Monday, May 7, 2012
တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၈)
" ခု သူဘယ်မှာလဲ "
" အစ်ကိုလေး အိပ်ခန်း ထဲမှာပါ၊ သူ့အခန်းထဲမှာ သူမနေချင်ဘူးတဲ့ "
" ရတယ် အက်နက် … နေပါစေ "
" ဘာလဲ၊ ခွေးသတင်း လား၊ လျှောက်ကိုက်ကုန်ပြီလား"
အော်လီဗာ ခုမှ ရယ်နိုင်ပြုံးနိုင်သည်။ အငယ်ဆုံးညီမတစ်ဦး က အစ်ကိုတစ်ယောက်ကို စိတ် သက်သာ ရာ ရ အောင်နှစ်သိမ့်နေ သည်နှင့် တူ၏။
ကို ဆက်ဖတ်ရန်.......
" မကိုက်သေးပါဘူး၊ ဆမ်ကလေးဖျားနေလို့တဲ့၊ အကြီးနှစ်ယောက်က အပြင်ထွက်နေကြသတဲ့၊ အပြင် ထွက် စားဖို့ ရက်ရွှေ့လိုက်ရတယ်လေ " " အပြင်ခေါ်လို့တော့ သူတို့လိုက်ပါတယ်နော့ "
" အို …. လိုက်ပါတယ်ဒက်ဖနီ ရဲ့၊ သူတို့ကြိုက်တဲ့အီတာလျံ စားသောက်ဆိုင်ကလေး ကို ခေါ်သွားမယ်လေ။ အဲဒီမှာ ရေသတ္တ၀ါဟင်းလျားမျိုးစုံရတယ်၊ ပြီးတော့ မုန့်တွေလဲ သိပ်ကောင်း တယ်လေ "
" ပျော်စရာကြီးပေါ့၊ သားအဖတွေ အဆင်ပြေသွားမှာပါ၊ မမျှော်လင့်ဘဲ သူတို့ အမေကျောင်းပိတ်ရက် တစ် ချိန်ချိန် မှာပြန်လာရင် အားလုံးပြီးသွားရောပေါ့၊ အဖုအထစ်တွေ ပြေသွားမယ်၊ ပြဿနာအားလုံးရှင်း သွားမယ်၊ ဒါပဲပေါ့၊ ဟုတ်ပြီလား "
" ဒက်ဖနီ … မင်းဟာ သူများစိတ်ချမ်းသာအောင် သိပ်လုပ်တတ်တဲ့ မိန်းကလေးပဲ "
" အဲဒါ ဒက်ဖနီ ရဲ့ ပါရမီလေ၊ ဒီအဆင့်ကို ဒက်ဖနီရောက်လာတာ လှလို့များထင်နေလား "
ဒက်ဖနီ သည် ထက်မြက်သလို ဟာသလည်းပြောတတ်၏။
" သွားစမ်းပါ၊ ဘယ်သူပြောလဲ …. မလှဘူးလို့ "
သည်တော့ မှ လက်ပြပြီး အခန်းထဲမှ သုတ်ခြေတင် ထွက်သွားသည်။ အိမ်ပြန်ဖို့ပြင်ဆင်နေရင်း ဘာလို့များ သည်မိန်းကလေး မိမိကို မကျတာပါလိမ့်ဟု တွေးနေမိ၏။ ဒက်ဖနီသည် အလွန်ကြည့်လို့ ကောင်းသည့် အမျိုးသမီးဖြစ်၏။ ကိုယ်နေဟန်လှသည်၊ အချိုးကျပြေပြစ်၏။ ရုံးလုပ်ငန်းခွင်ဝတ်စုံဖြင့် ဂရုတစိုက် ကာကွယ် ထားသည့်ကြားမှ သူ့ခန္ဓာကိုယ်အလှမှာ ပေါ်လွင်နေသေးသည်။ ဒက်ဖနီ မိမိအား ဆက်ဆံပုံ မှာ "သူငယ်ချင်းလိုပဲနေမယ်၊ သိပ်ရှေ့တိုးမလာနဲ့ဆရာ" ဟု ပြောနေသယောင်ယောင်။ စင်စစ် အားလုံးကို သူ သည်အတိုင်းဆက်ဆံခြင်းဖြစ်ပါသည်။ ဘာအကြောင်းများရှိလို့ပါလိမ့်။ တစ်နေ့နေ့ တော့ မေးကြည့်ရဦးမည်။
ခုနစ်နာရီဆယ့်ငါးမိနစ်တွင် ပြန်ရောက်သည်။ အခန်းထဲတွင် ဆမ်ကလေးအိပ်ပျော်နေသည်။ တစ်ကိုယ် လုံး ပူချစ်နေ၏။ ဟိုနှစ်ယောက်က ပြန်မလာသေး။ ညစာ ကို ကိုထုံးစံ အတိုင်း ဖြစ်သလို စားရန် အောက်ထပ် သို့ ဆင်းခဲ့သည်။
အက်နက် က ကြက်စွပ်ပြုတ် လုပ်ထားပေးခဲ့သည်။ ကျန်တာကို မိမိဘာသာ ကြော်လှော်စားလိမ့်မည်ဟု သိထား ပုံ ရ၏။ ကြက်ဥမွှေကြော် လုပ်နေရင်း သားနှင့်သမီးပြန်အလာ ကိုစောင့် သည်။ တော်တော်နှင့် ပြန် မလာကြ။ တစ်ယောက်တည်း စားလိုက်ရသည်။.
ဆယ် နာရီထိုး မှ မယ်လီဆာပြန်ရောက်လာသည်။ ပျော်ရွှင်လာပုံရ၏။ စိတ်လှုပ်ရှားနေ ပုံလည်း ရ၏။ ပြဇာတ် ၏ အဓိက ဇာတ်ဆောင်နေရာတွင် သရုပ်ဆောင်နေရသည်မဟုတ်လား။
သို့သော် ဖအေ ကို မြင်လိုက်သည်နှင့် မျက်နှာ ချက်ချင်းတည်သွားပြီး စကားတစ်ခွန်းမှမပြောဘဲ သူ့အခန်း ရှိရာ သို့ ပြေးတက်သွားသည်။ တံခါးပိတ်သံ ကြားလိုက်ရ၏။ အထီးကျန်ဝေဒနာသည် အထွတ်အထိပ် သို့ ရောက်သွားသလို ခံစားလိုက်ရ၏။
အကြီးကောင် ပြန်လာတော့ သန်းခေါင်ကျော်နေပြီ။ စာကြည့်ခန်းထဲတွင်ထိုင်ပြီး အသာစောင့် ကြည့်နေ ၏။ တံခါးမကြီးပိတ်ပြီး သူ့အခန်းဆီသို့ သုတ်ခြေတင်မည်ပြုသည်။ တစ်စုံတစ်ခုဖြစ်လာကြောင်း သူ့မျက်နှာ တွင် ပေါ်နေသည်။
" ဘယ်သွားနေတာလဲဘင်ဂျမင် "
" အင်္ဂါနေ့ညလေ၊ ဘတ်စကက်ဘောပွဲ လေ့ကျင့်ရတယ်ဖေဖေ "
" ဘတ်စကက်ဘော က သန်းခေါင်အထိ လေ့ကျင့်ရတယ်ဟုတ်လား "
" ပြီးတော့ ဟမ်ဘာဂါ စားကြသေးတာကိုး၊ ဘာအရေးကြီးလို့လဲဖေဖေ "
" ဘာမှ အရေးမကြီးပါဘူး၊ မင်းဘာဖြစ်နေတာလဲ ဘင်ဂျမင်၊ အမေမရှိတာနဲ့ မင်းမှာ လုပ်ချင်ရာလုပ်ဖို့ လိုင်စင် ရနေ တယ် အောက်မေ့နေလား၊ မရဘူးဘင်ဂျမင်၊ လိုက်နာရမယ့် စည်းကမ်းဟာ စည်းကမ်းပဲ၊ ဘာမှ အပြောင်းအလဲမရှိဘူး၊ သူသွားတာကသွားတာပဲ၊ ကျောင်းပိတ်ရက်မဟုတ်တဲ့ ကြားရက်တွေမှာ ဘယ်မှ မသွားဘဲ ကျောင်းစာလုပ်တာကိုပဲ တွေ့ချင်တယ်၊ မိသားစုနဲ့ တရင်းတနှီးနေ တာကို ပဲ တွေ့ချင်တယ်၊ ငါ ပြန်ရောက်ချိန် မင်း အိမ်မှာရှိနေရမယ်၊ ရှင်းရဲ့လား "
" ရှင်းပါတယ်၊ အဲဒီတော့ကော ဘာပိုထူးလာမှာ မို့လဲ "
သူ ဒေါသသံစွက်ပြီး ပြန်မေးသည်။
" ဘာပိုထူးလာမလဲ … ဟုတ်လား၊ မင်းအမေရှိရှိ မရှိရှိ မင်းဟာ ဒီမိသားစုစာရေးဝင်ပဲ၊ ပြီးတော့ ဆမ်နဲ့ မယ်လီဆာ တို့ နားမှာ မင်းရှိနေဖို့လိုတယ်၊ ငါရှိနေဖို့လဲလိုတယ် "
" အဓိပ္ပာယ် မရှိပါဘူး၊ ဆမ်အတွက်လိုတာက အမေပဲ၊ မယ်လီဆာက အခန်းတံခါးပိတ်ပြီး တစ်ချိန်လုံး တယ်လီဖုန်း နဲ့ နေနေတာ၊ အဖေက ညကိုးနာရီအထိ အိမ်မပြန်ဘူး၊ ပြန်လာတော့လဲ ကျွန်တော်တို့နဲ့ စကား မပြောနိုင်လောက်အောင် ပင်ပန်းလာတယ်၊ ကျွန်တော်က တစ်ယောက် တည်း ငေါင်စင်းစင်း ထိုင်ပြီး အချိန်ဖြုန်းရမှာလား "
အော်လီဗာ သည် သားလုပ်သူ၏ စကားများကြောင့် အရှိုက်ထိသွားသည်။ ချက်ချင်းမျက်နှာ ညှိုးကျ သွား၏။
" ဘာပဲဖြစ်ဖြစ်လေ … မင်းဟာ ဒီအိမ်မှာ နေနေသေးတယ်။ ပြီးတော့ ငါ ဘယ်တော့မှ ကိုးနာရီအထိ မနေဘူး၊ ရှစ်နာရီဆို ရောက်တာချည်းပဲ၊ ရုံးဆင်းပြီးရင် အဲဒီရထားမီအောင်လျှာထွက်မတတ် ငါပြေး ရတယ်၊ ဘယ်တော့မှ မင်းကို အိမ်မှာမတွေ့ရဘူး၊ တစ်လကျော်ခဲ့ပြီ ဘင်ဂျမင်၊ မင်းစည်းမဲ့ ကမ်းမဲ့ဖြစ်နေ တာ တစ်လ ကျော်ခဲ့ပြီ၊ ဒီအတိုင်း ဆက်သွားရင် မင်းကို ငါ တစ်လတိတိဒဏ်ပေးရလိမ့်မယ် "
" သွားစမ်းပါ "
ဘင်ဂျမင် ဒေါသတကြီးအော်သည်။ အော်လီဗာလန့်သွား၏။ ဖအေကို ဘယ်တုန်းကမှ ပြန်မပြောဖူးသည့် သား။ ခုတော့ ပုန်ကန်ခြားနားလေပြီကော။
" ကောင်းပြီ၊ မင်းတာဝန်မင်းယူပေတော့၊ ဟောဒီမိနစ်ပိုင်းကစပြီး မှတ်ထား၊ တစ်လတိတိ မင်းဘယ်မှ မသွားရ ဘူး "
" ဘာမှ သောက်အဓိပ္ပာယ်မရှိဘူး ဖေဖေ"
ဘင်ဂျမင် သည် ဒေါသ အမျက်ခြောင်းခြောင်း ထွက်ကာ အဖေကို ထိုးတော့ ကြိတ်တော့မည် လား အောက် မေ့ရသည်။
" မင်း ငါ့ကို ဘာမှမပြောနဲ့ "
သားအဖနှစ်ယောက် ၏အသံက မြင့်သည်ထက် မြင့်လာသည်။ မယ်လီဆာဆင်းလာသည်ကို ဘယ်သူမှ မမြင် လိုက်ကြ။ တိတ်တိတ်ကလေးဆင်းလာပြီး လှေကားရင်းမှ စောင့်ကြည့်နေခြင်းဖြစ်သည်။
" မင်း အမေ မရှိလဲပဲ ငါရှိသေးတယ်ကွ၊ ဒီအိမ်ကို ငါ အုပ်ချုပ်နေတယ် "
" ဘယ်သူပြောလဲ " သူတို့နှစ်ယောက် နောက်မှပေါ်လာသည့် မယ်လီဆာ၏အသံ၊ သားအဖနှစ်ယောက် တအံ့ တသြလှည့်ကြည့် လိုက်ကြသည်။
" ဖေဖေ့ကို ဘယ်သူက အဲဒီအခွင့်အရေးပေး ထားလို့လဲ၊ အိမ်မှာဖြင့် ဘယ်တော့မရှိဘဲနဲ့၊ ဖေဖေကကော သားသမီးတွေ ကို ဘယ်လောက်ဂရုစိုက်လို့လဲ၊ ဖေဖေဂရုတစိုက်ရှီရင် မေမေ ထွက်သွားမှာတောင် မဟုတ် ဘူး၊ အားလုံး ဖေဖေ့အပြစ်တွေ၊ ခုမှ အပျက်အစီးတွေကို တစစီလိုက်ကောက်ခိုင်းမနေပါနဲ့ "
အော်လီဗာ ငိုချပစ် လိုက်ချင်သည်။ သူတို့ မောင်နှမနှစ်ယောက် ဘာဆိုဘာမှ နားမလည်ကြပါကလား။ သူတို့ နားလည်နိုင်စွမ်း ရှိသည့် ကိစ္စမျိုးရော ဟုတ်ရဲ့လား။
" ဒီမယ် … ဒီမယ်၊ မင်းတို့ မောင်နှမနှစ်ယောက်စလုံး နားလည်ထားကြစမ်းပါ "
မောင်နှမနှ စ်ယောက် မျက်နှာချင်းဆိုင်လိုက်ချိန်တွင် အော်လီဗာ့မျက်နှာပေါ်တွင် မျက်ရည်တွေနှင့် စိုစွတ်နေပြီ။
" မေမေ မသွားဖြစ်အောင် ဖေဖေ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်၊ သူပြန်လာမယ်ဆိုရင် ဘာပဲ လုပ်ရ လုပ်ရ ဖေဖေ လုပ်မယ်၊ ဖေဖေ့ချွတ်ယွင်းချက်တွေ ရှိကောင်းရှိမယ်၊ ဒါပေမယ့် ကျောင်းပြန်တက်ချင်နေ တဲ့ ဆန္ဒ၊ တို့နဲ့ခွဲခွာပြီး လွတ်လွတ်လပ်လပ်နေပြီး ဘ၀ကို ပြန်စချင်တဲ့ သူ့ဆန္ဒဟာ ခုမှ ဖြစ်လာတာ မဟုတ်ဘူး၊ မေမေ့ ရင်ထဲမှာ အစောကြီး အမြစ်တွယ်လာတာ၊ ဘာနဲ့မှတားလို့ ရမှာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် ဖေဖေ ဟာ ဖေဖေ့ သားသမီးတွေကို သိပ်ချစ်ပါတယ် "
ပြောရင်း အသံတွေ တုန်လာသည်။ ဆက်ပြောနိုင်ပါတော့မည်လားဟု သံသယဖြစ်လာသည်။ သို့သော် ဆက်ပြောနိုင် ခဲ့ ပါသည်။ အသံမှာမူ ဆို့နစ်အက်ကွဲလျက်။
" ဖေဖေ အားလုံးကို ချစ်တယ်၊ ဒီအိမ်ထောင်စုရဲ့ ဖွဲ့စည်းပုံကို ဖေဖေ အပျက် မခံနိုင် ဘူး၊ ဖေဖေ တို့ အားလုံး တည်ဆောက်ခဲ့တဲ့ သားတို့ သမီးတို့အနားမှာ … ဖေဖေ …. "
ဆက် မပြောနိုင်တော့ ဘဲ အော်လီဗာ ရှိုက်ကြီးတငင် ငိုချလိုက်သည်။
" ဖေဖေ အားလုံး ကိုသိပ်ချစ်တယ်၊ အတူတူနေချင်တယ် "
တစ်ဖက် သို့ လှည့်ထွက်သွားမည်အပြုတွင် သူ့ပခုံးပေါ်သို့ ဘင်ဂျမင်၏လက်ရောက်လာကြောင်း သတိထား လိုက်မိသည်။ တစ်ဆက်တည်း မယ်လီဆာ အနားသို့ ရောက်လာပြီး ဖအေကို သိုင်းဖက်သည်။
" သမီး တို့လဲ ဖေဖေ့ကို ချစ်ပါတယ်ဖေဖေ "
မယ်လီဆာ က ဆို့နင့်ကြေကွဲသံဖြင့်ပြောသည်။ ဘင်ဂျမင်ကမူ ဘာမှမပြောဘဲ ဖအေ့ပခုံးကို သိုင်းဖက် ထားဆဲ။ မျက်ဝန်းထဲတွင် မျက်ရည်တွေပြည့်နေ၏။ မယ်လီဆာက အစ်ကို လုပ်သူကို တစ်ချက် ကြည့်ပြီး …
" သမီးတို့ ဆိုးခဲ့မိတဲ့အတွက် စိတ်မကောင်းပါဘူး ဖေဖေ "
ဘင်ဂျမင် ကလည်း စိတ်ထဲမှ ကျိတ်ပြီးတောင်းပန်သည်။ သို့သော် မိမိအနေဖြင့် အဖေ့အတွက် စိတ် မကောင်းဖြစ်ရုံ ကလွဲပြီး ဘာမှမတတ်နိုင်။ ကိုယ့်အပူနှင့်ကိုယ်၊ ကိုယ့်ပြဿနာနှင့် ကိုယ်မဟုတ်လား။
အတန်ကြီး ကြာမှ အော်လီဗာ စကားပြန်စနိုင်သည်။
" ဖေဖေလဲ စိတ်မကောင်းပါဘူး၊ ဖေဖေတို့အားလုံး သိပ်ခက်ခဲတဲ့ အခြေအနေ ထဲ ရောက်နေ တယ်လေ၊ မေမေလဲ တူတူ နေမှာပေါ့လေ "
ကလေးတွေ ကပါ မအေကို မကောင်းမမြင်စေချင်ပါ။ သည်ကိစ္စတွင်တော့ အော်လီဗာက ဆာရာ့ဘက်ကို မျှမျှ တတ ဖြစ်စေချင်ပါသည်။
" ပြန်လာမယ်ပြောပြီး ပြောတဲ့အတိုင်း ဘာလို့ ပြန်မလာတာလဲမသိဘူးနော်၊ ပြီးတော့ သမီးတို့ဆီ ဖုန်းလဲ မဆက် ဘူး "
သုံးယောက်သား မီးဖိုဆောင်ဘက်သို့ လျှောက်သွားနေစဉ် မယ်လီဆာ မကျေမနပ်ပြောသည်။
" ဖေဖေ လဲ သိပ်မလိုဘူးသမီးရယ်၊ သူထင်ထားတာထက် အလုပ်တွေပိုများနေလို့ဖြစ်မှာပေါ့၊ မဟာဝိဇ္ဇာ ဘွဲ့ ယူဖို့ဆိုတာ သိပ်ကြိုးစားရတာ၊ ဖေဖေထင်တော့ထင်ပါတယ်လေ၊ အဲဒီအတိုင်းဖြစ်လာလိမ့်မယ်လို့ "
သို့သော် ဆာရာ အိမ်နှင့် ငါးပတ်လုံးလုံးကြီး ခွဲနေနိုင်မည်ဟူ၍တော့ မထင်ခဲ့။ သားငယ်လေးကိုရော၊ သူတို့ အားလုံး ကိုပါ ရက်စက်လွန်းပါသည်။ တယ်လီဖုန်းပြောတိုင်း သည်ကိစ္စကို ထပ်တလဲလဲပြောသည်။ သို့သော် မပြန်နိုင်သေးကြောင်း ဆာရာ ဇွတ်ငြင်းသည်။
ကျန်ရစ်သူတွေ ဘာဖြစ်နေနေ သူကတော့ လှောင်အိမ်ကလွတ်သော ငှက်လို လွတ်လပ်စွာ မြူးပျော်နေပြီပေါ့လေ။
" တစ်နေ့ တော့ ပြန်လာမှာပေါ့သမီးရယ် "
မယ်လီဆာက အတွေးနက်နေဟန်ဖြင့် ခေါင်းညိတ်ရင်း မီးဖိုဆောင်ကုလားထိုင်တစ်လုံးတွင် ၀င်ထိုင် သည်။ ပြီးတော့ မေးခွန်းထုတ်သည်။
" ဒါပေမယ့် အလျင် အတိုင်း ပြန်ဖြစ်ပါတော့ မလားဟင် "
" ဖြစ်ချင်မှတော့ ဖြစ်မှာပေါ့၊ ဒါပေမယ့် ဘယ်နည်းနဲ့ ပြန်လာပြန်လာ သမီးတို့ ပျော်ကြမှာပါ၊ ပြီးတော့လဲ အလျင် အတိုင်း ပြန်ဖြစ်ချင်ဖြစ်သွားမှာပေါ့ "
" အလျင်က ဆိုရင် သိပ်ပျော်စရာ ကောင်းခဲ့တယ်နော် "
ဖအေ ကို မောကြည့်ပြီး မယ်လီဆာ တမ်းတမ်းတတ ပြောသည်။ အော်လီဗာ ခေါင်းညိတ်သည်။ ဘင်ဂျမင် ဘက် သို့ လှည့်ကြည့်လိုက်ပြီး …
" သား ကကော စကားပြောပါဦး၊ မင်းဘာဖြစ်နေတာလဲဟင် "
သို့သော် ဘင်ဂျမင် က ဝေဒနာကို ကြေညာမည်မဟုတ်ပါ။ အောက်လီဗာအဖို့ သိပ်ထူးဆန်းနေသည်။ ဘင်ဂျမင် သည် အလွန် ပွင့်လင်းသွက်လက်သည့် လူငယ်တစ်ယောက် ဖြစ်သည်။ ဘာကြောင့် တုံဏှိဘာဝေ လုပ်နေသည်မသိ။
" ဘာမှ ဖြစ်ပါဘူးဖေဖေ "
မနေတတ် မထိုင်တတ်ဖြစ်နေပုံဖြင့် "အိပ်တော့မယ် " ဟု ဆိုကာ လစ်ဖို့ခြေလှမ်းပြင် သည်။ အော်လီဗာ က ဟန့်လိုက်သည်။
"ဘင်ဂျမင် "
ဘင်ဂျမင် တုံ့သွား၏။ အော်လီဗာစိတ်ထဲတွင် ထင့်သွားသည်။ သည်သူငယ် တစ်ခုခုတော့ဖြစ်နေပြီ။
" သား ….. မင်း ဘာဖြစ်နေတာလဲ၊ မအိပ်ခင် ဖေဖေနဲ့ စကားပြောပါဦးလား "
ခဏတွေပြီး မှ ခေါင်းယမ်းသည်။
" နေပါစေဖေဖေ၊ ကျွန်တော် ဘာမှမဖြစ်ပါဘူး "
ပြီးတော့ စိုးရိမ်တကြီးမေးသည်။
" ကျွန်တော် ဒဏ်ပေးခံရဦးမှာလား "
အော်လီဗာ ချက်ချင်းဖြေသည်။ သည်အိမ်ကြီးကို မိမိအုပ်ချုပ်နေကြောင်း သူတို့အားလုံး သဘောပေါက် ထားဖို့ လိုသည်လေ။ မဟုတ်လျှင် ထင်ရာစိုင်းကုန်ကြလိမ့်မည်။ သူတို့အကျိုးအတွက် စည်းကမ်း တင်းကျပ် ရ ခြင်းဖြစ်ပါ၏။
" ဖေဖေစိတ်မကောင်းပါဘူးသား၊ ပြောထားတဲ့အတိုင်းပဲ စနေတနင်္ဂနွေအပါအ၀င် တစ်လတိတိညပိုင်းမှာ အပြင် မသွားရဘူး "
သားကိုချစ်၍ တင်းကျပ်ရခြင်းဖြစ်ကြောင်း အော်လီဗာ့ မျက်လုံးအစုံတွင် ပေါ်လွင်နေ၏။
ဘင်ဂျမင်ခေါင်းညိတ်ပြီး အခန်းထဲမှ ထွက်သွားသည်။ သို့သော် သည်တဒင်္ဂတွင် ဒဏ်ခတ် မှုကြောင့်ဖြစ်လာ မည့် ဂယက်ကို သားအဖနှစ်ယောက်စလုံး ကြိုတင်သတိမထားမိကြ။
သည်ည သူကလေး ဆီ မသွားလို့မဖြစ်။ တွေ့ကိုတွေ့ရမည်။ မတွေ့ဘဲမနေနိုင်ပါ။ သည်အချစ်ဦး ဇာတ် လမ်း ကလေး ဆက်လက်ရှင်သန်အောင် မည်သို့လုပ်ရပါမည်လဲ။ ဘင်ဂျမင် မစဉ်းစား တတ်အောင်ဖြစ်နေ၏။
ဘင်ဂျမင် ထွက်သွားတော့ အော်လီဗာ သမီးကိုငဲ့ကြည့်လိုက်သည်။ ပြီးတော့ သူထိုင်နေ သည့်နေရာ သို့ လျှောက်သွားပြီး နဖူးကိုနမ်းရင်း …
" သမီးကို ဖေဖေသိပ်ချစ်ပါတယ်သမီးရယ်၊ တကယ်ပြောတာပါ၊ ဖေဖေတို့ လောလောဆယ်တော့ စိတ်ရှည် လက်ရှည်စောင့်ကြရမယ်၊ အခြေအနေတွေ ပြန်ကောင်းလာမှာပါ "
မယ်လီဆာ ခပ်ဖြည်းဖြည်းခေါင်းညိတ်သည်။ ပြီးတော့ အဖေကို မော်ကြည့်၏။ ဘင်ဂျမင်၏ အကြောင်းကို မယ်လီဆာ မသိချင်ဘဲ သိနေ၏။
ဆန္ဒရာနှင့်သူ တတွဲတွဲလုပ်နေသည်ကိုရော၊ ကျောင်းလစ်နေသည်ကိုပါ မယ်လီဆာသိသည်။ တစ်ကျောင်းလုံး သိနေကြပြီမဟုတ်လား။ ဖေဖေ့ကို ဆန့်ကျင်ရဲသည်အထိ ကောင်မ လေးကို သူစွဲလမ်းနေပြီ ထင်ပါရဲ့။
ထိုည တွင် ဆမ်ကလေး ကောင်းကောင်းအိပ်သည်။ နံနက် မိုးလင်းတော့ အဖျားကျနေပြီ။ အော်လီဗာ အလုပ် သွားတော့ အားလုံး အေးအေးဆေးဆေးကျန်ခဲ့သည်ကို သတိထားမိ၏။ ရင်ထဲအေးသွားသည်။ ဘင်ဂျမင် ကို ဒဏ်ခတ်မိသည့်အတွက် ပြန်ပြီး စိတ်မကောင်းဖြစ်နေမိ၏။ သူ့အတွက်ဆိုတာ ဘင်ဂျမင် နားလည် ကောင်းပါရဲ့။
မယ်လီဆာ အဖေကိုနားလည်လာသည့်အတွက်လည်း ကျိတ်ပြီး ၀မ်းသာနေ၏။ ရုံးခန်းထဲရောက်တော့ စာရွက်ကလေးတစ်ရွက်ကို စားပွဲပေါ်တွင်တွေ့ရ၏။ သည်တော့မှ လာမည့်တနင်္ဂနွေနေ့တွင် ဒက်ဖနီ လာ လည်မည့် အကြောင်း သတိရသည်။
စိတ်ပျက်စရာ တနင်္ဂနွေနေ့များနှင့် ရင်ဆိုင်ခဲ့ရသည်မှာ ရက်ပေါင်းများစွာရှိခဲ့ပြီ။ လာမည့်တနင်္ဂနွေကိုမူ ရင်ခုန်စွာ မျှော်နေ မိ၏။
အခန်း (၇)
တနင်္ဂနွေနေ့တွင် ဒက်ဖနီ ရထားနှင့်ပါလာသည်။ အော်လီဗာက ဘူတာရုံတွင်သွားကြိုသည်။ လမ်းတွင် ကလေးတွေ အကြောင်းပြောလာကြ၏။ မယ်လီဆာက ဖအေနှင့် တရင်းတနှီးပြန်ဖြစ်လာသည်။ ဆမ်ကလေး ကတော့ အေးတိအေးစက်ရှိနေဆဲပင်။ ဘင်ဂျမင်က ဒဏ်ခတ်ခံရသည့်အချိန်မှစ၍ အဖေနှင့် စကား မပြောဖြစ်အောင် ခပ်ရှောင်ရှောင်နေ၏။ သို့သော် အမိန့်ကိုတော့ တလေးတစားနာခံသည်။ ညစာ စား ချိန် တိုင်း သူ့ကို အိမ်မှာတွေ့ရသည်။
" ကိုယ် မင်းကို ကြိုပြောထားမယ်ဒက်ဖနီ၊ ကိုယ့်ကလေးတွေနဲ့ ဆက်ဆံဖို့ သိပ်လွယ်မှာမဟုတ်ဘူး၊ ဒါပေမယ့် ပင်ကို အားဖြင့် သူတို့အားလုံး သဘောကောင်းကြပါတယ် "
အော်လီဗာ ခပ်ပြုံးပြုံးပြောသည်။ ဒက်ဖနီ ရောက်လာသည့်အတါက်လည်း ကျေနပ်နေ၏။ ဆာရာ့ဆီမှ ဖုန်း မလာသည်မှာကြာပြီ။ သည့်အတွက် သူတို့သားအဖတွေ ကျိတ်ပြီးခံစားနေကြရ၏။ အဆိုးဆုံး က အော်လီဗာ။
ဒက်ဖနီ က ပြန်ပြုံးပြရင်း …
" သူတို့အတွက် ဒက်ဖနီဟာ စိတ်ပူစရာမလိုဘူး၊ စိတ်အနှောင်အယှက်ဖြစ်စရာမလိုဘူးဆိုတာ သူတို့ သိ အောင် လုပ်ထားရမှာပေါ့ "
သည်နေ့ ဒက်ဖနီ ဘောင်းဘီ အနက်နှင့် သိုးမွေးဂျာကင်ဝတ်လာသည်။ ပိုလျနေ၏။
" ဘာလို့ အဲဒီလို ပြောရတာလဲ "
ဘာလို့ သူ သည်လိုပြောတာပါလိမ့်။ အော်လီဗာ သိပ်မရှင်း။ မိမိနှင့်ဆက်ဆံရေးတွင် စိတ်ကူးယဉ် မှု မပါ ကြောင်း သိစေလိုခြင်းဖြစ်မည်ထင်သည်။
" ဘာလို့ ပြောရသလဲဆိုရင် ခုရှုပ်မှ နောင်ရှင်းဆိုတဲ့ သဘောမျိုးဖြစ်စေချင်လို့ပါ၊ ရိုးရိုးသားသားဆိုတာ သိထားကြစေ ချင်လို့ပါ "
" ယောက်ျားတွေ ကို စိတ်မ၀င်စားတာတခြားအကြောင်းဘာတေါများရှိသေးလဲဒက်ဖနီ "
အမှတ် မထင် လေသံဖြင့် မေးလိုက်သည်။ မိမိဘက်မှလည်း သူ့အပေါ် ခုချိန်ထိ ရိုးသားဆဲပါ။
သို့သော် တစ်ချိန်ချိန်မှာ မိန်းကလေးနှင့် တွဲဖြစ်လျှင် သိပ်ပျော်စရာကောင်းမှာပဲဟုတော့ တွေးဖူးသည်။ ဒက်ဖနီ သည် ယောက်ျားတစ်ယောက်ကို အများကြီးပေးနိုင်သည့် မိန်းကလေးမျိုးဖြစ်သည်။ အရည်အချင်း၊ ရုပ်ဆင်းရူပကာ၊ ပညာဥာဏ်ထက်မြက်မှု။ အို …. အများကြီး။ သူ့ကို အော်လီဗာ တကယ်သဘောကျသည်။
" အင်း … နားလည်ပါပြီ၊ ဒါကြောင့် ရုံးမှာ ဘယ်သူနဲ့မျ မတွဲတာကိုး "
" ဘ၀သင်ခန်း စာတွေ အများကြီးရယ်လေ " သူ့ကို ပြောပြဖို့ ဒက်ဖနီဆုံးဖြတ်လိုက်သည်။
" ကျောင်းကဘွဲ့ရပြီး ပထမဆုံး အလုပ်ဝင်တော့ ဒက်ဖနီတို့ ကြော်ငြာကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်နဲ့ ချစ်ခဲ့တယ်အော်လီဗာ "
ဒက်ဖနီ အေးဆေးစွာပြုံးသည်။ အော်လီဗာ ရွှီးခနဲ လေချွန်လိုက်သည်။
" သူဟာ သိပ်တော်တဲ့၊ သိပ်ချစ်ဖို့ကောင်းတဲ့ လူတစ်ယောက်ပါ၊ အသက်လေးဆယ့်ခြောက်နှစ်ရှိပြီ၊ အိမ်ထောင် နဲ့၊ ကလေးနှစ်ယောက်ရှိတယ်၊ ဂရင်းဝစ်ခ်ျမှာနေတယ်၊ သူက ဘရင်ဂျီဘာသာဝင်လေ "
" ကွာရှင်း လို့မရဘူးပေါ့ "
" ဟာ … အော်လီဗာက သိပ်တော်တာပဲ၊ ဒေါ်လာနှစ်ရာဆုချမယ် "
သူက ခပ်ပေါ့ပေါ့ ခပ်ရွှင်ရွှင်ပြောသည်။ ခါးသီး နာကြည်းဟန်လုံးဝမရှိ။ သည်ဇာတ်လမ်းကို ဘယ်သူမှ မသိ။ အော်လီဗာ ကိုတော့ ပြောပြထားချင်သည်လေ။
" ကုမ္ပဏီ က သူတို့မိသားစုပိုင်လေ၊ သူက အရမ်းကောင်းတာ၊ ဒက်ဖနီ သူ့ကို အရူးအမူးချစ်တယ်၊ သူ့မှာ အိမ်ထောင် ရှိတာလဲ ဒက်ဖနီ့အတွက် အကြောင်းမဟုတ်ဘူး"
လမ်းနံဘေးဝဲယာ မှ ကျေးလက်ရှုခင်းများကို ဒက်ဖနီ ငေးကြည့်နေသည်။ အတိတ်တွင် လွင့်မျောနေ ပုံရ၏။ အော်လီဗာက ဆက်ပြောဖို့ တိုက်တွန်းသည်။ ဇာတ်လမ်းကို အစအဆုံး သိချင်နေ၏။ တခြားယောက်ျားတွေ ကို ဖွဲနှင့်ဆန်ကွဲထင်အောင် ပြုလုပ်နိုင်စွမ်းသည် ထိုပုဂ္ဂိုလ်ကိုလည်း စိတ်ဝင်စားနေ၏။ သူ့ကြည့်ရသည်မှာ တစ်ကိုယ်တည်း အပျိုကြီးဘ၀တွင် ပျော်နေပုံရသော်လည်း အချိန်တွေ ဖြုန်းပစ်နေသည်ကတော့ နှမြောစရာကောင်းလှသည်။
" ဆက်ပြောလေ၊ အဲဒီဇာတ်လမ်းက ဘယ်လောက်ကြာလဲ၊ ပြီးတော့ ဘယ်လိုအဆုံးသတ်သွားလဲ "
" ဒက်ဖနီ တို့ နှစ်ယောက်လုံး မိုးမမြင်လေမမြင် ပျော်ကြတယ်၊ ခရီးရှည်ကြီးတွေ အတူတူထွက်ကြတယ်၊ ပုံမှန် ကတော့ အင်္ဂါနဲ့ ကြာသပတေးညတွေမှာ အတူအိပ်တယ်၊ မြို့ထဲမှာ အခန်းတစ်ခန်း ငှား ထားတယ်လေ၊ နားထောင်လို့တော့ သိပ်မကောင်းဘူးပေါ့၊ ဒက်ဖနီဟာ သူ့ရဲ အငယ်အနှောင်းပေါ့လေ၊ သူ့ရင်ခွင် ထဲကနေ ဒက်ဖနီ ရုန်းထွက်နိုင်အား မရှိဘူးဆိုပါတော့ "
" သိပ်ပျော်စရာကောင်းမှာပဲနော် "
" လူသိမှာ ကိုတော့ သူသိပ်စိုးတယ်၊ ဒါပေမယ့် နှစ်ယောက်စလုံး၊ ဣနြေ္ဒသိပ်ကောင်းတော့ ဘယ်သူမှ မရိပ်မိ ကြဘူး၊ ဒက်ဖနီ အပေါ် မှာ သူသိပ်ရိုးသားတယ်၊ သူ့မိန်းမနဲ့ကလေးတွေကိုလဲ သူသိပ်ချစ်တယ်၊ အဲဒီတုန်း က ကလေးတွေ က ငယ်သေးတယ်လေ၊ သူ့မိန်းမက ဒက်ဖနီထက် နည်းနည်းပဲကြီးတယ်၊ ဒက်ဖနီ့ ကို သူသိပ်ချစ်တာ၊ ဒက်ဖနီကလဲ အရူးအမူးပဲ၊ သူ့ဆီက နည်းနည်း ပါးပါးရတဲ့ အချိန်ကလေး ကိုပဲ ကျေနပ်နေ တာ"
သူ့ဘ၀ သူ ပျော်နေပုံပါလား။ တည်ငြိမ်စွာဖြင့် ပြောနေခြင်းဖြစ်၏။ အံ့လည်းအံ့သြ၊ နှမြောလည်းနှမြောမိ သည်။
" သူနဲ့ မတွေ့တာ ဘယ်လောက်ကြာပြီလဲ " သူ့ကိုကြည့်ပြီး ဒက်ဖနီရယ်သည်။
" သုံးရက်ကြီးများတောင် ရှိသါားပြီ၊ ဒီအလုပ်ကို သူရှာပေးတာလေ၊ ခု ပိုကောင်းတဲ့ အခန်းတစ်ခန်း ၀ယ်ထားတယ်။ တစ်ပတ်မှာ သုံးရက်အတူအိပ်တယ်၊ ဒီလိုပဲဆက်သွားမယ်လေ၊ ဒက်ဖနီဲ့ကိုချစ်ခဲ့တာ ဒီမတ်လ မှာ ဆယ့်တစ်နှစ်ပြည့်မယ်၊ အော်လီဗာကတော့ ကြောင်တယ်ထင်မလားပဲ၊ ရူးတယ် လို့ဆိုချင် ဆို၊ သူ့ကို အရမ်းချစ်နေမိတာကိုး"
ဒက်ဖနီ ကိုကြည့်ရသည်မှာ အကျေနပ်ကြီး ကျေနပ်နေဟန်။ အော်လီဗာ မျက်မှောင်ကြုတ်သွားသည်။ မယားရှိလင်တစ်ယောက်ကို ချစ်ရသည့်မိန်းကလေးက သူ့ဘ၀သူ လုံးဝကျေနပ်နေသည်တဲ့။
" မင်း တကယ်ပြောနေတာလားဒက်ဖနီ၊ ကိုယ့်ဘက်က နစ်နာနေတယ်လို့ တစ်ခါမှမစဉ်းစားမိဘူးလား "
" ဟင့်အင်း … မနစ်နာပါဘူး၊ ခုဆို သူ့ကလေးတွေလဲ ကောလိပ်ရောက်ကုန်ပြီ၊ သူ့မိန်းမကလဲ အသင်းအဖွဲ့ ပေါင်းဆယ့်ခြောက်ခုလောက်မှာ အမြဲအလုပ်များနေတယ်၊ သူ့ရဲ့ ဟိုဘက် ဘ၀မျက်နှာစာ ကလဲ ပျော်စရာ ပါပဲ၊ သူ့မိန်းမကို ဘယ်တော့မှ မထားခဲ့ဘူးဆိုတာလဲ ဒက်ဖနီသိတယ်လေ "
" ဟာ … မဟုတ်သေးပါဘူး၊ ဒက်ဖနီဘက်က နာတာပေါ့၊ မင်းဟာ ဒါထက်ပိုပြီး ထိုက်ထိုက် တန်တန်နေရာ ရရမယ့်မိန်းကလေးမျိုးပါကွာ "
" အို …. မဟုတ်ပါဘူး၊ တစ်ယောက်ယောက်ကို လက်ထပ်လိုက်ရင် ကွဲချင်ကွဲမယ်၊ မကွဲဘဲ စိတ်ဆင်းရဲ ချင် ဆင်းရဲမယ်၊ ဘာမှအာမခံချင်ရှိတဲ့ကိစ္စမျိုးမဟုတ်ဘူး၊ ကလေးယူဖို့ စိတ်ကူးသေးတ်၊ ဒါပေမယ့် လွန်ခဲ့တဲ့ ငါး နှစ်လောက်က နေမကောင်းဖြစ်ရာကနေ ကလေးမရနိုင်တော့ဘူး၊ ခုတော့ လိုလဲ မလိုချင်တော့ ဘူး၊ တော် လောက်ပြီ၊ ဒက်ဖနီ့ ဘ၀ပြည့်စုံနေပြီပဲ၊ သူများတွေ အတွက် ထူးဆန်းချင် ထူးဆန်းနေမယ်၊ ဒါပေမယ့် ဒက်ဖနီ တို့နှစ်ယောက်အတွက်တော့ ပျော်စရာ ဘ၀တစ်ခုပဲ၊ ကဲ …. သူငယ်ချင်း၊ အဲဒါ ဒက်ဖနီရဲ့ ဇာတ်လမ်းပဲ၊ သူသိထားသင့်တယ်ထင်လို့ ပြောပြတာနော် "
ညင်သာ စွာ ပြုံးသည်။ ပြီးမျ စကားဆက်သည်။
" ဘာလို့လဲ သိလား၊ အော်လီဗာကို ခင်လို့ "
" ကိုယ်လဲ မင်းကိုခင်ပါတယ် ဒက်ဖနီ "
အော်လီဗာ ရှက်ပြုံးပြုံးပြီး ခပ်နောက်နောက် ဆက်ပြောသည်။
" ဒါပေမယ့် ကိုယ့်အသည်းတွေ ကွဲကြေကုန်သလိုပဲ "
ရင်ထဲတွင် ပေါ့သွားသလို ခံစားလိုက်ရ၏။ သူတို့နှစ်ယောက် ပို၍ရင်းနှီးသွားကြပြီ၊ သူငယ်ချင်းတွေဖြစ်သွားကြပြီ။
" ဘယ်နေ့မှာ သူ့မိန်းမကို ထားခဲ့ပြီး မင်းဆီ အပြီးရောက်လာလိမ့်မယ်လို့ မထင်ဘူးလား "
" မထင်ပါဘူး ဆို၊ သူ အဲဒီလိုလုပ်ရင်လဲ ဒက်ဖနီ သူ့ကို လက်ထပ်ချင်မှ လက်ထပ်မှာ၊ ခုလိုနေရတာက လွတ် လပ်တယ်။ အနှောင်အဖွဲ့မရှိဘူး၊ ကိုယ့်အလုပ်နဲ့ ကိုယ့်တက်လမ်းနဲ့၊ ကိုယ့်အပေါင်းအသင်းနဲ့၊ ပြီးတော့ ကိုယ့်ချစ်သူနဲ့၊ တစ်ခုတော့ရှိတာပေါ့၊ ရုံးပိတ်ရက်တွေနဲ့ စနေ၊ တနင်္ဂနွေမှာတော့ အထီးကျန် နိုင်တာပေါ့၊ ဒါပေမယ့် သူ့ဆီက ဒီလောက်ပဲ ရနိုင်မည်ဆိုတာ သိထားတော့ တွေ့ရတဲ့အချိန်တွေမှာ ပိုပျော် ရတယ်လေ"
တော်တော်ထူးဆန်းပြီး တော်တော် တွေးတတ်တဲ့ မိန်းကလေးပါလား။ သူ့ပွင့်လင်း ရိုးသားမှု အတွက် အော်လီဗာလေးစား မိသည်။
" မင်းလို မျိုး ကိုယ်တွေးတတ်ချင်တယ် ဒက်ဖနီ "
" တစ်နေ့ကျ တွေးတတ်လာမှာပေါ့ အော်လီဗာရယ် "
အိမ်ရှေ့တွင် ကားထိုးရပ်လိုက်သည်။
" ခုလိုပြောပြတဲ့အတွက် ကျေးဇူးလဲတင်ပါတယ် ဒက်ဖနီ "
" အော်လီဗာ့ကို ယုံတယ်လေ၊ ပြီးတော့ သိထားသင့်တယ်ထင်လို့၊ ကလေးတွေလဲ စိတ်မပူစေချင် ဘူးလေ "
အော်လီဗာ ရယ်သည်။
" ကောင်းပါလေ့ဗျာ၊ ကိုယ်က သူတို့နဲ့ ဘယ်လို မိတ်ဆက်ပေးရမှာလဲ၊ ကလေးတို့၊ မင်းတို့ ဘာမှ မပူနဲ့၊ ဟောဒီ အန်တီ က အိမ်ထောင်သည် တစ်ယောက် ကို အရူးအမူး ချစ်နေတာလို့ ပြောရမလား "
ထိုတဒင်္ဂ တွင် အော်လီဗာ၏ မျက်လုံးများ ထူးဆန်းစွာရွှန်းလဲ့နေသည်။
" မင်းဟာ တော်တော့ကို ထူးဆန်းတဲ့ အမျိုးသမီးပဲ၊ ကြိုက်သွားပြီ၊ မင်းအတွက် ကိုယ် ဘာလုပ်ပေးရပေးရ ပါ။ ကိုယ့်ကို သူငယ်ချင်းကောင်းတစ်ယောက်လို သဘောထားနော်၊ လိုတာပြော "
" မပူပါနဲ့၊ ပြောမှာပါ၊ တစ်ခါတစ်ခါတော့ ခြောက်ခြောက်သွေ့သွေ့ နိုင်တာပေါ့လေ၊ ဒါပေမယ့် ကိုယ့် ဘာသာ ကိုယ် ထိန်းနိုင်လာတယ်၊ သေကောင်ပေါင်းလဲ နေထိုင်မကောင်းဖြစ်နေတာတောင် သူ့ရက် မဟုတ်ရင် သူ့ဆီ ဖုန်းမဆက်ဘူး၊ ကိုယ့်ကိစ္စ ကိုယ်ရှင်းလင်း၊ ဒက်ဖနီ့အတွက် အဆင်ပြေပါတယ် "
အော်လီဗာ ခေါင်းယမ်းသည်။
" မင်းနဲ့စာရင် ကိုယ်ဟာ ကလေးပဲ ဒက်ဖနီ "
လေးဆယ့်ခြောက်နှစ်ထဲ ရောက်ခဲ့ပြီ။ ခေါင်းအုံတာက အစ ဆာရာ၏ အပြုစုခံယူချင်နေဆဲ။
" သိပ်အထင်မကြီးနဲ့ ဦး၊ ဒက်ဖနီ ကြောင်တာ ဖြစ်ချင်ဖြစ်နေမှာ၊ အဖေနဲ့ အမေက ဒက်ဖနီကို အဲဒီလို ထင်ကြ တယ်၊ သိသလား "
" သူတို့ ဒီအကြောင်းတွေ သိလား "
" သိတယ်၊ အားလုံး ပြောပြထားတယ်၊ အမေက လပေါင်းများစွာ အငိုမတိတ်ဘူး၊ ခုတော့လဲ ဘာမှ ဆက် မပြောတော့ဘူး၊ အစ်ကိုက ကလေးခြောက်ယောက်တောင် ရှိတယ်၊ အဲဒါ ဒက်ဖနီ့ အတွက် ခပ်ကောင်း ကောင်းပဲ၊ အဘိုးကြီး၊ အဘွားကြီးရဲ့ အာရုံက ကလေးတွေ ဆီ မှာ ရောက်နေတာ များ တယ်လေ၊ တော်သေးတာပေါ့နော် "
နှစ်ယောက်သား ရယ်ပြီး ကားပေါ်မှဆင်းကြသည်။ အင်ဒီပြေးထွက်လာပြီး ပတတ်ရပ် နှုတ်ဆက်သည်။ ဒက်ဖနီ ဘောင်းဘီပေါ် တွင် ရှေ့ လက်နှစ်ဖက်အရာတွေ ထင်သွားသည်။ သို့သော် ဒက်ဖနီက အရေး မထား။
သူတို့ နှစ်ယောက် အိမ်ထဲဝင်သွားတော့ ဆမ်ကလေး တီဗွီထိုင်ကြည့်နေသည်။ မယ်လီဆာက မီးဖိုဆောင် တွင် အက်နက် ကို ကူနေ၏။ အော်လီဗာက ဒက်ဖနီနှင့် ဆမ်ကို မိတ်ဆက်ပေးသည်။ ဆမ်က အမျိုးသမီး ကို စိတ်ဝင်တစားကြည့်ပြီး ….
" အန်တီ ဖေဖေနဲ့အတူတူ အလုပ်လုပ်တာလားဟင် "
" ဒါပေါ့၊ အန်တီ့မှာ သားတို့အရွယ် တူကလေးတစ်ယောက်ရှိတယ်၊ သူကလဲ သားလိုပဲ နပန်းကားတွေ သိပ် ကြိုက်တာ "
ကိုးနှစ်သားကလေးတွေနှင့် လည်း ဒက်ဖနီ တည့်အောင် ပေါင်းတတ်ပုံရသည်။ ဆမ် သဘောကျ သွားဟန်ဖြင့် ခေါင်း ညိတ်သည်။
" ဖေဖေက သားကို မနှစ်က တကယ့်နပန်းပွဲ ခေါ်သွားတယ်၊ အရမ်းကြည့်ကောင်းတာပဲ "
" အန်တီ လဲ အန်တီ့တူကလေးရှောင်နဲ့ တစ်ခါသွားကြည့်ပါတယ်ကွယ်၊ သူက သဘောတွေကျလို့ အန်တီ ကတော့ ကြောက်လိုက်တာ "
ဆမ်ကလေး သဘောကျပြီး ရယ်နေသည်။ ထိုစဉ် မယ်လီဆာ အခန်းထဲ ပင်လာသည်။
" လာ …. သမီး၊ ဟောဒါက ဒက်ဖနီ ဟတ်ချင်ဆန်၊ ဒက်ဖနီ၊ ဒါသမီး မယ်လီဆာလေ "
အမျိုးသမီးနှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြသည်။ အက်နက်က မယ်လီဆာနောက်က ပါလာပြီးမှ မီးဖို ဆောင် ဘက် ပြန်လစ်သွားသည်။ သူ့စိတ်ထဲတွင် အစ်ကိုလေး အတွဲများနေပြီလားဟု တွေးရင်း သုတ်ခြေ တင်ခဲ့ခြင်းဖြစ်၏။ မမလေး လုပ်သါားပုံကြောင့် အစ်ကိုလေး အတွဲရှာလျှင် အက်နက် အပြစ်တင် မည် မဟုတ်ပါ။
အမျိုးသမီးနှစ်ယောက် စကားလက်ဆုံကျနေကြ၏။ မယ်လီဆာက စကားပြောရင်း ဒက်ဖနီ့ကို အကဲ ခတ်နေကြောင်း အော်လီဗာ သတိထားမိ၏။ ၀တ်စားထားပုံကို မယ်လီဆာသဘောကျသည်။ နက်မှောင် သည့် ဆံပင်က လျော့ရဲရဲ လွယ်ထားသော အနက်ရောင် သားရေလက်ကိုင်အိတ်နှင့် လိုက်ဖက် လှသည်။
ဒက်ဖနီ သည် ဘယ်တော့မဆို လှပသေသပ်စွာ ဆင်ယင်ထုံးဖွဲကတတ်၏။ အဖိုးတန်ရတနာများကို သူ့ကိုယ် ပေါ် တွင် တွေ့ရစမြဲ။ သူ့အဘိုးကြီးဆီမှ ရသည့် လက်ဆောင်များ ဖြစ်ဟန်တူသည်။
သူပြော သွားသည့် ဇာတ်လမ်းကို နားထောင်ပြီး အော်လီဗာ အံ့သြလို့ မဆုံးသေး။ စိတ်ဝင်စားစရာ လည်း ကောင်း၏။ မယ်လီဆာ သည် ဒက်ဖနီအား အန္တရာယ်ရှိမည့် အမျိုးသမီးမဟုတ်ကြောင်း သိနေ သည့် အလား တရင်းတနှီး စကားပြောသည်။ ဖေဖေနှင့် ရိုးရိုးသားသားဖြစ်ကြောင်း ဒက်ဖနီအမူအရာနှင့် အပြောအဆို များ က သက်သေခံနေသည်မဟုတ်လား၊
" ဘင်ဂျမင်ကော သမီး " နောက်ဆုံးမှ အော်လီဗာမေးသည်။
မယ်လီဆာက ဒက်ဖနီ့ကို ကြည့်နေရာမှ ပြုံးပြီး …
" အပြင်နေမှာပေါ့၊ ဖေဖေကလဲ အဆန်းလုပ်လို့၊ မယ်လီဆာမှာ အစ်ကိုတစ်ယောက်ရှိတယ် ဒက်ဖနီ၊ မတည့် ပါဘူး၊ သူ့ကို မုန်းတာ ဆယ့်ရှစ်နှစ်တောင် ရှိခါနီးပြီ၊ ခုတော့ တော်တော်လေး လူကြီးဆန်လာပါပြီ "
နွေးနွေးထွေးထွေး ရှိသည့် ဧည့်ခန်းထဲတွင် လေးဦးသား ဆက်စကားပြောကြသည်။ အင်ဒီကို ခေါ်ပြီး လမ်းထွက်လျှောက် လိုက်ကြသေး၏။ အင်ဒီကို ခေါ်ပြီး လမ်းထွက်လျှောက်လိုက်ကြသေး၏။ ညစာ စားချိန် ရောက်မှ ဘင်ဂျမင်ပြန်ရောက်လာသည်။ ပုံပျက်ပန်းပျက်ဖြစ်ကာ စိတ်ဓာတ် အကျကြီး ကျနေပုံ။ ဘောလုံးကို ကစားသည်ဆိုရုံကစားပြီး ဆာရာတို့အိမ်တွင် ၀င်ခွေနေခြင်းဖြစ်၏။
ဆန္ဒရာ ၏ အဖေနှင့်အမေ မှာ ကွဲနေကြပြီဖြစ်၍ သူတို့အတွက် တွေ့ချိန်တွေ ပိုရနေသည်။ အမေက အိမ်မှာ ကပ်သည် မရှိ။ အဖေက ဖီလာဒီဖီယားသို့ ပြောင်းသွားပြီ။
ဘင်ဂျမင် က ဒက်ဖနီကို အေးစက်စွာ ဆက်ဆံသည်။ ညစာစားဖို့ အပြင်ထွက်ကြတော့ ကားပေါ်တွင် အားလုံး တိတ်ဆိတ်နေကြသည်။ အော်လီဗာပြောသည့် အီတာလျံစားသောက်ဆိုင်ကလေးတွင် သူတို့ စားကြ သည်။
ညစာဝိုင်းကမူ စိုပြည်သည်။ ရယ်စရာတွေပြောကြ၊ ပျော်ပျော်ပါးပါးစားသောက်ကြနှင့် ဘင်ဂျမင်သည်ပင်လျှင် ရယ်ရယ်ပြုံးဖော် ရလာသည်။ သို့သော် အဖေနှင့် ဒက်ဖနီကို မကြာခဏ အကဲခတ် နေသည်။
အချိုပွဲ ကို အိမ်မှာပြန်စားကြသည်။ အက်နက်၏ လက်ဖြစ်မုန့်တွေနှင့် အသီးအနှံတွေ။ သူတို့တစ်တွေ အချို တည်းနေကြစဉ် အင်ဒီက မီးးလင်းဖိုနားတါင် အားလျားမှောက်အိပ်နေ၏။ သူတို့ အားလုံး အတွက် ပျော်စရာ နေ့တစ်နေ့ဖြစ်သည်။ သည်လို နေ့မျိုးနှင့် ဝေးခဲ့သည်မှာ ကြာပြီ။
ဆမ်ကလေးပြောသည့် တစ္ဆေပုံပြင်တွေကို ၀ိုင်းနားထောင်နေစဉ်တွင် တယ်လီဖုန်း မြည်လာ သည်။ အော်လီဗာ သွား ကိုင်တော့ တစ်ဖက်က အဖေ့အသံကို ကြားရ၏။ အားလုံး ၀ိုင်းပြီး နားစွင့်နေ ကြသည်။
" ဟုတ်ကဲ့ … ဟုတ်ကဲ့ … ဖေဖေ၊ ဖြည်းဖြည်းပြောပါ၊ ခု … ဘယ်မှာလဲ၊ ဟုတ်လား၊ ဖေဖေတော့ နေကောင်း တယ်နော်၊ စိတ်အေးအေးထားပါဖေဖေ၊ အဲဒီမှာ ပဲနေ၊ ကျွန်တော် လာခေါ် မယ်၊ ကားကို အဲဒီမှာပဲ ထား လိုက်ပေါ့၊ မနက်ဖြန်မှ ယူရင်ဖြစ်တာပဲ "
စိတ်ပျက်လက်ပျက် အမူအရာနှင့် တယ်လီဖုန်းချလိုက်သည်။ ကလေးတွေ သူ့ကို အထိတ်တလန့် စောင့် ကြည့်နေ ကြ၏။ သူ့လက်တွေမသိမသာ တုန်နေသည်။
" ဘာမှ မဟုတ်ပါဘူး၊ အဘွား ကားမောင်းရင်း အိမ်နီးနားချင်းတစ်ယောက်ကို တိုက်မိလို့တဲ့၊ အခြေအနေ သိပ်မဆိုး ပါဘူး၊ အဘွားနည်းနည်း စိတ်ထိခိုက်သွားတယ်၊ ဒီည သူ့ကို ဆေးရုံမှာပဲ ထားရမယ်၊ ဘိုးဘိုး အရမ်း စိတ်ပူနေ တယ် …..
" တော်သေးတယ်၊ ၀င်တိုက်ခံရတဲ့သူငယ်က လျင်လို့၊ ခုန်ပြီးရှောင်လိုက်တာ ခြေသပွတ်တိုင် လည်သွား ရုံပဲ၊ မဟုတ်ရင် နှစ်ယောက်စလုံးမလွယ်ဘူး "
" အဘွား ကို ကားပေးမောင်း ဖို့ မကောင်းတော့ပါဘူးဖေဖေရယ် "
မယ်လီဆာ ပူပူပင်ပင် ပြောသည်။
" ဘိုးဘိုးက ပေးမမောင်းတော့ပါဘူး သမီးရဲ့၊ ဘိုးဘိုး အလစ်မှာ မောင်းထွက်သွားတာ "
ဆေးရုံရောက်တော့ ဆရာဝန်ဆရာမများအား အဘွားကသားကို ကျောင်းကြိုဖို့ မောင်းလာတာပါကွယ်" ဟု ပြောကြောင်းနှင့် တယ်လီဖုန်းပြောရင်း ဘိုးဘိုး ငိုနေသည့်အကြောင်းကိုတော့ အော်လီဗာ ထည့် မပြော တော့။ စိတ္တဇဆေးရုံတွင် တင်ထားပြီး အနီးကပ် ကုသဖို့လိုပြီဟု ဆရာဝန်တွေက မှတ်ချက် ချကြောင်း ပြော ရင်း ဖေဖေ တရှုပ်ရှုပ် ငိုချလိုက်ခြင်းဖြစ်၏။
ဒက်ဖနီ ကို အော်လီဗာ တစ်ချက်လှမ်းကြည့်ပြီး …
" စိတ်တော့မကောင်းဘူး ဒက်ဖနီ၊ ဒါပေမယ့် ကိုယ်သွားလို့မဖြစ်ဘူး၊ အမေ့ထက် ဖေဖေ့အတွက် ပိုပြီး စိတ် ပူစရာ ဖြစ်နေတယ်၊ မင်းကို ကိုယ်ဘူတာရုံမျာ ချပေးခဲ့မယ်လေ "
ရထားချိန် က တစ်နာရီခန့် လိုသေးသည်။ ဘူတာရုံမှာ သူ့ကို တစ်ယောက်တည်း ထားခဲ့ရမည့် အတွက် အော်လီ အားတုံ့အားနာဖြစ်နေသည်။
" ရပါတယ်၊ ဒက်ဖနီ တက္ကစီနဲ့သွားမှာပေါ့၊ ကိုယ့်ဘာသာကိုယ်သွားလေ "
ဒက်ဖနီ က ကလေးတွေမျက်နှာကို ဝေ့ကြည့်လိုက်သည်။
" ကလေးတွေနဲ့ ဆက်စကားပြောနေမယ်လေ၊ သူတို့သဘောကျမယ် ဆိုရင်ပေါ့ "
မယ်လီဆာနှင့် ဆမ်က ၀မ်းသာအားရ လက်ခံသည်။ ဘင်ဂျမင်ကမူ ခပ်မဆိတ်နေ၏။
" အဲဒါ ကောင်းတယ် "
အော်လီဗာ ကျေးဇူးတင်စွာ ပြုံးလိုက်ပြီး မယ်လီဆာကို ကိုးနာရီဆယ့်ငါးမိနစ်တိတိတွင် တက္ကစီခေါ်ပေး ဖို့ ပြောပြီးမှ …..
" ဘင်ဂျမင် မောင်းပို့လဲ ရတာပဲ "
" တက္ကစီနဲ့ပဲ သွားပါ့မယ်၊ ဘင်ဂျမင်မှာ လုပ်စရာတွေရှိဦးမှာပေါ့၊ ပြီးတော့ ….. အဘွားကြီးတွေကို ဘယ်မောင်းပို့ချင်ပါ့မလဲ "
တင်းတင်းကျပ်ကျပ်ဖြစ်နေသည့် ဘင်ဂျမင့် အမူအရာကို သတိထားမိသဖြင့် ဒက်ဖနီ အရွှန်းဖောက် လိုက်ခြင်းဖြစ်၏။
ခဏနေတော့ အော်လီဗာ ထွက်သွားသည်။ ဘင်ဂျမင်လည်း ကလေးနှစ်ယောက်နှင့် ဧည့်သည်ကို ထားခဲ့ပြီး မသိမသာ လစ်ထွက်သွားသည်။
ဆမ် က မုန့်ထပ်ထည့်ရန် မီးဖိုဆောင်ဘက်သို့ ထွက်သွားချိန်တွင် မယ်လီဆာက သူက နေသည့် ပြဇာတ် ဇာတ်ညွှန်း ကို အပေးထပ်သို့ ပြေးတက်ယူသည်။ ဒက်ဖနီ့ကို သူပြချင်လှပြီ။ အက်နက်က သူ့အလုပ်ပြီး သဖြင့် အိပ်ရာဝင်သွားပြီ။ ဒက်ဖနီ တစ်ယောက်တည်း ဧည့်ခန်းထဲတွင် ကျန်ခဲ့၏။
ထိုစဉ် တယ်လီဖုန်း မြည်လာခြင်းဖြစ်၏။ ဘာလုပ်ရမှန်းမသိဘဲ ခဏတွေနေသည်။ ကလေးတွေ ပြန်ပေါ် မလာသေး သဖြင့် ကောက်ကိုင်လိုက်ရသည်။ အော်လီဗာထင်ပါရဲ့၊ ဘာများ ဖြစ်လို့ပါလိမ့် …။
သို့သော် ဖုန်းထဲမှ အသံက အမျိုးသမီး တစ်ယောက်၏အသံ။
" အော်လီဗာ အပြင်ထွက်သွားပါတယ်ရှင်၊ ဘာပြောပေးမလဲဟင် "
အလုပ်သဘော ဆန်ဆန် ပြန်ပြောလိုက်သည်။ ဆာရာ ပင် ဖြစ်ရမည်ဟု စိတ်ထဲက သိလိုက်၏။
" ကလေးတွေကော "
စိတ်အနှောင့်အယှက်ဖြစ်သွား သည့် လေသံဖြင့် ခပ်ပြတ်ပြတ်မေးသည်။
" ရှိပါတယ်၊ ခေါ်ပေးရမလားဟင် "
" အဲ … အင်း … ခေါ်ပေးပါလား၊ နေ … နေပါဦး၊ စိတ်မရှိနဲ့နော်၊ ခုပြောတာ ဘယ်သူပါလဲ "
မယ်လီဆာ လာနေပြီ။ တယ်လီဖုန်းထဲသို့ အသံနိမ့်ဖြင့်
" ကျွန်မ ကလေးထိန်းပါ၊ မယ်လီဆာ လာနေပါပြီ၊ ပြောနော် "
မယ်လီဆာကို ကြင်နာစွာ ပြုံးပြရင်း တယ်လီဖုန်း လှမ်းပေးလိုက်သည်။ ပြီးမှ ဆမ်ကလေးရှိရာ မီးဖိုဆောင် သို့ထွက်ခဲ့သည်။
ချာတိတ် က ပန်းသီးတွေ ပလုတ်ပလောင်းစားရင်း ဒက်ဖနီ့အတွက် မုန့်တွေလှီးနေသည်။
" သားမေမေဆီက ဖုန်းထင်တယ်၊ မယ်လီဆာနဲ့ စကားပြောနေတယ် "
" ဟုတ်လား … "
ဆမ်ကလေး လုပ်လက်စတွေအားလုံး ပစ်ချခဲ့ပြီး ဧည့်ခန်းဆီသို့ ပြေးထွက်သွားသည်။ ဆယ်မိနစ်ကြာမျ သူတို့ နှစ်ယောက် ပြန်ရောက်လာသည်။ မောင်နှမ နှစ်ယောက်စလုံး မျက်နှာလေးတွေညှိုးလို့။ ဒက်ဖနီ့ ရင် ထဲ တွင် နင့်ခနဲဖြစ်သွားသည်။ ဆမ်က မျက်ရည်စတွေကို အင်္ကျီလက်ဖြင့် သုတ်နေ၏။ မအေနျင့် စကားပြော ရင်းမျက်ရည်ကျခဲ့ ဟန် တူ၏။
"ကဲ … ဘယ်သူ မုန့်ထပ်ယူကြဦးမလဲ "
ဒက်ဖနီ က သူတို့နှစ်ယောက်ကို အာရုံပြောင်းပေးချင်သည်။ သို့သော် မည်သို့ပြုရမည်ကို မသိဘဲဖြစ်နေ ၏။ မယ်လီဆာက စူးစမ်းသည့် မျက်လုံးများဖြင့် သူ့ကိုကြည့်ပြီး မေးသည်။
" ဒက်ဖနီ က ဘာဖြစ်လို့ မေမေ့ ကို ကလေးထိန်းလို့ ပြောလိုက်တာလဲဟင် "
ဒက်ဖနီ မယ်လီဆာ ကို တည့်တည့်စိုက်ကြည့်လိုက်သည်။
" ဘာဖြစ်လို့ အဲဒီလို ပြောလိုက်ရသလဲဆိုရင် သမိးမေမေ စိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့၊ အထင်မှား အမြင်မှားဖြစ်မျာစိုးလို့ပဲ၊ ဖေဖေ နဲ့ အန်တီဒက်ဖနီက ရိုးရိုးမိတ်ဆွေတွေ၊ အန်တီ့မှာ သိပ်ချစ်ရတဲ့ ချစ်သူရှိ တယ်လေ၊ ဖေဖေနဲ့ အန်တီ ဟာ ဘယ်တော့မှ သူငယ်ချင်းအဆင့်က တက်မှာ မဟုတ်ဘူး …. ဒါကြောင့် သမီး တို့မေမေ စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူးလေ …
" အထင်အမြင် လဲ မလွဲစေချင်ဘူး၊ ဒီကိစ္စမျိုး မပါသေးဘဲနဲ့ကိုပဲ သမီးတို့မိသားစုမှာ ဝေဒနာတွေကိုယ်စီ ခံစားနေကြရတယ် ဆိုတာ ကိုယ်သိနေတယ်လေ "
မယ်လီဆာ ခေါင်းညိတ်သည်။ ဒက်ဖနီ့ ကို ကျေးဇူးလည်းတင်မိ၏။
" လာမယ့် အပတ်မှာလဲ မပြန်နိုင်သေးဘူးတဲ့ ဒက်ဖနီရယ်၊ ကျောင်းစာတွေပိနေလို့တဲ့ "
ဆမ် ကလေး တရှုပ်ရှုပ်ငိုနေပြန်သည်။ ဒက်ဖနီ အမှတ်မထင်ဆွဲပြီး ပွေ့ဖက်ထားလိုက်မိသည်။
" ပြန်လာဖို့ အဆင်မပြေသေး လို့ နေမှာပေါ့ သားရယ်၊ နောက်တော့ အပတ်စဉ် ပြန်လာနိုင်မှာပေါ့၊ တိတ်တော့နော် "
မယ်လီဆာက ကျေနပ်ဟန်မတူ။ ဆမ်က တွေးတွေးဆဆ လေသံဖြင့် ..
" သားတို့က ဘာလို့ လိုက်သွားပြီး မတွေ့နိုင်ရတာလဲ "
" အဲဒါတော့ အန်တီလဲ မသိသေးဘူးသားရယ် "
မျက်ရည်သုတ်ပေးရင်း ဒက်ဖနီပြောသည်။ သုံးယောက်သားထိုင်ပြီး ရှေ့မှ ပန်းသီးတွေနှင့် မုန့်တွေကို ဘယ်သူ မှ သတိမရကြတော့။
မယ်လီဆာက မကျေနပ်သည့်လေသံဖြင့် …
" အခန်းပြင်လို့ မပြီးသေးဘူးတဲ့၊ တို့ အိပ်စရာ နေရာမရှိဘူးတဲ့၊ လုံးဝမမိုက်ဘူး "
ဆမ်ကလေး အငိုတိတ်သွားသည်။ သုံးယောက်သားဆက်ပြီး စကားကောင်းနေသဖြင့် ကိုးနာရီ ဆယ့်ငါးမိနစ် ကျော်သွားသည်။
ဒက်ဖနီ သတိရပြီး နာရီကြည့်တော့ ကိုးနာရီခွဲနေပြီ။
" ဟောတော့ … ဒုက္ခပါပဲ၊ နောက်ရထား ရှိသေးလားဟင် "
မယ်လီဆာ က ခေါင်းညိတ်ပြီး …
" ဆယ့်တစ်နာရီ မှာ တစ်စီးရှိသေးတယ် ဒက်ဖနီ "
" ဒါဆို အဲဒီရထား နဲ့မှ ပြန်တော့မယ် "
" ဟာ … သိပ်ကောင်းပေါ့ "
ဆမ်ကလေးက ဒက်ဖနီ့လက်ကိုဆွဲပြီး ၀မ်းသာအားရပြောသည်။ သို့သော် သူတို့နှစ်ယောက်လုံး စိတ်ပန်း လူပန်းဖြစ်နေပုံ။ ဆမ်ကလေးကို ချော့သိပ်လိုက်သည်။
ပြီးတော့ မယ်လီဆာနှင့် စကားဆက်ပြောသည်။ မယ်လီဆာပါ အိပ်ငိုက်လာသဖြင့် ဆယ် နာရီကျော်ကျော် တွင် တက်အိပ်ခိုင်းလိုက်သည်။
" သွားအိပ်တော့ သမီး၊ ဆယ်နာရီခွဲလောက်မှ ကိုယ့်ဘာသာ တက္ကစီခေါ်ပြီး ပြန်မယ်၊ လောလောဆယ် စာ ဖတ်နေမယ် "
မယ်လီဆာ အားတုံ့အားနာနှင့် တက်သွားသည်။ ဒက်ဖနီ စာဖတ်ကျန်ရစ်၏။
ဆယ်နာရီခွဲ ခါနီးတွင် အော်လီဗာ ပြန်ရောက်လာသည်။
ဒက်ဖနီ မပြန်သေးကြောင်း တွေ့ရသဖြင့် တအံ့တသြ ဖြစ်နေသည်။ ဒက်ဖနီက ရောက်မဆိုက် …
" အခြေအနေ ဘယ်လိုလဲဟင်၊ အော်လီတို့ ဖေဖေကော "
" အင် … မဆိုးဘူးထင်ပါတယ် "
အော်လီဗာ့ ကို ကြည့်ရသည်မှာ အလွန်အမင်း နွမ်းနယ်နေပုံ။ အဖေ့ကို ကိုယ်တိုင် အိပ်ရာထဲ ပို့ခဲ့ရသည်။ ကလေး တစ်ယေက် လို ချော့သိပ်ခဲ့ရသည်။ အမေ့ကိစ္စ ဘာဆက်လုပ်မည်ကို မနက်ဖြန်မှ ဆုံးဖြတ်ကြဖို့ နှင့် နောက်နေ့ ဆက်ဆက်လာခဲ့မည့်အကြောင်း ပြောပြီး ပြန်ခွင့်တောင်းခဲ့ရသည်။
" စိတ်ဓာတ်ကျ စရာ ပါပဲကွာ၊ မေမေက စိတ်ရောဂါ နဲ့ ဆေးရုံမှာ၊ ဖေဖေက မေမေ့အဖြစ်ကိုကြည့်ပြီး ဗုန်းဗုန်း လဲမယ့် အခြေအနေ "
" ဒက်ဖနီ စိတ်မကောင်း လိုက်တာ အော်လီဗာရယ် "
အဖေနှင့်အမေ ငယ်ကြသေး၍ တော်သေးသည်ဟု ဒက်ဖနီတွေးနေမိသည်။ အဖေနှင့်အမေက ခုနစ်ဆယ် နှင့် ခုနစ်ဆယ့်ငါး ဆိုပေမယ့် ငါးဆယ်လောက်ပဲ အောက်မေ့ရသည်။ ဆာရာ ဖုန်းဆက်သည် ကို သတိရလာ ပြီး …
" သြော် … ဒါထက် … အမျိုးသမီးဖုန်းဆက်လာတယ် "
" ဟာ … ဒုက္ခပါပဲ၊ သူတို့အမေကို ကလေးတွေ ဘာများလျှောက်ပြောသေးလဲဟင် "
" မသိဘူး အော်လီဗာ၊ ဒက်ဖနီ မီးဖိုခန်းထဲ သွားနေတယ်၊ လွတ်လွတ်လပ်လပ်ပြောရအောင်လို့လေ၊ ဒါပေမယ့် ဖုန်းလာတော့ ဧည့်ခန်းထဲမှာ ဘယ်သူမှ မရှိတာနဲ့ ဒက်ဖနီ ကိုင်လိုက်တယ်၊ ဘယ်သူလဲမေးတော့ ကျွန်မ ကလေးထိန်း ပါလို့ ပြောလိုက်တယ် "
နှစ်ယောက်သား ရယ်ကြသည်။
" ကျေးဇူးတင်ပါတယ် ဒက်ဖနီ၊ စကားပြောပြီးတော့ သူ တို့အခြေအနေ ဘယ်လိုအကဲခတ်မိသလဲ "
" မောင်နှမနှစ်ယောက် စိတ်ဓာတ်ကျသွားပုံရတယ်၊ ဒီအပတ်လဲ ဆာရာ ပြန်မလာနိုင်သေးဘူးတဲ့၊ သူတို့ လိုက်သွားဖို့လဲ အခြေအနေမပေးသေးဘူး ဆိုလားပဲ၊ ဆမ်ကလေးငိုတယ်၊ ဒါပေမယ့် ဒက်ဖနီချော့တော့ အငိုတိတ်သွားတယ်"
" မင်းဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ မိန်းကလေးပဲ ဒက်ဖနီ "
နာရီကို ငုံ့ကြည့်လိုက်သည်။ စိတ်မကောင်းဖြစ်သွား၏။
" ကိုယ်မလုပ်ချင်တဲ့အလုပ်ကို လုပ်ရတော့မယ်၊ မင်းကို ဘူတာရုံလိုက်ပို့မယ်လေ … သွားစို့ "
ဒက်ဖနီ ကျေးဇူးတင်ကြောင်း ပြောသည်။ လမ်းတွင် တစ်နေ့တာအကြောင်း စားမြုံ့ပြန်ရင်း ဒက်ဖနီက …
" ဒီနေ့ စိတ်မကောင်းစရာတွေချည်းပဲနော် "
" ဟုတ်တယ် ဒက်ဖနီ၊ မင်းကိုထားခဲ့ပြီး ထွက်သွားရတဲ့အတွက်လဲ ကိုယ် စိတ်မကောင်းဘူး "
" အို … ကိစ္စမရှိပါဘူး၊ အော်လီအတွက်သာ ဒက်ဖနီ စိတ်မကောင်းတာပါ၊ တစ်နေ့နေ့တော့ အခြေအနေတွေ ကောင်းလာမှာပေါ့လေ "
အော်လီဗာ နွမ်းလျစွာပြုံးပြီး …
" အဲဒီနေ့ရောက်တော့ ကိုယ်က သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေရောပေါ့ "
နှစ်ယောက်သား ရထားစောင့်ကြသည်။ ရထား လာတော့ အစ်ကိုက ညီမ ကို နှုတ်ဆက် ဟန်ဖြင့် ပွေ့ဖက် နှုတ်ဆက် သည်။ ရထား ထွက်တော့ အတန်ကြာ လက်ပြနှုတ် ဆက်ကြ သည်။
ကား ကို ခပ်ဖြည်းဖြည်းမောင်းပြန်လာခဲ့သည်။
ရင်ထဲ တွင် တင်းကျပ်ကျပ်ကြီး ဖြစ်နေ၏။ ဒက်ဖနီသာ လွတ်လွတ်လပ်လပ်ဆိုလျှင် အခြေအနေ တစ်မျိုး တစ်ဖုံဖြစ်လာနိုင် မလားပဲ။ အို …. ဒါတွေက တဒင်္ဂစိတ်လှုပ်ရှားမှုတွေပါ။
ဒက်ဖနီ ဘယ်လောက်လှလှ၊ ဘယ်လောက်တော်တော် … အော်လီဗာ အလိုချင်ဆုံးက ဆာရာသာပါ။
အိမ်ရောက်ရောက် ချင်း သူပေးထား သည့် ဖုန်းနံပါတ် ကို ကောက် လှည့်သည်။ သို့သော် ဘယ်သူမှ လာ မကိုင်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၁ဝ)
ထိုင်ရာမှ ကျွန်မတို့ ထလိုက်ကြပါသည်။ ကျွန်မ၏စိတ်များ အလွန်အမင်း လှုပ်ရှားနေကာ မျက်နှာ မှာ သွေးရောင် လွှမ်းနေပါသည်။ ခြေတွေ လက်တွေလည်း တဆတ်ဆတ် တုန်နေပါသည်။ အကယ်၍ များ သူက ကျွန်မလက်ကို ဆွဲကိုင်ကာ… "တို့ကို ဝမ်းသာစကား မင်း ပြောရလိမ့် မယ်နော်… ဒီမိန်းကလေး နဲ့ ကျုပ်နဲ့ လက်ထပ်ကြတော့မလို့လေ" ဟုများ စားပွဲထိုး ကို ပြုံးပြုံးကြီး ပြောလိုက်ချေသော် ခက်ရချည့်ရဲ့ဟု ကျွန်မ တွေးနေမိပါသည်။ သူ့ စကား ကို တခြား စားပွဲထိုး များကပါ ကြားလိုက်ကြရမည် ဆိုပါစို့။ အားလုံး က အပြုံးကိုယ်စီဖြင့် ကျွန်မတို့ ကို ဦးညွှတ် အရိုအသေ ပြုပြီး နှုတ်ဆက်ကြပေလိမ့်မည်။ ဧည့်ခန်းကြီး ကိုဖြတ်ပြီး ကျွန်မတို့ လျှောက် သွားကြသောအခါတွင် အံ့သြတကြီးဖြစ်သွားသည့် အမူအရာများ၊ စိတ်အား ထက်သန်စွာ ပြောဆိုသံ များ ဖုံးလွှမ်း သွားပေလိမ့်မည်။ ကို ဆက်ဖတ်ရန်........
သို့သော်လည်း ကျွန်မ စိတ်ကူးကြည့်သလို ဖြစ်မလာပါ။ သူက စားပွဲထိုးကို ဘာစကားမျှမပြောပါ။ ဘာ မျှ မပြောတော့ဘဲ ကုန်းလျှောနေရာကလေးမှ သူ ထွက်ခွာသွားပါသည်။ ကျွန်မကလည်း သူ့နောက်မှ ကပ်ပါရင်း ဓာတ်လှေကားရှိရာသို့ သွားပါသည်။ ဧည့်ကြိုစားပွဲနားမှ ကျွန်မတို့ဖြတ်လျှောက်သွားတော့ မည်သူကမျှ ကျွန်မ တို့ကို မော်၍ပင်မကြည့်ကြပါ။ ဧည့်ကြိုစာရေးသည် စာရွက်တစ်ထပ်ကြီးဖြင့် အလုပ် ရှုပ်နေ ပါသည်။ သူ့လက်ထောက်ကိုလည်း သမင်လည်ပြန်ပြန်ကြည့်ရင်း စကားလှမ်းပြောနေပါသည်။ ကျွန်မ သည် မစ္စက်ဒီဝင်းတားဖြစ်တော့မည့်အကြောင်းကို သူ ဘာမျှသိပုံမပေါ်ဟု ကျွန်မ တွေးလိုက်မိပါ သည်။ မန်ဒါလေစံအိမ်ကြီးမှာ ကျွန်မ နေထိုင်ရတော့မည်။ မန်ဒါလေစံအိမ်ကြီးကို ကျွန်မ ပိုင်ဆိုင် ရ တော့မည်။
ဒုတိယထပ် သို့ ဓာတ်လှေကားဖြင့် ကျွန်မတို့ တက်လာကြသည်။ ပြီးတော့ စင်္ကြံလမ်းအတိုင်း ဆက် လျှောက်သွားကြသည်။ သူက ကျွန်မ၏လက်တစ်ဖက်ကိုကိုင်ကာ ဟန်ပါပါ ဆွဲယမ်း ရင်း လျှောက် လာ ပါသည်။
"အသက် ၄၂ နှစ်ဆိုတာ မင်းအတွက် သိပ်များကြီးနေပြီလို့ ထင်သလားဟင်"ဟု သူက မေးပါသည်။
"အို… မထင်ပါဘူးရှင်။ အသက်ငယ်တဲ့ ယောက်ျားတွေကိုလဲ ကျွန်မ မကြိုက်ပါဘူး"ဟု ကျွန်မက စိတ် အား ထက် သန်စွာဖြင့် ခပ်မြန်မြန် ပြန်ဖြေလိုက်မိပါသည်။
"အသက်ငယ်တဲ့ ယောက်ျားတွေအကြောင်းလဲ မင်း ဘယ်တုန်းကမှ မသိခဲ့ပါဘူးကွယ်"
ပြောရင်းဆိုရင်း မှာပင် မစ္စက်ဗန်ဟော့ပါး၏အခန်းရှေ့သို့ ရောက်လာကြပါသည်။
"ဒီအကြောင်း ကို ကိုယ်တစ်ယောက် တည်း ဝင်ပြောပြလိုက်တာ ကောင်းလိမ့်မယ်"ဟု သူက ပြောပါ သည်။ တစ်ဆက်တည်း ပင် "ကိုယ့်ကို တစ်ခုပြောပြစမ်းပါဦး၊ ကိုယ်နဲ့ မြန်မြန်လက်ထပ်ရမယ့်အတွက် မင်း ဘယ်လိုမှ မအောက်မေ့ပါဘူးနော်၊ မင်္ဂလာခန်းဝင်ပစ္စည်းတွေ ဘာတွေဝယ်မနေချင်တော့ဘူး မဟုတ်လား။
တကယ်တော့ ဒါတွေဟာ ဘာမှအဓိပ္ပာယ်မရှိပါဘူးနော်။ ဘာကြောင့်လဲဆိုတော့ လက် ထပ်တဲ့ကိစ္စဟာ တစ်ရက်နှစ်ရက် အတွင်းမှာ အားလုံးချောချောမောမော ပြီးသွားမှာပါ။ စားပွဲပေါ်မှာတင် လက်ထပ်ခွင့် လိုင်စင်ရမယ်ကွာ၊ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီး ဖြစ်သွားမယ်ကွာ၊ ပြီးတော့ ဗင်း နစ်မြို့ ကို မော်တော်ကားနဲ့ သွားကြမယ်။ ဒါမှမဟုတ်လဲ မင်း သွားချင်တဲ့ ဘယ်နေရာကိုမဆိုပေါ့"
"ဘုရားရှိခိုးကျောင်း မှာ လက်ထပ်မှာမဟုတ်ဘူးလား။ ဟိုလေ… အဖြူရောင်ဂါဝန်ကိုဝတ်လို့၊ သတို့သမီး ရံတွေ ဘာတွေနဲ့ ပေါ့။ ခေါင်းလောင်းတွေကလဲ ထိုးလို့လေ။ ဘုရားစာတွေရွတ်တဲ့အဖွဲ့နဲ့။ အဲဒီလိုမျိုး မဟုတ်ဘူး လား ဟင်… ပြီးတော့ အစ်ကို့ဆွေမျိုးတွေ မိတ်ဆွေအပေါင်းအသင်းတွေရော…"ကျွန်မက တသီကြီး မေးချ လိုက်မိပါသည်။
"မင်း မေ့သွားပြန်ပြီ။ အဲဒီလိုပုံစံမျိုးနဲ့ အလျင်တုန်းက ကိုယ် လက်ထပ်ခဲ့ဖူးပြီလေ…"ဟု သူက ပြန်ပြော ပါ သည်။
အဘွားကြီး၏အခန်းရှေ့မှာ ကျွန်မတို့ရပ်နေမိကြပါသည်။ စာထည့်သည့်ပုံးထဲသို့ ထိုးကြိတ် ထည့် ထား သော သတင်းစာ များကို သတိပြုမိသည်။ သည်နေ့မနက် နံနက်စာစားချိန်တွင် သတင်းစာကိုပင် မဖတ် အားလောက်အောင် ကျွန်မတို့ အလုပ်များခဲ့ကြပါသည်။
"ကဲ… ဘယ်လိုလဲ… မင်း သဘောထားက ဘယ်လိုလဲ…"
"ကောင်း ပါတယ်လေ… ကျွန်မက ကိုယ့်တိုင်းပြည်မှာပြန်ပြီး လက်ထပ်ကြရင် ကောင်းမလားလို့ စဉ်းစား လိုက်မိ လို့ပါ။ တကယ်ကတော့ ဘုရားရှိခိုးကျောင်းမှ လက်ထပ်ကြဖို့တို့… လူတွေ တလှေကြီးဖိတ်တာ မျိုးတို့… အဲဒီလို ကြီးကြီးကျယ်ကျယ်တွေပေါ့လေ… ဒါမျိုးကို ကျွန်မ မျှော်မှန်းမထားမိခဲ့ပါဘူး"
ကျွန်မ က သူ့ကို ပြုံးပြလိုက်ပါသည်။ မျက်နှာအမူအရာကိုလည်း ဝမ်းမြောက်ဝမ်းသာဖြစ်နေဟန် လုပ်ပြ လိုက်ပါသည်။
"အဲဒါဆို တစ်မျိုးပျော်စရာကောင်းမှာပေါ့နော်"ဟူ၍လည်း သူ့ကိုဆက်ပြောမိပါသည်။
သူက အခန်းတံခါး ကို ဆွဲဖွင့်လိုက်သည်။ ဧည့်ခန်းအဝင်ပေါက်သို့ ကျွန်မတို့ဝင်လာခဲ့ကြပါသည်။
"သူငယ်မလားဟေ့…"ဟု ဧည့်ခန်းတွင်းမှ မစ္စက်ဗန်ဟော့ပါး၏အသံ ထွက်လာပါသည်။ "မင်း ဘာတွေ လျှောက် လုပ်နေတာလဲ။ ရုံးကို ငါ ဖုန်းဆက်တာ သုံးခါရှိသွားပြီ။ မင်း အရိပ်အယောင်ကိုတောင် မတွေ့ ဘူး လို့ သူတို့က ပြောတယ်" ကျွန်မ၏ရင်ထဲမှာ ရယ်ချင်စိတ် ရုတ်တရက် ပေါ်လာပါသည်။
တစ်ဆက်တည်း ငိုချင်စိတ်လည်း ပေါ် လာပြန်ပါသည်။ ရယ်ခြင်းအမှု၊ ငိုခြင်းအမှု နှစ်ခုစလုံးကို တစ်ပြိုင် တည်း ပြုလုပ်လိုစိတ်လည်း ပေါ်လာပါ သည်။ ပြီးတော့ ရင်ထဲမှာလည်း နာကျင်သည့်ဝေဒနာမျိုးကို ခံစား လာရပါသည်။ ဒါတွေ ဘာမှဖြစ်မလာ လျှင် ကောင်းလေစွဟူသော စိတ်ရူးစိတ်မိုက်ကလေးလည်း ထိုအချိန် အတွင်းမှာ ပေါ်လာပါသည်။ အခြားတစ်နေရာရာမှာ ကျွန်မတစ်ယောက်တည်း ရှိနေလိုက်ချင် သည်။ သည်အတိုင်းလျှောက်သွားနေ လိုက်ချင်သည်။ စိတ်လွတ်လက်လွတ်ဖြင့် လေကလေးပါ ချွန်နေလိုက် ချင်သည်။
"ဒါတွေ အားလုံး ကျွန်တော့်အပြစ်ချည်းပါပဲ ခင်ဗျာ" မစ္စတာဒီဝင်းတားက ပြောပြောဆိုဆိုဖြင့် အခန်း တံခါး ဖွင့်ကာ အတွင်းသို့ဝင်သွားပါသည်။ ပြီးတော့ တံခါးကို ပြန်ပိတ်လိုက်သည်။ အဘွားကြီး၏အံ့သြ တကြီး အာမေဍိတ်ပြုသံကို ကြားလိုက်ရပါသည်။
ကျွန်မကမူ အိပ်ခန်းထဲသို့ဝင်ခဲ့ပြီး ဖွင့်ထားသောပြတင်းပေါက်နားမှာ ထိုင်လိုက်ပါသည်။ ဆရာဝန် ၏ ဆေးဝါးကုသခန်းအပြင်ဘက်ရှိ ဧည့်ခန်းကလေးထဲမှာ ထိုင်စောင့်နေရသည်နှင့်ပင် တူသေးတော့ သည်။ ယင်းသို့ထိုင်စောင့်ရင်း မဂ္ဂဇင်းတစ်အုပ်၏စာမျက်နှာများကို လှန်လှောကြည့်နေရသလို၊ အရေးမကြီး သော ဓာတ်ပုံများကို အဓိပ္ပာယ်မရှိ ကြည့်နေရင်း ရေးထားသည့် ဆောင်းပါးများကိုလည်း ဖတ်နေရ သ လို၊ သို့သော်လည်း ထိုဆောင်းပါးပါ အကြောင်းအရာများကိုမူ ဘယ်တော့ မှ ပြန်လည် မမှတ်မိတော့သ လို ခံစားနေရပါသည်။
သွက်လက် ချက်ချာသည့် သူနာပြုဆရာမကလေး ထွက်လာသည်အထိ စောင့်နေရသည့်ပုံမျိုး။ "ကောင်း သွားပါပြီ။ ခွဲစိတ်ကုသမှုဟာ သိပ်ကို အောင်မြင်သွားပါပြီ။ ဘာမှပူစရာမလိုတော့ပါဘူး။ ကျွန်မ တော့ အိမ်ပြန်ပြီး တစ်ရေးလောက် အိပ်ပစ်လိုက်ဦးမယ်"ဟု ပြောသွားသလို ခံစားနေရပါသည်။
သည်ဟိုတယ်ခန်းထဲက အုတ်နံရံများမှာ ထူထဲလွန်းလှပါသည်။ ထို့ကြောင့် တစ်ဖက်ဧည့်ခန်းတွင်းမှ စကားပြောသံ များကို မကြားရပါ။ မစ္စတာဒီဝင်းတားက မစ္စက်ဗန်ဟော့ပါးကို ဘာတွေများ ပြောနေမလဲ၊ ဘယ်လိုစကားလုံးတွေ ကိုများ သူ ရွေးချယ်အသုံးပြုနေမလဲ ဟု ကျွန်မ တွေးကြည့်နေမိပါသည်။
"ကျွန်တော်တော့ သူ့ကို မြင်မြင်ချင်း ချစ်နေမိတော့တာပါပဲဗျာ။ ဒါကြောင့် နေ့တိုင်း ကျွန်တော် တို့နှစ် ယောက် ချိန်းတွေ့ခဲ့ကြတယ်လေ"ဟုများ ပြောလေမလား။
"ဟုတ်တာပေါ့ မစ္စတာဒီဝင်းတားရယ်… ကျွန်မ ကြားခဲ့ဖူးသမျှတွေထဲမှာတော့ စိတ်ကူးယဉ်စရာ အကောင်းဆုံး အချစ်ဇာတ်လမ်းကလေးပါပဲ"ဟု အဘွားကြီးက ပြန်ပြောလေမည်လား။
စိတ်ကူး ယဉ်စရာ အကောင်းဆုံးအချစ်…။
သည်အပေါ်ထပ်သို့တက်လာစဉ် ဓာတ်လှေကားထဲမှာတုန်းက  ကျွန်မစိတ်ထဲမှာ ရှာဖွေကြည့်မိခဲ့သည့် စကားလုံးသည် ယင်းစကားလုံးပင်ဖြစ်ပါ၏။ ဟုတ်ပါတယ်ရှင်… စိတ်ကူးယဉ်စရာ အကောင်းဆုံးသော အချစ်… လူတွေက သည်စကားလုံးကိုပင် သုံးနှုန်းပြောဆိုကြပေလိမ့်မည်။ စိတ်ကူးယဉ်စရာ အကောင်း ဆုံးသော အချစ်ဆိုသည်မှာ ဗြုန်းဗြုန်းဒိုင်းဒိုင်းပေါ်လာတတ်တာမျိုးဖြစ်၏။ ပြီးတော့ အလွန်တရာလည်း စိတ်ကူးယဉ် လို့ ကောင်းလှပေ၏။ ပြီးတော့ နှစ်ယောက်သား စုလျားရစ်ပတ်လက်ထပ်ထိမ်းမြားကြဖို့ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်ကြပါ၏။ စွန့်စားခန်းတစ်ခုနှင့်ပင် တူနေသေးတော့သည်။
ပြတင်းပေါက်အနီး ကုလားထိုင်ပေးမှာ ထိုင်ကာ ဒူးနှစ်ဖက်ကို သိုင်းဖက်ထားရင်း ကျွန်မကိုယ် ကျွန်မ ပြန်ပြုံးမိပါသည်။ ဘယ်လောက် အံ့သြစရာကောင်းလိုက်ပါသလဲ။ ကျွန်မ ကြုံတွေ့ ရင်ဆိုင် ရတော့မည့် ဘဝသည်လည်း ဘယ်လောက်ကြည်နူး ချမ်းမြေ့စရာကောင်း လိုက်ပါသလဲ ဟုလည်း တွေးနေမိပါသည်။
ကျွန်မ ချစ်သော သူနှင့် ကျွန်မ လက်ထပ်ရတော့မည်။
ကျွန်မ သည် မစ္စက်ဒီဝင်းတား ဖြစ်ရတော့မည်။ သူ့ဇနီးဖြစ်ရတော့မည်။ ဆရာဝန်၏လူနာကုသခန်း အပြင်ဘက် ရှိ ဧည့်ခန်းထဲမှာထိုင်သလို သည်နေရာမှာထိုင်ပြီး စောင့်နေရသည့်အတွက် ကျွန်မမှာ နေမ ထိ ထိုင်မသာ ဖြစ်လာပါသည်။ တကယ်ဆိုတော့ သဘာဝအတိုင်းသာဖြစ်ဖို့ ကောင်းပါ၏။
ကျွန်မ ချစ်သူ နှင့် အပြန်အလှန်လက်ချင်းချိတ်ကာ ဧည့်ခန်းထဲမှာ ထိုင်ပြီး အပြုံးချင်း ဖလှယ်ကြဖို့ကောင်းပါသည်။ သည်လိုနေရင်း မစ္စတာဒီဝင်းတားက "ကျွန်တော်တို့နှစ်ယောက် လက်ထပ်ကြတော့ မလို့လေ… ကျွန် တော်တို့ နှစ်ယေက် အရမ်း ချစ်နေကြပြီ"ဟုသာ ပြောဖို့ကောင်းပါသည်။
အရမ်းချစ်နေကြပြီ။ သို့သော်လည်း "ချစ်နေမိပါပြီ"ဆိုသော စကားလုံးကို ယခုအချိန်အထိ သူ မပြောဖူး သေးပါကလား။ အေးလေ… အချိန်မှမရှိဘဲကိုး…။ အခုကိစ္စက နံနက်စာစားရင်း စားပွဲမှာ တက်သုတ်နှင် ကာ ပေါ်ပေါက်လာရသော အဖြစ်အပျက်ပင် မဟုတ်ပါလား။ လိမ္မော်ခွံယို ရယ်၊ ကော်ဖီရယ်၊ ပြီးတော့ လိမ္မော်သီးရယ် ဘယ်မှာ အချိန်ရှိလို့လဲ… လိမ္မော်သီးက သိပ်ချဉ် သတဲ့လေ…။ ဒါကလေးလောင်ပြောဖို့ ပဲ သူ့မှာအချိန်ရခဲ့တာ။ "မင်းကို ကိုယ် ချစ်နေမိပြီ" ဆိုတာမျိုးပြော ဖို့ အချိန် မှ မရသေးဘဲ။
မဟုတ်သေးပါဘူး။ "ချစ်နေပါပြီ"ဆိုသည့် စကားလုံးမျိုးကို သူ လုံးဝမပြောခဲ့။ လက်ထပ်ကြစို့ဆိုသော စကား ကိုသာ သူ ပြောသည်။ တိုတိုနှင့်လိုရင်းပင်။ ပဓာနကျသော စကားလုံးကိုသာ သူ ပြောပါသည်။ တကယ် ဆိုတော့လည်း တိုတိုနှင့်လိုရင်းကိုပြောကာ ပဓာနကျသည့် ချစ်ရေးဆိုမှုမျိုးကို ပိုလို့ ကောင်း မြတ်လှပါ၏။ ပိုပြီး စစ်မှန်လှပါ၏။ တခြားသူတွေလို မဟုတ်။ စကားတွေ ဖောင်လောက်အောင် ပြောနေ သော်လည်း အစစ်အမှန်ဆိုလို့ တစ်ဝက်မျှပင် မပါ တတ်သော ယောက်ျားငယ်ငယ် ကလေးတွေကို မဟုတ်။ ယောက်ျားငယ်ငယ်တွေက ချစ်လှပါသည်။ ကြိုက်လှ ပါသည် ဟု လျှာအရိုးမရှိတိုင်း ပြောသလို မျိုး မဟုတ်။
ရဘက်ကာ ကို ပထမဦးဆုံးအကြိမ် သူ ချစ်ရေးဆိုခဲ့ဖူးသလို မဟုတ်။
အို… ဒီအကြောင်းကို ငါ မစဉ်းစားရ။ မတွေးရ။ ဘေးဖယ်ပစ်လိုက်။ မေ့ပစ်လိုက်။ နတ်မိစ္ဆာတွေက ငါ့ ခေါင်းထဲ လာထည့်ပေးတာတွေကို လက်မခံနဲ့။ တွန်းထုတ်ပစ်လိုက်။ ရဘက်ကာဆိုတာကို တွေးမိတာ ဟ မကောင်းဆိုးရွားတွေ က လုပ်ကြံဖန်တီးထည့်လိုက်တာ။ မတွေးနဲ့။ ဘယ်တော့မှ မတွေးနဲ့။ မတွေး နဲ့..  မတွေးနဲ့… ငါ့ကို သူချစ်တယ်။ သူက ငါ့ကို မန်ဒါလေစံအိမ်ကြီး ပြချင်တယ်။ မန်ဒါလေစံအိမ်ကြီးဟာ အများသူ ငါတွေ ပြောဆိုနေကြသလိုပဲ တကယ်ပဲ ကြီးကျယ်ခမ်းနားသလား။ ငါ့ကိုရော လှိုက်လှဲပျူငှာ လက်ခံကြိုဆိုကြ ပါ့မလား။
ကျွန်မ၏ အိပ်ရာဘေးမှာ ကဗျာစာအုပ်တစ်အုပ်ရှိနေပါသည်။ ကျွန်မကို ထိုကဗျာ စာအုပ် ငှားထားမိ ကြောင်းကိုလည်း သူ မေ့နေပြီ။ ထိုစာအုပ်ကလည်း သူ့အတွက် ဘာမျှတန်ဖိုးမရှိတော့ပြီ။
"ကဲ… လုပ်စမ်း" မကောင်းဆိုးရွားက ကျွန်မကို လေသံတိုးတိုးဖြင့် ပြောနေပြီ။ "အဖွင့်စာမျက်နှာကို လှန်လိုက်စမ်း။ မင်းလုပ်ချင်နေတာ ဒါပဲမဟုတ်လား။ ကဲ… အဖွင့်စာမျက်နှာကို လှန်လိုက်စမ်းကွာ" မကောင်းဆိုးရွား က ဆက်ပြောနေပါသည်။ ဘာဆိုင်လို့လဲ။ ဘာအဓိပ္ပာယ်ရှိသလဲဟု ကျွန်မ ကိုယ်ကျွန်မ ပြန်ပြောမိပါသည်။ ဒီကဗျာစာအုပ်ကို တခြားပစ္စည်းတွေနဲ့အတူတူရောထားလိုက်ရင် ပြီးတာ ပဲ မဟုတ် လား။
ကျွန်မ တစ်ချက်သမ်းဝေလိုက်မိပါသည်။ ပြီးတော့ အိပ်ရာဘေးမှ စားပွဲဆီသို့ စိတ်မှတ်မထင် လျှောက် သွားမိ သည်။ စားပွဲပေါ်က ကဗျာစာအုပ်ကို ကောက်ယူလိုက်သည်။ ထိုအချိန်မှာပင် အိပ်ရာဘေးက လျှပ်စစ်မီးကြိုးနှင့် ခြေထောက်ငြိပြီး ယိမ်းယိုင်သွားပါသည်။ ထို့ကြောင့် လက်ထဲမှစာအုပ်က ကြမ်းပြင် ပေါ်သို့ လွတ်ကျသွားပါသည်။ ငုံ့ကြည့်တော့ စာအုပ်ကပွင့်လျက်။ ပွင့်နေသည့် စာမျက်နှာ ကလည်း အဖွင့်စာမျက်နှာ။
"မက်ဇ်သို့… ရဘက်ကာထံမှ…"
သည်မိန်းမ သေသွားပြီ။ သေသွားသူတစ်ယောက်အကြောင်းကို ဘာမျှစဉ်းစားနေစရာမလို။ သေသွား ကြသူများ သည် ငြိမ်းချမ်းစွာ အိပ်ပျော်သွားကြခြင်းဖြစ်သည်။ သူတို့ကို မြှုပ်နှံရာမြေပုံပတ်လည်မှာ လည်း မြက်ပင် များ ရှည်လျားစွာပေါက်နေကြပြီ။ သူ အသက်ရှင်စဉ်က ဘာတွေပဲ ရေးခဲ့ရေးခဲ့၊ သူ့မှာ ဘယ်လို အားမာန်တွေ ပဲ ရှိခဲ့ရှိခဲ့၊ အဓိပ္ပာယ်မရှိတော့ပြီ။ စာလုံးကလေးတွေက ခပ်စောင်းစောင်း။ မင်က ခပ်ပြန့်ပြန့်။ မနေ့တုန်းကမှ ရေးထားဘိသကဲ့သို့ ရှိချေသည်။
ကျွန်မသည် အလှပြင်ပစ္စည်းများထည့်သည့် သေတ္တာထဲမှ လက်သဲညှပ်သော ကတ်ကြေးကို ထုတ်ယူ လိုက်သည်။ ပြီးတော့ ထိုစာရေးထားသည့် စာရွက်ကို ညှပ်ပစ်လိုက်သည်။ ရာဇဝတ်မှုတစ်ခုခုကျူးလွန် လိုက်မိသူ လို နောက်သို့ သမင်လည်ပြန်လှည့်ကြည့်မိပါသည်။
အစအန ကလေးပင် မကျန်အောင် ကျွန်မ ဖြုတ်ယူလိုက်ပါသည်။ ထို စာရွက်ကလေးမရှိတော့သောအ ခါတွင် စာအုပ်ကလေးသည် ဖြူဖြူဖွေးဖွေးနှင့် သန့်ရှင်းစင်ကြယ်သွားလေသည်။ တစ်ကြိမ်တစ်ခါမှ အကိုင်အတွယ် မခံ ရသေးသော စာအုပ်အသစ်ကလေးသဖွယ်ဖြစ်သွားသည်။ ညှပ်ယူပြီးသည့်စာရွက်ကို အစိတ်စိတ် အမွှာမွှာ ဆွဲဖြဲကာ အမှိုက်ခြင်းထဲသို့ ပစ်ထည့်လိုက်သည်။
ပြီးတော့ ပြတင်းပေါက်နားမှ ကုလားထိုင်ဆီသို့ ပြန်သွားပြီး ထိုင်နေလိုက်ပါသည်။ သို့သော်လည်း အမှိုက်ခြင်းထဲမှ စာရွက်စုတ်ကလေးများအကြောင်းကို ကျွန်မ တွေးနေမိပြန်သည်။ ခဏကြာတော့ ထိုင်ရာမှထပြီး အမှိုက်ခြင်းဆီသို့ သွားကာ စာရွက်စုတ်ကလေးများကို ငုံ့ကြည့်မိပါသည်။
အစိတ်စိတ် အမွှာမွှာဖြစ်နေသည့်တိုင်အောင် ရေးထားသည့် မင်အရောင်များက ထင်း ထင်းကြီးပေါ်နေ ပြန်သည်။ ထိုလက်ရေးသည် ပျက်စီးမသွားသေး။ မီးခြစ်ယူပြီး စာရွက်စုတ် အပိုင်းအစများကို မီးတင်ရှို့ ပစ်လိုက်မိသည်။ စာရွက်စုတ်ကလေးများကို လောင်ကျွမ်းနေသည့် မီးတောက်ကလေး က ချစ်စရာ ကောင်းလှပါသည်။ မီးရှိန်ကြောင့် တွန့်လိမ်သွားကာ တဖြည်းဖြည်း ပြာဖြစ်သွားသည့် စာရွက်စုတ် ကလေးများ၏အဖြစ်ကို ကြည့်ရသည်မှာ အရသာ ရှိလှ ပါသည်။ လက်ရေး စာလုံးစောင်းစောင်းကလေး များမှာ မည်သည့်နည်းနှင့်မျှ ထင်ထင်ရှားရှား ရပ်တည် မနေနိုင်တော့။ စာရွက်စုတ်များဘဝမှ ပြာမှုန် ဘဝသို့ ကူးပြောင်းသွားရလေတော့သည်။
(ရကောက်) အက္ခရာကို နောက်ဆုံးမှ လောင်သည်။ ဒါတောင် မီးတောက်ထဲမှာ သူက တွန့်လိမ် ကောက်ကွေးနေသေးသည်။ ခဏကြာအောင် နန့်ကြောဆွဲနေလိုက်သေးသည်။ မူလကထက် ပိုပြီး ကြီး မားလာသေးသည်။ နောက်ဆုံးကျတော့မှ မီးတောက်က သူ့ကို အနိုင်ယူ ဖျက်ဆီး ပစ် လိုက်လေတော့ သည်။ ပြာဘဝမျှပင် မကတော့။ စိစိညက်ညက်ကြေသည့် ပြာမှုန်များ ဘဝ သို့ ရောက်သွားလေတော့ သည်။
ရေစင်ရှိရာသို့သွားပြီး ကျွန်မ၏လက်နှစ်ဖက်ကို ဆေးကျောသုတ်သင်ပစ်လိုက်သည်။ စိတ်ထဲမှာ အများ ကြီးသက်သာသွားပါပြီ။ စိတ်သစ်လူသစ် ဘဝသစ်သို့ ရောက်သွားသလိုလည်း ခံစားလိုက်ရပါသည်။ နံရံပေါ် မှာ ချိတ်ဆွဲထားသည့် ပြက္ခဒိန်တွင် ဇန်နဝါရီလ ၁ ရက်နေ့ကိုညွှန်ပြနေတာ ကြည့်နေသလို ရှိ ချေ သည်။ နှစ်အသစ်၊ လအသစ်၊ နေ့အသစ်၊ အားလုံးအသစ်။ ကျွန်မလည်း လူသစ် စိတ်သစ်။ ယုံကြည်ချက် အသစ်။
အခန်းတံခါး ပွင့်လာပြီး မစ္စတာဒီဝင်းတား အခန်းတွင်းသို့ ဝင်လာသည်။
"အားလုံး အဆင်ပြေသွားပါပြီ။ အဘွားကြီး အံ့အားသင့်ပြီး ရုတ်တရက် စကားပြန်မပြောနိုင်ဘူး။ ဒါပေမဲ့ သူ့စိတ်ကို သူ ထိန်းနိုင်သွားပါပြီ။ အောက်ထပ်က ရုံးခန်းကိုသွားလိုက်ဦးမယ်။ ပထမရထားနဲ့ မစ္စက် ဗန်ဟော့ပါး လိုက်သွားနိုင်ဖို့ စီစဉ်ပေးလိုက်ဦးမယ်။ ပထမတော့ သူက ဇဝေဇဝါပဲ။ ကိုယ်တို့ လက်ထပ် စာချုပ် လက်မှတ်ထိုးရာမှာ သူက သက်သေအဖြစ် လက်မှတ်ဝင်ထိုးခွင့်များရမလားလို့ မျှော်လင့်ပုံပဲ။ ဒါပေမဲ့ ကိုယ်က ခပ်ပြတ်ပြတ်ပဲ ငြင်းလိုက်တယ်။ ကဲ… သူနဲ့ စကားသွားပြောလိုက်ပါဦး"
ဝမ်းသာကြောင်း၊ ပျော်ရွှင်ကြောင်းများကို တစ်လုံးတစ်ပါဒမျှ သူ ပြောမသွားပါ။ ကျွန်မလက်ကိုဆွဲပြီး အဘွားကြီးရှိနေသည့် ဧည့်ခန်းတွင်းသို့လည်း ခေါ်မသွားပါ။ ပြုံးရယ်ကာ လက်မြှောက်ဝှေ့ယမ်းပြပြီး စင်္ကြံအတိုင်းတစ်ယောက်တည်း လျှောက်ထွက်သွားလေသည်။ ကျွန်မလည်း မစ္စက်ဗန်ဟော့ပါးရှိရာ ဧည့်ခန်းထဲသို့ ဝင်လာခဲ့မိသည်။ ဘာလုပ်ရမှန်းလည်း မသိ။ မနေတတ် မထိုင်တတ်လည်း ဖြစ်နေမိပါ သည်။ အခြားအိမ်ရှင်မတစ်ဦး၏လက်သို့ လွှဲပြောင်းပေးအပ်ခြင်းခံရသော အိမ်ဖော်တစ်ယောက်လို လည်း ခံစားနေမိပါသည်။
မစ္စက်ဗန်ဟော့ပါး သည် ပြတင်းပေါက်နားမှာ မတ်တတ်ရပ်ကာ စီးကရက်သောက်နေသည်။ သူ့ကို ကျွန်မ ထပ်မံတွေ့ရတော့မည်မဟုတ်ပြီ။ သူ့ကုတ်အင်္ကျီကြီးက ကြီးမားသောရင်သားပေါ်မှာ တင်းတင်း ကျပ်ကျပ်ကြီး ဖြစ်နေသည်။ ရယ်စရာကောင်းသော သူ့ဦးထုပ်ကြီးကိုလည်း ခေါင်းပေါ်မှာ တစောင်း ဆောင်းထားသည်။
"ကောင်းသပေါ့လေ…" သူက စတင်ပြောဆိုပါသည်။ လေသံက ခြောက်ကပ်ကပ်နှင့် မာရေကျောရေ နိုင်လှပါသည်။ မစ္စတာဒီဝင်းတားနှင့် ပြောလေ့ရှိသော လေသံမျိုးမဟုတ်။ "တစ်ပြိုင်တည်း မှာ အလုပ် နှစ်ခုလုပ်တတ်တဲ့ မိန်းကလေးအနေနဲ့ မင်းကို ချီးကျူးရတော့မလို ဖြစ်နေပြီ။ ငြိမ်တဲ့ရေ ဟာ အင်မတန် နက်တယ်ဆိုတာလိုပဲ… မင်းကိစ္စကို နည်းနည်းလေးမှ မရိပ်မိ လိုက်ဘူး။ နေစမ်းပါဦး… ဒီဘဝရောက် သွားအောင် မင်း ဘယ်လိုများ ကုလားဖန်ထိုးလိုက်ပါလိမ့်…"
ဘယ်လိုပြန်ဖြေရမည် ကို ကျွန်မ မသိပါ။ သူပြုံးပုံ ကလည်း ကျွန်မ မနှစ်သက်ပါ။
"ငါ တုပ်ကွေးမိပြီး အိပ်ရာထဲလဲသွားတာ မင်းအဖို့ ကံကောင်းဖို့ဖြစ်သွားတာပေါ့လေ… အဲဒီရက်တွေမှာ မင်း ဘယ်လို အသုံးချခဲ့တယ်ဆိုတာ အခုမှပဲ ငါ သဘောပေါက်တော့တယ်။ နောက်ပြီးတော့ အမေ့မေ့ အလျော့လျော့ နဲ့ မင်း ဖြစ်နေခဲ့တာတွေကိုလဲ ခုမှ သဘောပေါက်တော့တယ်။ ငါ့ကိုပြောတော့ တင်းနစ် အရိုက် သင်နေတယ်ပေါ့လေ… ဟင်း… ဟင်း… ငါ့ကို အကျိုး အကြောင်းလောက်တော့ ပြောပြခဲ့ ဖို့ ကောင်းတယ်"
"ကျွန်မ ဝမ်းနည်းပါတယ်ရှင်"
အဘွားကြီး က ကျွန်မကို စူးစမ်းသလို ကြည့်သည်။ ခြေဆုံးခေါင်းဖျား မျက်စိကစားသည်။
"တစ်ရက်နှစ်ရက်အတွင်း မင်းကို လက်ထပ်ယူချင်တယ်လို့ သူက ငါ့ကိုပြောတယ်။ မင်းမှာ ခွင့်တောင်း စရာ မိဘ ညီအစ်ကိုမောင်နှမ မရှိတာ ကံကောင်းသွားပြန်တာပေါ့လေ။ အေးပေါ့လေ… ငါ့အနေနဲ့လဲ ဘာမှ လုပ်စရာ မလိုတော့ပါဘူး။ ဒီပြဿနာတွေအားလုံးထဲက ငါ လက်ရှောင်လိုက်ပါပြီ။ သူ့မိတ်ဆွေ အပေါင်း အသင်းတွေက ဘယ်လိုထင်ကြမလဲဆိုတာပဲ ငါ စဉ်းစားကြည့်မိတယ်။ ဒါလဲ သူ့အပေါ်တည် တာပေါ့လေ… နေစမ်းပါဦး။ မင်းထက် အများကြီး အသက်ကြီးတယ်ဆိုတာတော့ မင်း သဘောပေါက် ပြီးသား ပါနော်"
"သူ့အသက်က ၄၂ နှစ်ပဲရှိပါသေးတယ်။ နောက်ပြီးတော့ ကျွန်မကလဲ ၂၁ နှစ်ဆိုတော့ ကောင်းကောင်း အရွယ်ရောက်နေ ပါပြီ"
အဘွားကြီး က ရယ်ပါသည်။ စီးကရက်ပြာများကိုလည်း ကြမ်းပြင်ပေါ်သို့ ချွေချလိုက်ပါသည်။
"ကိုယ်ထင် ခုတင်ရွှေနန်း ဆိုတာမျိုးပေါ့အေ…"
မစ္စက်ဗန်ဟော့ပါး က ကျွန်မကို ကြည့်ရှုအကဲခတ်နေပြန်ပါသည်။ ဘယ်တုန်းကမျှ မကြည့်ခဲ့ဖူးသော အကြည့်မျိုးဖြင့် ကြည့်နေခြင်းဖြစ်သည်။ အကဲဖြတ်သည့် အကြည့်မျိုး။ တိရစ္ဆာန်ပြပွဲပြိုင်ပွဲများတွင် အကဲဖြတ် လူကြီးများက အမှတ်ပေးနိုင်ရန် တိရစ္ဆာန်များကို ကြည့်ရှုအကဲဖြတ်သည့် အကြည့်မျိုး။ သူ့ မျက်လုံး ထဲမှာ စပ်စုသည့် အရိပ်အယောင်များပေါ်နေသည်။ မလိုတမာ အရိပ်အယောင်မျိုး ကိုလည်း မြင်တွေ့နေရပါသည်။
"ပြောစမ်းပါဦး။ မလုပ်သင့်တာတစ်ခုခုကိုများ မင်း လုပ်ခဲ့မိပြီလား" ဟု သူက ဆက်မေးပြန်ပါသည်။ မိတ်ဆွေ အချင်းချင်း တရင်းတနှီးမေးသည့် ပုံစံမျိုးဖြစ်သည်။ တကယ်ကတော့ ကျွန်မကို ဆယ် ရာခိုင် နှုန်းကော်မရှင်ပေးခဲ့သည့် အင်္ကျီချုပ်သော အမျိုးသမီးဘလေ့ဇ်နှင့် သည်အဘွားကြီးသည် တူညီ လှပါ သည်။
"ရှင် ဘာကိုဆိုလိုသလဲဆိုတာ ကျွန်မ မသိပါဘူးရှင်"
အဘွားကြီး က ရယ်သည်။ ပခုံးများကိုလည်း တွန့်လိုက်သည်။
"ကဲ… ထားပါတော့လေ… ဒါပေမဲ့ အင်္ဂလိပ်မ ကလေးတွေ ဟာ မြင်းပွဲမှာ ခြေလျှိုထား တဲ့ ကော်ကောင် မြင်းတွေ ပဲလို့ အမြဲတမ်း ငါ ပြောလေ့ရှိတယ်။ မင်းလဲ ဒီအတိုင်းပေါ့လေ။ အခုတော့ ပါရီမြို့ ကို ငါတစ် ယောက်တည်းပဲ ခရီးဆက်ရတော့မှာပေါ့။ လက်ထပ်ခွင့်လိုင်စင်ရဖို့ မင်းခင်ပွန်းလောင်း က ကြိုးစားနေ တုန်း ငါက မင်းကို ဒီမှာခွဲထားခဲ့ပြီး သွားရတော့မှာပေါ့။ မင်းတို့ လက်ထပ်ပွဲတက်ဖို့ ငါ့ကို သူ မဖိတ် တာ တော့ သတိထားမိသကွဲ့"
"ဘယ်သူ့ ကိုမှ သူ မဖိတ်ချင်ဘူးလို့ ကျွန်မ ထင်ပါသည်။ နောက်ပြီးတော့လဲ အဲဒီအချိန်လောက်ဆိုရင် ရှင် ကလည်း သင်္ဘောနဲ့ခရီးဆက်နေလောက်ပြီ မဟုတ်လား"
"ဟင်း… ဟင်း…"သူက ပါးစပ်မဖွင့်ဘဲ ထိုမျှသာ အသံပြုကာ အလှပြင်ပစ္စည်းများထည့်သည့် သေတ္တာ ကို ဖွင့်သည်။ ပြီးတော့ သူ့နှာခေါင်းကို ပေါင်ဒါထပ်ရိုက်နေသည်။
"မင်းစိတ်ကို မင်း ကောင်းကောင်းသိမယ်လို့ ငါထင်တာ။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကြီးတစ်ခုလုံးက မင်းတို့ တက်သုတ်ရိုက်လိုက်ကြတာ မဟုတ်လား။ တစ်ပတ်နှစ်ပတ် အချိန်ကလေး အတွင်းမှာ ဖြစ်သွား တာ လေ… သူဟာ ပေါင်းရသင်းရ လွယ်တဲ့လူလို့တော့ ငါ မထင်ဘူး။ သူ့ဓလေ့စရိုက်အတိုင်း မင်း လိုက်နာ ကျင့်ကြံနိုင်ဖို့လိုတယ်။ အခုအချိန်အထိ မင်းကိုယ်တိုင် ဦးဆောင်ဦးရွက်ပြုပြီး မင်းဘဝအတွက် ဘာ တစ် ခုမှ မလုပ်ရသေးဘူး။ မင်းအတွက် အစစအရာရာ ငါကပဲ ပုံစံချပြီး လုပ်ပေးခဲ့တာမဟုတ်လား။ အခု တော့ မန်ဒါလေစံအိမ်ကြီးရဲ့အိမ်ကြီးရှင်မအဖြစ် မင်း တာဝန်ယူရတော့မယ်။ ငါ ပွင့်ပွင့်လင်းလင်း ပဲ ပြောမယ် သူငယ်မ… ဒီတာဝန်တွေကို ဘယ်နည်းနဲ့မှ ညည်း ဖြောင့်ဖြောင့်တန်းတန်းယူနိုင်လိမ့်မယ်လို့ ငါ မထင်ဘူး"
လွန်ခဲ့ သည့် တစ်နာရီလောက်တုန်းက သည်အတိုင်းပဲ ကျွန်မ စဉ်းစားခဲ့ပါသေးသည်။ ယခု သူ့စကား လုံးများ က ကျွန်မ၏အတွေးဟောင်းကို ပြန်ပြီး ပဲ့တင်ရိုက်နေသလို ရှိပါသည်။
"မင်းမှာ ဘာအတွေ့အကြုံမှလဲ မရှိဘူး။ သူတို့ပတ်ဝန်းကျင် အခြေအနေတွေ အကြောင်းတွေလဲ မင်း မသိ ဘူး။ ငါတို့ ဖဲကစားပြီး လက်ဖက်ရည်သောက်ကြတဲ့အခါမှာတောင် စကားတစ်လုံးကို အမြီး အမောက် တည့်အောင် မင်း ပြောတတ်တာမဟုတ်ဘူး။ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်း သူ့မိတ်ဆွေ သင်္ဂဟတွေ နဲ့ ဆက်ဆံရတဲ့အခါမှာ မင်း ဘယ်လိုစကားပြောမလဲ။ သူ့အလျင်မိန်းမ အသက်ရှင်စဉ်တုန်း က မန်ဒါလေစံအိမ်ကြီးမှာ သူတို့ ကျင်းပြခဲ့ကြတဲ့ ဧည့်ခံပွဲကြီးတွေဟာ အင်မတန် ကျော်ကြားပေ တာပဲ၊ အေးလေ… ဒီအကြောင်းတွေ သူက မင်း ကို ပြောပြထားပြီးပြီလား"
ကျွန်မ အိုးတိုးအမ်းတမ်းဖြစ်နေမိပါသည်။ သို့သော် မစ္စက်ဗန်ဟော့ပါးက ဆက်ပြောပြန်ပါသည်။ ကျွန်မ အဖြေ ကို မစောင့်သည့်အတွက် ဘုရားသခင်ကိုပင် ကျေးဇူးတင်ရပေဦးတော့မည်။
"သဘာဝတရားအတိုင်း ဆိုရင်တော့ သူက မင်းကို စိတ်ချမ်းသာစေချင်မှာပေါ့လေ… သူဟာ အင်မတန် စွဲမက် စရာကောင်းတဲ့ လူဖြစ်တယ်ဆိုတာကိုတော့ ငါ လက်ခံပါတယ်။ ဒါပေမဲ့… အင်း…ဟို… ဝမ်းတော့ နည်း ပါရဲ့ကွယ်… ငါထင်တာကတော့ မင်းဟာ ဧရာမအမှားကြီးတစ်ခုကို လုပ်နေတာပဲ။ ဒီအတွက် မင်း အကြီး အကျယ် စိတ်ဆင်းရဲရလိမ့်မယ်"
ပေါင်ဒါဗူးကို သူ ပြန်ချလိုက်သည်။ ပြီးတော့ ကျွန်မကို သမင်လည်ပြန် ပြန်ကြည့်နေပါသည်။ နောက် ဆုံး မှာတော့ သူ ရိုးရိုးသားသား စေတနာနှင့် ပြောဆိုဟန်တူပါသည်။ သို့သော်လည်း ထိုရိုးသားပုံမျိုးကို ကျွန်မ အလို မရှိပါ။ ကျွန်မ ဘာမျှမပြောဘဲ နေလိုက်သည်။ သို့သော်လည်း ကျွန်မ၏မျက်နှာ အမူအရာ ကတော့ ဘယ်နည်းနှင့်မျှ ရွှင်ရွှင်ပျပျ မရှိနိုင်တော့ပါ။ ထို့ကြောင့်လည်း မစ္စက်ဗန်ဟော့ပါးက အလှပြင် စားပွဲရှိရာ သို့ လျှောက်သွားသည်။ မှန်ထဲမှာကြည့်ပြီး မှိုပွင့်ငယ်သဏ္ဌာန် သူ့ဦးထုပ်ကို ပြင်ဆောင်းနေ သည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Sunday, May 6, 2012
တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၇)
" သား … အော်လီ၊ မေမေ့ကို ဆုံးရမယ့်ဆိုတာမျိုး ဖေဖေ မတွေးရဲဘူး၊ ပြီးတော့ … ပြီးတော့ … သူ ဘာမှ မမှတ်မိတော့ ဘဲ နေရမယ့် ဘ၀မျိုး၊ သူ့ကို ကြည့်နေရတာ တစ်စစီ လွင့်ကြေနေ သလိုပဲ၊ ဒါလောက် သဘောကောင်း တဲ့ မိန်းကလေးကွာ၊ ခုတော့ … ခုတော့ … သိပ်ကြမ်းတမ်း တာပဲ " " ခရစ္စမတ် မှာတုန်းက မေမေထူးခြားနေတာ ကျွန်တော် သတိထားခဲ့မိ ပါတယ် ဖေဖေ၊ ဘာရယ် လို့သာ တိတိ ကျကျ မသိ တာလေ၊ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော် လဲ ကိုယ့်အပူနဲ့ ကိုယ် မဟုတ်လား " တကယ်တော့ အမေကော ဇနီးပါ ဆုံးရတော့မည့် အဖြစ်မျိုးပါလား။ ဘ၀တွင် အချစ်ဆုံးနှစ်ဦး။ ခုတော့ တဖြည်းဖြည်း ဝေးသွားလေပြီကော။ သို့သော် ဖအေကြီးအတွက် အဓိကထား စဉ်းစား ရမည်။ " ကျွန်တော် ဘာလုပ်ပေးရလဲ ဖေဖေ "
သားအဖနှစ်ယောက် မျက်လုံးချင်း ဆိုင်မိကြသည်။ ဖေဖေနှင့် နှစ်ပေါင်း များစွာ ဝေးနေရာ မှ ပြန်လည် နီးကပ် လာသည် ဟု အော်လီဗာ ခံစားလိုက်ရ၏။
ကို ဆက်ဖတ်ရန်......
" ခုတော့ ဘာမှ လုပ်စရာမရှိသေးဘူးလား၊ အခြေအနေ စောင့်ကြည့်ကြသေးတာပေါ့ "
" ဖေဖေ့ ကို သားချစ်ပါတယ်ဖေဖေ "
အော်လီဗာ သည်လိုပြောဖို့ မရှက်တော့ပါ။ စောစောပိုင်းနှစ်များက သည်လိုပြောလျှင် အဖေ အနေရကျပ် လိမ့်မည် ထင်၏။
ဂျော့ဝတ်ဆင် သည် အော်လီဗာငယ်စဉ်က ခပ်တင်းတင်း အုပ်ချုပ်ခဲ့သူဖြစ်သည်။ အိုမင်းလာချိန်တွင်မှ သား အပေါ် ပျော့ပျောင်းလာသူ။ ခုတော့ သားမှလွဲ၍ အားထားရမည့်သူ မရှိတော့ပြီ။
" ဖေဖေ လဲ သားကို ချစ်ပါတယ်သားရယ် "
သားအဖနှစ်ယောက် ပွင့်လင်းစွာ ရှိုက်ကြီးတငင် ငိုကြွေးကြလေသည်။ ခဏကြာတော့ အိမ်တံခါးဖွင့်သံ ပိတ်သံကြား ရသည်။ အပေါ်ထပ်သို့ သုတ်ခြေတင်တက်သွားသော ဘင်ဂျမင် ကို အော်လီဗာ လှမ်းခေါ်လိုက် သည်။
" ဟေး …. အဲဒီလို လစ်မသွားနဲ့ဦးလေ၊ ဒီကိုလာပါဦး၊ ကျောင်းပိတ်ရက်လဲမဟုတ်ဘဲနဲ့၊ ဆယ့်တစ်နာရီခွဲ မှ ပြန်လာတယ်ဟုတ်လား၊ ဘယ်သွားနေလဲ ပြောစမ်း "
ဘင်ဂျမင် ပြန်လှည့်ဆင်းလာသည်။ အအေးဒဏ်နှင့် ရှက်စိတ် ရောထွေးပြီး မျက်နှာရဲသွားသည်။ အဘိုးဖြစ်သူ ကိုပါတွေ့လိုက်ရ၍ မျက်လုံးပြူးသွားသည်။
" သူငယ်ချင်းတွေ နဲ့သွားတာပါ ဖေဖေ၊ ဖေဖေမဆူဘူးထင်လို့ ကြာသွားတာပါ၊ ကျွန်တော် တောင်းပန်ပါ တယ်။ ဟဲလို … ဘိုးဘိုး၊ ဒီအချိန်ကြီး ဘိုးဘိုး ဘာလာလုပ်တာတုံး ဘာဖြစ်လို့လဲဟင် "
" ဘွားဘွား နေမကောင်းဘူးလား "
အော်လီဗာ့ မျက်နှာမှာ တင်းမာနေသည်။ အဖေ၏ နွေးထွေးမှုကို ရလိုက်သဖြင့် အားအင်တွေ တိုးလာ သလို ခံစားရ၏။ မိမိအနားတွင် တစ်ဦးတစ်ယောက် နီးကပ်စွာရှိနေသေး ပါ ကလား။ ဖေဖေ့အနေဖြင့်လည်း မိမိကို လိုအပ်နေလည်း အလားတူ ကလေးတွေ အတွက်လည်း မိမိလိုအပ်နေသည်ပင် မိမိအား မလိုအပ်သူမှာ ဆာရာတစ်ဦးတည်းသာဖြစ်၏။
" ကျောင်းဖွင့်ရက်တွေမှာ အပြင်မထွက်ရဘူးဆိုတာ မင်းနားလည်တယ်မဟုတ်လား၊ နောက်တစ်ခါ ဒါမျိုးတွေ့ ရင် မင်း နှစ်ပတ်ဒဏ်ပေးခံရမယ် … ကြားလား "
" ကောင်းပါပြီဖေဖေ၊ ကျွန်တော် တောင်းလဲတောင်းပန်ပြီးပါပြီ "
အော်လီဗာ ခေါင်းညိတ်လိုက်၏။ တစ်မျိုးပါလားလို့ စိတ်ထဲထင့်သွားသည်။ ဘင်ဂျမင်ကို ကြည့်ရသည်မှာ ထူးခြားနေ ၏။ စကားပြောပုံက မာဆတ်၏။ အရက်မူးနေပုံလည်းမရ။ ဆေးမူးနေဟန်လည်းမရှိ။ လူကြီး တစ်ယောက်နှင့် ပိုတူနေသလိုလို။
" ဘွားဘွား ဘာဖြစ်လို့လဲဟင် "
အဘိုးလုပ်သူ က စိတ်လက်မကြည်မသာဖြင့် မြေးအားမော့ကြည့်သည်။ အော်လီဗာက ခပ်သွက်သွက် ၀င်ရှင်းပြ၏။
" ကျန်းမာရေး သိပ်မကောင်းဘူးတဲ့ "
" စိုးရိမ် ရလားဟင် "
ဘင်ဂျမင် သည် ချက်ချင်းကလေးတစ်ယောက်ပြန်ဖြစ်သွားပြီး အဖေနှင့် အဘိုးအား အထိတ်တလန့်မေး သည်။
အော်လီဗာ က သားဖြစ်သူ၏ ပခုံးကိုပုတ်ပြီး …
" မစိုးရိမ်ရ ပါဘူး၊ ဘိုးဘိုးကို ၀ိုင်းကူဖို့လောက်ပါ၊ သားအချိန်ရတဲ့အခါ ဘိုးဘိုးဆီသွားနေပေးပေါ့ "
" ဟုတ်ကဲ့ ဖေဖေ၊ ဘိုးဘိုး … ဒီအပတ်ကျောင်းပိတ်ရက်မှာ သားလာခဲ့မယ်နော် "
ဘိုးဘိုး ကို ဘင်ဂျမင်သိပ်ချစ်သည်။ ဂျော့ဝတ်ဆင်ကလည်း မြေးတွေကို သံယောဇဉ်ကြီးသည်။ သူ့ထက် ပိုပြီး သူ့ကလေးတွေ ကို ချစ်သည်ဟု အော်လီဗာထင်သည်။
" အေးကွာ၊ ဒါဆို … ဒါဆို သားရဲ့ဘွားဘွား သိပ်ပျော်မှာပဲ "
ပြောပြောဆိုဆို ထရပ်သည်။ စိတ်ထဲတွင် အရမ်းအိုသွားသလို ခံစားလိုက်ရ၏။ ချာတိတ်၏ လက်မောင်း ကို လှမ်းဆုပ်ထားလိုက်၏။ ငယ်ရွယ်မှုနှင့် ခွန်အားတွေ သူ့ကိုယ်ထဲသို့ စိမ့်ဝင်လာစေရန် ကြိုးစားနေသည့် အလား …
" ကဲ … သား တို့ သားအဖနှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်ကွာ၊ ပြန်မှပဲ၊ မစ္စက်ပေါ်တာလဲ ခုလောက် ဆို ပြန်ချင်ရော့မယ်၊ သူနဲ့ထားခဲ့ရတာလေ "
အိမ်ရှေ့ တံခါးဝ သို့ ခပ်ဖြည်းဖြည်း လှမ်းထွက်သွားသည်။
အော်လီဗာ တို့ သားအဖနှစ်ယောက် နောက်မှလိုက်ပို့ကြသည်။
" ဖေဖေ ဖြစ်ပါတယ်နော် "
အော်လီဗာ က လိုက်မောင်းပို့ရန် ပြောသော်လည်း ဂျော့က လက်မခံ။ သူ့ဘာသာသူ လွတ်လွတ် လပ်လပ် ပြန်မည်ဟု ဆိုသည်။
" ဒါဖြင့် ဖေဖေ အိမ်ရောက်ရောက်ချင်း ဖုန်းပြန်ဆက်နော် "
" ဟာကွာ … နေမကောင်းတာက မေမေပါကွ၊ ဖေဖေ မဟုတ်ပါဘူး "
ခပ်မာမာ ပြောသော်လည်း သူ့မျက်နှာမှာ ပျော့ပျောင်းနေ၏။ အော်လီဗာကို လှမ်းဖက်လိုက်ပြီ …
" ကျေးဇူးပဲ သား၊ အားလုံးအတွက် ကျေးဇူးတင်တယ်၊ ဖေဖေစိတ်မကောင်းတာကတော့ … ဟို … ဟို … "
ဘင်ဂျမင်ကို တစ်ချက်လှမ်းကြည့်ပြီးမှ စကားဆက်သည်။
" ဆာရာ့ကြောင့်ပဲ၊ အကြောင်းထူးရင် ဖေဖေ့ဆီဖုန်းဆက်၊ ဟုတ်လား၊ အဘွားနည်းနည်း နေကောင်းလာ ရင်ဆမ်ကလေး ပါ ခေါ်ခဲ့ပေါ့ "
သို့သော် သည်အခြေအနေကို ရောက်လာနိုင်တော့မည်မဟုတ်ကြောင်း စိတ်ထဲကသိနေ၏။
ဂျော့ဝတ်ဆင် ကားမောင်းထွက်သွားသည်ကို သားအဖနှစ်ယောက် ရပ်ကြည့်ကျန်ရစ်သည်။ တံခါးမကြီး ကို ဆွဲပိတ်ရင်း အော်လီဗာသက်ပြင်းချလိုက်သည်။ ဘာမှအလျင်အတိုင်း မရှိတော့ပါကလား။ ဘယ်သူမှ ယခင် နှင့် မတူကြတော့။ အမေ့အကြောင်း စဉ်းစားရသည်မှာလည်း ရင်နင့်ကြေကွဲစရာ ကောင်းလှသည်။ သား လုပ်သူ ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ဖအေမသိနိုင်သည့် သူ၏တခြားသော ဘ၀မျက်နှာစာ တွင် ဘာတွေဖြစ်နေသနည်း။
" ကဲ … ဆိုစမ်းပါဦး၊ ခုတလော သား ဘာတွေဖြစ်နေတာလဲ "
မီးတွေမှိတ်ပြီး နှစ်ယောက်သား အပေါ်ထပ်သို့ တက်ရင်းမေးလိုက်ခြင်းဖြစ်သည်။
" ဘာမှမဖြစ်ပါဘူးဖေဖေ၊ သူငယ်ချင်းဆီ သွားနေတာပါ "
သူပြောပုံ က မှင်မသေ၊ ညာပြောမှန်းသိသာ၏။
" သားပြောတာ ဖေဖေ ယုံတော့ယုံချင်သား"
" ဖေဖေဘာလို့ အဲဒီလိုပြောတာလဲ "
ဘင်ဂျမင်က သမင်လည်ပြန်လှည့်ကြည့်ရင်း ပြန်မေးသည်။
" သား မိန်းကလေးတစ်ယောက် ဆီ သွားသွားနေတာမဟုတ်လား "
ဖေဖေ အတော်ပါး တာပဲ၊ ဘင်ဂျမင်လန့်သွားသည်။ မျက်နှာပျက်ပျက်နှင့် ပြုံးလိုက်သည့် အပြုံးက ၀န်ခံပြီး သွားဖြစ်သွား၏။
" ဟုတ်တော့ကော ဘာအရေးကြီးလို့လဲဖေဖေရာ "
စင်စစ် အရေးကြီးနေကြောင်း ဘင်ဂျမင်သိပါသည်။ ပထမဆုံး ချစ်မိသည့် မိန်းကလေး။ အရူးအမူး ချစ်နေမိ ပြီလေ။ အချိန်ရှိသရွေ့ ရင်ခွင်ထဲမှာထွေးပွေ့ထားချင်သည်။ ကောင်မလေး ၏ မိဘတွေ က နှစ်ယောက်စလုံး အလုပ်လုပ်ကြသဖြင့် လွတ်လွတ်လပ်လပ်တွေ့ချိန်တွေ အများကြီးရသည်။
တစ်ကျောင်းတည်းနေ ဆန္ဒရားကလေးကို ဘင်ဂျမင် စွဲစွဲလမ်းလမ်း ချစ်နေပြီ။ ဆန္ဒရာက ဓာတုဗေဒတွင် အားနည်း သည်။ ဘင်ဂျမင်က ပြပေးရ၏။ ဆန္ဒရာသည် ကျောင်းစာထက် အချစ်ရေးကို ပိုမိုစိတ်ဝင်စား သည့် မိန်းကလေးဖြစ်သည်။
" ဘာလို့ အိမ်ခေါ်မလာသလဲ၊ ဖေဖေ တွေ့ချင်ပါတယ်၊ မယ်လီဆာကော သားကောင်မလေးကို သိ သလား "
" သိမယ်ထင်တယ်၊ ဖြည်းဖြည်းပေါ့ဖေဖေရာ၊ ဂွတ်နိုက် … ဖေဖေ "
ပြောပြော ဆိုဆို အခန်းထဲ ၀င်ပြေးသွားသည်။ အိပ်ခန်းထဲသို့ ဆက်လျှောက်ရင်း အော်လီဗာ တစ်ယောက် တည်း ပြုံးလာသည်။ ဆမ်ကလေးကို လှမ်းကြည့်လိုက်စဉ် တယ်လီဖုန်းခန်းဆီသို့ သုတ်ခြေ တင်ခဲ့ ၏။ ရေချိုးရင်း စကားပြောနိုင်ရန် ကြိုးရှည်ရှည်ကို ဆာရာ တပ်ဆင်ထားခြင်းဖြစ်သည်။ ဘုရား … ဘုရား … ဖေဖေ့ဆီ က ထင်ပါရဲ့၊ သို့သော် ဆာရာ့ အသံကိုကြားတော့ အသက်ရှူမှားသွားသည်။
" ဟဲလို …. "
" အော်လီဗာလားဟင် "
" ဟုတ်တယ်လေ "
အတန်ကြာ တိတ်ဆိတ်သွားသည်။ ပြီးမှ ဣနြေ္ဒပြန်ဆည်ပြီး …
" နေကောင်းရဲ့လား ဆာရာ "
" ကောင်းပါတယ်၊ ဒီနေ့ပဲ အခန်း ရတယ်၊ ကလေးတွေ အခြေအနေကော နေကောင်းကြရဲ့လား "
" ဒီလိုပဲပေါ့ "
အောက်မေ့ တမ်းတသည့်စိတ်ဖြင့် လွမ်းရပြန်၏။ သို့သော် ချက်ချင်းမုန်းစိတ်တွေ တဖွားဖွား ပေါ်လာ သည်။
" သူတို့ မှိတ်ကြိတ်ပြီး ခံစားနေကြရမှာပေါ့ "
ဆာရာ က ကလေးတွေအကြောင်း မသိကျိုးကျွန်ပြုပြီး
" စကိတ်စီး လို့ ကောင်းကြရဲ့လား "
" မဆိုးပါဘူး၊ သူတို့ ပျော်ပုံ ရကြပါတယ် "
မင်းနဲ့တုန်းက လိုပေါ့ ဆာရာဟု ပြောမိမည် ဖြစ်သွားတော့သည်။ ထိန်းထားလိုက်၏။ သို့သော် မမေးပါဘူး ဟု ကိုယ့် ကိုယ် ကို ဆုံးမနေသည့်ကြားမှ စကားတစ်ခွန်း ထွက်သွားသည်။
" ဘယ်အပတ် ပြန်လာမှာလဲဟင် "
" ရောက်တာ မှ တစ်ပတ်ပဲ ရှိသေးတယ်လေ " တဲ့။ သွားပြီ …။ သူ့ကတိတွေကို သူချက်ချင်းမေ့သွားပြီ။ သည်လိုဖြစ်ရမည် ဟု ကြိုသိနေပါ၏။ သို့သော် သည်လိုပေါ်တင်ကြီး ငြင်းလိမ့်မည် မထင်ခဲ့။ ခုတော့ ဆာရာ သည် ပြောင်းလုပ်လိုက်သည့် အရုပ်တစ်ရုပ်လို မချစ်ပြင်ပြင် အသွင် တစ်မူ ထူးခြားခဲ့လေပြီ။ မသွားခင် သည်းအူပြတ်မျှ ငိုကြွေးခဲ့သည်မှာ မယုံနိုင်စရာပင်။
ပြောပုံမှာ ဆယ့်ရှစ်နှစ်လုံးလုံး ချစ်ခင်စွာ ပေါင်းသင်းခဲ့သည့် ဇနီးမယားနှင့် မတူတော့ဘဲ ခရီးသွားဟန်လွှဲ ဆန် လှသည်။
" ဆာရာ ထင်တယ်လေ။ ဆာရာတို့အားလုံး နေသားကျသွားအောင် အသက်၀၀ရှူဖို့လိုတယ် "
သြော် … အသက်၀၀ရှူ ဖို့ သူထွက်သွားတာကိုး။
" အဲဒါ ဘယ်လောက်ကြာမှာလဲ၊ တစ်ပတ်လား၊ တစ်လလား၊ တစ်နှစ်လား၊ ကလေးတွေက မင်းကို တွေ့ ချင် မှာပေါ့ ဆာရာ "
" ဆာရာ လဲ တွေ့ချင်ပါတယ်၊ သူတို့ နေသားကျသွားမှာပါ။ အလွန်ဆုံး တစ်ပတ်နှစ်ပတ်ပေါ့ "
ကိုယ့်အတွက် ကကောဟု အော်မေးလိုက်ချင်သည်။ စိတ်ကို မနည်းထိန်းထားလိုက်ရသည်။
" သူတို့မင်း ကို သိပ်အောက်မေ့နေပြီ ဆာရာ "
စိတ်ထဲ က ဆက်ပြောနေမိ၏။
" ကိုယ်လဲ သူတို့နဲ့ အတူတူပါပဲ ဆာရာရယ် "
" ဆာရာလဲ အောက်မေ့တာပဲပေါ့ "
သူ့လေသံ က စိတ်အနှောင့်အယှက် ဖြစ်နေသည့် လေသံမျိုး … စကားဆက်ပြောချင်ဟန် မတူတော့။
" စနေနေ့ မှာ ရထားတဲ့ အခန်းကို ပြောင်းမယ်၊ အဲဒီ လိပ်စာ ပေးချင်လို့လေ၊ တယ်လီဖုန်း မပါသေးဘူး၊ မကြာခင် တပ်ပေးမှာ ပါ၊ ရရချင်း ထပ်ဆက်မယ်နော် "
" ဒီကြားထဲ မှာ အရေးကြီးတဲ့ကိစ္စ ပေါ်လာရင်ကော ကလေးတွေနဲ့ ပတ်သက်လို့ ပြောတာပါ "
စိတ်ထဲ တွင် ပြောနေရင်း တကယ်စိုးရိမ်လာသည်။ သူဘယ်မှာရှိနေသည် ဆိုသည်ကိုတော့ သိခွင့် တွေ့ရှိ တန်ကောင်း ပါသေးရဲ့။
" အဲဒါတော့ ဆာရာမပြောတတ်ဘူး၊ ဟိုတယ်ကိုပဲ ဆက်ပေါ့၊ ပြောစရာရှိတာ မှာထားခဲ့လို့ ရပါတယ်၊ ဒါမှ မဟုတ် တိုက်ခန်း ကို သံကြိုးပို့လို့ရတာပဲ၊ တယ်လီဖုန်းက မကြာခင် ရမှာပါ "
" တော်တော် ရယ်စရာကောင်းတဲ့ အစီအစဉ်ပဲ "
" ဆာရာ့ ဘက်က အကောင်းဆုံး စီစဉ်တာပါ၊ ဒီမယ် အော်လီ၊ ဆာရာသွားစရာရှိသေးတယ် "
" ဘာလဲ … တစ်ယောက်ယောက် စောင့်နေလို့လား "
လုံးဝ မပြောချင် သည့် စကားပါ။ သို့သော် မနာလိုစိတ်ကြောင့် တစ်ကိုယ်လုံး ပူပူလောင်လောင် ဖြစ်နေပြီ။
" ဘယ်ကလာ … နောက်ကျနေလို့ပါ အော်လီရယ်၊ မောင့် ကို ဆာရာ အောက်မေ့ပါတယ် "
တော်တော် တတ်နိုင်သည့် မိန်းမ။ စင်စစ် သည်နေရာကို သူရောက်နေစရာအကြောင်းမရှိပါ။ သူ့သဘော နှင့် သူ ထွက်သွားသည်။ ရင်ကွဲနာကျမတတ် ဝေဒနာများ ပေးသွားသည်။ ခုမှ " မောင့် ကို အောက်မေ့ပါ သည်" တဲ့လေ။ ပြောရဲလွန်း၊ ပြောရက်လွန်းပါကလား။
" မင်းမှာ ပြဿနာတွေ အများကြီးပဲ ဆာရာ၊ မင်းဆင်ကန်းတောတိုး လျှောက်လုပ်နေတာတွေ တစ်ခုမှ ကိုယ် နားမလည်ဘူး "
" ဆင်ကန်းတောတိုး မဟုတ်ပါဘူး အော်လီရယ်၊ အဲဒါ မောင်သိပါတယ်၊ တကယ်လိုအပ်လို့ ဆာရာ လုပ်ရ တာပါ "
" အပတ်တိုင်း ပြန်လာမယ် ပြောသွားတာ သက်သက် ညာပြောခဲ့တာပေါ့ ….. ဟုတ်လား "
" ညာပြော တာ မဟုတ်ပါဘူး။ စဉ်းစဉ်းစားစား ပြောခဲ့တာပါ၊ အားလုံးအတွက် သိပ်ခက်ခဲနေ လို့ ပြောခဲ့တာ ပါ "
" သိပ်ခက်ခဲနေအောင် လုပ်တာ မင်းပါ ဆာရာ၊ မင်းမရှိဘဲ ကိုယ်ဘာလုပ်နေရမှာလဲ၊ ပလေးဘွိုင်း တစ်အုပ် နဲ့ … "
" သြော် … အော်လီဗာ ရယ်၊ ဆာရာ့ အတွက်လဲ မလွယ်ပါဘူးကွယ် "
မလွယ်သည့်လမ်း ကို လျှောက်ကြရသည် ဆိုလျှင်လည်း တရားခံမှာ ဆာရာပင်။
" ကိုယ်ကမင်း ကို ထားခဲ့တာမဟုတ်ဘူးဆာရာ၊ ဘယ်တော့မှလဲ မင့် လုပ်သလိုလုပ်နိုင်မှာ မဟုတ်ဘူး "
" ဆာရာ့ မှာ ရွေးစရာလမ်း မရှိတော့လို့ပါ အော်လီရယ် "
" သွားစမ်းပါ၊ မေမေပြောတာ သိပ်မှန်တယ်၊ ဟိုး နှစ်ပေါင်းများစွာက ပြောခဲ့တာ။ မင်းဟာ တစ်ကိုယ် ကောင်းဆန် မယ့် မိန်းကလေးတဲ့ "
" ညဥ့်လဲ နက်လှပြီ အော်လီရယ်၊ ရန်မဖြစ်ပါရစေနဲ့တော့နော် "
စကားပြောနေ ရင်း ဆာရာ တစ်စုံတစ်ခုကို သတိထားမိနေသည်။
" အော်လီဗာ၊ ဘာလို့ အသံတိုးတိုးကလေး ပြောနေတာလဲဟင် "
အိပ်ရာထဲ ကပြောနေသံနှင့်မတူဘဲ အသံမှာ ခပ်လုံလုံဖြစ်နေသည်ထင်ရ၏။
" ဆမ်ကလေး ကိုယ်နဲ့ လာအိပ်နေတယ်၊ ခု ရေချိုးခန်းထဲကပြောနေတာ၊ သူနိုးမှာစိုးလို့ "
" ဟင် … သူနေမကောင်းလို့လား "
ဆာရာ ချက်ချင်း စိတ်ပူသွားသည်။ အော်လီဗာ ပို၍ ဒေါပွ သွား၏။ နေမကောင်းတော့ရော ပြန်လာ မှာမို့လား။
" မဟုတ်ပါဘူး၊ ဒါပေမယ့် ညညလန့်နိုးပြီး ကယောင်ကတမ်းတွေဖြစ်ဖြစ်နေလို့၊ ဒီည အဖေနဲ့ အိပ်ပါရစေတဲ့ "
နှစ်ယောက်စလုံး စကားမဆက်ဘဲ တိတ်ဆိတ်သွားသည်။ မကြာသေးခင်က အတူတူအိပ်ခဲ့သည့် အိပ်ခန်း ကို မြင်ယောင်လာသည်။ သက်ပြင်းတစ်ချက်ကိုချပြီး ဆာရာခပ်တိုးတိုးစကားဆက်သည်။
" သားလေး ကံကောင်းပါတယ်ကွယ်၊ မောင့်လိုအဖေမျိုးနဲ့ နေရလို့၊ ကိုယ့်ကိုယ်ကိုလဲ ဂရုစိုက်ဦးနော်၊ တယ်လီဖုန်း ရရချင်း ပြန်ခေါ်မယ်နော် "
ဘယ်တော့ မှ ချစ်ရနံပြယ်မည် မဟုတ်ကြောင်း လွှတ်ခနဲပြောမည်ပြုပြီးမှ အသာထိန်းထားလိုက်သည်။ သူဘယ် လောက် ရက်စက်ရက်စက် မိမိက ချစ်မြဲချစ်ကာ ဘယ်ခါမှ မုန်းနိုင်လိမ့်မည်မဟုတ်ကြောင်း ကိုယ့်ကိုယ် ကို သိလိုက်ပါပြီ။ သူမရှိဘဲ တစ်ယောက်တည်းနေရသည့် ပထမရက်ပိုင်းများမှာ စိတ်ပျက်ဖွယ် အတိ။ နံနက်စာ ၀ိုင်းမှာ စားချင်စဖွယ်လုံးဝမရှိ။
ကြက်ဥကိုပင်လျှင် အပေါက်အလမ်းတည့်အောင် မကြော်တတ်ကြ။ လိမ္မော်ရည်မှာ ချွဲပျစ်ပျစ်။ ပေါင်မုန့် ပေါ် မှ ထောပတ် မှာ မတရားထူးချင်ထူနေတတ်ပြီး ပါးချင် လျှင် ထောပတ်အရသာ ပင် မတွေ့ရ။
အက်နက်သည် အလွန်တော်သည့် ထမင်းချက်တစ်ယောက်ဖြစ်ပါ၏။ အတူနေလာသည်မှာ ဆယ်နှစ်ကျော် ခဲ့ပြီဖြစ် ၍ မိသားစုလိုဖြစ်နေပြီ။ သို့သော် နံနက်စာဝိုင်းကို ဆာရာကိုယ်တိုင် စီစဉ်သဖြင့် ဆာရာ့လက်ရာ ကို တစ်အိမ်သားလုံး စွဲလမ်းနေကြပြီ။
ဆမ်ကလေး က အစားအသောက်ကို မကျေနပ်လျှင် အကြောင်းမဲ့ ခွေးကို ကန်သည်။ မယ်လီဆာက တစ်ချိန် လုံး မျက်နှာရှစ်ခေါက်ချိုးဖြင့်။ ဘင်ဂျမင်က အိမ်သားတွေနှင့် မျက်နှာချင်းဆိုင်ချိန် သိပ်မရှိတော့ပေ။ နံနက်စာ ကို အိမ်မှာ မစားပါရစေနှင့်ဟု ကြေညာပြီး အစောကြီး လစ်ထွက်သွား တတ်သည်။
မယ်လီဆာ က ကျောင်းအားရက်များတွင် အပြင်ထွက်လည်ချင်သည်ဟု အရေးဆိုလာသည်။ ဘင်ဂျမင် က အိမ်ပြန်နောက်ကျမြဲ။ သူငယ်ချင်းတွေနှင့် စာကျက်နေသည်ဟု ပြောမြဲ ဆမ်ကလေးက ညအိပ်ချိန် ဆိုလျှင် ကျည်တွန်ပြီ။ ချမ်းမြေ့ရိပ်မြုံအသိုက်အအုံကလေးသည် လုံးဝ ပြိုကျပျက်စီးသွားပေပြီတကား။
 တယ်လီဖုန်းရမည်ဟု ပြောသည့်အချိန်ထက် နှစ်ပတ်ကြာပြီးမှ ဆာရာ ဖုန်းဆက်သည်။ တယ်လီဖုန်း တပ်ပြီး ပြီးချင်း ဆက်တာ တဲ့လေ။ သို့သော် အိမ်ကိုတော့ တစ်ခေါက်မှ ပြန်မလာ။ ထွက်လာခဲ့တာ မကြာသေး၍ ပြန်ဖို့မလိုသေး ဟု သူက အကြောင်းပြသည်။
နှစ်ယောက်စလုံး စကားကို တိုတိုတုတ်တုတ်ပင်ပြောကြတော့သည်။ စကားပြောရသည်မှာ အသက် မပါ တော့။ ကလေးတွေနှင့်တွေ့ရမည်ကို ဆာရာ တွေးကြောက်နေသည်။ သူတို့နှင့်တွေ့လျှင် သူတို့ကို နှစ်သိမ့် နိုင်လိမ့်မည် မထင်။ ထို့ကြောင့် သူတို့ကလေးတွေပညာစုံမှ၊ အတွေးအခေါ် ရင့်သန်လာမှ၊ အောင်မြင်မှု တွေရတဲ့အခါ ကျမှ ပြန်တွေ့ချင်သည်ဟု အကြောင်းပြသည်။
သို့သော် အော်လီဗာသိလိုက်ပါပြီ။ ဆယ့်ရှစ်နှစ်ကြာအချစ်များစွာဖြင့် ပေါင်းသင်းခဲ့သည့် သူတို့ အိမ်ထောင် ရေးသည် တစ်စစီလွင့်စဉ်သွားပြီဟူ၍ …။
အဖြစ်အပျက်မှာ အိမ်တွင်း၌သာ ဂယက်ရိုက်ခြင်းမဟုတ်ဘဲ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဆီအထိ ရောက်သွားတတ်သည်။ ဇနီးလုပ်သူအပေါ် အပြစ်ဖို့ရမည့်အစား လူတိုင်းကို အော်လီဗာ စိတ်တိုနေ တတ်၏။ ကိုယ့်ကိုယ်ကိုလည်း ဒေါသဖြစ်နေသည်။ မယ်လီဆာ၏စွပ်စွဲချက်မှာ မှန် သယောင် ယောင်ရှိကြောင်း ကျိတ်ပြီး ၀န်ခံနေမိသည်။ အဖေ့ကြောင့်၊ အဖေတစ်စုံတစ်ခုမှားယွင်းလို့ သည်လိုဖြစ်ရ သည် တဲ့လေ။
တဖြည်းဖြည်းနှင့် မိတ်ဆွေ အပေါင်းအသင်းများဆီသို့ သတင်းပြန့်သွားသည်။ ထိုအခါ ဘယ်သူနှင့်မှ မတွေ့ ချင်တော့ စပ်စုလိုသော၊ အတင်းအဖျင်းပြောသော လူ့သဘာဝကို ရွံ့ရှာစက်ဆုပ်လာသည်။
သည်လို အခြေအနေတွင် အဖေ့ဆီမှ တယ်လီဖုန်းက နေ့ရောညပါဝင်လာတတ်သည်။ အမေ့ သတင်းကြား ရသည်မှာ လုံးဝ စိတ်အေးစရာမရှိ။ တစ်နေ့တခြား ပိုပိုဆိုးလာသည်။ အဖေ့အနေဖြင့်လည်း သည်သား တစ်ယောက်သာရင်ဖွင့်စရာ၊ အားကိုးစရာရှိသည်မဟုတ်လား။ သို့သော် သားလုပ်သူ မှာလည်း သောက ပင်လယ်ဝေနေချိန် …။
ကလေးတွေ ကိစ္စကို အော်လီဗာ စိတ်ဓာတ်အကျဆုံးဖြစ်သည်။ သူတို့အားလုံးကို စိတ်ကုဆရာဝန် ဆီ ခေါ်သွားဖို့ပင် စဉ်းစားမိသေးသည်။ ဆမ်၏ ဆရာမနှင့် သွားတွေ့ ပြီး ဆွေးနွေးတော့ သည်လိုဖြစ်ရသည်မှာ သဘာဝလွန်ကိစ္စမဟုတ်ကြောင်း ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ရှင်းပြသည်။
ဆမ်ကလေးမှာ အဆင့်ကျလာရုံတင်မကဘဲ ပို၍ပို၍ ဂျစ်ကန်ကန်နိုင်လာသည်။ မယ်လီဆာလည်း ထို နည်းနှင်နှင်ပင် သူတို့ကျောင်းမှ စိတ်ပညာဆရာမကလည်း ခုလိုဖြစ်ရခြင်းမှာ သဘာဝကျကြောင်း၊ မယ်လီဆာ သည် တစ်စုံတစ်ယောက်အပေါ် အပြစ်ပုံချနေခြင်းမှာ စိတ်၏ သာမန်တုံ့ပြန်မှု တစ်မျိုးဖြစ်ကြောင်း၊ အိမ်တွင်းရေး ပြဿနာများ၏အနီးစပ်ဆုံး တရားခံမှာ မိမိဟု သူစွပ်စွဲခြင်းမှာလည်း သဘာဝ ကျကြောင်းများဖြင့် ရှင်းပြသည်။
ဘင်ဂျမင်ကလည်း သူ့ဘ၀ကို သူငယ်ချင်းများဆီတွင် သွားရောက်မြှုပ်နှံလျက်ရှိသည်။ ဆာရာ မရှိသည့် နောက်ပိုင်း အရာတိုင်းသည် ထိန်းမနိုင်သိမ်းမရဖြစ်လျက်ရှိ၏။ သို့သော် အချိန်တန်လျှင် အားလုံး အနည် ထိုင်သွားလိမ့်မည်ဟု စိတ်ပညာဆရာမက သူ့ကို နှစ်သိမ့်လွှတ်လိုက်သည်။ သို့သော် သည် အိမ်ထောင်စု တွင်အလျင်အတိုင်းပြန်ဖြစ်ဖို့ အော်လီဗာ သိပ်မမျှော်လင့်ချင်တော့ပေ။
တစ်နေ့တာ အလုပ်ခွင်မှ စိတ်ပန်းကိုယ်ပန်းဖြင့် ပြန်လာပြီး အိမ်ရောက်လျှင် ကမောက်ကမဖြစ်နေသော အိမ် နှင့် မပျော်ရွှင်တော့သော ကလေးများ၊ သို့မဟုတ် အချင်းချင်း ရန်လိုနေကြသော သားသမီး များနှင့် တွေ့ရ စမြဲ။ ညစာစားရသည်မှာ စိတ်ပျက်စရာကောင်းသည်ထက် ကောင်းလာသည်။ ဆာရာ ဖုန်းဆက်လာ လျှင် တယ်လီဖုန်းကို နံရံနှင့် ကိုင်ရိုက်ပစ်လိုက်ချင်၏။ သူ့သင်တန်းများအကြောင်း လုံးဝ စိတ်မ၀င်စားနိုင် ပါ။ သည်တစ်ပတ်မှာကော ဘာဖြစ်လို့ သူပြန်မလာနိုင်ရတာလဲ။
သူပြန်လာစေချင်ပါပြီ။ ခါတိုင်းလိုပင် အတူနေ၊ အတူစား၊ အတူသွား၊ အတူလာချင်ပါပြီ ဆာရာ။ ပြီးတော့ ကလေးတွေ ကို ပြန်ကြည့်ဖို့ သင့်ပြီဆာရာ။ အက်နက်သည် အလွန်အားကိုးရသော အိမ်ဖော် အမျိုးသမီးဖြစ်ပါ၏။ သို့သော် မအေအုပ်ချုပ်မှုနှင့် ယှဉ်ဖို့တော့ မဖြစ်နိုင်ဘူးလေ။
တစ်နေ့ ရုံးတွင် ထိုင်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ငေးနေမိသည်။
ဇန်န၀ါရီလ နှောင်းပိုင်းမို့ နယူးယောက်တွင် ထုံးစံအတိုင်း မိုးတွေ စွေနေသည်။ သူပြန်မှ ပြန်လာပါတော့ မည် လားဟု သံသယဖြစ်လာ၏။
" အော်လီဗာရေ … ၀င်ခဲ့မယ်နော် "
ကုမ္ပဏီ၏ ဒုတွဲဖက်ဥက္ကဋ္ဌ ဒက်ဖနီ ဟတ်ချီဆန်ဖြစ်သည်။ သူနှင့် တွဲလုပ်လာခဲ့သည်မှာ လေးနှစ်ရှိခဲ့ပြီ။ အလွန်ကြည့်ကောင်းသည့် အမျိုးသမီးဖြစ်သည်၊ ဆံပင်က အနက်ရောင် ဥရောပပုံစံ ဆင်ယင်ထုံးဖွဲ့ထား သည်။ အားလုံး သေသေသပ်သပ်။ လက်ဝတ်ရတနာကို တော်ရုံသင့်ရုံ ဆင်မြန်းထားသည်။ အပိုအလိုမရှိ။
ဒက်ဖနီ ကို သဘောကျသည်။ ထက်မြက်၍ အလုပ်ကြိုးစား၍ နှိုင်းနှိုင်းချိန်ချိန် လုပ်တတ်၍ဖြစ်သည်။ အသက် သုံးဆယ့်ရှစ်နှစ် ရှိပြီး ဘာလို့ လက်မထပ်သေးတာပါလိမ့်။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ ဘယ်တုန်းကမှ မောင်လို နှမလိုထက် မပို။ ဒက်ဖနီက ချစ်ရေးချစ်ရာ ကိုရော အိမ်ထောင်ရေးကိုပါ စိတ်မ၀င်စားကြောင်း တစ်ရုံးလုံး ကို ကြေညာထား ခဲ့၏။ ပြောသည့် အတိုင်းလည်းနေသည်။ တချို့က သွေးတိုးစမ်းကြသည်။ တချို့က အလေးအနက် ချဉ်းကပ်ကြ သည်။ ဘယ်သူမှ နံရံကို မဖြိုနိုင်ကြ။
အော်လီဗာ က သူ့ကို လေးစားသည်။ လူမှုဆက်ဆံရေးတွင် ပြတ်သားသဖြင့် သူနှင့် အလုပ်လုပ်ရသည် မှာ လွယ်ကူသည်။
ဧရာမ ဖိုင်တွဲကြီးကို ကိုင်ပြီး ၀င်လာခြင်းဖြစ်၏။
" လာမယ့် အပတ်မှာ လုပ်စရာတွေလေ"
သူတစ်ချက်တုံ့သွားပြီး …
" ဟင် … ဘာဖြစ်နေတာလဲ၊ စိတ်မပါသေးရင် နောက်မှ လာခဲ့မယ်လေ "
ဆာရာ ထွက်သွားကြောင်း ဒက်ဖနီကြားသည်။ အော်လီဗာ မျက်နှာမကောင်းဖြစ်နေသည်ကို သတိထားမိ သည်။ သို့သော် သည်အကြောင်း တစ်ခါမှ မပြောဖြစ်ခဲ့ကြ။
" အိုး … ရပါတယ် ဒက်ဖနီ၊ လာပါလာပါ၊ ဘယ်အချိန်လုပ်လုပ် လုပ်ရမှာချည်းပဲ "
ဒက်ဖနီ ၀င်လာခဲ့သည်။ အော်လီဗာ့ကို ကြည့်ရသည်မှာ စိတ်ပူစရာပင်။ မျက်နှာ မှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ပိန်လည်းပိန်သွားသည်။ သောက လွှမ်းခြုံနေသည့် အမူအရာကို သူ ဖုံးကွယ်ထားသော် လည်း အတိုင်းသား ပေါ်လွင်နေ၏။ စိတ်ဓာတ်အကျကြီး ကျနေမှန်းသိသာလှသည်။
သူ့ရှေ့တွင် ထိုင်ပြီး အလုပ်တစ်ခုအတွက် စီမံချက်ကို တင်ပြသည်။ သို့သော် အော်လီဗာ အလုပ်အပေါ် တွင် အာရုံထား၍ ရဟန်မတူ။ ဤသို့ဖြင့် အလုပ်အကြောင်း ခဏထားပြီး ကော်ဖီသောက်ကြရန် သဘော တူကြ သည်။
ဒက်ဖနီ ဘာလုပ်ပေးရ မလဲဟင်၊ ဘာမှတော့ လုပ်ပေးတတ်မှာမဟုတ်ဘူး၊ ဒါပေမယ့် လုပ်ပေးနိုင်တာ ရှိမလား လို့ "
အော်လီဗာ ပြုံးလိုက်သည်။ ဒက်ဖနီသည် စိတ်ဓာတ်ခွန်အား အပြည့်ရှိသည့် မိန်းကလေးမျိုးဖြစ်သည်။ ရုပ်ဆင်းရူပကာ လည်း ဆိုစရာမရှိအောင် လှပသည်။ ဘာကြောင့် သည်အရွယ်အထိ တစ်ကိုယ်တည်း ဘ၀ ဖြင့် နေနေပါလိမ့်ဟု အံ့သြမိပြန်၏။
အလုပ် ကို စွဲလမ်းနေဆဲဖြစ်မည်။ အလုပ်ထဲတွင် နစ်မြှုပ်နေရခြင်းကို ပျော်ပိုက်နေပြီး အသက်လေးဆယ်ပြည့် မှ အထိတ်တလန့်ဖြစ်တတ်ကြသည့် မိန်းမမျိုးထဲတွင် ဒက်ဖနီပါဝင်နေ မည်ထင်၏။ သို့သော် သူ့ကြည့်ရသည်မှာ ဘယ်သောအခါမှ အထိတ်တလန့်ဖြစ်မည့်ပုံစံမျိုးမဟုတ်။ မျက်လုံး များတွင် ကြင်နာတတ်ခြင်းကို တွေ့ရသော်လည်း လက်ရှိဘ၀ကို အထိပါးမခံဘဲ ဆက်လက် ထိန်းသိမ်း ထားမည့်ပုံ။
ကုလားထိုင်နောက်ကို မှီလိုက်ပြီး သက်ပြင်းတစ်ချက်ချရင်း …
" ကိုယ်လဲ ဘာလုပ်ရမှန်းမသိတော့ဘူးကွာ၊ မင်းကြားပြီးရောပေါ့ ဒက်ဖနီ "
အော်လီဗာ ၏ ဝေဒနာကို သူ့မျက်လုံးစိမ်းများထဲတွင် ဒက်ဖနီ အထင်းသားတွေ့နေရ၏။ သူ့ပခုံးကို သိုင်းဖက်ပြီး အားပေးချင်သော် လည်း စိတ်ကို ထိန်းထားလိုက်၏။
" ပြီးခဲ့တဲ့လထဲက ဆာရာ အိမ်က ထွက်သွားတယ် ဒက်ဖနီ၊ ကျောင်းပြန်တက် မလို့တဲ့လေ၊ ဘော့စတွန် မှာ"
" အော်လီဗာ ကလဲ ကမ္ဘာကြီး ပျက်စီးမသွားသေးပါဘူး၊ ဒက်ဖနီက ဒါထက်ပိုဆိုးသလားလို့ "
အပြင်တွင်ဖြစ်နေသည့် သတင်းက သူတို့လင်မယားကွာရှင်းပြတ်စဲသည်အထိ ဖြစ်သည်တဲ့လေ။ သို့သော် သည်အကြောင်း မှာ မသိကျိုးကျွန်ပြုနေလိုက်သည်။
" ကိုယ့်အတွက်တော့ ကမ္ဘာပျက်တာကမှ တော်ဦးမယ်ဒက်ဖနီ၊ ဒါတွေအားလုံး သူ့မှာ တာဝန်ရှိတယ်လို့ ဆာရာ ၀န်မခံဘူး၊ သူ ထွက်သွားတာ ငါးပတ်ရှိပြီ၊ ကလေးတွေက ကိုယ့်ကို အကောင်းမမြင်ကြတော့ဘူး၊ အလားတူ ပဲ ကိုယ်ကလဲ သူတို့ကို ကြည့်မရတော့ဘူး၊ ရုံးမှာ အလုပ်ကတစ်ဖက်၊ အိမ်ပြန်ရောက်တော့ ခုနစ်နာရီ၊ ရှစ်နာရီ၊ အဲဒီအချိန်ဆို အိမ်မှာထိန်းမနိုင် သိမ်းမရဖြစ်နေပြီ။ ဘယ်တော့မှ ညစာ ကို အေးအေး ဆေးဆေး မစားရဘူး၊ တစ်ယောက်နဲ့တစ်ယောက် အော်ဟစ် ရန်ဖြစ် ဆူပူငိုယို နဲ့၊ နောက်တစ်နေ့ မိုးလင်း တော့လဲ ထိုနည်းလည်းကောင်းပဲ "
" အင်း … ဘယ် ပျော်စရာကောင်းတော့မလဲနော်၊ ခဏတစ်ဖြုတ် နယူးယောက်မှာ အခန်းတစ်ခန်း ယူပြီး ပြောင်းနေပါလား၊ ရုံးနဲ့လဲနီး၊ ကလေးတွေလဲ အပြောင်းအလဲဖြစ်သွားတာပေါ့ "
သည်လို တစ်ခါ မှ မစဉ်းစားမိ၊ သို့သော် သူတို့တစ်တွေကို ကျောင်းပြောင်းလို့ မဖြစ်သေး။ သူငယ်ချင်း ဟောင်းတွေနှင့် ခွဲလိုက်လျှင် ပိုဆိုးကုန်နိုင်သည်။
" လက်ရှိ အခြေအနေကို ဆက်ထိန်းဖို့တောင် မနည်းကြိုးစားနေရတယ် ဒက်ဖနီ၊ ပြောင်းဖို့ရွှေ့ဖို့ မစဉ်းစား ရဲသေး ဘူး "
မယ်လီဆာ ဒေါသူပုန် ထပုံ၊ ဘင်ဂျမင် အိမ်မှ မမြဲလစ်ပုံနှင့် ဆမ်ကလေးက ညစဉ် အဖေနှင့် လာအိပ်နေပြီး အိပ်ရာ ထဲတွင် ရှူရှူး ပေါက်ချပုံများပါပြောပြလိုက်သည်။
" တစ်ခုခုတော့ အပြောင်းအလဲ လုပ်ပစ်ရမယ်အော်လီဗာ၊ တစ်နေရာရာ ခေါ်သွားမလား၊ တစ်ပတ်လောက် ဖြစ်ဖြစ်ပေါ့၊ ကာရီ ဘီယံကို ဖြစ်ဖြစ်၊ ဟာဝေယံကိုဖြစ်ဖြစ်လေ၊ ပူပူနွေးနွေးနေရာမျိုးဆို သူတို့ ပျော်ကြမှာပါ"
ဖြစ်နိုင်ပါမည်လား၊ သူတို့အလျင်လို ပြန်ဖြစ်လာနိုင်တော့ပါမည်လား။ ဒက်ဖနီကို အိတ်သွန် ဖာမှောက် ပြော ချနေမိသည့်အတွက် ရှက်သလိုလို ဖြစ်လာသည်။ သို့သော် အမျိုးသမီးက သတိထား မိဟန်မတူ။
" ကိုယ်တို့ ဒီလိုပဲ ဆက်နေသွားရင် သူ ပြန်လာမှာပဲ၊ အဲဒီတော့မှ နာရီလက်တံ ကို နောက်ပြန်လှည့်မယ်လို့ ကိုယ် စိတ်ကူးထားတယ် ဒက်ဖနီ "
" အဲဒီကိစ္စမျိုးတွေ မှာ အဲဒီလို ဖြစ်လာလေ့ မရှိဘူးအော်လီဗာ "
" အင်း … "
အင်း ရှည်ကြီး တစ်ချက်ချပြီး ပင်ပန်းနွမ်းနယ်စွာ လက်တစ်ဖက်ဖြင့် ဆံပင်ကို သပ်လိုက်သည်။
" အင်း … ဟုတ်ပါတယ်လေ၊ ဒါထက် ဒီအကြောင်းတွေ နားထောင်ရတာ မင်း ငြီးငွေ့ရောပေါ့၊ ဆောရီးပဲ ဒက်ဖနီ၊ ခုတလော ကိုယ့်အလုပ်ထဲမှာလဲ စိတ်မပါဘူး၊ အိမ်မှာ မနေချင်လို့သာ၊ ဒီမှာ ရုံးချိန်ပြီးလဲ ဆက် ထိုင် နေတာ၊ ညပိုင်းတွေမှာ အိမ်ကြီးဟာ စိတ်ပျက်စရာ အကောင်းဆုံးပဲ၊ စနေ၊ တနင်္ဂနွေဆို ပိုဆိုးသေး၊ ကိုယ် တို့ မိသားစုဟာ တစ်စစီ လွင့်စဉ်သွားပြီး ဘယ်လိုမှ ပြန်ပြီးတော့ ရင်ကြားစေ့လို့ တစ်စစီ လွင့်စဉ်သွားပြီး ဘယ်လိုမှ ပြန်ပြီးတော့ ရင်ကြားစေ့လို့ မရတော့သလိုပဲ၊ ဟိုတုန်းကဆိုရင် သိပ်ပျော်စရာကောင်း တဲ့ အိမ် ထောင်စုပါ ဒက်ဖနီ "
" ဒက်ဖနီ … ဘာအကူအညီပေး ရမလဲဟင် "
ကလေးတွေကို ဒက်ဖနီ တစ်ခါမျှမတွေ့ဖူးခဲ့။ ဘာကြောင့် အော်လီဗာကလေးတွေနှင့် မတွေ့ဖူးခဲ့တာပါ လိမ့်။ ရုံးပိတ်ရက်တွေမှာ အားလပ်ချိန်တွေအများကြီး ရှိလျက်သားနဲ့။
" ဒက်ဖနီ ကလေးတွေနဲ့ တွေ့ချင်ပါတယ်၊ သူတို့အတွက် ပြေရာပြေကြောင်း ဖြစ်နိုင်ကောင်းပါရဲ့၊ ဒါမှမဟုတ် သူတို့ အဖေနဲ့အမေကြားမှာ ၀င်နှောင့်ယှက်တယ်လို့များ ထင်မလားမသိဘူးနော် "
" မထင်လောက်ပါဘူး "
စာစာနာနာ ပြောဖော်ရ၍ အော်လီဗာက ဒက်ဖနီကို ကျိတ်ပြီး ကျေးဇူးတင်နေသည်။ ကျေနပ်စွာ ပြုံးလိုက် ပြီး …
" အခြေအနေ နည်းနည်း အနည်ထိုင်သွားရင် လာလည်လေ၊ ဒက်ဖနီကို သူတို့ ခင်ကြမှာပါ၊ ကိုယ့်မယ် တော်ကြီးလဲ အခြေအနေမကောင်းဘူး၊ တစ်ဖက်ဖက်က အခြေယိုင်သွားတာနဲ့ တစ်စစီပြိုကျ ကုန်သလိုပဲ နော်၊ အဲဒီလိုဖြစ်တယ်ဆိုတာ မင်းသိလားဒက်ဖနီ "
သူ့အပြုံး က သူငယ်ကလေးတစ်ယောက် ပြုံးသလို အပြစ်ကင်းစင်လှသည်။ ဒက်ဖနီ ရင်ထဲတွင် စာနာစိတ်၊ ကြင်နာစိတ်များ တဖွားဖွားဖြစ်ပေါ် လှုပ်ခတ်သွား၏။ ပြုံးပြုံးရယ်ရယ်ဖြင့် …..
" ဒက်ဖနီ ကို မေးနေတယ် ဟုတ်လား၊ သိပ်သိတာပေါ့၊ ဒါထက် အိမ်ကခွေးကော နေကောင်းရဲ့လား "
" ခွေး … ဟုတ်လား၊ ကောင်းပါတယ်၊ ဘာဖြစ်လို့လဲဟင် "
တအံ့တသြ ပြန်မေးလိုက်သည်။ ဘာအဓိပ္ပာယ်နှင့် မေးတာပါလိမ့်။
" သူ့ ကို သတိထားနေနော်၊ သူ့ကို ကူးစက်သွားပြီး လူတကာ လိုက်ကိုက်နေဦးမယ် "
နှစ်ယောက်သား ရယ်ကြသည်။ ပြီးတော့မှ သက်ပြင်းပြိုင်တူချကြသည်။
" ကိုယ်တို့ အိမ်ထောင်ရေးမှာ ဒီလို ဖြစ်လာလိမ့်မြယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး ဒက်ဖနီ၊ သူ့ လုပ်ပုံ က သိပ်ပိရိတယ်၊ ဘယ်သူမှ ကြိုမထွက်ထားမိကြဘူး၊ ကိုယ် ဘာမှ အဆင်သင့်မဖြစ်လိုက်ဘူး၊ ကလေးတွေ ဆို ပိုဆိုးတာပေါ့။ ကိုယ်တို့ဘ၀ဟာ ပြီးပြည့်စုံတဲ့ဘ၀လို့ ထင်ခဲ့တယ်လေ "
" ဒီလိုပဲ ဖြစ်တတ်ပါတယ်လေ၊ လူဆိုတာ ဖျားနာတတ်တယ်၊ သေကြေပျက်စီးတတ်တယ်၊ အချစ်သစ်ရှာ တတ်တယ်၊ ဒါမှမဟုတ်လဲ စိတ်ကူးပေါက်ရာ စွတ်လုပ်တတ်တယ်၊ မဖြစ်သင့်ပေ မယ့် ဖြစ်နေကြတာပဲလေ၊ အဲဒီအခြေအနေမျိုး ရောက်လာရင် အကောင်းဆုံးဖြစ်အောင် ကြိုးစားရမှာပဲ။ ဘာကြောင့် အဲဒီ လို ဖြစ်ရတယ်ဆိုတာ တစ်ချိန်ချိန်မှာ ပြန်ကြည့်ရင် အဖြေပေါ်မှာပါ "
" ကိုယ့်အပြစ် ပဲ ဖြစ်မှာပါကွာ၊ သူ့ကို ဂရုမစိုက်ဘူး၊ အလုပ်ထဲမှာပဲ ကိုယ်က ဘ၀ကို မြှုပ်နှံထားတယ်လို့ သူကျိတ်ပြီး တွက်နေ မှာပေါ့ "
" ဘ၀ကို ငြီးငွေ့လာတာလဲ ဖြစ်နိုင်တာပဲ၊ အပြောင်းအလဲတစ်ခုအတွက် ဘ၀သစ် စချင်တာ လဲဖြစ်နိုင်တာပဲ၊ တချို့လုပ်တာကို နားလည်ဖို့ ခက်သားပဲ၊ ကလေးတွေက ပိုနားမလည်နိုင်ဘူးပေါ့ "
သူ့တွေးပုံမှာ အမှန်နှင့် အတော်ကြီး နီးစပ်ပါသည်။ သူ့အသက်နှင့် စာလျှင် အတော်ရင့်ကျက်နေသည့် မိန်းကလေးပါလား။ သူ့ကို တလေးတစား ခင်မင်ခဲ့ကြောင်းကို ပြန်သတိရနေ၏။ အပိုတွေ ပကာသနတွေ မပါဘဲ မိတ်ကောင်း ဆွေကောင်းတွေပီပီ အကူအညီပေးတတ်၊ အကြံဥာဏ်ပေးတတ်သည့် ဒက်ဖနီ။ ပြန် စဉ်းစားကြည့်တော့ မိမိ တွင် မိန်းကလေးအပေါင်းအသင်း မရှိသလောက် ပါကလား။
" ကလေးတွေ နားမလည်တာ မဆန်းပါဘူးဒက်ဖနီရယ်၊ ကိုယ်ကိုယ်တိုင် နားမလည် ဖြစ်နေတာပဲဟာ၊ သူ ဒီလို လုပ်သွားလို့ ဖြစ်လာတဲ့ပြဿနာတွေကို သူ ဘာမှ တာဝန်မယူဘူးထား၊ အပတ် တိုင်း ပြန်လာပါမယ်ဆိုတဲ့ ကတိကိုလဲ သူ့ဘာသာသူ ဖျက်တယ်"
" အင်း … အော်လီဗာ့ဘက်က ခံပြင်းစရာပေါ့လေ၊ ဒါပေမယ့် အဲဒါကပဲ အားလုံးအတွက် ပိုကောင်း မနေဘူး လား၊ သူပြန်လာချိန်မှာ အော်လီဗာတို့သားအဖတွေ နေသားကျပြီး အနည်ထိုင်နေလောက်ပြီလေ "
သူ နာနာကြည်းကြည်း ရယ်သည်။ ဒါကတော့ ဖြစ်နိုင်ခြေအလွန်နည်းသည့် မျှော်မှန်းချက်ပါ။
" အဲဒီလိုဖြစ်လာ ဖို့ မလွယ်ပါဘူး ဒက်ဖနီရယ်၊ အိမ်မှာက မနက်စာဝိုင်းက စပြီး မကျေနပ်မှုတွေ၊ အငြင်းအခုံ တွေနဲ့ စ တာလေ၊ ရုံးကို ထွက်လာတဲ့အထိ နားထဲမှာ အဲဒီအနိဋ္ဌာရုံတွေပါလာတုန်းပဲ၊ ည အိမ်ပြန်ရောက် ရင် လဲ ရန်ပွဲနဲ့တွေ့ရင်တွေ့၊ မတွေ့ရင် ဘယ်သူမှ မရှိကြလို့ပဲ၊ အဲဒါက ကိုယ့်အတွက် ပို ဆိုးတယ် …
" ကိုယ် ကလေးတွေ အဲဒီလောက် အကိုင်ရအတွယ်ရကျပ်လိမ့်မယ်လို့ ကိုယ် လုံးလုံး မထင်ခဲ့ဘူး သိလား၊ သိပ်သဘောကောင်းပြီး သိပ်နားလည်တတ်တဲ့ကလေးတွေ၊ ခုတော့ သူတို့တွေမှ ဟုတ်ပါလေစ လို့ အောက် မေ့ရတယ် ဒက်ဖနီရယ်၊ အိမ်ရဲ့ ဖွဲ့စည်းပုံပျက်နေသလိုပဲ၊ ဦးနင်းပဲ့ ထောင်နဲံ တာစူလို့ကို မရတော့ဘူး၊ ဒါကြောင့် ရုံးမှာပဲ အနေများတာ "
ရုံးရောက်ပြန်တော့ လည်း အလျင်လို အလုပ်ထဲတွင် မပျော်ပိုက်တော့။ ဒက်ဖနီ အကြံပေးသည့်အတိုင်း တစ်နေရာရာ ကို ခရီးထပ်ထွက်ပစ်လိုက်ဖို့ လိုမည်ထင်သည်။
" အဲဒီလို အဖြစ်မခံနဲ့လေ "
ဒက်ဖနီ က တတ်သိနားလည်သည့် မျက်လုံးများဖြင့် ကြည့်ပြီး စကားဆက်သည်။
" အဲဒါတွေ အတွက်လည်းပဲ အော်လီဗာ ပေးဆပ်နေတာပဲ၊ သူ့ကို အခွင့်အရေးတစ်ကြိမ် ပေးလိုက်ပါ၊ သူပြန်လာရင် သိပ်ကောင်းသွားမယ်၊ ပြန်မလာဘူးဆိုရင်လဲ ကိုယ့်ဘ၀ကိုယ် ဆက်လျှောက်ဖို့ တာစူ ရမှာ ပေါ့၊ ခုလိုကြီး ဖြစ်နေတာ အဓိပ္ပာယ်မှ မရှိတာ၊ တကယ်ပြောတာ အော်လီဗာ၊ အတွေ့အကြုံအရ ဒက်ဖနီပြောနေတာ "
" ဒါကြောင့် မင်းအိမ်ထောင်မပြုတာလားဟင် "
စကားဆက် ရှိနေပြီဖြစ်၍ မေးလိုက်ခြင်းဖြစ်သည်။ ရိုင်းသည်ဟု မဆိုသာတော့။
" ဆိုပါတော့လေ၊ တခြားပြဿနာတွေလဲ ရှိတာပေါ့ အသက်သုံးဆယ်ထိ အလုပ်တစ်ခုခု ကို အောင်မြင်အောင် လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်၊ နောက်ပိုင်းကျတော့လဲ အလုပ်ထဲမှာပဲ တလဲလဲ နစ်မြုပ် နေပြန်ရော၊ အဲဒီနောက် … အင်း … ပြောရရင် အရှည်ကြီးပဲ၊ အချုပ်ကတော့ ဒီဘ၀ မှာပဲ ပျော်နေတယ်၊ ရှိ တော့ရှိတယ်၊ ရှားတယ်ဆိုပါတော့၊ အော်လီဗာကျတော့ ဒက်ဖနီလို ညဥ့်သန်းခေါင် အထိ ရုံးမှာနေလို့ မဖြစ်ဘူးလေ၊ ကလေးတွေရှိသေးတယ် မဟုတ်လား "
ညဥ့်နက် သန်းခေါင်အထိ ဒက်ဖနီ အလုပ်လုပ်တတ်ကြောင်း တစ်ရုံးလုံးသိသည်။ အလုပ်ကို စိတ်ဝင်စား သည်။ လုပ်လည်း လုပ်သည်။ ထက်လည်း ထက်သည်။ ထို့ကြောင့်လည်း သည်မျှ သူအောင်မြင်နေခြင်း ဖြစ်သည်။
ရှေ့မှ အမျိုးသမီးကိုကြည့်ပြီး ပြုံးလိုက်သည်။
" မင်းဟာ သိပ်ကိုပြည့်ဝတဲ့ မိန်းကလေးပဲ၊ မင်းယူလာတဲ့ ကိစ္စတော့ နောက်မှလုပ်ကြတာပေါ့ "
ငါးနာရီထိုးလုပြီ။ အိမ်စောစောပြန်ဖို့ စိတ်ကူးရ၏။ သို့သော် စောလွန်းနေသည်။
" စောစောပြန်ပေါ့၊ အပြောင်းအလဲ ဖြစ်သွားအောင်လေ၊ ကလေးတွေအတွက်ရော ကိုယ့်အတွက်ပါပေါ့၊ သား အဖတွေ အပြင်ထွက်ပြီး ညစာ စားကြပါလား "
အော်လီဗာ တအံ့တသြဖြစ်သွားသည်။ သည်လိုဘာလို့ မတွေးမိတာပါလိမ့်။ အိမ်တွင် ထုံးစံဟောင်းကြီးအတိုင်း လှုပ်ရှားခြင်းပါလား။
" ကျေးဇူးပဲ ဒက်ဖနီ၊ သိပ်ကောင်းတဲ့အကြံပဲ၊ ဒီကိစ္စမနက်ဖြန်မှ ဆက်လုပ်လို့ ဖြစ်ပါတယ်နော်၊ စိတ်မဆိုး ဘူး … သေချာတယ်နော် "
" အို … ဘယ်ကလာ၊ နောက်ထပ် တင်စရာတွေနဲ့ရောပြီး တင်တော့မယ်လေ "
မတ်တတ်ထပြီး တံခါးဝဆီသို့ လျှောက်သွားသည်။ ပြီး သမင်လည်ပြန်ကြည့်ပြီး …
" ခေါင်းအေးအေးထားပါ၊ မုန်တိုင်းရဲ့ အသက်ဟာ တဒင်္ဂပဲ၊ အကြာကြီး မတိုက်နိုင်ပါဘူး"
" တကယ်ပြောတာနော် "
ဒက်ဖနီက လက်ညှိုးနှင့် လက်ခလယ်ကို ထိပ်ဝိုင်းကားပြီး ထောင်ပြသည်။
" ကင်းထောက်သစ္စာပါနော် "
ဒက်ဖနီ ထွက်သွားသည်နှင့် အိမ်ကို တယ်လီဖုန်း ဆက်သည်။ အက်နက် ဖုန်းကိုင်သည်။
" ဟဲလို … အက်နက် "
ခုမှ စိတ်ထဲတွင် ပေါ့ပေါ့ပါးပါး ဖြစ်လာသည်။
" ဒီနေ့ တို့အတွက် ညစာမလုပ်နဲ့ သိလား၊ စောစောပြန်လာပြီး ကလေးတွေနဲ့ အပြင်ထွက်စားမလို့ "
ဒက်ဖနီ အကြံပေးသည့် အတိုင်း လုပ်ရမည်။ အလွန်အားကိုးရသည့် အမျိုးသမီးပါပေ။
" သြော် "
အက်နက်ထံမှ တအံ့တသြ တုံ့ပြန်သံ …။
" ဘာပြုလို့လဲ အက်နက်"
ရင်ထဲ ထိတ်သွားသည်။ သားသမီးတွေနှင့် အပြင်အတူတူ ထွက်ဖို့ပင် အခြေအနေ မပေးတော့ဘူးလား။
" မယ်လီဆာက ကျောင်းကပွဲမှာ လေ့ကျင့်ဖို့ ထွက်သွားတယ် အစ်ကိုလေး၊ ဘင်ဂျမင်က ဘတ်စကက် ဘောပွဲ ရှိတယ်တဲ့၊ ဆမ်ကလေးက ဖျားနေတယ်ရှင့် "
" ဟာ …. ဒုက္ခပါပဲ၊ ဒါဆိုလဲ နောက်မှပဲ သွားတော့မယ်၊ ဆမ် ဘယ်လိုဖြစ်တာလဲ၊ သိပ်ဖျားနေလား "
" ဒါလောက်ကြီး မဟုတ်ပါဘူး အစ်ကိုလေး၊ ရိုးရိုးအအေးမိ တုပ်ကွေး ထင်ပါတယ်၊ ကျောင်း ကလှမ်းအကြောင်းကြားလို့ ကျွန်မ သွားခေါ်ခဲ့ရပါတယ် "
ဒါတောင် အက်နက် က မိမိကို အကြောင်းမကြား။
" ခု သူဘယ်မှာလဲ "
" အစ်ကိုလေး အိပ်ခန်းထဲမှာပါ၊ သူ့အခန်းထဲမှာ သူမနေချင်ဘူးတဲ့ "
" ရတယ်အက်နက် … နေပါစေ "
အင်း … အိပ်ခန်း တဲ့။ ဟိုတုန်းက သိပ်ပျော်စရာကောင်းခဲ့တဲ့အိပ်ခန်း၊ ခုတော့ အိပ်ခန်းလို့တောင် ခေါ်ဖို့ မကောင်းတော့ ပါဘူးလေ။ တယ်လီဖုန်းချလိုက်သည်။ ဒက်ဖနီ နောက်တစ်ခေါက် ၀င်လာ၏။
" ဘာလဲ၊ ခွေးသတင်း လား၊ လျှောက်ကိုက်ကုန်ပြီလား"
အော်လီဗာ ခုမှရယ်နိုင်ပြုံးနိုင်သည်။ အငယ်ဆုံးညီမတစ်ဦးက အစ်ကိုတစ်ယောက်ကို စိတ်သက်သာရာ ရ အောင်နှစ်သိမ့်နေသည်နှင့်တူ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၉)
"မလိုက်လို့ မဖြစ်ဘူးလေ… ရှင်သိပါတယ်။ လခရဖို့ ကျွန်မ အလုပ်လုပ်နေရတာပါ။ ဒီအလုပ်က ထွက် ပစ်နိုင်တဲ့ အခြေအနေမျိုး  ကျွန်မမှာ မရှိပါဘူး" သူက မုတ်ဆိတ်ရိတ်ဓား ကို ကောက်ကိုင် လိုက်သည်။ မျက်နှာပေးမှ ဆပ်ပြာမြှုပ်များကို ရှင်းပစ်လိုက် သည်။
"ထိုင်ပါဦး၊ မကြာပါဘူး၊ ရေချိုးခန်းထဲမှာပဲ ကိုယ်အဝတ်အစားလဲလိုက်မယ်။ ငါးမိနစ်အတွင်း အဆင် သင့်ဖြစ်မယ်" ကုလားထိုင်ပေါ်မှ သူ့အဝတ်အစားများကိုယူပြီး ရေချိုးခန်းကြမ်းပြင်ပေါ်သို့ လှမ်းပစ် လိုက်သည်။ တစ် ဆက်တည်း တံခါးကို ဆောင့်ပိတ်လိုက်သည်။ ကျွန်မကမူ ခုတင်ပေါ် မှာ ထိုင်ချလိုက်ပြီး လက်သဲများ ကို သွားနှင့် စတင်ကိုက်နေမိတော့သည်။
ကို ဆက်ဖတ်ရန်...
အခြေအနေက အမှန်တကယ်ဖြစ်နေသည်နှင့်မတူ။ ကျွန်မကိုယ် ကျွန်မလည်း ပုံစံချပြီး အလုပ်လုပ်နေ မိသလို ခံစားရသည်။ သူ ဘာတွေ စဉ်းစားနေပြီနည်း။ သူ ဘာတွေလုပ်ဦးမည်နည်းဟု ကျွန်မ တွေး ကြည့်နေမိသည်။
အခန်းထဲမှာ မျက်လုံးဝေ့ကြည့်လိုက်ပါသည်။ မည်သည့်ယောက်ျားမျိုးမဆို နေထိုင်တတ်သော အခန်း မျိုး ပင်ဖြစ်ပါသည်။ ဘာတစ်ခုမျှ သပ်သပ်ရပ်ရပ်မရှိ။ အကွပ်မဲ့ကြမ်း ပရမ်းပတာ ဆိုတာမျိုးလိုဖြစ်နေ သည်။ ဖိနပ်တွေ လည်း များလွန်းသည်။ လိုတာထက်ပင် ပိုနေသည်။ လည်စည်းနက္ကတိုင်တွေကလည်း တိုးလို့ တွဲလောင်း။ မှန်တင်ခုံဘေး မှာ ခေါင်းလျှော်ရည်ပုလင်းကြီး တစ်ပုလင်းနှင့် ဆင်စွယ်လက်ကိုင်ရိုး တပ် ဝက်မှင်ဘီး တစ်စုံမှအပ အခြားဘာမျှမရှိ။ ဓာတ်ပုံမရှိ။ လျှပ်တပြက် ဓာတ်ပုံလည်းမရှိ။ ဓာတ်ပုံနှင့် အလား တူ ဆင်တူရိုးမှားကလေးပင် မရှိ။
ထောင်ထားအပ်သည့် ဓာတ်ပုံများကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်နေမိပါသည်။ ယုတ်စွအဆုံး သူ့ အိမ်ရာ ဘေးမှာတော့ သူ့မိန်းမ၏ဓာတ်ပုံတစ်ပုံလောက် ရှိဖို့ကောင်းသည်။ သို့တည်းမဟုတ် မီးလင်းဖို နဖူးစီး အလယ်တည့်တည့်ပေါ်လောက်မှ ထောင်ထားဖို့ကောင်းသည်။ သားရေဘောင် ခန့်ခန့်ငြားငြားဖြင့် ဓာတ်ပုံကြီး တစ်ပုံဖြစ်ဖို့ ကောင်းသည်။ ယခုတော့ စာအုပ်တွေနှင့် စီးကရက် တစ်ဗူးသာရှိသည်။
သူ ကတိပြုခဲ့သည့် အတိုင်း ငါးမိနစ်အချိန်ကလေးအတွင်းမှာ သူ အသင့်ဖြစ်သွားပါတော့သည်။
"ကုန်းစောင်းကလေးမှာ ကိုယ် မနက်စာ သွားစားမယ်။ မင်းလဲ လိုက်ခဲ့ပါ"
ကျွန်မက လက်ပတ်နာရီကို ငုံ့ကြည့်လိုက်မိသည်။
"ကျွန်မမှာ အချိန်မရှိတော့ပါဘူးရှင့်။ အခုအချိန်လောက်ဆိုရင် ဟိုတယ်ရုံးခန်းထဲကို ကျွန်မရောက်နေ ဖို့ ကောင်းပြီ။ ကြိုယူထား တဲ့ ရထားလက်မှတ်တွေ ပြန်လဲရဦးမယ်"ဟု ကျွန်မက ပြန်ပြောပါသည်။
"ဒီကိစ္စ က အရေးမကြီးပါဘူးကွယ်… မင်းကို ကိုယ် စကားပြောစရာရှိနေတယ်"
သူက ပြောပြောဆိုဆိုဖြင့် စင်္ကြံထဲသို့ ထွက်သွားပြီး လျှပ်စစ်ခေါင်းလောင်းတီးကာ ဓာတ်လှေကား ကို ခေါ်လိုက်ပါသည်။ စောစော ရထားသည် နောက်တစ်နာရီခွဲမျှ အကြာတွင် ထွက်တော့ မည်ဖြစ်ကြောင်း သူ သဘောမပေါက်ဟု ကျွန်မ ထင်ပါသည်။ ခဏကြာလျှင် မစ္စက်ဗန်ဟော့ပါးက ရုံးခန်း ကို ဖုန်းလှမ်း ဆက်ပြီး ကျွန်မ ရှိ မရှိ မေးတော့မည်။
ဓာတ်လှေကားဖြင့် အောက်ထပ်သို့ ကျွန်မတို့ဆင်းခဲ့ကြသည်။ စကားတစ်လုံးမျှမပြောမိ။ ထိုနည်းအ တိုင်း ပင် နံနက်စာအတွက် စားပွဲကုလားထိုင်များ ခင်းကျင်းထားသည့် ကုန်းစောင်းကလေးဆီသို့ ဆက် လျှောက် လာခဲ့ကြသည်။
"မင်း ဘာစားမလဲ"
"ကျွန်မ စားပြီးပါပြီ။ နောက်ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျွန်မ လေးမိနစ်ပဲ နေနိုင်တော့မှာနော်"ဟု ကျွန်မ က ပြန်ပြော ပါသည်။
"ကျုပ်ဖို့ ကော်ဖီ ရယ် ကြက်ဥပြုတ်ရယ် လိမ္မော်ခွံယိုရယ် လိမ္မော်သီးရယ် ယူခဲ့"ဟု စားပွဲထိုးကို လှမ်း ပြော သည်။ ပြီးတော့ အိတ်ထဲမှာ ကော်ပတ်နုတစ်ချပ်ကို ထုတ်ယူပြီး သူ့လက်သဲများ ကို ကော်ပတ်စား နေသည်။
"ဒီလိုဆိုတော့ မစ္စက်ဗန်ဟော့ပါးက မွန်တီကာလို အပန်းဖြေစခန်းမှာ နေရတာ ဝသွားပြီပေါ့။ ဒါကြောင့် ခု သူ့တိုင်းပြည် သူပြန်ချင်ပြီပေါ့။ ကိုယ်လဲ သူ့လိုပါပဲ။ သူက နယူးယောက်ကို ပြန်မယ်။ ကိုယ်က မန်ဒါ လေ စံအိမ်ကြီးကို ပြန်မယ်။ ဘယ်ကို မင်းလိုက်ချင်သလဲ။ မင်းကြိုက်ရာလမ်းကို မင်း ရွေးပေတော့"
"ဒီကိစ္စ ကို ရယ်စရာ လုပ်မပစ်လိုက်ပါနဲ့ရှင်။ မတရားပါဘူး။ အင်း… ရထားလက်မှတ်ကိစ္စ ကျွန်မ ပြေး လုပ်လိုက်ဦး မှ ကောင်းမယ်ထင်တယ်။ ကဲ… ကျွန်မ အခုပဲ အပြီးအပိုင် နှုတ်ဆက်ခဲ့ပါပြီနော်…"
"ကိုယ်ဟာ မနက်စာစားနေတဲ့အချိန်မှာ ရယ်ရွှန်းပတ်ရွှန်းတွေ လုပ်တတ်တဲ့ လူစားမျိုးလို့ မင်းထင်ရင် မှားပြီ။ မနက်စောစောပိုင်း အချိန်မျိုးမှာ ကိုယ်ဟာ အမြဲတမ်း စိတ်တိုနေတတ်တယ်။ မင်းကို တစ်ခါ ထပ် ပြောဦး မယ်။ မင်း ကြိုက်နှစ်သက်ရာကို စိတ်တိုင်းကျ ရွေးနိုင်တယ်။ မစ္စက်ဗန်ဟော့ပါးနဲ့အတူတူ အမေရိကန် ကို လိုက်သွားမလား။ ဒါမှမဟုတ် တို့တိုင်းပြည် တို့ပြန်ပြီး ကိုယ်နဲ့အတူတူ မန်ဒါလေ စံအိမ်ကြီး ကို အပြီးအပိုင် လိုက်ခဲ့မလား"
"ရှင်က အတွင်းရေးမှူးတစ်ယောက် လိုချင်တယ်ဆိုတဲ့ သဘောလား။ ဒါမှမဟုတ် တခြားကိစ္စလား"
"မဟုတ်ဘူး။ ကိုယ်နဲ့လက်ထပ် ဖို့ မင်းကို ပြောနေတာ။ အရူးမလေး"
စားပွဲထိုး က နံနက်စာများနှင့်အတူ ပြန်ရောက်လာသည်။ ကျွန်မက လက်နှစ်ဖက်ကို ပေါင်ကြားထဲမှာ ထည့်ထားရင်း ကော်ဖီအိုးနှင့် နွားနို့ခရားများ စားပွဲထိုးချနေသည်ကို စောင့်ကြည့်နေမိသည်။
"ရှင် နားမလည်သေးပါဘူး" စားပွဲထိုးထွက်သွားသောအခါ  ကျွန်မက ပြန်ပြောသည်။ "ကျွန်မ ဟာ ယောက်ျားတွေက လက်ထပ်ယူရမယ့် မိန်းကလေးမျိုးမဟုတ်ပါဘူးရှင်"
"ဘာသဘော နဲ့ ဒီစကားကို ပြောတာလဲ"ဟုပြောရင်း ကျွန်မကို သူ စိုက်ကြည့်နေပါသည်။ ဇွန်း ကိုလည်း ပြန်ချထားလိုက်သည်။
လိမ္မော်ခွံယိုပေါ်မှာ လာနားသည့် ယင်တစ်ကောင်ကို ကျွန်မ ကြည့်နေမိသည်။ သူက ထိုယင်ကောင်ကို စိတ်မရှည်နိုင် သလို လက်နှင့်ယမ်းကာ မောင်းထုတ်လိုက်သည်။
"ကျွန်မလဲ သေသေချာချာ မပြောတတ်တော့ပါဘူးရှင်။ ဘယ်လိုရှင်းပြရမယ်ဆိုတာလဲ သိတယ်လို့ ကိုယ့်ဟာ ကိုယ် မထင်တော့ပါဘူး။ တစ်ခု သေချာတာကတော့ ကျွန်မဟာ ရှင့်ကမ္ဘာနဲ့ အလွမ်းသင့်နိုင် မယ် လို့ မထင်မိပါဘူးရှင်…"
"ဘာလဲ ကိုယ့်ကမ္ဘာဆိုတာ" "ဟိုဒင်းလေ… မန်ဒါလေစံအိမ်ကြီးကို ပြောတာပါ။ ကျွန်မ ဘာကို ဆိုလိုတယ် ဆိုတာ ရှင် သိပါတယ် လေ…"
မစ္စတာဒီဝင်းတားသည် ဇွန်းကိုပြန်ကောက်ကိုင်လိုက်ပြီး လိမ္မော်ခွံယိုကို စားနေသည်။
"မင်းလဲပဲ မစ္စက်ဗန်ဟော့ပါးလို ခပ်တုံးတုံးပါပဲလား။ အသိဉာဏ်ကလဲ ခေါင်းပါးတယ်။ မန်ဒါလေစံအိမ် အကြောင်း မင်း ဘာသိသလဲ။ မင်းဟာ မန်ဒါလေစံအိမ်ကြီးနဲ့ အလွမ်းသင့်နိုင် မသင့်နိုင်ဆိုတာကို အဆုံးအဖြတ်ပေး ရမယ့်လူက ကိုယ်လေ… မင်းက ဆုံးဖြတ်ရမယ့်လူ မဟုတ်ဘူး။ အကြောင်းဆိုက်လာ လို့ ဒီစကား ကို ပေါ့ပေါ့တန်တန်ကလေး ကိုယ်က ပြောလိုက်တယ်လို့ မင်း ထင်သလား။ နယူးယောက် မြို့ကို မင်း လိုက်မသွားချင်ဘူး ပြောလိုက်တာနဲ့ ဒီလိုဆို မန်ဒါလေစံအိမ်ကို ကိုယ်နဲ့အတူတူလိုက်ခဲ့ပေါ့ လို့ ခေါ်နေတယ်များ ထင်သလား။
မင်းအပေါ်မှာ စာနာထောက်ထားတဲ့အနေနဲ့ ကိုယ်နဲ့အတူတူ ကား လျှောက်စီးဖို့ ခေါ်ခဲ့တယ်လို့ မင်း ထင်ခဲ့တယ်။ ပထမဆုံးညမှာပဲ မင်းကို ညစာကျွေးတာဟာ သနားလို့ ကျွေးတာလို့ မင်း အထင်ပေါက် ခဲ့တယ်။ အခု ကိုယ်က လက်ထပ်ဖို့ပြောနေတာလဲ မင်းကို သနားလို့ ပြောနေတယ်လို့ မင်း ထင်သလား… ဟုတ်သလား… ပြောစမ်းပါဦး…"
"ဟုတ်ကဲ့ပါရှင်"
သူက ပေါင်မုန့်ပေါ်မှာ ယိုကို ဖြန့်သုတ်နေသည်။
"တစ်နေ့ကျရင် မင်း သဘောပေါက်လာလိမ့်မယ်။ ကိုယ်ဟာ သနားကြင်နာစိတ်ကလေးကြောင့် အပေး အကမ်း ရက်ရောတဲ့ လူစားမျိုးမဟုတ်ဘူးဆိုတာ မင်း နားလည်လာလိမ့်မယ်။ ဒါမျိုးကို ကိုယ် ဝါသနာ မပါဘူး။ ကိုယ့်မေးခွန်း ကို မင်း မဖြေရသေးဘူးနော်… ကိုယ့်ကို မင်း လက်ထပ်မလား"
နားနှင့် ဆတ်ဆတ်ကိုယ်တိုင် ကြားလိုက်ရလင့်ကစား ကိုယ့်နားကိုပင် ကိုယ်မယုံကြည်နိုင်အောင် ဖြစ်ရ ပါတော့သည်။ သည်လိုစကားမျိုး အပြောခံရလိမ့်မည်ဟု အရူးအမူး စိတ်ကူးယဉ်ကောင်းခဲ့သည့်အချိန် မှာပင် သည် အဆင့်ရောက်အောင်တော့ ကျွန်မ စိတ်ကူးမယဉ်ခဲ့မိရိုး အမှန်ဖြစ်ပါသည်။
တစ်ကြိမ်တုန်း က ကျွန်မ စိတ်ကူးအယဉ်ကြီး ယဉ်ခဲ့မိဖူးပါသည်။ သူနှင့်အတူ မော်တော်ကားလျှောက်စီး ရင်း မိုင်ပေါင်း များစွာ ခရီးပေါက်သည်အထိ တစ်ယောက်ကိုတစ်ယောက် စကားမပြောမိကြဘဲ တိတ် ဆိတ်စွာ နေခဲ့ကြသည်။ ထိုအချိန်တွင် ဇာတ်လမ်းရှည်ကြီးတစ်ခုကို ကျွန်မ စိတ်ကူးယဉ်နေမိပါတော့ သည်။
ကျွန်မ၏စိတ်ကူးထဲတွင် မစ္စတာဒီဝင်းတား အပြင်းဖျားနေပါသည်။ ထို့ကြောင့် ကျွန်မထံသို့ သူက လူ လွှတ်ပြီး အခေါ်ခိုင်းလိုက်သည်။ သူ့ကို လာရောက်ပြုစုပေးရန်ဖြစ်ပါသည်။ ကျွန်မ လိုက်သွားပြီး ဖျားနေ သော သူ့ခေါင်းပေါ်သို့ အော်ဒီကလုံးရေမွှေး ဆွတ်ဖျန်းပေးမည်ပြင်ဆင်တုန်း ကျွန်မတို့ စီးလာသည့် မော်တော်ကားက ဟိုတယ်သို့ ပြန်ရောက်လာရာ စိတ်ကူးယဉ်ဇာတ်လမ်းကြီးသည် ထိုနေရာ မှာပင် တစ်ပိုင်းတန်းလန်းဖြင့် ဖတ်တငံ့ငံ့ကြီး ပြတ်တောက်သွားပါလေတော့သည်။
သည့်ပြင် တစ်ချိန်ကလည်း ကျွန်မ စိတ်ကူးယဉ်မိပါသေးသည်။ ကျွန်မသည် မန်ဒါလေစံအိမ်ကြီး အတွင်း ရှိ အိမ်တစ်ဆောင်မှာ နေထိုင်လျက်ရှိပါသည်။ သူသည် ကျွန်မထံသို့ အခါအားလျော်စွာ လာ ရောက်လည်ပတ်လေ့ ရှိပါသည်။ ထိုသို့ လာရောက်လည်ပတ်သည့် အခါတိုင်း မီးလင်းဖိုရှေ့မှာ သူ ထိုင် လေ့ ရှိပါသည်။ ကျွန်မ စိတ်ကူးယဉ်မိသော ဇာတ်လမ်းများမှာ ထိုမျှသာဖြစ်ပါသည်။ သူနှင့်လက်ထပ် ဖို့ ယခုလို ဗြုန်းစားဒိုင်းစားကြီး မပြော။
ယခုတော့ သူ ပြောလေပြီ။
ကျွန်မမှာ ထိတ်လန့်တကြားဖြင့် ချောက်ချောက်ချားချားဖြစ်ရပါတော့သည်။ ရှင်ဘုရင်တစ်ပါးက ကျွန်မ ကို မိဖုရားမြှောက် လိုပါသည်ဟု အခွင့်ပန်လိုက်သလို ခံစားလိုက်ရပါတော့သည်။ အိပ်မက်မက်နေခြင်း များလား၊ အမှန်တကယ်ဖြစ်နေခြင်းမှ  ဟုတ်ပါလေစဟု ကျွန်မကိုယ်ကျွန်မ မယုံကြည်နိုင်အောင်ဖြစ်ရ ပါတော့သည်။
သူကတော့ ဘာမျှ အထူးအဆန်းမဖြစ်သလို လိမ္မော်ခွံယိုကို ဣနြေ္ဒမပျက် ဆက်စားနေပါသည်။ ဝတ္ထု စာအုပ်တွေထဲမှာလိုလည်း မဟုတ်။ အချစ်ဝတ္ထုစာအုပ်ထဲမှာဆိုလျှင် အမျိုးသားက အမျိုးသမီးရှေ့မှာ ဒူးထောက်ပြီး ချစ်ရေးဆိုကြစမြဲဖြစ်ပါသည်။ အချိန်ကလည်း လရောင်ရွှန်းမြလှပသာယာသည့် ညချမ်း ချိန်ခါ မျိုးဖြစ်သည်။ ယခုလို နံနက်စာစားနေသည့် အချိန်မျိုးကြီးမှာ မဟုတ်။ သည်လိုပတ်ဝန်းကျင်၊ သည်လို အချိန်၊ သည်လိုအပြုအမူမျိုး လုံးဝမဟုတ်။
"မင်းနဲ့လက်ထပ်ခွင့်ရဖို့ အခုလို တောင်းဆိုပုံမျိုးဟာ တယ်ပြီးနိပ်ပုံတော့ မပေါ်ဘူး။ ရိုင်းရိုင်း စိုင်းစိုင်းကြီး ဖြစ်နေပုံရတယ်။ ဒီအတွက် ကိုယ် ဝမ်းနည်းပါတယ်ကွယ်။ ကိုယ့်ကို မင်း ချစ်နေပြီလို့ ထင်ထားမိ ခဲ့တာ ကိုး။ အင်း… ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိတာတွေကြောင့် ဒီတစ်ချီတော့ ကိုယ် ကောင်းကောင်းကြီး အထိနာသွားပြီပေါ့လေ…" ဟု သူက ပြောပါသည်။
"ရှင့်ကို ကျွန်မ ချစ်ပါတယ်ရှင်… အူလှိုက်သည်းလှိုက် ချစ်ပါတယ်။ ရှင့်အတွက် ကျွန်မမှာ ရတက်ပွေ မဆုံးဖြစ်ခဲ့ ရပါတယ်။ မနေ့ညတုန်းက တစ်ညလုံး ကျွန်မ ငိုတယ်။ သိလား…။ ရှင်နဲ့ ဘယ်တော့ မှ ပြန်တွေ့ ရမှာမဟုတ်တော့ဘူးဆိုပြီး ကျွန်မ ငိုမိတာပါ"
ကျွန်မ ထိုစကားများကို ပြောချလိုက်သောအခါ သူ ရယ်မောသည်ကို ကျွန်မ ပြန်လည်မှတ်မိနေပါသေး သည်။ စားပွဲ ကိုကျော်ပြီး ကျွန်မဆီသို့လည်း သူ လက်ကမ်းလိုက်သည်။
"ကျေးဇူးတင် လိုက်တာကွယ်"ဟုလည်း သူ ပြောသည်။ "ကိုယ့်ကို မင်း ပြောပြဖူးတဲ့ မင်းရဲ့ရည်မှန်း ချက် ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ်ကို မင်း ရောက်တဲ့နေ့မှာ ဒီကနေ့ အချိန်ကလေးအကြောင်း မင်းကို ကိုယ် ပြန်ပြီး သတိပေးမယ်။ မင်းကတော့ ကိုယ့်ကို ယုံနိုင်မှာမဟုတ်ဘူး။ မင်း အသက်ငယ်သေးတဲ့အ တွက် ကိုယ် သနားတယ်။ အရာရာကို မင်း နားလည်နိုင်အောင် မင်း အသက်ကို ကြီးရင့်လာစေချင်ပါ တယ်"
ကျွန်မကတော့ အရှက်ကြီးရှက်လိုက်မိပါပြီ။ နောက်ပြီးတော့ အခုလို သူ ရယ်နေသည် ကိုလည်း ဒေါသ ဖြစ်မိပါသည်။ မိန်းမဆိုသည်မှာ ယောက်ျားများကို ပွင့်ပွင့်လင်းလင်းကြီး မပြောသင့်။ အဖုံး လှန်ပြလိုက် သလို လုံးဝဥဿုံ ဖွင့်ဟဝန်မခံသင့်။ အော်… ကျွန်မမှာ လေ့လာစရာတွေ၊ သိနားလည် စရာတွေ အများ ကြီး ရှိနေပါသေးကလား။
"ဒါဆို အားလုံး ပြီးသွားပြီပေါ့ ကလေးရယ်… မဟုတ်ဘူးလား" သူက ပြောရင်း ပေါင်မုန့်မီးကင်နှင့် လိမ္မော်ခွံယို ကို ဆက်စားနေသည်။
"မင်းဟာ မစ္စက်ဗန်ဟော့ပါးရဲ့အဖော်သလဲအဖြစ်ကနေပြီး ကိုယ်ရဲ့ဘဝကြင်ဖော်ဖြစ်လာပြီ။ မင်း ထမ်း ဆောင် ရမယ့် တာဝန်ဝတ္တရားတွေကတော့ အားလုံးအတူတူပဲဆိုပါတော့။  ကိုယ့်စာကြည့်တိုက်ကို စာ အုပ်သစ်တွေ နဲ့ ဖြည့်ချင်တယ်။ ဧည့်ခန်းထဲမှာ ပန်းအိုးတွေ ထိုးထားချင်တယ်။ ညစာစားပြီးတော့ ဖဲက လေး ကစားလိုက်ချင်တယ်။ ကိုယ့်အတွက် လက်ဖက်ရည်ကိုတော့ တစ်ယောက်ယောက်က ထည့်ပေး မှာပေါ့နော်။ တစ်ခုဘဲ မတူတာရှိပါတယ်။ ကိုယ်က တက်ဇော်လ်အစာကြေဆေး မသုံးဘူး။ အီနိုအစာ ကြေဆေးကိုပဲ သုံးတယ်။ နောက်ပြီးတော့ ကိုယ် သုံးနေကျဖြစ်တဲ့ သွားတိုက်ဆေးကိုတော့ မပြတ် ရ အောင် ဂရုစိုက်"
ကျွန်မသည် စားပွဲကို လက်ချောင်းကလေးများနှင့် ခေါက်နေမိပါသည်။ သူနှင့် ကျွန်မအကြောင်းကို စဉ်း စားရင်း မသေချာ မရေရာသလိုလည်း ခံစားနေမိပါသည်။ သူကတော့ ကျွန်မကိုကြည့်ပြီး ရယ်မြဲ ရယ် နေပါသည်။ ဒါတွေအားလုံးကို ရယ်စရာအဖြစ်များ သူ လုပ်နေလေရော့သလား။ ကျွန်မကို သူ မော့ ကြည့်ပြန်သည်။  ကျွန်မ၏မျက်နှာပေါ်က သောကရိပ်များကို သူ မြင်တွေ့သွားပုံရပါသည်။
"ကိုယ်လုပ်နေပုံတွေ ဟာ မင်းအပေါ်မှာ ရိုင်းစိုင်းရက်စက်ရာများ ကျသွားလေသလားကွယ်။ ဟင်… ပြောစမ်း ပါဦး။ အခုလို ကိုယ် ချစ်ရေးဆိုပုံကြီးက မင်း မျှော်မှန်းထားတာမျိုး မဟုတ်တော့ဘူးနဲ့ တူတယ်။ ဖြစ်သင့်တာကတော့ မင်းက အဖြူရောင်ဂါဝန်ကလေးကို ဝတ်လို့။ လက်ထဲ မှာလဲ နှင်းဆီပန်းကလေး လေး တစ်ပွင့်ကိုင်လို့။ သာယာညှင်းပျောင်းတဲ့ တယောသံကလေးကလဲ ခပ်လှမ်းလှမ်း ကနေ လွင့်မျော လာလို့။ ဒီအချိန်မှာ ကိုယ်တို့ နှစ်ယောက်ဟာ ထန်းပင်ကလေးတစ်ပင် ရဲ့နောက်ကွယ်မှာ ရှိနေရမယ်။ ကိုယ်က စိတ်ကို မထိန်းသိမ်းနိုင်တော့ဘဲ အချစ်စိတ်တွေ ပေါက်ကွဲ ပွင့်အန် ထွက်လာရမယ်။ ရုတ်တ ရက် မင်းကို ပွေ့ဖက်လိုက်ပြီး အရူးအမူး ချစ်ပစ်လိုက်ရမယ်။ ဒီလို မဟုတ်လား။
ဒီတော့မှ မင်းအနေနဲ့ လဲ အချစ်နဲ့ပတ်သက်ပြီး စိတ်ကူးယဉ် ထားသမျှ ကလေးတွေ အားလုံး ပြည့်စုံတော့မယ်။ အချစ်ရယ်… အခုတော့ ဒီလိုမဟုတ်ပါလား။ အခု ကိုယ် ချစ်ရေးဆိုပုံကြီးက ရှက်စရာကြီးတောင်ဖြစ်နေပြီ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး ကလေးရယ်။ ပျားရည်ဆမ်းခရီးအဖြစ် ဗင်းနစ်မြို့ ကို ခေါ် သွားပါ့မယ်။ ဟိုကျတော့ တစ် ယောက်လက်ကို တစ်ယောက်မလွှတ်တမ်း ဆုပ်ကိုင် ရင်း လှေကလေးတွေ စီးကြမယ်။ ဒါပေမဲ့ အဲဒီမှာ ကိုယ်တို့ ကြာကြာမနေပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မန်ဒါလေစံအိမ်ကြီးကို ပြချင်လှပြီလေ"
မန်ဒါလေစံအိမ်ကြီးကို ပြချင်လှပြီတဲ့…။
ကိစ္စအားလုံး ဖြစ်ပျက်သွားပြီးပြီဖြစ်ကြောင်း ချက်ချင်းပင် ကျွန်မ သဘောပေါက်လိုက်ပါတော့သည်။ ကျွန်မသည် သူ့ဇနီးဖြစ်ရပါတော့မည်။ ဥယျာဉ်ကြီးထဲမှာ သူနှင့်ယှဉ်တွဲပြီး လမ်းလျှောက်ရပါတော့မည်။ ပြီးတော့ တောင်ကြားကလေးထဲက လမ်းကလေးအတိုင်း ပင်လယ်ကမ်းခြေဆီသို့လည်း သွားကြရပါဦး မည်။ နံနက်စာ စားပြီးသောအခါ လှေကားထစ်များပေါ်မှာရပ်ရင်း ကျွန်မသည် အသစ်တဖန် ဖြစ်ပေါ် လာမည့်နေ့ ကို ငေးမျှော်ကြည့်နေမိပါလိမ့်မည်။ ပြီးတော့ ငှက်ကလေးများကိုလည်း အစာပတ်ကျွေးနေ မိပေလိမ့်မည်။
သည့်နောက်ပိုင်းမှာတော့ နေပူဒဏ်မှကောင်းကောင်းလုံခြုံသည့် ဦးထုပ်ကြီးကိုဆောင်းကာ ကတ်ကြေး တစ်လက် ကိုင်ပြီး လမ်းသလားရင်း စံအိမ်ကြီးအတွက် ပန်းများခူးနေမိပေလိမ့်မည်။ ကျွန်မ ကလေးဘဝ တုန်း က သည်စံအိမ်ကြီးပုံပါသည့် ပို့စကတ်ကလေးတစ်ခုကို ဝယ်ခဲ့မိဖူးပါသည်။ သည်လို ဝယ်ခဲ့မိခြင်း သည် ကျွန်မဘဝအတွက် ကြိုတင်နိမိတ်ဖတ်လိုက်ခြင်းပင်ဖြစ်ကြောင်း ယခုမှပင် သိရှိ သဘောပေါက်ရ ပါတော့သည်။
သူက မန်ဒါလေစံအိမ်ကြီးကို ပြချင်လှပြီတဲ့…။
ကျွန်မ၏စိတ်အာရုံထဲမှာ ဗလုံးဗထွေးတွေဖြစ်နေပြီ။ လူပုံပန်းသဏ္ဌာန်တွေလည်း တစ်ခုပြီးတစ်ခု ပေါ် လာသည်။ သူကတော့ ဘာမျှမခံစားရသလို လိမ္မော်သီးစားနေသည်။ ကျွန်မကိုလည်း တစိမ့်စိမ့်ကြည့် နေ သည်။ ကျွန်မ၏စိတ်အာရုံထဲမှာတော့ သူနှင့်ကျွန်မယှဉ်တွဲပြီး လူအုပ်အလယ်တွင် ရပ်နေသည့် အဖြစ်ကိုသာ မြင်ယောင်နေမိပါတော့သည်။
"ကျွန်တော့ဇနီး ကို ခင်ဗျား မတွေ့ဖူးသေးဘူး ထင်တယ်"ဟု သူက ပြောပေလိမ့်မည်။
မစ္စက်ဒီဝင်းတား။ ဘုရား… ဘုရား…  ကျွန်မသည် သူ့ဇနီး မစ္စက်ဒီဝင်းတားဖြစ်ရတော့မှာပါကလား။ ကျွန်မ၏နာမည်သည် မစ္စက်ဒီဝင်းတားဖြစ်ရပါတော့မည်။ ချက်လက်မှတ်များပေါ်မှာ၊ ကုန်ပစ္စည်းဝယ်ဖို့ အမှာစာ များပေါ်မှာ၊ ညစာထမင်းလာစားဖို့ မိတ်ဆွေများထံပို့သည့် ဖိတ်စာများပေါ်မှာ မစ္စက်ဒီဝင်းတား ဟု ကျွန်မ လက်မှတ်ထိုးရပါတော့မည်။
တယ်လီဖုန်းဖြင့် ကျွန်မပြောနေမည်ဖြစ်သော "နောက်စနေနေ့ကျရင် မန်ဒါလေစံအိမ်ကြီးကို အလည် လာကြပါဦးလား ရှင်"ဟူသည့် စကားသံများကိုလည်း နားထဲမှာ ကြားယောင်နေမိပါသည်။ လူအုပ်ကြီး… မှန်ပါ သည်။ အမြဲတမ်း ဧည့်သည်လူအုပ်ကြီးဖြင့် ပြည့်ကျပ်နေပေလိမ့်မည်။ "ဟယ်… သူက ရိုးရိုးက လေး နဲ့ ချစ်စရာကောင်းလှတယ်။ သူနဲ့တွေ့ဖြစ်အောင် တွေ့လိုက်စမ်းပါ" ဒါကတော့ လူအုပ်ကြီး ထဲက ကျွန်မနှင့်ပတ်သက်ပြီး ပြောမည့်စကား။ လူအုပ်ကြီး၏အစွန်းတစ်နေရာတွင် သည်စကားမျိုး ကို လေသံ ကလေးဖြင့် တိုးတိုးသက်သာ ပြောဆိုနေကြပေလိမ့်မည်။ ကျွန်မကလည်း ထိုစကားကို မကြား ချင် ယောင်ဆောင်ပြီး တစ်ဖက်သို့ ကျောခိုင်းထွက်သွားမိပေလိမ့်မည်။
မန်ဒါလေစံအိမ်ကြိးအတွင်းရှိ အိမ်တစ်ဆောင်ဆီသို့ ခြင်းတောင်းတစ်လုံးကိုင်ကာ ကျွန်မ သွားမိပေလိမ့် မည်။ ထိုအိမ်တစ်ဆောင် ရှိ ဖျားနေသော အဘွားကြီးတစ်ယောက်အတွက် စပျစ်သီးများနှင့် မက်မုန်း သီးများ ကို ခြင်းထဲမှာ ထည့်ယူလာခဲ့မိပေလိမ့်မည်။ လူမမာ အဘွားကြီးက လက်ဆန့်တန်းကာ ကျွန်မ ကို ကြိုဆို လျက်။
"စိတ်နှလုံးသား မွန်မြတ်ပြီး အကြင်နာတရားကြီးမားလှတဲ့အတွက် သူဌေးကတော်ကလေးကို ဘုရား သခင် က ကောင်းချီးပေးသနားတော်မူပါတယ်ရှင်"ဟု ပြောပေလိမ့်မည်။
"လိုချင်တာရှိရင် စံအိမ်ကြီးကို လူလွှတ်ပြီး အတောင်းသာခိုင်းလိုက်" ဟုလည်း ကျွန်မက ပြန်လည်ပြော ဆိုမိပေ လိမ့်မည်။
မစ္စက်ဒီဝင်းတား။ ဟုတ်ပါသည်။ ကျွန်မသည် သူ့ဇနီး မစ္စက်ဒီဝင်းတားဖြစ်ရပါတော့မည်။ ထမင်းစားခန်း ထဲမှာ အရောင် တဖိတ်ဖိတ် တောက်ပြောင်နေသော စားပွဲကြီးနှင့် ရှည်လျားလှသော ဖယောင်းတိုင်ကြီး များ ကိုလည်း ကျွန်မ မြင်ယောင်နေမိပါသည်။ မက်ဇင်မ်က စားပွဲထိပ်မှာထိုင်လျက်။ ကျွန်မတို့သည် ထမင်းစားပွဲ ကလေးတစ်ခု ကို လူပေါင်း ၂၄ ယောက်ဖြင့် ခင်းကျင်းနေကြခြင်းဖြစ်ပါသည်။ ကျွန်မ က ခေါင်းမှာ ပန်းတစ်ပွင့်ပန်လို့။ လူတိုင်းက ကျွန်မကိုသာ ငေးစိုက်ကြည့်နေကြမည်။ ပြီးတော့ ကိုယ်စီ ကိုယ်ငှ ဖန်ခွက် များကို မြှောက်ကာ…
"သတို့သမီး ကျန်းမာရွှင်လန်းစေ ဖို့ ဆုတောင်းကြပါစို့"ဟု ဆိုကြမည်။
သည့်နောက်ပိုင်းမှာတော့ "မင်း ဒါလောက် ချစ်စရာကောင်းတာ တစ်ခါမှ ကိုယ် မမြင်ဖူးဘူးကွယ်"ဟု မက်ဇင်မ် က ကျွန်မကို ပြောပါလိမ့်မည်။ စံအိမ်ကြီး၏အဆောင်ဆောင် အခန်းခန်းတို့ကလည်း အေးချမ်း ကာပန်းများဖြင့် ပြည့်နှက်နေပါသည်။ ပြီးတော့ါ ကျွန်မတို့၏အိပ်ခန်း၊ ဆောင်းရာသီများတွင် မီးလင်းဖို မှာ မီးထည့်လို့။ ကျွန်မ၏အိပ်ခန်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပါသည်။ အမျိုးသမီး တစ် ယောက် ဝင်လာပါသည်။ သူ့မျက်နှာကလည်း ပြုံးလို့ရွှင်လို့။ သူသည် မက်ဇင်မ်၏အစ်မဖြစ်ပါသည်။ သူက ပြောပါသည်။
"သူ ဒီလောက် ပျော်ရွှင်ချမ်းမြေ့အောင် မင်း ဖန်တီးပေးလိုက်တာ တကယ့်ကို အံ့သြစရာပါပဲကွယ်… လူတိုင်း သိပ်စိတ်ချမ်းသာနေကြတယ်။ ညီမလေးရဲ့ တကယ့်အောင်ပွဲပါပဲ"
မစ္စက်ဒီဝင်းတား…။ ကျွန်မသည် မစ္စက်ဒီဝင်းတား ဖြစ်ရပါတော့မည်။
"လိမ္မော်သီးက ချဉ်လိုက်တာကွယ်… ကိုယ် မစားတော့ပါဘူး"ဟု မစ္စတာဒီဝင်းတားက ပြောပါသည်။ ပြီးတော့ ကျွန်မကို လည်း ငေးစိုက်ကြည့်နေပါသည်။ သူ့စကားလုံးများက ကျွန်မ၏ စိတ်အာရုံထဲသို့ ဖြည်းဖြည်းချင်း ဝင်လာတော့မှပင် ပစ္စုပ္ပန်တည့်တည့်သို့ ကျွန်မ ပြန်ရောက်ပါတော့သည်။ စားပွဲပေါ် ရှိ သစ်သီးပန်းကန်ကို ငုံ့ကြည့်လိုက်မိပါသည်။ လိမ္မော်သီးအရောင် က ဖျော့တော့တော့ ဖြစ်နေ ပါသည်။ သူ ပြောသည်မှာ မှန်ပါသည်။ လိမ္မော်သီးက အလွန်ချဉ်လှပါသည်။ သည်တော့မှပင် ချဉ်သည့် ခါးသည့် အရသာကို ကျွန်မ အလိုလို ခံစားလိုက်ရပါတော့သည်။
"မစ္စက်ဗန်ဟော့ပါး ကို ကိုယ်တို့အကြောင်း ကိုယ် ဖွင့်ပြောပေးရမလား။ ဒါမှမဟုတ် မင်းကိုယ်တိုင် ပဲ ပြောမလား"ဟု သူက မေးပါသည်။
လက်သုတ်ပဝါကို သူက ပြန်ခေါက်နေသည်။ ပန်းကန်ကိုလည်း လွတ်ရာသို့ တွန်းပစ်လိုက်သည်။ သည်ပြဿနာကြီး ကို ဘာမျှအရေးမကြီးသော သာမန်အဖြစ်အပျက်ကလေးတစ်ခုသဖွယ် အေးဆေး သက်သာ သူ ပြောနေပုံ ကို ကျွန်မ တွေးကြည့်နေမိပါသည်။ ဆောင်ရွက်ရမည့် အစီအစဉ်များကို ရိုးရိုး ကလေး ပြောနေသလို ရှိပါသည်။ ကျွန်မအဖို့တော့ ဗုံးကျပြီး ပေါက်ကွဲသွားသလို ခံစားနေရပါသည်။ အပြင်းအထန် ပေါက်ကွဲကာ ထောင်သောင်းချီသော အစအနကလေးများအဖြစ် ကြေမွလွင့်စဉ်သွား သည်ဟု ခံစား လိုက်ရပါသည်။ "ရှင်ပဲ ပြောလိုက်ပါ။ အဘွားကြီးက အရမ်းစိတ်ဆိုးတော့မှာပဲ"
ထိုင်ရာမှ ကျွန်မတို့ ထလိုက်ကြပါသည်။ ကျွန်မ၏စိတ်များ အလွန်အမင်း လှုပ်ရှားနေကာ မျက်နှာမှာ သွေးရောင် လွှမ်းနေပါသည်။ ခြေတွေ လက်တွေလည်း တဆတ်ဆတ် တုန်နေပါသည်။ အကယ်၍ များ သူက ကျွန်မလက်ကို ဆွဲကိုင်ကာ…
"တို့ကို ဝမ်းသာစကား မင်း ပြောရလိမ့်မယ်နော်… ဒီမိန်းကလေးနဲ့ ကျုပ်နဲ့ လက်ထပ်ကြတော့မလို့လေ" ဟုများ စားပွဲထိုး ကို ပြုံးပြုံးကြီး ပြောလိုက်ချေသော် ခက်ရချည့်ရဲ့ဟု ကျွန်မ တွေးနေမိပါသည်။ သူ့ စကား ကို တခြားစားပွဲထိုးမျာကပါ ကြားလိုက်ကြရမည်ဆိုပါစို့။ အားလုံးက အပြုံးကိုယ်စီဖြင့် ကျွန်မတို့ ကို ဦးညွှတ် အရိုအသေ ပြုပြီး နှုတ်ဆက်ကြပေလိမ့်မည်။ ဧည့်ခန်းကြီးကိုဖြတ်ပြီး ကျွန်မတို့ လျှောက် သွားကြသောအခါတွင် အံ့သြတကြီးဖြစ်သွားသည့် အမူအရာများ၊ စိတ်အားထက်သန်စွာ ပြောဆိုသံ များ ဖုံးလွှမ်း သွားပေလိမ့်မည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Saturday, May 5, 2012
တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၆)
ချစ်သောဆန္ဒရာ၏ မိဘတွေအိမ်မှာမရှိခိုက် မရောက်ဖူးသောနယ်မြေသို့ ချစ်သူနှင့် အတူ ရောက် သွားကြခြင်းဖြစ်သည်။ မိမိဘ၀ထဲမှ မိန်းမသားတစ်ဦးက ထွက်ခွာသည့်ညတွင် အခြားတစ်ဦး အစား ၀င်လာဘိသို့ရှိ၏။
အိမ်တွင် ပူပူလောင်လောင်ဖြစ်ပွားနေသည့် အကြောင်းကို ဆန္ဒရာနှင့် ရင်ဖွင့်ဖြစ်သည်။ ထိုမှ တစ်ဆင့် အကြင်နာမိုးတွေ ရွာစွေဖြစ်ကြခြင်းမျိုး။
တိတ်ဆိတ်ခြင်း လွှမ်းမိုးထားသော အိမ်ကြီး၏ အသံဗလံများကို ဆာရာ ခံစားသိမြင်သိနေ၏။ အလျင် အတိုင်း ပြန်ဖြစ်နိုင်ပါတော့မလား၊ မိသားစုစာရင်းသို့ ပြန်ဝင်နိုင်ပါတော့မည်လား၊ မရနိုင်တော့ ပါပြီ။မိမိ၏ ဘ၀ဟောင်း သည် ပျောက်ကွယ်သွားချေပြီတကား။ မိမိနေရာတွင် အခြားတစ်ယောက် အစားဝင် လာသည်နှင့်တူ၏။
သည်တော့ လည်း ဘ၀သစ်ကိုစရုံပင်ရှိသည်ပေါ့။ ဘ၀သစ်အကြောင်းကို တွေးမိသည်နှင့် ခါတိုင်း လိုပင် ရင်တွေ ခုန်လာသည်။ ရင်ထဲမှဝေဒနာတွေ အစိုင်အခဲ မည်မျှပင်ကြီးပါစေ၊ လမ်းသစ်ပေါ် သို့ လျှောက်ရမည့် အရေးကို တွေးမိလျှင် ရင်ထဲတွင် သိမ့်ခနဲနွေးသွားသည်။
ကို ဆက်ဖတ်ရန်.........
တစ်အိမ်လုံး အိပ်မောကျနေချိန်တွင် အိပ်ရာထဲမှ အသာထကာ ထုပ်ပိုးပြင်ဆင်လေတော့၏။ လိုအပ်သမျှ စုဆောင်းထည့်သိုလိုက်သည့်အခါ သေတ္တာသုံးလုံးပြည့်သွားသည်။ နံနက်မိုးလင်းလို့ အော်လီဗာနိုးတော့ ဆာရာ အားလုံးအဆင်သင့်ဖြစ်နေပြီ။ ရေမိုးချိုး အ၀တ်အစားလဲပြီးရုံမက လေယာဉ်ပျံ လက်မှတ်ကိုလည်း တယ်လီဖုန်းဖြင့် ကြိုတင်ဝယ်ထားလိုက်ပြီးပြီ။ ယခင်တည်းခိုဖူးသည့် ကင်းဘရစ်မှ ဟိုတယ်တစ်ခု ကိုလည်း အခန်းရဖို့ ဖုန်းဆက်ပြီးပြီ။ နောက်အကျဆုံး ယနေ့မွန်းလွဲပိုင်းတွင် ဖွက်ဖို့ စိတ်နှလုံး တုံးတုံး ချထား လိုက်၏။
" ဟင် ….. စောစောစီးစီး ဘယ်သွားမလို့လဲ "
အော်လီဗာ က  အံ့သြလွန်းသည့်အမူအရာဖြင့် ဆာရာ့ကို ကြည့်ပြီး မေးသည်။ အင်း … မိမိ အိပ်ပျော်နေစဉ် အများကြီး လှုပ်ရှား ထားပြီထင်ပါရဲ့။
" ဘယ်မှမသွားသေးပါဘူး၊ ဒါပေမယ့် ဒီညနေပဲထွက်တော့မယ်၊ ကလေးတွေနိုးတော့ ပြော လိုက် မယ်လေ၊ သူတို့အတွက် သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး၊ မောင် … သူတို့ကို တစ်နေရာခေါ် သွားပေးမယ် ဆို "
" ကြည့်သေးတာပေါ့လေ၊ အင်း …. ဘာလုပ်ရင် ကောင်းမလဲ "
အော်လီဗာ ရေမိုးချိုးအ၀တ်အစားလဲသည်။ ပြီးတော့ အလုပ်ကိစ္စဖြင့် တယ်လီဖုန်းဆက်သည်။ နံနက် စာ စားရင်း သူတို့ အမေစီစဉ်ထားသည်ထက်စော၍ သွားဖြစ်သည့်အကြောင်း မိမိနှင့် သူတို့အားလုံး ဗားမောင့် သို့ စကိတ်စီးထွက်မည့်အကြောင်း အော်လီကပြောလိုက်သည်။ တစ်ဆက်တည်းတွင် ဆမ်ကလေး အတွက် အ၀တ်အစားတွေ ထည့်ပေးရန် အက်နက်အား လှမ်းပြောလိုက်သည်။ ဘင်ဂျမင်က တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ကျောင်းတွင် လုပ်စရာတွေရှိနေသေးသဖြင့် လိုက်လို့မဖြစ်ကြောင်း အယူခံဝင် သည်။
အော်လီဗာ မျက်ခုံးတွန့် သွားသည်။ မိန်းကလေးကိစ္စများလား …။
" ခရစ္စမတ်ကျောင်းပိတ်ရက်ထဲမှာ ကျောင်းအလုပ် ရှိတယ် ဟုတ်လား "
" သွားရင် ဘယ်လောက်ကြာကြာ နေမှာလဲ ဖေဖေ "
" သုံးလေးရက်ထက်မပိုပါဘူး "
သူတို့အမေ သည်နေ့ပင်ထွက်မည့်အကြောင်း ပြောတော့အားလုံး အထိတ်တလန့်ဖြစ်သွားကြသည်။ သို့သော် ယမန်နေ့က နုနယ်သည့် သူတို့၏ နှလုံးသားကလေးများထဲသို့ ဧရာမ မုန်တိုင်းကြီးတစ်ခု ၀င်ရောက် တိုက်ခတ်သွားသဖြင့် ယနေ့ နံနက်တွင် အသိဥာဏ်တွေ ထုံထိုင်းလျက်ရှိသည်။ ထို့ကြောင့် အံ့သြ သည့် အမူအရာမပြကြဘဲ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ စားပွဲပေါ်မှ စားသောက်ဖွယ်ရာ များကိုမှ တစ်စုံတစ်ယောက်မျှ မတို့ကြ၊ မထိကြ။ ဘင်ဂျမင်က အလွန်အမင်းပင်ပန်းနွမ်းနယ်နေဟန်၊ မယ်လီဆာ က ဘယ်သူ့ကိုမှ စကားမပြော၊ ဆမ်ကလေးကမူ အဖေ့မျက်နှာကို တစ်ချိန်လုံး လှမ်းကြည့်နေ သည်။ အဖေပါ ထွက်ခွာသွားမည်ကို တွေးကြောက်နေဟန်။
နောက်ဆုံးတွင် ဘင်ဂျမင်က ဗားမောင့်သို့လိုက်ဖို့ သဘောတူသည်။ ဆာရာ လေယာဉ်ကွင်းသို့မဆင်းမီ သူတို့က အလျင်ထွက်ဖို့ စီစဉ်ကြသည်။ ရင်နာစရာ နှုတ်ဆက်ခွဲခွာခန်းကို ဤနည်းဖြင့်ရှောင်လိုက်ကြ၏။
ကားထွက်မည်လုပ်တော့ ဆမ်ကလေးငိုသည်။ အက်နက်က တံခါးဝတွင် စိတ်ပျက်လက်ပျက်ရပ်နေ၏။ သည်တစ်ခါတော့ ဘင်ဂျမင်သည်ပင်လျှင် မျက်ရည်မဆည်နိုင်တော့။
ရင်ထဲတွင် ဆို့နေသဖြင့် ဆာရာ စကားတစ်လုံးမှ ပြောမထွက်။ အော်လီဗာသည် အိမ်ရှေ့တွင် ရပ်နေသော ဆာရာ့ကို နောက်ကြည့်မှန်ထဲမှ ကြည့်နေ၏။ သို့သော် မျက်ရည်တွေ လွှမ်းနေသဖြင့် သဲသဲ ကွဲကွဲ မမြင်ရ။ သူ လက်ပြနှုတ်ဆက်နေသည်။ အော်လီဗာအသည်းတွေ တကယ်ပင် ကွဲကြေခဲ့ ပါလေပြီ။
စင်စစ် ထိုတဒင်္ဂတွင်ပင် မိမိ၏ ဘ၀တစ်ခုလုံးလည်း ကွဲကြေပျက်စီးခဲ့ခြင်းဖြစ်ပါ၏။ မိမိအသက် တမျှ မြတ်နိုး ခဲ့ရသည့် မိန်းမ၊ မိမိတည်ဆောက်ခဲ့သည့် ဘုံဗိမာန် စသည်စသည်တို့သည် ထိုမိန်းမ၏ မိုက်ရူးရဲ ဆန်မှု့ကြောင့် ပြိုကျပျက်စီးရခြင်းဖြစ်ပါ၏။
ဆမ်ကလေးကို သိုင်းဖက်လိုက်ပြီး …
" တိတ်ပါသားရယ်၊ ဖေဖေတို့အားလုံးပျော်မှာပါ၊ မေမေလဲပျော်မှာပါ "
အော်လီဗာက ပြုံးပြီး အားပေးလိုက်သည်။
" သား တို့ မေမေနဲ့ပြန်တွေ့ရဦးမှာလားဟင် "
ဆမ်ကလေးက ဘာကိုမှမယုံတော့။ ဘယ်သူ့ကိုမှမယုံတော့။ အော်လီဗာ ဘာပြောရမှန်းမသိ။ မိမိ ကိုယ်တိုင် လည်း မသေချာ။
" အို …. သားကလဲ၊ ဘာလို့မတွေ့ရမှာလဲ၊ လောလောဆယ်တော့ ဖေဖေတို့အားလုံး စိတ် ထိခိုက်ကြရ တာ ပေါ့၊ မကြာခင် နေသားကျသွားမှာပါ "
ကားနောက်ခန်း မှ ဘင်ဂျမင် နှပ်ညှစ်သံကြားရသည်။ မယ်လီဆာလည်း ငိုနေပြီ။ သို့သော် နံနက် ကတည်းက စကားတစ်ခွန်းမှမပြောသေး။ အလေးအနက်တွေးနေပုံရ၏။ ဆမ်ကလေးကို ဖိနပ်ဝယ်ပေးဖို့ ကိစ္စ၊ တစ်ယောက်ယောက်နေထိုင်မကောင်းလျှင် ဆေးခန်းပို့ဖို့ကိစ္စ၊ သွားဆေးခန်းတွင် ကလေးတွေကို ပုံမှန် စစ်ဆေးပေးဖို့ကိစ္စ၊ ဒါတွေကို ဖေဖေတစ်ယောက်တည်း လုပ်နိုင်ပါမည်လား၊ အချိန် ပေးနိုင် ပါမည်လား။ ဒါတွေထားဦး။ သူ အင်မတန်ချစ်မြတ်နိုးသည့် ဇနီးသည်မပါဘဲ ဖေဖေ ဘယ်လို ရပ်တည် နိုင်မှာလဲ။ ရှည်လျားလှသော ဗားမောင့်ခရီးတစ်လျှောက်တွင် ဘယ်သူမှ စကားမစကြ။ ဤသို့ဖြင့် ညစာ စားချိန် တွင် မက်ဆာချူးဆက်နယ်ထဲသို့ ၀င်လာသည်။
ထိုအချိန် တွင် ဆာရာတစ်ယောက် ဘော်စတွန်သို့ ရောက်နေပြီ။ ဘ၀သစ်ကို ခြေလှမ်းစရန် ကင်းဘရစ် သို့ ဦးတည်နေပြီ။ မိမိတစ်ယောက်တည်း သူတို့မပါဘဲသွားမည့် ဘ၀သစ်လေ။
အခန်း (၅)
စကိတ်စီးခရီး မှာ အပြောင်းအလဲတစ်ခုအဖြစ် အောင်မြင်သလိုရှိသော်လည်း အပြည့်အ၀ကားမဟုတ်ပေ။ ဆမ်ကလေး က ရယ်ဖော်ပြုံးဖော်ရလာသော်လည်း ညညတွင် အိပ်မက်ဆိုးတွေမက်ပြီး လန့်ငိုတတ် သည်။ ဘင်ဂျမင်က ပြိုင်ပွဲတွင် ၀င်ပြိုင်သည်။ စကိတ်စီးလေ့ကျင့်ချိန်မဟုတ်လျှင် ဟိုတယ်တွင် ကပ်သည် မရှိဘဲ အပေါင်းအသင်းများ ဆီ သွားနေသည်။
မယ်လီဆာ က စိတ်မပါလက်မပါနှင့် စကိတ်လိုက်စီးသည်။ အော်လီဗာက ရွှင်ရွှင်ပျပျဖြစ်အောင် ကြိုးစားသော် လည်းမယ်လီဆာက ခပ်ရှောင်ရှောင်နေသည်။ ဆမ်ကလေးကလွဲပြီး ဘယ်သူနှင့်မှ စကား မပြော။
အော်လီဗာ သည် အားလုံးအတွက် အလုပ်ရှုပ်လျက်ရှိသည်။ စကိတ်စီးဖို့ပစ္စည်းတွေငှားဟယ်၊ ရမ်းဟယ်၊ ကားပေါ် သို့ တင်ဟယ်ချဟယ်နှင့် နားရသည်မရှိ။ စားရေးသောက်ရေးကိုလည်း ကိုယ်တိုင် စီစဉ်နေရ၏။ ဆမ်ကလေး ကိုလည်း ချော့သိပ်ရသေးသည်။ မယ်လီဆာကိုလည်း မျက်ခြည်ပြတ်မခံ။ ညရှစ်နာရီထိုးလို့ ဟိုတယ်ပြန်ရောက် လျှင် ခြေကုန်လက်ပန်းကျနေပြီ။
ဆမ်ကလေးက တစ်ညလျှင် ရှူရှူနှစ်ကြိမ်ပေါက်သည်။ အိပ်ရာခင်းတွေ၊ စောင်တွေလဲရသည်က တစ်မှောင့်၊ ဆာရာ့ အကြောင်းပင် စဉ်းစားချိန်မရ။
အိပ်ရာထဲတွင် လှဲနေခိုက် စဉ်းစားမိပြန်လျှင်လည်း နာကျင်စွာ တနုံ့နုံ့ ခံစားရလေသည်။ ဗားမောင့်ရောက် လို့ သုံးရက်မြောက်သည့်နေ့တွင် သူ့နာမည်ကိုထည့်ပြီး အော်လီဗာပြောမိသည်။ သူတို့ အားလုံး ခေါင်းထောင်ပြီး အဖေကို ၀ိုင်းကြည့်ကြသည်။ မျက်ဝန်းကြည်ကြည် ကလေးများ သည် ဝေဒနာရိပ် ကြောင့် မှုန်မှိုင်းရီဝေနေ၏။
နှစ်သစ်ကူးနေ့ တွင် ဗားမောင့်မှ ပြန်ထွက်လာခဲ့ကြသည်။ အပြန်ခရီးတွင် အားလုံး လန်းလန်းဆန်းဆန်း။ အိမ်ပြန်ရောက် သည်နှင့် အရိပ်မည်းကြီး လွှမ်းမိုးမှုကို ခံကြရပြန်သည်။
အိမ်ကြီးသည် သုသာန်တစပြင်လို တိတ်ဆိတ်နေ၏။ အင်ဒီတစ်ကောင် အိပ်ပျော်နေသည်။ အက်နက်လည်း မရှိ။ အပြင်ထွက်နေပုံရ၏။ ဆာရာများ အိမ်ြ်ပန်ရောက်နေပြီလား ဟူ၍ သူတို့အားလုံး တိတ်တခိုး မျှော်လင့်လာခဲ့ကြသည်။ သို့သော် ဆာရာက မိုင်ပေါင်းများစွာတွင် ကမ္ဘာသစ်ကို စတင် ရှာဖွေနေလေပြီ။ ကင်းဘရစ်တွင်တည်းမည့် ဟိုတယ် ဖုန်းနံပါတ်ကို သိနေသော်လည်း အော်လီဗာမဆက်တော့။ မယ်လီဆာပြင်ပေးသည့် ညစာကိုစားပြီး ဆမ် ကလေးနှင့် အတူ အိပ်ရာဝင်သည်။
သူတို့ သုံးယောက် ညစာစားနေချိန်တွင် ဘင်ဂျမင် အ၀တ်အစားလဲပြီး ထွက်လာသည်။
အော်လီဗာ က ပြံးပြီး "မြန်လှချည်လားသားရဲ့၊ ချိန်းထားလို့လား "
ဘင်ဂျမင် က မလုံမလဲပြုံးပြီး …
" သူငယ်ချင်းတစ်ယောက် နဲ့ ချိန်းထားလို့ပါ ဖေဖေ၊ ကားယူသွားလို့ ရမလားဟင် "
" ယူသွားလေ၊ သိပ်နောက်မကျနဲ့နော်၊ သား သတိထားမောင်း၊ ဒီည လမ်းပေါ်မှာ မူးရူးနေကြမှာ သားရဲ့ "
ခရစ္စမတ်ရာသီ မို့ သတိပေးရခြင်းဖြစ်သည်။ ဘင်ဂျမင်သည် ကားကို လက်လွတ်စပယ် မောင်းလေ့မရှိ။ ဘီယာ တစ်ဘူးသောက် မိလျှင် ကားမောင်းဖို့ ၀န်လေးသူဖြစ်၏။ ဆာရာ၏ အဆုံးမများကြောင့် ဘင်ဂျမင် ဘသားသမီး များကို ထိန်းကျောင်းခဲ့သည့် ဆာရာ မရှိတော့ပြီ။ ကတိပေးသွားသည့်အတိုင်း အပတ်စဉ် ပြန်လာ ဖို့ကိစ္စ ကို မဆွကပင် အော်လီဗာ သံသယ၀င်ခဲ့သည်။ သူအိမ်က ထွက်သွားသည် မှာ ခြောက်ရက်မျှသာ ရှိ သေး၏။ သို့သော် စိတ်ထဲတွင် တစ်ကမ္ဘာလောက်ကြာသည် ထင်နေ၏။
ထိုည တွင် တစ်ယောက်တည်း အိပ်ရာဝင်ရသည်။ ရင်ထဲတွင် ဘာမှမရှိတော့သလို ဟာလာ ဟင်းလင်းနှင့်။ ခါတိုင်း ညများလိုပင် သူ့အကြောင်းသာလျှင် ခေါင်းထဲတွင် ကြီးစိုးနေ၏။ ကလေးများရှေ့ တွင်မူ အပူရုပ် မဆောင်ရဲ။
သန်းခေါင်ကျော်သွားသည်။ မီးဖွင့်ပြီး ရုံးမှယူလာသည့် စာရွက်စာတမ်းကို ဖတ်ဖို့ကြိုးစားသည်။ ဘင်ဂျမင် ပြန်လာသည်ကို ကြားရ၏။ တံခါးဝတွင် ရပ်ပြီး နှုတ်ဆက်သည်။ ဆမ်ကလေးနိုးလာလျှင် ကြားနိုင်အောင် တံခါးဖွင့်ထားသည်။
ဘင်ဂျမင် သည် ဖအေလုပ်သူကို ၀မ်းနည်းစွာဖြင့် ငေးကြည့်နေသည်။ ကားသော့ကို စားပွဲပေါ် လှမ်းတင်ရင်း …
" ဖေဖေ ဘယ်လိုခံစားနေရတယ်ဆိုတာ သားသိပါတယ် ဖေဖေ "
အော်လီဗာ က ခေါင်းညိတ်ပြလိုက်သည်။ များများစားစား ပြန်ပြောစရာလည်း မရှိဘူးလေ။
" မကြာခင် နေသားကျသွားမှာပါကွာ၊ မေမေလဲ မကြာမကြာ ပြန်လာမှာပဲ "
ယုံကြည်မှု နည်းပါးစွာဖြင့် ပြောလိုက်ခြင်းဖြစ်၏။
" ဘယ်လိုလဲ၊ သား ပျော်ခဲ့ရဲ့လား၊ မနက်ဖြန် ကျောင်းတက်ရတော့မှာ မဟုတ်လား၊ သားပြန် တာ နောက်ကျတာပေါ့ "
" ဟုတ်တယ်ဖေဖေ၊ ဆောရီးပဲ၊ အချိန် ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘူး "
ဘင်ဂျမင်က ဖအေ ကို အပြုံးဖြင့် နှုတ်ဆက်ပြီး ထွက်သွားသည်။
နောက် တစ်နာရီအကြာတွင် ဆမ်ကလေး အော်ငိုသံကြားရသည်။ ကလေးခန်းဆီသို့ အော်လီဗာ ပြေးချ သွားသည်။ ပြန်အိပ်ပျော်နေသည်ကို တွေ့ရ၏။ ခုတင်စောင်းတွင် ထိုင်ပြီး ကလေးခေါင်းကို အသာ ပွတ်ပေး သည်။ ဆံပင်တွင် ချွေးတွေရွှဲနေ၏။
နံနက် လေးနာရီတွင် ဆမ်ကလေး၏ နံဘေးတွင် လှဲချလိုက်သည်။ သား အဖနှစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားကြသည်။
နောက်တစ်နေ့ နံနက်စာဝိုင်းမှာ ထုံးစံအတိုင်း အဆင်ပြေပြေမရှိလှ။ အထူးတလည် ဧည့်ခံပွဲများအတွက် သီးသန့် ထားသည့် စားကောင်းသောက်ဖွယ်တွေကို အက်နက်က ချက်ကျွေးသည်။ သူတို့အားလုံးတွင် အထူး ဂရုစိုက်မှု လိုအပ်နေသည်ဟု အက်နက်နားလည်ထားသည်။ ဆမ်ကလေးအတွက် လည်း နေ့လယ်စာ ကို အထူးစပါယ်ရှယ်လုပ် ထည့်ပေးသည်။ ယနေ့ ကျောင်းကား အလှည့်ကျသဖြင့် ဆမ် ကလေးနှင့် သူ့ အပေါင်းအသင်းတွေကို အက်နက် မောင်းပို့ရမည်ဖြစ်သည်။ ခါတိုင်း ဆာရာ ပို့နေကျလေ။
အော်လီဗာက ရထားအမီ ဘူတာရုံသို့ ၀ရုန်းသုန်းကားပြေးသည်။ အလွန်မတန် အချိန်တိကျသူ၊ ရုံးလုပ်ငန်း ကို လေးစားသူ အော်လီဗာသည် ယခုတော့ သမီးနှင့် သားတွေကို အချိန်မှန်မှန် အိမ်ပြန်ဖို့ အိမ်စာတွေ အပြီး လုပ်ဖို့ တစ်ဦးချင်းမှာကြားနေရသည်နှင့် အပြေးအလွှား မဖြစ်စဖူး ဖြစ်ရပြီ။
ဒါတွေအားလုံး ဆာရာ့အလုပ်တွေ မဟုတ်လား။ သူရှိစဉ်ကဆိုလျှင် အရာအားလုံး သည် ချောမွေ့ပြေပြစ်နေ စမြဲ။ တိကျသည့် အုပ်ချုပ်မှုအောက်တွင် ငြိမ်းချမ်းစွာ အဆင်ပြေနေစမြဲ။ ရုံးသို့ သွားလျှင် ဘယ်သောအခါမှ နောက်ဆံမတင်းရ။
ရုံးရောက်ပြန်တော့လည်း မပုံစဖူး အလုပ်ကြွေးတွေ စုပုံနေ၏။ ည ခုနစ်နာရီအထိ ထိုင်လုပ်ရသည်။ အိမ်ပြန်ရောက်တော့ ကိုးနာရီထိုးလုပြီ။ ဘင်ဂျမင် အိမ်မှာမရှိပြန်။ မယ်လီဆာက သူငယ်ချင်းနှင့် တယ်လီဖုန်း စကားပြောနေ၏။ ဆမ်က ဖအေ့ အိပ်ရာပေါ်တွင် အငြိမ့်သား တီဗွီကြည့်လျက်။ အိမ်စာ လုပ်ဖို့ လုံးဝ သတိရဟန်မတူ။ အက်နက်က ကလေးစိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ မပြောဘဲ ကြည့်နေ သည်တဲ။
" သား … ဖေဖေ အိပ်မယ်နော် "
" သား အခန်း မှာ သားအိပ်ရမယ်လေ "
အကျင့်ဖြစ်သွားမည်စိုး ၍ အော်လီဗာက ဟန့်လိုက်သည်။
" ဒီတစ်ညတည်း ပါ ဖေဖေရယ်နော်၊ သား ကောင်းကောင်းအိပ်ပါ့မယ် "
အော်လီဗာ က သားထွေးကလေးကို ပြုံးကြည့်ပြီး ငုံ့နမ်းလိုက်သည်။
" သား စာကျက်နေတာတွေ့ရင် ဖေဖေ ပိုသဘောကျမှာ "
" ဟာ … သားမေ့ သွားတယ် ဖေဖေ "
" အင်း … ထားပါတော့၊ ဒီနေ့သား ဘာတွေလုပ်ဖြစ်လဲ "
လည်စည်းဖြုတ်၊ ကုတ်အင်္ကျီချွတ်ပြီး လက်ဆွဲအိတ်ကို အနီးရှိ စားပွဲပေါ်ချရင်း ဆမ်ကလေး၏ နံဘေးတွင် ၀င်ထိုင်လိုက်သည်။ သူ့အမျေား ဖုန်းဆက်သေးလား သိချင်သော်လည်း မမေးရဲ။
" ကဲ … ဒီနေ့ သားဘာတွေလုပ်လဲ ပြောပါဦး "
" ဘာမှ သိပ်မလုပ်ဖြစ်ဘူး ဖေဖေ၊ အိမ်ပြန်ရောက်တော့ အက်နက် က တီဗွီကြည့်ချင် ကြည့်ဆိုတာနဲ့ သား ကြည့်နေတာ "
ဆာရာ သာရှိလျှင် သည်အခွင့်အရေးမျိုး ဆမ်ရမည်မဟုတ်ကြောင်းကို သူတို့သားအဖနှစ်ယောက်စလုံး သိနေကြ၏။ သူထွက်သွားပြီဆိုကတည်းက အပြောင်းအလဲမြန်ဆန်ပုံမှာ မယုံနိုင်လောက်အောင်ပင်။
" ဘင်ဂျမင် မရှိဘူးလား သား "
" အပြင် သွားတယ် ဖေဖေ "
ဆမ်က သူနှင့်မဆိုင်သလိုဖြေသည်။
" အင်း  ဒီလိုပဲဖြစ်ရမယ်လေ "
သည်ကိစ္စကိုလည်း မိမိပင် ကိုင်တွယ်ရမှာပါလား။ ကျောင်းပိတ်ရက်မဟုတ်သည့် ကြားရက်များတွင် သူ့ကို အပြင်ထွက်ခွင့် ပေးမထား။ သူ့အသက်မှာ ဆယ့်ခုနစ်နှစ်မျှသာ ရှိသေးသည်။ မအေမရှိသည်နှင့် ထင်ရာ စိုင်းခွင့် ရှိနေသည်ထင်လျှင်တော့ ၀က်အူတင်းရလိမ့်မည်။
" ကဲ … သားကို ဖေဖေပြောမယ် နားထောင်၊ ဒီည သားဖေဖေနဲ့ အတူတူအိပ်၊ ဒါပေမယ့် နောက်နေ့ ကစပြီး ကိုယ့်အိပ်ရာမှာ ကိုယ်ပြန်အိပ်ရမယ်၊ ဟုတ်ပြီလား "
" အိုကေ "
ဆမ်က ကျေနပ်သည့် အမူအရာဖြင့် ဖအေနှင့် လက်ဆွဲနှုတ်ဆက်သည်။ အော်လီဗာက မီးပိတ်လိုက်၏။
" သား အိပ်တော့နော်၊ ဖေဖေ အောက်ထပ်ဆင်းပြီး တစ်ခုခုစားလိုက်ဦးမယ် "
" ဟုတ်ကဲ့ ဖေဖေ "
ဧရာမ အိပ်ရာကြီးထဲတွင် ဆမ်တစ်ယောက် ပျော်နေပုံရသည်။ သူ့အမေ အိပ်သည့်ဘက်အပိုင်းကို အပြည့်နေရာယူပြီး ဖအေကို နှုတ်ဆက်သည်။
" ဂွတ်နိုက်ဖေဖေ "
" ဂွတ်နိုက်ဆမ်၊ သားကို ဖေဖေသိပ်ချစ်တယ်၊ ကဲ … အိပ်တော့နော် "
အိပ်ရာပေါ်မှ ထသွားသည်။ တံခါးဝရောက်တော့ ကလေးကို တစ်ချက်ပြန်လှည့်ကြည့်သည်။ ပြီးမှ မယ်လီဆာ အခြေအနေကို ကြည့်ဖို့ ထွက်လာခဲ့သည်။ ခန်းမထဲမှာထားသည့် တယ်လီဖုန်းကို သူ့အိပ်ခန်း ထဲသို့ တရွတ်ဆွဲယူနေ၏။ အခန်းထဲတွင် အ၀တ်အစားတွေ၊ စာအုပ်တွေ၊ ဖိနပ်တွေ၊ ဆံပင်ကောက်သည့် ပစ္စည်းတွေနှင့် ရှုပ်ယှက်ခတ်နေ၏။ ဖြစ်ချင်တိုင်း ဖြစ်နေသည်။ အဖေကို အထူးအဆန်း သဖွယ် မော်ကြည့်၏။ အော်လီဗာ က တယ်လီဖုန်းပြောပြီးသည်အထိ စောင့်နေသည်။
 ဤတွင် မယ်လီဆာက ဖုန်း ခွက်ကို လက်နှင့်အုပ်ပြီး …
" ဖေဖေ ကိစ္စရှိလားဟင် "
" သမီးကို လာနှုတ်ဆက်တာပါ၊ ကျောင်းစာတွေလုပ်ပြီးပြီလား "
" ဟဲလို … အင်း … ပြီးပါပြီ "
သည်မေးခွန်းကြောင့် မယ်လီဆာ စိတ်ညစ်သွားပုံရသည်။
" ဖေဖေ ညစာစားတုန်း သမီးလာထိုင်ပါလား "
မယ်လီဆာ ခဏတွေသွားသည်။ ပြီးမှ ခေါင်းညိတ်သည်။ သိပ်ကြည့်ပုံမရ။ သူငယ်ချင်းနှင့် ဖုန်းဆက် ပြောချင်နေပုံ။ သို့သော် ဖေဖေ လေသံတွင် အမိန့်ပေးသံပါနေ၍ အောင့်သက်သက်နှင့် ခေါင်းညိတ်လိုက်ရ ခြင်းဖြစ်၏။
အမှန်အတိုင်း ၀န်ခံရလျှင် အော်လီဗာတစ်ယောက်တည်း ထိုင်မစားချင်။ အဖော်ခေါ်စရာ သမီး တစ်ယောက် တည်းရှိ၍ ခေါ်လိုက်ရခြင်းဖြစ်၏။
" ခဏနေ သမီးဆင်းခဲ့မယ်နော် "
သည်တော့ မှ သမီး အခန်းထဲမှ ထွက်ခဲ့ပြီး အောက်ထပ်သို့ ခပ်ကုပ်ကုပ်ကလေး ဆင်းလာသည်။ အက်နက် ပြင်ထားခဲ့သည့် ညစာဝိုင်းက အသင့်။ ဟင်းလျာတွေမှာ ပူပူနွေးနွေး ရှိသေးသော် လည်း သွေးတောင်းသည့် ဟင်းမျိုး တစ်ပွဲမျှမပါ။
သိုးသားစဉ်းကော က အနူးလွန်ပြီး ချွဲတဲတဲ ဖြစ်နေသည်။ အားလူးမီးဖုတ်ကလည်း မာတင်းတင်းကြီး။ အသီးအရွက်များများ ညှိုးရော်လျက်။
အားလုံး ကို ဘေးဖယ်ပြီး ကြက်ဥတွေဖောက်ကြော်သည်။ ပြီးတော့ လိမ္မော်သီးကို အရည်ညှစ်ပြီး မယ်လီဆာ ဆင်းအလာကို စောင့်သည်။
တော်တော်နှင့် ဆင်းမလာ။ စိတ်လျှော့လိုက်ပြီး စားလို့ပြီးခါနီးမှာ အခန်းထဲ ၀င်လာသည်။
" ဘင်ဂျမင် ဘယ်သွားလဲ "
သိမည်ထင်၍ မေးလိုက်ခြင်းဖြစ်သည်။ သို့သော် မယ်လီဆာက ပခုံးတွန့်ပြီး …
" သူင်ချင်းတွေ နဲ့ သွားတာ ဖြစ်မှာပေါ့ "
" ကျောင်းပိတ်ရက် လဲ မဟုတ်ဘဲနဲ့၊ သိပ်မဟုတ်ဘူးထင်တယ် "
မယ်လီဆာ နောက်ထပ်တစ်ကြိမ် ပခုံးတွန့်ပြပြန်သည်။ ဖေဖေ့အတွက် စိတ်မကောင်း လည်း ဖြစ် သွားသည်။
" အိမ်ပြန်ရောက်တော့ မောင်လေးနဲ့ နေရဲ့လား "
အားလုံးထဲ တွင် ဆမ်ကလေးအတွက် အော်လီဗာ စိတ်အပူဆုံးဖြစ်သည်။ ဆမ်ကလေးမှာ အဖေနှင့်ရော အစ်ကိုအစ်မတွေနှင့် ပါ နေရချိန်မရှိသလောက် ဖြစ်နေသည်။ အော်လီဗာလုပ်ပိနေပြီး အိမ်ပြန်နောက်ကျ သည့် ရက်များ တွင် ပိုဆိုးသည်။ တစ်ချိန်လုံး အက်နက်နှင့်သာနေရရှာသည်။
" ကျောင်းစာတွေ လုပ်စရာ အများကြီး ကျန်သေးတယ် ဖေဖေ "
" သမီးအခန်းကို ဖေဖေကြည့်ရတာဖြင့် ကျောင်းစာလုပ်မယ့်ပုံ တစ်ခုမှ မတွေ့ရပါလား "
" ဆမ်ကလေး အိပ်သွားပြီ မဟုတ်လား ဖေဖေ "
" ဖေဖေ ပြန်ရောက်တုန်းက မအိပ်သေးဘူး၊ သူ့ကို သမီးအချိန်ပေးသင့်တယ်၊ ဖေဖေတို့အားလုံးပေးသင့် တာပါလေ "
အော်လီဗာ သမီးလုပ်သူကိုကြည့်ပြီး ပြုံးလိုက်သည်။
" မေမေ မရှိကတည်းက သမီးဟာ အိမ်ရှင်မဖြစ်နေပြီလေ "
သို့သော် သည်တာဝန်မျိုးယူဖို့ မယ်လီဆာ ဘယ်တုန်းက စိတ်မကူးခဲ့။ အပေါင်းအသင်းတွေနဲ့ ပျော်ပျော် ပါးပါး နေချင်သည်။ မေမေ အိမ်မှ ထွက်သွားခြင်းသည် မိမိနှင့် မဆိုင်။ မိမိအပြစ် မဟုတ်။ ဖေဖေံကြောင့်။ ဖေဖေသာမေမေ့ကို တစ်ခုခု မလုပ်ခဲ့လျှင် မေမေ ဘယ်တော့မှ အိပ်က ထွက်သွားမှာ မဟုတ်။ သို့သော် ဘာ ရယ်လို့တော့ မယ်လီဆာ မတွေးတတ်။
" ဆမ်ကလေးကို သမီး ဂရုစိုက်ရမယ်၊ အချိန်ပေးရမယ်။ သူနဲ့ စကားစမြည်ပြော၊ ခဏတစ်ဖြုတ် အတူတူ ကစား၊ ပြီးတော့ သူ့ ကျောင်းစာလေးဘာလေးလဲ ကြည့်ပြီး ကျက်ခိုင်းကြားလား "
" ဟာ … ဖေဖေ ကလဲ အက်နက်ရှိသားပဲ "
" မတူဘူးလေ သမီး၊ မောင်လေးကို သမီး သိပ်ချစ်တယ် မဟုတ်လား၊ သမီး ကိုယ်ပိုင်အရုပ်လေးလို ချစ်ခဲ့ တာလေ "
ဆာရာသွားမည့်အကြောင်း ထုတ်ပြောသည့် ညကဆိုလျှင် မယ်လီဆာ ဆမ်ကလေးနှင့် တစ်ညလုံးဖက်အိပ် ခဲ့သည်။ ခုတော့ မယ်လီဆာ တစ်မျိုးဖြစ်သွားပြီ။ ဆာရာလိုပင် ဘယ်သူနှင့်မျှ မပတ်သက်ချင်တော့ပုံ၊ အားလုံးနှင့် ကင်းကင်းနေတော့မည့်ပုံ။
ဘင်ဂျမင်ကော သည်အတိုင်းဖြစ်နေပြီလားမသိ။ တစ်ချိန်လုံး အပြင်ချည်းထွက်နေသည်။ စိုးရိမ်စိတ်တွေ ချက်ချင်း ၀င်လာသည်။ ပြောရတော့မည်။ မပြောလို့မဖြစ်။ အားလုံးနှင့်ဆုံပြီး အေးအေးဆေးဆေး စကား ပြောချင်သည်။ စည်းစည်းလုံးလုံး ပြန်ဖြစ်လာအောင် စည်းရုံးချင်သည်။
သားအဖနှစ်ယောက် စကားပြောနေစဉ် တယ်လီဖုန်းမြည်လာသည်။ အော်လီဗာ ကောက်ကိုင်သည်။ အဖေ့ အသံကို ဖုန်းထဲတွင် ကြားရတော့ သက်ပြင်းချမိမတတ် ဖြစ်သွားသည်။
အဖေနှင့် စကားဆက်မပြောနိုင်လောက်အောင် အော်လီက ပင်ပန်းနေပြီ။ ဆယ်နာရီ ထိုးပြီးပြီ။ ရေမိုးချိုး ကာ ဆမ်ကလေးနှင့် သွားအိပ်ချင်လှပြီ။ တစ်နေ့လုံးလုံး ရုံး တွင် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ရင်ဆိုင် ခဲ့ရပြီး အိမ်ရောက်ပြန်တော့လည်း စိတိုင်းမကျ စရာတွေ ချည်း ။
" ဟဲ့လို ဖေဖေ … ဖေဖေနေကောင်းရဲ့လားဟင် "
" ဖေဖေ နေကောင်းပါတယ် "
သို့သော် အဘိုးကြီး၏ လေသံမှာ တမျိုးကြီးဖြစ်နေ၏။ သားအဖနှစ်ယောက် စကားပြောနေစဉ် လစ်ထွက်သွားသော မယ်လီဆာကို အော်လီငေးကြည့်နေမိ၏။
" ဒါပေမယ့် သားမေမေတော့ နေမကောင်းဘူး "
အော်လီဗာ ပို၍ပင်ပန်းသွားသည်။ စိတ်လည်းပူသွား၏။
" ပြောရရင်တော့ အရှည်ကြီးပဲ သားရေ "
အဘိုးကြီး သက်ပြင်းချသံကြားရ၏။ အော်လီဗာ ရင်တမမနားထောင်နေ၏။
" ဒီနေ့ နေ့လယ်ပိုင်းမှာ ဦးနှောက်ကို ဓာတ်မှန်ရိုက်ကြည့်ရတယ် "
" ဗျာ … ဟာ ဒုက္ခပါပဲ၊ ဘာပြုလို့ "
" ခုတလော တစ်မျိုးဖြစ်နေတယ်သား၊ ပြီးခဲ့တဲ့အပတ်ကသားတို့ ပြန်သွားပြီး သူ အိမ်ကပျောက်သွားသေး တယ်၊ အဲဒီမှာ ချော်လဲပြီးတော့ ခြေသပွတ်တိုင်လည်သွားတယ် "
ဗားမောင့် မှာ ရောက်နေတုန်းက တယ်လီဖုန်း မဆက်မိသည့်အတွက် အော်လီဗာ နောင်တရနေသည်။ သည်တုန်းကလည်း ယားလို့တောင် ကုတ်ဖို့ အချိန်မရှိခဲ့ဘူးလေ။
" ဒါပေမယ့် ကံကောင်းတယ်လို့ ခေါ်ရမယ် သားရေ ဒီအသက်အရွယ်နဲ့ဆို တင်ပါးဆုံရိုးပါ ကျိုးနိုင်တာ "
" နေပါဦးဖေဖေ၊ ခြေသပွတ်တိုင်လည်ရုံနဲ့တော့ သူတို့ ဦးနှောက်ကို ဓာတ်မှန်ရိုက်ကြမှာ မဟုတ်ပါဘူး၊ ဘယ်လိုဖြစ်တာ လဲ ဖေဖေ "
အဘိုးကြီး ကိုယ်တိုင်လည်း ဇဝေဇ၀ါ ဖြစ်နေပုံရ၏။ ဇာတ်လမ်းအရှည်ကို နားထောင်ဖို့ အော်လီဗာ လန့်နေ သည်။ ပင်ပန်းလှပြီ။
အတန်ကြာ တိတ်ဆိတ်နေပြီးမှ …
" ဖေဖေ့အထင်တော့ … ဖေဖေ သားဆီကားမောင်းလာခဲ့ရမလား "
" ဗျာ … အခုလား၊ ဘာဖြစ်လို့လဲ ဖေဖေ "
" ဖေဖေ သားနဲ့ စကားပြောချင်လို့ပါ၊ ဟိုဘက်အိမ်က မာဂရက်ပေါ်တာ မေမေ့ ကို စောင့်ကြည့်ပေးလိမ့်မယ်၊ အဲဒီ အမျိုးသမီးက တော်တော် အကူအညီရတယ် သား၊ သူ့ယောက်ျား ကလဲ ဒီလိုရောဂါမျိး ဖြစ်ဖူးတာကိုး"
" ဘယ်လို ရောဂါ လဲ ဖေဖေ၊ ဖေဖေ ဘာတွေပြောနေတာလဲ၊ သူတို့ ဘာတွေတွေ့လဲဆိုတာ ပြောပါဦး "
" ဦးနှောက် မှာ အကျိတ် တို့ ဘာတို့တော့ မတွေ့ဘူး၊ ဒါပေမယ့် အကျိတ်ဖြစ်လာဖို့တော့ အလားအလာ ရှိတယ် တဲ့၊ နေပါဦးသား၊ ဖေဖေလာဖို့ သိပ်နောက်ကျနေပြီလား "
ဖေဖေ တစ်ယောက်ယောက်နှင့် စကားပြောချင်နေသည်မှာ ထင်ရှားနေပြီ။ မလာပါနှင့်ဟု မပြော ရက်တော့
" ရတယ်ဖေဖေ၊ လာခဲ့လေ "
ကော်ဖီတစ်အိုး ကို ကိုယ်တိုင် နှပ်လိုက်သည်။ ဘင်ဂျမင်ပြန်ရောက်ဖို့ ကောင်းပြီ။ သို့သော် ဘင်ဂျမင် မရောက်မီ အရောက်လာသည်။ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံ၊ မျက်နှာမှာ ဖြူဖပ်ဖြူရော်။ ခရစ္စမတ်ရက်ပိုင်း က တွေ့ရသည့် ဖေဖေမဟုတ်တော့။ သူ့အသက်ထက် အပုံကြီးပိုကြိးသည့် အဘိုးအိုကြီး တစ်ယောက်ဖြစ်နေပြီ။ သည်တော့မှ အဖေ့နှလုံးရောဂါ အကြောင်း တွေးမိပြီး အော်လီဗာ စိုးရိမ် သွားပြန် သည်။ စင်စစ်သည်လို အချိန်တွင် ဖေဖေ ကားမောင်းဖို့ မသင့်တော်ပါ။ သို့သော် စိတ်ဓာတ် ကျမည် စိုးသဖြင့် မပြောဖို့ ဆုံးဖြတ်လိုက်သည်။
" ဖေဖေ အထဲဝင်လေ "
တံခါးခေါင်းလောင်းသံကြောင့် ဆမ်ကလေး မနိုးပါစေနှင့်ဟု ဆုတောင်းလိုက်၏။ တစ်ချိန်က အလွန်နွေး ထွေးပျော်စရာကောင်းခဲ့သည့် ဧရာမ မီးဖိုဆောင်ဆီသို့ အဖေ့ကို ဦးဆောင်ခေါ်သွားသည်။
အဘိုးကြီး က ကော်ဖီသောက်ဖို့ငြင်းသည်။ ပြီးမှ နို့တစ်ခွက်သောက်ပြီး လေးလန်စွာ ထိုင်ချလိုက် သည်။ အော်လီဗာ အသာစောင့်ကြည့်နေသည်။
" ဖေဖေ့ကြည့်ရတာ သိပ်ပင်ပန်းနေသလိုပဲ "
လာခဲ့ဖို့ ခေါ်မိသည့်အတွက် အော်လီဗာ စိတ်မကောင်းဖြစ်သွားသည်။ သို့သော် သူ့တွင် အဖော်လိုနေ သည်တော့ အမှန်။ ချစ်ဇနီး၏ ဦးနှောက်ဓာတ်မှန်ကိစ္စကို သားဖြစ်သူအား ဖြည်းဖြည်းချင်း ပြောပြသည်။
" သား မေမေ မှာ စိတ်ရောဂါဖြစ်နေပြီ၊ ဦးနှောက်အထား သိသိသာသာ ပျက်ယွင်းနေတာကို ဓာတ်မှန် ထင် ထင် ရှားရှားတွေ့ရတယ်၊ နောက်ပိုင်း ပြောင်းလဲလာ သူ့ အမူအရာတွေနဲ့ ပေါင်းစပ်ကြည့်တဲ့အခါ ဆရာဝန် တွေအတွက် ရောဂါရှာဖို့ ပိုလွယ်သွားတယ်၊ ဦးနှောက်အနေအထား ပျက်သွားပြီလို့ အားလုံးက အတည်ပြု လိုက်ကြတယ် "
" ဟာ ….. မဟုတ်သေးပါဘူး "
အော်လီဗာ က လုံးဝမယုံကြည်။
" တခြား အထူးကုဆရာကြီးတွေနဲ့ ပြကြည့်သေးတာပေါ့ အဖေရာ "
ဂျော့ဝတ်ဆင် ခေါင်းယမ်းသည်။
" အကြောင်းမထူးဘူးလား၊ သူတို့ပြောတာ အမှန်တွေချည်းပဲ နောက်ပိုင်းအခြေအနေတွေ သားမသိသေးဘဲ ကိုး ခဏခဏ လမ်းမှားတယ်၊ သတိမေ့တယ်၊ လုပ်နေကျ ရိုးရိုးအလုပ်လေးတွေကိုတောင် မလုပ်တတ်တာမျိုးလဲရှိတယ်။ ဥပမာကွာ … တယ်လီဖုန်းတောင် မဆက်တတ်ဘဲ ဖြစ်တဲ့အခါမျိုး။ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ နာမည်မေ့တာမျိုးတွေပေါ့ "
ပြောနေရင်း ဖေဖေ မျက်ရည်တွေ လည်လာသည်။
" တစ်ခါတလေလေ ဖေဖေ့ကိုတောင် သူမမှတ်မိဘူးသား  ---- များတဲ့အခါ မှားတယ်၊ ပြီးခဲ့တဲ့  တစ်ပတ်လုံး လုံး --- အော်လီဗာ လို့ချည်း ခေါ်တယ်၊ ဖေဖေက မှားလို့ ----- ဒေါသူပုန်ထရော၊ ဘယ်တုန်း ကမှ မသုံးဖူး တဲ့ စကားလုံးတွေနဲ့ ဖေဖေ့ကို ရိုင်းရိုင်းပျပျ ပြန်ပြောတယ်၊ ဒီတော့ ဖေဖေလဲ လူတော သူတောထဲ ခေါ်မသွား ရဲတော့ဘူး။
အော်လီဗာ ရင်ထဲနင့် သွား၏။ ဖေဖေက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး ….
" ဒါထက် ဆာရာကော အိပ်ပြီလား "
အပြင်သွားနေသည် ဟု လိမ်ပြောရန် စိတ်ကူးလိုက်သေးသည်။ ပြီးမှ အမှန်အတိုင်းပြောဖို့ ဆုံးဖြတ် လိုက်သည်။ ပြောရမှာတော့ ရှက်စရာကောင်းသည်။ ကိုယ့်မိန်းမကိုယ် နိုင်အောင်ထိန်းမထားနိုင် သည့်အဖြစ်မျိုး မဟုတ်လား။
" သူသွားပြီဖေဖေ "
" ဘယ်သွားတာလဲ၊ အပြင်ထွက်သွားတာလား "
ဖေဖေ က ဘာမှနားမလည်သည့် အမူအရာဖြင့်မေးသည်။
" မဟုတ်ဘူးဖေဖေ၊ ကျောင်းပြန်တက်မယ်ဆိုပြီး ထွက်သွားတာ၊ ဟားဗတ်မှာ ပြန်တက်မယ်တဲ့ "
ဂျော့ဝတ်ဆင် မျက်မှောင်ကုတ်သွားသည်။
" သားကို ထားခဲ့ပြီး ထွက်သွားတာပေါ့၊ ဟုတ်လား၊ ဘယ်တုန်းကလဲ၊ ခရစ္စမတ်တုန်းကတောင် …"
ဘယ်လိုမှ နားမလည်နိုင်သည့် ကိစ္စမျိုးပါလား၊ သားဖြစ်သူကို လှမ်းကြည့်လိုက်တော့ မျက်ဝန်း ထဲမှ သောကရိပ်များကို အတိုင်းသားမြင်ရ၏။
" ဟာ ….. ဒုက္ခပါပဲကွာ၊ ဖေဖေ စိတ်မကောင်းလိုက်တာ၊ ဘယ်တုန်းက ဘယ်လို ဖြစ်ကြတာတုံး "
" လွန်ခဲ့တဲ့ သုံးပတ်လောက်ကမှ ကျွန်တော့်ကို ဖွင့်ပြောတယ်လေ၊ မဟာဝိဇ္ဇာ ဆက်တက် ဖို့ ကျောင်းဝင်ခွင့် ရပြီတဲ့၊ ကျွန်တော်တော့ ဒါထက်ကြီးမားတဲ့ ရည်ရွယ်ချက်တွေ သူ့မှာ ရှိဦးမယ် ထင်တယ်၊ ပြန်လာမယ်တော့ ပြောတာပဲ၊ ဒါပေမယ့် သိပ်မထင်ပါဘူး၊ ကျန်တဲ့လူတွေကိုတင်မကဘူး၊ သူ့ကိုယ်သူ ပါ ရယ်စရာဖြစ်သွားအောင် လုပ်သွားသလိုပဲဖေဖေ၊ ကျွန်တော်လဲ ဘာမှ မစဉ်းစား တတ်တော့ ဘူး၊ ဘာဖြစ်လာ မလဲဆိုတာ စောင့်ကြည့်ရတော့မှာပဲ "
" ကလေးတွေကကော ဘယ်လိုတုံ့ပြန်ကြသလဲ "
"အ ပေါ်ယံကြည့်တော့ သိပ်မဆိုးဘူး ထင်ရတာပဲ၊ ပြီးခဲ့တဲ့အပတ်က စကိတ်စီးဖို့ ခရီးထွက်ကြတယ်၊ အားလုံး ပျော်ကြပုံ ပါပဲ၊ ဒါကြောင့် ဖေဖေ့ဆီ ဖုန်းမဆက်ဖြစ်တာပေါ့။ ခရစ္စမတ်ပြီးတာ နဲ့ နောက်တစ်နေ့မှာ သူ ထွက် သွားတာ အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်တို့ အားလုံး အူကြောင်ကြောင် ဖြစ်နေဆဲပဲ ဖေဖေ …
" မယ်လီဆာ က ကျွန်တော့်ကြောင့်ဖြစ်ရတာ ဆိုပြီး အပြစ်တင်တယ်၊ ဆမ်ကလေးက ညည လန့်လန့်နေ တယ်။ ဘင်ဂျမင်ကတော့ ဒိကိစ္စကို မေ့မေ့ပျောက်ပျောက် လုပ်ဖို့ သူငယ်ချင်းတွေနဲ့ နေ့ရောညပါ အချိန်ဖြုန်း နေတယ်၊ သူ့ကို အပြစ်တင်လို့ ဖြစ်မဖြစ် ကျွန်တော်လဲ မဝေခွဲတတ်တော့ဘူး ဖေဖေ၊ သူ့အရွယ် မှာ ကျွန်တော် ဒီလိုပြဿနာမျိုးနဲ့ ရင်ဆိုင်ရရင်လဲ ဒီလိုပဲ လုပ်မိမှာပဲ "
သို့သော် အော်လီဗာတို့ မေမေသည် သည်လို လုပ်မည့် မိန်းမစားမျိုး မဟုတ်ကြောင်း သူတို့ သားအဖ နှစ် ယောက် အသိဆုံးဖြစ်သည်။ ဤသို့ဖြင့် အမေ့ကိစ္စကို ပြန်ကောက်ကြပြန်သည်။
" ဒါဆို မေမေ့ ကိစ္စ ဖေဖေ ဘယ်လိုလုပ်မယ် စဉ်းစားလဲ "
" ဖေဖေ ဘာလုပ်ပေးမလဲ ဆိုတာကို မစဉ်းစားတတ်အောင် ဖြစ်နေတယ်၊ အခြေအနေက တစ်နေ့တခြား ဆိုးလာနိုင် တယ်၊ ဘယ်သူ့ကိုမှ မှတ်မိတော့မှာ မဟုတ်ဘူး "
အဘိုးအို၏ မျက်လုံးအိမ်ထဲတွင် မျက်ရည်တွေ ပြည့်လျှံလာပြန်သည်။ သည်အကြောင်း စဉ်းစားရသည်မှာ သူ့အတွက် ရင်နင့်လှသည်။ ချစ်ဇနီးနှင့် တစ်နေ့တခြား ပို၍ပို၍ ဝေးနေသည်ဟု ခံစားရ၏။ သား၏ အဖြစ်ကို တွေ့ရပြန်တော့မျှဝေခံစားမိပြန်သည်။
သို့သော် အော်လီဗာက ငယ်သေးသည်။ သူ့ကိုချစ်ပြီး သူက ချစ်သည့် တစ်စုံ တစ်ယောက် ပေါ်လာနိုင်သေး သည်။ ဖီးလစ်သည် ဂျော့၏ တစ်ဦးတည်းသော ချစ်သူဖြစ်၏။ လေးဆယ့် ခုနစ်နှစ်ကြာမှ အချစ် ကို  ဆုံးရမည့် အရေးမှာ တွေးဝံ့စရာမရှိသည့် ကိစ္စမျိုးဖြစ်၏။
လက်ကိုင်ပ၀ါ ထုတ်ပြီး နှပ်ညှစ်သည်။ သက်ပြင်းတစ်ချက်ချပြီးမှ စကားဆက်သည်။
" ဆရာဝန်တွေ ရဲ့ အဆိုအရ လုံးဝ ရူးသွားတဲ့ အဆင့်မရောက်ခင် ဒီအတိုင်း ခြောက်လတစ်နှစ်ထိ ကြာနိုင် တယ်တဲ့၊ ခု အခြေအနေနဲ့ ဆိုရင် အိမ်မှာ မထားသင့်တော့ဘူးတဲ့၊ ဖေဖေလဲ ဘာလုပ်ရမှန်း မသိတော့ ဘူး ကွာ "
ပြောရင်း အသံတိမ်ဝင်သွားသည်။ အော်လီဗာ ရင်ထဲဆို့သွားသည်။ ဖအေ့လက်ကို လှမ်းယူပြီး ဆုပ်ထား လိုက်သည်။ သားအဖနှစ်ယောက် မေမေ့အကြောင်းကို ပြောနေသည် ဆိုခြင်းမှာ မယုံကြည်နိုင်ပါတကား။ အလွန် ထက်မြက်ပြီး အလွန်အသိဥာဏ်မြင့်မားသည့် မေမေ၊ ခုတော့ ဘာကိုမှ မမှတ်မိတော့ဘူး တဲ့။ ဖေဖေ့ ခမျာ ရင်ကွဲနာကျရှာပြီပေါ့။
" ဖေဖေ ကိုယ်တိုင်လဲ ကျန်းမာအောင်နေဦး၊ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ဖေဖေပါလဲမှ ပိုဆိုးမှာ "
" မာဂရက် ကလဲ ဒီအတိုင်းပြောတယ်၊ သူဟာ အိမ်နီးနားချင်းကောင်းတစ်ယောက်ပါ၊ ဖေဖေပြောတဲ့ အမျိုး သမီးလေ၊ သူ့ယောက်ျားက မေမေ့ရောဂါမျိုး ဖြစ်တာ၊ ခြောက်နှစ်တောင် ကြာတယ်တဲ့၊ သူ ကိုယ်တိုင် နှလုံး ရောဂါရှိတော့ သူ့ယောက်ျားကို စိတ္တဇဆေးရုံ တင်ထားပြီး နောက်ပိုင်း သိပ်ဂရု မစိုက်နိုင်တော့ဘူး၊ ပြီးခဲ့တဲ့ သြဂုတ်လမှာ ဆုံးသွားတယ်တဲ့ "
အဘိုးအို သည် သားဖြစ်သူကို ရီဝေစွာ ငေးကြည့်နေသည်။
" သား … အော်လီ၊ မေမေ့ကို ဆုံးရမယ့်ဆိုတာမျိုး ဖေဖေ မတွေးရဲဘူး၊ ပြီးတော့ … ပြီးတော့ … သူ ဘာမှ မမှတ်မိတော့ ဘဲ နေရမယ့်ဘ၀မျိုး၊ သူ့ကို ကြည့်နေရတာ တစ်စစီ လွင့်ကြေနေသလိုပဲ၊ ဒါလောက် သဘော ကောင်းတဲ့ မိန်းကလေးကွာ၊ ခုတော့ … ခုတော့ … သိပ်ကြမ်းတမ်းတာပဲ "
" ခရစ္စမတ်မှာတုန်းက မေမေထူးခြားနေတာ ကျွန်တော် သတိထားခဲ့မိပါတယ် ဖေဖေ၊ ဘာရယ်လို့သာ တိတိ ကျကျ မသိ တာလေ၊ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်လဲ ကိုယ့်အပူနဲ့ကိုယ် မဟုတ်လား "
တကယ်တော့ အမေကော ဇနီးပါ ဆုံးရတော့မည့် အဖြစ်မျိုးပါလား။ ဘ၀တွင် အချစ်ဆုံးနှစ်ဦး။ ခုတော့ တဖြည်းဖြည်း ဝေးသွားလေပြီကော။ သို့သော် ဖအေကြီးအတွက် အဓိကထား စဉ်းစားရမည်။
" ကျွန်တော် ဘာလုပ်ပေးရလဲ ဖေဖေ "
သားအဖနှစ်ယောက် မျက်လုံးချင်းဆိုင်မိကြသည်။ ဖေဖေနှင့် နှစ်ပေါင်းများစွာ ဝေးနေရာမှ ပြန်လည် နီးကပ် လာသည် ဟု အော်လီဗာ ခံစားလိုက်ရ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>