Tuesday, August 2, 2011
လယ်တွင်းသား စောချစ် ၏ ငယ်ဘဝ (၂၇)
ဘဘဘုန်းဘုန်း ကျန်းမာရေး
အမေကြီးကျန်းမာနေကောင်းပြီး ဆေးရုံဆင်းသွား၍ အမေကြီးအတွက် စတ်အေးချမ်းသာ ဖြစ်ရသည်။ သို့သော် တတိယနှစ်စာမေးပွဲ ဖြေခါနီးမှာ မောင်ငြိမ်းချမ်းနေထိုင်ရာအိမ်သို့ အဒေါ်ကြီး တစ်ဦး ရောက်လာသည်။ ၀မ်းတွင်းမြို့ သိမ်တော်ကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် ဦးကောသိယ ပျံလွန်တော် မူပြီးဖြစ်၍ ဦးကောသိယနေရာတွင် တိုက်အုပ်ဆရာတော် တာဝန်ကို ထမ်းဆောင်နေသော ဘဘဘုန်းဘုန်း (ဆရာတော် ဦးအဂ္ဂ၀ံသ) မန္တလေးဆေးရုံကြီးမှာ ရောက်နေ၍ မောင်ငြိမ်းချမ်းကိုတွေ့လိုကြောင်း လာပြော သည်။ ဆေးရုံအခန်းနံပါတ်ကို ပေးသွားသည်။
ဇရာနှင့် မမြဲသောအနိစ္စကို မောင်ငြိမ်းချမ်း နားလည်သလိုခံစားရ၍ သံဝေဂဖြစ်မိသည်။ အဖေကြီးကဲ့သို့ပင် လည်ချေင်းကင်ဆာဖြစ်၏။ အဖေကြီးတုန်းက မန္တလေးမှာ ဓာတ်ရောင်ခြည် ကင်သောစက်မရှိ၊ ယခု မန္တလေး ဆေးရုံကြီး မှာ ဓာတ်ကင်စက်ရှိ၍ ဘဘဘုန်းဘုန်းကို ကင်ထားပြီးပြီ။ ညနေကျောင်းပြီးသည်နှင့် မောင်ငြိမ်းချမ်း  မန္တလေးဆေးရုံကြီးသွား၍ အဖေကြီး ဘဘဘုန်းဘုန်းကိုတွေ့သည်။
မောင်ငြိမ်းချမ်း ၏ ကျေးဇူးရှင်ဘုန်းဘုန်းဖြစ်ပါ၏၊ မောင်ငြိမ်းချမ်းကို ငယ်စဉ်က မန္တလေးမိဘမဲ့ ကျောင်းသို့ပို့ခဲ့သည်။ ဆယ်တန်းဖြေတော့လည်း ဘဘဘုန်းဘုန်းသတင်းသုံးရာ သိမ်တောင်မှာ (၇)ရက် စာကျက် ခဲ့ရသည်။ ဘုန်းဘုန်းအဆက်အသွယ်နှင့် မိတ္ထီလာမှာ ဆယ်တန်းစာမေးပွဲ ဖြေဆို အောင်မြင် ခဲ့ရသည်။
မောင်ငြိမ်းချမ်း ရောက်သွား၍ ဘုန်းဘုန်း ၀မ်းသာအားတက်ဖြစ်ပါသည်။ သို့သော် ကင်ဆာဆိုသည် က တော့ အားပျက်စရာ။
မောင်ငြိမ်းချမ်း နေ့စဉ်သွားသင့်သော်လည်း စာမေးပွဲကကပ်နေပြီ နှစ်ရက်သွားပြီးသည်နှင့် စာမေးပွဲ ဖြေရပြီ။ မောင်ငြိမ်းချမ်းစာများကို မနားတမ်းကျက်ရသည်။ ကျက်ပြီးသည်နှင့် ဖြေရသည်။
ဆေးရုံ သို့ လေးရက်မရောက်။ အိမ်သို့စာလေးတစ်စောင်ရောက်လာသည်။ ဘုန်းဘုန်းက သူ့ကျန်းမာရေး အခြေအနေ မကောင်းကြောင်း လာတွေ့စေချင်ကြောင်း ဖြစ်သည်။
သြော် စာမေးပွဲ နဲ့မှ တိုက်တိုက်ဆိုင်ဆိုင်....။
နောက်တစ်နေ့ စာမေးပွဲနားသည်။ ဘုန်းဘုန်းကိုသွားတွေ့မည်ဟု ဆုံးဖြတ်ပြီး စာမေးပွဲဖြေရသည်။
နောက်တစ်နေ့သွားသောအခါ ဘုန်းဘုန်းပျံလွန်တော်မူရှာပြီ။ မတွေ့လိုက်ရတော့ပါ။
သြော် ငါ့ဆီရေးတဲ့စာဟာ ဘုန်းဘုန်းရဲ့ နောက်ဆုံးရေးတဲ့စာပါလား.......။
စိတ်မကောင်းကြီးစွာ ဖြစ်ရသည်။ ဘုန်းဘုန်း၏ရုပ်အလောင်းကို မပုတ်မသိုးအောင် ဆေးသွင်းပြီး သိမ်တောင် ကျောင်းတိုက် သို့ ပို့ပေးခဲ့ရသည်။ မောင်ငြိမ်းချမ်း ကောင်းစွာကျေးဇူးဆပ်နိုင်သော အခြေအနေ သို့ မရောက်မီကျေးဇူးရှင်များ တစ်ယောက်ပြီးတစ်ယောက် ကွယ်လွန်နေကြသည်မှာ စိတ် မကောင်းစရာ။
စိတ်ဝင်စားမိသော မိန်းကလေး
တက္ကသိုလ်တတိယနှစ်ရောက်သောအခါ မောင်ငြိမ်းချမ်း မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စား မိသည်။ တကယ့်တော့ သူ့ကိုသတိထားမိခဲ့တာ ကြာပါပြီ။ ပထမနှစ်ကတည်းကပါ။ တွေ့တွေ့ချင်းဟုလည်း ပြောနိုင် ပါသည်။ သူက သိပ်ကိုရှက်တတ်လွန်းသည့် မိန်းကလေး။
ဝတ်ပုံဆင်ပုံကလည်း မြန်မာမှုမြန်မာဟန် ယဉ်ယဉ်လေး။ ဆံပင်ကောင်းသည်။ ကေသာရစ်ခွေ ထုံးဖွဲ့ ထားသည်က သေသပ်ကျစ်လျစ်သော ဆံထုံးကြီး။ ဆံထုံး၏ ညာဘက်ဘေးမှာ နှင်းဆီပွင့်တစ်ပွင့် ပန်ထား တက်သည်။ တစ်ခါတရံ သရဖီပန်း၊ စပယ်ပန်းကိုသီကုံး၍ ဆံထုံးမှာ ရစ်ခွေပန်တတ်သည်။
အရပ်ကမနိမ့်မမြင့် အသားကမဖြူမညို။ ကိုယ်ခန္ဓာက မပန်မ၀။ အချိုးအဆစ်ကျသည်။ လမ်းလျှောက်လျှင် ထို ခေတ်အခါက တက္ကသိုလ်ကျောင်းသူတို့၏ ဟန်အတိုင်း စာအုပ် ကလေးများကို ရင်မှာပွေ့ပိုက်၍ ခါးကလေး နွဲ့ကာ နွဲ့ကာ စည်းချက်ကျစွာ သွားတတ်သည်။ တမင်လုပ်သည်မဟုတ်။ သူ၏ပင်ကိုယ်ဟန်။
မျက်နှာလေး က ရိုးရှင်းစွာလှသည်။ ယဉ်သည်။ ပြေပြစ်သည်။ ရှက်တတ်လွန်းသည်က မျက်နှာလေးပို၍ နုညက်ပြီး နှစ်သက်စရာ။
သူကျောင်းတက်ရန်လာလျှင် စာအုပ်ကလေးပိုက်ပြီး ကနွဲ့ကလျ လမ်းလျှောက်သည်ကို စောင့်ကြည့်သော ကျောင်းသား များရှိသည်။ ပုံတူလျှောက်ပြ တတ်သူလည်းများသည်။ မောင်ငြိမ်းချမ်းတို့အဆောင်မှ အခန်း နီးချင်း စိုင်းယုမွန်ဆိုလျှင် အကောင်းဆုံးတူအောင် လျှောက်ပြတတ်သည်။
သူရှက်ရွံစွာ လမ်းလျှောက်သည်ကို စောင့်ကြည့်ကြသော ကျောင်းသားများကြောင့် သူ့ခမျာခြေလှမ်း မှား၊ ကိုယ့်ခြေ နှင့် ကိုယ်တိုက်ပြီးလဲကျသည် ကိုကြားရသောအခါ မောင်ငြိမ်းချမ်း သနားစိတ်ဖြစ်မိ သည်။
သူ့နာမည် က မို့မို့။ မုံရွာမြို့က။ မောင်ငြိမ်းချမ်း ပထမနှစ်ကတည်းက သတိထားမိသော်လည်း တက္ကသိုလ် ဘော်လီဘော လက်ရွေးစင်ရွေးထား၍ နေ့စဉ်ကွင်းဆင်းလေ့ကျင့်ရသည်။ ကိုယ်ကတော်လို့ အရွေးခံရတာ မဟုတ် အရပ်ရှည်၍ ရွေးထားခြင်းဖြစ်ကြောင်း ကွင်းမဆင်းလျှင် ဖြုတ်ပစ်မည်ဖြစ်ကြောင်း အားကစားမှူး က သတိပေးထားသည်။ ညနေတိုင်းဘော်လီဘော ကွင်းဆင်းကစားရသည်။ သူများတွေလို ရည်းစား ထားပြီး ပါလာ(ဧည့်ဆောင်) သွားဖို့ စိတ်ကူးယဉ် ၍မရ။ ခုတော့ အားကစားမှူး မောင်ငြိမ်းချမ်းကို ဖြုတ်မပစ် နိုင်တော့ပါ။ မောင်ငြိမ်းချမ်း တတိယနှစ်ရောက်မှ ဘောလုံးကစား၍ ဒူးမှာဒဏ်ရာရခဲ့သည်။ အတွင်း မှ အရွတ်စုတ်သွား၍ အားကစားမလုပ်နိုင်တော့ပါ။
ဆရာမကြီး ဒေါ်မိမိလေးကလည်း တတိယနှစ်ရောက်ပြီမို့ တက္ကသိုလ်မှာ ဘ၀ဖော်ကို ရှာဖွေသင့် ကြောင်း သတိပေး သည်။
ဆရာမကြီးသတိပေးသည်နှင့် မို့မို့မျက်နှာလေးကို မြင်ယောင်လိုက်သည်။ သိမ်သိမ်မွေ့မွေ့နှင့် ရှက်ရွံ့ တတ်သော မိန်းကလေး ကို ဘ၀အဖော်အဖြစ် အမြတ်တနိုးတန်ဖိုးထားချင်သည်။ သို့သော် အလွန် ရှက်တတ် သော မိန်းကလေးမို့ စတင်ရန်ခက်ခဲ့သည်။ အနှောင့်မယှက်ပေးသလို ဖြစ်မှာစိုးသည်။ သို့သော် ကြာသည် နှင့်အမျှ နေမြင့်လေ အချစ်ရင့်လေဖြစ်ခဲ့သည်။
ခုတော့ တတိယနှစ်ရောက်ပြီ။ အချိန်က တစ်နှစ်ကျော်ကျော်သာ ကျန်တော့သည်။ စတင်ရန် ဆုံးဖြတ် လိုက်သည်။
မို့မို့နှင့် မောင်ငြိမ်းချမ်း မြန်မာစာအဓိကဘာသာတူ အတန်းတူမို့ စာသင်ခန်းမှာ နေ့စဉ်တွေ့နေရ သည်။ ကြည့် လိုက်တိုင်း ယဉ်သည်။ နုသည်။ ရှက်တတ်သည်မို့ ကျက်သရေရှိသည်။ နှစ်သက်စိတ် တိုးရသည်။
တတိယနှစ် မြန်မာစာအဓိကကျောင်းသူ ကျောင်းသားများ ကျောက်ဆစ်လုပ်ငန်း စာတန်းပြုစုရန် မန္တလေး ဘုရားကြီး ကျောက်ဆစ်တန်းသို့ လေ့လာရေးထွက်ရာတွင် မို့မို့လိုက်ပါလာသည်။ မို့မို့နှင့် အတွဲဆုံး သူငယ်ချင်းလှလှရီကို မို့မို့မှာ ချစ်သူရှိမရှိမေးကြည့်သည်။ မရှိမှန်းသိသော်လည်း သေချာ အောင် မေးခြင်းဖြစ်သည်။
“အမယ်လေး ဒီလောက်ရှက်တတ်တာ....မေးမှမေးရက်တယ်...”
“ဒါဆို..... သူတစ်သက်လုံး ယောက်ျားမယူတော့ဘူးလား...”
“ဒါတော့ဘယ်သိမလဲ..”
လှလှရီကဆက်ပြောချင်ပုံမရ။
“ကျွန်တော် သူ့ကို မိတ်ဆက်စကား ပြောလို့ရမလား..”
မောင်ငြိမ်းချမ်း စူးစမ်းကြည့်ခြင်း ဖြစ်၏။
“အမယ်လေး မလုပ်ပါနဲ့ ရှက်တာ နဲ့ သေတောင်သွားအုံးမယ်”
မောင်ငြိမ်းချမ်း ဘာမျှမပြောချင်တော့ပါ။ မလွယ်ပါလားဟုလည်း စိတ်အားပျက်ရသည်။
မောင်ငြိမ်းချမ်းက ပြန်ခါနီးမှာ မို့မို့နှင့် အခန်းဖော် ထွေးထွေးနှင့် စကားပြောရင်း...
အခန်းနံပါတ် ဘယ်လောက်လဲ ... ဟုထွေးထွေးကို မေးသည်။
တစ်..နှစ်...သုံး ..မှတ်လို့လွယ်တယ်.....။
ထွေးထွေး က ပြောပြီးမှ သတိရသွားဟန်တူပါ၏။
ဘာလုပ်မလို့လဲ ... ဟုမေးသည်။
ဘာမှ မလုပ်ပါဘူး ...သိချင်လို့ပါ။
မေတ္တာ၊ သစ္စာ၊ စာလေးများ
မန္တလေးတက္ကသိုလ်၊ သစ္စာဆောင်၊ အခန်းအမှတ် ၁၂၃ သို့ လိပ်စာ တတ်ပြီး မောင်ငြိမ်းချမ်း စာတစ်စောင်ရေးလိုက်သည်။ ရှေးဦးရေးသားချက်များမှာ ဘယ်မိန်းကလေးမျှ စိတ်ဝင်စားမည် မထင်ပါ။ ကျေးလက် တောရွာမှာ အဘွားနှင့်နေရသူဖြစ်ကြောင်း၊ ဆင်းရဲ၍ ပညာသင်ထောက်ပံ့ ကြေးနှင့် ကျောင်းတက် ရကြောင်း၊ သို့သော် မိမိကိုယ်ကို ယုံကြည့်မှုရှိပြီး ဘ၀ကို အောင်မြင်အောင် ရိုးရိုးသားသား ကြိုးစား မည်ဖြစ်ကြောင်း၊ မို့မို့ကို စတွေ့ကတည်းက စိတ်ဝင်စားမိ၍ ရှက်တတ်လွန်း သည်ကိုလည်း အမြတ်တနိုး တန်ဖိုးထားမိကြောင်း၊ မိန်းကလေးတစ်ယောက်၏ အလှမှာ ရှက်ရွံ့မှုလေးပါမှ ပြည့်စုံ ကြောင်း.....
သို့သော် ရှက်တတ်လွန်းသူလေးကို အနှောင့်အယှက်ပေးသလို ဖြစ်မှာစိုး၍ စတင်ရန် ခက်နေကြောင်း၊ ယခု အခါ တတိယနှစ်ရောက်ကြပြီမို့ ကျောင်းပြီးရန်မလိုကြတော့သောကြောင့် စာရေးရခြင်းဖြစ်ကြောင်း...
မည်သို့ မြတ်နိုးမိပုံ ဘ၀အဖော်ကောင်းဖြစ်စေရန် ၀န်ခံကတိပြုပုံ၊ မေတ္တာ၊ သစ္စာများကို တတ်နိုင် သမျှ နုညက် ပြေပြစ်အောင် ကြိုးစားရေးသားခဲ့သည်။
တစ်ပတ်ကြာသော်လည်း ပြန်စာမရပါ။ ထူးခြားသည်မှာ မို့မို့ကျောင်းတက်ရန်လာသောအခါ ပို ရှက် နေသည်။ ခေါင်းပိုငုံ့သွားသည်။ မောင်ငြိမ်းချမ်းကို သာမက သူ့သူငယ်ချင်းသုံးယောက်မှ လွဲ၍မည်သူ့ကိုမျှ မကြည့် တော့ပါ။
နေက်တစ်ပတ်မှာ စာတစ်စောင်ထပ်ရေးပါသည်။ အကောင်းဆုံးသော မေတ္တာဘွဲ့နှင့် သစ္စာတိုင်ဖြစ် အောင် ကြိုးစားသည်။ မည်သည့်ပြန်စာမျှမလာ။ ပို၍ထူးခြားသည်မှာ၊ မို့မို့၏ အခန်းဖော် ထွေးထွေးက မောင်ငြိမ်းချမ်း ကို မလိုမလား တင်းမာသောအကြည့်များနှင့် ဟန့်တားသည်။ မောင်ငြိမ်းချမ်းစိတ်မကောင်း ဖြစ်ရ၏။ သို့သော် တတိယတစ်စောင် ထပ်ပြီးရေးသားပေးပို့သည်။
မောင်ငြိမ်းချမ်း နေ့လယ်ကျောင်းဆင်း၍ အခန်းပြန်သောအခါ အခန်းတံခါးဖွင့်လျှင် အသေအချာ ကြည့် သည်။ စာပို့သမားက စာများကိုအခန်းတံခါး၏ အောက်မှ ထိုးသွင်းထားလေ့ရှိသောကြေင့် ဖြစ်သည်။ အမှတ် တမဲ့ ၀င်သွားမိလျှင် ချစ်သူ၏ ပြန်စာလေးကို တက်နင်းမိမှာစိုးသည်။
သို့သော် မည်သည့်စာမျှမတွေ့ရ။ မောင်ငြိမ်းချမ်းကြိုးစားမှုကို မြင့်တင်လိုက်သည်။ တစ်ပတ် တစ်စောင် ရေးရာ မှ တစ်ပတ်နှစ်စောင်ရေးပို့သည်။
နှစ်ပတ်မှာလေးစောင်ရေးပို့ပြီးသောအခါ ထူးခြားမှုဖြစ်ပေါ်လာပါသည်။ သူနှင့်အခန်းဖော် ထွေးထွေးက ရှင်ဘယ်လို လုပ်တာလဲ။ ရှင်ရေးတဲ့စာတွေ မို့မို့နာမည်နဲ့ တစ်ပတ်နှစ်ခါ စာကပ်တဲ့ နို့တစ်စ်ဘုတ်မှာ ကပ်ထားတာ တွေ့လို့ မိုမို့ ကို လူတကာစနေကြပြီ။ မို့မို့ရှက်လွန်းလို့။ ရှင်ထပ်မရေး ပါနဲ့ ဟုပြောသည်။
သြော် ...ငါ ဘယ်လိုလုပ်ရပါ့..၊
ကျွန်တော် စိတ်မကောင်းဖြစ်ရသည်။ မရေးဘဲနေရမလား ဆက်ရေးရမလား။
ကိုယ့်ကြောင့် သူမရှက်ရစေချင်။ စိတ်အနှောင့်အယှက်မဖြစ်စေချင်။ မောင်ငြိမ်းချမ်း တစ်ပတ်လောက် စာမရေး ဘဲနေရသည်။ စိတ်ထဲကတော့ သိပ်ရေးချင်သည်။ အတွေးထဲမှာ အမြဲရေးနေမိသည်။
အို.... ကာယကံရှင် ကတားတာမှ မဟုတ်ဘဲ...။
မောင်ငြိမ်းချမ်း နည်းနည်းလျှော့ပြီး တစ်ပတ်တစ်စောင်နှုန်းနှင့်  ဆင်ရေးသည်။ သုံးပတ်ရေးမိပြီး နေ့ခင်း ကျောင်းဆင်းချိန် အခန်းတံခါးဖွင့်လိုက်သောအခါ စာလေးတစ်စောင်တွေ့ရသည်။
မို့မို့ စာ ဖြစ်ပါစေဗျာ....။
စာလေးကိုအမြတ်တနိုးကောက်ယူပြီး အိပ်ရာခုတင်ပေါ်ပစ်လှဲ၍ ဖောက်ဖတ်လိုက်သည်။
အိုဟုတ်တာပေါ့.... မို့မို့စာ....။
ပျော်လွန်း၍ ရင်များခုန်နေသည်။ ရေးထားသည်ကတစ်ကြောင်းတည်း။ ဖတ်ကြည့်လိုက်သည်။
လုံးဝမဖြစ်နိုင်ပါဘူးရှင်...ဟုရေးထားသည်။
သက်ပြင်းတစ်ချက်ချမိသည်။
သြော် ဘာလို့မဖြစ်နိုင်တာလဲ...မို့မို့ရယ်....။
ရင်ထဲမှာ လွမ်းလွမ်းဆွေးဆွေး ခံစားရသည်။ ပြတ်သားစွာငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
သို့သော် မောင်ငြိမ်းချမ်းအားမလျှော့။ မဖြစ်နိုင်သည့်အကြောင်းကို စာရေးမေးသည်။ ချစ်သူရှိလို့လား အခြား ဘာကြောင့်လဲ၊ အမေးနှင့်အတူ သူ၏ခံစားချက်များကို စာရေးသည်။ ဘာမျှမပြန်၊ မပြန်လည်း အားမလျှော့၊ လျှော့၍လည်းမဖြစ်၊ ကိုယ်ကသူ့ကို သိပ်ချစ်နေပြီ။ ဘ၀အဖော်အဖြစ် တန်ဖိုးထား၍ မြတ်နိုး နေမိပြီ။ တစ်ပတ်တစ်စောင် မှန်မှန်စာရေးနေမိပြီ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃၄)
မောင်နှင်းမိုး
ဆရာဦးသုခသို့ တလေးတစားပေးပို့သောစာသုံးစောင်
မိမိကိုယ်တိုင် အကောင်းဆုံးဒါရိုက်တာ အကယ်ဒမီ (၆)ဆု ရရှိထားသူ၊ အကောင်းဆုံးဇာတ်ကား အကယ်ဒမီ (၇)ဆုနှင့် အကောင်းဆုံး ဇာတ်ဆောင်ဇာတ်ပို့ (၁၂)ယောက်ကို အကယ်ဒမီ ရအောင် ရိုက်ကူး ခဲ့သူ ဒါရိုက်တာ စာရေးဆရာ ဦးသုခကို ယခုခေတ် နောက်ပေါက် အနုပညာရှင်များ ကြားဖူးရုံမျှသာ ရှိမည် ဖြစ်ပြီး ဆရာ ၏ ပညာ၊ ဆရာ၏ သိက္ခာနှင့် ဆရာ၏ သီလ သမာဓိ ပညာများကိုတော့ သိရှိနားလည်နိုင်ကြ မည်မဟုတ်ပါ။ ရုပ်ရှင် အနုပညာလောကတွင် နှစ်ပေါင်း ၄-၅ ဆယ် အသက်မွေးဝမ်းကျောင်းပြုနေသူများ သာ ဆရာ့ကို လေးစားအားထားကြပါသည်။
ဆရာသည် ကျိုက်လက်သား အမည်က သုခ၊ ၁၉၄၇ ခုနှစ်က၊ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသူများတွင် ကျိုက်လတ်သားသုခ အမည်တူ လူတစ်ဦးလည်း ပါဝင်ခဲ့ခြင်း ကြောင့် ဆရာ့ထံ ဆဲဆိုစာများ ရောက်ရှိခဲ့ကြောင်းကိုလည်း ဆရာပြောပြ၍ သိခဲ့ရပါသည်။ နောက်သည် ဘယ်ခေတ်တွင် အဆိုတော်သုခဟူ၍လည်း ပေါ်ပေါက်ခဲ့ပါသေးသည်။ ဒါကြောင့်လည်း သည်ခေတ်လူ ငယ်အနုပညာသည်များ ဆရာ့ကို မသိကြခြင်းမှာ မဆန်းတော့ပါ။ အနှီဆရာ ဤဆရာ ဦးသုခဆိုတာ၊ မည် မျှတော်တတ် နာမည်ကြီးပါသနည်း၊ ဆရာဆီ အမှတ်တရ ဂုဏ်ပြုအကြံပေးကြသူ ထင်ရှားကျော်ကြား လူ သိများသည့် ပုဂ္ဂိုလ်ကြီးများ၏ ပေးစာ သုံးဆောင်ကား ဆရာ့ဂုဏ်၊ ဆရာ့အနုပညာများအတွက် အားတက် စရာဖြစ်ခဲ့သည် ဆိုပါလျှင် လွန်အံမထင်ပါ။ ဦးစွာ ၁၉၅၄ ခုနှစ်က ၀န်ကြီးချုပ်ရုံးအတွင်းဝန် ဦးသန့် (ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း)က ဤသို့ ပေးပို့ခဲ့ပါသည်။
            ပြည်ထောင်စုမြန်မာနိုင်ငံတော်
            နေ့စွဲ၊ နိုဝင်ဘာလ ၁ ရက် ၁၉၅၄
            ၁ - ၀ခ (ဂ) ၅၄
ကိုသုခ ခင်ဗျား
    ၁၉၅၄ ခု အောက်တိုဘာ ၂၃ ရက်၊ စနေနေ့ ညတွင် (သြော် မိန်းမ) ဇာတ်ကားကို နိုင်ငံတော် ၀န်ကြီးချုပ် သွားရောက်ကြည့်ရှုပြီးနောက် ထိုဇာတ်ကားသည် အဆင့်အတန်းမြင့်၍ ပါဝင်ဇာတ်ဆောင်သူ တို့မှာလည်း၊ အမူအရာ သဘာဝကျပါသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ချီးကျူးပါသည်။ ဇာတ်လမ်းတွင် မိန်းမများနှင့် ပတ်သက် ၍ အပြစ်အဆာများကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားသည့် နည်းတူ ယောက်ျားများ၏ အပြစ်အဆာ များကိုလည်း သရုပ်ဖော်ထားသော ဇာတ်လမ်းတစ်ခုကို ကိုသုခပင် ကြံစည် စိတ်ကူး၍ ရိုက်ကူး ပြသပါလျှင် သြော် မိန်းမဇာတ်ကားကဲ့သို့ပင် အဆင့်အတန်းမြင့်သော ဇာတ်ကားကောင်း တစ်ခု ပေါ်ထွက် လာလိမ့်မည်ဟု ၀န်ကြီးချုပ်က ယုံကြည်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍လည်း များမကြာမှီ ကိုသုခ နှင့် ဆွေးနွေးလိုကြောင်း ၀န်ကြီးချုပ်က အမိန့်ရှိပါသည်။
                                မောင်သန့်
                                အတွင်းဝန် (စီမံကိန်း)
ကိုသုခ၊ စာရေးဆရာ
ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီ
မှတဆင့် ၇၉/၈၁ ပန်းဆိုးတန်း
ရန်ကုန်မြို့
အထက်ဖော်ပြပါ ၀န်ကြီးချုပ်၏ အကြံပေးချက်ကို အလေးအနက်ထားသူ ဆရာသည် သြော် ယောက်ျား ဇာတ်ကား ကို ၁၉၆၁ ခုနှစ်တွင် ကျော်ဆွေ၊ တင်တင်မူတို့ဖြင့် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှပင် ရိုက်ကူး ခဲ့ပါသည်။
နောက်တစ်စောင် က လူထုဦးလှ မှ ဆရာဦးသုခ ဆေးရုံ တက်နေစဉ် ပေးပို့ခဲ့သော စာဖြစ်ပါသည်။
                                    ရက်စွဲ၊ ၃၀.၇.၅၇
ကိုသုခခင်ဗျား
များစွာ သတိရပါသည်။ အိန္ဒြိယကအပြန် ဆေးရုံသို့ မ၀င်ခဲ့ရသည့်အတွက် စိတ်မကောင်းပါ။ ကျွန်တော် ရေးသော "လေနှင့်အတူ" ပေးပို့လိုက်ပါသည်။ ထောင်ထဲမှထွက်လာသူမို့ ဇ၀နလို "ကောလိပ်ကျောင်းသား "မရေး နိုင်ပါ။ " ထောင်သား " ပဲရေးနိုင်တယ်ဗျာ။
                                    မေတ္တာပို့သလျက်
                                    (မောင်လှ)
နောက်တစ်စောင်ကတော့ နာမည်ကြီး ဒါရိုက်တာ ရွှေဒုံးဘီအောင်က ဆရာ ဦးသုခအကယ်ဒမီရသည့် အတွက် မုဒိတာဖြင့် ရေးသားပေးပို့ခဲ့သော စာဖြစ်ပါသည်။
နေ့စွဲ - ၁၃.၄ ၇၁
လူထူးကြီး လူတော်ကြီး ဦးသုခခင်ဗျား
ယမန်နေ့က ထူးချွန်ဆုသဘင်ကို တက်ရောက်ရန် ဖြစ်သော်လည်း (Hyper tension) ကြောင့် ဦးခေါင်း နောက်နေ၍ မတက်နိုင်ခဲ့ပါ။ တက်နိုင်ခဲ့လျှင် ဦးသုခနှင့်တကွ မောင်ဝင်းဦး ဗိုလ်မ ကို ကြည်ကြည်ဌေး၊ တင်တင်နွဲ့ အစရှိသော ရုပ်ရှင် လူရည်ချွန်များအားလုံးအတွက် ပစ္စုပ္ပန်ကျကျယောနိသော မနုဿီကာရ ဖြင့် ၀မ်းမြောက်ဝမ်းသာ လက်ခုပ်သြဘာ ထောပနာပြုနိုင်မည်ဖြစ်ပါသည်။ ယခုမူကား ဤစာဖြင့်သာလျှင် ကျွန်တော်နှင့်ဘ၀တူ စာရေးဆရာ ဒါရိုက်တာဖြစ်သော ဦးသုခတစ်ဦးတည်းကိုသာ ကောက်ပြီး ချီးကျူး ထောပနာ ပြုနိုင်ပါတော့သည်။ ကျွန်တော်၏ စေတနာကို ဣဌာရုံအဖြစ် လက်ခံပါမည့်အကြောင်း ဦးသုခ ထူးခြားပုံ မှာ ယခင်ကလည်း ပညာရှိတစ်ဦးဖြစ်ကြောင်း၊ " အလင်္ကာ " ကျော်စွာဘွဲ့ ရရှိခြင်းက ၄ ကြိမ် တိုင်တိုင်၊ ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ရရှိခဲ့သူဖြစ်ပြန်သဖြင့် (တူနိုင်မယ်မထင်ကြနဲ့ ကိုးဆယ်ဆကွာ လိမ့်မယ်) ဆိုသကဲ့ သို့ "ကံရော-ပညာပါ" ၂ ပါးစလုံး ထူးခြားသူဖြစ်ပါသည်။ ထိုထူးခြားသူ ပုဂ္ဂိုလ်တစ်ဦးကို မချီးကျူး ကြလျှင်၊ ပေါင်းမြက်ကဲ့သို့ နာရီနှင့်အမျှ နေ့ညမပြတ် ပေါက်ပွားနေသော အဘိဇ္ဈာ၊ ဗျာပါဒ ဣဿာ မိစ္ဆရိယ စသော မနောကံ ဒေါမနဿတွေပေါ်လာတိုင်း ပေါက်ပွားလာတိုင်း နိုင်အောင်မသတ်နိုင် သော သူယုတ်မာသာဖြစ်ချိမ့်မည်။
သို့အတွက် ချီးကျူးထိုက်သူကို ချီးကျူးရမည်ဖြစ်သည့်အတိုင်း၊ ဦးသုခအား " မြန်မာရုပ်ရှင်၏ ပုဂ္ဂလ-၀ိသေသ" အဖြစ် ကျွန်တော်သည် ယောနိသောမနဿီကာရ ရှေ့ထား၍ လှိုက်လှိုက်လှဲလှဲ ချီးကျူး ပါကြောင်း။
ကျွန်တော်အားလည်း ဦးသုခက တုန့်ပြန်သော မေတ္တာဖြင့် ဦးသုခကဲ့သို့ လူထူးချွန် တစ်ဦးဖြစ်ပါစေဟု ဆုမွန် ကောင်း တောင်းပါခင်ဗျား။
ပုဂ္ဂလ ၀ိသေသတစ်ဦး ၏ မေတ္တာကို ခံယူလိုသော
                                        ရွှေဒုံးဘီအောင်
ယင်းအချိန်ကား ဆရာကြီး ရွှေဒုံးဘီအောင်သည်လည်း ဆရာ ဦးသုခကဲ့သို့ပင် အလွန်ထင်ရှားကျော်ကြား သော ဇာတ်ကားကောင်းများစွာ ရိုက်ကူးခဲ့သည့် နံမည်ကြီး စာရေးဆရာ ဒါရိုက်တာကြီး တစ်ဦး ဖြစ် ပါသည်။ သို့ကလို ပညာရှိ၊ ပညာရှင်ကြီးများပီပီ (ပညာခြင်း၊ ယှဉ်ပြိုင်နိုင်ကြသူချင်းပင်လျှင်) မစ္ဆရိယ စိတ်မထား၊ မုဒိတာပွားနိုင်သည့် ဆရာကြီး ရွှေဒုံးဘီအောင်၏ စိတ်ဓာတ်ကား လွန်စွာမှ ဂုဏ်ယူ အားကျ စရာ ကောင်းလှ ပါသည်။
ယခုခေတ် တော်ကြ၊ ကျော်ကြသည့် အနုပညာရှင်များ အားလုံး ရှေးဆရာ၊ ဆရာကြီးများ၏ တစ်ဦးပညာ ကို တစ်ဦးက တလေးတစားဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်ကြသည့် စိတ်ထားကို အားကျလိုက်နာ အတုယူကာ ကျင့် သုံးကြပါလျှင် အနုပညာ လောကသည် စိတ်ချမ်းသာပျော်ရွှင်ဖွယ်ရာ ကမ္ဘာလောကတစ်ခု ဖြစ် လာရမည် သာမဟုတ်ပါလား။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆရာ ဦးသုခထံ စာရေးသားပေးပို့ခဲ့ကြသော ပညာရှိပုဂ္ဂိုလ်ကြီး သုံးယောက် နှင့် ဆရာကြီး ဦးသုခပါ မရှိရှာတော့ပါ။ သို့သော် ဤအဖိုးတန် စာသုံးစောင်ကတော့ အတုယူ လိုက်နာ ကျင့်သုံး ဖွယ်ရာ ရာဇ၀င်တွင်ကာ ကျန်ရစ်ခဲ့မည်သာ ဖြစ်ပါတော့သည်။
                                    သုခိအတ္တာနံ ပရိဟရန္တု
                                    မောင်နှင်းမိုး
ဆရာကြီး ဦးသုခနဲ့ ကျွန်တော်
မန္တလေးမောင်အောင်ခင်
ဆရာကြီး ဦးသုခ ကို ကျွန်တော် သတိထားမိတာတော့ ကျွန်တော်တို့ (၇)တန်းကျောင်းသားဘ၀ ကြည့်ခဲ့ ရတဲ့ (ဂုဏ်ရည်တူ အသံထွက် ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဂုဏ်ရည်မတူမှာ မှတ်ဖြစ်ခဲ့ရတဲ့ ဇာတ်ကောင် နှစ်ဦး ကတော့ (ပေါက်စီနဲ့--- )တို့ပါ။
ဇာတ်လမ်းအရ မေသစ်နဲ့ သုခတို့ နှစ်ယောက်က တောင်းပန်ရတဲ့ မောင်နှမ၊ ကားမှောက်စိတ်နှောက် အတိတ်မေ့ ဖာတလုံးခင်မောင်၊ တစ်နေ့သူတို့မောင်နှမ ထမင်းဝိုင်းမှာ ဘာမသိညာမသိနဲ့ စိတ်မနှံ့သူ ခင် မောင်က ဇွတ်ဝင်စားခဲ့ရာက သံယောဇဉ်ဖြစ်၊ လက်ခံထားရာက ခင်မောင်ကို (မင်းနာမည် ဘယ်သူလဲလို့) အစ်ကို ဖြစ်သူ သုခကမေးတော့ မင်းသားခင်မောင် စိတ်မနှံ့သူပီပီ မျက်လုံးကြီးပြူးကလယ်ကလယ်လုပ် စဉ်းစား နေတုန်း ဗြုံးဆို သူတို့အနီးကနေ ပေါက်စီသယ် တရုတ်ကြီးဖြတ်သွားရင်း " ပေါက်စီ "ဆိုပြီး ဟစ် လိုက်တဲ့အချိန် (အား ဟုတ်ပီ ပေါက်စီ ကျွန်တော့် နာမည် ပေါက်စီ ... ပေါက်စီ) လို့ ပြောလိုက်ပါတယ်။
ဒီမှာတင် အစ်ကိုဖြစ်သူ သုခနှင့် မယ်သုံတို့ မောင်နှမတစ်ယောက်က အင်း တော်ပါသေးရဲ့ ပေါက်စီ သယ် ဖြစ် သွားတာ နို့မဟုတ်ပဲ ထိုးမုန့်သည်များ ဖြတ်သွားရင်တော့ ဒုက္ခဟူ၍ သုခကလည်း ညည်းလိုက်ရော ရုပ် ရှင်ရုံရုံမှာ ရှိပြီး ကြည့်နေကြတဲ့ ပရိသတ်တပြုံကြီးလည်း -- ကျသွားခဲ့ကြပါတယ်။ ဒီဇာတ်ကားကစလို့ ဆရာ ကြီးက ဒါရိုက်တာလုပ်တဲ့ (ဂုဏ်ရည်မတူ) ဇာတ်ကားဟာ ၀င် --- ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် ပြည်သူ ကြိုက်သော စာဖြစ်ခဲ့ရပါတယ်။
တစ်နိုင်ငံလုံးလဲ (ပေါက်စီ-မယ်သုံ) လွှမ်းသွားခဲ့ရပါတယ်။ အထဲက ဆရာကြီး ဦးသုခရဲ့ အနုပညာပါရမီက ထူးချွန်ခဲ့ပြီးနောက် ကျွန်တော်တို့ ရုပ်ရှင်ကြည့် ပရိသတ်စွဲမိတဲ့ စာကတော့ ဆရာကြီး ရိုက်တဲ့ (သည် ဆောင်းဟေမန်) ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း ဘကျော်ဆွေနဲ့ မေသစ်တို့ပါပဲ၊ ဇာတ် လမ်းအရ ကျော်ဆွေက ဒန္ဒရားဆရာ အနုပညာသမားဂီတ၀ိုင်းခေါင်းဆောင် သရုပ်ဆောင်ပြီး မေသစ်က သူဌေးသမီးပါ။ တစ်ယောက်နဲ့ တစ်ယောက်ညားပြီး ကလေးတစ်ယောက်ရမှ မေသစ်မိဘများက မကျေနပ်၊ ဂီတအနုပညာကို မမြတ်နိုး အထင်မကြီးသူများမို့ သမက်ကိုနှင်ချ၊ ဒီမှာတင် ကိုသိန်းဟန် (ကျော်ဆွေ)စိတ် ချဉ် ပေါက်ပြီး အရက်သောက်ပွေရာကနေ (ကာလသားရောဂါ)ရပြီး ကိုယ်ရေပြားရောဂါ သည် ဘ၀ ရောက်ခဲ့ ရပါတယ်။ လူငယ်များ သင်ခန်းစာပေး ဇာတ်ကားတစ်ကားပါပဲ။ ဒီဇာတ်ကားမှာ နာမည်ကြီး သွားတာ ဆရာ ကြီးဦးသုခ ကိုယ်တိုင် ရေးသားပေးခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ (ဂုဏ်ဆိုတာ ငွေကို ခေါ်တယ်) သီချင်းပဲ ဖြစ် ပါတယ်။
ဒီသီချင်းဟာ ခေတ်နဲ့ အညီ ဖြစ်နေတဲ့အတွက် အံဝင်ခွင်ကျဖြစ်တဲ့ စာသားတွေက (ဂုဏ်ဆိုတာ ငွေကိုခေါ် တယ်၊ လူမှာသာ ငွေမရှိရင် လင်ယူမိတာနာတယ်ထင်တယ်၊ ယောက္ခမ အိမ်တက်သမက်မှာ မျက်နှာငယ်၊ မျက်နှာငယ်) စတဲ့သီချင်း ပြည်သူ့အသဲစွဲဖြစ်ခဲ့ပြန်ပါတယ်၊ ဒါပေမယ့် နောက်ပိုင်းကာလတွေမှာ ကျတော့ ဒီ သီချင်းနဲပ ပတ်သက်လို့ လူငယ်လေးတွေ အတုခိုးမှားခဲ့ကြတဲ့အတွက် သူနောင်တရမိကြောင်း ကျွန်တော် တို့ ဆရာကြီး ဆောင်းပါး မှာ ဖတ်ပြီးသိခဲ့ရပါတယ်။
နောက်တတိယမြောက် အမှတ်ရစရာလေးကတော့ ကျွန်တော်တို့ မန္တလေးမြို့က တည်ထောင်လိုက်တဲ့ မန္တလေးရုပ်ရှင် စတင်ရိုက်ကူးလိုက်တဲ့ (ဘ၀သံသရာ) အသံထွက်ဇာတ်ကား အသံထွက်ဇာတ်ကားကြီး ဖြစ်ပါတယ်။ အဲဒီကားမှာလည်း ဆရာကြီး ဦးသုခနဲ့ ဒေါ်မေသစ်တို့က မောင်နှမ ဦးသုခကျောင်းဆရာဘ၀ ညီမလေးကို ဘ၀သံသရာရှည်လျားပုံတွေကို ဘ၀သံသရာ သီချင်းနဲ့သရုပ်ဆောင်ပြသွားလိုက်တာ ရုပ်ရှင် ကြည့် ပရိသတ်တွေဟာ တရားသဘောတွေ ပေါက်ရောက်သွားစေပါတယ်။
ဒီဘ၀သံသရာဇာတ်ကားမှာလည်း ဘ၀သံသရာသီချင်းဟာ ဂန္ထ၀င်မြောက် ကျန်ရစ်ပြန်တာပါပဲ။ ဒါကြောင့် ဆရာကြီးရဲ့ ဇာတ်ကားတိုင်းဟာ ဆရာကြီး လူထု ဦးလှပြောသလို (ဆင်သွားရင် လမ်းဖြစ်တယ်)ဆိုစကား လို ပါရမီရှင် ဆရာကြီး ဦးသုခကလည်း အနုပညာအရာမှာ ထဖက်ကမ်းခတ်တတ်မြောက်သူတစ်ယောက် ဟု ဆိုလျှင် မှားအံ့မထင်ပါ။ ဒီအချိန်ထိ ဆရာကြီးနဲ့ ကျွန်တော် လူကိုယ်တိုင် မတွေ့ကြုံဘူးသေးပါ။
နောက် ၁၉၆၇ နှစ်လောက်မှ ဆရာကြီး ဦးသုခနဲ့ ဆရာသခင်ကျော်စိန်တို့နှစ်ဦး မန္တလေးကို ရောက်လာကြ ပါတယ်။ ကျွန်တော်တို့အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက လူလတ်လူငယ်တွေနဲ့ တွေ့ဆုံချင်ပါ တယ်ဆိုလို့ လူထုဦးလှ ဒေါ်အမာ (ဦးလေးနဲ့ဒေါ်ဒေါ်)တို့က ကျွန်တော်နဲ့ ဆရာ မောင်သာနိုး တို့ကို အဖိတ် ခိုင်းပြီး နောက်တစ်နေ့မှာ တွေ့ဆုံပွဲလေး လုပ်ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ မန္တလေးအထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းဝင်များဖြစ်ကြတဲ့ လူကြီးပိုင်းထဲက လူထုဦးလှ ဒေါ်အမာ ဆရာ ဦးကြည်မြ၊ ဆရာဒေါက်တာ သန်းထွန်း၊ ဒေးအမာ ဆရာ ဦးကြည်မြ၊ ဒေါက်တာ ထွန်းရွှေ။ လူလတ်ပိုင်းထဲကဆိုရင် ကဗျာဆရာဒွါရာဝတီ ဘုန်းလူ၊ ဂုစ်ထူးဦးသိန်းနိုင်၊ ဆရာ သိန်းသန်းထွန်း၊ ဆရာကန်မြဲ နန်းမြင့်နွယ်။ မြင်းခြံမောင်ဝင်းဖေ၊ မင်းသားကိုကြည်လင်၊ လူငယ်ပိုင်းထဲက ကျွန်တော်၊ ဆရာ မင်းသားနိုး၊ မောင်ငြိမ်းသူ၊ မောင်မျက်ရှင်တို့တတွေပဲ ဖြစ်ပါတယ်။ ဒီတော့မှ ကျွန်တော် က ဆရာကြီး ဦးသုခကို လူကိုယ်တိုင် တွေ့ဖူးပါတယ်။ ဦးလေး (လူထုဦးလှ)က ဦးဆောင်ပြီး ဆရာကြီး နှစ်ဦးကို ကျွန်တော်တို့ လူငယ်တွေနဲ့ မိတ်ဆက်ပေးပါတယ်။
ဒီမှာတင် ကျွန်တော် ၀တ်ဆင်သွားတာက အဲဒီတုန်းက ကျွန်တော့်အသက် (၂၂)နှစ်ပဲရှိသေးတော့ နေတက် ထရွန်စတောပဲောင် (ပန်းရဲရောင်)နဲ့ အောက်ခံပုဆိုးက ကချင်လုံချည်အနက်စင်းကွက်နဲ့ဖြစ်ရာ ကျွန်တော့် ပုံစံက ကဗျာဆရာရုပ်။ စာရေးပေါက်ပဲ။ ဇာတ်ကောင်ရုပ်ပေါက်နေတယ်ထင်ပါရဲ့၊ ကျွန်တော့်တပည့် ရောက် လို့ ကျွန်တော် ထမိတ်ဆက်တော့ ဆရာကြီးက ကျွန်တော့်ကို သေသေချာချာစိုက် ကြည့်ပြီး " မောင်ရင် က ဆရာနဲ့မတူဘူး ရုပ်ရှင်မင်းသားလုပ်ဖို့ကောင်းတယ်" ဟု တိုက်ရော ဧည့်ခန်းတစ် ခန်းလုံး ၀ါးကနဲ ပွဲကျ သွားခဲ့ပါတယ်။
ဒီနောက်တော့ ဆရာကြီး နှစ်ယောက်နဲ့ ကျွန်တော်တို့ ဆရာတွေ တစ်ဖွဲ့လုံး တပြုံးပြုံး စာကြောင်း ပေကြောင်း ပြောဆိုကြ ဆရာကြီးကလည်း ရုပ်ရှင်အတွေ့အကြုံပြောကြ ကျွန်တော်တို့က နား ထောင် ပျော်စရာ တွေ့ဆုံပွဲလေး ဖြစ်ခဲ့သည်။ အဲဒီပွဲလေးသိမ်းတော့မှ ဆရာကြီး ဦးသုခက ကျွန်တော့်ကို ကြည့်ပြီး "မောင်ရင် ရုပ်ရှင်ကို ၀ါသနာပါရင် ဆရာ့ဆီလာခဲ့ခေါ်ပါတယ်။ ကျွန်တော်လည်း ၀ါသနာတော့ ပါခဲ့ ပါတယ်။ ရန်ကုန်မြို့ကို ဆင်းပြီး စွန့်စွန့်စားစား မလုပ်ရဲခဲ့တဲ့ ဆရာကြီးဆီ မရောက်ခဲ့ပါဘူး။
ဒါထက် ကျွန်တော်ကိုယ်တိုင် ကိုယ်ပိုင်စာအုပ်တိုက် မြစိမ်းတိုက်ကိုထောင်၊ ကဗျာစာအုပ်တွေ လုံးချင်းဝတ္ထု တွေ ၀ယ်တော့မှ အဲဒီခေတ်မျက်နှာဖုံးပုံနှိပ်တိုက် အကြိုက်ဆုံးဖြစ်တဲ့ (ယမုံနာစာအုပ်တိုက်၊ ပုံ နှိပ်တိုက်) ဦးဘိုးဟန်ဆီ သွားရင်း ဆရာကြီး ဦးသုခထံကို ၀င်ရောက်ကန်တော့ဖြစ်ပါတယ်။
နောက်တစ်ကြိမ် ဆရာကြီးနဲ့ တွေ့ဆုံဖြစ်တာကတော့ ၁၉၈၀ ခုနှစ် မြန်မာနိုင်ငံမှာ ပထမဆုံးညီလာခံဖြစ်တဲ့ စာပေလုပ်သား ပထမအကြိမ် စာပေညီလာခံမှာပါ။ ကျွန်တော်တို့ မန္တလေး(၄)မြို့နယ်က စာပေညီလာခံ ကိုယ်စားလှယ်တွေ တည်းခိုရမယ့် အဆောင်ကို ရောက်သွားတော့ ကျွန်တော်တို့ တည်းခိုကြရတဲ့အဆောင် က ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လှိုဏ်ဂူတော်ကြီးနဲ့ မျက်နှာချင်းဆိုင်က ပုဗ္ဗ၀ိဒေဟဆောင် ဆရာ ကြီးဦးသုခ နဲ့ ဆရာကြီး ရွှေဒုံးဘီအောင် (ဗိုလ်အောင်ဒင်ဒါရိုက်တာ)တို့ နှစ်ဦးက ပြုံးရွှင်စွာ ကြိုဆိုကြပါ တယ်။ ဒီတုန်းက ဆရာကြီးက ပင်နီစရှမ်းတိုက်ပုံ ရှမ်းဘောင်းဘီဝတ်နဲ့ သွက်လက်ဖျတ်လတ်စွာ ရှိသလို ဆရာကြီး ဒါရိုက်တာ ရွှေဒုံးဘီအောင်ကလည်း တိုက်ပုံအင်္ကျီနက်ပြာ၊ ပိုးထည်ပုဆိုးကွက်စိပ် နဲ့ အကျအန ထိုင်နေ ကြပါတယ်။
လူငယ်လှုပ်ရှားမှုအတွက်တော့ အဲဒီတုန်းက အသက်(၂၁)နှစ် အရွယ်ပဲရှိသေးတဲ့ ကို အောင်ထွန်းခေါ် ဆရာမင်းသိင်္ခ က တာဝန်ယူပြီး ကျွန်တော်တို့ တည်းရမယ့် အခန်းဆီကို လိုက်ပို့ပေးပါတယ်။ ကျွန်တော်တို့ အခြေတကျပစ္စည်းတွေ ချထားပြီး ပြန်ဆင်းလာတော့မှ ဆရာကြီး ဦးသုခ ကပြုံးရင်း ကျွန်တော့်ကို ထိုင်ဖို့ခေါ်ရင်း ကိုလှ တို့ မအမာတို့ နေကောင်းကြရဲ့လား မေးပါတယ်။ ကျွန်တော် ကလည်း ဦးလေးတို့ ဒေါ်ဒေါ် တို့ နေထိုင်ကောင်းကြောင်း နေ့စဉ်သတင်းစာအလုပ်နဲ့မို့ မအားလပ်လို့ ဆရာ ကြီးထံ စာမရေး ကြောင်းမှာ လိုက်ပါတယ်လို့ ပြောပြခဲ့ပါတယ်။
ဒီနောက် ညီလာခံ (၃)ရက်အပြီးမှာ ပြန်ခါနီးနှုတ်ဆက်၍ ပြန်ခဲ့ကြပါတယ်။ နောက်နှစ်တွေမှာလည်း ကျွန်တော် မြစိမ်းမြိုင် စာအုပ်တိုက်က စာအုပ်တွေကို ရန်ကုန်ဆင်းဖြန့်ချိရင်း ဦးလေးနဲ့ ဒေါ်ဒေါ် (လူထုဦးလှ ဒေါ်အမာ)တို့က အမှတ်တရ ပေးဖို့ ပါးလိုက်တဲ့ မန္တလေးလက်ဆောင်ဖြစ်တဲ့ ထိုးမုန့်၊ မလိုင် ကရေကရာ၊ မာစကပ်မုန့်များကို ကျွန်တော် ယူဆောင်သွားရင်း ရန်ကုန်ရောက်တော့ ဆရာကြီးဦးသုခထံ ဦးလေး ဒေါ်ဒေါ်တို့က လက်ဆောင်ပို့ခိုင်း၍ လာပို့ရပါကြောင်းနှင့် ကျွန်တော် ကိုယ်တိုင်ကလည်း ဆရာကြီး ကို လက်အုပ်ချီကန်တော့ ခဲ့ရဖူးပါတယ်။ ဒါတွေကတော့ ဆရာကြီး ဦးသုခနဲ့ ပတ်သက်လို့ ကျွန်တော့်ဘ၀ ကိုယ်တိုင်တွေ့ အမှတ်တရလေးများပဲ ဖြစ်ပါတယ်။
အဖက်ဖက် က အသိထူးပါရမီထူး ဘ၀ဆက်ကောင်းသူ အကယ်ဒမီဆုများရှင် စာရေးဆရာဒါရိုက်တာ ဆရာ ကြီး ဦးသုခ အား ဤဆောင်းပါးဖြင့် ရိုသေမြတ်နိုးလေးမြတ်စွာ ဂါရ၀ပြုလိုက်ပါတယ် ခင်ဗျား။
မန္တလေးမောင်အောင်ခင်
.
>>>ဆက်ဖတ်ရန်>>> >>
Monday, August 1, 2011
ခင်ခင်ထူး ၏ မင်္ဂလာလှည်း အပိုင်း (၇)
(၁၂)
မောင်ကြိုင်က ပုဆိုးတိုတိုနဲ့ တလွှားလွှား လျှောက်လာခဲ့တယ်။ နီးပြီ။ ရွာခြေတောင် ၀င်တော့မယ်။ ရင်တွေ လည်း ခုန်လို့။ တစ်ခါမှ မရောက်ဖူးတဲ့ ရွာကိုမှောင်ရီပျိုးစ တောလမ်းက တစ်ယောက်တည်း လျှောက် နေရတဲ့ သူ့ဘ၀ကို သူဟာသူလည်း အံ့သြတယ် နဲ့တာပါရဲ့။ လူကလည်း ပေကျံနေလိုက်တာ မြင်ရက် စရာ မရှိဘူး။ မျက်နှာကွက်ကွက်ကလေးပဲ ပေါ်နေတာပါ။ သည်လိုပုံကို ပျက်သွားအောင် လုပ်လို့ ကလည်း မဖြစ်သေးဘူး။ စင်စင်ကြယ်ကြယ်နဲ့ ၀င်သွားရင် ယုံကြမှာမဟုတ်ဘူး။ တော်ရာ ထန်းရည် ၀င်သောက် နေကြပြီ အမူးပြေမှ လာကြတယ်ထင်မှာ သေချာလေတော့ ရွာက ၀ိုင်းအုံရိုက် နှက်ကြရုံရှိမှာ လောက်တော့ မောင်ကြိုင်က သိတယ်။
မောင်ကြိုင် ရွာရိပ်ဝင်ကာနီးတော့ ထန်းရည်ဆိုင်ကလေးတစ်ဆိုင် တွေ့တယ်။ ညနေဘက် ထရ သောက် နေကြတဲ့ လူငယ်လေးငါးယောက်ကို တွေ့လိုက်တော့ မောင်ကြိုင် နည်းနည်းကလေး တွန့်ဆုတ် သွား ရတယ်။ သူ့ကိုများ ရိုက်ဖို့စောင့်နေကြတဲ့ လူတွေ များလားပေါ့။ လူင်ငယ်တွေက တော့မောင်ကြိုင်ကို သိပ်သတိ မထားမိကြဘူး။ ရွာထဲဝင်တဲ့ ဖြတ်လမ်းဆိုတော့ လူတကာ သွားနေကြ တာကိုး။ မောင်ကြိုင်က နဂို မည်းမည်း သည်းသည်ဖြစ်ရတဲ့အထဲ ပေထိပေစုတ်နဲ့ဆိုတော့ ဘယ်သူက ကမှလည်း သတို့သား မထင်ကြဘူး။ မြို့သား သတို့သားကလည်း သည်လိုစုံမွှားမွှား ရှိပါ့မလား။ ထင်စရာမရှိဘူးကိုး။
ထရေဆိုင်ဝ က ထရံ ၀ါးဆစ်တုတ် လေးငါးချောင်း ထောင်ထားတာ တွေ့တော မောင်ကြိုင်လည်း သုတ်သုတ် ကလေး လှမ်းတယ်။ တိုက်ဆိုင်ချင်တော့ ထရေဆိုင်ထဲက သူနဲကရွယ်တူလောက် လူငယ် တစ်ယောက် ထွက်လာတာ မောင်ကြိုင် သတိထားမိလိုက်တယ်။ မောင်ကြိုင့်ကို တစ်ချက်လှမ်းအကဲ ခတ်တယ်။ လယ်ထဲယာထဲက တမံဖော်ပြီး ပြန်လာတဲ့လူရယ်လို့ ထင်သွားပုံရပါတယ်။ မောင်ကြိုင့် ကို လှမ်း မေးတယ်။
"ဟေ့လူ ဘယ်ကလာတာလဲ"
"ညောင်ခြောက်က"
မောင်ကြိုင်က သဖန်းတောတို့ ညောင်ခြောက်တို့ ခေါင်းထဲရှိနေတော့ ပြောချင်ရာ ပြောလိုကတာပါ။ မေးတဲ့လူကိုမကြည့်ဘဲ ဖြေလိုက်ရင်း ခြေလှမ်းကို နှစ်လှမ်းစာ တင်လိုက်တယ်။ ဘာမှန်းမသိ ညာမှန် မသိ စကား ကို ရမ်းမပြောဝံ့တော့ ပါးစပ်ထဲရှိတာ ဖြေလိုက်တာကလည်း တည့်သွားလို့လားမသိဘူး မေးတဲ့ လူငယ် က တစ်ခွန်းထပ် မေးပြန်ရော။
"ခင်ဗျားလမ်းမှာ ကားတစ်စီးမတွေ့ခဲ့ဘူးလား"
"ကား…ကားအကြောင်းတော့ ပြောမနေပါနဲ့ဗျာ၊ စိတ်ကိုကုန်ရော"
သည်တစ်ခါတော့ မောင်ကြိုင်က မေးသူကိုကြည့်ပြီး ဖြေလိုက်တာပါ။ လူကညှင်းသိုးသိုးရယ်၊ ရင်ပတ် မှာ သော့ခလောက် ကလေးတစ်လုံး ကြိုးနဲ့ဆွဲလို့။ မိုက်တိမိုက်ကန်းထဲကနဲ့ တူပါရဲ့လို့လည်း တွေး နေ မိတယ်။ ရင်ပတ်မှာသော့ခလောက်ဆွဲထားတဲ့ လူငယ်က ကားအကြောင်း မပြောပါနဲ့ စိတ်ကို ကုန်ရော ဆိုတဲ့ စကားကို ကျေနပ်သွားတယ်။ သည်လူလည်း ကားစိတ်ကုန်နေတဲ့ လူတစ်ယောက်ကို ထင်သွား တာကိုး။ ဘာမှဆက်မမေးတော့ဘဲ ထရေဆိုင်ထဲ ပြန်ဝင်သွားရော။ မောင်ကြိုင်လည်း သုတ်သုတ် ဆက်လျှောက် ခဲ့ရော။ ရင်ပတ် သော့ခလောက်ဆွဲထားတဲ့ လူငယ်ကို အထဲက လူငယ်တွေက လှမ်းမေးသံ လည်း ကြားလိုက်တယ်။
"သောင်းစိန် ဘာတဲ့လဲ ကားတွေ့ခဲ့သတဲ့လား"
"သည်လူလည်း ကားကိုရိုက်ဖို့ စောင့်နေထင်ပါရဲ့ကွာ၊ စိတ်ကုန်လို့တဲ့"
သည်အသံလည်းကြားရော မောင်ကြိုင် ခေါင်းနပန်းတွေ ကြီးသွားတယ်။ မပြေးရုံတမ်ယ ဒရောသောပါး လာလိုက်တာ ရွာထဲဝင်ရမယ့် မလွယ်ပေါက်ကို ရောက်လာခဲ့တယ်။ မလွယ်ပေါက်က သိပ်မကျယ်ပါ ဘူး။ လမ်းဘေး တစ်ဖက် တစ်ချက် ရှားစောင်းပင်တွေ စီစိုက်ထားတော့လမ်းမှန်း သိသာတယ်။ ကလေးချီထားတဲ့ မိန်းမတစ်ယောက်နဲ့တွေ့လို့ ဒေါ်စွန်မတို့ အေးသီတို့အိမ် ဘယ်နားမှာလဲမေး တယ်။ သည်မိန်းကလည်း မောင်ကြိုင့်ကို မြို့ကလာတဲ့ သတို့သားရယ်လို့ ဘယ်ထင်မှာတုန်း၊ သည်ကသွား၊ ရှေ့ကျ ညာချိုး၊ ဆက်လျှောက်သွား၊ လေးငါးအိမ်လောက်ကျော်ရင် မောင်းစင် တွေ့လိမ့်မယ်။ မောင်းစင် နဲ့ တစ်အိမ်ကျော် မန်ကျည်းပင်ကြီးနဲကအိမ်ပဲလို့ လမ်းညွှန်လိုက်တယ်။ မောင်ကြိုင် ဆက်လျှောက် လာလိုက်တာ မောင်းစင်ကို တွေ့ပြီ။ မန်ကျည်းပင်ကို တွေ့ပြီ။ နဖူးကို ခြေမှုန့်ကလေးဖက်ခနဲ့တို့ပြီး အေးသီ တို့အိမ်ဆိုတာကို လှမ်းကြည့်လိုက်တယ်။
မောင်ကြိုင်ရင်တွေ တဒိန်းဒိန်းခုန်နေပြီ။ သူအလောကြီးလာခဲ့ရတဲ့ အေးသီတို့ရွာ၊ အေးသီတို့အိမ်၊ သူ့မျက်စိ ရှေ့ ရောက်နေပြီလေ။ လူသူရယ်လို့ သိပ်မရှိဘူး။ အထဲမှာ မီးခွက်ကလေး ထွန်းတားတာပဲ တွေ့ တယ်။ ဒါနဲ့မောင်ကြိုင်လည်း စွပ်စွပ်ရွပ်ရွပ် ၀င်လာခဲ့တယ်။
(၁၃)
အေးသီ တို့ အိမ်ကုပ်ကလေးထဲမှာ ရေနံတိုင်မီးခွက်ကလေးပဲ ရှိတယ်။ သတို့သမီး တစ်ယောက်ရဲ့ မင်္ဂလာည ဆိုတဲ့ အသွင်မဆောင်ဘဲ သာမန်အိမ်ကလေး တစ်လုံးက အလင်းရောင်ကလေးတွေ လောက် ရှိတာကို တွေ့လိုက်ရတော့ မောင်ကြိုင်အံ့သြသွားတယ်။ အမှန်က မောင်ကြိုင် ရောက်လာ ကာနီး ကလေး မှာပဲ ရွာထဲက စုစုရုံးရုံးရောက်လာကြတဲ့လူတွေ ပြန်သွားခဲ့ကြတာပေါ့။ မူးမူးနဲ့ရမ်းနေတဲ့ လူမိုက်ဘထွန်း တို့လည်း ရွာလူကြီး ကိုလှမောင်ကြောက်တာနဲ့ ပြန်ကြပြီ။ ကိုလှမောင်နဲ့ ပါလာတဲ့ လူကြီး လေးငါးယောက် လည်း ညစာစားရသေးတာ မဟုတ်တော့ ထပြန်ကြပြီ။ ရွာထဲကလူတွေက မင်္ဂ လာပွဲ လည်း ပျက်ပြီ ထင်ကြတော့ ဝေဖန်ချက် အမျိုးမျိုးနဲ့ ပြန်ကြတာပါပဲ။ အေးသီ ဒီဇယ်သောက် မလိုလို ဖြစ်လိုက် တာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရပြီးတဲ့နောက် လူတွေကလည်း အာရုံမရှိကြတော့ပါဘူး။. မီးခွက် ထွန်းချိန် ကျမှတော့ ဘယ်လိုလုပ် မင်္ဂလာတောင်းမြန်းမယ့် ကိစ္စရှိပါတော့မလဲ။
မစွန်မက ဖျာကြမ်းပေါ် ခေါင်းခုကလေးခုပြီး မှေးနေတယ်။ တစ်နေကုန် လောက်နီးနီး သမီးနဲ့ ရန်ဖြစ် နေရ တာရော၊ လူမိုက်ဘထွန်းတို့ ချော့လွှတ်ချောက်လွှတ်ရတာရော ဆိုတော့ စိတ်ပန်း၊ လူပန်းဖြစ် သွားပုံ ပေါ်ပါတယ်။ အေးသီကတော့ သူငယ်ချင်းတွေ ၀ိုင်းချော့ကြလိုက် ဒီဇယ်ပေပေကြီးနဲ့ ငုတ်တုတ် ထိုင်နေရာ က အ၀တ်အစားကလေး ထလဲလိုက်ပါပြိ။ မြင့်စိန်တို့၊ ဗွေးတုတ်တို့၊ မိသေးတို့ကတော့ မပြန်ကြဘူး။ ကိုလှမောင်က တစ်ညလုံးစောင့်နေလို့ မှာခဲ့တာပါသလို၊ သူငယ်ချင်းမ ကို သနားကြတာ လည်းပါပါတယ်။ အေးသီ နဲ့ သယ်ငယ်ချင်း သုံးယောက် ထိုင်စကားပြောနေကြတယ်။ အေးသီ က အပေါက်ဝ လှည့်ထိုင် နေတုန်း ဗြုန်းဆို တံခါးဝက မောင်ကြိုင်ပေါ်လာတော့ လန့်သွားတယ်။ မောင်ကြိုင်လို့လည်း မထင်ဘူး။ လူ ကလည်း ကစုတ်ကညစ်နဲ့။ ရွှံ့တွေကလည်း ခြောက်နေပြီ ဆိုပေမယ့် အချပ်လိုက်ကပ်လို့။ ပြီးတော့ ကားသံ မကြား၊ ဘာမကြားဆိုတော့ မောင်ကြိုင် အိမ်ပေါက် ၀လာရပ်လိမ့်မယ်လို့ကို မထင်တာ။ အေးသီ ကတော့ မျက်လုံးကြီးပြူးကြည့်နေလေရဲ့။
"အေးသီ အစ်ကို လေ မောင်ကြိုင်ရယ်"
သည်လိုသာ အသံမကြားရရင် အေးသီ အော်မိတော့မလို အသံက ပါးစပ်ထဲရောက်နေပြီ။ မောင်ကြိုင် အသံ လည်း ကြားလိုက်ရော မှေးနေတဲ့ မစွန်မကလည်း ငေါက်ခနဲထထိုင်တယ်။ မြန်စိန်တို့ကလည်း လက်စသတ် တော့ မြို့က သတို့သား မောင်ကြိုင်ဆိုတာ ဒါလား။ မဟုတ်မှာလွဲရော သရဲဖြစ်လို့ ကိုယ်ထင် လာပြတာ နေမှာလို့ ထင်ကြတယ်။
"အစ်ကို အစ်ကို လာသေးတယ်နော်၊ ရက်စက်လိုက်တာ အစ်ကိုရယ်"
အေးသီ က မောင်ကြိုင့်ဆီ ထသွားပြီး ခါးပုံစ ဆွဲလာခဲ့တယ်။ မီးတိုင်ခွက်ဘေးထိုင်ခိုင်းတယ်။ မောင် ကြိုင် လာလို့ ကတော့ ဓားနဲ့ခုတ်မယ်။ တုတ်နဲ့ ရိုက်မယ်လို့ ကြိမ်းခဲ့တဲ့ မစွန်မ လည်း မောင်ကြိုင် တကယ် ရောက် လာတော့ စကားရှာမရဘူး။ ဒေါသပဲဖြစ်ရမှာလား၊ ခွင့်ပဲလွှတ်ရမှာလား၊ မပြောတတ် အောင်ဖြစ် နေလေရဲ့။ မြစိန် က အိမ်တံခါးကို ထပိတ်လိုက်တယ်။ ဘာမှန်း ညာမှန်းမသိရခင် အပြင် သတင်းရောက် သွားမှာ စိုးလို့။
"ဘယ်လိုဖြစ်တာလဲ ကိုကြိုင်ရယ်၊ ကျုပ်တို့မှာ မျက်နှာဘယ်ထားရမှန်းမသိအောင် ဖြစ်ကုန်ပြီ။ အမေ့ခမျာ တော့ မပြောနဲ့တော့ ရှက်လည်းရှာက် နာလည်းနာ၊ ကိုကြိုင်လုပ်ပုံ မကောင်းလိုက်တာ"
"အစ်ကို တို့လား လမ်းမှားလာကြတာ၊ လူတွေ့ရတာပဲ ကံကောင်းတယ်မှတ်ပါတော့၊ လူကြီးတွေလည်း လူရုပ် မပေါ်ကြတော့ဘူး"
မောင်ကြိုင်က သူတို့လမ်းမှား ဖြစ်ပျက်လာသမျှကို အကျဉ်းရုံးပြီး ပြောပြလိုက်သည်။
"ဒါဖြင့် လူကြီးတွေ ဘယ်မှာလဲ"
"နောက် မှာ ပါလာကြပြီ၊ သူတို့က လှည်းနဲ့လာတာ ကျုပ်ကညောင်ခြောက်ရွာသည်ဘက်မှာ လှည်းပေါ်က ဆင်းပြီး ဖြတ်လျှောက်လာတာ မြန်အောင်လို့၊ ကားက သဖန်းကုန်းကျောလို့ကို မရ တော့တာ၊ သည်တော့ သဖန်းကုန်း က လှည်း ငွေနှစ်ထောင်ပေးငှားခဲ့ရတယ်။ ကားစောင့်ဖို့လည်း နှစ်ထောင် ပေးခဲ့ရတယ်"
"အစ်ကို တို့က ဘယ်ကလာတာမို့လို့တုန်း"
"ဘယ်လမ်းလို့လည်း မပြောတတ်ပါဘူး အေးသီရာ၊ လမ်းမှာလာတယ်ပြောကြတာပဲ၊ ကားလည်း တစ်စစီ ပြုတ် ကုန်ပြီလား မှတ်ရတယ်"
"သြော်…ကိုကြိုင်ရယ်"
အေးသီ နဲ့ မောင်ကြိုင်ပြောနေတာတွေကို မစွန်မက အကုန်ကြားနေရတော့ အပြစ်လည်း တင်မနေ ချင် တော့ပါဘူး၊ ခမျာများ လာရှာကြသားပဲလို့သာ အောက်မေ့မိရတယ်။ မလာရမယ့်လမ်းက လာမိ တာလည်း အပြစ် ရယ်လို့ ပြောဖို့ခက်သား။ တကယ်ဆို ဘကြီးဖိုကို ပြောသလို ရွာကတစ်ယောက် ယောက် အကြိုလွှတ် နှင့်ရမှာ။ ဦးဆောင်ခေါ်ခဲ့ရမှာ ကိုယ့်ဝတ္တရားဆိုတာကို သဘောပေါက်သွားပုံလည်း ရပါတယ်။ ဟုတ်ပြီ။ ထားတော့။ ဒါကနောင်မေးလို့လည်း ရတယ်။ အခုက ဘ်ာလုပ်ကြမလဲ။ ဘာလုပ် ရမှာလဲ။ ဧည့်သည် တွေကလည်း လှည်းနဲ့တစ်စီးပါလာတယ် ပြောနေပြီ။ ရေမိုးချိုးဖို့၊ အ၀တ်အစားလဲ ဖို့၊ ညစာ စားဖို့၊ အိပ်ဖို့နေဖို့၊ မနက်စာကျွေးဖို့အစ အခုမှ ကောက်လုပ်ရမယ်ဆိုတော့ မစွန်မ တော်တော် စိတ်ဓာတ် ကျသွားတယ်။ ဒါတွေ တစ်ခုမှတတ်နိုင်တာ မဟုတ်ဘူး။ မြစိန် တို့အိပ်တယ်ဆို တာ ကိုယ့် ရွာသူချင်း ပြားအိပ်လို့ရတယ်။ ဒူးတင်ကျောကပ် အိပ်လို့ရတယ်။ ခြင်ထောင် လည်း မလို ဘူး၊ ခေါင်းအုံး လည်း မလိုဘူး၊ အခုဟာက မြို့ကဧည့်သည်တွေ။ ဧည့်သည်မှ ဂုဏ်မြင့်ကြတဲ့သူတွေ။ မောင်ကြိုင့် ဆရာ လည်း ပါကိုပါလာမှာ သေချာတယ်။ မြစိန်က ပြဿနာကို စဖြေရှင်းဖို့လုပ်တယ်။
"ကြီးတော်စွန်မ တံခါးပိတ်ထား၊ ကျုပ်တို့ ဗွေးတုတ်တို့ ဦးလေးလှမောင်အရင်သွားခေါ်ခဲ့မယ်၊ ဦးလေး လှမောင် အရင်ရောက် နှင့် မှ ရမှာနော်၊ သူမှတားနိုင်မှာ"
"အေး ဟုတ်သား၊ သွားသွား လိုရင်းပဲပြောခဲ့၊ သည်မယ် လောလောဆယ် လိုမှာက ဘက်ထရီ မီးချောင်း တွေလိုမှာ၊ ဖျာကြမ်းလေးငါးချပ်လည်း လိုမယ် ညနေက ပြန်သယ်သွားကြတာလေ။ သြော်… ရေနွေးအိုးနဲ့ ရေနွေး အကြမ်း ပန်းကန်၊ နေဦးဟဲ့ ကွမ်းဆေးလက်ဖက် ကလည်း တို့ဝယ်ထားသမျှ မနက်ကချ ဧည့်ခံ လိုက်တာ ကုန်ပြီ၊ ဘာလိုဦးမလဲ"
မောင်ကြိုင်ကတော့ ရွာအခြေအနေ ဘာမှန်းမသိရသေးပေမယ့် အေးသီတို့ သားအမိ ကသီလင်တ ဖြစ်ရတာ ကို စိတ်မကောင်းဘူး။ ကိုချစ်တိုးတို့ သူ့ဆရာကိုကျော်သန်းတို့ လှည်းကိုလည်း ရောက်စေ ချင်လှပြီ။ လှည်းသံ မကြားရသေးတော့ စိတ်ပူတာရော၊ အားငယ်တာရော စိတ်နှစ်ခွနဲ့ ငုတ်တုတ်ထိုင် နေရတယ်။ မြစိန် ကတော့ မစွန်မ လှမ်းပြောနေတာတွေ ဆုံးအောင် နားထောင်မနေတော့ပါဘူး။ ထပြေးကာ ရွာလူကြီး ကိုလှမောင် အိမ်ရောက်တော့မယ်။ မြစိန်က ကိုလှမောင်အိမ်ဝိုင်းဝ ရောက်ချိန် မှာပဲ သောင်းစိန် တို့ လူစုက ထန်းရည်ဆိုင်ကနေ ရွာထဲက ရွာသည် လမ်းပေါ်ပြန်ရောက်လာကြပြီ။ အေးသီ ကို တောင်းမယ့် မြန်းမယ့် မိန်းမမြန်းကားကို ရိုက်ချင်လှချည့်ရဲ့လို့ ရွာထိပ်က ထန်းရည်ဆိုင်က ခွစောင့် နေခဲ့တာ နေသာကုန်တယ် ရိုက်ရမယ့်ကားက ပေါ်မလာတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ ကြောင်စီစီ ဖြစ်နေ ကြ တာပေါ့။
သည်အချိန်မှာပဲ လှည်းတစ်စီး သူတို့အနားက ဖြတ်မောင်းသွားတာ တွေ့လိုက်ကြတယ်။ လှည်းနွားဆို တာ သူ့ရွာကိုယ်ရွာ အချိန်ရယ် အခါရယ်မရိှဘဲ သွားလာနေကျဆိုတော့ မော့လည်း မော့မကြည့် ဖြစ်လိုက် ကြပါဘူး။ ဒါပေမယ့် လှည်းပေါ်ကလူ လေးငါးခြောက်ယောက်ပါတဲ့အပြင် အဲသည်ထဲက တစ်ယောက်က သူတို့ အုပ်စုကို လှမ်းမေးလိုက်တဲ့ မေးခွန်းကြောင့် အားလုံးမော့ကြည့်လိုက်ကြရော။ မေးလိုက်တာက ကိုချစ်တိုး။
"ငါ့ညီ တို့ ဒေါ်စွန်မတို့ အေးသီတို့အိမ် သွားချင်လို့၊ ဘယ်နားမှာလဲ သိချင်လို့ပါကွာ"
"ဘယ်သူရယ်"
"ဘယ်လိုရယ်"
"ဘာရယ်"
"ဘယ်အိမ်ရယ်"
သောင်းစိန် တို့ အဖွဲ့က တစ်ယောက်တစ်ပေါက် မြန်းမေးလိုက်ကြတာပါ။ ညဦး၊ လှည်းတစ်စီး၊ သူစိမ်း ဧည့်သည်တွေ။ မေးတာက မစွန်မ နဲ့ အေးသီ။ ဒါဖြင့် သည်လူတွေဟာ ဘယ်သူတွေလဲ။ မင်္ဂလာကိစ္စ နဲ့ ပတ်သက် နေတဲ့လူတွေလား။ မှောင်နေလို့ ဘယ်သူ့ဘယ်သူမှလည်း ကောင်းကောင်း မြင်ရတာ မဟုတ်တော့ လှည်းပေါ်လှည်းအောက် အကဲခတ်နေခဲ့ကြတာပါ။ ကိုချစ်တိုး ကလည်း မေးပြီးကာမှလန့် သွားတယ်။ လူငယ် တွေက မူးနေကြပုံလည်းပေါ်ရဲ့။ ပြီးတော့ တုတ်တွေကိုယ်စီနဲ့ မိုက်တိမိုက်ကန်း ပုံတွေ။ မဟုတ်သော် ရှိ ဟုတ်သော်ရီ သူတို့ကို စောင့်ရိုက်မယ့်အဖွဲ့ ဖြစ်နေရင်ကော။ သောင်းစိန်က လည်း ဟုတ်ပြီ။ မစွန်မ နဲ့ အေးသီကို အပ်ချမတ်ချမေးနေပြီ ဆိုကတည်းက ဒါမင်္ဂလာမိန်းမမြန်း ကိစ္စနဲ့ လာကြသူ တွေ သေချာပြီ။ သည်လှည်းပေါ်မှာ အေးသီနဲ့ယူတော့ မယ်ဆိုတဲ့ကောင်း ပါကိုပါရမယ်။ သည်ကောင်ကို ဆွဲချ၊ ရိုက်လွှတ်တန်လိုက်ရင် သည်ကောင် မှတ်သွားလိမ့်မယ်။ သည်လို တွေးနေတာကို ကိုချစ်တိုးက မသိဘူး။
"ခင်ဗျားတို့က ဘယ်ကတုန်း"
"မန္တလေး က လာကြတာ မိန်းမမြန်လာကြတာပါ"
"လှည်းပေါ်မှာ မောင်ကြိုင်ပါသလား"
"ပါတယ်"
ပါတယ်လို့ အော်လိုက်သူက လှည်းသမား၊ သူ့နာမည်ကလည်း မောင်ကြိုင်ပဲနဲ့ တူပါရဲ့။ မောင်ကြိုင် ပါသလားဆိုတော့ ပါတယ်လို့ အော်လိုက်တာပေါ့။ သောင်းစိန်တို့ လှည်းဦးကနေ ၀ိုင်းလိုက်ကြတယ်။ မောင်ကြိုင့် ကိုပဲ စိတ်ဝင်စားနေကြတာ ဆိုတော့ လှည်းသမားကို မဲကြတော့တာပါ။
"မောင်ကြိုင်ပါရင် ဆင်းစမ်း၊ မင်းနဲ့စာရင်းရှင်းစရာရှိတယ်"
"ဘာစာရင်းများတုန်းဟ"
"အေးသီကိစ္စဆိုရင် မင်းသဘောပေါက်ပေါ့ကွာ"
"အေးသီလဲ ငါမသိဘူး၊ အေးကြည်လဲ ငါမသိဘူး"
"မသိလဲ ဆင်းခဲ့ကွာ၊ မင်းအပိုတွေ ပြောမနေနဲ့"
"ငါ လှည်းပေါ်ကဆင်းတော့ လှည်းဘယ်သူ မောင်းမလဲကွ၊ နေပါဦးမင်း တို့က ဘာသဘောမေး တာလဲ၊ တစ်ရွာ့ တစ်ရွာ့ လှည်းတိုက်လိုက်တာ မိုက်လို့လိုက်သာကွ၊ ကိုင်းပြောစမ်း ဘာကိစ္စလဲ"
သောင်းစိန် တို့ လူစုကလည်း ကြောင်သွားတယ်။ လှည်းတိုက်လိုက်တယ် ဆိုမှာတော့ သူတို့ရိုက်ချင် တဲ့မောင်ကြိုင် ဘယ်ဟုတ်နိုင်ပါ့မလဲ။ ဒါတွေအားလုံးကို ကိုချစ်တိုး သဘောပေါက်လိုက်တယ်။ မောင်ကြိုင် ချင်းတော့ မှားနေပြီ။ အရေးထဲလှည်းသမားကလည်း မောင်ကြိုင်ဖြစ်နေရသေး။
"မပါပါဘူးကွာ၊ ဒါက လှည်းသမား မောင်ကြိုင် သဖန်းတောရွာက လာတာကွ၊ သတို့သား မောင်ကြိုင်က သွား နှင့် တာကြာပေါ့ဟာ၊ ကိုင်း…ကိုင်း အုပ်ကြီး ပြောလိုက်စမ်းဗျာ
အုပ်ကြီးဆိုတာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်းကို ကိုချစ်တိုးတို့က အုပ်ကြီးခေါ်နေကျကိုး၊ အုပ်ကြီး ပြောလိုက်စမ်းဗျာဆိုတာ သက်ြ်ကီးဝါကြီးတွေပါတဲ့အကြောင်းကို ချစ်တိုးက သက်သေ ထူလိုက်တာပါ။ ဖြစ်ချင်တော့ သည်ဘက်နယ်က ရဲအုပ်ကြီးတို့၊ ဥက္ကဋ္ဌကြီး တို့ကို အုပ်ကြီးခေါ် ကြတာဆိုတော့ သောင်းစိန် တို့က ရဲအုပ်ကြီးပါ ပါလာတာလို့ ထင်သွားကြတယ်၊ အသာနောက် ဆုတ်သွားကြပြီး စကားသံတွေလည်း တိတ် သွားကြတယ်။ လေသံတွေလည်း ပြောင်းသွားကြ တယ်။
"ကြီးတော် မစွန်မတို့အိမ်က ရှေ့ဆက်မောင်းသွားကြပါ၊ မောင်းစင်လေးတွေ့ပါလိမ့်မယ်၊ တွေ့ရင် မောင်းစင် ဟိုဘက် တစ်အိမ်ကျော်က မန်ကျည်းပင်ကြီးနဲ့ အိမ်ပဲ"
ကျောင်းအုပ်ကြီးတောင် ဘာမှမပြောရသေးပါဘူး၊ လေသံပြေင်းသွားကြရုံမက အိမ်ကို ညွှန်လိုက် ကြသေး တာပေါ့။ ကိုချစ်တိုးတို့လည်း လက်တစ်လုံးခြား ကံကောင်းသွားတာပေါ့လေ။ လှည်းလည်း ဆက်ထွက် လာခဲ့တယ်။
(၁၄)
မြစိန်က ကိုလှမောင်ကို အကျိုးအကြောင်းပြေပြပြီး ရွာလူကြီးကို ဒရွတ်တိုက် ဆွဲခေါ်လာလို့ အေးသီ တို့ အိမ်ရှေ့ရောက်တာနဲ့ ကိုချစ်တိုးတို့ လှည်းရောက်လာတာနဲ့ အံကိုက်ကျသွား တယ်။ ကိုလှမောင်က တပည့် လက်သား သုံးလေးယောက်လောက်ပါတော့ ချက်ချင်းလိုလိုပဲ ရွာထဲက အိမ်တွေကို လက်ငင်း လိုအပ်တာ ကလေးတွေ သွားယူခိုင်းတယ်။ သည်အချိန်မှာပဲ သတင်း ကြာူးနဲ့ လူမိုက်ဘထွန်းတို့ပါ ရောက် လာပြီ။
"စံမောင် ပြေးစမ်း ဘက်ထရီအိုးသုံးလုံး မီးချောင်းသုံးချောင်းရှာ၊ ငါ့အိမ်က တစ်လုံးပါ ဖြုတ်ခဲ့၊ ဘထွန်းရွာ ဘုံပစ္စည်း ကိုင် တဲ့ ကိုဘရှင်တို့ အိမ်ကိုသွားစမ်း ဖျာဆယ်ချပ်၊ ရေနွေးအိုးကြီးငါးလုံး၊ လက်သုတ်ပ၀ါ ဆယ်ထည် ပါအောင် သယ်ခဲ့သြွးစမ်း မြန်မြန်"
"မဟုတ်သေးပါဘူး ကိုလှမောင်ရာ၊ ကျုပ်တို့ရွာသူ အေးသီကို ဟင်းရွက်ကန်စွန်းလို…."
"ဘထွန်း နောက်နာရီဝက်နဲ့မရောက်ရင် မင်းကိစ္စနော်၊ မင်းမိုက်ချင်ရင် တော်ရာသွားမိုက်၊ ဒါလူကြီး လူကောင်း တွေကိစ္စ ရွာနာမည်မဖျက်နဲ့ သွားသွား"
"ခင်ဗျား ကတော့ လူကြီးလူကြီးနဲ့ ခက်တော့ ခက်နေပြီ"
ဘထွန်းတို့ကလည်း သည်လောက်ပြောနိုင်တာပါ။ ရပ်ရေးရွာရေး ဖြစ်လာပြီဆိုတော့ မလုပ် လို့ကလည်း မရဘူး။ ကိုဘ၇ှင်တို့အိမ်ဘက် ပြေးရတယ်။ ကိုချစ်တို့တို့ ဧည့်သည်တွေကတော့ လှည်းပေါ်ကဆင်းပြီး အိမ်ရှေ့ မှာ ရှိတဲ့ ထန်းကုလားထိုင်ပေါ် ထိုင်သူထိုင်၊ အမြစ်ဖော်ပြီး ပစ်ထား တဲ့သစ်ငုတ်တစ်တုံးပေါ် နှစ်ယောက် မျှ ထိုင်သူထိုင်၊ အိမ်ထဲဝင်ပြီး ထိုင်သူထိုင်ပေါ့လေ။ မျက် စောင်းတထိုးထိုး လုပ်နေကြတဲ့ ဘထွန်း တို့ လူသိုက်လည်း မျက်ခြည်မပြတ် ကြည့်နေရသေး တာကလား။
ဒေါ်ငွေ ကတော့ ဆေးလိပ်တိုကြီး မေးငေါ့သောက်နေတဲ့ မစွန်မအနား သွားပြီးလမ်းမှာ ဖြစ်ပျက်သမျှ ရုပ်ရှင် ရိုက်ပြ သလိုကို တစ်ခန်းချင်းပြောရင်း ချော့တယ်။ မစွန်မကလည်း လူတွေ ကိုယ်တိုင် ရောက် လာမှတော့ စိတ်လည်းပြေပါပြီ။ ဒေါ်ငွေ ကို ရေတွင်းကုန်းခေါ်ပြီး ရေမိုးချိုးခိုင်း၊ သူ့ အ၀တ်အစားထဲက သင့်တော်ရာ ၀တ်ခိုင်းလို့လို့ မြင်ရတာ သပ်သပ်ရပ်ရပ်ရှိသွားပါပြီ။ ယောက်ျားသား တွေကတော့ တစ်ယောက် မှ အ၀တ်အစား မလဲကြရသေးဘူး။ မောင်ကြိုင်လည်း သည်လိုပါပဲ။ ရွံ့ခြောက် တွေနဲ့ ထိုင် နေရတာပါ။ မိန်းမသားနှစ်ယောက်တည်းရှိတဲ့ အိမ်ဆိုတော့ ယောက်ျားဝတ်ဆိုလို့ စွပ်ကျယ်ပြဲ တောင် မရှိဘူးကိုး။ ဒါကိုမြင်တော့ ကိုဘမောင် က သူ့အိမ်ကပဲ ပုဆိုးဟောင်း၊ အင်္ကျီဟောင်းကလေးတွေ ယူခိုင်း လိုက်တယ်။ အေးသီသူငယ်ချင်း မြစန်း ပဲသွားယူ တာပါ။ ပုဆိုးအင်္ကျီတွေထဲက သင့်တော်ရာ ယူဝတ် လိုက်တော့ ပြောင်ပြောင်စင်စင်ဖြစ်ကြရပြီ၊
လူဝကြီး ဦးမှတ်တင်ကတော့ ယူလာတဲ့ ပုဆိုးအင်္ကျီတွေထဲက တစ်ထည်မှဝတ်မရဘူး။ လူကလည်း နှစ်ကိုယ်စာ မကတော့ လူဝကြီးခေါ်ကြတာလည်း မပြောနဲ့။ ၀လိုက်တာကလည်း ရေအထမ်း နှစ်ဆယ်လောက် ၀င်တဲ့ ရော့ငါးဆယ်စဥ့်အိုးကြီးလောက်ကိုး။ တော်ရုံ ချုပ်ပြီးသား အင်ကျိံဝတ်မရတော့ စက်ချုပ် ဆိုင်မှာ စပယ်ရှယ် အပ်ဝတ်ရတဲ့လူ။ ပုဆိုးကလည်း ခြောက်တောင် ကွင်းမှပတ်မိရုံရှိသူပါ။ သည်လို ပုဆိုးမျိုး အင်္ကျီမျိုးက လယ်ပြင်ကြီးတစ်ရွာလုံး ရှာလို့မှမရနိုင် လေတော့ ခက်ရပြီး။ ကိုလှမောင် ကတော့ ရိုးရိုးသားသားမေးတယ်။
"ဘုန်းကြီးကျောင်းမှာတော့ တင်းတိမ်ကြီးရှိတယ်၊ ပတ်ထားရင်ဖြစ်သားပဲ"
"နေပါစေတော့ဗျာ၊ လူပြက်နဲ့ တူနေပါ့မယ်"
နောက်ဆုံးတော့ ပုဆိုးနှစ်ကွင်းကို တစ်ကွင်းဖြစ်အောင်တွဲသီးပေးလိုက်ကြရတယ်၊ အင်္ကျီကတော့ ပုဆိုးပိုင် တစ်ထည် ခြုံထားလိုက်တာပါပဲ။ အေးသီချမျာ ပေကျံလာတဲ့ ပုဆိုးအင်္ကျီတွေကို ဗွေး ထုတ်တို့နဲ့ ညတွင်း ချင်း ဖွပ်ဖို့လျှော်ဖို့ စီစသ်ရတော့တာပေါ့။ မနက်ဖြန်ပြန်တော့လည်း ဒါပဲဝတ်ကြရမှာ မဟုတ်လား။ ညဘက် ဖွပ်လျှော်ပြီး လှမ်းထားရင် လေသလပ်တာနဲ့ ခြောက်နိုင် တယ်။ မိုးလင်းတော့ နေကလေး ပြလိုက်ရင် ၀တ်လို့ရပြီ။ အ၀တ်မခြောက်မချင်း လူဝကြီးခမျာ ကိုယ်တုံးလုံးကြီးနေရရှာတယ်။ ဒါကိုပဲ ရွာကအပျို တွေမှာ သဘောတွေကျကြလွန်းလို့လေ။
ကျောင်းအုပ်ဆရာကြီး ဦးကျော်ဒွန်းကတော့ နေပူမိလာလို့ ထင်ပါရဲ့ ကိုယ်ကလေး ကောက်ကာ ငင်ကာ ပူလာရာက ဖျားလိုက်တာ ခြစ်ခြစ်တောက်လို့။ တရုတ်ကြီး ဦးဝန် ခမျာလည်း အသားတွေ နီလို့။ ကိုကျော်သန်း ကတော့ အခုမှစိတ်အေးရပုံနဲ့ ပုံကျသွားပြီ။ ဖျာပေါ်ခဏလှဲရာက အိပ်ပျော် သွားလေရဲ့။ကားမောင်းခဲ့ရသူဆိုတော့ သူတကာထက် ပင်ပန်းမှာပေါ့။ ကိုချစ်တိုး နဲ့ ကိုကျော်ဝင်း ကတော့ လူရွယ် တွေ ပီပီ ရွာကလူကြီးသူမတွေကို အကျိုးသင့်၊ အကြောင်းသင့် အာလာပ သလ္လာပ စကားတိုင်း ပြောကြ ရတယ်။ မောင်ကြိုင် ကတော့ အေးသီအနားက မခွာဘူး။
လူမိုက်ဘထွန်း တို့ ရောက်လာတော့ အိမ်ရှေကကွက်လပ်မှာ ဖျာတွေခင်းကြ ဘက်ထရီမီးချောင်း တွေ ထွန်းကြ။ ကာလသားပိုင်းက မီးမွှေးကြ၊ ရေနွေးတည်ကြ။ မိန်းမပျိုပိုင်းကလည်း လင်ပန်းတွေ၊ အကြမ်းပန်ကန် တွေ ချကြနဲ့ ၀ိုင်းလိုက်ကြတာ ချက်ချင်း ကျေးလက်မိန်းမမြန်ူး အခမ်းအနား လေး တစ်ခုဖြစ်သွားခဲ့ပြီ။ ပြဿနာက ဧည့်သည်တွေ ထမင်းမစားကြရသေးတာပေါ့။ ကိုလှမောင် က မစွန်မကို လက်ကုပ်ခေါ်သွားပြီး အကျိုးအကြောင်း မေးတယ်။ မစွန်မတို့မှာ ဆန်ရယ်၊ ဆီရယ်၊ ဟင်းချက်စရာရယ် ရှိရဲ့ လား။ ဘာစီစဉ်ထားသလဲမေးတာပါ။ မစွန်မလည်း မနက်ကလာ မယ်ထင်ပြီး ရှိသမျှနဲ့ ချက်ပြုတ် ထားတဲ့အကြောင်း ဧည့်သည်တွေမလာတော့ ချကျွေးလိုက်တာ ကုန်တဲ့အကြောင်း၊ သည်အချိန်ကြီးကျမှ မစီမံ တတ်တဲ့ အကြောင်း ပြောပြရှာတယ်။
ကိုလှမောင် တစ်ချက်စဉ်းစားလိုက်တယ်၊ ကျွေးရမှာတော့ ကျွေးရမှာပဲ။ ငွေစိုက်ထားရတာလည်း အကြောင်း မဟုတ်ဘူး။ ခက်တာက အခုမှ ချက်ပြုတ်နေရင် ကြတော့မယ်။ သည်တော့ တစ်စတစ်စ နဲ့  လူဝိုင်း လာတဲ့ ရွာခံ တွေကို ရွာထဲရှိသမျှ ထမင်း နဲ့ ဟင်းရှာခဲ့ကြဖို့ မေတ္တာရပ်ခံတယ်။ ထမင်းထုပ် ဆင့်တဲ့ သဘော ပေါ့။ ရွာကလည်း မနေပါဘူး။ အဝေးက ဒုက္ခရောက်လာကြတဲ့လူ တွေဆိုတော့ တောသူ တောင်သား သဘာဝ ကျွေးချင်စိတ် ရှိကြတဲ့သူချည်းပါပဲ။
ထမင်းကျန် ဟင်းကျန်တွေ တစ်ယောက်တစ်အိုး၊ တစ်ပန်းကန် သယ်လာလိုက်ကြတာ ဖျာပေါ်မှာ ခင်းထား တဲ့ ခုံဝိုင်းကြီးသုံးလုံးနဲ့အပြည့်။ လူနှစ်ယောက်ကဆိုရင် ဆွမ်းဟင်းဗျပ်ကြီးလို ဆိုင်းထမ်းဗျက်ကြီး ၀ါးလုံး လျှိုထမ်း လာကြတာမှာ ဟင်းလွက်တွေ အခွက်နှစ်ဆယ်လောက် ပါလာလေရဲ့၊ စားမယ့်လူ နဲ့ ဟင်းထမင်း နဲ့ တောင် မလိုကတော့ပါဘူး။ ဖျာပေါ်တင်ပျဉ်ခွေထိုင်ချပြီး စားလိုက်ကြစမ်းဆို တာများ ဂွဲမသတ် နိုင်ကြဘူး။ ရွာကလည်း ပွဲမဟုတ် လမ်းမဟုတ်ဧည့်သည်တွေ ထမ်းစားကြတာ ကိုဝိုင်းအုံကြည့်ကြလို့။
ဧည့်သည်တွေ ချည်းစားကြတာမဟုတ်ပါဘူး။ တစ်နေ့လုံး သောက်စားထားကြတဲ့ ဘထွန်းတို့ အဖွဲ့ ကလည်း အခုမှ ဆာလာကြပုံပေါ်ပါရဲ့။ ၀င်စားကြတယ်။ ၇ွာကလူတွေ ၀ိုင်းကြည့်ကြတဲ့ ကြားက ကိုချစ်တိုး လို လည်း ရှက်မနေနိုင်တော့ပါဘူး။ ဘာဟင်းရယ်၊ ညာဟင်းရယ် မတွက်ကြ တော့ဘဲ ထမင်းပန်းကန်ထဲ သွန်သွန် ချပြီး နယ်ရေဖတ်ရေ စားကြတာများ ခံတွင်းလိုက်လွန်းလို့ ထမင်းလိုက်ရတာ ခဏခဏ။  နေ့လယ် ဘက်က လာရင်ရိုက်မယ်ဆိုတဲ့ လူတွေနဲ့ အရိုက်ခံမယ့် လူတွေအခုတော့ ထမင်းလက်ဆုံ စား နေကြပါလားလို့ သံဝေဂယူမယ်ဆိုရင်လည်း ယူစရာပါ။ ဟင်းခွက်တွေများတောင် အချင်းချင်း ကမ်း လိုက်ကြလို့။
ရွာကလူတွေ မြို့သွားတွေပီပီ ကားကြီးစီးပြီး ဖိတ်ဖိတ် ဖိတ်ဖိတ်အရောင်တွေထွက်အောင် ဂိုက်ကြီး ဆိုက်ကြီး တွေနဲ့ လာကြမယ် ထင်ကြရာက ရွံ့တွေ ဗွက်တွေ ပေကျံပြီး ကားကြီးနဲ့ ရောက်မလာဘဲ လှည်းအကြုံ ငှားစီးလာ ရတာကို အံ့သြနေကြတယ်။ သည်ကြားထဲ စားလိုက် သောက်လိုက်ကြတာ ထမင်း တွေ ဟင်းတွေဆိုတာ ပေါက်ပြားနဲ့ ခုတ်ခုတ်ချနေသလိုပဲ။ ရွာက တည်တည်ပပ ဧည့်မခံ ရလို့ အားနာကြ ပုံလည်း ပေါ်ပါရဲ့။ လူဝကြီး ဦးမှတ်တင်က ရိုးရိုးထမင်းပန်း ကန်နဲ့မစားဘဲ ကန်တော့ပွဲထည့်တဲ့ ဇလုံကြီးနဲ့ ထမင်းတစ်စလယ် ချက်လောက်ထည့်၊ အနားရှိ တဲ့ဟင်းခွက်နှစ်ခါက်လောက် မှောက်ချပြီး လက်ခုပ်ကြီးနဲ့ ပါးစပ်ထဲပေါက်ပေါက်သွင်းတာကို လူတွေကကြည့်ပြီး ရယ်ကြတယ်။ ထမင်းတစ်လုပ် တစ်လုပ်ကလည်း ဥသျှစ်သီး လောက်ရှိတာ မှုတ်လား။
"ဆရာကြီး ထမင်းထည့်ဦးလေ၊ အစားနည်းလှချည့်လား"
ရွာက အာကျယ်ကျယ်တစ်ယောက်က နောက်တော့ လူဝကြီး ဦးမှတ်တင်က စကားမပြန်နိုင် ဘူး။ ငရုတ်သီး တွေ စားမိလို့ အာပြဲနေပြီ။ ဘက်ထရီမီးချောင်းရောင်က ခပ်မှိနှ်မှိန်ဆိုတော့ ဘယ်နား ဘယ် ဟင်းခွက် ရှိလို့ရှိမှန်း မသိဘဲ ထမင်းထဲမှောက်ချသမျှ ဟင်းနှစ်ပန်းကန်က ငရုတ်သီးချက်တွေ ချည်းဖြစ်နေတာကိုး။ ရေတစ်ခွက် တောင်းသောက်ပြီး အစပ်ပြေမှ ပြန်စတယ်။
"နေဦးဟေ့ ညည်းတို့မေးတာ မဖြေနိုင်သေးဘူး၊ ပါးစပ်မီးလောင်နေလို့ဟ"
မိန်းမ တွေက ရယ်ကြပြန်ရော။ မအာကျယ်ကလည်း မခေဘူး။ ပြန်စတယ်။
"ရွာမှ ရေစုပ်စက်တွေ ရှိပါ့တော်၊ ပါးစပ်ထဲပိုက်ထိပ်က သံဘီးလူးခေါင်းတပ်ပြီး ရေဖွင့်လိုက်ရုံပါ"
ဝါးခနဲ ရယ်ကြပြန်ရော။ ရွာသားတစ်ယောက်က "ဟ….တို့ရွာ ဘုန်းကြီးပျံတုန်းက ရုံသွင်းပြတဲ့ ဆိတ်တစ်ကောင် ရေတစ်ပုံးစားသောက်တဲ့ စပါအုံးမြွေကြီးလို ပြပွဲတောင် ပြဖို့ကောင်းတယ်"တဲ့။ လူဝကြီး နဲ့ ရွာကတော့အဖွဲ့ကျနေကြပြီ။
ကျောင်းအုပ်ဆရာကြီးက ဖျားနေတာဆိုတော့ ရွာက ငန်းဆေးနဲ့ ရေနွေးပူပူတစ်ခွက်ပေးလို့ သောက်ချ လိုက်တယ်။ မောင်ကြိုင်က အေးသီတို့ အိမ်မှာရှိတဲ့ တေဇောဘမ်းဘူးကို ဖွင့်တဲ့ပြီး ဆရာကြီးကို လူး ပေးတော့ ပူလိုက်တာဆိုတော့ ဖျတ်ဖျတ်ကိုလူးလို့။ ပြီးတော့ ဆရာကြီးကို အိမ်ထဲမှာ သင်ဖျူးခင်း၊ ခေါင်းအုံး ကလေးချပြီး ခဏမှိန်းခိုင်းထားလိုက်တယ်။ လူဝကြီး သထမင်းစားပြီးတော့ အိုးတွေ ခွက်တွေ ပြန် သိမ်းကြ၊ ပေတာကျံတာတွေ သုတ်သင်ကြ၊ ရှင်းလင်း ကြလုပ်လိုက်ကြတာ ချက်ချင်းပဲ ဧည့်ခံ စရာ နေရာ ဖြစ်သွားတယ်။ မိန်းမပိုင်းကလည်း ကောက်ညှင်းမုန့်တွေ ကြော်ကြ၊ လက်ဖက်တွေသုပ်ကြ၊ ရေနွေးပွဲ တွေ ပြင်ကြ။ သည်တော့မှ ရွာလူကြီးတွေရော၊ ဧည့်သည်တွေပါ ၀ိုင်းထိုင်ကြပြီး အကျိုး အကြောင်း တွေ မေးကြဖြေကြရတာပေါ့။ သည်တုန်းမှာပဲ သောင်းစိန် ခေါင်းငိုက် စိုက်ကြီးချပြီး ၀ိုင်းထဲ ၀င်လာတယ်။ ကိုလှမောင်ကတော့ သူ့ရွာသူပိုင်တဲ့သူဆိုတော့ သောင်းစိန်တို့ အုပ်စုကို နေရာလွတ်မှာ မီးဖိုကျင်း တူးခိုင်းတယ်။ ရေနွေးတည်ရမှာကိုး။
"ကိုင်း ငါ့တူများ မီးဖိုကျင်းတစ်ကျင်းတူးကွာ ရေနွေးတည်ရအောင်၊ မိုးလင်းကာနီးတော့ ထမင်းဟင်း ချက် ရမဟေ့၊ ကိုဘိုးမြ သွားခေါ်စမ်း ရွာထဲက ကြက်သုံးကောင်လောက်လည်း ဖမ်းခဲ့လို့ပြော၊ ဆန်လေးပြည်ပါ ၀ယ်ခဲ့၊ ထမင်းဟင်ချက်ကတော့ ဒေါက်မီးဖိုးခွင်တွေပါတယ် မဟုတ်လားဟေ့ ဘထွန်း"
"ပါပါ့ဗျာ"
"ကိုင်း သောင်းစိန် တို့က တူးကွာ ရေနွေးပါတည်"
ရည်းစားလူလု ရတဲ့ကြားထဲ အရပ်လူကြီးက မီးဖိုကျင်း တူးခိုင်းနေတော့ သောင်းစိန်မှာ အူနုကျွဲခတ် ရုံတင် မကဘူး၊ ကျွဲနင်းပါခံနေရတာမျိုး ဖြစ်နေလေရဲ့။ အသည်းကွဲနေရတဲ့ကြားထဲ ချစ်သူမင်္ဂလာ ဆောင်မှာ ရေနွေးအိုး တည်ရသကော ဆိုတာကို ရွာကပြုံးကြတာလည်း သောင်းစိန်က ရိပ်မိတယ်။
"လုပ်ပါ သောင်းစိန်ရယ်၊ နင့်အတွက် နောက်ဆုံး ကုသိုလ်လေးတော့ ယူလိုက်ပါ"
"မင်းလည်ပင်းက သော့ခလောက်နဲ့ သော့တံနှစ်ချောင်းတွဲက ခမည်းပေးထားတာလားကွ ဟေ"
"သောင်းစိန် မင်း နေ့ခင်းကတုတ်တကားကားနဲ့ ညဖက်ကျတော့ တူရွင်းနဲ့ ကျင်းတူးနေပါပကော"
သောင်းစိန် ကို တစ်ယောက်တစ်ပေါက် စနေကြတာပါ။ သောင်းစိန်ကလည်း အစခံရလေ မျက်နှာကြီး ရဲလေ။ စိတ်တွေဘာတွေလည်း မဆိုေးတာ့ပါဘူး။ ရင်ထဲမှာ နာနေတာပဲ ရှိတော့တယ်။ ရွာကလည်း စိတ်မဆိုး ကြတော့တဲ့ အပြင် ထမင်းတောင် ကျွေးနေမှတော့ မောင်ကြိုင်လာရင် ၀င်ရိုက်မယ်ဆိုတဲ့ စိတ် တွေ လည်း လျှော့လိုက်ရပြီ။ လျှော့လိုက်ရတဲ့အပြင် ရေနွေးအိုးပါ တာဝန်ယူနေရပြီပေါ့လေ။ သည်ကြားထဲ အေးသီ က သောင်းစိန် ရယ် ကိုယ့်နှမ မင်္ဂလာကိစ္စမှာ အောက်ကျတယ် မထင်ပါနဲ့ဟယ်၊ ငါမြို့ရောက်ရင် မြို့သူ တစ်ယောက် ပို့လိုက်ပါ့မယ် လို့ နောက်လိုက်တော့ သောင်းစိန်က ဆတ်ဆတ်ခါ လို့။ သူချစ်ခဲ့ရတဲ့ အေးသီ စတာ ကိုတော့ သူမခံနိုင်ဘူးနဲ့ တူပါရဲ့။ မျက်ရည်တွေဝဲလို့။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂၃)
အခန်း (၂၆)
မော်တော်ကားကို စွန့်ပစ်လိုက်ခြင်းသည် အကြီးဆုံး အမှာကြီးတစ်ရပ်ကို ကျူးလွန်လိုက်ခြင်းသာ ဖြစ် ပေသည်။ အလွန်တရာ မိုက်မဲသည့် ရူးနှမ်းသည့် အပြုအမူမျှသာ ဖြစ်သည်။
ရော့လဂ္ဂလာ သည် ကံတရားကို ယုံကြည်သူဖြစ်လေသည်။ ယနေ့တော့ တစ်လျှောက်လုံး ကံဆိုး နေ တော့သည်။ ဘာလုပ်လုပ် အားလုံးတလွဲတွေချည်း ဖြစ်နေလေသည်။
မောရှော့ရေကန် တွင် နန်စီကို တွေ့ကတည်းက ကိပ်ကော့ကို တစ်ခါတည်း ကျောခိုင်းပစ်ရမည်ဖြစ် သည်။ ကံတရား သည် မိမိဘက်မရှိတော့ကြောင်း သဘောပေါက်ဖို့ကောင်းသည်။
ယခုတော့ သူ အရမ်းမိုက်မဲခဲ့သည်။ တစ်နေရာရာမှာ တစ်ရက်လောက် အောင်းနေပြီး နောက်တစ် နေ့တွင် နန်စီ တို့ လင်မယား နှင့် သွားတွေ့ကာ ငွေတောင်းဖို့ကိုပင် စိတ်ကူးလိုက်သေးသည်။
ဘယ်လောက်နွားကျလိုက်ပါသနည်း။
ကံဇာတာ ညှိုးမှိန်သည့် အချိန်တွင် နန်စီတို့ အိမ်ပတ်ဝန်းကျင်သို့ ရောက်ခဲ့မိသည်။
ထိုအချိန်မှာပင် နန်စီတို့၏ ကလေးများက တိုက်တိုက်ဆိုင်ဆိုင် ပျောက်ဆုံးနေကြသည်။
ဟာမွန် ၏ ကလေးများ ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ နန်စီ ပါဝင်ပတ်သက်သည်ဟု ရော့က ဘယ်တုန်း ကမှ မယုံကြည်ခဲ့။
နည်းနည်းကလေး မှ သံသယ မဖြစ်ခဲ့ဖူးပေ။
သို့သော်လည်း ယခု ကိစ္စကိုတော့ မည်သူ ပြောနိုင်ပါတော့မည်နည်း။
သူ့ကို ကားလ်ဟာမွန် ပြောပြဖူးသလိုပင် နန်စီ သက်သက်မဲ့ အရူးထခြင်းလည်း ဖြစ်နိုင်ပေသည်။
မော်တော်ကားကို စွန့်ခွာပြီးနောက် တောင်ဘက်ရှိ အမြန်လိုင်းပြေးလမ်းမကြီးရှိရာသို့ သူ ဦးတည်ပြီး ထွက်လာ ခဲ့သည်။
ထို လမ်းမကြီး သည် ကိပ်ကောနယ်ကို အလယ်မှ ဖြတ်သန်းသွားခြင်း ဖြစ်လေသည်။
သို့သော်လည်း သူ ကံမကောင်းတော့ပါ။
ရဲကားတစ်စီးက သူ့ဘေးမှ ဖြတ်မောင်းသွားသည်။
လွတ်ရုံကလေး ရှောင်တိမ်းကာ ပုန်းအောင်းလိုက်ရသည်။
သည်အတိုင်း ဆိုလျှင်တော့ လမ်းများကို ပိတ်ဆိုရှာဖွေနေကြတော့မည်။
အမြန်လမ်းမကြီးသို့ရောက်ပြီး အမြန်ကားတစ်စီးကို တားစီးနိုင်သည့်တိုင်အောင် ပိတ်ဆို့ရှာဖွေမှု များကို လွတ်အောင် ရှောင်တိမ်းနိုင်တော့မည် မဟုတ်။
တံတားကြီးကိုလည်း ပိတ်ထားပြီး ဖြစ်နေရော့မည်။
ပင်လယ်အော်ဘက်သို့ သွားခြင်းက အခြေအနေပို၍ ကောင်းနိုင်သည်။
ယခုရာသီတွင် ဘိုတဲအတော်များများကို ပိတ်ထားကြသည်။
အချို့ဘိုတဲများတွင် အစားအသောက်များကိုပင် သိုလှောင်ထားတတ်ကြသည်။
ထိုသို့သော ဘိုတဲမျိုးနှင့် တွေ့လျှင် ဖောက်ထွင်းဝင်ရောက်ရမည်။
အခြေအနေကောင်းသော တစ်ရက်ရက်တွင် ထရပ်ကားတစ်စီးစီးကို တားပြီး ကားနောက်ခန်းထဲမှာ ပုန်း လိုက် သွားမည်။
ကိပ်ကော့ဒေသမှ လွတ်မြောက်သွားလျှင် လုံခြုံမှု ရှိသွားပေပြီ။
မည်းမှောင်ပြီး ကျဉ်းမြောင်းလှသော လမ်းကလေးအတိုင်း ခပ်သုတ်သုတ် လျှောက်လာရင်း သူ ခိုက်ခိုက် တုန် အောင် ချမ်နေသည်။
ရာသီဥတုက တစ်မိနစ်ထက် တစ်မိနစ်ပို၍ သာ ဆိုးလေသည်။
အကောင်းဘက်က လှည့်တွေးလျှင် ရာသီဥတု ဆိုးရွားနေသည်ကိုပင် ကျေးဇူးတင်ရသေး  တော့သည်။
လမ်းပေါ် တွင် လမ်းသလားနေသူများနှင့် တိုးမည့် အန္တရာယ်နှင့် ဝေးသွားသည်။
လမ်းပေါ် တွင် ဥဒဟို မောင်းနှင်နေသည့် မော်တော်ကားများကိုလည်း မတွေ့ရတော့။
သို့သော်လည်း လမ်းချိုးတစ်ခုသို့အရောက်တွင် မျက်နှာချင်းဆိုင်မှ မီးလုံးကြီးများဖွင့်ပြီး မောင်နှင် လာ သည့် ကားတစ်စီး နှင့် ဆုံသောကြောင့် နီးရာချုံဖုတ်ထဲသို့ သေပြေးရှင်ပြေး ခုန်ဝင်ပြေးလိုက်ရ သည်။
အသက်ရှု မှန်အောင် ကြိုးစားသည်။
ဘုရားသခင်……
နောက်ထပ် ရဲကားတစ်စီး မောင်းလာပြန်သည်။
သည်အတင်းဆိုလျှင်တော့ လမ်းပေါ်မှာရဲကားများနှင့် ပြည့်နေပုံရသည်။
လမ်းအတိုင်း သွားနေလို့ ကတော့ လုံခြုံမှုမရှိနိုင်။
လမ်းကိုခွာပြီး တော ကို ဖြတ်မှ ဖြစ်တော့မည်။
ပင်လယ်ကမ်းခြေသို့ ရောက်ဖို့ ဘာမှမဝေးတော့။
ချုံဖုတ်ကလေး များ ကို အကာအကွယ်ယူပြီး ခပ်သွက်သွက် သူ လျှောက်လာသည်။
သူ သွားနေသည့် လမ်း မှာ ကမ်းခြေသို့ရောက်ရန် နည်းနည်းတော့ ပိုဝေးသည်။
သို့သော်လည်း လုံခြုံစိတ်ချရသည်။
ရေကန်ကြီး နားမှာ ငါ့ကို နန်စီ မြင်သွားသလားဟု သူ တွေးကြည့်သည်။
သူ တည့်တည့် ကို နန်စီ လှမ်းကြည့်နေခဲ့သည်။ သို့သော်လည်း မမြင်ဘဲလည်း ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ထိုနေရာသို့ ရောက်ခဲ့ကြောင်းကို သူ ငြင်းရမည်။
ယုတ်စွ အဆုံး ကိပ်ကော့အရပ်သို့ လုံးဝ မရောက်ခဲ့ကြောင်းဘူးကွယ်ရမည်။
မိမိ ကို နန်စီမြင်ပါသည်ဆိုရုံနှင့် မခိုင်လုံသေးကြောင်း တွေးမိသည်။
သူ့ကို မည်သူမှ မမြင်။ ဒါတစ်ခုတော့ သေချာသည်။
သို့သော် စတေရှင် ဝက်ဂွန်းကားဒရိုင်ဘာက ရှိသေးသည်။ နယ်ခံတစ်ယောက် ဖြစ်နိုင်စရာ အကြောင်း ရှိသည်။
သူ့မော်တော်ကား နံပါတ်က ဂ…၆၄၂…
ဟုတ်သည်။
သူကောင်းကောင်းမှတ်မိသည်။ ဘာကြောင့် ထိုကားနဲ့ နံပါတ်ကို တစ်ကြိမ်မြင်ရုံနှင့် မှတ်မိနေရ သနည်း။
ဂဏန်းတွေ အားလုံး စုံဂဏန်းဖြစ်သည်။ ပြီးတော့ နံပါတ်တစ်ခုခြား ကြီးစဉ်ငယ်လိုက် ဖြစ်နေသည်။ ငယ်စဉ်ကြီးလိုက် ၂…၄….၆….၈ မဟုတ်။ ထို့ကြောင့် သူ မှတ်မိလိုက်ခြင်း ဖြစ်သည်။
အကယ်၍ သူ့ကို ဖမ်းမိသွားလျှင် ထိုစတေရှင်ဝက်ဂွန်း ကားအကြောင်း ရဲကို ပြောပြဖို့လည်း စိတ်ကူး ထားသည်။
ထိုကားသည် နန်စီတို့ခြံထဲမှ မြေလမ်းအတိုင်း မောင်းထွက်လာခြင်းဖြစ်သည်။ မောင်သည်မှာလည်း နောက်ပြန်ဆုတ် လာခြင်း ဖြစ်သောကြောင့် သူ ပိုပြီး သတိထားမိခြင်းဖြစ်သည်။
ထိုအချိန် တွင် နန်စီအဲလ်ရက်ခ်ျ၏ ကလေးများ ပျောက်ဆုံးသည့်အချိန်ပင် ဖြစ်ရပေလိမ့်မည်။
သို့သော်လည်း နောက်တစ်နည်း စဉ်းစားနိုင်သေးသည်။ ထိုစတေရှင် ဝက်ဂွန်းကားသည် နန်စီတို့ အိမ်သို့ ပစ္စည်း ပို့နေကြ ကားရော မဖြစ်နိုင်ဘူးလား။ ဥပမာ နွားနို့ပိုသည့်ကား ဆိုပါတော့။ ထိုကား အကြောင်း သူတို့ အားလုံးသိပြီးသားရော မဖြစ်နိုင်ဘူးလား။
ဒရိုင်ဘာကို သေသေချာချာ မြင်လိုက်ရသည်ဟု တော့မပြောသာ။ လူကောင်ကြီး ထွားထွားကျိုင်း ကျိုင်းနှင့် ဝဝတုတ်တုတ်ကြီး ဖြစ်ကြောင်းလောက်သာ သူပြောပြနိုင်မည်။
မည်သို့ ဆိုစေ၊ စောစောက တွေးသလို သူတို့ အိမ်သို့နွားနို့ပိုနေကြကား၊ ဖြစ်နေမည် ဆိုလျှင် ဘာတန်ဖိုး ရှိတော့ မည်နည်း။
သည်လိုလည်းမဟုတ်သေး။ ဘာမှ မပြောတာက ပိုကောင်းမည်။ ဖမ်းမိသွာလျှင် ထိုအကြောင်းကို ရေငုံ နှုတ်ပိတ် နေလိုက်ခြင်းက ပိုကောင်းမည်။
နန်စီတို့ထံ အလည်သွားဖို့ရောက်လာခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကိပ်ကော့ကွန်မြူနီတီ သတင်းစာ တွင် မိမိဓာတ်ပုံပါသည့် ဟာမွန်ကလေးများ အသတ်ခံရမှု ဆောင်းပါးကို တွေ့ရသဖြင့် မိမိထွက်ပြေးဖို့ ဆုံးဖြတ် ခဲ့ကြောင်းလောက်သာ အစစ်ခံလျှင် ကောင်မည်။
ထိုစိတ်ကူးကလေးရတော့မှပဲ သူ အသက်ရှူ ချောင်သွားတော့သည်။ စိတ်လက်ပေါပါးကာ ရှေ့ဆက် လျှောက်ခဲ့သည်။
ပင်လယ်ကမ်းခြေ သို့ ရောက်ပြီး ဘိုတဲတစ်လုံးလုံးထဲသို့ တံခါးဖျက်ဝင်ရောက်ပြီးလျှင်-
ခြေလှမ်း ပိုသွက်လိုက်သည်။
သို့သော်လည်း သစ်ပင်ရိပ်များအောက်မှ အပြင်မထွက်မိအောင်တော့ သတိကြီးစွာထားသည်။
ချော်ပြီး ယိုင်သွားသေးသည်။
သူ့ ကိုယ်သူ ကျိတ်ဆဲသည်။
ကိုယ်ကို ပြန်မတ်သည်။
မိုးသီးများသည် လမ်းများကို လုံးဝလောက်နီးပါးသုံးမရတော့အောင် ဖန်တီးပစ်နေသည်။
အရမ်းချော်နေသည်။
သို့သော်လည်း သူ့မှာ ခြေကျင်ခရီး များများ စားစား မကျန်တော့ပါ။
မကြာခင် ဘိုတဲတစ်လုံးထဲသို့ သူ ရောက်တော့မည်
သို့တည်းမဟုတ် တစ်ယောက်ယောက်က သူ့ကို တွေ့သွားပြီး အဖမ်းခံရတော့မည်။
ရေခဲတွေ ဖုံးနေသည့် သစ်ပင်တစ်ပင်ကို  ကိုင်ပြီး ကိုယ်ကို ပြန်မတ်သည်။
ပြီးတော့ မြန်နိုင်သမျှ မြန်အောင် လျှောက်လာခဲ့သည်။
အခန်း (၂၇)
သာစတန်ဂစ်ဗင်သည် အိမ်နောက်ဘက်ရှိ မှန်အလုံ ကာထားသော လသာဆောင်တွင် ထိုင်ပြီး မုန်တိုင်း တိုက်ခတ်ပုံ ကို ကြည့်နေသည်။
အချိန်မှာ ညနေပိုင်း မှောင်ရီဝိုးတဝါး အချိန်ဖြစ်သည်။
သူ့အသက် ရှစ်ဆယ်ကျော်ပြီ။
ယခုလိုမုန်တိုင်းတိုက်သည်ကို  မှန်လုံခန်းထဲမှ ကြည့်ခဲ့သည့်အကြိမ်ပေါင်း မနည်းတော့ပြီ။
သို့သော်လည်း သူ မတင်းတိမ်နိုင်။
နောက်နှစ်ပေါင်း များစွာ ကြာအောင်ကြည့်ရဦးမည်ဆိုလျှင်လည်း ပျော်ပျော်ပါးပါး ကြည့်ဦးမည်သာ ဖြစ်သည်။
ရေဒီယို ကို တိုးတိုးကလေးဖွင့်ထားသည်။
အဲလ်ဒရက်ခ်ျ၏ ကလေးများနှင့် ပတ်သက်    ၍ နောက်ဆုံးသတင်းကို သူ နားထောင်ပြီးပြီ။
ကလေးများအကြောင်းဘာသဲလွန်စမှ မရကြသေး။
သာစတန်သည် အိမ်နောက်ဘက်သို့ မျက်တောင် မခတ်ငေးကြည့်နေသည်။
ကလေးသူငယ် များတွင် ဘာကြောင့်များ စိတ်မချမ်းသာ စရာ တွေ ဖြစ်တတ်ပါလိမ့်ဟု စဉ်းစားနေ သည်။
သူသည် အိမ်မြေပွဲစားအလုပ်မှ အနားယူထားသူဖြစ်သည်။
ရေးအဲလ်ဒရက်ခ်ျ ကို သူစတန်ကောင်းစွားသိသည်။
အမှန်တော့ ရေးကို သာမက ရေး၏အဖေ၊ ရေး၏ အစ်ကိုတို့ နှင့် မိတ်ဆွေရင်းချာများ ဖြစ်ခဲ့လေသည်။
ရေး သည် စိတ်သဘောထားဖြူစင်သူ ဖြစ်သည်။
ရိုးသားဖြောင့်မတ် သူ ဖြစ်သည်။
ကိပ်ကော့နယ် တွင် ရေးကဲ့သို့ လူတော်လူကောင်း တစ်ယောက် လိုအပ်နေသည်မှာ အမှန်ဖြစ်သည်။
ပေါင်သင်း ဆက်ဆံရေးကောင်းသည်။
ပွဲစားကောင် တစ်ယောက်လည်းဖြစ်သည်။
ငွေမျက်နှာ တစ်ခုတည်း ကို ကြည့်နေသူ မဟုတ်။
ပွဲခ ရပြီးရော သဘောမျိုးဖြင့် လုပ်နေမဟုတ်။
ရောင်းသလည်းအကျိုးစေ၊ စိတ်ချမ်းသာစေ၊ ဝယ်သူလည်း အကျိုးရှိစေ၊ စိတ်ချမ်းသာစေ ဟူသော အခြေခံဖြင့် ပွဲစား လုပ်နေသူ ဖြစ်သည်။
ထို့ကြောင့် လည်း နယ်သူနယ်သားများကပါ သူ့ကို ခင်မင်ကြသည်။
ထိုသို့သော လူတစ်ယောက်၏ သားသမီးများ မဖြစ်သင့်တာဖြစ်မည်ဆိုလျှင် ဘယ်လောက် ရှက်စရာ ကောင်း လိုက် ပါသနည်းဟု သာစတန်တွေးကြည့်နေမိသည်။
နန်စီ ကိုလည်း သာစတန် ကောင်းကောင်းသိသည်။
ဟာမွန် နှင့် ရခဲ့သည့် ကလေးများကို သတ်ပစ်သည်ဟု စီရင်ချက်ချခြင်းခံခဲ့ရသည်။
သို့သော် လည်း သူစတန် ကတော့ နည်းနည်းကလေးမှ သံသယ မဖြစ်မိ။
နန်စီ သည် သူကိုယ်တိုင်မွေးထားသည့် သားရင်း သမီးရင်းများကို ထား၍ အခြားမည်သူ့ကိုမှ သတ် မည့် လူစားမျိုး မဟုတ်ကြောင်း သူ အတပ်သိနေသည်။
လူအများ မသိနိုင်သောကြောင့် တစ်ခုခု ရှိနေရမည်ဟု သူစတန်တွေးသည်။
စိတ်ကူးယဉ်ကျော မှာ သူ မျှောပါနေသည်။
ထိုအခိုက် အိမ်နောက်ဘက် သစ်တောထဲမှာ လှုပ်ရှားမှု တစ်ခုက သူ့အာရုံကို ဖမ်းဆွဲလိုက်သည်။
ရှေ့သို့ သူ ကိုင်းလိုက်သည်။
မျက်မှောင်ကုတ်ကြည့်လိုက်သည်။
မျက်လုံး များကို ကျဉ်းကြည့်လိုက်သည်။
တောအုပ်ထဲမှာ လူတစ်ယောက်ယောက်ရှိနေသည်။
တစ်နေရာ မှ တစ်နေရာသို့ ရွှေ့နေသည်။
ပုန်လျှိုး ကွယ်လျှိုး သွားနေသည်မှာ သေချာထင်ရှားသည်။
လူကောင်း တစ်ယာက် ဆိုလျှင် သည်လိုရာသီဥတုမျိုးတွင် သည်လိုတောအုပ်ထဲသို့ ရောက်လာ စရာ အကြောင်း မရှိ။
ဘယ်လို လူကောင်း ကမှ အရူးထမည်မဟုတ်။
နောက်ပြီးတော့ ယခုတလော ကိပ်ကော့နယ်တွင် ဓားပြတိုက်မှုတွေ ဖြစ်နေသည်။
အထူးသဖြင့် ယခု သူတို့ နေသည့် အပိုင်းတွင် ပို အဖြစ်များသည်။
သာစတန်က ဖုန်းကောက်ကိုင်သည်။
ခရိုင်ရဲဌာနချုပ် နံပါတ်လှည့်သည်။
ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင် သည် သူ၏ မိတ်ဟောင်းဆွေဟောင်း ဖြစ်သည်။
သို့သော်လည်း ဂျက်သည် သူ့ရုံးတွင် ရှိချင်မှ ရှိမည်။
အဲလ်ဒရက်ခ်ျ ၏ ကလေးများ ပျောက်ဆုံးနေသောကြောင့် ထိုကစ္စနှင့် အပြင်သို့ ထွက်ချင်ထွက်နေ လိမ့်မည်။
ရဲဌာနချုပ်က ပြန်ထူးသည်။
"အေဒမ်ပို့ ရဲဌာနချုပ် က ရဲတပ်ကြပ်ကြီး ပိုလာစကား ပြော…."
သာစတန် က စိတ်မရှည်နိုင်ဘဲ ဖြတ်ပြောသည်။
"သာစတန်ဂစ်ဗင် စကားပြောနေတယ်၊ ငါ့အိမ်နောက်တောအုပ်ထဲမှာ မသင်္ကစရာ လူတစ်ယောက် တွေ့နေ လို့ ပင်လယ်ကမ်းခြေဆီကို သွားနေတယ်"
အခန်း (၂၈)
နန်စီ သည် ခုံတန်းလျားပေါ်မှာ ကိုယ်ကို မတ်မတ်ထားပြီး ထိုင်နေသည်။
ပြီးတော့ ရှေ့တည့်တည့်ကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။
ရေးက မီးလင်းဖိုထဲမှာ မီးထည့်ပေးနေသည်။ ထင်းချောင်းကလေးများကို လောင်ကျွမ်းပြီးသော အခါ ထင်းတုံးကြီး ကို မီးကူးနေသည်။
ထင်းချောင်းကလေးများ
မနေ့က…
ဟုတ်ပါသည်။ မနေ့ကပဲ ဖြစ်ပါသည်။
ဘာမျှ မကြားသေးပါ။ မနေ့က ဟုတ်ပါရဲလား။
သူနှင့် မိုက်ကယ်သည် အိမ်ရှေ့မြက်ခင်းပေါ်သို့ ကျနေသည့် သစ်ရွက်များကို ထွန်ခြစ်နှင့် ရှင်းနေခဲ့ ကြ သည်။
"အခုရာသီ မှာ သစ်ရွက်ခြောက် ရှင်းတာဟာ ဒီတစ်ကြိမ်နောက်ဆုံး ဖြစ်မှာပဲ သားရေ၊ သစ်ပင်ပေါ်မှာ သစ်ရွက် တွေ ကုန်သလောက် ကြွေကုန်ကြပြီလေ"
နန်စီ က မိုက်ကယ်ကို ပြောခဲ့သည်။
မိုက်ကယ် က တည်ငြိမ်စွာ ခေါင်းညိတ်ပြခဲ့သည်။
ပြီတော့ ဘာမပြော ညာမပြောနှင့် သစ်ကိုင်းတစ်ကိုင်းကို သွားကောက်လာသည်။
သစ်ရွက်ကလေးများကို ချိုးသည်။
"ဒီကိုင်ငယ်ကလေး တွေက မီးဆိုက်လို့ကောင်းတယ် မာမီရ" ဟု လူကြီးကလေးကို ပြောသည်။
ထွန်ခြစ်ကို မြက်ခင်းပေါ်မှာ သူချထားခဲ့သည်။
ပက်လက်ဖြစ်နေသောကြောင့် ထွန်သွားများက မိုးပေါ်သို့ ထောင်နေသည်။
သို့သော်လည်း ကားလမ်းကလေးဆီမှ မစ်စီ ပြေလာသည်ကို တွေ့သောအခါ မိုက်ကယ်က ထွန်ခြစ်ကို ပြေးပြီး မှောက်လိုက်သည်။
နောက်ပြီးတော့ တောင်းပန်သည့် အပြုံလေးတစ်ခု ပြုံပြရင်းပြောသည်။
"ထွန်ခြစ်ကို ပက်လက်ထားရင် အန္တရာယ်ဖြစ်တတ်တယ်လို့ ဒယ်ဒီက အမြဲပြောတယ်"
မိုက်ကယ် သည် မစ်စီ ကို အလွန်စောင့်ရှောက်သူ ဖြစ်သည်။
စိတ်ကောင်း အလွန်ရှိသည်။
ရေး နှင့် အရာရာမှာ တူသည်။
အကောင်းဘက်က လှည့်တွေးကြည့်လျှင် မိုက်ကယ်သည် မစ်စီနှင့် အတူ ရှိနေသဖြင့် တော်သေး သည်ဟု နန်စီ တွေးမိလေသည်။
ထိုသို့ တွေးမိသောအခါ တကယ်လည်း စိတ်သက်သာမှု အထိုက်အလျောက် ရလေသည်။
မည်သို့သော အခြေအနေမျိုးမှာမဆို သူ့ညီမလေးကို သူတတ်စွမ်းမျှ စောင့်ရှောက်မည်မှာ သေချာသည်။
မိုက်ကယ် သည် သတိကောင်းသော ကလေးတစ်ယောက်လည်း ဖြစ်သည်။
ထို့ကြောင့် မစ်စီ အအေးမမိနိုင်အောင် အင်္ကျီကြယ်သီးများလုံလုံခြုံခြုံ တပ်ပေးထားမှာလည်း သေချာ ပါသည်။
သေချာ…..
"ဘုရားသခင်…"
တွေးနေရင်း တန်းလန်း ယောင်ပြီး ဘုရားတလိုက်မိသည်။
သူ့အသံအကျယ်ကြီး ထွက်သွားသည်ကို သူကိုယ်တိုင်မသိလိုက်။
ရေး က အထိတ်တလန့် မော့ကြည့်သည်။
ကုလားထိုင်ကြီးကြီးတစ်လုံးပေါ်မှာ သူထိုင်နေသည်။
သူ့စိတ်ကို သူ အရမ်း ထိန်းထားသည့် အမူအရာပေါ်နေသည်။
နဖူးကြောကြီး များ ထောင်ထနေသည်ကို အထင်အရှား မြင်နေရသည်။
မိမိအား ကိုင်တွယ်ပွတ်သပ်ခြင်းကို ယခုအချိန်တွင် မိမိမလိုလားကြောင်း ရေးသိနေသည်ကိုလည်း နန်စီ အကဲခတ် မိနေသည်။
ကြုံတွေ့နေရသည်များကို အရှိအတိုင်း လက်ခံနိုင်ရန် နန်စီ ကြိုးစားနေသည်။
ကလေးတွေ သေသွားပြီ ဆိုခြင်းကို မယုံကြည်ရ။
ဘယ်နည်းနှင့်မှ  မသေနိုင်။
သို့သော်လည်း သူတို့ တစ်ခုခုမဖြစ်ခင် ပြန်တွေ့မှ ဖြစ်တော့မည်ကို နန်စီစိတ်ထဲက ပြောနေမိ သည်။
ဒေါ်ရော်သီကလည်း နန်စီကို အကဲခတ်ကြည့်နေသည်။
ဒေါ်ရော်သီ ကြည့်နေရင်းမှ ပင် မိနစ်ပိုင် နာရီပိုင်း အတွင်း အရမ်းအိုစာသွားသည်။
သတိလက်လွတ်လည်း ဖြစ်နေသည်။
ဒေါ်ရော်သီသည် ကလေးများ ၏ ခေါင်းကိုင် ဘွားအေ ဖြစ်လို့နေသည်။
သို့သော် နန်စီက လက်မခံ။
ကားမှောက်ပြီး သေသွာသည့် သူ့အမေ နေရာတွင် မည်သူ့ကိုမှ အစားမထိုးနိုင်။
ကလေးများကိုလည်း တခြားဘွားအေ အစားမပေးနိုင်။
ယနေ့တော့ ဒေါ်ရော်သီသည် မိမိတို့ အပေါ်တွင် အဘယ်မျှ သံယောဇဉ်ကြီးကြောင်း နန်စီလက် တွေ့ သိရ လေတော့သည်။ သည်လိုဆိုတော့လည်း ဒေါ်ရော်သီအပေါ် ခပ်တန်းတန်းနေခဲ့မိသည် များကို ပြန်တွေးပြီး စိတ်မကောင်း ဖြစ်မိပြန်လေသည်။
"ငါ့မှာ အတ္တစိတ်တွေ တယ်များပါလား" ဟု နန်စီက တွေးသည်။
အမှန်တော့ ဒေါ်ရော်သီ မှာ အထီးကျန်ဖြစ်နေသည်။
ထို့ကြောင့် အဖော်လိုသည်.။
မိုက်ကယ်နှင့် မစ်စီ ကို သူ့မြေးလေးတွေလို သဘောထားပြီး ချစ်လိုသည်။
သို့သော် နန်စီက ခွင့်မပြုခဲ့။
"ငါဟာ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်လိုက်ပါသလဲ" ဟု ဆက်ပြီး စဉ်းစားမိပြန်သည်။
ယခု ကိုယ်ဒုက္ခရောက်သော အခါ ကိုယ်စိတ်ပြေရာ ပြေရာ ပြေကြောင်း ဖျောင်းဖျဖို့လိုသော အခါ ဒေါ်ရော်သီ သည် အနားမှ တစ်ဖဝါး မခွာဘဲ ရှိနေလေသည်။
နန်စီမှာ ထိုအကြောင်း စဉ်းစားရင်း ပို၍ စိတ်ထိခိုက်လာသည်။
"ရော့လဂ္ဂလာ၊ မနက်တုန်းက ရေကန်နားမှာ ရော့လဂ္ဂလာကို ကျွန်မတွေ့လိုက်တယ်လို့ ပြောမိတယ်နော်"
နန်စီက ပြောသည်။
"ဟုတ်တယ်"
ရေးက ပြန်ဖြေသည်။
"ကျွန်မ အိပ်မက်မက်နေတာများလားဟင်၊ သူ့ကို ကျွန်မမြင်ခဲ့တယ်လို့ ပြောတာ ဒေါက်တာက ယုံ ကြည်ရဲ့ လား၊ ကျွန်မ အမှန်တွေကို ပြောနေတယ်လို့ ဆရာဝန်က ယုံကြည်ရဲ့လား"
ရေးစဉ်းစားသည်.။ ပြီးတော့ မှန်သည့်အတိုင်း ပြောလိုက်ဖို့ ဆုံးဖြတ်သည်။
နန်စီ၏ စိတ်ဓာတ်ပြန်လည်ခိုင်မာလာစပြုပြီး ခွန်အားတွေ ပြန်လည်ရရှိလာစပြုပြီ။
အမှန်တရား ကို လက်ခံလာနိုင်စွမ်းရှိပြီ။
ယခု ပြောနေသည့် စကားများသည် တိုက်ရိုက်ကျသော စကားများဖြစ်သည်။
သွယ်ဝိုက် ပြောမနေတော့။
"ရာခိုင်နှုန်းပြည့် မှန်ကန်တဲ့စကားတေါကို မင်းပြောနေတယ် လို့ ဆရာဝန် လက်ခံတယ်လို့ ကိုယ် ယုံ ကြည်တယ်။ နောက်ပြီးတော့ နန်းစီ မင်းတစ်ခုသိထားဖို့က လဂ္ဂလာကို ကိုယ်တို့ အိမ်နားတစ် ဝိုက်မှာ မနေ့ညကရော ဒီနေ့မနက်ကပါ တွေ့လိုက်ကြရတယ်။"
"ရော့လဂ္ဂလာဟာ ကလေးတွေ ဒဏ်ရာ အနာတရာဖြစ်အောင်တော့ လုပ်မှာ မဟုတ်ပါဘူး"
ခံစားချက် ကင်းမဲ့သော လေသံဖြင့် နန်စီက ပြောသည်။
ထိုအကြောင်း ကြောင့်လည်း သူ စိတ်သက်သာရာ အထိုက်အလျောက်ရလာခြင်း ဖြစ်သည်။
"ကလေးတွေကို သူခေါ်သွားတာ ဆိုရင် ကလေးတွေနဲ့ ပတ်သက်ပြီး သူ တာဝန်ယူတယ်ဆိုရင် ကလေး တွေ နာကျင်အောင် သူ ဘယ်နည်း နဲ့မှ လုပ်မှာ မဟုတ်ဘူး။ ကျွန်မသိတယ်"
အခန်းထဲ သို့ လင်ဒန်ပြန်ရောက်လာသည်။ သူ့နောက်မှ ဂျိုနသန်ကပ်ပါလာသည်။
ဂျိုနသန်က ဒေါ်ရော်သီးကို ပထမဆုံး အလိုလိုလှမ်းကြည့်မိလိုက်ကြောင်း သူ့ဘာသာသူ သတိထားမိသည်။
ဒေါ်ရော်သီက လက်နှစ်ဘက်စလုံးကို ကုတ်အင်္ကျီအိတ်ထဲသို့ နှိုက်ထားသည်။
ချမ်နေသောကြောင့် လက်သီးများ ဆုပ်ထားမည်ဖြစ်ကြောင်း ဂျိုနသန် ခန့်မှန်းကြည့်မိပါသည်။
ဒေါ်ရော်သီကို ဂျိုနသန် အလွန်သဘောကျပါသည်။
အင်မတန် တည်ငြိမ်ပြီး နေရာတကာတွင် တိကျသော အမျိုးသမီးကြီးတစ်ယောက်ဖြစ်လေသည်။
ရေးက လှမ်းမေးလိုက်သောကြောင့် ဂျိုနသန်၏ စိတ်ကူးများ ပျက်သွားလေသည်။
"တယ်လီဖုန်းက ဘာတဲ့လဲဟင်"
"ဂျက်ကောဖင် အပြင်ထွက်သွားတယ်"
ဂျိုနသန် က ဆင့်ဝှေ့ရန်ရှောင် ဖြေသည်။
"ရပါတယ် ပြောပါ။ ဒီနားတစ်ဝိုက်မှာ ရော့လဂ္ဂလာကို တွေ့ထားကြောင်းနန်စီ သိပြီးပါပြီ"
ရေးက ရှင်းပြသည်.။
"ဟုတ်တယ် အဲဒီကိစ္စနဲ့ ဂျက်ကော်ဖင် အပြင် ထွက်သွားတာ လဂ္ဂလာက သူခိုးပြီး မောင်းသွားတဲ့ ကားကို အဝေးပြေးလမ်းမကြီးပေါ်မှာ ထားပစ်ခဲ့ပြီး လူချည်း လက်လွတ်ထွက်ပြေးသွားတယ်၊ ဒါပေမယ့်  ဒါလောက် တောင် ရာသီဥတု ဆိုးနေတာ သူ ဝေးဝေးပြေးနိုင်မှာ မဟုတ်ပါဘူး"
"ဘယ်လိုနေသေးလဲ နန်စီ"
လင်ဒန်က နန်စီ ကို မေးရင်း အနားကပ်ပြီး အကဲခတ်ကြည့်သည်။
နန်စီ သည် သူ မျှော်လင့်ထားသည်ထက် ပို၍ တည်ငြိမ်နေသည်ကို တွေ့ရသည်။
"ကျွန်မ နေကောင်းပါတယ်ရှင်၊ ကားလ် အကြောင်းတွေ ကျွန်မ အများကြီး ပြောပစ်လိုက်မိတယ် နော် "
"ဟုတ်ကဲ့ "
"ကျွန်မ သတိပြန်ရဖို့ ကြိုးစားနေတာ တစ်ခုရှိတယ်၊ သိပ်အရေးကြီးတယ်။ ရှင့်ကို ပြောပြချင်နေ တာ ဒါပေမယ့် ဘယ်လိုမှ မှတ်မိအောင် ကြိုးစားလို့မရဘူး"
လင်ဒန် က ပုံမှန်အသံမျိုး ဖြစ်အောင် ကြိုးစားပြောသည်။.
"တစ်လျှောက်လုံး မင်းပြောနေတာက ကျွန်မ မယုံကြည်နိုင်ဘူး ကျွန်မ မယုံကြည်နိုင်ဘူး ဆိုတဲ့ စကားလုံးပဲ အဲဒီစကားကိုပဲ ထပ်ခါတလဲလဲ ပြောနေတယ် ဘာကြောင့် ဒီစကားကိုချည်း ပြောနေ တယ်ဆိုတာ မင်းကိုယ်မင်း သိနိုင်မလား"
နန်စီ ခေါင်းခါသည်။
"မသိပါဘူး…"
နန်စီက ထိုင်ရာမှထပြီး ပင်ပန်းနွယ်နယ်စွာဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။
"အပြင်မှာ အရမ်းမှောင်နေပြီနော်၊ တစ်ခုခုကို တွေ့ဖို့ တစ်ယောက်ယောက်ကို တွေ့ဖို့ဆိုတာ မလွယ်နိုင် တော့ဘူး"
အပြင် သို့ လှမ်းကြည့်ရင်း နန်စီက ပြောသည်။
လိုအပ်သည်များကို စဉ်းစားနိုင်ရန် သူ့ခေါင်းကို ကြည်ကြည်လင်လင် ရှိစေချင်သည်။
သူ့ကိုယ်သူ ငုံ့ကြည့်သည်။
အိမ်နေရင်း ဝတ်သည့် သိုးမွေးအင်္ကျီပွကြီးကို ဝတ်ထားဆဲ ဖြစ်ကြောင်း ယခုမှ သတိပြုမိသည်။
"ကျွန်မ အဝတ်သွားလဲလိုက်ဦးမယ် ကျွန်မ အဝတ်လဲချင်နေတယ်"
နန်စီ က ခပ်ဖြည်းဖြည်း ပြောသည်။
"မင်း နဲ့အတူ….."
ဒေါ်ရော်သီက စကားမဆုံးမီ သူ့နှုတ်ခမ်းကို သူ ကမန်းကတန်း ပြန်ကိုက်ပြီး ဘရိတ်အုပ်လိုက် သည်။
နန်စီ အပေါ်ထပ်တက်ရာတွင် မိမိပါ လိုက်ခဲ့ရမလားဟု သူ မေးလိုရင်းဖြစ်သည်။
"နေပါစေရှင် ကျွန်မဘာမှ မဖြစ်ပါဘူး…"
နန်စီက ပျော့ပျောင်းသည့်လေသံဖြင့် သိမ်သိမ်မွေ့မွေ့ ပြန်ပြောသည်။
ရောလဂ္ဂလာ ကို သူတို့ ဖမ်းကြသောအခါ သူ အဝတ်အစားလဲ ထားပြီးသား ဖြစ်နေချင်သည်။.
လဂ္ဂလာ ကို သူတို့ ဘယ်အရပ်သို့ပင် ခေါ်သွားပါစေ၊ ဖြစ်သည့်နည်းဖြင့်လိုက်ပြီး သူ တွေ့ချင်နေ သည်။
ရောလဂ္ဂလာ နှင့် တွေ့လျှင်--
"ရော့ ကျွန်မကလေးတွေ ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်မှာ မဟုတ်ပါဘူးဆိုတာ ကျွန်မသိပါတယ်၊ ရှင် ပိုက်ဆံလိုချင်သလား၊ ရှင်ဘာလိုချင်သလဲ၊ သားနဲ့သမီး ဘယ်မှာရှိတယ် ဆိုတာ ကျွန်မကို ပြောပါ၊ ရှင် လိုချင်တာ ဘာမဆို ကျွန်မတို့ ပေးပါ့မယ်" ဟူသော စကားကို သူ ပြောချင်နေသည်။
ထို့ကြောင့် အဆင့်သင့် ဖြစ်အောင် ကြိုတင် အဝတ်အစားလဲထားရပေမည်။
အပေါ်ထပ် သူတို့အိပ်ခန်းထဲ ရောက်တော့ ကိုယ်ပေါ်မှ အဝတ်အစားများကို ချွတ်ချလိုက်သည်။
ပုံမှန်အတိုင်း ဆိုလျှင် ဗီရိုဆီသို့ လျှောက်သွားမည်။
ချွတ်လိုက်သည့် အဝတ်အစားများကို ဗီရိုထဲမှာ ချိတ်မည်။
သို့သော်လည်း ယခုအကြိမ်တွင် ထိုသို့ မလုပ်ဖြစ်။
သူ့ခေါင်းထဲ မှာ ပေါ့ပါးနေသည်။
အုတ်နံရံ ကို ခေါင်းမှီလိုက်သည်။
အုတ်နံရံ၏ အေးစက်သော အတွေ့ကို ခံစားလိုက်ရသည်။
အိပ်ခန်းတံခါး ပွင့်သွားသည်။
ရေး၏ ငိုသံပါကြီး နှင့် ခေါ်သံကိုပါ ဆက်တိုက် ကြားရသည်။
"နန်စီ……"
ရေးက သူ့ဆီသို့ ခပ်သုပ်သုပ် လျှောက်လာသည်။
အသံထဲတွင် စိုးရိမ်ထိတ်လန့်သည့် အသံပါ ရောပါနေကြောင်း နန်စီ သတိထားမိသည်။
သူ့ဘက် သို့ လှည့်ကြည့်လိုက်သည်။
ရေးက လက်နှစ်ဘက်နှင့် သူ့ကိုယ်လုံးကို သိုင်းဖက်သည်။
ရေးကိုယ်ပေါ်မှ အဝတ်များ၏ ပူနွေးမှုကို ခံစားရသည်။
"ကျွန်မ ဘာမှ မဖြစ်ပါဘူး၊ တကယ်ပြောတာပါ"
နန်စီ က တည်ငြိမ်စွာ ပြန်ပြောသည်။
"နန်စီ…"
ရေးက နန်စီ၏ မျက်နှာကို ဆွဲမော့ယူသည်။
ပြီးတော့ နန်စီ ၏ နှုတ်ခမ်းပေါ်သို့ သူ့နှုတ်ခမ်းများက ကျလာသည်။
နန်စီ ကလည်း သူ့ကိုယ်လုံးကလေးကို ရေးနှင့် တအားပူးကပ်ထားလိုက်သည်။
သူတို့နှစ်ယောက်စပြီး တွေ့ကြတုန်းကနှင့် တစ်ပုံစံတည်း တူညီနေပါသည်။
နန်စီ ၏ အိမ်သို့ ရေး ညစာလာစားသည်။
ပြီတော့ မော့ရှော့ရေကန်ကြီးဆီသို့ နှစ်ယောက်လမ်းလျှောက် သွားကြသည်။
ထိုနေ့ညတုန်းကလည်း ရာသီဥတု အေးနေသည်။
သူတို့ နှစ်ယောက်စလုံး ချမ်းနေသည်။
ရေး က သူ ကုတ်အင်္ကျီရင်ဘတ်ကို ဖွင့်ပေးသည်။
ပြီးတော့ သူ  ရယ်ကာ ထိုအထဲသို့ နန်စီကို ဆွဲသွင်းသည်။
ဖွင့်ထားသော ကုတ်အင်္ကျီကို နန်စီ ၏ ကိုယ်ပေါ်သို့ပါ ဖုံးပြီးပြန်စေ့လိုက်သည်။
သူတို့နှစ်ယောက် တစ်သားတည်း ဖြစ်သွားကြသည်။
ပြီးတော့ ပထမဆုံးအကြိမ်အဖြစ် နန်စီကို သူနမ်းသည်။
ဘယ်လိုမှ ရှောင်တိမ်း၍ ရနိုင်မည် မဟုတ်သော အနမ်းဖြစ်ကြောင်း နန်စီက သိထားသည်။
နန်စီ ကလည်း အနမ်းခံချင်ပါသည်။
အရမ်းကို အနမ်းခံချင်နေခြင်း ဖြစ်သည်။
ယခုမှ မဟုတ်ပါ။ ရေးနှင့် စတွေ့သည့် အချိန်ကတည်းက သူနမ်းသည်ကို ခံယူလိုခဲ့ခြင်း ဖြစ်ပါ သည်။
ကားလ် နှင့် ကျတော့ သည်လိုမဟုတ်ပါ။ လားလ်နမ်းသည်ကို သူ မခံလိုပါ။
ထိုကြောင့် ပြစ်မှုတစ်ခုခု ကို ကျူးလွန်ထားမိသလို စိတ်ထဲမှာ ခံစားခဲ့ရလေသည်။
လီဇာ မွေးပြီးတော့ ကားလ်ကလည်း သူ့ကို မနမ်းတော့ပါ။ လင်မယားလို မဆက်ဆံတော့ပါ။
ဘာကြောင့်လဲ… မိမိမှာ အပြစ်တစ်ခုခုရှိနေပြီလား ဟု နန်စီ အမြဲတမ်းတွေးကြည်နေခဲ့ပါသည်။
"ချစ်တယ်…."
ထိုစကား ကို နန်စီ ပြောလိုက်မိသည်။ ထိုစကားကို ရေး ကြားလောက်ရုံ တိုးတိုးကလေး အကြိမ် ကြိမ် ပြောခဲ့ဖူး ပါသည်။
အိပ်ပျော်နေသည့် အခါများမှာပင် မနားတမ်းသူ ပြောဖူးခဲ့ပါသည်။
ယခု တစ်ကြိမ်တွင် သူ့နှုတ်ဖျား မှ ထိုစကားထွက်သွားခြင်းကို သူ ကိုယ်တိုင်ပင် မသိလိုက်ပါ။
"ကိုယ်ကလဲ မင်းကို ချစ်ပါတယ် နန်စီ၊ ကိုယ်ဟာ မင်းအတွက် သိပ်ကို ဆိုးခဲ့ပေလိမ့်မယ်၊ မင်းအ ပေါ်မှာ ကိုယ် နားလည်တယ်လို့ ထင်ခဲ့တယ်၊ အမှန်ကတော့  ကိုယ်နားမလည်ခဲ့ဘူး"
"ရေး  သားနဲသမီး ကို ကျွန်မတို့ ပြန်ရမှာလားဟင်.. "
နန်စီ၏ အသံ တုန်ယင် လှုပ်ရှားနေသည်။ ပြီးတော့ တစ်ကိုယ်လုံးလည်း စတင် တုန်ယင်လာ ကြောင်း စိတ်ထဲ မှာ ခံစားလာရသည်။
ရေးက တင်းတင်းကြီး ဖက်လိုက်သည်။
"ကိုယ်မသိဘူးအချစ်ရယ် ကိုယ်မသိတော့ဘူး၊ ဒါပေမယ့် တစ်ခုတော့ အမြဲသတိရပါ၊ ကလေးတွေ ဘာပဲ ဖြစ်သွား ဖြစ်သွား ကိုယ်တို့နှစ်ယောက် အတူတူ ရှိနေတယ်ဆိုတာလေးတော့ အမြဲတမ်း သိထားပါ။ ကိုယ် တို့ တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်နေကြသေးတာပဲ။ ဘာတစ်ခုမှ ပြောင်း လဲမသွားနိုင်ပါဘူး၊ သူတို့ အခုပဲ ဂျက်ကောဖင် ကို လာခေါ်သွားကြတယ်။
ရော့လဂ္ဂလာ ကို သူတို့ ဖမ်းမိကြပြီ၊ ရဲစခန်း ရောက်နေပြီ ဒေါက်တာမိုင်လ်လဲ သူတို့နဲ့ လိုက်သွား တယ်၊ ဂျိုနသန် နဲ့ ကိုယ်လဲ ထပ်လိုက်သွားကြတော့မလို့"
"ကျွန်မလဲ လိုက်ချင်တယ်၊ သူ ကျွန်မကို ပြောချင်ပြောမှာ----"
"မင်းလိုက် လို့ မဖြစ်ဘူး၊ ဂျိုနသန်က စိတ်ကူးတစ်ခု ရတယ်။ သူ့စိတ်ကူးက အလုပ်ဖြစ်ချင်ဖြစ်နိုင် တယ်၊ စမ်းကြည့် ရမှာပဲ ရော့မှာ ကြံရာပါ တစ်ယောက်ရှိချင်ရှိနေလိမ့်မယ် ကလေးတွေဟာ အဲဒီကြံ ရာပါရဲ့ လက်ထဲမှာ ရှိနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ အရင်အမှုတုန်းကလည်း သူ ပတ်သက်နေခဲ့ ဖူးတယ် မဟုတ်လား"
"ရေး……"
မိမိ၏ အသံထဲမှာ စိုးရိမ်ထိတ်လန့်မှုများ ပါသွားကြောင်း နန်စီ သတိထားမိသည်၊
"နေခဲ့ပါ အချစ်ရယ် ခဏလေးပါ၊ ရေပန်နဲ့ ရေနွေးနွေးလေးချိုးလိုက် ပြီးတော့ အဝတ်အစား နဲ့ မင်း အတူတူ ဒေါ်ရော်သီ နေခဲ့လိမ့်မယ်၊ မင်းစားဖို့ ဆင်းဒဝစ် တွေ သူ လုပ်နေတယ်၊ အခုလောက်ဆိုရင် ပြီး နေရောပေါ့၊ ကိစ္စပြီးတာနဲ့ ချက်ချင်း ကိုယ်ပြန်ခဲ့မယ်နော်"
ရေးက မျက်နှာ ကို နန်စီ၏ ဆံပင်များကြားမှာ ခဏကြာအောင် မြှပ်ထားလိုက်သေးသည်။ ပြီးတော့ သူ ထွက်ခွာ သွား တော့သည်။
နန်စီ သည် စက်ရုပ်တစ်ရုပ်လို ရေချိုးခန်းဆီသို့ လျှောက်သွားသည်။ ရေပန်းခလုတ်ကို ဖွင့်လိုက် သည်။
ပြီးတော့ မျက်နှာသစ် ကြွေဇလုံအထက်မှ မှန်ထဲသို့လှမ်းကြည့်သည်။ သွေးရောင်ကင်းမဲ့ပြီး ချောင် ကျနေသည့် သူ၏ မျက်နှာ က သူ့ကို ပြန်ကြည့်နေသည်ကို တွေ့ရသည်။
မျက်လုံး များမှာလည်း လွမ်းရိပ် ဆွေးရိပ်များဖြင့် ညို့မှိုင်းနေလေသည်။
ထိုရုပ်သည် ကားလ်နှင့် အတူတူနေခဲ့ရသည့်ကာလများတုန်းက ရုပ်မျိုးဖြစ်သည်။
သူ ချက်ချင်း ပြန်လှည့်လိုက်သည်။ ဆံပင်ထုံးသည်။ ရေပန်း အောက်သို့ ဝင်ရပ်သည်။
ရေပန်းမှ ထွက်လာသည့် ပူနွေးသော ရေပန်းပွားများက သူ့ကိုယ်လုံးကို လာရောက် တိုက်ခိုက်ကြ သည်။ တင်း နေသည့် အကြောများ လျော့သွားအောင် ငြိမ်နေလိုက်သည်။ စိတ်ကိုလည်း လျှော့ ထားသည်။
ရေပန်း နှင့် ရေချိုးရသည်ကို သူ သဘောကျသည်။
ရေချိုးကြွေဇလုံနှင့် ရေမချိုးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှချေပြီ။ ကားလ်နှင့် ပေါင်းသင်းနေ စဉ် ကတည်းက ဖြစ်သည်။
ထိုအကြောင်း ကို သူ သတိမရတော့သည်မှာ ကြာပြီ။ နှစ်ပေါင်းများစွာ ကြာပါပြီ။ ယခုမှ ကြွေဇလုံ နှင့် ရေချိုးခြင်း ကို ပြန်သတိရလိုက်မိခြင်းဖြစ်လေသည်။
ကားလ် နှင့် သူ အကြောင်းပါနေစဉ်က ရေချိုးကြွေဇလုံထဲမှာ သူတို့နှစ်ယောက်စ ရင်း ကြွေဇလုံထဲ မှာ ကားလ်၏ မျက်နှာ မြှပ်သွားဖူးသည်။
ကားလ် အကြောက်လွန်ပြီး ခေါင်းကို ရုတ်တရက် ပြန်မဖော်နိုင်။ ခဏကြာမှ ပြန်ဖော်နိုင်သည်။ သူ ရေ အနည်းငယ် မွန်းသွားသည်။
ပြီးတော့ နန်စီ ကို သူ အရမ်းစိတ်ဆိုးသည်။
စိတ်ဆိုသည်ဆိုခြင်းထက် ကြောက်သွားသည် ဆိုခြင်းက ပိုမှန်ကန်ပါလိမ့်မည်။
ကြွေဇလုံထဲမှာ ဘယ်လိုလုပ် ရေနစ်နိုင်ပါမည်နည်း။ သို့သော်လည်း ကားလ် အရမ်းကြောက်နေ သည်။
ထိုအဖြစ် ကို တရေးရေး ပြန်လည် မြင်ယောင်လာသည်။ သေသေချာချာ စဉ်းစားရင်း ပို၍ ထင်ထင် ရှားရှား သတိရ လာသည်။
ဟုတ်ပြီ။
နန်စီ ပြန်သတိရဖို့ ကြိုးစားနေခြင်းသည် ထိုအချက်ဖြစ်သည်။
ကားလ် သည် ရေကို အရမ်းကြောက်သည်။ သို့သော်လည်း သူရေကြောက်သည့် အကြောင်းကို ဖုံး ကွယ်ထားသည်။
ရေ ကြောက်သူက ဘာကြောင့် ရေထဲမှာ ဆင်းသေပစ်ရသနည်း။
အိုး.. ဘုရားသခင်…..
နန်စီ၏ကိုယ်လုံးယိုင်သွားသည်။ တဖြည်းဖြည်း သူ ပျော့ကျသွားသည်။ ရင်ထဲမှာ လိပ်တက်လာ သည်။ ရေပန်း ၏ အပြင်သို့ရောက်အောင် ကြိုးစားထွက်သည်။
အရမ်း အန်ချင် လာသည်။ မိနစ်တော်တော်များများ ကုန်ဆုံးသွားသည်။
ထိုးအန်ပစ်သည်။
ဆက်တိုက်အန်သည်။
အိမ်သာကမုတ်ကို  အားပြု ဖက်ထားရသည်။
နောက်ဆုံးတွင် အအန်ရပ်သွားသည်။ တစ်ကိုယ်လုံး အေးစက်လာသည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
လယ်တွင်းသား စောချစ် ၏ ငယ်ဘဝ (၂၆)
ကျေးဇူးရှင် ဆရာမ
ပထမပညာသင်နှစ်၏ ဒုတိယနှစ်ဝတ်ကျောင်းတက်နေစဉ် တစ်နေ့တွင် မြန်မာစာဌာန လက်ထောက် ကထိက ဒေါ်မိမိလေးက ခေါ်ယူတွေ့ဆုံသည်။
ဆရာမသည် မောင်ငြိမ်းချမ်းတို့အတန်းကို ပထမနှစ်ကတည်းက ရှေးဟောင်းကဗျာများကို သင်ကြားခဲ့သူ ဖြစ်သည်။ ယခု ဒုတိယနှစ်မှာလည်း မွေ့နွန်းရကန်၊ ရတနာကြေးမုံ စသည်တို့ကို သင်ကြားနေသူဖြစ်သည်။
မြန်မာစာဆရာမ ပီသစွာ ၀တ်ပုံဆင်ပုံ လွန်စွာသပ်ရပ်သည်။ အတန်းဝင်လာတိုင်း ပုဝါခြုံထားသည်။ အသားအရေ က ဖြူစင်ဝင်းစက်နေ၏။ အပျိုတုန်းက အလွန်လှသည်ဟု နာမည်ကြီးပါသည်။ ယခု အချိန် တွင် ၀နေပြီးဖြစ်သော်လည်း ကြည့်မြင်ရသည်မှာ ခန့်ညားတင့်တယ်ပါ၏။
စာသင်ပြရာ မှာလည်း အလွန်ကောင်းသူ ဖြစ်ပါသည်။ သင်မည့်သင်္ခန်းစာကို အသေအချာ ပြင်ဆင်ပြီးမှ သင်ကြားသည် မှာ သိသာပါသည်။ တပည့်များအပေါ်မှာ စေတနာထား၍ လုပ်ငန်းအပေါ်မှာလည်း အလေး အနက် ထားသူဖြစ်သည်။
ဆရာမသည်နိုင်ငံကျော် တရားရုံးချုပ်ရှေ့နေအဖြစ် နာမည်ကျော်ကြားသော ရှေ့နေကြီးဦးမြစိန်၏ ဇနီး လည်း ဖြစ်၍ တက္ကသိုလ်သို့ ကိုယ်ပိုင်ကားဖြင့် ကျောင်းတက်နိုင်သူလည်းဖြစ်သည်။
ဆရာမစားပွဲရှေ့မှာထိုင်ပြီး ဆရာမ ပြောမည့်စကားကို ရိုသေစွာနားစွင့်လျက်-
“မင်းကိုဆရာမ ပြောချင်တဲ့စကားမပြောခင် ကြိုပြီးတော့ မေတ္တာရပ်ခံထားရအုံးမယ်။ လူငယ်ဆိုတာ မာန ရှိတယ်ကွယ့်။ ဆရာမက ကူညီလိုတဲ့ စေတနာသန့်သန့်နဲ့  ပြောတာပါကွယ်။ မင်းသဘော မကျဘူးဆိုရင်လဲ ဆရာမ စေတနာကို နားလည်ပြီးစိတ်မရှိပါနဲ့လို့ မေတ္တာရပ်ခံချင်တာပါ”
“ပြောပါ ဆရာမ....ရပါတယ်..”
“ဒိလိုကွယ် ဆရာမတို့ မိသားစုအနေနဲ့ တခြားလည်း ကုသိုလ်ကောင်းမှု ကြီးကြီးမားမား မလုပ်နိုင်ပါဘူး။ ဆရာမ အကျိုးအရှိမယ့် ကောင်းမှုတစ်ခုပြုချင်လို့ပါ။ အဲဒါကတော့ မောင်ငြိမ်းချမ်းက ပညာတော်တယ် ကြိုးစား တယ်၊ တက္ကသိုလ် လူရည်ချွန်ဖြစ်တယ်၊ နေတာထိုင်တာကို ဆရာမတို့ အကဲခတ်ကြည့်တော့လဲ လိမ္မာ တယ်။ မောင်ငြိမ်းချမ်းရဲ့ ပညာရေး အတွက် ကိုယ်တတ်နိုင်သမျှ ကူညီချင်တယ်။ အကိုကြီး (ဦးမြစိန်) ကိုပြောပြတော့ အကိုကြီးကလဲ သဘောကျတယ်။ ဒါကြောင့်မို့လာမယ့် ဒုတိယနှစ်ကစပြီး စာအုပ် စာတန်းဖိုး ကုန်ကျတာမှန်သမျှ ဆရာမတို့ မိသားစုက ကုသိုလ်လုပ်ပါရစေလို့... ဗလာစာအုပ် ကစပြီး ပြဌာန်းစာအုပ် ရည်ညွှန်းစာအုပ်အပါအ၀င် စာအုပ်အားလုံးပေါ့ကွယ်။ မောင်ငြိမ်းချမ်း လက်ခံပါ။ ဆရာမ ကူညီပါရစေကွယ်”။
ဆရာမပြောပုံက ချင့်ချင့်ချိန်ချိန် တောင်းတောင်းပန်ပန်။ အကူအညီခံရမည့်သူက အားနာယူရသည်။
“ရပါတယ် ဆရာမ ရယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော် လက်ခံနိုင်ပါတယ်”
“အေးကွယ် ကောင်းပါလေ့....ဆရာမ၀မ်းသာပါတယ်”
ထိုအချိန်မှစ၍ ကျောင်းဖွင့်ချိန်ရောက်တိုင်း ဗလာစာအုပ်မှအစ မြဌာန်းစာအုပ်များ အကြမ်း ဖတ် စာအုပ်များ၊ ရည်ညွှန်းစာအုပ်များအားလုံး အသင့်ထားပေးပါသည်။ အသစ်မထွက် ရှားပါးသော စာအုပ် ဆိုလျှင် အဟောင်းရှာ ၀ယ်ပြီးသေသပ်စွာ အဖုံးချုပ်ပေးသည်။ သူတကာ ထိုစာအုပ်မရ၊ သည်စာအုပ် မရှိဖြစ်ချိန် မှာ မောင်ငြိမ်းချမ်းက ဘာမျှပူစရာမရှိ။ နှစ်စဉ်စာအုပ်အပြည့်အစုံကို ဆရာမထံမှ အဆင်သင့် ရပါသည်။
မြန်မာစာအသင်း အတွင်းရေးမှူး
ကျောင်းပြန်ဖွင့်သောအခါ မောင်ငြိမ်းချမ်းပညာသင် ထောက်ပံ့ကြေး ငွေများထုတ်ရပြီ။ တက်ထွန်းထံမှ တစ်လ(၃၀) သာ ယူရတော့သည်။ ကျောင်းနေရသည်မှာ အစစအရာရာ အဆင်ပြေသွားပါသည်။ ဒုတိယနှစ်ဝက် စာမေးပွဲများကို ဖြေဆိုရသည်။ မောင်ငြိမ်းချမ်း ကောင်းစွာ  ဖြေဆိုနိုင်ပါသည်။
ဒုတိယနှစ် ကျောင်းပြန်တက်ရသောအခါ မောင်ငြိမ်းချမ်း မြန်မာစာ အသင်းအတွင်းရေးမှူး အရွေးးခံရသည်။ အတန်းလိုက်မှ တက်ရောက်လာသော ကျောင်းသူ၊ ကျောင်းသား ကိုယ်စားလှယ်များ၏ မဲဖြင့် ရွေးချယ် ရခြင်းဖြစ်သည်။
ဘာသာရပ်အလိုက် ဘော်လီဘောပြိုင်ပွဲများ ကျင်းပတော့မည်။ မောင်ငြိမ်းချမ်းတို့ မြန်မာစာအင်းမှာ တက္ကသိုလ်လက်ရွေးစင် ကိုသန်းမောင်ပါသည်။ သူ့ကို နှုတ်ခမ်းမွှေးသန်းမောင်  ဟုခေါ်သည်။ နှုတ်ခမ်းမွှေး အကြီးကြီး ထား၍ ဖြစ်သည်။ ဘီးဖြင့်ဖြီး၍ ရသောနှုတ်ခမ်းမွှေးအထူကြီး ဖြစ်သည်။ ထိုနှုတ်ခမ်းမွှေးကြီး ကြောင့် ပင် သူသည် ရှိရင်းအသက်ထက် (၂၀)ခန့်ပိုကြီးသည် ထင်ရသည်။ ယောလုံချည်အနက်၊ ပင်နီ အကျီင်္လက်ရှည် ကချင်လွယ်အိတ်အနက်နှင့် ဆေးပြင်းလိပ်ကြီးခဲလိုက်သောအခါ အသက်(၅၀)ခန့်ရှိသော အဘိုးကြီး ဟု ထင်ရသည်။ ထို့ကြောင့် သူ့ကို တက္ကသိုလ်မျာ ကျောင်းသူ၊ ကျောင်းသားများက အဘ ဟု ခေါ်ကြသည်။ နောက်ကြာလာသောအခါ ဆရာ၊ ဆရာမများကပါ အဘဟုခေါ်ကြသည်။ သူ၏၀တ်ပုံဆင်ပုံ နေပုံထိုင်ပုံ ဒီဇိုင်းက အဖိုးကြီးပုံပေါက်နေ၍ အဘခေါ်ကြခြင်းဖြစ်သည်။
သို့သော် ထူးခြားသော လျည့်စားချက်လိုဖြစ်နေသည်မှာ အဘ အားကစား ၀တ်စုံ ၀တ်ပြီး ဘောလီဘော ကွင်းဆင်း လိုက်လျှင် အသက်(၃၀) ခန့်ဟုသာထင်ရသည်။ အားကစားဝတ်စုံ ကတော့ သပ်သပ် ရပ်ရပ်မရှိ။ အောက်ပိုင်း မှာ ဘောင်းဘီတို ၀တ်လေ့မရှိ။ ထရက်ဆု ဘောင်းဘီအရှည်ကိုသာ ၀တ်ထားသည်။ အပေါ်ပိုင်း  အင်္ကျီကလည်း ခါးအရှည်သော သူအတွက် အဆင်မပြေ။ ၀မ်းဗိုက်ပေါ်နေသည်။ ဘော်လီဘော ကွင်းထဲ မှ  အဘ၏ ဒီဇိုင်းဖြစ်သည်။
ဘော်လီဘော ပင့်တောင်ပေးလိုက်၍ ရိုက်ချလိုက်ပြီးဆိုလျှင်တော့ အံ့သြစရာ အုန်းခနည်း စိုက်ကျ သွားသည်။ ဘယ်သူမျှမဖမ်းနိုင်။ ထိုအခါကျလျှင်တော့ သူခုန်တက်သွားပုံ ရိုက်ချက်ပြင်းပုံ ကိုကြည့်ပြီး အသက်နှစ်ဆယ်ကျော် ဖြစ်သည်ကို အလိုလိုခန့်မှန်းမိကြည်။ သူသည် မန္တလေး တက္ကသိုလ် လက်ရွေးစင် သာမက မန္တလေးတိုင်း လက်ရွေးစင်လည်း ဖြစ်၏။
ကိုသန်းမောင်က မြန်မာစာတတိယနှစ်မို့ မြန်မာစာအသင်း၏ ဘော်လီဘော အသင်းခေါင်းဆောင်။ မိန်းကလေး အသင်းကိုလည်း သူကိုယ်တိုင်နှစ်စကတည်းက သင်ကြားလေ့ကျင့်ပေးနေသည်။ ယခုနှစ်မှာ ယောက်ျားလေး ရော မိန်းကလေးပါ မြန်မာစာ က ဒိုင်းဆုယူမည်ဟု အားခဲထားသည်။
မောင်ငြိမ်းချမ်းမှာ အရပ်ခြောက်ပေရှိ၍ သန်မာထွားကျိုင်းသောကြောင့် တက္ကသိုလ် ဘော်လီဘော လက်ရွေးစင် အရွေးခံရခြင်းဖြစ်၏။ လက်ရွေးစင် အရွေးခံရသည်နှင့် နေ့စဉ်ကွင်းဆင်းရ သည်။ နည်းစနစ် များကိုသင်ကြားပေးသည်။ စနစ်တက်လေ့ကျင့်ရသည်။ တစ်၊ နှစ်၊ သုံး ခုန်တက်ရိုက်ချ လေ့ကျင့်ခန်းကို ပိုက်ရှေ့မှာ အကြိမ်များစွာ လုပ်နေရသည်။ ဘောလုံးမပါသေး။ ခြေလှမ်းမှန် ရိုက်ချက်မှန်မှ ဘောလုံး ထောင် ပေးသည်။ အပြင်းဆုံးရိုက်ချရသည်။ ပိုက်တိုးချင်တိုးပါစေ။ အပြင်ထွက်ချင်ထွက်ပါစေ။ ဤနည်းဖြင့် လေ့ကျင့်ပေးသည်မှာ သုံးလအတွင်း ကောင်းစွာရိုက်နိုင် လာသည်။ တက္ကသိုလ်မရောက်ခင် ကိုယ့်ဘာသာ (၄)နှစ် ခန့် ဘော်လီဘော ရိုက်နေခဲ့သညမှာ နည်းစနစ်မမှန်၍ တိုးတက်ခြင်းမရှိ။ နည်းစနစ် နှင့် လေ့ကျင့်သော (၃)လမှာ လျှင်မြန်စွာ တိုးတက်သည်။
ထို့ကြောင့် မနှစ်ကပွဲမှာ ကိုသန်းမောင်ခေါင်းဆောင်ပြီး မောင်ငြိမ်းချမ်းနှင့် နှစ်ယောက်ပေါင်း၍ အောင်ပွဲ ရခဲ့သည်။ ယခုနှစ်ဆိုလျှင် ပို၍သေချာအောင် လေ့ကျင့်ထားကြသည်။
ပြိုင်ပွဲကျင်းပသောအခါ မြန်မာစာအသင်း ယောက်ျားလေးရော၊ မိန်းကလေးပါ ပထမဒိုင်းဆုရသည်။
မောင်ငြိမ်းချမ်း အတွင်းရေးမှူးလုပ်သည့်နှစ်တွင် အင်းဝကို ပျော်ပွဲစားနှင့်ပုဂံကို လေ့လာရေး ခရီးလည်း သွားနိုင်ခဲ့ သည်။ စာပေဟောပြောပွဲနှင့် ဂီတဆည်းဆာကိုလည်း နှစ်ကြိမ်လုပ်ပေးနိုင်ခဲ့ သည်။ ဆရာကန်တော့ပွဲ လည်း လုပ်နိုင်ခဲ့သည်။ တမာရိပ်မွန်မဂ္ဂဇင်းလည်း ထုတ်နိုင်ခဲ့ပါသည်။
တက္ကသိုလ် ကျောင်းသားဘ၀မှာ ပညာကို ကောင်းစွာသင်ကြားရင်း ကောင်းကျိုးရှိအောင် ထိုက်တန်စွာ လုပ်နိုင်သည် တို့လည်း အများကြီးဖြစ်ပါ၏။
ရည်မှန်းချက်နှင့်စာပေတံခါး
မောင်ငြိမ်းချမ်း၏ ရည်မှန်းချက်မှာ စာရေးဆရာဖြစ်သည်။ ဤရည်မှန်းချက်ကြောင့်ပင် မြန်မာစာအဓိက ဘာသာရပ်ကိုယူခဲ့ခြင်းဖြစ်သည်။ မြန်မာစာပေနှင့် ပက်သက်၍ နှံ့စပ်ချင်သည်။ မြန်မာစာပေ အရေးအသား ကျွမ်း ချင်သည်။
စနစ်သစ် မြန်မာစာသင်ကြားရေးတွင် ပဌမနှစ်မှာပင် ပျို့၊ ရတု၊ ရကန်၊ အဲ၊ အန်၊ အေးချင်း၊ အိုင်ချင်း၊ တျာချင်းများကိုသင်ရသည်။ ဒုတိယနှစ် ရောက်သောအခါ ကျောက်စာ၊ မင်စာ၊ မွန်စားများကို သင်ရသည်။ ရှေးကျသာ ၀တ္ထုများ ခေတ်ပေါ်ဝတ္ထုများ၊ ပြဇာတ်များကိုပါ သင်ရသည်။ ခေတ်ပေါ်ကဗျာများကို လေ့လာဆန်းစစ် ရသည်။ ကိုယ်တိုင်လည်းရေးဖြေရ လေ့ကျင့် ရသည်။ အထူးသဖြင့် တစ်ပတ်တစ်ခါ နည်းပြ သင်တန်းမှာ တာဝန်ပေး ရေးသားရသည့်အကြောင်း များမှာ စာရေးခြင်း လေ့ကျင့် ရသကဲ့ သို့ဖြစ်သည်။ မောင်ငြိမ်းချမ်း ကြိုးကြိုးစားစားရေးသည်။ မမှတ်လည်းပေးသည်။
မဂ္ဂဇင်း များတွင် ၀တ္ထု၊ ဆောင်းပါးရေးသားခြင်းဖြင့်လည်း စာပေတံခါးကို ခေါက်၏။ တစ်ပုဒ်ပါရန် ခက်ခဲ လှသည်။
ငွေတာရီမဂ္ဂဇင်းတွင် တက္ကသိုလ်ကဏ္ဍဟု ဖွင့်လှစ်ထား၏။ မောင်ငြိမ်းချမ်း ရေးသားပေးပို့သည်။ ညမိုက်၊ ကျောင်းတော်ကြီးကအိုအို...စသော စာပေဒေသာလေးများပါဝင်၍ အားတက်ရ၏။ နေက်တွင်ထိုကဏ္ဍကို စာပဒေသာ ကဏ္ဍ ဟု ပြောင်းလဲလိုက်သည်။ တက္ကသိုလ် ကျေင်းသူ၊ ကျောင်းသားများသာမက မည်သူမဆို ၀ါသနာပါသူများ ကလောင်သွေး၍ စာရေးနိုင်ရန် ဖြစ်သည်။ မောင်ငြိမ်းချမ်း ရေးသား ပေးပို့သည်။ လသာသောည စက်ဘီးတန်းကြီး စသည့် စာပဒေသာများ အရွေးခံရ ဖော်ပြခံရသည်။
မောင်ငြိမ်းချမ်းအားတက်လာ၍ ပြိုင်ဘက်အမည်နှင့် ၀တ္ထုတိုလေးတစ်ပုဒ်ကို မြ၀တီမဂ္ဂဇင်းသို့ ပို့ လိုက်သည်။ ပါရန်လွယ်မည်မထင်သော်လည်း ကြိုးကြိုးစားစားရေးပြီး ပေးပို့ရခြင်းဖြစ်၏။ မြ၀တီမဂ္ဂဇင်းမှာ ရောင်စုံ သရုပ်ဖော်ပုံနှင့်တကွ ပြိုင်ဘက်ဝတ္ထုတိုကို ရွေးချယ်ဖော်ပြလိုက်သည်။
ကျောက်ဆည်မှာနေစဉ်က ဆယ်တန်းမြန်မာစာဆရာ ပြောပြသည့် သူ့သူငယ်ချင်းနှင့် သူ၏အဖြစ်ကို ကိုယ့်သူငယ်ချင်းနှင့်ကိုယ်အဖြစ် ပေါင်းစပ်၍ ရေးသားခြင်းဖြစ်သည်။ နိုင်ချင်၍ ပြိုင်ခဲ့သော်လည်း တကယ် ကိုယ်နိုင်၍ သူရှုံးနိမ့်သည့်အခါ သူနိုင်ခဲ့သည်ကို ကြည်ဖြူစွာ ပြန်တွေးမိခြင်းဖြစ်ပါ၏။
စာအုပ်နှင့်အတူ ငွေ ၅၀ ပို့ပေးသည်။ ခေါက်ဆွဲကြော်တစ်ပွဲ တစ်ကျပ်မို့ သူငယ်ချင်း (၅)ယောက် နှင့် အတူ ဟော်တယ် သွားပြီး တစ်ဆယ်ဘိုး စားနိုင်ခဲ့သည်။
သို့သော် တစ်နှစ်တစ်ခါ ၀တ္ထုတစ်ပုဒ် ပါနိုင်ခဲ့သည်မဟုတ်ပါ။ ပွင့်ရန်ခက်ခဲသော စာပေတံခါးကို ဆက်၍ ခေါက်နေရဦးမည် ဖြစ်ပါသည်။
အနစ်နာခံသောဦးလေး
ဒုတိယနှစ် စာမေးပွဲများအားလုံးပြီးသောအခါ မောင်ငြိမ်းချမ်း ရွာပြန်လာ၏။ တက်ထွန်းက ကျောက်ဆည် မှာ သူနှင့် အတူနေစေချင်သည်။ သူအိမ်မှာ ပြည့်စုံသည်။ ကောင်းကောင်းစားရမည်။ ကောင်းကောင်းနေရမည်။ သူက သူငယ်ချင်းကိုအလွန်ခင်သူဖြစ်သည်။
ခုတော့ သူလည်း အိမ်ထောင်ကျပြီ။ သူယူမည့်ဇနီးလောင်းကို လက်မထပ်မီ ကြိုတင်၍ မောင်ငြိမ်းချမ်း အတွက် ကျောင်းလခမှစ၍ လိုအပ်သော ပညာသင်စရိတ်များ ထောက်ပံ့ရေကြောင်း ပြောပြီး သဘော တူညီချက် ယူသည်။ လက်ထပ်သော မိန်းကလေးကလည်း တခြားသူမဟုတ်။ မောင်ငြိမ်းချမ်း ဆယ်တန်း စာမေးပွဲဖြေစဉ် က အင်္ဂလိပ်စာ လေ့ကျင့်ခန်းများကို စစ်ဆေးပေးသော ဆရာမ မကြည်ကြည်ဖြစ်သည်။ မကြည်ကြည် က သဘောတူသည်။ သူတို့ မင်္ဂလာဆောင်မှာ မောင်ငြိမ်းချမ်း လူပျိုရံလုပ်ပေးရသည်။
တက်ထွန်းကတော့ပြောသည်။ ”မင်းက သူငယ်ချင်းဆိုပေမယ့် သားသမီးကွ.... ငါကကျောင်းထား ပေးရတော့ မိဘကွ၊ မိဘဆိုတာ ကျောင်းပိတ်ရင် သားသမီးကို မျှော်တာပဲကွ။ သားသမီး အိမ်ပြန် လာစေချင်တာပေါ့..... ”။ သူက သူ့အိမ်လာနေစေချင်သည့် ဆန္ဒကို ဟာသနှော၍ ပြော ခြင်းဖြစ်၏။
 ထိုစကားမှန်လျှင် အမေကြီးနှင့် ဦးလေးက ပိုမျှေရှာလိမ့်မည်။သူတို့ခမျာ ငယ်စဉ်ကတည်းက မွေးခဲ့ရသော သားသမီး။ သူတို့မှာ ပျော်စရာလည်းများများမရှိ။ သူငယ်ချင်းအိမ်လောက် အစား ကောင်းစားရမည် မဟုတ်သော်လည်း အမေကြီးနှင့်ဦးလေးဆီကိုသာ ပြန်ခဲ့သည်ကများပါ၏။ ဦးလေးကို ကန်တော့ လိုက်လျှင် ဦးလေးကဘယ်တော့မှ လက်မခံ အတင်းပြန်လွှတ်သည်။ နေပူ သည်။ မြွေအန္တရာယ်ရှိသည်ဟု ပြော၏။ သူကတော့ ထိုအပူထိုအန္တရာယ်များနှင့် အမြဲလုပ်နေ၏။
အမေကြီးက မောင်ငြိမ်းချမ်းပြန်လာတိုင်း ၀မ်းသာပျော်ရွှင်နေသည်။ မောင်ငြိမ်းချမ်း ကြိုက်သည့် စားကောင်း သောက်ဖွယ်များကို စားကောင်းသောက်ဖွယ်များကို ချက်ကျွေးသည်။ နွားနို့ချက်၊ ပြောင်းဖူးကြော်၊ ကောက်ရိုးမှိုချက် တို့မှာ မောင်ငြိမ်းချမ်း အကြိုက်ဖြစ်သည်။
ဟင်းကောင်းလေးများ ကို ဦးလေးကဘယ်တော့မှ များများမစား။ အနစ်နာခံသည်။ ဟင်းခွက်ကို မောင်ငြိမ်းချမ်း ပြောသော်လည်းမရ လျှော့စားကြသည်။
တက္ကသိုလ် ကျောင်းဖွင့်၍ ပြန်သွားရတော့မည်အခါတွင် မောင်ငြိမ်းချမ်း ချွေချွေတာတာသုံး၍ ချန်ထားသော ငွေလက်ကျန်ရှိပါ၏။ သို့သော်လည်း ဦးလေးက မိဘတို ထုံးစံအတိုင်းကျောင်းသွား မည့် မောင်ငြိမ်းချမ်း ကို ပိုက်ဆံပေးချင်သည်။ ”မခင်ရေ.... လုပ်ပါအုံး၊ လူလေးကျောင်းသွားတော့ မှာ ပိုက်ဆံပေး ဖို့ လုပ်ပါအုံး။
မောင်ငြိမ်းချမ်း၏နှမကို လှမ်းပြောသည်။
 မောင်ငြိမ်းချမ်း သိပါသည်။ အိမ်မှာ ပိုက်ဆံမရှိ၊ နှမလေးက ယက္ကန်းခတ်ပါသည်။ လက်ခစားနှင့် ခတ်ရခြင်းဖြစ်၏။ သို့သော် ထိုလက်ခလေးများမှာ လယ်စရိတ်၊ ယာစရိတ် မပေးမဖြစ်သည် တို့အ တွက် ကြိုတင် ယူသုံးထားပြီး ဖြစ်ပါသည်။
နှမလေးက ဘာမျှမပြောပါ။ မရှိဘူး မပြောချင်၍ ဖြစ်ပါသည်။ ”မလိုဘူးဦးလေး.... ကျွန်တော်မှာရှိ တယ် နေပါစေ... မပေးနဲ့တော့... ”
သို့သော် နှမလေး ရွာထဲသို့ ထွက်သွားပါပြီ။ ပိုက်ဆံသွားချေးခြင်း ဖြစ်ပါသည်။ မောင်ငြိမ်းချမ်းသိပါ သည် သူနှင့် ရင်းနှီးခင်မင်သော ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်သိန်း ထံ သွားမည်ဖြစ်ပါသည်။
”နေပါစေ...ဦးလေးကျွန်တော်သွားတော့မှာ... နောက်ကျနေလိမ့်မယ်.... ”
 ”နေစမ်းပါအုံးကွ....နွားတွေလဲစားတုန်းရှိပါတယ်... ခဏလေးပါ..... ”
ဦးလေးက စဥ့်ကိုင်ကားဂိတ်အထိ လှည်းဖြင့် လိုက်ပို့မည်ဖြစ်သည်။ သိပ်မကြာပါ နှမလေးပြန်လာ သည်။ နွားများလည်း စားပြီးပြီ။ အမေကြီးနှင့် ဦးလေးကို မောင်ငြိမ်းချမ်းကန်တော့သည်။ အမေ ကြီး က အင်္ကျီ အိတ်ထောင် ထဲမှ နွေလေးနှစ်ဆယ်ထုတ်ပေးသည်။ နှမလေးပေးထားသော ငွေဖြစ်သည်။ ”ဒါပဲလား.... အဒေါ်ရယ်.... နည်းလိုက်တာ.... ထပ်ပေးလိုက်ပါအုံး... ”အမေကြီးကဘာမျှမပြော။ ဘေးမှာရှိသော နှမလေး ကလည်းဘာမျှမပြော။
ပြုံးချင်စရာကောင်းသော်လည်း မောင်ငြိမ်းချမ်းမပြုံးရက်။ ဒီနွေနှစ်ဆယ်ကိုပင် ဆန်ပေးပါမည်။ ဆီပေးပါမည်၊ ပဲပေးပါမည် ပြော၍ ချေးလာခဲ့ရခြင်း ဖြစ်မည်ကို ဦးလေးရော မောင်ငြိမ်းချမ်းပါ သိပါသည်။ ထပ် အပေးခိုင်းသော်လည်း ပေးစရာတစ်ပြားမျှ မကျန်သည်ကို ဦးလေးသိပါသည်။ သို့ သော် ပေးနိုင်သော ငွေက နည်းနေ၍ စိတ်ထဲမှာ အားမရသောကြောင့် အပေးခိုင်းနေခြင်းသာ ဖြစ် သည်။
”ရပြီ....ဦးလေးတော်ပြီ.... မလိုတော့ဘူး။ ဒီကပြန်ရင် စတိုင်ပင်လဲထုတ်ရအုံးမှာ... ”
ဦးလေး နှင့် အမေကြီး စိတ်ချမ်းသာအောင်ပြောရသည်။
ကျောင်းမြန်မြန်ပြီးဘွဲ့မြန်မြန်ရ အလုပ်မြန်မြန်ရပြီး အမေကြီးနှင့် ဦးလေးကို လုပ်ကျွေးချင်လှပါပြီ။
အမေကြီးအတွက်သွေးအလှူ
မောင်ငြိမ်းချမ်း တက္ကသိုလ်တတိယနှစ်မှာ အမေကြီး၏ ကျန်းမာရေး အားနည်းလာသည်။ မောင်ငြိမ်း ချမ်း ရွာပြန်သွားသော အခါ ယခင်က ၀၀ဖြိုးဖြိုးရှိခဲ့သော အမေကြီးမှာ မ၀တော့ပါ။ ပိန်သည့် ဘက် သို့ပင် ရောက် သွားပြီ။
”ငါ့မြေးရယ်... အမေကြီးအိပ်လို့မရတာ... နှစ်ညရှိပြီ လက်အနာက တအားကိုက်တာပဲ... ”
အမေကြီး ၏ လက်ကို မောင်ငြိမ်းချမ်းကြည့်လိုက်သည်။ လက်မတစ်ချောင်းလုံးယောင်ကိုင်းနေ သည်။ ဘာလုပ် ရမည်ကို မောင်ငြိမ်းချမ်းနားလည် လိုက်ပါသည်။
”လာ အမေကြီး ဆေးရုံသွားမယ်.... ”
အိမ်မှလှည်းကို ကိုယ်တိုင်မောင်း၍ အမေကြီးကို စဥ့်ကိုင်ဆေးရုံလိုက်ပို့သည်။ အမေကြီး၏ လက် အနာကို ဆရာဝန် နှင့်ပြသည်။
ခွဲရမည်ဟု ဆရာဝန်ကပြောသည်။ ထုံဆေးရှိမရှိ မောင်ငြိမ်းချမ်းမေးသည်။ လုံးဝမရှိ။ မောင်ငြိမ်း ချမ်းက ဆရာဝန် ကို ခေါင်းညိတ်ပြလိုက်သည်။
အမေကြီး လက်ကို မောင်ငြိမ်းချမ်းဆုပိကိုင်ပေးထားသည်။ အမေကြီးကျွန်တော့ကိုကြည့်နေ။ အမေကြီးက မောင်ငြိမ်းချမ်း ကိုကြည့်ရင်း ကောင်းသည့်လက်ဖြင့် မောင်ငြိမ်းချမ်းလက်မောင်းကို ဆုပ်ကိုင်ထားသည်။
ဆရာဝန်က လက်မပေါ်ဓားတင်ခွဲလိုက်သည်။ မြန်သည်။ ယောင်ကိုင်းနေသော လက်မထက်ခြမ်း ကွဲ သွားသည်။ ဆရာဝန်က တစ်ဆက်တည်း ညှစ်ချလိုက်သည်။ အမေကြီးတစ်ချက်သာ အော်လိုက်ရသည်။ သွေးပြီးပုတ်များ ထွက်သွားသည်။ ဆရာဝန်က လက်အနာကို သန့်စင်ဆေး ကြောပြီးဆေးထည့် ပတ်တီး စီးသည်။ မြန်သည် ပြီးသွားပြီ။
အမေကြီး မနာတော့ပါ။ မကိုက်တော့ပါ။ ထိုညက အမေကြီးကောင်းစွာအိပ်ရပါသည်။ အနာပျောက်သွားပြီး နောက်သုံးလကြာမှာ အမေကြီးကို မန္တလေးဆေးရုံတင်ရသည်။ အမျိုးမသီး ဆိုင်ရာ ရောဂါ သားအိမ်ကို ထုတ်ရမည်ဟုဆိုသည်။ အမေကြီးကိုခွဲစိတ်ကုသရသည်။ သွေးလိုသည်။ အို အမျိုးအစား ဖြစ်သည်။ မောင်ငြိမ်းချမ်း ၀မ်းသာရသေးသည်။ ကိုယ့်သွေးကအိုမို့ ကျေးဇူးရှင်အမေကြီးကို သွေးလှူခွင့် ရသည်။ တက္ကသိုလ်မှာ မောင်ငြိမ်းချမ်း၏ သူငယ်ချင်း တစ်ယောက်ကလည်း လှူသည်။
”မသေပါနဲ့အုံးအမေကြီးရာ နောက်တစ်နှစ်ဆို ကျွန်တော်ပြီးတော့မှာပါ။ အမေကြီးကို ကောင်းကောင်း လုပ်ကျွေးချင်လို့ပါ...။
မောင်ငြိမ်းချမ်း တကယ်ပင်စိုးရိမ်စိတ်နှင့် တောင်းတောင်းပန်ပန်ပြောမိ၏။ ဘွဲ့ရအလုပ်ရသည်အထိ အမေကြီး ကျန်းမာစေချင်သည်။ အသက်ရှည်စေချင်သည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃၄)
ဘဘသောက်တဲ့ ဆန်ပြုတ်တစ်ခွက်
မောင်အောင်ဝင်းမန်း
ကျောင်းပြီးသွားတဲ့အခါ ရုပ်ရှင်ပညာ ဆည်းပူးလေ့လာချင်တာကြောင့် လေးလေးကိုကပ်ပြီး တောင်းဆို ခဲ့ပါတယ်။
" လေးလေးနဲ့ ရင်းနှီးတာကတော့ ကိုသုခ ရယ်၊ ကိုဦး ရယ်ရှိတာပဲ၊ မင်းဘယ်သူ့ဆီ သွားချင်လဲ။ လေးလေး စာရေး ပေးလိုက်မယ် "
လေးလေး ဆိုတာကလဲ ရုပ်ရှင်လောက၊ ဂီတလောကတို့နဲ့ မြန်မာ့အသံက အနားယူ ကင်းကွာခဲ့တာ နှစ် ပေါင်း နှစ်ဆယ်လောက် ဆိုတော့ ခေတ်ပရိသတ်နဲ့က စိမ်းသက်နေခဲ့ပါပြီ။ အဲဒီအချိန်တုန်းက ထိပ်ဆုံးတန်း မှာ ညွန့်ဝင်း၊ ကျော်ဟိန်း၊ ဇော်ဝမ်း၊ ချိုပြုံး၊ ခင်သန်းနု၊ ၀ါဝါ၀င်းရွှေ၊ ဆွေဇင်ထိုက်၊ နွဲ့နွဲ့မူ စတဲ့ မင်းသား၊ မင်းသမီး တွေပေါ့။ သူတို့ကိုယ်တိုင်က လေးလေးနဲ့ မျိုးဆက်သစ် တစ်ဆက်လောက်ကွာနေပါပြီ။ ဒီတော့ "မေရှင်" ဆိုတဲ့ ခေတ်ဟောင်းအဆိုတော် ရုပ်ရှင် မင်းသမီးကြီးကို မသိကြတော့ပါဘူး။
လေးလေးကနားပြီ ဆိုတာနဲ့ တိကနဲဖြတ်ချပြီး ကောင်းမှုကုသိုလ်တွေနဲ့ပဲ ပျော်မွေ့နေတော့တာပါပဲ။ ၀င်းဦး က သူနဲ့စင်မြင့်ပေါ် မှာ သီချင်းဆိုပေးဖို့ တောင်းပန်တာကိုတောင် အားနာပါးနာ ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် နံနက်ချိန်ခါ တေး သံသာမှာ အနေကြာ "အောင်ခြင်းရှစ်ပါး" မင်္ဂလာ လက်ဆောင် အခန်းက "မင်္ဂလာမောင်မယ်" သတိရ လက်ဆောင်အတွက် "သက်ဝေ"၊ စစ်မြေက ချစ်ဆွေများအတွက် ပါးနေကြတဲ့ "ကျေးစေတမာန်" သီချင်း တွေက အမြဲတမ်း မြန်မာ့အသံက ကြားနေကြတာ ကလေးလူကြီး၊ လူငယ် လူရွယ် တွေရဲ့ နှလုံးသားထဲမှာ "မေရှင်"က နေရာယူထားလျက်ပါပဲ။
အဲဒီလို ရုပ်ရှင်လောကနဲ့ ဝေးကွာပြီး မန္တလေး အရှေ့ဖျားက အောင်တော်မူ ရပ်ကွက်ကလေးရဲ့ အေးရိပ်မှာ တိတ်ဆိတ်စွာ နေလာခဲ့တဲ့ လေးလေးဟာ ဟိုတုန်းက သူနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ သူတွေကိုပဲ ညွှန်းဆို လိုက်တာပါ။
လေးလေးက လိုလိုချင်ချင်ပြောလိုက်တော့ အပြေးအလွှား စဉ်းစားရပါတယ်။ ဆရာကြီး ဦးသုခတို့က အဲဒီ အချိန် တုန်းက ကားရိုက်ကြဲနေတဲ့ ကာလ။ ၀င်းဦးနဲ့ မောင်လှမျိုးက ကားရိုက်စိပ်ပါတယ်။ ၀င်းဦး သိသွားရင် စန္ဒာမဂ္ဂဇင်းမှာ စာပေလုပ်ငန်းလဲ ၀င်လုပ်လို့ ရတာပေါ့။ မောင်လှမျိုးဆီသွားရင် အေ၀မ်းခြံ နဲ့ ဆိုတော့ ရုပ်ရှင် နယ်ထဲမှာ ပိုမိုထိရောက်နိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့်ရယ်မသိပါဘူး။ ဆရာ ဦးသုခ ဆီ သွားချင်ပါ တယ်လို့ ပြောလိုက်မိပါတယ်။ လေးလေး မဆိုင်းမတွ ဘဲ ဆရာကြီး ဦးသုခထံ စာတစ်စောင် ရေးပေး ပါတယ်။
ရန်ကုန် ပါရမီရိပ်သာ၊ ဧချမ်းတိတ်ဆိတ်တဲ့ သုခရိပ်ငြိမ်"ကိုရောက်တော့ ယခုလာတဲ့ ယခု ရိပ်ငြိမ် မောင်အောင်ဝင်း ဟာ ကျွန်မတူဖြစ်ကြောင်း ကိုသုခထံမှ ရုပ်ရှင်ပညာဆည်းပူးလိုတာကြောင့် လွှတ်လိုက် ရကြောင်း" လေးလေးရဲ့စာကို ဖတ်ပြီးတဲ့အခါ ဘဘက -
" ဇာတ်လမ်းစီစစ်ရေး က ဇာတ်လမ်းခွင့်ပြုချက်တွေ မလွယ်တာရယ်။ ဖလင်တွေ ၀ယ်ယူရရှိရေးက ခက်ခဲ တာကြောင့် ရုပ်ရှင်၊ ဇာတ်ကားတွေက များများစားစား မရိုက်ရဘူး မောင်အောင်ဝင်းရေ့။ ကားရိုက်ရှိတဲ့ ရက်တွေ မှာ ကျုပ်နဲ့ လိုက်ခဲ့ပေါပ။ ဟိုကျောက်သင်ပုန်းပေါ်မှာ ကားရိုက်ရက်ချိန်းတွေ ရေးထားတယ်။ ကား ဆက်ရှိတဲ့အခါလဲ ဒီကိုလာခဲ့ပေါ့"။
ဘဘက လက်ခံခွင့်ပြုလိုက်တာပါ။ ဘဘနဲ့ လေးလေးတို့ရဲ့ အေ၀မ်းကနေ အောင်တော်မူထိ မပြောင်းလဲ မမှေးမှိန်တဲ့ ရင်းနှီးမှုပါဘဲ။ အဲဒီကစလို့ပဲ ဘဘ ခြေဖ၀ါးမြေမှုန့် ဦးခိုက်လို့ ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင် တည်းဖြတ်မှု စတာတွေကို အလျဉ်းသင့်သလို နာကြားသင်ယူခွင့်ရခဲ့ပါတယ်။ အဲဒီတော့လဲ အကယ် ဒမီ ခြောက်ဆုရှင် ရုပ်ရှင် ဒါရိုက်တာကြီး တစ်ယောက်ရဲ့ သဘောထားတွေကို တွေ့ရှိသိမြင်စံထား မှတ် သားရပြန်ပါရော။
ရုပ်ရှင်မှာ အစစအရာရာ ဇာတ်စီးနိုင်တဲ့ ဇာတ်ဆရာကြီးဆိုပေမယ့် အစားအသောက် ဂျီး(ကြေး) မများပါဘူး။ ဘာဟင်းနဲ့မှ ဘယ်ဟာ စားရမှ ဆိုတာမျိုး မရှိပါဘူး။ ဒေါ်ထွေးတင်ရဲ့ ရှုတင်ထမင်းနဲ့တင် လုံလောက် ပြည့်စုံ ပါတယ်။ ဒေါ်ထွေးတင်ကလည်း ဘဘ ကြိုက်တတ်တဲ့ ဟင်းလေးတွေ လုပ်လာပြီး ဂါရ၀ ပြုတတ် ပါတယ်။ ရဲယိုရွက် နဲ့ ငါးခူမွှေကြော် လိုဟာမျိုးလေးပေါ့။ ပုဇွန်ထုပ်မှ၊ ငါးသလောက်မှ၊ ကြက်သားမှ ဆိုတာမျိုး မတောင်း ဆိုပဲ၊ ဒေါ်ထွေးတင်ထည့်ပေးတဲ့ ဟင်းနဲ့ တစ်ပန်းကန်ပြား လျော့လျော့လောက်ပဲ စား တတ်ပါတယ်။ နောက် ပိုင်း အမြင်အာရုံနည်း မှ ငါးဟင်းကို အရိုးထွင်းပေးရတာတို့၊ အသားဟင်းကို ဖဲ့ပေးရတာမျိုးလောက်ပဲ လုပ် ကိုင်ပေးရတာပါ။
ဘဘ ထမင်းစားနေတဲ့အချိန်မှာ ဒေါ်ထွေးတင်ဆီက ထမင်းပန်းကန်ကိုယူ၊ ကြိုက်တဲ့ ဟင်းခွက်ဆွဲပြီး ဘဘနား မလှမ်းမကမ်းမှာ ခပ်သုတ်သုတ်ကလေး စားလိုက်ပါတယ်။ ဘဘကတော့ ထမင်း တစ်ပန်းကန်နဲ့ တင်းတိမ် တာက များပါတယ်။ တစ်ခါတစ်ရံ အတော်လေးမြိန်မှ နည်းနည်း ထပ်ထည့်ပေးရ ပါတယ်။ လက် နဲ့ပဲ စားတာများလို့ လက်ဆေးယူပေး၊ အံကပ် ကို ရေလောင်းဆေးပေးရပါတယ်။ ပြီးတော့ ဒေါ်ထွေးတင်တို့ ဒန်ရေနွေးကရား အိုးကြီးထဲက ရေနွေးတစ်ခွက်ကိုငှဲ့ပြီး ပေးရပါတယ်။ ရေနွေးခွက်ကို လှမ်းယူရင်း "မောင်အောင်ဝင်း ရော စားပြီးပြီလား" လို့ မေးလေ့ရှိသလို "ဟုတ်ကဲ့ခင်ဗျ" လို့ ဖြေလေ့ရှိစမြဲပါ။ ထူးထူးထွေထွေ ကရိကထများလောက်အောင် လုပ်ပေးရတာမျိုး မရှိပါဘူး။
အများနဲ့ စားလို့ရယ်လဲမဟုတ်ပါဘူး၊ ရန်ကုန်မြို့ထဲကို ကုမ္ပဏီကိစ္စ၊ ဇာတ်လမ်းကိစ္စ၊ စာအုပ်ဆိုင်တွေ လျှောက်ကြည့်တဲ့ အခါမျိုးမှာ တပည့်ဖြစ်တဲ့ မောင်နှင်းမိုးက "၀ါးခယ်မ"လို မြန်မာထမင်းဆိုင်မျိုးမှာ ငါးရံ့အူ ဟင်းမျိုးမှာ ကျွေးတတ်ပါတယ်။ မြေနီကုန်းက "ရွှေဘ" ထမင်းဆိုင်ကိုလဲ သွားစားတတ်ပါတယ်။ ဒါရိုက်တာ သင်းသင်းယု တို့၊ ဦးဆန်နီတို့ကလဲ တရုတ်ဘုံကျောင်းမှာ လိုက်ကျွေးတတ်ပါတယ်။ ဘယ်မှာ စားစား ထမင်း တစ်ပန်းကန်ပြားလောက်နဲ့ ဟင်းအသင့်အတင့် စားတတ်တာဟာ ဘဘ ရဲ့ အလေ့အကျင့် ပါပဲ။
ကိုယ့်အိမ် မှာ ကိုယ်စားတဲ့အခါမှာလည်း ဘာဟင်းချက်လဲ မမေးတတ်ပါဘူး။ ဘာလေး ချက်စမ်းပါဆိုတာ မတောင်း ဆိုပါဘူး။ အိမ်ရှင်မဖြစ်တဲ့ ဆရာကတော် စီစဉ်ပေးတဲ့ဟင်းများနဲ့ပဲ စားပါတယ်။ အိမ်နောက်ဖက် က ဘဘရဲ့ အခန်းထဲမှာပဲ ကားဆက်တဲ့စားပွဲရှိပါတယ်။ ဘဘအိပ်တဲ့ ကုတင်ခြေရင်းမှာပေါ့။ ဒီလို တစ်ခန်းထဲမှာ ထားရတာက ဘဘဟာ အိပ်ရာထဲမှာ စဉ်းစားလို့ အတွေးပေါ်လာရင် ပေါ်လာတဲ့ အတိုင်း ထပြီး နဂ္ဂတစ် ဖလင်လိပ်ထဲက ရိုက်ထားတဲ့ ဖလင်ရုပ်တွေကို ဆွဲယူဆက်တတ်တာကြောင့်ပါ။ နေ့ ဖက်မှာတော့ တည်းဖြတ်စားပွဲရဲ့ ဟိုဖက်ဒီဖက်မှာ ဘဘနဲ့ မောင်နှင်းမိုးတို့ နှစ်ယောက်ထိုင်ပြီး ကားဆက်ကြ တာပါ။ ဘဘတို့လိုတဲ့ နဂ္ဂတစ်ဖလင်က အရုပ်တွေရဲ့ ဆင်းန် (SCENE)နံပါတ်နဲ့၊ (CUT) ကပ်နံပါတ်၊ ဖလင် စတွေရှာပေးရပါတယ်။
 အဲဒီဖလင်စ တွေရဲ့ ထိပ်စနောက်စတွေကို ဖြတ်ပြီး ဘဘလိုချင်သလို မောင်နှင်းမိုး က တွဲဆက် ပေးပါတယ်။ ဖလင်စကို မီးချောင်းအရောင်ရှေ့မှာ ပြစက်ပေါ်က အရုပ်ကလေးတွေ လှုပ်နေ သလို မြင်ရအောင် ညာလက်နဲ့ တဆက်ဆက် ဆွဲတင်ပြီး ကြည့်သါားရင်း လိုချင်တဲ့ နေရာမှာ ဖြတ်၊ ရှေ့ အရုပ် နောက်အရုပ်၊ အဆက်အစပ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဇာတ်ဝင်ခန်း တစ်ခန်းပြသာအောင်ရလာ လို့ စိတ်နစ် နေကြတာမို့ ဘယ်အချိန် ဘယ်နှစ်နာရီရှိနေပြီဆိုတာ မေ့နေတတ်ပါတယ်။ ဒါပေမယ့် နေ့ခင်း (၁၁)နာရီ ကျော်ကျော်လောက်မှာ ဆရာကတော်က ထမင်းပွဲအသင့်ပြင်ပြီးတာနဲ့ "အဖေကြီး ထမင်းစားရ အောင်" လို့ အခန်းတခါးလေးဆွဲဖွင့်ပြီး အသံပြုလိုက်ရင် ဘဘက "အေး -အေး လာပြီဟေ့ - ကိုင်းထမင်း စားကြဦးစို့" ဆိုပြီး ထပါတော့တယ်။
ဘဘရဲ့ အခန်းအပြင်ဖက်မှာ ထမင်းစားပွဲမှာ ဆရာတပည့်တွေ၊ ဆရာကတော်အမေကြင်ရဲ့ လက်ရာများနဲ့ လွေးကြတော့တာပါပဲ၊ အမေကြင်က "ကိုသုခ ဒါက ၀တ်သားပုန်းရည်လေး ဒါက ကုလားပဲနှပ်ကလေး။ ဒါက-ဘဲဥ အချဉ်ချက်ဆိုပြီး ဟင်းတွေခပ်ထည့်ပေးပါတယ်။ ဘဘကလဲ ထမင်းမစားခင် ဟင်းလေးနည်း နည်းမြည်းရင်း " အေး-ကောင်းသားပဲကွ" သီးစုံချဉ်ရည်လေးက အစပ်တည့်သားပဲ" ကောင်းချီပေး သာဓု ခေါ်ပြီး စားတတ်ပါတယ်။
အစားအသောက် မှာ ဂျီးမများတတ်ပေမယ့် ထွေလီကာလီလေးတွေ စားချင်တတ်တာတော့ ရှိပါတယ်။ မန္တလေးကို ရောက်တဲ့အခါ မစိုးမုန့်တီကို မနက်ခင်းစာအဖြစ် သွားစားတတ်ပါတယ်။ ခုတော့ စိုးစိုးမုန့်တီ ပေါ့။ ထမင်းစား တဲ့ အခါမှာတော့ ဒေါ်ရီရီ ထမင်းဆိုင်တို့။ မြို့မချစ်တီးထမင်းဆိုင်တို့ကို သွားစားတတ်ပါ တယ်။ စာရေးဆရာဖြစ်ခါစက ရန်ကုန်မြို့ထဲ ကိုးကုန်းကိုးကျင်း ခြေလျင်လျှောက်နေရတဲ့ကာလမှာ တရုတ် တန်း က မြန်မာတွေ ပါးစပ်မှာ "အီကော်လီဖန်" ဆိုတဲ့ ၂-ပြားတန် ဆိုင်တွေမှာ လူထုဦးလှနဲ့အတူ ကျင်လည် ခဲ့ကြတာမို့ မန္တလေးမြို့မရုံနားက မြို့မချစ်တီးထမင်းဆိုင်ကို ၀င်စားကြပါသတဲ့။ ဆိုင်ထဲမှာ ရှိနှင့်နေတဲ့လူ တွေက ဦးလေးလှနဲ့ ရင်းနှီးပြီး ပွဲနေပွဲထိုင်တွေမှာ ရှေ့ဆောင်၊ ရှေ့ရွတ်၊ တင့်တယ် ထယ်ဝါစွာ မြင်တွေ့ခဲ့ရာ က၊ ဒီလိုနေရာမှာတွေ့လိုက်ရတော့ "ဟင် ဦးလေးလှ" ဟာ ဦးလေးလှ ဆိုတဲ့ အသံတွေကြောင့် ဘဘခမြာ သိပ်ပြီး အားနာသွားခဲ့ရဘူးသတဲ့။ ဘဘကိုယ်တိုင်ကတော့ ဒီလို ရှာရှာ ပေါက်ပေါက်ကလေးတွေ စားတတ်စမြဲပါပဲ။
" ၁-ပါးသီလ" ရုပ်မြင်သံကြားဇာတ်လမ်းရိုက်ကူးဖို့ ပြည်မြို့ကို သွားခဲ့ကြပါတယ်။ မီးရထားက ဘူတာကို ၇-နာရီလောက် မိုးချုပ်မှ ရောက်ပါတယ်။ ပြည် ရွှေဆံတော်ဘုရားပွဲဈေးကြီးကို ဖြတ်ပြီး မြို့အစွန်၊ မန္တလေး ဖက်အထွက်က ကျားပျံ ဆေးလိပ်ပိုင် ခြံကြီးထဲကို သွားကြပါတယ်။ ကျားပျံ ဦးအုံးမောင်က ဇာတ်ကား ရိုက် ကူးရေးအဖွဲ့ကို ထမင်းကျွေးပြီးတော့ တည်းခိုဆောင်ဧည့်ခန်းထဲမှာ ဘဘကြိုက်တဲ့ ရေမုန့်နဲ့ ဧည့်ခံတာပါပဲ။ ဘဘနဲ့ ရင်းနှီး ခင်မင်ကြတဲ့ မြို့မိ၊ မြို့ဖတွေ၊ ပြည်မြို့ "ရွှေဘုန်းပွင့်" စာကြည့်တိုက်လူကြီးများဖြစ်တဲ့ ဦးကြိုင်တို့တတွေနဲ့ မုန့်ပျားသလက်အပါးစား ရေမုန့်ကို အရသာခံစားရင်း စကားတွေ ပြောကြ ပါတော့တယ် မတွေ့တာလဲကြာ၊ မိတ်ဟောင်း ဆွေဟောင်းတွေလဲဖြစ်လို့ စကားဆက်မပြတ်တော့ပါဘူး။
အတော်လေး ညဥ့်နက်မှ ဘဘရဲ့ အရွယ်ရယ်၊ ခရီးပန်းလာတာရယ်၊ ရာသီဥတုက အေးချင်လာတာရယ်ကြောင့် ပြည်မြို့ ကကျားပျံခြံကြီးထဲမှာ ရိုက်ကူးနေတဲ့ကာလမှာ နေတာထိုင်တာ စာရေးသောက်တာပါ ဦးအုန်းမောင်က တာဝန်ယူ ဒါနပြုပါတယ်။ ဦးအုန်းမောင်ရဲ့ ထမင်းကျွေးအဖွဲ့က ဘဘ ကြိုက်နှစ်သက်တဲ့ ဟင်းတွေကို နေ့ည မထပ်အောင် စီစဉ်ကျွေးမွေးပါတယ်။ တစ်နေ့တော့ ထမင်းပွဲမှာ "ဥယျာဉ်ဟင်းချို"ဆိုတဲ့ ဟင်းတစ်ခွက်ပါလာ ပါတယ်။ ဘဘ သဘောကျလို့ အထူးတလည်စီစဉ် ချက်ပြုတ် ထားတာပါ။ နာမည်လေးက ဆန်းသလို ဟင်း ရည်ကလဲဆန်းပါတယ်။ ကျားပျံခြံကြီးထဲက ဟင်းချို ချက်လို့ရတဲ့ အရွက်တွေကို သောင်းပြောင်းရောလို့ ချက်တာပါတဲ့။ ဆူးပုတ်ရွက်တို့၊ ဘူးရွက် တို့၊ ကန်စွန်းရွက်တို့လိုဟာမျိုးကိုသာ သောက်ဖူးတာမို့ အဆန်းတ ကြယ် ဟင်းချိုကို အားရပါးရ မြည်းကြည့်လိုက်ပါတယ်။ ဘယ်လိုမှန်းကို မသိပါဘူး။ တစ်ဇွန်း နှစ်ဇွန်း ထပ် သောက်ကြည့်ပါတယ်။ ခံစားလို့ မရနိုင်တာကြောင့် ရေနွေးကြမ်းကိုပဲ အားထားလိုက်ရပါတယ်။ ဘဘကတော့ နှစ်နှစ်ခြိုက်ခြိုက် သောက် နေတာ တွေ့ရပါတယ်။
တစ်ခါမှာတော့ ပါရမီရပ်ထဲက နှင်းဆီလမ်းပေါ်မှာ ဖြစ်နေတဲ့ ဈေးန်းလေးဘက် လမ်းလျှောက်ထွက်ခဲ့ကြပါ တယ်။ အခု ဇာတ်ညွှန်းအကယ်ဒမီ ရထားတဲ့ ကိုကိုလေးရယ်။ စာအုပ်ထုတ်ဝေရေးလုပ်တဲ့ သန်းမြင့်ဝေရယ်၊ ဘဘရယ် လေးယောက်သား မနက်ခင်းလေးမှာပေါ့။ မြေနီလမ်းပေါ်က ဈေးတန်းလေးတစ်နေရာရောက် တော့ သံဒယ်ပိုင်းလေးနဲ့ လုပ်နေတဲ့ကုလား ရေမုန့်လေးတွေကို မြင်တော့ "ဒီဒေါ်ဆယ" ကောင်းလိမ့်မယ် ထင်တယ်ကွ" လို့ ပြောပါတယ်။ ဒါနဲ့ စက္ကူနဲ့ ထုတ်ခိုင်းပြီး ဆရာတပည့်တွေ စကားတွေ တပြောပြောနဲ့ စားရင်း ပြန်ခဲ့ကြပါတယ်။ ဘဘဟာ အဲဒီ ဒေါ်ဆယ်မုန့်ကို စုံစုံမက်မက်ကြိုက်တာပါ။ ၂၀၀၂-ခုနှစ်၊ ဆဋ္ဌမ အကြိမ် အမေနေ့မှာ ဟောပြောဖို့ မန္တလေးကို ရောက်လာခဲ့ပါတယ်။ ပထမဆုံးအကြိမ်တုန်းက တစ်ခါ ဆဋ္ဌမ အကြိမ်မှာ ဒုတိယမြောက်တစ်ခါ ရောက်လာတာပါ။ ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းက ၆ နာရီ လောက် ထွက်လာပြီး၊ မန္တလေး တံတားဦးလေယာဉ်ကွင်းကို မနက် ၇ နာရီလောက် ဆိုက်ရောက်ပါတယ်။
မန္တလေး အမေနေ့ အဖွဲ့ဝင်တွေနဲ့ ဘဘရဲ့ မိတ်သင်္ဂဟများဖြစ်တဲ့ ရတနာပုံထီဆိုင် မိသားစုတွေ၊ တက်နေ၀င်းဓါတ်ပုံ တိုက်မိသားစုတွေ ကြိုဆိုခဲ့ကြပါတယ်။ ဘဘရယ်၊ ဘဘ ဇနီး အမေကြင်ရယ်၊ ရုပ်ရှင်ဒါရိုက်တာ ဒေါ်သင်း သင်းယုရယ်ပေါ့၊ တံတားဦး လေဆိပ်ကနေ မန္တလေးမြို့လယ်က ဟုန်းထ ဟိုတယ်ကို ၈ နာရီခွဲလောက်မှာ ရောက်ကြပါတယ်။ ၉၂ နှစ်အရွယ်မို့ ဘဘကို ပင်ပန်းနွယ်းနယ်နေမယ် ထင်ခဲ့ပေမယ့် ဘဘဟာ သူသံယော ဇဉ်ကြီးတဲ့ မန္တလေးသားတွေကြားမှာ လန်းဆန်းလတ်ဆတ်လို့ ကျေနပ် ကြည်နူးနေပါတယ်။ ဟုန်းထဧည့် ခန်းထဲမှာ ရေနွေးကြမ်းသောက်နေတဲ့ ဘဘကို မနက်စာလေး တစ်ခုခု ဘာလေးများ စားချင်သလဲဆိုတော့ "ဒေါ်ဆယ်လေးများရမလား"တဲ့ ဟိုတယ်ကြီးပေါ်က အစားအစာ တွေကို ဘေးဖယ်လို့ "တိုရှည် လို့ခေါ်တဲ့ ဒေါ်ဆယ်မုန့်"ကို အာသာဆန္ဒ တောင့်တတာမို့ အသက်(၇၀)ကျော် အရွယ် အရီးတောင်း ဦးကျော်သိန်း က ဟိုတယ်ကြီးနဲ့ ကပ်လျက်က "ဒေ၀ီ" ဟိန္ဒူ အစားအစာ ဆိုင်လေးဖက် ပြေးတစ်ပိုင်းနဲ့ သွားမှာရှာပါတယ်။
ဒီလို ဂရုတစိုက် ပြုတတ်ကြတာမို့လည်း မန္တလေးေ၇ာက်တာနဲ့ စားကောင်း၊ အိပ်ကောင်း နေလို့ကောင်းဖြစ် သွားတယ် လို့ ဟောပြောတဲ့ထဲမှာ အထူးတလည် ထည့်သွင်း ပြောပြခဲ့ပါတယ်။ အဲဒီတုန်းကလည်း တက်နေ၀င်း ဓါတ်ပုံ ဦးစန်းမောင်၊ ဒေါ်ခင်ဝင်းတို့၊ ရတနာပုံ နီနီသန်းတို့က အေးမေတ္တာ ထမင်းဆိုင်၊ ရှမ်း ထမင်းဆိုင်၊ ဘဘ နှစ်သက်ခံတွင်းတွေ့မယ့်ဆိုင်တွေကို လိုက်လံကျွေးမွေးပြုစုကြပါတယ်။ ဘဘကတော့ တပျော်တပါး သိုင်းသိုင်းဝိုင်းဝိုင်းကြီး စားရတာနဲ့ပဲ မြိန်နေပါသတဲ့။
"ပုဗ္ဗေ၀ သန္တွိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန၀ါ၊
ဧ၀ံ တံ ဇာယတေ ဝေမံ၊ ဥပ္ပလံဝ ယထော ဒကေ"
ရှေးဘ၀၌ ဆွေမျိုးပေါက်ဖော် တော်စပ်ကျွမ်းဝင်ဖူးသောကြောင့်သော်လည်းကောင်း၊ ပစ္စုပ္ပန်ဘ၀၌ အကျိုးစီးပွား ကို အတူတကွ ဆောင်ရွက်ဖူးသောကြောင့် လည်းကောင်း၊ ဤအကြောင်းတရား နှစ်ပါး ကြောင့် ချစ်ခင် ခြင်းသည်ဖြစ်၏။
ဘဘမကြာခဏပြောပြတတ်တဲ့ နာကုလပိတာနဲ့ နာကုလ မာတာ သူဌေးကြီးလင်မယားကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တစ်ဦးနဲ့ တစ်ဦး ခင်မင်းရင်းနှီးကြရတဲ့ အကြောင်းအရင်း နှစ်ချက် ဖြစ်ပါတယ်။ မင်္ဂလာ သြ၀ါဒပေးတဲ့ အခါမျိုးမှာလည်း ထည့်သွင်းဆုံးမတတ်ပါတယ်။ တပူးတွဲတွဲ သံယောဇဉ်တွယ်နေ ကြသူတွေ မြင်တွေ့ရတဲ့အခါ၊ တစ်ယောက် အကျိုးများဖို့ တစ်ယောက်က အားထုတ်နေကြတဲ့ အခါမျိုးတွေ မှာ အတိတ်က ကျွမ်းဝင်ဖူးပြီး ပစ္စုပ္ပန်မှာ စောင့်ရှောက်ကူညီနေကြလို့ ရေကြောင့် နွဲ၊ နွဲကြောင့်ရေ အပြန် အလှန် ပေါင်းစည်းရကြောင်း ဥပမာ၊ ဥပစာတွေနဲ့ အကျယ်ချဲ့လို့ ပြောပြတတ်ပါတယ်။
ဆွေရင်းမျိုးချာ သက်ကြီးဝါကြီး အဖိုးတစ်ယောက်၊ အဖေ တစ်ယောက်လို ချစ်ကြည်ရိုကျိုးစွာ ပြုစုကြတယ် ဆိုတာကလဲ ခုရေတွင်းတူး ခုရေကြည်သောက်လို့ရတာမျိုးမှ မဟုတ်ဘဲ၊ အချိန်ယူလို့ အတိတ်ရေစက် ကြောင့် ကြုံလာ၊ ၀င်လာတဲ့အခါမှာ ရိုးစင်းတဲ့ စိတ်ရင်းနဲ့ အပြန်အလှန် ကျေးဇူးပြုခဲ့ကြတာကြောင့်ပါ။ ဘဘရိုက်တဲ့ "ရွှေခြည်ငွေခြည်တန်းပါလို့" ဇာတ်ကားကို ရတနာပုံ ထီဆိုင်ပိုင်ရှင် ဦးသန်းဆွေက အထက်မြန်မာ ပြည်ကို ဖြန့်ချီရေးယူခဲ့ပြီး အောင်မြင်သွားတဲ့အတွက် ရုပ်ရှင်လောကနဲ့ အကျိုးပေး ဆက်စပ်သွားပါတယ်။ အဲဒီကစ ဘဘဆီကို ၀င်ဟယ် ထွက်ဟယ်။ သွားဟယ်၊ လာဟယ်နဲ့ ရင်းနှီး လာခဲ့ပါတယ်။
အဲဒီနောက် မန္တလေးမှာ "သုခစေတနာ" အမည်နဲ့ ရုပ်ရှင် ဆောက်လုပ်ဖြန့်ချိရေးတည်ထောင်ပြီး "တစ်ဦးက စေတနာ တစ်ဦးကမေတ္တာ" ဇာတ်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ အရင်က မန္တလေးလာတဲ့ အခါတိုင်း ဟိုတယ်မှာ တည်းလေ့ရှိတဲ့ ဘဘကို သူတိုက်မှာပဲ တည်းခိုစေခဲ့ပါတယ်။ စားရေးသောက်တာကအစ သွားရာလာရာ အဆုံး တာဝန်ယူထားပါတယ်။ ဘဘ မိသားစုနဲ့ ဦးသန်းဆွေတို့ မိသားစုတို့ဟာ ဆွေရင်းမျိုးချာဖြစ်လာပါ တော့တယ်။ အချိန်တွေပြောင်းသွားလို့ ဦးသန်းဆွေက ရတနာပုံ စားသောက်ဆိုင်ဆိုပြီး တစ်ခမ်းတနားလုပ် ပြန်တော့ "မတန်ရင်ပန်းကန်ခွဲသွား"ဆိုတဲ့ ကြော်ငြာ စကားလုံး လူအများပါးစပ်ဖျားတွင်သွားအောင် ဘဘကပဲပေးခဲ့တာပါ။ နောက်ရတနာပုံထီဖြန့်ချိရေး လုပ်ပြန်တော့လည်း ဘဘကပဲ သူ့ဇာတ်လိုက်တွေ ဖြစ်တဲ့ မြတ်သစ်တို့၊ နေမျိုးတို့၊ မောင်ဇော်မင်းတို့နဲ့ ရုပ်မြင်သံကြား ကြော်ငြာ ရိုက်ပေးခဲ့ပါတယ်။ အဲဒီလို သံယောဇဉ်တွေ ဆက်သွယ်ယှက်နွယ် ရက်ယှက် ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်လောက် ဆိုတော့ အကြီးအကျယ် အထုအထည်ဖြစ်နေတာ မဆန်းတော့ပါဘူး။
၁၉၉၁-လောက်မှာ မန္တလေးကို ဘဘအလာစိပ်သလောက် လာတဲ့အခါတိုင်းလဲ အေးဆေးသက်သာ နေ တတ်ပါတယ်။ အနုပညာလုပ်ငန်းတွေလဲ မရှိတော့ လေးလေးဒေါ်မေရှင်တို့၊ ဆရာမကြီး အမ်အေ ဒေါ်အုံး တို့၊ မြို့မအဖွဲ့ရဲ့ အစဦး ပကာထူတည်ထောင်ခဲ့တဲ့ ဦးကိုလေးတို့ စတဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဟောင်းဆွေ ဟောင်းတွေနဲ့လည်း အချိန်ယူတွေ့ဆုံပြီး၊ လူထုတိုက်မှာ အမေမာ သိချင်တဲ့ဘဘရဲ့ ဘ၀ဇာတ်ကြောင်း တွေကို အားရပါးရ ပြောပြတတ်ပါတယ်။ ညနေပိုင်းနေအေးတဲ့ အချိန်မှာတော့ မန္တလေးတက္ကသိုလ် ပါဠိ ဌာနက ကထိကဆရာ၊ ဦးသန့်စင်တို့၊ နမ္မတူဘော်တွင်းက မန်နေဂျာ ဦးကျော်ညွန့်တို့ ဆိုရှယ်ဒန်ပေါက် ဦးအေးမောင်တို့၊ ဦးခင်မောင်ဦးတို့၊ မုံရွာကြေးစင်တောင်က ဦးစံညွန့်တို့၊ ညောင်ပင်ကြီးရွာက ဦးထွန်းရွှေ တို့စတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ရောက်လာကြပြီး ထွေရာလေးပါး ပြောဆိုကြပါတယ်။
တစ်ခါတစ်ရံ ဗောဓိကုန်းဖက်က ဦးဖုန်းမြင့်အောင် တစ်ယောက်လည်း ပေါက်ချလာတတ်ပါတယ်။ လူကစုံတော့ ရှေး ဟောင်းနှောင်းဖြစ်တွေလဲပါရဲ့။ စာအကြောင်းပေအကြောင်းလဲပါရဲ့၊ ဂီတဇာတ်သဘင် ရုပ်ရှင်တွေလဲပါရဲ့။ ကိုယ်တွေ့ အဖြစ်အပျက်တွေလည်းပါရဲ့။ ဆရာတော် သမားတော်များလဲပါရဲ့။ တောင်စဉ် ရေမရ ရောက် တက်ရာရာတွေ ဖြစ်ပေမယ့် ဘ၀နဲ့ ယှဉ်လို့မို့ ကြားမ၀နားမငြီးတဲ့ ရေနွေးကြမ်းဝိုင်းကြီးပါပဲ။ ဦးသန်းဆွေက တစ်နေ့တစ်မျိုး မရိုးရအောင် အမြည်းပေါင်းစုံနဲ့ ဧည့်ခံပါတယ်။ ဘဘ ကို ဦးတည်လို့ ပါလာတဲ့ စားဖွယ် သောက်ဖွယ်လေးတွေကလည်း တစ်ယောက်တစ်မျိုး မပြတ် တော့ပါဘူး။
တစ်နေ့ညနေမှာတော့ ခပ်စောစောလေး ရောက်သွားပါတယ်။ ကိုသန်းမြင့်ဝေက ထမင်းပွဲကြီးနဲ့ တစ်ယောက် ထဲ။ ဘဘကတော့ စားချင်စိတ် မရှိလို့တဲ့ နံရံကပ်ထားတဲ့ ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ဦးသန်းဆွေ နဲ့ စကားလက်ဆုံကျနေပါတယ်။ ရောက်ရောက်ခြင်းပဲ အသင့်ပြင်ထားတဲ့ ထမင်းပန်းကန်ပြား ရှေ့ မှာ ထိုင်ခိုင်းပြီး ဦးသန်းဆွေက ကျွေးပါတော့တယ်။ ဦးသန်းဆွေရဲ့ ဇနီး ဒေါ်သောင်းကြည်တို့၊ သမီး မနုတို့ နီနီ သန်းတို့ဆိုတာကလည်း အရင်ကတည်းက ခင်မင်ရင်းစွဲမို့ အတင်းပဲ ကျွေးပါတော့တယ်။ ဘဘအတွက် ချက်ပြုတ် ထားတဲ့ ဟင်းတွေက ဖွယ်ဖွယ်ရာရာလဲဖြစ်၊ အစပ်အဟပ်ကလည်းတဲ့တော့ မှတ်မှတ်ရရ စား ကောင်းတဲ့ ထမင်းတစ်နပ်ပါပဲ။
" လာ မောင်အောင်ဝင်းတို့ ဆန်ပြုတ်ကလေး သွားသောက်ရအောင် " ဘဘက ကုလားထိုင်က ထလိုက်ပါ တယ်။
" အိမ်ဝယ်ခိုင်းလိုက်မယ်ဆရာ "
ဦးသန်းဆွေက ပြာပြာသလဲပြောပါတယ်။
" နေပါစေ ကိုသန်းဆွေ၊ ဦးသန့်စင်တို့ လာရင်သာ ခဏထိုင်ခိုင်းထားနှင့်လိုက်ပါဦး။ ကျုပ်တို့ ဆရာတပည့် တွေ လမ်းလျှောက်ရင်း သွားလိုက်ချင်လို့ "
" ဒါဖြင့် ရွှေဘုံသာဘုရားနားက ပေါ်ဆန်းမွှေး ဆန်ပြုတ် ကောင်းတယ်ဆရာ၊ ကိုအောင်ဝင်း အဲဒီကို ခေါ် သွားပါ။ သိတယ် မဟုတ်လား "
" ဟုတ်ကဲ့ သိပါတယ် "
တကယ်တော့ ရွှေဘုံသာဘုရားကိုသာ သိတာပါ။ ပေါ်ဆန်းမွှေးဆိုင်ကို မသိပါဘူး။ ဒါပေမယ့် မေးလိုက်ရင် ရတာပါပဲ။ ဘဘကို ၀တ်ကြီး ၀တ်ငယ်ပြုစုဖို့ လိုက်လာတဲ့ ကိုသန်းမြင့်ဝေက ပိုက်ဆံအိတ်ယူပြီး ထွက်ခဲ့ကြ ပါတယ်။ ဦးသန်းဆွေတို့ တိုက်အနက်ဘက်ကပ်လျက် ၈၇ လမ်းကနေ မြောက်ဖက်ကို လျှောက်ခဲ့ကြပါ တယ်။ ၂၅ လမ်း၊ လွှတောင်တန်းရောက်တော့ အနောက်ဖက်ကို ချိုးကွေ့လိုက်ပါတယ်။ ပြ၀က်လောက်မှာ ရွှေဘုံသာဘုရားရှိပါတယ်။ ဘုရားတောင်ဖက် ၂၅ လမ်းကျော်လိုက်ရင် ဆိုင်းတန်းနေပြည်တော် ရုပ်ရှင်ရုံ ရှိပါတယ်။ ဘုရားရှေ့က ပေါ်ဆန်းမွှေး ဆန်ပြုတ်ဆိုင်မှာ ဘဘအတွက် ဆန်ပြုတ် တစ်ခွက် မှာပေးပါတယ်။ ဘဘ ရဲ့ တစ်ဖက်တစ်ချက်မှာ ထိုင်နေကြတဲ့ တပည့်နှစ်ယောက်နဲ့ စကားပြောရင်း ဆန်ပြုတ်သောက်ပါ တယ်။ အဓိက ကတော့ မန္တလေးအကြောင်း သိချင်တာတွေမေးလိုက်၊ ဟိုတုန်းက ဘယ်လိုဆိုတာကို ပြော လိုက်နဲ့ပါပဲ။
" ဘဘနောက်ထပ် ဆန်ပြုတ်တစ်ပွဲမှာလိုက်အုံးမယ်နော် "
" တော်ပြီ တော်ပြီ၊ ကျုပ်ဝသွားပြီ ဒါလောက်ပဲ ကောင်းတယ် "
" ဆုန်ပြုတ်ဘိုး ဘယ်လောက်လဲခင်ဗျ "
" ငါးကျပ်ပါ "
အိတ်ထောင်ထဲက ပိုက်ဆံနှိုက်နေတဲ့အချိန်မှာပဲ ကိုသန်းမြင့်ဝေက သူကိုင်လာတဲ့ ပိုက်ဆံအိတ်ကြီးထဲက ပိုက်ဆံထုတ်နေပါတယ်။
" နေပလေ့စေ နေပလေ့စေ မောင်အောင်ဝင်း ပေးလိမ့်မယ် "
ဘဘ က ခွင့်ပြုလိုက်တာပါ။
တပည့်တွေနဲ့ သွားတဲ့အခါတိုင်း ဘဘက ပိုက်ဆံအိတ်ကို တစ်ယောက်ယောက် လက်ထဲအပ်ပြီး၊ စားကြ သောက်ကြတာတွေကို အဲဒီထဲကပဲပေးရပါတယ်။ ရုပ်ရှင် ဖြန့်ချိရေးလုပ်တဲ့ ကိုလှထွန်းတို့၊ ရုပ်ပြမှာ အောင်မြင်နေတဲ့ ပန်းချီရာမ တို့က ကျွေးတဲ့ အခါမှာတော့ လက်ခံခွင့်ပြုပါတယ်။ ကျန်တဲ့သူတွေကတော့ ဘဘရဲ့ ပိုက်ဆံအိတ်ထဲကပဲ သုံးရပါတယ်။ ဘဘခြေရင်းရောက်ကတည်းက ရန်ကုန်မှာ စားဝတ်နေရေး အတွက် စာအုပ်အငှားဆိုင်လေးဖွင့်ပြီး ရပ်တည်နေတာကို ဘဘက သိထားပါတယ်။ ဒါကြောင့် ဘဘနဲ့ အပြင်ထွက် လို့ ဘယ်သွားသွား ပိုက်ဆံအိတ်ကို ပေးထားပြီး သုံးစေတာပါ။
ဒီတစ်ခါတော့ ဘဘသောက်တဲ့ ဆန်ပြုတ် တစ်ခွက်ပေါ့။
မောင်အောင်ဝင်းမန်း
.
>>>ဆက်ဖတ်ရန်>>> >>