Friday, January 7, 2011

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၅)

နောက်တစ်နေ့တွင် ပင်လယ်ဓားပြသည် သူပေးထားသည့် ကတိအတိုင်း မွန်ထရေးမြို့ထဲသို့ သွားသည်။ သူ့ စိတ်ထဲ မှ ကောင်းနိုးရာရာများကို သတိနှင့်ကြည့်၍ စေ့စေ့စပ်စပ် ဈေးဆစ်ပြီးမှ ၀ယ်သည်။ သူပြန်လာသည့် အခါ အစိမ်းနှင့်အပြာ ရောထားသည့် လည်စည်း ပိုးလက်ကိုင်ပ၀ါ တစ်ထည်နှင့် မှန်စများကို ရောင်စုံကျောက်တု များ လုပ်၍ စီခြယ်ထားသော ခါးပတ်ကြီး တစ်ခုပါလာသည်။ ၀ယ်လာသော ပစ္စည်း များကို ကြည့်ပြီး သူ့ သူငယ်ချင်း များက တအံ့တသြ ချီးမွမ်းကြသည်။

" ဒါတွေ ၀ယ်လာတာကတော့ ဟုတ်ပါပြီ၊ အ၀တ်အစားကျတော့ မင်းက ဘာဝတ်မှာလဲ" ဟု ဒင်နီက စိတ်ပျက် လက်ပျက် မေးသည်။ " မင်းခြေထောက်က ရောင်နေတဲ့အနာ သက်သာအောင်ဆိုပြီး ဖောက်ထား တဲ့ ဖိနပ် အပေါက်က ခြေချောင်းတွေ ထွက်နေပြီ၊ ဖိနပ်ကလည်း မဟန်တော့ဘူး၊ အပေါ်ဝတ် အင်္ကျီကလည်း စုတ်ပြတ် နေတာပဲ၊ ဦးထုပ် လည်း မရှိဘူး၊ ဘယ်လိုလုပ်ကြမလဲ"
" ထူးပါဘူးကွာ၊ ငါတို့ အ၀တ်အစားတွေ ငှားလိုက်တာပေါ့" ဟု ဂျီးဆပ်မေရီယာက ၀င်ပြောသည်။ " ငါ့ဆီက ကုတ်အင်္ကျီ တစ်ထည်ရှိတယ် မဟုတ်လား။ ဟိုအကောင် ကောင်ကြီးဂျိုးဆီမှာ အပြာရောင် ဘောင်းဘီတွေ ရှိ နေတာပဲ ဖြစ်ပါတယ်"

" ငါတို့အ၀တ်တွေ သူ့ကို ငှားလိုက်ရင် ငါတို့မှာ ၀တ်စရာ မကျန်တော့ဘူး။ ငါတို့က ဘယ်လိုလုပ်ပြီး လိုက်နိုင် တော့မှာလဲ" ဟု ပီလွန်က ညည်းညည်းပြောသည်။
" ရွှေဖယောင်းတိုင်စင် လှူမှာက ငါတို့မှ မဟုတ်ဘဲကွ" ဟု ဂျီးဆပ်စ်မေရီယာက ပြောသည်။ " ဘုန်းကြီးရာမွန် ကလည်း ငါတို့ ဘယ်လိုပဲ ၀တ်လာလာ ဘာမှပြောမယ် မထင်ပါဘူး "
ထိုနေ့ မွန်းလွဲပိုင်းတွင် သူတို့သည် ပင်လယ်ဓားပြ၏ ငွေထုပ်ကို ၀န်းရံ စောင့်ရှောက်ကာ ဘုန်းတော်ကြီး၏ အိမ် သို့ သွားပို့ကြသည်။ ဘုန်းတော်ကြီးက ပင်လယ်ဓားပြ ပြောပြသည့် နေမကောင်း ဖြစ်ခဲ့သော ခွေးအကြောင်း ကို နားထောင်သည်။ သူ့မျက်လုံးများသည် ကြင်နာမှုကို ဖော်ပြလျက်ရှိသည်။

" အဲဒီ နောက်မှာတော့ ခွေးရဲ့ နှာ ခေါင်းဟာ ခြောက်လာတယ်၊ သူ့မျက်လုံးတွေကလည်း ပင်လယ်ရေထဲက ဆယ်လို့ရ တဲ့ ပုလင်းအရောင်လို ဖြစ်လာ တယ်။ ညည်းတာလည်း အဆက်မပြတ်ဘူး၊ သူ့ကိုယ်ထဲက နာနေလို့ အဲသလိုဖြစ်တာ" ဟု ပင်လယ်ဓားပြက ပြောသည်။ " ဒါနဲ့ပဲ တပည့်တော်က သူတော်စင် စိန့်ဖရန်စစ်ဆီ မှာ ဒီခွေးနေကောင်းသွားရင် ရွှေဖယောင်းတိုင်စင် တစ်ခု လှူပါ့မယ်လို့ အဓိပဋ္ဌာန် ပြုပြီး ဆုတောင်း ခဲ့ တယ်။ အရှင် စိန့်ဖရန်စစ်ဟာ တပည့် တော်ရဲ့ ကျေးဇူးရှင်ပါ၊ တပည့်တော် ဆုတောင်းပြီး မကြာခင်မှာပဲ တန်ခိုးဣဒ္ဓိပါဒ် ပြတော့တာပါပဲ။ ဘာကြောင့် လဲဆိုတော့ တပည့်တော် ခွေးက အမြီးကို သုံးကြိမ် တိတိ နန့်ပြတယ်။ အဲသလိုလည်း ပြပြီးရော တစ်ခါတည်း နေကောင်းသွားတာပဲ၊ ဒါဟာ သူတော်စင် စိန့်ဖရန်စစ် ကပြတဲ့ တန်ခိုးဣဒ္ဓိပါဒ်ပါပဲ၊ တပည့်တော် ထင်တာမှန်တယ် မဟုတ်လား "

ဘုန်းတော်ကြီးက ခေါင်းညိတ်ပြသည်။ " မှန်ပါတယ်ကွယ်" ဟု ပြောသည်။ " အဲဒါ ဟာ သူတော်စင် အရှင်စိန့် ဖ၇န်စစ် က ပြတဲ့ တန်ခိုးဣဒ္ဓိပါတ်ပါပဲ၊ ငါ မင်းအတွက် ရွှေဖယောင်းတိုင်စင် ၀ယ်ပေးပါ့မယ်" ပင်လယ်ဓားပြ က ဘုန်းတော်ကြီး စကားကို ကြားရသောအခါ အလွန်ဝမ်းသာသည်။ တစ်ကြိမ် တစ်ခါမျှ အဓိပဠာန် ပြုရုံဖြင့် သူတော်စင် ပုဂ္ဂိုလ်တစ်ဦးထံ မှ အဖြေရဖို့ဆိုသည်မှာ အလွန်မလွယ်သည့် ကိစ္စဖြစ်သည်။ ဤသတင်းကို တစ်ဆင့် စကား တစ်ဆင့်ကြား၍ လူများနားလို့ ရောက်သွားခဲ့ပါမူ သူသည် တော်လီလာဖလက် ရပ်ကွက် တွင် အမြင့်ဆုံး သော နေရာသို့ ရောက်ရတော့မည်ဖြစ်၏။ အခုပဲကြည့်၊ သူ့မိတ်ဆွေများက သူ့ကိုကြည့်ပုံမှာ စောစောကထက် တလေးတစားရှိလာသည်။

ယခင် တုန်းကတော့ သူ့ကို သူတို့လောက် ဥာဏ်မကောင်းဟု ထင် ခဲ့ကြသည်။ သို့သော်လည်း အခုကျတော့ သူ့တွင် ရှိနေသည့် နည်းပါးသော ဥာဏ်ရည်ဥာဏ်သွေးတွင် ကောင်းကင်ဘုံ မှ သူတော်စင်များ၏ တန်ခိုး လာရောက်ပေါင်းစပ်လျက်ရှိကြောင်းကို သူတို့ ဒိဋ္ဌဓမ္မ မြင်တွေ့သွားကြရပြီ မဟုတ်ပါလား။

သူတို့သည် ဒင်နီ၏ အိမ်သို့ ပြန်လာကြသည်။ ခွေးအုပ်သည် သူတို့နောက်မှ တကောက်ကောက်။ ပင်လယ်ဓားပြ သည် တစ်လမ်းလုံး သူ့အဖြစ်သူ ကျေနပ်ကာ ပီတိဖြစ်လာသည်။ သူ့တစ်ကိုယ်လုံးမှာ စိတ်၏ ချမ်းသာမှု တည်းဟူသော ပီတိလှိုင်းသည် စိမ့်ဝင်ပျံ့နှံ့လျက်ရှိ၏။ ပီဆာနိုးတစ်စုမှာလည်း ပင်လယ်ဓားပြ၏ ငွေ ကို ကာကွယ်စောင့်ရှောက်ပေးလိုက်ရသည့်အတွက် ကုသိုလ်စိတ်ပွားလာသည်။ ပီလွန်သည် ဤငွေကို ခိုးယူ ဖို့ ပထမဆုံး ကြံစည်ခဲ့သူဖြစ်၏။ သို့သော်လည်း မခိုးဖြစ်ခဲ့ပေ။ အခုကျတော့လည်း ယင်းကဲ့သို့ မခိုးဖြစ်ခဲ့ သည့်အတွက် သူ့စိတ်မှာများစွာ သက်သာရာရခဲ့၏။

ပင်လယ်ကမ်းခြေမှ ကောက်ယူခဲ့သော တိုလီမိုလီ ပစ္စည်းအဟောင်းအမြင်းများ ရောင်းခဲ့သည့် ငွေ ငါးဒေါ်လာ သည် ဒင်နီ၏ အိတ်ကပ်ထဲတွင် ရှိနေသေးသည်။ အခုလိုအချိန်တွင် ထိုငွေကို ဘယ်လိုသုံးလျှင် သင့်မည် ကို ဒင်နီ ကောင်းစွာသိသည်။ သူသည် ပီလွန်ကို ခေါ်၍ ဈေးသို့သွားကာ အမဲသားဟင်း ခုနှစ်ပေါင်၊ ကြက်သွန်နီ တစ်အိတ်၊ ပေါင်မုန့်နှင့်သကြားမုန့်များ ၀ယ်သည်။ ပက်ဘလိုနှင့် ဂျီးဆပ်မေရီယာတို့ တော်ရဲလီးဆိုင် သို့ သွားကာ ၀ိုင်နှစ်ဂါလံ ၀ယ်သည်။ ဟိုတုန်းကလို အိမ်အပြန်လမ်းတွင် ၀ိုင်ကို သောက်လာခြင်း မပြု။

ထိုညတွင် မီးဖိုမီးကို တထိန်ထိန် တညီးညီး တောက်လောင်နေအောင် ဖိုထားသည်။ စားပွဲပေါ်တွင် ဖယောင်းတိုင် နှစ်တိုင် ထွန်းထားသည်။ သူငယ်ချင်း တစ်စုသည် အစားအစာကို အလျှံပင် စားကြသည်။ ပင်လယ်ဓားပြ ကို ဂုဏ်ပြုသည့် ပါတီပွဲ တစ်ခုပေတည်း။ ပင်လယ်ဓားပြ သည် ဤပါတီပွဲတွင် သူ့ကိုယ်သူ ဂုဏ်သိက္ခာ တက်အောင် ပြုမူနေထိုင်လျက် ရှိ၏။ သို့သော်လည်း သူ့ကိုယ်သူ တည်ငြိမ်လေးနက်သော မျက်နှာ ထားဖြင့် ဣနြေ္ဒရရ နေနိုင်ရန် ကြိုးစား၍ မရဖြစ်နေသည်။ ပြုံးစရာအကြောင်းထူး မရှိပါဘဲလျက် တပြုံးပြုံး ဖြစ်နေသည်။

အစားအစာများကို အ၀အပြဲ စားပြီးသောအခါ သူတို့အားလုံး ၀ိုင်းထိုင်ကာ ၀ိုင်အရသာ ခံကြသည်။ သူတို့က ပင်လယ်ဓားပြကို " တို့များရဲ့ သူငယ်ချင်း" ဟု ခေါ်ကြသည်။
ဂျီးဆပ်စ်မေရီယာက မေးခွန်းတစ်ခု ထုတ်သည်။ " အဲဒါ ဖြစ်တုန်းက မင်းစိတ်ထဲမှာ ဘယ်လိုခံစားရသလဲ၊ ဟို ဟာကွာ၊ မင်းက ရွှေဖယောင်းတိုင် လှူမယ်လို့ အဓိဠာန် ပြုလိုက်တော့ မင်းခွေး နေကောင်းလာတယ်လေ၊ အဲဒီ တုန်းက မင်းစိတ်ထဲမှာ ဘယ်လိုရှိခဲ့သလဲ၊ အတိတ်နိမိတ် ပြတာကိုကော မျက်စိနဲ့ မြင်ခဲ့သေးလား"

ပင်လယ်ဓားပြက ထိုစဉ်က အဖြစ်အပျက်ကို သတိပြန်ရလာအောင် အားထုတ်သည်။ " ဘယ်လိုမှ မခံစားရဘူး၊ ဘာမှလည်း မမြင်ခဲ့ဘူးလို့ ထင်တာပဲ၊ အတိတ်နိမိတ်တော့ နည်းနည်းပါးပါး မြင်ခဲ့ရသလား မပြောတတ်ဘူး၊ ကျုပ် သူတော်စင် စိန့်ဖရန့်စစ်ကို လေထဲမှာ မြင်ခဲ့မိတယ်လို့ ထင်တာပဲ၊ သူ့တစ်ကိုယ်လုံး နေမင်းကြီး လို လင်း လက်နေတယ် "
" မင်းကလည်းကွာ၊ သေသေချာချာ မမှတ်မိဘူးလား" ဟု ပီလွန်က ၀င်ထောက်သည်။

" မှတ်မိသလိုလိုတော့ ရှိပါတယ်။ စိန့်ဖရန်စစ်က ကျုပ်ကို ကြည့်နေတယ်။ ပြီးတော့ ပြုံးပြတယ်။ အဲဒါပဲ နောက် တော့ ဘာမှမပြောတော့ဘူး၊ သူပြောသွားတာက အို အလွန်ညစ်ပတ် ပေရေနေသော လူသား ခွေးတွေ ကို သနား ပါတဲ့"
" သူက မင်းကို အဲဒီလိုပဲ ခေါ်ရသလားကွာ "
" ဟုတ်တယ်၊ အဲသလိုပဲ ပြောသွားတယ်၊ သူ့အနေနဲ့ အဲသလို မပြောလို့ ဘယ်ဖြစ်မလဲ၊ လိမ်ပြောရင် သူတော်စင် ဘယ်ဟုတ်တော့မှာလဲဗျာ "
" အကုန်လုံး ကို မင်းမှတ်မိမယ် မထင်ပါဘူးကွာ" ဟု ပက်ဘလိုက ပြောသည်။

" အင်းပေါ့ ဟုတ်ချင်ဟုတ်မှာပဲ" ပင်လယ်ဓားပြသည် သူ့ကို အားလုံးက ၀ိုင်း၍ မျက်နှာသာ ပေးပြီး အရေးတယူ ပြုနေကြသည့်အတွက် သာယာပျော်ရွှင်မှုဖြင့် ယစ်မူးလျက် ရှိလေသည်။
" ငါ့အဘွားကတော့ မယ်တော် မာရီယာကိုတောင် မြင်ဖူးတယ်ကွ" ဟု ဂျိုးဆပ်စ်မေရီယာက ပြောသည်။ " အဲဒီ တုန်းက အဘွားဟာ နေမကောင်းဖြစ်နေတယ်။ သေခါနီးဆဲဆဲပေါ့၊ အဘွားအော်ပြောနေတဲ့ စကားတွေ ကို ငါကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားရတာ၊ အို ငါမယ်တော်မာရီယာကို မြင်နေရတယ်။ အို မယ်တော် မေရီလို့ ပြောနေတာကွ"

" ဒါတွေက တချို့လူတွေသာ မြင်ရတာကွ" ဟု ဒင်နီက ပြောသည်။ " ငါ့အဖေက သိပ်ပြီးကောင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး၊ ဒါပေမယ့် သူဟာ သူတော်စင်တွေကို မြင်နေရတယ်၊ ဒါမျိုးက အဲဒီပုဂ္ဂိုလ်တွေကို မြင်ရတဲ့ အချိန်မှာ သူ့စိတ်ဟာ ကောင်းသလား ဆိုးသလားဆိုတဲ့ အချက်ပေါ်မှာ တည်နေတယ်၊ မင်း တခြား အတိတ်နမိတ် တွေ ကော မြင်ဖူးသေးသလား ပင်လယ်ဓားပြ "
" ဟင့်အင်း" ဟု ပင်လယ်ဓားပြက ဖြေသည်။ " နောက်ထပ် မြင်ရတွေ့ရမှာလည်း ကျုပ် ကြောက်ပါတယ် ဗျာ"
သူတို့ပါတီပွဲကလေးသည် သိမ်မွေ့ညင်သာစွာဖြင့် စခန်းသွားလျက်ရှိသည်။ ထိုညအဖို့ အိမ်ထဲတွင် သူတို့ သာလျှင် ရှိကြသည်မဟုတ်။ အိမ်နံရံ များသည် သူတို့ကို ကြည့်နေကြသည်ဟု စိတ်ထဲက ခံစားနေကြ ရသည်။

" တနင်္ဂနွေနေ့ဆိုရင် မင်းရဲ့ ရွှေဖယောင်းတိုင်စင်ဟာ ဘုရားရှိခိုးကျောင်းထဲ ရောက်နေတော့မယ်" ဟု ပီလွန် က ပြောသည်။ " မင်းတို့ကို တို့အ၀တ်တွေ ငှားလိုက်ရမှာဆိုတော့ ငါတို့ လိုက်နိုင်မှာ မဟုတ်ဘူး။ " မင်းတို့ကို တို့ အ၀တ်တွေ ငှားလိုက်ရမှာဆိုတော့ ငါတို့လိုက်နိုင်မှာ မဟုတ်ဘူး၊ ဘုန်းကြီးရာမွန် ကတော့ မင်းနာမည် ကို ထုတ်ပြီး ပြောချင်မှ ပြောမှာ၊ ဒါပေမယ့် မင်းလှူတဲ့ ဖယောင်းတိုင်စင် အကြောင်းကိုတော့ မပြောဘဲနေမှာ မဟုတ်ဘူး၊ သူ ဘာတွေပြောတယ်ဆိုတာ မင်းမှတ်လာခဲ့ကွာ၊ ပြီးတော့ ငါတို့ကို ပြန်ပြောပေါ့၊ ဟုတ်ဘူးလား"
ထို့နောက် ပီလွန်၏ မျက်နှာထားသည် တည်ငြိမ်သွားသည်။ " သူငယ်ချင်းကလေးရေ၊ ကနေ့တော့ ဘုန်းကြီး ရာမွန် ရဲ့ အိမ်ထဲမှာ မင်းခွေးတွေနဲ့ ပြည့်သွားတာပဲ၊ ကနေ့တစ်နေ့ အဖို့တော့ အကြောင်းမဟုတ်ပါဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့ သွားရင်တော့ မင်းခွေးတွေ ခေါ်သွားလို့ မဖြစ်ပေဘူး ထင်တယ်။ ခွေးတွေ ဘုရားရှိခိုး ကျောင်းထဲ ၀င်တာကတော့ မသင့်လျော်ဘူးကွ၊ ခွေးတွေကို အိမ်မှာပဲ ထားခဲ့ပါကွာ"

ပင်လယ်ဓားပြသည် စိတ်ထိခိုက်သွားပုံရသည်။ " ကျုပ်ခွေးတွေကလည်း လိုက်ချင်ကြမှာပဲ၊ ကျုပ်သူတို့ကို ဘယ်လိုလုပ်ပြီး ထားခဲ့ရမှာလဲ၊ ဘယ်မှာထားခဲ့ရမှာလဲ"
" ဒါမျိုးကျတော့ ကိုယ့်ကိုယ်ထိန်းမှပေါ့ ပင်လယ်ဓားပြရယ်။ နောက်ဆုံး ကုသိုလ်ကောင်းမှု ပြီးဆုံးခါနီးမှာ ဘုရား သခင် ရဲ့ အထွတ်အမြတ်နေရာ ကို မင်း ပြစ်မှားချင် သလား "
" မပြစ်မှားချင်ဘူး" ဟု ပင်လယ်ဓားပြက ပြောသည်။

" အေးလေ၊ အဲသလို ဆိုရင်တော့ ခွေးတွေကို အိမ်မှာပဲထားခဲ့ပေါ့၊ ငါတို့က မင်းခွေးတွေကို ဘာမှ မဖြစ်အောင် ကြည့်ထားပါ့မယ်၊ ဘုရားရှိခိုးကျောင်းထဲ ခေါ်သွားရင်တော့ ပြစ်မှားသလို ဖြစ်သွားမှာ သေချာ တယ်ကွ"

ထိုညက သူတို့ အရက်သောက်ပုံမှာ အေးအေးဆေးဆေး တည်တည် ငြိမ်ငြိမ် ရှိလှ၏။ ညဥ့်နက်ပိုင်း လူခြေတိတ် ချိန်တွင် ညစ်ပတ်စုတ်ပြတ်သော သီချင်းတစ်ပုဒ်ကို သံကုန်ဟစ်၍ ဆိုမိကြသည်။ သူတို့စိတ် များသည် မကောင်းသော မိန်းမများဆီသို့ တရစ်ဝဲ၀ဲ ရောက်သွားကြသေးသည်။ ထို့နောက် အရက် သောက်တိုင်း လုပ်နေကျဖြစ်သည့် တစ်ယောက်ကို တစ်ယောက် ဆော်ရန် တာစူ၍ မရကြချေ။ သူတို့ တစ်သက်တာတွင် မကောင်းသော အရာဟူ၍ ဘာတစ်ခုမှ မဖြစ်ဘဲ ပြီးဆုံးသွားသည့် အရက်ဝိုင်းမှာ ဤတစ်ကြိမ် သာလျှင် ရှိသေးသည်ဟု ပြောစမျတ် ပြုနိုင်ပြီ ဖြစ်လေသည်။

တနင်္ဂနွေနေ့ နံနက်သည် သူတို့ အလုပ်အရှုပ်ဆုံးနြေ့ဖစ်သည်။ သူတို့သည် ပင်လယ်ဓားပြကို ရေချိုးပေးကြ သည်။ နားရွက်ပေါက်များ နှင့် နှာခေါင်းပေါက်များတွင် ချေးညှော်စင် မစင် ဂရုစိုက်၍ ကြည့်ကြသည်။ စောင်ကြီး ပတ်ထားသော ကောင်ကြီးဂျိုးသည် သူ၏ အပြာရောင် ဘောင်းဘီရှည်များကို ၀တ်နေသည့် ပင်လယ်ဓားပြ အား ထိုင်ကြည့်နေသည်။ မှန်များကို ရတနာအတုလုပ်၍ စီခြယ်ထားသော ခါးပတ်ကြီးကို ကုတ်အင်္ကျီ အပြင်ဘက် မှ ထုတ်၍ မပတ်ရန် ပင်လယ်ဓားပြအား ၀ိုင်း၍ နားချကြသည်။ ခါးပတ်ကို အထဲတွင် ပတ်ပြီး ကုတ်အင်္ကျီကို ဟထားလိုက်လျှင် အရေဂာင်များသည် ၀င်းခနဲ လက်ခနဲ ဖြစ်ကာ ပို၍ ကြည့်ကောင်းလိမ့်မည်ဟု နားဝင်အောင် ရှင်းပြ၏ ခြေထောက်နှင့် တော်သော ဖိနပ်မှာ ကောင်ကြီးဂျိုး ဖိနပ် သာရှိ၏။ ထိုတစ်ရန်တည်းသော ဖိနပ်မှာ ပင်လယ်ဓားပြ၏ ဖိနပ်ထက်ပင် စုတ်ချာနေ၏။

ထိုဖိနပ် ကို စီးပေးရာ၌ အခက်ခဲဆုံး အပိုင်းမှာ ရောင်နေသော ခြေထောက်များကို လေသလပ်အောင် ဖောက်ထားသည့် အပေါက်ကို လူမမြင်အောင် ကာကွယ်ပေးဖို့ ဖြစ် သည်။ သည်အတိုင်းထားလျှင် အပေါက်မှ ထွက်နေသော ခြေချောင်းများကို အတိုင်းသားမြင်နေရ၏။ ဤပြဿနာကို ပီလွန်က သူ့နည်း သူ့ဟန်ဖြင့် ဖြေရှင်းသည်။ မီးဖိုမှ ကျပ်ခိုးများဖြင့် ပင်လယ်ဓားပြ၏ ခြေချောင်းများကို မည်းနက်သွားအောင် သုတ်ပေးသည်။ ဤသို့ဖြင့် ဖိနပ်အရောင်နှင့် ခွဲခြား၍ မရနိုင်တော့ပေ။

နောက်ဆုံးတွင် ပင်လယ်ဓားပြ၏ ၀တ်စားဆင်ယင်မှုသည် ပြီးဆုံးသွားသည်။ သူ့ခေါင်းတွင် ပီလွန့်ဖခင်၏ ဦးထုပ်၊ ကိုယ်ပေါ်တွင် ဒင်နီ၏ ရှပ်အင်္ကျီ၊ ခါးတွင် ကောင်ကြီးဂျိုး ၏ ဘောင်းဘီ၊ လည်တိုင်တွင် သူကိုယ်တိုင် ၀ယ်လာ သည့် လက်ကိုင်ပ၀ါကြီး စည်းလျက်၊ ခါးတွင် ပတ်ထားသည့် ခါးပတ်မှ အရောင်သည် တဖျပ်ဖျပ်၊ သူသည် သူငယ်ချင်းများ ရှေ့မှောက် တွင် လမ်းလျှောက်ပြသည်။
" ခြေထောက်ကို မြှောက်ပြီး လျှောက်ကွ"

" ဖိနပ်ကို ရှပ်မတိုက်နဲ့"
" လက်ကိုင်ပ၀ါကြီးကို ခဏခဏ မကိုင်နဲ့လေကွာ"
" လူတွေက မင်းကို အ၀တ်အစားသစ် မ၀တ်ဖူးလို့ ထင်ကုန်လိမ့်မယ်ကွ"
ပင်လယ်ဓားပြက သူ့မိတ်ဆွေများကို လှည့်ကြည့်သည်။ " ခွေးတွေကို ခေါ်သွားရင်လည်း ဖြစ်မှာပါဗျာ၊ ကျုပ် က သူတို့ကို ဘုရားရှိခိုးကျောင်းထဲ မ၀င်နဲ့လို့ ပြောရင် နားထောင်မှာပါ" ဟု ပြောသည်။
သို့သော်လည်း ပီဆာနိုးများက အလျှော့မပေး။ " မခေါ်နဲ့ကွာ" ဟု ဒင်နီက ကန့်ကွက်သည်။ " ဒီကောင်တွေ တစ်နည်းနည်း နဲ့ အထဲဝင်မှာပဲ၊ သူတို့ကို အိမ်မှာပဲထားခဲ့၊ ဘာမှမဖြစ်အောင် ငါတို့ ကြည့်ထားပေးမယ်"

" အဲသလို ထားခဲ့ရင် သူတို့ ကြိုက်မှာမဟုတ်ဘူးဗျ" ဟု ပင်လယ်ဓားကပြက ပြောသည်။ " သူတို့ ပျင်းနေမှာ စိုးရတယ်" သူသည် အခန်းထောင့်ထဲတွင် ခွေနေကြသော ခွေးများကို လှည့်ကြည့်သည်။ " မင်းတို့ ဒီမှာနေခဲ့ကြဟု" လှမ်းပြောသည်။ " ဘုရားရှိခိုးကျောင်းကို မင်းတို့ လိုက်လို့မဖြစ်ဘူး၊ ငါပြန်လာတဲ့အထိ ငါ့မိတ်ဆွေတွေနဲ့ မင်းတို့ နေခဲ့ကြ"။ ထို့နောက် ပင်လယ်ဓားပြသည် အိမ်ထဲမှ ထွက်ကာ တံခါးကို အသာပြန်ပိတ်သည်။ ရုတ်တရက် ချက်ချင်း ခွေးဟောင်သံများနှင့်အတူ အူသံများသည် အိမ်ထဲတွင် သောသောညံ သွားသည်။ သူ့မိတ်ဆွေများ အပေါ်တွင် ယုံကြည်စိတ်ချမှု အပြည့်အ၀ရှိနေပြီဖြစ်သော ပင်လယ်ဓားပြ သည် နောက်ပိုင်းသို့ ပြန်လှည့် မလာတော့ချေ။

လမ်းပေါ်တွင် လျှော်ကလာနေသော ပင်လယ်ဓားပြ၏ စိတ်သည် သူ့ခွေးများ ပါမလာသဖြင့် မလုံမလဲ ဖြစ်နေသည်။ သူ့စိတ်ထဲတွင် အကာအကွယ် မဲ့နေသလိုလို၊ ကိုယ်လုံးတီးကြီး လျှောက်နေရသလို ခံစား နေရသည်။ သူသည် တစ်ယောက်တည်း သွားရ လာရမည်ကို ကြောက်သည်။ သူ တစ်ယောက်တည်း ဆိုလျှင် တစ်ယောက်ယောက် က သူ့ကို ရန်ပြုလိမ့်မည်ဟု ထင်နေသည်။ သို့သော်လည်း သူသည် စိတ်ကိုတင်းကာ ရဲရဲဝံ့ဝံ့ပင် လျှောက်သွားသည်။ မြို့ထဲမှ ဖြတ်၍ မြို့ပြင်ထွက်ကာ ဘုရားရှိခိုးကျောင်းဆီသို့ ဦး တည်လျက်။

သူသည် ဘုရားဝတ်မပြုမီ ထုံးစံအတိုင်း ကျောက်စီရေခွက်ထဲမှ ဘုရားသခင်တော်၏ ရေစင်တော်တွင် လက်ဖြင့် နှစ်၍ နဖူးနှင့်ပခုံး နှစ်ဖက်ကို တို့ကာ ကြက်ခြေခတ် လုပ်လိုက်ပြီးနောက် မယ်တော်မာရီယာ၏ ရုပ်တု ရှေ့တွင် ခဏမျှ ဒူးထောက်ကာ အရိုအသေ ပြုသည်။ ထို့နောက်တွင် ဘုရားရှိခိုးကျောင်းမကြီးထဲသို့ ၀င်ခဲ့သည်။ ဘုရားရှိခိုးကျောင်းထဲတွင် မှောင်မည်းလျက်ရှိ၏။ သို့သော်လည်း စင်မြင့်ထက်ရှိ လက်ဝါးကပ် တိုင်ကြီးတွင် မူ ဖယောင်းတိုင်များ ထွန်းထားသည်။ ဘေးတစ်ဖက် တစ်ချက်ရှိ ရုပ်တုများရှေ့တွင် လည်း ဖယောင်းတိုင် များသည် တလက်လက် လင်းနေကြသည်။

ပင်လယ်ဓားပြသည် လက်ဝါးကပ်တိုင်ကြီးရှေ့၌ ထိုင်ကာ တွေဝေငေးမောနေသည်။ သူ့စိတ်ထဲတွင် မြင့်မြတ် သော ဤအရာသည် သူနှင့် အလွန်အလှမ်းဝေးလှသည်ဟု ထင်နေမိ၏။ သူလို ဆင်းရဲသား ပါမွှား တစ်ယောက် အနေဖြင့် ဘုရားသခင်နှင့် နီးစပ်ရန် မလွယ်ကူဟု တွေးနေမိသည်။ သူ့မျက်လုံးများသည် သူ့ရင် ကို နွေးထွေးသွား စေမည့် အရာ၊ သူ့ကို ကြောက်လန့်သောစိတ် မ၀င်အောင် ပြုလုပ်နိုင်မည့် အရာကို စူးစမ်းရှာဖွေ လျက်ရှိသည်။ စိန့်ဖရန်စစ်ရုပ်တုရှေ့တွင် ရွှေဖယောင်းတိုင်စင် တစ်ခု၊ ထိုစင်ပေါ်၌ တင်ထွန်း ထားသည့် ဖယောင်းတိုင်ကြီးသည် တ၀င်းဝင်း တလက်လက်။
ပင်လယ်ဓားပြ ၏ စိတ်သည် လှုပ်ရှားလျက်ရှိ၏။

လူအများသည် ၀င်ကြ ထွက်ကြနှင့် လှုပ်ရှားလျက်ရှိသည်။ ဘုရားရှိခိုးကျောင်း တံခါးသည် ပိတ်လိုက် ဖွင့်လိုက် နှင့် ရပ်နားနေသည်မရှိ။ ဘုရားဝတ်ပြုပွဲစပြီ။ ပင်လယ်ဓားပြသည် ၀တ်ပြုပွဲအပေါ် အာရုံစူးစိုက်၍မရ။ သူ့မျက်လုံးများသည် သူတော်စင် စိန့်ဖရန်စစ်၏ ရုပ်တု နှင့် ရုပ်တုရှေ့ရှိ ဖယောင်းတိုင် စင်ပေါ်၌ စူးစိုက်လျက် ရှိသည်။ ကြည့်နေရသည်မှာ ကျက်သရေ ရှိလှပါဘိ၏။ သပ္ပာယ်လှဘိ၏။ ဖယောင်းတိုင်စင် ကို လှူခဲ့သူမှာ သူမှ ဟုတ်ပါလေစ။ ပင်လယ်ဓားပြသည် သူ့ကိုယ်သူ မယုံ ကြည် နိုင်လောက်အောင် ဖြစ်လျက်ရှိ၏။  သူလှူထားသော ဖယောင်းတိုင်စင်ကို သူတော်စင် စိန့်ဖရန့်စစ်က နှစ်သက် ပါမည်လား။ သူသည် သံသယ မကင်းသော မျက်လုံးများဖြင့် ရုပ်တု၏ မျက်နှာကို စေ့စေ့စပ်စပ် ကြည့်နေသည်။ ရုပ်တု၏ မျက်နှာသည် မကြာခဏ ပြုံးပြုံးနေသည်ဟု ထင်၏။ အပြုံးမှာ စိတ်ချမ်းမြေ့ သာယာမှု ကို ဖော်ပြသော အပြုံး။

နောက်ဆုံးတွင် ဘုရားဝတ်ပြုပွဲ ပြီးသွားသဖြင့် ဘုန်းတော်ကြီးက ဓမ္မသြ၀ါဒစကား ပြောကြားသည်။ " ယနေ့ ဘုရားရှိခိုးကျောင်း ထဲမှာ အင်မတန် သစ်လွင်တဲ့ အလှတစ်ပါး ပေါက်ဖွားနေတယ်" ဟု ဘုန်းတော်ကြီး ရာမွန် က မိန့်ကြားသည်။" ဒီ ဘုရားရှိခိုးကျောင်းရဲ့ သားသမီးတွေထဲက သားတစ်ယောက်ဟာ သူတော်စင် အရှင်သူမြတ် စိန့်ဖရန်စစ် ရဲ့ ဂုဏ်တော်ကို ပူဇော်တဲ့အနေနဲ့ ရွှေဖယောင်းတိုင် စင်တစ်စင် ကို လှူခဲ့တယ်" ဘုန်းတော်ကြီး က ပင်လယ်ဓားပြ ပြောခဲ့သည့် နေမကောင်းဖြစ်ခဲ့သော ခွေးအကြောင်းကို ပြောပြသည်။ သူ့ မျက်လုံး များသည် တရားနာပရိသတ်၏ အရိပ်အခြည်ကို အကဲခတ်လျက်ရှိ၏။ တချို့က ပြုံးနေကြသည်ကို သူမြင်သွားသည်။

" ဒီ အဖြစ်အပျက်ကလေးဟာ ရယ်စရာကောင်းတယ်လို့ တွက်လို့ မဖြစ်ဘူး" ဟု ပြောသည်။ " စိန့်ဖရန်စစ် ဟာ တိရစ္ဆာန်တွေအပေါ်မှာ မေတ္တာထားရှာတယ်၊ ဒါကြောင့်မို့လည်း သူတို့ကို တရားဟောတော်မူတယ် မဟုတ်လား" ထို့နောက် ဘုန်းတော်ကြီးရာမွန်က ဂတ်ဘီယို၏ ၀ံပုလွေယုတ်ဇာတ်ကြောင်း၊ ချိုးလည်ပြောက် များနှင့် မိုးဆွေငှက်များ ဇာတ်ကြောင်းကို ဟောပြသည်။ ပင်လယ်ဓားပြသည် အံ့အားကြီးသင့်ကာ ဘုန်းတော်ကြီး၏ မျက်နှာကို ငေးကြည့်နေသည်။

ရုတ်တရက် တံခါးဆီမှ ပေါ်လာသော တိုးသံ၊ ဝှေ့သံများ၊ ခွေးဟောင်သံများနှင့် တံခါးကို ကုတ်ခြစ်သံများ။ တံခါး သည် ဖြုန်းခနဲပွင့်သွားပြီး ဖလက်၊ ရူးဒေါ့၊ အင်ရီကွေး။ ပါဂျာရီတို့နှင့် ဆီညော်အလက်သွန်မဆင် တို့သည် ၀ရုန်းသုန်းကား ကဆုန်ပေါက်၍ ၀င်လာကြသည်။ သူတို့သည် နှုတ်သီးများကို အပေါ်သို့ မော့၍ အနံ့ခံပြီး ပင်လယ်ဓားပြ ကိုယ်ပေါ်သို့ ခုန်တက်ကာ တစ်ကိုယ်လုံး နမ်းကြ၊ ရှုပ်ကြ၊ လျှာများနှင့် လျက်ကြ၊ ပါးစပ် များမှလည်း တအင်အင် အော်ကြ။

ဘုန်းတော်ကြီးသည် စကား ဆက်မပြောတော့ဘဲ ရပ်သွားသည်။ တင်းမာသော မျက်နှာထားဖြင့် ပင်လယ်ဓားပြ တို့ကို ကြည့်နေသည်။ ပင်လယ်ဓားပြခမျာ ဘာမှ မတတ်နိုင်တော့ဘဲ ဘုန်းကြီး၏ မျက်နှာကို ထိတ်လန့် ကြောက်ရွံ့စွာဖြင့် ပြန်ကြည့်နေသည်။ မြင့်မြတ်သော နေရာတွင် သူ့ခွေးများကြောင့် ယုတ်ညံ့မှု တစ်ခုကို ကျူးလွန်သည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရလေပြီ။
ထို့နောက် ဘုန်းတော်ကြီး ရာမွန်က ဟက်ဟက်ပက်ပက် ရယ်ချလိုက်သဖြင့် တရားနာ ပရိသတ်ကပါ လိုက် ၍ ရယ်ကြသည်။ " မင်းခွေးတွေကို အပြင်ကို ခေါ်ထုတ်သွား" ဟု သူက လှမ်းပြောသည်။ " ငါတို့ တရားပွဲပြီးချိန် အထိ သူတို့ကို အပြင်က စောင့်ခိုင်းထား"

ပင်လယ်ဓားပြသည် တောင်းပန်တိုးလျှိုသည့် မျက်နှာထားဖြင့် တစ်ချက်မျှ မော့ကြည့်လိုက်ပြီး သူ့ ခွေးများကို ခေါ်ထုတ်သွားသည်။ " မင်းတို့ လုပ်တာ မှားတယ် " ဟု သူ့ခွေးများကို ပြောသည်။ " ငါမင်းတို့ကို စိတ်ဆိုးတယ်၊ မင်းတို့ကြောင့် ငါအရှက်ကွဲရတယ်" ခွေများသည် မြေကြီးပေါ်၌ ၀ပ်ကာ တအင်အင် ညည်းနေကြသည်။ " မင်းတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ငါသိတယ်" ဟု ပင်လယ်ဓားပြက ထပ်ပြောသည်။ " မင်းတို့ ငါ့မိတ်ဆွေတွေကို ကိုက်ပြီး ပြတင်းပေါက်က ခုန်ဆင်းလာတယ်။ ပြီးတော့ ဒီကိုလာတယ်၊ မင်းတို့ဟာ ယုတ်မာ တဲ့ ခွေးတွေပါလား၊ ကဲ အခု ဒီနေရာက ဘယ်မှမသွားနဲ့၊ ဒီနေရာကနေ စောင့်ကြ "

သူသည် စိတ်ညစ် စိတ်ရှုပ်ထွေးစွာဖြင့် ဘုရားရှိခိုးကျောင်းထဲသို့ ပြန်ဝင်သည်။ ယခုအချိန်အထိ အရယ် မရပ်နိုင် ကြသေးပေ တရားနာပရိသတ်က သူ့ကို ၀ိုင်းကြည့်နေကြသည်။ သူသည် ရှက်စိတ်ဖြင့် မွှန်ထူကာ သူ့နေရာသူ ပြန်ထိုင်သည်။

"မရှက်ပါနဲ့" ဟု ဘုန်းတော်ကြီး ရာမွန်က လှမ်းပြောသည်။ " မင်းခွေးတွေက မင်းကိုချစ်တာ၊ မင်းက မင်းခွေးတွေ ကို ချစ်တာဟာ ဒုစရိုက်မှုတစ်ခုမဟုတ်ပါဘူး။ စိန့်ဖရန်စစ်ကလည်း တိရစ္ဆာန်တွေကို ချစ်တာပဲ မဟုတ်လား" ထို့နောက် ဘုန်းတော်ကြီးက သူတော်စင်နှင့် တိရစ္ဆာန်များ၏ ဇာတ်ကြောင်းများကို ထပ်မံ ပြောပြ ပြန်သည်။

ပင်လယ်ဓားပြသည် စိတ်သက်သာရာ ရသွားသည်။ " ဒီစကားတွေကို ခွေးတွေသာ ကြားရင် ၀မ်းသာ ကြမှာပဲ"ဟု တွေးသည်။ တရားပွဲ ပြီးဆုံးသွားချိန်အထိ ဘုန်းတော်ကြီး ဟောပြောလိုက်သော ဇာတ်လမ်း များသည် သူ့နားထဲမှ မထွက်သေး။ အခမ်းအနား ပြီးသွားသည့်အခါ သူသည် ရှေ့ဆုံးမှ ဦးအောင် အပြင်သို့ ထွက်သည်။ သူ့ခွေးများ က သူ့ကို ဆီးကြိုနှုတ်ဆက်နေကြသည်။
" ကဲ လာကြ" ဟု ပင်လယ်ဓားပြကခေးသည်။ " ငါ မင်းတို့ကို ပြောစရာရှိတယ်" သူသည် ထင်းရှူးတောဘက်သို့ ခပ်သုတ်သုတ်သွားသည်။ ခွေးများက သူ့နောက်မှ အပြေးအလွှားလိုက်ကြသည်။ ထင်းရှူးပင်များကြားတွင် လမ်းသွယ်ကဲ့သို့ ဖြစ်နေသော နေရာသို့ ရောက်မှ အပြေးရပ်သည်။

" မင်းတို့ တစ်တွေ ဘုရားရှိခိုးကျောင်းထဲဝင်ပြီး ဘုန်းတော်ကြီးဟောတဲ့ တရားကိုသာ နာရရင် ကောင်းမျာ" ဟု ပြောသည်။ သူသည် အနီးအနားမှ ကျောက်တုံးများကို ကောက်ကာ တစ်လုံးပေါ်တစ်လုံးဆင့်၍ တင်သည်။ " ဟောဒီမှာတွေ့လား၊ ဒါက သူတော်စင် ရုပ်တုကွ" ဟု သူ့ခွေးများကို လှမ်းပြောသည်။ သူသည် တုတ်တစ်ချောင်း ကောက်၍ မြေကြီးပေါ်၌ စိုက်လိုက်သည်။ " ဒီဟာ ကတော့ ဖယောင်းတိုင်စင်ကွ။ စင်ပေါ် မှ ဖယောင်းတိုင် ထွန်းထားတယ် ဆိုပါတော့ကွာ၊ ဟုတ်လား "

သူတို့ ထိုင်နေသော နေရာသည် သစ်ရိပ်များကြောင့် ခပ်မှောင်မှောင် ဖြစ်နေသည်။ လေသည် ထင်းရှူးနံ့ သင်း လျက်ရှိသည်။ ဖြည်းဖြည်းသာသာ တိုက်ခတ်လျက်ရှိသော လေအရှိန်ဖြင့် သစ်ပင်များသည် ယိမ်းနွဲ့လှုပ်ရှားနေ ကြသည်။ ပင်လယ်ဓားပြသည် သူ့ခွေးများဘက် လှည့်၍ အမိန့်ပေးသည်။ " ကဲ လာ အင်ရီကွေး က ဒီနေရာမှာ ထိုင်၊ ရူးဒေါကလည်း ဒီနေရာမှာပဲထိုင်၊ ဖလက်က အငယ်ဆုံးအကောင်ဆိုတော့ သူ့ကို ဒီနေရာ ပေးမှ၊ ပါဂျရီတို ကတော့ ဒီဘက်းမှာထိုင်၊ ဟေ့ကောင် ဆီညော်အလက်သွန်ဆင်၊ မင်းက လှဲမနေနဲ့ဦး"
ပင်လယ်ဓားပြသည် ခွေးများကို နှစ်တန်းခွဲ၍ နေရာချပေးသည်။ နှစ်ကောင်က ရှေ့တန်း၊ သုံးကောင်က နောက် တန်း။

" ငါ မင်းတို့ကို ပြောပြမယ်" ဟု သူက ပြောသည်။ " မင်းတို့ ဘုရားရှိခိုးကျောင်းထဲ ၀င်တာကို ခွင့်လွှတ်လိုက်တယ်။ ဘုန်းတော်ကြီး ရာမွန်က အခု တစ်ကြိမ် ဘုရားရှိခိုးကျောင်းထဲကို မင်းတို့ ၀င်တာဟာ ယုတ်ညံ့အောင် ပြုတာ မဟုတ်ဘူးလို့ ပြောလိုက်တယ်၊ မင်းတို့ကို ထပ်ပြီးပြောစရာ ရှိသေးတယ်၊ သေသေချာချာ နားထောင်ကြ"
ခွေးများသည် သူတို့နေရာတွင် သူတို့ထိုင်ကာ သူတို့သခင် ပြောသမျှကို နားစွင့်နေကြသည်။ ဆီညော်အလက်သွန်မဆင်က အမြီးတနန့်နန့်လုပ်သည်။ " ဒီနေရာဟာ အမြီးနှန့်ဖို့နေရာ မဟုတ်ဘူးကွ" ဟု ပင်လယ်ဓားပြက လှမ်းပြောသည်။ " စိန်ဖရန့်စစ်ကတော့ ခွင့်လွှတ်မှာပါ၊ ဒါပေမယ့် ငါကတော့ ငါ့စကားပြော နေတာကို နားထောင်ရင် အမြီးနန့်တာ မကြိုက်ဘူး၊ ကဲ အားလုံးနားထောင်ကြ၊ ငါ မင်းတို့ကို စိန့်ဖရန်စစ် အကြောင်း ပြောပြမယ်"

ထို့နေ့အဖို့ ပင်လယ်ဓားပြ၏ မှတ်ဥာဏ်များသည် များစွာ ကောင်းလျက်ရှီသည်။ ခွေးများသည် သူပေးထားသော နေရာမှ မရွှေ့။ ခွေးများ၏ မျက်လုံးများသည် သူ့နှုတ်ခမ်းပေါ်၌ စူးစိုက်လျက်ရှိသည်။ သူသည် ဘုန်းတော်ကြီး ဟောပြောလိုက်သည့် ဇာတ်ဝတ္ထုများကို တစ်လုံးမကျန် ပြောပြနေသည်။

သူပြောလိုသမျှ ပြောပြီးသောအခါ သူသည် ခွေးများ၏ အရိပ်အခြေကို တည်ငြိမ်လေးနက်သော မျက်နှာထား ဖြင့် အကဲခတ်သည်။ " သူတော်စင် စိန့်ဖရန်စစ်ဟာ အဲဒီအလုပ်တွေ လုပ်ခဲ့တယ်ကွ" ဟု ပြောသည်။ သစ်ပင်များသည် အော်မြည် ညည်းညူလျက်ရှိကြ၏။ ထင်းရှူးတော တစ်တောလုံး ငြိမ်ဆိတ် နေသည်။
ရုတ်တရက် ပင်လယ်ဓားပြ၏ နောက်မှ အသံတစ်သံ ထွက်လာသည်။ အသံမှာ ခပ်သေးသေး။ ခွေးများက အသံလာရာ ဆီသို့ ဖျတ်ခနဲ မော့ကြည့်လိုက်ကြသည်။ ပင်လယ်ဓားပြကတော့ နောက်သို့ လှည့်မကြည့်ရဲ။ ကြောက်စိတ်ဖြင့် အသာကလေး ငြိမ်နေသည်။ အချိန်အတော်ကြာမျှ ကုန်လွန်သွားသည်။

ထို့နောက် ခွေးများသည် မော့ကြည့်ရာမှ သူတို့ခေါင်းများကို အောက်သို့ ဖျတ်ခနဲ ပြန်ငုံ့လိုက်ကြသည်။ သစ်ပင် ထိပ်များဆီမှ သစ်ရွက်လေတိုးသံများနှင့် ဖြည်းဖြည်းချင်း ရွေ့လျားသွားနေသော နေရောင် အကွက်များ။

ပင်လယ်ဓားပြ သည် အလွန်အမင်း ပျော်ရွှင်မြူးကြွလျက်ရှိသည်။ " မင်းတို့သူ့ကို မြင်လိုက်တယ်မဟုတ်လား " ဟု အော်မေးသည်။ " အဲဒါ သူတော်စင် စိန့်ဖရန့်စစ်ပေါ့၊ သူတော်စင် ကိုယ်ရောင်ပြတာကို မြင်ရင် မင်း တို့ဟာ တကယ့်ခွေးကောင်တွေပဲကွ"
ခွေးများသည် သူတို့ထိုင်နေကြသည့် နေရာများမှ ခုန်ထလာကြသည်။ သူတို့ ပါးစပ်များသည် ဟလျက်။ သူတို့ အမြီးများသည် နှန့်လျက်။
---------------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, January 6, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂၃)

ကျွန်တော် ကျောင်းလှေကားသို့ ရောက်သောအခါ သေနတ်ကိုင် ရဲဘော်နှစ်ဦးက ဆီးတားသည်။
''ရဲဘော်တို့ရာ...ကျုပ်အပေါ်မတက်ပါဘူး။၊ ကိုမြင့်ဦး ကို ခေါ်ပေးစမ်းပါ... သိပ်အရေးကြီးတယ်ဗျ''
''ရဲဘော်နှစ်ဦး သည် ခေတ္တစဉ်းစားသည်။ ထို့နာက် တစ်ဦးက အပေါ်ထပ်သို့ တက်သွားသည်။ မကြာမီ ကိုမြင့်ဦး ဆင်းလာသည်။

''ငယ်လေး ...မင်းဘာလာရှုပ်တာလဲကွ၊ တို့.....ဒီမှာ သိပ်အရေးကြီးနေတယ်''
''ခင်ဗျားထက် အရေးကြီးတာ ကျုပ်က ပြေးစရာရှိတယ်''
ကျွန်တော်သည် ပြောပြောဆိုဆို အိမ်မှပြန်ယူခဲ့သော ပစ္စည်းကို ကိုမြင့်ဦးအား ပြသည်။
ကိုမြင့်ဦး မျက်လုံးပြူးသွားသည်။

''ဟကောင် ငယ်လေး..... ဒါချောကလက်၊ မင်း...ဘယ်ကရသလဲ''
''ဗိုလ်စောလင်း ဆီက..... ''
''ဗိုလ်စောလင်း ဆိုတာ ဘယ်သူလဲ''
ကျွန်တော် က အားရပါးရ ပြုံးလိုက်သည်။

''ကျုပ် အစောကတည်းက ဒါတွေပြောမလို့၊ ခင်ဗျားက ဟန်ကြီးပန်ကြီး လုပ်နေတာကိုး... ''
ကိုမြင့်ဦး ၏ မျက်နှာသည် ပျော့ပျောင်းသွားသည်။
''ကဲပါကွာ.... ငယ်လေးရာ ပြောစမ်းပါ''
''ကျုပ်ပြော ရင် ခင်ဗျားနဲ့အတူ ကျောင်းပေါ်တက်လိုက်ခဲ့ရမလား''
''မင်း သိပ်ဈေးကိုင် တာပဲကွာ..... ''
''ကဲကွာ....ငါကတိပေးတယ်၊ ပြောစမ်း''
ထိုအခါမှ ကျွန်တော်သည် ဗိုလ်စောလင်း နှင့် တွေ့ရပုံ၊ ဦးလေးပုကြီးကို ဆရာတို့နောက် လိုက်ခိုင်းပုံ၊ ဦးလေးပု နှင့် ပြန်တွေ့ပုံတို့ကို ပြောပြသည်။

''အဲဒါ အခုဦးလေးပု ဆရာတို့ကို သွားခေါ်တယ်၊ တော်တော်ကြာ သူတို့ရောက်လာကြ လိမ့်မယ်''
ကိုမြင့်ဦး သည် ကျွန်တော့်ကို ယုံကြည်စိတ်ချသွားပုံရသည်။
''ကောင်းပြီငယ်လေး အပေါ်လိုက်ခဲ့.... ''
ကိုမြင့်ဦး သည် သူ့ရဲဘော်များအား အကျိုးအကြောင်း ရှင်းပြမှာထား၍ ကျွန်တော်နှင့် ကျောင်းပေါ်သို့ တက်ခဲ့ သည်။
ဆရာတော် ကျိန်းစက်သော အခန်း၌ ရွာမှလူကြီးနှစ်ဆယ်ခန့် စုဝေးရောက်နေသည်။ သူကြီးတော့မပါ။

ကျွန်တော်တို့ ၀င်လာသောအခါ ဌာနာပိုင်ကြီးနှင့် အဘမှစ၍ အားလုံး ကျွန်တော့်ကို တအံ့တသြ ကြည့်ကြ သည်။ သို့ရာတွင် ကိုမြင့်ဦး၏ တည်ကြည်သော မျက်နှာကြောင့် မည်သူမျှ မေးခွန်းမထုတ်ကြ။ ဆရာတော် ကသာ ''ကဲ...မောင်မြင့်ဦး လူစုံပြီ၊ ပြောစရာ ရှိတာပြော'' ဟုမိန့်သည်။
ကိုမြင့်ဦး သည် သူ့ဓားကြီးပေါ်၌ လက်တင်၍ စတင်စကားပြောသည်။

''ရွာလူကြီးများခင်ဗျား၊ ကျွန်တော်တို့ ဗမာ့တပ်မတော်ကြီးဟာ ဖက်ဆစ်ဂျပန်တွေကို တော်လှန် တိုက်ခိုက် ဖို့ ဆုံးဖြတ်ပြီးစီးကြောင်းကို ပြောပြချင်ပါတယ်''
နိဒါန်းမပျိုးဘဲ တဲ့တိုးပြောချလိုက်သော ကိုမြင့်ဦး၏စကားကြောင့် လူကြီးအားလုံးမှာ မျက်လုံးပြူး သွားကြ သည်။ ကိုမြင့်ဦးကသာ တည်ငြိမ်စွာဆက်ပြောသည်။
''ကျွန်တော်တို့ဟာ ဘာကြောင့် ဂျပန်ကိုချမယ်ဆိုတာ အထူးရှင်းနေဖို့ မလိုဘူး၊ ဂျပန် ရက်စက်ယုတ်မာ သမျှ ကို ခင်ဗျားတို့အားလုံး သိပြီးဖြစ်တယ်၊ ကျွန်တော် အခုပြောချင်တာက ချပုံချနည်းကိုပဲ ဖြစ်တယ်''

ကျွန်တော်က ဓားကြီးပေါ်လက်တင်၍ ပြောနေသော ကိုမြင့်ဦးကို အားရစွာ ကြည့်နေမိသည်။ ဤစကားများ ကို ကျွန်တော် ကြားချင်သည်မှာ ကြာလှပြီ။ ယခုကြားရလေပြီတကား....။
''ချပုံချနည်း ကလည်း တစ်ခါ ခင်ဗျားတို့အတွက် မဆန်းပါဘူးဗျာ၊ ကျွန်တော်တို့ တပ်မတော်နဲ့ ခင်ဗျားတို့ တိုင်းသူပြည်သား တွေဟာ လက်တွဲပြီး အင်္ဂလိပ်ကို ချခဲ့ဖူးကြသား ပဲ၊ အခုလည်း ဒီနည်းအတိုင်းပဲ၊ ခင်ဗျားတို့ နားလည် တယ် မဟတ်လား... ''
အခန်းတွင်ရှိ သူကြီးများက သဘောပေါက်သွားကြသည်။ ကျွန်တော့်အဘက အားလုံးကိုယ်စားပြော၏။

''ဒါလောက်ဆို ငါတို့နားလည်ပါပြီ မောင်မြင့်ဦးရာ၊ မင်းတို့တပ်မတော်က အတိအကျ တို့ကို ဘာလုပ် ပေးစေချင် သလဲ၊ ဒါပဲပြော.... ''
ကိုမြင့်ဦး ရုတ်တရက် စဉ်းစားသယောင် ငိုင်သွားသည်။ အတန်ကြာမှ သတိကြီးစွာနှင့် ဆိုသည်။

''တစ်နည်းအားဖြင့် ကျွန်တော် အတိအကျ ဘာမှမပြောနိုင်ဘူး၊ တစ်နည်းအားဖြင့် ကျွန်တော်အတိအကျ ပြောနိုင်တယ်၊ ကျွန်တော့်စကားက ရှုပ်ထွေးရင် ခွင့်လွှတ်ပါ၊ ကျွန်တော်တို့တပ်မတော်က ဂျပန်ကိုချမယ်၊ အဲဒါ အတိအကျ ပြောနိုင်တယ်၊ ဘယ်နေ့ ဘယ်အချိန်ချမယ်ဆိုတာ ကျွန်တော်မသိဘူး၊ တစ်ခါ ခင်ဗျားတို့ ဘက် က အလျဉ်းသင့်သလို လူသူရိက္ခာ စသည် တို့ စုဆောင်းထားပါ၊ အစစ အဆင်သင့် ဖြစ်နေပါစေ၊ ဒီထက်ပိုပြီး တိတိကျကျ ကျွန်တော်မပြောတတ်ဘူး၊ အဲ...အတိအကျဆုံး ကျွန်တော် ပြောချင်တာ ရှိတယ်၊ လူတိုင်း ဟာ အမိနိုင်ငံ ကို သစ္စာရှိကြပါ။ လျှို့ဝှက်စွာ စည်းရုံးကြပါ။ နှုတ်လုံကြပါ၊ ဒါပါပဲဗျာ။

ဗိုလ်မြင့်ဦးက စကားကို ဤမျှနှင့်ရပ်၍ ထိုင်သည်။
ရွာသူကြီးများသည် အတန်ကြာခေါင်းချင်းဆိုင် တိုင်ပင်ကြ၏။ ထို့နောက် ကျွန်တော့်အဘ ကကိုယ်စားပြောရပြန်၏။
''တို့အားလုံး နားလည်ပြီ၊ တို့ဘက်နကတော့ စိတ်ချ၊ မင်းတို့တစ်မတော်ကိုလည်း တို့ယုံကြည်တယ်၊ ဒါပေမယ့် ငါတစ်ခုမေးချင်တယ်၊ မင်းသိတဲ့အတိုင်းပဲ၊ ငါလည်းတစ်ချိန်က အင်္ဂလိပ်ကို ခံချဖူးတယ်၊ ဂျပန်ကို ချချင် လို့လည်း လက်ယားနေတာပဲ၊ ခက်တာကတို့မှာ လက်နက်မရှိဘူး၊ မင်းတို့လူငယ်တွေက ပြောမယ်၊ စည်းလုံးမှု ဟာ လက်နက်လို့၊ ဒီစကားဟာ မှန်သင့်သလောက်တော့ မှန်တယ်၊ ဒါပေမယ့် တရားကုန် မမှန် ဘူးကွ၊ ဒီစကားဟာ ဒီတော့ မင်းတို့တပ်က တို့အားလုံး ထချမယ်ဆိုရင် လက်နက်ဘယ်လောက်ပေးနိုင်မလဲ''

ဤအကြိမ်တွင်မူ ကိုမြင့်ဦးသည် အလွန်အတန်ကြာစွာ ငိုင်ကျသွား၏။ ကျွန်တော်ကမူ ကိုမြင့်ဦးအစား အဘ တို့အား ပြောကြားချင်လွန်း၍ ပါးစပ်ယားနေသည်။ သို့ရာတွင် အချက်မကျသေး၍ ငြိမ်နေရသည်။
ကိုမြင့်ဦးက သက်ပြင်းရှိုက်၍ လေအေးနှင့် စကားဆိုသည်။

''အမှန်ဝန်ခံရရင် ကျွန်တော်တို့ ဗမာ့တပ်မတော်မှာ လက်နက်တော့ သိပ်မကောင်းလှဘူး၊ ခင်ဗျားတို့သိတဲ့အတိုင်းပဲ၊ ဂျပန်က ကျွန်တော်တို့ကို မယုံတော့ ဘာမှပုံအပ်မထားဘူး၊ တစ်ခုတော့ရှိတယ်၊ ကမ္ဘာ့ အခြေအနေ အရ ကျွန်တော်တို့မှာ လက်နက်မဲ့တော့ မဟုတ်ဘူး၊ ကုန်ကုန် ပြောမယ် ဗျာ.....တကယ်တန်း ထချကြရင် ၀ါးရုံတောတွေက လက်နက်ဖြစ်ရမယ်၊ ထင်းခုတ်ဓားမတွေက လက်နက် ဖြစ်နေမယ်၊ ပြီးတော့...ကျွန်တော်တို့မှာ တခြားဆက်သွယ်မှုတွေ ရှိတယ်၊ အဲဒါတော့ ငယ်လေးက ပြောပြလိမ့်.....၊ ဟေ့ကောင်ငယ်လေး ...မင်းချောကလက် ထုတ်ပြလိုက်ကွာ''
ထိုအခါကျမှ ဆရာတော်ကစ၍ လူအားလုံးတို့သည် ကျွန်တော့်အား လေးလေးစားစား လှမ်းကြည့်ကြသည်။ ကျွန်တော့် စိတ်ထဲ ၌ ကိုမြင့်ဦးကို အနည်းငယ်အောင့်မိသည်။ ကျွန်တော့်၌ သူကချောကလက် သာ ရှိသည် ထင်သည်။

ကျွန်တော်သည် ကျွန်တော်မစားရက်မသောက်ရက် စုထားသော ချောကလက်ကို အဘလက်တွင်း သို့ ပေးလိုက် သည်။ ချောကလက် ကို ချောကလက်မှန်း သိသောအခါ အားလုံး မျက်လုံးပြေူးသွားကြသည်။ ထိုအခါ ကျွန်တော်သည် ပရိသတ်ရှေ့ မားမားရပ်၍ အကျီင်္အောက်တွင်း၌ ၀ှက်ယူလာသော မောင်းပြန် သေနတ် ကို ဆွဲထုတ်ပြလိုက်သည်။
ဤအကြိမ် တွင်မူ လူကြီးအားလုံး တွင်မက ဗိုလ်မြင့်ဦးပါ မျက်လုံးပြူးသွားသည်။

''ဟကောင်...ငယ်လေး၊ နင်ဒါဘယ်ကရသလဲ..... ''
ဤသို့ ဗိုလ်မြင့်ဦးက မေးသကဲ့သို့ အဘကလည်း....
''လူကလေး ... မင်းဒီခြောက်လုံးပြူး ဘယ်ကရသလဲ'' ဟုမေးသည်။

''အဘ အဲဒါ ခြောက်လုံးပြူး မဟုတ်ဘူးဗျ။ ကျုပ်ဆွဲပစ်လိုက်ရင် တစ်ဒါဇင်ကျော် ထွက်တယ်ဗျ''
ပရိသတ် အားလုံး ကျွန်တော့်အား မယုံရခက် ယုံရခက်ဟန်ဖြင့် ပါးစပ်ပြဲ ကြည့်နေကြသည်။ ကျွန်တော် ကိုယ်တိုင် လည်း သူတို့ကို မည်သို့ယုံအောင်ပြရမည် မသိ။ သေနတ်ထဲရှိ ကုန်အောင်ပစ်ပြလိုက်လျှင်လည်း ရွာလန့်ဦးမည်။

ကြံရာမရသဖြင့် ဟိုကြည့်သည်ကြည့် ကြည့်နေသော ကျွန်တော့်မျက်လုံးများသည် အခန်းပေါက်ဆီသို့ ရောက်သွား၏။ အခန်းပေါက်၌ ဦးလေးပုသည် မျက်စိမှိတ်ကာ ခေါင်းညိတ်ကာ နှင့် ကျွန်တော့်အား အချက် အမျိုးမျိုး ပြနေသည်။
ကျွန်တော်သည် အလွန်ဝမ်းသာသွား၏။ ထို့ကြောင့်လည်း အားရပါးရလှမ်းခေါ်သည်။
''ဦးလေးပု..... ပုတ်သင်ညိုလို ခေါင်းညိတ်ပြမနေနဲ့၊ ဆရာတို့ဘယ်မလဲ၊ ပြီးတော့.... ဗိုလ်စောလင်းကော''
ကျွန်တော် အမေးမဆုံး၊ ဦးလေးပုနောက်မှ ကျွန်တော့်ဆရာသည် ပေါ်လာသည်။ ဆရာ့နောက်မှ မမရှင် ပေါ်လာသည်။ မမရှင်နောက်မှ ကိုအုန်းမောင်နှင့် မခင်သိန်း။ သတို့အားလုံး၏ ပခုံး၌ ကျွန်တော် တွေ့ဖူး သော တစ်တောင်ကျော်ကျော် သေနတ်တို ကလေးများကို လွယ်ထားကြသည်။

ကျွန်တော်က ဆရာ့ကို ပြေး၍ဖက်သည်။ ထို့နောက် မမရှင်ကိုဖက်သည်။ မမရှင်၏ ၀တ်စားထားပုံမှာ ကြမ်းတမ်းသည်။ မိန်းမချောတန်မဲ့ သေနတ်လွယ်ထားသည်မှာ ခက်တရော်နေ၏။ သို့ရာတွင် ကျွန်တော့်ခေါင်းကိုပွတ်သော မမရှင်၏လက်မှာ ခါတိုင်းကဲ့သို့ပင် နူးညံ့ပေသည်။ ကျွန်တော့်ကိုပြောသော မမရှင်၏ အသံမှာလည်း ခါတိုင်းကဲ့သို့ပင် နူးညံ့နေပါသည်။
''ငယ်လေးရယ်....တို့ပြန်လာပါပြီ၊ မမရှင်တို့ ပြန်လာပါပြီ၊ ဒီတစ်ခါတော့ ဆရာနဲ့ မမရှင် ငယ်လေးနဲ့ ငယ်လေးတို့ရွာကို ဘယ်တော့်မှ စွန့်မသွားတော့ဘူး''
ကိုမြင့်ဦးသည် ကျွန်တော့်ထံချဉ်းကပ်ကာ ဆရာကလည်း ကျွန်တော့်ကို ယုယပွေ့သည်။ မည်သူမျှ စကားမဆိုနိုင်၊ အတန်ကြာမှ ကျွန်တော့်ဆရာက ထိုစဉ်အချိန်၌ ကျွန်တော်နားမလည်ခဲ့သော စကားတစ်ရပ်ကို ဆိုလေသည်။

''သန့်ဇင်...ငါတပည့် ...မင်းက တော်လှန်ရေးသမားကြီး ဖြစ်နေပါပြီကော''
တော်လှန်ရေး....တော်လှန်ရေး....ဤစကားအဓိပ္ပာယ်ကို အတိအကျ ကျွန်တော်မသိ။ မည်သို့ဖြစ်စေ။ ကျွန်တော်ဆရာသည် မှန်သောစကားကို အစဉ်ဆိုတတ်သည်။ ယခုလည်း မှန်ရမည်။ ဤသို့ဆိုပြန်သော် ..
ကျွန်တော်သည် တော်လှန်ရေးသမားကြီးပါတကား။
(၁၄)
တော်လှန်ရေး

ဆရာပြောသော တော်လှန်ရေးဆိုသည့်စကားကို ထိုစဉ်နွေဦး၌ ကျွန်တော် တစ်သက်မမေ့ နိုင်အောင် နားလည်ခဲ့ရသည်။ ဤမမေ့နိုင်သော တော်လှန်ရေးကာလ တစ်နွေဦး၏ ဇာတ် လမ်းကို ကျွန်တော် အပြောပြချင်ဆုံး ဖြစ်သည်။ ကျွန်တော်အပြောပြချင်ဆုံး ဤဇာတ်လမ်း သည်ပင် ကျွန်တော့်ရင်ကို ယခုတိုင် နာကျင်စေသည်။

ထိုတစ်ည အစည်းအဝေးပြီးနောက် ကျွန်တော်တို့ရွာမှာ အလုပ်များကြသည်။ အလုပ်များ ကြသည်ဆိုရာတွင် ခြပုရွက်များကဲ့သို့ သိုသိုသိပ်သိပ် ဆိတ်ဆိတ်ငြိမ်ငြိမ် အလုပ်များကြ ခြင်းဖြစ်သည်။
တလင်းအမြန်နယ်၍ စပါးတို့ကို ကျီ၌ဖြည့်ကြသည်။ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်စသည့် အခြားရိက္ခာများကိုလည်း စုကြသည်။ ငါးပိငါးခြောက်၊ အမဲခြောက်တို့ကိုလည်း တတ်နိုင် သမျှ လှောင်ကြသည်။
တစ်ဖက်၌လည်း နှစ်ဖက်ချွန်၊ ၀ါးချွန်၊ ဒူးလေး၊ ဆိတ်လူးမြားစသော အိမ်တွင်းဖြစ် လက်နက်များကို လူတိုင်းကိုယ်စီကိုယ်ငှ လုပ်ကြသည်။ ငါးကပ်၊ သဲအိတ်၊ ရေပုံးဟူသည့် မီးဘေးကာကွယ်ရေး ပစ္စည်းများ ကိုလည်း အဆင်သင့် လုံလောက်နေကြသည်။ နွားစည်း ရိုးကိုလည်း အခိုင်အမာရှိအောင် ပြင်ဆင်ကြ၍ ရွာပြင် စည်းရိုးတစ်လျှောက် ဆူးခက်များချ ပြီး ညှောင့်များထောင်ကြသည်။

လျှို့ဝှက်သော မလွယ်ပေါက်များမှလွဲ၍ ရွာဝင်ရွာထွက် တံခါးနှစ်ခုသာ ထားသည်။ ဤတံခါးမှာလည်း လူငါးယောက်နှင့် ဖွင့်မှ-ပိတ်မှရသည့် လေးလံခိုင်မာသော တံခါးများဖြစ်ကြသည်။
ဆရာနှင့် မမရှင်သည် ထိုညပြီးနောက် ပြန်ပျောက်သွားကြပြန်သည်။ ဦးလေးပုကြီးသည် သူတို့နှင့်ပါသွား၏။ ဗိုလ်မြင့်ဦးနှင့် ရဲဘောများလည်း ပြန်သွားကြသည်။
အဘနှင့် ရွာလူကြီးများသာ အစစ ဦးစီးလုပ်ကိုင်နေကြသည်။ သူတို့သည် ရွာ၌သာ အလုပ်များ ကြသည်မဟုတ်။ မြို့ရှိဌာနာပိုင်ကြီးနှင့် အာရှလူငယ် ခေါင်းဆောင်များထံလည်း မကြာခဏ သွားကြသည်။ အနီးအနားရှိ ရွာများဆီသို့လည်း ညဥ့်အိပ်ညဥ့်နေ လှည့်လည်သွားကြသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၄)

၁၂
ဒင်နီ၏ သူငယ်ချင်းများက ပင်လယ်ဓားပြအား သူ့အဓိဋ္ဌာန်ကို စောင့်ထိန်းနိုင်ရန် ၀ိုင်းဝန်း ကူညီကြခြင်း၊ ပင်လယ်ဓားပြ၏ ခွေးများသည် ကောင်းမြတ်သော အတိတ်နိမိတ်တစ်ခုကို မြင်ကြခြင်း

နေ့စဉ် မွန်းလွဲပိုင်းအချိန်တွင် ပင်လယ်ဓားပြသည် သူ့လက်တွန်းလှည်းအလွတ်ကို တွန်း၍ တောင်ကုန်း ပေါ် တက်ကာ ဒင်နီ ၏ ခြံတွင်းသို့ ၀င်သည်။ လက်တွန်းလှည်းကို ခြံဝင်းတိုင်၌ မှီ၍ထောင်ကာ ဂုန်နီ အိတ်ဟောင်း နှင့် အုပ်သည်။ ထို့နောက် သူ့ ရဲတင်းကို မြေကြီးထဲမြှုပ်သည်။ ပုဆိန်ကို မြေကြီးထဲထားလျှင် ရဲတင်းသွား များကို ပို၍ထက်စေသည်ဟု လူအများက ပြောကြ၍ ဖြစ်၏။ ထိုကိစ္စ ပြီးစီးသောအခါ အိမ်ထဲသို့ ၀င် သွားပြီး သူ့လည်ပင်း၌ ကြိုးနှင့် ဆွဲထားသော ရှုံ့ကြိုးနှင့် အိတ်ကို ဖွင့်ကာ ထင်းရောင်း၍ရသော ငွေနှစ်ဆယ့် ငါးဆင့်ပြား ကို ထုတ်၍ ဒင်နီ့လက်သို့ ပေးဆပ်သည်။

ထိုအခါ ဒင်နီ က ပင်လယ်ဓားပြနှင့် သူ့သူငယ်ချင်းများကို ခေါ်၍ အိပ်ခန်းထဲ ၀င်သည်။ သူ့ခေါင်းအုံး အောက် မှ ငွေအိတ်ကို ဖွင့်၍ နှစ်ဆယ့်ငါးဆင့်ပြားကို ထည့်သည်။ ဤ လုပ်ငန်းစဉ်မှာ နေ့စဉ်နေ့တိုင်း နိစ္စဓူဝ လုပ်ရ သော အလုပ်ဖြစ်၏။ ဤ လုပ်ငန်းကို မှန်မှန် လုပ်လာခဲ့သည် အချိန် ကာလသည် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

အချိန်ကာလ ကြာလာသည်နှင့်အမျှ ငွေအိတ်သည် အချင်းချင်း ခင်မင်ရင်းနှီးမှုကို ဖော်ပြသည့် အထိမ်းအမှတ် လက္ခဏာတစ်ရပ်သဖွယ် ဖြစ်လာသည်။ အချင်းချင်း ယုံကြည်မှု စိတ်ချမှု၏ သင်္ကေတတစ်ခု ဖြစ်လာ သည်။ သူတို့အားလုံး ထိုငွေကို အကြောင်းပြု၍ ဂုဏ်ယူကြသည်။ သူတို့အနေဖြင့် ထိုငွေအပေါ်တွင် လောဘစိတ် မထား၊ စိတ်ကို သန့်ရှင်းစွာ ထားနိုင်ခဲ့ကြသည်။ ထို့ကြောင့်လည်း သူတို့သည် သူတို့၏ စိတ်ဓာတ် လက္ခဏာ အတွက် သူတို့ကိုယ်သူတို့ လေးစားခြင်း ဖြစ်ခဲ့ကြသည်။

လူတစ်ယောက် ကို စိတ်ချရသည်ဟူသော လက္ခဏာ သည် အလွန်ကောင်းမြတ်သော အရည်အသွေး တစ်ရပ် ဖြစ်သည်ဟု သူတို့ ယူဆကြသည်။ ဤငွေနှင့် ပတ်သက်၍ သူတို့ စိတ်ထဲတွင် ရကောင်းစေဟူသော စိတ်မျိုး မထားသည် မှာ ကြာခဲ့ပြီ။ ဤငွေကို မေ့မေ့ပျောက် ပျောက် ဖြစ်သွားသည်မျာလည်း ကြာသွားပြီ။ တစ်ချိန်သော အခါ ကမူ ဤငွေနှင့် ၀ယ်လျှင် ၀ိုင်မည်မျှရမည်ကို ချင့်တွက်ခန့်မှန်းပြီး မသုံးထိုက်ဟူသော အခြေခံ သဘောတရားကို နားလည်သည့် အချိန်မှစ၍ ထိုငွေအပေါ်တွင် တွယ်တာခြင်း မရှိခဲ့တော့ပေ။ တကယ်တော့ ဤငွေထုပ်သည် ရွှေဖယောင်းတိုင် စင်တစ်ခု ၀ယ်ရန်ဖြစ်၏။ ထိုရွှေ ဖယောင်းတိုင် စင်ကို ပိုင်ဆိုင် မည့် ပုဂ္ဂိုလ်မှာ သူတော်စင် စိန့်ဖရန်စစ် ဖြစ်၏။

သို့ဖြစ်ရာ ဤငွေထုပ် အပေါ်၌ မြစ်မှား၍ မဖြစ်ဟု သူတို့အားလုံးက ခံယူကြလေသည်။
တစ်ညနေခင်း တွင် သတင်းတစ်ခု ရောက်လာသည်။ ပင်လယ်ကမ်းခြေတစ်နေရာ၌ ချထားသော ကမ်းစောင့် တပ်ဖွဲ့ သင်္ဘောကလေးသည် ကာမဲလ်ဘက်သို့ ပြောင်းသွားပြီဟူသော သတင်းဖြစ်၏။ ထိုသတင်း ရချိန် တွင် ကောင်ကြီးဂျိုးမှာ သူ့ကိစ္စနှင့်သူ အဝေး သို့ ရောက်နေခိုက် ဖြစ်သည်။ ဒင်နီ၊ ပက်ဘလို၊ ပီလွန်၊ ဂျီးဆပ်စ်မေရီယာ၊ ပင်လယ်ဓားပြနှင့် သူ့ခွေးများသည် ကမ်းစောင့်တပ်ဖွဲ့ စခန်းချ သွားခဲ့ သည့် နေရာ သို့ တပျော် တပါး ထွက်လာခဲ့ကြသည်။

ကမ်းစောင့်တပ်ဖွဲ့ နေရာပြောင်းသွားသည့်အခါ နေရာဟောင်းတွင် သူတို့အတွက် အသုံးဝင်မည့် ပစ္စည်း အဟောင်း အတိုအထွာများ ကျန်နေခဲ့တတ်၏။ ယင်းပစ္စည်းများကို ရှာဖွေ ကောက်ယူရ သည်။ သူငယ်ချင်း တစ်သိုက် သည် ပင်လယ်ကမ်းစပ်တွင် ဟိုဘက်ပြေးလိုက် သည်ဘက်ပြေးလိုက်နှင့် တစ်ည လုံး အလုပ်ရှုပ် နေကြသည်။ အသားနှင့် သစ်သီးစည်သွတ်ဘူးများ၊ ဂျက်ကက်အင်္ကျိဟောင်း နှစ်ထည်။ ရေစည် ပိုင်း တစ်လုံး နှင့် မက်ရှင်းဂန်း သေနတ်အပျက်ကြီး တစ်လက် စသည်ဖြင့် ပစ္စည်းအမျိုးပေါင်း အမြောက်အမြားကို အစုလိုက် အပုံလိုက် ရကြသည်။ နံနက် လင်းသောအခါ သူတို့ ကောက်ယူရရှိသည့် ပစ္စည်းပုံမှာ အတော် ကြီးကြီး မားမား ဖြစ်နေခဲ့လေပြီ။

သူတို့လူစု ပစ္စည်းအတိုအထွာများ ရှာဖွေကောက်ယူရနေသမျှကို ဘေးမှ ရပ်ကြည့်နေသော လူတစ်စုတည်း မှ တစ်ဦးက သူတို့ပစ္စည်းအားလုံးကို ငါးဒေါ်လာပေးသဖြင့် ချက်ချင်း ရောင်းပစ်လိုက်ကြသည်။ ဤပစ္စည်း များကို ခြောက်မိုင်မျှ ကွာဝေးသော တော်တီလာဖလက် ရပ်ကွက်သို့ တောင်ကုန်းလမ်းအတိုင်း သယ်ယူ သွားရ မည့် အလုပ် မှာ သူတို့အဖို့ မလွယ်ကူသော အလုပ်တစ်ခု ဖြစ်နေသည်မဟုတ်ပါလော။

သတို့နှင့် အတူလိုက်လာပြီး ပစ္စည်းကောက်နေရသဖြင့် ပင်လယ်ဓားပြသည် ထင်းခွေ ထင်းရောင်း ပျက်ခဲ့ရ၏။ ထို့ကြောင့် ဒင်နီက ပင်လယ်ဓားပြကို သူရနေကျ နှစ်ဆယ့်ဆင့်တစ်ပြား လုပ်ခအဖြစ် ပေးသည်။ ပင်လယ်ဓားပြ က သူ့လည်ပင်း၌ ဆွဲထားသည့် ရှုံ့ကြိုးအိတ်လေးထဲသို့ ထည့်၍ သိမ်းဆည်းသည်။ ထို့နောက် သူတို့သည် မော မောပန်းပန်းဖြင့် ပြန်လာခဲ့ကြသည်။ ပင်ပန်းနွမ်းနယ်လျက်ရှိကြသည်ဟု ဆိုရသော်လည်း စိတ်ကတော့ ပျော်ရွှင် မြူးတူးနေကြသည်။ သူတို့သည် မွန်ထရေးမြို့ဘက်သို့ စီတန်း၍ ပြန်လာခဲ့ကြ လေသည်။

အိမ်သို့ ပြန်ရောက်ကြသည့်အခါ မွန်းလွဲနေလေပြီ။ ပင်လယ်ဓားပြက သူ လုပ်နေကျအတိုင်း လည်ပင်းမှ အိတ် ၏ ရှုံ့ကြိုးကိုဖြေ၍ အထဲမှ နှစ်ဆယ့်ငါးဆင့်စေ့ကို ထုတ်ကာ ဒင်နီ၏ လက်သို့ အပ်သည်။ အားလုံး အိပ်ခန်း ထဲ သို့ ၀င်ခဲ့ကြသည်။ ဒင်နီက သူ့လက်ကို သူ့ခေါင်းအုံးအောက်သို့ ထိုးနှိုက်သည်။ သူ့လက်သည် ချက်ချင်း ပြန်ထွက်လာသည်။ လက်ထဲတွင် ဘာမှပါမလာ၊ သူသည် ခေါင်းအုံးကို ဆွဲဖယ်ပစ်သည်။ မွေ့ရာကို လှန် ပစ်သည်။

ထို့နောက် သူ့ သူငယ်ချင်းများဘက်သို့ လှည့်ကြည့်သည်။ သူ့မျက်လုံးများသည် ကျားနာတစ်ကောင်၏ မျက်လုံးများ သဖွယ် ကြောက်စရာကောင်းလှ၏။ သူသည် တစ်ယောက်စီကို စေ့စေ့စပ်စပ် လိုက်ကြည့် လျက်ရှိသည်။ လူတိုင်း၏ မျက်နှာတွင် ထိန့်လန့်ခြင်း၊ အံ့သြခြင်းနှင့် ဒေါသဖြစ်ခြင်းတို့ ပေါင်းစပ်ဖွဲ့စည်း ထားသည့် အရိပ်လက္ခဏာကို တွေ့မြင်ရသည်။
" ကဲ ဘယ်လိုလဲ " ဟု ဒင်နီက စကားစသည်။ ပင်လယ်ဓားပြ ကတော့ ရှိုက်ကြီးတငင် ငိုချလိုက်သည်။ ဒင်နီ က ပင်လယ်ဓားပြ၏ ပခုံးကို ဖက်ထားသည်။ " မငိုပါနဲ့ သူငယ်ချင်းရယ်" ဟု ပြောသည်။ " မင်းငွေကို ပြန်ရမှာ ပါကွာ"

အားလုံး အခန်းထဲမှ ငြိမ်သက်စွာ ပြန်ထွက်လာကြသည်။ ဒင်နီသည် ခြံဝင်းထဲသို့ ဆင်းသွားပြီး အရှည် သုံးပေ ခန့် ရှိသော ထင်းရှူးသားကြီး တစ်ချောင်းကို ကောက်ကာ လွှဲလွှဲပြီး ရိုက်ကြည့်သည်။ ပက်ဘလို က မီးဖိုခန်းထဲ ၀င်သွားပြီး ပြန်ထွက်လာသောအခါ သံစည်ကြီးများ ဖွင့်သည့် ဓားကောက်ကြီး ကိုင်လာ သည်။ ဂျီးဆပ်စ်မေရီယာ သည် အိမ်အောက်မှ ပေါက်ချွန်းကြီးကို ဆွဲထုတ်လာသည်။ ပင်လယ်ဓားပြ သည်သူတို့ လုပ်ကိုင် နေပုံများကို နားမလည်သဖြင့် အလွန်စိတ်ညစ်စိတ်ရှုပ်နေသည့် မျက်နှာထားဖြင့် ကြည့်နေ သည်။ သူတို့ အားလုံး အိမ်ထဲ ပြန်ဝင်ကာ ပြန်ထိုင်ကြသည်။
ပင်လယ်ဓားပြ က တောင်ကုန်းအောက်ဘက်သို့ လက်ညှိုးထိုးပြပြီး "သူလား"ဟု မေးသည်။

ဒင်နီက ခေါင်းကို ခပ်ဖြည်းဖြည်း ညိတ်ပြသည်။ သူ့မျက်လုံးများ၏ အကြည့်မှာ ကြောက်စရာကောင်းလှ၏။ ကုလားထိုင်ပေါ် ၌ ထိုင်နေသော သူ့တစ်ကိုယ်လုံးသည် တလှုပ်လှုပ်၊ ပေါက်လိုက်ရန် ဟန်ပြင်နေသည့် မြွေတစ် ကောင် နှင့်တူသည်။
ပင်လယ်ဓားပြ သည် ခြံဝင်းထဲသို့ ဆင်းကာ သူ့ ရဲတင်းကို ပြန်ဖော်ပြီး ယူလာသည်။

သူတို့သည် နာရီပေါင်းများစွာကြာမျှ ထိုင်နေကြသည်။ စကားလည်း တစ်ခွန်းမျှ မပြော၊ သွေးအေးအေးဖြင့် ထွက်နေသော ဒေါသရှိန် သည် တက်နေဆဲ၊ အိမ်ထဲ၌ ရှိနေသည့် အခြေအနေသည် မီးစွဲနေသော စနက်တံ ကုန်၍ ဒိုင်းနမိုက် ထပေါက်လျှင် ကွဲအက်လွင့်စဉ်သွားရန် အသင့်ပြင်ထားသည့် ကျောက်တုံးကြီးတစ် တုံး၏ အခြေအနေ မျိုး ဖြစ်လေသည်။

မွန်းလွဲပိုင်းသည် ကုန်ဆုံးသွားသည်။ တောင်စွယ်တွင် နေကွယ်ပြီ၊ တော်တီလာဖလက် ရပ်ကွက်တစ်ခုလုံး ငြိမ်ဆိတ် လျက်ရှိသည်။ အိမ်ဘက်သို့ လျှောက်လာနေသည့် သူ့ခြေသံများကို သူတို့အားလုံး ကြားကြသည်။ သူ တို့ လက်များသည် လက်နက်များကို တအားဆုပ်ကိုင်ထားကြသည်။ ကောင်ကြီးဂျိုးသည် ဒယိမ်း ဒယိုင် ဖြင့် အိမ်ရှေ့တံခါးဝမှ ၀င်လာသည်။ လက်ထဲတွင် ၀ိုင်တစ်ဂါလန်တစ်ပုံး ဆွဲလျက်။ သူ့မျက်လုံးများသည် သူငယ်ချင်း အားလုံး၏ မျက်နှာများကို လိုက်ကြည့်သည်။ သူ့ သူငယ်ချင်းများကတော့ သူ့ကို ပြန်မကြည့်။ သူတို့နေရာ တွင် မလှုပ်မယှက် ထိုင်နေသည်။
" ဟယ်လို " ဟု ကောင်ကြီးဂျိုးက နှုတ်ဆက်သည်။

" ဟယ်လို" ဟု ဒင်နီက တုံ့ပြန်သည်။ ပြီးတော့ ထရပ်သည်။ သူသည် ကောင်ကြီးဂျိုး၏ မျက်နှာကို မကြည့်၊ အနီး သို့လည်း မလာ၊ သူ့ဘေးမှ ဖြတ်လျှောက်သွားမည့် ဟန်မျိုးဖြင့် လျှောက်လာသည်။ ဘေးချင်း ယှဉ်မိသော အခါ သူသည် လက်ထဲမှ ထင်းရှူးသားတုတ်ဖြင့်လွဲ၍ရိုက်သည်။ ရိုက်ချက်သည် ကောင်ကြီး ဂျိုး ၏ နောက်စေ့ပေါ် သို့ကျလာသည်။ ကောင်ကြီးဂျိုးသည် ဗိုင်းခနဲလဲကျကာ သတိလစ်သွားလေသည်။

ဒင်နီက သူ့အိတ်ထဲမှ ကြိုးတစ်ချောင်းကိုယူကာ ကောင်ကြီးဂျိုး၏ လက်နှစ်ဖက်ကို ပူး၍ချည်သည်။ " ရေပေးကွာ" ဟု သူ့လူများဘက်လှည့်၍ ပြောသည်။
ပက်ဘလိုက ရေတစ်ပုံး ဆွဲယူလာပြီး ကောင်ကြီးဂျိုး၏ မျက်နှာကို တအားကုန်ဆောင့်၍ ပက်လိုက်သည်။ ကောင်ကြီးဂျိုး သည် ခေါင်းကိုမော့ကာ ကြက်ဖတစ်ကောင် လည်တံဆန့်သလို သူ့လည်ပင်း ကို ဆန့်လိုက်သည်။ သူသည် မျက်လုံးများကို ဖွင့်ကာ သူငယ်ချင်းများကို ငေးတိငေးကြောင် ကြည့်နေသည်။ အားလုံး က သူ့ကို စကားမပြော။

ဒင်နီသည် လက်ထဲမှ တုတ်ကို ဂေါက်ရိုက်သမားတစ်ဦး ဂေါက်တံဖြင့် ဂေါက်သီးရိုက်ရန် ဆ၍ ဆ၍ ချိန်နေသည့် နှယ် ဆ၍ ဆ၍ ချိန်နေသည်။ သူ့တုတ်သည် ကောင်ကြီးဂျိုး၏ ပခုံးပေါ်သို့ ကျလာသည်။ ထို့ နောက် ကျန်လူစုက သွေးအေးအေးဖြင့် စနစ်တကျ ထုကြထောင်းကြရိုက်ကြ နှက်ကြသည်။ ဂျီးဆပ်စ်မေရီယာ က ခြေထောက်များကို တာဝန်ယူ၍ ဒင်နီက ပခုံးနှင့် ရင်ဘတ်ကို တာဝန်ယူသည်။ ကောင်ကြီးဂျိုး သည် ကြမ်းပြင်ပေါ်တွင် ဟိုလူးသည်လိမ့် ဖြစ်လျက်ရှိသည်။ သူတို့သည် ကောင်ကြီးဂျိုး၏ တစ်ကိုယ်လုံး ကို နှံ့နှံ့စပ်စပ် ဖြစ်အောင် အကွက်ချ၍ ရိုက်သည်။ ပင်လယ်ဓားပြသည် သူ့ရဲတင်းကိုင်ကာ ဘာမှ ၀င်မလုပ်နိုင်ဘဲ အသာပင် ရပ်ကြည့်နေရလေသည်။

နောက်ဆုံးတွင် ကောင်ကြီးဂျိုး၏ ခန္ဓာကိုယ် ရှေ့ပိုင်း တစ်ပိုင်းလုံးကို အားရအောင် ရိုက်နှက်ပြီးသော် ရပ်လိုက် ကြသည်။ ပက်ဘလို က ကောင်ကြီးဂျိုး၏ ဘေးတွင် ဒူးထောက်၍ထိုင်ကာ လက်ထဲမှာ ဓားကောက်ကြီးဖြင့် ကောင်ကြီးဂျိုး၏ ဦးခေါင်းကို ကြိတ်၍ လှီးလိုက်တော့မည့် ပုံစံဖြင့် ချိန်ထားသည်။ ပီလွန် က ကောင်ကြီးဂျိုး၏ ဖိနပ်နှစ်ဖက်ကို ဆွဲချွတ်ပြီး ထပ်၍ ရိုက်ရန် တုတ်ကို ကောက်ကိုင်သည်။
ကောင်ကြီးဂျိုး သည် ကြောက်လန့်တကြားအော်သည်။ " အိမ်ရှေ့တံခါးဝဘေးမှာ မြှုပ်ထားတယ်"ဟု ပြော သည်။ " ငါ့ကို သနားကြပါကွာ၊ မသတ်ကြပါနဲ့"
ဒင်နီ နှင့် ပီလွန် တို့သည် အပြင်သို့ ထွက်သွားကြသည်။ မိနစ်အနည်းငယ်မျှအတွင်း ငွေအိတ်ကို ဆွဲ၍ ပြန်ရောက် လာကြသည်။ " ဒီအထဲက မင်းဘယ်လောက် ယူသုံးထားသလဲ" ဟု ဒင်နီက မေးသည်။ သူ့အသံ တွင် ဒေါသမပြေသေးသည့် အရိပ်အငွေ့ ပါနေဆဲ။

" လေးဒေါ်လာတည်းပါ၊ ဘုရားစူးပါစေရဲ့၊ လေးဒေါ်လာတည်း ယူသုံးရပါသေးတယ်၊ ငါ အလုပ်လုပ်ပြီး အဲဒီ လေး ဒေါ်လာ ပြန်ထည့်ပါ့မယ်"
ဒင်နီက ကောင်ကြီးဂျိုး ကို လက်မောင်းမှ ဆွဲကိုင်ကာ အလျားမှောက် ဖြစ်သွားအောင် လှိမ့်၍ တွန်း လိုက်သည်။ ထို့နောက် အားလုံးက ကောင်ကြီးဂျိုး၏ ကျောပြင်ကို တစ်ယောက်တစ်ချက် ထိုးကြ ရိုက်ကြပြန်သည်။ အော်သံ များသည် ပထမတွင် ကျယ်လောင် စူးရှသော်လည်း တဖြည်းဖြည်း တိမ်ဝင်ကာ နောက်ဆုံး တွင် ပျောက်သွား သည်။ ကောင်ကြီးဂျိုးသည် ဒုတိယအကြိမ် သတိလစ်သွားပြန်လေပြီ။

ထိုအခါကျမှပင် သူတို့သည် အရိုက်ရပ်ကြသည်။ ထို့နောက် ပီလွန်က ကောင်ကြီးဂျိုး၏ အပြာရောင် ရှပ်အင်္ကျီနှစ်ခြမ်းကွဲသွားအောင် ဆွဲဆုတ် လိုက်သည်။ ထုရိုက်ထားသဖြင့် ပျော့အိအိဖြစ်နေသော ကျောပြင် သည် ပေါ်လာသည်။ ထိုအခါ သူ့လက်ထဲမှ ဓားကောက်အချွန်ဖြင့် ကြက်ခြေခတ်အမှတ်အသားတစ်ခု ခြစ်လိုက်သည်။ ဓားရာတစ်လျှောက်မှ သွေးများ စိမ့် ထွက်လာသည်။ ပက်ဘလိုက ဆားလက်တစ်ဆုပ် သွားယူပြီး ဓားနှင့် ခြစ်ထားသည့် အရာပေါ် လျှောက်၍ သိပ် ပေးသည်။ နောက်ဆုံးတွင် ဒင်နီက သတိလစ်နေသော ကောင်ကြီးဂျိုး ကိုယ်ပေါ်သို့ သူ့စောင်တစ်ထည်ဖြင့် ခြုံ ပေးလိုက်လေသည်။

" အခုဆိုရင်တော့ ဒီကောင် မှတ်လောက်ပါပြီ၊ နောက်ဆိုရင် ရိုးသားဖြောင့်မတ်သွားလိမ့်မယ်လို့ ငါ ထင်တယ်" ဟု ဒင်နီက ပြောသည်။
" ငါတို့ ငွေတွေကို ရေကြည့်ရင် ကောင်းမယ်" ဟု ပီလွန်က အကြံပေးသည်။ " ဒီငွေတွေ ရေတွက် မကြည့်တာ လည်း ကြာပြီမဟုတ်လား" သူတို့သည် ကောင်ကြီးဂျိုးနှင့်ပါလာသည့် ၀ိုင်အဖုံးကို ဖွင့်ကာ ပုလင်း ထဲ ပြောင်းထည့်ပြီး တစ်ယောက်တစ်လှည့် သောက်ကြသည်။ သူတို့အားလုံး အလုပ်ကြီးတစ်ခု လုပ်လိုက် ရသဖြင့် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေကြပြီမဟုတ်ပါလား။

ထိုပနောက် သူတို့သည် နှစ်ဆယ့်ငါးဆင့်စေ့များကို ဆယ်စေ့စီပုံ၍ ရေတွက်ကြသည်။ အလွန် စိတ်လှုပ်ရှား စွာဖြင့် နောက်တစ်ကြိမ်ထပ်၍ ရေပြန်သည်။ " ဟေ့ကောင် ပင်လယ်ဓားပြ" ဟု ဒင်နီက အလန့် တကြား ထအော်သည်။ " မင်းငွေက တစ်ထောင်ကျော်နေပြီဟ၊ ခုနစ်ဒေါ်လာတောင် ပိုနေသေးတယ်၊ မင်း သူတော်စင် စိန့်ဖရန်စစ် အတွက် ရွှေဖယောင်းတိုင် ၀ယ်လို့ ဖြစ်ပြီကွ"
ပင်လယ်ဓားပြသည် သူ့ွေေးများနှင့်အတူ သူ့နေရာသို့ သွားထိုင်သည်။ သူ့ခေါင်းကို သူ့ခွေး ဖလက်၏ ကိုယ်ပေါ် တင်ကာ ၀မ်းနည်းပက်လက် ငိုကြွေးသည်။ သခင်ငိုသောအခါ သူ့ခွေးများသည် ဂနာမြိငိမ် ဖြစ်လာကြ သည်။ တချို့က နှာခေါင်းများဖြင့် ထိုးကြသည်။ ဖလက်ကတော့ သူ့သခင် ခေါင်းတင်ထားသဖြင့် ငြိမ်နေသည်။

ဒင်နီက ငွေအားလုံးကို အိတ်ထဲသို့ ပြန်ထည့်ပြီး ငွေအိတ်ကို သူ့ခေါင်းအုံးအောက်သို့ ပြန်ထားလိုက်သည်။
ထိုအချိန်တွင် ကောင်ကြီး၈ျိုးသည် သတိပြန်လည်လာလေပြီ။ သူ့ထံမှ ညည်းသံများ အဆက်မပြတ် ထွက်လာ နေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကျောပြင်မှ ဒဏ်ရာများတွင် သိပ်ထားသည့် ဆားများက အစွမ်းပြ နေပြီ ဖြစ်သောကြောင့်ပေတည်း။ လူတစ်ဖက်သားကို ကရုဏာမကင်း ဖြစ်တတ်သော ဂျီးဆပ်စ်မေရီယာ က ထသွားပြီး ကြိုးဖြည်ပေးသည်။ ၀ိုင်တစ်ခွက်ကိုပါ ငှဲ့၍ပေးသည်။ " ငါတို့ ဘုရားသခင်တောင် မှ သူ့ရန်သူတွေအပေါ်မှာ သနားတဲ့ စိတ်ထားတယ်" ဟု ပြောကာ သူ့စိတ်သူ ဖြေသည်။

ဂျီးဆပ်စ်မေရီယာ ၏ ထိုအပြုအမူကြောင့် ကျန်လူစုပါ စိတ်မကောင်းဖြစ်သွားကြသည်။ အားလုံး ကောင်ကြီးဂျိုး အနီး၌ ၀ိုင်းထိုင်ကာ သိမ်သိမ်မွေ့မွေ့ ဆက်ဆံကြသည်။ ကောင်ကြီးဂျိုးကို ပွေ့ချီပြီး ဒင်နီ၏ အိပ်ရာပေါ် တင်၍ ကျောပြင်မှ ဆားသိပ်ထားသော ဒဏ်ရာကို ရေဖြင့် ဆေးကြော သုတ်သင်ပေးကြသည်။ ရေ၀တ် ဖြင့် ခေါင်းကို အုပ်ပေးကြသည်။ ကောင်ကြီးဂျိုးထံမှ ညည်းသံထွက်လာတတ်သည်။ အခုလို ကြင်နာမှု ပြကြပြန်တော့လည်း ကောင်ကြီး၈ျိုးသည် နောင်တ ရချင်မှရပေလိမ့်မည်။ သို့သော်လည်း ကိုယ့်အချင်းချင်း၏ ပစ္စည်းကို နောက်ထပ် ဘယ်တော့မှ ခိုးတော့မည်မဟုတ် ဟူ၍ကား ပြောနိုင်စရာ ရှိ၏။

ပင်လယ်ဓားပြ၏ စိတ်ချောင်ချားမှုသည် ပြေသွားပြီးဖြစ်၏။ သူသည် ၀ိုင်ကို အရသာခံ၍ သောက်နေရာမှ သူ့ အတွက် အစီအစဉ် ချပေးနေသော ဒင်နီ ၏ စကားများကို နားထောင်လျက်ရှိလေသည်။
" တကယ်လို့ ဒီငွေတွေကို မြို့ထဲယူသွားပြီး ဘဏ်မှာ အပ်မယ်ဆိုရင် ပစ္စည်းရောင်းစက်ထဲက ငါတို့ ခိုးလာတဲ့ ငွေ ကိုထင်ချင်ထင်ကြမှာ၊ အဲဒီတော့ ဒီငွေတွေကို ဘုန်းကြီးရာမွန်ဆီမှာ အကျိုးအကြောင်း ပြောပြပြီး အပ်ထားလိုက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။ သူ့ဆီမှာ အပ်ထားလိုက်ရင် သူကိုယ်တိုင် ရွှေဖယောင်းတိုင် စင်ကို ၀ယ်ပေးမှာပဲ၊ ပြီးတော့ သူကိုယ်တိုင်ပဲ ရေစက်ချပေးမှာပေါ့၊ အဲဒီအချိန်ကျတော့ ပင်လယ်ဓားပြက ဘုရား ရှိခိုးကျောင်း သွားတာပေါ့၊ တနင်္ဂနွေနေ့ တစ်နေ့မှာ လုပ်ဖြစ်အောင် ဘုန်းကြီးရာမွန်က စီစဉ် ပေးချင် ပေးမှာပေါ့"

ပီလွန်က အလွန်စိတ်ပျက်သော မျက်နှာထားဖြင့် ပင်လယ်ဓားပြ၏ ညစ်ပတ်ပေရေ စုတ်ပြတ်နေသော အ၀တ်များကို ကြည့်သည်။ " မင်းစုထားတဲ့ ငွေထဲက ပိုနေတဲ့ အစွန်းထွက် ခုနစ်ဒေါ်လာကို ယူပြီး မနက်ဖြန်ကျ အ၀တ်အစားအသစ်တော့ ၀ယ်မှဖြစ်မယ်၊ သာမန်-အချိန်မှာ မင်းကိုယ်ပေါ်က အ၀တ်တွေနဲ့ သွားလို့ လာလို့ ရပေမယ့် အခုလိုပွဲကျတော့ သွားလို့မသင့်ဘူး။ ဒီလိုအခါမျိုးမှာ မြောင်းပုပ်ထဲက ကြွက်စုတ်လိုသွားရင် မင်းရော တို့ပါ သိက္ခာကျမယ်ကွ"

" ကျုပ် မနက်ဖြန်ကျတော့ သွားဝယ်ပါ့မယ်" ဟု ပင်လယ်ဓားပြက ကတိပေးသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, January 5, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂၂)

ဂျပန် အရိတ်အယောင်မြင်သော် ကျွဲချိုမှုတ်အချက်ပေးကြသည်။ လူနှင့်နွားများက ကိုင်းတောထဲ ၀င်ပုန်း ကြရ၏။ ဂျပန်တို့ ရွာရောက်သော် ယောက်က်ျားတစ်ယောက်မျှ မရှိတော့။
ထိုအခါ ဂျပန်က စနစ်တစ်မျိုး ပြောင်းသည်။ သူကြီးမှ တစ်ဆင့် ရွာရှိလူကုန်စာရင်း ကောက်ယူသည်။ ထို့နောက် အလှည့်ကျ တစ်ရွာဘယ်နှစ်ယောက် လူ ပေးရမည်ဟု ဆင့်ဆိုသည်။ အမိန့်မနာခံသော် ရွာကို မီးနှင့် တိုက်မည်။

မရှောင်လွှဲနိုင်တော့သဖြင့် ရွာသူရွာသားများ ငွေကြေးစု၍ ရဲရင့်သူများကို ငှားရမ်း ထည့်ပေးရသည်။
သူတို့ ပေးသော သင်တန်းတို့ကား... မီးရထားပေါ်မှ ခုန်ချနည်း၊ လေယာဉ်ပျံ စက်သေနတ် ပစ်သော် မပုန်း ဘဲ ဂျပန် အလစ် ထွက်ပြေးနည်း၊မော်လမြိုင်၊ စစ်တောင်း၊ ရန်ကုန်မှ ရွာအရောက် ပြန်လာနည်း။ အလုပ်စခန်း ၌ ကွီနိုင်ဆေးပြား မစားဘဲ စုတား၍ စရိတ်ရရန် ရောင်းချနည်း၊ စုံလည်းစုံလှသည်။

ကြာသော်... ရွာနှင့် တစ်ဝိုက်တွင် ချွေးတပ်လိုက်စားသော လူစားတစ်မျိုးပေါ်လာသည်။ သူတို့က ချွေးတပ် လာဆွဲလျှင် ရွာစုပေးသော ငွေကိုယူ၍ နာမည်အမျိုးမျိုးပြောင်းကာ ဒိုင်ခံ လိုက်ပေးသည်။ တစ်လ နှစ်လ ကြာလျှင် ပြန်လစ်လာကြပြန်သည်။
ဤသို့ စိတ်မချမ်းသာဖွယ် အချိန်တွင်မှ ကျွန်တော့်အတွက် သတင်းတစ်ရပ် အရီးလေးထံမှ ကြားရသည်။

ကျွန်တော့်အစ်မ ၌ ကိုယ်ဝန်ရှိနေပြီ ဟူသတည်း။ အစ်မသည် ကျွန်တော့်အရင် ကလေးနှစ်ဦး၊ ကျွန်တော့်နောက် ကလေးတစ်ဦး မွေးဖွားဖူးသော်လည်း တစ်ယောက်မျှ အဖတ်မတင်ခဲ့။ ယခု အစ်မကလေး ရတော့မည် ဆိုပြန်ရာ... ညီ... သို့မဟုတ် ညီမတစ်ဦး ရတော့မည်ဖြစ်သဖြင့် ကျွန်တော် အလွန်ပျော်မိသည်။
အစ်မ မှာ နဂိုကတည်းက ပိန်ပိန်သေးသေး ဖြူဖြူပါးပါးဖြစ်ရာ ယခု အစ်မကြည့်ရသည်မှာ ပို၍ နွမ်းနယ် ပင်ပန်း နေပုံရသည်။ ကိုယ်ဝန်ရင့်လာသောအခါ အသက်အရွယ်ကြောင့် ရှက်ပုံလည်းရသည်။
အဘ က ပို၍ အလုပ်လုပ်သည်။ ကျောင်းမတက်ရသော ကျွန်တော်က အဘ အလုပ်ကိုလည်း ကူလုပ်သည်။ ခါတိုင်း အစ်မလုပ်သော ရေခပ်၊ ရေသယ်၊ နွားစာစဉ်း၊ ထင်းခွေ စသည်တို့ကိုလည်း လုပ်ရသည်။ မည်မျှ ပင်ပန်းသော်လည်း ကျွန်တော်မှာ ပျော်ရွှင်နေမိ သေးသည်။

ကျွန်တော်တို့ အိမ်နောက်ဖေး၌ အဘပိုင် ခြံမြေ (၆) ဧက ရှိသည်။ အဘသည် လယ်တစ်ဖက်က လုပ်ရင် ဤခြံမြေ ကိုလည်း လုပ်ရသည်။ မည်မျှပင်ပန်းသော်လည်း ကျွန်တော့်မှား ပျော်ရွှင်နေမိသေးသည်။
ဒီနှစ် ငွေစ, ချောင်မည့်မှာ သေချာသည်။ ယခင်က လောကဓာတ်ကျောင်း တက်နိုင်ရန် ငွေစ,ချောင်မည့် အရေး အကြိမ်ကြိမ်ဆုတောင်းခဲ့ ရသည်။ ယခု ငွေစ, ချောင်လမ်း မြင်းသောအခါ ရှေ့ဆက် ပညာသင်လမ်း မမြင်တော့။

ပညာလမ်းးမမြင်လေ... ကျေဇူးရှင် ဆရာ့ကို ပိုသတိရလေဖြစ်မိသည်။အခု ဆရာ ဘယ်ဆီမှာ ရှိလေသနည်း။ ဆရာပြောသကဲ့သို့ ဆိုးဝါးသော ဤဂျပန်များကို မြန်မာတစ်ပြည် လုံးက ဗိုလ်စောလင်းနှင့် တွေ့ပြီးနောက် ဆရာ သည် ဘယ်အခါ၌ ရွာသို့ ပြန်လာမည်နည်း။ ဆရာပြောသကဲ့သို့ ဆိုးဝါးသော ဤဂျပန်များကို မြန်မာတစ်ပြည်လုံး က ဘယ်အချိန် ထချကြ မည် နည်း။ ဤသို့ထချရန်  ဗိုလ်စောလင်းနှင့် ဗိုလ်နေ၀င်း တို့သည် ဘာကြောင့် အမိန့်မပေးကြသနည်း။

ကျွန်တော့် ခေါင်းထဲတွင် မေးခွန်းတို့မဆုံးနိုင်အောင် ပေါ်နေသည်။ ကျွန်တော့်မေးခွန်းတို့ကို ဖြေနိုင်မည့် သူသည် တစ်နေ့သ၌ မမျှော်လင့်ဘဲ ပေါ်လာသည်။
နှင်းမှုန်ဝေ၍ နေရောင်ဖျော့သော တန်ဆောင်မှန်းနောက်ပိုင်း တစ်နေ့လယ်တွင် ကျွန်တော်သည် လယ်တောစပ် ၀ါးရုံရိပ်တွင်ရပ်ရင်း ရည်ရွယ်ချက်မဲ့ငေးနေမိ၏။
မိုးစဉ်က စိမ်းသောလယ်တော ၌ ယခုရွှေရောင်ဖုံးနေပြီး၊ မှည့်ဝင်းသော အနှံတို့ကြောင် စပါးပင်တို့ မြေဆီ ညွတ်နေပြီ။

စပါးနံ့ တို့က သင်းနေ. ကြိုင်နေ.. လှိုင်နေ၏။ သင်းကြိုင်လှိုင်သော ဤရနံ့သည် ကျွန်တော့်ရင်ကို အေးချမ်း စေလှသည်။
အဝေးလယ်တော ဟိုမှ... သည်မှသည် စာခြောက်သံများလည်း တစ်ချီတစ်ချီ ပေါ်တတ်သည်။
"ဝေး...ဟေး...ဟေး... ဝေး..."
စာနှင့် ကျေးတို့အုပ်စုဖွဲ့ လန်ပျံသည်ကို မြင်ရသည်။ ကျယ်ဝန်းသော လယ်တော၌ တစ်နေရာမှ ခြောက်သော် တစ်နေ့ရာ၌ သူတို့ကျပြန်သည်။ ထိုအခါ... လယ်တော၌ စပါးမှည့်တေးသည် တပ်ပေါ်လာ ပြန်၏။

ကျွန်တော်သည် ၀ါးရုံများကို အကာအကွယ်ယူ၍ ထိုသူများလာရာဘက်သို့ တိတ်တိတ်ျသွား စောင့်သည်။
သူတို့သည် တစ်စတစ်စနှင့် ရွာနားရောက်လာကြသည်။ လူသူကို သဲသဲကွဲကွဲ မြင်ရသောအခါ ကျွန်တော် အံ့သြသွားသည်။
တစ်ဦးမှာ ဌာနပိုင်ကြီးဖြစ်သည်။ ဌာနာပိုင်ကြီးသည် ရွာမှ ဂျပန်နွားဆွဲမည်ဆိုလျှင် အဘကို ကြိုတင် သတိပေး တတ်သူဖြစ်၍ ကျွန်တော်အနည်းငယ် စိတ်အေးသွားသည်။ အခြားတစ်ဦးမှာ ကျွန်တော် နာမည် မသိသော်လည်း အာရှလူငယ်အဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ကျန်လူများ မှာ ပိုအံ့သြဖွယ်ကောင်း၏။

တစ်ဦး မှာ ဂျပန်စစ်ဗိုလ်ကဲ့သို့ ၀တ်ထား၍ ဓားရှည်ကြီးနှင့် ဖြစ်သည်။ သူနှင့်အတူ သေနတ်ကိုင် စစ်သား နှစ်ဦး သည် ပါသေးသည်။
ဌာနာပိုင်ကြီးပါသဖြင့် မကြောက်တော့ဘဲ ကျွန်တော်သည် ၀ါးရုံရိပ်မှထွက်၍ သူတို့ဆီ လျှောက်သွားသည်။ ကျွန်တော့် ကိုမြင်သော် စစ်ဗိုလ်က လှမ်းနှုတ်ဆက်သည်။
''ဟေး…..ငယ်လေး''
ကျွန်တော် အံ့သြခြင်းကို မဖော်ပြနိုင်တော့။ စစ်ဗိုလ်က ကျွန်တော့်ကို ပီပီသသ မြန်မာလိုခေါ်၍ ရင်းရင်းနှီးနှီး နှုတ်ဆက် နေလေပြီကော။

''ငယ်လေးသန့်ဇင်….ငါပါကွ''
သူအသံကိုလည်း ကျွန်တော် ကောင်းကောင်းမှတ်မိသည်။ ခဏ၌ပင် သူ၏ရုပ်ကိုလည်း ဖမ်းမိ၏။

''ဘုရားရေ….ကိုမြင့်ဦး…ခင်ဗျား ကိုမြင့်ဦး''
ကျွန်တော် က သူ့ဆီပြေးဖက်၏။ သူကလည်း ကျွန်တော့်ကို ဆီးပွေ့ကြိုသည်။
''ကိုမြင့်ဦး…ခင်ဗျား ဘာဖြစ်လာတာလဲ၊ သောက်ကျိုးနည်း အဲဒါကြီးတွေနဲ့ဆိုတော့ ကျုပ်ပ ဂျပန်စစ်ဗိုလ် အောက်မေ့ လို့''
ကိုမြင့်ဦး က ကျွန်တော်ပြောသည်ကို သဘောကျဟန် အတန်ကြာရယ်နေသည်။

''မင်း တကယ် ငါဘာဖြစ်လာတယ်ဆိုတာ မသိဘူးလား''
''အခုတော့ သိပါပြီ။ ခင်ဗျား စစ်ဗိုလ်ဖြစ်လာပြီ မဟုတ်လား။ ဗိုလ်တေဇတို့ ဗိုလ်နေ၀င်း တို့တပ်က ဗိုလ်၊ ဟုတ်တယ် မဟုတ်လား''
ကိုမြင့်ဦး က ပြုံးပြုံးကြီး ခေါင်းညိတ်သည်။ ဌာနာပိုင်ကြီးနှင့် ကျန်လူများက ရယ်နေ၏။
ကျွန်တော် က သူ့ဓားကြီးကို ကိုင်ကြည့်သည်။ ခါး၌လည်း ခြောက်လုံးပြူးနှင့်ပါတကား။

ကျွန်တော်က အားရစွာမေးမိသည်။
''ကိုမြင့်ဦး ခင်ဗျားကို ဂျပန်ကောင်တွေကို  ဆုံးမဖို့ ဗိုလ်တေဇတို့ ဗိုလ်နေ၀င်းတို့က လွှတ်လိုက်သလား… ဟုတ်လား''
''ဟကောင် ငယ်လေး ဘာတွေလျှောက်ပြောနေတာလဲ''
''ကျုပ်သိပါတယ်ဗျာ၊ ဆရာကလည်း ပြောသွားတယ်၊ တစ်နေ့ကျုပ်တို့အားလုံး ဂျပန်ကောင်တွေကို ခံချမယ်တဲ့၊ ဒါထက် ခင်ဗျား ဆရာတို့ အကြောင်း ကို ကြားပလား''
ကိုမြင့်ဦး မျက်နှာသည် တည်ကြည်သွား၏။

''ငယ်လေး ငါပြောမယ် နားထောင်စမ်း၊ မမရှင် နဲ့ ဆရာ့အကြောင်း ငါအကုန်ကြားပြီးပြီ၊ မင်းဂျပန်ကို ချချင် တာလည်း ငါသိတယ်၊ မင်းချချင်သလိုကို ချလည်းချရမှာပဲ၊ ဒါပေမယ့် ငါတစ်ခု သတိပေးမယ်''
ကိုမြင့်ဦး က တင်းမာသော မျက်နှာကြီးနှင့်ဆိုရာ ကျွန်တော် သူ့ကိုအလိုလို လေးစားသွားသည်။
''ပြောပါဗျာ…ခင်ဗျားပြောစကား ကျုပ် ဘယ်တုန်းက နားမထောင်ဖူးလို့လဲ''

''ဟုတ်ပြီ….ဒီတော့ ဂျပန်ချမယ့်အကြောင့် နောက်ဘက်တော့မှ အရမ်းမပြောနဲ့၊ ပြီးတော့ င့ါနာမည် မြင့်ဦး မဟုတ်တော့ဘူး၊ ဗိုလ်စိုးမြတ် တဲ့ ကြားလား၊ ငါရွာထဲကလူတိုင်းနဲ့လည်း မတွေ့ချင်ဘူး၊ ငါဘယ်သူ ဆိုတာလည်း လူတိုင်း ကို မသိစေချင်ဘူး၊ မင်းနားလည်လား''
''အေးဗျာ…..ကျုပ်နားလည်ပြီ…..''
''ကဲ…..လာ…သွားကြမယ်၊ မင်းကငါနဲ့ ခုမှသိတဲ့လူယောင်ဆောင် ကြားလား''
''ကောင်းပြီဗျ၊ နေဦး၊ ကျုပ် အချက်ပေးလိုက်ဦးမယ်''

ကျွန်တော်သည် ဘေးရန်မရှိကြောင်း ကျွဲချိုသုံးခါမှုတ် အချက်ပေးလိုက်ပြီး ကိုမြင့်ဦးတို့နှင့်အတူ ရွာတွင်း ၀င်ခဲ့သည်။
ခါတိုင်း ဌာနာပိုင်ကြီးလာလျှင် သူကြီးအိမ်၌တည်းသည်။ ယခုမူမည်သည့် အိမ်မျှမတည်းဘဲ ဆရာတော် ကျောင်း ၌သာ တည်းသည်။
မြန်မာစစ်ဗိုလ်နှင့် မြန်မာစစ်သားလာသည်ဆို၍ ၀ိုင်းကြည့်ရန်လာသားများမှာ ကိုမြင့်ဦးက ရဲဘော် ဟု ခေါ်သော စစ်သားများနှင့်သာ အနီးကပ် စကားပြောရသည်။ ကိုမြင့်ဦးကိုမူ အဝေးမှသာ မြင်ကြရ၏။
လာရောက်ကြည့်ရှုသူတို့အနက် ကိုမြင့်ဦးကိုသိသူများ ပါကြသည်။ သို့ရာတွင် စစ်ဝတ်စုံနှင့် တစ်ဖုံခြား နေသည့်ပြင် ကတုံးတုံးထားလျှက် အသားညိုနေသော ကိုမြင့်ဦးအား မှတ်မိကြပုံမရ။ ဗိုလ်စိုးမြတ် အဖြစ်သာ လက်ခံကြသည်။

ကိုမြင့်ဦးရော ရဲဘော်များပါ ရွာတွင်းသို့ မထွက်ကြ။ ကိုမြင့်ဦးသည် ရောက်ကတည်းက ဆရာတော်နှင့် စကားပြော ဆွေးနွေးနေသည်။ ဆရာတော့်အနား ဖြစ်သောကြောင့်လည်း မည်သူမျှမကပ်ရဲ။
ဌာနာပိုင်ကြီး နှင့် အာရှလူငယ် ခေါင်းဆောင်သည်သာ ရွာတွင်းထွက်ကြသည်။ နေ၀င်မှ သူတို့ ကျောင်းသို့ ပြန်လာကြသည်။
မြန်မာစစ်ဗိုလ် နှင့် စစ်သားကို လာကြည့်သူများ တဖြည်းဖြည်း ပြန်ကုန်ကြသည်။ မပြန်ဘဲ ကျန်နေသူ များမှာလည်း ဦးဇင်းက 'ဆင်း' ကြိမ်မောင်းသဖြင့် ထွက်သွားကြရ၏။ ကျွန်တော်တစ်ယောက်သာ ပေကပ်၍ ရဲဘော်များအနီး၌ ကျန်ရစ်သည်။

ကိုမြင့်ဦးကို ကျွန်တော် အကြီးအကျယ် မကျေနပ် ဖြစ်နေမိသည်။ ကျွန်တော် သူ့ကို အရေးတကြီး ပြောစရာများ ရှိနေသည်။
ယခု သူက ကျွန်တော့်ကို အဖက်မလုပ်ဘဲ ဆရာတော်နှင့်သာ စကားမဆုံးရှိနေ၏။
ကျွန်တော်သည် အ ကြံရ၍ အိမ်ပြန်ကာ တရိုတသေ၀ှက်ထားသည့် ပစ္စည်းတစ်ခုကို ယူခဲ့သည်။
ကျောင်းဝင်းအတွင်း ကျွန်တော်ပြန်ရောက်ချိန်၌ မှောင်နေပြီ။

ကျွန်တော်သည် ဦးလေးပုကြီးနေသော ကျောင်းပျက်ကြီးကို ကြည့်မိသည်။ ဦးလေးပု မရှိကတည်းက ဤကျောင်း ပျက်ကြီးဆီ မရောက်သည်မှာ ကြာခဲ့ပြီ။ ယခုအခါ ဦးလေးပုကို အထူးသတိရမိသည်။ ဦးလေးပု သည် ပြန်ရောက်နေလျှင်….
ကျွန်တော့်အတွေးသည် ကျောင်းပျက်ပေါ်မှ တလက်လက်မြင်ရသော မီးရောင်ကြောင့် ရပ်သွားသည်။ ရုတ်တရက် မျှော်လင့်ချက် ၀မ်းသာခြင်းတို့ဖြင့် ကျွန်တော် ကျောင်းပျက်ဆီ ပြေးခဲ့၏။
ကျောင်းပျက်ပေါ်၌ ဆီးမီးခွက်ငယ်တစ်ခု၏ အရောင်မှိန်မှိန်တွင် ဦးလေးပုသည် ကုပ်ကုပ်ကုပ်ကုပ်နှင့် အလုပ်ရှုပ် နေ၏။

ကျွန်တော့်ခြေသံကြားသော် ဦးလေးပုသည် သေတ္တာကြီးတစ်ခုဘေးတွင် ၀င်ဝပ်လိုက်၍ ''ဟေ့… ဘယ်သူလဲ'' ဟုမေးသည်။
''ကျုပ်ပါဗျ ဦးလေးပုရ…သန့်ဇင်ပါ''
''နင်တစ်ယောက်တည်းလား''
''ကျုပ်တစ်ယောက် တည်းပါ၊ ဒီအချိန် မယဉ်နွယ် ဘယ့်နှယ့်လုပ်ပါမလဲ''

ထိုအခါမှ ဦးလေးပုသည် သေတ္တာကြီးဘေးမှ ထလိုက်၏။ ထလိုက်စဉ် လက်တွင်းမှ မည်းမည်းအရာတစ်ခုကို အင်္ကျီအောက် ရင်ဘတ်အတွင်း ထိုးထည့်လိုက်သည်ကို မြင်ရသည်။
''ဦးလေးပု ဘယ်တုန်းက ပြန်ရောက်နေလဲ''
''ငါပြန်ရောက်တာ သုံးရက်ရှိပြီ…..''
''ဘာပြုလို့ ခင်ဗျားကြီးက ကျုပ်ကို လာမတွေ့တာလဲ''
''မင်းကကော ဘာလို့ ဒီဆီကိုမလာလဲ''
ဟုတ်ပေသည်။ အဘ ကို ကူညီလုပ်ကိုင်ပေးနေရသဖြင့် ဤဘက်သို့ ကျွန်တော်မရောက်သည်မှာ ကြာပြီ။

''ထားပါလေဗျာ…ဒါထက် ဆရာတို့ကော….''
''မေးမနေပါနဲ့ကွာ…..ငါဂူထဲမှာ ဥသျှစ်သီးထားခဲ့တာ မင်းနားမလည်ဘူးလား''
''ကျုပ်နားလည်ပါတယ်ဗျာ…ဒါကြောင့်မေးနေတာပေါ့၊ အခုဆရာတို့ ဘယ်မှာလဲ ပြီးတော့… ဗိုလ်စောလင်း ရော''
ဦးလေးပုသည် မျက်တောင် ပုတ်ခတ်ပုတ်ခတ်နှင့် လုပ်နေ၏။

''ဖြေလေဗျာ…. သူတို့ဘယ်မှာလဲ''
ဦးလေးပု သည် မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် ထပ်လုပ်၍ဖြေသည်။
'' ရှိတယ်လေကွာ၊ ရှိတယ်….ရှိတယ်''
'' ရှိရင် ဘယ်မှာလဲ''
ဦးလေးပု သည် ကျွန်တော့်အား စူးစိုက်ကြည့်သည်။ ကျွန်တော်ကသူဖြေတော့မည် ထင်သည်။

'' အင်း …..အင်း ….ရှိတယ်လေကွ၊ ရှိတယ်…ရှိတယ်''
ဦးလေးပုအတွက် ဤအဖြေသည် လုံလောက်သည် ထင်ဟန်တူ၏။ ကျွန်တော်ကမူ ဒေါသထွက်လာ၍ ဘုပြော သည်။
'' ဦးလေးပု…. သောက်ရေးထဲ ခင်ဗျားက ကြောင်မနေစမ်းနဲ့ဗျာ၊ အခု သိပ်အရေးကြီးနေတယ်''
ဦးလေးပု သည် ခေါင်းတဆတ်ဆတ် ညိတ်သည်။

'' အင်း…. အင်း ....ဟုတ်တယ်၊ သ်ပ်အရေးကြီးနေယ်''
စိတ်မရှည်တော့သဖြင့် ကျွန်တော်က ဦးလေးပုကို ဆွဲလှုပ်သည်။
''ကျုပ်ပြောတာ သေသေချာချာ နားထောင်စမ်း၊ အခုကိုမြင့်ဦး ပြန်ရောက်လာပြီ၊ ဗမာစစ်ဗိုလ်အဖြစ်နဲ့ ...ကြားရဲ့ လား''
ဦးလေးပု မျက်လုံးပြူးသွားသည်။

''ဟေ.... မြင့်ဦး ပြန်ရောက်လာပြီ''
''ဟုတ်တယ်....အခု ဆရာတို့ ဘယ်မလဲ၊ မြန်မြန်ပြောစမ်း''
ဦးလေးပုသည် ငိုင်သွားပြန်၏။ ထို့နောက်မှဖြေသည်။
''ဘယ်မှာရမှာလဲ...ဟိုမှာပေါ့ကွ''
''ဒါဖြင့်ရင်သွားခေါ်...မြန်မြန်သွားဗျာ''
''မင်း တကယ်ပြောနေတာလား...... ''

''ကျုပ် တကယ်ပြောနေတာဗျာ...ခင်ဗျာသွားမလား မသွားဘူးလား။ ခင်ဗျားမသွားရင် ကျုပ်သွားမယ်''
''အေးပါကွာ...ငါသွားပါ့မယ်၊ ပြီးတော့ ငါဘာပြောရမလဲ''
''ကိုမြင့်ဦး ပြန်ရောက်နေပြီလို့ ...အခုစစ်ဗိုလ်လို့၊ သူကလည်း ဂျပန်ချမှာပဲလို့...နားလည်လား''
''အေး ...အေး ..ဒါဖြင့် ငါသွားတော့မယ် ဟုတ်လား''
''ခဏ ...နေဦးဗျ''
''မင်းဥစ္စာ ဘာလဲကွ''
''ခင်ဗျား....ခုတင်က အင်္ကျီအောက်ထည့်လိုက်တာ ဘာလဲ''
''မင်းမြင်လို့လား''

''မင်းက အဲဒါကို သေနတ်မှတ်လို့လား''
''ခင်ဗျားကို သေနတ်လို့ ဘယ်သူကပြောလို့လဲ...သေနတ်ဆိုလည်း ထုတ်ဗျာ''
ဦးလေးပုသည် သက်ပြင်းရှိုတ်၍ အကျီင်္အောက်မှ သေနတ်ကို ထုတ်ပြသည်။
''အဲဒီသေနတ် ကျုပ်နဲ့ထားခဲ့ဗျာ''
''ဟာ....ဘယ်...ဘယ်ဖြစ်မလဲ''
''ဖြစ်ပါတယ်ဗျ...မှန်စမ်း ဦးလေးပု သေနတ်''

ဦးလေးပုသည် ကျွန်တော့်အား သေနတ်ကိုပေးသည်။ ကျွန်တော်က သေနတ်နှင့် ဦးလေးပုအား ချိန်လိုက် သည်။
''ကဲ..ဦးလေးပု ခင်ဗျား အမြန်သွားမလား၊ မသွားဘူးလား''
''ဟကောင်ရ သောက်ရမ်းတွေ လျှောက်မလုပ်နဲ့......ခလုတ်မှားနှိပ်ပြီး ငါမာလကဈာန်ကြွသွားဦးမယ်''
ဦးလေးပု သည် လက်မြှောက်ရင်း မျက်လုံးအပြူးသားနှင့် စိုးရိမ်တကြီး ဆိုသည်။

''ကျုပ် ခလုတ်ကို ဘယ်တော့မှ မှားမနှိပ်ဘူး...ဗိုလ်စောလင်းက ကျုပ်ကို သေနတ်ကိုင်နည်း သင်ပြပေး ပြီးပြီဗျ၊ ဒီတော့....မှားတော့မနှိပ်ဘူး..... ခင်ဗျားမသွားရင်တော့ ပစ်ထည့်လိုက်မယ်''
''ကောင်းပ ငယ်လေးရာ.... ကောင်းပ၊ သွားဆိုသွားပါ့မယ်...... မင်းသေနတ်ကို သောက်ရမ်းတော့ လျှောက်ပစ် မနေနဲ့နော်''
ဦးလေးပုသည် အတန်ဆုတ်ရွံ့ဆုတ်ရွံ့ ပြုပြီးမှ ကျောင်းပေါ်က ဆင်းပြေးသည်။

ကျွန်တော်သည် သေနတ်၌ ကျည်ဆံအပြည့်ရှိမရှိ စစ်ဆေးပြီးနောက် ကျေနပ်မှ အင်္ကျီအောက်ထိုးသွင်း၍ အပြင်သို့ ထွက်ခဲ့သည်။
ကျောင်းဝင်းအတွင်းသို့ တစ်ယောက်စ နှစ်ယောက်စ တိုးတိုးတိတ်တိတ် ၀င်လာကြသော ရွာမှလူကြီးများကို တွေ့ရသည်။ ကျွန်တော့် အဘ လည်း ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၂၇)

လရင့် လာသောအခါ ဆရာဝန်ထံ ပြသည်။ ဆရာဝန်က အားဆေးများပေးသည်။ နားနားနေနေ နေဖို့ အကြံပေး သည်။
သည်လိုနှင့် တစ်ညမှာတော့ မြိုင်သည် ကိုကို့ ရင်ခွင်တွင် မှေးမှီရင်း ....
' ကိုကို ယောကျာ်းကလေး လိုချင်လား၊ မိန်းကလေး လိုချင်လား' မေးသည်။

'ဒါက အကြောင်း မဟုတ်ပါဘူးကွာ၊ ကိုကို့ အဖို့ကတော့ ဘာပဲဖြစ်ဖြစ်ပေါ့။ ဒါပေ မယ့် .....ဒုတိယ ကလေး ဟာတော့ ပထမကလေး နဲ့ ဆန့်ကျင်ဘက်ဖြစ်ရမယ်။ ဥပမာ မြိုင် ပထမကလေးကို ယောက်ျားကလေး မွေးပေးရင် ဒုတိယ ကလေးဟာတော့ မိန်းကလေးဖြစ်ဖို့ ကောင်းတာပေါ့။ ဒါဆိုရင် မျှတတဲ့ မွေးဖွားမှု ဖြစ်ရမှာပေါ့။ မဟုတ်ဘူးလား'
'ပထမကလေးကို ယောက်ျားကလေး ဖြစ်ချင်ချင်ကြတာ မြိုင်တို့ လူမျိုးတွေရဲ့ အရိုးစွဲနေတဲ့ လိုအင်ဆန္ဒပဲ'
'ဘာပဲဖြစ်ဖြစ် ချစ်ရမှာတော့ အတူတူပါပဲ။ ယောက်ျားကလေးဆိုလဲ ချစ်ရမှာပဲ၊ မိန်းကလေးဆိုလဲ ချစ်ရမှာပဲ'
'မြိုင် က တစ်ခုစဉ်းစားနေတာ'
'ဘာများလဲ မြိုင်'

'တစ်ခါတည်းနဲ့ ယောက်ျားကလေးနဲ့ မိန်းကလေး အမြွာမွေးလိုက်ရ ကောင်းမလားလို့'
ကိုကို သည် 'ဗုဒ္ဓော' ဟု အထိတ်တလန့် ရေရွတ်လိုက်ပြီး အားပါးတရ ရယ်ချလိုက်လေသည်။
ထိုည သည် အေးမြသော ဆောင်းညတစ်ညဖြစ်ကြောင်း မြိုင်သတိရနေသည်။ မြိုင်တို့ စောစောစီးစီးပင် အိပ်ရာဝင်ကြသည်။
မြိုင်သည် အိပ်မက်ဆိုးတစ်ခုကို မြင်မက်ရာမှ လန့်နိုးလာသည်။

ထိုအခါ မိမိကျောအောက်မှာ စွတ်စိုနေကြောင်း တွေ့ရသည်။
ခုတင်ခေါင်းရင်း မှ မီးလုံးကို ဖွင့်လိုက်သည်။
မိမိ ကိုယ်အောက်မှာ သွေးတွေကို မြင်လိုက်ရသောအခါ မြိုင် လန့်ဖျပ်သွားသည်။ အ၀တ်တွေမှာကော အိပ်ရာ တွေမှုာပါ မြင်မကောင်းအောင် ရွှဲနေသည်။
'ကိုကို...ကိုကို...ထပါဦး ကိုကိုရယ်'

ကိုကိုနိုးလာပြီး မြိုင်အဖြစ်ကို မြင်ရတော့ တုန်လှုပ်သွားသည်။ ချက်ချင်းနီသော သွေးတွေကို မြင်နေ သည်။ ချက်ချင်းနီသော သွေးတွေကို တွေ့နေသည်။
သတိရ တချက် မရတချက် ရှိနေသည့်ကြားမှ မြိုင်သည် ဆရာဝန်ကို အားကိုးတကြီး ပြောမိသည်။
'မြိုင့်ကလေး ကို ကယ်တင်ပေးပါ၊ မြိုင်ရဲ့ ကလေးကိုကယ်တင်ပေးကြပါ'
မြိုင်သည် တစ်ည နှင့် တစ်နေ့လုံးလုံး သတိမေ့နေသည်။ သတိရတော့လည်း မျက်စိတွေေ၀၀ါး နေသည်။

မိမိအပါးမှ လူများကို အရိပ်တွေများ ရွှေ့လျားနေသလို ဝေေ၀၀ါးဝါးသာ တွေ့ရသည်။ မိမိသည် ကလေးကို မွေးဖွားခဲ့ပြီ ဟု ထင်သည်။
သို့စင်လျက် အဘယ်ကြောင့် နာကျင်ခြင်းဝေဒနာကို မခံစားရပါလိမ့်ဟု တွေးနေမိသည်။
ကောင်းစွာ သတိရလာသည်။
မြိုင်သိလိုက်ပါပြီ။

မိမိအခြေအနေ နှင့် မိမိ၏ မထမကလေး ကို 'ဆုံးရုံး' ခံလိုက်ရပြီဖြစ်ကြောင်း မြိုင်သိလိုက်သည်။
ဆေးရုံတွင် အတော်ကြာကြာပင် အနားယူနေလိုက်သည်။
ဆေးရုံ မှ ဆင်းတော့မည်ဆိုသောအခါ ဆေးရုံအုပ်ဆရာဝန်ကြီးနှင့် တွေ့ရသည်။
'ဒေါ်ခင်မေမြိုင် ကလေးထပ်မယူရင်ကောင်းမယ်'
'ရှင်...ဘာဖြစ်လို့ပါလိမ့်'
'ဒေါ်ခင်မေမြိုင်ရဲ့ သားအိမ်အခြေအနေ ကို မကြိုက်ဘူး'

'ဟင့်အင်း... မဖြစ်နိုင်ပါဘူး၊ မြိုင်တို့ ကလေးမယူဘဲ မနေနိုင်ဘူး။ ကလေးဆိုတာ လင်နဲ့မယားဆိုတဲ့ သူစိမ်း နှစ်ယောက်ကြား က ပေါင်းကူးတံတားပဲ၊ အိမ်ထောင်တစ်ခုရဲ့ သာယာမှုပဲ။ မြိုင်တို့ကလေးယူပါ ရစေ...။
'ဒါဖြင့်လဲ ကောင်းပါပြီ ဒေါ်ခင်မေမြိုင်၊ ယူစေဗျား၊ ယူစေဗျား' ပေါ့။
ဒုတိယ ကိုယ်ဝန်ရှိသောအခါ မြိုင်တို့ ပိုပြီး ဂရုစိုက်ကြသည်။ စောစောကတည်းက သားဖွားနှင့် မီးယပ်ဆိုင်ရာ ဆရာဝန်ထံ အပ်ထားသည်။ ဆရာဝန်ပေးသော အားဆေးစားသည်။ ဆရာဝန်ညွှန် ကြား သော အာဟာရဖြစ်မည့် အစားများကို စားသည်။ ညနေပိုင်းတွင် ကိုကို ကိုယ်တိုင် မြိုင်အား ဂရုဓမ္မပြုကာ လမ်းလျှောက် စေသည်။

မြိုင်တို့နှင့် ရင်းနှီးသော ဒေါ်ဇာယုဆိုသူ အရပ်လက်သည်မိန်းမကြီးက ပြောသည်။
'ကိုယ်ဝန်ရှိနေခိုက်မှာ ကလေးအတွက် ရည်စူးပြီး ဘာမှကြိုလုပ်မထားရဘူးကွဲ့၊ အင်္ကျိတို့ဘာတို့ ကြိုချုပ် မထားရဘူး၊ အနှီးပိတ်တောင် ကြိုဝယ်မထားရဘူး'
'ဘာဖြစ်လို့လဲ ဒေါ်ဒေါ်'
'ဘာဖြစ်လို့လဲတော့ ပြောတတ်ဘူး၊ မလုပ်ကောင်းဘူးလို့သာ သိထားရတာပဲ၊ မြန်မာ့ရှေးရိုး အယူအဆ တစ်ခု ဆိုပါတော့ကွယ်'
အယူသည်းလှ လို့ မဟုတ်ပေမယ့် မလုပ်ကောင်းဘူးဆိုသည်နှင့်ပင် မြိုင်ရှောင်ကြဉ်ခဲ့သည်။ ရှိရင်းစွဲတွေ သူများ ပေးပစ်လိုက်သည်။

သို့ပေမယ့် ထိုကလေးသည်လည်း အချိန်မကျပဲ မွေးကာအသက်ပါမလာခဲ့ပေ။
ကိုကိုက မြိုင်ကို မယူတော့ဖို့ ပြောသည်။
သို့်ပေမယ့် မြိုင်က...
'ဒီတစ်ကြိမ်တည်း ကြိုးစားကြည့်ရအောင်ပါ ကိုကို၊ နောက်ဆုံးအနေနဲ့ ဒီတစ်ကြိမ်တည်း ကြိုးစား ကြည့် ရအောင်ပါ'
ဒီတစ်ကြိမ်မှာတော့ မြိုင်သည် ဆရာဝန်ညွှန်ကြားချက်ရော အရပ်လက်သည် ဒေါ်ဇာယု၏ ညွှန်ကြား မှုကိုပါ ခံယူသည်။

'၀မ်းကြီးသယ်ဆိုပြီး ကိုယ့်ကိုယ်ကို ရွှေလိုဥနေလို့ မဖြစ်ဘူးကွဲ့၊ အနည်းအကျဉ်းဆိုသလို ကြမ်းကြမ်း တမ်းတမ်း တော့ လုပ်ပေးရသေးတယ်။ လက်လုပ်လက်စားသမားတွေဆို ဘယ့်နှယ့်လုပ်မလဲ၊ ဈေးတောင်း ခေါင်းရွက်ပြီး နေပူမရှောင် မိုးရွာမရှောင် သွားလာနေကြတာပဲ။ မွေးချိန်ကျမှ ဈေးတောင်းချပြီး မွေးကြတဲ့ သူတွေ တစ်ပုံကြီး။ သူတို့ ကလေးတွေကလဲ ဘာအားဆေးမှ မစားဘဲနဲ့ သန်သန်မာမာ ရှိနေကြတာပါပဲ'

သည်တစ်ခါမှာတော့ မြိုင်သည် 'အောင်မြင်'လိုက်သည်။ သမီးညိုမာသန့် ကို အောင်မြင်စွာ မွေးဖွား နိုင်ခဲ့သည်။ မြိုင်တို့ လက်ခမောင်းခတ်ကြရသည်။ ပျော်ကြရသည်။
ကိုကို ဆိုလျှင် ကလေးငိုသံကြားရပြီဆိုကတည်းက မိတ်ဆွေများထံ ၀စ္စကီပုလင်း ဖွင့်မည့်အကြောင်း တယ်လီဖုန်း ဆက်သည်။ ထိုညက ကိုကိုတို့လူသိုက် ၀စ္စကီ ချောင်းစီးသောက်ကြသည်။
'ညိုမာသန့်' ဟု သူ့အဖိုး က နေ့နံတွေတွက်ချက်ပြီး အမည်မပေးခင်က ဆိုလျှင် မြိုင်တို့ တစ်အိမ်လုံးက 'ဗီတိုရီးယား'ဟု ခေါ်ကြသေးသည်။
အောင်မြင်ခြင်း အထိမ်းအမှတ်နှင်ပေါ့။

စင်စစ်အောင်မြင်ခြင်းသည် ကိုကို့အတွက် ဖြစ်မည်၊ ညိုမာ့အတွက် ဖြစ်မည်။
မြိုင် အဖို့မှာမူ 'အောင်မြင်ခြင်း'နှင့် 'ဆုံးရှုံးခြင်း' မှာ ဒွန်တွဲနေသည်။
မြိုင် သည် သမီးကို မွေးဖွားပေးခဲ့ပြီးနောက် နောက်ထပ်ကလေးရယူမည့် အခွင့်အရေးကို စွန့်လွှတ် လိုက်ရ သည်။
ပြီး....အတော်ချည်း ကြာမြင့်သည်အထိ ကျန်းမာရေး အခြေအနေက ကောင်းမလာခဲ့။ ကိုယ် ကိုယ်တိုင်က အိပ်ရာထဲတွင် လှဲနေရသောအချိန် များပြားကာ ကလေးကို နာနီလက်မှာသာ အပ်ထားခဲ့ ရသည်။
ကိုကိုသည် မြိုင့်ကို ကလေးနှင့် ပက်သက်သော ဒုက္ခပေးလိုလှပုံမရ။

ထို့ကြောင့် အတန်အသင့်ကြီးပြင်းလာပြီဆိုလျှင်ပင် မူကြိုသို့ပို့လိုက်သည်။ ပြီးတော့...မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှသည် တက္ကသိုလ်အထိ တစ်နေ့တွင် နာရီပေါင်းများစွာ မြိုင်နှင့် ခွဲထားသည်။
ကိုကို က သမီးကို ချစ်သည်။ အလိုလိုက်သည်။ လွတ်လပ်ခွင့်ပေးသည်။
မြိုင်သည် စိတ်အနေ နှင့် ရော ရုပ်ဝတ္ထုအရပါ သမီးအပေါ်ပိုင်ဆိုင်ခွင့် နည်းပါးလာသည်။

ကိုကို့်အပေါ်မှာလည်း သည်အတိုင်းပင် ဖြစ်သည်။ တစ်စထက်တစ်စ ချို့ယွင်းလာသော ကျန်းမာရေး အခြေအနေ အရ ကိုကို့ကို အိမ်ထောင်သုခ အပြည့်အ၀ မပေးနိုင်သည့် မိန်းမဖြစ်လာသည်။
ရှေ့ပိုင်း တုန်းကတော့ ကိုကို့် သက်ပြင်းရှိုက်သံတွေ၊ အိပ်ရာထဲမှာ ကြာမြင့်စွာ လူးလှိမ့်နေတာတွေကို မြိုင် တစ်ဘက် က သိမြင်လျက် မသိယောင်ဆောင်ခဲ့ရသည်။
တစ်လောကတော့ မြို့မှ ဆန်စက်အရောင်းအ၀ယ် အတွက်ရန်ကုန်အိမ်နှင့် ခွာခဲ့သည်။ အလုပ်ကိစ္စပြီး လျှင် ပြီးချင်း ပြန်ခဲ့သည်။

မြိုင့်အား သင်္ဘောဆိပ်သို့ လာကြိုဖို့ ဖုန်းဆက်ခေါ်တော့ ထူးမည့်သူမရှိ။
သို့ဖြင့် အငှားကားဖြင့်ပင် အိမ်သို့ပြန်လာသည်။
အချိန် မှာ နံနက်လေးနာရီခွဲတွင် ဖြစ်သည်။
တံခါးပေါက် မှ လှမ်းခေါ်သော်လည်း တံခါးဖွင့်ပေးမည့်သူမရှိ။ မိမိမှာ ပါရှိသည့် သော့နှင့်ပင် ဖွင့်ကာ ၀င်ခဲ့ရသည်။
ဧည့်ခန်းမှာ ပွစာကြဲနေသည်။ ဆိုဖာကုလားထိုင်များ လဲပြိုနေသည်။ စားပွဲများ ပန်းအိုးများ ငါးကလေး တွေ သေနေသည်။ စားပွဲများ ပန်းအိုးများ ရွှဲ့စောင်းနေသည်။ ရွှေငါးကန်သည် ကွဲနေပြီး ကြမ်းပြင်ပေါ် မှာ ငါးကလေးတွေ သေနေသည်။

ကြမ်းပြင်ခင်း ကော်ဇောပေါ်မှာ စီးကရက်တိုတွေပွနေပြီး တစ်နေရာတွင် မီးပေါက်ထားသည့် အကွက် ကြီးရှိသည်။
ဘုရား....ဘုရား ဘာများဖြစ်ပါလိမ့်။
မြိုင် အထိတ်တလန့် ရှိနေမိသည်။
အိပ်ခန်းသို့ ပြေးသွားသည်။
အခန်းကြမ်းပြင်ပေါ်တွင် ကိုကိုသည် ကိုယ် အထက်ပိုင်းဗလာကျင်းလျက် အိပ်ပျော်နေသည်။
အိပ်ရာ တွေ စောင်တွေ ခေါင်းအုံးတွေမှာလည်း မြင်မကောင်း။

ကိုကို..ကိုကို...
မြိုင်သည် စိုးရိမ်စိတ်ဖြင့် နိုးသော်လည်း အင်အယ်နှင့် လှုပ်လာရုံမျှ အပ နိုးမလာခဲ့။ အရက်နံ့ တထောင်း ထောင်းထ နေသည်။ အသက်ရှူသံမှာ အသံမျိုးစုံဖြစ်သည်။ ခြင်္သေ့ဟောက် သံလည်း ပါသည်။
သံစုံသွင်း ဆိုသည်မျိုး။
ရေနှင့်ပက်နှိုးလျှင် နိုးလိမ့်မည် အထင်နှင့် ရေခပ်ရန် မီးဖိုခန်းသို့ လာသည်။
အလို။
ထမင်းစားခန်း ကို ဖြတ်လျှောက်မိချိန်မှာ မြိုင် မျက်လုံးပြူးသွားသည်။
စားပွဲပေါ်တွင် စားကြွင်းစားကျန်တွေ ပွနေသည်။

ပန်းကန်တွေ ပိုးလိုးပက်လက်။
အရက်ပုလင်းတွေစီနေသည်။
ဖန်ခွက်ကွဲတွေမှာ မြင်မကောင်း။
ကြက်ဥခွံတွေရော၊ အကာရည်တွေရော။ စားပွဲနှင့်ကြမ်းပြင်မှာသာမက နံရံများတွင်ပင် တွေ့ရသည်။ ပစ်ပေါက်ထားပုံရသည်။
မြိုင်သည် ဆံပင်အကြားသို့ လက်ချောင်းများ ထိုးထည့်ပြီး ကုတ်ဖွလိုက်မိသည်။

မီးဖိုခန်းသို့ ၀င်သည်။
လက်ဆေး ကြွေဇလုံမှာ ညစ်ပတ်နေသည်။ ရေချိုးခန်းမှန်တွင် သွားတိုက်ဆေးများ ညှစ်ချထားသည်။
အခန်းနံရံတွင် နှုတ်ခမ်းနီတောင့်ဖြင့် ညစ်ညမ်းသောပုံများ ဆွဲထားသည်။
သည်မှာပင် မြိုင်သည် မိမိနှင့် ညိုမာသန့်တို့၏ ပစ္စည်းများမဟုတ်သည့် အမျိုးသမီး အသုံးအဆောင် အချို့ကို တွေ့ရသည်။ စုတ်ပြဲနေသည့် စကတ်နှင့် ညစ်နွမ်းနွမ်း ဘရာစီယာ တစ်ထည်ကို မြင်သည်။
မြိုင် သည် ဘာတစ်ခုမှ လုပ်ချင်စိတ်မရှိတော့။ ပြန်လှည့်လာကာ ဧည့်ခန်းဆိုဖာတစ်လုံးတွင် ခြေပစ် လက်ပစ် ထိုင်ချလိုက်သည်။ အိမ်မှ ထွက်ပြေးချင်စိတ် ပေါက်သွားသည်။
ညက ကိုကို တို့ ဘာဖြစ်ခဲ့ကြမည်ကို မြိုင်သိပါသည်။

အဘယ်မျှ သောင်းကျန်းခဲ့ကြမည်ကို ရိပ်စားမိသည်။
အိပ်ခန်းအတွင်း ပြန်ဝင်ကာ ကြမ်းပြင်ပေါ်တွင် ပစ္စလက်ခတ် အိပ်ပျော်နေသည့် ကိုကို့ကို ကရုဏာ သက်သလို မုန်းတီးသလိုနှင့် ကြာမြင့်စွာ စူးစိုက်ကြည့်နေမိသည်။
ခြောက်နာရီကျတော့ ကိုကို အနည်းငယ် လှုပ်လာသည်။
မြိုင်သည် ကော်ဖီတစ်ခွက်ဖျော်ကာ အိပ်ခန်းအတွင်း ၀င်လာပြီး တစိမ့်စိမ့်သောက်ရင်း ကိုကို့ကိုပင် ကြည့် နေခဲ့သည်။
ခုနစ်နာရီတွင် ကိုကို ဆတ်ခနဲ နိုးလာသည်။

မြိုင့်ကို ရုတ်တရက် မြင်သွားသည်။
'ဟင်....မြိုင်'
သူသည် လူးလဲထလိုက်သည်။
သူ့ကိုယ် အထက်ပိုင်း ဗလာဖြစ်နေသည်ကို သတိပြုမိပုံရသည်။
အိပ်ရာတွေပွကျဲနေသည်ကို မြင်သွားသည်။
'မြိုင် ဘယ်တုန်းက ရောက်သလဲ'
မြိုင်က အဖြေမပေးဘဲ ပြန်မေးလိုက်သည်။

'ကိုကိုတို့ ညက ဘာဖြစ်သလဲ'
'ဘာဖြစ်လို့လဲ'
အရက်သမား ထုံးစံအတိုင်း ညက ဘာဖြစ်ခဲ့သည်ကို သတိရပုံ အပေါ်။
သူသည် ယခုတိုင် မူးနေဆဲ ဖြစ်ဟန်တူသည်။ ကိုယ်ကို ခြေနှစ်ချောင်းပေါ်တွင် မနည်းရပ်တည်နေရပုံ ပေါ်သည်။ နားထင်နှစ်ဘက်ကို လက်ဖြင့် နှိပ်လိုက်သည်။
'ကိုကိုတို့ ညက 'ပေါက်'သွားတယ်'
'ပေါက်တာက အရေးမကြီးပါဘူး၊ အိမ်ဟာ အိမ်နဲ့တူသေးရဲ့လား၊ အားလုံး ကွဲရှ ပျက်စီးနေတယ်။ ကိုကိုတို့ ရန်ဖြစ်ကြသေးသလား'
'မပြောတတ်ဘူး၊ ဆယ့်နှစ်နာရီလောက်မှာ ပေါက်သွားပြီးကတည်းက ဘာမှ မမှတ်မိတော့ဘူး'

'သြော်...ကိုကိုရယ်'
ကိုကို သည် မီးဖိုခန်းဘက်သို့ ဒယိမ်းဒယိုင် လျှောက်သွားသည်။ ထမင်းစားခန်းကို မြင်ရတော့ မျက်နှာတစ်ချက် မဲ့လိုက်သည်။
မြိုင်သည် ကိုကို့နောက်မှ လိုက်ခဲ့သည်။

ရေချိုးခန်းထဲရောက်တော့ ကိုကိုကိုယ်တိုင် သူတစိမ်း မိန်းမ အ၀တ်အစားများကို မြင်သွားသည်။
'သူ ဘယ်သူလဲ'
'မသိဘူး၊ မူးမူးနဲ့ ခေါ်လာမိတာ'
'လမ်းပေါ်မှာ တွေ့တဲ့အပေါစား မိန်းမကို အိမ်ခေါ်လာတယ်လား၊ မြိုင့်အိပ်ရာမှာ သိပ်တယ်လား'
မြိုင်၏ အသံသည် ငိုသံပါလာသည်။

'ကိုကို ၀မ်းနည်းပါတယ်ကွာ၊ သူနဲ့တွေ့တော့ ကိုကို မူးနေပြီ၊ ဘယ်လိုပုံစံနဲ့ ခေါ်လာခဲ့မိမှန်း မသိပါဘူး'
ကိုကိုသည် မျက်နှာသစ်ရင်း နံရံပေါ်မှာ နှုတ်ခမ်းနီတောင့်ဖြင့် ရေးထားသောပုံကို မြင်ကာ မြိုင့်ကို အားနာ သလိုကြည့်သည်။
မြိုင်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
မြိုင့်ပခုံး ကို ဆုပ်ကိုင်လိုက်သည်။
'ကိုကိုတကယ်ဘဲ စိတ်မကောင်းပါဘူး မြိုင်၊ ဒါမျိုး နောက်မဖြစ်စေရပါဘူးကွယ်၊ ဘယ်တော့မှ မဖြစ် စေရပါဘူး'
အိမ်ဖော် တွေကော'
'အားလပ်ခွင့် ပေးထားတယ်'

'သမီးကော'
'ရူဘီတို့်အိမ်မှာ အိပ်မယ်လို့ ဖုန်းဆက်တယ်'
'သမီးလဲ သွားချင်ရာသွား၊ အိပ်ချင်တဲ့အိမ်မှာ အိပ်၊ ဖအေကလဲ လုပ်ချင်ရာလုပ် ဆိုတဲ့ သဘော ပေါ့လေ'
'မြိုင်၊ လူ ဆိုတာ တစ်သက်မှာ တစ်ခါတစ်လေတော့ မှားကြတာပဲ၊ ဒီလိုအမြဲဖြစ်သွားမှာမှ မဟုတ်တာ။ ပြီးတော့... ကိုကိုဟာအမှားကို အမှားမှန်းမသိတဲ့ သူငယ်နှပ်စားမဟုတ်ဘူး။ ကိုယ့်ခြေနှစ်ချောင်းပေါ်မှာ မတ်မတ်ရပ် နေတဲ့ အသက်လေးဆယ်ရှိပြီဆိုတဲ့ လူတစ်ယောက် အမှားကို အမှားလို့ မြင်နိုင်တဲ့ ပညာတတ် တစ်ယောက်'
'ကိုကို့အသံက မာလိုက်တာ'

'မာသွားမိရင်တော့ တောင်းပန်ပါတယ်။ သမီးကလဲ ရူဘီတို့အိမ်မှာ ဒီတစ်ညမှ အိပ်တာမဟုတ်ဘူး၊ ညပေါင်း များစွာ အိပ်ဖူးနေတာပါ။ ဒီလိုရှိတယ်လေ....ကိုကိုတို့ တစ်တွေဟာ ပညာမဲ့မဟုတ်ဘူး၊ အောက်တန်းစား မဟုတ်ဘူး။ တစ်ခါတစ်လေ ပျော်လို့ လွတ်သွားတာ ရှိပေမယ့် ကိုယ့်ကိုယ်ကို ဆင်ချင် နိုင်တယ်၊ ချင့်ချိန် နိုင်တယ်'
'သြော်... ပျော်လို့ဟုတ်လား၊ ကိုကိုက ဒီနည်းနဲ့ ပျော်စရှာနေတတ်ပြီလား။ ကောင်းပြီ၊ ပျော်ချင်လို့ ပျော်စရာ ရှာရင် တစ်ခြားမှာရှာပါ၊ ဒီအိမ်ပေါ်မှာတော့ မရှာပါနဲ့။ နောက်...ဘယ်မိန်းမရွှင်ကိုမှ အိမ်ကို ခေါ်မလာခဲ့ပါနဲ့'

ပြောရင်းမှာပင် မြိုင်သည် ရေချိုးခန်းတံခါးကို ၀ုန်းခနဲဆောင့်ပိတ် ပစ်လိုက်သည်။
ပစ္စည်း တွေ စစ်ကြည့်တော့ မြိုင့်အ၀တ်အထည် အချို့နှင့်ကက်ဆက်တစ်လုံး ပျောက်ဆုံးနေကြောင်း တွေ့ရသည်။
သည်ကစပြီး မြိုင်သိသည်။ မြိုင် နားလည်ခဲ့ပြီ။
ကိုကိုသည် မိမိမှအပ အခြားတွင် 'ပျော်စရာ' ရှာတော့မည်ကို မြိုင် တွေးတတ်လာခဲ့သည်။ ကိုကို့ အတွက် မြိုင်သည် သာယာပျော်ရွှင်မှုကို ပေးစွမ်းနိုင်သော မိန်းမတစ်ယောက် မဟုတ်နိုင်တော့ပြီကို သိခဲ့ရသည်။

ကိုကို့ကိုမူ ထားလိုက်ပါတော့။
ယခုလို အခါမျိုးမှာ သမီး ကို အပါးမှာ ရှိစေချင်သည်။ သမီးနှင့် ရင်အုပ်မကွာ နေချင်သည်။
ကိုကိုကတော့ အိမ်မကပ်ခြင်းနှင့် ပတ်သက်၍ ဆင်ခြေဆင်လက်တွေများသည်။
ငယ်သူငယ်ချင်းတွေ နဲ့ တွေ့လို့၊ ဧည့်မခံဖြစ်သည့် ဧည့်သည်တွေကို ဧည့်ခံနေရလို့ စသည်ဖြင့်
နောက်တစ်ကြောင်းကလည်း လုပ်ငန်းနှင့် ပက်သက်၍ အမြတ်ခွန်ဆောင်ရမည်။ စာရင်းဇယား မထားရှိခဲ့သည့်အတွက် ဒဏ်ကြေးတွေ ရှိနေသည်။

ထို့ကြောင့် စာရင်းဇယား ပြုစုပေးမည့်သူတွေနှင့် တိုင်ပင်ဆွေးနွေးရသည်ဟူသော အကြောင်းပြချက် ဖြင့် ကိုကို အိမ်ပြန်နောက်ကျပေါင်း များပြီ။
ယခုတလော သမီးသည် ရူဘီတို့ လူသိုက်နှင့် အဖွဲ့ကျနေသည်။ ရူဘီနှင့် ပေါင်းသည်ကို မြိုင် မကျေနပ်လှ။
သမီးကို ရူဘီက ဖျက်ဆီးနေသည်ဟူသော အထင်သည် ကြာမြင့်စွာကတည်းက ရှိနေသည်။
သမီးတို့ ကိုးတန်းနှစ် အရောက်မှာ ရူဘီကြောင့် ကသိကအောင့် ဖြစ်ခဲ့ရဖူးသည်။

စနေတစ်နေ့တွင် ဗိုလ်ချုပ်ဈေးမှ စိန်ရွှေရတနာဆိုင် တစ်ဆိုင်က အိမ်သို့ ဖုန်းဆက်ခဲ့သည်။
သမီးတို့ ခိုးမှုဖြစ်သည်ဟု ပြောခဲ့သည်။
'ခိုးမှု၊ ကျွန်မသမီးက ဘာကိုခိုးရမှာလဲ'
'စိန်လက်စွပ်တစ်ကွင်းပါပဲ'
'ဘုရား၊ဘုရား'
မြိုင်သည် ရင်တုန် ပန်းတုန်ဖြစ်ကာ ဗိုလ်ချုပ်ဈေးသို့ ကားဖြင့် ချက်ချင်း လိုက်ခဲ့ရသည်။

ဆိုင်ရှင်မှ၊ မြိုင်သည် အသိအကျွမ်းထဲကပင် ဖြစ်ပါသည်။ မြိုင် ၀ယ်နေကျ ဖောက်သည်ပင် ဖြစ်ပါသည်။ ထို့ကြောင့် မျက်မှန်းတန်းမိ နေသည်။
သို့သော် မြိုင်သည် ထိုဆိုင်သို့ ဒေါသဖြင့် လိုက်ခဲ့ခြင်းဖြစ်သည်။ စိတ်ဆိုးနေသည်။
တကယ်တော့လည်း ထိုဆိုင်တွင်တင်၍ ရောင်းချနေသော ပစ္စည်းမှာ မြိုင်ကိုယ်တိုင်တွင် ရှိနေသော ရတနာ ပစ္စည်း ၏ သုံးပုံတစ်ပုံပင် မပြည့်တတ်။
အကယ်၍ သမီးကသာ လိုအပ်မည်ဆိုလျှင် မြိုင်သည် လက်ဝတ်လက်စားနှင့် ပက်သက်၍ နှမြော တွန့်တိုခြင်း မဖြစ်ခဲ့မိ။

သမီးက ယောက်ျားရှပ်အင်္ကျီမျိုး ၀တ်ကာ ရွှေဆို၍ တစ်မှုန်မှ ၀တ်ဆင်လေ့မရှိ။ စိန်၊ပတ္တမြား၊ နီလာ စသော အဖိုးတန် ရတနာ များကို သူမ၏ ကော်ပတ်ရုပ်လောက်မျှ တန်ဖိုးထားသူ မဟုတ်။
ထို့ကြောင့် စိန်လက်စွပ်ကို ခိုးသည်ဆိုခြင်းမှာ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်၊ လုပ်ကြံခြင်းသာဟု ထင်သည်။ မြိုင်၊ ဗိုလ်ချုပ်ဈေး သို့ ထလိုက်လာခဲ့သည်ဆိုခြင်းမှာ ဆိုင်ရှင်အား ရန်တွေ့ရန်သာ ဖြစ် လေသည်။
ဗိုလ်ချုပ်ဈေး သို့ ရောက်သောအခါ ဆိုင်ရှေ့ ခွေးခြေတွင် သမီးနှင့် ရူဘီတို့ ယို့ယို့ကလေး ထိုင်နေ ကြသည် ကို တွေ့ရသည်။

"ကျွန်တော်တော့ သိပ်စိတ်မကောင်းဖြစ်ရတာပဲ ဒေါ်ခင်မေမြိုင်ရယ်၊ အစကတော့ သူ့ကို ဒေါ်ခင်မေမြိုင်ရဲ့ သမီး ဆိုတာလည်း မသိခဲ့ပါဘူ"
"ရှင့် စိန်လက်စွပ်က ဘယ်လောက်တန်သလဲ"
"ငွေကြေး အကြောင်း မပြောပါနဲ့ ဒေါ်ခင်မေမြိုင်၊ သိပ်ဖြစ်လောက်တာလဲ မဟုတ်ပါဘူး။ တစ်သောင်း၊ သောင်းငါးထောင် ပတ်ဝန်းကျင်ပါ"
"ဒီလောက် တန်ဖိုးကလေးလောက်ကို ကျွန်မသမီးက ခိုးတယ်ဆိုတာတော့ အံ့သြစရာဘဲရှင်"
"ကျွန်တော် စိတ်မကောင်းပါဘူး၊ လက်စွပ်ကို သူ့လက်ပွေ့အိတ်ထဲက တွေ့ခဲ့ရတာတော့ အမှန်ပါပဲ"

မြိုင်သည် သမီးဘက်ကို လှည့်လိုက်သည်။
"သမီး ခိုးသလား၊ တကယ်ပဲ ခိုးသလား"
သမီးက ခေါင်းမမော့ဘဲ ...
"ခိုးတယ်"
ခပ်မာမာပင် ပြောသည်။
"ဟင်"
မြိုင်သည် အသားတစ်ဆတ်ဆတ် တုန်မိမတတ် ဖြစ်လာသည်။ ဒေါသဖြင့် ရင်မှာ ပေါက်ကွဲတော့ မလို ရှိလာသည်။
"ခိုးတယ် ဟုတ်လား။ ဒီပစ္စည်းလောက်ကို ခိုးတယ်လား"
မြိုင်၏ အသံ ကျယ်လောင်သွားသည်။ လူတွေ ၀ိုင်းကြည့်လာသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၃)

၁၁
ဝိရောဓိဖြစ်နေသည့် အခြေအနေများကြားမှနေ၍ ကောင်ကြီးဂျိုးထံသို့ ချစ်ခြင်းမေတ္တာ ဆိုက်ရောက်လာခြင်း

ကောင်ကြီးဂျိုး အဖို့တော့ အချစ်ဆိုသည်မှာ တစ်စုံတစ်ခု လုပ်ရန်သာ ဖြစ်သည်။ သူ့အနေဖြင့် အချစ် ဆိုသော အရာ ၏ သဘောသဘာဝကို သည်ထက်ပို၍မသိ။ နားလည် မလည်။ ခံလည်း မခံစားတတ်။ သူကြုံခဲ့ရသည့် ချစ်ရေး ချစ်ရာ ကိစ္စများတွင် စိတ်ဝင်စားဖွယ်ကောင်းသော ချစ်ရေးချစ်ရာ ကိစ္စတစ်ခု ရှိခဲ့ဖူး သည်။

ထိုနေ့က မွန်ထရေးမြို့တွင် မိုးရွာလျက်ရှိသည်။ ထင်းရှူးပင်များဆီမှ မိုးစက်များသည် တစ်နေ့လုံး အဆက် မပြတ် ကျရောက်လျက် ရှိသည်။ တော်တီလာဖလက် ရပ်ကွက်အတွင်းမှ ပီဆာနိုများသည် အိမ်ထဲမှ အိမ်ပြင် မထွက်ကြ။ သို့သော်လည်း ရှိရှိသမျှ မီးဖိုခေါင်းတိုင် များမှ အပြာရောင် မီးခိုးများသည် တလူလူ လွင့် တက် လျက် ရှိကြသည်။ ပတ်ဝန်းကျင်လေထုတွင် ထင်းရှူးသား မီးခိုးနံ့သည် တသင်းသင်း ပျံ့လျက်ရှိသည်။

မွန်းလွဲပိုင်း ငါးနာရီထိုးခန့်တွင် မိုးသည် တစ်ခဏမျှ တိတ်သွားသည်။ ထိုအခိုက်တွင် တစ်နေကုန်နီးပါးမျှ ပင်လယ်ကမ်းစပ် သောင်ပြင်ပေါ်ရှိ လှေတစ်စင်းအောက်၌ ၀င်၍ အိပ်ပျော်နေသော ကောင်ကြီးဂျိုးသည် အပြင် သို့ ထွက်လာပြီး ဒင်နီ၏ အိမ်ဘက်သို့ ခပ်သုတ်သုတ် လျှောက်လာသည်။ သူသည် တစ်ကိုယ်လုံး အေးစက်ကာ အငမ်းမရ ဆာလောင်လျက် ရှိလေသည်။
သူသည် တော်တီလာဖလက် ရပ်ကွက်အစွန်သို့ ရောက်လာသောအခါ မိုးသည် ဖြုန်းခနဲ ရွာချပြန်သည်။ ကောင်ကြီးဂျိုး တစ်ကိုယ်လုံး ရစရာမရှိအောင် ရွှဲရွှဲစိုကုန်သည်။ သူသည် မိုးလွတ်ရန် အနီးဆုံး အိမ်တစ်လုံးသို့ အပြေးအလွှားဝင်ကပ်သည်။ ထိုအိမ်တွင် နေသူမှာ တီယာအစ်ဂ်နေစီယာဆိုသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။

အမျိုးသမီး သည် အသက် လေးဆယ့်ငါးနှစ်ခန့်ရှိပြီ။ မုဆိုးမဘ၀ဖြင့် အချိန်ကုန်လွန်ခဲ့သည်မှာ ကြာပြီ။ ငွေကြေး လည်းအထိုက်အလျောက်ရှိသည်။ သူသည် စကားနည်းသူဖြစ်၍ စရိုက်လည်း ခပ်ကြမ်းကြမ်း ဖြစ်၏။ တော်တီလာဖလက်၇ပ်ကွက်မှ လူများက အဆင့်အတန်း နိမ့်သည်ဟု ယူဆထားသော ရက်အင်ဒီးယန်း သွေး ပါသူဖြစ်သည်။

သူ့အိမ်သို့ ကောင်ကြီးဂျိုး ပြေးဝင်သွားသော အချိန်တွင် သူသည် ၀ိုင်တစ်ဂါလံအိုးကိုဖွင့်၍ တစ်ခွက် တစ်ဖလား မော့ရန် ဟန်ပြင်နေခိုက်ဖြစ်သည်။ လူသံကြား၍ ၀ိုင်အိုးကို ကုလားထိုင်အောက် သွင်း၍ ၀ှက်ရန် အားထုတ် လိုက်သေးသော်လည်း မရတော့ပေ။ ကောင်ကြီးဂျိုးသည် အိမ်ရှေ့တံခါးဝ၌ ရပ်နေသည်။ သူ့ကိုယ်ပေါ် မှ မိုးရေ များသည် ကြမ်းပြင်ပေါ်သို့ တစက်စက်ကျလျက်ရှိနေသည်။ တီယာအစ်ဂ်နေစီယာ သည် သူ့ မီးဖိုထဲမှ မီးများကို သံမီးကောက်ဖြင့် ထိုးဆွပေးနေသည်။

" ၀ိုင်တစ်ခွက် သောက်မလား "
" သောက်တာပေါ့" ဟု ကောင်ကြီးဂျိုးက ပြန်ပြောသည်။ သောက်လက်စ ၀ိုင်တစ်ခွက် မကုန်သေးမီ ကောင်ကြီးဂျိုး ၏ မျက်လုံးများသည် ၀ိုင်အိုးပေါ်သို့ စူးစိုက်လျက် ရှိပြန်သည်။ ဤသို့ဖြင့် သူ့နှုတ်ခမ်းမှ စကား တစ်ခွန်း မှ ထပ်မပြောခင် ၀ိုင်သုံးခွက် ဗိုက်ထဲဝင်သွားသည်။ ထိုအချိန်ကျမှပင် သူသည် နေသာထိုင်သာ ရှိသွားကာ သူ့မျက်လုံးများအတွင်း ရှိနေသော ၀ံပုလွေ တစ်ကောင်၏ ဘောဘရမ္မက်တက်နေသည့် အကြည့် သည် ကွယ်ပျောက်သွားသည်။

တီယာ အစ်ဂ်နေစီယာကတော့ သူ့ဝိုင်အိုးကို လမ်းဆုံးပြီဟု သဘောထားလိုက်သည်။ သူသည် ကောင်ကြီးဂျိုးနှင့် အတူထိုင်ကာ ၀ိုင်ကို ဖြည်းဖြည်းမှန်မှန် သောက်နေသည်။ သူ့လက်ထဲသို့ လေးခွက် မြောက် ၀ိုင်ခွက်ရောက်သွားသောအခါ ကောင်ကြီးဂျိုးသည် စိတ်လက် ကြည်လင်လာသည်။
" တော်ရဲလီးဆိုင် က ၀ိုင် မဟုတ်ဘူး ထင်တယ် " ဟု သူက စကားစသည်။

" မဟုတ်ဘူး၊ ကျွန်မ သူငယ်ချင်း အီတလီအမျိုးသမီး တစ်ယောက်ဆီကရတာ" သူ့ခွက်ထဲ ၀ိုင်ထည့်ရင်းမှ တီယာ အစ်ဂ်နေစီယာက အဖြေပေးသည်။
မိုးချုပ်သွားပြီ။ တီယာအစ်ဂ်နေစီယာက ရေနံဆီ မီးအိမ်ကို ထွန်းကာ မီးဖိုထဲသို့ ထင်းများ ထပ်ထည့်သည်။ ၀ိုင်သောက် နေသမျှ ကာလပတ်လုံး မီးရှိမှ ဖြစ်မည်ဟု သူတွေးသည်။ သူ့မျက်လုံးများသည် ကိုယ်လုံး ကိုယ်ထည် ကြီးမားထွားကျိုင်းလွန်းသော ကောင်ကြီးဂျိုးပေါ်မှ မခွာနိုင်။ စေ့စေ့စပ်စပ် ကြည့်၍ အကဲ ခတ် လျက် ရှိသည်။ အကဲခတ် နေဆဲမှာပင် သူ့ရင်ထဲတွင် ပူခနဲ၊ နွေးခနဲ ဖြစ်လာလျက် ရှိလေသည်။

" ရှင် မိုးရွာကြီးထဲ မှာ အလုပ်လုပ်နေတာကိုး၊ သနားစရာပဲ" ဟု သူက ပြောသည်။ " ရှင့် ကုတ်အင်္ကျီကြီးကို ချွတ်ပြီး လှန်းထားလိုက်ပါလား"
ကောင်ကြီးဂျိုး သည် လိမ်ညာပြီး ပြောတတ်သူ မဟုတ်ပေ။ တစ်ဖက်သားကို လိမ်ဖို့အတွက် မြန်မြန်ဆန်ဆန် စဉ်းစား စိတ်ကူး တတ်သူလည်း မဟုတ်ပေ။ အခုလည်း တီယာအစ်ဂ်နေစီယာ၏ မေးခွန်းကို အမှန်အတိုင်း ဖြေသည်။ " မဟုတ်ပါဘူး။ ကျုပ်ပင်လယ်ကမ်းစပ်က လှေတစ်စင်းအောက်မှာ တစ်နေ့လုံး ၀င်အိပ်နေတာပါ"

" ဒါပေမယ့် ရှင့် တစ်ကိုယ်လုံး မိုးရေတွေ နဲ့ ရွှဲနေတာပဲ၊ သနားစရာပါလား" ဟု ပြောသည်။ သူ ဖော်ပြ လိုက်သည့် ကြင်နာမှုအတွက် ကောင်ကြီးဂျိုးထံမှ တစ်စုံတစ်ခုသော တုံ့ပြန်မှု ရှိမရှိ စူးစမ်းနေသည်။ သို့သော်လည်း ကောင်ကြီး၈ျိုး၏ မျက်နျာသည် သူ မိုးစိုပြီး အေးအေးဆေးဆေး ထိုင်၍ ၀ိုင်သောက် နေရသဖြင့် ကျေနပ်သာယာမှု ရှိနေသည့် အရိပ်လက္ခဏာမျာ တစ်ပါးအခြားမည်သည့် ထူးခြားချက်ကိုမှ ဖော်ပြခြင်း မရှိချေ။ သူသည် ၀ိုင်ထပ်ထည့်ပေးရန် ဖန်ခွက်ကို ထိုးပေးသည်။ တစ်နေ့လုံး ဘာမှ မစား ရသဖြင့် အူနှင့်ဟောင်းလောင်းဖြစ်လျက်ရှိလေရာ သူ သောက်သမျှဝိုင်သည် အစွမ်းပြလျက် ရှိလေပြီ။
တီယာ အစ်ဂ်နေစီယာ က ထိုင်နေတာ မကောင်းဘူး၊ အအေးမိပြီး ဖျားလိမ့်မယ်၊ ကဲ လာ၊ ကုတ်အကျီကို ကျွန်မ ပါ ကူပြီး ချွတ်ပေးမယ် "

ကောင်ကြီးဂျိုး သည် သူ့ဖင်ကို ကုလားထိုင်တွင် သံမှိုနှင့် စွဲထားသည့်နှယ် ကျောက်ချ၍ ထိုင်နေသည်။ " ကိစ္စ မရှိပါဘူး၊ ဘာမှ မဖြစ်ပါဘူး" ဟု ပြောကာ ထိုင်ရာမှ မထ။
တီယ်ာစ်ဂ်နေစီယာ သည် သူ့ဖန်ခွက်ထဲသို့ ၀ိုင်နောက်ထပ် ထပ်ထည့်သည်။ မီးဖိုမှ မီးတောက်များသည် အိမ်ခေါင်မိုးပေါ် ကျနေသည့် မိုးပေါက်သံများနှင့် စည်းချက်ကျကျ ယိမ်းထိုးလှုပ်ရှားလျက်ရှိသည်။
ကောင်ကြီးဂျိုး သည် ခင်မင်ရင်းနှီးလိုသော အမူအရာ လုံးဝမပြ၊ ယဉ်ကျေးသိမ်မွေ့သည့် လက္ခဏာကိုလည်း မပြ။ သူ့အိမ်ရှင်မ တစ်ယောက်လုံးလုံး သူ့အနီး၌ ရှိနေသည်ဟူ၍လည်း အသိအမှတ် ပြုပုံမရ။ ၀ိုင်ကိုသာ အငမ်းမရ သောက်လျက်ရှိသည်။ သူသည် မီးဖိုကို ငေးကြည့်ပြီး ပြုံးသည်။ ကုလားထိုင်ပေါ်တွင် အကျအန ထိုင်ကာ ဒူးတနှန့်နှန့် လုပ်လျက်ရှိ၏။

ဒေါသဖြစ်ခြင်းနှင့် မျှော်လင့်ချက် ကင်းမဲ့ခြင်းများသည် တီယာအစ်ဂ်နေစီယာ၏ ရင်ထဲတွင် ပြင်းထန်စွာ ဖြစ်ပေါ် လာသည်။ " ဒီအကောင် ၀က်ပဲ" ဟုတွေးသည်။ " အလွန် ညစ်ပတ်တဲ့ တိရစ္ဆာန်ကောင်ပါလား၊ မိုးရွာထဲ လျှောက် သွားနေတဲ့ နွားမတစ်ကောင်ကို အိမ်ထဲ သွင်းထားတာကမှ ကောင်းလိမ့်ဦးမယ်၊ တခြား လူ တစ်ယောက် သာဆိုရင် ပျူပျူငှာငှာနဲ့ စကားလေး ဘာလေး ပြောမှာ "
ကောင်ကြီးဂျိုးသည် သူ့ဖန်ခွက်ကို တီယာအစ်ဂ်နေစီယာ ဘက်သို့ ထိုးပေးပြန်သည်။

တီယာအစ်ဂ်နေစီယာက နောက်တစ်ကြိမ် အရဲစွန့်၍ ကြိုးစားကြည့်ပြန်သည်။ " အခုလို လုံလုံခြုံခြုံနဲ့ နွေးနွေး ထွေးထွေးရှိတဲ့ အိမ်မျိုးမျာ အခုလိုမိုးတွေ သဲကြီးမဲကြီး ရွာနေတုန်း နေရရင် ပျော်စရာကို ရနိုင်တယ်" ဟု ပြောသည်။ " မိုးကလဲ ရွာ၊ မီးဖိုကလည်း အခုလို တထိန်ထိန် တညီးညီး လောင်နေတဲ့ အချိန်မျိုးမှာ လူတွေ ဟာ တစ်ယောက်ကိုတစ်ယောက် သိပ်ပြီး ခင်မင်ရင်းနှီးဖို့ ကောင်းတယ်၊ ရှင့်စိတ်ထဲမှာ ခင်မင် ရင်းနှီး ချင်တဲ့စိတ် ပေါ်မလာ ဘူးလားဟင်"
" ပေါ်တာပေါ့" ဟု ကောင်ကြီးဂျိုးက ဖြေသည်။

" မီးရောင်က ရှင့် မျက်လုံးတွေကို သိပ်ထိုးနေတယ် ထင်ပါရဲ့နော်" ဟု တီယာအစ်ဂ်နေစီယာက ကြာမူပါပါ ဖြင့် ပြောသည်။ " ကျွန်မ မှန်အိမ်မီးကို မှုတ်လိုက်ရမလား ဟင် "
" ဟာ ရပါတယ်၊ ကျုပ်မှာ ဘာမှမဖြစ်ပါဘူး" ဟု ကောင်ကြီးဂျိုးက ပြန်ပြောသည်။ " တကယ်လို့ ရေနံဆီကုန် မှာ ကြောက်လို့ ငြှိမ်းထားချင်ရင်တော့ မှုတ်ထားလိုက်ပေါ့၊ ခင်ဗျားသဘောပဲ "
တီယာအစ်ဂ်နေစီယာ က မှန်အိမ်ပြောင်း ထိပ်ဝမှ ငုံ့ကာ မီးကို မှုတ်လိုက်သည်။ အခန်းထဲတွင် အမှောင်ထု က လွှမ်းခြုံသွားသည်။

ထို့နောက် သူသည် သူ့ကုလားထိုင်တွင် ထိုင်ကာ ကောင်ကြီးဂျိုး၏ ယောက်ျားပီသသော လှုပ်ရှားမှုကို မျှော်လင့် စောင့်စားသည်။ ကောင်ကြီးဂျိုးဆီမှ ကုလားထိုင် လှုပ်ရှားသံကိုတော့ ကြားနေရ၏။ မီးဖိုထဲမှ သေးငယ်သော မီးရောင်သည် တလှုပ်လှုပ်။ ကောင်ကြီးဂျိုးဆီမှ ကုလားထိုင် လှုပ်သံကို မကြားရတော့။ တီယာအစ်ဂ်နေစီယာ သည် ကောင်ကြီးဂျိုး သူ့ထံ ပြေးဝင်အလာကို အားတင်း၍ စောင့်စားနေသည်။ သို့သော် လည်း ဘာမှဖြစ်မလာ။

" ရှင်စဉ်းစားကြည့်စမ်း " ဟု တိယာအစ်ဂ်နေစီယာက ပြောသည်။ " ရှင့်အနေနဲ့ မိုးတွေ လေတွေထဲမှာ အကာအရံ မရှိတဲ့ တဲတစ်လုံးထဲ ရောက်နေရင် ဘယ်လိုနေမလဲ၊ စောစောက ရှင်ပြောသလို လှေတစ်စင်း အောက်က အလွန်အေးတဲ့ သဲပြင်ပေါ် အိပ်နေတယ်ဆိုပါတော့ ဘယ်လိုနေမလဲ၊ အခု ကြည့်စမ်း၊ ရှင် အဲသလို နေရတာ မဟုတ်ဘူး။ ကုလားထိုင် တစ်လုံးပေါ်မှာ အကျအန ဇိမ်နဲ့ ထိုင်ပြီးနေရတာ၊ ပြီးတော့ အမျိုးသမီး တစ်ယောက် ကို အဖော်လုပ်ပြီး ၀ိုင်သောက်နေရတာ"

ကောင်ကြီးဂျိုးထံမှ အဖြေမရ၊ သူ့အသံကိုလည်း မကြားရ။ သူ့မျက်နှာကိုလည်း မမြင်ရ၊ တီယာအစ်ဂ်နေစီယာ သည် သူ့ဝိုင်ဖန်ခွက်ကို မော့လိုက်သည်။ " ကျွန်မ သူငယ်ချင်း ကော်နဲလီးယားရုဇ်က ပြောဖူး တယ်၊ သူ့မိတ်ဆွေ တချို့ဟာ မိုးမိလို့ သူ့ဆီ ၀င်ခိုဖူးတယ်တဲ့၊ သူက ဂရုတစိုက် ပြုစုလိုက်ရင် အလွန် ရင်းနှီး တဲ့ လူတွေ ဖြစ်ကုန် တာပဲတဲ့"

ကောင်ကြီးဂျိုးဘက်မှာ အရာဝတ္ထုတစ်ခု လွတ်ကျသံ ထွက်လာသည်။ ဖန်ခွက် လွတ်ကျသွားပြီဟု သူ သိလိုက်၏။ လွတ်ကျသံ ကြားရသော်လည်း လူ၏ လှုပ်ရှားမှု လူးလွန့်သံကိုတော့ မကြားရ။ " နေမကောင်း လို့များလား" ဟု သူတွေးသည်။ " သတိလစ်ချင် လစ်နေမှာ" သူသည် ထိုင်နေရာမှ ခုန်၍ ထလိုက်ပြီး မီးခြစ်ကို ကပျာကယာခြစ်ကာ မှန်အိမ်ကို ထွန်းသည်။ ထို့နောက် သူ့ဧည့်သည်ကို လှည့်ကြည့်သည်။

ကောင်ကြီးဂျိုးသည် အသေကောင် တစ်ကောင်သဖွယ် အိပ်မောကျလျက်ရှိ၏။ သူ့ခြေထောက် နှစ်ချောင်း ကို သူ့ရှေ့တည့်တည့်တွင် ဆန့်ဆန့်ကြီး ချထားသည်။ သူ့ခေါင်းသည် နောက်သို့ လန်လျက် ပါးစပ်ကတော့ ဟောင်း လောင်း၊ သူ ကြည့်နေခိုက်မှာပင် အလွန်ကျယ်လောင် စူးရှသော ဟောက်သံသည် ကောင်ကြီးဂျိုး ၏ ပါးစပ်မှ ထွက်လာနေသည်။ ကောင်ကြီးဂျိုးသည် မအိပ်ဘဲ နေနိုင်သူ မဟုတ်။
တီယာအစ်ဂ်နေစီယာ ၏ ရက်အင်ဒီးယန်းသွေးသည် ဆူပွက်လှုပ်ရှား လာသည်။ ဒေါသပြင်းစွာ ထွက် နေသော် လည်း အော်ဟစ်ခြင်း မပြု။

သူသည် သူ့ထင်းပုံရှိရာသို့ သွားသည်။ ထင်းစည်းထဲမှ တစ်ချောင်းကို ဆွဲထုတ်ပြီး ဆကြည့်သည်။ ထို့နောက် ထင်းချောင်း ကို ပြန်ချပြီး နောက်တစ်ချောင်း ထပ်ယူသည်။ ဆကြည့်သည်။ ပြီးတော့ ကောင်ကြီးဂျိုးထံသို့ ခြေသံ မကြားအောင် လျှောက်သွားပြီး တအားလွှဲရိုက်သည်။ ပထမတစ်ချက်သည် ကောင် ကြီးဂျိုး၏ ပခုံးကို ရိုက်မိသည်။ ကောင်ကြီးဂျိုးသည် ကုလားထိုင်ပေါ်မှ လွင့်စင်၍ ကျသွားသည်။

" ၀က်ကြီး" ဟု တီယာအစ်ဂ်နေစီယာက သံကုန်ဟစ်၍ အော်သည်။ " လူယုတ်မာကောင်၊ နင့်ဘာသာနင် ရွှံ့ထဲ ရေထဲမှာပဲ ပြန်နေ "
ကောင်ကြီးဂျိုးသည် ကြမ်းပြင်ပေါ်တွင် တစ်ပတ်လည်သွားသည်။ ဒုတိယရိုက်ချက်သည် ဖင်ကို ရိုက်မိသည်။ ကောင်ကြီးဂျိုး မှာ ထိုအခါကျမှပင် နိုးသည်။
" ဟ ... ဘာဖြစ်တာလဲ" ဟု ကယောင်ကတမ်းရေရွတ်သည်။ " ခင်ဗျားဘာလုပ်တာလဲ"

" ငါ ဘာလုပ်တယ်ဆိုတာ နင့်ကိုပြမယ်" ဟု တီယာအစ်ဂ်နေစီယာက အော်သည်။ သူသည် အိမ်ရှေ့တ့ခါးကို ပြေးဖွင့်ပြီး ကောင်ကြီးဂျိုးထံ ပြန်ပြေးလာကာ ထင်းချောင်းဖြင့် မရပ်မနား ရိုက်သည်။ ထင်းချောင်းသည် ကောင် ကြီးဂျိုး ၏ ကျောပြင်၊ ပခုံးနှင့် ခေါင်းကိုထိသည်။ သူသည် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာပြီး အပြင်ဘက် သို့ ထွက်ပြေးသည်။
" မလုပ်ပါနဲ့ဗျာ၊ မလုပ်ပါနဲ့" ဟုလည်း အော်သည်။ " ဘယ်လိုဖြစ်တာလဲ၊ မလုပ်ပါနဲ့ဗျ၊ ဘာဖြစ်လို့လဲ "

ကောင်ကြီး၈ျိုးသည် ပဆုပ်ပနီကောင်လိုက်၍ တုတ်ခြင်းခံရသူ တစ်ယောက်သဖွယ် ကဆုန်စိုင်း၍ ပြေးသည်။ ရွှံ့ဗွက်များဖြင့် ပြည့်နေသော လမ်းမပေါ်သို့ ရောက်သွားသည်။ တီယာအစ်ဂ်နေစီယာ၏ ဒေါသမှာ ကြောက်စရာ ကောင်းလှ၏။ သူသည် လမ်းမပေါ်ထိ ပြေးလိုက်ဆဲ၊ လက်ထဲမျာ ထင်းချောင်းဖြင့် ရိုက်နေဆဲ။

" ဟေး ဟေး တော်တော့လေဗျာ၊ မလုပ်နဲ့တော့လေ" ဟု ကောင်ကြီးဂျိုးက အော်ကာ တီယာအစ်ဂ်နေစီယာ၏ လက်နှစ်ဖက်ကို အတင်းဆွဲပြီး ချုပ်ကိုင်ထားသည်။ တီယာအစ်ဂ်နေစီယာသည် ကောင်ကြီးဂျိုး လက်ထဲမှ လွတ် မြောက်ရန် ပြင်းထန်စွာ ရုန်းသည်။
" ဟဲ့ ၀က် ... ဟဲ့ နွား "

လွှတ်ပေးလိုက်လျှင် ဆက်၍ အရိုက်ခံရဦးမည်ကို သိနေသော ကောင်ကြီးဂျိုးသည် တီယာအစ်ဂ်နေစီယာ၏ လက်နှစ်ဖက်ကို တင်းကျပ်စွာ ချုပ်ကိုင်ထားသည်။ ထိုကဲ့သို့ လက်နှစ်ဖက်ကို ချုပ်ကိုင်ပြီး ရပ်နေသည့် တဒင်္ဂအတွင်းမှာပင် ချစ်ခြင်းမေတ္တာသည် ကောင်ကြီးဂျိုးထံ ဆိုက်ရောက်လာသည်။ ချစ်ခြင်းမေတ္တာသည် သူ့ ဦးခေါင်း ထဲတွင် မြည်ဟည်းလျက်ရှိသည်။ အရှိန်အဟုန် ပြင်းစွာဖြင့် စီးဆင်းလာသော ရေစီးကြောင်းကြီး သဖွယ် သူ့တစ်ကိုယ်လုံးကို ပြင်းထန်စွာ ၀င်တိုက်သည်။ တောအုပ်တစ်ခုလုံးကို ဗြောင်းဆန်သွားအောင် တိုက်ခတ် နေသည့် လေမုန်တိုင်းသဖွယ် သူ့တစ်ကိုယ်လုံးကို လှုပ်ခါပစ်သည်။ သူသည် တီယာအစ်ဂ် နေစီယာ ဒေါသပြေသွား သည်အထိ လက်နှစ်ဖက်ကို မလွှတ်။
------------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, January 4, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂၁)

၁၃
ဗိုလ်ကျော်ရှိန်ပြန်လာပြီ

မိုးကျသောအခါ အဘနှင့်တကွ ရွာသားအားလုံး လယ်ထွန်ကြပြန်သည်။
ခါတိုင်း ၌ မိုးကျသောအခါသည် အလွန် ပျော်စရာကောင်းသည်။
ပက်ကြားအက်သော လယ်တို့၌ ရေ၀ါဝါတို့ ထင်နေသည်။ ဖားလတက် များကလည်း အော် ကြသည်။ ငွေဗျိုင်းဖြူ တို့လည်း ပျံလာကြ၏။
စိမ်းနုသော မြက်ခင်းတို့ လယ်ကန်သင်းများထက်၌ ဖုံးလွှမ်းသည့် နည်းတူ ပျိုးခင်း၌ စပါးပင် စီစီရီရီ ညီညီ ညာညာ မြကမ္ဗလာ ခင်းသည်သို့ ရှိနေ၏။

ထိုအခါမျိုးတွင် ကျွန်တော့်ရွာပတ်ဝန်းကျင်မှာ စိမ်းစိုနေသည်။ လယ်ကွင်းတို့ စိမ်းစိုသကဲ့သို့ အင်တိုင်းတော သည်လည်း စိမ်းစိုသည်။ ဤအစိမ်းတို့ထက် ပို၍ မှိုင်းကာ ရိုးကလေးသည် လည်း နက်နက်စိမ်းနေ၏။
မိုးကျသော် ကျွန်တော့်မြေသည် အလွန်စိမ်းပါသည်။
ပျိုးပင် တို့ကို နှုတ်၍ ကောက်စိုက်ပြီးစအချိန်၌ လယ်တောတွင် ပုစွန်လုံးတို့လည်း အတော် ကြီးကုန်ကြပြီ။

အဘ တို့က ပုစွန်လုံးပေါက်စလေးများ ပျိုးပင်ပျို တို့ကို လက်မ ယား၍ ကိုက်ဖြတ်ကြသည်ကို လိုက်လံ နှိမ်နင်း ခိုက် ကျွန်တော် တို့က ပုစွန်လုံးကြီး များ ဖမ်းကြသည်။
ပုစွန်လုံး ဖမ်းရသည်မှာ နည်းမသိလျှင် မလွယ်ပါ။ တွင်းမှ ဝေးသွားသော ပုစွန်လုံး ကို နောက်ကျောဘက်မှ လက်ညိုး၊ လက်မခွ၍ ဖမ်းသော် အလွန်မိလွယ်သည်။ မိသော ပုစွန် လုံး၏ လက်ချောင်းအသေးတစ်ခုမှ လက်သည်း ကို ချိုး၍ လက်မကြီးကြား သို့ စိုက်လိုက်ပါ။ ဤသည်ကို လက်ထိပ်ခတ်သည်ဟု ကျွန်တော်တို့ ခေါ်ကြသည်။ အကြောင်းမှာ လက်မကြီး အလုပ်မလုပ်နိုင်သောကြောင့် ဖြစ်၏။

တွင်းဝ တွင် တစ်လစ်လုပ်နေသော ပုစွန်လုံးကိုဖမ်းရန်မူ ၀ါးခြမ်းပြားတစ်ခု လိုသည်။ တွင်းဝ၌ ပုစွန်လုံး တွေ့သည်နှင့် တစ်ပြိုင်နက် ၀ါးခြမ်းပြား ကို တွင်းအောက်ခပ်နက်နက် ၌ ဖြစ်စေအောင် ဘေးမှထိုးရသည်။ လူမြင် ၍  ပုစွန်လုံး တွင်းထဲသို့ ဆင်းပြေးသောအခါ လမ်း၌ ၀ါးခြမ်းပြား ကန့်လန့်ခံနေ၍  ပုစွန်လုံး ခရီးမဆက် နိုင်တော့။ ထိုအခါ ပုစွန်လုံး ကျွန်တော် တို့ လက်ထဲရောက်သည်။
ပုစွန်လုံး ကို မီးဖုတ်လျှင်လည်း အရသာရှိသည်။ ငရုတ်၊ ကြက်သွန်နှင့်လူး၍ ဆီပြန်ချက်စား လျှင်လည်း ကောင်းသည်။

ပုစွန်လုံး အပြင် အလွန်အခုန်အပျံကောင်းသော စားဖားတို့လည်း မိုး၌ပေါ်၏။ စားဖားအစိမ်း ကို မွှေစားလျှင် ငါးဖတ်မွှေ ကဲ့သို့ အရသာရှိသည်။ ကင်ပြီး မှ ချက်စားသော် ကြွက်ကင်၊ ပုတက်ကင်ကဲ့သို့ပင် အရသာ ရှိသည်။
ကျွန်တော် တို့ ကလေးတစ်သိုက်မှာ ပုစွန်လုံးရိုက်၊ ဖားရိုက်နှင့် ပျော်မြဲပျော်ကြသည်။ သို့ရာတွင် လူကြီးများ မှာမူ ရန်မအေး။

ဂျပန် သည် အချိန်မရွေးလာ၍ နွားသိမ်းသည်။ လယ်ထွန်ဆဲ နွားကိုပင်မရှောင်။ ထိုအခါ ဂျပန်ဟုကြားလျှင် နွား တို့ကို ထွန်မှဖြုတ်၍ တောအတွင်းသို့ မောင်းပို့ကြရသည်။ ဂျပန်ပြည်မှ နွားတို့ကို ပြန်ရှာ၍ ထွန်ကြ ရပြန်သည်။ နောက်တစ်ခါ ဂျပန်လာသည်ကြားလျှင် နွားတို့ကို တောတွင်းမောင်းထုတ် ရပြန်သည်။ ထို့နောက် ပြန်ရှာ ၍ ထွန်ကြရပြန်သည်။
တစ်နေ့ တွင် ဂျပန်လာပြီးနောက် ကျွန်တော်သည် အဘနှင့်အတူ တောတွင်းလွှတ်ထားသော နွားတို့ကို လိုက်ရှာ ၏။ အတန်ကြာရှာမိသည်အထိ နွားတို့၏ အရိပ်အယောင်မတွေ့။
အင်တိုင်းတွင်း ၌ မိုးကျ ၍ ကိုင်းမြက် တို့လည်း ရှည်နေသည်။ ကိုင်းမြက်ထူသော် ကျား လာတတ်၏။

တထိတ်ထိတ်နှင့် အဘကိုလမ်းခွဲ၍ ကျွန်တော်သည် အင်တိုင်းစပ်ကိုင်းတောကြားမှ လှုပ် လှုပ်လှုပ်လှု့် သတ္တ၀ါ တစ်ကောင်ကို မြင်ရသည်။ ပထမသော် ကျားမှတ်၍ ကျွန်တော် လန့်ဖျပ်သွား၏။ သို့ရာတွင် ကျား ဆိုသည် မှာ လူကငြိမ် လျှင် မကိုက်ဟုကြားသဖြင့် ကျွန်တော် မလှုပ်ဘဲရပ်နေသည်။
ကိုင်းတော ထဲက ထွက်လာသော သတ္တ၀ါမှာ ကျားမဟုတ် မျောက်ကြီး တစ်ကောင် ဖြစ်သည်။ လူလောက်ကြီး သော မျောက်ကြီးတည်း။

" အဘရေ ... လာပါဗျ။ ဟောဒီမှာ မျောက်ကြီး ... "
ကျွန်တော် က ထိတ်လန့်တကြား အော်သည်။ သို့ရာတွင် ကျွန်တော့်ထက် မျောက်ကြီးက ပိုထိတ်လန့် သွားဟန် ရှိသည်။ သူသည် ကိုင်းတောတွင်း လှည့် ပြန်မည် လုပ်၏။ သို့ရာတွင် ချက်ချင်းပင် ဘာစိတ်ကူး ရသည် မသိ ရပ်လိုက်ပြီး ကျွန်တော့်ကို စကားပြော သည်။
" ငယ်လေးရာ ... ငါပါကွ၊ မျောက်မဟုတ်ပါဘူး "

မျောက်ကြီးက စကားစပြောသည်။ စကားပြောရုံမက ကျွန်တော့် နာမည်ကိုပါ သိနေပါ ပကော။ ကျွန်တော် ၏ ထိတ်လန့်ခြင်းမှာ ပိုခဲ့သည်။ ဧကန္တ မျောက်မဟုတ်၊ တစ္ဆေခြောက်ခြင်း ဖြစ်ရမည်။
" အဘရေ .... မြန်မြန်လာပါ .... မျောက်မဟုတ်ဘူး၊ တစ္ဆေဗျ၊ တစ္ဆေ ... "
ကျွန်တော် သည် တစ္ဆေကိုပစ်ရန် ခဲလိုက်ရှာသည်။ ကိုင်းတောထဲ၌ ခဲမရှိ။ ထိုစဉ် ... သူက သနားစဖွယ် တောင်းပန်၏။

" ငယ်လေးရာ သေသေချာချာကြည့်ပါဦး၊ တစ္ဆေမဟုတ်ပါဘူး၊ ငါပါ ..... "
" ဘယ်က ငါလဲ ..... "
" ငါပါကွ ..... ကျော်ရှိန်ပါ ..... "
" ကျော်ရှိန် " ကျွန်တော် ပါးစပ်အဟောင်းသားဖြစ်သွား၏။
ထိုအခိုက် တွင်ပင် အဘလည်း အနီး ရောက်ခဲ့သဖြင့် သူက ဆက်ရှင်းသည်။
" ကျွန်တော်ပါ ဦးလေးရာ .... ကျော်ရှိန်ပါ၊ ငယ်လေးက လန့်အော်တာပါ "
အဘ က သူ့ကို သေသေချာချာ ကြည့်သည်။

"  ဟ ..... အေး ..... ငကျော်ရှိန် နင်ဘယ်လိုဖြစ်လာတာလဲ "
ထိုအခါကျမှ ကိုကျော်ရှိန်သည် စိတ်အေးဟန် ရှေ့တိုးထွက်လာခဲ့၏။
ကျွန်တော် သည် သူ့ကိုကြည့်ရင်း ရယ်ချင်ငိုချင် ဖြစ်မိသည်။

ကိုကျော်ရှိန် ..... နေမျိုးသူရိန် ...... ကိုဗိုလ်ငကျော်ရှိန်။ ရွာမှ အကြီးအကျယ် ဂုဏ်ပြုလွှတ် လိုက်သော သူရဲကောင်းကြီး ဗိုလ်ငကျော်ရှိန် ..... ယခုမူ ကြည့်ပါဦး။
သူ့မျက်နှာ နှင့် ကိုယ်မှာ ဖောသွပ်သွပ် ဖောင်းပွပွ ဖြစ်နေ၏။ ဤ ကိုယ်ခန္ဓာအထက်ပိုင်း၌ အင်္ကျီမရှိ ဗလာ။ အောက်ပိုင်း ကို ဂုန်နီအိတ် အစုတ်တစ်တောင် ခန့် ပတ်ထားသည်။ တစ်ကိုယ်လုံးအနှံ့ ၀ဲစွဲထားသဖြင့် အကွက်ကွက် ဖြစ်နေသည်။
အသားတွေမှာဝါ၍ ခေါင်း၌ ကျိုးကျိုးကျဲကျဲ ဆံပင်တစ်ပင်နှစ်ပင်သာရှိတော့၏။

" နေစမ်းပါဦး ကျော်ရှိန် ရာ ..... နင် ဘယ်လိုဖြစ်လာတာလဲ "
" ပြောပါမယ်ဗျာ၊ ကျွန်တော် ထမင်းမစားရတာ ကြာလှပြီ၊ ထမင်းပါရင် ကျွေးကြပါဦး ..... "
နွားရှာ ရသည်မှာ တစ်ခါတရံ တစ်နေကုန်သဖြင့် ကျွန်တော်တို့၌ ထမင်းထုပ်များ အဆင် သင့်ပါလာသည်။
အဘ သည် ထမင်းတစ်ထုပ် ဖြည်ကျွေးသော အခါ ကိုငကျော်ရှိန်သည် ပလုတ်ပလောင်း အငမ်းမရ စား တော့သည်။ သူစားနေသည်ကို ကြည့်ပြီး အတန်ကြာမှ အဘကမေးသည်။

" နင် အခု ဘယ်ကလာတာလဲ "
" သံဖြူဇရပ် က "
" ဘာ ... ၊ သံဖြူဇရပ် "
" ဟုတ်တယ်၊ ယိုးဒယားနယ်စပ်က "
" နင် ..... အဲဒီဘာသွားလုပ်ပြီး အခု ဘာဖြစ်လာတာလဲ "

ကိုငကျော်ရှိန်သည် ထမင်းနင်နေ၍ ရုတ်တရက် ပြန်မဖြေနိုင်။ ကျွန်တော်က လှမ်းပေး လိုက်သော ကျည်တောက် ထဲမှ ရေ ကို မော့သောက်ပြီးမှ စကားဆိုနိုင်ရှာ၏။
" ကျွန်တော် ၀င်သွားတဲ့ ဟဲဟိုးတပ် ဆိုတာ ..... ၊ စစ်တပ်မဟုတ်ဘူးဗျ ကူလီတပ် "
''ဟေ..... ''
''တစ်ပြည်လုံး လျှောက်အလုပ်လုပ် ရတာပဲဗျာ...၊ ငတ်ကလည်း ငတ်သေးတယ်၊ ပါးရိုက်လည်း ခံရသေး တယ်''
ကိုငကျော်ရှိန် သည် ပြောရင်း ထပ်ဆာလာဟန် ထမင်း ကို ကုန်းလွေးနေပြန်သည်။

''နောက်တော့ အဲဒီသံဖြူဇရပ် ရောက်တာပဲ''
''အဲဒီမှာ ဘာလုပ်ရလဲ''
''မီးရထားလမ်း ဖောက်ရတယ်၊ ငှက်တောခွေးတောကြီးဗျာ၊ သေလိုက်တာ အလောင်းချင်း ထပ်နေတာပဲ၊ ငှက်နဲ့ရော၊ ၀မ်းနဲ့ရော၊ ဂျပန်သတ်လို့ရော... ''
အဘ သည် ငိုင်သွား၏။ စကားပြောသောအခါ အဘအသံ၌ စိုးရိမ်မှုတို့ ၀င်နေသည်။

''ငကျော်ရှိန် ဒီလိုဆိုရင်တော့ ဒုက္ခပဲ၊ အခု ဂျပန်က ပိုက်ဆံပေးပြီး အလုပ်သမားတွေ လိုက်ခေါ်နေတာ၊ လယ်မလုပ်ချင် တဲ့ ကောင်တွေ တော်တော်များများ လိုက်ကြတယ်၊ တို့ရွာကတောင် သုံးယောက် ပါသွား လေရဲ့''
''အဲဒီလူတွေ မပြန်လမ်းသွားတာပဲ''
ကိုကျော်ရှိန် က ခေါင်းခါရင်းဆိုသည်။
''ဒါနဲ့ ဆက်ပါဦး...မင်းဘယ်လိုပြန်လာရလဲ''

''ကျွန်တော်ဖျား လို့ သတိလစ်နေတုန်း သေပြီဆိုပြီး သူတို့က တခြားအလောင်းတွေနဲ့ တောထဲပစ်ထားတာ၊ သတိရတော့ ကုန်းထပြီး ရွာစဉ်တစ်လျှောက် တောင်းစား ပြန်လာခဲ့တာ''
အဘ သည် သက်ပြင်းရှိုက်၍ ခေါင်းခါသည်။
''မင်းဘာလို့ ရွာထဲမ၀င်တာလဲ''
ကိုငကျော်ရှိန် သည် ဘာမျှပြန်မဖြေဘဲ သူ့ကိုယ်သူ ငုံ့ကြည့်သည်။ အတန်ကြာမှ သနားဖွယ်ဆို၏။
''ဒီရုပ်ဒီရည်နဲ့ ကျွန်တော် ရွာထဲဘယ်ဝင်ရဲမလဲ''

မှန်သည်။ သွားစဉ်က သူရဲကောင်းကြီးအဖြစ် ရွာအပျိုချောတွေဝိုင်း၍ ရတုရွတ် ဂုဏ်ပြုလွှတ် လိုက်သည်။ ယခု ဂုန်နီအိတ် ပတ်၍ ၀ဲစွဲသောကိုယ်နှင့် ကိုငကျော်ရှိန် အဘယ့်နှယ် ရွာတွင်းဝင်ဝံ့ရှာမည်နည်း။
ထို့ကြောင့် အဘက နွားဆက်ရှာသည်။ ကျွန်တော်က ရွာပြန်အ၀တ်အစားယူ၍ ကိုငကျော်ရှိန် ကို ပေးရ သည်။
သည့်တိုင်အောင် နေ၀င် မှ ကိုငကျော်ရှိန် ရွာတွင်းဝင်ဝံ့သတည်း။

ရွာ၌ အခြေအနေတွေမှာ ကြာလေဆိုးလေ ဖြစ်ခဲ့သည်။ ကိုငကျော်ရှိန် သတင်းကြောင့် ဂျပန် အလုပ်သမား လာစု လျှင် လိုက်ရဲသူမရှိကြ။ ကိုငကျော်ရှိန်ပြောသကဲ့သို့ ယခင်က လိုက်သွားသူများလည်း မပြန်လမ်း သွားသည့် နှယ် တစ်ဦးမှ မပေါ်လာတော့။

တောင်ရွာ မြောက်ရွာ တို့၌ တစ်ခါတရံ ပြန်လာကြသူများ ရှိကြသည်။ သူတို့အားလုံးမှာ ကိုငကျာ်ရှိန် ကဲ့သို့ပင် ဗိုက်စူနံကား အသားဝါ၀ဲစွဲ နှင့် ချည်း ဖြစ်သည်။
ပိုက်ဆံပေး ခေါ်၍ မရသောအခါ ဂျပန်သည် စစ်တပ်နှင့် ရွာဝိုင်း၍ ချွေးတပ်ဆွဲတော့သည်။
တစ်ရွာလုံး မှာ ဘယ်အချိန် ဂျပန်နွားလာဆွဲ၍ ဘယ်အချိန် လူလာဆွဲမည်ကို အစဉ်ကြောက်ရွံ့နေရသည်။
ကျွန်တော် တို့ ကလေးတွေက နွားကျောင်းရင်း၊ မြက်ရိတ်ရင်း၊ မျက်စိရှင်ရှင် ထားကြသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ပဆစ်အိမ် အပိုင်း (၂၆)

တစ်နေ့မှာတော့ အိမ်တွင် ဖေဖေ မေမေတို့ မရှိ။ မိတ်ဆွေတစ်ယောက်၏ ဘုရားကိုးဆူ ပူဇော်ပွဲ သို့ သွား နေကြသည်။
အိမ်မှာ မြိုင်နှင့် ကိုကို နှစ်ယောက်တည်း။
ကိုကိုနှင့်ဆိုတော့ ဖေဖေ မေမေတို့က စိတ်ချသည်။ ကိုကိုသည် အိမ်သားတစ်ယောက်လို ဖြစ်နေ ခဲ့သည်။ မြိုင် နှင့် ကိုကို့ ကို မောင်နှမအရင်းအချာတွေလို သဘောထားဖို့ မှာကြားထားသည်။
သို့ပေမယ့် ... ကျားဘုရင်လက် မှာ သားသမင် ကို အပ်ခဲ့သည့်အဖြစ်ကိုတော့ တွေးမိဟန်မတူ။ မင်းဒဿ လက် မှာ မယ်သီတာ ကို အပ်ခဲ့သည့်အဖြစ်ကို သတိထားမိဟန် မရှိ။

ကိုကိုက လူလည်။
သိပ်ကိုလည်တဲ့ လူလည်။
အများရှေ့မှာတော့ မခုတ်တတ်သည့်ကြောင်ကလေးပေါ့။
ကိုကိုက မြိုင့် ကို လက္ခဏာ ကြည့်ပေးမည်ဆိုသည်။ မြိုင်က လက္ခဏာတွေ ဗေဒင်တွေကို အယုံ ကြည်သား။

"ကြည့်စမ်း ... ကိုကိုက ပညာတွေ ချိုထားတာပေါ့လေ၊ အစက လက္ခဏာဟောတတ်တယ်ဆိုတာ ဘာလို့ မပြောတာလဲ"
ကိုကို က တကယ့် ပရောဟိတ်ဟန်ဖြင့် မြိုင့် လက်ကလေးများကို ဆွဲယူသည်။ ကြာမြင့်စွာ ကိုင်တွယ် ပွတ်သပ် နေသည်။ အစဉ် လို အေးနေသည့် လက်ဖျားကလေး ပူနွေးလာသည်အထိ ဖြစ် သည်။
"ပထမဦးဆုံး ဟောရမှာကတော့ မြိုင့် လက်ဖ၀ါးကလေးတွေဟာ သိပ်နူးညံ့တယ် ဆိုတာပဲ၊ ကိုင်လို့ သိပ် ကောင်းတယ် ဆိုတာပဲ"
သည်တော့မှ မြိုင် သတိရပြီး မိမိလက်ကို ပြန်ရုပ်လိုက်သည်။

"ကိုကိုနော် ... သူ တော်တော် အကြံများတယ်"
ကိုကို က ရယ်နေသည်။
"တကယ်ပါ မြိုင်ရ၊ ကိုကို တကယ်ဟောတတ်တာပါ"
မြိုင့် လက် ကို ပြန်ဆွဲယူသည်။
"ဟောဒါက ဥာဏ လေခ လို့ ခေါ်တယ်။ ဥာဏ်လမ်းကြောင်းပေါ့၊ ဒါက အာယုလေခ လို့ ခေါ်တယ်။ အသက်လမ်းကြောင်း၊ ဒါက ပမာဒလေခ၊ ဒါတွေက ဂြိုလ်ခုံတွေ၊ ဟောဒီမှာ ကြည့်စမ်၊ ဒီလက္ခဏာ အရေးအကြောင်း အရ မြိုင့်မှာ ချစ်သူ ရှိနေပြီ"

"ဟုတ်လဲဟုတ်ဖဲနဲ့"
"ဟုတ် ကို ဟုတ်တယ်၊ မြိုင့်မှာ ချစ်သူ ရှိနေပြီ"
"ဒါဖြင့် ဘယ်သူလဲ"
"မြိုင့်ရှေ့မှာ ထိုင်နေတဲ့သူလေ"
"တော်ပါ၊ လိပ်ကြီး၊ ကိုယ့်ဘက်ကိုယ် ယက်တတ်တဲ့ ကမ္ဘာလိပ်ကြီး"
ကိုကို လက္ခဏာ မဟောတတ်သည်ကို မြိုင်သိပြီ။ လက်ကို ပြန်ဆွဲယူသည်။ ကိုကိုက လွှတ်မပေးခဲ့။ သူ့ဘက်သို့ ပိုမို ဆွဲယူလိုက်သည်။ မြိုင်သည် ကိုကို့ရင်ခွင်အတွင်း ရောက်ရှိသွားသည်။ မြိုင့်ကို နမ်းဖို့ ကြိုးစား သည်။

"ဟင့်အင်း ကိုကိုရယ်၊ လွှတ်ကွယ်"
"မြိုင့် ကို ကိုကို ချစ်နေပြီ၊ အခုမှ မဟုတ်ဘူး မြိုင်၊ ငယ်ငယ်ကတည်းက ချစ်ခဲ့ရတာ။ မြိုင်တို့ စစ်ပြေးလာရင်း ရွာမှာ တွေ့ကတည်းက ချစ်ခဲ့ရတာ။ ဒီတုန်းက မြိုင်ဟာ ဂါဝန်ဝတ်ကလေးနဲ့ပေါ့"
ကိုကို ၏ ပွေ့ဖက်မှုတွေ ကြမ်းတမ်းလာသည်။ အနမ်းတွေ ဆန်းကြယ် ထွေပြားသည်။

"ကိုကိုရယ် လွှတ်ကွယ်"
"ကိုကို့ကို ချစ်လား"
"မသိဘူး"
"မုန်းသလား"
"မသိဘူး"
"မြိုင် မသိပေမယ့် ကိုကို သိပါတယ်။ မြိုင် ကိုကို့ကို ချစ်နေတယ်၊ ချစ်သမှ သိပ်ကို ချစ်နေတယ်။ မြိုင့်ပါးစပ်က မပြောပေမယ့် နှလုံးခုန်သံက ချစ်တယ် ချစ်တယ်လို့ မြည်နေတယ်။ မျက်လုံးထဲမှာ ချစ်တယ်ဆိုတဲ့ စကားလုံး ကလေး တွေ ပေါ်နေတယ်"

မြိုင် မျက်နှာ အတည်ထားလိုက်သည်။
"ကိုကို"
"အင်း"
"မြိုင့် ကိုကို့ကို မချစ်ဘူး၊ လွှတ်နော် ကိုကို၊ မြိုင့်ကို လွှတ်နော်"
"မလွှတ်ခဲ့ရင်ရော်"
"အော်လိုက်မှာပေါ့"

"အော်လိုက်လေ၊ ဒါဆို သာကောင်းတယ်၊ နားဖောက်ပြီးသား ဖြစ်သွားတာပေါ့"
"ခက်ပါလား ကိုကိုရယ်၊ ဖေဖေ မေမေတို့ ပြန်လာလိမ့်မယ်၊ မြင်သွားရင် မြိုင် ဘာဖြစ်သွားမယ် ထင်သလဲ"
"မြိုင် နဲ့ ကိုကို့ ကို လက်ထပ်ပေးလိုက်မှာပေါ့"

"သူ့ဘက်ကတော့ သေချာနေလိုက်တာ၊ ဖေဖေ မေမေတို့က မြိုင့်ကို ကိုမင်းသောင် နဲ့ လက်ထပ် ပေးချင် ကြတာ"
"မြိုင် က ဒီအစီအမံကို နာခံမယ်လား၊ ဒီကျောက်ပေါက်မာ လက်တစ်နှိုက် နဲ့ ဖယောင်းရုပ် လို လူကြီး ကို ယူမယ်လား"
"ယူမှာပေါ့၊ သူက မြိုင့် ကို ချစ်တယ်၊ ရိုးသားတယ်၊ တည်ကြည်တယ်"
"မြိုင် ... သူ့ကို ဘယ်နည်းနဲ့မှ မယူရဘူး၊ မြိုင် ယူရမှာ၊ လက်ထပ်ရမှာ ဒီလောကမှာ တစ်ခြား ဘယ်သူမှ မရှိဘူး၊ ကိုကိုပဲ ရှိတယ်"
ကိုကို့ အဆင့်တွေက တက်လာသည်။

"ကိုကိုရယ် ... ကိုကိုရယ် ... " နှင့် မြိုင်ငြင်းသည်။ ရုန်းကန်သည်။
သို့ပေမယ့် ... အင်အား မပါလှသည်ကိုတော့ မြိုင် ကိုယ်တိုင် သိပါသည်။
"ကိုကိုရယ် ... မြိုင် ကြောက်တယ်"
"ဘာကိုလဲ"
"ဘာကိုလဲတော့ မသိဘူး၊ မြိုင် ကြောက်တာတော့ အမှန်ပဲ"
"ကိုကို့ ရင်ခွင့်ထဲမှာ မြိုင်ရှိနေသရွေ့ လောကမှာ ဘာကိုမှ မြိုင် ကြောက်စရာ မလိုဘူး။
"အို ... ကိုကိုရယ်"

"မြိုင့်ကို ကိုကို သေတပန်သက်တစ်ဆုံး ချစ်သွားမှာပါ၊ အသက်ထက်ဆုံး ပေါင်းသင်းသွားမှာပါ၊ ဒါကို စိတ်ချလက်ချက် ယုံထားလိုက်ပါတော့ကွယ်"
သြော် ... အပြောကောင်းလိုက်သည့် ကိုကို။
ကိုမင်းသောင်ကိုတော့ အားနာစရာ ကောင်းလှပါသည်။

သူ့ခမြာ မြိုင်နှင့် လက်ထပ်ဖို့ ကြိုတင်ငွေစုထားသည်။ အိမ်ထောင်ပစ္စည်းတွေ ကြိုတင် ၀ယ်ယူ ထားသည်။ အိပ်ရာ ခမ်းနား တွေ မှာထားပြီးပြီ။
သို့ပေမယ့် မြိုင်သည် မေမေ့ကို ကိုမင်းသောင်နှင့် လက်ထပ်တော့မည် မဟုတ်ကြောင်း ဖွင့်ပြော လိုက်သည်။ မေမေ က တစ်ဆင့် ဖေဖေ့ကို ပြောသည်။
ဖေဖေ က သဘောမတူချင်လှ။

"မောင်တင်မောင်သန့်ကို ကိုယ် မချစ်လို့ မဟုတ်ဘူး။ တူလို သားလို ချစ်ပါတယ်။ ဒါပေမယ့် သူက ကိုယ်တို့ အတွက် အားကိုးအားထား ရမယ့် လူတစ်ယောက်တော့ ဖြစ်လာမှာ မဟုတ်ဘူး။ သူ ဆန်စက်လုပ်ငန်းတွေ လုပ်ပြီး တို့များရဲ့ မြို့သိမ်မြို့ငယ်ကလေးမှာ အခြေချနိုင်မှာ မဟုတ်ဘူးကွဲ့။ တို့များကလည်း အသက်ရ လာပြီ။ လုပ်ငန်း နဲ့ ပတ်သက်ပြီး အားထားလောက်သူဆိုလို့ မျက်နှာလွှဲရ မယ့် သူဆိုလို့ မောင်မင်းသောင် ကိုပဲ မြင်ထားတာ"

ဖေဖေ့ ပြောစကားတွေကို ခန်းစည်းအကွယ်မှ ချောင်းနားထောင်ရင်း မြိုင် ရင်ထိတ်နေသည်။
မပေးစားနိုင်ဘူး ဆိုလျှင်တော့ ဒုက္ခပါပဲ။
ခိုးရာ လိုက်ရတာတွေ၊ အမွေဖြတ်ခံရတာတွေ ဖြစ်ကုန်တော့မှာပဲ။
မေမေ့ စကားကတော့ အားတက်စရာ ကောင်းပါသည်။

"ဒါတော့ရှင်၊ မောင်တင်မောင်သန့်ကလဲ လူညံ့မှ မဟုတ်တာ။ ဘွဲ့တွေဘာတွေလဲ ရပြီးသားပဲ မဟုတ်လား။ မြို့အုပ်ဝန်ထောက် ဖြစ်ဖို့လဲ မခဲယဉ်းဘူး။ ရန်ကုန်လို နေရာမျိုးမှာ သူ့ကြီးပွားရာ ကြီးပွားကြောင်း ရှာသွားရင် လဲ ပိုကောင်းတာပေါ့"
"ဒီလိုဆိုရင်လဲ မင့် သဘောပဲလေ"
သည်တော့မှ မြိုင် သက်ပြင်း ချနိုင်တော့သည်။

မြိုင်တို့ မင်္ဂလာပွဲသည် မြို့မှာတော့ ပြောစရာတွင်ရသော မင်္ဂလာပွဲ ဖြစ်သည်။ အခမ်းအနား အကြီး အကျယ်ဆုံး ဖြစ်သည်။
မြို့မျက်နှာဖုံး တွေမို့ ဘုရားဒကာ၊ ကျောင်းဒကာ၊ သိမ်ဒကာ၊ ဇရပ်ဒကာတွေမို့ မြို့ပေါ်က မျက်နှာကြီး မှန်သမျှ လာသည်။ လက်ဖွဲ့ သည်းခံပါဆိုသည့် အကြားက လက်ဖွဲ့ပစ္စည်းတွေ တောင်ပုံ ရာပုံ ရသည်။ မြိုင်တို့ ဘက် က ငွေဖလား လက်ဆောင် ပြန်ကမ်းသည်မှာ မြို့တွင် ပြောစရာ ဖြစ်၍ ကျန်ရစ်သည်။
သည်တုန်း က ကိုကို့မျက်နှာ ခုလို သုန်သုန်မှုန်မှုန် မဟုတ်ပါဘူး။

ပြုံးလို့ ပျော်လို ရွှင်လို့ မြူးလို့။
မယုံလျှင် လက်ထပ်စဉ်က ရိုက်ထားသည့် ဓာတ်ပုံတွေ ပြန်ကြည့်ပါလား။
ကိုကို့ မျက်နှာသည် ကမ္ဘာပေါ်တွင် ကံအကောင်းဆုံး ဆိုသည့် သူ၏ မျက်နှာအနေအထားမျိုး။
ဖေဖေ အတွက် မမှားပါ။

လက်ထပ်ပြီး များမကြာမီမှာပင် ကိုကိုက မြို့မှာ မပျော်ပိုက်သည့်အကြောင်း ပြောသည်။ ရန်ကုန်သို့ ပြေင်းရွှေ့ ချင်သည်။
မြိုင် ကိုယ်တိုင်ကလည်း မြို့ကို ငြီးငွေ့နေပြီ။
ထာဝစဉ် ဆူညံရှုပ်ထွေးနေသည့် ဆန်စက်လောက၊ မြင်နေကျ မိုးမခမြစ် ၀န်းကျင်ရှုခင်း၊ မီးခံ သေတ္တာလို လုံခြုံ လှသည့် တိုက်။
သည်လိုနှင့် ဖေဖေကိုယ်တိုင် ယခုနေသည့် တိုက်ကို လိုက်ဝယ်ပေးကာ မြိုင်တို့ကို ရန်ကုန်သို့ ပြောင်းရွှေ့ ပေးလိုက် သည်။

ဟိုတုန်းကတော့ ပုံစံရိုးရိုး တစ်ထပ်တိုက်ကလေးပေါ့။ ယခုတော့ ကိုကို့ အစီအမံဖြင့် ခမ်းနား ထည်ဝါသော၊ လှပ သော နှစ်ထပ်တိုက် ဖြစ်နေခဲ့ပြီ။
ကိုကို့ ကုသိုလ် ကောင်းပါသည်။
လိုင်စင် ခေတ်ကောင်းစဉ်က လိုင်စင်တွေ ၀ယ်သည်။ ကိုကို ၀ယ်သည့် လိုင်စင်က နိုင်ငံခြားက စာအုပ် ကုမ္ပဏီ များမှ စာအုပ် မှာယူခွင့် ဖြစ်သည်။ အောက်စဖို့နှင့် မက္ကမီလန်လို စာအုပ်တိုက်ကြီး များ မှ ကျောင်းသုံး စာအုပ် တွေလည်း ပါသည်။

ကျောင်းဖွင့်ချိန်တိုင်း မှာ ငွေသိန်းနှင့် ချီရမြဲ။ ကိုကို သည် ငယ်ငယ်ရွယ်ရွယ် နှင့် သူကြွယ် ဖြစ်လာ သည်။
ပြည်သူပိုင် အသိမ်းခံရတော့လည်း မှုစရာမရှိခဲ့။ ဖေဖေ မေမေ ဆုံးတော့ အမွေတွေ ရခဲ့သည်။ ကိုကို့ ကုသိုလ်ကံ က လူတစ်ကာ အားကျချင်စရာ ကောင်းလှသည့် ကုသိုလ်ကံမျိုး။
မြိုင် နှင့် က လွဲလျှင် ဆိုပါတော့။
မြိုင်နှင့်ကျကာ မှ ဘာလို့များ ကံက ဆိုးရတာပါလိမ့် ကိုကို ရယ်။
မြိုင် စိတ်မကောင်း လိုက်တာ။

ပထမ ကိုယ်ဝန်ရှိစဉ်က မြိုင်ရော ကိုကိုပါ ပျော်ခဲ့ကြသည်။ အစတွင် မြိုင်သည်  ကိုကို့ အလုပ်တိုက် သို့ နေ့စဉ် လိုက်သွားသည်။ ဘာမျှ မလုပ်တတ်ပေမယ့် ကိုကို့ဘေးမှာ ရပ်နေခြင်းသည်ပင် ကိုကို့ကို ကူညီရာ ရောက်သည်ဟု အထင် ရှိသည်။ တစ်နေ့တွင်တော့ မြိုင်သည် အလုပ်တိုက် လှေခါး အတက် ၌ မိုက်ခနဲ မူးသွားသည်။ ကိုကိုက ဆွဲထားပေလို့ပေါ့။
အပြန်လမ်းတွင် ကားပေါ်မှာ ကိုကိုက ပြောသည်။

"မနက်ဖြန်ကစပြီး မြိုင် အလုပ်တိုက်ကို မလိုက်ခဲ့ရဘူး"
"ဘာဖြစ်လို့လဲ ကိုကို၊ မြိုင်ပါလာတဲ့အတွက် ကိုကို့မှာ အနှောင့်အယှက် ဖြစ်ရလို့လား"
"ဟင့်အင်း"
"ဒါဖြင့် ဘာကြောင့်လဲ ကိုကို"
"မြိုင် အနားယူဖို့ လိုနေပြီ။ မြိုင့်မှာ သားသမီး ရှိနေပြီ"

"ဟင် ... ကိုကို ဘယ်လိုလုပ် သိသလဲ"
"ဒီလိုပဲ သိတာပေါ့၊ မြိုင် သိပ်သန့်နေတာ ကြာပြီပဲ ဥစ္စာ"
နောက်နေ့မှစ၍ မြိုင် အလုပ်တိုက်သို့ လိုက်ပါ မလာခဲ့လေတော့။ အိမ်တွင်ပင် အေးဆေးစွာ အနားယူ နေသည်။ ကိုကို ၏ ဆက်ဆံမှုများသည် သိမ်မွေ့လာကာ ယုယုယယ ရှိသည်။
မြိုင်သည် ကလေးဖို့ ခြေအိတ်ကလေးတွေ၊ ဦးထုပ်ကလေးတွေ သိုးမွှေးဖြင့် ကြို၍ ထိုးထားသည်။ အင်္ကျီနောက်ကွဲ ကလေး တွေ ကြိုချုပ်ထားသည်။ ဒါကလေးတွေ ကြည့်ရင်း ပီတိ ဖြစ်ခဲ့ရသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

တို့ဘဝ တို့ ကမ္ဘာ အပိုင်း (၂၂)

" အံမယ် ခွေးသူခိုးက" ဟု ဂျီးဆပ်စ်မေရီယာက ရေရွတ်သည်။
" မင်းရဲ့ သူငယ်ချင်းတွေကို ခေါ်သွားပြီး အဲဒီကောင်ကို သတ်ကွာ" ဟု ပက်ဘလိုက ပြောသည်။
" ဘာမှ လုပ်လို့ မရပါဘူး၊ အပထမညမှာ ကျုပ်ကို လူတစ်ယောက်က ပြတင်းပေါက်ကနေပြီး သေနတ်နဲ့ ချောင်းပစ်တယ်၊ ဒုတိယည မှာ သေနတ်ကျည်ဆန် မတော်တဆ ထွက်သွားတယ်ဆိုပြီး ကျုပ်ဆီကို ကျည်ဆန် ရောက်လာတယ်၊ ကံကြီးပေလို့ပေါ့၊ ဒါနဲ့ပဲ ကျုပ် အဲဒီဒေသက အပြီးအပိုင် ထွက်လာခဲ့တာ၊ ကလေး ကိုလည်း ကျုပ် တစ်ပါတည်း ခေါ်လာခဲ့တယ်"

အားလုံး၏ မျက်နှာများတွင် ဒေါသရောင် လွှမ်းမိုးလျက် ရှိသည်။ ခက်ထန်တင်းမာလျက်ရှိသော မျက်လုံးများ သည် ကြောက်စရာ ကောင်းလှသည်။ အခန်းထောင့် သူ့နေရာတွင် ထိုင်နေသော ပင်လယ်ဓားပြ၏ နှုတ်မှ ဒေါသ တကြီး ကြိမ်းဝါးသံ ထွက်လာသည်။ ပြီးတော့ သူ့ခွေးများ၏ မာန်ဖီသံနှင့် ဟိန်းသံများ။

" ငါတို့လူစု အဲဒီမှာ ရှိလိုက်ရင် ဘယ်လောက် ကောင်းလိုက်မလဲကွာ" ဟု ပီလွန်က ကြိတ်မနိုင် ခဲမရ အသံ ဖြင့် ရေ`၇ွတ်သည်။ " ငါတို့ရှိလို့ကတော့ အဲဒီကောင် လူ့ပြည်မှာ လူလာဖြစ်ရတာ မှားလေခြင်းလို့ ဖြစ်သွား စေရမယ်၊ ငါ့အဘိုးက ဘုန်းတော်ကြီး တစ်ပါးကြောင့် စိတ်ဆင်းရဲခဲ့ရဖူးတယ်၊ အဲဒါ သူဘာလုပ်တယ် ထင်သလဲ၊ အဲဒီ ဘုန်းကြီးကို ကိုယ်တုံးလုံးချွတ်ပြီး နွားခြံထဲက တိုင်တစ်တိုင်မှာ ကြိုးနဲ့ တုပ်ထားတယ်၊ ပြီးတော့ နွားပေါက်စ တစ်ကောင်ကို သူ့ဆီလွှတ်ထားတယ်၊ အိုကွာ ခံလိုက်ရတာမှ ဘာပြောကောင်းမလဲ၊ အဲဒီလို ကောင်မျိုးကို လုပ် နိုင်တဲ့ နည်းတွေ အများကြီး ရှိပါတယ်ကွာ"
" ကျုပ်က သာမန်တပ်ကြပ်တစ်ယောက် မဟုတ်လားဗျာ" ဟု လူငယ်က ပြောသည်။

" ထွက်ပြေးရုံကလွဲပြီး ဘာ ပြန်လုပ်နိုင်မှာလဲ"။ ရှက်စိတ်ကြောင့် ထွက်လာသော မျက်ရည်များသည် မျက်လုံး များတွင် အပြည့်။ " သူ့ အထက်အရာရှိ ကက်ပတိန်အဆင့်ရှိတဲ့ လူက မုန်းပြီဆိုရင် တပ်ကြပ် တစ်ယောက် အဖို့ အကူအညီ မရတော့ဘူး ပေါ့ဗျာ၊ ဒါကြောင့် ကျုပ် ထွက်ပြေးလာရတာ၊ ဖရက်စ်နိုမြို့ ရောက်တော့ ကျုပ်စောစောက ပြောခဲ့တဲ့လူနဲ့ တွေ့ တယ်။ သူက ကျုပ်သား မင်နုရယ် ကို ကျုပ်ဖြစ်စေချင် သလို ဖြစ်လာအောင် လုပ်နိုင်တယ်လို့ ပြောတယ်၊ ကျုပ် လည်း မင်း ဗိုလ်ချုပ်ကြီး ဖြစ်စေရမယ်၊ မင်းပန်းပွား တွေ စလွယ်တွေ တပ်ပြီး ရွှေဓားကြီးတပ်ရမယ်လို့ နေ့တိုင်း အကြိမ်နှစ်ဆယ် ပြောခဲ့တယ်"

ဤအဖြစ်မျိုးသည် မိတ်ဆွေ အပေါင်းအသင်းများ၏ ၀ိုင်းဝန်းကူညီမှုကို ရဖို့အလွန်လိုအပ်၏။ သို့သော်လည်း ဖြစ် ပွားခဲ့သော နေရာမှာ ဝေးကွာလွန်းလှသည်ဖြစ်ရာ ကိုယ်ရောစိတ်ပါထပြီး ကူညီဖို့ မဖြစ်နိုင်ပါ။ သူတို့ သည် အံ့သြ ချီးမွမ်းသည့် မျက်နှာထားများဖြင့် တပ်ကြပ်ကို ကြည့်နေကြသည်။ သူသည် ဤမျှလောက် ကြီးမားသော စွန့်စားခန်းမျိုး နှင့် ရင်ဆိုင်သင့်သည့် အရွယ်မဟုတ်ပေ။ သူ့အသက်မှာ ငယ်လွန်းလှသေး၏။

ငါတို့လူစု အခုလောလောဆယ် တိုရီယွန်မြို့မှာ ရှိနေချင်သကွာ" ဟု ဒင်နီက ရေရွတ်သည်။ " အဲဒီမှာသာ ဆိုရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပီလွန်က စီစဉ်ပေးမှာပဲ၊ ငါတို့ အဲဒီကို မသွားနိုင်တာ နာတာပဲကွာ"

သူများ စကားပြောလျှင် အိပ်ပျော်သွားတတ်သော ကောင်ကြီးဂျိုးသည် တပ်ကြပ်၏ ဇာတ်လမ်းတွင် စိတ်ဝင် စားနေသဖြင့် မအိပ်နိုင်။ သူသည် စက္ကူဘူး ရှိရာသို့ ထသွားပြီး ငုံ့ကြည့်သည်။ " မင်းဟာ ဗိုလ်ချုပ်ကြီးဖြစ်မယ့် ကလေးပဲ" ဟု ပြောသည်။ ထို့နောက် အလန့်တကြား အော်ပြောသည်။ " ဟေ့ လာကြည့်ကြစမ်း၊ ကလေး လှုပ် နေတာက ရယ်စရာကြီး"
အားလုံး အပြေးအလွှားထသွားပြီး ကလေးကို ကြည့်ကြသည်။ ကလေးခမျာ တက်စပြုနေပြီ။ ခြေထောက် ကလေး များသည် တစိုးစိုး တဆတ်ဆတ်နှင့် အကြောဆွဲနေသည်။ လက်ကလေးများသည် ဟိုကုတ် သည်ခြစ် ခြစ်နေသည်။

" ဆရာဝန်၊ ဆရာဝန်" ဟု ဒင်နီက အော်သည်၊ " ငါတို့ ဆရာဝန်ခေါ်မှဖြစ်မယ်" သို့သော်လည်း ဆရာဝန် ခေါ်၍ အကျိုးမရှိ နိုင်တော့သည့် အခြေအနေကို သူတို့အားလုံး ရိပ်မိနေကြသည်။ နီးကပ်လာသော သေခြင်း တရား ကို မြင်နေရကြရသည်။ သူတို့ ၀ိုင်းအုံပြီး ကြည့်နေခိုက်မျာပင် ကလေးသည် တစ်ကိုယ်လုံး တောင့်တင်း သွားပြီး ငြိမ် ကျသွားသည်။ ကလေး၏ ပါးစပ်သည် ပွင့်လာသည်။ ကလေးတွင် အသက်မရှိတော့။ ကလေး၏ အဖြစ်ကို ကြည့်ပြီး သနားနေသော ဒင်နီသည် သူ့စောင် ကို ယူ၍ ဘူးခွံပေါ်မှာ ဖုံးပေးသည်။ တပ်ကြပ် သည် တောင့်တောင့် ကြီးရပ်ကာ ရှေ့တည့်တည့်ကို ငေးစိုက်ကြည့်နေသည်။ ထိတ်လန့် တုန်လှုပ် မှု့ က ပြင်းထန်သဖြင့် စကားပင် မပြောနိုင်။

ဂျီးဆပ်စ်မေရီယာက တပ်ကြပ် ၏ လက်မောင်းကို အသာဆုပ်ကိုင်ကာ ကုလားထိုင်တစ်လုံးပေါ် ထိုင်ခိုင်းသည်။ " မင်းအသက်အများကြီး ငယ်ပါသေးတယ်ကွာ" ဟု ပြောသည်။ " မင်းအနေနဲ့ ကလေးတွေ အများကြီး  အများကြီး ရနိုင်ပါသေးတယ်"
" သူ သေသွားပြီ၊ သူ ဘယ်တော့မှ ဗိုလ်ချုပ်ကြီး မဖြစ်နိုင်တော့ဘူး "

အားလုံး၏ မျက်လုံးများထဲတွင် မျက်ရည်များဖြင့် ပြည့်နေသည်။ ထောင့်ထဲ၌ စုပြုံ၍ ၀ပ်နေကြသော ခွေးများ သည် တအင်အင် ညည်းညူလျက် ရှိကြသည်။ ပင်လယ်ဓားပြသည် သူ့ခေါင်းကို သူ့ခွေးဆီညော် အလက်သွန် မဆင် ၏ အမွေးများကြားတွင် ထိုးမြှုပ်ထားသည်။
ပီလွန် က အလွန်နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောသည်။ " အခုတော့ ဟိုစစ်ဗိုလ်ကို မင်းကိုယ်တိုင်ပဲ သတ် ရတော့မှာပေါ့၊ သူ့ကို လက်စားချေဖို့ စီစဉ်ထားတဲ့အတွက် မင်းကို ငါတို့က ဂုဏ်ပြုပါတယ်ကွာ၊ ဒါပေမယ့် မင်း အစီအစဉ်က ပျက်သွားပြီဆိုတော့ မင်းကိုယ်တိုင်ပဲ လက်တုံ့ပြန်ရတော့မှာပေါ့၊ ဟုတ်ဘူးလား၊ ငါတို့ကလည်း တတ်နိုင်သမျှ ကူညီကြပါမယ် "

တပ်ကြပ်က နားမလည်သော မျက်လုံးများဖြင့် ကြည့်နေသည်။"လက်စားချေတယ်၊ ဟုတ်လား" ဟု မေးသည်။ " ကက်ပတိန်ကို သတ်ရမယ် ဟုတ်လား၊ ခင်ဗျား ပြောတာ ဘာအဓိပ္ပာယ်လဲ " မင်း အစီအစဉ်က ရှင်းရှင်းကလေးပါ" ဟု ပီလွန်က ပြောသည်။ " ဒီကလေးက ကြီးလာမယ်၊ မင်းဆန္ဒအတိုင်း ဗိုလ်ချုပ်ကြီး ဖြစ်လာမယ်၊ ဟိုစစ်ဗိုလ်ကို တွေ့မယ်၊ အဲဒီတော့ သူက တဖြည်းဖြည်းချင်း ညှဉ်းသတ်မယ်၊ သိပ်ကောင်းတဲ့ အစီအစဉ်တွေ၊ ရေရှည်စီမံကိန်းပဲ။ စောင့်ရတာတော့ကြာမယ်၊ အချိန်တန်တော့ ထချလိုက်၊ ဟုတ်လား၊ ငါတို့က မင်းစိတ်ကို ချီးကျူးပါတယ်ကွာ"

တပ်ကြပ်သည် နဝေတိမ်တောင် ဖြစ်နေဆဲပင်။ " ဘာလဲ" ဟု ထပ်မေးသည်။ " ဒီစစ်ဗိုလ်နဲ့ ထပ်ပြီး ပတ်သက်စရာ အကြောင်း မရှိတော့ဘူး။ သူက ကက်ပတိန်ပဲ"
" ဒီလိုဆိုလည်း မင်းက မင်းရဲ့ကလေးကို ဘာကြောင့် စစ်ဗိုလ်ချုပ်ကြီး ဖြစ်စေချင်ရတာလဲ၊ ဘယ်လို သဘော ကြောင့်လဲ"
တပ်ကြပ်သည် စိတ်ကသိကအောက် ဖြစ်သွားသည်။ " ဖခင်တစ်ယောက်အနေနဲ့ သူ့ သားသမီးကို ကောင်းစား စေချင်တယ် ဆိုတာက တာဝန်တစ်ခုပါ။ ကျုပ်က ကျုပ်သား မင်နုရယ်လ်ကို ကျုပ်ထက် အဆင့်မြင့် စေချင်တယ်"

" မင်း ရည်မှန်းချက်က ဒါ တစ်ခုတည်းပဲလား" ဟု ဒင်နီက တအံ့တသြမေးသည်။
" ဒီလိုလေ" ဟု တပ်ကြပ်က ပြောသည်။ " ကျုပ်မိန်းမ က သိပ်လှတယ်၊ လှပေမယ့် အကျင့်မဆိုးပါဘူး၊ မိန်းမ ကောင်း တစ်ယောက်ပါ၊ ဒါပေမယ့် အဲဟို ကက်ပတိန်က သူ့ကို လုယူသွားတယ်၊ ဒီကက်ပတိန်မှာ ပန်းပွား လည်း နည်းနည်းပဲ တပ်ရတယ်၊ စလွယ်လဲ နည်းနည်းပဲ တပ်ခွင့်ရတယ်၊ သူ့ခါးမှာ ချိတ်တဲ့ ဓားကျတော့ ငွေဓားပဲ၊ စဉ်း စားကြည့်ပေါ့" သူသည် စကားကိုဖြတ်၍ လက်နှစ်ဖက်ကို ဆန့်လိုက်သည်။ " တကယ်လို့ ပန်းပွားတို့ စလွယ်တို့ နည်းနည်းပဲ တပ်ခွင့် ရတဲ့ သူလို ကက်ပတိန် တစ်ယောက်က ကျုပ် မိန်းမကို လုယူခွင့် ရှိရင် ခင်ဗျားတို့ တွေးကြည့် စမ်း၊ စလွယ်အကြီးကြီး သိုင်းခွင့်ရပြီး ရွှေဓားကြီး ချိတ်ခွင့်ရတဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက်သာ ဆိုရင် သူယူချင်တာ အကုန်ယူနိုင်မယ် မဟုတ်လား"

အားလုံး မီးကို ရေနှင့်ဖျန်းလိုက်သည့်နှယ် ငြိမ်ဆိတ်သွားသည်။ ဒင်နီ၊ ပီလွန်၊ ပက်ဘလို၊ ဂျီးဆပ်စ်မေရီယာ၊ ပင်လယ်ဓားပြ နှင့် ကောင်ကြီးဂျိုးတို့သည် တပ်ကြပ်၏ မူဝါဒ ကို အချိန်များစွာယူ၍ စဉ်းစားနေကြသည်။ စဉ်းစားပြီး၍ ဘ၀င်ကျသွားကြသည့်အခါ အားလုံးက ဒင်နီပြောမည့် စကားကို စောင့်မျှော်ကြသည်။

" သနားစရာပဲကွာ" ဟု နောက်ဆုံးတွင် ဒင်နီက ရေရွတ်သည်။ " လောကမှာ သူတို့သားသမီးတွေ ကောင်းစား ရေးကို စိတ်နှလုံးဖြူဖြူစင်စင်နဲ့ ဆန္ဒရှိကြတဲ့ မိဘအရေအတွက်က နည်းနည်းပါးပါးပဲရှိတယ်၊ အခု သူ့စကား ကြားရတော့မှ ကလေးသေတုန်းကထက်ပိုပြီး ၀မ်းနည်းစရာကောင်းနေပြီ၊ ဘာကြောင့်လည်း ဆိုတော့ အခုလို စိတ်ထားရှိတဲ့ ဖအေမျိုးနဲ့သာ နေရရင် သူ့အဖို့ ဘယ်လောက်များ ပျော်စရာ ကောင်းလိုက် မလဲ၊ အခုတော့ သူ့ခမျာ ပျော်စရာအလွန်ကောင်းတဲ့ ဘ၀တစ်ခုနဲ့ လွဲရရှာတာပေါ့"

ဒင်နီ၏ သူငယ်ချင်းများက တည်ငြိမ်လေးနက်သော မျက်နှာများဖြင့် ခေါင်းတညိတ်ညိတ်လုပ်နေကြသည်။
" ကဲ၊ ဒီလိုဆိုရင် မင်းဘာ ဆက်လုပ်မယ်စိတ်ကူးသလဲ" ဟု တပ်ကြပ်ကို စတွေ့ခဲ့သူ ဂျီးဆပ်စ်မေရီယာက မေး သည်။

" ကျုပ် မက္ကဆီကို နိုင်ငံကို ပြန်မှာပေါ့" ဟု တပ်ကြပ်က ပြောသည်။ " ကျုပ်ဟာ စစ်သားဘ၀ကို နှစ်နှစ် ကာကာ ကြိုက်တဲ့ စစ်သားတစ်ယောက်ပါ။ ကျုပ်ရဲ့ ရိုင်ဖယ်သေနတ်ကို အရင်ကလိုပဲ ဂရုတစိုက် တိုက်သွား ရင် တစ်နေ့ကျ ကျုပ်လည်းပဲ အရာရှိတစ်ယောက် ဖြစ်ချင်ဖြစ်လာမှာပါ၊ ဘယ်သူက မဖြစ်ဘူးလို့ ပြောနိုင်မလဲ"
သူငယ်ချင်း ခြောက်ဦးသည် တပ်ကြပ် ကို ချီးမွမ်းသည့် မျက်နှာထားများနှင့် ကြည့်သည်။ သူ့လိုလူစားမျိုး တစ်ယောက် နှင့် သိခွင့်ရလိုက်သည့်အတွက် ဂုဏ်ယူမဆုံးအောင် ဖြစ်နေကြလေသည်။
-----------------------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, January 3, 2011

စိမ်းနေဦးမည့် ကျွန်တော့်မြေ အပိုင်း (၂ဝ)

"နင်အဲဒါ ဘယ်ကရလဲဟင်"
"မေးမနေပါနဲ့ဟာ.......စာမှာစားစမ်းပါ"
မယဉ်နွယ်သည် ဆက်မစားဘဲ ချောကလက်ကို ကျွန်တော့်ပါးစပ်ဆီ ပြန်ခွံ့သည်။
"ရော့လေ...... နင်လည်းစားဦး"

"ငါစားပြီးပါပြီဟာ.......နင်သာစားစမ်းပါ"
သို့ရာတွင် မယဉ်နွယ်က မလျှော့။
"နင် နည်းနည်းလေးဖြစ်ဖြစ် ကိုက်ဟာ၊ နို့မို့ဖြင့် ငါမစားဘူး"
ကျွန်တော် က မယဉ်နွယ်အား စူးစိုက်ကြည့်မိသည်။ ထိုခဏ၌ ကျွန်တော့်ခေါင်းတွင် အကြံတစ်ခု ပေါ်လာ၏။ ထို့ကြောင့် ချောကလက်ကို လှမ်းယူလိုက်သည်။

"ပေးစမ်း....ပြီးတော့ နင့်လက်ကလေးနဲ့လည်း ကိုင်ထား၊ ငါလည်းကိုင်ထားမယ်၊ ပြီးတော့ ငါကျိန်ခိုင်းသလို လိုက်ကျိန်"
မယဉ်နွယ်သည် ကျွန်တော်ခိုင်းသည့်အတိုင်း ချောကလက်ကို ကိုင်သည်။
"ငါ...ဘာကျိန်ရမှာလဲ"
"ငါ တိုင်ပေးမယ်.....နင်လိုက်ဆိုပေါ့ဟ"
မယဉ်နွယ် က ခေါင်းကလေးညိတ်သောအခါ ကျွန်တော်က တိုင်ပေးသည်။

"ဒီနေ့..."
"ဒီနေ့....."
"သန့်ဇင်ပြောတာတွေကို"
"သန့်ဇင်ပြောတာတွေကို"
"ဘယ်သူ့ကိုမှ မပြောပါဘူးဘုရား"
"ဘယ်သူ့ကိုမှ မပြောပါဘူးဘုရား"
"ပြောလျှင်"
"ပြောလျှင်"
"ဤချောကလက်သည် သွေးပွက်ပွက် အံပါစေသား"

မယဉ်နွယ်သည် ကျွန်တော့်အား ပြန်ကြည့်သည်။
"နင့်ကျိန်စာကြီးကလည်း ကြောက်စရာကြီးဟာ"
"နင်ဘာလဲ.........ငါ့ကိုမယုံဘူးလား"
"ယုံပါတယ်ဟာ"
"ယုံရင်.......... ပြီးတော့ ဂျပန်ကိုသတ်ချင်ရင် ငါကျိန်ခိုင်းသလို...လိုက်ကျိန်"
မယဉ်နွယ်သည် ကျွန်တော့်အား မျက်စောင်းထိုးသည်။ အရေးထဲ ကျွန်တော့မှာ သာယာ လိုက်ရသေးသည်။

"အေးပါဟယ်.....ကျိန်ပါ့မယ်၊ ဘာတဲ့နင်ပြောတာ၊ အဲအဲ.... အမှတ်ရပြီ၊ ဤချောကလက် သည် သွေးပွက်ပွက်အန်ပါစေသတည်း"
ကျိန်ပြီးသောအခါ ကျွန်တော်တို့နှစ်ဦးက ချောကလက်ကို တစ်ယောက်တစ်ကိုက် စား လိုက်ကြ၏။
"ကဲ ပြောလေ"
ပြောပါဆိုပြန်တော့ ကျွန်တော်မှာ ရုတ်တရက် ငိုင်မိပြန်သည်။

ဘယ်ကစပြောရမှန်းလည်း မသိ။ အတန်ကြာ စဉ်းစားပြီးမှ ဖြည်းဖြည်းရှင်းမှရသည်။
"မယဉ်နွယ်၊ နင် ဆရာပြောသွားတဲ့စကား မှတ်မိလား၊ တစ်နေ့ မြန်မာတွေအားလုံးက ဂျပန်ကို ထ ချမယ် ဆိုတာ... "
"ဟင်အင်း... ငါမကြားဖူးဘူး"

"အေးလေ၊ ငါမေ့သွားတယ်...ဆရာ ရွာကထွက်သွားခါနီမှာ ပြောတဲ့စကားပဲ၊ ဒီတုန်းက နင်မှမလားဘဲ"
"ထားပါတော့ဟာ... ဆရာပြောတဲ့စကားဆိုရင် ငါယုံပါတယ်"
"အေး...ယုံပါဟာ၊ ဒီညနေ ဆရာ့ကိုရှာဖို့ ဦးလေးပုကြီးကို ငါတို့လွှတ်လိုက်တယ်"
"ငါတို့ ဆိုတော့... နင်နဲ့ဘယ်သူတွေနဲ့လဲ"

"ငါ့နဲ့ ဗိုလ်စောလင်းနဲ့... "
"ဗိုလ်စောလင်းဆိုတာ ဘယ်သူလဲ... "
"ဗိုလ်စောလင်းဆိုတာ လေယာဉ်ပျံပေါ်က ခုန်ဆင်းခဲ့တဲ့ဗိုလ်ကြီး၊ ဗိုလ်ကြီးဆိုတာ အင်္ဂလိပ် မဟုတ်ဘူး ဗမာပဲ၊ စစ်ဗိုလ်လို့ ငါပြောတာ"
"နင်...တကယ်ပြောနေတာလား... "

"ငါတကယ်ပြောလို့ နင့်ကို ချောကလက်ကျွေးနိုင်တာပေါ့၊ သူ့မှာ ချောကလက်အပြင် နင်တို့ ငါတို့ မမြင်ဖူး တဲ့ သေနတ်တွေရော၊ တခြားလက်နက်တွေပါ ပါတယ်၊ အဲဒါ ဆရာ့ကို တွေ့ရင် ဒီလက်နက်တွေနဲ့ လူ စုဝေးပြီး ဂျပန် ကို ချဖို့ပဲ"
မယဉ်နွယ်သည် မျက်လုံးကလေးအပြူးသားဖြင့် ကျွန်တော်အား ကြည့်နေ၏။ သူ့လက် တွင်းမှ ချောကလက်ပြားလေး ကိုလည်း စူးစိုက်ကြည့်၏။ ကျွန်တော်ကသာ ဆက်ပြော သည်။
"သူ့မှာ ဓာတ်ခွက်လည်းပါတယ်၊ ငါကိုယ်တိုင် မြင်ခဲ့တယ်၊ သူခေါ်ရင် လေယာဉ်ပျံတွေ ရောက်လာမှာ"

မယဉ်နွယ်သည် ပါးစပ်ကလေး အဟောင်းသားနှင့် နားထောင်နေသည်။ ထို့နောက် အာရ ၀မ်းသာမေးသည်။
"သန့်ဇင်... ဒီအကြောင်း ငါ ဘယ်သူ့မှမပြောပါဘူး၊ စိတ်ချ"
"အဲဒါ... ငါ နင်နဲ့ တိုင်ပင်မလို့ပဲ၊ လူကြီးတွေနဲ့တော့ မပြောရဲဘူးဟ၊ ဗိုလ်စောလင်း စားဖို့ သောက်ဖို့ ဆန် တို့၊ ငါးခြောက် တို့၊ ဆီ တို့လိုတယ်။ သူက ငါ့ကို ပိုက်ဆံတွေတော့ ပေးတယ်၊ ဒါပေမယ့် ငါလျှောက်ဝယ် ရင် ငါ့ကို လူတွေ မသင်္ကာဖြစ်ကုန်မယ်"

"ဟုတ်တယ်၊ မသင်္ကာဖြစ်မှာပဲ"
"ဒီတော့... ငါကြံထားတယ်၊ ဆန်တော့ ငါ့အစ်မအိမ်က ခိုးမယ်၊ ဆီတော့ အရီးလေးတို့ အိမ်က ခိုးမယ်၊ ငါးခြောက်တို့၊ အမဲခြောက်တို့တော့ တို့အိမ်တွေမှာ သိပ်မရှိဘူး၊ နင်တို့အိမ်တော့ ရှိမှာပဲ၊ အဲဒါတွေ နင်ခိုးပေး"
မယဉ်နွယ်သည် အလွန်ကျေနပ်စွာ ပြုံးလိုက်သည်။

"အေးဟဲ့... တို့အိမ်မှာ ငါးခြောက်ကော၊ အမဲခြောက်ကော၊ သကြားရော၊ ဆားရော၊ အများကြီးရှိတယ်၊ ငါခိုးပေးမယ်၊ ဒါပေမယ့် အဲဒါတွေကို ဘယ်လိုလုပ်နင့်လက်ထဲ ရောက် အောင် ငါးပေးရမလဲ"
ကျွန်တော် တို့နှစ်ဦးစလုံး ငိုင်သွားသည်။ ကျောင်းမရှိတော့၍ မယဉ်နွယ်နှင့် ကျွန်တော် ရှေ့ဆက်တွေ့ရန် မလွယ်၊ သို့ရာတွင် ချက်ချင်းပင် ကျွန်တော်အကြံရသည်။
"မယဉ်နွယ်...တစ်နေ့က ငါထွက်တဲ့ ခွေးတိုးပေါက် မှတ်မိလား၊ အဲဒီနေရာကို ငါ ညကျ တူးရွင်းနဲ့ရှပ်ပြီး နက်အောင် တူးထားမယ်၊ လူတစ်ယောက် ၀င်သာရုံပေါ့၊ ပြီးတော့ ငါသဲဖြည့်ပြီး သစ်ကိုင်းခြောက် တွေနဲ့ အုပ်ထားမယ်"

မယဉ်နွယ်သည် ၀မ်းသာအားရ ကျွန်တော်ကိုယ်ကို ကိုင်လှုပ်သည်။
"သန့်ဇင်... နင် သိပ်ဥာဏ်ကောင်းတာပဲဟယ်"
"ငါ ဥာဏ်ကောင်းတာ မဟုတ်ပါဘူးဟာ... သတ္တိလည်းကောင်းပါတယ်"
ကျွန်တော်က စောစောက မယဉ်နွယ်၏စကားကို ပြန်ချေသဖြင့် မယဉ်နွယ်က နှုတ်ခမ်းမစူ တစူဖြင့် ကျွန်တော် ကို မျက်စောင်းထိုးသည်။

"ငါ စိတ်မကောင်းတုန်း ပြောတဲ့စကားကို နင်က အကျကောက် ထားတာကိုးဟ၊ နင် သတ္တိ ကောင်းပါတယ် ဟယ်... ငါသိပါတယ် ဟင်း၊
ကဲ ကျေနပ်တော်မူပလား"

ဤသို့ဆိုပြန်သော် ကျွန်တော်က ကျေနပ်တော်မူပြန်သည်။ ထိုစဉ် ကျွန်တော်တို့ဆီသို့ ရှေးရှု လျှောက် လာသော မယဉ်နွယ်၏အမေ ဒေါ်မိုးကြီးကို တွေ့သဖြင့် ကျွန်တော်သည် မယဉ်နွယ်ကို ထပ်မှာသည်။
"ငါပြောတာ မှတ်ထားနော်...၊ ဒီည ငါ ခွေးတိုးပေါက်လာချဲ့မယ်၊ နက်ဖြန်ကစပြီး နင်ပေးမယ့်ဟာတွေကို အဲဒီ အပေါက် ထဲ ထည့်ထားပြီးတော့ သဲနဲ့ပြန်အုပ်ထား ကြားလား၊ ကဲ... ငါသွားပြီ... "
ကျွန်တော် နှင့် မယဉ်နွယ်၏ အစီအစဉ်သည် ကောင်းကောင်း အောင်မြင်ခဲ့သည်။

ဆန်၊ ဆီ၊ ငါးခြောက်၊ အမဲခြောက် စသည်တို့အား ကျွန်တော်က မှန်မှန် စုဆောင်းသည်။ တစ်ပတ်ပြည့်သော် တောင်ပေါ်တက်၍ ဗိုလ်စောလင်းထံ ပို့သည်။
ဗိုလ်စောလင်းသည် တွေ့စက ကျွန်တော့်အပေါ် ကြမ်းတမ်းသော်လည်း ယခုမူ အလွန် နူးညံ့ ယဉ်ကျေးသူ ဖြစ်ကြောင်း တွေ့ရ၏။
ဗိုလ်စောလင်း ကျွန်တော့်အား ပြောပြသော ဇာတ်လမ်းမှာ အသည်းနင့်ဖွယ်ကောင်းသမျှ မခံချင်စရာ လည်း ဖြစ်သည်။

ဗိုလ်စောလင်းသည် တစ်ကြိမ်က ကောလိပ်ကျောင်းသားဖြစ်သည်ဆို၏။ သူသည် သပိတ်မှောက် ဖူးသည်လည်း ဆို၏။ အင်္ဂလိပ်ကိုတိုက်ရန် ဂျပန်နှင့် အဆက်အသွယ် ယူဖူး သည်လည်းဆို၏။
ဗိုလ်စောလင်းသည် ထားဝယ်သားဟု သိရသည်။ ဂျပန်တပ်များ ထားဝယ်ကို သိမ်းပြီးသော အခါ ဂျပန်သည် မြန်မာ ကို ညာကြောင်း သူသိခဲ့ရသည်ဟုလည်း ဆို၏။ ထိုအခါ သူနှင့် လူ ငယ်အချို့သည် ဂျပန်တိုက်ရန် ကြံကြသည်။ ဤအကြံကို ဂျပန်သိသဖြင့် ဗိုလ်စောလင်းကို လိုက်ဖမ်းရာ မမိသော် သူ့အဖေကိုသတ်၍ သူ၏ ရစ မိန်းမ နှင့် နှမ ကိုလည်း ဂျပန်သိမ်းသွား သည်ဆို၏။ ထိုအခါ ဗိုလ်စောလင်းသည် တော တောင် တို့ကို ဖြတ်၍ အိန္ဒိယဟုခေါ် သော ကုလားပြည်အထိ ကုန်းကြောင်းလျှောက်ပြေးခဲ့သည်ဆိုသည်။

ဤဇာတ်လမ်း ကို ပြောတိုင်း ဗိုလ်စောလင်း မျက်ရည်ကျသည်။ ကျွန်တော်က ဗိုလ်စောလင်း အား မေးမိသည်။
" ခင်ဗျားအခု အင်္ဂလိပ်စစ်တပ်က အင်္ဂလိပ်ကကော ကောင်းသလား "
ဗိုလ်စောလင်း သည် ခေါင်းကိုခါသည်။
" အင်္ဂလိပ် လည်း မကောင်းဘူး၊ ဂျပန်လည်း မကောင်းဘူး၊ တို့မြန်မာပေါ် တို့မြန်မာပဲ
ကောင်းနိုင်တယ် "

" နို့ ... ဘာဖြစ်လို့ ခင်ဗျား အင်္ဂလိပ်လူဖြစ်လဲ "
" ငါ အင်္ဂလိပ်လူမဟုတ်ဘူး၊ ဒါပေမယ့် ဂျပန်ကို ချချင်လို့ သူတို့နဲ့ ပေါင်းနေတယ်၊ သူတို့နဲ့ မပေါင်းကော တို့ ဘယ် က လက်နက် ရမလဲ"
ကျွန်တော့်ဦးနှောက် ပတ်ချာလည်သွားသည်။ သို့ရာတွင် ဗိုလ်စောလင်းကိုမူ ကျွန်တော် ကြည်ညိုခဲ့ပြီ။ ထို့ကြောင့်လည်း အင်္ဂလိပ် ကို ခံချခဲ့သော ကျွန်တော့်အဘအကြောင်း ပြောမိ သည်။
ဗိုလ်စောလင်း သည် အလွန်အံ့သြသွားသည်။

" ငါ့ညီရာ ငါ့ကိုငါ သူပုန်လို့ ထင်တယ်၊ မင်းက ငါ့ထက်ပိုပြီး သူပုန်စ်တယ်ကွ"
" ကျုပ် တကယ် သူပုန်ဖြစ်နေပလား "
" မြန်မာတွေအနေတော့ မင်းဟာ သူပုန်မဟုတ်ဘူးပေါ့ကွာ၊ မျိုးချစ်ကြီးပေါ့ ... ဒါပေမယ့် ဂျပန်အမြင်တော့ မင်းဟာ သူပုန်ပေါ့ "
ကျွန်တော် အလွန်ကျေနပ်သွားသည်။ လက်စသတ်တော့ ကျွန်တော်သည် သူပုန်ကြီးပါ တကား။ ပြီးတော့ မျိုးချစ်ကြီး ပါကလား။

ထိုနေ့မှစ၍ ဗိုလ်စောလင်းနှင့် ကျွန်တော်သည် ပိုမို ရင်းနှီးခင်မင်ခဲ့ကြသည်။ ဗိုလ်စောလင်း သည် ကျွန်တော် အလွန်တတ်ချင်သော သေနတ်ပစ်နည်းများလည်း သင်ပေးသည်။
ကျွန်တော်နှင့် ဗိုလ်စောလင်းသည် ကျွန်တော်တို့အကြောင်း အဘကို ဖွင့်ပြောသင့်မပြောသင့် ဆွေးနွေးကြသည်။ ဗိုလ်စောလင်းက အချိန်မတန်ခင် သတင်းပွ၍ လူတကာသိမည် စိုးသောကြောင့် မပြော ရန် တားမြစ်သည်။ ကျွန်တော်ကလည်း သဘောတူလိုက်၏။

ဤသို့ဖြင့် တစ်နွေကုန်ရုံမက တစ်မိုးကျသည်အထိ ကျွန်တော်သည် ဗိုလ်စောလင်းကို မယဉ်နွယ် အကူအညီ နှင့် ရိက္ခာ တစ်ပတ်တစ်ခါ မှန်မှန်ပို့ခဲ့သည်။ လိုလိုမည်မည် ဗိုလ်စောလင်း အသုံးပြုရန် ချည်ကြမ်းလုံချည်၊ ချည်ကြမ်း အင်္ကျီ စသည်တို့ကိုလည်း ညွန့်မောင်ကြီးထံမှ လှည့်ပတ်တောင်း၍ ကျွန်တော် ပေးခဲ့သည်။

မိုးတွင်းတစ်နေ့၌ ဗိုလ်စောလင်း၏ဂူသို့ ရိက္ခာပို့ရန် ကျွန်တော် ရောက်သွားသည်။ ခါတိုင်း ဆိုလျှင် ဗိုလ်စောလင်း သည် ဂူဝမှဝေးရာ ကျွန်တော် မမျှော်လင့်သော တစ်နေရာမှ ဆီးကြို အသံပြုမြဲဖြစ်သည်။ ဂူဆီ သို့ ပြေးလာခဲ့သည်။ ဂူတွင်း၌ လူသူမရှိတော့။ ချောကလက်ထုပ် များကိုမူ တွေ့ရသည်။ ချော့ကလက် ထုပ်ပေါ် ၌ စာကလေးတစ်စောင် တွေ့ရ၏။
" ငါတို့ပြန်လာမယ် ..... "

ဒါပဲဖြစ်သည်။ ထို့ထက် လေးနက်သော အဓိပ္ပာယ်ပေး သည့် အရာဝတ္ထုတစ်ခုကို ကျွန်တော် တွေ့ရသည်။
မှည့်ဝင်း နေသော ဥသျှစ်သီးတစ်လုံး။
--------------------------------------
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>