Monday, August 2, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၇)

ဆယ်နှစ်
ဂျာနယ်ကျော် - မမလေး

(၁ )

ဆောင်းပါး ရေးမည်ဟု စာရွက်ပေါ်၌ ဤခေါင်းစဉ်ကို ရေးလိုက်သည်။ ခေါင်းစဉ်ရေးပြီးနောက် စာ တစ်ကြောင်းမှ မဖြစ်။ ဆယ်နှစ် ဟု ရေးချလိုက်သော စာလုံးကလေးများကို ငေးငိုင် စိုက်ကြည့်လျက် အချိန် သာ ကုန်ကာ မရေးနိုင်ဘဲ ဖြစ်ခဲ့ရသည်။
ရေးမည်ဟု ကြံခဲ့သောနေ့မှာ ဦးချစ်မောင် သေပြီး ဆယ်နှစ်မြောက်အထိမ်းအမှတ် ပြုလုပ် ပြီးစီးသွားသော ၁၃၁၇ ခု တန်ခူးလဆန်း နှစ်ရက်နေ့ ညက ဖြစ်၏။ ခေါင်းစဉ်သာ ရေးသားလျက် စာတစ်ကြောင်းမှ မဖြစ်ခဲ့သော ကော်ပီစာအုပ်သည် ကာလအတန်ကြာအောင် ပျောက်ကွယ်လျက ရှိချေ၏။

ကုန်ဆုံးခဲ့သော ဆယ်နှစ်မြောက် ၁၃၁၇ ခု တန်ခူးလဆန်း နှစ်ရက်နေ့မှ ၁၃၁၈ ခု တန်ခူးလ ကျော်သွားသည့်တိုင်အောင် ဆယ်နှစ် ဟု ခေါင်းစဉ် ရေးထားခဲ့သော ယင်းစာအုပ်ကို အတွေ့ မမြင်ဘဲ ရှိမိ သည်။
တရုတ်ပြည်မှ ပြန်ရောက်လာသောနေ့ ညက ဤစာအုပ်ကို ယူနီဖောင်းသေတ္တာထဲ၌ သွားတွေ့ရ၏။ ပွရောင်း ရှုပ်ထွေးတေသော အထည်ပုံ ကြားထားမှ ဤစာအုပ်သည် ထွက်တော်မူလာလေသည်။
ဆယ်နှစ် ဟု ရေးထားသော စာလုံးများကို စိုက်ကြည့်လျက် ရှိသော မျက်လုံးသည် လှုပ်ရှားခြင်း မရှိ။ စာရွက် ကို ကိုင်ထားသော လက်သည် လေငန်းဖြတ်၍ အကြောဆွဲနေသော လက်ကဲ့သို့ တဆတ် ဆတ် တုန်နေ သည်။ ရင်ထဲ၌ ရှိုက်လျက် လှိုက်လျက်ဖြင့် ငေးစိုက်လျက် ရှိနေ၏။

ခေါင်းစဉ်ကို ရေးလျက် စာကြောင်း မဖြစ်ခဲ့သော အကြောင်းအရာများသည် စုပေါင်း ပေါ်လာကြလေ၏။ ပေါ်လာ ကြသည့် သဏ္ဍာန်များကို မြင်ပုံမြင်နည်းသည် တစ်မျိုးတစ်ဖုံ ဖြစ်နေပေ၏။ ပေါ်လာသမျှတို့သည်  အသက် ၀င်၍ လှုပ်ရှားနေကြကာ၊ ကျွန်မအဖို့မူ အသက် အရှိသူနှင့် တူလှပေ ၏။ စိတ်ထဲ၌ မှောင်အတိ ကျသွား လျက် ပတ်ဝန်းကျင်ကိုလည်း သတိမရှိ၊ ကိုယ့်ကိုယ်ကိုယ်လည်း အမှတ်မရှိ၊ မှောင်ဖုံးလျက် ရှိ လေကာ ညမှောင်ထဲ၌ လူးလွန့်နေသော သဏ္ဍာန်ကလေး တစ်ခုကို မြင်နေရပေသည်။

ထိုသဏ္ဍာန်သည် လွန်ခဲ့သော အတိတ်က ကျွန်မကို ယခု ကျွန်မ ပြန်မြင်ရသောအခါ တစ်ပါးသူ တစ်ယောက် ကဲ့သို့ လှမ်းခွာမြင်နေသော အမြင်တစ်မျိုး မြင်နေလေသည်။ ကျွန်မမှာ ရုပ်ရှင်ကားကောင်း တစ်ခု ကို ထိုင်ကြည့်နေရသည်နှင့် မခြား၊ စိတ်ဝင်စားလျက် ရှိတော့၏။ မျက်စိထဲစ၍ ပေါ်လာသည်ကား မှောင်မှောင် မည်းမည်းထဲ၌ လဲလျောင်း လူလွန့်နေသော သဏ္ဍာန်က စ လေသတည်း။

(၂)

ကျွန်မသည် မှောင်ထဲ၌ လဲလျောင်းရင်း မျက်လုံးမှိတ်ကာ လူးလွန့်နေလေ၏။ ခွေးဟောင်သံ ကို ကြားလိုက် ရသည်။ ကျွန်မ ခေါင်းရင်း၌ ခွေးတစ်ကောင် ထဟောင်နေသည်။ အဝေးက မောင်းလာ သော ကားသံမှာ တဖြည်းဖြည်း ကျွန်မအနား ရောက်လာကာ ကျွန်မကို သီသီကလေး ပွတ်သွားလေ သည်။ လေအဟုန်ဖြင့် ကတ္တရာ စေးလမ်းနှင့် ဘီးနှင့် လှိမ့်ပွတ်လာသော ဆိုက်ကားသံမှာလည်း ကျွန်မ ကိုယ်ပေါ်မှ ဖြတ်ကြိတ်နင်း သွားတော့ မည့် အတိုင်းပင်။ ကျွန်မ စိတ်ထဲ၌ ကျွန်မမှာ ပေတစ်ရာလမ်းဘေး ပလက်ဖောင်းပေါ်၌ လှဲအိပ် နေဘိ သကဲ့သို့ ထင်စားမိသည်။

ကျွန်မ အိပ်နေသော ဇရပ်နှင့် ပေတစ်ရာ လမ်းမမှာ တစ်သားတည်းကဲ့သို့ တစ်ပြင်တည်း နေသည်။ လမ်းဘေး ပလက်ဖောင်းမှာ ကျွန်မ အိပ်နေသော နေရာနှင့် တစ်ပြေးတည်း ဖြစ်လေသည်။
ကျွန်မ ရောက်နေသော နေရာသည် ရွှေတိဂုံဘုရား ခြေရင်းရှိ ပုလိပ်မင်းကြီးဟောင်း ဦးဘရီ၏ အောင်မင်္ဂလာ ဇရပ်ကြီး ဖြစ်သည်။ ဇရပ်ထဲ၌ ရှင်းလင်းလျက် သားမွေးကော်ဇောကြီးများ ခန်းပြည့်ခင်း ထား၏။ နံရံ၌ ကပ်လျက်ရှိသော စင်မြင့်ပေါ်၌ ကွယ်လွန်သူ ဦးချစ်မောင်၏ ပန်းချီပုံကားကြီင်္း ထောင် ထားကာ ပန်းခက်ပန်းကုံးများ ၀န်းရံ ခွေပတ်ထားလေသည်။
ဇရပ်နောက် ခန်းထဲ၌ မီးရောင်ကလေး လင်းနေလျက်၊ ဇရပ်ထဲတွင် မီးမှိတ်ကာ မှောင်နေသည်။

ကျွန်မသည် လမ်းပေါ်မှ ဖြတ်သန်းသွလြာနေသော အသံဗလံများကြောင့် မအိပ်နိုင်ဘဲ လူးလွန့်နေရာမှ ငေါက်ခနဲ ထ ၍ ထိုင်လိုက်လေသည်။ ကျွန်မ ဘေးတွင် ချစ်ခင်သော အစ်မကြီးတစ်ယောက် အိပ်နေ၏။ ခန်းလုံးပြည့် ခင်းထားသော ကော်ဇောများပေါ်တွင် စီးတန်းလျက် တချို့လည်း ခေါင်းချင်းဆိုင်ကြလျက် အိပ်စက် နေကြသော သူများကို လမ်းမီးရောင်များဖြင့် ၀ိုးတိုးဝါးတား မြင်နိုင်၏။
မောင်သိန်းတန်နှင့် မိုးဟိန်းမှာ ကျွန်မ ခေါင်းရင်၌ ကန့်လန့် အိပ်နေကြ၏။ မခင်လေးမြင့်မှာ ခပ်လှမ်းလှမ်း တွင် သူ့အဒေါ်များနှင့် တန်းစီ အိပ်နေလေ၏။
ဆယ်နှစ်မြောက် အထိမ်အမှတ်ပွဲအတွက် အရုဏ်တက်တွင် သက်စေ့သံဃာတော်တို့အား ဆွမ်းကပ်လှူရန်၊ ထို့ပြင် ဦးချစ်မောင်၏ မိတ်ဆွေသင်္ဂဟများအား နံနက်စာ ထမင်းနှင့် ချိုချဉ်ခဲဖွယ်များ ကျွေးရန်၊ အစစ စီမံ ပြင်ဆင် ရခြင်းဖြင့် ညဥ့်နက်မှ အိပ်ကြရလေရာ အားလုံး အိပ်မောကျလျက် နေကြလေ၏။

ကျွန်မ သည် ပန်းခက်ပန်းပွင့်များ ကြားမှ ၀ိုးတ၀ါး မြင်ရသော ပန်းချီကားကြီးကို လှမ်းကြည့်နေ လေ၏။
အဝေး မှ ခွေးဟောင်သံများ ထွက်ပေါ်လာသည်။ ဇရပ်ပတ်လည်၌ရှိသော ခွေးတို့သည် တစ်ပြိုင်တည်း လိုက် ၍ ဟောင်ကြအူကြလေသည်။ ဆိုးဝါးလှသော ခွေအူသံများ အုန်းကျွက် ဆူညံလျက် ရှိနေ၍ ထိုင်ရာမှ ထ သွားသည်။ ဇရပ်သံတံခါး အပြင်မှ ခွေးများကို မောင်းနှင်ပစ်သည်။ ခွေးအူသံများမှာ မစဲနိုင်ဘဲ တိုးအူ နေကြ၏။ ကျွန်မသည် သံတံခါးနား၌ ရပ်လျက် လမ်းတစ်ဖက်သို့ လှမ်းမျှော်ကြည့်မိသည်။ လမ်းတစ်ဖက်၌ ၀တ်ရုံ ညိုမည်းကြီး လွှမ်းလျက် ဧရာမသတ္တ၀ါကြီင်္နှင့် တူလှ သော စတုဒိသာ ဇရပ်ကြီးသည် ကုန်းကုန်းကြီး ၀ပ်တွား ဆိတ်သုဉ်းလျက်ရှိ၏။ သံတံခါးနား၌ အသံကုန် ဟစ်လျက်အူနေသော ခွေးအူသံကြီးကို အဖော် ပြုလျက် စတုဒိသာ ဇရပ်ကြီးကို မျှော်ကြည့်ရင်း စိတ်ထဲ လှုပ်ရှားလာလေသည်။

ကျွန်မ စိတ်ထဲ၌ လှုပ်ရှားလာသည်နှင့်အမျှ ကုန်းကုန်း ၀ပ်တွားနေသော ဧရာမ သတ္တ၀ါကြီး လည်း လှုပ်ယမ်း လာကာ၊ ကြည့်ရင်းကြည့်ရင်းပင် ကိုယ်ပေါ်မှ ၀တ်ရုံမည်းကြီးသည် တစ်စစ ကွဲဟလာ သည်။ ကွဲဟ သွားသည့် အတွင်း၌ မီးရောင်များသည် ထိန်လင်း ထွန်းတောက်လျက် ရှိနေသည်။
လူသေ ၏ အလောင်းကို မွမ်းမံ ပြင်ဆင်ထားသော မသာခုတင်ကို မီးရောင်အောင်၌ ထင်းထင်း ကြီး တွေ့ရလေသည်။ ခုတင်အထက်တွင် ဖဲစအနက်များဖြင့် နဖူးစည်းလုပ်၍ ပိုးပ၀ါဖြူများ ပတ်ရုံချကာ ပိုးပ၀ါ လိုက်ကာ ပေါ်၌ ဖဲပွင့်အနက်များ တပ်ဆင်ထားသည်။

ခုတင်ပေါ်မှ လူသေ၏ မျက်နှာမှ ပိန်ချုံးဟောက်ပက်လျက် ရှိကာ ညှိုးခြောက်နေ၏။ ကိုယ်ပေါ်၌ ယောလုံချည် အနက်၊ ပင်နီအင်္ကျီ လွှမ်းဆင်ထားသည်။ သေသူ၏ မျက်နှာမှာ မှတ်မိနိုင်စရာ မရှိအောင် ပျစ်ထူ နေသော ပါးမြိုင်းမွေး၊ မုတ်ဆိတ်မွေးတို့ဖြင့် ဖုံးအုပ်နေလေသည်။

မသာခုတင်ဘေးတွင် ခုတင်ပေါ်၌ ခေါင်းကို စောင်းတင် မှီထားကာ ထိုင်နေသော သူကိုလည်း မြင်မိသည်။ မသာခုတင် နှင့် မလှမ်းမကမ်း၌ ပိုးလိုးပက်လက် အိပ်စက်နေသော လူမမည်ကလေး သုံးယောက်လည်း တွေ့ရ လေ၏။ ကလေးသုံယောက်မှာ ခုနစ်နှစ်သမီး အရွယ်နှင့် ငါးနှစ်၊ လေးနှစ်သာ အရွယ်များ ဖြစ်ကြ သည်။
စတုဒိသာ ဇရပ်ထက် မသာခုတင်ဘေးတွင် ခေါင်းတင်လျက် မှီထိုင်နေသော အကြင်သူနှင့်၊ အောင်မင်္ဂလာ ဇရပ်ကြီးထဲ ၌ သံတိုင်သံတံခါးကို ကိုင်လျက်ရပ်ကြည့်နေသော ကျွန်မနှင့် ကတ္တရာစေး လမ်းမကြီး ခြားနေ လေသည်။

ကျွန်မသည် ဇရပ်နှစ်ဆောင်ကြားမှ ပေတစ်ရာလမ်းကို သဲသဲမဲမဲ စိုက်တွေကြည့်ပြန်လျက် ရင်ထဲ၌ လှုပ်ရှား လာလေ၏။
ဇရပ်နှစ်ဆောင် ကြားတွင် ခြားထားသော ဤလမ်းသည် တစ်ဆောင်နှင့်တစ်ဆောင်သိုက ဖြတ်ကူးသွားရန် အမြင် အားဖြင့် ဘယ်လောက်မျှ အဝေးလံလှလျက်၊ ကျွန်မမှာ စတုဒိသာဇရပ်မှ အောင်မင်္ဂလာဇရပ်သို့ ရောက် လာအောင် ဆယ်နှစ်ကြာမျှ ကူးလျှောက်ခဲ့ရလေ၏။

ကျွန်မသည် စတုဒိသာ ဇရပ်ထဲမှ  မသာခုတင်ပေါ်က သေသူ၏ ရုပ်အလောင်းကိုလည်း မြင်လေ၏။ အောင်မင်္ဂလာ ဇရပ်ထဲရှိ စင်မြင့်ပေါ်မှ သေသူ၏ ရုပ်ပုံကားကြီးကို လှည့်၍ ကြည့်လေ၏။ စတုဒိသာ ဇရပ် ထဲ၌ ခုနစ်နှစ်၊ ငါးနှစ်၊ လေးနှစ်ရွယ်ရှိ ပိုးလိုးပက်လက် အိပ်စက်နေသော ကလေးတို့လည်း အောင်မင်္ဂလာ ဇရပ်ထဲ၌ ၁၇ နှစ်၊ ၁၅ နှစ်၊ ၁၄ နှစ်အရွယ် ပိုးလိုးပက်လက် အိပ်စက်လျက် နေကြကုန်၏။
စတုဒိသာ ဇရပ်ကြီးထဲ၌ ရှိလေသော ကျွန်သည် ရှေ့ရေးကို အတောမသတ် တွေးပူနေလေ၏။ ဒီကလေး တွေနှင့် ရှေ့လျွှောက်သွားရမည့် ဘ၀ခရီးကို မစဉ်ီးစားဝံ့သလောက် စိတ်ပျက် အားလျော့ လျက် ရှိနေ၏။ ဇရပ်ထဲ ၌ ပဆွေးကြီး ဆွေးနေသူ၊ အပူကြီး ပူနေသူ၊ ခေါင်းမီးလောင်လျက်  ပရိဒေ၀မီး တောက်နေသူကို လမ်းတစ်ဖက် ရှိ အောင်မင်္ဂလာဇရပ်မှ ပြန်၍ မျှော်ကြည့်ကာ ကျွန်မရင်ထဲ၌ မချမ်းမသာ ဖြစ်လာတော့၏။

ကျွန်မသည်။ ဇရပ်သံတံခါးမှ ခွာလိုက်ကာ ကျွန်မနေရာသို့ ပြန်လျှောက်လာခဲ့သည်။ ကော်ဇောပေါ်၌ လှဲလှိက်ကာ နဖူ ပေါ် လက်တင်လျက် သက်ပြင်းကြီး ချမိလေ၏။
စတုဒိသာ ဇရပ်မှ အစချီ၍ ဆယ်နှစ်အတွင်း ကျင်လည် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ သည် ပြန်၍ မစဉ်းစားဘဲ မနေနုင်အောင် ဖြစ်လာလေသည်။ ဆယ်နှစ်ခရီးကို အစအဆုံး ပြန်လည် ဆင်ခြင် သုံးသပ်ကြည့် နေမိလေသည်။

ဆယ်နှစ်အတွင်း ၀မ်းနည်းစရာ၊ စိတ်ညစ်စရာ၊ ထိတ်လန့်စရာ၊ ငိုချင်စရာ၊ သေချင်စရာတွေ နှင့်တကွ ခရီးလမ်း တစ်လျှောကလုံး လှိုင်းတံပိုးတို့ ပုတ်ခတ်လျက် ရှိသော ဘ၀ကို ဆယ်နှစ်ပတ်လုံး ရင် မ လျက် လူးလဲ ဖြတ်ကျော်ခဲ့စဉ် တစ်ကွေ့တစ်လှည့်တွင်လည်း ၀မ်းသာစရာ၊ အားတက်စရာ၊ ပျော်ရွှင်စရာတို့နှင့် တိုးမိ တိုက်မိ လျက် ဖြစ်လိုက်ပျက်လိုက်၊ ပျက်လိုက်ဖြစ်လိုက် ဖြစ်ပျက်နေသော ဘ၀၏ အဆိုးအကောင်း အကျိုးအပြစ်များကို ခရေစေ့တွင်းကျ ပြန်လည် ထင်မြင်ကြည့်သောအခါ...။

သူသည် ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဆိုသော တရားကို ထားခဲ့ကာ ကွယ်လွန်သွားလေသည်. ကျွန်မသည် သူသေပြီး နောက် သူထားခဲ့သော သည်တရားကို ခေါင်းထဲမှ မထွက်လေအောင် သံမှိုနှက်ထားလိုက်သည်။ ပစ္စည်း ဆိုလျှင်လည်း ဟုတ်မှန်ပေ၏။

သူမသေမီ သုံးလလောက်က ကျွန်မတို့၌ ကျောအောက်၌ ခင်းအိပ်စရာဖျာပင် မရှိသလောက် အဖြစ်ဆိုးနှင့် အလျင် ကြုံရလေသည်။ ဆရာဖြစ်သင်ကောလိပ်ကျောင်းကြီးကို ဗုံးကြဲစဉ်က ကျွန်မတို့ မှာ ပြည်လမ်း၌ နေမိ၍ လမ်းထဲမှ အမြန် ထွက်သွာရန် ဂျပန်များက မောင်းထုတ်ကြ၏။ အိမ်ရှိ ပစ္စည်းများကို ပစ်ခဲ့ရကာ အ၀တ် တစ်ထည် ကိုယ်တစ်ခုနှင့် ဂျပန်အလောင်းတွေကို ကျော်လွှား၍ ပြည်လမ်းမှ ထွက်ပြေးကြရ၏။ သိမ်ချောင်း ရွာ ကလေးတွင် ဖြစ်သလို သွားနေကြရ၏။ မြေအိုးမြေခွက်နှင့် ဖျာတစ်ချပ်ရှာကာ စာအုပ် များကို ခေါင်းအုံး၍ အိပ်ကြရသည်။ ကျွန်မမှာ ရန်ကုန် ပြည်လမ်း၌ ကျန်ခဲ့သော အိမ်ကြီးနှင့် အဖိုးထိုက် အဖိုးတန် ပစ္စည်းတွေကို နေ့ရှိသရွေ့ မက်မောတမ်း တလျက် နေသည်။

ဂျပန်မပြေးမီကလေး ရန်ကုန်အိမ်ရှိ ပစ္စည်းတွေကို သိမ်ချောင်းရွာသို့ သယ်ထား ရန် သူသွားယူသည့်အခါ၌၊ လူစုလူဝေးကြီးသည် ကျွန်မတို့အိမ်ကို ဂျပန်အိမ် ထင်မှတ်ကြကာ အိမ်သော့ခလောက် ဖွင့်လျှင်ဖွင့်ချင်း အလုံး အရင်းနှင့် အတင်းဝင် လုယူကြလေ၏။ သူသည် ပြောင်ရှင်းသွားသော အိမ်ကြီးထဲမှ နံရံချိတ် ထားသော နာရီနှင့် ပိုင်ရှင် မရှိသော ခွေးတစ်ကောင်ကို ကြိုးချည်၍ ထွက်ခဲ့ကာ သိမ်ချောင်းရွာသို့ ပြန်ခဲ့ လေ၏။

ကျွန်မမှာ ကိုးနှစ်ကာလပတ်လုံး စုဆောင်းရသော အိမ်ထောင်ပစ္စည်းတွေနှင့် အ၀တ်အထည် အမြောက် အမြား တစ်နေ့တည်းနှင့် ပြောင်သလင်းခါသွားပုံကို ရင်နာလျက် ရှိရာသူက ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဟု တရား ချသည်။

အင်္ဂလိပ်စစ်တပ် ၀င်လာ၍ သိမ်ချောင်းရွာမှ ရန်ကုန်သို့ ကူးခဲ့ကြကာ၊ ကန်ဘဲ့၌ အဒေါ်အိမ်နား ရှိ အိမ်လွတ် တစ်အိမ် ပေါ်သို့ ထိုးတက်ကြရသည်။ အဒေါ်က ခေါင်းအုံး၊ ဖျာ မျှကာ သူ့အိမ်မှ ထမင်း ချက်ပို့ပေးသည်။ စာပုံနှိပ်စက် ကလေးတစ်လုံး လိုက်ရှာဝယ်ကာ ဂျာနယ်ကျော် ထုတ်လေ၏။

အိမ်ထောင်ပစ္စည်းများကို ပြန်၍ အစားအထူထောင်ရသေးမီ ဂျာနယ်ကျော်ထုတ်၍ (သုံး လေး လ အလွန်တွင်) သူ ကွယ်လွန်သွားပြန်လေတော့သည်။
ကျွန်မ ကို မကြာခဏ တရားချလေသော ပစ္စည်းသင်္ခါရ၊ လူသင်္ခါရဆိုသော တရားအတိုင်း ပစ္စည်းတွေ ရှေ့က ကုန်ဆုံးလျက်၊ နောက်က လူပါလိုက်၍ သွားသဖြင့် သူ့တရာထက် စစ်သည့် မှန်သည့် တရားမရှိချေ။

စတုဒိသာ ဇရပ်က ထွက်ခဲ့သော ခရီးအစ၌ ကျွန်မနှင့် ခေတ္တ အတူလာနေသူ ပန်းချီဆရာကြီး ဦးအုန်းလွင်က 'မမလေး... ဘ၀ ဒီက စပြီ၊ ဘ၀သစ်ကို စ ပေတော့' ဟု ဆိုလေ၏။
ဘ၀ ကို မည်သို့စ လာခဲ့ရပုံများသည် မျက်စိထဲ တရေးရေး ပြန်၍ မြင်ယောင်လာလေ၏။

အိုးအိမ်ထောင် ပြန်တည်မည်။ ဂျာနယ်ကျော် ဆက်ထုတ်မည်။ သူထုတ်ချင်သော ပြည်သူ့ ဟစ်တိုင် သတင်းစာ လည်း ထုတ်ဖြစ်အောင် ထုတ်မည်။ ကလေးတွေ ပညာသင်မည်။
ကျွန်မ သည် ဘ၀သစ်ကို ဒီအတိုင်း ပုံစံဇယား ချသည်။

ကျွန်မ၏ စိန်ထည်ပစ္စည်း လက်ဝတ်လက်စားများကို လက်ကိုင်ပ၀ါဖြူကြီးနှင့် ထုပ်လျက် ရောင်းချရန် အနောက်ပိုင်း သို့ သွားရ၏။ အနောက်ပိုင်းတွင် ကျွန်မ မိဘများနှင် ခင်မင်ရင်းနှီးသော မိတ်ဆွေ တရုတ် သူဌေး လင်မယား ရှိကြသည်။ သူတို့သည် ကျွန်မ လက်ဝတ်လက်စားများကို မြင်လျှင် ကြက်သေသေကာ မျက်နှာပျက် သွားကြလေ၏။'ဒါတွေ မရောင်းပါနဲ့၊ ဒီပစ္စည်းတွေဟာ မိဘတွေက တစ်ချိန်တည်း တစ်ပြိုင် တည်း လုပ်နိုင်တာ မဟုတ်ဘူး။ တစ်ခုပြီးတစ်ခု တဖြည်းဖြည်း စုပြီး လုပ်ပေးခဲ့ရ တာတွေ မရောင်းပါနဲ့။ ဒါတွေ ပြန်ဖြစ်ဖို့ရာ အားင်္ကြီး ခဲယဉ်းတယ်'
ကျွန်မမှာ သတင်းစာ ထုတ်ရန် ငွေရင်းလိုနေ၏။ မြို့ထဲတွင် အလုပ်တိုက်ဖွင့်ရန် နေရာလိုသည်။ လူ နေရန် လည်း နေရာလိုသည်။ ဂျာနယ်နှင့်သတင်းစာအတွက် စာပုံနှိပ်စက်နှင့် စာခုံများ လိုသည်။ အိုးအိမ်ထောင် ပစ္စည်း များလည်းအစား ထူးရဦးမအံ့။

ကျွန်မက ကြိုက်ရာဝယ်ရန် ဇွတ်ရောင်းနေ၏။ သူတို့က မ၀ယ်ရက်ဘဲ ခေါင်းခါနေကြ လေသည်။
နောက်ဆုံး ၌ စိန်ထုပ်ကို ပြန်ပေးလိုက်ကာ ငွေတိုး အသင့်အတင့်နှင့် ငွေချေးကြသဖြင့် သူတို့ထံမှ ငွေ ငါးထောင် စ ထုတ်ခဲ့လေသည်။
လမ်း ၄၀ ၌ အုတ်ခုံကြီး ရှိနေသော သုံထပ်တိုက်ကြီး တစ်လုံးကို အမိုးမိုးကာ နေဖြစ်အောင် တစ်တိုက်လုံး ပြန်ဆောက် ရလေ၏။ စာပုံနှိပ်တိုက်ကို လမ်း ၄၀ ၌ ထားသည်။ ပန်ဆိုးတန်း၌ အထပ်နှစ်ထပ်တွင် အပေါ်ထပ် ၌ လူနေလျက် အောက်ထပ်၌ ရုံးခန်းဖွင့်သည်။ ပန်းဆိုးတန်း တိုက်ဘေး၌ ခေတ္တ လာစဖွင့်သော  "ရိုး" ကုမ္ပဏီတိုက် မှ ကျွန်မ နေမည့် အိမ်ခန်းနှင့် အကွက်ကျ သင့်လျော်မည့် အိမ်ထောင် ပစ္စည်းသစ် များဖြင့် အိမ်တစ်ဆောင် မီးတပြောင်ဖြစ်အောင် ဖန်တီးလိုက် သည်။

သူမသေမီ တစ်လလောက်က သတင်းစာထုတ်ရန် ရည်ရွယ်၍ သင်္ကန်းကျွန်းက ကုလားတစ်ဦး ထံမှ စာပုံနှိပ်စက်ကြီး တစ်လုံးနှင့် စက်ကလေး တစ်လုံးကို အဖိုးငွေ ခုနစ်ထောင်နှင့် ၀ယ်ကာ ကန်ဘဲ့ အဒေါ့် အိမ်အောက် ၌ ပုံထားခဲ့လေသည်။
   
လမ်း ၄၀ ၌ တိုက်ပြင်ဆောက်ပြီးနောက် အဒေါ်အိမ်အောက်၌ ပုံထားခဲ့သော ပုံနှိပ်စက်များကို ဆင်စေသည်။ ကျွန်မမှာ သတင်းစာထုတ်ရန် အတော်စိုင်းပြင်းရ၏။ နေရေးထိုင်ရေး၊ အလုပ်အကိုင် နေရာ တကျ ဖြစ်ရေးအတွက် အစဦးတွင် အတော်ကြီး လုံးပန်း စိုင်းပြင်းရလေသည်။

အသက် နှစ်ဆယ့်ရှစနှစ်တွင် မုဆိုးမ ဖြစ်ရလေရာ အရွယ်ငယ်သေး၍ တစ်ကိုယ်တည်း မနေရန် ကန့်ကွက် ကြသည်။ ကိုယ်ချည်း မနေဘဲ လူမြင်လျှင် တင့်တယ်အောင် လူႀကီၤးသူႀကီၤး ဆွေမျိုးများကို ခေါ်၍ အတူတူ နေရန် အစ်ကို၊အစ်မများက သြ၀ါဒ ပေးသည်။ ကျွန်မတို့ အမျိုးထဲ၌ လူလွတ်ကိုယ်လွတ်လာနေနိုင်သူမျိုး တစ်ဦး တစ်ယောက်မျှ မရှိချေ။ မိသားတစ်စု သို့မဟုတ် ကိုယ့်အ လုပ်အကိုင်နှင့်ကိုယ် စုံတွဲရှိသူများသာ ရှိလေ သည်။

လူမြင်လျှင် တင့်တယ်အောင် ဆိုကြ၍ တင့်တယ်ရေးအတွက် ဆွေမျိုးထဲမှ ဦးကြီးနှင့် အဒေါ်ကို ကျွန်မနှင့် အတူတူ လာနေရန် တောင်းပန်ရသည်။ဘိုကလေး၌ရှိသော သူတို့ဈေးဆိုင်ကို ဖျက်သိမ်းစေ၍ ကျွန်မ အိမ်တွင် အတူလာနေပါ၊ အိမ်ဦးခန်းတွင် နေပါ၊ လှူဖို့တန်းဖို့ သုံးစွဲဖို့ တစ်လ ငွေတစ်ရာပေးပါမည်ဟု တာဝန်ခံ ခေါ်ရ၏။

တိုက်နှစ်တိုက်စလုံးအတွက် အစစ အရာရာ စီစဉ် နေရာချပြီး ကန်ဘဲ့မှ ပန်းဆိုးတန်းသို့ ပြောင်းလာခဲ့၏။ ကျွန်မ မှာ အိမ်ထောင်ပစ္စည်းသစ်တွေကို ကြည့်လျက် ဘ၀ ပြောင်းသွားသူပမာ ဖြစ်ကာ တစ်ယောက်တည်း ပါကလား ဟု ရင်ထဲ၌ ဟာသွားလေသည်။ ကျွန်မ၌ အလုပ်တစ်ဖက် ရှိသဖြင့် ကလေးများကို ကိုယ်တိုင် ထိန်းကျောင်း ကြည့်ရှု ကျွေးမွေး သုတ်သင် လုပ်မပေးနိုင်ရကား၊ အိပ်ရာလိပ်သေတ္တာကလေးတွေ ကိုယ်စီ ကိုယ်င ဖြင့် စိန်ဂျွန်ကွန်ဗင့်ကျောင်းသို့ ကျောင်းအိပ်ကျောင်း စား ပို့လိုက်ရလေ၏။

ဒီကြားထဲ အစ်ကိုအကြီးဆုံးတစ်ယောက်မှာ အလုပ်အကိုင် ပြုတ်လျက် နေ့မ လင်း ညမလင်း သောက်စား မူးယစ် ပေတေနေကာ၊ သူ့သမီးအကြီင်္းကို ကျောင်းထားပေးရန် ကျွန်မထံ သို့ ပို့လိုက်ပြန်၏။ ကျွန်မမှာ ကုသိုလ်ကံ ပေးသည့်အတိုင်း ရှိစေတော့ဟု အောက်မေ့ရကာ ကလေး သုံးယောက် တာဝန်သာ မကဘဲ သူ့သမီး ပါ စိန်ဂျွန်ကွန်ဗင့်ကျောင်း၌ ကျောင်းအိပ်ကျောင်းစား ထားပေးရသဖြင့် ကလေး လေးယောက် တာဝန် ဖြစ်လာရ၏။

လမ်း ၄၀ ပုံနှိပ်တိုက်၌ သတင်းစာ ရိုက်ရန် စက်များ ပြင်ဆင်၍ ပြီးသွား၏။ ဆင်ပြီးပြီးချင်း ရန်ကုန် ဂေဇက်တိုက် က ကျွန်မ တိုက်တွင် ဆင်ပြီးသော စာပုံနှိပ်စက် နှစ်လုံးသည် သူတို့ ပုံနှိပ်စက် တွေပါဟု ရုံးတက် ၍ တရားစွဲလေ၏။   

သူမသေမီ ခုနစ်ထောင်နှင့် ၀ယ်၍  အဒေါ်အိမ်အောက်၌ ထားခဲ့သော စက်တွေမှာ သူသေပြီး ဆင်ကြည့် တော့မှ ရန်ကုန်ဂေဇက်က စက်များလားဟု သံသယ ဖြစ်လာလေ၏။ အင်္ဂလိပ်လက်ထက်က ဂျာနယ်ကျော် အဖုံး များကို ရန်ကုန်ဂေဇက်တိုက်၌ သွားရိုက်နေကျဖြစ်၍  စက်များကို မြင်ဖူး မှတ်မိနေသည်။

ခေတ်ပျက်စဉ်က ရန်ကုန်ဂေဇက်တိုက်ကြီးမှ စာပုံနှိပ်စက်ကြီးများကို ဖြုတ်ယူ ခိုးပြေးကြရာ၊ သူသည် အသေမီ ကလေး ပင် ခိုးရာပါ ပစ္စည်းကို ငွေခုနစ်ထောင်ဖြင့် အပုံလိုက် ၀ယ်၍ ပုံထားခဲ့လေ သည်။ ကျွန်မမှာ စက်ခိုး တရားခံ အဖြစ် ရုံးတက်ရ၏။ ကျွန်မဘက်မှ လိုက်သော ၀တ်လုံဦးကျော်မြင့် (တရားဝန်ကြီးဟောင်း) သည် တရားခွင် ၌ ကျွန်မ၏ အစစ်ခံချက်ကို အံ့အားသင့်နေလေ၏။
'ဒီစက်တွေ ၀ယ်စဉ်က ရန်ကုန်ဂေဇက်က စက်မှန်း သိသလား၊ စက်ဝယ်စဉ်က ဘယ်က စက်ဆိုတာ မစုံစမ်း ဘူးလား' ရန်ကုန်ဂေဇက်တိုက်ဘက်မှ မျက်နှာဖြူ ၀တ်လုံတော်ရမင်း မစ္စတာဘီချီနိုး က ကျွန်မကို မေးခွန်း ထုတ်လေ သည်။

'ကျွန်မတို့ ဂေဇက်က စက်မှန်း မသိပါဘူး။ ကျွန်မတိုက်က ဖိုမင်ဦးဘိုးလူက သင်္ကန်းကျွန်းက ကုလား ပုံနိုပ်စက် မှာ စက်နှစ်လုံး ၇၀၀၀ နဲ့ ရမယ်ဆိုလို့ ငွေ ၇၀၀၀ ပေးလိုက်ပါတယ်။ ရုံးတင်ပြထားတဲ့ အရောင်း အ၀ယ် စာချုပ်ဟာ ဦးဘိုးလူပဲ စာချုပ်လက်မှတ်ထိုးပြီး ၀ယ်လာပါတယ်။ အပုံအတိုင်း ၀ယ်ပြီး အိမ်အောက် မှာပဲ ပုံထားပါတယ်။ ကျွန်မ ယောင်္ကျား သေပြီး စက်ပုံကြီင်္းကို မြို့ထဲရွှေ့ပြီး ဆင်ကြည့်တော့မှ ဒီစက်ဟာ ရန်ကုန် ဂေဇက်က စက်မှန်း သိပါတယ်။ ကျွန်မ ဒီစက်မှာ ဂျာနယ်ကျော်အဖုံး အမြဲ ရိုက်ခဲ့တယ်။ ရန်ကုန် ဂေဇက်ပိုင်စက် တွေ အမှန်ပါပဲ၊ ဖြုတ်သာ ယူပါတော့'
အမှုဖွင့် ၍ ကျွန်မအလှည့်တွင် ဤသို့  အစစ်ခံလိုက်သည်နှင့် ရောင်းသူကုလားနှင့် သက်သေ တွေပါ ရှေ့ဆက် ၍ ရှည်ရှည်ဝေးဝေး စစ်ဆေးစရာ မလိုတော့ဘဲ တရားသူကြီးသည်  ဤအမှုကို စောစောစီးစီး ပိတ်လိုက် နိုင်လေ၏။

ရုံးပေါ်က အဆင်း ရန်ကုန်ဂေဇက်မှ မျက်နှာဖြူ ၀တ်လုံတော်ရမင်းက သူ့ကားနှင့် အိမ်လိုက်ပို့ ပေးပါရစေ၊ လက်ခံ ပါဟု လာပြောလေသည်။
ကားထဲတွင် ကျွန်မမှာ ငြိမ်သက်လျက် နေ၏။ ရုံး၌ မျက်စိမှိတ်၍ ထွက်ဆိုခဲ့သော အဖြစ်ကို ပြန်စဉ်းစား နေသည်။ တရားခွင် ၀င်သည်နှင့် ကျွန်မစိတ်မှာ ပြောင်းသွားသည်။ အမှုနိုင်ချင်စိတ် မရှိတော့။ သူများ ပစ္စည်း ကို အနိုင်ယူရန် စက်ဆုပ်သွားသည်။

ကားထဲတွင် မျက်နှာဖြူ ၀တ်လုံတော်ရက အားနာသော လေသံဖြင့် 'အများကြီး ၀မ်းနည်းပါတယ် မစ္စစ်ချစ်မောင်၊ ဒီအမှုကို ကျုပ်နိုင်လိမ့်မယ် မထင်ဘူး၊ စက်မှာ အမှတ်အသား ဘာမှမရှိဘူး။ ခင်ဗျားဘက်က ၀တ်လုံ ဦးကျော်မြင့်သာ လျှောက်လဲချက်ပေးရင် ကျုပ်တို့ အမှု ရှုံးနိုင်တယ်။ ခင်ဗျားထွက်ချက်ကြောင့် ကျုပ်တို့ နိုင်တ်ာပဲ ' ဟု ပြောနေသည်။
သတင်းစာ ထုတ်ရန် အားလုံး စီမံ စိုင်းပြင်းပြီးခါမှ စက်များကို ရန်ကုန်ဂေဇက်တိုက်က လာဖြုတ်ယူ သွားကြ လေ၏။

ကျွန်မ လုပ်ငန်းအစတွင် ကမောက်ကမ နိုင်သဖြင့် စိတ်ထဲ၌ ထင့်မိသည်။ လက်ရှိ ပုံနှိပ်စက်များနှင့် သတင်းစာ ထုတ်ရန် မလုံလောက်သဖြင့်  ကျွန်မမှာ ပုံနှိပ်စက် ရှာရနေတော့ သည်။ မန္တလေး ဦးခန္တီ တောင်တွင် ပုံနှိပ်စက်ကြီင်္း နှစ်လုံး ရောင်းမည်ဟု သတင်းရသည်။  ကျွန်မသည် တရုတ်သူဌေးထံတွင် နောက်ထပ် ငွေ ၂၅၀၀၀ (နှစ်သောင်းငါးထောင်) သွားထပ်ချေးယူရကာ လော်လီ ထရပ်ကားကြီးတစ်စီး ငှားလျက် ကိုဘိုလူကို မန္တလေးသို့ စက်ဝယ်ရန် လွှတ်လိုက်ရသည်။

ဘ၀သစ်၏ လမ်းခရီး အစီစဉ်အတိုင်းပင် မကြာမီ ပြည်သူ့ဟစ်တိုင် သတင်းစာ ထွက်လာလေ ၏ ။ ဂျာနယ်ကျော်လည်း ပတ်စဉ် ထွက်လေ၏။ ကျွန်မမှာ အလုပ်တိုက် နှစ်တိုက်နှင့် ဗျာများလှသည် ။ နံနက် ရှစ်နာရီမှ ညနေ ငါးနာရီအထိ ပန်းဆိုးတန်း အလုပ်တိုက်တွင် သတင်းစာနှင့် ဂျာနယ်ကျော်ဌာန မှ စာရေးစာချီ တစ်စုတို့နှင့် ရုံးအလုပ် လုပ်ရလေသည်။ ညနေ ခြောက်နာရီတွင် လမ်း ၄၀ ပုံနှိပ်တိုက် အယ်ဒီတာဌာန သို့ ကူးသွားကာ ရန်ကုန်အတွက် နောက်ဆုံးစာဖောင်ပိတ်ချိန် ညတစ်ချက် နှစ်ချက်အထိ စောင့်ကြည့် အုပ်ချုပ် လုပ်ကိုင်ရလေ၏။

စာပုံနှိပ်စက်များ ဖြုတ်ယူသွားကြ၍ ပုံနှိပ်စက်များ အစားထိုးကာ သတင်းစာ ထုတ်လျက် အစစ နေရာကျပြီ ဟု မှတ်ထင်ခါမှ ညဥ့်နက်မှ ပြန်ခဲ့သော တစ်ညတွင် စိတ်ပန်းလူပန်းဖြင့် ရုတ်တရက် အိပ်မပျော်ချေ။ နားထဲ တွင် တရှဲရှဲသံဖြင့်၊ နှာခေါင်းတွင်းလည်း အ၀တ်မီးလောင်သည့် အညှော်နံ့ တသင်းသင်း ရနေ၏။ အိပ်ရာမှ ကပျာ ကယာ လူလဲထထိုင်ကာ အခန်းအပြင်ဘက်သို့ ထွက်ကြည့် လိုက်သည်။ ဧည့်ခန်းထဲတွင် မီးရဲရဲ တောက် နေလေ၏။ ဆိုဖာကုလားထိုင်ပေါ်၌ တစ်ဦးတစ်ယောက် အမှတ်တမဲ့ ကျရစ်ခဲ့ဟန်တူသော စီးကရက် တိုမီးဖြင့် ဆိုဖာနှစ်လုံးနှင့် ကော်ဇောကြီး တစ်ခြမ်းမှာ မီးတောက်မထွက်ဘဲ လှိုက်လောင်နေကာ မီးစမီးခဲကြီး လို ရဲရဲနီနေလေ၏။

အရွယ်ငယ်သည်၊ မတင့်တယ် ဆိုကြ၍၊ လူမြင်ရင် တင့်တယ်အောင် တစ်လ တစ်ရာ ကန်တော့ထားရသော ဦးကြီးမှာ အိပ်မောကျနေ၏။ ကျွန်မနှင့်အတူ လာနေသော တူမလေးသာ နိုးသည်။ လဲမှို့များ လှိုက်လောင် ကာ တငွေ့ငွေ့ရဲနီနေသော ဆိုဖာကြီးကို သစ်သားပေါင်ထဲမှ ကြိုးစား ချွတ်ယူကြသည်။ ချွတ်နေရင်း ကျွန်မကိုယ်မှ အင်္ကျီကို မီးလာဟပ်ပြန်သည်။ အင်္ကျီကို ဆွဲဆုတ်ပစ် လိုက်ရ၏။ ကုလားထိုင်မှ ကျောမှီဖုံးကြီး ကို မရ ရအောင် ချွတ်နေရသည်။ တညင်းညင်းတိုက်နေသော လေဖြင့် အိမ်ရှေ့ မျက်နှာစာ တံခါးမှာ ခန်းဆီးရှည်ကြီးမှာ ကုလားထိုင်ပေါ်သို့ လွင့်လာကာ မီးကူးစက် ပြန်သည်။ ကော်ဇောအောက်က မီးမှာ ကြမ်းခင်း ကို စွဲလောင်စ ပြုလေပြီ။ မီးစွဲနေသော ဆိုဖာဖုံးကြီး များကို ချွတ်ယူရလျက် လသာ ၀ရန်တာမှ လမ်းမပေါ် သို့ ပစ်ချလိုက်သည်။ လက်တွေ အပူအလောင်ခံကာ ထိုင်ဖုံကိုလည်း ရအောင် ချွတ်ယူ၍ ၀ရန်တာ မှ ပစ်ချလိုက်သည်။

မီးလောင်ကျွမ်းသွားသော ဆိုဖာကုလားထိုင်ကြီး နှစ်လုံးနှင့် ကော်ဇောကို အိမ်အောက်သို့ ပစ်ချ လိုက်ပြီးနောက် ကြမ်းကို ရေဖျန်းရသည်။ လူမနိုးလျှင် တစ်အိမ်လုံး ပြာကျဖို့ရာသာ ရှိတော့၏။ ကျွန်မမှာ စွန့်စွန့် စားစား အပူအလောင်ခံကာ မီးနှင့်ကိုယ်နှင် သူတစ်ပြန် ကိုယ်တစ်ပြန် အလုအယက် ငြှိမ်းသတ်ခဲ့ ရလေ၏။ မီးသတ်ပြီး ကိုယ်မှ၊ လက်မှ မီးလောင်ဒဏ်ရာများကို ဆေးထည့်ရင်း ရှုပ်နောက်သြွးသော စိတ်ကို အပန်းဖြေ လျက်၊ ပျက်ရင် ဖြစ်အောင်လုပ်မယ်ဟု ကိုယ့်စိတ်ကိုယ် နှစ်သိမ့်ရလေ၏။

ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသော ဧည့်ခန်းကို နောက်တစ်နေ့ ကုလားထိုင်စုံ အသစ်များဖြင့် အစားထိုး လိုက်လေသည်။
သတင်းစာ ထုတ်သဖြင့် စရိတ်စက ကြီးလာ၏။ အလုပ်တိုက်ကြီး၏ စရိတ် လစဥင်္ ကုန်ကျငွေကို ထားဦး၊ ကျွန်မ ၏ လစဉ် ကုန်ကျငွေများမှာ ကျွန်မအား ခြောက်လှန့်လျက်ရှိကာ တစ်လနှင့်တစ်လ ချောမောရန် အမြဲ ထိတ် ခဲ့ရသည်။

ကျွန်မသည် လစဉ် ကုန်ကျရမည့် ငွေစာရင်းကို ဆွဲထားသည်။
သားသမီး သုံးယောက်အတွက် ဘော်ဒါခ...                ၃၇၅ ကျပ်
အစ်ကိုကြီး သမီးအတွက် ဘော်ဒါခ     ...                    ၁၂၅   ။
သားသမီး တစ်အုပ်ကြီးနှင့် အလုပ်အကိုင်မရှိ၊
ဆင်းရဲ ပြတ်ငတ်လျက်နေသော အစ်ကို၏
အိမ်ထောင်ကြီးအတွက် ထောက်ပံ့ရကြေး၊ တစ်လ...    ၂၀၀   ။
မုဆိုးမဘ၀ လူမြင် တင့်တယ်ရေး...                              ၁၀၀   ။
အဝေးရှိ မကျန်းမာနေသော မိခင်ကြီးအတွက်...           ၁၀၀   ။
လဆန်း ၂ ရက်နေ့ သွားလေသူအတွက် အလှူ...        ၁၀၀   ။

စုစုပေါင်း ငွေတစ်ထောင်သည် လစဉ် အလုံးအခဲနှင့် ကုန်ရသည့်ငွေဖြစ်သည်။ အိမ်စရိတ်၊ စားစရိတ်၊ မော်တော်ကားစရိတ်၊ အထွေထွေ ဗာဟီရစရိတ်ကလည်း တစ်လ တစ်ထောင်ခန့် ရှိလေ၏။ ကျွန်မ အသုံး အတွက် အလုပ်ထဲမှ လစဉ် နှစ်ထောင် ယူသုံးစာရင်း ပေါ်နေသည်။

အလုပ်တိုက် စရိတ်ကလည်း မသေးချေ။ အယ်ဒီတာချုပ် ကိုစောဦး၏ လခ တစ်လ ၅၀၀ မှ စ၍ လက်ထောက် အယ်ဒီတာများ၊ သတင်းထောက်များ၊ စာရေးစာချီများ၊ စာစီသမား၊ စက်သမားအထိ အလုပ်သမား လူပေါင်းခြောက်ဆယ်ခန့်  ရှိလေရာ၊ သူတို့၏ လစာငွေများနှင့် အလုပ်နှင့်ပတ်သက်သော အရပ်ရပ် ကုန်စရိတ်ကား လစဉ် သောင်းကျော်လေသတည်း။ လုပ်ငန်းအစအလုပ်အတွက် ငွေသုံးသောင်း အကြွေး မှ လစဉ် ပေးဆပ်ရန် အတိုး ၆၀၀ ကလည်း ရှိပေသေး၏။

မနားမနေ ကြိုးစားလုပ်ကိုင်နိုင်ပါမှ ဤတာဝန်ကြီးတွေကို တာရှည်ကြီးဆခေါင်းပေါ် ရွက်နိုင်မည် ဖြစ်ခြင်းကြောင့် သတင်းစာအလုပ်၊ ဂျာနယ်အလုပ်အပြင်အခြား ပုံနှိပ်လုပ်ငန်းများကို ပါ လက်ခံကာ တစ်လ နှင့် တစ်လ ချောမောအောင် ဒေါင်းတင်မောင်းတင်၍ နေ့မနား ညမအား ကြဲနေလေ၏။

သတင်းစာလုပ်ငန်းတွင် ညအချိန်မတော် စက်ပျက်၍၊ ညအချိန်မတော် မီးပျက်၍ သတင်းစာ မထွက်နိုင် ဖြစ်လာလျှင် ထွက်နိုင်ရေးအတွက် မိန်းမသားတစ်ဦးဟု ကိုယ့်ကိုယ်ကိုယ် ဘယ်အခါမှ ကြည့်ငဲ့မနေနိုင်ဘဲ။ သန်းခေါင်ကျော် လင်းအားင်္ကြီး အချိန်လည်း မြို့ထဲ လည်ကာ မနက် ထွက်ဖြစ်အောင် ကြံစည် ဖန်တီး ပေးခဲ့ရပုံလည်း အခါပေါင်း မရေမတွက်နိုင်ခဲ့ချေ။
စာပုံနှိပ်တိုက် မှ ကျွန်မအား တစ်မျိုးပြီး တစ်မျိုး ဒုက္ခပေးလေ၏။ ဒီနေ့ည အစစ ချောပြီဟု စိတ်ချကာ အလုပ်တိုက် မှ သန်းခေါင်ကျော် ပြန်လာပြီး အိပ်ခါမှ လင်းအားကြီး အချိန်တွင် တေ့ပြီး မီးပျက် သွား တတ်လေ၏။

ကျွန်မ မှာ သတင်းစာ ထုတ်ခဲ့သော ဘ၀ကို တရေးရေး ပြန်တွေးနေရင်း သန်းခေါင်ကျော် လင်းအားကြီး အချိန် ဂျစ်ကားတစ်စီးနှင့် လှေကားပါသော အာအီးတီဓာတ်မီးပြင် ကားကြီးနောက်သို့ အမြန် မောင်းလိုက် နေပုံ၊ ထိုကားကြီင်္းကို ကျော်တက်ကာ ကားကြီးရှေ့မှ ဂျစ်ကားကို ကန့်လန့် ထိုးရပ်စေလျက် အာအီးတီ ကားကြီး ကို အတင်း ရပ်ခိုင်းရပုံတို့သည် ရုပ်ရှင်ထဲကနှင့် တစ်ပုံတည်းတူနေ လေသည်။
ည တစ်ချက် နောက်ဆုံးစာဖောင် စက်ပေါ် တင်ခါနီးမှ လကိက လွတ်ကျသွားတာ တစ်မျိုါ်ကလည်း ဖြစ် သေး၏။ အိမ်ပြန်ကုန်ကြသော စာစီသမားတွေကိုအတင်း လိုက်နှိုးခေါ်ကာ တက် သုတ်ရိုက်စေကာ ကျွန်မ ကိုယ်တိုင် သတင်းစာ ထိုင်ခေါက်ခဲ့ရသည်လည်း ကြုံခဲ့ရသည်။

ကျွန်မမှာ သန်းခေါင်ကျော်မှ အိပ်ရသည်။ တကြော်ကြော် လာနှိုးသံကို နားစွင့်ကာ အရေးဆို လျှင် ထလိုက်နိုင်အောင် အဆင်သင့် ပြင်ထားလျက် မီးသတ်စက်က မီးသတ်သမားနှင့်မခြား အိပ်ကောင်းခြင်းလည်း မအိပ်ရ။

ဤသို့သာလျှင် သံသရာလည်ကာ နေ့ညမပြတ် အားထုတ်ရလျက် အရပ်ရပ် တာဝန်ကြီးတွေ ကို မနိုင်မနင်း ထမ်းဆောင်နေစဉ် ကံမကောင်း အကြောင်းမလှပုံမှာ သတင်းစာနှင့် ဂျာနယ်ကျော် စောင်ရေ သည် ထိုးကျသွားလေသည်။

ကွန်မြူနစ် သတင်းစာ ဟု တစ်တိုင်း တစ်ပြည်လုံးက သမုတ်ကျသည်။ အချို့နယ်များတွင် ဖဆပလ ဘက်မှ သတင်းစာထုပ် ကို မီးရှို့ပစ်ကြသည်။
သတင်းစာ စောင်ရေနှင့် ဂျာနယ်ကျော် စောင်ရေ ထိုးကျသွားသည်နှင့် တစ်ချက်တည်း သိသိ သာသာ ၀င်ငွေ ထိခိုက်သွားတော့၏။ စောင်ရေ ကျသွား၍ စက္ကူထုပ်သာလျှင် လျှော့ရိုက်ရခြင်း ကာ၊ အရပ်ရပ် ကုန်ကျ စရိတ် တွေမှာ အရပ်ရပ် ကုန်ကျစရိတ်အတိုင်းပင် ကုန်ရသည် ဖြစ်ခြင်း ကြောင့် ကျွန်မသည် လစဉ် ခေါင်းပူ ရတော့လေ၏။

အလုပ်သမား များ လခကို လခ ထုတ်ချိန်တွင် တစ်ရက်မှ နောက်ကျချင်သည့် စိတ်မရှိ၍ သည်လောက် အလုပ်များ၊ ဗျာများနေသော ကြားထဲမှပင် စာအုပ်ရေးပြီး လစာငွေများအတွက် တစ်ဖက်တစ်လမ်း ငွေရှာ ရသည်။

"သူလိုလူ" စာအုပ်သည် တိုက်တွင် ငွေကျပ်၍ ၁၄ရက်တိုင်တိုင် ညသန်းခေါင်က စ၍ နံနက်လင်း  သွားသည့် အထိ အနားတွင် ရေဇလုံ တစ်လုံးနှင့် အိပ်ချင်းရင်း၊ မျက်နှာသစ်ရင်း ရေးသာထုတ်ဝေခဲ့ သော စာအုပ် ဖြစ်လေသည်။ ပုံနှိပ်တိုက်တွင် တစ်ဖက်တစ်လမ်းမှ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ် စာတမ်း၊ ဖိတ်စာ၊ ဆေးလိပ်ပတ် မှ မကျန် ဘေးပန်း ပုံနှိပ်လုပ်ငန်း အလုပ်တွေကို ရှာဖွေလျက် စက်ကလေး နှစ်လုံးကို နေ့ရော ညပါ မနားတမ်း ရိုက်စေကာ စရိတ်တွေကို ခုရလေသည်။

ထိုစဉ်က တိုက်အုပ်လည်း ကျွန်မပင်။ အယ်ဒီတာဌာန၊ အလုပ်ရုံးနှင့်တကွ သတင်းစာ ခေါက်သည့် နေရာ အထိ လူမစုံလျှင် ကျွန်မမှာ နေရာတကာ လူစားဝင်၍ အကုန် လျှောက်လုပ်သည်။ ဘယ်ဘက်ကမှ ခဏ ရပ်ထား ၍ မရနိုင်သော တစ်နေ့ အလုပ်ကြီးကို တစ်နေ့ပြီးစီး ချောမောသွား အောင် လုပ်နေရသူ ဖြစ်၏။ ကျွန်မ အတွက် အချိန်နှင့် စားသည်၊ အိပ်သည် ဟူ၍ မရှိချေ။ မနက် ထမင်းကို  ညနေမှ စားချင်စားကာ၊ ညထမင်း ကို လင်းအားကြီးတွင် စားချင်စားလျက်၊ မစားချင် လည်း မစားတော့ချေ။

စောင်ရေကျ၍ စီးပွားရေး အကျပ်အတည်း ဖြစ်နေခိုက် ထိုက်အခက်အခဲမှာ ကျွန်မသာ အကျပ် ရိုက် ခက်ခဲစေလျက် မည်မျှ စောင်ရေကျကာ ၀င်ငွေ နည်းသွားစေကာမူ အလုပ် လုပ်နေသူတို့အား ကျွန်မ၏ အခက်အခဲ ကို မသိစေရပေ။ စောင်ရေကျလည်း အခြေအနေမပျက် ဣနြေ္ဒမပျက်၊ လခ များကို တစ်လ နှင့် တစ်လ မှန်မှန်ကြီး ထုတ်ပေးလျက် ရှိလေ၏။

စီးပွားရေး အခက်အခဲ မည်သို့ ရှိရှိ၊ အိမ်သုံး အရပ်ရပ် ကုန်ငွေအတွက်လည်း ပြည့်စုံအောင် ရှာရ လေသည်။ ကလေး ကျောင်းလခ၊ မိခင်အတွက် သွားလေသူ အလှူ၊ အစ်ကိုကြီး အိမ်ထောင် အတွက်၊ သူ့သမီး ကျောင်းစရိတ် စသည့် တာဝန်တွေလည်း ပျက်ကွက်သည် မရှိစေရ။

နောက်ဆုံး မုဆိုးမဖြစ်၍ လူမြင်ရင် တင့်တယ်ရေးအတွက် အိမ်ဦးခန်းတွင် ထားသော ဦးကြီး၏ လစာ ၁၀၀ ကျပ်ကိုပင် ငွေကျပ်၍ သည်လ ဆိုင်းပါဟု ပါးစပ်က မထွက်ချေ။ လဆန်းလျှင် လက်ထဲထည့်၍ ကန်တော့လိုက်၏။ ဦးကြီးနှင့် အဒေါ်မှာ ထမင်းပွဲရှေ့မှောက် ဘာမှ မပူပင်ရကာ၊ လစဉ်  ကန်တော့ ငွေ ၁၀၀ကို အဒေါ်က စု၍ စိန်နားကပ်နှင့် စိန်လက်စွပ် လုပ်ဝတ်သည်။

အစ်ကိုကြီးထံမှ သတိသံဝေဂရသည် မကြားရ။ မူးယစ်ပေတေနေကာ အလုပ်လည်း မလုပ်။ သူ့ အိမ်ရှင်မနှင့် သားသမီး တစ်စုသည် ကျွန်မ ပို့သော ငွေ ၂၀၀ကျပ်နှင့် သုံးစွဲ စားသောက်နေရလေ ၏။ မိခင်ကြီးမှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေသူ ဖြစ်သည့်အတိုင်းသား အိမ်တွင် ကောင်းကောင်းစားကာ အေးအေး ဆေးဆေး နေရပေ၏။ သွားလေသူအတွက် လစဉ် လဆန်း ၂ရက်နေ့ ငွေလှူသော ကိုးထပ်ကြီး ဘုရား မင်္ဂလာဇေယျုံကျောင်းတိုက်မှ ဘုန်းတော်ကြီးသည် လည်း လစဉ်လှူငွေ ၁၀၀ကျပ်ဖြင့် အေးချမ်းစွာ သီတင်းသုံးတော်မူနိုင်ပေ၏။ ကျွန်မမှာ အကျပ် အတည်း အခက်အခဲ ရှိနေလျက်ဖြင့် ကျွန်မအတွက် ကြီးလှသည့် တာဝန်ဒုက္ခကို ဒုက္ခဟု မထင်၊ ဒုက္ခဟု မယူဆ။ ကိုယ် ပြုရမည့် တာဝန် ၀တ္တရား ဟု ယူဆထားသည်။

သတင်းစာ စောင်ရေ၊ ဂျာနယ် စောင်ရေ ကျသွားသည့်အတွက် ဗိုလ်လက်ျာက အယ်ဒီတုာချုပ် ကိုစောဦး နေရာတွင် လူသစ်ပြောင်းထားရန် စိုးရိမ် ပူပန်စိတ်ဖြင့် အခါခါ လာပြောလေ၏။ ကျွန်မမှာ ကိုစောဦးက မထွက်ဘဲနှင့် ကျွန်မက ဘယ်တော့မျှ မထုတ်ဟု စိတ်ပိုင်းထားသည်။
ကိုစောဦးမှာ တစ်တိုက်လုံး လစဉ် မှန်မှန်ကန်ကန် လစာ ပေးနိုင်နေခြင်းကို ချင့်လျက် အခြေမပျက် သော လုပ်ငန်းကို မြင်နေကာ ပူစရာ၊ ပင်စရာ မလိုဘဲ သူ့ကလောင်နှင့် ဖဆပလ အစိုးရကို အကြိတ်အနယ် တိုက်နေ လေ၏။

ကျွန်မမှာ ရင်မလျက် တစ်လနှင့်တစ်လ ချောမောကာ အဆင်ပြေသွားအောင် လစဉ် အပူတပြင်း စိုင်းပြင်းရကာ ဟန်မပျက်၊ အခြေမပျက်အောင် အသက်ဆက်လျက် နေလေ၏။
ကလေးများမှာ တစ်လ တစ်ခါသာ အိမ်ပြန်လာကြ၏။ ကလေးတွေ ပြန်လာ၍ သူများ အမေလို ကလေး တွေနှင့် နေရသည့်အချိန် မရှိ၊ စကား ပြောရသည့်အချိန် မရှိ။ အိမ်ပေါ်တက်၍ မတွေ့တော့ မှ ကျောင်းပြန် သွားကြမှန်း သိတော့၏။

ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် သတင်းစာ စောင်ရေမှာ တိုးတက်လာလေသည်။
သတင်းစာ စောင်ရေ တက်လာပြန်၍ အသက်ရှူပေါက်ကလေး ရလာသည်။ စောင်ရေ ကျစဉ်က ကြိုးစားသည်ထက်ပင် အားခဲ ကြိုးစားသည်။ အလုပ်အတွက် လဆပ်သည့် အတိုးကို မဆပ်နိုင် သေး၍ ဆိုင်းထားရာ၊ ခြောက်လခန့် အတိုးတွေကို တစ်လုံးတည်း သွားပေါင်းဆပ်လိုက်နိုင်သည်။ အကယ်၍ သတင်းစာနှင့် ဂျာနယ် စောင်ရေ မကျချေက ဘေးပန်း ရှာသမျှ၊ ရသမျှ ၀င်ငွေတို့ဖြင့် အကြွေး သုံးသောင်း သည် အေးအေးကလေး ကျေလောက်နေပြီ။

သတင်းစာနှင့် ဂျာနယ်ဘက်မှ အမြတ်အစွန်း မခံစားရသေးချေ။ ပုံနှိပ်လုပ်ငန်းဘက်မှ ကြိုးစား အလုပ်ရှာနိုင်သလောက် ၀င်ငွေကောင်းနေလေ၏။
စောင်ရေ တက်လာ၍ အရှိန်ရကာ အတန်ငယ် စိတ်သက်သာရာ ရတော့မည် ရှိစဉ် လမ်း ၄၀မှ ပုံနှိပ် တိုက်ကြီး ကို မွမွကြေအောင် ထုရိုက် ဖျက်ဆီးပစ်လိုက်ကြတော့၏။

(၄)

ကျွန်မသည် နောက်ကြောင်းတွေကို ပြန်တွေး စဉ်းစားရင်း စိတ်မောလာ၍ လဲလျောင်းရာမှ ထ ထိုင် လိုက်သည်။ ဇရပ်စင်မြင့်ပေါ်မှ အလှပြင်ဆင်ထားသော ပန်းချီကားကြီးကို စိုက်၍ ကြည့်နေလေ သည်။
ထိုစဉ်က ပုံနှိပ်တိုက်ကြီး ကျိုးပဲ့ပျက်စီး ကြေမွသွားပုံကို သူကိုယ်တိုင် မြင်စမ်းစေချင်သည်။
ထိုနေ့က စီတန်းလှည့်လည်သွားသော "တောင်သူလယ်သမား" ဆိုသော လူအုပ်ကြီးကို ပန်းဆိုး တန်း အလုပ်တိုက် ၀ရန်တာမှ ထွက်၍ ကြည့်လေ၏။ မျက်စိတဆုံး မျှော်၍ ကြည့်လေ၏။ ဤ သူတို့သည် လမ်း၄၀ ပုံနှိပ်တိုက်ကြီးကို ရိုက်ချိုး ဖျက်ဆီးရန် သွားကြသူတွေဟု မသိချေတကား။ လူစီတန်းကြီး ကွယ်သွားမှ အလုပ်စားပွဲ၌ ပြန်ထိုင် လုပ်နေသည်။

တစ်တိုက်လုံး စိတ်ရှိသလို၊ ထင်သလို အားရပါးရ ရိုက်ချိုး ဖျက်ဆီးပြီး ထွက်သွားကြတော့မှ ပန်းဆိုးတန်းသို့ ကိုစောဦးတို့ လာပြော၍ ကျိုးပဲ့ ပျက်စီးကုန်မှန်း သိရတော့သည်။
ပန်းဆိုးတန်းမှ လမ်း၄၀သို့ လာခဲ့သည်။ ကျွန်မ ရင်ထဲ၌ မချမ်းသာပုံကား ပြောဖွယ်ရာ မရှိ။ လမ်းထဲ သို့ ချိုးဝင်လာသည့်အခါ လမ်းထဲတွင် မွကြဲနေသော ခဲစာလုံးတွေ၊ စက္ကူစတွေကို နင်းပြီး လျှောက် လာရသည်။ သူ သေပြီး အပြင်းအထန် ကြိုးပမ်း ထည်ထောင်ခဲ့ရသော ဤခဲစာလုံးတွေကို ကျွန်မ ခြေထောက်နှင့် နင်းရခြင်း၊ လူတကာ ခြေနင်းဖတ် ဖြစ်နေရခြင်းသည် စင်စစ် သံဝေဂ ရစရာပင် ကောင်းတော့သည်။ ကျွန်မ နားထဲတွင် ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ ဟု သူ ပြောသွားသော စကား သည် လမ်းလျှောက်လာရင်းပင် ကြားယောင် နေတော့သည်။

အလုပ်တိုက် အောက်ထပ်မှ စက်ခန်းကြီးကို ရှေးဦးစွာ မြင်လိုက်ရ၏။ စက်ခန်းထဲ၌ စက်ကြီး သုံးလုံး၊ စက်ကလေး နှစ်လုံး၊ ပေါင်း ငါးလုံး ရှိသည်။ စက် အထက်ပိုင်းများမှာ ပုဆိန်နှင့် ထုရိုက် သွားကြသဖြင့် ကွေးကောက် ပြုတ်ထွက်ကုန်ကာ၊ အချို့နေရာလည်း ထက်ပိုင်းကျိုးနေသည်။ စက်ကလေး နှစ်လုံးမှာ မရှုမလှ ကျိုးပဲ ပျက်စီးနေကာ ပြိုကျနေသည်။

နေ့မအား ညမအား လည်ကာ အမှုထမ်းကြသော သူတို့၏ ကျေးဇူးကား ကြီးပါဘိ၏။ သူတို့မှာ သက်မဲ့ပစ္စည်း မှန်သော်လည်း ကျွန်မစိတ်ထဲတွင် သက်ရှိသတ္တ၀ါများလိုပင် ဖြစ်နေသည်။ ပုံနှိပ် တိုက်ဖိုမင် ကိုဘိုးလူသည် သူ့စက်တွေကို သက်ရှိသတ္တ၀ါများလို ဆက်ဆံလေ့ ရှိ၏။ စက်ကြီးများ ကို "ဒီကောင်လေး" ဟူ၍ ခေါ်ဝေါ် ပြောဆိုလေ့ ရှိလေသည်။
ဒီကောင်ကြီးနှင့် ဒီကောင်လေးတွေမှာ တူးရွင်း၊ ပုဆိန်လက်နက်တို့ဖြင့် ခေါင်းတခြား ကိုယ်တခြား၊ လက်တခြား၊ ခြေတခြား မြင်မကောင်း ရှုမကောင်း ခန္ဓာစဲ၍ သေပွဲဝင်နေကြသည်။ ကျွန်မမှာ သူတို့ ၏ ဒဏ်ရာ ဒဏ်ချက်တွေကို ကြည့်လျက် ရင်ထဲ၌ တလှပ်လှပ် တဆတ်ဆတ် ခုန်နေသည်။

ကျွန်မ အပါး၌ ရပ်နေသော ကိုဘိုးလူက မှုန်ကုပ်ကုပ် ရှိသော မျက်နှာပေါက် ဆိုးကြီးနှင့် ချုသံပါ အောင် ညည်းတွားနေသည်။
"ဟိုကောင်လေး နှစ်ကောင်တော့ သွားပါပြီ။ သုံးမရတော့ပါဘူး၊ ကြက်တန်း မြှုပ်ရမှာပဲ။ (ကြက် တန်းမှာ သံထည်ပစ္စည်းဟောင်း သင်္ချိုင်း ဖြစ်သည်) ဒီကောင်ကြီးတွေ ပြင်ဖို့ကလည်း ရုတ်တရက် မလွယ်ဘူး ဆရာကတော်"

ကျွန်မသည် စက်ခန်းဝ၌ အတန်ကြာတွေ ရပ်ကြည့်နေသည်။ စက်ခန်းထဲ၌ တူးရွင်း၊ ပုဆိန်တို့ဖြင့် ထုရိုက် ဖျက်ဆီး ချိုးဖဲ့နေကြပုံကို ကျွန်မကိုယ်တိုင် ကြည့်ချင်မြင်ချင်လေသည်။ ကျွန်မနှင့် ရန်ငြိုး ရန်ဘက် မဟုတ်ဘဲ သည်လောက် ခက်ထန် ရုန့်ကြမ်းကာ ရက်စက်ဆိုးဝါးနိုင်သော သူတို့၏ နှလုံး သားစသည် လူသားတို့၏ နှလုံးသားမှ ဟုတ်ပါလေစဟု တွေးကြည့်မိသည်။
ဤစက်တွေကို ရစရာ မရှိအောင် ရိုက်ချိုး ဖျက်ဆီးပစ်ကြခြင်းသည် ကျွန်မ လက်ခြေကို ရိုက်ချိုး ဖြတ်ပစ်ခြင်း၊ ကျွန်မ အသည်းနှလုံးနှင့် ကျွန်မ ဦးခေါင်းကို ထုရိုက် ချေမွပစ်ခဲ့ခြင်းနှင့် အတူတူပါပင် တည်း။
ကျွန်မမှာ ကိုယ့်လက်ကိုယ့်ခြေကို မသယ်ချင်လောက်ပင် အားအင်ကုန်ခန်းသွားလျက် လှေကားကို တုန်တုန်ယင်ယင် လှမ်းတက်ကာ အပေါ်ထပ် စာခုံခန်းတွေကို တက်ကြည့်သည်။ အလယ်ထပ် လက်ဝဲလက်ယာ ခန်းမကြီးနှစ်ဆောင်တွင် စာခုံများ ခုံပေါင်း ၁၀၀ကျော်ခန့် ခဲစာလုံး အပြည့်ရှိလေ ၏။

စာခုံခန်းတွေ မြင်လိုက်ရသည်မှာ မျက်စိထဲ နောက်သွားကာ သွေးချောက်ချားသွားသည်။
အခန်းထဲ၌ ဖျက်ဆီးထားကြပုံကား စာခွက်ထဲမှ ခဲစာလုံးများကို စတုံခုံကြီးပေါ်သို့ မှောက်သွန်ချကြ ကာ၊ ခဲစာလုံးများကို ပြားချပ်သွားအောင် တူတွေနှင့် တစ်ယောက်တစ်လက် ၀ိုင်းထုကြလေ၏။ ထုပစ်သည့် ခဲများကို စာစီခန်းတွင် အသုံးပြုသော ခဲစာလုံးစီပြီး ထည့်ပုံသည့် သွပ်ပြားဂယ်လီတို့ နှင့် စတုံခုံကြီးပေါ်မှ ကော်ခပ် ယူကြကကာ တိုက်အပေါ်ထပ်မှ မြောင်းထဲသို့ ပစ်ချကြလေ၏။
လမ်းပေါ်တွင် ကျွန်မ နင်းလာခဲ့သော ခဲတွေမှာ အပေါ်က သွန်ပစ်ချကြသည့်အခါတွင် မြောင်းထဲ သာမက လမ်းပေါ်သို့ ဖိတ်စဉ် ပြန့်ကျဲ ကျနေသော ခဲစာလုံးတွေ ဖြစ်လေသည်။
စာခွက် စာခုံတို့သည်လည်း ဖြစ်ချင်တိုင်းပင် ပြို၊ လဲ၊ ထပ်၊ ဆင့်၊ မှောက်၊ ပိနေကာ အပိုင်းပိုင်း အစစ ကျိုးလျက် နေကြ၏။

ပုံနှိပ်တိုက်ကြီးအတွက် ခဲစာလုံးတွေ လိုအပ်တိုင်း တဖြည့်တည်းဖြည့်လျက် အမြောက်အမြား ၀ယ်ယူစုဆောင်းလာခဲ့လေသမျှသည် တစ်နေ့တည်းနှင့် ကိစ္စ ချောကုန်ကြလေ၏။
ကျွန်မသည် မျက်မှောက်ဆုံးရှုံး ပျက်စီးကုန်သော ပစ္စည်းတွေကို နှမြောလှသည်။ လုပ်ငန်းအတွက် ပင်ပန်းခြင်းကြီးစွာ အားထုတ်မှု စွမ်းအား ၀ီရိယသည် အကျိုးမဲ့ အချည်းနှီးသာ ဖြစ်ရတော့သဖြင့် ကုန်ခန်းကုန်သော စွမ်းအင် စိတ်ဇွဲတို့ကို ပျက်စီးကုန်သော ပစ္စည်းတွေထက် ပိုမို၍ နှမြေလေတော့ သည်။

အယ်ဒီတာ အခန်း၌ သမံတလင်းပေါ်တွင် စာရွက်စာတမ်းများ ပြန့်ကျဲလျက် ရှိ၏။ စားပွဲကုလား ထိုင်များမှာ မှောက်ခုံ ပက်လက် ကိုးရိုးကားရား ဖြစ်နေသည်။ အယ်ဒီတာများနှင့် အလုပ်သမား အားလုံး အခန်းထဲ၌ စုရုံးနေကြလျက် အခန်းထဲ ၀င်လာသော ကျွန်မမျက်နှာကို လှမ်းကြည့်ကြ သည်။ အသီးသီး မျက်စိမျက်နှာ ပျက်နေကြခြင်းကြောင့် စိတ်ကို ပိုမို၍ ထိခိုက်သွားတော့သည်။ သူတို့နည်းတူ ကျွန်မမှာ မျက်နှာပျက်၍ မဖြစ်၊ တစ်ခုခု ဆုံးဖြတ်၍ တစ်ခုခု လုပ်ရတော့မည်။ သူတို့ သည် ကျွန်မထံမှ တစ်ခုခုကို မျှော်လင့်နေဟန် ရှိသည်။ အလုပ်တိုက်ကြီးကို ပိတ်လိုက်မည်လော၊ သို့တည်းမဟုတ် ဆက်လုပ်နိုင်ဦးမည်လော။

ဂျာနယ်ကျော် အပေါ်၌ ယူထားသော တာဝန် အဓိဋ္ဌာန်အတိုင်း ရပ်မပစ်ဘဲ ဆက်လုပ်ရန်သာ ရှိ တော့လေ၏။ ဆက်၍ လုပ်ရန်မှာ လွယ်သည့်အရာ မဟုတ်ချေ။ မလွယ်မှန်းလည်း သိ၏။ ပိုမို၍ ဒုက္ခကြီးလိမ့်မည်မှန် သိလျက်ဖြင့်ပင် စိတ်ကို တင်းကာ ဆက်လုပ်ရန် ပိုင်းဖြတ်လိုက်သည်။
"ကိုစောဦး ... မနက်ဖြန် သတင်းစာ ထွက်မှ ဖြစ်မယ်"
ကိုစောဦးသည် အလွန် စိတ်မချမ်းသာသော အသံဖြင့် ဖြေသည်။

"မမီတော့ဘူး ဆရာကတော်၊ အချိန်လည်း မရှိတော့ဘူး။ ရိုက်ပြီးသား စက္ကူတွေလည်း မီးရှို့ပစ်ခဲ့ တယ်။ စက်ပေါ်  ရိုက်နေတဲ့ စာဖောင်လည်း ထုရိုက်ပစ်ခဲ့ကြပြီ"
"ဖြစ်အောင် ထွက်မယ် ကိုစောဦးရယ်၊ အပြင်က စက်တွေမှာလည် ရိုက်မယ်။ တစ်မျက်နှာ တစ်ဖောင်တည်း ပဲ ဖြစ်ဖြစ် နက်ဖြန် သတင်းစာ ထွက်မယ်"
ကျွန်မသည် စက္ကူထုပ်များကို ဂျစ်ကားပေါ်သို့ တင်ကာ အယ်ဒီတာနှင့်အတူ ကြည့်မြင်တိုက်မှ ပြည်သူ့ အာဏာ ပုံနှိပ်တိုက်သို့  ထွက်လာခဲ့သည်။
ပြည်သူ့အာဏာ ပုံနှိပ်တိုက်၌ အဆောတလျင် ပြီးအောင် စီခိုင်းကာ တစ်ညလုံး စောင့်ရိုက်ရလျက်၊ နောက်တစ်နေ့ နံနက် သတင်းစာ ထွက်သွားလေ၏။

ကျွန်မသည် တိုက်ပျက်ကြီးကို လှည့်၍ မကြည့်အားဘဲ အရပ်ထဲ လည်၍ သတင်းစာ ရိုက်ထုတ်နေ ချေသည်။ တိုက်ပျက်ပြီးနောက် နေ့တိုင်း ထွက်နေသော သတင်းစာသည် ပြည်သူ့အာဏာ စာပုံနှိပ် တိုက်တွင် စာမျက်နှာ တစ်ဖောင်ရိုက်လျက်၊ ဗမာ့ခေတ် သတင်းစာတိုက်တွင် တစ်ဖောင်၊ ဒီးဒုတ် ပုံနှိပ်တိုက်တွင် တစ်ဖောင်ဖြင့် အရပ်လည် ရိုက်ထုတ်နေသော သတ်းစာ ဖြစ်သည်။
ကျွန်မမှာ ညနေခြောက်နာရီမှ ည ကိုးနာရီအထိ ပြည်သူ့အာဏာတိုက်တွင် ရှိကာ၊ ည ဆယ်နာရီမှ တစ်ချက်အထိ ဗမာ့ခေတ်တိုက်တွင် ရောက်နေပြီး၊ ည နှစ်နာရီမှ နံနက် ငါးနာရိအထိ ဒီးဒုတ်တိုက် တွင် အချိန်ကုန်သွားသည်။ မိုးမလင်းမီ တိုက်တကာမှ ရိုက်ပြီးသော စက္ကူတွေကို ကားဖြင့် တစ်ပတ်ပြန်လည် သိမ်းယူခဲ့သည်။ သေပြေးရှင်ပြေး အမီထိုင်ခေါက်ကြသော နံနက် သတင်းစာ ထွက်ရသည့် တာဝန်ကြီး လည်း ထမ်းရွက်ခဲ့ဖူး၏။

ဤအတောအတွင်း အပတ်စဉ် ထုတ်နေသော ဂျာနယ်ကျော်ကို မထုတ်ရကား၊ ပြည်သူ့ဟစ်တိုင် သတင်းစာကို အမည်ပြောင်းကာ ဂျာနယ်ကျော်သတင်းစာဟု နာမည်တပ်ရပြန်လေ၏။
ဤသို့ ကမောက်ကမ ဖြစ်နေရသည့် ကြားထဲတွင် အယ်ဒီတာချုပ် ကိုစောဦးကို ဖမ်းချုပ်သွားပြန် လေသည်။ ကျွန်မမှာ စိတ်ပင်ပန်း  ကိုယ်ပင်ပန်း ဖြစ်လှကာ ရက်ဆက်၍ အအိပ်ပျက်၊ အစားပျက် ဖြင့် အတော်ကြီး ပိန်ချုံးကျသွား၏။ ယနေ့ နက်ဖြန် သေတော့မည် အသွင်လိုပင် တစ်နေ့တစ်ခြား မသာရုပ် ပေါက်လာလေ၏။

အလုပ်အကိုင် ကမောက်ကမ ဖြစ်နေသည့်အခါ နယ်ကိုယ်စားလှယ်များထံမှ ရစရာငွေများသည် တိုက်ပျက် သည့် အရှိန်နှင့် ရောက်မလာကြတော့ပေ။ အလုပ်သမားများအတွက် ပေးရန်ရှိသည့် လစာ ငွေများ အတွက် ဦးနှောက် ခြောက်နေလေ၏။

ကံကောင်းထောက်မ၍ ဖဆပလ အစိုးရက အာမခံ အပေါင်ပစ္စည်းနှင့် ငွေခြောက်ထောင် အမတော် ကြေး ထုတ်ချေး လေသည်။
အယ်ဒီတာအဖွဲ့ဝင် သတင်းထောက် ဦးစံလှထွန်းက ကျွန်မကိုယ်စား လက်မှတ်ထိုးကာ ယူလာ သည်။ လစဉ် အရစ်ကျ ပြန်ဆပ်ရမည်ဟု ဆိုလေသည်။
တိုက်ကို ရိုက်ချိုး ဖျက်ဆီးခံရ၍ အစိုးရက အမတော်ကြေး ထုတ်ချေးသော ငွေခြောက်ထောင်ဖြင့် အလုပ်သမားလခများ ရှင်းပေးလိုက်သည်။ ရိုက်ချိုးဖျက်ဆီးခံရ၍ ဆုံးရှုံးသွားသော ပစ္စည်းတန်ဖိုး အစုစုမှာ ခုနှစ်သောင်း၊ ရှစ်သောင်းမက တန်ဖိုးရှိလေသည်။

ကျွန်မသည် တစ်နေ့ထက် တစ်နေ့ ပင်ပန်းလာကာ မဟန်နိုင်တော့ဘဲ တစ်နေ့တွင် လှေကားထိပ်မှ အောက် သို့ တလိမ့်ခေါက်ကွေး ထိုးကျသွားလေ၏။ ခေါင်းမှ သွေးများ စီးကျလာကာ မူးမေ့သွား လေသည်။

သတိရသည့်အချိန်၌ ကျွန်မ ခုတင်ဘေးတွင် ဒေါ်ခင်ကြည် သတင်းမေး ရောက်နေသည်။ ဗိုလ်လက်ျာသည် ကျွန်မအား အလုပ်တိုက် ပိတ်၍ တစ်နေရာတွင် အနားသွားယူရန် အတင်း တိုက်တွန်းလေသည်။
ကျွန်မမှာ အားအင်ကုန်ခမ်းလျက် ရှိကာ မဟန်နိုင်တော့သဖြင့် ပစ္စည်းတွေသာလျှင် သင်္ခါရ ဖြစ်ပေစေ၊ လူတော့ မဖြစ်စေနှင့်ဟု တွေးကာ အလုပ်နှင့် ဝေးရာသို့ ပြေးရန် ပိုင်းဖြတ်လိုက်သည်။ အလုပ် တိုက်ကို မပိတ်စေ ဘဲ ပတ်စဉ် ဂျာနယ်ကျော် ဆက်ထုတ်ရန် ကိုစောဦးအား လွှဲအပ်ခဲ့ပြီးနောက် ပန်းဆိုးတန်းက ထွက်ခဲ့ လေ၏။

အခန်း (၅) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ကြယ်နီ အပိုင်း (၂၁)

အထင်တော်လွဲလို့ရယ်
(၁)

' ဆယ်လံအစောက်၊ ရေထဲအောက်သို့၊ ထုတ်ချောက်စုပ်စုပ်၊ စုံးစုံးငုပ်၍၊ စမ်းခုပ်သရော်၊ သူပေါ် စိမ်းစား၊ တံငါသားလျှင်၊ လည်ကြားသုံးရစ်၊ မည်းချစ်ရင်ပြောက်၊ ရေမြွေဟောက်ကို၊ လန့်ကြောက် မရှိ၊ ငါးဟုမိ၍၊ လည်စိကိုင်ဆုပ်၊ ၀မ်းသာရုပ်ဖြင့်၊ သူနုပ်ကျွန်လျော်၊ ကြည့်လျက်ပေါ်သော်၊ မြော်ကတုံးတုံး၊ အလူဆုံးဟု၊ နှလုံးမဆံ့၊ ရင်တီးအံ့သို့၊ သိနှံ့ပညာ၊ ထိုရော်ငါလည်း၊ ပမာဤတူ၊ စည်းစိမ်ထူ၍၊ ရှိမ်းပူမထိ၊ ချမ်းသာရှိလျက်၊ သတိမြင်ကျယ်၊ သူတော်နွယ်ကို၊ ယိုးမယ်မဲ့လျှင်း၊ အချင်း စစ်ဖွေ၊ ကြံတုံချေက၊ မွေးရေခပင်း၊ နှလုံးတွင်း၌ သားညှင်းအသွင်၊ မီးဝယ်ကင်းသို့၊ ပိတ်ပင် မပြန့်၊ ရှုံ့ရှုံ့တွန့်လျက်၊ ကြောက်လန့်ထိတ်စွာ၊ ဘော်သုံးရွာတွင်၊ ၀ါဝါ လည်းလှောင်၊ သူတို့ ဘောင်ကား။    ။   ပြောင်ပြောင်ငါ့အား ငြိသတည်း။

ကျွန်တော်သည် ဆုတောင်းခန်းပျို့ကို ရည်ရွယ်ချက်ကင်းမဲ့စွာဖြင့် လျှောက်လှန်နေမိပါသည်။ ဆု တောင်းခန်းပျို့ မှာ ခက်ခဲနက်နဲလွန်းလှ၍ ကျွန်တော်၏ နုနယ်သေးသိမ်သော ဥာဏ်ကလေးဖြင့် သဘော မပေါက် နိုင်ဘဲ ရှိသည့်အတွက် စာအုပ်ကိုသာ လျှောက်လှန်နေသော်လည်း ကျွန်တော်၏ စိတ်အာရုံမှာမူ တခြား ရောက်ကာ ပျံ့လွင့်လျက်ရှိ၏။ သို့သော် ဤစာအုပ်ကလေးသို့ ရောက်သော အခါ စိတ်အာရု့သည် တစ်ချက်တည်း တန့်ရပ်သွား၍ ဤစာပိုဒ်ကလေးဝယ် တည်ငြိမ်စွာ စူးစိုက်မိ တော့၏။ မှန်သည်၊ ဤစာပိုဒ် ကလေးသည် ကျွန်တော်၏ စိတ်အာရုံတစ်ခုလုံးကို သိမ်းကျုံးညှို့ယူ လိုက်ပါလေပြီ။

စင်စစ် စာဆို အရှင်မဟာသီလ၀ံသ၏ ဆိုလိုရင်းမှာ ဆုတောင်းခန်းပျို့၌ မဏ္ဍိုင် ဇာတ်ဆောင်သူ ဖြစ် ပါဝင်သော သုမေဓာပုဏ္ဏားသည် မိမိကိုယ်ကို တံငါသည်နှင့် နှိုင်း၍ လောကီစည်းစိမ်ကို မြွေ ဟောက်အသွင် တင်စားကာ၊ တံငါသည် သည် မိမိအား အန္တရာယ်ပြုမည့် မြွေဟောက်ကိုပင် ငါးဟု ထင်မှတ်ကာ ၀မ်းသာ အားရ ဖြစ်နေသလို၊ သူသည်လည်း လောကီစည်းစိမ်ကိုပင် အဟုတ်ကြီး ထင်ကာ တပ်မက်မော နေမိကြောင်း၊ ပညာဖြင့် ဆင်ခြင်မိမှ လောကီစည်းစိမ်ကြီးကို စက်ဆုပ်ရွံရှာ မိကြောင်း ပြဆိုလိုရင်းဖြစ်၍၊ ကျွန်တော် ကတော့ တကယ့်မြွေကို တကယ့်ငါးဟု ထင်မှတ်ကာ တကယ့် တံငါသည်တစ်ဦးကို ကိုယ်တွေ့ မျက်မြင် တွေ့ကြုံဖူးခဲ့သည့်အတွက် ဤစာပိုဒ်ကလေး ကိုမှ ထူးထူး ခြားခြား စူးစိုက်လိုက်မိခြင်း ဖြစ်ပါသည်။

အချိန်မှာ ညဥ့် ၁၁ နာရီခန့်ရှိပြီဖြစ်၍ ပတ်ဝန်းကျင်လောက၌ ဆိတ်ငြိမ်ခြင်းသာ လွှမ်းမိုးကြီးစိုးနေ သည်။ အပြင်ဘက် မှ ညင်သာညံ့နုသော ဆောင်းလေအေး၏ တိုးဝှေ့တိုက်ခတ်မှုကြောင့် ထွက်ပေါ် လာသော သစ်ရွက် ခတ်သံ ကလေးများသာ တစ်ချက် တစ်ချက် အိမ်ထဲသို့ တိုးဝင်လာပါသည်။ ကျွန်တော်ကတော့ သာယာ ချိုအေးလှသော သစ်ရွက်ခတ်သံကလေးများကို မကြားနိုင်လောက် အောင်ပင် အာရုံတစ်ခုလုံး ဤစာပိုဒ် ကလေး၌သာ စုံးစုံးနစ်မြုပ်နေသည်။ ကျွန်တော်၏ စက္ခုအာရုံမှာ စာပိုဒ်ရှိ စာလုံး ကလေးများ အပေါ် ၌ အစုန်အဆန် ပျံဝဲနေသည်။

' ဆယ်လံအစောက်၊ ရေထဲအောက်သို့၊ ထုတ်ချောက်စုပ်စုပ်၊ စုံးစုံးငုပ်၍၊ စမ်းခုပ်သရော်၊ သူပေါ် စိမ်းစား၊ တံငါသားလျှင်၊ လည်ကြားသုံးရစ်၊ မည်းချစ်ရင်ပြောက်၊ ရေမြွေဟောက်ကို၊ လန့်ကြောက်မရှိ၊ ငါးဟုမိ၍၊ လည်စိ ကိုင်ဆုပ်၊ ၀မ်းသာရုပ်ဖြင့်၊ သူနုပ်ကျွန်လျော်၊ ကြည့်လျက်ပေါ် သော်၊ မြော်ကတုံးတုံး၊ အလူဆုံးဟု၊ နှလုံး မဆံ့၊ ရင်တီးအံ့သို့ ...' ။
ကျွန်တော်၏ မျက်စိအောက်မှ စာလုံးကလေးများသည် အသက်ဝင်၍ လူးကာလွန့်ကာနှင့် လှုပ်ရှား လာသည် ဟု ကျွန်တော်က ထင်မိ၏။ ဟော နောက်တော့ လူးလွန့်လှုပ်ရှားလျက်ရှိသော စာလုံး ကလေး များသည် မှုန်တ၀ါးဝါးဖြစ်လာရာမှ နောက်ဆုံးတွင် လုံးဝပင် ကွယ်ပျောက်သွားပြီး၊ ကျွန်တော် တွေ့ကြုံ ခဲ့ဖူးသော အတိတ်မှ အရိပ်ကလေးများက စာလုံးကလေးများ နေရာတွင် အစားဝင်ယူလိုက်ပါပြီကော...။

(၂)

မိုးဦးကျ လ ၀ါဆို။
မိုးသား တိမ်လိပ်များ ကင်းစင်၍ သာယာကြည်လင်သော နေ့တစ်နေ့။
အလျား ၁၀ ပေခန့်ရှည်သော လှေငယ်တစ်စင်းသည် ဗျင်းဘွဲရွာမှ ကွင်းဘက်သို့ ခပ်သွက်သွက် ရွေ့လျား နေသည်။ လှေဦးအနီးရှိ လှေကန်ပေါ်တွင် ကန်စွန်းစည်းကို ခံထား၍ အပေါ်မှ ငါးထိုးသော ' ဆောင်ပုံ 'ကို တင်ထား သည်။ လေငြိမ်သည့်အခါဖြစ်၍ လှေသည် လူးခြင်း စောင်းခြင်း မရှိဘဲ ငြိမ်သက်စွာပင် ရွေ့လျား နေ၏။

လှေဦးပေါ်တွင်တော့ ရုပ်ရည်ကြမ်းတမ်း ကြံ့ခိုင်သန်စွမ်းသော အသွင်ကို ဆောင်နေသည့် ယောက်ျားကြီး တစ်ယောက်။ လုံချည်ကို ခါးတောင်းကျိုက်ထားသည်။ ကိုယ်တွင် အင်္ကျီမရှိ။ ဟို အဝေးမှ မိုးကုပ်စက်ဝိုင်း၏ ပြာလဲ့လဲ့ နောက်ခံတွင် မည်းနက်သော သူ့ကျောပြောင်ကြီးမှာ အထင်းသား ပေါ်လွင်နေသည်။ တက် တစ်ချောင်းဖြင့် လှေဦးမှ မတ်တတ်ရပ်၍ လှော်နေသည် ဖြစ်ရာ တက်ကို ရေထဲသို့ နှစ်၍ အားစိုက်ကာ လှော်ယက် လိုက်သည့်အခါ၌ သူ့လက်ပြင် ကြွက်သားများ၊ လက်မောင်းကြွက်သားနှင့် ပေါင်တံမှ ကြွက်သား များသည် အလှပြနေသော ကာယဗလသမား တစ်ဦးကဲ့သို့ ဖုထစ်ကြွရွလာသည်။ သူ့ခေါင်းတွင် လုံချည်ဟောင်း တစ်ထည်ကို ပေါင်းထား၍ အပေါ်ကမှ ခမောက်ကို ဆောင်းထားသည်။ တံငါသည် ကိုဖိုးငွေ ၏ ရုပ်လုံးပေါ် ပန်းချီကားတစ်ချပ်။

လှေပဲ့တွင်မူ ဘ၀၏ ကန္တာရလမ်းကြမ်းကြီးကို အပန်းတကြီး ဖြတ်ကျော်လာခဲ့ရဟန်ဖြင့် အရွယ်နှင့် မလိုက်အောင် အိုစာလျက်ရှိသော မိန်းမကြီးတစ်ဦး။ လှေပဲ့ပေါ်တွင်ထိုင်လျက် လှေကိုပဲ့ပေးရင်း လှော် နေသည်။ အသက် သုံးဆယ်ခန့်မျှသာ ရှိသေးသော်လည်း ဇရာ၏ အမှတ်လက္ခဏာဖြစ်သော အရေး အကြောင်း အတွန့်ကလေးများသည် သူမ၏ မျက်နှာပေါ်ဝယ် ခိုနားစ ပြုလေပြီ။ သူမ၏ အတိတ်၌ ပျော်ရွှင် ချမ်းမြေ့မှု၊ ပစ္စုပ္ပန်ဝယ် ကျေနပ်ကြည်နူးမှု၊ အနာဂတ်တွင် မျှော်လင့် အားတက်ဖွယ် တစ်စုံတစ်ခုမျှ မရှိလေ ရော့သလား မသိ။ သူမ၏ မျက်လုံး၌ တောက်ပသော အရိပ် အယောင်ဆို၍ အစအနကလေးမျှ ရှာမရဘဲ မှေးမှိန် ဖျော့တော့ကာ မိုးတိမ်များ ပိတ်ဖုံးလျက်ရှိသော အာကာပြင်လို မှိုင်းညို့နေသည်။

ဆင်းရဲဒုက္ခကို လုံးဝ မတွေ့ကြုံဖူးသူ တစ်ဦးသည် သူမ၏ မျက်နှာကို ကြည့်ရုံမျှနှင့် ဆင်းရဲဒုက္ခ၏ အနက် အဓိပ္ပာယ် ကို အလွယ်တကူ သိနိုင်အောင် သရုပ်ဆောင်နေသည်။ သူမ၏ အနက်အဓိပ္ပာယ်ကို အလွယ် တကူ သိနိုင်အောင် သရုပဆောင်နေ သည်။ သူမ၏ ကိုယ်တွင်ကား ထဘီတစ်ထည်ကို ရင်ရှားထား၍ ခေါင်းပေါ် တွင် ခမောက်တစ်လုံးကို ဆောင်းထားသည်မှအပ အခြားဝတ်စားတန်ဆာကား နတ္ထိ။ သူမ ကတော့ တံငါ သည်ကိုဖိုးငွေ၏ ဇနီးသက်လျာ မငွေရွက်။

လှေသည် ညင်သာစွာပင် ရွေ့လျားနေသည်။ လေကလည်း လုံးလုံးကို ငြိမ်နေပါသည်။ ရေပြင် သည်လည်း လှိုင်းကြက်ခွပ်ကလေးပင် မထဘဲ ရေသင်ဖြူးခင်းကာ ပကတိ ငြိမ်သက်နေသည်။ ရင့်ကျက်သော သမာဓိ ရှိသည့် တောရထေရ်၏ မျက်နှာပြင်လို ဣနြေ္ဒရလှပါ၏။

    ဣနြေ္ဒရလှသော ရေမျက်နှာပြင်ပေါ်ဝယ် လှေငယ်သည် ဦးကလေးကို မော့၍ ကြော့ကြော့ ကလေး ရွေ့နေရာ၊ လှေသွားရာ လမ်းကြောင်းတစ်လျှောက်လုံးရှိ ရေပြင်သည်လည်း တည်ငြိမ်ရာ မရရှာဘဲ လှုပ်လှုပ် ရှားရှား ဖြစ်သွား၏။ လှေဦးမှ ရေကို ခွဲလိုက်သည့်အတွက် လှေတစ်ဖက်တစ်ချက်၌ လှိုင်းတွန့် ကလေး များဖြစ်သွားကာ တည်ငြိမ်သော ရေမျက်နှာပြင်ပေါ်ဝယ် ပြေးလွှားဆော့ကစားရင်း ကျန်ရစ် ခဲ့ကြတော့၏။

ရောက်ပေပြီ။ ဒိုက်ပင်များ၊ မြက်များ၊ ဗေဒါပင်အုပ်များ၊ ကန်စွန်းဖောင်များ၊ ကညွတ်ဖောင်များဖြင့် ပြည့်နှက် နေသည့် ကွင်းထဲသို့ လှေငယ်ကလေးသည် ရောက်နေခဲ့ပေပြီ။ လှေပဲ့မှ မငွေရွက်သည် လှေကို အရှိန်သတ် ၍ ခပ်ဖြည်းဖြည်းသာ လှော်နေတော့သလို၊ လှေဦးမှ ကိုဖိုးငွေကလည်း လှေ အလှော် ရပ်လိုက်ပြီး ပတ်ဝန်းကျင် ရှိ ဒိုက်ပင်များ၊ မြက်ပင်များ၊ ကန်စွန်းဖောင်များ၊ ကညွတ်ဖောင် များကိုသာ လျင်မြန် ဖျတ်လတ် သော မျက်လုံးအစုံဖြင့် လွှမ်းခြုံစူးစမ်းရင်း လိုက်ပါနေသည်။

သူတို့ဇနီးမောင်နှံသည် အဘယ်သို့သော ရည်ရွယ်ချက်ဖြင့် လှေငယ်ကို စီးကာ ကွင်းထဲသို့ လာရောက် ခဲ့ကြ ပါသနည်း။
အမေး ရှိလျှင် အဖြေသည်လည်း ရှိရပေမည်။ သည်မေးခွန်းကို လှေဦးဘက်မှ လှေကန့်ပေါ်ရှိ ကန်စွန်းစည်း ပေါ်တွင် အလျားလိုက် တင်ထားသော မှိန်းသွားခုနစ်ချောင်းတပ် ငါးထိုးသော ' ဆောင်ပုံ ' ကြီးက တိကျ စွာ အဖြေပေးနေပါသည်။ မှန်သည်။ သူတို့ ဇနီးမောင်နှံသည် ငါးထိုးရန် ရည်ရွယ်ချက်ဖြင့် လှေငယ်ကို စီးကာ ကွင်းထဲ သို့ လာရောက်ခဲ့ကြခြင်းဖြစ်ပါသည်။

တန်ခူးလပြည့်ကျော် တစ်ရက်နေ့မှ စ၍  တော်သလင်းလပြည့်နေ့အထိကွင်းကို အစိုးရပိုင်သည်ဖြစ် ရာ ' အစိုးရပိုင်သည့်ရက်တွင် ဆင်းရဲသားများသည် ဆောင်းတစ်လုံး၊ မှိန်းတစ်လက်၊ ငါးမျှားတံ တစ်ချောင်းဖြင့် ကွင်းထဲ၌ ရှာဖွေစားသောက်နိုင်၏' ဟု အစိုးရမင်းများက ကြီးမားသော မဟာကရုဏာနှင့် အခွင့် အရေး ကလေးများ ပေးသနားထားတော်မူသည့်အတွက် ရရှိသော အခွင့် အေ၇းကို ပိုင်နိုင်စွာ အသုံးချရန် ငါးထိုးသော ' ဆောင်ပုံ ' တစ်လက်ဖြင့် ကွင်းထဲသို့ သူတို့ ရောက် ရှိလာကြခြင်းဖြစ်သည်။

လေငြိမ်နေသဖြင့် ပတ်ဝန်းကျင်ရှိ ရေပေါ် တစ်တောင်ခန့်၊ တစ်ထွာခန့် မြင့်တက်နေသော ဒိုက်ပင် ကလေးများ၊ မြက်ပင်ကလေးများနှင့် ကန်စွန်းဖောင်၊ ကညွတ်ဖောင်ကလေးများသည် လုံးဝ လှုပ်ရှားခြင်း မရှိဘဲ ငြိမ်သက်နေပါ၏။ ကိုဖိုးငွေ၏ စူးရှသော မျက်လုံးအစုံမှာ ဤငြိမ်သက်နေသော ဒိုက်ပင်များ၊ မြက်ပင် များ အပေါ်ဝယ် လွှမ်းခြုံကျက်စားကာ လှုပ်ရှားလျက်ရှိသော ဒိုက်ပင်နှင့် မြက်ပင်ကို ရှာဖွေနေ၏။

ရေအောက်ရှိ ငါး၏ အသွားအလာ အကူးအသန်း အမျိုးအမည်ကို ရေပေါ်မြင့်တက်လျက်ရှိသော ဒိုက်ပင်၊ မြက်ပင် များ၏ လှုပ်ရှားခြင်းဖြင့် သဲလွန်စ ရှာဖွေကာ နောက်ယောင်ခံလိုက်ပြီး ထိုးရသည် ဖြစ်၍ လှုပ်ရှား နေသော ဒိုက်ပင်နှင့် မြက်ပင်ကို သူ ရှာဖွေနေခြင်းဖြစ်ပါသည်။ သို့သော် ငါးထိုးသမိုင်း၌ ငါးထိုးခြင်း အစအဦး အချိန်ဖြစ် ၍ လက်တွေ့ဆည်းပူးရယူခဲ့သော အတွေ့အကြုံ ဗဟုသုတများ ခေါင်းပါးလှသေးသည့်အတွက် ယခုခေတ် ၌ ကိုဒေါင်းစိန်တို့လို ငါးထိုးသမားများကဲ့သို့ လှုပ်ရှားနေသော ဒိုက်ပင်၊ မြက်ပင်များကို မြင်ရုံမျှနှင့် ငါးအမျိုး အမည်ကို ခွဲခြားနိုင်စွမ်း မရှိသေးပေ။
တောင် မြောက် ၀ဲ ယာ ပတ်ဝန်းကျင်တစ်ဝိုက်ရှိ ဒိုက်ပင်၊ မြက်ပင်များ အပေါ်ဝယ် ပျံဝဲလျက်ရှိသော သူ့မျက်လုံး အစုံသည် တစ်နေရာတွင် ရပ်တန့်သွားလေပြီ။ ထိုနေရာတွင် မြက်တောကလေးတမျှ မြက်ပင် များသည် စု၍ ပေါက်ပွားနေရာ၊ ဤ စု၍ ပေါက်ပွားနေသော မြက်ပင်များသည် အလယ် တည့်တည့်မှ တစ်ဖက် တစ်ချက် ကွဲကွာသွားကာ နှစ်ဖက်စလုံးမှ မြက်ပင်ကလေးများမှာလည်း လှုပ်ရှား ယိမ်းယိုင် လျက်ရှိကြ၏။

သူ့ကိုယ်ကာယသည် ဆတ်ခနဲ ဖြစ်သွားကာ လှုပ်ရှားလျက်ရှိသော မြက်ပင်ကလေးများမှ မျက်လုံး ကိုမခွာဘဲ၊ 'ကျွတ် ကျွတ်' ဟု စုတ်သပ်လိုက်ပြီး နောက်လှေပဲ့မှ မငွေရွက်အား လက်ဝါးကာပြလိုက် ၏။ ဘာကို ဆိုလိုသည်ကို နားလည်ထားပြီး ဖြစ်နေသော မငွေရွက်ကလည်း လှေကို တဖြည်းဖြည်း နှင့် အရှိန်သတ် ၍ ရပ်လိုက်၏။
ရေအောက်မှ ငါးသည် မြက်တောကို တိုးဝှေ့နေပေပြီ။ ထို့ကြောင့်ပင် မြက်ပင်များသည် ငါးသွားရာ လမ်းကြောင်း တစ်လျှောက် တစ်ဖက်တစ်ချက် ကွဲကွာသွားကာ လှုပ်ယမ်းနေခြင်းဖြစ်သည်။ ဒါကို 'မြက်တိုးငါး' ဟု ခေါ်ရမည်ဖြစ်ပြီး၊ ဒိုက်ပင်တစ်ပင်တည်း သွက်သွက်ခါ လှုပ်ယမ်းနေအောင် ဒိုက်ပင် ၌ တွယ်ကပ် နေသော ရေညှိကို ရေအောက်မှနေပြီး ကိုက်ဆွဲတတ်သည့် ငါးကိုမူ 'မြက်ကိုငါး'ဟု ခေါ်ရသည်။ ယခု သူ ထိုးရမည့် ငါးမှာ 'မြက်တိုးငါး' ဖြစ်သည်။

    ငါးသည် တစ်နေရာတည်း၌ ရပ်တန့်မနေဘဲ၊ ရှေ့သို့ ဆက်လက်တိုးဝှေ့သွားလာလျက် ရှိခြင်းကြောင့် ကျန်ရစ်ခဲ့သော မြက်ပင်များမှာ ပြန်စေ့သွားပြီး၊ ရှေ့မှ မြက်ပင်ကလေးများကတော့ တစ်ဖက်တစ်ချက် ကွဲကွဲ သွားသည်။ မြက်ပင်အက်ကြောင်းမှာ အတန်ငယ် ကျယ်ဝန်းသည့်အတွက် ရေအောက်၌ တိုးဝှေ့ နေသော ငါးသည် အကောင်အထည် အတန်ပင်ကြီးသော ငါးဖြစ်ကြောင်း သူ သိရသည်။

ကွဲအက်ကြောင်းသည် တဖြည်းဖြည်းနှင့် ရှေ့သို့သာ ရွေ့လျားနေရာ သူနှင့် အတန်ငယ် ဝေးကွာ သွားပြီဖြစ်သည့်အတွက် သူသည် 'ဆောင်ပုံ' ဖြင့် ရှေ့သို့ ဆတ်ခနဲ ဆတ်ခနဲ နှစ်ချက် သုံးချက် ပြလိုက်၏။ ကိုဖိုးငွေ၏ အရိပ်အခြည်ကို စောင့်ကြည့်နေသော မငွေရွက်ကလည်း သူ့အား ရှေ့သို့ အနည်းငယ် ဆက်လှော် ရန် အရိပ်အခြည် ပြနေကြောင်း နားလည်သည်ဖြစ်၍ ရှေ့သို့ လှော် ပေးလိုက်၏။ လက်လှမ်း မီလောက်သည့် နေရာသို့ ရောက်သောအခါ ကိုဖိုးငွေသည် ' ဆောင်ပုံ 'ကို မြှောက်၍ ရွေ့လျားနေသော ကွဲအက်ကြောင်း ၏ ရှေ့သို့ အနည်းငယ် ကြို၍ ချိန်ကာ လက်လွှတ် ထိုးချလိုက်၏။
ထိသွား ပေပြီ။

ရေပေါ်တွင် ပေါ်လျက်ရှိသော ' ဆောင်ပုံ ' လက်ကိုင်ရိုးမှာ ထိထားသော ရေအောက်မှ ငါး၏ ရုန်းကန် မှုကြောင့် သွက်သွက်ခါအောင် လှုပ်ယမ်းနေရခြင်းက ငါးကို ထိုးမိထား ကြောင်း သက်သေခံနေပါပြီ။ ငါးကို လက်လွှတ် ထိုးပြီးလျှင် ပြီးချင်း၊ လှေပဲ့မှ မငွေရွက်က ဆောင်ပုံ ရှိရာသို့ လှေကို ခပ်သွက်သွက် လှော်ပို့ လိုက်သဖြင့်၊ ကိုဖိုးငွေသည် ဆောင်ပုံ လက်ကိုင်ရိုးကို လှမ်းကိုင်ကာ ရေအောက် မြေကြီးဆီသို့ ထိုးစိုက် ဖိကပ်ထား၏။ သို့မှသာ ရေအောက်ရှိ ငါးသည် ရုန်း၍ မလွတ်နိုင်ဘဲ သူ့လက်တွင်းသို့သာ စိတ်ချလက်ချ သက်ဆင်း ရပေမည်။

မငွေရွက်သည် လှေပဲ့မှနေ၍ လှေဦးသို့ လျှောက်လာကာ ကိုဖိုးငွေ၏ လက်တွင်းမှ ' ဆောင်ပုံ ' လက်ကိုင် ရိုးကို လှမ်းကိုင်ထိုးစိုက်ထားသည်နှင့် တစ်ပြိုင်နက်၊ သူက ဆောင်ပုံ လက်ကိုင်ရိုးမှ လက်ကို ပြန်လည် ရုပ်သိမ်းလိုက်ကာ ရေထဲသို့ ခုန်ချလိုက်၏။ နောက် ' ဆောင်ပုံ 'ရိုးကို ကိုင်လျက်ပင် ရေထဲသို့ ငုပ်ကာ ရုန်းကန်နေသော ငါး၏ ဇက်ကို ဖမ်းကိုင်ပြီး ဆောင်ပုံရော ငါးပါ ဖော်တင်လာ၏။
မငွေရွက်က ကျေနပ်စွာ ပြုံးလိုက်၍ ကိုဖိုးငွေကို အားရပါးရ ရယ်လိုက်၏။ သူတို့၏ ဘ၀၌ သဘာဝကျသော ဟာသဖြစ်သည်။ သည်ဟာသသည်သာ နှစ်လိုဖွယ်ရာ အပြုံးဖြစ်၏။ ထို့ကြောင့် မငွေရွက်က ပြုံး၏။ ကိုဖိုးငွေ က ရယ်၏။ ပြုံး ... ရယ် ... ။

သဘာဝကျသော ဟာသနှင့် နှစ်လိုဖွယ်ရာ အပြုံး။
' အဟီး ... နေ့တွက်တော့ စီသွားပြန်ပေါ့ ' သဘာဝကျသော ဟာသ၏ အသံပင်ဖြစ်ပါသည်။
' ဟုတ်သပေါ့တော် ... ခုတ်ထစ်ပြီး ခုတ်သားလုပ် ရောင်းလိုက်ရင် ငွေနှစ်ကျပ်ဖိုးတော့ တန်းနေတာပေါ့' နှစ်လိုဖွယ်ရာ အပြုံး၏ အသံ ...။
ထိုး၍ရသော ငါးမြစ်ချင်းကြီးကို ခင်းထားသော လှေကပ်အောက်သို့ သွင်းပြီးနောက် ကိုယ့်နေရာ ကိုယ် ပြန်ယူကာ ကိုယ့်တာဝန် ကိုယ်ထမ်းရွက်ကြ၏။ မငွေရွက်က လှေပဲ့မှထိုင်ကာ တက်တစ်ချောင်းဖြင့် ရှေ့သို့ လှော်ပေး၏။ ကိုဖိုးငွေက လှေဦးပေါ်မှ မတ်တတ်ရပ်ကာ ပတ်ဝန်းကျင်ရှိ ဒိုက်ပင်နှင့် မြက်ပင်များကို လွှမ်းခြုံ စူးစမ်းရင်း လိုက်ပါလာ၏။

လှေသည် ညင်သာစွာ ရွေ့နေသည်။ အချိန်သည်လည်း မှန်မှန်ကြီး ရွေ့နေလေသည်။ လှေသည် တစ်နေရာမှ တစ်နေရာသို့ ဖြတ်ကျော်ကူးသန်းနေသည်။ အချိန်သည်လည်း တစ်စက္ကန့်မှ တစ်စက္ကန့်သို့ ဖြတ်ကျော် ကူးသန်းနေသည်။ နာရီဝက်တောင် ကြာသွားပြီကော ...။

တွေ့ပြန်လေပြီ၊ လှုပ်ယမ်းလျက်ရှိသော မြက်ပင်ကို တစ်ကြိမ်တွေ့ပြန်လေပြီ။ ကိုဖိုးငွေ၏ မျက်နှာ ပေါ်တွင် သဘာဝကျသော ဟာသမှ ဖူးပွင့်လိုက်သော အပြုံးသည် ခိုနားလေပြီ။ လှုပ်ယမ်းနေသော မြက်ပင်မှ မျက်လုံးကို မခွာဘဲ ' ကျွတ် ကျွတ် ' ဟု စုပ်သပ်ကာ မငွေရွက်အား လက်ဝါးကာပြလိုက်၏။ ချက်ချင်းပင် လှေအရှိန် လည်း တန့်လေပြီ။

ကိုဖိုးငွေ၏ မျက်နှာမှ အပြုံးသည် ပျောက်ကွယ်သွား၍ နဖူးရေများတွန့်လာသည်အထိ မျက်ခုံးနှစ် ဖက်ကို ချီထားသော စိတ်ဝင်စားစွာ စူးစမ်းဆင်ခြင်လျက်ရှိသည့် အသွင်သည် ရောက်ရှိလာသည်။ တဖြည်းဖြည်းနှင့် သံသယ မကင်းဖြစ်နေဟန်၊ ဝေခွဲ၍ မရဟန်၊ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ခြင်း မရှိဘဲ ချီတုံချတုံ ဖြစ်နေဟန် ... တွေဝေနေသော အမူအရာသို့ ပြောင်းလဲသွားပြန်သည်။
မြက်ပင် လှုပ်ယမ်းပုံကား ငါးသည် မြက်တောကို တိုးဝှေ့လိုက်၍ မြက်ပင်သည် တစ်ဖက်တစ်ချက် သို့ ကွဲကွာသွားကာ၊ ငါးသွားရာ လမ်းကြောင်း တစ်လျှောက်လုံး လှုပ်ယမ်းသွားခြင်းမျိုးမဟုတ်ဘဲ၊ တစ်နေရာ တည်း ကွက်၍ လှုပ်ရှားနေသည့်အတွက်၊ မြက်ကိုက်ငါးဟု ဆိုရမှာကလည်း မြက်ကိုက်ငါးမှာ ဒိုက်ပင်၌ တွယ်ကပ်နေသော ရေညှိများကို ဆွဲကိုက် စားသောက်သည့်အတွက် ဒိုက်ပင်တစ်ပင်တည်းသာ လှုပ်ယမ်း နေရမည်။ ယခုတော့ မြက်ပင် ဆယ်ပင်ခန့်ကို ကြိုးနှင့် စုစည်းထားသကဲ့သို့ အစည်းလိုက် ထူးဆန်းစွာ လှုပ်ယမ်းနေသည်။

သံသယသည် ကြီးထွား၍လာ၏။ မြင့်မား၍လာ၏။ ငါး ဟုတ်သလား၊ မဟုတ်ဘူးလား၊ ထိုးရမလား၊ မထိုးဘဲ ရှောင်ဖယ်သွားရမလား၊ ငါး မဟုတ်ဘူးဆိုရင် ဘာများဖြစ်မလဲ ...။
အဖြေသည် တစ်ခုတည်းသာ ထွက်လာလျှင် ပြဿနာသည် ဖြေရှင်းပြီးသားဖြစ်နေလိမ့်မည်။ ယခုတော့ အဖြေသည် နှစ်ခု၊ သုံးခု ထွက်လာ၍ ပြဿနာကို ရှင်းလင်းပစ်ခြင်း မပြုနိုင်ဘဲ ပို၍သာ ရှုပ်ထွေးနေရသည်။ သူ့အား မပြတ်သားသူ၊ တွေဝေသူဟု အပြစ်တင်ချင်လျှင် တင်ပါ၊ သူကတော့ ယခုအထိ ဝေခွဲ၍ မရနိုင် သေးပါ။

ဝေခွဲ၍ မရခြင်းမှာ ပြတ်ပြတ်သားသား မသိ၍သာဖြစ်သည်။ ပြတ်ပြတ်သားသား မသိရခြင်းမှာလည်း ငါးထိုးသမိုင်း၌ ငါးထိုးခြင်း၏ အစအဦးချိန်ခါ ဖြစ်၍ လက်တွေ့မှ ဆည်းပူး ရယူ ထားသော အတွေ့အကြုံ ဗဟုသုတ များခေါင်းပါးလှသေးသည့်အတွက်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ သည်တစ်ကြိမ် စွန့်စား ထိုးကြည့် လိုက်ရင်တော့ လက်တွေ့ အတွေ့အကြုံ ဗဟုသုတတစ်မျိုးတိုးလာပြီး၊ နောင် ဤအတွက် အခက်အခဲ တွေ့လာ နိုင်စရာ အကြောင်းရှိတော့ မည်မဟုတ်ပေ။

သူက ဆုံးဖြတ်လိုက်လေပြီ။ ဘာပဲဖြစ်ဖြစ် အကျိုးအကြောင်း သိရအောင် ထိုးကြည့်မည်ဟု ဆုံးဖြတ်ချက် ချမှတ် လိုက်လေပြီ။ သူသည် ဆောင်ပုံကို မြှောက်၍ အစည်းလိုက် လှုပ်ယမ်းနေသော မြက်ပင်အောက်ခြေရှိမည် ထင်ရသော နေရာလောက်ဆီသို့ မှန်းဆ ချိန်ရွယ်ကာ လက်လွှတ် ထိုးချ လိုက်တော့၏။

ရေပေါ် တွင် ပေါ်လျက်ရှိသော 'ဆောင်ပုံ' လက်ကိုင်ရိုးမှာ တဆတ်ဆတ်ယိမ်းထိုးလှုပ်ရှားနေပါ၏။ ဤကား ရေအောက် မှ သက်ရှိသတ္တ၀ါတစ်ကောင်အား ထိုးမိထားကြောင်း ထောက်ခံနေသော အထောက်အထားပင် ဖြစ်ပါ၏။ သို့သော် ယခင် ငါးကြီးများကို ထိုးမိထားစဉ် အခါများကကဲ့သို့ သွက်သွက်ခါအောင် လှုပ်ယမ်း နေခြင်းမျိုးမဟုတ်ဘဲ၊ သိသာရုံကလေးမျှ တဆတ်ဆတ် ယိမ်းထိုးလှုပ်ရှားနေခြင်းက သူ့အဖို့ စဉ်းစားစရာ ဖြစ်နေပါသည်။

ငါးထိုး သမားဘ၀၏ သူ့အတွေ့အကြုံများထဲ၌ ဤကဲ့သို့ မြက်ပင်ဆယ်ပင်ခန့်ကို ကြိုးနှင့် စုစည်းထား သကဲ့သို့ အစည်း လိုက် လှုပ်ယမ်းပုံမျိုး၊ ငါးကို ထိုးမိထားသည့် ခါ၌လည်း ' ဆောင်ပုံ ' လက်ကိုင်ရိုး မှာ ဤကဲ့သို့ ညငင်သာစွာ ယိမ်းထိုးလှုပ်ရှားနေပုံမျိုးလို အတွေ့အကြုံမျိုးကို တစ်ကြိမ်တစ်ခါမျှ တွေ့ဖူးကြုံဖူး ခဲ့ခြင်း မရှိသေးပါ။
မည်သို့ပင် ဖြစ်စေ၊ သူ မတွေ့ကြုံ မဆုံစည်းဖူးသော ငါးအမျိုးအနွယ်များထဲမှ ငါးတစ်မျိုးဖြစ်မည်ဟု ယူဆ ကာ ရေထဲငုပ်ပြီး ဆင်းဖမ်းရန် ဆုံးဖြတ်လိုက်၏။ လှေပေါ်မှနေ၍ ' ဆောင်ပုံ 'ကို ဆွဲဖော် ယူလျှင်တော့ ငါး သည် လွတ်မြောက်သွားမည်ကို စိုးရိမ်ရပေသည်။

သူသည် လှေပဲ့မှ မငွေရွက်ကိုခေါ်၍ ဆောင်ပုံ လက်ကိုင်ရိုးကို ကိုင်ဖိထားစေပြီးနောက်၊ ရေထဲသို့ ခုန်ချလိုက်ကာ ရေအောက်သို့ ကျင်လည်စွာ ငုပ်လျှိုးသွား၏။ ပြန်ပေါ်လာသောအခါ သူ့ဘယ်ဘက် လက်တွင်း၌ ဆောင်ပုံကို ဆုပ်ကိုင်ထား၍၊ ညာဘက်လက်တွင်း၌မူ မြွေတစ်ကောင်၏ လည်ပင်းကို ဆုပ်ကိုင် ထားသည်။ မြွေ၏ ရှည်လျားသော ကိုယ်ကာယမှာမူ သူ့ဘယ်ဘက်လက်တွင်း၌ ဆုပ်ကိုင်ထားသော ' ဆောင်ပုံ ' အသွား ခုနစ်ချောင်းကို ရစ်ပတ်ထားသည်။ ဆောင်ပုံ အသွားနှစ်ချောင်းက မြွေ၏ ခါးလယ်ကို စူးဝင် နေသည်။

လှေပေါ်မှ မငွေရွက်က ထိတ်လန့်စွာဖြင့် ငယ်သံပါအောင် အော်ဟစ်လိုက်၏။ ကိုဖိုးငွေ၏ မျက်နှာ အမူအရာ မှာ သွေးရူးသွေးတန်း ဖြစ်နေသူတစ်ဦး၏ မျက်နှာမျိုးဖြစ်နေပါသည်။ စင်စစ်သူသည် ရေအောက်မှာကတည်း က မြွေကိုက်ခံရပြီး ဖြစ်နေပါသည်။ ဒဏ်ရာအနာတရ ရရှိ ထား၍ ဒေါထလျက်ရှိသော မြွေ၏ အားရ ပါးရ ကိုက်ခဲလိုက်ခြင်းကို ရေအောက်မှာကတည်းက ခံယူ ရရှိပြီး ဖြစ်နေပါသည်။ သူကိုယ်တိုင်လည်း ရေအောက် မှာကတည်းက မြွေပဲဟု သိရှိထားဟန် လက္ခဏာ ရှိပါသည်။ သို့သော် သူသည် သွေးရူး သွေးတန်း ဖြင့် သူ့အား ကိုက်ခဲထားသော မြွေ၏ လည်ပင်းကို ဆုပ်ကိုင်ပြီး ရေပေါ် ပြန်ပေါ် တက်လာ ခြင်းဖြစ်ဟန် လက္ခဏာရှိပါသည်။

မငွေရွက်၏ အော်သံကြောင့် ပတ်ဝန်းကျင်မှ ငါးထိုးသမားတစ်စုသည် လှေကလေးများ ကိုယ်စီဖြင့် အပြေးရောက်လာကြ၏။ အကျိုးအကြောင်း သိရသည်နှင့် တစ်ပြိုင်နက် ကိုဖိုးငွေ၏ လက်တွင်းမှ ဆောင်ပုံ နှင့် မြွေကို ဖယ်ရှားပစ်ပြီး၊ မြွေဆိပ်တက်၍ မိန်းမောလျက်ရှိသော ကိုဖိုးငွေအား လှေပေါ်သို့ ဆွဲတင်ကြ၏။ ဘာလုပ် ရမည်ကို မသိသဖြင့် နှာနှတ်သူက နှာနှတ်၏။ နင်းနှိပ်သူက နင်းနှိပ်ပေး၏။
ထိုစဉ် အတွင်း ငါးထိုးသမားတစ်ဦးသည် တစ်စုံတစ်ရာကို သတိရသလို ကိုဖိုးငွေ၏ ' ဆောင်ပုံ 'ကို လှမ်းယူကာ ဆောင်ပုံအသွား ခုနစ်ချောင်းတွင် ပတ်ရစ်ထားသော မြွေအား အသေရိုက်သတ်လိုက်၏။ နောက် ပတ်ရစ်ထားသော မြွေကိုယ်ကို ဖြေကာ မြွေ၏ ခါးလယ်၌ စူးဝင် နေသော မှိန်းသွား နှစ်ချောင်း ကိုလည်း ဆွဲနုတ်လိုက်၏။ လှေပေါ်တွင် ပါလာသော ဓားဖြင့် မြွေ၏ အမြီးကို လက်နှစ်သစ်ခန့် ဖြတ်လိုက်ပြီး နောက် ပါးစပ်မှ အမြှုပ်တစီစီထွက်၍ မိန်းမောနေသော ကိုဖိုးငွေ၏ ပါးစပ်ထဲသို့ ခုတ်ဖြတ်ထားသော မြွေမြီး ကို ထိုးထည့်လိုက်၏။ ကိုဖိုးငွေ သတိတစ်ကြိမ် ပြန်လည်လာသောခါတွင် 'မျိုချလိုက် မျိုချလိုက်' ဟု ပြောလိုက်ရာ ကိုဖိုးငွေလည်း အယောင်ယောင် အမှားမှားနှင့်ပင် မျိုချလိုက်၏။

မြွေကိုက်ခံရပါက ကိုက်သောမြွေ၏ အမြီးကိုဖြတ်၍ မျိုလျှင် အဆိပ်ပြယ်သည်ဟု အယူရှိကြသော ကြောင့် မြေမြီးကိုဖြတ်၍ မျိုခိုင်းခြင်းဖြစ်ပါသည်။ သို့သော် မထူးခြားလှပါ။ မြွေ၏ အားရပါးရ ကိုက်ခဲ ခြင်းကို ခံလိုက် ရသောကြောင့် ခဏမျှသာ သတိလည်လာပြီးနောက် ပြန်၍ မိန်းမောသွားပြန်တော့ သည်။

ကွင်းထဲမှနေ၍ ရွာဘက် ဦးတည်လှော်ယက်ကာ အိမ်သို့ ခေါ်ဆောင်လာခဲ့စဉ်မှာပင် လမ်းတွင် သေဆုံး သွားတော့၏။ မငွေရွက်သည် အော်ဟစ်၍ ငိုလိုက်၏။ အားရပါးရ ရှိုက်ကြီးတငင် ငိုလိုက်၏။ ငိုရပေမည်။ သူမ၏ ဘ၀၌ ဒါသည် သဘာဝကျသော အလွမ်းဖြစ်သည်။ ဖြေမဆည်နိုင် သော အဆွေး ဖြစ်သည်။

သူတို့အား ရွာသို့ လိုက်ပို့ကြသော ငါးထိုးသမားများကား ဘ၀တူ မိတ်ဆွေတစ်ဦး၏ ဇာတ်သိမ်းခန်း အတွက် စိတ်မကောင်းခြင်း၊ ၀မ်းနည်းခြင်းများဖြစ်နေသလို တိတ်ဆိတ်ငြိမ်သက်နေကြ၏။ တိတ်ဆိတ်ငြိမ်သက်ခြင်း ကို ဖောက်ထွင်း၍ မငွေရွက်၏ ငိုရှိုက်သံသည်သာ ဘ၀ကို နာကြည်းဆွေး မြည့်သည့် ငိုရှိုက်သံ၊ သောက ပရိဒေ၀၏ လောင်မြိုက်ခြင်းကို ခံရသော အသည်းနှလုံးမှ မြည်ဟည်း ထွက်လာသော ငိုက်ရှိုက်သံ။ ငို ... ရှိုက် ... သံ။
' ဒေါင် ... ဒေါင် ... ဒေါင် ... '
၁၂ ချက် သံချောင်းခေါက်သံသည် အတိတ်မှ အရိပ်ကလေးများ၌ ၀င်စားလျက်ရှိသော ကျွန်တော်၏ အာရုံအား ပစ္စုပ္ပန်သို့ ပြန်လည်ခေါ်ယူလိုက်ပေပြီ။

*

' ဒေါင် ... ဒေါင် ... ဒေါင် ... '
၁၂ ချက် သံချောင်းခေါက်သံသည် အတိတ်မှ အရိပ်ကလေးများ၌ ၀င်စားလျက်ရှိသော ကျွန်တော်၏ အာရုံအား ပစ္စုပ္ပန်သို့ ပြန်လည်ခေါ်ယူလိုက်လေပြီ။
မှေးနေသော မျက်လုံးသည် ပွင့်လာ၏။ လေးနေသော မျက်ခွံသည် ပေါ့လာ၏။ စင်းနေသော မျက် တောင်သည် ကော့ထောင်လာ၏။ မျက်လုံးအောက်ဝယ် ပျောက်နေသော စာလုံးကလေးများသည် လည်း မှုန်ဝါးဝါး မှ တစ်ဆင့် ထင်ရှားပြတ်သားစွာ ပြန်ပေါ်လာပေပြီ။

' ဆယ်လံအစောက်၊ ရေထဲအောက်သို့၊ ထုတ်ချောက်စုပ်စုပ်၊ စုံးစုံးငုပ်၍၊ စမ်းခုပ်သရော်၊ သူပေါ်စိမ်းစား၊ တံငါသားလျှင်၊ လည်ကြားသုံးရစ်၊ မည်းချစ်ရင်ပြောက်၊ ရေမြွဟောက်ကို၊ လန့် ကြောက်မရှိ၊ ငါးဟုမိ၍၊ လည်စိကိုင်ဆုပ်၊ ၀မ်းသာရုပ်ဖြင့်၊ သူနုပ်ကျွန်လျော်၊ ကြည့်လျက်ပေါ်သော်၊ မြော်ကတုံးတုံး၊ အလူဆုံးလူ၊ နှလုံးမဆံ့၊ ရင်တီးအံ့သို့ ... '
အတိတ်မှ အရိပ်ကလေးများကို ယခုပစ္စုပ္ပန်၌ အကောင်အထည်ပေါ်လွင်လာအောင် သည်ကဗျာက ရုပ်လုံးဖော်ပေးသည်။ ကျွန်တော်က အတိတ်၏ အရိပ်မှ ငိုက်ရှိုက်သံကလေးကိုသာ ကြားယောင်ကာ ရင်ထဲ၌ တလှပ်လှပ် ဖြစ်နေမိသည်။ ယခုမှပင် တွေ့ကြုံ ခံစားလိုက်ရသလို ကရုဏာ သက်နေမိသည်။ သြော် ... ဆိုးရွားလှတဲ့ သူတို့ဘ၀ပါကလားရယ်လို့။

သို့သော် ငါးထိုးသမားလောက၌ ကိုဖိုးငွေသည် နောင်လာ နောက်သားများအတွက် သစ်လွင်သော သဘောတရားတစ်ရ်ကို ထုတ်ဖော်ပြသသွားသူတစ်ယောက်အဖြစ် လေးလေးစားစား သတိရလျက် ရှိကြပါသည်။ မှန်သည်၊ မြက်ပင်များ အစည်းလိုက် ယမ်းနေလျှင် ရေအောက်မှ သတ္တ၀ါသည် မည်သည့် သတ္တ၀ါ ဖြစ်သည်ဟူသော အချက်ကို နောင်လာနောက်သားများအား သူသည် အသက်ပေး၍ ရှင်းလင်းပြသ သွားသူဖြစ်သည်။

အပြင်ဘက်မျ သာယာချိုအေးသော သစ်ရွက်သစ်ခတ်သံကလေးများကို ယခုမှပင် အရသာခံ၍ နားထောင်မိတော့သည်။ ခပ်လှမ်းလှမ်းမှ ကင်းစောင့်ရဲဘော်တစ်ဦး၏ သီချင်းဆိုသံ သဲ့သဲ့သည် သစ်ရွက် ခတ်သံ ကလေးများနှင့်အတူ ကျွန်တော်၏ နားထဲသို့ တိုးဝင်လာသည်။ ကျွန်တော်၏ အာရုံသည် သစ်ရွက် ခတ်သံမှ ကင်းစောင့်ရဲဘော်၏ သီချင်းသံသို့ ကူးပြောင်းလေပြီ။
' အထင်တော် လွဲလို့ရယ် ... ချစ်တဲ့သူရယ် ... မုန်းရက်လေအားတယ် '

သဲ့သဲ့မျှသာ ဖြစ်ပါ၏။ အစမှ အဆုံးအထိ ပီပီသသ မကြားရ။ ကျွန်တော်က နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်၏။ သြော် ... သူ့ခမျာ အထင်တော်လွဲပြီး မုန်းတော်မူသွားသော သူ့ချစ်သူကို ရည်မှန်းပြီး ဒီသီချင်းကို ဟစ်ဆိုနေရှာထင့်။

ကျွန်တော် လည်း စာရေးစားပွဲပေါ်မှ ဆုတောင်းခန်းပျို့ကို ပြန်ပိတ်လိုက်၍ မတ်တတ်ထရပ်လိုက် ကာ အညောင်း ဆန့်ရင်းဖြင့် မြွေကို ငါးဟု အထင်တော် လွဲမှားခဲ့သည့်အတွက် အသေဆိုး သေရရှာ သော ကိုဖိုးငွေ ကို ရည်မှန်းကာ နှုတ်မှ ခပ်တိုးတိုး မြည်တမ်းလိုက်၏။
' သြော် ... အထင်တော် လွဲလို့ရယ်  ..... '
-----------------------
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၄)

အခန်း (၄)

ခရိတ်သည် အာဖရိကတိုက်သို့ ပြန်လည်ရောက်နေပြီဖြစ်သည်။
ဘူလာဝေယိုမြို့ လေဆိပ်ဆက်သွယ်ရေးဌာနတွင် ကိုယ်ပိုင်မောင်းနှင်ရန်အတွက် မော်တော်ကား တစ်စီ ငှားရာ ဗောက်ဝက်ဂွန်းအမျိုးအစား ကားတစ်စီးရသဖြင့် လက်ခံယူလိုက်သည်။
တာဝန်ကျ စာရေးမလေးက မော်တော်ကား သော့အပ်ရင်း -
' ကားထဲမှာ ဓာတ်ဆီအပြည့် ထည့်ထားပါတယ်။ ဒါပေမဲ့ နောက်ထပ် ရှင်ဓာတ်ဆီဘယ်ကျမှ ရမယ် ဆိုတာတော့ မပြောနိုင်ဘူး။ ရှင် အခု သွားမယ့် မာတာဘယ်လီ တိုင်းရင်းသားနယ်မြေမှာက ဓာတ်ဆီ အလွန် ရှား တယ်ရှင့်' ဟု ပြောလိုက်လေသည်။

မြို့တွင်းမှ ဟိုတယ်ပိုင်ရှင်ကလည်း ဓာတ်ဆီရှားပါးခြင်းအကြောင်းကို ပြောပြလိုက်သေးသည်။
' ဓာတ်ဆီရှားတဲ့ အဓိကအကြောင်းက အရှေ့ဘက် ကမ်းရိုးတန်းကလာတဲ့ ဓာတ်ဆီပိုက်လိုင်းကို မာပူတို သူပုန်တွေက မကြာခဏ ချိုးဖောက်ဖျက်ဆီးလို့ပါပဲ။ နယ်ခြားရဲ့ တောင်ဘက်က တောင်အာဖရိက နိုင်ငံ မှာတော့ ဓာတ်ဆီတွေ အလွန်ပေါနေတယ်။ ခက်တာက ကျုပ်တို့ဆီက လူငယ် တွေဟာ စီးပွားရေးကို လုံးဝ ထည့် မစဉ်းတာဘဲ နိုင်ငံရေးကိုသာ သဲသဲမဲမဲ စိတ်ဝင်စားနေကြတော့ ခက်နေတာပေါ့'

ခရိတ်သည် ဘာမှ မပြောဘဲ ဗောက်ဝက်ဂွန်းကားကို မြို့ပြင်သို့ မောင်းထွက်ခဲ့ရာ တစ်မိုင်ကျော်ကျော် ခန့် မောင်း သွားပြီးနောက် နယ်စပ်သို့ ရောက်လေသည်။ တစ်ချိန်က သူအမြဲတမ်း လှုပ်ရှားသွားလာ နေခဲ့သော နေရာ သို့ ယခု ပြန်ရောက်လာသောအခါ ခရိတ်သည် စိတ်ထဲမှ သာယာကြည်နူးသလို ဖြစ်မိလေသည်။ သူမ မိခင်ဘက်မှ အဘိုးဖြစ်သူ ဂျွန်နာသန်အမည်ရှိ အဘိုးကြီးကိုလည်း သတိရ မြင်ယောင်မိလေသည်။

ခရိတ် သည် မော်တော်ကားကို ဆက်မောင်းလာရင်း ပတ်ဝန်းကျင် ရှုခင်းများကို အကဲခတ် လေ့လာ ကြည့်မိရာ တစ်ချိန်က အလွန်ကောင်းခဲ့သော တိရစ္ဆာန် စားကျက်မြေများ အခြေအနေ မကောင်းတော့ဘဲ ပျက်စီး နေသည်ကို သတိပြုမိလေသည်။
တစ်နေရာတွင် သူသည် မော်တော်ကားကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြန်သည်။

ထိုနေရာကား သူ၏ အဘိုးဖြစ်သူ ဂျွန်နာသန် ပိုင်ဆိုင် လုပ်ကိုင်ခဲ့သော မြေနေရာပင်ဖြစ်ရာ ခရိတ်အဖို့ သံယောဇဉ် ရှိသော မြေပင်ဖြစ်သည်။
(သူ၏ အဘိုး၏ နာမည်မှန်က ဂျွန်နာသန်ဖြစ်သော်လည်း ဒေသခံ တိုင်းရင်းသားများက သူတို့၏ ဘာသာဖြင့် အာဝူ ဟု ခေါ်လေ့ရှိသည်။ ထို့ကြောင့် ခရိတ်က အမေရိကန်တွင် အပိုင်ဝယ်ယူထားသော သူ၏ ဇိမ်ခံ သင်္ဘော အမည်ကို ဘာဝူ ဟုမှည့်ခေါ်ထားခြင်းမှာ ဘိုးအေကြီးအား အမှတ်တရ ဂုဏ်ပြုသည့် သဘော ပင်ဖြစ်သည်။)

သို့ရာတွင် ယခုတော့မူ သူ့အဘိုး ဘာဝူ အလွန်မြတ်နိုးခဲ့သော မြေယာများမှာ ပျက်စီးလျက် ရှိနေပြီ ဖြစ်သည်။ စားကျက်မြေအတွင်း၌ ယခင်ကလို အလွန်မျိုးကောင်းသော နွားများ မရှိတော့ဘဲ ဆိတ်အုပ် တွေသာ မြင်နေရသည်။ သူ၏ အဘိုးရှိစဉ်က ဆိုလျှင် နွားမျိုးကောင်း အမြောက်အမြား ရှိခဲ့သလောက် ယခုတော့ ဆိတ်သတ္တ၀ါတွေသာ ရောက်ရှိနေခြင်းကိုလည်း ခရိတ်က ၀မ်းနည်းမိလေသည်။
ခရိတ် သည် ဆိတ်အုပ်များရှိရာသို့ လျှောက်သွားကြည့်ရာ ဆိတ်ကျောင်းသားမာတာဘယ်လီ တိုင်းရင်း သားလူငယ် ကို တွေ့ရသဖြင့် ခရိတ်က သူတို့၏ တိုင်းရင်းသားဘာသာစကားဖြင့် နှုတ်ဆက်စကား ပြောလိုက် သောအခါ ဆိတ်ကျောင်းသားလူငယ် နှစ်ဦးမှာ အလွန်အံ့သြသလောက် သဘောကျ သွားလေ သည်။

ခရိတ် သည် သူ့တွင် ပါလာသော အမေရိကန်မှ သကြားလုံးချိုချဉ်များ ပေးသောအခါလည်း လူငယ် နှစ်ဦး က ၀မ်းသာ အားရ လက်ခံယူကာ စားရင်း စကားတွေ အဆက်မပြတ်ပြောလေတော့သည်။
ထိုလူငယ်နှစ်ဦး၏ ပြောပြချက်အရ ခရိတ်သည် နယ်မြေအခြေအနေအကြောင်းများကို အသေးစိတ် သိရ လေသည်။
သူ၏ အဘိုးပိုင်ဆိုင်ခဲ့သော မြေယာဒေသကို အင်္ဂလိပ်ဘာသာဖြင့် ကင်းလင်းဟု အမည်ပေးထားရာ ယခု ယင်း နယ်မြေတွင် တိုင်းရင်းသားကပ္ပလီလူမည်း (မာတာတယ်လီတိုင်းရင်းသားလူမျိုးစု) မိသားစု သုံးဆယ် ခန့် နေထိုင်လျက် ရှိကြောင်း သိရသည်။

မိသားစုတိုင်း တွင် ဆိတ်များ မွေးမြူထားကြောင်း၊ ဆိတ်တွေကလည်း မျိုးကောင်းမျိုးသန့်ဖြစ်၍ အကောင်းဆုံး ဆိတ်များဖြစ်ကြောင်း စသည်ဖြင့်လည်း ဆိတ်ကျောင်းသားနှစ်ဦးက ပြောပြလေသည်။
ခရိတ် က သူ သိလိုသောအချက်ကို မေးကြည့်လိုက်သည်။
' သွားကြကုန်ပြီလေ၊ မရှိကြတော့ဘူး၊ သူတို့ကို ကျွန်တော်တို့ တိုင်းရင်းသားစစ်သည်တွေက မောင်းနှင် ထုတ်လိုက်လို့ ထွက်ပြေးသွားကုန်ပြီ။ ဒါကြောင့် အခု ဆိုရင် ဒီမြေတွေဟာ တော်လှန်ရေးရဲ့ သားသမီးတွေ ပိုင်ဆိုင် လာတယ် ' လူငယ်နှစ်ဦးက ဂုဏ်ယူကြွားဝင့်စွာဖြင့် ပြန်ပြောသည်။

ဆိတ်ကျောင်းသား နှစ်ဦးမှာ ကလေးသာသာ အရွယ်မျှသာ ရှိသေးသော်လည်း တော်လှန်ရေးစကား ပြောနေကြသဖြင့် ခရိတ်သည် အံ့သြမိလေသည်။ သူတို့သည် သားရေလောက်လေးခွ တစ်ခုစီ ကိုင် ဆောင်ထား ကြပြီး သူတို့ ပစ်ခတ်ရရှိသော ငှက်သေကောင်များကိုလည်း ခရိတ်က သတိပြုမိလေသည်။

ခရိတ်က သူ၏ မော်တော်ကားဆီသို့ ပြန်လာသောအခါ ဆိတ်ကျောင်းသားလေးနှစ်ဦးက နောက်မှ လိုက်လာ ပြီး သကြားလုံး ချိုချဉ်များ နောက်ထပ်ပေးရန် တောင်းကြသေးသည်။
လူငယ် နှစ်ဦးမှာ ဇင်ဘာဘွေနိုင်ငံမှ မာတာဘယ်လီခေါ် တိုင်းရင်းသားလူမျိုးများဖြစ်ရာ ခရိတ်သည် ထိုလူမျိုးများ အပေါ် အထူးပင် သံယောဇဉ်ဖြစ်မိလေသည်။ သူ၏ စိတ်ထဲ၌ ထိုတိုင်းရင်းသားများကို ဆွေမျိုး သားချင်း များလို သဘောထားမိသည်။ ယခု သူ ဤနေရာသို့ ပြန်ရောက်လာချိန်၌ နှစ်ရှည်လများ ခရီးရှည် သွားရာမှ မိမိ၏ ဇာတိရပ်မြေသို့ ပြန်ရောက်လာသလို စိတ်ထဲမှ ဖြစ်ပေါ်မိလေ သည်။
ခရိတ်သည် ကုန်းမြင့်တစ်နေရာတွင်ရပ်ပြီး သူ၏အဘိုးနေထိုင်ခဲ့သည့် အိမ်ရှိခဲ့ရာ နေရာကို ပြန်ကြည့် မိလေ သည်။ ယခင်က စိမ်းစိုလှပသော မြက်ခင်းပြင်များ ရှိရာနေရာမှာ ယခုတော့ ခြောက်သွေ့ပျက်စီး နေပြီ ဖြစ်သည်။ ပန်းခြံရှိရာတွင် မည်သည့် ပန်းပင်မှ မရှိတော့ချေ။

တစ်ဖန် ဘိုးအေကြီး၏ အိမ်ဆီသို့ လှမ်းကြည့်လိုက်ရာ လူမနေတော့ဘဲ ပစ်ထားခြင်းကြောင့် ပျက်စီး ယိုယွင်း နေသည်ကို တွေ့ရသည်။ ပြူတင်းပေါက်များမှ မှန်များ အားလုံး ကွဲနေပြီး အိမ်အမိုးလုပ်ထား သည့် မီးခံပြားများလည်း မရှိတော့။ တိုင်းရင်းသားများက မီးခံကျောက်ပြားများကို ဖြုတ်ယူ၍ သူတို့၏ ယာယီတဲအိမ်များတွင် မိုးထားကြောင်း ထင်ရှားပေသည်။
တစ်ချိန်က သုံးရေသိုလှောင်ထားရာ အုတ်ကန်ဆီသို့ သွားကြည့်ရာ ရေလုံးဝမရှိတော့ဘဲ အမှိုက် သရိုက်များ ပြည့်လျက် ညစ်ပတ်နေသည်ကို တွေ့ရပြန်သည်။
ခရိတ်သည် မော်တော်ကားဖြင့် တိုင်းရင်းသားများ၏ ကျူးကျော်နေအိမ်များရှိရာအနီးမှ ဖြတ်မောင်းရင်း အကဲခတ် ကြည့်မိလေသည်။ ထိုနေရာ၌ မိသားစုဆယ့်နှစ်ဦးခန့် နေထိုင်လျက်ရှိကြောင်း သတိပြုမိပြီး ခရိတ်သ ည် မော်တော်ကားကို ရပ်လိုက်၍ ကားပေါ်မှ ဆင်းလိုက်သည်။

ထို့နောက် မီးဖိုတစ်ခုအနီးတွင် ထိုင်နေသော တိုင်းရင်းသား လူမည်းအဘိုးကြီး တစ်ယောက်ဆီသို့ လျှောက် သွားပြီး နှုတ်ဆက်စကား ပြောလေသည်။
' အဖေကြီး၊ နေကောင်းရဲ့နော် '
ခရိတ်က တိုင်းရင်းသား ဘာသာစကားဖြင့် ကျွမ်းကျင်စွာ ပြောလိုက်ရာ လူမည်း အဘိုးကြီးသည် အလွန် အံ့အားသင့် သွားသလောက် သဘောကျသွားပုံ ရလေသည်။
ခရိတ်သည် မီးဖိုဘေးတွင် ၀င်ထိုင်၍ အချိန်တစ်နာရီခန့် ကြာအောင် အဘိုးကြီးနှင့် စကားပြောနေလေ သည်။ အဘိုးကြီးထံမှ မာတာဘယ်လီ တိုင်းရင်းသားတို့ ဒေသနယ်မြေ အကြောင်းမျိုးစုံနှင့် လက်ရှိ အခြေ အနေ အမှန်ကို ပြည့်စုံစွာ သိရလေသည်။

အဘိုးကြီးသည် ခရိတ်က တိုင်းရင်းသားဘာသာစကား ကျွမ်းကျင်စွာ တတ်မြောက်နေပုံကို အလွန် ၀မ်းသာ ကျေနပ် ဟန်ဖြင့် စကားတွေ အဆက်မပြတ် ပြန်ပြောလေသည်။
' သူတို့ကပြောတော့ တော်လှန်ရေးပြီးသွားရင် တိုင်းရင်းသားတွေ အားလုံးဟာ လူတစ်ယောက် မော်တော်ကား တစ်စီးနှင့် နွားအမျိုးကောင်း (မျက်နှာဖြူပိုင်ဆိုင်ခဲ့သောနွားများ) အကောင်ရေ ငါးရာစီ ရလိမ့်မယ် လို့ ပြောခဲ့တယ်။ အဲဒါ အလကားဖြစ်နေတယ်၊ အခုတော့ မော်တော်ကားရှိသူဆိုလို့ အစိုးရ အဖွဲ့ က ၀န်ကြီးတွေလောက်ပဲ ရှိတယ်။ ပြီးတော့ ကျုပ်တို့ တိုင်းရင်းသားတွေ မငတ်တော့ဘဲ ထမင်း၀၀ စားရမယ် လို့လည်း ပြောခဲ့တယ်။ အခု လက်တွေ့ကျတော့ စားသောက်ကုန် ဈေးနှုန်းက အရင်ကထက် ငါးဆလောက် ပိုပြီး များနေတယ်။ ဆား၊ သကြား၊ ဆပ်ပြာတို့ ကုန်ပစ္စည်းအားလုံးဟာ ငါးဆလောက် ဈေးပိုကြီးနေတယ်ကွဲ့'

အဘိုးကြီးက အခြေအနေကို မကျေနပ်ဟန်ဖြင့် ပြောလေသည်။
ခရိတ်ကိုယ်တိုင် သိရှိထားသည်ကား ဇင်ဘာဘွေနိုင်ငံတွင် မျက်နှာဖြူအစိုးရ အုပ်ချုပ်နေခဲ့စဉ်က နိုင်ငံခြား ငွေကြေး လဲလှယ်ရေးကို အထူးစည်းကမ်း တင်းကျပ်စွာ ထိန်းချုပ်ထားခဲ့သည့်ပြင် ပြည်တွင်း၌ ကုန်ပစ္စည်း ဈေးနှုန်း များကိုလည်း အစိုးရက ကန့်သတ်ထားခဲ့ပေသည်။ ဤနည်းအားဖြင့် ငွေကြေး ဖောင်းပွမှု ပမာဏ ကိုလည်း ထိန်းချုပ်နိုင်ခဲ့လေသည်။
သို့သော် ယခု လွတ်လပ်ရေးရပြီး တိုင်းရင်းသား လူမည်းအစိုးရ လက်ထက်တွင်မူ အဆိုပါ ထိန်းချုပ်မှု၊ ကန့်သတ်မှုများ ပယ်ဖျက်လိုက်ကြသည်။ ယင်းအခြေအနေ၏ အကျိုးသက်ရောက်မှုကား ပြည်တွင်းသုံး ငွေတန်ဖိုး သည် ရာခိုင်နှုန်းနှစ်ဆယ်ခန့် လျော့ကျသွားလေသည်။

တိုင်းရင်းသား အဘိုးကြီးသည် စကားဆက်ပြန်သည်။
' ကျုပ်တို့ မာတာဘယ်လီ တိုင်းရင်းသားတွေက ဆင်းရဲနွမ်းပါးလို့ နွားတွေဝယ်မမွေးနိုင်ကြဘူး။ ဒါကြောင့် ဆိတ် တွေပဲ မွေးကြရတယ်။ ဆိတ်မွေးရတာ သဘောမကျပေမယ့် အခြေအနေအရ မတတ် နိုင်တော့ ဆိတ် ပဲ မွေးရတယ်။ ကျုပ်တို့က ဆိတ်တွေကို အလွန်မုန်းတယ်၊ စက်ဆုပ်တယ်။ ဟိုခွေး တိရစ္ဆာန် ရှိုနာ လူမျိုးတွေ လိုပဲ မုန်းတီးရွံ့ရှာတယ် .... ထွီ '
(မှတ်ချက်။   ။ ရှိုနာဆိုသည်မှာ ဇင်ဘာဘွေနိုင်ငံ၌ မာတာဘယ်လီ လူမျိုးများ၏ အမြဲထာဝစဉ် ရန်သူ ဖြစ်သော တိုင်းရင်းသားလူမျိုး အုပ်စုပင်ဖြစ်သည်။ ဇင်ဘာဘွေ အစိုးရအဖွဲ့အတွင်လည်း ရှိုနာ တိုင်းရင်း သား အုပ်စုက ကြီးစိုးနေသည်။ မြန်မာပြန်သူ)

အဘိုးကြီးကဲ့သို့ မာတာဘယ်လီ လူမျိုးများလည်း ရှိုနာလူမျိုးတို့အား အလွန်စက်ဆုပ် မုန်းတီးကြကြောင်းကို ခရိတ် က သိရှိထားပြီးဖြစ်သည်။
ခေတ္တမျှ ဆက်ထိုင်နေပြီးနောက် ခရိတ်သည် တစ်ချိန်က သူ၏ အဘိုးနေထိုင်ခဲ့သော အိမ်ကြီးဆီသို့ လျှောက်သွား ကြည့်လေသည်။
ထိုအိမ်ကြီး ကို ခရိတ်အနေဖြင့် အလွန်သံယောဇဉ်ကြီးမားခဲ့ပေသည်။ လှေကားမှတက်၍ ကျယ်ဝန်း သော ၀ရန်တာ သို့ရောက်လျှင် သူ၏အဘိုး ရုတ်တရက် အိမ်ထဲမှ ထွက်လာလေမည်လောဟုပင် စိတ်ထဲက ဖြစ်မိ လေသည်။ သူသည် ဘိုးအေဖြစ်သူအား ထင်ထင်ရှားရှား မြင်ယောင်နေမိလေသည်။

ထို့ပြင် ယခုမှ မိမိ၏ ဇာတိရပ်မြေ မူလနေအိမ်သို့ ပြန်ရောက်လာဘိသကဲ့သို့လည်း ခံစားမိလေသည်။
သို့ရာတွင် စိတ်ကူးယဉ်မှုကို ပြန်လည်ပယ်ဖျောက်ပြီး လက်တွေ့ အခြေအနေကို ကြည့်လိုက်သော အခါ ၀ရန်တာ ကြမ်းပြင်တစ်ခုလုံး အမှိုက်သရိုက်များ၊ ကျေးငှက်တို့စွန့်ခဲ့သော အညစ်အကြေးများဖြင့် ညစ်ပတ် ရှုပ်ပွ နေသည်ကို မြင်ရလေသည်။ ခိုငှက်ရိုင်းများသည် ၀ရန်တာ၏ မျက်နှာကြက်တွင် အသိုက် ပြုလုပ် ထားကြ သည်ကိုလည်း သတိပြုမိသည်။
ခရိတ်သည် ၀ရန်တာမှတစ်ဆင့် တစ်ချိန်က စာကြည့်ခန်း ပြုလုပ်ထားခဲ့သော အခန်းတွင်းသို့ ၀င်ကြည့်လေသည်။ ယခင်ကဆိုလျှင် ထိုစာကြည့်ခန်း၏ တံခါးဝတွင် အလွန်ကြီးမားလှသော ဆင်စွယ်ကြီး နှစ်ချောင်း ကို အလှချိတ်ဆွဲ၍ တန်ဆာဆင်ထားခဲ့သည်။

ယင်းဆင်စွယ်ကြီး တစ်စုံမှာ ဘိုးအေ ဘာဝူ၏ ဖခင်ကြီးက ၁၈၆၀ ခုနှစ်က ပစ်ခတ်ရရှိခဲ့သော ဆင်ထီး ကြီး တစ်ကောင်မှ အစွယ်များပင်ဖြစ်သည်။ ဘိုးအေဘာဝူခေါ် ဂျွန်နာသန်သည် ထိုဆင်စွယ်ကြီးများကို အလွန်ပင် တန်ဖိုးထားမြတ်နိုးခဲ့လေသည်။ ထို့ပြင် ဆင်စွယ်များသည် မိမိတို့ မိသားစု၏ ရိုးရာအမွေ အနှစ် ဟု လည်း ယူဆခဲ့သည်။
သို့သော် ယခုတော့မူ ဆင်စွယ်ကြီးများ မရှိတော့ဘဲ ဆင်စွယ်ချိတ်ဆွဲထားရာ သံချိတ်များသာ ကျန်ရှိ လေ တော့သည်။

ခရိတ်အနေဖြင့် မိသားစု အမွေအနှစ်အဖြစ် လက်ဝယ်ရရှိထားသည့် ပစ္စည်းဆို၍ သေသပ်စွာချုပ်ထား သော မိသားစုမှတ်တမ်းစာအုပ်များသာ ရှိလေသည်။ ယင်းမှတ်တမ်းများမှာ လွန်ခဲ့သော နှစ်ပေါင်းတစ် ရာခန့် ကျော် က သူတို့၏ ဘိုးစဉ်ဘောင်ဆက် အဆက်အနွယ်များ အာဖရိကသို့ စတင်လာရောက် အခြေစိုက် နေထိုင် ခဲ့ချိန်မှ စ၍ အတွေ့အကြုံ အဖြစ်အပျက်များ အားလုံးကို အမှတ်တရ မှတ်တမ်းရေး သားပြုစု ထားသည့် စာအုပ်များပင် ဖြစ်သည်။

ယခု ပျောက်နေသော ဆင်စွယ်ကြီးတစ်စုံသည်လည်း စင်စစ်အားဖြင့် မိသားစု အမွေအနှစ်ပင်ဖြစ်ရာ ခရိတ် သည် ဆင်စွယ်များကို မတွေ့တွေ့အောင် ပြန်ရှာယူမည်ဟု ဆုံးဖြတ်လိုက်မိလေသည်။
ထို့နောက် အခြားအခန်းများသို့ ၀င်ကြည့်ပြန်သောအခါ မူလက ရှိခဲ့သော ပစ္စည်းအသုံးအဆောင်များ ဘာမှ မကျန် ရှိတော့ကြောင်း တွေ့ရလေသည်။

ထိုအိမ်ကြီးကို သူ၏ အဘိုးအေ၏ဖခင်ကြီး ကိုယ်တိုင် အပင်ပန်းခံ၍ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ယခုလို ပျက်စီး ယိုယွင်းနေသည်ကို မြင်ရသည်တွင် အလွန်စိတ်မကောင်းဖြစ်မိလေသည်။
အိမ်ပေါ်မှ ပြန်ဆင်းပြီးနောက် ခရိတ်သည် အိမ်နောက်ဘက်ရှိ မိသားစု သင်္ချိုင်းဂူများရှိရာသို့ သွားကြည့် လေသည်။ တစ်ချိန်က အလွန်သန့်ရှင်းသပ်ရပ်နေခဲ့သော သင်္ချိုင်းနေရာမှာလည်း နှစ်ရှည် လများ ဂရုစိုက် ကြည့်မည့် သူ မရှိသောကြောင့် အလွန် စိတ်ပျက်ဖွယ်ရာ ပျက်စီးနေလေသည်။

ခရိတ်သည် ဘိုးအေးကြီး၏ သင်္ချိုင်းဂူရှိရာသို့ သွား၍ ဒူးထောက်လိုက်ပြီး -
' ဘိုးဘိုး ဘာဝူ၊ ကျွန်တော် အခု အိမ်ပြန်လာပြီလေ ဘိုးဘိုး ဟု ပါးစပ်မှ ရေရွက်လိုက်မိလေသည်။
မီးဖိုဘေး မှ တိုင်းရင်းသား အဘိုးကြီး ပြောလိုက်သော အောက်ပါစကားများကိုလည်း ပြန်သတိရနေ မိသည်။

' အိမ်ကြီးက အလွန်ပျက်စီးနေပြီ။ ဆင်စွယ်ကြီးတွေလည်း မရှိတော့ဘူး။ ပြီးတော့ မင်းတို့ရဲ့ အကောင်းဆုံး မြက်ခင်း တွေကိုလည်း ဆိတ်စားကျက်မြေ လုပ်ထားကြတယ် '
ခရိတ်သည် ဘိုးအေကြီး၏ သင်္ချိုင်းဂူကိုကြည့်ရင်း ...
' ဘိုးဘိုး၊ ကျွန်တော်က ဘိုးဘိုးရဲ့ မြေပေါ်က ဆိတ်အုပ်တွေကို မောင်းထုတ်ပစ်ပါ့မယ်' ဟု တိုင်တည် ပြောဆို  မိပြန်သည်။
ထို့နောက် သူ၏ ဗောက်ဝက်ဂွန်း မော်တော်ကား ထားခဲ့ရာသို့ ပြန်လျှောက်သွားလေသည်။

*
ခရိတ်သည် မော်တော်ကားမောင်း၍ မြို့တွင်းသို့ ပြန်ရောက်လာသောအခါ အချိန်မှာ ငါးနာရီမထိုး သေးသဖြင့် ရုံးများ၊ ဆိုင်များ ဖွင့်ထားဆဲရှိကြောင်း တွေ့ရလေသည်။
စတင်းဒတ်ဘဏ်တိုက်နှင့် မျက်နှာချင်းဆိုင်ရှိ' အိမ်၊ မြေ၊ ရောင်းဝယ်ရေးဧဂျင်စီ' ရုံးခန်းလည်းဖွင့်လျက် ရှိသေး သဖြင့် ခရိတ်သည် ထိုရုံးသို့ ၀င်သွားလေသည်။ အိမ်၊ မြေ ရောင်းဝယ်ရေး ဧဂျင်စီသည် လေလံ တင်ရောင်း ချခြင်း လုပ်ငန်းကိုလည်း လုပ်လေရာ လေလံအရာရှိ ဒင်နီရယ်ဆိုသူကို ခရိတ်က နဂိုကပင် သိကျွမ်း နေပေသည်။

ဒင်နီရယ်သည် ရှပ်အင်္ကျီလက်တိုနှင့် ကာကီဘောင်းဘီတို့ ၀တ်ဆင်ထားလျက် ခရိတ်အား ဆီး၍ နှုတ် ဆက် လေသည်။
' ဟဲလို ခရိတ်၊ ဘယ်လိုလဲဗျ၊ နောက်ဆုံးကျတော့ ခင်ဗျားလည်း နိုင်ငံခြားမှာ ကြာရှည်မနေနိုင်လို့ ဒီကို ပြန်လာတာ ထင်တယ် '
( မှတ်ချက်။    ။  ဇင်ဘာဘွေနိုင်ငံတွင် တိုင်းရင်းသား လူမည်းတို့၏ တော်လှန်ရေး အောင်မြင်ပြီး လူမည်း ခေါင်းဆောင် မူဂါဘီ အစိုးရတက်လာသောအခါ မူလက ရှိနေသော မျက်နှာဖြူလူမျိုးနှစ်သိန်း ခွဲအနက် လူတစ်သိန်းခွဲ တို့က အင်္ဂလန်၊ သြစကြေးလျ သို့မဟုတ် တောင်အာဖရိက စသော မျက်နှာဖြူ အစိုးရရှိရာ နိုင်ငံများ သို့ ထွက်ခွာပြောင်းရွှေ့သွားခဲ့ကြသည်။ အချို့ မျက်နှာဖြူ အနည်းငယ်ကသာ ဇင်ဘာဘွေတွင် ဆက်လက် နေထိုင်ခဲ့ကြသည်။ )

ဒင်နီရယ်ကပင် ဆက်ပြောပြန်သည်။
' ကျုပ်ကတော့ ဘယ်မှ မသွားဘဲ ဒီမှာပဲ ဆက်နေလိုက်တယ်။ အရင်က အပေါင်းအသင်းဟောင်းတွေ မရှိတော့ လို့ တစ်ခါတစ်ခါတော့ ငြီးငွေ့စရာကောင်းသားဗျ။ ခင်ဗျားကတော့ ဒီကထွက်သွားပြီးမှ သိပ်ပြီး ကြီးပွား နေတယ်လို့ ကြားရပါကလား။ သတင်းစာတွေထဲမှာ ခင်ဗျား စာအုပ်ရေးတာ စာမူခငွေ ဒေါ်လာ ဆယ်သိန်း လောက် ရတယ်လို့တောင် ရေးကြတယ်။ ဒီကလူတွေဖြင့် မယုံနိုင်လောက်အောင် အံ့သြနေ ကြတယ်။ လက်စသတ်တော့ ကိုယ့်လူက တကယ်ပဲ ကြီးပွားနေတာကိုး '

' ဟုတ်လား၊ ဒီလိုပဲ သတင်းဖြစ်နေသလား '
ခရိတ်က ပြုံး၍ ပြောလိုက်သည်။
' ဟုတ်တယ်၊ ကျုပ်ကိုယ်တိုင်ကတော့ ခင်ဗျားရဲ့စာအုပ်ကို တယ်ပြီးမကြိုက်ပါဘူး။ ခင်ဗျားရေးထားပုံက တိုင်းရင်းသား ကပ္ပလီလူမည်းတွေကို တကယ့်သူရဲကောင်းကြီးတွေလို အမွှမ်းတင်လွန်းတယ်။ ဒါပေမဲ့ နိုင်ငံခြား မှာက လူမည်းတွေကို ချီးကျူးအမွှမ်းတင်မှသာ လူကြိုက်များပုံရတယ်။ ဒါကြောင့် စာအုပ် ရောင်း ရအောင် ခင်ဗျားက လူမည်းတွေဘက်က ရပ်တည်ပြီး ရေးလိုက်ပုံရတယ် '
ဒင်နီရယ် က ပြောလိုက်ပုံမှာ ဝေဖန်သလို သရော်သလို လေသံမျိုးဖြစ်နေ၍ ခရိတ်က သဘောမကျမိချေ။

' စာအုပ်ဝေဖန်ရေး ဆရာတချို့က ကျုပ်ကို အသားအရောင် ခွဲခြားရေးဝါဒ သမားလို့တောင် ဝေဖန် ရေးခဲ့ကြတယ်။ ဒါပေမဲ့ ကျုပ်အနေနဲ့က လူတစ်ရာမှာတစ်ရာလုံးကြိုက်အောင်တော့ ဘယ်တတ်နိုင် ပါ့မလဲ '
ဤသို့ ပြောရင်း ခရိတ်သည် စကားကို ပြောင်းသည့်အနေဖြင့်
' ခင်ဗျား နဲ့ ကျုပ် ယမကာ အတူတူသောက်ကြရအောင်။ ဘယ်လို သဘောရသလဲ ' ဟု ပြောလိုက်သည်။
သည်တော့ မှ ဒန်နီရယ်သည် သဘောကျသွားပုံရလေသည်။

' အေး ... ကောင်းသားပဲ။ ကျုပ်လည်း အာခေါင်ခြောက်နေတာနဲ့ အတော်ပဲ။ ကိုင်း ကျုပ် ဒီရုံးခန်းကို ပိတ် လိုက်ဦးမယ်။ ပြီးတော့မှ ဆိုင်မှာ သွားသောက်ကြတာပေါ့ '
' ပုလင်းသွားဝယ်ပြီး ဒီမှာပဲ သောက်ကြရင်း မကောင်းဘူးလားဗျ။ ခင်ဗျားနဲ့ ကျုပ်အေးအေးဆေးဆေး စကားပြောရင်းပေါ့ '
ခရိတ် က ပြောလိုက်လျှင် ဒင်နီရယ်သည် အကြီးအကျယ် သဘောကျသွားလေသည်။

' ဟာ သိပ်ကောင်းတာပေါ့၊ ခင်ဗျား သွားဝယ်မယ်ဆိုရင် ဆိုင်မှာ ၀ီစကီအကောင်းစား ဂျွန်ဟိတ်ပုလင်းတွေ ရှိတယ်ဗျ။ အဲဒါသာ ဆွဲခဲ့ပါ။ သြော် နောက်ပြီး ခင်ဗျား သွားရင်း ရေခဲပါ ၀င်ဝယ်ခဲ့ပါ '
သို့နှင့်ပင် ခရိတ်နှင့် ဒင်နီရယ်တို့သည် နှစ်ယောက်သား ၀ီစကီအရက်သောက်ရင်း စကားပြောနေကြ လေသည်။
ဒင်နီရယ်သည် အရက်သောက်ရင်း စောစောကလို ခရိတ်အား ဝေဖန်ရေးစကားတွေ မပြောတော့ဘဲ ဖော်ဖော် ရွေရွေ ဖြစ်လာလေသည်။

' ကျုပ် ဒီတိုင်းပြည်က ဘယ်ကိုမှ ထွက်မသွားတာ ကျုပ်အနေနဲ့ သွားစရာနေရကို မရှိလို့ဗျ။ အင်္ဂလန်ကို သွားဖို့ဆိုတာကလည်း ကျုပ်က အင်္ဂလန်ပြည်နဲ့ အဆက်အသွယ်ပြတ်နေတာကြာပြီ။ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက်ပိုင်း အင်္ဂလန်ကိုလည်း တစ်ခေါက်မှ မရောက်တော့ဘူး။ တောင်အာဖရိကကို သွားဖို့ဆို တာ ကလည်း ဟိုမှာ အခြေအနေက တယ်ပြီး မကောင်းလှဘူး။ တစ်နေ့ကျရင် ဒီနိုင်ငံလိုပဲ ဖြစ်လာနိုင် တယ်။ နောက်တစ်ခု က ဒီတိုင်းပြည်က ထွက်သွားရင် ငွေအနေနဲ့ ဒေါ်လာနှစ်ရာပဲ ယူသွားခွင့်ပြုတယ်။ အသက် ခြောက်ဆယ် ကျော်နေတဲ့ လူတစ်ယောက်အဖို့ တိုင်းတစ်ပါးမှာ ဒေါ်လာနှစ်ရာနဲ့ ဘ၀သစ်ထူ ထောင်လို့ ဖြစ်နိုင် ပါ့မလား။ ဒါကြောင့် ကျုပ်က ဘယ်မှ မသွားဘဲ ဒီမှာ ဆက်နေခဲ့ခြင်းဖြစ်တယ် '

' ဟုတ်ပါပြီ၊ ဒါတွေ အသာထားလိုက်ပါတော့။ ဒီမှာနေရထိုင်ရတာ အခြေအနေ ဘယ်လိုရှိသလဲ '
ခရိတ်က မေးလိုက်ရာ ဒင်နီရယ်က ရယ်မောလိုက်ပြီးမှ ပြန်ပြောလေသည်။
' ဒီမှာ အခြေအနေ အခုထက် ပိုဆိုးမလာဘူးလို့ ယုံကြည်တဲ့လူတွေအဖို့တော့ စိတ်သက်သာရာ ရတယ်လို့ ဆိုရမယ်။ တကယ်တော့လည်း မဆိုးလှပါဘူး။ အရင်အစိုးရခေတ်ကလိုတော့ မမျှော်လင့်ဘဲ နှုတ်ပိတ်နေရင် နေရတာ သိပ်မဆိုးလှပါဘူး '
' စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကြီးကြီးကျယ်ကျယ် လုပ်တဲ့လူတွေကတော့ ဘယ်လိုအခြေအနေ ရှိသလဲ'

' သူတို့ကတော့ ထိပ်တန်းအထက်တန်းလွှာ လူတန်းစားပါပဲ။ အစိုးရက အခုဆိုရင် အားလုံးပြည်သူပိုင် သိမ်းပစ် ရမယ်ဆိုတဲ့ မူဝါဒကို စွန့်လွှတ်လိုက်ပြီဗျ။ တိုင်းရင်းသားလူမည်းတွေ ထမင်းဝအောင် စားနိုင်ဖို့ အတွက် မျက်နှာဖြူလူမျိုး စိုက်ပျိုးမွေးမြူရေးသမားတွေရှိမှ ဖြစ်မယ်လို့ အစိုးရက သဘောပေါက်လာ တယ်။ အခု ဆိုရင် ဇင်ဘာဘွေအစိုးရက မျက်နှာဖြူတွေရဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို ဂုဏ်ယူနေပြီး နိုင်ငံခြားက အထူးဧည့်သည်တော် (ဥပမာ-တရုတ် သို့မဟုတ် လစ်ဗျား နိုင်ငံက ပုဂ္ဂဂိုလ်ကြီး) တွေ အလည် လာရင် အစိုးရက အဲဒီ ဧည့်သည်တွေကို မျက်နှာဖြူ စိုက်ပျိုးမွေးမြူရေးခြံ တွေတောင် လိုက်ပြလေ့ရှိတယ် '

' မြေယာ ဈေးနှုန်းတွေကတော့ ဘယ်လို အခြေအနေ ရှိသလဲ '
ခရိတ်က သူသိချင်သော အချက်ကို မေးကြည့်လေသည်။
' ပြည်တွင်းစစ် ပြီးဆုံးကာစ၊ တိုင်းရင်းသားလူမည်းတွေက မြေယာကို သိမ်းယူပြီး ပြည်သူ အများကို ဝေငှ ပေးမယ် လို့ ကြေးကြော်ခဲ့ချိန်တုန်းကတော့ မျက်နှာဖြူတွေအနေနဲ့ ကိုယ်ပိုင်ဆိုင်တဲ့မြေတွေကို ရောင်းခွင့်(သို့မဟုတ်) ပေးခွင့်မရှိဘူး။ ခင်ဗျားတို့ မိသားစုပိုင်တဲ့မြေယာနဲ့ စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီရဲ့ အဖြစ်ကိုပဲ ကြည့်တော့။ အဲဒီ ကုမ္ပဏီက ကင်းလင်းမွေးမြူရေး ခြံကြီးအပါအ၀င် မြေယာကွက်ကြီးသုံးခုကို ပိုင်ဆိုင်ခဲ့တယ် မဟုတ်လား။ ခင်ဗျားရဲ့ ဦးလေး မစ္စတာဒေါက်ကလပ်က အခြေအနေမဟန်တေ့တာနဲ့ ကုမ္ပဏီပိုင် မြေကွက် အားလုံး ကို ဒေါ်လာနှစ်သိန်းခွဲနဲ့ ရောင်းပစ်လိုက်တယ်။ တကယ်တော့ အဲဒီမြေကွက်တွေရဲ့ တန်ဖိုး ဟာ စစ်မဖြစ်ခင်ကဆိုရင် ဒေါ်လာ သိန်းတစ်ရာလောက် တန်တယ်'

' ဟင် ဒေါ်လာနှစ်သိန်းခွဲနဲ့လား၊ ဒါက အလကားပေးလိုက်တာနဲ့ ဘာထူးသလဲ '
ခရီတ်က အလွန်အံ့အားသင့်စွာ ပြန်ပြောလိုက်သည်။
' အဲဒီဈေးနဲ့ ရောင်းလိုက်တာဟာ မြေကွက်ချည်း မဟုတ်သေးဘူး။ ရှိနေတဲ့မွေးမြူရေး တိရစ္ဆာန်တွေ အားလုံးလည်းပါတယ်။ အလွန်မျိုးကောင်းတဲ့ အာဖရိကသားစပ်နွားထီးကြီးတွေ၊ နို့စားနွားမတွေ အကုန် အပါ အ၀င် ဖြစ်တယ်။ ခင်ဗျားရဲ့ ဦးလေးက တစ်ချိန်တုန်းက ၀န်ကြီးချုပ် မစ္စတာစမစ်ရဲ့ မျက်နှာဖြူ အစိုးရ၀န်ကြီး (ကက်ဘိနက်)အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ဖူးလေတော့ လာမယ့် အခြေအနေကို ကြိုတင် သုံးသပ် မိတယ်။

ပြည်တွင်းစစ် ပြီးသွားလို့ တိုင်းရင်းသား လူမည်းအစိုးရ တက်လာတာနဲ့ သူဟာ မစားသာတော့ဘူးဆိုတာ တထစ်ချ တွက်မိလို့ တိုင်းပြည်က အမြန်ဆုံး ထွက်သွားမှ ဖြစ်မယ် ဆိုတာ တွက်မိတယ်။ သူရောင်းလိုက်တာ ဆွစ်ဇာလန်နဲ့ ဂျာမန်ဖက်စပ် ကုမ္ပဏီတစ်ခုကိုဗျ။ ဒါကြောင့် ငွေချေတော့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ငွေချေတယ်။ ခင်ဗျားရဲ့ အန်ကယ် ဒေါက်ကလပ်ဟာ သူ့ မိသားစုတွေနဲ့အတူ သြစတြေလျနိုင်ငံကို ထွက်သွားတယ်။ တစ်ခုရှိတာက သူဟာ စောစောပိုင်းကတည်းက သူ့ငွေအတော်များများ နိုင်ငံခြားမှာ ကြိုတင် ပို့ထားပြီးဖြစ်တဲ့အတွက် သြစတြေလျ နိုင်ငံကျတော့ မွေးမြူရေးလုပ်ငန်း ကောင်းကောင်း ၀ယ်ယူ လုပ်ကိုင် နိုင်တဲ့ အခြေအနေရှိတယ်။ သူ့အဖို့ မဆိုးလှဘူးဆိုရမယ်။ ကျုပ်တို့လို ငမွဲတွေတော့ ဘယ်မှ မသွားနိုင်ဘဲ ဒီမှာပဲ ကြံဖန်ကုတ်ကတ်ပြီး နေကြရတယ်'
' ကဲ ယမကာနောက်ထပ် သောက်ပါဦး '

ခရိတ်က ဒင်နီရယ်၏ ဖန်ခွက်ထဲတွင် ၀ီစကီအရက် ထပ်ဖြည့်ပေးလိုက်ပြီးမှ သူတို့မိသားစုပိုင် မြေယာ ကုမ္ပဏီ အကြောင်း ဆက်မေးလေသည်။
' ၀ယ်ယူလိုက်တဲ့ ကုမ္ပဏီက ဘာတွေ ဆက်လုပ်သလဲ '
' အဲဒီဂျာမန်နဲ့ ဆွစ်ဇာလန် ဖက်စပ်ကုမ္ပဏီက လူတွေက အလွန်ပါးနပ်တဲ့ လူတွေပဲ။ အစိုးရပိုင်က အရေးပါတဲ့ လူတစ်ယောက်နဲ့ လာဘ်ပေးနားလည်မှုယူပြီးပြည်ပကိုထုတ်ခွင့် ' ထုတ်ကုန်လိုင်စင် ' ရအောင် တောင်းယူ ပြီးတော့ ရှိသမျှမွေးမြူရေးတိရစ္ဆာန်တွေအားလုံးကို တောင်အာဖရိကနိုင်ငံကို ထုတ်ယူ သွားတယ်။ ဟိုနိုင်ငံရောက်တော့ မျိုးကောင်းမျိုးသန့်ဖြစ်တဲ့ နွားတွေရောင်းလိုက်တာချုည်း ဒေါ်လာ ဆယ့်ငါးသိန်း ရတယ်လို့ သတင်းကြားရတယ်။ နောက်ပြီး ရောင်းရတဲ့ငွေကို ရွှေတွေဝယ်ယူပြီး ပြန်ရောင်း တော့လည်း နောက်ထပ် ဒေါ်လာသိန်းနှစ်ဆယ်လောက် အမြတ်ရသွားသတဲ့ဗျ '
' မွေးမြူရေး ခြံတွေကိုတော့ ဘာမှမလုပ်ဘဲ ပစ်ထားလိုက်သလား '

ခရိတ်က မေးလိုက်ရာ ဒင်နီရယ်က ခေါင်းညိတ်ပြလေသည်။
' ဟုတ်တယ်၊ အခုတော့ သူတို့က ကုမ္ပဏီကို တစ်ဆင့်ပြန်ရောင်းဖို့ ကြိုးစားနေတယ်။ ရောင်းဖို့လည်း ကျုပ်တို့ ရဲ့ မြေယာရောင်းဝယ်ရေး ကုမ္ပဏီကိုပဲ အပ်ထားတယ်။ ဒါပေမဲ့ မွေးမြူရေးခြံတွေရဲ့ အခြေအနေက ပျက်စီး နေလို့ ၀ယ်သူက လုပ်ငန်းပြန်လည် လုပ်ချင်ရင် နောက်ထပ် ငွေရင်းအများကြီး လိုက်ရလိမ့်မြယ်။ ဒါကြောင့် ဘယ်သူကမှ ၀ယ်ဖို့ စိတ်မ၀င်စားကြဘူး '
' ရောင်းဖို့ခေါ်တဲ့ ဈေးက ဘယ်လောက်တဲ့လဲ '

ခရိတ်က မေးလိုက်ရာ ဒင်နီရယ်က အံ့အားသင့်သွားပုံ ရလေသည်။
' ခင်ဗျားအနေနဲ့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒါထက် နေပါဦး၊ ခင်ဗျားစာအုပ်ရေးတာ စာမူခ ဒေါ်လာ ငွေဆယ်သိန်း ရတယ်ဆိုတ အဟုတ်ပဲလား '
ဒင်နီရယ်က ဤသို့မေးသည်ကို ခရိတ်က ပြန်မဖြေဘဲ၊
' သူတို့ ခေါ်တဲ့ ရောင်းဈေးက ဘယ်လောက်လဲ ' ဟု ထပ်မံ၍ မေးလိုက်သည်။

' ဒေါ်လာငွေ သိန်းနှစ်ဆယ်တဲ့ဗျ။ ဒါကြောင့် ကျုပ်က ၀ယ်သူစပ်နေတာ၊ ဘယ်သူကမှ စိတ်မ၀င်စားကြဘူး။ ဒါလောက်များ တဲ့ ငွေတွေကို ဘယ်သူက ဒီတိုင်းပြည်မှာလာပြီး မြှုပ်နှံချင်ပါ့မလဲ'
' တကယ်လို့ ငွေကို ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ပေးချေမယ်ဆိုရင်ကော အဲဒီဈေးနှုန်းက လျှော့ပေး မှာလား။ ငွေဘယ်လောက် ကွာလာနိုင်မလဲ '
' ဟာ၊ ခင်ဗျားကလည်း '
' ကျုပ်မေးတာသာ ဖြေစမ်းပါဗျ။ ဇူးရစ်မြို့မှာ ငွေချေမယ်ဆိုရင် ဈေးက ဘယ်လောက် ကွာနိုင်မလဲ '
ခရိတ်က ခပ်တည်တည်နှင့် ထပ်မံ၍ မေးတော့မှ ဒင်နီရယ်သည် ထိုမေးခန်းကို ပြန်ဖြေလေသည်။

' ဇူးရစ်မြို့မှာ ငွေချေမယ်ဆိုရင်တော့ သူတို့က ဒေါ်လာ ဆယ်သိန်းလောက်နဲ့ လက်ခံလိမ့်မယ် ထင်တယ်'
' နှစ်သိန်းခွဲ လောက်နဲ့ဆိုရင် မဖြစ်နိုင်ဘူးလား '
ခရိတ်က ဈေးဆစ်သလို ပြောလိုက်ရာ ဒင်နီရယ်က ခေါင်းခါပြလေသည်။
' ဒါတော့ ဘယ်နည်းနဲ့မှ ဖြစ်မှာမဟုတ်ဘူး '

' ဒါဖြင့် ခင်ဗျား သူတို့ဆီ တယ်လီဖုန်း လှမ်းဆက်စမ်းပါ။ ပြောရမှာက ဒီက မြေယာကွက်တွေမှာ ကျူးကျော်သူတွေ ပြည့်နေလို့၊ အဲဒါတွေကို ဖယ်ရှားပစ်ဖို့က နိုင်ငံရေးနည်းနဲပမှသာ ရနိုင်မယ်ဆိုတဲ့ အကြောင်း၊ အခု လောလောဆယ် စားကျက်တွေမှာ ဆိတ်အုပ်တွေ လွှတ်ထားလို့ နောက်တစ်နှစ် လောက်ကြာရင် စားကျက်မြေတွေ အားလုံး ပျစ်စီးသွားမှာသေချာတဲ့အကြောင်း၊ နောက်ပြီး ဒီတိုင်းပြည် က ဒီမှာမရှိတဲ့ နိုင်ငံခြားသားပိုင် မြေယာတွေကို သိမ်းယူမယ်လို့ ခြိမ်းခြောက်နေတဲ့အတွက် သူတို့ပဲ နစ်နာ မှာ ဖြစ်တဲ့ အကြောင်း၊ အဲဒါတွေကို ဖုန်းဆက်ပြီး ပြောလိုက်ပါ '
' ခင်ဗျား ပြောတာတွေအားလုံးမှန်တယ်။ ဒါပေမဲ့ ဒေါ်လာနှစ်သိန်းခွဲနဲ့ ရဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူးဗျ '

' နိုင်ငံခြားကို လှမ်းဆက်ရမှာဆိုတော့ တယ်လီဖုန်းဆက်ခ ဘယ်သူက ပေးမှာလဲ '
' ကျုပ်က ပေးပါ့မယ် '
' ကောင်းပြီ၊ ဒါဖြင့် ကျုပ် ဆက်ကြည့်ပါ့မယ် '
' ဘယ်တော့ ဆက်မှာလဲ '
' ဒီနေ့က သောကြာနေ့ဖြစ်နေပြီ။ တနင်္လာနေ့မှ ဆက်ဖြစ်လိမ့်မယ် '
' ဟုတ်ပြီ၊ ဒါထက် လောလောဆယ် ကျုပ် ဓာတ်ဆီလိုချင်တယ်။ လေးငါးလောက် မရနိုင်ဘူးလား '

' နေပါဥး၊ ခင်ဗျားက ဓာတ်ဆီဘာလုပ်ဖို့လဲ '
' ကျုပ် ချီဇာရီအရပ်ကို သွားချင်တယ်။ ကျုပ် အဲဒီ မရောက်တာ ဆယ်နှစ်လောက်ရှိသွားပြီမို့ သွား ကြည့် ချင်တယ် '
' ဟာ၊ ခင်ဗျား အဲဒီကိုသွားဖို့ မသင့်ဘူး။ ဟိုမှာက ပြောက်ကျားသူပုန်တွေရှိတယ် '
' သူပုန် မဟုတ်ပါဘူးဗျ။ နိုင်ငံရေးအရ အယူအဆကွဲလွဲတဲ့ လူတွေပါ '

' သူတို့က မာတာဘယ်လီ တိုင်းရင်းသားတွေဗျ။ ခင်ဗျားကို မြင်တာနဲ့ အသေပစ်သတ်လိမ့်မယ် '
' ဒါတော့ ကျုပ်ဘာသာ ကျုပ် အန္တရာယ်ကို ကြည့်ရှောင်သွားမှာပေါ့။ ကဲပါ၊ ဓာတ်ဆီသာ ရအောင် ရှာ ပေးစမ်းပါ။ နောက်ပြီး ရှေ့အပတ်ကျတော့ ခင်ဗျား ဇူးရစ်မြို့ကို ဖုန်းဆက်လို့ရတဲ့ အဖြေကို သိချင်တယ်'
ထှိုမျှနှင့်ပင် ခရိတ်က စကားကို ဖြတ်လိုက်သည်။
--------------------
အခန်း (၅) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, August 1, 2010

ဂျာနယ်ကျော် မမလေး ပုံရိပ် ဆောင်းပါးများ (၆)

 ဂျာနယ်ကျော်မမလေး
သို့မဟုတ်
သူလိုမိန်းမ

စာရေးသူ -  ညွှန့်သစ်

၂၀၁၀ ခုရဲ့ ပူပြင်းလှတဲ့ မတ်လလယ် နေ့တစ်နေ့    ကိုမိုးဟိန်း (သားဂျာနယ်ကျော်) ကျန်းမာရေး အခြေ အနေ ကို သတင်းမေးပြီး အပြန် ဘောက်ထော် ဘူတာရုံ ဘက် လျှောက်လာတယ်။ ဘောက်ထော် ဘူတာရုံ ကုန်းကလေး ပေါ် လှမ်းအတက် ဘူတာရုံဘေးက ကမူလေး ကို မြင်လိုက်ရတာနဲ့ ဆရာ မြသန်းတင့်ရေးတဲ့ "ကျွန်တော်နှင့် ဂျာနယ်ကျော်မမလေး" စာအုပ် ထဲက စာပိုဒ် တွေကို သတိရ လိုက် တယ်။
    ၁၉၄၉ ခုနှစ် ဆောင်းရက် တစ်ရက်ဖြစ်လေသည်။

    ကျွန်တော်တို့တစ်သိုက်သည် ဘောက်ထော်ဘူတာရုံဘေးရှိ ကမူလေးပေါ်တွင် ထိုင်နေကြ သည်။ မြက်ခင်းက စိမ်းလဲ့လျက် ၀င်လုဆဲဆောင်းနေခြည်က ၀င်းလက်နေဆဲ။ ဆောင်းငွေ့သီသီ လွှမ်းထားသဖြင့် လေသည် စူးရှ နေသည်။

    ကျွန်တော် တို့ဆိုသည်မှာ ကျွန်တော် ဒဂုန်တာရာ ဗန်းမော်တင်အောင်၊ မောင်ကြည်လင်၊ မောင်ရေအေး (ဂျာနယ်ကျော် မမလေး၏ တူ၊ယခု ကွယ်လွန်) တို့ဖြစ်သည်။ ကျွန်တော်တို့အထဲတွင် မိန်းမသား တစ်ယောက် ပါသည်။ သူမမှာ ဂျာနယ်ကျော်မမလေးဖြစ်သည်။ ထိုစဉ်မက သူမ၏ အသက်မှာ သုံးဆယ် တစ်ဝိုက် လောက် မှာသာ ရှိလိမ့်ဦးမည်။

    သူ့ဆံနွယ်များသည် နဖူးပေါ်ဝဲကျနေပြီး နောင်တွဲထုံးထားသော ဆံနွယ်များသည် ကျောပြင်ပေါ်တွင် ၀ဲကျ နေသည်။ သူ့နှုတ်ခမ်းက မက်ဖက်တာဆေးနီတွေ စွန်းလျက်၊ သူ၏ စီးကရက်လက်ကြားညှပ်ပုံ၊ သူ စီးကရက် ဖွာပုံ မှာ အမေရိကန်ရုပ်ရှင်မင်းသမီး "ရီတာဟေးဝပ်" နှင့်တူသည်လို့ ဆရာမြသန်းတင့်ကရေးခဲ့တယ်။

    ဆရာမြသန်းတင့်က ဂျာနယ်ကျော်ဦးချစ်မောင်ဆုံးပြီး သုံးနှစ်ကျော်အကြာ သူတို့ကို ဂျာနယ်ကျော် မမလေး က ထမင်းစားဖိတ်တာသွားပြီးအပြန် ဘောက်ထော်ဘူတာရုံကို စာရေးဆရာမ ဂျာနယ်ကျော် မမလေး က လိုက်ပို့နှုတ်ဆက်တာကို ရေးထားတာပါ။

    အခုလည်း လည်ချောင်းကင်ဆာဖြစ်နေတဲ့ ကိုမိုးဟိန်း(သား ဂျာနယ်ကျော်) ဆီ သတင်းမေးပြီးအပြန်၊ နေခြစ်ခြစ် တောက်ပူနေတဲ့ အပူရယ် ရင်ထဲက အပူရယ်ပေါင်းပြီး ဘောက်ထော်ဘူတာရုံ ကုန်းကလေး ပေါ် တက်လာရင်း က ကိုမိုးဟိန်းရဲ့ မိခင်ဖြစ်တဲ့ ဂျာနယ်ကျော် မမလေးကို ရုတ်တရက် အမှတ်ရလိုက်မိတာပါ။

    ပထမက စာရေးဆရာမဂျာနယ်ကျော်မမလေး မိသားစုဟာ ဘောက်ထော်ပြည်သာယာ မှာရှိတဲ့ တိုက်ကြီး တစ်လုံးမှာ နေခဲ့ကြတာပါ။ ၁၉၅၁ ခုနှစ်လောက်ရောက်မှ ဂျာနယ်ကျော်မမလေး ဟာ အင်္ဂလန် လုပ် ပိန်းစက်ကြီးတစ်လုံးကို လပေးစနစ်နဲ့ အရစ်ကျဝယ်ကာ ပုံနှိပ်စက်ထောင်တယ်။ ပုံနှိပ်စက်နဲ့ ရုံးခန်းကို အနော်ရထာ လမ်းနဲ့ ၄၈ လမ်းထောင့်ရှိ တိုက်ခန်းကိုဝယ်ယူလုပ်ကိုင်ပြီး ဘောက်ထော်က တိုက်နဲ့ခြံကို ရောင်းပစ် လိုက်တယ်။ သူ့မိသားစုက အနော်ရထာလမ်းနဲ့ ကရစ်လမ်း ( ယခုဗိုလ်မြတ်ထွန်းလမ်း) ထောင့်ရှိ ချစ်တီးဆိုင် အပေါ်ထပ်ခန်းကို ပြောင်းခဲ့ကြတယ်။
    ဆရာမြက "ကျွန်တော်သည် ချစ်တီးကော်ဖီနံ့၊ မဆလာနံ့နှင့် ဇီယာနံ့သင်းနေသော အနော်ရထာလမ်းနှင့် ကရစ် လမ်းထောင့်က ဂျာနယ်ကျော်မမလေး၏ အခန်းကျဉ်းကလေးကို သတိရနေသည်။ နေ့လယ်နေ့ခင်း ကျွန်တော် ရောက်သွားသည့်အခါများတွင် ဂျာနယ်ကျော်မမလေး သည် အောက်ထပ်ချစ်တီးဆိုင်မှ ကော်ဖီ နှင့် အာလူးပူရီ ကို မှာ၍ကျွေးတတ်သည်။

    "ထိုနှစ်များသည် ဂျာနယ်ကျော်မမလေး၏ ဘ၀တွင်မုန်းတိုင်းထန်သော အချိန်ဖြစ်လိမ့်မည်ဟု ကျွန်တော် ထင်ပါသည်" လို့ ဂျာနယ်ကျော်မမလေးအကြောင်းကို ရေးခဲ့တယ်။
    အဲဒီ အချိန်က ဂျာနယ်ကျော်မမလေးဟာ သားသမီးသုံးယောက်ကို အိန္ဒိယနိုင်ငံ၊ ဒါဂျီလင်ကို ပို့ပြီး ကျောင်းထား ခဲ့တယ်။ မုဆိုးမတစ်ယောက်တည်း ပုံနှိပ်စက်ထောင် ဂျာနယ်ထုတ်၊ သွင်းကုန်လိုင် စင်လုပ်ကာ ကုမ္ပဏီလုပ်ထောင်ခဲ့တယ်။ ဂျာနယ်ကျော် နဲ့ ပြည်သူ့ဟစ်တိုင် သတင်းစာကို ဆက်လက် လုပ်ကိုင် ရင်း ဖဆပလ ခေါင်းဆောင်တစ်ဦး မီးခွက်မှုတ် တဲ့ သတင်းဖော်ပြမိလို့ လူအုပ်နဲ့ချီ ဖျက်ဆီး ခံလိုက်ရပြီး သတင်းစာလည်းရပ်လိုက်ရတယ်။

    ၁၉၅၃ ခုနှစ် ၄၈ လမ်းနဲ့ အနော်ရထာလမ်းထောင့်ရှိ သီဟရတနာပုံနှိပ်တိုက်မှာ ဂျာနယ်ကျော်မမလေး ဂန္ထ၀င် ဂျာနယ် ကို ဦးစီးပြီးစတင်ထုတ်ဝေတယ်။ ဂျာနယ်ကျော်မမလေးဟာ  သီးသီးသန့်သန့် ခမ်းခမ်း နားနား လှလှပပ ကို ကြိုက်တတ်သူ၊ သူဟာ သူ့တိုက်ရုံးခန်းကို ပလတ်စတိတ် ဆေးအစိမ်းနုရောင် သုတ်တယ်။ ထပ်ခိုး တင်တယ်။ တိုက်အ၀နဲ့ ပြတင်းပေါက်တွေမှာ အခန်းနဲ့လိုက်မယ့် အ၀တ်လိုက်ကာ တွေ တပ်တယ်။ သူ့အလုပ်စားပွဲမှာလည်း နှင်းဆီတွေထိုးစိုက် ထားတဲ့ တရုတ်ပန်းအိုးကို တင်ထားလေ့ ရှိတယ် တဲ့။

ဂန္ထ၀င် ဂျာနယ်ကို ထုတ်တော့ ဆရာမြသန်းတင့်နဲ့ ဒဂုန်တာရာတို့က ၀ိုင်းဝန်းလုပ်ကိုင်ပေး ကြတယ်။ ကဗျာ နဲ့ ခေါင်းကြီးပိုင်းကို ဆရာဒဂုန်တာရာက ဒိုင်ခံပြီးရေးတယ်။ ဆောင်းပါးနဲ့ ၀တ္ထုတွေရေးတယ်။ ဆရာမြက ဘာသာပြန်နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားမှုဆောင်းပါးဝတ္ထုများ ရေးတယ်။ ဂျာနယ်ရဲ့ ပေါ်လစီ က အမျိုးသားယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ထောက်ခံရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို အထောက်အကူပြုရေးနဲ့ တိုးတက်တဲ့ စာပေပျံ့နှံ့လာရေးတို့ဖြစ်တယ်။ ဂန္ထ၀င် ဂျာနယ် ကို စာရေးဆရာအားနဲ့ ၀ိုင်းဝန်းကြိုးပမ်းခဲ့ကြတယ်။ ဒါပေမဲ့ ဆယ့်ငါးရက်တစ်ကြိမ်ထုတ်ပြီး  သုံးပတ် နဲ့ ရပ်ဆိုင်းသွားခဲ့တယ်။ နယ်ကိုယ်လှယ်တွေဆီက ငွေမှန်မှန်မပို့။ ဂျာနယ်ကျော်မမလေးက ဆက်ထုတ် ချင်တယ်။ စက်ရှိတယ်၊ စာခုံရှိတယ်။ ငွေကို တခြားကရှာစိုက်မယ်။ စာရေးဆရာတွေက ဂျာနယ်ကျော် မမလေး ကို အားနာလို့ ဆက်မထုတ်စေ တော့ပေ။

ကွိဒ် ၀တ္ထုမှာ အမေရိကန်စာရေးဆရာ ဟင်နရီဆစ်ဒနာ ဟယ်ရီဆန်(Henry Sudnon Harrison) ရဲ့ နာမည်ကျော် ၀တ္ထုတစ်ပုဒ်။ လူထူးလူဆန်း သတင်းစာဆရာတစ်ဦးနဲ့ ရှာလီဝေဟင် ဆိုတဲ့ မိန်းမပျို လေး တစ်ယောက် တို့ရဲ့ အချစ်ဇာတ်လမ်းဖြစ်တယ်။ ကွိဒ်က စာအလွန်ဖတ်သူ။ သတင်းစာ ဆရာကြီး လည်းဖြစ်ပြန်တယ်။ ရှလီဝေလင်က ကွိဒ်ရဲ့ သတင်းစာခေါင်းစဉ်ကြီးအရေးအသားနှင့် ပတ်သက်ပြီး ထောက်ပြ တယ်။ ကွိဒ်ကို သတင်းစာတိုက်က ဖြုတ်ပစ်ဖို့အချိန်မှာ ရှာလီဝေလင်က အများ နားလည် ခံစားရမယ့် အရေးမျိုးရေးဖို့  နှလုံးသားနဲ့ရေးဖို့၊ သိပ္ပံပညာရှင်နဲ့ သုခမိန်ကြီးတွေရဲ့ အကြိုက်ကို လိုက်ပြီး မရေးဖို့ ထောက်ပြဝေဖန် တဲ့ အာဂမိန်းမပျိုလေး တစ်ယောက်ပါပဲ။ ဂျာနယ်ကျော်ဦးချစ်မောင်နဲ့ ဂျာနယ်ကျော် မမလေးတို့ကလည်း ကွိဒ်နဲ့ ရှာလီဝေလင်တို့ကို အားကျပြီး အတုယူလုပ်ကိုင်ခဲ့တဲ့ သတင်းစာ ဆရာ၊ စာရေးဆရာတွေဖြစ်တယ်။

ဂျာနယ်ကျော်ဦးချစ်မောင်ဆုံးပြီးနောက်မှာ ဂျာနယ်ကျော်မမလေးက သူလုပ်မယ့် သပြေစာအုပ် တိုက်က ထုတ်ဝေရေး လုပ်ဖို့စိတ်ကူးရတယ်။ ပထမဆုံး ကွိဒ်ဝတ္ထုကို ထုတ်ဖို့အတွက် ဘာသာပြန်ပေးဖို့ ဆရာ မြသန်းတင့် ကို အကြံပေးတိုက်တွန်းတယ်။ ဂျာနယ်ကျော်ဦးချစ်မောင် တန်းဖိုးထားသိမ်းဆည်း ခဲ့တဲ့ ကွိဒ် ၀တ္ထု စာအုပ်ကြီးကိုလည်း ပေးလိုက်တယ်။ ဆရာမြသန်းတင့်ကလည်း ဘာသာပြန်ဖို့ ကြိုစားခဲ့ပေမယ့်  အကြောင်း အမျိုးမျိုးကြောင့် အကောင်အထည်ပေါ်မလာဘူး။ ဒီဘက်နောက်ပိုင်း မှာလည်း သားဖြစ်သူ ကိုမိုးဟိန်း (သားဂျာနယ်ကျော်) က ကွိဒ်ဝတ္ထုကို ဘာသာပြန်ခဲ့ပေမယ့် မအောင်မြင်ပြန်ပါဘူး။ နောက်မှ ဘာသာပြန် ဆရာတစ်ဦးက ဘာသာပြန်နိုင်ခဲ့လို့ ကွိဒ်ဘာသာပြန်ဝတ္ထု စာအုပ် ထွတ်ပေါ် လာတာ တွေ့ရတယ်။  အဲဒီအခါမှာတော့  ဂျာနယ်ကျော်မမလေးတစ်ယောက် သူကြိုးစားတာ မအောင်မြင် ခဲ့ပေမယ့် ကွိဒ်စာအုပ် ထွတ်လာလို့ ၀မ်မြောက်ဝမ်းသာဖြစ်ပြီး မုဒိတာပွားတာ တွေ့လိုက်ရတယ်။

၁၉၅၈ ခုနှစ်လောက်မှာ ဂျာနယ်ကျော်မမလေးက ဂျာနယ်ကျော်ဦးချစ်မောင် ကွယ်လွန်တဲ့ အထိမ်းအမှတ် ၁၀ နှစ်ပြည့် မှာ "ဆယ်နှစ်"  ဆိုတဲ့ ဆောင်းပါးတစ်စောင် ရှုမ၀မဂ္ဂဇင်းမှာရေးတယ်။ ဒီဆောင်းပါးမှာ ဆယ်နှစ် အတွင်း မုဆိုးမဘ၀နဲ့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာကို ရေးထားတာပါ။ ဆယ်နှစ်ဆောင်းပါးပါပြီး မကြာမီ မှာ ရွှေဘိုထောင်ထဲမှာရှိတဲ့ ကွန်မြူနစ်တစ်ဦးက ရှုမ၀မဂ္ဂဇင်းက တဆင့် ရေးလိုက် တဲ့စာရှည်ကြီး တစ်စောင် ဒေါ်မမလေးဆီရောက်လာတယ်။

စာထဲမှာက သူငယ်ငယ်ကတည်းက ဂျာနယ်ဦးချစ်မောင်စာတွေဖတ်ပြီး  ဒေါ်မမလေးရဲ့ အခက်အခဲနဲ့ ရုန်းကန်မှု့ အပေါ် စာနာချီးကျူးမိကြောင်း ရေးထားတယ်။ သူဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသား တစ်ဦး ကျောင်းသား လှုပ်ရှားမှု တွေမှာပါခဲ့ပြီးနောက်ပိုင်း တောခိုတယ်။ အထက်မြန်မာနိုင်ငံမှာ တာဝန်ယူပြီး အဖမ်းခံ ရပြီး ရွှေဘိုထောင်ထဲရောက်ခဲ့တယ်။ ထောင်ကလွတ်ရင် နိုင်ငံရေးမလုပ်တော့ဘဲ အလုပ်တစ်ခုခု ကို လုပ်ဖို့  စိတ်ကူးကြောင်း အဲဒီအခါမှာ  ဒေါ်မမလေးဆီလာရောက်တွေ့ဆုံကြောင်း တတ်နိုင်တဲ့ အကူအညီ တွေ ပေးလိုကြောင်း နဲ့ စာရဲ့အောက်မှာ "အောင်ဇေယျ" လို့ လက်မှတ်ထိုး ထားတယ်။

ဒီစာနဲ့ ပတ်သက်ပြီး ဂျာနယ်ကျော်မမလေးက "ပြည်ရွှေဘိုမြို့တော်မြောက်ဘက်ဆီက " ဆိုတဲ့ ဆောင်းပါး တစ်ဆောင် ရှုမ၀မှာရေးလိုက်တယ်။ နောက်ပိုင်းကာလတွေမှာ ဂျာနယ်ကျော်မမလေးနဲ့ ဦးစံလွင်ခေါ် ဦးအောင်ဇေယျ တို့ဟာ  စချင်းဆက်သွယ်မိကြပြီး တစ်ဦးနဲ့တစ်ဦး ခင်မင်လေးစားသွား ကြတယ်။ မုဆိုးမ ဘ၀နဲ့ ခက်ခက်ခဲခဲ ဘ၀ကိုရုန်းကန်ခဲ့ရတဲ့ ဂျာနယ်ကျော်မမလေးနဲ့ မုဆိုဘို (ရွှေဘို) ထောင်က ဦးအောင်ဇေယျ တို့ရဲ့ စိတ်ဝင်စားစရာ အဖြစ်အပျက်လို့ ပြောရင်ရပါတယ်။ အဲဒီအကြောင်းတွေကိုလည်း တစ်လျှောက်လုံး ဆရာမြသန်းတင့် ကို  တိုင်ပင်ဖွင့်ဟပြီ အကြံဥာဏ် တောင်းခဲ့တယ်လို့ သိရတယ်။ ဦးစံလွင် (ဦးအောင်ဇေယျ) နဲ့ လက်ထပ်လိုက်ပါတယ်။

ဂျာနယ်ကျော်မမလေးဟာ ၁၉၅၈ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) မှာ ဗဟို အလုပ် အမှုဆောင် အဖြစ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း (ဥက္ကဋ္ဌ)နဲ့ စာရေးဆရာမြသန်းတင့် (အတွင်းရေးမှုး) တို့ ကာလ မှ ပါဝင်လုပ်ဆောင်ခဲ့တယ်။နောက်ပိုင်းစာရေးဆရာအသင်းနဲ့ စာပေကလပ် (အထွေထွေ အတွင်းရေးမှုး) တို့မှာလည်း တာဝန်ကျေသူအဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၆၂ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂကို တည်ထောင်တယ်။ အဲဒီမှာလည်း ဒေါ်မမလေးတက်ကြွစွာ ပါဝင်ခဲ့တယ်။ ဆိုဗီယက် မြန်မာ ကိုယ်စားလှယ် အဖြစ် ရုရှပြည် မော်စကိုမြို့ကို သွားခဲ့တယ်။ ဂျပန်အနုမြူဗုံးနဲ့ ဟိုက်ဒရိုဂျင်ဗုံး ဆန့်ကျင်ရေး ကောင်စီက ဖိတ်လို့ ဟီရီုးမားအထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံကိုလည်း သွားခဲ့ရတယ်။ သပြေဦး နာမည် ကနေ "ဂျာနယ်ကျော်မမလေး စာတိုက်" အမည်နဲ့ "သူလိုလူ" စာအုပ်ကို သတ္တမ အကြိမ် အထိ ထုတ်ဝေ ခဲ့တယ်။

ဂျာနယ်ကျော် မမလေးတစ်ယောက် စာအုပ်ထုတ်ဝေရေးလုပ်ရင်း အိုင်ကလောင်မြန်မာဆေး ဆရာကြီးရဲ့ နေလ ဓာတ် ကုထုံး ကိုယူပြီး သူ့ပုံနှိပ်တိုက်မှာပင် မြန်မာဆေးခန်းကို ဖွင့်ခဲ့တယ်။ ဂျာနယ်ကျော်ဦးချစ်မောင် ဆုံး ကတည်းက အင်္ဂလိပ်ဆေးပညာကို စိတ်နာကာ မြန်မာဆေးနဲ့ ကုထုံးကို ယုံယုံကြည်ကြည်လေ့လာ လိုက်စား ခဲ့တယ်။ နှစ်နှစ်တိုင်းလိုမှာ ပဲခူးမြို့ ရွှေမောဓောဘုရားမှာ အခမဲ့ဆေးခန်းဖွင့်ကာ ဆေးကုပြီး ဆေးလှူပွဲ လုပ်တယ်။

၁၉၆၅ ခုနှစ်၊ မိမိအထိန်းသိမ်းခံရပြီး အင်းစိန်ထောင်ရောက်သွားရင်း ဂျာနယ်ကျော်မမလေး ခင်ပွန်း ဦးစံလွင် နဲ့ သားဖြစ်သူ ကိုမိုးဟိန်းတို့နဲ့ အင်းစိန်ထောင်မှာ အတူနေရင်း ရင်းနှီးခဲ့ကြတယ်။ တစ်ခန်းထဲ အတူ နေဘက် ကိုမိုးဟိန်း က သူ့မိသားစုအကြောင်းတွေပြောပြတယ်။ အထူးသဖြင့် သူ့အကိုဖြစ်တဲ့ ကိုသိန်းတန် အကြောင်းကို ပြောပြတာများတယ်။

ကိုသိန်းတန် ကို မိသားစုက သူဌေးလို့ ခေါ်ကြတယ်တဲ့။ ဒါဂျီလင်က ပြန်လာပြီးကတည်းက ကျောင်းလည်း ဆက်မတက် တော့ဘဲ အိမ်မှာ ထိုင်စားလုပ်နေခဲ့တယ်။ အိမ်က အမေ့ပစ္စည်းယူပေါင်၊ ယူရောင်း လုပ်တယ်။ ဂျာနယ်ကျော် မမလေး ရဲ့ စိန်လက်စွပ်ကို သူ့သူငယ်ချင်းမိန်းမ ခိုးတာ ယူပေါင်ပြီး ပေးလိုက် တာလည်း ရှိတယ်။ တစ်ခါတော့ သူငယ်ချင်းဖြစ်သူရဲ့ အသုဘအတွက် လက်ကောက်ကို ရောင်းပြီးတော့ ပေးပစ် လိုက်တယ် ပြောတယ်။ ဒေါ်မမလေးရဲ့ ၀တ္ထုရှည်ကြီးရေးထားတဲ့ စက္ကူအထပ် လိုက်ကြီးကို ဘာမှ ယူစရာမရှိ တဲ့ အဆုံး ကုလားဆိုင်မှာ ပိသာချိန်နဲ့ရောင်းစားဖူးတယ်။ 

ကိုသိန်းတန် ဟာ စာရေး ဆရာကြီး ဦးဥာဏ အတုကိုယူပြီး "ယောက်ျားဆိုတာစုံရတယ်" ဆိုတဲ့လမ်းစဉ်ကို လိုက်လုပ်သူ တစ်ယောက်။ ဖြစ်တည်မှု ပဓာန၀ါဒ အတိုင်း မှန်တယ်ထင်ရာ ကောင်းတယ်ထင်ရာကို လုပ်တယ်။ ကနေ့ အင်းယားလိတ် ဟိုတယ်မှာ နေပြီး မနက်ဖန် ဗိုလ်တစ်ထောင်လမ်းနားမှာ အိပ်ချင်အိပ် တယ်တဲ့။ ဘယ်သူနဲ့ ရန်ဖြစ် လို့ ဘယ်နေရာ မူးလဲအိပ် လို့ အချုပ်ခန်းကိုလည်းရောက်တတ်တယ်။ မိခင်ဖြစ်တဲ့ ဒေါ်မမလေးက အမြဲလို အချုပ်ခန်း လိုက်ပြီး အာမခံ ရတာလည်း မနည်းဘူးတဲ့။ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို မကျေနပ်လို့ အိမ် ကို ပုန်ကန်တာဖြစ်မယ် ထင်တယ်။

ကိုမိုးဟိန်း ကတော့ လူအေးတစ်ယောက် တရားသမားတစ်ယောက်။ နောက်ပိုင်းမှာ သက်သက်လွတ် စားပြီး ရာသက်ပန် ရှစ်ပါးသီလစောင့်ထိန်းသူ တစ်ယောက်ဖြစ်တယ်။ ဆေးမသောက်၊ ကွမ်းမစား၊ အရက် မသောက် ဘဲ လက်ဖက်ရည် လောက်သာသောက်သူ။ အခုနောက်ပိုင်းမှာ သက်သက်လွတ် စားလို့ လက်ဖက်ရည် လည်း ဖြတ်လိုက်တယ်။ ဒီကြားထဲက သူ့ခမျာ လည်ချောင်း ကင်ဆာ ဖြစ်ပြီး ကျန်းမာရေး အခြေ အနေ ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ ဂျာနယ်ကျော်မမလေးသာရှိရင် သားဖြစ်သူ မိုးဟိန်း ကို အခုလို မဟုတ်ဘဲ သူကိုယ်တိုင်ဆေးကုမှာ သေချာတယ်။ လည်ချောင်း ဓာတ်ကင်ကာကို  သူ လုံးဝ ခွင့်ပြု မှာ မဟုတ်ဘူး။

၁၉၆၉ ခုနှစ် ကုန်ခါနီး မိမိအင်းစိန်ထောင်က ပြန်ရောက်လာတယ်။ ကိုမိုးဟိန်းရှိရာ အနော်ရထာလမ်းမှရှိတဲ့ သီဟ ရတနာ ပုံနှိပ်တိုက်ကို ကဗျာဆရာလင်းသူနဲ့ မကြာမကြာ ရောက်တတ် တယ်။ ဂျာနယ်ကျော် မမလေး ရဲ့ ဆေးခန်းနဲ့ ပုံနှိပ်တိုက်မှာ သူကအထွေထွေလုပ်သမား။ တံမြက်လှည်းတာအစ မိခင်ဖြစ်သူ စာရေးတာ အဆုံး လုပ်ပေးရတယ်။ 

ဂျာနယ်ကျော်မမလေးက ဆေးခန်းထိုင်ရင်း စာရေးချင် ရေးတယ်။ သူ့ပါးစပ် က ပြောသွားတာကို နောက်က လိုက်ရေး ပေးရတဲ့ အလုပ်ပါပဲ။ အဲဒီဆေးကုခန်းရဲ့ အထက် မှာ သီဟရတနာ တိုက်က ထုတ်တဲ့ စာအုပ် တွေထားတဲ့ ထပ်ခိုးလေးရှိတယ်။ ဒေါ်မမလေးက အဲဒီ တုန်းက ဖျတ်ဖျတ် လတ်လတ်နဲ့ ကျန်းမာရေး ကောင်းနေတဲ့ အချိန်။ ကိုမိုးဟိန်းဆီက ရောက်သွားတဲ့အခါ သူရှိ နေရင် မိမိတို့ကို နှုတ်ဆက် အပြုံးလေးတစ်ချက် ပြုံးပြပြီး သူ့နဲဂို အနေအတိုင်း ပြုံးတာကို တွေ့ခဲ့ရပြီး မျက်နှာထား တည်တည် နဲ့ပဲ တွေ့ရ တတ်တယ်။ မိမိအနေနဲ့ ကျေင်းအုပ် ဆရာမကြီး ရှေ့ တပည့် တစ်ယောက် ရောက်သွား သလိုမျိုး ခံစားရတယ်။

    အဲဒီအချိန်က မိမိက ပန်းဆိုးတန်းလမ်းမမှာ စာအုပ်ဟောင်းရောင်းနေတဲ့ကာလ။ စာအုပ်အင် အားနည်း လာတဲ့အခါ ကုလားပေါ်တဲ့ဆိုင်တွေမှာ လိုက်ရှာရတယ်။ တစ်ခါတစ်ရံ အိမ်တွေမှာ လိုက်ဝယ် ရတယ်။ ၀ယ်ဖို့အခက်အခဲရှိရင်တော့ အပေါင်းအသင်းတွေဆီ အကူအညီတောင်းရတယ်။ တစ်ခါမှာတော့  ကိုမိုးဟိန်းရှိရာ သီဟရတနာပုံနှိပ်တိုက်ကို ရောက်သွားတယ်။သူ့မိခင် ဂျာနယ်ကျော် မမလေးလည်းမရှိဘူး။ 
မိမိက စာအုပ်ဆိုင်အခက်ခဲကို ပြောပြပြီး သူ့ဆီကစာအုပ်တွေတောင်းရတယ်။ သူကထပ်ခိုးပေါ်က စာအုပ်ထုပ် တွေထဲက ကြိုက်တဲ့စာအုပ်တွေယူခိုင်းတယ်။ မိမိလည်း ထပ်ခိုးပေါ် တက်သွားပြီး စိမ်ပြေ နပြေ စာအုပ်တွေ ရွေးနေတယ်။ ဂျာနယ်ကျော်မမလေးတဲ့ ၀တ္ထုတွေ။ နောက်ပြီး ပုဂ္ဂလပညတ် ဓာတ်ဆေးကျမ်း စတဲ့ စာအုပ်တွေ စိတ်။ သူမ ၀တ္ထုနောက်မုန်း၍မဟူ။ ရင်နင့်အောင်မွှေ်းနဲ့ အဖြူဝတ္ထု စာအုပ်။ သူလိုလူ၊ သွေး စတဲ့ စာအုပ်တွေ။ သူလို လူစာအုပ်ကတော့ ခုနှစ်ကြိမ်အထိ ပြန်ရိုက်ရတဲ့ စာအုပ်ပါ။

မိမိထပ်ခိုးလေးပေါ်မှာ စာအုပ်တွေရွှေးကောင်းနေချိန်။ အောက်ထပ်ကို ဂျာနယ်ကျော်မမလေး ပြန်ရောက် လာတယ်။ ကိုမိုးဟိန်းကလည်း မိမိကို လှမ်းခေါ်ဖို့အချိန်မရလိုက်ဘူး။ ဒေါ်မမလေးမပြန် မချင်း ထပ်ခိုးပေါ် မှာ ချွေးတလုံးလုံးနဲ့ တစ်ချိန်လုံးစောင့်နေရုံကလွဲလို့ ဘာတတ်နိုင်မှာလဲ။ ညနေဆေးခန်းပိတ်ချိန် သူပြန်သွား တော့မှ ထပ်ခိုးပေါ်က ဆင်းခဲ့ရတယ်။ကိုမိုးဟိန်းက တိုက်ပိတ်ပြီးမှ ပြန်ရလို့တော်သေးတယ်။

နောက်ပိုင်း ဒေါ်မမလေးတစ်ယောက် ဘောက်ထော်က အိမ်ဟောင်းနေရာမှာ ကျိုင်းတုံမဟာဒေ၀ီ ရဲ့ ဟော်နန်း ပုံစံ အတိုင်း သူ့ အိမ်ကိုဆောက်လုပ်တယ်။ ဆရာမြသန်းတင့်က သူ့စာအုပ်မှာ "ထိုအိမ်ကို ပြောင်းပြီး နောက်ပိုင်းတွင် ဂျာနယ်ကျော်မမလေးတွင် မျှော်မှန်းချက်တွေ၊ စိတ်ကူးတွေ၊ ရည်မှန်းချက်တွေ လျော့နည်း သွားဟန်တူပါသည်။ ခါတိုင်းလောက် တက်တက်ကြွကြွ သူ့မှာ မရှိတော့သည်ကို ကျွန်တော် သတိပြု မိပါသည်။" လို့ ရေးထားတယ်။

ဂျာနယ်ကျော်မမလေးတစ်ယောက် အလုပ်ပန်ပင်းတာ တစ်ဖက်၊ သားသမီးတွေအတွက် ပူပန်ရတာ တစ်ကြောင်း မို့ နောက်ပိုင်းမကျန်းမာလို့ သူ့ဆေးခန်းကိုတောင် မလာတော့ဘဲ သူ့ဆေးခန်း နဲ့သူ သူ ကိုယ်တိုင် သမားတော်လုပ်ပြီး ကိုယ့်ကိုကိုယ် ကုသနေတယ်။

ဟို တစ်ချိန် သူဆေးလိပ်အသောက်များလို့ တီဘီရောဂါဖြစ်တာလည်း သူ့ရဲ့မြန်မာဆေးနဲ့ပဲကုသ တယ်။ နောက်ဆုံး သူ့မြန်မာဆေးနဲ့ပဲ  သူ့ရောဂါပျောက်သွားခဲတယ်။အခုလည်း သူ မမာမကျန်းဖြစ် နေတာကို ဘယ်သူ မှ မသိစေပဲ သူ့ဟာသူပဲ ကုသနေတယ်။ မိတ်ဆွေသူငယ်ချင် စာရေးဆရာတွေ အင်္ဂလိပ် ဆေးပြောင်း ကု ဖို့ ပြောရင် လက်မခံတာမို့ သူလည်းစိတ်မချမ်းသာ ကျန်သူလည်းစိတ်ဆင်း ရဲမှာမို့ သူ နေမကောင်း ဖြစ်တာကို ဘယ်သူ့ကိုမှမပြောဘူး။ ဒီလိုနဲ့ ကိုယ် ကိုယ်တိုင် ကိုယ့်ဆေးနဲ့ကိုယ် ကုသနေရင်း က ကွယ်လွန် သွားခဲ့ရှာတယ်။

တကယ်တော့ စာရေးဆရာကြီး ဂျာနယ်ကျော်မမလေးဟာ သူယုံကြည်မြတ်နိုးလေးစားခဲ့တဲ့ နေလခေါ်တဲ့ အပူနဲ့ အအေးတတ်အလေးထားပြီး ကုသတဲ့ ဓာတ်စာနဲ့ ဆေးဝါးတွေနဲ့ လူအများကိုလည်း ကုသသည်။ သူ ကိုယ်တိုင် နာမကျန်းဖြစ်တော့လည်း ယုံယုံကြည်ကြည်ကုသပြီး သေဆုံးသွားခဲ့တာမို့ ဂုဏ်ယူ လေးစား ဖွယ် ကောင်းတဲ့ ဆေးဆရာမကြီးတစ်ဦးအဖြစ်မှတ်တမ်းတင် လိုက်ရပါတယ်။

စာရေးသူ - ညွှန့်သစ်
ပိတောက်ပွင့်သစ် မဂ္ဂဇင်း ဂျူလိုင် ၂၀၁ဝ
.
>>>ဆက်ဖတ်ရန်>>> >>

ကြယ်နီ အပိုင်း (၂၀)

(၄)

ကိုဒေါင်းစိန်သည် နေ့လယ်နေ့ခင်း တရေးတမော အိပ်စက်နေရာမှ ငိုရှိုက်သံတစ်ခုကြောင့် လန့်နိုး လာသည်။ သူသည် အိပ်မက် မက်နေသလိုလို ကြောင်တောင်တောင် ဖြစ်နေရာမှ ငိုရှိုက်သံကို ပီပီ သသပင် ကြား နေရသဖြင့် ရုတ်တရက် မျက်လုံးကို ဖွင့်လိုက်၏။ အလို ... ကိုလူမောင်၏ မိန်းမ မဖွားသက်သည် မယ်စိန် ၏ အနီးတွင် ထိုင်ကာ ငိုရှိုက်နေပါကလား ... ဘာများ ဖြစ်လို့ပါလိမ့်။
' ငိုမနေပါနဲ့ ဖွားသက်ရယ်၊ ဖြစ်သမျှအကြောင်း အကောင်းချည်းသဘောထားပြီး ကြိတ်ခံလိုက်ပါတော့၊ ကြိတ်မခံဘဲ ထ ဆူလိုက်မယ် ဆိုရင်လည်း လူတကာ သိပြီး ကိုယ်ပဲ အရှက် ကွဲရမှာပဲ '
မယ်စိန် က မဖွားသက်ကို ဖျောင်းဖျနှစ်သိမ့်လိုက်သည်။ သည်စကားကို ကြားလိုက်ရသော ကိုဒေါင်းစိန်၏ ရင်ထဲ၌ လည်း ဒိတ်ခနဲ ဖြစ်သွားသည်။ အလို ... ကြိတ်သာ ခံလိုက်ပါတဲ့၊ ကြိတ်မခံဘဲ ထ ဆူလိုက်မယ် ဆိုရင်လည်း လူတကာသိပြီး ကိုယ်ပဲ အရှက်ကွဲရမယ် ဆိုပါကလား။ ဖွားသက်ကို ဘယ်သူကများ စော်စော် ကားကား ပြုလုပ်လိုက်ပါလိမ့်။

' လူတွေ သိပြီး အရှက်ကွဲမှာစိုးလို့ မြုံခံလာတာပေါ့ မယ်စိန်ရယ်။ အဲဒီလို မြုံခံလေလေ သူက ပိုကဲလေ ဖြစ်နေတော့ ကျုပ်လည်း ဘယ်လိုမှ မကြံတတ်အောင် ဖြစ်နေတာပဲ '
ပြောပြော ဆိုဆိုနှင့်ပင် မဖွားသက်က ငိုရှိုက်လိုက်ပြန်၏။ ကိုဒေါင်းစိန်မှာလည်း ငိုင်တွေနေရင်းမှ သူမ၏ စကား များကို အဓိပ္ပာယ် မကောက်နိုင်ဘဲ ရှိနေ၏။ ထို့ကြောင့် သူက ' အဟမ်း' ဟု ချောင်းဟန့်သံ ပေး လိုက်ပြီး နောက် ' ဘာဖြစ်လို့လဲဗျ မဖွားသက်ရ' ဟု တစ်ဆက်တည်းပင် မေး လိုက်ရ၏။

မဖွားသက်၏ ငိုရှိုက်သံမှာ ရုတ်တရက် တိတ်ဆိတ်သွား၏။ ကိုဒေါင်းစိန်ကို လှည့်မကြည့်ဘဲ မယ်စိန်ကိုသာ လှမ်းကြည့်ကာ အပြောရခက်သလို နှုတ်ထွက်လေးနေ၏။ ထို့ကြောင့် စိတ်မြန်လက်မြန်ဖြင့် လျှာသွက် လှသော မယ်စိန် က မဖွားသက်အစား ၀င်ဖြေလိုက်၏။

' တော့်သူငယ်ချင်း ကိုလူမောင်ပေါ့တော်၊ တိတ်တိတ်ပုန်း ဘိန်းစားနေလို့တဲ့တော့်၊ ဘိန်းစားနေလို့ တဲ့၊ တော် တို့ ယောက်ျားတွေဟာ တစ်ယောက်မှ မကောင်းပါဘူး။ အိမ်က မိန်းမတွေမှာဖြင့် ဘယ်လို နေရထိုင်ရတယ်၊ အိမ် အတွက် ဘယ်လောက်ပူရတယ် ဆိုတာကိုတော့ သူတို့ဘာမှ ဂရုမစိုက်ဘူး။ တစ်ဆိတ်ရှိ ဘိန်းစား ချင် ရတာနဲ့၊ အရက်သောက်ချင်ရတာနဲ့၊ အလေလိုက်ချင်ရတာနဲ့။ တချို့များ အရက်မူးပြီး အိမ်က မိန်းမ ကိုတောင် ပါးနားရိုက်ပြီး ရမ်းလိုက် ချင်သေးတယ်။ အင်း ... အကြောင်းသိရအောင် မယ်စိန်တို့ လာစမ်းကြည့်ပါလား၊ တစ်ခါတည်း ဆွေမျိုးမေ့သွားအောင် လုပ်ပစ်လိုက်မယ် '
မယ်စိန်က နှုတ်ခမ်းကိုမဲ့ရွဲ့၍ ပြောနေရာမှ ပြောရင်းပြောရင်း ဒေါသထွက်လာသလို ဒေါနှင့်မောနှင့် ဖြစ်လာကာ နောက်ဆုံး  ' နောက်ဆုံး ' နောက်ဆုံးမေ့သွားအောင် လုပ်ပစ်လိုက်မယ်' ဟူသော စကား အရောက်တွင်မူ အံကို ကြိတ်လိုက်၍ တစ်စုံတစ်ခုကို ဆုပ်ကိုင်သလို အမူအရာမျိုးဖြင့် ဖြန့် ထားသော လက်ဝါး နှစ်ဖက်ကို မာန်ပါပါ ဆုပ်လိုက်ပြီးနောက်၊ တအား ဆောင့်ဆွဲသလို အမူအရာမျိုး ကိုပါ လုပ်ပြ လိုက်ရာ ကိုဒေါင်းစိန်ပင် ကြက်သီးထ၍ ကျောချမ်းသွားမိ၏။

' မင်းကလည်းကွာ ကိုလူမောင်တစ်ယောက် ဘိန်းစားတာနဲ့ ယောက်ျားတွေ အကုန်လုံး ၀ါးလုံးရှည်ကြီးနဲ့ လျှောက်ယမ်း မနေစမ်းပါနဲ့'
သူက ဣနြေ္ဒဆည်၍ မယ်စိန်အား ခပ်တည်တည် ဟန့်လိုက်၏။ ဤသို့ ဟန့်လိုက်ခါမှ မယ်စိန်မှာ ပို၍ ဒေါသ ထွက်သွားသလို ရှူးရှူးရှားရှား ဖြစ်လာပြန်ကာ -
' အောင်မယ်၊ တော်က တော့်ကိုယ်တော် လူကောင်းလို့ ပြောချင်တာပေါ့လေ။

ဟင်း တော်လည်း ကျပ်ကျပ်ကြီး သတိထားလိုက်ပါ၊ ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်နဲ့ တော်မပါတဲ့နေရာ တစ်ခု မှ မရှဘူး။ သတ္တိရှိရင် အဲဒီ ဘိန်းစားတဲ့ နေရာမှာလည်း တော် ၀င်ပါကြည့်စမ်းလေ၊ မယ်စိန်တဲ့ တစ် စိန်တည်း ရှိတယ်၊ တစ်ခါတည်း ထဘီအလံ ထူပြလိုက်မယ်။ ဘာမှတ်သလဲ '
ဆိုလေ ကဲလေ၊ မန်းလေ ပြဲလေ ဆိုသလို သူက ဟန့်လိုက်ခါမှ မယ်စိန်ပိုကဲလေသဖြင့် သူသည် ခပ်တည်တည် လုပ်ထားသော မျက်နှာကို တစ်ပတ်လောက် ပြန်၍ လျှော့ချလိုက်ရ၏။ သူ့၌ အပြစ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မယ်စိန်အား ကြမ်းလို့မရ၊ ချော့မှသာ ဖြစ်မည်ကို သူ သိသဖြင့် တည်ထားသော မျက်နှာ ကို လျှော့ချလိုက်ကာ ပြုံးဖြဲဖြဲကြီး လုပ်နေလိုက်ပြီးနောက် -
' အဟီး မင်းကလဲကွာ၊ ငါ ဒီလောက်တောင် မိုက်တဲ့ လူတစ်ယောက်မဟုတ်ပါဘူး၊အဲဒီဘိန်းကို မင်းမုန်း တာထက် မပိုတောင် မင်းလောက်တော့ ငါလည်း ရွံမုန်းကြီးပါကွာ။

စိတ်သာချနေ မယ်စိန်ရေ၊ မင်းလင်ကို ဘယ်တော့မှ ဘိန်းစားဆိုတဲ့ အမည်ဆိုးကြီးနဲ့ အခေါ်မခံရစေဘူး၊ မင်းကိုလည်း ဘယ်တော့မှ ဘိန်းစားမယားလို့ တစ်ဖက်သားက နှိမ့်နှိမ့်ချချ ပုတ်ခတ်ခံရအောင် ငါ မလုပ် ပါဘူးကွာ '
ကိုဒေါင်းစိန်သည် မယ်စိန်အား စိတ်အားထက်သန်စွာ ကတိပေးစကားပြောကြားလိုက်ပြီးနောက်မှ သူ့ စကား မှာ မယ်စိန်အား စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်သော်လည်း မဖွားသက်အဖို့မှာမူ အတော် ကလေး အခံရ ခက်သားလောက်အောင် အရုပ်ဆိုးနေကြောင်း သတိထားလိုက်သဖြင့် မဖွားသက် အား အားတုံ့ အားနာဖြင့် ပြန်ကြည့်လိုက်ရာ၊ မဖွားသက်မှာ သူ့စကားကြောင့် ပို၍ ရှက်သွားသလို ခေါင်းကို ငုံ့ထားကာ မျက်ရည် ကိုသာ ဒလဟော သွန်ချနေ၏။ မဖွားသက်မှာ မယ်စိန်လို စိတ်ကြမ်း ကိုယ်ကြမ်း မဟုတ်သဖြင့် အရေး တစ်စုံတစ်ရာ ကြုံလာလျှင် သူမ၏ အားကိုးရာမှာ မျက်ရည်သာ လျှင် ဖြစ်၏။ ထို့ကြောင့်ပင် ကိုဒေါင်းစိန် မှာ မဖွားသက်အား အားနာနေရုံမျှမက အကြီးအကျယ် ကရုဏာ သက်ရောက်သွားမိသဖြင့် အားပေး စကား ကို စိတ်ရောကိုယ်ပါ ပြောကြားလိုက်ရ၏။
' အို မဖွားသက်ရယ်၊ ဘာမှ အားမငယ်ပါနဲ့ဗျာ၊ ကျွန်တော် တစ်ယောက်လုံး ရှိပါသေးတယ်၊ ကိုလူ မောင်နဲ့ ကျွန်တော်ဟာ ပြောမနာ ဆိုမနာဖြစ်အောင် ရင်းနှီးတဲ့ ငယ်ပေါင်း သူငယ်ချင်းတွေပါ။ အခု အချိန်မှာ ဘိန်းစားသက်နုနယ်တုန်းမို့ ကျွန်တော် အကျိုးအကြောင်း ပြောပြရင် ရနိုင်ပါလိမ့်မယ်။ ခင်ဗျားဘာမှ မပူပါနဲ့၊ အေးအေးသာနေ၊ သူ ဒီဘိန်းစားဘ၀က ကျွတ်အောင် မရမနေ ကျွန်တော် ကြိုးစားမယ် '

သူ အားပေးစကား ပြောကြားလိုက်မှ မဖွားသက်မှာ သက်သာရာ ရသွားသလို မျက်ရည်ကိုသုတ်၍ မပူရုပ် ဆောင်လိုက် ပြီးနောက် -
' ဟုတ်ကဲ့ ကျွန်မလည်း ရှင်တို့ကိုသာ အားကိုးတာပါပဲရှင်၊ ကျွန်မ ကိုယ်တိုင် သူ့ကို အကျိုးအကြောင်း ပြောပြ မယ်လို့ ကြံစည်သေးတယ်၊ ဒါပေမဲ့ ပြောလို့ကို မထွက်ဘူး၊ ပြောရမှာ ရှက် နေတယ်။ သူလည်း ကျွန်မကို အားနာပြီး ရှက်ရှာတယ် ထင်ပါရဲ့၊ အဲဒီဘိန်းစားတဲ့ အချိန်ကစပြီး ကျွန်မကို ရဲရဲမကြည့်ဝံ့ရှာဘူး။ တတ်နိုင် သလောက် မျက်နှာချင်း မဆိုင်မိအောင် ရှောင်နေတယ် '
' ကဲခင်ဗျား စိတ်အေးအေးသာထားပြီး အိမ်ပြန်ပေတော့၊ ကျုပ် သူ့ကို မရ ရအောင် ကြိုးစားပြောပြ မယ်။ အိုဗျာ ရရမယ်ဗျာ၊ ကျုပ် ပြောရင် သူ နားထောင်ရမယ် '
ကိုဒေါင်းစိန် ၏ စကားကြောင့် မဖွားသက်လည်း စိတ်လက်ပေါ့ပါးသွားကာ သူ့အိမ်သို့ ပြန်သွား ရှာတော့၏။

(၅)

ညနေချမ်း အချိန်သို့ ရောက်ခဲ့ပေပြီ။ ဒီအချိန်ကို အရက်သမား ဝေါဟာရအားဖြင့် အပုပ်ချိန်ဟု ခေါ် ကြသည်ဖြစ်ရာ အပုပ်ချိန်မို့လည်း အရက်သမားများ၏ မူးယစ်ရမ်းကားစွာ ဆဲဆိုကြုံးဝါးသံ၊ မကြား ၀ံ့ မနာသာ တိုင်းထွာရေရွတ်သံ၊ အရက်သမားချင်း လုံးထွေးသတ်ပုတ်နေကြ၍ နီးစပ်ရာ လူများ၏ ဟစ်အော် တားဆီး ဖျန်ဖြေသံများကိုလည်း အဆက်မပြတ်အောင် ကြားနေရသည် ဖြစ်၏။ ကိုဒေါင်း စိန်သည် သူ့အိမ်ကလေး ၌ ထိုင်ကာ ငရဲသားများလို မြင်မကောင်း ရှုမကောင်း ဖြစ်နေသော အရက်မူးသမားများကို စိတ်ပျက်စွာ ကြည့်ရှုရင်း သူ့တာဝန်ကို သူ သွားသတိရလိုက်၏။ ဒီအချိန်မှာ အပုပ်ချိန်မို့ အရက်မူးသမား များပင်မက ဘိန်းစားများလည်း ဘိန်းဆိုင်၌ နတ်စည်းစိမ်ကို ခံစားနေ သောအချိန်ဖြစ်ရာ၊ ယခုချိန်တွင် အောင်သိန်း ၏ ဘိန်းဆိုင်သို့ လိုက်သွားပါက ကိုလူမောင်ကို မလွဲ မသွေ တွေ့ရပေမည်။

သူသည် ဆိုင်းငံ့နေခြင်း မရှိဘဲ ချက်ချင်းပင် ထ ကာ အောင်သိန်း၏ ဘိန်းဆိုင်ရှိရာ ရွာဖျားသို့ ထွက်လာခဲ့၏။ အချို့ ဘိန်းစားများမှာ ဘိန်းဆိုင်သို့ အထင်ကရ လာရောက် စားသောက်ကြသော် လည်း၊ အချို့ ဘိန်းစားများမှာမူ ဘိန်းကလည်း စားချင်၊ လူသိမှာလည်း စိုးရွံ့သောကြောင့် တိတ် တိတ်ပုန်း လာရောက် စားသောက် ကြသော ဘိန်းပုန်းစားများဖြစ်ရာ ဤအချက်ကို အကဲခတ်မိ သောအောင်သိန်းက ဘိန်းဆိုင်ကို လူသူ ကင်းဝေးရာ ရွာဖျား၌ တည်ဆောက်ထားခြင်းဖြစ်သည်။ သူသည် ခေါင်းကို ငုံ့၍ စိုက်စိုက် စိုက်စိုက်နှင့် လျှောက်နေ၏။ သို့လျှောက်နေရာမှလည်း ကိုလူ မောင်အတွက်ရော မဖွားသက်အတွက်ပါ စိတ်မကောင်း ဖြစ်နေ မိ၏။ သူတို့ရွာမှ ရိုးသားသော သူများသည် တစ်ယောက်ပြီး တစ်ယောက် အောင်သိန်း၏ ဘိန်းဆိုင်သို့ ရောက်ကာ ဘိန်းစားဘ၀ သို့ ကူးပြောင်းကုန်ကြ၏။ ဤဘိန်းဆိုင်သာ မရှိရင်တော့ ဘယ်သူ မှလည်း ဘိန်းစားဘ၀သို့ ရောက် ကြမည် မဟုတ်။

သူသည် အတွေးပေါင်းစုံဖြင့် လျှောက်လာရာမှ ကိုလူမောင်အား မည်သို့ မည်ပုံ ဖျောင်းဖျပြောဆိုရ မည်ဆိုတာကိုလည်း စဉ်းစားကြံစည်လာ၏။ တစ်ခဏမျှ လျှောက်မိ၍ သူ ခေါင်းမော်ကြည့်လိုက် သောအခါ ရွာဖျားကို လွန်၍ အောင်သိန်း၏ ဘိန်းဆိုင်ရှေ့သို့ပင် ရောက်ရှိနေကြောင်း သိရတော့၏။ ဘိန်းဆိုင်ကား ခမ်းခမ်းနားနားတော့ မဟုတ်လှ။ ဆောင်းဦးပေါက်၍ မြေများ ခြောက် သွေ့နေပြီဖြစ်သဖြင့် ထိုမြေကြီးပေါ် တစ်ဖက်ရပ် တဲကလေးထိုးကာ ဘိန်းခန်း ပြုလုပ်ထားခြင်းဖြစ် သည်။ အချိန်ကား နွားရိုင်းသွင်းချိန် ရီတမှောင်ကလေး ဖြစ်သည်။ ဘိန်းခန်း ပြုလုပ်ထားသော တစ်ဖက်ရပ် တဲကလေးအတွင်း၌ကား ရေနံဆီ မီးခွက်၏ ဖျော့တော့သော အလင်းရောင်သည် လေလှုံ့သဖြင့် လှုပ်ရှားလျက် ရှိနေသည်။ ကိုဒေါင်းစိန်သည် တဲအတွင်း သို့ ၀င်ရမည်ကိုပင် ကိုယ့် လိပ်ပြာကိုယ်မလုံဘဲ မရဲတရဲ ဖြစ်နေသဖြင့် တဲရှေ့၌ စုံရပ်နေမိ၏။

နောက်ဆုံး၌ ကိုယ့်စိတ်ကို အားပေးကာ ရဲဆေးတင်ပြီး တဲတွင်းသို့ ၀င်လာခဲ့၏။ တဲတွင်းသို့ ရောက် သော်လည်း လမ်းမမှ မမြင်နိုင်ရန် ကျူထရံကာထားသော တစ်ဖက်ထောင့်ခန်းထဲ၌ ဘိန်းစားများ ရှိ နေမည်ကို စိတ်တွင်းမှ သိလျက်နှင့်ပင် ရုတ်တရက် မကြည့်ရဲဘဲ ရှိနေ၏။ ဤနေရာသို့ လှမ်းကြည့် မည်ဟု စိတ်တင်းလိုက်တိုင်း ရင်ထဲမှာ တဒိတ်ဒိတ် ခုန်နေ၏။ သူသည် မျက်စိကို စုံမှိတ်လိုက်၍ ဘိန်းစားများ ရှိနေရာဘက်သို့ သူ့ကိုယ်ကို ဆတ်ခနဲ လှည့်လိုက်ပြီးနောက် မျက်လုံးကိုလည်း ဖျတ်ခနဲ ဖွင့်လိုက်၏။ ပထမဆုံး မြင်မိသည်မှာ ရေနံဆီမီးခွက်မှ မီးတောက်ဖြစ်၍ တဖြည်းဖြည်းနှင့် မျက်စိ ကျင့်သား ရလာမှသူ့ရှေ့ရှိမြင်ကွင်းမှာ ကြည်လင်စွာ ပေါ်လာတော့သည်။

ကောက်ရိုးခင်းထားသော ဘူမိကမ္ဗလာ မြေမွေ့ရာထက်၌ မီးခွက်ကို အလယ်ထားပြီး အုတ်ခဲကို ခေါင်းအုံးကာ မျက်နှာချင်းဆိုင် လျောင်းစက်နေသော လူနှစ်ယောက်။ တစ်ယောက်မှာ လျောင်းစက်ရာမှပင် သံချောင်း တစ်ချောင်း၏ အဖျား၌ ဘိန်းလုံးကလေးကို ထိုးသွင်းကာ မီးခွက်မှ အဆီပြန်လာသည်နှင့် တစ်ချိန်တည်း ဆိုးဝါးသော အနံ့အသက်များသည် ကိုဒေါင်းစိန်၏ နှာခေါင်းတွင်းသို့ တိုးဝင်လာ၏။ သူသည် အော်ဂလီ ဆန်သွားသော်လည်း ကြိုးစား၍ ခံယူကာ စိတ်ဝင်စားစွာဖြင့် ဆက်လက်ကြည့်ရှုနေ၏။

ထိုသူသည် အဆီပြန်နေသော ဘိန်းလုံးကလေးကို သံချောင်းမှ ပြန်ဖြုတ်၍ ယွန်းခွက်တစ်ခုထဲ၌ လှီးဖြတ်ထားသော ကွမ်းရွက်များနှင့် ရောနယ်လိုက်ပြီးနောက် ထိုကွမ်းရွက်များကို သံပြားငယ်တစ်ခုထဲသို့ ဖြန့်ထည့်ကာ မီးပေါ်ဝယ် ကင်ပြန်၏။ ကွမ်းရွက်များ နွမ်းသွား၍ ခြောက်သ လောက်ရှိခါမှ ရုပ်သိမ်းလိုက်ကာ ထိုကွမ်းရွက်ခြောက်များကို အလုံးကလေးများ ပြုလုပ်နေ၏။ တစ်လုံး ... နှစ်လုံး ... သုံးလုံး ...။
ထိုသူသည် လျောင်းစက်နေရင်းမှ ဤသို့ ပြုလုပ်နေခြင်းဖြစ်ရာ သူ့မျက်လုံးများမှာလည်း သူ ပြုလုပ် နေသော ကွမ်းရွက်ခြောက်ကလေးများ၌သာ မက်မောစွာ စူးစိုက်ထား၏။ ကိုဒေါင်းစိန်၏ မျက်စိများ သည် ထိုသူ့ထံမှ ခွာခဲ့ကာ ထိုသူနှင့် မျက်နှာချင်းဆိုင်၌ လျောင်းစက်နေသော သူထံသို့ စူးစိုက်လိုက်၏။

အား ... ကိုလူမောင်။
မှန်သည်။ သူ့ချစ်ဆွေ ကိုလူမောင်ပင်ဖြစ်သည်။ ကိုလူမောင်သည် ၀ါးဖြင့် ပြုလုပ်ထားသော ဘိန်းပြောင်းကို ပါးစပ်၌ တပ်ထားကာ သူနှင့် မျက်နှာချင်းဆိုင်၌ ရှိနေသူ၏ လက်ထဲမှ ကွမ်းရွက်လုံး ကလေးကိုသာ တပ်မက်စွာ ကြည့်ရှုရင်း ပြင်းစွာသော အာသာဆန္ဒဖြင့် ငံ့လင့်နေ၏။ သူတို့နှစ်ဦးစလုံး၏ အာရုံမှာ ဘိန်းဆီဖြင့် ရောနယ်ထားသော ကွမ်းရွက်လုံးကလေး၌သာ ၀င်စားနေ၍ ပတ်ဝန်းကျင်ကို လုံးဝ လျစ်လျူ ရှုထားဟန် တူပါ၏။

ကိုဒေါင်းစိန်၏ ရင်ထဲ၌ကား တလှပ်လှပ်ဖြစ်လာကာ လှိုက်လှိုက်လှဲလှဲ ရှိလှသော ဝေဒနာတစ်မျိုးကို မသက်မသာ ခံစားနေရ၏။ သို့သော် သူသည် စိတ်ကိုငြိမ်အောင် ထိန်းသိမ်းလိုက် ပြီးနောက် တစ်စုံတစ်ရာမျှ မပြုဘဲ ဆက်လက်၍သာ စူးစိုက်ကြည့်ရှုနေ၏။

ကိုလူမောင်၏ ဘိန်းပြောင်း၌ တပ်ဆင်ထားသော ဘိန်းခွက်ထဲသို့ ဘိန်းဆီဖြင့် ရောနယ်သော ကွမ်းရွက်လုံးကလေး ရောက်ရှိလာချေသည်။ တစ်ဖက်မှ လူသည် တုတ်ချောင်းကလေးတစ်ချောင်း ကို မီးခွက် မှ မီးတောက်ဝယ် တို့လိုက်ပြီးနောက် ထိုတုတ်ချောင်းမှ မီးတောက်နှင့်ပင် ကွမ်းရွက်လုံး ကလေးကို ရှို့ပေးလိုက်ရာ၊ ကိုလူမောင်သည် ဘိန်းပြောင်းကို လောဘတကြီးနှင့် အတင်းရှိုက်သွင်း လိုက်ပြီးနောက် မျက်လုံးများကိုလည်း မှေးထား၏။ သြ ... ' ကွမ်းပုံ' ရှူတယ်ဆိုတာ ဒါပဲ ထင်ပါရဲ့။

ရှိုက်သွင်းလိုက်သော ဘိန်းငွေ့များကို အတန်ကြာအောင်ပင် အသက်အောင့်ကာ ရပ်နားထားလိုက် ပြီးနောက်မှ နှာခေါင်းမှရော၊ ပါးစပ်မှပါ တဖြည်းဖြည်း ပြန်ထုတ်နေ၏။ အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းနေသလိုလို။
ဘိန်းခန်းထဲမှာတော့ ဘိန်းငွေ့များ တလူလူတက်နေ၏။ ကိုဒေါင်းစိန်သည် ကြည့်ရင်းပင် ရင်နာ လာသဖြင့် ကိုလူမောင်ထံမှ သူ့မျက်လုံးကို ရုပ်သိမ်းလိုက်ကာ တလူလူတက်နေသော ဘိန်းငွေ့များနောက်သို့ သူ့မျက်လုံး ကို လွှတ်လိုက်၏။ သက်ငယ်ဖြင့် မိုးထားသော အမိုးသို့ ရောက် သောအခါ သူ့မျက်လုံးမှာ တန့်ရပ် သွား၏။ အို သက်ငယ်မိုးမှာတော့ တလူလူတက်လာသော ဘိန်းငွေ့များကို အရသာခံ ရှူရှိုက် နေဟန်ဖြင့် အိမ်မြှောင်တစ်ကောင် မလှုပ်မယှက် ငြိမ်သက်လျက်။

သူ့မျက်လုံးများမှာ သည်အိမ်မြှောင်ကလေးကိုသာ စိတ၀င်စားစွာ စူးစိုက်ထား၏။ အိမ်မြှောင်ကလေးသည် ထိုနေရာမှ မခွာဘဲ တက်လာသော ဘိန်းငွေ့များကိုသာ အရသာခံ၍ ရှူ ရှိုက်နေ၏။ အချိန်က တရွေ့ရွေ့ သွားနေသည်။ အိမ်မြှောင်ကလေးကတော့ နေမြဲ။ ဟောဗျ၊ အိမ်မြှောင်ကလေးသည် သက်ငယ်မိုးမှ အောက် သို့ ဖုတ်ခနဲ ကျလာပါပြီကော။ ဘိန်းမူးသွားရော့ထင့်။

(၆)

' အား ... ဒေါင်းစိန် '
ဘိန်းစားတို့၏ နတ်စည်းစိမ်ကို အိမ်မြှောင်တစ်ကောင်က နှောင့်ယှက်ဖျက်ဆီးလိုက်သဖြင့် နတ်ပြည်သို့ ရောက် နေသော ဘိန်းစားများသည် လူ့ပြည်သို့ ပြန်ရောက်လာ၏။ သည်တော့မှ သူတို့တစ်တွေ ပတ်ဝန်းကျင် ကို သတိထားကြည့်ရှုမိရာ ကိုလူမောင်သည် ကိုဒေါင်းစိန်ကို သွားတွေ့ တော့၏။
' အား ... ဒေါင်းစိန် '

သူ့အသံမှာ အံအားသင့်သွားသောအသံဖြစ်၏။ မမျှော်လင့်သောနေရာ၌ မမျှော်လင့်သောသူကို တွေ့လိုက် ရသည့်အတွက် အံ့အားသင့်သွားခြင်းသာ။ အား ... ဒေါင်းစိန်။
သို့သော် ကိုဒေါင်းစိန်က ပြန်၍လည်း မထူး၊ စကားတစ်ခွန်းမျှလည်း မဆို။ ကိုလူမောင်ကိုသာ ၀မ်းနည်းသော မျက်လုံးအ၀ိုင်းကြီးနှင့် စိုက်ကြည့်နေ၏။ နှမြောတသ ယူကျုံးမရ ရှိလှသော အကြည့်မျိုးပါ။ အဲဒီ အကြည့်မျိုးကိုတော့ ကိုလူမောင်က မခံယူနိုင်။ ခံယူခြင်းငှာ မစွမ်း။ ထို့ကြောင့် သူက ခေါင်းကို ငုံ့ထား လိုက် ရသည်။ အပြစ်ရှိကြောင်း ၀န်ခံလိုက်ခြင်းမဟုတ်လော။
' ခင်ဗျားအတွက် ကျွန်တော် စိတ်မကောင်းဘူးဗျာ၊ ကျွန်တော့်အဖေ သေတုန်းကတောင် ကျွန်တော် ဒီလောက် ၀မ်းမနည်းခဲ့ဘူး '

ကိုဒေါင်းစိန်မှာ တကယ်ပင် ၀မ်းနည်းနေသလို လှိုက်လှိုက်လှဲလှဲ ပြောဆိုလိုက်၏။ အဲဒီ စကားလုံး များက ငုံ့ထားသော ကိုလူမောင်၏ ခေါင်းကို တဖြည်းဖြည်း ပြန်မော့လာစေသည်။
' မတတ်နိုင်ဘူးကွာ၊ အစတုန်းကတော့ အပေါင်းအဖော်တွေနဲ့ လိုက်လာရင်း ရှူကြည့်စမ်းပါဆိုလို့ အစမ်း ၀င်ရှူကြည့်ရင်းက အခုလို စွဲတဲ့အထိ ရောက်သွားရတာပဲ။ လူမသိခင် ဖြတ်ပစ်ဖို့ ကြိုးစားခဲ့ပါ သေးတယ်၊ ဒါပေမဲ့ မရတေ့ပါဘူးကွာ '
' အိုဗျာ၊ ဘာဖြစ်လို့ မရ ရမှာလဲ၊ ရ ရမယ်ဗျ ရ ရမယ်၊ ခင်ဗျား စိတ်သာပဓာနပါ '

ကိုလူမောင် က စိတ်ပျက်သံကြီးဖြင့် ပြောလိုက်သည်ကို သူက မာကျောသော လေသံဖြင့် ပြန်ကြား လိုက်၏။ သို့သော် သူ့စကားသံကြောင့် ကိုလူမောင်က ထူးခြားမသွားပါ။
' အေး ... အပြောလွယ်သလောက် အလုပ်ခက်တယ်ဆိုတာ မင်းက မကြုံဖူးတော့ ဘယ်သိမလဲကွာ၊ ငါတော့ လက်တွေ့ကြုံနေရလို့ အရှုံးပေးလိုက်ရပြီလေ '
' အံ့ပါရဲ့ ကိုလူမောင်ရယ်၊ ခင်ဗျား မဖွားသက်ကိုမှ မသနားတော့ဘူးပေါ့လေ၊ ခင်ဗျားအတွက်နဲ့ ဘိန်းစားမယားလို့ အပြောခံရပြီး မျက်နှာငယ်နေရတဲ့ မဖွားသက်ကိုမှ ခင်ဗျား မသနားတော့ဘူးပေါ့ ဟုတ်လား။ ခင်ဗျားကိုယ်ကိုလည်း လူရာမ၀င်တဲ့ ဘိန်းစားဘ၀နဲ့ပဲ အစတုန်းပစ်တော့မယ်ပေါ့လေ၊ ပြောစမ်း ပါဦးဗျ ကျုပ်ကို ... '

ကိုဒေါင်းစိန်၏ ဘ၀၌ဤမျှလောက် ဒေါနှင့် မာန်နှင့် ချက်ချက်ချာချာ တစ်ခါမျှ မပြောခဲ့စဖူးပါ။ ယခုမှ ကိုလူမောင်အား ကရုဏာဒေါသသော ဖြစ်လွန်းလှ၍ ကြိတ်မနိုင် ခဲမရ ရှိလွန်းလှသည့်အတွက် ရင်ထဲမှ ပွင့်အန်ထွက်လာသော စကားလုံးများကို အဆီးအတားမရှိ သွန်ထုတ်လိုက်ခြင်းဖြစ်ပါသည်။ သို့သော် သူ့စကားလုံးများသည် ကိုလူမောင့်စိတ်ကို ယိမ်းယိုင် လာအောင် ဆွဲဆောင်နိုင်စွမ်းတော့မရှိပါ။ ဒါကို စကားတစ်လုံးမျှ ပြန်ကြားခြင်းမရှိဘဲ မထုံတက်သေး ရှိနေသော ကိုလူမောင်၏ အမူအရာက ဖော်ပြ နေသည်။ ဒါကြောင့်ပဲ ကိုဒေါင်းစိန် က ပို၍ ဒေါသထွက်နေမိ၏။
ထိုအချိန်မှာပင် အတွင်းမှ ဘိန်းဆိုင်ရှင် အောင်သိန်း ထွက်လာကာ ကိုဒေါင်းစိန်အား ရယ်မောကြည့် ရှုလိုက်ပြီးနောက် ' အောင်မယ်ကွာ၊ ဘိန်းရှူတာများ ကြီးကြီးကျယ်ကျယ် လုပ်လို့၊ ဘိန်းရှူတာ ၉၆ ပါး ရောဂါ ကင်းတယ်ကွ၊ အသက်လည်း ရှယ်တယ်။ ဒါကြောင့်မို့ တရုတ်လူမျိုးတွေဟာ ဘိန်းကို အာယုဒီဃ ဆေးတစ်ပါးအနေနဲ့ အမြဲ မှီဝဲနေကြတာပေါ့၊ မယုံရင် မင်းလည်းရှူကြည့်ပါလား၊ အစာကြေတယ်၊ ရင်ချောင် တယ်၊ စိတ်ကူးယဉ်တယ် '

စကားအဆုံးတွင် အောင်သိန်းသည် သူ့စကားသူ သဘောကျသွားသလို အားရပါးရ ရယ်လိုက်၏။ ကိုဒေါင်းစိန်ကား ကိုလူမောင်ကို ပြောမရ၍ ဒေါထနေရသည့်အထဲ အောင်သိန်း၏ စကားကို ကြား လိုက်ရသောအခါ အကြီးအကျယ်အော့နှလုံးနာပြီး ရွံရှာလှသဖြင့် စကားတစ်ခွန်းမျှ ပြန်ပြောမနေ တော့ဘဲ ဆောင့်အောင့်၍ ထွက်လာခဲ့တော့၏။ သူ ဖျောင်းဖျပြောဆိုလျှင် အလွယ်တကူဖြင့် ရမည်ဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့သော ကိုဒေါင်းစိန်မှာ အခုတော့ ထင်ကြေးနှင့်မကိုက်ဘဲ အရှုံးပေးကာ ဆုတ်ခွာ ခဲ့ရပါပြီ။ တပ်လန်ခဲ့ရပါပြီ။ မဖွားသက်မေးရင် သူ ဘယ်လို ပြန်ဖြေရပါ့။
သူသည် တွေးရင်း တွေးရင်းပင် ဒေါသထွက်လာသဖြင့် ကုလားမနိုင် ရခိုင်မဲကာ လမ်းပေါ်မှ ခြင်းတောင်းစုတ် တစ်လုံးကို တအား ပိတ်ကန်လိုက်လေသတည်း။

------------------
ပြီးပါပြီ
.
>>>ဆက်ဖတ်ရန်>>> >>

တက္ကသိုလ် နေဝင်း ဘာသာပြန် ဇင်ဘာဘွေ အခန်း (၃)

အခန်း (၃)

ဘာဝူ အမည်ရှိ ဇိမ်ခံ (ယော့တ်)သင်္ဘောသည် အလျား လေးဆယ့်ငါးပေရှိ ခေတ်မီသင်္ဘော တစ်စင်းဖြစ်ပြီး ခရိတ်က အပိုင်ဝယ်ယူပြီးနောက် ပို၍ကောင်းသည်ထက် ကောင်းအောင် ပြုပြင် ထားလေသည်။
ယခု ဘာဝူ သင်္ဘောသည် နယူးယောက်မြို့ ဆိပ်ကမ်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်သင်္ဘောများထားရှိရာ           ဆိပ်ကမ်း တွင်ဆိုက်ကပ်ထားလေသည်။ သင်္ဘော၏ သက်တမ်းက ငါးနှစ်ရှိပြီဖြစ်သော်လည်း အသစ် ကဲ့သို့ ပင် အလွန်အခြေအနေ ကောင်းမွန်လျက် ရှိပေသည်။

ဆိပ်ကမ်း ၌ ကိုယ်ပိုင်သင်္ဘောများ ဆိုက်ကပ်ထားရာတွင် တာဝန်ယူ စောင့်ရှောက်ပေးသည့် မာရီနာ ရုံးတစ်ရုံး ရှိရာ ခရိတ်သည် ၀င်းတံခါးမှ ရုံးရှိရာသို့ လျှောက်သွားစဉ် တာဝန်ကျ မိန်းကလေးက သူ့အား လှမ်းခေါ် လေသည်။
' မစ္စတာခရိတ် ရှင့်၊ ခဏကြွပါဦး။ ရှင့်ဆီကို တယ်လီဖုန်းတွေ လာတာကျွန်မ ဟောဒီမှာ မှတ်ထားပါတယ်။ ရှင် ပြန်ဆက်ချင်ရင် ဒီက တယ်လီဖုန်း သုံးနိုင်ပါတယ် '
ပြောပြော ဆိုဆို မိန်းကလေးသည် ရေးမှတ်ထားသော စာရွက်ငယ်များကို လှမ်းပေးလေသည်။

ခရိတ်လည်း စာရွက်များကို ယူကြည့်ရာ တစ်ခုက သူ၏ စီးပွားရေးလုပ်ငန်းပွဲစာထံမှ အရေးတကြီး ပြန်ဆက်သွယ် စေလိုကြောင်း ရေးမှတ်ထားသည်ကို တွေ့ရသည်။ နောက် စာရွက်တစ်ရွက် မှာ အမေရိကန်ပြည် အနောက်အလယ်ပိုင်းဒေသ သတင်းစာတစ်စောင်မှ စာပေရေးရာ အယ်ဒီတာထံမှ ဖြစ်လေ သည်။
ခရိတ်သည် ရှေးဦးစွာ သူ၏ ပွဲစားထံသို့ တယ်လီဖုန်းဆက်လိုက်ရာ သူ ၀ယ်ယူထားသောရွှေများကို (၀ယ်စဉ်က တစ်အောင်စလျှင် ဒေါ်လာ သုံးရာ့ နှစ်ဆယ်ဈေး) ယခု ဈေးကောင်းရသဖြင့် ဒေါ်လာ ငါးရာ့ နှစ်ဆယ် နှုန်း ဖြင့် ရောင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။ ခရိတ်က ငွေများကို သူ၏ ဘဏ်စာရင်းတွင် သွင်းထား ရန် ညွှန်ကြားလိုက်သည်။
ထို့နောက် စာပေရေးရာ ဘယ်ဒီတာထံသို့ တယ်လီဖုန်း လှည့်လိုက်ပြန်သည်။

တာဝန်ကျ မိန်းကလေးသည် ခရိတ်အား စိတ်ဝင်စားဟန်ဖြင့် အနီးတွင် မယောင်မလည် လုပ်နေလေ သည်။ သူမ ၏ ခန္ဓာကိုယ် အချိုးကျ လှပပုံကိုလည်း ဖြစ်ကြောင်း သိသာထင်ရှားပေသည်။
တစ်ဖက် မှ စာပေရေးရာ အယ်ဒိတာ ဆိုသူက အမျိုးသမီး ဖြစ်နေသည်။
' ဟဲလို မစ္စတာခရိတ်၊ ရှင့် စာအုပ်သစ်ကို ဘယ်တော့လောက် ထုတ်ဝေမှာလဲရှင့် '
' စာအုပ်သစ် ထုတ်ဝေဖို့ရယ်က သိပ်မသေချာသေးပါဘူး။ ဘာလဲ၊ ခင်ဗျားက ကျုပ်နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အင်တာဗျူး လုပ်ပြီး ရေးချင်လို့လား' ခရိတ်က ပြန်မေးလိုက်သည်။
' မဟုတ်သေးပါဘူး၊ ရှင့်စာအုပ် ထွက်လာတော့မှပဲ တွေ့ဆုံလိုပါတယ် '
' ဒါဖြင့် ခင်ဗျား အကြာကြီး စောင့်ရမှာပဲ '
ဤသို့ ပြောပြီး ခရိတ် စကားဖြတ်လိုက်သည်။

တာဝန်ကျ မိန်းကလေးသည် ခရိတ်အား စကားလာပြောပြန်သည်။
'ဒီနေ့ည ဖိုင်ယားဝါတာ သင်္ဘောပေါ်မှာ ပျော်ပွဲရွှင်ပွဲပါတီရှိတယ် ရှင့် ' ပြည့်ဖြိုး လှပနေသည်ကို သတိပြု မိလေသည်။
ဤမိန်းကလေးသည် ယောက်ျားအဖော် လိုချင်တောင့်တနေပုံရသည်ဟု ယူဆမိသိဖြင့်
' ငါကလည်း ငါ့သင်္ဘော ဘာဂူပေါ်မှာ ဒီည ပါတီပွဲလုပ်မလို့ပဲ၊ ဒါပေမဲ့ ငါ့ပါတီက လူနှစ်ယောက်အတွက်ပဲ ဖြစ်တယ်။ မင်းလာခဲ့မလား' ဟု အဓိပ္ပာယ်ပါပါ ပြုံး၍ ပြောလိုက်ရာ မိန်းကလေးသည် ချက်ချင်း စိတ်ဝင်စား ဟန်ဖြင့် ခေါင်းညိတ်ပြလေသည်။

' ဒီမှာ ကျွန်မရဲ့ တာဝန်က ငါးနာရီဆိုရင် ပြီးပါမယ် '
' အေး ကောင်းတယ်၊ ဒါဖြင့် မင်းရဲ့ ဂျူတီ ပြီးပြီးချင်း တိုက်ရိုက်သာ လာခဲ့ပေတော့ '

*

ခရိတ်သည် သူ၏သင်္ဘော ဘာဝူပေါ်ရှိ အိပ်ခန်းထဲတွင် လဲလျောင်းရင်း စဉ်းစားနေလေသည်။ သူ၏ ဘေးတွင် ကား မာရီနာရုံးမှ စာရေးမ အမျိုးသမီးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေလေသည်။
မိန်းကလေးသည် ခရိတ်အား စိတ်ဝင်စားနေခဲ့သဖြင့် ယခုကဲ့သို့ နှစ်ယောက်ချင်း လွတ်လပ်စွာ လာရောက် တွေ့ဆုံ ခဲ့ခြင်းဖြစ်လေသည်။ သို့ရာတွင် ခရိတ်သည် စိတ်တွေ ဂနာမငြိမ်ဖြစ်ခြင်းကို ပြေ ပျောက်လိုငြား ထို မိန်းကလေး နှင့် ကိုယ်ထိလက်ရောက် ချစ်တင်းနှီးနှောခဲ့ခြင်းဖြစ်လင့်ကစား ယခု သူ၏ စိတ်လှုပ်ရှားမှုများ လုံးဝ မပြေပျောက် ဘဲ ဖြစ်နေပြန်လေသည်။
သူ၏ အတွင်းစိတ်သည် မွေးရပ်မြေ အာဖရိကသို့ပင် ရောက်နေလေရာ အမျိုးသမီးဓာတ်ပုံဆရာ ဆယ်လီ ရိုက်ကူး ခဲ့သော အာဖရိကတိုက်မှ ဓာတ်ပုံများကိုလည်း မြင်ယောင်နေမိလေသည်။ သူ၏ နားထဲတွင်လည်း အာဖရိက တိုက် တောတွင်းဒေသမှ သဘာဝအသံများကို ကြားယောင်နေမိလေသည်။

အထူးသဖြင် အာဖရိကတိုက်မှ တိုင်းရင်းသား လူမည်းများ ညအချိန် ရိုးရာ ဂိတအဖြစ် တိုင်းရင်းဖြစ်စဉ် (သို့မဟုတ်) ဗုံရှည်ကြီးမျး တီးသံကို ကြားယောင်ကာ လွမ်းဆွတ်သတရနေမိသည်။ အာဖရိကတိုက်ရှိ မြစ်ကြီး များထဲမှ တသွင်သွင် ရေစီးသံများကိုလည်း ပြန်လည် ကြားချင်စိတ် ဖြစ်ပေါ်မိလေသည်။
ယင်းသို့ အာဖရိကတိုက်အကြောင်း တောက်လျှောက် စဉ်းစားနေမိခြင်းကြောင့် ခရိတ်သည် ထိုညအဖို့ နောက်ထပ် အိပ်မပျော်တော့ချေ။
နံနက် မိုးလင်းသောအခါ စာရေးမကလေးက နံနက်စာကို ကျနစွာ ချက်ပြုတ်တည်ခင်းကျွေးလေသည်။ သူမ သည် အပျိုစင်မဟုတ်ကြောင်း သိသာလင့်ကစား ခရိတ်က ဘာမှမပြောဘဲ မသိချင်ဟန်ဆောင် နေလိုက် သည်။

နံနက်စာ စားသောက်ပြီးသောအခါ ခရိတ်သည် သင်္ဘောအပေါ်ထပ်အခန်းရှိ စာရေးစားပွဲဆီသို့ တက်သွား လေသည်။
စားပွဲပေါ်တွင် ရေးလက်စ စာမူများရှိရာ ခရိတ်သည် ရေးပြီးသား စာရွက် ဆယ်ရွက် ကိုပြန်ဖတ်ကြည့် ပြီးနောက် စိတ်ကို တည်ငြိမ်အောင် ကြိုးစားကာ ဆက်ရေးနေလေသည်။
စားပွဲပေါ်တွင် ရေးလက်စ စာမူများရှိရာ ခရိတ်သည် ရေးပြီးသား စာရွက်ဆယ်ရွက်ကို ပြန်ဖတ်ကြည့်ပြီး နောက် စိတ်ကိုတည်ငြိမ်အောင် ကြိုးစားကာ ဆက်ရေးနေလေသည်။
သို့ရာတွင် စိတ်လှုပ်ရှားနေခြင်းကြောင့် အာရုံစူးစိုက်ရန် ခက်ခဲနေလေသည်။ တစ်နာရီခန့် ကြိုးစားရေး သော်လည်း လက်မသွက်ဘဲ ဖြစ်နေသည်။ အရေးထဲ သူ၏ စာမူတွင် ထည့်ရေးရမည့် စာလုံးတစ်လုံးကို မသေချာ သဖြင့် ဝေါဟာရအဘိဓာန်စာအုပ်ကို ကြည့်ရန် စားပွဲဘေးရှိ စာအုပ်စင်မှ အဘိဓာန် စာအုပ်ကို ဆွဲယူ လိုက်သည်။
စာအုပ်ကို ဖွင့်လိုက်သောအခါ လှပသော လက်ရေးစက္ကူစာရွက်တစ်ရွက် ခေါက်လျက်သား စာအုပ် ကြားမှ ထွက်ကျ လာလေသည်။
ခရိတ် သည် ထိုစာရွက်ကို ဖြန့်ကြည့်လိုက်ရာ အံ့အားသင့်သွားမိလေသည်။

စာမှာ ဂျေနီအမည်ရှိ မိန်းကလေးတစ်ဦးက သူ့ထံသို့ ရေးလိုက်သောစာဖြစ်လေသည်။ ထိုစာကို ရရှိခဲ့ သည်မှာ ကြာပြီဖြစ်၍ ခရိတ်က ဖတ်ပြီးသားဖြစ်သော်လည်း ယခုတစ်ဖန် ပြန်တွေ့ရ၍ အံ့သြမိခြင်း ဖြစ်လေ သည်။
အမှန်တော့ ဂျေနီသည် တစ်ချိန်က အာဖရိကတိုက်တွင် ခရိတ်နှင့် ခင်မင်ရင်းနှီးခဲ့သူဖြစ်သည့်ပြင် ရိုဒီးရှား (ဇင်ဘာဘွေ) နိုင်ငံ ပြည်တွင်းစစ်အတွင်းက သူနှင့်အတူ ရှိနေခဲ့သူလည်းဖြစ်သည်။
ပြည်တွင်းစစ်ဖြစ်နေစဉ် ခရိတ်ဒဏ်ရာ ရခဲ့စဉ်ကလည်း ထိုမိန်းကလေးက သူ့အား အထူးဂရုစိုက်ပြီး အနီးကပ် ပြုစု ခဲ့သည်။ ခရိတ်၏ ခြေတစ်ဖက်ဖြတ်ပစ်လိုက်ရပြီး ဒဏ်ရာပျောက်ကင်း၍ ခြေတုတပ်ကာ စတင်စမ်းသပ် လမ်းလျှောက်ခဲ့စဉ်ကလည်း ထိုမိန်းကလေးက သူနှင့်အတူ ရှိခဲ့သည်။
ခရိတ် ကလည်း ထိုမိန်းကလေးအား အထူးခင်မင်မိကာ လက်ထပ်ထိမ်းမြားရန်ပင် စိတ်ကူးခဲ့သေးသည်။

သို့သော် ခက်နေသည်ကား ယခု ခရိတ်သည် ထိုမိန်းကလေး၏ ပုံပန်းသဏ္ဍာန်မည်သို့ရှိသည်ကို လုံးဝ မမှန်မိတော့ခြင်းပင် ဖြစ်လေသည်။
ထိုစာကို ဂျေနီကသူ၏ ဇာတိနေရပ် အင်္ဂလန်နိုင်ငံ ယောက်ရှိုးယားခရိုင်မှ ရေးလိုက်ခြင်းဖြစ်သည်။ ရေးသည့် အချိန် က သူမသည် တိရစ္ဆာန် ဆေးကုဆရာဝန်တစ်ဦးနှင့် လက်ထပ်ခါနီး သုံးရက်အလိုက ရေးလိုက်ခြင်း ဖြစ်သည်။
စာကလည်း တိုတိုတုတ်တုတ် မဟုတ်။ စာမျက်နှာ ဆယ်ရွက်တိတိရှိသော စာရှည်ကြီးဖြစ်သည်။
ခရိတ် သည် ထိုစာကို ရရှိပြီးနောက် အဘိဓာန် စာအုပ်ကြားတွင် ညှပ်ကာ သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။

ယခုတစ်ဖန် ပြန်၍ ဖတ်ကြည့်သောအခါ ဂျေနီ၏ စာတွင် စိတ်ဝင်စားဖွယ်ကောင်းသော အချက်များပင် ရှိနေကြောင်း တွေ့ရလေသည်။ အထူးသဖြင့် ဂျေနီက ခရိတ်အား ဝေဖန်သုံးသပ်ထားပုံ အချက်များက အလွန် မှန်နေပေသည်။
ဂျေနီ၏ စာထဲမှ အောက်ပါ စာပိုဒ်များဆိုလျှင် မိမိ၏ ချို့ယွင်းချက်၊ အားနည်းချက်များကို ပွင့်လင်းစွာ ထောက်ပြထားသလို ဖြစ်နေသည်။
' ရှင်ဟာ ဘ၀ခရီးလမ်းတစ်လျှောက် ဘာမှ အောင်မြင်မှုမရဘဲ အရေးနိမ့်ခဲ့တာချည်း များလွန်းတဲ့အတွက် အခု ရှင်မမျှော်လင့်ဘဲ ရုတ်တရက် တိုးတက်အောင်မြင်လာတာကြောင့် အောက် ခြေလွတ်သွားတဲ့ သဘောမျိုးပဲရှင့် '
' ဒီမယ် ခရိတ်၊ ရှင်ဟာ တစ်ချိန်က ရိုးသား အပြစ်ကင်းတယ်၊ သိမ်မွေ့ညင်သာတယ်၊ ချစ်ဖို့လည်း ကောင်းတယ်၊ ကျွန်မက ရှင့်ကို အဲဒီပုံအတိုင်း သဘောကျလို့ အမြဲတမ်း ဒီလိုပဲ နေလိမ့်မယ်လို့ မျှော်လင့် ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်မတို့ အာဖရိကတိုက်က ထွက်ခွာလာပြီးတဲ့နောက်ပိုင်း ကျတော့ ရှင်ဟာ တစ်မျိုးပြောင်းလဲလာတယ်၊ ချစ်စရာကောင်းတဲ့ သိမ်မေ့မှုတွေ ပျောက်ကွယ်ပြီး ကြမ်းတမ်းလာတယ်'

' ရှင်နဲ့ ကျွန်မ ပထမဆုံး တွေ့ဆုံခဲ့ရတဲ့နေ့ကို မှတ်မိသေးရဲ့လား၊ အဲဒီတုန်းက ကျွန်မက ရှင့်ကို 'ရှင်ဟာ မိဘ အလို လိုက်ထားလို့ ပျက်ပြီး နွဲ့ဆိုး ဆိုးနေတဲ့ကောင်ကလေး တစ်ယောက်နဲ့တူတယ်'လို့  ပြောခဲ့သေး တယ်လေ၊ နောက်ပြီး ရှင်ဟာ စိတ်တွေ မတည်ငြိမ်တဲ့ကလေးငယ်လို ရပြီးသား အရာဝတ္ထုကို လွယ်လွယ်နဲ့ စွန့်လွှတ် ချင်တယ်လို့လည်း ကျွန်မက ဝေဖန်ခဲ့တယ်၊ အဲဒါ သိပ်မှန်တာပေါ့၊ ရှင်ဟာ ကျွန်မနဲ့ ဆက်ဆံရေးကို စွန့်လွှတ်ခဲ့တယ် မဟုတ်လား၊ ကဲ ဒါတွေ ထားပါတော့လေ၊ ရှင့်ကို ကျွန်မ တစ်ခုအကြံပေးပါရစေ၊ ရှင်ဟာ ဘာမဆို လွယ်လွယ်နဲ့ စွန့်လွှတ်ချင်တဲ့ ၀ါသနာရှိပေမယ့် တစ်ခု ကိုတော့ ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့လို့ ကျွန်မ အကြံပေးချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့လို့ ကျွန်မ အကြံပေး ချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ရှင်စာရေးတဲ့ အလုပ်ပါပဲ၊ စာရေးတာကိုတော့ ဘယ်တော့မှ မစွန့်လွှတ်လိုက်ပါနဲ့၊ အမြဲတမ်း ဆက်ပြီး စာရေးနေဖို့ ကြိုးစားစေချင်ပါတယ် '
ယင်းစာပိုဒ်ကို ဖတ်ရင်း ခရိတ်သည် စိတ်လှုပ်ရှား ချောက်ချားမိလေသည်။ ဂျေနီ၏ ဝေဖန်ချက်က မှန် လွန်း၍ စိတ်ထိခိုက်မိခြင်း ဖြစ်လေသည်။

နောက်တစ်ပုဒ်ကို ဆက်ဖတ်ကြည့်မိပြန်သည်။
' ကျွန်မလေ ရှင့်ကို တကယ်ပဲ ချစ်ခဲ့မိပါတယ်။ ချစ်တာကလည်း ရုတ်တရက် အလောတကြီး ချစ်တာ မျိုးမဟုတ်ဘဲ ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ သဘောမျိုး အချိန်ယူပြီး ချစ်ခဲ့တာမျိုး ဖြစ်ပါတယ်။ အဲဒီလို အချစ်မျိုးဆိုတာ ပြန်ပြီး ဖျောက်ဖျောက်ပစ်ဖို့က မလွယ်ဘူးရှင့်။ ကဲပါလေ၊ ကျွန်မ ရှင်းရှင်း ပြော ပါတော့မယ်၊ ကျွန်မ အခု ရှင့်ကို မချစ်တော့ဘူး၊ ရှင့်ကိုသာ မဟုတ်ဘူး၊ ကျွန်မအနေနဲ့ တခြားဘယ် ယောက်ျားကိုမှလည်း ချစ်နိုင်တော့မှာ မဟုတ်ဘူး။ ကုန်ကုန်ပြောမယ်ရှင့်၊ အခုလာမယ့် စနေနေ့ ကျွန်မနဲ့ လက်ထပ်မယ့်လူကိုလည်း ကျွန်မ တကယ်ချစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မ ရှင့်ကို ခင်မင် ပါတယ်၊ နောင်ကိုလည်း အမြဲပဲ ရှင့်ကို ခင်မင်နေမှာပါပဲ။ ရှင် တိုးတက်ကြီးပွားပါစေ၊ စိတ်ချမ်းသာပါစေ လို့လည်း မျှော်လင့်ပါတယ်၊ တစ်ခုတော့ ရှင် သတိထားဖို့ လိုလိမ့်မယ်။ ရှင့်မှာ သတိထားရမယ့် ရန်သူ တစ်ဦး ရှိနေတယ်၊ အဲဒီရန်သူက တခြား မဟုတ်ဘူး၊ ရှင်ကိုယ်တိုင်ပဲ ဖြစ်နေတယ် '
ခရိတ်သည် စာကို ဖတ်ပြီးလျှင် ပြန်ခေါက်သိမ်းလိုက်သည်။ ထိုအချိန်၌ သူသည် အာခေါင်ခြောက် လာသလို ဖြစ်လာကာ ယမကာတစ်ခုခု သောက်ချင်စိတ်ဖြစ်ပေါ်လာမိလေသည်။
ထို့ကြောင့် သင်္ဘောအောက်ထပ် စားသောက်ခန်းသို့ ဆင်းသွားပြီး အရက်တစ်ခွက် ငှဲ့သောက်ရင်း ဂျေနီ၏ စာကို တစ်ခေါက်ပြန်ဖတ်ကြည့်ပြန်သည်။

စာထဲမှာ အောက်ပါစာပိုဒ်ကို ပြန်ဖတ်မိသည်။
' အာဖရိကတိုက်က ထွက်ခွာလာပြီးတဲ့နောက်ပိုင်း ရှင်ဟာ တစ်မျိုး ပြောင်းလဲလာတယ်၊ သိမ်မွေ့မှုတွေ ပျောက်ပြီး ကြမ်းတမ်းလာတယ် '
စာပိုဒ်ပါ ဝေဖန်ထောက်ပြချက်က မှန်ကန်သလောက် သူ၏ နှလုံးသားကို ပြင်းစွာ နာကျင်အောင် ဆုပ် ကိုင် လှုပ်ရှား လိုက်ဘိသကဲ့သို့ ခံစားရလေသည်။
' ဟုတ်ပါတယ်၊ ငါဟာ ပြောင်းလဲလာခဲ့တယ်၊ သိမ်မွေ့မှုတွေ ပျောက်ပြီး ကြမ်းတမ်းလာခဲ့တယ် '
ဤသို့ တစ်ယောက်တည်း ရေရွတ်ရင်း ခရိတ်သည် စာရွက်များကို အစိတ်စိတ် အမြွာမြွာဖြစ်အောင် ဆုတ်ဖြဲ ပစ်လိုက်ပြီးနောက် ပန်းကန်ဆေးသည့် ရေခွက်တွင် သွန်ချကာ ရေဖြင့် လောင်းချပစ်လိုက် သည်။

ထိုအချိန်၌ သူ၏ စိတ်ထဲ၌ ဆုံးဖြတ်ချက်တစ်ခု ချပြီးနေပြီဖြစ်သည်။
ခရိတ် သည် သင်္ဘောမှ ကမ်းပေါ်သို့ တက်၍ အများသုံး တယ်လီဖုန်းတစ်ခုမှ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ မစ္စတာ ဟင်နရီ ထံသို့ ဆက်လိုက်သည်။
' ဟဲလို ကျုပ် ခရိတ် စကားပြောနေတယ် '
' ဟဲလို မစ္စတာခရိတ်၊ ဘယ်လိုလဲဗျ၊ နေကောင်းရဲ့နော်'
တစ်ဖက်မှ ဟင်နရီက နှုတ်ဆက်လိုက်လျှင် ခရိတ်က
' ဒီမယ်၊ ဇင်ဘာဘွေနိုင်ငံက မာတာဘတ်လီ တိုင်းရင်းသားတွေရဲ့ ရှေးဟောင်းဆိုရိုးစကားတစ်ခု ရှိတယ်။ ဇမ်ဘေဇီမြစ်ရေ ကို တစ်ခါသောက်ဖူးရင် နောက်ထပ်သောက်ဖို့ ပြန်မလာဘဲ မနေနိုင်ဘူးတဲ့' ဟု ပြော လိုက်သည်။

' သြော် ... ဒီလိုလား၊ ဒါဖြင့် ခင်ဗျား အခု ရေငတ်နေပြီဆိုပါတော့ ကျုပ်လည်း ထင်မိသားပဲ '
' ခင်ဗျားဆီ တယ်လီဖုန်း ဆက်ပါဆိုလို့ အခု ဆက်လိုက်တာပဲ '
' ကျုပ်နဲ့ လာတွေ့ပါလား '
' ဘယ်တော့လဲ၊ ဒီနေ့ပဲ လာရမှာလား '
' ဟာ ခင်ဗျားက လောမယ့်လောတော့ ခုချက်ချင်းမှ ဆိုသလို ဖြစ်နေပါပေါ့လား။ နေဦးဗျ၊ ကျုပ်ရဲ့ ဒိုင်ယာရီ မှတ်တမ်းမှာ တခြားကိစ္စတွေ ရှိသလား ကြည့်လိုက်ဦးမယ်။ အိုကေ ကောင်းပြီ၊ ဒီနေ့ညနေ ခြောက်နာရီမှာ ကျုပ်ဆီ လာခဲ့ပါလား။ ဒါထက်စောပြီး' တွေ့ဖို့ အချိန်မပေးနိုင်ဘူး ဖြစ်နေတယ်'
မစ္စတာဟင်နရီက ဤသို့ပြောသဖြင့် ခရိတ်လည်း လာတွေ့ပါမည်ဟု ကတိပေးလိုက်သည်။

*
ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ မစ္စတာဟင်နရီ၏ ရုံးခန်းမှာ နယူးယောက်မြို့ ဗဟိုဥယျာဉ်ကြီးနှင့် မလှမ်း မကမ်းရှိ မိုးမျှော်တိုက်ကြီး တစ်ခု၏ နှစ်ဆယ့်ခြောက်ထပ်တွင် တည်ရှိလေသည်။
ခရိတ် ရောက်သွားသောအခါ ဟင်နရီက ဖော်ရွေစွာ ခရီးဦးကြိုပြုပြီး ၀ီစကီအရက်ဖြင့် တည်ခင်း ဧည့်ခံ လေသည်။
အလွန် မြင့်မားသော တိုက်ဖြစ်၍ ၀င်လုဆဲနေမင်း၏ ညနေရှုခင်းသာယာလှပပုံကို ကောင်းစွာ မြင်နေရ လေသည်။
နှစ်ယောက်သား ၀ီစီ့ဖန်ခွက်ကိုယ်စီဖြင့် ခေတ္တသောက်နေကြပြီးနောက် ခရိတ်က လိုရင်းကိစ္စကို တိုက် ရိုက်ပြော ရန် ဆုံးဖြတ်လိုက်သည်။

' ကိုင်း မစ္စတာဟင်နရီ၊ ကျုပ်တို့ ပွင့်ပွင့်လင်းလင်းပဲ စကားပြောကြရင် ကောင်းမယ်ထင်တယ်၊ ခင်ဗျား ကျုပ်ကို ဘာလုပ်စေချင်တယ်ဆိုတာ အမှန်အတိုင်းသာ ပြောစမ်းပါ။ '
' ကောင်းပြီလေ၊ ခင်ဗျားက အခုလို စပြောမှတော့ ကျုပ်ကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောရတာပေါ့။ ဇင်ဘာဘွေနိုင်ငံအကြောင်း စာအုပ်ရေးဖို့ဆိုတာက အများသိအောင် ဟန်ပြလုပ်ငန်း သဘောသာဖြစ် တယ်။ ကျုပ်ကိုယ်တိုင်ကတော့ ခင်ဗျားက စာအုပ်ရေးပြီး အဲဒီစာအုပ်မှာ ဆယ်လီရိုက်တဲ့ ဓာတ်ပုံတွေ ဖော်ပြတာ ကို တကယ်လိုလားပါတယ် '
ဤတွင် ခရိတ်က လိုရင်းအချက်ကိုသာ သိလိုသဖြင့် စိတ်မရှည်ဟန်ဖြစ်လာရာ ဟင်နရီကလည်း ရိပ် မိပြီး
' ဒီလိုပါ၊ ကျုပ်က ဒီကမ္ဘာ့ဘဏ် အဖွဲ့အစည်းမှာ အာဖရိကတိုက်ဆိုင်ရာ ဌာနရဲ့ အကြီးအကဲ ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်' ဟု ပြောလေသည်။ခရိတ် က ခေါင်းညိတ်လိုက်သည်။

 ' ခင်ဗျားရဲ့ ရုံးခန်း ပြင်ဘက်မှာရှိတဲ့ ဆိုင်းဘုတ်မှာလည်း ဒီအတိုင်းရေးထားသားပဲ '
' ဟုတ်ပြီ ကျုပ် ဆက်ပြောပါ့မယ်၊ ကျုပ်တို့ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းဟာ တချို့လူတွေ ယူဆသလို ဒေါ်လာငွေတွေကို ဖြုန်းတီးသလို အလကား လျှောက်ပေးပစ်နေတာမဟုတ်ဘူး။ ကမ္ဘာ့ဘဏ် ဟာ အရင်းရှင် စီးပွားရေးစနစ်ရဲ့ အဓိကမဏ္ဍိုင်တစ်ခုတော့ဖြစ်တယ်။ ဒါကို ထားပါတော့၊ အာဖရိကတိုက်ကြီးရဲ့ အခြေအနေကို ကြည့်လိုက်ရင် စီးပွားရေး အခြေမခိုင်တဲ့နိုင်ငံတွေ အများဆုံး ရှိနေတာ တွေ့ရလိမ့်မယ်။ မျက်နှာဖြူအစိုးရ အုပ်ချုပ်တဲ့ တောင်အာဖရိကနဲ့ မြောက်ပိုင်းက ရေနံထွက်တဲ့ နိုင်ငံတချို့က လွဲရင် အာဖရိက နိုင်ငံ အများစုဟာ လယ်ယာကိုင်းကျွန်း အလုပ်ကိုသာ မှီ နေရပြီး စက်မှုလက်မှု လုပ်ငန်း မရှိသလောက် နည်းပါးတဲ့အပြင် သယံဇာတ သဘာဝပစ္စည်းတွေလည်း မထွက်သလောက် နည်းပါးကြတယ် '
ဤတွင်လည်း ခရိတ် ၀န်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ရာ ဟင်နရီက ဆက်ပြောလေသည်။

' အဲဒီ အာဖရိကနိုင်ငံတွေထဲက လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ အရင်ကိုလိုနီဟောင်းက မျက်နှာဖြူ မျိုးတွေ အခြေစိုက် လုပ်ကိုင်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် အကျိုးခံစားခွင့် ရရှိနေတဲ့ နိုင်ငံ တချို့တော့ ရှိတယ်။ တချို့နိုင်ငံတွေ ကျတော့လည်း (ဥပမာ ဇမ်ဘီယာနဲ့ တန်ဇန်နီယာနိုင်ငံတို့လို) လွတ်လပ်ရေးရပြီးကာမှ စီးပွားရေး ကမောက်ကမ ဖြစ်တာတို့၊ နိုင်ငံရေး သဘောတရား အယူအဆတွေ ကြောင့် အချင်းချင်း သဘော ကွဲလွဲပြီး စည်းလုံးညီညွတ်မှု ပျက်ပြားတာတို့ရှိခဲ့တယ်။ သို့သော်လည်း ဇင်ဘာဘွေရယ်၊ ကင်ညာနဲ့ မာလာဝီနိုင်ငံတို့က တိုးတက်ဖွံ့ဖြိုးဖို့ မျှော်လင့်ချက် အလားအလာ ရှိသင့် သလောက် ရှိနေတယ်။ မျက်နှာဖြူတွေ လုပ်ကိုင်သွားခဲ့တဲ့ စွးပွားရေး လုပ်ငန်းတချို့ဆိုရင်လည်း အခုထိ ဆက်လက်ရပ်တည် လည်ပတ်နေတယ်။ ဒါ့အပြင် ကြေးနီလို သတ္တုမျိုးထွက်လို့ နိုင်ငံခြား ၀င်ငွေလည်း ရသင့်သလောက် ရရှိ နေတယ်။ ဒီနိုင်ငံမျိုးကျတော့ ဆက်ပြီး တိုးတက်ဖွံ့ဖြိုးလာအောင် ကျုပ်တို့က ကူညီဆောင်ရွက်ရင် ဖြစ်မြောက် နိုင်စရာရှိတယ် '
' နေပါဦးဗျ၊ ခင်ဗျားတို့ ကမ္ဘာ့ဘဏ်က ငွေတွေကို အလှူပေးနေတာ မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ ဒီအာဖရိက နိုင်ငံတွေကို စိတ်ဝင်စားနေရတာလဲ '
ခရိတ် က ပြန်မေးလိုက်သည်။

' ဘာဖြစ်လို့လဲဆိုတော့ ကျုပ် ပြောပြပါမယ်၊ ဘာကြောင့်လည်းဆိုတော့ အဲဒီနိုင်ငံတွေက လူတွေကို ကျုပ်တို့ အစာရေစာ ၀၀လင်လင် မကျွေးဘဲထားရင် တစ်နေ့ ဒီလူတွေနဲ့ ကျုပ်တို့ တိုက်ခိုက်ရမယ့် အခြေအနေမျိုး ရောက်သွားနိုင်တယ်။ ရှင်းရှင်းပြောရရင် အာဖရိကနိုင်ငံက တိုင်းရင်းသားတွေ ငတ်မွတ် လာတဲ့အခါ မလိုလား အပ်တဲ့ နိုင်ငံရေးပယောဂတွေ ၀င်လာနိုင်တယ်။ နိုင်ငံကြီးတွေက ၀င်ရောက် စွက်ဖက် ခြယ်လှယ်ပြီး နိုင်ငံရေးသြဇာ လွှမ်းမိုးနိုင်အောင် ကြံစည်ကြိုးစားတာတွေ ဖြစ်လာ နိုင်တယ် '
' ဒါတော့လည်း မှန်ပါတယ် '
ခရိတ်က ၀ီစကီဖန်ခွက်ကို ယူသောက်ရင်း ပြောလိုက်သည်။

' ကျုပ်တို့ စိတ်ဝင်စားတဲ့ အာဖရိကနိုင်ငံတွေမှာ ရွှေလည်း မထွက်ပါဘူး အဖိုးတန် သယံဇာတ ပစ္စည်း တွေလည်း မရှိပါဘူး။ ဒါပေမဲ့ သဘာဝတောတောင်ရေမြေ အနေအထားအရ ကမ္ဘာ လှည့်ခရီးသည်တွေ အထူးစိတ်ဝင်စားကြတဲ့အတွက် တိုးရစ္စခရီးသွားလုပ်ငန်း အကြီးအကျယ် ဖြစ်ထွန်း လာနိုင်တယ်။ နိုင်ငံခြား ငွေတွေလည်း အများကြီး ရလာနိုင်တယ်။ ကျုပ်တို့ ကမ္ဘာ့ဘဏ်က ဒေါ်လာငွေ တွေ ကုဋေနဲ့ချီပြီး ကူညီ ထောက်ပံ့ ထားတာကို နှစ်စဉ် ကျသင့်တဲ့ အတိုးငွေ မှန်မှန်ပေးဆပ်နိုင်အောင်  အဲဒီနိုင်ငံရဲ့ စီးပွားရေး အခြေအနေ ကောင်းမှ ဖြစ်မယ် မဟုတ်လား '
' ဟုတ်ပါပြီ၊ အခြေအနေကောင်းအောင် ခင်ဗျားတို့က ဘယ်လို လုပ်နိုင်မှာလဲ '

' ကျုပ်ပြောပြပါမယ်၊ ဥပမာ ကင်ညာနိုင်ငံကို လေ့လာကြည့်ကြပါစို့။ ကမ္ဘာလှည့်ခရီးသည်တွေ သဘောကျတဲ့ ပင်လယ်ကမ်းခြေရှုခင်းလှလှတွေ မရှိတာမှန်တယ်။ ဒါပေမဲ့ ဂရိနိုင်ငံနဲ့ ဆာဒီနီးယားတို့ မှာ လည်း ပင်လယ်ကမ်းခြေလှလှ မရှိပါဘူး။ မြေထဲပင်လယ် ရှုခင်းပဲရှိတယ်။ အဲဒီ မြေထဲပင်လယ်မှာ လုံးဝ မရှိတာက ဘာလဲဆိုတော့ အာဖရိကတိုက်က တောရိုင်း တိရစ္ဆာန်တွေနဲ့ သဘာဝတောတောင် ရေမြေ ရှုခင်း တွေပဲ။ ဒါတွေကို ကမ္ဘာလှည့်ခရီးသည်တွေက လွန်သဘောကျတယ်။ သူတို့ သဘောကျတယ် ဆိုရင်ပဲ တိုးရစ္စခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင်မြင်လာပြီး ဒေါ်လာငွေတွေလည်း ရနိုင်တယ်။ ရှင်းရှင်း ပြောရရင် ကျုပ်တို့ ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့ထားတဲ့ နိုင်ငံတွေမှာ တိုးရစ္စ ခရီးသွား လုပ်ငန်း အောင်မြင် ရင် ကျုပ်တို့အဖို့ အလုပ်ဖြစ်တာပဲ '
' ဟုတ်ပါပြီ၊ ဒါပေမဲ့ ဒီကိစ္စမှာ ကျုပ်က ဘယ်လိုပါဝင် ပတ်သတ်နိုင်ပါတယ်ဆိုတာ ကျုပ်ဖြင့် စဉ်းစားလို့ မရဘူး '

' ကျေးဇူးပြုပြီး ခင်ဗျားက နည်းနည်းလေး စိတ်ရှည်ရှည်ထားပြီး နားထောင်စေချင်ပါတယ်။ ဘယ်လို ပတ်သက် နိုင်တယ်ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ အာဖရိကတိုက် နိုင်ငံတစ်ခုဟာ လွတ်လပ် ရေးရပြီး မျက်နှာဖြူလူနည်းစုတွေ ထွက်ခွာသွားတာနဲ့ ပထမဆုံး မျက်စိကျစရာ ဘာလဲဆိုတော့ ဆင်စွယ် တွေ၊ ကြံသတ္တ၀ါ ရဲ့ ဦးချိုတွေ၊ တိရစ္ဆာန်အသား (အစာအာဟာရ)တွေပဲ ဖြစ်တယ်။ တိုင်းရင်း သား လူမည်း တစ်ယောက် အဖို့ ဆင်ထီးကြီးတစ်ကောင် သို့မဟုတ် ကြံ့ကြီးတစ်ကောင် ရလိုက်မယ် ဆိုရင် သူအလုပ်ကမ်း ဆယ်နှစ် လုပ်လို့ရတဲ့ ၀င်ငွေထက် အဆမတန် ပိုများများရပြီး ချမ်းသာလာနိုင် တယ်။ မျက်နှာဖြူ အစိုးရက တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်တဲ့ ဌာနတစ်ခု သီးသန့် ဖွင့်ထားပြီး ဆင်တွေ၊ ကြံ့တွေ ပစ်ခတ်သတ်ဖြတ်မှုကို ကာကွယ်ပိတ်ပင်ထားခဲ့တယ်။ အခုတော့ မျက်နှာဖြူလူမျိုးတွေက သြစတြေလျ သို့မဟုတ် တောင်အာဖရိက (မျက်နှာဖြူအစိုးရရှိရာ) ကို အပြီးပိုင် ပြောင်းထွက်သွားတော့ အဲဒီဌာနလည်း မရှိတော့ တဲ့ အတွက် တိုင်းရင်းသား လူမည်းတွေအဖို့ အလွန်အခွင့်အရေး ကောင်းလာတယ်။ ရနိုင်တဲ့ အမြတ် အစွန်း အလားအလာကိုလည်း ကြည့်ဦးလေ၊ အလွန်ကြယ်ဝတဲ့ အာရပ်စော်ဘွားတွေဆိုရင် ကြံ့ချို အစစ်နဲ့ လက်ကိုင်လုပ်ထားတဲ့ ဓားမြှောင်တစ်လက်ကို ဒေါ်လာငွေ နှစ်သောင်းကျော် ပေးဝယ်ကြတယ်။ ဒီနေ့ တိုင်းရင်းသား လူမည်း တွေ ပြောက်ကျား စစ်ဆင်နွှဲခဲ့တာမို့ သူတို့လက်မှာ အေကေ ၄၇ မောင်းပြန် သေနတ်တွေလည်း အဆင်သင့် ရှိနေတယ်။ ဒီတော့ ဘာတွေ ဖြစ်မလဲဆိုတာ စဉ်းစားသာ ကြည့်ပေတော့ '
' ဟုတ်ကဲ့၊ သဘောပေါက်ပါပြီ '
ခရိတ် က ခေါင်းညိတ်ရင်း ၀န်ခံလိုက်သည်။

' ကျုပ်တို့ လေ့လာကြည့်ရသလောက် ကင်ညာနိုင်ငံမှာဆိုရင် ဒီတိုင်းဖြစ်ခဲ့တယ်။ တောရိုင်းတိရစ္ဆာန် တွေ တရားမ၀င် တိတ်တိတ်ခိုးပြီး သတ်ဖြတ်မှု အလွန်ကြီးကျယ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာရုံမက ထိပ်သီးပိုင်း က ကြီးကြီးလူတွေ ပါဝင်နေတယ်။ ကြီးကြီးလူဆိုတာ တကယ့် ထိပ်သီးအာ ဏာပိုင် အဆင့်က လူတွေကို ဆိုလိုတယ်။ အဲဒီလို တိရစ္ဆာန်တွေ တရားမ၀င်သတ်ပြီး ဆင်စွယ်တွေ၊ ကြံ့ချိုတွေ မှောင်ခိုထုတ်ရောင်းနေတာကို ပိတ်ပင်တားမြစ်ဖို့ ကြိုးစားခဲ့တာ ဆယ့်ငါးနှစ်တောင် ကြာခဲ့ တယ်။ ဒီအတော အတွင်း မှာ အာဖရိက တိုင်းရင်းသား သမ္မတ တစ်ဦးလည်း အသက်ဆုံးရှုံးခဲ့ရတယ်။ အခုတော့ ကင်ညာ နိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေ သတ်ဖြတ်မှုကို ကာကွယ်စောင့်ရှောက်ဖို့ အလွန် တင်းကျပ်တဲ့ စည်းကမ်း ဥပဒေ ပြဋ္ဌာန်းပြီး စနစ်တကျ ဖန်တီးထားတာဟာ အာဖရိကမှာ အကောင်းဆုံး အခြေအနေဖြစ်နေတယ်။ ဒီလို ဖြစ်လာအောင် ကျုပ်တို့ရဲ့ သြဇာအများကြီးသုံးပြီး တွန်းအားပေးခဲ့ရ တယ်။ ကျုပ်တို့ ကမ္ဘာ့ဘဏ်ရဲ့ ကူညီ ထောက်ပံ့မှုတွေ ရပ်စဲပစ်လိုက်မယ်လို့တောင် ခြိမ်းခြောက် ခဲ့ရ သေးတယ်။ ကောင်းပြီ၊ အဲဒါ ထားပါတော့။ လက်တလော ပြဿနာက ဇင်ဘာဘွေ နိုင်ငံမှာဖြစ်တယ်။ ဆင်အုပ်ကြီး တစ်အုပ်လုံး မိုင်းဗုံး တွေ ထောင်ထားတဲ့နေရာကို မောင်းသွင်းပြီး ရက်ရက်စက်စက် သတ် ဖြတ်ခဲ့တဲ့ ဓာတ်ပုံတွေ ခင်ဗျား မြင်ရပြီးပြီ မဟုတ်လား။ ဇင်ဘာဘွေမှာ အဲဒီလို တိရစ္ဆာန်တွေ ခိုးသတ် နေတာကို အကြီးအကျယ်စနစ်တကျ လုပ်နေပုံ က ထိပ်သီးပိုင်းက ပုဂ္ဂိုလ်ကြီးကြီးတစ်ယောက် ပါဝင် ပတ်သက်နေတယ်လို့ ကျုပ်တို့ သင်္ကာမကင်း ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလုပ်ရပ်ကို ဖြစ်တဲ့နည်းနဲ့ ရပ်ဆိုင်းပစ်ဖို့ လိုတယ် '

' ဒီ ကိစ္စမှာ ကျုပ်က ဘယ်လို ပါဝင်ပတ်သက်နေနိုင်တယ် ဆိုတာကို ပြောပါဦးဗျ '
' ပြောမယ်လေ၊ ကျုပ်တို့ အဖွဲ့အစညးအနေနဲ့ ဇင်ဘာဘွေနိုင်ငံမှာ လူယုံဧဂျင်း (သူလျှို) တစ်ဦး လိုတယ်။ ဒီလူက ဒေသဆိုင်ရာ အတွေ့အကြုံရှိရမယ့်အပြင် အာဖရိကတိုက်က တိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေး ဌာနမှာ အလုပ်လုပ်ဖူးတဲ့လူ တိုင်းရင်းသား ဘာသာစကားကို တတ်ကျွမ်းတဲ့လူ၊ ပြီးတော့ အာဖရိကကို သွားပြီး လေ့လာမေးမြန်းစုံစမ်းဖို့ တရးဝင် အကြောင်းပြချက်ကောင်းကောင်း ရှိတဲ့ လူလည်းဖြစ်ဖို့ လိုအပ် တယ်။ ဥပမာ ဟိုနိုင်ငံက အစိုးရပိုင် ပုဂ္ဂိုလ်တွေနဲ့ သီကျွမ်းရင်းနှီးတဲ့ စာရေး ဆရာတစ်ယောက် ဆိုပါတော့။ စာအုပ်သစ် တစ်အုပ်ရေးဖို့ အကြောင်းပြပြီး လွတ်လပ်စွာ လှုပ်ရှားသွား လာနိုင်လိမ့်မယ်။ ကျုပ်တို့ရဲ့ လူယုံ ဧဂျင်းဆိုတာတော့ ဘယ်သူမှ မသိအောင် လျှို့ဝှက်ထားရမယ်။ မူလက ဟိုနိုင်ငံမှာ နေထိုင်ခဲ့ဖူးသူ အတွက် လည်း အစိုးရဘက်က ပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ်ရနိုင် တယ်။ တကယ်လို့သာ ဒီလူက ကျုပ်တို့ရဲ့ လုပ်ငန်း အပေါ် ယုံကြည်မယ်ဆိုရင် လုံးဝအောင်မြင်နိုင် တယ်'

' လက်စသတ်တော့ ကျုပ်က ဂျိမ်းစ်ဘွန်းလို သူရဲကောင်းစုံထောက် သူလျှိုမျိုးလုပ်ရမယ်ဆိုပါတော့ '
' ဒီလိုလည်း တိုက်ရိုက်ပြောလို့ မရဘူး။ ခင်ဗျားကို ကျုပ်တို့က တရားဝင် တာဝန်ပေးမှာက ကမ္ဘာ့ ဘဏ်ရဲ့ ကွင်းဆင်းလေ့လာရေး အရာရှိအဖြစ် ခန့်ပြီး လစာငွေကလည်း တစ်နှစ်ကို ဒေါ်လာငွေ လေး သောင်း ပေးမယ်။ ဒါ့အပြင် သွားလာ လှုပ်ရှားလေ့လာရတဲ့ ကုန်ကျစရိတ်အားလုံးကိုလည်း ကျုပ်တို့ကပဲ ကျခံပါ့မယ်။ တကယ် လို့ ကိစ္စတွေ ပြီးသွားချိန်မှာ ခင်ဗျားက စာအုပ်တစ်အုပ် မရေးနိုင်ခဲ့ဘူးဆိုရင်လည်း ပြဿနာမရှိဘူး'
' မစ္စတာ ဟင်နရီ ခင်ဗျား၊ ကျုပ် စောစောကပြောခဲ့သလို ကျုပ်ကို အစစအရာရာ ပွင့်ပွင့်လင်းလင်း ပြောစေ ချင်ပါတယ် '
ခရိတ်က ပြောလိုက်ရာ မစ္စတာ ဟင်နရီဆိုသူက ရယ်မောလိုက်သည်။

' သဘောကျသဗျား၊ ခင်ဗျား အခုလို ပြောလိုက်တာနဲ့ ကျုပ်က ခင်ဗျားကို တာဝန်ပေးဖို့ ရွေးချယ်တာဟာ မှန်ကြောင်းသေချာတယ်။ ခင်ဗျားက ကွက်ကျော်ကြိုမြင်တတ်တဲ့လူပဲ။ ကောင်းပြီ၊ ပွင့် ပွင့်လင်းလင်း ပြောရမယ် ဆိုရင် ခပ်ရှည်ရှည်ပဲပြောရလိမ့်မယ်။ ကဲ ... ခင်ဗျားရဲ့ ယမကာခွက်ကို ထပ်ဖြည့်လိုက်ပါရစေဦး။ ပြီးတော့ ဆက်ပြောပါမယ် '
ပြောပြောဆိုဆို ဟင်နရီက ၀ီစကီ ထပ်ဖြည့်ထည့်ပေးပြီး စကားဆက်လေသည်။
 ကျုပ်တို့ ကမ္ဘာ့ဘဏ်အနေနဲ့ ကူညီထောက်ပံ့ထားတဲ့နိုင်ငံတွေမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ အမှန် အတိုင်းသိထားဖို့ အလွန်အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် အဲဒီနိုင်ငံတွေမှာ လျှို့ဝှက်ထောက်လှမ်း ရေး အစီအစဉ် ရှိထားဖို့ လိုတယ်။ ဇင်ဘာဘွေနိုင်ငံက ကျုပ်တို့ရဲ့ ထောက်လှမ်းရေးလုပ်ငန်းက ကျေနပ် အားရဖွယ် မရှိဘဲ ဖြစ်နေတယ်။ မကြာသေးခင်ကပဲ ကျုပ်တို့ရဲ့ လူယုံတစ်ဦး ဆုံးရှုံးခဲ့ရတယ်။ မော်တော်ကား တိုက်ခံရပြီး သေသွားတယ်။ ဒါဟာလည်း ရိုးရိုးသားသား မတော်တဆ ထိခိုက်မှုမှ ဟုတ်ရဲ့လားလို့ သံသယ ရှိစရာ ဖြစ်နေတယ်။ ဒီလူက မသေခင်မှာ သူမသင်္ကာတဲ့ အချက်တစ်ခု သတင်းပို့ခဲ့တယ်။ ဘာလည်း ဆိုတော့ ဇင်ဘာဘွေမှာ ရုရှရဲ့ တိတ်တိတ်ပုန်းအားပေးမှုနဲ့ အာဏာသိမ်း မှုတစ်ခု ဖြစ်ပေါ်လိမ့်မယ်ဆိုတဲ့ သတင်းပဲ '

' ဒီမယ် ကျုပ်တို့ အာဖရိကတိုက်သားတွေရဲ့ သဘာဝက ဒီမိုကရေစီစနစ်နဲ့ မဲဆန္ဒပေး ရွေးချယ်တင် မြှောက်တဲ့ စနစ်ကို တယ်ပြီး အယုံအကည်မရှိကြဘူး။ အရေးကြီးတာက တိုင်းရင်းသား လူမျိုးစုတွေ အချင်းချင်း သစ္စာရှိစွာစည်းရုံးနေဖို့နဲ့ အင်အားကောင်းနေဖို့ပဲ။ ရှင်းရှင်းပြောရရင် အာဖရိကတိုင်းရင်း သားတွေ က မဲပေး ရွေးကောက်ပွဲထက် အာဏာသိမ်းတာကမှ ပိုကောင်းတယ်လို့ ယူဆကြတယ် '
' ခင်ဗျားရဲ့ သဘောထားကကော၊ ကျုပ် ပြောတကို ဘယ်လို သဘောရသလဲ '
' နေဦးဗျ၊ ခင်ဗျားတို့က ကျုပ်အတွက် ကုန်ကျစရိတ်အားလုံး ကျခံမယ်ဆိုတာ လေယာဉ်စီးတဲ့ အခါ ပထမတန်း လက်မှတ် ၀ယ်စီးရင်ကော ကုန်ကျခံမှာလား '
ခရိတ် က ခပ်တည်တည်မေးလိုက်သည်။

' အင်း ... လူတိုင်းကတော့ ကိုယ်လိုချင်တဲ့ အခွင့်အရေး တောင်းကြတာပဲ၊ တစ်နည်းအားဖြင့် လူတိုင်းဟာ ကိုယ်ကြိုက်တဲ့ဈေး တောင်းတတ်ကြတယ်။ အခု ခင်ဗျားပြောတာ ခင်ဗျားရဲ့ ဈေးနှုန်းပဲလား'
 ကျုပ်က ဈေးပေါပေါနဲ့ လိုက်မှာမဟုတ်ဘူးဗျ။ သို့သော်လည်း ကျုပ်ရဲ့ ဇာတိရပ်မြေ၊ ကျုပ်ရဲ့ ခြေတစ် ဖက်ဖြတ်ပြီး မြှုပ်နှံထားခဲ့တဲ့ ဇင်ဘာဘွေနိုင်ငံကို ရုရှသြဇာခံတွေ ခြယ်လှယ်တာကိုတော့ လက်မခံနိုင် ဘူး။ ဒါကြောင့် ကျုပ် အခုခင်ဗျားပေးတဲ့ အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ '
ဤတွင် မစ္စတာ ဟင်နရီက ခရိတ်အား လက်ဆွဲ နှုတ်ဆက်လေသည်။

' ကျုပ်လည်း ခင်ဗျား လက်ခံလိမ့်မယ်လို့ ထင်မိသားပဲ။ ကိုင်း ... ဒါဖြင့် ဒီလို လုပ်ကြမယ်။ ကျုပ်က ဖိုင်တစ်ခု ရယ်၊ နောက်ပြီး အာဖရိကမှာ အသုံးပြုဖို့ အသက်ရှင်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ပါတဲ့ သေတ္တာ တစ်ခု ရယ်ကို ခင်ဗျားအခုနေတဲ့ သင်္ဘောပေါ် လူတစ်ယောက်နဲ့ ပို့ပေးလိုက်မယ်။ ခင်ဗျားက ဖိုင်ကို ဖတ်နေချိန် မှာ ကျုပ်လူက စောင့်နေပြီး ဖိုင်ကို ပြန်ယူလာခဲ့မယ်။ သေတ္တာကိုတော့ ခင်ဗျား ယူထား လိုက်ပေတော့ '

*
မစ္စတာဟင်နရီ ပို့ပေးလိုက်သော သေတ္တာတွင် ပါရှိသည့် ပစ္စည်းများမှာ စုံလှပေသည်။ စာရေးဆရာ သတင်းစာ ဆရာအဖြစ် အသုံးပြုရန်အတွက် တရားဝင် ကတ်ပြားများ၊ နာမည်ကြီး ' တီ၊ ဒဗလျူ၊ အေ' သံတမန် ကလပ်တွင် ဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း သက်သေခံကတ်ပြား၊ ကမ္ဘာ့ဘဏ် အမည်ဖြင့် နေရာတွင် ၀ယ်ယူသုံးစွဲနိုင်သော ကြွေးယူခွင့်ကတ်ပြား ၊ (ယင်းကတ်ပြားမှာ သုံးစွဲခွင့်တန်ဖိုး ကန့်သတ်ချက်မရှိ) ထို့အပြင် လှပသော ကြယ်ပွင့် (ရာထူးတံဆိပ်) တစ်ခု ပါရှိသော သားရေအိတ် (သားရေအိတ်တွင် ကမ္ဘာ့ဘဏ် ကွင်းဆင်းအရာရှိဟု ကမ္ဗည်းထိုးထားသည်) စသည်တို့ ပါရှိလေသည်။
ခရိတ် သည် သေတ္တာကို ပြန်ပိတ်ပြီး လက်ဖြင့် အသာဆကြည့်ရင်း ...

' အင်း ... ဒီသေတ္တာကတော့ တောထဲမှာ ခြင်္သေ့တွေ့ရင် လက်နက်အဖြစ် ရိုက်သတ်ဖို့ဖြစ်မယ်။ တခြားနည်း နဲ့ အသုံးဝင်စရာတော့ ရှိမှာ မဟုတ်ဘူး' ဟု တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ဖိုင်တွဲ ကတော့ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ခရိတ်သည် ဖိုင်ကို ဖွင့်ဖတ်ရင်း သူ လွန်ခဲ့သော နှစ်အနည်းငယ်မှ စွန့်ခွာခဲ့သော ဇာတိရပ်မြေဇင်ဘာဘွေနိုင်ငံ (မူလ အမည် ရိုဒီးရှား) အား အလွန် သတိရ နေမိလေသည်။
*
အခန်း (၄) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>