Saturday, May 5, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၈)

အသံတဂျုံးဂျုံးမြည်ကာ ရထားကြီးက ကျွန်မတို့ကို သယ်ဆောင်ပြေးနေခိုက်မှာပင် မစ္စတာ ဒီဝင်းတား နှင့် ကျွန်မ သည် တစ်စတစ်စဖြင့် မိုင်ပေါင်းများစွာ ဝေးကွာလာပြီဖြစ်ကြောင်း ရထားကြီး က ပြောပြနေ သလို ရှိလိမ့်မည်။ သည်လိုအချိန်မျိုးမှာ သူကတော့ ဟိုတယ်ထဲရှိ ကျွန်မသိသည့် စားပွဲမှာ တစ်ကိုယ် တည်းထိုင်ရင်း စာတစ်အုပ်ကို ဖတ်နေလိမ့်မည်။ သူ့ကိုခွဲခွာပြီး ကျွန်မ ထွက်လာ ခဲ့ရသော်လည်း သူ့ စိတ်ထဲမှာ မည်သို့မျှ ထိခိုက်ခံစားရမည်မဟုတ်။ ကျွန်မ အကြောင်း ကလေး ကိုတောင် မှ တွေးတော စိတ်ကူးနေလိမ့်မည်မဟုတ်။ ကို ဆက်ဖတ်ရန်....

ကျွန်မ တို့ ဟိုတယ် မှ ထွက်ခွာမသွားမီ နားနေခန်းထဲမှာ သူ့ကိုသွားပြီး နှုတ်ဆက်ရပါ့မည်။ သည်လို နှုတ် ဆက်ရသော်လည်း လွတ်လွတ်လပ်လပ်ကြီးတော့ မဟုတ်။ မစ္စက်ဗန်ဟော့ပါး တွေ့သွားမည်ကို စိုးရိမ် မိသည့်အတွက် ခိုးကြောင်ခိုးဝှက်နိုင် လွန်းပေလိမ့်မည်။ ထစ်ထစ်ငေါ့ငေါ့လည်း ဖြစ်နေပေလိမ့်မည်။ ပြီး တော့ အပြုံးကလေးဖြင့် သည်လိုစကားမျိုးကိုလည်း ပြောမိကောင်း ပြောမိကြပါလိမ့်မည်။

"ကောင်းပါပြီကွယ်… စာရေးပေါ့"
"ကျွန်မအပေါ်မှာ ကြင်ကြင်နာနာ ဆက်ဆံခဲ့တာတွေအတွက် ကျေးဇူးတင်စကားတောင် ကျွန်မ မပြော ဖြစ်ခဲ့ဘူး ရှင်"ဆိုတာမျိုး။ နောက်ပြီးတော့…
"ကျွန်မတို့ရိုက်ခဲ့တဲ့ ဓာတ်ပုံကလေးတွေ ကျွန်မဆီသို့ ပို့ပေးပါနော်"ဆိုတာမျိုး။

"မင်းလိပ်စာ လဲ ပြောဦးမှပေါ့"
"ဟုတ်ကဲ့ရှင်… နောက်မှ ကျွန်မ ပို့လိုက်ပါ့မယ်"
သည်လိုပြောပြီးသောအခါ သူက ထုံးစံအတိုင်း စီးကရက်ကို မီးညှိလိမ့်မည်။ အနီးမှ ဖြတ်သွားသော စားပွဲထိုး တစ်ယောက်ထံမှ မီးတောင်းလိမ့်မည်။ သည်လိုအချိန်မျိုးကလေးမှာပင် "သူနဲ့ ခွဲသွားဖို့ လေးမိ နစ်ခွဲပဲ အချိန်ကျန်တော့သည်။ သူ့ကို ဘယ်တော့မှ ငါ ထပ်ပြီး တွေ့ရတော့မှာမဟုတ်ပါဘူး"ဟုလည်း ကျွန်မ ၏ စိတ် ထဲက တွေးမိကောင်း တွေးမိနေပေလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် သူနှင့်ဝေးရာသို့ ကျွန်မ သွားရပေတော့မည်။ သည်ကိစ္စတွေ အားလုံးက လည်း ပြည်ဖုံးကား ချသွားပြီ။ နောက်ထပ် ဘာမျှလည်း ပြောစရာမရှိတော့။ ကျွန်မတို့နှစ်ယေက်မှာ သူ စိမ်းပြင်ပြင် များ ဖြစ်သွားကြပါပြီ။ သူနှင့် ကျွန်မတို့၏တွေ့ဆုံခြင်းသည် နောက်ဆုံးအကြိမ်လဲဖြစ်၊ တစ် ကြိမ်တည်း လည်းဖြစ် ဆိုသော အတွေ့မျိုးပင်။ သည်အချိန်မှာပင် ကျွန်မ၏အတွင်းစိတ်ကတော့ မခံမ ရပ်နိုင်အောင် နာကျည်းဆွေးမြေ့နေပါပြီ။ စိတ်ထဲမှာလည်း ကျိတ်၍ ရှိုက်ညည်းငိုကြွေးကာ…
"ရှင့်ကို ကျွန်မ အသည်း တုန်အောင် ချစ်ရပါတယ်ရှင်။ ကျွန်မ ဘယ်လိုမှ ဖြေဆည်လို့မရတော့ပါဘူး။ ဒီအဖြစ်မျိုး ကို ဘယ်တုန်းကမှလဲ မကြုံခဲ့ဖူးပါဘူး။ နောက်ထပ်လဲ ဘယ်တော့မှ ထပ်ကြုံနိုင်တော့မှာ မဟုတ်ပါဘူး"စသည်ဖြင့် ရင်ထဲမှာ တိတ်တိတ် ကလေး ကျိတ်ပြီး ပြောနေမိပေလိမ့်မည်။

အသံမထွက်ဘဲ ရင်ထဲက သည်လိုပြောရင်း  ကျွန်မ၏အမူအရာကိုမူ မပူရုပ်ဆင်ကာ အံတင်းထားပါ လိမ့်မည်။ ပြီးတော့ ကိုယ့်အပူကို ဖုံးမိသည့်အနေဖြင့် ဟန်ဆောင်ပြုံးကလေးလည်း ပြုံးမိပါလိမ့်မည်။ ရင်ထဲ က အသံ ကို ဖုံးဖိထားလျက်က နှုတ်ဖျားမှ တကယ်ထွက်သွားနိုင်သည့် စကားလုံးများကား…
"ဟောဟို နား က အဘိုးကြီးကိုကြည့်လိုက်စမ်းပါရှင်။ ဘယ်လောက်များ ရယ်စရာကောင်းလိုက်ပါသလဲ။ သူ ဘယ်သူများ ပါလိမ့်… ဒီကိုရောက်လာတဲ့ လူသစ်နဲ့တူတယ်နော်" ဆိုတာမျိုး ဖြစ်နေနိုင်သည်။ ပြီး တော့ ကျွန်မ တို့၏ နောက်ဆုံးအချိန်ကလေးတွင် ထိုမျက်နှာစိမ်းနှင့် ပတ်သက်ပြီး ရယ်ပွဲဖွဲ့နေမိကြပါ လိမ့်မည်။ သူနှင့် ကျွန်မ သည်ပင်လျှင် အပြန်အလှန် စိမ်းနေကြပြီမဟုတ်ပါလား။
"ကျွန်မတို့ ရိုက်ခဲ့တဲ့ ဓာတ်ပုံကလေးတွေ ကောင်းမှာပါနော်… "ဟု နေရခက် ထိုင်ရ ခက်ဖြင့် စောစောက ပြောခဲ့ပြီးသား စကားကိုပင် ထပ်မံ ၍ ပြောမိကောင်း ပြောမိနေပေ လိမ့်မည်။

"ကောင်းမှာပါကွယ်။ ပန်းခြံထဲမှာရိုက်ခဲ့တဲ့ ဓာတ်ပုံကကောင်းမှာပါ။ အဲဒီတုန်းက အလင်းရောင်ကလဲ အလောတော် ပဲမဟုတ်လား"ဟု သူက ပြန်ပြောပေလိမ့်မည်။ တကယ်ဆိုတော့ ဓာတ်ပုံကောင်း မကောင်း တာ အကြောင်းမဟုတ်ပါ။ မည်းသည်ဖြစ်စေ၊ မှောင်သည်ဖြစ်စေ ကျွန်မ ဂရုစိုက်မည်မဟုတ် ပါ။ စကားမရှိ စကားရှာပြီး ယခုလို ပြောနေမိခြင်းမှာလည်း သူနှင့်ကျွန်မ တို့၏ နောက်ဆုံးအချိန် ကလေး ဖြစ်နေသည့်အတွက် အချိန်ဆွဲသည်အနေဖြင့် ယခု လို ပြောနေ မိခြင်း သာ ဖြစ်ပေလိမ့်မည်။ နောက်ဆုံး နှုတ်ဆက်နိုင်ဖို့သည်သာလျှင် အရေးအကြီးဆုံး ဖြစ်ပါသည်။
"ဒါထက်ရှင်… ရှင့် ကို ကျေးဇူးတင်လို့မဆုံးကြောင်းတစ်ကြိမ်ထပ်ပြီး ပြောပါရစေဦး"လို့ ပြောရင်း ပုံပျက် ပန်းပျက် ကျွန်မ ပြုံးမိပေလိမ့်မည်။ ထိုပုံပျက် ပန်းပျက်အပြုံးကြီးက ကျွန်မ၏တစ်မျက်နှာလုံးကို ဖုံးအုပ် ထားပေ လိမ့်မည်။

"ရှင်နဲ့ ကျွန်မ အတူသွားလာ လည်ပတ်ခဲ့ရတဲ့အချိန်တွေမှာ ကျွန်မ ပျော်လိုက်တာ။ ဘယ်လိုပြောရမှန်း တောင် မသိတော့ပါဘူး။ ထမင်းမေ့ ဟင်းမေ့နဲ့ ဆွေမျိုးတောင် မေ့ သွားတာပဲ" ဟူသော စကားမျိုးကို လည်း ကျွန်မ ပြောမိပေလိမ့်မည်။
သည်စကားမျိုးကို ကျွန်မ၏တစ်သက်တွင် ဘယ်တုန်းကမျှ မသုံးနှုန်းခဲ့ဖူးပါ။ "ဆွေမျိုးတောင် မေ့သွား တာပဲ" ဆိုသော စကား။ သည်စကားလုံးကြီး၏ အဓိပ္ပာယ်က ဘယ်ကိုများ သက်ရောက်စေပါလိမ့်။ ဘုရားသခင် မှပင် သိပေလိမ့်မည်။ ကျွန်မလို မိန်းမပျိုကလေးတစ်ယောက်က သူလို လူစိမ်းယောက်ျား သားတစ်ယောက် ကို "ရှင်နဲ့အတူနေရတာ ဆွေမျိုးတောင်မေ့သွားတာပဲ"ဟူသော စကားမျိုး ပြောသင့်ပါ သလား။

ဘာကိုမျှ ကျွန်မ ဂရုမစိုက်နိုင်တော့ပါ။ ကျောင်းသူကလေးတွေ ဟောကီအရှုံးအနိုင်သတင်းကို အချင်း ချင်း ပြောကြ သလို ကျွန်မ ပြောချလိုက်ပါသည်။ သည်လိုအချိန်မျိုးမှာ ဓာတ်လှေကားတံခါးပွင့်လာလိမ့် မည်။ အတွင်းမှ မစ္စက်ဗန်ဟော့ပါး ထွက်လာလိမ့်မည်။ နားနေခန်းကိုဖြတ်ပြီး အဘွားကြီှးဆီသို့ ကျွန်မ က လျှောက်သွား လိမ့်မည်။ သူကလည်း သူ၏ထောင့်နေရာကလေးသို့ ပြန်လျှောက်သွားကာ သတင်း စာတစ်စောင် ကို ကောက်ယူပေလိမ့်မည်။

ရေချိုးခန်း ထဲက သပေါ့ဖျာပေါ်မှာ ကျွန်မ ထိုင်ရင်း အတွေးအူချာလိုက်နေမိသည်မှာ ရယ်စရာ ပင် ကောင်းသေးတော့သည်။ သို့သော်လည်း ကျွန်မ၏အတွေးများသည် တကယ်ပင်ဖြစ်ပျက်နေ ကြသ ယောင် ကျွန်မ ခံစားခဲ့ရပါသည်။ အမေရိကန်သို့ သင်္ဘောစီးပြီး ကျွန်မတို့ သွားကြပုံ၊ နယူးယောက်မြို့ ကြီး သို့ ကျွန်မတို့ရောက်သွားကြပုံများကိုပါ ကျွန်မ၏စိတ်အာရုံကြေးမုံပြင်တွင် အရိပ် ထင်လာပါ သည်။ ဟယ်လင်၏စူးရှသော အသံများကိုလည်း ကြားယောင်လာသည်။ ဟယ်လင်သည် သူ့ အမေ မစ္စက်ဗန် ဟော့ပါးအသေးစားကလေး ဖြစ်ပေလိမ့်မည်။
ကျွန်မနှင့် အဆင့်အတန်းတူ ကောလိပ်ကျောင်းသားများ၊ ဘဏ်တိုက်စာရေးကလေးများနှင့် ကျွန်မကို မစ္စက်ဗန်ဟော့ပါး က မိတ်ဆက်ပေးလိမ့်မည်။
"ဗုဒ္ဓဟူးနေ့ညမှာ တို့နှစ်ယောက် တွေ့ကြရအောင်နော်" ဆိုတာမျိုးတွေ။

"ခင်မြူးမြူးသီချင်းတွေကို မင်း ကြိုက်တတ်သလား" ဆိုတာမျိုးတွေ။
မျက်နှာမှာ အဆီပြောင်ပြီး နှာခေါင်းပွပွနှင့် ကောင်ကလေးတွေက ကျွန်မကို မေးကြပေလိမ့်မည်။ ကျွန်မ ကလည်း ထုံးတမ်းစဉ်လာ ယဉ်ကျေးမှုတွေကို လက်ခံနေရပေဦးမည်။ တကယ်တမ်းကတော့ အခုလို ရေချိုးခန်းထဲမှာ တံခါးသော့ခတ်ပြီး စိတ်ပြေနပြေထိုင်ရင်း ကိုယ့်အတွေးနှင့်သာကိုယ် နေပစ် လိုက်ချင်ပါတော့သည်။ ထိုအခိုက် အဘွားကြီး မစ္စက်ဗန်ဟော့ပါးက တံခါးကို လာဆွဲလှုပ်ပါသည်။
"ဟဲ့… အထဲမှာ ဘာလုပ်နေတာလဲ"
"ဟုတ်ကဲ့… စိတ်မရှိပါနဲ့ရှင်။ ကျွန်မ အခု လာပါပြီ"ဟု ပြောပြောဆိုဆို ရေပိုက်ခေါင်းကိုဖွင့်ဟန်ဆောင် လိုက် ရ ပါသည်။ မျက်နှာသုတ်ပဝါကိုလည်း တန်းပေါ်သို့ ခေါက်တင်လိုက်ပါသည်။
တံခါးဖွင့်ပြီး ထွက်လိုက်တော့ အဘွားကြီးက ကျွန်မကို လူထူးလူဆန်းလို ကြည့်နေပါသည်။

"ဒီထဲမှာ ဒါလောက်အကြာကြီး ဘာတွေလုပ်နေတာလဲ။ ဒီနေ့မနက် စိတ်ကူးယဉ်နေဖို့ အချိန်မရှိဘူးဆို တာလဲ မင်း အသိသားနဲ့၊ လုပ်စရာတွေ တစ်ပုံတစ်ခေါင်းကြီးနဲ့"
မစ္စတာဒီဝင်းတား လည်း မန်ဒါလေစံအိမ်ကြီးသို့ ပြန်ပေလိမ့်မည်။ ဟုတ်ပါသည်။ ရက်သတ္တပတ် အနည်းငယ် အတွင်း သူလည်း ပြန်ပေလိမ့်မည်။ ကျွန်မ၏အတွေးမျှင်များကား မပြတ်နိုင်သေးပါ။ စံအိမ် ကြီး သို့ သူ ပြန်ရောက်သွားတော့ ခန်းမထဲကနေပြီး တောင်ပုံရာပုံ စာတွေက သူ့ကို စောင့်နေလိမ့်မည်။ ထိုစာတွေ ထဲတွင် ကျွန်မ၏စာကလေးတစ်စောင်လည်း ပါလိမ့်မည်။ နယူးယောက်သို့သွားရင်း သင်္ဘော ပေါ် တွင် ရေးသည့်စာဖြစ်မည်။ ထိုစာမှာ ကျွန်မ စိတ်ချမ်းသာကြောင်း၊ ပျော်ရွှင်ကြောင်းကို ဇွတ် အတင်း လုပ်ကာ ရွှင်ရွှင်မြူးမြူးကလေး ရေးထားသည့်စာဖြစ်လိမ့်မည်။ ကျွန်မနှင့် ခရီးသွားဖော် အခြား ခရီး သည်များအကြောင်းကိုလည်း ရေးသားပြမိပေလိမ့်မည်။

ကျွန်မ၏စာကလေးသည် မင်စုတ်စက္ကူအနားတွင် သည်အတိုင်း ရှိနေပေလိမ့်မည်။ ရက် သတ္တပတ် ပေါင်းများစွာကြာမှ ထိုစာကို အမှတ်မထင် သူတွေ့ပြီး ပြန်စာရေးလိမ့်မည်။ သည်လို တွေ့ရခြင်း မှာ လည်း တနင်္ဂနွေ တစ်နံနက်တွင် နေ့လယ်စာမစားမီ အခန်းထဲသို့ အူလျား ဖားလျား ဝင်လာကာ ငွေပေး ချေစရာရှိသည့် ငွေတောင်းလွှာများကို ရှင်းလင်း ရင်း တွေ့ခြင်းဖြစ်ပေလိမ့် မည်။ နောက်ပိုင်းတွင်တော့ ဘာစာမှ မလာတော့။
သည်လိုဖြင့် နာတာလူးပွဲတော်ရောက်လာသောအခါ ကျွန်မ မျက်နှာငယ်ရပါဦးမည်။ မကောင်း တတ် သောကြောင့် ကျွန်မထံသို့ နာတာလူးပွဲတော် ဆုတောင်းကတ်ပြားကလေး သူ ပို့ပေး လိမ့်မည်။ နှင်းခဲ နေသော မြင်ကွင်းကြီးကို နောက်ခံထားသည့် မန်ဒါလေစံအိမ်ကြီးပုံပါသော ကတ်ပြားဖြစ် လိမ့်မည်။ "ချမ်းမြေ့ဖွယ်ကောင်းသော နာတာလူးပွဲတော်နှင့် စည်ပင်တိုးတက် သည့် နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ မက်ဇီမီလျံ ဒီဝင်းတားက ဆုတောင်းလိုက်ပါတယ်"ဟူသော စာသား များကို ပုံနှိပ်ထားပေလိမ့်မည်။

သို့သော်လည်း ကျွန်မကို အကြင်နာတရားလေး ပြသသည့်အနေဖြင့် တစ်နည်းဆိုရလျှင် နှစ်သိမ့်သည့် အနေဖြင့် ပုံနှိပ်ထားသည့် သူ့အမည် ကို မင်နှင့်ဖျက်ပစ်ကာ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးလိမ့်မည်။ ကျန်နေသေး သည့် နေရာကလေးတွင်လည်း "နယူးယောက်မြို့ကြီးမှာ မင်း ပျော်နေရောပေါ့"ဟု ထပ်မံ ရေးပေ လိမ့်မည်။ ပြီးတော့ စာအိတ်ပိတ်၊ တံဆိပ်ခေါင်းကပ်ကာ အခြားစာပုံကြီးထဲမှာ ထည့်ထား လိုက် ပေမည်။
"ခင်ဗျားတို့ မနက်ဖြန် သွားကြတော့မယ်ဆိုတာ အတော်မနိပ်တာပဲဗျာ။ နောက်အပတ်ဆိုရင် ဘဲလေး ကပွဲကြီး စတော့ မယ်လေ။ ခင်ဗျားလဲ သိသားပဲ၊ မစ္စက်ဗန်ဟော့ပါးရော ဒီအကြောင်းသိရဲ့လား"
ဧည့်ကြိုစာရေး က လက်တစ်ဖက်က တယ်လီဖုန်းကိုင်ထားရင်း ကျွန်မကို လှမ်းမေးလိုက်ပါသည်။ သည် တော့မှပင် မန်ဒါလေစံအိမ်ကြီးနှင့် နာတာလူးပွဲတော်များဆီသို့ စိတ်ကူးယဉ် အာရုံ လွင့်မျောနေသော ကျွန်မ သည် လက်ရှိပစ္စုပ္ပန်ဘဝသို့ ပြန်ရောက်လာပါတော့သည်။

မစ္စက်ဗန်ဟော့ပါးသည် တုပ်ကွေးမိပြီးကတည်းက ပထမဦးဆုံးအကြိမ်အဖြစ်နှင့် စားသောက်ခန်းထဲသို့ ဆင်းကာ ယနေ့ နေ့လည်စာ စားသည်။ သူ့နောက်မှကပ်ပြီး ခန်းမထဲသို့ ကျွန်မ ဝင်လိုက်လာရင်း ရင်ထဲ မှာ နာကျင်သည့်ဝေဒနာ တစ်မျိုးကို ကျွန်မခံစားနေရပါသည်။ ကိန်းမြို့သို့ မစ္စတာဒီဝင်းတား သွားနေ သည်။ မနေ့တုန်း က သူကိုယ်တိုင် ကျွန်မကို ပြောပြထားသောကြောင့် သည်လောက်တော့ ကျွန်မ သိ ထားသည်။ သို့သော်လည်း အလိုက်ကန်းဆိုးမသိတတ်သော စာပွဲထိုးကလာပြီး "မမလေး… ဒီနေ့ညစာ ကို အခါတိုင်း လိုပဲ ဆရာကြီးနဲ့အတူတူ စားမှာလားခင်ဗျာ"ဟုမေးနေလျှင် သောက်ဂွတော့ ကျရချည်ရဲ့ ဟု စိတ်ပူ မိပါသည်။ ကျွန်မတို့စားပွဲနားကို သူ ကပ်လာတော့ အနည်းငယ် စနိုးစနောင့်ဖြစ်မိပါသည်။ တကယ်တမ်း သူရောက် လာသောအခါ ဘာမျှမပြောသဖြင့် တော်ပါသေးရဲ့။
ထုပ်ရင်းပိုးရင်း၊ သမ်းရင်းဆည်းရင်းဖြင့် တစ်နေကုန်သွားသည်။ ညဦးပိုင်းကျတော့ နှုတ်ဆက်ဖို့ ဧည့် သည်တွေ ရောက်လာကြသည်။ ဧည့်ခန်းထဲမှာပဲ ကျွန်မတို့ ညစာစားလိုက်ကြသည်။ ညစာ စားပြီးသည် နှင့်တစ်ပြိုင်တည်း အဘွားကြီးက အိပ်ရာတန်းဝင်တော့သည်။

ယခုအချိန် အထိ မစ္စတာဒီဝင်းတားကို ကျွန်မ မတွေ့ရသေးပါ။ သို့ဖြင့် ညကိုးနာရီခွဲတော့ သေတ္တာမှာ နာမည်ရေးပြီး ကပ် ဖို့ စက္ကူကတ်ပြားယူရန် အကြောင်းပြကာ အောက်ထပ်သို့ ကျွန်မ ဆင်းခဲ့ ပါသည်။ အောက်ထပ် မှာ လည်း သူ မရှိပါ။ သည်အခါတွင် ကျွန်မကို လှမ်းမြင်လိုက်သော အမြင်ကပ် စရာကောင်း သည့် ဧည်ကြိုစာရေးက စပ်ဖြီးဖြီးဖြင့်…
"မစ္စတာဒီဝင်းတား ကို လာရှာတာဆိုရင်တော့ ဒီနေ့ည သန်းခေါင်မတိုင်ခင်အထိ သူ ပြန်ရောက်ဦးမှာ မဟုတ် ပါဘူး။ ကိန်းမြို့ကနေပြီး သူ အကြောင်းကြားလိုက်တာ ကျွန်တော်တို့ဆီ ရောက်နေပါတယ်" ဟု ပြောပါသည်။

"ကျွန်မ စက္ကူကတ်ပြား တစ်ထုပ်လောက် လိုချင်လို့လာတာပါ"ဟု ကျွန်မ ပြန်ပြောလိုက်ပါသည်။ သို့ သော်လည်း ကျွန်မ၏ပြောစကားကို သူ မယုံကြောင်း သူ့မျက်လုံးများက ဖော်ပြနေပါသည်။ သည်လို ဖြင့် ပင် သူနှင့်အတူတူနေရမည့် နောက်ဆုံး ညဦးပိုင်းကလေးသည် ပျောက်ကွယ် ပျက်စီးသွား ရပါပြီ။ ကျွန်မအဖို့တော့ ခဲလေသမျှ သဲရေကျဖြစ်ရပါတော့သည်။ သူနှင့်တွေ့ဖို့ တစ်နေ့ လုံး မျှော်လင့် စောင့်စားခဲ့ရသည်များ သဲထဲရေသွန် ဖြစ်ကုန်ရပါပြီ။ ယခုမှတော့ ကိုယ့်အိပ်ခန်းထဲမှာ တစ်ကိုယ် တည်း နေရင်း ပစ္စည်းတွေကို ငေးကာ အချိန်ဖြုန်းရပါတော့မည်။ ကျွန်မသည် သူ့အတွက် အဖော်ကောင်း မဖြစ်နိုင်တော့ပြီ။ နေနှင့်လ ရွှေနှင့်မြ မဟုတ်နိုင်တော့ပြီ။ ကျွန်မ၏မျက်နှာရိပ် မျက်နှာကဲ ကိုကြည့်ရုံမျှ ဖြင့် သည်အကြောင်းကို သူ သိသွားလေပြီထင့်။

ထိုနေ့ည က တစ်ညလုံး ကျွန်မ ငိုပါသည်။ အသက်အရွယ် ခပ်ငယ်ငယ်၊ မလိမ်မိုး မလိမ္မာမိန်းမပျိုလေး တစ်ယောက်၏ ခါးသီးသော မျက်ရည်မျိုးကို ကျွန်မ သွန်ချခဲ့ပါသည်။ ယနေ့လို အသက်အရွယ်။ ယနေ့ လို အချိန်အခါမျိုးတွင် ထိုစဉ်က သွန်ချခဲ့သော မျက်ရည်မျိုးကို သွန်ချနိုင်တော့မည်မဟုတ်ပါ။ ထိုစဉ်က ငိုပုံငိုနည်း မျိုးဖြင့် ငိုကြွေးနိုင်တော့မည်မဟုတ်ပါ။ ယနေ့ဆိုလျှင် ကျွန်မတို့သည် အသက် ၂၁ နှစ်၏ သည်ဘက်ပိုင်း သို့ အများကြီးကျော်လွန်လာခဲ့ကြပါပြီ။ ထို့ကြောင့်လည်း ထိုစဉ်က ခေါင်းအုံးတစ်လုံးလုံး ရွှဲရွှဲနစ်အောင် ငိုခဲ့သလို ယခု ငိုနိုင်တော့မည် မဟုတ်ပါ။

ထိုစဉ်က တစ်ခေါင်းလုံးလည်း အုံခဲနေပါသည်။ မျက်လုံးတွေလည်း ရောင်ကိုင်းနေခဲ့ပါသည်။ လည် ချောင်း ထဲမှာလည်း တစ်ဆို့ပိတ်ကျပ်နေခဲ့ပါသည်။ နောက်တစ်နေ့ မနက်မိုးလင်းတော့ ကျွန်မ ရင်ထဲမှာ သောကအရောက်ကြီး ရောက်ခဲ့ရပါသည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော သည်အပူရုပ်ကို တစ်လောက လုံးက လူတွေ မမြင်တွေ့နိုင်အောင် ဟန်လုပ်၍ ဖုံးအုပ်ရပါဦးမည်။ ထို့ကြောင့် ရေအေးအေး ကလေး နှင့် ရေပတ်တိုက်နှိပ်နယ်ပေးရသည်။ အော်ဒီကလုံး ရေမွှေးဆွတ်လိုက်သည်။ ငိုရုပ်မပေါ်အောင် မျက် နှာ ကို ပေါင်ဒါကလေး ဖို့လိုက်ရသေးသည်။

သည်ကြားထဲကပင် နောက်တစ်ကြိမ် မဖြေဆည်နိုင်ဘဲ အသည်းကွဲလောက်အောင် ထပ်မံငိုကြွေးမိဦး မည့်အရေး ကို တွေးကာ သေမလောက် ကြောက်ခဲ့ရပါသည်။ သည်လိုအခါမျိုးတွင် ကျွန်မ မည်သို့ ထိန်းသိမ်း ရပါမည်နည်း။ ငိုချင်လွန်းအားကြီးသဖြင့် နှုတ်ခမ်းတွေကလည်း တဆတ်ဆတ်တုန်ပေလိမ့် ဦးမည်။ ထိုနေ့မနက်က ပြတင်းပေါက်တံခါးရွက်ကို အကျယ်ဆုံးဖြစ်အောင် ကျွန်မ ဖွင့်ထားခဲ့သည်ကို အမှတ်ရနေ ပါသေးသည်။ မျက်နှပေါ်မှာ ပေါင်ဒါဖို့ထားသော်လည်း တစ်ညလုံးငိုထားခဲ့သဖြင့် ပန်းနု ရောင်က ပျောက်ကွယ်သွားလိမ့်မည်မဟုတ်ပါ။ နံနက်ခင်း၏လေပြည်လေညှင်း အတိုက်ခံ လိုက်ရလျှင် ထိုပန်းနုရောင်များ ပျောက်ကွယ်သွားလေမလားဟူသော မျှော်လင့်ချက်ဖြင့် ပြတင်းတံခါးကို ဖွင့်ထားမိ ဖြင်းဖြစ်ပါသည်။

နေရောင်သည် ထိုနေ့ကလောက် တောက်ပသည်ကို မမြင်ခဲ့ဖူးပါ။ ပြီးတော့ ထိုနေ့လောက် အာမခံ ချက် တွေဖြင့် ပြည့်လျှမ်းနေသော နေ့ရက်မျိုးလည်း မကြုံခဲ့ရဖူးပါ။ ရုတ်ခြည်းဆိုသလိုပင် မွန်တီကာလို အပန်းဖြေစခန်းသည် အကြင်နာတရားတွေ ပြည့်လျှံနေတော့သည်။ အလှတရားတွေ ဖုံးလွှမ်းနေတော့ သည်။ ကမ္ဘာပေါ် တွင် ရိုးသားမှုတရားတွေ အပြည့်ဝဆုံးသော နေရာတစ်နေရာဖြစ်နေပြီ။
သည်နေရာကို ကျွန်မ ချစ်ပါသည်။ ချစ်ခြင်းမေတ္တာတရားက ကျွန်မ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားပါ သည်။ သည်နေရာမှာ ပဲ သေသည်အထိ တစ်ဘဝလုံး နေသွားချင်ပါသည်။ သို့သော် ယနေ့ပင်လျှင် သည်နေရာ ကို ခွဲခွာသွားရပါတော့မည်။

အလှပြင်စားပွဲက မှန်ထဲမှာကြည့်ပြီး ကျွန်မ ခေါင်းဖြီးနေခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်ပါသည်။ ရေ စင်မှာ သွားပြီး နောက်ဆုံးအကြိမ်အဖြစ်နှင့်လည်း သွားတိုက်ရပါဦးမည်။ သည်အိပ်ရာပေးမှာလည်း ဘယ်သောအခါတွင်မှ ပြန်လည်အိပ်စက်ခွင့်ရတော့မည်မဟုတ်ပါ။ လျှပ်စစ်မီးခလုတ်များကိုလည်း ဘယ်တော့မှ ပြန်ပိတ်ခွင့်ရတော့မည် မဟုတ်ပါ။ အများသူငါ အသုံးပြုနေကြသော သည်လို ဟိုတယ် အိပ်ခန်းကလေး ကိုပင် ကျွန်မ၏စိတ်ထဲမှ တန်ဖိုးထား စွဲလမ်းတမ်းတနေပါတော့သည်။
"မင်း အအေးမိမနေပါဘူးနော်… ဟုတ်လား…"ဟု နံနက်စာစားကြရင်း မစ္စက်ဗန်ဟော့ပါးက ကျွန်မ ကို မေးပါသည်။
"မမိပါဘူးရှင်… အအေးမိနေတယ်လို့ ကျွန်မ မထင်မိပါဘူး" ကျွန်မ ဆုတ်သာတက်သာအဖြေမျိုးကို သာ ပြန်ပေးလိုက်ပါသည်။ သို့မှသာ ကျွန်မ၏မျက်လုံးများရှိသင့်သည်ထက် ပိုမိုနီရဲနေသည့်အကြောင်း ထပ်မံမေးမြန်း လာပါက အလိုက်သင့် ဖြေနိုင်မည်ဖြစ်ပါသည်။

"အခုလို အထုပ်အပိုးတွေ ပြင်ဆင်ပြီးကာမှ ဒါတွေပတ်လည်မှာ တရစ်ဝဲဝဲလုပ်နေရတာ ငါ အမုန်းဆုံးပဲ ကလေးမ ရယ်… ဒါကြောင့် စောစောထွက်တဲ့ ရထားနဲ့ပဲ တို့လိုက်ကြရအောင်။ ကြိုးစားကြည့်ရင်တော့ မီနိုင်ကောင်း ပါရဲ့။ ဒါမှ ပါရီမြို့မှာ အချိန်ကြာကြာနေနိုင်မယ်။ ချိန်းထားတဲ့နေရာမှာ တို့ကို စောင့်မနေ နဲ့ တော့လို့ ဟယ်လင်ဆီကို ကြေးနန်းရိုက်လိုက်ပါ။ ဒါပေမဲ့ တခြား တစ်နေရာမှာတွေ့ဖို့တော့ အစီအစဉ် လုပ်လိုက်။ အင်း… ဘယ်နေရာမှာတွေ့ရပါ…" အဘွားကြီးက သူ့လက်ပတ်နာရီကို ငဲ့ကြည့်လိုက် သည်။ "ရထား လက်မှတ် ကြိုတင်စီစဉ်ထားတာ သူတို့ပြောင်းလဲပေးနိုင်ကောင်းပါရဲ့ကို ငါ ထင်တယ်၊ အေးလေ… ကြိုးစားကြည့်လေ မမှားပါဘူး။ မင်း ဟိုတယ်ရုံးခန်းသွားပြီး စုံစမ်းကြည့် လိုက်ပါဦး"

"ဟုတ်ကဲ့ပါရှင်"
ကျွန်မသည် ထိုမျှပြောပြီး အဘွားကြီး စိတ်တိုင်းကျ ကပြပေးနေရသော ရုပ်သေးရုပ်လို အိပ်ခန်းထဲသို့ ဝင်လာခဲ့ ပါသည်။ ကိုယ်ပေါ်မှာ အိမ်နေဝတ်ရုံကြီးကို ချွတ်လိုက်သည်။ ဝတ်နေကျ ဖလန်နယ်ဂါဝန်ဝတ် ပြီး ကြယ်သီး များ တပ်လိုက်သည်။ လက်ဖြစ်ဆွယ်တာကို ခေါင်းမှ စွပ်ချလိုက်သည်။
တစ်ဆက်တည်း မှာပင် အဘွားကြီး မစ္စက်ဗန်ဟော့ပါး အပေါ်တွင် မုန်းတီးစိတ်များပွားလာမိပါသည်။ ယခုတော့ အားလုံး နိဂုံးချုပ်သွားပါပြီ။ ကျွန်မ၏ကိုယ်ပိုင် နံနက်ခင်းအချိန်ကလေးကိုပင် ကျွန်မထံမှ လု ယူ သွားခြင်း ခံလိုက်ရပေတော့သည်။ နောက်ဆုံးဖြစ်သော နာရီဝက်အချိန်ကလေးကိုပင် အပြင်က ကုန်းလျှော ကလေးပေါ်မှာ မစ္စတာဒီဝင်းတားနှင့်အတူ ကျွန်မ မထိုင်နိုင်တော့ပြီ။ ယုတ်စွအဆုံး သူ့ကို နှုတ်ဆက် စကားပြောဖို့ ဆယ်မိနစ်မျှသော အချိန်ကလေးကိုပင် မရနိုင်တော့ပြီ။ ဘာကြောင့်ဆို အဘွား ကြီး သည် သူ ထင်ထားသည်ထက် စောပြီး နံနက်စာစားပြီး သွားသောကြောင့်ဖြစ်သည်။
ဘာကြောင့် ဆိုသည် ဟိုတယ်ထဲမှာ ဆက်နေဖို့ သူ ငြီးငွေ့သွားသောကြောင့်ဖြစ်သည်။

သည်လိုဆိုတော့လည်း ကျွန်မ၏အလိုဆန္ဒများကို ချွန်းအုပ်ထိန်းသိမ်းကာ သူသွားရာ နောက်သို့လိုက် ပါရတော့ မည်ပေါ့။ မာနကြီးတစ်ခွဲသား လုပ်နေစရာလည်း အကြောင်းမရှိတော့။ ကျွန်မသည် ဧည့်ခန်း တံခါး ကို ဒိုင်းကနဲပိတ်ပစ်ခဲ့ပြီး စင်္ကြံအတိုင်း ပြေးထွက်လာမိသည်။ ဓာတ်လှေကား ကိုလည်း စောင့်မနေ တော့ပါ။ စတုတ္ထထပ်ရှိရာသို့ လှေကားထစ်များအတိုင်း ပြေးတက်လာမိသည်။ တက်သည် မှာလည်း ရိုး ရိုးမဟုတ်။ လှေကားသုံးလေးထစ်ခြား ခုန်ပျံကျော်လွှားကာ တက်လာခဲ့ မိခြင်းဖြစ် ပါသည်။
သူ့အခန်းနံပါတ် ကို ကျွန်မ သိပါသည်။ ၁၄၈။ အခန်းတံခါးကို ခပ်ကြမ်းကြမ်းပင် ထုလိုက်မိသည်။ မျက် နှာပေါ် မှာလည်း သွေးရောင်ရဲရဲလွှမ်းနေပြီ။ အသက်ကိုပင် ဖြောင့်ဖြောင့်မရှူနိုင်။
"ဝင်ခဲ့ပါ"

အတွင်းမှ မစ္စတာဒီဝင်းတား၏အော်ပြောသံကို ကြားရသည်။ တံခါးကိုကျွန်မဖွင့်လိုက်သည်။ မဆင် မခြင်ဘဲ ယခုလို စိတ်လိုက်မာန်ပါ ပြုလုပ်လိုက်မိသည့်အတွက်လည်း  ကျွန်မ နောင်တရလိုက်မိပါ သည်။ သူသည် ယခုမှ အိပ်ရာက နိုးစဖြစ်ပေလိမ့်မည်။ မနေ့ညတုန်းက အချိန်နောက်ကျပြီးမှ အိပ်ရာ ဝင်ခဲ့ပေ လိမ့်မည်။ ထို့ကြောင့် အိပ်ရာထဲမှာ လဲလျောင်းနေတုန်း ဖြစ်နိုင်ပါသည်။ အိပ်ရာနိုးစမို့ သူ့ အာရုံမှာလည်း မရှင်းမလင်း ပင် ရှိနေပေလိမ့်ဦးမည်။
ဖွင့်ထားသော ပြတင်းပေါက်နားမှာ သူ ရပ်ပြီး မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးများရိတ်နေသည်။ ညဝတ် ပဂျားမားအင်္ကျီပေါ်တွင် ကုလားအုပ်မွေးအပေါ် အင်္ကျီထပ်ဝတ်ထားသည်။ ကျွန်မ ဝတ်ထားသည့် ဖလန်နယ် ဂါဝန်၊ ဖိနပ်ထူထူကြီးများနှင့် ယှဉ်ကြည့်ပြီး ကျွန်မ၏အဝတ်အစားများက လွန်မင်းစွာ ထူကဲ နေသလို ခံစားမိသည်။ ကိုယ့်ကိုယ်ကိုယ်ဇာတ်ဆန်လှပြီဟု ကျွန်မ ထင်ခဲ့သည်။ တကယ်တော့ ရူးနှမ်း ခြင်းသာဖြစ်ပါသည်။
"ဘာအလိုရှိပါသလဲ…  ကိစ္စများရှိသလားဟင်…"ဟု သူက ဆီးမေးသည်။

"ကျွန်မ… နှုတ်ဆက်ရအောင် လာတာပါရှင်… ဒီနေ့မနက်ပဲ ကျွန်မတို့သွားကြတော့မယ်"ဟု ကျွန်မ က ပြန်ပြောပါသည်။
သူက ကျွန်မကို စိုက်ကြည့်နေသည်။ ပြီးတော့ ရေစင်ပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို တင်လိုက်သည်။
"တံခါး ပြန်ပိတ်လိုက်" ကျောဘက်က တံခါးကို ကျွန်မ ပြန်ပိတ်လိုက်ပါသည်။ ပြီးတော့ ထိုနေရာမှာပင် ရပ်နေမိသည်။ ကျွန်မ ကိုယ်ကျွန်မ သတိထားထိန်းနေသည့်ကြားကပင် ဖြစ်နေပုံက ခပ်ကြောင်ကြောင်နိုင် လှပါသည်။ ကျွန်မ ၏လက်နှစ်ဖက်ကလည်း ဘေးမှာတွဲလောင်းကျလျက်။
"ဘာစကားတွေ လာပြောနေတာလဲဟင်…" ဟု သူက မေးပါသည်။

"တကယ်ပြောတာပါ။ ကျွန်မတို့ ဒီနေ့သွားကြတော့မယ်။ ပထမတုန်းကတော့ နောက်မှထွက်တဲ့ရထား နဲ့ပဲ လိုက်ချင် တယ်တဲ့လေ… ရှင်နဲ့ထပ်ပြီး မတွေ့ရတော့မှာကို ကျွန်မ သိပ်ကြောက်နေမိတယ်။ ကျွန်မ တို့မသွား ခင် ရှင့်ကိုတွေ့ပြီး ကျေးဇူးတင်စကားပြောမှ ဖြစ်မယ်လို့ စိတ်ထဲမှာလဲ ခံစားနေရပါတယ်ရှင်"
မိုက်မဲသော စကားလုံးများကို ဖွင့်ပြောမိလျက်သားဖြစ်သွားပါတော့သည်။ ကျွန်မ စိတ်ကူးယဉ်ထားခဲ့ သည့် စကားလုံးများပင် ဖြစ်ပါ၏။ တောင့်တောင့်ကြီး ကျွန်မ ရပ်နေပုံကလည်း ပုံပျက်ပန်းပျက်နိုင်လှပါ သည်။ ထိုတဒင်္ဂအချိန်ကလေးတွင် ကျွန်မကို သူ အကဲခတ်ကြည့်နေသည်ဟုသာ ပြောရပါတော့မည်။

"စောစောတုန်းက ဘာဖြစ်လို့ ဒီအကြောင်း ကျုပ်ကို မပြောခဲ့တာလဲကွယ်…"
"မစ္စက်ဗန်ဟော့ပါး က မနေ့ကမှ ဆုံးဖြတ်လိုက်တာပါ။ အားလုံး ကတိုက်ကရိုက်ဖြစ်ကုန်တယ်။ သူ့သမီး က  စနေနေ့ ကျရင် နယူးယောက်ကို သင်္ဘောနဲ့သွားမယ်၊ ကျွန်မတို့လဲ သူနဲ့အတူတူ သင်္ဘောနဲ့လိုက်ရ မယ်။ ပါရီမြို့မှာ သူ့သမီး နဲ့ ကျွန်မတို့ ဆုံကြမယ်။ အဲဒီကတစ်ဆင့် သင်္ဘောထွက်မယ့် ရှာဘူးဝါးမြို့ကို ခရီးဆက်ကြရမယ်"
"အဘွားကြီး က မင်းကိုပါ သူနဲ့အတူတူ နယူးယောက်မြို့ကို ခေါ်သွားမှာလား"
"ဟုတ်ပါတယ်။ ကျွန်မ လိုက်မသွားချင်ဘူး။ ဒီလိုလိုက်သွားရမှာကို သိပ်မုန်းတာပဲ။ ကျွန်မတော့ အရမ်း ကို စိတ် မချမ်းမသာ ဖြစ်ရတော့မယ်"
"ဒီလိုဆိုရင် ဘာကြောင့် လိုက်သွားမှာလဲကွယ်…"

"မလိုက်လို့ မဖြစ်ဘူးလေ… ရှင်သိပါတယ်။ လခရဖို့ ကျွန်မ အလုပ်လုပ်နေရတာပါ။ ဒီအလုပ်က ထွက် ပစ်နိုင်တဲ့ အခြေအနေမျိုး  ကျွန်မမှာ မရှိပါဘူး" သူက မုတ်ဆိတ်ရိတ်ဓားကို ကောက်ကိုင်လိုက်သည်။ မျက်နှာပေးမှ ဆပ်ပြာမြှုပ်များကို ရှင်းပစ်လိုက် သည်။
"ထိုင်ပါဦး၊ မကြာပါဘူး၊ ရေချိုးခန်းထဲမှာပဲ ကိုယ်အဝတ်အစားလဲလိုက်မယ်။ ငါးမိနစ်အတွင်း အဆင် သင့်ဖြစ်မယ်" ကုလားထိုင်ပေါ်မှ သူ့အဝတ်အစားများကိုယူပြီး ရေချိုးခန်းကြမ်းပြင်ပေါ်သို့ လှမ်းပစ် လိုက်သည်။ တစ် ဆက်တည်း တံခါးကို ဆောင့်ပိတ်လိုက်သည်။ ကျွန်မကမူ ခုတင်ပေါ်မှာ ထိုင်ချလိုက်ပြီး လက်သဲများ ကို သွားနှင့် စတင်ကိုက်နေမိတော့သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, May 4, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၅)

တစ်ယောက် ကို တစ်ယောက် တင်းတင်းဖက်ကာ ကြာမြင့်စွာ ငြိမ်သက်နေကြ၏။ ရံခါတွင် နှုတ်ခမ်းချင်း ထိ တွေ့ကြသည်။ ရင်အခုန်ရဆုံး ည၊ ရင်အနာရဆုံး ည၊ ပျောက်ဆုံးနေသော ကြင်နာမှု ကို ပြန်လည်တွေ့ ရှိ သည့်ည၊ တစ်ပြိုင်တည်းတွင် အသည်း တမြည့်မြည့်ကြွေသော ည။
ဆာရာ့ ရင်ခွင်ထဲ တွင် အော်လီဗာ အိပ်ပျော်သွားသည်။ သြော် ….. အော်လီဗာ အော်လီဗာ၊ ကြာမြင့်စွာ ချစ်ခဲ့ရ သည့် ချစ်သူ။ ဟားဗတ်တက္ကသိုလ် ဘွဲ့တစ်ခုဖြင့် ဘ၀ ကို တည်ဆောက် ခဲ့သူ။ အင်း …. ခုတော့ ဟားဗတ်တက္ကသိုလ် ဘွဲ့ ယူဖို့ မိမိ သူ့အား ခွဲခွာသွားရတော့မှာပါလား။
ကို ဆက်ဖတ်ရန်...........

အခန်း (၄)

ခရစ္စမတ်နံနက်ခင်း …..။
တစ်အိမ်လုံး အလုပ်ရှုပ်နေကြသည်။ စားပွဲတွေ ခင်းကျင်းပြင်ဆင်ကြ၊ ကြက်ဆင်ကောင်းလုံးကြော်ကြ၊ လက်ဆောင် ပစ္စည်းတွေ ထုပ်ကြပိုးကြနှင့် ရှုပ်ယှက်ခတ်နေ၏။ သည်ကြားထဲတွင် နှစ်ဖက်မိဘတွေက ဖုန်းတဂွမ်ဂွမ် ဆက်နေကြသည်။
မေမေ သိပ်နေမကောင်းကြောင်းပြောတော့ အော်လီ စိတ်မပူ။ ခုတလော အဘိုးကြီး အစိုးရိမ်လွန်ကဲနေ သည်။ မွန်းတည့်ချိန်လောက် ကတည်းက ဖေဖေနှင့်မေမေ ကို အော်လီဗာမျှော်နေ သည်။ နှစ်နာရီလောက်မှ ရောက်လာကြ၏။ လက်ဆောင် ပစ္စည်းတွေ တစ်ပွေ့ တစ်ပိုက်နှင့် …..။
အက်နက်အတွက်လည်း သိုးမွေးခြုံထည်တစ်ခုပါ၏။ အင်ဒီ့အတွက်က အရိုးပေါင်းဟင်း တဲ့၊ မေမေ သည် ဖေဖေပြောသလောက်မဟုတ်ဘဲ ခရမ်းရောင်သိုးမွေးဆွယ်တာအသစ်ဖြင့် လှပနေ၏။ ခရစ္စမတ် အတွက် ဈေးဝယ်ထွက်သည့်အချိန်တွေများလွန်းသဖြင့် ပင်ပန်းနေခြင်းဖြစ်မည်။

လက်ဆောင်ပစ္စည်းတွေ အပြန်အလှန်ဖလှယ်ကြ၊ ကိုယ်စီအထုပ်တွေဖြေကြနှင့် လူတိုင်း အလုပ်ရှုပ်နေ ကြ၏။ တော်တော်နှင့်မပြီးနိုင်။
ဆာရာ က အော်လီဗာပေးသည့် မြလက်စွပ်ကလေး ကို ငုံ့ကြည့်ပြီး မျက်မှောင်ကုတ်နေသည်။ နံနက်စောစာ စီးစီး အရုဏ်မတက်မီ ကြက်ဆင်အစာသွတ်နေသည်ကို သူ ထိုင်ကြည့်နေ ရင်းပေးခြင်းဖြစ် သည်။ ဆာရာ က သူ့အတွက် သိုးရေအင်္ကျီနှင့် သူနားထောင်ချင်နေသည့် သီချင်းခွေများ ပေးသည်။ စိတ်ကူးပေါက်ရာ လျှောက်ဝယ်ခြင်းဖြစ်၏။ သားရေလက်ဆွဲအိတ် အနက်တစ်လုံးနှင့် ခြေအိတ်တွေလည်း ပါ၏။

အော်လီဗာ က ဆာရာ့အတွက် ကလေးတွေ လွယ်သည့် လွယ်အိတ်ကလေးတစ်လုံးလည်း ၀ယ်ပေး သည်။ မိမိအတွက် ဆာရာသည် ကလေးကလေးတစ်ယာက်ပဲဟူသည့် အဓိပ္ပာယ်။
ပြီးတော့ သံလိုက်အိမ်မြှောင်လေးတစ်ခု။ အိမ်ပြန်ဖို့ လမ်းပျောက်နေလျှင် အသုံးချဖို့။ စာတန်းကလေးရေး ထိုးထားသည်။

" အိမ်ကို မြန်မြန်ပြန်ခဲ့ပါနော် "
                ချစ်တဲ့ …
                        အော်လီ
" အဲဒါ ဘာလဲဟင် ဖေဖေ "
အဖေ့ လက်ဆောင်ထုပ်ကို အမေကဖြေတော့ ဆမ်ကလှမ်းပြီး စပ်စုသည်။
" သားနဲပမေမေ ကင်းထောက်ခရီးထွက်လို့ တောထဲမှာ မျက်စိလည်နေရင် အိမ်ပြန်လာနိုင်အောင်လို့လေ "
သူက သားငယ် ကို ပြုံးပြီးပြောသည်။ ဆမ်ကလေးရယ်နေသည်။ ဆာရာက လင်တော်မောင်ကို ငုံ့ပြီး ကြင်နာစွာ နမ်းသည်။ ပြီးတော့ အော်လီဗာ က သူနှင့်အတူလုပ်ဖို့ မီးဖိုဆောင်ထဲလိုက်သွားသည်။
ခရစ္စမတ် စားမြိန်ဝိုင်းမှာ ခါတိုင်းနှစ်များလိုပင် ပျော်ပျော်ပါးပါး။ သို့သော် ဘွားဘွားဖီးလစ်ကတော့ မနှစ်က လို မဟုတ်တော့ဘဲ နည်းနည်းဖောက်ချင်သည်။ မလိုအပ်ပါဘဲ ကုလားထိုင်မှထပြီး မီးဖိုဆောင်ထဲ သို့ ခဏခဏ ထသွားသည်။ သူများတွေကိုကူညီဖို့ ထထသွားခြင်းဖြစ်၏။ သို့သော် ဘာမှ လုပ် စရာ၊ ယူစရာမရှိသည့်အခါတွင် မီးဖိုဆောင်တွင် ကြောင်တောင်ရပ်နေသည်။ ဘာလုပ်ပေးရမလဲ၊ ဘာလိုသေးလဲ ဟူသည့် မေးခွန်း ကို ဆယ်ခါမကမေးသည်။

" ဘွားဘွား ဘာဖြစ်နေတာလဲ ဟင် ဖေဖေ၊ ခါတိုင်းမီးဖိုဆောင်ကို ဒါလောက်မ၀င်ပါဘူး "
ဆမ်က သူ့အဖေ ကို တိုးတိုးကပ်မေးသည်။ အော်လီဗာကလည်း မေမေဖီးလစ်ပျာယာခတ်နေပုံကို သတိထားမိ၏။
" သားမေမေ နဲ့ အက်နက်ကို ၀ိုင်းကူချင်လို့ ဖြစ်မှာပေါ့ကွာ၊ လူကြီးတွေဟာ ဒီလိုပဲကွ၊ သူတို့ လုပ်နိုင် ကိုင်နိုင် သေးတယ်ဆိုတာ ပြချင်ကြတယ် "
" သြော် ….. "
ဆမ် ခေါင်းညိတ်သည်။ ကျေနပ်သွား၏။ သို့သော် အခြားသူများလည်း ဘွားဘွားဖြစ်အင်ကို သတိ ထားမိ နေကြသည်။ ဆာရာက စိတ်မချမ်းမြေ့စွာ တစ်ယောက်တည်း ခေါင်းယမ်းမိသည်။ အဘွားကြီး တစ်ခုခုဖြစ် နေပြီဟု သိလိုက်၏။

သို့သော် အားလုံး မြိန်မြိန်ရှက်ရှက်စားကြသည်။ အ၀အပြဲစားကြသည်။ ပြီးတော့ ဧည့်ခန်းထဲ သို့ လေးလေး ကန်ကန်ထသွားကြ၏။ ဆာရာနှင့်အက်နက်တို့ ထမင်းစားခန်းထဲတွင် သိမ်းဆည်း ကျန်ရစ် ၏။ ဘွားဘွား ဖီးလစ်လည်း ၀ိုင်းကူသည်။ မယ်လီဆာက ခဏ၀င်သိမ်းပေးပြီး ဧည့်ခန်းထဲသို့ ခပ်သွက်သွက် လိုက်ဝင် သွားသည်။ အဘိုးဖြစ်သူကို အထိတ်တလန့်ကြည့်လိုက်ပြီး …..
" ဘွားဘွား ဘယ်လို ဖြစ်နေတာလဲဟင် ဘိုးဘိုး၊ ကြည့်တာ ငယ်မူပြန်နေသလိုပဲ "
" ဒီလိုပဲသမီး ရဲ့၊ အဲဒီလိုဖြစ်လာရင် ငြိမ်သွားအောင်လုပ်ဖို့ မလွယ်ဘူး၊ အန္တရာယ်မဖြစ်ရင်တော်ပြီဆိုပြီး ကြည့်နေ တာ အကောင်းဆုံးပဲ၊ မီးဖိုထဲမျာ အဆင်ပြေနေသားမဟုတ်လား
"ပြေပါတယ် ဘိုးဘိုး၊ မီးဖိုထဲမှာ ပျာယာခတ်နေတုန်းပဲ "
အမှန် က ဘွားဘွားဖီးလစ် ဘာမှလုပ်စရာမရှိဘဲ ပျာယာခတ်နေခြင်းဖြစ်ပါ၏။ ဆာရာနှင့် အက်နက်က သတိထား မိသော်လည်း ဘာမှမပြောဘဲ လုပ်စရာရှိသည်ကို ဆက်လုပ်နေကြသည်။
စောစောက မယ်လီဆာ ကို ဧည့်ခန်းထဲသွားဖို့ ဆာရာက တိုးတိုးကပ်ပြောလိုက်သည်ကို အဘွားကြီးကြား သွားသည်။

" ဘယ်သူ ….. မယ်လီဆာ ဟုတ်လား၊ သူ ဘယ်မှာလဲဟင်၊ ငါသူ့ကို တွေ့ချင်လိုက်တာဟယ် "
အမေ က မသိလိုက်မသိဘာသာနေဖို့ အမူအရာဖြင့်ပြ၍ မယ်လီဆာ ခပ်ကုပ်ကုပ်လေး နေခဲ့ရသည်။ ဘိုးဘိုးအနား ၀င်ထိုင်သည့်တိုင်အောင် ရင်တွေတုန်နေဆဲ …..။.
" ဘွားဘွား ဒီလိုဖြစ်တာ သမီးတစ်ခါမှ မတွေ့ဖူးဘူး၊ စိတ်မမှန်တော့သလိုပဲ "
" ခဏခဏ အဲဒီလိုဖြစ်နေတယ် "
ဂျော့ဝတ်ဆင်သည် သားလုပ်သူကို ကြည့်ပြီး ညှိုးငယ်စွာ ပြောရှာ၏။ အော်လီကို သူရှင်းပြချင်နေသည်နှင့် အခန့်သင့်ပင်။ သို့သော် ဇနီးလုပ်သူမှာ လုံးလုံးကြီး စိတ်ဖောက်ပြန်နေခြင်း လည်း မဟုတ်ပေ။ သတိကောင်း ချင်လျှင် မိမိကပင် အရှုံးပေးရသည်။

" ဘိုးဘိုးလဲ နားမလည်တော့ပါဘူးသမီးရယ်၊ ငယ်မူပြန်ရလောက်အောင် သမီးဘွားဘွား အသက်ကြီးသေး တာလဲမဟုတ်ဘူး "
ဖီးလစ်ဝတ်ဆင် မှာ ခြောက်ဆယ့်ကိုးနှစ်သာရှိသေးသည်။ ဂျော့က သူ့ထက်သုံးနှစ်ကြီးသည်။
မိနစ် အနည်းငယ်ကြာတော့ ဆာရာနှင့် အဘွားကြီး ဧည့်ခန်းထဲဝင်လာသည်။ ခုတော့လည်း ဘွားဘွား ဖီးလစ် တည်တည်ငြိမ်ငြိမ် ပင်။ ကုလားထိုင်တစ်လုံးတွင် အေးအေးဆေးဆေးဝင်ထိုင်ပြီး ဘင်ဂျမင်နှင့် စကားပြောနေ သည်။
ဘင်ဂျမင်က ဟားဗတ်တက္ကသိုလ်ဝင်ခွင့် ကြိုလျှောက်ထားကြောင်း၊ တစ်ပြိုင်တည်းတွင် ပရင့်စတန်နှင့် အခြား တက္ကသိုလ် များတွင်လည်း တင်ထားကြောင်း အဘွားလုပ်သူအား ပြောပြနေသည်။ ဘင်ဂျမင်၏ ကာယပညာ အမှတ်တွေနှင့် ကျောင်းဝင်ခွင့်ရရေးတွင် မျက်နှာငယ်စရာ အကြောင်းမရှိပါ။ ကျောင်းတိုင်းမှ သူ့ကို လိုချင်ကြမည်ဖြစ်ပါသည်။ သို့သော် သူက မအေလိုပင် ဟားဗတ်မှာပဲတက်ချင်သည်။

ဆာရာက သားနှင့် တစ်ကျောင်းတည်းတက်ရမည့်အရေးကိုတွေးပြီး ပျော်နေသည်။ မိသားစုနှင့် မိမိခွဲပြီး ဘာကြောင့် သည်ကျောင်းကိုမှ ရွေးတတ်ရကြောင်း သူသဘောပေါက်လာနိုင်စရာရှိသည်မဟုတ်လား။ သည်အခါ တွင် သူ့ထက်ရှစ်လစောပြီး ဟားဗတ်သို့ ထွက်သွားသည့်အမေကို သူ ခွင့်လွှတ်နိုင်ကောင်း ပါ၏။
တားလို့ဆီးလို့မရလျှင်လည်း ရှစ်လလောက် ဆိုင်းပြီးမှ သားနှင့်အတူတက်ဖို့ အော်လီဗာအကြံပေးသေး သည်။ သို့သော် အနှစ်နှစ်အလလက ရင်ထဲမှာ ကိန်းအောင်းနေခဲ့သည့် ဆန္ဒပြည့်ဝရေးအတွက် တစ်နာရီ မျှ ဆာရာ နောက်ကျမခံနိုင်ပါ။ ဟိုးနှစ်ပေါင်းများစွာက ဖီးလစ်ဝတ်ဆင် အကဲဖြတ်ဖူးသည့်အတိုင်း ဘယ်သူ့ အတွက် မှ ဆာရာမငဲ့နိုင်တော့ပါ။
သို့သော်ဘွားဘွား ကတော့ သူ ဘာပြောခဲ့ဖူးသည်ကို သတိမရနိုင်တော့။ သတိရလျှင်လည်း နားလည်နိုင် မည်မဟုတ်ပါချေ။

" ငါ့မြေးဘယ်ကျောင်းရမယ်ဆိုတာ ဘယ်တော့လောက်သိရမလဲ "
ဂျော့ဝတ်ဆင် က ဘင်ဂျမင်တက်ရမည့်ကျောင်းကို သိပ်သိချင်နေသည်။
" ဧပြီကုန်လောက် သိရမယ် ဘိုးဘိုး "
" ဟာ ….. အကြာကြီးစောင့်ရမှာပေါ့၊ သားအတွက် အချိန်တွေ နှမြောစရာကောင်းလိုက်တာ "
" ဟုတ်တယ် ဘိုးဘိုး "
ဘင်ဂျမင်က အမေလုပ်သူကို ချစ်စဖွယ်အပြုံးဖြင့် လှမ်းကြည့်ပြီး ….
" အဖြေစောင့် ရင်း သားနဲ့ဖေဖေ ကျောင်းတွေကိုလှည့်ပြီး လေ့လာမလို့ဘိုးဘိုးရဲ့၊ တက္ကသိုလ်တော်တော် များများ ကို သားသွားလည်ဖူးပါတယ်၊ ဒါပေမယ့် ဂျူနဲ့ စတင်းဖို့ကိုတော့ မရောက်ဖူးသေးဘူး "
" ဝေးလွန်း ပါတယ်သားရယ်၊ ဘိုးဘိုးကတော့ ပရင့်စတန်ကိုပဲ သွားစေချင်တယ် "
အားလုံးပြုံးကြသည်။ ဘိုးဘိုးဂျော့သည် သူနေခဲ့သည့် ပရင့်စတန်ကိုသွားဖို့ လူငယ်လူရွယ်တိုင်းအား တိုက်တွန်းတတ်သည်။

" ဟားဗတ်မရရင်တော့ သွားတာပေါ့ဘိုးဘိုး၊ မယ်လိုဆာကို ပရင့်စတန်ပို့တာပေါ့ "
မယ်လီဆာက ဘင်ဂျမင်ကို စားလက်စမုန့်နှင့် လှမ်းပေါက်သည်။
" ဘာလဲ၊ ကိုကိုသိသားနဲ့၊ မယ်လီဆာက အနုပညာကျောင်းတက်မှာ "
" အေးပါ၊ ဆယ်တန်းမအောင်ခင်၊ ယောက်ျားမရရင်ပေါ့၊ ဟုတ်လား" ဟု ပြောမည်ပြုပြီးမှ လူကြီးတွေရှေ့မို့ အသားချိုထားလိုက်ရသည်၊ မယ်လီဆာတစ်ယောက် အတန်း ထဲက ကောင်လေး တစ်ယောက်နှင့် တတွဲတွဲ လုပ်နေသည်ကို ဘင်ဂျမင်သိနေ၏။ အလားတူ မိန်းမချော ကလေး စန္ဒရာ ကာထာနှင့် မိမိတွဲနေသည်ကိုလည်း သူသိနေသည်။ ဒါကြောင့်လည်း သူ့ကို အရမ်း မပြောရဲခြင်းဖြစ်၏။
ဘိုးဘိုးနှင့် ဘွားဘွားတို့ အေးအေးလူလူနေပြီးမှ ပြန်သွားကြသည်။ အော်လီဗာက ဆာရာ့ကို လှမ်း အကဲခတ်သည်။ ဆာရာ ငြိမ်ချက်သားကောင်းနေသည်မှာ နာရီဝက်ခန့်ရှိပြီ။ ကလေးတွေကိုပြောဖို့ စကားလုံး ရှာနေခြင်းဖြစ်မည်။

အားလုံးပင်ပန်းနေကြပြီ။ နောက်နေ့မှပြောရရင် ကောင်းမလားဟု တစ်မျိုးစဉ်းစားမိသည်။ သို့သော် ဆာရာ မအောင့်နိုင်တော့။ သည်အချိန်ကို စောင့်ခဲ့ရသည်မှာ ကြာပြီလေ။
ဘင်ဂျမင်က အမေ့ဆီက ကားသော့တောင်းပြီး လစ်တော့မည့်ဆဲဆဲ။ မယ်လီဆာက သူငယ်ချင်းဆီ ဖုန်းဆက် ဖို့ ဟန်ပြင်သည်။ ဆမ်ကလေးက တ၀ါးဝါး သမ်းနေပြီ။ အက်ဆမ်က တံခါးဝတွင်ရပ်ပြီး …
" ဆမ်ကလေး အိပ်ချိန်ရောက်ပါပြီ၊ အပေါ်ထပ် ခေါ်သွားတော့မယ်နော် မမလေး "
မီးဖိုဆောင်ထဲတွင် အားလုံးဆေးကြောသန့်ရှင်းပြီးနေပြီ။ အက်နက်က လုပ်စရာတွေအားလုံးပြီးလျှင် ကိုယ့် အခန်းကိုယ်ပြန်ပြီး တယ်လီဗေးရှင်းကြည့်ချင်လှပြီ။ ယနေ့မှ မိမိအတွက် ခရစ္စမတ် လက်ဆောင် ရသည့် တယ်လီဗေးရှင်း စက်သစ်လေး
" ကျေးဇူးပဲ အက်နက်၊ ဆာရာပဲ သားလေးကို သိပ်လိုက်တော့မယ်၊ အက်နက် နားတော့၊ ဆာရာ တို့ ဆွေးနွေးစရာကလေး ရှိလို့ "
ဆာရာ က ခပ်ပြုံးပြုံးကလေး ပြောလိုက်ခြင်းဖြစ်၏။ သို့သော် သူ့သခင်မမျက်ဝန်းထဲတွင် သူမမြင်ဖူးသည့် အရောင်တစ်မျိုး ကို အက်နက်မြင်လိုက်သည်။

" အားလုံးအတွက် မင်္ဂလာခရစ္စမတ်ပါ" ဟု နှုတ်ခွန်းဆက်ပြီး အက်နက်ထွက်သွားသည်။
ဆမ် အမေလုပ်သ၉ူကို တအံ့တသြကြည့်ပြီး …
" ဘာတွေဆွေးနွေးမှာလဲ မေမေ "
ဘင်ဂျမင်က လက်ကနာရီကို ငုံ့ကြည့်ပြီး …
"သား အပြင်သွားစရာရှိတယ် မေမေ"
" ခဏနေပါဦး သား ရယ်၊ သားတို့ အားလုံးကို မေမေ ပြောစရာရှိလို့ပါ "
" ဘာဖြစ်လို့လဲဟင် မေမေ "
ဘင်ဂျမင် က ဘာမှနားမလည်သလို ပြန်မေးသည်။ မယ်လီဆာက တယ်လီဖုန်းရှိရာသို့ သွားဖို့ပြင်နေရာမှ တုံ့သွားသည်။ အားလုံး ကိုယ့်နေရာကို ပြန်ထိုင်ပြီးသည်အထိ ဆာရာစောင့်နေသည်။ အခြေအနေမှာ ရုတ်ခြည်းပြောင်းလဲသွားသည်။ မိသားစုမဟုတ်တော့ဘဲ လုပ်ငန်းသဘော ဆန်သွားသည်။ အော်လီဗာက မီးလင်းဖိုအနီးမှ ကုလားထိုင်တွင် နေရာယူလျက် ကလေးတွေ နားခံသာအောင် ဘယ်လိုစကားလုံးတွေနဲ့ များဆာရာပြောမည်လဲဟု သိချင်ဇောဖြင့် နားထောင်နေသည်။

" အင်း … မေမေ ဘယ်ကစပြောရမှန်းတောင် မသိဘူး "
ကလေးတွေကိုကြည့်ပြီး ဆာရာ အသက်ရှူမှားမတတ် ဖြစ်သွားသည်။ အရပ်အမောင်းကောင်းကောင်းနှင့် အလွန်ရုပ်ဖြောင့်သော သားကြီး။ အပျိုကြီးဖားဖားဖြစ်နေပြီး ကလေးစိတ်မပျောက်သေးသည့် သမီးကလေး။ ပြီးတော့ နံဘေးမှ ဆိုဖာပေါ်တွင် ငိုက်မျဉ်းနေသည့် ဆမ်ကလေး။
" မေမေ့မှာ ဟိုးအစောကြီးတည်းက လုပ်ချင်နေတဲ့ ဆန္ဒတစ်ခုရှိခဲ့တယ်၊ အဲဒီစီမံကိန်းကို ခု အကောင် အထည်ဖော်တော့ မလို့၊ အဲဒီကိစ္စ ဖြစ်မြောက်ဖို့အားလုံးအတွက် လွယ်တော့ မလွယ် ဘူး၊ တော်တော်ကြီးမား တဲ့ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်၊ ဒါပေမယ့် သားနဲ့သမီးကို မေမေ ပထမဆုံးပြော ချင်တာက မေမေ သားသမီးတွေကို မေမေ ဘယ်လောက်ချစ်တယ်၊ ဘယ်လောက် အလေးထားခဲ့တယ် ဆိုတာ နားလည်ကြပါ၊ ဒါပေမယ့် မေမေ့မှာ ထာဝရယုံကြည်ချက် တစ်ခု ရှိတယ်၊ ပြောလဲပြောခဲ့တယ်၊ အဲဒါ က ဘာလဲဆိုတော့ ကိုယ့် ကိုယ်ကို သစ္စာရှိရမယ် "
ပြောနေရင်း ဆမ်ကလေးလက် ကို ဆာရာ ဆုပ်ထားမိသည်။ အော်လီဗာကိုတော့ လှမ်းမကြည့်နဲ့။

" ကိုယ်ယုံကြည်တာကို မှန်တယ်ထင်တာကို ဘယ်လောက်ပဲ ခက်ခဲခက်ခဲ လုပ်ယူရမယ် "
နားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ အခန်းထဲတွင် ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်နေ ၏။ မအေ့စကားလုံးတွေကို နားထောင်ပြီး မောင်နှမတစ်တွေ အထိတ်တလန့်ဖြစ်နေကြသည်။
အမေ့မျက်နှာ မှာ ရုတ်ခြည်း အလွန်အမင်း လေးနက်သွားကြောင်း ဘင်ဂျမင် သတိထားလိုက်မိသည်။ အဖေ ကမူ လုံးဝမျက်နှာပျက်နေသည်။ ဘုရား … ဘုရား၊ အဖေနှင့်အမေ ကွဲကြတော့မှာလား။ ဒါမှမဟုတ် မေမေ့ မှာ နောက်တစ်ခါ ကိုယ်ဝန်ရှိလို့ အရေးအခင်းဖြစ်ပြန်ပြီလား။

ကလေးနောက်တစ်ယောက်ရလျှင် တော်ပါသေးရဲ့။ အဖေနှင့်အမေ ကွဲကြပြီဆိုလျှင်တော့ မိမိတို့ ပျော်စရာ ကမ္ဘာကလေးဆုံးခန်းတိုင်ပြီပေါ့။ သူတို့မောင်နှမတွေ လုံးဝမစဉ်းစား တတ်အောင်ဖြစ်နေ ၏။
" မေမေ ကျောင်းပြန်တက်မလို့ "
ပြောပြောဆိုဆို သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။
" ဟုတ်လား "
မယ်လီဆာ မျက်မှောင်ကုတ်ပြီး အာမေဍိတ်ပြုသည်။
" ဘယ်မှာလဲ မေမေ "
ဘင်ဂျမင်၏ ခြေမကိုင်မိ လက်မကိုင်မိ အမေး။
" ဘာပြုလို့လဲဟင် "
ဆမ်ကလေး ကလည်း သိချင်ဇောဖြင့်မေးသည်။ သူဘာမှ နားမလည်နိုင်အောင် ဖြစ်နေ သည်။ ကျောင်း ဆို သည်မှာ ကလေးများအတွက် မဟုတ်လား။ ဒါလောက် စိတ်ပျက်စရာကောင်း သည့်နေရာ ကို ဘာအတွက် ပြန်သွားမည်လဲ။ မိမိသာဆိုလျှင် လုံးဝစဉ်းစားမည်မဟုတ်။.

" ဖေဖေကော ကျောင်းပြန်တက်မှာလား "
ဆာရာ ပြုံးသည်။ သို့သော် အော်လီဗာ လိုက်မပြုံး။ မိမိအနေဖြင့် ကျောင်းပြန်တက်မည်ဆိုလျှင် သူတို့ အားလုံး အတွက် ပြဿနာဖြစ်ချင်းမှဖြစ်မည်။ ကင်းဘရစ်တွင် အားလုံးပြောင်းနေ၍ရသည်။ ခုတော့ ဆာရာ က တစ်ကိုယ်တော် စွန့်စားခန်းဖွင့်မည်။ အားလုံးက အသားကျနေပြီဖြစ်သော သက်သောင့် သက်သာ ဘ၀တွင် နေရစ်ခဲ့ကြရမည်။ ဆာရာကမူ အေးမြငြိမ်းချမ်းသည့် ဤဆိပ်ကမ်းသာ မှ နေ၍ ရှေ့တွင် ဘာတွေရှိမှန်းမသိသည့် ဘ၀ရေပြင်ကျယ်တွင် ရွက်လွင့်တော့မည်။
သည်အတွေး ၀င်လာလျှင် ကြောက်ရွံ့ထိတ်လန့်ရမည့်အစား ဆာရာပျော်လာတတ်သည်။ တစ်နေ့နေ့ တွင် သူတို့နားလည်လာအောင် ရှင်းပြဖို့ အခွင့်ကြုံမှာပါလေ။ ခုတော့လည်း ဘယ်သဘောပေါက်နိုင် ပါ့မလဲ။ လောလောဆယ်တော့ သူတို့ခံစားရတာကိုပဲ သူတို့သိမယ်လေ။

ဆမ်ကလေးကိုကြည့်ပြီး ဆာရာ့ရင်ထဲတွင် မခံမရပ်နိုင်အောင် စူးရှနာကျင်သွားပြန်သည်။ သို့သော် ထားခဲ့ ရ မည်လေ။
" ဖေဖေ မပါပါဘူး သားရဲ့၊ မေမေတစ်ယောက်တည်း သွားမှာပါ၊ နှစ်ပတ်အတွင်း သွားရလိမ့်မယ် "
ဘင်ဂျမင် က အလန့်တကြား အမူအရာဖြင့် ….
" ဟားဗတ် ကို တက်မှာ၊ ဟုတ်လား " ဟုမေးသည်။ ဘော့စတန်တွင် သွားနေပြီး ကျောင်းပြန်တက်မည်ဆို သည့် သူတို့အမေ ကို နားမလည်နိုင်အောင်ဖြစ်နေ၏။ ခဏနေမှ တဖြည်းဖြည်း ချင်း သဘောပေါက်လာသလို အဖေ့ကို လှမ်းကြည့်လိုက်သည်။

အမေ့ကြောင့် ခံစားနေရသည့် အထီးကျန် ဝေဒနာနှင့် သောကအရိပ်ကို အဖေ့မျက်ဝန်းထဲတွင် တွေ့ရ သည်။ ဟင် … အမေ့မျက်လုံးအိမ်ထဲတွင်လည်း အလားတူပါပဲလား။
" မေမေ အိမ် ကို တတ်နိုင်ဆုံး ခဏခဏ ပြန်လာမှာပါကွယ်၊ သားတို့မှာ ဖေဖေလဲရှိတယ်၊ အက်နက်လဲ ရှိ တယ်"
ဆမ်ကလေး က ခပ်မတ်မတ် ထိုင်လိုက်သည်။ ချက်ချင်းမျက်ရည်တွေလည်ကာ …
" မေမေ က သား တို့ကို ထားခဲ့ပြီး သွားမှာ …. ဟုတ်လား၊ အိမ်က ဆင်းသွားတာမျိုးလား "
ဆာရာ ပျာပျာသလဲ ပြန်ပြောသည်။
" ဟာ … မဟုတ်ပါဘူး သားရဲ့၊ ခဏသွားတာပါ၊ ကျောင်းပိတ်ရက်တွေ ပြန်လာမှာပေါ့ "
သို့သော် အမှန် အတိုင်း ပြောဖို့ တာဝန်ရှိကြောင်းကိုလည်း ဆာရာ သတိထားမိသည်။ ထို့ကြောင့် ဖြည့်ပြော လိုက် သည်။

" တက်ရမယ့် သင်တန်း က နှစ်နှစ်ကြာမယ်လေ "
" နှစ်နှစ် ….. ဟုတ်လား "
ဆမ်ကလေး တရှုံ့ရှုံ့ငိုတော့သည်။ ဆာရာက သိုင်းဖက်တော့ အတင်းရုန်းထွက်ပြီး အဖေ့ ဆီ ပြေးသွားသည်။ အားလုံး ဘာမှမပြောနိုင်ကြဘဲ ခဏငယ်မျှ တိတ်ဆိတ်သွားသည်။ အတန်ကြာမှ ဆမ် ကလေးက …
" သား တို့ကို ထားပြီး ထွက်သွားမယ်ဆိုတော့ သားတို့ အားလုံးကို မချစ်တော့လို့ပေါ့ … ဟုတ်လား "
ဆာရာ က ထသွားပြီး သားကလေးကို ထွေးပွေ့ဖို့ ကြိုးစားသည်။ သို့သော် ဆမ်ကလေးက လက် မခံတော့။ ဆာရာ့မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လာသည်။ အလွန်မတန်ခက်ခဲမည်ဟု သိပါသည်။ သို့သော် သည်မျှ ပြင်းပြင်းထန်ထန် ခံစားရမည်ဟု မထင်ခဲ့။

မိသားစုတစ်ခုလုံး မိမိကြောင့် ခံစားနေကြရပုံကို မျက်ဝါးထင်ထင် မြင်ရတော့ ရင်ထဲတွင် နင့်နေအောင် နာကျင် ရပြန်ပါသည်။ သို့သော် မဖြစ်မနေ လုပ်ရမည့်အလုပ် ဖြစ်ကြောင်းလည်းသိနေ၏။
" အို … ချစ်တာပေါ့သားရယ်၊ သားတို့အားလုံးကို မေမေ သိပ်ချစ်ပါတယ်၊ မေမေ့အတွက် မလုပ်မဖြစ် တဲ့ကိစ္စ ဖြစ်နေလို့ပါ၊ ပြီးတော့ …
ဆာရာ ရှင်းဖို့ ကြိုးစားသည်။ သို့သော် ရှိုက်ကြီးတငင်ငိုနေသော ဆမ်ကလေးက ဘာမှမကြားနိုင်တော့။ အစ်မ လုပ်သူ မယ်လီဆာဆီပြေးသွားပြီး တအားဖက်ထားပြန်သည်။ မယ်လီဆာလည်း ဆမ်ကလေးနှင့် အတူ လိုက်ငိုနေပြီ။ ရေနစ်နေသည့် အလား မောင်နှမနှစ်ယောက်လုံး တစ်ဦးကို တစ်ဦးတအား ဖက် ထားကြ ၏။
မကျေနပ်သည့် မျက်လုံးများဖြင့် မယ်လီဆာ အမေ့ကို မော်ကြည့်သည်။

" ဘာပြုလို့လဲဟင်မေမေ "
သည်စကားလုံးကလေးများသည် ဆာရာ့နားထဲသို့ သံရည်ပူဖြင့် လောင်းချလိုက်ဘိသို့ရှိ၏။ လင်တော် မောင် ဘက်သို့ စစ်ကူတောင်းသည့် မျက်လုံးများဖြင့် လှမ်းကြည့်သည်။ သို့သော် အော်လီဗာ ဘာမျှ မပြော။ ကလေးတွေနှင့်အတူ သူလည်း ရင်ကွဲနာကျနေလေပြီ။ ဘာမှပြောမထွက်တော့။
" သမီးတို့ကို နားလည်အောင်ရှင်းပြဖို့တော့ ခက်တယ်၊ နှစ်ပေါင်း များစွာ မေမေ လုပ်ချင်နေတဲ့ ဆန္ဒ လို့ပဲ ပြောပါရစေတော့ကွယ် "
မယ်လီဆာက မောင်ကလေးကို ပွေ့ထားလျက် မျက်ရည်တွေကြားမှ …
" ဖေဖေနဲ့မေမေ ကွဲကြမှာလားဟင် "
" မဟုတ်ဘူး သမီး၊ အဲဒီလိုမဟုတ်ဘူး၊ ဖေဖေနဲ့မေမေ ဘာမှမဖြစ်ဘူး၊ မေမေ အိမ်က ခဏ ထွက်ပြီး ကျောင်း ပြန်တက်တဲ့သဘောပဲ၊ မေမေ့အတွက်ဆိုပါတော့၊ သမီးတို့ အားလုံး မပါဘဲ မေမေ တစ်ယောက်တည်း မေမေ့ ခြေထောက်ပေါ်မှာ ရပ်ကြည့်ချင်လို့လေ "

သူတို့တွေကြောင့် မိမိဘ၀ အရွေ့အလျားမရှိ ရပ်တန့်နေကြောင်း၊ သူတို့တတွေ နှောင်ဖွဲ့ ရစ်ပတ် ထားသဖြင့် မိမိဖန်တီးလိုသမျှ တစ်ခုမှဖြစ်မလာကြောင်းများကိုတော့ ထည့်မပြောတော့ပါ။ သူတို့ ဘက်က ကြည့်လျှင် တရားမျှတသည်ဟု မြင်နိုင်ကြမည်မဟုတ်ပါ။ ခုမြင်ကွင်းကိုပဲကြည့်လေ၊ ခါတိုင်း လိုပင် အော်လီဗာပြောခဲ့သမျှ မှန်နေကြောင်း ပြနေပြီမဟုတ်လား။ သို့သော် မိမိဘက်ကလည်း မှန်နေသည် ပင်။
သူတို့ ဘာသာသူတို့ ဖြစ်သွားမှာပါ၊ အသားကျသွားမှာပါ။ အဲဒီအခါမှာ မိမိက ကိုယ်ပိုင်ဘ၀တစ်ခု တည် ဆောက်နိုင်သည့် အခြေအနေမျိုးဖြင့် ပြန်လာမည်လေ။ သည်အတိုင်း ဆက်နေသွားရမည် ဆိုလျှင်တော့ သေသော်မှတည့် သြော်ကောင်း၏ဟု ဆိုရတော့မည်။ ဒါကတော့ မိမိဘက်က သိပ်ကိုသေချာနေ ပါသည်။

" ဒီမှာပဲ တက္ကသိုလ်တစ်ခုခုမှာ ထက်ရင်ကောမေမေ "
ဘင်ဂျမင်က ခပ်အေးအေးမေးသည်။ သူလည်း အထိတ်တလန့်ဖြစ်ရသည်ပင်။ သို့သော် ထိုင်ငိုရမည့် အရွယ် မဟုတ်တော့ဘူးလေ။ အမေကို စိမ်းစိမ်းကြည့်ပြီး နားလည်ဖို့ ကြိုးစားနေသည်။ အကြောင်း တစ်ခုခု တော့ရှိရမည်။ သားသမီးတွေ ကို ထုတ်ပြောဖို့မကောင်းလို့ မပြောဘဲထားခြင်းဖြစ်မည်။ ကွာရှင်းပြတ်စဲကြ တော့မည် ထင်ပါရဲ့။ ဒါလည်းမဖြစ်နိုင်သေးပါဘူး။ ဒါဆို ကလေးတွေ ကို မေမေခေါ်သွားမှာပေါ့။
စဉ်းစား ရင်း ဘင်ဂျမင် ဦးနှောက်ခြောက်လာသည်။ သို့သော် သူတို့မိသားစုဘ၀ ပြိုကျပျက်စီးနေပြီဆိုတာ သိနေသည်။ အကြောင်းရင်းကိုတော့ မစဉ်းစားတတ်။
ဘင်ဂျမင် သည် အမေ့ကိုသိပ်ချစ်သည့်သားဦးဖြစ်ပါသည်။ အမေ့တွင် လုံလောက်သည့် အကြောင်း တစ်ခုခု ရှိရမည်ဟု ယုံကြည်ချင်ပါ၏။ အမေ့ကို နားလည်ချင်ပါ၏။ သို့သော် ဘာမှမစဉ်းစားတတ်အောင်၊ မစဉ်းစား နိုင်အောင် စိတ်ညစ်နေသည်။

" ဒီမှာဆို မေမေ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး ဘင်ဂျမင်၊ ဟားဗက်က မေမေ့အတွက် နေရာမှန်ပဲ "
ဆာရာက ၀မ်းနည်းပက်လက်ပြုံးပြီးပြောသည်။ ဆာရာသည် ဆမ်ကလေး၏ ရှိုက်သံကို ကြားနေရသဖြင့် ဆို့ဆို့နစ်နစ်ကြီး ဖြစ်နေသည်။ သို့သော် အနားသို့လည်း မသွားရဲတော့။
" သားနဲ့မေမေ နွေဦးလောက်ဆို ကျောင်းမှာ ဆုံရမှာပဲမဟုတ်လား "
" အဲဒါ ကိုတော့ သားသဘောကျပါတယ် "
ဘင်ဂျမင် က အမေကိုကြည့်ပြီး ပြုံးနိုင်လာသည်။ သူက အမေလုပ်သူကို အမြဲတမ်း ယုံကြည်သည့်သား။ သို့သော် ရင်ထဲတွင်တော့ ဆောက်တည်ရာမရဖြစ်နေသည်။ ဘ၀တစ်ခုလုံး ရုတ်ခြည်း ပေါက်ကွဲ ပျက်စီး သွား သလိုခံစားလိုက်ရသည်မဟုတ်လား။

သည်အဖေနှင့် သည်အမေသည် တစ်ယောက်နှင့် တစ်ယောက် ဘယ်တော့မှခွဲခွာနေကြလိမ့်မည် မဟုတ်ဟု ဘင်ဂျမင်ထင်ခဲ့သည်။ အထူးသဖြင့် အမေသည် မိမိတို့နှင့် ဘယ်တော့မှ မခွဲနိုင်ဟု ယုံကြည် ခဲ့၏။ စိတ်ကို အနိုင်နိုင်ထိန်းကာ အဖေ့ဆီသို့ တစ်ချက်လှမ်းကြည့်ပြီး တဲ့တိုးကြီး မေးလိုက်သည်။
" ဖေဖေ ဘယ်လိုသဘောရသလဲဟင် "
" မေမေ့ ဆုံးဖြတ်ချက်ပဲသား၊ ဖေဖေတို့တားဖို့မကာင်းဘူးလေ၊ ဖေဖေတို့မှာ ရွေးစရာလမ်း မရှိတော့ဘူး၊ မေမေ့ဆန္ဒဖြစ်မြောက်အောင် ၀ိုင်းကူတာဟာ အကောင်းဆုံးပဲ "
ခုမှ ဆာရာနှင့် မျက်လုံးချင်းဆုံသည်။ အော်လီဗာ၏ မျက်လုံးထဲတွင် ပြောင်းလဲမှု အရိပ်တစ်ခု ထင်ဟပ်နေ ၏။ မိမိတစ်ယောက်တည်းကိုသာ ထိုက်ခြင်းမဟုတ်ဘဲ ကလေးတွေပါ ယူကျုံး မရဖြစ်နေခြင်းပါ လား။ ဒါကို အော်လီဗာဘယ်တော့မှ မေ့မည်မဟုတ်။ တစ်ပြိုင်တည်းတွင် သည်မိန်းကလေး ကို ဘယ်တော့ မှမုန်း၍ မေ့၍ရမည်မဟုတ်ကြောင်းလည်း သိနေ၏။
" ကိုယ့်တို့ အားလုံး မင်းကို အောက်မေ့နေကြမှာပါဆာရာ "
ပြုံးပျော် ရယ်မောခြင်းများ လက်ဆောင်ပစ္စည်း ဖလှယ်ခြင်းများဖြင့် ပြီးခဲ့သည့် ရိုးရာခရစ္စမတ်ပွဲတော်ကို အားလုံးမေ့ သွားကြလေပြီ။ သူတို့ဘ၀တွင် အားလုံးအတွက် အကြီးမားဆုံး ပြဿနာကြီးနှင့် ရင်ဆိုင် ရသည့် ည။

ဆာရာက မယ်လီဆာနှင့် သားကလေးဆမ်ရှိရာသို့လျှောက်သွားသည်။
မယ်လီဆာက ကလေးဆီသို့ အလာမခံဘဲ လက်ကာပြပြီး အမေကိုရော အဖေကိုပါ ဒေါသမျက်လုံးများဖြင့် ကြည့်လိုက်သည်။
" မေမေ ညာပြောနေတာ၊ အပြီးအပိုင်သွားတော့မှာမဟုတ်လား၊ ဒါကို အမှန်အတိုင်းပြောဖို့ သတ္တိမရှိလို့ မဟုတ်လား၊ မဟုတ်ဘူးဆိုရင် ဘာလို့ သားသမီးတွေအားလုံးခေါ်မသွားလဲ "
" အို … မဟုတ်တာ သမီးရယ်၊ သမီးတို့ ကင်းဘရစ်ကို လိုက်လာပြီးဘာလုပ်မှာလဲ၊ ဟိုမှာ ကျောင်းတက်ရင် အားလုံးအသစ်ပြန်စရမှာပေါ့၊ သမီးတို့ အပေါင်းအသင်းတွေနဲ့လဲ ကွဲကုန် မှာပေါ့၊ မေမေက အခန်းကျဉ်း ကလေးတစ်ခန်းငှားနေမှာ၊ ပြီးတော့ ခေါင်းမဖော်နိုင်လောက်အောင် စာကျက်တော့ မှာ၊ အဲဒီအခါ သမီးတို့ကို မေမေ ဘာမှပြန်ကြည့်နိုင်မှာ မဟုတ်တော့ဘူး၊ ဒီမှာပဲ ဖေဖေနဲ့ အက်နက် နဲ့ သမီးတို့ နေခဲ့တာ အကောင်း ဆုံးပဲ၊ ကိုယ့်အိမ်နဲ့ ကိုယ့်ကျောင်း၊ ကိုယ့်အပေါင်းအသင်းတွေနဲ့ ပိုနေမြဲ ကျားနေမြဲလေ "
"မေမေကတော့ ကိုယ့်အိမ် ကိုယ့်ရာကနေ တစ်ယောက်တည်း ထွက်သွားမယ် ဟုတ်လား "

မယ်လီဆာ၏ မျက်ဝန်းထဲမှ မျက်ရည်များ၏ နေရာတွင် ဒေါသအခိုးအငွေ့ကလေးများ ၀င်လာသည်။ ဆမ်ကလေးက ခုထိ အငိုမတိတ်သေး။ မယ်လီဆာသည် ဖအေကို ဆတ်ခနဲ ကြည့်လိုက်သည်။
" ခုလိုဖြစ်ကာ ဖေဖေ တရားခံပဲ၊ ဖေဖေ တစ်ခုခုလုပ်လို့ မေမေ ခုလိုထွက်သွားဖို့ စီစဉ်တာမဟုတ်လား "
မယ်လီဆာ၏ ရင်ထဲတွင် အမေကိုရော အဖေကိုပါ မုန်းစိတ်တွေ ၀င်လာသည်။
ဆာရာက အလောတကြီး ကာကွယ်သည်။

" အဲဒါလုံးဝမဟုတ်ဘူး မယ်လီဆာ၊ ဒီကိစ္စဖေဖေနဲ့ ဘာမှမဆိုင်ဘူး "
" ဒီအသက်အရွယ်ရောက်မှ ကျောင်းပြန်တက်တယ်ဆိုတာ အကြောင်းရှိကို ရှိရမယ်၊ ဒါဖြင့် သမီးတို့အားလုံး ကိုမုန်းသွားလို့လား "
ဆမ်ကလေးက ကျိတ်ငိုရှိုက်နေရာမှ အော်ငိုတော့သည်။ မယ်လီဆာက မောင်ကလေးကို ပွေ့ပြီး ၀ုန်းခနဲ ထရပ်လိုက်၏။ အမေလုပ်သူကို တစ်ချက်လှမ်းကြည့်သည်။ မျက်နှာတစ်ခုလုံး မျက်ရည်တွေရွဲလျက်။ ဆာရာက သူတို့မောင်နှမဆီသို့ သွားဖို့စိတ်မကူးတော့။ ဆမ်ကလေးသည် မိမိကလေးမဟုတ်ဘဲ သူတို့ ကလေးဖြစ်သွားပြီမဟုတ်လား။
ဆမ်ကလေးမှာ ရှိုက်ရလွန်းသဖြင့် စကားကို ပီအောင် မပြောနိုင်ဘဲ ဖြစ်နေသည်။

" မေ … မေ … အဟုတ် … အဟုတ်လား … ဟင် … သား … သားတို့ကို တကယ် … တကယ် …. မုန်း သွား ပြီလား "
ဆာရာ့ပါးပြင်ပေါ် သို့ မျက်ရည်ဥတွေ လိမ့်ဆင်းလာသည်။ ရုတ်တရက် ဘာပြောရမှန်းမသိဘဲ ခေါင်းတွင် တွင်ယမ်းပြလိုက်၏။ ပြီးမှ ဆို့နင့်အက်ကွဲနေသံဖြင့် ….
" မဟုတ် … မဟုတ်ဘူးဆမ်၊ သားတို့အားလုံးကို မေမေလေ မေမေရင်နဲ့အမျှ ချစ်ပါတယ်ကွယ်၊ သားတို့ကို ရောဖေဖေကိုပါ မေမေအသည်းနှလုံးထဲက ချစ်ပါတယ် "
ဆာရာ ငိုချလိုက်သည်။ အော်လီဗာက အားလုံးနှင့် မျက်နှာလွှဲလိုက်၏။ မောင်နှမတွေ ဘာလုပ်ရမှန်းမသိဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြောင်ကြည့်နေကြသည်။ သူတို့၏ မိသားစု ဘ၀ကလေးသည် ချောက် ကမ်းပါးကြီးထဲသို့ ထိုးကျ ပျက်စီးသွားချေပြီတကား။

အော်လီဗာက မယ်လီဆာဆီသို့ လျှောက်သွားပြီး ဆမ်ကလေးကို လှမ်းပွေ့ယူလိုက်သည်။ ဆမ်လေးက ငယ်ငယ်တုန်းကအတိုင်း အဖေ့လယ်ပင်းကို တအားသိုက်းဖက်ထားလိုက်သည်။
" တိတ်ပါ သားရယ်၊ အားလုံးအဆင်ပြေသွားမှာပါ "
အော်လီဗာက မယ်လီဆာကို ငုံ့ပြီးနမ်းမည်ပြုသည်။ မယ်လီဆာက အနမ်းမခံဘဲ ရုန်းထွက်ကာ သူ့အခန်းရှိ ရာသို့ ပြေးတက်သွားသည်။ ၀ုန်းခနဲ တံခါးဆောင့်ပိတ်သံကို အောက်မှ အားလုံး ကြားလိုက် ရသည်။ ဆမ် ကလေးကို ပွေ့ပြီး အော်လီဗာလည်း အပေါ်ထပ် တက်သွားသည်။ ဘင်ဂျမင်နှင့် ဆာရာတို့ သားအမိနှစ် ယောက်တည်းကျန်ရစ်၏။
ခုထိ ကြားရသည်တို့ကို မယုံနိုင်သေးဘဲ ဘင်ဂျမင်တစ်ယောက် တုန်လှုပ်နေဆဲ။ သို့သော် မယုံ၍မရတော့ ကြောင်းကိုလည်း တစ်ပြိုင်တည်းတွင်သိနေ၏။
" ဘာဖြစ်လို့လဲ ဟင် မေမေ "
ဘင်ဂျမင် သည် ပွင့်ပွင့်လင်းလင်းပြော၍ရသည့် အရွယ်သို့ ရောက်နေပြီဖြစ်၏။ ထို့ကြောင့် သားကြီးနှင့်ဆို လျှင် ဆာရာပွင့်လင်းလေ့ရှိသည်။

" မေမေ သေသေချာချာတော့မသိဘူး၊ ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့ဘူးဆိုတာပဲ မေမေသိတယ်။ ပြီးတော့ အဲဒါဟာ အမှန်တရားပဲဆိုတာလဲ မေမေသေချာနေတယ်။ မေမေ ခုလက်ရှိ အိမ်ရှင်မဘ၀ထက် အဓိပ္ပာယ်ရှိတဲ့ဘ၀မျိုးကို တည်ဆောက်ချင်တယ်"
" ထားပါတော့လေ၊ ဒါပေမယ့် မေမေ သားကို စောင့်ဖို့တော့ကောင်းတာပေါ့် "
" မဖြစ်ဘူးသား၊ မေမေ ချချက်ချင်းကိုစမှဖြစ်မယ် "
ဆာရာ နှပ်ညှစ်လိုက်သည်။ မျက်ရည်များက တသွင်သွင်စီးကျနေဆဲ။ သူတို့တစ်တွေသာ ထိထိခိုက်ခိုက် ခံစားနေကြရသည်သာမဟုတ်ပါ။ မိမိကိုယ်တိုင်လည်း ရင်ထုမနာဖြစ်နေရပါ၏။
ဘင်ဂျမင်ခေါင်းညိတ်သည်။ မေမေ့ကိုနားလည်ချင်ပါ၏။ သိပ်ချစ်သည် မဟုတ်လား၊ မေမေ့ဆန္ဒ အားလုံး ပြည့်ဝပါစေလေ။ တစ်ပြိုင်တည်းတွင် သူ့မိခင်သည် သည်လို လုပ်ရက်မည့် အမျိုးသမီး တစ်ယောက်ဖြစ်လိမ့် မည်ဟူ၍ လည်း လုံးဝမထင်ပါချေ။

ပျော်စရာ ချမ်းမြေ့ရိပ်မြုံကလေးမှသည် မိသားစုမဟုတ်တော့သည့် လူတစ်စု အဖြစ် သို့ ပြောင်းလဲသွားပြီဟု ထင်လိုက်၏။ မခင်တစ်ဦး သေဆုံးသွားသည်နှင့်လည်း တူ၏။ သေသွားသည် ကမှ တော်ဦးမည်ထင်ပါတယ်လေ။
ခြေထောက် ကိုငုံ့ကြည့်နေရာမှ မေမေမျက်နှာကို မော်ကြည့်လိုက်သည်။ ခုလိုတွေးမိသည့်အတွက် စိတ်မကောင်း လည်းဖြစ်မိသည်။ မိမိကိုယ်မိမိ အပြစ်ရှိသူလို ခံစားရ၏။ သည်အိမ်ကြီးထဲမှ အမြန်ဆုံး ထွက် ပြေးချင်ပြီ။
ဘင်ဂျမင် သည် ဖအေထက် မအေ့ကိုပိုပြီး ယုံကြည်ကိုးစားခဲ့သူဖြစ်သည်။ ခုတော့ မေမေသည် သူတို့ ညီအစ်ကိုမောင်နှမ အားလုံးကိုသာမက ဖေဖေ့ကိုပါ ရက်စက်လေပြီ။ ဖေဖေ့အတွက်လည်း စိတ်မကောင်း ဖြစ်ရ၏။ သို့သော် မိမိအနေဖြင့် ဘာမှမတတ်နိုင်တော့ပါချေ။

" ခုနေ ကားခဏသုံးမယ်ပြောရင် ဖေဖေ စိတ်များဆိုးမလားဟင်မေမေ၊ ခုလိုအချိန်မှာ သားပြောရတာ စိတ်မကောင်းပါဘူး "
ဆာရာခေါင်းယမ်းသည်။ သားကြီးဘင်ဂျမင် မိမိကို ဘယ်လိုသဘောထားသည်ကို သိချင်နေ၏။ သားသမီး ထဲတွင် ဘင်ဂျမင်သည် မိမိနှင့် အနီးစပ်ဆုံးမဟုတ်လား။
" ရပါတယ်သားရယ် …. ယူသွားပါ၊ ဘာလို့ ဖေဖေစိတ်ဆိုးရမှာလဲ "
မိမိတွင် မည်သည့်လုပ်ပိုင်ခွင့်မရှိတော့ပါလားဟု တွေးလိုက်မိ၏။ ဘင်ဂျမင်သည် အရေးအခင်းထဲသို့ များများစားစား ၀င်မပြောသော်လည်း မည်သို့ ခံစားနေရကြောင်းတော့ မကဲခတ်လို့ရသည်။ ရုတ်ခြည်းစိတ် ပူသွားမိ၏ ဘင်ဂျမင်မှာ ဆယ့်ခုနှစ်နှစ်ထဲ ၀င်ရုံသာရှိသေးသည်။ စိတ်ညစ်ညစ်နှင့် အပြင်ထွက်သောက်စား ပြီး ကားမောင်းပြန်လာမည်ကို ဆာရာတွေးပြီး စိတ်ပူသွားသည်။
" ဒီအချိန်ကြီး သား ဘယ်သွားမလို့လဲဟင် "
ခရစ္စမတ်ည ဆယ်နာရီနောက်ပိုင်းတွင် ကားနှင့် အပြင်လွှတ်ရမည့်အရေးအတွက် ဆာရာရတက်မအေးနိုင်ပါ။

" ခဏလေးပါမေမေ၊ သူငယ်ချင်းတစ်ယောက်နဲ့တွေ့စရာရှိလို့ပါ၊ ချက်ချင်းပြန်လာပါ့မယ် "
" ကောင်းပြီလေ "
သား၏လက်ကိုလှမ်းဆွဲပြီး ….
" သားကို မေမေသိပ်ချစ်တယ်သိလား၊ အဲဒါ သားဘယ်တော့မှမမေ့နဲ့၊ ပြီးတော့ ….. "
ဆက်မပြောနိုင်ဘဲ ဆာရာငိုချလိုက်ပြန်သည်။ ဘင်ဂျမင်က တစ်ခုခုပြန်ပြောဖို့ ကြိုးစားသည်။ သို့သော် နှုတ်က ဘာမှ ထွက်မလာပါ။ အသာခေါင်းညိတ်ပြီး ကုတ်အင်္ကျီကို ကောက်ယူကာ ထွက်လာခဲ့သည်။
အိမ်ရှေ့တံခါးမကြီးပိတ်သံကြောင့် ဆာရာ သိမ့်ခနဲတုန်သွားသည်။ ပြီးမှ အပေါ်ထပ်အိပ်ခန်းဆီသို့ လှမ်း တက်လာခဲ့၏။ မယ်လီဆာ၏အခန်းထဲမှ ရှိုက်သံသဲ့သဲ့ ကြားနေရဆဲ။ တံခါးခေါက်ကြည့်တော့ အတွင်းမှ မင်းတုပ်ချထားသည်။ မယ်လီဆာ ပြန်မထူး။

ဆမ်ကလေး အခန်းဆီမှ ဘာသံမျှမကြားရ။ အခန်းထဲကိုတော့ ဆာရာမ၀င်ရဲ။ သို့ဖြင့် အိပ်ခန်း ဆီသို့ လျှောက်လာပြီး ခုတင်ပေါ်တွင် အတောင့်သား ထိုင်နေမိ သည်။ နောက်တစ်နာရီကြာ မှ အော်လီဗာ ရောက်လာသည်။
အိုပ်ရာပေါ်တွင် လှဲပြီး နံရံကို အကြောင်သားငေးကြည့်နေသော ဇနီးသည်ကိုတွေ့ရ၏။ မျက်ဝန်းထဲတွင် မျက်ရည် အပြည်ဖြင့် …..
" သားလေး ဘယ်လိုနေလဲဟင် "
ခါတိုင်းလို ဆမ်ကလေးအခန်းသို့ သွားပြီး နှုတ်ဆက်ဖို့ စိတ်မကူးတော့။ အော်လီဗာ့ သား လုံးလုံးဖြစ်သွားပြီလေ။ တစ်ယောက်တည်းမကပါဘူးလေ၊ အားလုံး ပါပဲ။ မြန်မြန် သွားနိုင်လေ ကောင်းလေဖြစ်ကြောင်း မြင် လာ၏။ အားလုံးအတွက် ပိုကောင်းမည်။ သွားမည်ဆို သည်ကို သိနေကြ မှတော့ မထူးတော့ပြီ။

" အိပ်ပျော်သွားပါပြီ "
ကုလားထိုင်ပေါ်သို့ နွမ်းနွမ်းနယ်နယ်ထိုင်ချလိုက်သည်။ နေ့တာသည် ရှည်လျားလှပါကလား။ ညသည် လည်းအဆုံးမရှိ ရှည်ကြာဦးမည်မုချ။ ဆာရာနှင့် စကားရည်မလုချင်တော့။ ခွဲခွာရခါနီး ရန်လည်းထပ်မဖြစ် ချင်တော့။ သူ့တစ်ကိုယ်ရေ အရေးကို ရှေ့တန်းတင်ကာ တစ်ကိုယ်တော် ဇာတ်လမ်း ခင်းသွားပြီ မဟုတ် လား။ မေမေကြိုတင်နိမိတ်မဖတ်သည့်အတိုင်းပင်။ သို့သော် သိပ်ကိုနောက်ကျသွားခဲ့ပါပြီ။ အားလုံး သောက ပင်လယ်ထဲတွင် ကူးခတ်ကျန်ရစ်ရတော့မည်။
ဆမ်ကလေး ကို အိပ်သွားအောင် ချော့မော့နိုင်ခဲ့ပေမယ့် ဘင်ဂျမင်နှင့် မယ်လီဆာကို ကလေးချော့ သလို ချော့၍ ရနိုင်ပါမည်လား။ သူ့အမေ ဖွင့်ဟကြေညာစဉ်က ဘင်ဂျမင်၏ မျက်လုံးများ ကို အော်လီဗာသတိထား လိုက်မိသည်။ အကြီးဆုံးမို့ ထိန်းထားရသော်လည်း သူ့ရင်တွင်းမှမီးလျှံကို မှန်းဆကြည့်မြင်နိုင် ပါ၏။

" သူတို့တွေ ပုံမှန်အခြေအနေကို ပြန်ရောက်ပါတော့မလားလို့တောင် ကိုယ်စိတ်ပူမိတယ်ဆာရာ "
" တော်ပါတော့မောင် ရယ်၊ ခုကိုပဲ ဆာရာ စိတ်ဆင်းရဲလှပါပြီ "
" အဲဒီလိုဆိုလဲ ဒါမျိုးမလုပ်သင့်ဘူးပေါ့၊ သူတို့အားလုံး ဘယ်သူ့ကိုမှယုံကြတော့မှာမဟုတ်ဘူး၊ အမေရင်း တစ်ယောက်လုံး က သွေးအေးအေးနဲ့ သူတို့ဘ၀ထဲက ထွက်သွားမှတော့ အဲဒီကလေးတွေဘယ်မှာ လူတော် လူကောင်းတွေ ဖြစ်လာတော့မှာလဲ၊ သေတောင်မဖြစ်ဘူးမှတ်"
" ဆာရာသေသွားရင်ကော "
" အဲဒါက မှ တော်ဦးမယ်၊ သူတို့ကို မင်း တမင်ထားခဲ့တာ မျိုးမှမဟုတ်တာဘဲ "
" ကျွန်မ က မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးပေါ့လေ၊ ဟုတ်လား "

ဆာရာ ဒေါပွလာပြန်သည်။ ကိုယ့်ကိုယ်ကို ပြစ်မှုကျူးလွန်သူလို ခံစားနေရသည့်အထဲ သူကထပ်ပြီး ဆေး အတွက်ပိုလေးအောင်လုပ်နေ၏။
" မဟုတ်လို့လား၊ မင်းဟာ တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အစားထဲကပဲ "
" သြော် ….. ရှင်က ကျွန်မကို ပြန်မလာနဲ့တော့လို့ ပြောနေတာလား "
" အဲဒါ မင်းစကားပါ၊ ငါ့ကို တရားခံမလုပ်ပါနဲ့ "
အော်လီဗာ စိတ်ထဲ အမုန်းအားတွေ တဖွားဖွားပေါ်သည်။ တော်တော် လုပ်ရက်သည့်မိန်းမ။ ဆမ် ကလေး သည် ရေနစ်နေသည့် ကလေးတစ်ယောက်ပမာ ဖအေကို မလွတ်တမ်းဖက်ထားသည်။ စင်စစ် ဆမ်ကလေးခမျာ မှာ ဘ၀ရေနစ်ခြင်းပင်။

ဘယ်လောက်ကြာကြာ ဆက်ပြီး သားလေးခံစားနေရမည်မသိ။ ကျန်သူများလည်း ထိုနည်းနှင်နှင် ပင် နေမှာ ပါလေ။ ပြန်လာဖို့လမ်းကို အော်လီဗာသိပ်မမြင်။ ဟားဗတ်တက္ကသိုလ်ရောက်ပြီဆိုသည်နှင့် ဆာရာ့ ဘ၀ထဲ သို့ ပတ်ဝန်းကျင်သစ်မှ လူသစ်တွေ ၀င်လာတော့မည်။ ထိုအချိန်တွင် မိမိနှင့် ကလေးတွေ က သူနှင့်အဝေး ကြီးမှာ။ ဘ၀ရှေ့ရေးသည် ဘာဆိုဘာမှ အာမခံချက် မရှိတော့ပါချေ။
" မြန်မြန် သွားတာ ပဲကောင်းမယ်ထင်ပါတယ်။ နောက်နှစ်ပတ်ဆက်နေရင်လဲ အားလုံးအတွက် စိတ်ဆင်းရဲ ရမယ် "
" သဘောပါ "
ရေချိုးခန်းဆီသို့ လျှောက်သွားပြီး အော်လီဗာအ၀တ်လဲသည်။ သူနှင့်ပို၍ဝေးသောကမ္ဘာသို့ ရောက်သွားပြီဟု ထင်လိုက်၏။ မနေ့ညကပင် အကြင်လင်မယားဘ၀ကို တရှိုက်မက်မက် ရယူခဲ့ကြသေး သည်။ ခုတော့ သူစိမ်းပြင်ပြင် ငယ်စာရင်းဝင်မဟုတ်တော့သလို။

အိပ်ရာပေါ် ပြန်ထိုင်ပြီး မေးလိုက်သည်။
" ဘယ်တော့သွားမယ် စိတ်ကူးလဲ "
" သန်ဘက်ခါလောက် ဆိုပါတော့၊ ပြင်ဆင်စရာတွေရှိသေးတယ်လေ "
" ကလေးတွေ ကို တစ်နေရာရာခေါ်သွားတာ ကောင်းမယ်ထင်တယ်၊ မင်းထွက်ခွာခန်းကို သူတို့မတွေ့ ရရင် ပိုခံသာမလားလို့ " " အင်း … အဲဒီအကြံမဆိုးပါဘူး "
လင်တော်မောင် ကို ဆာရာ ကြေကြေကွဲကွဲကြည့်လိုက်သည်။ ပြောစရာစကားမကျန်တော့။ အများကြီး ပြောပြီးကြပြီ။ ခုတော့ နှစ်ယောက်စလုံး မျက်ရည်တွေတွေကျလျက် ….။
" ကိုယ်တော့ ဘာထပ်ပြောရမလဲ မသိတော့ဘူးဆာရာ "

" ဆာရာလဲ အတူတူပါပဲမောင် "
နှစ်ယောက် သား အမှောင်ထဲတွင် ငြိမ်သက်စွာ ယှဉ်အိပ်ကြ သည်။ နောက်နှစ်နာရီ တွင် အော်လီဗာအိပ် ပျော်သွားသည်။ အရုဏ်တက်ချိန်တိုင် ဆာရာ အိပ်မပျော်သေး။ ထိုအချိန်တွင်မှ ဘင်ဂျမင်ပြန် လာသံကြား ရသည်။
ဘာမှ မေးမေးမြန်းမြန်းလုပ်မနေတော့။ အကြီးကောင်ကို ဆာရာစိတ်ချသည်။ သူ့ဘ၀မှာ အချစ်ဆုံး အမေ နှင့် ခွဲရမည်မို့ ဒါလောက်တော့ ခံစားရမည်ပေါ့။ ဘင်ဂျမင်သည်လည်း ဆာရာ့အတွက် ကလေး တစ်ယောက် ပဲမဟုတ်လား။
စင်စစ် ထိုညတွင် ဘင်ဂျမင် ကလေးဘ၀ ကို ကျော်ဖြတ်ပြီး လူလားမြောက်ခဲ့ခြင်းဖြစ်သည်။ ထူးဆန်းသော၊ ချိုမြိန်သော ဘ၀၏ ရသတစ်မျိုး ကို ပထမဆုံးခံစားဖူးခြင်း။

ချစ်သောဆန္ဒရာ၏ မိဘတွေအိမ်မှာမရှိခိုက် မရောက်ဖူးသောနယ်မြေသို့ ချစ်သူနှင့် အတူ ရောက် သွားကြခြင်းဖြစ်သည်။ မိမိဘ၀ထဲမှ မိန်းမသားတစ်ဦးက ထွက်ခွာသည့်ညတွင် အခြားတစ်ဦး အစား ၀င်လာဘိသို့ရှိ၏။
အိမ်တွင် ပူပူလောင်လောင်ဖြစ်ပွားနေသည့် အကြောင်းကို ဆန္ဒရာနှင့် ရင်ဖွင့်ဖြစ်သည်။ ထိုမှတစ်ဆင့် အကြင်နာမိုးတွေ ရွာစွေဖြစ်ကြခြင်းမျိုး။
တိတ်ဆိတ်ခြင်း လွှမ်းမိုးထားသော အိမ်ကြီး၏ အသံဗလံများကို ဆာရာ ခံစားသိမြင်သိနေ၏။ အလျင် အတိုင်း ပြန်ဖြစ်နိုင်ပါတော့မလား၊ မိသားစုစာရင်းသို့ ပြန်ဝင်နိုင်ပါတော့မည်လား၊ မရနိုင်တော့ ပါပြီ။မိမိ၏ ဘ၀ဟောင်း သည် ပျောက်ကွယ်သွားချေပြီတကား။ မိမိနေရာတွင် အခြားတစ်ယောက် အစားဝင် လာသည်နှင့်တူ၏။
သည်တော့ လည်း ဘ၀သစ်ကိုစရုံပင်ရှိသည်ပေါ့။ ဘ၀သစ်အကြောင်းကို တွေးမိသည်နှင့် ခါတိုင်းလိုပင် ရင်တွေ ခုန်လာသည်။ ရင်ထဲမှဝေဒနာတွေ အစိုင်အခဲ မည်မျှပင်ကြီးပါစေ၊ လမ်းသစ်ပေါ် သို့ လျှောက်ရမည့် အရေးကို တွေးမိလျှင် ရင်ထဲတွင် သိမ့်ခနဲနွေးသွားသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၇)

"အနက်ရောင် ပိုးသားဂါဝန် ကို ဘယ်တော့မှ မဝတ်ပါဘူးလို့ ကတိပေးစမ်း"
သူ့စကား ကို ကြားရတော့ ကျွန်မ ပြုံးမိပြန်ပါသည်။ သူကလည်း ကျွန်မကို ပြန်ရယ်ပြသည်။ နံနက်ခင်း သည် သာယာ သွားပြန်ပါပြီ။ နံနက်ခင်း သည် အလွန်တရာ တောက်ပသော အရာဝတ္ထု တစ်ခု ဖြစ်သွားပါ ပြီ။ အဘွားကြီး မစ္စက်ဗန်ဟော့ပါး ကိုလည်း ကျွန်မ ဂရုမစိုက်တော့ပြီ။ အချိန်တွေ ရှည်လျားစွာ ကျန်နေ သေးသည့် မွန်းလွဲပိုင်းအချိန်ကိုလည်း ကျွန်မ ဂရုမစိုက်တော့ပြီ။ လက်ဖြောက် တစ်ချက်တီး လိုက် သလို အားလုံးကို မေ့ပစ်လိုက်ပါတော့သည်။ ရှည်လျား ပါသည်ဆိုသော ထိုအချိန်များက အလွယ် တကူ ကုန် ဆုံးလွန်မြောက်ကြပါလိမ့်မည်။ နောက်ပြီးတော့ ယနေ့ညဆိုတာ ရှိလိမ့်မည်။ မနက်ဖြန် ဆိုတာ လည်း ရှိ လိမ့်မည်။ ထိုညတွေ၊ မနက်ဖြန်ညတွေ သာယာလှပသောညနှင့် မနက်ဖြန်တွေ ဖြစ် လိမ့် မည်။
ကို ဆက်ဖတ်ရန် ...............

ကျွန်မ၏စိတ်ထဲမှာ သတ္တိတွေပြည့်ဖြိုးလာသည်။ ရွှင်လန်းချမ်းမြေ့လာသည်။ သည်အချိန်ကလေးတုန်း က မစ္စတာဒီဝင်းတာ ကို တန်းတူရည်တူ ဆက်ဆံဝံ့သော သတ္တိတွေလည်း အပြည့်ရှိလာသည်။ မစ္စက် ဗန်ဟော့ပါး၏  အိပ်ခန်းထဲသို့ အချိန်နောက်ကျပြီး ကျွန်မဝင်သွားရမည်ကို မြင်ယောင်နေမိသေးတော့ သည်။ ကျွန်မ နောက်ကျသည့်အတွက် အဘွားကြီးက အမေးအမြန်းထူလိမ့်မည်။ ကျွန်မကလည်း ပမာ မခန့် တစ်ချက် သမ်းဝေလိုက်ရင်း…
"အချိန်တွေကိုတောင် ကျွန်မဖြင့် သတိမရနိုင်တော့ပါဘူးရှင်… မက်ဇင်မ်နဲ့ အတူတူ နေ့လယ်စာ သွား စားနေ လို့လေ…"ဟုလည်း ပြန်ပြောမိပေလိမ့်မည်။
သူနှင့်စတွေ့တွေ့ချင်းမှာပင် ကျွန်မနာမည်၏ရှေ့လုံးအလုံးကို သူ ခေါ်ခဲ့သည်။ သို့သော်လည်း လူတစ် ယောက်၏ နာမည်မှ ရှေ့ဆုံအလုံးကို ပိုင်စိုးပိုင်နင်းခေါ်ခြင်းသည် ရိုင်းစိုင်းသော အပြုအမူဖြစ်သည် ဟု ကလေးငယ်တစ်ယောက် တွေးထင်သလိုပင် ကျွန်မလည်း အစွဲကြီးရှိနေ သူဖြစ်ပါသည်။

ယခုတော့ အခြေအနေတွေအားလုံး ပြောင်းကုန်ပြီ။ သည်နေ့ မနက်ခင်း၏အတွေ့အကြုံများက ကျွန်မ ကို ရာထူး တိုးပေးလိုက်သလို ရှိသွားပြီ။ ကျွန်မ၏အဆင့်အတန်း ပိုမိုမြင့်တက်သွားပြီ။ သူနှင့် ကျွန်မ၏ ရင်းနှီးကျွမ်းဝင်မှု အဆင့် က မြင့်တက်သွားပြီ။ ကျွန်မ တွေးထင်ထားခဲ့သလို သူ့ထက်အများကြီး အောက် တန်း နောက်တန်း ကျသည့် ဘဝမျိုးမဟုတ်တော့ပါ။ ပြီးတော့ ကျွန်မကိုလည်း သူ နမ်းခဲ့ပြီ။ လက်ကို တစ်ကြိမ်။ ခေါင်းကိုတစ်ကြိမ်။ သို့သော် သူ နမ်းပုံကြီးက အလုပ်သဘောဆန်လွန်းလှပါ၏။ ကျွန်မ ကို နှစ်သိမ့်သည့်သဘောဖြစ်နေပါ၏။ ညင်ညင်သာသာကလေး နမ်းလိုက်ခြင်းဖြစ်ပါ၏။

သူ့အနမ်းကြီး က ကျွန်မ ဖတ်ဖူးထားသော အချစ်ဝတ္ထုများထဲက နမ်းသလိုလည်း မဟုတ်။ အသည်းတုန် အူတုန် စရာလည်း မကောင်း။ ရင်ဖိုပြီး ရှက်သွေးကလေး ဖြာသွားရသည်မျိုးလည်း မဟုတ်။ သူနှင့် ကျွန်မ၏ ဆက်ဆံရေးကို ပိုမိုချောမွေ့အောင် ပြုလုပ်လိုက်သည်နှင့်ပင် တူသေးတော့သည်။ အရာရာတို့ ကို ပိုမို ရိုးစင်းသွားအောင် ပြုလုပ်လိုက်သည်နှင့်ပင် တူလှပါ၏။ သူနှင့်ကျွန်မ ခြားနားသော ကွာဟချက် ကြီး ကိုလည်း ပေါင်းကူးတံတားထိုးပေးလိုက်သလိုရှိပါချေသည်။ သူ့ကို ကျွန်မက မက်ဇင်မ်လို့ ခေါ်ရ မယ်တဲ့လေ…။

ထိုနေ့မွန်းလဲပိုင်းတုန်း က မစ္စက်ဗန်ဟော့ပါးနှင့် ဖဲကစားရသည်မှာလည်း အခါတိုင်းလို ပျင်းရိငြီးငွေ့ဖွယ် ရာ မကောင်းတော့ ပါ။ သို့သော်လည်း မနက်ပိုင်းက ဘာတွေဖြစ်ခဲ့ကြောင်း ဖွင့်ပြောဖို့တော့ ကျွန်မမှာ သတ္တိမရှိရိုး အမှန်ပင်။ ဖဲကစားပြီး ဖဲချပ်များကို ဗူးထဲသို့ ထည့်သိမ်းရင်း အဘွားကြီးက ကျွန်မကို မေးပါ သည်။
"ပြောစမ်းပါဦး… ဒီဟိုတယ်ထဲမှာ မက်ဇ်ဒီဝင်းတား ရှိနေတုန်းပဲလား"
သည်လို အမေးခံလိုက်ရတော့ ရေငုန်သမား ကမ်းနဖူးပေါ်မှာ တုံ့ဆိုင်းဆိုင်းလုပ်နေသလို ကျွန်မလည်း ခဏတော့ တုံ့ဆိုင်းဆိုင်းဖြစ်သွားမိ ပါသည်။ ပြီးတော့ အမှန်ကို ကျွန်မ မပြောရဲတော့။
"ဟုတ်ကဲ့… ရှိနေပါလိမ့်မယ်။ စားသောက်ခန်းထဲကိုတော့ ထမင်း လာလာစားနေတာပဲ"

တစ်ယောက်ယောက် က အဘွားကြီးကို သံတော်ဦးတင်လိုက်ပြီဟု ကျွန်မ ထင်ပါသည်။ ကျွန်မတို့ နှစ် ယောက် တပူးတွဲတွဲလုပ်နေကြသည်ကို တစ်ယောက်ယောက်က မြင်တွေ့သွားပါလိမ့်မည်။ သို့တည်း မဟုတ် ကျွန်မကို တင်းနစ်ရိုက်နည်းသင်ပေးနေသူ ဆရာက အဘွားကြီးကို တိုင်လိုက်တာ လည်း ဖြစ် နိုင်သည်။ ဒါမှမဟုတ် ဟိုတယ်မန်နေဂျာက စာရေးအကြောင်းကြား လိုက်ခြင်းလည်း ဖြစ်နိုင်သည်။ ထို့ ကြောင့် ကျွန်မကို ဘယ်လိုများ ဆူပူကြိမ်းမောင်းလေမည်နည်း ဟု တွေးရင်း ငြိမ်ပြီး ကျွန်မ စောင့်နေမိ ပါသည်။

သို့သော်လည်း ကျွန်မ ထင်သလိုဖြစ်မလာပါ။ အဘွားကြီးက ဖဲချပ်များကို ဗူးထဲသို့ ဆက်ထည့်နေ သည်။ သူ့ အိပ်ရာခင်း စန့်စန့်ရန့်ရန့်ဖြစ်သွားအောင် ကျွန်မ ပြုလုပ်ပေးနေခိုက်တွင် မစ္စက်ဗန်ဟော့ပါးက အနည်း ငယ် သမ်းဝေလိုက်သည်။ ကျွန်မက ပေါင်ဒါဗူး၊ နှုတ်ခမ်းနီဆိုးဆေးများကို ယူပေးလိုက်သည်။ သူက ဖဲထုပ် ကို ဘေးမှာချလိုက်ပြီး စားပွဲပေါ်က လက်ကိုင်ကြည့်မှန်ကို ကောက်ယူသည်။
"လူကတော့ စွဲမက်စရာကောင်းလောက်တဲ့ လူချော။ ဒါပေမဲ့ စိတ်နေသဘောထားက ခပ်ဆန်းဆန်း ရယ်။ အသိရခက် တဲ့ စိတ်သဘောထားမျိုးလို့ ငါ ထင်တယ်။ ဟိုတစ်နေ့ စားသောက်ခန်းထဲမှာ တွေ့ကြ တုန်းက သူ့မန်ဒါလေစံအိမ်ကြီးကို လာလည်ဖို့ ငါ့ကို ဖိတ်တော့မယ်လို့ ထင်တာ… တစ်လုံးမှဟမသွား ဘူး" ဟု မစ္စက်ဗန်ဟော့ပါးက ပြောသည်။
ကျွန်မ က ဘာမျှပြန်ပြောဘဲ ငြိမ်နေလိုက်ပါသည်။ သူ့နှုတ်ခမ်းသား မာကျောကျောကြီးပေါ်မှာ ဆိုးဆေး ဖြင့် ကောက်ကြောင်းခြယ်နေသည်ကို သာ ငေးစိုက်ကြည့်နေလိုက်ပါသည်။

"သူ့မိန်းမ ကိုတော့ တစ်ခါမှ မမြင်ဖူးပါဘူး"ဟု ထိုစကားကိုပြောရင်း ကြည့်နေဆဲ မှန်ကိုပါ ဖယ်လိုက် သည်။ ကျွန်မ၏မျက်နှာပေါ်မှာ မည်သို့သော အမူအရာများ ပေါ်သွားလေသနည်းဟု စပ်စုနိုင်ရန်ဖြစ် သည်။
"ဒါပေမဲ့ အင်မတန် ချစ်စရာကောင်းတယ်ဆိုတာတော့ ငါ ယုံတယ်။ အဖိုးတန် ဝတ်ကောင်းစားလှတွေ က ကိုယ်ပေါ် မှာ အမြဲပဲတဲ့။ နေရာတကာမှာလဲ သိပ်ကို ထက်ထက်မြက်မြက်ရှိတယ်ဆိုပဲ။ သူတို့လင် မယား ဟာ မန်ဒါလေ စံအိမ်ကြီးမှာ အင်မတန်ကြီးကျယ်တဲ့ ဧည့်ခံပွဲကြီးတွေလဲ မပြတ်ခင်းကျင်းလေ့ရှိ သတဲ့။ မစ္စတာဒီဝင်းတား ဟာ သူ့မိန်းမ ကို အင်မတန် မြတ်နိုးတယ်လို့ ငါ ယုံတယ်။ အခုတော့ ကောက် ကာငင်ကာ နဲ့ ဗြုန်းကနဲ ကြေကွဲစရာ အဖြစ်ဆိုးကြီးကို ကြုံသွားရတော့တာပဲ၊ အင်း… ငါ့နှုတ်ခမ်းက နီနီ ရဲရဲကြီး နဲ့ ဆိုရင် ပေါင်ဒါ အရောင်ရင့်ရင့်နဲ့မှ လိုက်တော့မှာပဲ။ အဲဒီ ပေါင်ဒါဗူးကလေး လှမ်းလိုက်စမ်းပါ သမီး ရယ်… ဒီပေါင်ဒါဗူး ကို အံဆွဲထဲ ပြန်ထည့်သိမ်းထားလိုက်ပါနော်…"

တံခါးခေါင်းလောင်းမြည်သံကြားရပြီး ဧည့်သည်များရောက်လာမည့် အချိန်အထိ ပေါင်ဒါရိုက်၊ နှုတ်ခမ်း နီဆိုး၊ ရေမွှေးဆွတ် စသည့်အလုပ်များဖြင့် ကျွန်မတို့ဇယ်စက်သွားကြပါသည်။ ကျွန်မကလည်း သူတို့ ကို အရက်ခွက် ကမ်းခြင်း၊ ဝတ္တရားကျေစကား အနည်းငယ်ပြောခြင်း၊ ဓာတ်ပြားအသစ်လဲပေးခြင်း၊ စီးက ရက်တို များကို ရှင်းလင်းပေးခြင်းများဖြင့် ကိုယ့်အလုပ်ကိုယ် လုပ်နေရပြန်ပါသည်။
"နောက်ထပ် ပန်းချီများ ဆွဲဖြစ်သေးသလား မိန်းကလေးရေ…"ဟု ဘဏ်သူဌေးအဘိုးကြီးက မေးပါ သည်။ မမေးလိုသော် လည်း လောကဝတ်အရ မေးရသည့်သဘောမျိုးဖြစ်ကြောင်း ကျွန်မ သိပါသည်။ ကျွန်မ ကလည်း လောကဝတ် အရ အားယူပြီး ပြန်ပြုံးပြရပါသည်။

"သိပ်မဆွဲဖြစ်လှပါဘူးရှင်… စီးကရက်တစ်လိပ်လောက် ထပ်ယူပါဦးလားရှင်"
သို့ကလို ပြန်ဖြေရသော်လည်း ကျွန်မ၏စိတ်အစဉ်ကတော့ သည်နေရာတွင် မရှိပါ။ စိတ်က တစ်နေရာ သို့ လွင့်ပါးနေ ပါသည်။ မစ္စတာဒီဝင်းတား၏ဇနီးပုံကို စိတ်ကူးဖြင့် ပုံဖော်ကြည့်နေမိပါသည်။ သို့သော် လည်း ကျွန်မ ၏စိတ်ကူးထဲက သူ့ရုပ်ပုံသည် မပီဝိုးတဝါးဖြစ်နေပါသည်။ အသားရောင်တွေကလည်း မထင်ရှား။ မျက်လုံးနှင့် သူ့ဆံပင်ပုံများကိုလည်း ပုံဖော်၍ မရနိုင်အောင် ဖြစ်နေပါသည်။
တာရှည်ခံသည့် အလှ သူ့မှာရှိခဲ့သည်။ သူပြုံးပုံကလေးကလည်း တစ်ခါမြင်လျှင် တစ်သက်မမေ့နိုင် သော အပြုံးမျိုးဖြစ်သည်။ တစ်နေရာရာ မှာ သူ့အသံလွင်လွင်ကလေးကလည်း တွဲခိုနေပါလိမ့်မည်။ သူ ပြောခဲ့ သည့် စကားလုံးများကလည်း ပြန်လည်အမှတ်ရနေဖွယ်ရာ ကောင်းပါလိမ့်မည်။ သူ သွားလာ လည်ပတ်  ခဲ့သည့် နေရာပေါင်း မြောက်မြားစွာရှိသည်။ သူ့လက်နှင့်ထိတွေ့ကိုင်ခဲ့သော အရာဝတ္ထုတွေ လည်း ရှိသည်။ သူဝတ်ခဲ့ သည့် အဝတ်အစားများ ထည့်သွင်းသိမ်းဆည်းထားရာ ဗီရိုများလည်း ရှိ ကောင်း ရှိရပေမည်။ ထိုအဝတ်အစားများတွင် သူ သုံးခဲ့သည့် ရေမွှေးနံ့များနှင့် သူ့ကိုယ်သင်းနံ့ကလေး များလည်း ပြယ်လွင်ဦးမည်မဟုတ်သေး။

ကျွန်မ အိပ်ခန်းထဲ ရှိ ကျွန်မ၏ခေါင်းအုံးအောက်မှာပင် သူ့လက်များနှင့် ကိုင်တွယ်ခဲ့သည့် စာအုပ်တစ် အုပ်ရှိနေသေးသည်။ ပထမဆုံးစာမျက်နှာကို လှန်ရင်း ကောက်နေသည့် ကလောင်သွားမှာ မင်ကိုခါ ကာ စာရေး ရင်း သူ ပြုံးနေမည့်ပုံကိုပင် ကျွန်မ မြင်ယောင်နေမိပါသည်။
"မက်ဇင်… ရဘက်ကာထံမှ…"
ထိုနေ့သည် မက်ဇ်၏မွေးနေ့ဖြစ်ပေလိမ့်မည်။ အမျိုးသမီးက အခြားလက်ဆောင်ပစ္စည်းများနှင့်အတူ ထို စာအုပ်ကလေးကိုလည်း နံနက်စာစားမည့် စားပွဲပေါ်မှာ ရောနှောတင်ထားပေလိမ့်မည်။ ပြီးတော့ သူတို့ ဇနီးမောင်နှံနှစ်ယောက် ပြိုင်တူရယ်မောကြကာ လက်ဆောင်ပစ္စည်းများပေါ်ရှိ စက္ကူနှင့်ကြိုးများကို ဖြေ ကြပေလိမ့်မည်။ စာအုပ်ပေါ်မှာ "မက်ဇ်" ဆိုသော စာလုံးကလေးကို သူ ဖတ်နေသောအခါ အမျိုးသမီး က သူ့ပခုံးပေါ် မှကျော်ပြီး ကိုယ်ကို ကိုင်းကြည့်နေပေလိမ့်မည်။ သူ့ကို သည်မိန်းမက "မက်ဇ်" လို့ ခေါ် သတဲ့။ မှတ်မိလွယ်သော အမည်ဖြစ်သည်။ ရွှင်လန်းချမ်းမြေ့ဖွယ်ကောင်းသော အမည်လည်းဖြစ်သည်။ ပြီးတော့ အခေါ်ရလည်း လွယ်သည်။

အိမ်သားများ ကတော့ မက်ဇင်မ်ဟု ခေါ်ချင်လျှင်လည်း ခေါ်နိုင်ကြပါသည်။ သူ့အဘွားတွေ၊ အဒေါ်တွေ ကတော့ မက်ဇင်မ်ဟု ခေါ်ကြပေလိမ့်မည်။ ကျွန်မတို့လို အသက်ငယ်ပြီး ဘာမျှ အရေးမကြီးသူများအဖို့ တော့ မက်ဇင်မ်ဟု ခေါ်လည်း အကြောင်းမဟုတ်။ "မက်ဇ်" ဟူသောအမည်မှာ သည်မိန်းမ က ရွေးချယ် ထားခြင်းဖြစ်သည်။ သူပိုင်စကားလုံးဖြစ်သည်။ သည်နာမည်ကိုပင် ယုံကြည်ချက်ကြီး တစ်ခွဲသားဖြင့် ကဗျာစာအုပ် ရေခံစာရွက်ပေါ်တွင် သည်မိန်းမ ရေးခဲ့ပြီမဟုတ်လား။ မင်လုံးက ကြီးကြီး၊ လက်ရေးက စောင်းစောင်း၊ စာရွက်ဖြူပေါ်မှာ ထင်းလို့။ ထိုစာလုံးသည် ထိုအမျိုးသမီး၏ အမှတ်လက္ခဏာပင်ဖြစ်ချေ သည်။ သူ့ကိုယ်သူ အလွန်သေချာသူ၊ အလွန် စိတ်ချသူ ဖြစ်ချေသည်။

သည်လို ခံစားချက်မျိုးဖြင့် ဒီဝင်းတားထံသို့ အကြိမ်ပေါင်း ဘယ်လောက်များအောင် သူ ရေးခဲ့လေသ နည်း။
သူ့ယောက်ျား ခရီးသွားနေခိုက်တွင်လည်း စာရွက်အပိုင်းအဖြတ်များပေါ်တွင်လည်းကောင်း၊ စာမျက်နှာ တစ်ခုပြီး တစ်ခုပေါ်တွင်လည်းကောင်း သူတို့အကြောင်းကို ရေးပြနေပေလိမ့်မည်။ သည်မိန်းမ၏အသံ ကလည်း တစ်အိမ်လုံးမှာ တစာစာလွှမ်းမိုးနေလိမ့်မည်။ စာအုပ်ထဲမှာ ပေါ့ပျက်ပျက် ရေးလိုက်သလို သူ့ အသံကလည်း ပန်းခြံထဲအထိ ကျူးကျော်ပဲ့တင် ထပ်နေပါလိမ့်မည်။
ပြီးတော့ သူ့ကို ကျွန်မက မက်ဇင်မ် လို့ ခေါ်ရမယ်တဲ့ရှင်…။

အခန်း (၆)

ထုပ်ရပိုးရ သိမ်းရဆည်းရပြန်ပါပြီ။ တစ်နေရာကို ခွာရပြန်ဦးတော့မည်ဆိုတော့လည်း စိတ်ထဲက မကျေ နပ်ချင်မိ။ သေတ္တာများကို သော့ခတ်လိုက်။ ထိုသော့က ကြမ်းပေါ်မှာ ပွစကျဲနေသည့် စက္ကူစများကြား တွင် ပျောက်လိုက်ဖြင့် ဂျင်ခြေ လည်နေသည်။ သည်အလုပ်မျိုးကို ကျွန်မ အမြဲတမ်း မုန်းတီးမိပါသည်။ ယခုလည်း မုန်းတီးစိတ် များ တဖွားဖွားပေါ်နေမိပြန်သည်။ ကျွန်မဘဝသည် တစ်နေရာတည်းမှာ ကြာ ရှည်လေးမြင့် အတည်တကျနေ ရသည်ဟူ၍ မရှိ။ တစ်နေရာပြီးတစ်နေရာ ရွှေ့ပြောင်းသွားလာနေရ သည်ချည်း ဖြစ်သည်။ "သေတ္တာသွားရာ လူကပါရသည်" ဆိုသည့် စကားမှာ ကျွန်မအတွက်ပင် ရည် ညွှန်းလေရော့ သလားဟု ဆိုရတော့မည်ပင်။

ယခုလည်း ကြည့်ပါဦး။ စားပွဲအံဆွဲများကို ဖွင့်လိုက် ပိတ်လိုက်ဖြင့် ကိုယ့်ပစ္စည်းမကျန်ရစ်ရလေအောင် စစ်ဆေးကြည့်ရှု ရသည်။ အဝတ်ဗီရိုတံခါးများကိုလည်း ဖွင့်ဟထားရသည်။ သို့မှသာ ဘာတွေကြွင်း ကျန် နေရစ်သည်ကို အလွယ်တကူ မြင်တွေ့နိုင်သည်။
ကျွန်မ၏စိတ်ထဲမှာ ဝမ်းနည်းစိတ်များ တလူလူလွင့်လာသည်။ တစ်စုံတစ်ရာကို လက်လွှတ်ဆုံးရှုံးလိုက် ရသလို ခံစား ရသည့် စိတ်မျိုးဖြစ်သည်။ သည်နေရာကလေးမှာ ကျွန်မတို့ဇနီးမောင်နှံနေခဲ့ကြသည်။ ကျွန်မတို့ ဇနီးမောင်နှံ ကြည်နူးချမ်းမြေ့ခဲ့ကြသည်။

အချိန်ကာလအားဖြင့် မည်မျှပင် တိုတောင်းပါစေ၊ သည်နေရာကလေးကို အချိန်အတိုင်းအတာတစ်ခု အထိတော့ ကျွန်မ တို့ ပိုင်ဆိုင်ခဲ့ကြပါသည်။
သည်အမိုးအောက် မှာ ကျွန်မတို့ဇနီးမောင်နှံ နှစ်ညတာမျှ အိပ်စက်နားနေခဲ့ကြသည်မှန်သော်လည်း ကျွန်မတို့နှင့် သက်ဆိုင်ရာတစ်စုံတစ်ရာကို သည်နေရာမှာ ချန်ထားရစ်ခဲ့ရသလို ခံစားရပါသည်။ ရုပ် ဝတ္ထုအနေဖြင့်ကား မဟုတ်ပါ။ မှန်တင်ခုံဘေးမှာ ဆံညှပ်ကလေး တစ်ချောင်းမျှပင် မကျန်ရစ်ခဲ့သည်မှာ မှန်ပါ၏။ ခေါင်းကိုက်ပျောက်ဆေးပုလင်းခွံကလေး တစ်လုံးမျှပင် မကျန်ရစ်ခဲ့သည်မှာ မှန်ပါ၏။ ခေါင်း အုံးအောက်မှာ လက်ကိုင်ပဝါကလေးတစ်ထည်မျှပင် မကျန်ရစ်ခဲ့သည်မှာလည်း မှန်ပါ၏။ သို့သော် အမျိုးအမည် တပ်ကာ ဖော်ပြနိုင်စွမ်းမရှိသော တစ်စုံတစ်ရာတော့ ကျန်ရစ်ခဲ့သည်မှာ အမှန်ဖြစ်ပါချေ သည်။

ကျွန်မ စဉ်းစားကြည့်မိပါသည်။ ကျွန်မတို့ အတူတကွနေထိုင်ခဲ့ကြသည့် "အချိန်ကာလကလေးတစ်ခု" ဆိုသည် ကတော့ သည်နေရာမှာ ကျန်ရစ်ခဲ့ချေပြီ။ "စိတ်ခံစားချက်ကလေးတစ်ခု" ဆိုသည်ကတော့ သည်နေရာမှာ အမှန်တကယ်ပင် ကျန်ရစ်ခဲ့လေပြီ။
သည်နေရာကလေး က ကျွန်မတို့ဇနီးမောင်နှံကို နားခိုရာပေးခဲ့သည်။ သည်နေရာကလေးမှာ ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက် ချစ်တင်းတုံ့လှယ်စကားတွေ ကြွယ်ခဲ့ကြသည်။ ပတ်လည်မှာ နံရံများကာရံထား သည့် သည်အခန်းကလေးထဲမှာ ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက် ချစ်ရည်လူးကာ ရွှင်မြူးခဲ့ကြသည်။

ယင်းအဖြစ်အပျက်များက မနေ့က အဖြစ်အပျက်များပင်။ အားလုံး အတိတ်ဖြစ်သွားပါပြီ။ အတိတ်မှာ ကျန်ရစ်ခဲ့ကြပါပြီ။ မနေ့က အဖြစ်အပျက်များ မရှိတော့။ မနေ့ကအကြောင်းများ မဟုတ်တော့။ မနေ့က ဆို သည်မှာ ပြန်လည်ကိုင်ဖမ်း၍ လုံးဝမရနိုင်တော့။ တစ်နည်းတစ်ဖုံအားဖြင့်တော့ ပြောင်းလဲသွားကြပြီ။ မနေ့က ဖြစ်ပျက်ပြုလုပ်ခဲ့ကြသည်များကို ယခု ပြန်လည် ဖြစ်ပျက်အောင် ပြုလုပ်၍ ရနိုင်ပါသည် ထားဦး တော့။ မနေ့က မဟုတ်တော့ပြီ။ မနေ့က အဖြစ်အပျက်မဟုတ်တော့ပြီ။ မတူညီနိုင်ပြီ။
လမ်းဘေး တစ်နေရာရှိ တည်းခိုခန်းကလေးတစ်ခုမှာ နေ့လယ်စာစားဖို့  ကားထိုးရပ်လိုက်သည်ဆိုပါစို့။ ကိုယ်နှင့် အကျွမ်းတဝင် မရှိသော မှောင်နေသည့် အခန်းကလေးတစ်ခုထဲသို့ လက်ဆေးရန် ကျွန်မ ဝင် သွား မည်။ တံခါး လက်ကိုင်ကလေးကိုလည်း ကျွန်မမသိ။ နံရံတွင်ကပ်ထားရာမှ ကွာကျစပြုနေသည့် စက္ကူ ကိုလည်း ကျွန်မ မသိ။ လက်ဆေးကြွေခွက်ပေါ်ရှိ အနည်းငယ်ကွဲနေသော ကြည့်မှန်သည်လည်း ကျွန်မနှင့် အကျွမ်းတဝင် မရှိ။ အားလုံး အစိမ်းသက်သက်များသာ ဖြစ်ပါသည်။

ဘယ်လောက်ပဲ စိမ်းနေပါသည်ဆိုဆို သည်အချိန်ပိုင်းကလေးမှာတော့ ထိုအရာများအားလုံးသည် ကျွန်မနှင့် သက်ဆိုင်နေကြသည် ချည်း ဖြစ်ပါ၏။ ကျွန်မတို့ချင်း အပြန်အလှန် သိကျွမ်းနေကြသည့် သ ဘောဖြစ်ပါ၏။ ယခု ပစ္စုပ္ပန်တည့်တည့်အချိန်မှာ ကျွန်မတို့ချင်း ကျွမ်းဝင်နေကြသည့် သဘောပင် ဖြစ်ပါ ၏။ အတိတ်မရှိ၊ အနာဂတ်မရှိ။ သည်နေရာမှာ ကျွန်မလက် များ ဆေးကြောသုတ်သင်နေပါသည်။ အနည်းငယ်ကွဲနေသည့် ကြည့်မှန်ကလေးထဲမှ ကျွန်မကိုယ် ကျွန်မ ပြန်ကြည့်နေပါသည်။ ထိုပစ္စုပ္ပန်အ ချိန်ကလေး၏ ကျွန်မဖြစ်ပါသည်။ မှန်ထဲက ကျွန်မသည် ထိုပစ္စုပ္ပန်အချိန်ကလေး ၏ ကျွန်မ ဖြစ်ပါသည်။ သည်အချိန်ပိုင်းကလေးသည် ကုန်ဆုံး လွန်မြောက် သွားသေးသည် မဟုတ်။

ပြီးတော့ တံခါးကို ဖွင့်ကာ ကျွန်မကိုထိုင်စောင့်နေသည့် ခင်ပွန်းရှိရာ စားသောက်ခန်းထဲသို့ ကျွန်မ လှမ်း ဝင်သွားသည်။ ထိုအချိန်ပိုင်းကလေးမှာပင် ကျွန်မ၏အသက်သည် စောစောကထက် ကြီးရင့်သွားချေ ပြီ။ စောစောက အချိန်ပိုင်းများကို ဖြတ်သန်းလွန်မြောက်ခဲ့ပါပြီ။ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ခြင်း သည် သိနိုင်စွမ်း မရှိသော ရည်မှန်းချက်ပန်းတိုင်တစ်ခုသို့ ကျွန်မ ဦးတည်လိုက်ခြင်းဖြစ်ပါသည်။
ကျွန်မ၏ ခင်ပွန်းနှင့် ကျွန်မသည် အပြန်အလှန် ပြုံးရယ်လိုက်ကြသည်။ ကြိုက်နှစ်သက်ရာ နေ့လယ်စာ ကို မှာယူ စားသောက်ကြသည်။ ရောက်တတ်ရာရာ ထွေရာလေးပါးများကို ပြောကြဆိုကြမည်။ သည် အချိန် မှာပင် ကျွန်မကိုယ်ကျွန်မ ပြန်ပြောနေမိသည်။ "အခု ငါဟာ လွန်ခဲ့တဲ့ ငါးမိနစ်တုန်းက ငါ့ခင်ပွန်း ကို သည်နေရာမှာထားခဲ့ပြီး လက်ဆေးဖို့ ထသွားတဲ့ ငါ မဟုတ်တော့ပါကလား၊ စောစောက ငါဟာ အတိတ် မှာ ကျန်ရစ်ခဲ့ပြီ၊ ပျက်သွားပြီ၊ အခု ငါဟာ စောစောက ငါမဟုတ်တော့ဘဲ တခြား မိန်းမတစ် ယောက်ဖြစ်နေပြီ၊ စောစောက ငါထက် အသက်ပိုကြီးနေပါပြီ၊ ပိုပြီး ရင့်ကျက် တည်ငြိမ်နေပြီ"စသည်ဖြင့် ကျွန်မကိုယ်ကျွန်မ ပြန်ပြောမသည်။

မွန်တီကာလို အပန်းဖြေစခန်းမှာ ကျွန်မတို့ တည်းခိုခဲ့ကြသည့် ကိုတေဒါဇူးဟိုတယ်ကြီး ပိုင်ရှင်သစ် တစ်ယောက်၏ လက်သို့ ရောက်သွားပြီဖြစ်ကြောင်း၊ ကိုတေဒါဇူးဆိုသော မူလအမည်ကိုလည်း ပြောင်း လဲပစ်လိုက်ပြီဖြစ်ကြောင်း ဟိုတစ်နေ့က သတင်းစာထဲမှာ ကျွန်မ ဖတ်လိုက်ရပါသည်။ အခန်းများကို အလှ ပြန်ပြင်ပြီးပြီ။ အတွင်းပိုင်း အားလုံးကို ပြောင်းလဲပစ်လိုက်သည်။ ဒုတိယထပ်မှာရှိနေသည့် မစ္စက် ဗန်ဟော့ပါး တည်းခိုခဲ့သော အခန်းသည်လည်း လုံးဝရှိနိုင်တော့မည်မဟုတ်ပါ။ ကျွန်မ နေထိုင်ခဲ့ရ သည့် အိပ်ခန်း ကျဉ်းကျဉ်းကလေးသည်ပင် ကြက်ပျောက် ငှက်ပျောက် ဖြစ်နေလောက်ပြီ။ ထိုနေရာသို့ ဘယ်နံရောအခါ တွင်မှ ကျွန်မ ပြန်သွားတော့မည် မဟုတ်ကြောင်းကိုလည်း ကျွန်မသိနေသည်။

ကိုတေဒါဇူးဟိုတယ်ရှိ မစ္စက်ဗန်ဟော့ပါး၏အခန်းထဲက ကြမ်းပြင်ပေါ်မှာ ကျွန်မ ဒူးထောက်ထိုင်ရင်း အဘွားကြီး ၏သေတ္တာသော့များကို မကျွမ်းမကျင် ပိတ်ပေးနေခဲ့ရသည့် နေ့တစ်နေ့ကိုလည်း ယခုပင် ကျွန်မ သတိပြန်ရနေပါသည်။ ထိုအလုပ်မျိုးကိုလည်း နောက်ထပ် ဘယ်တော့မှ ကျွန်မ လုပ်တော့မည် မဟုတ်ပါ။
ထိုနေ့က သော့ခလောက်ကို ဖြှောက်ခနဲ ညှစ်ပိတ်လိုက်သည်နှင့်တစ်ပြိုင်တည်း ကျွန်မ၏ဘဝအဆစ် အပိုင်းလေး တစ်ခု နိဂုံးချုပ်သွားပါပြီ။ ပြတင်းပေါက်ကိုကျော်ပြီး အပြင်သို့ လှမ်းကြည့်လိုက်မိသည်။ ဓာတ်ပုံအယ်လ်ဘမ် ကို တစ်ရွက်ချင်း လှန်ကြည့်နေရသလို ရှိပါသည်။ အိမ်ခေါင်မိုးများကို တွေ့ရ သည်။ ပင်လယ်ပြင်ကြီး ကို လှမ်းမြင်ရသည်။ သို့သော်လည်း ထိုအရာအားလုံး ကျွန်မနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိတော့ပါပြီ။ သူတို့အားလုံး မနေ့ကအရာများ ဖြစ်သွားကြပြီ။ အတိတ်ကာလနှင့် သက် ဆိုင်သွားကြပြီ။

ယခု ကျွန်မတို့ရပ်နေသည့် အခန်းများသည်ပင်လျှင် ဟင်းလင်းပြင်ဖြစ်သွားပြီ။ ကျွန်မ တို့ပိုင်သည့် ပစ္စည်း များကို ဖြုတ်ယူသိမ်းဆည်းပြီးပြီ။ ကျွန်မတို့ကိုလည်း အလိုမရှိတော့။ မနက်ဖြန်တွင် သည်အခန်းထဲသို့ ကျွန်မတို့ အစားဝင်ရောက်နေရာယူတော့မည့် လူသစ်ကို မျှော်နေကြပြီ။
သေတ္တာကြီးများ ကို စင်္ကြံထဲမှာ ထုတ်ထားပြီးပြီ။ နောက်မှ ဆက်လက် သိမ်းဆည်းရမည့် အသေးအဖွဲ့ များသာ ကျန်တော့သည်။ "တစ်ဝက်တစ်ပျက် ကျန်နေသေးသည့် အဘွားကြီး၏ဆေးပုလင်းများ၊ စွန့် ပစ်ထား သည့် မျက်နှာလိမ်း ကရင်ဗူးများ၊ စုတ်ဖြဲထားသည့် ငွေတောင်းခံလွှာများ၊ ပေးစာများသာ ကျန် တော့သည်။ စားပွဲမှ အံဆွဲများသည်လည်း ပွင့်လျက်။ ဗီရိုများထဲမှာလည်း ဘာမျှမကျန်တော့။"
မနေ့မနက်တုန်း က မစ္စက်ဗန်ဟော့ပါးဖို့ ကော်ဖီထည့်ပေးနေတုန်း ကျွန်မကို သူက စာတစ်စောင်ပြ သည်။

"သမီးဟယ်လင်က စနေနေ့ကျရင် သင်္ဘောနဲ့ နယူးယောကို ပြန်တော့မယ်တဲ့။ ငါ့မြေး နန်စီကလေးက အူအတက်ပေါက် ချင်သလိုလို ဖြစ်နေတယ်။ ဒါကြောင့် အမေရိကန်ကို ပြန်လာခဲ့ဖို့ ဟိုကလဲ သူတို့ ဆီ ကြေးနန်းရိုက်ပြီး ခေါ်နေတယ်။ ငါလဲ ဘာလုပ်ရမယ်ဆိုတာ အခုမှပဲ ဆုံးဖြတ်နိုင်တော့တယ်။ တို့လဲ သူ တို့နဲ့အတူတူပြန်ကြမယ်။ ဥရောပမှာ ဒါလောက်ကြာကြာနေရတာ ငါဖြင့် သေချင်စော် နံလောက်အောင် ငြီးငွေ့နေပြီ။ နောက်ရာသီ စောစောပိုင်းမှာ တို့ပြန်လာကြရင် လဲ ဖြစ်သားပဲ၊ နယူးယောက်မြို့ကြီး ကို ရောက်ရတော့မယ်ဆိုတော့ မင်းစိတ်ထဲမှာ ဘယ်လိုနေသလဲ"
ထောင်သွင်း အကျဉ်းချထားခြင်း ခံရသည်ထက်ပင် ပိုမိုးဆိုးရွားပေလိမ့်မည်ဟု ကျွန်မ ထင်လိုက်မိပါ သည်။ ကျွန်မ၏ စိတ်အထင်က မျက်နှာပေါ်မှာပင် အမူအရာထင်ဟပ်သွားပုံရပါသည်။ ထို့ကြောင့် အဘွားကြီး က အံ့သြသွားသည်။ ပြီးတော့ စိတ်ပျက်သည့် အမူအရာ ပေါ်လာသည်။

"ကလေးမရေ… မင်းကတော့ ခက်ပါသေးတယ်ကွယ်။ မင်းမှာ ဘာကိုမဆို စိတ်တိုင်းကျနိုင်တယ်လို့ကို မရှိဘူး။ ငါဖြင့် မင်းကို နားမလည်နိုင်အောင် ဖြစ်နေမိပြီ။ ငွေကြေးတစ်ပြားတစ်ချပ်မှမရှိတဲ့ မင်းလို အဆင့်အတန်း မျိုးတွေ တို့တိုင်းပြည်မှာ ဘယ်လောက်တောင် အပျော်ကြီးပျော်နိုင်ကြတယ်ဆိုတာ မင်း သဘော မပေါက်ဘူး ထင်တယ်။ ယောက်ျားကလေးတွေဆိုတာ ရိုက်သတ်လို့ မကုန်နိုင်ဘူး။ ရပ်သပ် ရှု မောစရာတွေကလဲ မှိုလိုပေါက်၊ မင်းနဲ့ အဆင့်အတန်းချင်းတူတဲ့ အပေါင်းအသင်း အသိုင်းအဝိုင်းတစ်ခု ကိုလဲ မင်း ရမယ်။ ဒီမှာလို ငါ့အနားမှာ အမြဲထိုင်ပြီး ခိုင်းသမျှ လုပ်ပေးနေဖို့လဲ မလိုဘူး။ မွန်တီကာလိုမှာ မင်း မပျော်ဘူး လို့ ငါထင်နေတာ"
"ကျွန်မ ဒီမှာ နေသားကျနေပါပြီရှင်"ဟု စိတ်ညစ်ညစ်ဖြင့် ပါးစပ်ထဲ တွေ့ရာကို ထစ်ထစ်ငေါ့ငေါ့ပြောချ လိုက်မိပါသည်။ ကျွန်မ၏စိတ်ထဲမှာ ပဋိပက္ခကလေးတစ်ခု ဖြစ်ပေါ်နေသည်။

"ဟုတ်လား… အေး…ကောင်းတယ်။ ဒီလိုဆိုရင် နယူးယောက်မြို့မှာလဲ မင်း နေသားတကျဖြစ်အောင် လုပ်ရမှာပေါ့ ကွယ်။ ဒါဆို အားလုံး အဆင်ပြေသွားမှာပါ။ ဟယ်လင်တို့ စီးမယ့်သင်္ဘောကို မီဖို့ဆိုရင် လက်မှတ် ကိစ္စကို တို့ ချက်ချင်းလုပ်ကြမှ ဖြစ်တော့မယ်။ အောက်ထပ်က ဧည့်ကြိုရုံးခန်းကို တန်းပြေး ပေတော့။ နည်းနည်းပါးပါး ချက်ချက်ချာချာရှိတဲ့ ဟိုစာရေးခပ်ငယ်ငယ်ကလေးနဲ့ အစီအစဉ် လုပ်။ ဒီတစ် နေ့လုံးတော့ ဖင်ယားလို့တောင်မှ ကုတ်အားတော့မှမဟုတ်ဘူး။ မွန်တီကာလိုကို ခွဲရမှာမို့ မင်း အဖို့ အလွမ်းသယ်နေချိန် မရှိဘူးနော်"
တစ်ဆက်တည်း အဘွားကြီးက မကျေနပ်သလို ရယ်ပါသည်။ ပြီးတော့ စီးကရက်တိုကို ထောပတ်ခွက် ထဲ ထိုးခြေထည့် ကာ သူ့မိတ်ဆွေအပေါင်းအသင်းများကို ဖုန်းဆက်ရန် ထသွားသည်။
ဧည့်ကြိုရုံးခန်း သို့ ချက်ချင်း တန်းပြီး မပြေးဝံ့အောင် ဖြစ်နေမိသည်။ ထို့ကြောင့် ရေချိုးခန်းထဲသို့ ဝင်လာ ပြီး တံခါး ကို အတွင်းမှသော့ခတ်လိုက်သည်။ ပြီးတော့ သပေါ့ဖျာပေါ်မှာ ထိုင်ချကာ ခေါင်းကိုလက်နှစ် ဖက်ဖြင့် သိုင်းဖက် ထားမိသည်။

နောက်ဆုံးကျတော့လည်း ဒါမျိုးနှင့်ပင် ကြုံရလေတော့သည်။ တစ်နေရာတည်းမှာ အတည်တကျ မနေ နိုင် ဘဲ တစ်ရပ်တစ်ကျေးသို့ ပြေးရသည့် အလုပ်ကိုပင် လုပ်ရတော့သည်။ အားလုံး ပြည်ဖုံးကား ချသွား ပြန်ပါပြီ။
မနက်ဖြန် ညနေဆိုလျှင် မစ္စက်ဗန်ဟော့ပါး၏အစေအပါးတစ်ယောက်ပီပီ သူ၏လက်ဝတ်လက်စားဗူးနှင့် ခြုံစောင် ကို ကိုင်ပြီး ရထားတွဲထဲမှာ ကျွန်မ ရှိနေတော့မည်။ အဘွားကြီးကမူ ငှက်မွေးတစ်ချောင်း အလှ ထိုးထား သည့် ပုံပျက်ပန်းပျက် သူ့ဦးထုပ်အသစ်ကြီးကို ဆောင်းလျက်၊ သားမွေးအင်္ကျီကြီးကို ဝတ် လျက်၊ ထိုသားမွေး အင်္ကျီကြီးကြောင့် သူ့ကိုယ်လုံးကိုယ်ထည်မှာ ပုကွကွဖြစ်လျက် ရထားတွဲထဲမှာ ကျွန်မနှင့် မျက်နှာချင်း ဆိုင်ထိုင်နေပေလိမ့်မည်။

ရထားတွဲပေါ် က တဂျုံးဂျုံးမြည်နေသော တံခါးများရှိသည့် အခန်းကျဉ်းကလေးထဲတွင် ကျွန်မ တို့နှစ် ယောက်သား သွားတိုက် မျက်နှာသစ် လုပ်ကြရပေလိမ့်မည်။ ကြွေရေခွက်မှာ စိုရွှဲနေပေ လိမ့်မည်။ မျက် နှာသုတ်ပဝါ ကလည်း စိုထိုင်းထိုင်း ဖြစ်နေလိမ့်မည်။ ဆပ်ပြာခဲပေါ်တွင် ဆံပင်ကလေး တစ်ချောင်း ကပ် နေလိမ့် မည်။ သောက်ရေတကောင်းမှာ ရေတစ်ဝက်သာ ရှိပေလိမ့်မည်။
အသံ တဂျုံးဂျုံးမြည်ကာ ရထားကြီးက ကျွန်မတို့ကို သယ်ဆောင်ပြေးနေခိုက်မှာပင် မစ္စတာဒီဝင်းတား နှင့် ကျွန်မသည် တစ်စတစ်စဖြင့် မိုင်ပေါင်းများစွာ ဝေးကွာလာပြီဖြစ်ကြောင်း ရထားကြီး က ပြောပြနေ သလို ရှိလိမ့်မည်။ သည်လိုအချိန်မျိုးမှာ သူကတော့ ဟိုတယ်ထဲရှိ ကျွန်မသိ သည့် စားပွဲ မှာ တစ်ကိုယ် တည်းထိုင်ရင်း စာတစ်အုပ်ကို ဖတ်နေလိမ့်မည်။ သူ့ကိုခွဲခွာပြီး ကျွန်မ ထွက်လာခဲ့ ရသော်လည်း သူ့ စိတ်ထဲမှာ မည်သို့မျှ ထိခိုက်ခံစားရမည်မဟုတ်။ ကျွန်မ အကြောင်းကလေး ကိုတောင် မှ တွေးတော စိတ်ကူးနေလိမ့်မည်မဟုတ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, May 3, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၄)

အော်လီဗာ ရာထူးတစ်ဆင့်တက်ပြန်ပြီ။ သူ့ကုမ္ပဏီတွင် ထိပ်ဆုံးကလူဖြစ်နေပြီ။ အသက်လေး ဆယ့်လေး နှစ်အရွယ်တွင် အော်လီဗာ ၀တ်ဆင်သည် နယူးယောက် စီးပွားရေးလောကတွင် အငယ်ဆုံး ညွှန်ကြားရေးမှူး အဖြစ် လူတိုင်း၏ပါးစပ်ဖျားတွင် ရေပန်းစားနေပြီ။
သည် အတွက် အော်လီဗာကျေနပ်၏။ အလုပ်ကို ချစ်မြတ်နိုးသူမဟ်ုတ်လား။ ရာထူးရ ပြီ၊ မြတ်နိုးရသော ဇနီး ကောင်းတစ်ယောက်နှင့် ချစ်စရာသားသမီးသုံးယောက်ရှိပြီ။ ဘ၀တွင် ဘာများ လိုပါသေး သနည်း။ ဘာမှမလို တော့အောင် ပြည့်စုံနေပါပြီ။
ကို ဆက်ဖတ်ရန်...........

" အက်နက် ရှိနေမှာာပါ၊ ဒါပေမယ့် ဆာရာ့အထင် ….. "
" အို …. ဘာမှထင်မနေနဲ့၊ အ၀တ်လဲတော့ "
သူ့အနားရောက် လာသည့် ဆာရာ့အား တင်ပါးကို အသာပုတ်ပြီး ပြောလိုက်၏။ ပြီးတော့ မုတ်ဆိတ်ရိတ်ဓား ခလုတ် ကို ပိတ်လိုက်ပြီး ဇနီးလုပ်သူကို သိုင်းဖက်ကာ …..
" သိပ်ချစ်တာပဲ၊ ဒါလင်သိပါတယ်နော်၊ မောင်တော့ ကြာလေစွဲလမ်းလေပဲ "
သိပါသည်။ ဆာရာကောင်းကောင်း သိပါသည်။ ဆာရာလည်း ချစ်ပါတယ်မောင်ရယ်။ ချစ်လွန်းလို့ ဆာရာ့ အတွက် ခက်နေရ သည်လေ။

" ဆာရာလဲ မောင့်ကို သိပ်ချစ်ပါတယ်မောင်ရယ် "
ဆာရာ့ မျက်ဝန်းထဲတွင် ဆွေးရိပ်သမ်းနေသည်။ အော်လီက တင်းတင်းဖက်လိုက်၏။
" ကြည့်ရတာ ညှိုးနေသလိုပဲ၊ ဒီနေ့ ဘာအဆင်မပြေဖြစ်လို့လဲဟင် "
" အို …. ဘာမှ မဖြစ်ပါဘူးမောင်ရယ် "
အဆင်မပြေစရာ ဘာဆိုဘာမှမရှိတော့ပါ။ ကလေးတွေလည်း သူတို့ ကိုယ်သူတို့ထိန်းသိမ်းနိုင်ကြပြီး အိမ်ကိုလည်း အက်နက် က နိုင်နိုင်နင်းနင်း အုပ်ချုပ်နေပြီ။ ပြင်ပလူမှုရေးပရဟိတ ကိစ္စတွေကို ဆာရာ လျှော့ထားသည် မှာ နှစ်နှစ်ရှိပြီ။ စာရေးမည်ဆိုပြီး ဖြတ်ပစ်လိုက်ခြင်းဖြစ်၏။ သို့သော် ဘာတစ်ပုဒ် မှ ထွက်မလာပါ။
ဘာမှ မပြေလည်စရာ အကြောင်းမရှိတော့ပါချေ။ ငြီးငွေ့ခြင်း၊ အထီးကျန်ခြင်းကလွဲလို့ ပေါ့လေ။

" နည်းနည်း ပင်ပန်းလို့ထင်ပါတယ်၊ သြော် …. ဒါထက်ကြည့်စမ်း … မေ့ နေလိုက်တာ၊ ဖေဖေဂျော့ ဖုန်းဆက် တယ်၊ မောင့်ကို ပြန်ဆက်ပါတဲ့ "
" ဘာဖြစ်လို့တဲ့လဲဟင် "
မိဘနှစ်ပါးနှင့် ပတ်သက်လာလျှင် အော်လီဗာ စိတ်ပူတတ်သည်။ ဇရာထောက်နေကြပြီ မဟုတ် လား။ နှလုံး ရောဂါ တစ်ခါထပြီးကတည်းက ဖေဖေသည် အလျင်အတိုင်း ပြန်ဖြစ်မလာတော့ပါ။
" ဖေဖေ ဘာဖြစ်လို့လဲဟင်ဆာရာ "
" နေကောင်းပါတယ်၊ မေမေဈေးသွားတာကြာလို့ သူစိတ်ပူတာပါ၊ ပြန်ရောက်လာတော့ တစ်ခါထပ်ဆက် တယ်၊ ဒီလိုရာသီဥတု ထဲမှာ အဘွားကြီးအပြင်ထွက်တာကို သူစိတ်ပူတာဖြစ်မှာပါ "
" ဖေဖေဟာ အစိုးရိမ်သိပ်ကြီးလာတယ်၊ ဒါကြောင့် သူ့နှလုံးဒုက္ခပေးတာ၊ မောင်လဲ ခဏ ခဏ ပြောတြာပဲ၊ မေမေက သူ့ကိုယ်သူ ထိန်းနိုင်ပါတယ်လို့၊ မေမေ့ကို ဖေဖေက သိပ် စိတ်မမှန်တော့ ဘူး ထင်နေတယ်၊ မမှန် တာကို သူကွ၊ ပြန်လာမှပဲ ဆက်တော့ မယ်၊ စောပါသေးတယ်၊ လာ ….. မောင်တို့သွားကြစို့ "
သူ ပြုံးပြီးဆက်ပြောသည်။

" မောင် ခုနစ်နာရီမှာ သီးသန့်စားပွဲစီစဉ်ထားတယ်၊ ဒါ လျင်မြန်မြန်လုပ်နော် "
ဆမ်ကလေး ကို အနမ်းဖြင့်နှုတ်ဆက်သည်။ အက်နက်ကို ပျော်ပွဲစားရုံဖုန်းနံပါတ်ပေးခဲ့ပြီး ထွက်လာကြ သည်။ ဘင်ဂျမင် က ထွက်သွားနှင့်ပြီ။ အသားကင်တုံးကြီးနှင့် ဟင်းသီးဟင်းရွက်တွေ အ၀အပြဲစားပြီး မအေ့ ကားသော့ယူကာ လစ်သွားခြင်းဖြစ်၏။
ပျော်ပွဲစားရုံကလေး မှာ နွေးနွေးထွေးထွေးနှင့် ချစ်ဖို့ ကောင်းလှသည်။ ပြင်သစ်ဆန်ဆန် မွမ်းမံပြင်ဆင် ထား၏။ မီးလင်းဖို ထဲတွင် မီးတွေ တဟိန်းဟိန်းနှင့်။ အစားအသောက်ကလည်း အဆင့်မြင့်ကောင်းမွန်လှ သည်။

အေးအေးလူလူ အနားယူပြီး အော်လီပြောပြသည့် ရာထူးတက်ကြောင်း မင်္ဂလာသတင်းကို နားထောင် သည်။ ထူးဆန်းသည် မှာ မိမိကိုယ်တိုင်အတွက် စိတ်လှုပ်ရှားခြင်း အလျှင်းမရှိတော့ခြင်းပင်။ သူ့အတွက် ကား ၀မ်းသာပါသည်။ သို့သော် မိမိနှင့် သူ့အောင်မြင်မှု မဆိုင်တော့ပေ။
စားသောက် ပြီးစီးတော့ အော်လီက ကုလားထိုင်နောက်မှီပြီး ဆာရာ့ကို အကဲခတ်သည်။ တစ်မူထူးခြားနေ သည်တော့ အမှန်။ ဘာရယ်လို့တော့ အော်လီအကဲမခက်တတ်။ ခါတိုင်းဆိုလျှင် ဆာရာ့ရင်ထဲကို အော်လီ ကြည့်မြင် တတ်သည်။ သည်ညတော့ ဘယ်လိုမှ အဓိပ္ပာယ်ဖော်လို့မရဖြစ်နေ၏။

သူ့ကြည့်ရသည်မှာ ဟိုအဝေးကြီးသို့ ရောက်နေသလိုလို၊ မိမိကိုကြည့်သည့် မျက်လုံးများက ကြေကွဲနေသ လိုလို။ ဘုရား … ဘုရား၊ ရင်ထဲထိတ်သွားသည်။ သူ့မှာ ချစ်သူ အသစ်များရှိနေလို့လား။ ဒါလည်း မဖြစ် နိုင်ပါ။ ယောက်ျားပေါ် အလွန်သစ္စာရှိသည့် ဆာရာ။ ပြီးတော့ သိပ်ရိုးသား အပြစ်ကင်းသည့် ဆာရာ။ ဒါတွေ ကြောင့် ပုံအော ချစ်နေရခြင်းမဟုတ်လား။
ဤသို့ မတင်မကျနှင့်ပင် နောက်ဆုံး ရှန်ပိန်နျင့် အချိုပွဲမှာလိုက်ရသည်။ ဖယောင်းတိုင် မီးရောင်အောက်တွင် ဆာရာသည် လှချင်တိုင်း လှနေသည်။ လေးဆယ့်တစ်နှစ်အရွယ်တွင် သုံးဆယ် ရွယ် အမျိုးသမီးထက် ပို၍ နုပျို ငယ်မျစ်စွဲ ချစ်စရာကောင်းနေ၏။ ကိုယ်နေဟန်မှာ အပျိုတုန်းက အတိုင်းပင်။ တစ်သားမွေး တစ်သွေးလှပခဲ့သဖြင့် ဆာရာ၏ အလှသည် ပို၍တည်ငြိမ်လာ၏။ မိန်းမ ကျက်သရေအပြည့် ဖြစ်လှသည့် အလှမျိုး။

" ဒါလင် ဘာတွေစိတ်အနှောင့်အယှက်ဖြစ်နေလဲဟင် "
အော်လီ့ အသံတွင် ကြင်နာမှုတွေ ပြည့်လျှမ်းနေ၏။ ဇနီးသည်၏ လက်ကို ဆွဲယူပြီး မေးလိုက်၏။ သူ ဘယ် လောက်ဖြူစပ်ကြောင်း၊ ဘယ်လောက်မြင့်မြတ်ကြောင်း၊ ပြီးတော့ မိမိကိုလည်း ဘယ်လောက် ချစ်ကြောင်း ဆာရာသိပါ၏။
" ဟင့်အင်း … ဘာမှမဖြစ်ပါဘူး မောင်ရဲ့၊ ဘာလို့ အဲဒီလိုမေးတာလဲဟင်၊ ဘယ်လောက်ပျော်စရာကောင်း တဲ့ ညလဲ "
လှန်ခဲ့သည့် နှစ်ဆယ့်နှစ်နှစ် ရင်းနှီးခဲ့သူဖြစ်၍ သူညာပြောနေမှန်း အော်လီဗာသိနေသည်။

" မောင်တို့ လက်ထပ်ခဲ့တာ ၁၈ နှစ်ပြည့်ပြီနော်၊ ခုလို အဘိုးကြီးဖြစ်လာတဲ့အထိ ဒါလင့်ကို မောင် ချစ်လို့ မ၀သေး ဘူး၊ ခုထိ ရင်ခုန်တုန်းပဲ "
" ဘာလို့ ကိုယ့်ကိုယ်ကို အဘိုးကြီးဖြစ်ပြီလို့ ပြောရတာလဲ "
" ဒါလင့်လောက် အချစ်ခွန်အားတွေ မရှိတော့လို့ပေါ့၊ ကဲ …. ပြောစမ်းပါ၊ ဒါလင် ဘာတွေစိတ်ဓာတ် ကျနေ တာလဲ"
" အို ….. ဘာမှ မဖြစ်ပါဘူးဆို "
" စောစောပိုင်းကလေးက ပြောတာလေ၊ မောင် အိမ်ပြန်ရောက်စကလေ အချစ်ဆုံး သူငယ်ချင်း တစ်ယောက် သေသွားတဲ့အတိုင်းပဲ "
" ဟာ ….. မောင်ကလဲကွာ ပေါက်ပေါက်ရှာရှာ "
သို့သော် သူပြောသလို ခံစားနေရသည်တော့ အမှန်၊ ကျောင်းပြန်တက်မည်ဆိုလျှင် သူနှင့်ဝေး ရတော့မည်။ သူက မိမိရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ မဟုတ်လား။
" မောင့် ကို မလိမ်နဲ့၊ ဒါလင် တစ်ခုခုဖြစ်နေတယ်၊ စာရေးလို့ မရလို့လားဟင် "

" ဟုတ်ချင် ဟုတ်မှာပေါ့လေ၊ ရေးလို့ကိုမရဘူး၊ နောင်ကော ရပါဦးမလားမသိဘူး၊ စာပေဟာ ဆာရာ ငယ်ဘ၀တုန်း က လျှပ်ပြတ်သလိုတဒင်္ဂ ဖြစ်ထွန်းမှုလားမသိဘူးနော် "
ပခုံး တွန့်ပြီး ပြောလိုက်သည်။ နှစ်နှစ်အတွင်း သည်ကိစ္စကို သည်တစ်ကြိမ်သာ ပေါ့ပေါ့တန်တန် သဘော ထားနိုင်ခြင်းဖြစ်၏။
" ဘာ …. မဟုတ်တာ၊ ဒါလင် ဘယ်လောက်စာရေးကောင်းတယ်ဆိုတာ မောင်သိပါတယ်ကွာ၊ တစ်နေ့ မှာ ပြန်ရေးလို့ ရလာမှာပါ၊ လောလောဆယ် ရေးချင်တာတွေ ရှိလျက်နဲ့ ရေးချလို့ မရတာ မဟုတ်လား၊ အပြင် လောကထဲထွက်ပြီး ရေးကွက်ရှာဖို့ လိုချင်လိုမှာပေါ့၊ ဒီသမားရိုးကျ ဘ၀ကနေပြီး ….. "
ဟင် ….. မထင်ဘဲ သူက လမ်းဖွင့်ပေးနေပြီကော။

" အဲ့ဒီကိစ္စ ဆာရာ စိတ်ကူးနေပါတယ် မောင် "
ခပ်ဆဆ ပြောလိုက်၏။
" ဟုတ်လား ….. အဲဒီတော့ …… "
" မောင်ဘာဆိုလိုတာလဲ၊ အဲဒီတော့ ဆိုတာ "
ဆာရာ့ရင်ထဲတွင် ကြောက်စိတ်တွေ လှိုင်းထလာသည်။ ပထမဆုံးအနေဖြင့် လင်တော်မောင် အား ကြောက်ရွံ့စိတ်ဝင်လာခြင်း။
" မောင့်မိန်းမ က ဘာမဆို စမိရင် ဆုံးအောင်လုပ်တယ်ဆိုတာ မောင်အသိဆုံးလေ "
သူ့ကိုကြည့်ပြီး ဆာရာ ပြုံးသည်။ ပြောချင်စိတ်လုံးဝမရှိပါ။

" ပြောပါ ဒါလင်ရယ်၊ လိပ်ခဲတည်းလည်းကြီးနဲ့ နေရတာ မောင်ရူးချင်လာပြီ "
" ဘာရယ်လို့တော့ မဟုတ်ပါဘူး မောင်ရယ်၊ ဒီအရွယ်မှာဖြစ်တဲ့ သဘာဝမျိုးပဲ ထင်ပါရဲ့ "
သည်တော့ မှ အော်လီဗာ ပြုံးလာနိုင်သည်။
" သြော် ….. ဒီကိစ္စပဲလား၊ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တစ်ခါဖြစ်ဖူးတယ် မဟုတ်လား၊ ကဲ … ပြောပါ ဒါလင် ရယ်၊ မောင့်ကို ချစ်ရင်ပြောနော် "
" ဘာရယ်လို့လဲ ဆာရာ သေသေချာချာ မသိသေးပါဘူး။ မောင်ရယ် "
အော်လီဗာ မျက်နှာညှိုးသွားသည်။

" မောင့်နဲ့ပတ်သက်ုလို့လားဟင် "
" ဟာ ….. မောင်ကလဲမဟုတ်တာ၊ မောင့်လောက် တော်ဖြောင့်မှန်ကန်တဲ့ ယောက်ျားမျိုးနဲ့ ဘာ ပတ်သက် စရာရှိလဲ ခုဟာက အင်း ….. ဆာရာနဲ့ပဲ ပတ်သက်ပါတယ်လေ၊ ဆာရာ့ရင်ထဲမှာ တစ်စုံ တစ်ခု လစ်ဟာ နေတယ်၊ အဲဒီဝေဒနာက ပိုပိုဆိုးလာတယ်၊ ဆာရာဟာ ဒီအိမ်ရဲ့ အဓိကအခန်းမှာ မရှိဘဲ အထောက် အကူ ပြုပစ္စည်းတစ်ခုပဲဖြစ်နေတယ်၊ လက်ထပ်ပြီးကတည်းက ဆိုပါတော့လေ "
အသက်မရှု ဘဲ ရင်တထိတ်ထိတ်နှင့် အော်လီဗာနားထောင်နေသည်။ ရှန်ပိန် ရွှန်းမြသော ညစာ ၀ိုင်းကလေး၊ ၀ိုင်းကလေး တငြိမ့်ငြိမ့်နှင့် ညခင်းကလေးကို အော်လီ လုံးဝမေ့နေပြီ။
" ဆာရာ ဘာတစ်ခုမှ မလုပ်ရသေးဘူး၊ မောင်က အများကြီး၊ အများကြီး လုပ်ပေးခဲ့ပြီးပြီ "
" ဟာ ….. မဟုတ်တာကွာ၊ မောင်လဲ သူလိုကိုယ်လိုပါပဲ "

" ဘယ်ကလာ၊ မောင့်အောင်မြင်မှုတွေက စာဖွဲ့လောက်တာတွေချည်းပါပဲ၊ ခုညအထိ မောင် သရဖူဆောင်း တဲ့သတင်းပေးနိုင်တုန်း မဟ်ုတ်လား၊ နောက် ငါးနှစ်ဆိုရင် "ဘာရိုနှင့်ဒေါဆင်" ကုမ္ပဏီရဲ့ အထွတ်အထိပ် ကို မောင် ရောက်တော့မှာ၊ နယူးယောက် စီးပွားရေးလောက အောင်မြင်မှုတကာရဲ့ အထွတ်အထိပ်ကို မောင်ရောက်မှာလေ "
" ဒါတွေက တည်မြဲတဲ့ သဘောတွေ မဟုတ်ပါဘူး ဆာရာရယ်၊ ဒါလင်သိပါတယ်၊ မက်မောလောက်တယ် ဆို တာတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် သာမညကိစ္စတွေပါ၊ ဒါလင်က တန်ဖိုးမဖြတ်နိုင်တဲ့ ကလေး သုံးယောက် မောင့်ကို မွေးပေးခဲ့ပြီးပြီလေ။ ဒါထက်အရေးကြီးတာ ဘာများရှိသေးလို့လဲ "
" ခုတော့ သိပ်အကြောင်းမထူးတော့ပါဘူးလေ၊ သူတို့တစ်တွေလဲ ကြီးလာကြပြီပဲ၊ ကိုယ့်လမ်းကိုယ်သွား ကြတော့မှာ၊ ဘင်ဂျမင်နဲ့ မယ်လီဆာဆိုရင် မကြာခင် ထွက်ကြတော့မယ်၊ ဆမ်ကလေး တက္ကသိုလ် သွားတဲ့အထိ ဆာရာထိုင်စောင့်ရမှာလားမောင်၊ အက်နက်နဲ့ အိမ်မှုကိစ္စတွေပြော ရင်း နောက်ထပ်နှစ်များစွာ ကုန်ဆုံးရဦးမှာလားဟင် "

ဆာရာပြောရင်း မျက်ရည်တွေလည်လာသည်။ ဆာရာ၏ နေ့လယ်ခင်းများသည် သူသိထားသည်နှင့် တခြားစီ ပါလား ဆာရာသည် စာမရေးဖြစ်သည့်တိုင် စာအုပ်တွေနှင့် မွေ့လျော်နေသည်ဟု ထင်ခဲ့၏။
" သြော် ….. ဒါလင်ရယ်၊ ဘာလို့ ဒါလောက်စိတ်ပျက်လက်ပျက်ဖြစ်နေရတာလဲ၊ ဒါလင်လုပ်ချင်တာလုပ်ဖို့ ဘယ်သူ တားနေလို့လဲ "
အော်လီက ခပ်ပေါ့ပေါ့ပြောလငိက်ခြင်းဖြစ်၏။ ဆာရာရင်ထဲတွင် ကိန်းအောင်းနေသည့် ရည်မှန်းချက် အစိုင် အခဲ သူ မခန့်မှန်းတတ်။ ဘယ်တုန်းကမှ အမှန်အတိုင်း အကဲမခတ်မိ။ အားလုံးကို ဆာရာ လက်လျှော့ ခဲ့ပြီး မိသားစု ဘ၀ထဲတွင် မြှုပ်နှံထားလိုက်ပြီဟု နားလည်ထားခဲ့၏။ ရက်ကလစ်က ဘွဲ့လက်မှတ်များ ကိုလည်း သူမေ့နေပြီထင်ခဲ့၏။
" မောင် တကယ်ပြောတာလားဟင် "

" တကယ်ပြောတာပါ၊ ဒါလင့် စေတနာဝန်ထမ်းအလုပ်တွေ လုပ်နိုင်သားပဲ၊ အချိန်ပိုင်းအလုပ်တွေ ၀င်လုပ် နိုင် သားပဲ၊ ၀တ္ထုတွေ ပြန်ရေးနိုင်သားပဲ၊ စိတ်ထဲမှာ ဖြစ်စေချင်တာ မှန်သမျှ ဖြစ်အောင် လုပ်ပေါ့ ဒါလင်ရဲ့ "
ဆာရာ သက်ပြင်းချသည်။ ပြောဖို့အကွက်တော့ဆိုက်ပြီး ခရစ္စမတ်အထိ မစောင့်နိုင်တော့ပြီ။
" ဆာရာကျောင်းပြန်တက်ချင် တယ် မောင် "
ဆာရာ့အသံက တိုးတိုးကလေးထွက်လာသည်။ အော်လီ့ရင်ထဲ အလုံးကြီးကျသွားသည်။ အင်း ….. တော်ပါ သေးရဲ့။ သူ့မှာ ချစ်သူရှိနေတာမဟုတ်ဘူးတဲ့။
" ဟာ ….. သိပ်ကောင်းတာပေါ့၊ နယူးယောက် ပြည်နယ်တက္ကသိုလ်မှာတက်ပေါ့၊ အချိန်ပိုင်းတက်ပြီး ဒါလင် ကြိုးစား ရင် မဟာဝိဇ္ဇာတောင်ရနိုင်သေးတယ် "
အော်လီဗာပြော ပုံကြောင့် ဆာရာ စိတ်ပျက်သွားသည်။ အနီးအနားကကျောင်းကိုတက်ရမည်တဲ့။ ပြီးတော့ အချိန်ပိုင်းတဲ့။ ဘယ်နှစ်နှစ်နေမှ မဟာဝိဇ္ဇာရမှာလဲ။ ဆယ်နှစ်လား၊ နှစ်နှစ်ဆယ်လား။ ရသစာပေ သင်တန်း မှာ တက်နေသည့် အဘွားအိုတွေလို ဖြစ်နေတော့မှာပေါ့၊ သင်တန်းလည်းပြီးရော လက်တုန်ခြေတုန်နှင့် ဘာမှ မရေးနိုင်တော့ဘူးလေ။
" ဆာရာ လုပ်ချင်တာ အဲဒီလိုမဟုတ်ဘူးမောင် "

ဆာရာ့အသံ သည် ပို၍ ခိုင်မာလာသည်။ ပို၍ ပြတ်သားလာသည်။ အော်လီဗာသည် ရုတ်ခြည်းရန်သူဖြစ် သွားလေပြီး မိမိဆန္ဒမှန်သမျှ ကို ပိတ်ပင်တားဆီးနေသည့် လူသားတစ်ယောက်ဖြစ်သွားလေပြီ။
" ဒါလင် က ဘယ်လိုလုပ်ချင်လို့တုံး "
အော်လီဗာ စိတ်ရှုပ်သွားသည်။ ဆာရာ မျက်စိကို ခဏပိတ်လိုက်ပြီးမှ ခပ်ဖြည်းဖြည်းပြန်ဖွင့်သည်။
" ဟားဗတ်တက္ကသိုလ်မှာ မဟာဝိဇ္ဇာယူဖို့ ဆာရာ စီစဉ်ပြီးပြီ၊ ကျောင်းဝင်ခွင့်လဲရပြီးပြီမောင် "
နှစ်ယောက်သား အကြာကြီးတိတ်သွားသည်။ အော်လီဗာက ဇနီးလုပ်သူကို စိုက်ကြည့်ပြီး နားလည်အောင် ကြိုးစားနေ သည်။ သို့သော် ဘာမှနားမလည်ပါ။ ဆယ့်စုနှစ်နှစ်ခုနီးပါး အတူအိပ်ခဲ့သည့် မိန်းမ သည် ယခု မိမိ ရှေ့တွင် သူစိမ်းပြင်ပြင် ဖြစ်နေပါပြီကော။

" အဲဒါဘာအဓိပ္ပာယ်လဲ၊ ဘယ်တုန်းကကျောင်းဝင်ခွင့်လျှောက်လိုက်တာလဲ "
" သြဂုတ်လ ကုန်ပိုင်းလောက်က လျှောက်လိုက်တာ "
ဆာရာ ခပ်အေးအေးပြန်ပြောသည်။ ဆုံးဖြတ်ပြီးလဆင် နောက်မဆုတ်တမ်းလုပ်တတ်သည့် ငယ်ငယ်က ဆာရာ ၏ ပုံစံကို ပြန်မြင်ရ၏။
" ကောင်းပါတယ်၊ ခုလိုထုတ်ပြောတာလဲ ကောင်းပါတယ်၊ ၀င်ခွင့်ရပြီဆိုတော့ ဘယ်လိုစီစဉ်မယ်ဆိုတာ စိတ်ကူးထားတာ ရှိလား "
" လျှောက်တုန်းကတော့ ဘာရယ်လို့ မဟုတ်ဘူး၊ ဘင်ဂျမင်က ဟားဗတ်လျှောက်မယ်ဆိုလို့ စိတ်ကူးပေါက်ပြီး လျှောက်လိုက်တာလေ၊ ရမယ်လဲမထင်မိဘူး "
" အင်း ….. အမေနဲ့သား စည်းလုံးပါပေတယ်၊ ကဲ ….. ခာ ဘယ်လိုလုပ်မလဲ "

အော်လီံရင်ထဲတွင် ဗလောင်ဆူနေပြီ။ အိမ်မှာဆိုလည်း အကောင်းသား။ အခန်းထဲတွင် လမ်းထလျှောက် နေလို့ ရသည်။ ခုတော့ စားသောက်ဆိုင်ထောင့်မှာ ပိတ်မိနေသလို ဖြစ်နေ၏။
" ဒါလင် ခုပြောနေတာတွေက အလေးအနက်ပြောနေတာလားဟင် "
ဆာရာ သူနှင့် မျက်လုံးချင်းဆိုင်လိုက်သည်။ ခပ်ဖြည်းဖြည်း ခေါင်းညိတ်ပြီး …..
" ဟုတ်တယ်အော်လီ "
" ကင်းဘရစ်ကို ပြန်သွားမှာပေါ့ ….. ဟုတ်လား "
မိမိခုနစ်နှစ်နေခဲ့သည့်ကျောင်း၊ ဆာရာကလေးနှစ်၊ သည်ကာလများသည် ဟိုအဝေးကြီးတွင် ကျန်ခဲ့ပြီ ဟု အော်လီခံစားရသည်။ ဘယ်အကြောင်းကြောင့်မှ သည်ကျောင်းနှင့် ပြန် ပတ်သက် ယှက်နွယ်တော့မည် မဟုတ်။
" စဉ်းစားနေတုန်းပါပဲ "
စင်စစ် ဆာရာ ဆုံးဖြတ်ပြီးပါ၏။ သို့သော် အမှန်အတိုင်း မပြောရက်ပါ။ ရက်စက်လွန်းရာကျမည်လေ။

" ပြောပါဦး၊ မောင်က ဘာလုပ်ရမှာလဲ၊ အလုပ်ထွက်ပြီး လိုက်ခဲ့ရမှာလား "
" ဆာရာ မသိသေးပါဘူးမောင်ရယ်၊ ဘာမှ အသေးစိတ် မစဉ်းစားရသေးပါဘူး၊ မောင့်ဘက်က ဘာမှလုပ် ဖို့ မလိုပါဘူး၊ ဒီကိစ္စက ဆာရာတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်ပဲ "
" သြော် …. သြော် ….. ကျန်တဲ့မိသားစုအတွက်ကျတော့ကော မင်းက ကျောင်းသူဘ၀ပြန်ဖြစ်သွားတော့ တို့သားအဖတွေ ဘာလုပ်ကျန်ရစ်ရမှာတုံး၊ မယ်လီဆာနဲ့ ဆမ်ကို မင်းထည့် မစဉ်းစားတော့ဘူးလား "
သူ စိတ်ဆိုးစပြုလာပြီ။ စားပွဲထိုးတစ်ယောက်ကို စိတ်မရှည်သည့် အမူအရာဖြင့် ပိုက်ဆံယူဖို့ လှမ်းပြီး အချက်ပြ လိုက်သည်။
သည်မိန်းမ ရူးနေပြီထင်ပါရဲ့။ တကယ်ရူးသွားပြီလားမသိ။ ချစ်သူတွေ့နေတာကမှ အဓိပ္ပာယ် ရှိဦးမည်။ အော်လီဗာအတွက် ခံသာဦးမည်။ ရှင်းလို့ လွယ်ဦးမည်။ ထိုတဒင်္ဂတွင် အော်လီဗာ အတွေးတွေ ယောက် ယက်ခက်နေ၏။
" စဉ်းစားစရာတွေအားလုံး ဆာရာမမေ့ပါဘူး မောင်ရယ်၊ ဒါကြောင့် စဉ်းစားဖို့လိုတာတွေကို စဉ်းစားနေ တာပေါ့"
" မင်းအတွက်လိုတာက ကျွမ်းကျင်တဲ့စိတ်ရောဂါ ဆရာဝန်ပဲဆာရာ၊ မင်းဟာ ဦးနှောက်ပျက်နေတဲ့ အိမ်ရှင် မ တစ်ယောက်ပဲ "
သူ ၀ုန်းခနဲထရပ်သည်။ ဆာရာက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေ၏။ နှစ်ပေါင်းများစွာ အဖိနှိပ် ခံထားရ သည့် မျိုသိပ်စိတ်တွေ ရင်ထဲတွင် ပွက်ပွက်ဆူလာသည်။

ဆာရာ မတ်တတ်ထရပ်သည်။ သူနှင့် မျက်နှာချင်းတည့်ထည့် ထိုင်လိုက်သည်။ စားပွဲထိုးက ခပ်လှမ်းလှမ်း မှ ယဉ်ကျေးစွာ ရပ်စောင့်နေ၏။ အနီးအနားမှ စားသုံးသူတွေကလည်း ကြားဟန်ပြုပြီး နားစွင့်နေကြပြီ။
" ရှင် ကျွန်မကို နားမလည်ပါဘူး၊ ငယ်ဘ၀က အိပ်မက်ခဲ့သမျှ ရည်မှန်းချက်တွေ ဘာတစ်ခု မှ ဖြစ်မလာဘဲ အားလုံးအလျှော့ပေး၊ အရှုံးပေးရတဲ့ဘ၀မျိုးကို ရှင် ဘယ်ကိုယ်ချင်းစာတတ်မလဲ၊ ရှင့်မှာက ရာထူး ရှိတယ်၊ အဆင့်အတန်းရှိတယ်၊ မိသားစုရှိတယ်၊ ပြီးတော့ သတင်းစာယူပေးမယ့်၊ ဖိနပ်တိုက်ပေး မယ့် မိန်းမ ရှိတယ်၊ ခွေးတစ်ကောင်လို ရှင့်ကို သစ္စာရှိတဲ့ မိန်းမလေ …..
" ရှင် ကျွန်မဘက်ကို ၀င်ကြည့်ဖူးသလား၊ ကျွန်မမှာ ဘာရှိသလဲ၊ ကျွန်မဖြစ်ချင်တာတွေ ဘာ တစ်ခု ဖြစ်ခဲ့ရ သလဲ၊ ဘယ်တော့ ဖြစ်လာမှာလဲ၊ ရှင်သေမှ၊ ကလေးတွေ အိမ်ထောင်ရက်သား ကျမှ ဖြစ်လာမှာလား၊ အဲဒီ အခါ ကျွန်မ အသက်က ကိုးဆယ်၊ ဒီမယ် ….. အော်လီဗာဝတ်ဆင် ….. ကျွန်မ အဲဒီလောက်မစောင့်နိုင်ဘူး၊ ခု လိုချင်တယ်၊ ဒီထက် မအိုခင် ရချင်တယ်၊ ရယူပြီး အရွယ်ရှိတုန်းမှာ ခံစား ချင်တယ်၊ ဈေးဝယ်ထွက်သွား ရာက အိမ်မပြန်တတ်တဲ့အရွယ်အထိ ကျွန်မ စောင့်မနေနိုင်ဘူး "

နံဘေးစားပွဲမှ အမျိုးသမီးတစ်ယောက်က ထပြီး လက်ခုပ်တီး သြဘာပေးချင်နေ၏။ သူက ကလေး လေးယောက် အမေ။ ဆေးကျောင်းတက်ပြီး ဆရာဝန်ဘွဲ့ယူဖို့ လက်လျှော့ကာ အိမ်ထောင့် တာဝန် ထမ်းနေ ရသူ။
အော်လီဗာက စားသောက်ဆိုင်အပြင်ဘက်သို့ ထွက်သါားသည်။ ဆာရာက ကုတ်အင်္ကျီနှင့် လက်ပွေ့အိတ် ကို ကောက်ကိုင်ကာ နောက်မှလိုက်သွားသည်။ ကားနားရောက်လို့ အော်လီဗာက စကား ဆက်တော့ သူ့ မျက်ဝန်းထဲတွင် မျက်ရည်တွေ ပြည့်လျှံနေသည်။
မိမိတည်ဆောက် ခဲ့သည့် ဘုံဗိမာန်ကြီး တစ်ခုလုံး တစ်စစီဖြစ်အောင် ပြိုကျပျက်စီးတော့မည့်အဖြစ်ကို သည် မိန်းကလေး မသိပါလား။ မသိသာ ဆိုးရွားလှပါတကား။ မိမိ၏ အချစ်ကိုလည်း တန်ဖိုးထားဖော် မရတော့ ပါ လား။ သူ့ကို ဘာအလုပ်မှ မလုပ်စေခဲ့ခြင်းမှာ သူ့ကို ချစ်လွန်းလို့၊ အကာအကွယ်ပေးချင် လွန်းလို့၊ မြတ်နိုးလွန်း လို့ဆိုတာကို သူ မသိလေရော့သလား။
စင်စစ် ဒါတွေ အတွက် အော်လီဗာ့ ကို ဆာရာ မုန်းစိတ်ဝင်မိခြင်းဖြစ်သည်။

" တို့ကို မင်းထားပြီး သွားတော့မယ်လို့ ဆိုလိုတာလား ဆာရာ၊ တစ်ခါတည်း အပြီး ထွက် သွားတော့မှာလား၊ မင်းဒါကို သိနေတာ ဘယ်လောက်ကြာပြီလဲ "
" စာက မနေ့ကမှ ရတာပါ၊ ဘယ်သူက အပြီးထွက်သွားမယ် ပြောလို့လဲ ကျောင်းပိတ်ရက်တွေ အများကြီး ပဲ၊ ပြန်လာမှာပေါ့ "
အခြေအနေ ကို ဆာရာက ပြန်ထိန်းဖို့ ကြိုးစားသည်။
" ဟင် …. ကျုပ်တို့က ဘယ်လိုနေခဲ့ရမှာတုံး၊ မယ်လီဆာနဲ့ ဆမ် အတွက်ကကော "
" သူတို့အတွက် အက်နက်ရှိသားပဲ "
နှစ်ယောက်သား ကားထဲမ၀င်သေးဘဲ နှင်းတောထဲရပ်ပြီးအော်ကြီးဟစ်ကျယ် ပြောနေကြခြင်းဖြစ်၏။ စင်စစ် ဆာရာ သည်လောက်မြန်မြန်ဆန်ဆန် မပြောလိုပါ။ အသေးစိတ် မစဉ်းစားရသေးဘူးလေ။
" ကိုယ့်အတွက် ကျတော့ကော အက်နက်ရှိသားပဲလို့ ပြောမလား "

ဆာရာပြုံးသည်။ ဒေါသဖြစ်နေတုန်းမှာပင် အော်လီသည် ရိုးသားဖြောင့်မှန်နေဆဲ၊ ရယ်စရာကောင်းနေ ဆဲ ဖြစ်သည်။
" ကဲပါ အော်လီရယ်၊ စိတ်အေးအေးထားကြရအောင်ပါ၊ ဖြည်းဖြည်းစဉ်းစားကြသေးတာပေါ့ "
" မလိုဘူး၊ မလိုဘူး၊ ဘာမှ စဉ်းစားစရာမလိုဘူး၊ မင်းဟာ အိမ်ထောင်သည် မိန်းမတစ်ယောက်၊ ကလေး သုံး ယောက်အမေ၊ မိုင်နှစ်ရာကျော်ဝေးတဲ့ ကျောင်းကို သွားပြန်တက်စရာအကြောင်းမရှိဘူး၊ အဲ ….. တစ်ခုပဲ ရှိ တယ်၊ ဇွတ်သွားမယ်ဆိုရင် တို့ကိုမင်း အပြီးထားခဲ့တာပဲ၊ ရှင်းရှင်းကလေးရယ်"
" ဆာရာ က တကယ်ကျောင်းပြန်တက်ဖို့ လိုတယ်ဆိုရင်ကော "
" မင်းဟာ သိပ်တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမပဲ "
ကားတံခါး ဆွဲဖွင့်ပြီး ၀င်သည်။ ဆာရာ ကားထဲဝင်ထိုင်သည်နှင့် မေးခွန်းအသစ်ထုတ်တော့၏။

" နေပါဦး၊ ဟားဗတ် ရဲ့ စရိတ်ကိုကော တွက်ပြီးပြီလား မင်းတို့ သားအမိနှစ်ယောက်စလုံးအတွက် ကိုယ်တတ် နိုင်မယ်ကော ထင်နေသလား "
ဒါကိုတော့ ဆာရာ စဉ်းစားပြီးသားဖြစ်ပါ၏။
" ဆာရာ့ မှာ အဘွားထားခဲ့တဲ့ ပိုက်ဆံတွေရှိသေးတယ်လေ၊ ဒီအိမ်အမိုး မိုးတုန်းက နည်းနည်းထုတ် သုံးတာ ကလွဲပြီး ဆာရာ ထိမှမထိတာဘဲ "
" ကိုယ်က အဲဒီပိုက်ဆံတွေက ကလေးတွေအတွက် မင်းရည်စူးထားတယ် ထင်နေတာ "
" သူတို့ အမေဟာ ဘ၀ကို အဓိပ္ပာယ်ရှိရှိ နေသွားတာမျိုးကို သူတို့ပိုပြီး လိုလာမှာပါ၊ ဆိုပါတော့ ….. ဆာရာ စာရေးဆရာမ တစ်ယောက်ဖြစ်လာဖို့၊ ဒါမှမဟုတ် လူရိုသေရှင်ရိုသေ ထိုက်ထိုက်တန်တန် အလုပ် တစ်ခု ရဖို့ လိုတာမျိုးပေါ့ "

" အင်း …. စိတ်ကူးယဉ်လို့ ကောင်းပါတယ်၊ ဒါပေမယ့် မင်းကလေးတွေဟာ စာရေးဆရာမ တစ်ယောက် ထက် အမေတစ်ယောက်ကိုပဲ လိုချင်ကြမှာပါ "
သူ ကြည့်ရသည် မှာ စိတ်ကို ချုပ်တည်းထားပုံရသည်။ အိမ်ကို ဖြတ်လမ်းက မောင်းပြန်လာခဲ့၏။ အိမ်ရှေ့ တွင် ထိုးရပ် လိုက်ပြီး …..
" မင်းဆုံးဖြတ်ပြီးပြီပေါ့ ဟုတ်လား၊ မဖြစ်မနေ လုပ်တော့မယ်ပေါ့၊ ဟုတ်လား "
သူ့အသံ မှာ ဆို့နစ်နစ်ဖြစ်နေ၏။ မျက်ဝန်းထဲတွင် မျက်ရည်တွေဝဲလျက်။ ဆာရာ့ရင်ထဲတွင် နင့်သွားသည်။ ချက်ချင်း မျက်ရည်လည်လာ၏။ အဖြူရောင် ဆီးနှင်းတွေကို ငေးကြည့်နေရာမှ သူနှင့် မျက်နှာချင်းဆိုင် လိုက်ပြီး …..
" ဟုတ်တယ် မောင်၊ ဆာရာ လုပ်ဖြစ်လိမ့်မယ်ထင်တယ်၊ မောင် နားလည်အောင် ဘယ်လို ပြောရမလဲ မသိဘူး၊ ဒါပေမယ့် သိပ်ကြာမှာမှ မဟုတ်ဘဲ မောင်ရယ်၊ ဆာရာ ကတိပေးပါတယ်၊ ကြိုးစားပါ့မယ်၊ အမြန် ဆုံးပြီးအောင် လုပ်ပါ့မယ်နော် ….. မောင် "
သို့သော် သူတို့နှစ်ယောက်စလုံး သိနေကြပါသည်။ ဟားဗတ်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့သည် လွယ်လွယ် နှင့် ရသည့် ဘွဲ့မျိုးမဟုတ်ပါ။ နှစ်နှစ်လုံးလုံး အပြင်းအထန် ကြိုးစားမှ ရနိုင်သည့် ဘွဲ့မျိုးဖြစ်ပါ၏။
" မင်း ခွဲနိုင်တယ်နော် "
" မင်းမောင် နဲ့ ခွဲနိုင်တယ်နော် " ဟုပြောမည်ပြုပြီးမှ တစ်ကိုယ်ကောင်းဆန်ရာ ကျသွားမည်စိုး၍ ပြင်ပြော လိုက်ခြင်းဖြစ်သည်။

" ဆာရာ့ ကို ခွင့်လွှတ်ပါမောင်၊ ဆာရာ မလုပ်မဖြစ်လို့ပါ။ မောင့်ကို ပြောဖို့လဲ မရည်ရွယ်သေးပါဘူး၊ ခရစ္စ မတ်ပြီး မှ ပြောမလို့ "
နောက် ကားတစ်စီး ၀င်လာသည်။ ကားမီးရောင်တွင် သူ့မျက်နှာပေါ်သို့ မျက်ရည်ဥတွေ စီးကျနေသည် ကို မြင်လိုက်၏။ ဆာရာ သူ့ကို တအား ပွေ့ဖက်ထားလိုက်ချင်ပါသည်။
" ဘာထူးမှာလဲကွာ "
ခပ်ညည်းညည်းပြောရင်း နောက်ဘက်သို့ သူ လှည့်ကြည့်သည်။ ဘင်ဂျမင်နှင့် မယ်လီဆာတို့ ကားပေါ်မှ ဆင်းလာကြ သည်။ ပြီးတော့ ဇနီးသည်ကို တစ်ချက် ပြန်ကြည့်သည်။ မကြာခင် ဆုံးရတော့မည့် ဇနီး။ မိသားစု ကို ထားခဲ့ပြီး တက္ကသိုလ် ပြန်တက်မည့် ဇနီး။ သူ ဘာပြောပြော၊ ဘယ်လို ကတိတွေ ပေးပေး ပြန် လာချင်မှ လာတော့မည်၊ ဘယ်လိုမှ မူလအတိုင်း ပြန်မဖြစ်နိုင်တော့ပြီ။
" ကလေးတွေ ကို ဘယ်လိုပြောမလဲ "
မောင်နှမနှစ်ယောက် က အဖေနှင့်အမေ ကားပေါ်မှ အဆင်းကို စောင့်နေကြ၏။ သူတို့ကိုလှမ်းကြည့်ပြီး ဆာရာ့ ရင်ထဲတွင် အလုံးကြီးတစ်ခု မျိုထားရသလို တစ်တစ်ဆို့ဆို့ကြီး ဖြစ်လာသည်။

" ဘယ်လို ပြောရမှန်း မသိသေးဘူး၊ သူတို့ ခရစ္စမတ်မှာ ပျော်ပါစေဦး မောင်ရယ်"
အော်လီဗာ ခေါင်းညိတ်သည်။ ကလေးတွေမမြင်အောင် မျက်ရည်သုတ်ပြီး ကားတံခါးဖွင့်သည်။
" ဟဲလို …. ဖေဖေ၊ ညစာစားလို့ အဆင်ပြေရဲ့လား "
ဘင်ဂျမင် က လှမ်းမေးသည်။ သူ့ကြည့်ရသည်မှာ ပျော်နေပုံရ၏။ ရွှေရောင်ဆံပင်များနှင့် လှပသည့် သလုံးသားများ ပိုင်ရှင် မယ်လီဆာကလည်း ပြုံးလျက်။ ၀တ်စုံအပြည့် အစမ်းလေ့ကျင့်ပွဲမှ အပြန်ဖြစ်သည်။ မျက်နှာပေါ်မှ မိတ်ကပ်တွေ မဖျက်ရသေး။ သူကလေးကလည်း ပျော်နေပုံ။
ဆာရာ က သားနှင့်သမီးကိုကြည့်ပြီး တအားပြုံးလိုက်ရင်း ခပ်သွက်သွက် ၀င်ဖြေသည်။
" သိပ်ကောင်းတာပဲ သားရယ်၊ နေရာကလေးက အပျံစားပဲ သိလား "
အော်လီဗာ က ဆာရာ့ကို လှမ်းကြည့်သည်။ ဘယ်လိုများ သည်မျက်နှာပေးမျိုး သူ လုပ်ယူတတ်ပါလိမ့်။ သား နှင့်သမီးကို သူမို့ သည်မျက်နှာမျိုးနှင့် ရင်ဆိုင်နိုင်ခြင်းဖြစ်သည်။ မိမိ မသိခဲ့သည့် ဆာရာ၏ အရည် အချင်းများဖြစ်မည်။ ဆာရာသည် သည်လို မိန်းကလေးဖြစ်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပါ။

အိမ်ထဲသို့ လှမ်းဝင်ခဲ့သည်။ ကလေးတွေကို နှုတ်ဆက်ပြီး အပေါ်ထပ်သို့ ဖြည်းဆေးစွာ တက်လာခဲ့၏။ စိတ်ထဲတွင် ချက်ချင်း အိုကျသွားသလို ခံစားလိုက်ရသည်။ အလွန်အမင်း ပင်ပန်းသွားသည်။
အိပ်ခန်းတံခါး ကို ဖြည်းဖြည်းကလေးပိတ်ရင်း အော်လီဗာ သူ့ကို စောင့်ကြည့်နေသည်။ ဆာရာက မျက်နှာ ချင်းဆိုင် လာရပ်ပြီး …..
" ဆာရာ့ တကယ့်ကို စိတ်မကောင်းပါဘူး မောင်ရယ်၊ တကယ်ပါ "
" ကိုယ်လဲ အတူတူပါပဲ "
ယခုတိုင် စိတ်ထဲတွင် မယုံချင်သေး။ သူ စိတ်ပြောင်းလာနိုင်သေးသည်ဟု မျှော်လင့်နေဆဲ။ အရွယ်ပိုင်း ပြောင်းလဲခြင်းကြောင့်လား၊ ဒါမှမဟ်ုတ် ဦးနှောက်ရောဂါ တစ်မျိုးမျိုးလား၊ စိတ်ကျရောဂါကြောင့် ရူးသွားခြင်း များလား။ ဒါဆို ဆာရာ့စိတ်အနေသည် အစကတည်းက မှန်ခဲ့ရဲ့လား။
အို ….. ဘာတွေ ဖြစ်နေနေ သူဟာ မိမိဇနီးပဲ၊ မိမိချစ်သူပဲ၊ မောင့်ကို ခွဲမသွားပါနဲ့လား ဆာရာရယ်။ မင်းပြော ခဲ့တာတွေကို ပြန်ရုပ်သိမ်းလိုက်ပါလား ….. ဟင်။ ဆာရာ များပါတယ် မောင်ရယ် ….. ကလေးတွေနဲ့ သာ မဟ်ုတ်ဘူး မောင်နဲ့လဲ မခွဲနိုင်ပါဘူးလို့ ပြန်ပြင်ပြောပါလား အချစ်ရယ်။

သို့သော် အော်လီဗာ သိလိုက်ပါပြီ။ မျက်နှာချင်းဆိုင်တွင် ရပ်နေသည့် ဆာရာ၏ တည်ငြိမ်သော မျက်လုံး များက သူ့ဆုံးဖြတ်ချက်ကို တစ်လက်မမျှ လျှော့ပေးမည်မဟုတ်ကြောင်း စကားပြောနေကြပြီ မဟုတ်လား။
ဒါဆို သူသွားတော့မည်ပေါ့။ ဟားဗတ် တက္ကသိုလ်ဆီကို ခြေဦးလှည့်ပြီး မိမိနှင့် ရင်သွေးကလေးတွေကို ထားခဲ့တော့ မည်ပေါ့။
ထိုအသိက အော်လီဗာ့ နှလုံးသားကို ဓားနှင့် လှီးချလိုက်သလို စူးစူးရှရှ ခံစားရ၏။ တစ်ဖန် သူမပါဘဲ မိမိ ဘ၀ကို ဘယ်လို ဆက်လျှောက်ရမှာပါလိမ့်ဟူသည့် အတွေး ၀င်လာပြန်သည်။ ထိုအခါ သွင်သွင်ရူးသွား မတတ် ဖြစ်ရပြန်သည်။ ရှိုက်ကြီးတငင် ငိုချပစ်လိုက်ချင်သည်။ နံဘေးတွင် ယှဉ်အိပ်နေသည့် ဆာရာ့ ကိုယ်ငွေ့ ကို ခံစားနေရသည်။ ထိုညကား အော်လီဗာ့အတွက် ငရဲညဖြစ်ပါ၏။

စိတ်ထဲတွင် သူမရှိတော့ပြီ။ သူထွက်သွားနှင့်ပြီဟုလည်း ခံစားရ၏။ တစ်ပြိုင်တည်းတွင် အချစ်ဆုံး ကို ထွေးပိုက်ထားလိုစိတ်ဖြင့် ဘယ်တုန်းကမှနှင့်မတူအောင် ရမ္မက်ဆန္ဒများ တရှိန်ရှိန်တက်လျက်ရှိ၏။ ရင်ခုန် ဖွယ်၊ လွမ်းမောဖွယ်အတိတ် ကို တရှိုက်မက်မက် တမ်းတလျက်ရှိ၏။
သို့သော် ခုံတင်တစ်ဖက် သို့ ကိုယ်စောင်းပြန်ပြီး အသာရွှေ့လိုက်သည်။ အသားချင်းပင် မထိတော့။
ဤသို့ဖြင့် အသံမထွက်ဘဲ ကျိတ်ငိုနေသည်ကို ဆာရာ မမြင်နိုင်တော့။ တိတ်တခိုး ရှိုက်သံကိုလည်း သူမ ကြားနိုင်တော့ပေ။

 အခန်း (၃)

ခရစ္စမတ်ပွဲတော်ရက်မတိုင်မီ ကာလများသည် တရိပ်ရိပ်ကုန်လွန်နေ၏။ အော်လီဗာတစ်ယောက် အိမ်ပြန် ချင်စိတ် တစ်နေ့တခြား ကုန်ခန်းလာသည်။ ဇနီးလုပ်သူကို မုန်းလည်းမုန်း၏။ ချစ်လည်းချစ်သည်။ သည်စိတ်နှစ်ခု ရောထွေးနေသည်။ သို့သော် ချစ်သည့်စိတ်က ဘယ်တုန်းကမှနှင့် မတူအောင် ခွန်အား ကောင်းနေ၏။
ဆာရာစိတ်ပြောင်းလာအောင် ဘယ်နည်းဘယ်ပုံ လုပ်ရပါ့မလဲဟူသည် နည်းလမ်းကို အမြဲစဉ်းစားလျက် ရှိ၏။ သို့သော် ဆုံးဖြတ်ချက်က ကျပြီးသားဖြစ်နေပါပြီ။
ကလေးတွေ အိမ်ပြန်သွားကြပြီဆိုလျှင် သည်ကိစ္စကို သူတို့နှစ်ယောက် ညစဉ် ညဥ့်နက်သန်းခေါင် အထိ ဆွေးနွေးဖြစ်ကြသည်။ သို့သော် ဆာရာ၏ ရက်စက်စွာ ခေါင်းမာမှုကိုသာ အော်လီဗာတွေ့ရ၏။ ဆာရာ့ ဘက် ကမူ ဘ၀တိုက်ပွဲတစ်ခု စတင်ခြင်းပင်။

ဘယ်သူဖျက်ဖျက် မပျက်နိုင်တော့ကြောင်း ဆာရာက အခိုင်အမာပြောသည်။ သို့သော် မောင့်ကို ချစ်မြဲ ချစ်လျက်နေမည့် အကြောင်းနှင့် သောကြာနေ့ ညနေတိုင်း အိမ်ပြန်လာနိုင်သည့် အကြောင်းကိုလည်း တဖွဖွ ပြောသေးသည်။ သို့သော် အပတ်စဉ် ပြန်လာရေးကိစ္စမှာ ဆာရာ သူ့ကိုယ်သူ လှည့်စားနေခြင်းဖြစ်ကြောင်း နှစ်ယောက် စလုံး သိနေကြသည်။
စာတွေ ကျက်ရမည်၊ စာမေးပွဲအတွက် ပြင်ဆင်ရမည်။ အိမ်ပြန်လာပြီး စာအုပ်ပုံ ထဲက ခေါင်းမဖော်ဘဲ နေပြန် လျှင်လည်း မိမိနှင့် ကလေးတွေအတွက် စိတ်အနှောင့် အယှက်ဖြစ်ရုံသာ ရှိမည်ဟု အော်လီဗာတွေးမိသည်။

ကျောင်းတက်ရပြီဆိုကတည်းက သူ့ဘ၀သည် ပြောင်းလဲပြီးသားဖြစ်သွားပြီ။ ဘယ်လိုမှ မပြောင်းချင်၍ မရ။ မပြောင်းလဲ၍မရ။ တခြား တစ်ကျောင်းကျောင်းကို တက်ဖို့ အော်လီဗာ ဖျောင်းဖျသည်။ ကိုလံဘီယာ တက္ကသိုလ် ဆိုလျှင် ဟားဗတ်ထက် ပို၍အဆင်ပြေနိုင်ကြောင်း ဆွေးနွေးသည်။
သို့သော် ဆာရာက ကင်းဘရစ်မြို့တော် ဟားဗတ်မှလွဲ၍ ဘယ်တက္ကသိုလ်မှ မတက်ချင်။ နာရီ ကို နောက်ပြန်လှည့်သလို သူ့ငယ်ဘ၀ကိုများ ပြန်ယူနေခြင်းလားဟူ၍လည်း ရံခါ တွင် အော်လီဗာတွေး မိ၏။
ကလေးတွေ ကတော့ အမေ့စီမံချက်ကို လုံးလုံးမသိသေး။ အကြီးနှစ်ယောက်ကတော့ အိမ်တွင် တစ်စုံတစ်ရာ တင်းမာမှုရှိနေသည်ကို သိသလိုလိုရှိကြ၏။ မယ်လီဆာက အဖေနျင့်အမေ ရန်ဖြစ်လို့လား ဟု ဆာရာ့ ကို မကြာခဏ မေးနေပြီ။ ဆာရာက ဘာမှမဖြစ်ဟန်နှင့် ရယ်ပစ်သည်။

ပျော်စရာ ခရစ္စမတ်ကို ဆာရာ မပျက်စေချင်ပါ။ ထုတ်ပြောလိုက်လျင် သူတို့အားလုံး အထိတ်တလန့် ဖြစ်ကုန်မည်ကို ဆာရာသိပါသည်။ အော်လီဗာနှင့် သဘောတူထားသည့်အတိုင်း ပွဲတော်ပြီး မှ ပြောတော့ မည်။ အော်လီဗာက စိတ်ပြောင်းလာနိုင်သေးရဲ့ဟူသည့် မျှော်လင့်ချက်ဖြင့် သဘောတူ ထားခြင်းဖြစ်၏။
မိမိအနေဖြင့်မူ သည်လောက် ငြိမ်းချမ်းအေးမြ ပြည့်စုံသည့် ဘ၀မှနေပြီး ဘယ်ဘ၀မျိုးကိုမှ မတမ်းတပါ။ ကလေးတွေနှင့် ခွဲသွားနိုင်သည့် သတ္တိမျိုးကိုလည်းအော်လီဗာ နားမလည်နိုင်ပါ။ ဘယ်တော့မှလည်း နား လည်နိုင်မည် မထင်ပါ။

မယ်လီဆာကလည်း ပြဇာတ်ကို တစ်အိမ်သားလုံးသွားကြည့်ကြသည်။ အိမ်တွင် ခရစ္စမတ် သစ်ပင် ပြင်ဆင် ရာတွင်လည်း ရယ်စရာတွေလုပ်လိုက်၊ ခရစ္စမတ်သီချင်းတွေ ဆိုလိုက်နှင့်ပျော်ပါးပါးပင်။
အော်လီဗာနှင့် ဘင်ဂျမင်က မီးကြိုးတွေ သွယ်ဟယ်တန်းဟယ်ဖြင့် အလုပ်ရှုပ်နေကြသည်။ မယ်လီဆာနှင့် ဆာရာတို့ နှစ်ယောက်က ပြောင်းဖူးပေါက်ပေါက်တွေ ဖောက်ပေးနေ၏။ ဆမ်က ဖောက် လို့ မနိုင်နိုင်အောင် အနားမှ ထိုင်ဝါးနေ၏။
သည်မြင်ကွင်း ကိုကြည့်ပြီး အော်လီဗာ့ရင်ထဲတွင် အသည်းတွေ တစ်စစီကြွေလုမတတ် ဖြစ်နေသည်။ မဖြစ်သင့် ပါ။ ဆာရာမလုပ်သင့်ပါ။ သည်ကလေးတွေကို မိမိတစ်ယောက်တည်း မည်သို့ ထိန်းသိမ်းနိုင် ပါမည် လဲ။ အက်နက်က မည်မျှပင် ချစ်ပါသည်ဆိုသော်ူလည်း သူသည် အိမ်ဖော်မျှသာပဲ မဟုတ်လား။ မိမိက နယူးယောက်တွင် တစ်နေကုန် အလုပ်လုပ်နေရသူ။
အမေ က ဟားဗတ် တက္ကသိုလ်တွင် တက်နေစဉ် ဘင်ဂျမင်နှင့် မယ်လီဆာတို့ အထိန်းအကွပ်မဲ့စွာ ပျက်စီးကြပြီး ဆမ်ကလေးလည်း လူဆိုးကလေးဖြစ်သွားမည့် အရေးကို အော်လီဗာ တွေးပြီး ရင်လေးနေမိ၏။

ခရစ္စမတ် အဖိတ်နေ့ညဖြစ်၏။ စာကြည့်ခန်းထဲမှ တဟိန်းဟိန်းတောက်နေသည့် မီးလင်းဖိုကြီးရှေ့တွင် လင်မယားနှစ်ယောက် ထိုင်နေကြသည်။
ဇနီးလုပ်သူ ကို အလေးအနက်ကြည့်ပြီး ပြန်စဉ်းစားဖို့ အော်လီဗာ တောင်းပန်ပြန်သည်။ ဆာရာ စိတ်ပြောင်း လာမည်ဆိုလျှင် ဘယ်နည်းနှင့် တောင်းပန်ရ တောင်းပန်ရ တောင်းပန်ဖို့ အော်လီဗာ ဆုံးဖြတ်ပြီးပြီ။
" ကလေးတွေကို မင်း ရက်စက်တော့မှာလား ဆာရာ "
နှစ်ပတ် အတွင်း အော်လီဗာ၏ ကိုယ်အလေးချိန် ဆယ်ူပေါင်ကျသွားသည်။ အိမ်ထဲတွင် ကျိတ်ပြီး ဖြစ်နေ သည့် ပြဿနာသည် သူတို့နှစ်ယောက်စလုံး အသက်မရှူနိုင်အောင် လုပ်နေဘိသို့ရှိ၏။ သို့သော် နောက်ဆုတ် ဖို့တော့ ဆာရာ လုံးဝစိတ်မကူး။

ကျောင်းတက်ဖို့ အစီအစဉ်လုပ်ပြီးနေပြီး ဘော့စတွန်တွင်နေဖို့ အစီအစဉ်လုပ်ရန် နှစ်ပတ်အတွင်း သွားတော့ မည်။ ဇန်န၀ါရီလတွင် သင်တန်းတွေ စတော့မယ်လေ။
လုပ်စရာကျန်သည်မှာ ခရစ္စမတ်ပြီးသွားလျှင် ထုပ်ပိုးပြင်ဆင်ဖို့နှင့် ကလေးတွေကို အကျိုး အကြောင်း ပြောပြ ဖို့သာရှိတော့သည်။
" အော်လီ ဒီအကြောင်း ထပ်မပြောဘဲ နေကြရအောင်ပါနော် "
ခုန်ထပြီး သူ့ကို ဆွဲမွှေ့ယမ်းပစ်လိုက်ချင်သည်။ ဆာရာက မျက်နှာလွှဲပစ်လိုက်သည်။ မိမိကြောင့် သူ ခံစား နေရ သည့် ဝေဒနာကို မကြည့်ရက်ပါ။

ကလေးတွေက ခရစ္စမတ်သစ်ပင်အနီးတွင် သူတို့ ခြေအိတ်တွေကို တွဲလောင်းဆွဲထားပြီးပြီ။ ညအတော် နက်မှ ဆာရာက လက်ဆောင်ပစ္စည်းတွေ ယူပြီးဆင်းလာသည်။ ပစ္စည်းတွေကို အက်နက် အကူအညီဖြင့် တစ်ပတ် လုံးလုံး ပန်းစက္ကူများနှင့် ထုပ်ပိုးပြင်ဆင်ခဲ့ရသည်။ ဆာရာ စိတ်ထဲတွင် သည် ခရစ္စမတ် ကို နောက်ဆုံး ခရစ္စမတ်ဟု ထင်မှတ်နေ၏။ အော်လီဗာက ဆာရာအတွက် တစ်ပတ်ကြိုပြီး မြလက်စွပ် လှလှ ကလေးတစ်ကွင်း ၀ယ်ထားသည်။ ဆာရာ ၀တ်ချင်နေမှန်း သူသိသည်လေ။ အလွန်သေသေ သပ်သပ် သွေးထားသည့် လေးထောင့်စပ်စပ်မြကလေး။
ညပိုင်းကတည်း က ပေးဖို့စိတ်ကူးသည်။ သို့သော် ခရစ္စမတ်လက်ဆောင်ဟု မထင်ဘဲ လာဘ်ထိုးသည် ထင်သွားမှာစိုးသဖြင့် အသာကလေး ငြိမ်နေခဲ့သည်။ သည်မျှ အဖိုးတန်ပစ္စည်းကို ၀ယ်ခဲ့မိသည့် အတွက် လည်း နောင်တရနေ၏။

ထိုည အိပ်ရာဝင်ကြတော့ ဆာရာက နာရီနှိုးစက်ကို နံနက်ခြောက်နာရီ ပေးထားသည်။ ကြက်ဆင် အစာသွတ် ဖို့ စောစောထမှ ဖြစ်မည်လေ။ အက်နက်ကို တခြားဗာဟီရတွေ ခိုင်းသည်။ ကြက်ဆင် ကိုတော့ မိသားစု အစဉ်အလာအတိုင်း ကိုယ်တိုင်လုပ်ချင်သည်။ အင်း ….. ဒါလဲ နောက်ဆုံးကြက်ဆင်ပဲ ထင် ပါရဲ့။ မီးပိတ်လိုက်ပြီး တစ်ယောက်တည်း စဉ်းစားနေ၏။ အော်လီအသက်ရှူသံကို အတိုင်းသား ကြားနေရ၏။ သူ အိပ်မပျော်သေးမှန်း သိနေသည်။ သူ ဘာတွေးနေသည်ကို ဆာရာသိပါ၏။
သည် အတိုင်း စခန်းသွားခဲ့သည်မှာ နှစ်ပတ်ရှိပြီ။ ဆွေးနွေးလိုက်၊ တိုင်ပင်လိုက်၊ ငြင်းခုံလိုက်၊ ငိုလိုက်ဖြင့်။ သို့သော် မိမိဘက် က လုပ်သင့်လုပ်ထိုက်သည်ကို လုပ်နေခြင်းဖြစ်ကြောင်း အမှားအယွင်း အလျှင်း မရှိကြောင်း ဆာရာ ယုံကြည်နေလျက်ပင်။

သည်ကိစ္စ မြန်မြန်ပြီးစေချင်ပြီး။ ဘ၀သစ်၏ ပထမခြေလှမ်းကို စလှမ်းချင်နေပြီး အော်လီ မည်ရွေ့မည်မျှ ခံစားနေ ရကြောင်း သိလျက်နှင့်ပင် သူတို့နှင့်ခွဲသွားလိုခြင်းဖြစ်ပါ၏။
" မောင်ကလဲ ကွယ်၊ ဆာရာ တစ်သက်လုံး ပြန်မလာတော့မှာ ကျနေတာပဲ "
အမှောင် ထဲတွင် ဆာရာ့အသံသည် အလွန်အမင်း ညင်သာနေ၏။
" ပြန်မလာတော့ဘူး မဟုတ်လား "
သူ့အသံ ကို ဆာရာ မချိတင်ကဲကြားလိုက်ရခြင်းဖြစ်သည်။ ဆို့နင့်အက်ကွဲနေသံ။
" ဆာရာပြော ပြီးပြီလေ၊ တတ်နိုင်သမျှ အပတ်စဉ်ပြန်နိုင်အောင် ကြိုးစားပါ့မယ်လို့၊ ပြီးတော့ ကျောင်းပိတ် ရက်တွေ လဲ အများကြီးရှိတာပဲ "
" မင်း ဘယ်နှစ်ခေါက်ပြန်နိုင်မှာလဲဆာရာရယ်၊ ဒီဘ၀ကနေဟိုဘ၀ကိုလဲ ယူလို့ရမလားဆာရာ၊ လုပ်ရက် မယ်ဆိုရင် လဲ ကိုယ်တော့နားမလည်ဘူး "

သည်စကားလုံးများ သူပြောခဲ့သည်မှာ အကြိမ် တစ်ထောင်မကတော့ပါပြီ။ မိမိဘက်က ဘာတွေများ ချွတ်ယွင်းနိုင်တာရှိသလဲ၊ ဘာများမဖြည့်ဆည်းနိုင်တာ ရှိသလဲ၊ သို့မဟ်ုတ် သူအလိုမကျတာများ ဘာတွေ လုပ်ခဲ့မိ သလဲ၊ အော်လီဗာ နှစ်ပတ်လုံးလုံး ကျိတ်စဉ်းစားခဲ့သည်။ အဖြေရှာ၍မရခဲ့ပါ။
ဒါဆိုလျှင် ဘာကြောင့် သည်မိသားစုကို ထားခဲ့ပြီး သူထွက်သွားရမည်လဲ။ လင်ကိုချစ်သည်ဆိုလျှင် ဘာ ကြောင့် ပစ်ခဲ့ရမည်လဲ။
" အားလုံးပြီးသွားတဲ့အခါကျမှ မောင်နားလည်လာမှာပါ၊ ဆာရာတည်ဆောက်ချင်တဲ့ဘ၀မျိုးကို ပန္နက် ချနိုင်ပြီဆိုရင် မောင် ဆာရာ့ကို လေးစားလာမှာပါ၊ အဲဒီတော့မှ ဆာရာ ခုလို ကြိုးစားရခြင်းရဲ့ တန်ဖိုး ကို မောင်သိမယ်လေ "

" ခုလဲမင်းကို ကိုယ်လေးစားနေသားပဲဆာရာ၊ ဘယ်တုန်းကများ ကိုယ့်မိန်းမကိုယ် မလေး မစား ပြုမူခဲ့ဖူးလို့ လဲဟင် "
ပြောပြော ဆိုဆို လရောင်ရေးရေးတွင် လှချင်တိုင်းလှနေသည့် ဇနီးလုပ်သူ၏ မျက်နှာကို ငဲ့ကြည့်လိုက်သည်။
ပို၍ပင်လှနေ သည်ထင်၏။ ဆုံးရှုံးရတော့မည်ကို သိလာလေသူ့ကို ဘယ်လောက်ချစ်ကြောင်း နားလည် လာ လေလေ ဖြစ်လာ၏။
" ကလေးတွေကို မင်း ဘယ်တော့ပြောမှာလဲဟင် "
" မနက်ဖြန် မောင့်အဖေနဲ့ အမေပြန်သွားပြီးတော့မှ ပြောမယ်လေ "
" အင်း ….. ခရစ္စမတ်ကို အမင်္ဂလာသတင်းနဲ့ ပိတ်မယ်ပေါ့၊ ဟုတ်လား "
" ဒီထက် အချိန်ဆွဲလို့ မကောင်းတော့ဘူးမောင်၊ တစ်ခုခု ဖြစ်နေပြီဆိုတာ သူတို့ရိပ်မိနေပြီ၊ သမီးက တစ်ချိန် လုံး အကဲခတ်နေတယ်၊ ဘင်ဂျမင်ကလဲ ဘာမှန်းသာမသိတယ် ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်ရတော့မယ် ဆိုတာ သိနေသလိုပဲ "

" ဘာပြဿနာဆိုတာ သူတို့သိသွားရင် ဘယ်လိုနေမယ်ထင်သလဲ "
" မောင်နဲ့ဆာရာလိုပဲနေမှာပါ၊ ပထမတော့ အလန့်တကြားဖြစ်သွားမှာပေါ့၊ ပြီးတော့ ဘာပြောလို့ပြောရမှန်းမသိဘဲ သူတို့စိတ်ထဲမှာ ရှုပ်ထွေးသွားမယ်၊ ပြီးတော့မှ လှုပ်လှုပ် ရှားရှားဖြစ်သွားမယ်၊ ဒါပေမယ့် သားကြီးနဲ့သမီးက နားလည်မှာပါ၊ အငယ်လေးအတွက်ပဲ စိတ်ပူတယ် "
ဆာရာက ခပ်တိုးတိုးပြောနေခြင်းဖြစ်၏။ ပြီးမှ လင်တော်မောင့်ဘက်လှည့်ပြီး လက်ကို အသာဆုပ်လိုက် သည်။ သားငယ်လေးအကြောင်းဆက်ပြောတော့ ဆာရာ့အသံတွေ တုန်နေသည်။
" သားငယ်လေးကို ဂရုစိုက်ပါမောင်၊ သူက အမေထက် အဖေ့ကိုပိုပြီး လိုအပ်တာပါ "
" အမေကိုလဲ လိုအပ်တာပါပဲကွာ၊ အဖေနဲ့က တစ်နေ့ မှ နှစ်နာရီလောက် တွေ့ ရတာ၊ ဘောလုံးအကြောင်း နဲ့ အိမ်စာအကြောင်းလောက်ပဲ ပြောဖြစ်တာ "
" နောက်တော့ မောင်နဲ့ပိုပြီး နီးစပ်လာမှာပါလေ "

" အင်းပေါ့လေ "
ရင်ကွဲနာကျစရာ အကောင်းဆုံး ကဏ္ဍဖြစ်ပါ၏။ အော်လီသည် မိမိ၏ အိမ်ထောင်စုကို ဘာမှ လိုလေသေးမရှိဘဲ အဘက်ဘက်မှ ပြည့်စုံနေသည့် အိမ်ထောင်စုဟု ထင်မှတ်ခဲ့၏။ ငယ်ကကျွမ်းသည့် ငယ်ကျွမ်းဆွေနှင့် လက်ထပ်ဖြစ်ခဲ့၍ နေနဲ့လ ရွှေနဲ့မြဟုထင်မှတ်ခဲ့၏။
" ကိုယ် တို့ ဘ၀မှာ ဘာမှ မပြေလည်စရာအကြောင်းမရှိအောင် ပြီးပြည့်စုံနေတယ်လို့ ထင်ခဲ့တယ်၊ မင်း ခုလို ခံစားနေရလိမ့်မယ်လို့ ကိုယ်မထင်ခဲ့ဘူး၊ ဟို ….. ဆိုလိုတာက ကိုယ်ဝန်ရှိတဲ့ အခါလောက်သာ စိတ်ဓာတ် တွေကျပြီး မွေးဖါားပြီးတဲ့အခါတိုင်း ပျော်နေခဲ့တယ် အောက်မေ့တာ"
ချစ်သူ လိုသမျှ မဖြည့်ဆည်းနိုင်ခြင်းအတွက် အော်လီဗာ့ရင်ထဲတွင် နင့်နင့်နဲနဲ ခံစားနေရသည်။

" ပျော်ပါတယ် မောင်ရယ်၊ ဆာရာ ပျော်ခဲ့ပါတယ်၊ မောင်မပေးနိုင်တဲ့အရာကိုမှ ဆာရာ လိုချင်နေတဲ့ အတွက် စိတ်မကောင်းပါဘူး၊ အဲဒါက ဆာရာကိုယ်တိုင် လုပ်ယူရမယ့်ကိစ္စလေ၊ ဘယ်တုန်းကမှ မရဖူးတဲ့ အရာ ကို ဆာရာ့ဘ၀ထဲမှာ ပြန်ရှာယူရမှာ "
ဘ၀သခင် က မိမိအတွက် လုံးဝမှီခိုရာ၊ လဲလျောင်းရာ မဖြစ်နိုင်သည့်အတွက်လည်း ဆာရာ ကိုယ့်ကိုယ် ကို အပြစ်ရှိသလို ခံစားရပါ၏။ စင်စစ် အော်လီဗာသည် တစ်ရာတစ်ယောက်၊ တစ်ထောင်တစ်ယောက် ရှာလျှင် ရနိုင်သည့် ယောက်ျားမျိုးမဟုတ်ပါ။
" ရှာလို့ မတွေ့ဘူးဆိုရင်ကော "
" မတွေ့ရင် လက်မြှောက်အရှုံးပေးရုံပေါ့ "
သို့သော် ထိုအရာသည် လက်လှမ်းတစ်မီတွင် ရှိနေပြီဟု ဆာရာယုံကြည်နေပြီ။ ဘ၀ကို တစ်ဆစ်ချိုး ကွေ့ချ လိုက်ဖို့သာကျန်သည်လေ။

" အဲဒီ မင်းပြောနေတဲ့အရာကို ဒီဘ၀ထဲမှာပဲ မရနိုင်ဘူးလားဟင်၊ လွတ်လပ်မှုတွေ အများကြီး ပိုရလာနိုင် မယ် များရင်လေ "
ရှင်းသန့်ငြိမ့်ညောင်း လှသည့် အိပ်ရာကြီးပေါ်တွင် ဆာရာက သူ့ဘက်သို့ တိုးကပ်သွားလိုက်၏။ သူက ပခုံး ကို သိုင်းဖက်လိုက်သည်။
" ဒီထက် လွတ်လပ်ရဦးမှာလားမောင်ရယ်၊ လွတ်လပ်မှုတွေ လိုချင်သလောက် ရနေသားပဲ၊ ဒါပေမယ့် အဲဒီလွတ်လပ်မှုတွေ ကို ဆာရာ ဘာလုပ်ရမှန်းမှမသိဘဲ "
" သြော် ….. ဒါလင်ရယ် "
ဆာရာ့ဆံပင်တွေ ကို အော်လီ မျက်နှာနှင့်ကပ်ထားလိုက်သည်။ သူ့မျက်ဝန်းထဲတွင် မျက်ရည်တွေပြည့် လာ ပြန်၏။ ဆာရာက သူ့မျက်နှာကို လင်တော်မောင်၏ ရင်ခွင်နှင့် အပ်လိုက်သည်။ ပူနွေးသော မျက်ရည် များ သည် အော်လီဗာ့ ရင်ဘက်ပေါ်သို့ စီးကျနေသည်။ ဆာရာ့ပခုံးသားတွေ တသိမ့်သိမ့် လှုပ် လာသည်။

" ဆာရာရယ်၊ ဘာပြုလို့ ဇွတ်လုပ်ချင်ရတာလဲကွယ်၊ ခု တစ်ပတ်နှစ်ပတ်အတွင်း ဖြစ်ခဲ့တဲ့ကိစ္စတွေကို အားလုံးမေ့ပစ် လိုက်ကြရအောင်လား၊ နာရီတွေကို နောက်ပြန်လှည့်ပစ်မယ်လေ "
မျက်ရည်တွေ တသွင်သွင်ကျနေလျက်က သည်းအူပြတ်မျှ ရင်ထဲကငိုနေရင်း ဆာရာခေါင်းယမ်းသည်။
" မဖြစ်နိုင်တော့ဘူးမောင်၊ ဆာရာ့ရင်ထဲမှာ လေဟာနယ်ကြီးတစ်ခုလို ဖြစ်နေလို့ပါမောင်ရယ်၊ ဆာရာ ပြန်လာ ခဲ့ပါ့မယ်နော်၊ ကတိပေးပါတယ်မောင်ရယ်၊ ကျိန်ဆိုလဲကျိန်ပါ့မယ်၊ မောင့်ကို ဆာရာ သိပ်ချစ်ပါတယ်၊ ပြန်မလာဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲကွယ် "

သို့သော် သည်စကားလုံးများသည် အဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်ကြောင်း အော်လီဗာ ရင်ထဲကသိနေပါ၏။ မလွှတ်လိုက်ချင်ပါ။ သည်အိမ်ကြီးထက် ပိုပြီး သူ့အတွက် လုံခြုံသည့်နေရာမရှိနိုင်ပါ။
တစ်ယောက် ကို တစ်ယောက် တင်းတင်းဖက်ကာ ကြာမြင့်စွာ ငြိမ်သက်နေကြ၏။ ရံခါတွင် နှုတ်ခမ်းချင်း ထိ တွေ့ကြသည်။ ရင်အခုန်ရဆုံး ည၊ ရင်အနာရဆုံးည၊ ပျောက်ဆုံးနေသော ကြင်နာမှု ကို ပြန်လည်တွေ့ ရှိ သည့်ည၊ တစ်ပြိုင်တည်းတွင် အသည်းတမြည့်မြည့်ကြွေသောည။
ဆာရာ့ ရင်ခွင်ထဲ တွင် အော်လီဗာ အိပ်ပျော်သွားသည်။ သြော် ….. အော်လီဗာ အော်လီဗာ၊ ကြာမြင့်စွာ ချစ်ခဲ့ရ သည့် ချစ်သူ။ ဟားဗတ်တက္ကသိုလ် ဘွဲ့တစ်ခုဖြင့် ဘ၀ ကို တည်ဆောက်ခဲ့သူ။ အင်း …. ခုတော့ ဟားဗတ်တက္ကသိုလ် ဘွဲ့ ယူဖို့ မိမိ သူ့အား ခွဲခွာသွားရတော့မှာပါလား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၆)

 မင်းကို ဒီလိုလိုက်ပို့ပေး နေရ တဲ့အတွက် သူ့ချာ သေချင်ပက်ကျိ ဖြစ်လောက်အောင် ပျင်း မနေဘူး ဆိုတာတော့ မင်း သေချာပါတယ် နော်…"ဟူသော အဓိပ္ပာယ်ပါသည့် စကား များကို ပြန်ပြောလိမ့်မည်။ ပြီးတော့ ကျွန်မ၏ ပခုံးကို ခပ်သာ သာပုတ်ကာ တက်ဇော်လ် အစာကြေဆေး အဝယ်ခိုင်းပေလိမ့်မည်။  ကျွန်မ၏ အသက် ငယ်သည်မှာ မှန်ပါသည်။ သည်လို အသက်ငယ်သည့် အတွက် အထင်သေး အမြင်သေးဖြစ်စရာတွေ ကျွန်မမှာ ဘာ များရှိ သနည်း ဟု တွေးရင်း ကျွန်မ အသည်းယားလာပါသည်။ သည်လို စဉ်းစား မိတော့ မကျေမနပ်ဖြင့် လက်သဲ များကို ကျွန်မ ပြန်ကိုက်နေမိပါသည်။ ကို ဆက်ဖတ်ရန်...........

"ကျွန်မလေ… ကျွန်မ… ဟို… အသက်သုံးဆယ့်ခြောက်နှစ်လောက်ရှိပြီး အနက်ရောင် ပိုးသားဂါဝန်နဲ့ ပုလဲပုတီး ဆွဲထားတဲ့ မိန်းမတစ်ယောက်ဖြစ်ချင်လိုက်တာ"ဟု ဒေါသကလေး ထွက်ကာ ကျွန်မ က ပြန် ပြောချလိုက်မိတော့သည်။ သူ ရယ်မောနေပုံနှင့် နှုတ်စောင့်စည်းလွန်းလို့ကို ကျွန်မ မကျေ မနပ်ဖြစ်မိ သောကြောင့် လည်း သည်လို ပြောလိုက်မိခြင်း ဖြစ်ပါသည်။

"အဲဒီလို မိန်းမတစ်ယောက်သာဖြစ်နေမယ်ဆိုရင် ဒီမော်တော်ကားထဲမှာ မင်း ရှိတော့မှ မဟုတ်ဘူး။ ကိုင်း… မင်းလက်သဲတွေ ကို ကိုက်နေရတာ ရပ်တော့လေ… အခုအတိုင်းကိုပဲ တော်တော်အရုပ်ဆိုးနေ ပြီ" "ရှင် ကတော့ ကျွန်မဟာ မဆိုင်တာကိုမေးတယ်၊ ရိုင်းစိုင်းတယ်လို့ ထင်မှာပဲ။ တကယ်ပါ။ ကျိန်ပြောရဲ ပါ တယ်။ ဒါပေမဲ့ ကျွန်မ သိချင်လွန်းလို့ပါ။ နေ့စဉ်နှင့်အမျှ ရှင်နဲ့အတူတူ ကားလိုက်စီးဖို့ ဘာဖြစ်လို့ ကျွန်မ ကို ခေါ်ခေါ်နေရတာလဲ။ ရှင့်မှာ အကြင်နာတရားရှိတာကတော့ အထင်အရှားပါပဲ။ ဒါပေမဲ့ ဘာဖြစ် လို့ ကျွန်မကိုမှရွေးပြီး အကြင်နာတရားတွေ  ပိုနေရတာလဲ"ဟု တဲ့တိုးပင် မေးချလိုက်ပါတော့သည်။

ပြီးတော့ ကျွန်မ၏ကိုယ်ကို မတ်မတ်ပြင်ထိုက်လိုက်သည်။ အသက်ပင် ငယ်သော်လည်း ဣနြေ္ဒကြီးတစ် ခွဲသားဖြစ်အောင် အတတ်နိုင် ဆုံး ဟန်ဆောင်ပစ်လိုက်သည်။
"ဟုတ်ပါတယ်။ ကျုပ်နဲ့အတူတူ ကားလျှောက်စီးရအောင် မင်းကို ကျုပ် ခေါ်မိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မင်းကလေး ဟာ မင်းပြောသလို အသက်သုံးဆယ့်ခြောက်နှစ်ရှိပြီး အနက်ရောင် ပိုးသားဂါဝန်နဲ့ ပုလဲပုတီး ဆွဲထားတဲ့ မိန်းမတစ်ယောက် မဟုတ်လို့ဘဲ"
သူပြောပုံ က အလေးအနက်ပုံစံမျိုး။ သို့သော်လည်း သူ့မျက်နှာပေါ်မှတြော့ မည်သည့်အမူအရာကိုမျှ မမြင်တွေ့ ရပါ။ စိတ်ထဲမှာကျိတ်ပြီး ရယ် မရယ်တော့ ကျွန်မ မပြောနိုင်ပါ။

"ဒီလိုဆိုရင်လဲ ပြီးရောပေါ့လေ… ကျွန်မနဲ့ပတ်သက်ပြီး သိသင့် သိထိုက်တာတွေ မှန်သမျှ ရှင် အကုန် လုံး သိပြီးပြီ။ နောက်ထပ် ရှင် သိစရာဆိုလို့လဲ ဘာမှမကျန်တော့သလောက်ပါပဲ။ ဒါကို ကျွန်မ ဝန်ခံပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်မ လူလုပ်ရတဲ့အချိန်ကလည်း သိပ်ကြာသေးတာမှမဟုတ်တာ။ အခုမှ ၂၁ နှစ် ပဲ ရှိသေးတယ်။ ဒါကြောင့် အတွေ့အကြုံကလဲ ဟုတ်ဟုတ် ညားညား ရှိသေးတာမဟုတ် ဘူး။ ကျွန်မ မိဘတွေ ကွယ်လွန်အနိစ္စရောက်ခဲ့ကြတာလောက်ပဲ ကျွန်မမှာ ပြောစရာရှိပါတယ်။ ဒါပေမဲ့ ရှင့်အကြောင်း ကိုတော ပထမဆုံး စတွေ့လိုက်ရတဲ့နေ့ကထက်ပိုပြီး နောက်ထပ် ဘာမှထွေထွေထူးထူး မသိရသေး ဘူး"
"ပထမဆုံး စတွေ့လိုက်ရတဲ့နေ့တုန်းက ကျုပ်နဲ့ပတ်သက်ပြီး ဘာတွေများ မင်းက သိလိုက်ရသလဲ"
"ဘာတွေ သိရမလဲ… ရှင်ဟာ မန်ဒါလေစံအိမ်ကြီးမှာနေတဲ့အကြောင်းပေါ့။ နောက်ပြီးတော့ ရှင့်မိန်းမ  ကွယ်လွန် အနိစ္စရောက်သွားတဲ့အကြောင်းပေါ့"

နောက်ဆုံးတော့ သည်စကားကြီးကို ကျွန်မ ပြောလိုက်မိပါတော့သည်။ လွန်ခဲ့သည့်ရက်များကတည်း က ကျွန်မ ပြောချင်လွန်းသဖြင့် လျှာအယားကြီး ယားနေခဲ့သည့် စကားလုံးကြီး ဖြစ်သော "ရှင့်မိန်းမ"။ ယခုတော့ သည်စကားလုံးကြီးကို အထစ်အငေါ့မရှိ အလွယ်တကူပင် ကျွန်မ ပြောချလိုက်မိပါတော့ သည်။ သူလို ငါလို ပြောရိုးပြောစဉ်ပြောသလို ပြောလိုက်မိပါတေ့သည်။ "ရှင့်မိန်းမ"။ သည်စကားလုံးကြီး က လွယ်လင့် တကူ ပျောက်ပျယ်မသွားဘဲ လေထဲမှာ ပျံဝဲပြီး ကျွန်မနားထဲသို့ ပြန်လည် ပဲ့တင်ထပ် နေ ပါ တော့ သည်။ ပြီးတော့ ကျွန်မရှေ့မှာ ထိုစကားကြီး က ကခုန်နေသလို ရှိနေပြန်ပါသည်။
သည် စကားလုံးကြီးကို ကျွန်မ ပြောချလိုက်သော်လည်း သူကမူ နှုတ်ဆိတ်နေလိုက်ပါသည်။ ထင်မြင် ချက် တစ်စုံ တစ်ရာကိုလည်း ပြန်ပေးခြင်းမရှိပါ။ သည်စကားလုံးကြီးသည် စက်ဆုပ် ရွံရှာ ဖွယ်ကောင်း သော၊ မုန်းတီးဖွယ်ကောင်းသော၊ ကြောက်ရွံ့စိုးထိတ်ဖွယ်ကောင်းသော စကား လုံးကြီးဖြစ် ပါသည်။ လျှာပေါ်သို့ မတင်သင့်သော စကားလုံးကြီးဖြစ်ပါသည်။

ယခုတော့ နှုတ်ကျွံသွားခဲ့ပါပြီ။ ကြမ်းပေါက်ကျွံလျှင် နုတ်၍ရသည်။ စကားကျွံလျှင် နုတ်၍ရစကောင်း သည် မဟုတ်ပါ။ ယခုတော့ လျှာအရိုးမရှိသလို ပြောမိလျက်သားဖြစ်သွားပါပြီ။ ဘယ်နံရောအခါတွင်မျှ သည်စကားလုံးကြီး ကို မပြောခဲ့ဖူးပါဟု အထွန့်မတတ်နိုင်တော့ပါပြီ။ ကဗျာစာအုပ်ရေခံစက္ကူပေါ်က လက်ရေး ခပ်စောင်းစောင်းနှင့်ရေး ထားသော (ရကောက်)စာလုံးကို ကျွန်မ၏ စိတ်ထဲ မှာ ပြေးမြင် လိုက်မိ ပြန်ပါသည်။ ကျွန်မ၏အသည်းနှလုံးထဲက နာကျင်လာသည်။ စိတ်အထိခိုက်ကြီး ထိခိုက်မိတော့ သည်။
ဘယ်သောအခါ တွင်မှ ကျွန်မကို သူ ခွင့်လွှတ်တော့မည်မဟုတ်။ ပြီးတော့ သူနှင့်ကျွန်မတို့၏ မိတ်ဆွေ ဖြစ်ရသော ဘဝကလေး သည်လည်း နိဂုံးကမ္ပတ်အဆုံးသတ်ရချေတော့မည်။ စိုသော လက် ခြောက် ရ ပေ လိမ့်မည်။

သည်တုန်းက ရှေ့တည့်တည့်သို့သာ ကျွန်မ သဲကြီးမဲကြီး စူးစိုက်ကြည့်နေမိခဲ့သည့်အဖြစ်ကို ယခု ပြန် သတိရနေ မိသေးသည်။ ကြည့်မည်သာ ကြည့်ရသည်။ ကျွန်မတို့၏ကားရှေ့မှာ ခုန်ပျံပြေးလွှားနေ သည့် မော်တော်ကားလမ်းကိုလည်း ကျွန်မ မမြင်။ ကျွန်မ ပြောလိုက်မိသော "ရှင့်မိန်းမ"ဟူသည့် စကားလုံး ကြီး ကသာ ကျွန်မ၏နားထဲမှာ တုန်ခါမြည်ဟည်းနေတော့သည်။
သူတိတ် ကိုယ်တိတ် အပြိုင်တိတ်ဆိတ်လာကြသည့်အချိန်သည် မိနစ်ပေါင်းများစွာ ကြာမြင့်လာပါ၏။ မိနစ်ပေါင်း များစွာ ကြာမြင့်လာသောကြောင့် ကျွန်မတို့၏ခရီးသည်လည်း မိုင်ပေါင်း အတော် များများ ပေါက်ခဲ့ပြီ။ အရာခပ်သိမ်းတို့ ပြီးဆုံးသွားကြပါပြီ။ အားလုံးနိဋ္ဌိတံသွားကြပါပြီ။

သူနှင့်အတူ ဘယ်နံရော အခါတွင်မှ ကျွန်မ မော်တော်ကားစီးခွင့်ရတော့မည် မဟုတ်ပါ။
မနက်ဖြန်ဆိုလျှင် တစ်ရပ်တစ်ကျေးသို့ မစ္စတာဒီဝင်းတာ ထွက်ခွာသွားပေတော့မည်။ မစ္စက်ဗန်ဟော့ပါး လည်း နက်ဖြန်ဆိုလျှင် အိပ်ရာထဲမှ ထနိုင်ပေတော့မည်။ အဘွားကြီးနှင့် ကျွန်မသည် ခါတိုင်း လိုပင် လှေကားထစ်များတစ်လျှောက်မှာ လမ်းလျှောက်နေကြရပေလိမ့်မည်။ အလုပ်သမားများက မစ္စတာဒီဝင်းတား ၏သေတ္တာများ ကို အောက်ထပ်သို့ သယ်ချလာကြပေလိမ့်မည်။ သေတ္တာများပေါ်မှာ ချိတ်ထား သည့် လေဘယ်လ်ကတ်ပြားများကို လှစ်ခနဲ လှမ်းမြင်လိုက်ရပေလိမ့်မည်။ ထိုအပေါ်မှာ သူသွား မည့် ခရီးဆုံးနေရာကို ဖော်ပြထားပေလိမ့်မည်။ လမ်းကွေ့သို့ ရောက်တော့ မော်တော်ကား ဂီယာပြောင်း သည့် အသံကိုလည်း ကြားရပေလိမ့်မည်။ ပြီးတော့ အခြားယာဉ်ရထားတို့၏ အသံများနှင့် ရောနှော ကာ အသံ ရော ကားပါ ပျောက်ကွယ်သွားပေတော့မည်။ သံသရာဆုံးသည့် တိုင် ပျောက်ကွယ်သွားခြင်းပင် ဖြစ်ပေ လိမ့်မည်။

ကျွန်မ စိတ်အာရုံထဲမှာ ထင်ဟပ်လာသည့် မြင်ကွင်းသည် အထင်ရှားဆုံးဖြစ်လာပါသည်။ သေတ္တာများ သယ်ယူပေး သည့် အလုပ်သမားအား မစ္စတာဒီဝင်းတားက ဘောက်ဆူးပေမည်ကိုလည်းကောင်း၊ အလုပ်သမား က ပိုက်ဆံကို အိတ်ထဲသို့ထည့်လိုက်ပြီး တံခါးစောင့်ကို သမင်လည်ပြန်လှည့်ကြည့်ကာ တစ်စုံ တစ်ရာ ပြောလိုက်သည်ကိုလည်းကောင်း ကျွန်မ၏အာရုံမျက်စိထဲမှာ ထင်ထင် ရှားရှားကြီး မြင် တွေ့နေ ရပါသည်။

သို့ကလို ကျွန်မ၏စိတ်အာရုံမှာ ထွေပြားနေသည့်အတွက် ကျွန်မတို့ စီးလာ သည့် မော်တော်ကား အရှိန် နှေးသွားသည် ကို ကျွန်မ သတိမထားလိုက်မိပါ။ လမ်းဘေး တစ်နေရာ မှ မော်တော်ကား လုံးဝ ထိုးရပ် လိုက်တော့မှပင် လက်ရှိဘဝကို သတိပြန်ရပါတော့သည်။ မစ္စတာဒီဝင်းတား သည် မတုန်မလှုပ် ကျောက်ရုပ်လို ထိုင်နေသည်။ သူ့ခေါင်းပေါ်မှာ ဦးထုပ်မရှိ။ လည်ပင်း မှာမူ မာဖလာအဖြူကို ပတ်ထား သည်။ ပန်းချီကားထဲမှာ ကျွန်မမြင်ခဲ့ဖူးသည့် အလယ်ခေတ် သူရဲကောင်းနှင့် ပို၍ပင် တူ လာသည်။ သူ့ ဟန်ပန်သည် လက်ရှိပတ်ဝန်းကျင် မြင်ကွင်းများနှင့် လိုက်လျော ညီထွေ မရှိပါချေ။ မြင့်မားသော ဘုရား ရှိခိုးကျောင်း၏လှေကားထစ်များပေါ်မှာ သူ ရပ်နေဖို့ ကောင်းသည်။ သူ့ကိုယ်ရုံကြီး ကို နောက်ကျော ဘက်သို့ ပစ်တင်ထားကာ သူ့ခြေထောက်အောက် တွင်လည်း သူတောင်းစား တစ်ယောက် က ဝပ်လျှိုးပြီး ရွှေဒင်္ဂါးတောင်းနေသည့် မြင်ကွင်းမျိုးနှင့်သာ လိုက်ဖက်နေ သည်။

အကြင်နာတရား ရှိလှသော၊ ပေါင်း၍သင်း၍ကောင်းလှသော မိတ်ဆွေတစ်ယောက် မဟုတ်တော့ပြီ။ ထိုမျှ မကသေး၊ လက်သဲများကို သွားနှင့် ကျွန်မ ကိုက်သည့်အခါတိုင်း ညီမငယ် တစ်ယောက် ကို နောက် ပြောင်သလို နောက်ပြောင်လေ့ရှိသော အစ်ကိုတစ်ယောက်အဖြစ်မှလည်း သူ ပြောင်းလဲ သွားလေပြီ။ ယခု ကျွန်မ၏ဘေးမှာ ထိုင်နေသူကား သူစိမ်းပြင်ပြင်ပင် ဖြစ်ချေသည်တကား။ သည်လို သူစိမ်းပြင်ပြင် တစ်ယောက်၏ဘေးတွင် ဘာကြောင့်များ ကျွန်မ ဝင်ပြီး ထိုင်နေမိပါလိမ့်။
သည့်နောက်တော့ ကျွန်မဘက်သို့လှည့်လာပြီး သူ စကားပြောပါသည်။

"ကိုယ် သတိရချင်တာကလေး ကို ပုလင်းထဲမှာ ထည့်သိမ်းထားလို့ရတဲ့ တီထွင်မှုမျိုးလုပ်လို့ ရရင် ကောင်းမှာပဲ လို့ စောစောတုန်းက မင်းပြောခဲ့တယ်။ ကိုယ်ပြန်ပြီး ခံစားချင်းတဲ့အခါတိုင်း ပုလင်း ကလေး ကိုဖွင့်ပြီး ခံစားလို့ရနိုင်တယ်ဆိုတာလေ။ ဒီကိစ္စမှာ ကျုပ်က မင်းနဲ့အယူအဆချင်း ကွဲသွားပြီ။ အတိတ် ကာလရဲ့ အဖြစ်အပျက်တွေထဲက သတိရစရာတွေဆိုတာ ကျုပ်အဖို့တော့ အင်မတန် ခါးသီး လှပါတယ် ကွယ်… ကျုပ်ကတော့ အားလုံးကို မေ့ပစ်လိုက်ချင်တယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကြုံတွေ့ ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုဟာဆိုရင် ကျုပ်ရဲ့တစ်ဘဝလုံးကို စောက်ထိုးမိုးမျှော်ဖြစ်အောင် ဖန်တီး ပစ်လိုက် တာနဲ့ အတူတူပဲ၊ အဲဒီအချိန်အထိ ဟိုတုန်းက ဖြစ်ပျက်ခဲ့တာတွေ မှန်သမျှအားလုံးကို ကျုပ် မေ့ပစ် လိုက်ချင်တယ်။"

"ဟိုဘက်ပိုင်းက အချိန်နာရီနေ့ရက်တွေဟာ ပြီးသွားပြီ။ ပြည်ဖုံးကား ချလိုက်ပြီ။ လူသစ် စိတ်သစ် ဘဝ သစ်နဲ့ ကျုပ် ပြန်ပြီး အသက်ရှင်ရမယ်။ မင်းနဲ့ ကျုပ် ပထမဆုံး စပြီးတွေ့ဖူးတဲ့နေ့တုန်းက မင်းနဲ့ အဘွား ကြီး မစ္စက်ဗန်ဟော့ပါးက မွန်တီကာလို ကို ကျုပ် ဘာကြောင့် လာတာလဲလို့ မေးခဲ့တယ်။ အဲဒီ အဖြစ် အပျက်ကလေးတွေ ကို ပြန်ပြီးခံစားချင်တဲ့အခါမှာ ခံစားနိုင်အောင် မင်းက ပုလင်းထဲထည့်ပြီး သိမ်းထား ချင်ပေလိမ့်မယ်။ ဒါပေမဲ့ အမြဲတမ်း ဒီလိုမဖြစ်နိုင်ပါဘူးကွယ်။ ကိုယ်ဆန္ဒရှိတိုင်း ဖြစ်ချင်မှဖြစ်တာမျိုး တစ်ခါတစ်ရံ ကျတော့ ပုလင်းထဲ ထည့်သိမ်းထားချင်တဲ့ အဖြစ်အပျက်ကလေးရဲ့အနံ့က သိပ်ပြင်းနေ တတ် တယ်။ ဒီတော့ ပုလင်းဗူးဆို့က နိုင်အောင် ထိန်းထားနိုင်ပါ့မလား။ အကုသိုလ်ဆိုတာမျိုးကလဲ ရှိ သေးတယ်။ အကုသိုလ် ဝင်ချင်ပြီဆိုရင် မကောင်းဆိုးရွားတစ်ကောင်ကောင်က ပုလင်းဗူးဆို့ကို ဆွဲဖွင့် လို့ ပွင့်သွားတာမျိုးလဲ ရှိတယ်။"

"ကျုပ်ရဲ့ အတိတ်ပုလင်းဗူးဆို့ ကို ကျုပ်ပြန်ပြီး ဖွင့်ကြည့်လိုက်မိတဲ့နေ့ဟာ မင်းနဲ့ကျုပ် ပထမဦးဆုံးအကြိမ် ကားအတူတူလျှောက် စီးကြတဲ့နေ့ပဲ၊ ဟိုတောင်ထိပ်ပေါ်ကို တို့တတွေ ကားမောင်းတက်ခဲ့ကြတယ်လေ။ ပြီးတော့ အောက်ကချောင်းကမ်းပါးကြီးကို ငုံ့ကြည့်ခဲ့ကြတယ် မဟုတ်လား။ လွန်ခဲ့တဲ့ နှစ်ပေါင်းအတော် ကြာတုန်း က အဲဒီနေရာကို ကျုပ်မိန်းမ နဲ့အတူတူ ရောက်ခဲ့ဖူးတယ်။ ပြောင်းလဲသွားတာတွေများ ရှိသ လား လို့ ကျုပ်ကို မင်းမေးခဲ့သေးတယ်လေ… ဘာမှ မပြောင်းလဲပါဘူးကွယ်။ အားလုံး အတူတူပါပဲ။ အဲဒီ နေရာ ကို မင်းနဲ့အတူတူ အခုလိုပြန်ရောက်သွားတော့ ကျုပ် သဘောပေါက်နားလည်လာတာ တစ်ခု ရှိ တယ်။

ဘာလဲ ဆိုရင် အဲဒီချောက်ကမ်းပါးနေရာဟာ ကျုပ်ရဲ့အတိတ်အကြောင်းတွေနဲ့ပတ်သက်ပြီး ဘာမှ အစ ပြန်ဖော် မပေးဘူး။ ကျုပ်နဲ့ ကျုပ်မိန်းမက သတိပြန်ရစရာတွေ ချန်မထားခဲ့လို့လဲ ဖြစ်နိုင်ပါ တယ်။ နောက်ပြီးတော့ ကျုပ်နဲ့အတူတူ မင်းရှိနေလို့လဲ ဖြစ်နိုင်တယ်။ ကျုပ်ရဲ့အတိတ်အကြောင်းတွေ ကို မင်း က ဖျောက်ဖျက်ပစ်လိုက်ပြီလေ။"
"ဒါကို မင်းသိရဲ့လား… ဟောဒီ မွန်တီကာ လို အပန်းဖြေစခန်းမှာ ထိန်လင်းနေတဲ့ မီးရောင်တွေက ကျုပ် ရဲ့ အတိတ်ကြောင်းတွေ ပျောက်ပျက်သွားအောင် မစွမ်းဆောင်နိုင်ပေဘူး။ မင်းကသာလျှင် စွမ်းဆောင် နိုင်ပေတယ်။ အတိတ်ရဲ့အနှောင်အဖွဲ့ထဲကနေ ကျုပ် လွတ်မြောက်လာအောင် မင်းကသာ ကယ်တင်နိုင် ပေ တယ်။

တကယ်လို့ ဒီမွန်တီကာလိုမှာ မင်းနဲ့သာ ကျုပ် မတွေ့ခဲ့ဘူးဆိုရင် ခြေဦးတည့်ရာကို ကျုပ် ထွက်သွား မိတာ ကြာလှပြီ။ အီတလီကို ရောက်ချင်ရောက်နေ၏မယ်။ ဂရိစန်နိုင်ငံကို ရောက်ချင်ရောက် နေမယ်။ ဒီထက် ပိုဝေးတဲ့နေရာကိုလဲ ရောက်ချင် ရောက်နေမယ်။ အခုတော့ ခြေဦးတည့်ရာ လေလွင့် ချင်တိုင်း လွင့်ရတော့မယ့် ကျုပ်ရဲ့ဘဝကြီးကို မင်းက ကယ်တင်လိုက်ပြီ။ ဒီတော့ ဣနြေ္ဒကြီးတစ်ခွဲသား နဲ့ မထုံတက်တေးတွေ လဲ လုပ်မနေနဲ့တော့။ ကျုပ်က မင်းအပေါ်မှာ အကြင်နာတရားတွေ သဒ္ဒါတရား တွေ ပိုလွန်းလှတယ် လို့လဲ လောကွတ် စကားတွေ ပြောမနေနဲ့တော့။"
"ကျုပ်နဲ့အတူတူ ကားလျှောက်စီးဖို့ ခေါ်ရတာကတော့ မင်းကို အဖော်အဖြစ်နဲ့ ကျုပ်က လိုချင်လို့… မင်း နဲ့ ပေါင်းချင် သင်းချင် အတူတကွ သွားချင် လာချင်လို့လဲ ဖြစ်တယ်။ အခု ကျုပ်ပြောခဲ့တာတွေကို မင်း မယုံကြည်ဘူး ဆိုရင် အခုချက်ချင်း ကားပေါ်ကဆင်းပြီး ဟိုတယ်ကိုပြန်ပေတော့။ ကိုယ့်လမ်း ကိုယ်ရှာပြီး ပြန်ပေတော့… ကဲ… လုပ်လေ… တံခါးဖွင့်… ဆင်း… ဆင်း… သွားတော့"
မလှုပ်မချောက်နှင့် ကျွန်မ ငြိမ်ငြိမ်ကလေး ထိုင်နေမိပါသည်။ လက်နှစ်ဖက်ကိုလည်း ပေါင်ပေါ်မှာ ယှက် တင်ထားမိပါသည်။ သူ အတည်ပေါက် ပြောနေတာလား။ နောက်ပြောင်နေတာလား ကျွန်မ မဝေခွဲ တတ်ပါ။

"ကိုင်း… ဒီကိစ္စကို မင်း ဘယ်လိုလုပ်မလဲ"ဟု သူက ဆက်မေးပါသည်။
ယခု အသက်အရွယ်ထက် များ ကျွန်မ တစ်နှစ် နှစ်နှစ်လောက် ပိုငယ်မည်ဆိုလျှင် ဟစ်၍ငိုလိုက်မိပေ လိမ့်မည်ဟု ထင်ပါသည်။ ကလေးငယ်တို့သည် မျက်ရည်လွယ်ကြသည် မဟုတ်ပါလား။ ထစ်ကနဲဆို လျှင် မျက်ရည်က အလျင်ကျတတ်စမြဲပင်။ ယခုတော့ ကျွန်မ၏မျက်လုံးအိမ်ထဲမှာ နာကျင်ကိုက်ခဲ လာ သည်။ ကျွန်မ၏မျက်နှာပေါ်တွင်လည်း သွေးရောင်လွှမ်းနေပြီဖြစ်ကြောင်း ကျွန်မ ခံစားလိုက်ရပါ သည်။ မော်တော်ကား လေကာမှန်မှာ ချိတ်ထားသည့် မှန်ကလေးထဲသို့ အမှတ်တမဲ့ လှမ်းကြည့် လိုက် တော့ ကျွန်မ၏ မျက်နှာသွင်ပြင်သည် ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှပါ၏။ မျက်လုံးအစုံ က လည်း သောကရောက်နေသည့်ပုံမျိုး။ ပါးနှစ်ဖက်ကလည်း ကြက်သွေးရောင်တောက် လျက်။ ဖြောင့်တန်း သည့် ဆံပင်များကလည်း သက္ကလပ်ဦးထုပ်အောက်မှနေ၍ ဖရိုဖရဲထွက်ကျလျက်။
"ကျွန်မ အိမ်ပြန်ချင် တယ်"

သည်မျှပဲ ကျွန်မ ပြန်ပြောနိုင်ပါသည်။ ကျွန်မ၏အသံကလည်း တုန်တုန်ယင်ယင်ဖြစ်တော့မည်အခြေ အနေမျိုး သို့ ရောက်နေပြီ။ သူက ဘာစကားတစ်ခွန်းမျှဆက်မပြောတော့ဘဲ ကားစက်နှိုးကာ ပြန်ကွေ့ ပြီး လာလမ်း သို့ ဦးတည်လိုက်သည်။
အပြန်လမ်း က ခရီးတွင်လှသည်။ ကားက မြန်လွန်းနေသည်ဟုလည်း ကျွန်မထင်ပါသည်။ အမြင်စိမ်း လှ သော ပတ်ဝန်းကျင်ရှုခင်းများကလည်း ကျွန်မတို့ကို အထူးအဆန်းသဖွယ် လှမ်းကြည့် လိုက်ကြပေလိမ့် မည်။
ကျွန်မ အမြဲတစေ အမှတ်ထင်ထင် ဖြစ်ချင်ပါသည်ဟုဆိုခဲ့သော လမ်းကွေ့သို့ရောက်လာသည်။ အလာ တုန်း ကတွေ့ ခဲ့ရသည့် တောသူမကလေးလည်း မရှိတော့ပြီ။ ပတ်ဝန်းကျင်၏အသွေးအရောင်များက လည်း ပြောင်းလဲနေကြပြီ။ အခြား အခြားသော လမ်းကွေ့များထက် ဘာတစ်ခုမျှ ပိုမိုထူးခြားသော လမ်းကွေ့ လည်း မဟုတ်တော့ပါ။

ကျွန်မ၏ပျော်ရွှင်ချမ်းမြေ့မှုများ ဆိတ်သုဉ်းပျောက်ကွယ်သွားသလို လမ်းကွေ့ကလေး၏သာယာလှပမှု များသည် လည်း ပျောက်ဆုံးလွင့်ပါးသွားကြလေပြီ။ သည်အတွေးဝင်လာသည်နှင့်တစ်ပြိုင်တည်း ကျွန်မ ၏မျက်နှာပေါ် ရှိ အကြေများ တင်းကျပ်လာပါသည်။ ငါ့အသက်မငယ်တော့ဘူးဟု အံတင်းကာဆည် ထားသည့် သိက္ခာများလည်း အဖတ်ဆည်မရတော့လောက်အောင် ဖြစ်သွားပါသည်။ သည်အခါမှာပင် အလွန်တရာ မုန်းစရာကောင်း လှသည့် မျက်ရည်များက မျက်လုံးအိမ်ထဲမှာ အိုင်ထွန်းကာ ပါးပြင်ပေါ်သို့ ဒလဟောပြေးဆင်း သွားကြလေတော့သည်။
သည်မျက်ရည် များကို ကျွန်မ ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပါ။ ထိန်းနိုင်စွမ်းမရှိတော့သည်နှင့်တစ်ပြိုင် တည်း သူတို့ ကလည်း ထင်တိုင်းကြဲကြတော့သည်။ မျက်ရည်သုတ်ရင် အိတ်ထဲက လက်ကိုင်ပဝါ ကို နှိုက်ယူလိုက်လျှင် သူ မြင်သွားပေတော့မည်။ ဒီလောက်တောင်ဖြစ်လှတာ နေစမ်းပါစေ။ ကျစမ်း ပါစေ။ မထိမတို့ဘဲ သည်အတိုင်းကို ထားပစ်လိုက်မည်။

နှုတ်ခမ်းသားပေါ်သို့ မျက်ရည်များ ရောက်လာသည်။ ငန်သည့်အရသာကို ခံစားလိုက်ရသည်။ ငန်စမ်း ပါစေ။ ကျွန်မဘက်သို့ သူ လှည့်ကြည့် မကြည့် ကျွန်မ မသိပါ။ ဘေးဘီသို့ ကျွန်မ စောင်းငဲ့မကြည့် တော့ ဘဲ ရှေ့တည့်တည့် သို့သာ သဲကြီးမဲကြီး စူးစိုက်ကြည့်နေသောကြောင့် မသိခြင်းဖြစ် ပါသည်။ ရှေ့ တည့်တည် သို့ စူးစိုက်ကြည့်နေသည်ဆိုသော်လည်း မျက်ရည်တွေ ဖုံးလွှမ်းနေသောကြောင့် မြင်ကွင်း များကို သဲသဲကွဲကွဲမြင်ရသည်မဟုတ်ပါ။
သို့သော်လည်း သူက ကျွန်မ၏လက်တစ်ဖက်ကိုကောက်ဆွဲကိုင်လိုက်သည်။ ပြီးတော့ ထိုလက်ကိုပင် သူ နမ်းပါသည်။ နမ်းပြီးသောအခါ သူ့လက်ကိုင်ပဝါကို ကျွန်မ၏ပေါင်ပေါ်သို့ ပစ်တင်ပေးပါသည်။ သူ့ လက်ကိုင်ပဝါ ကို တို့ရမှာ ရှက်လိုက်သည့်ဖြစ်ခြင်း၊ ဖော်ပြနိုင်စွမ်းမရှိလောက်အောင်ကို ကျွန်မ ရှက်မိပါ သည်။

ကျွန်မ ဖတ်ခဲ့ဖူးသည့် အချစ်ဝတ္ထုများထဲက ဇာတ်လိုက်မင်းသမီး မင်းသားများ ငိုသည့်အခန်းများ တွေး ကြည့်လိုက် မိပါသည်။ သူတို့ကျတော့ လှလှပပကလေးတွေ ငိုကြသတဲ့ရှင်…။ ကျွန်မ၏ လက်ရှိ အခြေအ နေကတော့ သူတို့နှင့်မဆီလေးရယ်တဲ့မှ အိုမဆိုင်။  ကျွန်မ၏ မျက်နှာကြီး ကျတော့ ရောင်အမ်းပြီး ပုံပန်း ပျက်နေပါလိမ့်မည်။ မျက်လုံးပတ်လည်မှာလည်း အနီကွင်းကြီး တွေ ဖြစ်နေ ပါလိမ့်မည်။ အချစ်ဝတ္ထုထဲ ကလို ဘယ်မှာလဲ လှတာတွေ…။
ပျော်စရာကောင်း သည့် သည်နံနက်ခင်း ကလေးကို ယခုလို မျက်ရည်နှင့်ဇာတ်သိမ်းပစ်လိုက်ရသည်မှာ စိတ်ပျက်ဖွယ် ရာကောင်း လှပါဘိ။ သည်တစ်နေ့တာ ကုန်ဆုံးဖို့ကလည်း အချိန်တွေ အများကြီး ကျန်နေ သေးသည်။

မစ္စက်ဗန်ဟော့ပါးနှင့်အတူ အခန်းထဲမှာပင် နေ့လယ်စာ စားရဦးတော့မည်။ သူနာပြုဆရာမ အပြင်သွား နေသည့်အတွက် ကျွန်မ ငြင်းလို့ရမည် မဟုတ်။ ပြီးတော့ နလန်ထစမှာ ဇွဲကြီးနဘဲကြီးနှင့် ဖဲကစား တတ်သည့် သည်အဘွားကြီးနှင့်အတူ ဖဲကစားရဦးတော့မည်။
သူ့အခန်းထဲမှာလည်း ပွစကျဲနေပေလိမ့်မည်။ စောင်တွေ၊ အိပ်ရာခင်းတွေ၊ ခေါင်းအုံးတွေကလည်း တွန့် ကြေနေလိမ့်မည်။ အိပ်ရာဘေး စားပွဲခုံငယ်ပေါ်မှာလည်း ပေါင်ဒါမှုန့်တွေ၊ ရေမွှေးပုလင်းတွေ၊ ဆိုးဆေး စက်တွေက ပေကျံနေလိမ့်မည်။ အိပ်ရာပေါ်မှာလည်း တစ်ရွက်စီ ဖရိုဖရဲပြန့်ကျဲနေ သည့် နေ့စဉ်သတင်း စာ၊ အနားတွန့်နေသည့် ပြင်သစ်ဝတ္ထုစာအုပ်များ၊ အမေရိကန်မဂ္ဂဇင်းများလည်း စည်းမရှိကမ်းမရှိ ဖြစ် ချင်တိုင်း ဖြစ်နေကြပေလိမ့်မည်။

စည်းမဲ့ ကမ်းမဲ့ထိုးခြေထားသည့် စီးကရက်တိုများကလည်း ဆိုးဆေးဖျက် ပုလင်းထဲမှာ၊ စပျစ်သီးပန်း ကန်ထဲ မှာ၊ အခန်းကြမ်းပြင်နေရာအနှံ့မှာ ပြန့်ကျဲချင်တိုင်း ကျဲနေကြပေလိမ့်မည်။ လူနာမေးလာရင်း မတော် မတရား ယူလာကြသည့် ပန်းများကလည်း နေသားတကျမရှိသည့် ပန်းအိုးထဲမှာ မြင်မကောင်း ရှု မကောင်း ရှိနေကြပေလိမ့်မည်။
နောက်ပြီးတော့ သူ့မိတ်ဆွေများရောက်လာကြမည်။ အရက်သောက်ဖို့ လာကြခြင်းဖြစ်သည့်အတွက် ကျွန်မ အရက်စပ်ပေး ရဦးမည်။ ပြီးတော့ လူကြောက်တတ်သော ကျွန်မသည် အခန်းထောင့်တစ်နေရာ မှာ ကုတ်ကုတ် ကလေး ထိုင်နေရဦးမည်။ ကြက်တူရွေးလို တစာစာပြောနေသည့် သူတို့၏စကားသံများ ကြားထဲ မှာ ကျွန်မ နစ်မွန်းနေရဦးတော့မည်။ မစ္စက်ဗန်ဟော့ပါးကမူ ကျယ်လောင် ကျယ်လောင်ဖြင့် စကားပြောနေပေ လိမ့် မည်။ ခရီးဆောင်ဓာတ်စက်ကို လှမ်းဆွဲယူပြီး ဓာတ်ပြားတစ်ချပ် ဖွင့်လိမ့်မည်။ သီ ချင်းသံ ထွက်ပေါ် လာသည်နှင့်တစ်ပြိုင်တည်း သူ့ပခုံးကြီးနှစ်ဖက်ကိုတွန့်ကာ တွန့်ကာဖြင့် စည်းလိုက်ပေ လိမ့်မည်။

သည်အဘွားကြီး ကို ကျန်းမာနေစေချင်ပါသည်။ သူ့ဆံပင်တွေ သပ်သပ်ရပ်ရပ် ရှိနေစေချင်ပါသည်။ သူ့ အတွက် တက်ဇောလ်အစာကြေဆေး ဝယ်ပေးဖို့ မေ့ရကောင်းလားဟုလည်း ကျွန်မကို ဆူဆူ ပူပူ လုပ် ပေလိမ့်ဦးမည်။
သည်လိုအဖြစ်အပျက်မျိုးတွေနှင့် ကျွန်မ ရင်ဆိုင်နေရသည့်အချိန်တွင် မစ္စတာဒီဝင်းတားကတော့ တစ် ကိုယ် တည်း တစ်နေရာရာသို့ ထွက်သွားပေလိမ့်မည်။ ပင်လယ်ကမ်းခြေလိုနေရာမျိုးလည်း ဖြစ်ချင်ဖြစ် မည်။ သူ့ပါးပြင်ပေါ် သို့ ပင်လယ်လေတိုက်ခတ်နေသည်ကိုလည်း အရသာယူကောင်း ယူနေ လိမ့်မည်။ နေရောင်သာသည့် နေရာများသို့လည်း လိုက်ကောင်းလိုက်နေလိမ့်မည်။ ကျွန်မ ဘာမျှ မသိရသော သူ၏အတိတ်ဇာတ်ကြောင်းများထဲမှာ နစ်မျောချင်လည်း နစ်မျောနေပေလိမ့်မည်။ သို့တည်း မဟုတ် လွန်လေပြီးသော နှစ်ကာလများက အဖြစ်အပျက် များကို ပြန်ပြောင်းအောက်မေ့ တသနေချင် လည်း နေ လိမ့်မည်။

သူနှင့် ကျွန်မ၏ကြားက ကွာဟချက်ကြီးမှ ဟိုတန်းကထက်ပင် ပိုလို့ ကျယ်ပြောသွားပါပြီ။ ကျွန်မနှင့် အလွန်ဝေးကွာ သည့် တစ်နေရာမှာ သူ ရပ်နေသည်။ ကျွန်မကိုလည်း ကျောခိုင်းထားသည်။ ပင်လယ် ပြင်၏ဟိုတစ်ဖက်ကမ်းထိပ်မှာ သူ ရောက်နေသည့်သဘောမျိုးဖြစ်ပါသည်။
သို့ ကလို အတွေးတွေ ချာချာလည်ရင်း ကျွန်မ သည် ပို၍သေးငယ်သွားသလို၊ ငယ်ရွယ်လွန်းသွားသလို၊ အထီးကျန် အနိုင်ကြီးနိုင်သွားသလို ခံစားလိုက်ရပါသည်။ သည်အခါတွင် ဘာဟန်တွေမှ လုပ် မနေနိုင် တော့ပါ။ ဘာဣနြေ္ဒကိုမှ ဆောင်မနေနိုင်တော့ပါ။ ပေါင်ပေါ်က သူ့လက်ကိုင်ပဝါ ကို ကောက်ယူပြီး တစ် ချက်တည်း နှပ်ညှစ်ပစ်လိုက်ပါတော့သည်။ သည်လို လုပ်လိုက်မိသည့်အတွက် အရုပ်ဆိုး ချင်လည်း ဆိုး ပါစေတော့။ ဆိုးချင်သလောက် ဆိုးစမ်းပါစေ။ ဘာကိုမျှ ကျွန်မ ဂရုစိုက်တော့ မည် မဟုတ်ပါ။

"ဖြစ်ချင်တာ ဖြစ်စမ်းကွာ…"
ရုတ်တရက် သူ ပြောချလိုက်သည်ကို ကြားလိုက်ရသည်။ စိတ်ဆိုးသည့်အသံလား၊ စိတ်ပျက်ပြီး ငြီးငွေ့ သည့် အသံလား၊ ကျွန်မ အသေအချာ မပြောနိုင်ပါ။
ကျွန်မ ကို သူ့ဘေးသို့ ဆွဲယူလိုက်သည်။ ပြီးတော့ ကျွန်မ၏ပခုံးကို သိုင်းဖက်ထားလိုက်ပါသည်။ မျက်နှာ ကိုမူ ရှေ့တည့်တည့် သို့သာ လှည့်ထားသည်။ ညာဘက်လက်က မော်တော်ကားလက်ကိုင်ကို ကိုင် လျက်သား ပင်။ ဟိုတုန်း ဟိုတုန်းကများထက်ပင် ကားကို ပိုမြန်အောင် သူ မောင်းခဲ့ကြောင်း ကျွန်မ ပြန် လည် အမှတ်ရနေမိပါသေးသည်။
"မင်း ဟာ အင်မတန် ငယ်ပါသေးတယ်။ ကျုပ်သာ မွေးခဲ့မယ်ဆိုရင် မင်းဟာ ကျုပ်သမီးလောက်ပဲ ရှိ မယ်။ နောက်ပြီးတော့ မင်း နဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာတောင် ကျုပ် မသိတော့ဘူး"ဟု သူက ပြော နေသည်။

လမ်းက ပိုကျဉ်း လာသည်။ လမ်းတစ်ဆစ်ချိုးနေရာတစ်ခုသို့လည်း ရောက်လာသည်။ ခွေးတစ်ကောင် ကိုလည်း လွတ်အောင်ရှောင်လိုက်ရသေးသည်။ ထို့ကြောင့် ကျွန်မကို ဖက်ထားရာမှ သူ လွှတ်လိုက် လိမ့်မည် ဟု ထင်သည်။ သို့သော်လည်း သိုင်းဖက်မြဲ ဖက်ထားပါသည်။ တစ်ဆစ်ချိုးကို လွန်လာသည်။ လမ်းမကြီး က ဖြောင့်တန်းစွာ ပေါ်လာပြန်သည်။ သူကလည်း ကျွန်မကို ဖက်မြဲ ဖက်ထားဆဲဖြစ်သည်။
"ဒီနေ့ မနက် ကျုပ်ပြောခဲ့တာတွေကို မင်း မေ့ပစ်လိုက်နိုင်ပါတယ်။ ဒါတွေအားလုံး ပြီးသွားပြီ။ ဒီ အကြောင်းတွေ ကို ပြန်ပြီး မစဉ်းစားကြစို့နဲ့။ ကျုပ်မိသားစုက ကျုပ်ကို မက်ဇင်မ်လို့ ခေါ်တယ်။ မင်းကလဲ  ကျုပ် ကို ဒီအတိုင်း ပဲ ခေါ်စေချင်ပါတယ်။ ကျုပ်ကို မရင်းနှီးတဲ့ လူစိမ်းတစ်ယောက်ကို ဆက်ဆံသလို မင်း ဆက်ဆံခဲ့ ရတာ ကြာပြီလေ…"
ကျွန်မ၏ခေါင်းပေါ်မှ ဦးထုပ်၏ အနားသားကို လက်နှင့် သူစမ်းပြီး ဆွဲချွတ်လိုက်သည်။ ပြီးတော့ နောက် ခုံပေါ်သို့ နောက်ပြန်လှမ်းပစ်တင်လိုက်သည်။ နောက်ပြီးတော့ ကျွန်မ၏ခေါင်းကို သူ ငုံ၍နမ်း ပါလေ တော့သည်။

"အနက်ရောင် ပိုးသားဂါဝန် ကို ဘယ်တော့မှ မဝတ်ပါဘူးလို့ ကတိပေးစမ်း"
သူ့စကား ကို ကြားရတော့ ကျွန်မ ပြုံးမိပြန်ပါသည်။ သူကလည်း ကျွန်မကို ပြန်ရယ်ပြသည်။ နံနက်ခင်း သည် သာယာ သွားပြန်ပါပြီ။ နံနက်ခင်း သည် အလွန်တရာ တောက်ပသော အရာဝတ္ထုတစ်ခု ဖြစ်သွားပါ ပြီ။ အဘွားကြီး မစ္စက်ဗန်ဟော့ပါး ကိုလည်း ကျွန်မ ဂရုမစိုက်တော့ပြီ။ အချိန်တွေ ရှည်လျားစွာ ကျန်နေ သေးသည့် မွန်းလွဲပိုင်းအချိန်ကိုလည်း ကျွန်မ ဂရုမစိုက်တော့ပြီ။ လက်ဖြောက် တစ်ချက်တီး လိုက်သလို အားလုံးကို မေ့ပစ်လိုက်ပါတော့သည်။ ရှည်လျားပါသည်ဆိုသော ထိုအချိန်များက အလွယ် တကူ ကုန် ဆုံးလွန်မြောက်ကြပါလိမ့်မည်။ နောက်ပြီးတော့ ယနေ့ညဆိုတာ ရှိလိမ့်မည်။ မနက်ဖြန် ဆိုတာ လည်း ရှိလိမ့်မည်။ ထိုညတွေ၊ မနက်ဖြန်ညတွေ သာယာလှပသောညနှင့် မနက်ဖြန်တွေ ဖြစ် လိမ့် မည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>