင်ရွာသို့ တစ်ဖန် ၀င်ပြီး ရွာသူရွာသားများအား အချို့ကို ဖမ်းဆီး၍ အချို့ကို ရိုက်နှက်ကြောင်းနှင့် ဗိုလ်မျိုးချစ်၏တပ်သည် ကဒါရွာ တွင် စခန်းချလျက်ရှိပြီး ဗိုလ်အောင်စိန်၏ တပ်သည် ကျုံကဒွန်းရွာသို့ ၀င်ရောက်စီးနင်းကြပြီး ကျုံကဒွန်းဂါတ် မှ လက်နက်များအားလုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း တို့ဖြစ်ပါသည်။

“ကြားရတာကတော့ အားရစရာပဲဗျ။ ဒါထက် ဦးသုခ (ဗိုလ်ဘစိန်)တို့ အခု ဘယ်မှာ ရှိကြသလဲ”
“ကဇောင်း၊ ၀ဲကြီးဘက်မှာ ရှိကြတယ်”
ရဲဘော် ဟန်ရင်၊ ရဲဘော် ရွှေလုံးတို့ထံမှ ရရှိသောသတင်းများကို ဗိုလ်လက်ျာထံသို့ သွားရောက်၍ ချက်ချင်း သတင်းပို့ပါသည်။ ဗိုလ်လက်ျာသည် ဗိုလ်ဘစိန်၊ ဗိုလ်တင်ဖေတို့နှင့် ဆက်သွယ်ရန် ကျွန်တော့်အား တာဝန်ပေးပြီး ရဲဘော် ညွန့်မောင်တို့ ပြန်ရောက်မရောက် မေးမြန်းသဖြင့် မရောက်သေးကြောင်း ပြောလိုက် ရပါ သည်။ ဗိုလ်လက်ျာသည် မည်သို့မျှ မှတ်ချက်မချသော်လည်း ၎င်းကိုယ်တိုင် ကျွန်တော်တို့ မိခင်အိုကြီး နှင့် အိမ်သူ အိမ်သားများအတွက် သောကရောက်လျက်ရှိကြောင်း ၎င်း၏မျက်နှာပေါ်တွင် ပေါ်လွင်လျက် ရှိနေပါ သည်။
“မနက်ဖြန်၊ ကျွန်တော် လိုက်သွားမယ်”
“ကောင်းတယ်၊ သိုသိုသိပ်သိပ် သွားဖို့လိုတယ်”
ဗိုလ်လက်ျာ ထံမှ ပြန်လာပြီး ရဲဘော်ဟန်ရင်နှင့် ရဲဘော်ရွှေလုံးတို့အား ဗိုလ်ဘစိန်ထံသို့ ဆက်သွယ်ရန် ညွှန်ကြားပြီး ဗိုလ်လက်ျာ ၏ ဌာနချုပ်မှာ တမော့ဝရွာတွင် ရှိမည်ဖြစ်ကြောင်း မှာကြားလိုက်ပါသည်။ ရဲဘော် ဟန်ရင် တို့ပြန်လည် ထွက်ခွာသွားသောအခါ အရှေ့ဘက်ဆီမှ အရုဏ်ဦးသည် မျက်နှာပေါ်စပြုလျက်ရှိပါပြီ။

နံနက် ဝေလီဝေလင်းအချိန်၊ ရဟန်းတစ်ပါးနှင့် နောက်ပါ ကပ္ပိယတစ်ဦးတို့သည် ဖျာပုံမြို့၏ သုသာန်ဘက်ဆီမှ ဖြတ်လျက် မြို့တွင်းသို့ ၀င်ရောက်လာခဲ့သည်ကို ၀ိုးတ၀ါး တွေ့လိုက်ရပါသည်။ ယင်းသင်္ကန်း ၀တ်ကား ကျွန်တော်ဖြစ်၍ နောက်မှပါသူ ကပ္ပိယမှာ ရဲဘော်ကြီး စံယျတို့ဖြစ်ပါသည်။ ဖက်ဆစ် တော်လှန်ရေး ကိစ္စအ၀၀ ကို ဆောင်ရွက်နေစဉ်အတွင်း အောင်မြေဘုံသာကျောင်းတိုက် သိမ်အတွင်း၌ စည်းဝေးခဲ့သည့်ညက အရေးအကြောင်း ရှိလျှင် အသုံးပြုရန် ဦးစတိလထံမှ သင်္ကန်းတစ်စုံ အစွန့်ခံခဲ့ရာ ယခု ယင်းသင်္ကန်းသည် ကျွန်တော် တို့ နှစ်ဦးအား ဖက်ဆစ်တို့ချထားသော ကင်းများကို လွယ်ကူစွာ ဖြတ်ကျော် နိုင်ခဲ့လေပြီတကား။

ကျွန်တော်တို့ အောင်မြေဘုံသာကျောင်း ပရ၀ဏ်အတွင်းသို့ ရောက်သောအခါ ကျီးများ နိုးစစ ပြုနေပါပြီ။ ကျွန်တော်သည် ဆရာတော် ဦးအာစရ ကျောင်းသင်္ခန်း၏ နောက်တွင် မိခင်ကြီး ဆောက်လုပ်လှူဒန်းထား သော ဇရပ်ရှိရာ သိ့ သော့သော့ပင်လှမ်းလိုက်သည်။ ယင်းဇရပ်တွင် တစ်ဦးဦး အမှန်ရှိပေလိမ့်မည်ဟု တွက်ဆ ခဲ့သည့် အတိုင်း တံခါးကို ဖြည်းညှင်းစွာ ခေါက်လိုက်ရာ သမ္ဗုဒ္ဓေဂါထကို မတိုးမကျယ် ရွတ်ဖတ် သရဇ္ဈယ်လျက် တံခါးရှိရာ သို့ ထလျှောက်လာသည့် မိခင်ကြီးအသံကို ကြားလိုက်ရသည်။
“အင်း ... မေမေ ဘာမှ မထိခိုက်ပါစေနဲ့”ဟု စိတ်ထဲမှ တိုးတိုး ဆုတောင်းလိုက်သည်။ ကျွန်တော်၏ ဆုတောင်းသံ ကလေး မဆုံးမီ တံခါးတစ်ချပ်ပွင့်လျက် မိခင်ကြီး၏ မျက်နှာကို မြင်လိုက်ရသည်။ စိတ်၏ ပင်ပန်းမှု၊ ဘ၀ တစ်လျှောက်လုံး လောကဓံကို ရင်ဆိုင်လာခဲ့ရရှာသော မိခင်ကြီးသည် အလွန်အိုမင်းရင့်ရော် လျက်ရှိနေပါ သည်။ ကျွန်တော် သည် မျက်ရည်မကျမိရန် အားတင်းထားရသည်။ ထို့နောက် ...
“မေမေ ...”
“ရော် ... သား ... သား မောင်မောင်၊ ဘယ်လို ဖြစ်လာပြန်တာတုန်းကွယ်”

ကျွန်တော်က ဒူးထောင့်၍ မိခင်ခြေဖမိုးစုံကို ဦးတိုက်လိုက်သည်။ ထိုအခါ ကျွန်တော့် မ်ျလုံးစုံမှ မျက်ရည်များ သည် မိခင်ကြီး၏ ခြေဖမိုးပေါ်သို့ ရွာသွန်းချလိုက်လေပါတည်း။ မိခင်က ကျွန်တော့် လက်မောင်းကို ကိုင်၍ ဇရပ်အတွင်းသို့ဝင်ရန် ပြောသည်။ ကျွန်တော်သည် ၀မ်းနည်းခြင်းစိတ်ဇောကြောင့် ထိုအချိန်က မိခင်ငိုလေ သည်၊ မငိုလေသည်ကိုပင် မမှတ်သားမိခဲ့ပါချေ။ ကျွန်တော်က ဗိုလ်လက်ျာနှင့် ကျွန်တော်တို့ ကျန်းမာစွာဖြင့် အတူတကွ ရှိနေကြောင်း၊ စိုးရိမ်ပူပန်ရန် မရှိကြောင်းများကို ပြောပြပြီးနောက် မိခင်ကြီးနှင့်တကွ ညီ အစ်ကို မောင်နှမ များအား ကင်ပေများက နေပူလှမ်းကြောင်း ကြားသိရသဖြင့် စိတ်ပူနေကြောင်း ပြောပြသော အခါ မိခင်ကြီး သည် ယဲ့ယဲ့မျှ အသံထွက်၍ ရယ်လိုက်သည်။

“နေပူလှန်းလှန်း၊ လည်သည်းခွာခွာ၊ သံရည်ပူလောင်းလောင်း စိတ်ပူစရာ မဟုတ်ပေါင် သားရယ်”
“ဘယ်နှစ်ရက်လောက် ခေါ်ညှဉ်းကြသလဲ”
“နှစ်ရက်ထဲပါကွယ်”
“သြော် ... မေမေရယ်”
ကျွန်တော်က မိခင်အား ဤသို့ ယောင်ယမ်းခေါ်လိုက်မိသည်။ မိခင်သည် ကျွန်တော့်အား ညှာတာစွာဖြင့် အားမာန်တင်းထားဟန်ပြုသည်။ သို့သော် ကျွန်တော်ကမူ မိခင၏ ရင်တွင်းမှ ခံစားချက်ကို အလိုလို သိမိနေ ပါသည်။ ကျွန်တော်နှင့် မိခင်ကြီး စကားပြောသံကြောင့် အဒေါ်အပျိုကြီး နှစ်ယောက်နှင့် ကျွန်တော့် အစ်မ နှစ်ယောက် သည် ဆွမ်းချက်ဇရပ် အဆောင်မှ ကူးလာကြသည်။
“မိုးလင်းပြီ သား၊ တော်ကြာ လူစိမ်းတွေ မြင်ရင် သား ဒုက္ခတွေ့လိမ့်မယ်”
ထို့နောက် မိခင်ကြီးနှင့် အဒေါ်အပျိုကြီးတို့နှစ်ဦး ဇရပ်ပေါ်မှဆင်း၍ ဆရာတော် ဦးအာစရအား ကျွန်တော့် အား တစ်နေ့တာ ကျောင်းပရိဝဏ်အတွင်း နေထိုင်ခွင့် တောင်းကြပါသည်။ ဆရာတော်၏ ခွင့်ပြုချက်အရ ထိုနေ့ တစ်နေ့တာ ကို ဆရာတော်၏ ကျောင်းသင်္ခန်းအတွင်း အိပ်ဆောင်တွင်း၌ တစ်နေကုန်ခိုအောင်းနေထိုင် ခဲ့ကြရလေသည်။

စခန်းသို့ ပြန်ရောက်သောအခါ လွှတ်လိုက်သော ရဲဘော်ညွန့်မောင်တို့အဖွဲ့ ရောက်နှင့်နေသည်ကို တွေ့ရပြီး၊ ဗိုလ်လက်ျာနှင့် ယင်းညမှာပင် တမော့ဝရွာသို့ ခရီးထွက်ရန် အသင့်ဖြစ်နေကြောင်း ပြောလာပါ သည်။
“မြလှိုင် ... မင်းတို့မနက်ဖြန်ညကို ငါ့ဆီ လိုက်ခဲ့ကြဦး”
“ဟုတ်ကဲ့”
“တို့ကိုလိုက်ပို့မယ့် ရဲဘော်တွေ အသင့်ဖြစ်နေပြီလား”
“ဖြစ်နေပါပြီ”
ဗိုလ်လက်ျာတို့အဖွဲ့ကို ၃ စု ခွဲ၍ ကျွန်တော်တို့ တမော့ဝသို့ ပို့ပေးပါသည်။ ရှေးဦးစွာ ဗိုလ်လက်ျာ၊ ဗိုလ်မြသန်း၊ ဗိုလ်တင်အေး (အမ်တင်အေး) တို့ ၃ ဦးကို ကိုသိန်းဖေခေါင်းဆောင်၍ သမ္ဆန် တစ်စင်းဖြင့် ခေါ်ဆောင် သွားပါသည်။ ကျန်ရဲဘော်များကို ကိုသောင်းအိ ခေါင်းဆောင်၍ ခေါ်ဆောင်စေပြီး ကျန်ရဲဘော် များ မှာ ခြေလျင်ခရီးဖြင့် သလိပ်ကြီးရွာသို့ သွားရောက်ကြပြီး ထိုမှတစ်ဆင့် ရွာခံသခင်မှင်တို့အဖွဲ့မှ လိုက်လံ ပို့ဆောင်ပေးကြပါသည်။

ရက်ပေါင်းများစွာ၊ အစားပျက် အအိပ်ပျက် တာဝန်များ၏ ဖိဒဏ်ကို ကျွန်တော် မခံနိုင်တော့ပေ။ သို့ဖြစ်ရာ ဗိုလ်လက်ျာတို့ လူသိုက်အား ပို့လွှတ်လိုက်ပြီးနောက် ကျွန်တော်တစ်ယောက် အိပ်ရာပေါ်တွင် ဘုံးဘုံးလဲပါ တော့သည်။ ကျွန်တော် အပြင်းဖျားနေသဖြင့် ဗိုလ်လက်ျာ မှာကြားခဲ့သော နောက် တစ်နေ့ ရောက်ရှိရန် အစီ အစဉ်များကိုဖျက်၍ အဖျားသက်သာမှ လာရောက် မည်ဖြစ်ကြောင်း သတင်း ပို့ခိုင်းလိုက်ရပါသည်။ ကျွန်တော်၏ အဖျးက သက်သာမှုမရှိ။ ဆေးမရှိ၊ အစားကောင်း၊ မစားရသဖြင့် ၅ ရက်ခန့်  ကြာသွားသည်။ ထိုအချိန်တွင် မမျှော်လင့်ဘဲ ဖျာပုံမြို့ ၅ လမ်းမှ ဒေါက်တာလှရွေ၏ မိတ်ဆွေများဖြစ်ကြသော ဇ၀နဆေး တိုက်ပိုင်ရှင် ဦမောင်မောင်ကြီးနှင့် ဇနီး ဒေါ်အေးခင်တို့အား ရဲဘော်ကြီး စံယျတို့လူသိုက် တိတ်တဆိတ် ပင့်လာခဲ့ကြပါတော့သည်။ ဦးမောင်မောင်ကြီးတို့ လင်မယားမှာ ကျွန်တော့် အား ဆေးထိုးဆေးတိုက်ဖြင့် ၂ ရက်မျှ စခန်းတွင် နေထိုင်သွားကြသည်။ ထို့ပြင် ထိုးဆေး များ၊ ဆေးထိုးတံများကိုပါ ထားခဲ့ကြလေသည်။ ဤအခိန် ဤအခါမှစ၍ ကျွန်တော်တစ်ယောက်ကိုယ့်တင်ပါး ကိုယ်လှ န်၍ ဆေးထိုးသော အတတ်ကို တတ်ခဲ့ရလေသည်။

တမော့ဝ စခန်း။

ငှက်ဖျားပျောက်လျှင် ပျောက်ချင်း တမော့ဝစခန်းသို့ ထွက်လာခဲ့သည်။ တမော့ဝ စခန်းသည် ဖက်ဆစ် တော်လှန်ရေး ဆင်နွှဲရာတွင် အရေးပါသော သမိုင်းဝင် ရွာကြီးတစ်ရွာဖြစ်သည်။ တမော့ဝရွာသည် အိမ်ခြေ တစ်ရာခန့်ရှိသည်။ ရွာသူရွာသားများသည် သူကြီးဦးညွန့်၏ သြဇာကို လေးစားစွာ လိုက်နာကြ ကုန်သည်။ ထိုမှဆင့်ကဲ ဆင့်ကဲ ဦးညွန့်၏ ဆွေမျိုးညီအစ်ကို မောင်နှမများက ရွာသူရွာသား များအပေါ် ဦးဆောင်ကြ သည်။ တမော့ရွာ၏ ညီညွတ်မှုသည် အံ့သြဖွယ်ပင်။
ထို့ကြောင့် တမော့ရွာကို မြစ်ဝကျွန်းပေါ် ဖက်ဆစ်တော်လှန်ရေး၏ စစ်ရေး နိုင်ငံရေး ဌာနကြီးတစ်ခု အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်ဟန်တူပါသည်။ တမော့ဝစခန်းသို့ ကျွန်တော်လာရာ တွင် တမော့ချောင်းဝသို့ ၀င်လျှင်ပင် ဖြန့်ကျက်ထားသော ကရင်ပြောက်ကျား စောထွန်းစိန်၏ တပ်နှင့်တွေ့ရ ပါသည်။ ထိုမှချောင်းရိုးတစ်လျှောက် ကွန်မြူနစ်ပါတီ၏ ဖွဲ့စည်းမှုအောက်မှ ရွာခံ ပြောက်ကျားများကို အဆက်မပြတ် တွေ့ရသည်။ ဤနေရာမျိုး သို့ ဖက်ဆစ်ရန်သူများ တိုးဝင်တိုက်ခိုက်ရန် မလွယ်ကူကြောင်း ကျွန်တော် မှတ်ချက်ချမိသည်။

သူကြီး ဦးညွန့်၏ အိမ်တံတားသို့ ကျွန်တော်၏လှေ ကပ်လိုက်သည်နှင့် တစ်ပြိုင်နက် မုတ်ဆိတ်မွေး၊ ပသိုင်းမွှေး တို့ဖြင့် မူလရုပ်ကိုပင် မမှတ်မိနိုင်သော ဗမာ့တပ်မတော်မှ ဒုဗိုလ်တစ်ဦး ဆင်းလာပြီး ကျွန်တော့်အား စစ်ဆေး ပါသည်။ ၎င်းအသံကို ကြားတော့မှပင် ဗိုလ်မြတ်ကျော် (ကွယ်လွန်သူ ပန်းချီကျောင်းအုပ်ကြီး ဦးမြတ်ကျော်)ဖြစ်ကြောင်း သိလိုက်ပါသည်။
“ဟေး ... ဗိုလ်မြတ်ကျော်”
“ဟ ... ဗိုလ်မြလှိုင် ...ရွေး ... မိုးချုပ်ပါပကောလား၊ ရဲဘော်ရ”
“စခန်းက မှောင်မှ ထွက်လာတာ၊ လမ်းမှာလဲ ၁၀ ခါလောက် အစစ်ဆေးခံရတော့ အချိန်သိပ်လင့်သွား တယ်”
“ထမင်းစားပြီးကြပြီလား”
“ဟင့်အင်း၊ ဒါထက် ဗိုလ်ချုပ်လက်ျာတို့ ရှိလား”
“ရှိတယ် ...၊ စားပြီးမှ သွားသတင်းပို့ကြတာပေါ့။ ကိုင်း ... တက်ကြ။ အားလုံး ဘယ်နှစ်ယောက်လဲ”
“ကျုပ်ပါ၊ ၅ ယောက်”
“ဗျို့ ဦးစိန်၊ ဒီရဘြော် ၅ ယောက် ထမင်းကျွေးပါဦး”

ထမင်းဝိုင်းသို့ ထိုင်မိသောအခါ ဗိုလ်မြတ်ကျော်နှင့် စကားပြောနေရသဖြင့် ထမင်းကို ကောင်းစွာ မစားနိုင်ဘဲ ရှိပါသည်။ ဗိုလ်မြတ်ကျော်သည် လောလောဆယ် ဂွကလေးရွာတွင် ကွန်မြူနစ်ပြောက်ကျားများ တပ်ခွဲတစ်ခွဲ ခန့်ရှိ၍ ဗိုလ်အောင်မင်း (မြေတိုင်းစာရေး ကိုတင်)က ဦးဆောင်လျက်ရှိပါသည်။ ဗိုလ်မြတ်ကျော် သည် ဗိုလ်အောင်မင်း တို့အဖွဲ့အား လက်နက်အသုံးချနည်းနှင့် တိုက်စိပ်တိုက်ပွဲ၊ တပ်စုတိုက်ပွဲ၊ ညတိုက်ပွဲ များ အတွက် လေ့ကျင့်သင်ကြားပေးနေရကြောင်း သိရှိရပါသည်။
“ဒီမယ် ဗိုလ်မြတ်ကျော်”
“ဆို ... ဘာလုပ်ပေးရမလဲ”
“ရဲဘော် ကြည့်ရတာ၊ တောပုန်းကြီး စံဖကျနေတာလဲ၊ ဒါထက် လက်နက်တွေ တယ်ကောင်းပါလားဗျ။ ကျုပ်ရဲ့ အစုတ် အပြတ်တွေ နဲ့ တစ်ခြားစီပဲ။ ဟင်း ... ဟင်း၊ လဲကိုင်လိုက်ပြီး ငပုတွေ လိုက်ဆော်ပစ်လိုက်ရ ရင်အား ဘာပြောကောင်းမလဲ”

“ဒါတွေ အဲယာဒရော့ပ် တွေဗျ။ ဗိုလ်ချုပ်နဲ့ တွေ့တော့ တောင်းပေါ့ဗျာ။ ပေါပါတယ်။ ရပါတယ်”
ကျွန်တော်သည် ဗိုလ်မြတ်ကျော် ခါးတွင် ချိတ်ထားသော ၄၅ ဘို့၊ ပစ္စတို၊ လက်ထတွင် ကိုင်ထားသော စက်သေနတ် ကလေး (နောင်သောအခါစတင်းဂန်း) တို့ကို ကိုင်ကြည့်မိသည်။ မှန်ပါသည်။ ယင်းလက်နက် များကို ကျွန်တော် မမြင်ဘူးသေးပါ။ ယင်းလက်နက်များမှာ မဟာမိတ်တို့က လေယာဉ်ပေါ်မှ မကြာသေးမီက ချပေးသော လက်နက်များဖြစ်ပါသည်။
“ကိုင်း ... စားပြီး ရင် ဗိုလ်လက်ျာဆီ သွားသတင်းပို့ရအောင်။ ခင်ဗျား ရဲဘော်တွေတော့ ဒီမှာပဲ နားခိုင်း လိုက်ပါ”
“ဒါဆို သွားစို့”
“ဆရာစိန့်၊ ဗိုလ်မြလှိုင် ရဲဘော်တွေတော့ ဒီမှာပဲ နေရာချပေးလိုက်ပါ။ လာ ... ရဲဘော်”

ဗိုလ်မြတ်ကျော်နှင့် ကျွန်တော်သည် တမော့ချောင်း အရှေ့ဘက်ကမ်းသို့ လှေတစ်စင်းဖြင့် ကူးခဲ့ကြသည်။ ဗိုလ်လက်ျာ ယခုနေထိုင်သော နေအိမ်မှာ သူကြီး ဦးညွန့်၏ ညီမအိမ်ဖြစ်၍ ရွာမနှင့် ချောင်းတစ်ခုခြားပါ သည်။ အိမ်မှာ သွပ်မိုး ပျဉ်ထောင် နှစ်ထပ်အိမ်ဖြစ်၍ သီးသီးခြားခြား ရှိပါသည်။ ဗိုလ်လက်ျာ၏ လုံခြုံရေး ကင်းတပ်ဖွဲကို ဗိုလ်သန်းထွန်း ၏တပ်မှ တာဝန်ယူ၍ တမော့ဝရွာသို့ ဗမာ့တပ်မတော်မှ ရဲဘော်များအားလုံး ကို ဗိုလ်မြတ်ကျော်က အုပ်ချုပ်ပြီး ကွန်မြူနစ် ပြောက်ကျားများကို ကိုစိန်ထွန်း (ကိုအောင်ခင်၊ ဗကပ ကျဆုံး)က အုပ်ချုပ်လျက် ကရင်ပြောက်ကျားများမှာ ကရင်ပြောက်များစောထွန်းစိန်က အုပ်ချုပ်ပါသည်။ တမော့ဝရွာတွင် လက်နက်တပ်ဆင်ပြီး ရဲဘော်အားလုံး၏ အင်အားမျာ ၃၀၀ ခန့်ဖြစ်ပါသည်။

“ဗိုလ်ချုပ်၊ ဗိုလ်မြလှိုင်နဲ့ ရဲဘော်တွေ ရောက်လာပြီ” ()()()()
“အေး ... အတော်ပဲ၊ မင်းကို ခိုင်းစရာရှိတယ်”
“ဟုတ်ကဲ့၊ ဒါပေမယ့် ကျွန်တော် လက်နက်တွေ လဲချင်တယ်”
“ဟုတ်တယ် ဗိုလ်ချုပ်၊ သူ့တပ်စုကို လက်နက်အသစ် ထုတ်ပေးလိုက်ရင် ကောင်းမယ်”
“မဖြစ်သေး ဘူးကွ၊ ခု ရှိတဲ့လက်နက်တွေက သခင်စိုးက သူတို့ ပြောက်ကျားတွေကို ပေးဖို့ ဖယ်ထား တာ ဖြတ်ကျော်ရ”
“မကုန်နိုင်ပါဘူး ဗိုလ်ချုပ်။ နောက်ပြီး ပြောက်ကျားရဲဘော်တွေထက်စာရင် ဗိုလ်မြလှိုင်တပ်စုက လေ့ကျင့် ပြီးသား ရဲဘော်ဟောင်းတွေ ဆိုတော့ ပိုကောင်းမယ် ထင်ပါတယ်”
“လောလောဆယ်တော့ ခဏနေဦးကွာ”

ဗိုလ်လက်ျာ၏ နောက်ဆုံးစရားအရ ဗိုလ်မြတ်ကျော်တစ်ယောက် ဆက်၍ ပြောရန် အကြောင်းမရှိတော့သဖြင့် ကျွန်တော့်ဘေးတွင် ငူငူကြီး ထိုင်နေပါသည်။ ဗိုလ်လက်ျာကမူ ကျွန်တော့်အား တပ်စုတစ်စုလုံး တမော့ဝရွာ သို့ ပြောင်းရွှေ့လာပြီးနောက် တမော့ဝတွင် တပ်စွဲထားသော တပ်မတော်အောက်တွင် ဆက်လက်ဆောင်ရွက် ရန်နှင့် ကျွန်တော် တာဝန်မှာ ၎င်းကိုယ်တိုင် ခိုင်းစေသော ကွန်မြူနစ်ပြောက်ကျားများနှင့် ဆက်သွယ်သော တာဝန် ကို ထမ်းဆောင်ရန် ဖြစ်ပါသည်။

ကျွန်တော်နှင့် ဗိုလ်မြတ်ကျော်တို့ နှစ်ယောက် ဗိုလ်လက်ျာထံမှ ပြန်လာသောအခါ ညဥ့်တစ်ချက် တီးပင် ကျော်နေပါပြီ။ သို့သော် စခန်းကြီး တစ်ခုလုံးမှာ နီးနီးကြားကြား တက်တက်ကြွကြွဖြင့် ပျော်ရွှင်ဖွယ် အလှူအိမ်ကြီး ပမာ ရှိနေပါသည်။ ကျွန်တော့်အား ဗိုလ်မြတ်ကျော်က သူကြီးညွန့်အိမ် အပေါ်ထပ် သို့ ခေါ်ဆောင်သွားပါသည်။ သူကြီးအိမ်အပေါ်ထပ်တွင် ကွန်မြူနစ် ပြောက်ကျားတပ်ဖွဲ့များ ရှိပါသည်။
“ ဟေး ... မြလှိုင်၊ မင်း ဘယ်တုန်းက ရောက်လဲ”
“ဟာ ကိုထွန်းစိန်၊ ခင်ဗျား ဒီမှာလား”
“အေးကွ။ ဒါ တို့ဌာနချုပ်လေကွ”
“ရော် ... ဟုတ်ပြီ၊ တယ်ကြီးပွားနေပါလား”
“ဒါပေါ့ ... ဒါပေါ့”
ကိုထွန်းစိန်သည် ကျွန်တော့်ကို လေယာဉ်မှ ချပေးထားသော ကေရာရှင်ဘူးများ၊ ဘီစကွတ်မုန့်များ၊ စီးကရက် များဖြင့် ဧည့်ခံပါသည်။ ကျွန်တော်သည် စားရင်း သောက်ရင်း မျက်စိကစား၍ ကြည့်လိုက်မိရာ၌ ၃၀၃ ရိုင်ဖယ် အသစ်များ၊ ဘရင်းဂန်းများ၊ စတင်းဂန်းများ၊ လက်ပစ်ဗုံးများ၊ မီးလောင်ဗုံးများ၊ ခဲယမ်း မီးကျောက် သေတ္တာ များ တောင်ပုံရာပုံကို တွေ့ရပါသည်။

“ကိုထွန်းစိန် လက်နက်တွေ များလှချည်လားဗျ။ သွားရည်ကျတယ်ဗျာ”
“များဆို လေထီးနဲ့ ချပေးထားတာကွ။ ဆရာကြီး (သခင်စိုးကို ဆိုလိုသည်)ရဲ့ တပ်အတွက် ဖယ်ထားတာလေ”
“ဆရာကြီးက နိုင်ငံရေးခေါင်းဆောင်ကြီးပဲ၊ တပ်မလိုပါဘူးဗျ”
“ဟ ... ဒီမောင်၊ တော်တော်ဒုန်ဝေးနေပါပြီ။ တို့တစ်တွေဟာ ဆရာကြီးရဲ့ ပြောက်ကျားတွေပေါ့ကွ”
“ဒါဆိုလည်း ငါတို့ အတွက်လို့ ရှင်းရှင်းပြောပါဗျာ၊ ကျုပ်ကို နည်းနည်းပေးလိုက်ပါလားဗျာ”
“ငါ့တပ်က လက်နက်တပ်ဆင်ပြီးပါပြီ။ ဒါတွေက နောက်ထပ်ဖွဲ့စည်းမယ့် တပ်တွေအတွက်ကွ။ မင်းတို့ တပ်မတော် အတွက် တို့ ခွဲပေးပြီးပြီပဲ”
“လုပ်ဗျာ၊ ခင်ဗျား ထဲက နည်းနည်း ကျုပ်ကို ခွဲပေးပါလား”

“မဖြစ်နိုင်ပါဘူးကွာ၊ ဒါပေမယ့် မင်းကိုင်ဖို့ စတင်းဂန်းတစ်လက်၊ လက်ပစ်ဗုံး ၅ လုံးနဲ့ ကျည်ဆန် ၁၀၀ တော့ ပေးလိုက်မယ်”
ကျွန်တော်နှင့် ဗိုလ်မြတ်ကျော်သည် လေးပင်သော ခြေလှမ်းများဖြင့် ကျွန်တော့် ရဲဘော် များ နေထိုင်သည့် တဲဆီ သို့ လျှောက်လာခဲ့ကြပါသည်။ သူကြီးအိမ်ပေါ်တွင် တွေ့ခဲ့ရသော လက်နက်များ ကို မြင်ခဲ့ရသော ကျွန်တော်သည် မိမိတွင်ရှိသော ဂျပန်ရိုင်ဖယ် မီးကျိုးမောင်းပျက်များကို စိတ်ပျက်မိလေသည်။ စစ်သား ဆိုသူအဖို့ လက်နက်သည် မက်မေတွယ်တာဖွယ် ရတနာပင် မဟုတ်ပါလား ...။
“ဗိုလ်မြလှိုင်၊ ခင်ဗျား စိတ်မကောင်းဖြစ်လာသလား”
“အင်း ...”
“ဒါအစပဲ ရှိသေးတယ်။ နောက်ကို အများကြီး တွေ့ရဦးမယ်။ ကျုပ်တော့စိတ်ကို လျှော့ထားလိုက်ပြီ။ မဟုတ်ရင် ... တောက်”
ကျွန်တော့် အား တဲဝအထိ လိုက်ပို့ပြီးသောအခါ ဗိုလ်မြတ်ကျော် တစ်ယောက် နှုတ်ဆက်၍ ပြန်သွားပါသည်။ တဲအတွင်းဘက် တွင် ကင်းစောင့်နေသော ရဲဘော်စိတ်မောင်နှင့် တွေ့ရသဖြင့် ကျန်ရဲဘော်များ ကို နှိုးရန် ပြောလိုက်မိပါသည်။

“ခရီးသွားရဦးမှာလား ဗိုလ်လေး”
“မဟုတ်ပါဘူးကွာ၊ သွားသာ နှိုးလိုက်ပါ”
ရဲဘော်များကို ကျွန်တော်က ကိုထွန်းစိန် ပေးလိုက်သော ကရာရှင်ဘူး ၂ ဘူးကို ဖွင့်၍ ကျွေးလိုက်ပြီး စီးကရက်ဘူး ကိုလည်း ချပေးလိုက်ပါသည်။ ထို့နောက် ရဲဘော်များအား သူကြီးအိမ်ပေါ် တွင် တွေ့ခဲ့သော လေထီးချ လက်နက်ပုံကြီးနှင့် လက်နက်သစ်များ တပ်ဆင်ဖွဲ့စည်းထားပုံကို ပြောပြမိပါသည်။
ရဲဘော်များသည် ထူးဆန်းသော ပုံပြင်ကို နားထောင်နေကြရသည့်နှယ် ...။

ဖျာပုံမြို့နယ်အတွင်း အရှေ့မှအနောက်၊ တောင်မှမြောက် လက်လှော်လှေဖြင့် တစ်ဖုံ၊ ခြေလျင် တစ်နည်း စေလွှတ် လိုက်သော တာဝန်မျးကို ထမ်းဆောင်နေခဲ့ရသည်မှာ တစ်ပတ်ခန့် ကြာမြင့် သွားပါ သည်။ တပ်မတော်၏ သတင်းများကား ဟိုမှသည်မှ ပျံ့နှံ့လျက်ရှိပါသည်။ ဖျာပုံမြို့နယ်အတွင်း ဗိုလ်ဘစိန် ၏ တိုက်ပွဲအတွေ့အကြုံရှိပြီးသော ၎င်း၏တပ်သည် ဖက်ဆစ်များကို အမဲလိုက်သကဲ့သို့ ခြေရာခံလိုက်၍ တိုက်ခိုက် ခဲ့ကြသည်မှာ  ပွဲတိုင်းကျော်များ ဖြစ်နေပါသည်။
ယခုတစ်ပတ် တမော့ဝရွာသို့ ပြန်လာရာတွင် ပွဲကြီးပွဲကောင်းနှင့် လာတိုးနေပါသည်။ အဘယ်ကြောင့်ဆိုသော် သူကြီးအိမ်ပေါ်တွင် မဟာမိတ်တပ်မှ လေထီးဆင်းများ ရောက်ရှိနေကြပါသည်။ ၎င်းတို့မှာ မေဂျာဗွိုင်တို၊ ၀ိုင်ယာလက်အော်ပရေတာ ချင်းရဲဘော် ချာလီနှင့် ကိုဘသောင်း (ယခု မြန်မာ့ ထွက်ကုန် သွင်းကုန် ကော်ပိုရေးရှင်း) တို့ ဖြစ်ကြသည်။ စခန်းတစ်ခုလုံး ပျားပန်းခတ်မျှ အလုပ်ရှုပ်နေကြပါ သည်။

“ဆရာစိန့်၊ ဘာတွေ အလုပ်များနေတာလဲဗျ”
“ဗိုလ်လေး၊ မသိသေးဘူးလားဗျ”
“ဟင့်အင်း၊ ဘယ်သိမလဲ၊ ဘာတွေဖြစ်နေလို့လဲ”
“ဟင်း ... ဟင်း ... ဘာမှ မဖြစ်ပါဘူး။ ဒီညနေ ရွာနောက်က ကွင်းထဲမှာ လက်နက်တွေ လေထီးနဲ့ လာချပေးမှာဗျ”
“ဟာ ... တယ်ဟုတ်ပါလားဗျို့”
ထိုသတင်းကြောင့် ကျွန်တော့် ရင်ထဲတွင် အလိုလို ပျော်နေပါသည်။ မကြာမီ ကျွန်တော်တို့ တပ်မတော်မှ ရဲဘော်များ အား လေထီးချရာတွင် လုံခြုံရေးအတွက် တာဝန်ချထားပေးပါတော့သည်။ ကျွန်တော့် တပ်စုမှာ ကွင်း၏ မြောက်ဘက်တွင် တာဝန်ယူစောင့်ရပါသည်။ ကျွန်တော်တို့တစ်တွေ မှာ နေ့လယ်တစ်နာရီ ခန့်ကပင် နေပူကျကျဲ ကွင်းထီးထီးတွင် ကင်းစောင့်နေကြရပါသည်။ သို့သော် ပူရမှန်း၊ ပင်ပန်းရမှန်း မသိနိုင် ဘဲ ပျော်ရွှင်ကြပါသည်။ မမျှော်လင့်သော မမြင်ဘူးသော အတွေ့အကြုံကို တွေ့ကြရမည် မဟုတ်ပါလား...။

ညနေ လေးနာရီခန့်တွင် ကွင်း၏ အလယ်တည့်တည့်၌ တီပုံသဏ္ဍာန် ပိတ်ဖြူကြီးတစ်ခု ကို လေထီးဆင်းမေဂျာဗွိုင်တို ကိုယ်တိုင် ကြီးကြပ်ခင်းကျင်းပါသည်။ ထို့နောက် တီသဏ္ဍာန် စာလုံး၏ထိပ်တွင် မီးဖိုရန် မီးစာများ စုစေပါသည်။ ထိုသို့ဆောင်ရွက်ပြီး၍ မကြာမီပင် ကြီးမားသော လေယာဉ်ကြီးတစ်စင်း သည် ကွင်းကိုဖြတ်၍ နိမ့်နိမ့်ပျံသွားပါသည်။ ယင်းလေယာဉ်မှာ ရှေ့ပြေးလေယာဉ်ဖြစ်၍ ဖျာပုံဘက်ဆီသို့ ၏ ဦးတည်မောင်းနှင် သွားပြီး မကြာမီ ဖျာပုံမြို့ဆီမှ စက်သေနတ်ပစ်သံများ ကြားလိုက်ရပါတော့သည်။ ယင်းဆောင်ရွက်မှုသည် နောင်သောအခါ လေထီးချလျှင် ရှေ့ပြေးလုပ်လေ့ရှိသော လုပ်နည်း လုပ်ဟန်တစ်ခု ဖြစ်ကြောင်း သိရှိရပါသည်။

ဖျာပုံဘက်တွင် စက်သေနတ်ပစ်ပြီးနောက် ထိုလေယာဉ်ကြီးသည် လာလမ်းအတိုင်း ပြန်လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့သည်။
“ဟေ့ ... ဟိုမှာ ကြည့်စမ်း၊ လေယာဉ်သုံးစီး လာနေတယ်”
“အေး ... ဟုတ်တယ်”
စကားပြော ၍ မဆုံးမီ၊ မြားဦးသဏ္ဍာန် ပျံသန်းလာသော လေယာဉ်သုံးစီးအနက်မှ တစ်စီးပြီးတစ်စီး ချပေးပါ သည်။ ကောင်းကင် တွင် ပွင့်၍ ထွက်လာသော လေထီးများမှာ မှိုပွင့်များအလား အလွန်လှပပါသည်။ ထိုနေ့က လက်နက်၊ စားသောက်ဖွယ်၊ အ၀တ်အထည် စည့် ပစ္စည်းပေါင်း ၃၉ ကွန်တိန်နာဖြစ်ပါသည်။

ရှုမ၀၊ တွဲ ၃၅၊ မှတ် ၄၁၇၊ ဖေဖော်ဝါရီ ၁၉၈၂။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, February 1, 2013

ပတ္တမြားခင် ၏ အတိတ်လမ်း ကိုပြန်လျှောက်ခြင်း, အပိုင်း (၃၈)

အပိုင်း (၄၀)

စာရေးဆရာ Dr. John Grayက အောင်မြင်မှုရဖို့ဆိုတာ သိမ်ငယ်တဲ့ အတွေးတွေ ကို ဖျောက်ပြီး ပြတ်သားတဲ့ စိတ်ဓာတ်တွေ ကို မွေးနိုင်မှဖြစ်တာတဲ့။ မိမိရဲ့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ နဲ့ သင်ခန်းစာတွေ ကို မေ့ပစ်လို့ မရဘူး။ ဘယ်သူမဆို ဘ၀ခရီးမှာလည်း လဲပြိုပြုတ်ကျတဲ့အခါတွေရှိမှာပဲ။ ကျစမ်းပါစေ၊ ပြန်ထတတ်ဖို့ပဲ လိုတာပါတဲ့။
ကျွန်မအဖြစ်ကတော့ ကြုံလာတဲ့ လောကဒဏ်နဲ့ နပန်းလုံးရလို့ အရှုံးပေးလဲပြိုခဲ့ရတာတွေ ရှိခဲ့သလို ကိုယ့်ဟာကိုယ် အခြေတကျရှိနေပြန်တော့လည်း အေးအေးဆေးဆေးမနေပါဘဲ ကိုယ့်ဖောင်ကိုယ် ဖျက်ပြီး ရေဆန်ကူးချင်တတ်တာနဲ့ တစ်သက်တာနပန်းပွဲတွေနဲ့ မဆုံး နိုင်သောပြန်ထခြင်းတွေကို လုပ်ရဦးမဲ့ အဖြစ်ပါပဲ။
လူဆိုတာ တစ်ယောက်မှာ အကျိုးပေးတစ်မျိုးစီးနဲကဘ၀ခရီးကို လျှောက်လှမ်းနေကြတာ ပါ။ တချို့ကျတော့ သည်းထိတ် ရင်ဖိုဖြစ်ရတဲ့ Roller Casterဘီးတပ်ဖိနပ် စီးပြီး အမြန်နှုန်း နဲ့လျှောတိုက်လျှောက် လှမ်းနေကြ ရသလို တချို့ကျတော့ မြစ်ကြောအလယ် ဇိမ်ခံသင်္ဘော ပေါ်မှာအေးအေးဆေးဆေး စကားတပြောပြောနဲ့ သွားနေကျသူမျိုးတွေ လည်း ရှိရဲ့။

ဘယ် လိုနည်းနဲ့ပဲ လျှောက်လျှောက်ဘ၀ခရီးဆိုတာ ဖြောင့်ဖြူးချောမွေ့တတ်တဲ့ လမ်းမျိုးမဟုတ် တာသေချာလို့ အတက်တွေ၊ အဆင်းတွေ၊ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေနဲ့အတူ ၀ဲဂယက်မုန်တိုင်းတွေက ရှိနေမှာပါပဲ။
ဆိုးတာတွေ ကြုံဖူးမှကောင်းတာရဲ့ တန်ဖိုးကို သိပြီး အဆိုးကလွတ်မြောက်တဲ့အခါ ကျော် လွှားနိုင်ခဲ့ တာကို ကျေနပ်ပီတိဖြစ်ရင်း ကိုယ့်ရဲ့အစွမ်းအစကို ပိုမိုယုံကြည်မှုလည်းရ၊ စိတ်ရဲ့ ရင့်ကျက်ခိုင်မာမှုလည်း တိုးတာ မို့ ချမ်းမြေ့ခြင်းအကျိုးကိုရတာပါ။ တစ်ဘ၀လုံးအတက် အကျမရှိ ဒုက္ခ သုခမရှိခဲ့ရင် ငြိမ်သက်နေတဲ့ သင်္ချိုင်းဂူ ထဲနေရသလို ဖြစ်မှာပေါ့နော်။
အသက်ရှင်နေရခြင်းကိုက ရုန်းကန်လှုပ်ရှားရခြင်းဖြစ်တာမို့ ကျွန်မလည်း ပြန်ထနိုင်ဖို့ အားယူနေဆဲ ဆိုပါတော့။ ရောက်ခါစမို့မသွားတတ်မလာတတ်သေးတဲ့အပြင် ကားလိုင်စင် ရလို့ ကား ထွက်မောင်းတော့ မြို့ထဲက ရိုးရိုးလမ်းတွေမှာ ဖြောင့်ဖြောင့်ဖြူးဖြူးမောင်းနိုင်ပါ ရဲ့။ မြို့ပြင်ဘက် ထွက်မောင်းလို့ တံတားနှစ်ဆင့် သုံးဆင့်တွေဖြတ်ရတဲ့အခါမျိုးကျရင်ရှိ ထားတဲ့သတ္တိတွေ ပျောက်ပြီး သည်းထိတ်ရင်ဖို ဘယ်လို တက်ပြီး ဘယ်လိုဆင်းရမှန်းမသိ လူကကတုန်ကယင် ဖြစ်တာမို့ အလွဲလွဲတွေဖြစ်ပါလေရော။

အမှန်က လမ်းမှာပြထားတဲ့ဆိုင်းဘုတ်တွေကို သတိရှိရှိနဲ့ ဖတ်မှတ်ထားရင်လွဲစရာအ ကြောင်းဘာမှမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ပျောက်တာဟာ အဆိုးဆုံးရန်သူပါ။ တံတားတွေတောင် မဖြတ်ရဲတာ မဟုတ်သေး ဘူး။ ဟိုင်းဝေးတွေပေါ်လည်း မမောင်းရဲလို့ သွားစရာရှိတိုင်း ယမင်းမအားတဲ့အခါ ယမင်း ရဲ့သူငယ်ချင်းမိန်းကလေးကိုလိုက်ပို့ခိုင်းရ တာအခါပေါင်းများစွာပါပဲ။ ကြာတော့ အားနာလာတဲ့အပြင် တစ်သက် လုံး သူတစ်ပါး ကို အားကိုးနေလို့ချည်းမဖြစ်သေးပါဘူးဆိုပြီး ကိုယ့်အားကိုယ်ကိုးရဲလာအောင် အားမွေး ရပါ တယ်။
"ဆယ်ကျော်သက် မိန်းကလေးတွေတောင် ဒီဟိုင်းဝေကားလမ်းကို ကျွမ်းကျွမ်း ကျင်ကျင် မောင်းနေနိုင်သေးတာပဲ။ ကိုယ်ကားမောင်းလာတာ ဒီမိန်းကလေးအသက်တောင် မက တော့ဘဲ အလေ့အကျင့် ရှိပါလျက်နဲ့ ဘာဖြစ်လိုက အစိုးရိမ်လွန်ကဲပြီး မမောင်းရဲရမှာလဲ၊ လက်တွေလုပ်မကြည့်ဘဲ စိတ်ကူး နဲ့ ထိုင်ကြောက်နေတာအဓိပ္ပာယ်မရှိဘူး မရွှေခင်"လို့ ကိုယ့်ဟာကိုယ် ဆုံးမရပါတယ်။ အဲဒီလိုရဲစိတ် ကလေး သွင်းပြီး တစ်နေ့လူနာသတင်းမေး စရာကိစ္စပေါ်လာတာနဲ့ သမီးကေသီိကို အဖော်ခေါ်ပြီးဟိုင်းဝေးပေါ် တက်လေ တယ်ပေါ့။

တက်ခါစတော့ ဟုတ်လို့ပါပဲ။ ကားတွေက မိုင်၆၀၊ ၇၀နှုန်းနဲက တဝေါဝေါသွားနေတာ မှန်ပေမဲ့ ကိုယ့်လိုင်း နဲ့ကိုယ်ဆိုတော့ပြဿနာမရှိပါဘူး။ ဘယ်လိုက ဘယ်လိုမောင်းရင်း ကျွန်မလိုင်းကူးသွားလေတယ်မသိဘူး။ ဘယ်ဘက်ဆုံးလိုင်းထဲရောက်နေပါလေရော။ လမ်းမကြီးပေါ်မှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တော့ ထွက်ရမဲ့ Exitကို ရောက် ခါနီးနေပြီး။ Exitကညာဘက်ဆုံး လိုင်းဘက်မှာရှိနေတာမို့ ပြန်ကူးဖို့မီးအချက်ပြ ကြိုးစား ပေမဲ့ ဘယ်လိုမှဝင်လို့မရဘူး။ ကားတွေကအရှိန်နဲ့လာနေတာ ဖြစ်တော့မ၀င်ရဲတာလည်း ပါတယ်ပေါ့။
အမှန်က ဘယ်ဘက်ဆုံးလိုင်းက အမြန်နှုန်းမောင်းရတဲ့လိုင်း။ ကိုယ်ကထွက်မှဆိုရင်Exit မတိုင်ခင် ခပ်စောစော ကတည်းက ကြိုပြီးညာဘက်ဆုံးလိုင်းကို ပြောင်းထားသင့်တာပါ။ ဒါတွေကျွန်မက နား မလည်တော့ လမ်းလယ်ကောင် မှာ ပြဿနာဖြစ်ပါလေရော။ ကျွန်မ ထွက်ရမဲ့ Exitကိုလည်းလွန်လာခဲ့တာတောင် လိုင်းပြောင်းမရသေးဘူး။ နောက်က ကပ်ပါ လာတဲ့ကားက ဟိုင်းဝေးပေါ် မှာကျွန်မ အိုးနင်းခွက်နင်းဖြစ်နေတာ ရိပ်မိသွားတယ်ထင်ပါ ရဲ့။ အလယ်လိုင်းကနေ ကျွန်မကား နဲ့ယှဉ်မောင်းရင်း လိုင်းကူးဖို့အချက်ပြပြီး လမ်းရှင်း ပေးပါတယ်။ အဲဒီလူရဲ့ကောင်းမှုနဲ့ လိုင်းကူးဖို့အလယ်လိုင်းရောက်၊ သူကတစ်ခါ ညာဘက်လိုင်းဝင်ပေးမှ ကျွန်မလည်း ညာဘက်ဆုံး လိုင်းပေါ် ရောက်တော့တာပဲလေ။ ထွက်ရမဲ့ Exitတစခုကျော်ပြီး ထွက်ပေါက်ရသွားမှ ကားပေါ်ကလူက လက်ပြနှုတ်ဆက် သွားလေရဲက။

သူတို့တိုင်းပြည်မှာ တစ်ဦးကို တစ်ဦးကူညီဖို့ ၀န်မလေးတတ်ကြတာ တစ်ခုကတော့ ကျွန်မ တို့ မြန်မာပြည်အတိုင်းပါပဲ။ အဲဒီလို လက်တွေ့ကွင်ဆင်း မောင်းကြည့်လိုက်တော့မှ ဟိုင်းဝေးကို မောင်းရတဲ့ သဘောသဘာဝ ကို နားလည်သွားတာမို့ မောင်းရဲသွားတော့တာ ပါ။ မောင်းရဲတယ် ဆိုပေမဲ့ ကားမောင်းရင်း သမ္ဗုဒွေဂါထာတော်ကို ဖင်ပြန်ခေါင်းပြန်ရွတ်ရ တာလည်းအာပေါက်မတတ်ရှိပါသေးတယ်။ အဲဒီလိုကောင်းမောင်းတတ်ရုံနဲ့မပြီးသေးဘူး။ သွားတတ်လာတတ်ဖို့ လမ်းတွေကိုလည်းသိထားဖို့ လိုအပ်သေး တယ်လေ။
ဒီမှာက ဘယ်သွားချင်းသွားချင် နေရာစိမ်းဆိုရင် Directionမေးပြီးမှ သွားလေ့ရှိကြတာပါ။ မြို့ကြီးတွေကလည်း ကျယ်ဝန်း၊ တစ်မြို့နဲ့တစ်မြို့ဆက်လို့ ဆက်သွားမှန်းမသိနိုင်တာမို့ လမ်းပျောက်ဖို့က လွယ်ကူပါတယ်။ လမ်းပျောက် ရင် ဓာတ်ဆီဆိုင်တွေကို ၀င်မေးရင် အလွယ်တကူ ကူညီလမ်းပြပေး တတ်ကြတာ မို့ ကျေးဇူးတင်စရာပါပဲ။ မန္တလေးမှာ တစ်ပြ နှစ်ပြနဲ့ ခရီးအကွာအဝေးကို ပြောကြသလို အမေရိကားမှာက နာရီဝက် ခရီး၊ တစ်နာရီခရီး လို့အချိန်နဲ့တိုင်း ပြောတတ်ကြတယ်။ တစ်နေရာ တစ်နေရာ ကလည်း ဝေးကွာ လွန်းတာ ကိုး။ ဒီမှာကလမ်းတွေကကောင်း၊ မောင်းကြတဲ့ ကားတွေကလည်းကောင်း ဆိုတော့ တော် ရုံအကွာအဝေးခရီးလောက်ကို မမှုကြပါဘူး။ပဲခူးနဲ့ ရန်ကုန်ခရီးလောက်ကို နေ့စဉ်အလုပ် အသွားအပြန် လုပ်နေကြတာမျိုးလေ။

လမ်းတွေသိအောင် လေ့လာရင်းကြုံရတဲ့ ရယ်စရာအဖြစ်ကလေးတစ်ခုလည်းရှိပါသေး တယ်။ တစ်နေ့မှာ သားရွှေစင်၊ သမီးကေသီနဲ့ ကျွန်မ၊ သားအမိသုံးယောက်သားနေရာ တွေသိအောင်ဆိုပြီး ကားမောင်း ထွက်လာကြတာပေါ့။ K.Martဆိုတဲ့ ကုန်တိုက်ကြီးရှိတဲ့ လမ်းထ်ပ်မှာ ဘယ်ချိုးပြီးဆက်မောင်းသွားကြလို့ ခရီး အတော်ပေါက်တော့ ပြန်လှည့်လာ ကြပါတယ်။ K.Martဆိုင်းဘုတ်တစ်နေရာ တွေ့တော့ညာပြန်ချိုးခဲ့တာပါ။ ဘယ်ရောက်လို့ ရောက်မှန်းမသိတော့ဘဲ လမ်းပျောက်ပါလေရော။
"မာမီတို့ K.Martထိပ်မှာ်ဘယ်ချိုးတာ သေချာပါတယ်။ ဘာဖြစ်လို့ လာခဲ့တဲ့လမ်းပြန်မ ရောက်လဲ မသိ"နဲ့ မကျေမနပ် နဲ့ပေါ့။ နောက်မှသိရတာက K.Martဆိုတဲ့ ကုန်တိုက်ကြီးက ဒီတစ်ခုတည်းရှိတာမှမဟုတ်ဘဲ။ အမေရိကား မှာ ကုန်တိုက်ကြီးများစွာ၊ စားသောက်ဆိုင် များစွာက နာမည်တူ၊ အဆောက်အအုံ ပုံစံတူ၊ အသွေး အရောင် တူ ချိန်းစတိုးအဖြစ် နေရာ အနှံ့မှာရှိနေတာ မဟုတ်လားနော်။ ကိုယ်က ဒီတစ်ခုကို အသေပြုမှတ်ထားလို့မရဘူးဆို တာကိုယ်တွေ့ကြုံမှ တောကျတဲ့အဖြစ်ကို ပြောရယ်ရပါတယ်။

ဒီလိုနဲ့ ကားမောင်းနိုင်လို့ သွားတတ် လာတတ်ဖြစ်လာတော့ ကျွန်မက မြန်မြန်အခြေ တကျဖြစ်ချင်တာနဲ့ တစ်နေ့မှာ သားကြီးကို သူ့ရဲ့အိမ်အနီးအနားမှာ နေစရာအိမ်ခန်း တစ် ခုရှာကြရအောင် အကြုံပြတော့ သားက အကြီး အကျယ် ကန့်ကွက်ပါလေရော။
"အန်ကယ်ဦးကျော်ဇော ရောက်မလာသေးဘဲ မာမီအိမ်ခွဲဖို့ မစဉ်းစားပါနဲ့။ သားတို့နဲ့ အခါအခွင့် သင့်တုန်း အေးအေးဆေးဆေးပဲ နေပါဦး မာမီရာ။ ဒီအခွင့်အရေးမျိုး အမြဲတမ်း ၇နေမှာမဟုတ်ဘူး။ ခုမှ မိသားစုလေး တစုတစည်းနေရတဲ့ဟာ ဘယ်လောက်ချမ်းမြေ့ ကြည်နူးစရာကောင်းလဲ။ ဒီအချိန်လေးကို တန်ဖိုး ထားပြီး ခံစားကြည့်စမ်းပါ"တဲ့။
သူပြောတာ လည်း ဟုတ်ပါရဲ့။ နှလုံးသားရဲ့ခံစားချက်ဆိုတာည်း ခန္ဓာကိုယ်မှာ ခြေတွေ လက်တွေ၊ မျက်လုံးတွေ၊ နားရွက်တွေ စတဲ့ အစိတ်အပိုင်းတွေရှိလို့ လိုအပ်သလိုပဲ စိတ် အတွက်အရေးပါသော ပစ္စည်းတစ်ခုပါပဲ။ ကျွန်မဘ၀မှာ သားငယ်ဇာနည်မပါခဲ့တာက လွဲ ပြီးခုလိုသားသမီးမြေးတွေနဲ့ တစ်စု တစ်စည်း ပြန်နေ ရတာ လောကနိဗ္ဗာန်လို ချမ်းသာမှုကို ရတာအမှန်ပါပဲ။ ကိုယ့်မျက်စိအောက်မှာ မိခင်နဲ့တကွ သား သမီးတွေ ဝေေ၀စည်စည်နဲ့ ညညဆိုရင်ရုပ်မြင်သံကြားစက်ရှေ့မှာ စုထိုင်ကြပြီး မြန်မာပြည်က ယူလာတဲ့ လက်ဖက်တွေ သုပ်စားကြ၊ ကျွန်မသားသမီးတွေက ဟာသကလည်းအပြည့်ရှိကြတာမို့ သူတို့တစ်တွေ စုမိကျ ရင် အနားကလူ ပါးစပ်မပိတ်ရအောင် ရယ်နေရတာမျိုးဆိုတော့ ပိုပြီးပွဲစည်လေတယ် ပေါ့။

ကျွန်မအမေလည်း နားမကြားပေမဲ့ ရုပ်မြင်သံကြားကိုတော့ စိတ်အ၀င်စားသား။ မာမီအ တွက် လည်း မြေး မြေစ်တွေနဲ့ တစ်သိုက်တစ်ဝန်း ဖြစ်နေတာ စိတ်ပိုကြည်ပုံရတာမို့ တစ်မျိုး ကျေနပ်ပီတိဖြစ်ရပါတယ်။ ဒါကြောင့် မလာခင်က တိုင်ပင်စီစဉ်ထားခဲ့တဲ့အတိုင်း ဦးကျော်ဇောလည်း သုံးလလောက်ကြာ ရင် ရောက် လာနိုင်တော့မယ် ဆိုတဲ့အတွေးနဲ့ ဒီ အတွင်းတော့ သားပြောသလို စိတ်အေးချမ်းသာ နေလိုက်မယ်လေလို့ စဉ်းစားပြီး သားစ ကားကိုနားထောင်လိုက်ပါတယ်။ ဒါပေမဲ့ တတ်နိုင်သလောက် အခြေချနိုင်ရေးကို လုပ်မယ် လို့အားခဲထား တယ်ပေါ့။
သမီးကေသီ ကလည်း အစကဘွဲ့လွန်တက်မယ် ရည်ရွယ်ခဲ့ပေမဲ့ လက်ရှိရပ်တည်နိုင်ဖို့ အတွက်ကြိုးစား ရမှာဖြစ်တာကြောင့် အလုပ်တစ်ခုအရင်ရှာဖို့ စိတ်ကူးရတော့တယ်။ သမီး ကဓာတုဗေဒအဓိက နဲ့ အောင်ခဲ့တာ မို့ သမီးကြီးကေခိုင်လို ဆေးရုံတို့၊ သုတေသနဌာန တို့စတဲ့ဓာတ်ခွဲခန်းဆိုင်ရာတွေမှာ အလုပ်ရဖို့အလားအလာ ၇ှိတာကြောင့် လျှောက်ဖို့ တိုက်တွန်းတော့...
"မာမီ ကလည်း နေ့တိုင်းဝတ်ရုံအဖြူကြီးတွေ ၀တ်ပြီးမျက်လုံးညောင်းအောင် သွေးတွေ၊ သလိပ်တွေ၊ ဓာတ်သတ္တု ပစ္စည်းတွေကို တစ်သက်လုံးမှန်ဘီလူးနဲ့ ထိုင်မကြည့်နိုင်ပါဘူး။ ပျင်းတာနဲ့ သေသွားနိုင် တယ်" တဲ့လေ။

"ဒါဖြင့် ဘာဖြစ်လို့ ဓာတုဗေဒ ယူခဲ့သေးလဲ"မေးတော့...
"သမီးက ယူချင်လို့မှမဟုတ်တာ။ အမှတ်က အဲဒီသတ်မှတ်တဲ့အထဲ ၀င်သွားလို့သာယူ ခဲ့ရတာဥစ္စာ"တဲ့။
ဒီတော့ လည်း သူ့ဘ၀အတွက် သူ့သဘောနဲ့ သူဟာသူကြိုက်ရာအလုပ်ရှာပေတော့ပေါ့ လို့ကျွန်မမျက်နှာ လွှဲလိုက်ပါတယ်။ ဟုတ်တယ်လေ။ ဘ၀မှာ ငွေကြေးတစ်ခုတည်းအတွက် ကိုယ်မပျော်ပိုက်တဲ့အလုပ်ကို လုပ်ရတာ ငရဲတမျှဆိုတာကိုယ်ချင်းစာနားလည်းနိုင်ပါတယ်။ သိပ်မကြာလိုက်ပါဘူး။ တနင်္ဂနွေထုတ် သတင်းစာ မှာ အလုပ်ကြော်ငြာတွေရှာပြီး သူ့စိတ် ကြိုက်ရွေးလျှောက်လိုက်တာ ဖို့ဒ်လော်ဒါဒေးလ်မြို့က ဘဏ်တိုက် တစ်ခုမှာ အလုပ်ရသွား ပါလေရော။
သမီးကေသီ အလုပ်ရတော့ ကျွန်မတို့လည်း အားတက်သွားကြရတာပေါ့။ သားက ဦးကျော်ဇောရောက် မလာမချင်း သူတာဝန်ယူမယ်ပြောထားပေမဲ့ အိမ်ပေးတက်နေကြတာ ကတစ်ယောက် တည်း မဟုတ်၊ နှစ်ယောက်လည်း မဟုတ် မိသားစုက ခုနစ်ယောက်ကြီး တောင်ဖြစ်လို့ စားစရိတ်အပြင် ကုန်ကျတဲ့ေ၇ မီး ဆိုတာတွေက ရှိသေးတယ်လေ။

ကျွန်မ မိတ်ဆွေတစ်ဦးက မြန်မာပြည်က သူ့ရဲ့တူတစ်ယောက်လာနေလို့ ကုန်ကျစရိတ်ထဲမှာ အိမ်သာတက်လို့ ရေဆွဲချတာအတွက် ရေဂါလံဘယ်လောက်ကုန်တယ်ဆိုတာတောင် တစ်ခါကတွက်ပြဖူးတာမှတ်မိပါတယ်။ ဒါမျိုးတွေအပြင် ရောက်ခါစမှာ အထိုက်အလျောက် လိုအပ်တဲ့ အ၀တ်အစားတွေပါ ၀တ်ဆင်ရသေးတာမို့ မတန်မဆပိနေတဲ့ တာဝန်တွေက ပေါ့စေချင်တာလည်း အမှန်ပါ
အမေရိကားမှာ ကျွန်မသဘောအကျဆုံးကတော့ "အလုပ်ဟူသမျှ ဂုဏ်ရှိစွ"လို့ ခံယူထား ချက်ပါပဲ။ သူတစ်ပါး အားကိုးရမှာကို အသေအလဲကြောက်ကြပါတယ်။ သူဌေးသားပဲ ဖြစ်ဖြစ်မိဘက ဘယ်လောက်ပြည့်စုံ ကြွယ်ဝနေနေ သားသမီး က ငါသူဌေးသားပဲဆိုတဲ့စိတ် မာန်မျိုးမ၀င်ကြဘူး။ ကိုယ့်အားကိုယ်ကိုးတဲ့ စိတ်နဲ့ ကိုယ့်ဟာ ကိုယ်ပဲ ရပ်တည်နိုင်အောင် လုပ်ကြပါတယ်။
အသက်ငယ်ငယ်ကျောင်းသားအရွယ်လေးတွေ စပြီး ရပ်ကွက်ထဲမှာ ယောက်ျားလေးတွေ ကမြတ်ရိတ်၊ သတင်းစာ ပို့၊ စူပါမားကတ်တွေမှာ အိပ်တဲ့အလုပ်မျိုးတွေလုပ်၊ မိန်းကလေး တွေကရပ်ကွက်ထဲက မိဘရဲ့မိတ်ဆွေ သင်္ဂဟအိမ်တွေမှာ ညဘက် Babysitလုပ်နဲ့ ငွေရှာ ကြပြီးကိုယ့်စက်ဘီး ကိုယ်ဝယ်၊ အချိန်တန် လို့ ကားမောင်းသက်ပြည့်တဲ့အခါကျ ကားဝယ်၊ လိမ္မာတဲ့သားသမီးဆိုရင် တက္ကသိုလ်စရိတ်တောင် ကိုယ့်ဟာ ကိုယ် ရှာပြီးကျောင်းတက်ကြ တာပါ။ မိဘဆီက လက်ဝါးဖြန့်ရမှာတောင် မလိုလားကြတဲ့စိတ်ဓာတ်ရှိကြပါတယ်။

ကျွန်မသားသမီးတွေ အားလုံးလည်း တက်ညီလက်ညီ ရှိကြလို့ သူတို့လေးတွေရဲ့ အားမာန်ကို ရင်ထဲက ချီးကျူးရင်း ကျေးဇူးတင်ရပါတယ်။ အမေရိကားကို ရောက်တဲ့အချိန် မှာအငယ်ဆုံးသား အိန္ဒာက ၁၂နှစ်ပဲ ရှိသေးတယ်။ အများတကာ အကေးတွေလိုမြို့ရှာအ လိုက်ထုတ်ဝေတဲ့သတင်းစာကို ရပ်ကွက်ထဲ စက်ဘီးတစ်စီးနဲ့ အိမ်ပေါက်စေ့လိုက်ပြီး ကျောင်းအားချိန်မှာ အလုပ်လုပ်၊ ပိုက်ဆံစုပါတယ်။ သမီးအထွေး သူဇာက သားတို့ရဲ့ မိတ်ဆွေမိသားစုထဲက Babysitညဘက်မှာ လိုင်ရင်သွားလုပ်ပြီး သူကလည်းသူ့ဝင်ငွေနဲ့ သူ။
သားလတ်ရွှေစင် ကလည်း တက္ကသိုလ်တက်ရင်း အချိန်ပိုင်းနဲ့ အိမ်အနီးအနားက စတိုးဆိုင် တစ်ခုမှာလုပ်ရင်း သူ့စရိတ် သူရှာပါတယ်။ သမီးယမင်းလည်း ထိုနည်းတူစွာ ကျောင်းတစ် ဖက်၊ အလုပ်တစ်ဖက်နဲ့ ရသမျှဝင်ငွေလေး ထဲက မျှတပြီး မောင်းနှမတွေကို မုန့်ဖိုးပေးရှာ ရဲ့။ သူတို့ရဲ့မရှိမဲ့ရှိမဲ့ ၀င်ငွေလေးထဲက စီးကရက် အလွန်သောက်တတ်တဲ့ အဘွားအတွက် သားရွှေစင်က ဓာတ်မီးခြစ်ဘူးလေး ကအစ ချော့ ကလက်ပြား မျိုးလေးအထိ ဖဲ့ခြွေပြီးဝယ် လာပေးတတ်လို့ ကျွန်မအမေ ကလည်း ကျေနပ်ကြည်နူး လို့။

မိသားစုဆိုတာ မေတ္တာခရီးကိုအတူတူသွားနေခြင်းပါပဲ။ တစ်ဦးကိုတစ်ဦး အမြဲတမ်း အမှီပြု နေကြတဲ့ သဘောရှိတာမို့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ်လက်တွဲပြီး ဖေးမခြင်းနဲ့ ရပ်တည်ကြတဲ့ အတွက် ပြဿနာတွေကို ကျော်လွှားနိုင်တာပါ။ လက်တွဲညီရင် ခရီးကြမ်းကို လည်းဖြတ်သန်းနိုင်တာပါပဲ။ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးပေါ့။ လူးသားဟာ လူသားပဲ မို့အမြဲတမ်းအပြစ်ကင်းစင်တာမျိုးတော့ မဖြစ်နိုင် တာ သေချာပါတယ်။ အမှားအမှန်တွေ ပြုမိပြောမိတာ ရှိပေမဲ့ မေတ္တာအရင်းခံနဲ့ အရာရာကို ရယ်မောနှစ်လိုဖွယ်ရာအဖြစ် ရှုမြင်နိုင် ကြရင်ပျော်စရာကောင်းတဲ့၊ စည်းလုံးတဲ့ မိသားစုဖြစ်တာပါပဲနော်။

ကျွန်မတို့မှာ အခြေမကျသေးတာမို့ အရာရာခြိုးခြံနေရတဲ့အချိန်ဖြစ်တာကြောင့် တစ်ဖက် မှာစိတ်ပင်ပန်းစရာကာလ မှန်ပါရဲ့။ ဒါပေမဲ့ သားသမီးမြေးတွေနဲ့ ထွေးထွေးပိုက်ပိုက် သိုက်သိုက်ဝန်းဝန်း ရှိနေတော့လည်း စိတ်အပန်းပြေစရာလေးတွေရှိနေလို့ ဖြေသာနေသာ ရှိပါတယ်။ မြန်မာပြည်က ထွက်မလာခင် သမီးတွေ က "မာမီရေ...တခြားဘာမှ မပါချင်နေ၊ ဆီးပြားရယ်၊ ရှောက်သီးဆေးပြားရယ်၊ အချဉ်ထုပ်တွေ ရယ်တော့ ပါအောင်ဆက်ဆက် ယူခဲ့ပါနော်"နဲ့ တကူးတက မှာကြတာကြောင့် သေတ္တာထဲ ဆံ့သမျှ ဖိသိပ်ထည့်ယူလာခဲ့ပါ တယ်။ ရောက်ပြီဆိုတော့ သမီးတွေကိုခွဲတမ်းချပေးရင်း အနားမှာရှိ တဲ့ မြေးခန့်ကိုကို လည်း ရှောက်သီးဆေးပြားတစ်ထုပ် ပေးလိုက်တယ်ပေါ့။
"ခန့်ကို စားကြည့်မလား၊ ဒါမြန်မာပြည်က ကင်ဒီ"လို့ ပြောတော့သမီးကေခိုင်က "အံမယ် လေး... အဲဒါသူသိပ်ကြိုက်တာ၊ သမီးကားရေဆေးချင်ရင် သူ့ကို ရှောက်သီးဆေးပြားပေး ပြီးရေပန်း ခိုင်းရတယ်"တဲ့။

ကြည့်ပါဦး။ ဒီကောင်ကလည်း ရှောက်သီးဆေးပြား မျက်နှာနဲ့ လုပ်တာပဲတဲ့လေ။ ခန့်ကို ကမြန်မာ ရုပ်ပေါက် သလို မြန်မာအစာမှန်သမျှလည်း အကုန်ကြိုက်တာပဲ။ တစ်နေ့ကျွန်မ ဆီရောက်လာပြီး "ဘွားဘွား... အန်တီကေသီ စားနေတဲ့ ချောကလက်ထမင်း စားချင် တယ်"ဆိုပြီး လာပူဆာ ပါတယ်။ ချောကလက် ထမင်းဆိုတာ တစ်ခါမှမကြားဖူးလို့ ကျွန်မ လည်းအူလည်လည်နဲ့ ထမင်းစားခန်းဘက် လိုက်သွားကြည့်တော့ သမီးကေသီ က ပုံးရှည် ကြီးနဲ့ ထမင်းနယ်စားနေတာ ဖြစ်နေလေရဲ့။ ဟုတ်လေသား၊ ပုံးရည်ကြီး လူးထားတဲ့ ထမင်း က ချောကလက်ရောင် ထွက်နေတာကိုး။ ဒီတော့မှ သူဆိုလိုတဲ့ ချောကလက်ထမင်း ကိုသဘေပေါက် ရတော့တယ်။

ပုံးရည်ကြီးတင်မကသေးဘူး။ သရက်သီးသနပ်လည်း အသေကြိုက်တာပါ။ သရက်သီးသ နပ်ကိုအသားလွန် မုန့်စား သလို ပုလင်းတစ်ဝက်ကုန်အောင် ဒီအတိုင်းထိုင်စားလိုက်မှာ ကျွန်မမှာ အံ့သြယူရတဲ့ အထိပါပဲ။ မြန်မာပြည်က ဘယ်ကလေးမှ သရက်သီးသနပ်ကို မုန့် လိုစားတာမတွေ့ဖူးပါဘူး။ ကျွန်မမြေး ကတော့ စပယ်ရှယ်လို့ ပြောရမယ်ထင်ပါရဲ့။
ခန့်ညီ ကတော့ သူ့လိုမဟုတ်ဘူး။ ဟင်းထဲမှာ ငရုတ်သီးအရောင်တင်လောက်ကလေးပါရုံ နဲ့တရှူးရှူးတရှဲရှဲ မျက်ရည် လည်း အ၀ိုင်းသားဖြစ်နေပါပြီ။ အစပ်သက်သာအောင် ဟင်းခွက် ထဲ ရေခဲ တုံးတွေ ပြေးဆွဲလာထည့်လိုထည့်၊ ဖြစ်သလိုစားလို့ ရအောင်ရှာကြံပြီး လုပ်စားရှာတယ်။ တစ်ခါတလေ လုံးဝ မစားနိုင်တဲ့ အခါမျိုးကျ ဟင်းမပါဘဲထမင်းအဖြူကို ဆားဖြူးစားလိုစား၊ ခန့်ညီကကြေးမများတတ်ဘူး။ ပူလည်း မပူဆာတတ်ဘူး။ ကျွန်မက သနားလို့..
"ခန့်ညီ မစားနိုင်ဘူးလား"မေးရင် သူကအားနာတဲ့မျက်နှာနဲ့..
"သားက မြန်မာစာတွေ စားနေမကျလို့ မစားနိုင်တာပါ"လို့ တောင်းတောင်းပန်ပန်လေသံ နဲ့ချေချေငံငံ ရှင်းပြတတ်ပါသေးတယ်။ သမီးတို့နာမည်ပေးထားတဲ့အတိုင်း အမြဲတမ်းခပ် ငြိမ်ငြိမ်ပဲလေ။ အားနေရင်လည်း စာတစ်အုပ် နဲ့ ချောင်ကုပ်ပြီး ဖတ်နေတတ်တာပါ။

ကျွန်မ တို့ ရောက်ပြီးလေးငါးရက် ရှိတော့ခန့်ကိုက သာစာစီစာကုံးရေးလာတယ်။ ဘွားဘွားဖတ်ကြည့်ပါဦးလို့ လာပြတာ နဲ့ ဖတ်ကြည့်တော့...
ကျွန်တော် သည်ကနေ့ သိပ်ပျော်ပါသည်။
ကျွန်တော့ဘွားဘွား မြန်မာပြည်ကရောက်လာ၍ ပျော်ပါသည်။ ကျွန်တော်တို့အားလုံး ဘွားဘွားကို မာယာမီလေဆိပ် မှာ သွားကြိုကြပါသည်။ ဘွားဘွားနေတဲ့ မြန်မာပြည်ဆိုတာ ကျွန်တော်တို့အိမ်နဲ့ မိုင်အဝေးကြီးဖြစ် လို့ နာရီတွေအများကြီးကြအောင် လေယာဉ်စီးလာ ရသည်တဲ့။ အိမ်ရောက်တော့ ကမ္ဘာလုံးမြေပုံ မှာ ကျွန်တော်မြန်မာပြည်ကို သွားရှာကြည့်ပါ သည်။ မြန်မာပြည်က ကျွန်တော်တို့နေတဲ့ ဖလော်ရီဒါ ရဲ့ ဟိုဘက်တစ်ခြမ်းမှာ ရောက်နေ တာတွေ့ရပါသည်။
ဘွားဘွားနေတဲ့ မြန်မာပြည်ကို ကျွန်တော်သွားချင်ပါသည်။
ဘွားဘွားယူလာတဲ့ မြန်မာကင်ဒီတွေ စားချင်လို့ဖြစ်ပါသည်။

မြန်မာကင်ဒီက ချဉ်ချဉ်လေးတွေမို့ ဒီက ကင်ဒီချိုချိုကြီးတွေထက် ပိုပြီးအရသာရှိပါသည်။ မြန်မာပြည်က လာသော ဘွားဘွား ကို တွေ့ရလို့ ကျွန်တော်ပျော်သလို မြန်မာကင်ဒီတွေ များများစားရလျှင်လည်း ကျွန်တော် သိပ်ပျော်မည် ဖြစ်ပါသည်...တဲ့။
ရှစ်နှစ်သား ရဲ့ စာစီစာကုံးကို ဖတ်ပြီး ကျွန်မ သဘောကျသွားတာနဲ့။
"ဟေ့...ကေခိုင်၊ ကေသီတို့၊ ယမင်းတို့ ဒီမှာလာပြီး ဖတ်ကြည့်ပါဦး။ တို့မြေးခန့်ကိုရေး ထားတဲ့အက်ဆေးက အကျအနပဲဟေ့"ဆိုပြီး သမီးတွေကို လှမ်းခေါ်ပြတော့..
"ကဲ..တွေ့တယ်မဟုတ်လား၊ သမီးတို့နာမည်ပေးထားတဲ့ ခန့်လိမ်ဆိုတာ။ ရှောက်သီး ဆေးပြားစားချင်တာနဲ့ မဟုတ်ကဟုတ်က စာတစ်ပုဒ်လုပ်လာပြီး သွယ်ဝိုက်သောနည်းနဲ့ အဘွားဆီက လာချူတာလေ"တဲ့။
"ဘယ်လိုသဘောနဲ့ပဲ ရေးရေး သူ့ခံစားချက်ကို ခုလိုရေးပြနိုင်တာကိုတော့ သမီးတို့က ချီးကျူးဖော်မရ ဘဲနဲ့"လို့ ကျွန်မက ရှေ့နေလိုက်တော့...
"မာမီ့မြေးက တော်ပါပေတယ်။

ပတ္တမြားခင်ရဲ့မြေး "ကျောက်ခဲကိုကို"လို့တောင် ကလောင်နာမည်တစ်ခု ထပ်ပေးလိုက်ချင်သေးတယ်"တဲ့ လေ။
သူတို့ညီအစ်မတစ်တွေနဲ့ ကျွန်မစကားနိုင်အောင် မပြောနိုင်ပါဘူး။ သူတို့နာမည်အပေး ကောင်းတာကို လက်တွေ့ပြရလို့ ကျေနပ်နေကြလေရဲ့။ ဟုတ်လည်း ဟုတ်ပေါ။ အငယ် ဆုံးကောင် ခန်ကအောင်အောင် ကလည်း သူလိုချင်တာမရရင် တအီအိလုပ်နေတာမို့ "ခန့်အီအီ"ဆိုတဲ့ နာမည်နဲ့ကလည်း အလိုက်သား။
ကျွန်မရောက်တဲ့ အချိန်မှာ ခန့်အောင်အောင်က တစ်နှစ်သားအရွယ်ပဲ ရှိပါသေးတယ်။ စကား မပြောတတ်သေးပေ မဲ့ သူတို့အမေရိကန် နှုတ်ဆက်နည်းနဲ့တော့ လူတွေ့တိုင်း "ဟိုင်း"တတ်နေပါပြီ။ အခန်းစေ့၊ လူပြည့်ဖြစ်နေတာကြောင့် သူ့မိဘတွေရဲ့အိပ်ခန်းထဲမှာ ကလေးခုတင်လေးနဲ့ သီးခြား အိပ်ရ တာလေ။ အရှေ့တိုင်းသူ အမေတွေလို သားသမီးကို ရင်ခွင်မှာထွေးပြီး မအိပ်မချင်း ချော့သိပ်ကြတဲ့ ဓလေ့လည်းမရှိဘူး။ ည ၈နာရီထိုးလို့ ကလေးအိပ်ချိန်ရောက်ပြီဆိုရင်၊ ရေချိုးပေး၊ ည၀တ်အင်္ကျီလဲပြီး နို့တစ်ပုလင်းနဲ့ သူ့ခုတင် လေးထဲသွားချသိပ်ထားခဲ့တာအပြင် အိပ်ခန်းတံခါးကိုပါ တစ်ခါတည်း ပိတ်ထားလိုက်ပါ လေရော။

ကလေးက မအိပ်ချင်သေးလို့ ခုတင်ပေါ်မှာ ၀က်ဝက်ကွဲ ငိုနေရင်လည်း ငိုချင်သလောက်ငို၊ ငိုတယ် အဆုတ် အတွက်အားအင်ဖြစ်စေတယ်လို့ ခံယူထားပြီးအဖေ အမေကအနေအစား မပျက်ပါဘူး။ အရှေ့တိုင်း သူဖြစ်တဲ့ အဘွား ကျွန်မမှာသာ နေမထိထိုင်မသိကလေးကို ပြေးပွေ့ပြီး ရင်ခွင်မှာထွေး ပိုက်ရင်း ချော့ သိပ်ပေးချင်ပေမဲ့ သူတို့ရဲ့ထားရှိတဲ့ စည်းကမ်း ကိုလည်းကိုယ်က ၀င်စွက်ဖက်သင့်တာမဟုတ်လို့ ရင်ထဲက မချမ်းမြေ့တာကို မသိမမြင်ရ အောင်ကိုယ့်အခန်းတံခါး ကိုယ်ပိတ်ပြီးပုတီးစိပ်ရင်စိပ်၊ တရားမှတ်ရင် မှတ်နဲ့ စိတ်ပြောင်း နိုင်ဖို့ကြိုးစားရတယ်ပေါ့။ အရှေ့နဲ့အနောက်ဆိုတဲ့အတိုင်း သားသမီးကိုထိန်းကျောင်းကြပုံ ချင်း ကလည်း ကွာဟပေ တာကိုးနော်။
သားကြီး ၀င်းကလည်း ပါးပါတယ်။ ကလေးငိုတိုင်း သူ့အမေအခန်းတံခါးပိတ်နေတာကို သတိထား မိတယ် ထင်ပါရဲ့။ တစ်နေ့မှာ ငိုနေတဲ့ သားငယ်ကိုပွေ့ချီပြီး ကျွန်မရင်ခွင်ထဲလာ ထည့်ပေးပါတယ်။ အဲဒီကတည်းက သူ့မိခင် ရဲ့တင်းကျပ်တဲ့ စည်းကမ်းလည်း ပျက်ပါလေ ရော။ ညနေအိပ်ချိန်ရောက်ပြီဆိုတာနဲ့ ခန့်အောင်က ကျွန်မ ရင်ခွင်ထဲ တိုးတော့တာပဲ။ ကျွန်မကထွေးပိုက်သိပ်ပေးတာကို ဇိမ်ကျကျခံပြီး အိပ်ပါတော့တယ်။

"မာမီ ရောက်တာနဲ့ ကိုကို့သားတွေက ပျက်စီးတော့မှာပဲ"လို့ ခန့်အောင်ရဲ့အဖြစ်ကို ကြည့်ပြီး ကေသီက မှတ်ချက် ချတော့...
"အံမယ်လေး..အကြီးနှစ်ကောင်ပါ ပျက်စီးရင် တို့နေစရာရှိမှာဟုတ်ဘူး"ဆိုပြီး သမီးယမင်း က သူတို့သောင်းကျန်း ပုံတွေကို တစ်ထောင့်တစ်ညပုံပြင်တစ်ခုလို တစ်ညမှာပြောပြပါ တယ်။
"သမီး က ကျောင်းသွားဖို့ မနိုးမှာစိုးတာနဲ့ ခန့်ကိုနဲ့ ခန့်ညီကို မနက်ကျ နှိုးပေးပါဆိုတာ မှာထားရတယ်။ သူတို့နှစ်ယောက် က မိုးလင်းတာနဲ့ TVရှေ့မှာ ရောက်နေကြပြီလေ။ ဒီကောင်တွေက နှိုးစက်ထက်တောင် စိတ်ချရသေး တယ် မာမီရဲ့။ တစ်ယောက်ပြီးတစ် ယောက်သမီးအိပ်ရာက မထမချင်း လာနှိုးနေတာပဲ"
"ဒါဖြင့် သမီးတူလေးတွေက အားကိုးရသားပဲဟယ်"
"အင်း...အားကိုးရလွန်းလို့ စိတ်တိုရတဲ့အခါတွေလည်း ရှိသေးတယ် မာမီရဲ့။ သမီးက ကျောင်းကို ၇နာရီ အရောက်သွားရတယ်ဆိုတော့ ၆နာရီလောက်ထပြီး အပြေးသွားမှ အတော်ဖြစ်တာမို့ အစောကြီးထရတာ။ တနင်္ဂနွေတစ်ရက်ပဲ အိပ်ရေး၀၀ အိပ်ရတာမို့ အားခဲအိပ်နေတာ၊ ခန့်ကိုရယ် သမီးကို လာလှုပ်နှိုးပြီး "ဒီနေ့ တနင်္ဂနွေနေမို့ အိပ်ရေးဝ အောင်အိပ်တဲ့"အိပ်ပျော်နေတဲ့သူကို နှိုးပြီးပြောတလေ။ သမီးဖြင့်စိတ်တိုလွန်းလို့ ထကန် ချင်စိတ်ပေါက်လာတာပဲ"တဲ့။

"သမီးကို အိပ်ပါစေဆိုတဲ့ စေတနာနဲ့ လာပြောတာပဲကွာ။ ဒေါသဖြစ်စရာလား"ပြောတော့..
"မာမီ့သမီး ဒီကောင်တွေရဲ့ဒဏ်ကို တကယ်ခံရတာနော်။ တစ်ခါတုန်းက သူ့ဆီကို သမီး တက္ကဆက်ကနေ တစ်ည ဖုန်းဆက်တော့ ဖုန်းထဲမှာ ယမင်းရယ် ရှိုက်ကြီးတငင်ငိုလိုက်တာ။ ဘာဖြစ်တာလဲ ဆိုတာ မေးတော့တော်တော် နဲ့ မဖြေနိုင်ဘူး။ ငိုလို့ဝမှ ပြောပြတော့ သမီး ဖြင့်ရယ်လိုက်ရတာ။ အဲဒါသူငိုတယ် ကို ရယ်ရကောင်းလားနဲ့ ဒေါသဖြစ်နေသေးတယ်သိ လား"တဲ့။ အနားမှာရှိတဲ့ ကေခိုင်က၀င်ပြောတာနဲ့..
"ဟုတ်လား၊ ဘယ်လိုဖြစ်တာလဲ"လို့ကျွန်မက မေးတော့...
"မာမီ့မြေးတွေပေါ့။ ခန့်အောင်က အဲဒီတုန်းက မွေးခါစ လသားလေးပဲ ရှိသေးတယ်။ ကိုကိုတို့က ပါတီသွားတော့ သမီးနဲ့ကျန်ရစ်ခဲ့ကြတာ။ ထုံစံအတိုင်း ခန့်အောင်က ဗိုက် နာလို့လား၊ သူ့ဟာသူဘာအလိုမကျလဲ မသိပါဘူး။ အီလိုက်တာ လုံးဝအောက်ချလို့ မရဘူး။ ချီပြီး ချော့နေရတယ်။ အကြီးနှစ်ကောင်ကို ငြိမ်ငြိမနေကြပါလို့ တောင်းပန်ထားရ တာပေါ့။"

"သူတို့နှစ်ကောင်က ငါးမိနစ် တစ်ခါလောက်သတ်နေကြတာ မာမီရဲ့။ ခန့်ကိုက ပြဿနာ စစပြီးလုပ်တာပဲ။ ခန့်ညီက အစတော့ ငြိမ်ခံသေးတယ်။ မခံနိုင်တဲ့အဆုံးကျမှ ထသက် တာ၊ အဲတော့ ခန့်ကိုပဲ တအီအီငိုပြီး ရန်တွေ့ပြန်ရော။ အငယ်ကောင်က သူ့ကိုအရာမ ၀င်တော့ဘဲသူ့ဟာသူ သွားနေရင်လည်း မပြီးသေးဘူး။ ခန့်ညီက သူနဲ့လာမကစားလို့ ဆိုပြီးအတိုင်အတော်တွေ ထူနေပြန်လို့ နာမအေးရဘူး။"
"ကလေးကို ချော့ရတာက တစ်ဖက်၊ သူတို့ပြဿနာကို ဖြေရှင်းရတာက တစ်ဖက်။ အဲ... အတိုင်းအတော မရှိလို့ ငြိမ်နေပြီး ဘာသံမှမကြားရပြန်ရင်လည်း ကြောက်ရပြန်သေး တယ်။ ခန့်အောင်ရဲ့ အခန်းထဲကနေ ထွက်ကြည့်လိုက်တော့ ဘသားချောနှစ်ယောက် ပြန်တည့်နေကြပြီး ရေခဲသေတ္တာထဲက စားစရာမှန်သမျှ အကုန်ရှေ့မှာချပြီး ပျော်ပွဲစား ကျင်းပနေကြတာလေ။ ရေခဲမုန့်တွေဆို အရည်တွေပျော်ပြီး ကြမ်းပြင်ပေါ်မှာ စီးဆင်းနေ လိုက်တာ ဒီအရှည်ဆုံးဖြစ်တဲ့ မစ္စစ်စီပီမြစ်နဲ့ အပြိုင်ပါပဲ။ ပန်းသီးတွေ၊ ကိတ်မုန့်တွေဆို တာလည်း အတုံးအရုံး။

"ခန့်အောင်ကိုလည်း တစ်ဖက်က ချီးရင်း နှစ်ကောင်စလုံးကို နားရင်းနာနာအုပ်ပြီး သူတို့ အခန်းထဲကို ကိုယ်စီဝင်နေကြလို့ ဟောက်လည်းဟောက်၊ တံခါးပါ ပိတ်ထားခဲ့ရတယ်။ ရေခဲသေတ္တာရှေကက အမှိုက်ပုံကို သွားရှင်း မယ်ကြံခါရှိသေး၊ တယ်ဖီဖုန်းက မြန်လာပြန် ရော မာမီရယ်။ ဒါနဲ့ သမီးလည်း ကပျာကယာ ခန့်အောင်ကို သူ့ခုတင်ပေါ်မှာ ပြေးတင်ထား ခဲ့ပြီးဖုန်းသွားဖြေတော့ ၀ါရျင်တန်က အန်တီရီလေးရဲ့သမီး၊ သမီးတို့ရဲ့ ကာစင်ဘေဘီခေါ်တာဖြစ်နေလို့ စကားပြောနေတာ အိမ်ရှေ့က တံခါး လူခေါ်ခေါင်း လောင်းကမြည်သံကြားတော့ သမီးလည်းလန့်သွားတယ်ပေါ့။ ညကြီးဆယ့်တစ်နာရီမှာ ဘယ်သူများလာသလဲလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဘေဘီကို စကားဖြတ်ခဲ့ပြီး အခန်းဆီးကြားက အသာလေးသွားချောင်းကြည့်ရတယ်"။
"ဘယ်က ဧည့်သည်မှမဟုတ်ဘဲ မာမီ့မြေးစုတ်ခန့်ကို ဖြစ်နေလေရဲ့။ သမီးမသိအောင် နောက်ဖေးပေါက်က လှည့်ထွက်သွားပြီး အိမ်ရှေကခေါင်းလောင်းကို သွားတီးတာလေ။"

"ဒါဘာလုပ်တာလဲ"လို့ သမီးကဒေါသဖြစ်ဖြစ်နဲ့ ဟောက်တော့ ဧည့်သည်လုပ်တမ်းကစား တာတဲ့မာမီရယ်။ အဲဒါကစားစရာအချိန်လား။ သမီးဖြင့်ထိတ်ထိတ်ပျာပျာကိုဖြစ်လို့။ သူ့ကို ခေါင်းနာနာခေါက်၊ အထဲဆွဲသွင်းပြိး တက်မတက်ငိုနေတဲ့ ခန့်အောင်ကိုပြေးချီ၊ ချော့လိုက် ရတာလက်ကို အံသေလို့။ နာရီဝက်လောက်ရှိမှ ကိုယ်တော်ချောလေး အိပ်ပျော်သွားတာ နဲ့ခုတင်ပေါ် ချသိပ်ခဲ့ရတယ်။
"သမီးလည်း မောမောနဲ့ အခန်းထဲကထွက်လိုက်ပါတယ်။ အိမ်သာသုံး စက္ကူလိပ်ကြီးကို မိုင်ပေါင်းများစွာ မဆုံးနိုင်တဲ့ခရီးထိဖြေပြီး မာမီ့မြေးတွေက ဆော့ထားကြတာ အိမ်သာထဲ ကနေဧည့်ခန်း အလယ်ကိုရောက်တဲ့အထိ စက္ကူအထွေးကြီးက ရွှေစကြာဖြန့်ချီနေတာ တွေ့လိုက်ရတော့ ဒေါသဖြစ်ရတာ ဒီဂရီ ကုန်ပါပဲ မာမီရာ။
"ဒီစက္ကူထွေးကြီး ပဲ အရင်ရှင်းရမလား။ ရေခဲသေတ္တာရှေ့ကအမှိုက်ပုံကိုပဲ အရင်ရှင်းရမ လားနဲ့ဘာလုပ် ရမှန်းမသိဖြစ်နေတုန်း တယ်လီဖုန်းမြည်လာလို့ သွားကိုင်တော့ ကေခိုင် ဖြစ်နေတာနဲ့ သမီးလည်း တစ်ခါတည်း အော်ဟစ်ပြီးထိုင်ငိုပစ်လိုက်မိတာပေါ့"

သမိးရဲ့ပုံပြင်ကို နားထောင်ရင်းအဲဒီအချိန်ထိ ဖြစ်ပျက်နေပုံတွေကို မျက်စိထဲ မြင်ယောင် တာနဲ့ ကျွန်မ ကလည်း ကေခိုင့်နည်းတူရယ်ရပါတယ်။ ယောက်ျားလေးတွေဆိုတော့လည်း ငယ်ရွယ်စဉ် ကာလမှ ဆော့ပေမပေါ့။ မိသားစုဆိုတာ ငိုခြင်း၊ ရယ်ခြင်း၊ ချစ်ခြင်း၊ ဒေါသဖြစ် ရခြင်း၊ ခွင့်လွှတ်ခြင်း သည်းခံရခြင်းတွေ ပေါင်းစည်းနေတဲ့ ကမ္ဘာလေးတစ်ခုသို့ သမီးယမင်းကို ပြောပြရပါတယ်။ တစ်ခါ က ဒေါသဖြစ်ရ၊ စိတ်ညစ်ရ၊ ငိုကြွေးခဲ့ရတဲ့အဖြစ် တွေကနှစ်ပေါင်းကြာမှ ပြန်လှည့်ကြည့်ရင်း ရယ်မောဖွယ်ရာ အမှတ်တရ အနေနဲ့ လှပတဲ့ အရိပ်ကလေး ဖြစ်ကျန်ရစ်ခဲ့တာပါပဲနော်။

ကျွန်မတို့ ရောက်တဲ့အချိန်မှာ ကလေးတွေလည်း နည်းနည်းကြီးလာလို့ အရင်ကလောက် ရန်မဖြစ်ကြတော့ပါဘူး။ ဟိုတုန်းကလို တစ်ယောက်တစ်ခန်း နေရတာမဟုတ်တော့ဘဲ ညီ အစ်ကိုနှစ်ယောက် တစ်ခန်းတည်း အတူပေါင်းနေရတဲ့အခါကျ နှစ်ဦးသဘောတူ စတိတ်ရှိုး လုပ်တမ်း ကစားကြလေရဲ့။ သူတို့အိပ် ဖို့ လုပ်ပေးထားတဲ့ နှစ်ထပ်ခုတင်ပေါ်ကနေ အိပ်ရာခင်းတွေ အောက်ထိဖြန့်ချကြပြီး ကန့်လန့်ကာလုပ်၊ စာကြည့်စားပွဲက စတတ်ရှိုး စင်မြင့်ဘ၀ပြောင်းအဲဒီပေါ်မှာ ညီအစ်ကိုနှစ်ယောက် တက်ကြပြီး ကြိုးခုန်တဲ့ကြိုးက လက်ကိုင်ဘုလုံးနှစ်ခုကို တစ်ယောက်တစ်ဖက်စီ ကိုင်ကြတဲ့မိုက်ကရိုဖုန်းစတိုင်လ်နဲ့ သီချင်းတွေကို သံကုန်ဟစ်ရင်းခုန်ပေါက် တော့တာပဲ။ ကျွန်မတို့မိသားစုက ပွဲကြည့်ပရိ သတ်လုပ်ရင်း သြဘာတွေပေးရ လက်ခုပ်တွေ တီးရပေါ့။ တစ်ခါတလေ သူတို့စတိတ်ရှိုးမှာ မြန်မာပြည်က ယူလာတဲ့ ကြေးစည်တွေ၊ ရကွင်းတွေ၊ ဗုံမောင်းတွေတောင် ပါလိုက်သေး လို့အမေရိကန်ရော့ခ်စတားတွေထက် ချီးကျူးဂုဏ်ပြုရပါရဲ့။
သူတို့ ကို ကြည့်ပြီး စိတ်လက်ပေါ့ပါး ရွှင်ပျော်စေရတဲ့ အချိန်အခါအသေးစားလေးတွေက အများကြီးပါပဲ။ အတူပေါင်းစည်းနေခဲ့ ရတဲ့ စိတ်ရဲ့အာဟာရလေးတွေပဲ ဆိုပါတော့။ သားသ မီးမြေးတွေနဲ့ စည်ဝေ လို့ ပျော်ရွှင်ရတဲ့အခါတွေရှိသလို ကိုယ့်မွေးရပ်မြေဌာနကို တမ်းတ ပြီးရင်နာအောင် ခံစားရတဲ့အခါတွေလည်း ရှိတာပါပဲ။

သမီးယမင်းရောက်ခါစက ရေးထားတဲ့စာထဲကလို တိုက်ကြီးတွေ မိုးထောင်နေတာ ဘာ လုပ်ရမှာလဲ ဆိုတဲ့အတိုင်း ဘယ်လောက်ခမ်းနားတာတွေ၊ ကြီးကျယ်တာတွေ မြင်ရတွေ့ရ ပေမဲ့ဒါတွေဟာ ကိုယ် နဲ့ဘာမှ မဆိုင်သလိုပါပဲ။ ကိုယ့်မြေ ကိုယ့်ရေမဟုတ်တာကို သိနေ တာမို့ ရင်ထဲမှာတစ်ခုခု လိုအပ်နေသလို ဟာတာတာကြီး ခံစားနေရပါတယ်။
လူ့ဘ၀မှာ လိုအပ်ချက်တွေကလည်း အများသားနော်။ သားသမီးမြေးတွေနဲ့ အတူတကွ နေရ လို့ပြီးပြည့်စုံပြီလို့ ပြောမရပါဘူး။ ဦးကြီး ဦးလေး၊ ဒွေးဒေါ် မိကြီးတွေကအစ ၀မ်းကွ ညီ အစ်ကိုမောင်နှမ စတဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းအပြင် ပြောမနာ ဆိုမနာချစ်ခင်ရင်းနှီးတဲ့ သူငယ်ချင်း အပေါင်းအသင်း ဆိုတာမျိုးကလည်း ရှိပါဦးမှဘ၀မှာနေပျော်တာပါ။ ကျွန်မရင် ထဲမှာဟာပြီး လိုအပ်နေတာက အဲဒီအသိုင်းအ၀ိုင်းနဲ့ "မြန်မာ"ဆိုတဲ့ အနံ့အသက်ကလေး ဖြစ်မှာပါပဲ။ ဒါတောင်ကျွန်မအမိမြေက ခွာလာတာရက်ပိုင်း လပိုင်းလေးပဲရှိသေးတာနော်။ နှစ်ပေါင်းများစွာ မြန်မာဆိုတဲ့ အငွေ့အသက်နဲ့ ဝေးကွာသူများရဲ့ခံစားချက် ဘယ်လိုရှိ တယ်ဆိုတာ သိရတဲ့နေ့လေးတစ်နေ့ အကြောင်း လည်း ဖောက်သည်ချရပါဦးမယ်။

ကျွန်မတို့ ရောက်ခါစမို့ ချွေးမဘော်ဘီကအနီးအနားမှာရှိတဲ့ ပင်လယ်ကမ်းခြေတို့၊ မြို့ထဲ ကိုစတဲ့ကြည့်သင့်ကြည့်ထိုက်တဲ့ နေရာလေးတွေကို လိုက်ပို့ပေးပါတယ်။ တစ်နေ့မှာ နက္ခတ်တာရာတွေ ကို လေ့လာတဲ့အကြောင်းအရာစုံ ပြသထားတဲ့ နက္ခတ်တာရာပြတိုက်က ပြန်လာကြတော့ ညဆယ့်တစ်နာရီ ရှိနေပါပြီ။ ရောက်မဆိုက်သားကြီးဝင်းက"မာမီ့ကို တွေ့ဖို့ဧည့်သည်လာလိမ့်မယ်"လို့ ဆီးပြောပါတယ်။

"ဒီအချိန်ကြီးလား၊ ဘယ်သူလဲ"လို့ ကျွန်မက တအံ့တသြနဲ့ မေးတော့...
"မစ္စတာဂျမား တဲ့။ ရန်ကုန်က ဂျမားရုပ်ရှင်ရုံတွေဘာတွေ ပိုင်ခဲ့တဲ့သူလို့ပြောတာပဲ။ အမေ ရိကန်အမျိုးသမီးနဲ့ အိမ်ထောင် ကျပြီး ဒီရောက်နေတာနှစ်နှစ်ဆယ်ကျော်ပြီတဲ့။ မြန်မာ တစ်ယောက်နဲ့မှ မတွေ့ဖူးသေးဘူး။ သားတို့ အိမ်က ရေကူးကန်ဆေးတဲ့သူက သူတို့ ရေကူးကန်လည်းဆေးတယ်တဲ့။ သားကလည်းထွက်လာတာ ၁၆နှစ်ရှိပြီ ဆိုတော့ သူမေး တာတွေမသိတော့ဘူး။ သားအမေရောက်နေတယ။ အမေ့ကိုမေးလို့ ပြောတာနဲ့ အခု မာမီ ကို လာတွေ့မှာ။ မိုးချုပ်လည်း ကိစ္စမရှိဘူး။ ပြန်ရောက်တဲ့အချိန် ဆက်ပါ၊ တွေ့ချင်လို့ ပါပြောထားတာ လာပါစေ မာမီရယ်၊ ရောက်ပြီဆိုတာ သားဆက်လိုက်မယ်"တဲ့။

အဲဒီလိုနဲ့ သန်းခေါင်အချိန်မှာ ဧည့်သည်မစ္စတာဂျမားတို့ ဇနီးမောင်နှံရေက်လာကြလေရဲ့။ သူကကျွန်မ ကို တွေ့တွေ့ချင်း "ခန့်ခန့်ကြီး" အဖြစ် မှတ်မိပြီးဝမ်းသာအားရ နှုတ်ဆက်ပါ တယ်။ "မြန်မာစကား မပြောရတာကြာ လို့ အရသာရှိလိုက်တာဗျာ"တဲ့။. တွေ့တာနဲ့ တစ်ထိုင်တည်း မြန်မာစကားတွေ တစ်ဝကြီး ပြောတော့တာပါပဲ။ မြန်မာစကားတစ်လုံးမှ နားမလည်ရှာတဲ့ သူ့ဇနီးကို ကျွန်မက ကြားထဲက အားနာနေမိတာနဲ့ သူ့ကိုလည်း တစ် လှည့်ပေးပြီး အင်္ဂလိပ်လိုပြောရသေးတယ်ပေါ့။ မစ္စတာဂျမာက ရုပ်ရှင်မင်းသား ကိုမောင်မောင်တာ နဲ့ ငယ်သူငယ်ချင်းတဲ့။ မိတ်ဆွေတွေ သတင်းမေး၊ မြန်မာပြည် သတင်း မေးနဲ့သူမေးသမျှ ကျွန်မထိုင်ဖြေရတာ နံနက်သုံးနာရီထိုးတာတောင် စကားစက ဖြတ်မရ သေးပါဘူး။

သူပြောသလို မြန်မာစကား တစ်ဝကြီးပြောဖော မရှိတာကလည်း လွမ်းစရာဖြစ်မယ် ထင်ပါ ရဲ့နော်။ နောက် တစ်ဦး လွမ်းရပုံကိုလည်း စာနာစိတ်နဲ့ နားထောင်ရင်းပြုံးရလို ငိုရမလိုဖြစ် ရပါတယ်။ တစ်ခါက မိချီဇင် က ပြောင်းလာ တဲ့ ဒေါ်လှကြည်ဆိုတာနဲ့ တွေ့တော့...
"ညီမရယ်၊ မိချီဇင် မှာ နေခဲ့ရတဲ့ တစ်သက်လုံးမြန်မာဆိုတာ တစ်ယောက်မှ မတွေ့ဘူး၊ မြန်မာပြည်ကို လွမ်း လိုက်တာ၊ တစ်နေ့ခြံထဲ မှာ စာကလေးတစ်ကောင်တွေ့တာ တကယ့်ကို မြန်မာပြည်က စာကလေးအတိုင်းပါပဲ။ အဲဒီစာကလေး ကို ကြည့်ပြီးမြန်မာပြည် ကိုလွမ်းလွမ်းနဲ့ မမငိုတော့တာပဲ"တဲ့။

အမိမြေက မခွာဖူးသေးသူတွေအဖို့ ဒီလိုခံစားချက်လေးတွေကို နားလည်နိုင်ဖို့ခက်ခဲမှာ အမှန်ပါပပဲ။ ကျွန်မ အနေနဲ့ ကိုယ်လည်း လွမ်းရသူမို့ ဒေါ်လှကြည်ရဲ့ခံစားချက်ကို မျှဝေခံ စားလို့ရပါတယ်။ စွန့်ခွာရခြင်း မှန်သမျှထဲမှာ အမိမြေကိုစွန့်ခွာရခြင်းက လူတိုင်းရဲ့နှလုံး သားမှာဘာနဲ့မှ အစားထိုးပြီး ဖြေလို့မရနိုင်တဲ့ လစ်ဟာခြင်း ကွက်လပ် တစ်ခုအဖြစ် ဖြစ်မှာ ပါပဲ။
အဲဒီလို အများနည်းတူ လွမ်းရတာတွေကို မျိုသိပ်ရင်း ရပ်တည်နိုင်ရေးကိုလည်း ကြိုးစားရ ပါတယ် သမီးကေသီ က သူ အလုပ်သွားရေးအတွက်ရော မိသားစုပါ သုံးနိုင်ဖို့ ကားဟောင်းလေးတစ်စီး ဝယ်ဖြစ် ပါတယ်။ ရွှေဇင်နဲ့ ကေသီတို့မောင်နှမ ဖြစ်သလို မျှတသုံးကြရင်း ကားအားတဲ့ အခါ ရည်ရွယ်ရင်းဖြစ် တဲ့ မြန်မာပြည်ထွက် လက်ဆောင်ပ စ္စည်းအရောင်းဆိုင်လေး ဖွင့်နိုင်ဖို့လိုက်ပြီး လေ့လာကြည့်တယ်ပေါ့။

ဆိုင်ခန်းနေရာတွေက ဒီမှာ အလွန်ကိုဈေးကြီးလှပါတယ်။ အခွန်အခကလည်းကြီး၊ ရေဖိုးမီးဖိုးကလည်း တစ်လတစ်လ မသက်သာပါဘူး။ ဆိုင်တိုင်း အအေးစက်ကလည်း ဖွင့်ထားရသေးတာနော်။ အဆင့်မီ ပြင်ဆင် ထိန်းသိမ်းစရိတ်ကလည်း မနည်းပါဘူး။ ဒါ့အပြင် အာမခံတွေလည်း ဝယ်ထားရပါတယ်။ သဘာဝ ရေဘေး၊ မီးဘေး၊ လေဘေး ဆိုတာမျိုးမကဘူး။ ဆိုင်ခန်းထဲ ဈေးဝယ်လာသူ မတော်တဆ ချော်လဲတာတို့၊ ထိခိုက်ဒဏ်ရာရတာတို့ ဖြစ်ခဲ့ရင် ဆိုင်ရှင်မှာ တာဝန်ရှိတဲ့ အတွက် လျော်ကြေးပေးရတ ကအစ ဥပဒေရှိတဲ့ တိုင်းပြည်မို့ ဆိုင်တစ်ဆိုင် မတည်နိုင်ဖို့ စရိတ်စက အလွန်မြင့်မားတယ်ဆိုတာ နားလည်ရတော့ ကျွန်မတို့ စိတ်ကူးယဉ်ခဲ့သလောက် မလွယ်မှန်း သိရတာကြောင့် စိတ်ဓာတ်ကျချင်ချင် ဖြစ်လာပါတယ်။

ကိုယ်ပိုင်ဆိုင် မတည်နိုင်ရင်လည်း ရှိထားပြီးသား ဆိုင်ကြီးတွေကို ပစ္စည်းသွင်းခွင့်ရရင် မဆိုးလှဘူး။ အမြတ် နည်းရင်နည်း အလုပ်ဖြစ်ဖို့က အဓိကဆိုပြီး နမူနာပစ္စည်းတွေ ပိုက်ပြီးလိုက်ပြပြန်တော့လည်း သူတို့ဆိုင်ကြီးတွေ မှာ တိုက်ရိုက်ဆက်သွယ် ရောင်းချနေတဲ့ ကုမ္ပဏီကြီးတွေ ရှိပြီးသားမို့ ကျွန်မက ပစ္စည်းတွေကို စိတ်မဝင်စား ပါဘူး။ အရှေ့တိုင်းပစ္စည်းတွေ အဓိထားပြီးရောင်းတဲ့ Asia World ဆိုတဲ့ ဆိုင်ကြီးကို သွားပြတော့ မြန်မာပစ္စည်း သူ့ဆိုင် မှာ မရှိသေးပါဘူး။ အများအားဖြင့်က ထိုင်း၊ ဂျပန်၊ တရုတ်နဲ့ ဖိလစ်ပိုင်က ပစ္စည်းတွေမို့ သူကနည်းနည်းစိတ်ဝင်စားပါတယ်။
ဒါပေမဲ့ သူလိုချင်တာက နှစ်မျိုးတည်းရယ်၊ တစ်ခုက ယွန်းနဲ့လုပ်ထားတဲ့ တစ်တောင်လောက်ရှိတဲ့ ဇီးကွက် ရုပ်ကြီး။ သူက အလှအပပစ္စည်းအဖြစ် သုံးလို့ရတဲ့အပြင် ဘူးတစ်ခုလို အဖုံးအပိတ်နဲ့ လုပ်ထားတာမို့ အသုံး လည်း ဝင်တာမို့ ကြိုက်ပါတယ်။ နောက်တစ်ခုက ကနုကမာနဲ့လုပ်ထားတဲ့ အဖုံးအပိတ်ပါတဲ့ ဆပ်ပြာခွက်ပါ။ အဲဒီနှစ်မျိုး အတွက် သူက ဈေးပါ တစ်ခါတည်းဖြတ်ပေးလိုက်ပါတယ်။ ဒီဈေး ဒီဈေးနဲ့ ရရင် ယူမယ်ပေါ့။

ကျွန်မလည်း ဝမ်းသာအားရနဲ့ ဆက်သွယ်ထားခဲ့တဲ့ ကျိုင်းတုံစတိုးက ဒေါ်မိမိလေးကို အကြောင်းကြား လိုက်တယ်ပေါ့။ ပစ္စည်း က အနည်းဆုံး တစ်ကရိတ်စာပို့ရမှာပါ။ ပစ္စည်းဈေးအပြင် ပိုးခ၊ ထုတ်ခ၊ ရွေးယူရမယ့် အကောက် အခွန်ခစတဲ့ ကုန်ကျစရိတ်တွေ အသေးစိတ်တွက်ရပါတယ်။ အဲဒီအချိန်က မြန်မာကြယ်ငါးပွင့် သင်္ဘောကုမ္ပဏီ အနေနဲ့ အမေရိကားကို တိုက်ရိုက်လာတဲ့ သင်္ဘောမရှိပါဘူး။ သင်္ဘောနှစ်ဆင့်ပြောင်းရမယ်။ အဲဒီလိုအခက်အခဲ ရှိလို့ အာမခံကြေးတွေ၊ ဘာတွေလည်းဝယ်ရမယ်စတဲ့ စရိတ်တွေ စုတွက်လိုက်တော့ ဝယ်ယူပေး တဲ့ ဈေးထက် ကျော်လွန်နေပါလေရော။ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပြန်တာနဲ့ ဝယ်သူ ကို ဈေးညှိနှိုင်းရင်း အကျိုးအကြောင်းကို ရှင်းပြပေမဲ့ သူ့အနေနဲ့လည်း တိုးမပေးနိုင်တဲ့အတွက် လက်လျှော့ လိုက်ရတယ် ဆိုပါတော့။

ရည်မှန်းခဲ့တဲ့အလုပ်ကလည်း မအောင်မြင်။ သုံးလနဲ့ ရောက်လာမယ်ဆိုတဲ့ ဦးကျော်ဇော ကလည်း ရောက်မလာသေး။ သားကြီးအိမ်မှာ ထင်မှတ်တာထက် ပိုပြီး ကြာအောင် သောင်တင်နေ ရတာကအတွက် ချွေးမကို အားနာ၊ အပြောင်းအလဲက ဘယ်သူမပြု၊ မိမိမှုမို့ ကိုယ့်ရဲ့ အဆုံးအဖြတ်မှားလေ ပြီလားဆိုတဲ့ အတွေးနဲ့ တုန်လှုပ်ချောက်ချားတဲ့ စိတ်တွေ ဝင်လာပါတော့တယ်။ အဲဒီလို ပျော့ညံ့စိတ်တွေ ဝင်လာတိုင်းလည်း မာန်အားတင်းခဲရင်း အတင်းနှင်ထုတ်နေရတာလည်း အမောတ ကောပါပဲ။
သားကိုချည်း တာဝန်မပုံချင်လို့ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ဖို့ ဆုံးဖြတ်ချက်တစ်ခုချပြီး ကမ္ဘာတစ်ခြမ်းတောင် ရောက်အောင် လှမ်းလာပြီးတော့မှာတော့ လွယ်လွယ်နဲ့ စိတ်လျှော့ဖို့မသင့်ဘူးဆိုတာ ခံယူမိပါတယ်။ တစ်လမ်းနဲ့ အဆင်မပြေရင် နောက်တစ်လမ်း ကို ပြောင်းသွားကြည့် ရမှာပါပဲ။ ရွေးချယ်ခွင့် အများကြီး ရှိတဲ့နေရာမှာ ကိုယ်ကိုယ်တိုင်လည်း ကျန်းမာရေးကောင်းနေသေးသမျှ ကြိုးစားအားထုတ်ရမှာက ကျွန်မရဲ့ တာဝန်ပါ။

ပညာရှင်John Wesleyက
မိမိရဲ့စွမ်းအားရှိသမျှနဲ့ အကောင်းဆုံးလုပ်ပါ။
အတတ်နိုင်ဆုံးလုပ်ပါ။
နေရာမရွေးလုပ်ပါ။
အချိန်မရွေးလုပ်ပါ။
ထိတွေ့ရသူမှန်သမျှလုပ်ပါတဲ့။
အသက်ရှင်နေသမျှလုပ်ပါတဲ့။
ဒီဆောင်ပုဒ်အတိုင်း စွမ်းအားရှိသမျှ လုပ်ပြီး ဘဝကို ရင်ဆိုင်ဖို့ ဆုံးဖြတ်ချက်ချတိုင်း စိတ်အားတင်းရတယ် ဆိုပါတော့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>