Tuesday, February 8, 2011

လေအဟုန် လျှပ်စီးနဲ့ အမြင့်ခရီးကိုလှမ်းခဲ့တယ် အပိုင်း (၂ဝ)

အိမ်ပြန်ရောက်တော့ ဆေးရွက်ကြီးတွေ လှမ်းနေဆဲ ရှိပါသေးတယ်။ အငတ်ဘေးကို ကျွန်တော်တို့ မိသားစု ဖြတ်သန်း ခဲ့ပြီးပါပြီ။ အချိန်တန်ရင် ဆေးတွေ ဈေးကောင်းရဖို့ ရှိပါတယ်။ တင်နေတဲ့ ကြွေး တွေလည်း ဆပ်နိုင် တော့မှာပါ။ မပြေလည်စရာအကြောင်း မမြင်တော့ပါဘူး။ ကျွန်တော့် ကျောင်း စရိတ်ကောပေါ့။ တစ်ပိုင်း တစ်စ နဲ့ ကျောင်းထွက်ခဲ့ရတဲ့ အဖြစ်မျိုးနဲ့ နောက်ထပ်ကြုံတွေ့စရာမရှိတော့ ပါဘူး။ ကျောင်းပြန်တက်ဖို့ အသင့် ပြင်ထားရပါမယ်။
"ဟေ့ မကြာခင် ကမ်ကွမ်ဘာ ကျောင်းပြန်တက်မှာကွ" လို့ စိတ်ထဲက ကြုံးဝါးလိုက်ပါတယ်။
အခန်း (၁၀)

ကျောင်းတွေ ပြန်ဖွင့်ပါတော့မယ်။ အဖေဘာမှ မပြောသေးပါဘူး။ ဗလာ စာအုပ်နဲ့ ခဲတံဝယ်ဖို့ ပိုက်ဆံ ထုတ်ပေးပြီးခါ မှ နောက်ပိုင်း နှုတ်ဆိတ်နေတာပါ။ အမေကလည်း ကျွန်တော့်အတွက် ဆပ်ပြာတောင့် တွေ ဘာတွေ ၀ယ်ပေးထားပြီးပါပြီ။ အင်္ကျီအဖြူကိုလည်း အစက်အပျောက် မရှိအောင် သေသေချာချာ လျှော်ထား ပြီးပါပြီ၊ စိတ်ထဲမှာတော့ အိမ်ရဲ့ အခြေအနေဟာ ပုံမှန် ပြန်ရောက်နေပြီလို့ ကျွန်တော်တွက် ထားပါတယ်။ ကျောင်းတက် ဖို့ကို ဆယ်မိနစ်တစ်ခါလောက် ကျွန်တော် သတိရနေပါတယ်။ ဒီလိုနဲ့ သုံးပတ်ကုန် သွားပါတယ်။

ဒီလိုနဲ့ ကျောင်းဖွင့်မယ့်ရက် ရောက်လာခဲ့ပါတယ်။ ကျွန်တော် အိပ်မပျော်တော့ပါဘူး။ မျက်နှာကြက်က ခြကိုက် နေသံ ကို အတိုင်းသား ကြားနေရပါတယ်။ မာလာဝီဟာ ခြအပေါဆုံး တိုင်းပြည်လား မသိပါဘူး။ သူငယ်ချင်း တွေနဲ့အတူ ကျောင်းတက်ဖို့ပဲ ကျွန်တော် စိတ်သန်နေပါတယ်။ တစ်ပိုင်းကလည်း တွေးပူရ သေးတယ်။ သူတို့တွေက ရှေ့ကျောနေပြီ။ စာတွေ ကျွန်တော် လိုက်နိုင်ပါ့မလား။ သူတို့က သူတို့မှတ်စု တွေ ကို ပေးကူးပါ့မလား။ ဘယ်သူတွေနဲ့ ပြန်တွေ့ရမှာပါလိမ့်။ အငတ်ဘေးထဲ ဘယ်သူတွေများ ပါသွား ပါလိမ့်။

နောက်တစ်နေ့မနက် ဂီးလ်ဘတ်ရောက်လာတော့ ကျွန်တော် အရမ်းပျော်သွားပါတယ်။
သူက ၀မ်းသာအားရ ပြောပါတယ်။
"ကြိုဆိုပါတယ် သူငယ်ချင်း၊ မင်းနဲ့အတူတူ ကျောင်းပြန်တက်ရမှာမို့ ငါအရမ်းပျော်နေတယ်။
"ငါက ပိုပျော်နေတာပါကွာ"
ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတာ ပျော်စရာပါ။ ပျော်စရာမကောင်းကတော့ လူစုံတက်စုံ ပြန်မတွေ့ ရတာပါပဲ။

"ဟေး ဂျိုးဇက် တစ်ယောက် မတွေ့ပါလား။ ဘီတန်းကလေ"
ဆံပင်တိုတို၊ အသားလတ်လတ်နဲ့ကောင်လေးကို မတွေ့တာနဲ့ ကျွန်တော်က မေးတော့ တစ်ယောက်က ဖြေ ပါတယ်။
"မင်း မကြာဘူးလား၊ သေတဲ့အထဲ သူတို့မိသားစု ပါသွားတယ်လေ"
အခြား အတန်းတွေထဲကလည်း အများအပြား အငတ်ဘေးထဲ ပါသွားပါတယ်။

စာတွေ နောက်ကျနေတဲ့အတွက် ကျွန်တော် အရမ်းစိတ်ပူနေပါတယ်။ စာကြည့်တိုက်မှာ ကျွန်တော် ဖတ် ခဲ့တာ ဘာသာစုံ မဟုတ်ပါဘူး။ ပထ၀ီနဲ့ စိုက်ပျိုးရေးသိပ္ပံဆိုရင် ခေါင်းထဲမှာ ဘာမှ မရှိသလိုပဲ။ တော်ပါသေးရဲ့။ သူငယ်ချင်းတွေက သူတို့မှတ်စုတွေ ပေးကူးကြပါတယ်။
ဆယ်ရက် လောက်ကြာတော့ နောက်ဆုံးကျောင်းလခ သွင်းရမယ့်န့ကို ရောက်လာပါတယ်။ ကျွန်တော် စိတ်ပူစ ပြုလာပါပြီ။ ဒီရက်ကို အဖေ သိပါတယ်။ ဒါပေမဲ့ သူ ဘာမှ မပြောသေးပါဘူး။ ကျွန်တော် ကလည်း ဒီအကြောင်း စပေးဖို့ မရွံ့မရဲ ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ အဖေက စ မေးပါတယ်။

"ကျောင်းမှာ အခြေအနေ ဘယ်လိုလဲ"
"ကောင်းပါတယ် အဖေ၊ စာတွေ နောက်ကျနေပေမယ့် အမီ လိုက်နိုင်မှာပါ"
"အေး ကြိုးစားပေါ့ကွာ"

ကျွန်တော်တို့ သားအဖ ပြောနေပုံက ဘာမှ မထူးဆန်းသလိုပဲ။ ဒါပေမဲ့ ကျွန်တော်စိုးရိမ်စိတ်က ထိပ်တက် နေပါပြီ။ ဒုတိယပတ် နောက်ဆုံးနေ့မှာတော့ ဆရာကြီးက စုဝေးခန်းထဲမှာ သြ၀ါဒပေးရင်း ကြေညာပါ တော့တယ်။
"ဒီနှစ်ဝက်အတွက် ကျောင်းလခ မပေးရသေးတဲ့ ကျောင်းသားတွေ ဒီနေ့ နောက်ဆုံးထားပြီး ပေးကြပါ"
တော်တော့ကို ခေါင်းကြီးစရာနဲ့ကြုံနေမှန်း ကျွန်တော် မသိခဲ့ပါ။ ဒီနှစ်ဝက်တက်မယ်ဆိုရင် မနှစ်က နှစ်ဝက် အတွက်ပါ ကျွန်တော် သွင်းရမှာတဲ့။ ဒါဆို အားလုံးနှစ်ထောင်ပေါ့။ သွားပါပြီ၊ အဖေ ဘယ်လိုမှ ပေးနိုင် မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဘ၀ ဒီမှာတင် ပြီးပြီထင်ပါရဲ့။

ဒါပေမဲ့ ကျွန်တော်က အဖေ့ဆီက ပိုက်ဆံမတောင်းဘဲ  အလကား တက်လို့ရအောင် အကြံအဖန် လုပ် ပါတယ်။
တော်တော်တော့ သတိထားပြီး အချိန်ကိုက် လှုပ်ရှားဖို့ လိုပါလိမ့်မယ်။ ဆရာကြီးက အခန်းတစ်ခန်းကို အမြဲတမ်း စုံညီ အစည်းအဝေးခန်း လုပ်ထားပါတယ်။ လခ မသွင်းရသေးတဲ့ ကျောင်းသားတွေရဲ့ နာမည်ကို အကျယ်ကြီး ဖတ်ပြပါတယ်။ သွင်းပြီးသား ကျောင်းသားတွေကို အတန်း သွားတက်ခိုင်းပြီး မသွင်းနိုင်သေးတဲ့ ကျောင်းသား တွေကို စုဝေးခန်းထဲမှာပဲ ရပ်နေစေပါတယ်။ အတန်းပိုင်ဆရာကလည်း ကျောင်းလခ ပေးသွင်းပြီးကြောင်း ပြေစာတွေကို စစ်ဆေးပြီးမှ အတန်းထဲ ၀င်ခွင့်ပြုပါတယ်။ ကျွန်တော့် အဖြစ်က သိပ်ကို ရှက်စရာ ကောင်းပါတယ်။ ဂျက်ဖရီလည်း လခမကျေတဲ့ အုပ်စုထဲမှာ ခဏခဏ ပါပါ တယ်။

စီမံကိန်းစဖို့ ကျွန်တော် အသင့်ဖြစ်နေပါပြီ။ ကျောင်းရောက်လို့ စုဝေးခန်းထဲဝင်ဖို့ ကျောင်းသားတွေ တန်းစီ ချိန် မှာ ကျွန်တော်က အိမ်သာခန်းထဲ အသာကလေး လစ်ဝင်လိုက်ပါတယ်။ သူတို့ ပြန်ထွက်လာ မှ ကြက်ခြံ ထဲ က ကြောင်တစ်ကောင်ရဲ့ လျင်မြန်မှုမျိုးနဲ့ လူတန်းထဲကို လှစ်ခနဲ ၀င်လိုက်ပါတယ်။

အတန်းထဲရောက်တော့ စိတ်က မလုံတာနဲ့ နောက်ကျကျ ခုံတန်းမှာပဲ နေရာ ယူလိုက်တယ်။ နားမလည်တာ ရှိလည်း ထ မမေးရဲဘူး။ ဆရာ သတိပြုမိသွားမှာ စိုးလို့လေ။
ခိုးတက် တဲ့ ကျောင်းသားမိရင် တရားဝင် ကျောင်းထုတ်ခံရပါတယ်။ ကျွန်တော် ကစားနေတဲ့ တော်တော့ကို ရင်ခုန် ချင်စရာ ကောင်းပါတယ်။ ခုတလော မနက်မနက်ဆို ကျွန်တော် ဗိုက်နာနေတတ် တယ်။ တစ်နေ့ မှာတော့ အဖေ့ကို ဖွင့်ပြောပြီး ကျောင်းထွက်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဂီးလ်ဘတ်က ကျွန်တော် လုပ်ပုံ ကို သဘောကျနေတယ်။ အားလည်း ပေးတယ်၊ ကျွန်တော်သတ္တိကို လည်း ချီးကျူးတယ်။

"မင်း ခုချိန်အထိ ကံကောင်းနေတာ သိပ်ဝမ်းသာတယ် သူငယ်ချင်း"
"အေး ဒီနေ့အထိတော့ ကံကောင်းနေသေးတာပေါ့ကွာ"
"အဲဒီအတိုင်းသာ ခပ်တည်တည်ဆက်လုပ်၊ အိုကေမှာပါ"
ဒါပေမဲ့ ကျွန်တော် ကြာကြာ ကံမကောင်းလိုက်ပါ။ ကျောင်းလခ ကြွေးကျန်တဲ့ ကျောင်းသားတွေရဲ့ နာမည်ကို အတန်းပိုင် ဆရာ မစ္စတာ တင်ဘိုက ဖတ်ပြတော့ ဘူးပေါ်သလို ပေါ်သွားပါတော့တယ်။

မျက်ရည်မနည်းဆည်ပြီး အတန်းထဲက ထွက်လာခဲ့ရပါတော့တယ်။ အိမ်ရောက်ရောက်ချင်း အဖေ့ကို ပြောပြတော့
"အေး တစ်နေ့ ဒီလိုဖြစ်မယ်ဆိုတာ အဖေ သိပါတယ်ကွာ" လို့ ပြောရှာတယ်။ ပြီးတော့ ကျောင်းကို သွားပြီး အတန်းပိုင် ဆရာကို တောင်းပန်တယ်။
"ကျွန်တော် ဆေးတွေ ရောင်းရတော့မယ် ဆရာ၊ ငွေပေါ်တာနဲ့ ကျွန်တော် ချက်ချင်း လာသွင်းပါ့မယ်။ ကျွန်တော် သားလေး ကို လောလောဆယ် တက်ခွင့်ပေးထားပါ ဆရာ"
ဆရာတင်ဘို က အခြားဆရာတွေနဲ့ တိုင်ပင်ပြီး လက်ခံလိုက်ပါတယ်။

အဲဒီနောက်ပိုင်း သုံးပတ်လုံးလုံး ကျွန်တော် တစ်ယောက် ထီပေါက်သူလို ပျော်နေပါတယ်။ ဗိုက်လည်း မနာ တော့ ပါဘူး။ ခိုးကြောင်ခိုးဝှက် လုပ်စရာလည်း မလိုတော့ပါဘူး။ ဘာသာစုံ ကြိုးစားပြီး ကျွန်တော် လိုက် နေပါပြီ။ ဆရာက ရယ်စရာပြောရင် အော်ရယ်နိုင်ပါပြီ။ မျက်နှာအောက်ချ၊ မှိုင်လည်တဲ့ ဘ၀ နောက်မှာ ကျန် ခဲ့ပါပြီ။ အတန်းသားတွေ တီးတိုးပြောနေကြပါတယ်။ "ဒီကောက် စောစောပိုင်းက အေးအေးလေးပါ။ ခုမှ ဘာလို့ အူမြူး နေပါလိမ့်" တဲ့။

အဲဒီရက်သတ္တပါတ်ကုန်တော့ ဆေးရွက်ကြီးတွေ ခြောက်လာပါပြီ။ ချောကလက်ရောင် သမ်းလာပြီလေ။ အဲဒီ အချိန်မှာ ကြွေးရှင်တွေ အိမ်မှာ ခြေချင်းလိမ်နေတော့တာပဲ။ တစ်ယောက်ကို ကီလိုငါးဆယ်၊ နောက် တစ်ယောက် ကို ကီလိုနှစ်ဆယ်၊ အဲ့ ကြိုပွိုင့်ရိုက်ထားတဲ့လူတွေက တစ်ယောက်ပြီး တစ်ယောက်။ ဆပ်လို့လည်း ပြီးရော အိမ်မှာ ခြောက်ဆယ့်ငါးကီလို ဘေထုတ်တစ်ထုတ်ပဲ ကျန်ပါ တော့တယ်။

အငတ်ဘေး ပြီးခါစဆိုတော့ ငွေက ရှာသေးတော့ ရွာမှာ လာဝယ်တဲ့ လူတွေက မတရားဈေးနှိမ်ကြပါ တယ်။ ဒါနဲ့ အဖေက မြို့တော် လီလွန်ဂွေးအထိ တက်ရောင်းပါတယ်။ ဈေးကောင်းတော့ ရပါရဲ့၊ အမျိုးအစား ထပ်ခွဲ လိုက်တော့ ကီလိုငါးဆယ်သာ၊ အမေရိကန်ဒေါ်လာ ဆယ့်ရှစ်ဆယ် ဈေးရလိုက် ပါတယ်။ ကားခနဲ့ အစိုးရ အခွန် နှုတ်လိုက်တော့ ကျွန်တော် ကျောင်းလခပေးဖို့ လောက်ရုံပဲ ရပါတယ်။ ဒါပေမဲ့ အိမ်အတွက် မ၀ယ်မဖြစ် တဲ့ အိမ်သုံးပစ္စည်းနဲ့ စားကုန်တွေ ၀ယ်လိုက်တော့  ကျွန်တော်တို့ မိသားစု ဒုံရင်း ဒုံရင်းပဲ ပြန်ရောက် သွားပါတယ်။

အဖေက ကျောင်းကို နောက်တစ်ကြိမ် သွားပြီး အသနားခံပါသေးတယ်။ ဒါပေမဲ့ မရတော့ပါဘူး။ ကျွန်တော် ကျောင်းထုတ်ခံလိုက်ရပြန်ပါပြီ။ ပညာဝန်ကြီး နယ်လှည့်စစ်ဆေးမှာမို့ ဆရာတွေ တိတိကျကျ အလုပ် လုပ် နေကြရပါတယ်။
"အဖေ ကြိုးစားပါတယ်ကွာ၊ တရားခံကတော့ အငတ်ဘေးပဲ။ ဘာမှ ပုံမှန်ကို ပြန်မရောက်တော့ဘူး လား မသိ ပါဘူးကွာ"
ပြောပြီး ကျွန်တော့်အနားမှာ ၀င်ထိုင်ပါတယ်။

"အဖေ့ကို နားလည်ပါကွာ"
ကျွန်တော် အဖေ့မျက်နှာကို မကြည့်ရက်တော့ပါ။
"နားလည်ပါတယ် အဖေရယ်၊ ကျွန်တော် နားလည်ပါတယ်ဗျာ"
နောက်ဆုံးမှာ သမီးတွေကို အင်နီ့လို အိမ်ထောင်ပြုဖို့ အဖေ တိုက်တွန်းမည်လား မဆိုနိုင်ပါ။
အိမ်တစ်ဆောင် မီးတစ်ပြောင်နဲ့ မငတ်အောင် ကျွေးနိုင်တဲ့လူမျိုးနဲ့ပေါ့လေ။ ပြီးတော့ သူတို့ကို ကျောင်း ဆက် ထားနိုင် တဲ့ ယောက်ျားမျိုးကို အဖေ ပိုသဘောကျမယ် ထင်ပါတယ်။

ဒါပေမဲ့ ယောက်ျားလေးကျတော့ တစ်မျိုးလေ။ ကျွန်တော် ပညာတတ်တစ်ယောက်ဖြစ်ဖို့ အဖေအတွက် သိပ် အရေးကြီး ပါတယ်။ အဲဒီညမှာ အဖေက အမေ့ကို ''ငါ့သားအတွက် ငါတာဝန်မကျေဘူးကွာ၊ တစ် အိမ်လုံး အတွက် တာဝန်မကျေတာပါလေ''လို့ ယူကျုံးမရ ဖွင့်ပြောရှာပါတယ်။

ကျွန်တော်ကတော့ အဖေ့ကို အပြစ်မမြင်ရက်ပါဘူး။ ကြေကွဲနေတဲ့ သူ့မျက်လုံးတွေနဲ့ ရင်မဆိုင်မိ အောင် ကျွန်တော် တတ်နိုင်သမျှ ရှောင်နေပါတယ်။
ကျွန်တော် အစိုးရိမ် အထိတ်လန့်ရဆုံးဘ၀နဲ့ တည့်တည့်တိုးနေပါပြီ။ အဖေ့လိုပဲ ဆင်းရဲတဲ့ မာလာဝီ တောင်သူလယ်သမားဘ၀နဲ့ ကျွန်တော် ညားရပါတော့မယ်။ ဖိနပ်မစီးနိုင်တဲ့ဘ၀၊ လက်တွေ နွားသား ရေလို မာကြောနေမယ့်ဘ၀၊ ရွှံ့ထဲရေထဲမှာ နေပူမရှောင် မိုးရွာမရှောင် နေရတော့မယ့်ဘ၀။ အဖေ့ကို ကျွန်တော်ချစ်ပါတယ်။ လေးလည်း လေးစားပါတယ်၊ ဒါပေမဲ့ သူ့ဘ၀မျိုးနဲ့တော့ နိဂုံးမချုပ်ပါရစေနဲ့။

အဖေ့ လို ဘ၀မျိုးဟာ ကိုယ့်ကြမ္မာ ကိုယ်မဖန်တီးနိုင်ဘဲ မိုးရယ်၊ ဓာတ်မြေသြဇာ ဈေးနှုန်းရယ်၊ မျိုးစေ့တွေ ရယ်ကို အားကိုးနေရတဲ့ဘ၀မျိုးပါ။ ဒီဘ၀မျိုးမှာ ကျွန်တောနေရရင် အခြားမာလာဝီတွေလိုပဲ ဘုရားသ ခင်အလိုတော်အရ ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအရ လှုပ်ရှားနေရမှာပါ။ ပြောင်းစိုက်ရမယ့် ကံကောင်းရင် ဆေးရွက်ကြီးတွဲစိုက်နိုင်မယ်။ အထွက်ကောင်းရင် ပြီးတော့ ဈေးကောင်းရင် ငွေပိုငွေလျှံလေးရမယ်။ အဲ ဒီလိုအခါမျိုးမှာ ဖိနပ်ကလေး ၀ယ်စီးနိုင်မယ်၊ အိမ်သုံးဆေးကလေးဘာလေး ၀ယ်နိုင်မယ်။ အသက်ရှင် နေထိုင်ဖို့ အတော်ကြီး ရုန်းကန်ရမယ့်ဘ၀မျိုးပါ။ ဒါဟာ မာလာဝီဆင်းရဲသားတိုင်း ရင်ဆိုင်ရမယ့်၊ ရင် ဆိုင်နေရတဲ့ ဘ၀မျိုးပါ။ တွေးရင်း တွေးရင်း ကျွန်တော် ဖျားချင်သလိုလိုဖြစ်လာတယ်။ ဒါပေမဲ့ ကျွန် တော်က ဘာလုပ်နိုင်မှာလဲ၊ ဘာတတ်နိုင်မှာလဲ၊ ဘာမှမလုပ်နိုင်ပါဘူး။ ဘာမှမတတ်နိုင်ပါဘူး။ ဒီဘ၀ကို လက်ခံရုံမှအပ အခြားမရှိတော့ပါဘူး။

ကျွန်တော်မှာ ညည်းညူနေချိန်၊ သောကရော်ကနေချိန် လုံးဝမရှိပါဘူး။ ပြောင်းဖူးတွေ ချိုးရမယ့်အချိန် ရောက်တော့ တစ်အိမ်လုံး ကွင်းထဲဆင်းရပါတယ်။ စိတ်ထဲမှာတော့ ရှုပ်ထွေးနေတာပေါ့။ ဒီတစ်ခါ ကွင်း ထဲ ဆင်းရတာ ကျောင်းကို အပြီးကျောခိုင်းတာဖြစ်လို့ ထောင်ထဲဝင်လာပြီး အခန်းတံခါး သော့ခတ်ခံ ထားလိုက်ရ တဲ့ အကျဉ်းသားလို စိတ်ထဲထင်လိုက်ပါတယ်။ တစ်ဖက်က ကြည့်ပြန်တော့လည်း စားစရာ ရိက္ခာ ရတော့မှာ ပါလားဆိုပြီး ၀မ်းသာမိပါရဲ့။ ဘုရားသခင်ကျေးဇူးတော်နဲ့ ပြောင်းတွေ ဒီနှစ်အရမ်းဖူးပါ တယ်။ အဖူးတွေလည်း ကြီးပါတယ်။ အစေ့တွေလည်း အောင်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း အ ကောင်းဆုံးလို့ ပြောကြပါတယ်။

နှစ်ပတ်လုံးလုံး ကျွန်တော်တို့ မနားတမ်း အလုပ်လုပ်ကြရပါတယ်။ ပထမဆုံး ပြောင်းပင်တန်းထဲကို ဓား ကိုယ်စီ ထမ်းပြီး ၀င်ကြရပါတယ်။ တစ်ယောက်က ပင်စည်တွေကို တွင်တွင်ခုတ်သွား၊ နောက်တစ် ယောက် က လိုက်သိမ်း၊ ဆယ်ပင်တစ်ပုံ ကန့်လန့်ဖြတ်ပုံ၊ အတန်းလိုက် ခုတ်ပြီးမှ ပြန်သိမ်း၊ ပြီးမှ စုပုံရပါ တယ်။ ပုံတဲ့ အခါ ပြောင်းပင်တွေကို ဒေါင်လိုက်ပုံရပါတယ်။ တုံးလုံးလှဲပုံလိုက်ရင် ကြွက်စာချစာ ဖြစ် သွားပါလိမ့်မယ်။
လကုန်တော့ ဧရာမပြောင်းဖူးပုံကြီး ရလိုက်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း အများဆုံးရတာလို့ ဆိုကြ ပါတယ်။ အဖေက အားရကျေနပ်တဲ့ပုံနဲ့ မိသားစုရဲ့လုပ်အားဆုလာဘ်အပုံကြီးကို ငေးကြည့်နေပါတယ်။

''ဒါတောင် ငတ်တုန်းက အပင်တွေကို တို့အများကြီး နုတ်စားထားတာနော်၊ အခိုးလည်း ခံရသေးတယ်'' လို့ ပြောပါတယ်။
နောက်ပြီးမှ ပြောင်းဖူးတွေချိုးပြီး အိမ်ကိုလှည်းနဲ့တိုက်ယူပါတယ်။ ပြောင်းဆန်ကို အိမ်ရှေ့မှာ ချွေပြီး အိတ် တွေထဲ ထည့်ရပါတယ်။ အဆံချွတ်ရင် ရေဒီယိုနားထောင်ကြတယ်။ ရာသီဥတုအကြောင်း ပြော ကြတယ်။ ကျွန်တော်တို့ဘ၀ ပုံမှန်ပြန်ရောက်လာခဲ့ပါပြီ။
အိမ်မှာ ပြောင်းဆန်အိတ်တွေ တန်းစီနေပါတယ်။ အိမ်နံဘေးက ခြံထဲမှာလည်း ပဲပုပ်စေ့တွေ ထွက်ပါ တော့မယ်။ ပုံမှန်အတိုင်း ပြန်စားကြရပါတော့မယ်။
အမေ က အဖေ့ကိုကြည့်ပြီး ပြောတယ်။

''အဖေကြီး၊ ရှင် အရမ်းပိန်နေတုန်းပဲ''
''အေး မင်းကတော့ ပြန်ပြည့်လာပါပြီ၊ ၀ီလျံလည်း ပိန်တုန်းပဲ။ ကွင်းထဲမှာတုန်းက ငါ့မှာ ပူလိုက်ရတာ၊ လေပြင်းပြင်း တိုက်ရင် သူ ပါသွားမှာစိုးလို့လေ''
အားလုံး ၀ိုင်းရယ်ကြပါတယ်။
အားလုံး ကို ကျော်ဖြတ်ပြီး ပျော်စရာအချိန်ကို ကျွန်တော်တို့ မိသားစုပြန်ရောက်ခဲ့တာပါ။

ရိတ်သိမ်းချိန်ပြီးမှ ကျွန်တော်ရဲ့လေရဟတ်ပစ္စည်းရှာဖွေရေးလုပ်ငန်းကို ပြန်စနိုင်ပါတော့တယ်။ မြက် တော ထဲက ပစ္စည်းတစ်ခုတွေ့ရင် ကောက်ကိုင်ကြည့်လိုက်တာပါပဲ။ ဘယ်လိုသုံးရမလဲပေါ့။ တစ်နေ့မှာ မြက်တော ထဲက လေးဘီယက်ဂီယာအုံတစ်ခု သွားတွေ့ပါတယ်။ ၀က်အူလှည့်နဲ့ အဖုံးကိုဖွင့်လိုက်တော့ အထဲမှာ အညိုရောင် လတ်လတ်ဆတ်ဆတ် အမဲဆီတွေ သွားတွေ့ပါတယ်။ အသုံးလိုမှာပဲဆိုပြီး ရသ မျှ ကလောပြီး ပလတ်စတစ် အိတ် ထဲထည့်ယူလာခဲ့ပါတယ်။ ပြီးတော့ ထိပ်ခွဲနှစ်ခွပင်တွေ၊ ၀ိုင်ယာကြိုး အတိုအစတွေလည်း ကောက်ခဲ့ပါတယ်။ ပြီးတော့ အသုံးဝင်ချင်မှ ၀င်မယ့် ပစ္စည်းတချို့လည်း လိုလို မည်မည် သယ်လာခဲ့ပါတယ်။ ဘရိတ်ဆီလို၊ ဂီယာ လီဗာလို ကားလေးအင်ဂျင်က ကရိုင်းရှပ်လိုဟာမျိုး တွေပေါ့။

ကျွန်တော် ကံကောင်းပါတယ်။ အရေးအကြီးဆုံးနဲ့ အသုံးအတည့်ဆုံးပစ္စည်းတစ်ခုကို အိမ်မှာပဲ အလွယ် တကူ ရလိုက်လို့ပါပဲ။ ထားစရာ နေရာမရှိလို့ အိမ်နဘေးနံရံမှာ ကပ်ထောင်ထားတဲ့ အဖေ့ရဲ့စက်ဘီးအ စုတ်ကြီးပါ။ အင်္ဂါမစုံတော့ပါဘူး။ ဘီးက တစ်ဘီးပဲရှိပါတော့တယ်။ လက်ကိုင်မရှိတော့ပါဘူး။ သံပုံးချိုင့် က ပစ္စည်းတွေလိုပဲ သံချေးတွေ တက်နေပါတယ်။ ဒီစက်ဘီးကို ပြန်ပြင်ဖို့ အဖေ့ကို ကျွန်တော် အကြိမ် ကြိမ်ပြောခဲ့ပါတယ်။ ''ပိုက်ဆံ မရှိသေးပါဘူးကွာ''ဆိုပြီး အဖေက အမြဲတမ်းပယ်ချခဲ့တာချည်းပါပဲ။
ကျွန်တော် လုပ်နေတဲ့ အစီအစဉ်ကိုပြောပြပြီး အဲဒီစက်ဘီးစုတ်ကို အသုံးပြုခွင့်ပေးဖို့ အဖေ့ဆီ ခွင့် တောင်းပါတယ်။ ဒီစက်ဘီးအစုတ်ဟာ ကျွန်တော့်လေရဟတ်အတွက် သိပ်စိတ်ချရတဲ့ အဓိကကိုယ် ထည် ဖြစ်လာမှာပါ။

''မင်းက လျှပ်စစ်မီးရအောင် လုပ်မယ်၊ ရေလည်း ရမယ်၊ ဟုတ်စ''
အဖေ က ပြုံးပြီးမေးပါတယ်။ ပြီးတော့ ခေါင်းယမ်းပြီး
''စက်ဘီးအစုတ် ကနေ တစ်စစီဖြစ်တော့မှာပဲ၊ မင်း ဖျက်တာ ရေဒီယိုလည်း ဘယ်နှလုံးရှိပြီလဲ၊ ဒီစက် ဘီး တစ်နေ့ အသုံးဝင်လာမှာကွ''
ကျွန်တော် တွေးကြည့်တယ်။ ဒီစက်ဘီးစုတ်က ဘယ်နေရာမှာ သွားသုံးမှာလဲ။ ရေနံဆီရဖို့ ခုနစ်ကီလိုမီ တာ လောက် ဝေးတဲ့နေရာကို သွားဝယ်ရတယ်။ ကျွန်တော်က ဘာမှ အားမစိုက်ရဘဲ မီးလင်းအောင် လုပ်ပေးမှာ။ အဖေ နားဝင်အောင် တစ်နာရီလောက် ဆွေးနွေးယူရတယ်။

''အဖေ စိတ်ချပါ၊ ကျွန်တော် စမ်းပါရစေ၊ မီးရော၊ ရေရော ရစေရမယ်။ ကျွန်တော်တို့ နှစ်သီးစား စိုက်လို့ ရတော့မှာ၊ ကျွန်တော်တို့ ဘယ်တော့မှ အငတ်ဘေးနဲ့ မတွေ့ရတော့ဘူး''
အဖေက အတော်ကြာကြာ စဉ်းစားပြီးမှ
''အေး၊ စမ်းချင်စမ်းကြည့်လေ၊ တစ်စစီတော့ ဖြစ်မသွားစေနဲ့နော်''
ကျွန်တော် အရမ်းပျော်သွားပါတယ်။ ကျွန်တော့်အခန်းထဲ ယူသွားပြီး ထောင်ထားလိုက်ပါတယ်။ တခြား ပစ္စည်းတွေလည်း အခန်းထဲမှာ တောင်ပုံရာပုံဖြစ်နေပါပြီ။ ကျွန်တော့်အခန်းဟာ သံပုံချိုင့်အသေးစားက လေး နဲ့ တူနေပါတော့တယ်။

မိန်းကလေးတွေကို ကျွန်တော့အခန်းထဲဝင်ပြီး သန့်ရှင်းရေး မလုပ်ခိုင်းတော့ပါဘူး။ သူတို့ နှာခေါင်းရှုံ့ ကြမှာ သေချာ ပါတယ်။ ပြီးတော့ တံမြက်စည်းလှည်းရင် ပစ္စည်းတစ်ခုခုပါသွားရင် မခက်ပါလား။
''ဒါပေမဲ့ ကြမ်းတော့ တိုက်ရဦးမှာပေါ့''
အီရှာ က အတွန့်တက်ပါတယ်။
''နေပစေ၊ မတိုက်နဲ့၊ ဘယ်သူမှမ၀င်ရဘူး၊ ငါဝင်ဆိုတဲ့နေ့မှ ၀င်ရမယ်''

သံပုံချိုင့်ကို သွားမနေတဲ့အချိန်မှာဆိုရင် ကျွန်တော်စာကြည့်တိုက်ရောက်နေတာ များပါတယ်။ မဟုတ် ရင် အိမ်နံဘေး အဖီ မှာ စာဖတ်နေတာချည်းပါပဲ။
ကျွန်တ်ာလုပ်နေတဲ့ အလုပ်ကို အဖေနားမလည်ပေမယ့် ကျောင်းဆက်မထားနိုင်တဲ့အတွက် အိမ်အ လုပ်တွေ သိပ်မခိုင်းတော့ပါဘူး။ ဒါကို မိန်းကလေးတွေက သိပ်မကျေနပ်ကြဘူး။ ဒေါရစ် က ကြေးတိုက် တိုက်တဲ့အခါ အဖေ က ရှင်းပြတယ်။

''မင်းတို့အလုပ် မင်းတို့လုပ်ကြ၊ သူအလုပ်တစ်ခုကို အရူးထပြီး လုပ်နေတယ်။ လုပ်ပစေ၊ တစ်နေ့ကျရင် သူမှားမှန်း သိလာလိမ့်မယ်၊ အဲဒီအခါ ကွင်းထဲ ပြန်ဆင်းမှာပါ''
သည်တော့မှ ညီအစ်မတစ်သိုက် ကျေနပ်သွားကြတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, February 7, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း(၁၂)

''မမယုကလဲ ဒါကတော့ ဖေဖေ့အပြစ်ကလဲရှိသေးတာကို၊ သုသ၀ဏ္ဏသာမတို့ မိဘပြုစုတယ်ဆိုတာက ဒုကုလ နဲ့ ပါရိကာ တို့က တောတွင်းသစ်ခက်တဲ မှာ တရားထိုင်လို့ သားရှာပေးတဲ့ သစ်သီးကို အေးချမ်း စွာစားလို့ ခြေဆုတ်လက်နယ်ပြုသမျှ ခံလိုဆိုတဲ့ မိဘမျိုးလား၊ ဖေဖေ့ ခြေထောက်ကောင်းပြီး နားကြား ယင် ပိဠိယက္ခ မင်းကြီးထက်တောင် တောလိုက် ကောင်း အုံးမယ်။ ကိုယ့်အဖေက မိုးပျံနေတဲ့အဖေ၊ ကဲ လေ- ဒါတွေတွေးမနေနဲ့ ဆရာဝန်နဲ့ရော၊ ထမင်းချက်ရော စီစဉ်ပြီးရင် နုနုတခေါက်လာမယ်၊ အကို မှော်ဘီ က လာရင် လဲ နုနုတို့အစီအစဉ်ကိုပြောပြ အကိုလဲ ဒုက္ခပါဘဲ….''

သူကရယ်ရယ်မောမောနှင့် စကားကို အဆုံးသတ်ပါသည်၊ အတော်ကြာ ကျမတို့စကားမပြောဘဲ အတွေး ကိုယ်စီ နှင့်ငြိမ်ကြ၏။ စာဖတ်သူ ခမည်းတော်ဘုရား၏ဟန်ပန်ကို ညီအမနှစ်ယောက်လုံး အကဲခတ် နေကြ၏။ စာဖတ်ပြီး အဆုံးသတ်တော့မှ မျက်မှန်ကြီးဘေးချလိုက်ခါ-
''မသိလို့ဗျို့… မသိလို့'' ဟူ၍ ထုံးစံအတိုင်း ခုနှစ်သံနှင့် ဖေဖေက အော်လိုက်ပြန်ပါသည်။ ပြီးတော့မှ မျက်မှောင် ကြုတ်ခါ တစုံတရာစဉ်းစားသလိုလုပ်ရင်း မေးခွန်းတခုမေး၏။

''နေပါအုံး စကော့ဈေးထဲက ပစ္စည်းတွေသိမ်းတယ်ဆိုတော့ ''မမလေး ဘာလုပ်စားနေလဲ… သူက အပျို ကြီး၊ လုပ်ကျွေး မဲ့ လူလဲမရှိ''
ကျမတို့ညီအမနှစ်ယောက်မှာ ဖေဖေ့မေးခွန်းကြောင့် ပြိုင်တူရယ်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ထောင်သောင်းများစွာသော လူတွေ၏အဖြစ်အပျက်များကြားထဲမှ၊ သူခွဲစိတ်ကုသခြင်းခံရစဉ်က ဂရုတစိုက် ပြုစုသော တပည့်၊ ဦးစောမောင် ၏ နှမအငယ်ဆုံး ''ဒေါ်မမလေး''အား သူရွေး၍သတိရခြင်းကို ကျမ တို့ ညီအမ နှစ်ယောက် သဘောကျကြခြင်းဖြစ်ပါသည်။

''ဒီလိုဘဲပေါ့ ပလပ်စတစ် အရုပ်ကလေးတွေ ဆီးသီးထုတ်တို့ မဆလာတို့ရောင်းတာပေါ့…''
နုနုက စာရေးပြလိုက်၏။
''သူ အင်မတန် သဘောကောင်းတဲ့သူပါ မတရားတဲ့ ကုန်သည်တွေပစ္စည်းမှ သိမ်းတာမဟုတ်ဘူး လား…''
နုနု ရော ကျမရော ဖေဖေ့မေးခွန်းကို မဖြေကြပါ၊ အေးအေးဆေးဆေးစီစဉ်ပြီး ကိုကိုနှင့် နုနု ဖေဖေ့ကို လာခေါ်မည့် အကြောင်း လိုချင်သောပစ္စည်းစုဆောင်းထားသည်မို့ နုနုကစာရေးပြပါသည်။

တပတ်အတွင်း ကိုကိုက ဖေဖေ့ကိုလာခေါ်၍ ကျမအိပ်ယာပေါ် နားခွင့်ရပါသည်။ ဟင်းကို ဖေဖေ့အကို အကြီးဆုံး ဦးသာယာ မှ မွေးခဲ့သည့် ဒေါ်ခင်ညွှန့်က လာပို့ပါသည်။ နောက်လတွင်တော့ ထမင်းချက် မိန်း ကလေး တယောက် ကို ကိုကိုခေါ်ပေးထားပါသည်။ အကိုကြီးကတော့ မှော်ဘီမှ ခဏခဏလာကြည့်ခါ ဆရာဝန် စကားနားထောင်ဖို့နှင့် တရားထိုင်ဖို့သာ သူပြောပါသည်။

ကျမရောဂါမှာ လက်တွေခြေတွေယောင်လာ၍ ကျမမစိုးရိမ်မိ၊ အသက်ရှုကြပ်လာမှသာ ကျမကြောက် ပါသည်၊ ခေါင်းထဲမှ ပြင်းထန်စွာ နာလာလျင် အန်၍၊ လူကလည်း သေမလိုပြော့၍ အားနည်းသွားတတ် ပါသည်၊ ထို့ကြောင့် ခေါင်းထဲမှနာမှာကို၎င်း၊ အသံတခုမြည်လာမှာကို၎င်း ကျမကြောက်ပါသည်၊ ဤအ သံမှာ ဘယ်က မြည်လာသော အသံ ဟုမသိ၊ အဝေးမှ လေယဉ်ပျံတခု ပျံသွားသောအသံနှင့် ဆင်ဆင်တူ ၏။ ကျမ အဖို့ မှာတော့ ဤအသံမြည်လာလျှင် ဝေဒနာပြင်စွာ ခံရပါသည်။

သေခြင်းတရားသည် စင်စစ်ကြောက်စရာမကောင်းပါပေ၊ သူ့အလိုအလျောက်ဖြစ်လာသော သဘောတ ခုဖြစ်၏။ မသေခင် ဝေဒနာခံစားရင်းနှင့် တမလွန်ရှိ ငရဲ၊ ၀ဋ်ဆင်းမှုတို့ကသာ ကြောက်စရာပါပင်တည်း။
ကျမစောစောပိုင်းက ဖေဖေ့ကို အလွန်စိတ်ဆိုးသော အကြိမ်နှစ်ကြိမ်ရှိသည်ဟု ရေးသားခဲ့ပါသည်။ ပထမ အကြိမ် မှာ ၀က်သားစား၍ ဒဏ်ရာရသောအကြိမ်ဖြစ်၏။

လူနာတယောက် ကို ဆေးရုံတင်ရတိုင်း ငွေကုန်ရသည်၊ စိတ်မောရသည်များမှာ အကြောင်းမဟုတ် ပြုစုရသူ ကျမ ကိုယ်တိုင် က ချိနဲ့ရသည့် အထဲ ဒီချိချိနဲ့နဲ့ကိုယ်နှင့် ဆေးရုံကြီးကို နေ့တိုင်းသွားရခြင်းကို စိတ်အလွန် ဆင်းရဲ၏။ ကားရှိသည်ဆိုသော မောင်နှမသားချင်းတွေကိုလည်း နေ့စဉ်အပူမကပ်ချင် တို့အဖေကြီး တွက်ဘဲ ဟူ၍ သူတို့ဖာသာ သဘောပေါက်နားလည်၍ နေ့စဉ်လာခေါ်လျှင်တော့ ကျမ လိုက်ကောင်းလိုက်ပေမည်။ ကျမ ကိုယ်၌က လည်း မာနကြီးသည်ထင်ပါသည်။ ''ကယ်မပါ ပြုစုပါ၊ မွဲသွေ့သွေ့မျက်နှာ ကိုယ်ချမ်းသာ ရာ ရကြောင်း ငယ်ပေါင်းစုတ်ပဲ့နုံ့နဲ့သည့်စကားများကို ယောင်မှား၍ဆိုမိ လျှာတိုအောင်ရိပ်ချင်၏'' ဆိုသော ဦးပုည စကားလိုပင် ဘယ်သူ့မှသွားမပြောတော့ဘဲ ကိုယ့်ခြေသာ ကိုယ် အားကိုး၍ ခနော်ခနဲ့နှင့် ဆေးရုံ နှင့် အိမ် ကို ကူးမိသည်။ ငါပြုရင် ငါ့ကုသိုလ်ဘဲဟူ၍ စိတ်ကိုဖြတ်လိုက်ခါ နေလိုက်မိပါသည်။ ဒါကြောင့် ဖေဖေ့ ကို ဆင်ဆင် ချင်ချင် နေစေချင်ပါသည်။ ဆေးရုံတက်ရသော အဖြစ်များကို ဖြစ်ကိုမဖြစ်စေချင်ပါ။

ဖေဖေကလည်း ပြောမရ။
ကျမစိတ်ထဲကတော့ ၀တ္ထုရေးသူပီပီ စိတ်ကူးယဉ်ကြည့်၏။ ဖေဖေ စိုက်ပျိုးရေး ၀ါသနာပါသူ ဖခင်ကြီး တယောက် စိုက်ပျိုးလိုက်၊ မြေများကို ပေါက်ချင်လည်း ၀င်ပေါက်လိုက်အုံး၊ သစ်ပင်များကို ရေလောင်း ချင်လည်း မာလီနှင့်အတူလောင်း၊ ကျန်းမာရေးပင် ပြည့်စုံပေသေးသည်။ ကျန်သောအချိန်တွင် ကြက်သရေရှိရှိ နှင့် အိမ်ဦးခန်းတွင် ကြိုက်သောစာအုပ်ကိုဖတ် ''သမီးရေ ဖေဖေ ဒီနေ့ ဘာဟင်းနဲ့ စားချင်တယ်'' စားချင်သည်ကိုပြော ဖေဖေ့အကြိုက်ကို ချက်ပြုတ်ကျွေး၊ ကျမရင်ထဲမှာတော့ ဤကဲ့သို့ ဖခင်မျိုး ကို ခဏခဏစိတ်ကူးယဉ်ကြည့်မိပါသည်။ ဖေဖေကတော့ တခြားထင်တာတွေလည်းလုပ် မီးဖိုချောင် ၀င် ဟင်းကိုယ်တိုင်ဝင်ချက် တခါတရံ ရေနံဆီမီးဖိုက မီးထတောက် တခါတလေ သူကပင် ထမင်းချက် မိန်းခလေး များကို ကြိမ်းထား၏။

''မီးဖိုချောင် မှာ ငါဘာဟင်းဝင်ချက်သလဲဆိုတာ နင်တို့မမကိုဖွင့်ပြောရင် ငါနင်တို့လည်ပင်းညှစ်မယ် ဒါဘဲ''
ကျမကမသိဘဲ နေပါမည်လား ငံပြာရေဆီသတ်ကို စပါးလင်ထည့်၍ သတ်သည်ကို ဖေဖေကြိုက်၏။ ''ဒီ နေ့ ဖေဖေ့ ကို ငံပြာရေဆီသတ် စပါးလင်နဲ့ထည့်ပြီး ချက်ပေးပါ''ဟုပြောလျှင် ပြီးသည့်ကိစ္စ၊ အဲဒီလိုမပြောပါ သူကိုယ်တိုင် ၀င်လုပ်ပါသည်။ တခါက ဆူးလေဘုရားအိမ်တွင် ဆီးအိုးမီးထ၍တောက်ဖူးပေပြီ၊ ထို့ကြောင့်ပင် ယခု ရေနံဆီမီးဖိုသုံးချိန် ၌ ဘယ်ကိုဘဲသွားသွား ဖေဖေ့ကိုစိတ်မချ ဖေဖေချက်ပြုတ်နေဆဲ ခနော်ခနဲ့နှင့် မီးဖို ပေါ် လဲကျသွားမှာ ကျမအလွန်စိုးရိမ်ပါသည်။

ထို့ကြောင့်ပင် ခလေးမလေးများကို ဖေဖေချက်နေဆဲ အနားမှ ဘယ်မှမသွားရန် မီးထတောက်သော် ဂုံနီအိပ် ရေဆွတ် ၍ အုပ်ရန် မီးသတ်နည်းကအစ သင်ကြားရပါသည်။
ကျန်အချိန်များတွင်လဲ အစုတ်ပေါင်းစုံကို ဖေဖေ့အခန်းတွင်တွေ့ရ၍ အိပ်ရာခင်း ခြင်ထောင် စောင်ဟူ သမျှ ဖာ တော့သည်။ နေ့စဉ်အ၀တ်ဟောင်းများကို အ၀တ်လျှော်ကုလားမ လာတိုင်းပေးရန် သွားယူ လျှင် ခလေးမလေး များကိုယူခွင့်မပြု။
သူကိုယ်တိုင် ထင်းခွေ ရေနံဆီသံပုံးထဲ သူ့အ၀တ်များထည့်၍  ခြံထဲတွင်ပြုတ် နှစ်ရက်တိတိပြုတ်ရမယ် ဆိုလျှင် ခလေးမလေးတွေမှာ နှစ်ရက်တိတိပြုတ်ရသည်။ ပြီးတော့ သူ့ဟာသူဖွတ်သည်။

''ဖေဖေလုပ်မှာစိုးလို့ ဒီကုလားမကို ငါထားတာ၊ ဒီတခါ ဖေဖေအ၀တ်ဖွတ်ရင်တော့ ဒီသံပုံးရော အ၀တ် ရော သမီး လွှင့်အပြစ်ဘဲ''
လူမိုက်ဂိုက် နှင့် ခပ်တည်တည်ပြောရပြန်သည်။ ဒီတော့မှ အ၀တ်ပြုတ်သောသံပုံးကို အပ်တော့သည်။
ယခု ဒုတိယအကြိမ် ဖေဖေ့ကိုစိတ်ဆိုးမိသည်မှာတော့ ကိုကို၏အစီအစဉ်အတိုင်း ကျမအိမ်မှာတွင် အနား ယူကာနေ၏။ ကိုကိုရှာပေးသော ကရင်မလေးတယောက်က ထမင်းချက်၍ကျွေးသည်။ တနေ့တွင်မူ အိပ်ခန်း ခန်းဆီး ကို မ ကာ ဖေဖေအော်လိုက်သံကို ကြားလိုက်ရ၏။ ကျမက ကုတင်ပေါ်မှနေ၍ အံအား သင့်နေသည်။
''နင့်အိမ်ကိုလေ ငါဘယ်တော့မှပြန်မလာတော့ဘူး၊ မောင်မောင့် အိမ် မှာ တနေ့ဟင်းရှစ်ခွက်နဲ့ စားရ တယ်၊ သိလား''

ကျမမှာ ကုတင်ပေါ်မှနေ၍ ဒေါသဖြစ်သည်မှာ အလွန်ပါပင်တည်း။ ''ငါ့အဖေ ငါ့စေတနာကို မသိလေ ခြင်း''ဟူ၍ မျက်ရည်ပေါက်ပေါက်ကျလာသည်။ ချက်ခြင်းပင် ကုတင်ဘေးစားပွဲပေါ်မှ စာရွက်တခုဆွဲယူ ကာ ရေးလိုက်၏။
''တနေ့ ဟင်းရှစ်ခွက်စားနိုင်သော ဖေဖေ့သားအိမ်၌ တသက်လုံးနေပါ၊ သမီးကတော့ ဟင်းသုံးခွက်ပင် ကျွေး နိုင် ပါသည်။ သမီးသေပြီဟု ကြားတောင်မှ သမီးဆီကိုမလာပါနှင့်''
ကျမသည် ယခုတခါ စိတ်အလွန်ကိုဆိုးပါသည်။ သူဘာနှင့်လာ၍ ဘာနှင့်ပြန်သည်ကိုပင် ထ၍မကြည့် တော့။

နောက်နေ့တွင် ကိုကို လာကြည့်၏။ သူက ရောဂါအကြောင်းမေးပေမင့် ရောဂါအကြောင်း ကျမမဖြေပါ ပေ။
''ကိုကို က တနေ့ကို ဟင်းရှစ်ခွက် နဲ့ ဖေဖေ့ကို ကျွေးတယ်ဆို၊ မနေ့က ဖေဖေ မယုကိုလာပြီး ရန်တွေ့ တယ်'' ကျမက မေးလိုက်၏။
''မယုရယ်… ဖေဖေ့အကြောင်း ခေါင်းထဲမထည့်နဲ့တော့ ကိုယ့်ကျန်းမာရေးသာ ကိုယ်ဂရုစိုက်၊ လူဆယ် ယောက် ဆယ့်ငါးယောက်ရှိတဲ့ ကိုကိုတို့လိုအိမ်မှာ ခုခေတ်ဈေးနဲ့ ဟင်းရှစ်ခွက်စားဖို့နေနေသာသာ တ နေ့ သုံးခွက် စား ဖို့ မနဲလုပ်ရဒါ၊ ဘဲ့နဲ့နေကောင်းလား''

ကျမက ဘာမှမဖြေတော့ပါ မျက်ရည်တွေသာ လည်လာပါသည်။ ကိုကိုပြန်သွားမှ ရှိုက်ကြီးတငင် ငိုမိ သည်။ ကိုကို့ အိမ်ကို ဖေဖေသွားနေစဉ် အတောအတွင်းမှာပင် လစဉ် ငါးချောက်၊ အိုဗာတင်း၊ နို့ဆီ၊ သ ကြား၊ ကော်ဖီမှုံ့၊ လဘက်ခြောက်အချို၊ တလစာ တလစာ အိမ်က ကရင်မလေးကိုယ်တိုင် သွားပို့ခိုင်း၏။
ကျမနောက်ပိုင်းတွင်တော့ မငိုတော့ ငယ်ငယ်က ဖိုးစိန်ကြီးဇာတ်ထဲက သီချင်းကို သွားသတိရ၏။

''ကံဆိုးတဲ့ဇိန္နမာယူရယ်၊ ရန်ငြိုးမဖွဲ့လေနဲ့ သံသရာမှာမြော။ မင်းကဆိုးရင် မင်းဘဲငရဲကြီးမယ်၊ ငါကဆိုးရင် မင်းဘဲငရဲကြီးမယ်…''
ထိုသီချင်းအတိုင်းပင် မိဘနှင့်သားသမီး ကျမရင်ထဲအမျက်ဖြစ်လေသမျှ ကျမသံသရာမှာသာ မြောရ တော့မည် ကြောက်လိုက်ပါဘိ၊ (ဤသံသရာ) သူ့ကိုကြောက်၍ ပြေးရသည်မှာအမော၊ စင်စစ် ဤသံသ ရာကို ဘယ်သူကမှမစ။ ကျမကစခဲ့၍ ကျမတွယ်တာ၍ ကျမမောခဲ့ရခြင်းဖြစ်ပါတည်း။ ကျမကစ၍ ဖြတ် မှဟူ၍ သဘော ပေါက်သည့်တပြိုင်နက် ကျမရင်ထဲတွင် ပထမဆုံးငြိမ်းတော့သည်။ နောက်ပိုင်းတွင် တော့ အားထုတ် ပြီးသောတရားကို ရက်ပိုင်းနှင့် ဒိဋ္ဌာန်၍ ထပ်ခါထပ်ခါအားထုတ်သည်၊ နောက်ကိုလည်း အားထုတ် ရအုံးမည်။ ဆရာမင်းသုဝဏ်၏ကဗျာလေးကို ကျမ ခဏ ခဏရေရွတ်မိ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လေအဟုန် လျှပ်စီးနဲ့ အမြင့်ခရီးကိုလှမ်းခဲ့တယ် အပိုင်း (၁၉)

"ဥရောပနှင့် အာရှအလယ်ပိုင်းမှ လူများသည် လေရဟတ်ကို ရေစုပ်စက်အဖြစ်၊ ဂျုံကြိတ်စက် အဖြစ် အသုံးပြု ခဲ့ကြသည်။ သည် လေရဟတ်ကြီးတွေ စုပေါင်းလိုက်လျှင် လျှပ်စစ်ဓာတ်အားပေး စက်ရုံကဲ့သို့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးနိုင်သည်"
ကျွန်တော့်ခေါင်းထဲတွင် လျှပ်စီးတစ်ချက် လက်သွားတယ်။ ကျွန်တော် ငယ်ငယ်က ကစားခဲ့တဲ့ စကြာလိုပဲ၊ လေတွန်းအား ကြောင့် ပန်ကာရွက်ကြီးတွေ လည်ပတ်ကြတယ်၊ အိမ်ကိုလာလည်တဲ့ ဧည့်သည်ရဲ့ စက်ဘီးက ဒိုင်နမိုကို ကျွန်တော် ပြေးသတိရလိုက်တယ်။ ခြေနင်းကို လှည့်ပြီး ကျွန်တော်တို့ ရေဒီယို နားထောင်ခဲ့ တယ်လေ။ သီချင်းလာနေခိုက်မို့ ကကြသေးတယ်လေ။

"မောင်နှင်အား သို့မဟုတ် တွန်းအားဖြင့် လျှပ်စစ်ဓာတ်အား ရရှိနိုင်သည်"
လက်စသတ်တော့ ဒိုင်နမိုဟာ ဒါပဲဆိုတာ သဘောပေါက်လာတယ်။ လေရဟတ်ကြီးတွေမှာတော့ မောင်နှင်အား ဟာ လေပေါ့။ ဒိုင်နမိုထဲက သံလိုက်ကို လည်စေတာနဲ့ အတူတူပေါ့။ စက်ဘီးက မီးလုံး လင်း လာတာဟာ ဒီသဘောပဲပေါ့။ ကျွန်တော့်အတွက် အလိုအပ်ဆုံးဟာ လေရဟတ် ဖြစ်လာပါပြီ။ မီးလင်းအောင် လုပ်နိုင်ရင် ရေနံဆီမီးခွက် မလိုတော့ဘူးပေါ့။ မျက်စိတွေ ကျိန်းစပ် မနေတော့ဘူးပေါ့။ ရေနံဆီငွေ့ တွေ ကိုလည်း မရှူရှိုက်ရတော့ဘူးပေါ့။ မာလာဝီတစ်နိုင်ငံလုံးနဲ့ အတူ ညခုနှစ်နာရီမှာ အိပ်ရာဝင်ဖို့ မလိုတော့ဘဲ တစ်ညလုံး စာဖတ်လို့ ရပြီပေါ့။

ဒါထက် ပိုအရေးကြီးတာကတော့ လေရဟတ်တစ်ခုဟာ မြေအောက်ရေကို စုပ်ယူနိုင်တဲ့ အချက်ပါပဲ။ ဒါဆို တမန်တုတ်ပြီး ရေလွှတ်လို့ ရပြီပေါ့။ အငတ်ဘေးက လွတ်ခါစ၊ လူတွေအားလုံး အင်အားချည်နဲ့နေချိန်မှာ ရေရရှိရေးဟာ လွှတ်အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ရေရမယ် ဆိုရင် တစ်နှစ်ကို နှစ်သီးစိုက်လို့ ရပြီပေါ့။ ဆေးရွက်ကြီး ပျိုးခင်းတွေကို ခါးကျိုးမတတ် ရေထမ်းလောင်းရတဲ့ ဘ၀ကလည်း ကျွတ်ပြီပေါ့။ အချိန်လည်း မကုန်တော့ဘူးလေ။ လေရဟတ်နဲ့ ရေစုပ်စက်တစ်လုံးရှိရင် အိမ်မှာလည်း စားပင်တွေ အလျှံပယ် စိုက်နိုင်တော့မယ်။ အမေက ခရမ်းချဉ်တွေ၊ အာလူးတွေ စိုက်လိုက်မယ့် ဖြစ်ခြင်း။ ဂေါ်ဖီထုပ်တွေ၊ မုန်ညင်းတွေ၊ ပဲပုပ်ပင်တွေ အတန်းလိုက် စိမ်းစိုနေတဲ့ အမေ့ခြံကို ကျွန်တော် မြင်ယောင် ကြည့်နေမိပါတယ်။

အလျှံပယ် စားပြီး ဈေးထဲမှာလည်း ကုန်စိမ်းဆိုင် ဖွင့်နိုင်ဦးမယ်။ နပ်ကျော်စားရတဲ့ဘ၀မျိုး၊ ကျောင်းလခ မပေးနိုင် လို့ ကျောင်းထွက်ခဲ့ရတဲ့ ဘ၀မျိုးတွေက လွတ်မြောက်တော့မှာ။ လေရဟတ် တည်ဆောက်နိုင်ရင် အနိဋ္ဌာရုံ အမှောင်ဘ၀၊ ဆာလောင်မွတ်သိပ်ခြင်းဘ၀က လွတ်မြောက်တော့မှာပါ။ မာလာဝီမှာ လေဆိုတဲ့ ဘုရား ပေးတဲ့ လက်ဆောင်ပစ္စည်းတွေ ပေါများလှပတယ်။ နေ့ရောညပါ သစ်ပင်ထိပ်ဖျား တွေ ယိမ်းနွဲ့ နေအောင် တိုက်ခတ်နေတာပါ။ လေရဟတ်က စွမ်းအင်သင်္ကေသာ မကဘဲ လွတ်မြောက်မှုရဲ့ အမှတ်အသား လည်း ဖြစ်ပါတယ်။

စာအုပ်ကို ငုံ့ကြည့်ပြီး လေရဟတ်တစ်ခု ဖြစ်အောင် ဆောက်မယ်လို့ ကျွန်တော် သိန္နိဋ္ဌာန်ချလိုက် ပါတယ်။ ဒီအလုပ်မျိုး ကို ကျွန်တော် တစ်ခါမှ အိပ်မက် မမက်ဖူးပါဘူး။ ဒါပေမဲ့ သူများတွေ လုပ်နိုင် ရင် ကျွန်တော် လည်း လုပ်နိုင်ရမှာပေါ့။ ကျွန်တော့်ကိုယ်ကျွန်တော် စိတ်ချယုံကြည်မှု အပြည့်နဲ့ ဆုံးဖြတ်လိုက်တာပါ။

ကျွန်တော် တည်ဆောက်မယ့် လေရဟတ်က အကြီးကြီးပါ။ ဒါပေမဲ့ နမူနာအဖြစ် အသေးတစ်ခု ဆောက်ပြီး စမ်းသပ် ဖို့ လိုပါလိမ့်မယ်။ စာအုပ်ထဲက ပုံတွေကို လေ့လာပြီး လိုအပ်မယ့် ပစ္စည်းတွေကို စီချရေးလိုက် ပါတယ်။ ပန်ကာရွက်တွေ လိုမယ်၊ ၀င်ရိုးနဲ့ ဆုံလည်လိုမယ်။ ၀ိုင်ယာကြိုးတွေ လိုမယ်။ ပြီးတော့ ပန်ကာရွက်တွေလည်ရာကနေ ရလာမယ့် လျှပ်စစ်ဓာတ်အား ထုတ်ပေးမယ့် ဒိုင်နမိုလို ပစ္စည်း လိုမယ်။ ကျွန်တော့်နဲ့ဂျက်ဖရီ ငယ်စဉ်မှာ စကြာလုပ်တုန်းကတော့ စက္ကူကပ်ပြားတွေကို ဖြတ်တောက် ပြီး ပန်ကာရွက် လုပ်ခဲ့ကြတယ်။

ခု နမူနာလေရဟတ် ဆောက်မယ်ဆိုတော့ ဒါထက် တောင့်မှ ဖြစ်မယ်။ မေလက်စ်နဲ့ ရို့စ်တို့ နှစ်ယောက် ဆော့နေတဲ့ ပလတ်စတစ်ရေမွှေးဘူးခွံကို တောင်းပြီး အောက်ပိုင်းကို လွှနဲ့ တိုက်ဖြတ်ပစ် လိုက်တယ်။ သူက အ၀ိုင်း ဆိုတော့ ဖြတ်ပြီးသား အပိုင်းကို ထောင်လိုက် စိတ်လိုက်တယ်။ အားလုံး လေးစိတ်ရတော့မှ ပန်ကာရွက် လုပ်တယ်။ မီးပေးပြီး ဖြန့်ချလိုက်ရုံပဲလေ။ တစ်ခါ ရေမွှေးဘူးအဖုံးကို သံချွန်နဲ့ ထိုးဖောက် လိုက်တယ်။ ပြီးတော့ ၀ါးလုံးတစ်လုံးမှာ သံရိုက်ပြီး ထောင်ထားလိုက်တယ်။ လေတော်တော်ပြင်းမှ မဆို သလောက်ပဲ လည်တယ်။ ပန်ကာရွက်ကို တိုနေတာကိုး။ ဟုတ်ပြီ။

အဒေါ်ခရစ်စီရဲ့ ရေချိုးခန်းအပြင်မှာ မြေကြီးထဲ မြုပ်နေတဲ့ ပလတ်စတစ် ပိုက်လုံးအပိုတွေကို သွားသတိ ရတယ်။ ပြေးယူပြီး လိုသလောက် ပိုင်းလိုက်တယ်။ ပြီးမှ ထောင်လိုက် ခွဲချလိုက်တယ်။

အမေ့မီးဖိုးချောင်းထဲ ၀င်ပြီး ပိုက်လုံးကို မီးပြ၊ ပူလာတော့ ဖြန့်ပေါ့။ ဒီလိုနဲ့ စင်တီမီတာနှစ်ဆယ်လောက် ရှည်တဲ့ ပန်ကာရွက် လေးရွက်ရလာတယ်။
အပေါ်ဖောက်ဖို့ကျတော့ ကျွန်တော့်မှာ လွန် မရှိဘူး။ လွယ်ပါတယ်၊ သံချောင်းရှည်ရှည်ကို မီးဖုတ်ပြီး ဖောက်တာ ပေါ့။ ပြီးတော့ ၀ိုင်ယာကြိုးနဲ့ ဆက်ပေါ့။ လိန်စရာ ပလာယာမရှိတောည ကွင်းလေးတွေ လုပ်ပြီး စက်ဘီး စပုတ်တိုင်နဲ့ လှည့်ချည်တာပေါ့။ အဲဒီအချိန်မှာ အမေ ရောက်လာပြီး စက်ဘီးစပုတ်တိုင် နဲ့ မီးဖိုချောင် မှာ ကျွန်တော့်ပစ္စည်းတွေ ရှုပ်ပွနေတာကိုး။

"နင် ဘာလာရှုပ်နေတာလဲ၊ ခုချက်ချင်း ရှင်း"
ကျွန်တော် ကျွန်တော့်လေရဟတ်စီမံကိန်းကို ရှင်းပြပါတယ်။ အမေ နားမ၀င်ပါဘူး။ သူ့မျက်စိထဲမှာ အမှိုက်ရှုပ် နေတာပဲ မြင်တယ်။
"ပေါက်ပေါက်ရှာရှာတော်၊ ကစားစရာ ရှားလွန်းလို့၊ သွား ကွင်းထဲ လိုက်ပြီး နင့်အဖေကို ကူချေ"
"ဟာ့ အမေကလည်း ကျွန်တော် ဒီမှာ အရေးတကြီး ဆောက်စရာ ရှိနေပါတယ်ဆိုမှ"
"ဘာဆောက်မှာလဲ"
"အနာဂတ်အတွက် ကျွန်တော်"
"အေး အနာဂတ်အတွက် နင့်အဖေနောက်လိုက်သွား"
အမေ့ ကို ရှင်းပြနေဖို့ အပိုပါပဲ။ လောလောဆယ် ဒိုင်နမိုတစ်ခု ရှာရမယ်။ ဒါမှမဟုတ် မောင်းနှင်အားနဲ့ လျှပ်စစ် ထုတ်ပေးနိုင်တဲ့ပစ္စည်းတစ်မျိုး ရှာရမယ်။

ဒိုင်နမို ဘယ်ကရမလဲဆိုတာ နှစ်ရက်လုံးလုံး ကျွန်တော် စဉ်းစားရတယ်။ ၀ယ်လို့တော့ ရတာပေါ့။ ဒါပေမဲ့ ကျွန်တော့် မှာ ပိုက်ဆံမှ  မရှိတာ။ ဈေးထဲက ကုန်မာဆိုင်မှာ မော်တာတစ်လုံး ရောင်းဖို့ရှိတာကို တော့ ကျွန်တော် သတိထားမိတယ်။ အငတ်ဘေးမကျမီကပါ။ ကျွန်တော် ပြေးကြည့်ပါတယ်။ ဒိုင်နမို ဟာ သူ့နေရာ မှာ ရှိနေတုန်းပါပဲ။ ဆိုင်ရှင်ဒါဝတ်က မူဆလင် ဦးထုတ်ဆောင်းထားတယ်။ ပြီးတော့ မူဆလင် ၀တ်ရုံ ရှည်ကြီး နဲ့။  ကျွန်တော်က အတတ်နိုင်ဆုံး ပြုံးပြီး
"နေကောင်းလား မစ္စတာဒါဝတ်"
"ကောင်းပါဗျာ့"

"မိသားစုကော"
"အားလုံးကောင်းပါတယ်ကွာ၊ ကျေးဇူးတင်ပါတယ်"
"ခင်ဗျားနောက်က ဒိုင်နမို ဘယ်ဈေးလောက် ပေါက်သလဲဗျ"
"ငါးရာ"
"အင်း ငါးရာတော့ ဘယ်တတ်နိုင်မလဲဗျာ"
သူက ရယ်ပြီး
"ဒီကောင် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မင်း သိမှာပါ။ လိုချင်ရင် ပိုက်ဆံသွားရှာလေ။ ပြီးတော့ ပြန် လာ ခဲ့ပေါ့"

ပိုက်ဆံ ရပေါက်ရလမ်းများ ပျံကျအလုပ်တွေ ရှာလုပ်ဖို့ တစ်နည်းသာ ရှိပါတယ်။ လောလောဆယ် ကုန်တင် ကုန်ချ အလုပ်တော့ ရှိမယ် ထင်ပါတယ်။ ကားပေါ်က ပစ္စည်းတွေ သယ်ချတဲ့ အလုပ်က တစ်ရာရတယ် ကြားဖူးတယ်။ တစ်ပတ်လောက် လုပ်လိုက်ရင်တော့ ၀ယ်နိုင်ကောင်းပါရဲ့၊ ဒါပေမဲ့ နေပူ ကျဲကျဲမှာ သေလု အောင် ပင်ပန်းတဲ့အလုပ်မျိုးပါ။
ကုန်သည်တစ်ယောက်ဆီမှာ သွား စုံစမ်းတော့ တနင်္လာနေ့ကလွဲရင် နေ့တိုင်းကားအ၀င်ရှိတယ်လို့ သိ ရတယ်။ အဲဒီနေ့က တနင်္လာနေ့ပါ။

အဲဒီညမှာ ကျွန်တော် အကြံတစ်ခု ရပါတယ်။ ကျွန်တော် တည်ဆောက်မယ့် နမူနာ လေရဟတ်မှာ စက်ဘီး ဒိုင်နမို သုံးလို့ ရနိုင်တာပဲ။ ပိုက်ဆံ မကုန်ဘဲ ဘယ်မှာရှာရမယ်ဆိုတာ ကျွန်တော် တွေးမိလာ တယ်။
ဂျက်ဖရီ့အိမ်ဆီကို ကျွန်တော် ထွက်လာခဲ့တယ်။
"ဂျက်ဖရီရေ့ မော်တာလေးဖြုတ်ယူ၊ လျှပ်စစ်ဓာတ်အား ထုတ်တဲ့နေရာမှာ သုံးကြည့်မလို့"
"လျှပ်စစ်ဓာတ်အား ဟုတ်လား"
"ဟုတ်တယ်၊ လေရဟတ်ကနေ ထုတ်ယူမှာ"

ဂျက်ဖရီက ကွင်းထဲမှာ အမြဲတမ်း အလုပ်များနေလို့ ကျွန်တော်နဲ့ ဂီးလ်ဘတ် စာကြည့်တိုက်သွားရင် ဘယ်တော့ မှ မပါပါဘူ။ သူ စိတ်လည်း မ၀င်စားဘူး၊ ခေါ်လို့လည်း ဘယ်တော့မှ မရဘူး။
"မင်းတို့ဘာသာ သွားကြပါကွာ၊ အဓိပ္ပာယ်မရှိ၊ ငါ အချိန်ကုန် မခံနိုင်ပါဘူး" လို့ ပြောတတ်ပါတယ်။
ကျွန်တော် က ကျွန်တော့်ရဲ့ လေရဟတ် စီမံကိန်းအကြောင်း ပြောပြတော့ သူ နားမလည်ဘူး။
"မင်း အဲဒီအဓိပ္ပာယ် မရှိတာတွေ ဘယ်ကရတာလဲ"
"မင်းစာကြည့်တိုက်က"

စက်ဘီးစပုတ်တံကို တူနဲ့ထုပြားပြီး လုပ်ထားတဲ့ ၀က်အူလှည့်နဲ့ ရေဒီယို အဖုံးကို ဖွင့်လိုက်ပါတယ်။ အဖုံးမှာ ကပ်နေ တဲ့ မော်တာကလေးကို ကျွန်တော် သွားတွေ့တယ်။ အရှည်က ကျွန်တော့် လက်ညှိုး တစ်ဝက် လောက် ရှိပြီး အလုံးက အေနှစ်လုံးဓာတ်ခဲအရွယ်ပါ။ တစ်ဖက်ထိပ်မှာ သတ္တုပြားကလေး တစ်ချပ် ကပ်ထားတယ်။ သူ့ထိပ်မှာ ကြေးနဲ့ လုပ်ထားတဲ့ ပူလီဘီးကလေး တတ်ထားတယ်။ ဘီးကလေးမှာ ရော်ဘာကြိုး ကွင်းလေးပါတယ်။

မော်တာကလေးကို ကျွန်တော် ညင်ညင်သာသာ ဖြုတ်လိုက်ပါတယ်။ ပြီးတာနဲ့ ပန်ကာရွက်တပ်ထားတဲ့ ၀ါးလုံးမှာ ပူးချည်လိုက်ပါတယ်။ ကြေးဘီးလုံးကလေးနဲ့ ပန်ကာရွက်အရင်းကို မော်တာက ပါလာတဲ့ ရော်ဘာကြိုး ကွင်းကလေးနဲ့ ချိတ်လိုက်ပါတယ်။ ပန်ကာရွက်ကို လှည့်ကြည့်တော့ ကြိုးကွင်း မလည်ပါ ဘူး။ ချောင် နေတယ်။ ဒါနဲ့ ရော်ဘာဖိနပ်ကို ကျွန်တော့် လက်ဖြတ် စည်ပတ်သံပြားနဲ့ လုပ်ထားတဲ့ ဓားဦးချွန်နဲ့ ၀လုံး သဏ္ဍာန် ကို ၀ါရှာ ကလေး လုပ်ပြီးတော့ ကြေးဘီးကို စွပ်လိုက်တယ်။ ဒီတော့မှ ကြပ်သွားပြီး ပန်ကာရွက် လှည့် တဲ့ အခါ မော်တာလိုက် လည်ပါတော့တယ်။

ကျွန်တော်နဲရ ဂျက်ဖရီ အဲဒါတွေ လုပ်ရတာ တစ်နာရီကျော် ကြာသွားပါတယ်။
နောက်တစ်ဆင့်က မော်တာ အလုပ် လုပ် မလုပ် လျှပ်စစ် ထွက် မထွက် စမ်းဖို့ပါပဲ။ ဂျက်ဖရီက ပန်ကာ ရွက်တွေ ကို လှည့်နေတုန်း မော်တာက ထွက်လာတဲ့ ၀ိုင်ယာနှစ်စကို ကျွန်တော် လျှာနဲ့ တို့ကြည့်တယ်။
ဂျက်ဖရီ က မေးတယ်။

"ဘယ်လိုနေလဲ"
"ယားကျိကျိ  ဖြစ်လာတယ်"
"ဟေ့ ဒါဆို အိုကေတာပေါ့"
ဂျက်ဖရီ့ ပန်နာဆိုးနစ် ရေဒီယိုကလေးနဲ့ ကျွန်တော်ရဲ့ သုတေသန လုပ်ငန်းကို စကြတာပါ။ ဂျက်ဖရီက နောက်ဆုံး ဖွင့်ပြီး ဓာတ်ခဲတွေ ထုတ်ပစ်လိုက်တယ်။ ပြီးတော့ ကြိုးနှစ်စ ထုတ်လိုက်တယ်။ အဖိုတစ်ဖက် အမ တစ်ဖက်။ ဒါတွေကို စာအုပ်ဖတ်ထားလို့ သိတာပါ။

ရေဒီယိုက ဘက်ထရီနဲပ အလုပ်လုပ်တာပါ။ ဘက်ထရီက ဒီစီ ဓာတ်အား ထုတ်ပေးပါတယ်။ စက်ဘီး ဒိုင်နမို က ထွက်တာက အေစီပါ။
"ဘယ်ဥစ္စာက အဖို၊ ဘယ်ဥစ္စာက အမ ဘယ်လိုလုပ် သိမလဲ"
ဂျက်ဖရီက မေးပါတယ်။

"ကြိုးဆက်လိုက်လို့ ရေဒီယိုက အသံထွက်လာရင် အဖို အမ ဆက်တာ မှန်လို့ပေါ့"
"ကဲ့ ကြည့်ရအောင်"
သူက ခဏစောင့်ပြီး
"ဘာသံမှ မကြားရပါလား"
"လေအလာကို စောင့်ရမှာပေါ့"
ပြောရင်းဆိုရင်းပဲ လေတိုက်စ ပြုလာတယ်။ ပန်ကာရွက်တွေ တဖြည်းဖြည်း လည်လာတယ်။ နည်းနည်းလေး အရှိန် ရလာတာနဲ့ ရေဒီယိုက လေချွန်သံ ထွက်လာပြီး တစ်ဆက်တည်းလိုလိုမှာပဲ သီချင်းသံ ထွက်လာ ပါတော့တယ်။ ရေဒီယိုတူးက လွှင့်တဲ့ ဂန္ထ၀င်သီချင်း။

"မောရှလို ငါတို့တတွေကို ကိုယ်တော် ရွေးလိုက်ပြီး အစဥ့်"
ကျွန်တော် ထခုန်လိုက်ပါတယ်။ ကံကောင်းလို့ ကြိုးတွေကို မကန်မိတာပါ။
ကျွန်တော် တအားအော်လိုက်မိပါတယ်။
"အောင်ပြီးဟေ့ အောင်ပြီ"
"အေး မင်းပြောတဲ့အတိုင်း တကယ် ဖြစ်လာပြီနော်"
ဂျက်ဖရီက ၀မ်းသာအားရ ပြောပါတယ်။

"ဒါက စမ်းသပ်တဲ့အဆင့်ပဲ ရှိသေးတယ်။ ဂျက်ဖရီ။ လေရဟတ်အကြီးကြီး ဆောက်ဦးမှာ"
"အေး ဟုတ်ပြီ"
စမ်းသပ်ကာလ အောင်မြင်စွာ ပြီးဆုံးသွားတဲ့အခါမှာ တကယ့် လုပ်ငန်းကြီးစဖို့ ကျွန်တော် ပြင်ဆင်ပါ တော့တယ်။ ကျွန်တော့်ခေါင်းထဲမှာ လေရဟတ် ပုံစံကို အလွတ်ရနေလို့ ပုံချဆွဲဖို့ မလိုတော့ပါဘူး။ ပန်ကာရွက် တွေကို ပလတ်စတစ်ပိုက် အကြီးစား၊ အထူစားနဲ့ပဲ လုပ်ဖို့ စိတ်ကူးထားပါတယ်။ ဆုံလည် အတွက် တော့ သံပြားဝိုင်းအထူကြီး တစ်ချပ် ရှာပါမယ်။ ၀င်ရိုးကိုတော့ စက်ဘီးခြေနင်းဆုံကို ဖြုတ်ပြီး သုံးလို့ ဖြစ်ပါတယ်။ ပန်ကာရွက်တွေကို အဲဒီမှာ တပ်မယ်လေ။ လေလာလို့ရှိရင် ပန်ကာရွက်ရယ်၊ ခွေးသွားစိပ် ဘီးရယ်ကို ကြိုးမှာ ဆွဲလှည့်ပါလိမ့်မယ်။ အဲဒီမှာယ နောက်ဘီးလည်လာမယ်။ အဲဒီအခါ ဒိုင်နမိုလည်ပြီပေါ့။

ဘာကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် သေချာနေတာလည်း မသိပါဘူး။ ဒါပေမဲ့ သေးသွေးကွေးကွေး အလုပ် မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော် သိနေပါတယ်။ ကျွန်တော့်မှာ လိုအပ်တဲ့ ပစ္စည်းတစ်ခုမှ မရှိပါဘူး။ ဒီပြဿနာကို ကျွန်တော် ရေဒီယို စမ်းသပ်တနုးကလို ကိုယ့်ဘာသာ ကိုယ် ဟိုရှာဒီရှာနည်း နဲ့ပဲ ကျော်ဖြတ် ရမှာပါ။
နောက်လထဲမှာ ပစ္စည်းရှာပုံတော် ဖွင့်ပါတော့မယ်။ ရွှေရှာတဲ့လူလို သဲသဲမဲမဲ ရှာပါတယ်။ ပစ္စည်းရှာဖို့ အကောင်းဆုံး ကတော့ ကာချိုကိုလို ကျောင်းနဲ့ မျက်နှာချင်းဆိုင်က သံပုံချိုင့်လို့ခေါ်တဲ့ စွန့်ပစ်ပစ္စည်း ၀င်းကြီးပါပဲ။ တစ်ချိန်တုန်းက ဧရာမဆေးရွကကြီး လုပ်ငန်းကြီးတစ်ခုပါ။

 နောက်ပိုင်းကျတော့ ကားပျက် တွေ၊ လယ်ထွန်စက်အပျက်တွေ စွန့်ပစ်ထားရာကနေပြီး စက်ပစ္စည်း အဟောင်း အပျက်မျိုးစုံ စုပုံရာ နေရာ ဖြစ်သွားပါတယ်။ ခုတော့ အားလုံး သံချေးတက်ပြီး သံပုံချိုင့်ဘ၀ကို ရောက်နေ ပါပြီ။ အဲဒီ ကျောင်းကို မတက်ခင်က ကျွန်တော်နဲ့ ဂီးလ်ဘတ် အဲဒီနေရာကို ရောက်ဖူးပါတယ်။ ကာချိုကိုလိုသား တွေက ၀င်ဘီက ကောင်တွေထက် ပိုသန်တယ်ကြားလို့ ကျွန်တော်တို့ ရောက်သွားတာပါ။ ၀ိတ်မဖို့ ပစ္စည်းတွေ သွားရှာတာလေ။ ကျွန်တော်တို့က တရုတ်ကရာတေးသမား ဘိုလိုယောင်းကို သိပ်အားကျ နေချိန်ပေါ့။ ဒါပေမဲ့ မကြာခင် သရောကြီးခိုင်းလို့ ကျွန်တော်တို့ နောက်ထပ် မသွား ဖြစ်တော့ပါဘူး။

ဒီတစ်ခါ ရောက်လာတာကတော့ တီထွင်မှုတစ်ခုအတွက်ပါ။ ချောင်းတွေဖြတ်၊ တောင်တွေကျော်ပြီး ကာချိုကိုလိုကို ကျွန်တော် ကုန်းကြောင်းလျှောက်သွားပါတယ်။ အငတ်ဘေးမကျရောက်ခင်ကနဲ့ ရှုခင်း တွေ သိပ်မကွာ ပါဘူး။ မြက်တောတွေ ထူလျက်ပါပဲ။ ပြောင်းခင်းတွေတော့ စိမ်းစိုလို့ နေပါတယ်။
သံပုံချိုင့်ဝင်းထဲရောက်တော့ ကျွန်တော် အရမ်းပျော်သွားပါတယ်။ နည်းနည်းနောနော ပစ္စည်းတွေလား။ ရေစုပ်စက် အဟောင်းတွေ၊ ထွန်စက်ဘီး အစုတ်တွေ၊ ဆီပိုက်တွေ၊ လေပိုက်တွေ၊ ထွန်စက်အသွားတွေ စုံလို့ပါပဲ။

နိုင်ငံခြားသား ခရီးသွား လုပ်ငန်းက ကားပျက် ကိုယ်ထည်တွေလည်း အပုံအပင်ပါပဲ။ လယ်ထွန်းစက် အပျက်က နှစ်စီး၊ အပြာရောင် ဆေးတွေကတော့ ရေးရေးပဲ ကျန်ပါတော့တယ်။ လယ်ထွန်စက်တွေက တာယာ တွေ အင်ဂျင်တွေ မရှိတော့ပါဘူ။ သံချေးတက်နေတဲ့ ဂီယာအုံကတော့ သည်အတိုင်း ရှိနေ ဆဲပါပဲ။ ဘရိတ်တွေ လက်ကိုင်ဘီးတွေလည်း ဖြုတ်မယူကြသေးဘူး။ မှန်တွေလည်း ကွဲနေပါ ပြီ။ မြက်ပင်တွေက ဖုံးတော့မယ့် ဆဲဆဲ။

အင်း ရွှေမိုင်းတော့ တွေ့ပြီလို့ စိတ်ထဲ ထင်လိုက်ပါတယ်။ ပျော်စရာ အကောင်းဆုံးကတော့ ဒီဝင်းကြီး ဟာ ပိုင်ရှင်မဲ့ ဖြစ်နေတာပါပဲ။ ပြီးတော့ ကျွန်တော်တစ်ယောက်တည်း။ အဲဒီနေ့မှာပဲ လယ်ထွန်းစက် ဘေး ပြုတ်ကျနေတဲ့ ရေတိုင်ကီ ပန်ကာတစ်ခု ကျွန်တော် ရခဲ့ပါတယ်။ "တိုင်း၍ ယက်သည့် ပက္ကလာ၊ မိုးရွာသည်နှင့် အဆင့်သင့်" ဆိုတဲ့အတိုင်းပါပဲ။ ကျွန်တော်လုပ်မယ့် ဆုံလည်နဲ့ ဒီပန်ကာရွက်တွေမှာ ဖောက်ပြီး မူလီစုပ်လိုက်ရုံပေါ့။ ပြီးတော့ တုန်ခါမှုကို ထိန်းတဲ့ "ရှော့အဗ်ဇော်ဘာ" တစ်ခုလည်း လယ်ထွန်စက်တစ်စီးက ရခဲ့ပါသေးတယ်။ မနည်း ထုရိုက်ပြီး ဖြုတ်ခဲ့ရပါတယ်. အဖုံး သံပိုက်ကွဲသွား တော့မှ အတွင်းက ပစ်စတင် ချောင်းကို လွယ်လွယ်ကူကူ ရခဲ့ပါတယ်။

ပွတ်တိုက်မှုနည်းအောင်နဲ့ လည်ပတ်နှုန်းကောင်းအောင် သူနဲ့ တော်တဲ့ ဘောလ်ဘယ်ရင် တစ်ခုလည်း လို ပါသေးတယ်။ ကြိုးကလေးတစ်ချောင်းနဲ့ ရှော့ဘားလုံးပတ်ကို တိုင်းပြီး အပျက်အစီးတွေထဲမှာယ ရှိသမျှ ၀င်ရိုးတွေကို လိုက်ရှာတယ်။ ၀င်ရိုးနဲ့ တွဲနေတဲ့ ဘောလ်ဘယ်ရင်တွေကို တိုင်းပါတယ်။ ကိုက်တဲ့ ဆိုက်ကို တော်တော်နဲ့ မတွေ့ပါဘူး။ သုံးရက်မြောက်တဲ့နေ့ကျမှ အံကိုက် ဘယ်ရင်တစ်ခုကို မြေပဲခွဲတဲ့ စက်ဟောင်းကြီး တစ်ခုကနေ ကျွန်တော် ရခဲ့ပါတယ်။ မကွဲအောင် တဖြည်းဖြည်းချော့ပြီး သံချေးခွာ ပါတယ်။ ပြီးတော့မှ ဖြည်းဖြည်းချင်း ရိုက်ထုတ်ရတော့ နှစ်နာရီလောက် ကြာသွားတယ်။

ကျွန်တော့် လက်တွေ ပေါက်ပြဲကုန်ပြီး သွေးခြေဥလာတယ်။ မလျှော့နဲ့၊ မလျှော့နဲ့၊ ဘိုလိုယောင်းကို စိတ်ထဲမှာ မှတ်။ တရုတ်မင်းသားက အဲဒီလိုအခန်းတွေမှာ သူ့လက်ကို သဲပူထဲမှာ မြှုပ်လိုက်တယ်။  အဲဒီအခါ သူ့ လက်ဖ၀ါးတွေ သံမဏိလို မာလာတယ်။ ကျွဲပခုံးထလာတယ်။ အဲဒီလိုလည်း ကိုယ့်ကိုယ်ကိုယ် အားပေး ရပါတယ်။ နောက်ဆုံးမှာ ဘောလ်ဘယ်ရင်ကလေးကို အကောင်းပကတိအတိုင်း ရခဲ့ပါတယ်။ အပင်ပန်း ခံရကျိုးနပ်သွားတယ်လို့ ဆိုရမှာပါ။

မျက်နှာချင်းဆိုင်မှာရှိတဲ့ ကာချိုကိုလိုကျောင်းကို ကျွန်တော် မကြာခဏ လှမ်းကြည့်မိတယ်။ ကျွန်တော် သိပ်တက်ချင်ခဲ့တဲ့ အထက်တန်းကျောင်းလေ။ ကျောင်းပိတ်ထားတော့ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေပါတယ်။ ခုံလွတ် တစ်လုံးမှာ ထိုင်နေတဲ့ ကျွန်တော်ပုံရိပ်ကို ပြတင်းပေါက်တစ်ပေါက်ကနေ မြင်ယောင် ကြည့်မိပါ သေးတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, February 6, 2011

ခင်န င်းယု၏ ဖေဖေ အပိုင်း (၁၁)

ကိုယ့်ဟာကိုယ် ထမင်းမစားချင်တိုင်း ရှောက်တွေးမိသောအတွေးကို သတိရ-ရခြင်း ရပ်ပစ်ရ၏။ မီးဖို ချောင် ထဲမှ သနားဖွယ် ငရုပ်သီး၊ ကြက်သွန်လေးတွေကို စကားပြောရ၏။
''မင်းတို့နဲ့ငါတို့ မိန်းမသားတွေဟာ တူတူပါဘဲကွယ်၊ တို့များ မိန်းမတွေကိုလေ ယုတ်မာတယ်၊ အမြင်တို တယ်၊ သေးသေးဖွဲဖွဲကို အကျယ်ချဲ့တတ်တယ်ဆိုပြီး ပစ်တင်ကြတယ်။ တချို့မိန်းမတွေကြလဲ ဟုတ်ပါ တယ်ကွယ်...

 ဒါပေမင့် မိန်းမတွေကို သေးဖွဲတယ်၊ သိမ်ငယ်တယ်လို့ ပစ်ပယ်ထားလို့လဲမရဘူး၊ ဘာ ကြောင့်လဲဆိုတော့ အိမ်ရှင်မ တယောက်ဟာ အိမ်ထောင်တခုကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်ယင် အိမ်ထောင်တခုရဲ့ တိုးတွက်မှု၊ ဖွဲ့စည်းသိတ်သည်းမှုတွေဟာ သွားရော၊ ဖရိုဖရဲဖြစ်ကုန်ရော၊ ခုလဲ မင်း တို့ကို ငရုပ်သီးဘဲ၊ ကြက်သွန် ဘဲရယ်လို့ အရင်တုံးကတော့ အသေးအဖွဲလို့ထင်မိတယ်၊ ခုမှ မင်းတို့ ဂယက်ဟာ တို့များ အိမ်ရှင်မ တွေမှာ အတော့ကို ကသိကအောက်ဖြစ်စေတာပါဘဲလား၊ ခွင့်လွှတ်ပါကွယ်၊ မင်းတို့အပေါ် အထင်သေး ခဲ့မိတာ မင်းတို့မပါယင်လဲ မီးဖိုချောင်တခုမှာ မပြီးပါလားနော်...''
ကျမစိတ်ထဲက ငြီးငြူသည်ကို ကြက်သွန်အုနီ ခွန်ခွါကြီးက သိသလိုပြန်ဖြေပါ၏။

''အချောင်ခံရတာထင်ပါရဲ့ဗျာ၊ ၀ဋ်တွေပေါ့လေ... ကျုပ်တို့ကတော့ စာမတတ်လို့မသိဘူး၊ စနစ်သစ်တွေ ကို တီထွင်ကြတဲ့၊ ခေါင်းဆောင်ကြီးတွေရေးတဲ့ စာအုပ်တွေထဲမှာတော့ လူတွေ သာတူညီမျှဖြစ်အောင် ကြက်သွန် အုကြီးများ ဂိုဒေါင်ထဲ ပုတ်အောင် လှောင်ထားလို့ပါမယ်မထင်ပေါင်...''ဟု ဆိုပါသည်။

ကျမလည်း ကျမအတွေးကို ကိုယ့်ဟာကိုယ်သဘောကျရယ်ရင်း ''ငါရူးမယ်... ငါရူးမယ်''ဟုဆိုကာ မီးဖို ချောင် ပြဇာတ် ကို တခန်းရပ်ရ၏။ အတွေးဆိုသည်ကတော့ တွေးချင်တိုင်းတွေး၍ ရပေသကိုး၊ ကျမတို့ မှာဖြင့် ရူးချင်အောင် ဦးနှောက်ချောက်နေရသည့်အထဲ ဖေဖေကမူ ''ဘာဖြစ်လို့ တလစာ တလစာ ကြက်သွန် ခွက်တဆယ်၊ အာလူးငါးပိဿာ၊ ဆီငါးပိဿာ ၀ယ်မထားရတာလဲ'' ခဏခဏမေး၏။ သူ့အ မေးကို ဖြေသော ကျမ စာ ကို မဖတ်ကတည်းက ကျမကရှင်းမပြတော့ပါပေ။
(ကြက်သွန်၊ ငရုပ်သီးများ လွတ်လပ်ခွင့်ရသည်ဟု ကြားရသောနေ့ကများ သက်ဆိုင်ရာစီးပွားရေးပါရဂူ ကြီးများကို ကျေးဇူးတပ်လိုက်သည့်ဖြစ်ခြင်း၊ မေတ္တာပို့လိုက်ရသည်မှာ အမောပါပင်တည်း။)

သို့သော် ကျမတို့သားအဖ အရေးအခင်းကား ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်ပါ၏။ ကျမက လုံးဝစကား မပြော၊ စက်ရုပ်ကြီးတရုပ် အလုပ်လုပ်သလိုပင် လုပ်ခါ ကိုယ့်အိပ်ခန်းထဲတွင် ကိုယ်ရေးချင်တာလေး တွေကို ကြိတ် ရေး၏။ ကျမ၏အဟာရမှာ ဂလူးကို့်စ်၊ တခါတလေ ပေါင်မုံ့တချပ်၊ တခါတလေတော့ ထ မင်း ဂုံညင်း လောက် ၀င်သည်။

''ငါ့ကိုလေ... သူက စကားလဲမပြောဘူး၊ ငရုပ်သီးတွေ၊ ကြက်သွန်တွေကိုလဲ အရင်လိုဝယ်မထားဘူး သိ လား...''
တခါတရံရောက်လာသော သူ၏သမီးငယ်များကို ဖေဖေကတိုင်၏။ ကျမက တလုံးမှပြန်မဖြေ၊ ကိုယ့်အ လုပ် သာ ကိုယ်ကြုံးလုပ်တော့သည်။
''မကျွေးချင်ယင် အိမ်ပေါ်က နှင်ချလိုက်လေ...''
သူစိတ်ဆိုးလာလေပြီ၊ ကျမကမူ ဘာမှပြန်မပြောတော့။

တနေ့တွင် ညီမအငယ်ဆုံးနုနုသည် အိမ်ကိုလာလည်၏။ ထမင်းစားပြီးချိန်ဖြစ်၍ ဖေဖေသည် အိမ်လယ် ခန်းမကြီး တွင် ပက်လက်ကုလားထိုင်နှင့် စာဖတ်နေ၏။ ကျမသည် အိပ်ခန်းထဲမှထလာခါ နုနုကိုထွက၍ စကား ပြောသည်။ ဖေဖေ့ဘေးရှိ စားပွဲရှည်ကြီးတွင် ညီအမ မျက်နှာချင်းဆိုင်ထိုင်မိကြသည်။
''နုနု လာ ဒါလေ မမယုကို ပြောစရာရှိလို့'' သူက ကျမမျက်နှာကို စေ့စေ့စပ်စပ်ကြည့်ကာ ပြော၏။ သူ့ မျက်နှာ အမူအယာ မှာ ထူးခြားနေသည်။

''ဘာပြောစရာရှိလို့လဲ ပြောလေ''
''တနေ့က ဒေါက်တာမမရီနဲ့တွေတယ် (ဒေါက်တာမမရီမှာ နုနုနှင့်ငယ်သူငယ်ချင်းဖြစ်သည်) သူကပြော တယ်၊ ခင်သန်းမြင့်တို့မင်္ဂလာဆောင်မှာ မမယုကို သူတွေ့လိုက်တယ်တဲ့၊ မမယုမျက်နှာတွေဟာ မကောင်းဘူး၊ ပြည့် တင်းတင်းကြီး တဲ့ အဲဒါအကောင်းပြည့်ဒါမဟုတ်ဘူးတဲ့ ဆေးမီးတိုတွေနဲ့ မကုပါနဲ့ ဆရာဝန်ကြီးတွေကို တိုင်ပင်ပြီးကုပါတဲ့ ပြကြည့်ပါအုံးတဲ့ ကြာရင်ခက်မယ်တဲ့''

''ငါသိသားဘဲ'' ကျမသည် ပြောရင်း မျက်ရည်လည်လာ၏။ ခုတလော ဘာပြောပြော စိတ်ထိခိုက်လွယ် ၏။ မျက်ရည် က အရင်ကျချင်လာသည်။
''မျက်နှာက တခါတခါ ပြိတ္တာမကြီးလိုဘဲ ပြည့်လာတယ်၊ ကိုယ်က ထမင်းလုံးဝစားမရတော့ ပိန်းချိ လေး သေတော့ လဲ အေးဒါပဲ၊ မျက်နှာတွေပြည့်လာရင် အသက်ရှုလို့မရဘူး'' ကျမကဖြေလိုက်၏။

''မမယုရယ် ဆေးရုံတက်ဖို့ စီစဉ်ရအောင်''
''ဆေးရုံတက်ရအောင် နင့်အဖေကို ဘယ်လိုစီစဉ်မလဲ ထမင်းချက်က ရုတ်တရက်ဓါတ်သိရဖို့ မလွယ် ဘူး၊ နင့်အဖေ နဲ့ နှစ်ယောက်ထဲ ဒီအိမ်ကြီးထဲမှာ ထားခဲ့လို့ကော အိမ်ပေါ်ကဟာတွေ အကုန်ချသွားမှ ခက်မယ်၊ ပါးစပ် ပြောတော့လွယ်တာဘဲ၊ တော်ရုံတန်ရုံလူကရော နင့်ဖေဖေ သည်းညည်းခံနိုင်မလားလို့ တခုခု လိုချင် မိရင် မအောင့်နိုင် မအင်းနိုင်နဲ့ဟာ ထမင်းချက်လဲရှာနေတုန်းဘဲ၊ ဒေါက်တာဒေါ်မြမြအေး က ကြာကြာလေး အနားယူပြီး ကုရမယ်လို့ပြောနေဒါ ကြာလှဘီ''

ကျမတို့နှစ်ယောက် စကားပြောနေဆဲတွင်ပင် ဖေဖေသည် သူဖတ်နေသော စာအုပ်ကြီးကို ဘေးသို့ဘုံး ကနဲ ''နုနု သူနဲနဲမှမကောင်းဘူး'' ကျမကို လက်ညှိုးထိုး၍ပြော၏။
''ငါ့ကိုလေ... စကားမပြောဘူး၊ ငါမေးတာတွေကိုလဲ မဖြေဘူး'' ကျမက ဘာမှပြန်မပြောဘဲ မျက်ရည် တွေသာ တွေတွေ ကျလာ၏။
''သူမေးတာတွေကို ငါကစာရေးဖြေတယ်၊ ဒါကိုမဖတ်ဘူးတဲ့ ငါရေးတဲ့စာကို မဖတ်သမျှ ငါနင့်ဖေဖေကို စကား မပြောနိုင်ဘူး၊ နုနု ငါ့အခြေအနေကို နင်အသိဆုံးဘဲ၊ စကားပြောဖို့ ဘယ်လောက်အားယူနေရ တယ်ဆိုတာ''

နုနုသည် ကျမကိုတလှည့် ဖေဖေ့ကိုတလှည့်ကြည့်၏။ အဖေနှင့်အမကြားတွင် သူသည် သံကြီး တမန် ကြီးဟန် နှင့် အရေးအခင်းကို ပြေပြစ်အောင် ဆောင်ရွက်ရန် အလုပ်ရေ၏။ ပထမဆုံးစားပွဲပေါ်ရှိ စာရွက် ကြမ်း တခု ကိုဆွဲယူခါ စာရေးပြလိုက်၏။
''သူ မကောင်းယင် သမီးနဲ့ လိုက်နေပါလား...''
စာရွက်ကို ဖေဖေ့အားထိုးပြလိုက်၏။ နုနုရေးပြသည်ကိုတော့ ဖတ်ကြည့်သည်။

''မလိုက်ဘူး... မလိုက်ဘူး... သူနှင်ချမှ သွားမယ်...''
ခုနှစ်သံနှင့် ဖေဖေကပြန်အော်၏။
နုနုသည် စာဆက်ရေးပြန်သည်။
''သားသမီးက အဖေ့ကို နှင်ချမတဲ့လား မမယု .... တကယ်မကောင်းယင်...ဖေဖေ သမီးနဲ့ လိုက်နေ ပေါ့.. သူနှင်ချတာ ဘာလို့ စောင့်နေမလဲ..''
နုနုသည် စာရွက်ကိုပေးလိုက်ပြန်သည်။

''သူက ဘာမာနကြီးနေလဲမသိဘူး... ငါမေးသာဆို တလုံးမှ မဖြေဘူး...''
နုနုသည် စာရေးရပြန်၏။

''မဖြေတာက မဖြေနိုင်လို့ ဖေဖေရေ... မမယုရောဂါက ဖေဖေ့လို နားလေးတဲ့လူမပြောနဲ့ လူကောင်းကို တောင် စကားရှည်ရှည် မပြောနိုင်ဘူး၊ ထမင်းမစားနိုင်တာ နှစ်နှစ်(၂)နှစ်ရှိနေဘီ သိရဲ့လား....''
နုနု စာကို ဖတ်ပြီးသည့်တပြိုင်နက်-
'' နေမကောင်းဘူးသာဆိုတယ် မျက်နှာကြီးက အရင်ကထက်တောင် ၀လာသေးတယ်...''ဟု အော် လိုက်၏။

''အဲဒါ...၀တာမဟုတ်ဘူး၊ ဖေါတာဖေါတာ၊ အခုမမယုကို ဆရာဝန်နဲ့ပြပြီး ဆေးရုံတက်ဖို့ သမီးလာပြောရ တာ၊ ဖေဖေ့ ကို မမယုက မချစ်ယင်၊မသဒ္ဓါယင် ဖေဖေ့ကို ခုလို ထမင်းချက် ကျွေးမွေး ပြုစုနေမလား၊ သူ့လင် ကိုတောင် သူထမင်းချက်နဲ့ ပစ်ထားယင်.... ဘယ်လောက်ဝမ်းနည်းလိုက်မလဲ... ငါရှာမကျွေး နိုင်လို့နဲ့ဆိုပြီး ပြောလို့ ဆုံးမှာမဟုတ်ဘူး...''
နုနုသည် စာရွက်ကို ရေးချစ်၍ ထိုးပြရပြန်သည်။

''ဟေ...သူ့မျက်နှာတွေ ဖေါနေတယ်...''
ထိုအခါကျမှ မျက်မှန်ကြီးကိုချကာ ကျမမျက်နှာကို စေ့စေ့ကြည့်၏၊ ကျမကတော့ မျက်ရည်တွေသာ တွေတွေ ကျ နေတော့သည်။
''ဟုတ်တယ်... စကားပြောယင်လဲ မောတယ်၊ ဒါကြောင့် ဖေဖေ့ကို ပြောစရာရှိယင် စာရေးပြောရတာ၊ ဒါကိုဘဲ ဖေဖေက သူရေးပြတဲ့စာ မဖတ်ဘူးဆိုပြီးနေတာကိုး... ဒီတော့ သူကလဲ စိတ်တိုလာတာပေါ့၊

ဖေဖေကိုယ်တိုင်က နားမှမကြားတဲ့ဟာ အခြေအနေ အရပ်ရပ်ကို သိချင်ယင် စာရေးပြတာကို ဖတ်မှ သိရတဲ့ ဘ၀ဟာ ခုမှ အသစ်လုပ်ပြီး မဖတ်ဘူးဆိုတော့ သူကလဲမရေးဘူး၊ ပါးစပ်နဲ့လဲ အမောခံမပြော တော့ဘူးဆိုပြီး နေတာပေါ့.... မမယုဟာ ထမင်းမစားနိုင်တာ သုံးလေးနှစ်ရှိဘီ....ခုလဲဆေးရုံတက်ချင် တာ ဖေဖေ့ကို ချက်ကျွေး မဲ့ ထမင်းချက်ရှာမရသေးလို့ သူကိုယ်တိုင် ချက်နေရတာ... ဖေဖေက အလကားနေ အလကား အထင်လွဲ နေတာဘဲ၊ တခြားသားသမီးတွေအိမ် လိုက်နေပါဆိုလဲ မနေ ဘဲနဲ့...''
နုနုရေးပြသောစာကို ဖတ်ပြီးသောအခါ...

''မသိဘူးလေ ငရုပ်သီးတွေ ကြက်သွန်တွေကိုလဲ အရင်လိုမ၀ယ်ဘူး အဲဒါ ငါဝင်ချက်မှာစိုးလို့ ငါစားချင်တဲ့ အသား လဲ မရဘူး၊ ပစ္စည်းတွေဝယ်ခိုင်းရင်လဲ မရှိဘူးချည်းဘဲပြောတယ် ပြီး...အသက် ခြောက်ဆယ် ကျော် မာလီကြီး ကို အလုပ်ကထုတ်ပစ်ပါဆိုလဲ မထုတ်ပစ်ဘူး''၊ သူသည် သူမငိုနေသည် ကိုကြည့်ရင်း'' ခုရေးပြလေ...ခုရေးပြဖေဖေသ္မီးရေးတာကို ဖတ်တော့မယ်''ဟု လေသံပြော့နှင့်ဆိုပါ သတည်း။

ကျမရင်ထဲတွင်တော့ ဒေါသလည်းဖြစ်၏၊၀မ်းလဲနည်း၏၊ မျက်ရေကိုသုတ်ခါ စာရွက်ကြမ်းကိုယူ၍ စာရေး ပါသည်၊ မိဘနှင့် သားသမီးဆိုသည်က လင်သားလိုပြစ်ခွာပြေး၍ ရသည်လည်းမဟုတ်၊ ပြီးတော့ ကိုယ့်အဖေ အဖြစ်က ရောဂါ ပေါင်းစုံနှင့်မသန် မစွမ်းသူ ဖြစ်သည်၊ ကျမသေခါမှ ဇာတ်ထုပ်ကို ဘယ်လို ပင်ဆက်၍ကက ကျမ အသက်ရှင်စဉ်တော့ ဖေဖေ့ကို ချို့ချို့ငဲ့ငဲ့ မဖြစ်စေလိုပါ။

လမ်းမကြီးပေါ်တွင် ခြေတဘက် မသန်စွမ်းသော....ကုလားသူအိုကြီးများ ဖင်ရွှေ့ဖင်ရွှေ့ သွားနေသည် ကို မြင်လျှင်ဖြစ်စေ၊ စိတ်မနှံ့သူ လူအိုကြီးကို ကလေးတွေက ခဲနှင့်ဝိုင်းပေါက် နောက်ပြောင်နေသည်ကို မြင်လျင်ဖြစ်စေ ရင်ထဲတွင် နာကြင်လာပြီး မျက်ရေများလည်လာတတ်၏။
''ဘုရား...ဘုရား... ဖေဖေသာ အဲဒီ ဘ၀သာ ဆိုရင်တော့...''ဟူ၍ ဆက်မတွေးရဲဘဲ ကြောက်လန့် သွားတတ်ပါသည်။

ကျမကသာ ဒါလောက် စေတနာတွေ ထားရသည် ဖေဖေကတော့ မကျွေးချင် မမွေးချင်လို့ ဟူ၍ အစဉ် ထာဝရ အထင်လွဲမှုကို ခံရသောအခါ ''ဖြစ်ရလေခြင်း'' ဟူ၍ ကျမ ခဏခဏငိုမိပါသည်၊ ယခုလည်း ကျမသည် ဖြစ်ပျက်ပုံဟုသမျှ စုံလင်စွာရေးပြရ၏၊ ထိုစဉ်က ငရုပ်သီးကြက်သွန်များ ကင်းလွတ်ခွင့် မရသေး။
''ဖေဖေသိချင်တာတွေ သမီးရေးပြမယ်စိတ်ရှည်လက်ရှည်သာဖတ်...။

၁။    ။ ငရုပ်သီးကြက်သွန်ကို အရင်လို ခွက်တဆယ်ငါးပိသာ ၀ယ်မထားတာက အစိုးရကိုက အားလုံးကို ချုပ်ကိုင်ထားတော့ ပြည်သူ့ဆိုင်က ဝေသမျှ ပေးသမျှသာရတာ တခါတလေ သမီးတို့ မိသားစုအတွက် ကြက်သွန်ငါး-အုနဲ့ ငရုပ်သီး ငါးကျပ်သားဘဲရတယ် မှောင်ခိုဈေးက ၀ယ်ရင်လဲ အဖမ်း ခံရမယ် ဆီလဲ ဒီလိုဘဲ ဘယ်လိုဘဲ ဖြစ်ဖြစ်ပေါ့ ဖေဖေ စားနေကြဟင်းမှာ အရသာမပျက်ဟင်းတခွက် စားရရင် ကြေနပ်ရောပေါ့ စိတ်ချ ဖေဖေအတွက် ဖူလုံအောင်လုပ်ပေးမှာပေါ့။

၂။    ။ကော်ဖီ၊ အိုဗာတင်း၊ လလက်ရည် ဆိုတာလဲ သမီးတတ်နိုင် သလောက် ဟိုကတည်းက စုဆောင်း ထားလို့ ဖေဖေသောက်နေရတာ ခုဟောလစ်တို့ အိုဗာတင်းတို့ လိုချင်ရင် လျှောက်လွှာတင်ရ တယ်၊ သမီးရောဂါ အတွက်တောင် ဆရာဝန်တွေက ဟောလစ် သောက်ရမယ် ညွှန်ကြားပေမင့် အဲဒီ လျှောက်လွှာ တွေ ဘာတွေ အလုပ်ရှုပ်လွန်းလို့ သမီး ဘယ်တော့မှ မလျှောက်ဘူး၊ သောက်လဲ မသောက်ဘူး ဖေဖေ့ အတွက်သာ မချို့ငဲ့ပါစေနဲ့လို အိုဗာတင်း၊ လဘက်ခြောက်၊ အချိုခြောက်၊ ကော်ဖီ တို့် သမီးကြိုတင်စုထားတာ ဖေဖေ သိတဲ့အတိုင်း သမီးက လူအားမဟုတ်ဘူး၊

ဖေဖေတို့ တာဝန်တွေ ပြီးရင် စာလေး ဘာလေးလဲ ရေးရသေးတယ် ရတဲ့ချိန်ပိုလေးကို လျှောက်လွှာ ရေးတာတွေ ငရုပ်ကြက် သွန်တန်းစီတာတွေနဲ့  အချိန်ကုန်မခံနိုင်ဘူး၊ သမီးတို့မှာ အချိန်ဟာ... သိတ်အဘိုးတန်ကာ လက်တို လက်တောင်းခိုင်းဘို့ မောင်ကံညွန့် လဲ ကျောင်းကတဖတ် တက်ရ သေးတယ် မို့လား- ခုခေတ်အိမ်ရှင်မ တယောက်ဟာ ဟင်းတအိုးကျက်ဖို့ သူတို့ခမျာ လျာ အလျားသား ထွက်မတက် အချိန်မှီ ပြေးရ၊ လွှားရ တာ ဖေဖေမသိဘူး၊ သတင်းစာတွေထဲ ရေးတာ ဖေဖေမဖတ်ရဘူးလား၊ ဒါတောင် သမီးက ကလေး ငယ်မရှိလို့ အပုံကြီးတော်သေးတာ။

၃။    ။ဖေဖေလိုချင်တဲ့ ဆဲဗင်အိုကလော့မုတ်ဆိပ်ရိပ်ဒါး ကိုးလ်ဂိတ် သွားတိုက်ဆေး၊ ဆိုတာတွေက လဲ ဖေဖေ ပြောတဲ့ ဖရေဇာတန်းမှာမရှိ၊ ဖေဖေသိထားတဲ့ ကမ္ဘာလုံးဆိုင်တို့ ဘာတို့ဆိုတာလဲမရှိ၊ ပြည်သူ ပိုင်သိမ်းလို့ ကုလားတွေ တရုပ်တွေ သူတို့ မူရင်း တိုင်းပြည်တွေကို ပြန်ကုန်ကြပြီ၊ တက္ကသိုလ်သမ၀ါယမ လဲ ဖျက်သိမ်း လိုက်ပြီ စကော့ဈေးတခုလုံးလဲဘာမှ နိုင်ငံခြားဖြစ်မရောင်းရဘူး၊ ခံတပ်ကြီးဆေးကို သ္မီးတို့ တခြားက ၀ယ်ပေးဒါ၊ ပြီးတော့ ဖေဖေလိုချင်တဲ့ ဘီ-ပီဘမ်းတို့ဘာတို့ဆိုတာလဲ တန်းစီရတယ်၊ သမီးတို့ အိမ်မှာ တန်းစီ ရဖို့ လူပိုရှိသလား ဖေဖေသိတဲ့ အတိုင်း၊ ဒါပေမင့် ဖေဖေလိုချင်တာတွေကို ဖြစ်တဲ့နေရာ က ဖြစ်သလိုရှာပေး ခဲ့လို့ ဖေဖေခုထိ သုံးနေရဆဲဘဲမို့လား၊ ကြေနပ်ရောပေါ့''

၎။    ။ မာလီကိစ္စက အသက်ခြောက်ဆယ်ကျော် ခါးကုန်းနေတဲ့ မာလီအဖိုးကြီးကို အလုပ်ဖြုတ်မဖြစ် ကောင်းလားလို့ ဖေဖေက သမီးကို အမြဲဆူတယ်၊ သူအလုပ်မလုပ်နိုင်တာ သမီးသိသားဘဲ၊ ဒါပေမယ့် မြက်ရှင်းနိုင်ရင်တော်ရော့ပေါ့၊ လေးလေးပင်ပင် မြေပေါက်ဖို့ နောက်ချေးကြုံးဖို့ကိစ္စတွေမှာ သူ့မြေး မောင်ကံညွန့်က လုပ်ပေးသားဘဲဟာ သမီးတို့ဟာ စီးပွားဖြစ် ခြံလုပ်နေကြတာမှ မဟုတ်ဘဲ၊ ဆောင်းဦးပေါက် ပန်းလှလှလေးတွေ့ရရင် တော်ရောပေါ့ စဉ်းစားကြည့်ပါအုံး၊ ဘ၀ကံကောင်းလို့ ဖေဖေ့မှာ သားထောက်သမီးခံနဲ့ အသက်ရှစ်ဆယ်ထိ နေနိုင်တာကိုး ဒီမာလီ အဖိုးကြီးကျတော့ တခြား အိမ်က လခပေးပြီး ဘယ်သူခိုင်းမလဲ အိမ်ရှင်ဆိုတာ သူတို့စိတ်တိုင်းကျ လုပ်အားရမှ ငွေပေးချင်တာ ပေါ့၊

သမီးတို့အိမ်က အလုပ်ဖြုတ်ပြစ်ရင် သူဒုက္ခရောက်တာပေါ့၊ အိုခြင်းဆင်းရဲကို သ္မီးရေးပြဖို့ မလိုဘူး၊ ဖေဖေအသိဆုံးဘဲ၊ ဘယ်လောက်မှ ကြာကြာမအောင့်ရဘူး၊ သူ့မြေးမောင်ကံညွန့် မိတ္ထီလာလေတပ် ကျောင်းက ဆင်းလာရင် လခရရော၊ ဒီတော့ သူ့အဖိုးကို လုပ်ကျွေးနိုင်ရော အဲဒီအချိန်မှာ မာလီကြီးကို သမီးတို့ အလုပ်ဖြုတ်ပြစ်လဲမာလီကြီး ဒုက္ခမရောက်တော့ဘူး ဖေဖေ့မှာ အစစစိတ်တိုင်းမကျတိုင်း သူများကို ဒေါထပြီး အလုပ်ဖြုတ်ချင်နေဒါဘဲ၊ ဖေဖေသာ အသက်ရှစ်ဆယ်တွင်းမှာ ပေါက်တူး''မ'' နိုင်ပေမဲ့ သူ့မှာတော့ ကျန်းမာရေးချို့တဲ့တော့ အသက်ခြောက်ဆယ်ဖြစ်ပေမဲ့လဲ ပေါက်တူးမကိုင်နိုင်ဘူး ပေါ့ ဒါကိုဒေါထပြီး နေ့တိုင်းဆူနေတာဘဲ၊ ကုသိုလ်ကံတို့ ဆုတောင်းတို့ဆိုတာ ဘယ်တူနိုင်ပါ့မလဲ၊

ဖေဖေဟာ ကျောင်းဆရာကြီးတယောက် စာအုပ်ပေါင်းသောင်းခြောက်ထောက်လဲ အမြဲဖတ်နေရက်နဲ့ သမီးရေးပြဖို့မလိုပါဘူး၊ အကျိုးပေးခြင်းဆိုဒါလဲ ဘယ်တူနိုင်ပါ့မလဲ ဖေဖေသဒ္ဓါတရားတို့ စေတနာတို့်ရဲ့ အရှိန်ဇောအလျောက် သတ္တ၀ါတွေကို အကျိုးလိုက်ပေးနေတယ်ဆိုဒါ ဖေဖေအသိဘဲ သတ္တ၀ါတ ယောက်ရဲ့ ရင်မှာဖြစ်တဲ့ စေတနာ စိတ်ဇောဟာ တခြားသတ္တ၀ါတယောက်နဲ့ ဘယ်နည်းနဲ့ မှ မတူနိုင်ဘူး၊ ဒီတော့ အကျိုးပေးလဲ မတူဘူး၊ ဒါကို အတင်းဘဲ တူရမယ်၊  ငါလိုပ်နိုင်ရင် သူလဲလုပ်နိုင်ရ မယ်နဲ့ ဖေဖေကအမြဲဆူနေတော့ သမီးလဲ ဘာမှပြန်မပြောချင်တော့ဘူး၊ ဖြေရတဲ့ စကားလုံးကလဲ တိုတိုပြောရတာမှ မဟုတ်ဘဲ''

''ပြီးတော့... အသက်ခြောက်ဆယ်ကျော် အဘိုးကြီးထားရတဲ့ ပြဿနာမှာ အချက်တချက်က အိမ်မှာ ထမင်းချက် မိန်းကလေးတွေရှိတဲ့အခါမှာ သမီးက မီးဖိုချောင်လုံးဝမ၀င်ဘူး၊ စာရေးတဲ့အခါရေး ကိုကြီး နောက်လိုက်သွားပြီး ထမင်းချက်ကျွေးရတဲ့အခါ ကျွေးနဲ့ ဒီထမင်းချက် မိန်းကလေးတွေကို လိုက်ထိန်း မနေနိုင်ဘူး၊ ငယ်ငယ်ရွယ်ရွယ် သန်သန်မြန်မြန် မာလီသာခေါ်ထားရင် ဒီိမိန်းကလေးတွေနဲ့ ပြဿနာ မတက်ဘူးလို့ ဖေဖေအာမခံနိုင်မလား၊ ခုသမီးတို့အိမ်မှာ ဆယ်နှစ်ဆယ့် ငါးနှစ် နှစ်ရှည်လများ ကောင်မ လေးတွေနေသွားပြီး၊ သူတို့အကြောင်းနဲ့သူတို့ အလုပ်ထွက်ခြင်သာ ထွက်သွားရော ယောက်ျားပြဿ နာရှုတ်ရှုတ်ရှက်ရှက် မပေါ်ခဲ့ဘူးမို့လား''
''အဲဒီအကြောင်းကြောင့်လဲ တကြောင်း သမီးဒီအဘိုးအို မာလီကြီးကို အလုပ်က ထုတ်မပြစ်တာ''

''ပြီးတော့... အလုပ်သမား ဥပဒေဆိုတာရှိတယ်၊ ဒီဥပဒေဟာ အလုပ်သမားတွေကို အကာအကွယ်ပေး ဘို့ အစိုးရက ပြဌာန်းထားခြင်းဖြစ်တယ်၊ မတရားတဲ့ အိမ်ရှင်မတရားတဲ့ အလုပ်ရှင်တွေဟာ အလုပ်ခွင် မှာလဲ မတရားသဖြင့်ခိုင်း အလုပ်ချိန်ပြင်ပမှာလဲ မဆိုင်တဲ့ အလုပ်တွေကို အချိန်ပိုခိုင်း တရားမျှတတဲ့ လစာလဲ မပေးဘူး၊ အခမဲ့ ဆေးကုသခွင့်တို့ ဘာတို့လဲမရဘူး၊ စုံနေဒါပေါ့ အဲဒါတွေကို မတရားသဖြင့် မဖြစ်ပါစေနဲ့ဆိုပြီး တနေ့ရှစ်နာရီ လိုပ်ခွင့်အစရှိတဲ့ ဥပဒေတွေကို အလုပ်သမားတွေကို အကာအကွယ် ပေး ဖို့ အစိုးရကပဌာန်းပေးတယ်၊

ဒါပေမင့် ဖြစ်တဲ့အဖြစ်က အစိုးရက မျှော်လင့်သလို မဖြစ်လာဘူး၊ အလုပ်သမား (တချို့ဟာ) အစိုးရကတို့် ဘက်မှာရှိတယ်ဆိုပြီး၊ ဒီဥပဒေကို မတရားသဖြင့် အခွင့် အရေးယူပြီး၊ အချိန်ပြည့် အလုပ်မလုပ်၊ လုပ်ရင်လဲ ကျိုးကျိုးစားစား ကြေကြေပြွန်ပြွန်မလုပ်။ ရှင်းရှင်း ရေးရရင် အခွင့်အရေးသာ တောင်းတတ်တော့တယ် အလုပ်ဝတ္တရားကိုတော့ ကြေပြွန်အောင် မလုပ် ချင်ကြဘူး၊ ဒီတော့ သည်းမခံနိုင်တဲ့ အိမ်ရှင်တွေ အလုပ်ရှင်တွေက ဒီအလုပ်သမားတွေကို အလုပ်က ထုတ်ပြစ်ကြတယ်၊ ထုတ်ပြစ်ပြန်တော့ အလုပ်သမားက အလုပ်သမားရုံးသွားတိုင်ပြန်ရော ဒီတော့ အလုပ်ရှင်တွေ အိမ်ရှင်တွေမှာ ရုံးတက်ရ အမှုဖြစ်ရနဲ့ အလုပ်ရှုတ်တယ်မို့လား''

သူတပါးအပေါ် မတရားသဖြင့် နှိပ်စက်ပြီး နိုပ်စက်ပြီး နိုင်ထက်စီးနင်း လုပ်ချင်တဲ့ အလုပ်ရှင်တွေအဖို့ သာရုံးတက်ရ အမှုဖြစ်ရဒါကို ထမင်းစားရေသောက်သလို အပမ်းမကြီးပေမင့် ရိုးရိုးသားသား အေးအေး ဆေးဆေးနေချင်တဲ့ အိမ်ရှင်တွေအဖို့က ရုံးပြင်ကနားဆိုတာကို အနိဠာရုံနေရာတွေ လိုအင်မတန် ကြောက်တာ၊ ဒီတော့ ဒီပြဿနာတွေကို အဖြစ်လဲ မခံချင်တော့၊ ဒီအနားတ၀ိုက်မှာ သူဌေးတွေတောင် မာလီလဲ မငှားကြဘူး၊ ဒရိုင်ဘာလဲမငှားကြဘူး၊ ကိုယ့်ကားကိုယ်မောင်းကြတယ်၊ ဒရိုင်ဘာပြသနာလဲ မပေါ်တော့ဘူး။

အဲဒီလောက်ပြဿနာတွေ အပြင်မှာ ဖြစ်နေပါတယ်ဆိုပါမှ ဖေဖေ့မှာ ''ငါ့ကို ကားဝယ်မပေးဘူးဆိုတာ က တမျိုး၊ မာလီငယ်ငယ် ငှားမပေးဘူးဆိုတာက တမျိုး'' ဖေဖေဖြစ်ချင်တာတွေ အထွက်ဘဲဆူပူနေ တာဘဲ၊ ဒါလောက် ရှည်လျားတဲ့ ပြဿနာတွေကို သမီးက ပါးစပ်နဲ့ ဖေဖေ့လို နားမကြားတဲ့လူတ ယောက်ကို ဘယ်လို ဖြေရှင်း ပြောနေနိုင်မလဲ။

သမီးဒီရောဂါနဲ့ သေချက်လဲ သေမယ်၊ အသက်ရှည်ချင်လဲ ရှည်မယ်၊ ဒါပေမယ့် လောကကြီးမှာ အေးအေးဘဲ နေချင်တယ်၊ ဒါကြောင့် သမီးကိုယ်ကို အားလုံးလျော့ချလိုက်တယ်၊ ခိုင်းတဲ့ခလေးမလေး တွေနဲ့လဲ ပြဿနာမပေါ်အောင်နေတယ်၊ မာလီနဲ့ လဲအေးအောင်ကြည့်နေတယ်၊ မာလီကြီးကလဲ သမီးကို အလုပ်ရှင် လို့ မမြင်ဘူး၊ သားလို သမီးလိုဆက်ဆံကြတော့ အေးလို့၊ စိတ်တိုင်းမကျတာတွေ ကတော့ ရှိကြသပေါ့၊ စိတ်တိုင်း မကျတိုင်းသာ ''လေးခင်းပြရယင်၊ ဒေါထနေရယင်တော့ လောကတ ခုလုံး မီးတင်ရှို့ဖို့ဘဲ ရှိတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လေအဟုန် လျှပ်စီးနဲ့ အမြင့်ခရီးကိုလှမ်းခဲ့တယ် အပိုင်း (၁၈)

ဖေဖော်ဝါရီလထဲရောက်တော့ ဆေးရွက်ကြီးတွေ အ၀ါရောင်သမ်းလာပြီး ခူးဖို့အချိန်ရောက်လာပါ တော့တယ်။ အဖေဟာ ကျွန်တော်နဲ့ ဂျက်ဖရီရဲ့ အကူအညီ လိုလာပါတယ်။ ဆေးရွက်တွေ ခူး၊ နောက် သစ်ပင်ရိပ်မှာ ထိုင်ပြီး ကြိုးနဲ့သီ၊ အခြောက်လှမ်းရပါတယ်။ ကျွန်တော်တို့ ကြာကြာမရပ်နိုင် ကြပါဘူး။ သိပ်ပင်ပန်း တဲ့ အလုပ်ပါ။ ဂျက်ဖရီက အားမလို အားမရ ပြောတယ်။

"စားလို့ရရင် သိပ်ကောင်းမှာပဲနော်" တဲ့။
"အေးကွာ၊ ခုလောက်ဆို တို့ ဗိုက်တွေ တင်းနေလောက်ပြီ"
"မကြာခင် ခြောက်သွားမှာပါကွာ၊ ကုန်သည်တွေ အလုအယက် လာဝယ်ကြမှာပါ၊ မယုံကြည့်နေ"
"ဒါပေါ့၊ ဒါပေါ့"
ဒါပေမဲ့ ထင်တာတွေ အကုန်လုံး လွဲပြန်ပါတယ်။ အဖေက ကုန်သည်တွေဆီ တစ်ကီလိုနှစ်ဆယ်နဲ့ သွားစပ်တော့ အားလုံး ခေါင်းယမ်းတယ်၊ နှစ်တိုင်းလို မဟုတ်ဘူးတဲ့။ သူတို့လည်း တစ်ကီလိုတစ်ဆယ်ပဲ ပေးနိုင် မယ်တဲ့။

အဖေက သူ့ဆေးခင်းဟာ အကောင်းဆုံးဆေးခင်း ဖြစ်တဲ့အကြောင်း အခိုင်အမာပြောမှ ဆယ့်ငါးကျပ်နဲ့ ဈေးတည့် သွားပါတယ်။ အငတ်ဘေးကို အကြောင်းပြုပြီး ငွေရှင်တွေ မတရားလုပ် တာပါ။
ဒီလိုနဲ့ မတန်တဆ ဈေးနဲ့ ထိုးရောင်းရပါတော့တယ်။ ကီလိုကိုးဆယ် ပေးမှ ပြောင်းဆန်တစ်ပုံးပဲ ရမှာပါ။
အဲဒီအချိန်မှာ ပြောင်းခင်းတွေလည်း အဖေ့ရင်ဆို့လောက်အထိ မြင့်တက်နေပါပြီ။ စိမ်းစိမ်းစိုစို သန်သန် စွမ်းစွမ်းပါပဲ။ အဖူးကလေးတွေ စ လိုက်တာ နေပါပြီ။ လူတွေ ညှိုးနွမ်းခြောက်သွေ့ပြီး တဖြုတ်ဖြုတ် သေနေကြချိန်မှာ ကျွန်တော့်အပင်တွေ ၀ဖြိုးသန်စွမ်းလို့နေပါတယ်။

လေအဝေ့မှာ ယိမ်းနွဲ့နေတဲ့ ပြောင်းပင်တွေကို ငေးပြီး ကျွန်တော်တို့ ပျော်နေကြပါတယ်။ နောက်ရက်နှစ်ဆယ်ဆို ပြောင်းချိုးလို့ရပါတော့မယ်။ ပြောင်းဆန်တွေကို ကျွန်တော် ခုကတည်းက မျက်စိ ထဲမှာ မြင်ယောင်လို့ နေပါတယ်။
လကုန်လောက်မှာ ရေဒီယိုဝမ်းက ကြေငြာပါတယ်။ အမ်ချင်ဂျီမှာ ကီလိုမီတာ ၁၂၀ ပေးပါတယ်။ အဲဒီမှာတင် လူတွေ အဲဒီကို ချီတက်ကြတော့တာပါပဲ။ လုကြ ယက်ကြနဲ့ အသေအပျောက်တွေ ရှိတယ်လို့ ကြားရပါတယ်။

နောက် ငါးလကြာမှ ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ကျွန်တော်တို့ သမ္မတက တိုင်းပြည်ကို ကြေငြာပါ တယ်။ တိုင်းပြည် မှာ အငတ်ဘေး ဆိုက်နေပါပြီတဲ့။ အရေးပေါ်အစီအစဉ် လုပ်ပေးပါ့မယ်တဲ့။ ကျွန်တော်တို့ သမ္မတ က အဲဒီလို သမ္မတမျိုးပါ။

မတ်လဆန်းတော့ ပြောင်းပင်တွေ ကျွန်တော့်အဖေ ပခုံးလောက်အထိ မြင့်တက်လာပါပြီ။ အဲဒီမှာ ဆံမြိတ်ချ စပြု၊ တိုက်စောင်ခြုံစပြုတဲ့ ပြောင်းဖူးတွေကို ကြည့်ပြီး ကျွန်တော်တို့မိသားစု ဟင်းချနိုင်ပြီ ပေါ့။
"၀မ်းသာသဗျာ၊ မသေလို့ ပြန်တွေ့ကြရတာနော"
"တွေ့ကြတာ ဟုတ်ပါပြီ။ ခင်ဗျား ဘယ်လို ဒီသေဘေးကို ကျော်ဖြတ်လာတာလဲ"
"ဘုရားသခင့် ကျေးဇူးတော်ကြောင့်ပေါ့ဗျာ"
တကယ်တော့ ပြောင်းက ကျွန်တော်တို့ကို သေဘေးက ကယ်တင်ခဲ့တာပါ။

ကျွန်တော်တို့တစ်တွေ သေဘေးက လွတ်လာတာတော့ ဟုတ်ပါပြီ။ သူခိုးသူဝှက်တွေ ပေါလာတာ ကတော့ ဆိုးလွန်း ပါတယ်။ ပြောင်းခင်းတွေကို ၀င်ခိုးတဲ့ လူတွေ များသထက် များလာတယ်။ နှစ်ပတ်ကြာတော့ ပြောင်းခင်း တွေ ပြောင်းတလင်းခါမတတ် ဖြစ်သွားပါတော့တယ်။ ပြောင်းဖူးတွေ သာ ချိုးယူကြတာ မဟုတ်ဘူး။ ပြောင်းပင်တွေကိုပါ ၀ါးစားသွားကြတာ။

အဲဒီအခါမှာ အခြေအနေတွေက ထိန်းမနိုင် သိမ်းမရ ဖြစ်လာပါတယ်။ နောက်ဆုံးမှာ ပစ္စည်းလုရုံ မကဘဲ လူ တွေ သတ်သွားတာတွေ ကြားရပါတယ်။
သူခိုး ဓားပြတွေက ပြောင်းခင်းတွေ သိမ်းပြီး ပိုင်ရှင်တွေကို မေးတယ်တဲ့။ လက်မောင်းရင်းက အဖြတ်ခံမလား၊ တထောင်ဆစ်က အဖြတ်ခံမလား။
တစ်နေ့မှာ ကျွန်တော်က အဖေ့ကို မေးပါ တယ်။

"အဖေ၊ အဲဒီ သူခိုးဓားပြတွေ ကျွန်တော်တို့ ဖမ်းမိရင် ဘယ်လိုအပြစ်ပေးမှာလဲ၊ သတ်ပစ်ရမှာလား ရဲတိုင်င်္ ရမှာလား"
အဖေက ခေါင်းယမ်းပြီး
"သူတို့ကိုလည်း မသတ်နဲ့ ရဲလည်း မခေါ်နဲ့၊ ရဲခေါ်ရင် သူတို့ ထောင်ထဲမှာ သေကြမှာပဲ။ အားလုံး ငတ်နေ ကြတာလေ၊ ခွင့်လွှတ်ဖို့ပဲ အာရုံပြုကွာ" လို့ ပြောပါတယ်။

အခန်း(၉)

ကပ်ဘေးဆိုက်ရောက်နေတုန်းမှာ တစ်နယ်လုံးက ကျောင်းတွေ ပိတ်ထားရပါတယ်။
ပြောင်းဂျုံနဲ့ ဖရုံရွက် ရောသမမွှေထားတဲ့ အာဟာရဟာ ကျွန်တော်တို့ကို အသက်ဆက်နိုင်ခဲ့ပါ တယ်။
ဒါပေမဲ့ ကျောင်းတွေ ပြန်ဖွင့်နိုင်တဲ့တိုင် အိမ်က ကျောင်းလခ မပေးနိုင်သေးပါဘူး။ အိမ်အလုပ်တွေ ပဲ ကူလုပ်နေရပါသေးတယ်။

ဒီတော့ ဈေးပိုင်းမှာ သွားပြီး ကျွန်တော်အချိန်ပိုတွေကို ဖြုန်းတီးပစ်နေမိပါတယ်။ လူတစ်ယောက်က ကျွန်တော့်ကို စစ်တုရင် သင်ပေးပါတယ်။ ကျွန်တော် နေ့တိုင်း သွားကစားတယ်။ ဒါပေမဲ့ ကျွန်တော့် စိတ်က သည် ကစားနည်းကို အလွန်အမင်း စွဲလမ်းမနေဘဲ ကျောင်းတက်ချင်စိတ်ကသာ ပိုများနေ ပါတယ်။
မနှစ်က ၀င်ဘီမူလတ်ကျောင်းမှာဖွင့်တဲ့ စာကြည့်တိုက်ကလေးကို ကျွန်တော် သတိရနေတယ်။

အမေရိကန်အစိုးရက လှူတဲ့စာအုပ်တွေနဲ့ စဖွင့်တာပါ။ ကျောင်းမတတ်ရပေမယ့် စာအုပ်တွေ ကျွန်တော် ဖတ်နေနိုင်သားပဲ။ စာကြည့်ခန်းကလေးက ခပ်ကျဉ်းကျဉ်းပါ။ ကျွန်တော် ၀င်သွားတော့ အမျိုးသမီး တစ်ယောက် စားပွဲတစ်လုံးမှာ ထိုင်နေတာ တွေ့ရပါတယ်။ ကျွန်တော့်ကို ပြုံးပြီး "စာအုပ် ငှားဖို့လာတာလား" လို့ မေးပါတယ်။ ဆရာမ မစ္စက်အီဒစ်ဆီကီလိုပါ။ ဆရာမက ကျောင်းမှာ အင်္ဂလိပ်စာသင်ရင်း တစ်ဖက်က စာကြည့်တိုက်မှူး ခန်းဆီးကို ဆွဲဖယ်ပြီး အတွင်းဘက် ခေါ်သွား ပါတယ်။ ကြမ်းပြင်ကနေ မျက်နှာကြက်အထိ မြင့်တဲ့ စာအုပ်စင် သုံးခု တွေ့ရပါတယ်။

စာအုပ်တွေ ဒါလောက်များများ တစ်ခါမှ ကျွန်တော် မတွေ့ဖူးပါဘူး။ အသစ်တွေမို့ စက္ကူနံ့တွေ မွှေးပျံ့နေပါ တယ်။ ဆရာမက စာကြည့်တိုက်စည်းကမ်းချက်တွေ ရှင်းပြပါတယ်။ ကျွန်တော်က မူလတန်း ကျောင်းသုံး စာအုပ်တွေပဲ ရှိမယ် ထင်တာ။ ဘယ်ဟုတ်မလဲ၊ ဇမ်ဘီယာနဲ့ ဇင်ဘာတွေ အထက်တန်း ကျောင်းတွေအတွက် သမိုင်းနဲ့ သိပ္ပံစာအုပ်တွေ အများကြီး တွေ့ရပါတယ်။ ပြီးတော့ အားတဲ့အခါ ဖတ်ဖို့ ၀တ္ထုစအုပ်တွေလည်း အများကြီးပဲ။

ဆရာမက သူ့စားပွဲ ပြန်သွားပြီး အလုပ်လုပ်နေတုန်း ကျွန်တော်က စာအုပ်တွေကို မွှေတော့တာပဲ။ ပထ၀ီ၊ လူမှုရေးသိပ္ပံ နဲ့ သတ်ပုံစာအုပ်တွေ ကျွန်တော် ရွေးယူခဲ့ပါတယ်။ ကျွန်တော့် သူငယ်ချင်းတွေ အထက်တန်းကျောင်းမှာ သင်နေတဲ့ စာအုပ်တွေ။ ကျောင်းပြန်တက်ရင် အဆင်သင့် ဖြစ်အေင် ကြိုတင် လေ့လာထားဖို့ပါ။ စာဖတ်ဖို့ အိမ်နံဘေး ပြောင်းဖူးကျီမှာ အဖီကလေးချလိုက်ပါတယ်။ ပြီးတာနဲ့ စာအုပ်တွေကို ကျွန်တော် အပြင်းအထန် ဖတ်ပါတော့တယ်။ မနက်ပိုင်း စာကြည့်တိုက် သွား၊ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းမှာ စာဖတ်။

ဂီးလ်ဘတ်ကလည်း အကူအညီပေးပါတယ်။ ကျောင်းမှာ သင်ရတဲ့ ဘာသာရပ်တွေကို ပြောပြပါ တယ်။
"ဒီနေ့ ဘာတွေ သင်လဲ သူငယ်ချင်း၊ ပထ၀ီလား"
"အေး၊ ရာသီဥတု ဖြစ်ပေါ်လာပုံတွေ သင်ရတယ်"
"မှတ်စုတွေ မနက်ဖြန် ငါ ရနိုင်မလား"
"ရတာပေါ့ကွ၊ ငါ ယူလာပေးမယ်"
"ကျေးဇူးပါပဲကွာ"

တစ်ခြားစာအုပ်တွေတော့ တော်တော်ဖတ်ပြီးပြီ၊ မီးစက်တွေနဲ့ မော်တာမှာပါတဲ့ သံလိုက်အကြောင်း ကျွန်တော် ဖတ်နေပါတယ်။ ရေဒီယို စပီကာမှာပါတဲ့ သံလိုက်သဘောပါပဲ။
သံလိုက်ရဲ့ မျိုးမတူတဲ့ အစွန်းနှစ်ဖက်အကြောင်းကို ကျွန်တော် သိခဲ့ပြီးပါပြီ၊ သံလိုက်နှစ်ချောင်း ရှိတယ် ဆိုပါစို့။ တစ်ချောင်းရဲ့ အစွန်း တစ်ဖက်ဟာ ကျန်တစ်ချောင်းရဲ့ အစွန်းနဲ့ မျိုးတူနေရင် အမချင်းချင်း မဆွဲငင်ဘဲ တွန်းကန်ကြလိမ့်မယ်။ မျိုးမတူရင်တော့ ဆွဲငင်ကြပါလိမ့်မယ်။

စာအုပ်က သံလိုက်မှာ ၀င်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းရှိတယ်ဆိုတာလည်း ရှင်းပြထားပါတယ်။ ၀င်ရိုးစွန်နှစ်ခု တွန်းကန် နေရင် မြောက်ဝင်ရိုးစွန်းက တောင်ဝင်းရိုးစွန်းကို အမြဲ ဆွဲနေပါတယ်။ ကမ္ဘာမြေကြီးဟာ ဧရာမ သံလိုက်တုံးကြီးပါ။ ကမ္ဘာမြေကြီးမှာ မြောက်ဝင်းရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်း သံလိုက်တွေ ရှိနေပါတယ်။  သံလိုက်မှာ ကမ္ဘာမြေကြီးလိုပဲ ၀င်ရိုးစွန်းနှစ်ခုကြားမှာ သဘာဝသံလိုက်စက်ကွင်း ရှိ တယ်။ အဲဒီစက်ကွင်းက လှိုင်းတွေ ထုတ်လွှတ်နေတယ်။ အဲဒီလှိုင်းတွေကို မျက်စိနဲ့ မမြင်နိုင်ဘူး။ မြင်ရမယ်ဆိုရင်လည်း အဲဒီလှိုင်းရဲ့ ပုံသဏ္ဍာန်ကို လိပ်ပြာတောင်ပံကလေးတွေပုံနဲ့ တွေ့ရမယ်။ သံလိုက်ချောင်းတစ်ချောင်းရဲ့ အစွန်း တစ်ဖက်ဟာ အမြဲတမ်း မြောက်ဝင်ရိုးစွန်းဘက်ကို ညွှန်နေ တယ်။ သံလိုက်အိမ်မြှောင်ဟာ အဲဒီ သဘောပဲ။ အထဲမှာ သံလိုက်ချောင်းကလေးပါတယ်။ ဒါကြောင့် အိမ်မြှောင်ဟာ မြောက်ဘက်ကို အမြဲ ညွှန်ပြနေတယ်။ သံလိုက်ရဲ့ ကျေးဇူးကြောင့် ခင်ဗျား ဘယ်တော့မှ မျက်စိ မလည်တော့ဘူး။

သံလိုက်ကို တွေ့ရာပစ္စည်းနဲ့ ဘယ်လို လုပ်ယူမလဲဆိုတာလဲ စာအုပ်ထဲမှာ ပါတယ်။ ဥပမာ သံချောင်းတို့၊ ၀ိုင်ယာကြိုးတို့၊ ဓာတ်ခဲတို့ကနေပြီးတော့ပေါ့။ ဓာတ်ခဲနဲ့ ၀ိုင်ယာကြိုးဆက်လိုက်ရင် လျှပ်စစ်ဓာတ်စီး သွားတယ်။ အဲဒီအခါမှာ ၀ိုင်ယာကြိုးတစ်လျှောက် သဘာဝလျှပ်စစ်ဓာတ်ကွင်း ဖြစ်သွားတယ်။ အဲဒီ ၀ိုင်ယာကြိုးကို လျှပ်စစ်စီးနိုင်တဲ့ အရာတစ်ခုမှာ ဥပမာ သံချောင်းပေါ့။ အဲဒီမှာ ပတ်လိုက်ရင် ပိုအားပြင်း လာတယ်။

သံချောင်း မှာ ပတ်တဲ့ ၀ိုင်ယာကြိုးအရေအတွက် (အကြိမ်) များလာလေ အားပိုပြင်းလာလေပဲ။ အဲဒါ ကြောင့် လျှပ်စစ်ဓာတ်ကရတဲ့ သံလိုက်ကို နေရာတကာမှာ အသုံးပြုနိုင်တယ်။ အသုံးဝင်တယ်။ ဧရာမ သံလိုက်ကြီး တွေဟာ ကားတွေကို မ နိုင်တယ်။ အလေးချိန် တန်ပေါင်များစွာကို သယ်ယူ နိုင်တယ်။ အငယ်စား သံလိုက် တွေကတော့ ရေဒီယို လျှပ်စစ်ပစ္စည်းမျိုးတွေမှာ သုံးနိုင်တယ်။ ကားထဲက အော်လ်နေတာ ကို ပစ္စည်းမျိုး တွေမှာ သုံးနိုင်တယ်။

လျှပ်စစ်မော်တာတွေမှာဆိုရင် ဧရာမသံလိုက်တုံးကြီးထဲက ၀င်ရိုးကို ကွိုင်ကြိုးတွေနဲ့ အထပ်ထပ် ပတ်ထား တယ်။ အဲဒီကွိုင်ကို ဘက်ထရီနဲ့ ဆက်လိုက်ရင် သံလိုက်ဓာတ် ဖြစ်လာတယ်။ သံလိုက် စက်ကွင်းနှစ်ခု ၀င်ချည် ထွက်ချည် လုပ်တာနဲပ အားပြင်းတဲ့ သံလိုက်မျိုး ဖြစ်လာတယ်။ အဲဒီအခါမှာ ၀င်ရိုးကို လည်စေ နိုင်တယ်။ ပူတဲ့ရာသီမှာ ကျွန်တော်တို့သုံးတဲ့ ပန်ကာကို ကြည့်လေ။ ပန်ကာရွက်တွေကို လည်စေတာဟာ ဒီသဘောပါပဲ။ လည်နေတဲ့ကွိုင်က သံလိုက်စက်ကွင်းကို ဖြတ်တဲ့အခါ လျှပ်စစ်ဓာတ်အား ရတယ်။ ကွိုင် တွေက သံလိုက်စက်ကွင်းထဲမှာ လည်ပတ်နေရင် လျှပ်စစ်စီးကြောင်း ထွက်လာတယ်။

အဲဒီကွိုင်ကို ၀ိုင်ယာကြိုးတစ်ချောင်းနဲ့ ဆက်လိုက်ရင် လျှပ်စစ် စီးကြောင်းက ဖမ်းလို့ရတယ်။ အဲဒါကို AC (Alternative Current) လို့ ခေါ်တယ်။ လျှပ်စစ် စီးကြောင်းက အပြောင်းအလဲဖြစ်နေလို့ AC လို့ ခေါ်တာ။ လျှပ်စစ်ဓာတ်အားကနေပြီး DC (Direct Current) လည်း ထုတ်လို့ရတယ်။ အဲဒီ လျှပ်စစ်စီးကြောင်းမျိုးက ဘက်ထရီမှာ တွေ့ရတယ်။ ဘက်ထရီကြိုးတစ်ချောင်းကနေ လျှပ်စစ်စီးသွား၊ ထွက်သွားတယ်။ နောက်တစ်ချောင်းက မီးလုံး ကို သွားလိုက်ရင် လျှပ်စီးကြောင်းတစ်ခု ပြည့်စုံသွားတယ်။
အများအားဖြင့် အိမ်တွေမှာ AC ကို သုံးကြတယ်။

အဲဒီ လျှပ်စစ်ဓာတ်အားက လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးတွေက ထုတ်ပေးတာ။ ဧရာမ ကွိုင်ထုတ်ကြီးတွေ လည်ပတ်နေရာကနေ ထွက်လာတာ။ စာအုပ်ထဲမှာ AC ဓာတ်အားကို အရှင်းဆုံး ဥပမာပြထားတာကတော့ စက်ဘီးဒိုင်နမိုပဲ။ လည်ပတ်မှု ကနေ လျှပ်စစ်ဓာတ်အား ဖြစ်လာတာလေ။ ရေအားနဲ့ လည်ပတ်စေတဲ့ အခါ ရေအားလျှပ်စစ် ဖြစ်သွားတာပေါ့။ ဒါပါပဲ။ မောင်းနှင်းအား ဒါမှမဟုတ် တွန်းအားရှိရင် လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင် တယ်လို့ စာအုပ်ထဲမှာ ရှင်းရှင်းကြီး ရေးထားတယ်။ ဒိုင်နမိုရော၊ ရေအားလျှပ်စစ်ကော တစ်သဘော တည်းပဲ။

ကျွန်တော်တစ်ယောက်တည်း အပျော်ကြီး ပျော်နေပါတော့တယ်။ ရံခါမှာ စာလုံးတွေရဲ့ အဓိပ္ပာယ် က ရှုပ်ထွေးနေပေမယ့် သရုပ်ဖော်ပုံတွေ၊ ရှင်းလင်းချက်ပုံကြမ်းတွေကြောင့် ကျွန်တော့် ခေါင်းထဲမှာ ရှင်းလင်းပြတ်သားနေပါတယ်။ လျှပ်စစ် အဖိုနဲ့အမ ဓာတ်ခဲ၊ မီးခလုတ်နဲ့ လျှပ်စီးလမ်းကြောင်း စတာ စတာတွေရဲ့ သင်္ကေတအမျိုးမျိုးကိုလည်း ကျွန်တော် နားလည်နေပါပြီ။ ဘယ်သူ့ကိုမှ မေးစရာ မလိုတော့ပါဘူး။ အဲဒီအခြေခံတွေနဲ့ AC နဲ့ DC ရဲ့ ခြားနားချက်၊ သံလိုက်သဘောနဲ့ သံလိုက် နယ်ပယ်ကို ပြောင်းလဲ လျှပ်စီးကြောင်း ထုတ်လုပ်တာတွေကို ကျွန်တော် နားလည်လာခဲ့တယ်။ ကျွန်တော် ဦးနှောက်ထဲမှာ ဒါတွေအတွက် နေရာအသင့် လုပ်ထားပြီး စောင့်နေသလိုပဲ။ ခု ကြုံလာတဲ့အခါမှာ အဲဒီသင်္ကေတ တွေဟာ အားလုံး ကွက်တိခွင်ကျ ၀င်သွားပါတော့တယ်။

အဲဒီစာအုပ်ကို ကျွန်တော် တစ်လလောက် ငှားထားတယ်။ နေ့တိုင်း ဖတ်တယ်။ တစ်ခြား ကျောင်းစာတွေကို ကျွန်တော် သိပ်မဖတ်အားတော့ဘူး။ စားကောင်းသောက်ဖွယ် တစ်မျိုးမျိုးစား လိုပါပဲ။ ပြီးတော့ လူတိုင်းနဲ့ ဒီအကြောင်းတွေ ကျွန်တော် ပြောချင်နေတယ်။
ကျွန်တော်တို့ ရွာမှာ ဗီဒီယိုရုံ တစ်ရုံပဲ ရှိပါတယ်။ အဖြူအမည်း ရုပ်မြင်သံကြားစက်ကလေးနဲ့ ပြတာ ပါ။ တစ်နေ့ မှာ လူတစ်ယောက်က
"ဆေးရောင်စုံလုပ်ပါဗျာ၊ ကျွန်တော် ဆေးရောင်စုံပဲ ကြည့်ချင်တယ်"
"တစ်ခြားစက်တွေနဲ့ ဘာထူလို့လဲ၊ ရောင်စုံပြနိုင်ရမှာပေါ့။ တီဗွီ ချင်း အတူတူပဲဟာ"
ကျွန်တော်က ကြားဝင်ပြီး ရှင်းပြလိုက်ပါတယ်။

"တစ်ဆိတ်ခင်ဗျာ၊ အဖြူအမည်း တီဗွီနဲ့ ဆေးရောင်စုံ တီဗွီ မတူပါဘူး။ ဆေးရောင်စုံတီဗွီက အီလက်ထရွန် မီးချောင်း သုံးချောင်းပါပါတယ်။ ပြီးတော့ အလင်းဖန်းသားချင်းလည်း ကွာပါတယ်။ ဟောဒီစာအုပ်ထဲမှာ သေသေ ချာချာ ရှင်းပြထားပါတယ်။

နောက်တစ်လအကြာမှာ ကျောင်းစာမေးပွဲတွေ ပြီးသွားပါတယ်။ ဂီးလ်ဘတ်တစ်ယောက် လတ်လျား လတ်လျားလုပ်ဖို့ အချိန်တွေ ရနေပြန်ပါတယ်။ သူနဲ့ ကျွန်တော် မကြာခဏ စာကြည့် တိုက် သွားကြပါတယ်။
တစ်နေ့မှာ ဂီးလ်ဘတ်က ဆရာမ ဆီကီလိုကို အင်္ဂလိပ်စာလုံး တစ်လုံး မေးပါတယ်။

"ဆရာမကို မေးမယ့်အစား မင်းတို့ဘာသာ အဘိဓာန်မှာ ရှာကြည့်ပါလား" ဆိုပြီး အဘိဓာန်တွေ ထားတဲ့ နေရာကို ပြပါတယ်။ အဲဒီမှာ ကျွန်တော့် ဘ၀ကို ပြောင်းလဲပေမယ့် စာအုပ်ကို အဘိဓာန် စာအုပ်တွေကြားက အမှတ်မထင် သွားတွေ့တာပေါ့။ အမေရိကန် ကျောင်းသုံးစာအုပ်ကလေးပါ။ "စွမ်းအင်ကို အသုံးပြုခြင်း" တဲ့။။
အဖုံးက လေရဟတ်တွေ စီတန်းနေတဲ့ ပုံနဲ့ပါ။ ဧရာမ ပန်ကာရွက်ကြီး သုံးရွက်နဲ့ မျှော်စင်အမြင့်ကြီး တွေ။ ကျွန်တော်တို့ ငယ်ငယ်က ကစားတဲ့ စကြာကလေးတွေအတိုင်းပါပဲ။ ဘာမှမဆန်းသလို ထင်ရပါတယ်။

ဒါပေမဲ့ ကျွန်တော် မြင်နေရတဲ့ ပုံတွေက ကစားစရာ မဟုတ်ပါဘူး။ မိုးထိတော့မတတ် မြင့်တဲ့ ဧရာမ စက်ကိရိယာကြီးတွေပါ။ ဓာတ်ပုံထဲမျာ သည်လေရဟတ်ကြီးတွေရဲ့ ခွန်အားကို မြင်ရပါတယ်။ လေတိုးရင် လည်လာတော့ မလိုပဲ။ စာအုပ်ကို ဖွင့်ပြီး ကျွန်တော် စ ဖတ်တယ်။

ပထမဆုံးစာပိုဒ်က
"စွမ်းအင်သည် သင့်အနီးအနားတွင် အခါခပ်သိမ်း ရှိနေသည်။ ရံခါတွင် စွမ်းအင်ကို လူသုံးပစ္စည်း ဖြစ်လာအောင် ပုံသဏ္ဍာန် ပြောင်းပေးဖို့ လိုအပ်သည်။ စွမ်းအင်၏ ပုံသဏ္ဍာန်ကို မည်သို့ ပြောင်းလဲ မည်လဲ။ ရှေ့ဆက်ဖတ်ပါ။ သင်သဘောပေါက်လာပါလိမ့်မည်" ကျွန်တော် ဆက်ဖတ်ပါတယ်။

"သင့်မြို့ကို ရန်သူတွေ ကျူးကျော်တိုက်ခိုက်လာပြီ ဆိုပါစို့၊ ရန်သူ့လက်ကို ကျတော့မည်ဆဲဆဲ အချိန်မှာ တက္ကသိုလ်က သိပ္ပံဆရာတစ်ယောက်ကို ပြေးခေါ်ပြီး ရှေ့တန်းပို့ပေးတယ်ဆိုရင် ရယ်စရာ ဖြစ်နေပါလိမ့်မည်။ သို့သော် ဂရိသမိုင်းတွေ သည်အဖြစ်မျိုး တကယ် ရှိခဲ့ဖူးသည်။ ဘီစီ ၂၁၄ က ဂရိမြို့တော်တွင် "ဆိုင်ရာကျူစ်"ကို ရောမရေတပ်ကြီး ချီလာခဲ့စဉ်က မြို့ကို ရန်သူ့လက် မကျအောင် ကယ်တင်ခဲ့သည်မှာ ဗိုလ်ချုပ်ကြီး တွေ မဟုတ်ပေ"

စာအုပ်ထဲမှာ အကျယ်တ၀င့် ရှင်းပြထားပါတယ်။ အာခီမေဒိဆိုတဲ့ ပုဂ္ဂိုလ်က "သေမင်းရောင်ခြည်" ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်။ သေမင်းရောင်ခြည်ဆိုတာ တခြားမဟုတ်ဘူး။ မှန်ပေါင်းများစွာ က ထုတ်လွှတ် တဲ့ ရောင်ပြန်တွေပဲ။ မြားအစင်းစင်း လွှတ်သလို ရောင်ပြန်တွေကို ရန်သူ စစ်သင်္ဘောတွေဆီ တရစပ် လွှတ်တယ်။ ရန်သူသင်္ဘောတွေ တစ်စီးပြီးတစ်စီး မီးလောင်းပြီး မြုပ်ကုန်ကြတယ်။ ဒါဟာ နေရောင်ခြည်က စွမ်းအင် ထုတ်ယူတဲ့ နမူနာပဲ။

အဲဒီအတိုင်းပဲ လေရဟတ်တွေကလည်း စွမ်းအင်ထုတ်လုပ်ပေးနိုင်တဲ့အကြောင်းကို စာအုပ်ထဲမှာ အသေး စိတ် ကျွန်တော် ဖတ်ရတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, February 5, 2011

ခင်န င်းယု၏ ဖေဖေ အပိုင်း (၁ဝ)

''ကဲ... ကဲ... ဘာဖြစ်မှန်းမသိတာကို ဒီလိုလုပ်နေလို့မဖြစ်ဘူး...''ဟုဆိုကာ သူ့ကားနှင့်ပင် တိုက်ရိုက် ရန်ကုန်သို့ ခေါ်ယူလာ၍ ဒေါက်တာဒေါ်မြမြအေး၏မြရတနာဆေးတိုက်တွင် ပြရတော့သည်၊ ဒေါ်မြမြ အေးက ဆေးထိုးပေးခါ လူးရန်ဆေးနှင့် မီးကင်ဖို့ (အင်ဖရာမီးခွက်)ပါ တခါထည်းပေးလိုက်ပါသည်။

ထိုအခါမှစ၍ ကျမသည် မှော်ဘီအိမ်တွင် အကိုကြီးကို ထမင်းချက်ကျွေးဖို့ ထမင်းချက်တယောက်နှင့် သာ ထားရတော့သည်၊ ကျမကတော့ လိုက်မသွားနိုင်တော့ပေ။
သို့သော်... ကျမ၌ ၀ိပါက၀ဋ်သည် ကြီး၏။ ခြေထောက်ကောင်းလာသည့်တပြိုင်နက် နှစ်ပေါင်း ၁၅နှစ် လုံးလုံး သမီးကြီးမိ ငယ်ကထဲကနေလာသော မအေးသင် သည် အိမ်မှထွက်သွား၏။ ဖေဖေ့ကိုပြုစု သော မလှိုင်သည် ခွင့်နှင့် ကျုံကဒိုးသို့ပြန်သွားသည်။ ထို့ကြောင့် ကျမသည် ခြေထောက်ကောင်းကထဲ က ဖေဖေ့ကို ချက်ပြုတ် ကျွေးနေရတော့သည်။ သမီးကိုမူ ဆေးသိပ္ပံ အမှတ်(၂)တွင် ကျောင်းအိပ် ကျောင်းစား ပို့ ထားလိုက်၏။

သားအဖကား စကားမပြောပါ။
''ငါ့ကိုလေ သူက အခုစကားမပြောတော့ဘူး'' ဆွေမျိုးလာသမျှကိုတိုင်၏။
ကျမကတော့ မနက်ခြောက်နာရီ ထုံးစံအတိုင်း ထမင်းကြမ်းကျော်နှင့် ကော်ဖီကို သူ့အိပ်ခန်းသို့သွားပို့ ၏။ ဘုရားဆောင် ဖေဖေဆွမ်းကပ်ရန် ဆွမ်းပြင်ပေး၏။ ဈေးသွားထမင်းချက် အချိန်မှန်မှန်တော့ သူ့ အိပ်ခန်းသို့ ထမင်းနှင့်အစားအစာပို့ပေးပါသည်၊ ကျန်ဒါတော့ ဘာလုပ်နေနေ မပြောပါ။ သူလိုလားအပ် သောအချိန်တွင် သူလိုချင်သော အစားအစာကို လုပ်ပေးလိုက်၏။ ဖေဖေကြိုက်သော အမဲသားနှပ်ပေးရ တိုင်း ''ယခုလို ကြည်ကြည် ဖြူဖြူနှင့် ချက်ကျွေးရသော ကုသိုလ်ကြောင့် နောင်ဘ၀၌၀ဋ်မလိုက်ပါစေ နှင့်''ဟူ၍ ဆုကလည်း အမြဲတောင်းမိ။

စာအုပ်ကိစ္စနှင့် ထုတ်ဝေသူများက လာရောက်စကားပြောသောအခါ ယခင်လိုဧည့်ခန်းတွင် ဧည့်မခံနိုင် တော့ပေ။ သူတို့သည် ကျမရှိရာ မီးဖိုချောင်သို့ဝင်လာ၍ စားပွဲနားက ကုလားထိုင်တွင်ထိုင်ကာ ပြောစ ရာရှိသည်များကို ပြော၏။ ကျမကလည်း အင်းလိုက်ရင် ဦးအချိန်မှန်ဖခင်ကြီး၏ (၁၁-နာရီ) နံနက်စာမှီ ဖို့အတွက် ချက်ရပြုတ်ရ၏။

ကလောင်ကိုင်သော ဒေါ်ခင်နှင်းယု၏လက်သည် ဓားကိုကိုင်၍ ရန်သူကိုတိုက်သည်ဟု ထင်ပါသလား၊ မဟုတ်ပါ၊ ငါးများကိုခုတ်၏။ ဖေဖေက အသားကို တရက်ခြားလောက်စား၍ ဆိတ်၊ အမဲ၊ ၀က်များကို ခုတ်ထစ် ပိုင်းဖြတ်၍ တရက်ခြားလောက် အမြဲချက်၏။ အထူးသဖြင့် ခေတ်ညွှန့်စာပေမှ ဦးထွန်းမြင့် သည် ကျမ ထမင်းချက်ချိန် နှင့် သူစာအုပ်အကြောင်းလာပြောချိန်တွင် အမြဲတိုက်ဆိုင်နေသောကြောင့် ကုလားထိုင်ကြီး တလုံးနှင့် ကျမ ခုတ်သမျှ ထစ်သမျှ ဟင်းအိုးပြင်သမျှကြည့်ရင်း စာအုပ်အကြောင်း စကား ပြောရ၏။
တခါတရံ အကိုကြီးက မှော်ဘီမှ ရုတ်တရက်ရောက်လာ၏။

''မိချိုရေ... အိမ်ထမင်း အိမ်ဟင်းစားချင်လို့ပါကွယ်၊ အကိုကြီးရယ်၊ ရဲဘော်ငါးယောက်ရယ် ထမင်းစားဖို့  နာရီဝက် အတွင်း စီစဉ်ပေးနိုင်မလား'' သူကပြောလာ၏။
''စိတ်ချ ကိုကြီးရေ ရနိုင်တယ်''
''ဖိုးကံညွန့်ရေ ကဲ... ဈေးပြေးပါအုံး'' ဖိုးကံညွန့်ကို အကူအညီခေါ်ရ၏။ ဖိုးကံညွန့်မှာ မာလီကြီး၏ မြေး ဖြစ်၏။ သူသည် ကျမမှာသမျှ ဈေးမှဝယ်လာကာ ကျမနှင့်အတူကူချက်၏။ မီးသွေးတဖို၊ ရေနံဆီတဖို၊ လေမီးဖိုတခု မီးဖိုသုံးခု နှင့် ချက်လိုက်သည်မှာ ရဲဘော်များနှင့် ဖေဖေ့အတွက် အမဲသားနှပ် အကိုကြီးအတွက် ဆူးပုတ်ဟင်းချို၊ ပဲကြီးဆီပြန်နှင့် ငါးတခွက် (အကိုကြီးက အမဲသားမစားပေ) နာရီဝက်အတွင် ချက်ပြုတ်ပြီး၍ ပြင်ဆင် ကျွေးလိုက်၏။ ဆယ့်တနာရီတွင်မူ ဖေဖေ၏အိပ်ခန်းသို့ ထမင်းပို့ပြီးပေပြီ၊ ကူ၍ ချက်ပြုတ်ပေးသော မောင်ကံညွန့် သည်လည်း သူ့ကျောင်းသို့ သူထွက်သွားတော့၏။

ထိုအချိန်ကျမှပင် ကျမအိပ်ခန်းသို့ပြန်ဝင်လာကာ ဂလူးကို့စ်ချိုချိုတခွက်ဖျော်သောက်၍ အိပ်ယာပေါ်ပြစ် လှဲ နေရပါသည်။ ထမင်းကို စားချင်စိတ်လည်းမရှိ၊ လုံးဝမစားလိုပါ၊ ညနေသုံးနာရီအထိ ကောင်းမွန်စွာ နားလိုက်ပြီး မှ သုံးနာရီထိုးလျှင် စက်ရုပ်ကြီးလိုထ၍ မီးဖိုချောင်ဝင် ငရုတ်၊ ကြက်သွန် ထမင်းအိုး ဟင်း အိုး တွေနှင့် ဇာတ်ထုတ်ကခင်းရပြန်သည်။
ကြာတော့လည်း ''လူ့ပြည်ကြီးဆိုတာ ဒါလား''ဟူ၍ အတွေးတမျိုးက ခေါင်းထဲဝင်၍ လာတတ်ပါ၏။

တခါတရံ ကျမဖာသာ ကျမတွေးကြည့်၏။ ကျမရောဂါမှာ စိတ္တဇလည်းပါသည်ဟုထင်ပါသည်။ မပြော ကောင်းပြောကောင်း ကျေးဇူးရှင်ကို ပြစ်မှားသည်ဟူဆိုရလေမည်လား၊ ကျမကျေးဇူးရှင်ကား ထမင်းပါ ပင်တည်း။ သို့သော်... ထမင်းကို လုံးဝမစားချင် ရောဂါရသည့်အချိန်ထိဆိုလျှင် ထမင်းမစားချင်သည် မှာ သုံးနှစ် လောက်ရှိ၍လာခဲ့သည်။ တခါတရံ ကိုယ့်ခေါင်းထဲက အတွေးကြီးကို ကိုယ်ထုတ်ပြစ်ရ၏။
''ဒီထမင်း ကြောင့် ငါခံခဲ့ရတဲ့ဒုက္ခတွေ၊ ဒီထမင်းလေးတလုတ် မနက်တခါ ညတခါစားရဖို့အတွက် ငါအလျော့ မပေးချင်ဘဲ အလျော့ပေးခဲ့ရတာတွေ၊ ဒီထမင်း သာ မစားရဘဲနေလို့ရတယ် ဆိုပါစို့၊ လောက ကြီးမှာ ချည်နှောင် ထား တဲ့ ကြိုးတကွင်းက ငါလွတ်ခြင်းဘဲ''

အမှန်အတိုင်း ၀န်ခံရလျှင် ကျမယခုလိုပင် တခါတလေတွေးမိ၏။ နောက်မှ ''ငါ့အတွေးကြီးက ကြောက် စရာကြီးပါလား ဒါကိုကြာကြာ ခေါင်းထဲမှာမထားသင့်ဘူးလေ၊ ထမင်းအတွက်ကြောင့် တခုထဲသက် သက်လူဖြစ်လာရတာမဟုတ်သလိုဘဲ၊ ထမင်းဆိုတဲ့ အဟာရမရှိပြန်တော့လဲ ဒီခန္ဓာကိုယ်ကြီးက ဘယ် လိုလုပ် လှုပ်ရှားနိုင်မှာလဲ...''
ဘယ်သူနှင့်မှ ဘာမှမဖြစ်ဘဲ ကိုယ့်အဘိဓမ္မာနှင့်ကိုယ် တခါတရံ ပဋ္ဋိပက္ခဖြစ်နေမိသည်၊ တခါတရံ ထ မင်းမစားဘဲနေ၍ နေ၍သွားရသည်ကို စိတ်ချမ်းမြေ့သလိုဖြစ်လာမိတတ်ပေသည်။
(ယခု အစိုးရပြောင်းလဲသွားပြီးမှ ခေတ်ကို မဆိုလိုပါ)

မပြောင်းလဲခင်ကတည်းကပင် တခါတရံ ထမင်းအိုးတယ်ရင် ငရုပ်သီးထောင်းရင်းက ဒေါသဖြစ်လာ တတ်၏။ ကြက်သွန်များကိုနွှာရင်း လွှတ်ပစ်ချင်လာတတ်၏။
''ငါ့မှာလေ အခုရင်ထဲမှာ လှိုက်လှိုက်လှိုက်လှိုက်နဲ့ စာရေးချင်လိုက်တာ ငါ့အတွက်သာဆို ထမင်းမစား ဘဲကို စာရေးတယ် အဲဒါလောက် ငါမက်မောတဲ့အချိန်တွေကို မင်းတို့ငရုပ်သီး ကြက်သွန် ထမင်းဆိုတာ တွေနဲ့ လုံးခြာ ပါတ်ခြာလည်ပြီး လဲပစ်လိုက်ရတာ စွန့်လွှတ်လိုက်တာ နှမြောလိုက်လေခြင်း...''
ကျမရင်ထဲက တကယ်ပင်ရေရွတ်မိပါသည်။ ငရုပ်သီး ကြက်သွန်များ မလွတ်လပ်သောအခါ ပို၍ဆိုးပါသည်။

''သေးဖွဲ့လိုက် သိမ်ငယ်လိုက်တာကွယ်... တို့မိန်းမတွေမှာလဲ အဘိုးတန်အချိန်တွေ အလုပ်တွေရှိပါ သေးတယ်ကွယ်... မင်းတို့ကြက်သွန်အဖြူ အနီလေးငါးအု ရဖို့အရေး၊ ဒီငရုပ်တဆယ်သားလောက်၊ ငံ ပြာရည် ငါးကျပ်သားလောက် ရဖို့အရေးအတွက် တို့များအချိန်တွေကို ဖြုံးပစ်လိုက်ရတာ ငါနမြောလို့မ ဆုံးဘူး...''

ကျမသည် အရူးမကြီးလိုပင် သံဇကာ ကြောင်အိမ်ကိုကြည့်၍ စိတ်ထဲမှစကားဆိုမိ၏။ သံဇကာကြောင် အိမ်လေးထဲမှ ကြက်သွန်နီလေးငါးအုနှင့် ကြက်သွန်ဖြူသုံးလေးအုကလည်း ကျမကို သနားဘွယ်ကြည့် နေဟန် တူကြပါသည်။ တအုကိုတအုမှီတွဲနေရင်း အမောဖြေနေကြဟန်တူပါသည်၊ သူတို့ကလည်း ကျမကိုပြန်၍ စကားဆိုဟန်ရှိ၏။
''ကျုပ်တို့မလဲ မောလိုက်တာ မမရေ... ဂိုဒေါင်ထဲမလဲ အသက်ရူရကြပ်လိုက်တာ ရုပ်တွေသာကြည့် တော့ ခွန်ကွာရေလံဖြစ်လို့ စောစောစီးစီးထုတ် စောစောစီးစီးရောင်းလိုက်လဲ ပြီးတဲ့ကိစ္စ ဂိုဒေါင်ထဲ အဓိပ္ပါယ်မရှိဘဲ ပိတ်လှောင်ခံနေရတာ ဒုက္ခရောက်လိုက်တဲ့ဖြစ်ခြင်း ၀ဋ်ကျွတ်အောင် မြန်မြန်သာ ထု တောင်း ချက်လိုက်ပါတော့ မမရယ်''ဟုပင် သူတို့က သနားဖွယ်စကားဆိုနေကြသည်ဟု ကျမထင်ပါ သည်။

သို့သော် အိမ်ရှင်မဖြစ်ရခြင်းအတွက် ရရှိသောမွန်မြတ်သည့်ကုသိုလ်မှာတော့ ဘယ်လိုအခက်အခဲနှင့် ဟင်းချက်စရာကို ရှာဖွေချက်ပြုတ်ရသည်ဖြစ်စေ ထမင်းဝိုင်းတွင် အိမ်သားများပြုံးရွှင်ကြေနပ်စွာ မြိန်မြိန် ရှက်ရှက်စားနေခြင်းကို မြင်ရပါလျှင် ထိုပီတိမှာ အတော်နှစ်သိမ့်ဘွယ်သောပီတိတမျိုးပါပင်တည်း၊ ထို ကုသိုလ်ကြောင့်ပင်ထင်ပါသည် လင်ကိုကောင်းစွာလုပ်ကျွေးသော အိမ်ရှင်မများအား သိကြားမင်းသည် ရှိခိုး၏ဟူ၍ ကျမကြားဘူးပါ၏။

အထက်လွှာဖြစ်စေ အောက်ဆုံးလွှာဖြစ်စေ ထမင်းစားခါနီးမှ အလုပ်ခွင်ကပြန်လာကာ ငရုပ်ကြက်သွန် လေးကို ပြေးဝယ်၍ ထုထောင်းချက်ပြုတ်စားရသော ဈေးတောင်းခေါင်းရွက်အိမ်ရှင်မမျိုးပင်ဖြစ်ဖြစ် ကိုယ့် ထမင်းဝိုင်း လေးတွင် လင်သည်နှင့် သားသမီးတို့ ကြေနပ်ပြုံးရွှင်စွာ စားသောက်သည်ကို မြင်ရ သောအခါ၌ ဖြစ်လာသော ၀မ်းမြောက်ခြင်းသဒ္ဓါစိတ်ပီတိအဟုန်သည် အိမ်ရှင်မ တို့အတွက်ကုသိုလ်တပါး ပါပင်တည်း။

သို့သော် တခါတရံ ယခုလိုတန်းစီဖို့ တိုးဖို့ အဖော်မရှိသော အိမ်ရှင်မများ မီးခွက်လင်းချိန်ရောက်ပါမှ ဈေးတောင်းရွက် အိမ်ပြန်ရောက်ပြီး ''ငခွေး ကြက်သွန်ဆယ်ပြားဘိုး ဆီငါးကျပ်သား ပြေးဝယ်လိုက် စမ်း...''ဆို၍ ဈေးမှပါလာသောအသားနှင့် ရောနှောချက်ပြုတ် ထမင်းတလုပ်စားရသော အိမ်ရှင်မများ အတွက် ယခုလိုဝယ်ချင်သည့်အချိန် ၀ယ်မရ၊ ရပြန်တော့လည်း ခွန်ခွာရေလံကို ဦးတိုက်ရှိခိုးဝယ်ရ သော အဖြစ်မျိုးနှင့် တွေ့ရချိန်တွင်တော့ ကျမလိုပင် ငရုပ်ဆုံကိုရော ယောင်းမရော ကြက်သွန်ပါ လွင့် ပစ် ချင်ကောင်း ပစ်ချင်ကြပေလိမ့်မည်။

ထို့ကြောင့်ပင် ဤသတ္တလောက၌ မည်သည့်ဝါဒ၊ မည်သည့်စနစ်သစ် အရပ်ရပ်တို့ကို ထွင်ချင်ကြသော.. ပုဂ္ဂိုလ်တိုင်းမဆို ''ထမင်းဝိုင်း''လေးဆိုသည်ကိုတော့ အမြဲထည့်သွင်းစဉ်းစားသင့်သည်ဟုထင်ပါသည်။

''ထမင်းဝိုင်းလေး''တွေးကြည့်တော့လည်း သေးဖွဲလွန်းလှပါ၏။ သို့သော် ဤထမင်းဝိုင်းလေးကို ဖန် ဆင်းရသော အိမ်ရှင်မများ တည်ငြိမ်မှုမရသောအခါ၌ မိသားစုတစုလည်း မတည်ငြိမ်ပါ။ မိသားစုများ စု ပေါင်း ထားသော ရပ်ကွက်၊ ရပ်ကွက်မှသည် မြို့၊ မြို့မှသည် တိုင်းပြည်တပြည်အထိသို့ပင် ဂယက်ရိုက် တတ်ပါသည်။

အိမ်ရှင်မများ ''ဟင်း''ချ၍ တည်ငြိမ်အေးဆေးရသောခေတ်သည် ငြိမ်းချမ်းသောခေတ်ပါပင်တည်း။ သို့ သော်လည်း ပုဂ္ဂိုလ်ကြီးများ၊ ခေါင်းဆောင်ကြီးများသည် သူတို့လည်း ငြိမ်းချမ်းလို၊ ဧချမ်းလိုလှပါသည် ဟူသောဆန္ဒဖြင့် လမ်းစများရှာကြရင်းမှ သတ္တလောကလည်း အမျိုးမျိုးဗြောင်းဆန်ကြရသည်ထင်ပါ သည်။

ကျမပင်လျှင် ကြောက်စရာကောင်းသော အတွေးခေါင်မှုကြီးတခု ခေါင်းထဲသို့ ခဏခဏ၀င်လာ၍ ထုတ် ပစ်ရ၏။ ''ဒါလောက်တောင် အလုပ်အလုပ်၊ အလုပ်သည်သာ ပဓာနဆိုပြီး ဖြစ်နေရယင် အင်မတန်တိုး တက်နေတဲ့ သိပ္ပံပညာရှင်တွေဟာ တခြားဟာတွေ တီထွင်မဲ့အစား ထမင်းမနက်တနပ်၊ ညတနပ်မစားရ ဘဲနဲ့ ထမင်းလို အဟာရဖြစ်တဲ့ ဆေးလုံးလေးတွေ တီထွင်ဘို့ကောင်းတယ်၊ အဲဒီဆေးလုံးကို တနေ့တ လုံးသောက်၊ အဲဒီတော့ ထမင်းဆိုတာလဲ မလို၊ မီးဖိုချောင်ဆိုတာလဲ မလိုတော့ဘူး၊ အဲဒီတော့ အဲဒီလူ သားဟာ အလုပ်ခွင်မှာဘဲ လုံးဝအချိန်ယူလုပ်နိုင်ရော... ဘာဖြစ်လို့များ သူတို့က ဒါကို မတီထွင်ရတာ လဲ''

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လေအဟုန် လျှပ်စီးနဲ့ အမြင့်ခရီးကိုလှမ်းခဲ့တယ် အပိုင်း (၁၇)

ဇန်န၀ါရီလထဲရောက်တော့ ဘယ်သူ့ဆီမှာ ပြောင်းဂျုံ မရှိတော့ပါဘူး။ ဖရုံရွက်တစ်မျိုးတည်းကိုသာ အားပြုကြ ရပါတော့တယ်။ မာလာဝီတစ်နိုင်ငံလုံး ဒုဗ္ဘိက္ခန္တရကပ်ကြီး လုံးဝ ဆိုက်ပါလေပြီ။ အီရဂျစ် မှာ ပလိပ်ရောဂါ ကပ်ဘေးကြီးဆိုက်တာ ကျွန်တော် ဖတ်ဖူးပါတယ်။ ချက်ချင်း ပျံ့နှံ့သွားပြီး အလောင်းချင်း ထပ်သွားတာပါ။ အိုးအိမ်ကို ထားခဲ့ပြီး တစ်ရွာတစ်ကျေးမှာ အလုပ်လုပ်တဲ့လူတွေက အစ အတုံးအရုံး သေကြပါတယ်။

အငတ်ဘေးကို လူတွေ နှစ်မျိုးနှစ်စား ခံစားကြရပါတယ်။ တချို့က သွားရင်းလာရင်း အရိုးစုပုံစံ ပေါက်လာပြီး ငှက်နဲ့ တူလာတဲ့ သူတို့လည်ပင်းတွေနဲ့ မြစ်ချောင်းတွေမှာ ရေသောက်ရင်း ပြန်မထနိုင် ကြတော့ဘဲ သေပွဲဝင်ကြရပါတယ်။ တစ်ချို့ကတော့ သွေးထဲမှာ ပရိုတင်း ကုန်ခမ်းသွားတယ်။ တစ်ကိုယ်လုံး ဖောရောင်လာတယ်။ နောက်ဆုံး ဗုန်းဗုန်း လဲပြီး သေသွားကြပါတယ်။

ငတ်နေတဲ့ လူတေါဟာ လျှောက်သွားနေကြပြီး ဘေးဘီကို မကြည့်ကြပါဘူး။ စကားလည်း မပြောကြ တော့ပါဘူး။ သေနေပြီးသား လူတွေလို ဖြစ်ကုန်တယ်။ ဒါပေမဲ့ စားစရာကလေးများ တွေ့လိုတွေ့ငြားဆိုတာ မျှော်လင့်ချက် ကလေး နဲ့ လျှောက်သွားနေကြတာ။ ငှက်ပျောခွံတွေ့ရင် ကောက်ဝါးကြတယ်။ ငှက်ပျောမြစ် တွေတူးပြီး ပလောပီနံ သဘော နဲ့ စားကြတယ်။ နောက်ဆုံး လမ်းဘေးက  မြက်တွေကို နုတ်စားကြတယ်။ တွေ့ကရာ အရွက်တွေခူး၊ အမြစ်တွေ တူး စားကြတော့ အဆိပ်ဖြစ်ပြီး မြင်မကောင်းရှုမကောင်းအောင်ပါပဲ။ ဒီလိုနဲ့ အပင်တွေပါ ပြုတ်ပြုတ်ပြုန်း ကုန်ပါတော့ တယ်။

"အစ်ကိုတို့ အစ်မတို့ရယ်၊ စားကြွင်းစားကျန်လေးများရှိရင် စွန့်ကျဲကြပါ။ ကျွန်တော်တို့၊ ကျွန်မတို့ ဘာပဲ လုပ်ပေးရ၊ လုပ်ပေးရပါ" လို့ ပြောနိုင်လောက်အောင် လဲမကျဘဲ တောင့်ခံထားနိုင်တဲ့ လူတွေ လည်း ကျန်သေးတယ်။ သွပ်မိုးထားတဲ့ ကျွန်မတို့အိမ်ကို အထင်ကြီးတစ်ခွဲသားနဲ့ ၀င်လာတတ်ကြ တယ်။ အဖေက ကျွန်တော်တို့မှာလည်း စားစရာ မရှိတော့တဲ့ အကြောင်း ပြောပေမယ့် မိုးတွေရွာတဲ့ အခါ ဆင်ဝင်အောက်မှာ ခိုကပ်နေတတ်ကြပါတယ်။ မိုးတိတ် တော့မှ အရိုးစုတွေ လမ်းလျှောက် သလို သူတို့ ထွက်သွားတတ်ပါတယ်။

သေပုံသေနည်းကလည်း အမျိုးမျိုးပဲ။ လယ်သမားတစ်ယောက် ပြန်ပြောတာ ကြားတာပါ။
"တစ်နေ့မှာ လူတစ်ယောက်ဟာ တစ်နေကုန် စားစရာ လိုက်ရှာနေသတဲ့။ သစ်ပင်ရိပ်တစ်ခုမှာ ခဏနားဦးမယ်ဆိုပြီး ပင်စည်ကို မှီရင်း တစ်မှေးအိပ်လိုက်တာ ပြန်နိုးမလာတော့ဘူးတဲ့"

နောက်ဇာတ်လမ်းတစ်ပုဒ်ကတော့ အိမ်တစ်အိမ်ကို လူစိမ်းတစ်ယောက် မဖိတ်ဘဲ ရောက်လာသတဲ့။ နည်းနည်း ကျွေးပါလို့ ဧည့်သည်က တောင်းတယ်။ အိမ်ရှင်က ကျွေးဖို့ပြင်နေတုန်း အဲဒီလူ လဲကျ သေဆုံးသွားတယ်တဲ့။

တစ်တိုင်းပြည်လုံး အဲဒီလို အတုံးအရုံး သေနေချိန်မှာ နိုင်ငံတော်သမ္မတက လန်ဒန်ကို နိုင်ငံတော် ကိစ္စနဲ့ ကြွမြန်း တော်မူပါတယ်။ ပြန်လာတော့ လေယာဉ်ကွင်းမှာ သတင်းထောက်တစ်ယောက်က သမ္မတကို စောင့်ပြီး မေးတယ်။ ကျွန်တော်တို့ တစ်အိမ်သားလုံး ရေဒီယိုနားမှာ စုပြီး နားထောင်နေ ကြတယ်။

"သမ္မတကြီးခင်ဗျား။ တစ်တိုင်းပြည်လုံးမှာ လူတွေ ငတ်လို့ သေကြေ ပျက်စီးနေကြပါပြီ။ သမ္မတကြီး ဘယ်လို စီမံကိန်းများ ရှိပါသလဲ"

သမ္မတက လုံးဝ နားမလည်ဟန်နဲ့ သူလည်း တောမှာမွေးပြီး တောမှာ ကြီးလာတဲ့ လူပါတဲ့။ တောမှာ လူတွေ အဆုတ်ရောဂါ၊ ကာလ၀မ်းရောဂါ၊ ငှက်ဖျားရောဂါတွေနဲ့ သေကြေပျက်စီးနေတာ အဆန်း ဟုတ်ပါဘူးတဲ့။ ဒါပေမဲ့ ငတ်လို့ သေတဲ့မသာ မရှိနိုင်ပါဘူးတဲ့။ ငတ်လို့သေတယ်ဆိုတာ မဖြစ်နိုင်တာ ပဲတဲ့။ သတင်းလာပြီးတာနဲ့ အဖေက ခေါင်းယမ်းပြီး လှည့်ထွက်သွားပါတယ်။ ကျွန်တော်က လိုက်မေးတာပေါ့။

သူဘာလို့ အဲဒီလို ပြောတာလဲ အဖေ"
"လူတချို့က တကယ် မျက်စိမမြင်ကြဘူး၊ ဒီလူက တမင် မမြင်ချင်ယောင်ဆောင်တာ"

အခန်း(၈)

ရေဒီယိုက သတင်လာပြီး မကြာခင်မှာပဲ ကျွန်တော်တို့ရဲ့ ညစာဝိုင်းဟာ စားရတယ် ဆိုရုံ မစို့မပို့နဲ့ ပြီးသွားတာ ချည်းပါပဲ။ ၀ရန်တာမှာ ရပ်ပြီး အထဲကို ကြည့်နေတဲ့ ခန်ဘာကို ကျွန်တော် လှမ်းကြည့် လိုက်တယ်။ တစ်နေ့တစ်ခြား သူ့အခြေအနေ ဆိုးလာနေပါပြီ။ ဦးခေါင်းကို ငိုက်စိုက်ချထားပြီး မျက်ခွံ တွေက တွဲကျနေပါတယ်။ နံရိုးတွေက အပြင် ကို ငေါထွက်လို့။ လမ်းလည်း သိပ်မလျှောက်နိုင်တော့ ပါ ဘူး။

သူ သိပ်ကြာကြာနေရတော့မယ် မထင်ပါ။
သူနောက်ဆုံး ၀၀လင်လင် စားရတာ ခရစ္စမတ်ကပါ။ ဒီနေ့ သူ့ဝေစု လုံးဝ မရှိတော့ ပါဘူး။ "စိတ်မကောင်း ပါဘူးကွာ၊ ငါတို့ ဘယ်လိုမှ မတတ်နိုင်လို့ပါ"
စိတ်ပျက်လက်ပျက်နဲ့ ကျွန်တော် အိပ်ရာဝင်လိုက်ပါတယ်။ နောက်တစ်နေ့မှာ အလွန်အမင်း ဆာလောင်မှု ဝေဒနာနဲ့ ကျွန်တော် နိုးလာပါတယ်။ တစ်ကိုယ်လုံးက ဆာနေတာပါ။ ဗိုက်ထဲမှာသာ မကတော့ဘဲ တစ်ကိုယ်လုံး မှာ ဘာမှ မရှိတော့ သလိုပါပဲ။

ကျွန်တော်နေတဲ့နောက်ဖေး အဖီကလေးဟာ သက်ငယ်မိုးပါ။ အမိုးနဲ့အောက်က ပလတ်စတစ် မျက်နှာကြက်ပေါ် ကို မိုးပေါက်တွေ ယိုကျနေပါတယ်။ ပြန်အိပ်ပျော်သွားပြီး ကျွန်တော် အိပ်မက် မက်နေ တယ်။
အရင်တုန်းကလိုပဲ ဒိုဝါကုန်းမြင့်ဆီကို ကျွန်တော်နဲ့ ခန်ဘာ ထွက်ခဲိ့ကြတယ်။ ငှက်တွေ အလျှံပယ် ရတယ်။ အမွှေးနုတ် ဖုတ်စားတယ်။ သူ့ကို ခေါင်းတွေ၊ ၀မ်းတွင်းသားတွေ ကျွေးတယ်။
နိုးလာတော့ ဆာလောင်မှုဝေဒနာက အခေါင်အဖျားကို ရောက်နေပါပြီ။ ကျွန်တော် ငိုချင်စိတ် ပေါက်သွား ပါတယ်။

အဲဒီညမှာ ခန်ဘာတစ်ကောင် ကျွန်တော့်အခန်းပြင်ဘက်မှာ အိပ်မောကျနေပါတယ်။ ပြန်နိုးမှ နိုးလာပါ တော့မလားလို့ ကျွန်တော် စိတ်ပူသွားပါတယ်။ တစ်လလောက် တင်းခံထားကွာ၊ တို့တွေ ပျော်ပွဲစားကြရမှာပါ။
ဒါပေမဲ့ သူ့အခြေအနေ ပိုဆိုးလာပါတယ်။ အန်လို့ချည်း နေပါတော့တယ်။ သူ့ကိုယ်ပေါ်က ယင်ကောင် တွေကိုလည်း အမြီးနဲ့ မောင်းနိုင်အား မရှိတော့ပါဘူး။
နောက်တစ်နေ့မှာ ချာရတီနဲ့မီဇက်တို့နှစ်ယောက် ကျွန်တော့်ဆီ ရောက်လာတယ်။ မီဇက်ကို ကျွန်တော် မတွေ့တာ ကြာပါပြီ။ ၀၀တုတ်တုတ် မီဇက်ဟာလည်း အရိုးပေါ်အရေတင်ရုပ်မျိုး ဖြစ်နေပါ ပြီ။

သူက ခန်ဘာကို ကြည့်ပြီး"ဟာ့ ဒီကောင်ကြီး သနားပါတယ်ကွာ"ကျွန်တော်က ဒီအကြောင်း ဆက်မပြော ချင်တာနဲ့ "ဒီနေ့ ခင်ဗျားတို့ ဘာလုပ်ဖို့ အစီအစဉ်ရှိသလဲ"
ချာရတီက"ဈေးဘက်သွားကြတာပေါ့ကွာ၊ စားစရာလေး ဘာလေးတွေ့မလား၊ လမ်းဘေးမှာ လိုက်ကြည့်မယ် လေ"
မီဇက်က နှုတ်ဆိတ်နေတယ်။ ခန်ဘာကို ကြည့်ပြီး

"သူသေမယ့်အတူ ဘာလို့ ဝေဒနာခံနေရတာကို ကြည့်နေမလဲ၊ သူ့ဒုက္ခကို အဆုံးသတ်ပေးလိုက်ပါ လားကွာ" ချာရတီက ထောက်ခံတယ်။
"ဟုတ်တယ် ၀ီလျံ၊ သနားပါတယ်ကွာ။ ရှင်းပစ်လိုက်ပါ" "ခင်ဗျားတို့ ဘာတွေ လာပြောနေတာလဲ"
"မင်းလူကြီး ဖြစ်လာပြီ၊ လူကြီးလို တွေးပါ။ ဘာလို့ ဒုက္ခကို ကြည့်နေမလဲ၊ သေမယ့်သတ္တ၀ါကို သတ်ပစ်ရမှာ သူ့သခင်ရဲ့တာဝန်ပဲ"
သူတို့မျက်နှာတွေကို ကျွန်တော် စွပ်ထိုးပစ်လိုက်ချင်တယ်။

"ဟာဗျာ့ မဟုတ်တာ၊ သူ နေကောင်းလာမှာပကါ"
မီးဇက်က"မင်းယောက်ျားပီသမှပေါ့ကွာ၊ မင်း မလုပ်ရဲရင် ငါတို့ လုပ်ပေးမယ်"
သူတို့ပြောတာ ဟုတ်နေမှန်း ကျွန်တော် သိနေတယ်။ ခန်ဘာဟာ မချိမဆန့် ခံစားနေရတယ်။ နောက်ဆုံးမှာ မျက်နှာလွှဲပြီး သဘောတူလိုက်ရပါတော့တယ်။
သူတို့ပြောတာ ဟုတ်ပါတယ်လေဆိုပြီး သဘောတူလိုက်ရပေမယ့် ခန်ဘာဟာ ကျွန်တော့်မျက်စိထဲ က မထွက်တော့ ပါဘူး။ ခန်ဘာကို ကျင်းနက်နက်တူးပြီး ကျွန်တော်တို့ မြှုပ်ခဲ့ကြပါတယ်။

နောက်နေ့မှာ ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ချင်တာနဲ့ ကွင်းထဲ သွားနေလိုက်ပါတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်တော့ အဖေ့ဆီလာတဲ့ ဦးလေး ဆိုကရေးတီးနဲ့ သွားတိုးပါတော့တယ်။"ဟေ့ ၀ီလျ၊ ခန်ဘာကော" လို့ မေးပါလေရော။"ကျွန်တော်လည်း မတွေ့ဘူး။ ဘယ်ပျောက်နေလဲ မသိဘူး"

ဒီနေ့အထိ ခန်ဘာရဲ့ ဇာတ်သိမ်းခန်းကို ကျွန်တော်တို့ ဘယ်သူ့မှ ပြန်မပြောပါဘူး။
ခန်ဘာကို မြှုပ်ပြီး နှစ်ပတ်အကြာမှာ နူရာဝဲစွဲပါတော့တယ်။ ကာလ၀မ်းရောဂါကပ်ဘေးကြီး ကျွန်တော်တို့ဆီ ရောက်လာ တာပါပဲ။ အတော် ကြောက်စရာကောင်းတဲ့ ရောဂါပါ။ ခန္ဓာကိုယ်ထဲက ရှိသမျှ အရာအားလုံး စီးထွက် သွားပြီး ဗုန်းဗုန်းလဲ သေရတဲ့ ရောဂပါပါ။ လူတွေက တွေ့ရာ ကောက်ဝါးနေတော့ ရောဂါပျံ့နှံ့ပုံက တောမီးလောင် သလို မြန်တော့တာပေါ့။

ဒီတစ်ခါတော့ သက်ဆိုင်ရာက ရေထဲခပ်ဖို့ ကလိုရင်းတွေ ဝေဖော်ရပါတယ်။ ဈေးပေါတာကို။ ဒါပေမဲ့ မနိုင်ပါဘူး။ ရောဂါပိုးတွေ သယ်လာတဲ့ ယင်ကောင်တွေက လူတွေရဲ့ ဦးခေါင်းမှာ ပါးစပ်မှာ၊ တစ်ကိုယ်လုံးမှာ မောင်းလို့ မနိုင်နိုင်အောင် ဖြစ်လာပါတယ်။ အိမ်သာတွေမှာလည်း ယင်ကောင်တွေ တရုန်းရုန်းနဲ့။ ကျွန်တော်တို့ အိမ်မှာတော့ အိမ်သာတွင်း ကို လုံအောင် ဖုံးထားပါတယ်။ ငတ်နေတဲ့ လူတွေဆီကို ကာလ၀မ်းရောဂါ ရောက်လာတော့ ဟောတစ်ယောက်၊ ဟောတစ်ယောက် မြှုပ်လို့ မနိုင်အောင် အလောင်းချင်း ထပ်နေပါတယ်။

ဂျက်ဖရီရဲ့ သွေးအားနည်းရောဂါက ပိုဆိုးလာပါတယ်။ တည့်တည့် မလျှောက်နိုင်တော့ပါဘူး။ မျက်စိ လည်း ကောင်းကောင်း မမြင်တော့ပါဘူး။ သူ့အသက်ဟာ တဖြည်းဖြည်း ပါးလျလာပါတယ်။တစ်နေ့မှာ အမေက ကျွန်တော်တို့ဝေစုက လျော့ပြီး သူ့ဆီ ယာဂုနည်းနည်း သွားပို့ပါတယ်။ "ကျေးဇူးတင်ပါတယ် အဒေါ်ရယ်၊ ကျွန်တော့်အသက်ကို အဒေါ်ကယ်လိုက်တာပဲ ခင်ဗျာ" လို့ ပြောရှာတယ်။

နောက်တစ်နေ့မှာ အဖေ့ညီမ ခရစ်(စ်) ရောက်လာပါတယ်။ အဘိုး သတိမရတော့ဘူးတဲ့။ အဖေ့ကို အဒေါ်လုပ်သူက ပြောတယ်။
"အစ်ကိုရယ်၊ အဖေ့အတွက် ဆုသာတောင်းပေးပါ။ သူ ဖရုံရွက်ပဲ စားနေရတာ ကြာပြီလေ"အဲဒီနေ့ညနေမှာ အမေက အဘိုးအတွက် ရှိတာလေး ခွဲပေးလိုက်ရပြန်ပါတယ်။
ကျွန်တော်တို့ အိမ်သားတွေအားလုံး သူများတွေလိုပဲ အရိုးပဒေသာတွေ ဖြစ်လာကြပါပြီ။ ကျွန်တော့် ရင်ဘတ်က အရိုးတွေ ရှေ့ငေါထွက်လာတယ်။ အာခေါင်တွေ အမြဲခြောက်ပြီး လက်မောင်းတွေက ကိုယ်မှာ တုတ်ချောင်းတွေ ဆွဲထားသလို တွဲလောင်းကျလို့။ လက်သီးဆုပ်လို့ မရတော့ပါဘူး။


ကွင်းထဲမှာ ပေါင်းနုတ်တဲ့ အလုပ်မျိုးတောင် ကျွန်တော် မလုပ်နိုင်တော့ပါဘူး။ အသက်ရှူကျပ်ပြီး ခဏခဏ မူးလဲတော့မလို ဖြစ်ဖြစ်နေပါတယ်။ ပုံမှန်ပြန်ရောက်အောင် မြေကြီးပေါ် ဒူးထောက်ပြီး  အကြာကြီး နားနေရပါတယ်။
ညညမှာ မူးရီမူးဝေနဲ့ နံရံကို စိုက်ကြည့်နေပြီး တွားတက်နေတဲ့ ပိုးကောင်ကလေးတွေကို တိုးတိုးမေး တယ်။
"မင်းတို့ အသက်ရှင်အောင် ဘာတွေစားနေကြသလဲဟင်"
ဘယ်မှော်အတတ်နဲ့မှ ကျွန်တော်တို့ကို မကယ်နိုင်ကြတော့ပါဘူး။

အဲဒီအချိန်မှာ ဧရာမလူထွားကြီးဖြစ်မှာ ကျွန်တော့်အဖေဟာ နေလှန်းသစ်သီးတစ်လုံး ကျုံ့ဝင် သွားသလို တစ်ခြမ်း လောက်ပဲ ကျန်ပါတော့တယ်။ ပြိုင်ဘက်တွေ လေးစားကြောက်ရွံ့ခဲ့ရတဲ့ ကြွက်သားကြီး သူ့ကိုယ်မှာ လုံးဝ မရှိတော့ပါဘူး။ ဂျက်ဖရီလိုပဲ အဖေလည်း အာဟာရဓာတ် သုည အောက် ရောက်သွားလို့ မျက်စိ မကောင်းတော့ ပါဘူး။

သူ ပိန်လာလေ၊ ပေါင်ချိန်စက်ပေါ် ခဏခဏ တက်လေ ဖြစ်နေပါတယ်။ ကျွန်တော်တို့အိမ်မှာ ပြောင်းဆန်ချိန် တဲ့ပေါင်ချိန်စက် ရှိတယ်လေ။ စက်ပေါ်က ဆင်းရင် ကျသွားတဲ့ အလေးချိန်ကို ညည်းညည်းတွားတွား ပြောတတ် တယ်။
"အမေကြီးရ့ ဒီနေ့ ငါးကီလိုဟေ့"


အမေက ဘယ်တော့မှ  မချိန်ပါဘူး။ ကလေးတွေကိုလည်း မချိန်ရဘူးလို့ တားမြစ်ထားပါတယ်။ ကလေးပေါက်စ ကလေးကို ချီတဲ့အခါမှာ သူ့လက်တွေတုန်နေတာ ကျွန်တော် သတိထားမိပါတယ်။ညပိုင်းမှာ အမေက သူ့သမီးတွေကို ဆာလောင်မှု စိတ်ဓာတ်စစ်ရေး သင်ပေးပါတယ်။
"ဆာတာကိုချည်း သတိထားပြီး စဉ်းစားနေရင် ပိုဆာမှာပေါ့။ မေ့မေ့ပျောက်ပျောက်ထားလိုက်။ အစားအသောက် ကိုချည်း အာရုံပြုနေရင် ပိုပြီး စိတ်ဆင်းရဲမယ်။ အဲဒီအခါ ကိုယ်အလေးချိန် ပိုကျမယ်"

ညီမတွေက ငိုပြီး အမေ့ကို ပြောကြတယ်။"သမီးတို့ကိုယ်တွေ ဖောယောင်လာရင် ဒုက္ခပဲ အမေ"
"အကောင်းမြင်တာလည်း မကောင်းဘူး၊ အဆိုးမြင်တာလည်း မကောင်းဘူး။ အမေပြာတဲ့အတိုင်း လုပ်ပါ"

အဖေက ညစာစားချိန်ကျရင် မဆာတော့ပါဘူးဆိုပြီး ငြင်းတတ်တယ်။"အဖေ တကယ် မစားတော့ ဘူးလား""အေး မင်းတို့ပဲ စားလိုက်ကြ" လို့ ပြောတတ်ပါတယ်။
ကာလ၀မ်းရောဂါကြောင့် မိန်းမတွေထက် ယောက်ျားတွေ ပိုသေကြတယ်။ သူတို့က အပြင်ထွက် တာ ပိုများတာကိုး။ တချို့ ယောက်ျား တွေကလည်း ငတ်နေတဲ့ မိသားစုကို မကြည့်ရက်၊ ရှာလည်း မကျွေးနိုင်တော့ တစ်ခါတည်း အိမ်က ထွက်သွားကြတာ ပြန်ပေါ်မလာကြတော့ဘူး။

အဲဒီလိုကျန်ခဲ့တဲ့ မိန်းမတွေ မုဆိုးမတွေက အကြီးအကဲအိမ်ကို အကူအညီတောင်းဖို့ သွားကြရတယ်။ အဖေကလည်း သည်အကြောင်း စဉ်းစားပုံရပါတယ်။
"မိသားစုတာဝန်က ငါ့တာဝန်ပဲ၊ သေရမယ်ဆိုရင်လည်း ငါ့မိသားစုနဲ့ အတူတူသေမယ်၊ အဲဒါ ငါ့ဆုံးဖြတ်ချက်ပဲ။ ဘုရားသခင့်အလိုတော်အတိုင်းပေါ့ကွာ"

နောက်တစ်ပတ်ကြာတော့ ကျွန်တော့်ညီမ မေလက်စ် ငှက်ဖျား ၀င်လာတယ်။ တစ်နေကုန် ချွေးတွေ ပြန်ပြီး တဆတ်ဆတ် တုန်နေတယ်။ ကိုက်လွန်းခဲလွန်းလို့ တစ်ချိန်လုံး ငိုနေပါတယ်။ ကလေးဟာ အများနည်းတူ အရိုးပေါ်အရေတင် ဖြစ်နေပါတယ်။ ဆရာဝန်ကလည်း ၀မ်းရောဂါကြောင်း တားဆီး နယ်မြေ သတ်မှတ်ထားတဲ့ အတွက် ပင့်လို့ မရပါဘူး။
အမေက သူ့အနားမှာ နေပြီး တစ်ချိန်လုံး ရေပတ်တိုက်ပေးနေရတယ်။

"သမိး ကောင်းသွားမှာ၊ ဘာမှ မပူနဲ့"တတွတ်တွတ်ပြောပြီး အမေ ပြုစုပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အားလုံး မပူဘဲ မနေနိုင်ကြပါဘူး။ နောက်ဆုံး သက်သာ လာပါတယ်။ ဒါပေမဲ့ ပိန်ကပ်ပြီး လူရုပ်မပေါ်တော့ပါဘူး။ လမ်းလျှောက်နိုင်တဲ့ အချိန်ရောက်လို့ ထလျှောက်တဲ့ အခါ လူနဲ့ မတူတော့ပါဘူး။ တစ္ဆေပေါက်စလေး တစ်ယောက်နဲ့ ပိုတူနေပါတယ်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 2, 2011

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁၆)

"ဒါဟာ ကျွန်တော်တို့ ထုတ်လုပ်ခဲ့တဲ့ လယ်ယာထွက်ပစ္စည်းတွေက မတရားဈေးတင်ပြီး ခင်ဗျား ဘာလို့ ကျွန်တော် တို့ကို ငတ်သေအောင် လုပ်နေတာလဲ" လို့ ၀ိုင်းပြောတော့ သူက ဒီလို ပြန်ပြောပါ တယ်။
"အဲဒါ ကျုပ်အပြစ် မဟုတ်ဘူး။ တန်ဇန်းနီးယားလယ်သမားတွေက နှစ်ဆတင်ရောင်းနေတာ၊ ကျုပ်က ဒါထက် ဈေးလျှော့ရောင်းရင် မွဲသွားမှာပေါ့။ ကျုပ် မွဲသွားရင် မနက်ဖြန် ခင်ဗျားတို့အတွက် ဘာမှ ရှိတော့မှာ မဟုတ်ဘူး"

တန်ဇန်းနီးယားက နှစ်ဆတင်ရောင်းတာဆိုတာတော့ အမှန် ဖြစ်ပါတယ်။ မပေးဘဲ အတင်းယူစားကြ ပါတယ်။ သူတို့မှာ ပေးစရာပိုက်ဆံ မရှိကြဘူးလေ။ အမေ အရုပ်ကြိုးပြတ်ပုံစံနဲ့ အိမ်ပြန်လာပါတယ်။ အမေက ဝေစု ကို အနည်းဆုံး ယူတာတောင် အဲဒီည ကျွန်တော်တို့ ခါတိုင်းထက်နည်းပြီး စားကြရပါ တယ်။ အမေက ကျွန်တော် တို့ ကို စားနည်း သင်ပေးပါတယ်။
"တစ်လုတ်စားပြီးတိုင်း ရေသောက်၊ အဲဒါ ဗိုက်ပြည့်လွယ်တယ်"

ကြာတော့ ညီအစ်မတွေ အချင်းချင်း သဘောကွဲလာတယ်။ ဆာလွန်းတော့ ဒေါရစ်က အခွင့်အရေး ပို ယူချင် လာတယ်။ ဝေစုနဲ့ ပတ်သက်ပြီး ရို့စ်နဲ့ ရန် ဖြစ်ကြပါလေရော။ တစ်ယောက်မျက်နှာ တစ်ယောက် ကုတ်ဖဲ့ ရိုက်ပုတ တဲ့ အထိ ဖြစ်လာတာပါ။ အမေက ရှိသမျှ အင်အားကလေးနဲ့ သူတို့ နှစ်ယောက်ကို ဆွဲဖျင်ပြီး အော်ပြော ပါတယ်။
"တော်ကြစမ်း၊ အရေးထဲမှာ နင်တို့က တစ်မျိုး၊ နင်တို့ကို ထိန်းဖို့ ငါ့မှာ အားမရှိတော့ဘူး"

အဲဒီညမှာ ဆာလောင်မှုရဲ့ဒဏ်ကို တစ်အိမ်သားလုံး အလူးအလဲခံကြရပါတယ်။
မာလာဝီတစ်နိုင်ငံလုံး  ရိက္ခာပြတ်သွားပါပြီ။ အစိုးရက ဘာမှ လုပ်မပေးပါဘူး။ တစ်နိုင်ငံလုံးရဲ့ အငတ် ပြဿနာ ကို အစိုးရက ဘယ်လိုများ ဖြေရှင်းပေး မလဲလို့ ကျွန်တော်တို့ တစ်ချိန်လုံး ရေဒီယို ကို နားကမခွဲဘဲ နားထောင် ကြပါတယ်။ တစ်ခွန်းတစ်ပါဒတောင် မဟပါဘူး။ ဆာလောင်မှုဒဏ် ကြောင့် လူတွေ စိတ်ကစဥ့် ကလျား ဖြစ်ကုန်ကြပါတယ်။ ကောလာဟလတွေလည်း အမျိုးမျိုး ပျံ့လွင့်နေပါတယ်။
"သူတို့တွေ အရံပြောင်းဆန်ကို ရောင်းစားလိုက်ပြီ။ ဘာတွေ ဆက်ရောင်းဦးမလဲ မသိဘူး"

"မာလာဝီဘဏ်ထဲမှာ ဘာမှ မကျန်တော့ဘူးတဲ့"
"တို့မသိဘဲ သူတို့ဘာတွေ လုပ်နေကြသလဲ"
တိုင်းပြည် အခြေအနေ မကောင်းတော့ဘူးဆိုတာ သိတာနဲ့ တောင်သူလယ်သမားတွေက သူတို့ စုထားတဲ့ ငွေစ ကလေးတွေ ထုတ်ဖို့ ကာစန်ဂူဘဏ်ကို ပြေးကြပါတော့တယ်။ အဲဒီအထဲမှာ ကျွန်တော့် အဖေလည်း ပါပါတယ်။ ဗိုက်ထဲမှာ အစာမရှိဘဲ မိုးရေထဲမှာ လူတွေ နာရီပေါင်းများစွာ ရပ်ပြီး တန်းစီးနေကြတာပါ။

ဘဏ်အဆောက်အအုံထဲရောက်တော့ ဘဏ်စာရေးက ထပ်ပြီး စောင့်ခိုင်းပြန်ပါတယ်။ သူတို့ ဗိုက်ထဲမှာ ဒေါသ နဲ့ ကြောက်ရွံ့ခြင်းက လွဲပြီး ဘာမှ မရှိတော့ပါဘူး။ ဒီတော့ မထူးဇာတ်ခင်းဖို့ တောင်သူတွေ ပြင်ဆင်ကြပါတော့တယ်။ တစ်ယောက်တစ်ပေါက် အော်ဟစ် ဆူညံကြပါတော့တယ်။

"တို့ပိုက်ဆံ တို့ထုတ်တာ၊ ဘာလို့ ဒါလောက် ကြာနေတာလဲ။ မင်းတို့ ဘာလုပ်ထားလဲ။ တို့ သည်းမခံ နိုင်တော့ဘူး"
သည်လို ပွဲကြမ်းမယ်လုပ်တော့မှ ထုတ်ပေးလာတယ်။ အဖေ တစ်သက်လုံး စုထားတဲ့ ငွေကလေး တစ်ထောင် လောက် ပြန်ရခဲ့ပါတယ်။ ပြောင်းဆန်တစ်ပုံး ၀ယ်ပြီး စက်ရုံမှာ သွားကြိတ်ပါတယ်။ တချို့ စားပြီး တချို့ ရောင်းပါတယ်။ ဒီလိုနဲ့ နောက်တစ်ပတ်စာ ကျွန်တော်တို့ အဆင်ပြေသွားပါတယ်။


ဒီ အနီဋ္ဌာရုံ တွေ ကြားထဲကနေပြီး ကာချိုကိုလို အထက်တန်းကျောင်းကို ဇန်န၀ါရီလယ်မှာ တက်ဖို့ ကျွန်တော် စဉ်းစားရပါသေးတယ်။ ဘောင်းဘီရှည်နဲ့ တက်ရမှာပါ။ ဘယ်လိုလုပ်ပြ ၀ယ်နိုင်မှာလဲ။ ဂီးလ်ဘတ် နဲ့ ကျွန်တော်ဟာ လူကြီးတွေလို ဘ၀ထဲကို တိုးဝင်ရပါတော့မယ်။ ကျောင်းအကြောင်း စဉ်းစားတော့ ဒုက္ခ ကိုပဲ ကြိုမြင်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းမှာ ဆာတာက အိမ်မှာဆာတာ ထက် ခံသာမယ် ထင်ရ တာပဲလေ။

အဓိကကတော့ ကျွန်တော့်အတွက် ကျောင်းဝတ်စုံပါပဲ။ အနက်ရောင် ဘောင်းဘီရှည်နှစ်ထည် တော့ ရှိပါရဲ့။ ဒါပေမဲ့ ကျောင်းအုပ်ဆရာကြီး ရောင်းတဲ့ အဖြူရောင်အင်္ကျီကို ကျွန်တော့်မိဘတွေ မ၀ယ်နိုင်ပါဘူး။ အမေ က ဈေးမှာ အ၀တ်ဟောင်းဆိုင်က ၀ယ်ဖို့ အကြံပေးပါတယ်။
''အတူတူပါပဲ သားရယ်၊ အဖြူရောင်ဆို ပြီးတာပဲ''တဲ့။

ဒါပေမဲ့ အမေက ကျင့်သားရသွားအောင်ဆိုပြီး ကျွန်တော့ကို ကျောင်းမဖွင့်ခင် ကျောင်းဝတ်စုံဝတ် ခိုင်း ပါတယ်။ အဲဒီမှာ အင်္ကျီအဖြူစွန်းထင်းကုန်တော့တာပါပဲ။ လျှော်လည်း သိပ်မပြောင်တော့ပါဘူး။
ကျောင်းစဖွင့် တဲ့ နေ့မှာ ကျွန်တော်နဲ့ ဂီးလ်ဘတ်အတူတလျှောက်သွားကြပါတယ်။
ကျွန်တော်က
''သူငယ်ချင်း ဂီးလ်ဘတ်၊ တို့အကြာကြီးစောင့်နေခဲ့တဲ့ နေ့ကိုရောက်လာပြီနော်''
''ဒါပေါ့''

''ကျောင်းမှာ ဗရုတ်ကျဖို့ မင်းစိတ်ကူးရှိသလား''
''ရှိတာပေါ့။ ဘယ်သူနဲ့ အရင်တွေ့မလဲ''
''ငါစဉ်းစားထားတာရှိတယ်။ တို့ကို လာစရင် ဗလသိပ်မကောင်းတဲ့ကောင်နဲ့ ပထမ ရင်ဆိုင်ရမယ်''
''အေး မဆိုးဘူး။ တို့နိုင်ရင် ကျန်တဲ့ကောင်တွေ ဖြုံသွားလိမ့်မယ်''
''ဒါပေါ့ကွ''

တောင်ကုန်းတွေ၊ စိုက်ခင်းတွေကိုဖြတ်ပြီး ကျောင်းကိုရောက်အောင် မိနစ်လေးဆယ်လျှောက်ရပါ တယ်။ ကျောင်း ရောက်ရောက်ချင်း ယူကလစ်ပင်ရိပ်မှာ ကျောင်းသူကျောင်းသားတွေကို ဆရာကြီး ဖီရိက မိန့်ခွန်း ချွေပါတယ်။ (ကျွန်တော်တို့ရွာက မှော်ဆရာလူသန်ကြီးနဲ့ ဆွေမျိုးမတော်ပါ) အလွန် အားရစရာကောင်းတဲ့ မျက်နှာသစ် တွေကို မြင်ရတဲ့အတွက် သူအားတက်ကြောင်းက စပြောပါတယ်။
''ဆရာ တို့ ကာချို ကိုလိုက မင်းတို့ကို တိုင်းပြည်ချစ်တတ်အောင်၊ မင်းတို့ကိုယ် မင်းတို့ ဂုဏ်ယူတတ် အောင် သင်ကြားပေးမယ်''

ကျွန်တော်တို့အားလုံး တက်ကြွတဲ့စိတ်နဲ့ တုန်တုန်ယင်ယင်ဖြစ်နေကြပါတယ်။ ကျွန်တော့်ဘ၀အတွက် အလွန် အမင်း အရေးပါတဲ့ နေ့ပါပဲ။ ကျွန်တော်တို့အားလုံး ပြုံးနေကြတယ်။
'''ဒါပေမဲ့ တခြားကျောင်းတွေလိုပါပဲ။ ဆရာတို့ကျောင်းမှာ လိုက်နာရမယ့်စည်းကမ်းတွေရှိတယ်။ အ ချိန် မှန် ရမယ်၊ သတ်မှတ်ထားတဲ့ ကျောင်းဝတ်စုံကို သေသေသပ်သပ်ဝတ်ရမယ်။စသည် စသည်ပေါ့။ အဲ့ စည်းကမ်း ဖောက် ရင်တော့ ချက်ချင်းအပြစ်ပေးခံရမယ်'' ဆရာကြီး သြ၀ါဒပေးပြီးလို့ လူစုခွဲလိုက် တော့ ကျွန်တော်နဲ့ ဂီးလ်ဘတ် က စာသင်ခန်းတွေဆီကို လျှောက်လာခဲ့ကြပါတယ်။
လမ်းမှာ ဆရာကြီးက ကျွန်တော့ပခုံးပုတ်ပြီး မေးပါတယ်။

''မင်းနာမည် ဘယ်သူလဲကွ''
''၀ီလ်ံ ကမ္ကြမ္ဘာပါခင္ဗ်ာ''
''ဟုတ်ပြီ။ ဒီမယ် ၀ီလျံ၊ မင်း ကျောင်းဝတ်စုံက သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်မ၀င်ဘူးကွ''
သိပ်မဖြူတော့တဲ့ ကျွန်တော့အင်္ကျီက အကွက်အစွန်းတွေကို ဆရာကြီး သတိထားမိသွားပါပြီ။ ဆရာကြီးရှေ့ကနေ ထွက်ပြေးသွားပြီး တစ်နေရာရာမှာ သွားပုန်းနေလိုက်ချင်ပါတယ်။ ဆရာကြီးက ခြေထောက်ကို လက်ညှိုးထိုးပြပြန်ပါတယ်။

''တို့ကျောင်းမှာ ခြေညှပ်ဖိနပ်လည်း စီးခွင့်မပြုဘူးကွ၊ အဲဒီတော့ မင်းအိမ်ပြန်ပြီး လဲလိုက်ပါ''
နောက်မြီးတိုနေပြီဖြစ်တဲ့ ကျွန်တော့်ခြေညှ်ဖိနပ်စုတ်ကို ငုံ့ကြည့်လိုက်ပါတယ်။ အိမ်မှာလည်း ကျွန် တော့်ကိုယ်ပိုင် ရှူးဖိနပ်မရှိပါဘူး။ အပြေးအလွှား အကြံထုတ်ရပါတော့သည်။
''ဟုတ်ကဲ့ ဆရာကြီး။ နောက်နေ့ ကျွန်တော်လဲဝတ်ခဲ့ပါမယ်။ ခုပြန်လဲဖို့ မလွယ်ပါဘူး ခင်ဗျာ၊ ကျွန် တော်က ၀င်ဘီ က လာတက်ရတာပါ။ မိုးတွေကလည်း ရွာ၊ ချောင်းနှစ်ချောင်းကိုလည်း ဖြတ်ကူးရမှာ မို့ အမေက ရှူးဖိနပ် စီးမသွားနဲ့ဆိုလို့ပါ ခင်ဗျာ''

ဆရာကြီးက မျက်နှာရှုံ့ပြီး စဉ်းစားနေပါတယ်။ ကျွန်တော်ကတော့ ဘုရားတနေရတာပေါ့။
''ဒါဆို ဟုတ်ပြီလေ၊ မိုးကုန်တာနဲ့ မင်းရှူးဖိနပ်နဲ့ ကျောင်းတက်ရမယ်''
ကျွန်တော့်မိဘတွေဟာ ရှူးဖိနပ်ဝေးလို့ ကျောင်းစာအုပ်ကိုတောင် ၀ယ်ပေးနိုင်ကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ခေတ်ကောင်းစဉ်ကာလမှာတောင်မှ ကျောင်းသားတိုင်း စာအုပ်မ၀ယ်နိုင်ကြပါ ဘူး။ စပ်တူ ၀ယ်ပြီး လှည့်ဖတ်ကြရတာပါ။ ကျွန်တော့အတွက် ဒီနေရာမှာတော့ ကံကောင်းသွားပါ တယ်။ ဂီးလ်ဘတ် က ၀ယ်နိုင်လို့ပါပဲ။

ကျွန်တော်တို့ဘ၀ဟာ မူလတန်းမှာကတည်းက ဆိုးရွားခဲ့တာပါ။ စာသင်ခန်းတွေမှာ ပြည့်ကျပ်နေလို့ သစ်ပင်အောက်မှာ ထွက်သင်ကြရပါတယ်။ မိုးရွာရင် အမိုးကမလုံပါဘူး။ စာသင်ခန်းသုံးခုမှာ နံရံ တွေပြိုကျ နေပါတယ်။ ခြပေါလွန်းလို့ ဘယ်သစ်သားမှ ကြာကြာမခံပါဘူး။ အိမ်သာတွေက အန္တရာယ် များလှပါတယ်။ ကြမ်းပြင်တွေကို ချစားထားတော့ အိန်ဂျလာဆိုတဲ့ ကောင်မလေး အိပ်သာတွင်းထဲ ပြုတ်ကျလို့ မနည်းဆယ်ယူရပါတယ်။ ကံကောင်းလို့ မသေတာပါ။ သူ့ခမျာ ရှက်လွန်းလို့ ကျောင်း ဆက်မတက်တော့ပါဘူး။

အထက်တန်းကျောင်း ကို အထင်တကြီးနဲ့ ကျွန်တော်တို့ရောက်လာကြတာပါ။ မူလတန်းကျောင်းနဲ့ သိပ်မထူး လှပါဘူး။ အတန်းပိုင်ဆရာ မစ္စတာတင်မ်ဘိုက ကျွန်တော်တို့ကို ကြမ်းပြင်ပေါ်မှာ ထိုင်ခိုင်း ပါတယ်။ အစိုးရ ဆီက စားပွဲထိုင်ခုံဖိုး မရဘူးထင်ပါတယ်။ ဘယ်နေရာကြည့်လိုက် ကြည့်လိုက် ပြင်ဖို့ လိုနေတာချည်းပါပဲ၊ အခန်းလယ် မှာလည်း အပေါက်ကြီးဖြစ်နေပါတယ်။ ကျွံမကျအောင် သတိထား လျှောက်ကြရပါတယ်။ ဗုံးပေါက် ထားတဲ့အတိုင်းပါပဲ။

ကျောင်းစဖွင့်တဲ့နေ့မှာပဲ သမိုင်း သင်ရပါတယ်။ တရုတ်၊ အီဂျစ်နဲ့ မက်ဆိုပိုတေးမီးယားက အစော ပိုင်းယဉ်ကျေးမှုတွေ သင်ရပါတယ်။ ပြီးတော့ အက္ခရာသင်္ချာဟာ ကျွန်တော့်အတွက် သိပ်ခက်နေပါ တယ်။ ဂျီသြမေတြိလည်း စသင်ရပါတယ်။ ထောင့်တွေ ဒီကရီတွေကိုတော့ ကျွန်တော်အရမ်းစိတ်ဝင် စားတယ်။
တစ်နေ့မှာတော့ ပထ၀ီသင်နေရင်း ဆရာတင်မ်ဘို ကမ္ဘာမြေပုံကြီးကို ဆွဲဖြန့်လိုက်တယ်။ အာဖရိက တိုက်ကြီး ကို အထင်းသားတွေ့ရပါတယ်။

ဆရာက
''ကဲ့ မာလာဝီကို ဘယ်သူရှာနိုင်သလဲ''
ကျွန်တော်တို့အပြေးအလွှားသွားပြီး လက်ညှိုးနှင့် ထိုးပြကြပါတယ်။
လတ်စသတ်တော့ ကမ္ဘာကြီးထဲမှာ ကျွန်တော်တို့မာလာဝီက သေးသေးမြှောက်မြှောက်ကလေးပါ လား။ မာလာဝီရေကန်ကြီး က တိုင်းပြည်ရဲ့သုံးပုံတစ်ပုံလောက်ကို နေရာယူထားတယ်။ သည်တိုင်းပြည် ကလေး မှာ လူဆယ့်တစ်သန်းနေတယ်ဆိုတာ တကယ့်အံ့ဖွယ်သုတပါပဲ။ အဲဒီလူတွေထဲက အများစုဟာ တ ဖြည်းဖြည်း ချင်း ငတ်နေကြပါတယ်။

ဆာလောင်ခြင်းနဲ့ ပတ်သက်လို့ ကျွန်တော်ထင်တာတွေ လွဲပြန်ပါတယ်။ အတန်းထဲမှာ ဆာတဲ့ဒဏ် ဟာ ကွင်းထဲ မှာ ဆာတဲ့ဒဏ်ထက် ပိုဆိုးပါတယ်။ ကြမ်းပြင်ပေါ်ထိုင်နေရင် ကျွန်တော့်ဗိုက်ထဲမှာ ဆူ ညံလို့ နေပါတယ်။ ဒီအခါမှာ ဦးနှောက်ကကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ ဆရာသင် တာကိုလည်း အာရုံ မစိုက်နိုင်တော့ လို့ နားမလည်တော့ပါဘူး။
ပထမပတ်တုန်းက တက်ကြွခဲ့တဲ့ ကျောင်းသားရဲ့စိတ်ဓာတ်ဟာ သုညအထိကျဆင်းသွားပါပြီ။ ကျောင်းသား တိုင်း ရဲ့မျက်နှာတွေက ပါးချောင်နားချောင်ကျလာတာကို ကျွန်တော်သတိပြုမိပါတယ်။ ကျောင်းစဖွင့် တဲ့ ရက်ပိုင်းက တွေ့ရတဲ့မျက်နှာအချို့ မတွေ့ရတော့ပါဘူး။ ဆပ်ပြာမ၀ယ်နိုင်ကြတော့ လူတိုင်းဟာ ပိုပို ညစ်ပတ်ပေရေလာပါတယ်။ ကြာလေ ကြာလေ တစ္ဆေတွေနဲ့ တူလာလေပါပဲ။
တစ်နေ့ အတန်းနားချိန်မှာ ကောင်းလေးတစ်ယောက်က ပြောတယ်။

''ငါ မနေ့က ပြောင်းရိုးစားနေတဲ့ လူတွေကိုတွေ့ခဲ့တယ်။ အချို့ ရေမရသေးတဲ့ ပြောင်းပင်ငယ်က လေးတွေကို နှုတ်ပြီးစားနေကြတာ။ သူတို့တစ်တွေ တစ်ခုခုဖြစ်မှာ သေချာတယ်''
နောက်တစ်ယောက်က
''သူငယ်ချင်းတို့ရေ မင်းတို့နဲ့နောက်မှပဲ တွေ့တော့မယ်။ မနက်ဖြန်က စပြီး ငါကျောင်းမတက်တော့ ဘူး။ ဒီခရီးကို ငါ မလျှောက်နိုင်တော့ဘူးကွာ''တဲ့။
သည်လိုနဲ့ လကုန်သွားပါလေရော။ ဆရာကြီးက မနက်စုံညီစုဝေးပွဲမှာ ကြေညာပါတယ်။

''တိုင်းပြည် အခြေအနေ ကို ဆရာတို့အားလုံးသိကြပါတယ်။ ဆရာကိုယ်တိုင်လည်း ခံစားနေရတာပါပဲ ဒါပေမဲ့ ကျောင်းသားအချို့ ကျောင်းလခမပေးကြသေးဘူး။ မနက်ဖြန်နောက်ဆုံးထားပြီး ပေးသွင်း ကြပါ''
ကျွန်တော် ဗိုက်ထဲကအသံတွေ ပိုကျယ်လာပါတော့တယ်။ မပေးရသေးမှန်း ကျွန်တော်သိတာပေါ့။ ဘယ်လို လုပ်ပြီး အဖေ့ဆီမှာ ပိုက်ဆံတောင်းရက်ပါ့မလဲ။ ကျောင်းလခက ထောင့်နှစ်ရာပါ။ တစ်နှစ် ကို သုံးခါ ကောက်ပါ တယ်။

အိမ်အပြန်လမ်းမှာ ဘာလို့ကျွန်တော်စိတ်ကူးယဉ်ပြီး ကျောင်းတက်မိပါလိမ့်ဆိုပြီး ကျွန်တော့်ကိုကျွန် တော် ကျိန်ဆဲ မိပါတယ်။ အဖေနဲ့ အမေကကော ဘာလို့ကျောင်းတက်ခွင့်ပေးရတာလဲ။
သူငယ်ချင်းကို ဖွင့်မေးရပါတော့တယ်။
''ငါ ဘာလုပ်ရမလဲ ဂီးလ်ဘတ်၊ အိမ်မှာ ရေဒီယိုဖွင့်ပြီး သီချင်းနားးထောင်နေတာ ကောင်းမယ်ထင်ပါ တယ်ကွာ''
''စိတ်မလျှော့ပါနဲ့ဦးကွာ၊ အခြေအနေ စောင့်ကြည့်ပါဦး''
ရွာပြန်ရောက်တော့ အဖေ့ကို ကွင်းထဲမှာ တွေ့ရပါတယ်။

''အဖေ၊ မနက်ဖြန် ကျောင်းလခသွင်းရတော့မယ်တဲ့။ ပထမအရစ် ထောင့်နှစ်ရာသွင်ရမှာ။ ဆရာကြီး က တောင်း နေပြီ''
အဖေ ခေါင်းငိုက်စိုက် ကျသွားပါတယ်။
''အခြေအနေ မင်း သိသားပဲကွာ၊ ဘယ်လိုလုပ်ပြီး တို့ပေးနိုင်မှာလဲ''
အဖေ့ကို အရမ်းသနားသွားတယ်။ ဆရာကြီးရဲ့အသံကိုလည်း နားထဲမှာကြားလာတယ်။ ကျောင်းလ ခမပေးနိုင်ရင် ကျောင်းမတက်နဲ့ဆိုတဲ့ အဓိပ္ပာယ်။
''စိတ်မကောင်းမဖြစ်ပါနဲ့ အဖေ။ နောက်နှစ်အခြေအနေ ကောင်းလာမှ ကျွန်တော်ပြန်တက်ပါ့မယ်''

အဖေ့မျက်နှာပျက်သွားပုံကို ကျွန်တော်တစ်သက်မေ့နိုင်မှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့ သူ့ထက် စိတ် ဓာတ် ပိုကျသူ က ကျွန်တော်ပါ။
နောက်နေ့ကျ ဂီးလ်ဘတ်က ကျွန်တော့်ကို ကျောင်းသွားဖို့ဝင်ခေါ်ပါတယ်။
''လာလေကွာ၊ သွားကြမယ်''
ကျွန်တော် ငိုချင်သွားပါတယ်။

''ငါကျောင်းထွက်လိုက်ရပြီ ဂီးလ်ဘတ် ၊အိမ်က ကျောင်းလခ မသွင်းနိုင်တော့ဘူးလေ။''
ဂီးလ်ဘတ်ကလည်း မျက်နှာပျက်သွားပါတယ်။ အလွန်အမင်း စိတ်ထိခိုက်သွားပုံပါပဲ။
''နောက်မှ တွေ့တာပေါ့ကွာ''

သူကြာနေမှာစိုးလို့ ကျွန်တော်စကားဖြတ်လိုက်ပါတယ်။ ပြီးတာနဲ့ ဂျက်ဖရီတို့အိမ်ဘက် လျှောက်လာ ခဲ့ပါတယ်။ ကျွန်တော့်ဒုက္ခကို ရင်ဖွင့်လိုက်ရင် ပေါ့သွားမလားလို့ပါ။ ဂျက်ဖရီတစ်ယောက် ကံကောင်း သွားပါတယ်။ တစ်နေ့မှ လေတွေ မိုးတွေကျပြီး မိုးကြိုးပစ်တော့် သူအိမ်နောက်က ယူကလစ်ပင်ကြီး လဲကျ သွားပါတယ်။ နောက်နေ့မနက်မှာ သူက နှစ်ပိုင်းပိုင်းပြီး ခွဲခြမ်းတွေပေါက်တယ်။ ပြီးတော့ လမ်း ပေါ်မှာ လျှောက်ရောင်းတယ်။ သူ့မိသားစုနှစ်ပတ်စာလောက် စားဖို့ရသွားတာပေါ့။

ခုတလော သူက ထင်းခွဲနေ၊ ကျွန်တော်က ကျောင်းသွားနေတော့ လူချင်း သိပ်မတွေ့ဖြစ်ကြဘူး။ ဒါကြောင့် ပြောစရာ တွေတစ်ပုံကြီး ဖြစ်နေတာပေါ့။ သူ့ဆီရောက်သွားတော့ သူက အ၀တ်လဲနေပါတယ်။ ကျွန်တော် ခဏတွေသွားတယ်။ သူ ၀တ်ထားတဲ့ အ၀တ်တွေ သူ့အ၀တ်တွေမဟုတ်ဘူး။ သူ့မျက်လုံးတွေက မျက်တွင်းချောက်ထဲမှာ ချိုင့်ဝင်နေတယ်။ မျက်လုံးထဲက အဖြူသားက ပိုဖြူနေသလိုပဲ။ သူ့ကြည့်ရ တာ တစ္ဆေ တစ်ကောင် လိုလို၊ ၀ိညာဉ်တစ်ခုလိုလိုပါပဲ။ ကျွန်တော့်ဝမ်းကွဲညီအစ်ကိုတော်ဟာ တစ်ချိန် က အလွန် သန်မာဖျတ်လတ် တဲ့ ပုဂ္ဂိုလ် ပါ။ အချိန်တိုအတွင် သူ့နေရာမှာ သူများတစ်ယောက်ရောက် လာသလို ဖြစ်သွား ပါတယ်။

''မင်း ကာချိုကိုလိုမှာ ရတယ်ဆို၊ ကျောင်းမတက်ဘူးလား''
''ဒီနေ့ပဲ ငါ ထွက်လိုက်ရတယ် ဂျက်ဖရီ၊ ကျောင်းလခ မသွင်းနိုင်လို့''
''ဟာ့ ကြားရတာ စိတ်မကောင်းလိုက်တာကွာ၊ တို့အားလုံး ဒုက္ခကိုယ်စီပါလား ၀ီလျံ''
''ဟုတ်တယ်၊ ဟုတ်တယ်''
သူက ကြမ်းပြင်ကို ငုံ့ကြည့်ပြီး ခေါင်းယမ်းတယ်။

''ဘုရားသခင် ကယ်မတော်မူမှပဲ၊ မဟုတ်ရင်''
ဂျက်ဖရီ့ဆီကပြန်လာတော့ ကျွန်တော့်စိတ်ဓာတ်တွေ သုညအောက်ရောက်သွားပါတော့တယ်။ အဲဒီ နေ့မှာ ကျောင်းက ပြန်လာတဲ့ ဂီးလ်ဘတ်က ကျွန်တော့်ကို သတင်းတစ်ခု ၀င်ပေးပါတယ်။
''လူနည်းနည်း လေး ပဲ ကျန်တော့တယ် သူငယ်ချင်း၊ အားလုံးလိုလို ကျောင်းထွက်သွားကြပြီ''
ကျွန်တော် ကျောင်းမတတ်နိုင်တဲ့ကိစ္စဟာ တစ်တိုင်းပြည်လုံးငတ်တော့မယ့်ကိစ္စနှင့်စာရင် သာမန်အ သေး အဖွဲ ဖြစ်သွားပါပြီ။ ကျတ်မှိတ်ခံရုံ မှ တစ်ပါး အခြားမရှိတော့ပါဘူး။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 1, 2011

ခင်နှင်းယု ၏ ဖေဖေ အပိုင်း (၉)

ကျမ ကတော့ ငွေမရှိသူ၊ ကားမရှိသူဖြစ်သော်လည်း ငွေကုန်ကျရမှုများအတွက် ကုန်ပြီးလျှင် သောကမ ဖြစ်တော့ပါ။ ကျမရောဂါကြောင့် ချိနဲ့ရသည်အထဲ လူအင်အားကုန်ခန်းစိတ်မောရခြင်းကိုသာ စိတ်ညစ် ၏။ ဒုတိယ စိတ်ညစ်ခြင်းမှာ ''ကုသိုလ်စင်ကြယ်စွာ မရခြင်းပါပင် ပင်တည်း။''
ပညာရှိသူတော်စင် တို့ မျက်မှောက်တွင် ဘယ်လိုမြင်သည်မသိ၊ ကျမရင်ထဲတွင်တော့ ကျမသည် ဖေဖေ့ အား နေ့စဉ်၎င်း၊ ရောဂါဖြစ်တိုင်း၎င်း တာဝန်ယူပြုစုခဲ့သော်လည်း ကျမတွင် ကုသိုလ်စင်ကြယ်စွာမရ၊ ပြောမရ၊ ဆိုမရသော ဖေဖေ့အပြုအမူများကြောင့် ဒေါသနှင့်ယှဉ်၍ရသော ကုသိုလ်ကို အလွန်ကြောက်၏။

တခါက မေမေက ပြောဘူးပါသည်။
''မေမေ လူမှန်းသိတတ်ကတည်းက ချမ်းသာတယ်... သမီးကလဲ တဦးတည်းသော သမီးဖြစ်ခဲ့တယ်၊ သမီးတို့ အရွယ် မရောက်ခင် အထိ မေမေချမ်းသာခဲ့သေးတယ်၊ မိဘရဲ့ငွေတင်မဟုတ်ဘူး... မေမေ့နံမယ် နဲ့ အိုင်ရာလန် ထီ ငါးသောင်း ပေါက်တဲ့အပြင် ဆုငွေနှစ်ထောင် သတ်သတ်ရခဲ့သေးတယ်၊ ဟိုတုံးကငွေ ဟာ ဘယ်လောက် တန်ဘိုး ရှိသလဲ၊ သမီးတို့အသိ... ဒါပေမင့် စိတ်ဟာ ဘယ်တော့မှလွတ်လပ်ပြီး ချမ်း သာမှု့ မရခဲ့ဘူး၊ အဲဒါဟာ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘ၀တုံးက ဒါနကုသိုလ်ပြုရာမှာ မစင်ကြယ်ခဲ့ဘူး၊ သမီးတို့ ဘာကုသိုလ် ဘဲ လုပ်လုပ် လောဘ ဒေါသ မောဟနဲ့ မယှဉ်စေနဲ့၊ တမလွန်မှာ အကျိုးပေးမစင် မကြယ်ဖြစ်တတ်တယ်''

မေမေ့စကားများကို ကြားယောင်တိုင်း သံသရာကို၎င်း၊ လက်ရှိဘ၀ကို၎င်း အလွန်ကြောက်၏။ တခါတ ရံ ဘုရားရှေ့တွင် ၀တ်ပြု၍ဆုံးသောခါ မျက်ရည်ဖြိုင်ဖြိုင်ကျမိ၏။ ''ကုသိုလ်တွေပြု၍ ကုသိုလ်တွေရသ လောက် ဖေဖေ့အပေါ်ဖြစ်ခဲ့ရတဲ့ ဒေါသတွေဟာ သံသရာမှာ ငါ့နောက်ကိုလိုက်တော့မယ်၊ သံသရာက လွတ်မြောက်အောင် ကျင်တဲ့ မဂ်တရားဖိုလ်တရားတွေမှာကော အနှောက်အယှက်ဖြစ်တော့မှာလား...'' ကျမ သေခါနီး ထိုဇောကြီး က လိုက်၍ယှဉ်၍ ကပ်လာမှာကိုကြောက်၏။

ဆုတောင်းဆိုသည်မှာတော့ ဆု တောင်း၍ရ၏။ ''နိဗ္ဗာန်မရမှီစပ်ကြား သံသရာကျင်လည်ရ၍ သူတပါးကို ပြုစုရမည့် ကုသိုလ်ပါသည်ဖြစ် ငြားအံ့၊ ကြီးသူကို ပြုစုရသည်ဖြစ်စေ၊ ငယ်သူကို ပြုစုရသည်ဖြစ်စေ၊ ဆင်းရဲ နှင့် ငရဲ ကင်းရပါလို၏''ဟူ၍ အစဉ်ဆုတောင်း၏။ သို့သော်... ဆုတောင်းထက် လက်ရှိဘ၀တွင်ပြုသော ကုသိုလ် များကို လောဘ ဒေါသ မောဟနှင့်ယှဉ်မိမှာစိုးလွန်း၍ အလွန်သတိပြုရ၏။
တခါကလည်း ဘုန်းကြီးဆွမ်းကျွေးနေစဉ် ပဉ္စင်းလေးတပါးမှာ ဘုန်းပေး၍မပြီးခင် ၁၂နာရီထိုးပြီဆို၍ ဆွမ်းပွဲ ကို အတင်းဝင်သိမ်းသောကြောင့် ဖေဖေနှင့်အကြီးအကျယ်ဖြစ်ခဲ့ရသည်။
ယခုတော့ သေသေချာချာ တွေးကြည့်လျင် အလွန်ဝမ်းနည်းစရာကောင်းသည် ဗြောင်ပင် စာရေးပြထား ရသည်။

''ဖေဖေပြုချင် တဲ့ ကုသိုလ်ရှိရင် ဆွမ်းကျွေးချင်တာဘဲဖြစ်ဖြစ် သမီးတို့အစအဆုံးလုပ်ပေးမယ်၊ သမီးတို့ ဆွမ်းကျွေး တဲ့ အခါမှာလဲ တရားနာခါနီးမှ ဆွမ်းကပ်တဲ့နေရာကို ဖေဖေလာခဲ့ပါ၊ အဲဒီလို မလိုက်နာနိုင်ဘူး ဆိုရင်တော့ သမီးဘယ်တော့မှ ဖေဖေ့အိမ်မှာ ဆွမ်းမကပ်ဘူး''ဟူ၍ အတိအကျပင် ရေးပြရပါသည်။
စင်စစ်တော့ ကုသိုလ်ဒါနတခုကို သားအဖနှစ်ယောက်ယှဉ်၍ ရေစက်ချကုသိုလ်မပြုရခြင်းသည် အလွန် ၀မ်းနည်း စရာ ပါပင်တည်း၊ သို့သော်... ဤကဲ့သို့ ရေးပြပြီးသောအခါမှပင် ကျမမှာ ဘုန်းကြီးကို ဆွမ်း အေးအေး ကျွေးရပါတော့သည်။

အဖြစ်က ဘယ်လိုအဖြစ်ပါလိမ့်။
မြရတနာဆေးတိုက်မှ ဆင်းလာသောအခါ ဒေါက်တာဘပုက တလလမ်းမလျှောက်ရသေး။ အိမ်မှာနား နေရအုံးမည်ဟု ဆိုပါသည်။ ဆေးရုံကအဆင်းတွင် နုနုနှင့်မောင်ကြည်ဆွေ့အိမ်သို့ ခေတ္တလိုက်နေပါ သည်။ ဆရာဝန်၏စကားကို ဖေဖေနားထောင်သည်ဟု ထင်ပါသလား... နားမထောင်ပါ၊ တလ မှ မကြာခင် နုနု ကျောင်းသွားတက်စဉ် သူ့ဖာသာ လမ်းလျှောက်ထ၍ ကျင့်ရာ သံမံသလင်းပေါ်ပြန်လဲကျပြန် သည်။

ယခုတကြိမ်တွင်မူ မောင်ကြည်ဆွေက မင်္ဂလာဒုံစစ်ဆေးရုံသို့ တင်ပို့ပေးသော်လည်း ဆရာဝန်များက ကုသ၍မရတော့ပါဆိုသောကြောင့် ပြန်လာခဲ့ရတော့သည်။
လမ်းမလျှောက်နိုင်တော့ဘဲ ဖင်ရွေ့ဖင်ရွေ့သွားရ၏။ ကျမ၏ခင်ပွန်းမှာ မှော်ဘီဗိုလ်သင်တန်း ကျောင်း သို့ ပြောင်းရွေ့ သွားရ၏။ မှောဘီမှအပြန် သို့မဟုတ် အသွားကြုံတိုင်းလိုလို နုနုတို့အိမ်သို့ဝင်၍ ကျမ ဖေဖေ့ ကိုတွေ့၏။

နုနုကွယ်ရာတွင် ကျမကိုကိုင်ကာ ''ဖေဖေ့ကို ဘယ်တော့ပြန်ခေါ်မှာလဲဟင်''ဟူ၍ ခလေးငယ်တ ယောက်၏ မျက်နှာဟန် နှင့် မေးတတ်သည်။
တနေ့ နုနုရော ကျမရော မောင်ကြည်ဆွေရော ဆုံကြသည်တွင် ကျမကပြောပြပါသည်။
''ဖေဖေ က မမယုလာတိုင်း သူ့ကိုပြန်မခေါ်တော့ဘူးလားလို့ချည်း မေးမေးနေတယ် ခေါ်သွားရမှာလား''
နုနု သည် ကျမထံသို့ ဖေဖေပြန်လိုက်ချင်ပါသလားဟူ၍ စာရေးပြလိုက်၏။

''အောင်မယ်... ငါကမလိုက်ချင်ပါဘူး၊ သူကချည်းလာလာခေါ်နေတာ''ဟု ပြောပြန်သောကြောင့် ကျမ တို့မှာ ၀ိုင်း၍ ရယ်ရပါတော့သည်။
နောက်တပတ်တွင်မူ အကိုကြီးသည် မှော်ဘီမှအပြန် ကားကြုံနှင့် ဖေဖေ့အား ခေါ်ယူခဲ့ပါသည်။

ဂွတ္တလစ် အိမ်ပြန်အရောက်တွင် သူ့အားပြုစုဘို့ အလှိုင်ဆိုသော မိန်းခလေးတယောက် အပိုခေါ်ထားရ ၏။ ခြေထောက်မကောင်းတော့ပြီဖြစ်၍ အိပ်ခန်းထဲတွင် ငြိမ်သက်စွာနေသည်ဟုထင်ပါသလား။
မနေပါ ဖင်တရွေ့ရွေ့နှင့်ပင် မီးဖိုချောင်ကို နေ့တိုင်းဝင်ကာ သူကြိုက်သော ဟင်းတခွက်ကိုချက်၏။ ဟင်းမချက် ရလျှင် ခလေးမလေး မအေးသင်ဈေးခြင်းတောင်းချသည့် နှင့် တပြိုင်နက် အတင်းဆွဲယူကာ ပါ လာသော ဟင်းသီးဟင်းရွက်များ ကို ထွင်စရာရှိသည်ကို ထွင်သည်၊ လှီးစရာရှိသည်ကို လှီးသည်။

တနေ့တွင် ကျမစာရေးနေသော စာဖတ်ခန်းထဲသို့ အကိုကြီးဝင်လာ၏။ ကျမက မှော်ဘီမှ သူ ရုတ်တ ရက် ပြန်လာသည်ကို မသိ၊ အနားရောက်မှ မော်ကြည့်မိ၏။
''ဟင်... ဘဲ့နဲ့လဲ ဘာကိစ္စရှိလို့လဲ''

''ကိစ္စကတော့ ရန်ကုန်ထဲမှာရှိတာပါ၊ ခဏအိမ်ကိုဝင်လာတာ၊ ခင်ဗျားတို့ဖေဖေကြီးက ခင်ဗျားတို့စားဖို့ သွေးနဲ့ ချွေးနဲ့ရင်းသည့် ဟင်းချက်နေပါရောလား၊ မီးဖိုချောင်သွားကြည့်ပါအုံး''
ကျမသည် ရေးလက်စကလောင်ကိုချကာ မီးဖိုချောင်သို့ပြေးဝင်သွား၏။ မီးဖိုထဲတွင် ခလေးမလေးက ကြက်သားကိုင်ကာ ဖေဖေကမူ စားပွဲပေါ်တွင် ကြက်ဟင်းခါးသီးလှီးနေသည်။ မည်သည့်လက်ချောင်း ကို ဓားထိသွားသည်မသိ၊ ကြက်ဟင်းခါးသီးဖတ်များတွင် သွေးများနှင့် လိမ်းကျံနေ၏။

''ဘုရားရေ...''
ကျမရင်ထဲတွင် ထိတ်လန့်သွား၏။ သူ့အနားသို့ တိုးကပ်သွားသည့်တပြိုင်နက်-
''သွား... သွား... အနားလာမကပ်နဲ့၊ ထုံးသာယူပေး''ဟု ထုံးစံအတိုင်း အော်ပြန်သည်။
''ကဲ.မသင်... ထုံးဘူးသွားယူစမ်း... ငါရင်တွေတုံလိုက်တာ၊ ခက်တော့တာဘဲနော်...''
''ဈေးခြင်းတောင်းချကတည်းက အတင်းဆွဲယူပြီးလှီးနေတာ...''

မအေးသင်သည် ပြောပြောဆိုဆို ထုံးဘူးနှင့်ပတ်တီးယူလာ၍ ဖေဖေ့ရှေ့မှာ ချထားရ၏။
''မမယု သွားလေ... ရင် ပိုပြီးတုံလာအုံးမယ်...''
ကျမသည် စာဖတ်ခန်းသို့ပြန်လာ၏။

''တွေ့ခဲ့ပြီးလား... ဘာမှတော့ မပြောနဲတော့၊ ကိုယ်စိတ်ချမ်းသာအောင်သာ ကြည့်နေ... သွေးနဲ့ရင်းသော ကြက်ဟင်းခါးသီးဟင်းတော့ တို့များ မစားပါရစေနဲ့၊ ကဲ... ကိုကြီး မြို့ထဲသွားတော့မယ်''
ကိုကြီး သည် ရယ်စရာလိုပင်ပြောခါ စာဖတ်ခန်းထဲမှ ထွက်သွားတော့သည်။

ယခင်က သွေးထွက်သံယို ဒဏ်ရာများကို ကျမကြည့်ရဲ၏။ ဘယ်သူပင် ထိခိုက်၍ ဒဏ်ရာဘယ်လိုကြီး ကြီး ဆရာဝန် ထံ မရောက်ခင် ကျမကိုယ်တိုင် ဆေးထည့် ပတ်တီးစီး၍ ပြုလုပ်ပေးရဲ၏။ ယခု ဖေဖေ့သွေး စ များကို မြင်ရုံနှင့် ရင်ထဲမှာ ပိုခုံလာကာ ခေါင်းထဲက နောက်ကျိကျိဖြစ်လာ၏။

စာရေးပြရပေါင်း လည်း များခဲ့ပေပြီ။ ဖေဖေကတော့ မလျှော့၊ မီးဖိုချောင်ကို ဖေဖေမ၀င်အာင် ဘယ်လို များ လုပ်ရပါ့၊ ယခုတခါ ထပ်မံစာရေးပြ၍ကော ဖေဖေသည် ကျမဆန္ဒကို လိုက်ရောပါမည်လား၊ ရေး လိုက်ရသည့် စာများကလည်း တခါကအဖြစ်တခုကို ပြောပြရလျှင် ယုံစရာတောင် ရှိမည်မဟုတ်ပေ။

တနံနက်တွင် ခလေးမလေးက ဈေးခြင်းတောင်းချ၍ ကျမအားပေါင်မုံ့ လှမ်းပေး၏။ ပေါင်မုံ့ထုတ်ထား သောစက္ကူ မှာ ဗလာစာရွက်ဟောင်းတခုဖြစ်သည်။ ကျမက စက္ကူကို ဖြေလိုက်သောအခါ စက္ကူပေါ်တွင် လက်ရေး စာလုံး သုံးလေးကြောင်းတွေ့ရသည်။ စာရွက်ကို စာဖတ်ခန်းထဲသို့ ကျမယူသွား၏။ မအေး သင် ကလည်း လိုက်လာသည်။
''ဒီလက်ရေးဟာ ငါ့လက်ရေးနဲ့တူလိုက်တာဟယ်...''

ကျမက ပြောပြောဆိုဆိုနှင့် ကောက်၍ဖတ်လိုက်သောအခါ ကျမလက်ရေးမှ ကျမလက်ရေးအစစ်၊ ရေးထားသောစာကလည်း-
''ဖေဖေ ညဘက်ဆီးသွားတဲ့အိုးကို မလှိုင်ဆေးလိမ့်မယ်၊ ဖေဖေကိုယ်တိုင် မဆေးပါနဲ့...''ဟူသတည်း။
ကျမသည် စိတ်မညစ်နိုင်၊ ရယ်မိ၏။ မိအေးသင်က စာလာဖတ်ခါ စုံထောက်ဦးစံရှားစတိုင်နှင့် ပြောပြ၏။

''အဲဒါ... ဘယ်လိုဖြစ်တာလဲသိလား... မမယုရေးသမျှ စာရွက်အကြမ်း အတိုအစတွေကို ဘဘကြီးက စုထားရော တလပြည့်တော့ သတင်းစာအဟောင်းနဲ့ အတူ ကုလားကို ရောင်းလိုက်ရော၊ အဲဒီကုလားက တခါ ပေါင်မုံ့သည်ကို ရောင်းလိုက်ရော၊ ပေါင်မုံ့သည်က ဒီစက္ကူနဲ့ မုံ့ထုတ်ပြီး ကျမတို့ကို ရောင်းလိုက် ရော... ဒီတော့ ကျမတို့အိမ်ပြန်ရောက်လာရော...''
မအေးသင်က စာဝင်္ဂဘာ ၏ အကြောင်းကို ရှင်းလင်းပြောပြ၏။

ယခုလည်း မီးဖိုချောင်ကို မ၀င်စေချင်သောကိစ္စကို ဘယ်လိုလုပ်၍ပြောပြရပါမည်နည်း၊ ကိုယ့်စိတ်ကူး နှင့် ကိုယ် ငိုင် ၍တွေးနေဆဲတွင် နောက်ဖေးဘက်က အော်သံကိုကြားရပြန်၏။
''ငါ့ ချီးမှဘဲ... ငါ့ကို ၀ယ်မပေးချင်လို့ တမင်ပြောတာ... မောင်ထော်လေးလမ်းနဲ့ ဖရေဇာလမ်းဒေါင့်မှာ ကွ၊ ကမ္ဘာလုံး တံဆိပ်ဆိုင် တဲ့ရှိတယ်၊ မင်းတို့ ဘာကောင် လဲ... ငါလိုချင်တာကိုရအောင် ၀ယ်မပေးချင် ဘူး၊ ဒီနေ့လဲ ငါဆိတ်သားစားချင်တာ ဟိုကောင်မလေး က ၀ယ်မရဘူးဆိုပြီး ကြက်သားဝယ်လာတယ်၊ မင်းတို့က ငါ့ ကို မစားစေချင်ဘူး...''
ကျမသည် မီးဖိုထဲသို့ ထမသွားတော့၊ စာဖတ်ခန်းထဲမှာပင် ထိုင်နေသည်။ ချက်ခြင်းလိုပင် မောင်ကံ ညွန့် သည် စာဖတ်ခန်းဝသို့ရောက်လာ၏။

''ဘဘကြီး ဆူနေပြန်ပြီ...''
''ငါသိပါတယ်လေ...''
''တခြားကြောင့်မဟုတ်ဘူး သူလိုချင်တာတွေကို ကျွန်တော်တို့ဝယ်မပေးချင်လို့လို့ ထင်နေတယ် အမှန် တော့ ဘဘကြီးပြောတဲ့ ဆိုင်တွေက ဖရေဇာတန်းမှာ မရှိတော့ဘူး၊ တက္ကသိုလ်သမ၀ါယမမှာ သူဝယ် ခိုင်းတဲ့ ဆေးတွေကလဲ မရှိဘူး၊ တက္ကသိုလ်သမ၀ါယမ ဖျက်လိုက်တဲ့အကြောင်း ဘဘကြီးကို မမယု စာရေးပြပါအုံး...''
မောင်ကံညွှန့်စကားဆုံးလျှင် ကျမသက်ပြင်းချမိ၏။

''ဒီမှာဟေ့ ဗမာပြည်မှာ စက္ကူစက်တည်ပြီး ထွက်သမျှ စက္ကူတွေအပေါ်မှာ ငါတယောက်ထဲ ရေးပြီးပြ လို့... အဲဒီ စက္ကူတွေသာ ကုန်ချင်ရင်ကုန်မှာ နင်တို့အဘကတော့ ပြောရမှာမဟုတ်ပါဘူးဟာ''
ကျမက ငြီးတွားရင်း ထုံးစံအတိုင်း စာတရွက်ပေါ်တွင် အခြေအနေအရပ်ရပ်ကို ရေးပြ၍ မီးဖိုဘက်သို့ ထွက်လာ၏၊ သူ့အနား ရပ်သည့်တပြိုင်နက် ကျမအပေးကိုပင်မစောင့် ကျမလက်ထဲမှ စာရွက်ကိုဆွဲယူ ကာ အစိတ်စိတ် အမွှာမွှာ ဆွဲဆုတ်ပစ်လိုက်၏။

''ပြောချင် ပါးစပ်နဲ့ပြော နင့်စာကို ငါမဖတ်ဘူး''
ဒေါနှင့် မောနှင့်ပြောကာ အိမ်ထဲသို့ ဖင်ရွေ့ဖင်ရွေ့နှင့်ဝင်သွားတော့သည်။

''ကဲ... စနစ်သစ်ကတော့ ထုတ်ပြန်ဘီ၊ ငါသာ ဒီအကြောင်းတွေကို ဖေဖေကြားအောင် ခုနှစ်သံနဲ့ အော် ပြောရရင် မောလို့သေလိမ့်မယ် ပြောရမဲ့အကြောင်းတွေကလဲ အရှည်ကြီး၊ ပြောရတဲ့လူကဲ သာမာန်လူ ပြောသလို လေသံနှုန်းနဲ့ ပြောရမှာမဟုတ်ဘူး၊ သူအထင်လွဲချင်လဲလွဲ မတတ်နိုင်ဘူး ကဲသူဝယ်ခိုင်းတဲ့ စာရင်းတွေက ဘာတွေလဲ...''
''နိုင်ငံခြားဖြစ်တွေ မမယုရဲ့... အပြင်ဆိုင်တွေမှာမှ ၀ယ်မရတော့တာ ခံတပ်ကြီးဆေးတခုဘဲရတယ် ဒါ တောင် တက္ကသိုလ်သမ၀ါယမ ဖျက်လိုက်ပေမဲ့ ဦးဘငြိမ်ဆိုင်က ကျွန်တော်ဝယ်လာတာ ပြီးတော့ ကိုးလ်ဂိတ် တို့ ဆဲပင်အိုကလော့မုတ်ဆိပ်ရိပ်ဒါး တို့က မှောင်ခိုဈေးမှာဘဲရှိတာ သူပေးလိုက်တဲ့ ပိုက်ဆံ က အရင် သူ ဖရေဇာ မှာ လမ်းလျှောက်ရင်းဝယ်ရတဲ့ ဈေးနှုန်းအတိုင်းပေးလိုက်တာ''
မောင်ကံညွန့်က နိဂုံးချုပ်၏။

မအေးသင်က နိဒါန်းစ၏။
''မနက်ကလဲ အစောကြီး ဘုရားခန်းရောက်နေလို့ မကြားရတာ ဆိတ်သားက ဒီနေ့ ရန်ကင်းဈေးမှာ မရ လို့ ကြက်သား ၀ယ်လာတာ အဲဒါ သူ့ကို ဆိတ်သားဝယ်မကျွေးချင်လို့တဲ့ ပြီးတော့ ကြက်ဘယ်ဈေးလဲဆို တော့ ရှစ်ကျပ် လို့ ပြောတာ နင်အလကားပြောတာ နှစ်ကျပ်ဈေးတဲ့...''
ကျမ က လက်ကာရပြန်၏။

''တော်ကြပါတော့... တော်ကြပါတော့ ၀ယ်ရသမျှကို ၀ယ်ပေး မရတော့လဲ မတတ်နိုင်ဘူး၊ ရေလည် အောင် ပြောပြဖို့က နင်တို့ရှေ့မှာဘဲ ငါရေးပြတဲ့စာရွက်ကို ဆုတ်ပြစ်လိုက်ပြီ ပါးစပ်ကတော့ ငါမပြောပြ နိုင်ဘူး ကဲ... သွားကြတော့...''
ကျမသည် စာဖတ်ခန်းသို့မသွားတော့ဘဲ အိပ်ခန်းဆီသို့ လှမ်းလာ၍ အိပ်ယာပေါ် ခြေပြစ်လက်ပြစ် လှဲ နေမိသည်။

ရာဇ၀င်ဆရာတို့ ရေးဟန်မျိုးနှင့် ခပ်ကြီးကြီး ကျယ်ကျယ်ရေးရလျှင် ကျမတို့သားအဖနှစ်ယောက်၏ အ ရေးအခင်းကား တဖြေးဖြေးတင်းမာလာ၏။ သားအဖနှစ်ယောက်ဆက်ဆံရေးသည် စာရွက်ပေါ်မှာတည် ၏။ ယခင်ကပြောချင်သမျှ စာနှင့်သာရေးပြရ၏။ ဒီစာ ယခုမဖတ်တော့ဘူးဆိုတော့ ကျမကလည်း ခပ် ပေပေရေး၍မပြတော့ပေ၊ သူမေးသမျှကိုလည်း ဘာမှမဖြေတော့ဘူး၊ စင်စစ်ကျမတွင် ဖြေနိုင်သောအင် အားလည်း မရှိတော့ပေ... ဖေဖေ့ကို ခုနှစ်သံနှင့်ရှည်လျားစွာပြောဖို့ မဆိုထားနှင့် ညီအကိုမောင်နှမ သာမာန်အသံနှုန်းနှင့် စကားပြောရင်းမှာပင် စိတ်ပါလက်ပါ ပြောလာသောအခါ ကျမအသံများသည် ပြောင်းသွား၏။

အောက်မေးသည် လေးလာကာ စကားလုံးများကို ပီသစွာရွတ်ဆိုမရသလို ဖြစ်လာ သည်။ စကားလုံး မသဲကွဲဆိုလျှင် ပိုမှန်၏။ စကားလုံးများကို ပီသအောင် တလုံးစီ အားယူ၍ပြောရသော အခါ... ရင်ထဲမှာ မောလာ၏။ ညာဘက်လက်ဖ၀ါးများမှာ တင်း၍ယောင်လာတတ်သည်၊ ခေါင်းထဲမှ အ သံတခုမြည်လာကာ မျက်လုံး များ စင်းလာတော့သည်။ ချက်ခြင်းလိုပင် အိပ်ယာပေါ်လှဲ၍ အနားယူရ၏။ ဆက်လက်ပြောနေပါက ခြေလက်များ အေးစက်လာသည်မှာ လူသေများကဲ့သို့ပင်တည်း...။

ထို့ကြောင့် ကျမသည် စကားပြောဖို့ကို တတ်နိုင်သမျှရှောင်၏။ စာရေးဆရာများ စကားပြောဟောဖို့ ဖိတ်ခေါ် သော အခါတွင်လည်း ကျမ လက်မခံခဲ့ပေ။
တနေ့တွင်မူ မှော်ဘီကိုလိုက်သွား၍ ကျမခင်ပွန်းသည်အား ထမင်းချက်ကျွေးရန် ငရုပ်သီးထောင်းနေဆဲ ပေါင်ထဲမှ တဖြေးဖြေးနာလာ၏။ နာလာသည်မှာ အတော်ကို အခံရခက်လာသည်မက ရင်ထဲကလည်း အသက်ရှုရကြပ်လာသည်။ ကျမလည်း တယောက်တည်းဖြစ်၍ ကိုယ့်ဟာကိုယ် ဘာလုပ်ရမှန်းမသိ အံ့ အားလည်းသင့်၏။ ညာဘက်လက်က ငရုပ်သီးထောင်းသည်နှင့် ပေါင်ထဲက နာရသည်မှာ ကြားရသူအ ဖို့ ရယ်စရာလိုဖြစ်နေသည်၊ သို့သော် ကျမသည် လုံးဝ ထမရတော့ပေ။

တော်ပါသေး၏။ အကိုကြီးမှာ ထမင်းစားပြန်လာချိန်နှင့်ကြုံကြိုက်နေ၍ ကျမအဖြစ်ကို အံ့သြနေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

လေအဟုန်လျှပ်စီး နဲ့ အမြင့်ခရီး ကို လှမ်းခဲ့တယ် အပိုင်း (၁၅)

သားရေပြား အတုံးတွေ ကို ဆိုဒါနဲ့ ဆားထည့်ပြီး နှစ်နာရီ ပြုတ်ပါတယ်။ ပြီးတော့ ရေထပ်ထည့်ပြီး နောက် တစ်နာရီ ထပ်ပြုတ်ပါတယ်။ ပြီးတာနဲ့ ချာရတီက တစ်တုံးကို ဆယ်လိုက်တယ်။ အတုံးတွေ က ညိုပြီး ချွဲနေပြီ၊ သူက တဖူးဖူးမှုတ်ပြီး မကြာခင် ပါးစပ်ထဲ ထည့်လိုက်တယ်။ မနည်းဝါးပြီးမှ ကျိတ်မှိတ် မြိုချလိုက်တယ်။
"ဘယ်လိုလဲ"
ကျွန်တော်က သွားရည်တမြားမြားနဲ့ မေးလိုက်တာပါ။

"မာတော့ မာသေးတယ်။ ဒါပေမဲ့ ထင်း မရှိတော့ဘူး"
ဒီလိုနဲ့ ကျွန်တော်တို့ တစ်တုံးပြီးတစ်တုံး ဆယ်စားကြပါတယ်။ မနည်းဝါးရတော့ အရည်တွေ ပါးစပ် ထဲက ထွက်ကျကုန်ပါတယ်။
"ပျော်စရာ ခရစ္စမတ်ပါ"
ကျွန်တော်က ပလုတ်ပလောင်းနဲ့ ပြောလိုက်ပါတယ်။ အဲဒီမှာ တံခါးကို ကုတ်ခြစ်သံနဲ့အတူ ခန်ဘာ ၀င်လာပါတယ်။ ကျွန်တော်တို့ရဲ့ ပွဲတော်စာကို သူ အနံ့ရလို့ လိုက်လာပုံရပါတယ်။ အမြီးတနံ့နံ့နဲ့။ သူ့ကိုတွေ့တော့ ကျွန်တော် ပျော်သွားတာပေါ့။

ချာရတီက လှမ်းပြောတယ်။
"ခွေးကိုလည်း ကျွေးလိုက်ပါကွာ၊ သူတို့ စားရမယ့်အစာကို တို့က အူလိမ်နေပြီ မဟုတ်လား"
ကျွန်တော်က တစ်တုံး ပစ်ပေးလိုက်တော့ အံမယ် သူက ငယ်ငယ်တုန်းက အတိုင်းပဲ။ ခုန်ပျံပြီး ဖမ်းသဗျ။
အဲဒီလိုမှပေါ့ကွ"

ကျွန်တော်က အော်ပြီး အားပေးလိုက်တယ်။ သူက စက္ကန့်ပိုင်းအတွင်း ၀ါးစားလိုက်ပြီး နောက်တစ်တုံး အလာကို ထိုင်စောင့်နေတယ်။ နောက် အတုံးကြီးကြီး  နှစ်တုံးသုံးတုံး ဆက်တိုက် ပစ်ပေးတယ်။ စောစောကအတိုင်း သူ အခုန်အပျံတွေနဲ့ ဖမ်းပြီးစားတယ်။ သူ့ကိုယ်တွင်းမှာ ချက်ချင်း ငယ်မူ ငယ်သွေးတွေ ပြန်ဝင်လာသလိုပဲ။ ချာရတီက လိုလိုချင်ချင် ခန်ဘာကို လက်ခံလို့ ကျွန်တော် ၀မ်းသာနေပါတယ်။

ကျွန်တော် ဘယ်နှတုံး စားလိုက်မိမှန်း မမှတ်မိတော့ပါဘူး။ နာရီဝက်လောက် ၀ါးပြီးတော့ ကျွန်တော်ရော၊ ချာရတီပါ လက်မြှောက်လိုက်ရပါတယ်။ ကျွန်တော်တို့ မေးရိုျးွှေ ဆက်အလုပ် မလုပ်နိုင်တော့ပါဘူး။ အရမ်း ပင်ပန်းသွားပါပြီ။ ကျန်တာတွေကို နောက်နေ့စားဖို့ ထားလိုက်ကြပါ တယ်။ ကလပ်ပစ္စည်းကို အိမ်ယူသွားရိုး ထုံးစံမရှိလို့ အိမ်သားတွေအတွက် ကျွန်တော် ယူသွားဖို့ မဖြစ်နိုင်ပါဘူး။

နေ၀င်သွားတော့ ငြိမ်းသေနေတဲ့ မီးဖိုနားမှာ ကျွန်တော်တို့ ဆက်ထိုင်နေကြပါတယ်။ ကျွန်တော်တို့ ရဲ့ မမေ့နိုင်တဲ့ ခရစ္စမတ်ပါပဲ။
 
အခန်း (၇)

နောက်တစ်ပတ်မှာ ခရစ္စမတ်လက်ဆောင်ထက် ပိုကောင်းတဲ့ လက်ဆောင်တစ်ခု ကျွန်တော် ရခဲ့ပါ တယ်။ ရေဒီယိုကလာတဲ့ သတင်းတစ်ပုဒ် ကြားရလို့ပါပဲ။ စာမေးပွဲ အောင်စာရင်းနဲ့အတူ အထက် တန်းကျောင်း ၀င်ခွင့်ရတဲ့ စာရင်းတွေ ထွက်နေပြီတဲ့။ စာမေးပွဲဖြေတဲ့ကျောင်းမှာ ကပ်ထားပြီးတဲ့။
"အဖေ့ အမေ၊ ကျွန်တော်တို့ အောင်စာရင်းတွေ ထွက်ပြီတဲ့"

ပြောပြီး ၀င်ဘီမူလတန်းကျောင်းကို စက်ဘီးနဲ့ တအားနင်းချလာခဲ့ပါတယ်။ အထက်တန်းရောက်ရင် ကျွန်တော် ဘော်ဒါနေရတော့မယ်။ ဘယ်ကျောင်းကောင်းကောင်း၊ ဓာတ်ခွဲခန်းကောင်းကောင်း ရှိတဲ့ကျောင်းကို ကျွန်တော် ရချင်ပါတယ်။ ကျွန်တော်က သိပ္ပံပညာရှင် ဖြစ်ချင်တဲ့ကောင် မဟုတ်လား။
စာရင်းကို ကျောင်းအုပ်ချုပ်ရေးရုံးခန်းရှေ့မှာ ကပ်ထားပါတယ်။ အောင်စာရင်းကိုတော့ ကျွန်တော် ကြည့်ဖို့ မလိုပါ။ အထက်တန်းကျောင်း ၀င်ခွင့်ရတဲ့ စာရင်းတွေ လိုက်ကြည့်ပါတယ်။ ပထမ ကာစန်ဂူ အထက်တန်းကျောင်း၊ ကျွန်တော်နာမည် မပါ။ နောက် ချာယမ်သာ အထက်တန်း ကျောင်း မတွေ့၊ မဖြစ်နိုင်ဘူး။ တစ်ခုခု မှားနေပြီ ထင်တယ်။ ကျွန်တော် လျှမ်းသွားတာ ဖြစ်ရမယ်။ နောက်တစ်ခေါက် ပြန်ရှာ တယ်။ မတွေ့ရပါ။

"ဟေ့ ကမ်ကွမ်ဘာ၊ အခြေအနေ ဘယ်လိုလဲကွ"
ကျွန်တော့်ကို လှမ်းမေးတဲ့ ကျောင်းသားနာမည်က မိုက်ကယ်။ စာတော်တဲ့ အုပ်စုထဲက။
"မင်း ကာချိုကိုလိုမှာ တက်ရမယ်။ မင်းနာမည် ငါတွေ့လိုက်တယ်"
ကျွန်တော့်နာမည် တွေ့ပါပြီ။ သူပြောတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ နယ်အထက်တန်းကျောင်းထဲ မှာ ချာတူးအလန်ဆုံးကျောင်းပေါ့။ အစိုးရ အထောက်အပံ့ အနည်းဆုံးရတဲ့ကျောင်း။
ဘယ်လိုဖြစ်တာပါလိမ့်၊ ကျွန်တော် စဉ်းစားလို့မရအောင် ဖြစ်နေတယ်။ နောက်သင်ပုန်းတစ်ချပ်မှာ အမှတ်စာရင်းတွေ ကပ်ထားတယ်။ ဒီတော့မှ ဘာကြောင့် ဒီကို ကျွန်တော် ရောက်သွားတယ်ဆို တာ ရှင်းသွားပါတော့တယ်။

သင်္ချာ        စီ
သိပ္ပံ        စီ
အင်္ဂလိပ်စာ    စီ
ချီချီစာ        ဘီ
(တိုင်းရင်းဘာသာ)   
လူမှုရေးသိပ္ပံ    ဒီ

ကျွန်တော် စိတ်ဓာတ် အကျကြီး ကျသွားပါတယ်။ ကာချိုကိုလိုက ကျွန်တော်တို့ ရွာနဲ့ ငါးကီလို မီတာ ဝေးပါတယ်။ လမ်းက ရွှံ့ထူတဲ့လမ်း၊ ပိုးကောင် မွှားကောင်ကလည်း ပေါမှပေါ။ ရေကန်ကြီး တစ်ကန် ရှိတယ်။ တစ်ခါတလေ ဂီးလ်ဘါတ်၊ ကျွန်တော်နဲ့ ဂျက်ဖရီ ငါးသွားမျှားကြတဲ့ ကန်ကြီး။
မိုက်ကယ်က ရယ်ပြီး ကျွန်တော့်ကို နှိမ်သွားတယ်။

"ဂုဏ်ယူပါတယ်ကွာ၊ ရေကန်နဲ့နီးတဲ့ ကျောင်းကို မင်းရွေးတာ မှန်တာပေါ့။ ငါးဖမ်းသမား ဖြစ်လာ ရင် ၀င်ငွေကောင်းပါတယ်ကွ"
"နှစ်နှစ်အတွင်း စာမေးပွဲ ဖြေနိုင်ပါတယ်ကွာ၊ အောင်ရင် ကြိုက်တဲ့ကျောင်း ငါ ပြောင်းလို့ရတာပဲ။ အဲဒီတော့မှ ပြန်တွေ့ကြတာပေါ့"
"ကံကောင်းပါစေကွာ"

သူက ရယ်ကျဲကျဲနဲ့ ထွက်သွားပါတယ်။ ကျွန်တော့်စိတ်ထဲက ကြုံးဝါးလိုက်တယ်။ ကာစန်ဂူနဲ့ ချာယမ်ဘာ တစ်ကျောင်းကျောင်းကို ရအောင် ကြိုးစားမယ်။ ဒင်းတို့ မော်ကြည့်ရအောင် လုပ်ပြ မယ်။ ဂီးလ်ဘတ်လည်း အမှတ်တွေ မကောင်းပါဘူး။ ကျွန်တော်နဲ့ တစ်ကျောင်းတည်း ရပါတယ်။ တော်သေးတာပေါ့။ ကျွန်တော့်မှာ ကျောင်းသွားဖော် ရှိနေလို့။ ပြင်ဆင်ချိန် နှစ်ပတ် ရပါသေးတယ်။

နှစ်သစ်ကူးမှာ မိုးတွေ ဆက်တိုက် ရွာနေပါတယ်။ ပြောင်းပင်ကလေးတွေ အခြေအနေ ကောင်းပြီ ပေါ့။ အစိမ်းရင့်ရောင်ကို ပြောင်းလာပြီး အဖေ့ ညိုသကြီးလောက်အထိ မြင့်လာနေကြပါပြီ။ ဆေးရွက်ကြီးတွေကိုလည်း ပျိုးခုံကနေ ကွင်းထဲကို ပြောင်းစိုက်နေကြပါပြီ။
မိုးမှန်လာတော့ သစ်တောတွေလည်း စိမ်းစိုလာပါတယ်။ ပန်းတွေလည်း အပြိုင်အဆိုင် ပွင့်လာကြ ပါတယ်။ လောကဟာ သစ်လွင်တောက်ပလို့ နေပါပြီ။ တစ်ခုပဲ လိုနေတာ ရှိပါတယ်။ ဘယ်သူမှ စားစရာ မရှိသေးတာပါပဲ။

နောက်တစ်ခု စိတ်ပျက်စရာ ကောင်းတာကတော့ ပိုးကောင်းမွှားကောင်တွေ ပေါလာတာပါပဲ။ ယင်ကောင် တွေ ကိုလည်း ဘယ်လိုမှ ရှောင်လို့ မလွတ်ပါဘူး။ ညညဆိုရင် တောင်ကြားဆီက ဖားအောင်သံတွေနဲ့  ဆူညံနေပါတော့တယ်။

ပိုးမွှားတွေပေါတဲ့ ရာသီမို့ ၀၀လင်လင် စားရတာကတော့ တော်ကတဲ့တွေနဲ့ ပင့်ကူတွေပါပဲ။ နောက်တစ်ခုမှာ အသက်ရှင်ဖို့အတွက် ရုန်းကန်နေကြရတဲ့ လူအတွေအတွက် အလုပ်အကိုင်က ရှားပါးလာတဲ့ကိစ္စပါပဲ။ ဘယ်သူမှ ပိုက်ဆံပေးပြီး အလုပ်သမား မငှားနိုင်ကြတော့ပါဘူး။ သူတို့တွေ ဟာ ပေါက်တူးတွေ၊ အထုပ်အပိုးတွေ ထမ်းပြီး လျှောက်သွားနေကြရတုန်းပါပဲ။
ပြောင်းဆန်ဈေးက တစ်ပုံးကို တစ်ထောင်နား ကပ်နေပါပြီ။ အဲဒီမှာ ကုန်သည်တွေက စွန့်ပစ်ရမယ့် ပြောင်းဆန်အခွံတွေထဲမှာ လွှစာတွေ ရောပြီး ရောင်းကြပါတယ်။ အရောင်ချင်း ခပ်ဆင်ဆင်မို့ ဘယ်သူမှ သတိမထားမိကြပါဘူး။ ဒါကိုပဲ လူတွေက ကြံဖန်ပြီး ၀ယ်စားကြရပါတယ်။

"ရှိစုမဲ့စုကလေး နဲ့ သွားဝယ်စားပါတယ်။ ဗိုက်ထဲမှ လွှစာမှုန့်တွေ ချည်းပဲ"
"ကလေးတွေက အိမ်ပြန်ချင်နေကြပြီ"
"ဒီလို လုပ်တာကတော့ လူမဆန်လွန်းပါဘူးဗျာ"
မကျေနပ်သံတွေ၊ ညည်းညူသံတွေအမျိုးမျိုး ထွက်နေပါတယ်။ ဒါပေမဲ့ ဘယ်သူမှ ဘာမှ မတတ်နိုင်ကြပါဘူး

အမေက မုန့်ဆက်ရောင်းပြီး မိသားစုကို ရှာကျွေးနေပါတယ်။ အမေ ပြန်လာရင် အမေ့ကို ပြေးကြိုသလိုနဲ့ ကျွန်တော်တို့ အေမေ့ ခေါင်းပေါ်က ဗန်းကို လှမ်းယူကြပါတယ်။ မုန့်များ ပြန်ပေါ်လာသေးလားဆိုတာ သိချင်ကြတာပေါ့။

အမေ့ဆီမှာ နေ့စဉ်မုန့်ဝယ်စားတဲ့ဖောက်သည်တွေက ဘ၀တူ တောင်သူတွေပါ။ သူတို့တွေက ငွေရှင် ကုန်သည်ပွဲစားတွေဆီမှာ ငွေတိုးယူပြီးယူပြီး အသက်ဆက်နေကြရတဲ့ လူတွေပါ။ အတိုးနှုန်းက ၃၀၀ ရာခိုင်နှုန်းတဲ့။ အဲဒီလိုမှ မယူပြန်ရင်လည်း ငတ်သေကြရတော့မယ်။ အဲဒါကတော့ ကျွန်တော်တို့လည်း မကင်းနိုင်ပါဘူး။

ဒီလိုနဲ့ ဈေးထဲမှာ လူတွေ တစ်နေ့တခြား ပိုပြီး အခြေအနေက ဆိုးလာတယ်။ မခံနိုင်လွန်းတော့ အရက်စက်ဆုံး ပွဲစားကြီး မန်ဂိုချီကို ၀ိုင်းပြီး ဝေဖန်လာကြတယ်။ ခြိမ်းခြောက်ရုံသာ ခြိမ်းခြောက်ရုံသာ ခြိမ်းခြောက်နိုင်ပြီး သူတို့ ဘာမှမလုပ် နိုင်ပါဘူး။ အင်အားသုံးနိုင်လောက်တဲ့ လူတစ်ယောက်မှ မရှိတော့ဘူး။ အားလုံး မနည်းမတ်တတ် ရပ်နေကြရသူတွေချည်းပါပဲ။
"အဲဒါ ကျုပ်အပြစ် မဟုတ်ဘူး။ တန်ဇန်းနီးယားလယ်သမားတွေက နှစ်ဆတင်ရောင်းနေတာ ကျုပ်က ဒါထက် ဈေးလျှော့ရောင်းရင် မွဲသွားမှာပေါ့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>