Monday, January 10, 2011

ပဆစ်အိမ် အပိုင်း (၃၂) ဇာတ်သိမ်း

ညပိုင်း ရူဘီနှင့် ဖုန်းဆက်ကြည့်တော့...
    'နေ့လည်က အဖြစ် ဟာ သိပ်ပျော်စရာကောင်းတာပဲနော်'
    ဆိုသေးသည်။
    'တော်စမ်းပါ ရူဘီရယ်၊ ညိုမာဖြင့် မျက်နှာကို ဘယ်လိုထားရမှန်းတောင် မသိဘူး၊ ခြေဖျား လက်ဖျား တွေ ကို အေးစက်နေတော့တာပဲ'

    'အရသာဟာ ဒါပဲပေါ့ ညိုမာ'
    'ဟင်'
    'မျက်နှာ ဘယ်လိုထားရမှန်း မသိတာ၊ ခြေဖျားလက်ဖျားတွေ အေးစက်နေတာဟာ အရသာပဲပေါ့'
    'တော်ပါတော့ ရူဘီရယ်၊ ဒီအရသာမျိုးတော့ မခံစားပါရစေနဲ့၊ ပြီးတော့ ကံကောင်းလို့ ကိုယ့်ကျိုး နည်း မကုန်ကြတာနော်၊ ဒီကစားနည်းမျိုးကို နောက်မကစားကြကြေးလို့ ကိုယ့်ကို ကတိပေး'
    'ကတိပေးပါတယ် ညိုမာ။ ကိုယ်ကလဲ စမ်းသပ်မှု တစ်ခုကို တစ်ခါသာ လုပ်လေ့ရှိသူပါ'

    အခြားသူတွေကတော့ ရူဘီကို 'မိပေါက်'ဟု ခေါ်သည်။
    ခပ်ဝေးဝေးရှောင်ကြရှားကြသည်။
    ညိုမာ တစ်ယောက် သာ စွဲစွဲမြဲမြဲ ပေါင်းခဲ့ခြင်း ဖြစ်သည်။
    စင်စစ် ရူဘီ ၏ စိတ်က အဆန်းကြယ်သား။

    သူမက စိတ်ပညာ စာအုပ်တွေ ဖတ်သည်။ 'ဆန်ဂမန်ဖရိုက်'၏ 'စိတ်ခွဲပညာ'စာအုပ်ကို ကြိုက်သည်ဟု ကြီးကြီး ကျယ်ကျယ် ပြောတတ်သည်။
    ငယ်စဉ်က ကြည့်ခဲ့ရသည့် 'အဲဖရက်ဟစ်ခ်ျကော့'၏ 'စိတ္တဇ' (Psycho) ရုပ်ရှင်ကားမှာ သူမ ကြည့်ခဲ့ဖူး ခဲ့ သမျှ ရုပ်ရှင်ကားများအနက် အကောင်းဆုံး ဆိုသည်။
    ညိုမာ ကတော့ သည်ရုပ်ရှင်ကို မကြည့်ဖူး၊ မမှီခဲ့။

    တစ်လောက 'ကာဘရး' (Cabaret) ရုပ်ရှင်ကား ကြည့်ကြသည်။ ရုပ်ရှင်ကားထဲမှ ဇာတ်လိုက် မင်းသား နှင့် မင်းသမီး တံတားအောက်ဝင်ပြီး တံတားပေါ်က မီးရထား ဖြတ်မောင်းသွားသောအခါ ငယ်သံပါအောင် အော်ကြ သည့် အခန်း ပါသည်။
    စိတ် ဖျော်ဖြေမှု တစ်ရပ်ပင်။ သို့မဟုတ် ရူးနှမ်းခြင်း တစ်မျိုးပင်။
    ရူဘီ သည် ညိုမာ့ကို ခေါ်ကာ သည်လို စမ်းကြည့်ဖို့ ကြိုးစားသေးသည်။
    ညိုမာ အတန်တန် ငြင်းခဲ့ရသည်။

    မိဘနှင့် ပတ်သက်၍လည်း ရူဘီ၏ စိတ်ထားကတစ်မျိုး၊ အလေးအနက် မထားတတ်။ မသိတတ်။
    သို့စင်လျက်...
    အခုတော့ ရူဘီကိုယ်တိုင်က ငိုလိုက်တဲ့။
    အားရအောင် ငိုလိုက်တဲ့။
    အပြောကောင်းလိုက်တာကွယ်။
    ညိုမာသည် လွတ်ဟာနေသော မေ့မေ့ အိပ်ရာကို ကြည့်လိုက်သည်။

    ပြန့်ပြူးသေသပ်ကာ အစဉ်လို 'အိုဒီကလုံး'နံ့ သင်းနေလေ့ရှိသည့် မာမီ့အိပ်ရာတွင် မာမီသည် ဘယ်အခါ မျှ ပြန်လည် အိပ်စက်ခွင့် ရတော့မည်မဟုတ်ချေ။
    မာမီ့ကို သည်အိပ်ရာထက်မှာ နွမ်းနယ် ဖျော့တော့စွာ လှဲလျောင်းနေသည်ကို ဘယ်အခါမျှ မြင်ရ တော့မည် မဟုတ်ချေ။
    ညိုမာ က အဘယ်မျှ စည်းကမ်းမဲ့သည်ဖြစ်စေ။ မာမီ သည် ညိုမာ့ အိပ်ရာကိုလည်း သူမ အိပ်ရာနှယ်ပင် နေ့စဉ် ခင်းကျင်းပေးနေကျ၊ အိပ်ရာခင်း ခေါင်းအုံးစွပ်တို့ကို လဲလှယ်ပေးနေကျ။ 'အိုဒီကလုံး' ဆွတ်ဖျန်း ပေးနေကျ။ သည်မျှမက ညိုမာတို့ အသင့်စားသောက်နိုင်အောင် အသင့်ဝတ် နိုင်အောင် စီစဉ်ပေးနေကျ။

    မနက်ဖြန် မှ စ၍ ညိုမာသည် ကိုယ့်အိပ်ရာကို ကိုယ့်ဖာသာ ခင်းကျင်းသန့်စင်ရတော့မည်။
    ဧည့်ခန်း အတွင်း ၀င်လာသူ စိတ်အေးချမ်းသွားအောင် ဖန်တီးဖို့ တာဝန်မှာ ညိုမာ့တာဝန် ဖြစ်လာ ပေတော့မည်။
    လူတစ်ယောက် ၏ တန်ဖိုးကို သူမရှိတော့ပြီဆိုမှ သိရတတ်လေ့ရှိသည်။

    အိမ်ရှေ့ခန်း သို့ ပြန်ထွက်လာသည်။
    ဒယ်ဒီ သည် ဒုတိယခွက်ကို စတင်သောက်နေပြီ။
    ဒယ်ဒီ သည် ညိုမာ့ပုခုံးကို လှမ်း၍ ဖက်လိုက်သည်။
    ဆံပင်များ ကို နမ်းလိုက်သည်။
    'သမီးလေး သိပ် စိတ်ထိခိုက်နေသလားဟင်'
    ညိုမာက အမေးကို မဖြေ။

    'ဒယ်ဒီ'
    ညိုမာခေါ်သည်။
    'ဟင်'
    'ညိုမာ့ကို မွေးတုန်းက မာမီက သူ့အသက်ထက် ညိုမာ့အသက်ကို ဦးစားပေးဖို့ ဆရာဝန်တွေကို ပြောခဲ့ တာ အမှန်ပဲလားဟင်'
    'အမှန်ပဲပေါ့ သမီး ရယ်၊ အမှန်ပဲပေါ့'
    'မာမီနဲ့ ပတ်သက်ပြီး ညိုမာ့ကိုယ် ညိုမာ မုန်းတယ် ဒယ်ဒီ၊ ညိုမာဟာ ဒယ်ဒီ့ကို အထင်ကြီးတယ်၊ လေးစား တယ်၊ ကိုးကွယ်တယ်၊ မာမီ့ကိုတော့ အထင်သေးခဲ့တယ်။ ထပ်ကာတလဲလဲ စော်ကားခဲ့တယ်။ ဘာကြောင့် လဲ ဆိုတော့ မာမီရဲ့ အကောင်းဆုံး အင်အားတွေ၊ အလိုအပ်ဆုံး စေတနာတွေကို မာမီရဲ့ အားနည်းချက် တွေလို့ အထင်ရှိခဲ့လို့ပဲ။ ပျော့ညံချက်လို့ ထင်ခဲ့လို့ပဲ။ ညိုမာရဲ့ အတွေးတွေဟာ တစ်လွဲဆံပင်ကောင်း ဆို သလို ဖြစ်ခဲ့ရတာချည်းပါပဲ'

    ဒယ်ဒီက ညိုမာ့ စကားများကို စိတ်ဝင်စားမိသလို စောင့်နားထောင်နေသည်။
    'သမီးရယ်၊ မာမီရယ်၊ ဒယ်ဒီရယ် အကြားမှာ အမှားအယွင်း တစ်ခုခုတော့ ရှိခဲ့လိမ့်မယ် ထင်တယ်၊ အဲဒါ ဘာလဲလို့ သမီးတော့မသိဘူး ဒယ်ဒီ'
    'ဒယ်ဒီတော့ သိပါတယ် သမီးရယ်၊ အဲဒါက သမီးတို့ ဒယ်ဒီတို့ဟာ မြိုင့်ရဲ့ သာယာမှုကို ဥပေက္ခာ ပြုထား ခဲ့ကြတာပဲ။ သာယာမှုအတွင်း မြိုင့်ကို လက်တွဲခေါ်ယူဖို့ မကြိုးစားဘဲ သူ့ကို အထီးကျန်ထားပြီး ကိုယ့် သာယာမှု ကိုယ်ရှာဖွေခဲ့မိကြတဲ့ အမှားပါပဲ၊ သမီးတို့ ဒယ်ဒီတို့ တစ်ကိုယ်ကောင်း ဆန်ခဲ့ကြတဲ့ အမှားပါပဲ'

    'အခုတော့ ညိုမာ့ အမှားတွေကို သိရပြီ။ ညိုမာ အထင်ကြီးလေးစားသင့်တာ မာမီဆိုတာ သိလာခဲ့ပြီ။ ညိုမာ တစ်ခု ဖြစ်ချင်တယ် ဒယ်ဒီ'
    'ဘာလဲ ညိုမာ'
    'ညိုမာ ရောဘတ်ကို လက်မထပ်တော့ဘူး၊ သြစတေးလျားကို လိုက်မသွားတော့ဘူး၊ ဒယ်ဒီနဲ့ပဲ အတူတူ နေမယ်။ ပြီး... ညိုမာလေ မာမီ့ လို မိန်းမကောင်း တစ်ယောက်ဖြစ်ချင်တယ်၊ အိမ်ရှင်မကောင်း တစ်ယောက် ဖြစ်ချင်တယ်'

    'ဖြစ်လာရမှာပေါ့ကွယ်'
    'အဲဒီလို ဖြစ်လာဖို့ ညိုမာ့ကို ဒယ်ဒီ အကူအညီပေးမလားဟင်'
    'ပေးရမှာပေါ့ သမီးရယ်၊ အသေအချာ ပေးရမှာပေါ့'
    ညိုမာသန့်သည် ယခုမှ တစ်ကယ်တမ်း ဘ၀ကို စတင်ခြင်း ဖြစ်လေသည်။
    ပဆစ် စကားနှင့် ပြောရလျှင်တော့ လွတ်နေသော 'ကျစ' ကလေး....
    'အထိုင်' အိမ်သို့ ၀င်ရောက်မိခြင်းပင် ဖြစ်လေတော့သည်။

ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၈)

၁၄
ဒင်နီ ၏ အိမ်မှ သာယာသောဘ၀၊ လက်ဆောင်ရလိုက်သည့် ၀က်တစ်ကောင်၊ အရှည်ကြီးဘော့ပ်၏ ဒုက္ခနှင့် အဘိုးအို ရာဗင်းနိုး၏ လွဲမှားသော အချစ်

တော်လီလာဖလက်ရပ်ကွက်မှ ပီဆာနိုးများသည် စားပွဲတင်နာရီနှင့် လက်ပတ်နာရီများကို ဘယ်တော့မှ မသုံးချေ။ ဒင်နီနှင့် သူ့အပေါင်းအသင်းများထဲမှ တစ်ဦးတစ်ယောက်သည် အလွန်ထူးဆန်းသောနည်းဖြင့် လက်ပတ်နာရီတစ်လုံး တလေကို မကြာမကြာရလာတတ်သည်။ သို့သော်လည်း ကုန်ပစ္စည်းချင်း ဖလှယ်ရာ၌ အဖိုးထိုက်တန်သည့် ပစ္စည်းတစ်ခု အဖြစ်သာ လူကြိုက်များခြင်းဖြစ်၏။ သူတို့၏ ဘ၀တွင် လက်ပတ်နာရီ သည် အရေးပါ အရာရောက်သည့် ပစ္စည်းတစ်ခုမဟုတ်ပေ။ အချိန်နာရီ သိဖို့ဆိုရင် ရွှေရောင်လွှမ်း နေသော နေမင်းကြီး သည် သူတို့အတွက် အဖိုးမဖြတ်နိုင်သော နာရီကြီးဖြစ်သည်။ နေနာရီ သည် လက်ပတ်နာရီထက် ကောင်း၏။ ညပီးတော့ လက်ပတ်နာရီထက် ပို၍ လုံခြုံသည်။ အဘယ်ကြောင့် ဆိုသော် နေနာရီ ကို တော်ရဲလီးဆိုင်သို့ ပို့ပြီး အရက်နှင့် လဲ၍ မသောက်နိုင်ခြင်းကြောင့်ပေတည်း။

နွေရာသီတွင် နာရီလက်တံက ခုနစ်ဂဏန်းကို ညွှန်ပြသည့်အခါ အိပ်ရာမှထရန် အချိန်ကောင်းဖြစ်၏။ သို့သော် လည်း ဆောင်းရာသီ၌ ထိုအချိန်သည် လုံးဝ တန်ဖိုးမရှိတော့ပေ။ ဆောင်းရာသီ၌ဆိုလျှင် နေက ညွှန်ပြသော အချိန်သည်သာလျှင် အကောင်းဆုံးဖြစ်၏။ အမှန်တော့ နွေရာသီ၌ဖြစ်စေ၊ ဆောင်းရာသီ ၌ ဖြစ်စေ၊ ထင်းရှူးပင် ထိပ်ဖျားကို နေကျော်လာပြီး အိမ်ရှေ့ဆင်ဝင်ထက်သို့ နေရောင်ထိုးလာသော အချိန် သည် အိပ်ရာမှ ထသင့် သည့်အချိန်ဖြစ်၏။ အူနှင့် ဟောင်းလောင်း ဖြစ်နေသော ၀မ်းဗိုက် မလှုပ်ရှား တော့သည့် အချိန်ဖြစ်၏။

ပင်လယ်ဓားပြနှင့် သူ့ခွေးများသည် ဧည့်ခန်းထဲရှိ သူတို့အတွက် ပေးထားသော ထောင့်တွင် လုံလုံခြုံခြုံ နွေးနွေး ထွေးထွေး အိပ်ပျော်လျက်ရှိကြသည်။ ပီလွန်၊ ပက်ဘလို၊ ဂျီးဆပ်စ်မေရီယာ၊ ဒင်နီနှင့် ကောင်ကြီးဂျိုး တို့ ကတော့ အိပ်ခန်းထဲတွင် အိပ်နေကြသည်။ ဒင်နီသည် သနားကြင်နာတတ်ပြီး အပေးအကမ်း ရက်ရောသူ တစ်ဦး ဖြစ်သည်မှာ မှန်သော်လည်း သူ့အိပ်ရာကိုမူ သူမှတစ်ပါး အခြားလူများကို အိပ်ခွင့် မပြုချေ။ ကောင်ကြီးဂျိုးသည် ဒင်နိ၏ အိပ်ရာပေါ် တက်အိပ်ရန် နှစ်ကြိမ်မျှ ကြိုးစားခဲ့ဖူးသည်။ သို့သော်လည်း ကျူးကျော် ၍ မရသဖြင့် ဒင်နီ့အိပ်ရာ၏ တန်ဖိုးကို နားလည်သွားသည်အထိ တုတ်တစ်ချောင်း ဒဏ် ခံလိုက်သဖြင့် နောက်ထပ် တက်အိပ်ဖို့ မကြိုးစားဝံ့တော့ချေ။

ဒင်နီ၏ သူငယ်ချင်း များသည် ကြမ်းပေါ်၌ အိပ်ကြသည်ဖြစ်ရာ သူတို့၏ အိပ်ရာခင်းနှင့် စောင်များသည် တွေ့နေကျ မြင်နေကျ ပစ္စည်းများမဟုတ်။ ပက်ဘလို သည် သိုးရေသုံးချပ် စပ်ချုပ်ထားသည့် အရာကို စောင်အဖြစ် ခြုံအိပ်သည်။ ဂျီးဆပ်စ်မေရီယာတွင် အပေါ်ဝတ် ကုတ်အင်္ကျီရှည်ကြီး တစ်ထည်ရှိရာ သူ့ခြေ ထောက်နှစ်ဖက် ကို အင်္ကျီလက်မောင်း တစ်ဖက်တွင် သွင်းပြီး လက်နှစ်ဖက်ကို ကျန်အင်္ကျီ လက်မောင်း တစ်ဖက် တွင် သွင်းအိပ်သည်။ ပီလွန်ကတော့ ကော်ဇောဟောင်းတစ်ခု နှင့် သူ့တစ်ကိုယ်လုံးကို ပတ်၍ အိပ်သည်။ ကောင်ကြီးဂျိုးကတော့ အချိန်ရှိသမျှ ခွေးတစ်ကောင်ကဲ့ သို့ ကွေး၍အိပ် သည်။ သူ့ကိုယ်ပေါ်တွင် သူ့အင်္ကျီ နှင့် ဘောင်းဘီ မှ လွဲ၍ အခြားဘာမှမရှိ။

ကောင်ကြီးဂျိုးသည် ဘာပစ္စည်းကိုမှ သူ့လက်ထဲတွင် ကြာကြာမြဲအောင် ထိန်းသိမ်းနိုင်သူမဟုတ်။ သူ့လက်ထဲ သို့ ရောက်လာသည့် ပစ္စည်းတိုင်းကို ၀ိုင်နှင့် လဲသောက်ရာ၌ ပါရမီထူးသူ တစ်ဦးဖြစ်၏။ ဤသို့ဖြင့် သူတို့လူစုသည် တစ်ခါတစ်ရံတွင် ဟောက်သံများဖြင့် ဆူညံနေတတ်သော်လည်း အများအားဖြင့် သက်သောင့် သက်သာ အိပ်ကြရသည်။ အလွန် အေးသော ညတစ်ညတွင် ကောင်ကြီးဂျိုးသည် ပင်လယ်ဓားပြ ထံ မှ ခွေးတစ်ကောင်ကို ငှားပြီး သူ့ခြေထောက် များ အနွေးဓာတ်ရရန် အားထုတ်သည်။ သို့သော်လည်း သူ့သခင်ပင်လယ်ဓားပြ မှ လွဲ၍ ဘယ်သူ့ကိုမှ လူမထင်သော ခွေး က ကောင်ကြီးဂျိုး၏ ခြေထာက် ကို ကိုက်သဖြင့် ဒဏ်ရာရခြင်းသာလျှင် အမြတ်ထွက်ခဲ့လေသည်။

ဒင်နိ၏ အိမ်ပြတင်းပေါက်များတွင် ခန်းဆီးများ တပ်မထားပေ။ သို့သော်လည်း သဘာဝတရားက ဖန်တီးပေး ထားသဖြင့် ပြတင်းပေါက်မှန်များပေါ်တွင် ပင့်ကူအိမ်များသည် ဖုန်မှုန့်များရောကာ ခန်းဆီးများသဖွယ် ဖြစ်လျက် ရှိသည်။
" ပြတင်းပေါက် တွေကို ဆပ်ပြာနဲ့ တိုက်ပြီး ဆေးလိုက်ရင် ကောင်းမယ်" ဟု ဒင်နီက ပြောဖူးသည်။

ပီလွန် က သဘောမတူ။ " ပြတင်းပေါက်ကို ရေဆေးလိုက်ရင် အပြင်က အလင်းရောင်တွေ အများကြီး ၀င်လာလိမ့်မယ်" ဟု ပြောသည်။ " အိမ်ထဲမှာ အလင်းရောင် သိပ်များနေရင် ငါတို့ အပြင်ထွက်ပြီး အချိန်မဖြုန်း နိုင်ဘဲ ဖြစ်ကုန်မှာ။ ပြီးတော့လည်း ညညကျရင် လေ က သိပ်အေးတာ၊ အဲဒီအချိန်မျိုး ကျတော့ လည်း အပြင် က အလင်းရောင်ကို ရဖို့ မလိုပါဘူး"

ထိုအခါ ဒင်နီ က သူ့စိတ်ကူးကို အကောင်အထည် မဖော်တော့ပေ။ ပြတင်းပေါက်များသည် နဂိုအတိုင်းပင် တည် နေသည်။ ဤကြားထဲတွင် ယင်ကောင်များသည် တစ်ကောင်ပြီး တစ်ကောင် ပင့်ကူအိမ်များတွင် ၀င်၍ ငြိတွယ် ပြီး သူတို့၏ အသွေးအသားများကို ပင့်ကူမိသားစုအား ပူဇော်ကြသည်။ အချိန်တွေ ကြာလာသော အခါ ယင် ကောင်အသေများသည် ဖုန်မှုန့်များ၊ ပင့်ကူအိမ်များနှင့် လုံးထွေးကာ ပြတင်းပေါက်မှန်များတွင် ကပ်နေကြသည်။ ဤသို့ဖြင့် နေ့ခင်းနေ့လယ်မှာပင် အပြင်မှ အလင်းရောင်သည် အတွင်းသို့ မ၀င်နိုင် တော့ ဘဲ တစ်အိမ်လုံး အမြဲတစေ မှောင်မိုက်နေလေတော့သည်။

သူတို့အနေဖြင့် ငြိမ်းချမ်းစွာ အိပ်ကြရသည်ကား မှန်ပါ၏။ သို့သော်လည်း မနက်လင်း၍ ပြတင်းပေါက်မှန်များ ပေါ် နေရောင်ကျလာသည့်အခါတွင်မူ သူတို့အားလုံး အိပ်ရာမှ ထကြရလေတော့သည်။ ထိုအချိန်တွင် နေရောင် သည် အိမ်ထဲသို့ ရောက်အောင် မ၀င်နိုင်သဖြင့် သူတို့လူစုသည် အနွေးဓာတ်ကို မရကြတော့ပေ။ ထိုအချိန် တွင် အပြင်ဘက် အိမ်ရှေ့ဆင်ဝင်၌ နေရောင်များ ကျနေပြီဖြစ်၍ နွေးနွေးထွေးထွေး ရှိနေပြီဖြစ်၏။ ထို့ကြောင့် လည်း သူတို့သည် အိပ်ရာမှ မထချင် ထချင်နှင့် ထကာ ဖိနပ်များကို ရှာ၍ စီးကြသည်။ မီးမွှေးပြီး လက်ဖက်ခြောက် နှပ်ကာ လက်ဖက်ရည် တစ်ယောက်တစ်ခွက် သောက်ကြသည်။ ထို့နောက် အိမ်ရှေ့ ဆင်ဝင် တွင် တန်းစီ၍ ထိုင်ကာ နေစာလှုံကြသည်။ ယင်ကောင် များသည် သူတို့ အနီး ပတ်ပတ်လည်တွင် တ၀ီဝီ ပျံသန်း နေလျက်ရှိကြ၏။

အိပ်ချင်စိတ်ကား မပြေသေး။ တစ်ယောက်နှင့် တစ်ယောက် စကားမပြောမဖြစ်၍သာ ပြောနေကြသည်၊ စိတ် ကတော့ မပါ။ နှေးကွေးလေးလံလှ၏။ ကြာလာသောအခါတွင်မူ အခြေအနေ ပြောင်းလာသည်။ ပြောစရာ အကြောင်းတွေ အများကြီးရှိလာသည်။ စိတ်ဝင်စားစရာ အကြောင်းတွေကလည်း တစ်ခုပြီးတစ်ခု ပေါ်လာ သည်။ ထိုအခါ စကားပြောလို့ ကောင်းလာသည်။ သွက်လက်တက်ကြွလာသည်။ စိတ်အား ထက်သန် လာသည်။

သူတို့ကြားတွင် ရှိနေသော ရဲဘော်ရဲဘက်စိတ်သည် ပြန်လည် ရှင်သန်ကာ တည်ရှိလာသည်။ အများ အားဖြင့် သူတို့၏ အတွေးများသည် ကော်နဲလီယာရုဇ်ထံသို့ ရောက်သွားကြသည်က များ၏။ ယင်းကဲ့သို့ ဖြစ်ရခြင်း မှာလည်း အကြောင်းမဲ့တော့မဟုတ်။ ကော်နဲလီယာရုဇ်သည် နေ့စဉ်နေ့တိုင်း နေ့ရောညပါ ပြဿနာ ရှိ နေသူဖြစ်၏။ သူ့ပြဿနာများသည် စိတ်ဝင်စားစရာလည်း ကောင်းသည်။ ထူးလည်း ထူးဆန်းသည်။ သူဖြစ်လိုက်လျှင် ဖြစ်ရိုးဖြစ်စဉ်များ မဟုတ်။ သို့သော်လည်း သူ့ဖြစ်စဉ်များထဲတွင် ကိုယ်ကျင့် တရား ကောင်းမွန် ရေးအတွက် သင်ခန်းစာယူစရာဆို၍ ဘာတစ်ခုမျှ မရှိ။

ထိုနေ့မနက်က နေရောင်သည် ထင်းရှူးပင်များကြားမှ ဖောက်ထွင်းကာ တ၀င်းဝင်း တလက်လက် တောက်ပနေ သည်။ ခြောက်သွေ့နေသော မြေနံ့ နှင့် ကတ်စတီလီ နှင်းဆီပန်းနံ့များသည် လေထဲတွင် တသင်းသင်းပျံ့နေ သည်။ အခုလို သာယာနေသောအချိန်သည် ဒင်နီ တို့ လူစုအဖို့ အကောင်းဆုံးသော အချိန် ဖြစ်သည်။ သူတို့သည် သူတို့၏ မိတ်ဆွေ အပေါင်းအသင်းများအကြောင်း အတင်းအဖျင်း ပြော ကြသည်။ သို့သော်လည်း မကောင်း သောစိတ်ဖြင့်မဟုတ်။ စိတ်ဝင်စားစရာ အကြောင်းအရာအဖြစ် ထား၍ ပြောကြခြင်း။

" မနေ့က အဲလ်ဘတ်ရပ်စ်မတ်ဆင်နဲ့ ငါ တွေ့ခဲ့ရတယ်" ဟု ဒင်နီက ပြောသည်။ " သူ ကော်နဲလီယာ အိမ်က ပြန်လာတာ လို့ ပြောတယ်။ ကော်နဲလီယာဆိုတဲ့ ကောင်မက ဘာပြဿနာ တက်ပြန်သလဲ မသိဘူး၊ ဒီကောင်မက နေ့စဉ် လိုလို ပြဿနာရှိတဲ့ ကောင်မပါလား "
" ဒါက သူ့အထာပဲလေကွာ" ဟု ပက်ဘလိုက ပြောသည်။ " ကော်နဲလီယာမှာ အချစ်ပွဲနဲ့ ရန်ပွဲကလွဲလို့ တခြား ဘာမှ မရှိတာ မှ မဟုတ်ဘဲ"
" မင်းက သူ့ မှာ အဲဒီနှစ်ခုကလွဲပြီး တခြားဘာများ ရှိစေချင်သေးလို့လဲကွာ" ဟု ပီလွန်က မေးသည်။

" ဒီကောင်မက ဘယ်တော့မှ အေးအေးဆေးဆေး မရှိပါဘူးကွာ" ဟု ဂျီးဆပ်စ်မေရီယာ က စိတ်မကောင်း ဖြစ်သော လေသံဖြင့် ပြောသည်။
" သူကိုယ်တိုင်ကလည်း အေးအေးဆေးဆေး နေတတ်တဲ့ ကောင်မမှ မဟုတ်တာ" ဟု ပီလွန်က ပြောသည်။ " သူ့ကို အေးအေးဆေးဆေး နေခိုင်းလိုက်ရင် ချက်ချင်း အသက်ထွက်သွားမှာပေါ့၊  သူက ချစ်မယ်၊ ရန်ဖြစ်မယ် ဆိုတဲ့ မိန်းမစား တစ်ယောက်ကွ၊ မင်း ပြောဖူးတဲ့ စကားတစ်ခု ရှိတယ်လေ၊ အချစ်ပွဲရယ်၊ ရန်ပွဲရယ်၊ ပြီးတော့ ၀ိုင်ရယ်၊ အဲဒီ သုံးမျိုးသာ ရှိနေရင် လူတစ်ယောက်ဟာ တစ်သက်လုံး စိတ်ပျိုကိုယ်နု ဖြစ်နေ မှာပေါ့ ဆိုတဲ့ စကားလေ၊အဲဒီစကားဟာ ကော်နဲလီယာအတွက် အလွန်မှန်တဲ့စကားပဲ ပက်ဘလို၊ ဒါနဲ့ နေစမ်းပါဦး၊ မနေ့က ကော်နဲလီယာ ဘာဖြစ်တာလဲ "

ဒင်နီက အပေါ်စီးရလိုက်ပြီဟူသော မျက်နှာပေးဖြင့် ပီလွန်ကို ကြည့်သည်။ ပီလွန်သည် တော်တီလာဖလက် ရပ်ကွက် အတွင်း၌ ဖြစ်ပျက်သမျှကို သိသူဟု နာမည်တစ်လုံးနှင့် နေသူဖြစ်၏။ အခုကိစ္စကျတော့ သူမသိ။
 မင်းတို့ အားလုံး သိကြတာပဲ" ဟု ဒင်နီက ပြောသည်။ " ယောက်ျားတွေ ကော်နဲလီယာဆီ လာရင် လက်ဆောင် တစ်ခုခု ယူလာတတ်ကြတယ် မဟုတ်လား။ ကြက်တစ်ကောင်၊ ဒါမှမဟုတ် ယုန်တစ်ကောင်၊ ဒါမှ မဟုတ် ဂေါ်ဖိထုပ် တစ်ထုပ် စတဲ့ဟာမျိုး တစ်ခုခုပေါ့၊ အဖိုးတန်တဲ့ ပစ္စည်းတော့ မဟုတ်ပါဘူး။ ကော်နဲလီယာ က လည်း အဖိုးတန်တာ မတန်တာ အဒိက မဟုတ်ဘူး။

လက်ဆောင်ပါရင် သိပ်သဘောကျတတ်တယ် မဟုတ်လား၊ အဲ ... မနေ့ကတော့ အီမီလီယို မူရီယက်တားက ကော်နဲလီယာအတွက် ၀က်ပေါက်စ တစ်ကောင် လက်ဆောင်ယူလာသတဲ့။ ၀က်က ပန်းရောင်တဲ့၊ အဲဒီဝက်ပေါက်စကို အီမီလီယိုက လိုက်လို့ သူက ဒုန်းစိုင်း ပြေးခဲ့ရသတဲ့၊ နောက်ဆုံး လွတ်လာခဲ့တယ် ဆိုပါတော့၊ လွတ်လည်းလွတ်ရော သူက ကော်နဲလီယာဆီ တန်း လာခဲ့သတဲ့။
" အီမီလီယို ဆိုတဲ့ ကောင်ကလည်း လေအိုးတစ်ယောက်ပါကွာ၊ သူက ကော်နဲလီယာကို ၀က်တစ်ကောင် မွေးရ တာ သိပ်ကောင်းတယ်၊ ၀က်ဆိုတဲ့ အကောင်မျိုးက ဘာကျွေးကျွေးစားတဲ့ ကောင်မျိုး၊ မွေးလို့ ကောင်း တဲ့ တိရစ္ဆာန်၊ ဒီဝက်ကလေးကို ချစ်ပါ၊ ဒါပေမယ့် ဒီဝက်ကြီးလာရင်တော့ အချိုးပြောင်းလာလိမ့်မယ်၊ ယုတ်မာ ညစ်ညမ်း လာလိမ့်မယ်၊ အဲဒီအခါကျရင်တော့ သူ့ကို မချစ်နဲ့တော့၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဲဒီဝက်က နင့်ကို ကိုက်ရင် နင်ဒေါသဖြစ်မယ်၊ အဲဒီတော့လည်း ဒီဝက်ကို သတ်ပြီး စားလိုက်ရုံပဲ၊ ဘယ်လောက် ကောင်းသလဲ လို့ ပြောသတဲ့"

ဒင်နီ၏ သူငယ်ချင်းများက ခေါင်းတညိတ်ညိတ် လုပ်၍ နားထောင်ကြသည်။ ပီလွန်က သူ့ထင်မြင်ချက်ကို ၀င် ပြောသည်။ " အီမိလီယို ဆိုတဲ့ ကောင်က လေကြီးပေမယ့် လူအ တစ်ယောက်တော့ မဟုတ်ဘူးကွ၊ တချို့နေရာ တွေမှာ အင်မတန် လည်တယ်၊ ဒီဝက်ကို အရင်းပြုပြီး သူ့သာယာမှုအတွက် ဘယ်လောက်များ ကပ်တွယ်သွားမှန်းမှ မသိတာ၊ ငါ သူနဲ့တွေ့ပြီး မေးကြည့်ရဦးမယ်"
" ၀က်အကြောင်း ဆက်ပြောစမ်းပါဦး" ဟု ပက်ဘလိုက ကြားဖြတ်မေးသည်။

ဒင်နီက ပြောလက်စ စကားကို ဆက်သည်။ " ကော်နဲလီယာက သူပေးတဲ့ ၀က်ကို ယူတယ်၊ အီမီလီယို အပေါ် မှာလည်း ထုံးစံအတိုင်း သိပ်ကောင်းလိုက်တယ်၊ ကိစ္စ၀ိစ္စ ပြီးလို့လစ်ရော သူက သေတ္တာဟောင်း လေးတစ်လုံး ကို မီးဖိုဘေးမှာထားပြီး ၀က်ပေါက်စကို အဲဒီထဲ ထည့်ထားသတဲ့။

" အဲဒီနောက်တော့ သူ့အပေါင်းအသင်း မိန်းမတွေက ၀က်ပေါက်စကို လာလာပြီး ကြည့်ကြသတဲ့။ သူ့ဝက်ပေါက်စကို ပွေကလိုက် ပိုက်လိုက် လုပ်တော့လည်း ကော်နီလီယာက သဘောကျတာပေါ့၊ တစ်နေ့ကျ တော့ ရာမီးရက်ဇ်က ၀က်ပေါက်စကို လာကြည့်ရင်းနဲ့ ၀က်မြီးကို တက်နင်းမိသတဲ့၊ ၀က်က အော်လိုက်တာ ကြွက်ကြွက်ကို ညံရောတဲ့၊ ရထားခေါင်းဆွဲ ဥသြမှုတ်သံထက်တောင် ဆိုးသေးသတဲ့၊ အဲဒီအချိန် မှာ အိမ်ရှေ့တံခါးကလည်း ပွင့်နေတော့ အပြင်ဘက်က ၀က်မကြီး သူ့ကလေးဆီ ပြေးဝင်လာ တာပေါ့၊ အဲဒီမှာ ပွဲကြီး ပွဲကောင်းက စတော့တာပဲ၊ စားပွဲတွေ ကျွမ်းထိုးမှောက်ခုံဖြစ်၊ ပန်းကန်တွေကျကွဲ၊ ကုလားထိုင်တွေ ကျိုးနဲ့ တစ်အိမ်လုံး ဗြောင်းဆန်သွားတာပဲတဲ့၊ ၀က်မကြီးက ရာမီးရက်ဇ်ကိုလည်း ကိုက်တယ်၊ ကော်နယ်လီယာရဲ့ စကက်ကိုလည်း ကိုက်ဆွဲလို့ ရစရာမရှိအောင် စုတ်ပြတ်ကုန်သတဲ့၊ သူတို့နှစ်ယောက်စလုံး မီးဖိုခန်းထဲ ၀င်ပြေး ပြီးတံခါးကို သော့ခတ်ထားတော့မှ ၀က်မကြီးက ပြန်သွားတယ်၊ ၀က်ပေါက်စ ကလည်း သူ့အမေ ၀က်မကြီးနောက်ကို လိုက်သွားတာပေါ့၊ သူက အီမီလီယိုကို ရိုက်မယ်လို့ တစ်ကြိမ်တည်း ကြိမ်းနေသတဲ့"

" အေး အဲဒါပဲ ကြည့်တော့" ဟု ပက်ဘလိုက ပြောသည်။ " ဘ၀ဆိုတာ အဲဒါပဲကွ၊ မင်းတို့ ငါတို့ စီစဉ်ထားတဲ့ အတိုင်း ဘယ်တော့မှ မဖြစ်ဘူး၊ အရှည်ကြီး ဘော့ပ်စမုတ် တစ်ယောက် သူကိုယ်သူ သက်သေဖို့အထိ ဖြစ်သွား တာဟာ အဲဒီလို အဖြစ်မျိုးနဲ့ ကြုံရလို့ပေါ့"
သူငယ်ချင်းများ၏ မျက်နှာများသည် ပက်ဘလိုဘက်သို့ လှည့်လာကြပြီး စိတ်ဝင်တစား ကြည့်နေကြသည်။

" ဘော့ပ်စမုတ်ကို မင်းတို့ သိကြပါလိမ့်မယ်" ပက်ဘလိုက ပြောသည်။ " သူ့ပုံပန်းက တကယ့် ကောင်းဘွိုင် ပုံမျိုးပဲ၊ ခြေတံက ရှည်ရှည်၊ လူလုံးလူဖန်က ပိန်ပိန်ပါးပါးကွ၊ ဒါပေမယ့် ဟေ့ မြင်းကောင်းကောင်း မစီးတတ်ဘူး၊ မြင်းရိုင်း နွားရိုင်း အစီးပြိုင်ပွဲတွေမှာ သူ ၀င်ပြိုင်လို့ကတော့ မြေကြီးပေါ် လိမ့်ကျပြီး ဖုတ်ထဲမှာ လူးနေတာက များတယ်ကွ သိလား၊ ခတ်တာက ဘော့ပ်ဆိုတဲ့ ငနဲက သူ့ကို လူအများက ၀ိုင်းပြီး အံ့သြကြ၊ ချီးမွမ်းကြ၊ သြဘာပေးကြတာကို သိပ် ခံချင်တယ်၊ အခမ်းအနား ဖွင့်ပွဲတွေမှာ လူတွေ တန်းစီ လျှောက်ပြီ ဆိုရင် သူက ဒိုင်လူကြီး လုပ်ချင်တယ်၊ ပွဲတစ်ခုခု ရှိပြီဆိုရင် ငါရှေ့ဆုံးက နေမယ်လို့ ဦးအောင်ပြောတဲ့ လူဟာ သူပဲ၊ ဟုတ်တော့ ဟုတ်တယ်ကွ၊ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် ကြီးကျယ်ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ချင် တဲ့ လူဟာ ရှိတာပဲ၊ အဲဒီ လူစားမျိုးဆိုတာက လူအများဝိုင်းပြီး ကြည့်တာကို ခံချင်တယ်။

" တကယ်တော့ကွာ၊ ဒီလို လူစားဟာ သနားစရာ ကောင်းတဲ့ သတ္တ၀ါပဲကွ၊ မွေးကတည်းက အများက ၀ိုင်းပြီး ရယ်တာ သရော်တာ ခံရဖို့ ဖြစ်လာတဲ့ လူတစ်ယောက်ပဲ၊ တချို့ကတော့ ရယ်ကြတာပဲ၊ အဲ ... အဲဒီ အရှည်ကြီး ဘော့ပ်စမုတ်ကိုလည်း ရယ်တဲ့လူကပဲ သတ်တာပဲ။

" မင်းတို့ မှတ်မိချင်လည်း မှတ်မိကြဦးမှာပါ၊ လူတွေ တန်းစီပြီး လျှောက်တဲ့ ပွဲတစ်ပွဲမှာ သူက ရှေ့ဆုံးက အလံ ကိုင်လေကွာ၊ ဘော့ပ်က မြင်းဖြူကြီး တစ်ကောင်ပေါ်မှာ အခံ့သား ထိုင်လိုက်လာတယ်၊ အဲ အရေးပါ အရာရောက် တဲ့ လူကြီးတွေ ထိုင်နေတဲ့ ပွဲကြည့်စင်ရှေ့ တည့်တည့်လည်း ရောက်ကရော သူစီးလာတဲ့ မြင်းက အပူဒဏ် မခံနိုင်လို့ လေးဖက်ပစ်ပြီး လဲပါလေရော၊ ဘော့ပ်လည်း မြင်းပေါ်က လွင့်ကျသွားတယ်။ အလံ ကလည်း လက်ထဲက ပစ်လွှတ်လိုက်တဲ့ လှံတစ်ချောင်းလို အဝေးကြီးကို ရောက်သွားတယ်။

" သူ့ အဖြစ်က အဲဒါပါ၊ သိပ်ပြီး ကြီးကျယ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားတိုင်း ကိုးရိုးကားရား တစ်ခုခု ဖြစ်ပြီး လူတိုင်းက ၀ိုင်းရယ်တာကို ခံရတာချည်းပဲ၊ မင်းတို့ မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ်။ သူ ခွေးလေ ဖမ်းဆီးရေးမှူး လုပ်နေတုန်းက မွန်းလွဲပိုင်းဆိုရင် သူ ခွေးဖမ်းထွက်တယ်။ သူ ခွေးဖမ်းထွက်ပြီဟေ့ဆိုရင် မြို့ထဲက လူတွေက ပွဲကြည့်သလိုပဲ ၀ိုင်းပြီး ကြည့်လေ့ရှိတယ်။ တစ်ရက်မှာ သူက ခွေးတစ်ကောင်ကို ကြိုးကွင်းနဲ့ ပစ်ဖမ်းတယ်၊ ခွေးက ဖျတ်ခနဲ ဆောင့်ကြောင့်ထိုင်လိုက်တော့ ကြိုးက မိမိရရ မစွပ်မိတော့ဘူး၊ ခွေး ထွက်ပြေး တော့ သူပါ တ`၇ွတ်တိုက် ပါသွားရော၊ ဟာ ဘာပြောကောင်းမလဲ၊ ဘေးက ရပ်ကြည့် နေကြ တဲ့ လူတွေက ဟားတိုက်ပြီး ရယ်ကြတာပေါ့။

သူလည်း သိပ်ရှက်သွားတယ်၊ ငါ့ကိုယ်ငါ သက်သေလိုက်တော့မယ်၊ ဒါဆိုရင် လူတွေအားလုံး ၀မ်းနည်းကြမှာပဲ၊ သူတို့ ငါ့ကို ၀ိုင်းပြီး ရယ်မိကြတဲ့အတွက် စိတ်မကောင်းဖြစ်ကုန်ကြမှာ သေချာတယ်လို့ တွေးသတဲ့၊ အဲ ... နောက်ပြီးတော့မှ တစ်ခါ " ဒါပေမယ့် ငါ့ကိုယ်ငါ သက်သေလိုက်ရင် ငါပဲ သေသွားမှာပဲ၊ သူတို့တစ်တွေ၊ ဘယ်လောက်အထိ စိတ်မကောင်းဖြစ်ကြတယ်ဆိုတာကို ငါ သိနိုင်ပါဦးတော့မလား" လို့ တစ်မျိုးထပ်တွေးမိပြန်တယ်။ အဲသလို တွေး မိတော့ အစီအစသ် တစ်ခု လုပ်တယ်၊ သူလုပ်တဲ့ အစီအစဉ်က ငါ့အခန်းကို တစ်စုံတစ်ဦး လာတဲ့အချိန်ထိ ငါ စောင့်နေမယ်၊ တစ်ယောက်ယောက် ၀င်လာပြီဆိုတော့မှ ငါ့ပစ္စတိုနဲ့ ငါ့ခေါင်းကို ချိန်ထားလိုက်မယ်၊ အဲဒီအခါ ကျရင် သူက ငါ့ကို တားမယ်၊ ငါ့ကိုယ်ငါ သေနတ်နဲ့ ပစ်မသေပါဘူးဆိုတဲ့ ကတိကို သူက တောင်းလိမ့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ထားတဲ့ အစီအစဉ်ကွ၊ သူတွေးပုံက အဲသလိုကွ၊ သိလား။

" အဲသလိုတွေးပြီး သူ အိမ်ပြန်သွားရော၊ လမ်းမှာ တွေ့တဲ့လူတိုင်းက ခွေးလေဖမ်းလို့ ရခဲ့သလား ဘော့ပ်လို့ မေး ကြတယ်၊ အိမ်ပြန်ရောက်တော့ သူစိတ်က ပိုပြီး ထိခိုက်လာတယ်။ သူ့ပစ္စတိုကို ထုတ်ပြီး ကျည်ဆန် ထည့် တယ်၊ ပြီးတော့ မိတ်ဆွေတစ်ယောက် အိမ်ရောက်အလာကို စောင့်တယ်။

" သူ့ အစီအစဉ်ကို ဘယ်လို အကောင်အထည် ဖော်မယ်ဆိုတာကို စဉ်းစားတယ်၊ ပစ္စတို သေနတ်နဲ့ ဘယ်လို ချိန်ပြီး ဘယ်လို လုပ်လိုက်မယ် ဆိုတာ မျိုးပေါ့ကွာ၊ အဲ သူ လုပ်ကိုင်နေတာကို သူ့မိတ်ဆွေတွေက မြင်ရင် " ဟေ့ မင်း ဘာလုပ်မလို့လဲ၊ မင်းကိုယ်မင်း သေနတ်နဲ့ ပစ်မလို့လား၊ မလုပ်နဲ့လေကွာ" လို့ ပြောမယ်၊ အဲဒီအခါမှာ သူက လူတွေ ဆိုးသွမ်းယုတ်မာလွန်းလို့ လူ့ပြည်မှာ မနေချင်တော့ဘူးလို့ သူက ဖြေလိုက်မယ်ပေါ့၊ သူက သူ့စိတ်ကူးနဲ့သူ အဲသလို တွေးနေတယ်။

" အဲသလို တွေးရင်းတွေးရင်းနဲ့ စောင့်နေလိုက်တာ တစ်ကောင်မှ ပေါ်မလာဘူး၊ နောက်တစ်နေ့ ဆက်စောင့် တော့လည်း တစ်ယောက်မှ ပေးမလာဘူး၊ ဒါပေမယ့် နောက်တစ်ညကျတော့ ချာလီမီးလား ရောက်လာပါ လေရော၊ ချာလီမီးလား ဆင်ဝင်အောက် ရောက်လာတာကို သူကြားတော့ ဘော့ပ် ပစ္စတို သေနတ်ပြောင်းဝ ကို သူ့ခေါင်းမှာ တေ့ထားလိုက်တယ်၊ မြင်ရတဲ့လူ ပိုပြီး ယုံကြည်သွားအောင် သေနတ်မောင်းကိုလည်း တင်ထား လိုက်တယ်၊ ပြီးတော့ သူ ငါ့ကို တရားချတော့မှာပဲ၊ သူ တရားချတာကို ငါက နားထောင်လိုက်မယ်လို့ တွေး လိုက်သေးတယ်။

" ချာလီမီးလားက တံခါးဖွင့်ပြီး ၀င်လာရော၊ ဘော့ပ်က ပစ္စတိုနဲ့ သူ့ခေါင်းသူ ချိန်ထားတာမြင်ရော၊ ဒါပေမယ့် သူက ဘာမပြော ညာမပြောနဲ့ လန့်ဖျပ်ပြီး အတင်း ၀င်ဆွဲပါလေရော၊ အဲဒီတော့ သေနတ်ကျည်ဆန် ထွက်သွား တာပေါ့၊ ကျည်ဆန်က ရိုးရိုးတန်းတန်း ထွက်တယ်ဆိုရင် ဟုတ်သေးတယ်။ အခုဟာက ဘော့ရဲ့ နှာခေါင်း ထိပ်ဖျားကို ရှပ်မှန်သွားတာ ဆိုတော့ နှာခေါင်းထိပ်က ပြတ်ပါသွားတာပေါ့ကွ၊ အေး အဲဒီ နောက်တော့ လူတွေက အရင်ကထက် ပိုပြီး ရယ်ကြတာပေါ့၊ သူ့အကြောင်းက သတင်းစာထဲ ပါလာ လိုက်သေးတယ်။ အဲဒီတော့ တစ်မြို့လုံးက ၀ိုင်းရယ်ကြတာပေါ့။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, January 9, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂၆)

အခန်း (၁၅)

အစ်မ ကို အကျဉ်းချုံး သဂြ်ံလ်ပြီးသောအခါ အဘသည် ကျွန်တော့်အား ဘထွေးလေးတို့နှင့် အပ်ကာ ဂျပန်ကို တွေ့ရာ သင်္ချိုင်း ဓားမဆိုင်းသတ်ရန် ရွာမှထွက်ခွာသွားသည်။
ကျွန်တော့် အတွက် ဘာမျှမဆန်း...၊ အဘသည် တစ်ကြိမ်က ဤနည်းတူ အစ်မနှင့် ကျွန်တော့်ကိုစွန့်ကာ တစ်ကျွန်း သို့ပင် သွားခဲ့ဖူးပြီ။ အဘဂျပန်ဖက်ဆစ် များများသတ်နိုင်ပါ စေဟုပင် ဆုတောင်းနေမိသည်။

ဆရာက ကျွန်တော့်ကို တော်လှန်ရေးသမားကြီးဟု ခေါ်ခဲ့ဖူးသည်။ ထိုစဉ်က တော်လှန်ရေး ဆိုသော စကား ကို ကျွန်တော်နားမလည်ခဲ့။ ယခုမူ ရင် ၌ နာကျင်အောင် နားလည်ခဲ့ပြီ။
တော်လှန်ရေး ဆိုသည်မှာ... အသက်နှင့် ရင်းရပါတကား။ သွေးကိုစတေးရပါတကား...၊ ချစ်မြတ်နိုးသူတို့နှင့် ကွေကွင်းခြင်း ကို ဆုလာဘ်အဖြစ် ပန်ဆင်ရလေပါပြီတကား...၊ မျက်ရည်တို့နှင့် အနက်အဓိပ္ပာယ် ဖော်ယူလေ ရသည် တကား...။

အစ်မအတွက် သုံးရက်ဆက်၍ ကျွန်တော်ငိုကြွေးခဲ့သည်။ ဤထက်ပို၍ မငိုနိုင်။ ငို၍လည်း မည်သမျှ ကျွန်တော့်ကို ချော့အားသည် မဟုတ်။
တော်လှန်ရေး၏ သွေးလှူပွဲကို ကျွန်တော်တို့ရွာနှင့် အနီးတစ်ဝိုက်ရွာများတွင် သေခြင်းမဆန်းတော့။ သေခြင်း အတွက် မတိတ်တမ်းငိုကြွေးဆိုလျှင် ရွာတိုင်း၌ ငိုသံစဲလေမည် မဟုတ်။
ထို့ကြောင့် ကျွန်တော်သည် ပါစိနောင်တို့နှင့်အတူ ကင်းထောက်မြဲ ထောက်ရသည်။ တစ်ခါတရံ ဗိုလ်မြင့်ဦး တို့ တိုက်ပွဲဖြစ်လျှင် ရှေ့တန်းအရောက် ကျည်ဆန်လိုက်ပို့ပေးသည်။ တစ်ရွာမှတစ်ရွာ ဆက်သား အဖြစ် လည်း သွားပေးသည်။

မည်သည် ကို လုပ်နေသည်ဖြစ်စေ ကျွန်တော်ရင်မှာ အမြဲဟာနေ၏။ လောကကြီးမှာလည်း ကျယ်ဝန်း လွန်း ၍ ကျွန်တော့်ကိုယ်မှာလည်း သေးငယ်လွန်းသည် ထင်မိ၏။ တစ်နည်းဆိုသော် အားငယ်စိတ်ကို ကျွန်တော် ပထမဆုံး သတိပြုမိခြင်း ဖြစ်သည်။

အစ်မရှိစဉ်ကမူ တစ်ခါမျှ ဤသို့အားမငယ်ဖူး။ အစ်မ မရှိသည့်တိုင် မမရှင်နှင့် နေ့စဉ်တွေ့နေရက မထောင်းတာ...၊ မမရှင်နှင့်မတွေ့ရသည်ထား၊ မယဉ်နွယ်နှင့်ဆုံ၍ ကြုံသမျှကိုပြောနိုင်လျှင် အတူ ငိုကြ ရသည် ဖြစ်စေ၊ ကျွန်တော်နေသာပေမည်။ ယခုမူ ရွာ၌ မယဉ်နွယ်လည်း မရှိပြီ။
ဤသို့ဖြင့် နွေဦးကုန်လာသည်။ ရွက်ဝါတို့လည်း ကြွေစဉ်ပြီး ပိတောက်တို့လည်း ထိန်ခဲ့သည်။ ရွက်သစ်တို့ပင် ရင့်စပြု၏။

တိုက်ပွဲများလည်း စဲသွားသည်။ မြို့၌ဂျပန်တစ်ကောင်မျှ မကျန်တော့ကြောင်း ကြားကြရသည်။
တစ်ညနေ တွင် တော်လှန်ရေးစကတည်းမှ ရွာသို့မပေါ်လာသော ဌာနာပိုင်ကြီးဦးထွန်း ဆိုက်ရောက် လာသည်။ သူနှင့်အတူ မျက်မှန်ထူထူနှင့် လူတစ်ဦးပါလာ၏။ သခင်သိန်းဟု ခေါ်သည်။
သခင်သိန်း၊ ဦးထွန်းနှင့် ဗိုလ်မြင့်ဦးတို့သည် အရေးတကြီး တိုင်ပင်ကြသည်။

ဦးထွန်းပြောပြချက်အရ အင်္ဂလိပ်တပ်များ မြောက်ဘက် ၀တ်ထီးကန် အထိ ရောက်နေပြီဖြစ် ကြောင်းကြား သိရသည်။
အစသော်... ဦးထွန်း၏စကားကို ယုံရခက်မယုံရခက် ဖြစ်နေကြသည်။ သို့ရာတွင် ထိုညနေမ၀င်မီပင် မြောက်ဘက် ဆီ မှ တ၀ုန်းဝုန်းတအိမ့်အိမ့် မြည်ဟည်းပေါက်ကွဲသော အမြောက်သံကြီးများ ကြားရသည်။
ဂျပန် တို့မှာ တောရိပ်ခို၍ ဆုတ်ဆဲဖြစ်သည်။ ယခုအင်္ဂလိပ်တပ်များ ၀င်လာပြီ တော်လှန်ရေး သမားများ ဘာလုပ်ကြ မည်နည်း။
ထိုညနေ၀င်ရီသရော ၌ ကိုမြင့်ဦး၊ သခင်သိန်းနှင့် ဦးထွန်းတို့သည် သိုက်တွင်းများရှိရာ ထွက်ခဲ့ကြသဖြင့် ကျွန်တော် ပါ လိုက်ခဲ့သည်။

တောင်ထိပ်မှ ကင်းရဲဘော်တစ်ဦးက ဆီးတားသည်။ ကျွန်တော်တို့မှန်းသိ၍ တောင်စွယ် တစ်ခုဆီ ခေါ်သွား သည်။
တောင်စွယ်အစွန်း မှ အဘ၊ ဆရာ ဗိုလ်စောလင်းတို့သည် မှန်ပြောင်းတစ်ခုနှင့် တစ်စုံတရာ ကို စိတ်ဝင်စားစွာ စူးစိုက်ကြည့်နေကြသည်။ မမရှင်တို့မူ မတွေ့ရ။
''ဘာတွေ့ရလို့လဲ ဆရာ''
ဗိုလ်မြင့်ဦးကမေးမှ ဆရာသည် လှည့်ကြည့်သည်။ ဘာမျှမဖြေဘဲ ဗိုလ်မြင့်ဦးကို မှန်ပြောင်း သာ လှမ်းပေး သည်။ အတန်ကြာကြာ ကြည့်ပြီးသော ဗိုလ်မြင့်ဦး လှုပ်ရှားလာသည်။
''ဂျပန် တွေ ပဲ နည်းတဲ့တပ်ကြီးတော့ မဟုတ်ဘူး''

''အဲဒါ စဉ်းစားနေတာပေါ့၊ ဒီလောက်ကြီးတဲ့ တပ်ကြီးဟာ ဒီနားအထိ ရောက်လာတာ ဘာမှ သတင်း အစအန မရဘူး၊ ဘာသဘောလဲ.... ''
ဆရာ က စဉ်းစဉ်းစားစားမေးသည်။
ဗိုလ်စောလင်း မှန်ပြောင်း ကို ယူ၍ သေသေချာချာ ကြည့်ပြန်သည်။
''သူတို့က သဲချောင်းအတိုင်း လာနေကြတယ်၊ အလို ... ဖြူဖြူတွေလဲ တွေ့တယ်.... ''
''ဘာတွေလဲ အဲဒါတွေ''
''မသိဘူး၊ အလင်းရောင် ကလဲ သိပ်မရှိတော့ဘူး''

အားလုံးငြိမ်နေကြပြီးမှ ''ဘယ်လိုလုပ်ကြမလဲ'' ဟုအဘက မေး၏။
ဗိုလ်မြင့်ဦးသည် အတန်ကြာချင့်ချိန်နေပြီးမှ လေးပင်စွာ သူ့အမြင်ကို ရှင်းပြ၏။
''ဒီလောက်ကြီးတဲ့တပ်ကြီးနဲ့ ၀င်မွှေရင် ရွာတွေကြေကုန်တာ ကြာပြီ၊ ဘာမှ ဒုက္ခမပေးဘဲ လာကြပုံ ထောက်တော့ အေးအေးဆေးဆေး ဆုတ်လာတဲ့တပ်ပဲနဲ့ တူတယ်၊ အခုလည်း ရွာတွေဘက်မသွားဘူး၊ ချောင်းအတိုင်း ရိုးမ ဆီ သွားကြပုံရတယ်''
ဤထင်မြင်ချက် ကို အားလုံးသဘောတူကြသည်။

ဗိုလ်မြင့်ဦးသည် ရဲဘော်တစ်ယောက်ကို ခေါ်၍ ပေါက်ခေါင်းဘက်ရှိ ရွာများကို သတင်းပို့ရန် ဆက်သား အမြန် လွှတ်သည်။ တောင်ပေါ်ရှိသမျှ လူအားလုံးကမူ အကာ ကွယ်ယူ၍ ချောင်းကမ်းပါး တောချုံများ အတွင်း မှ အခြေအနေ ကို အကဲခတ်ကြသည်။

နေမှာ အားလုံးဝင်သွား၍ လရောင်မှိန်မှိန်သာ ရှိသည်။ တဖြည်းဖြည်းနှင့် ဂျပန်တပ်ကြီး သည် နီးကပ်လာ၍ ကျွန်တော် တို့ ချောင်းနေရာ အောက်မှ ဖြတ်သွားကြသည်။
သဲချောင်းကြီးမှာ ကျယ်၍ ကမ်းပါးနှစ်ဖက်၌ သစ်ဝါးချုံနွယ်ထပ်သည်။ ဤချောင်းရိပ်ကိုခို၍ ဂျပန်တို့ ဆုတ်ခွာလာဟန်တူသည်။ လှည်းများလည်း ပါသည်။ အချို့နွားဆွဲ၍ အချို့ကို ဂျပန်များကိုယ်တိုင်ဆွဲကြသည်။

ထူးထူးဆန်းဆန်း ကလေးငိုသံများလည်း ကြားရ၏။ လရောင်ကြောင်း သူတို့ကိုကျွန်တော်တို့ အပေါ်မှစီး၍ သဲကွဲစွာ မြင်ရသည်။ ထိုအခါမှ စောစောက ဗိုလ်စောလင်းပြောသော ဖြူဖြူအရာများကို ဘာမှန်း သိကြရသည်။ ဂါဝန်ဝတ် ဂျပန်မများ တည်း။…။
အချို့ဂျပန်မများမှာ ကလေးချီလျက် အချို့မှာ ကိုယ်ဝန်များနှင့် အချို့မှာ လမ်းပင်ကောင်း ကောင်း မလျှောက်နိုင်ကြတော့။
သူတို့ကို ကြည့်ရင်း ကျွန်တော့်ရင်၌ ထူးထူးခြားခြားဝေဒနာခံစားရသည်။

တစ်ကြိမ် က မြန်မာ့မြေပေါ်တွင် ဗိုလ်ကျအနိုင်ကျင့်ရက်စက်သူ အရှင်သခင်များ …။
ယခု မြင်ရသည် မှာ သနားစဖွင်ပင် ဖြစ်သည်။ လက်နက်လွယ်ထားသော်လည်း စစ်သားတို့မှာ ခေါင်းငိုက်စိုက် နှင့် ခြေလှမ်းများ လေးကန်လှသည်။ ထော့နင်းထော့နင်းနှင့် ကိုယ့်ကိုယ်ကို အနိုင်နိုင် သယ်ရသူ များလည်း ပါသည်။
အားလုံးပေါင်း သုံးရာခန့် ရှိမည်ထင်သည်။

တရွေ့ရွေ့တအိအိနှင့် သူတို့ဖြတ်သွား၍ မျက်စိတစ်ဆုံး၌ ပျောက်ကွယ်သွားသည်အထိ ကျွန်တော်တို့ ငြိမ်နေ ကြသည်။
အဘက စ စကားပြောသည်။
''ဒို့လူစုပြီး နောက်ကလိုက်ကြမလား ''
ဗိုလ်မြင့်ဦး က ခေါင်းခါသည်။

''နေပါစေ၊ သွားကြပါစေ၊ ဒါနောက်ဆုံးတပ် ဖြစ်ပုံရတယ်၊ ဒီအတိုင်းဆိုရင် ကျွန်တော်တို့ နယ်မှာ ဂျပန်ကုန်ပြီ''
အဘက မကျေနပ်။

''ဒါပေမယ့် ဟိုနယ်ဘက်မှာ ၀င်မွှေရင်ကော''
ဝင်မွှေမယ် မထင်ဘူး၊ ကျွန်တော်တို့ လိုက်တိုက်မှ ဖြန့်ကွဲပြီး ရမ်းမွှေမယ့် ဘေးရှိတယ်၊ သူတို့ဘာသာသူတို့ ရိုးမထဲ ၀င်သွားပါစေ၊ ပေါက်ခေါင်းဘက်လည်း ဆတ်သားလွှတ်ထား ပြီးပြီပဲ၊ ဒီတော့ ခု ကျွန်တော်တို့ တာဝန် က သူတို့နောက်လိုက်ဖို့ မဟုတ်ဘူး၊ နောက်ထပ် ရောက်လာတဲ့ ရန်သူသစ်ကို ဘယ်လို ရင်ဆိုင် ရမလဲ… ဒါပဲဖြစ်တယ်….''
''ဘယ်လို ရန်သူသစ် ဟုတ်လား''
ဆရာက နားမလည်သယောင် မေးသည်။

ဗိုလ်မြင့်ဦးသည် ဗိုလ်စောလင်းအား တစ်ချက်အားနာသယောင် ကြည့်၍ ဆိုသည်။
'' အင်္ဂလိပ်တပ်တွေ ၀က်ထီးကန် ရောက်နေပြီ၊ အမြောက်သံတွေ ကြားကြတယ်မဟုတ် လား၊ ဗိုလ်စောလင်း ကိုတော့ အားနာပါတယ်၊ ဒါပေမယ့် ဒီတပ်တွေကို ဘယ်လိုသဘော ထားရမှန်း အတိအကျမသိခင် ရန်သူ လိုပဲ သတ်မှတ်ထားရမှာ''

ဗိုလ်စောလင်းမှာ အနေရအထိုင်ရကြပ်ပုံ ပေါ်သွားသည်။ မျက်နှာ၌လည်း စိတ်ထိခိုက်သွား ဟန်ပြ၏။ သို့ရာ တွင် စကားကိုမူ တည်ငြိမ်စွာ ပြောသည်။
''ကျုပ်သူတို့ လေထီးတပ်က ဟုတ်တယ်၊ ဒါပေမယ့် ဘီအိုင်အေ ဗိုလ်ဟောင်းတစ်ဦးပဲ၊ ကျုပ် သစ္စာခံ ထားတာက ဂျော့ဘုရင်မဟုတ်ဘူး၊ မြန်မာပြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပဲ၊ ပြီးတော့ ခင်ဗျားတို့နဲ့ ကျုပ်မခွဲဘူး၊ ခင်ဗျား တို့ အများ သဘောတူတာ ဆုံးဖြတ်ကြပါ။ ကျုပ်လိုက်နာမယ်''
ဗိုလ်မြင့်ဦး သည် စိတ်ထိခိုက်သွား၍ ဗိုလ်စောလင်းအား လက်ကိုဆွဲဆုပ်ကာ တောင်းပန်သည်။

''ကျွန်တော် စကားပြောမှားသွားတယ် ဗိုလ်စောလင်း၊ ခွင့်လွှတ်ပါ၊ ကဲ....အခု ဦးထွန်းနဲ့ သခင်သိန်းက အရေးကြီးတဲ့သတင်း ယူလာတယ်၊ သခင်သိန်းက ဒီတိုင်းရဲ့ နိုင်ငံရေး တာဝန်ခံကိုယ်စား လာတာပဲ၊ အဲဒါဆွေးတွေဆွေးနွေးကြရအောင် တောင်ပေါ်ပြန်သွား မယ်''
သိုက်တွင်းရှိရာ ဂူမှာ ဆရာတို့၏ ယာယီစခန်းဖြစ်သည်။ ဂူတွင်းတစ်နေရာတွင် ဖိုထားသော မီးပုံဘေး၌ ဆရာ တို့ အားလုံး ၀ိုင်းထိုင်၍ ဆွေးနွေးကြသည်။
သူတို့ ဆွေးသည့် စကားများကို ကျွန်တော် ကောင်းစွနားမလည်။ ကျွန်တော်မကြားဖူးသော နာမည်များနှင့် အသစ် အဆန်း ဖြစ်သော အသုံးအနှုန်းများ ပါ၏။

ငိုက်မြည်းချင်လာသော ကျွန်တော်၏ မျက်လုံးများသည် ဂူတစ်ထောင့်ဆီသို့ ရောက်သွားရာ မျက်လုံးကျယ် သွားသည်။
ဂူထောင့် ၌ ကျွန်တော်သည် ပေါက်ပြားကိုဆွဲကာ ဂူပြင်ထွက်ခဲ့သည်။
လူကြီး တို့ အလစ်၌ ခြတောင်ပို့ကြီးသည် အချွန်အတက်တို့ နှင့် တကယ့်နဂါးကြီးပမာ ရှိနေသည်။
ကျွန်တော် အနှစ်နှစ် အလလ တောင့်တခဲ့သော အလုပ်ကို လုပ်ရတော့မည်။

ယခင်က ဤခြတောင်ပို့ကြီးကို ဖြိုလိုသော်လည်း အေးအေးဆေးဆေး အခွင့်အရေးမရ။ လူကြီးများလည်း မပါ။ ယခုမူ မလှမ်းမကမ်း ၌ လက်နက်အပြည့်အစုံနှင့် ကျွန်တော်အား အကိုးဆုံး လူကြီးများ ရှိနေသည် မဟုတ်ပါလော...။
ကျွန်တော်က ခြတောင်ပို့ကြီးကို ခါးလယ်မှဖြတ်၍ အားရပါးရဖြိုသည်။ တောင်ပို့တွင်း၌ ညအချိန်အထိ အလုပ် များ ဟန်တူသူ ခြဖြူဖြူတို့ အရွရွ လှုပ်ရှားနေ၏။
အလယ်ပိုင်း နှင့် အမြီးပိုင်းကိုဖြိုပြီး မြေ၌အတန်နက်အောင် တူးမိသည်အထိ ကျွန်တော်လိုချင်သည်ကို မတွေ့။

နောက်ဆုံး တွင် ထုထည်အကြီးဆုံးနှင့် အခက်အခဲဆုံးဖြစ်သော ခေါင်းပိုင်းကိုတူးသည်။
ထိုအချိန် ၌ ခြဖြူဖြူတို့ မွမွကြဲနေပြီ ဘေးအန္တရယ် ရောက်မှန်းသိသော ဤသတ္တ၀ါတို့က ကျွန်တော့် ခြေထောက်များ ကို ကိုက်ကြသည်။ အချို့က ခြေထောက်မှသည် တစ်ကိုယ်လုံးနှံ့အောင် တက်ကြသည်။
လက်အံ သေလာခိုက် ပေါက်ပြားသွားသည် မာကျောသော အရာတစ်ခုကို ခိုက်မိ၏။
ကျွန်တော်ရင် မှာ တဒိုင်းဒိုင်း လှုပ်ရှားလာသည်။ အားလည်းတက်၍ လက်လည်းသွက် လာခဲ့သည်။

မြေများကို သတိကြီးစွာဖယ်ရင်း ငုံ့ကြည့်လိုက်သောအခါ ကျွန်တော်မှာ ကိုယ့်မျက်လုံး ကိုပင် ကိုယ်မယုံမိ...။
ကျွန်တော် တူးထား၍ လေးပေခန့် မြေအနက်၌ မာမာလုံးလုံးအရာကြီး တစ်ခုသည် ငုတ်တုတ်ကြီး ပေါ်နေ ၏။
ကျွန်တော် ၏ ၀မ်းသာခြင်းကား မဆုံးနိုင်ပြီ။
ခြသံ....။ အနှစ်နှစ်အလလ ကျွန်တော်ရှာခဲ့သော ...ခြသံ။

ဝမ်းသာဇောဖြင့် ကျွန်တော်သည် အဘကိုလှမ်းခေါ်သည်။
''အဘရေ....လာပါ....မြန်မြန်လာပါ။ ခြသံအောင်ပြီ ကျွန်တော်အောင်ပြီဗျ''
ပါးစပ်က အော်ရင်း အလုံးကြီးကိုမသည်၊ အလုံးကြီးသည် ကျွန်တော်ထင်သည်ထက် လေးသည်။
ကျွန်တော်အသံကြောင့် လူကြီးများ ပြေးထွက်လာသောအခါ ကျွန်တော်သည် အလုံးကို ထမ်းမိပြီးဖြစ်သည်။

''ဟေ့ကောင် ...လူကလေး ဘာဖြစ်တာလဲ အလန့်တကြား''
''အလန့်တကြားမဟုတ်ဘူး.... ကျုပ်အောင်ပြီဗျ''
လူကြီးတွေ အားလုံး ကျွန်တော့်စကား နားမလည်ကြ။
''ငယ်လေးရ...ဘာအောင်တာလဲကွ''
ကိုမြင့်ဦးက မေးသည်။

''ခြသံဗျ....ခြသံလေ''
''ဘာလဲ ခြသံလေ''
ကျွန်တော်သည် စိတ်မရှည်တော့။ ထို့ကြောင့် ''နားမလည်လည်း နေကြဗျာ.... '' ဟုဆိုပြီး မီးရောင်ရှိရာ ဂူတွင်း သို့ အလုံးကြီးထမ်းပြီး ပြေးခဲ့ရာ လူကြီးများ နောက်ကလိုက်လာသည်။
''နေပါဦး...သန့်ဇင်ရ ...ဘာတွေ တောက်တီးတောက်တဲ့ ပြောနေတာလဲ၊ ဘာလဲ...ခြသံ''
ဆရာ ကပါ ၀င်မေးသဖြင့် ကျွန်တော်က အလုံးကြီး၌ ကပ်လျက်ရှိသော မြေးစေးများကိုခွာ ရင်းရှင်းပြရသည်။

''ခြသံဆိုတာ...တုတ်ပြီး .ဓားပြီး...သေနတ်ပြီး....ကိုယ်ရောင်ဖျောက်လို့ရတဲ့ ....သံ''
လူကြီးများသည် ယုံရခက်၊ မယုံရခက်နှင့် ကျွန်တော်လုပ်သမျှ ကြည့်နေသည်။
အပေါ်ယံကပ်နေသော မြေစေးများကွာ၍ အတွင်းမှအရာ ပေါ်လာသောအခါ ကိုမြင့်ဦးသည် တဟားဟားရယ်သည်။
''ဘယ်မှာလဲ သန့်ဇင်ရ.... မင်းခြသံက စဥ့်အိုးကြီး၊ ဟား.....ဟား...ဟား...... ''
ကျွန်တော့်ဝမ်းသာမှု တို့ ပျောက်ကုန်သည်။ ယူကျုံးမရလည်း ဖြစ်လာသည်။

ကျွန်တော့် ရှေ့ မှ အရာသည် ကိုမြင့်ဦးပြောသကဲ့သို့ စဥ့်အိုးတစ်လုံး သာပါတကား။
ကျွန်တော် စိတ်ပျက်လက်ပျက် ငိုင်ကြည့်နေခိုက် အဘသည် လှုပ်ရှားလာသည်။
''ဖယ်စမ်း....ဖယ်စမ်း....ငယ်လေး..... ''
အဘသည် စဥ့်အိုးကို သေချာစွာစစ်ဆေးသည်။ ထို့နောက် စဥ့်အိုးဖင်ပိုင်းကို လှန်ကြည့်သည်။ စဥ့်အိုးဖင်၌ ကြက်ခြေခတ် အမှတ်အသား တစ်ခုပါသည်။
''ဟုတ်ပြီ...ဟုတ်ပြီ..... ''

အဘ သည် တုန်ယင်သောအသံနှင့် အော်သည်။
ကျန်လူအားလုံးက မျက်လုံးပြူးသွားကြသည်။
အဘကသာ မည်သူ့ကိုမျှ ဂရိုမစိုက်ဘဲ စဥ့်အိုးထိပ်မှ မြေများကို ဖယ်သည်။ မြေများကုန်သွားသော်လည်း အ၀မှာ အသေပိတ်ထားသည်။ အဘက ဓားနှောင့်နှင့် ဆောင့်ချလိုက်ရာ အဖုံးပွင့်သွား၏။
စဥ့်အိုးတွင်း လက်နှိုက် ၍ အဘထုတ်ယူလိုက်သော ပစ္စည်းများကို မြင်သော် အားလုံး၏ ပါးစပ်မှ ''ဟယ်..... '' ကနဲ ပြိုင်တူအော်မိကြသည်။

အဘလက်တွင်း၌ ရွှေတောင့်ရွှေခဲနှင့် အခြားလက်ဝတ်ရတနာ ပစ္စည်းများ......။
မည်သူမျှ စကားမပြောနိုင်ကြ။ အိပ်မက်မက်နေသည် ထင်ကြလားမသိ။ မျက်စိများ ပွတ်ကြည့်ကြ၏။
''ကျုပ် ဒါကိုပြန်ရှာနေတာကြာပြီ၊ အခုတော့ ကံမှန်လို့ ကျုပ်သားက ကြံကြံဖန်ဖန်တွေ့ တာပဲ''
ဆရာ ကိုအုန်းဖေ သည် ပထမဦးစွာ မေးသည်။

''ဒါတွေ ဘယ်က ပစ္စည်းတွေလဲ ဦးလေး''
အဘသည် ပစ္စည်းများကို အိုးတွင်းပြန်ထည့်၍ ရှင်းပြသည်။
''ဘယ်က ပစ္စည်းလဲ ဆိုတော့....ကျုပ်ရဲ့ပစ္စည်းတွေပဲ၊ ကျုပ်ဆရာစံဆီသွားပေါင်းတော့ .. ကျုပ်တို့ ဘိုးဘွား အဆက်ဆက် က စုဆောင်းခဲ့တဲ့ ရွှေနှစ်ပိဿ နဲ့ လက်ဝတ်လက်စားတွေပါ ယူသွားခဲ့တယ်၊ တိုက်ကြ ခိုက်ကြ ရင်း စစ်စရိတ် အဖြစ် ရွှေတစ်ပိဿကျော် ကုန်သွားတာပေါ့၊ နောက်....ကျုပ်တို့က အရေးတော်ပုံ ရှုံး တဲ့ အချိန် ကျုပ်ဒီနယ်ပြန်လာတယ်၊ ကုလားတပ်တွေကလည်း.... နောက်ကထက်ကြပ်ပေါ့''

အဘ သည် စဥ့်အိုးကိုပွတ်ရင်း ရှေးအခါက ရန်သူဘေးမှ ပြေးရသောသူ့ဘ၀ကို အမှတ်ရနေဟန်တူသည်။
''ကုလား တွေကလည်း နောက်ကလိုက်၊ ကျုပ်နောက်ပါ လူတွေကလည်း စိတ်ဓာတ်ပျက်နဲ့ ဆိုတော့....ကျန်တဲ့ ရွှေတစ်ပိဿကို တစ်ညသန်းခေါင်ကျော်မှာ ကတိုက်ကရိုက် နဲ့ ဒီတောင်ပေါ်မှာ မြှုပ်ထား ရတယ်၊ အထူးအမှတ်အသားတွေ ဘာတွေ လုပ်ချိန်လည်း မရဘူး၊ သိုက်တွင်း အနောက်ဘက် လောက် သာ အမှတ်ပြု ခဲ့ရတယ်''
အဘ သည် ခေတ္တနားသည်။ သူ့သဏ္ဍာန်မှာ ရင်နာဖွယ်တစ်စုံ တစ်ခုကို အမှတ်ရနေဟန်တူ သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၃၁)

ညိုမာ သည် ကြမ်းပြင်မှာ လက်ထောက်က တအားကျုံးအော်ပစ်လိုက်သည်
    'ရိုက်ပါ၊ ရိုက်ပါ။ သူများပျော်သလို မပျော်နိုင်တိုင်း၊ သူများ ပျော်ရွှင်တာကို ၀န်တိုတိုင်း အငြိုးနဲ့ ရိုက်နေတာ သိပါတယ်။ ကျေနပ်အောင် ရိုက်လိုက်စမ်းပါ'
    မာမီသည် ညိုမာ့စကားကြောင့် အံ့အားသင့်သလို ဖြစ်သွားရာမှ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာ သည်။ တစ်ဘက်သို့ ချာခနဲ လှည့်ထွက်သွာ်းသည်။
    အမှန်ပြောရလျှင်တော့ ဒယ်ဒီနှင့် မသက်ဇင်အကြောင်းကို ညိုမာသိထားသည်မှာ ကြာပြီ။

    သင်္ကြန် လည်ကြတော့ မဆုံမည့်သာ မဆုံသည်၊ ကားက ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင်။
    သူငယ်ချင်း တွေက မသက်ဇင်နှင့် ဒက်ဒီ့အကြောင်းကို ပြောပြကြသည် ငပလီမှာ ဆိုလျှင်တော့ ရောဘတ် ကိုယ်တိုင် သူတို့အတွဲကို တွေ့ခဲ့သေးသည်ဟု သိရသည်။
    သို့ပေမယ့် ..... ဒက်ဒီ့ကို အပြစ်မတင်လို။

    ဒက်ဒီ ကိုယ်တိုင်သည်လည်း ညိုမာ့နှယ်ပင် မာမီ့ကို စိတ်ကုန်နေလိမ့်မည်ဟု ထင်ပါသည်။
    ကားသည် 'ရတနာအထူးကုဆေးခန်း'သို့ ရောက်လာသည်။ မာမီ့နာမည်ပြောတော့ တတိယထပ် တွင်ရှိသည်ဆို၍ ညိုမာတို့ ဓာတ်လှေကားနှင့် တက်ခဲ့ရသည်။
    စင်္ကြံလမ်း မှ ခုံတန်းရှည်ပေါ်တွင် ဒက်ဒီတစ်ယောက်တည်း ထိုင်နေသည်ကို တွေ့ရသည်။

    ခြေနှစ်ချောင်းကြားမှာ လက်ကို ထားကာ လက်ထဲတွင် စီးကရက်တစ်လိပ် ရှိနေသည်။ ဒက်ဒီသည် ခေါင်းငိုက်စိုက် ချထားသည်။
    ညိုမာ့ခြေသံ ကြားရသော်လည်း လှည့်မကြည့်။ ဒက်ဒီ့မျက်နှာညှိုးနေသည်။ နွမ်းနယ်ဟန် ပေါက်နေသည်။
    ညိုမာ က ဒယ်ဒီ့အနီးတွင် ကပ်၍ ထိုင်ချလိုက်သည်။

    'စိုးရိမ်ရသလား ဒယ်ဒီ'
    ခေါင်းညိတ်ပြသည်။
    'ဘယ်လိုဖြစ်တာလည်း'
    'ဒယ်ဒီ အိမ်ပြန်ရောက်တော့ မင့်မာမီ ဟာ ခါတိုင်းလို တံခါးလာဖွင့်မပေးဘူး၊ အိမ်ဖော် တစ်ယောက်က လာဖွင့် ပေးတယ်။ သူက မင့်မာမီ တစ်ခုခုဖြစ်သလားမသိဘူးပြောလို့ သွားကြည့်တော့ အိပ်နေတာ တွေ့ရတယ်။ နှိုး လို့မရဘူး၊ ခြေတွေလက်တွေ အေးစက်ပြီး တစ်ကိုယ်လုံး ပြာသလို ဖြစ်နေတယ်။ ဒါနဲ့ ဖေဖေ လဲ ကားပေါ်ပွေ့တင်ပြီး အနီးဆုံးဆေးခန်းကို ပို့ခဲ့ရတာပဲ'

    'သတိမရဘူးလား'
    'စောစော ကတော့ တစ်ကြိမ် သတိပြန်လည်လာသေးတယ်လို့ ပြောတယ်'
    အခန်းတံခါး ပွင့်လာသည်။ ဆရာမတစ်ယောက် ထွက်လာသည်။ အခန်းနံပါတ်ကို သည်အခါမှ သတိထား ကြည့်မိသည်။
    ၁၃....။
    မာမီ့အတွက် ကံမကောင်းဟု ညိုမာထင်လိုက်သည်။

    ညိုမာ မတ်တတ်ရပ်လိုက်သည်။
    'ဒီမှာ ဆရာမ'
    'ဟုတ်ကဲ့'
    'အထဲကို ၀င်ကြည့်လို့ ရမလားဟင်'
    'ဟင့်အင်း'
    'ကျွန်မ ဒေါ်ခင်မေမြိုင် ရဲ့သမီးပါ၊ ၀င်ပါရစေရှင်'
    'နေပါဦး၊ ခဏစောင့်ပါဦး'
    ဆရာမ သည် စင်္ကြံလမ်းအတိုင်း လျှောက်သွားသည်။

    မကြာမီ ဆေးပစ္စည်းအထုပ်အပိုးတစ်ခုနှင့် ပြန်ဝင်သွားသည်။
    ဒယ်ဒီ သည် စီးကရက်တစ်လိပ်ပြီးတစ်လိပ် ဖွာနေသည်။
    ညိုမာကတော့ လက်ချောင်းကလေးများကို အကြိမ်ကြိမ်ချိုးနေသည်။
    'ဒယ်ဒီ တို့ ကိစ္စကို သူသိသွားပြီလား'
    'အင်း၊ ဒီည ပဲ ဖွင့်ပြောလိုက်တယ်'
    ဒါကြောင့်ပဲ ဖြစ်မှာပါဟု ညိုမာတွေးမိသည်။

    မာမီ့ အတွက် စိုးရိမ်ပူပန်စပြုလာသည်။
    ယခုတော့ သွေးကပဲ စကားပြောလာလေသလားမသိ၊ နှမြောတသမှုတွေ၊ ၀မ်းနည်းပူဆွေးမှုတွေကို ခံစား လာရသည်။
    မာမီ သက်သာပါစေ ဆုတောင်းမိသေးသည်။
    သည်လိုနှင့် နံနက်လေးနာရီ ရှိလာသည်။ အခန်းနံပါတ် ၁၃ ၏ တံခါးသည် ပွင့်လာသည်။ ဂျူတီကုတ် ၀တ်ထားသော အမျိုးသမီးဆရာဝန်မသည် အခန်းထဲမှ ထွက်လာသည်။
    ဒက်ဒီ ရော ညိုမာပါ ထိုင်ရာမှ ထရပ်လိုက်ကြသည်။

    နွမ်းနယ်နေဟန်တူသော ဆရာဝန်မက တိုးညှင်းစွာ ပြောလိုက်သည်။
    '၀င်ကြည့်ချင် ကြည့်နိုင်ပါပြီ ဦးတင်မောင်သန်း'
    'သူ့..... သူ့အခြေအနေ'
    'သူ ဆုံးရှာပါပြီ'
    'အို... မြိုင်ရယ်...'

    အစသော် ညိုမာ၏ စိတ်မှာ ခပ်ပေါ့ပေါ့ပင်ဖြစ်သည်။ မာမီဆေးရုံရောက်ရသည်က မဆန်း၊  ဆေးရုံသို့ လိုက်တွေ့ခဲ့ ရဖူးသည်က အခါခါပင်၊ မာမီ ဆုံးပြီဆိုမှပင် ရုတ်တရက် အိပ်မက်မှ လန့်နိုးလာရသူလို ရှိသည်။ ရင်ဝ သို့ အလုံးကြီးတစ်လုံး ဒိန်းခနဲ လာဆောင့်သည်။
    ညိုမာသည် 'အမလေး မာမီရဲ့' အော်ဟစ်ငိုပစ်လိုက်သည်။ 'ညိုမာ တို့ကို တကယ်ခွဲသွားပြီလား မာမီ ရယ်'
    ဆရာဝန်မနောက်မှ ကပ်၍ လိုက်ပါလာသော သူနာပြု ဆရာမကို ညိုမာမကျေနပ်၊ ရန်သူသဖွယ် ကြည့်လိုက်သည်။ ရန်တွေ့စကားဆိုသည်။

    'စောစောက ဘာလို့ ၀င်ကြည့်ခွင့် မပေးတာလဲဟင်၊ ခုဆို အသက်တောင် မမှီလိုက်ရတော့ပါလား ရှင်'
    သူနာပြု ဆရာမက အေးဆေးစွာပင် တုံ့ပြန်လာသည်။
    '၀မ်းနည်း ပါတယ်၊ လူနာ က သူ့ဆီကို သူ့ခင်ပွန်းရော သမီးပါ ၀င်တွေ့ခွင့် မပေးကြပါနဲ့ လို့ တားမြစ် ထားခဲ့လို့ပါ'
    ညိုမာ သည် ကြားလိုက်ရသော စကားအတွက် ကြက်သေ သေသွားသလို ရှိသည်။ မင်သက်သွားမိသလို ရှိသည်။ ရင်ထဲမှာ နင့်သွားကာ လည်ချောင်း တွင် တစ်ဆို့လာသည်။
    ဦးတင်မောင်သန့်သည် ခေါင်းငိုက်စိုက်ကျကာ မျက်ရည်တွေ ရစ်ဝဲနေရာမှ လှိုက်လဲတုန်ရီ စွာ ပြောလိုက် သည်။

    'ဒါ... တို့များကို သူ လက်စားချေသွားတာပဲ၊ အင်မတန် ထိရောက်ပြင်းထန်လှတဲ့ လက်စားချေမှုပါပဲ မြိုင် ရယ်...'
    ရှေ့ပိုင်းက ပြောခဲ့ပါသည်။
    ပဆစ်ဝိုင်း တွင် 'တစ်စိတ်'သည် အင်အားအရှိဆုံး၊ 'တစ်စိတ်'ပစ်နိုင်မှ 'ကြွေနိုး'သည် အကွက်အစိတ်အထိ ပေးခွင့်ရှိသည်။ သို့သော်... 'တစ်စိတ်'ချည်း သုံးခါ ဆက်တိုက်ကျပြန်တော့ တစ်မှတ်မရ။
    'ကန်း'လေသည်။ 'သေ'လေသည်။

    ဒေါ်ခင်မေမြိုင် ၏ ဘ၀အစများသည် အကောင်းချည်းဖြစ်သည်။ ပင်ကိုယ်ကတည်းက ချမ်းသာ လာခဲ့သည်။ လိုလားတောင့်တအပ်သော ချစ်သူကို ရခဲ့သည်။ အခက်အခဲတွေ အကြားမှ သမီးကို မွေးဖွား ပေးနိုင်ခဲ့ သည်။
    ပဆစ်စကားနှင့် ပြောရလျှင်တော့ 'တစ်စိတ်ချည်း'သုံးခါဆက်တိုက် ပစ်နိုင်ခဲ့သည့် ကြွေသမား။
    သို့သော်... ထို့ကြောင့်ပင် ဒေါ်ခင်မေမြိုင်၏ ကြွေသည် 'ကန်း'ခဲ့လေသည်။ 'သေ' ခဲ့လေသည်။
    ပဆစ်ဝိုင်း မှာ ကြွေပစ်သမား ကောင်းတိုင်းလည်း နိုင်လေ့ရှိသည်မဟုတ်။

    ဒေါ်ခင်မေမြိုင် သည် ကြွေပစ်သမားကောင်း ဖြစ်သော်လည်း ပဆစ်ဝိုင်းတွင် အင်အား အသေးဆုံး ဖြစ်သော 'ပါ' ဖြင့် 'အစား'ခံခဲ့ ရလေပြီတည်း။ 'သုံးစားပါကျ' ဖြစ်ခဲ့ရလေပြီတည်း။

×         ×        ×

    အိမ်သို့ ပြန်ရောက်သောအခါ အချိန်မှာ နံနက် လေးနာရီခွဲ ရှိနေပြီဖြစ်သည်။
    အိမ် မှာ ဦးတင်မောင်သန့်နှင့် ညိုမာသန့် နှစ်ယောက်တည်း။
    အိမ်သို့ ရောက်ပြီဆိုလျှင်ပင် ဦးတင်မောင်သန့်သည် 'ဘားကောင်တာ'သို့ တန်းတန်းမတ်မတ် သွားသည်။ အရက်ပုလင်း ကို ယူသည်။ ဖန်ခွက်ထဲသို့ လက်နှစ်လုံးခန့် လောင်းထည့်လိုက်သည်။
    'ဒယ်ဒီ ကို ခွင့်ညွှတ်ပါ ညိုမာ ဒယ်ဒီအဖို့ ဒါဟာ လိုအပ်နေတယ်'
    ဦးတင်မောင်သန့်က လှမ်း၍ ခွင့်တောင်းသည်။

    'ညိုမာ နားလည်နိုင်ပါတယ် ဒယ်ဒီ'
    ညိုမာသန့်သည် ဆိုဖာတစ်လုံးတွင် ၀င်ထိုင်လိုက်သည်။
    ဒယ်ဒီ့အဖို့ကတော့ သောကကို ဖြေသိမ့်စရာ သို့မဟုတ် မေ့ပျောက်ပစ်စေနိုင်သောအရာ ရှိနေခဲ့ပြီ။ ညိုမာ့ အဖို့ကျတော့ကော...။
    ညိုမာ ဘာလုပ်ရမည်မသိ။
    ရင်ထဲမှာ တစ်မျိုးကြီးပါပဲ။
    လွတ်နေသလို၊ ဟာနေသလို ရှိသည်။
    တစ်စုံတစ်ရာ လိုအပ်နေသလို ရှိသည်။

    ညိုမာ့ရှေ့မှာ စားပွဲပေါ်တွင် မာမီ နံနက်က ထိုးထားခဲ့သော ပန်းအိုးရှိသည်။ ပန်းများသည် လန်းလန်း ဆတ်ဆတ် ပင် ရှိနေသေးသည်။ ခရမ်းရောင် သစ်ခွပန်းကို တောက်တဲ့ လက်ဝါးခက်များဖြင့် ရောစပ် ထိုးထားခြင်းဖြစ်၍ အစိမ်းရင့်ထဲတွင် ပန်းနုရောင် ပန်းပွင့်သည် ထင်းနေသည်။
    ဘုရားစင် မှာတော့ ညောင်ရေအိုး။ ပန်းတွေ ဝေနေသည်။ သစ္စာပန်းများ ဖြစ်သည်။ ပွင့်တစ်လီ၊ ဖူးတစ်ချို့၊ ငုံတဖြာဖြင့်။
    သည်သို့ပင် မာမီ့ဘုရားစင်သည် အစဉ်လို ပန်းတွေနှင့်ဝေမြဲ။

    မာမီ အနှစ်ခြိုက်ဆုံး အရောင်ဖြစ်သည့် မီးခိုးရောင် ဇာခန်းဆီးစသည် နံနက်ခင်း လေညှင်းမှာ လွင့်တော့ မယောင် မလွင့်တော့မယောင်နှင့် ယိမ်းနွဲ့ ရုံသာ ကစားနေသည်။
    အပြင် မှာ ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်လောက် ပူပန်ခဲ့ ပူပန်ခဲ့၊ မာမီ့ ဧည့်ခန်းအတွင်း ၀င်မိလျှင် ပြေပျောက်မြဲ။ ဧမြမြဲ။ စိတ်ချမ်းမြေ့ရမြဲ။
    မာမီ ထိုင်နေကျ အခန်းထောင့် ဆိုဖာဘေးမှ ခုံပုကလေးပေါ်တွင် 'ဓမ္မပဒ'စာအုပ်သည် တစ်ဝက်တစ်ပြက် ပွင့်နေသည်။ မာမီ၏ အရိပ်သည် ထိုနေရာမှ ထင်ဟပ်နေသလို ရှိသည်။
    ညိုမာ အိမ်သို့ ပြန်ရောက်လေတိုင်း စိတ်ချလက်ချ ရှိသွားဟန်ဖြင့် မသိမသာ သက်ပြင်းရှိုက်ဟန်ကို မြင်ယောင် မိသည်။

    ညိုမာ အပြင်သို့ ထွက်တော့မည်ဆိုလျှင်လည်း စိုးရိမ်မကင်းသည့် မျက်ဝန်းညိုကြီးများဖြင့် စောင့်ကြည့် နေတတ်မြဲ။
    ညိုမာသည် မာမီ့ကို ဖျက်ခနဲ သတိရကာ 'အစ်'ခနဲ တစ်ချက် ရှိုက်လိုက်သည်။
    ဒယ်ဒီ သည် ညိုမာ့ဘေးသို့ ရောက်လာသည်။
    ပခုံး ကို နှစ်သိမ့်မှုပေးသလို ဆုပ်ကိုင်ဖျစ်ညှစ်လိုက်သည်။

    တယ်လီဖုန်း မြည်လာသည်။
    မာမီ့အခန်း ထဲမှာ ဖုန်းရောက်နေသည်။
    ညိုမာသည် မာမီ့အိပ်ခန်းထဲ သို့ ၀င်ခဲ့သည်။ မာမီ့အိပ်ရာတွင်ဝင်ထိုင်ကာ စကားပြောခွက်ကို ကောက်ယူ လိုက်သည်။
    'ဟယ်လို'
    'ဟယ်လို... ညိုမာလား...'
    'ဟုတ်ပါတယ်'
    'ရူဘီ ပါ ညိုမာ၊ အခုပဲ ရောဘတ် ပြန်ရောက်လာတယ်၊ ယူ့မာမီ သတင်းကို ကြားရတယ်။ ရူဘီ စိတ်မကောင်း ပါဘူးကွာ'
    ညိုမာ့ရင်ထဲမှာ ဆို့တတ်လာသည်။ ဘာမျှ ပြန်မပြောနိုင်။

    'မင်း ငိုနေသလား'
    'အင်း'
    'အေးပေါ့ ငိုရမှာပေါ့၊ ရောဘတ်က သူလည်း စိတ်မကောင်းတဲ့အကြောင်း ပြောပေးပါတဲ့။ ဒါပါပဲ သူငယ်ချင်း ရယ်၊ မင်းကို ကိုယ်ဆက်ပြီး အနှောင့်အယှက် မပေးချင်တော့ပါဘူး။ တစ်ခုပဲ ... ငိုလိုက်၊ အားရအောင် အော်ငိုလိုက် သိလား၊ ဒါမှ မင့်ရင်ထဲ ပေါ့သွားမှာ'
    တစ်ဘက် က စကားပြောခွက်ကို ချသွားသည်။

    ညိုမာသည် စကားပြောခွက်ကို လေးလံစွာ ပြန်ချသည်။
    ရူဘီ၊ ရူဘီ။
    သူတို့ အသိုင်းအ၀ိုင်းထဲ ဆွဲသွင်းခဲ့တဲ့ ရူဘီ။
    ညိုမာ့ ကို  စတင်ဖျက်ဆီးခဲ့သည် ရူဘီ။
    ကျောင်းပြေးတတ်အောင်၊ ရုပ်ရှင်ခိုးကြည့်တတ်အောင် သင်ခဲ့တဲ့ ရူဘီ။
    'မိန်းမ ဆိုတာ လင်ကိုဘုရားတစ်ဆူ ဂူတစ်လုံးလို ကိုးကွယ်ရတဲ့ခေတ်ကုန်ပြီ။ သူတို့အတွက် ထမင်းချက် ကျွေးဖို့၊ အ၀တ်လျှော်ပေးဖို့၊ အိပ်ရာခင်းပေးဖို့ သက်သက်ချည်း မိန်းမ ဆိုတာလူ့လောကမှာ လူလာ ဖြစ်တာ မဟုတ်ဘူး၊ မိန်းမဆိုတာ လူသားထဲက လူသား တစ်ယောက်ပဲ၊ ယောက်ျားတွေနဲ့ ရင်ဘောင်တန်း ရမယ်၊ ယောက်ျားတွေရနေတဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ မှန်သမျှ မိန်းမတွေလဲ ရရမယ်' ဆိုခဲ့တဲ့ ရူဘီ။

    သည် ရူဘီကို ခုနှစ်တန်းနှစ်ကတည်းက ညိုမာ သိခဲ့သည်။
    သိစကတော့ မျက်နှာကြောမတည့်လှ။
    သို့သော် ရူဘီသည် ညိုမာ့ ကို အတင်းကပ်သည်။ ရင်းနှီးအောင် ကြိုးစားသည်။ သည်လိုနှင့် အားနာ ပါးနာ ခင်ခဲ့ရသည်။
    ခင်မိတော့လည်း ရူဘီသည် မဆိုးလှဟု ထင်သည်။
    ရူဘီ နှင့် ခင်ရသည်မှာ ရင်ခုန်ချင်စရာတွေနှင့်လည်း ကြုံရသည်။ ဘေးအန္တရာယ်မှ သီသီကလေး လွတ်ကင်း ရသည်မျိုးလည်း ရှိသည်။
    ရူဘီ၏ စိတ်ထားကတစ်မျိုးပင်။

    အဆန်းတကြယ်ကလေးတွေ လုပ်တတ်သည်။ စွန့်စားခန်းကလေးတွေ၊ ရင်ခုန်ရတာ ကလေးတွေကို၊ ရင်ခုန် ရတာ ကလေးတွေကို လုပ်ချင်လေ့ရှိသည်။
    စနေနေ့ ဗိုလ်ချုပ်ဈေး ရောက်တော့ ရတနာဆိုင်သို့ ၀င်သည်။ လက်ဝတ် လက်စားတွေကို ထုတ်ပြ ခိုင်းသည်။
    သည်အကြားမှာ ရူဘီသည် စိန်လက်စွပ်တစ်ကွင်းကို ယူကြည့်သည်။ ပြန်မပေးဘဲ ညိုမာ့အား ကမ်းပေး သည်။
    'မင်း လက်ပွေ့အိတ်ထဲ ထည့်ထားလိုက်'
    ညိုမာ ငြင်းပယ်မည် ပြုသည်။

    'ရှူး ဆိုင်ရှင်တွေ့တော့မယ်၊ မြန်မြန်ထည့်'
    ညိုမာ ယောင်မှားပြီး လက်ပွေ့အိတ်ထဲ ထည့်သည်။
    ပြဿနာ က ဆိုင်မှ အထွက်တွင် စသည်။
    ညိုမာ တို့ ဆိုင်မှ ထွက်မည်ပြုသောအခါ ဆိုင်ရှင်က ရှေ့မှ တားဆီးလိုက်သည်။
    'ကလေး တို့ ခဏနေကြပါဦး'
    'ဘာဖြစ်လို့လဲ ရှင်'

    'ကလေး တို့ အသက်အရွယ်၊ ကလေးတို့ ရုပ်ရည်နဲ့ ဒါမျိုးမလုပ်သင့်ဘူး'
    'အို... ကျွန်မတို့ ဘာလုပ်လို့လည်း'
    ရူဘီ က နှုတ်တုံ့ပြန်နေပေမယ့် ညိုမာကတော့ တစ်ကိုယ်လုံး တုန်ယင်နေသည်။ ချွေးပြန်နေသည်။ ခြေဖျား လက်ဖျား တွေ အေးစက်နေသည်။
    'ကလေးတို့ လက်ပွေ့အိတ် ပြစမ်းပါ'
    ညိုမာက ကမ်းမပေးခင်မှာပင် ဆိုင်ရှင်က လက်ပွေ့အိတ်ကို ဆွဲယူပြီး ဖြစ်နေသည်။
    ဖွင့်ရှာတော့ လက်စွပ်ကို တွေ့သွားသည်။

    ရူဘီကတော့ မျက်နှာထား တင်းတင်းနှင့်ပင်။
    ညိုမာ ကတော့ အတောင်ပံပါလျှင် မိုးသို့ ပျံတတ်လိုက်ချင်သည်။ မြေကို ခွဲ၍ ၀င်ရောက်လိုက်ချင်သည်။
    'မင်း တို့ အပြစ်ကို ၀န်ခံမလား'
    နှစ်ယောက်စလုံး ဘာပြောရမည် မသိ။
    'ရဲစခန်းကို တိုင်လိုက်ရမလား'
    'ဟင့်အင်း... ကျွန်မတို့ သက်သက်အပျော်လုပ်တာပါ၊ ကျွန်မ တို့ မိကောင်းဖခင် သားသမီးတွေပါ'
    ညိုမာက အလျင်စလို ၀င်ပြောရသည်။

    'ဒါနဲ့များကွယ်'
    'မယုံရင် ဖုန်းဆက်ကြည့်ပါ။ ကျွန်မဖေဖေက ဦးတင်မောင်သန့်၊ မေမေက ဒေါ်ခင်မေမြိုင်'
    'ရွှေတောင်ကြားလမ်း က ဒေါ်ခင်မေမြိုင်လား'
    'ဟုတ်ပါတယ်'
    'ဒါဆို တို့များဖောက်သည်ပဲ၊ စုံစမ်းကြည့်မယ်လေ၊ ဖုန်းနံပါတ်ပေး'
    ညိုမာ တယ်လီဖုန်းနံပါတ် ပေးလိုက်သည်။
    မကြာမီ မာမီ ပေါက်ချလာသည်။

    တော်ပါသေးသည်။
    ဆိုင်ရှင် က သဘောကောင်းပေလို့ အကျယ်အကျယ် မငြိမ်းဖွယ်တွေ မဖြစ်ခဲ့။
    သို့သော် ညိုမာ သည် သည်အဖြစ်အတွက် ရူဘီတစ်ယောက်တည်းအပေါ် ပုံမချလို။ လုပ်ရဲလျှင် ခံရဲရမည် ဟူသော အသိဖြင့် အပြစ်တင်မှု ကို ဝေမျှ ခံယူလိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၇)

ဂျီးဆပ်မေရီယာ သည် ကြင်နာသော နှလုံးသားပိုင်ရှင် တစ်ဦးဖြစ်ကြောင်း သိခဲ့ကြရပြီးပြီဖြစ်၏။ လူလူချင်း ကိုယ် ချင်းစာတရား ထားတတ်သော ဂျီးဆပ်စ်မေရီယာ အဖို့တော့ လိုအပ်လာသည့်အခါများတွင် သူ၏ ကြင်နာမှု ကို ပြဖို့ ၀န်လေးသူတစ်ဦး မဟုတ်ပေ။ သူသည် တီရီဆီနာနှင့် ခင်မင်ရင်းနှီးသူဖြစ်၏။ 

သို့သော်လည်း တီရီဆီနာ၏ အိမ်သို့ အ၀င်အထွက် မလုပ်မိခဲ့သည် လပေါင်းအတော်ကြာခဲ့ပြီ။ အကယ်၍သာ တီရီဆီနာတို့ မိသားစု ရင်ဆိုင် နေရသော အခြေအနေကို စောစောကတည်းကသာ သိခဲ့ ရပါမူ စောစောကတည်းက လာ၍ အားပေးမည် ဖြစ်၏။ ယခုတော့မူ သူ အသိနောက်ကျခဲ့သဖြင့် တီရီဆီနာ တို့အိမ်တွင် နောက်ဆုံးချန်ထားသည့် လက်ကျန်ပဲ တစ်ဆုပ်စာကို အိုးထဲထည့်၍ ပြုတ်သည့် နေ့ကျ မှ ဤအိမ် သို့ သူရောက်လာခဲ့ရလေသည်။

ဂျီးဆပ်မေရီယာသည် ရီတီဆီနာ၏ အိမ် မီးဖိုခန်းထဲ၌ ထိုင်လျက်ရှိသည်။ ကလေးများသည် သူ့ ခြေထောက် အနီး တွင် ပွတ်သီးပွတ်သပ် လုပ်ကာ ကစားလျက်ရှိကြ၏။ သူသည် တီရီဆီနာက ပြောပြနေသော မိသားစု ရင်ဆိုင် ရတော့မည့် အငတ်ဘေးဒုက္ခအကြောင်းကို စိတ်အလွန် ထိခိုက်စွာဖြင့် နားထောင်နေသည်။ တီရီဆီနာ က ခြင်းတောင်းထဲတွင် ပဲတစ်စေ့မှ မကျန်တော့ကြောင်းကို သက်သေပြသည့် အနေဖြင့် ခြင်းတောင်း ကို ခါ၍ ခေါက်ပြသည်။ တီရီဆီနာက သူ့ကလေးများကို လက်ညိုးထိုးပြပြီး ဤကလေးအားလုံး ငတ်မွတ်မှု ကြောင့် အရိုး ချည်းဖြစ်ရတော့မည် ဖြစ်ကြောင်း၊ နောက်ဆုံးတွင် အားလုံး သေကြရလိမ့် မည်ဖြစ်ကြောင်း ပြောပြသည်။ ဂျီးဆပ်စ်မေရီကတော့ တစ်ဖက်က ပြောသမျှကို စိတ်မကောင်းခြင်း ကြီးစွာဖြင့် နားထောင်ရင်း ခေါင်းတညိတ်ညိတ် လုပ်လျက်ရှိလေသည်။

ထို့နောက် တီရီဆီနာ ၏ အမေက မယ်တော်မာရီယာ၏ အလိမ်ကို သူ ခံရကြောင်းပြောသည်။ ဤစကား ကျတော့ ဂျီးဆပ်စ်မာရီယာက လက်မခံနိုင်။ ကိုယ်ချင်းစာတရားလည်း ထား၍မရ။
" ခင်ဗျား ဘာသိလို့လဲ အဘွားကြီးရဲ့" ဟု သူက ခပ်မာမာ လေသံဖြင့် " မယ်တော်မာရီယာက တခြား တစ်နေရာ မှာ အလုပ်ရှိချင် ရှိနေမျာပေါ့ "
" ဒါပေမယ့်ကွယ်၊ ငါပူဇော်တာ ဆီမီးတိုင် လေးတိုင် တောင် ကုန်တယ်ကွယ့်" ဟု အဘွားကြီးက ပြန်ပြော သည်။

ဂျီးဆပ်စ်မေရီယာက အဘွားကြီးကို အေးစက်စက် မျက်နှာထားနှင့် ကြည့်သည်။ " သူ့အတွက် ဖယောင်းတိုင် လေးတိုင် ဟာ ဘာများ ဖြစ်လောက်လို့လဲဗျာ" ဟု ပြောသည်။ " ကျုပ် ဘုရားရှိခိုးကျောင်း တစ်ကျောင်းမှာ မြင်ခဲ့ဖူးတာဖြင့် သူကို ပူဇော်ထားတဲ့ ဖယောင်းတိုင်ပေါင်း တစ်ရာကျော်တယ် သိလား၊ သူက ဖယောင်းတိုင် ကို သိပ်အရေးစိုက်တဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး "
 
အဘွားကြီးကို ခပ်ဆတ်ဆတ် ခပ်မာမာပြောနေသော်လည်း သူ့စိတ်ကတော့ တီရီဆီနာ၏ ဒုက္ခကြောင့် ဗလောင်ဆူလျက် ရှိသည်။ ထိုညတွင် သူဒင်နီအိမ်သို့ ပြန်ရောက်သောအခါ ဤအကြောင်းကို သူ့အပေါင်း အသင်းများအား ပြောပြသည်။ သူ၏ ကြင်နာသော နှလုံးသားဖြင့် ကလေးများ၏ စားစရာပဲမရှိတော့သည့် အဖြစ် ကို သနားကရုဏာဖြစ်လာအောင် ပြောပြသည်။ ဤသို့ဖြင့် သူ့နှလုံးသားတွင် လောင်ကျွမ်းလျက် ရှိသော မီးတောက်သည် သူ့အပေါင်းအသင်းများ၏ နှလုံးသားများဆီသို့ ကူးစက် သွားသည်။ သူတို့သည် ထိုင်ရာ မှ ထကြ သည်။

" ကလေးတွေကိုတော့ အငတ်ထားလို့ ဘယ်ဖြစ်မလဲ" ဟု တစ်ယောက်တစ်ပေါက် ပြောကြသည်။ " ဒီကိစ္စကို ငါတို့ ကူညီရမှာပေါ့ "
" ငါတို့ကတော့ စည်းစိမ်နဲ့ စတိုင်ကျကျ နေကြတယ် မဟုတ်လား" ဟု ပီလွန်က ရေရွတ်သည်။

" အေးပေါ့၊ အဲဒီတော့ ငါတို့မှာ ရှိတာကို ပေးရမယ်" ဟု ဒင်နီက ထောက်ခံသည်။ " တကယ်လို့ သူတို့မှာ နေစရာ မရှိရင် သူတို့ ဒီအိမ်မှာ လာပြီး နေနိုင်တယ်ကွာ "
" မနက်ဖြန် စပြီး လုပ်ကြမှ ဖြစ်မယ်" ဟု ပက်ဘလိုက ဆိုသည်။ " ပျင်းနေလို့ မဖြစ်တော့ဘူးကွ၊ အလုပ်လုပ် ကြရမယ်၊ လုပ်စရာအလုပ်တွေ အများကြီး ရှိနေတာပဲ"
သူတို့ စကားများ သည် လေလုံးမိုးလုံး ထွားခြင်းမဟုတ်။ ငါးများရအောင် ရှာပြီး စုဆောင်းကြသည်။ ဒဲလ်မွန်တီ ဟိုတယ် မှ ဟင်းသီးဟင်းရွက်များကို အလစ်ဝင်၍ ခိုးကြသည်။ အောင်မြင်မှု အပြည့်အ၀ ရရှိ သော ပွဲတစ်ခု ဖြစ်၏။ သူတို့သည် ခိုးပြီးရင်း ခိုးရင်းနှင့် ပြစ်မှုများကို ကျူးလွန်ကြသည်။

ပင်လယ်ဓားပြ က သူ့ထင်းကို လှည်းတစ်စီးစာ ဆင့်သုံးဆယ် တိုး၍ ယူပြီး မနက်တိုင်း စားသောက်ဆိုင် သုံးဆိုင် သို့ မှန်မှန် ပို့ပေးရသည်။ ကောင်ကြီးဂျိုးသည် မစ္စက်ပါလိုချီကို၏ ဆိတ်မကို သွားသွားခိုးသည်။ သို့သော်လည်း ဆိတ်မက မနေ၊ သူ့သခင်အိမ်သို့ ပြန်ပြန်သွားသည်။

တီရီဆီနာ၏ အိမ်ထဲတွင် အစားအစာ အသစ်အဆန်းများ ပြည့်လာသည်။ သူ့အိမ်ရှေ့ဆင်ဝင်တွင် ဆလတ်ရွက် ပုံများသည် တန်းစီနေကြသည်။ ငါးကွမ်းရှပ် အပုပ်များ၏ အနံ့သည် သူ့အိမ်နားနီးချင်းများ မခံမရပ် နိုင် လောက်အောင် နံစော်လျက်ရှိ၏။ ဤမျှလောက်အထိ အစားအစာ အလျှံပယ် ဖြစ်နေသော် လည်း သူ့မိတ်ဆွေ များ၏ စေတနာမီးတောက်မှာ တောက်လောင်ဆဲ။
မွန်ထရေး ပုလိပ်အဖွဲ့၏ အမှုတိုင်ချက် စာအုပ်တွင် ဤရက်အတွင်း ရာဇ၀တ်မှု အသေးအဖွဲ့များဖြင့် ပြည့်နေ သည်။ ပုလိပ်ကားသည် တစ်နေရာမှ တစ်နေရာသို့ ကူးချည်ပြန်ချည် ဖြစ်နေသည်။ ဤနေရာတွင် ကြက်တစ် ကောင် အခိုးခံရပြီး နောက်တစ်နေရာတွင် ရွှေဖရုံသီး တစ်ခင်းလုံး ပြုတ်အောင် အခိုးခံရသည်။ ပလာဒီနီ ကုမ္ပဏီ မှ ကြော်ရန် ထားသော ပင်လယ်ခရု အသားပေါင်တစ်ရာဝင်ဘူး နှစ်ဘူး အခိုးခံရသည်ဟု ပုလိပ်အဖွဲ့ကို တိုင် ကြားလေသည်။

တီရီဆီနာ၏ အိမ်တွင် အစားအစာ ပစ္စည်းများဖြင့် အပြည့်အသိပ် ဖြစ်နေခဲ့လေပြီ။ မီးဖိုခန်းထဲတွင် အစားအစာ များသည် အစုလိုက် အပြုံလိုက် နောက်ဖေးခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက်များ တောင်လို ပုံနေသည်။ အစား အစာထုတ်လုပ်သော နေရာဌာနမျိုးမှ ခိုးယူ၍ ရလာသော ပစ္စည်းများကို အသက်ပင် မှန်မှန်မရှူနိုင်ဘဲ အမော တကော ကဆုန်ပေါက် ပြေးလာပြီး အပ်လေ့ရှိသည်။ ထို့နောက် သူတို့သည် နောက်ထပ် ဘယ်လို အကြံအဖန် ဆက်လုပ်ရမည်ကို တီရီဆီနာ နှင့် ဆွေးနွေးတိုင်ပင်ပြီး အစီအစဉ်များ ထပ်မံ ဆွဲကြပြန်လေသည်။

ပထမတွင် တီရီဆီနာသည် အစားအစာများ မကုန်မခန်းနိုင်လောက်အောင် ရနေသဖြင့် အပျော်ကြီး ပျော်ကာ အရူးအမူး ဖြစ်လျက်ရှိသည်။ တနင်္ဂနွေ တစ်ပတ်မျှ ကုန်လွန်သွားသောအခါတွင်မူ သူ့စိတ်သည် ဇဝေဇ၀ါ ဖြစ်လာသည်။ ပထမဆုံး သူ၏ နို့စို့ကလေးသည် ဗိုက်နာရောဂါကို အပြင်းအထန် ခံစားရသည်။ အီနီ ကတော့ မကြာခဏ အစာမကြေ ဖြစ်လာသည်။ အယ်လ်ဖရက်ဒိုးမှာလည်း ဘယ်လိုဖြစ်သည် မသိ၊ တစ်မျက်နှာလုံး နီရဲ နေသည်။ ကျန်ကလေးများမှာလည်း အချိန်ရှိသရွေ့ တငိုငို တယိုယိုနှင့် ပူပူဆာဆာ ဖြစ်လာကြ၏။ တီရီဆီနာ သည် ဖြစ်နေသမျှကို သူ့မိတ်ဆွေများအား အသိပေးချင်သည်။ သို့သော်လည်း အသိပေးရ မှာ အားနာလျက်ရှိ၏။

သူတို့၏ စေတနာကို စော်ကားသလိုဖြစ်မှာ ကြောက်နေသည်။ ဤသို့ဖြင့် ပြောရမည့် ကိစ္စကို မပြောဖြစ်ဘဲ နောက်ထပ် ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ပြန်သည်။ တစ်နေ့တွင် မုန်ညင်းရွက်ပေါင် ငါးဆယ် စည်းကြီး တစ်စည်း နှင့် ဖရဲသီးခြင်းကြီး တစ်ခြင်း ယူလာကြသည်။ ထိုအခါကျပင် တီရီဆီနာက သူ ကြုံတွေ့နေရ သည့် အဖြစ် ကို ဖွင့်ပြောမှ ဖြစ်တော့မည်ဟု ဆုံးဖြတ်လိုက်လေတော့သည်။ ဤအချိန်တွင် တီရီဆီနာ၏ အိမ်နီးချင်း များကလည်း သူ့ကို သင်္ကာမကင်းသော မျက်လုံးများဖြင့် မျက်ခုံးများပင့်၍ ကြည့်စ ပြုနေကြလေပြီ။

တီရီဆီနာက ဒင်နီနှင့် သူ့အပေါင်းအသင်း အားလုံးကို မီးဖိုခန်းထဲသို့ ဖိတ်ခေါ်သည်၊ ထို့နောက် သူ ကြုံနေရ သည့် ဒုက္ခ ကို နားလည်အောင် ရှင်းပြသည်။
" လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေဟာ ကလေးတွေနဲ့ မသင့်ဘူး" ဟု သူက ရှင်းပြ သည်။ " နွားနို့ကျတော့လည်း နို့ဖြတ်စကလေးတွေကို တိုက်ရင် ၀မ်းချုပ်တတ်တယ်" ဟု သူက တစ်ကိုယ်လုံး နီရဲကာ စိတ်တိုနေကြသော ကလေးများကို လက်ညိုးထိုးပြသည်။ " မြင်တယ် မဟုတ်လား၊ သူတို့အားလုံး နေမကောင်း ဖြစ်ကုန်ကြပြီ၊ သူတို့နဲ့ သင့်တော်တဲ့ အစာကို မစားရလို့ ဖြစ်တာ "
" သူတို့နဲ့ သင့်တဲ့ အစားအစာက ဘာလဲ" ဟု ပီလွန်က မေးသည်။

" ပဲပေါ့" ဟု သူက ပြန်ပြောသည်။ " ပဲကတော့ သူတို့အတွက် စိတ်အချရဆုံး အစာပဲ "
သူ့မိတ်ဆွေ များသည် ဘာမှ မပြောကြတော့ဘဲ အသာပင် ငြိမ်ကုပ်ပြီး ပြန်သွားကြသည်။ အမှန်အားဖြင့် တီရီဆီနာ ၏ စကားကို ကြားရသဖြင့် သူတို့ အားလုံး စိတ်ထိခိုက်ကြသည်။ သို့သော်လည်း စိတ်မထိခိုက် လေဟန်ဆောင် ၍ နေကြသည်။ မည်သို့ပင် ဖြစ်စေ စိတ်အားထက်သန်စွာဖြင့် ကူညီစောင့်ရှောက် လိုသည့် စိတ်ကတော့ များစွာ လျော့နည်းသွားခဲ့ရလေပြီ။
ဤကိစ္စနှင့် ပတ်သက်၍ သူတို့လူစုသည် ဒင်နီ၏ အိမ်တွင် ထပ်မံ၍ ဆွေးနွေး တိုင်ပင်ကြသည်။ ဤကိစ္စကို လူ သိခံ၍တော့ မဖြစ်။ အဘယ်ကြောင့်ဟူမူ ဤအမှုမျိုးကျတော့ ကြီးလေးသော အပြစ်ဒဏ်ကို ခံရဖွယ်ရာ ရှိနေခြင်း ကြောင့်ဖြစ်၏။

ညတစ်ည သန်းခေါင်ကျော် အချိန်တွင် လူရိပ်မည်းမည်း လေးခုသည် မွန်ထရေးမြို့တွင်းမှ ဖြတ်သွားသည်။ အနောက်ပိုင်း ဒေသ ကုန်ပစ္စည်းများ ရောင်းဝယ် ဖောက်ကားရေး ကုမ္ပဏီပိုင် ကုန်လှောင်ရုံကြီးဆီသို့ ချဉ်းကပ် သည်။ နောက်ပိုင်းတွင် ညစောင့်က ထိုညက အသံများ ကြားရသဖြင့် သူကိုယ်တိုင် လျှောက်၍ စစ်ဆေးကြည့်ရှု ခဲ့ကြောင်း သို့သော်လည်း ဘာကိုမှ မမြင်ရ မတွေ့ရကြောင်း ပြောပြသည်။ သော့ကို မည်ကဲ့ သို့ ရိုက်ချိုးသည်၊ တံခါးကို ဘယ်လိုဖွင့်သည်။ ပစ္စည်းများကို ဘယ်ပုံဘယ်နည်း ထုတ်ယူ သွားသည် ဟူသော အချက်များကိုမူကား သူ လုံးဝ မပြောနိုင်ချေ။ ထိုညက ညစောင့် ကုလားသေကုလားမော အိပ်မော ကျနေပါသည် ဟု ဘယ်တော့မှ ထုတ်ဖော်၍ ပြောကြလိမ့်မည်မဟုတ်ပေ။

ထိုညက လူရိပ်လေးခုသည် ၀န်ထုပ်ဝန်ပိုးများကို ထမ်း၍ ကုန်လှောင်ရုံအနီးမှ ကုန်းကုန်း ကုန်းကုန်းနှင့် ထွက်ခွာ သွားကြသည်။ ထိုအရိပ်မည်းမည်းလေးခုဆီမှ တဟောဟော တဟဲဟဲ မြည်နေသော အသက်ရှူသံ များ ကိုခပ်လှမ်းလှမ်းမှပင် ကြားနိုင်လောက်၏။ ထိုညက မနက်သုံးနာရီထိုးခန့်တွင် အိမ်နောက်ဖေး တံခါးဖွင့်သံ ကြားရသဖြင့် တီရီစီနာသည် အိပ်ရာမှ လန့်နိုးလာသည်။ " ဘယ်သူလဲ" ဟု သူက အော်မေးသည်။ အဖြေမရ၊ သို့သော်လည်း အတော်လေးပုံရသည့် ပစ္စည်းထုပ် လေးထုပ်ချသံကို သူကြားရ သည်။ ပစ္စည်းထုပ် ချလိုက်တိုင်း တစ်အိမ်လုံး သိမ့်ခနဲ လှုပ်ခါသွားသည်ကိုလည်း သူ သတိထားမိသည်။ သူသည် ဖယောင်းတိုင်တစ်တိုင် ကပျာကယာ ထွန်းကာ ဖိနပ်ပင် မစီးနိုင်တော့ဘဲ အိမ်နောက်ဖေး မီးဖိုချောင် ဘက်သို့ ခပ်သုတ်သုတ် ပြေးသွားသည်။ မီးဖိုချောင်ထဲတွင် နံရံကိုမှီ၍ ထောင်ထားသော ပေါင်တစ်ရာဝင် ပဲအိတ်လေးအိတ်။

တီရီဆီနာသည် သူ့အမေကို ပြေးနှိုးသည်။ " မီးဖိုထဲကို လာကြည့်စမ်းပါဦး၊ မယုံနိုင်လောက်အောင်ကို ထူးဆန်း တာပဲ" ဟု အော်ပြောသည်။
အဘွားကြီးသည် ပဲအိတ်လေးအိတ်ကို ကြည့်ကာ အကြီးအကျယ် အံ့အားသင့်လျက်ရှိသည်။ " တပည့်တော်မ ဟာ အင်မတန် ဆိုးသွမ်းယုတ်မာတဲ့ မိန်းမတစ်ယောက် ဖြစ်နေပါပြီ။ တပည့်တော်မကို ခွင့်လွှတ် တော်မူပါ။ သနားကရုဏာထားတော်မူပါ။ တပည့်တော်မ အသက်နဲ့ ကိုယ် မြဲနေသမျှ ကာလပတ် လုံး လစဉ် ဖယောင်းတိုင် တစ်တိုင် မယ်တော့်ကို ပူဇော်သွားပါ့မယ်" ဟု ရေရွတ် မြည်တမ်းလျက်ရှိသည်။

ဒင်နီ၏ အိမ်တွင်မူ သူငယ်ချင်း လေးယောက်သည် စောင်ကိုယ်စီ ခြုံကာ လဲလျောင်းလျက်ရှိကြ၏။ လေးယောက်စလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာလျက်ရှိကြ၏။ သူတို့သည် လုပ်သင့်လုပ်ထိုက်သည့် အလုပ်တစ်ခု ကို လုပ်ပြီးခဲ့ပြီဖြစ်၍ စိတ်အေးနားအေး အိပ်ကြသည်။ နေဖင်ထိုးခါမှပင် နိုးကြတော့မည်ဖြစ်၏။

ထိုအချိန်တွင် တီရီဆိနာသည် မလွဲနိုင် မမှားနိုင်သည့် သူ့နည်းသူ့ဟန်ဖြင့် သူ့တွင် ကလေးတစ်ယောက် ကိုယ်ဝန် ရှိဦးတော့မည့် အခြေအနေကို အတိအကျ သိနေပြီဖြစ်၏။ သူသည် ပဲတစ်ခွက်ကို ခပ်၍ အိုးထဲ ထည့်ရင်းက ထိုကလေး၏ အဖေသည် ဒင်နီ၏ သူငယ်ချင်းများထဲမှ ဘယ်သူဖြစ်နိုင်မည်ကို အလုပ်မရှိ အလုပ်ရှာ ၍ စဉ်းစားတွေးတောလျက်ရှိလေသည်။
-----------------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, January 8, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂၅)

ကျွန်တော့်ဆရာနှင့်မမရှင်၊ ဗိုလ်စောလင်း စသည်တို့သည် ရွာသို့ ပြောင်ပြောင်ထင်ထင် ၀င်ထွက် သွား လာ နိုင် ကြပြီ။
တိုက်ရေးခိုက်ရေး ကိစ္စများတွင် ကိုမြင့်ဦးနှင့် ဗိုလ်စောလင်းတို့က တာဝန်ယူခန့်ခွဲသည်။ အထွေထွေ အုပ်ချုပ်ရေး နှင့် စည်းရုံးရေးတွင် ဆရာနှင့်အဘက ခေါင်းဆောင် ဖြစ်ကြသည်။
ကျွန်တော် တို့ နယ်တစ်ဝိုက်မှာ စစ်ရေးစစ်ရာအရ အချက်ကျသည်ဖြစ်ကြောင်း၊ ကျွန်တော် ပင်တဖြည်းဖြည်း သဘောပေါက်လာသည်။

ရခိုင်ဘက်မှ ဆုတ်လာသော ဂျပန်တပ်များသည် ပန်းတောင်းမှ ပြည်သို့ကူးသည်။ ပြည်မှ ပေါင်းတည် ဖြတ်၍ ပေါက်ခေါင်းဆီ ပြေးသည်။ ပေါက်ခေါင်းမှ ပဲခူးရိုးမကို ကျော်၍ အရှေ့ဘက်သို့ ဆက်သွားနိုင်သည်။
အစသော် ဂျပန်တို့သည် ကားလမ်းအတိုင်း ဆုတ်ကြသည်။ ကားလမ်း၌ ဘေးမကင်း သောအခါ တောရိပ် တောင်ရိပ် ခို၍ ရွာများအနီးမှဖြတ်ကာ ဆုတ်ကြသည်။ ဆုတ်ရင်းငတ် သော်ရွာတို့ကို ၀င်မွှေတတ်၏။

မြောက်ဘက် ၀က်ထီးကန်နယ် တစ်လျှောက်၌လည်း အထက်ဘက်မှ ဆင်းလာသော ဂျပန် တပ်များ ရိုးမဆီ ရှေ့ရှုဆုတ်ခွာ နေကြကြောင် သတင်းရကြသည်။
ကိုမြင့်ဦး တို့၏ စစ်ပရိယာယ်မှာ ဂျပန်အနည်းအကျဉ်းဆိုလျှင် ၀ိုင်းဝန်းတိုက်ခိုက် ချေမှုန်း သည်။ တစ်ခါတရံ ရွာတွင်း အ၀င်ခံ ၍ အစားအစာ ကျွေးမွေးပြီး အလစ် တွင် သုတ်သင်ပစ် ကြ၏။
ဂျပန်တပ်အားကြီး လျှင် အနှောင့်အယှက် မပေးဘဲ သွားစေသည်။ ရိုးမတွင်းဝင်မိမှ ၀ိုင်း ၀န်းတိုက်ခိုက်ကြသည်။ တော်လှန်ရေးသမားတို့ လက်ချက်ဖြင့် မသေလျှင်လည်း တောတွင်း၌ ရိက္ခာပြတ်၍ လည်းကောင်း၊ ရောဂါဘယ ကြောင့်လည်း ကောင်း ဂျပန်တို့ သေရမည်။

   တော်လှန်ရေးသမား၏ ပရိယာယ်ကို ရိပ်မိသွားသော ဂျပန်တို့သည် သူတို့တပ် ကြီးများ မဖြတ်မီ အသေခံ တပ်ခွဲ များဖြင့် ရွာတို့အား ၀င်ရောက်မွှေနောက်ရှာဖွေ ကြသည်။
တစ်နေ့တွင် လက်နက်အပြည့်နှင့် ဂျပန်ငါးဆယ်ခန့် ရွာဆီချီလာသည်အား ကျွန်တော် နှင့် ပေစိနောင် သည် ရွာအလွန်သင်္ချိုင်းဇရပ် မှ လှမ်းမြင်ရသည်။
ကျွန်တော်တို့သည် ဣနြေ္ဒမပျက် ဇရပ်မှဆင်းကာ ချောင်းရိုးအတိုင်း ပုန်းကွယ်ပြေးလာ ကြ၍ ရွာထိပ်မှ ကင်း ကို အချက်ပေးသည်။

ချက်ချင်းပင် ကိုမြင့်ဦးရောက်လာ၍ မန်ကျည်းပင်တစ်ပင်ပေါ်ရှိ လင့်စင်မှမျှော်ကြည့် သည်။
လင့်စင်အောက် ပြန်ရောက်ရောက်ချင်း ကိုမြင့်ဦးသည် အမြန်ဆုံး စီမံခန့်ခွဲသည်။
ဆက်သားအချို့ ကို အနီးအပါးရွာများဆီ စေလွှတ်အကြောင်းကြား ခိုင်းသည်။

ဗိုလ်စောလင်းနှင့် ဆရာခေါင်းဆောင်သော တော်လှန်ရေးသမားအချို့ကို အင်တိုင်းနှင့် ရိုးကလေးဆုံမှ တပ်ဖြန့် ပုန်းစောင့်နေကြသည်။
ကိုမြင့်ဦး၊ အဘနှင့် ရဲဘော်အချို့က ရွာတွင်း၌ပင် ကိုယ်ဖျောက်နေရစ်သည်။ ကျွန်တော် နှင့်ပါစိနောင်က အိမ်ထောင့်၊ ကျီထောင့်၊ စပါးပုတ်ထောင့်တို့မှ ချောင်းမြောင်း ကြရ၏။
ရွာတွင်း ၀င်လာသော ဂျပန်များအနက် ဤနယ်ကိုကျွမ်းကျင်သော ပေါင်းလတည်မှ ဂျပန်များ ပါသည်။

သူတို့သည် ရွာကို တပ်ဖြန့်စွဲလိုက်ပြီး ခေါင်းဆောင် ဗိုလ်တို့က သူကြီးအိမ်သို့ သွားသည်။ သူကြီး.....မရှိ။ ရပ်ရွာ လူကြီး များကို ရှာသည်။ တစ်ဦးမျှ......မတွေ့။
ထိုအခါ ဂျပန်တို့သည် ရွာရှိမိန်းမများကို ဖမ်းတော့၏။
ဂျပန် တို့အနက် ဤရွာအကြောင်း ကောင်းကောင်းသိသူ ပါရမည်။

အကြောင်းမှာ ဖမ်းမိသော မိန်းမများကို စုမောင်း၍ ကျွန်တော် တို့ အိမ်ဆီခေါ်သွားပါသည်။ ကျွန်တော်တို့ အိမ်ရှေ့ ရောက်သော အခါ ရပ်လိုက်ကြ၏။
ကျွန်တော် မှာ မျက်လုံးပြူးသွားသည်။ ရင်နှလုံးသည်လည်း လည်ချောင်းဆီ ခုန်တက်လာ သည်ဟု အောက်မေ့ မိသည်။
အစ်မ သည် အိမ်ဝမှ ဂျပန်တို့အား မျက်လုံးအပြူးသားနှင့် ကြည့်နေရှာသည်။ လူစိတ်ကင်းမဲ့သော တိရစ္ဆာန်ကောင် တို့သည် အစ်မ အား ကြမ်းတမ်းစွာ ဖမ်းဆီးလျက် မြေ၌လှဲကာ ကန်ကျောက်ကြသည်။
ကျွန်တော် က သတိလက်လွှတ်၍ အစ်မထံပြေးမည်လုပ်ရာ ပါစီနောက်က ဆွဲဟန့်သတိ ပေးသည်။

သန့်ဇင်...အရမ်းမလုပ်နဲ့၊ လာ...လာ..တို့ ဦးကြီးဆီ အကြောင်းကြားရအောင်
ကျွန်တော် တို့ သည် အိမ်ကြိုအိမ်ကြားမှ ပုဝမ်းပြေး၍ အဘတို့ကို လိုက်ရှာသည်။
အဘနှင့် ကိုမြင့်ဦးကို ကိုးဆောင်တွဲကျောင်းဝင်း စောင်ခြမ်းပင်များကြား၌ သွားတွေ့၏။
အဘ ..အစ်မ မိန်းမတွေကို ဂျပန်က ဖမ်းထားပြီ၊ အစ်မကို နှိပ်စက်နေတယ်..မြန်မြန်
အဘ သည် သူ့သေနတ်ကို မောင်းတင်၍ ချက်ချင်း လိုက်ဟန်ပြင်သည်။ သို့ရတွင် ကိုမြင့်ဦးက တားမြစ်၏။

အရမ်းလုပ်လို့မဖြစ်ဘူးဦးလေး၊ မိန်းမတွေ သေရုံမက ရွာပါကြေသွားမယ်
ကိုမြင့်ဦး ၏ သတိပေးချက်အရ အဘသည် ငြိမ်ကျသွားသည်။ မခံရပ်နိုင်သော ကျွန်တော် ကသာ ၀င်ပြောမိ၏။
ခင်ဗျားက အရမ်းမလုပ်နဲ့ ပြောနေ.... ဟိုမှာ ကျုပ်အစ်မသေတော့မယ်
ကိုမြင့်ဦးသည် ထောက်ထားညှာတာစွာ ပြုံးလိုက်မိသည်။

"တော်လှန်ရေးမှာ... လူတစ်ယောက်သေတာ အရေးမဟုတ်ဘူး ..ငယ်လေး၊ မသေထိုက် သူတွေ မသေ အောင် ငါကြည့်စီစဉ်ပေးမယ် ဟုတ်ပလား"
ကိုမြင့်ဦးသည် ကျွန်တော့်အား ဤမျှသာဖြေရှင်း၍ သူလိုချင်သော အချက်အလက်များကို ဆက်မေးသည်။
"ငယ်လေး....မြန်မြန်နဲ့ မှန်မှန်ဖြေစမ်း၊ အခု မိန်းမတွေကို ၀ိုင်းဖမ်းထားတာ ဂျပန်ဘယ်နှစ် ယောက်လဲ"
"ဆယ်ယောက်... "

"ရွာထဲမှာ အားလုံး ဘယ်နှစ်ယောက် နောက်ထပ်ရှိသေးလဲ"
"ရွာဝ၊ ရွာလယ် အချက်နေရာတွေမှာ သုံးဆယ်လောက် ဖြန့်ရှိတယ်"
"ကောင်းပြီ...၊ သောင်းဟန်လာစမ်း၊...ရွာပြင်မှာ မင်းဘယ်နှစ်ယောက်လောက် တွေ့ခဲ့လဲ"
"နှစ်ဆယ်လောက်ရှိမယ်"

ကိုမြင့်ဦးသည် ခေတ္တသာ စဉ်းစားသည်။ ပြီးနောက် အမိန့်ဆင့်ကာ ပေးသည်။
"ဆက်သားတစ်ယောက်.....ဗိုလ်စောလင်းတို့ဆီ ရောက်အောင်သွား၊ ရွာဆီအရောက်ဝင်ခဲ့ လို့ ....၊ ကျန်တဲ့ ရဲဘော် တွေက ရွာထဲကဂျပန်တွေဆီ တတ်နိုင်သမျှ အနီးကပ်ပစ်၊ ပစ်... ဆိုတာက င့ါဆီက သေနတ်သံကြားမှ ....ကြားလား၊ ကိုင်း.... ဦးလေး ဒူးလေးသမားတွေ ဘယ်မှာလဲ"
"အဆင်သင့်ပဲ..... ဟောဟို သရက်တောထဲမှာ"
"ကဲ ..... လာသွားကြရအောင်"

ကျောက်မြောင်း ဘက်၌ အုပ်ကောင်းသော သရက်တောရှိသည်။
သရက်တောတွင်း ရောက်သောအခါ ဒူးလေးသမားငါးဦးနှင့် တွေ့သည်။
ကိုမြင့်ဦးက သူ့ရည်ရွယ်ချက်ကို အတိုဆုံးရှင်းပြသည်။

"မိန်းမတွေဟာ သူတို့လက်ထဲမှာ ဓားစာခံလိုရှိနေတော့ မလွယ်ဘူး၊ အရမ်းဝင်တိုက်ရင် သေကုန်မယ်၊ ကျွန်တော်တို့နိုင်ချက်က ရန်သူကို အငိုင်မိ အံ့အားသင့်စေဖို့ပဲ၊ လာ..သွားမယ်"
ကိုမြင့်ဦးရှေ့ဆောင်၍ ကျွန်တော်တို့သည် သတိကြီးစွာနှင့် အိမ်နောက်ဘက် မရမ်းတောဆီ ၀ပ်တွား လာခဲ့ကြသည်။
ဝါးရုံနှင့် ဆူးရစ်ပင်တို့၏ ကျေးဇူးကြောင့် အကာအကွယ် ကောင်းကောင်းရကာ ကျွန်တော် တို့အိမ်နောက်ဖေး သို့ ရောက်လာသည်။
ကျွန်တော်တို့နှင့် ကိုက်သုံးဆယ်ခန့်အကွာမှ မြင်ကွင်းသည် ရှုရက်စရာမရှိ။

အစ်မ နှင့် မိန်းမသုံးဦးကို ဂျပန်အချို့က ပုဆစ်တုပ်ထိုင်စေ၍ ဆံပင်ကို နောက်မှဆွဲလျက် ခေါင်းကိုမော့ ရင်ကိုကော့ ထားစေသည်။ ကော့ထားသော ရင်တို့ထက် ကျန်ဂျပန်များက လှံစွပ်နှင့်ထောက်၍ စစ်ဆေး နေ၏။ သူတို့နှင့်ပါလာသော စကားပြန်လုပ်သူများက အော်ဟစ်မေးနေသည်။

"ကိုအုန်းဖေ ဘယ်မှာလဲ"
"ဦးရန်ရှင်း ဘယ်မှာလဲ"
"မြန်မာစစ်ဗိုလ် ....ရှိသလား"
"မြန်မာစစ်သား....ရှိသလား"
အစ်မနှင့် မိန်းမများ ခေါင်းတွင်တွင်ခါကြသည်။
ဂျပန် တို့က ပါးကိုရိုက်-ခြေထောက်နှင့်ကျောက် လုပ်ကြပြန်သည်။

ထို့နောက် လှံစွပ်ထောက်၍ မေးပြန်သည်။
"ကိုအုန်းဖေ....ရှိသလား"
"ဦးရန်ရှင်း...ဘယ်မှာလဲ၊ မြန်မာစစ်သားရှိသလား"
ကိုမြင့်ဦးသည် အံကြိတ်၍ တိုးတိုးဆိုသည်။

"အဲဒီမုတ်ဆိတ်နဲ့ဗိုလ်ဟာ ကျွန်တော့်ဖမ်းနှိပ်စက်ခဲ့တဲ့ ဘုရားကြီးက ကင်ပေတိုင်ဗိုလ်ပဲ၊ ဒီကောင်တွေ ရွာတွေ စနစ်တကျ လိုက်ပိုက်စိပ်တိုက်ရှာပုံ ရတယ်"
"ကဲ..... "
ကိုမြင့်ဦးသည် သူ့စက်သေနတ်အငယ်စား (တော်မီဂန်း) ကိုအဆင်သင့်ပြုသဖြင့် အဘကလည်း သူ့သေနတ် ကို ဂျပန်များဆီ ချိန်ရွယ်ထား၏။
"ဒူးလေးသမားတွေ အရင်မိန်းမတွေကို လှံစွပ်တေ့ထားတဲ့ကောင်တွေ အရင်ပစ်၊ မလွတ်စေနဲ့ ပစ်.... "
ဒူးလေးမြား ထံတို့ လေကိုခွင်း၍ ဆင့်ကာဆင့်ကာ ပျံသွားကြသည်။

လည်ပင်းနှင့် ရင်အုံချည်းမှန်သဖြင့် ဂျပန်တို့ အသံနက်ကြီးများဖြင့် အော်ရင်း ကျကုန်သည်။
ကိုမြင့်ဦး တွက်ကိန်းမှန်သည်။ အသံလာရာမသိစေသော ဒူးလေးလက်နက်သည် ဂျပန်တို့ကို အငိုင်မိကြောင် ကုန်စေသည်။
ထိုအခိုက်တွင်ပင် ကိုမြင့်ဦးနှင့် အဘသည် ကြက်သေသေနေသော ဂျပန်များဆီ စက်သေနတ်များဖြင့် မွှေ့၏။ မရှေးမနှောင်းပင် အိမ်ရှေ့လမ်းတစ်ဖက်ဆီမှ သေနတ်သံများ ပေါ်လာ၏။
မိန်းမများ အနီးရှိ ဗိုလ်မုတ်ဆိတ်နှင့် ဂျပန်များမှာ ဒူးလေးနှင့် စက်သေနတ်ဒဏ်ကြောင့် အတုံးအရုံး ကျဆုံး ကုန်သည်။

ရွာလမ်းမှ ဂျပန်များသည်သာ ခံပစ်ရင်း ရွာတွင်းမှ ထွက်ပြေးသည်။
ရွာပြင်မှ သေနတ်သံအများလည်း ပေါ်ထွက်လာ၏။
ထိုနေ့၌ ကျွန်တော်တို့ရွာအတွက် အကြီးဆုံးအောင်ပွဲကို ရလိုက်သည်။ ဂျပန်ငါးဆယ်အနက် ဆယ့်ငါးဦးသာ လွတ် သွားသည်။ သုံးဆယ့်ငါးဦး မှာ အလောင်းအဖြစ် နေရစ်သည်။

ကျွန်တော် နှင့် အဘအတွက်မှာမူ...
ကျွန်တော် သည် ယခင်က ဆရာနှင့် မမရှင်ကြောင့် ဂျပန်ကိုမုန်းသည်။ ယခုမူ ခွင့်မလွှတ်နိုင်အောင် မုန်းသည်။
ကျွန်တော် သေသည်အထိ ခွင့်မလွှတ်နိုင်အောင် မုန်းသည်။
အကြောင်း မှာ တစ်ရွာလုံးအောင်ပွဲခံသော ထိုည၌ ကိုယ်ဝန်အရင့်အမာကို ဂျပန်ကန်ကျောက်သောဒဏ်နှင့် အစ်မ သေဆုံး ခဲ့ရသောကြောင့်တည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၃၀)

"အပိုင်း သုံး ညိုမာသန့် ဆယ်စုနှစ်များ"

"ဘိုင်စကုတ်ထဲကလို ချစ်ကြတာ တကယ်မိ
ခုတွေ့လေ ခုကြိုက်လေ၏။
ဒီခေတ်ကြီးထဲမှာ ဖွဲ့နွဲ့တာမရှိ
ချစ်မယ် သိပ်ချစ်မယ် ဟေ့
နင့်ကို ငါ ချစ်တယ်
ငါ့ကို နင် ချစ်မလား
သိပ် ... သိပ် ... သိပ် ... ချစ် ... "

ဘိုဘိုဟန်
(စတီရီယို တေးတစ်ပုဒ်)

အဘိုးအဘွားတို့ ပြောစကားကို ကြားဖူးလိုက်သည်။
သူတို့ခေတ်တုန်းက ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ချစ်ခွင့်ရဖို့ သုံးနှစ်သုံးမိုး စောင့်ရသည်တဲ့။ ချစ်ကြပြီ ဆိုလျှင်လည်း ဆံဖြူသွားကြွေ၊ ပါးရေ နားရေ တွန့်သည့်တိုင်အောင် ပေါင်းကြ ရသတဲ့။

သူ့ခေတ် သူ့အခါနှင့်တော့ ဟုတ်ပေမပေါ့။ သူတို့ခေတ်က လှေခေတ်၊ လှည်းခေတ်၊ မူးခေတ်၊ ပဲခေတ်။
သည်တုန်းက ဂျက်လေယာသ် ဆိုတာလည်း မပျံသေး။ ဒုံးပျံဆိုတာလည်း မရှိသေး။ ရေဒီယို ကက်ဆက်၊ ရေခဲသေတ္တာ နှင့် တိုယိုတာ ကိုရိုလာ ဆိုတာလည်း မပေါ်သေး။
မြစ်တစ်မြစ်တွင် စီးဆင်းသွားသည့် ရေအလျဉ်မှာ မနေ့က ရေအလျဉ်မဟုတ်။ မနက်ဖန်တွင် စီးဆင်းမည့် ရေအလျဉ် လည်း မဟုတ်။ နေ၀န်းသည် မနေ့က အကြောင်းကို ပြန်တွေးပြီး အနောက် မှသည် အရှေ့သို့ ပြန်လှည့် ထွက်လာရိုး ထုံးစံမရှိ။

အတိတ်ကို မလွမ်းတတ်သော၊ အနာဂတ်ကို မစိုးရိမ်တတ်သော ညိုမာသန့်တို့လို တွေးမနေချင်။ နောက်ထပ် ဖြတ်ကျော်ရမည့် အနာဂတ်အတွက်လည်း ပူပန်မနေချင်။
ပစ္စုပ္ပန်သည် သာမွေ့လျော်ရာ ပစ္စုပ္ပန်သည်သာ အားထားရာ၊ ပစ္စုပ္ပန်သည်သာ ကိုးကွယ်ရာ ...။

တယ်လီဖုန်းလာသော အချိန်မှာ  ကိုးနာရီခွဲခန့် ရှိပြီ။ ညိုမာသန့်သည် သည်ည ရူဘီနှင့်အတူ အိပ်တော့မည် အကြောင်း အိမ်ကို ဖုန်းဆက်ကာနီး ဆဲဆဲတွင် ဖြစ်သည်။
စောစောပိုင်းတုန်းကတော့ အိမ်ပြန်ဖို့ပါပဲ။ ဒါပေမယ့် ရူဘီတို့နှင့် "လက်စီကွန်" ကစားကြသည်။ ညိုမာသည် စာလုံး ခုနှစ်လုံးကို တစ်ဆက်တည်း ဆက်နိုင်ခါ အနိုင်ရလိုက်သည်။
ပြီးလျှင်တော့ ဆိုဖာများတွင် ထိုင်ကာ စကား ကောင်းနေကြသည်။

သည်ည ရောဘတ်က ဟင်းချက်နည်း စာအုပ်ထဲက နည်းအတိုင်း ညလယ်စာ ချက်စားကြရန် အကြံပြု ထားသည်။ ဟင်းချက်နည်းကို ငြင်းခုန်နေကြဆဲဝယ် တယ်လီဖုန်းလာသည်။ ရူဘီက ညိုမာ့ အတွက် ဖြစ်ကြောင်း ပြောသည်။

"မင့် ဒယ်ဒီ့ဆီက ထင်တာပဲ"
ညိုမာ နားထောင်လိုက်သည်။
ဒယ်ဒီ့ အသံကို ကြားရသည်။
"ဟုတ်ကဲ့ ဒယ်ဒီ"
"ညိုမာ ... သမီးကို ဖေဖေ သတင်းတစ်ခု ပြောစရာ ရှိတယ်။ သတင်းကတော့ မကောင်းလှဘူး"

"အို ... ဟုတ်လား၊ ဘာများပါလိမ့် ဖေဖေ"
"သမီးရဲ့မာမီ အထူးကုဆေးခန်းကို ရောက်နေတယ်"
"မာမီ၊ မာမီ ဘာဖြစ်လို့လဲ"
"ဆေးမှားတယ် ထင်ရတာပဲ၊ ဆရာတွေက သူ့အသက်ကို လုနေကြတယ်"
"ဆေးမှား ရအောင် ဆိုတာက"

"ကလေးရယ် ... တယ်လီဖုန်းက တစ်ဆင့် မပြောချင်ဘူး၊ အမြန်ဆုံးလာခဲ့ရင် ကောင်းမယ်"
"ဒယ်ဒီ ဘယ်က ပြောနေတာလဲ ဟင်"
"ရတနာ အထူးကုဆေးခန်းကပဲ၊ သမီး သိတယ် မဟုတ်လား"
"သိပါတယ်၊ ညိုမာ အမြန်ဆုံး လာခဲ့ပါ့မယ် ဒယ်ဒီ"
"ဘာဖြစ်တာတဲ့လဲ ဟင်၊ ဘာတဲ့လဲ"

ရူဘီက သိချင်စိတ်စောသလို မေးသည်။
"ကိုယ့် မာမီပါကွာ၊ ဆေးခန်း ရောက်နေတယ်တဲ့"
"အို ... ဟုတ်လား"
"မာမီ ဆေးခန်း ရောက်တာ သိပ်မဆန်းပါဘူးကွာ။ မကြာခဏ ရောက်နေကျပါ။ သူက နာတာရှည် ရောဂါသည် မဟုတ်လား"
သည်အချိန်ထိတော့၊ ညိုမာသည် စိုးရိမ် ကြောင့်ကြခြင်း မရှိလှသေးချေ။

"ဆောရီးပဲ ရောဘတ် ရေ၊ ယူ့ ညလယ်စာကို နောက်များမှပဲ စားရပါစေတော့။ ဒီညတော့ ညိုမာ ပြန်မှ ဖြစ်မယ်"
"တို့ လိုက်ပို့မယ်လေ"
"ကျေးဇူးပါပဲ ရောဘတ်ရယ်"
လမ်းတွင် ညိုမာသည် မာမီ၏ သနားစရာကောင်းသော အဖြစ်များကို တွေးနေလေသည်။
ငယ်စဉ် က ညိုမာသည် မာမီ့နို့ကို မစိုခဲ့ရ။

မာမီ၏ ထိန်းကျောင်းမှုကို မခံစားခဲ့ရ။
နို့မှုန့်နှင့် ကြီးခဲ့ရသော ကလေးထိန်းလက်တွင် ပျော်ခဲ့ရသည်။ ညိုမာ့ကို မွေးပြီး မာမီက မကျန်းမာလှ၍ ဖြစ်သည်။
လူမှန်း သိတတ်စ အရွယ်တွင် အခြားကလေးများလို မောင် ညီမ ကလေးများကို အလိုရှိခဲ့သည်။ မာမီက မွေးဖွား မပေးနိုင်သည့် အကြောင်းကို သိရပြီး စိတ်ပျက်ခဲ့သည်။
နောက် ညိုမာ သည် ဒယ်ဒီ၏ အစီအစဉ်ဖြင့် မူကြိုကျောင်းမှာ နေခဲ့ရသည်။ ပြီးလျှင်တော့ မူလတန်း မှသည် တက္ကသိုလ် အထိ ကျောင်းအလုပ်တွေနှင့် ရှုပ်နေခဲ့သည်။
ထို့ကြောင့် ယေဘုယျ ပြောရလျှင်တော့ ညိုမာနှင့် မာမီသည် သိပ် ရင်းရင်းနှီးနှီး မရှိလှ။

မာမီက အိမ့်ပြင်ထွက်ခဲ့သဖြင့် ရုပ်ရှင်ကြည့်မည်၊ ပျော်ပွဲ ရွှင်ပွဲသွားမည်ဆိုလျှင် ဒယ်ဒီနှင့်သာ များသည်။
ဒယ်ဒီက ညိုမာ့ကို သမီးမိန်းကလေးတစ်ယောက်အနေအထက်ထက် သားယောက်ျားကလေး တစ်ယောက် ပေါင်းသည်။ ချုပ်ချယ်မှု မပြုလှ။
မာမီကတော့ ဘယ် ဟုတ်လိမ့်မလဲ။ ခြေနင်း ကြမ်းတာက အစ၊ ရယ်တာ မောတာ အစ လိုက်ပြီး အပြစ်မြင် နေသည်။

ကားရှိလျှင် ခြေရှုပ်သည်ဆိုကာ ညိုမာ့ မွေးနေ့လက်ဆောင်အဖြစ် ၀ယ်ပေးခဲ့သည့် ကိုရိုလာကားကို ရောင်းပစ်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ မာမီ့အပေါ် မကျေနပ်။
ညိုမာ သည် မာမီ့ကို အထင်သေးသလောက် ဒယ်ဒီ့ကို အထင်ကြီးသည်။
ချစ်သည်၊ လေးစားသည်။
မြတ်နိုး ကိုးကွယ်သည်။

ညိုမာ ဆယ့်လေးငါးနှစ် အရွယ်ရောက်တော့ မာမီချုပ်ပေးသည့် အ၀တ်အစားတွေအပေါ် ဘ၀င်မကျ ဖြစ်ရသည်။
ညိုမာသည် သည်အချိန်တုန်းက ယောက်ျားကလေးတွေလို ၀တ်ချင်သည်။

မာမီက ဆံပင်ရှည်ကို မြတ်နိုးသူ၊ ညိုမာတို့အဖွဲ့တွေက စန္ဒာပုံလို အတိုတွေ ညှပ်ကြသည်။ လည်ကုပ်ဝဲပုံစံ ကို နှစ်ခြိုက်ကြသည်။ တိတ်တခိုး ဆံပင်ကို ဖြတ်တောက်လိုက်သည်။
ယောက်ျားကလေး တွေ ၀တ်သည့် ရှင်အင်္ကျီ ကြောင်ကြောင်ကျားကျားများ တီရှပ်များ ၀တ်သည်။ မာမီနှင့် တကျက်ကျက် ရန်ဖြစ်ရသည်။

နောက်ပိုင်း ညိုမာတို့က ဘရာတို့ ဘလောက်စ်တို့ ၀တ်ပြန်တော့လည်း လည်ပင်းအ၀ိုက်က ကျယ်လွန်းသည်။ ပိတ်သားက ပါးလွန်းသည်နှင့်။ ခေါင်းလောင်းလက်တို့၊ ဂျူးလိယက် အင်္ကျီတို့ကို မျက်စိနှင့်မတွေ့ ဆိုသည်။

ရန်ကုန်တက္ကသိုလ် ရွှေရတုတုန်းက ရှေးခေတ် ကောလိပ်ကျောင်းသူတွေ အင်္ကျီလက်ပွ ၀တ်ထား သည့် ဓာတ်ပုံ မြင်ပြီး ရယ်ခဲ့ကြသည်။ ယခုတော့ ညိုမာကိုယ်တိုင် အင်္ကျီလက်ပွတွေ ၀တ်သည်။
ဘာဖြစ်ရဦးမှာလဲ။ ဖက်ရှင်ဆိုသည်မှာ အသစ်တွေ ဟောင်းလာလျှင် အဟောင်းတွေ ပြန်သစ် လာလိမ့် မပေါ့။ တက္ကသိုလ်ဆိုလို့ ညိုမာ ပထမဆုံးအကြိမ် အရိုက်ခံရသည့် နေ့ကိုမမေ့။
သည်ကိစ္စမှာတော့ ညိုမာ့အဆိုးဖြစ်ချင်လည်း ဖြစ်မည်။

ညိုမာသည် မာမီတို့မိဘများ ချမ်းသာခဲ့ကြသည်ကို သိသည်။ မြို့ငယ်ကလေးတစ်မြို့မှာ ဆန်စက် တွေရှိသည်။ လယ်ယာချောင်းမြောင်းတွေ ရှိသည်ကို သိသည်။
ခေတ်နောက်ကျဟန်တူသော မာမီ့ မိဖများက မာမီခုနှစ်တန်း အောင်သောအခါ မိန်းကလေးဆိုတာ ပညာသိပ်တတ်နေစရာ မလိုပါဘူးဆိုပြီး ကျောင်း နှုတ်ခဲ့သည်ကို သိသည်။

ညိုမာ တက္ကသိုလ် ဒုတိယရောက်နှစ်ရောက်တော့ လူလည် ကျနေပြီ။ အပေါင်းအသင်း စုံနေပြီ။ ကျောင်းခေါ် ချိန်မပြည့်။ စာမေးပွဲ ဖြေခွင့်မရ။ မာမီက ကျောင်းပြန်တက်ခိုင်းပေမယ့် ညိုမာ ငြင်း သည်။  သည်တုန်းက ညိုမာ့မှာ ခံစားချက်တွေ ရှိနေသည်လေ။ ပထမဦးဆုံး ချစ်သူ၏ လှည့်စားခြင်း ခံရပြီးစ ဖြစ်သည်လေ။ သည်မှာ ကျောင်းပြန်တက်ဖို့ မတက်ဖို့ စကားလုပြောရင်း အခြေအနေ တင်းမာလာသည်။

"မာမီက ကိုယ့်ဘာသာတောင် ဆယ်တန်း မအောင်ပဲနဲ့ ညိုမာ့ကို ဘာအပြစ်မှ ပြောနေစရာ မလိုပါ ဘူး၊ ညိုမာက မာမီ့ထက်တော့ ပညာတစ်ဆလောက် ပိုတတ်ပါသေးတယ်နော်"
သည် မှာ မာမီသည် ညိုမာ့ပါးကို လှမ်းရိုက်လိုက်လေသည်။

"ကိုယ့်ခေတ် ကိုယ့်ဘ၀နဲ့ ကိုယ် ဆယ်တန်း မအောင်တာနဲ့ ညည်းဘာသာ ပညာဆက်မသင်တာ ဘာဆိုင်သလဲ ညိုမာ။ ညည်း ငါ့ကို နောက် ဒါမျိုး ဘယ်တော့မှ မစော်ကားနဲ့"
ပြောလျှင်တော့ ညိုမာနှင့် မာမီက ပြဒါးတစ်လမ်း သံတစ်လမ်းချည်းပင်။
ကြည့် ... မာမီ ဘယ်လောက် တုံးသလဲ ဆိုတာ။

ညိုမာက အနုပညာ ၀ါသနာပါသည်။ အတီးတစ်ခုခု တတ်ချင်သည်ဆိုတော့ မာမီက ၀မ်းသာ အားရ စောင်းကြီး တစ်လက် ၀ယ်လာပေးသည်။
"ဒါကြီးကို ဘာလုပ်ဖို့လဲ"

"သမီးပဲ အတီးတစ်ခုခု တတ်ချင်တယ်ဆို။ မာမီတို့ အသိထဲမှ စောင်းဆရာ တစ်ယောက် ရှိတယ်။ သူ့ကို အချိန်ပိုင်းနဲ့ ခေါ်သင်တာပေါ့"
"သြော် ... စိတ်နဲ့ ငါနဲ့ ညစ်ရပါလားနော်။ ညိုမာ တတ်ချင်တာက ခေတ်ပေါ် စတီရီယိုတေး၊ တီးချင်တာက ဂစ်တာ"
"စောင်းဟာ မြန်မာ့အနုပညာ စင်စစ်ပါကွယ်"

"ခေါက်ထားစမ်းပါ၊ ညိုမာတို့ခေတ်က လှေခေတ် လှည်းခေတ် မဟုတ်ပါဘူးနော်။ အဏုမြူခေတ်ပါ၊ လျှပ်စစ်ခေတ်ပါ။ ဓူဝံကြယ် မြေမှာ ခကြွေတဲ့ ခေတ် မဟုတ်ဘူး။ ပွမ်ပွမ်မြည်တဲ့ကားထဲ အတွဲလေး အသစ်နဲ့ဟေ ဆိုတဲ့ ခေတ်ပါ"
အမှန်ပင် ညိုမာသည် "ပလေးဘွိုင်"၊ "အေ့စက်"နှင့် "အီးမက်ရှင်း" တို့ကို ကြိုက်သည်။ စိုင်းထီးဆိုင် နှင့် ဘိုဘိုဟန် ဆိုဟန်က ကောင်းသည်။
သည်လိုနှင့် ညိုမာလည်း ဂစ်တာ မသင်ဖြစ်။

စောင်းကြီးမှာလည်း အိမ်ဧည့်ခန်းတွင် အလှအပ ပစ္စည်းတစ်ခုအဖြစ်သာ ဖုန်တက် နေလေတော့ သည်။
မာမီက မိန်းမပီပီ ဗိုင်းကောင်းကျောက်ဖိနေကာ အိမ်မှုကိစ္စတွေကို ၀င်ရောက်ကူညီ လုပ်ကိုင်စေ ချင်သည်။ ညိုမာ ကတော့ အိမ်အလုပ်ဆိုတာကို  ၀ါသနာ မပါရေးချ မပါ။
ငွေ ရှိသည်။
ချမ်းသာသည်။

ညိုမာတို့က ဘာဝင်လုပ်စရာ လိုသလဲ။
အစေခံတွေ၊ အိမ်ဖော်တွေ မွေးထားမှတော့ သူတို့လုပ်လိမ့်မပေါ့။
ညိုမာတို့ တစ်သက်လုံး မဆင်းရဲတော့ပါဘူး။ ဖေဖေက အပြောသား။ ညိုမာတို့ တစ်သက်မဟုတ် ဆယ်သက် ထိုင်စားနိုင်သတဲ့။ ဒါကြောင့် ပညာတွေ သိပ်တတ်ထားဖို့လည်း မလိုလှ ထင်သည်။ ဘွဲ့ရပြီ အလုပ်လက်မဲ့ ဖြစ်နေကြတာ တစ်ပုံကြီး။

သည်တော့ မာမီက "အေး ... မင်းတို့ စစ်ဘေးစစ်ဒဏ်ဆိုတာ မခံစားရဖူးတော့လဲ ပြောတော့မပေါ့" ဆိုခဲ့သည်။
ညိုမာတို့က စစ်ဘေး စစ်ဒဏ် မခံစားရဘူးပေမယ့် စစ်ကိုတော့ မုန်းကြတာပါပဲ။ "ပိစ်" ဆိုတာ ငြိမ်းချမ်းခြင်း အမှတ်အသား ပေါ့ မေမေရဲ့။ "မိတ်ခ်လဖ်၊ နော့တ်ဝါး" ဆိုတာ ညိုမာတို့ ကြွေးကြော် နေကျ။
ဒုတိယ အကြိမ် ပါးရိုက်ခံရတာ ဒီဇင်ဘာမှာပေါ့။။

ခရစ္စမတ်အိဗ် (Chirstmas Eve) မှာပေါ့။ ဒီဇင်ဘာ ၂၄ရက်နေ့ည။
ရူဘီတို့နှင့်အတူ ခရစ္စမတ်အိဗ်မှာ ညိုမာ ပျော်သည်။
 သည်မှာ ပက်ထရစ်ဆိုသော ကောင်လေးသည် တစ်ညလုံးလိုလို ညိုမာ့အပါးမှာ ကပ်နေသည်။

ညိုမာ့ထက်တော့ အသက်ငယ်မည်။ သို့သော် ကောင်လေးက လူချောလေး ဖြစ်သည်။
ညွှန်ကြားရေးမှူးချုပ် တစ်ဦး ၏ သားဟု သိရသည်။
ဂစ်တာအဖွဲ့ မှာ ဒရမ်တီးသည်။
ညသန်းကောင်ကျော် တော့ ပွဲသိမ်းသည်။

ပက်ထရစ် က ညိုမာ့ကို အိမ်သို့ ပြန်ပို့ပေးမည်ဆိုကာ သူ့ကားနှင့် တင်ခေါ်လာခဲ့သည်။
လမ်းမှာ မော်တော်ကား မကြာခဏ မှောက်မည် ဖြစ်သည်ကိုတော့ သိသည်။ တစ်ခြား ဘာတွေ ဖြစ်ခဲ့သည်ကိုတော့ မပြောတတ်တော့ပါဘူး။
အိမ်ပေါက်ဝ မှာ ကားထိုးရပ်မိတော့ ညနှစ်နာရီထိုးနေပြီ။

ပက်ထရစ်သည် ညိုမာ့ကို ကားပေါ်မှ တွဲချပေးသည်။ သို့သော် ရုတ်တရက် ကိုယ်ကို လွှတ်မပေးခဲ့။ နမ်းဖို့ ကြိုးစားသည်။
သည်မှာ အိမ်ရှေ့ မီးဖြတ်ခနဲ လင်းလာသည်။ အိမ်ပေါက်ဝမှာ မာမီ ပေါ်လာသည်။
"ဘုရား ... ဘုရား ... ဘယ်လိုဖြစ်လာတာလဲ ညိုမာရယ်"

"ညိုမာ ဘာဖြစ်သလဲ၊ ဘာမှ မဖြစ်ပါဘူး မာမီရဲ့၊ ညိုမာ ပျော်နေတာပါ။ သြော် ... မာမီနဲ့ မိတ်ဆက် ပေးရဦးမယ်။ ဒီက "ပက်ထရစ်"
ပက်ထရစ်က "တွေ့ရတာ ၀မ်းသာပါတယ် အန်တီ" နှုတ်ဆက်တော့ မာမီက ရွံရှာစွာဖြင့် ...
"ထွက်သွားစမ်းကွယ်၊ မင်း ငါ့ခြံထဲက ထွက်သွားစမ်း"

မာမီ့အသံကို မိုးခြိမ်းသံကို ကျယ်လောင်နေသည်။
ပက်ထရစ်သည် အံ့အားသင့်နေသည်။
"ခင်ဗျာ၊ ကျွန် ... ကျွန်တော်"
"ထွက်သွားစမ်းပါ၊ ကျေးဇူးပြုပြီး ငါ့ခြံထဲက ထွက်သွားစမ်းပါ"

"အို ... မာမီ၊ သူ့ကို ဒီလိုနှင့်ဖို့ မကောင်းပါဘူး။ သူက လူကြီး လူကောင်းရဲ့ သားသမီးပါ"
"ဘာပဲ ဖြစ်ဖြစ် ထွက်ဆို ခုထွက်"
မာမီသည် ညိုမာ့ကို အကြမ်းပတမ်းဆွဲယူကာ အိမ်ထဲသို့ သွင်းလိုက်သည်။ တံခါးကို ပိတ်ပစ်လိုက် သည်။
မကြာမီ ပက်ထရ၏ ကားထွက်သွားသံ ကြားရသည်။

"မာမီ ဆက်ဆံတာ သိပ်ရိုင်းတာပဲ"
ညိုမာက မကျေနိုင်မချမ်းနိုင် ဆိုသည်။
သည်နောက်မှာတော့ ညိုမာ အန်ချင်လာသည်။ မီးဖိုခန်းသို့ ၀င်သည်။

လက်ဆေးကြွေဇလုံမှာ အန်ချလိုက်သည်။ အကုန်ပါပဲ။ စားထား သောက်ထားသမျှ အကုန်ပါပဲ။
ညိုမာ့ အန်ဖတ်မှာ ချဉ်နေသည်။ အရက်နံ့ ဟောင်နေသည်။
ကျောဘက်တွင် မာမီလာရပ်သည်။
"ညိုမာ"
ညိုမာက မထူးဘဲ ပလုတ်ကျင်းရာမှ မော့ကြည့်လိုက်သည်။

"ဒါ မိန်းကလေးတစ်ယောက် အိမ်ပြန်တဲ့ အချိန်လား ဟင်"
"ဒီကနေ့ ခရစ္စမတ်အိဗ်လေ မေမေရဲ့၊ လူတွေ ပျော်ကြတဲ့နေ့ပဲ"
"ညည်း အရက်သောက်လာတယ် မဟုတ်လား"

"မဟုတ်ဘူး မာမီ၊ သမီးတို့က လိမ္မော်ရည်ပဲသောက်တာ။ ဒါပေမယ့် ဘယ်သူက နောက်ပြီး အလစ်မှာ  လိမ္မော်ရည်ထဲ ဂျင်အရက်တွေ လာရောသွားသလဲ မသိဘူး"
"အဲဒီလိုနေရာမျိုးကို သွားရင် ဒါမျိုးတွေ ဖြစ်မှာပဲ။ အို ... ညည်း မကောင်းတော့ပါလား ညိုမာ"
"ညိုမာ ဘာဖြစ်လို့ မကောင်းရတာလဲ။ ညိုမာ ဘာမှ မဖြစ်ဘူး။ မှဲ့တစ်ပေါက် မစွန်းပဲ အိမ်ပြန် ရောက်လာတာ မဟုတ်လား"
"ညည်း သောက်လာတာကကော"

"ပြောပါပြီကော ဘယ်သူက လိမ္မော်ရည်ထဲ ဂျင်ရောလိုက်သလဲ မသိဘူးလို့။ ကဲပါ မာမီရယ် ... ဒါလောက်ကလေးများ ပြဿနာလုပ် မနေစမ်းပါနဲ့"
"ဒါပေမယ့် ဒါ မြန်မာပြည်။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရား၊ ကိုယ့်နိုင်ငံရေးလမ်းစဉ်နဲ့ နေနေတဲ့ တိုင်းပြည်မှာ စုန်းပြူးတွေရဲ့ စကားကို နားယောင်ပြီး ဖြစ်ချင်တိုင်း ဖြစ်မနေချင်ဘူး"
"မာမီက တော်တော်ခက်တယ်"
"ဘာ"

"မာမီဟာ ခေတ်မမှီတော့ဘူး၊ မာမီ့အတွေးအခေါ်တွေဟာ နိုင်တီးဝမ်တီးက အတွေးအခေါ်တွေ ဖြစ်နေပြီ"
"ညိုမာ"
ညိုမာ ကိုယ်ကို မတ်လိုက်သည်။

"ညည်း စော်ကားပေါင်းများပြီ။ ငါဟာ ညည်းရဲ့အမေ။ ညည်းကို မွေးထုတ်ခဲ့တဲ့ အမေ။ အမေ တစ်ယောက်အနေနဲ့တောင် လေးစားမှု မရှိတော့ပါလားဟင်။ ညည်းကိုယ်ညည်း သိပ်ဟုတ်လှပြီလို့ ထင်နေတဲ့ မိန်းမပေါ့ ဟုတ်လား။ ဒါဆိုရင် ညည်းနဲ့ထိုက်တန်သလို ဆုံးမရတော့မှာပဲ"
သည်ကစပြီး မာမီ့ လက်ဖ၀ါးများသည် ညိုမာ့ပါးပြင်ပေါ်သို့ ကျလာသည်။

တစ်ချက်မက။ နှစ်ချက်မက။
အချက်ပေါင်းများစွာ။
ညိုမာသည် မူးရီနေသဖြင့် ရှောင်တိမ်းနိုင်စွမ်း မရှိ။
ကာကွယ်နိုင်စွမ်း မရှိ။
ရုန်းကန်နိုင်စွမ်း မရှိ။

ညိုမာ၏ မျက်နှာမှာ ရဲနေသည်။
မျက်ဝန်းတို့သည် မီးထွက်မတတ် ပြောင်လက်နေသည်။
မျက်ရည်များ စီးကျနေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၆)

၁၃
ဒင်နီ၏ အပေါင်းအသင်းများသည် ဒုက္ခရောက်နေသည့် အမျိုးသမီးတစ်ဦးကို ကူညီစောင့်ရှောက်ရန် အကြောင်းဖန်လာခြင်း

ဆိုနိုရာ တီရီဆီနာ ကော်တက်ဇ်သည် သားသမီးရှစ်ယောက်၊ သူ့မိခင်ကြီးနှင့် အတူ တော်လီလာဖလက် ရပ်ကွက် တောင်ဘက်ဖျား ချောက်ကမ်းပါး တစ်ခု၏ ထိပ်ရှိ သပ်ရပ်သန့်ရှင်းသော ကော့တိတ်ခ်ျခေါ် တစ်ထပ်တိုက် ကလေးတွင် နေသည်။ တီရီဆီနာမှာ ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့် လှလှနျင့် တည်ငြိမ် ရင့်ကျက်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ အသက်မှာ သုံးဆယ်နီးပါး။ သူ့အမေမှာ အလွန် ရှေးဆန်၍ ပိန်ခြောက်ခြောက်နှင့် သွားတစ်ချောင်းမှ မရှိတော့သည့် အသက်ငါးဆယ်နီးပါးအရွယ် မိန်းမ ကြီးတစ်ယောက်ဖြစ်သည်။ သူ့ကို ကြည့်ရသည်မှာ ရှေးဟောင်းခေတ် မျိုးဆက်တစ်ခု၏ အမွေအနှစ်ကို မြင်ရသကဲ့ သို့ ရှီသည်။ အင်ဂျီလီကာဟုခေါ်သော သူ့နာမည်ကို မှတ်မိသူပင် ရပ်ကွက်ထဲ၌ တစ်ယောက်မျှ မရှိ တော့ ဟု ယူဆရ၏။

အဘွားကြီးသည် ရက်သတ္တ တစ်ပတ်လုံးလုံး အလုပ်နှင့် လက်နှင့်ပြတ်သည်ဟု မရှိပေ။ သူ့တာဝန်မှာ သူ့မြေး ရှစ်ယောက်ထဲ မှ ခုနစ်ယောက်ကို ကျွေးမွေး သုတ်သင်ရန်၊ ထိန်းကျောင်းရန်၊ ရေမိုးချိုး အ၀တ်အစား လဲပေးရန် နှင့် သိပ်ရန် ဖြစ်သည်။ သမီးဖြစ်သူ တီရီဆီနာကတော့ ရှစ်ယောက်မြောက်ကလေး၏ ဝေယျာဝစ္စများ နှင့် ကိုးယောက်မြောက် မွေးလာမည့် ကလေးအတွက် ကြိုတင်ပြင်ဆင်မှုများဖြင့် မအားမလပ် ဖြစ်နေသည်က များလေသည်။

မည်သို့ပင်ဖြစ်စေ၊ တနင်္ဂနွေ တစ်ရက်မှာတော့ဖြင့် အဘွားကြီးသည် အလွန်ရှေးကျပြီး ခေတ်မမီတော့သည့် အနက်ရောင် အ၀တ်အစားများကို ၀တ်၍ ကောက်ရိုးဦးထုပ်အနက်ကို ဆောင်း၍ ဘုရားရှိခိုးကျောင်းသို့ မှန်မှန် သွားကာ ၀တ်ပြုသည်။ တစ်လလျှင် တစ်ရက် မွန်းလွဲပိုင်းအချိန်တွင် ဘုန်းတော်ကြီးထံ သွား၍ သူပြုမိ ခဲ့သော အမှားများကို ၀န်ခံခြင်းပြုသည်။ ဘာသာတရား၏ ထုံးစံအရ သူပြုခဲ့မိသော အမှားများကို ၀န်ခံခြင်း ဖြစ်သည်။ သူ့အနေဖြင့် မည်သည့် အမှားများကို ကျူးလွန်ခဲ့မိလေသနည်း။ ဘေးလူများအဖို့တော့ သူ့တွင် မကောင်းမှု ဒုစရိုက်ပြုစရာ အချိန်လည်းမရှိ။ မကောင်းမှုပြုစရာ ပတ်ဝန်းကျင်ကလည်းမရှိ။ သူ နေထိုင်လျက် ရှိသည့် သမိး တီရီဆီနာ၏ အိမ်တွင် ကလေးများမှတစ်ပါး အခြားဘယ်သူမှ ရှိသည်မဟုတ်။ ဤကလေးများ အတွက် မနားမနေ အလုပ်လုပ်နေရသော သူ့တွင် မကောင်းမှုပြုစရာ အချိန်လည်း မရှိနိုင်။

ပထမဆုံးကလေး ကိုယ်ဝန်ရှိချိန်တွင် တီရီဆီနာ ၏ အသက်မျာ ဆယ့်လေးနှစ်မျှသာ ရှိသေးသည်ဖြစ်ရာ သူ့ အဖို့ အကြီးအကျယ် ထိတ်လန့်ချောက်ချားစရာကြီးတစ်ခု ဖြစ်ခဲ့၏။ ထို့ကြောင့်လည်း သူသည် ထိုကလေးကို ညပိုင်း လူခြေတိတ်ချိန်တွင် ကပွဲ များ ပြုလုပ်ရာ ပန်းခြံအတွင်း၌ တိတ်တိတ်ကျိတ်၍ မွေးဖွားခဲ့ပြီး မွေးကင်းစ ကလေး ကို သတင်းစာ စက္ကူဟောင်းနှင့် ထုပ်ကာ ညစောင့်တွေ့နိုင်မည့် နေရာတစ်နေရာ၌ အသာ စွန့်ပစ် ထားခဲ့ခြင်း ဖြစ်သည်။ ဤကိစ္စမှာ လျှို့ဝှက်ချက်တစ်ခုဖြစ်၏။ အကယ်၍ သက်ဆိုင်ရာများကသာ သိသွားခဲ့ ပါမူ တီရီဆီနာ သည် ဒုက္ခနှင့် ကြုံရဖို့ရှိလေသည်။

တီရီဆီနာ အသက် ဆယ့်ခြောက်နှစ်တွင် မစ္စတာ အဲလ်ဖရက် ကော်တက်ဇ်က တရားဝင် လက်ထပ်ယူပြီး သူ့ နာမည်ကို ဆက်ခံခွင့်ပေးရုံမက မိသားစု၏ အခြေခံ အုတ်မြစ်များအဖြစ် အယ်လ်ဖရက်ဒိုးနှင့် အီနီ ဟူသော ကလေးနှစ်ယောက် ကို ဖွားမြင်စေခဲ့သည်။ မစ္စတာ ကော်တက်ဇ်သည် သူ့အမည်ကို ဆက်ခံခွင့် ပေးရာ၌ များစွာ မှပင် ကြည်ကြည်ဖြူဖြူ ရှိခဲ့၏။ အမှန်တော့ သူသည် မစ္စတာ ကော်တက်ဇ်ဟူသော နာမည် ကို ယာယီသဘောဖြင့် ပြောင်းလဲမှည့်ခေါ်ထားခြင်းဖြစ်သည်။ သူသည် မွန်ထရေးမြို့သို့ ပြောင်းရွှေ့ မလာမီ အချိန် နှင့် မွန်ထရေးမြို့မှ ထွက်ခွာသွားချိန်တွင် သူ့နာမည်မှာ ဂတ်လီဖိုး ဖြစ်လေသည်။ သူသည် ဒုတိယ ကလေး အီနီ ကို မွေးဖွားပြီးနောက် မွန်ထရေးမြို့မှ တစ်ခါတည်း အပြီးအပိုင် ထွက်ခွာသွားခဲ့သည်။ တီရီဆီနာ ကို လက်ထပ်ပြီး အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဘ၀တစ်လျှောက်လုံး တည်ငြိမ်မှု ရရှိ လိမ့်မည် မဟုတ်ဟူသော အခက်ျကိုကြိုတင်ခန့်မှန်း သိမြင်၍ ယင်းကဲ့သို့ ပြုလုပ်သွားခြင်းဖြစ်ပေလိမ့်မည်။

တီရီဆီနာ သည် မိခင်လောင်းဘ၀သို့ မှန်မှန်ရောက်ရှိနေခြင်းအတွက် သူ့ကိုယ်သူ အံ့သြခြင်းတော့ ဖြစ်မိ၏။ တစ်ခါတစ်ရံ တွင် သူသည် မိခင်လောင်းဘ၀သို့ ဆိုက်ရောက်နေပြီး ဖြစ်သော်လည်း မကြာမီ မွေးဖွား လာတော့ မည့်သူ့ဗိုက်ထဲမှ ကလေးအဖေ မည်သူမည်ဝါမှန်း အတိအကျ မသိချေ။ ဤအဖြစ်မှာလည်း သူ့ အတွက် အံ့သြ စရာတစ်ခုပင်ဖြစ်၏။

သို့သော်လည်း ဤအဖြစ်မျိုးနှင့် ကြုံရဖန်များလာသည့်အခါ သူ့အဖြစ်သည် ထူးလျက်နှင့် မဆန်းသလို ဖြစ်လာ ခဲ့သည်။ ဤသို့ဖြင့် သူဘ၀တွင် ချစ်သူဆိုသည်မှာ ရှိဖို့မလိုအပ်ဟူသော အမြင်မျိုး ၀င်လာ ခဲ့သည်။ သူ့အမြင် မှန်မမှန် ဟူသော ကိစ္စမှာ ဆုံးဖြတ်ရ ခက်လာသည့်အခါတိုင်း သူသည် ဤပြဿနာကို သခင်ယေရှု ၏ မိခင်လက်ထဲသို့ ပုံ၍ အပ်လေ့ရှိသည်။ ယင်းကဲ့သို့ ပုံအပ်ရခြင်းမှာလည်း တခြားကြောင့် မဟုတ်။ ဤအဖြစ်မျိုး နှင့် ကြံရသည့် ဘ၀အကြောင်းကို ယခင်ယေရှု၏ မိခင်က သူ့ထက်ပို၍ နားလည်သည် ဟု ထင်သောကြောင့် ပေတည်း။

သူ့အပြစ်သူ ၀န်ခံချက်ပေးပြီး အာပတ်ဖြေသော အလုပ်ကို တီရီဆီနာသည် မကြာခဏ လုပ်လေ့ရှိ၏။ ဘုန်းတော်ကြီး ရာမွန် အဖို့ က တီရီဆီနာသည် မျှော်လင့်ချက် မရှိတော့သည့် အာပတ်ဖြေသူ တစ်ဦး ဖြစ်သည်။ သူ့ရှေ့တွင် ဒူးနှစ်ဖက်ထောက်၍၊ လက်နှစ်ဖက်ယှဉ်၍၊ နှုတ်ခမ်းများလှုပ်၍ သူကျူးလွန်ပြီးခဲ့သမျှ အပြစ် များကို ၀န်ခံပြီး အာပတ်ဖြေနေသော တီရီဆီနာ၏ မျက်လွှာများအောက်မှ မျက်လုံးများသည် နောက်ထပ် ဒုစရိုက် အသစ်တစ်ခုပြုရန် အားယူနေသည့်နှယ် တဖျတ်ဖျတ်တောက်လျက် ရှိကြသည်။

ယခု လောလောဆယ်တွင်လည်း တီရီဆီနာသည် ကိုးယောက်မြောက် ကလေးမွေးဖွားပြီးစဖြစ်၍ ဘာအလုပ် မှ မလုပ်နိုင်သည့် အချိန်ဖြစ်ရာ သူ့မိခင်တွင် တာဝန်အသစ်တစ်ခု တိုးလာပြီဖြစ်သည်။ အကြီးဆုံး အယ်ဖ်ဖရက်ဒိုး ကျောင်းနေသည်မှာ သုံးနှစ်တွင်း ရောက်ပြီဖြစ်၍ အီနီမှာ ဒုတိယနှစ်တွင်း ရောက်နေပြီ ဖြစ်သည်။ ပန့်ချိတိုမှာမူ ကျောင်းစနေရပြီဖြစ်၏။

ဤအချိန်ကာလတွင် ကယ်လီဖိုးနီးယားပြည်နယ်အတွင်း၌ ကျောင်းသူနာပြု ဆရာမများက ကျောင်းတွင်းရှိ အတန်းတိုင်း သို့ ၀င်၊ ကလေးသူငယ်များကို စစ်ဆေးခြင်းနှင့် ကလေးသူငယ်များ၏ နေအိမ်ပတ်ဝန်းကျင် အခြေအနေ ကို အသေးစိတ် လေ့လာသုံးသပ်ခြင်း စသော လုပ်ငန်းများ ခေတ်စားနေချိန် ဖြစ်သည်။ ဤသို့ဖြင့် အသက်အရွယ်နှင့် မလိုက်အောင် ပိန်လှီ သေးကွေးနေသည်ဟူသော အထင်ဖြင့် အယ်လ်ဖရက်ဒိုး အား ကျောင်းအုပ်ကြီးရုံးခန်းသို့ ဆင့်ခေါ်ခြင်းခံရလေသည်။

ကျောင်းသူနာပြု ဆရာမသည် ကလေးစိတ်ပညာဘာသာရပ်ကို ကျကျနန သင်ကြားလာခဲ့ရသူ ဖြစ်သည့် အားလျော်စွာ အလွန်ကြင်နာပြီး ပျော့ပျောင်းချိုသာသော လေသံဖြင့် " ဖရက်ဒီ၊ မင်း အစား၀၀လင်လင် စားရရဲ့လား" ဟု မေးသည်။
" စားရပါတယ်" ဟု အယ်လ်ဖရက်ဒိုက ဖြေသည်။
" ဟုတ်ပြီ၊ ဒါဆိုရင် မနက်စာ ဘာတွေ စားရသလဲ၊ ဆရာမကို ပြောပြစမ်း"
" ပဲနဲ့ တော်တီလာမုန့် စားရပါတယ်"

သူနာပြုဆရာမက စိတ်ပျက်သော အမူအရာဖြင့် ကျောင်းအုပ်ကြီးဘက်သို့ လှည့်၍ ခေါင်းတစ်ချက်ဆက်ပြ သည်။ " မင်း အိမ်ပြန်ပြီး နေ့လယ်စာ စားတော့ကော ဘာတွေ စားရသလဲ"
" ကျွန်တော် အိမ်မှ မပြန်ဘဲ "
" နေ့လယ်စာ မစားဘူးလားကွယ့် "
" စားတာပေါ့၊ ကျွန်တော် အိမ် က ပဲနဲ့ တော်တီလာမုန့် ထုပ် ယူလာတယ်"
သူနာပြုဆရာမ ၏ မျက်လုံးများသည် ထိတ်လန့်အံ့သြခြင်းကို ဖော်ပြနေသည်။" ညကျတော့ကော မင်း ဘာစားသလဲ"
" တော်တီလာမုန့်နဲ့ ပဲပေါ့ "

သူနာပြုဆရာမ ထံမှ ကလေးစိတ်ပညာသည် ထွက်ပြေးသွားသည်။ " နင် အဲဒီနေရာမှာ ရပ်နေတာဟာ တော်တီ လာမုန့် နဲ့  ပဲကလွဲပြီး တခြားဘာမှမစားဘူးလို့ ပြောဖို့ ရပ်နေတာလား "
အယ်လ်ဖရက်ဒိုး အံ့အားသင့်သွားသည်။ " ဘုရားသခင် ကယ်တော်မူပါ " ဟု ရေရွတ်သည်။ " ဆရာမက ကျွန်တော့် ကို တခြားဘာများ ပြောစေချင်လို့လဲ "

ဤသို့ဖြင့် ဤဖြစ်ရပ်ကို သူနာပြုဆရာမက ကျောင်းဆရာဝန်ထံ နှုတ်ဖြင့် အစီရင်ခံသည်။ ဆရာဝန်က ဆရာမ ပြောသမျှကို နားထောင်၍ ထိတ်လန့်အံ့သြခြင်းဖြစ်သည်။ တစ်နေ့တွင် ဆရာဝန်သည် သူ့ကားဖြင့် တီရီဆိနာ ၏ အိမ်သို့ ရောက်လာပြီး လေ့လာစုံစမ်းသည်။ သူ ခြံဝင်းထဲ ၀င်သွားခိုက်တွင် ကလေးတစ်အုပ်၏ ဆူဆူညံညံ အသံများကို ကြားရသည်။ ဆရာဝန်သည် မီးဖိုခန်းအ၀မှရပ်၍ အထဲကို လှမ်းကြည့်သည်။ အဘွားကြီး သည် သစ်သား ယောင်းမကြီးတစ်ချောင်းဖြင့် မီးဖိုပေါ်မှ အိုးကို မွှေလျက်ရှိ၏။ အိုးထဲမှ ပဲပြုတ် များသည် ကြမ်းပေါ်သို့ လွင့်စဉ်ကျလာလျက် ရှိသည်။ ဆူညံနေသော ကလေးများ၏ အသံသည် မီးကို ရေနှင့် သတ်လိုက်သည့် နှယ် တိတ်သွားသည်။

ကလေးများသည် ကြမ်းပြင်ပေါ်၌ ကျနေသည့် ပဲပြုတ်များကို တစ်စေ့ချင်းစီ လိုက်ကောက်ကာ စားကြသည်။ အဘွားကြီး ကုလားထိုင်တစ်လုံးပေါ်တွင် တစ်ခဏမျှထိုင်၍ နားနေခိုက်တွင် ကလေးများသည် အိပ်ရာ ခုတင်အောက်၊ ကုလားထိုင်အောက်၊ မီးဖိုခုံအောက်သို့ လေးဖက်ထောက်ဝင်ကာ ပိုးကောင်များ လိုက်ဖမ်း နေကြသည်။ ဆရာဝန်သည် အိမ်ထဲတွင် နှစ်နာရီကြာမျှ လေ့လာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ သိပ္ပံ နည်းကျသော စိတ်ဝင်စားမှုသည် ကပြောင်းကပြန် ဖြစ်ကုန်သောကြောင့်ပေတည်း။
ဆရာဝန် သည် ခေါင်းတခါခါလုပ်၍ ပြန်သွားသည်။

သူ လေ့လာခဲ့သမျှကို ပြန်၍ ဖောက်သည်ချသောအခါတွင်လည်း သူသည် ခေါင်းတခါခါပင်ဖြစ်သည်။ " ကျွန်တော် သိထားသမျှ နည်းတွေနဲ့ သူတို့ကို စမ်းသပ်ကြည့်ခဲ့တာပဲဗျာ" ဟု သူက ပြောသည်။ " သူတို့ရဲ့ သွား၊ အရေပြား၊ သွေး၊ အရိုး၊ မျက်လုံးအားလုံး တစ်ခုမကျန် စစ်ဆေးခဲ့တယ်။ အခု သူတို့စားနေတဲ့ အစားအစာ ဟာ မွေးကတည်းက စားလာကြတာ၊ ဒါပေမယ့် သူတို့လောက် သန်စွမ်းကျန်းမာတဲ့ ကလေး တွေကို လုံးဝ မမြင်ဖူး သေးဘူးဆိုတာ ကျွန်တော် ပြောရဲတယ်" သူသည် ပြောရင်းက စိတ်လှုပ်ရှား လျက်ရှိသည်။ " ဒီကောင်ပေါက်စ ကလေးတွေရဲ့ သွားတွေဟာ တကယ်ကို ကောင်းတာပဲ၊ ဒီလောက် ခိုင်တဲ့ သွားမျိုး တစ်ခါ မှ မတွေ့ခဲ့ဖူးဘူး"

တီရီဆီနာ သည် သူ့မိသားစုအတွက် အစာကို မည်ကဲ့သို့ စုဆောင်းရရှိပါသနည်း။ သူ စုဆောင်းပုံမှာ အံ့သြစရာ တော့ ကောင်းသည်။ ပဲကြိတ်သူများ အလုပ်ခွင် ၀င်နေကြသည့်အခါ တီရီဆီနာသည် စောင်ကြီး တစ်ထည် ကို ပဲကြိတ်စက် ၏ လေအောက်ဘက်မှ ဖြန့်ခင်းထားလိုက်သည်။ လေထန်သည့် မွန်းလွဲပိုင်း အချိန် များတွင် ပဲကြိတ် စက်ဆီမှ ပဲမှုန့်များသည် လေနှင့်အတူ လိုက်ပါလာပြီး သူခင်းထားသည့် စောင် ပေါ်သို့ ကျသည်။ ဤ နည်းဖြင့် တစ်ကြိမ် ပဲများ ကြိတ်ပြီးသည့်အခါတိုင်း သူသည် ပဲမှုန့် ပေါင်နှစ်ဆယ်၊ သို့မဟုတ် ပေါင်နှစ်ဆယ် ကျော်ကျော်ခန့်ကို ရရှိလေသည်။

ဆောင်းအကုန် နွေအကူး ကြားကာလ ရာသီတွင် အဘွားကြီးသည် လမ်းလျှောက်နိုင်သည့် သူ့မြေးများနှင့် အတူ ယာကွက်များ အတွင်းသို့ ဆင်း၍ ဆန်ကာတစ်ချပ်နှင့် ပဲကောက်သင်း ကောက်သည်။ ပဲခင်းရှင်များ တားမြစ်ခြင်း မပြု။ အဘွားကြီး တစ်ယောက် သူတို့ပဲခင်းထဲဝင်၍ ကောက်သင်းကောက်ခြင်းကြောင့် အကျိုးစီးပွား ထိခိုက်စရာ လုံးဝမရှိ။ မည်သို့ပင်ဖြစ်စေ အဘွားကြီးအဖို့ကတော့ ပဲခင်းများမှ ပဲသီးနှံ အထွက် ကောင်းသည့် နှစ်တွင် ပဲမှုန့် ပေါင်လေးရာခန့်သာ စုဆောင်းရရှိထားပါမူ ငတ်မွတ်ခေါင်းပါးမှု ဘေးနှင့် ကြုံရမည် ကို ကြောက်စရာ မလိုတော့ပေ။

အခြား စားသောက်ဖွယ်ရာ ပစ္စည်းများဖြစ်သော သကြား၊ ခရမ်းချဉ်သီး။ ငရုတ်ကောင်းမှုန့်၊ ကော်ဖီမှုန့်၊ ငါး၊ သို့မဟုတ် အသားတစ်မျိုးမျိုး သည် ကံကောင်း၍ အကြောင်း လှသည့် အခါများ၊ ဘုရားသခင်က စောင်မ ကူညီသည့် အခါများ နှင့် မိမိတို့၏ လုံ့လ၀ီရိယနှင့် သို့မဟုတ် လိမ္မာ ပါးနပ်မှုကို ကောင်းစွာ အသုံးချနိုင်သည့် အခါ များတွင် အလွယ်တကူ ရလာတတ်သည်။ အမြဲတစေ ရနိုင် သည်မဟုတ်။ သို့ဖြစ်ရာ ပဲမှုန့်သာ များများ ရထားဖို့ လို၏။ ပဲမှုန့်အလုံအလောက်ရှိနေပါမူ မိမိ၏ ဘ၀သည် လုံခြုံ သည်။ တကယ်တော့ ပဲသည် ၀မ်းဗိုက် ၏ ခေါင်မိုးတစ်ခုဖြစ်၍ စီးပွားရေး အအေးဒဏ် ကို ကောင်းစွာ ခံနိုင်သည့် အပေါ်ဝတ် အနွေးထည်ကြီး တစ်ထည် ပင် ဖြစ်ပေသည်။

တီနိုရာတီရီဆီနာ ကော်တက်ဇ် မိသားစု၏ သာယာချမ်းမြေ့မှုနှင့် ဘ၀ကို ခြိမ်းခြောက်နိုင်သော အရာဟူ၍ တစ်ခု တည်းသာရှိ၏။ ယင်းမှာ အခြားမဟုတ်၊ ပဲသီးနှံ ပျက်စီးခြင်းပင်ဖြစ်သည်။
ပဲများ မှည့်လာသည့်အခါ ချုံပင်များကို နုတ်၍ ပဲပင်များပေါ် အုပ်ပေးရသည်။ သီးနေသည့် ပဲတောင့်များ ခြောက်ပြီး ကြွပ်သွားစေရန်အတွက် ထိုကဲ့သို့ လုပ်ပေးရခြင်းဖြစ်၏။ ထို့ကြောင့် မိုးမရွာပါစေနှင့်ဟု ဆုတောင်းပြီး စောင့်ကြည့်နေဖို့သာရှိသည်။ ထိုအချိန်တွင် ယာသမားများသည် မိုးကောင်းကင် အရိပ်အခြည် ကို မျက်ခြည် မပြတ် စောင့်ကြည့်နေတတ်ကြသည်။ အကယ်၍ မိုးရွာခဲ့ပါမူ အုပ်ပြီးသား ချုံပင် များကို ဖယ်၍ နောက်ထပ်တစ်ကြိမ် အုပ်ပေးနိုင်သေးသည်။ အကယ်၍ တတိယအကြိမ် မိုးရွာခဲ့ပါမူကား ပဲပင် များတွင် မှိုတက် ကာ ဆွေးမြည့်ပုပ်သိုးကုန်တတ်၏။ ဤအဖြစ်မျိုးနှင့် ကြုံရပါမူ ပဲသီးနှံ ပျက်လေပြီ။

ပဲသိမ်းချိန်ရောက်၍ ပဲများ နေလှန်းဖို့ အချိန် နီးကပ်လာသောအခါ မယ်တော်မာရီယာကို ဖယောင်းတိုင် တစ်တိုင်ဖြင့် ဆီမီးပူဇော်ပြီး ဆုတောင်းသော အလေ့အထသည် အဘွားကြီး၏ နှစ်စဉ် လုပ်နေကျအလုပ် ဖြစ်သည်။
ယခုနှစ် ပဲများ နေလှန်းချိန်တွင်လည်း အဘွားကြီးသည် မယ်တော်မာရီယာကို ဆီမီးပူဇော်ခြင်းပြုသည်။ တီရီဆီနာ ၏ အိမ်ထဲတွင်လည်း ပဲများထည့်သွင်းသိုလှောင်ရန်အတွက် ဂုန်နီအိတ်များ အသင့်ပြင်ထားပြီ။

ပဲကြိတ်စက်များကို ဆီထည့်ာ သုတ်သင်ရှင်းလင်းထားပြီ။
မိုးတစ်ကြိမ် ရွာသည်။
ထိုအခါ ယာသမာ်းများသည် အပြင်လူများကိုပါ ငှား၍ ယာခင်းထဲသို့ ဆင်းကာ ပဲပင်များပေါ်၌ အုပ်ထား သည့် ချုံပင်များကို ဖယ်ပြီး အသစ်ထပ်တင်ကြသည်။ အဘွားကြီးသည် နောက်ထပ် ဖယောင်းတိုင် တစ်တိုင် ဖြင့် မယ်တော် ကို ပူဇော်ပြန်သည်။
မိုးသည် နောက်တစ်ကြိမ် ထပ်၍ ရွာပြန်သည်။

ထိုအခါ အဘွားကြီးသည် ဖယောင်းတိုင်နှစ်တိုင်ဝယ်ပြီး သူ နှစ်ပေါင်းများစွာ အမြတ်တနိုး သိမ်းဆည်း လာခဲ့သည့် ရွှေရည်သုတ် ဖယောင်းတိုင်စင် ကလေးဖြင့် ဆီမီး ပူဇော်ပြန်သည်။ ယာသမားများသည် သူတို့ ပဲခင်းများသို့ ၀င်၍ အုပ်ထားသည့် ချုံပင်များကို ဖယ်ကာ နောက်ထပ် ချုံပင်အသစ်များ အုပ်ပြီး ပဲပင်များ ခြောက်သွေ့စေရန် အားထုတ်ကြပြန်သည်။ သို့သော်လည်း တတိယအကြိမ် မိုးသည်းထန်စွာ ရွာပြန်၏။ မွန်ထရေးမြို့ ကော်တီခရိုင် နယ်မြေအတွင်းမှ ပဲခင်းများ အားလုံးလိုလိုပင် ပျက်စီးကုန်ကြလေ၏။

ဆီနိုရာ တီရီဆီနာ ကော်တက်ဇ် အိမ်အတွင်းသို့ သောကသည် ၀င်ရောက်လာသည်။ သူတို့ဘ၀၏ အားထားမှီ ခိုရာသည် ပျက်စီးသွားခဲ့လေပြီ။ သူတို့ ၀မ်းဗိုက်များ၏ ခေါင်မိုးကလေးသည် ဖျက်ဆီးခံရလေပြီ။ ညပိုင်း တွင် သူတို့ထံ ချဉ်းကပ်လာနေသည့် အငတ်ဘေးကို ကြောက်ရွံ့သဖြင့် ကလေးများက ငိုကြသည်။ အငတ်ဘေး ကျရောက်လာလိမ့်မည်ဟု သူတို့ကို မည်သူကမျှ မပြော။ သို့သော်လည်းသူတို့က နားလည် နေကြသည်။

သူတို့ အဘွား သည် ယခုလို အဖြစ်မျိုးနှင့် ကြုံရသည့်အခါ သူပြုနေကျ ထုံးစံအတိုင်း ဘုရားရှိခိုးကျောင်းထဲ ရောက်နေ သည်။ သို့သော်လည်း မယ်တော်မာရီယာ၏ ရုပ်တုကို ကြည့်နေသော သူ့မျက်လုံးများနှင့် သူ့နှုတ်ခမ်း များသည် လှောင်ပြောင်လိုသော သဘောနှင့် ပြစ်တင်ရှုတ်ချလိုသော သဘောများကို ဖော်ပြ နေကြသည်။ " သခင်မဟာ တပည့်တော်မရဲ့ ဖယောင်းတိုင်တွေကိုတော့ ယူတယ်" ဟုတွေးသည်။

" ဖယောင်းတိုင် ရဖို့ကျတော့ လောဘ တက်တယ်၊ ဖယောင်းတိုင် လှူတဲ့လူကိုတော့ ဘာမှ မတုံ့ပြန်ချင်ဘူး" သူ ၏ ယုံကြည်ကိုးစားမှုသည် ဆန်တာက လာရာထံသို့ ကူးပြောင်းသွားသည်။ သူသည် မယ်တော်မာရီယာ လုပ်ပုံ မတရား ဟု ထင်ကြောင်း ဆန်တာကလာရာထံ တိုင်တည်သည်။ သူ့ရင်ထဲသို့ အဘိဇ္ဈစိတ် ၀င်လာသည်။ မယ်တော်မာရီယာ၏အပေါ် ငြိုငြင်သောစိတ်သည် ပြင်းထန်လာသည်။ " အရှင် သိတော်မူတဲ့ အတိုင်းပါ၊ တစ်ခါတစ်ရံ တပည့်တော်မရဲ့ သမီး တီရီဆီနာလည်း သူမွေးတဲ့ ကလေးအဖေကို သူမသိပါဘူး" ဟု ဆန်တာကလာရာ ကို ထပ်မံ တိုင်တည် ပြန်လေသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Friday, January 7, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂၄)

အဘ အိမ်မကပ်နိုင်သော အခါ ကျွန်တော်ပို၍ အလုပ်များသည်။
အမကိုယ်ဝန်မှာ နေ့လစေ့၍ မွေးဖွားချိန်နီးပြီ၊ မွေးဖွားချိန်နီးသမျှ အစ်မကျန်းမာရေးမှာ ချွတ်ယွင်းလာသည်။ ထို့ကြောင့် အိမ်တာဝန်များကို ကျွန်တော်သည် အရီးလေးနှင့် ဘထွေးတို့ အကူအညီဖြင့် အစစ ထမ်းဆောင် ရ၏။

ဘထွေး အဖြစ်မှာလည်း သနားစရာဖြစ်သည်။ သူ့အိမ်တာဝန်များကိုလည်း ထမ်းရသည်။ ကျွန်တော် တို့အိမ်ကိုလည်း ကူညီရသည်။ သူကြီး အလုပ်တွေကိုလည်း သွားလုပ်ပေး ရသေးသည်။
ကျွန်တော် သည် ယခုတလော အလုပ်ရှုပ်နေသဖြင့် မယဉ်နွယ်နှင့် မတွေ့အားခဲ့။ တစ်နေ့ ခင်းတွင် ဘထွေးသူကြီး အိမ်မှာ ပြန်လာသောအခါ အမှာစကားပါလာသည်။
"ငယ်လေး မယဉ်နွယ် က မှာလိုက်တယ်"
"ဟုတ်လား....မယဉ်နွယ်က ဘာမှာလိုက်လဲ"
"ဘာရယ်တော့ မဟုတ်ပါဘူး....ငါ့လူဘယ်ပျောက်နေလဲတဲ့"

"ဟုတ်တယ်ဗျာ.......ကျုပ်မယဉ်နွယ်နဲ့တောင် မတွေ့အားဘူး၊ ကိစ္စမရှိပါဘူး၊ ကျုပ်သွား တွေ့လိုက် ပါဦးမယ်"
ဘထွေးမျက်လုံးပြူးသွားသည်။
"ဘာရယ်....ငါ့လူက သွားတွေ့မယ်၊ ကြီးကျယ်လှချည့်လားကွာ...."
"မယဉ်နွယ် ကို ကျုပ်သွားတွေ့မယ်ဆိုတာ...... ဘာများကြီးကျယ်လို့လဲ"
"ဟာ.....ကြီးကျယ်တာပေါ့။ ငါ့လူက ဘယ်လိုသွားတွေ့မှာလဲ"
"ဘယ်လို သွားတွေ့တွေ့ အရေးမကြီးပါဘူး၊ ဒါပေမယ့် ဘထွေးကို ကျုပ်တစ်ခု တောင်းပန်  ချင်တယ်"

"ဘာလဲကွ"
"ဘထွေး ဒီညနေ သူကြီးအိမ်ရောက်ဦးမလား"
"ရောက်မှာပေါ့ကွာ....ငါလူဘာလုပ်ဦးမလို့လဲ"
"ဘာမှ မလုပ်ပါဘူး၊ မယဉ်နွယ်ကို ပြောပေးပါလား.......သူ့ကို ကျုပ်တာတွေ့မယ်လို့"
"အလိုလေး မြတ်စွာဘုရား၊ ငါ့လူက တကယ်သွားတွေ့မယ်၊ ဘယ်လိုလုပ်တွေ့ မှာလဲ"
"အဲဒါ အရေးမကြီးပါဘူးလို့ ကျုပ်ပြောပြီးပါရောလား၊ ကျုပ်လာတွေ့မယ်ဆိုတာသာ ပြောပေးပါ၊ ဟုတ်လား ဘထွေး"

ဘထွေးသည် ခေါင်းကိုစိတ်ပျက်စွာ ခါသည်။
"ဘယ်လိုလဲ....ပြောမပေးဘူးလား ဘထွေး"
"ငါ့လူရာ....ပြောပေးတာ ၀န်မလေးပါဘူး၊ ဘာလို့သွားတွေ့တာလဲကွာ"
ဤတစ်ကြိမ်တွင်မူ ကျွန်တော်သည် လေပျော့နှင့် ဘထွေးကို ချော့ရသည်။

"ဘာလို့တွေ့ချင်တယ်ဆိုတာ......ကျုပ်လည်းမသိဘူး ဘထွေးဒါပေမယ့်..မယဉ်နွယ်ဟာ ကျုပ်သူငယ်ချင်းပဲ၊ သူကြီး ကြောင့်သာ တခြားသူငယ်ချင်းတွေလို လွတ်လွတ်လပ်လပ် မတွေ့ရတာ၊ ကျုပ်တို့ချင်း သိပ်ခင်တယ်၊ ဒါကို ဘထွေး မသနားဘူးလား"
ဘထွေးသည် သဘောကောင်း၍ စိတ်ပျော့သူဖြစ်သည်။ သူသည် မည်သူခိုင်းခိုင်း ငြင်းဆန် ရဲသူမဟုတ်။ ကျွန်တော့် အသနားခံချက် ကို လည်း မငြင်းနိုင်။

"အေးပါကွာ ငါ့လူရာ၊ မင်းကတယ်တတ်နိုင်တဲ့ကောင်၊ ငါ့ကို....ခြောက်လိုက် ချော့လိုက်နဲ့ လုပ်လိုက်ပေါ့ ငါ့လူရာ...ကောင်းတယ်ထင်သလို လုပ်တာပေါ့"
"ဒါဖြင့်.......ဘထွေးကျုပ်ကို ပြောမပေးဘူးလား"

"ငါ့လူခိုင်းတာ.....ဘယ်တုန်းကများ ငါမလုပ်လို့လဲ ငယ်လေးရာ....ကျပ်ပါဘိ၊ ငါပြောတယ် မဟုတ်လား..... ကောင်းတယ် ထင်သလို လုပ်......တဲ့.."
ထိုည နေ၀င်ချိန်၌ ၀င်နေကျအပေါက်မှဝင်၍ သူကြီးခြံတွင်းသို့ ကျွန်တော်ရောက်ခဲ့ပြန် သည်။ ဘထွေး ကတိတည် စွာ ပြောထားသဖြင့် ခြံစပ်အမှောင်ရိပ်၌ မယဉ်နွယ် အဆင်သင့် စောင့်နေရှာသည်။
ကျွန်တော် တို့ နှစ်ဦးသည် အကာအကွယ် အကောင်းဆုံးပေးနိုင်သည့် ကောက်ရိုးပုံကြီး ဘေး၌ပင် ထိုင်ကြ သည်။

"သန့်ဇင်.....ခုတလော နင်ဘယ်ပျောက်နေတာလဲ"
"ရှိပါတယ်ဟာ....ရွာမှပါပဲ၊ ငါ...နည်းနည်း အလုပ်များနေလို့ပါ"
"နင် ဘာတွေအလုပ်များနေလဲ"
"ဘာရယ်လို့ မဟုတ်ပါဘူးဟာ......အစ်မက မွေးခါနီးဖွားခါနီး မဟုတ်လား၊ ဒီတော့... အိမ်အလုပ်တွေ ကူညီ လုပ်ကိုင် ပေး နေရတာပေါ့"
"တော်ပါ သန့်ဇင်ရာ၊ နင်တကယ် ဘတွေလုပ်နေတယ်ဆိုတာ ငါရိပ်မိပါတယ်"

"ငါ ဘာတွေလုပ်နေလို့လဲ...."
"နင်တို့ ဂျပန်ကို ပြန်ချတော့မယ် မဟုတ်လား"
ကျွန်တော် မျက်လုံးပြူးသွားသည်။
"နင့် ဘယ်သူပြောလဲ မယဉ်နွယ်...."
"ဘယ်သူ မှ တော့ မပြောပါဘူး....ဒါပေမယ့် ငါရိပ်မိတာပေါ့"
ကျွန်တော် က ငိုင်နေမိသည်။ မယဉ်နွယ်က အားမရဟန် ကျွန်တော့လက်မောင်း ကိုဆုပ် ကာမေးသည်။

"သန့်ဇင်......ငါနင့်ဆီ သစ္စာကျိန်ဆိုထားတာ မေ့သွားပြီးလား၊ နင်ငါ့ကို မယုံတော့ဘူးပေါ့"
မယဉ်နွယ်၏ အသံ၌ငိုသံပါသည်။ မျက်နှာလေးကလည်း မဲ့လာ၏။ ကျွန်တော် မခံနိုင် တော့။
"ယုံပါတယ်ဟယ်၊ ကဲပါ ငါပြောပြမယ်၊ တို့တွေ ဂျပန်ကို ခံချကြတော့မယ်"
"ဘယ်တော့လဲ"
"အဲဒါတော့ ငါမသိဘူး၊ လူကြီးတွေလုပ်နေကြတာ"
မယဉ်နွယ် သည် သက်ပြင်းလေးရှိုက်၍ တိုးတိုးပြောသလည်။

"သန့်ဇင်....နင့်ကို ငါမှာလိုက်တာ ဘာကြောင့်လဲ သိလား"
"ဟင့်အင်း"
"ငါကြောက်လို့ဟယ်...."
"အို.....နင်ကြောက်လို့၊ နင်ဘာကိုကြောက်တာလဲ"
"ဘာ ကို ကြောက်မှန်း မသိဘူး၊ ငါ့အဘလည်း သိပ်ကြောက်နေတယ်၊ တိုက်ပိုင်ကြီးလည်း သိပ်ကြောက် နေတယ်"
"သူတို့ကကော ဘာတွေ ကြောက်နေကြတာလဲ...."
"သူတို့က ပြောနေတာပဲ၊ အခုတောင် အဘရယ် တိုက်ပိုင်ကြီးနဲ့ တိုးတိုးကျိတ် တိုင်ပင် နေတုန်း ငါ လစ်ခဲ့တာ"

"ဒီခွေးကောင်ကြီး ရောက်နေပြန်ပလား...."
"တိုးတိုးဟယ်၊ အေး.....ရောက်နေတယ်၊ ဒီလိုပဲ ခဏခဏလာတာပဲ"
"နေပါဦး....သူတို့ ဘာပြောကြသလဲ"
"သူတို့က ပြောတယ်၊ မြို့ပေါ်မှာ ဂျပန်တွေဂနာမငြိမ် ဖြစ်နေတယ်တဲ့၊ မြစ်ကြီးနားဆို လား...အဲဒီဘက်က အင်္ဂလိပ်တပ်တွေ ဆင်းလာပြီတဲ့၊ မြန်မာတွေကလည်း ဂျပန်ကို နေ့လား ညလားချကြတော့မှာပဲ.....တဲ့၊ မြန်မာတွေ ထချ ၇င် တိုက်ပိုင်ကြီးနဲ့ အဘက သူတို့ကိုပါသတ်မှာကြောက် နေကြတယ်"

ကျွန်တော် ရုတ်တရက် ဘာမျှပြန်မပြောနိုင်။ ကျွန်တော့်စိတ်တွင်း၌မူ ဗမာတွေ ဂျပန်ကို ထချလျှင် တိုက်ပိုင်ကြီး နှင့် သူကြီးကိုပါ သတ်ထိုက်သည် ထင်နေသည်။ သို့ရာတွင် သူကြီးသည် မယဉ်နွယ် ၏ အဖေဖြစ်နေသည်။
ကျွန်တော်က မလှုပ်မယှက် ဖြစ်နေသောအခါ မယဉ်နွယ်သည် ပိုမိုပူပန်ဟန် ထပ်မေးသည်။
 "သန့်ဇင်.....ငါ့ကို အမှန်ဖြေစမ်းဟာ၊ နင်တို့တွေ ဂျပန်ကိုချရင် ငါ့အဘကိုကော သတ် ကြမှာလား"
ဤအဖြေကို ကျွန်တော်မသိ။ ဤအဖြေကို ဖြေနိုင်သူမှာ ကျွန်တော်အဘနှင့် ကိုမြင့်ဦးတို့ သာဖြစ်မည်။ ချက်ချင်းပင် ကျွန်တော်၌ အသိဥာဏ်ဝင်လာ၍ ယုံကြည်မှုတစ်ခုလည်း ပေါ်လာသည်။ ထို့ကြောင့် မယဉ်နွယ် ကို အားပေးစကား ပြောနိုင်၏။

"နင့်အဘ ကို သူတို့ မသတ်ကြပါဘူးဟာ"
"နင်တကယ်ပြောတာလား"
"ငါယုံတာ ငါပြောတာလေ"
"နင်က ..... ဘာယုံတာလဲ"
"ဒီမှာ မယဉ်နွယ်၊ ငါပြောတာ သေသေချာချာ နားထောင်းစမ်း"
ကျွန်တော် အသံက လေးနက်လာသဖြင့် မယဉ်နွယ်သည် မျက်တောင်ကော့များလှန်၍ ကလေးပမာ ဆိတ်ငြိမ်စွာ နားထောင်သည်။

"ငါ့အဘဟာ မဟုတ်မခံမေမယ့် လူတစ်ဖက်သားကို မနှိပ်စက်တတ်ဘူး၊ ကိုမြင့်ဦးက လည်းပြောဖူးတယ်၊ မြန်မာအချင်းချင်း မညှင်းဆဲရဘူးတဲ့၊ ပြီးတော့........ အခုလုပ်နေကြ တာမှာ ဆရာလည်း ခေါင်းဆောင် တစ်ဦး ပဲ၊ ဆရာကငါ့ကိုလည်းချစ်တယ်၊ နင့်ကိုလည်း ချစ်တယ်၊ ဒီတော့..... နင့်အဘကို ရှန်ရှာမှ မဟုတ်ပါဘူး"
ဆရာ့ကို ဖော်ပြပြောဆိုသံကြားသော် မယဉ်နွယ်၏ မျက်နှာလေးမှာ အားတက်ရွှင်လန်း သွားသည်။

"ဆရာပြန်လာပြီလား"
"အေး....ဆရာရော၊ မမရှင်ရော ပြန်လာပြီ၊ ကိုအုန်းမောင်နဲ့ မခင်သိန်းလည်း ပါလာ ကြတယ်"
"သန့်ဇင်..... နင်တကယ်ပြောတာလား၊ အခုသူတို့ဘယ်မှာလဲ"
"သူတို့ ဒီရွာမှာမရှိတော့ဘူး၊ အနီးအနားမှာတော့ ရှိတယ်....နောက်ပြီး နင်နဲ့ငါ ရိက္ခာပေး ခဲ့တဲ့ ဗိုလ်စောလင်း လည်း ရှိသေးတယ် မဟုတ်လား၊ ဒီတော့... နင့်အဘအတွက် မပူပါနဲ့ ဟာ"
မယဉ်နွယ် သည် စိတ်ချမ်းသာ သွားဟန် ယနေ့ညအတွက် ပထမဦးစွာအဖြစ် ပြုံးသည်။
"သန့်ဇင် ရယ်......နင်နဲ့တွေ့တော့မှပဲ စိတ်ချမ်းသာတော့တယ်၊ ဒါပေမယ့်......."
မယဉ်နွယ်သည် စကားမဆက်ဘဲ ရပ်ထားသည်။

"ဒါပေမယ့် .... ဘာဖြစ်လဲ မယဉ်နွယ်..."
လရောင်မရှိ ကြယ်ရောင်များက ထွန်းလက်နေသည်။ အမှောင်၌ ကျင့်သားရသော မျက်လုံး များကြောင့် ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး သဲကွဲအောင် မြင်နေကြရာ မယဉ်နွယ်၏ မျက်လုံးများ တောက်ပြောင် အရောင် လက်နေသည် အား သတိထား မိသည်။
"ပြောလေမယဉ်နွယ် ဘာဖြစသလဲ...."
မယဉ်နွယ်က သဲ့သဲ့ရှိုက်သည်။ မယဉ်နါယ် ငိုနေလေသည်တကား။
"အို......မယဉ်နွယ်....နင်ငိုနေတယ်"
ကျွန်တော်ပြောခါ မှ မယဉ်နွယ်သည် မထိန်းနိုင်ဘဲ ငိုသည်။ ကျွန်တော့်ကို ဖက်ငိုသည်။ ကျွန်တော်က သူ့ကိုယ်လေး ကို ပွေ့ဖက်ပွတ်သပ် ချော့မိသည်။

"တိတ်ပါ မယဉ်နွယ်ရယ်တိတ်ပါ ဘာဖြစ်လို့ ငိုရတာလဲ... ငါပြောပါပကော၊ နင့်အဘကို တို့ရန်မရှာဘူးလို့"
မယဉ်နွယ် သည် အတန်ကြာ ဆက်ငိုသည်။ ငို၍အားရမှ စကားဆိုသည်။
"ငါငိုတာ က အဘကြောင့် မဟုတ်ပါဘူး သန့်ဇင်၊ နက်ဖြန်ဆိုငါတို့ ဒီရွာက ပြောင်းသွား တော့မယ်"
ကြားရသော စကားကြောင့် ကျွန်တော်ငိုင်သွားမိ၏။

"ဘာပြောတယ် မယဉ်နွယ်.... နင်တို့ ဒီရွာက သွားတော့မယ်"
"ဟုတ်တယ်......အဘက ဒီရွာမှာမနေရဲဘူး၊ ပြည်ကနိဗ္ဗိန္ဒချောင်မှာ အဘဆောက်ထား တဲ့ ကျောင်းရှိတယ်၊ အဲဒီကို တို့တစ်အိမ်သားလုံး ရွေ့သွားကြတော့မယ်၊ ဟိုမှာတော့ တို့ဆရာတော်က သြဇာရှိတယ်၊ တို့ ဘေးကင်း နိုင်တယ်"
ကျွန်တော် ဘာမျှမဖြေနိုင်။ မဖြေနိုင်ရုံမက မယဉ်နွယ်နှင့် ရောငိုမိသည်။
ချစ်သောသူနှင့် ခွဲခွာရခြင်းသည် ဒုက္ခဟူ၍ စမ္မစကြာသင်ရစဉ်က ကျွန်တော်က မှတ်မိ ဖူးသည်။ ဤဒုက္ခ၏ အနက် အဓိပ္ပာယ် အစစ် ကို ဆရာနှင့် မမရှင်တို့နှင့် ခွဲရစဉ်က ရေးရေး သဘောပေါက်မိဖူးသည်။ ယခု မယဉ်နွယ် နှင့် လည်း ခွဲရတော့မည်။ ထိုအခါ ဤဒုက္ခ၏ဒဏ် ကိုပြည့်ပြည့်၀၀ ခံစားနားလည်မိသည်။

ထိုညက မယဉ်နွယ်နှင့်ခွဲစဉ် ကျွန်တော် မက်မက်မောမာ တောင့်တမိသော အရာတစ် ခုကို ပြုမိသည်။
လှပသော မယဉ်နွယ်၏ နူးညံ့သော ပါးကလေးများကို နမ်းမိသည်။
ကျွန်တော် ရှေးဦးစွာ နမ်းမိချိန်ကတည်းက မယဉ်နွယ်၏ ပါးနုနုထက် မျက်ရည်ဥများ နှင့် သာတကား........။
ထိုနှစ်ခွေသည် ခပ်ကြမ်းကြမ်း ဆိုက်ရောက်လာသည်။ တောင်လေသည် စောစော ဆိုက်ရောက်၍ ရွက်ဝါ တို့ကို တသောသော ကြွေလေသည်။
ရွက်ဝါကြွေသံ လေပြင်းသံ တို့နှင့်အတူ လေယာဉ်ပျံများ သည်။ နေရောညပါ ဆူညံတတ် သည်။

ပေါင်းတလည် ပေါင်ခေါင်းလမ်းတစ်လျှောက် အနောက်မှ အရှေ့ဆီ ဦးတည်မောင်းနှင် ဆုတ်ခွာလျက် ရှိသော ဂျပန်ကားတန်းများကို မြင်ရသည်။ ၍ကားတန်းတို့ နောက်မှ လေယာဉ်ပျံတို့သည် စက်သေနတ် တရစပ်ပစ် ၍ ပါလာစမြဲ ဖြစ်၏။
မယဉ်နွယ်တို့ တစ်အိမ်သားလုံး ရွာမှပြောင်းသွားပြီ သုံးရက်လောက် ကြာ၌ကိုမြင့်ဦးနှင့် သူ့ရဲဘော်များ ပြန်ရောက်လာကြသည်။
ဤအကြိမ်၌ သူတို့သည် စစ်ဝတ်တန်ဆာမ၀တ်၊ သူတို့ကိုယ်၌ အများရွာသားတို့ နည်းတူ ဆယ်ယင် ထားသည်။ သူတို့လက်မောင်းများ၌ အနီခံတွင် ကြယ်ဖြူတစ်ပွင့်ပါသော လက်ပတ်များ စည်းထားသည်သာ ထူးခြား၏။

ကိုမြင့်ဦး သည် ရဲဘော်များကို တစ်အိမ်တစ်ယောက် ဝေပုံချခွဲထားသည်။ ရဲဘော်သည် ထင်းခွဲ၊ ရေခပ်၊ မောင်းထောင်း၊ ဆန်ဖွပ်အလုပ်များကို လုပ်ပေးရသည်။ ထမ်းကိုမူ ရွာခံအိမ် ရှင်က တာဝန်ယူရ၏။
ကျွန်တော်တို့ရွာနှင့် တကွ အနီးတစ်ဝိုက် သစ်ပင်များ၌ ကြော်ငြာစာရွက်ကြီးများ ကပ်ထား သည်ကို မြင်နိုင်သည်။
"ဖက်ဆစ်ဂျပန်ကို ဗမာ့တပ်မတော်က တော်လှန်ပြီ"
"ဗမာတစ်မျိုးသားလုံး တပ်မတော်နှင့် ပူးပေါင်းကြလော့"
ဤစာမျိုးတို့ကို နေရာအနှံ့အပြားတွေ့ရ သည်။]

လက်နက်ကိုင် ဓားပြလူဆိုးတို့ပင် တပ်မတော်သို့ လက်နက်ချ၍ သူတို့ကိုယ်ကို ဂျပန် တိုက်ရန် လာအပ်ကြသည်။
ခြံစည်းရိုးကို ပိုမိုလုံခြုံအောင် ကာကြသည်။ ရွာတံခါးများကို နေ့ကင်းညကင်းချ၍ စောင့် ကြသည်။
ကျွန်တော် နှင့် သူငယ်ချင်းဟောင်း များ ဖြစ်ကြသည့် နက်ကျော၊ သောင်းဟန်၊ ပါစိနောင်၊ တိမ်တစ်လုံး၊ ဂွေးကျား၊ ငထစ်တို့က နေ့အခါ၌ ကျွဲနွားကျောင်းရင်း ရွာပြင်တွင် မျက်စိရှင် ရှင်နေကြရသည်။ သစ်ပင်များ ပေါ် မှ လည်းကောင်း၊ သင်္ချိုင်းဂူပျက်များမှလည်းကောင်း၊ ချောင်းကွေ့ ကိုင်းစပ် တို့မှ လည်းကောင်း၊ စောင့်၍ ဂျပန်အရိပ်အယောင် မြင်သော် ကျွဲချို မှုတ်တန်မှုတ်၊ ပလွေသံပေးတန်ပေးနှင့် ကင်းထောက် အချက် ပြကြရ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၂၉)

အထီးကျန် ဆန်လာခဲ့သည်။
မြိုင့်တွင် အိပ်မပျော်နိုင်သော နေ့ရက်တို့ များပြားလာသည်။
တစ်လော ကတော့ မိသားစု ဆရာဝန်လို ဖြစ်နေသော ဒေါက်တာတင်အောင်မြင့် ထံ ရောက်ခဲ့ သည်။

"ကဲ ဆိုပါဦး၊ ဒီတစ်ခါ ဘာဖြစ်သလဲ"
"မြိုင် အိပ်မပျော်ဘူး"
"ဘယ်လောက် ကြာပြီလဲ"
"ကြာပါပြီ"
"တစ်ခြားကော"
"တစ်ခြားတော့ မပြောတတ်ပါဘူး"
"သွေးလေ အသွားအလာ မှန်ရဲ့လား"
"သိပ် သတိမထားမိဘူး"
"ဒါဖြင့် စမ်းသပ်ကြည့်ရအောင်"

ဆရာဝန်က မြိုင့် နှလုံးခုန်သံကို နားထောင်သည်။ သွေးပေါင်ချိန်ကြည့်သည်။ သူနာပြု ဆရာမ အား သွေးနမူနာ ယူခိုင်သည်။ ဆီးယူခိုင်းသည်။ ကျောက်တက် အနေအထား၊ အဆုတ်အနေ အထား၊ အသည်း အနေအထား တွေရော စုံစေ့အောင် စမ်းသည်။ နောက်ရက်သို့ ပြန်ချိန်းသည်။
သည်တစ်ခါ ရောက်သွားသောအခါ ဆရာဝန်က ကောက်ကာ ငင်ကာ မေးသည်။

"ဒေါ်ခင်မြိုင်ရဲ့ အသက် ဘယ်လောက်ရှိပြီလဲ ဟင်"
"သုံးဆယ်ရှစ်ပါ"
"ဟုတ်လား၊ ကျွန်တော် အံ့သြနေတယ်"
"ဘာကိုပါလိမ့် ဒေါက်တာ"
"ဒီထက်များ အသက်ပိုကြီးနေမလားလို့ ထင်ထားမိတာ"
"ဒေါက်တာ ဘာတွေ့ရလို့လဲ ဟင်"

"ဒေါ်ခင်မြိုင် ဖြစ်နေတာက သိပ္ပံနည်းတော့ သိပ်မကျဘူးထင်တာပဲ။ စိတ်ကြောင့်လို့ ပြောရမလား မသိဘူး။ ဘာခေါ်မလဲ။ အရွယ်မတိုင်ခင် သွေးဆုံး (Pre-menopausal) ဖြစ်ချင်တဲ့ လက္ခဏာကို တွေ့နေရလို့ပဲ။ ဒါပေမယ့် ဒါဟာ စိုးရိမ်စရာတော့ မဟုတ်ဘူးနော်"
"အဲဒီအတွက် မြိုင် မစိုးရိမ်ပါဘူး ဒေါက်တာ၊ မြိုင်အလိုရှိတာက အိပ်ပျော်ဖို့ပါပဲ"
"ဒါဆိုရင်လဲ အိပ်ဆေး အနည်းအပါးတော့ သုံးပါ"
ကျေးဇူးတင်ပါသည် ဒေါက်တာပေါ့။

အိပ်ဆေးအနည်းအပါး သုံးခွင့်င်္ရတော့ မြိုင် အိပ်ပျော်ရသည်ပေါ့။
အိပ်ပျော်နေချိန်ဆိုတာ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းပါသလဲ။ ဘယ်လောက် လွတ်လပ်ပါသလဲ။
ဘ၀ကို မေ့သည်။
သောကကို မေ့သည်။
လောကကို မေ့သည်။

မြိုင့်အဖို့တော့ အရာရာကို မေ့ထားနိုင်ခြင်းသည် စိတ်ချမ်းမြေ့စရာပင်
မြိုင်သည် စီးကရက်ကို ပြာခံခွက်၌ ထိုးချေလိုက်သည်
ကိုးနာရီခွဲပြီ။
ကိုကို့ဆီကို ဖုန်းမဆက်။
သမီးဆီက ဖုန်းမဆက်။
အဲ ... တစ်ယောက်တည်းကသာ ဆက်သည်။
သူက သူစိမ်း။

"ကျွန်မနာမည် မသက်ဇင်ပါ x x x ကျွန်မမှာ ပြောစရာ စကားတစ်ချို့ ရှိပါတယ်။ x x x ဦးတင်မောင်သန့်နဲ့ ပတ်သက်လို့ပါပဲ x x x သူက အစ်မကြီးနဲ့ ကွာရှင်းပြတ်စဲ ချင်တယ်တဲ့ x x x ကျွန်မကို လက်ထပ် ချင်တယ်တဲ့...

စကားသံများက နားမှ ပဲ့တင်ထပ်ဆဲ ဖြစ်သည်။
မြိုင်သည် အိပ်ရာဆီသို့ လျှောက်ခဲ့သည်။ မှန်တင်ခုံကို ဖြတ်ကျော်ရတော့ မှန်ထဲမှာ မိမိရုပ်သွင်ကို ခေတ္တ ရပ်ကြည့်မိသည်။
မှန်ထဲတွင် မြင်နေရသော ကြည်ပြာရောင် ည၀တ် အင်္ကျီအောက်မှ မြိုင်၏ ရုပ်သွင်သည် ကြုံလှီ လှလေ သည်။

အသားရောင် သည် ၀ါနုသော်လည်း ဖျော့တော့လှလေသည်။
ပင်ကိုက နွဲ့နွဲ့နှောင်းနှောင်းနှင့် လမ်းလျှောက်လျှင် ဖွဖွ ငြင်ငြင်ကလေး လျှောက်တတ်သည်။
ဒါကိုပင် လူတွေက ပိုးသားခန်းဆီးစကလေး လွင့်လာသလို ကနွဲ့ကယ နိုင်သည်ဟု တခုတ်တရ ချီးမွမ်း တတ်ကြ သေးသည်။
မြိုင် ၏ မျက်နှာပြင်တွင် အသားအရည် လျော့ပါးနေသည်။

မျက်တွင်းကျနေသဖြင့် မျက်ခုံးရိုး အရိပ်သည် မျက်ခွံပေါ်မှာ ကျနေသည်။
မျက်ဝန်းသည် ဖျော့သော်လည်း တစ်ကိုယ်လုံးတွင် အရှင်သန်ဆုံးလို ဖြစ်နေသည်။
မှန်မှ ခွာသည်။
အိပ်ရာ သို့ လာသည်။

ခုတင်ခေါင်းရင်းတွင် စားပွဲခုံငယ်တစ်ခု ရှိသည်။ ဆေးပုလင်း အများအပြား တင်ထားသည်။ သူ့အချိန်နှင့်သူ သောက်ရမည့် ဆေးများ။ အပြားပါသည်။ အလုံးပါသည်။ အရည်ပါသည်။ ပုလင်း  အရွယ်ကလည်း အစုံစုံ၊ ဆေးလုံး ဆေးရည် တို့၏ အရောင်ကလည်း အစုံ။ ဖြူဖြူ၊ နီနီ၊ ၀ါဝါ၊ ပြာပြာ၊ စိမ်းစိမ်း၊ ရွှေရွှေ။
မြိုင်သည် အစိမ်းရောင် ဆေးပုလင်း ကို လှမ်းယူလိုက်သည်။ အိပ်ဆေး အများအပြားပါသော ပုလင်း ဖြစ်သည်။ လက်တစ်ဆုပ်စာ မျှ လက်ထဲသို့ လောင်းထည့်ကာ ရေနှင့်ကျိုက်ချလိုက်သည်။ ပြီးတော့ လှဲလျောင်း လိုက်သည်။

"ကျွန်မနာမည် မသက်ဇင်ပါ x x x ကျွန်မမှာ ပြောစရာ စကားတစ်ချို့ ရှိပါတယ် x x x ဦးတင်မောင်သန့်နဲ့ ပတ်သက်လို့ပါပဲ x x x သူက အစ်မကြီးနဲ့ ကွာရှင်းပြတ်စဲချင်တယ်တဲ့ x x x ကျွန်မကို လက်ထပ် ချင်တယ်တဲ့ x x x"
အစသော် သည်အသံသည် နားဝယ် ပဲ့တင်သံလို ရိုက်ခတ်မြည်ဟိန်းနေသည်။

နောက်တော့ တစ်စထက်တစ်စ ဝေးလံသွားသည်။ တိုးတိတ်သွားသည်။
မြိုင့်စိတ်မှာ ပေါ့ပါး လွတ်လပ်လာသည်။ စိတ်အတွေးတို့သည် လေဟာပြင်ကျယ်ကို ဖြတ်ကျော် သွားသည့် နှယ် စကြ၀ဠာထဲ မှာ လွင့်မျောနေသလို ရှိသည်။
မြိုင့်စိတ်မှာ ချမ်းမြေ့ရလွန်းလှပါကလား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>