Thursday, April 8, 2010

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၂၃)

အခန်း- ၁၆

တနေ့သ၌ ၀မ်လန်းသည် အိပ်ရာထဲ၌ အိုလင်နှင့်အတူ အိပ်လျက်ရှိစဉ် ၎င်း၏လက်သည် အိုလင်၏ ရင်ဘတ် ပေါ်မှ လက်သီးဆုပ်ခန့်ရှိသော မာကျောသည့် အရာဝတ္ထု တခုကိုသွား၍ ထိမိလေ၏။ "ဒါ ဘယ့်နှယ် ဟာကြီးလဲ"ဟု မေးမေးပြောပြော ထိမိသောအရာကို ကိုင်စမ်း၍ ကြည့်လိုက်မိသည်တွင်၊ မာကျစ် ၍ နေသည့် အဝတ်ထုပ် တခုဖြစ်ကြောင်းတွေ့ရလေ၏။ ပဋ္ဌမ၌ အိုလင်သည်ရုန်းဖယ် ကန် ကြောက် ၍ နေလေ၏။ ၀မ်လန်းကအထုပ်ကို ဆွဲဖြတ်လိုက်တော့မည် ပြုမှ "ကဲ-ကဲ ဒါလောက်တောင် ဖြစ်နေမှ ကြည့်-ကြည့်-ရော့" ဟု ဆိုပြီး လယ်ပင်း၌ဆွဲထားသည့် အထုပ်ကို ကြိုးဖြတ်၍ လှမ်းပေး လိုက်လေ၏။

ဝမ်လန်းသည် ရစ်ပတ်ထားသော အ၀တ်စကို စုတ်ဖြဲလိုက်သောအခါ၊ လက်ထဲသို့ ၀င်းလက်သော ကျောက်မျက် ရတနာတွေ ထွက်ကျလာလေ၏။ ဤမျှများပြားသော ရတနာမျိုးစုံကို အိပ်မက် ပင် မမက် ဘူးခဲ့ချေ၊ အချို့မှာ ဖရဲသီး အတွင်းသား ပမာ နီနီကလေးတွေ ဖြစ်လျက်၊ အချို့မှာ ရွှေဝါရောင် တောက်ပ နေပြီး လျှင်၊ အချို့မှာ မိုဃ်းဦးကျ ရွက်နု ကလေးများ လို စိမ်း၍ အချို့မှာ စမ်းရေ လို ကြည်လင် တောက်ပ ၍ နေလေ၏။

တသက် နှင့် တကိုယ် ဤမျှအဖိုးထိုက်သော ရတနာများကို မြင်လည်းမမြင်ဘူး၊ အမျိုးအစား အကောင်း အဆိုး လည်း ခွဲခြား၍ သိနားမလယ်၊ သို့သော်- ပြိုးပြိုး ပြက်ပြက် တခဲနက်ဝင်းလျှံနေသော ပစ္စည်းများကို လက်ထဲ တွင် ဆုပ်ကိုင်ထားမိရင်း၊ မိမိမှာ ထိုရတနာများဖြင့်ပင် အတော်ချမ်းသာနေပြီ ဖြစ်ကြောင်း တွေးတော မိလေ၏။ ရုတ်တရက် စကားမပြောနိုင် စိန်ရောင်ကျောက်ရောင် ပတ္တမြားရောင်များဖြင့် မူးမော် အန်တွေ ကြက်သေ သေလျက် နေကြလေ၏။ 

အတန်ငယ်ကြာမှ "ဘယ်ကရ တာလဲ…… …ဘယ်က ရတာလဲ"ဟု လေသံဖြင့် အသက်မရှုနိုင်ပဲ မေးလိုက်သည်တွင် အိုလင်ကလည်း လေသံကလေးဖြင့် "ဟို- သူဋ္ဌေးအိမ် ကပေါ့၊ သူဋ္ဌေးအချစ်တော် တယောက်ယောက်ရဲ့ဟာတွေ လို့ အောက်မေ့တာပဲ အုဋ္ဌ်နံရံကြီးမှာ အုဌ်တချပ် ချောင်နေတာ တွေ့ရလို့အသာ ဒီပြင်လူတွေ မမြင်အောင် သွားပီးဆွဲ နုတ်ကြည့်လိုက်တော့ ဒါတွေ တွေ့ရတာပဲ" "နို့… ဒီနေရာထားမှန် မင်းဘယ်နှယ် လုပ်သိသလဲ"။

ထိုအခါ အိုလင်က ပြုံး၍။
"ဘယ့်နှယ်တော် ကျုပ်သူဋ္ဌေးအိမ်မှာများ မနေခဲ့ဘူး- ဘူးလို့ အောက်မေ့လို့လား၊ သူဋ္ဌေးဆိုတာ  ဟာ နေ့ရှိ သမျှ တထိတ်ထိတ်နဲ့ နေကြရတာတော့ ကျုပ် ဟိုအိမ်ကြီးမှာ နေခဲ့တုံးက။ တနှစ်ပေါ့ ဓါးမြတွေ ၀င်တိုက် တာ၊ သူဋ္ဌေးအပျော်မယား တွေရော ကျွန်မ တွေရော သခင်မကြီး ရော ဟာ- ခြေဦးတည့်ရာ လျှောက်ပြေး ကြတာပဲ၊ သူတို့ အဖိုးတန်ပစ္စည်းတွေ ကိုယ်စီကိုယ်စီ တိတ်တိတ် ၀ှက်ထားတဲ့ နေရာတွေ ရှိတယ်၊ ဒီတော့ အုဌ်တချပ်ချောင်နေတဲ့ အဓိပ္ပါယ် ကျုပ်နားလယ်တာပေါ့"
ထိုနောက် ငြိမ်သက် သွားကြလေ၏။ အတန်ကြာသောအခါ ၀မ်လန်းက အသက်ပြင်းပြင်း ကြီးရှုလိုက် ပြီး။

"ဒီလို အဖိုးတန် ရတနာတွေဆိုတာ၊ ကြာကြာသိမ်းထားလို့ ကောင်းတာမဟုတ်ဘူး၊ အင်မတန် ဘေးရန်များ တဲ့ ဟာတွေ ထုခွဲရောင်းချပစ်ပီး မပျောက်မပျက်တဲ့ ပစ္စည်းတခုခု လုပ်ပစ်မှာ မပျောက် မပျက်တဲ့ ပစ္စည်းဆိုလဲ လယ်ပဲ ရှိတာပဲ၊ နို့မို့- ဒါတွေ ဒို့လက်ထဲရှိမှန်း လူသိရင် ဓါးမြ၀င် တိုက်လို့ မကြာခင် အသတ်ခံ ရလိမ့်မယ်………. မြန်မြန် လယ်ဝယ်ပစ် မှ အိုလင် …… နို့မို့ရင် ငါအိပ်ပျော် တော့မှာ မဟုတ် တော့ဘူး"ဟု ပြောဆိုကာ၊ ကျောက်မျက်ရတနာများကို အ၀တ်နှင့်ပြန် ထုတ်လျက်၊ ရင်ဘတ်ကြား ထဲ ထည့်ထား မည်ဟု အင်္ကျီကျယ်သီးများကို အဖြုတ်လိုက်။ ဇနီးသယ်၏ မျက်နှာကို အမှတ်တမဲ့ သွား၍ မြင်မိ လေ၏။ အိုလင်မှာကုတင်ပေါ်၌ ခြေ၂ချောင်းချိတ်၍ ထိုင်နေ လေရာ၊ ၎င်းး၏နှုတ်ခမ်းများမှာ တခုခု ပြောချင် သလိုလို တလှုပ်လှုပ် တရွရွ ဖြစ်နေလေ၏ အံ့သြလျက် "ဘာလဲကွ- ဘာပြောချင်လို့လဲ" ထိုအခါ အိုလင် က လေသံဖြင့်။

"ဒါတွေ အားလုံး ရောင်းပစ်လိုက်တော့ မလို့လားဟင်-"
"အားလုံး ရောင်းမပစ်လို့၊ ဘာလုပ်ရအုံးမှာလဲ- အိမ်စုတ်နဲ့နေပီး ဒါတွေ လက်ထဲ ထားလို့ တော်ပါ့ မလားကွ" ဟု အံ့အားကြီးသင့်လျက် ပြန်ပြောလိုက်လျှင်။
"သြော် ကျုပ်က ၂ခုလောက်ကျုပ်အတွက် ယူထားလိုက်ချင်လို့-"ဟု ပြောကာ အိုလင်မှာ ခဲလေသမျှ၊ သဲရေကျ ဖြစ်သွား သကဲ့သို့ ငေးမှိုင်၍သွားလေ၏။ ၀မ်လန်းမှာ ကစားစရာတခုခုကိုလို ချင်တောင့်တ နေသော သားငယ်အား မြင်ရသည့် အခါဂရုဏာ သက်မိသကဲ့သို့ အိုလင်အား သနား ၍သွားလေ၏။

"ဘာပြောတယ်"
"ကျုပ်ဖို့ ၂ခုလောက်ပေးနိုင်ရင်" ဟု ကြောက်ကြောက် ရွံ့ရွံ့နှင့် ပြောကာ၊ "သေးသေးကလေး ၂ခုထဲပါ၊ ပုလဲ ကလေး ၂လုံး ဆိုတော်ပါပီ"
"ပုလဲ………" "ဟုတ်တယ် ---ကျုပ်ထုတ်မ၀တ်ပါဘူး သိမ်းရုံသိမ်းထားမှာပါ"
အိုလင် သည် မျက်လွာကလေးကိုချလျက်၊ အိပ်ရာခင်းမှာ အပ်ချည်မျှင်ကလေးတမျှင်ကို ဆွဲလိမ်ရင်း အဖြေ ကို စောင့်၍ နေလေ၏။

ဝမ်လန်းမှာ ရုတ်တရက်နားမလယ်နိုင်ပဲ ဇနီးသယ်ကိုကြည့်၍ နေလေ၏။ အိုလင်ကား၊ သူနှင့်အတူ ဒိုးတူ ဘောင်ဘက် ဘာပစ္စည်း၊ ဘာဆုလာဘ်မှ မမျှော်ကိုး၊ မရိရှိပဲသစ္စာ ရှိရှိနှင့်လုပ်ကိုင် ဆင်းရဲခဲ့ရ ၏။ သူဋ္ဌေး အိမ် တွင် နေရစဉ်တုံး ကလည်း၊ စိန်တွေ ရွှေတွေကို မြင်ရလျက်နှင့် သူ့ခမြာလက်ဖျား နှင့် မှ ထိခဲ့ရမည် မဟုတ် ဟု စဉ်းစားနေမိလေ၏။ သို့စဉ်စားနေစဉ်။
"တခါတခါ တော့လဲ၊ ကျုပ်ဒါလေး တွေ လက်ထဲမှာ ထည့်ပီး ကိုင်ထား နိုင်တာပေါ့………" ဟု အိုလင်က ထပ်၍ ပြောလိုက်သည့် အခါ များစွာ သနားသွားလျက်၊ အထုပ်ကိုလှမ်း၍ ပေးလိုက်မိလေ၏။ ထိုအခါ အိုလင်သည် ဖြူဖွေးသော ပုလဲကလေး ၂လုံးကိုရွေး၍ယူပြီး၊ အ၀တ်ကလေးနှင့် ထုပ်၍၊ သူ့လယ်ပင်း အင်္ကျီ အောက် တွင် ဆွဲထားလိုက်လေ၏။

ဝမ်လန်းသည်ထိုနေ့မှစ၍ ဇနီးသယ်ကို အကဲခတ်၍ ကြည့်မိရာ အိုလင်မှာသူ့ပုလဲကလေးများကို၊ တခါမှ ထုတ်ကြည့် သည် မတွေ့ရ၊ သူလယ်ပင်း တွင် ဆွဲမြဲဆွဲထားသည်ကို သာတွေ့ရလေ၏။
ထိုနောက် ၀မ်လန်းသည် သူ့စိတ်ကူးအတိုင်းကျန် ကျောက်မျက်ရတနာများဖြင့် လယ်ထပ်ဝယ်ရန် ရည်ရွယ် လျက်၊ ယွမ့်အိမ်ကြီးသို့ နောက်ထပ် ရောင်းရန် လယ်များရှိလို ရှိ ငြား စုံးစမ်းရင်း ထွက်ခဲ့လေ၏။
 

အခြေ အနေ မည်မျှ ပြောင်းလဲခဲ့ပြီမသိ၊ ရောက်သွားသည့်အခါ ၀င်းဝ တွင် တံခါး စောင့်ပင် မရှိတော့ ၀င်းတံခါးကြီး များမှာ သော့ခတ်လျက် ပိတ်ထားသည်ကို တွေ့ရလေ၏။ ၀မ်လန်းသည် ထိုတံခါးကြီး များကို လက်သီး ဖြင့် အခါခါ ထုသည့်တိုင် မည်သူမျှ ထွက်လာသည်ကို မတွေ့ရ တိတ်ဆိတ်၍သာ နေလေ၏။

သို့သော် ၀မ်လန်းသည်၊ စိတ်မပျက်ဘဲ ဆက်လက်၍ သာထုလေရာ၊ မကြာမီ ဖြေးညှင်းစွာ လျှောက်လာ နေသော ခြေသံများကို ကြားရလေ၏။ ခြေသံမှာ သွက်လက်ပုံမရ ရပ်ဆိုင်း ရပ်ဆိုင်း ဖြစ်နေလျက် ခဏကြာ သောအခါ တံခါးမင်းတုံးကို ဖြည်းညှင်းစွာ ဖြုတ်နေသံကြားရပြီ၊ တံခါးကြီးမှာ ကျွိ-ခနဲဟလာကာ "ဘယ်သူလဲ" ဟု ခတ်တိုးတိုး မေးသံတခုထွက်ပေါ်လာလေ၏။
"ကျွန်တော်လေ- ၀မ်လန်းပါ"ဟု ၀မ်လန်းက ခတ်ကျယ်ကျယ် ပြန်၍ဖြေလိုက်သည်တွင်၊ ညည်း ညည်း ညူညူ နှင့် " တယ်- ငါကော် တုပ်လိုက်ရမကောင်းဘူး……... ဘယ်က၀မ်လန်းလဲ"
ပြောပုံဆိုပုံ ကို ထောက်လျက်၊ သူဋ္ဌေးကိုယ်တိုက် ဖြစ်ကြောင်းသိရလျှင်၊ ၀မ်လန်း က စောစောက ထက်ပို၍ ရိုရို သေသေ……
"သူဋ္ဌေးမင်းခင်ဗျာ- ကိစ္စကလေးတခုရှိလို့လာခဲ့ပါတယ်၊ သူဋ္ဌေးမင်း ကို နှောင့်ယှက် ရအောင်လာ တာ မဟုတ်ပါဘူး၊ သူဋ္ဌေးမင်းရဲ့ ကိုယ်စားလှယ်တော်နဲ့ အလုပ်ကိစ္စကလေးတစ်ခု စကားပြောရအောင် လာခဲ့ တာပါ" ဟု ပြောလိုက်၏။

"ဒီမအေသေရာလား…….. ခွေးမသား ငါ့ဆီကထွက်သွားတာ ကြာလှပီ- အခုဒီမှာမရှိဘူး"ဟု တံခါးကို မဖွင့်ပဲ ပြန်ပြောလေ၏။
ဝမ်လန်းမှာ မည်သို့ပြန်ပြောရမည် မသိအောင် ခေါင်းရှုပ်သွားလေ၏၊ လယ်ဝယ်ရန်ကိစ္စမှာ သူဋ္ဌေးနှင့် တိုက်ရိုက် စကားပြောခြင်းမှာ မသင့်၊ သို့သော် အဖိုးတန်ရတနာတွေ ကို ရင်ဘတ်ကြား ထဲ၌ ထည့်ထား ရသည်မှာ မီးကဲ့သို့ ပူလှဘိ၏။ မြန်မြန် ထုခွဲပစ် လိုက် ချင်လှ၏။ ထို့ထက် လယ်များ ကို ထပ်ဝယ်ချင် စိတ်က ပို၍ ပြင်းထန်နေပြန်လေသည်။ သို့ဖြစ်လေရာ- စိတ်တင်းလျက်။
 
 "ကျွန်တော် ငွေရေးကြေးရေး ကိစ္စကလေး အတွက် လာပါတယ်ခင်ဗျာ"ဟု ရွံ့ကြောက်ရွံ့ကြောက် နှင့်ပြောလိုက်မိလျှင်ပင်၊ သူဋ္ဌေးကြီးသည် ဟ-နေသော တံခါးကို-၀ုန်းကနဲ ဆွဲပိတ်လိုက်ပြီးနောက်။
"အိမ်မှာ ပိုက်ဆံတပြားမှ မရှိဘူး၊ သူ့အမေသေရာ သူခိုးဓါးမြတွေ တိုက်သွားလို့ ဘာမှမကျန် တော့ဘူး၊ ဘာကြွေး မှ မမေးနိုင်ဘူးဟေ့"ဟု အော်ဟစ် ပြောဆိုလေ၏။

"မဟုတ်ပါဘူး- မဟုတ်ပါဘူး- ကျွန်တော်လာတာ ကျွေးတောင်ရအောင် မဟုတ်ပါဘူး၊ ပေးရအောင် လာတာပါ" ဟု ၀မ်လန်းက ပြာပြာသလဲ ပြောလိုက်သည့်အခါ၊ အဘိုးကြီးနောက်မှ စူးသျှသော အော်သံတခု ထွက်ပေါ် လာလျက်၊ တံခါးကြားမှ မိန်းမပျို တယောက်၏ မျက်နှာပြူထွက်၍ လာလေ၏။
"ဒါမျိုး မကြားရတာများ- ကြာလှပါပကော။"

မိမိအား ကြည့်နေသော အလွန်လှပသည့် မျက်နှာကလေးတခုကို ၀မ်လန်းတွေ့မြင်ရလေ၏ မိန်းမပျိုက "အထဲဝင်ခဲ့ပါ" ဟု ခေါ်ငင်ပြီးလျှင်၊ တံခါးကိုဖွင့်ပေးလေရာ၊ ၀မ်လန်းသည် အထဲသို့လှမ်း ၀င်၍ အံအားကြီး သင့်နေစဉ် မိန်းမပျိုသည် ၀င်းတံခါးကို ပိတ်လိုက်လေ၏။

ဝမ်လန်း၏အနီး၌၊ သူဋ္ဌေးကြီးမှာ ဟောင်းနွမ်းညစ်ထေးနေပြီ ဖြစ်သောဖဲအင်္ကျီကြီးကို ၀တ်လျက်၊ ချောင်း တဟုဟု ဆိုးရင်း ရပ်နေလေ၏။ ရှေးက ၀၀ဖိုင့်ဖိုင့်နှင့် ခန်းငြားကြက်သရေရှိသော သူဋ္ဌေးကြီး မှာ- ယခု ကဲ့သို့ပိန်ချုံး စုတ်ပြတ်၊ ရုပ်ပျက် ဆင်းပျက် ဖြစ်နေပြီကို တွေ့ရသောအခါ၊ ၀မ်လန်းမှာမယုံ ကြည် နိုင်အောင် ဖြစ်နေလေ၏။

မိန်းမပျိုမှုကား- သပ်သပ်ရပ်ရပ် ရှိပါပေ၏ ရုပ်ဆင်းလည်း ပြေပြစ်ချောမောလှပါဘိ၏ သို့သော်- စကား ပြောပုံ ဆိုပုံ ကို ထောက်လိုက်လျှင်၊ သူဋ္ဌေး၏ ဆွေမျိုးသားချင်းထဲမှ မဟုတ်တန်ရာပေ၊ ကျွန်မ တယောက် သာ ဖြစ်လေတန်၏။ အနီး ပတ်ဝန်းကျင်သို့ ကြည့်လိုက်မိသည်တွင်၊ ၀မ်လန်းမှာ မည်သူ တဦးတယောက် မျှ မတွေ့ရ။ ရှေးက စည်စည်ကားကား နှင့် ခလေး တွေ ကစားခုန်ပေါက် မြူးတူးပျော်ပါးနေခဲ့သော အိမ်ကြီးများ မှာ သုဿန်တစပြင်ကြီး ပမာချောက်ကပ် တိတ်ဆိတ်နေလေ ပြီကိုတွေ့ရလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, April 7, 2010

ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၃)

ချစ်ကိုယ်တွေ့ လေး ရေးမယ်ဆိုတော့ သာသနာ ဖျက်ခဲ့ တာလေးလည်း သတိရမိသား.. တခြား မဟုတ် ပါဘူး..၊ ချစ်ချစ်ကြီး နဲ့ ပါတ်သက်လို့ပါဘဲ...၊ ချစ်စ၊ ခင်စ၊ ကြင်နာစ တယောက်မျက်နှာ တယောက်ကြည့် ရင်း နဲ့ ချစ်မဝ တဲ့ အချိန်လေးပေါ့..။

အဲဒီလို ချစ်ကောင်းနေတဲ့ အချိန်မှာ ချစ်ချစ်ကြီး အိမ်က ပဉ္ဇင်းတက် ဘို့ စီမံပါလေရော. ( အခုလို နွေရာသီ အချိန်လေး မှာပါဘဲ ).၊ ချစ်ချစ်ကြီး က ဆံပင် ကလည်း တော်တော်လေး ရှည်နေပြီ ဆိုတော့ သူ့အိမ်က လည်း ရိုးရိုး ညှပ်ခိုင်းရင် ပေကပ်ကပ် လုပ်နေတော့ တချက်ခုတ် နှစ်ချက်ပြတ် အပိုင်ကြံတော့တာပေါ့..။

သူ ဦးဇင်း ဝတ်မဲ့ အကြောင်း ကို ချစ်ချစ်ကြီး က တလလောက် အလို ကထဲက ကျနော်ကို ပြောလာတယ်..၊ ကျနော် က သဘော မတူဘူး ..၊ မဝတ်ရဘူး ဘာ ညာ ပြောထားတော့.. နောက်ပိုင်းမှာ အဲဒီ အကြောင်းကို စကားစပ် လို့တောင် ပြောမလာတော့ဘူး.. ကျနော်လည်း အမှတ် မထားတော့ ဘူးပေါ့...။

တကယ် ဝတ်ရမဲ့ အချိန်ရောက်တော့ သူ့ အဖွား နေမကောင်းလို့ ကလောပြန်မယ် လို့ပြောလာတယ်..  အမြန် ပြန်ခဲ့ မယ် ဘာညာနဲ့  ပလီပလာ လုပ်ပြီး...  သွားပါလေရော ကလော ကို ...။

၃-၄ ရက်နေတော့ သူ့ ညီမလေး ရောက်လာတယ်...၊ မေမေ တို့က ခေါ်ခိုင်းလို့တဲ့.. ခဏလိုက်ခဲ့ ပါအုန်း ပေါ့.. အဲဒီ အချိန်ထိ သူ့မိဘ များနဲ့ ကျနော် နဲ့ အဆက်အသွယ် မရှိပါဘူး.. ၊ ဘာများ ဖြစ်လို့ လည်း ဆိုပြီး လိုက်သွားတယ်...၊ ဟိုရောက်တော့ မှ ဝါတော် ၄-၅ ဆယ် ရ ဦးဇင်း ကြီး အကြောင်း သိရပါတယ်..၊ တခြား ညီအကို တွေက ပျော်ပျော်ရွှင်ရွှင် နဲ့ ဦးဇင်း ဝတ်နေတာ သူမှာတော့ စဝတ်တဲ့ နေ့က စပြီး တမှိုင်မှိုင် တတွေတွေ နဲ့ ဖြစ်နေတယ် တဲ့...။ 

ဒါနဲ့.. သူ့ သားအကြောင်း စုံစမ်း လိုက်တော့ ကျနော် သဘောမတူ ဘူးပြောလို့.. ၊ တူလိုက်ပါ ပေါ့လေ.. တခါ တလေ ဝတ်တာ...၊ ဝတ်တဲ့ အချိန်လေး.. အကျိုးရှိသွားအောင် ဘုန်းကြီး ကျောင်းလိုက်သွားပြီး ဦးဇင်း လေး စိတ် ချမ်းသာအောင် ပြောပေးပါအုန်း ဆိုပြီး အင်မတန် ကောင်းတဲ့ စကားများ နဲ့ ကျနော့်ကို နားချ ပါတယ်.. ကျနော် လည်း ဟုတ်ကဲ့ ပါ ဆိုပြီး ဘုန်းကြီးကျောင်း လိုက်သွားပါတယ်...။

ဟိုရောက်တော့ ဦးဇင်းလေး က အနားလာပါတယ်.. ချစ် .. အဲ .. တကာမကြီး မနက်ဖြန် ထွက်ခဲ့မယ် နော်တဲ့... ၊ ကျနော် ကလည်း ဟုတ် မောင်.. အဲ.. တင်ပါ့ ဦးဇင်း .. မနက်ဖြန် စောင့်နေကြ နေရာကို .. လာခဲ့ ပါ.. အဲ.. ကြွ ခဲ့ပါပေါ့......။

(အင်း ခွေးအို လောက်ကိုက် ကြီး ရဲ့ သခင်မ ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့နော်...)

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး (ချစ်ကိုယ်တွေ့ များ ခေတ္တနားပါအုန်းမည်)
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၉)

ဘဏ် ၃တိုက်တွင် နာမည်လွှဲရန် ကိစ္စ

အယ်ဒီတာ ဦးသန်းညွန့် နောက်တပတ်ကြော့ ၀င်လာသောအခါမှာတော့ ဘယ်လိုလဲကွဲ့၊ ပဲခူးပြန် ပရိသတ် ဟာ ဒါအကုန်ဘဲလားဟု ကျမကဘဲ အစပြိုးလိုက်ရပါသေးသည်။ သူကရယ်ရယ် မောမော နှင့် ပန်းဆိုးတန်း နဲ့ အလီဘာသာ ကကုန်းပေါ်က ပရိသတ်တွေလဲပါ ပါသေးတယ်။ ဒါပေတဲ့ သူတို့က မမဆီကို မရလာရဲ လို့ပါဟု အဖြေပေါ်လာပါသည်။

ကျွန်တော်တို့မှာ ဆရာသမား ဖြစ်လေတော့ စိုးရိမ်မှုမကင်း ဖြစ်နေပါတယ်။ အယ်ဒီတာအခန်းမှာ ဘာလုပ် ရမယ်ဆိုတာ ၀ိုင်းပြီး တိုင်ပင်ကြပါတယ်။ စိတ်မချရတဲ့ ပဲခူးမြို့အစွန်အဖျားမှာ မထားတော့ ဘဲ သွားခေါ်ပြီး ရန်ကုန်မှာ ရွှေ့ထားဘို့ ဆုံးဖြတ်ကြပါတယ်။ ဒီတော့ ရက်ကြာကြာ မဆိုင်းတော့ဘဲ နက်ဖန် သွားခေါ်ပြီး ရွှေ့ထား ပါရစေဟု ဆိုသည်။

ဒါတော့ မင်းတို့သဘောပါလို့ ခွင့်ပြုပြီးသားဘဲ၊ ကြိုက်တဲ့နေရာမှာ ရွှေ့ထားပါ။ ဒီကိစ္စမှာ ၀င်မပါဘူး ဟု ပြောသော အခါမှာ အယ်ဒီတာမောင်သန်းညွန့်က ကောင်းပါပြီ။ ကျွန်တော်တို့ အားလုံး တိုင်ပင် ပြီး နေရာ ရွှေ့ထား ဘို့ ဆုံးဖြတ်ပြီးပါပြီ။ မနက်ဖြန် ပဲခူး လိုက်သွားကြပါမည်။ မင်းကွန်းတောရနှင့် အခြားတနေရာမှာ နေဘို့ရာ လဲ အစီအစဉ်  ပြုရဦးပါမည်ဟုဆိုပြီး ပြန်ထွက်သွားပါသည်။ ညနေ ၆နာရီခွဲ ရှိပြီဖြစ်၍ အိမ်ပေါ် တက်ခဲ့ပြီး ထုံးစံအတိုင်း အခန်းထဲမှာ အောင်း၍ ပုတီးစိပ်နေသည်။ ထိုနေ့အဘို့ နောက်ထပ် ဘယ်သူ နှင့်မှ မတွေ့တော့ပါ။

နောက်တနေ့ မနက် ၁၀နာရီကျော်လောက်မှာ ကျမအောက်ဆင်းလာသည်။ စာရင်းစစ်မှ မန်နေဂျာ အလုပ်ကို ဆက်လက်လုပ်နေရသူ ဦးဗအေး ရောက်လာသည်။ လက်ထဲမှာ စာရွက်များ တံဆိပ်တုံး ကလေး များလဲ ပါလာသည်။ ဗမာ့ခေတ်သတင်းစာ အလုပ်တိုက်နှင့် ဆက်သွယ်ထားသော ဘဏ် တိုက်ကြီးများသို့ ကျမ အမည်နှင့် ငွေစာရင်းလွှဲပြောင်းဘို့ လက်မှတ်ထိုးရန်ကိစ္စများအတွက် ဖြစ်ပါ သည်။ ၎င်းဘဏ်တိုက် ကြီး များမှာ နယ်သာလင်ဘဏ်တိုက်၊ တရုပ်ပြည်သူ့ဘဏ်တိုက်နှင့် ဗမာ ပြည်သူ့ ဘဏ်တိုက် များ ဖြစ်ပါ သည်။

ဦးဗအေးက ဘဏ်တိုက် ၃-တိုက်အတွက် စာ ၃-စောင်ကို ပြသည်။ ယခု လောလောဆယ် ငွေကြေးကိစ္စ ဆက်သွယ် ရသည်မှာ တရုပ်ပြည်သူ့ဘဏ်နှင့် ဗမာအစိုးရ ပြည်သူ့ဘဏ်တိုက် နှစ်တိုက်ကို ယနေ့ လွှဲပြောင်း ရပါမည်။ မမ၏ လက်မှတ်များ ထိုးပေးပါဆို၍ ထုံးစံအတိုင်း ထိုးပေး လိုက်ရပါသည်။ ဟောဒီက နယ်သာလင် ဘဏ်တိုက်အတွက် နာမည်လွှဲရန် စာကိုတော့ သတင်းစာ ပုံနှိပ်စက္ကူများအတွက် သီးသန့် ဖြစ်သော ကြောင့် နောက် အေးအေးဆေးဆေးမှ လက်မှတ်ထိုး၍ လွှဲပြောင်းနိုင်ပါသည်ဟု ဆိုပါသည်။

ကျမလဲ ရိုးရိုးသားသားဘဲ ပြောသည်ထင်၍ အေးအေးနေလိုက်ပါသည်။ သို့ရာတွင် အဲသည်နယ်သာလင် ဘဏ်မှာက တကယ်အရေးပါ အရာ ရောက်သော ကိစ္စကြီးတွေ အတုံးလိုက်အခဲလိုက် ရှိနေပါသည်။ ဒါတွေ ကို နောက်ပိုင်း ၌ နယ်သာလင် ဘဏ်တိုက်မှ အကြီးအကဲပြုသူတဦး ကျမထံလိုက်လာမှ ဇာတ်ရေလည်စွာ သိရှိ ရပါ သည်။

ဗမာ့ခေတ် သတင်းစာကို ပါတ်လည်စက်ကြီးနှင့် ရိုက်နှိပ်ထုတ်ဝေခဲ့သည်ဖြစ်ရာ ပါတ်လည်စက် အတွက် သတင်းစာ ရိုက်ရသော စက္ကူမှာ အလိပ်ကြီးတွေနှင့်လာသော အမျိုးအစားကို သီးသန့်မှာ ၍ သုံးရပါသည်။ သည်တော့ အလျှင်မှီအောင် ၀ယ်ယူသိုလှောင်၍ ကိုယ်ပိုင် ဂိုဒေါင်နှင့် ထားရ သည်။ တနှစ်စာ၊ ၆လစာ ၀ယ်ထား ရသဖြင့် တနှစ်လျှင် သုံးလေသိန်းဘိုးခန့်မှာ ရသည်။ စက္ကူ ပြတ်သွားလျှင် တခြားတွေ အလွယ် တကူ အစားထိုး ၍ ၀ယ်ယူမရနိုင်သောကြောင့်လည်း စက္ကူများ အပြတ်မခံဝံ့ခြင်း ဖြစ်ပါသည်။

နယ်သာလင်ဘဏ်မှာ စက္ကူကိစ္စနှင့် ဆက်သွယ်ရပြီး၊ ဘဏ်က ငွေပိုတွေသာ အမြဲစီးလျက် ရှိသည်။ ဘဏ်အုပ်ချုပ် သူများအား ဗမာ့ခေတ်သတင်းစာ ပိုင်ဆိုင်သူတို့၏ ပါတနာ စာချုပ်ကိုလဲ ပေးထားရ သည်။ ထို ပါတနာ စာချုပ်မှာ ကျမနာမည်မပါဘဲ ပဋ္ဌမဦးစွာ ၄-ဦးနာမည်နှင့် ကျမ မသိအောင် ကလိန်ကျပြီး လုပ်ထား သော ပါတနာစာချုပ်လိမ်ကြီးသာ ဖြစ်သည်။ ထိုလျှို့ဝှက်ကောက်ကျစ်စွာ တိတ်တိတ်ခိုး ပြုလုပ် ထားသော ကျမနာမည်မပါသည့် ပါတနာ စာချုပ်လိမ်၌ အသိသက်သေအဖြစ် လက်မှတ်ရေးထိုးသူ လင်မယား မှာ ယခင်ရေးသားခဲ့ဘူးသော မန်နေဂျာခင်မောင်အေး၏ အမနှင့် ယောက်ဖ ယခု ပါမောက္ခ ဖြစ်နေ သူက မောင်ဘတုပ်ခင်မကြီးဟု အသိသက်သေအဖြစ် လက်မှတ် ကြိတ်၍ ထိုးပေးထားသည်။

၎င်းကလိန်ကျ ပါတနာစာချုပ်လိမ်ကို လက်ဆုပ် လက်ကိုင်ပြုထားရသော နယ်သာလင် ဘဏ်မှာ ပါတနာ စာချုပ်၏ နာမည်မပါသူ ကျမက နာမည်ပြောင်းလွှဲလိုက်ထာနှင့် တပြိုင်နက် အရှုပ်အရှက် ကိစ္စတွေက ပေါ်လာ ရတော့မည်။ ဒါကြောင့် ခပ်ဖြေးဖြေး အချိန်ဆွဲထားခြင်း ဖြစ်ကြောင်းကို ကျမ အဘို့ နောက်မှ နားလည် သိရှိလာရခြင်း ဖြစ်ပါသည်။

ရှေ့နေစကားယုံစားထားခြင်း

ထိုနေ့ နေ့လည်မှာ အယ်ဒီတာ မောင်သန်းညွှန့် ရောက်လာသည်။ ကျွန်တော်တို့ ပဲခူးသွားပါတော့ မည်။ သို့ရာ တွင် တောရကျောင်းနေရာ စီစဉ်မှု မပြီးသေးပါသဖြင့် ညနေပြန်ရောက်လာလျှင် အိမ်သစ်ကလေးမှာ တည တော့ သိပ်ပါ၇စေဟု ပြောပြန်ပါသည်။ ဒီခြံဝင်းထဲ ပြန်လာဘို့တော့ မတော်ဘူး ထင်သည်။ တနေရာ မှာ အပြီးအစီအစဉ် လုပ်ပြီးမှ တခါတည်းခေါ်သင့်ကြောင်း ပြောသော်လည်း၊ သင်္ကန်းဝတ်ကြီးနဲ့လဲ ဖြစ်ပါ တယ်။ ညနေအချိန်ကုန်မှ ပြန်ရောက်လာမှာဖြစ်လို့ စီစဉ်ဘို့ အချိန်မရတဲ့အတွက် တညတည်းခိုယုံပါ။

ဟိုမှာ စိတ်မချရတဲ့အတွက် တနေ့ဆိုလျှင် မကောင်းကြံလို သူတို့အဘို့မှာ အလွန်တရာမှ ခရီး ရောက်နိုင် ပါတယ်။ သို့အတွက် တညထည်း အိမ်သစ်မှာ သိပ်မှာပါ။ ဒီအတွက် ကျွန်တော်တို့ တာဝန်ယူပါတယ်။ မနက် ဆိုလျှင် ရွှေ့ပေးပါမည် ဟု ပြောပါသည်။ ကျမက မင်းတို့ ကတိအတိုင်း တည်ပါစေ။ တညထက်ပိုပြီး အိမ်သစ် မှာ မထားရ၊ ထား၍လဲ မသင့်တော် မနက်လင်းလျှင် နေရာ ရွှေ့ပေးရမည်ဟု ပြောလိုက် သော ကြောင့် အာမခံ ပေးလျက် ထွက်သွားပါသည်။

ထိုနေ့ နေ့လည်ပိုင်းမှာ ဗမာ့ခေတ်၏ အသုံးခံ ရှေ့နေ့ကြီး မွန်စံလှိုင်ကို ကျမက တွေ့ရန်မှာထား သော ကြောင့် ရောက်လာပါသည်။ ၎င်းမွန်စံလှိုင်မှာ ပါတနာရှစ် ဖျက်သိမ်းစာချုပ်များနှင့် ကွာရှင်း စာချုပ်များ ရေးသား ချုပ်ဆိုပေးသည့် ရှေ့နေကြီး ဖြစ်သည့်အားလျော်စွာ ကွာရှင်းစာချုပ်ချုပ်ဆို၍ အသိသက်သေ ဗိုလ်ရန်နိုင်၊ နိုင်ငံတော်ရှေ့နေချုပ်ကြီး ဦးရန်အောင်တို့ ရှေ့တွင် လက်မှတ်ရေးထိုး ကွာရှင်းကြပြီးနောက် ရက် သတ္တတပတ် အတွင်းမှာ စာချုပ်များကို မှတ်ပုံတင်ပေးရန်ကိစ္စနှင့် ထာဝရ အလှူများအတွက် ဂေါပက ဖွဲ့၍  ဥပဒေစည်းမျဉ်း ဆွဲပေးဘို့ ကိစ္စများကို ထိုရှေ့နေကြီး မွန်စံလှိုင် အား တာဝန်ပေးထားပါသည်။

မွန်စံလှိုင်ကလဲ သူဘဲ အစအဆုံးတာဝန်ယူ၍ ပြုလုပ်ပေးပါမည်ဟု အာမခံကတိထားရှိခဲ့ပါသည်။ ကျမက ရက် တပါတ် အတွင်း သည်ကိစ္စများ စ၍ ကိုင်ပါဟု ပြောထား သောကြောင့် ယနေ့သူ့အား ခေါ်ယူ တွေ့ဆုံပြီး၊ တာဝန်ယူထားသော ကိစ္စများကို စတင် ဆောင်ရွက်ရန် နှိုးဆော်ပါသည်။

ဤအခါတွင် ရှေ့နေကြီး မွန်စံလှိုင်က အမကြီးခိုင်းသမျှ အစစပြီးစီးအောင် ကျွန်တော်တာဝန်ယူပြီး လုပ်ကိုင် ပေးပါမည် စိတ်ချပါ။ သို့ရာတွင် ယခုလောလောဆယ်အားဖြင့် ကျွန်တော့မှာ အရေးတကြီး ကိစ္စတွေက တပုံတခေါင်းကြီး ကျွန်တော်၏ ပခုံးပေါ်သို့ စုပြုံကျလာ၍ ထမ်းဆောင်ပေးရပါမည်။ သို့အတွက် ကျွန်တော့ ကို ၁၅-ရက်လောက်တော့ ခွင့်ပြုပါဟု အချိန်တောင်းဆိုပါသည်။
သည် ၁၅-ရက်ထည်းမှာ ကျမအတွက် အလုပ်အစီအစဉ်များကို အချိန်နဲနဲဖဲ့ယူပြီး ဆောင်ရွက်လျှင် ဖြစ်နိုင် ကြောင်း ပြောသေးသော်လည်း ကျွန်တော်က ၁၅-ရက်တွင် ရန်ကုန်မှာ မရှိပါ။

တောင်ငူ ဘက်သို့ ခရီးထွက်ရပါမည်။ ကျွန်တော်နှင့် ဒေါက်တာဦးအေးမောင်တို့  အတူပူးတွဲ လုပ်ကိုင်ထား သော ရှေ့နေအလုပ်များမှ ယခုအခါ၌ ဒေါက်ဦးအေးမောင်က တရားရေးဋ္ဌာန ၀န်ကြီး ဖြစ်သွားတဲ့ အတွက် သူလက်ခံ ထားခဲ့တဲ့အမှုတွေကိုပါ ကျွန်တော်၏ ခေါင်းပေါ်ပုံကျလာပြီး အလုပ်တာဝန်တွေ ပိုလုပ် နေရပါသည်။ ဒါကြောင့် အလုပ်အလွန်များတဲ့အတွက် ချက်ချင်းစီစဉ် မပေးနိုင်ဒါကို တောင်းပန်နေပါသည်။

ယခု ခရီး ထွက်ရမှာကလဲ ဒိုက်ဦး-တောင်ငူစတဲ့ မြို့များတွင် ရွေးကောက်ပွဲ ခုံရုံးတွေမှာ သန့်ရှင်း အမတ် များဘက်မှ နေပြီး အမှုလိုက်လျှောက်လဲရမည့် အလုပ်တာဝန်တွေ ကျနေပါသည်။ ဒါကြောင့် အမကြီးကိစ္စများကို ကျွန်တော် ဟိုက ပြန်လာသောအခါ အစအဆုံး လုပ်ပေးပါမည်။ ကျွန်တော် ဟိုက ပြန်လာသော အခါ အစအဆုံး လုပ်ပေးပါမည်။ ကျွန်တော်ပြန် မလာခင် တခြားရှေ့နေများနှင့်သွား၍ ဆက်စပ် ငှါးရမ်းခြင်း မပြုလုပ်ပါနှင့်ဦးဟု ဆိုလေသည်။

ကျမကလဲ သူအလုပ်များသည်ဆိုရာမှာ ဟုတ်တန်ရာသည်၊ ဒေါက်တာ ဦးအေးမောင် ၀န်ကြီး ဖြစ်သွားတဲ့အတွက် သူ့အလုပ်တိုက်မှ အမှုလိုက်ရန် လက်သင့်ခံထားခဲ့တဲ့ အမှုတွေကိုလဲ ပုခုံး ပြောင်းယူ ရသည်မှာ အမှန် ဖြစ်ပါလိမ့်မည်။ သည်ကြားထဲတွင် ရွေးကောက်ပွဲ ခုံရုံးတွေ၌ အမှုသွား လိုက် ပေးရသေး သော တာဝန်တွေကပါ အရေးတကြီး ပိုလာပြန်ပြီဆိုတော့၊ ကျမက နောက်ထပ် ပြီး အတင်းအကြပ် ပြောနေလို့ ရတော့မည် မဟုတ်ပါ။

၁၅-ရက်ဆိုသည်မှာလည်း ကြာလှမည် မဟုတ်သဖြင့် ကောင်းပါပြီ ပြန်ရောက်လာလျှင်တော့ ချက်ခြင်း စတင်လုပ်ကိုင်ပေးပါဟု ပြောလိုက် ရပါသည်။ မွန်စံလှိုင်သည် သူအားလုံးကိစ္စများ ပြီးစီးသွားသည်အထိ တာဝန် ယူဆောင်ရွက်ပေးပါ မည်။ ဒီအတွင်း ရှေ့လောတကြီး အရင်စလို ကိစ္စပြီးစေချင်ပြီး အခြား ရှေ့နေ ၀တ်လုံ တော်ရ တွေကို သာ သွားမငှါား လိုက်ပါနှင့်ဟု ထပ်မံ ပြောသွားလိုက်ပါသေးသည်။

စေတနာဆို၍ ယုံစားမိခဲ့ရာမှ ဆက်ရန်
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၂၂)

အခန်း - ၁၅

ဝမ်လန်းသည် လယ်အတွက် မျိုးစပါးများ- ဂျုံနှင့်ပြောင်းဆန်းများအပြင်၊ ထွားကြိုင်းသော ဥစားမုံလာ မျိုးစေ့များနှင့်၊ ပဲမျိုးစေ့များကို ၀ယ်ယူလေ၏။ ထိုနောက်လမ်းတွင် အဆင်သင့် တွေ့သည့် ဘို့ကောင်း ကောင်း နွားသိုးကြီး တကောင်ကိုလည်း လယ်သမားတယောက်ထံမှ ရှိခိုးဦး တင်နှင့် ၀ယ်ယူပြန် လေ၏၊ လိုအပ်သောပစ္စည်းများကို ၀ယ်ယူပြီးစီးသည့်အခါ၊ မိသားတစုတို့သည်၊ တပျော်တပါး ကြီးရွာသို့ ပြန်ခဲ့ကြလေ၏။

အိမ်သို့ပြန်ရောက်သွားကြသောအခါ၊ အိမ်မှာအကြီးအကျယ် ပျက်စီးယိုယွင်းလျက် ရှိသည်ကိုတွေ့ ရလေ၏၊ တံခါးကျိုးပဲ့နေလျက်၊ သက်ကယ်မိုးများကို လူဖြုတ်၍ယူကြသဖြင့်၊ အိမ်ခေါင်မှဟာလာ ဟင်း လင်း ဖြစ်နေ၏၊ ပေါက်ပြားများသည်၎င်း၊ ထွန်ခြစ်များသည်၎င်း၊ ထားခဲ့သည့်နေရာတွင် မရှိကြ တော့ .......... ၎င်းတို့သည် သက်ကယ်မိုးများ ပျောက်ကုန်ကြသလို အစရှာမတွေ့ပဲ၊ လမ်းဆုံး၍ နေလေ၏ အိမ်ထရံ များပင်လည်း၊ မိုဃ်းလေနှိုပ်စက်သဖြင့် ယွင်းယိုအက်ကွဲနေကြပြီ ကိုတွေ့ရ လေ၏၊ ၀မ်လန်း သည်မြို့ကိုတက်ခဲ့ပြီး ထွန်တုံးအသစ် တတုံးနှင့်၊ ထွန်ခြစ်များ၊ ပေါက်ပြားများကို ၎င်း၊ အိမ်မိုးကာ ရန်အတွက် ဖျာများကို၎င်း ၀ယ်ယူခဲ့လေ၏။

ထိုညနေ၌၀မ်လန်းသည်၊ အိမ်ပေါက်ဝမှရပ်လျက်၊ မြရောင်ပြေးနေသော စိမ်းစိုသည့်လယ်ကွင်းများ ကို မ၀သောကြည့်ခြင်းဖြင့် ကြည့်ကာပီတိဖြစ်၍ နေလေ၏၊ ထိုအချိန်မှာ မိုဃ်းရာသီဖြစ်ရကား၊ ကန်ထဲမှ ဘားအော်သံများကို ကြားရလေ၏၊ အိမ်ထောင့်နားက ၀ါးပင်တွေမှာ၊ လေအလာတွင် တရှဲရှဲယိမ်းလျက်၊ ၀င်လှုဆဲဆဲနေရီရီတွင်၊ ကွေးယိုင်ကာ၊ ကနေကြလေ၏။ ရှ့တူရှုဆီသို့မြှော် ကြည့်လိုက်သည့်အခါ၊ ရွက်နု တွေဖြာနေသည့် မက်မုံးပင်မိုဃ်းမခပင်များကို မြင်ရလေ၏၊ တိတ်ဆိတ်ငြိမ်သက်နေသော ထိုနေရာဆီ၌ မြူခိုးတွေဝေနေပြီးလျှင်၊ ငွေရောင်ခြည်သန်းသလို တလွန့်လွန့် တလိမ့်လိမ့်ကောက်လိမ်ကာ တက်လာ လျက်၊ မက်မုံပင်၊ မိုဃ်းမခပင်များကို ရစ်သိုင်း ပတ်ခွေ၍နေလေ၏။

ပဋ္ဌမ၌၊ ၀မ်လန်း၏စိတ်တွင်၊ လူသူမတွေ့မြင်လိုပဲ၊ ရသေံရဟန်းလို တကိုယ်တည်း စံပျော်လိုစိတ် များဝင်စား ၍နေလေ၏။ ထိုစိတ်မှာအတန်ကြာကြာပင် ကိန်းအောင်း၍ နေလေရာ၊ ဘယ်အိမ်မှာ မသွားပဲ ကိုယ့်အိမ် မှာသာ ကုပ်၍နေလေ၏၊ ၎င်းပြန်ရောက်လာသည့် ကြား၍ရွာသူရွာသားများ ရောက်လာ ကြသည့် အခါ၊ မျက်မုန်းကျိုးလျက်၊ စိတ်ဆိုးဒေါသဖြစ်မိလေ၏။

"မင်းတို့အထဲက ဘယ်သူလဲကွ- ငါ့ထွန်ခြစ်တို့ ပေါက်ပြားတို့ခိုးသွားတာ၊ ငါ့အိမ်မိုးတွေလဲ ဘယ်အကောင် ဖြုတ်ပီး ထင်းဆိုက်ပစ်တာလဲ........"ဟု ဆီး၍ဧည့်ခံလေ၏၊ ထိုအခါအားလုံးက ခေါင်းခါကြလျက်၊ တယောက် က "ခင်ဗျားဦးလေးပေါ့"ဟု ပြောလေ၏ အခြားတယောက်ကမူ "မဟုတ်ပါဘူးဗျာ၊ တနယ်လုံး- တရွာလုံး ငတ်ပီး- တောပုံးကတမျိုး၊ ဓါးမြကတနည်း၊ အမျိုးမျိုးမင်းမှု သောင်းကျန်းနေတဲ့ အချိန်ကြီးမှာ၊ ဘယ်သူ ခိုးတယ်၊ ဘယ်ဝါ ၀င်ယူတယ်ရယ်လို့ ဘယ်သူပြော နိုင်မလဲ၊ ငတ်တော့လူတွေဟာ သူခိုး- ဓါးမြ ဖြစ်ကုန် ကြတာပဲ"ဟု ပြောဆိုလေ၏။

ထိုအခိုက် ၀မ်လန်း၏အိမ်နီးခင်း "ချင်း"သည် ကုန်ကုတ်ကုတ်- ကုတ်ကုတ်နှင့် ရောက်လာလျက်၊ "ဆောင်းတွင်း တတွင်းလုံး ဓါးမြတွေမောင့်အိမ်ထဲမှာ စခန်းချတဲ့ပီး၊ ဒီနယ်မှာသောင်းကျန်း ချင်တိုင်း သောင်းကျန်း နေကြတာပါပဲကွယ်၊ ပြောကြတာတော့ မောင့်ဦးလေးက ဒီဓါးမြတွေနဲ့ အတော်ပဲ ရင်းရင်း နှီးနှီး ဆက်ဆံခဲ့သတဲ့၊ ဒါပေမဲ့ဒီလိုအခါကြီးမျိုးမယ်၊ ဘယ်သူကမှန်တာမသိလဲ ကွယ်- ကျုပ်တော့်ဘယ်သူမှ မစွပ်စွဲ ဝံ့ဘူး.........."ဟု ပြောလေ၏။

"ချင်း"ကား- အသက်၄၂နှစ်ပင် မပြည့်သေးသော်လည်း၊ အရိုးပေါ်အရေတင်လျက်၊ ဆံပင်များသည် ဆွတ်ဆွတ် ဖြူ၍ နေလေ၏၊ ၀မ်လန်းမှာ "ချင်း"ကို သေချာစွာကြည့်လျက်၊
"ခင်ဗျား ကြည့်ရတာ ကျုပ်တို့ထက်- ပို ဒုက္ခရောက်ပုံပဲ၊ ဘယ်လိုများစားသောက် နေသလဲ"ဟု မေးလိုက် သည်တွင်၊ "ချင်း"က၊ ခေါင်းကိုဖြေးခေးစွာခါလျက်၊ ဟင်း.......ကနဲ သက်ပြင်းကြီး တချက်ချလိုက်ပြီး........

"ဘာစားနေရသလဲဆိုရင် လမ်းလျှောက် စလုံးစပေါက် လိုက်ကောက်ရတဲ့ ခွေးလိုဆိုပါတော့၊ မြို့တက်ပီး တောင်းစား ရတော့တာပဲ၊ ခွေးသေတွေ လဲ စားခဲ့ရတာပဲ၊ တခါတော့ ကျုပ်မိန်းမက ဘာသားလဲ မဆိုနိုင် ဘူး၊ ကျုပ်လဲ မမေးရဲလို့မမေးခဲ့ဘူး၊ အဲဒါကလေး သူမသေခင် စွပ်ပြုတ်လုပ် ပေးလို့စားရတယ်၊ သူအသက် တချောင်း သတ်ဝံ့တဲ့မိန်းမလဲ မဟုတ်ပါဘူး၊ ကျုပ်သိပါတယ်၊ သူရှာပေးတော့ ကျုပ်လဲစားလိုက်တာပဲ၊ ပီးတော့- သူသေသွားပါရော- ကျုပ်လောက်မှ ခံနိုင်ရည်မရှိပဲကလား၊ သူသေတော့ ကျုပ်လဲ သမီး ကလေးကို သေအုံးမှာ စိုးတာနဲ့၊ စစ်သား တယောက် ပေးပစ်လိုက်ရော" ဟု ပြောဆိုကာ ငြိမ်သက် သွားလေ၏။

အတန်ကြာမှ ဆက်လက်၍ "ကျုပ်မှာ မျိုးစပါးကလေး နဲနဲပါးပါးရှိရင် အစိုက်ချင်သား၊ ဒါပေမဲ့ ကျုပ်မှာ ဘာမှ မရှိတော့ဘူး" ဟု ပြောလေ၏။
"လာဗျာ.........အထဲကို"
ဝမ်လန်းသည် ချင်း၏ လက်ကိုဆွဲလျက်၊ အိမ်ထဲသို့ ခေါ်သွင်းခဲ့ပြီးနောက်၊ သူ့အင်္ကျီကို မ- ၍ ခံစေပြီး အောက်အရပ် မှ ၀ယ်ယူသည့် မျိုးများကို လောင်းသွန် ၍ ထည့်ပေးလေ၏ ၊ထိုနောက် "ကိုင်း- မနက်ဖြန်ကျ ကျုပ် ခင်ဗျားလယ် ကို ကျုပ်နွားနဲ့ လာထွန်ပေးမယ်"ဟု ပြောလိုက်လေ၏။

ထိုအခါ ချင်းမှာ ၀မ်းနည်းပမ်းနည်း ဖြစ်လျက်၊ မျက်ရည်တွေ အသွယ်သွယ် ကျလာလေရာ၊ ၀မ်လန်း ပင်လည်း ဣနြေ္ဒမဆောင်နိုင်ပဲ မျက်လုံး များကို လက်ဖြင့်ပွတ်သပ်ပြီး၊ ဒေါသ ထွက်ဟန်ဖြင့် "ဘာလဲဗျ ခင်ဗျား ကျုပ်ငတ် နေတုံးက ပဲစေံလက်တဆုပ်လာပေးတာ မေ့သွားပြီများ မှတ်လို့လား" ဟု ငေါက် လိုက်လေ၏၊ သို့သော်ချင်းမှာ ဘာတခွန်းမျှ ပြန်မပြောနိုင်ရှာ၊ မျက်ရည်မဆယ်နိုင်အောင် ကျမြဲကျလျက်၊ ငိုရင်း ပင် အိမ်သို့ပြန်သွားရှာလေ၏။

ဦးလေး ဖြစ်သူကို ရွာ၌မတွေ့ရတော့ပဲ၊ ဘယ်ဆီဘယ်ဒေသ၌ ရောက်နေသည်ကိုလည်း မသိရ သောအခါ ၀မ်လန်း မှာ တနည်း ၀မ်းသာမိလေ၏။ အချို့က မြို့တမြို့သို့ ထွက်သွားကြောင်းပြော လျက်အချို့က သားအမိ သားအဘတကွ အတော် ဝေးလံသော မြို့တမြို့ ၌ ရှိကြောင်းကို ပြောကြလေ၏။ ၎င်းဦးလေး သည် သ္မီးများကို ရောင်းစားပစ်ခဲ့ကြောင်း ကြားရသောအခါ၊ ၀မ်လန်းမှာ ဒေါသ ဖြစ်မိပြန်၏၊ အကြီးဆုံး- အချောဆုံး သ္မီးလေးကို အဖိုးကောင်းကောင်းရ၍ ရောင်းလိုက်ပြီး၊ ကျောက်ပေါက်မာ နှင့် အငယ်ကိုမူ- ရွာသို့ ရောက်လာသော စစ်သား တယောက်အား ပိုက်ဆံ အနည်းငယ်ဖြင့် ရောင်းစားသွားကြောင်း ကြားရ လေ၏။

ဝမ်လန်းသည် လယ်ကိုကြိုးစားပန်းစား လုပ်ကိုင်လေ၏၊ စားချိန်အိပ်ချိန်ပင် မထားမှု၍၊ စားစရာကို လယ်ထဲ သို့ပင် ယူသွားကာ မနားမနေ လုပ်ကိုင်နေလေ၏၊ လဲထဲတွင် စားရင်းသောက်ရင်း လည်း အနားမနေ၊ မတ်တတ်စား မတ်တတ်သွား လျက်" ဒီနေရာဖြင့် ငါ ပဲနက် စိုက်မယ်၊ ဒီနေရာ ကတော့ မျိုးစပါး ကြဲရင် ကောင်းမယ်" ဟု နေရာ သတ်မှတ်ခြင်း ပြုလေ၏ အနည်းငယ် မောပမ်းနွမ်း ခွေလာသောအခါ၊ အိမ်သို့ မပြန် လယ်ထဲမှာပင် အရိပ် ကောင်းကောင်း အောက် ထယ်ကြောင်း တခုထဲတွင် ကျေနပ်နှစ်သိမ့်စွာဖြင့် လဲလျောင်း အိပ်စက် အနားယူလေ၏။

ထိုအချိန်တွင် အိုလင်မှာလည်း အနားမနေရှာပေ၊ အိမ်ခေါင်အတွက် အမိုးမိုးရန် ဖျာများကို ကိုယ်တိုင်ပြုပြန် လှီးဖြတ် မိုးကာလျက်၊ ကွဲအက်နေသော မြေထရံ များကိုလည်း ရွှံ့စေးနှင့် ဖါထေး ပြင်ဆင်နေလေ၏။ မိုဃ်းရေ ကြောင့် ချိုင့်ဖြစ်နေသော မြေကြီးများ ကို၎င်း၊ မီးဖိုးကို၎င်း အသစ်ထပ်မံ ပြင်ဆင် ပြုလုပ်လေ၏။ တနေ့တွင် ၀မ်လန်းနှင့် အတူမြို့ကို လိုက်သွားလျက်၊ အိမ်တွင်လိုနေသာ အိပ်ရာအိပ်ခင်းများ၊ စားပွဲနှင့်ထိုင်ခုံများ၊ သံဒယ်အိုးကြီးတလုံးနှင့်၊ မြေလဘက် ရည်ခရာတလုံး၊ ပုဂံ၆-လုံးဝယ်ယူခဲ့လေ၏။ ထို့ပြင်လည်း ဘုရားကားတချပ်- ဖယောင်းတိုင်နှင့် အမွှေးတိုင်တင်ထွန်းရန် အောက်ခံ၂ခုစီအပြင်၊ အမဲဆီ ဖြင့်ပြုလုပ်သော ဖယောင်းတိုင်ကြီး ၂တိုင်လည်းဝယ် ယူခဲ့သေး၏။

ဈေးမှ ပြန်လာကြသောအခါ ၀မ်လန်းသည်၊ မြေ၀ဿုန်နတ်များကို သတိရလျက်၊ နတ်ကွန်းကိုဝင် ပြီး ခေါင်းပြု၍ ကြည့်မိလေ၏။ နတ်ရုပ်များမှာ သနားစရာကောင်း၍ နေလေ၏။ မိုဃ်းစို သဖြင့် မျက်နှာများမှာ ရုပ်ဆင်း ပျက် နေကြလျက်၊ နတ်ဝတ်တန်ဆာ များလည်း စုတ်ပြတ် တွဲလောင်း ကျနေကြပြီးလျှင်၊ ဖင်ပေါ် ခေါင်းပေါ် မလျော်မကန် ဟောင်းလောင်း ဟာလာ ဖြစ်နေကြလေ၏။ ကမ္ဘာမီးလောင် သလို ကာလ မကောင်း ခဲ့သဖြင့် မည်သူကမှ နတ်ရုပ်များကို အရေးမစိုက်နိုင်ကြ၊ လျစ်လျူရှု၍သာ နေခဲ့ကြလေရာ၊ ၀မ်လန်းမှာ ဒါဏ်ပေးခံရသော ခလေးကိုကြည့်ပုံဖြင့် နတ်ရုပ်များကို အံကြိတ်၍ ကြည့်တဲ့ကာ။

"ကောင်းတယ်- လူတွေကို ဒုက္ခပေးချင်အုံး"ဟု ပြောလိုက်လေ၏။
သို့ဖြင့် ပျက်စီးယွင်းယိုနေသော အိမ်မှာအသစ်ပြန်ဆောက်ပြီးသား ဖြစ်သွားလျက်၊ အိပ်ရာသစ်တွေ လည်းရောက် စားပွဲ ကုလားထိုင် တွေလည်းနေရာတကြ၊ လဘက်ရည်ခရားနှင့် ပုဂံလုံးများ ကလည်း သပ်သပ်ရပ်ရပ် အဆင်သင့်ချပြီးသား၊ အမွှေးတိုင် ဖယောင်းတိုင်များကလည်း ယနံ့ထကြိုင်ကြိုင် မီးရောင်တထိန်ထိန် တံခါးသစ်ကလည်း တပ်ပြီးချိတ်ပြီးဖြစ်ပြီးလျှင်၊ မိမိအိပ်သောအခန်းတွင်ထည်း စက္ကူသစ်တွေ ကပ်ပြီး ဆင်ပြီး ဖြစ်သွားသောအခါ၊ ၀မ်လန်းမှာ တဖြစ်လဲလာသော သုခချမ်းသာ ရိပ်ငြိမ် သာယာ လာခြင်းကို ထိတ်လန့်ရွံ့ကြောက် လာမိလေ၏။

အိုလင်မှာ မျက်နှာမြင်လှုမြင်ခင် သားသန္ဓေ ကိုယ်ဝန်အရင့်အမာကြီးကို လွယ်ပိုက်၍ ထားရလေ၏။ ခလေး များမှာ အိမ်ဝတွင် မျောက်ငကျော် ကလေးများလို ကစားခုန်ပေါက်၍ နေကြ၏။ အဘိုးကြီးကား- အိမ်ခြေရင်း တွင် ထိုင်ကာ- ငိုက်ကာ- ပြုံးကား- အိပ်ကာဖြင့် ဇိမ်တွေ့၍ နေ၏။ လယ်ထဲတွင်လည်း မျိုးပင် ကလေး များမှာ မြရောင်လိုစိမ်းလျက် လှပချစ်ချင်စဖွယ် ရှိနေပြီးလျှင်၊ ပဲခင်းများတွင်လည်း ပဲပင်ကလေး များမှာ ခေါင်းကလေးတွေ ကိုယ်စီမြေမှ ပြူထွက်စပြုပြီး ဖြစ်၏။ ရထားသော ရွှေဒင်္ဂါး များကား မကုန်သေး၊ စပါးရိပ်ချိန် အထိ ရမ်းရမ်းကားကား သုံးစွဲ စားသောက် သွားကြစေဦး၊ ကုန်ဦးမည်မဟုတ်။

ဝမ်လန်းသည် မိုဃ်းသားတွေ ပြေးနေသောပြာလဲ့သည့် ကောင်းကင်ကြီးကို မော်ကြည့်လျက် ထွန်ယှက် ပြီးသား လယ်များကို မိမိ၏ အသွေး မိမိ၏ အသားနှင့် ထပ်တူထပ်မျှ ယူပိုက်သဘော ထားပြီးလျှင်း။
"၀သုန်နတ် ကို အမွှေးတိုင် ကလေးနဲ့ တော့ သွားပူဇော်လိုက်အုံးမှပဲ ဘာပဲဖြစ်ဖြစ် သူတို့တတွေ ဟာ လောက မတော့ တော်တော်တန်ခိုး ရှိတဲ့ဟာတွေ" ဟု တကိုယ်တည်း စဉ်းစား စိတ်ကူး၍ နေလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, April 6, 2010

ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၂) ကိုယ်ရံတော်? မှုးလေး

အများ နှစ်သက်ကြတဲ့ အချစ်အကြောင်းလေး ဆိုတော့လည်း အားပေးကြတာ ဝမ်းသာပါတယ်.. ဒါပေမဲ့.. ရွှေစင်ဦးလေး လိုဘဲ အော့.. တတ်တဲ့ ချစ် ဘလော့ဂ် မောင်နှမ များကတော့ အော့.....အော့.....တဲ့ စိတ်မကောင်း ပါဘူးဗျာ.. ဖြစ်နိုင်ရင် ရွှေစင်ဦး တို့ လည်း ချစ်သူငယ်ချင်း ချစ်ကြည်အေး တို့ လို့ ဘာလီ ကျွန်းကလေး မှာ ၂ယောက် ထဲ ဘာမှန်း မသိတဲ့ ဖျော်ရည်ထဲ ဘာမှန်း သိတာလေး ရော ပြီး ကျီစယ် ကြတဲ့ အချစ် ရေးရာ လေး တွေ ဖော်ပြ ချင်ပါတယ်...။
 
ဒါပေမဲ့.... ဘာလီ ခရီးစဉ် မပြောပါနဲ့.. ပြည်တွင်း ခရီးစဉ် လေး သွားဘို့ ကို အခြေအနေ အရ ပိုက်ပိုက် ကလေး တွေ ကို ချော့ချော့ ပြီး  ငါ နဲ့ နေ ..... ငါ နဲ့ နေ ဆိုပြီး သုံးနေရတာဆိုတော့ ကြည်နူးစရာ လေးတွေ ရေးမပြ နိုင်တဲ့ အတွက် ခွင့်လွှတ်ပါ....။

အခုလည်း ရေးရ ပါအုန်းမယ်.. ရွှေစင်ဦး လေး ဟာ ရောက်တဲ့ နေရာ သောက် (ရေ ပါ) ရောက်တဲ့ နေရာ ပေါက်  (ဒါတော့ သိမှာပါ) တတ် တဲ့ သဘာဝ ရှိပါတယ်..၊ မနက် မနက် ဆိုလည်း ရေက အဝသောက် တာဆိုတော့.. မနက် ဘက် အပြင် ထွက်တဲ့ အချိန် တွေမှာ ဒုက္ခ ရောက်ပါတယ်..၊ မနက် စာ စား မယ် ဆိုရင်လည်း.. မဝင်ခင် အရင် ထွက်ချင်.. ၊ ထွက်လိုက် လို့ .. ဟိုဟာ ဒီဟာ တွေ တွေ့ရင်လည်း စားမရ တော့.. ၊...... ဒီဒုက္ခ တွေ ဟာ ရွှေစင်ဦး လေး ကို ချစ်တဲ့ ချစ်ချစ်ကြီး အတွက် တသက်လုံး ရင်ဆိုင် ရတဲ့ အချစ် က ပေးတဲ့ ဒုက္ခလေး တွေပါ...။

ကျနော် ဟာ အမြဲတန်း အကြောင်းမသိတဲ့ အိမ်သာမျိုးကို အထူးသဖြင့် စားခါနီး သောက်ခါနီး .. စားပြီး သောက်ပြီး တဲ့ အချိန်တွေ မှာ ဘယ်တော့ မှ မဝင်ပါဘူး...၊ အဲဒီတော့ ရွှေစင်ဦး ရဲ့ ကိုယ်စားလည် အဖြစ် ချစ်ချစ်ကြီး ကို အထူးတာဝန် ခံ ခန့် အပ်ပြီး အိမ်သာ ထဲကို .....ချင်သည်ဖြစ်စေ... မချင်သည် ဖြစ်စေ  အရင် ဝင်စေပါတယ်..၊ ချစ်ချစ်ကြီး က အိုကေ ဆိုမှ ဆက်လက် ဝင်ရောက်ပါတယ်...။
 
ကျနော် တို့ မြန်မာပြည်.. တိုင်းပြည် နဲ့ ချီပြောရင်.. သိပ်ကြီးကျယ် ရာရောက်မှာ စိုးလို့ ကျနော့် ဆိုင်လေး နဲ့ဘဲ ပြောပါမယ်...၊ အိမ်သာ မှာ ရေအပြည့်ရှိတယ်.. အိမ်သာ ဆေးတဲ့ ဆေးဗူး ရှိတယ်.. ၊  ဆေးတဲ့ Brush ရှိပါတယ်...၊ ဒါပေမဲ့ .. အိမ်သာ ညစ်ပတ်ရင် ဘယ်သူမှ မဆေးဘူးဗျာ...၊ ကျနော့် မှာလည်း ဒင်းတို့ ကို အိမ်သာ ဆေးခိုင်းရင် ငါ့များ ILO က အရေးယူမလား (ရွှေစင်ဦး တို့ကတော့ ကြောက်တတ်တယ်).. ၊ 
 
ဒင်းတို့လေး တွေများ အားငယ်သွားမလား ဆိုပြီး.. မဆေးခိုင်း ရဲဘာဘူးဗျာ... အိမ်သာ ဆေးတဲ့ သူကလည်း မငှားနိုင် ဆိုတော့ .. နောက်ဆုံး ရွှေစင်ဦး လေးဘဲ တာဝန်ယူလိုက်ရပါတယ်...၊ ဒီ့အတွက် လည်း နောင်တ ရပါတယ်.. ငါ ဟာ ချစ်ချစ်ကြီး ကို တသက်လုံး နှိပ်စက်ခဲ့လို့ ဝဋ္ဌ် လည် တာဘဲလို့...၊ ဒါက ပညာတတ် ကလေး များဟာ ကိုယ်အသုံးပြုနေတဲ့ အိမ်သာ ကိုတောင် ကိုယ့် အသိတရား နဲ့ ကိုယ် ထိမ်းသိမ်း စောင့် ရှောက် ရမှန်း မသိတာ တခုပါ..၊ နောက်ပြီး တချို့ ကလေးများ... အိမ်သာ ဝင်ပြီးရင် လက်ဆေး ရမှန်း တောင် မသိပါဘူး..။

ခရီးသွားရင်လည်း ဒီအတိုင်းပါဘဲ.. သူများ ကားနဲ့ ကိုယ် ဆိုရင်တော့ ပေါက်တော နဲ့ ပြီးတာပါဘဲ...၊ အများ နဲ့ ဆိုရင်တော့ အတော် ဒုက္ခ ရောက်ပါတယ်..၊ များသောအားဖြင့် ကားဂိတ်တွေ စားသောက်ဆိုင်တွေ မှာ က ယောက်ကျား မိန်းမ အိမ်သာ ခွဲခြားထားတာ ဆိုတော့ ချစ်ချစ်ကြီး ကို ဝင်ခိုင်း လို့ မရပါဘူး.. ၊ ဒီ့ အတွက် လည်း ကျနော်ဟာ အများ နဲ့ ခရီး သွားခြင်း ကို အထူးရှောင်ကြဉ် ပါတယ်... ။
 
ကျနော် တို့ ရဲ့ အညာ ကျေးလက် က အိမ်သာ တွေကတော့ မပြောချင်ပါဘူးဗျာ.. ခင်ဗျားတို့ မီးရထား နဲ့ ခရီး သွားကြည့် ရင် ပို သဘော ပေါက်ပါလိမ့်မယ်.. လမ်းဘေး က လှန်း မြင်ရတာ နဲ့ ကို စိတ်ကုန်ပါတယ်...၊ အိမ်သာ ဘေး က ဝက် တွေ ကြက်တွေ ခွေးတွေ ကြည့် ပြီးတော့ ကို စားချင် သောက်ချင်စိတ် ကုန်ပါ တယ်...။
 
ရှမ်းပြည် ဘက်က အိမ်သာ တွေက မှ မြင်ရတာ အများကြီး သန့်ပြန့် ပါသေးတယ်...၊ နောက်တခါ ကချင် ပြည် ကျေးလက် အိမ်သာ ကလေး များကိုတော့ ကျနော် မဝင်ခဲ့ ဘူးလို့ မသိပေမဲ့.. သူတို့ ရဲ့ .. သန့် ရှင်းရေး အကွက် မြင်ပုံ တခု ကိုလည်း ကြုံတုံး ရေးပြချင်ပါတယ်...။
 
မြစ်ကြီးနား ကို ကျနော် ရောက်တုန်းက ကရိန်နော် မှာ ခေါင်ရည်သောက်ခဲ့ ကြောင်း ရေးပြခဲ့ ပါပြီ.. နောက်တနေရာ မြစ်ဆုံ လား မသိပါ သိပ်မမှတ်မိပါ.. နဲနဲ ဝေး တော့ ကားနဲ့ လိုက်ပို့ပါတယ်..၊ တနေရာ မှာ အကြောင်း တခုကြောင့် ကားရပ်ထားတုန်း ကျနော် မျက်စိ နဲ့ မြင်မိပါတယ်..၊ အိမ်ရှေ့ မှာ ကလေး လေး တယောက် ထိုင် ပြီး ဘွတ်ဘွတ် ပါနေပါတယ်.. အင်ကျီ လေးပါပါတယ် .. ဖင်တုံးလုံးလေးပါ...  နောက်မှာ လည်း အပုံ လေး နဲ့ပါ..  အဲဒီ အပုံလေး ကို သူတို့ ရဲ့ ခွေးလေး က လာစားသွား ပါတယ်..။
 
ခဏနေတော့ ခလေး က ပြီး သွားတဲ့ ပုံ နဲ့ သူ့အမေ စီကို သွားပါတယ်..၊ ကျနော် လည်း စိတ်ဝင်တစား ဘာနဲ့ များ သုတ်ပေးမလို့ လည်း ကြည့်ပါတယ်...၊ အမေက ခွေးကလေး လှန်းခေါ်ပြီး ကလေး ဖင်လေး ကုန်းခိုင်းပြီး  ခွေးလေး ကို ယက်ခိုင်းပါတယ်.. ခွေးလေး ကတော့ အမြီး တနန့် နန့် နဲ့  ရက်နေ ပါတယ်...၊ ကလေး လေး က တော့ အော်ငို လို့...၊ ဓလေ့ လား တော့ မသိပါ...၊.. နှစ်ဦး နှစ်ဘက်... အကျိုး အရှိဆုံး သန့်ရှင်းရေး ကို လုပ်ဆောင် နိုင်တဲ့ အတွက် အဲဒီ ဓလေ့ မျိုး ကို ဆက်လက် တိုးတက်အောင် ထိမ်းသိမ်း သင့်တယ် လို့ ထင်ပါတယ်..။
 
နောက်တခါ အဲဒီလို သန့်ရှင်းရေး လုပ်တာနဲ့ ပတ်သက်လို့ ပြောရရင် ကျနော့် ဆရာကြီး အခု အသက် (၈၄) နှစ် ရှိပါပြီ.. အရာတော် သားပါ.. အညာသား စစ်စစ်ကြီးပါ.. သူက ပြောဘူးတာကတော့  တောထိုင်သွားရင် ပြောင်းဖူးရိုးကလေး တွေ ကောက်သွားကြတာဘဲတဲ့.. နောက်ပြီး  တခါတလေ ခြုံမတိုး ဘဲနဲ့ သူငယ်ချင်း တသိုက် အပင်ပေါ် တက်လိုက် ကြတယ်တဲ့..၊ ဟိုကိုင်း တယောက်.. ဒီကိုင်း တယောက်... ကိစ္စပြီးရင် လည်း ကိုယ့် ကိုင်း ပင်စည်လေးကိုယ် ဖင် နဲ့ ပွတ်လိုက်တာဘဲ လို့ ပြောပြဘူး ပါတယ်... အခုခေတ်ထိ တချို့ ကျေးလက် တွေမှာ ရှိအုန်းမယ် လို့ ကျနော် ထင်ပါတယ်.။

ကဲ.. ဒါတွေ ရေးပြနေရတာက ... ၊ မြန်မာပြည်ကြီး ..... ဟိုအရေး.. ဒီအရေး အော် နေသူများ ကို ..... ကျနော် တို့ တိုင်းပြည် မှာ ကျနော် တို့ လူမျိုး များကို ....... ပါတတ်အောင် သင်ပေး ရင် ကို ရွှေစင်ဦး လေး ဝမ်းသာ ရမှာပါ..။
 
မြန်မာ ပြည်သူပြည်သား များ ..... ပါတတ်ဘို့ အရေး.. ဒို့အရေး....ဒို့အရေး...။ 
(ကိုယ် အော်တတ် တဲ့ အရေး ကိုယ်အော်ရတာပါ... ခွင့်လွှတ်ပါ..)

ကဲ.. ချစ်ချစ်ကြီး ဇာတ်လမ်းလေး ဆက်လိုက် ကြရအောင်.... တခါတော့ ချစ်ချစ်ကြီး နဲ့ ကျနော် ဟာ အိမ်ထောင် ကျပြီး မှ .... မသွားမဖြစ် ခရီးတခု သွားပါတယ်.. Express ကားကြီး နဲ့ ပါ.. ထုံးစံအတိုင်း .. ရွှေစင်ဦးလေးက... သူတို့ သတ်မှတ်တဲ့ ပေါက်တော မရောက်ခင် ပေါက်ချင်လာပါပြီ.. ချစ်ချစ်ကြီး ရေ မရတော့ဘူးလို့... ထွက်တော့ မယ်လို့..ပြောတော့ .. ချစ်ချစ်ကြီး လည်း ပေါက်တော ဆိုပြီး ထအော် လိုက်ပါတယ်..။
 
ကားဆရာ ကလည်း ကျေကျေ နပ်နပ် ရပ်ပေးပါတယ်....၊ ဒါနဲ့ အားလုံး ပေါက်လိုက်ကြပါတယ်...၊ အားရှိ ပါးရှိ ပေါက်လိုက်ရတော့ စိတ်ကျေနပ်ပြီး တခါ မှေးကနဲ ဖြစ်သွားတယ်.. နောက်ထပ် တခါ ပေါက်ချင် လာပြန်ရော... ၊ ချစ်ချစ်ကြီး ရေ လုပ်ပါအုန်း ပေါက်ချင်ပြန်ပြီ လို့.. ၊ ဒီတခါတော့ ချစ်ချစ်ကြီး လည်း အားရှိ ပါးရှိ မအော်ရဲတော့ ပါဘူး.. စပယ်ရာ လေး ကို မျက်နှာချိုသွေးလို့ .. ညီလေးရေ ပေါက်တော လို့ ပြော လိုက် ခါ ရှိသေးတယ်.. ၊ စပယ်ရာ ကောင်လေး က ဒရိုင်ဘာကို လှမ်းအော်လိုက်တာဗျာ... ဗျို့ အကိုရေ ရပ်အုန်းဗျို့ ပေါက်တော တဲ့... ဆိုပြီး ........ နောက်ဆက်တွဲ လည်း ရွတ်လိုက်ပါသေးတယ်... အမယ် လေးဗျာ.. ခုမှ ဘဲ ဆီးတွေ ဝမ်းတွေ မှန်လို့ ကျန်းမာရေးတွေ ကောင်းလိုက် ကြတာတဲ့....။

အဟီး.. ရွှေစင်ဦးလေး လည်း ရှက်လွန်းလို့ ... ချစ်ချစ်ကြီး ကို ဟုတ်သားဘဲ မောင် ကလည်း သူများ တွေ ခရီးဖင့်တယ်.. အားနာစရာလို့ ပြောလိုက်ရင်း... ရှေ့ကနေ လွှားကနဲ ဆင်းလိုက်ပါတယ်... ချစ်ချစ်ကြီး ကတော့ .. အဟင့်.....။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၈)

စွာကျယ်စွာကျယ် လုပ်ခဲ့သူမို့

ယခုဝင်လာသူကတော့ သခင်ကျော်ရင်ဆိုသူ ဖြစ်ပါသည်။ ကျွန်တော်လဲ ဒီနေ့ ပဲခူးသို့ လိုက်သွား ပါသည်။ ကျွန်တော်လဲ ဒီနေ့ ပဲခူးသို့ လိုက်သွားပါသည်။ ဦးပဉ္ဇင်းကြီးမှာ အတော်ဘဲမျက်နှာညှိုးနွမ်း နေပါသည်။ နေခင်း၊ ထိုင်ခင်းအတွက်ကလည်း လုံခြုံမှုမရှိခဲ့ပါ။ သူစွာကျယ်စွာကျယ် လုပ်ထားခဲ့ ဒါတွေကို ညှိုးထားသူ တွေကလဲ ရှိတော့ ဒီနေရာမှာ ကြာကြာထားလျှင် အသက်အန္တရာယ် စိုးရိမ် စရာ ဖြစ်နေပါသည်။

ဒီတော့ ရန်ကုန်မှာ လုံခြုံသင့်တော်တဲ့ နေရာတခုခုသို့ ရွှေ့ထားမှ ဖြစ်လိမ့်မည် ဟု ထင်ပါသည်ဟု ယခင်လူ များ ဖွင့်သွားသော ဓာတ်ပြား အတိုင်း ပြန်ဖွင့်ပြသည်။ သူက ဒီလူတွေ ထဲမှာ ဘုတ်ကိုင် ဆရာကြီး ဖြစ်၍ နောက်ဆုံးမှ လာတွေ့ပြီး ပြောပြခြင်း ဖြစ်ပါသည်။ သိရ သလောက် ပဲခူးပြန်တွေ အတော်များနေပါပြီ။ သည်လူ တွေဟာ တနေရာစီ နေကြသူများနေပါပြီ။ သည်လူတွေဟာ တနေရာစီ နေကြသူများ ဖြစ်ပါလျက် တပြိုင်နက် ထည်းဘယ်နည်းနှင့်မှ စုစည်းပြီး တမနက်ထဲနှင့် ပဲခူးသွားနိုင်ကြမည် မဟုတ်ပါ။ ညဦးထည်းက စည်းဝါး ကိုက် မထားဘဲ မဖြစ်နိုင်ကြ ပါ။ ကျမကလည်း ဗိုလ်ရန်နိုင်ကို ဖြေလိုက်သောအဖြေမှ လွဲ၍ တပဲသား မပိုပါ။

ကျမနဲ့ မဆိုင် ကိုယ့်ဆရာ ကိုယ့်မိတ်ဆွေအဖြစ်နှင့် သင့်သလို စီစဉ်နိုင်ကြပါသည်။ ဒီကိစ္စနှင့် ပတ်သက် လိုတော့ မတိုင်ပင်ပါနှင့်တော့ဟု ပြောလိုက်သည်။
ကျမဆီ က သူတို့ လိုသော ညွှန်ကြားချက်မရလေတော့ တခြားစကားတွေ လှည့်ပြောပြန်သည်၊ တခြား စကား ဆိုသည်မှာလဲ ဒီကိစ္စတွေဘဲ ဖြစ်ပါသည်။ အခြောက်ကို ရေနှူးခြင်းမျိုးသား ဖြစ်သည်။ ဒီလို အရမ်းမဲ့ ဖြစ်ကုန် ရဒါတွေဟာ အရက်သေစာကို အလွန်အကျူးသောက်လွန်း၍ မမှားသင့်ဘဲ မှားရခြင်းသာ ဖြစ်ပါသည် ဟု ဆိုသည်။ ဒီလိုပြောသောသူကလဲ မဟုတ်လားဟု ကျမက ပြန်ပြော နိုင်ပါသည်။ သို့ရာတွင် မပြော တော့ပါ။

ယခုတော့ အတော်ဘဲ တရားရနေပါပြီ။ မျက်နှာပုံပန်း သဏ္ဍာန်ကြည့်ရဒါ ၀ါရင့်နေတဲ့ ရဟန်းတော် ကြီး လိုပါဘဲ ဒီတော့ တွေ့ကရကိစ္စတွေကိုလဲ ကျွန်တော့်အနနဲ့ မမေးရဲပါ။ သင်္ကန်းဝတ်ကြီးနဲ့ ဆိုတော့ မေးလဲ မမေး ထိုက်ပါ။ ကျွန်တော် တောင်းပန်ချင်တာကတော့ အရှုပ်အထွေးကိစ္စတွေဟာ မနာလိုလို့ တွန်းတဲ့ စာတွေလဲ ဖြစ်နေပါဦးမယ်။ ဒေါ်ခင်ခင်လေး ကိုယ်တွေ့မြင်မျက်မဟုတ်တဲ့ ကိစ္စ တွေကို လှေနံဒါးထစ် အမှန် မယူဆစေခြင်ပါ။ ဟိုနေရာ ဒီနေရာတွေမှာ အတိအကျရှိသော တွေ့မြင်လို့ပါလား။ ကျွန်တော် သွားကြည့်တော့ ဒီနေရာတွေမှာ ဒီကောင်မတွေ မရှိကြပါဘူးဟု ပြောလေသည်။ အမြီးအမောက် မတည့် ၀န်ခံပြီး ဟု ပြန်လှိမ့်ပြန်ပါသည်။

ဒီကိစ္စတွေကို ထပ်နှူးနေစရာ မလိုတော့ပါ။ တပ်အပ်သေချာ သိရပြီး ဖြစ်သည်။ ဒါပေမဲ့ ယခုနေ့ ယခု ရက်ပိုင်း အတွင်းမှာ ကျမ သိသွားမှန်းသိ၍ ဟိုရွှေ့၊ ဒီရွှေနှင့် ခေတ္တခဏ ရှောင်တိမ်းထားစေ သည်။ သွားကြည့် လဲ လူကို မတွေ့ အိမ်ခန်းဘဲ တွေ့ရမည် ဖြစ်သည်။ လိုရင်း အချုပ်မှာ ယခုကဲ့သို့ ကွာရှင်း ကြသည် မှာ မိန်းမကိစ္စ တခုတည်းကို မူတည်ပြီး ဖြစ်သည် မဟုတ်၊ စီးပွားရေး ၌ ယုတ်မာ ကောက်ကျစ် စဉ်းလဲမှု တွေ အမျိုးမျိုး ရှိနေသည်။

ထို့ကြောင့် မသေမှီက လှူရေး၊ တန်းရေးအတွက် ပြတ်ပြတ်သားသား ခွဲခားထားခဲ့လိုသော ကိစ္စကိုသာ ရှေ့ရှုပြီး ပြုလုပ်ခြင်း ဖြစ်သည်ဟု စကားကို ဖြတ်ချ လိုက်ရသည်။
၎င်း သခင်ကျော်ရင် ဆိုသူမှာ ယခင်က ၀င်ထွက် ဆက်ဆံနေသည်ကို မတွေ့ရဘူးပါ။ ဗိုလ်ချုပ် နေ၀င်း အစိုးရ လက်ထက် တွင်မှ အိမ်သို့ ၀င်ထွက်လာသည်ကို တွေ့မြင်ရပါသည်။ နေ့စဉ် အိမ်သို့ မနက် စောစော လာပြီး အောက်ထပ် ဧည့်ခန်းမှာ ထိုင်၍ စကားပြောတတ်သည်။ နေ့လည်ပိုင်းမှာ ဘိလိယက်ခန်း၌ ထိုင်ကြည့် ရင်း ပုလင်းပါတီဘက်မှာ လက်အသွက်ဆုံး ဖြစ်သည်။ တနေကုန် တနေခန်းနေပြီး ညမိုးချုပ်မှ အိမ်ပြန် လေ့ရှိသည်။

ဤသို့ဘဲ ကျမမျက်လုံးထဲ နေ့စဉ် တွေ့မြင်နေရ သည်။ ဘာအလုပ်အကိုင် ရှိသည်ဟု မသိရသော်လည်း သခင် အမည်တပ်ထားသော နာမည် ကြောင့် နိုင်ငံရေးထဲက နောက်လိုက်လား၊ အလယ်လိုက်လား၊ တခုခု လုပ်ခဲ့ဘူး သည်ဟုသာ သာမည နားလည်ထားမိပါသည်။ နောက်တော့ အိမ်သား တပိုင်းလဲ အတော်ဘဲ ရောရော နှောနှော ရှိလာသည်။ အလုပ်တိုက်ဘက်မှ လူတွေနှင့်လည်း အတော်ရင်းနှီးလာဒါ တွေ့ရ မြင်ရ ပါသည်။ မန္တလေး၊ မုံရွာ၊ ဖိုးဝင်းတောင်၊ ကျောက်ပန်းတောင်၊ ပုပ္ပါး၊ သထုံ၊ ဇင်းကျိုက်၊ မော်လမြိုင်၊ ဘိတ်၊ ထားဝယ်၊ မောင်းမကန်မှ အစ ပြည်မြို့ ဖိုးဦးတောင်နှင့် ငပလီ အဆုံးရောက်နေရာ၊ နေရာတိုင်း အကြံပေး အရာရှိ ဘုတ်ကိုင်ဆရာကြီးအဖြစ်နှင့် ကျမတို့ သွားလေရာ မိန်းမအုပ်စု ယောက်ျားအုပ်စု ထဲ၌ အမြဲ ပါလာ တတ်သည်၊ ခေါ်သူကဲလဲ အမြဲဘဲ အသုံးကျသည် ဆိုပြီး ခေါ်လာသည်။

တကြိမ် ၌ ပုပ္ပါးတောင်ကလပ်တွင် ရှိစဉ် တရားဟောသော အသံတပုဒ် တိတ်ရကော်ဒါမှာသွင်းနေ သည်ကို တွေ့ရ သည်။ ပြန်ဖွင့်တော့ ဘုန်းကြီးတရားဟောသံ တခုပေါ်လာသည်။ သည်တော့မှ သခင်ကျော်ရင် အမည် မခံမှီ၊ ယပ်လှဲ တရားဟော ဓမ္မကထိက  ဘုန်းကြီး မြဒေါင်းညို ဆိုဒါ သူပေါ့ ဟု ပြောပြ၍ ဘုန်းကြီး လူထွက် မှန်း သိရပါသည်။ အဲဒါ ဘုန်းကြီးအဖြစ်နှင့် ရှိစဉ်က မြဒေါင်းညို အမည်ခံပြီး တရားဟော ခဲ့ဘူးသော တရားသံများကို ပြန်လည်မှတ်မိသရွေ့၊ တိတ်ရကော်ဒါနှင့် သွင်းပြီး ဖွင့်ကြည့်ချင်၍ အသံသွင်း ပြီး ပြန်ဖွင့်ကြည့်နေပါသည်ဟု ဆိုလေသည်။
သူတို့တရားဟောသော ခေတ်က သာယာဝတီ ဦးညေယျ၊ ဦးဣန္ဒက စသော နိုင်ငံကျော် တရားဟော ဓမ္မ ကထိက ကိုယ်တော်တွေကို တနိုင်ငံလုံးခြုံပြီး (ဟိတ်) သတင်းမကြီးသည် တိုင်အောင်  ကိုယ်နယ်နှင့် ကိုယ် ဆိုင်ရာ မှာတော့ အသင့်အတင့် သတင်းကြီးနေသော ယပ်လှဲ တရားဟော ဓမ္မကထိက ဘုန်းကြီးတွေ အတော် ခေတ်စားလျှက် ရှိသည်။ ထိုခေတ် ကို အချို့က ပလ္လင်ဆင်း ငွေချေ တရားဟောခေတ် ဟု ပျက်ရယ် ပြုကြသေးသည်။

ယပ်လှဲတရားဟောဓမ္မကထိက

ယင်း ယပ်လှဲတရားဟော ဓမ္မကထိက ဘုန်းကြီး မြဒေါင်းညိုအဖြစ်မှ လူထွက်အိမ်ထောင်ကျပြီး သခင် အသင်း ထည်း ၀င်၍ သခင်အမည်ခံ သခင်ကျော်ရင်၏ ဇာတိမှာ ပြည်ခရိုင်မှာ ၀က်ထီးကန် ဆိုလား၊ ဇီးအုပ် ဆိုလား ရွာမှ ဇာတိ ဖြစ်သည်။ ငယ်စဉ်က အကြောင်းကိစ္စ တခုကြောင့် ပြည်မြို့ နယ်မှ ထွက်လာပြီး ရဟန်း ၀တ်သည်။ ပုသိမ်ခရိုင်ရှိ တောနယ်များမှာ အထက်ပါ ယပ်လှဲတရား ဟော ဓမ္မကထိက ဘုန်းကြီး မြဒေါင်းညို အဖြစ်နှင့် တရားလှည့်လည်ဟောပြော နေခဲ့ပြီးမှ လူဝတ် လဲ၍ အိမ်ထောင်ကျ သည်ဟု သိရ ပါသည်။

ဒီတော့မှ တရားဟောသံ၊ အသံသွင်း တိတ်ရကော်ဒါမှ ဟောပြောသံများနှင့် ထင်ဟပ်လာသည်။ ပြည်မြို့သို့ ဖိုးဦးတောင် ဘုရားကိစ္စနှင့် သွားခြင်း၊ နောက်ဆုံး နိဗ္ဗိန္ဒတောရ၌ ကျွမ်းကျင်စွာ နားလည် ခဲ့သူ ဖြစ်သည့် အတိုင်း စီမံ ခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်မှု တွေ ပြုနိုင်နေခြင်း ဖြစ်ပါသည်။ တရားသံ၊ ကမ္မဋ္ဌာန်း ဘာဝနာသံ များများ ပါသော စကားတို့ကိုလည်း လူ့စရိုက်နှင့် အကြိုက်ကို ကြည့်၍ ပြောနေတတ်သည်ကို တွေ့ရသည်။ ဘုန်းကြီး လူထွက် အိမ်ထောင်ပြုပြီး ဆေးဆရာလုပ်နေရာမှ သခင်အသင်းတွေ ပေါ်လာသောအခါ သခင် နာမည် ယူသည်။

အင်္ဂလိပ် အစိုးရခေတ်၊ ငါးပွင့်ဆိုင်ပါတီ ဟူ၍ ပေါ်လာပြီးနောက် ဂဠုံဦးစောအစိုးရလက်ထက်၌ ၀ါးရင်းတုတ် တပ်သားများ ဖွဲ့ပြီး သခင်အသင်းဝင် နိုင်ငံရေး သမားများအား အင်္ဂလိပ် အစိုးရ အလိုကျ နှိမ်နင်းကြရာတွင် သူက သခင်ဆိုသော်လည်း ဂဠုံဦးစောဘက်က သခင်ဖြစ်၍ ပုသိမ်မှာ အမတ် ဦးအောင်သာတို့နှင့် ရောမိသည်။ ပုသိမ် သို့ ညီလာခံ တရား ဟောလာသော သခင်ကိုယ်တော်မှိုင်း ကြီးကို ကိုယ်ထိ လက်ရောက် ကျူးလွန် စော်ကားလိုက်ဘူးသူ ဟူ၍လည်း ဗမာ့ခေတ် အလုပ်တိုက် ရုံးခန်းက သခင်ဗအေး က ပြောပြသဖြင့် (နောက်မှသိရသည်) ၎င်းဂဠုံဦးစော ခေတ် ဆီတုံးက ပုသိမ် မှ သခင်ကိုယ်တော်မှိုင်းအား ထိပါး စော်ကား ခံရသော သတင်းမှာ သတင်းစာတွေထဲ၌ အထင် အရှား ဖတ်လိုက်ကြရဘူးပါသည်။ သို့ရာတွင် ဘယ်သူဘယ်ဝါရယ်လို့ မသမိမမှတ်မိဘဲ ယခုမှ သိရ ခြင်း ဖြစ်ပါသည်။

၎င်းသည် ဂျပန်ခေတ်သို့ ရောက်လာသောအခါ သခင်ဗစိန် ၀န်ကြီး တနေရာချိန်က ကြည့်ရှု စောင့်မ သော အနေနှင့် ယစ်မျိုးဘက်မှ လခစားအမှုထမ်းတဦးအဖြစ် ခန့်အပ်ကြည့်ရှုထားသည်ဟု ဆိုသည်။ ဂျပန်ခေတ် က အရာရှိ ခန့်ဘို့ အလွန် လွယ်ကူပါသည်။ အင်္ဂလိပ်စာ ဗမာစာ တတ်ဘို့မလို။ ဆန်ပြုတ်ရောင်းသူ မုန့်ဟင်းခါး ရောင်းသူများပင် မြို့အုပ်ဖြစ်ကြ၊ ရာဇ၀တ်အုပ်ဖြစ် ကြနှင့် နိုင်ငံရေးနောက်လိုက်များ အရေးတော်ပုံ တွင် ထမင်းအိုးထမ်း ဟင်းအိုးထမ်းမျာပါ မကျန် တန်ရာ တန်ရာ ရာထူး ကလေး တွေနှင့် အခွင့် အရေး ခံစားကြရပါသည်။ သို့ရာတွင် ဂျပန်အစိုးရ ကြီးစိုးနေစဉ် အတွင်းမှာဘဲ သခင်အမည်ခံ နိုင်ငံရေး သမားကြီးငယ် များနှင့် ဒေါက်တာဘမော်တို့ စိတ်သဘော ကွဲလွဲလာသည်။ သခင်ဗစိန်၊ သခင်ထွန်းအုပ် အစ ရှိသော ၀န်ကြီးများ နှုတ်ထွက်ပြီး စင်္ကာပူ သို့ ဂျပန်က ပို့သည်အထိ တမျိုးတဖုံ အခြေ အနေ ပြောင်းလဲသွားကြသည်။

နောက် ဂျပန်အစိုးရ ထွက်ပြေးရပြီး အင်္ဂလိပ်ပြန်ရောက်လာသည်မှ ဗမာပြည်သည် လွတ်လပ်သော ပြည်ထောင်စု သမတနိုင်ငံ အဖြစ် ရောက်ရှိလာချိန်အထိ ပြောင်းလဲခဲ့သည်တွင် သခင်ဗစိန် ကဘဲ ထိုသူ သခင်ကျော်ရင် ကို ဆက်လက်ကြည့်ရှုပြီး လောင်းဝစ်လမ်း ရှိ သူ၏ ခြံအတွင်းအိမ်မှာနေစေ၍ အရက်ချက်ရုံ မှာ အလုပ်ပေး ထားသည်။ နိုင်ငံရေးအားဖြင့်လည်း ဟိုအဖွဲ့မှ သည်အဖွဲ့သို့ တဖွဲ့ပြီး တဖွဲ့ပြောင်းရွှေ့ သွားရာ ဒီမိုကရေတစ် ပါတီ မှ ပမညတ၊ ၎င်းမှ တရားမျှတ၊ ၎င်းမှ နေပြီး ဗိုလ်ချုပ် နေ၀င်း အစိုးရ ခေတ်မှာ  အရက်ချက်ရုံ ပိတ်လိုက် သဖြင့် ဗမာ့ခေတ် သို့ ရောက်လာပြီး ယနေ့အထိ အရေးကြီးသော အတွင်းလူ လူယုံတော်ကြီး တဦး အဖြစ် ရှယ်ယာအစုရှင်ကြီးတဦးအနေနှင့် ရပ်တည်ဆဲ ရှိနေပါသည်။

ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်က သန့်ရှင်းရေးရွေးကောက်ပွဲ မတိုင်မီအထိ အရက်တွေ ဖိသောက် နေကြသော ဘိလိယက်ခန်းထဲမှာ အလုပ်မရှိ စကားဝိုင်းဖွဲ့ ပြောနေကြသူအချို့တွင် သူက ရှေ့ဆောင် ပါသည်။ ဗမာ့ခေတ် အလုပ်တိုက်မှ လခစာရင်းတွင် သခင်ကျော်ရင်က အလုပ်မပြရဘဲ တလ ၂၀၀ိ၊ လခအမြဲ ထုတ်ပေးရသည်ကို နောက်ပိုင်းကျမ ကိုယ်တိုင် လခ စာရင်းများ ပြန်ကြည့်သောအခါမှာ တွေ့ရ ပါသည်။ အလုပ်မရှိ ၀င်ငွေမရှိ၍ ထောက်ပံ့ထားရခြင်း ဖြစ်ပါသည်ဟု ကက်ရှီယာ ငွေထိန်းမနှင့် စာရင်းကိုင် သခင်ဗအေးက ပြောပြ ပါသည်။ သူ့တွင်သာမက သူနှင့် ပတ်သက်ပြီး သခင်ဖိုးဦးဆိုသော အဖိုးကြီး တဦးကိုလည်း တလ၁၅၀ိနှင့် ဗမာ့ခေတ်အလုပ်တိုက်မှာ စာရင်းမှတ်ဘို့ဆိုပြီး ခန့်ထားပါသေးသည်။

ဒါပေတဲ့  အလုပ်တော့ မလုပ်တတ်ပါဟု ပြောပြကြပါ သည်။ ဗိုလ်ချုပ် (………) ဗိုလ်မှူးချုပ် (………) တို့အား သခင်ကျော်ရင်ကတူသားတပည့် အရင်းအခြားများလို ဆိုဆုမ္မနိုင်သည့် ငယ်နိုင်တွေဟု ကြွားပြော ထားသောကြောင့် ဗမာ့ခေတ် အလုပ်တိုက်၏ အယ်ဒီတာခန်း အလုပ်ရုံးခန်းက လူတွေနှင့်တကွ ကြီးကြီး မာစတာ အမှူးပြုပြီးသူ့ကိုလက်မလွှတ်နိုင်။ ဘုတ်ကိုင်ကြီး အရာထား၍ လေးစားနေကြရပါ သည်ဟု အချို့က ဇာတ်ကြောင်းပြန်ပြောမှ သိရပါသည်။ သို့ပေတဲ့ ကျမအဘို့ကတော့ ပဲခူးပြန်များ ၏ စကားက တိုး၍ မရပါ။ ပထမလာသူနှစ်ဦးကို ဖြေသလိုဘဲ သခင်ကျော်ရင်ကိုလဲ ကျမနှင့် မဆိုင် ကြောင်း ပြတ်ပြတ်ဘဲ ဖြေလိုက်ပါသည်။ သည်တော့မှ ထွက်သွားပြီး နောက်ဆုံး တပတ်ကြော့ ၍ အယ်ဒီတာ မောင်သန်းညွှန့်က စတုတ္ထမြောက် လာပြန်ပါသည်။

ဘဏ် ၃တိုက်တွင် နာမည်လွှဲရန် ကိစ္စ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၂၁)

မည်သူနှင့်မည်ဝါစစ်ဖြစ်၍ မည်သည့်စစ်မျိုးတိုက်နေသည်ကိုမသိရ၊ ၀မ်လန်းမှာ မိမိအဆွဲခံရမည် ကိုသာ ထိတ်လန့်လျက်၊ နေ့ဘက်တွင် ကောက်ရိုးပုံနောက်၌ ကွေးနေအောင်ပုန်း ညဘက်တွင် အသားတွေ ပြတ်ထွက် လုမတတ် လှည်းဆွဲရနှင့် ကြီးစွာသော ဒုက္ခပင်လယ်တွင် လက်ပစ်ကူးနေခဲ့ ရရင်း၊ မိုးဃ်လယ် လောက်သို့ ရောက်လာသောအခါ၊ မြို့ကြီးမှာ ကျီးလန့်စာစား လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။

သူဋ္ဌေး လူချမ်းသာများမှာ ရထားကိုယ်စီနှင့် ၀န်စည်စလယ်များကိုတင်လျက်၊ မြို့မှ ပြောင်းရွေ့၍ နေကြ လေ၏ ၀မ်လန်းမှာအပြင် မထွက်သဖြင့် ထိုအချင်းအရာများကို မမြင်ရသော် လည်း၊ သားကလေး နှစ်ယောက် မှာ မြို့ထဲမှ မျက်လုံးမျက်ဆန်ပြူးပြူးနှင့် ပြန်ရောက်လာလျက် ရွေ့ပြောင်းနေကြပုံများကို ပြောပြ လေ ၏။ 

သားအကြီး က "သေတ္တာကြီးတွေ သေတ္တာကြီးတွေ နည်းပါဘူးအဘရာ.... လူကြီး တယောက် ကို ကျွန်တော် မေး ကြည့်တော့၊ အထဲမှာရွှေတွေရော-ငွေတွေရော အများကြီးပါတယ်ဗျ၊ အဲဒါ သူဋ္ဌေးကြီး တွေ ဒီမြို့ က ပြောင်းပြေးတော့၊ သူတို့ဟာတွေ ယူသွားတာတဲ့၊ ဒါပေမဲ့အဲဒီလူကြီးကပြောတယ်၊ ဒီသူဋ္ဌေးကြီး တွေဟာ ရွှေတွေငွေတွေ  အားလုံး ယူ မသွားနိုင်ကြပါဘူးတဲ့၊ တနေ့ကျ ဒါတွေမင်းတို့ငါတို့မှာ ရ မှာပါ ဘဲ တဲ့၊ ဘာပြောလဲ အဘေ၊ ကျွန်တော်တော့ နားမလည်ဘူး"ဟု မျက်လုံးကလေး ကြောင်တောင်နှင့် ဘခင်ဖြစ်သူ အား မေးနေလေ၏။

"ဒီမြို့သားတွေပြောတာ ငါလဲ ဘယ်နားလယ်မလဲကွာ"ဟု ၀မ်လန်းက ဖြေလိုက်သောအခါ၊ သားကလေး က။
"ကျွန်တော်တို့ ဟာတွေသာဖြစ်ရင် ကျွန်တော်တို့ အခုချက်ခြင်းသွားယူလိုက်မှာဘဲ၊ ပီးတော့ကိတ် မုန့်လေ- အပေါ်က နှုမ်းကလေး တွေဖြူးထားတဲ့မုံ့မျိုးလေ၊ ကျွန်တော်သိပ်စားချင်တာဘဲဗျာ၊ တခါမှ အဲဒီမုံ့မျိုး မစားဘူးဘူးဗျ"ဟု ပြောဆိုနေပြန်ရာ၊ အဘိုးကြီးက ခေါင်းထောင်လာလျက်၊
"အင်း... မိုးဃ်းလေ၀သ ကောင်းတုန်းကဆိုရင် ပွဲတော်ကျတဲ့အခါ၊ ဒို့ ဒီမုံ့မျိုးလုပ် လုပ်စားကြတာ ပေါ့ကွယ်၊ နှမ်းတွေ အကုန်လုံး ရောင်းမပစ်ခင် ဒီမုံ့မျိုး လုပ်ရအောင် ဘဲ သက်သက်ချန် ချန်ထားတာ ကလား" ဟု ပြောဆိုလေ၏။

ဝမ်လန်း မှာလည်း နှစ်သစ်ကူးပွဲတော်တွင် ထိုမုံ့မျိုး အိုလင်လုပ်ခဲ့ပုံကို ပြန်သတိရလျက် စားချင်စိတ် များပင် ပေါ်လာကာ ရင်ထဲတွင် ဆို့သွားလေ၏ "တောက်-လယ်သာ ပြန်လုပ်ရရင် တော့လားကွာ" ဟု အံကြိတ်၍ တောက်ခေါက်မိလေ၏ ထိုခဏ၌ မိမိခြေထောက်များ ပင် မဆန့်သာသော ထိုတဲကလေး ၌ ကိုယ်လက် ကြုံ့လျက်၊ ခွေးလိုနွားလို နေရသော ဘ၀ကို ကြီးစွာ စက်ဆုပ် လာပြန်ပြီး၊ ထိုနေ့ပင် ရွာပြန် လိုက်ချင်သည့် စိတ်များ ဘွား-ခနဲ ပေါ်လာ ပြန်လေ၏။

ညဘက် ရောက်လာ၍၊ ကိုယ်တွင် ကြိုး ခွေကြီး များ သိုင်းလျက်၊ အသားမြုပ်လု မတတ် လှည်းဆွဲရသော အလုပ် ကို တွေးမိပြန်သော အခါ ထိတ်လန့် လျက် ခြေတလှမ်း လှမ်းတိုင်း ခြေဘ၀ါးပြင် ကို လှန်ချွန်နှင် ထိုးဘိ သကဲ့သို့ ချွန်ထက် လှ စွာသော ခဲလုံး များအား ရန်သူကြီးများ ပမာ ရွံ့ကြောက်မိပြီးလျှင်၊ မိမိ အဖြစ်ကို မိမိ ၀မ်းနည်းလာကာ၊ မျက်ရည်တွေ မဆည်နိုင်အောင် ကျလာလေ၏။ ထိုအခါကလေးများမှာ ကြောက် လန့်ပြီး ချောင်တွင် သွား၍ကုပ်နေကြလေ၏ အဘိုးကြီးကား- သားကိုကြည့်လျက်၊ ခေါင်းကို ခါနေ လေ၏ အိုလင် တယောက်သာ နှစ်သိမ့်ဖြောင့်ဖြပေါ်ရလေ၏။

"ခဏ သည်းခံပီးနေလိုက်ပါအုံးတော်၊ ကျုပ်တို့တခုခုမကြာခင်မြင်ရ ကြားရပါလိမ့်မယ်၊ အခုလူတိုင်း ဒီအကြောင်း ပြောနေကြတယ်တော့"
ဝမ်လန်းသည် ၎င်းပုန်းအောင်းနေသော ကောက်ရိုးပုံနောက်မှနေ၍ တဲနားကိုဖြတ်ကာ ချီတက်သွား လာနေ ကြသော ဘိနပ်သံများကို ကြားရလေ၏ ဘိနပ်သံများမှာ စစ်သားများ၏ ဘိနပ်သံဖြစ်လျက်၊ နာရီမစဲ တချီ ထဲချီ တဘက်ထဲတက်နေကြလေ၏ ၀မ်လန်းသည် အပေါက်ကလေးတခုမှ ချောင်းကြည့်လိုက်သောအခါ၊ မဆုံး နိုင်သော ခြေထောက်များကို မြင်ရလေ၏ ထိုညကုန်းလှည်းဆွဲ ရင်းလည်း မီးရောင်တွင် အမြောက် အမြား တွေ့ရလေ၏။

ထိုနေ့ မှ စ၍ တဲရှေ့ထိုင်စကားပြောသူများကို မတွေ့ရတော့ပေ၊ ဈေးများလည်း ပိတ်ထားလျက် ကျီး တဖုတ်ဖုတ် ရှိလေ၏ "ရန်သူတွေ နီးလာပြီတဲ့" ဟူသော သတင်းမှာလည်း တယောက်မှ တယောက် ကူးစက်ပြန့်ပွား ၍ လာလေ၏။ ထိုအခါ ပစ္စည်းရှိသူ များမှာ ကြောက်လန့် ထိပ်ပြာ ၍ နေကြလေ၏ ၀မ်လန်း နှင့် သူ့တဲနီနားချင်း များကား၊ မကြောက်ကြ လေ၊ အကြောင်းမူ- ဘာပစ္စည်းမှ လည်း ဆုံးပါး ဘို့မရှိ၊ အသက် ကိုပင် အမှု မထားသူများ ဖြစ်သည် တကြောင်း၊ ရန်သူ ဆိုသည်မှာ လည်း မည်သူ မည်ဝါမှန်း မသိသည် တကြောင်း ကြောင့် ဖြစ်လေ၏။ သို့ဖြစ်လေရာ၊ ရန်သူလာလျှင် လာပေစေ အခု ဘ၀ ထက်တော့ ပိုမဆိုးတော့ပါဘူး....ဟု နေမြဲတိုင်းနေကြလေ၏။

သို့ နေကြရင်း ကုန်လှည်းဆွဲရသည့် အလုပ်မှာ၊ ကုန်တိုက်ကြီးများက စစ်ဖြစ်၍ ၀ယ်သူမရှိ တော့ဟု ဆိုကာ ရပ်စဲ လိုက်လေရာ၊ အားလုံးအလုပ်လက်မဲ့ဖြစ်ကုန်ကြလေ၏။ အ၀စား တပဲ ဆန် ပြုတ်မဏ္ဍပ် များလည်း ပိတ်လိုက် ကြလေရာ၊ ၀မ်လန်းလည်း အလုပ် မရှိ၊ စားလမ်းလည်း ပိတ်လျက်၊ အားလုံး ကသီ ကလင် ဖြစ်ကုန် ကြလေ သတည်း။

ဝမ်လန်း သည် သ္မီးကလေးကို ရင်ခွင်တွင်ပိုက်လျက်၊ တဲထဲတွင် ထိုင်ရင်း ''ငါ့သ္မီး၊ သ္မီး ဟိုအိမ် ကြီးကြီး-ကြီးမှာ သွားမနေချင်ဘူးလားဟင်၊ ထမင်းလဲ စားရမယ်၊ အင်္ကျီကလေးတွေလဲ ၀တ်ရမယ်လေ'' ဟု မေးလိုက် သည်တွင် ခလေးမှာ ဘာပြောသည်ကို နားမလည်သော်လည်း၊ ၀မ်လန်းအား ပြုံးပြုံး ကလေး ကြည့်လျက်၊ လက်ကလေးဖြင့် မျက်လုံးများကို လှမ်းကိုင် ကစားလေ ၏။ ထိုအခါ ၀မ်လန်းမှာ စိတ်ထဲတွင် ယားကျိကျိ နှင့် မချိတယိ ဖြစ်လာပြီး အိုလင်အား လှမ်း၍
''ပြောစမ်းပါအုံးကွ၊ မင်း ဟိုအိမ်ကြီးမှာနေတုန်းက အရိုက်ခံရသလား'' ဟု မေးလေ၏။

''နေ့တိုင်း အရိုက်ခံရ တာဘဲ''
''ဘာနဲ့ ရိုက်သလဲ၊ တုတ်နဲ့လား၊ ကြိုးနဲ့လား''
''ကြာပွတ်နဲ့''
''အင်း၊ ဒို့သ္မီးကလေးဟာ သ္မီးချောကလေးကွ၊ ပြောစမ်းပါအုံးကွာ၊ ကျွန်မချောချော ကလေးတွေလဲ အရိုက်ခံ ရတာ ဘဲလား''
''ရိုက်ရင်ရိုက်၊ မရိုက်ရင်လဲ ခြေတော်တင်ခံရတာဘဲ တယောက်ထဲမဟုတ်ဘူး၊ သူဋ္ဌေးသား တွေက ကျရင်- အစေခံ တွေ လက်ထဲရောက်တာဘဲ၊ ရုပ်ကလေး ချောချောလှလှ နဲ့ ဆိုရင်၊ အပျိုတောင် မဖြစ်သေးဘူး ကိစ္စ ချောတာဘဲ''
ဝမ်လန်းမှာ သက်ပြင်းကြီးချလျက်၊ ခလေးကို ရင်ခွင်တွင်အပ်ကာ၊ "ဒုက္ခသယ် မကလေး ဒုက္ခသယ်မ ကလေး" နှင့် ယူကြုံးမရနိုင်အောင် သောက မီးလောင်၍ နေလေသတည်း။
သို့သော် ရေစီးတွင် ဒဟဟော ပြောပါလာသူတဦးကဲ့သို့ ဘာမှကြုံရာမရ-သ္မီးကလေးကို ရောင်း၍ ပြန်ဘို့သာ စိတ်ကူးမိပြီးလျှင် "သ္မီးရယ်-ဒီပြင်လမ်းမရှိတော့လို့ပါကွဲ့- မတတ်နိုင် တော့လို့ပါကွဲ့-" ဟု မျက်ရည် မဆည် နိုင်အောင် ဖြစ်လေ၏။

ထိုအခိုက်- မိုးပြိုသလို ကျယ်လောင်ပြင်းပြသော အသံကြီးတခု ရုတ်တရက် မြည်ဟီးလိုက်ရာ အားလုံး ရင်ထိတ် လျက် သေရတော့မည် ပမာ မြေကြီးတွင် ပြားပြားဝပ် ကြလေ၏ ၀မ်လန်းသည် ဘာသံမှန်း မသိဘဲ၊ သ္မီးကလေး ၏ မျက်နှာကို လက်ဝါးနှင့်ဖုံးအုပ်လျက် အသက်ပြင်းစွာ ရှူနေလေ၏ အဘိုးကြီးက၊ "ငါတော့ ဒီအသံမျိုး တသက်နဲ့ တကိုယ် မကြားဘူးဘူးကွာ" ဟု ပြောလျက် ခလေး များမှာလည်း လန့်ဖြန့်လျက်။ ဟစ်အော်နေကြလေ၏ ။

အိုလင်မူကား- အသံကြီး ပျောက်သွားလျက်၊ ငြိမ်သက်သွားသည်နှင့် တပြိုင်နက် ခေါင်းကိုမော်ကာ၊  ''ရန်သူတွေ မြို့တံခါးက ဝင်လာပီ-''ဟု ပြောလေ၏။ အားလုံး ဘာမှ မပြောနိုင်မီပင်၊ အုပ်အုပ်၊ အုပ်အုပ်နှင့် လူသံများကို မသဲမကွဲကြားရလေ၏ ကြာမီပင်ထိုအသံများမှာ ဖြည်းဖြည်းနီးလာလျက် အုတ်အုတ်ကြက် တခဲနက် ဆူညံ ကာလမ်းထဲသို့ ရောက်လာလေ၏ အားလုံးတယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အသက် ရှူမှား လျက် ထရတာ့မလိုလို၊ ပြေးရတော့မလိုလို-ရတက် ဖိုရာက။ မကြုံဘူးသော ထိတ်လန့်ခြင်း ဖြင့်၊ စကားမပြောနိုင်အောင် ရှိလေ၏။

ထို ကာလ၌၊ တံတိုင်းကြီး တဘက်မှ-တံခါးကို ထုခွဲရိုက်နှက် ဖွင့်လှစ်နေသံ ကို ကြားရပြီး။ လူ တယောက်၏ မျက်နှာသည် တဲထဲ သို့ ထိုးပြူ ဝင်ရောက်၍ လာလေ၏။ ထိုသူမှာ ညတည-။  ဆေးတံတို တချောင်းကို ခဲလျက်။ ဝမ်လန်း ကို လာစကားပြောသော တဘက်တဲ မှ လူဖြစ်လေ၏။

''အောင်မယ် ထိုင်နေကြတုန်းဘဲလား အချိန်ကျလာပြီဗျ- သူဠေးအိမ်တွေ ဖွင့်ကုန်ကြပြီလေ-'' ဟု ထိုသူက အော်ပြော လေ၏။ ထိုအခိုက်။ အိုလင် မှာ ကိုယ်ရောင် ဖျောက်သွား သကဲ့သို့- ထိုသူ၏ လက်မောင်း အောက် မှ လျှိုဝင် ၍ ပျောက်ကွယ် သွားလေ၏။

ဝမ်လန်းသည် နှေးကွေးစွာ ထိုင်ရာမှထပြီး အိမ်မက် မက်သလို ဖြစ်နေရာမှ။ သ္မီးကလေးကို ချပြီး တဲထဲမှ ထွက်လိုက် ခဲ့လေ၏၊ အတန်ငယ် သွားမိသောအခါ တံတိုင်းကြီး၏ သံဝင်းတံခါးကြီးတွင် လူများ စုပြုံ တိုးဝှေ့ရင်း၊ ကျားနာများ ဟိန်းဟောက်သလို ဟိန်းဟောက် လျက်၊ သူ့ထက်ငါ တိုးဝှေ့နေသော လူထုကြီး သည်၊ တယောက် အပေါ်တယောက်ထပ် တယောက်ပေါ် တယောက် ညှပ်လျက်၊ အလုံး လိုက် အခဲလိုက် တခါတည်း ဘော်လုံးကြီးလှိမ့်သလို လိမ့်ဝင်သွားလေ၏။

ထိုသူများမှာ မိမိကဲ့သို့ပင် မစားရတနပ်၊ စားရတနပ် နှင့် တဲစုတ်တဲပုပ် ကလေးများတွင် နေထိုင်ကြ သူများ ဖြစ်ကြောင်း တွေ့ရလေ၏။ ဝမ်လန်းမှာ ထိုသူများကိုရပ်၍ ကြည့်နေစဉ်၊ နောက်မှ တိုးဝှေ့လာသော လူထုကြီး တခုထဲတွင်ညပ်လျက် တဖြည်းဖြည်း ပုရွက်ဆိတ်အုံတွင် ထမင်းလုံး လိမ်သလို လိမ့်ကာ လိမ့်ကာ ပါသွား လေရာ။ မကြာမီ အိမ်ကြီး၏ဘိနပ်ချွတ်သို့ရောက်သွားလေ၏။ ထိုအခါ လူထုကြီးသည်၊ တိရိစ္ဆာန်များအိမ်ထဲသို့ စုပြုံတိုးဝှေ့၍ ဝင်ကြပြန်လေ၏၊ ဘုံဆောင် တခုမှ တခုသို့ ဖြတ်သန်း တိုးဝင်ကြရာ တွင် အိမ်သူအိမ်သားများ၏ အရိပ်အရောင်ကို မမြင်မတွေ့ရ၊ အိမ်ကြီးမှာ နှစ်ရှည်လများစွန့်ပစ်ထားသော နန်းတော်ကြီး တခုနှင့် တူနေလေ၏။ သို့သော် ထမင်း စားခန်းတွင် ထမင်းပွဲများကို တွေ့ရ၏။ မီးဖို ထဲတွင် လည်း မီးတောက်သည် မငြိမ်းသေး တောက် လောင်လျက်ပင် ရှိပေသေးသည်။

သူရဲသူဘက် စီးနေသော လူထုကြီးကား.... အ၀တ်အစား သေတ္တာကြီး များကို ခုံ၍ အုပ်ကြလေ၏။ အခန်းတွေ ထဲသို့ လွှားကျော်၍ ၀င်ကြလေ၏။ အိမ်ရာ တွေပေါ်သို့ ဂျွန်းပစ်၍ တက်ကြလေ၏။ တယောက် ရသည်ကို တယောက်က လိုက်၍ လုကြလေ၏။ ထမင်းပုဂံ ဆွဲသူက ဆွဲကြ လေ၏။ အခန်းဆီး ဆွဲဖြုတ်သူက ဖြုတ်ကြလေ၏။ သေတ္တာကြီး တွေကို ပေါက်ခွဲသူက ပေါက်ခွဲကြလျက်၊  အရိုးပုံကို ခွေးအုံကာ ခဲသည့် အလား၊ လုပွဲယက်ပွဲကြီး ဆင်နေလေတော့သတည်း။

ဝမ်လန်း ကား ဘာတစ်ခုမျှ ၀င်၍ မဆွဲ၊ တသက်လုံး က သူများပစ္စည်းကို လိုချင် တတ်မက်လည်း မရှိခဲ့ သို့ဖြစ် လေရာ လူထုကြီးထဲညှပ်လျက် ရပ်၍သာ ကြည့်နေလေ သတည်း.။
သို့ကြည့် ရာမှ အိပ်ရာမှနိုးလာသကဲ့သို့ သတိရပြီး လူထုကြီးထဲမှ တိုးဝှေ့၍ ထွက်လေ၏။ အပြင် ရောက်ကာ နီးမှ ၀ဲထဲတွင် မြောသော လှေငယ်လို ပတ်ချာညပ်လျက် ပြန်ပါသွားပြန်လေ၏။ မိမိရောက် နေသော နေရာကို ဆန်းစစ် ကြည့်လိုက်သည့် အခါ အတွင်းဘက် အကျဆုံး အခန်းတခု ထဲတွင် ရှိနေကြောင်း တွေ့ရ လေ၏။ထိုအခန်းမှာ မိန်းမဆောင်တခုဖြစ်လျက် နောက်ဘေးဘက် တံခါးတခု သည် ပွင့်လျက် ရှိနေလေ၏။ အရေး အကြောင်း ပေါ်လျှင် အလွယ်တကူ မလွယ်ပေါက် တခုဖြစ်လေ၏။

ထိုမလွယ်ပေါက်မှ အိမ်ရှင်များ ထွက်ပြေးလိမ့်မည်ဖြစ်၏။ ၀မ်လန်းသည် ထိုအပေါက်သို့ ရောက်အောင် တိုးဝှေ့၍ ၀င်ခဲ့ရာ အခန်းကလေး တခုထဲ့သို့ ရောက်သွားလေ၏။ လူနှစ်ယောက် စာလောက် နီးနီးဝသော လူကြီး တယောက်မှာ ၀လွန်း ၍ပင် မပြေးနိုင်သလော၊ သို့မဟုတ် အရက်ပင် မူးနေသောကြောင့်လော မသိရ၊ ကုတင်တလုံး ပေါ်တွင် ကိုယ်၌ အ၀တ်အစား မကပ်ပဲ၊ တုံးလုံးကြီးဖြစ်နေခိုက်၊ ၀မ်လန်းနှင့် သွား၍ တိုးနေ လေ၏။ ထိုသူမှာ မိန်းမငယ် တယောက်နှင့် အိပ်ပျော်နေပုံရလေ၏။

အကြောင်းမူ သူ့ကိုယ်ကြီးတွင် ပန်းနုရောင် မိန်းမ၀တ် ဖဲအင်္ကျီ တထည်ကို လွှမ်း၍ ထားလေ၏။ ၀လွန်း သောကြောင့် အသားခေါက်ကြီး များမှာ တွဲကျ ၍ နှစ်ထပ်ဖြစ်နေလျက်၊ တောင်ပို့လို မို့မောက် နေသော ပါးစုံကြီး နှစ်ဘက် အထက်တွင် ကျဉ်းမြောင်းသော မျက်လုံးကလေး နှစ်လုံးမှာ ၀က်မျက်လုံး လို ခွက်၍ ၀င်နေ လေ၏။ ၀မ်လန်းကို မြင်သွား သောအခါ၊ ငယ်သံပါအောင် အော်လျက်၊ လူးလဲ၍ ထလေရာ၊ ၀မ်လန်း မှာ ရယ်ချင်စိတ်များပင်  ပေါ်၍လာလေ၏။ သို့သော် အဆိုပါဝတုတ်ကြီးမှာ ကုတင်ပေါ်မှခုန်ဆင်းလျက်၊ ကြမ်းပေါ်တွင် ဒူးထောက်ပြီး ခေါင်းကို အခါခါကြမ်းနှင့် ထိရာက-

''အသက် ချမ်းသာပေးပါမောင်.... ချမ်းသာပေးပါ၊ ကျုပ်ကို မသတ်ပါနဲ့၊ မောင်ကိုပေးဘို့ ကျုပ်မှာ ငွေတွေ အများကြီး ရှိပါတယ်၊ အများကြီးပေးပါ့မယ်''ဟု အသနားခံလေ၏။ ''ငွေ''ဟူသော အသံကို ကြားရသည်နှင့် တပြိုင်နက်၊ ၀မ်လန်းမှာ ရွှင်လန်းဖြတ်လတ်၍ လာလေ၏။ သူကားငွေလိုချင်၍ နေ၏။ ရွာကိုပြန်ချင်၏။ ငွေရှိ မှသာ ရွာကို ပြန်နိုင်ပေမည်။ ထိုငွေသာရလျှင် သ္မီးကလေးကို ရောင်းဘို့မလိုတော့။

''ဒါဖြင့်ပေး'' ဟု ခတ်မာမာအော်လိုက်လေ၏။ ဘယ်လိုအသံမျိုးနှင့် အော်လိုက်မိသည်ကိုပင် မသိတော့ပေ။
ဝတုတ်ကြီး ကား တရှိုက်ငင်ငင်နှင့် ဒူးထောက်ရာမှထလျက်၊ အင်္ကျီစအိပ်ကို သွားနှိုက်ပြီး၊ ရွှေဒင်္ဂါးများကို ထုတ်၍ ပေးရှာသည်တွင် ၀မ်လန်းသည် အင်္ကျီဖြင့်ဖြန့်၍ ခံယူလေ၏။ ထိုတကြိမ်နှင့် အားမရသေးမူ၍ ''ဒါဘဲလား ထပ်ပေးအုံး''ဟု ခတ်ကြမ်းကြမ်းအော်ပြန်လေ၏။

ဝတုတ်ကြီး လည်း အိပ်ထဲ ၌ထပ်၍ နှိုက်ရပြန်ကာ ရှိသမျှ အကုန်ထုတ်ပေးရှာရင်း ''အဲဒါအကုန်ပါဘဲ၊ တပြား မှ မကျန်တော့ပါဘူး၊ ကျုပ်ကိုယ်မှာ ကျုပ်အသက်ဘဲ ကျန်ပါတော့ တယ်''ဟု ပြောကာ ငိုလေ၏။ ရှိုက်ကြီး တငင် ငိုကြွေးနေသော ၀တုတ်ကြီးအား ၀မ်လန်းသည် ကြည့်ရင်း ကြည့်ရင်း စက်ဆုပ် ရွံရှာ လာပြီး လျှင် ''သွား သွား သွား၊ ကျုပ်မျက်စိအောက်က ထွက်သွား၊ နို့မိုရင် ကျုပ်သတ်မိ လိမ့်မယ်''ဟု ပြောလိုက် လျှင်၊ ထိုသူ သည် ခွေးပြေးသလို တအားခုန်ပေါက်၍ ပြေးလွှား ကွယ်ပျောက် သွား လေ၏။
အိမ်က နွားကို မသတ်ရဲ မူ၍ စိတ်ထားနူးညံ သနားတတ်သော ၀မ်လန်းမှာ နဂိုရ်စိတ် ပျောက်လျက်၊ ပါးကွက် အာဏာသား စိတ်မျိုး ပေါက်နေလေ၏။

ငွေ ဟူသော အသံကြားရသောအခါ စိတ်ထဲတွင်၊ တမျိုးဖြစ်၍ သွားလေ၏။ ရွှေဒင်္ဂါး တွေနဲ့ အခန်းထဲတွင် တယောက် တည်း ကျန်ရစ်ခဲ့ပြီး၊ မည်ရွေ့မည် မျှရှိသည်ကိုပင် ရေတွက်မနေနိုင်တော့ဘဲ၊ အကျီအောက် ရင်ဘတ် ကြားသို့ထည့်လျက်၊ တဲသို့ပြန် ခဲ့လေ၏။

သို့ပြန်ခဲ့ရင်း - "နက်ဖြန်ခါ အညာကိုပြန်မယ်" ဟု တကိုယ်တည်း စိတ်ကူးကာ အူမြူး၍ နေလေတော့ သတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, April 5, 2010

ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၁)

အင်း အလုပ်ကလည်း သိပ်မရှိတော့ ပျင်းနေတာနဲ့ ချစ်ချစ်ကြီးနောက် လျှောက်လိုက်နေတယ်.. ..... မနေ့ မနက် ကတော့ စက်မှု့ ထဲ သွားမယ် လိုက်မှာ လားတဲ့. ..... ဒါနဲ့ လိုက်သွားပါရော.. ဟိုရောက်တော့ သူက ရုံးထဲ ဝင် သွားတာနဲ့ အပြင်က စောင့်နေတယ်.. စောင့်ရင်း နဲ့ ပျင်းပြီး ရေဆာတာနဲ့ ဘေးနားက ဆိုင် က စားပွဲထိုးလေး ကို လှမ်းခေါ်လိုက်တယ်.. ။

နောက်တော့ သူတခါ ထဲ ယူလာလို့ ရအောင် ဆိုပြီး ပါးစပ်ကလေး ဟပြီး လက်မလေး စိုက်လို့ ပြလိုက်တယ်.. ပြီးတော့ လက်ညှိုးလေး ထောင်ပြလိုက်တယ်..စားပွဲထိုး ကလေး က ကြောင်တောင် တောင် နဲ့ ကြည့်ပြီး ယူမလာဘူး...၊ တခုခု တော့ မှားနေပြီ ဆိုပြီး.. ဟိုကြည့် ဒီကြည့် ကြည့်လိုက်မှ.. အကင် နဲ့ စည်ဘီယာ ဆိုင်တဲ့ မနက်ခင်း ဆိုတော့ လူလည်း သိပ်မရှိတော့ .....မှာတဲ့ လူကလည်း မစူး မစမ်း ဆိုတော့.. အင်း.. လာမပို့တာဘဲ တော်ပါသေးတယ်.. ။

စည်ဘီယာ ခွက်ကလေး နဲ့ ရွှေစင်ဦး လေးကို ချစ်ချစ်ကြီး တွေ့သွားရင်.. တော်တော် နမော်နမဲ့ နိုင်တဲ့ မိန်းမ ဆိုပြီး ကောင်းချီးပေးနေမယ်.. နောက် ပြီးတော့ ရွှေစင်ဦး တို့မူးသွားခြင်း ကနေ ဘီယာ မှာ သောက်ခြင်း ဆိုပြီး နာမည်တွေ ကြီးနေမှာ စိုးရိမ်ပါတယ်....(အမှန်တော့ အမှားကောင်းလေး မမှားလိုက်ရတဲ့ အတွက် စိတ်တွေညစ်နေတာပါ...) ။

စက်မှု့ဇုံရောက်တော့ ၁၁ နာရီလောက်ရှိပါပြီဗျာ... ပူလိုက်တဲ့ နေ ကျဲကျဲတောက် နေတာပါဘဲ... အခု ရက်ပိုင်း မန္တလေး မှာ အရမ်းပူနေတယ်.. ကျနော်တောင် ညီမ မိုမိဂျိ ဘလော့ က ငလျှင် လှုတ်ရင် ဆောင်ရန် ရှောင်ရန် လေး တွေ ဖတ်မှတ် ပြီး ဒီလောက် ပူရင် ငလျှင်တော့ လှုတ်တော့ မှာဘဲလို့...ငါလို ဗဟုသုတ ရှိတဲ့ သူကတော့ အိုကေ ဘဲလို့.. ကြံဖန် ဘဝင်မြင့်နေတာ.. တကယ်လှုတ် မှ အကုန်မေ့ အုန်းမှာ။
မန္တလေး တမြို့လုံးကလည်း ဗျာ ဘီယာ ဆိုင်နဲ့ အကင်ဆိုင်ကြီး ပါဘဲ... ရေဆာ ၍ ဘီယာ များ သောက် နေကြလား မသိပါဘူး...၊ ရေဆာ လို့ သောက်စရာ အအေးဆိုင် က ရှာမတွေ့ဘူး.. ချစ်ချစ်ကြီး သွားဝယ်ခိုင်းတော့ ဘီယာ ဆိုင်ထဲဝင် ရေဝယ်ရမှာ သူ့သိက္ခာ ချတယ်လို့များ ထင် နေလား မသိပါဘူး.. မင်းကလည်း ရှိတဲ့ ရေ သောက်လိုက်စမ်းပါ ဆိုတာနဲ့ ရေပူပူ လေး သောက်ခဲ့ ရပါတယ်.. နောက်များတော့ ရွှေစင်ဦး ကို ဘယ်တော့ မှ ခေါ်လို့ ရမယ်မထင်နဲ့ ချစ်ချစ်ကြီးရေ...။

ကျနော် လည်း ချစ်ချစ်ကြီး နဲ့ လျှောက်သွားရင်း နဲ့ ဟိုး နှစ်ပေါင်း များစွာက ရွှေစင်ဦး လေး အလိုလိုက်ခံ ရတာလေးတွေ ကို ချစ်ညီမများ သူငယ်ချင်း အပျိုကြီးများ သားရေကျအောင် အတုယူမှားအောင် ရေးပြချင် တဲ့ မကောင်းတဲ့ စိတ်ကလေး ဝင်လာလို့ နဲနဲလောက် ရေးပြချင်ပါတယ်..။

ကျနော် ဟာ တသက်လုံး ရီးစား တခါဘဲ ထားပြီး ဒီတယောက် နဲ့ ဘဲ အိမ်ထောင်ကျ တဲ့ အတွက် ယောက်ကျား များနဲ့ ပတ်သက်ရင် အတော် ဗဟုသုတ နဲ တယ် လို့ ပြောရပါ့မယ်.. ဒီ့အတွက် လည်း ခုထိ နောင်တ ရနေတုန်းပါ... ရွှေစင်ဦး တို့များ အ လိုက်တာ ရီးစားထားရမဲ့ အရွယ်တုန်းက ၄-၅ယောက် လောက် များ ပြိုင်ထား ခဲ့ရင် သိပ်ကောင်းမှာ ဘဲလို့.. ။

အဲဒီလိုများ ထားခဲ့ရင် .. ဘလော့ ရေး လို့ ဘယ်လောက် ကောင်း မလည်း .. ပိုစ် တွေကို အများကြီး ရမှာ (ကိုကြီးကျောက်ကြီး ကို စောင်းမပြောပါ). ခုတော့ ချစ်ချစ်ကြီး တယောက် ထဲ ဆိုတော့ ရေးရတာ သိပ်မလုံလောက် သေးသလိုဘဲ.. အ လိုက်တဲ့ ရွှေစင်ဦး... အမြင် မကျယ်လိုက်တဲ့ ရွှေစင်ဦး. နောင်ရေး ကို မတွက်ချက်တတ် တဲ့ ရွှေစင်ဦး.... နင် တနေ့ ဘလော့ဂါ ကြီး ဖြစ်လာမှာ မသိဘူးလား ရွှေစင်ဦး.. ကိုကို့ အတွက် တပို့စ် မောင်မောင့် အတွက် တပို့စ် .. သူကလေး အတွက် တပို့စ်... အဟင်း ခုတော့ ချစ်ချစ်ကြီး က ကို မတက်တော့ဘူး ပျင်းစရာကောင်းလိုက်တာ ရွှေစင်ဦး ရယ်...(ကိုယ့် ကို ကိုယ်.. အပြစ်တင်ခြင်း)။

အခုအချိန် ကစပြီးတော့ သင်ခန်းစာ အမှတ် (၁) အနေ နဲ့ ရီးစားထားလို့ ရတဲ့ အရွယ်လေး မှာ အားကျိုးမာန်တက် တယောက် မကောင်း နောက် ၂ယောက်ပြောင်း ဆိုတဲ့ မူ နဲ့ များများ ထားကြပါ...၊ ဒါမှ ချစ်ညီမ များ ဘလောဂါ ဖြစ်လာ တဲ့ အခါ ပို့စ် တွေ အများကြီး ရေးနိုင်မှာ ဖြစ်ပါတယ်...၊ ရီးစား ထားကြတဲ့ အခါမှာ အားကျသွားကြအောင် အခု ရွှေစင်ဦး ရဲ့ ချစ်ကိုယ်တွေ့ လေး (၁) ကို ရေးပြပါမယ်...။

ကျနော့် ရဲ့ အားနဲချက်လေး တခုကို အခုထိ ရွှေစင်ဦး ကို ချစ်သူများ ကို ရေးမပြရသေးဘူးထင်ပါတယ်.. ကျနော် ဟာ ငယ်ငယ်တုန်းက အင်မတန်မှ ရွံတတ်ပါတယ်...၊ စိတ်ထဲ မှာ မသန့် တာတွေ့ရင် တဝေါ့ဝေါ့ နဲ့ လူမြင် မကောင်းအောင် ထိ ဆိုးဝါးဘူးပါတယ် (...အချစ် ဝတ္ထု များ စုံထောက် ဝတ္ထု များ အလို အရဆိုရင် စိတ်ဝေဒနာ တခုခု ရှိတယ်လို့ တောင် ထင်ရပါတယ်.. လက်ကို ဆပ်ပြာနဲ့ တော့ ခဏခဏ မဆေးဘူး ပါ ..... ထို့ အတွက် သိပ်မရူးသေးဘူး လို့ လည်း ယူဆလို့ ရပါတယ်...) ။

အဲဒီလို ရွံတတ်တဲ့ ရွှေစင်ဦး ဟာ တနေ့မှာ ချစ်ချစ်ကြီး နဲ့ လျှောက်လည်ရင်း ဟိုရောက်... ဒီရောက် ရောက်သွားပါတယ်...၊ ဘိုက်နာပြီး အိမ်သာ တက်ချင်လာပါတယ်..၊ ဟိုရှာ ဒီရှာ နဲ့ ဒုက္ခရောက် နေပါတယ် နောက်တော့ ချစ်ချစ်ကြီး က အနား ရှိတဲ့ အိမ်သာ တလုံး တက်ဘို့ စီစဉ်ပေးပါတယ်...၊ အားရဝမ်းသာ နဲ့ အိမ်သာ ထဲ ဝင်သွားပါတယ်...။

ဝေါ့ ဆိုပြီး အိမ်သာထဲက ပြန်ထွက်လာပါတယ်...၊ တွင်းအိမ်သာ (သွပ် တံလျှောက်လေး တောင် မပါ တဲ့  အိမ်သာ ဆိုတော့ အထဲက ဟာတွေ မြင်နေရပါတယ်...)..၊ ရွှေစင်ဦး ရဲ့ ဟိုဟာက ထွက်လို့ မရ ဖြစ်နေပါတယ်..၊ ဒါနဲ့ ချစ်ချစ်ကြီး ကို ပြောပြတော့.. ဟိုကြည့် ဒီကြည့် လုပ်ပြီး အနားက ကောက်ရိုးပုံ က ကောက်ရိုး တပွေ့ ပွေ့ပြီး အိမ်သာ ထဲ ကဟာတွေ ရွှေစင်ဦး မမြင်အောင် ဖုံးပေးပါတယ်.. ရွှေစင်ဦး လေး လည်း အဲ့ဒီကြမှ အားလုံး အဆင်ပြေ သွားပါတော့တယ်...။

ကဲ.. ဘယ်ကလောက် စိတ်ကူးယဉ်စရာကောင်း တဲ့ ဂရုစိုက်မှု့လေး တခုပါလည်း.. ၊ ဒါကတော့ ပျင်းပျင်း ရှိတာနဲ့ ရှာကြံပြီး ရေးလိုက်ရတဲ့ ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၁) ပါ.. နောက်ထပ် ပျင်းနေရင် (၂) (၃) များ ဆက်ရေးပေးပါမယ်...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၂၀)

"နို့- ဒီလိုပဲ အမြဲနေသွားရမှာလားဗျာ"ဟု ၀မ်လန်း က ခံပြင်းပြင်းနှင့် ပြန်မေးလိုက်သည့် အခါ၊ ဆေးတံ ကို ဖွာလျက် မြေကြီးပေါ်ပက်ကနဲ တံတွေးထွေးချလိုက်ရင်း၊
"အမြဲတမ်းတော့ ဘယ်ဟုတ်မလဲ သူဋ္ဌေးတွေသိပ်ချမ်းသာနေရင် လုပ်ရမဲ့နည်းလမ်းအများကြီးရှိ တယ်၊ ဆင်းရဲသား တွေ သိပ်ဆင်းရဲတယ်နော်၊ ထွက်လမ်း တွေလဲ အများကြီးရှိတာပဲ၊ လွန်ခဲ့တဲ့ ဆောင်းတုန်းက ကျုပ်တို့ သ္မီးနှစ်ယောက် ရောင်းစားခဲ့ရတယ်၊ အခုလဲ နောက်မွေးမဲ့ ခလေးဟာ မိန်းခလေး ဖြစ်ရင် ရောင်းစား ရအုံးမှာပဲ၊

ကျုပ်- ပဋ္ဌမ သ္မီးကြီး တယောက်ပဲ ရောင်းမစားတာ၊ နောက်မွေးတဲ့ဟာတွေတော့ သတ်ပစ် တာထက် ရောင်းစား တာက ပိုကောင်းသဗျ၊ တချို့ကတော့ မွေးမွေးချင်း သတ်ပစ်တဲ့နည်းပိုကြိုက်တယ်၊ အဲဒါ ဆင်းရဲသား လူမွဲတို့ရဲ့ ထွက်ရပ်လမ်းတခုပေါ့၊ သူဋ္ဌေးတွေသိပ်ချမ်းသာနေရင် လုပ်ရမဲ့ နည်းကတော့ ကျုပ်၊ အတွေးသာ မှန်ရင် ပေါ်လာဖို့ သိပ်မကြာတော့ပါဘူးဗျာ"ဟု ပြောဆိုကာ၊ ဆေးတံဖြင့်အုဋ္ဌ် တံတိုင်းကြီး အတွင်း ဘက်သို့ နောက်ပြန်ထိုးပြပြီး၊
"အထဲကို မြင်ပီပလား"ဟု မေးလေ၏။

ဝန်လမ်းက ခေါင်းခါပြသောအခါ၊ ထိုသူကဆက်လက်၍
"ကျုပ်တခါ- ကျုပ်သ္မီး ကလေး ကို အဲဒီအထဲသွားရောင်း တုန်းကမြင်ခဲ့ဘူးတယ်၊ အဲဒီအထဲက အိမ်ကြီးမှာ ငွေ ဘယ်လို ၀င်လို့ ငွေဘယ်လို သုံးနေတယ် ဆိုတာ ကျုပ်ပြောရင် ခင်ဗျား ယုံတောင် ယုံမှာ မဟုတ်ဘူး၊ ကျုပ် ပြောပြမယ်၊ အစေခံတွေတောင် ငွေကွပ် တဲ့ ဆင်စွယ်တူတွေနဲ့ စားကြတယ်၊ ကျွန်မ တွေဟာလဲ ပုလဲ နားပန်- မြနားပန် တွေဆွဲလို့၊ ဘိနပ်မှာ ပုလဲစီလို့၊ ဘိနပ် နဲနဲ မဲလာရင် ပုလဲရော- ဘိနပ်ရော လွှင့်ပစ် ကြတာပဲ"

ဝမ်လန်း ကား- ပါးစပ်အဟောင်းသား နှင့် နားထောင်နေမိလေ၏။
"ချမ်းသာတဲ့ လူတွေ သိပ်ချမ်းသာ နေရင် လုပ်ရမဲ့ နည်းလမ်းတော့ ရှိတာပဲ………"ဟု ထိုသူက ဆက် လက် ပြောဆိုပြီး ခဏမျှ ငြိမ်သက် သွားလေ၏။ အတန်ကြာ မှ စကား တမျိုး ပြောင်းလိုက်ကာ။
"ကဲ-ကဲ- အလုပ်သာ ဆက်လုပ်ပါဗျာ…….."ဟု ပြောပြော ဆိုဆို မှောင်ထဲ တွင် ကွယ်ပျောက် သွား လေ၏။

ထိုည ၀မ်လန်းမှာ အိပ်မပျော်တော့ပေ၊ အုဋ္ဌ်တံတိုင်းကြီး ၏ တဘက်တွင် ရှိသော အိမ်ကြီးမှ ဋ္ဌေးပုံ ကြွယ်ပုံ များကို စဉ်းစားနေမိပြီးလျှင်၊ စောင်မှ ခြုံ အိပ်စရာ မရှိသော မိမိအဖြစ် နှင့် ယှဉ်ကြည့် မိလေ၏။ ထိုအခါ ခလေး ကို ရောင်းလိုသော စိတ်က လှုံ့ကြွနှိုးဆော်လာပြီး၊ "အင်း- ငါ့သ္မီးကလေး ကို သူဋ္ဌေးအိမ် ရောင်းစားခဲ့တာမှ ကောင်သေး၊ ကြီးလာလို့ သူဋ္ဌေးသားတွေ သဘောကျလောက် တဲ့ရုပ်ကလေးများဖြစ်ရင်၊ စိန်တွေ- ရွှေတွေ ဆင်နိုင်မှာပဲ………" ဟု တွေးကာ။ သို့တွေးရင်းတွေး ရင်း ချီတုံချတုံဖြစ်နေ လေသတည်း။

အခန်း ၁၄

မိုဃ်းကျလာလေ၏ ထိုအခါ ဒွန်းစဏ္ဍများလို ထွက်၍မတောင်းကြတော့ပဲ၊ စိမ်းနုသော အလေ့ကျ ဟင်ရွက် ဟင်းသီး ကလေးများကို လိုက်ရှာကာ ချက်ပြုတ်စားသောက် ကြလေ၏ နံနက်လင်းလာ ပြီဆိုလျှင်ပင်၊ ၀မ်လန်းတို့ တဲစုမှ ကိုယ်ရောင်ကိုယ်ဝါ ညစ်ထေးစွာဖြင့် စီတန်း ထွက်လာကြသော မိန်းမနှင့် ခလေးမျာကို တွေ့ရ လေ၏။ ၎င်းတို့မှာ တောင်ကုန်တောင်စောင်း သုဿာန်သချိံင်း မြေမကျန် ဓားကျိုးဓားပဲ့ ကိုယ်စီ-ပလုံးကိုယ်စီ နှင့် ဟင်းသီးဟင်းရွက် အရှာထွက် သူများဖြစ်လေ၏။

ထိုသူသိုက် ၌ အိုလင်းတို့ သားအမိသုံးယောက်လည်း အပါအ၀င် ဖြစ်သတည်း။
ဆောင်းတွင်း တတွင်းလုံးကိုယ်အလုပ်နှင့်ကိုယ် နွမ်းရိပန်ခွေလျက်၊ တိတ်တိတ် ဆိပ်ဆိပ် ရှိခဲ့သော အလုပ်ကြမ်း သမား တဲနီးချင်းများမျာ၊ မိုဃ်းအကျတွင် အသက်ဝင်၍ လာလေ၏။  ညနေစောင်း- နီရဲသော တိမ်ရောင် တွေ အောက်တွင် တဲရှေ့သို့ ထွက်လျက် ၀ိုင်းဖွဲ့စုရုံး- တရုံးရုံး အစည်းအဝေး ဖွင့်နေတတ် ကြလေ၏ ၀မ်လန်းမှာဆောင်းတွင်း က မမြင်ဘူး သူများကို ယခုမြင်ရလေ၏။

 ၎င်းမှာ နေ့ဘက်တွင် လံခြားထွက်နေဆွဲခဲ့ရသဖြင့်၊ တဲနီးနားချင်းများ၏ အကြောင်းကိုကောင်းစွာမသိ၊ လူစုံ သူစုံ လည်း မမြင်ဘူးခဲ့ပေ၊ အိုလင်မှာစကားနည်းသူ တယောက်ဖြစ်သည့်အတိုင်း၊ ခင်ပွန်းသယ်အား၊ "ဟောဒီမှာ ကိုဝမ်လန်းရေ…… ကျုပ်တို့ တဲဟိုဘက်သုံတဲကျော်က လူကြီးဟာလေ မယားကို အင်မတန် နှိုပ်စက် တဲ့ လူကြီးတော့၊ ရိုက်လိုက်တာမှ ဖွတ်ဖွတ်ကြေပဲ၊ ဟိုဘက်တဲက လူကြီးကတော့ ကိုယ် မကောင်းဘူး၊ ကျုပ်မြင်ရတာဖြင့် ပါးကြီးနှစ်ဘက် ဟာ ကြောက်စရာတောင် ကောင်းတယ်၊ ပီး တယောက် ကလဲ ဓါးပြဗိုလ်ကြီး တဲ့တော့"ဟု နည်းနည်းပါးပါး ကလေးပြောပြဖော်မရ၊ မြင်ရကြားရသမျှ အမေး မရှိလျှင် အဖြေ မပေးတတ်သူ ဖြစ်ရကား၊ ၀မ်လန်းမှာ တဲနီးချင်းများ အကြောင်းကို ကောင်းစွာ မခေါက်မိပေ၊ သို့ဖြစ်လေရာ၊ တနေ့တွင် ၀ိုင်းဖွဲ့၍ စကားပြောနေသူများ အနီးသို့ သွားရပ်၍ ရောနှော နားထောင် နေမိလေ၏။

ထွက်လာသော စကားများမှာ ပိုက်ဆံအကြောင်းလောက်သာ ဖြစ်လေ၏ ၀ိုင်းဖွဲ့၍ ထိုင်လိုက်တိုင်း မပါလျှင် မပြီးသော ကိစ္စကား၊ တဲနောက်ဘက် ၀င်းကြီးထဲက အိမ်ကြီး အကြောင်းဖြစ်လျက်၊ နောက်ဆုံးတွင် "တောက်- ဒင်းတို့ပစ္စည်းတွေ စိန်တို့ ရွှေတို့ ငွေတို့သာ ရလိုက်ရင်တော့ကွာ" ဟူသော စကားမျိုးဖြင့် အဆုံး သတ်လေ၏။
ဝမ်လန်း သည် ဤသို့ကြုံးဝါးနေသူများအား အကယ်၍ သူတို့တောင့်တသည့်အတိုင်း ဖြစ်လာလျှင် မည်သည့် အလုပ်မျိုး အရင်းထုတ်၍ လုပ်ကြမည်ကို သိလိုသဖြင့်၊ ဆက်၍နားထောင် လိုက်ရာတွင်၊ သူ ထင်သလို အလုပ်အကိုင် တခုခုလုပ်မည့်သူ တယောက် မျှမပါ၊ အဘယ်လို ကောင်းကောင်းစား၍၊ အဘယ်လို ကောင်းကောင်း အိပ်ပြီးလျှင်၊ အဘယ်လို ချောလှသည့် နတ်ကညာ ကလေးတွေ ကို ငွေပေး၍ ၀ယ်ယူ ပျော်ပါးကြ မည့် အကြောင်း လောက်သာ ကြားရလေ၏။

 သို့ဖြစ်လေရာ "ကျုပ်တော့လက်ထဲမှာ စိန်တွေရွှေငွေသာရှိရင်၊ လယ်တွေချည့် ထပ်ဝယ်ပစ်မှာဘဲ" ဟူ၍ ၀င်ပြော လိုက်မိလေ၏ ထိုအခါ အားလုံးက လှည့်ကြည့်လျက်
"ဟာ-ကျစ်ဆံမြီး နဲ့ ဂနိုင်ကြီးပါ ကလားဟေ့၊ ပိုက်ဆံကို ဘယ်လိုသုံးရမှန်းမသိ၊ မြို့ပါးမ၀ နဲ့ နွားနောက်က တသက်လုံး ကျွန်ခံနေမဲ့ လူစားဘဲ"ဟု ၀ိုင်းသရော်ကြလေ၏ သို့ သရော်ကြရင်း မိမိတို့မှာ ပိုက်ဆံကို သုံးစွဲ တတ်သူများ ဖြစ်သောကြောင့်၊ ၀မ်လန်း ထက် ပို၍ တတ်သိလိမ္မာသူများ ဖြစ်သည်ဟု အောက်မေ့ကြလေ၏။

ဝမ်လန်းကား သူ့ကိုဘယ်လိုပင် နောက်ပြောင် သရော်ကြသော်လည်း စိတ်ပြောင်းလဲခြင်း မရှိ၊ လံခြား ဆွဲရင်း လည်း လယ်ကိုသာ စိတ်ရောက်နေလေ၏ "ငါဘယ်လိုပြန်ရပါ့မလဲ ငါ့လယ်တွေ ဆီဘယ်တော့မှ ပြန်ရောက် ပါ့မလဲ"ဟု အမြဲစဉ်းစားစိတ်ကူး၍ သာနေလေ၏ တခါတရံ မိမိ၏ ဘ၀ကို မိမိ ပြန်စဉ်းစား မိသောအခါ တဲနီးနားချင်းများနှင့်  နှိုင်းစာကြည့်မိလျက် "ငါဟာ ဒင်းတို့နဲ့တူတာ မဟုတ်ဘူး ဒင်းတို့ ဟာ အလေနတော့၊ အုဋ္ဌ်ကြားမြက်ပေါက် လူဗြောက်သောက်၊ လူဘော် ကြော့တွေ၊ ငါလိုကံမခိုင်လို့ ခေတ္တခဏ လူစွမ်း လူစ ညံ့နေတာ မဟုတ်ဘူး၊ ငါ့မှာလယ်နဲ့မြေနဲ့"ဟု မိမိဘ၀ကို မိမိ အရောင်တင်ကာ စိတ်ကို ဖြေလေ၏။

တနေ့သ၌ ၀မ်လန်းသည် မြို့ထဲ၌လံခြားဆွဲ၍နေစဉ်၊ လက်နက်ကိုင်စစ်သား တစု က လမ်းသွား လမ်းလာ များကို လိုက်ဆွဲနေသည်ကို တွေ့ရလေ၏ လူများ က မလိုက်လိုသဖြင့် ငြင်းဆန်ကြသော အခါ စစ်သား များ က လှံစွပ်ကြီးများဖြင့် ၀င့်ကာဝင့်ကာ ခြိမ်းခြောက်ကြလေ၏ ၀မ်လန်းသည် ထိုအချင်းအရာကို အံ့အားသင့် လျက်တွေ ကြည့်နေမိရာ၊ မိမိအနား တဖြည်းဖြည်းရောက်လာ သည်ကိုတွေ့ရမှ ထိတ်လန့်လျက် လံခြား ကို မြောင်းထဲတွန်းချခဲ့ပြီး နီးရာဆိုင်ကလေးတဆိုင်ထဲသို့ ၀င်ပြေးခဲ့မိလေ၏။

ထိုဆိုင်မှာ လဘက်ရည်ဆိုင်ကလေး တဆိုင်ဖြစ်လေရာ။ ၀မ်လန်းသည် စစ်သား များ ကျော်လွန် သွားသည့်တိုင်၊ မီးဖိုနောက်တွင် ပုန်းကွယ်၍ နေရလေ၏ ဤသို့ ၀ုန်းကွယ်ရင်း၊ ဆိုင်ရှင်အား အကျိုး အကြောင်း မေးကြည့်သည်တွင် ဆိုင်ရှင်က "စစ်ဖြစ်ပြန်ပီ ထင်တာဘဲ၊ ဘာတွေဘာပြုလို့ တိုက်နေတယ် ဆိုတာတော့ ငါလဲမသိဘူး၊ ငါငယ်ငယ် ကလေးက တဲကတိုက်တဲ့စစ်ဟာ၊ တော်တော်ကြာရင်း တိုက်ရင်း၊ တော်တော်ကြာရင်း တိုက်ရင်း၊ ငါသေလဲ တိုက်အုံးမှာလားမသိဘူး"ဟု ပြောလေ၏။

"လူတွေ လိုက်ဆွဲတာက ဘာပြုလို့လဲ၊ ကျုပ်တဲ့နားကလူတယောက်လဲ ပါသွားတာ တွေ့လိုက်ရတယ်။ ဒီလူဟာ ဘာအပြစ်မှ ရှိတာလဲမဟုတ်ဘူး။ ကျုပ်လိုဘဲ စစ်ဖြစ် မှန်းတောင်သိတာ မဟုတ်ဘူး"
"စစ်ကူလီဆိုပါတော့ကွာ စားနပ်ရိက္ခာတို့ထက်နက် ခဲ,ယမ်း,မီးကျောက်,တို့ ထမ်းရသယ်ရအောင် ခေါ်တာပေါ့၊ နေပါအုံး" မင်းကဘယ်အရပ်ကမို့လဲ၊ ဒီမြို့မှာဒါမျိုးဟာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်ဘဲ ဟာ နေအုံးကွ မထနဲ့အုံး ဟိုမှာစစ်သားတွေလာနေပြန်ပီ၊ ခြေသံတွေပျောက်၍ စစ်သားတွေထွက်သွားမှ ၀မ်လန်းသည် ပုန်းရာမှထွက်ခဲ့ပြီးတဲသို့ သေပြေး ရှင်ပြေးပြန်ပြေးခဲ့လေ၏။

ကြီးစွာ ထိတ်လန့် မိလျက်၊ တဲသို့ပြန်ရောက်သွားသည်နှင့် တပြိုင်နက်၊ "အိုလင်ရေ..."ဟု အူယား ဖားယာ ခေါ်ခါ ဖြစ်သမျှ အကြောင်း မောသံကြီးနှင့် ဇာတ်ကြောင်းလှန်ပြီး လျှင်
"ငါတော့ ကံကောင်းလို့လွတ်ခဲ့တာဘဲ၊ သီသီကလေးကွာ၊ သီသီကလေး၊ လက်မတင်ကလေး လွတ်ခဲ့ ရတယ်ကွ၊ ဒီမှာနေလို့တော့ မဖြစ်တော့ဘူး၊ ခလေးကို ရောင်းပီးပြန်ကြစို့ရဲ့"ဟု ပြောလိုက် သည်တွင်၊ အိုလင်မှာ ချက်ချင်းပြန်ရန် သဘောမတူသေးဘဲ၊ "ခဏစောင့်ပါအုံးတော့၊ ကျုပ် ထူးထူး ဆန်းဆန်း တွေ ကြားနေလို့" ဟု တားလေ၏။

ဝမ်လန်းသည် ထိုနေ့မှစ၍၊ လံခြား ထွက်မဆွဲရဲ တော့ပေ၊ တဲသို့ ပြန်လာပါလာသော လံခြားကို သားအကြီးအား ပိုင်ရှင် ထံရောက်အောင် ပြန်ပို့စေလျက် ၎င်းမူကား တဲထဲမှ တဲပြင်မထွက်၊ ပုန်းအောင်း ကာသာ နေပြီး လျှင် ညဘက်ရောက်လာမှ ကုန်းလှည်း ဆွဲသည့်အလုပ်ကို ထွက်လုပ်လေ၏ ထိုလှည်းကြီး များမှာ၊ နေ့ဘက်တွင် လူသွားလူလာရှုပ်ထွေးလွန်း သည်ကတကြောင်း၊ အခြားယဉ်များထက်လည်း ကြီးမား လှသည် တကြောင်းကြောင့်၊ ညဘက်လူသူရှင်းမှလူဆွဲလျက် ရွေ့ပြောင်းသယ်ယူရလေ၏ လှည်းဆွဲ သူများသည် ဂိုဒေါင်ကြီးများသို့ သွားကြပြီးလျှင် အထည်သေတ္တာကြီးများ၊ အရက် စည်ကြီးများ၊ ဆီအိုးကြီး များကို တင်ဆောင်ရကာ၊ တညလုံးကုန်တိုက်ကြီးများသို့ ဆွဲပို့ရလေ၏။

တစီးတစီးလျှင် လူ၁၂ယောက်ဆွဲရလျက်၊ တညလုံးကျောက်လမ်းမကြီးပေါ်တွင် အကျီမပါဘလာ ကိုယ်ထီး တိုက်လျက် ဆွဲကြရလေ၏ ခလေးတယောက် က လမ်းမြင်နိုင်အောင် ရှေ့မှမီးတုတ်ကြီးကို ကိုင်၍ လျှောက်လာ ရသည်တွင် မီးရောင်သည်ချွေရွဲနေသော ကိုယ်လုံးထီးများကို ဟပ်သည့်အခါ၊ မီးရောင်နှင့် ချွေးရောင် သည် ညအမှောင်တွင် စုံးတောက်သလို တလက်လက်ရှိလေ၏ ။
ဝမ်လန်း အလုပ်သိမ်း၍ပြန်ရသော အချိန်မှာနံနက်လင်းအားကြီးဖြစ်လျက်၊ တဲသို့ရောက်သည်နှင့် တပြိုင် နက် အားပြတ် လုမတတ်ဖြစ်ကာ အိပ်ရာထဲတွင် ထိုးလဲရှာလေ၏ သို့ဖြင့် စစ်သားများကို ရှောင်တိမ်းရင်း နေ့အခါ များတွင် လူရောင်မပြ၀ံ့ဘဲ၊ တဲထောင့် အိုလင် လုပ်ပေးထားသော ကောက်ရိုးပုံ အောက်တွင် ပုန်းလျှိုး၍ အိပ်စက် ရလေသတည်း။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၆၇)

ယုတ်မာသော နည်းနဲ့ မတည့်တဲ့အစာကျွေးပုံ

နောက် ၂-ရက်ခန့်ရှိသောအခါ အယ်ဒီတာ ဦးသန်းညွှန့်တို့ ပဲခူးသို့ လိုက်သွားရန် အကြောင်းရှိ၍ ကျမနှင့် လာတွေ့ ကြပါသည်။ သွားရမည့်ကိစ္စမှာ ဗမာ့ခေတ်သတင်းစာ အလုပ်တိုက်နှင့် ဆက်သွယ်ထားသော ဘဏ် တိုက်ကြီးများသို့ ကျမ၏ လက်မှတ်နှင့်မူ ဆက်သွယ်ကြရန် မန်နေဂျာ ၏ ကိုယ်စားလှယ် လက်မှတ် ထိုးခွင့်ကို ဖျက်သိမ်းလိုက်ကြောင်း အကြောင်းကြားရမည့် စာများ အတွက် လက်မှတ်ထိုးဘို့ ကိစ္စရှိသဖြင့် ပဲခူးလိုက် သွားကြရန် ကိစ္စ ဖြစ်ပါသည်။

သူတို့ ယနေ့မနက်ပိုင်း ပဲခူးကို လိုက်သွားကြပါမည်။ ဘဏ်တိုက်လက်မှတ်ထိုးရန် လွှဲစာများကို လက်နှိပ်စက် နှင့် အသင့် ရိုက်ယူသွားကြမည်။ လှူစရာမုံ့သေတ္တာနှင့် သစ်သီးများလဲ ၀ယ်သွားကြ မည်ဟု ဆိုသည်။ လူဘယ်နှစ်ယောက် သွားမည်မသိ။ သိရန်လည်း မလို၍ မမေးပါ။ ဒါပေမဲ့ လက်ရင်း လူယုံတော်ကြီးများ အကြံပေး စားဖါးကြီး များမှာ နေရာတကာ သူတို့မပါလျှင် မပြီးသော ပဲခူးဆားကြီးများ အဖြစ် နေရာယူ ထားကြ သဖြင့် သွားလေရာရာ ပင့်ဘိတ်ပြီး ထိပ်မှာတင် သွားကြရ မြဲ ဖြစ်ပါသည်။

သူတို့ ဘယ်အချိန်က ထွက်သွားကြသည်ကိုပင် သတိမထားမိဘဲ အမှတ်မဲ့နေခဲ့သည်။ နေ့လည် နေ့ခင်း အချိန်မှာ ကျမအိမ်အောက် ဆင်းခဲ့ရာ ခါတိုင်းလိုဘဲ ဖဲဝိုင်းနှင့် ဘိလိယက်ဝိုင်းများ ဖြစ်နေကြ သည်ကို တွေ့ရ ပါသည်။ ဘိလိယက်ခန်းမှာ လာနေကြသူများတွင် ဗိုလ်ရန်နိုင် တယောက်ကိုတော့ မတွေ့မမြင်မိပါ။ ကျမ အိမ်အောက်ထပ် ရောက်လာလျှင် အပြင်မှ ဧည့်သည်သုံးလေးဦး ၀င်လာ သည်နှင့် ပက်ပင်းပါ တွေ့နေ ရပြန်ပါသည်။ သူတို့လက်ထဲမှာ ချိုချဉ်သစ်သီးစသော စားစရာ ပစ္စည်း ကလေးတွေကိုယ်စီနှင့် ဖြစ်ပါသည်။ ဦးပဉ္ဇင်းကြီး ကို ကန်တော့ရန် လာကြသည်ဟု ဆိုပါသည်၊ ကျမက ပဲခူးသွား၍ တရားအားထုတ်နေသည်၊ မည်မျှ ကြာမည် မသိသေးကြောင်းနှင့် သင့်လျော် သလို အခြေမပျက် ပြောလွှတ်နေရပါသည်။

နေ့ ၁၂-နာရီခန့် စားပွဲခန်းကိုဝင်လျက် ကြက်ဆွပ်ပြုတ်သောက်သည် တွင် ပြင်ဆင် ကျွေးမွေးသူမှာ စလေသူ မိုနိုစာစီ မဖြစ်၍ အနားက အတူရပ်စောင့်နေသော ကရင်မယောက်ျားရှာ အိမ်ဖေါ်မ ကလေးလည်း ရှိသည်။ လဘက်ရည် ပန်းကန်တလုံးစာသာ  ရှိသော ကြက်ဆွပ်ပြုတ်ရည်ထဲမှာ ကြက်သွန်ဖြူ ဥတလုံးတွေ ၁၅-လုံးခန့် ပါနေ၍ အတော် ဖယ်ရှား ပစ်နေရပါသည်။ ကြက်သွန်ဖြူ လျှော့ထည့်ဘို့ကိစ္စကို ဘယ်လိုပြော၍မှ မရပါ။

သွေးတိုး ရောဂါနှင့် လေငန်းရောဂါကြောင့် ၀က်သားကို အဆိပ်လို ရှောင်ခဲ့ရလွန်းသဖြင့် အနံ့ကိုပင် လိမ်မရ၊ နှာခေါင်း က သိနေသူ ဖြစ်ရာ တနေ့လုံးမှ တကြိမ်သာ သောက်လေ့ရှိသော ကြက်ဆွပ်ပြုတ် ထဲ မှ ၀က်သား များနှင့် ရောပြုတ်ပြီး၊ အစာအိမ်ထည်း မ၀င် ၀င်အောင် ကြက်သွန်ဖြူအနံ့ အုပ်၍ ကျွေးလာသည်ကို ကျမက ယုံမှား သံသယ မဖြစ်သဖြင့် မရိပ်မိ သေးသော အချိန်ပိုင်းမှာ ရှိနေပါသေးသည်။

သို့လိမ်၍ တိုက်ကျွေးနေသော ဆွပ်ပြုတ်ကို တနေ့တခါ အချိန်မှန်မှန်ကလေး သောက်ပေး အသွေး အသား ထဲသို့ မတဲ့သော အစာတွေပြန့်နှံ့ နေလေ၊ ဆရာဝန်၏ ဆေးက ဘယ်မျှပင် ထက်မြက်နေစေ မီးစတဖက်၊ ရေမှုတ်တဖက် လို၊ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ တုန်တုန်ရီရီ ဖြစ်သည့်အခါ ဖြစ်လာ လိုက်၊ အကြော အချင် တွေ ထုံကျင်လာလိုက်၊ ၀မ်းဗိုက်နှင့် ရင်ခေါင်းမှာ ဖေါင်းကြွစုခဲပြီး အောင့်လာ လိုက်နှင့်သာ ဝေဒနာ ခံစားရင်း နေ့တွေ၊ ရက်တွေ ကုန်ခဲ့ရသော်လည်း ကောက်ကျစ်ယုတ်မာသော နည်းပရိယာယ်တွေနှင့် ခြယ်လှယ် ဖန်တီးထားခြင်း ခံရသည်ဟု လုံးဝမသိ၊ မရိပ်မိ၊ ဆင်းရဲသော ဘ၀ အရိပ်အောက်မှ ခေါ်ယူ ပြုစု ထားသော ကျေးဇူးရှင် တယောက်အပေါ် တွင်လည်း ဤမျှယုတ်မာ လိမ့်မည်ဟုမထင်။

ထင်စရာ မသင်္ကာစရာကိစ္စဆို၍ တစွန်းတစမှ မကြားရ၊ မမြင်ရသေးသောအခါ သမယ ဖြစ်သောကြောင့် ယခု ယနေ့ အချိန်အထိ ကြက်ဆွပ်ပြုတ်မှာ ကြက်သွန်ဖြူ လျှော့ထည် ရန် ပြောမရ၊ သြာဇာ မကိုက်လှသည့် အဖြစ်ကို ကျမ သတိလစ်နေပြီး သောက်မိလျက် ရှိပါသည်။

ထိုနေ့ ညနေ ၅-နာရီခွဲလောက်မှာ အိမ်အမိုး ပတ်လည်အောက်၌ လမ်းလျှောက်လေ့ရှိသည့် အတိုင်း လမ်းထွက် လျှောက်နေပါသည်။ ဘယ်အချိန်က ပြန်ရောက်နေကြမှန်း မသိရသော အယ်ဒီတာ ဦးသန်းညွှန့် အောက်ထပ် ဧည့်ခန်းအတွင်းရောက်လာပါသည်။ သူပြောစရာ ရှိသည်ထင်၍ ကျမလဲ ဧည့်ခန်းမှ ကုလားထိုင် တခုသို့ ၀င်ထိုင်လိုက်သည်။ ကိစ္စများ ပြီးစီးခဲ့ပါပြီ၊ ဘဏ်တိုက် သုံးတိုက်သို့ မမခင်၏ နာမည်နှင့် (အာသော်ရတီ) အခွင့်အရေးလွှဲပြောင်း ပေးလိုက်ပါပြီဆိုသော အကြောင်း ကြားစာ သုံးစောင်ကို ဦးလေး လက်မှတ် ရေးထိုး လွှဲပြောင်းပေးလိုက်ပါသည်။ ထိုစာသုံးစောင်ကို ဦးဗအေးထံမှ ပေးထားပါသည်။ မနက်ဖန် ၌ ဘဏ်တိုက်များသို့ သွား၍ အကြောင်းကြားကြရပါမည်။ မမခင် လက်မှတ်ထိုးရန် ကိစ္စများကိုလဲ မနက်ဖန်မှ ဦးဗအေး လာပါလိမ့်မည်ဟု ဆိုသည်။

နောက်ထပ် ပြောစရာစကားမရှိ၍ တုံးတိတိနှင့် ရပ်နေသည်။ ကျမက သတင်းတခုခု ထပ်မေးလိမ့် မည်ဟု ထင်သော်လည်း ဘာမှ စကားမစသဖြင့် သူကစ၍ ပြောသည်။ ဦးပဉ္ဇင်းကြီး တရားအား ထုတ်နေပုံရသည်။ သို့ပေမဲ့ သူနေတဲ့ နေရာကို ကျွန်တော်တယ်ပြီး စိတ်မချပါ။ တရားအားထုတ် တဲ့ ကျောင်းကလေးနောက်မှာ လယ်ကွင်း ပြင်ကြီးသာ ရှိသည်။ လူနေနှင့်လည်း အလှမ်းဝေးသည်ဟု အစပျိုးလာသည်။

ကြာခြည်နောက်ကွယ်မှ ကာမကိစ္စ

သည်လို လူနေဝေးတော့၊ ညရေး ညတာမှာ စိတ်မချစရာ ဖြစ်နေပါသည်။ မောင်အေးကြည် တို့ဆီ ကလဲ နေ့မှာသာ လာနိုင်ကြ၍ ညစောင့်ရန် လူမရှိသလို ဖြစ်နေပါသည်ဟု အယ်ဒီတာ ဦးသန်းညွှန့် က ဆိုလေ သည်။ ကျမက ၎င်းကိစ္စကို ကြောင့်ကျ နေဘို့မလို၊ ဆင်းရဲပင်ပန်းစွာ တောမှာ ၀မ်းစာ ရှာမစားရတော့ဘဲ သူ့ကို မှီခိုလာနေကြသော တူသားနောင်မယ်တို့၊ တရွာလုံး တပြုံလုံး ဘာဂျော်ဂျီ ကုန်း၌ လူတကိုယ် အိမ်တလုံး စီနှင့် စမ်းပွင့်နေကြသည်ဖြစ်ရာ၊ သူတို့တတွေကသာလျှင် သွားလေ ရာ လိုက်ပါ၍ ရေပူရေချမ်း ကမ်းလှမ်း ရင်း စောင့်ရှောက်နေထိုင်ကြရန် တာဝန် အရှိဆုံး ဖြစ်လေ သည်။

မောင်သန်းညွန့် ပြန်ဆင်းသွားသောအခါ အလုပ်တိုက်ထဲမှ အပြင်ဘက် ထွက်လာသော သံချောင်း ခေါ် ထွန်းကြွယ်နှင့် မျက်နှာရင်ဆိုင် တွေ့လိုက်ရသောကြောင့်၊ ကျမကဘဲ မနေသာ၍ ဟဲ့ ဒီကိုလာ ခဲ့စမ်းဟု လှမ်းခေါ် လိုက်ပါသည်။ ၎င်းသံချောင်းခေါ် ထွန်းကြွယ်ဆိုသူမှာ ကြောင်သူတော်ကြီး ၏ တူအရင်း ဖြစ်ပါသည်။ ကျမ၏ ၀မ်းကွဲတူမ ဂါဝန်ပြာကျောင်းသူမနှင့် ကြူးလွန်ကြ၍ ပေးစားထား ရရာ၊ ယခုအချိန်၌ ခလေး နှစ်ယောက် သုံးယောက်င် ရရှိနေကြပြီ ဖြစ်သည်။

သံချောင်းအား နင်တို့ဟာ အစားမပျက် အနေမပျက် နေနိုင်ကြလွန်းသည်။ ဘာဖြစ် နေကြပြီ ဆိုဒါ မသိသလို လုပ်နေ သလား၊ နင်တို့ဝတ္တရားမှာ ဘာတွေလိုနေတယ်ဆိုဒါ သိဘို့ကောင်းသည်ဟု ကျမက အပြစ် တင် သည်။ ကျွန်တော်တို့လဲ ပြောဒါပါဘဲ၊ သိပ်မူးနေတဲ့အခါ ကားနှင့်အပြင်ဘက် မထွက်ဘို့ သတိပေးပါသည်။ ငါ့ကို ဆရာ မလုပ်နှင့်ဆိုပြီး လက်သီးနှင့် ထိုးခံရဒါ မကြာခဏ ဖြစ်ပါသည်ဟု ဖြေသည်။ ဒါပေမဲ့ ကြာခြည့်နောက်ကွယ်မှ ကာမ ကိစ္စအ၀၀တွေကို သူသာလျှင် "သေတ္တာမှောက်" အသုံးတော်ခံ ကြိုးကိုင် တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက် ထောက်ပံ့နေရသူ ဖြစ်ကြောင်း နောက်မှ သိရပါသည်။
ကျမစိတ်ထဲက ယနေ့ပဲခူး သွားကြသူများတွင၎င်း၊ မောင်အေးကြည်တို့ ခေါ်သွားကြသော ညနေက ပါ၊ အပါအ၀င် မရှိဟု ထင်ခဲ့မိသည်။

ထိုထင်ချက်က တက်တက်စင် မှားနေပါသည်။ သူသည် ဦးစီး ရှေ့ဆောင်သွားသူတွေထဲမှာ ထိပ်တန်းမှ အပါအ၀င် တဦး ဖြစ်နေပါသည။ ခဏအကြာတွင် ဗိုလ်ရန်နိုင်ဝင်လာပြန်ပါသည်။ ယနေ့ ကျွန်တော်လဲ ပဲခူး ကို လိုက်သွားပါတယ်ဟု ပြောပြန်ပါသည်။

ကျွန်တော် အမကြီးကို တခုပြောချင်ပါသည်။ ဦးပဉ္ဇင်းကြီး ဟိုမှာ နေရထိုင်ရဒါ သိပ်ပြီးလုံခြုံမှု မရှိ ဘူးလို့ ထင်ပါသည်။ ကမ္မဋ္ဌာန်းကျောင်းကလေးကလဲ ဘုန်းတော်ကြီးကျောင်းဝင်း၏ အစွန်အဖျားမှာ ဖြစ်သည်။ တဘက်မှာလဲ လယ်ကွင်းကြီးသာ ရှိပါသည်။ ပဲခူးမြို့၏ဆင်ခြေဖုံး အရပ်ဆိုသည်မှာ လူဆိုးများ တောခိုသောင်းကျန်းများ မကြာခဏ ဖြတ်သန်းသွားလာ ကြက်စားတတ်သော နေရာ ဖြစ်၍ သိပ်ပြီးမလုံခြုံဟု ထင်ပါသည်။ ပြီးတော့ အကိုကြီးကို ပုဂ္ဂိုလ်စွဲ မုန်းတီးနေသူတွေလဲ ရှိသည်။ 

ဝါဒရေးနှင့် မုန်းတီးနေသူတွေလဲ ရှိသည်။ သူကလဲနောက် နောက်က လူတွေမခံချင်အောင် မဆင် မခြင် ရေးသားထား ပြောဆို ထားမှု အနာဂတ် ရန်ညှိုးတွေ အတော်များနေလေတော့ ခုလိုအချက် ကောင်းရလျှင် ၀င်တွယ်သွားကြမှာ စိုးရိမ်ရပါသည်။ ဒီလိုတစုံတခု အန္တရာယ်ဖြစ်လာလျှင် အမကြီး နှင့် မသင့်မတင့်၍ အဝေးသို့ အရေးရပြီး မတော်တဆ ရေတိမ်နစ်မသွားစေချင်ပါဟု ပြောပါသည်။

ဒီနေရာကို ခေါ်သွားကြသူများက မောင်အေးကြည်တို့ လူစုသာ ဖြစ်သည်။ သူကိုယ်တိုင်ကလည်း လိုက်လို၍ လိုက်သွားခြင်း ဖြစ်သည်။ ကျမက ဒီဗနရာကို သွားရမည်ဟု ညွှန်ကြားခြင်းမပြု၊ ညွှန်ကြားနေရန်လည်း ၀တ္တရားမရှိ၊ ဘာမှမဆိုင်ကြဒါကို ဗိုလ်ရန်နိုင်သိပြီးသား ဖြစ်သည်။ သည်နေရာနှင့် မတော်လျှင် ဘယ်နေရာမှာ နေပါစေလားဟူ၍လည်း ပြောဘို့မလို၊ သူ့စိတ်နှင့် သူ့ကိုယ်သာ ပိုင်သည်ဟု လမ်းအတိုင်း ဖြေရပါသည်။

ဒါကတော့ ဟုတ်ပါသည်။ ဘာမှ မဆိုင်ဘူးဆို ဒါလဲမှန်းပါတယ်၊ အကယ်၍ တစုံတခု ပိုးစိုးပက်စက် ဖြစ်သွား ခဲ့လျှင် အားလုံးလဲ စိတ်မကောင်းစရာ ဖြစ်ကုန်ကြပါမည်။ သည်တော့ ကျွန်တော်တို့က လုံခြုံစိတ်ချ ရမည့်နေရာ တခုခုကို ရွှေ့ထားချင်ပါသည်။ အကောင်းဆုံးကတော့ ရန်ကုန်ထဲမှာရှိတဲ့ သာသနာ့ရိပ်သာ မင်းကွန်း တောရ၊ မိုးညှင်းတောရစသည်တို့တွင် တခုခု၌ နေစေချင်ပါသည်။ မြို့လည်မှာဆိုတော့ လုံခြုံရေး အတွက် စိတ်ချရပါသည်။ သူကိုယ်တိုင်လဲ သင်္ကန်းဝတ်နှင့် ပျော်ပိုက် နေပုံရပါသည်။ သို့သော် စိတ်မကောင်း ၍လားတော့ မသိ၊ မျက်နှာတော် ညှိုးနေပသါည်။ အချုပ်ကို ဆိုရင် ကျွန်တော်တော့ မလုံမလဲ ကာရံ ထားသော ၀ါးထရံကာ ကျောင်းကလေးထဲမှာနေတာ တဘက်မှာ လယ်ကွင်းကြီးသာ တမျှော်တခေါ်ရှိနေတဲ့ ဘုန်းကြီး ကျောင်းဝင်းအစွန်း အဖျားနေရာ မျိုးမှာ ညရေးညတာ အစောင့်အရှောက် မရှိဘဲနှင့် ပစ်မထား လိုပါ ဟု ပြောပါသည်။

နောက်ဆုံး ကျမက ဒါတော့ ဗိုလ်ရန်နိုင်တို့ သဘောကြသလို စီစဉ်ပါ။ အမကြီးနှင့် မဆိုင်တော့ ဒါကို ပါဝင် စွက်ဘက်မှု မပြုလိုဟု ဆိုရပြန်ပါသည်။ မဆိုင်ပေမဲ့ အမကြီးဘဲ ပစ္စည်းလေးပါး ဒါယကာ လုပ်ဦးမယ် ပြောထား ပြီး ဟာ ပစ်ထားလို့ မသင့်ဘူးထင်ပါသည်ဟု စောဒက တက်ပြန်ပါသည်။ ပစ္စည်းလေးပါး က တခြားပါ။ နေထိုင်မှု ကိစ္စစီမံပေးမှုကို တာဝန်ယူခွင့်မရှိပါဟုဆိုမှ စကားစပြတ်ပြီး ပြန်သွားပါသည်။ ထို့နောက် တယောက် ထပ်ပြီး ၀င်လာပြန်ပါသည်။ သူလဲ ယနေ့ ပဲခူးပြန်ကြီး တဦး ဘဲ ဖြစ်ပါသည်။

စွာကျယ်စွာကျယ် လုပ်ခဲ့သူမို့ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>