Wednesday, May 2, 2012

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၅)

အခန်း(၅)

လူ့ဘ၀တွင် ပထမဦးဆုံးအကြိမ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာ၏ ဝေဒနာကို ကျွန်မ ခံစားခဲ့ရပါသည်။ သည်လို ပထမဦးဆုံးခံစားရသော ချစ်ခြင်းမေတ္တာ၏ စိတ်ဝေဒနာကို တစ် သက် တွင် နောက် တစ်ကျော့ ပြန်ပြီး ခံစား ရတော့မည်မဟုတ်သည့်အတွက်လည်း ကျွန်မ ၀မ်း အသာကြီး သာခဲ့မိ ပါသည်။ ချစ်ခြင်းမေတ္တာ ၏ စိတ်ဝေဒနာမျိုးကို ကဗျာဆရာတွေက ဘယ်လိုပဲ ကာရံ အနုအလှတွေနှင့် ဖွဲ့နွဲ့ ကြစေကာ မူ စိတ်ဝေဒနာသည်ကား စိတ်ဝေဒနာပင်ဖြစ်ပါ၏။ ပြီး တော့ ၀န်ထုပ်ဝန်ပိုးကြီး တစ်ရပ် လည်း ဖြစ်ပါချေသည်။

ထိုအချိန်တုန်းက ကျွန်မ၏အသက်မှာ ၂၁နှစ်မျှသာရှိပါသေးသည်။ ၂၁နှစ်ရွယ်မျှသာရှိသေး သော မိန်းမပျိုကလေးများကား သူရသတ္တိနှင့် ပြည့်စုံကြသည်မဟုတ်။ သူတို့သည် အထိုက် အလျောက်တော့ သူရဲဘောကြောင်ကြ စမြဲဖြစ်သည်။ အကြောင်းမဲ့ စိုးရိမ်ထိတ်လန့်နေတတ် ကြသည်။ ပြီးတော့ အလွယ်ကလေးနှင့်လည်း အသည်းနှလုံးမှာ စွဲထင်တတ်ကြသည်။ ဒဏ်ရာ အနာတရဖြစ်တတ်ကြသည်။ ထိခိုက် နာကျည်းစေသော စကားလုံးများကိုလည်း နာသာခံခက် ဖြစ်တတ်ကြသည်။

ယခုတော့ ကျွန်မ၏အသက်မှာ လူလတ်ပိုင်းအရွယ်သို့ ရောက်လာပါပြီ။ သည်လို အသက် အရွယ် ကလေး ရလာတော့ လောကဓံတရားများကို အထိုက်အလျောက် ခံနိုင်ရည်ရှိလာပါပြီ။ ခံနိုင်ရည် ရှိလာပါပြီ ဟု ဆိုနိုင်သည့်တိုင်အောင် ပေါ့ပေါ့တန်တန် ပြောလိုက်သော စကားလုံးများ လိုပင် နာကျည်း ချင် နာကျည်းနေတတ်ပြန်ပါသည်။ မထီမဲ့မြင် အကြည့်ခံရခြင်းကိုပင် သေတပန်သက်ဆုံး အသည်း ဆတ်ဆတ် ခါချင်ခါနေတတ်ပြန်ပါသည်။ ကိုယ့်အပေါ်မှာ မရိုး မသားဆက်ဆံခြင်းကိုလည်း 'မချစ်သော် လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူ ခြင်း'မှန်းသိကာ မလိုတမာ လည်း ဖြစ်တတ် ပါသေး သည်။

အသက်အရွယ် ကြီးရင့်ပြီးသူများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ဖို့ဆိုသည်မှာ မလွယ်ကူ တော့ပါ။ အထစ်အငေါ့များကိုလည်း တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်းရှိကြပါပြီ။ သို့သော် ထို အချိန်တုန်းက ကျွန်မ သည် ငယ်ရွယ်သေးသူမို့ သည်လို တည်ငြိမ်မှုမျိုး မရှိခဲ့ပါ။ မပြော ပလောက်သော အကြောင်း အရာ ကလေးတစ်ခုကိုပင် မခံမရပ်နိုင်လောက်အောင် နာကျည်း ချင် နာကျည်းနေ တတ်ပါသည်။ မဖြစ်လောက်သော အကြောင်းအရာကလေးတစ်ခုကြောင့် လည်း မနေတတ် မထိုင် တတ် ဖြစ်ချင်ဖြစ်နေ တတ် ပါသည်။

''ဒီကနေ့ တစ်မနက်စာလုံး ညည်းဘာတွေများ လုပ်နေသလဲ"
ထိုစဉ်က မစ္စက်ဗန်ဟော့ပါး မေးခဲ့သည့်မေးခွန်းကို ယခုတိုင်အောင်ပင် ကျွန်မပြန် လည်ကြား ယောင်နေ မိပါသေး သည်။ ထိုသို့ မေးစဉ်က မစ္စက်ဗန်ဟော့ပါးသည် ခုတင်ပေါ်တွင် ခေါင်းအုံး များကို မှေးမှီကာ လူမမာ လုပ်နေရသော အချိန်ဖြစ်ပါသည်။ အမှန်တကယ် ဖျားနာနေခြင်းကား မဟုတ်ပါ။ သို့သော်လည်း အိပ်ရာ ထဲ မှာ ရက်ရှည်ကြီး လဲလျောင်းနေရသည့်အတွက် သူကိုယ် တိုင် လည်း နေမထိ ထိုင်မသာ ဖြစ်နေပုံပေါက်ပါသည်။

ကျွန်မက ခုတင်ဘေးရှိ စားပွဲအံဆွဲထဲမှ ဖဲထုပ်ကို ဆွဲထုတ်ယူလိုက်ပါသည်။ အပြစ်တစ်ခုခုကို ကျူးလွန်ထားမိသကဲ့သို့ လည်ပင်းသို့တိုင်အောင်လည်း ကြက်သီးမွေးညှင်းများ ထမိပါသည်။
"တင်းနစ်အရိုက်သင်ပေးတဲ့ ဆရာနဲ့အတူတူ တင်းနစ်ကစားနေပါတယ်ရှင်"

အဘွားကြီး ကို ကျွန်မ လိမ်ပြောလိုက်မိပါသည်။ သည်လို လိမ်ပြောလိုက်မိသည်နှင့် တစ်ပြိုင် တည်း ကြောက်စိတ်များက ကျွန်မကိုယ်ကို ဖုံးလွှမ်းသွားပြန်ပါသည်။ ယခုလို ပြောလိုက်မိချိန် မှာပင် တင်းနစ်အရိုက်သင်ဆရာက သည်အခန်းထဲသို့ တက်လာပြီး ရက်ပေါင်းများစွာကြာ အောင် ကျွန်မ လေ့ကျင့်ခန်းမဆင်းဘဲနေကြောင်း ပြောပါက ဘာတွေ ဖြစ်ကုန်လေမည်နည်း။

"အေးကွယ်...ငါက အခုလိုအိပ်ရာထဲ ဘုံးဘုံးလဲနေတော့ "အေးကွယ်… ငါက အခုလိုအိပ်ရာထဲ ဘုံးဘုံးလဲနေတော့ မင်းအဖို့လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ အောင်ကို ဖြစ်နေတော့မှာပေါ့"
မစ္စက်ဗန်ဟော့ပါး က စီးကရက်တိုကို မိက်ကပ်ဖျက်သည့် ဆီဗူးထဲသို့ ထိုးခြေထည့်လိုက်ပြီး ဖဲထုပ်ကို ကုလားဖန်ထိုးနေ ပါတော့သည်။ သူ ကုလားဖန်ထိုးပုံမှာ အလွန်ကျွမ်းကျင်လှပါသည်။ ဖဲသုံးချပ်စီကို လည်း အပြန်ပြန်အလှန်လှန် မွှေနှောက်နေသည်။

"တစ်နေကုန် တစ်နေခန်း မင်း ဘာတွေလုပ်နေသလဲဆိုတာ ငါဖြင့် မတွေးတတ်အောင်ပဲ၊ မင်းဆွဲတဲ့ ပန်းချီပုံကြမ်းတွေလဲ ငါ့ကို မပြတော့ပါလား၊ ပြီးတော့ ငါ့ဖို့ တက်ဇောလ်အစာကြေဆေး ဝယ်ပေးဖို့လဲ မင်း မေ့နေပြီ။ မင်း တင်းနစ် ကစားတာ တိုးတက်မှုရှိပါစေလို့ ငါ ဆုတောင်းပါတယ်၊ ငါတော့ ဒါပဲ ပြော တတ်တော့တယ်၊ မင်း ကောင်းကောင်းကစားတတ်ရင် တစ်နေ့ကျရင် မင်းအဖို့ အများကြီးအသုံးတည့် မယ်၊ ကောင်းကောင်း မကစားတတ်သေးရင်တော့ အင်မတန် စိတ်ကုန်စရာကောင်းတယ်၊ ဒါထက် စ ပေးဘောကို အောက်ပင့်ရိုက်နေတုန်းပဲလား"
ပြောရင်းဆိုရင်း စပိတ်ကွင်း ဖဲတစ်ချပ် ကို ဖဲပုံထဲသို့ ပစ်ချလိုက်ပါသည်။ ဖဲချပ်ပေါ်ရှိ ဘုရင်မ၏မျက်နှာ မည်းမည်းကြီး က မိန်းမရွှင်မျက်နှာမျိုးနှင့် ကျွန်မကို မော့ကြည့်နေပါသည်။
"ဟုတ်ကဲ့ပါရှင်"

အလိုက်သင့် ပြန်ဖြေလိုက်ရသော်လည်း သူ့မွေးခွန်းကြီးက ကျွန်မကို ပျားတုပ်သလို ခံလိုက်ရပါသည်။ မှန်ပါသည်။ ယခုထက် တိုင်အောင် တင်းနစ် စပေးဘောကို အောက်ပင့်ရိုက်နေရဆဲပင် ဖြစ်ပါသည်။ တင်းနစ်အရိုက်သင် ဆရာနှင့် ကျွန်မ မကစားခဲ့ပါ။ မစ္စက်ဗန်ဟော့ပါး အိပ်ရာထဲလဲပြီဆိုကတည်းက တင်းနစ်ကွင်းပေါ် မှာ တစ်ကြိမ်တစ်ခါမျှ ခြေမချဖူးတော့ပါ။ ယခုဆိုလျှင် ရက်သတ္တနှစ်ပတ်ပင်ကျော်ခဲ့ပြီ။
သို့သော် လည်း အမှန်အတိုင်းမပြောဘဲ ဘာကြောင့် လိမ်လည်ပြောလိုက်မိကြောင်း ကျွန်မ ပြန် စဉ်းစား နေမိ ပါသည်။ မနက်တိုင်း မစ္စတာဒီဝင်းတာနှင့်အတူ ကားလျှောက်စီးနေသည်ကို ဘာကြောင့် အမှန် အ တိုင်း ဖွင့်မပြောမိပါလိမ့်။ မစ္စတာဒီဝင်းတာနှင့်အတူတူ သူ့စားပွဲ မှာ နေ့တိုင်း ထိုင်ကာ နေ့လယ် စာ စားခဲ့ ကြသည်ကို ဘာကြောင့် ဖွင်မပြောမိပါလိမ့်။
"တင်းနစ်ကစားရင် ပိုက်ဘက်ကို များများတက်၊ ဒီလို မတက်လို့ကတော့ မင်း ဘယ်တော့မှ လူတော် ဖြစ်လာမှာ မဟုတ်ဘူး"
အဘွားကြီး က စကားတံ ရှည်နေသည်။ ကျွန်မကလည်း သူ ပြောသည်ကို လက်ခံလိုက်ပါသည်။ ပြီး တော့ မိန်းမတော် မိန်းမကောင်း၊ မိန်းမအလိမ္မာကြီး အယောင်ဆောင်ကာ ဖူးနီကင်းဖဲချပ်ဖြင့် သူ့စပိတ် ကွင်းကို ဖုံးအုပ်ပစ်လိုက်မိပါတော့သည်။

မွန်တီကာလို အပန်းခြေစခန်းတွင် နေခဲ့ရစဉ်က ကြုံတွေ့ခဲ့ရသည့်အကြောင်းအရာ အတော်များများကို  ကျွန်မ မေ့လျော့နေပါပြီ။ အဲဒီရက်များတုန်းက မနက်တိုင်း သူနှင့် ကျွန်မ ကားလျှောက်စီးခဲ့ကြသည့် အကြောင်းများ၊ ဘယ်နေရာတွေကို ရောက်ခဲ့သည်ဆိုသည်များ၊ ပြီးတော့ ဘာအကြောင်းတွေ စကား ဖောင်ဖွဲ့ခဲ့ကြသည် ဆိုသည်များကို ကောင်းစွာ မမှတ်မိတော့ပါ။

သို့သော်လည်း ကျွန်မ မမေ့နိုင်သည့် အကြောင်းများကတော့ ရှိနေပါသေးသည်။ သူနှင့်တွေ့ရတော့ မည် ဆိုလျှင် ကျွန်မ၏လက်ချောင်းကလေးများ မည်မျှလောက် တုန်ယင်နေကြသည် ကို လည်းကောင်း၊ ဖြစ်ကတတ်ဆန်း ဦးထုပ်ဆောင်းလာခဲ့မိသည်ကိုလည်းကောင်း၊ ဓာတ်လှေကား ဆင်းနေပုံ က သည်းမခံ နိုင်လောက်အောင် နှေးကွေးနေသောကြောင့် စင်္ကြံများအတိုင်း တရကြမ်း ပြေးကာ လှေကားထစ်များ ကို ခုန်ပျံကျော်လွှားပြေးဆင်းခဲ့မိသည်ကိုလည်းကောင်း၊ အပြင် ထွက်ပြန်တော့လည်း ဆုံလည်တံခါးကို တံခါးစောင့်ဖွင့်ပေးသည်ကိုပင် မစောင့်နိုင်တော့ဘဲ ကိုယ့်ဟာကိုယ် အလောသုံးဆယ် တွန်းဖွင့်ထွက်ခဲ့ သည်များကိုလည်းကောင်း ကျွန်မ လုံးဝ မေ့နိုင်တော့ မည် မဟုတ်ပါ။

ကျွန်မ ရောက်သွားတော့ ကားထဲ က ကားမောင်းသူနေရာမှာ သူ ထိုင်နေပေလိမ့်မည်။ သတင်းစာ တစ် စောင်ကိုလည်း ဖတ်နေပေလိမ့်မည်။ ကျွန်မကိုမြင်တော့ ပြုံးလိမ့်မည်။ လက်ထဲက သတင်းစာကို ပခုံး ပေါ်ကျော်ပြီး နောက် ထိုင်ခုံပေါ်သို့ လှမ်းပစ်တင်လိုက်လိမ့်မည်။ တစ်ဆက်တည်း တံခါးဖွင့်ကာ မေး လိမ့်မည်။
"ကိုင်း… အဖော်သဟဲကောင်းကလေး… ဒီနေ့မနက် ကျန်းခန့်သာလို့ မာပါစ၊ နောက်ပြီးတော့ အဖော် သဟဲကောင်းကလေး က ဘယ်အရပ်ကိုများ သွားလိုပါသတဲ့လဲ ခင်ဗျာ…"
သူနှင့်သာ အတူတူနေရမည်ဆိုလျှင် တစ်နေရာတည်းမှာပင် ပတ်ချာလှည့်ပြီး သူ မောင်းလိုက မောင်း စမ်းပါစေ။ ကျွန်မတို့ကတော့ အရေးမစိုက်နိုင်ပါပြီ။ သူ့ဘေးက ထိုင်ခုံမှာ ဝင်ထိုက်မိပြီဆိုသည်နှင့် တစ် ပြိုင်တည်း ကျွန်မ၏တစ်ကိုယ်လုံးရှိ သွေးများက ဆူဝေပြေးလွှား တွန်းထိုးကုန်ကြပြီ မဟုတ်လား။ ရှေ့ က လေကာမှန်ဘက် သို့ ကိုယ်ကို ကိုင်းလိုက်ပြီး ဒူးနှစ်ဖက်ကို လက်နှင့် သိုင်းဖက်ထားမိတော့သည်။ သူနှင့်တွေ့သည့် အခါတိုင်း အတန်းငယ်သော ကျောင်းသားလေးတစ်ယောက် အတန်း ကြီးသော ကျောင်းသားကြီး နှင့်တွေ့ပြီး ဂရုစိုက်ခံရသည့်အခါ ခံစားရသလို စိတ်ထဲ မှာ ဖြစ်ပေါ် စမြဲပင်။ နောက်ပြီး တော့ သူက ပိုပြီး ကြင်နာသည်။ ပိုပြီး ဖော်ရွေသည်။

"ဒီကနေ့ တိုက်တဲ့လေ က နည်းနည်းပိုစိမ့်တယ်။ ကျုပ်ကုတ်အင်္ကျီကို ခြုံထားလိုက်ရင် ကောင်းမယ်"
ထိုအကြောင်းကလေး ကိုလည်း ကျွန်မ ကောင်းစွာ မှတ်မိနေပါသေးသည်။ သူ့အဝတ်အစားကို ဝတ် ဆင်ခွင့်ရသည့် အတွက်လည်း အလွန်တရာ ပီတိဖြစ်လောက်အောင် အသက်အရွယ်ကလည်း ငယ်နု နေသေးသည် မဟုတ်ပါလား။ ကျောင်းသားတစ်ယောက်က သူ လေးစားအထင်ကြီးသည့် ကျောင်း သားကြီးတစ်ယောက် ၏ အဝတ်အစားကို လည်ပင်းမှာ ချီပတ်ထားခွင့်ရသည့်အခါတွင် ဂုဏ်ယူမိသလို ကျွန်မ လည်း သူ့အဝတ်အစားကို မိနစ်အနည်းငယ်မျှပင် ဝတ်ဆင်ခွင့်ရစေဦးတော့ ကျွန်မအဖို့တော့ ဧရာမအောင်ပွဲကြီးတစ်ခု ဖြစ်နေ ပါတော့သည်။ ထိုနံနက်ခင်းကား သာယာမှုအပေါင်းတို့နှင့် အတိပြီးနေ သည်တကား။

သူနှင့် ကျွန်မ၏ ဆက်ဆံရေးကား အချစ်ဝတ္ထုများထဲတွင် ကျွန်မဖတ်ခဲ့ရဖူးသလို မဟုတ်။ မထိခလုတ် ထိခလုတ်နှင့် ထေ့တေ့တေ့ ပြောပုံဆိုပုံမျိုးလည်း မရှိ။ ပြေးနိုင်မှ လွတ်စေ့မနော်ဆိုကာ အတင်းလိုက် အတင်းပြေး ရသည်မျိုးလည်း မရှိ။ ဓားချင်းယှဉ်ပြိုင် ထိုးခုတ်သူနှစ်ဦးတို့ အပြန်အလှန် ဟန်ရေးပြကာ အသည်းယား စရာ ရန်စပြုံးများ ပြုံးပြရသည်လည်း မရှိ။ နောက်ပြီးတော့ ရေလာမြောင်းပေး အတတ် ပညာမျိုး ကိုလည်း ကျွန်မ မတတ်မြောက်ရိုးအမှန်ပါ။ သူ့မြေပုံ စာရွက်ကလေးကို ပေါင်ပေါ်မှာတင်ပြီး သည်အတိုင်း ပဲ သူ့ဘေးမှာ ထိုင်နေမိတတ်သည်။ သူ စကားပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ကျွန်မ ကတော့ ရင်ထဲမှာ ကြည်နူးချမ်းသာနေမိသည်။

သူ စကားပြောခြင်း၊ မပြောခြင်းမှာ ကျွန်မ၏စိတ်ကို မည်သို့မျှ မပြောင်းလဲစေပါ။ မည်သို့မျှလည်း မထိ ခိုက်စေ ပါ။ ကျွန်မ၏တစ်ခုတည်းသော ရန်သူမှာ မော်တော်ကားရှေ့ဒိုင်ခွက်ခုံရှိ နာရီကလေးပင် ဖြစ်ပါ သည်။ နာရီလက်တံများက တားမနိုင် ဆီးမရ မနားတမ်း ရွေ့လျားနေကြသည်။ ယခုပင် တစ်နာရီထိုး သွားချေပြီ။ အရှေ့အရပ်ကိုလည်း ကျွန်မတို့ မောင်းခဲ့ကြပါ၏။ အနောက်အရပ်ဘက်သို့လည်း ကျွန်မ တို့ မောင်းခဲ့ကြပါ၏။ မြေထဲပင်လယ်ကမ်းခြေကို မှီခိုနေကြရသည့် မြောက်များစွာသော ကျေးရွာကလေး များ ကိုလည်း ဖြတ်ကျော် မောင်းနှင်ခဲ့ပါ၏။ ယခုအချိန်မှာတော့ ထိုကျေးရွာကလေး တစ်ရွာတလေကိုမျှ ပင် ကျွန်မ ပြန်လည် မှတ်မိနိုင်စွမ်းမရှိတော့ပါ။

ကျွန်မ သေသေချာချာ မှတ်မိနေသေးသည်ကား ကျွန်မထိုင်နေသည့် မော်တော်ကားထိုင်ခုံမှ သားရေ ၏ အထိအတွေ့ပင် ဖြစ်ပါသည်။ နောက်ပြီးတော့ ကျွန်မ၏ပေါင်ပေါ်တွင် တင်ထားသော သူ့မြေပုံစာ ရွက်ကလေး ပင် ဖြစ်ပါသည်။ မြေပုံစာရွက်ကလေး၏ အနားသားများက စုတ်ပြဲနေပြီ။ ကိုင်တွယ်ဖန် များ သောကြောင့် ခေါက်ရိုးသားများကလည်း ကျိုးကြေနေပြီ။
တစ်ရက်တွင်မူ နာရီဒိုင်ခွက်ကလေးကိုကြည့်ရင်း ကျွန်မ စိတ်ရူးပေါက်နေမိ၏။ "အခု တဒင်္ဂ အချိန်က လေးကို ကြည့်စမ်း။ အခု တဒင်္ဂအချိန်ကလေးဟာ ဆယ့်တစ်နာရီထိုးပြီးလို့ မိနစ်နှစ်ဆယ်ကျော် သွားပြီ၊ ဒီအချိန်ကလေး ပျောက်ဆုံးမသွားပါစေနဲ့"ဟု စိတ်ကူးရင်း ဆုတောင်းနေမိသည်။ ပြီးတော့ မျက်လုံး များကို စုံမှိတ်ထားလိုက်မိပါသည်။ သည်လို မျက်လုံးစုံမှိတ်ထားခြင်းအားဖြင့် သည်တဒင်္ဂကလေး ကို စိတ်အာရုံထဲမှာ ပိုလို့ စွဲမှတ်မိစေပါသည်။

ကျွန်မ မျက်လုံးပြန်ဖွင့်လိုက်တော့ ကျွန်မတို့ ကားကလေး ကွေ့တစ်ခုသို့ရောက်နေပြီ။ ခြုံစောင်အနက် ကလေး ပခုံးပေါ်တင်ထားသည့် လယ်သူမကလေးတစ်ဦးက ကျွန်မတို့ကို လက်ဝှေ့ယမ်းပြနေသည်။ သည် လယ်သူမကလေး ကို ယခုပင် မြင်ယောင်နေမိပါသည်။ ဖုန်ပေနေသော ဂါဝန်၊ နှစ်လိုရွှင်ပျသော အပြုံးများ ကို ယခုပင် ပြန်လည် မြင်ယောင်နေမိပါသေးသည်။ စက္ကန့်ပိုင်းကလေးအတွင်းမှာပင် ကား လမ်းကွေ့ ကို ကျွန်မတို့ ချိုးလိုက်တော့ လယ်သူမ ကလေး လည်း တောစွယ်နှင့် ကွယ်ကာ မြင်ကွင်းမှ ပျောက်သွားလေတော့သည်။ သူသည် အတိတ်ဖြစ်သွားပါပြီ။ အတိတ် ကာလနှင့်သာ သက်ဆိုင် သွားပါ ပြီ။ အတိတ်မှာသာ နေရစ်ခဲ့ပေတော့။ စိတ်အာရုံတွင် မှတ်ထင်စရာ ကလေးတစ်ခုအဖြစ်သာ ရှိပေါစေ တော့။

ထိုနေရာကလေးကို ကျွန်မ ပြန်သွားလိုက်ချင်ပါသေးသည်။ ဟိုတုန်းက ကျွန်မခံစားခဲ့ရသည့် ကြည်နူး ချမ်းသာ ကလေး ကို ပြန်လည် ရယူခံစားလိုက်ချင်ပါသေးသည်။ သို့ပါသော်လည်း တကယ်တမ်း ကျွန်မ ပြန်သွားမည် ဆိုလျှင် ဟိုတုန်းကအတိုင်း တသဝေမတိမ်း ပြန်လည်ကြုံတွေ့ရလိမ့်မည် မဟုတ်ပါ။ ဟိုး တုန်း က နေမင်း၏အရောင်သည်ပင်လျှင် ယခုအခါတွင် ပြောင်းလဲနေပေလိမ့်မည်။

 လယ်သူမလေးကို ပြန်တွေ့သည်ထားဦးတော့၊ ဟိုတုန်းက ပုံစံမျိုးဖြစ်တော့မည် မဟုတ်ပါ။ ကျွန်မ တို့ကိုလည်း လက်ဝှေ့ ယမ်းပြတော့မည် မဟုတ်ပါ။ ကျွန်မတို့ကို သူ မြင်ချင်မှတောင် မြင်ပေလိမ့်မည်။ သည်လို တွေးလိုက်မိ သည်နှင့် တစ်ပြိုင် တည်း စောစောက နွေးထွေးနေသော ကျွန်မ၏ စိတ်အာရုံများသည် ပျက်ပြယ်သွားရ လေတော့သည်။

နာရီဒိုင်ခွက်ကို ကျွန်မ လှမ်းကြည့်လိုက်မိပြန်ပါသည်။ မိနစ်တည်းဟူသော အချိန်ပင် ကုန်ဆုံး လွတ် မြောက်သွားလေပြီ။ ကျွန်မ၏ ထို "တဒင်္ဂ" ကလေးသည် လွန်ခဲ့သော ငါးမိနစ်အချိန်မှာ ကျန်ရစ် ခဲ့လေ ပြီ။ ခဏကြာလျှင်ပင် သတ်မှတ်ထားသည့် အချိန်စေ့ရောက်ပေတော့မည်။ အချိန်စေ့ရောက် သည်နှင့် တစ်ပြိုင်တည်း ဟိုတယ်သို့ မပြန်လိုသော်လည်း မပြန်မဖြစ် ပြန်ကိုပြန်ရပါတော့မည်။

"ကိုယ့်စိတ်ထဲက အမြဲထာဝရ မှတ်မိနေချင်တာကလေးကို ပုလင်းထဲမှာ ထည့်သိမ်းထားလို့ရတဲ့ တီ ထွင်မှုမျိုး လုပ်လို့ရရင် သိပ်ကောင်းမှာပဲနော်…"ဟု စိတ်လိုက်မာန်ပါပင် ကျွန်မ ပြောလိုက်မိပါသည်။ ထို မျှနှင့် လည်း မရပ်နားသေး။ "ရေမွှေးကို ပုလင်းထဲမှာ ထည့်သိမ်းထားသလိုလေ… အနံ့လဲ ဘယ်တော့မှ မပြယ် ဘူး။ ဘယ်တော့မှလဲ ပျောက်ပျယ်မသွားဘူး။ အဲဒီလိုဆိုရင် ကိုယ်ခံစားမှတ်မိ ချင်တာကလေး ကို ပြန်ပြီး ခံစားချင်တဲ့အခါမှာ ပုလင်းဖုံးကိုဖွင့်ပြီး ခံစားမှတ်မိနိုင်တာပေါ့။ ခံစား မှတ်မိချင်တာ ကလေးကလဲ အသစ်တဖန် ပြန်ဖြစ်လာမယ်"
ကျွန်မ က ဆက်တိုက်ပြောချနေမိသည်။ ပြီးတော့ သူ့ကို မော့ကြည့်လိုက်သည်။ ဘာများ သူ ပြောလေ မလဲရယ် လို့ပေါ။ သူကတော့ ကျွန်မဘက်ကို ငဲ့စောင်းလို့မှ မကြည့်ပါ။ ရှေ့ကလမ်းကိုသာ မမှိတ်မသုန် အာရုံစိုက်ပြီး ကြည့်နေသည်။

"မင်းရဲ့ငယ်ရွယ်စဉ် အဖြစ်အပျက်တွေထဲက ဘယ်ဟာကိုများ ပြန်ပြီး ခံစားမှတ်မိနိုင်အောင် ပုလင်းထဲ ထည့်သိမ်းထားချင် လို့လဲ"ဟု သူက မေးပါသည်။ သူ့လေသံကို နားထောင်ကြည့်ခြင်းအားဖြင့် ကျွန်မ ကို နောက်ပြောင်လိုတာလား၊ အတည်ပေါက်ပြောနေတာလား ကျွန်မ အကဲမဖမ်းတတ်ပါ။
"ဘယ်ဟာရယ် လို့တော့ မသေချာပါဘူးရှင်၊ ဒါပေမဲ့ အခု လောလောလတ်လတ် ကြုံတွေ့ နေရတဲ့ ဟောဒီ တဒင်္ဂအချိန်ကလေးကို ကျွန်မ ထည့်ပြီးတော့ သိမ်းထားလိုက်ချင်ပါတယ်။ ဒါမှ သေတဲ့ အထိ တစ်သက်လုံး မမေ့နိုင်တော့မှာ"
ကိုင်… ကောင်းကြပါလေရော။ မိန်းမပျိုကလေးတန်မဲ့နှင့် ပြောသင့် မပြောသင့် မဆင်ခြင် မိ။ ပြော ကောင်းသည် မပြောကောင်းသည် မစဉ်းစားမိ။ ဘာပြောလျှင် ဘယ်အဓိပ္ပာယ်ရောက်သည်ကိုမျှ မတွေးတော့ ဘဲ ရူးတူးတူး ပေါချာချာဖြင့် ပြောချမိလျက်သား ဖြစ်သွားပါတော့သည်။

"ဟောဗျာ… ဒီစကားဟာ ဒီကနေ့ ကြုံတွေ့ရတာကလေးတွေအတွက် တုံ့ပြန်တဲ့လက်ဆောင်မွန်ပေပဲ လား၊ ဒါမှ မဟုတ် ကျုပ် ကားမောင်းတော်တယ်လို့ ချီးကျူးလိုက်တာပေပဲလား"
ထိုသို့ ပြောပြီး သူက ရယ်မောနေပါသည်။ ရူးတူးတူး ပေါချာချာ ညီမငယ်တစ်ယောက်ကို အစ်ကို တစ် ယောက်က သရော်လှောင်ပြောင်သည့် ရယ်ပုံမျိုးဖြစ်ပါသည်။ သူကတော့ ရယ်နိုင်မောနိုင်ပြီပေါ့၊ ကျွန်မ မှာသာလျှင် တစ်ချီတည်းနှင့် နှုတ်ပိတ်တိတ်ငြိမ်သွားရတော့သည်။ သူနှင့် ကျွန်မကြားရှိ ကြီးမားသော ကွာဟ ချက်ကြီးကိုလည်း ချက်ချင်း သိရှိခံစားလိုက်ရတော့သည်။ နောက်ပြီးတော့ ကျွန်မ အပေါ်မှာ သူ ထားရှိသည့် ကြီးမားသော အကြင်နာတရားကလည်း ထိုကွာဟချက်ကြီးကို ပို၍ ကျယ်ပြော သွားစေပါ သည်။ သူနှင့် ကျွနမ ပို၍ ဝေးကွာသွားကြပြီဟုလည်း ကျွန်မ ခံစားလိုက်ရပါသည်။

သည်နေ့မနက် အဖြစ်အပျက်များကို မစ္စက်ဗန်ဟော့ပါးအား ပြန်ပြောပြ၍ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင် ကြောင်း ကျွန်မ သဘောပေါက် နားလည်လိုက်ပါသည်။ မစ္စတာဒီဝင်းတား၏အပြုံးက ကျွန်မ ၏နှလုံး သားကို ဓားထက်ထက်နှင့် မွှန်းသလိုရှိပါသည်။ ကျွန်မ၏စကားကို ကြားရလျှင်လည်း ဟို အဘွားကြီး က သည်လို သရော်ပြုံးမျိုးကိုပင် ပြုံးပေလိမ့်ဦးမည်။ ကျွန်မ၏နှလုံးသားများကို ဓားနှင့်မွှန်း သည့် အပြုံး မျိုး ဖြစ်ပါလိမ့်မည်။

ကျွန်မ ပြန်ပြောပြသည့် စကားများကို ကြားရရုံမျှနှင့် အဘွားကြီး စိတ်ဆိုးမာန်ဆိုး ဖြစ်လိမ့်မည်တော့ မဟုတ် ပါ။ အံ့သြတကြီးနှင့် တုန်လှုပ်ချောက်ချားခြင်းလည်း ဖြစ်ပေလိမ့်မည် မဟုတ်ပါ။ ကျွန်မ၏စကား ကိုလည်း ယုံကြည်လိမ့်မည်မဟုတ်ပါ။ ပြီးတော့ မျက်ခုံးကို မသိမသာ ချီပင့်လိုက်ပေလိမ့်မည်။ ပခုံးကို လည်း တွန့်လိုက်ပေလိမ့်မည်။ "နားရှိလို့သာ ကြားလိုက်ရပါတယ်အေ"ဟူသော သဘောမျိုးဖြင့်…
"ဟုတ်လား မိန်းကလေးရဲ့… မင်းကို ဒီလို ကားမောင်းပို့တယ်ဆိုတော့ သူဟာ မင်းအပေါ်မှာ ရက်ရက် ရောရာကြီး ကို အစွမ်းကုန် အကြင်နာတရားတွေ ထားလိုက်တာပေါ့ကွယ်။ 

မင်းကို ဒီလိုလိုက်ပို့ပေး နေရ တဲ့အတွက် သူ့ချာ သေချင်ပက်ကျိ ဖြစ်လောက်အောင် ပျင်းမနေဘူး ဆိုတာတော့ မင်း သေချာပါတယ် နော်…"ဟူသော အဓိပ္ပာယ်ပါသည့် စကားများကို ပြန်ပြောလိမ့်မည်။ ပြီးတော့ ကျွန်မ၏ ပခုံးကို ခပ်သာ သာပုတ်ကာ တက်ဇော်လ်အစာကြေဆေး အဝယ်ခိုင်းပေလိမ့်မည်။  ကျွန်မ၏ အသက် ငယ်သည်မှာ မှန်ပါသည်။ သည်လို အသက်ငယ်သည့်အတွက် အထင်သေး အမြင်သေးဖြစ်စရာတွေ ကျွန်မမှာ ဘာ များရှိသနည်းဟု တွေးရင်း ကျွန်မ အသည်းယားလာပါသည်။ သည်လို စဉ်းစား မိတော့ မကျေမနပ်ဖြင့် လက်သဲများကို ကျွန်မ ပြန်ကိုက်နေမိပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၃)

အသက်နှစ်ဆယ် အရွယ် က အိပ်မက်တို့သည် နှစ်များစွာကပင် လွင့်ပြယ်ကွယ်ပျောက်ခဲ့ရုံမက ထို အိပ်မက် တို့ သည်ပင် တကယ် မက်ခဲ့ဖူး သည့် အိပ်မက်ဟုတ်မဟုတ် သံသယဖြစ်လာ၏။
ဘယ် နည်းနှင့် မျှ စာရေးဆရာတစ်ယောက် ဖြစ်မလာနိုင်တော့ပြီ။ ၃၅ နှစ်အရွယ်တုန်းကလည်း စိုးရိမ်မှုကြောင့် ဘ၀ပျက်ပြီ မှတ်ထင်ခဲ့ရ၏။ ၃၉ နှစ်တွင် သေမလောက်ဖြစ်ခဲ့ရသည်။ ယခု လေးဆယ့် တစ်နှစ် အရွယ် တွင်မူ ကြေကွဲမှုကို အနက်ရှိုင်းဆုံး ခံစားရလေ၏။
ကို ဆက်ဖတ်ရန်................

ယခုမူ ဘ၀သည် ရိုးစင်းအေးချမ်းခြင်းမှလွဲ၍ ဘာမှမကျန်တော့ပေ။ ထိုစဉ်တွင် အော်လီတစ်ယောက်ကမူ အထွတ်အထိပ် သို့ တရိပ်ရိပ်မြင့်တက်လျက်ရှိ၏။ အလွန်အခံရခက်သည့်အဖြစ်။ ကလေးများကပင်လျှင် သည် အိမ်ထောင်စုတွင် မိမိထက်အရေးပါနေကြသယောင်ယောင်။ သူတို့ဘ၀နှင့်သူတို့ ကိုယ်စီ ရှေ့သို့ ရွေ့ လျားနေကြ၏။
ဘင်ဂျမင် သည် အားကစားတွင် ထိပ်ဆုံးမှနေရာယူထားပြီး စာတွင်လည်း ပထမဆင့်ကမဆင်း။ မယ်လီဆာ က အနုပညာဘက်တွင် ထူးချွန်ပြီး သိပ်လှသည့် မိန်းကလေးတစ်ယောက်ဖြစ်လာ၏။ ရုပ်ရှင် မင်းသမီး လုပ်ချင်သည်ဟု မကြာခဏ ပြောတတ်သော်လည်း "ဟားဗတ်တက္ကသိုလ်"သို့ အစ်ကို လုပ်သူနှင့် အတူတက်ရန်လည်း ဆန္ဒရှိနေသည်။

ဘုရားရှိခိုးကျောင်းမှာ ဓမ္မတေးသီကျူးရာတွင် ဆမ်၏အသံသည် လူတိုင်းငဲ့ကြည့်ရလောက်အောင် သာယာနာပျော်ဖွယ် အတိဖြစ်သည်။ ရုပ်နှင့်အသံတွင် သူ့ဝိညာဉ်ဖြူစင်ပုံကို ထင်ရှားစွာတွေ့ရလေ၏။
မိမိ တွင် ဘာမျှပြောပလောက်အောင် ထူးခြားမှုရှိပါလိမ့်။ လင်တော်မောင်နှင့် သားသမီးများ၏အရိပ်သာ ထင်ဟပ်နေခြင်း ပါကလား။ လွန်ခဲ့သည့် နှစ်နှစ်ဆယ်က နာမည်ကျော် ရက်ကလစ်တက္ကသိုလ်မှာ ဘွဲ့ယူခဲ့ သူပါ ဆိုလျှင် ယုံကြပါတော့မည်လား။ သည်ဘ၀ကို သတိရသူကော ရှိဦးမည်လား။
မျှော်လင့်ချက် ဟူ၍ ရောင်ခြည်မှိန်မှိန်ကလေးတစ်ခုပဲ ကျန်တော့သည်။ သို့သော်လည်း အကောင်အထည် ဖြစ်လာဖို့ အလွန် အခွင့်အလမ်းနည်းသည့် ရောင်ခြည်မျှင်တန်းကလေး။
အကောင်အထည်ဖော် ဖို့ကော ဖြစ်နိုင်သည့် မျှော်လင့်ချက်မျိုးလား။ သည်အိမ်ကြီးတွင် အားလုံးအတွက် မိမိရှိဖို့ လိုသည်လေ။ နေပါဦး တကယ်ကော လိုလို့လား။ အက်နက်တစ်ယောက်လုံး ရှိနေ သည်ပဲ။ အော်လီ အတွက်ကျတော့ကော။ မဖြစ်သေးပါဘူးလေ။ နှင်းတောထဲတွင် အင်ဒီနှင့် လမ်းလျှောက်နေ သည့် အက်နက်ကိုကြည့်ပြီး ပြုံးမိသည်။ အင်ဒီက ခုန်လိုက် ပေါက်လိုက်၊ ဟောင်လိုက် ဟိန်းလိုက်နှင့် မြူးနေသည်။

သူတို့အားလုံး ပျော်နေကြ၏။ အက်နက်သည်ပင် အများနည်းတူ ပျော်နေသည်လေ။ ဘာကြောင့် မိမိ တစ်ယောက်တည်း အထီးကျန်ဖြစ်နေရပါလိမ့်။ ဘ၀ထဲက ဘာတွေဆုံးရှုံးသွားလို့လဲ။ ဘာတွေ စီး ထွက်သွား လို့လဲ။ ဘာများ လိုလေသေးရှိနေလို့လဲ။ ဘာတွေ လိုချင်နေလို့လဲ။
အို … လိုချင်တာတွေ အများကြီးရယ်။ အားလုံး အားလုံးပဲ။ အောင်မြင်မှု၊ ကျော်ကြားမှု၊ ဧရာမ အောင်မြင် ကျော်ကြားကျေနပ်မှုမျိုးကို ပြောတာနော်။ သို့သော် ဒါတွေမရနိုင်တော့မှန်း စိတ်ထဲက သိနေ ပါ၏။ မိမိဘ၀က မိမိအနီးမှ ဖြတ်သန်းကျော်သွားနေစဉ် သည်လိုပဲ ဖွဲဖွဲစွေရွာသည့် နှင်းတွေကို ကြည့် ရင်း အချိန် တွေကုန်ုလွန်သွားမည် ထင်ပါရဲ့။ အော်လီဗာကမှ တစ်ဆင့်ထက်တစ်ဆင့် ရာထူး ဌာနန္တရတွေ တိုး လျက် တက်လျက်ပေါ့လေ။

ရေမြင့် ကြာတင့် ဆိုသလို မိမိဘ၀သည်လည်း ကိုယ်ပိုင် မာစီဒီးကားသစ်ကြီးနှင့်။ သားမွေးအင်္ကျီတွေ ထည်လဲ ၀တ်လျက်။ ဂုဏ်ယူဝင့်ကြွားလောက်သည်။ သားသမီးသုံးယောက်နှင့်။ ပြီးတော့ တကယ် အားကိုး အားထား ပြုလောက်သည့် ချစ်လင်။ မိမိအတွက် ဘာမှဖြစ်မလာလျှင်လည်း အကြောင်း မဟုတ်တော့ ဘူး လေ။
မအောင်မြင်လည်း ရှိပါတော့၊ မထင်ပေါ်လျှင်လည်း ရှိပါစေတော့။

အားလုံးပြီးဆုံး ခဲ့ပြီ မဟုတ်လား။ တံတား အောက်တွင် ရေတွေစီးသွားသလို ဟိုငယ်ဘ၀သည် စီးဆင်းပျောက် ကွယ်သွားပြီကော။
" အစ်မရေ … စာတွေ "
အက်နက်က နံဘေးခုံတွင် ၀င်ထိုင်ရင်း ခပ်တိုးတိုးပြောသည်။
" ကျေးဇူးပဲ အက်နက်၊ သတင်းကောင်းလေးများ ပါပုံပေါ်ရဲ့လားကွယ် "
" ငွေတောင်းခံလွှာတွေ ခင်များများထင်ပါရဲ့ မမရယ်၊ စာတစ်စောင်ကတော့ ဘင်ဂျမင် တွက် ကျောင်းက လာတာထင်ပါရဲ့၊ ဒါပေမယ့် မမ နာမည်နဲ့ လိပ်စာတပ်ထားတယ် "
ဘင်ဂျမင် က လာမည့်နှစ် အတွက် ဟားဗတ် ၀င်ခွင့်လျှောက်လွှာပုံစံ ဖြည့်နေဆဲ ဖြစ်သည်။ မပို့ရသေး။ သူ့ကိစ္စတော့ မဖြစ်နိုင်။ စိတ်ထဲက တစ်စုံတစ်ခုကို ခံစားမိဖြင့် သိလိုက်၏။ သိနေ၏။ အက်နက်ဆီက စာအိတ် ကို လှမ်းယူတော့ လက်တွေတုန်နေသည်။

စာအိတ်ကို ကိုင်ပြီး အကြာကြီး တွေနေသည်။ ဘုရား … ဘုရား၊ ထင်တဲ့အတိုင်း ဖြစ်လာမှဖြင့်။ အက်နက် ကိုကျောပေးပြီး စာအိတ်ကို ဖွင့်မည်ပြုပြီးမှ ဧည့်ခန်းဆီသို့ ခပ်ဖြည်းဖြည်း လျှောက်သွားသည်။ နွေဦး အတွက် ကြိုဝယ်ထားသည့် တောက်တောက်ပပ ပန်းပွင့်များ အဆုပ်လိုက် အဆုပ်လိုက်နှင့် ခန်းဆီးပတ် ပတ်လည် ဆင်မြန်းထားသည့်ဧည့်ခန်း။
စာအိတ် ကို ဖြေးဖြေး ချင်းဖွင့်သည်။ မိမိဘ၀၏ အပေါ်ခွံကို ခွာနေသည့်အလား။ သို့သော် သည်လို မတွေး မိအောင် ကြိုးစားသည်။ ကုလားထိုင်တစ်လုံးတွင် ၀င်ထိုင်လိုက်၏။ အက်နက် နောက်ဘက် မှ စောင့်ကြည့် နေသည်ကို လုံးဝ သတိမထားမိ။ စာကို သဲသဲမဲမဲ ဖတ်နေသည့် ဆာရာ့အား အက်နက် တအံ့တသြ ငေး ကြည့်နေ၏။

ဆာရာ အသက်ရှူဖို့ မေ့နေသည်။ ဖြစ်ကော ဖြစ်နိုင်ပါမလား။ သို့သော် မမှားနိုင်။ လုံးဝမမှားနိုင်။ ဘုရား …. ဘုရား။
ဂီတသံတွေ၊ အလင်းတန်းတွေ ရင်ထဲတွင် ဖြတ်သန်းသွားသလို ခံစားရ၏။ ကိုယ်ထဲတွင် တစ်စုံတစ်ရာ လစ်ဟာ ၍ မနေတော့။ ခန္ဒာကိုယ် အတွင်းပိုင်းတွင် တစ်စုံတစ်ရာ ၀င်ရောက်ခိုအောင်းလာသည့်နှယ်။ သို့သော် ကိုယ်ဝန်ဆောင် ရသလိုမျိုးမဟုတ်။ ချိုမြိန်သော ဝေဒနာတစ်မျိုးဖြစ်၏။ စင်စစ် မိမိကိုယ်ကို မိမိ ပြန်လည် တွေ့ရှိခြင်းဖြစ်သည်။
ဟုတ်သည် ဆာရာ ဟူသည် မိန်းကလေးကို ပြန်လည်တွေ့ရှိခြင်းပင်။ စာကို ထပ်ခါထပ်ခါဖတ်သည်။

" မဟာဝိဇ္ဇာတန်း သို့ ဆက်လက်တက်ရောက်သင်ကြားလိုသော သင်၏လျှောက်လွှာကို ကျွန်ုပ်တို့ ဟားဗတ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ စိစစ်စဉ်းစားပြီး လက်ခံပါကြောင်း ဂုဏ်ယူစွာ အကြောင်းကြား အပ်ပါသည်။"
ဂုဏ်ယူစွာ အကြောင်းကြားအပ်ပါသည်တဲ့။ ဂုဏ်ယူစွာ ပါးပြင်ပေါ်သို့ မျက်ရည်ဥတွေ လိမ့်ဆင်းလာသည်။ အိပ်မက်ပမာ ပါကလား။ ဟုတ်ပါသည်။ အိပ်မက်မျှသာပါ။ မည်သို့မျှ အကောင်အထည် ပေါ်မလာနိုင်သည့် အိပ်မက်မျိုး။

မျက်ရည်လွှာကြောင့် စာလုံးတွေေ၀၀ါးသွားသည်။ ဘယ်လိုလုပ်ပြီး သည်အိပ်မက်ကြီးနှင့် သည်လင် သည် သားတွေကိုထားခဲ့ပြီး ကျောင်းပြန်တက်နိုင်ပါမည်နည်း။ ဒါကိုသိလျက်နှင့် လွန်ခဲ့သည့် စက်တင်ဘာလထဲ တွင် ကျိတ်ပြီး လျှောက်လွှာတင်လိုက်ခြင်းဖြစ်၏။ ကလေးတွေ ကျောင်းပြန်ဖွင့်စ တစ်ယောက်တည်း အိမ် တွင်ကျန်ရစ်ပြီး အလွန့်အလွန် အထီးကျန်နေချိန်တွင် စိတ်ကူးပေါက်ပြီး တင်လိုက်ခြင်းမျိုး၊ မျှော်လင့်ချက်မထားဘဲ တင်လိုက်ခြင်းမျိုး၊ ခုတော့ ဟားဗတ်က မိမိကို ၀င်ခွင့်ပြုလိုက်ပြီတဲ့။ သို့သော် တကယ့် တကယ်ကျတော့ သွားနိုင်ပါမည်တဲ့လား။
ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဆီးနှင်းတွေ ဖြူဝေနေဆဲ။ မိမိအား စောင့်ကြည့်နေသည့် အက်နက်ကိုလည်း လှမ်းမြင်လိုက်၏။ သူတို့ နားလည်သင့်ပါသည်။ အားလုံး မိမိအပေါ် နားလည်သင့်ကြပါ သည်။ သိပ်ကြာမျာမှ မဟုတ်ဘဲ။ မိမိကိုယ်ကို မိမိ ပြန်လည်တွေ့ရှိပြီးခါမှ ထပ်မံပျောက်ဆုံးရမည်ဆိုသည် ကတော့ မဖြစ်သင့်ပါ။ ဘ၀ဟောင်းကို ပြန်လည်တူးဖော် တွေ့ရှိတော့မည့်ဆဲဆဲလေ။

အခန်း (၂)

" ဘာတွေများစိတ်မကောင်းစရာပါလို့ လဲဟင် မမလေး "
ဖြူဖပ်ဖြူရော်ဖြစ်နေသည့် ဆာရာ့မျက်နှာကို ကြည့်ပြီး အက်နက် စိုးရိမ်တကြီးမေးသည်။ ပါးပြင်ပေါ် တွင် လည်း မျက်ရည်စီးကြောင်းတွေနှင့်။ ဆာရာက ပြတင်းပေါက်အပြင်ဘက်သို့ ငေးနေသည်။
မိမိရင်ထဲ မှ ခံစားမှုပေါင်းများစွာကို အက်နက် မည်သို့ နားလည်နိုင်ပါမည်လဲ။ စိတ်လှုပ်ရှားခြင်း၊ မယုံကြည်နိုင်ခြင်း၊ ပြီးတော့ မျှော်လင့်ခြင်းများစွာ၊ ထို့နောက် ကြောက်ရွံ့ထိတ်လန့်မှု။
ဆာရာ က မိးဖိုဆောင်ဘက်သို့ လှည့်ထွက်သွားရင်း …။
" ဘာမှ မဟုတ်ပါဘူး အက်နက်ရယ်၊ စာထဲမှာ အံ့သြစရာတွေပါလာလို့ပါ "
ဟု အလိုက်သင့် ပြောခဲ့သည်။ ရင်ထဲတွင် ခံစားမှုတွေရောထွေးနေသည်။ ၀မ်းသာခြင်းလည်းမဟုတ်။ ၀မ်းနည်းခြင်း လည်းမဟုတ်။

မီးဖိုထဲတွင် ဆောက်တည်ရာမရ လမ်းလျှောက်နေမိ၏။ ပြီးတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ သိစိတ် သညာ ကင်းမဲ့စွာ လှုပ်ရှားနေ၏။ ကုလားထိုင်တွေကို စားပွဲအောက်သို့ ထိုးသွင်းလိုက်၊ ကြမ်းပြင်ပေါ်မှ စက္ကူစုတ် ကို ခြေထောက်နှင့် ကျုံးကန်လိုက်နှင့်။ ထို့နောက် ဘာဆက်လုပ်ရမှန်းမသိဘဲ ဖြစ်နေပြန်၏။
" ဘာလုပ်ရမှာလဲ၊ ဘာဆက်လုပ်ရမှာလဲ "
ကိုယ့်ကိုယ်ကို ဒေါသတကြီး မေးမိပြန်၏။
ဒါတွေကို ဘယ်လိုလုပ်ပြီး ထားခဲ့နိုင်ပါမည်လဲ။ ဒါဆို ဟားဗတ်ကို မသွားနိုင်တော့ဘူးပေါ့။ ဒါဖြင့် ဘာကြောင့် ကျောင်းဝင်ခွင့် လျှောက်မိပါလိမ့်။ ကိုယ့်ကိုယ်ကို အံ့သြနေ၏။

အဓိပ္ပာယ်မရှိ ရယ်စရာသက်သက်ဖြစ်နေမည်လား။ အော်လီ ကြားလျှင်လည်း ခွက်ထိုးခွက်လန် ရယ်မည် မုချ။ သို့သော် မိမိအတွက်ကား အံ့သြထိတ်လန့်ဖွယ်ရာနှင့် မပစ်ရက်စရာ အခွင့်ကောင်း တစ်ရပ် ဖြစ်နေသည်။
ဘ၀ တွင် သည်မျှလောက် တစ်ခါမျှ ဇဝေဇ၀ါ၊ မရေမရာမဖြစ်ဖူးခဲ့ပေ။ သည် ကိစ္စ အော်လီ့ ကို လောလောဆယ်ပြောလို့မဖြစ်။ ခရစ္စမတ်ပွဲတော်ပြီးလောက်မှ ပြောမည် စိတ်ကူးသည်။ ပွဲတော်ရောက် ဖို့ နှစ်ပတ်သာလိုတော့သည်လေ။
စကိတ်စီး ခရီးထွက်ပြီးအပြန်မှ ပြောလျှင် ပိုကောင်းမည်။ သို့သော် ဘယ်လိုပြောရမှာပါလိမ့်။

" ကျောင်းပြန်တက်ချင်တယ် အော်လီရယ်၊ ဘော့စတွန်မှာ ပြောင်းနေမယ်၊ တစ်နှစ် နှစ်နှစ်ပေါ့၊ ဒီအသိုင်း အ၀ိုင်း ကနေ ထွက်သွားချင်ပြီ "
စိတ်ထဲက ပြောကြည့်ရုံမျှဖြင့် ဆာရာ မျက်ရည်တွေ ကျလာသည်။ ရင်ထဲတွင် နင့်လာသည်။ ထိုတဒင်္ဂ တွင်တော့ သူတို့နှင့်မခွဲချင်ပြန်။
အက်နက်က သူ့အကြောင်းပြချက်ကို မယုံကြည်။ ဆက်ပြီး အကဲခတ်နေ၏။ အံ့သြစရာပါရုံမျှမကနိုင်။ အံ့သြစရာ ဆိုလျှင်လည်း မင်္ဂလသတင်း မဖြစ်နိုင်ဟု တွက်လိုက်၏။
" ကလေးတွေ ဘယ်အချိန် ပြန်ရောက်ကြမှာလဲ "
မီးဖိုထဲ တွင် ညစာအတွက် ပျာယာခတ်နေသည့် အက်နက်အား ဆာရာ အကြောင် သား ငေးကြည့်နေသည်။ အလွန်အားကိုးရသည့် အက်နက်၊ ကျေးဇူးတင်ဖို့ ကောင်းသည့် အက်နက် ခုမှ သူ့ကြောင့် မိမိ ဘ၀ အသုံး မ၀င်တော့သလို ဖြစ်နေကြောင်း မြင်လာသည်။

အက်နက် က ဖြူစပြုနေပြီဖြစ်သည့် ဆံပင်တွေကို နောက်တွင် စုထုံးကာ နှုတ်ခမ်းတင်တင်းစေ့လျက် မီးဖိုဆောင် စားပွဲတွင် ညစာဟင်းပွဲများ ပြင်ဆင်နေသည်။ သူတို့ လင်မယား အပြင်ထွက်စားတိုင်း ကလေးတွေ က ထမင်းစားပွဲတွင် မစားဘဲ အက်နက်နှင့်အတူ မီးဖိုဆောင်စားပွဲတွင် စားလေ့ရှိသည်။ လူစုံ သည့်နေ့များ တွင်တော့ ထမင်းစားခန်းတွင် ထခမ်းတနား ပျော်ပျော်ပါးပါး စားလေ့ရှိကြ၏။ တစ်နေ့တာ အတွေ့အကြုံ များကို ထမင်းဝိုင်းတွင် တစ်ယောက်ချင်း ပြောကြရသည်။ အော်လီ သဘော အကျဆုံး အချိန် ဖြစ်၏။
အလုပ်ခွင် မှာ ပင်ပန်းသမျှ သည်အချိန်တွင် ပြေပျောက်သွားတတ်သည်။ ထို့ကြောင့် အပြင်ထွက်ပြီး စားခဲလှ သည်။ သည်နေ့တော့ စားသောက်ဆိုင်သစ် ဖွင့်ပွဲတစ်ခုသို့ အပေါင်းအသင်းများနှင့် သွားစားရန် စီစဉ် ထား ၏။

ဆာရာ့အတွေးကို တယ်လီဖုန်းသံက ဖြတ်တောက်ပစ်လိုက်သည်။ အက်နက် သွားနားထောင်မည် အပြု တွင် ဆာရာက ပြေးသွားပြီး ဖုန်းကိုင်သည်။ အော်လီ့ဆီက ဖြစ်မှာပါ။ ချက်ချင်း သူနှင့် ပူးပူး ကပ်ကပ် နေချင်စိတ် ပေါက်လာသည်။ သူ့အသံကိုကြားချင်၏။ စောစောကလေးကမှ ဖတ်လိုက်ရသည့် စာကြောင့် အခြေအနေ အရပ်ရပ်သည် အပြောင်းလဲကြီး ပြောင်းလဲသွားချေပြီ။
သို့သော် ဖုန်းက အော်လီ့ဆီကမဟ်ုတ်၊ ညစာစားပွဲရက်ရွှေ့သည့်အကြောင်း မိတ်ဆွေတစ်ဦးက လှမ်းပြော ခြင်းဖြစ်၏။ ဆာရာ ပျော်သွားသည်။ လည်ချောင်းတွေ နာတာတာဖြစ်နေသောကြောင့်ဖြစ်၏။
အက်နက် ဘက်သို့ လှည့်ပြီး ….
" ဆာရာ တို့ အပြင်မထွက်တော့ဘေူး အက်နက်၊ ညစာစားပွဲရက် ရွှေ့လိုက်တယ်တဲ့၊ ကလေးတွေနဲ့ပဲ အတူတူ စားတော့မယ် "
အက်နက် က ခေါင်းညိတ်ပြီး ဆာရာ့ကို စိုက်ကြည့်နေရာမှ …..
" အစ်ကိုလေး နဲ့ အစ်မလေး နှစ်ယောက်တည်း အပြင်ထွက်စားပါလား "
တစ်နည်းနည်းနှ င့် အာရုံပြောင်းပစ်ဖို့ လိုသည်ဟု အက်နက် စဉ်းစားမိခြင်းကြောင့် အကြံပြုလိုက်ခြင်းဖြစ် သည်။

ဆာရာက အက်နက်ကို ကြည့်ပြီး ပြုံးနေလိုက်သည်။ အမျိုးသမီးနှစ်ယောက်မှာ တစ်ဦးကိုတစ်ဦး ခံစားနား လည်တတ်ကြ သူများဖြစ်၏။ အက်နက်သည် သခင်မဖြစ်သူ မမလေးအား အရောတ၀င်မနေဘဲ ခပ်လှမ်းလှမ်း မှနေ၍ တလေးတစားဆက်ဆံ၏။ သို့သော် အရေးကြုံလျှင် အကြံပေး ဖို့ ဆွေးနွေးဝန်လေးတတ်သူမဟုတ်။ အထူးသဖြင့် ကလေးတွေကိစ္စနှင့် ပတ်သက်လျှင် အက်နက် အလျှော့ မပေး။
ဆာရာ က တအားပြုံးလိုက်၏။ အက်နက်၏ အကြံပြုချက်ကို သဘောကျနေသည်။ နှစ်ယောက်တည်း လွတ် လွတ်လပ်လပ် သွားရလျှင် ကောင်းမည်။ သို့သော် တစ်ပြိုင်တည်းတွင် သူနှင့်အတူ မနေချင်ပြန်။ ဘာမှ ဆုံး ဖြတ်ချက်မချနိုင်မီ အရှေ့တံခါး ၀ုန်းခနဲဖွင့်သံကြားရပြီး တစ်ချိန်တည်းတွင် ဘင်ဂျမင် မီးဖိုဆောင် ထဲ ပြေးဝင် လာသည်။

အသက် ၁၇ နှစ်အရွယ် ဘင်ဂျမင်သည် အရပ် ခြောက်ပေရှိနေပြီး ဆံပင်တွေက ရွှေနီရောင်၊ မျက်လုံး များက အမေတူ အပြာရောင်။ အအေးဒဏ်ကြောင့် ပါးနှစ်ဖက်မှာ ရဲနေ၏။ ဦးထုပ်ကိုချွတ်ပြီး စားပွဲပေါ် ပစ်တင်လိုက်သည်။
အက်နက် က သစ်သားဇွန်းဖြင့် ဘင်ဂျမင်အား ချိန်ရွယ်ပြီး …
" ကြည့်စမ်း …. လူဆိုးလေး၊ ဒါ ဦးထုပ်ထားရမယ့်နေရာလား၊ ခု ကောက်ယူလိုက် "
သို့သော် သူ့မျက်လုံးအစုံက ဘင်ဂျမင်ကို ဘယ်လောက်ချစ်ကြောင်း သက်သေပြနေ၏။ ဘင်ဂျမင်က အားရ ပါးရ ရယ်ပြီး ဦးထုပ်ကို ကောက်ယူကာ ကုတ်အင်္ကျီအိတ်ထဲ ထည့်ရင်း ..
" ဆောရီး … အက်နက်၊ ဟဲလို … မေမေ " ဟု မိခင်ကို တစ်ဆက်တည်း နှုတ်ဆက်ရင်း လက်ထဲ တွင် ပွေ့လာသည့်စာအုပ်တွေကို စားပွဲပေါ် ပစ်တင်လိုက်သည်။

" သားရယ် …. မချမ်းဘူးလား "
ဘင်ဂျမင် သည် ဘယ်တော့မှ လက်အိတ်စွပ်လေ့မရှိ။ သူ့လက်တွေမှာ နီရဲနေ၏။ သူငယ်ချင်း တစ်ယောက် ၏ ကားဖြင့် ပြန်လာပြီး လမ်းထိပ်က ဆင်းလျှောက်လာခြင်းဖြစ်၏။
ဗိုက်ဖြည့် ဖို့ ရေခဲသေတ္တာဆီသို့ လျှောက်သွားသည်။ ဘင်ဂျမင် သည် အစားနှင့်ပါးစပ် မပြတ်တမ်း မိတ်ဖွဲ့ ထားသူဖြစ်၏။ တစ်ခါတစ်ခါ စားလျှင်လည်း နည်းနည်းနောနောမဟုတ်။ သို့သော်လည်း ၀ဖီးမလာ ဘဲ ပိန်ပိန်ရှည်ရှည်ကြီးသာဖြစ်လာသည်။ ကိုယ်နေဟန်နှင့် ကျယ်ပြန့်သည့်ပခုံးများက ဖအေနှင့် တစ်ပုံ တည်း။
အက်နက် က သစ်သားဇွန်းဖြင့် ရွယ်ပြီး …
" သွား … ရေခဲသေတ္တာမဖွင့်နဲ့၊ ခဏနေရင် ညနေစာ စားရတော့မယ့်ဟာကို "
" မုန့်ကလေးတစ်ချပ်တည်းပါ အက်နက်ရယ်နော်၊ ဆာလွန်းလို့ပါဗျာ "

ပြောပြောဆိုဆို ၀က်အူချောင်းတွေ နှိုက်ပြီး ပလုတ်ပလောင်းဝါးနေသည့် သားဖြစ်သူကို ဆာရာ ငေးကြည့် နေသည်။ အင်း … လူပျိုကြီးဖားဖား ဖြစ်နေပါပေါ့လား။ သိပ်ချောသိပ်လှသည့်သား။
သူ့မှာ ကိုယ်ပိုင်ဘ၀ရှိသည်။ ကိုယ်ပိုင် အပေါင်းအသင်းတွေရှိသည်။ မကြာခင် လပိုင်းအတွင်း တက္ကသိုလ် ရောက်တော့မည်။ သူ့အတွက် အမေ လိုသေးလို့လား။ မိမိရှိနေခြင်းအားဖြင့် သူ့အတွက် ဘာများ ထူးလို့လဲ။
ဘင်ဂျမင်က မအေလုပ်သူ၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ မေမေ့မျက်ဝန်းထဲတွင် တစ်ခါမှမမြင်ဖူး သည့် ဝေဒနာရိပ် ကို တွေ့ရ၏။
" ဘာဖြစ်လို့လဲဟင် ….. မေမေ "
ခေါင်းကို ခပ်သွက်သွက်ယမ်းပြီး …
" ဘာမှ ….. ဘာမှ မဖြစ်ပါဘူး သားရဲ့၊ ဖေဖေနဲ့အပြင်ထွက်ပြီး ညစာစားရရင် ကောင်းမလား စဉ်းစားနေ တာပါ၊ သား ဒီည ဘာလုပ် စရာရှိလဲ၊ စာမေးပွဲအတွက် စာကျက်ဖို့ပဲ မဟုတ်လား "
ဘင်ဂျမင် ခေါင်းညိတ်သည်။ ဘင်ဂျမင်သည် အလွန်စာကြိုးစား သည့် ကျောင်းသား တစ်ယောက်ဖြစ်သည်။ မအေ အလွန်မြတ်နိုးသည့် သားဦးလည်းဖြစ်၏။ ဂျစ်ကန်ကန် မလုပ်သည်က လွဲပြီး သူ့ အမူအကျင့်တွေ က ဆာရာ ငယ်ငယ်ကနှင့် တစ်ထပ်တည်း။

" ဟုတ်တယ် မေမေ၊ မနက်ဖြန် နောက်ဆုံးနေ့ပဲ၊ ဓာတု ဗေဒလေ၊ ဘလ်နဲ့ အတူ သွားကျက်မလို့၊ ကားယူ သွားရ မလားဟင် …. မေမေ "
ဆာရာ ပြုံးလိုက်သည်။ ခွဲသွားရလျှင် သားကြီးကို အောက်မေ့သည့်စိတ်ဖြင့်ပင် သေမည်လားမသိ၊ ပြီးတော့ အငယ်ဆုံးဆမ်ကလေး ….. ဘုရား ဘုရား …… ပြီးတော့ အော်လီ။
" ယူသွားလေ သား၊ ဂရုစိုက်မောင်းနော်၊ လမ်းပေါ်မှာ နှင်းတွေနဲ့၊ ဘီလ်ကို ဒီခေါ်လို့ မရဘူးလား သားရယ် "
အမေ့ စကား မဆုံးမီ ဘင်ဂျမင် ခေါင်းယမ်းနှင့်နေပြီ။ သည်နေရာတွင်တော့ ဖအေနှင့်တူသည်။ လုပ်မည် ဆို လျှင် လုပ်ရမှ။
" သူဒီကို လာတာ သုံးရက်ရှိပြီ မေမေ၊ ဒီနေ့ သားသူ့ဆီ လာခဲ့မယ်လို့ ပြောထားပြီးပြီ၊ ညီမလေး လဲ နောက်ကျ လိမ့်မယ်၊ မေမေ့ဆီ ဖုန်းမဆက်ဘူးလား "
ဆာရာ ခေါင်းယမ်းသည်။

" ဟင့်အင်း …. မဆက်သေးဘူး "
မယ်လီဆာ ဘယ်တော့မှ မဆက်။ အမြဲမေ့တတ်သည်။ သူက လွတ်လွတ်လပ်လပ် ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြင့် နေတတ်သည်။ ၁၅ နှစ်သမီးအရွယ်တွင် မယ်လီဆာသည် သူ့ကိုယ်သူ စိတ်ချလက်ချ ထိန်းသိမ်းနေပြီ။
" သား ဘာပြောတာလဲ၊ ဒီနေ့ အင်္ဂါနေ့လေ၊ ဘယ်လို ပြန်လာမှာလဲ "
မယ်လီဆာကို  သူငယ်ချင်း ယောက်ျားကလေးများဖြင့် ကျောင်းအားရက်တွင် လည်ပတ် ခွင့် ပေးထား သည်။ သို့သော် ထိုယောက်ျားလေးသည် မိဘတွေနှင့် မိတ်ဆက်ထားပေးပြီး သားယောက်ျား ကလေးဖြစ်ရမည်။

" သား အပြန် သူ့ကို ၀င်ခေါ်လာမယ်လေ "
စားပွဲပေါ် မှ ပန်းသီးတစ်လုံးကို ကိုက်ရင်း ….
" ကျောင်းကပွဲမှာ ဒီည ဇာတ်တိုက်ရမယ်တဲ့ မေမေ၊ မေမေ့သမီးက သိပ်တော်တာ၊ သူ့အတွက် စိတ်ချပါ မေမေရဲ့ "
အိမ်ရှေ့ တံခါးဝုန်းခနဲပွင့်သံ ကြားလိုက်ရပြန်သည်။ အက်နက် နာရီမော့ကြည့်သည်ကို ဆာရာ မြင် လိုက်၏။ သူ့နှုတ်ခမ်းအစုံပေါ်မှ ကျိတ်ပြုံးကလေးကိုလည်း ဆာရာ သတိထားလိုက်မိ၏။ ပြီးတော့ အသားကင် တုံးကြီး ကိုတစ်ချက်လှမ်းကြည့်သည်။

ဆမ်နှင့် အင်ဒီ လုံးလားထွေးလား ဖြစ်နေပြီ။ မိနစ်ပိုင်းအတွင်း သူတို့နှစ်ကောင် မီးဖိုထဲသို့ ၀ုန်းဒိုင်းကြဲပြီး ၀င်လာသည်။ ဖအေတူ မျက်လုံးစိမ်းကလေးတွေနှင့် ဆမ်လေး၏ ကိုယ်ပေါ်တွင် ခွေးခြေရာတွေ အနှံ့ဖြစ်နေ ပြီ။ အားရအောင် ဆော့ပြီးတော့ အင်ဒီက ဆမ့်ပခုံးပေါ်ကို လက်နှစ်ဖက်တင်ပြီး မျက်နှာကို အားရ ပါးရ လျှာနှင့် လျက်နေသည်။ ဆမ်က မောကြီးပန်းကြီးဖြင့် ….
" ဟာ …. မွှေးလိုက်တာ၊ ဒီနေ့ အသားကင်ပါတယ်မဟုတ်လား "
အက်နက် က ဆမ့်ကို အားရကျေနပ်စွာ ပြုံးကြည့်နေသည်။ သို့သော် ဆမ်နှင့်အင်ဒီ ဆက်ဆော့နေသဖြင့် မီးဖိုဆောင် တစ်ခုလုံး တစ်မုဟုတ်ချင်း မွစာကြဲသွားသည်။ ဘင်ဂျမင်နှင့် ဆာရာက တခစ်ခစ်နှင့် ရယ်နေကြ ၏။

ဆမ် သည် အက်နက်ရှင်းထားသည့် မည်သည့်အခန်းကိုမဆို မိနစ်ပိုင်းအတွင်း အမှိုက်ပုံဖြစ် သွားအောင် ဆော့နိုင်သည့် ကလေးဖြစ်သည်။ အက်နက် ထအော်ရတော့သည်။
" ဟေး … လူရှုပ်ကလေး၊ သွား … သွား၊ ဦးထုပ်က ဘယ်မှာလဲကြည့်စမ်း၊ ဆံပင်တွေကလဲ စိုရွှဲလို့၊ အအေးပပ်တော့ မှာပဲ "
ပြောပြောဆိုဆို မျက်နှာသုတ်ပ၀ါ ပြေးယူသည်။
" ဟဲလို … မေမေ "
ခုမှ အမေကို ပြေးနမ်းပြီး နှုတ်ဆက်သည်။ အင်ဒီက အမြီးတနှန့်နှန့်နှင့် စောင့်ကြည့်နေ၏။ ဆမ်က ဖိနပ်တွေ ချွတ်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချသည်။ အင်ဒီက ၀မ်းသာအားရ ပါးစပ်နှင့် ကောက်ချီပြီး ဧည့်ခန်းဆီ သို့ ပြေးထွက်သွားသည်။ ဖိနပ်စင်တွင် ယူသွားသိမ်းမည်လေ။

အက်နက်က အသံမြှင့်ပြီး …
" ကဲ … မင်းတို့နှစ်ယောက်စလုံး အပေါ်ထပ်သွား ရေချိုးကြတော့"
ညီအစ်ကိုနှစ်ယောက် အပေါ်ထပ် ပြေးတက်သွားကြသည်။ ဆမ်၏ ကုတ်အင်္ကျီလျေကားရင်းတွင် ကျကျန် ရစ်၏။ ဆာရာက နောက်မှ လှမ်းအော်သည်။
" ဆမ် … ပြန်လာခဲ့၊ အင်္ကျီပြန်ကောက်လှည့် "
သို့သော် ဆမ်မကြားတော့။ တစ်ချိုးတည်း လစ်ပြေးသွားပြီ။ အင်ဒီနှင့် လုံးလားထွေးလား ပြေး သွားခြင်း ဖြစ်၏။ ဘင်ဂျမင်က အပေါ်ထပ်တက်ပြီး ညကျက်ရမည့် စာအုပ်တွေ ရွေးနေသည်။ ဆာရာ အပေါ်ထပ်သို့ ဖြည်းဖြည်းလိုက်တက်သွားသည်။ အင်း … သူတို့လေးတွေနှင့် ခွဲနိုင်ပါမည်လားဟူသည်ကို မတွေးဘဲ မနေ နိုင်အောင် ဖြစ်နေပြန်၏။

အိပ်ခန်းထဲရောက်တော့ တယ်လီဖုန်း မြည်နေသည်။ မယ်လီဆာခေါ်ခြင်းဖြစ် ၏။ ပြဇာတ်တိုက်စရာ ရှိ၍ နောက်ကျမည့်အကြောင်း ဆက်ဖော်ရသည်။ ပြီးတော့ အော်လီဆက်ပြန်သည်။ အက်နက် အကြံပြု သလို နှစ်ယောက်တည်း အပြင်ထွက်စားချင်သည်တဲ့လေ။
" နှစ်ယောက်တည်း သွားစားရအောင်၊ ပိုတောင် ကောင်းသေးတယ် "
နယူးယောက်မှ လှမ်းပြောနေသည့် သူ့အသံမှာ နွေးထွေးလှသည်။ ဆာရာ့ရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။ ဖုန်းပြန် ချတော့ မျက်ရည်တွေလည်နေသည်။ သူနှင့် နှစ်ယောက်တည်းဆိုရင် ဘာတွေပြောရပါ့မလဲ။ အို …. ပြော လို့ မဖြစ်သေးပါဘူး။ ခရစ္စမတ်ပြီးမှဘဲ ပြောမယ်။
အခန်းထဲမှာ ယောင်ချာချာ လျှောက်သွားနေမိ၏။

ရင်းနှီးကျွမ်းဝင်ပြီးသား အိမ်ခန်းသုံး ပစ္စည်းပစ္စယတွေကို လျှောက်ကိုင်ကြည့်နေသည်။ အိပ်ရာပေါ် လှဲချပြီး အော်လီနှင့် သားသမီးတွေအကြောင်း တွေးနေမိ၏။ အင်း … သံယောဇဉ်နှောင်ကြိုးတွေ။ သည်နှောင်ကြိုး များကြောင့် ပင် မိမိဘ၀ အဓိပ္ပာယ်မရှိ ဖြစ်နေရသည်လေ။
သူတို့အားလုံး သည် တစ်စုံတစ်ရာကို မိမိထံမှ အမှတ်မထင် ယူနေကြသည်။ တုံ့ပြန်မှုရှိသော ရယူခြင်းမျိုး။ သို့သော် သူတို့ တုံ့ပြန်မှုက မိမိဆန္ဒကို ပြည့်ဝစေခြင်းငှာ မစွမ်းဆောင်နိုင်ခဲ့ပေ။ ဤသို့ပြောရသည် မှာ အလွန် မကောင်းသည့်ကိစ္စဖြစ်ပါ၏။ သူတို့ကို သည်အကြောင်း ဘယ်လို ပြောရက်ပါမည်လဲ။ ဘယ်တော့မှ လည်း ပြောလို့ ထွက်မည် မထင်ပါ။
မည်သို့ ရှိစေ … ကိုယ်ပိုင် ဘ၀တစ်ခုတော့ တည်ဆောက်ရမည်။ သည်အတွက်လည်း ပြင်ဆင်ပြီးပြီလေ။

အက်နက်၏ ဘ၀မျိုးထက် ပို၍ အဓိပ္ပာယ်ရှိသည့် ဘ၀မျိုးဆိုပါတော့။ တစ်နေ့တစ်နေ့ သူတို့ ပြန်အလာကို လည် တဆန့်ဆန့် နှင့် မျှော်ရသည်။ ခုတော့ သည်လိုမျှော်ခဲ့ခြင်းသည်ပင် သူတို့ကို ခွဲသွားဖို့ အကြောင်း တစ် ရပ် ဖြစ်လာသည်လား မပြောတတ်။ ခွဲခွာဖို့အချိန်သည် သိပ်မဝေးတော့ပေ။
ဘင်ဂျမင်က ဆောင်းဦးပေါက်လျှင် တက္ကသိုလ်သွားတော့မည်။ နောက်နှစ်နှစ်ကြာလျှင် မယ်လီဆာ။ ပြီးတော့ ဆမ်ကလေး ၏အလှည့်။
နှစ်ပေါင်း များစွာ ပြင်းပြခဲ့သည့် ဆန္ဒကို တကယ်အကောင်အထည် ဖော်မည့်ဆဲဆဲ အချိန်ရောက် လာပြန် တော့လည်း ကိုယ့်ကိုယ်ကို အပြစ်တစ်ခုကျူးလွန်နေသလို ခံစားရပြီး ရင်ထဲ နင့်နေပြန်၏။
တယ်လီဖုန်း သံကြောင့် ဆာရာ အတွေးပြတ်သွားသည်။ သည်တစ်ခါ အော်လီတို့ အဖေ။ ယောက္ခမကြီး၏ လေသံမှာ ခါတိုင်းနှင့်မတူဘဲ ပင်ပန်းနွမ်းနယ်ကာ စိတ် အား ငယ်နေပုံ ရသည်။ ခုတလော အဘိုးကြီး နှလုံး သိပ်မကောင်းဟု သိရသည်။ အဘွားကြီးလည်း သိပ်ကျန်းကျန်းမာမာမရှိ။

" ဟဲလို … ဖေဖေ၊ ဘာထူးသေးလဲဟင် "
" အော်လီဗာ ရှိလား "
ခါတိုင်းနှင့် လုံးဝမတူ။ တိုတိုတုတ်တုတ် မေးသည်။
" မရှိဘူး ဖေဖေ၊ ဘာပြုလို့လဲဟင် "
ဆာရာ စိုးရိမ်တကြီးမေးသည်။ အဘိုးကြီးကို အဘွားကြီးထက် ပိုပြီး သံယောဇဉ်ရှိသည်လေ။
" အဲ … ဘာရယ်လို့တော့ မဟုတ်ပါဘူးကွယ်၊ သိပ်မသေချာပါဘူး။ နေ့လယ်ကတည်းက အဘွားကြီး ဈေး ၀ယ်ထွက် သွားတယ်ကွ၊ ခုထက်ထိပြန်ရောက်မလာလို့၊ ရာသီဥတုကလဲ … အင်း … ဖုန်းလဲ မဆက်တော့ ဖေဖေစိတ်ပူနေတာပေါ့၊ သူ ဒီလို တစ်ခါမှ မကြားဖူးဘူးလေ "
မေမေ ဖီးလစ် သည် ခြောက်ဆယ့်ကိုးနှစ်ရှိပြီဖြစ်သော်လည်း အလွန်ကျန်းမာရေးကောင်းသည်။ သို့သော် မကြာသေးခင် ကမှ အဘွားကြီး ချူချူချာချာ ဖြစ်စပြုလာသည်။ လွန်ခဲ့သည့် လအနည်းငယ်က အဆုတ်အအေးမိရောဂါ ရပြီးနောက် မူလအခြေအနေသို့ ပြန်မရောက်တော့ပေ။

ဖေဖေဂျော့ သည် သူ့အဘွားကြီးအတွက် အလွန်အမင်းစိတ်ပူလျက်ရှိသည်။ သူက ၇၂ နှစ်ရှိပြီဖြစ်သော် လည်း အဘွားကြီးထက် အပုံကြီးကျန်းမာ၏။ ခုတော့ သူလည်း တစ်နေ့တခြား ပါးလျလာသည်။
သို့သော် သူ့သား ကဲ့သို့ပင် ချောမောခံ့ညားတုန်းဖြစ်၏။ ထောင်ထောင်မောင်းမောင်းနှင့် နှုတ်ခမ်းများက ချစ်စရာ ပြုံးနေပြီး မျက်လုံးအစုံတွင် ကြင်နာမှုကို အမြဲတွေ့ရ၏။ သို့သော် ရံခါတွင် သူ့အသက်ထက်ပို၍ အိုစာ သွားသည် များရှိ၍ အော်လီဗာစိတ်ပူလျက်ရှိ၏။
" သူ အချိန်ကို မေ့သွားလို့ထင်ပါရဲ့သမီးရယ်၊ မိန်းမတွေ ဈေးဝယ်ရင် ဒီလိုပဲ မဟုတ် လား၊ ဖေဖေ လိုက်သွား ရကောင်းမလားလို့၊ ပြီးတော့လဲ စဉ်းစားမိတယ်၊ အော်လီဗာများ …. "
နောက်ပိုင်း တွင် ဖေဖေဂျော့သည် အလျင်ကလို မဟုတ်တော့ဘဲ သားလုပ်သူကို အားကိုးလာသည်။

" သူ ပြန်ရောက်ရောက်ချင်း သမီး ပြန်ဆက်ခိုင်းပါ့မယ်ဖေဖေ "
သည်အတိုင်း ဆိုလျှင် အပြင်ထွက်ပြီး ထမင်းစားဖြစ်ဖို့ မလွယ်တော့။ ဒါလည်း ခပ်ကောင်းကောင်း ပါပဲလေ။ စိတ်ထဲတွင် သူနှင့် နှစ်ယောက်တည်း နီးနီးစပ်စပ်နေရမှာ ကြောက်သလိုလိုဖြစ်လာ၏။
သို့သော် အော်လီဗာပြန်မရောက်မီ အဘိုးကြီး ပြန်ဆက်သည်။ တက်စီ အခက်အခဲရှိ၍ ကြာနေကြောင်း၊ အဘွားကြီးပြန်ရောက်နေပြီဖြစ်ကြောင်း ပြောသည်။ အမှန်မှာ တက်စီရသည်။ ကားပေါ်ရောက်မှ အဘွားကြီး သူ့လိပ်စာသူမေ့နေကြောင်းနှင့် အိမ်ဖုန်းနံပါတ်ကိုပါ မေ့နေကြောင်း ဂျော့က ထည့်မပြောတော့။

" သမီး ကို သက်သက်ဒုက္ခပေးသလိုဖြစ်သွားတယ်၊ ဆောရီးကွယ် "
" ဟော … မဟုတ်တာဘဲ …. ဖေဖေကလဲ၊ နောက် အချိန်မရွေးခေါ်ပါနော် ဖေဖေ "
" ကျေးဇူးပါပဲကွယ် "
တယ်လီဖုန်း ဆက်ရင်း ဇနီးလုပ်သူကို လှမ်းကြည့်နေသည်။ သီချင်းကလေးတညည်းညည်းနှင့် မီးဖိုဆောင် ထဲတွင် ယောင်လည်လည်လုပ်နေသည်။ မီးဖိုဆောင်ကို ဂျော့ကိုယ်တိုင် ၀င်ချက်နေရသည် မှာကြာပြီ။ မိမိက အချက်အပြုတ်ပိုကောင်း၍ ၀င်ချက်နေဟန်ဆောင်နေကြောင်း နှစ်ယောက် စလုံးသိနေ၏။

" သား ပြန်လာရင် ဖေဖေမေတ္တာပို့နေကြောင်း ပြောပေးပါသမီးရယ်၊ ပြီးတော့ အားရင် ဖေဖေ့ဆီ ဖုန်းဆက် ပါဦးလို့ "
" ဟုတ်ကဲ့ ဖေဖေ …. စိတ်ချပါ "
သို့သော် အော်လီပြန်ရောက်လာတော့ ဆာရာ ပြောဖို့ မေ့နေသည်။ အော်လီဗာ ကမန်းကတန်းရေချိုး၊ အ၀တ်အစား လဲသည်။ အပြင်ထွက်ဖို့ အလောတကြီးသူလုပ်နေခြင်းဖြစ်၏။
" ဆမ်ကလေး တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့ မောင်ရယ် "
သူနှင့် မျက်နှာချင်းဆိုင် မထိုင်လို၍ ခေါင်းရှောင်ဖို့ ကြိုးစားကြည့်သည်။

" အက်နက်မရှိလို့လား "
အော်လီမုတ်ဆိတ်ရိတ်ရင်း လှမ်းမေးသည်။ တစ်ပြိုင်တည်းတွင် အဖြေကိုစောင့်နေ၏။ သည်ည အပြင်ထွက်ဖို့ အော်လီစိတ်စောနေ၏။ သတင်းထူးတစ်ခု ဆာရာ့ကို လက်ဆောင်ပေးစရာရှိသည်လေ။
အော်လီဗာ ရာထူးတစ်ဆင့်တက်ပြန်ပြီ။ သူ့ကုမ္ပဏီတွင် ထိပ်ဆုံးကလူဖြစ်နေပြီ။ အသက်လေး ဆယ့်လေး နှစ်အရွယ်တွင် အော်လီဗာ ၀တ်ဆင်သည် နယူးယောက် စီးပွားရေးလောကတွင် အငယ်ဆုံး ညွှန်ကြားရေးမှူးအဖြစ် လူတိုင်း၏ပါးစပ်ဖျားတွင် ရေပန်းစားနေပြီ။
သည် အတွက် အော်လီဗာကျေနပ်၏။ အလုပ်ကို ချစ်မြတ်နိုးသူမဟ်ုတ်လား။ ရာထူးရပြီ၊ မြတ်နိုးရသော ဇနီး ကောင်းတစ်ယောက်နှင့် ချစ်စရာသားသမီးသုံးယောက်ရှိပြီ။ ဘ၀တွင် ဘာများ လိုပါသေး သနည်း။ ဘာမှမလို တော့အောင် ပြည့်စုံနေပါပြီ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, May 1, 2012

တင်မောင်မြင့် ၏ ဒက်ဒီ, အပိုင်း (၂)

အေဂျင်စီကို အကြီးဆုံး လုပ်ငန်းရှင်ကြီးတစ်ဦး၏ ကြော်ငြာရအောင် လုပ်ပေးသဖြင့် ဆုကြေး မျက်မျက် ကလေး ရလိုက်ကြောင်း ဆာရာ့ကို မပြောရသေး။ ပြီးခဲ့သည့် တစ်ပတ်လုံး နှစ်ယောက် သား အလုပ်တွေ ရှုပ်နေကြသည်လေ။ ကို ဆက်ဖတ်ရန်..........

" အင်း … ဆိုပါတော့၊ ကိုယ့်မိန်းမ စိန်တစ်ဆင်စာလောက်တောင် ၀ယ်နိုင်မလားပဲ၊ ဒါမှမဟုတ် ဒီလို လုပ်မလား၊ ကလေးတွေ ကျောင်းပြန်ဖွင့်မှ နှစ်ယောက်တည်း လစ်မလား၊ အဘွားကြီးကို အိမ်မှာ ခဏနေပေး ဖို့ ကိုယ်ပြောမယ်လေ၊ ဘယ်လိုသဘောရသလဲ "
" အရမ်းပျော်စရာကောင်းမှာပဲ "
ဆာရာက လင်တော်မောင်ကို တအားဖက်ပြီး ပြောလိုက်သည်။ ကားသစ်ထဲ တွင် ရေမွှေးနံ့ နှင့် သားရေနံ့ ရောယှက်ဆွတ်ပျံ့နေ၏။
အက်စ်ပင် သို့ ကလေးတွေနှင့်အတူ ခရီးထွက်ဖြစ်သည်။ နောက်တစ်လအကြာတွင် ဂျမေကာသို့ တတိယ မင်္ဂလာခရီးထွက်ကြပြန်၏။ ပထမ မင်္ဂလာခရီးတုန်းက ဘာမျူဒါတွင် ထမင်းမေ့ ဟင်းမေ့ အပျော်ကျူးကြ ပုံ တွေကို စားမြုံ့ပြန်ကြ၏။

ယခု ဂျမေကာ ခရီးကလည်း ဟိုတုန်းကလိုပင် ပျော်စရာကောင်းနေဆဲဖြစ်ပါ၏။ ရေကူးလိုက်၊ ပင်လယ်ကမ်းခြေ တွင် နေစာလှုံလိုက်ဖြင့် မနက်တိုင်း တင်းနစ်ကစားသည်။ ညပိုင်းများတွင်မူ လူမနီး သူမနီး ကမ်းခြေ အိမ်ကလေးတစ်ဆောင်တွင် လွတ်လွတ်လပ်လပ် ငယ်မူပြန်ကြသည်။ သည် တစ်ခေါက် ပျော်ရပုံမှာ ပို၍ လေးနက်ကာ ပို၍ ရင်ခုန်ရသည်ဟု နှစ်ယောက်စလုံး ခံစားမိကြ၏။
ဂျမေကာမှ အပြန်တွင် နှစ်ယောက်သားပို၍ နုပျိုလန်းဆန်းကာ ကြည်နူးမဆုံးဖြစ်နေကြသည်။ အိမ်ထောင် သက် ၁၂ နှစ်မျှ ကြာခဲ့သည့်တိုင် မရိုးနိုင်ဘဲ သူ့ကို တိုး၍တိုး၍ ချစ်နေမိသည့်အတွက် ဆာရာ တစ်ယောက် ကိုယ့်ကိုယ်ကို အံ့သြနေသည်။ အော်လီဗာကလည်း ထိုနည်းနှင်နှင်ဖြစ်ကြောင်း ဆာရာ သိနေ၏။

ဂျမေကာမှပြန်ရောက်ပြီး နောက်တစ်နေ့တွင် နံနက်စာ စားနေရင်း အော်လီဗာတစ်ယောက် ရုံးသွားရမည် ကို မပျင်းစဖူးပျင်းကာ မိန်းမအနားက မခွဲနိုင်မခွာရက် ဖြစ်၏။ ကလေးတွေ ခေါင်းပေါ်ကိုကျော်ပြီး တစ်ယောက် တစ်ယောက် လှမ်းကြည့်နေ၏။ မပြောဘဲနှင့် သိသိနေသည့် မျက်လုံးများဆုံမိကြသည်။
မလိုင်၊ ကြက်ဥ၊ ပေါင်မုန့်နှင့် ၀က်ပေါင်ခြောက်ကို ခေါင်းမဖော်တမ်းလွေးရင်း ဘင်ဂျမင်က …
" အင်း … စားလို့သိပ်ကောင်းတာပဲ မေမေ၊ သားတို့က မေမေ ဂျမေကာမှာ အရမ်းပျော်လာလို့ အချက် အပြုတ် ကိစ္စတွေများ မေ့ကုန်ပြီလားလို့ " ဟု အရွှန်းဖောက်သည်။ ပြီးတော့ သူ့ဘာသာ သူ သဘောကျပြီး ပလုတ်ပလောင်းနှင့် ရယ်သည်။ မယ်လီဆာကလေးကလည်း လိုက်ရယ်နေသည်။ ငါးနှစ် သမီးအရွယ် မယ်လီဆာကလေးသည် အရှက် အကြောက်ကြီးပြီး ဘင်ဂျမင်လောက်မသွက်။ တစ်ဦးတည်းသော အစ်ကိုကြီးသည် အဖေပြီးလျှင် သူ့အတွက် အားကိုးရဆုံး သူရဲကောင်းကြီးဟု ထင်မှတ်နေ သည်။

ကလေးတွေ ကျောင်းကားကိုယ်စီဖြင့် ကျောင်းသို့ ထွက်သွားကြပြီ။ အော်လီဗာလည်း ဘူတာရုံသို့ ရထား အမီပြေး သွားပြီ။ ဆာရာတစ်ယောက် ဆောက်တည်ရာမရ ဖြစ်ကျန်ရစ်၏။
တစ်နေ့လုံး ယောင်နေ၏။ ဘာအလုပ်မှ မည်မည်ရရမပြီးလိုက်။ ဘယ်မှလည်း မထွက်ဖြစ်။ ပျော်စရာ ကောင်းလွန်း သည့် ခရီးမှ ပြန်ရောက်စမို့ ထင်ပါရဲ့လေ။
သို့သော် ဤသို့မဟုတ်ကြောင်း တဖြည်းဖြည်းသိလာသည်။ ရက်သတ္တပတ်ပေါင်း များစွာ နေမထိ ထိုင်မသာ ဖြစ်နေ၏။ တစ်နေကုန် အလုပ်တွေဖိလုပ်သည်။ ည ဆယ်နာရီထိုးသည်နှင့် ခပ်တိုးတိုး ကလေးဟောက်ကာ အိပ်ပျော်သွားတတ်သည်။

တနင်္ဂနွေတစ်မနက်ခင်းတွင် ငွေတောင်းခံလွှာတွေကို ရွေးထုတ်နေရင်း အော်လီ့ရှေ့တွင် ညည်းမိသည်။ ဘာလုပ်လုပ် စိတ်မပါ။ အားအင်ကုန်ခန်းသလိုဖြစ်ကာ အမြဲတမ်းပင်ပန်းနွမ်းနယ်နေသည်။
" အသက်ကြီး လာလို့ ထင်ပါတယ်နော် "
" သွေးအားနည်း သလားမသိဘူး၊ ဆရာဝန်ဆီ သွားဦးလေ "
အော်လီဗာ ဇွတ်သွားခိုင်းသဖြင့် တနင်းလာနေ့တွင် ဆေးခန်းသို့ လာခဲ့ရ၏။

အပြန်တွင် စိတ်ကူးရသဖြင့် သားနှင့်သမီးကို ကျောင်းမှဝင်ကြိုပြီး ပြန်လာသည်။ သည်နေ့တော့ နေလို့ကောင်းနေသလိုပဲ။
အော်လီဗာ က အိမ်ပြန်နောက်ကျမည့်အကြောင်း ဖုန်းဆက်ရင်း …
" ဆရာဝန် က ဘာတဲ့လဲဟင် "
" စိတ်ပဲထင်ပါရဲ့အော်လီရယ်၊ ဆေးခန်းကလဲ ပြန်လာရော ချက်ချင်းနေကောင်းသွားသလိုပဲ၊ ဘာမှ ထူးထူး ထွေထွေ မဖြစ်ပါဘူးတဲ့၊ သွေးစစ်ဖို့လဲ ဖောက်ယူထားလိုက်တယ် "
စိတ်ဓာတ် ကျစရာ၊ စိတ်ညစ်စရာတွေရှိလား၊ အော်လီနဲ့ကော အဆင်ပြေရဲ့လား စသည့် မိသားစုဆရာဝန် ၏ မေးခွန်းများအကြောင်းကို ထည့်မပြောတော့ပါ။
စိတ်ဓာတ်တွေ ကျနေခဲ့ခြင်းမှာ အားအင်ကုန်ခန်းပင်ပန်းနွမ်းနယ်နေခြင်းကြောင့် ဖြစ်ပါလိမ့်မည်။

ခုတော့ ဘာရောဂါမှမရှိကြောင်း သေချာပြီ။ ဟုတ်မှာပါ။ ဂျမေကာမှ ပြန်လာပြီးတော့ ငါးပေါင်တောင် တိုးလာ သေးသည်လေ။ စာအုပ်နှင့် မျက်နှာမခွာသည့်မိန်းမ ၀တ္ထုလည်းမဖတ်ဖြစ်တော့။ အချစ်နှင့် မျက်နှာ မခွာသည့်မိန်းမ ၀တ္ထုလည်းမဖတ်ဖြစ်တော့။ အချစ်နှစ်ပတ်လည်ခရီးမှ ပြန်ရောက်ကတည်းက အိပ်လိုက် စားလိုက်ချည်းမဟ်ုတ်လား။ အပတ်စဉ် ကစားနေကျ တင်းနစ်ကွင်းသို့လည်း မရောက်တော့။
ကစားဖော်တွေ က အတင်းခေါ်နေကြသည်။ ဤသို့ဖြင့် နောက်တစ်နေ့တွင် ကစားဦးမည်စိတ်ကူးကာ ရက် ကက်ကိုကိုင်ပြီး အိမ်မှထွက်ဖို့ပြင်သည်။ လူကတော့ ခပ်နုံးနုံးပင်။ ၀ရန်တာတွင် ဆရာဝန်နှင့် သွားတိုးသည်။ သူက အိမ်တိုင်ရာရောက် လိုက်လာသည်လေ။

" ဓာတ်ခွဲခန်းက အဖြေတွေရလို့ ဆရာဝန်လာတာဆာရာ၊ အားလုံးကောင်းတယ် သိလား၊ သွေးအား လဲ မနည်းဘူး "
" ဒါဖြင့် ဘာလို့ လူကောင်းလိုမဖြစ်ရတာလဲ ဆရာရယ် "
ဆရာဝန်ကရယ်ပြီး …
" ဆာရာ၊ ခုတလော မေ့တတ်နေတယ်ဟုတ်လား "
" ဆာရာ အဘွားကြီးဖြစ်နေပြီဆရာရဲ့ "
" သတင်းကောင်း တစ်ခု မကြားချင်ဘူးလား "
" ဘယ်လို သတင်းကောင်းလဲဆရာရဲ့ "
" ကလေး တစ်ယောက်ထပ်ရမယ် ဆိုတဲ့ သတင်းမျိုးပေါ့ "
ဆရာဝန် ကတော့ ဒေါ်လာတစ်သန်းတန် လက်ဆောင်ရမည့်သတင်းကို ကြေညာသည့်အလား ရွှင်ရွှင် မြူးမြူး။ ဆာရာမျာမူ လက်ထဲမှ ရက်ကက်လွတ်ကျပြီး မေ့မြောပြိုလဲမသွားအောင် မနည်းကြီး သတိထား လိုက်ရသည်။

" ဆရာနောက်နေတာလားဟင်၊ ကလေးတွေလဲကြီး … ဟာ သေတော့မှာပဲ၊ မဖြစ်နိုင်ပါဘူး "
နီးရာကုလားထိုင် တွင် အရုပ်ကြိုးပြတ်ထိုင်ချလိုက်၏။ မျက်ရည်မကျအောင် မနည်း ထိန်းထား ရ၏။ ဖြစ်နိုင်ပါ မည်လား။ သို့သော် သူပြောပုံက မှားနိုင်စရာအကြောင်းမရှိ။
သည်ပြဿနာနှင့် ရင်မဆိုင်ချင်မှန်း ကိုယ့်ကိုယ်ကို ချက်ချင်းသိလိုက်၏။ ပြီးခဲ့သည့်လက ဓမ္မတာ မပေါ်ခြင်း ကို ဆရာပြောသလို မေ့မေ့လျော့လျော့နေခဲ့ခြင်းမဟုတ်ပါ။ အားနည်းလွန်းနေသဖြင့် မဆင်းခြင်းဖြစ်မည်၊ ဒါမှမဟုတ် စောစောစီးစီး သွေးဆုံးခြင်းများလားဆိုပြီး ခပ်ပေါ့ပေါ့ နေခဲ့ခြင်းဖြစ်၏။

ခုတော့ ကိုယ်ဝန်ရှိနေပြီတဲ့။ အော်လီ့ကို မပြောဘဲထားဦးမည်။ သည်တစ်ကြိမ်တော့ သိပ်အလေးအနက် မထားတော့။ လုပ်ချင်တာလုပ်တော့မည်။
၁၉၇၉ ခုနှစ်ထဲရောက်နေပြီ။ ကလေးတွေလည်း ခြေနိုင်လက်နိုင်ဖြစ်ကုန်ပြီ။ ၃၂ နှစ်ထဲဝင်လာပြီမို့ တရားဝင် ကိုယ်ဝန်ဖျက်ချလို့ရပြီ။ သည်တစ်ခါတော့ အော်လီဗာ ကန့်ကွက်စရာ အကြောင်း မရှိတော့ ဘူးလေ။ ဘယ် နည်း နဲ့မှ နောက်ကလေးတစ်ယောက်မယူနိုင်ပါ။ ဘာပြုလို့ ကိုယ်ဝန်ရလာပါလိမ့်။
မကျေ မနပ်ပြန် စဉ်းစားမိ၏။ ဂျမေကာတွင် ရလာခြင်းဖြစ်မည်။ ဘာမျူဒါတုန်းကလိုလေ။ မင်္ဂလာခရီးတွေ ကို ခုမှပြန်ပြီး ကျိန်ဆဲမိတော့၏။
" နောက်ဆုံးဓမ္မတာပေါ်တဲ့ရက်မှတ်မိလား "
အပြေးအလွှားပြန်တွက်ပြီး ဆရာဝန်ကို ဖြေလိုက်သည်။ ဆေးပညာအရ ခန့်မှန်းရလျှင် ခြောက်ပတ်။ အရပ် စကားဖြင့် ပြောရလျှင် ကိုယ်ဝန်မှာ တစ်လရှိပြီ။ အပုံကြီးနုသေးသည်။ မဖြစ်နိုင်စရာအကြောင်းမရှိ။

အော်လီကိုမပြောဘဲ လုပ်၍ဖြစ်ပါမည်လား၊ သင့်ပါမည်လား၊ ဆရာဝန်ကိုလည်း မပြောဖို့ ဆုံးဖြတ် လိုက်၏။ အိုဂျီ တစ်ယောက်ယောက်ဆီသွားမည်လေ။
" ဂုဏ်ယူပါတယ် ဆာရာ၊ မင်းဟာ သိပ်ကံကောင်းတဲ့ မိန်းကလေးပဲ၊ အော်လီတော့ ဘယ်လောက် ပျော်လိုက်မလဲ "
" ဟုတ်တယ် ဆရာ၊ သူသိပ်ဝမ်းသာမှာ "
လှိုက်လှဲခြင်း မရှိသည့်လေသံဖြင့် အလိုက်သင့် ပြန်ပြောလိုက်သည်။ ဆရာဝန်ပြန်သွားသည်နှင့် ရင်းနှီးနေ သည့် သားဖွားမီးယပ်ပါရဂူတစ်ယောက်ဆီ ဖုန်းကောက်လှည့် သည်။ နောက်တစ်နေ့ တွင် တွေ့ဖို့ ချိန်း လိုက် ၏။

ပြီးတော့မှ တင်းနစ်ရိုက်ဖို့ သူငယ်ချင်းတွေ စောင့်နေကြောင်း သတိရသည်။ လုံးဝသွားချင်စိတ်မရှိတော့၊ သို့သော် သေသေချာချာချိန်းထားပြီးဖြစ်သည်။ မသွားလို့တော့ မကောင်း။
ကားစက်နှိုးမည့်ဆဲဆဲ နောက်ကြည့်မှန်ထဲတွင် မိမိမျက်နှာကို ရိပ်ခနဲလှမ်းမြင်လိုက်သည်။ မဖြစ်ဘူး၊ ဘယ်လိုမှ အဖြစ်မခံနိုင်ဘူး၊ လုံးဝ မတရားဘူး။
စာရေးဆရာမ တစ်ယောက်ဖြစ်ဖို့ ကြိုးစားရဦးမည်မဟုတ်လား။ ဘယ်တော့မှဖြစ်လာမှာလဲ။ ဖြစ်ကောဖြစ် လာဖို့ရှိသေး ရဲ့လား။
သာမန် အိမ်ရှင်မဘ၀နဲ့ အရိုးထုတ်ရတော့မည်ထင်ပါရဲ့။ တက္ကသိုလ်ကျောင်းသူ ဘ၀ကပင် မုန်းတီး စက်ဆုပ် ခဲ့သည့်ဘ၀။ ဘယ်သောအခါမှ မရောက်လိုသည့်ဘ၀။ ယခုတော့ သည်သံသရာဝဲသြဃထဲမှာ တလည် လည်ဖြစ်နေပြီကော။ အိမ်ရှင်မ ညစ်ညမ်းသည့် စကားလုံးတစ်လုံး နှုတ်မှ ထွက်သွားသည် အလား။ ပြီးတော့ နောက်ထပ်ကလေးတစ်ယောက်တဲ့။

ဘုရား … ဘုရား … အစေခံတွေ၊ သူနာပြုတွေနဲ့ လိုလေသေးမရှိ ပြုစုပေးမယ်ဆိုရင်ကော သည့်ထက် ကြီးကျယ် ခမ်းနားသည့် အိမ်ကြီးတစ်ဆောင်မှာဆိုရင်ကော ကလေးတွေ တစ်ယောက်တစ်ခန်းထားနိုင် သည့် အိမ်ကြီးမျိုး ဆိုပါတော့ …။
ဘာပဲပြောပြော ကလေးကတော့ ငယ်သံပါအောင် အော်ငိုမည်သာ။ ညလုံးပေါက်ငိုနေရင်ကော၊ ပြိးတော့ ရေချိုးပေး၊ အ၀တ်လဲ၊ နို့ဘူးတိုက်၊ သွားပေါက်လာချိန်တွင် မညီမညာတွေ ထွက်လာလျှင် သွားဆေးခန်း ပို့၊ အို … ဘယ်လို လုပ်ပြီး စာရေးချိန်ရတော့မှာလဲ၊ ဘယ်တော့မှ စာရေးဆရာမဖြစ်နိုင်တော့မည် မဟုတ်။ မမွေးသေးခင်ကပင် စိတ်အနှောင့်အယှက်ပေးနေနှင့်ပြီ မဟုတ်လား။ ဘယ်လိုမှ အဖြစ်မခံနိုင်ပါ။

ကားကို နောက်ဆုတ်ပြီး တအားမောင်းထွက်လာခဲ့သည်။ နောက် ဆယ်မိနစ်ကြာတော့ တင်းနစ်ကွင်း သို့ ရောက်သည်။ မျက်နှာ ဖြူဖပ်ဖြူရော်နှင့် ဖျားချင်သလိုလိုဖြစ်လာ၏။
အပေါင်းအသင်း များနှင့် အလိုက်အထိုက်စကားပြောနိုင်အောင် မနည်းကြိုးစားရသည်။ တော်ပါသေး၏။ ညတွင် အော်လီဗာအလုပ်များနေ၏ တော်တော်နှင့် အိမ်ပြန်မရောက်။ လုပ်ငန်းရှင်ကြီးတစ်ယောက်နှင့် အဆက်အသွယ် ထပ်ရပြန်ပြီတဲ့။ သူငွေတွေအများကြီးရဦးမည်ပေါ့။ ဒါတွေကိုလည်း ဆာရာ စိတ် မ၀င်စား တော့။ ဘ၀ဆုံးနေပြီပဲ။
လင်တော်မောင် ပြန်ရောက်တော့ ဆာရာအိပ်ပျော်နေပြီ။ နံနက်စာဝိုင်းတွင်ဆိုတော့ ညှိုးနေသည့် ချစ်ဇနီး ၏မျက်နှာ ကို အကဲခတ်ရင်း အော်လီဗာက နေလို့ကောင်းရဲ့လားဟုမေးသည်။ ခေါင်းကိုက်လို့ပါဟု ခပ်ပေါ့ ပေါ့ ပဲ ပြန်ပြောလိုက်၏။

" ဆရာဝန်ဆီ မှာ သွေးစစ်ထားတာတွေ ရပြီလားဟင်၊ ကိုယ်ပြောရဲပါတယ်ကွာ။ မင်းသွေးအားနည်းနေ တာပါ "
သူ့မျက်နှာတွင် အကြင်နာရိပ်များကို အထင်းသားတွေ့မြင်ရ၏။ သို့သော် ဆာရာ့ရင်ကို မခုန်စေတော့ဘဲ သူ့ ကြောင့် သူ့ကြောင့် ဟူသည့် အတွေးမျိုးဝင်လာပြီး မုန်းချင်သလိုလို ဖြစ်လာသည်။
" မသိရသေးပါဘူး "
အလိမ် မပေါ်အောင် ပန်းကန်တွေယူပြီး ဆေးကန်ဆီသို့ လှည့်ထွက်ခဲ့သည်။ ခဏနေတော့ သူ ရုံး သွားသည်။ ကလေးတွေလည်း ကျောင်းကားများပေါ်သို့ အလျှိုလျှိုတက်သွားကြသည်။
နောက်တစ်နာရီ အကြာတွင် ချိန်းထားသည့် သားဖွားမီးယပ်ပါရဂူဆီ ဆာရာရောက်နေပြီး။ အရေးထဲ ဆရာဝန် က လက်ပေါက်ကတ်နေသည်။ အော်လီသဘောတူရဲ့လား မေးနေသည်လေ။

" သူလား … အင်း … အဲ … "
သည်ဆရာဝန် ကို လိမ်ပြောဖို့မလွယ်။ တစ်ယောက်အကြောင်း တစ်ယောက် ချေးခါးအူမ သိသူတွေ။ သူ့ မျက်လုံး များနှင့် ရင်ဆိုင်လိုက်သည်။ ဆာရာ့မျက်လုံးအစုံတွင် အရောင်တစ်မျိုးလက်နေ၏။
" ဆာရာ သူ့ကို မပြောရသေးဘူး ဆရာ "
ဆရာဝန် အထိတ်တလန့် ဖြစ်သွားသည်။ သူတို့ အိမ်ထောင်ရေးကို ဆရာဝန် ကောင်းကောင်းသိသည်။ အလွန်ပျော်စရာ ကောင်း သည့် မိသားစု။ တစ်ဦးကိုတစ်ဦး အလွန်ပွင့်လင်းကြသည့် လင်မယား။
" ကလေးရှိတယ်ဆိုတာ မပြောတာလား၊ ကိုယ်ဝန်ဖျက်ဖို့ကို မပြောတာလား ဆာရာ "
" နှစ်ခုစလုံး ဆိုပါတော့ ဆရာ၊ ပြောဖို့လဲ အစီစဉ်မရှိပါဘူး "
ဆရာဝန် က ဆာရာ့ကို စိုက်ကြည့်ပြီး နားထောင်နေသည်။ ပြီးမှ မနှစ်မြို့သည့် အမူအရာဖြင့် ခေါင်းယမ်း သည်။

" မင်းမှားနေပြီ ထင်တယ် ဆာရာ၊ သူသိသင့်တယ်လေ၊ ဒီကလေးဟာ သူနဲ့လဲ ဆိုင်တာပဲ၊ ပြီးတော့ … "
ဆရာဝန် တုံ့ခနဲ ရပ်သွားသည်။ သူ့ခေါင်းထဲသို့ စိတ်မချမ်းသာစရာ အတွေးတစ်ခု ၀င်လာခြင်းကြောင့်ဖြစ် ၏။ မိမိ မသိသည့် ပြဿနာတွေများ ရှိနေဦးမည်လား။ မပြောနိုင်ဘူးလေ။
" ဒါထက် ကိုယ်ဝန် က " ဆာရာ ပြုံးပြုံးကလေးပြန်ဖြေသည်။
" ဟုတ်ပါတယ် ဆရာ၊ သူ့ကိုယ်ဝန်ပါ၊ ဆာရာမလိုချင်တော့လို့ပါ "
ဆာရာ က မလိုချင်ရခြင်း အကြောင်းများကို ရှင်းပြသည်။ ဆရာဝန်က ဘာမှ ဝေဖန်ချက်မပေးဘဲ ငြိမ် နားထောင်နေ ၏။ ပြီးမှ ပြန်စဉ်းစားဖို့ပြောသည်။ ဒုတိယအကြိမ် စဉ်းစားပြီးမှ သည် ဆုံးဖြတ်ချက် အတိုင်းပဲ ဆိုလျှင် လုပ်ပေးမည့်အကြောင်းပြောသည်။

" မင်းဟာ အရွယ်ကောင်းတုန်းပဲ ဆာရာ၊ ကလေးမယူရလောက်အောင် အသက်ကြီးသေးတာမှ မဟုတ်ဘဲ "
" ဆာရာ ကလေးမလိုချင်တော့ဘူး ဆရာ၊ ဆာရာလိုချင်တာက လွတ်လပ်မှုပဲ၊ နောက် ၁၁ နှစ်ဆိုရင် သား က ကောလိပ်ရောက်ပြီ၊ နောက်ထပ်နှစ်နှစ်ကြာရင် သမီးပါရောက်မှာ၊ ဒီကလေး ယူလိုက် ရင် နောက် အနှစ်နှစ်ဆယ် မှာ ဆာရာ ခြေချုပ်မိသွားရောပေါ့၊ ဒီအဖြစ်မျိုး ဆာရာ အရောက် မခံနိုင်တော့ ဘူးလေ "
အလွန် တစ်ကိုယ်ကောင်းဆန်သည့် ကိစ္စမှန်း သိပါ၏။ ကိုယ့်စကား ကိုယ့်နားကပင် လက်မခံချင်ပါ။ သို့သော် မတတ်နိုင်ပါပြီ။ သည်အတိုင်း ခံစားနေရပြီမဟုတ်လား။ ဤအရာကို မည်သူကမှ တားဆီးနိုင် လိမ့်မည် မဟုတ်တော့ပါ။

" အော်လီကကော မင်းနဲ့ အမြင်ချင်း တူပါ့မလား ဆာရာ "
ဆာရာ မေးခွန်းကို မဖြေသေးဘဲ အကြာကြီး ငိုင်နေသည်။ အော်လီက ကလေးရသလောက် လိုချင် သူဖြစ် ကြောင်းဆာရာမပြောချင်။
" သူနဲ့တော့ မဆွေးနွေးရသေးပါဘူး ဆရာ "
" ဆွေးနွေး လိုက်ပါဦးကွာ၊ ပြီးတော့ ဆရာတို့ ပြန်ဆုံကြတာပေါ့၊ စဉ်းစားချိန်တွေ ရှိပါသေးတယ် "
" အချိန်ယူ ဆိုရင်လဲ ယူပါ့မယ်ဆရာ၊ ဒါပေမယ့် ဆာရာ့ ဆုံးဖြတ်ချက်ကိုတော့ ပြင်မှာမဟုတ်ပါဘူး"
စိတ်တိုတိုနှင့် ထပြန်လာခဲ့၏။ ပြဿနာကို ဖြေရှင်းပေးရမည့်သူက ပြဿနာလုပ်နေခြင်းပါလား။ အိမ်ရောက် တော့ ထိုင်ငိုပစ်လိုက်၏။ ဆယ့်တစ်နာရီတွင် အော်လီဗာ ပြန်ရောက်လာတော့ ဆာရာ အိပ်ရာထဲရောက်နေပြီ။

" ဒီနေ့ ဘယ်လိုနေလဲဟင် ဆာရာ၊ သိပ်ပင်ပန်းနေသလိုပဲ "
သူ စိုးရိမ်တကြီးမေးသည်။ ဆာရာက လင်တော်မောင်ကို ကြေကွဲစွာ မော်ကြည့်သည်။
" ဒီနေ့ ကိုယ်တော့ အားလုံးအဆင်ပြေတယ် သိလား "
သူက ခုတင်စွန်းတွင် ၀င်ထိုင်ကာ လည်စည်းကိုလျှော့ရင်း ပြောသည်။ မျက်နှာ မှာ ပြုံး လျက် လေအဝှေ့တွင် ရွှေရောင်ဆံပင်တွေ လှုပ်ရှားနေ၏။ ရင်ခုန်စရာ ကောင်းလောက်အောင် ချောနေ ဆဲ၊ ချစ်ဖို့ကောင်းနေဆဲ။

မနာလိုချင်စရာပင်။ သူ့အတွက် လောကသည် နှလုံးမွေ့လျော် ပျော်ဖွယ်ရာအတိ ဖြစ်နေ၏။ သူ့ဘ၀က ရိုးစင်းရှင်သန် လွန်းသည်မဟုတ်လား။
သူလှုပ်ရှားနေပုံတွေကို ကြည့်လေ။ နေ့စဉ် ရုံးသွားသည်။ သူ စိတ်ဝင်စားသည့်အလုပ်ကို စိတ်ပါလက်ပါ လုပ်သည်။ တကယ့် ကမ္ဘာကြီးထဲတွင် တကယ့်လူသားတွေနှင့် နေ့စဉ် ထိတွေ့နေရသဖြင့် စိတ်ဝင်စား စရာ ကောင်းသည်။
မိမိကမူ တစ်နေ့လာလည်း သည်ကလေးတွေ၊ သည်အိမ်အလုပ်တွေ၊ သည်တင်းနစ်ကွင်းက မြင်နေကျ မျက်နှာတွေ။ တရားမျှတမှု ရှိသည် မထင်။
မျက်ဝန်းထဲ တွင် သည် မကျေနပ်ချက်များက အမြဲထင်ဟပ်လျက်။ ယောက်ျားကလေးဖြစ်ရလျှင် ဘယ်လောက် ကောင်းမလဲဟု မကြာခဏ တမ်းတဖူး၏။
ပြီးတော့ လည်း ဘာပြုလို့များ အလုပ်တစ်ခုခု င်မလုပ်ဘဲ အိမ်ရှင်မ လုပ်မိပါလိမ့်ဟု နောင်တရ၏။

ခုတော့ ကလေးနှစ်ယောက် အမေဘ၀ဖြင့် ဆင်ခြေဖုံးရပ်ကွက်တွင် မက်ဖူးသည့်အိပ်မက်များ ပျက်ပြယ် ကာ ပုံစံကျအိမ်ရှင်မတစ်ယောက် ဖြစ်နေပြီ။
ခု ကလေးတစ်ယောက် ထပ်ရှိနေပြန်ပြီတဲ့။ အို … မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ကိုယ့်ကိုယ်ကို အပြေးအလွှား သတိပေး လိုက်၏။ ကလေးက ဖျက်ချပစ်မှာပဲ။
" ဆာရာ … ဘာဖြစ်လို့လဲဟင်၊ သိပ်အနေဆိုးနေလား "
သူက ငုံ့နမ်း ရင်း စိုးရိမ်တကြီးမေးပြန်သည်။ ဇနီးသည်၏ အရိပ်အကဲကို အော်လီဗာ ကောင်းကောင်းသိပါ သည်။ သူ့မျက်ဝန်းထဲ မှ ဒေါသစွတ်နေသည့် သောကရိပ်ကိုလည်း အော်လီလှစ်ခနဲတွေ့လိုက်၏။
" ဘာမှ မဖြစ်ပါဘူး မောင်ရယ်၊ ပင်ပန်းသွားလို့ပါ "

" ကလေးတွေ အမေကြီးကို ဆိုးလို့လားဟင် "
" အို … မဟုတ်ပါဘူး၊ သူတို့နဲ့ဘာမှမဖြစ်ပါဘူး "
" ဒါဆို ဘာဖြစ်လို့လဲဟင် "
သူက ဇွတ်မေးသည်။
" သူကဇွတ်မေးသည်။
" ဘာမှ မဖြစ်ပါဘူးဆို "
ဆာရာ ညာပြောလိုက်သည်။
" မဟုတ်ပါဘူး "
သူ အင်္ကျီချွတ်ပြီး အနားတိုးလာသည်။
" ကိုယ့်ကို မညာနဲ့၊ မင်းတစ်ခုခုဖြစ်နေတယ် မဟုတ်လား ဆာရာ "

သူ့ကို ထိတ်လန့်တုန်လှုပ်မှု လွှ့မ်းမိုးသွားလေပြီ။ ရုံးမှ လုပ်ဖော်ကိုင်ဖက်တစ်ယောက် အကြောင်း ကို ပြေးသတိရလိုက်ခြင်းကြောင့် ဖြစ်၏။ လွန်ခဲ့သည့် ခြောက်လခန့်က အဖြစ်အပျက်။ မိန်းမလုပ်သူ ကင်ဆာ ဖြစ်နေကြောင်း ထုံးစံအတိုင်း နောက်ကျစွာသိသည်။ လပိုင်းအတွင်း ဆုံးသွားသည်။ ကလေး သုံးယောက် နှင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ယောင်လည်လည်ကျန်ရစ်၏။
ဆာရာ ကို ဆုံးရလျှင် သူ ဘယ်လိုမှရပ်တည်နိုင်မည် မဟုတ်ကြောင်း အော်လီသိနေ၏။ နှစ်ရှည်လများ ချစ်ခဲ့ရ သည့် ဇနီးချစ်သူဆာရာသည် သူ့ဘ၀ … " ဆေးခန်းမှာ စစ်ထားတဲ့အဖြေတွေ ရပြီလား၊ ရလောက်ရောပေါ့၊ ဘာလို့ ကိုယ့်ကို မပြောဘဲ ထားတာလဲ "
ဆရာဝန်ပြောသည့် အတိုင်း ပြောလိုက်မည် စိတ်ကူးသေးသည်။ သည်ကလေးဟာ သူ့ကလေးလေ၊ သူနဲ့ လည်းဆိုင် တာပဲ၊ ဟင့်အင်း … ဟင့်အင်း … မဖြစ်ဘူး၊ မပြောဘူး၊ ငယ်သံပါအောင် အော်လိုက်သည့် မိမိ၏ ဒုတိယ အသံကို ပြန်ကြားလိုက်၏။

" အားလုံး ကောင်းပါတယ်တဲ့ "
နှစ်ဦးသားကြားတွင် တစ်သက်လုံး မြတ်မြတ်နိုးနိုး ရှိခဲ့ကြသည့် သစ္စာတရားနှင့် ပွင့်လင်းမှုသည် ဆာရာ့ ရင်ထဲ တွင် လှိုင်းထလျက်ရှိသည်။
" ကောင်းတယ်ဆိုပါတော့လေ "
သည်လို ပြောလိုက်မိသည့်အတွက် နောင်တွင် ဆာရာတစ်ယောက် နောင်တကြီးစွာ ရလေသည်။
" ဘာအဓိပ္ပာယ်လဲ "
စူးစူးဝါးဝါး စိုက်ကြည့်ပြီး မေးလိုက်ခြင်းဖြစ်၏။ သူ့အသံတွေ တုန်နေသည်။ ပြီးတော့ ဆက်တိုက်မေးပြန် သည်။
" ပြောစမ်း၊ ဆရာဝန်က ဘာတွေပြောလဲ "
သူ ဘာကိုတွေးပြီး စိတ်ပူသွားကြောင်း ချက်ချင်းရိပ်မိလိုက်၏။ သည်လိုတော့လည်း ချစ်သူ မခံစားစေချင် ပါ။ ကလေးမလိုချင်သည်က တခြား၊ သူ့ကိုမြတ်နိုးကြင်နာမှုက ဆာရာ့နှလုံးသားထဲတွင် လျော့ ပါးသွားခြင်းမျိုးမှ မရှိတာ။

" ဘာတွေလျှောက်ပြီး တွေးပူနေရတာလဲ မောင်ရယ်၊ အဲ … ဒါမျိုးမဟုတ်ပါဘူး "
သူ့ ကို မှီနွဲ့ပြီး နမ်းရင်း ပြောလိုက်သည်။ သူက ပြန်ဖက်ထားသည်။ သူ တုန်တုန်ယင်ယင်ဖြစ်နေ၏။
" ဒါဖြင့် ဘာလဲ " ခပ်ဖြည်းဖြည်း သူ့ကို မော်ကြည့်သည်။ စိတ်ပျက်ခြင်းကြီးစွာဖြင့် တိုးတိုးကလေးပြော လိုက်သည်။ " ဆာရာ့မှာ ကိုယ်ဝန်ရှိနေပြီတဲ့ " ရုတ်တရက် တိတ်သွားသည်။ သို့သော် ဇနီးသည်၏ မျက်လုံးများနှင့်ဆုံတော့ ချက်ချင်းပင် အပြုံးပျက်သွား သည်။ ဆာရာ့အမူအရာမှာ ကင်ဆာဖြစ်သည်ကမှ ခံသာဦး မည် ဟူသည့် ပုံစံမျိုး။
" မနေ့ကမှသိတာပါ၊ ဆာရာသိပ်တုံးတာပဲ၊ ဂျမေကာမှာ ရလာတထင်တယ် "
ပြုံးချင်စိတ် ကို အော်လီမတားဆီးနိုင်တော့။ ထိုတဒင်္ဂတွင်တော့ ဆာရာက သူ့ကို ဆွဲရိုက်ပစ်လိုက်ချင်၏။

" ဟုတ်လား ကိုယ့်အပြစ် လဲ ပါပါတယ် ဆာရာ၊ အင်း … ဟုတ်မှာ၊ ဂျမေကာမှာလေ "
သူ့အသံ မှာ နူးညံ့ချိုသာပြီး နွေးထွေးလျသည်။ သို့သော် သူဆုပ်နယ်နေသည့် လက်နှစ်ဖက်ကို အသာရုပ်ပြီး ခေါင်းအုံးပေါ်သို့ လှဲချလိုက်၏။ သူနှင့် ဝေးနိုင်သမျှ ဝေးအောင် ရှောင်နေချင်သည့်အလား။ သူ့ကြောင့် … သူ့ကြောင့် ဖြစ်ရတာ။
" ဖျက်ချဖို့ စီစဉ်ပြီးပြီ "
" ဟင် … ဘယ်တုန်းက အဲဒီလို ဆုံးဖြတ်လိုက်တာလဲ "
" အဲဒီ သတင်းကြားပြီး စက္ကန့်သုံးဆယ်အတွင်းမှာ ဆုံးဖြတ်တာ၊ မဖြစ်နိုင်ဘူး အော်လီ၊ လုံးဝမဖြစ်နိုင်ဘူး "
" ဘာပြုလို့လဲဟင်၊ ကျန်းမာရေးကြောင့်လား "
ခပ်ဖြည်းဖြည်း ခေါင်းယမ်းသည်။ အကြီးအကျယ် စကားများရဦးမည်ဟု စိတ်ထဲက သိနေ၏။ သို့သော် သည်တစ်ကြိမ် ဆာရာ အရှုံးပေးတော့မည် မဟုတ်၊ ဘယ်နည်းနှင့်မျှ သည်ကလေးကို ဆာရာမွေးမည် ဟုတ်။

" ဆာရာ အသက်ကြီးပြီ အော်လီ၊ ပြီးတော့ သားနဲ့သမီး ဘက်ကကြည့်ရင်လဲ တရားမျှတမှု မရှိဘူး "
" ဟာကွာ၊ အဓိပ္ပာယ် မရှိတာ၊ ကိုယ်တို့ ပြောလိုက်ရင် ၀မ်းတောင်သာချင်သာကြဦးမှာ "
" ပြောစရာမလိုတော့ပါဘူး၊ ရက်ပိုင်းအတွင်း ပြီးသွားမယ့် ကိစ္စပဲ "
သူထပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သည်။

" ဟုတ်လား၊ အဲဒီလောက် လွယ်လွယ်ကူကူ လုပ်သင့်လားဆာရာ၊ ကိုယ်တော့ နားမလည်ဘူး၊ မင်းမှာ ကလေး တစ်ခါရှိတိုင်း ဒီသောက်အဓိပ္ပာယ်မရှိ ကိုယ်ဝန်ဖျက်ဖို့ကိစ္စနဲ့ စကားများရတာချည်းပဲ "
" ဘယ်က သောက်အဓိပ္ပာယ်မရှိရမှာလဲ၊ ဆာရာ့အတွက် သိပ်ကိုအဓိပ္ပာယ်ရှိတာပေါ့၊ ဆာရာမှ ကလေး မလို ချင်တော့တာပဲ၊ ရှင်က နေ့စဉ်ရုံးသွားပြီး ရုံးမှာ ကိုယ်ပိုင်ဘ၀တစ်ခုရှိတယ်၊ ကျွန်မမှာက တစ်နေ့ လာလဲ ဒီအိမ်၊ ဒီကလေးတွေ၊ ဒီမိဘဆရာအသင်း၊ ဒီသံသရာမျာ နောက်ထပ် နှစ်နှစ်ဆယ် ထပ်မလည်နိုင်တော့ ဘူး အော်လီ၊ ခု ဆယ်နှစ်ကျိုးခဲ့ပြီ၊ ဆာရာ့ဆုံးဖြတ်ချက်ကို ဘယ်သူ့ကြောင့်မှ အပျက် မခံနိုင်ဘူး "

" ဒါဖြင့် မင်း ဘာဆက်လုပ်မလဲ၊ ဒီကလေးကို မင်းတကယ်သတ်ပစ်မယ်ပေါ့၊ ဟုတ်လား၊ ဘုရား … ဘုရား၊ ဒီမယ် ဆာရာ မင်းဟာ မြို့ကောင်းကျိုး၊ နိုင်ငံကောင်းကျိုးတွေသယ်ပိုးရင်း ကလေးတွေကို ထိန်းသိမ်း စောင့်ရှောက်ကြီးပြင်းစေခဲ့တဲ့ မိခင်ကောင်းတစ်ယောက်ပါ ဆာရာ၊ ကိုယ်သိပါတယ်၊ ရေမချိုး၊ ဆံပင် မညှပ်တဲ့ လူတွေထဲမှာနေပြီး ကဗျာတွေ ရေးလိုက်၊ ၀တ္ထုတွေရေးလိုက်နဲ့ မင်းရဲဘ၀ ကို မြှုပ်နှံထားချင် တယ်ဆိုတာလေ၊ ဟိုတုန်းကတော့ အဲဒီ စိတ်ကူးယဉ်လောကကို ကိုယ်လဲ မင်း အတွက် နည်းနည်း စိတ်ဝင် စားခဲ့ပါတယ်၊ ဒါပေမယ့် မင်းအရွယ်နဲ့ ဘ၀ဟာ အဲဒီအချိန်တွေ ကို ဖြတ်သန်းခဲ့ပြီးပြီ ဆာရာ၊ ကိုယ့်အသက် အရွယ်လဲ ပြန်ကြည့်ဦး "

" သိတယ် … သိတယ်၊ သိပ်သိတယ်၊ ကျွန်မ သူများတွေအတွက် အသက်ရှင်ပေးနေရင်း အသက်တွေ ကြီးလာတာကို သိတယ်၊ ဒါပေမယ့် တစ်သက်လုံး ဒီအတိုင်း ဘ၀အဆုံးမခံနိုင်ဘူး၊ ကျွန်မအတွက် ကျွန်မ အသက်ရှင် ဖို့လဲ အခွင့်အရေးရှိသင့်တယ်၊ ရှင် ဒါကို တစ်ခါမှ မစဉ်းစားမိဘူးလား အော်လီ၊ ကျွန်မဘက် ကလဲ ကြည့်ပါဦး၊ ဒီကမ္ဘာလောကကြီးထဲမှာ ကလေးတွေထက် အရေးကြီးတဲ့ကိစ္စတွေ အများ ကြီး ရှိသေးတယ် ဆိုတာရော ရှင်နားလည်ရဲ့လား၊ သတိကော ထားမိရဲ့လား "
" ကိုယ့်နားလည်တာကတော့ မင်းအတွက် ဒီထက် ငြိမ်းအေးတဲ့ဘ၀ဘယ်မှာမှ မရှိနိုင်ဘူးဆိုတာပဲ၊ ကိုယ်က တစ်ချိန်လုံး မြို့တက်ပြီး ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှကုန်းရုန်းလုပ်နေချိန်မှာမင်းက သူငယ်ချင်းတွေ နဲ့ တင်းနစ်ရိုက်လိုက်၊ ကလေးတွေနဲ့ မုန့်ဖုတ်စားလိုက်နဲ့လေ၊ အဲဒါဟာ မင်းနဲ့အလိုက်ဆုံး ဘ၀ မဟုတ်လား၊ ဒီဘ၀မျိုးကို မင်း သည်းမခံနိုင်ဘူးဆိုတာမျိုးတော့ ကိုယ်တစ်သက်လုံး လက်ခံမှာ မဟုတ်ဘူး ဆာရာ၊ ကလေးတစ်ယောက်ထပ်ယူလို့လဲ မင်းဘ၀မှာ ဘာမှ ထူးခြားပြောင်းလဲသွားမှာ မဟုတ်ဘူး "

" လက်မခံဘူး ဟုတ်လား၊ လက်မခံရင် လဲသေလိုက် "
ရန်ပွဲမှာ နံနက်နှစ်နာရီတိုင်သွားသည်။ သို့သော် မပြီး။ နောက်တစ်ညသို့ ဆက်သည်။ ပြီးတော့ နောက်ည။ ပြီးနောက် ညပေါင်းများစွာ။ ဤသို့ဖြင့် စနေ၊ တနင်္ဂနွေ ရောက်သွားသည်။ နှစ်ဦးစလုံး၏ ပါးပြင်ပေါ်တွင် မျက်ရည် များစွာ။ တံခါးဆောင့်ပိတ်သံပေါင်းများစွာ။ ပြီးတော့ နားမခံသာသည့် အပြန်အလှန် စွပ်စွဲမှုပေါင်း များစွာ။ နောက်ဆုံးတွင် နှစ်ယောက်စလုံး အားအင်ကုန်ခန်းကာ ရန်ပွဲမိုး ရပ်စဲစပြုလာ သည်။ အော်လီဗာက လက်မြှောက်ပြီး လုပ်ချင်တာ လုပ်ပါ။ တည်ဆောက်ချင်တဲ့ ဘ၀မျိုး တည်ဆောက် ပါ။ သို့သော် ကလေးကို တော့ မွေးပေးပါဟု အနူးအညွတ် တောင်းပန်သည်။
ဆာရာ နှစ်ကြိမ်တိုင်တိုင် ထပ်ကြိုးစားသည်။ အစ်မလုပ်သူကို လှမ်းပြီး တိုင်ပင်ခါမှ ပိုဆိုးတော့သည်။ ဒုတိယ စစ်မျက်နှာကို ဆာရာ ရင်ဆိုင်ရပြန်၏။ လောကနီတိနှ့် မညီကြောင်း စာရိတ္တပျက်ပြားမှု မျိုး ဖြစ် ကြောင်းအပြင် ဆာရာကို စိတ်မှကောင်းရဲလားဟု စွပ်စွဲသည်။

ဤသို့ဖြင့် ရက်သတ္တပတ်ပေါင်းများစွာ မတင်မကျဖြစ်နေ သည်။ နှစ်ယောက် သား ခြေကုန်လက်ပန်း ကျကာ သွေးအေးအေးဖြင့် ပြန်စဉ်းစားကြသည်။ နောက်ဆုံး ကလေးဖျက် မချဖြစ်တော့။ သို့သော် သည် တစ်ယောက် ပြီးလျှင် ဆာရာ သားကြောဖြတ် ဖို့ အော်လီဗာ သဘောတူ လိုက်ရ၏။
အော်လီဗာ အနေဖြင့် ရွေးစရာလမ်းမရှိ၍ လက်ခံလိုက်ရခြင်းဖြစ်၏။ သည် ရန်ပွဲမျိုး နောက်တစ်ပွဲဖြစ် ရလျှင် အိမ်ထောင်ရေး ကိုပင် ထိခိုက်လာနိုင်စရာ ရှိသည်မဟုတ်လား။ အသက်လေးဆယ်ပြည့်မှတော့ ဘယ်နည်း နှင့်မျှ နောက်ကလေးယူတော့မည် မဟုတ်ကြောင်း ဆာရာက အခိုင်အမာ ပြောလိုက်သည်။

ရွေးကောက်ပွဲနေ့တွင် တတိယကလေးကို ဆာရာမျက်နှာမြင်သည်။ အော်လီဗာက ဆာရာ့ ခုတင်ဘေးတွင် ရပ်ပြီး အားပေးစကားပြောသည်။ ဗိုက်ထဲကထိုးနာတိုင်း အော်လီဗာ့အပေါ် ဆာရာ၏ အမုန်း ခွန်အားတွေ တိုး၍ တိုး၍လာနေ၏။ သည်အကြောင်းကိုလည်း ညည်းတွားရင်း ဆာရာ ထုတ်ပြောသည်။
လွန်ခဲ့ သည့် ရှစ်လလုံးလုံး သည်ကလေးမွေးလာလျှင်လည်း ဂရုစိုက်မည်မဟုတ်ကြောင်း ဆာရာက လင်တော်မောင်အား တဖွဖွ ကြိုတင်ကြေညာထားသည်။ သည်လိုပြောတိုင်း " ဒါဆိုလဲ မင်းအတွက်ကော ပေါင်းပြီး ကလေးကို နှစ်ယောက်စာ ချစ်ရမှာပေါ့ကွာ" ဟု အော်လီ က လေပြေထိုးလေ့ရှိသည်။

သားနှင့်သမီး ကလည်း နောက်တိုးကလေးကို မျှော်တလင့်လင့်ဖြင့် စိတ်လှုပ်ရှားနေကြ၏။ ရှစ်နှစ်သား အရွယ် ဘင်ဂျမင်အတွက် ညီလေးလား၊ ညီလေးလားနှင့် ရင်တွေခုန်နေသည်။ မယ်လီဆာ ကလေးမှာ ခြောက်နှစ်ပြည့်ပြီ။ ကစားစရာ အရုပ်ကလေးရတော့မည့်အလား အူမြူးနေ၏။ စိတ်ဓာတ် ကျနေသူ မှာ ဆာရာတစ်ယောက်တည်း။
ကလေး ဦးခေါင်းကလေး ပြူထွက်လာသည်ကို အော်လီဗာ တအံ့တသြကြည့်နေ၏။ ဤသို့ဖြင့် ဆမ်မြူရယ် ၀တ်ဆင် ဟု အနွတ္တသညာ ခေါ်စရာတွင်မည့်ကလေးငယ်သည် ၀ါးခနဲတစ်ချက်အော်ကာ အဖေကို တအံ့ တသြမော့ကြည့်ရင်း လူ့လောကထဲသို့ ၀င်ရောက်ခဲ့လေသည်။

ဆရာဝန်၊ ဆရာမတွေက ကလေးကို ပထမဦးဆုံး အော်လီဗာ့ လက်ထဲသို့ ထည့်ပေးကြသည်။ ပြီးမှ သားကလေးနှင့် ပတ်သက်၍ မိုက်မိုက်မဲမဲ ပြောဆိုခဲ့သည်များကို သတိရပြီး မျက်ရည်တွေတွေ ကျနေ သည့် ဆာရာနံဘေး သို့ အသာအယာချပေးသည်။
ဆံပင်တွေက အနက်ရောင်၊ မျက်လုံးက ဖအေတူ အစိမ်းရောင်၊ အသားအရေမှာ နို့နှစ်ရောင် ၀င်းလျက်။ မျက်လုံးအစုံတွင် ပညာဥာဏ်ကြီးမားမည့်ပုံ၊ ဟာသဥာဏ်ရွှင်မည့်ပုံကို အထင်းသားတွေ့ရ၏။
ဆမ်ကလေး မှာ မြင်မြင်ချင်း မချစ်ဘဲမနေနိုင်သည့် ကလေးမျိုးဖြစ်သည်။ ဆာရာသည် မုန်းဖို့ကြိုးစားရင်း ကြိုးစားရင်း သားကလေးကို အချစ်ကြီးချစ်မိတော့သည်။ ပူခြင်း ငိုခြင်းမရှိ။ မွေးကတည်းက အလွန်အေး ဆေးပြီး အမြဲပြုံးရယ်နေတတ်သည့် သားကလေး။ အားလုံးထဲတွင် အချစ်ဆုံး ကလေးဖြစ် လာတော့၏။

ဆမ်ကလေးကြီး လာလျှင် ဘာဖြစ်လာမည်။ ညာဖြစ်လာမည်ဟူသည့် မျှော်လင့်စကားများကို လင်တော်မောင် အား ဆာရာ မမောမပန်းပြောနေတတ်သည်။
ဆမ်ကလေး သည် အားလုံး ဖူးဖူးမှုတ်ထားခြင်းခံရသည့်ကလေးဖြစ်လာသည်။ ဆာရာ၊ အော်လီဗာနှင့် သူ့ အစ်ကို အစ်မများအပြင် အဘိုးအဘွားတို့၏ အသည်းကလေးဖြစ်လာ၏။ အိမ်၏ဆည်းလည်းကလေးဖြစ် လာ၏။ ဆာရာ တွေးတောကြောက်ရွံ့ခဲ့သည့် အနိဋ္ဌာရုံများနှင့် လုံးဝ ရင်မဆိုင်ရဘဲ ဆမ်ကလေးကြောင့် သူတို့ အိမ်ထောင်စုကလေးသည် ပို၍ ပြည့်စုံ၊ ပို၍စိုပြည်ခဲ့လေသည်။
ဆာရာ လုံးဝမပင်ပန်းရအောင် ကလေးထိန်းဖို့နှင့် အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ၀ါရင့် အမျိုးသမီး တစ် ယောက်ငှားလိုက်သည်။ ကလေးထိန်း အမျိုးသမီးသည် ဘင်ဂျမင်နှင့် မယ်လီဆာကလေးကိုလည်း ချစ် သည်။ အားလုံးနည်းတူ ဆမ်ကလေးကို မြင်မြင်ချင်း သူ့ရင်သွေးပမာ တွယ်တာချစ်ခင်မိတော့၏။

 ပါးမို့မို့ နီနီကလေးနှစ်ဖက်မှာပြုံးလိုက်လျှင် ပို၍ နမ်းချင်စရာကောင်းသည်။ လက်မောင်းအိုး ကလေးတွေနှင့် ခြေထောက်ကလေးတွေက ပြည့်ပြည့်ဖြိုးဖြိုး ၀၀ကစ်ကစ်ကလေးတွေ။ ဖျစ်ချင် ညှစ်ချင်စရာ။
ရံဖန်ရံခါ ကလေးထိန်းအမျိုးသမီး အက်နက်၊ ဆာရာနှင့် အိမ်သားတွေ ကလေးမျက်နှာပေါ်တွင် အနမ်းချင်း ဆုံနေသဖြင့် ရယ်ကြမောကြရသည့်အခါ ဆမ်ကလေးက တခစ်ခစ်ရယ်ကာ သဘောကျနေ တတ်သည်။ အက်နက်ကို ဆာရာ သဘောကျသည်။ အရည်အချင်းရော၊ သဘောထားပါပြည့်ဝသည့် အမျိုးသမီးဖြစ်၏။
နံရံတွေ ပွင့်ထွက်မတတ်အောင် ငိုတတ်သည့် ဘင်ဂျမင်တုန်းက သူ့ကိုရလိုက်လျှင် ဘယ်လောက်ကောင်း လေမည်လဲ ဟုဆာရာ အကြိမ်ကြိမ်တွေးမိသည်။
သို့သော် ထိုစဉ်က သူတို့ လုံးဝမတတ်နိုင်ခဲ့ပါ။ ခုတော့ အခြေအနေအားလုံး ပြောင်းလဲခဲ့ပြီ။ အော်လီဗာ ကြိုတင် မှန်းဆသည့် အတိုင်း အရာရာတို့သည် အံ့သြစရာကောင်းလောက်အောင် ချောမွေ့ပြေပြစ်လျက် ရှိ ပါသည်။

နံနက်စာ၊ ညစာအတွက် ဆာရာ ဦးနှောက်မခြောက်ရတော့။ လျှော်ရေး၊ ဖွပ်ရေး၊ အိမ်သန့်ရှင်းရေးအတွက် လည်း မပူရတော့။ သန့်ရှင်းရေး အမျိုးသမီးတစ်ယောက်ကိုလည်း တစ်ပတ်နှစ်ကြိမ် ခေါ်ထားနိုင်ပြီ။
သည်လို သုခချမ်းသာဖြင့် ပြီးပြည့်စုံသည့်တွင် ဆမ်ကလေးသည် တကယ့်ကိုထူးခြားသည့် ကလေး တစ် ယောက်ဖြစ်လာတော့သည်။ အိမ်သူ အိမ်သားတိုင်း၏ဘ၀ကို သူကလေးက အလင်းရောင် ထိုးပေးနေ သည့်အလား ဆာရာ့အတွက် ဒုက္ခပေးမည့်ကလေးဖြစ်မလာဘဲ ဆမ်ကလေးသည် ဘင်ဂျမင်နှင့် ဆော့ လိုက်၊ မယ်လီဆာကလေးနှင့် ကစားလိုက်၊ အထိန်းတော် အက်နက်နှင့် ပျော်နေလိုက်၊ အော်လီဗာလက်ပေါ် တွင် မြူးနေလိုက်နှင့် မအေ့အတွက်ပင် အချိန် မပေးနိုင်လောက်အောင်ဖြစ်နေ၏။

ဤသို့ဖြင့် အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိလိုက်ဘဲ ဘင်ဂျမင်တစ်ယောက် ၁၇ နှစ်အရွယ်ရောက် ကာ အထက်တန်းကျောင်း၏ နောက်ဆုံးနှစ်သို့ တိုင်ခဲ့လေသည်။ မယ်လီဆာက ၁၅ နှစ်သမီး၊ သူငယ်ချင်း တွေနှင့် တယ်လီဖုန်းတစ်ခါပြောလျှင် မပြီးတော့။ မွေးကတည်းက ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့သည့် ဆမ် ကလေးက ကိုးနှစ်သား။ သူ့အတွက် အမေဘာမှပူစရာမလို။ သူ့အလုပ်၊ သူ့တာဝန်၊ သူ့ကစားချိန်နှင့် ပုံမှန် လည်ပတ်နေပြီ။
သူ့ အတွက် မအေဘာမှ လှည့်ကြည့်စရာမလို၊ အားလုံးကို ခြုံကြည့်လိုက်လျှင် ဆာရာ့အဖို့ စာမရေးနိုင်စရာ အကြောင်းဘာမျှမရှိပေ။ တိတ်ဆိတ်နေသည့် လက်နှိပ်စက်နှင့် စာရွက်လွတ်များကိုပဲ အပြစ်ပြောရ မည် လား။ ကလေးတွေကြောင့် စာမရေးနိုင်ခြင်းမဟုတ်သည်ကတော့ သေချာနေပြီ။

တဖြောက်ဖြောက်ကျတင်းနေသည့် ဆီးနှင်းပွင့်ဖက်များကို ငေးမောရင်း အော်လီံကို ဘယ်လိုပြောရပါ့ဟု စဉ်းစားနေ၏။ စာအကြောင်း ပေအကြောင်း အော်လီမေးမည်ကို ဆာရာစိုးရိမ်နေ၏။ ဇနီးလုပ်သူ၏ စာပေ၀ါသနာ ကို သိသိသာသာ အော်လီအား ပေးလာခဲ့သည်မှာ နှစ်နှစ်ရှိပြီ။
တစ်ကြောင်းတစ်ပါဒ မျှ မစရသေးသည့် ၀တ္ထုရှည်ကြီးအကြောင်း ဆာရာမပြောလိုပေ။ အသက်လေးဆယ် တစ်နှစ်ပြည့်သည့်အချိန်တွင် မိမိသွေးတောကြောက်ရွံ့ခဲ့သည့် ဘ၀ထဲမှ ရုန်းထွက်၍ မရတော့ပြီဖြစ် ကြောင်း ဆာရာတစ်ယောက်လဲ နားလည်စပြုလာသည်။ ဘ၀ဆုံးပြီပေါ့။ စိတ်ထဲတွင် အရမ်းကြီး  အိုစာသွားသလို ခံစားလိုက်ရ၏။ နောက်ထပ် ကလေးမရနိုင်တော့ပြီဖြစ်ကြောင်း လည်း သေချာနေပြီ။

ဆမ်ကလေးမွေးပြီးကတည်းက အော်လီ သဘောတူခွင့်ပြုချက်ဖြင့် သားကြော ကို ဖြတ်တောက် ထားခဲ့ပြီး ဖြစ်၏။
သည်လိုဘ၀မျိုး ကျပြန်တော့လည်း တစ်မျိုး တစ်ဖုံခံစားရပြန်၏။ တဖြည်းဖြည်းချင်း ခံစား နားလည် လာခြင်း မျိုး၊ ရှေ့သို့ မတိုးဘဲ ရပ်နေသည့်ဘ၀မျိုး။ သည်မှနေ၍ ဘယ်ဆီသို့မရွေ့လျားတော့သလို တန့်နေ သည့် အဖြစ်မျိုး။ လူမှုရေးဖောက်ပြန်မှုတစ်မျိုးအဖြစ်လည်း တစ်စတစ်စနားလည်လာ၏။

အသက်နှစ်ဆယ်အရွယ် က အိပ်မက်တို့သည် နှစ်များစွာကပင် လွင့်ပြယ်ကွယ်ပျောက်ခဲ့ရုံမက ထို အိပ်မက် တို့ သည်ပင် တကယ် မက်ခဲ့ဖူး သည့် အိပ်မက်ဟုတ်မဟုတ် သံသယဖြစ်လာ၏။
ဘယ်နည်းနှင့် မျှ စာရေးဆရာတစ်ယောက် ဖြစ်မလာနိုင်တော့ပြီ။ ၃၅ နှစ်အရွယ်တုန်းကလည်း စိုးရိမ်မှုကြောင့် ဘ၀ပျက်ပြီမှတ်ထင်ခဲ့ရ၏။ ၃၉ နှစ်တွင် သေမလောက်ဖြစ်ခဲ့ရသည်။ ယခု လေးဆယ့် တစ်နှစ် အရွယ်တွင်မူ ကြေကွဲမှုကို အနက်ရှိုင်းဆုံး ခံစားရလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

အထောက်တော် လှအောင် ဘာသာပြန် ရဘက်ကာ, အပိုင်း (၄)

အခန်း(၄)

ဟောလီးဝုဒ်ဖဲကစားပြီး နောက်တစ်နေ့မနက် နိုးလာသောအခါတွင် မစ္စက်ဗန်ဟော့ပါး သည် လည်ချောင်းနာ လျက်ရှိသည်။ ကိုယ်အပူချိန်ကလည်း ဒီဂရီ ၁၀၂ ရှိနေသည်။ ထို့ကြောင့် သူ့ ဆရာဝန်ဆီ သို့ ကျွန်မ ဖုန်းလှမ်းဆက်ရသည်။ ဆရာဝန်က ချက်ချင်းရောက်လာပြီး စမ်းသပ်ကြည့် ကာ ထုံးစံအတိုင်း တုပ်ကွေးမိပြီဖြစ်ကြောင်း ပြောပါသည်။
"အိပ်ရာထဲမှာ အနားယူပါ။ ကျွန်တော်ထခိုင်ထပါ။ ခင်ဗျားရဲ့ နှလုံးခုန်သံကို ကျွန်တော် မကြိုက်ဘူး။ အတတ်နိုင် ဆုံး ငြိမ်ငြိမ်ကလေးမနေရင် ပြန်ကောင်းလာဖို့ မလွယ်ဘူး" ဟု ဆရာဝန် ကပြော သည်။ ပြီးတော့ ကျွန်မဘက်သို့ လှည့်လာသည်။ "မစ္စက်ဗန်ဟော့ပါး မှာ သူနာပြုဆရာမ ရှိ ပါတယ်။. သူ့ကို ခေါ်လိုက်ပါ။ ခင်ဗျားတစ်ယောက်တည်း မနိုင်မနင်းဖြစ်နေလိမ့်မယ်။ နှစ်ပတ် လောက် ဆိုရင် ကောင်း သွားမှာပါ"

အကောင်းပကတိ က သည်လိုဖြစ်သည်ဆိုတော့ တယ်ပြီး ဘဝင်မကျချင်။ ထို့ကြောင့် ကန့်ကွက်ဖို့ ကျွန်မ စဉ်းစား လိုက်မိသည်။ သို့သော်လည်း မစ္စက်ဗန်ဟော့ပါက ဆရာဝန်၏ အကြံ ပေးချက်ကို လက်ခံ လိုက်လေရာ ကျွန်မပင်လျှင် အံ့သြရတော့သည်။ သည်လို အပြောင်းအလဲက လေးမျိုးကို သူလိုချင် သည်ဟု ကျွန်မထင်မိပါသည်။ သူ နေမကောင်းသည့်အတွက် ဘေးလူများ ဗျာများ ကာ ပြုစုယုယကြသည်ကို ခံယူချင်ပုံရသည်။ လူတွေက သူ့ကို ဂရုဏာသက်ကြမည်။ မလာနိုင်သူများ ကလည်း စားရေးမေးကြမည်။ လူနာ စိတ်ကြည်လင်စေရန် ပေးပို့လိုက်သည့် ပန်း စည်းများရောက် လာမည်။ တကယ်ဆိုတော့ မွန်တီကာလို ကို သူငြီးငွေ့စပြုလာပြီ။

ယခုလို အိပ်ရာ ထဲမှာ အနားယူနေရတော့မည်ဆိုတော့ သူ့အဖို့ အပြောင်းအလဲ ကလေး တစ်မျိုး ဖြစ်သည်။
သူနာပြုဆရာမ က သူ့ကို ဆေးထိုးပေးလိမ့်မည်။ နှိပ်နှယ်ပေးလိမ့်မည်။ လိုအပ်သည့် ဓာတ် စား များ ကျွေး လိမ့်မည်။ သူနာပြုဆရာမလည်းရောက်လာသည်။ သူလည်း ပျော်သွားပါသည်။ ကိုယ်ပူချိန် လည်း ကျလာသည်။ အကောင်းဆုံးသော ညဝတ်အင်္ကျီကို သူ့ပခုံပေါ်မှာ ရစ်ပတ်ထား သည်။ ခေါင်းစွပ် ကိုလည်း ဖဲကြိုးများဖြင့် လှပစွာ ချည်နှောင်ပြီး ခေါင်းမှာ စွပ်ထားသည်။သူ သည်လို နာမကျန်းဖြစ်သည့် အတွက် ကျွန်မအနေဖြင့် ပူပင်သောက ဖြစ်လှသည် မဟုတ်ပါ။ ထို အကြောင်ကို တွေးမိပြန်တော့လည်း ကိုယ့်ဟာ ကိုယ်ပြန်ပြီး ရှက်မိပြန်ပါသည်။ ယနေ့ ညဦးပိုင်း တွင် ဧည့်ခံပွဲကလေးတစ်ခု ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူ့မိတ်ဆွေများထံသို့ ဖုန်းဆက်ပြီး ဧည့်ခံပွဲဖျက်သိမ်းကြောင်း ကျွန်မ က အကြောင်းကြားပေးရသည်။ ယင်းသို့သော ဗာ ဟီရကိစ္စများ ပြီးစီးတော့မှ အောက်ထပ် စားသောက်ခန်း ရှိရာသို့ နေလယ်စာစားရန် ကျွန်မ ဆင်းခဲ့ နိုင်တော့သည်။

အခါတိုင်းနေလယ်စာ စားချိန်ထက် နာရီဝက်လောက် စောနေသေးသည်။ ထို့ကြောင့် စား သောက်ခန်း ထဲမှာ လူရှင်းနေလိမ့်မည်ထင်သည်။ သာမန်အားဖြင့် တစ်နာရီမထိုးမီ မည်သူမျှ နေ့ လယ်စာ ဆင်း စားလေ့ မရှိ။ ကျွန်မမျှော့်လင့်ထားသည့်အတိုင်း စားသောက်ခန်းထဲမှာ လူရှင်နေပါ သည်။ သို့သော်လည်း ကျွန်မတို့စားပွဲလေးမှ စားပွဲတွင်ကား သူ ထိုင်လျက်ရှိနေသည်။
မစ္စတာ ဒီဝင်းတား။
ကျွန်မ ဘယ်လိုမှထင်မထားဘဲ ယခုလို သူနှင့် ပက်ပင်းပါ တွေ့လိုက်ရတော့ ဘာဆက် လုပ်ရမည်ကို မသိနိုင်လောက်အောင် ဖြစ်သွားသည်။ ဆော့စ်အပယ်လ်မြို့ကို သူသွားနေပြီဟု ကျွန်မ ထင်ထားခဲ့မိ သည်။ သူလည်း ယခုလို စောစောစီးစီး နေလယ်စာ လာစားနေခြင်းမှာ ကျွန်မတို့နှင့် မဆုံမိအောင် ရှောင်တိမ်းနေခြင်းဖြစ်မည်ဟု မှန်းဆကြည့်မိပါသည်။ စားသောက်ခန်း ထဲသို့ တစ်ဝက်လောက် ခရီးပေါက်နေပြီ။ ထို့ကြောင့် နောက်ကြောင်းပြန်လှည့်ဖို့ မဖြစ်နိုင်တော့ ပါ။ မနေ့တုန်း က ဓာတ်လှေကားနားမှာ ခွဲခွာခဲ့ကြပြီးနောက် သူနှင့် ပြန်မဆုံခဲ့။ ယနေ့ နေလယ်စာ ကို စောစောစီးစီး လာစားသကဲ့သို့ မနေ့က ညစာကိုလည်း စောစောစီးစီးပင် သူလာစားလိမ့်မည်။ ထိုနည်း အားဖြင့် မစ္စက်ဗန်ဟော့ပါးနှင့် ကျွန်မကို လိမ်လိမ်မာမာလေး ရှောင်တိမ်းလိုက်ခြင်း ဖြစ်ပေ လိမ့်မည်။

ယခုလို သူနှင့် ပက်ပင်းပါ လာတိုးနေသည့်အတွက် ကျွန်မ ဘာလုပ်ရမှန်းမသိတော့ပါ။ သည့်ထက်ပိုပြီး ကျွန်မ၏ အသက်အရွယ် ကြီးရင့်နေမည်ဆိုလျှင် ဘယ်လောက်ကောင်း လိုက်လေမည်နည်း။ သက်သာရာ သက်သာကြောင်းအတွက် တစ်နည်းတစ်ဖုံတော့ အကြံ အဖန်လုပ်နိုင်ပေလိမ့်မည်။ ယခုတော့ မတတ်သာပြီ။ ကျွန်မသည် ဘယ်ကိုမျှ ငဲ့စောင်း မကြည့်တော့ဘဲ ရှေတည့်တည့်သို့သာ စိုက်ကြည့်ပြီး ကျွန်မ တို့စားပွဲရှိရာသို့ တန်းတန်းမတ် မတ် လာခဲ့ပါသည်။ သည်နေရာမှာပင် ကျွန်မ၏ မအူမလည်နိုင်မှုဒဏ် ကို ကျွန်မ ခံစားရပါ တောသည် ။
ကုလားထိုင်မှာ ထိုင်ပြီး လက်သုတ်ပုဝါဖြန့်လိုက်ရာ ပန်းအိုးကို တိုက်မိပြီး ပန်းအိုး လဲသွား တော့ သည်။ပန်းအိုးထဲမှ ရေးများစီးကျလာကာ ကျွန်မ၏ ပေါင်ပေါ်သို့ ဖိတ်စဉ်ကုန်တော့သည်။ စားပွဲခင်းလည်း ရွှဲ သွားပြီ။ စားပွဲထိုးသည် အခန်း၏ တစ်ခြားဘက်စွန်းမှာ ရောက်နေသည်။ ကျွန်မ ယခုလို ဒုက္ခရောက်နေ သည်ကို သူမမြင်။ သည်လိုဖြစ်ပြီး မျက်စိတစ်မှိတ်ကလေးအတွင်းမှာပင် မစ္စတာဒီဝင်းတားသည် ကျွန်မ အနားသို့ ရောက်လာလေတော့သည်။ သူ့လက်ထဲမှာလည်း လက်သုတ်ပုဝါ အခြောက်တစ်ထည်နှင့်။

"စားပွဲခင်း အစိုကြီးနဲ့ မင်း ထိုင်နေလို့ ဘယ်ဖြစ်မလဲ" ဟု သံပြတ်ဖြင့် ပြောသည်။ "အစား အသောက်လဲ ပျက်တော့ မှာပေါ့။ ကဲ.... အဲဒီနေရာက ထွက်တော့"
တစ်ဆက်တည်း မှာပင် စားပွဲခင်းမှ ရေများကို သူက သုတ်နေသည်။ သည်တော့မှ စားပွဲထိုး က လှမ်းမြင်ပြီး ချက်ချင်းရောက်လာသည်။
"ကျွန်မ စားနိုင်ပါတယ်ရှင်... ဘယ်လိုမှ အနှောင့်အယှက်မဖြစ်ပါဘူး။ ပြီးတော့ ကျွန်မ တစ်ယောက် တည်းပါ။"
တစ်ဆက်တည်းမှာပင် စားပွဲခင်းမှရေများကို သူက သုတ်နေသည်။ သည်တော့မှ စားပွဲထိုး က လှမ်းမြင်ပြီး ချက်ချင်း ရောက်လာသည်။
"ကျွန်မစားနိုင်ပါတယ်ရှင်... ဘယ်လိုမှ အနှောက်အယှက်မဖြစ်ပါဘူး။ ပြီးတော့ ကျွန်မ တစ် ယောက်တည်းပါ။"
သူက ဘာမျှပြန်မပြော။ စားပွဲထိုးက လဲပြိုနေသည့်ပန်းအိုးနှင့် ဖရိုဖရဲဖြစ်နေသော ပန်းများ ကို ဖယ်ရှားနေသည်။
"ထားလိုက်တော့ ငါ့စားပွဲမှာ တစ်နေရာထပ်ပြင်လိုက်။ မိန်းကလေးဟာ ငါနဲ့ အတူတူ နေ့လယ်စာ စားမယ်" ဟု သူကရုတ်တရက် ပြောချလိုက်သည်။

ကျွန်မ က စိတ်နောက်ကျိစွာ သူ့ကို မော့ကြည့်မိသည်။
"မလုပ်ပါနဲ့ရှင်။ ကျွန်မ စားလို့မဖြစ်ဘူးထင်ပါတယ်။"
"ဘာကြောင့် မဖြစ်နိုင်ရမှာလဲ.. "
ဆင်ခြေဆင်လက်တက် ဖို့ ကျွန်မ စဉ်းစားကြည့်မိပါသည်။ ကျွန်မနှင့်အတူတူ သူ နေ့လည် စာမစား လိုကြောင်း ကျွန်မစိတ်ထဲက အလိုလိုသိနေပါသည်။ တကယ်ဆိုတော့ လောကဝတ်အနေ ဖြင့် သူ ဖိတ်ခေါ်နေခြင်း သာ ဖြစ်သည်။ လက်ခံလိုက်လျှင် သူ အစားပျက်အောင် နှောက်ယှက်ရာ ကျတော့မည်။ ထို့ကြောင့်လည်း ခေါင်းမာမာနှင့် ငြင်းဖို့ အမှန်အတိုင်း ပြောဖို့ ကျွန်မ ဆုံးဖြတ် လိုက်ရတော့သည်။
"မလုပ်နဲ့ရှင်။ လောကဝတ်အရတော့ ကျွန်မကို ဖိတ်မနေပါနဲ့။ အခုအတိုင်းကိုပဲ ရှင်ဟာ ကျွန်မ အပေါ် မှာ ထောက်ထား စာနာနေပါပြီ။ စာပွဲခင်းကို စားပွဲထိုးက ရှင်းပေးလိုက်ရင် အားလုံ အဆင်ပြေသွားမှာပါ။" ဟု ကျွန်မ က သူ့ကို ပြန်တောင်းပန်နေမိသည်။

"လောကဝတ်စကားတွေ ကို ပြောနေတာမဟုတ်ပါဘူးကွယ်။ ကျုပ်နဲ့အတူတူလာပြီး ထမင်းစားစေ ချင်တာ အမှန်ပါ။ ပန်းအိုးကို မင်းမတိုက်မိရင်လည်း ကျုပ် ဒီစကားပြောမှာပါပဲ" သူ ကလည်း လူနာအမဲခြောက်တောင်း သလို မရမကသာခေါ်နေတော့သည်။ ကျွန်မ၏ မျက်နှာပေါ်မှာ သံသယ အရိပ်အယောင် များ ပေါ်သွာလိမ့်မည်ထင်သည်။ ထို့ကြောင့် သူက ပြုံးသည်။
"ကျုပ်ကို မင်းမယုံဘူး။ ကိစ္စမရှိပါဘူးလေ.. ကျုပ်နဲ့ အတူတူလာထိုင်ပါ။ စကားပြောချင် စိတ်မရှိရင် လည်း မပြောဘဲ နေကြတာပေါ့"ဟု သူက ဆက်ပြောသည်။
သူ့စားပွဲ မှာ ကျွန်မတို့ထိုင်လိုက်ကြသည်။ အစားအသောက်စာရင်းကို သူက လှမ်းပေး သည်။ ကျွန်မကြိုက်နှစ်သက်ရာ မှာယူစားသောင်နိုင်ရန် ဖြစ်သည်။ သူကတော့ ဘာမျှ မဖြစ်သ လို စားလက်စ များကို ဆက်စားနေသည်။

မျက်နှာလွဲခဲပစ် လုပ်တတ်သော အကျင့်သည် သူ့အတွက် သီးသန့်လို ဖြစ်နေသည်။ သည်လိုပဲ ဘာသာလဝါ ဆက်နေ သွားတော့မည်ကို ကျွန်မသိနေသည်။ နေ့လယ်စာစားနေ သည့် အချိန်တွင် စကား လုံးဝ မပြောတော့ဘဲ သူ နေပေတော့မည်။ သည်လိုဆိုလျှင်လည်း ဘာမျှအရေးမကြီးပါ။ ရာဇဝင်နှင့် ပတ်သက်သော မေးခွန်းများကို သူ မေးတော့မည် မဟုတ်ပါ။
"မင်း မိတ်ဆွေ အဘွားကြီး ဘာဖြစ်လို့လဲ" ဟု သူကမေးသည်။ တုပ်ကွေးမိနေ  ကြောင်း  ကျွန်မ က ပြန်ပြောပြသည်။ "စိတ်မကောင်းပါဘူးကွယ်" ဟု သူက ပြောသည်။ ပြီးတော့ ခဏကြာအောင် စကားဖြတ် ထားသည်။ "ကျုပ်ရေးပေးလိုက်တဲ့ စာတိုကလေးကို မင်း ရပါလိမ့်မယ်။ ကျုပ်ကိုယ်ကျုပ် အရှက်ကြီး ရှက်မိတယ်။ ကျုပ်လုပ်ပုံကိုင်ပုံတွေဟာ သိပ်ကို ယုတ်မာရက်စက်ရာကျသွားတယ်။ ဒီလိုဖြစ် ရတာလဲ အထီးကျန်ဘဝနဲ့ တစ်ကိုယ်တည်း နေလွန်းအားကြီးလို့ ဖြစ်ရတာပဲလို့ ဆိုပါရစေတော့ကွယ်။ ဒါကြောင့် ကျုပ် နဲ့ အခုလို ထမင်း အတူတူလာစားတဲ့အတွက် မင်းကို ကျေးဇူးတင်လို့မဆုံးတော့ပါဘူး"

"ရှင် ရက်စက်ရိုင်းစိုင်းခဲ့တယ်လို့တော့ မဆိုနိုင်ပါဘူး။ တကယ်လို့ ရက်စက်ရိုင်းစိုင်း တယ်ဆိုလဲ ဟိုအဘွားကြီး က နားမလည်ပါဘူး။ အမှန်တော့ အဘွားကြီးမှာ စပ်စု ချင်တဲ့စိတ်ပဲ ရှိပါတယ်။ လူတစ်ဖက်သား ကို စော်ကားမော်ကားလုပ်လိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရေးကြီးတဲ့ ဘယ်လို လူမျိုးကိုမဆို သူ ဒီလိုပဲ တော်၏မတော်၏ မသိတော့ဘဲ ဇွတ်စပ်စုတော့တာပဲ "
"ကျုပ်တော့ သွေးနားထင်ရောက်တောမှာပါပဲ။ ကျုပ်ကို ဘာဖြစ်လို့ အရေးကြီးတဲ့လူ လို့ သူက သတ်မှတ် ရတာလဲ"
ခဏကြာအောင် ကျွန်မ တုံဆိုင်းဆိုင်း ဖြစ်နေမိသည်။
"ရှင်ပိုင် တဲ့ မန်ဒါလေစံအိမ်ကြီးကြောင့်လို့ ကျွန်မထင်ပါတယ်" ဟု နောက်ဆုံး တွင် ပြောချ လိုက်မိတော့သည်။

သူက ဘာမျှပြန်မဖြေ။ ကျွန်မမှာလည်း တားမြစ်ထားသည့် နေရာတစ်ခုအတွင်းသို့ ကျူးကျော် ဝင်ရောက်မိ သူလို မနေတတ်မထိုင်တတ် ဖြစ်သွားမိသည်။ သူပိုင်သည့် မန်ဒါလေစံ အိမ်ကြီးနှင့် ပတ်သက် လာလျှင် သူသည် အမြဲတမ်း နှုတ်ဆိတ်နေတတ်သည်။ ဘာကြောင့်များ သည်လိုဖြစ်နေရ ပါလိမ့်ဟု ကျွန်မ စဉ်းစားကြည့်နေမိသည်။ မန်ဒါလေစံအိမ်ကြီး အကြောင်းကို မြောက်များစွာသောလူတို့ ကြားဖူးကြ သည်။ ကျွန်မလည်း ကြားဖူးပါသည်။ သည်စံအိမ်ကြီးက သူနှင့် အခြားသူများအကြားတွင် အရံအတားကြီး တစ်ခုသဖွယ် ဘာကြောင့် ဖြစ်နေရသနည်း ဟု ကျွန်မစဉ်းစားနေမိသည်။
ခဏ ကြာအောင် ဘာစကားမျှ မဆက်ကြတော့ဘဲ တိတ်ဆိတ်စွာပင် ကျွန်မတို့ ဆက်လက် စားသောက်နေကြ သည်။

ကျေးရွာတစ်ရွာရှိ ဈေးဆိုင်ကလေးမှ တစ်ခါတုန်းက ကျွန်မ ဝယ်ခဲ့ဖူသော ပို့စကတ် ကလေးတစ်ခု အကြောင်းကို ပြန်စဉ်းစားနေမိသည်။ ကျွန်မ ကလေးဘဝတုန်းက အနောက်ပိုင်း သို့ ကျောင်းပိတ်ရက်အတွင်း အလည်သွားရင်း ထို ပို့စကတ်ကလေးတစ်ခုကို ဝယ်ခဲ့သည်။ အိမ်ကြီး တစ်ဆောင် ၏ ပုံကို စိုရွှန်းသည့် ဆေးရောင်စုံ များဖြင့် ရေးဆွဲထားသော ပို့စကတ်ဖြစ်သည်။ ပန်းချီကား တစ်ချပ်အနေဖြင့် အရောင်ပေးပုံ မကောင်းလှသော်လည်း အိမ်ကြီး၏အလှကိုမူ ထိခိုက်ခြင်းမရှပါ။ ကုန်းလျှောလှေကားထစ် များ ဆီသို့ မရောက်မီတွင် ကျောက်ခင်းလှေကားထစ်များ ရှိသည်။ မြက်ခင်းပြင် စိမ်းစိမ်းကြီးက ပင်လယ်ပြင်ဆီသို့ရောက်အောင် ဖြန့်ကျက်သွားသည်။ ထိုပို့စကတ် ကို နှစ်ပဲနိပေးခဲ့ရသည်။ ကျွန်မ၏ တစ်ပတ်စာ မုန့်ဖိုးတစ်ဝက်ဖြစ်သည်။ ပြီးတော့ ပါးရေနားရေ တွန့်နေသည့် ဆိုင်ရှင် အဘွားကြီးကို ထိုပို့စကတ်ထဲက အဆောက်အအုံကြီး အကြောင်း မေးကြည့်မိပါသည်။ ကျွန်မ ဗဟုသုတခေါင်းပါးပုံကိုကြည့်ပြီး အဘွားကြီး အံ့အားသင့် သွားပုံရသည်။
"မန်ဒါလေစံအိမ်ဆိုတာ အဲဒါပဲပေါ့"ဟု အဘွားကြီး၏ငေါ့တော့တော့ အဖြေကြောင့် စိတ်မသက်မသာဖြင့် စိတ်ထဲ မှ ထွက်လာခဲ့သည် ကို ယခု ပြန်လည်အမှတ်ရနေပါသေးသည်။ ယခုတိုင်အောင်လည်း မန်ဒါလေ စံအိမ်ကြီးအကြောင်းကို သည်မျှတက်ပိုပြီး ဘာမျှမသိသေး။

ထိုပို့စကတ်ကလေး ကို စာအုပ်တစ်အုပ်ကြားတွင် ကျွန်မ မေ့လျော့ထားခဲ့သည်မှာ အချိန်ကာလကြာညောင်း လှပါပြီ။ ထိုပို့စကတ်ကလေးကို သတိပြန်ရမိသည်နှင့် တစ်ပြိုင်တည်း ပစ္စတာဒီဝင်းတား ကို ကရုဏာပွားမိပါသည်။ မန်ဒါလေစံအိမ်ကြီးနှင့် ပတ်သက်လာလျှင် ဘာ ကြောင့် သူနှုတ်ဆိတ်နေရ သနည်း။ ထိုစံအိမ်အကြောင်း အမးခံရတိုင်း သူစိတ်ထိခိုက်သည့် ပုံ မျိုး ပေါက် သွားတတ်သည်။
သည်အိမ်ကြီးနှင့် ပတ်သက်ပြီး စိတ်ထိခိုက်စရာ အကြောင်းသူ့မှာ ရှိပေလိမ့်မည်။ သည်အကြောင်းကို လက်ခံ ဆွေးနွေးခြင်း မပြုနိုင်လောက်သည့် အဖြစ်အပျက်များ ရှိကောင်းရှိ လိမ့်မည်။ မန်ဒါလေ စံအိမ်ကြီး သို့ မစ္စက်ဗန်ဟော့ပါး  သွားရောက်လည်ပတ်စဉ်က အကြောင်း များကို ကျွန်မစိတ်ကူးဖြင့် ပုံဖော်ကြည့် မိနေသည်။ အိမ်ကြီးအတွင်းသို့ ၀င်ရောက်ကြည့်ရှုခွင့် ရရန် ၆ ပဲနီ ပေးကောင်းပေး ရပေလိမ့် မည်။ ပြီးတော့ တစ်ခန်းဝင် တစ်ခန်းထွက် ဘောက်ဆတ် ဘောက်ဆတ်ဖြင့် သူ လှည့်လည် သွားလာနေပေလိမ့်မည်။ သူ၏ အက်တက်တက်ရယ်သံများ က တိတ်ဆိတ်ခြင်းကို ချိုးဖျက်နေပေ လိမ့်မည်။ သူလည်း ကျွန်မကဲ့သို့ပင် မစ္စက်ဗန်ဟော့ပါး အကြောင်းကို စဉ်းစားနေပုံရသည်။ စကားပြန်နေကြရာ မှ အဘွားကြီးအကြောင်းကို သူက စတင် ပြောဆိုလိုက်သောကြောင့် ဖြစ်သည်။

"မင်းမိတ်ဆွေ အဘွားကြီးက မင်းထက် အများကြီး အသက်ကြီးပေတာပဲ။ မင်းနဲ့အမျိုး တော်သလား။ သူ့ကို သိတာကြာပြီလား"ဟု သူကမေးသည်။ ကျွန်မတို့နှစ်ယောက်နှင့် ပတ်သက်ပြီးသူ ဘာမျှ နားမလည်နိုင် ဘဲ ရှိနေပုံ ရပါသည်။
"သူဟာ ကျွန်မ ရဲ့ မိတ်ဆွေမဟုတ်ပါဘူး။ ကျွန်မရဲ့အလုပ်ရှင်ပါ။ သူ့အတွက် အဖော် သဟဲအဖြစ် ကျွန်မ ကို ငှားထားတာပါ။ တစ်နှစ် ကို ပေါင်ကိုးဆယ် လခပေးတယ်"ဟု ကျွန်မက ပြန်ပြောသည်။
"အင်း.... အဖော်သဟဲကို ပိုက်ဆံပေးပြီး ၀ယ်လို့ရတယ်ဆိုတာ ကျုပ်တော့ မသိဖူး ဘူး ရှေးခေတ်တုန်းကလိုပေါ့။ အရှေ့ဘက်နိုင်ငံတွေက ကျွန်ဈေးကွက်တွေနဲ့ တူလှတယ်နော်"
''အဖော်သဟဲ ဆိုတဲ့ အဓိပ္ပါယ်ကို အဘိဓာန်ထဲမှာ ကျွန်မရှာကြည့်ဖူးတယ်။ အဖော်သဟဲ ဆိုတာ 'အတွင်းသိ အပြင်သိ တရင်းတနှီးပေါင်းသင်းသူ' လို့ အနက်ပေးထားတာ တွေ့ဖူးတယ်''
"သူနဲ့မင်း ဟာ စရိုက်ချင်းတော့ သိပ်မတူလှဘူးနော်" ဟု သူကပြောသည်။

ပြီးတော့ သူကရယ်နေသည်။ သည်လိုရယ်လိုက်တော့ သူ့အမူအရာက တစ်မျိုး တစ်ဖုံ ပြောင်းလဲ သွားပါသည်။ ပိုမို နုပျိုလာသည်ဟု ထင်ရသည်။ စောစောတုန်းက မျက်နှာလွဲခဲပစ် လုပ်တတ်သည့် အမူအရာမျိုး လည်း လျော့ပါးသွားသည်ဟု ထင်ရသည်။
"ဘာဖြစ်လို့ ဒီအလုပ်ကို လုပ်တာလဲ"ဟု သူကမေးသည်။
"တစ်နှစ် ကို ပေါင်ကိုးဆယ်ဆိုတဲ့ငွေဟာ ကျွန်မအဖို့ အင်မတန်များတဲ့ငွေ ဖြစ်နေ ပြီလေ...."
"မင်းမှာ မိဘတွေမရှိဘူးလား"
"မရှိပါဘူး။ ဆုံးကုန်ကြပြီ"
"ကျွန်မအဖေဟာလဲ အင်မတန်ချစ်စရာကောင်းပြီး အင်မတန်လဲ ထူးခြားတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပါ"
"သူ့အကြောင်း ပြောပြစမ်းပါ"

သောက်လက်စ ဖျော်ရည်ဖန်ခွက်ကို ကျော်ပြီးသူ့ကို ကျွန်မ လှမ်းကြည့်မိသည်။ ဖေဖေ့ အကြောင်း ကို ပြောပြဖို့ မလွယ်ကူလှပါ။ ပြောလေ့ပြောထ လည်း မရှိပါ။ ဖေဖေသည် ကျွန်မအ တွက် လျှို့ဝှက် ပစ္စည်းဖြစ်သည်။ မန်ဒါလေစံအိမ်ကြီးသည် မစ္စတာ ဒီဝင်းတား အတွက် သီး သန့်ပစ္စည်းဖြစ် သည်။ နောက်ပြီးတော့ မွန်တီကာလို အပန်းဖြေစခန်းရှိ ယခုလို စားသောက် ခန်းထဲမှာ ထိုင်ပြီး ဖေဖေ့အကြောင်း ကို ပြောပြလိုစိတ်လည်း ကျွန်မမှာမရှိပါ။
ထိုနေ့က နေ့လယ်စာစားပွဲအကြောင်းကို ကျွန်မယခု ပြန်ပြီး စဉ်းစားနေမိသည်။ တ ကယ်ဖြစ်ပျက်နေ သလိုမဟုတ်။ တစ်စုံတစ်ရာ ထူးခြားနေသလို ဖြစ်နေသည် ။စိတ်ထဲမှာလည်း ကြည်နူးချမ်းမြေ့သယောင် ထင်မှတ်နေ မိသည်။ လွန်ခဲ့သည့် ၂၄ နာရီတုန်းက မစ္စက်ဗန်ဟော့ ပါးနှင့်အတူ သည်နေရာမှာ ထိုင်ပြီး ကျောင်းထွက်စ ကျောင်းသူကလေး တစ်ယောက်လို ကျွန်မနေခဲ့သေးသည်။ ဗိုင်းကောင်းကျောက်ဖိ ကလေး နေနိုင်ခဲ့သေးသည်။ ကိုယ်နှုတ်နှလုံးကို ထိန်းသိမ်းပြီး နေနိုင်ခဲ့သေးသည်။

ယခုတော့ ကျွန်မမသိသည့် မျက်နှာစိမ်း ယောက်ျားသား တစ်ဦးကို ကျွန်မ၏ မိသားစုများအကြောင်း ဖွင်းဟပြောဆိုနေ မိချေပြီ။ ဘာကြောင့်သည်လို ထုတ်ဖော်ပြောဆို နေမိကြောင်း ကျွန်မမသိပါ။ တစ်ခုတော့ ရှိ ပါသည်။ ကျွန်မမြင်ခဲ့ဖူးသည့် 'မကြားမသိဖူးသော လူကြီးမင်း' ပန်းချီကားထဲမှ လူပုံ၏ မျက်လုံး များက သွားလေရာသို့ လိုက် ကြည့်နေသလို မစ္စတာဒီဝင်းတား၏ မျက်လုံးများကလည်း ကျွန်မ ကို တိုက်တွန်းနှိုးဆော်ပေး နေသောကြောင့် ယခုလို ဖွင့်ဟပြောဆိုနေမိခြင်း ဖြစ်နိုင်ပါသည်။

ရှက်တတ်သည့် စိတ်များသည် ကျွန်မ၏ ခန္ဓာကိုယ်တွင်းမှ ထွက်ပြေးလွင့်စဉ်သွား ကြပါပြီ။ ပင်ကိုအားဖြင့် ကျွန်မ သည် နှုတ်လျှာလေးသူဖြစ်သော်လည်း ယခုတော့ နှုတ်သွက် လျှာသွက်ဖြစ်နေပါပြီ။ ကလေးဘ၀တုန်းက ကျွန်မ၏ လျှို့ဝှက်ချက်ကလေးများ စိတ်ချမ်းသာမှု ကလေးများ၊ စိတ်ထိခိုက်ခဲ့ ရသည်များကိုပါ ဖွင့်ဟပြောဆိုနေမိပါသည်။ မလည်မ၀ယ်နှင့် ရှင်းပြ နေသော်လည်း ကျွန်မဆိုလို သည်များကို သူကောင်းစွာ သဘောပေါက် နားလည်သည်ဟု ကျွန်မထင်ပါသည်။ ဖေဖေ၏စရိုက်၊ ပုံပန်း သဏ္ဍာန်၊ ဖေဖေနှင့် မေမေတို့ အပြန်အလှန်ထား ရှိကြသည့် ချစ်ခြင်းမေတ္တာတရား၊ ဖေဖေသည် ရာသီဥတုကြမ်းတမ်း လှသည့် ဆောင်းရာသီ တစ်ခု တွင် အဆုတ်အအေးမိသည့် ရောဂါဖြသ့် ကွယ်လွန် ခဲ့ပုံ၊ ဖေဖေ့ကို အချစ်ကြီးချစ်သော မေမေသည်လည်း ရက်သတ္တငါးပတ်မျှ အကြာတွင် နောက်ချန် မနေရစ်တော့ဘဲ ဖေဖေ့နောက် သို့ ကောက်ကောက်ပါအောင် လိုက်သွားပုံများကိုပါ ကျွန်မပြောတတ် သလို ပြောပြနေမိပါ သည်။

စိတ်ဝိုးတ၀ါးဖြင့် စကားကို ခေတ္တရပ်ပြီး အသက်ရှူရပ်ထားမိခဲ့သည့် အကြောင်းက လေးများကိုပါ ကျွန်မ ပြန်လည် အမှတ်ရနေပါသေးသည်။ ထိုအချိန်တွင် စားသောက်ခန်းထဲ၌ လူတွေပြည့်လာပါပြီ။ စကားပြောသံ များဖြင့် ညံလာပါပြီ။ ဇွန်းသံ ပန်းကန်သံများကိုလည်း ကြားနေရပြီ။ တံခါးပေါက်ပေါ်မှ နာရီ ကို လှမ်းကြည့်လိုက်တော့ ၂ နာရီထိုးနေသည်ကို တွေ့ရ သည်။ သူနှင့် ကျွန်မ စကားထိုင်ပြောနေ သည်မှာ တစ်နာရီခွဲကြီးများတောင် ကြာမြင့်သွားချေ ပြီ။ သူနှင့် ကျွန်မဟု ဆိုရသော်လည်း တကယ်တမ်းပြောနေသူ ကတော့ ကျွန်မချည်း ဖြစ်ပါ သည်။
ထိုအချက် ကို သတိရလိုက်မိသည်နှင့် တစ်ပြိုင်တည်း ကျွန်မကိုယ်ကျွန်မ သတိနှင့် ပြန် ထိန်းလိုက် ရပါသည်။ လက်ဖ၀ါးများလည်း  ပူနွေးလာသည်။ မျက်နှာမှာလည်း ရှက်သွေးဖြာ လာပါသည်။ ထို့ကြောင့် မဆင်မခြင် အလောတကြီးပြောမိသည်များ အတွက် သူ့ကို တောင်း ပန်စကားဆိုရပါတော့သည်။ သို့သော် လည်း ကျွန်မ၏ တောင်းပန်စကားကို သူနားမထောင်ပါ။

"ကျုပ်တို့ နေ့လယ်စာ စပြီးစားကတည်းက မင်းကို ပြောခဲ့တယ် မဟုတ်လား။ မင်းနာ မည်ဟာ အင်မတန် ချစ်စရာကောင်းပြီး အင်မတန်လဲ ထူးခြားပေတယ်လို့... ကျုပ်ဆက်ပြောပါ ရစေဦး။ ဒီနာမည်ဟာ မင်းနဲ့တင် မဟုတ်ဘူး မင်းအဖေနဲ့လဲ အင်မတန် လိုပ်ပါပေတယ်။ ကျုပ် စိတ်မချမ်းသာခဲ့ရတာ တစ်နှစ်လောက်ရှိပါပြီ။ ဒီတစ်နှစ်အတွင်းမှာ အခုမင်းနဲ့ ထိုင်ပြီးနေရတဲ့ အတွက် စိတ်ချမ်းသာရတာမျိုး တစ်ခါ မှ မကြုံဖူးဘူး။ အခုတော့ ကျုပ်ရဲ့ အနေအထားကို မင်း ကပြောင်းပစ်လိုက်တာနဲ့ အတူတူပဲ။ ကျုပ်ဟာ စိတ်ပျက် အားငယ်ခဲ့ရတယ်။ အတွင်းကျိတ် တွေးပြီး ဆွေးနေခဲ့ရတယ်။ အဲဒီအားငယ်မှုနဲ့ အတွင်းကျိတ် ဆွေးခဲ့ရတာတွေဟာ တစ်နှစ် ပတ်လုံး ကျုပ်ကို အကြီးအကျယ် ဒုက္ခပေးခဲ့တာပါပဲ။"
သူ့ကို ကျွန်မ လှမ်းကြည့်လိုက်မိပါသည်။ မှန်သောစကားကို သူဆိုကြောင်း ကျွန်မ ယုံ ကြည်လိုက် ပါသည်။ သူပိုပြီး လွတ်လပ်လာပုံရသည်။ ခေတ်နှင့် လိုက်လျောညီထွေရှိလာ သည်။

လူသားပိုဆန် လာသည်။ အတိတ်၏ အရိပ်များ ဖုံးအုပ်ထားခြင်းမှ သူလွတ်မြောက်သွား ပုံရသည်။ ''မင်း စဉ်းစားကြည့်ပါကွယ်။ မင်းနဲ့ကျုပ်ဟာ တူညီတာတစ်ခုရှိနေတယ်။ ဘာလဲဆို တော့ အထီးကျန်ဖြစ်နေတဲ့ ဘ၀ပဲ။ လောကကြီးမှာ မင်းကလဲ တစ်ယောက်တည်း။ ကျုပ်ကလဲ တစ်ယောက်တည်း။ သြော်... မေ့လို့ ...မေ့လို့ ... ကျုပ်မှာ အစ်မတစ်ယောက်တော့ ရှပါရဲ့ ။ ဒါပေမဲ့ အတွေ့အဆုံ အဆက်အဆံ အင်မတန် နည်း ပါတယ်။ ပြီးတော့ ရှေးဆန်တဲ့ အဘွား တစ်ယောက်လည်း ရှိသေးတယ်။ ၀တ္တရားတစ်ခုအနေနဲ့ တစ်နှစ် မှာ သုံးကြိမ်လောက် သွား တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံးဟာ ကျုပ်အတွက် အဖော်သဟဲ မဖြစ်ကြပေ ဘူး။ မစ္စက်ဗန်းဟော့ပါးကိုတော့ ကျုပ် ချီးကျူးစကား ပြောရတော့မယ်။ တစ်နှစ် ကို ပေါင်ကိုး ဆယ်လောက် နဲ့ မင်းလိုမိန်းကလေးမျိုးကို ရထားတာဟာ အင်မတန် အရတော်ပေ တာပဲ''
''ရှင်မေ့သွားပြန်ပြီ။ ရှင့်မှာက မန်ဒါလေစံအိမ်ကြီးနဲ့။ ကျွန်မက ခြေသလုံးအိမ်တိုင်''

ထိုစကား ကို ပြောချလိုက်မိသည်နှင့် တစ်ပြိုင်တည်း ချက်ချင်းပင် ကိုယ့်စကားအတွက် ကိုယ်စိတ် မချမ်းမသာ ဖြစ်ရပါတော့သည်။ ကျွန်မ၏ စကားကြောင့် သူ့မျက်လုံးထဲမှာ အသိရ ခက်သော လျှို့ဝှက် အမူအရာကလေးများ ပြန်ပေါ်လာပြန်သည်။ ကျွန်မလည်းစကားပြော မှားမိသည့်အတွက် စိတ် အနေကျဉ်းကျပ်မှု ကို ခံစားရတော့သည်။ သူက ခေါင်းငုံ့ပြီး စီးကရက် မီညှိနေသည်။ ချက်ချင်း အဖြေပြန် မပေး။

''ဟာလာဟင်းလင်းဖြစ်နေတဲ့ အိမ်တစ်ဆောင်ဟာ လူပြည့်ကျပ်နေတဲ့ ဟိုတယ်လိုပဲ အထီးကျန်နိုင် တာပါပဲ'' ဟူသော စကားကို နောက်ဆုံးတွင်မှ သူပြောချလိုက်သည်။
''ဟိုတယ် မှာ အထီးကျန်နိုင်တာက အိမ်တစ်ဆောင်မှာ အထီးကျန်နိုင်သလို ကိုယ်ရေး ကိုယ်တာနဲ့ သိပ်မဆိုင်ပေ ဘူး။ အိမ်မှာ အထီးကျန်နိုင်နေတယ် ဆိုတာက ကိုယ်ရေးကိုယ်တာ လေ''
သူတုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ မန်ဒါလေစံအိမ်ကြီး အကြောင်းကို သူပြောပြပေတော့ မည်ဟု ထိုတခဏက ကျွန်မ တွေးထင်လိုက်မိပါသည်။ သို့သော်လည်း မပြောဖစ်အောင် တစ် စုံတစ်ရာကသူ့ကို ထိန်းချုပ် ထားလိုက်ပုံ ရသည်။  ဖွင့်ပြောလိုသည့် စိတ်ဆန္ဒကို တစ်စုံတစ်ရာ က အနိုင်ယူပြီး ထိန်းချုပ် သွားသည်ဟု ထင်မှန်ရသည်။ ထိုနည်းတူစွာပင် သူ၏စိတ်ဆန္ဒကို လည်း တစ်ချိန်တည်းမှာပင် ငြိမ်းသတ်ပစ်လိုက်သည် ထင်မှတ်ရသည်။

''အဘွားကြီး တုပ်ကွေးမိနေတော့ အဖော်သဟဲကလေး ရက်အားရသွားတာပေါ့နော်... ဒီလိုရက်အားရနေ တုန်းမှာ ဘာများလုပ်မယ်လို့ စိတ်ကူးထားပါသလဲ"
လေသံ မှန်မှန်နှင့် သူကဆက်ပြောသည်။ သူနှင့်ကျွန်မ ဘ၀တူဖြစ်ပါသည်ဆိုသည့် သဘောမျိုးလည်း ပါနေသည်။
မိုနာကို လမ်းထောင့်တစ်နေရာမှ ပြတင်းပေါက်ကျဉ်းကျဉ်းနှင့် အိမ်ကလေးကို ကျွန်မ သတိရလိုက်သည်။ ယနေ့ညနေ ၃နာရီထိုးလျှင် ပုံဆွဲစာအုပ် ယူကာ ထိုအိမ်ကလေးဆီသို့ သွားပြီး ပုံဆွဲဖို့ရှိနေသည်။ ထိုအကြောင်း ကို ပြောပြလိုက်မိသည်။ ပြီးတော့ ကျွန်မ ပြန်ရှက်နေ ပြန်သည်။ ပုံဆွဲသည်ဆိုသော်လည်း ကျွန်မ သည် ပန်းချီဆရာမကြီးမဟုတ်။ အနုပညာဗီဇဓာတ် ခံကောင်းသူလည်း မဟုတ်။
"ဒီလိုဆိုရင် ကျုပ် ကားမောင်းပြီး မင်းကို လိုက်ပို့ပေးမယ်လေ.."ဟု သူက ပြောသည်။ ကျွန်မ ဘယ်လိုပဲ ငြင်းငြင်း ရမည့်ပုံမျိုး လည်း မဟုတ်။

နေရာတကာတွင် လူတွင်ကျယ်မလုပ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ဖော်မသူတော်မလုပ်ဖို့ မစ္စက်ဗန်ဟော့ပါးက ကျွန်မ ကို မနေ့ကပင် ပြောခဲ့သေးသည်။ ထိုစကားများကို ပြေး၍ အမှတ် ရလိုက်မိပါသည်။ ကျွန်မကို မနေ့ ကပင် ပြောခဲ့သေးသည်။ ထိုစကားများကို ပြေး၍ အမှတ်ရ လိုက်မိပါသည်။ ကျွန်မ ကို မော်တော်ကားနှင့် လိုက်ပို့အောင် မိုနာကိုမှာ ပန်းချီသွားဆွဲမည်ဟု ရေလာမြောင်းပေး ဆွယ်တရား များ ဟောလိုက်မိလေပြီ လား။ သူက သည်အတိုင်းများ ထင် မှတ်သွားလေပြီလားဟု တွေးမိကာ ကျွန်မ မနေတတ် မထိုင်တတ် ဖြစ်သွားရပြန်ပါသည်။ မစ္စက်ဗန်ဟော့ပါးမှာ သည်လိုအကျင့်တွေ အများကြီး ရှိသည်။ အသားလို လို့ အရိုးတောင်း တတ်သည်။ ထို့ကြောင့် မစ္စက်ဗန်ဟော့ပါးနှင့် ကျွန်မကို သည်ပုတ် ထဲက သည်ပဲ၊ အတူတူနဲ့ အနူနူပါပဲဟု သဘောထားသွားမည်ကိုတော့ ကျွန်မ မလိုလားနိုင်ပါ။

သူနှင့် ကျွန်မ နေ့လယ်စာ အတူတူစားမိသည့်အတွက် ကျွန်မ၏ဂုဏ်သိက္ခာ မြင့်တက် လာသည်ကတော့ အမှန်ဖြစ် ပါသည်။ ထိုင်ရာမှ ကျွန်မတို့ ထလိုက်ကြတော့ ဟိုတယ်ပိုင်ရှင် သည် ကျွန်မ၏ ကုလားထိုင် ကို နောက် သို့ ဆွဲဖယ်ပေးရန် အူလျားဖားလျား ပြေးလာသည်။ အခါတိုင်း အမူအရာမျိုးမဟုတ်။ ဟိုတုန်း ကတော့ ကျွန်မ ကို ဖုတ်လေသည့်ငါးပိ ရှိလေသည်ဟု ပင် သဘောထားချင်မှ ထားပေလိမ့်မည်။
ယခုတော့ ခါးကို ညွှတ်ပြီး ပြုံးနှုတ်ဆက်သည်။ ကြမ်းပေါ်သို့ ကျသွားသည့် ကျွန်မ၏ လက်ကိုင်ပ၀ါကို တလေး တစား ကောက်ပေးသည်။

"နေ့လယ်စာ စားရတာ မြိန်ပါတယ်နော်"ဟုလည်း မေးဖြစ်အောင် မေးလိုက်သေး သည်။ တံခါးပေါက်နား မှာ ရပ်နေသည့် စားပွဲထိုးကလည်း ကျွန်မကို တလေးတစားနှင့် လှမ်း ကြည့်နေသည်။ မစ္စတာဒီဝင်းတား ကတော့ ဒါတွေ ကို ပုံမှန်အဖြစ်အပျက်တွေဟု မှတ်ယူပါလိမ့် မည်။ မနေ့တုန်းက အေးစက်နေသည့် ၀က်ပေါင်ခြောက် ဟင်းနှင့် ကျွန်မ ထမင်းစားခဲ့ရသည် ကိုမှ သူ မသိရှာဘဲကိုး။ ယခုလို ကြုံရပြန်တော့ ကျွန်မ ကိုယ်ကျွန်မ မကျေနပ်ချင်သလိုလို ဖြစ် လာမိသည်။ ဖေဖေ့ကိုလည်း သတိရလိုက်မိပြန်သည်။ သည်လို အပေါ်ယံ ဟန်ဆောင်တာ မျိုး တွေကို ဖေဖေတို့က မုန်းမှမုန်း။
"ဘာတွေများ စဉ်းစားနေသလဲဟင်.."
နားနေခန်း သို့ စင်္ကြံအတိုင်း လမ်းလျှောက်လာကြခိုက် ကျွန်မကို စူးစမ်းသလိုကြည့်ပြီး သူက မေးသည်။

"တစ်ခုခုကြောင့်များ စိတ်အနှောင့်အယှက် ဖြစ်သွားသလား"
ဟိုတယ် ပိုင်ရှင် အရေးတယူဆက်ဆံခြင်းသည် ကျွန်မအဖို့တော့ တွေးစရာများကို အစဖော်ပေးသလို ရှိနေတော့ သည်။ အ၀တ်ချုပ်သည့်အမျိုးသမီး ဘလေ့ဇ်အကြောင်းကို ကော်ဖီသောက်ရင်း ကျွန်မ ကပြောပြမိသည်။ မစ္စက်ဗန်ဟော့ပါးက အ၀တ်သုံးစုံဝယ်သည့် အတွက် ထိုအမျိုးသမီး အလွန်ပျော် သွားသည်။ ဘလေ့ဇ် ကို ဓာတ်လှေကားရှိရာသို့ ပြန်ပို့ရင်း သူ့အကြောင်းကိုပင် ကျွန်မ စဉ်းစားနေ ခဲ့မိကြောင်း၊ ဘလေ့ဇ် သည် သူ၏အပ်ချုပ်ဆိုင်ခန်း ကျဉ်းကျဉ်းကလေးအတွင်းမှာ အ၀တ်အထည်များကို ချုပ် လုပ်နေ လိမ့်မည်ဖြစ်ကြောင်း။ စက် ချုပ်သမ အဘွားကြီးကလည်း ပင်ပန်းနွမ်းနယ်သည့် မျက်လုံး များဖြင့် မမြင်ကိုးကန်း အပ်ချည် ထိုးနေလိမ့်မည်ဖြစ်ကြောင်း၊ ကြမ်းပြင်ပေါ်မှာလည်း ဖြတ်စ ညှပ်စ များ ပြန့်ကျဲနေလိမ့်မည်ဖြစ် ကြောင်း စသည်ဖြင့် ကျွန်မ စိတ်ကူးမိခဲ့သမျှများကို မစ္စတာဒီဝင်းတား အား ပြန်ပြောပြနေမိ သည်။

"ဟုတ်လား..မင်းစိတ်မှန်းကြည့်ထားတဲ့အတိုင်းရော မှန်နေသတဲ့လား.."ဟု သူက ပြုံး ပြီးမေးသည်။
"မသိပါဘူးရှင်..နောက်ထပ်လဲ ကျွန်မ ဘာမှမသိတော့ပါဘူး"
ပြီးတော့ ဓာတ်လှေကားကို ခလုတ်နှိပ်ပြီး ကျွန်မက ခေါ်ပေးကြောင်း၊ ထိုအချိန်တွင် အ၀တ်ချုပ်သည့် အဘွားကြီး ဘလေ့ဇ်က သူ့ပိုက်ဆံအိတ်ထဲမှာ မွှေနှောက်ရှာဖွေပြီး ဖရန့်ငွေ တစ်ရာတန်တစ်ရွက်ကို ကျွန်မ အား လှမ်းပေးကြောင်း၊ ဟောဒီမှာ ငွေတစ်ရာ..ဖောက်သည် တစ်ယောက်ကို အဒေါ့်ဆိုင်ခေါ် လာပေးတဲ့အတွက် ကော်မရှင်အဖြစ်နဲ့ ဒီငွေကို လက်ခံပါ နော်"ဟု လေသံကလေးဖြင့် ပြောကြောင်း၊ သည်လို ငွေပေးခံရသည့် အတွက် ကျွန်မ စိတ် အနှောင့် အယှက်ဖြစ်ရကြောင်း၊ ကျွန်မ က ငြင်းဆန်လိုက်သောအခါတွင် စက်ချုပ်သမကြီးက သူ့ ပခုံးများ ကို တွန့်လိုက်ကြောင်း၊ မင်းသဘောပေါ့လေ... ဒါပေမဲ့ ဒီလို ကော်မရှင်ပေးတယ် ဆိုတာ ထုံးစံ ပါပဲ။ ပိုက်ဆံမလိုချင်ဘဲ အ၀တ် တစ်စုံလောက် လိုချင်တာလဲ ဖြစ်ကောင်းဖြစ်လိမ့် မယ်။ ဒီလိုဆိုရင် ငါ့ဆိုင် ကိုသာ အချိန်မရွေး လာခဲ့ပါ။ တစ်ပြားတစ်ချပ် မှ ပေးစရာမလိုပါဘူး ကွယ်ဟု သူက ဆက်ပြောနေကြောင်း။

သည်အချိန် တုန်း က ဘာကြောင့်မှန်းမသိ။ ကျွန်မ နေမထိ ထိုင်မသာ ဖြစ်ခဲ့ရကြောင်း စိတ်မချမ်းမသာ လည်း ဖြစ်မိကြောင်း၊ ငယ်စဉ်တုန်းက မဖတ်ရဟု တားမြစ်ထားသည့်စာအုပ် ကို ကောက်ယူ လှန်လှောကြည့်မိပြီးသော အခါ တွင် ခံစားရသည့်စိတ်မျိုးနှင့်တူကြောင်း၊ လိပ်ပြာ မသန့်ဖြစ်နေ မိကြောင်း၊ သူ ပေးသည့်ငွေစက္ကူကို လှမ်းယူပြီး နားလည်သဘောပေါက်သည့် အပြုံးမျိုး ပြုံးပြရ မည်လော၊ သို့တည်းမဟုတ် သူ့အပ်ချုပ်ဆိုင်သို့သွားပြီး အ၀တ်တစ်ထည်ကို အလကား ယူရမည်လော စသည်ဖြင့် အတွေးပေါင်းစုံဖြင့် ချာချာလည်ခဲ့ရကြောင်းများ တသီ တတန်းကြီး ပြန်ပြောပြနေမိသည်။

သည်စကားတွေကြားသောအခါ သူ ရယ်မောပေလိမ့်မည်ဟု ကျွန်မထင်ပါသည်။ ဇာတ်လမ်းကလည်း ခပ်ကြောင်ကြောင် ပဲ မဟုတ်ပါလား။ ဘာကြောင့် သူ့ကို သည် အကြောင်း တွေ ပြန်ပြောင်းပြောပြနေ မိကြောင်း ကိုလည်း ကျွန်မကိုယ် ကျွန်မ မသိနားမ လည်နိုင်အောင် ဖြစ်ရလေတော့သည်။ သို့သော် လည်း သူက ကော်ဖီကိုမွှေရင်း ချင့်ချိန်ချိန်ဖြင့် စဉ်းစားနေ ပုံရ သည်။
"ဧရာမအမှားကြီးတစ်ခု ကို မင်း လုပ်ခဲ့မိပြီလို့ ကျုပ်ထင်တယ်"ဟု ခဏကြာတော့မှ သူ ပြန်ပြောသည်။
"ငွေတစ်ရာလက်မခံဘဲ ငြင်းလိုက်တာကို ဆိုလိုတာလား"ဟု မခံချိမခံသာဖြင့် ကျွန်မ က ပြန်မေးမိသည်။
"မဟုတ်ပါဘူးကွယ်။ ကိုယ့်စကားကို တလွဲချော်မတွေးလိုက်ပါနဲ့။ မစ္စက်ဗန်ဟော့ပါးနဲ့ တွေ့ပြီး ဒီအရပ် ကို မင်းရောက်လာတာဟာ အမှားတစ်ခုကို မင်းလုပ်ခဲ့တာပဲလို့ ကျုပ်ထင် တယ်။ မင်းဟာ ဒီလိုအလုပ်မျိုး နဲ့ မတန်ပါဘူး။ မင်းဟာ သိပ်ကို အသက်ငယ်သေးတယ်။ ပြီး တော့ စိတ်ဓာတ်ပျော့ညံ့ တယ်။

အပ်ချုပ်သမ ဘလေ့ဇ် နဲ့ သူပေးတဲ့ ကော်မရှင်ဆိုတာ ဘာမှ မပြောပလောက်ပါဘူး။ ဒီလို အဖြစ်မျိုးတွေ စောစောကတည်းက အများကြီး တွေ့ကြုံထားခဲ့ဖူး မို့ ကောင်းတယ်။ အဲဒီလို အတွေ့ အကြုံ ရှိ ထားခဲ့မယ် ဆိုရင် အခု အဖြစ်အပျက်ဟာ မင်းကို ဘယ်လိုမှ အနှောင့်အယှက် ဖြစ်စေတော့မှာ မဟုတ်ဘူး။ မင်းကိုယ်တိုင်လဲ သူတို့စရိုက်မျိုးကို လက်ခံကျင့်သုံးချင် ကျင့်သုံးလာမယ်။ ဒါမှ မဟုတ်ရင် လဲ အကျင့်စရိုက် မှာ အသန့်ရှင်းဆုံး နေ နိုင်အောင် ကြိုးပမ်းချင်လဲ ကြိုးပမ်းလိမ့်မယ်။ ဒါထက် ဒီအလုပ် ကို လက်ခံ ဖို့ ဘယ်သူကများ မင်းကို အကြံပေးလိုက်တာလဲဟင်.."
မေးရိုးမေးစဉ် အတိုင်း ကျွန်မကို မေးခွန်းများထုတ်နေသည်နှင့်ပင် တူသေးတော့သည်။ သည်လို အမေးခံ ရသည့် အတွက် ကျွန်မမှာလည်း မည်သို့မျှ စိတ်အနှောင့်အယှက်မဖြစ်မိ။ ကျွန်မ တို့သည် နှစ်ပေါင်းများစွာကတည်းက သိကျွမ်းရင်းနှီးလာကာ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိထားသူများ ပမာ၊ ပြီးတော့ နှစ်ပေါင်းများစွာ ကွဲသွားပြီးနောက် မှ ပြန်လည် တွေ့ဆုံကြရသူများလို ဖြစ်နေပါသည်။

"မင်း ရဲ့ ရှေ့ရေး နဲ့ပတ်သက်ပြီးတော့များ စဉ်းစားကြည့်ဖူးသလား။ ဒီအလုပ်ကို လုပ် နေရာ က နောက်ဆုံးတော့ ဘာဖြစ်မှာလဲ။ တကယ်လို့ မစ္စက်ဗန်ဟော့ပါးက သူ့ရဲ့ အဖော် သဟဲကလေး အပေါ် မှာ ငြီးငွေ့လာပြီဆိုရင် ဘာလုပ်မှာလဲ"ဟု သူက မေးပြန်ပါသည်။
ကျွန်မ ပြုံး လိုက်သည်။ အကယ်၍ သည်လိုဖြစ်လာလျှင်လည်း ဘာမျှ အရေးမကြီး ကြောင်း၊ တခြား မစ္စက်ဗန်ဟော့ပါး တွေ့ရှိနေဦးမည်သာဖြစ်ကြောင်း၊ နောက်ပြီးတော့ ကျွန်မ ၏အသက်က ငယ်သေးကြောင်း၊ ယုံကြည်ချက်အပြည့်ရှိကြောင်း၊ ခန္ဓာကိုယ်လည်း ကြံ့ခိုင် ကြောင်းများကို ကျွန်မက  ပြန်ပြောပြနေမိသည်။

သူ ပြောနေသည်များကို နားထောင်နေရင်းမှလည်း မဂ္ဂဇင်းကြီးများထဲမှ ကြော်ငြာများ ကို မြင်ယောင်နေမိပါသည်။ အခြေအနေနွမ်းပါးသည့် အမျိုးသမီးငယ်များကို လုံခြုံမှုပေးဖို့ မိတ်ဆွေဖြစ်အသင်း များက တောင်းဆိုကြသည့်အကြောင်း၊ ဘော်ဒါဆောင်များက ယာယီနေ ထိုင် ခွင့်ပေးမည် ဟု ကြော်ငြာသည့်အကြောင်းများကို စဉ်းစားကြည့်ရင်း ကျွန်မကိုယ်တိုင် ပုံဆွဲ စာအုပ် ကလေးကိုင်ပြီး မိမိလျှောက်ထားသည့် အလုပ်အတွက် ဘာအရည်အချင်းမှမရှိဘဲ အလုပ် ခန့်ထားရေး အေဂျင်စီ ၏ တင်းမာသောမေးခွန်းများကို ထစ်ထစ်ငေါ့ငေါ့ ဖြေ ဆို နေ ကြောင်း မြင်ကွင်းမျိုး ကို မြင်ယောင်နေမိသည်။ အပ်ချုပ်သမကြီး ဘလေ့ဖ်၏ ဆယ် ရာခိုင်နှုန်း ကော်မရှင်ကို လက်ခံလိုက်ခြင်းကပင် ခပ်ကောင်းကောင်းဟုလည်း စိတ်အမျှင်တန်းနေ မိပါ သည်။
"မင်းအသက် ဘယ်လောက်ရှိပြီလဲ"ဟု သူက မေးသည်။ ၂၁နှစ်ရှိပြီဖြစ်ကြောင်း ကျွန်မ ပြန်ပြောပြသော အခါ သူက ရယ်သည်။

"ဒီအသက်အရွယ်ရှိသူတွေရဲ့အကြောင်းကို ကျုပ် ကောင်းကောင်း သိသပေါ့။ အင်မတန် ခေါင်းမာ တယ်။ ဘေးအန္တရာယ်တွေ ထောင်ချီပြီးရှိနေတောင် မှ ကိုယ့်ရဲ့ရှေ့ရေးနဲ့ ပတ်သက် လာရင် ဘယ်တော့ မှ ကြောက်လန့်ရကောင်းမှန်း မသိကြဘူး။ ဘယ်လိုအရာမျိုးက မှ တားမထားနိုင်ဘူး။ ကဲ...ကျုပ် တို့ အ၀တ်အစား လဲချိန်တောင် ရတော့မှာမဟုတ်ဘူး။ အပေါ် ထပ်ကိုတက်ပြီး ဦးထုပ် ကလေး ဆောင်းလိုက်ဦးနော်။ ကျုပ် မော်တော်ကား သွားယူလိုက် မယ်"
ဓာတ်လှေကား ထဲသို့ ကျွန်မ၀င်သွားသည်ကို သူက လှမ်းကြည့်နေသည်။ ထိုအချိန်မှာ ပင် မနေ့က အဖြစ်အပျက် များကို ကျွန်မ ပြန်သတိရနေမိသည်။ ဓာတ်လှေကားအနီးမှာ မစ္စက် ဗန်ဟော့ပါးက လျှာ အရိုးမရှိ သလို ပြောနေခဲ့သည့်စကားများ။ သူကမူ လောက၀တ္တရား မပျက် အေးတိအေးစက်ဖြင့် ပြန်လည် ဆက်ဆံနေခဲ့သည့်အကြောင်းများ။

သူနှင့်ပတ်သက်ပြီး ကျွန်မ အဆုံးအဖြတ် မှားခဲ့ပါသည်။ သူ့ကို အသည်းနှလုံး မာကျောသူ၊ အေးတိအေးစက်နိုင်သူ၊ ထေ့ တတ်ငေါ့တတ်သူအဖြစ် ကျွန်မ သတ်မှတ်ခဲ့သည်။ တကယ် ကတော့ သည်လိုမဟုတ်ပါ။ သူနှင့် ကျွန်မ နှစ်ပေါင်းများစွာကတည်းက ပေါင်းသင်းလာခဲ့သူလို ကျွန်မ စိတ်ထဲမှာ ခံစားလာရ သည်။ ပြီးတော့ ကျွန်မတွင် ဘယ်တုန်းကမျှ မရှိခဲ့ဖူးသော အစ်ကိုတစ်ယောက် ကို ကောက်ရ လိုက်သလို ခံစားလာရသည်။
ထိုနေ့ မွန်းလွဲပိုင်းတုန်း က ကျွန်မ အလွန်တရာ စိတ်ချမ်းမြေ့နေခဲ့ပါသည်။ ထို အကြောင်းများကို ယခုကောင်းစွာ ပြန်လည်အမှတ်ရနေမိပါသည်။
ထိုနေ့မွန်းလွဲပိုင်း တုန်းက ကောင်းကင်ကြီးသည် တိမ်စိုင်တိမ်လိပ်များဖြင့် လှိုင်းလို တွန့်နေသည်။ ပင်လယ်ပြင်ကြီး ကလည်း လေပြည်လေညှင်းအောက်တွင် လှိုင်းဖွေးဖွေးနှင့် ရှိ နေသည်။

ကျွန်မ၏မျက်နှာကို လေပြည်လေညှင်းကလေးက တိုးဝှေ့ကလူ ကျီစယ်နေသည်။ ယခုပင် ခံစားနေရ သလို ပြန်လည် သတိရနေမိပါသည်။ ထိုစဉ်က ကျွန်မ၏ ရယ်မောသံ ကလေးများကိုလည်း ယခု ပင် ပြန်လည်ကြားယောင်နေမိပါသည်။ ကျွန်မရယ်တော့ သူလည်း ရယ်သည်။ သူ့ ရယ်သံကိုလည်း ယခုပင် ပြန်လည်ကြားယောင်နေပါသည်။
ထိုနေ့က ကျွန်မရောက်နေသည့် မွန်တီကာလိုသည် ယခင်က မွန်တီကာလလို မဟုတ်တော့ပြီ။ အစစ အရာရာ သာယာလှပနေသည့် မွန်တီကာလို အပန်းဖြေစခန်းဖြစ်နေပြီ။ ယခင်က မရှိခဲ့ဖူးသော အလှတရား များရှိနေပြီ။ အရာရာတို့က ကျွန်မစိတ်ချမ်းသာအောင် စွမ်း ဆောာင်နိုင်စွမ်းရှိနေကြပြီ။ သည်အလှအပ များသည် ယခင်ကလည်း ရှိကောင်းရှိခဲ့ပါလိမ့်မည်။ သို့သော် ကျွန်မ မမြင်တွေ့ခဲ့။ မြင်တွေ့နိုင်စွမ်းသော ဖန်တီးမှုမျိုးလည်း မရှိခဲ့။ ယခုတော့ အရာရာတို့ လှနေပြီ။ အရာရာ တို့ သာယာနေကြပြီ။

ဆိပ်ကမ်းကိုကြည့်လိုက်ပါဦး။ သက်ရှိသက်မဲ့ အရာအားလုံးတို့သည် ပျော်ရွှင်မြူးတူး စွာ ကကြိုးသီနေ သလို ရှိပါသည်။ စက္ကူလှေကလေးများလို လွင့်ပါးလှုပ်ရှားနေသည်။ သင်္ဘော သားများသည် ပင်လျှင် ခင်မင်စရာကောင်းနေပြီ။ သူတို့ မျက်နှာများကလည်း ပြုံးလို့ရွှင်လို့။ လေရူးကလေးလို ပျော်လို့ပါးလို့။ ဇိမ်ခံ ရွက်လှေတစ်စီးကို ကျွန်မတို့ ဖြတ်ကျော်လာခဲ့ကြ သည်။ မစ္စက်ဗန်ဟော့ပါးလို အမျိုးသမီးကြီး အနေဖြင့် အထင်ကြီးရပေမပေါ့။ ကြေးဝါဖြင့် ပြုလုပ်ထားသော ရွက်သင်္ဘော၏ အဆောင်အယောင် များသည် နေရောင်တွင် တပြောင် ပြောင် တညီးညီးရှိလေသည်။ သည်မြင်ကွင်းကို မြင်ရတော့ ကျွန်မတို့နှစ်ယောက်စလုံး ၀မ်းသာအားရစိတ်ဖြင့် လက်ဖြောက်များပင် တီးခတ်မိကြသည်။

ပြီးတော့ သူနှင့်ကျွန်မ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကြသည်။ သည်လို ကြည့်ရင်း အပြန်အလှန် ရယ်မောမိကြပြန်သည်။ သည်တုန်းက ကျွန်မတို့နှစ်ယောက်၏ ပြိုင် တူ ရယ်မောသံ ကလေးများ ကို ယခုပင် ပြန်လည်ကြားယောင်နေမိပါသည်။ ထိုအချိန်က ကျွန်မ ၏ အ၀တ်အစားများ သည်လည်း အလွန်တရာ သက်တောင့်သက်သာ ရှိလှပါချေသည်။ ဖလန် နယ် ၀တ်စုံက ပိုခပ်ညံ့ညံ့ပင်။ စကတ် ကလည်း အရောင်ပြယ်လွင့်စပြုနေပြီ။ ဦးထုပ်၏ အနား သားများကလည်း ကျယ်ပြန့်လွန်း လှသည်။ ဦးထုပ်ကလည်း အကောင်းမဟုတ်။ အစုတ်ပင် ဖြစ်ပါ၏။ ဖိနပ်ကိုကြည့်ပါဦ။ အညံ့စား ခွာနိမ့်ဖိနပ်ဖြစ်သည်။ ပြုတ်ထွက်မသွားရလေအောင် တစ်ချောင်းတည်းသောသဲကြိုးဖြင့် ထိန်းထား ရသည်။ ပုံပန်းမကျလှသော လက်အိတ်အညံ့စား တစ်စုံကိုလည်း လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားမိသည်။

ကျွန်မသည် ထိုအချိန်တုန်းကလောက် တစ်ခါဖူးမျှ မနုပျိုခဲ့ဖူးပါ။ ထိုအချိန်ကလောက် လည်း မရင့်ကျက်ခဲ့ဖူးပါ။ မစ္စက်ဗန်ဟော့ပါးနှင့် သူ့တုပ်ကွေးရောဂါအကြောင်းကိုလည်း ကျွန်မ သတိ မရတော့ပြီ။ သူ့ဟောလီဝုဒ်ဖဲဝိုင်းနှင့် အရက်ပွဲများကိုလည်း မေ့ပစ်လိုက်ပြီ။ ထိုမျှမက အလွန်တရာ နုံချာနိမ့်ကျလှသော ကျွန်မ၏ ထိုစဉ်က လက်ရှိအခြေအနေကိုပင် ကျွန်မလုံးဝ သတိ မရနိုင်တော့ပြီ။
ဘာပဲဖြစ်ဖြစ် ကျွန်မသည် အရေးပါအရာရောက်သော မိန်းကလေးတစ်ယောက် ဖြစ် လာပြီ။ လူလားမြောက်ပြီဟုလည်း ဆိုနိုင်ပါသည်။ တစ်ချိန်တုန်းကတော့ ကျွန်မသည် ရှက် ကြောက်လွန်းသော စိတ်၏ဖိစီးနှိပ်စက်ခြင်းကို ခံစားခဲ့ရသည်။

ဧည့်ခန်းဆောင်၏ အပြင်ဘက် နားတွင် ယောင်ချာချာရပ်ကာ လက်ထဲက လက်ကိုင်ပ၀ါကို လုံးခြေ ကိုင်ရင်း အခန်းတွင်းမှ မသဲမကွဲစကားပြောသံများကို နားထောင်နေမိသယောင်။ ထိုစကားသံများ ထွက်ပေါ် လာရာ ဧည့်ခန်းဆောင်သည် မိမိနှင့် လားလားမျှ မသက်ဆိုင်သောကြောင့် အတွင်းသို့ ၀င်ရမည် ကို ပင် ရှိုးတိုးရှန့်တန့် ဖြစ်နေသယောင်။
ထိုနေ့ မွန်းလွဲပိုင်းက မစ္စတာ ဒီဝင်းတားနှင့်အတူ ကားစီးထွက်ခဲ့မိသည်နှင့် တစ်ပြိုင် တည်း အရှက် အကြောက် ကြီးလွန်းသည့် မိန်းကလေး၏ဘ၀ကား လေနှင့်အတူ လွင့်ပါး ပျောက်ကွယ် သွားပါတော့သည်။ သို့ကလို လေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်သော မိန်းကလေး ကား သနားစရာ ပင် ကောင်းသေးတော့သည်။ ထိုဘ၀ ကို ပြန်လည်စဉ်းစားကြည့်မိ တော့လည်း စိတ်အားငယ် စရာ၊ စိတ်မချမ်းမြေ့ဖွယ်ရာ ပင် ကောင်းသေးတော့သည်။

လေရူးက မြူးချင်တိုင်းမြူးနေလေရာ ကျွန်မ ပန်းချီဆွဲဖို့ အခက်အခဲ တွေ့နေရတော့ သည်။ ကျောက်တုံး များ ခင်းထားသည့် ကွက်လပ်ကလေးတွင် နေရာယူပြီးဆွဲဖို့ ကြိုးစားသော် လည်း လေကထန်ချင်တိုင်း ထန်နေသဖြင့် အချည်းနှီးဖြစ်ရတော့သည်။ ထို့ကြောင့် မော်တော် ကားရှိရာ သို့ ပြန်လာပြီး ကျွန်မတို့ မောင်းထွက်ခဲ့ကြသည်။ ဘယ်ဆီဘယ်ဝယ်သို့ဦးတည်ပြီး မောင်းနေကြောင်း ကျွန်မ မသိပါ။ အလွန်ရှည်လျားသည့် မော်တော်ကားလမ်းတစ်ခုက တောင်ကုန်းများပေါ်သို့ တက် သွားသည်။ ထိုလမ်းအတိုင်း ကျွန်မတို့ မောင်းတက်လာကြ သည်။ လေထဲမှာ ငှက်တစ်ကောင်ပျံဝဲနေ သလို ကောင်းကင်မြင့် ဆီ သို့ ကျွန်မတို့ မောင်းတက် လာကြာခြင်း ဖြစ်ပါသည်။

တစ်ရာသီစာအတွက် မစ္စက်ဗန်ဟော့ပါး ငှားထားသည့် မော်တော်ကားနှင့် ယခု မော်တော်ကားမှာ ကွာလိုက်လေခြင်း ဟု ကျွန်မ တွေးနေမိပါသည်။ မစ္စက်ဗန်ဟော့ပါးငှားထား သည့် မော်တော်ကား က လေးထောင့်စပ်စပ် ပုံစံဟောင်းကြီး။ ဒိမ်မလာ အမျိုးအစား မော်တော် ကား။ မွန်းလွဲပိုင်း အချိန်များမှာ မင်တုန်အရပ်သို့ ထိုမော်တော်ကားဖြင့် ကျွန်မတို့ သွားလေ့ သွားထရှိပါသည်။ ထိုသို့ သွားသည့် အခါတိုင်း ကားမောင်းသူ၏ နောက်ကျောဘက်မှာ ကျွန်မ ထိုင်လေ့ရှိပါသည်။ ပတ်ဝန်းကျင်မှ ရှုခင်းများ ကိုကြည့်ရှုလိုလျှင် ခါးကိုဆန့်ကာ၊ လည်ပင်းကို ဆန့်ကာဖြင့် မော့မော့ကြည့်ရသည်။
ယခု မစ္စတာဒီဝင်းတား ၏ မော်တော်ကားကတော့ မာကျူရီနတ်သား၏ အတောင်ပံများ ကို တပ်ဆင်ထားသကဲ့သို့ ရှိပါသည်။ အမြင့်ကြီးဆီသို့ ကျွန်မတို့ တက်လာကြပြီ။ ကား မောင်း ကလည်း မြန်ပါပေ့။ အန္တရာယ်ဖြစ်လောက်အောင်ကို မြန်နေခြင်းဖြစ်ပါသည်။ သို့ကလို အန္တရာယ်ဖြစ်လောက်အောင် မြန်ဆန်နေခြင်းကိုပင် ကျွန်မက ကျေနပ်နှစ်သိမ့်နေမိပြန်ပါ သည်။ ဘာကြောင့် ဆို ကျွန်မအတွက် အသစ်အဆန်းတွေ ဖြစ်နေသည် မဟုတ်ပါလား။ ပြီး တော့ ကျွန်မ၏ အသက်အရွယ် ကလည်း ငယ်ရွယ်နုပျိုလှသည် မဟုတ်ပါလား။

ထိုနေ့က ကျယ်လောင်စွာ ရယ်မောနေမိသည်ကိုလည်း ပြန်လည် အမှတ်ရနေမိပါ သည်။ ကျွန်မ၏ ကျယ်လောင်သောရယ်မောသံများသည် လေနှင့်အတူ လွင့်မျောပါသွား သည်။ သူ့ကို ကျွန်မ လှမ်းကြည့်လိုက်မိပါသည်။ ရယ်မောရွှင်ပျခြင်း လုံးဝမရှိတော့ပါ။ အတိတ်ကြီး တိတ်နေပြန်သည်။ ပတ်ဝန်းကျင်လောကကြီးနှင့် ကင်းကွာနေဟန်တူပါသည်။ လျှို့ဝှက်ချက်များအတွင်းမှာ ရစ်ပတ်နှောင်ဖွဲ့ခြင်း ခံနေရ သလို မနေ့က အမူအရာအတိုင်း ပြန်ဖြစ်နေပြန်သည်။
ကျွန်မ တို့၏ မော်တော်ကားသည် ရှေ့ဆက်၍ တက်နိုင်စရာအကြောင်း မရှိတော့ပါ။ အမြင့်ဆုံးတောင်ထိပ် သို့ ကျွန်မတို့ ရောက်နေကြပါပြီ။ အောက်ကို ငုံ့ကြည့်လိုက်တော့ ကျွန်မတို့ တက်လာသည့် လမ်းကို အတိုင်းသား မြင်နေရသည်။ ချောက်ကမ်းပါးတွေဖြင့် မတ် စောက်လှပါဘိ။

သူက ကားရပ်လိုက်သည်။ ကားလမ်း၏အဆုံးမှာ မတ်စောက်သည့် ချောက်ကမ်းပါး ကြီး ရှိသည်။ ပေနှစ်ထောင်လောက်တော့ နက်ရှိုင်းပေလိမ့်မည်။ ကားပေါ်မှ ကျွန်မတို့ ဆင်းခဲ့ ကြသည်။ အောက်သို့ ငုံ့ကြည့်လိုက်မိသည်။ သည်တော့မှပင် ကျွန်မ၏စိတ်များ တည်ငြိမ်မှု ကို ရတော့ သည်။ ချောက်ကမ်းပါးနှုတ်ခမ်းနှင့် ကား၏အကွာအဝေးမှာ ကားအလျား၏ တစ်ဝက်မျှလောက်သာ ရှိချေတော့သည်။ ဇယားကွက်ရိုက်ထားသော တွန့်ကြေနေသည့် စက္ကူတစ်ရွက်လို ပင်လယ်ပြင်ကြီးက မိုးကုတ်စက်ဝိုင်း ဆီသို့ ဖြန့်ကျက်သွားသည်။ ပင်လယ် ကမ်းခြေတစ်လျှောက်မှာရှိနေသည့် အဖြူရောင် အိမ် များကို လိမ္မော်ရောင် တောက်နေသော နေရောင်အောက်မှာ ခရုခွံများ သဖွယ် မြင်တွေ့နေရသည်။ ကျွန်မ တို့ ရပ်နေကြသည့် တောင် ကုန်းပေါ်က နေရောင်ကတော့ သည်လို မဟုတ်။ ပတ်ဝန်းကျင်၏ တိတ်ဆိတ်ငြိမ်သက်မှု ကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲနေသည် ထင်ရ၏။ ဇာပါး ကလေးနှင့် လွှမ်းအုပ်ထားသလို လည်း မဟုတ်။ လေငြိမ်သွားသည်။ ထို့ကြောင့် ရုတ်ချည်း ဆိုသလိုပင် အအေးဓာတ်က လွန် ကဲလာသည်။

"ဒီနေရာကို ရှင် ကောင်းကောင်း သိနေသလိုပဲနော်...အရင်တုန်းက ရောက်ဖူးသလား ဟင်..."
သူ့ကို ကျွန်မ လှမ်းမေးမိသည်။ ကျွန်မ၏လေသံသည် အခါတိုင်းနှင့်မတူ။ ပေါ့ပျက် ပျက်လည်းနိုင် လှသည်။ ကျွန်မကို သူ ငုံ့ကြည့်သည်။ သို့သော်လည်း ကျွန်မကို မှတ်မိပုံမရ။ ကျွန်မနှင့် တကွ လောကကြီး ကိုပါ သူ မေ့နေပုံရပါသည်။ ကျွန်မ သိနိုင်စွမ်းမရှိသော အတွေး များကြားမှာ ၀င်္ကပါ လှည့်သလို သူ နစ်မျောနေပုံရပါသည်။ အိပ်ပျော်နေရင်း လမ်းလျှောက်နေ သည့်ပုံ မျိုးလည်း ပေါက်နေ ပါသည်။ ထိုအချိန်ပိုင်းကလေးအတွင်းမှာတော့ သူသည် သာမန် အနေအထားမျိုးမှာ မရှိတော့ ဟု ကျွန်မ ထင်မှတ်မိပါသည်။ အချို့သော သူများသည် သူတို့၏ အတွင်းစိတ်တစ်ခုခုက အမိန့်ပေးသည်ကို နာခံနေတတ်ကြသည် ဟု ကြားဖူးပါသည်။ မစ္စတာ ဒီဝင်းတားသည်လည်း ထိုသူများ ကဲ့သို့ ဖြစ်နေပုံရပါသည်။

"နောက်တောင်ကျနေပြီနော်...ကျွန်မတို့ ပြန်ကြရအောင်လား"ဟု အမှုမဲ့အမှတ်မဲ့ လေသံမျိုးဖြင့် ကျွန်မ က ဆက်ပြောပါသည်။ ရင်ထဲမှာ ဖုံးအုပ်ထားသည့်အနေဖြင့်လည်း ပြုံး လိုက်မိပါသည်။ သို့သော် အချည်းနှီး သာဖြစ်ပါသည်။ ကျွန်မ ဘာတွေခံစားနေရသည်ကို ကလေးငယ် တစ်ယောက် ကပင် ကောင်းစွာ ရိပ်ဖမ်းမိနိုင်ပါသည်။
အမှန်တော့ သူ့ကို ကျွန်မ လူကဲခတ်မှားခဲ့သည်။ တကယ်တမ်းဆိုလျှင် သူ့မှာ ဘာ အမှားမျှမရှိ။ ယခုလို ကျွန်မ ထပ်မံပြောဆိုလိုက်မိသည့်အတွက် အိပ်မက်ဆိုးထဲမှ သူ လွတ် မြောက်လာပုံရပါသည်။ တစ်ဆက်တည်း မှာပင် သူ သတိကင်းလွတ်သွားသည့်အတွက် ကျွန်မကို တောင်းပန် စကားဆိုနေပါသည်။ ထို့ကြောင့် ကျွန်မ၏မျက်နှာမှာ သွေးဆုတ်သွား သည်။ သည်အဖြစ်ကိုလည်း သူ သတိထား လိုက်မိပါသည်။

"အခုလိုလုပ်မိတာ ကိုယ့်ဟာကိုယ်တောင် ခွင့်မလွှတ်နိုင်စရာပဲ"ဟု ပြောရင်း ကျွန်မ၏ လက်ကိုကိုင်ကာ ကားဆီသို့ တွန်းပို့ပေးပါသည်။ ကားပေါ်ရောက်တော့ တံခါးကို သူက ဆောင့်ပိတ်ပေးလိုက်သည်။ "ဘာမှ မကြောက်နဲ့နော်။ ပြန်လှည့်ရတာက အမြင်ထက် ပိုလွယ် တယ်"ဟု သူက ပြောသော်လည်း ကျွန်မ မှာ မူးနောက်နောက်ကြီးဖြစ်လာတော့သည်။ ဖျားချင် သလို နာချင်သလိုလည်း ဖြစ်လာသည်။ ထို့ကြောင့် ထိုင်ခုံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထား လိုက်မိသည်။ သူကတော့ ကားကို ညင်ညင်သာသာ ကလေး ပြန်ကွေ့နေသည်။ လာလမ်းကို ဦးပြန်တည်မိသည်အထိ အလွန်တရာ ညင်သာ စွာ ပြန်ကွေ့နေခြင်း ဖြစ်ပါသည်။

"ဒါထက် အလျင်တုန်းက ဒီနေရာကို ရှင် ရောက်ဖူးသလားဟင်..."ဟု သူ့ကို ထပ်မေး မိပြန်ပါသည်။ လမ်းကျဉ်းကလေး အတိုင်း မော်တော်ကားက ပြန်ဆင်းလာပြီမို့ စောစောက တင်းကျပ်နေသည့် စိတ်များ လျော့ပြေသွားပါသည်။
"ရောက်ဖူးတယ်"
ထိုမျှပြောပြီး သူ ခဏဆိုင်းနေသည်။ ပြီးတော့မှ ဆက်ပြောသည်။

"ဒါပေမဲ့ ပြန်မရောက်တာ နှစ်ပေါင်းတော်တော်ကြာပြီ။ ဒီအချိန်တွေ ကြားထဲမှာ ဘာ တွေ များ ပြောင်းလဲနေသလဲဆိုတာ ကြည့်ချင်လို့"
"ပြောင်းရော ပြောင်းလဲနေသလား"
"မပြောင်းဘူး။ ဘာမှ မပြောင်းလဲဘူး"
အတိတ်အကြောင်းများကို ပြန်ပြောင်းသတိရစေသည့် သည်လိုနေရာမျိုးသို့ ကျွန်မကို ခေါ်ပြီး ဘာကြောင့်များ သူ ပြန်ရောက်လာရပါလိမ့်ဟု စဉ်းစားနေမိပါသည်။ အတိတ်ကာလနှင့် ယခုပစ္စုပ္ပန်ကာလကြားတွင် နှစ်ပေါင်းမည်မျှ ကြာရှည်ခဲ့ပြီနည်း။ အတွေးအခေါ်နှင့် အမူအကျင့် တွေ မည်မျှ ကွဲလွဲခဲ့ပြီနည်း။ စိတ်နေသဘောထားတွေကော ဘယ်လောက် ခြားနားသွားပြီ နည်း။ ကျွန်မ မသိချင်ပါ။ ဘာကိုမျှ မသိချင်ပါ။ သူနှင့်အတူ သည်နေရာသို့ လိုက်မလာမိလျှင် ကောင်းလေစွဟုသာ စိတ်ကူးပေါက် မိပါတော့သည်။

အကွေ့အကောက်များသည့်လမ်းအတိုင်း ကျွန်မတို့ ဆင်းလာကြသည်။ စကားလည်း ဆက်မပြောမိ။ ကျနေပေါ် မှာ တိမ်ဆိုင်ကြီးက တန်းနေသည်။ လေကလည်း အေးစိမ့်ပြီး သန့် ရှင်းလတ်ဆတ်လှသည်။
မမျှော်လင့် ဘဲ ရုတ်ခြည်းဆိုသလိုပင် မန်ဒါလေ စံအိမ်ကြီးအကြောင်းကို ကောက်ကာ ငင်ကာ သူ ပြောလေတော့သည်။
သို့သော်လည်း မန်ဒါလေစံအိမ်ကြီးမှာ နေထိုင်ရသည့် သူ့ဘ၀အကြောင်း တစ်လုံး တစ်ပါဒမျှ မပါ။ သူ့ကိုယ်ရေးကိုယ်တာအကြောင်း တစ်ခွန်းမျှမပါ။
မန်ဒါလေစံအိမ်ကြီး၌ နွေဦးကာလဆိုလျှင် နေလုံးကြီးက မည်ကဲ့သို့ ၀င်သွားကြောင်း ပင်လယ်ပြင်ပေါ်တွင် မည်ပုံ အလင်းရောင်ဖြာကျနေကြောင်း၊ ထိုအခါမျိုးတွင် ပင်လယ်ပြင်ကြီး သည် ကျောက်သင်ပုန်းကဲ့သို့ ညိုမှောင်သမ်းနေကြောင်း၊ ရှည်လျားသည့် ဆောင်းရာသီ၏ အအေးဒဏ်ကြောင့် အေးမြနေတတ်ကြောင်း၊ ပင်လယ်ကွေ့အတွင်းသို့ ၀င်လာသည့်ရေလှိုင်း သံများ ကိုလည်း ကုန်းလျှောကလေးပေါ်မှနေ၍ ကြားနေရကြောင်း။

နှင်းပန်းတို့သည်လည်း အစွမ်းကုန်ပွင့်နေတတ်ကြောင်း၊ ညနေခင်း လေပြည်လေညှင်း ကလေးတွင် သဲသဲ လှုပ်လှုပ်ဖြစ်နေကြကြောင်း၊ ရိုးတန်ရှည်ရှည်များ၏ ထိပ်ဖျားတွင် ရွှေရောင် ဦးခေါင်းများ တပ်ဆင်ထား သကဲ့သို့ရှိကြောင်း၊ နှင်းပန်းများမှာ ဘယ်လောက်ပင်ခူးခူး လျော့ နည်းမသွားကြောင်း၊ စစ်တပ်ကြီး တစ်တပ်ကဲ့သို့ ကြံ့ကြံ့ခိုင်ကာ ပွင့်မြဲ ပွင့်နေကြကြောင်း။
ရောင်စုံဝေသည့် နွေဦးပန်းများကိုလည်း မြက်ခင်းပြင်၏အောက်ဘက် ကမ်းခြေတွင် စိုက်ပျိုး ထားကြောင်း၊ ယခုအချိန်လောက်ဆိုလျှင် ထိုပန်းများ တုံးစပြုပြီဖြစ်ကြောင်း၊ မိုးဦးကျ တွင်ပေါက်သည့် ပန်းဝါတစ်မျိုးကတော့ သက်ဆိုးရှည်လှကြောင်း၊ ပပ်ကြားအက်ကလေးရှိ လျှင်ပင် ပေါက်ရောက် ရှင်သန်နိုင်ကြောင်း၊ ခေါင်းလောင်းပြာပန်းများကမူ ယခုလိုရာသီတွင် မပွင့်သေးကြောင်း၊ အနည်းငယ် အချိန်စောနေသေးကြောင်း၊ သူတို့ ပွင့်ပြီဆိုလျှင် တစ်တော လုံး ကို ဖြန့်ကျက်ကာ မိုးကောင်းကင်ကြီးနှင့်ပင် အပြာချင်းအံတုနေတတ်ကြောင်း။

အဆိုပါ ခေါင်းလောင်းပြာပန်းများကို အိမ်တွင်းယူလာပြီး ပန်းအိုးထိုးခွင့်ကို ဘယ်တော့ မှ သူ ခွင့်မပြုကြောင်း၊ သူ့အရိုးက ပန်းအိုးထဲမှ ရေကို ပုပ်စေတတ်ကြောင်း၊ ထို့ကြောင့် ထို ခေါင်းလောင်းပြာပန်း ၏အလှကို ကြည့်ရှုလိုလျှင် တောတွင်းမှာ လမ်းလျှောက်ကြည့်ခြင်းက အကောင်း ဆုံးဖြစ်ကြောင်း၊ အကောင်းဆုံးအချိန်မှာလည်း နေမွန်းတည့်သည့်အချိန်ဖြစ် ကြောင်း၊ အနံ့ကမူ မီးခိုးနံ့လိုလို ခါးသက်သက်အနံ့မျိုးဖြစ်ကြောင်း၊ ထိုပန်းကို ခူးယူသူများ သည် သဘာဝအလှအပကို အဓမ္မ ဖျက်ဆီးခြင်းနှင့်တူကြောင်း၊ မန်ဒါလေစံအိမ်ကြီးတွင် ထို ပန်းမျိုးကို မခူးရန် သူ တားမြစ်ထားကြောင်း၊ ရံဖန်ရံခါ သူ မော်တော်ကားမောင်းသွားသည့် အခါမျိုးတွင် ခေါင်းလောင်းပြာပန်းစည်းကြီးများကို စက်ဘီးလက်ကိုင်ပေါ်တင်ကာ စက်ဘီးစီး နေသူများကိုလည်း တွေ့ရတတ်ကြောင်း။

မိုးဦးကျတွင် အလေ့ကျပေါက်တတ်သည့် ပန်းများလည်း မြောက်မြားစွာရှိကြောင်း၊ အချို့အိမ်များကမူ ယိုဗူးလွတ်တွင် ထည့်စိုက်ပြီး ပြတင်းပေါက်မှာ ထားတတ်ကြကြောင်း၊ ရေ မှန်မှန်လဲပေးမည်ဆိုလျှင် ရက်သတ္တတစ်ပတ်လောက် မနွမ်းဘဲ ခံနိုင်ကြောင်း မန်ဒါလေစံအိမ် ကြီးအတွင်းသို့မူ မည်သည့် တောပန်းရိုင်းကိုမျှ ယူလာခွင့်မပြုကြောင်း၊ အုတ်တံတိုင်း ကာရံ ထားသည့် ပန်းခြံထဲမှာ အထူး စိုက်ပျိုး ထားသော ပန်းပင်များသာရှိကြောင်း၊ နှင်းဆီပန်းများ လည်းပါဝင်ကြောင်း၊ နှင်းဆီပန်းကတော့ အပင် မှာ သည်အတိုင်းထားခြင်းထက်ခူးပြီး ပန်းအိုးထိုးခြင်းက ပို၍ မျက်စိပသာဒရှိကြောင်း၊ အပြင်ဘက်လေဟာပြင် တွင် မထင်ရှားခဲ့သည့် အရောင်နှင့်အနံ့တို့သည် ဧည့်ခန်းထဲမှာ ပန်းအိုး တစ်လုံးနှင့် အလှပြင်ထားသောအခါကျမှ ပေါ်ပေါက်လာတတ်ကြောင်း၊ နှင်းဆီပန်းများ အစွမ်းကုန် ပွင့်ပြီဆိုလျှင် ဆံပင်ဖရိုဖရဲနှင့် မိန်းမ တစ်ယောက်ကဲ့သို့ ပွယောင်းယောင်း ဖြစ်လာကြောင်း၊ ဧည့်ခန်း ထဲမှာ ထားမှ ချပ်ချပ်ရပ်ရပ် ရှိ ကြောင်း။
မန်ဒါလေစံအိမ်ကြီးတွင် တစ်နှစ်လျှင် ရှစ်လပတ်လုံး နှင်းဆီပန်းများကို ပန်းအိုးတွင် အလှထိုး ထားကြောင်း သူ အရှည်ကြီး ပြောပြနေပါသည်။

သရဖူပန်းများကို ကျွန်မကြိုက်မကြိုက်လည်း သူက မေးပါသေးသည်။ မြက်ခင်းပြင်၏ အစပ်တွင် သရဖူ ပန်းပင် တစ်ပင် စိုက်ပျိုးထားကြောင်း၊ သူ့ အိပ်ခန်းပြတင်းပေါက်မှနေ၍ သရဖူ ပန်းရနံ့များကို ရှူရှိုက်နိုင်ကြောင်း၊ လက်တွေ့သမားကျလှသော သူ့အစ်မကမူ မန်ဒါလေ စံအိမ်ကြီးတွင် ပန်းပေါင်းစုံ အနံ့ တို့ မွှေးထုံနေသည့်အတွက် အမြဲတမ်းဆိုသလို ကန့်ကွက် စကားပြောလေ့ရှိကြောင်း၊ ထိုပန်းရနံ့ များကြောင့် သူ့အဖို့ အရက်သောက်ရသလို မူးနောက် နောက် ဖြစ်လာလေ့ရှိကြောင်း၊ သူ့အစ်မပြောပြသည်မှာ မှန်ကြောင်း၊ သို့သော်လည်း သူက တော့ အရေးမစိုက်ခဲ့ကြောင်း၊ သို့ကလို ပန်းပေါင်းစုံ ရနံ့ကြောင့် မူးယစ်ယစ်ဖြစ်ရသည်ကို သူ နှစ်သက်ကြောင်း၊ တမာခါးပင်များကိုလည်း ပန်းအိုးဖြူတွင် ထိုးကာ အိမ်ထဲမှာ ထားလေ့ရှိ ကြောင်း၊ ပန်းရနံ့စူးစူးများက အိမ်ထဲမှာထုံပျံ့နေကြောင်း။

တောင်ကြားမှတစ်ဆင့် ပင်လယ်ကွေ့ဆီသို့ သွားရာလမ်းကလေး၏ ဘယ်ဘက် တွင် တောင်ဇလပ်ပန်းပင်ကြီးများကို စိုက်ပျိုးထားကြောင်း၊ မေလလို အချိန်မျိုးတွင် ညစာစားပြီး ထိုလမ်း အတိုင်း လျှောက်သွားပါက ချိုမြသည့် လေညှင်းကို ရှူရှိုက်ရမည်ဖြစ်ကြောင်း၊ ကြွေကျ နေသည့် ပန်းချပ် ပန်းလွှာ ကလေးများကို ကောက်ယူပြီး လက်နှင့်ခြေကြည့်မည်ဆိုလျှင် အလွန် တရာ ချိုမြသည့် အနံ့မျိုးကို ရမည်ဖြစ်ကြောင်း၊ တောင်ကြားကလေးမှ ထွက်လာသောအခါ တွင်မူ မူးဝေ ထိုင်းမှိုင်းသည့် ဝေဒနာကို ခံစားရမည်ဖြစ်ကြောင်း၊ ပင်လယ်ကမ်းခြေသို့ ရောက် သည်နှင့် တစ်ပြိုင်တည်း ငြိမ်နေသည့်ရေပြင်နှင့် လုံးဝပြောင်းလဲသွားသော ပတ်ဝန်းကျင် ကို တွေ့ရမည်ဖြစ်ကြောင်း၊ ချက်ချင်း အပြောင်းအလဲဖြစ်သွားသည်မှာ စိတ်ဝင်စားဖွယ် ကောင်း လှကြောင်း တသီကြီး သူ ပြောပြနေသည်။
ထိုသို့ပြောပြနေဆဲ မှာပင် ကျွန်မတို့ကားသည် မြို့ထဲသို့ ရောက်လာပြီဖြစ်ကြောင်း သတိထား လိုက်မိပါသည်။ နေ၀င်ဆည်းဆာချိန် ရောက်လာသည်ကိုပင် ကျွန်မ သတိမထား လိုက်မိပါ။ လမ်းမီးတွေ လည်း ထိန်ထိန်လင်းနေကြပြီ။ ပတ်ဝန်းကျင်၏ အသံမျိုးစုံကိုလည်း ကြားလိုက်ရပြီ။ ယင်းအသံမျိုးစုံ တို့က ကျွန်မ၏ အာရုံကြောများကို လာရောက် တိုက်ခိုက်ကြ လေတော့သည်။ မွန်တီကာလို၏ မီးရောင်များ သည် အရောင်မှိန်လွန်းလှသည်ဟုလည်း ကျွန်မ ၏စိတ်ထဲမှာ ခံစားလာရပါသည်။

ခဏကြာလျှင် ကျွန်မတို့တည်းခိုနေကြသည့် ဟိုတယ်သို့ ပြန်ရောက်ကြတော့မည်။ ထိုင်ခုံရှေ့က အံဆွဲထဲ မှာ ကျွန်မ၏လက်အိတ်ကို ရှာကြည့်ပါသည်။ တွေ့ပါသည်။ ပြီးတော့ စာအုပ်တစ်အုပ်ကိုလည်း လက်နှင့် သွားစမ်းမိသည်။ အဖုံးက ပါးပါးလျားလျား ဖြစ်သော ကြောင့် ကဗျာစာအုပ် ဖြစ်ရပေလိမ့်မည်။ ဟိုတယ်တံခါးပေါက်ရှေ့တွင် မော်တော်ကား အရှိန် လျှော့လိုက်စဉ် စာအုပ် ခေါင်းစဉ်ကို ဖတ်ဖို့ ကျွန်မ စူးစိုက်ကြည့်လိုက်မိသည်။
"ယူသွားလေ .. ဖတ်ချင်ရင် ဖတ်ကြည့်ပေါ့..." ဟု မစ္စတာဒီဝင်းတားက ပြောပါသည်။ ယခုပြောသည့် သူ့အသံသည် သာမန်လေသံမျိုးဖြစ်နေပြန်သည်။ မပြောင်းလဲတော့သလို ဖြစ်နေပြန်သည်။ ကျွန်မ တို့၏ မော်တော်ယာဉ်စီး ခရီးကလည်း ပြီးဆုံးသွားချေပြီ။ တည်းခိုနေ သည့် ဟိုတယ် သို့လည်း ပြန်ရောက်ကြပြီ။ ကိုယ်ဘဝ အနေအထားအမှန်သို့ ပြန်ရောက်ကြပြီ။ မန်ဒါလေစံအိမ်ကြီးနှင့် ကျွန်မတို့ည်ကားမိုင်ပေါင်း အထောင်အသောင်း ဝေးကွားသွားပြန်လေ တော့သည်။

ကျွန်မ အများကြီး ပျော်မြူးသွားပါသည်။ လက်အိတ်များနှင့်အတူ စာအုပ်ကို တင်းကျပ် စွာ ကိုင်ထားမိသည်။ သူ ပိုင်ဆိုင်သည့် ပစ္စည်းတစ်ခုခုကို ကျွန်မ တပ်မက်မိနေကြောင်းလည်း ခံစားရသည်။ ယခုဆိုလျှင် သူနှင့်အတူ နေလိုက်ရသည့် တစ်နေ့တာကား ကုန်ဆုံးလွန်မြောက် သွားပြီ မဟုတ်ပါလား။
"ကိုင်း ဆင်းသွားပေတော့။ ကျုပ်လဲ ကားသွားသိမ်းလိုက်ဦးမယ်၊ ဒီနေ့ညတော့ စားသောက်ခန်းထဲမှာ မင်းနဲ့ ကျုပ် တွေ့ရတော့မှာ မဟုတ်ဘူး။ ညစာ အပြင်ထွက်စားတော့ မယ်။ ဘာပဲဖြစ်ဖြစ် အခုလို ကျုပ်နဲ့ ကားလိုက်စီး တဲ့ အတွက် မင်းကို ကျေးဇူးတင်ပါတယ် ကွယ်"       
အယုယ ခံရသည့် ကလေးငယ်တစ်ယောက် အယုယခံရမှု ပြီးဆုံးသွားသောအခါတွင် စိတ်ပျက် အားငယ်ခြင်းကို ခံစားရလေသကဲ့သို့ ကျွန်မလည်း ခံစားရကာ ဟိုတယ် လှေကားထစ်များအတိုင်း တစ်ကိုယ်တည်း တက်ခဲ့ရလေတော့သည်။ သည်ကနေ့ မွန်းလွဲပိုင်း အချိန်၏ အတွေ့အကြုံကလေးများက ကျွန်မကို ဖျက်ဆီးလိုက်ပါပြီ။

အိပ်ချိန်သို့ရောက်ဖို့ အချိန်တွေ အများကြီးကျန်နေသေးသည်။ ထိုကျန်နေသေးသည့် အချိန်များတွင် ကျွန်မသည် အထီးကျန်ဘဝဖြင့် ဟာတိဟာတာဖြစ်နေရတော့မည်။ ညစာကိုလည်း ခြောက်သွေ့စွာ တစ်ကိုယ်တည်း စားရပေတော့မည်။ အပေါ်ထပ်က သူနာပြုဆရာ၏ စူးစမ်းလေ့လာသော အကြည့်များကိုလည်း ကျွန်မ ရင်ဆိုင်နိုင်စွမ်းမရှိပါ။ မစ္စက်ဗန်ဟော့ပါးကလည်း ခြောက်ကပ် ကပ် အက်တက်တက်အသံဖြင့် စစ်လားဆေးလား၊ မေးလားမြန်းလား လုပ်ကောင်းလုပ်ပေ လိမ့်မည်။ ဒါကိုလည်း ကျွန်မ ရင်ဆိုင်နိုင်စွမ်း မရှိပါ။ ထို့ကြောင့် ဧည့်ခန်းထောင့် တိုင်ကွယ် တစ်နေရာတွင် ထိုင်ချလိုက်ပြီး လက်ဖက်ရည် မှာလိုက်ရသည်။

စားပွဲထိုး ရောက်လာသည်။ သူ့ကိုကြည့်ရသည်မှာလည်း ထုံထိုင်းထိုင်း ဖြစ်နေသည်။ ကျွန်မတစ်ယောက်တည်း လာထိုင်နေသည့်အတွက် သူ့အနေနှင့်လည်း ပြိုးပြိုးပြာပြာ လုပ် စရာအကြောင်း မရှိတော့။ နောက်ပြီး ယခုအချိန်ကလည်း လက်ဖက်ရည်သောက်ချိန်မဟုတ် တော့။ ငါးနာရီခွဲပြီးနေပြီ။ ခဏကြာလျှင် အရက်သောက်ချိန် ရောက်တော့မည်။ ကျွန်မ၏ စိတ် ထဲမှာ ငြိုငြင်ချင် သလိုလို ဖြစ်လာသည်။ မကျေနိုင် မချမ်းနိုင်ဖြစ်ခြင်းထက် ပိုပါသည်။ ကုလား ထိုင် နောက်မှီပေါ်သို့ ကိုယ် ကို မှီချလိုက်ပြီး ကဗျာစာအုပ်ကလေးကို ဆွဲယူလိုက်သည်။ အ ကြိမ်ကြိမ် အဖန်ဖန် ကိုင်တွယ် ထားသောကြောင့် စာအုပ်က အနွမ်းကြီးနွမ်းနေပြီ။ စာအုပ်ကို ကိုင်လိုက်သည်ဆိုလျှင်ပင် တစ်နေရာမှ စာမျက်နှာတစ်ခုက အလိုလို ပွင့်သွားသည်။ ထိုစာ မျက်နှာကိုပင် အလီလီအလာလာ ဖွင့်ပြီး ဖတ်ထားသယောင်ရှိသည်။

    "ကိုယ့်စိတ်နှင့်ကိုယ်၊ မျက်ရည်စိုကာ၊
    သူလွတ်ရာသို့၊ များစွာနေ့ညပြေးခဲ့ပြီ။
    သူနှင့်ဝေးရာ ဝေးကမ္ဘာသို့၊
    နှစ်ပေါင်းများစွာ၊ ပြေးခဲ့ပြီ။
    သူလမ်းမသိရာ၊ ၀င်္ကပါသို့၊
    ဆင့်ကာဆင့်ကာ ပြေးခဲ့ပြီ။
    မရပ်မနား၊ ပြေးလွှားရင်းဖြင့်၊
    ကွင်းကာရှောင်ကာ ပုန်းခဲ့ပြီ။
    ကြီးမားထန်ပြင်း၊ စိုးရွံ့ခြင်းဖြင့်၊
    တက်ဆင်းလမ်းကြမ်း၊ ခြောက်ကမ်းပါးတွေ၊
    ပြေးလေရှောင်ပုန်း၊ မပြတ်ဖုန်းစိုင်းခဲ့သော်လည်း
    သူလေ...အရိပ်ပမာ၊ ပါခဲ့ပါပြီတည်း။"

    အ၀င်တံခါး သော့ပေါက်မှနေ၍ တစ်စုံတစ်ယောက်က ကျွန်မကို ချောင်းမြောင်းကြည့် ရှုနေသည်ဟု စိတ်ထဲမှာ အလိုလို ခံစားလာရသည်။ ထို့ကြောင့် ကဗျာစာအုပ်ကလေးကို ခိုး ကြောင်ခိုးဝှက်ဖြင့် ဘေးမှာ အသာချထားလိုက်မိသည်။
    ညနေတုန်းက ကျွန်မတို့ရောက်ခဲ့သည့် တောင်ကုန်းများပေါ်သို့ သွားဖြစ်အောင် မစ္စတာဒီဝင်းတားကို မည် သို့သော တန်ခိုးရှင်ကများ စေ့ဆော်တိုက်တွန်းလိုက်ပါလိမ့်ဟု ကျွန်မစဉ်းစားနေ မိသည်။ ပေနှစ်ထောင်လောက်နက်သည့် ချောက်ကမ်းပါးကြီးနှင့် ကား ကိုယ်ထည် အလျားတစ်ဝက်စာ မျှသာ လိုတော့သောနေရာသို့ သူ မောင်းသွားသည့် အကြောင်းကိုလည်း စဉ်းစားနေမိသည်။ သူ့မျက်နှာပေါ်မှာလည်း မည်သို့သော ခံစားချက်မျိုး မှ မရှိတော့လေပြီတကား။ သူ့စိတ်ထဲမှာ မည်သို့သော ခြေသံများကို ကြားနေရလေသနည်း။ မည်သို့သော တီးတိုးသံများကို ကြားနေရလေသနည်း။ ဘာတွေကို ပြန်ပြောင်းသတိရနေ သနည်း။ နောက်ပြီးတော့ သည်ကဗျာ စာအုပ်ကလေးကို သူ့ကားအံဆွဲထဲမှာ ဘာကြောင့် ထည့်သိမ်းထားရလေသနည်း။ တသီကြီး ကျွန်မ စဉ်းစားကြည့်နေမိသည်။

    အတိတ်အကြောင်းတွေနှင့် သူ့ကို ကင်းလွတ်စေချင်ပါသည်။ ကျွန်မ ကိုယ်တိုင်ပင် သူ နှင့် တစ်စုံ တစ်ရာ ပတ်သက်ချင်စိတ် ပေါ်ပေါက်လာပါသည်။ သို့သော်လည်း ကျွန်မကို ကြည့် ပါဦး။ နွမ်းပါးစုတ်ချာ လှသည့် အင်္ကျီနှင့် စကတ်နှင့်။ ပြီးတော့ အနားပြန့်ကျယ် လှသော ကျောင်းသူ ဦးထုပ် အညံ့စားကြီးနှင့်။
    လေးလံထုံထိုင်းလှသည့် စားပွဲထိုးက ကျွန်မအတွက် လက်ဖက်ရည် ယူလာပေးသည်။ ကျွန်မ ကလည်း ထောပတ်သုတ်ပေါင်မုန့် ကို အရသာခံမနေနိုင်တော့ဘဲ ထိုင်းမှိုင်းစွာ စား သောက်နေရင်း သူပြောပြသော မန်ဒါလေစံအိမ်ကြီး မှ တောင်ကြားကလေးဆီသို့ သွားသည့် လူသွားလမ်းကလေး အကြောင်းကို တွေးနေမိသည်။ သည်လို တွေးကြည့်နေရင်းမှာပင် တောင်ဇလပ်ပန်းနံ့များက ကျွန်မ၏ စိတ်အာရုံမှာ ကြိုင်သင်းလာသည်။ ပင်လယ်ကွေ့ကလေး ၏ ကမ်းခြေ မှ ကျောက်စရစ်ခဲ ဖြူဖြူကလေး များကိုလည်း မြင်ယောင်နေမိသည်။

    သည်အိမ်နှင့် သည်နေရာကို သူ ဒါလောက် ချစ်မြတ်နိုးနေပါသည်ဆိုလျှင် ဘာမျှ အနှစ်သာရမရှိသော မွန်တီကာလို သို့ သူ ဘာကြောင့် ရောက်လာသနည်း။ သည်ကိုလာဖို့ သူ့မှာ အစီအစဉ်မရှိကြောင်း၊ ကသောကမျော ထွက်လာခဲ့ခြင်းဖြစ်ကြောင်း မစ္စက်ဗန်ဟော့ပါး ကို သူပြောပြခဲ့သည်။ တန်ခိုးရှင် တစ်ဦးဦး၏ စေ့ဆော်ချက်အရ တောင်ကြားထဲက လူသွား လမ်းကလေးအတိုင်း သူ ပြေးလာနေသည့် ပုံကို ကျွန်မ၏စိတ်အာရုံထဲမှာ ပုံဖော်ကြည့်နေမိပါ သည်။
    ကဗျာစာအုပ်ကလေးကို ကျွန်မ ကောက်ယူလိုက်မိပြန်ပါသည်။ သည်တစ်ခါမှာတော့ စာအုပ်၏ အတွင်း မျက်နှာစာအဖွင့် စာရွက်နေရာက လန်နေပါသည်။ ထိုအပေါ်တွင် ရည်ညွှန်း ချက် ကလေး ရေးထားသဖြင့် ဖတ်ကြည့်မိသည်။

'မက်ဇ်သို့...မှ...ရဘက်ကာ၊ ၁၇ မေလ'

လက်ရေးက ခပ်စောင်းစောင်းဖြစ်သည်။ စာရေးသူက စိတ်မရှည်စွာဖြင့် ရေးထားပုံရသည်။ ကလောင်များမှ မင်သီးသောကြောင့် တစ်ဖက် ရေခံစက္ကူမှာပါသွားပြီး မင် အနည်းငယ် စွန်းနေ သည်ကို တွေ့ရသည်။ 'ရဘက်ကာ'ဟူသော နာမည်ကျတော့ မင်က လုံးဝ ပိုထူသွားသည်။ ထို့ကြောင့် စာလုံးများ အားလုံးထဲမှာ 'ရဘက်ကာ'ဆိုသောစာလုံးက နက်မှောင်ထင်ရှားနေ သည်။ 'ရကောက်'စာလုံးက ရှည်လျားလှလေရာ အခြားစာလုံးများ အားလုံး၏အပေါ်မှာ မိုးနေ သည်
စာအုပ်ကို ကမန်းကတန်းပိတ်ကာ လက်အိတ်များအောက်သို့ ထိုးသွင်းပြီး ဝေးဝေးမှာ ချထား လိုက်မိသည်။ ပြီးတော့ ဘေးက ကုလားထိုင်ပေါ်မှ ရုပ်စုံမဂ္ဂဇင်းတစ်စောင်ကို လှမ်းဆွဲယူကာ စာမျက်နှာများကို တောင်လှန် မြောက်လှန် လှပ်နေမိသည်။ ပြင်သစ်နိုင်ငံ လွှာမြစ်ကမ်းပေါ်ရှိ ဘလွှာ ရဲတိုက်ကြီး၏ လှပသော ဓာတ်ပုံများနှင့် ဆောင်းပါးကို ဖော်ပြထားသည်။ ထိုဆောင်းပါး ကို ကျွန်မဖတ်နေသည်မှာ မှန်ပါ၏။

ဓာတ်ပုံအညွှန်းများနှင့် ပုံစာများကို ဂဃနဏဖတ်နေသည် မှာ မှန်ပါ၏။ ဆုံးသွားသောအခါ စာလုံးကလေး တစ်လုံးကလေးကိုမျှပင် ကျွန်မနားလည် သဘောပေါက်ခြင်းမရှိတော့ပါ။ စာရွက်ပေါ်မှာရှိသည့် ရဲတိုက်ကြီး၏ ပုံကိုကြည့်နေရင်း ထိုရဲတိုက်ကြီးသည် မစ္စက်ဗန်ဟော့ပါး၏ မျက်နှာဖြစ်နေတော့သည်။ ဟိုတစ်နေ့ညနေ က ကျွန်မတို့စားပွဲနှင့် မလှမ်းမကမ်းမှာ ထိုင်နေသော မစ္စတာဒီဝင်းတားကို ကွက်ကြည့်ကွက် ကြည့်လုပ်နေသည့် မစ္စက်ဗန်ဟော့ပါး၏မျက်နှာ ဖြစ်နေသည်။ ပြီးတော့ သူပြောခဲ့သည့် စကား များ ကိုလည်း ပြန်လည်ကြားယောင်နေမိပါသည်။
''အလွန့်အလွန်ကို ကြေကွဲဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ဆိုးကြီးပေါ့ကွယ်...သတင်းစာတွေ ကလဲ ဒီအကြောင်း နဲ့ပဲ ပြည့်နေတော့တယ်။ မစ္စတာဒီဝင်းတားဟာ ဒီအကြောင်းနဲ့ပတ်သက် ပြီး လုံးဝ မပြောတဲ့ အကြောင်း၊ သူ့ဇနီးရဲ့နာမည်ကလေးကိုတောင်မှ ထုတ်ဖော်မပြောတဲ့ အကြောင်း ရေးကြ တယ်။ သူ့ဇနီးက ရေနစ်ပြီး သေသွားတာလေ...သိတယ်မဟုတ်လား... မန်ဒါလေ စံအိမ်ကြီးနားက ပင်လယ်အော် ကလေး ထဲမှာနစ်ပြီး သေသွားတာ"

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>