Tuesday, March 6, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၉)

ရထားပေါ်ကလူများ (2)

ဘူတာကြီး နံပါတ်(၇) စင်္ကြံန်မှာ ဆိုက်ကပ်ထားသော မြောက်ပိုင်းဆင်ခြေဖုံးသွားရထားပေါ် တက်လိုက် ကတည်းက ခုံတန်းလျားရှည်တွေမှာ လူတွေက အပြည့်နီးပါး။
ကျွန်တော့် အတွက် တင်ပါးတစ်နေရာစာရှိဖို့ကတော့ လိုပါသည်။ ကမန်တ်ာသွားမည့် ခရီးဆုံးထိဆိုလျှင် အနည်းလေး တစ်နာရီခွဲ ( မိနစ် ၉၀) ကြာမြင့်ပါမည်။ မိနစ် ၉၀ လုံး မတ်တပ်ရပ်လိုက်ဖို့ဆိုတာ အိုလျော့ နေပြီဖြစ်သည့် ကျွန်တော့်ခြေသလုံး ကြွက်သားမျာက သည်းခံနိုင်မည်မထင်ပါ။ ရှေ့ဘူတာတွင် ခရီးသည် တွေက သည်ထက်တိုးလာဖို့ပရြှိသည်။ နောက်ဆုံး အောက်ဆီဂျင် မလုံလောက်သည်အထိ တွဲတွင်းမှာ လူတွေ များလာနိုင်စရာ ရှိသည်။ ယခုအခါ ရထားစီး၍ ဆင်ခြေဖုံးသို့ ခရီးသွားခဲ့သည်မှာ တစ်နှစ်နီးပါး ရှိတော့မည်။ ရထားစီးခြင်း အတွေ့အကြုံတွေက တောင်ပုံရာပုံဖြစ်လာနေပြီ။ ဘယ်ကွေ့မှာ ဘယ်သောင်၊ ဘယ်ကမ်း မှာ ဘယ်ကျောက်တန်း၊ ဘယ်ခရီးမှာ ဘယ်ရေစီးဆိုတာ ကျွန်တော် ခန့်မှန်းနိုင်ပါပြီ။

ကျွန်တော်သည် တစ်တွဲတက် တစ်တွဲဆင်းကာ တင်ပါးတစ်နေရာစာရှာသည်။ ကျွန်တော်သည်နေ့ ဘူတာကြီး ရောက်တာ နည်းနည်းနောက်ကျခဲ့သည်။ ညနေ ၄ နာရီလောက်တွင် ကျွန်တော်အယ်ဒီတာ အဖြစ် ဝင်လုပ်ပေးနေသည့် မဂ္ဂဇင်းတိုက် သို့ မိတ်ဆွေစာရေးဆရာအချို့ ရောက်လာသည်။ သို့နှင့် ၄၇ လမ်းရှိ မုန့်ဟင်းခါး ရသော ကဖီးဆိုသို့ ချီတက်ရာတွင် ပါသွားခဲ့သည်။ သည်လောကတွင် နေပျော် နေသည်မှာ စာရေးဆရာချင်းဆုံတွေ့လက်ဖက်ရည်ဆိုင်ထိုင် ထွေရာလေးပါး လေပစ်ရသော အရသာက ဘာနှင့်မျှ မလဲနိုင်။ ကျွန်တော်တစ်ဘဝလုံး တောင့်တခဲ့သည်မှာလည်း သည်စာရေးဆရာဘဝမျိုးသာ။ စာရေးဆရာ ဘဝနှင့် ဘာကိုမျှ ကျွန်တော်မလဲနိုင်ပါ။ ဆရာကြီးပီမိုးနင်း က နောင်ဘဝဆက်တိုင်း စာရေးဆရာ ဖြစ်ရပါလို၏ ဟု ဆုတောင်းသွားတာ ယခုတော့ ကျွန်တော်နားလည်သွားပါသည်။

ကျွန်တော်တစ်တွဲတက် တစ်တွဲဆင်းရှာရင်း ရထား၏ အလယ်တွဲလောက်တွင် ခုံတန်းလျားရှည်ထောင့်စွန်း ၌ ကျွန်တော့် တင်ပါးတစ်နေရာစာ ရရှိခဲ့ပါသည်။ နည်းနည်းဟ နေသော ခရီးသည်နှစ်ဦးကို တောင်းပန်ကာ ပူးကပ် ထိုင်နေရခြင်းဖြစ်သည်။ ပူအိုက်လှောင်နေသော်လည်း၊ ကျပ်ညပ်နေသော်လည်း နေရာ တစ်နေရာ အတွက် ၀မ်းမြောက်ဝမ်းသာ ရှိရပါသည်။ ကံကောင်းသည်က ကျွန်တော် နေရာရပြီး မကြာမီ ရထားထွက် ပါသည်။ ရထားက ကျွန်တော်ထိုင်နေသော ဆင်ခြေဖုံးမြို့သစ်ထိ ခုတ်မောင်း ပါလိမ့်မည်။ ရထားလည်း ခုလို ညနေတွေဆို မနိုင်ဝန်ထမ်းရရှာပါသည်။

ရထားထွက်တော့ ရထားပြတင်းများမှ လေအေးအချို့ တိုးဝင်လာပြီး လေပူများကို တွန်းရွှေ့သွားပါသည်။ ဘူတာကြီး မှ ရထားစစထွက်ချင်းမှာ ခုံတန်းလျားပြည့်သော်လည်း မတ်ရပ်ခရီးသည်တစ်ယောက်စ နှစ် ယောက်စ သာ။ ပထမတော့ မိုးပေါက်ကလေးတွေ ကျလာသေးသည်။ တစ်ပြိုင်တည်း နေရောင်က ၀င်းပနေ သည်။ မိုးပေါက်ကလေးတွေက ငွေရောင်ရွှေရောင်တောက်ပ ကျဆင်းနေသည်။
ရထား က ညနေ ၅ နာရီထိုးလုနီးမှာ ထွက်ခဲ့တာဖြစ်သည်။ ဘုရားလမ်းဘူတာရောက်တော့ လူအုပ်ကြီးက ရထား ပေါ် သွန်ကျလာပါသည်။ သည်အချိန်သည်ဘူတာမှာ သည်လိုစီးဆင်းမြဲဆိုတာ ကျွန်တော် သိနေပါ သည်။ ဆင်းသူက နည်းပြီး တက်လာသူက များပါသည်။ စတိုးဆိုင်၊ အရောင်းဈေးသည်လေးများ၊ ကွန်ပျူတာ အလုပ်သမများ၊ စာရေးစာချီဝန်ထမ်းများလည်း ပါတတ်ပါသည်။ ဒါက နိစ္စဓူဝ မနက်ဆို မြို့တွင်း ၀င်လာ၊ ညနေဆို မြို့တွင်းမှ ဆင်ခြေဖုံးသို့ ပြန်ထွက်သူများ။

ရထားပြန်ထွက်ပြီး တစ်အောင့်ကြာတော့ လမ်းမတော်ဘူတာတွင်ဆင်းရန် ကျွန်တော့်ဘေးမှ အမျိုးသမီး တစ်ယောက် ထသည်။ ရပ်နေသော ခရီးသည်တွေထဲမှ ခုံနှင့်အနီးဆုံး တုတ်တုတ်ခိုင်ခိုင် လူတစ် ယောက် က ထိုလစ်လပ်သွားသော နေရာကို ရုတ်ခနဲဝင်ထိုင်လိုက်ပါသည်။ ပတ်ဝန်းကျင်မှ မိန်းကလေး တချို့ ကတော့ ဣနြေ္ဒရရ ရပ်မြဲရပ်နေကြသည်။ ကျွန်တော့်စိတ်တွင် သည်လူ့နှယ် ယောက်ျား ရင့်မာ သန်သန် မာမာ ကြီးနဲ့ မိန်းကလေးတွေမှ အားမနာဟု တွေးနေမိသေးသည်။ နောက်တော့မှ လူဆိုတာ အတ္တသတ္တ၀ါ တွေပဲလေဆိုကာ စိတ်ဖြေရသည်။ ကိုယ်ကိုယ်တိုင်ကရော။ တင်ပါးတစ်နေရာစာအတွက် ရှာ ခဲ့ရတာ၊ ယခု လို တစ်နေရာ ရတော့လည်း မြဲမြံထားတာ။ အင်း ... သည်လူနှင့်ငါက သိပ်ကွာခြားမှုမရှိဘူးဟု ပြန်တွေး နေမိ သည်။

လမ်းမတော်ဘူတာရောက်တော့လည်း ဆင်းသူနှင့် တက်သူမှာ တက်သူက အများစုပဲဖြစ်သည်။ ရထားတွဲ  တွင်း မှာ အောက်စီဂျင်က ပိုမိုရှားပါးလာသည်။ ရထားသွားနေလျှင်တော့ အသက်၀၀ရှူလို့ ကောင်း နေပါသည်။ ရထားရပ်သည်နှင့် ကာဗွန်ဒိုင်အောက်ဆိုက်တွေက ရာနှုန်းပိုများလာသည်ဟု စိတ်မှာ ထင်နေ ပါသည်။

လမ်းမတော် ဘူတာမှ တက်လာသော မြေးအဘိုးနှစ်ယောက်က ကျွန်တော့်ရှေ့မှာ လာရပ်နေသည်ကို ရထား သွားနေပြီး အတန်ကြာမှ ကျွန်တော် သတိထားမိပါသည်။ အဘိုးကြီးမှာ အတော်ကလေးပိန်ပြီး အားနည်း နေပုံလည်းရပါသည်။ သူ့နောက်ဘက်က မြေးမလေးကို ထီးပါရဲ့လားဟု မေးနေသည်။ မြေးမလေး က ထီးကို အဘိုးဖြစ်သူထံ ကမ်းပေးသည်။ ရထားအကွေ့မှာ ယိမ်းသွားရာ အဘိုးဖြစ်သူမှာ ထီး လှမ်းယူရင်း လဲမလို ပြိုမလို ဖြစ်သွားသည်။ ထီးက အရွက်တွေလန်ပြီး ကို့လို့ကန့်လန့် ဖြစ်နေ၏။ ထီးလေး ပိတ်ပေးပါဟု အဘိုးအိုက ဆိုပါသည်။ ထိုင်နေသူဆီ အကူအညီတောင်းခြင်းဖြစ်၏။ သူလုပ် မလိုလို ငါလုပ်မလိုလို နှင့် ထိုင်နေသူတွေထံမှ ချက်ချင်းတုံ့ပြန်မှုမရပါ။ နောက်တော့ ကျွန်တော် ထီးကို လှမ်းယူ ပြီး နောက် ခေါက် ပေးလိုက်သည်။

" ကျုပ်က ဗိုက်ခွဲထားလို့ပါ။ အခုမှ ဆေးရုံက ဆင်းလာတာပါ။ ခဏလေးကိုင်ထားပေးပါ။ ကျုပ်ခါးက သိပ် လှုပ် လို့ မကောင်းဘူး "
သူက မြေးမလေးလွယ်ထားသော အိတ်ထဲမှ သရေပတ်ပြားကြီးကို ခါးပတ်ဖို့ပြင်ပါသည်။ ရထားဈေးသည် တွေ တိုးတိုက်မှု၊ ရထားယိမ်းလှုပ်မှုနှင့် အဘိုးကြီးမှာ အတော်ခက်ခဲနေပါသည်။ သားရေခါးပတ်ပြားကြီးက သူ့ ခါး ကို ငြိမ်သက်အောင် ထိန်းပေးနိုင်မည်ဖြစ်သည်။ သည်နေရာ တွင် ထိုနာလန်ထ လူနာအတွက် ငြိမ်သက် ထိုင်လိုက်ပါဖို့ လိုပါမည်။ ကျွန်တော့်ဘေးက တုတ်တုတ်ခိုင်ခိုင်လူများ သူ့နေရာမှ ထပေးမလား။ ကျွန်တော် လှည့်ကြည့်ဖြစ်သေးသည်။ ထိုသူက မလှုပ်၊ တစ်ဖက်ကိုပင် မျက်နှာလှည့်လိုက်သေးသည်။ အမှန် တကယ် ပင် သည်နာလန်ထလူနာလည်း ထိုင်စရာနေရမှဖြစ်မည်။ ကျွန်တော် တကယ် စေတနာ မပါဘဲ တင်ပါး တစ်နေရာစာ လှူတန်းဖို့ အခြေအနေက တွန်းပို့နေပါသည်။ မတတ်နိုင်ပါ။ အရာရာကို လျစ်လျူရှူ ဥပေက္ခာထားဖို့ ကျွန်တော့်တွင် အင်အားမရှိပါ။

ကျွန်တော် နေရာမှထလိုက်ပြီး ဦးလေးဒီမှာထိုင်ပါဆိုကာ သူ့လက်ကိုဆွဲကာ ထိုင်ခုံနေရာပေးလိုက်သည်။ သူက အားနာနေသေးသည်။ ထိုင်ပါ ထိုင်ပါ ရပါတယ်ဗျာ လုပ်နေသေးသည်။ သူဟန်ဆောင်ပြောပြောတာ ဖြစ်နိုင်သည်။ သူ့အခြေအနေက ထိုင်စရာတစ်နေရာလိုအပ်နေပါသည်။ ရထားခရီးသည်တွေက တွဲလုံး ပြည့် ကျပ်ညပ်နေခဲ့ပြီ။ မတ်တတ်ရပ်ရတာပင် သက်တောင့်သက်သာမရှိ။
အဘိုးအို က ထိုင်ခုံမှာ ထိုင်မိပြီး သားရေခါးပတ်ပြားကြီးကို သူ့ခါးမှာ ပတ်နေသည်။ ကျုပ်ဗိုက်က နှစ်ခါပြန် တောင်ချုပ်ရတာဟု သူပြောနေသည်။

" ပထမ ချုပ်ရိုးကကျဲတော့ ပြတ်ထွက်ပြီး အူတွေ ထွက်လာတာ။ အဲဒါနဲ့ ပြန်ချုပ်ရတယ်။ ဆေးရုံပေါ် မှာတော့ လူနာတွေကလည်း ကျပ်နေတာ။ ဗိုက်ခွဲတဲ့လူနာပေမယ့် သုံးလေးငါးရက် ချုပ်ရိုးဖြည်ပြီး တာနဲ့ ဆင်း ခိုင်းတာ။ တချို့ အနာမကျက် လို့ အိမ်ရောက်မှ ပြန်တက်ရတာရှိတယ် "
အဘိုးကြီး အသံမှာ မောဟိုက်သံပါနေသည်။ လေက မဆက်မိချင်။ သူက ကျွန်တော့်ကို အားနာပြီး ဘယ်ဆင်း မှာလဲဟု မေးနေသည်။ ကျွန်တော်က ရထားလမ်းဆုံးနားထိဆိုတာ မပြောပါ။ ရပါတယ် ... ဦးလေး ဘယ်ဆင်း မှာလဲဟုသာ မေးလိုက်ပါသည်။

" သမိုင်းဘူတာ အဲဒီက ဆင်းပြီးရွာကို ကားစီးရမယ် "
" တက္ကစီငှားစီးသွားပေါ့။ ခုလိုဆေးရုံ က ဆင်းခါစမှာ "
" ဘတ်စ်ကား က နီးနီးပဲစီးရမှာ ခုံးတံတားကျော်ရင် ရောက်ပြီ။ ဂွမ်းလိပ်ကအစ အပ်ချိတ်ကအစ ၀ယ်ရတာ။ ဘာမှ အလကားမရဘူး ... "
" ဦးလေး ဘယ်လောက်ကုန်သွားလဲ ... "
" ကျုပ်က ဆယ်ရက်ကျော်ကျော် ကြာသွားတယ်။ ခုနှစ်သိန်းလောက် ကုန်သွားတယ်။ ကျုပ်လည်း တတ်နိုင် လို့ မဟုတ်ဘူး။ ရွာဆွေမျိုးက စုပေးကြရတာ ... "
" ဦးလေးက ဘာဖြစ်လို့ ဆေးရုံတက်ရတာလဲ ... "
" အူလမ်းကြောင်း ပိတ်တာတဲ့။ ခွဲစိတ်ပြီး အူထဲကပိတ်နေတဲ့ အစာတွေထုတ်လိုက်တာ။ ချိန်ကြည့်တော့ ခြောက်ဆယ်သား လောက်ရှိသတဲ့။ ကျုပ်လည်း အစားကို ပုံမှန်စားတာပါပဲ။ ကျုပ်က ထမင်းပဲ စားတာပဲ။ ဘယ်လို ဖြစ်တယ်မသိဘူး "

" ဘယ်လို ဖြစ်တာလဲ၊ တအားအောင့်တာလား၊ ပိတ်တော့လေ ... "
ကျွန်တော် စိတ်ဝင်စားနေပါသည်။ ကျွန်တော့် ညီတစ်ယောက်လည်း အစာလမ်းကြောင်းပိတ်ပြီး ဆေးရုံ တက်ရသတဲ့။ သူကတော့ သောက်ဆေး ထိုးဆေးနှင့် သက်သာသွားသည်ဟု ဆိုသည်။
" ဘယ်လိုမှမဖြစ်ဘူး၊ အစားစားလို့မရဘူး။ နောက်တော့ အရည်ပါသောက်လို့မရတော့ဘူး။ ဒါပဲ သိပ်နာတာ အောင့်တာလည်း မရှိဘူး ... "
" အဖော်မပါဘူးလား။ ဦးလေးဇနီးလာမကြိုဘူးလား ... "
" ကျုပ် က မိန်းမဆုံးတာကြာပြီ။ ခုဆင်းတော့ ကျုပ် မြေးလေးနဲ့ပဲ "
" ဦးလေး က အသက် ဘယ်လောက်ရှိပြီလဲ ... "
" ခြောက်ဆယ့်လေးနှစ်ရှိပြီဗျာ။ အသက်ကြီးပြီ မသေနိုင်သေးဘူး။ ဒုက္ခတွေကလည်း များပါ့ ... "
သြော် ... ။ ကျွန်တော်ကသာ ဦးလေးခေါ်နေသည် သူ့အသက်မှာ ကျွန်တော်နှင့်မကွာလှ။ သုံးလေးနှစ်။ သို့သော် ကျန်းမာရေး ဘ၀ရေး ဖိစီးမှုကြောင့် အိုစာလှလေသည်။ ကျွန်တော်က ထိုသူကို ပထမက အသက် ၇၀ ကျော် ဟု ထင်နေခဲ့ပါသည်။

ကြည့်မြင်တိုင် ဘူတာကျော်ပြီးသည်နှင့် အတက်က ပိုများလာပြန်သည်။ သမိုင်းဘူတာရောက်တော့ ကျွန်တော် ထိုင်ခုံရပါသည်။ ကျွန်တော့် တင်ပါးတစ်နေရာစာ ကျွန်တော် ပြန်ရခြင်းဖြစ်သည်။ နာလန်ထ အဘိုးအို မှာ သူ့မြေးလက်ဆွဲကာ ဆင်းသွားလေပြီ။

ကြည့်မြင်တိုင်ဘူတာမှစ၍ လက်လုပ်လက်စား အောက်ခြေအလွှာများ အများစုရထားပေါ်တက်ရောက်လာ တတ်ကြ ပါသည်။ ကုန်ထမ်းသမား၊ ပန်းရံအလုပ်သမား၊ ပျံကျဈေးသည်စသည်ဖြင့်။
ရထား သည် ရေနွေးငွေ့ပေါင်းအိုးတစ်လုံးနှင့် ပိုမိုတူလာသည်။ ပေါင်းအိုးမှာ ဆူညံနေသော အသံဗလံ တွေပါ အပြည့်အသိပ် တင်ဆောင်ထားပါသည်။ ရပ်ကွက်လမ်းကြိုလမ်းကြားမှာ တစ်နေကုန် အော်ဟစ် ရောင်းချ ခဲ့သော၊ မုန့်လက်ကောက်သည်၊ သာကူ၊ မုန့်ကြာစိသည်၊ ဖရဲသီးသည်။ ဒိန်ချဉ်သည်၊ လက်သုပ်သည် တို့မှာ ရထားတွဲ လူသွားလမ်းမှာ ဗန်းများကို ချလျက်၊ ထိုင်ပြီး အော်ဟစ်ကာ လက်ကျန် မုန့် များကို ရောင်းချနေပါသည်။

ကျွန်တော့်ဘေးမှ လူတုတ်ခိုင်ကတော့ ထိုင်ခုံမှာ နောက်မှီကာအိပ်များပင် အိပ်နေပါသည်။ ဘယ်တုန်း ထဲက အိပ်နေသည်မသိ။ ကြို့ကုန်းဘူတာရောက်တော့ သူမျက်လုံးဖွင့်ကြည့်လာ၏။ ကျွန်တော် စာဖတ် နေတာ ကို တွေ့မြင်သွားသောအခါ စကားစပါသည်။
" ခင်ဗျား က စာဖတ် ၀ါသနာပါသကိုး ... "
ကျွန်တော်က ပြုံးလှည့် ခေါင်းညိတ်ပြပါသည်။
" ကျွန်တော်က စာအုပ်ရောင်းတယ်။ လမ်းဘေး ပလက်ဖောင်းမှာပါ။ ဗိုလ်ချုပ်လမ်းရှေ့ပတ်ဝန်းကျင်မှာ ရောင်း ပါတယ်။ ခင်ဗျားက ဘာလုပ်သလဲ "
" ကျွန်တော် က အယ်ဒီတာလုပ်ပါတယ် "

" ဟုတ်လား၊ ဘယ်ဂျာနယ်လဲ၊ ဘယ်မဂ္ဂဇင်းလဲ ... "
ကျွန်တော် ပြောပြလိုက်တော့ သူ ကျွန်တော်လုပ်သော မဂ္ဂဇင်းကို ကောင်းကောင်းသိပုံမပေါ်။ ကျွန်တော် က စာအုပ်အရောင်းအ၀ယ် အခြေအနေ မေးကြည့်တော့ မိုးတွင်းမို့ သိပ်မကောင်းကြောင်း၊ ရတဲ့ အခါလည်း မြတ်မြတ်ကလေး ရတာရှိပေမယ့် ဈေးဦးမပေါက်တဲ့နေ့ရှိကြောင်း ပြောပါသည်။
" ခင်ဗျား အသက် ဘယ်လောက်ရှိပြီလဲ ... "
ကျွန်တော်က ပြောပြလိုက်တော့။

" ဟင် ... ကျွန်တော့်ထက်ကြီးပါလား။ ကျွန်တော်က ရွယ်တူအောင် မေ့နေတာ။ ဒီမှာ အစ်ကိုကြီးရ ကျွန်တော် က အသက် ၅၀ ပြည့်ပြီးကတည်းက ဘာမှ ၀ါဒီမထားတော့ဘူး။ ကျုပ်မိန်းမနဲ့ ကလေး တွေကိုလည်း ငါတတ်နိုင်သမျှ လုပ်ကိုင်ကျွေးမယ်၊ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ် ငါ့လာမပြောနဲ့။ အိမ်ထောင်ကျ သွားတဲ့ကောင် မန္တလေးမှာနေတယ်။ သူ့အမေကတော့ အဆင်မှပြေပါ့မလားဆိုပြီး ပူပန် သောက တွေ များနေတယ်။ ကျွန်တော်ကတော့ ဘာမှမပူဘူး။ ကျွန်တော်တို့က ရှေ့လျှောက်သေဖို့ပဲ ရှိ တော့တာ။ ရေဝေး ကို မျက်စောင်းထိုးနေရပြီ။ ခြေလှမ်းပြင်နေရပြီ မဟုတ်ဘူးလား အစ်ကိုကြီးရ ဒီအရွယ် မှာ။ အဲတော့ ကျွန်တော်က ဘာဝါဒီမှ မထားတော့ဘူး။

ရှိရင်စားမယ် မရှိရင် မစားဘူး။ မိန်းမကိုလည်း နှစ်ထောင်ရှိရင် တစ်ထောင့်ငါးရာပေးလိုက်မယ်။ မရှိ ရင်တော့ မတတ်နိုင်ဘူး။ သမီးကျောင်းသူတစ်ယောက်ရှိတယ်။ သူက ရှစ်တန်း၊ သူများဘာဝတ်တယ် ဘာဖိနပ် စီးတယ် လာမပြောနဲ့။ သူများရှိတာ ကိုယ့်ရှိတာမဟုတ်ဘူး။ ဟုတ်တယ်မို့လား၊ ရော့ အဖေတတ် နိုင်တာ ကျောင်းဝတ်စုံနှစ်စုံ ဒါပဲ။ အ၀တ်အစားက အရေးမကြီးပါဘူး။ ပညာသင်တာ ပညာတတ်ဖို့ မဟုတ်လား။ အခုတော့ ကျွန်တော်က ဘာဝါဒီမှမထားဘူး။ ဥပက္ခာပဲ။ ဟုတ်တယ်လေ။ ဒီအရွယ်မှာ ပါဂျရိုး စီးချင်လို့လည်း မလုပ်နိုင်တော့ဘူး။ မိန်းမကိုလည်း ပြောထားတယ်။ ငါ့ကို ဘာမှလာမပြောနဲ့။ သူများ အကြောင်း လာမပြောနဲ့ ကိုယ့်ရှိတာကိုယ်စား၊ ကိုယ်လုပ်စရာရှိတာလုပ်။ မဟုတ်ဘူးလား အစ်ကိုကြီး ရာ။ ဒီအရွယ်မှာ အေးအေးချမ်းချမ်းနားအေး ပါးအေးပဲ နေချင်တော့တယ် "
" ခင်ဗျား အသက်ငယ်ပါသေးတယ်။ သူများတွေ အသက် ခုနှစ်ဆယ်၊ ရှစ်ဆယ်အလုပ် လုပ်ကောင်း တုန်းဗျာ။ ဘာလဲ ... ခင်ဗျားက တရားအားထုတ်ချင်နေပြီလား ...၊ လောကီငြီးငွေ့လို့ ဘုန်းကြီး ၀တ်လိုက် ရင်လည်း ကောင်းပါတယ်ဗျာ။ ဘ၀ငြိမ်းချမ်းတာပေါ့ ... "

အမှန်တော့ နားငြီးလာသဖြင့် ကျွန်တော်က သူ့ကို အရွဲ့တိုက်ပြောလိုက်ခြင်းသာ ဖြစ်သည်။ သို့တိုင် သူက မသိပါ။ နောက်ပိုင်း သူ့စကားများက သူ့စရိုက်ကိုပိုပြီး ပေါ်လွင်စေပါသည်။
" ဒါတော့ မဖြစ်နိုင်သေးဘူး အစ်ကိုကြီးရာ။ ဘုန်းကြီးတော့ မ၀တ်နိုင်သေးဘူး။ ကျွန်တော်က ညနေဆို တစ်ပိုင်း လောက်တော့ သောက်တယ်။ ကျွန်တော်က တပ်ထဲဝင်ဖူးတယ်။ ဂန်းရှော့နဲ့ ကျွန်တော် နား ခဲ့တာ။ တခြားဟာတော့ ကျွန်တော်က မလုပ်ပါဘူး။ မိန်းမတို့ လောင်းကစားတို့ ကျွန်တော်က နှစ်လုံး သုံးလုံး တောင် မလုပ်ဘူး။ အရက်ကတော့ ကြိုက်လို့ပါ အစ်ကိုကြီးရာ"
အမှန်တော့ ကျွန်တော်ဆင်းရမည့် ဘူတာမှာ နောက်ထပ်လေးငါးခြောက်ဘူတာ ကျန်ပါသေးသည်။ သို့တိုင် ကျွန်တော် ယခုရပ်မည့် ဘူတာတွင် ဆင်းပါတော့မည်။ တခြားရွေးချယ်စရာ မရှိပါ။ တစ်နေ့လုံး ကျွန်တော် မျက်စိပင်ပန်းခဲ့သည်။ ယခုထပ်ပြီး နားကိုအပင်ပန်းမခံနိုင်တော့ပါ။

၂၀၀၉၊ အောက်တိုဘာ၊ ၁၂ ရက်၊
မြန်မာသစ်မဂ္ဂဇင်း။
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၅၃)

(အနန္တသူရိယအမတ်ကြီးရဲ့ သူတည်း တစ်ယောက် ကောင်းဖို့ရောက်မူ ကဗျာ။ ဘယ်တော့မှ မရိုးဘူး။ သူက နရသီဟပတေ့ကိုလည်း မကြည့်၊ ပုဂံကိုလည်း မကြည့် ဘူး။ သူကြည့်လိုက်တာက လောကတင်မကဘူး၊ သံသရာတစ်ခုလုံးကို ကြည့်တာ။) ကို ဆက်ဖတ်ရန်

“ကျေးဇူးတင်ပါတယ် ဆရာ၊ ဆရာ ပေးလိုက်တဲ့ ဥပမာတွေနဲ့ နားထောင်လိုက်ရတော့ တော်တော်လေး ရှင်းသွားပါပြီ။ ဆရာ ၀တ္ထုရေးတဲ့နေရာမှာ ဇာတ်ကွက်ကို ကြိုတင်ချထားလေ့ ရှိပါသလား ဆိုတာ သိပါရစေ”
“ဆရာက ဇာတ်ကွက်ကို ဘယ်တော့မှ ကြိုတင်ချမထားဘူး။ အဲ… တစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ တစ်တွေ က ဇာတ်ကွက်တို့၊ ဇာတ်လမ်းတို့၊ ဇာတ်ကြောင်းတို့ ဆိုတဲ့ စကားတွေ ရဲ့ အနက်အဓိပ္ပာယ်တွေ မပေးမိတာေ တွရှိတယ်၊ ကျွန်တော် ဟိုတလောက ၀တ္ထုရှည်ဆိုသည် မှာ ဆိုတဲ့ စာတမ်းတစ်ခု ပြုစု ဖူးတယ်။ Story ဆိုတဲ့ စကားရှိတယ်။ Plot ဆိုတဲ့စကားရှိတယ်။ မတူဘူး။ တချို့က Story less Story တွေ ဘာတွေ ကြိုးစားကြတယ်။ ဇာတ်လမ်းမရှိသော ၀တ္ထုများပေါ့။

Plot ကတော့ ရှိရမယ်။ Plot မရှိလို့ မရဘူး။ ဒါပေမဲ့ အခု ဆရာပြောတဲ့ plot ဆိုတာက အခုလူတွေ ပြော နေတာမျိုး မဆိုလိုဘူး။ ဆရာရဲ့ “၀တ္ထှုရှည်ဆိုသည်မှာ” ဆိုတဲ့ စာတမ်းမှာတော့ အကျယ်ရေးထားတယ်။ Plot ဆိုတာ အခုလူတွေ ပြောနေကြတဲ့ ၀တ္ထု မှာ ဇာတ်လမ်းဆင်တာမျိုး၊ ဇာတ်ကွက်ဆင်တာမျိုး၊ ဒါလောက်နဲ့တော့ မရဘူး။

အဲဒီတော့ အခုနက အမေးကို ပြန်ဆက်ရရင် စာရေးတဲ့နေရာမှာ ဇာတ်ကွက်ကို အရင် ဘယ်တော့မှ မချ ရဘူး။ ဒါပေမဲ့ ဘာကိုတော့ အသေအချာ ကြိုးစားသလဲဆိုရင် ငါ ဘာ ရေး ချင်သလဲ  ဆိုတာ အရင် ပီပြင်အောင် ကြိုးစားတယ်။ ဆရာကတော့ အဲဒါကို “ဆောင်းပါး”လေး ခေါ်တယ်။ ပရိသတ်ကို ဆောင်ဖို့ ငါ ဘာပါးလိုက်ချင်သလဲ။ အဲဒါ မရေရာဘဲနဲ့တော့ ဆရာ မရေးဘူး။ ဇာတ်လိုက်မင်းသားအကြောင်း မစဉ်းစား သေးဘူး။ Character အကြောင်း မစဉ်း စားသေးဘူး။ Background အကြောင်း မစဉ်းစား သေးဘူး။ ငါ ပရိသတ်ကို ဆောင်ဖို့ ဘာပါး လိုက်ချင်တာလဲ၊ မင်းရေးချင်နေပြီဆို၊ မင်းပရိသတ်ကို ဘာပြောချင်တာလဲ။ အဲဒါ စဉ်းစား တာကိုပဲ ဆရာ တစ်ခါတ်လေ တစ်လ ကြာတယ်။ တစ်ခါတလေ နှစ်လ ကြာတယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်ခါတလေ ပြောချင်တာတွေက များနေတယ်။ ဘာပြောချင်တာလဲ ပီပြင် အောင် စဉ်းစားရတယ်။

“ခင်ဗျားတို့ လုပ်ကြပြန်ပြီ၊ ကျွန်ပြန်ဖြစ်ချင်ကြလို့လား၊ ဒီလိုလုပ်နေကြရင်တော့ ကျွန်ပြန်ဖြစ် ကြတော့ မယ်ဗျို့” ဆိုတာ ပီပီသသ ထွက်လာချိန်မှာ “သူ့ကျွန်မခံပြီ” ရေးဖြစ် သွားတာပဲ။ ဆရာ ပြောချင်တာက အဲဒါပဲ။ ဆရာ့ရင်ထဲမှာ မနေနိုင်အောင် ပြောင်တာက “ခင်ဗျားတို့ ကျွန်ပြန်ဖြစ်အောင် လုပ်ကြပြန်ပြီ၊ တစ်ခါ ဒီိလိုလုပ်ခဲ့လို့ ကျွန်ဖြစ်ခဲ့ကြပြီ မဟုတု လား” ဒါ ပြောတာပဲ။ အဲဒီစကားလေး ပရိသတ်ကို ဆောင်ဖို့ပါးစရာ ရတာနဲ့ တစ်ပြိုင်နက် ဇာတ်က အလိုလိုထွက်လာတာပဲ။

အဲဒီသဘောကို ဆရာက ၀တ္ထု ရဲ့ ဇီဝိတိနြေ္ဒ မရှိဘဲနဲ့ဆိုရင် ခန္ဒာ ကိုယ်ကြီးက ဖရိုဖရဲ ဖြစ်သွာမယ်။ ဇီဝိတိနြေ ရှိလို့သာ ခန္ဒာကိုယ်ကြီးက သက်တမ်းတလျှောက် သွားနေတာ။ အဲဒီလိုပဲ ၀တ္ထုမှာလည်း အစကနေ ပြီးပါပြီင်္အထိ သက်တမ်းကို ထိန်းပေးမယ့် ဇီဝိတိနြေ္ဒ ရှိတယ်။ အဲဒါက ခုနက ဆရာပြောတဲ့ ဆောင်းပါးပဲ။ သူက အကုန် လုပ်သွားတာပဲ။ ဇာတ်ကောင်ရဲ့ သဘော၊ ဇာတ်ကွက်ရဲ့သဘော၊ ဇာတ်ကြောင်းသဘော အားလုံး သူ လုပ်သွားတာပဲ.။ Background လည်း သူပဲ ရွေးသွားတာပဲ။ သူသာ မပီပြင် လိုက်ရင် ကျန်တာတွေလည်း ဝေး၀ါးကုန်တာပဲ။

“အဲဒါဆိုရင် ဆရာ ခိုင် ၀တ္ထု  စရေးတုန်းက မောင့်ကို လှိုင်နဲ့  လက်ထပ်ပေးလုနီး အခြေအနေအထိ ဖန်တီးမယ် ဆိုတဲ့ ရည်ရွယ်ချက်ကော မရှိခဲ့ဘူးလား”
"မရှိဘူးဗျ။ အဲဒီကျတော့ တစ်ခု ရှိတယ်။ ဇီဝိတိနြေ္ဒလေး ရလာလို့ ၀တ္ထုစရေးပြီဆိုရင် ရေးရင်းရေးရင်းနဲ့ ဇာတ်ကောင် တွေက Develop ဖြစ်လာတယ်။ မူလကတည်းက ဇာတ်ကောင်တွေကို မင်း ဘာပြော၊ ဘယ်လို လှုပ်ရှား၊ ဘယ်ဟာ ကြိုက်၊ ဘယ်ဟာချစ်၊ ဘယ်ဟာမုန်းလို့ သွားလုပ်လို့ မရဘူး။

ကမ္ဘာ့စာရေးဆရာမကြီး တစ်ဦးက ပြောဖူးတယ်။ စာရေးဆရာနဲ့ ဇာတ်ကောင်က ဘာနဲ့ တူသလဲဆို တော့တဲ့ မနက် မိုးမလင်းခင် မီးရထားစီးသွးရတာနဲ့ တူတယ်တဲ့။ နှင်းတွေကလည်း မှုန်၊ မီးလေး ကလည်း မှိန်၊ ကိုယ်ကလည်း အိပ်ငိုက် နေတယ်။ ကိုယ့်ဘေးနားမှာ လူတွေ ရှိမှန်းတော့ သိတယ်။ ပီပီပြင်ပြင် သဲသဲ ကွဲကွဲတော့ မမြင်သေးဘူး။ ရထားကြီးထွက်လို့ အတော်ကြာတော့မှ ကိုယ့်ဘေးက လူတွေကို သဲသဲကွဲကွဲ မှတ်မိလာတယ်။ ဒီအတိုင်းပဲ ၀တ္ထု စရေးတဲ့အချိန်မှာ မိမိ ဇာတ်ကောင်တွေဟာ မှုန်မှုန်ဝါးဝါးပဲတဲ့။ ရေးရင်း ရေးရင်း မှ ပီပြင်လာတယ်တဲ့။

ဒီစကားဟာ အင်မတန် မှန်တဲ့ စကားပါ။
ဆရာတို့လည်း ၀တ္ထုရေးတဲ့ နေရာမှာ ရေးရင်းရေးရင်းနဲ့ ပီပြင်လာတယ်။ ပီပြင်လာတဲ့အခါမှာ ဇာတ်ကောင် ကို ကိုယ် ခိုင်းချင်တိုင်း ခိုင်းလို့ မရတော့ဘူး။ ဇာတ်ကောင်ရဲ့ Character Development ပီသ လာပြီဆိုရင် စာရေးဆရာ က လွှတ်သာပေးလိုက်၊ သွားပြီး မချုပ်ချယ်နဲ့။ ချုပ်ချယ်လိုက်ရင် ဇာတ်လမ်း ဇာတ်ကွက် တွေ ကမောက်ကမ ဖြစ်တတ်တယ်။ ဇာတ်သိမ်းတွေ မချောမမွေ့ ဖြစ်တတ် တယ်။ ဇွတ်လုပ် တဲ့ ဇာတ်သိမ်းတွေ အားကြီး ဖြစ်တတ်တယ်။ ဒါကြောင့် ခိုင် ၀တ္ထု စရေး စဉ်တုန်းက ဘယ်လို အဆုံးသတ်မယ်ဆိုတာ ဆရာ့မှာ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ခိုင် သေတယ်ဆိုတာတော့ ရဲရဲကြီး ပြော ခဲ့တယ်။

အဲဒါနဲ့ ပတ်သက်ပြီး ဆရာ့ညီလိုချစ်တဲ့ စာရေးဆရာ ရောင်နီက ဝေဖန်ခဲ့ဖူးတယ်။ "ခိုင်" ၀တ္ထု ထွက်လာ တော့ သူက ပြောတယ်။ ဟာ ... ဆရာ၊ ကောင်းလိုက်တာ ဆရာ ဘယ်လိုလုပ်များ ရေးတာလဲ။ မင်းသမီး သေမယ်လည်း ပြောသေးတယ်။ ဒီကြားထဲက ၀တ္ထုစာအုပ် ကို လက်က မချနိုင်လောက် အောင်လည်း ရေး သွားသေးတယ်။ ကျွန်တော် စောစောက ဆရာ့ကို ဝေဖန်တာ မှားသွားတယ်တဲ့။ ဒါကတော့ အင်မတန် ပွင့်လင်းသော ၀န်ခံချက်ပေါ့"

"ဆရာက ကြိုတင်ရည်ရွယ်ချက် မရှိဘူးဆိုပေမယ့် ကျွန်တော် သတိရတာကလေး တစ်ခု မေးပါရစေ။ သန်လျင်မှာ ဘီအိုစီ မီးလောင်တဲ့နှစ် သီတင်းကျွတ်မှာ မောင်က ဆယ့်တစ်နှစ်သား၊ ခိုင်က ကိုးနှစ်၊ လှိုင်က သုံးနှစ်သမီးပဲ ရှိသေးတယ်။ သီတင်းကျွတ်မှာ မိသားစုနှစ်စု အပြန်အလှန် ကန်တော့ကြတယ်။ မောင်က ခိုင့်ကို ကန်တော့ခိုင်းတော့ ခိုင်က သူငယ်ချင်းမို့ မကန်တော့နိုင်ဘူးလို့ ပြောတယ်။ ဒီအချိန် သုံးနှစ်သမီး ကလေး လှိုင်က မောင့်ကို သွားကန်တော့လို့ မောင်က သူ့သံပတ်ရုပ်ကလေး တစ်ခု ပေး လိုက်တယ်။ ခိုင် မကျေနပ်တာ တွေ့တော့ ဘိုမရုပ်ကလေးတစ်ခု ယူပြီး ခိုင့်ကို ပေးတယ်။ ခိုင်က မယူဘူး။ လှိုင့် ကိုပဲ ပေးလိုက်ပါ ပြောလို့ လှိုင် ထပ်ရသွားတယ်။ ခိုင် ရရမယ့် အရုပ်ကို လှိုင် ရသွားတာ ပေါ့။

ဇာတ်သိမ်းခါနီး မှာ လှိုင်နဲ့မောင် လက်ထပ်မလို ဖြစ်သွားကြတယ်။ ခိုင့် မောင် က လှိုင့်မောင် ဖြစ်တော့ မလို ဖြစ်သွားတယ်။ ရှေ့ကအခန်းနဲ့ ဒီအခန်း ချိတ်ထားတာ တွေ့ရတယ်။ ဒါကော ရည်ရွယ်ချက် မရှိ ဘဲ ရေးခဲ့ တာပဲလား"

"ဒီအချိတ်အဆက်တွေက သူ့ဘာသာသူ ပေါ်လာတာပဲ။ ခုနက ပြောသလို ဇာတ်ကောင်တွေကလည်း အသက် ၀င်လာပြီဆိုရင် ဇာတ်လမ်းက သူ့ဘာသာသူ သွားတော့တာပဲ။ အဲဒီအခါမှာ စာရေးဆရာက Idea လေးတွေ သူ့ဘာသာသူ ပေါ်လာတယ်။ ပေါ်လာတဲ့ အခွင့်အရေးကို လက်မလွှတ်ဘဲ ဆုပ်ထား တာ၊ ဒါ စာရေးဆရာ သတိကြီးတာပဲ။
တချို့ဝတ္ထုတွေမှာ တွေ့ဖူးလိမ့်မယ်။ ရှေ့ပိုင်းက အရေးကြီးတာလေးတွေ တို့ထားပြီး နောက်ပိုင်းမှာ ဒါကို အသုံးမချ မိတော့ဘူး။ လွတ်သွားမယ်။ အခုကိစ္စကတော့ တမင်လုပ်ထားတာ မဟုတ်ဘူး။ ပေါ်လာသော အခွင့်အရေး လေးပဲ။ ဇာတ်လမ်းက ဒီလိုလည်း ဆုံးနိုင်တယ်။ ဟိုလိုလည်း ဆုံးနိုင်တယ်။ ဒါကြောင့် သူ့ကို မလွှတ်ဘူး။ ဆုပ်ကိုင်ထားတယ်။ ဆီဆိုင်လာတော့ သူ့ကို ချသုံးလိုက်တာပဲ။ သတိခေါ်မှာပေါ့။

တစ်နည်းအားဖြင့် ပြောရရင် ၀တ္ထုရေးရတာ စစ်သူကြီးတွေ စစ်မြေပြင်မှာ စစ်တိုက်ရသလိုပါပဲ။ စစ်တိုက်တယ် ဆိုတာက ငါက ဘယ်လို ချီမယ်၊ ဘယ်လို တက်မယ်ဆိုတဲ့ Planning တော့ ရှိတာပဲ။ ဒါပေမဲ့ ဘယ်စစ်သူကြီးကိုပဲ မေးမေး၊ အိုင်ဆင်ဟောင်းဝါးကိုပဲ မေးမေး၊ မောင့်ဂိုမာရီကိုပဲ မေးမေး ခင်ဗျားတို့ နိုင်လိုက်တဲ့ တိုက်ပွဲကြီးတွေဟာ Plan လုပ်ထားတဲ့အတိုင်း ဟုတ်ပါသလား မေးရင် မဟုတ်ဘူး လို့ ဖြေမှာပဲ။ အတတ်နိုင်ဆုံးတော့ ပြင်ဆင်ထားတာပဲ။ ဒါပေမဲ့ တိုက်တဲ့အခါမှာတော့ ကြုံသလို တိုက် သွားရတာပဲ။ တော်တဲ့ စစ်သူကြီးနဲ့ မတော်တဲ့ စစ်သူကြီး "သတိ" မှာ ကွာတာပဲ။ သူ့ရည်ရွယ်ချက်ကို Plan တော့ လုပ်တာပဲ။ ဒါပေမဲ့ Flexible ထားတယ်။ အဲဒီသဘောမျိုးပါပဲ။ ၀တ္ထုတစ်ပုဒ် ရေးတဲ့နေရာမှာလည်း အခြေအနေ ပေးရင် ပေးသလို အကုန်သုံးသွားရတာပဲ"
"ကျေးဇူးတင်ပါတယ် ဆရာ၊ "ခိုင်" အမှာစာ ရေးတဲ့နေရာမှာ ဆရာက "မူသေပုံစံများ" နဲ့ လျှို့ဝှက် နက်နဲသော လူစင်စစ်ပုံစံများ" ဆိုပြီး ဇာတ်ကောင်စရိုက် နှစ်မျိုး ခွဲပြသွားတာ တွေ့ရပါတယ်။

အဲဒါကလေး ရှင်းပြပေးပါဦး ဆရာ"
"အင်္ဂလိပ်လိုကတော့ ရှင်းပါတယ်။ Types နဲ့ Character လို့ ခွဲခြားလို့ ရပါတယ်။ Types ကို မူသေပုံစံ လို့ ပြောရတာက သူက ဆိုးတော့မယ်ဆိုရင် တောက်လျှောက်ဆိုးရတော့တာကိုး။ ကောင်းတော့မယ် ဆိုရင်လည်း တောက်လျှောက် ကောင်းတော့တာပဲ။
ရှေးဝတ္ထု တွေနဲ့ ရုပ်ရှင်တွေထဲမှာ ဗီလိန်ဟေ့ဆိုရင် အေးငွေကြီး ပေါ်လာတယ်။ သူက လူကြမ်း လုပ် ရတယ်။ သဘာဝကျလည်း လုပ်၊ မကျလည်း လုပ်။ လုပ်ချင်လည်း လုပ်၊ မလုပ်ချင်လည်း လုပ်ရ တော့တာပဲ။ သူ့အလုပ်က လူကြမ်း အလုပ်ကိုး။ ဇာတ်လိုက်ဟေ့ဆိုရင် တော်ရမယ်၊ ကောင်းရ မယ်၊ ချောရမယ်၊ အကုန် မူသေချထားတယ်။ စောစောပိုင်းက ၀တ္ထုတွေမှာ ကမ္ဘာမှာလည်း ဒီအတိုင်းပဲ။ Novel ဆိုတာ မပေါ်ခင် မူသေစရိုက်တွေနဲ့ပဲ ရေးကြတယ်။

Character ဆိုတဲ့ စကားက ဒီလို မဟုတ်ဘူး။ ဥပမာ-ဇာတ်ကကြမယ်ဆိုရင် မင်းကတော့ လူဆိုး Character လုပ်။ Character ဆိုတာ အကျင့်ကို ပြောတာကိုး။ မင်းက လူဆိုးအကျင့်အတိုင်း လုပ်ရမယ်။ မင်းကတော့ သူတော်ကောင်းလုပ်၊ မင်းကတော့ နှိပ်စက်သူလုပ်၊ မင်းကတော့ အနှိပ်စက်ခံ ရသူ လုပ်။ သူတို့က Black and White ကို a Bad Guys နဲ့ Bad Guys ပဲ ရှိတယ်။ မင်းကတော့ Good Guy၊ မင်းကတော့ Bad Guy ပုံသေရိုက်ပေးလိုက်တာပဲ။ နောက်တော့ လူက အဆိုးချည်းလည်း မဟုတ်ဘူး။ အကောင်းချည်းလည်း မဟုတ်ဘူး။ ချီးမွမ်းစရာလည်း မဟုတ်ဘူး၊ ကဲ့ရဲ့စရာချည်းလည်း မဟုတ်ဘူး။ အဆိုး၊ အကောင်း၊ အပြစ်၊ အနာ၊ အယုတ်၊ အမြတ် ဆိုတာ ရောရောထွေးထွေး ရှိတယ်။ အဲဒါကို တတ်နိုင်သလောက် ပြောရတယ်။ Types ကို ရေးရတာ လွယ်တယ်။ လူဆိုးဆို လူဆိုးပဲ၊ လူကောင်းဆို လူကောင်းပဲ။ ဒါပေမဲ့ ခုတော့ ဇာတ်ကောင်လို့ ခေါ်နေကြတဲ့ (ဆရာဇော်ဂျီကတော့ ဇာတ်ဆောင်လို့ သုံးပါ၊ ဇာတ်ကောင်လို့ မသုံးပါနဲ့လို့ ပြောတယ်) လူနဲ့တူအောင် လုပ်လာကြတယ်။

လူနဲ့တူအောင် ဆိုတော့ လူဆိုတာ ပုံသေ မလုပ်ဘူး။ လူ့သဘာဝအတိုင်း လုပ်ရမယ်။ လူဆိုတာ လျှို့ဝှက်တယ်၊ နက်နက်တယ်။ နက်နဲတယ်လို့ ဘာကြောင့် ပြောရသလဲဆိုတော့ သာမန်အားဖြင့် ဆိုရင်တော့ လူတွေဟာ အကြောင်းနဲ့ အကျိုးနဲ့ လုပ်နေကြတယ် ဆိုကြတယ်။ ဒါပေမဲ့ အကြောင်းနဲ့ အကျိုးနဲ့ချည်းပဲ သူသွားရဲလားဆိုတော့ မဟုတ်ဘူးဗျ။ တစ်ခါတစ်လေ ရုတ်တရက် သူ လုပ်လိုက်တာ က စဉ်းစားလို့ မရဘူး။ အဲဒါမျိုးတွေက လူ့သဘာဝမှာ အများကြီး ရှိတယ်။ အဲဒီဟာတွေကို နားလည်ဖို့ ဆိုတာကလည်း တစ်စုံတစ်ခုက ဖုံးထားသလို၊ ကွယ်ထားသလိုပဲ။ ရုတ်တရက် နားမလည်နိုင်ဘူး။ ဒါကြောင့် လျှို့ဝှက်နက်နဲဆိုတဲ့ စကားလုံး သုံးရတာပဲ။

သာမန်အားဖြင့် ပြောကြမယ်ဆိုရင် ဇာတ်လိုက်မင်းသားနဲ့ မင်းသမီး ချစ်ကြ ကြိုက်ကြတာပဲ။ ပကတိ အတိုင်း ပြောရရင် မိန်းကလေးတစ်ယောက်သည် ဘယ်လို ယောက်ျားလေးကို ကြိုက်မလဲ။ Reason နဲ့ ပြောရရင် ချောရမယ်၊ ကျန်းမာရေး ကောင်းရမယ်၊ ပညာတတ်ရမယ် ကောင်းတာတွေချည်း အဖြေထွက်မှာပဲ။ ဒါပေမဲ့ အင်မတန်ချောတဲ့ မိန်းကလေးတွေ အင်မတန် အကျည်းတန်တဲ့ ယောက်ျားလေးတွေ ယူထားတာ အများကြီး ရှိတာပဲ။ သဘာဝမကျသလို ဖြစ်နေတယ်။ မိဘလုပ်တဲ့ သူက အင်မတန် ချမ်းသာတယ်၊ ကြွယ်ဝတယ်။ ဒီကြားထဲ ကိုယ်နဲ့ ဘယ်လိုမှ မယှဉ်သာအောင် ဆင်းရဲ တဲ့သူကို ယူသွားတာတွေလည်း အများကြီး ရှိတာပဲ။ ဒါဘာကြောင့်လဲလို့ သွားမေးရင်း မေးခွန်းတွေ အများကြီး ရှိသလို အဖြေတွေလည်း အများကြီး ထွက်လာလိမ့်မယ်။ ဒါကြောင့် အကြောင်းနဲ့ အကျိုး၊ အကြောင်းနဲ့အကျိုးလို့ ပြောနေကြပေမယ့် လူမှာ နေရာတိုင်း ဒါ မရှိဘူး။ လူသည် စဉ်းစားတွေးခေါ် တတ်တဲ့ သတ္တ၀ါဖြစ်တဲ့အတွက် ယေဘုယျအားဖြင့်တော့ အကြောင်းအကျိုး ဆက်သွယ်တဲ့ သဘော တော့ ရှိတယ်။ ဒါပေမဲ့ လူ့အလုပ်မှန်သမျှဟာ အကြောင်းအကျိုး ဆက်သွယ်တဲ့ Rational Behaviour လို့ ပြောလို့ မရဘူး။ အကြောင်းတရားတွေ အများကြီး ၀င်လာတယ်။ ဒါကြောင့် ရုတ်တရက် နားလည်ဖို့ ခက်တယ်။

"ခိုင်" ၀တ္ထုမှာ ကြည့်ရင် မောင်က လှိုင့်ကို ယူလိုက်မှာပေါ့။ ဘာမှ ခိုင့် သံယောဇဉ်ကို ထည့်စဉ်းစားနေ မှာ မဟုတ်ဘူး။ ခိုင်က ကြောင်တောင်တောင် တစ်မျိုးပဲ။ လှိုင်ကတော့ Perfect ဖြစ်တယ်။ ရုပ်ရည် အားဖြင့် လည်း လှတယ်။ ပညာအားဖြင့်လည်း ပြောစရာ မရှိဘူး။ ဆက်ဆံရေးကလည်း ကောင်းတယ်။ ဒါဖြင့် မောင်က လှိုင့် ကို ယူလိုက်ပါလား။ မယူဘူးဗျ။
ခိုင်ကလည်း ရဲရဲတင်းတင်း မောင့်ကို ပြောလိုက်ပါလား။ မပြောပြန်ဘူး။ သူ့ကို ချစ်တဲ့ ငြိမ်းမောင်နဲ့ ကျပြန်တော့လည်း တစ်မျိုး ဖြစ်နေပြန်ရော။ အဲဒါမျိုးက လူ့လောကမှာ အများကြီး ရှိတယ်။ ဒါကြောင့် လည်း စိတ်ပညာရှင် တွေ ရှိနေရတယ်။ အဲဒါကြောင့်လည်း ဆရာဝန်တွေ ရှိနေရတယ်။ အဲဒါကြောင့် လည်း တရားရုံး တွေ ရှိနေရတယ်။ အဲဒါကြောင့်လည်း စာပေဆိုတာ ရှိနေရတယ်။ ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်၊ ဗျိုင်းနားလို့ ကိုင်းရတယ် ဆိုတာလိုသာ ရှင်းလို့ရစတမ်းဆိုရင် စာပေဆိုတာ လည်း ရှိမှာ မဟုတ် တော့ဘူး။ အနုပညာဆိုတာလည်း ရှိမှာ မဟုတ်တော့ဘူး။ တရားသူကြီးလည်း မရှိတော့ဘူး။ ရှေ့နေ လည်း ရှိမှာ မဟုတ်တော့ဘူး"

"ငြိမ်းမောင်အပေါ်ထားတဲ့ ခိုင့်သဘောထား ဆရာ အစဖော်လိုက်တာနဲ့ ဆက်ဆွေးနွေးချင်တာလေး ပေါ်လာတယ် ဆရာ။ ခိုင်က ငြိမ်းမောင် ရဲ့ အချစ်ကို လက်ခံတာပဲ ရှိတယ်။ ပြန်ပြီးတော့ မတုံ့ပြန်နိုင်ဘူး လို့ မောင့်ကို ရှင်းပြတယ်။ ဒါက ၀တ္ထုထဲမှာကိုး။ အပြင်မှာ မိန်းကလေးတစ်ယောက်က ယောက်ျားလေး တစ်ယောက် ရဲ့ အချစ်ကို လက်ခံပါပြီလို့ ပြောလိုက်ရင် ဒီမိန်းကလေးက ကိုယ့် ချစ်ပြီလို့ပဲ ယူဆလိုက် ကြတယ်။ ဆရာ ခွဲခြားပြထားတဲ့အတိုင်းဆိုရင် လက်ခံပါပြီ ဆိုတာနဲ့ ချစ်ပါတယ်ဆိုတာ မတူနိုင်ဘူးပေါ့"

"အဲဒါကြောင့်ပဲ လူငယ်တော်တော်များများ ဒုက္ခရောက်နေကြတာပေါ့။ ယောက်ျားတစ်ယောက်က မိန်းကလေး တစ်ယောက် ကို ချစ်ပါတယ်လို့ ပြောလိုက်တဲ့အခါမှာ ကိစ္စတော်တော်များများမှာတော့ သဲကွဲပါတယ်။ မိန်းကလေးက ချစ်ကို မချစ်နိုင်ဘူး။ ချစ်ကို မချစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒါမျိုးက ရှင်းတယ်။ သူစိမ်းတစ်ယောက်က လာပြောတယ်။ ရုပ်ကလည်း ကိုယ်မကြိုက်တဲ့ရုပ်၊ ပညာအရည် အချင်းကလည်း ကိုယ် မကြိုက်ဘူး။ ဒါမျိုးကျတော့ အင်မတန် လွယ်တယ်။ မကြိုက်ပါဘူးရှင်လို့ ပြောလိုက်ရုံပဲ။ သို့သော် အခု ခိုင်တို့၊ ငြိမ်းမောင်တို့ အဖြစ်တွေက တော်တော်ခက်တယ်။ လူငယ်ချင်း ကလည်း သူငယ်ချင်းတွေ ရင်းနှီးကြတယ်။ မိဘတွေကလည်း ခင်ကြတယ်။ သံယောဇဉ်လည်း ရှိတယ်။ ငြိမ်းမောင် က ခိုင့်ကို ချစ်ပါတယ်။ ပြောလာတဲ့အချိန်မှာ ခိုင်က လက်တော့ ခံတယ်။ တစ်ခါတစ်လေ ဖြစ်တတ်တာက သူ ပေးတိုင်း ကိုယ် မယူနိုင်တာတွေ ရှိတယ်။ အခုဟာက သူ ပေးတာ ကိုတော့ ကိုယ်က လက်ခံ တယ်။ ကိုယ်က ပြန်ပေးရေး၊ မပေးရေး က တစ်ကဏ္ဍပဲ။

ချစ်တယ်လို့ ပြောလာတဲ့အချိန်မှာ အချစ်ကို လက်တော့ခံတယ်။ ပြန်ချစ်နိုင်၊ မချစ်နိုင် ဆိုတာက တခြား ပြဿနာ တွေ ရှိသေးတယ်။ ဒါကြောင့် တချို့ ဇွဲကောင်းတဲ့သူတွေ ရသွားကြတာ ရှိတာပေါ့။ ဒါကောင်ကွာ၊ မရဘူးထင်တာ ရသွားတယ် ဆိုတာမျိုး ပြောတာ ကြားဖူးမှာပေါ့။ ဒီလိုလူမျိုးတွေက Born Psychologist ခေါ်တယ်။ မိန်းကလေးက ရှင့်အချစ်ကို ကျွန်မ လက်ခံပါပြီလို့ ပြောလိုက်တာနဲ့ နားမလည် တဲ့ ယောက်ျားလေးက တောင်လုပ်၊ မြောက်လုပ် လုပ်တာနဲ့ ကွဲပြဲကုန်ကြတာတွေ အများကြီး ရှိတယ်။ မင်းပဲ အစက ငါ့အချစ်ကို လက်ခံပါတယ် ပြောပြီး ခုတော့ မျက်နှာများတယ်၊ ဘာညာနဲ့ စကားတွေ များကုန်ကြတယ်။

အမှန်က လက်ခံတယ်။ To some extent အတိုင်းအတာ တစ်ခုထိ လက်ခံတာပဲ ရှိတယ်။ ဟိုကောင်က အဟုတ်ကြီးမှတ်ပြီး သွားလုပ်တာကိုး။ ဒါကို ပါးတဲ့ကောင်ကျတော့ နားလည်တယ်။ လက်ခံပါတယ် ဆိုတဲ့ စကားလုံး ကို Stepping Stone အဖြစ် ထားပြီး သံယောဇဉ်ကြီးသထက်ကြီးအောင် ဆက်ကာဆက်ကာ ကြိုးစား တယ်။ ဒီလို လူမျိုးတွေက ဖိုးစွံတွေ ဖြစ်သွားတာပဲ။
အထူးသဖြင့် မိန်းကလေးတွေက ဒါမျိုးတွေ ရှိတယ်။ သူတို့က အိမ်ထောင်ဖက်ကို ရွေးရတာကိုး။ မြန်မာ ပီသသော မိန်းကလေးတွေကို ပြောတာနော်။ သူတို့က အချစ်ကို လက်ခံပြီးတဲ့နောက် အိမ်ထောင်ဖက် အဖြစ် ယူသင့်သလား၊ မယူသင့်ဘူးလား ဆိုတာကို တော်တော်စဉ်းစားရတယ်။ အထူးသဖြင့် ခိုင့် အခြေအနေမျိုးမှာ နှစ်ယောက် ဖြစ်နေတယ်။ ဒါမျိုးက သုံးယောက်လည်း ဖြစ်နိုင်တယ်၊ လေးယောက် လည်း ဖြစ်နိုင်တယ်နော်။ ခုခေတ် မိန်းကလေးတွေက ဒီပြဿနာမျိုး ပိုရှိတယ်။

ရှေးခေတ် မိန်းကလေး တွေက အိမ်ထဲမှာနေပြီးတွေ့တဲ့ ယောက်ျားတစ်ယောက်တည်းကိုပဲ Yes or No အဖြေပေးဖို့ ရှိတယ်။ အခုလို ယောက်ျားအများနဲ့ ဆက်ဆံနေရတဲ့ အလုပ်ခွင်က မိန်းကလေးတွေ၊ တက္ကသိုလ်ကျောင်းသူ တွေ အနေနဲ့ကျတော့ နှစ်သက်နိုင်တဲ့သူ (နှစ်သက်တဲ့သူ မဟုတ်ဘူးနော်) တစ်ယောက် မကဘူး၊ အများကြီး တွေ့နိုင်တယ်။ အဲဒီအခါမျိုးမှာ သူ့အနေနဲ့ အချစ်ကို လက်ခံတယ်။ ပြန်ချစ်တယ်၊ မချစ်ဘူး ဆိုတာက တစ်ကဏ္ဍ ဖြစ်သွားပြီ။ သူ ရွေးဦးမှာပဲ။ Society က Complex ဖြစ် လာတော့ ဒီသဘောမျိုး တွေ ၀င်လာတာပဲ။ အစကတည်းကလည်း ဒီသဘောကတော့ ရှိပါတယ်။ ဒါပေမဲ့ သိပ်မပေါ်လွင်ဘူး။ ခုတော့ မြို့ကြီးပြကြီး အလုပ်ခွင်ကြီးတွေ ကျယ်ပြန့်လာတော့ ဒီသဘော ပေါ် လာတာပဲ။

အမေရိကန်တို့၊ အင်္ဂလန်တို့မှာတော့ ဒီသဘောထားပေါ်တာ ကြာပါပြီ။ လက်တော့ လက်ခံနိုင်တယ်။ ချစ်တော့ ချစ်တာ မဟုတ်သေးဘူး။ သူတို့က စကားလုံးလည်း ခွဲထားတယ်။ အမေရိကန်မှာ မိန်းကလေး တစ်ယောက်ကို သွားပြီး I love you လို့ ပြောလိုက်ရင် မိန်းကလေးက ဆတ်ဆတ်တုန် အောင် လန့် သွားတယ်။ I love you ဆိုတာက လက်ထပ်ပါရစေဆိုတဲ့ အဆင့်ကို ရောက်သွားတယ်။ Love လို့ မသုံးဘူး။ I like you လို့ပဲ သုံးတယ်။ မိန်းကလေးလည်း I like you ဆိုရင် အဲဒီ like ဆိုတဲ့ အဆင့်နဲ့ပဲ နေကြတယ်။ ဒီအဆင့်ကနေ ကွဲချင်လည်း ကွဲသွားကြတယ်။ တချို့ကျတော့လည်း I like you ကနေ I love you အဆင့် ရောက်သွားကြတာပေါ့"

"ဆရာ ခွဲခြားပြတော့မှပဲ ရှင်းတော့တယ်။ အင်တာဗျူး ဖတ်နေတဲ့ အမျိုးသား၊ အမျိုးသမီးကလေးများ စကားလုံး အရွေးမမှားကြဖို့ သတိထားစရာ ဖြစ်သွားတာပေါ့ ဆရာ။ ဆရာက အချစ်ဝတ္ထု တော်တော် များများ ရေးခဲ့တာဆိုတော့ အချစ်နဲ့ ပတ်သက်တာလေး မေးချင်ပါသေးတယ်။ တချို့က အချစ်စစ် ဆိုတာ ပိုင်ဆိုင်ရယူခြင်းလို့ လက်ခံပြီး တချို့ကျတော့လည်း စွန့်လွှတ်အနစ်နာခံခြင်းလို့ ယူဆကြတယ်။ ဆရာကော အချစ်ကို ဘယ်လိုများ အဓိပ္ပာယ် ဖွင့်ဆိုချင်ပါသလဲ။

"ဒါက အချစ်ဆိုတာ စွန့်လွှတ်ခြင်းပဲ၊ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းပဲလို့ ပြောကြတာ နှစ်ခုလုံးပဲ မှန်ပါ တယ်။ ဆရာကတော့ ဒီအသုံးကို တရားသေ မသုံးပါဘူး။ ဇာတ်ကောင်ရဲ့ Character ပေါ် မှီပြီး သုံးတယ်။ ၀တ္ထုပေါ်မှီပြီး သုံးတယ်။ တစ်သက်လုံး ဘ၀ဆောင်ပုဒ်အဖြစ်နဲ့ သုံးဖို့ ရည်ရွယ်ပြီးတော့ မရေးပါဘူး။ နှစ်ခုစလုံးက မှန်နေတယ်။ အချစ်ဆိုတာ ပိုင်ဆိုင်လိုခြင်းပဲ ဆိုတာ ဆရာတို့ခေတ်ကျမှ ပြောတာ မဟုတ်ပါဘူး။ "ပလေတို" ကိုယ်တိုင်က ပြောခဲ့တာပဲ။

ဗုဒ္ဓ တရားမှာလည်း တဏှာဆိုတာ ရှိတယ်။ တဏှာဆိုတာ "ချင်"တာပဲတဲ့။ လိုချင်တယ်၊ စားချင်တယ်၊ သောက်ချင်တယ်။ အဲဒါတွေ အကုန်လုံး ပိုင်ချင်တာကို ပြောတာပဲ။ နတ်ဖြစ်ချင်တယ်၊ သိကြား ဖြစ်ချင် တယ်၊ ရှင်ဘုရင် ဖြစ်ချင်တယ်။ "ချင်" တာမှန်သမျှ ပိုင်ချင်တာတွေချည်းပဲ။ "ချစ်တယ်" ဆိုတာလည်း ပိုင်ချင်တဲ့သဘော ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်တယ်ဆိုတာကို တဏှာမပါဘူးလို့ ပြောရင် မိုင်ရာကျသွားမယ်။ ချစ်တာမှန်သမျှကို ဗုဒ္ဓတရားနဲ့ ကြည့်ရင် တဏှာပဲ။ တဏှာမှန်သမျှက သုံးဆောင် နိုင်တာတွေချည်းပဲ။ သုံးဆောင်ချင်တယ်ဆိုတာ ဘယ်တော့မှ သုံးဆောင်နိုင်မှာလဲ။ ပိုင်မှ သုံးဆောင် နိုင်မှာပေါ့။ ဒါကြောင့် "ပလေတို" ပြောတာ မှန်တယ်။

သို့သော် ခက်တာက ခုနက ဆရာ ပြောခဲ့သလိုပဲ လူ့စိတ်က လျှို့ဝှက်နက်နဲတယ်။ အချစ်ဆိုတာက တစှာသက်သက်လား ဆိုတော့ မဟုတ်ဘူး။ ရောထွေးနေတယ်။ တဏှာသဘောသက်သက်ဆိုရင်ဖြင့် ကာမဂုဏ် ကိလေသာချည်း ဖြစ်သွားမယ်။ လူ့ဘောင်မှာ အချစ်ဆိုတာက ကာမဂုဏ်သက်သက်တော့ မဟုတ်ပါဘူး။ ကာမဂုဏ်သက်သက်ကြောင့်သာ ဆိုရင်လည်း ဘယ်မှာ အိမ်ထောင်တွေ မြဲတော့မလဲ။ အဘိုးကြီး၊ အဘွားကြီး ဖြစ်လာချိန်မှာ ဘယ်လိုလုပ်ပြီး ဘ၀မှာ သာယာမှု ရှိတော့မလဲ။ အချစ်ဆိုတဲ့ စကားက ယေဘုယျအားဖြင့်တော့ ပိုင်ဆိုင်ချင်တဲ့ တဏှာသဘော ပါလင့်ကစား မေတ္တာသဘောလေး ကလည်း လာရောတယ်။ 

အဲဒီတော့ သူပိုင်ချင်တာ မဟုတ်ဘူး။ မေတ္တာဆိုတာက စွန့်လွှတ်ဖို့လည်း ၀န်မလေးဘူး။ ခွင့်လွှတ်ဖို့လည်း ၀န်မလေးဘူး။ ဒါကြောင့် ခုနကမေးတဲ့ အချစ်ဆိုတာ ပိုင်ဆိုင်လိုခြင်း လား၊ စွန့်လွှတ်ခြင်းလား ဆိုတာ နှစ်ခုစလုံး မှန်နေတယ်။ ဘယ်ဘက် ကဲသလဲ ဆိုတာကတော့ ပုဂ္ဂိုလ် စိတ်ပေါ် မူတည်တယ်။ တချို့က တဏှာဘက် ကဲတဲ့အချစ် ရှိတယ်။ တချို့က မေတ္တာဘက် ကတဲ့စိတ် ရှိတယ်။ ဒါကြောင့် အချစ်ဆိုတာ ရယူပိုင်ဆိုင်လိုခြင်းလည်း မှန်တယ်။ စွန့်လွှတ်အနစ်နာခံခြင်းလည်း မှန်တယ်။

Relatively ပြောရရင် ဘယ်လိုအချစ်မျိုးက မြင့်မြတ်သလဲ ဆိုတော့ စွန့်လွှတ်သော အချစ်၊ ခွင့်လွှတ် သောအချစ်က ပိုပြီး မြင့်မြတ်တယ်။ သူက မေတ္တာစိတ် ကဲတယ်။ အဲဒီအချစ်မျိုးကို ရအောင် ရှာနိုင်တဲ့ သူက ကံကောင်းတာပဲ။ ရ၊ မရတော့ အာမခံချက် မရှိဘူး"
"ဆရာခွဲခြားပြလိုက်တော့ ကျွန်တော်က "ပိတောက်ပွင့်ဆဲ လသာဆဲ" ကို သွားသတိရတယ်။ အဲဒီဝတ္ထု ဆရာ ရေးခဲ့တာ သာမန်အချစ်ဝတ္ထုတစ်ပုဒ်ထက် ရည်ရွယ်ချက်တစ်ခုခုနဲ့ ရေးခဲ့ပုံရတယ်"
"ဟုတ်ပါတယ်"
"အဲဒီဝတ္ထု ထွက်လာပြီးတဲ့နောက် ပရိသတ်ဘက်က တုံ့ပြန်ချက် ဆရာ ဘယ်လိုများ ရခဲ့ဖူးပါသလဲ။

"ပိတောက်ပွင့်ဆဲ လသာဆဲကို ဘာကြောင့် ရေးရတာလဲ ဆိုတာ ပြောပြချင်တယ်။ ဆရာက အဲဒီအချိန် က ၀ိပဿနာ ကို တော်တော်လုပ်လာတဲ့ အချိန် ဖြစ်လာတယ်။ ဒီတော့ ၀ိပဿနာအရသာကို သွားတွေ့တယ်။ ပြီးတော့ လူ့လောက ငြိမ်းချမ်းရေးအတွက် ဒီတရားကြီး ရှိနေပါကလားဆိုတာ သွားတွေ့တယ်။ ဒီတော့ ငါ သိသမျှလေးတော့ ပြောပြချင်လိုက်တာ၊ ၀တ္ထုပုံစံလေးနဲ့ ပြောပြရင်တော့ ကောင်းမှာပဲလို့ စဉ်းစားမိတယ်။ ရှင်းရှင်းပြောရရင်တော့ ၀ိပဿနာအကြောင်း ရေးတာပဲ။ ၀ိပဿနာ ဆိုရင် လူတွေက တော်တော်ဝေးကြတယ်။ ၀ိပဿနာစခန်းကို ရောက်ဖို့ရာ လူကြီးတွေတောင် တော်တော် ဝေးကြတယ်။ ၀ိပဿနာစခန်းကို ရောက်ဖို့ရာ လူကြီးတွေတောင် တော်တော်ဝေးတယ်။ လူငယ်ဆိုတော့ ပြောမနေ နဲ့တော့။ အဲဒီဝိပဿနာဆိုတာ လူကြီးအတွက်ချည်းလည်း မဟုတ်ဘူး။ လူငယ်အတွက် ချည်း လည်း မဟုတ်ဘူး။ လူသားတိုင်း လုပ်လို့ ရပါတယ်။ အဲဒီ သဘောပေါက်အောင် ရေးရင်ကောင်းမှာပဲဆိုတဲ့ စေတနာလေး ပါလာတယ်။ အဲဒီစေတနာနဲ့ပဲ ပိတောက်ပွင့်ဆဲ လသာဆဲကို စလိုက်တယ်။

စလိုက်တော့ သူက ထင်တာထက် အောင်မြင်သွားတယ်။ လူငယ်တွေ တော်တော်များများက ဒီဝတ္ထုကို ဖတ်ပြီး ၀ိပဿနာကို စိတ်ဝင်စားလာကြတယ်။ ဆရာ့ဆီကို လှမ်းမေးတဲ့ သူတွေ ရှိတယ်။ လှမ်းဆွေးနွေး တဲ့ သူတွေ ရှိတယ်။ ဒါတွေကတော့ ဆရာ အလွယ်တကူ သက်သေသက္ကာယ ပြလို့ မရဘူး၊ တိတိကျကျ ပြနိုင်တာ နှစ်ခု ရှိတယ်။

မော်လမြိုင် မဟာစည်ရိပ်သာမှာ တရားပြတဲ့ ဦးပဉ္စင်းတစ်ပါး ရှိတယ်။ အဲဒီမှာ အဆင့်ဆင့်ရှိတဲ့အထဲက သူကတော့ အကြီးစားထဲကတော့ မဟုတ်ဘူး။ သူက အလတ်စားထဲက၊ စာတတ်ပေတတ် ပုဂ္ဂိုလ်ပဲ။ ဦးဓမ္မ တဲ့။ ဦးဓမ္မ ပြောပြချက်အရ Case နှစ်ခု တွေ့ရတယ်တဲ့။ တစ်ခုကတော့ ဆေးတက္ကသိုလ်က ကျောင်းသားလေး တစ်ယောက် ကျောင်းတက်နေရင်းက Mental Depression ၀င်လာတယ်။ ဘယ်လောက်ထိ ဆိုးလာသလဲဆိုတော့ သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားတဲ့အထိ ဆိုးလာတယ်။ အမျိုးစုံ ဆေးကု ကြတယ်၊ မရဘူး။ မမျှော်လင့်ဘဲ ဒီဝတ္ထု သွားဖတ်မိတော့ ငါ ဒါ ကြိုးစားဦးမယ်ဆိုပြီး မဟာစည်ရိပ်သာ ကို ရောက်လာတယ်။ ၀ိပဿနာ ကြိုးစားအားထုတ်တဲ့အတွက် အဲဒီရောဂါ ပျောက် သွားတယ်။

နောက်တစ်ခုကတော့ မဟာစည်ဆရာတော်ဘုရားများ ရုတ်တရက် နားမလည်တဲ့ ကိစ္စတစ်ခု ဖြစ်သွား တယ်။ မဟာစည် မှာက မေတ္တာကမ္မဌာန်း စီးဖြန်းရတာကိုး။ အမျိုးသမီးတစ်ဦးက မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းဖို့ ပြောတယ်။ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းတယ် ဆိုတာက ပထမဆုံး ကိုယ် မေတ္တာအားကြီးလာတဲ့ အချိန်ကျတော့မှ ပုဂ္ဂိုလ်တွေပွားပြီး မေတ္တာပို့ရတာကိုး။ ဒါက Method ပဲ။ အဲဒီတော့ ကိုင်း ... ဒါယိကာမကြီး မေတ္တာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို ပြောပါ။ အဲဒီပုဂ္ဂိုလ်ကို စူးစိုက်ပြီး မေတ္တာပို့ပါ။ ပြီးတော့မှ ပွားပါလို့ ပြောတယ်ဆိုတော့ ကျွန်မ မေတ္တာအရှိဆုံး လူတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီလူကို ကျွန်မ မမြင်ဖူးပါဘူးတဲ့။

ရုတ်တရက်ဆိုတော့ ဆရာတော်များက မမြင်ဖူးတဲ့လူကို ဘယ်လိုလုပ်ပြီး မေတ္တာအရှိဆုံးလူ ဖြစ်ရတာ လဲ လို့ မေးတယ်။ ဒီတော့မှ သူက ပြောပြတယ်။ ကျွန်မ စိတ်ဒုက္ခအကြီးအကျယ် ရောက်ပြီးသွားပါပြီ၊ ဘ၀ကြီး တော့ သွားပါပြီဆိုပြီး ညှိုးငယ်နေတဲ့ အချိန်မှာ ဆေးရုံတက်ရတယ်။ ဒီတော့ သူနာပြု ဆရာမလေး က သူ့ရောဂါ ကို သိတော့ "ပိတောက်ပွင့်ဆဲလသာဆဲ" ၀တ္ထုကို ဖတ်ကြည့်စမ်းပါဆိုပြီး ငှားလိုက်တယ်။ ၀တ္ထုဆုံး တဲ့ အချိန်မှာ သူ့စိတ်တွေ ငြိမ်းချမ်းသွားတယ်။ ၀တ္ထုထဲမှာ မောင်လေးလှိုင် က မမဝေကို ဆေးရုံပေါ် မှာ ထားခဲ့ရပြီး ရွှေတိဂုံကုန်းတော်ပေါ် ရောက်လာတဲ့အချိန် ခံစားရသလို သူ့စိတ်တွေ ငြိမ်းချမ်း သွားတယ်။

ဒီတော့မှ လောကမှာ ဒီတရားတွေ၊ ဒီနည်းတွေ ရှိသားပဲ။ ဘာကြောင့် ငါ့ဘ၀ကို အရှုံးခံရမှာလဲ ဆိုပြီးတော့ ဆရာဘုန်းနိုင်ရေးတဲ့ မဟာသတိပဋ္ဌာန် ဘယ်မှာ ရှိသလဲဆိုတာ ရှာတယ်။ သူက ရန်ကုန်မှာ နေတဲ့သူ ဆိုတော့ ထင်ရှားတဲ့ မဟာစည်ကို ရောက်လာတယ်။ ဒီတော့မှ သူ့ဘ၀ ငြိမ်းချမ်း သွားတယ်။ ဒီလို ငြိမ်းချမ်းသွားတဲ့ အတွက် သူ့ဘ၀မှာ အဖြူစင်ဆုံး၊ အသန့်ဆုံး မေတ္တာအရှိဆုံးသူဟာ ဆရာဘုန်းနိုင် ပဲလို့ မှတ်ယူထားတယ်။ အဲဒီတုန်းက ဆရာ့ကို သူ မမြင်ဖူးဘူး။ ဒါနဲ့ ဆရာတော်ဘုရား များက အဲဒီတုန်းက ဆရာ့ပုံပါပဲ ၀တ္ထုစာအုပ်တစ်အုပ် ရှာပေးလိုက်ရတယ်တဲ့။

ဆရာ ၀မ်းသာတာက ၀ိပဿနာ လို သိမ်မွေ့နက်နဲတဲ့ ဘာသာရပ်ကို ၀တ္ထုတစ်ပုဒ်အဖြစ်နဲ့ အောင်အောင် မြင်မြင် ရေးနိုင်တဲ့အတွက် ဆရာ ၀မ်းသာတယ်။ ဆရာတော်ဘုရားများရဲ့ အချီးအမွမ်း ကိုလည်း ခံရပါတယ်။ ဆရာနာမည်တော့ မတပ်လိုတော့ပါဘူး။ တချို့ကျောင်းကြီးတွေ ဓမ္မရိပ်သာတွေ မှာ ၀တ္ထု ဖတ်ခွင့် မပေးပါဘူး။ ဆရာ့ဝတ္ထုကိုတော့ ဖတ်ခွင့်ပေးပါတယ်။ အထူးသဖြင့် ဒီဝတ္ထုကို ဖတ်ခွင့် ပေးထား ပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, March 5, 2012

ခင်ခင်ထူး ၏ ကျာကျူး အပိုင်း (၅)

ခင်ခင်ထူး
ကျာကျူး


ကျာကျူး နဲ့ သူ့ဆိတ်နှစ်ကောင်ပြဿနာက ကျွန်မတို့အဖို့ရာ ခေါ်မကြား အော်မကြား ပြောမကောင်း ဆိုမရ ဖြစ်ရတာမျိုးတော့လည်း မဖြစ်လိုက်ရပါဘူး။ လည်ချောင်းကွဲအောင် တပဲပဲနဲ့ အော်နေတတ်တဲ့ ဆိတ်သံ တွေက တစ်ပတ်လောက်အတွင်းမှာ ထူးထူးဆန်းဆန်း တိတ်သွားခဲ့တယ်။ ကျာကျူးတို့ အိမ်ကလေး ရှေ့ ဆိတ်နှစ်ကောင်ချည်ထားတာ ကျွန်မတို့ အိမ်ပြတင်းပေါက်က လှမ်းမြင် နေရတုန်း ကတော့ ရေရှည်ဖြင့် ခက်ရချေရဲ့ အောက်မေ့မိသေးတာကိုး။ စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင် အော်ကြ ဆူကြဖြစ်မယ်ထင်ရာက ဆိတ်သံတွေ မကြားရတော့တဲ့အခါ ကျာကျူးကို ခေါ်မေးရတယ်။ ကျာကျူး က သည်အကြောင်း မေးတော့ မျက်နှာမကောင်းဘူး။ သူတို့အိမ်က ဆိတ်ရာဇ၀င်ကို မပြောချင် သလိုလို ပြောချင်သလိုလို ပြောချင်သလိုလို မျက်နှာနဲ့ ကျွန်မကို ပြောပြတယ်။

" ဆိတ်နှစ်ကောင်မရှိတော့ဘူး ဆရာမကြီး ... နီတိုးလည်း မရှိတော့ဘူး ... နီတူးလည်း မရှိတော့ဘူး ... အခုက သူတို့နာမည်ပြောင်းသွားပြီ ... ပေါက်စီနဲ့ အီကြာကွေး ဖြစ်သွားပြီ "
ကျွန်မ မေးတာက တခြား၊ ကျာကျူးဖြေတာက တခြား။ သို့ပေမယ့် နီတိုးနဲ့နီတူးဘ၀ကနေ ပေါက်စီနဲ့ အီကြာကွေး ဘ၀ ပြောင်းသွားပြီဆိုတာကလည်း စိတ်ဝင်စားစရာဆိုတော့ ဒါလည်း ဆက်မေးရမယ့် မေးခွန်း အဖြစ် ကျွန်မ မှတ်ထားလိုက်ရတယ်။ ဆိတ်ဇာတ်လမ်းကို အရင်မေးကြည့်တော့ ကျွန်မမှာ ရယ်လည်း ရယ် ချင်၊ သနားလည်းသနားဖြစ်မိပါရဲ့။

" ဆိတ်နှစ်ကောင်က သူတို့မသွားခင်ရက်တုန်းက အမေ့ကို အိပ်မက်ပေးတယ် ကျွန်မကိုလည်း အိပ်မက် ပေး တယ် ... သူတို့သည် အိမ်မှာနေရတာ ပျော်တာတော့ ပျော်ပါတယ်တဲ့ ... ဒါပေမဲ့ ကျွန်မနဲ့ ဓာတ်မတည့် ဘူးဖြစ်နေတယ်တဲ့ သူတို့ဆက်နေရင် ကျာကျူးဒုက္ခရောက်လိမ့်မယ်တဲ့"
" ဘယ်လို ဒုက္ခတုန်း ကျာကျူးရဲ့ ... ငါမရှင်းလိုက်တာအေ "
" ဆရာမကြီး စဉ်းစားကြည့်လေ ... ဒုက္ခဆိုတာ အမျိုးမျိုးရှိတယ်မှုတ်လား အဲဒီဒုက္ခတွေထဲက တစ်ခုခု ဖြစ်မှာပေါ့ ... ဘယ်ဟာရယ်လို့တော့ ကြိုပြီးတော့ ပြောလို့မရဘူးလေ "
" အေး ... သဘောပေါက်ပြီ ... ဆိတ်နှစ်ကောင် ဆက်မွေးရင် နေထိုင်မကောင်းဖြစ်မယ် ... အနာရောဂါ ဖြစ်မယ် ဈေးရောင်း မကောင်းတာမျိုးဖြစ်မယ် ... အဲသလို မဟုတ်လား "

" ဟုတ်တယ် ဟုတ်တယ် ... မကောင်းတာ ဖြစ်မယလို့ အိပ်မက်ပေးတာ ... အမေပြောတာတော့ ကျာကျူး က တနင်္လာ၊ ဆိတ်က အင်္ဂါ၊ ဓာတ်မတည့်ဘူးလို့ ပြောတာပဲ ... အမေ ပြောတာဟုတ်တယ် ... အမေ ဈေးရောင်း ရတာ အဆင်မပြေဘူး ဈေးသည်တွေ ဖမ်းလို့ ပြေးရတယ်၊ ခြေချော်ကျလို့ ခြေထောက် မျက် သွားတယ် ... ကျွန်မလည်း တစ်ရက်က ရင်ချောင်တယ် နောက်တစ်ရက်မှာ ရင်ကျပ်တယ် "
" အေးပါ ... ဓာတ်မတည့်လို့ဆိုတာထားပါတော့ ဆိတ်နှစ်ကောင်က ဘယ်ရောက်ပြန်ပြီလဲ "

" ကျွန်မတို့ အမေရဲ့အပေါ်က အစ်မရှိတယ်လေ ... ဆရာမကြီးတို့ အိမ်မှာ တစ်ခါက မြက်လာရှင်းပေး တယ်လေ ... ဆရာမကြီးတောင် မုန့်ဖိုးနှစ်ထောင်နဲ့ ကလေးတွေဖို့ဆိုပြီး ဖိနပ်တွေပေးသေးတယ်လေ ... အနီတစ်ရံ အပြာတစ်ရံလေ ... ဆူရာမကြီးက ဘီစကစ်နှစ်ထုပ်ပေးတာ အကြီးကောင်က အငယ်ကောင်ကို မပေးဘဲ ယူပြေးလို့ ဆရာမကြီး ဒေါသဖြစ်တယ်လေ "
" သေချာပါပြီ ကျာကျူးရယ် ... သက်သေတွေ တင်ပြမနေပါနဲ့တော့ ငါမှတ်မိပါတယ် ... ညည်း အဒေါ်က ဘာဖြစ် လို့တုံး "

ကျာကျူးအမေက ကျွန်မတို့အိမ်မှာ ကျွန်မတို့ မနိုင်တာတွေရှိတိုင်း ၀င်ထွက်လုပ်ကိုင်ပေးနေကျပါ။ ကျွန်မ ပြောခဲ့သလို သဘောမနော ကောင်းရှာပါရဲ့။ ဈေးရောင်း မထွက်တဲ့နေ့တွေဆိုရင် သနပ်ခါးဖုံးနေအောင် လိမ်းပြီး ကျွန်မတို့ အိမ်ဝိုင်းထဲက မြက်တွေရှင်းပေးတာမျိုး၊ သစ်ပင်တွေ မြေဆွပေးတာမျိုး၊ အိုးခွက် ပန်းကန် တွေ ဆေးကြောပြီး နေရာတကျ ထားပေးတာမျိုးတွေ လုပ်ပေးတတ်တယ်။ ရင်းရင်းနှီးနှီး ခင်ခင် မင်မင် ရှိ လာတော့ သူတို့ဘ၀၊ သူတို့အကြောင်း မိန်းမသားချင်းရယ်လို့ ကျွန်မ ကိုယ်တိုင် သိ သင့် သလောက် သိခွင့် ရခဲ့တယ်။ ကျာကျူးအနေတင်မကပါဘူး၊ ကျာကျူးအဒေါ်ကလည်း ၀ိုင်းကူတာမျိုး ရှိခဲ့ဖူးပါတယ်။ ကျာကျူးတို့အမေမှာ တစ်အူတုံဆင်းသားချင်းတွေ မနည်းဘူး။ မောင်နှမရင်းချာကချည်း ကိုးယောက် ဆိုလား ရှိသတဲ့။ ကျာကျူးအမေက မောင်နှမတွေ ကြားထဲက တစ်ယောက်ပြောပါတော့။

ကူမဲမြစ်သားဘက်မှာ မအေအိုကြီးရှိသေးတော့ မောင်နှမတော်တော်များများက ကူမဲမှာနေကြပြီး မအေနဲ့ မခွဲကြဘူး။ တစ်စုတစ်မြုံ ပလုံစီထိုးနေကြသတဲ့။ ကျာကျူးအမေက မန္တလေးသားနဲ့ အိမ်ထောင်ကျလို့ မန္တ လေးရောက်တာ အတော်ကြာပတဲ့။ ကျာကျူးအမေနဲ့ အထက်အောက် အစ်မမိသားစုကလည်း မန္တလေးမှာပဲ နေကြတယ်။ ကျာကျူးပြောတဲ့ "အမေ့ အပေါ်က အစ်မ" ဆိုတာ အမေ့အထက်က အစ်မလို့ ပြောတာပါ။ အဲသည်မိသားစုကလည်း မန္တလေးမှာ အနေကြာကြပါပြီ.။ ကျာကျူးတို့နဲ့ အိမ်ချင်းမဝေးတော့ ကျာကျူးတို့အိမ်ကို ၀င်ချည်ထွက်ချည် ရှိတဲ့အခါရှိတယ်။ ညီအစ်မချင်းမတည့်လို့ အမခေါ်မပြောရှိတဲ့အခါ လည်းရှိတယ်။ တစ်ခါက မြက်ရှင်းခိုင်းစရာရှိလို့ လာရှင်းတဲ့အခါ ကလေးတွေတသီကြီး ပါလာလို့ အိမ်က သမီးဖိနပ်ကလေးတွေ ကျွန်မကရော့ဟဲ့ အင့်ဟဲ့ ပေးဖူးတာကို ကျာကျူးက မှတ်မိလို့ သေချာအောင် ပြောနေ တာပါ။  ကျာကျူးနဲ့ စကားပြောရင် လိုရင်းမရောက်နိုင်လို့ ငေါက်ရတာများပါပြီ။ မရပါဘူး။

သူပြော တတ်သလို ပြောနေတာကိုပဲသည်းခံပြီး နားထောင်ရတာလည်း များလှပါပြီ။ ပြောသမျှစကားတွေ အထုံးပြေပြီဆိုမှ သည်လိုတော့ ဖြစ်တန်ကောင်းရဲ့၊ ဟိုလိုတော့ ဖြစ်တန်ကောင်းရဲ့လို့ ဆက်စပ်ပြီး ပုံဖော် ရတာများလှပေါ့။ အခုလည်း ဆိတ်တွေ ဘယ်ရောက်ကုန်ပြီလဲမေးတာကို လိုရင်းရောက်အောင် မဖြေ သေးဘူး။ သူ့အဒေါ်အကြောင်း အရင်ပြောနေလို့ ခေါင်းမခေါက်မိအောင် မနည်းစိတ်ကို ချိုးထားရ သေး တာ ပါ။

" အဒေါ်က ဘာမှ မဖြစ်ဘူး ... သူ့သားအကြီးကောင် စူနယားက ဖြစ်တာ ... ဒီကောင်က လူပျိုဖြစ်ပြီ မဟုတ်လား ... လူပျို လုပ်ချင်တာနဲ့ သူများဆိုင်ကယ်နဲ့ လျှောက်လိုက်တယ် ... ဆိုင်ကယ်လဲတော့ တံတောင်ဆစ် ပွန်းတယ် ... မျက်နှာတစ်ခြမ်းမည်းသွားတယ် ... သူ့အမေ ဆေးကုဖို့ ပိုက်ဆံရှာရတာပေါ့ ... ပေါက်တော့ မှ အိမ်ပေါ်က မောင်းချလိုက်တယ် .... သွားပစေကောင်းတယ် "
စကား လမ်းကြောင်းက တခြားဘက် ပြောင်းသွားပြန်လို့ ကျာကျူးပြန်တော့လို့ပဲ နှင်လိုက်ရ ကောင်းမလား၊ သည်းခံပြီး ဆက်နားထောင်ရကောင်းမလား စဉ်းစားနေတုန်းမှာပဲ ကျာကျူးပြောလိုက်တဲ့ စကား ကြောင့် ကျွန်မတောင် မျက်လုံးပြူးသွားခဲ့ရတယ်။

" ဆိတ်နှစ်ကောင်မှာ သရဲပါလာတာကိုး၊ ဆရာမကြီးရဲ့ ... ကျွန်မအဒေါ်က အိပ်မက်မက်လို့သိတာ ... ဟိုတစ်ရက် က ကျွန်မ အဒေါ်အိမ်လာတာ ဆရာမကြီးတွေ့မှာပေါ့ ... သူတို့ညီအစ်မချင်း မခေါ်တာကြာပြီ ... အရေးကြီး လို့လာတာဆိုပြီး အမေနဲ့ စကားတွေ ပြောကြတယ်။ ကျွန်မ အဒေါ်ပြောတာတော့ ဆိတ်နှစ် ကောင် ရဲ့ ကျောပေါ်မှာ သရဲနှစ်ကောင် ထိုင်နေတာ အိပ်မက်ထဲမှာမြင်ရတယ်တဲ့ "
" အဲဒါနဲ့ ... "
" အဲဒါနဲ့ အမေက ကြောက်ပြီလေ ... သရဲထိုင်နေတဲ့ ဆိတ်တွေဘယ်သူက အိမ်မှာထားရဲမှာတုန်း ... သရဲက ကျွန်မတို့ ကျောကုန်းပေါ် တက်စီးရင် ဘယ်လိုလုပ်မလဲ ... ကျွန်မ အဒေါ် အိပ်မက်မက် မက်တယ် ... ကျွန်မ လည်း အိပ်မက် မက်တယ် ... မကောင်းတော့ဘူးဆိုပြီး သူများကို ရောင်းလိုက်ရတယ် "
" ဘယ်သူ့ကို ရောင်းတာတုံး ကျာကျူး "
" ကျွန်မ အဒေါ်ကိုပဲ ရောင်းလိုက်တာလေ ... ချက်ချင်း ဆိတ်နှစ်ကောင် သူကိုယ်တိုင် ဆွဲသွားတယ် ယူပါ စေလေ သူတို့မကြောက်ဘူးနော် ... သူတို့ကျောကုန်းပေါ် သရဲတက်ထိုင်လိမ့်မယ် ... ဆရာမကြီး နားသာ ထောင်တော့ "

သည်ဇာတ်လမ်းက လုပ်ကြံထားတဲ့ ဇာတ်လမ်းမှန်း ကမန်မသိတာမကြာသေးဘူး။ တစ်ရက် ကျာကျူး အမေ အိမ်ကို ရောက်လာလို့ စကားရောက်ရာက နီတိုးနဲ့ နီတူး ဆိတ်နှစ်ကောင်အကြောင်း ကျွန်မ ကောင်းကောင်း သိရတာပါ။ ကျာကျူး အမေပြောတာက ကျာကျူးက အဲသည် ဆိတ်နှစ်ကောင်ကို ရပ်ကွက် ထဲက ကျောင်း ဆရာအိမ်က ခွေးက လိုက်ဆွဲလို့ ခဲနဲ့လိုက်ထုတာ ရပ်ကွက်ထဲ ပွက်ပွက် ရိုက်သွား တာပဲ ဆိုတာလည်း ပါရဲ့။ ဆိတ်တစ်ကောင် အစာမစားဘဲ နေမကောင်းသလိုလို ဖြစ်လို့ ဆိတ်နှာခေါင်းကို ပရုတ်ဆီတွေလူးလိုက်တာ ဆိတ်ခမျာ ထွန့်ထွန့်လူးလို့ ဆိုတာ ကြားရတော့ ဖြစ်ရလေအောက်မေ့မိတယ်။

" ဆိတ်တွေကို ကျာကျူးက လူလိုစကားပြောနေတာ ဆရာမကြီးရဲ့ ... မောင်ရယ် နှမရယ် မွေးချင်းလည်း မရှိတော့ ဆိတ်ကလေးနှစ်ကောင်ကို တော်တော် သံယောဇဉ်ကြီးတယ် ... သည်ဆိတ်နှစ်ကောင်ကို ရောင်း ပြီး ငွေဖော်ရမလိုဖြစ်လာတော့ ကျွန်မဖြင့် မျက်ရည်တောင် ကျမိတယ် ... ကျွန်မက တစ်ညတော့ ဆိတ်နှစ်ကောင် ရောင်းမှ ဖြစ်တော့မယ်သမီးရယ် သူများဈေးကြွေးတွေများလာလို့ မပေးရင် မကောင်းတော့ဘူး ဆိုတော့ တစ်ညလုံး ငိုတော့တာ ဆရာမကြီးရဲ့ ... ကျွန်မတို့မှာလည်း အထုပ်ရယ် အထည်ရယ် မရှိတော့ သည်နှစ်ကောင် မျက်စောင်းထိုးရတာကိုး "

သူတို့ဘ၀နဲ့သူတို့ အကြောင်းဆိုတော့ ကျွန်မလည်း ၀င်မပြောသာဘူးပေါ့လေ။ စိတ်ထဲမကောင်းပေမယ့် ကျာကျူး က ဆိတ်နှစ်ကောင်ကို သံယောဇဉ်ဖြစ်နေမှတော့ တခြားက ငွေရှာကြည့်ပါလားလို့ အကြံ ပေးမိတယ်။ မရပါဘူး ဆရာမကြီးရယ်တဲ့။ ခေါင်းရွက်ဈေးသည်ဆိုတော့ မြတ်တော့လည်း စားလိုက်ကြ၊ ရှုံးတော့လည်း အရင်းရှာရကိုး။ ဈေးဗန်း မပျောက်ပေသိအကြွေးပါ ထည့်ရွက်ရတာနဲ့ပဲ လေးလံနေကြရှာသူတွေ မဟုတ်လား။ နောက်ဆုံး ကြံရာမရတာနဲ့ ကျာကျူးအမေကိုယ်တိုင်က အစ်မ ဖြစ်သူနဲ့ တိုင်ပင်ပြီး ဆိတ်နှစ်ကောင် သရဲကပ်နေသလိုလို ကျာကျူးနဲ့ ဓာတ်မတည့်သလိုလို ဇာတ်လမ်း ဆင်ကြရသတဲ့။ ကျွန်မရင်ထဲ ကျင်ခနဲ နာမိတယ်။ ကျာကျူးရဲ့ သနားစရာ မျက်နှာကလေးကိုလည်း မြင်ယောင် နေမိတယ်။ ကျာကျူးခမျာ မအေနဲ့ အဒေါ်တို့ ကြံသမျှ ယုံရှာလို့ တော်ပါသေးရဲ့။ လိုလို လားလားပဲ ခွင့်ပြုလိုက်ရှာသတဲ့။ သူ့အဒေါ် ဆိတ်တွေ ဆွဲသွားတဲ့နေ့က ဆိတ်တွေကို မှာနေသေးတာတဲ့။

" သွားကြတော့ နီတိုးနဲ့ နီတူးတို့ရေ ... ငါက ချစ်ပေမယ့် နင်တို့က သရဲခေါ်လာကြတာကိုး ... နင်တို့က ငါနဲ့ ဓာတ်လည်း မတည့်ဘူး ... နင်တို့ရှိရင် ငါဒုက္ခရောက်လိမ့်မယ် ... သွားကြတော့ သွားကြတော့ နင်တို့ မျက်နှာလည်း ငါမကြည့်ချင်ဘူးတဲ့ ... ကျွန်မဖြင့် ကွယ်ရာမှာ မျက်ရည်ကျမိပါတယ် ဆရာမကြီးရယ် ... တကယ် ပြောတာပါ "
ကျကျူးအမေက ပြောရင်း မျက်ရည်တွေ စို့နေလို့ ကျွန်မတောင် ရင်ထဲနင့်မိတယ်။ ကျွန်မက မရှင်းတာလေးတွေ မေးကြည့်ချင်တာနဲ့ ဆိတ်တွေကို အပြီးရောင်းလိုက်တာလား၊ ဆိုတော့ အဲသလို မဟုတ်ဘူးတဲ့။ ကျာကျူးအဒေါ်က တစ်ကောင်ဖိုးပဲ ငွေချေနှင့်လို့ တစ်ကောင်ယူထားချင်ပေမယ့် တစ်လအတွင်း ငွေချေပါ့မယ်ဆိုလို့ နှစ်ကောင်စလုံး ရောင်းလိုက်ရသတဲ့။ ကျာကျူးကတော့ သည် ဇာတ်လမ်း ကို မသိရှာပါဘူး။ ကျွန်မက ပေါက်စီနဲ့ အီကြာကွေးဆိုတာကကော ဆိုတော့ သူ့တူလေးတွေက ပေးတဲ့ နာမည်တွေတဲ့လေ။

" ကျွန်မအစ်မက ဆိတ်တွေလည်း ဆွဲသွားရော သူ့သားအငယ်နှစ်ကောင်က ချက်ချင်းပဲ သူတို့ကြိုက်တဲ့ မုန့် နာမည်တွေ ပေးတော့တာ ဆရာမကြီးရေ ... တစ်ကောင်က ပေါပ်စီတဲ့ တစ်ကောင်က အီကြာကွေးတဲ့ "
ကျာကျူးအမေက သည်အကြောင်းတွေ ကျာကျူးမသိစေချင်ဘူးဆိုလို့ ကျွန်မပါရောပြီး သည် ဇာတ်လမ်းကို မျိုချထားရတာပါ။ တစ်ရက် ကျာကျူးကျွန်မတို့ အိမ်ရောက်လာလို့ ကျွန်မက မသိချင် ဟန်ဆောင်ပြီး မေးကြည့်တယ်။
" နေပါဦး ကျာကျူးရဲ့ ... ညည်းအဒေါ်က သည်ဆိတ်တွေမှာ သရဲစီးနေတယ်လို့လည်း အိပ်မက် မက် တယ် ပြောသေးရဲ့ ... သည်ဆိတ်တွေကိုလည်း ၀ယ်သေးရဲ့ ... သူတို့ကျတော့ ဘာမှမဖြစ်ဘူးလား ... မကြောက် ကြဘူးလား "

" သူတို့က သရဲထက် ဆိုးတယ် ဆရာမကြီးရဲ့ ... သရဲကတောင် သူတို့အိမ်ကို ကြောက်လိမ့်ဦးမယ် ... ညဘက်ကြီး လည်း မှောင်ကြီးထဲ လျှောက်သွားနေကြတာပဲ ... သရဲနဲ့တောင် ခင်နေလောက်ပြီ "
မျက်လုံးပြူးပြူး အသံစူးစူးကလေးနဲ့ ပြောနေတဲ့ ကျာကျူးကိုပဲ ကျွန်မ သနားနေမိတယ်။ သည်ကလေးမ သည် ဇာတ်ထုပ် အဟုတ်မသိတာ ခပ်ကောင်းကောင်းလို့လည်း တွေးမိပါရဲ့။ သိလို့ကတော့ မလွယ် လောက်ဘူ။ တစ်ခါတလေ ဘာရယ်ဘာအကြောင်းလို့သာ မသိရတယ်။ မအေနဲ့ ခွန်းကြီးခွန်းငယ် အပြန်အလှန် အော်ဟစ်နေတာတွေ ကြားဖူးထားတော့ ကျာကျူးရဲ့ ဇွဲကို ကျွန်မ သိတာကိုး။ ဗျစ်တောက် ဗျစ်တောက် နဲ့ ပြောနေတာ မပြီးဘဲ မပြီးနိုင်ဘူး။ မအေက ထရိုက်တာလည်း ကြားရတာပါပဲ။ ဒါမျိုးဆိုရင် ကျာကျူး က သံစူးသံခွန်နဲ့ အော်ပါလေရော။

" ရိုက်ကြဗျို့ ... မအေ ဆိုပြီး ရိုက်တာပေါ့ ... ရိုက်ကြ ရိုက်ကြ ... ကျာကျူး ခံကလဲ့မှာ ခံလိုက်မယ် ... ကျာကျူး ရိုက်ကလဲ့ကျမှ မငိုကြနဲ့ ... ကြိုးတုတ်ပြီးရိုက်မှာ ... ဘာမှတ်လို့လဲ "
သည်လို ပြန်ပြောတော့ မအေက မိဘကို သည်လိုပြန်ပြောရပါ့မလားရယ်လို့ ရိုက်ပြန်ရော။ ကျာကျူး ကလည်း ပြန်အော်တာပဲ။ သားအမိနှစ်ယောက်ရန်ဖြစ်ရင် ပွက်ပွက်ရိုက်လို့။ ခွန်းကြီးခွန်းငယ် ဖြစ်ကြ သခိုက် ကျာကျူးအိမ်ရောက်လာရင် ကျွန်မက ဆီးပြီး ဆုံးမရတယ်။ မိကို တစ်နေ့ပြန်ရိုက်ဦးမယ်လို့ မပြော ကောင်းဘူး ကျာကျူးရဲ့၊ မြေမျိုတတ်တယ်ဆိုတော့ မြေမျိုတာကမှ ကောင်းဦးမယ်တဲ့လေ။
" ကျာကျူးဆရာမကြီးပြောမယ် ... မိဘဆိုတာ ကိုယ့်သားသမီးကို ချစ်ကြတာချည်းပဲ ... ဆုံးမစရာရှိတော့ လည်း ပြောပြောဆိုဆို ဆုံးမရတာမျိုး၊ တုတ်ပြပြီး ဆုံးမရတာမျိုး ရှိတာပေါ့အေ ... ဆရာမကြီးတို့ ငယ်ငယ် ကလည်း အမေက ဆုံးမစရာရှိရင် သည်လိုဆူတာ ငေါက်တာ ရိုက်တာပုတ်တာ ရှိခဲ့တာပဲ ... မိဘကို ပြန် မအော်ရဘူး ... အခုက ဘာဖြစ်လို့ သားအမိချင်း ရန်ဖြစ်တာတုံး "

" သူ့ယောက်ျားကို ဦးစားပေးလို့လေ ... ဟင်းကောင်းဆိုလည်း သူ့ယောက်ျားဖို့ ... လက်ဖက်ရည် ၀ယ်တော့ လည်း သူ့ယောက်ျားဖို့၊ နံပြားဝယ်တော့လည်း သူ့ယောက်ျားဖို့၊ ထမင်းတစ်ဆုပ်  လောက်ကျန်တော့လည်း သူ့ယောက်ျားဖို့"

" ဟဲ့ ... သူ့ယောက်ျားဖို့ဆိုတော့လည်း ညည်းအဖေပဲ မဟုတ်ဘူးလားဟဲ့ ... ကိုယ့်အဖေကြီး ခေါင့်ကြီးမား ကို ကျွေးတာ ကျာကျူးကတောင် ၀မ်းသာရဦးမယ် "
" အဖေတော့ အဖေပေါ့ ဆရာမကြီးရဲ့ ... ကျွန်မ ပြောလိုက်တယ်လေ အေး ကိုယ့်ယောက်ျားကိုယ် ဦးစား ပေးကြေးနော် ... လုပ်ကြလေ ... ကျွန်မ ယောက်ျားယူလို့ ဦးစားပေးမှ မပြောကြနဲပလို့ "
ကျွန်မဖြင့် ဆုံးမနေတဲ့ကြားက ရယ်လိုက်ရတာ။ မအိုးမအကလေးဆိုတော့ ကျွန်မမှာ ဆိုရခက် ပြောရခက် ကိုး။ ဆိတ်ပြဿနာကလည်း ကျွန်မ သိရသလောက် မပြီးပါဘူး။ ကျာကျူးအမေနဲ့ ကျာကျူးအဒေါ်တို့ အပေးအယူ ကတိပျက်ကြရာက ရန်ဖြစ်ကြရော၊ ရန်ဖြစ်ကြတော့ ကျာကျူးကို လိမ်ထားတာ တွေပေါ်ရော။ ပေါ်တော့ ကျာကျူးက အတိုးချပြီး အော်ပြန်ရော။ မကြာပါဘူး။ ဆိတ်နှစ်ကောင် ကျာကျူး တို့အိမ်ကို ဒရွတ် သိုးသီ ပြန်ရောက်လာလေရဲ့။ ကျာကျူးဆိုတာ အသံကလေးတစာစာနဲ့။ ဆိတ်နှစ်ကောင် နဲ့ စကားတွေပြော နေတာများ လူကို ပြောနေတဲ့ အတိုင်းပဲ။ ပြတင်းပေါက်မှာ ကျွန်မ ရပ်ကြည့် နေတာမြင်တော့ ကျွန်မကို လှမ်းပြောနေသေးတာပါ။

"နီတိုးနဲ့ နီတူးပြန်ဖြစ်သွားပြီ ဆရာမကြီး ... ပေါက်စီနဲ့ အီကြာကွေး မဟုတ်တော့ဘူး ... ကျွန်မကို လွမ်းလို့ နဲ့တူတယ် ... သည်နှစ်ကောင် နည်းနည်းတော့ ပိန်သွားတယ် ... မပူနဲ့ နင်တို့ကို ငါကျွေးသေးရဲ့ အောက်မေ့ မိတယ်။ သားအဖသုံးယောက် မန္တလေးလို မြို့ကြီးမှာ အိမ်လခမကုန်၊ မင်းတိုင်း ကြေးမကုန် နေခွင့် ရကြတာကလည်း ကံထူးတယ်ပြောရမှာပါ။ မြို့မှာ နေစရိတ်ကလည်း ကြီးတာ မဟုတ်လား။ သည်ကြားထဲ ကျာကျူးတို့ အိမ်ကုပ်ကုပ်ကလေးထဲကို ကူမဲမြစ်သားဘက်က အမျိုးတွေ ရောက် ရောက်လာတတ်ကြလို့ ဘယ်လိုများ အိပ်ကြပါလိမ့်လို့ တွေးမိတယ်။ လာကြပြန်တော့ မနေကြဘူး ဆိုရင် လေးငါးရက်တော့ နေကြတာချည်းပဲ။ ကျာကျူးတို့ အိမ်ဘေးမီးဖိုက မီးခိုးတအူအူနဲ့ ချက်လို့ပဲ မပြီးနိုင်ဘူး။

ဆွေမျိုးသားချင်းတွေက ၀င်လိုက်ထွက်လိုက်ကြ၊ ခူးလိုက်ခပ်လိုက်ကြ၊ စားလိုက်သောက်လိုက်ကြနဲ့ ပျော်စရာတောင် ကောင်းသေးတော့။ ကျာကျူးတို့ကလည်း စိတ်ထဲသွားချင်စိတ်ပေါက်လာရင် အိမ်တံခါး ပိတ်ပြီး ကူမဲ၊ မြစ်သားဘက် စုတ်ခနဲ ထသွားကြတာပါပဲ။ တစ်ခါတလေ ကျာကျူးတို့ တစ်ခါတည်းများ ပြောင်းသွားကြလေသလား အောက်မေ့မိတယ်။ ပြန်လာရင်တော့ ပြန်လာပုံ ပြန်လာနည်းကို အကဲခတ်ရုံနဲ့ ဘယ်လိုခံစားမှုနဲ့ ပြန်လကြသလဲဆိုတာ ကျွန်မသိနှင့်ပါပြီ။ ညကြီးမိုးချုပ် မှောင်ကြီးထဲ ကျာကျူးတို့ သားအဖ တစ်တွေ တိတ်တိတ်ကလေးပြန်လာကြပြီဆိုရင် ဆွေမျိုးထဲက တစ်ယောက်ယောက် နဲ့ ရန်ဖြစ်လာကြတာ သေချာတယ်။ ညနေစောင်းနေမ၀င်တ၀င် ပြန်လာပြီး ချက်ကြ ပြုတ်ကြ သောသောညံ နေပြီဆိုရင် အဆင်ပြေချိုတီးနဲ့ဖြစ်တာ ... သူက ကျွန်မကို နင်တို့က အမေကြီးအိမ်မှာ လာ ကပ်စား နေတာလို့ ပြောလို့ ကျွန်မနဲ့ ရန်ဖြစ်တာလေ ... အမေကြီးလည်း ငါတို့အိမ် လာကပ်စားတာပဲလို့ ပြောလိုက်တာ သူက ကျွန်မကို ကုတ်ဆွဲတယ် ဆရာမကြီးရဲ့ ... ကျွန်မကလည်း ပြန်ကုတ်တာပေါ့... ဘာရမလဲ ... ရန်ဖြစ်ကြရော "

အဲဒါမျိုးက ရန်ဖြစ်ပြန်လာတိုင်း ပြောနေကျပါ။ ရန်ဖြစ်တဲ့သူတော့ ကွဲပြားတာပေါ့လေ။ သည်တစ်ခေါက် လာလာနဲ့ဖြစ်ရင် နောက်တစ်ခေါက်က ချိုတီးနဲ့ဖြစ်တယ်။ နောက်တစ်ခေါက်ကျ အမေနဲ့ အဒေါ် တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ကြတယ်ဆိုတာမျိုးပေါ့။ ကျာကျူးတို့သားအမိ ပျော်ပျော်ပါးပါး ပြန်လာ လို့ ချက်ပြုတ်စားသောက်နေကြရင် ကျွန်မက သည်တစ်ခေါက် ကျာကျူးရန်မဖြစ်ခဲ့ဘူးဟေ့၊ ဟန်ကျ ချက်တော့လို့ပြောရင် ကျာကျူးက အင်မတန် အံ့သြရှာတာပါ။ ဆရာမကြီးက မန္တလေးမှာ နေပြီး ကူမဲက အကြောင်းတွေသိတယ်နော်တဲ့။ ကျွန်မက ခပ်တည်တည်နဲ့"သိပါအေ တို့အိမ်မှာ စလောင်းတပ်ထားတာ မမြင်ဘူးလား စလောင်းကကြည့်ရင် ကျာကျူးတို့ ကူမဲက အိမ်ကို လှမ်းကြည့်လို့ရတယ်" လို့များဆိုရင် တကယ် ယုံရှာတာပါ။ ဒါပေမဲ့ သံသယတော့ ရှိတဲ့ပုံပါ။ ကျွန်မကို သေချာအောင် မေးနေသေးတာလေး။

" ကျွန်မ ကူမဲမှာ ဘာလုပ်သလဲ ... ဆရာမကြီး မြင်တာပြောပြပါ"
" ညည်းက မယုံလို့လား ... ညည်းအမေကြီးကို လက်ဖက်ရည် ၀ယ်ပေးတယ်အေ ... သန်းရှာ ပေး တယ်အေ ... ဒူးခေါင်းကို ဆေးလူးပေးတယ်အေ ကိုင်း "
" ဟုတ်တယ် ... ကျွန်မနဲ့ ဘယ်သူနဲ့ လုပ်ပေးတာလဲ "
" နာမည်တော့ ဘယ်သိပါ့မလဲအေ့ ... ကုလားမလေးပဲ "
 " အဲဒါလည်း ဟုတ်တယ် ... အဲဒါက မာလာ"
" ဒါကြောင့် ပြောတာပေါ့ ... အကုန်မြင်ရပါတယ်ဆို "
" ဒါဆို ဆေးရုံကြီးရှေ့မယ် ... နင်တို့မှာ သူရဲလည်းမရှိဘူး ... ဓာတ်မတည့်တာလည်း မရှိဘူး ... ငါ့အါမေနဲ့ ငါ့ အဒေါ် က လူတွေဖြစ်ပြီး လက်ခံတာ ... နင်တို့က ဆိတ်ဖြစ်ပြီးတော့ မလိမ်ဘူး နင်တို့ ကုသိုလ်ရလိမ့်မယ် ကြားလား "
ကျွန်မ ကိုလည်း လှမ်းပြော၊ ဆိတ်တွေကိုလည်းပြော။ ကျွန်မရင်ထဲမှာ မှုန်တစ်လှည့် လင်းတစ်လှည့်။ ကျာကျူး ရယ် ... "

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၈)

ရထားပေါ်က လူများ (၁)

ကျွန်တော်ကုန်းကျော် တံတားပေါ်မှ ၆-၇ စင်္ကြံလှေခါးမှ ဆင်းသွားတော့ ညနေ ၄ နာရီ ၄၇မိနစ်လောက် ရှိပြီ၊ လူတွေက ကွန်ကရစ်ပေါ်က ဆင်းသွားနေကြသည်။ သည်စင်္ကြံမှာ မြို့တွင်းသွားရထားများ ကမ်းကပ်တတ်ကြသည်။ မင်္ဂလာဒုံ၊ ပုရွက်ဆိပ်ကုန်းမြို့ပတ်။ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ အင်းစိန်၊ လှော်ကား၊ ကွန်ပျူတာရထား၊ (ကွန်ပျူတာတက္ကသိုလ်ထိ ဒုတ်ဒုတ်ထိရောက်သော ရထားကို ကွန်ပျူတာရထား ဟု အရပ်ခေါ်ခေါ်နေကြသည်)။ အစပထမတော့ ကျွန်တော်က ကွန်ပျူတာ ထိန်းချုပ် မှု့ နှင့် မောင်းနှင်သော နောက်ဆုံးပေါ်ရထားဟု ထင်နေခဲ့သေးသည်။

နောက်မှ တရုတ်ပြည်လုပ် နှစ်စီးတွဲ (ခေါင်းတွဲမောင်းနှင်ခန်း နှင့် လူစီးတွဲဆက်လျက် ရထားမှန်း သိ တော့ သည်။) ကွန်ပျူတာရထားက ပထမတော့ ကွန်ပျူတာတက္ကသိုလ် ကျောင်သား/သူးတွေအတွက် သီးသန့် ဖြစ်သော်လည်း နောက်ပိုင်းတွင် အရပ်သားခရီးသည်တွေပါ စီးနင်းကြတော့သည်။

လူတွေ ကွန်ကရစ်လှေခါးမှ ဆင်းသွားနေကြသည်။ ကျွန်တော်လည်း လူတွေကြားမှ ခပ်သုတ်သုတ် ဆင်းချ သွားသည်။ ကွန်ကရစ်စင်္ကြံန်ခေါင်မိုးမှာ ချိတ်ဆွဲထားသော ဆန်ကောလောက် နာရီလုံးလုံးကြီးဆီ ဦးစွာ ကြည့်မိသည်။ ၄ နာရီ ၄၇ မိစ်။ နာရီလက်တံက ကြည့်လိုက်ချိန် တစ်ချက်ရွေ့သွားသည်။ ၄၈ မိနစ်။
အမှတ်(၇) စင်္ကြံန်၏ မြောက်ဘက်အစွန်မှာ ရထားတစ်စီး၏ နီညိုညိုတင်ပါးကို လှမ်းမြင်နေရသည်။

"ကျေးဇူးပြု၍ နားဆင်ပါ ခင်ဗျာ။ မကြာမီအချိန်အတွင်းမှာ အင်းစိန်မှတစ်ဆင့် မြို့ပတ် သွားမည့် လက်ယာရစ် မြို့ပတ်ရထားသည် အမှတ်(၇) စင်္ကြံန်မှ ထွက်ခွာပါလိမ့်မည်။
ဟို ရပ်ထား တဲ့ ရထား။ မကြာမီထွက်ခွာမယ်တဲ့။ ရထားနှင့် ကျွန်တော် ပေ ၂၀၀လောက်ရှိမည်။ အလယ် မှာ လက်မှတ်ရုံ ရှိသည်။ စင်္ကြံန်ဆင်းလှေခါးထိပ် ကုန်းပေါ်မှာတုန်းက လက်မှတ်ဝယ်မလာမိတာ နောင်တရသည်။ အဲသည်မှာ စားပွဲချထားပြီးရထားလက်မှတ်များရောင်းပေးသည်။ ၁၀ကျပ်-၂၀ ကျပ်။

ယခုတလော ရထားကို ကျွန်တော် အာရုံညွတ်နေမိ၏။ ဘာကြောင့်ဆို မြို့တွင်းမဂ္ဂဇင်းတိုက် အပြန် ရထားချည်း လိုလို စီးမိနေတာလည်းပါမည်။ ရထားခရီးသည်တွေ တစ်နေ့တစ်ခြာ်း များပြား နေတာလည်း ပါမည်။ ရထားပေါ်မှာက စိတ်ဝင်စားစရာတွေ ဒင်းကြမ်းပြည့်နေသည်။ အမှန်က လူတွေကို စိတ်ဝင်စား တာလည်းဖြစ်မည်။ ရထားပေါ်မှာက ယခုအခါ လူ့ဘဝမျိုးစုံ ရုပ်ရှင် ပိတ်ကားကြီးတစ်ခုဖြစ်နေသည်။ ကျွန်တော်ရထားကို စိတ်ညွှတ်မိသလို လူတွေကလည်း ကျွန်တော့်ကို စိတ်ညွှတ် မိတာဖြစ်မည်။

ကျွန်တော်လက်မှတ်ရုံလေးမှာ တိုးဝှေ့နေဆဲ လူတေါကို စောင့်ပြီးလက်မှတ်တစ်စောင် ၂၀ ကျပ် ပေး၍ ဝယ် လိုက်သည်။ ယခုအခါ လူတွေစာရိတ္တမြင့်မားလာတာလည်း၊ ရထားလက်မှတ် ခ နိုင်နင်းနေလို့ လားမသိ၊ ကျွန်တော်တို့ ငယ်စဉ်ကလို လက်မှတ်ခိုးစီးသူ မရှိသလောက်ဖြစ်သည်ဟု ထင်ပါသည်။
လက်မှတ် ရပြီးနောက် ရထားရှိရာ စင်္ကြံန်မြောက်ဘက်စွန်းသို့ ခပ်သုတ်သုတ် လျှောက်လာသည်။ ကျွန်တော့် လို ခပ်သုတ်သုတ်လျှောက်သူ၊ တစ်ချို့ ပြေးလွှားလို့ပင် သွားရောက်ကြသည်။ ရထားအချက်ပြ မီး ဆီ လှမ်းကြည့်တော့ နီနေဆဲ။

ရထားတွဲ တွေထဲမှာ လူအတော်ပြည့်နေပြီ။ စင်္ကြံန်ပေါ်လျှောက်ရင်း ရထားတွဲအတါင်း လှမ်းကြည့် နေရာရှာမိသည်။ ရှုထားတွဲတစ်ဝက်ကျော်လာပြီး သုံးပုံနှစ်ပုံခန့်ရောက်မှ နေရာလွတ်ကလေးတစ်ခုကို လှမ်း တွေ့သည်။
ကလေးငယ် တစ်ယောက် ဘေးသစ်သားခုံတန်းလျားကွက်လပ်ကလေးတစ်ခုမှာ မှေးထိုင်လိုက်သည်။
သွားရမည့် ခရီး မှာ ဂိတ်ဆုံးအထိ။ နှစ်နာရီနီးပါး ရထားပေါ်မှာ ရှိနေရမှာဖြစ်သည့်အတွက် တင်ပါး တစ်နေရာ စာတော့ အမှန်တကယ်လိုအပ်ပါမည်။ ကျွန်တော့်ခြေထောက်တွေက ကျွန်တော့်ခန္ဓာကိုယ်ကို အချိန်၂ နာရီကြီး ထမ်းမထားနိုင်တော့သောကြောင့်လည်း ဖြစ်သည်။

ကျွန်တော့်ခန္ဓာကိုယ်ကြီးကို ထမ်းထားရတာ နှစ်ပေါင်း ၆၀ နီးပါး ဘဝတာရှည်ခဲ့ပါပြီ။ ခြေထောက်တွေကို ကျွန်တော် သနားသည်။
လူဟာ တစ်နေ့ကို ခြေလှမ်းပေါင်း ၂၀၀၀ လျှောက်သည်တဲ့။ တစ်နှစ်ကို ခြေလှမ်းပေါင်း (၇)သန်း သွားသည် ဆိုပဲ။ သက်တမ်းတစ်လျှောက်မှာ လူဟာခြေလှမ်း သန်းပေါင်း ၅၀ လှမ်းသည်ဟု ဆိုသည်။ လူတစ်ယောက် ရဲ့ ခြေလှမ်းတွေကို ဆွဲဆန့်လိုက်လျှင် လကမ္ဘာကို ရောက်သည်တဲ့။ အီကွေတာ မျဉ်းအတိုင်း ကမ္ဘာကိုပတ်ရင် ၉ ကြိမ်တောင် ပတ်နိုင်သည်ဟု ဆိုသည်။ ဒါက စပွတ်နစ်မဂ္ဂဇင်း အဟောင်း ထဲမှာ ဖတ်ရခြင်းဖြစ်သည်။ လူ့သက်တမ်းကို သူက နှစ် ၇၀နှင့် တွက်ထားတာဖြစ်သည်။ ကျွန်တော့် အထင် အတိုးအလျှော့ ရှိမည်။ လမ်းမလျှောက်ပဲ ကားစီးနေတဲ့သူတွေ တစ်နေ့ခြေလှမ်း ၂၀၀၀ လျှောက်မယ် မထင်။ သည်တော့ထိုလူမျိုးကို ကမ္ဘာကြီးကိုလည်း ၉ ပတ် မပတ်နိုင်၊ လကမ္ဘာလည်း မရောက် နိုင်ဘူးပေါ့။

ကျွန်တော်တို့လို လူမျိုးတွေကျတော့ ခြေလှမ်းပေါင်း ၂၀၀၀ ကျော်သွားနိုင်ပါသည်။ အော်... သနားစရာ ခြေထောက် တွေရယ်။
ရထားက မကြာမတင် ထွက်ခွာသည်။ ရထားက ထွက်စမှာ ဒိုင်းကနဲ ရုန်းလိုက်ရသဖြင့် လူတွေကို ဆွဲဆောင့် သလိုဖြစ်သွားသည်။ ဘူတာရပ်သည့်နေရာ တစ်ချက်ဆွဲဆောင့်၊ ထွက်ရင် တစ်ချက်ဆွဲဆောင့်၊ ရထား ပေါ်က လူတွေကတော့ ရိုးဟိုးဟိုးနေပါပြီ။ ရထားကြီး အချိန်မမှန်တာလည်း လူတွေက ဘာမှ မဖြစ်။ တစ်ခါတစ်ရံ ဘူတာတစ်ခုခုမှာ ရထားကြီး လူကြောင်ကြောင်လုပ်နေလည်း လူတွေက သီးခံကြ ပါသည်။ သည်ရထားမှလွဲ၍ လူတွေ မှာ အခြား စီးစရာ မရှိတော့သလိုပင်။

မြို့တွင်းဘက် ဘူတာတွေ ဖြစ်သော ဘုရားလမ်း၊ လမ်းမတော်၊ ပြည်လမ်းစသည့် ဘူတာတွေမှာ စာရေး၊ စာချီ၊ ကျောင်းဆရာ ဆရာမ၊ ရုံးအုပ်၊ အင်ဂျင်နီယာ စသည့် အမှုထမ်းအရာထမ်းငယ်များ တက်ရောက် ကြတာ များသည်။ သူတို့က သန့်ပြန်သည်။ သေသပ်သည်။ အနြေ္ဒရသည်။ ပညာတတ်ပုံစံ အတိအကျ ပိုင်ဆိုင်ထားပါသည်။ အဲသည့်အလွှာတွေက လှည်းတိး၊ ကမာရွတ်၊ အလွန်ဆုံး အုပ်ကျင်း၊ သမိုင်း လောက် မှာ ဆင်းသွားသသတ်ကြသည်။

ကြည့်မြင်တိုင် ဘူတာလောက်မှစပြီး လက်လုပ်လက်စားနှင့် ပျံကျဈေးသည်အလွှားများ တက်ရောက် လာကြတာများသည်။ ကမာရွတ်၊ သမိုင်း အုပ်ကျင်းလောက်မှာ ပိုများလာကြသည်။ အင်းစိန်လွန်လျှင် လက်လုပ် လက်စား၊ ပျံကျဈေးသည်များသာ ရထားတွဲပေါ်မှာ အများစုဖြစ်လာတတ်သည်။ ကျွန်တော် သည် အကြိမ်ပေါင်းများစွာ ရထားကို စီးနင်းလာသောအခါ ထိုအလွှားမျာကို အလွယ်တကူခွဲခြား မြင်သိ လာပါတော့သည်။ လောကကြီးက လူတွေကို သူ့အကန့်နျင့် သူ ခဲါခြားထားသလို ဖြစ်ပါသည်။ အလို... ကျွန်တော် ကိုယ်တိုင်ကရော ဘယ်အကန့်ထဲ ပါဝင်နေပါသလဲ။
ဆင်ခြေဖုံးမြို့ တွေဘက်ကို ရထားက တိုးရွေ့သွားလေ လက်လုပ်လက်စားနှင့် ပျံကျဈေးသည်များ ရထား ပေါ် တက်ရောက်လေလေဖြစ်သည်။ ခြင်းတောင်းတွေ၊ အထပ်တွေ၊ အပိုးတေါ။ အလုပ်သမလေးများ စာရေးစာချီ မိန်းကလေးများကတော့ ပလပ်စတစ်လက်ဆွဲခြင်း( တစ်ပေခန့်အမြင်၊ အချင်းတစ်ပေ ခန့်အကျယ်) အဝိုင်းအပြာရောင်၊ အနီရောင်၊ စိမ်းပြာရောင်ကလေးတွေထဲမှာ ထမင်းချိုင့်၊ အပေါစား ပိုက်ဆံအိတ်၊ တိုလီမိုလီပစ္စည်းလေးတွေ။

တဖြည်းဖြည်း လူတွေ ကြပ်ညှပ်နေသည့်ကြား ကွမ်းယာ၊ ဆေးလိပ်၊ ရေခဲရေ၊ ငှက်ပျောသီ၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ စာကလေးခွေ စသည့် ရထားဈေးသည်ကလေးများကလည်း တိုးဝှေ့သွားလာ အော်ဟစ် ရောင်းချနေတာ လက်ဝဲသမားတွေ စကားလုံးနဲ့ပြောရလျှင် ပစ္စည်းမဲ့တို့၏ ဈေးရောင်း ပွဲတော် ဖြစ်လေမလား။
မကြာမီ ကျွန်တော့်အနီးမှာ နေရာလွတ်သွားသောအခါ ထမင်းချိုင့်လေးကို တစ်ဖက်ကကိုင် တစ်ဖက်က စာကလေးခွေ ငါးခုတစ်ရာတန်အထုပ်ကလေးနှင့် ကလေးမတစ်ယောက်  ဝင်ထိုင်ပါသည်။ အဲတော့ သမိုင်း သို့မဟုတ် သမိုင်းကွက်သစ်လောက်ရထားက ရောက်နေပြီ။ ကျွန်တော်က ပြတင်း မှ အပြင် ငေးလိုက်၊ လူတွေ (ရထားစီးခရီသည်တွေ) ငေးလိုက်၊ ဈေးသည်တွေကို ကြည့်လိုက်နှင့် ကလေးမလေးကို သတိ မထားမိခဲ့။

ကလေးမလေးက ကျွန်တော့်ဘေးဝင်ထိုင်ပြီး စာကလေးခွေကို စိတ်မပါတပါ ချိုးဖဲ့စားနေခဲ့သည်။ ကြည့်ရတာ အသက် ၂၀ မကျော်လောက်သေး။ အဝတ်အစားက တစ်ပတ်နွမ်းဆိုပေမယ့် သပ်သပ်ရပ်ရပ်။ ဆံပင် ကလည်း ခုခေတ် ကလေးမ တွေလို ဂုတ်ပေါ်ဝဲ။ ပြတင်းပေါက်မှ လေတိုးလျှင်ဆံစများက လေတံခွန် လို တဖွားဖွား လွင့်နေ၏။ ကလေးမကြည့်ရတာ အဖော်အပေါင်းမပါ။ တစ်ချို့အလုပ်ရုံ၊ စက်ရုံ၊ ရုံးတစ်ရုံး၊ အရောင်းစာရေး ကွန်ပျူတာစာရိုက် စသည့်တို့မှာ အဖော်အပေါင်းပါတတ်သည်။ သူကတော့ တစ်ကိုယ်ရေ၊ ကလေးမက မျက်လုံးလေးမှိတ်ထားလိုက်၊ ဟိုငေးသည်ငေး ငေးလိုက်၊ စာကလေးခွေ ဝါးလိုက်။

"သမီး ဘယ်က တက်တာလဲ.. "
ကြည့်မြင်တိုက် ဘူတာက.. "
ကျွန်တော် စပ်စုမိပြန်သည်။ ကျွန်တော်က လူမှုဘဝတွေကို စိတ်ဝင်စားပါသည်။ လူတစ်ဦးနှင့်တစ်ဥိး တစ်အိမ်ထောင် တစ်မိသားစုနှင့် တစ်မိသားစုဘဝကို ဆယ်ယူနေရတာချင်းမတူ။ ဘဝကို ရုန်းကန် နေရတာ ချင်း မတူ၊ အသက်ရှင်မှ မတူညီတတ်ပါ။ ဒါကိုပဲ ကျွန်တော်စိတ်ဝင်စားနေမိတာ ဖြစ်သည်။
"အလုပ်ကပြန်လာတာလား"
"ဟုတ်တယ်"
"ဘာအလုပ်များလုပ်တာလဲ... "
"ပန်းရံ.. ကျွန်မက ပန်းရံသယ်တယ်"
"တစ်နေ့ ဘယ်လောက်ရလဲ... "
တစ်ထောင့်ငါးရာ၊ နှစ်ထောင်.. အလုပ်ပေါ်မူတည်တာပေါ့"
"ဟုတ်တာပေါ့၊ ဘတ်စ်ကားသာ စီး ရရင် ကိုယ်အတွက် သိပ်မကျန်ဘူးနော်"

"ဘယ်ကျန်မလဲ ဘကြီး၊ ဒါကြောင့် ကျွန်မနေ့တိုင်း ရထားစီးတယ်။ ဘူနာနဲ့က အလုပ်က အဝေးကြီး၊ ကျွန်မ အလုပ်သွားရတာက မဂိုလမ်းမှာ၊ အဲဒီမှာ တိုက်ဆောက်နေတာလေ။ အလုပ် သွား လမ်းလျှောက်ရတာက မပင်ပန်းဘူး။ တစ်နေ့လုံးလဲ လျှောက်နေရတာ၊ ဘိလပ်မြေဖျော်တဲ့ နေရာနဲ့လောင်းတဲ့နေရာ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေရတာ။ အပေါ်ထပ် တက်ရပြီဆို မလွယ်ဘူး၊ အဲ.. ညနေ အလုပ် ကပြန်ရင် ငိုချင်တာပဲ။ အဲဒီအခါကျ ဘူတာ က မနက်ကထက် ပိုဝေးတယ်"
ကျွန်တော့် မှာ ကလေးမ အစား မောနေပါသည်။ ကြည့်မြင်တိုင်ဘူတာကနေ မဂိုလမ်း၊ မဝေးဘူးဆို တစ်မိုင် သာသာလောက် ဝေးမလားမသိ၊ မသိမသာကုန်းတက်လေးလည်း တက်သွားရပေဦးမည်။
"အဖေ က ဘာလုပ်သလဲ"

"အဖေ က မရှိတော့ဘူး အမေရယ် မောင်လေး တစ်ယောက်ရယ်၊ အစ်မက ယောက်ျားရသွားပြီ၊ သူ့ဟာသူ နေတယ်"
"အဖေ က ဆုံးသွားတာကိုး ဘာဖြစ်လို့ဆုံးတာလဲ... "
"တီဘီရောဂါလို့ပြောတာပဲ။ အဖေကလည်း အရင်က ပန်းရံလုပ်တယ်လေ။ ဘိလပ်မြေမှုန့်ကနေ တီဘီ ဖြစ်တာတဲ့... "
ကျွန်တော် ထိတ်လန့်သွားပါသည်။ အမှန်ဖြစ်သည်။ ကျွန်တော် တစ်ချိန်က ဘိလပ်မြေစက်ရုံမှာ အလုပ် လုပ်ဖူး ပါသည်။ ခုနှစ်နှစ်၊ ရှစ်နှစ်လောက် ကြာမည်။ နောက်တော့ ရန်ကုန်ရောက်လာသည်။ ကျွန်တော် နှင့် အတူတူ လုပ်ဖော်ကိုင်ဘက်တစ်ချို့ အဆုတ်ရောဂါနှင့် သေဆုံးသွားခဲ့ကြတာ မနည်းပါ။

"အဖေဆုံးသွားပြီး ကျွန်မ ကျောင်းထွက်ရတယ်၊ အဖေ့သူငယ်ချင်းတွေက အဖေတို့လုပ်တဲ့ အဖွဲ့လေ၊ ကျွန်မ ကို ဒီ အလုပ်ပေးတာ"
"ဘုရာ.. ဘုရား၊ မျိုးဆက်။ အဖေ့အမွေ လက်ငုတ်လက်ရင်းကို သားသမီးများက ဆက်ခံကြ ရသည် ဆိုသော်လည်း သည်လိုဆက်ခံရမှုမျိုး ကတော့ ကြေကွဲစရာပါ။
ရထားက တညင်းကုန်းဘူတာ နားရောက်လုပြီ။ သည်ရထားက မြို့ပတ်ဆိုတော့ ကျွန်တော် တညင်းကုန်း ဘူတာ မှာ ဆင်းရမည်။ လှော်ကားရထားစောင့်လိုလျှင်စောင့်၊ သို့မဟုတ်လျှင် ဘတ်စ်ကား ဆက်စီးသွား ရမည်။ အမှောင်ရိပ်များ က ပတ်ဝန်းကျင်မှာ မင်းမူနေပါပြီ။ စက်မှုဒေသက စက်ရုံများဆီမှ မီးရောင်များ တောက်ပ နေ၏။
"သမီး က ဘယ်ပြန်ရမှာလဲ... "

"တညင်းကုန်းဘူတာဆင်းမှာ ကျွန်မ က ဟိုး... တညင်းကုန်း... လှိုင်သာယာတံတားကြီးနားမှာ နေတာ... "
"ဟင်... လမ်းလျှောက်ရဦးမှာပေါ့... "
"ဟုတ်တယ်... "
ကျွန်တော်ပြတင်းပေါက်ဆီမှ တံတားကြီးဆီလှမ်းကြည့်မိသည်။ တံတားကြီးက အမှောင်ထဲတွင် ရိုးတိုး ရိပ်တိတ်။ ဒီကလေးမလေးဆို ဘဝတစ်သက်တာမှာ လကမ္ဘာကို လမ်းလျှောက်သွားလျှင် နှစ်ခေါက် လောက် ရောက်နိုင်မည်ထင်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၅၂)

ကျွန်တော် ဥာဏ်မီသလောက် ပြောရရင်တော့ ခံစားမှုတွေရှိတယ်။ ဒီခံစားမှုတွေကို အကျယ်ချဲ့ ပြီး လျှောက် ရေးလိုက်ရင် ပျင်းစရာကောင်းသွားမယ်။ အင်္ဂလိပ်လိုတော့ ရှင်းတယ်။ Describe လုပ်တာ။ အသေးစိတ် ဖော်ပြတာပေါ့။ ဒါမှမဟုတ် Communicate လုပ်လိုက်တာ။ ကို....ဆက်ဖတ်ရန်...
Describe ဆိုတာက အသေးစိတ် ရှင်းလင်းဖော်ပြတာ။ Communicate လုပ်တယ်ဆိုတာက ကိုယ့်နှလုံးသား ထဲကဟာကို တစ်ပါးသူ နှလုံးသားထဲ ထည့်တဲ့နေရာမှာ ကဗျာသည် အလွန် အစွမ်း ထက်တယ်။ ကဗျာပညာ နိုင်နင်းလေ၊အဲဒီလို ကဗျာမျိုး စပ်တတ်လေ ဖြစ်လာတာပဲ။ ဒီဥစ္စာကို အင်္ဂလိပ်ကဗျာဆရာကြီးများကတော့ Incantation လို့ခေါ်တယ်။ မန္တန်ပညာ စွမ်းရည်ပေါ့။ မန္တန်တစ်ခုနဲ့ မန်းမှုတ် လိုက်ရင် သေနေတာတွေ ရှင်သွားမယ်။ ဒီလိုပဲကကြီး၊ ခခွေးလေးတွေက အသက်မရှိတာ။ ကဗျာမှာ ရှိတဲ့ အခုနက ပြောတဲ့ ဘယ်လိုပြောရမှန်းမသိတဲ့ စွမ်းရည်က ဒီကကြီး၊ ခခွေးလေးတွေကို ထိလိုက်တဲ့ အခါ မှာ သေသူရှင်သလို ဒီ ကကြီး၊ ခခွေးကလေးတွေက အသက်ရှင်လာတာပဲ။ စကားပြော လာတာပဲ။ သူတို့ပြောတဲ့ စကားတွေ က စကားပြေက ကကြီး၊ ခခွေးတွေ ပြောတဲ့ စကားထက် ထိ ရောက်တယ်။ ပိုပြောနိုင်တယ်။

ယေဘုယျအားဖြင့်တော့ စကားပြောကတော့ အကြောင်းနဲ့ အကျိုးနဲ့ သဒ္ဒါနည်းနဲ့လိုက်ပြီး နားလည် လို့ရတယ်။ ကဗျာမှာလည်း သဒ္ဒါနည်းစွန့်လို့ မရသလို၊ အကြောင်း အကျိုးလည်းစွန့် လို့မရဘူး။ ဒီအပြင် နှလုံးသားနဲ့ပါ ခံစားကြည့်လို့ရတယ်။ အဲဒီတော့မှ အဓိပ္ပယ် ပြည့်ပြည့်စုံစုံ ရလာတယ်။ ဒါကြောင့် ကဗျာကို နားလည်ဖို့ရာ အများကြီး ခက်ပါတယ်။ သို့သော် မခံစား တတ်ဘူးလားဆိုတော့ ခံစားတတ်တယ်။ ပြည်သူ သည် ကဗျာကို အများကြီးခံစား တတ်တယ်။ ဘာကြောင့် ကောင်းမှန်း မသိဘူး။ ဘာကြောင့် ကြိုက်မှန်း မသိဘူး။ သို့သော် ကောင်းမှန်း၊ ကြိုက်မှန်းတော့ သိကြတာချည်းပဲ''
''ဟုတ်ကဲ့ ဆရာ၊ အခုဆိုရင် ကဗျာ လိုက်စားတဲ့သူတွေ တော်တော်များပါတယ်။ ကျွန်တော်တို့ မဂ္ဂဇင်းတိုက် တွေမှာဆိုရင် တစ်နေ့  ကဗျာတွေ ရာဂဏန်းနီးပါး ရောက်ပါတယ်။ ဒီတော့ကဗျာ လေ့လာ လိုက်စားတဲ့ သူတွေ မှတ်သားရအောင် ကဗျာကောင်းတစ်ပုဒ်ဟာ ဘယ်လိုအင်္ဂါရပ်နဲ့ ညီညွတ် သင့်တယ်ဆိုတာ ပြောပြပါဦး ဆရာ''

''ကဗျာကောင်းတစ်ပုဒ်ဟာ ဘယ်လိုလဲ ဆိုတာ ပြောဖို့ရာ တော်တော်ကလေး ခက်ပါတယ်။ သူ့သဘာဝ ကိုက ခက်တာကိုး။ ဒါပေမဲ့ ဆရာတို့ အတွေ့အကြုံ၊ တခြား စာရေးဆရာများရဲ့ အတွေ့အကြုံ၊ ကမ္ဘာ့ စာရေးဆရာကြီး များရဲ့ သမိုင်းအရ ပြောမယ်ဆိုရင် ကဗျာတစ်ပုဒ်သည် ကဗျာကောင်းတစ်ပုဒ် ဖြစ်ဖို့ရာ အဆင့်ဆင့် လိုတယ်။ ပထမအဆင့်က မိမိက ဘာခံစားချင် သလဲ။ အဲဒါကို ဖတ်လိုက်တဲ့သူ ခံစားရရင် အဲဒါ အေင်မြင်တာပဲ။ ဥပမာ ကိုယ်က လွမ်းတဲ့ ကဗျာစပ်တယ်။ စာဖတ်ပရိတ်သတ်က မလွမ်းဘူးဆိုရင် အဲဒါ ဆုံးရှုံးတာပဲ။ ကိုယ်က ဇာတိ မာန်နှိုးဆော်တဲ့ ကဗျာစပ်တယ်၊ ဖတ်တဲ့သူ ဇာတိမာန် တက်ကြွ မလာဘူးဆိုရင် မဟုတ် တော့ဘူး။ မိမိ ရည်ရွယ်ချက်၊ ရည်ရွယ်ချက်ဆိုတာ ခံစားမှု ရည်ရွယ်ချက်၊ ဘယ်ခံစားမှု ကို မိမိ ရည်ရွယ်လိုက်သလဲ။ ရည်ရွယ်လိုက်သော ခံစားမှု စာဖတ်ပရိသတ်မှာ ပေါ်သလား၊ ပေါ်ရင် အဲဒါ ကဗျာကောင်းတစ်ပုဒ်ပဲ။ အဲဒါက ပထမအင်္ဂါရပ်ပဲ ရှိသေးတယ်။

နောက် ဒုတိယအင်္ဂါရပ်က ကဗျာသည် အစွမ်းထက်ဖို့၊ အောင်မြင်ဖို့ စကားပြေမဖြစ်ရဘူး။ စကားပြေ ဖြစ်တာနဲ့တစ်ပြိုင်နက် အလိုလိုကို ရှုံးသွားတယ်။ အင်္ဂလိပ်လိုတော့ self defeated man ခေါ်တာပေါ့။ အလိုလို ကို ရှုံးတာ။ အဲဒီတော့ ကဗျာသည် ခုနကပြောတဲ့ ရည်ရွယ် ချက်တွေ၊ ခံစားချက်တွေကို Communicate လုပ်တဲ့နေရာမှာ ကဗျာသုံးဘာသာစကား သုံးရမယ်။ ကဗျာသုံး ဘာသာစကားသည် စကားပြေ သုံး ဘာသာစကားမဟုတ်ဘူး။ ကဗျာသုံး ဘာသာစကားက ဘာတွေလဲ ဆိုရင်တော့ မပြော တတ်ဘူး။ နမူနာလေးတွေတော့ ပြောပြ မယ်။ ဥပမာ ဆရာ ပြောပြလေ့ရှိတဲ့ နတ်သျှင်နောင်ရဲ့ ရတုထဲက 'ရေပန်းမြစ်ဆိပ်၊ ပွင့်မျော ရိပ်မှာ၊ နတ်အိပ်ခဲ့သည်' ဆိုပါတော့။ အဲဒီ ပွင့်မျောရိပ် ဆိုတဲ့ စကားလေးကပဲ ရတု တစ်ပိုဒ် လုံးရဲ့ အလှကို ဆင်သွားတယ်။

ဆရာပြောလေ့ရှိတာ တစ်ခုရှိတယ်။ မိုးမှောင်နေတယ်၊ ဘာမှ မမြင်ရဘူး။ လျှပ်ပြက်လိုက် တယ်။ အဲဒီတဒင်္ဂကလေးမှာ အလှအပတွေ မြင်လိုက်ရတယ်။ အဲဒီလိုပဲ ကဗျာမှာတချို့ စကားလုံးလေးတွေက ကဗျာတစ်ပုဒ်လုံး ကို လျှပ်ပြက်လိုက်သလိုပဲ လင်းထိန်သွားအောင် လုပ်လိုက်နိုင်တဲ့ စွမ်းရည် သတ္တိရှိကြတယ်။ အဲဒါ အင်မတန် အောင်မြင်တဲ့ကဗျာ ဖြစ်သွား တာပဲ။ တိုတိုတုတ်တုတ်နဲ့ လိုရင်းကို ပြောလိုက် နိုင်တာပဲ။

ဆရာ တစ်ခါတုန်းက နတ်သျှင်နောင်ရဲ့ ပွင့်မျောရိပ်ကို အကျယ်ချဲ့ ပြောဖူးတယ်။ ဒါလေးနဲ့ပဲ ပြောချင် တာက ပြီးသွားတယ်။ ဒါမျိုးတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကဗျာကို ဘာသာပြန်လို့ မရဘူးလို့ ပြောတာပါ။ တချို့ ကဗျာတွေမှာ ကိုယ့်ယဉ်ကျေးမှုအရ အဓိပ္ပယ်ရှိပေမယ့် သူတို့ ယဉ်ကျေးမှုအရ အဓိပ်ပါယ် မရှိတာတွေ ရှိတယ်။ ဆရာကြီး ဒေါက်တာလှဖေက တစ်ခါပြောဖူး တယ်။ ‘သူ့ခြံတွင်းပေမို့၊ လဲ့ဝင်း ကို အယူခက်သည်၊ နီးလျက်နဲ့ဝေး’ တဲ့။ အဲဒါကို အင်္ဂလိပ်တွေ ဘယ်လိုမှ အရသာခံစားလို့ မရဘူး။ ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဒါကမြန်မာ့ယဉ်ကျေးမှုမှာ ရှင်းတယ်။ တစ်ပါးသူရဲ့ ပိုင်နက်အတွင်း ရောက် နေတဲ့ အချစ်မို့ ကိုယ့်ချစ်သူမဖြစ်နိုင်ဘူး။ ဒါ ရှင်းနေတာပဲ။ ဒါကို ကျွန်တော်တို့ နားလည်ပေမယ့် သူတို့ နားမလည်ဘူး။

ဒါကြေင့် ကဗျာမှာ စကားအသုံးအနှုန်းက ကိုယ့်ပတ်ဝန်းကျင် ယဉ်ကျေးမှုလည်း ပါလာတယ်။ ကမ္ဘာကျော် ရေး၊ မကျော်ရေး ဆိုတာက အရေးမကြီးဘူး။ ကိုယ့်စာမှာ ကိုယ့်ယဉ်ကျေးမှုမှာ ဒီလို အသုံးအနှုန်း ကလေးတွေ သုံးတတ်ဖို့ အရေးကြီးပါတယ်။ အဲဒါလေးတွေ သိဖို့ လိုပါတယ်။
ဆရာစပ်တဲ့ ကဗျာတွေ၊ သီးချင်းတွေမှာ အဲဒါမျိုးတွေ အများကြီး ရှိပါတယ်။ ဥပမာ-‘ကမ္ဘာ ကုန် ကျယ် သရွေ့ဝယ်’ သီချင်းမှာ ‘နွယ်ဦးမွန် မို့ ချစ်ထွတ်တင်သည်’ တော်ပြီ။ အချစ်ဦး၊ တစ်သက် မမေ့နိုင်တဲ့ အချစ်ဦး။ ချစ်ချင်တိုင်း ချစ်၊ နွယ်ဦးမွန် မို့ ချစ်ထွတ်တင်သည်။ ဘာနွယ်လဲ၊ စဉ်းစားတော့။ စာရေးဆရာ ကတော့ မပြောတော့ဘူး။ ဘာကြောင့် စဉ်းစားရမယ့် အချက်တွေ။

ဆရာ ရေးပြီး အသံမလွင့်ဖြစ်တဲ့ သီချင်းတစ်ပုဒ် ရှိသေးတယ်။ ‘ဘုံမာယာ ဇာချဲ့၊ ကြမ္မာ ဧည့်သည် ယာယီထွင်’ လို့ရေးလိုက်တယ်။ ဘာကို ဆိုလိုသလဲဆိုတော့ ဘ၀မှာ မတွေ့သင့် မတွေ့ထိုက်၊ မပေါင်းသင့် မပေါင်းထိုက်ပေမယ့် ကံကြမ္မာကြောင့် ခဏလေး တွေ့ကြရတယ်။ တစ်သက်လုံးလည်း ပေါင်းရမှာ မဟုတ်ဘူး။ သက်သက်ဒုက္ခဖြစ်ရုံ ခဏလေး လာတွေ့တာပဲ။ ဒါကို အကျယ်ချဲ့ရင် အများကြီးပဲ။ ဆရာက အကျယ် မချဲ့တော့ဘူး။ ဘုံမာယာဇာချဲ့၊ ကြမ္မာဧည့်သည် ယာယီထွင် ဆိုတာနဲ့ လုံလောက်နေပြီ။

တချို့ကတော့ Choice of words စကားလုံး ရွေးသုံးတာလို့ ပြောကြတယ်။ ဒါကစကားလုံး ရွေးသုံး တာထက် မြင့်တယ်။ စကား ရွေးသုံးဆိုတာက လှတာလေးတွေချည်း လျှောက်တွဲသွား တာပဲ။ လှတာလေး တွေချည်း လျှေက်တွဲသွားရုံနဲ့ အဓိပ်ပါယ်မပေါက်နိုင်ဘူး။ ဆိုလိုတဲ့ ခံစားချက် အဓိပ္ပယ်ရောက်အောင် ပညာ နဲ့ စကားလေးတွေ ထွင်ပြီး သုံးတာပဲ။ အဲဒီအတတ် ပညာ တတ်ရင် ကဗျာ အောင်မြင်တာပဲ။ ဒီလို မဟုတ်ရင် စကားပြောထဲ ရောက်သွားမယ်”

“ဒီနေ့ လူငယ်တွေ စမ်းသပ်ရေးနေကြတဲ့ ကာရန်မဲ့ကဗျာမှာတော့ ခု ဆရာပြောတဲ့ ကဗျာ အသုံးအနှုန်း စကား မပါဘူး ဆရာ။ အဲဒီ ကဗျာတွေနဲ့  ပတ်သက်လို့ကော ဆရာဘယ်လို မြင်ပါသလဲ။”
“ကာရန်မဲ့ကဗျာနဲ့ ပက်သက်လို့ ဆရာ့အနေနဲ့ တစ်ဖက်ကတော့ Sympathetic ကိုယ်ချင်းစာ နားလည် ပါတယ်။ မကန့်ကွက်ဘူး။ မရှုတ်ချဘူး။ တစ်ဖက်ကတော့ ဆရာ့အတွက်မလိုဘူး။ ကာရန်မဲ့ကဗျာနဲ့ ရေးကြည့်မယ်ဆိုတော့ ဒီခေတ်မှ ပေါ်တာ မဟုတ်ပါဘူး။ ခေတ်တိုင်းမှာ ရှိခဲ့တာပါ။ ခေတ်ပညာတတ် တွေက အင်္ဂလိပ်ကဗျာတွေ ဘာတွေ ဖတ်ကြည့်လိုက်တဲ့အခါမှာ သူတို့က တော်တော်ဝေးဝေးကျမှ ကာရန် ယူလိုက်တော့ ရှေကပိုင်းမှာ အရှည်ကြီးရေးထားတာ က စကားပြေလို ဖြစ်နေတယ်။ ဒါပေမဲ့ သေသေ ချာချာ ပြန်ကြည့်ရင် သူတို့လိုပ်ထားတာ အရမ်းလုပ်ထားတာ မဟုတ်ဘူး။ ဆရာ စောစောက ပြောခဲ့တဲ့ Incantation ပါတဲ့ စကားတွေ အကုန်ရွေးရွေးပြီး သုံးသွားတာ။

ကြည့်လိုက်တော့ စကားပြေလို ဖြစ်နေပေမယ့် သုံးထားတဲ့ စကားလုံးလေးတွေက အလွန် သတိထားပြီး သုံး ထားတာ တွေ့ရမယ်။ ဗမာကဗျာမှာတော့ ကာရန်က သိပ်စိပ်တယ်။ နောက် နဘေတွေ များတယ်။ ဒီလို ရိုးရိုးရှင်းရှင်းကလေး သူတို့လို ပြောလိုက်ရင် ကွေ့မနေရဘဲ၊ ၀ိုက်မနေရဘဲ ကိုယ် ပြောချင်တာကို ပိုပြောနိုင်မှာပဲလို့ တွေးမိကြတယ်။ ဆရာတို့လည်း ဒီိလို စိတ်ပေါ်ဖူးပါတယ်။ ရေးကြည့်ဖူးတယ်။ စိတ်တိုင်း မကျဘူး။ နေက်တော့မှ ဗမာစကားနဲ့ အင်္ဂလိပ်စကာရဲ့ ကွာခြားမှု၊ ခြားနား ချက်…. အထူးသဖြင့် ဗမာစကား နဲ့ Indo-European စကားရဲ့ ခြားနားမှုကို သွားတွေ့ တယ်။
ဗမာစကားက တစ်လုံးတိုင်း တစ်လုံးတိုင်းမှာ အဓိပ္ပယ်ရှိတယ်။ တစ်လုံးတိုင်းဆိုတာ ထက် တစ်သံတိုင်း တစ်သံတိုင်း မှာ အဓိပ္ပယ်ရှိတယ်။

Mono-Syllable ဖြစ်နေတယ် ဆိုတော့ ကာရန်ကို ပိုယူနိုင်တယ်။ သူတို့စကားက အဓိပ်ပါယ်တစ်ခု ရဖို့ရာ သုံးလေးသံပါနေရတယ်။ သူတို့ရဲ့ စကားသဘာဝကိုက မြန်မာ ကာရန်ယူသလို ယူလို့ မရဘူး။ အဲဒီတော့ သူတို့က သူတို့စကားသဘာဝအရ ရေးတာပဲ။ မြန်မာက ကာရန်ကို ကြိုက်သလို ယူနိုင်အောင် ပေါများ လျက်သား နဲ့ ဘာကြောင့်လုပ်ရမှာလဲ။ အဓိပ္ပယ်
ပိုပေါက်စေချင်လို့ဆိုရင် ကိုယ် ညံ့တယ်ဆိုတာ ၀န်ခံရာကျမယ်။ အဓိပ်ပါယ်ပေါက် အောင် ကာရန် မယူတတ်ပါဘူးလို့ ပြောတာနဲ့ အတူတူပဲ။
မြန်မာစကားကိုလည်း နိုင်နင်းမယ်၊ မြန်မာကဗျာကိုလည်း နိုင်နင်းမယ်။ နောက်ပြီး တော့ ကိုယ်ကလည်း အတွေးအခေါ် ကောင်းမယ်ဆိုရင်၊ ကာရန်သုံးတဲ့ကြားက ကိုယ်ဆိုလိုတဲ့ အဓိပ်ပါယ်ရောက်အောင် ပြော နိုင်မယ်ဆိုရင် ဆရာ ပြောခဲ့သလို စကားပြေထက် ပိုထိရောက်တဲ့ ကဗျာ ဖြစ်လာမယ်။

ကာရန်မဲ့ကဗျာကတော့ စမ်းနေတာ တစ်ခုပါပဲ။ စမ်းတဲ့သူကိုတော့ မစမ်းနဲ့ဆိုဘယ်လို မှ ပြောလို့ရမှာ မဟုတ်ဘူး။ ဘယ်လောက်ပြောပြော စမ်းနေမှာပဲ။ အချိန်တန်ရင်သူတို့ စွန့်သွားလိမ့်မယ်။ သူတို့ စွန့်သွားရင် သူတို့နေရာ ဆက်ခံမယ့် သူကလည်း ပေါ်လာဦး မှာပဲ။

အထူးသဖြင့် ကာရန်မဲ့ကဗျာမှာ အားနည်းချက် ရှိတယ်။ ကဗျာရဲ့ တန်ခိုးတစ်ခု၊ ဒါကို ဘယ်စကားပြေမှ မလိုက် နိုင်တာက ‘နှုတ်တက်ရွရွ ဆောင်ထား’ ကြတာပဲ။ ၀တ္ထု တစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်ကို ဘယ်သူကမှ အလွတ်မရွတ်နိုင်ပါဘူး။ ကဗျာဆိုရင် အလွန်ရှည်တဲ့ ကဗျာကြီးတွေကိုတောင် ရွတ်နိုင် ကြတယ်။ အဲဒီသတ္တိ ရှိတယ်။ အဲဒီ တော ကာရန်မဲ့ကဗျာကိုပဲ ကြိုးစားနေကြရင် မိမိကဗျာသည် စက္ကူပေါ် မှာပဲ ရှိမယ်။ လူတွေရဲ့ နှလုံးသားထဲမှာ ရောက်မ သွားနိုင်ဘူး။

ကာရန်နဲ့ စာမှာကတော့ လူတွေရဲ့ နှလုံးသားနဲ့ နှုတ်ဖျားကို ဖြန့်ချီလို့ရတယ်။ ဗမာ့တောရွာတွေမှာ စာမတတ် ပေမတတ် တဲ့ လူကြီးတွေ ရွှေမန်းတင်မောင်တို့၊ ဖိုးစိန်တို့ သီချင်းတွေ အကုန်ရတယ်။ နောက် စာပြော(ကွက်စိပ်လို့လည်း ခေါ်ကြတယ်) စာတွေ ရွတ်သွားတာပဲ။ စာမတတ်တဲ့ တောသူ တောင်သားကြီး တွေ အားလုံး Appreciate လုပ်နိုင် ကြတယ်။ အကုန် အရသာ ခံတတ်ကြတာပဲ။ စာတတ်တာ ၊ မတတ် တာက တစ်ကဏ္ဍ၊ ကဗျာကို အရသာခံတတ် တာက တစ်ကဏ္ဍ။ စာပြောဆိုတာ မြို့မှာတောင် မသုံးဘူး။ ကျေးလက်တောရွာမှာပဲ သုံးတယ်။ အဓိပ္ပယ် မြို့မှာတောင် မသုံးဘူး။ ကျေးလက်တောရွာမှာပဲ သုံးတယ်။ အဓိပ္ပာယ် က သူတို့ ကဗျာနားလည်လို့ပဲ။ အဲဒီလို့နားလည်တဲ့ အကြောင်း တစ်ကြောင်းက နှုတ်တိုက်ရွရွ ဆောင်လို့ရလို့ပဲ။ ကာရန်မဲ့ကဗျာမှာ အဲဒီအားသေးတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာတွေဟာ လုပ်ခဲရင်ဘယ်ကျန်တော့မလဲ။ ဆရာကြီး ကဗျာတွေရဲ့ အလှဟာ ကာရန်ပေါ်မှာ ရှိတယ်။ စကားပြေနဲ့မှသာ လိုရာကို ပြောနိုင်မယ်ဆိုရင် မဟုတ်တော့ဘူး။ ဆရာကြီးက အမျိုးသားရေး၊ နိုင်ငံရေးဒါတွေကို ကဗျာနဲ့ ပြောသွားတယ်။ ထိတယ်၊ မိတယ်၊ နုတ်လို့ မရဘူး၊ ဖြည့်လို့မရဘူး။ ဒါလောက်ပဲ ပြောပါရစေတော့” 
“ ကဗျာတစ်ပုဒ်၊ စာတစ်ပုဒ်ဆိုတာ စည်းရုံးမှုရှိသော ခန္ဒာကိုယ်တစ်ခု ဖြစ်သည်ဆိုတဲ့ ဆရာ့ ယူဆချက် တစ်ခု ကို ဖတ်ရဖူးပါတယ်။ အဲဒီအယူအဆနဲ့ ပတ်သတ်ပြီး ရှင်းပြစေချင်ပါတယ် ဆရာ”
“စိတ်ပညာ ပါ ပါလာပါတယ်။

ကျွန်တော်တို့ စာပေအနုပညာတင်မကပါဘူး။ ပန်းချီ ပန်းပု အနုပညာပါ ပါပါတယ်။ အဲဒါတွေကို ကြည့်ရင် Analytical Method ခေါ်တဲ့ ခွဲခြမ်းစိတ်ဖြာတဲ့ နည်းနဲ့ ကြည့်တတ်ကြတယ်။ အဲဒါဆိုရင် အနုပညာရဲ့ သဘောကို အကုန် နားမလည်နိုင် တော့ဘူး။ ဘာကြေင့်လဲဆိုတော့ ဆိုရိုးစကားတစ်ခု ရှိတယ်။ ‘A whole is more than the summation of parts’  ( ပြည့်ဝသော အရာဝတ္ထုဆိုသည်မှာ သူ့ကို တည်ဆောက် ထားသော အခြေခံ ပစ္စည်းတို့၏ ပေါင်းမှုသက်သက်ထက် လွန်သည်) တဲ့။ ဆိုလိုတာက တိုက်ဆိုင်တာ အုန်ခဲတွေနဲ့ ဆောက်ထားတာပဲ။ အုတ်ခဲ တစ်ထောင်သည် သူ့ဟာသူ ထားရင် အုတ်ခဲ တစ်ထောင်ပဲ။ ဒါပေမဲ့ တိုက်ဆောက်လိုက်တဲ့အခါမှာ အုတ်ခဲတစ်ထောင်ဘ၀က ကြွေပြီးတော့ တိုက်ဆိုတာ ဖြစ် လာတယ်။ တိုက်သည် အုတ်ခဲတစ်ထောင်မဟုတ်တော့ဘူး။ သို့သော် တိုက်သည် အုတ်ခဲတစ်ထောက်နဲ့ ကင်းသလား ဆိုတော့ မကင်းဘူး။ အဲဒီ သဘောမျိုးပဲ။

အဲဒီလို ပန်းချီတစ်ချပ်ကို ကြည့်လိုက်ရင် ဆေးပါမယ်၊ အရောင်ပါမယ်၊ အလင်းပါမယ်၊ အဖြူပါမယ်၊ အမည်း ပါမယ်။ အဲဒီအရောင်တွေကို နားလည်ရုံနဲ့ ဒီပန်းချီကို နားမလည်နိုင်ဘူး။ ပန်းချီတစ်ခုလုံးကို နားလည် နိုင်ရမယ်။ တစ်ခုလုံး သဘောကို ဆ၇ာက ခန္ဓာလို့ ပြောလိုက် တာ။ တစ်ခုလုံးရဲ့ သဘောမှာ အစိတ်အပိုင်း တွေ ပါတာကိုး။
ခန္ဓာတစ်ခုသည် အစိတ်အပိုင်းကို ပေါင်းတာထက် လွန်သည်။ အစိတ်အပိုင်းတွေ ပေါင်းပြီး ပြည့်စုံ ပြောင်မြောက်လာသော ခန္ဓာကို ဂျာမန်လိုတော့ Gestalt လို့ ခေါ်တယ်။ အပြည့်အ၀ပေါ့။ ဒါကြောင့် ခွဲခြမ်းစိတ်ဖြာတတ်တိုင်း အနုပညာကို နားမလည်နိုင်ဘူး။ ပေါင်းပြီး ကြည့်တတ်ရ တယ်။ တစ်ခုလုံးကို ကြည့် တတ် ရတယ်။

အဲဒါနဲ့ ပက်သက်ပြီး အကောင်းဆုံးစကား ဆရာကြီးဇေယျ ပြောခဲ့ဖူးတယ်။ ပပ၀တီဘာလှ တာလဲ သိချင်တာ နဲ့ မျက်လုံးလေး ဖောက်ကြည့်လိုက်၊ နားရွက်ကလေး ဖြတ်ကြည့်လိုက်၊ လက်ကလေး ဖြတ် ကြည့်လိုက် လုပ်ရင် ပပ၀တီ အလှတွေ ကုန်သွားပြီး အသုဘ ဖြစ်သွား မယ်တဲ့။ ဒါ ဆရာကြီးဇေယျက Gestalt အကြောင်း ပြောခဲ့တာပဲ။ ပပ၀တီ ဘာလှလဲသိချင်ရင် အကုန်ခြုံကြည့်တတ်ရမယ်။ မျက်လုံး တစ်ခုတည်း ဖောက်၊ နားတစ်ခုတည်း ဖြတ်ကြည့်လို့ မရဘူး။ အဲဒါကြောင့် Gestalt ကို ဆရာက ခန္ဓာလို့ ပြန် လိုက်တာပါပဲ”

“ကမ္ဘာ့ စာေ၇းဆ၇ာကြီးတွေနဲ့ ပတ်သက်ပြီး ကန့်သတ်သိမြင်မှု ရှိသူနဲ့ ကန့်သတ်မဲ့ သိမြင်မှု ရှိသူလို့ ဆရာ နှစ်မျိုး ခွဲခြားပြောခဲ့ဖူးပါတယ်။ စာဖတ်ပရိတ်သတ်အတွက် ဒီနှစ်ခုကို နှိုင်းယှဉ် ခွဲခြားပြပေးပါဦး ဆရာ”
“ကန့်သတ်သိမြင်မှု ရှိတဲ့ စာရေးဆရာ ဆိုတာ အင်္ဂလိပ်လိုတော့ Limited Vision လို့ ခေါ်ပါ တယ်။ ကန့်သတ်မဲ့ အမြင် ရှိသူကတော့ Absolute Vision ပေါ့။ စာရေးဆ၇ာက ယေဘုယျ အားဖြင့် လူအကြောင်းရေးတယ်။ ဘယ်သူ့ အကြောင်းလဲ။ ဤမည်သောနေရာ၊ ဤမည်သော အချိန်က ဤလူတွေ အကြောင်း ရေးသလား။ သို့မဟုတ် လူ့လောကတစ်ခုလုံးမှာ ရှိတဲ့ လူတွေ အကြောင်း ရေးသလား။ လူ့စရိုက် ဆိုပါတော့၊ အုပ်စုတစ်ခုထဲက လူ့စရိုက်အကြောင်း ရေးတာလား။ လူ့ဘောင်ကြီးတစ်ခုလုံးထဲက လူ့စရိုက် ရေးတာလား။

နောက်တစ်ခါ လူ့စရိုက်ကို ရေးတဲ့နေရာမှာ အခုခေတ်က လူ့စရိုက်ကို ရေးတာလား။ သို့တည်း မဟုတ် ဟိုတုန်းက လူ့စရိုက်၊ အခု လူ့စရိုက်၊ နောင်လာမယ့် လူ့စရိုက်အားလုံးကို ခြုံပြီးရေးတာ လား။ ရှင်းရှင်းပြောရရင်တော့ Time Space ပေါ့။ လူ့အကြောင်း ပြောရင် Time Space နဲ့ ပြောရလိမ့်မယ်။ ဘယ်အချိန်၊ ဘယ်ကာလက စသဖြင့်ပေါ့။ တချို့စာရေးဆရာက အချိန် တစ်ချိန်က လူတွေအကြေင်း နားလည်ပြီး ကျန်တဲ့အချိန်က လူတွေအကြောင်း နားမလည်ဘူး။

တချို့ စာရေးဆရာကျပြန်တော့လည်း အဲဒီအချိန်တစ်ချိန်မှာပဲ တစ်နေရာက လူတွေ အကြောင်း နားလည်ပြီး တခြားနေရာက လူတွေအကြောင်း နားမလည် ပြန်ဘူး။ တစ်နည်း အားဖြင့် သူတို့မှာ အချိန်ရဲ့ ကန့်သတ်မှုနဲ့ ပထ၀ီရဲ့ ကန့်သတ်မှု ရှိတယ်။ ဒါကြေင့် ဒီလို စာရေးဆရာတွေ ရေးလိုက်တဲ့ဥစ္စာကို တစ်ချိန် က လူတွေက ကြိုက်ကြပြီး နောက်တစ်ချိန်က လူတွေကျတော့ မကြိုက်ကြတော့ဘူး။ ဒါမျိုးက မြန်မာ့ စာပေသမိုင်းမှာ ရှိသလို ကမ္ဘာ့စာပေ သမိုင်းမှာလည်း ရှိပါတယ်။ တစ်ချိန်တုန်းကတော့ ဟုန်းဟုန်းတောက်နေတာပဲ။ ဒါပေမဲ့ နောက် ၁၀ နှစ်၊ ၁၅ နှစ်ကြာတော့ သူ့စာအုပ်ကို အလကား ပေးတောင် ဘယ်သူမှ မဖတ်တော့ဘူး။ သူက အချိန်ဘောင်ကို မလွန်နိုင်တဲ့သူကိုး။ တချို့ကျတော့ ဒီနေရာက သူတွေတော့ ကြိုက် ပါရဲ့။ ဟိုနေရာက လူတွေ မကြိုက်ကြပြန်ဘူး။

အချိန်ဘောင်ကိုလည်း လွန်တယ်၊ ပထ၀ီဘောင်ကိုလည်းလွန်တယ်။ ဘယ်ခေတ်မှာ၊ ဘယ်နေ ရာမှာ ဖြစ်ဖြစ် ဘယ်လိုလူမျိုးတွေပဲ ဖတ်ဖတ် ကောင်းပါတယ်လို့ အသိအမှတ်ပြုခံရတဲ့သူ Absolute Vision ရှိတဲ့ စာရေးဆရာကြီး တွေ အင်မတန် ရှားပါတယ်တဲ့။ ဒီရှားပါးတဲ့ အထဲမှာ ဘယ်သူတွေ ပါသလဲဆိုတော့ စာရေးဆရာကြီး အင်မတန်ရှားပါတယ်တဲ့။ ဒီရှားပါးတဲ့အထဲမှာ ဘယ်သူတွေ ပါသလဲဆိုတော့ စာရေးဆရာကြီး ရှိတ်(ခ)စပီးယား၊ ဂျာမန်စာရေးဆရာကြီး ဂိုထဲ၊ နောက် အင်္ဂလိပ် ရှေးဟောင်း ကဗျာ ဆရာကြီး (ဆရာ နာမည်မေ့နေတယ်) အဲသူတို့ ပါတယ်။ သူတို့ ပြောတဲ့ စကားတွေက ဘယ်ခေတ် ဘယ်အချိန် အခါမှာပဲဖြစ်ဖြစ် မှန်နေတယ်။

မြန်မာစာပေက ဆရာ နမူနာယူပြီး ပြောရရင် ရှေးတုန်းကလည်း ကောင်းတယ်။ ခုလည်း ကောင်းတယ်။ နောင်လည်း ကောင်းနေဦးမယ်။ ဆရာ့မြေးတွေထိလည်း ကောင်းနေဦးမှာပဲ။ ကြာလည်း ကြာပြီ။ အနန္တသူရိယအမတ်ကြီးရဲ့ သူတည်း တစ်ယောက် ကောင်းဖို့ရောက်မူ ကဗျာ။ ဘယ်တော့မှ မရိုးဘူး။ သူက နရသီဟပတေ့ ကိုလည်း မကြည့်၊ ပုဂံကိုလည်း မကြည့် ဘူး။ သူကြည့်လိုက်တာက လောက တင်မကဘူး၊ သံသရာ တစ်ခုလုံးကို ကြည့်တာ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, March 4, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၁၇)

(၅)

မနက် ၅း၃ဝ နာရီတွင် ယင်းမာပင်ဘူတာကို ရထားဆိုက်ရောက်ပါသည်။ ယင်းမာပင်မှာ ကားလမ်း ဖြတ်တာ ကိုလည်း တွေ့၏။ ထိုမှစ၍ တောင်တက်ခရီး စတင်ပါသည်။ စိမ်းပြာမှိုင်းဝေ သည့် တောင်တန်း အနိမ့်အမြင့် အဆင့်ဆင့်များ၊ တောင်ယာခင်းများ၊ နက်ရှိုင်းသော ချောက်များ။ ရင်ထဲမှာ လန်း နေပါသည်။ ကိုထွန်းဝင်ငြိမ်း၊ လင်းထင်၊ ကိုခါးတို့ သားအဖတွေ ဖိုတိုဂရပ်ဖာတွေဖြစ် ကုန်လေသည်။ တစ်ခါ တစ်ရံ ရှမ်းအိမ်စုလေးတွေ။ တိုင်းရင်းသားတို့တောင်ပေါ်ရထားကို ငေးမောလို့။
မနေ့က တစ်နေ့လုံး မြေပြန့်ရထားပေါ်မှာ စိတ်မောခဲ့ရတလောက် သည်မနက်တွင် လုံးဝလန်းဆန်း ပျော်ရွင် နေပါတော့သည်။ ၆း၄၅ နာရီတွင် ရေပူဘူတာ။ ၇း၃ဝ နာရီတွင် လယ်ပြင်ဘူတာ။ တောင်ပေါ် ဘူတာလေး တွေက အဆင်းအတက် ကျဲပါးလှပါသည်။ လယ်ပြင်မှ ၇း၃ဝတွင် နာ မည်ကျော် ပထမလွန်းထိုး ကို တက်ရောက်ပါသည်။ တောင်ခါးပန်းရံ အနေအထားအရ ကွေ့ပတ်သွား လို့ မရသဖြင့် လွန်းထိုး ဖောက်ထားခြင်း ဖြစ်သည်ကို တွေ့ရပါသည်။ သဘောကတော့ တောင်နံရံ တစ်ဘက်ထဲမှ ဇစ်ပုံ ဖောက်လုပ်ခြင်း ဖြစ်သည်။

၈း၅ဝ နာရီတွင် ခွေးရုပ်ဘူတာကိုရောက်သည်။ ကျွန်တော်တို့ နံနက်စာ ဘာမှမစားရသေးပါ ခွေးရုပ်ဘူတာ တွင် ထမင်းရောင်းချသူများရှိသည်။ နှစ်ဆိုင်သုံးဆိုင်။ ခုံတန်းလျား၊ စားပွဲရှည် ခင်းထားသည်။ အစာအိမ် က တောင်းဆိုနေပြီ။ ဝက်သား၊ ကြက်သား နှစ်မျိုး၊ ကြိုတ်တာစား ၅ကျပ်။ အဲလေ ၅ဝဝကျပ်။ ပဲဟင်းရည် အပိုဆောင်း ပါသေးတယ်။ ထမင်းဟင်းက ပူပူလောလော လေး။ တစ်ပွဲ ထည့်ပါဆိုကာ ကျွန်တော် ထိုင် လိုက်သည်။ချက်ခြင်း ရောက်လာပါသည်။ ပါလာသော စာရေးဆရာ အဖော်တွေလည်း သင့်ရာဆိုင်မှာ ဝင်ကြသည်။ ပါးစပ်တွင် ထမင်းတလုပ်သာ သွင်းရသေးသည်။ ရထားက ဥသြဆွဲလိုက်၏။ မြေပြန့် မှာ တုန်းက တမေါတမော ဘူတာတွေမှာရပ်ခဲ့သောရထားသည် ယခုတော့ မိနစ်ပိုင်း။ ကမန်းကတန်း ထမင်းဘူး မှာ သွန်ချထည့်ကာ ရထားပေါ် ပြေးတက်ရသည်။

ခွေးရုပ်ဘူတာကထွက်တော့ ဒုထိယလွန်းထိုး။ မြူတို့ မှိုင်းပြဝေနေသည်။ အေးအေးမြမြ ဖြည်းဖြည်း ဆေးဆေး ၉နာရီ မှာ ဆင်တောင်ဘူတာ ရောက်လာသည်။ လှိုင်ခေါင်း အချို့ကို ဖြတ်သည်။ တောင်ကြော ကွေ့ကွေ့ မှာ သံလမ်းနှစ်ထပ်။ လှိုင်ခေါင်း ၂ခုကိုဖြတ်သည်။ ပင်လယ်ရေပြင် မှ အမြင့်ပေ ၄၆ဝဝကျော် ရောက် လာသည်။ မြင်းတိုက်ဘူတာက ပေ၄၄၅၇ ရှိသည်။ သစ်သီးဝလံ ရောင်းချသော တောင်ပေါ်သား တွေ၊ သင်္ဘောသီးက ချိုမြအေးနေသည်။ တစ်စိတ် ငါးဆယ်ကျပ်တဲ့။ စန္ဒရားဦးသိမ်းမောင်က ဘန်းထဲ ရှိသမျှ အကုန်ယူလိုက်သည်။
ဘူတာလေးတွေက မြေပြန့်က ဘူတာတွေနှင့်မတူ။ အလံတိုင်တွေ ဘူတာအဆောက်အဦး လေးတွေက အင်္ဂလိပ် လက်ရာ မပျက်သေး။ အမိုးစောက်စောက်၊ ချွန်းချွန်း၊ အုတ်ကျွတ်နီရဲရဲတွေ။ လှပတော ရောင်စုံ ပန်းရုံ တွေ။

လှပသော တောင်ကုန်းနိမ့်မြင့်များမှာ ဆောက်လုပ်ထားသော ဥရောပဆန်သည့် ဗြိတိသျှတို့ က အပန်းဖြေ နားနေရန် သီးသန့်မြို့  လေးအဖြစ် တည်ခဲ့သည်။ ဝန်ထောက်မင်းရုံးစိုက်ရာ ဖြစ်ခဲ့သည်
ကလော မှ အထွက်တွင်တော့ တောင်ဆင်းလမ်းများဖြစ်သည်။ မြေနီတောင်ခါးပန်းရံများ၊ ကွင်းများ၊ မိနစ်၂ဝခန့် မောင်းပြီးတော့ အောင်ပန်းမြို့ကို လှမ်းမြင်နေရပါပြီ။
ရှမ်းပြည်နယ် မြေလတ်မြို့ကလေးက တောင်ပတ်လည်ဝိုင်းပြီး မြေပြန့်လွင်ပြင် ဆန်နေပါ သည်။
(၆)
ခေတ်လယ်ပဒေသရာဇ်ခေတ်မှာ ယနေ့အောင်ပန်း တည်နေရာသည် သာမိုင်းခမ်း ငွေခွန်နယ် ထဲမှာ ပါဝင် ပါတယ်။ ပတ်ဝန်းကျင်ကျေးရွာငွေခွန်မှူးနယ်များက တခြားနယ်တွေနဲ့ ဆက်သွယ်တဲ့အ ခါ သည်နေ့ အောင်ပန်း တည်နေရာ ကို မဖြတ်လို့မဖြစ်ဖြတ်သန်းသွားရပါတယ်။ သာမိုင်းခမ်းနယ်အ တွင်း အားကိုး ရတဲ့ လယ်မြေတွေ ကျေးရွာအုပ်စုတွေ ထိန်းချုပ်ဖို့ဗဟိုရ်ကျတဲ့နေရာလဲ ဖြစ်ပါတယ်။ အောင်ပန်းဟာ ဟိုစဉ် ကတည်းက မဟာဗျူဟာကျတဲ့ နေရာပါပဲ။

ကိုလိုနီခေတ် ၁၈၉၇ ခုနှစ် မှတ်တမ်းအရ သာမိုင်းခမ်းနယ်ဟာ ၁၉၆.၆မိုင် ဧရိယာရှိပါ တယ်။ ကျေးရွာပေါင်း ၂ဝ၃ရွာနဲ့ အိမ်ခြေ ၁၅၇၅လုံးရှိတယ်။ နှစ်စဉ်အခွန်ငွေ ၁၄၁၅၃ ရူးပီးကျပ်ရ တယ်။ သတ်မှတ် ပေးသွင်းရငွေက ၇ဝဝဝ ဖြစ်တယ်။ လူဦးရေ စုစုပေါင်းဟာ ၂၁ဝ၈၁ ဖြစ်တယ်။ မှီတင်း နေထိုင် တဲ့ တိုင်းရင်းသားတွေက..
တောင်ရိုး ၅ဝ၁၇ ယောက်။ ပအိုဝ့် ၄၄၈၃။ ဓနု ၁၂၄၆၊ ရှမ်း ၁၅၃၊ အင်းသား ၁၁၆၊ ပ လောင် ၁ဝ၄၊ ဗမာ ၂၆ယောက် စုစုပေါင်း၁၁၁၈၁ ဖြစ်ပါတယ်။ ဒါ အင်္ဂလိပ်ချုပဲ့်ျ ကာလပါ။
အဲသည်အချိန်က သာမိုင်းခမ်းမြို့မှာ ငွေခွန်မှူးမင်းကြီးမောင်ဖိုးဖြစ်ပါတယ်။ ကိုယ်စားလှယ် က သခင်ခွန်ရုံးဖြစ်ပါတယ်။ သခင်ခွန်ရုံးကို ဂုဏ်ထူးဆောင် ဒုတိယတန်း ရာဇဝတ်၊ တရားမ တရားသူကြီး အဖြစ် အင်္ဂလိပ်က ခန့်ပါတယ်။ ၁၉ဝဝ သာစည်ကနေ ရှမ်းပြည်နယ်ကို ရထားလမ်း ဖောက်တော့ မြို့သစ်တစ်မြို့ တည် ဖြစ်လာပါတယ်။ ရထားလမ်း ဖြတ်သွားရာ ဘူတာရုံနဲ့ မနီးမ ဝေးဖြစ်ဖို့ လိုပါတယ်။ အင်္ဂလိပ် တွေက ကလောမြို့သစ်ကို အချိန်ယူပြီးတည်ပါတယ်။ အောင်ပန်းမြို့ ကိုတော့ သခင်ခွန်ရုံးက တာဝန် ယူပြီး တည်ရပါတယ်။

သခင်ခွန်ရုံးတာဝန်ကျ မြို့သစ်တည်မယ့်နေရာက ရုံးစိုက်တဲ့နေရာရဲ့ မြောက်ဘက် ခြုံနွယ် ပိတ်ပေါင်း တွေ ထူထပ်နေပေမယ့် ညီညာတဲ့ ပြင်သာလို့ခေါ်တဲ့ ကွင်းပြင်သာနေရာပါ။ မြောက်ဘက်
လက်မပင် ရွာစပ်အထိ ဖြစ်ပါတယ်။ သခင်ခွန်ရုံးက ရထားဖြတ်သွားမယ့်နေရာရဲ့ တောင်ဘက်ထိပ် မှာ သူ နေထိုင်ရာ နေရာခည်းဖြစ်၊ ရုံးလည်းဖြစ်တဲ့ အဆောက်အဦးကို စဆောက်ပါတယ်။ သာမိုင်း ခမ်းဆီသွား ရုံးတက်လိုက်၊ ပြန်လာပြီး အဆောက်အဦးလုပ်နေတာကို ကြီးကြပ်လိုက်ပေါ့။ တကယ် က မြို့စားမင်း မောင်ဖိုးက မြို့သစ်တည်ရာမှာ အဓိကညွှန်ကြားသူဖြစ်ပါတယ်။ တာဝန်ခံတည်ရသူက သခင်ခွန်ရုံး ဖြစ်တယ်။ မြို့တည်တဲ့နေရာမှာ ယခင်က လှည်းရိုး၊ တပ်ကုန်း (မြို့ဟောင်း') လက်မ ပင်ရွာသုံးရွာ ရှိပါတယ်။ အောင်ပန်းမြို့ကိုတည်တာ ၁၂၇၅ နှစ်ဆန်း (၁)ရက်၊  ၁၉၁၃ ဧပြီလ ၁၅ ရက်ဖြစ်တယ်။ မနက်ပိုင်း မှာ သံဃာတော်များကို ဆွမ်းကျွေး၊ တရားနာပြီး နေ့ခည်ပိုင်းမှာ မြို့ကွက် ရိုက်၊ ပန္နက်ချခဲ့ ပါသည်။

အောင်ပန်းမြို့ဟာ ဘေးပတ်ဝန်းကျင် ငွေခွန်မှူးနယ်တွေနဲ့ အသွားအလာ လွယ်ကူဖြောင့် တန်းပါတယ်။ မြောက်ဘက်မှာ ပင်းတယ၊ ပွေးလှ၊ ကျုံးငွေခွန်မှူးစီရင်စု၊ အနောက်မြောက်မှာ ရွာငံ၊ ဘော်၊ နန်းခုန်၊ ကျေက်ဂူလေးရွာစတဲ့ ငွေခွန်မှူးစီရင်စုနဲ့ အနောက်တောင်ဘက် တောင်လား၊ လွယ် အယ်၊ ဘီကျစ် စသည်ဖြင့် ငွေခွန်မှူး၊ မြို့စား၊ စော်ဘွားနယ်တွေနဲ့ ဆက်ဆံရေးမှာ ဗAဟိုကျတဲ့နေရာဖြစ်ပါတယ်။
ရှေးပုဂံ၊ ပင်းယ၊ တောင်ငူ၊ ဟံသာဝတီခေတ်က ရှမ်းပြည်နယ်က ယိုးဒယား၊ ဇင်းမယ်ချီ တက်တဲ့အခါ ဒီလမ်းကို အသုံးပြုခဲ့ကြတယ်လို့ ဆိုတယ်။ ကုန်းဘောင်ခေတ်၊ အမရပူရ၊ မန္တလေးခေတ် ရှမ်းပြည်နယ်ချီတက်တဲ့အခါမှာ နတ်ထိပ်၊ စင်လယ်၊ ကင်းတားလမ်းက အသုံးများပေမယ့် ပလိပ်ဆိပ်ကမ်း အရောက်ဖြစ်တဲ့ ဒီလမ်းကို လမ်းမတော်ဆိုပြီး ခေါ်ပါတယ်။

 မြန်မာဘုရင်အဆက်ဆက် ရှမ်းပြည်နယ် မိုးနဲနဲ့ သံလွင်အရှေ့ပိုင်း ချီတက်ရာလမ်းလဲ ဖြစ်တယ်။ မင်းတုန်းမင်းလက်ထက် မိုးနဲ တပ်ရုံးအရောက် ကြေးနန်းသွယ်တန်းတော့လည်း ဒီလမ်းပါပဲ။ မန္တလေး၊ ပလိပ်၊ ကင်းတား၊ နတ်ထိပ်၊ ရွာငံ၊ ပွေးလှ၊ ကျောက်ထပ်၊ ညောင်ရွှေ၊ မိုးနဲ အရောက်ဖြစ်တယ်။ အဲဒီနေရာက တောင်ဘက်နည်းနည်းကျတယ်။ ဒါပေမယ့် တောင်ငူ၊ ဟံသာသဝတီ၊ အင်းဝခေတ်တွေမှာ ကျိုင်းတံ၊ မိုးနဲ၊ ညောင်ရွှေနယ်တွေဆီ ချီတက်တဲ့ အနီးဆုံးလမ်းကြောင်းဖြစ်တယ်။ အင်္ဂလိပ်ခေတ်မှာ ပိုပြီး မဟာဗျူဟာ ကျလာတယ်။ ၁၈၈၇ ခုနှစ် တောင်ပိုင်းရှမ်းပြည်နယ် သိမ်းဖို့တက်လာတော့ ဒီလမ်းကြောင်း က ဖြစ်တယ်။ ရထားလမ်း၊ ကားလမ်းဖောက်တော့လည်း ဒီတောင်ကြားလမ်းတွေ အတိုင်းဖြစ်ပါတယ်။ အရှေ့ဘက်ရှမ်းပြည်နယ် ဆက်သွယ်ရောင်းဝယ်တဲ့ နွားဝန်တင်လှည်းလမ်းတွေ ဖြတ်သန်းရာ လမ်းကြောင်း တည်ရှိနေရာလည်း ဖြစ်တယ်။
၁၉၁၃ ခုနှစ်မှာ မြို့သစ်တည်ပြီး ၁၉၁၅ ခုနှစ်မှာ ပြီးစီးတော့ ရထားလမ်းသည် အောင်ပန်းမြို့သစ်ကို ရောက် လာပါပြီ။
(၇)

"လတ်ဆတ်တဲ့ မိုးလေညှင်းအေးနုတွေ ပျံသန်း
ညကောင်းကင်လမ်းပေါ် အလှတရားသစ်တွေနဲ့
ငါမျှော်လင့်
ငါလိုချင်တဲ့ အလင်းတွေက အိပ်မက်ထဲမှာ လွင့်လို့။

မောင်နွေထက်
(အိပ်မက်ပွင့်ကဗျာ)


ကျွန်တော်တို့ အောင်ပန်းမြို့ ရှမ်းပြည်နယ်မြေလတ်ကို (၉-၅-၂၀၀၉) မနက် ၁၀း၃၀ နာရီမှာ ဆိုက်ရောက် သွားလေသည်။ ကျွန်တော်တို့အဖွဲ့အတွက် ဆရာက သင်းမြစန္ဒီ က ဟိုင်းလတ်ကားတစ်စီး စောင့်ခိုင်း ထားသည်။ ပစ္စည်းတွေ နဲ့ အမျိုးသမီးများ ၊ ဦးအံ့မောင်၊ ဆရာထက်မြက် စသည့် လူကြီး တွေကို တင်ပေးပြီး၊ ကျွန်တော်တို့နှင့် လူငယ်တွေက လမ်းလျှောက်သွားကြပါသည်။ ရထားပေါ်မှာ ၂၅ နာရီ လောက် နေခဲ့ရတာ၊ နွေးထွေးအေးမြ ရှင်းလင်းလှပသည့် အောင်ပန်းမြို့ ကလေးမှာ လမ်းလျှောက် ချင် ပါသည်။
နေ့လည်ခင်း နေရာင်ကျရောက်နေသော်လည်း ပူအိုက်ခြင်းမရှိတာ ကျွန်တော်သဘောကျနေပါသည်။ လေပင်ေ မွှးကြိုင်နေသည်ဟု ထင်ပါသည်။ မြေက အနီရောင်၊ တောင်ကုန်းနိမ့်မြင့်တွေက တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်၊ အဖြူရောင်လေးတွေ၊ ဆရာမအိမ်က မြို့ရဲ့ တောင်ဘက် ဈေးကုန်းပေါ်မှာဖြစ်သည်။

ဆရာဒဂုန်တာရာကို နှုတ်ဆက်ဂါရဝပြုပြီးတော့ ဆရာမ သင်းမြစန္ဒီကျွေးသော ရှမ်းစာနံနက်စာကို စားရသည် ထမင်းနှင့် အာလူးနယ်ထားတာ ဂျူးမြစ်ပါသည်။ ဟင်းချိုပါသည်။ အသားနှင့် အသီးအရွက်။
နောက်တစ်နေ့တွင် ဆရှုာကြီးဒဂုန်တာရာ၏ အသက် ၉၀ ပြည့်မွေးနေ့ပွဲကို အောင်ပန်းမြိုကရှိ မဟာဂန္ဓာရုံကျောင်းမှာ ကျင်းပမည်ဖြစ်သည်။ နောက်တစ်ရက်တွင် ကျွန်တော်နှင့်အချို့ ပြန်ကြမည်။ ရန်ကုန်တါင် မဂ္ဂဇင်းအလုပ်တွေ ရှိသေးသည်။ တချို့ဆရာတာရာမွေးနေ့ပွဲအပြီး ညနေပိုင်းမှာ ပြန်ကြသည်။ မန္တလေးမှလာကြ၊ နေပြည်တော် ပျဉ်းမနားမှာလာကြ၊ သာစည်၊ ကလော၊ တောင်ကြီး၊ ရန်ကုန်၊ မြစ်ဝကျွန်းပေါ်၊ ဆရာတာရာမွေးနေ့ပွဲကို စာရေးဆရာကဗျာဆရာစာပေနယ်မှ လူပေါင်းတစ်ရာ ကျော် ခန့် တက်ရောက်ဂါရဝပြုကြပါသည်။

၂ဝဝ၉ နိုဝင်ဘာ
မြန်မာ့ဓန
.
>>>ဆက်ဖတ်ရန်>>> >>

ဝင်းငြိမ်း နှင့် စာရေးဆရာများ ပေဖူးလွှာစာပေအင်တာဗျူး, အပိုင်း (၅၁)

" ထဘီကလေး တစ်ထည် "ထဲက မိဒိုးနဲ့ ညှိုးသူကို ကူဆောင်လို့ ထဲက မငွေမြိုင်တို့ ဟာလည်း ကျွန်မ တွေ့မြင်ကြုံကြိုက် ခဲ့ရတဲ့ ဇာတ်ကောင်တွေထဲက နှစ်ယောက်ပေါ့။ ခုချိန်ထိလည်း မငွေမြိုင် ဟာ အင်းဝမြို့ဟောင်းတွေကြားမှာ ထမင်းရှာစားနေဆဲပါပဲ။ ကို ဆက်ဖတ်ရန်...

မိဒိုးဟာ အပြင်ဘ၀မှာ ကျွန်မနဲ့ ကစားဖော် ဖြစ်ခဲ့ဖူးတယ်။ ငယ်ဘ၀ သူ့အဖြစ်ကလေးကို ငယ်စိတ် နဲ့ ကျွန်မ ရယ်မောခဲ့ဖူးပေမယ့် ခုချိန်မှာ ပြန်တွေးမိတော့ ရယ်စရာလို့ ကျွန်မ မမြင်တော့ဘူး။ ဒါ့ထက် ကျွန်မ သူငယ်ချင်း လို မိဒိုးလေးတွေ အများကြီးကို ကျွန်မ တွေ့လာရတဲ့အခါမှာ မြစ်ဆိပ်ကမ်းနားတစ်ခုက မိဒိုး တစ်ယောက် ကို ကြည့်ပြီး ကျွန်မ ခံစားရေးဖွဲ့ပါတယ်။
မြန်မာပြည်တွင်းက မြစ်ကမ်းရှိတဲ့ နေရာတိုင်းမှာ ကျွန်မရဲ့ ဇာတ်ကောင် မိဒိုးလို ရုန်းကန် လှုပ်ရှား နေရရှာတဲ့ အရွယ်မရောက်သေးတဲ့ မိဒိုးလေးတွေ ရှိနေလိမ့်ဦးမယ်လို့ ကျွန်မ ယုံကြည်ပါ တယ်"
" ပေဖူးလွှာမှာ ၀တ္ထု`၇ှည်အဖြစ် ဖော်ပြခဲ့တဲ့ "လေနုအေးက နော့ဆဲကို" နဲ့ ပတ်သက်ပြီး ကျွန်တော် ဆွေးနွေးချင် ပါတယ်။ မိန်းကလေး ဘော်ဒါဆောင်ကို ရောက်လာတဲ့ ဆွေဦးဆိုတဲ့ မိန်းကလေး တစ်ယောက် ပျက်စီးသွားရပုံကို ဆရာမ ရေးသွားတယ်။ ဆရာမ ရေးသွားတဲ့ ဇာတ်ကြောင်းအရဆိုရင် ဆွေဦး ဟာ ပတ်ဝန်းကျင် အခြေအနေကြောင့် ပျက်စီးသွားရတယ်လို့ ကောက်ချက်ဆွဲလို့ရမယ်ထင်တယ်။

ဒီနေ့ အပြင်လောကမှာ ဒီလိုပဲ ပျက်စီးနေတာတွေ ရှိပါတယ်။ ဒီလို ပျက်စီးနေကြတာတွေဟာ ပတ်ဝန်းကျင် ကြောင့်လား၊ "ဗီဇ" ကြောင့်ကော မဖြစ်နိုင်ဘူးလား "
" ကိုဝင်းငြိမ်း က ဒီမေးခွန်းကို မေးတယ်နော်၊ ကျွန်မ ဖြေမယ်။ ကိုဝင်းငြိမ်းမေးတဲ့ ဗီဇတိုတာ ဘာကို ဆိုလို တယ် ဆိုတာတော့ ကျွန်မ မသိဘူး။ ကျွန်မ သိတဲ့ မျိုးရိုးဗီဇသီအိုရီမှာတော့ အမွေဆက်ခံနိုင်တယ်၊ မဆက်ခံ နိုင်တယ် ဆိုတဲ့ အချက်တွေ ရှိပါတယ်။ မျက်လုံးအရောင်၊ အသားအရောင်၊ ဆံပင်အရောင်၊ ဦးခေါင်း ပုံစံ တွေကိုတော့ အမွေဆက်ခံနိုင်တယ်လို့ ခိုင်ခိုင်မာမာ ယူဆကြတယ်။ သဘောထားတွေ၊ ဟန်ပန် တွေ ၀ါသနာတွေ အချုပ်ပြောရရင် သင်ယူလေ့လာလို့ရနိုင်တဲ့ ခြင်းရာသတ္တိတွေကို အမွေ မဆက်ခံ နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ယူဆကြတယ်။

ဂျေ-ဘီ-၀ပ်ဆန် (J.B. Watson) ဆိုတဲ့ အပြုအမူပညာရှင် (Behaviorist) က သူ့ရဲ့ Behaviorist Manitesto (အပြုအမူဝါဒီ ကြေညာစာတမ်း)မှာ " ကျန်းမာသန်စွမ်းသော မွေးခါစကလေးငယ်များကို ကျွန်ုပ် တို့ လက်သို့သာ ယုံကြည်စွာ အပ်နှံပါ။ သူတို့၏ မိဘမျိုးရိုး မည်သို့ပင် ဖြစ်စေကာမူ သူတို့ကို ဆရာဝန်၊ တရားသူကြီး၊ ကုန်သည် သို့မဟုတ် ဂျပိုး၊ သူခိုး၊ သူတောင်းစားဖြစ်အောင် ကျွန်ုပ် ဖန်တီး ပြပါ့မယ်" လို့ ရဲရဲ ၀ံ့ဝံ ပြောခဲ့တယ်။ ဒီအဆိုကို ကျွန်မ လက်ခံတယ်။ ကျွန်မ ဇာတ်ကောင် ဆွေဦးရဲ့ ဘ၀လေး ဟာလည်း ပတ် ၀န်းကျင်ကြောင့် ပျက်စီးသွားရရှာတာပါ။ ဗီဇကြောင့် လုံးဝမဟုတ်ပါဘူး"
" ကျွန်တော် ဆိုလိုတဲ့ ဗီဇဆိုတာကို ဆရာမ သဘောပေါက်ပြီးသားပါ။ ဆရာမပြောတဲ့ အပြုအမူဝါဒီ ကြေညာ စာတမ်း ကိုတော့ ကျွန်တော် မလေ့လာဖူးပါဘူး။ ဒါ ရိုးရိုးသားသား ၀န်ခံတာပါ။ ပတ်ဝန်းကျင် တစ်ခုတည်း ကြောင့်တော့ ဒါတွေ ဖြစ်မလာနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ မြန်မာစကားတွေမှာလည်း ရှိသား ပဲ။ "မျိုးစေ့မမှန် ပင်မသန်" ကို "မစွမ်းရင်းကလည်း ရှိ၊ ကန်စွန်းခင်းကလည်း ငြိ" တို့ ဒါတွေ ကတော့ စကား အရ ပြောတာပါ။

ဒီအယူအဆနဲ့ ပတ်သက်ပြီး ကျွန်တော်က ဆရာမစမ်းစမ်းနွဲ့ (သာယာဝတီ)ရဲ့ အယူအဆနဲ့ ကိုက်ညီ တယ်။ သားစားတိရစ္ဆာန်မျိုးဖြစ်တဲ့ ကျားတို့၊ ခြင်္သေ့တို့ကို စိမ်းလန်းစိုပြည်တဲ့ မြက်ခင်းထဲမှာ ထားကြည့်ပါ။ သူတို့က အသားမစားရလို့ မြက်ကို စားမလား၊ မစားပါဘူး။ မျိုးရိုးဗီဇကိုက အသားစားမျိုးကိုး။ အဲဒီလိုပဲ မြက်မစား တဲ့ နွားစတဲ့ တိရစ္ဆာန်တွေကို မြက်မရှိတဲ့ နေရာမှာ တခြားတိရစ္ဆာန်တွေနဲ့ ရောထား ကြည့် ပါလား၊ သူတို့က မြက်မစားရတဲ့ အတွက် တခြား တိရစ္ဆာန်တွေရဲ့ အသားကို စားပါ့မလား၊ မစား ပါဘူး။
ကိုင်း ... ဒါတွေက တိရစ္ဆာန်တွေမို့ ထားလိုက်တော့။ လူတွေအကြောင်း ပြန်စဉ်းစားကြည့်၊ အောင်မြင် တယ်၊ ချမ်းသာတယ် လိုလေသေးသရွေ့ မရှိ လိုတရနေတဲ့ အမျိုးသမီးတချို့ ပျက်စီးနေတာကော၊ ဆရာမ ကြားဖူးမှာပေါ့။ သူတို့ကော ပတ်ဝန်းကျင်ကြောင့်လား "
" တစ်ထောင်မှာ တစ်ယောက်၊ တစ်သောင်းမှာ တစ်ယောက် ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကျွန်မတို့ ထည့်တွက် ဖို့ မလိုဘူး ထင်ပါတယ်။ အများစု ဖြစ်နေတာကတော့ ပတ်ဝန်းကျင်ကြောင့်လို့ပဲ ကျွန်မ ယုံကြည် ပါတယ် ကိုဝင်းငြိမ်း"
" ပတ်ဝန်းကျင် နဲ့ ဗီဇကတော့ ငြင်းရမယ်ဆိုရင် မဆုံးနိုင်လောက်အောင် ရှိလိမ့်မယ်။ ဒီတော့ နောက် တစ်ခု ကျွန်တော်တို့ ဆက်ကြရအောင်။

ဒဂုန်မဂ္ဂဇင်းမှာ ပါခဲ့တဲ့ "ရေပေါ်မှာ လွှားပါလို့" ထဲက ဇာတ်ကောင် ခြူးနီ၊ ဒီဝတ္ထုဖတ်ရတာ ကျွန်တော် တော် တော် စိတ်ထိခိုက်မိပါတယ်။ ၀ါးထမ်းတဲ့ လူငယ်လေးတစ်ယောက် ဂျင်းအင်္ကျီတစ်ထည် လိုချင်ရှာလို့ ရေထဲ မြုပ်နေတဲ့ မော်တော်အင်ဂျင် ကို ဆင်းဆယ်ရာကနေ အသက်စွန့်သွားရတယ်။ ခြူးနီကို ဆရာမ ဘယ်လို ဖန်တီးခဲ့တယ်ဆိုတာ ပြေပြစေချင်ပါတယ်"
" ကျွန်မတို့ အင်းဝမှာ ၀ါးအရောင်းအ၀ယ် လုပ်တဲ့ တောင်တော် ဆိပ်ကမ်းဆိုတာ ရှိတယ်။ အဲဒီမှာ ၀ါး လာဝယ်တဲ့ ကားတွေ၊ လှည်းတွေပေါ်ကို ၀ါးထိုးတဲ့ လူငယ်လေးတွေ အများကြီးပဲ။ အဲဒီလူငယ်လေးတွေ ထဲက အမြဲ အင်္ကျီတုံးလုံးချွတ် နဲ့ နေတတ်တဲ့ ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက် လူငယ်လေးတစ်ယောက်ရဲ့ စရိုက် နဲ့ ပိုက်ဆံ အတွက် မော်တော်အင်ဂျင် ဆင်းဆယ်ရင်း အသက်စွန့်သွားရတဲ့ လူငယ်တစ်ယောက်ရဲ့ တကယ့် အဖြစ်အပျက် ကို ပူးပေါင်းခံစားပြီး ခြူးနီကို ကျွန်မ ဖန်တီးခဲ့ပါတယ် "
" ဆရာမ အခု ၀တ္ထုတိုကော၊ ၀တ္ထုရှည်ပါ ရေးနေပြီဆိုတော့ ၀တ္ထုတိုနဲ့ ၀တ္ထုရှည်ရေးရတာ ဘယ်လို ကွာ ခြား ပါသလဲ "

" ၀တ္ထုတိုကတော့ အားအထုတ်ရဆုံးပါပဲ။ ၀တ္ထုရှည်ကတော့ အများအားဖြင့် ဇာတ်ကြောင်းကို ဆွဲဆန့်တာ မျိုး လို့ ပြောနိုင်ပေမယ့် ၀တ္ထုတိုတစ်ပုဒ်လို စည်းစည်းလုံးလုံး သိပ်သိပ်သည်းသည်းရှိပြီး ၀တ္ထုတိုကောင်း တစ်ပုဒ်ကို ဖတ်လိုက်ရတဲ့ အရသာမျိုး ပေးနိုင်တဲ့ ၀တ္ထုရှည်တွေလည်း ရှိပါတယ်။
ကျွန်မ အဲသလို ၀တ္ထုရှည်တွေကို အင်မတန် နှစ်သက်ပါတယ်။ ကျွန်မ ၀တ္ထုရှည်တွေကိုလည်း အဲလို ၀တ္ထု ရှည်မျိုး တွေလို ဖြစ်အောင် ကြိုးစားရေးပါတယ်။ ဒါကြောင့် ကျွန်မ အတွက်ကတော့ ၀တ္ထုတို အားထုတ်ရ သလိုပဲ ၀တ္ထုရှည်ကိုလည်း အားထုတ်ရပါတယ် "
" ဆရာမကို ကျွန်တော်က ဘ၀သရုပ်ဖော် စာရေးဆရာမလို့ ကင်ပွန်းတပ်မယ်ဆိုရင် ... "
" ဘ၀သရုပ်ဖော် ၀တ္ထုတွေကို ပီပြင်အောင် ကျွန်မ ကြိုးစားနေတုန်းပါပဲ ကိုဝင်းငြိမ်း "

" ဘ၀သရုပ်ဖော် ဇာတ်တွေ ရေးတဲ့သူတစ်ယောက်အနေနဲ့ တကယ်ပဲ ကိုယ်တိုင်က ဘ၀နာခဲ့ဖို့ လိုပါ သလား။ ဘ၀နဲ့ မနီးစပ်တဲ့၊ ကျွန်တော် ဆိုလိုတာက ဘ၀မှာ ဘာအခက်အခဲမှ ရင်မဆိုင်ခဲ့ရဖူးတဲ့ သူတစ် ယောက် အနေနဲ့ ဒီလိုစာမျိုး ရေးနိုင်ပါ့မလား "
" ကိုယ်တိုင်ဘ၀နာခဲ့ရတဲ့လူတွေက စာရေးတတ်မယ်ဆိုရင်တော့ သူတို့ဘ၀ထဲက တခြားသူ မသိနိုင်၊ မမြင် နိုင် တဲ့ ခံစားမှုတွေကို ပိုပြီး ရေးနိုင်၊ သရုပ်ဖော်နိုင်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။
ဒါပေမဲ့ ကိုဝင်းငြိမ်း၊ တော်လ်စတွိုင်းဟာ ပဒေသရာဇ် မိသားစုက ပေါက်ဖွားခဲ့တဲ့ မြေပိုင်ရှင် ကြီး တစ်ယောက် ဖြစ်ပေမယ့် အဖိနှိပ်ခံတွေဘက်က အမြဲ ရပ်တည်ပြီး ရေးသားခဲ့တဲ့ စာရေးဆရာ တစ်ယောက် ပါ။ ဂျက်လန် ဒန်ကျတော့ ဘ၀နာသူတစ်ယောက် ဖြစ်နေပြန်ရော။
ကျွန်မ ပြောချင်တာကတော့ စာရေးသူရဲ့ ရပ်တည်မှု၊ စာနာခံစားတတ်မှုပေါ်မှာ မူတည်နေတယ် ဆိုတာ ကို ပါတဲ့ "

" တချို့က ပြောတယ်၊ ဘ၀သရုပ်ဖော်စာပေ ဆိုတာ ဆင်းရဲတာ၊ ငတ်ပြတ်တာ၊ ကျပ်တည်းတာ တွေ ချည်းပဲ ရေးနေကြတာတဲ့။ ဒီလို ဆင်းရဲကျပ်တည်းတာကို သရုပ်ဖော် ရေးနေကြမယ့်အစား ဒီအကျပ်အတည်း က လွတ်မြောက်အောင် ဘယ်လို ရင်ဆိုင်ရုန်းကန်သင့်တယ် ဆိုတာတွေကို စာရေးဆရာ တွေအနေနဲ့ ရေးသင့် တယ်လို့ ဆိုတယ်။ ဒီအဆိုနဲ့ ပတ်သက်ပြီး ဆရာမ ဘယ်လို မြင်ပါသလဲ "
" ဒီနေရာ မှာ ဘ၀သရုပ်ဖော် စာပေဆိုတာ ဘာလဲ ဆိုတာကို ကျွန်မ ပြောချင်ပါတယ်။
ဘ၀သရုပ်ဖော်စာပေ ဆိုတာ စစ်မှန်တဲ့ လူမှုရေးဘ၀တွေကို ဖော်ထုတ်တင်ပြတဲ့ စာပေပါ။ Social Reality ပေါ့။ အဲဒီလို ဖော်ထုတ်ရေးသားကြတဲ့အခါမှာ လူမှုအဖွဲ့အစည်းမှာတွေ့မြင်နေရတဲ့ ဖြစ်ရပ်မှန်သမျှကို  ဣဋ္ဌာရုံပဲဖြစ်ဖြစ်၊ အနိဋ္ဌာရုံပဲ ဖြစ်ဖြစ် ရေးသားရမယ်။ လူနေမှု အဖွဲ့အစည်းတွင်းက လူမှု အစစ်အမှန် တရား တွေဟာ အခါခပ်သိမ်း မလှပနိုင်ဘူးလား။
ဒါပေမဲ့အဲဒီအမှန်တရားတွေကို အနုပညာတစ်ရပ်အနေနဲ့ တင်ပြတဲ့ နေရာမှာ ပုံတူကူးချသလို၊ သတင်းပေး သလို မဖြစ်သင့်ဘူး။ တင်ပြသူ အနုပညာရှင်ရဲ့ တီထွင်မှုနဲ့ စိတ်ကူး စိတ်သန်းတွေပါမှ အနုပညာလက်ရာ မြောက် မှာပေါ့။

ရုရှားရဲ့ သရုပ်မှန်ဝါဒဖခင် လို့ အသိအမှတ်ပြုထားတဲ့ စာရေးဆရာ ဝေဖန်ရေးဆရာ Belinsky က " အနုပညာ ဆိုတာ အနုပညာရှင်ဟာ ပြင်ပလောကကို မိတ္တူကူးပြီး တင်ပြတာဖြစ်ပြီး တီထွင်မှုပိုင်းမှာ အားနည်း နေတယ်။ အမှန်တရားကို ရောင်ပြန်ဟပ်တဲ့ နေရာမှာ အနုပညာရှင်ရဲ့ တီထွင်မှုပိုင်းဟာ ပါဝင်ရ မယ်" လို့ ပြောထားတာ ကျွန်မ ကြားဖူးပါတယ်။
သရုပ်မှန်ဝါဒ (Realism) နဲ့ ပတ်သက်တဲ့ စာတမ်းတစ်ခု ပြုစုတဲ့ ရုရှားစာရေးဆရာ၊ ဝေဖန်ရေးဆရာ Chery Shevsky ကလည်း "ဘ၀သို့မဟုတ် အနုပညာရှင်ရဲ့ စိတ်ကူး၊ စိတ်သန်းဟာ ပါဝင်နေတယ်။ အစစ်အမှန် တရားကို ရောင်ပြန်ဟပ်တဲ့နေရာမှာ သိပ္ပံပညာဟာ သိပ္ပံဆိုင်ရာ အသိပညာများကို အသုံး ပြုသလို အနုပညာ ဟာ အနုပညာဆိုင်ရာ နိမိတ်ပုံကို အသုံးပြုပါသတဲ့ "။
ဒါကြောင့်မို့ ကျွန်မ ရေးတဲ့ ၀တ္ထုတွေမှာ လူမှုဘ၀ အစစ်အမှန်တရားတွေကို ကျွန်မတွေ့ခဲ့၊ မြင်ခဲ့။ ကြုံခဲ့၊ ကြား ခဲ့တာတွေနဲ့ ကျွန်မရဲ့ တိထွင်မှု စိတ်ကူးစိတ်သန်းတွေကို ရောမွှေပြီး အနုပညာမြောက်အောင် ကြိုးစား ဖန်တီးပါတယ်။

တစ်နည်းအားဖြင့် "၀တ္ထုအတတ်ပညာ" လို့ ခေါ်နိုင်တဲ့ အနုပညာတီထွင်မှု စိတ်ကူး စိတ်သန်းတွေကို ဘ၀ သရုပ်ဖော် ၀တ္ထုတွေမှာ ထည့်တဲ့အခါမှာ အမျိုးမျိုးသော အနုပညာတီထွင်မှုတွေနဲ့ အနုပညာ လက်ရာ မြောက်အောင် ဖန်တီးထည့်သွင်းကြပါလိမ့်မယ်။

ကျွန်မကတော့ ကျွန်မ ၀တ္ထုထဲက ဇာတ်ကောင်တွေ သူတို့ရဲ့ ဘ၀တွေကို စာဖတ်သူက "ဒီလို ဘ၀တွေ ရှိပါလား" လို့ သိလာအောင် အဲဒီကတစ်ဆင့် သူတို့ဘ၀တွေကို စာနာတတ်လာအောင်၊ နောက်ဆုံးအဆင့် ကိုယ်ခံအား ကောင်းရင် ကောင်းသလို အတိုင်းအတာ တစ်ခုအထိ တွေးယူတတ်အောင် ကျွန်မ ကြိုးစား ဖန်တီး ပါတယ်။
နောက်တစ်ဆင့် ကိုဝင်းငြိမ်းပြောတဲ့ အကျပ်အတည်းက လွတ်မြောက်အောင် ဘယ်လို ရင်ဆိုင် ရုန်းကန်သင့်တယ်ဆိုတာမျိုးကို ရေးတာကတော့ Socialist Realismပေါ့။ ရုရှားစာရေးဆရာကြီး ဂေါ်ကီ က စတင်တွေ့ရှိခဲ့ပါတယ်။ ဆိုရှယ်လစ် သရုပ်မှန်ဝါဒဟာ ဆိုရှယ်လစ်အမြင်ကို လက်ကိုင်ပြုပြီး ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်ရေးကို ရှေးရှုတည်ဆောက်နေတဲ့ ၀ါဒတစ်ခုပါ။ ဒီလို စာပေမျိုးဟာ အလွန်အဆင့်မြင့်တဲ့ စာပေဖြစ်ပါတယ်။ ဆိုရှယ်လစ် သရုပ်မှန်ဝါဒဟာ သရုပ်မှန်နည်းစနစ်ပိုင်း Realist Methodကို အလေးမထားဘဲ အနုပညာရှင်များ ခံယူရတဲ့ သဘောထားပိုင်း (ဒါမှမဟုတ်) ဆိုရှယ်လစ်အမြင် ပိုင်း Socialist Outlookကို အဓိကထားသင့်တယ်လို့ "အန့်ဖစ်ရှာ" (Ernst Fisher) ကပြောခဲ့ဖူးတာပဲ။

အနုပညာဆိုတာ လူမှုစီးပွားရေးအခြေအနေနဲ့ ရောင်ပြန်ဟပ်ချက် ဖြစ်တယ်လို့ ပြောခဲ့ကြတယ်လေ။ ဒီလို စာပေမျိုးဟာ အဆင့်အတန်း အမြင့်ဆုံးစာပေပဲ။ ဒီစာပေမျိုးကို ကျွန်မ လက်ခံကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီစာပေမျိုး ရေးခွင့်ရဖို့ ကျွန်မတို့အနေနဲ့ အများကြီး ကြိုးစားရဦးမှာပါ"
" လုံးချင်းဝတ္ထုတွေ မရေတွက်နိုင်အောင် ရေးခဲ့ပါတယ် ဆိုတဲ့ ဆရာတစ်ဦးက ဒီနေ့ မြန်မာစာပေ လောကမှာ လုံးချင်းဝတ္ထု ဈေးကွက် ကျဆင်းလာတာဟာ စာရေးဆရာတွေ ကိုယ်တိုင်က အရေးအသား ညံ့လာလို့လို့ ဆိုတယ်။ ဆရာမ ဘယ်လို မြင်ပါသလဲ "
" ဒီပြဿနာကို ကျွန်မ မစဉ်းစားဖူးသေးတဲ့အတွက် ကျွန်မနဲ့အတူ ကိုဝင်းငြိမ်းပါ စဉ်းစားကြည့်စမ်းပါလား၊ အရင်ခေတ်က ရေးခဲ့ကြတဲ့ စာရေးဆရာကြီးတွေရဲ့ စာတွေထက် ခုခေတ် ရေးနေကြတဲ့ ဆရာ။ ဆရာမတွေ ဖြစ်တဲ့ ဒဂုန်တာရာ၊ မောင်သာရ၊ ခင်ဆွေဦး၊ မိုးမိုး(အင်းလျား)၊ မစန္ဒာ၊ စမ်းစမ်းနွဲ့ (သာယာဝတီ) တို့ စာတွေက ပိုညံ့လာလို့လား၊ ကျွန်မတော့ မထင်ပါဘူး။ ကိုဝင်းငြိမ်းကော ဘယ်လို ထင်ပါသလဲ "

" လက်လှမ်းမီသလောက် ကျွန်တော်တို့ ဖတ်ခဲ့ရသလောက်တော့ ဒီနေ့ ဆရာ၊ ဆရာမတွေရဲ့ အရေးအသား၊ တင်ပြပုံ အကြောင်းအရာတွေဟာ ဟိုခေတ်က ဆရာကြီးတွေထက် ညံ့တယ်လို့ မထင် ပါဘူး။ အနုပညာကို ဘယ်လိုစံနဲ့ တိုင်းတာပြီး ဒီနေ့ ဆရာ ဆရာမတွေရဲ့ စာတွေဟာ "ညံ့"လာတယ်လို့ ပြောတယ် ဆိုတာတော့ ကျွန်တော်လည်း မစဉ်းစားတတ်တော့ဘူး။ တစ်ခုတော့ ရှိပါ တယ်။ အဲဒီ လုံးချင်းဝတ္ထု မရေမတွက်နိုင်အောင် ရေးခဲ့တဲ့ ဆရာရဲ့ ၀တ္ထုတွေ ဒီနေ့ ဈေးကွက်မှ မရှိတာတော့ အမှန် ပါပဲ။

ဆရာမက အခု တက္ကသိုလ်အ၀န်းအ၀ိုင်းမှာ လှုပ်ရှားနေတဲ့သူဆိုတော့ ဒီနေ့ တက္ကသိုလ်တွေမှာ စာပေလှုပ် ရှားမှုနဲ့ ဟိုတုန်းက လှုပ်ရှားမှု အခြေအနေ နှိုင်းယှဉ်ကြည့်ရင် ... "
" အရင်ခေတ် တက္ကသိုလ်ရဲ့ စာပေလှုပ်ရှားမှုဟာ မြန်မာနိုင်ငံရေးသမိုင်းနဲ့ တစ်နည်းမဟုတ် တစ်နည်း ဆက်စပ်နေတယ်လို့ ကျွန်မ မြင်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ် မြောက်ရေး၊ ဒီမိုကရေစီရေးတွေရဲ့ ရောင်ပြန်ဟပ်ချက်တွေဟာ တက္ကသိုလ်စာပေလှုပ်ရှားမှုမှာ ထင်ဟပ် နေခဲ့တယ်။ ရေးဝရာ ပလက်ဖောင်းကလည်း တက္ကသိုလ်ထဲမှာကို အများကြီးရှိတယ်။ ခုချိန်မှာတော့ ဌာနဆိုင်ရာ နံရံကပ်စာစောင်လေးတွေနဲ့ တစ်နှစ်တစ်ခါသာ ထုတ်ဝေတဲ့ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်း ဆိုတာလေးကိုပဲ အားကိုးနေကြရတယ်။ ဘာပဲပြောပြော တက္ကသိုလ် စာပေလှုပ်ရှားမှုဟာ "အတိဇာတ အစဉ်အလာ" ရှိတယ်လို့ ကျွန်မ လေးလေးနက်နက် ယုံကြည်ပါတယ်"
" ဆရာမ ဘယ်သူ ရေးတဲ့စာတွေ ဖတ်လေ့ရှိပါသလဲ "

" အပေါစား အချစ်ဝတ္ထု၊ အပေါစား စုံထောက်ဝတ္ထု၊ သိုင်းဝတ္ထုစတဲ့ အပစ်အခတ် အညှစ်အသတ်၊ အညစ်အပတ် စာတွေကလွဲရင် တခြား ဘယ်သူရေးတဲ့ စာပဲဖြစ်ဖြစ် အားလုံးဖတ်ပါတယ်"
" ဆရာမကြီး ကြည်အေးရဲ့ စာတွေကော ဖတ်ဖြစ်ပါသလား။ ဆရာမရဲ့ တချို့စက္ကူတွေမှာ ကြည်အေးပုံစံ ၀င်လာတယ် လို့ မြင်ကြတယ် "
" စာရေးဆရာမကြီး ကြည်အေးရဲ့ စာတွေ၊ ကဗျာတွေအားလုံးကို ကျွန်မ ဖတ်ဖူးပါတယ်။ ဒါပေမဲ့ ခုချိန်မှ ဖြစ်နေကြတဲ့ "ကြည်အေး ရောဂါသည်" တွေထဲမှာ ကျွန်မ လုံးဝ မပါပါဘူး။ ကျွန်မမှာ ကြည်အေးရောဂါ သရိုးသရီ ကလေးတောင် မဖြစ်ပါဘူး။
ကျွန်မ စာတွေမှာ ကြည်အေးပုံစံ ၀င်လာတယ်လို့ မြင်ကြတယ်ဆိုတဲ့ အချက်ကတော့ ကျွန်မ စာတွေနဲ့ ပတ်သက်ပြီး မြင်ကြတဲ့ တုံ့ပြန်ချက်တွေမှာ အသစ်ပါပဲ။ သူတို့စာများ မှားဖတ်မိလေသလား၊ ဒါမှ မဟ်ုတ် စာတိုင်းကို "ကြည်အေး မျက်မှန်" တပ်ပြီး ဖတ်နေကြရော့သလား "

" ကျေးဇူးပါပဲ ဆရာမ၊ နောက်ဆုံးတစ်ခု မေးချင်ပါသေးတယ်။ ရှေ့လျှောက် စာပေနဲ့ ပတ်သက်ပြီး ထားရှိမယ့် ဆရာမရဲ့ ခံယူချက် "
" ကျွန်မကတော့ ဘ၀သရုပ်ဖော်စာပေတွေပဲ အစဉ်တစိုက် ရေးသားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ နောက်တစ်ခုက အဆင်ပြေနေတဲ့ မြို့ပြလူနေမှုဘ၀ထဲမှာ နေထိုင်သူ တချို့က ကျွန်မ၀တ္ထုတွေရဲ့ ဇာတ်ကောင်စရိုက်၊ ဘ၀၊ အဖြစ်အပျက်တွေဟာ တကယ်မရှိတဲ့ စိတ်ကူးယဉ် အဖြစ်အပျက်တွေ၊ စိတ်ကွန့် မြူးရေးသားချက်တွေလို့ ထင်ကြတယ်။ သူတို့ရဲ့ လက်ရှိဘ၀နဲ့ အလှမ်းကွာဝေးလွန်းတာကိုး။
အဲဒီသူတွေနဲ့တကွ အားလုံးသော ပြည်သူတွေကို ဒီလို ဘ၀တွေဟာ တကယ် ရှိပါလား။ တကယ်ဖြစ်ပျက် နေတာပါလား ဆိုတာကို ကျွန်မ သိစေချင်ပါတယ်။ တကယ်ရှိတဲ့ အဲဒီဘ၀တွေက လူသားတွေကို စာနာ တတ် စေချင်တယ်။

ဟိုသီချင်းထဲကလိုပေါ့ " သင် ကြုံကြိုက်လို့ ရောက်ရှိတဲ့အခါ ရှာကြည့်စမ်းပါ" လို့ ကျွန်မက ပြော ချင်တယ်။ မြင်တတ်ရင် သဲသဲကွဲကွဲ မြင်တွေ့နိုင်ပါတယ်။ ဒါပါပဲ ကိုဝင်းငြိမ်း ... ကျေးဇူးတင်ပါတယ် "
" ဟုတ်ကဲ့ ဆရာမ။ မေးခွန်းအားလုံးကို စိတ်ရှည်လက်ရှည် ဖြေပေးသွားတဲ့အတွက်ရော၊ ဆရာမ ခံယူထား တဲ့ စာပေဆိုင်ရာ အတွေးအခေါ်တွေကိုပါ တစ်စိတ်တစ်ဒေသ သိခွင့်ရလိုက်တဲ့အတွက် စာဖတ်သူ များ ကိုယ်စား၊ စာတည်းအဖွဲ့ကိုယ်စား ကျေးဇူးတင်ပါတယ် "

ပေဖူးလွှာမဂ္ဂဇင်း၊ အမှတ်-၄၈၊ မေလ၊ ၁၉၈၅ ခုနှစ်။
ခိုင့် သူငယ်ချင်း . မောင် . သို့မဟုတ်
တက္ကသိုလ်ဘုန်းနိုင်

ဘ၀ဟူသည် သစ်ရွက်နှင့် ပမာပုံခိုင်း၍ နှိုင်းစတမ်း ဆိုပါလျှင် ...
တစ်ရိုးတံမှာ အလွှာငယ် တစ်ဆယ်မကနှင့် ကြွယ်ဝလှသော စိန်ပန်းရွက်နှင့် ဘ၀မျိုးလည်းရှိသည်။
တစ်ညှာ တွင် တစ်လွှာရှိ ဤအလွှာပင် တစ်ရွက်မည်သော ညောင်ရွက်ကဲ့သို့ ဘ၀မျိုးလည်း ရှိပါ၏။
ခိုင် နှင့် ကျွန်တော့် ဘ၀မှာမူ ...
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရမည့် စွယ်တော်ရွက်ပမာ ဖြစ်ခဲ့ရသည်။ တစ်လွှာကြွေခဲ့လေပြီမို့ တစ်ရွက် မမည် လေတော့သော အထီးကျန် ဤဘ၀၀ယ် ...

လေးနှစ်သား ပေဖူးလွှာ၏ နှစ်ပတ်လည် အထူးထုတ်အတွက် ဆရာ တက္ကသိုလ်ဘုန်းနိုင်နှင့် တွေ့ဆုံ ပေးရန် စာတည်းအဖွဲ့မှ စီစဉ်ကြသောအခါ အထက်ပါ စာပိုဒ်ကလေးကို ကျွန်တော် ပြန်ရွက်မိပါသည်။ စွယ်တော် ရွက်ကလေးများကို စာအုပ်ကြားညှပ်ကာ ခိုင့်အား တမ်းတကာ စာပိုဒ်ကလေးများအလွတ် ကျက်မှတ် ကြသည်အထိ ဆရာ့ "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ခိုင်" သည် စာဖတ်ပရိသတ်အပေါ် လွှ့မ်းမိုး နေရာယူခဲ့ နိုင်ပါသည်။

" သူ့ကျွန်မခံပြီ၊ ပိတောက်ပွင့်ဆဲ လသာဆဲဝယ်၊ လွမ်းတေးမဆုံးစေနှင့် စောသခင်၊ ကမ္ဘာကုန် ကျယ် သရွေ့၊ စိမ်းနေဦးမည့် ကျွန်တော့်မြေ၊ မိုးညအိပ်မက်မြူ၊ တစ်ပြည်သူ မရွှေထား" စသည့် စသည့် ၀တ္ထု ပေါင်းများစွာ တို့အနက် ဆရာသည် "နှင်းငွေ့တထောင့် မိုးတမှောင့်" ၀တ္ထုဖြင့် အမျိုးသားစာပေဆု ဆွတ်ခူး ရခဲ့သူ ဖြစ်ပါ သည်။
မော်လမြိုင်ကောလိပ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဆရာ ရန်ကုန်သို့ လုပ်ငန်း တာဝန်ဖြင့် ရောက်ရှိလာခိုက် စာတည်းချုပ် အိမ်တွင် ကျွန်တော်နှင့် တွေ့ဆုံဖြစ်ခဲ့ကြ၏။ ဆရာနှင့် တွေ့လျှင် မေးရန် တေးမှတ်ထားသော မေးခွန်းများကလည်း ခါတိုင်းထက် များနေသည် တစ်ကြောင်း၊ ဆရာ ကိုယ်တိုင်က စိတ်ဝင်တစား ပြောပြနေသည်ကို တွေ့ရသည်က တစ်ကြောင်၊ ထို့ကြောင့် ကျွန်တော် တို့ အနီးတွင် ထိုင်နိားထောင်နေသော စာတည်းချုပ်က လိုအပ်ပါလျှင် ဆရာနှင့် တွေ့ဆုံပေးခြင်းကို နှစ်လ ဆက်ထည့်ရန် ခွင့်ပြုချက်ပေးလိုက်ပါသည်။ ထို့ကြောင့်ပင် စာချစ်သူများ အားပါးတရ ဖတ်နိုင်ရန် ဆရာ ပြောခဲ့သည်များကို အဖြတ်အတောက်မရှိဘဲ တင်ပြလိုက်နိုင်ပါသည်။ ဆရာ နှင့် ကျွန်တော် ပြောခဲ့ ကြသည် တို့မှာ ...။

" ဆရာ့ဝတ္ထုတွေ တော်တော်များများ ဖတ်ခဲ့တာဆိုတော့ ကျွန်တော် ဆွေးနွေးချင်တာလေးတွေက တော် တော် များများ ရှိနေပါတယ်ဆရာ။ စာတည်းချုပ်ကလည်း ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ဖို့ ခွင့်ပြုထားတယ် ဆိုတော့ ကျွန်တော်တို့ အားပါးတရ ပြောကြတာပေါ့။ ပထမ ကျွန်တော် သိချင်တာကတော့ ဆရာ့ ကလောင် အတ္ထုပ္ပတ္တိလို့ ဆိုရင်လည်း မမှားနိုင်တဲ့ ဆရာ စာပေလောကထဲ ၀င်ရောက်လာပုံပေါ့ ဆရာ"

" စာပေလောကထဲ ၀င်ရောက်လာပုံ ဆိုတာကတော့ တော်တော်ကျယ်ဝန်းပါတယ်။ စာပေ မွေ့လျော် လာပုံက စ လိုက်ကြရအောင်။ ဆရာက အကြောင်းကြောင်းကြောင့် ငယ်ငယ်ကတည်းက စာအုပ် တွေနဲ့ နီးစပ်တယ်။ အစကတော့ ဇိနတ္ထပကာသနီတို့၊ ဇာတ်ကြီးဆယ်ဘွဲ့တို့က စ ဖတ်ဖြစ်တယ်။ ဒီအတွက်လည်း အကျိုးကျေးဇူး ရှိပါတယ်။ ဘယ်လို ပြောရမလဲဆိုရင် ဗုဒ္ဓဘာသာအနေနဲ့ ပြောရရင်တော့ လွယ်ပါတယ်။ ပါရမီ ဆိုတာပေါ့။ ကျန်တဲ့ကလေးတွေက ဆော့ကစားရတာနဲ့ ပျော်တယ်။ ဆရာကတော့ စာပေနြ့ နေရတာပျော်တယ်။ ဘယ်အချိန်က စ ပျော်သလဲ ဆိုတော့ ငါးနှစ်သား၊ ခြောက်နှစ်သားလောက်က စ ပျော် တာပဲ။ ဟိုစာဖတ်၊ ဒီစာဖတ် နေရင်း ထူးဆန်းတာက ဆရာ ရှစ်နှစ်သားလောက်မှာ ကဗျာ စ စပ်တတ် တာပဲ၊ လေးလုံးတစ်ပုဒ်ပေါ့။

ကိုးနှစ်သားလောက်ကျတော့ ၀တ္ထု စရေးတယ်။ ဒီနေရာမှာ ဆန်းတာက ဆရာတစ်ယောက်တည်း မဟုတ်ဘူး။ ဆရာ့အစ်မ၀မ်းကွဲ ယုဝတီခင်ဦးကလည်း ငယ်ငယ်ကတည်းက စ ၀တ္ထုရေးတာပဲ။ ဆရာ့ အဖေ က အားပေးသလို ဦးလေး (ယုဝတီခင်ဦး အဖေ)ကလည်း အားပေးတယ်။ အိမ်မှာ ဒဂုန်မဂ္ဂဇင်းတို့၊ ဘာတို့ အကုန်ရှိတယ်။ ဟိုခေတ်က ၀တ္ထုရေးတယ် ဆိုတာက လူကြီးတွေက အားမပေးတဲ့အပြင် ရှုတ်ချတဲ့ ခေတ်ပဲ။ အထူးသဖြင့် ဒီအရွယ်ကလေးတွေနဲ့ ၀တ္ထုရေးတယ်ဆိုရင် ပိုဆိုးတာပေါ့။ ဒါပေမဲ့ ဆရာ့အဖေနဲ့ ဦးလေး ကတော့ မရှုတ်ချဘူး။ အားပေးတယ်။ မောင်နှမနှစ်ယောက် ကိုးနှစ်သား၊ ကိုးနှစ်သမီးကတည်းက ၀တ္ထု ရေးခဲ့ကြတာပဲ။ အဲဒီတော့ ကြီးလာရင် ဘာဖြစ်မယ်ဆိုတဲ့ ကိုယ့်အိပ်မက်က စာရေးဆရာပဲ။ အဲဒီ အရွယ် ကတည်းက ဆရာတို့မှာ ကလောင်နာမည် ရှိတယ်။ ဆရာ့အစ်မက ရီရီလှ၊ သူက သူ့ကိုယ်သူ "ဒဂုန်ရီရီလှ" လို့ ကလောင်နာမည် ပေးတယ်။ ဆရာ့မူလနာမည်က "ဖေသိန်း" ဆိုတော့ ကလေးနာမည် ကို "ဒဂုန်သိန်း" လို့ပေးတယ်။

ရှစ်နှစ်။ ကိုးနှစ်သားကတည်းက စာပေ ဖတ်ရင်းကနေ မြတ်နိုးလာတယ်။ မြတ်နိုးရာကနေ ဖန်တီးချင်လာ တယ်။ ဒါက တစ်ချက်။ နောက်တစ်ချက်က ဆရာ စာပေဟောပြောပွဲတွေမှာလည်း ဟောပြောလေ့ ရှိပါတယ်။ စာရေးဆရာ ဖြစ်မယ့်လူနဲ့ ကျန်တဲ့သူတွေနဲ့ ဘာကွာတာလဲ။ စာရေးဆရာ ဖြစ်မယ့်သူက တခြား သူတွေထက် ထူးပြီး ဥာဏ်ကောင်းတဲ့သူ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေရဲ့ အထက်မှာ ရှိတဲ့ သူလည်း မဟုတ်ပါဘူး။ သူလည်း လူထဲက လူပါပဲ။ ဒါပေမဲ့ ကျန်တဲ့လူနဲ့ ဘာကွာခြားသလဲဆိုတော့ အင်္ဂလိပ်လိုတော့ Sensitivity ခေါ်တယ်။ စာရေးဆရာ ဖြစ်မယ့်သူက Very Sensitive ဖြစ်တယ်။ မြန်မာလို ပြောရရင်တော့ သူ့ရဲ့ အာရုံတရားတွေက တခြားသူတွေထက် ထက်မြက်တတ်တယ်။ သူများ နားမထောင် မိတာကို သူက နားထောင်မိတတ်တယ်။ သူများ မမြင်မိတာကို မြင်မိတတ်တယ်။ သူများ မခံစား တတ်တာကို ခံစားတတ်တယ်။ ဒါကို ဆရာတို့က အာရုံတရား ထက်မြက်တယ်လို့ ခေါ်တယ်။

ဆရာက ငါးနှစ်သား၊ ခြောက်နှစ်သားလောက်ကတည်းက ပန်းကလေးတွေ ပွင့်တာ၊ နေထွက်တာ၊ နေ၀င်တာ၊ နှင်းကလေးတွေ ကျတာ ဂရုစိုက်ကြည့်တတ်တယ်။ လ ဘယ်လို သာလဲ၊ လ ဘယ်လို ၀င်သွား သလဲ၊ သစ်ရွက်ကလေးတွေ ဘယ်လို ကြွေသွားသလဲ။ အဲဒ်လေးတွေကို အဲဒီအရွယ်ကတည်းက မြတ်နိုး တတ် ခဲ့တယ်။ သနားစရာ မြင်ရင်လည်း သိပ်ပြီး သနားတတ်တယ်။ စိတ်ဆိုးစရာ တွေ့ရင်လည်း သိပ်စိတ် ဆိုး တတ်တယ်။ ဒါက ရုပ်ပတ်ဝန်းကျင်ပိုင်းပေါ့။

လူမှုပတ်ဝန်းကျင်ပိုင်းကျပြန်တော့လည်း ဆင်းရဲတဲ့ ကလေးတွေကိုလည်း စိတ်ဝင်စားတာပဲ။ ချမ်းသာတဲ့ ကလေးကိုလည်း စိတ်ဝင်စားတာပဲ။ ဒုက္ခရောက်နေတဲ့ သူကို တွေ့ရင်သနားတယ်၊ ချမ်းသာတဲ့သူကို တွေ့ရင် ၀မ်းသာတယ်၊ အားကျတယ်၊ တော်တဲ့သူတွေ့ရင်လည်း ၀မ်းသာတယ်၊ အားကျတယ်။ အဲဒါကြောင့် ဆရာတို့က တစ်နည်း ပြောရရင် ဘ၀ကို ပြည့်ပြည့်၀၀ ခံစားတတ်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစား ကြည့်တော့ ဆရာ ငါးနှစ်သား၊ ခြောက်နှစ်သားလောက်ကတည်းက တချို့ ဆယ့်ခြောက်နှစ် သား၊ ဆယ့်ခုနှစ်သားလောက်မှ ခံစားတတ်တာမျိုး ခံစားတတ်နေတယ်။ အဲဒီကနေပြီးတော့ ကိုယ် ခံစားတတ်တာ တင် မရပ်ပါဘူး။ ကိုယ် ခံစားလို့ရတာကို ပြောပြချင်တယ်။ အဲဒီလို ပြောချင်တာကနေ စာရေးဖြစ်သွားတာပဲ။ ဆရာ ဆယ့်နှစ်နှစ်သားအရွယ်မှာ ဆယ့်ခုနစ်နှစ်သားတွေအတွက် ရည်းစားစာ ရေးပေး နေရပြီ။ စာရေးကောင်းနေတာကိုး။

စာရေးတာနဲ့ ဖတ်တာနဲ့က ဆက်နွယ်နေတယ်။ ဖတ်တယ်။ ပြီးတော့ သူတို့လို ရေးတတ်အောင် ကြိုးစား တယ်။ ရတယ်။ အဲဒီတော့ ၁၂ နှစ်၊ ၁၃ နှစ်လောက်ကတည်းက စာရေးကောင်းနေပြီ။ ဒါပေမဲ့ စာအုပ် ထုတ် လိုက်မယ် ဘာညာ ရည်ရွယ်ချက် မရှိသေးပါဘူး။ အဲဒီလိုနေရင်းက ဂျပန်ခေတ် ရောက်လာတော့ ဆရာ့ အတွက် ပိုတိုးတက်လာတယ်လို့ ပြောရမယ်။ အဲဒီခေတ်က ကျောင်းတွေ မရှိတော့ လက်လှမ်း မီသမျှ ကျမ်း တွေ လျှောက်ဖတ်တယ်။ အဲဒီတော့ စောစောက ဆရာ ပြောခဲ့သလို ရှစ်နှစ်သား လောက်ကတည်းက ကဗျာ စပ်တယ်ဆိုပေမယ့် စနစ်ကျတာတော့ မဟုတ်သေးဘူးပေါ့။ ကိုယ့်ပါရမီနဲ့ ကိုယ် စပ်တာပဲ။ ဒါက ရသပဲ၊ ဒါက ဒေါသ၊ ဒါက အလင်္ကာ၊ ဒါတွေ ဘာမှ နားမလည်ဘူး။ ဘယ်တော့မှ နားလည်သလဲဆိုတော့ ဆရာကြီး ဒဂုန်ဦးစန်းငွေတို့၊ ဒဂုန်ဦးမိုးသစ်တို့ တည်းဖြတ်တဲ့ ကဗျာရေးနည်း ကျမ်းတွေ ဖတ်ရတော့မှ စနစ်တကျ တတ်လာတာပဲ။

အဲဒီစာအုပ်တွေက ဖော်ပြထားတဲ့ နည်းစနစ်တွေအတိုင်း ကြိုးစားစပ်တယ်။ ၁၆ နှစ်သားလောက်မှာကျ တော့ ဒွေးချိုး၊ လေးချိုး၊ တေးထပ်တွေ အသာထားလိုက်တော့၊ ပိုဒ်စုံရတုကို ကောင်းကောင်း စပ်တတ် နေပြီ။ စိတ်ထဲမှာ နတ်သျှင်နောင်တို့ ဘယ်သူတို့ရဲ့ ဟန်မျိုးတွေ မရရင် မကျေနပ်ဘူး။ ရှေးရတု ဆရာကြီး တွေ သုံးတဲ့ဟန်ပန်မျိုးတွေ ပါလာအောင် အတော်ကြိုးစားရတယ်။ အဲဒီကနေပြီးတော့ ကျောင်းမဂ္ဂဇင်း မှာတော့ ရေးနေပြီပေါ့လေ။ ရန်ကုန်မှာ မဟုတ်တော့ စာပေနယ်နဲ့လည်း အလှမ်းက ဝေးနေသေးတာပေါ့။
၁၉၄၈ ခုနှစ် တက္ကသိုလ် ရောက်လာတော့ ရှုမ၀မဂ္ဂဇင်းကို "ဒွိဟ" ဆိုတဲ့ ကဗျာကလေး ပို့လိုက်တော့ တစ်ခါပို့ တစ်ခါ စွံသွားတာပဲ"
" ဆရာ အဲဒီတုန်းက ကလောင်နာမည်က ... "
" တက္ကသိုလ်ဘုန်းနိုင်ပဲ ။

ရှုမ၀မှာ ကဗျာနဲ့ အောင်မြင်တော့ ရှုမ၀ကလည်း ကဗျာပဲ လက်ခံတယ်။ ၀တ္ထုတိုပို့လည်း ပယ်တာပဲ။ ၀တ္ထု ရှည် ပို့ လည်း ပယ်တာပဲ။ ပယ်ခံရတာ အားလုံး ၇၅ ပုဒ်ရှိတယ်။ တစ်ကြောင်းကတော့ ဆရာ စဉ်းစား ကြည့် တယ်။ ၀တ္ထုတိုဆိုရင် သူတို့ သုံးကောင်းသုံးလိမ့်မ်။ ၀တ္ထုရှည် ဆိုတာတော့ နာမည်မရသေးတဲ့ သူတစ်ယောက် အတွက် နေရာ ဘယ်ပေးနိုင်ပါ့မလဲ။ ၀တ္ထုလိုင်းမှာ မအောင်မြင်ပေမယ့် ဘာသာပြန် ကျတော့ ရှုမ၀က ထည့်ပေးပြန်ရော။
ဆရာက ဘာသာပြန် မရေးချင်ဘူး။ Adaptation တွေ ဘာတွေလည်း မလုပ်ချင်ဘူး။ ကိုယ်ပိုင်ပဲ ရေးချင် တယ်။ ဆိုကြပါစို့။ စာပေနယ်မှာ အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ တစ်ဖက်က ဘ၀မှာလည်း အရှုံးကြီး ရှုံးနေတယ်။ ဆရာ့ မိဘတွေက ချမ်းသာတာ မဟုတ်ဘူး။ သူတို့က တက္ကသိုလ်ကို ကြိုးစားပို့ပေး တာ။ ပညာသင်၊ ဘွဲ့ရပြီးရင် အလုပ်လုပ်ဖို့ပဲ၊ ဆရာက စာပေနယ်ထဲ လျှောက်မျောနေပြီး ဟိုမရောက် ဒီမရောက် ဖြစ်နေတယ်။ ဒါနဲ့ မအောင်မြင်တဲ့ စာပေလောကကိုတော့ တော်ပြီဆိုပြီး ၁၉၅၂ ခုနှစ် ကဆုန်လ မှာ ထုတ်တဲ့ ရှုမ၀မဂ္ဂဇင်းမှာ (ထင်တယ်) " နောက်ဆုံးဆုတောင်း" ဆိုတဲ့ ကဗျာတစ်ပုဒ် ပို့လိုက်တယ်။ ဒီကဗျာရဲ့ ရည်ရွယ်ချက်ကတော့ လောကကို စိတ်နာတဲ့သလော၊ သံဝေဂယူတဲ့ သဘော ပါတယ်။ ဒီကဗျာ ဟာ ဆရာ့အတွက် စာပေနယ် နောက်ဆုံးပဲလို့ သဘောထားခဲ့မိတယ်။

ဒီကဗျာ ပါပြီးတဲ့နောက် ဆရာ စာထပ်မရေးတော့ဘူး။ စာပဲ ကြိုးစားနေခဲံတယ်။ အသေအလဲ ကြိုးစား လိုက် တော့ ဂုဏ်ထူးတန်းမှာ ပထမတန်းရတယ်။ ဆရာတို့ခေတ်ကတော့ ဂုဏ်ထူးတန်း ရတာ ငါးယောက်ပဲ ရှိတယ်။ စိတ်ပညာဘက် ဖိလိုက်စားခဲ့တယ်။ အဲဒီတုန်းကတော့ စာပေနယ်ဘက်ကို ပြန်ဝင်မယ် ဆိုတဲ့ ရည်ရွယ်ချက် လုံးဝကို မရှိခဲ့ဘူး။ မန္တလေးတက္ကသိုလ်မှာ လက်ထောက်ကထိက ဌာနမှူး လုပ် နေခဲ့တယ်။ စာသာ မရေးတော့တာ၊ စာပေနဲ့မကင်းတဲ့ အလုပ်ဖြစ်တဲ့ စာဖတ်တာကို ပိုလုပ်နိုင် လာတယ်။ ဘွဲ့ဒီဂရီ က ပြည့်စုံသွားတာကလည်း တစ်ကြောင်း၊ ဆရာ တစ်ယောက် ဖြစ်လာတော့ တက္ကသိုလ် စာကြည့်တိုက် ကို ကြိုက်သလို သုံးနိုင်တာကလည်း တစ်ကြောင်းကြောင့် စာပိုဖတ်ဖြစ် လာတယ်။
စာများများ ဖတ်လေလေ ရေးစရာတွေ တွေ့လေလေ ဖြစ်လာတယ်။ စာမရေးတော့ပါဘူးဆိုပေမယ့် ဆရာ့ မှာ ရောဂါလို ဖြစ်နေတာက အချိန် နှစ်ချိန်မှာ စာမရေးဘဲ မနေနိုင်တာဘဲ။ တစ်ကတော့ သစ်ရွက် ကလေး တွေ ကြွေတဲ့ နွေဦး။ ဒီအချိန်မှာ တစ်ခုခုလေးတော့ ရေးလိုက်ရမှ။ နောက် ဆောင်းဦး၊ နှင်း ကလေး တွေ ကျတဲ့အချိန်မှာလည်း တစ်ခုခုလေးတော့ ရေးလိုက်ရမှ။ ၁၉၅၈ ခုနှစ် ဆောင်းဦး၊ နှင်းဦးကလေး တွေ အကျမှာ "နှင်းရွက်ကြွေစော"ကို ရေးလိုက်တယ်။

ဘယ်တိုက်ကို ပို့ဖို့မှ ရေးတာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် မရေးဘဲ မနေနိုင်လို့ကို ရေးလိုက်တာ။ အဲဒါကို ဆရာကတော် က ဖတ်ကြည့်ပြီး ကောင်းတယ်တဲ့။ ဆရာက ပြောတယ် မကောင်းဘူးလို့။ ဒါက စိတ်ကူးယဉ် ၀တ္ထု လို့ ဆိုတော့ သူက မဟုတ်ဘူး ကောင်းတယ်တဲ့ ဆိုပြီးတော့ သူ တိုက်တွန်းတာနဲ့ပဲ မြ၀တီ တိုက် ကိုပို့လိုက်တယ်။ ဆရာက စာသာရေးတာ၊ ၀တ္ထုတို ၀တ္ထုရှည် ဘယ်နှမျက်နှာဆိုတာ မတွက်တတ်ဘူး။ အဲဒါက မြ၀တီမှာ မဂ္ဂဇင်းဝတ္ထုရှည်အဖြစ်နဲ့ ပါလာတယ်။ လူကြိုက်များတဲ့ ၀တ္ထုဖြစ်သွား တယ်။

နွေပေါက်ရင် မနေနိုင်တဲ့ ကိုယ့်ရောဂါကြောင့် စ ထားတဲ့ ၀တ္ထုတစ်ပုဒ်ကလည်း ရှိနေတယ်။ "မုန်းရင်လေဦး"။ "နှင်းရွက်ကြွေစော"က ၁၉၅၈ ခုနှစ် ဇန်န၀ါရီလမှာပါလာပြီးတော့ ဖေဖော်ဝါရီလ တစ်လသာ ခြားပြီး မတ်လမှာ "မုန်းရစ်လေဦး" ပါလာတယ်။ ဒီဝတ္ထုမှာ နက်နဲတဲ့ အချက်ကလေးတွေ ပါတော့ ဆရာ တော်တော် နာမည်ကြီးသွားတယ်။ ဒီဝတ္ထုကို ဟင်ဒီဘာသာနဲ့ ပြန်ပြီး အိန္ဒိယမှာ ထုတ်တယ်။ ဘာသာပြန်တဲ့ စာရေးဆရာ နာမည်တော့ ဆရာ မမှတ်မိတော့ဘူး။ သူကပဲ ဆရာ့ဆီ လှမ်းအကြောင်း ကြား ခဲ့တာပါ။

" မုန်းရစ်လေဦး " အောင်မြင်သွားတော့ ဒီအထဲကပါတဲ့ သဘောတရားရေးရာ အချက်အလက်တွေကို အကျယ်ချဲ့ပါဦးလို့ တိုက်တွန်းကြတာနဲ့ ဒီအချက်အလက်တွေကို ချဲ့ရေးတဲ့ "ညီမလေးရယ် စိုးရိမ်မိတယ်" ကို ရေးလိုက်တာပဲ။ အဲဒီမှာတော့ ဆရာ အအောင်မြင်ဆုံးဖြစ်သွားပြီ။ အဲဒီကနေ စာပေနယ်ထဲ ရောက်ခဲ့ တာပဲ "
" ဆရာ့နာမည်ရင်း ဦးခင်မောင်တင့်ကနေ ကလောင်နာမည် တက္ကသိုလ်ဘုန်းနိုင်လို့ ယူတဲ့နေရာမှာ သီးခြား အကြောင်းကလေးတွေများ ရှိပါသလားဆရာ"
" ရှိတယ်ဗျ။ ဆရာ ကျောင်းမှာ စာရေးစဉ်တုန်းကတော့ ကလောင်နာမည်ကို "ဆွေသုမောင်"ဆိုပြီး ရေးတယ်။ ဆွေသုမောင် ဆိုတာက "ဆွေသုမောင် အပွေများကိုလ၊ မေယုတောင် နေရထားတွင်ပ၊ ခွေစကား မှာလိုက်မယ်" အဲဒီတေးထပ်ထဲက "ဆွေသုမောင်" ဆိုတဲ့ စကားလုံးက လှတယ်ဆိုပြီး ယူခဲ့ တာပဲ။ နောက်တော့ "ဆွေ" ဆိုတဲ့စကားက ကလက်တယ်ဆိုပြီး "သုမောင်" ချည်းပဲ ရေးဖူးသေးတယ်။ (အခုလည်း သုမောင် ရှိနေတယ်။) ပေါင်းတည်ကျောင်းမှာတုန်းကတော့ သုမောင် နဲ့ ချည်း ရေးတာပဲ။

အဲဒီတုန်းမှာ ဗန်းမော်တင်အောင်ရဲ့ "ဘုန်းမောင့် တစ်ယောက်တည်းရယ်" ၀တ္ထုထွက်လာတယ်။ ထွက်လာ တော့ သူငယ်ချင်းတွေက နောက်တယ်။ ဗန်းမော်တင်အောင်ရေးတာက ဆင်းရဲသော မိဘရဲ့ စာတော်သော သား။ ဆရာ့မိဘတွေကလည်း ဆင်းရဲတယ်။ ဆရာကလည်း စာတော်တယ်။ အဲဒီတော့ သူငယ်ချင်း တွေက (ကိုအုန်းကျော်၊ မြ၀တီက မောင်ကျော်သာတို့ပေါ့) သူတို့က နောက်ကြတယ်။ ဆရာ ကလည်း ဆင်းရဲသော မိဘရဲ့ စာတော်သောသား ဖြစ်ရတာ ဂုဏ်ယူတယ်။ ဆရာဗန်းမော်တင်အောင်ရဲ့ ၀တ္ထု ကိုလည်း ကြိုက်တော့ ရှုမ၀ကို ကဗျာပို့တဲ့အချိန်မှာ "တက္ကသိုလ်ဘုန်းနိုင်"လို့ ကလောင်နာမည် တပ်လိုက် တာပဲ။

တစ်နည်းအားဖြင့် ပြောရရင်တော့ ဆရာဗန်းမော်တင်အောင်ရဲ့ Influence ပါတာပေါ့။ ဆရာ ဗန်းမော်တင်အောင် ကတော့ မျက်နှာမြင် ချစ်ခင်ပါစေ ဆိုတဲ့ ဆုနဲ့ ပြည့်စုံတဲ့သူဆိုတော့ ဆရာ သူ့ကို ပုဂ္ဂိုလ်ရေး အရလည်း ခင်တယ်။ ကွယ်လွန်သွားတဲ့အထိ ဆရာတို့နှစ်ယောက်က သိပ်ချစ်ကြတယ်၊ သိပ်ခင် ကြတယ်"
" ဆရာက ကဗျာက စ ခဲ့တဲ့သူဆိုတော့ ကဗျာနဲ့ ပတ်သက်တာလေးတွေက စပြီး ဆွေးနွေးချင်ပါတယ် ဆူရာ။ "ပိတောက်ပွင့်ဆဲ လသာဆဲ" ၀တ္ထုမှာ မမဝေက မောင်လေးလှိုင်ကို ပြောပြတယ်။ ကဗျာဆိုတာက နှလုံးသား ကို ပြောတာ၊ စကားပြေက ဦးနှောက်ကို ပြောတာတဲ့။ နှလုံးသားက နားလည်တဲ့ စကားတိုင်းကို ဦးနှောက် က နားမလည်နိုင်သလို ဦးနှာက်က နားလည်တဲ့ စကားတိုင်းကိုလည်း နှလုံးသားက နားမလည် နိုင်ဘူး တဲ့။ ဒီစကားလေးကို ပိုပြီး ပြည့်စုံအောင် ရှင်းပြစေချင်ပါတယ် ဆရာ"

" ဟား ဟား ... ဒီစကား ရှင်းရရင်တော့ ကဗျာကျမ်းတစ်အုပ် ရေးရမလို ဖြစ်နေပြီ။ တတ်နိုင်သလောက် တော့ အတိုချုပ်ပြီး ရှင်းပြပါ့မယ်။ ကျွန်တော်တို့ ကမ္ဘာ့ဘာသာစကားပညာရှင်ကြီးတွေ ပြောလေ့ရှိတဲ့ စကား တစ်ခုရှိတယ်။ စကားပြေကို ဘာသာပြန်လို့ ရတယ်တဲ့။ ကဗျာကို ဘာသာပြန်လို့ မရဘူးတဲ့။ အဲဒါ အလွန် မှန်တဲ့ စကားပဲ။ ဘယ်လူမျိုးရဲ့ ဘာသာစကားနဲ့ပဲဖြစ်ဖြစ် ရေးထားတဲ့ ၀တ္ထု၊ ဆောင်းပါး၊ ကျမ်းဖြစ်ဖြစ် ဘာသာပြန်ရင် တော်တော်တိတိကျကျ ဘာသာပြန်လို့ရတယ်။
ဒါပေမဲ့ ကဗျာတစ်ပုဒ်ကို ဟိုဘာသာကနေ ဒီဘာသာပြန်ရင် မရနိုင်ဘူး။ အဲဒါက ဘာကို ပြနေသလဲဆို တော့ ကကြီး၊ ခခွေး ရေးထားတာချင်း တူပေမယ့် ကဗျာနဲ့ စကားပြေကြားမှာ ကွာခြားမှုတွေ အများကြီးရှိ တယ် ဆိုတာပဲ။ ဒါကို ပညာရှင်တွေက လက်ခံတယ်။ လက်တွေ့ကြိုးစားဖူးတဲ့ သူတွေလည်းသိပါတယ်။

နိုင်ငံခြား တိုင်းပြည်တစ်ပြည်က ကျွန်တော့် မိတ်ဆွေတစ်ဦးက ဘာပြောသလဲဆိုတော့ ကျွန်တော်တို့ဆီက ကဗျာဆရာကြီး တစ်ယောက်ရဲ့ ကဗျာတွေကို သူတို့ ဘာသာပြန်ပြီး ဂုဏ်ပြုပါတယ်တဲ့။ ဒီပုဂ္ဂိုလ်ကြီးကို သူတို့ ကြည်လည်းကြည်ညို ပါတယ်။ လေးလည်း လေးစားပါတယ်တဲ့။ ဒါပေမဲ့ အမှန်ကို ၀န်ခံရရင် သူတို့ ဘယ်လိုမှ အရသာခံလို့ မရပါဘူးတဲ့။ ဒီလို ပြောဖူးတယ်။ ဒီတော့ ကျွန်တော်က " အေး ... မင်းတို့က ဗမာ မှ မဟုတ်ဘဲကိုး၊ တို့ဗမာတွေကတော့ ဒီကဗျာဆရာကြီး ရဲ့ စာတွေကို ရွတ်လိုက်ရတယ်၊ ဖတ်လိုက်ရတယ် ဆို ရင် တစ်ခါတည်း ပီတိတွေ တဖြန်းဖြန်းထသွားတာပဲ။ တို့ ငယ်ငယ်တုန်းကလည်း ကြိုက်တယ်။ အခု အသက်ကြီးလာတော့လည်း ကြိုက်တာပဲ" လို့ ပြောလိုက်ရတယ်။ တကယ်တော့ ဆရာကြီး ရဲ့ ကဗျာထဲမှာ ပါတဲ့ အလှ မှန်သမျှကို သူတို့ ဘာသာစကား နဲ့ ပြန်လို့မှ မရနိုင်ဘဲ။ အင်္ဂလိပ် လိုလည်း ပြန်လို့ မရပါဘူး။ အဲဒီလိုပဲ ကဗျာမှာ စကားပြေနဲ့ ကွာခြားချက်တွေရှိတယ်။ ဘာရယ်လို့ ဆိုတာ ကတော့ တိတိကျကျတော့ ဘယ်သူမှ မပြောနိုင်ကြသေးဘူး။ ကွာခြားမှု ရှိတယ်ဆိုတာပဲ ပြောနိုင်ကြ သေးတယ်။

ကျွန်တော် ဥာဏ်မီသလောက် ပြောရရင်တော့ ခံစားမှုတွေရှိတယ်။ ဒီခံစားမှုတွေကို အကျယ်ချဲ့ပြီး လျှောက် ရေးလိုက်ရင် ပျင်းစရာကောင်းသွားမယ်။ အင်္ဂလိပ်လိုတော့ ရှင်းတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>