Monday, February 22, 2010
ရွှေစင်ဦး ရဲ့ စာပေသမိုင်းကြောင်း
ဒီနေ့လည်း အလုပ်တွေ ရှုတ်နေတာနဲ့ အခုမှ ကွန်ပျူတာနား ထိုင်ရတယ်..၊ ထိုင်တော့ လည်း စာရေး ချင်ပြန်ရော..၊ အကယ်ဒမီဆုပေးပွဲကြီး အတွက် စာရေးထားသေးတယ်ဗျ.. ဒါပေမဲ့ ဆုစာရင်းက မထွက်နိုင် ဖြစ်နေတော့ တင်မရသေးဘူး..၊ ကြားထဲမှာ အပျင်းပြေဖတ်ရအောင် စာလေးတွေ ဟိုရောက် ဒီရောက် ရေးနေရတယ်..၊ အဲဒီအတွက်လည်း စာဖတ်သူများ ကို အားနာပါတယ်..။
ဟို.. ကိုကြီးကျောက်ကြီး ဖျားသွားတော့ တောင် ကိုပီတာ ကြီးက လာအော် သွားသေးတယ်..၊ ကျနော့် စာတွေ ဖတ်ရလို့နေမှာတဲ့...၊ မမရေ ဖြေးဖြေး ရေးပါတဲ့...၊ ကျနော်လည်း သူရေးသွားမှ သေချာ ပြန်စဉ်းစား တော့ ကိုကြီးကျောက် ဖျားတာ ငါ့ ပရောဂ မကင်းနိုင်ဘူးလို့..၊ သူခမျာ မော်ဒယ်ဖွားဖွား များနဲ့ အေးဆေး ပျော်နေလည်း မနာလို့တဲ့.. ကျနော်က စာလာဖတ်အုန်း ဆိုပြီး.. သွားခေါ်တော့ လာဖတ်ရှာ တယ်.. sorry  ကိုကြီး ကျောက် ရေ..။
နောက်တခြား သူတွေလည်း ရှိပါသေးတယ်..၊ စာလာမဖတ်ရင် ကျနော် သွားသွားခေါ်နေတာ.. အားလုံး sorry  ပါ ..၊ အခု လည်း စာဖတ်သူများ ရဲ့ comment လေးများကို ဖြေပေးချင် တာနဲ့ ကျနော့် ရဲ့ စာပေသမိုင်း ကို လည်း ပြောချင်လို့ ဒီစာလေး ရေးပါတယ်..။
ပထမဆုံး ကိုမြစ်ကျိုးက ငါးပိပေါင်း တဲ့ မကြားဘူးပါဘူး တဲ့ ဝက်သားပေါင်း ဆိုရင်တော်သေးတယ်တဲ့.. ကျနော် ဝက်သားပေါင်းလည်း ကြိုက်တယ်ဗျ.. ဝက်သားကို အဆီနဲနဲ အသားများများ ဝယ်..၊ နှတ်နှတ်စင်း... ကြက်သွန်နီ..ဖြူ..ဂျင်း နဲနဲလောက် နှတ်နှတ်စင်း..၊ ဘဲဥ သုံးလုံးလောက် ခလောက်ထည့်.. တရုပ်မဆလာ လေး ထည့်.. ငရုပ်ကောင်း နဲနဲထည့် ဆေးဘဲဥ ရှိရှင်လည်း ပြုတ်ထည့်ပေါ့ ဗျာ ပြီးရင် ပေါင်းရုံပါဘဲ.. ဝက်သားလည်း မကြာမကြာပေါင်းစားပါတယ်..။
နောက်ပြီး ချစ်ညီမ က မန့်တော့ မမန့်ဘူးဗျ.. အပြင်မှာတော့ ပြောတယ်.. သူများတွေက ကောင်းကောင်း မွန်မွန် ရှယ်ချက်ပြီး ဘလော့ဂ် ပေါ်တင်.. ခင်ဗျားကတော့ အရိုးဆန်ပြုတ် တဲ့ ငါးပိပေါင်း တဲ့ သူက ရှက်နေတာဗျ.. ကျနော်လည်း ကျနော် ကြိုက်တာလေး တင်ရတာဘဲဗျာ.. ၊ ကဲ..နောက်တော့ ရွှေစင်ဦး နဲ့ အကြိုက်တူကြတဲ့ ညီမများ အတွက် ကောင်းကောင်း ချက်ပေး ပါမယ်ဗျာ..။
နောက်တခါ ကိုလူထွေးက (မတရားတဲ့ အမိန့်ကို အဖေသောဘာသော နားမလည်ဘဲ ဆန့်ကျင်ပြတာ  အတုယူထိုက်တယ်...) တဲ့.. အဲဒီအတွက်လည်း ပြောချင်ပါတယ်..၊ အဖေ မို့လို့ပေါ့ .. အဟဲ ..ရွှေစင်ဦး ကသတ္တိမရှိပါဘူး.. ကြောက်တတ်ပါတယ်..။
နောက်ပြီး ကျနော့် စာအများစုကို သရော်စာတွေတဲ့.. အမှန်တော့ သရော် တာကို ကျနော် မကြိုက်ဘူးဗျ.. တယောက် မျက်နှာ တယောက်ကြည့်ပြီး အားရပါးရ ကို ကလော် တုတ်ချင်တာဗျ.. ဘာကိုလည်း ဟုတ်လား.. ကျနော် မကြိုက်တာတွေကိုပါဗျာ.. ဒါပေမဲ့ ကျနော့် မှာ အခွင့်မရှိပါဘူး.. ကျနော် မကြိုက်တာ တွေကို အဲဒီလို ကလော်တုတ်နေရင် .. မကျေနပ်တဲ့ သူတွေက ရုံးတိုင်လိုက်လို့  အဟင်း..ဟင်း... ချစ်ချစ်ကြီး နဲ့ ခွဲနေရလိမ့်မယ်.. ရွှေစင်ဦး တို့က ခွဲနိုင်ဘူးဗျ.. အချစ်ကြီး တယ်..။
အခု စာတွေ ရေးတာများနေတော့ အရင်တုန်းက ငါဘာလို့များ စာမရေးခဲ့ တာပါလိမ့်.. ဆိုပြီး စဉ်းစားမိတယ်.. အမှန်တော့ ပျင်းလို့ပေါ့ဗျာ.. ဒါအပြင် မြန်မာပြည်က စာရေးဆရာများ ရသော စာမူခက သနားစရာကောင်းလောက် အောင် နဲလွန်းတော့  စာမူခ အများကြီး ရသော ကမ္ဘာစာရေးဆရာများ  ကိုကြည့်ပြီး စာမူခ ရတဲ့ ပိုက်ဆံနဲ့ ငါစာရေးရတာနဲ့ မတန်ဘူး ဆိုပြီး မရေးခဲ့တာဗျ.. ကိုယ်ရေးချင်ရာ မရေးရလို့လည်း ပါတာပေါ့......ဒါပေမဲ့ နောက်ဆုံး ဆန်းစစ် လိုက်တော့ ငွေနဲ့လည်း မဆိုင်ပါဘူး.. အခု ရေးနေတော့ လည်း ပိုက်ဆံ ရ မှ မရတာ.. ၊ နောက် ရေးချင်တာ မရေးရလို့ ဆိုတာနဲ့ လည်း မဆိုင်ပါဘူး.. အခုလည်း ရေးလို့ မှ မရတာ..တခုတော့ ရှိတယ်ဗျ.. မဂ္ဂဇင်း တွေထဲ ပါချင်ရင်တော့ အယ်ဒီတာမင်းများ တော့ ကြိုက်ရ မယ်ပေါ့ဗျာ..၊ အခုတော့ အယ်ဒီတာ မလိုတော့ပါဘူး.... ဒါပေမဲ့ စာဖတ်သူ အယ်ဒီတာ မင်းများတော့ ရှိတာပေါ့လေ..။
နောက်ဆုံး စဉ်းစားလိုက်တော့ စာဖတ်သူ များရှိနေကြလို့.. ကျနော်ရေးတဲ့ စာလေးများကို လာဖတ်ကြတဲ့ သူများသာ ကျနော့် ရဲ့ ကျေးဇူးရှင် အစစ်ပါလား..ဆိုပြီး တွေးမိပါတယ်.. ကျနော် ဘာသာ ရေးချင်တာတွေ ရေးနေတာကို ဖတ်သူမရှိဘဲ.. တင်ထားရရင်လည်း ကျနော် ရေးဖြစ်မှာမဟုတ်ပါဘူး.. နောက်တခုက စာဖတ်သူရဲ့ အသံကို ချက်ခြင်းကြားရလို့ပါဘဲ.. သိပ်မြန်တဲ့ ကမ္ဘာရွာကြီးဆိုတော့ ကျနော် published လုပ်ပြီးတာနဲ့ တန်းပြီး comment သိရတော့ ကျေနပ်တာပေါ့ဗျာ..။
စာရေးတာနဲ့ ပတ်သက်ပြီးဘာလို့ ဒီလောက်ပြောနေတာ လည်း ဆိုတော့ ကျနော် ကစာတွေ ဖတ်ဖတ် ပြီးတော့ စာရေးမယ် စာရေးမယ် နဲ့ တသက်လုံးကျွေးကြော် နေခဲ့တာဆိုတော့ စာမရေးဖြစ်ပေမဲ့ လည်း ကျနော့် မိသားစု နဲ့ သူငယ်ချင်းများကတော့ သိကြတာပေါ့..၊ နောက်ပြီး ကျနော် က ဘဝရည်မှန်းချက်က လည်း စာရေးရန် တဲ့ ရီရတယ်နော်...။
စာရေးမယ် ဆိုတော့ အားလုံးက စာရေးမယ် ဆိုရင် ရေးတော့လေပေါ့ ... ဘာလည်း မရေးတတ် ဘူးလားလို့ မခံချင်အောင် ပြောကြပြန်တယ် ..၊ စာ ၁ပုဒ် မှ ဘယ်လောက်ရတာ.. စာရေး ရတာ လက်ညောင်း တယ်.. အိပ်ရေးပျက်တယ်.. အိပ်ရေးပျက်ရင် အလှပျက်တယ်. အလှပျက်ရင် ချစ်ချစ်ကြီး ထားသွားမယ် ဆိုပြီး.. မရေးဘူး..၊ ကိုယ် ရေးချင်ရာ ရေးလို့ရရင်.. စာမူခ အများကြီး ရရင် ရေးမှပေါ့ ဘာညာ နဲ့ နည်းပေါင်းစုံ နဲ့ လှည့်တွက်ပြီး. စာမရေးဘူးဗျ.. ၊ အိမ်က မောင်လေး တွေက မခံချင်အောင် ပြောတာနဲ့ ရွှေစင်ဦး တို့က မရေးချင်လို့ ရေးချင်ရင် အချိန် မရွေး ဆိုပြီး ၂ပုဒ်  (အစ - အဆုံး) ရေးဘူးပါတယ်..၊ ၂ပုဒ် စလုံး  မြှားနတ်မောင် မဂ္ဂဇင်းထဲမှာ ပါ ဘူးပါတယ်..။
ရန်ကုန် သွားရင်းနဲ့ မဂ္ဂဇင်း တိုက်ရှိတဲ့ နေရာ (မဂ္ဂင်လမ်း လားမသိ ) ကို သွားပြီး စာမူခထုတ် တယ်ဗျ.. ၊ အဲဒီတုန်းက ဆရာဦးခင်မောင်တိုး (မိုးမိတ်) က အယ်ဒီတာ ဆိုတော့ ကျနော့် ကို ဆရာမ နောက်လည်း စာဆက်ရေးပါ..ဘာညာဆိုပြီး စာမူခလေး.. စာအိတ်နဲ့ ထည့်ပေး..၊ မဂ္ဂဇင်း လေးတွေ လက်မှတ် ထိုးပြီးပေး ဆိုတော့ ကျနော် က ဘာပြန်ပြောရမှန်း ကိုမသိဘူး.. ကိုယ့် အဆင့် အတန်းကိုယ် ကသိနေ တာကိုးဗျ.. ကိုယ့် ဝတ္ထု ပါတယ်ဆိုတာ.. ချစ်စေတမန် ထဲမှာ...၊ ပြီးတော့ မောင်လေး တွေကို မခံချင်စိတ်နဲ့ ဇာတ်လမ်းရှာပြီး ဖြစ်ညှစ် ရေးလိုက်တာဆိုတော့. ကိုယ့် စာ ကိုယ် ၂ခါ မဖတ်ရဲပါဘူးဗျာ.... ရှက်လွန်း လို့ပါ...။
ပြီးတော့ မျက်နှာပြောင်ပြောင်နဲ့ စာမူခ သွားထုတ်သေးတယ်..၊ ဆရာ နဲ့ တွေတဲ့ အချိန်မှာ ဆရာက ဆရာမ တခွန်းခေါ်တိုင်း ကျနော် ရဲ့ အရှက် ဒီဂရီ ဟာ တက်တက် လာပြီး.. နောက် ကို ရွှေစင်ဦး ဒီလို ဘယ်တော့ မှ မမိုက်တော့ပါဘူး ဆိုပြီး ဆုံးဖြတ်မိတယ်..၊ တကယ် လည်း မမိုက်တော့ပါဘူး..၊ ချစ်ကိုယ်တွေ့ လေး ရေးပြီး ဆရာ ခင်မောင်တိုး တို့လို အဆင့် အတန်းမျိုးက ဆရာမ အခေါ်ခံရတာကို ရှက်လွန်းလို့ပါဗျာ.. တကယ်ကို ပါဘဲ..၊ ဒီလို စာမျိုးရေး တဲ့ စာရေးဆရာမ တော့ ဘယ်တော့ မှ မလုပ်ဘူးပေါ့.. ဒါပေမဲ့ လည်း ကိုယ်ရေးခဲ့ တာလည်း ဒါဘဲ ဆိုတော့ တသက်စာ နောင်ကျဉ် သွားပြီး စာရေးဆရာ ဇာတ်လမ်း တခန်း ရပ်သွား ပါတယ် ...။
ဒါပေမဲ့ မောင်တွေ ညီမ တွေကို တော့ ကြွားစရာ တခုတော့ ရသွားတယ်..၊ ရွှေစင်ဦး မလုပ်ချင်လို့ လုပ်ချင်ရင် အချိန်မရွေး ဆိုပြီး.. ခပ်ကြွားကြွား လေး ပြောစရာတော့ ရသွားတာပေါ့ဗျာ..၊ ဒါက ရွှေစင်ဦး ရဲ့ နောက်ခံ စာပေသမိုင်း ကြောင်း.. ၊ အဲဒီ ၂ ပုဒ် ပါတဲ့ မဂ္ဂဇင်း လေး တွေ ကိုလည်း ရိုရိုသေသေ သိမ်းထား ပါတယ် (ရွဲ့ ပြောတာပါ )..၊  မရှိတော့တာ အတော်ကြာသွားပါပြီ.၊ တခါထဲ အပြတ်ဖြတ်ထားတာ တော်ကြာ ဘလော့ဂ် ပေါ်တင်ပေးပါ ဆိုရင် အရှက်ကွဲနေမှာဆိုးလို့... စတာပါဗျာ.. တကယ်ကို မရှိတော့ တာပါ..။
ဒါပေမဲ့ ဆရာသာထက်အောင် က မြှားနတ်မောင် မဂ္ဂဇင်းထဲ က ချစ်စေတမန် ကဏ္ဍာ က ဝတ္ထုလေးတွေ နဲ့ စာရေးသူ တွေကို ဝေဖန်ထားတဲ့ မဂ္ဂဇင်း ကိုတော့ သေချာ သိမ်းထားတယ်.. အခု ခင်ဗျား တို့ ကို ပြမလို့.. ရှာမတွေ့ပြန်ဘူး.. ပြန်ရှာလို့ရရင် တင်ပေးပါမယ်.. ဒါက စာပေသမိုင်း အကုန်ပါဘဲ...။
အခုတော့ ကျနော် ဟာ စာ တအား ရေးချင်နေတယ်ဗျ..၊ အရင် တုန်းက ဆက်မရေးမိတာ မှားလေခြင်း ပေါ့..၊ အဲဒီမှာ.. စာပေ ကို ငွေ နဲ့ တန်ဘိုးဖြတ်.. အကြောင်းမျိုးစုံ ပြပြီး စာမရေးခဲ့တာ မှားတယ်ပေါ့..၊ စာရေးရင်း နဲ့ အသိတခု တော့ ရတယ်ဗျ.. စာရေးတတ်ချင်ရင် တကယ်ကို စာရေး..၊  စာရေးမှ စာရေးတတ် မှာ ဆိုတာဘဲ..၊ စာဖတ် ခဲ့ တဲ့ ဝမ်းစာတော့ ရှိရမှာပေါ့ဗျာ.. စာမဖတ်ဘဲ စာရေးလို့ တော့ ဘယ်လိုမှ မဖြစ်ဘူး လို့ ထင်ပါတယ်..။
နောက်တခုက ကျနော် ရဲ့ ဘလော့ဂါ မောင်နှမ တွေထဲမှာ စာရေးကောင်း တဲ့ သူတွေ အများကြီး တွေ့ပါတယ်.. ဒါပေမဲ့ စာသိပ်မရေး ကြတာဘဲ.. ၊ ဘာအကြောင်း နဲဘဲ မရေး.၊ မရေး.. နှမြောတော့ နှမြောတယ်.. ကျနော် က စာကောင်းလေး တွေ ဖတ်ချင်တာကိုးဗျ...၊ ဒါပေမဲ့ ချစ်သော ဘလော့ဂါများ ထဲမှာ စာရေးချင်တဲ့ သူ ရှိရင်တော့ စာရေးကြပါလို့ဘဲ ပြောချင်ပါတယ်..။
ကျနော် အဓိက ပြောချင်တာကတော့ ကျနော် ရေးတဲ့ စာလေးတွေ လာ လာဖတ်ကြတဲ့.... ချစ်သော စာဖတ်သူများ ကို ပါဘဲ..၊ စာဖတ် ရတာလည်း မလွယ်ဘူး (မလွယ်ဘူး ဆိုတာ ကိုယ် မကြိုက်ခဲ့ရင် ပေါ့ဗျာ) ဆိုတာ ကျနော် သိပါတယ်.. ၊ မလွယ်တဲ့ ကြားက စာလေးတွေ လာဖတ် ရင်း ကောမန့်လေးတွေပေးလို့ အားဆေး လေးတွေ တိုက် တိုက်သွားကြတဲ့ ကျနော့် ရဲ့ ချစ်သော စာဖတ်သူများ ကို ကျေးဇူး အထူး တင်ပါတယ်ဆိုတာ.. ထပ်ခါ ထပ်ခါ ပြောချင်ပါတယ်ဗျာ..။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>
Sunday, February 21, 2010
မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၂၁)
ကျွန်မကမူ စက်ဘီးစီး၍ မီးရထား အလုပ်သမားများ၏ တန်းလျားသို့ ထွက်လာခဲ့၏။ ထိုနေရာ တွင် မိသားစု အတော် များများ နေထိုင်လျက်ရှိကြောင်း မူလကပင် သိထားပါသည်။ ထိုနေရာတွင် နေထိုင်လျက်ရှိသော မိသားစုများ အားလုံး၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နက်ဒီကရု(စ်)နှင့် တွေ့ဆုံ၍ ၄င်းတို့အနေနှင့် မည်သို့ စီစဉ် ထားကြောင်း မေးမြန်းပါသည်။
သူတို့၏ လက်ရှိနေရာနှင့် ခြောက်မိုင်မျှ ဝေးကွာသော “ဘရာဘတ်တီးယား” ကျေးရွာရှိ သွပ်မိုးထားသည့် ကျောင်းတစ်ကျောင်း ၌ သူတို့လူစုအား ခိုလှုံခွင့်ပြုမည်ဟု သက်ဆိုင်ရာမှ အသိပေး ထားကြောင်းဖြင့် သူက ပြောပြ ပါသည်။ နောက်ထပ်လူနှစ်ယောက်အတွက် နေရာရှိသေးကြောင်း သေချာသည်ဟု သူက ပြောပါ သည်။
ကျွန်မသည် အိမ်သို့ ပြန်သွားပြီး တင်ဆောင်နိုင်သမျှ ပစ္စည်းတို့ကိုယူ၍ မီးရထားတန်းလျားသို့ ပြန်လာခဲ့ရာ ကျွန်မအား ''ဘရာဘတ်တီးယား'' ကျေးရွာသို့ မသွားသေးမချင်း သူတို့နှင့်အတူ နေထိုင် ခွင့် ပေးပါသည်။
နောက်တစ်နေ့ နံနက် ၆ နာရီခန့်တွင် ကျွန်မသည် တန်းလျားကို သန့်ရှင်းရေးလုပ်နေစဉ် လေယာဉ်ပျံသံများ ကို ကြားသည်။ လူတွေက သူတို့၏ အခန်းအသီးသီးမှ ထွက်လာကြပြီး အယ်(L)ပုံ သဏ္ဍာန်လုပ်ထားသည့် ဗုံးခိုကျင်း ရှိရာသို့ ပြေးလွှားသွားရင် ကျွန်မကိုလည်း သူတို့နောက်သို့ လိုက်လာ ရန် အော်သွားကြသည်။
ကျွန်မကလည်း သူတို့နှင့်အတူ ပြေးလိုက်သွားမည်ပြုစဉ် မျက်စိထောင့် တစ်နေရာမှ ကြက်တူ ရွေးကလေး ကော်ကီ သည် ထိတ်လန့်တုန်လှုပ်စွာ အခန်းတွင်း၌ ပြေးလွှားခုန်ပေါက် အော်မြည်နေ သည်ကို တွေ့ရ၏။ ကျွန်မ သူ့ကို လှမ်းဖမ်းသည်ကို လွတ်အောင်တိမ်းရှောင်နေပါသည်။ ကျွန်မသည် စားပွဲအောက်သို့ ၀ပ်တွား ၀င်သွား ပြီး ပါးစပ်မှလည်း သူ့ကို ချော့သံပေး၍ ခြေထောက်ကို ဖမ်းကိုင်လိုက် စဉ် ပထမဆုံးဗုံးကျကာ ပေါက်ကွဲ ပါသည်။ တစ်အိမ်လုံး တုန်ခါသွားပါသည်။ အုတ်ခဲ အပိုင်းအစများ စားပွဲပေါ်သို့ ကျလာပါသည်။ စားပွဲက ခံနိုင်ရည်ရှိ၍ တော်ပါသေးသည်။
ကော့်ကီကို ပွေ့၍ အပြင်သို့ ပြေးထွက်လာရာ တစ်ခြံလုံး အံ့သြဖွယ် တိတ်ဆိတ်နေသည်ကို သတိ ပြုမိပါသည်။ မီးခိုးနှင့် ဖုန်မှုန့်များ တလူလူထနေသည့်ကြားထဲမှ အသံတစ်သံမျှ ထွက်ပေါ်မလာ ပါ။
ကျွန်မ သည် ဗုံးခိုကျင်းရှိရာသို့ ပြေးသွားခဲ့၏။ ဗုံးခိုကျင်း အတွင်း၌ လူ ၁၃ယောက်စလုံး သေဆုံးကုန်ကြပါပြီ။ သူတို့၏ ကိုယ်ပေါ်၌ ဒဏ်ရာဒဏ်ချက်မတွေ့ပါ။ မျက်နှာများကမူ ပြာနှမ်းနေ သည်။ ဗုံး၏ ပေါက်ကွဲမှုဒဏ်က အဆုတ် ကို ကြေမွသွားစေသည်ဟု ယူဆရပါသည်။
သူတို့ကို ကောင်းမွန်စွာ သင်္ဂြိလ်ရန် ကျွန်မတို့တွင် အချိန်မရပါ။ သို့ဖြစ်၍ ဗုံးခိုကျင်းကိုပင် ပြန်ဖို့ပြီး သဂြုင်္ိလ် လိုက်ရ ပါသည်။
ကျွန်မ တို့သည် ဤနေရာ၌ လိုသည်ထက်ပိုနေပါက မိုက်မဲရာကျပါလိမ့်မည်။  ကျွန်မသည် လက်တွန်းလှည်း တစ်စီး ကို ငှားရမ်းကာ ဖခင်နှင့် အထုပ်အပိုးများကို တင်ဆောင်၍ မြို့ပြင်သို့ ထွက်လာ ခဲ့သည်။
    ''ဒီတစ်ခါ ဘယ်ကို သွားကြမလဲ''ဟု ဖခင်က နွမ်းရိစွာ မေးရာ
    ''ဘရာဘတ်တီးယားရွာကို သွားမယ်''ဟု ကျွန်မက ပြန်ဖြေပါသည်။
    ''အဲဒါ ဘာနဲ့တူသလဲ''
    ''ကျွန်မတော့ မသိဘူး၊ ဟိုရောက်မှပဲ သိရတော့မယ်၊ ဘာပဲဖြစ်ဖြစ် အကောင်းဆုံး ဖြစ်အောင် အသုံး ပြုရ မှာပဲ''ဟု ကျွန်မက ပြန်ပြောသည်။
ဖခင် သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး သက်သောင့်သက်သာ မှိန်းနေပါသည်။ တစ်ချိန် က ဖခင်၏ ကိုယ် အလေးချိန် သည် ၂၂၄ ပေါင်မျှရှိခဲ့သောလည်း ကျွန်မ၏ မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း ပိန်ချုံး လာရာ ယခုအခါတွင် အရိုးပေါ်အရေတင် ဖြစ်နေပါပြီ။
နှစ်သစ်ကူး လာပါပြီ။ ကျွန်မတို့ တစ်တွေအတွက် ပျော်ရွှင်ရန် အရေးမှာ အလွန်ဝေးကွာလျက် ရှိနေ ပါတော့ သည်။
(6)
ဘရာဘတ်တီးယား ရွာကလေးသည် ဂေါ်ရခါးလူမျိုးများ နေထိုင်သောရွာဖြစ်၍ အများစုမှာ ဗြိတိသျှတို့ အပေါ် ဇွဲနဘဲကြီးစွာ သစ်စာစောင့်သိနေသည့် စစ်သားဟောင်းကြီးများ ဖြစ်ကြပါသည်။
ဂျပန်များ ၏ တုံ့ပြန်မှုကို ကြောက်ရွံ့ကြသဖြင့် မြန်မာလူမျိုးများအနေဖြင့် ကျွန်မတို့တစ်တွေကို လက်ခံ မထား လိုကြပါ။
ထိုနေရာတွင် ဂေါ်ရခါးနှင့် မြန်မာတို့၏ ခြားနားချက်ဖြစ်ပါသည်။ ထိုသို့ မြန်မာလူမျိုးများက သဘောထား ကြသည်ကို ကျွန်မအနေနှင့် အပြစ်မတင်လိုသော်လည်း ၀မ်းတော့ နည်းမိပါသည်။ ဂျပန်များသည် မြန်မာများ အား ကယ်တင်ရန်အတွက်ရောက်လာကြသည်ဟု ဆိုသည်။ သို့သော် ဗြိတိသျှတို့၏ ကိုလိုနီ စနစ်သည် ရက်စက်ကြမ်းကြုတ်မှုမရှိပါ။ ကိုလိုနီဘ၀မှ လွတ်မြောက်သွားကြ၍ မြန်မာများ ၀မ်းမြောက် ၀မ်းသာ ဖြစ်သွားကြသည်။
အမှန် အားဖြင့် အရှင်သခင်တစ်ဦး၏ လက်အောက်မှ အခြားအရှင်သခင်တစ်ဦး၏ လက်အောက် သို့ ပြောင်းသွားခြင်း သာ ဖြစ်ကြောင်းသိရသောအခါ အချိန်နှောင်းသွားပါပြီ။ မြန်မာများအနေဖြင့် နောက်ရောက် လာသည့် လူသစ်များအပေါ်တွင် တိုတောင်းလှသော အချိန်အတွင်း ရွံမုန်း သွားကြ သော်လည်း လူဟောင်းများကိုမူ ချစ်ရန်မဖြစ်နိုင်ကြပါ။ တိုင်းပြည်တွင်းမှ မြန်မန်ထွက်သွားရန်မြန်မားများက လိုလား ခဲ့ကြသည့် လူမျိုးများအတွက် သူတို့အသက်ကို ပေးပြီး ကာကွယ်ရန် မျှော်လင့်၍ မရပါ။
ဂေါ်ရခါးလူမျိုးများကမူ ဗြိတိသျှလူမျိုးများအပေါ်တွင် အစဉ်တစိုက် သစ္စာခံ လာကြသူများဖြစ်၍ မြန်မာ များနှင့် နှိုင်း၍ ရမည်မဟုတ်ပါ။ ကျွန်မတို့သည် သူတို့၏ မိတ်ဆွေများဖြစ်သည်။ ကျွန်မတို့မှာ အကူအညီ လိုနေကြသည်။ သူတို့က ကျွန်မတို့နားနေခိုလှုံရန်အတွက် နေရာပေးသည်။
ဖခင်ကြီး အား နေရာချထားပေးပြီးနောက် ပြင်ဦးလွင်သို့ ပြန်သွားကာ ကျန်သော ရှိစုမဲ့စု ပစ္စည်းများ ယူခဲ့သည်။ ကြက်တူရွေးကော့်ကီက ကျွန်မ၏ ပခုံးပေါ်တွင်၊ ခွေးနှစ်ကောင်က ကျွန်မ၏ဘေးတွင် ပြေးလွှား လျက်၊ ကျွန်မက စက်ဘီးပေါ်တွင် အိုးခွက် ပစ္စည်းများတင်၍ ငါးမိုင်မျှဝေးသော ဘရာဘတ်တီးယားရွာသို့ လှည်းလမ်းကြောင်းအတိုင်း စက်ဘီးကိုတွန်း၍ လာရသည်။ ရွာသို့ ပြန်ရောက်သောအခါ ပင်ပန်းလွန်းသဖြင့် မြေကြီးပေါ်သို့ အိပ်ချလိုက်ပြီး ဤအကြိမ်သည် နောက်ဆုံး လှုပ်ရှားမှုသာ ဖြစ်ပါစေတော့ဟု စိတ်အား ထက်သန် စွာ မျှော်လင့်မိ၏။
ကျွန်မတို့သည် ယခင်က ကျောင်းလုပ်ထားသည့် သွပ်မိုး တန်းလျားကြီး တစ်ခုတွင် နေရပါသည်။ ထိုတန်းလျားကြီး အတွင်းတွင် လူပေါင်း ၈၀၀ မျှ နေရာချထားပေးသည်။ များသောအားဖြင့် တစ်ဦးနှင့် တစ်ဦး မှာ လူစိမ်းများဖြစ်ကြပါသည်။ လူအချို့သာ သိဟောင်းကျွမ်းဟောင်းများ ဖြစ်နေကြ၍ မိမိတို့၏ အတွေ့ အကြုံ များကို အပြန်အလှန် မေးမြန်း ပြောဆိုကြပါ၏။
အနေအထိုင် ဆင်းရဲသော်လည်း ဗုံးကြဲမည့်နေရာနှင့် ကင်းဝေးရသဖြင့် ကျေးဇူးတင်ရပါဦးမည်။ ကျွန်မနှင့် ဖခင်ကြီး အား အဆောက်အအုံ၏ အစွန်ရှိ ပြတင်းပေါက်အနားတွင် နေရာချထားပေးသဖြင့် ဖခင်ကြီးမှာ ၀ရန်တာ သို့ ထွက်ကြည့်နိုင်ပြီး သန့်ရှင်းသော လေပြည်လေညင်းများကို ရှူရှိုက်ရပါသည်။
ကျွန်မတို့ အားလုံးသည် ကျဉ်းကျဉ်းကျပ်ကျပ်နေရသဖြင့် ညည်းညူနေ၍လည်း အရာရောက်မည်မဟုတ်ပါ။ စိတ်ဓာတ် ကို မြှင့်တင်ထားပြီး ဖြစ်လာသမျှကို ပြုံးပြုံးကလေး ရင်ဆိုင်ရန်သာ ရှိပါတော့သည်။ ကျွန်မ တို့သည် ကျရာနေရာ ၌ အခြေအနေအပေါ် မူတည်ပြီး ကျင့်သုံးနိုင်ခဲ့ကြသည်။ အုတ်နီခဲ နှစ်လုံးကို တစ်ဖက် တစ်ချက် မှာ စီပြီး ထင်းများကို အလယ်ကောင် တွင် ထိုး၍ မီးဖိုလုပ်ကာ ထမင်းချက်စား ကြသည်။ သန့်ရှင်းရေး ကို အထူးဦးစားပေး၍ လုပ်ဆောင်  ကြရသည်။
နောက်ဆုံး ၌ မလွဲမရှောင်သာဘဲ ကျွှန်မ၏ အသက်မွေးမှု့ ပညာမှာ လိုအပ်လာသဖြင့် ကျွန်မသည် ခရိုင် သူနာပြု ဆရာမတဦး လို ဖြစ်လာရပြန်ပါသည်။ ဘရာဘတ်တီးယားရွာမှာ ဗုံးဒဏ် မခံရစေကာမူ ဗုံးဒဏ် မခံရ စေကာမူ ဗုံးဒဏ်ခံရသော ပြင်ဦးလွင်မှ ဒဏ်ရာရသူများ ကျွန်မတို့ရွာသို့ တဖွဲဖွဲ ရောက်လာကြသည်။ ရောက်လာသော လူနာများကို လက်မလည်အောင်ပြုစုနေရပြီး ကျောင်းအတွင်း ၌ ဖျားနာသူများ၊ ရောဂါ အမျိုးမျိုး နှင့် ရောက်လာကြသော ဂေါ်ရခါး များကိုပါ အချိန်ပြည့် ဆေးကုသ ပေးရပါသေးသည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၆)
ပုံနှိပ်လုပ်ငန်း ပြန်လည်တာစူခြင်း
    ကျမသည် ထိုသူ ချမ်းချမ်းသာသာရှိနေပြီဖြစ်၍ သူ၏သမီးများကို လာရောက် ပြန်ခေါ်သည် ကို တားမြစ်ရန် မရှိပါ။ ၀မ်းသာအားရနှင့်ပင် ပြန်ထည့်လိုက်ပါသည်။ သို့သော် ပစ္စည်းဥစ္စာကို ကံထောက်မ၍ ရလာသော အခိုက်အတန့်မှာ နောင်ရေးကို မမျှော်တွေးဘဲ အရမ်းမဲ့အောက်ခြေ လွတ် သုံးဖြုံးမပစ် ဘို့နှင့် အရင်းအနှီး ရှိသည့်အခါ အိမ်ပိုင်ယာပိုင် အရောင်းအ၀ယ် အလုပ်တခု ကောင်းရောင်း ကောင်းဝယ်ပြုလုပ်၍ တသက်လုံး ထိုင်စား သွားနိုင်အောင် စီမံထားရန် သတိပေး ခြင်း ပြုမိပါသည်။
    သူကလဲ မှန်ပါသည်၊ ကျွန်တော်၏ သားသမီးများနှင့်အတူ ပြန်နေရလျှင် သံယောဇဉ်အ ထိန်းအချည် ရှိသဖြင့် အခြေတကျ ဖြစ်ရပါလိမ့်မည်။ ယခုတော့ သူ့မှာ တယောက်တည်းဖြစ်ခါ ရှာရသမျှ ရွှေငွေများကို သူနှင့် အလားတူ ဘီ-အို-စီ ရွှေရည်ရောင်းဖေါ်များနှင့် ဖဲရိုက် အရက် သောက် အောက်ခြေလွတ် နေမိ ပါသည်။ ကျွန်တော်တို့ လယ်ကူလီဘ၀က ထပွသူများ၏ ဖဲဝိုင်းမှာ ရာတန်နှင့် ရွှေဒင်္ဂါး များ ရွှေတုံး ရွှေခဲများ နှင့်ချည်းကို မီးခဲလောင်းကစားကြသည်။
ကျွန်တော်ဖဲရှုံး၍ ရွှေတွေ အတော်ဖြုံးသွားပြီး၊ ဒီအကျန်အကြွင်းကလေးများနှင့် သားသမီးတွေ သတိရ၍ လာခေါ်ရ ခြင်း ဖြစ်ပါသည်။ နောက်တခါ ရှာဖွေရသော ပစ္စည်းများကို လောင်းကစားခြင်းဖြင့် ဖြုံးတီးမပစ်  တော့ပါ ဟု ပြောသွားပါသည်။ သို့သော် လူမိုက်နှင့်ငွေ အတူမနေဆိုသော စကားအတိုင်း သံလျင် ဘီ-အို-စီ ဓါတ်ဆီ တိုင်ကီကြီး များကို ရွာသားတစုမှာ ဖဲရှုံးတိုင်း မကြာခဏ လာရောက် ဖောက်ယူ ခိုး ထုတ်ကြသဖြင့် ကြာသော် ဂျပန်စစ်ဘက်က စက်သေနတ်နှင့် ပစ်သတ်ရာတွင် တကြိမ် မှာတော့ လူ အတော် များများ သေဆုံး သွားကြကြောင်း ကြားရသောအခါ အန္တရာယ်ကင်းပါစေဟု မေတ္တသာ နာနာ ပို့လိုက်ရ သော်လည်း ယနေ့ အထိ သူ့တို့အား မတွေ့ရတော့ပါ။
    ထို့ကြောင့် ဤခလေးမ ၃-ယောက် ပြန်ထည့်လိုက်ရသော အခါ ယောကျာ်း ကောင်ကလေး ၂-ယောက် သာ ကျန်ခဲ့သည်။ သူတို့မှာ မလောက်လေး မလောက်စား အရွယ်ဖြစ်ပြီး အိမ်ဖော်အဖြစ် လည်း အသုံးချ ၍မရ။ အား, အားရှိလျှင် ကစား၍သာနေတတ်ရာ ထမင်းချက်ရန် အိမ်အမှုလုပ်ရန် အိမ်ဖော်များ ငှားမရ သော အခက်အခဲနှင့် ရင်ဆိုင်ရလေသည်။ လုပ်ရဲ ကိုင်ရဲ ရောင်းဝယ်ရဲသူ လူမွဲ တွေမှာ လက်ဖျား ငွေသီး နေချိန် ဖြစ်သဖြင့် အိမ်ဖော်လခစား အဖြစ်နှင့် မည်သူမျှ လုပ်ကိုင်လိုသော ဆန္ဒမရှိ ဘာပစ္စည်း ဖြစ်ဖြစ် လက်လွှဲ အရောင်း အ၀ယ်ပြုလုပ် ငွေရွှင်၍ ဆူဖြိုးမြဲ ဖြစ်ပါသည်။
    ဒါကြောင့် အိမ်ကြီးကို ငှား၍ရသော်လည်း နေမည့်သူက လူကြီးနှစ်ယောက်နှင့် ကောင်ငယ် ကလေး နှစ်ယောက် ပေါင်း လေးယောက်သာ ဖြစ်နေသဖြင့် အလုပ်အကိုင်နှင့် နေရေး ထိုင်ရေး အဆင်မပြေသေးသူ အသိ မိတ်ဆွေများအား ကျမတို့အိမ်ကျယ်ကျယ်ကြီးမှာ နေရေးတွင်မက စားရေးပါ တာဝန် ယူပြီး အတူ လာနေရန် ခေါ်ထားလိုက်ပါသည်။ ထို့ကြောင့် ပဋ္ဌမဦးဆုံး ထိုအိမ်ကြီး ကို ပြောင်းရွေ့ လာသောအခါ ကွယ်လွန်သူ အင်ဒီပင့်ဒင့် ဒေါ်စန်း(ဒေါ်ကွာစိ)နှင့် ပန်းချီဆရာ လင်မယား၊ အခြားအမည် မမှတ်မိ တော့သော ကုလားကပြား ကုန်သည်လင်မယား၊ ပေါင်း ၅-ယောက်ဖြစ်ကြ၏။ ကုန်သည် လင်မယား မှာ ညလောက် သာအိပ်၍ တလလောက်နေပြီး မြို့တည်း အလုပ်တိုက် ဆိုင်ဖွင့်သဖြင့် ပြန်ရွှေ့ ပြောင်းသွား ပါသည်။
    မနက်လင်း လျှင် မြို့တွင်းက ပုံနှိပ်တိုက် သွားကြည့်ကြရင်း စားသောက် ဖွယ်ရာများ ၀ယ် ချမ်းလာရသည်။ မြို့တည်းမှ ညစဉ်လေယာဉ်ပျံလာ ဗုံးကြဲသဖြင့် ဘယ်နေ့ ဘယ်အချိန် ဘယ်သူ့ အိမ် ဘယ်သူ့တိုက်ထိ၍ ပြိုပိ ပျက်ပြုန်းကြ ရမည်မသိ။ မကောင်းသူထိပ် ကောင်းသူထိပ်ဆိုသလို ဖြစ်နေကြရသောအခါ ပုံနှိပ်စက် ပိုင်ရှင်များ က သူတို့စက်များ ဘေးကင်းရာ ပြောင်းရွှေ့သယ်ယူ ထားပြီး ပုံနှိပ်စက်ငှားခ ပေးမြဲ ပေးထားမည် ဆိုသောကြောင့် စက်ပိုင်ရှင်များကလည်း အားရကြေနပ် စွာ ပြောင်းရွှေ့ယူရန် သဘောတူကာ ငှားမြဲတိုင်း ငှားထားပါသည်။
    ဤတွင် တိုက်ကြီးမြို့၌ ရွှေ့ယူထားသည့် ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက် ပစ္စည်းများဖြစ် သော မျက်နှာဖုံး ကာလာရိုက် စက်ကလေး စာပုံနှိပ်တိုက်ဆိုင်ရာ ပစ္စည်းအသုံးအဆောင်များ၊ ဒဂုန် ခင်ခင်လေး ၀တ္ထုတိုက်မှ ထုတ်ဝေသော စာအုပ်များ၊ အလုပ်တိုက်သုံး ရုံးသုံးစားပွဲ ကုလားထိုင် ဘီရိုစသည်တို့နှင့် အိမ်ထောင်မှု ပစ္စည်းများပါ ကုန်တင်ကားကြီးများနှင့် နှစ်ရက် သုံးရက်ဆက်ကာ ရွှေ့ပြောင်းသယ်ယူရပါသည်။ တိုင်းပြည်ပြု ပုံနှိပ်တိုက်နှင့် စာအုပ်တိုက်ပြန်လည် ဖွင့်လှစ်မည်ကြား သောအခါ မူလတပည့်ဟောင်း၊ အလုပ်သမား ဟောင်းများ ပြန်ရောက်ရှိလာကြပါသည်။ အချို့ လည်း ကုန်သည်ကြီးများဖြစ်သွားကြ၍ အလုပ်တိုက် သို့ ပြန်မ၀င်တော့ဘဲ ဧည့်သည်အဖြစ်နှင့်သာ မကြာ မကြာလာရောက် လည်ပတ် လေ့ရှိကြပါသည်။
    ၄၇-လမ်းအိမ်မှာ ဆွဲချိပ်ထားသော တိုင်းပြည်ပြုပုံနှိပ်တိုက် ဆိုင်းဘုတ်ကြီး ကိုလည်း ဖြုတ် ယူကာ ရွှေဂုံတိုင် လမ်းအိမ်ကြီး ၏ ၀င်းပေါက်ဝတွင် စိုက်ထူထားပါသည်။ ရွှေ့လာသော အငှားပုံနှိပ် စက်ကိုလည်း အိမ်ကြီး ၏ ရှေ့ပိုင်းရှိ မြေလပ်မှာ ယာယီဓနိမိုးတဲကြီးတခု ထိုးလျက်စက်လည်စရာ တပ်ဆင် ပြုပြင် နေရ ပါသည်။ အိမ်အောက်ထပ်ရှိ အခန်းတ၀က်မှာ စာစီခုံများထား၍ ရှေ့ဆင်ဝင်ခန်း မကြီးမှာ ဧည့်ခန်း အဖြစ်နှင့် အလုပ်အခန်းအဖြစ် ပေါင်းထားပြီး တဘက်ဆောင် ခန်းမကြီးမှာတော့ ထမင်းစားခန်းအဖြစ် အသုံးချ ထားပါသည်။ နောက်ပိုင်းရှိ အခန်းများမှာလည်း သူ့နေရာနှင့်သူဆိုင် ရာ အသုံးချ ထားလိုက်သော အခါ အိမ်ကြီးက ကျယ်သလောက်ဟာ မနေဘဲ အလိုက်အထိုက်ပြည့် သွားပါသည်။ ဤအချိန်က အစပျိုး လိုက်သည်မှာ နောက်ပိုင်းတွင် အိမ်အပြည့် လူအပြည့်မှ နောက် ဖေးအစေခံ တန်းလျားများအထိ တအုံးအုံး တရုံးရုံး ဖြစ်ရှိလာပါတော့သည်။
    ပုံနှိပ်စက်လည်ရန်မှာ ဓါတ်မီးအား ရရှိဘို့လည်း လိုအပ်လာပါသည်။ ဂျပန်စစ်ဗိုလ်များသည် အကြို အကြား မကျန်ရှာဖွေကာ ပုံနှိပ်တိုက်မှန်သမျှ သူတို့အသုံးချလိုသော စာရွက်စာတမ်းများကို ရိုက်ရန် အပ်နှံ ကြပါသည်။ ပုံနှိပ်တိုက်ကလည်း များများစားစားမရှိသေးမှီ ကျမတိုင်းပြည်ပြု ပုံနှိပ် တိုက်ကို ရောက်လာ ကြသည်။ အပ်လိုသော ပိုစတာများကို ဓါတ်မီးအားရမှ ရိုက်နှိပ်နိုင်မည်ကိုသိ၍ မီးသွယ်ပေးရန် ကူညီ မည်ဆိုသည်။ စစ်မဖြစ်မှီက ဗမာပြည်တွင် လာရောက်နေထိုင်သွားသော ဗုဒ္ဓ ဘာသာ ဂျပန် ဘုန်းတော်ကြီး ဦးနာဂါအီ နှင့် မျက်နှာသိခဲ့ဘူး၍ ဓါတ်မီးတပ်ဆင်ပေးရန် ဂျပန်စစ်ဗိုလ် များကို ပြောရာ၌ အကူ အညီ ပေးပါသည်။ ဂျပန်ဘုန်းတော်ကြီး ဦးနာဂါအီသည် ဂျပန်များ ၀င်လာ သောအခါ သြဇာရှိ ပုဂ္ဂိုလ် တဦး ဖြစ်နေပါသည်။ စောစောစီးစီး လျှပ်စစ်ဓါတ်မီးရရှိဘို့မှာ ကြီးကြီး မာစတာခေါ် ဂျပန်စစ်ဗိုလ်ကြီးများ၏ ခွင့်ပြုချက် ရမှ ဖြစ်နိုင်ပါသည်။
ဂျပန်ခေတ် အုပ်ချုပ်ရေး
    ဂျပန်များဝင်ရောက်လာသောအခါ ရန်ကုန်မြို့မှ အစပြု၍ မြို့ကြီးမြို့ငယ် အသီးသီး၌ ရှိကြ သော မြို့မိမြို့ဘအခေါ်ခံ လူကြီးလူကောင်းများမှာ ဆိုင်ရာဆိုင်ရာ ဒေသအလျောက် ပုဆိုးရှည် ခေါင်းပေါင်းစ များနှင့် ကြိုဆိုကာ ဧည့်ဝတ်တော်ကြေကြေနှင့် ကွမ်းရေတော် ကမ်းကြပါသည်။ သို့ရာ တွင် ခက်ထန်သော ဂျပန်မာစတာတို့၏ ရုန့်ရင်းကြမ်းတမ်းစွာ ပြုမူကြောင့် အောင့်သက်သက်နှင့် ခိုးလိုးခုလုဖြစ်ကြရရှာသည်။
    သြဇာအာဏာ ကလည်း အလွန်အမင်း ပြင်းပြသည်။ စ၍၀င်လျှင် ၀င်ခြင်း မြို့ခံ လူကြီးမင်း များနှင့် ယာယီ အုပ်ချုပ်ရေးမှ စလုံးရေး စကာ နောက်ပိုင်းမှာတော့ သူတို့ကြိုးကိုင်ထားသော လွတ် လပ်ရေးခေါ် အုပ်ချုပ်ရေးကို ဒေါက်တာဘမော် အမှူးပြုသော ဗမာအစိုးရ၀န်ကြီးအဖွဲ့အားဖြင့် ဖွဲ့ စည်းအုပ်ချုပ်သွား စေကာမူ တကဲ့ အာဏာမှာ သူတို့လက်တွင်း၌သာထားပြီး ကင်ပေတိုင်အဖွဲ့ ကေဘိုတိုင် အဖွဲ့၊ ချွေးတပ် အဖွဲ့ စသည် စင်းလျက်ရှိကြပါသည်။
    ဂျပန်များ ၀င်စအုပ်ချုပ်ရေး အသားမကျမှီ အချိန်က ဒေါက်တာဘမော်၊ သခင်နုစသသည့် နိုင်ငံရေး ခေါင်းဆောင် တို့အား အင်္ဂလိပ်အစိုးရများက ချထားခဲ့သော ထောင်အတွင်းတွင် ကျန်ရှိခဲ့ရာ အင်္ဂလိပ် ပြေးသွား သော စပ်ကူးမတ်ကူး အခါ ထောင်အာဏာပိုင်များက အပြင်ထုတ်လျက် စောင့်ရှောက် ထားသင့် သူ ကို စောင့်ရှောက် ကူညီထားကြသဖြင့် ဂျပန်အစိုးရက အုပ်ချုပ်ရေးဖွဲ့ရာ တွင် အသင့်ဝင်ရောက် ပါဝင် နိုင်ကြ သည်။
    လျှပ်စစ်မီးအားများ ရရှိသောအခါ ပုံနှိပ်တိုက်လုပ်ငန်းကို စနိုင်ပါပြီ၊ တစီစီနှင့် နေ့ရောညပါ အခါမပြတ် လာလေ့ရှိသော အင်္ဂလိပ်ဗုံးကြဲလေယာဉ်ပျံများကလည်း သူ့ဝတ္တရားအတိုင်း တရက်ခြား နှစ်ရက်ခြား ဆိုသလို ၀တ်မပျက် လာရောက်ဗုန်းကြဲချသည်။ ဂျပန်စစ်တပ်ကလည်း လေယာဉ်ပျံ ပစ် အမြောက်များနှင့် ပြန်ခုခံ သည်။ လေကြောင်းအချက်ပေးဥသြဆွဲလျှင် ရန်ကုန်လူထုမှာ နီးရာ ဗုန်းခိုကျင်းအတွင်းသို့ ဆင်းပြေး ၍ အန္တရာယ်ကင်းပါပြီဆိုသော ဥသြသံကြားသောအခါမှ ကျင်းက ထွက်သော ပလူပရွက်တို့ ကဲ့သို့ ကူးလူး ဆန်ခပ် သွားလာ ရောင်းဝယ်ခြင်း အလုပ်များကို ဆက်လုပ် ပြီး နီးစပ်ရာ ဗုန်းဒဏ်ထိသူ ကံဆိုးမိ သူများ အတွက် လည်း မရှုရက် မမြင်သာ ဖြစ်ကြရပါသည်။
    သို့ရာတွင် ကြာတော့လဲ ဤအတွေ့အကြုံမျိုးက ရိုးသွားပြီး မိမိတို့စီးပွားရေးကိုသာ သဲသဲ မဲမဲ လုပ်ကိုင် ရှာဖွေခြင်း ပြုကြသည်။ ကျမတို့အိမ်မှာလည်း အရပ်ရပ်မှ လာရောက်ကြသူ ကုန်ကူး သမားများ အစိုးရ လခစား များကို ဇရပ်တခုပမာ တည်းခိုစရာအဖြစ် လက်သင့်ခံရလျက်ရှိနေပါသည်။ ထိုသို့ စစ်အတွင်း လေကြောင်း ရန်ကို မပြတ်ခံယူရရင်းပင် ဒေါက်တာဘမော်နှင့် ဒို့ဗမာသခင်များ ဖြစ်ကြသော သခင်နု၊ သခင် ဗစိန်၊ သခင်ထွန်းအုပ်တို့နှင့် ဗန္ဓုလဦးစိန် စသော ၀န်ကြီးများ၏ ခေါင်း ဆောင် ဒေါက်တာဘမော်အား အဓိပတိ ကြီးဟု ခေါ်ကြရသည်။ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော ဘီအိုအေ တပ်မတော်ကိုလည်း စနစ် တကျ ပြန်လည်စုရုံးကာ ဘီဒီအေဟု အမည်ပြောင်းလဲ ခေါ်စေသည်။
    ခေတ်တမျိုး ပြောင်းလာသော အခါသမယကို ဖေါ်ပြရခြင်းသာဖြစ်၍ ကျမ၏ နှစ်ပေါင်း ၆၀၊ ဘ၀ခရီးကို ဤအပြောင်းအလဲများနှင့် ရောနှောမျောပါရသမျှ ဆက်လက်ရေးသားရမည် ဖြစ်ပါ သည်။ ပုံနှိပ်လုပ်ငန်းကို လုပ်ကိုင် နေရင်းမှ စာအုပ်များပြန်လည်ရိုက်နှိပ်ရန် ကြိုးစားရပြန်ပါသည်။ စာရေးမည်ဟု စားပွဲ၌ထိုင်လိုက်ပြီး တရွက် တလေမျှ ရေးအပြီးလောက်မှာ ကြောက်စရာကောင်း သော လေကြောင်းဥသြသံကြီး ပေါ်လာ တက်သည်။
ထိုအခါ ထိတ်ထိတ်ပြာပြာနှင့် ဗုန်းခိုကျင်းရှိရာ ဆင်းပြေးရပါသည်။ အန္တရာယ်ကင်း ဥသြသံကြားရမှ ကျင်းထဲက ထွက်လာရပါသည်။ သည်တော့ လဲ ရေးလက်စ စာကို ဆက်၍မရေးချင်လောက်အောင် သတင်း ဆိုး အမျိုးမျိုး တို့ကို ကြားရပါသည်။ ထိုသတင်းဆိုးများမှာ ဘယ်နေရာ ဘယ်အရပ်မှာ ဗုန်းထိသွားပြီ၊ လူတွေ ဘယ်လောက် သေပြီ၊ တိုက်တွေဘယ်လောက် ပြိုလျက် မီးလောင်ဗုန်း လက်ချက်ကြောင့် မီးခိုးတွေ တလူလူ တက်လာ သည့် ကံဆိုးမိုးမှောင်ရပ်ကွက်များဆီသို့ မျှော်မှန်းကြည့်လိုက်ရတိုင်း စိတ်မချမ်းမသာနှင့် ငါတို့လဲ ဘယ်နေ့ ဘယ်အချိန်မှာ ဒီအဖြစ်မျိုးကြုံလာ ရမလဲဟု ကျောထဲက စိမ့်လာကြရပါသည်။
သို့နှင့် အလုပ်များတွင်ကျယ်စပြုလာသောအခါ ပုံနှိပ်စက်ကို အခနှင့် ငှားထားသူ ပစ္စည်းရှင် ကပြန်လည် ပြောင်းရွှေ့ ယူလိုသည်။ သူတို့လည်း ရွှေကြက်ယက် ကုန်းအနီးရှိ ခြံမှာ ပုံနှိပ်တိုက်ဖွင့်ပြီး အပြင် အလုပ်များ လုပ်တော့မည် ဆိုသောကြောင့် ပုံနှိပ်စက်အစားထိုးရန် အပြေးအလွှား ရှာဖွေဝယ်ယူရပါသည်။
ဝယ်ယူရရှိသော ပုံနှိပ်စက်မှာလည်း စစ်ကြီးအတွင်းဖြစ်၍ ရရာကို ရှာယူလျက် အပျက်အစီး များ အစား ဖြည့်စွက် တပ်ဆင်အသုံးပြုမှသာ ဖြစ်နိုင်ပါသည်။ ထိုကြောင့် မြို့ထည်းရှိ အစိုးရပုံနှိပ် တိုက်တွင် အနှစ် ၂၀-လောက် သုံးပြီး ဟောင်းနွမ်းပျက်စီးပြီး သံတိုမယ်န ဖြစ်နေသဖြင့် ပစ်ထား သော ပုံနှိပ်စက်အပျက်ကြီး နှစ်လုံး ကို တင်ဒါစနစ်နှင့် ချရောင်းခိုက်မှာ ၀ယ်ယူလိုက်ရပါသည်။ ပုံနှိပ် စက်သာဆိုသည် ကိုယ်ထည်နှင့် ဆလင်ဒါ ခေါ် မျဉ်းလုံးကြီးသာပါလာသည်။ စပယ်ယာပတ်ခေါ် ကျန်ပစ္စည်း အစိပ်အပိုင်း တ၀က်လောက်မှာ အပြင် အပ သံပစ္စည်းရောင်းသောဆိုင်များမှ ၀ယ်ခြင်း၊ ၀ယ်မရသော ပစ္စည်းများ ပန်းဘဲမှာဖြစ်သလို လုပ်ခိုင်း ၍ တပ်ဆင်ခြင်း ပြုလုပ်သောအခါမှ အပြည့် အစုံရိုက်နှိပ်၍ ရရှိပါသည်။
ဗုန်းကြား အမြောက်ကြားမှ စတုဒီသာ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
စားကြမယ်ဟေ့ ငါးပိပေါင်း
 ဒီနေ့ စာမရေးရသေးတာနဲ့ နေလို့ မကောင်းချင် ဖြစ်နေတယ်ဗျ..၊ ဒါနဲ့ ရေးအုန်းမှ ပါလို့.. စဉ်းစားပြီး ရေးလိုက်တယ်..ရောက်တတ်ရာရာ ပေါ့ဗျာ..၊ အပျင်းပြေ ဖတ်ဘို့ပါ..။
ကျနော် ငယ်ငယ်က (အိမ်ထောင်မကျခင်ထိပေါ့) ကျနော့် တို့အိမ်မှာ ငါးပိ မစားရဘူး.. ငံပြာရည် သုံးရင် လည်း ပဲ ငံပြာရည်ဘဲ သုံးရတယ်..၊ ကျနော် တို့ အဖေ က ငါးပိမကြိုက်လို့ လား.. မဟုတ်ဘူး ကြိုက် သလား မမေးနဲ့ သူများအိမ်က ငါးပိကြော်တို့ ငါးပိရည်တို့ ဆို တအားစားတာ..၊ သူက အိမ်မှာဘဲ မစား ရတာ..  နံ လို့တဲ့ ၊ ညစ်ပတ်လို့ တဲ့.. အနိုင်ကျင့်တာပေါ့ဗျာ..၊ ဘယ်ဗမာက ငါးပိမစားဘဲ နေနိုင်မှာလည်း..။
အဲဒီတော့ ကျနော် တို့ တမိသားစုလုံးက ဒီအမိန့်ဟာ မတရားဘူးပေါ့..၊ အဲဒီတော့ မတရား တဲ့ ဥပဒေ မှန်သမျှ ဆန့်ကျင်ကြတဲ့...၊ စိတ်ချ .. အားရှိပါးရှိကို ဆန့်ကျင့်ပြမယ်.ဆိုပြီး  ကျနော် တို့ တအိမ်လုံး က ဆန့်ကျင့်ကြတယ်...၊ အားလုံး က ငါးပိကြိုက်တာကိုးဗျ..၊ သူများအိမ်က ငါးပိစားရအောင် ဘယ်သူက နေတိုင်း ထမင်းဖိတ်ကျွေး နိုင်မှာလည်း..၊ အဲဒီတော့ ကျနော် တို့လည်း နေ့တိုင်း ငါးပိစားနိုင်အောင် အကြံအဖန် တီးရတာပေါ့..။
အဲဒီတော့ ကျနော် တို့ က ဖေဖေ ကျောင်းသွားမဲ့ အချိန်ကိုစောင့်တယ်... ဖေဖေ ကျောင်းသွားတာ သေချာ အောင်လည်း နာရီဝက်လောက် စောင့်ရတယ်..၊ တခါတခါ စိတ်မထင် ရင် ပြန်ပြန် လှည့်လာတယ်.. စာအုပ် ကျန်လို့ ဘာညာပေါ့ဗျာ.. အမှန်တော့ သူက သူ့အမိန့် ကို နာခံကြရဲ့ လားဆိုတာ လာလာ ထောက်လှန်း တာ.. ထောက်လှန်းရေး ကောင်းတယ်ပေါ့ဗျာ... ဖေဖေ ရဲ့ ပုံမှန် ထောက်လှန်းရေး ကို တန်ပြန် ထောက်လှန်း ရေးနဲ့  ကျနော် တို့က ဆန့်ကျင် ရတာပေါ့...။
ဖေဖေ သွားတာ သေချာပြီ လို့ထင်ရင် အားလုံး သဘောတူ စားချင်တဲ့ ငါးပိနဲ့ ပတ်သက်တာ လုပ်စားကြတယ်ဗျ..၊ ငါးပိကြော်..၊ ငါးပိထောင်း..၊ ဘာလချောင်ကြော်..၊ ငါးပိသုတ်..၊ ..ငါးပိချက်..၊ ငါးပိရည်..၊ ငါးပိပေါင်း ပေါ့..၊ အဲဒီထဲမှာ မှ ကျနော် တို့ မကြာမကြာ လုပ်စားလေ့ ရှိတဲ့ ငါးပိပေါင်း လုပ်နည်း လေး ပြောချင်လို့ ဗျ.. ကျနော် တို့ အားလုံး ငါးပိပေါင်း ကို ကြိုက်တယ်ဗျ...၊ ငါးပိဆိုရင် ဘာဘဲဖြစ်ဖြစ် ကြိက်တော့ ကြိုက်တာပါဘဲ...။
ပထမဆုံး မေမေ ဈေးက ဝယ်လာတဲ့ လှို့ဝှက် တဲ့ နေရာက ငါးပိအစိမ်း ငါးကျပ်သားလောက် ကို ယူ ဟင်းပန်ကန် ခပ်ပက်ပက် လေးထဲမှာထည့် ..  ကြက်သွန်ဖြူ ပါးပါး လှီး ..ကြက်သွန်နီလည်း ပါးပါးလှှီး.. ပုဇွန်ခြောက် မှုန့် ဒါမှမဟုတ် အကောင်လိုက်ပေါ့.. ပြီးတော့ ငရုပ်သီး အစိမ်း ပါးပါးလှီး .. နောက် ငရုပ်သီး အကြမ်းမှုန့်ပေါ့ အဲဒါတွေ အားလုံးကို အဲဒီ ဟင်းပန်ကန် ပက်လေးထဲ ဒါမှ မဟုတ် ဂျိုင့် ခပ်ကြီးကြီးထဲ မှာ တပုံစီ ထည့်.. ။
အားလုံး ထည့် ပြီးမှ ဆီစိမ်း ကို ငါးပိ မြုပ်နေအောင်ထည့် တယ်ဗျ...၊ ပြီးရင်တော့ ရေနွေးတည် ပြီး ပေါင်းတော့တာဘဲ.. ငါးပိနံလေး မွှေးပြီး.. ကြက်သွန်တွေ နပ်ပြီဆိုရင်တော့ စားလို့ရပြီပေါ့.. ရှယ်ဗျ.. ကောင်းသလား မမေးနဲ့ အချဉ်စားချင်ရင် လည်း သံပရာသီးလေး ညှစ်လိုက်ကြပေါ့ဗျာ..။
အဲ.. ပြောဘို့မေ့တော့မလို့ အားလုံးစားပြီးရင် အဖုံးကို လုံအောင် ပိတ်ပြီး ဖေဖေ မတွေ့နိုင်တဲ့ ဆန်အိုးထဲမှာ ထည့်ပြီး ဖွက်ခဲ့ဘို့ လည်း မမေ့ကြနဲ့နော်...၊ ဒါက အရေးအကြီးဆုံးဘဲ.. ၊ အဲ.. သိသွား  ရင်တော့ ဟိုဘက် ဘလောဂ့် က ညီမ အင်ကြင်း လာပေးတာလို့ ညာပြောလိုက် ကြနော်..။
တကယ်ဆိုရင်.. ဖေဖေ ရေ မညာ ချင်ပါဘူး.. ၊ ဒါပေမဲ့ တခါတလေ ကြရင် လူတွေ လက်မခံနိုင်တဲ့ ဥပဒေ မျိုး မလိုက်နာနိုင်တဲ့ ဥပဒေမျိုး ထုတ်တဲ့အခါ စထုတ်တဲ့ အချိန်က စပြီး အဲ့ဒီ ဥပဒေ ဟာ ပြယ်သွားပြီတဲ့.. ဖေဖေ ပြောခဲ့တာနော်..၊ မြန်မာ အိမ်တအိမ် မှာ ငါးပိ မစားရလို့ ဖေဖေ တသက်လုံး အမိန့်ထုတ်ထားတယ်နော်.. မတရားတဲ့ ဥပဒေ နဲ့မလိုက်နာနိုင်တဲ့ ဥပဒေ မျိုး ဖြစ် နေတဲ့ အတွက်.. ရွှေစင်ဦး တို့ တမိသားစုလုံး အဲဒီလိုမျိုး ဆန့်ကျင့်ခဲ့ ညာခဲ့ပါတယ်..ဖေဖေရေ..။
(ဤ စာစုလေး အား  ရုံးတရုံး မှ ဝန်ထမ်း များအားလုံးအား G mail နှင့် G talk မသုံးရဟု အမိန့်ထုတ်ပြန် လိုက်ကြောင်း နှင့် ယင်းအမိန့် အား သိရှိကြောင်း တရုံးလုံး လက်မှတ် ထိုး လိုက်ရကြောင်း ဆိုတဲ့ သတင်းလေး ကို ကြားလိုက်ရတော့ စိတ်ထဲမှာ ခံစား လိုက်ရတာလေး အတွက် ရေးလိုက်တာပါ..)
အင်း..ရေးသာရေးရတယ်.. အိမ်က သမီးတွေ gtalk သုံးလွန်းလို့ ချစ်ညီမ များ အမိန့် ထုတ်လိုက်လေသလား...
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>
Saturday, February 20, 2010
ဒဂန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၂၅)
အင်္ဂလိပ်အပြေးဂျပန်အ၀င်
တိုက်ကြီးမြို့မှာလည်း သူ့ပရိသတ်သူ့, သူ့အပူနှင့်သူ ဖြစ်လာပြန်ပါသည်။ မြို့ထိပ်မှာလာ၍ စခန်းချ, ချနေသောစစ်တပ်များက မြို့ကိုမီးတင်ရှို့ သွားလိမ့်မည်ဟူသော ကောဋ္ဌာဟလ ဖြစ်ပြီး ထိတ်ထိတ်ပြာ ရှိလာကြသည်။ လမ်းပေါ်မှာတိုက်ပွဲ ဖြစ်ချင်လည်းဖြစ်ဦးတော့ မလိုလို၊
သို့ကြောင့် တိုက်ပွဲဖြစ်လျှင် လွတ်ရာဋ္ဌာနသို့ ခေတ္တရှောင်တိမ်းနေရန် ဂျိုးဖြူကန် အနီးရှိလိမ္မော်ခြံမှာ ယာယီတဲ တခုသွားရောက်ဆောက်လုပ် ထားရပါသည်။ ထိုမျှမကသေး၊ နေအိမ်သို့မီးလောင်သွားပါက် ကပစ္စည်းအသုံးအဆောင်များ မပါရလေအောင် မြေကျင်းကြီး တခုကို လူငှားတူးစေသည်။ ပြီးမှ အသုံးအဆောင် ပစ္စည်းများကို ကျင်းကြီးထဲ သယ်ချ၍ အပေါ်က ၀ါးကပ်ဖိကာလျက် မြေကြီးများ ယက်ဖို့ ဖုံးတင် ထားစေရသည်။
အေးအေး ချမ်းချမ်းနေရတော့မည် ထင်ကာမှ လူ့ဘ၀၏ တိုတောင်းလှသော တသက်သာ ကလေး မှာ များလိုက် ရသည့်ဒုက္ခ၊ သို့သော် နိုင်ငံရေး အရိပ်အယောင် မကင်းသူများနှင့် ၎င်းတို့၏ နောက်လိုက် နီးစပ်သူ တို့မှာ စပ်ကူး၊ မတ်ကူး ဖြစ်နေချိန်မို့ ကသီကရီ ဖြစ်ရသည်။ ဂျပန်နှင့် လက်တွဲ ချီတက်လာသော ဗမာ့ တပ်မတော်ကြီးက တနိုင်ငံလုံး သိမ်းပိုက်မိသောအခါ ဂျပန်က ဗမာပြည်ကြီးအား ဒို့ဗမာများလက်သို့ အုပ်ချုပ်ရေးပေးအပ်ခဲ့မည်၊ ထိုအခါ အေးချမ်းသာယာစွာ နေကြရမည်ဟု ယုံကြည်နေကြသည်။
များမကြာမီခင် ဂျပန်စစ်တပ်နှင့် ဗမာ့တပ်မတော်တို့ ရန်ကုန်ဘက်သို့ ချီတက်လာနေပြီ ဆိုသော သတင်း ပေါ်လာသည်။ တိုက်ကြီးမြို့မှာတော့ တိုက်ပွဲမဖြစ်ဘဲ အင်္ဂလိပ်စစ်တပ်များ ဆုတ်ခွါ သွားလေပြီ၊ နောက်တနေ့ တွင် ကျမတို့ နေထိုင်ရန် ဂျိုးဖြူ ကန်စေင်း လိမ္မော်ခြံတွင် အရေးပေါ် ဆောက်လုပ်ထားသော တဲငယ်မှာ ဘီ-အိုင်-အေ ဗမာ့တပ်မတော်မှ ဗိုလ်တေဇ (ဗိုလ်ချုပ်အောင်ဆန်း)နှင့် နောက်ပါ တပ်မတော် သားများ ၀င်ရောက် စတဲချနေကြောင်း ပြောလာ သည်။
ဤတွင် တိုက်ကြီးမြို့မှ နိုင်ငံရေး အဆက်အသွယ်သမားအချို့နှင့်အတူ အပြင်လူများလည်း အူးယား၊ ဖားယား လိုက်ပါသွားကြသည်။ ဗိုလ်ချုပ်အောင်ဆန်းတို့က ပဲခူးရိုးမ၏ အတွင်းလမ်းမှ လျှို့ဝှက် လာကြ သောကြောင့် ဂျိုးဖြူကန်စောင်း လိမ္မော်ခြံသို့ ရောက်လာရခြင်း ဖြစ်သည်။ ထိုကမှ တဆင့် ရန်ကုန် ဆင်းရန် ဖြစ်ပါ သည်။
ဘီ-အိုင်-အေ ဗမာ့တပ်မတော် ရောက်လေရာ အရပ်တို့မှ လူငယ် လူလတ်များသည် တပ်မတော် သားအဖြစ် စုပြုံ လိုက်ပါသွားကြသည်။ မြိတ် ထားဝယ်သားများ၊ မော်လမြိုင်သားများက စစ်ဦး ဘီလူး အချိန် စောစော ပိုင်းကပင် ဘီ-အိုင်-အေ တပ်မတော်သားများအဖြစ် စုပြုံလိုက်ပါလာကြပြီး သား ဖြစ်နေပါသည်။ တိုက်ကြီး မြို့နယ် တ၀ိုက်ရောက်လာပြန်တော့လည်း လူငယ် လူရွယ်များ ရန်ကုန်အထိ စုပြုံ လိုက် ပါသွားကြသည်ကို တွေ့မြင်ရပါသည်။
ဗမာ့ တပ်မတော် အကူအညီနှင့် ဂျပန်စစ်ဗိုလ်များ ရန်ကုန်မြို့ကြီး ၀င်စီးမိကြသောအခါ၌ တိုက်မည့် စစ်တပ် လည်း မရှိတော့ပါ။ တိုက်တာနေအိမ် အဆောက်အဦးကြီးတို့တွင် အရှင်မဲ့ဖြစ်ခါ ကြိုက်ရာ ၀င်နေလိုက် ကြသည်။ ဂျပန်စစ်တပ်သို့၎င်း၊ ဘီ-အိုင်-အေ ဗမာ့ တပ်မတော်နောက်သို့၎င်း၊ ခါတော်မှီ လက်မြဲ နှိုက်ရန် အကြံနှင့် စုပြုံရောယောင် ပါလာသော လူတစု၏ အရေအတွက်ကလည်း မနည်းလှပါ။
ဘာမှန်း မသိသော ဘူးသီးကြော်တံဆိပ် လက်ပတ်အနီစာလုံးနှင့် လူတွေကလည်း မိုးကျရွှေကိုယ် အလား အနှံ့အပြား ပေါ်လာကြသည်။ ရန်ကုန်ပြန်၍ ကိုယ့်အိမ်ကိုယ့်ရာ ပြန်နေရပါ မည့် အကြောင်းကိုလည်း သူတို့ကိုဘဲ အကြောင်းသင့်အောင်ပေါင်း၍ အခွင့်တောင်းမှ ရကြသည် ဟု ကြားသိရပါသည်။
တိုက်ကြီးမြို့မှာ အိမ်တလုံး သီးသန့်ငှါး၍ ရသဖြင့်လည်း မြေကြီးတွငင်းထဲမှ တိုင်းပြည်ပြု ပုံနှိပ် တိုက်၏ အသုံး အဆောင် ပစ္စည်းများ ဖေါ်ယူပြီး ပြောင်းရွှေ့ထားရသည်။ သို့ကြောင့် ရန်ကုန်နှင့် တိုက်ကြီးမြို့ကို ဥဒဟို သွားချည်ပြန်ချည် လုပ်နေရသောအခါ ကားငယ်ကလေးနှင့် ပြေးလွှားကူး သန်းရသဖြင့် သက်သက်သာသာရှိသော်လည်း အခေါက်ရေ များလာသောအခါ အသုံးပြုရသော ဓါတ်ဆီမှာ မူမမှန် သဖြင့် ခရီးလမ်း တွင် ဒုက္ခပေးစပြုလာသည်။
ဓါတ်ဆီကို ၀ယ်ယူသုံးစွဲရာ၌ ရှေးယ ခင်ကလို သန့်သန့်ရှင်းရှင်းမရှိ၊ ရေရောသော ဓါတ်ဆီ၊ အမှိုက်သရိုက် ပါဝင်သော ဓါတ်ဆီများဖြစ်ရာ ထင်ထင်ရှားရှား ၀ယ်၍လည်းမရ၊ ခိုးကြောင် ခိုးဝှက်ရောင်းချသူများထံမှ ၀ယ်ရသည်။ ရောင်းရာ၌ လောဘဇောတိုက်သူများက ဆီဂါလံများအောင် ရေရောသည်။
ဓါတ်ဆီမှာ စစ်အတွင်းဖြစ်၍ ဂျပန်စစ်ဘက်မှ ရရှိသမျှ သိမ်းချုပ် ထားသောကြောင့် အရပ်သူ အရပ် သားများ သုံးရန် အလွယ်တကူ ၀ယ်ယူမရနိုင်သော အခက်အခဲကြောင့် ကားနှင့်မသွားမလာဘဲ မနေနိုင် သူများမှာ ရရာမှ ခဲရာ ခဲဆစ်ရှာဖွေ ၀ယ်ယူရခြင်း ဖြစ်ပါသည်။ ထိုအချိန်က ဓါတ်ဆီမှာ ရွှေ လိုရှားသည်။
ရွှေတွင်းတူးသူတွေလည်း အသက်ကို စွန့်၍ လုပ်ကိုင်ရှာကြရသည်။ သံလျင် ဘီအိုစီ ရပ်ကွက်မှ ဓါတ်ဆီ တိုင်ကီကြီးများသည် ရွှေတွင်းကြီးများ ဖြစ်နေကြသည်။ သေနတ်ထမ်းစောင့်သူ ဂျပန်စစ်သားများ လက်လှမ်း မမှီရာ အရပ်မှ ရွှေရည်တွေကို ခပ်ယူသယ်ပိုးပြီး ဈေးကြီးကြီးနှင့် ရောင်းသူများသည် တကဲ့ ရွှေထုပ်ကြီး များ ပိုက်နေကြရပါသည်။
ဓါတ်ဆီ ဒုက္ခပေးမှုကြောင့် နောက်ပိုင်းမှာ ရန်ကုန်သွားလျှင် ဘတ်စ်ကားနှင့် လိုက်ရသည်။ ဂျပန် စစ်ဘက် မှလည်း စစ်သုံးပစ္စည်းအဖြစ်နှင့် အနိုင်အထက် ယူငင်သုံးစွဲရန် သူတပါးပိုင် ကားရှိသမျှကို မရအရ လိုက်၍ သိမ်းယူ နေကြသည်။
ရောက်လာသော မြို့ရွာ ရပ်ကွက်များ၌ ဘယ်အိမ်မှာ ကား ရှိကြောင်း မေးမြန်းစုံစမ်း၍ ဂျပန်စကားပြန်များ ညွှန်ကြားရာ ဋ္ဌာနသို့လိုက်လာကြပြီး အပိုင် သိမ်းဆည်းဆွဲယူသွားလေ့ ရှိကြရာ အချို့ဂျပန် စကားပြန် များနှင့် အလွှမ်းသင့်အောင် လုပ်နိုင်သော ကားပိုင်ရှင်များ လွတ်သွားသော်လည်း စကားပြန်တို့နှင့် မသိ မကျွမ်း က ကားဆွဲခံကြရမြဲ ဖြစ်ပါသည်။ ဤနည်းအတိုင်း ကျမတို့၏ အသုံးမချလောက်သော ကားစုတ် ကားငယ်ကလေးမှာ လည်း သက်သာရာမရ ဂျပန်လာဆွဲသွားသည်ကို ခံရပြန်ပါသည်။
စစ်ဘေးစစ်ဒဏ်
မြေစမ်းခရမ်းပျိုး ဆိုသလို ကျမတို့သည် ရန်ကုန်ကို မကြာခဏသွားပြီး နေရေးထိုင်ရေးနှင့် အလုပ် အကိုင်ပြန်ဖွင့်ရန် ကြိုးစားနေသော်လည်း အချိုးအစားမကျသေးသဖြင့် ပစ္စည်းများကို မသယ်ယူဘဲ လူချည်းသာ အနေများပါသည်။ ထိုအတွင်း ပုံနှိပ်လုပ်ငန်းကို အစပျိုးရန် မောင်ဂိုမာရီလမ်းပေါ်ရှိ လမ်း ၅၀-နှင့် မျက်နှာချင်းဆိုင် စာပုံနှိပ်စက်တခုကို ငှားပြီး ပိုစတာများ၊ မြို့ရွာအုပ်ချုပ်ရေးဋ္ဌာနတို့မှ အရေး ပေါ်စာရွက်စာတမ်းများကို လက္ခံရိုက်နှိပ်ပေးသော လုပ်ငန်းတခုကို အစပြုထားပါသည်။
၄၇-လမ်းအိမ်မှာ ခေတ္တယာယီနေသာရုံမျှ စတဲချနေချိန်ဖြစ်၍ အိမ်ထောင်ပစ္စည်းလုံလောက်စွာ မသယ် ရသေး။ အိပ်ရာနေရာမပေးနိုင်စေကာမူ အဝေးရောက် ဧည့်သည်များက ရောက်လာကြလေ ပြီ။ ထိုသူများ မှာ အထက်အညာရပ်ဆီမှ ပြန်ရောက်လာကြသော ကျမ၏ တ၀မ်းကွဲ၊ နှစ်ဝမ်းကွဲ မောင်များဖြစ်၍ ဂျပန် အစိုးရ ၀င်လာပြီး အုပ်ချုပ်ရေးစတော့မည်ဖြစ်ရာ သူတို့၏ အစိုးရရာထူးများအ တိုင်း ပြန်လည်ရရန်လာရောက် စာရင်းပေးကြခြင်း ဖြစ်ပါသည်။
အိမ်တဘက် အခန်းမှာလည်း မြစ်ဝကျွန်းပေါ်ရှိ တောရွာအရပ်မှ ရောက်လာကြသော (သူ)၏ ဆွေမျိုး သားချင်း အချို့က ၀င်နေကြပြီး အလုပ်အကိုင်ရှာဖွေကြသည်။ စစ်အတွင်း ရန်ကုန်မြို့၏ အတွင်ကျယ်ဆုံးအလုပ်မှာ ဟိုနေရာက ပစ္စည်းတခုခု ၀ယ်လာပြီး ဒီနေရာမှာ ချရောင်းခြင်း အလုပ်များဖြစ်၍ ဤအလုပ်များကို လုပ်ကိုင်ကြသည်။
ဈေးအနီးတ၀ိုက်ရှိ လမ်းဘေးဘလက်ဖေါင်း များမှာ သူခိုးဈေးခေါ် အဆိုပါ ယာယီကျဘန်း ဈေးသည်များ ထံတွင် ၀ယ်သူတွေ တိုးမပေါက် အောင် စည်ကားလှပါသည်။ ဟင်းသီးဟင်းရွက် ရောင်းသော ဈေးသည်များ၊ သားငါးရောင်းသော ဈေးသည်များ ကြားမှ အင်္ဂလိပ် အိမ်များတွင်သာ အသုံးများသော ငွေရည်သုတ်-ဇွန်း-ခရင်း-ဒါးများ၊ ငွေရည်သုတ်ပန်းအိုး-ပန်းခွက်၊ လဘက်ရည်စုံများနှင့် ပန်းပုထုထားသော ကျွန်းသေတ္တာ ကြီးငယ် များ၊ကော်ဇော၊ ခန်းဆီး၊ စားပွဲခင်းကြီးများကို ချရောင်းနေကြသည်။ ဂိုလ်ဒင်ဘဲလီ၊ ပြည်လမ်း တ၀ိုက်ရှိ အင်္ဂလိပ် အိမ်များမှ ဇိမ်ခံပစ္စည်းများကို အ၀တ်အထည်ရွှေတိုငွေစ ပစ္စည်းများလောက် စုံမက်ခြင်း မရှိကြ၍ ဈေးပေါပေါနှင့်ချရောင်းနေသည်။
ဒါတွေကို နားလည်သူများက လိုက်လံဝယ်ယူပြီး သိမ်းဆည်းကာ တန်ဘိုးနားလည်သူများထံသို့ အမြတ် တင်၍ ရောင်းခြင်းဖြင့် ၀င်ငွေကောင်းလာကာ လူမွဲခမြာတို့ ၀မ်းရေးပြဿနာကို ဖြေရှင်း နိုင်ကြသည်။
ကျမတို့ ရန်ကုန်သို့ ပြန်ပြောင်းလာကြတော့မည့်အတွင်းမှာ အိန္ဒိယရောက် အင်္ဂလိပ် အစိုးရဋ္ဌာနမှ ရေဒီယိုကျေညာချက်များကို ကြားသိရပြန်ပါသည်။ ၄င်းကျေညာချက်၏ အဆိုမှာ ဗမာပြည်ကို ပြန်လည်တိုက်ခိုက်တော့မည် ဖြစ်ကြောင်း၊ လေကြောင်းမှ တိုက်ခိုက်မည်ဖြစ်ရာ ဗုံးများ ကြဲချစရာ အဆောက်အဦများနှင့် နီးနီးကပ်ကပ်မနေကြရန် နေမိသော မြို့သူမြို့သားတွေကိုလည်း ပြောင်းရွှေ့ ရှောင်ရှား နေကြရန် သတိပေးပါသည်။ ရေဒီယိုဖွင့်လိုက်တိုင်း ဤသတိပေးသံသာပေါ်လာသည် ပြောသည့် အတိုင်းလည်း ညဥ့်ဦးယံနှင့် သန်းခေါင်ပိုင်းမှာ အင်္ဂလိပ်တိုက်လေယာဉ်များသည် တ၀ီဝီနှင့်ရောက်လာပြီး ရန်ကုန်မြို့လယ် တ၀ိုက်မှာ ဗုန်းမိုးရွာချကြလေသည်။
    မြို့လယ်ရှိ လူနေအိမ်ခြေတိုက်တာ အဆောက်အဦတွေမှာ ၊ဗုန်းချက်ကြောင့် ပြိုပျက်ကြရပြန်သည်။ ဗုန်းစမှန်၍ သေသူတွေ၊ တိုက်ပြိုပိ၍ မချည့်မဆန့်သေရသူတွေမှာ မြို့သူမြို့သားများနှင့်တကွ ဂျပန် စစ်သားများ ဖြစ်ကြပါသည်။ သို့ကြာ်င့ ညညဆိုလျှင် မည်သူမှ အိပ်ကောင်းခြင်း မအိပ်ရ၊ နားက တ၀ီဝီမြည်သံ ကိုသာ စွင့်နေရပါသည်။
တနေ့သောညတွင် ကျမတို့နေထိုင်ရာ ၄၇-လမ်းအိမ်နှင့် တအိမ်ခြားကစပြီး ကရစ်လမ်း၊ လမ်း၅၀-တို့အထိဒါးလွယ်ခုတ်ကြီး ဗုန်းများဆက်တိုက် ကြဲချသွားခြင်းခံရသဖြင့် မြင်မကောင်း ရှုမကောင်း ဖြစ်သွားသည်။ ခါတိုင်းနေ့များဆိုလျှင် သည်လောက်နီးနီးနားနား မကြုံခဲ့ရ၍ ကြောက်ပေမင့် နေသာသေး သော်လည်း ယခုအချိန်မှာတော့ ကံကောင်း၍သာ သီသီကလေး လွတ်သွားရသဖြင့် အတော်ဘဲ တုန်လှုပ် ချောက်ချား ဖြစ်ကြရပါသည်။
ထို့ပြင် ညစဉ်ညတိုင်းဆိုသလိုက လေယာဉ်ပျံသံကြားလျှင် အူယားဖါးယားနှင့် အိမ်ထဲက ပြေးထွက်ပြီး လမ်းထိပ်ရှိ လေကြောင်း ခိုလှုံရာ အုတ်ဂူကလေးများသို့ လာရောက်ပုန်းအောင်းရသည်။ သို့ပုန်းအောင်း ကြရာမှာလည်း သက်သာမှုမရှိပါ အုတ်ဂူကလေးများ အတွင်း၍ နေ့ခင်းနေ့လည်က လမ်းသွား တစုသည် ကျင်ကြီးကျင်ငယ် စွန့်သော အိမ်သာအဖြစ် တာဝန်မဲ့စွာ ပြုလုပ်ခဲ့ကြသဖြင့် နှာခေါင်းကို ပိတ်လျက် အသက်အောင့် နေကြရပါသည်။ ကြာလျှင် လက်ငင်းထိမည့် ဗုန်းအန္တရာယ်ထက် အသက်အောင့် ရသော ဝေဒနာနှင့် အလွန်စူးရှသော အနံ့အသက်များကြောင့် ကျန်းမာရေး ထိခိုက် လာမည့် အန္တရာယ်မှာ သာ၍ဆိုးဝါးလာပါတော့မည်။
သို့ကြောင့် မြိုကတွင်းမှာမနေ၀ံ့၍ မြို့ပြင်ရှိအေးချမ်းမည့် ရပ်ကွက်တွင် အိမ်တခု ရှာဖွေ ပြောင်းရွေ့ကြရန် သန္နိဋ္ဌာန်ချလိုက်ရသည်။ ထိုအချိန်က ကြိုက်ရာအိမ်ကို ၀င်နေရဲကြသူများမှာ အိပြဿနာရှင်းနေသည်။ အချို့က ကိုယ့်အိမ်ကိုယ်ပြန်မနေ၀ံ့ကြသဖြင့် နေရဲသူများကို အိမ်စောင့်သဘွယ်နေတော်မူကြပါဟု ခခ ယယ တင်ထားကြရပါသည်။
သို့မဟုတ်ပါက ဂျပန်စစ်တပ်က သိမ်းယူအသုံးပြုတတ်ကြသည်။ သုံးလျှင်လည်း အေးအေး နေကြခြင်း မဟုတ် အိမ်ထဲရှိ စားပွဲကုလားထိုင် ဘီရိုစန္ဒယားအထိ ထမင်းချက်ရန် ထင်းမရှိ၍ ထင်းအဖြစ်နှင့် အသုံးချ တတ်ကြသည်။ ထင်းအဖြစ် အသုံးချရန် အိမ်ထောင်မှုပစ္စည်းများ ကုန်သောအခါ ပြူတင်းပေါက် တံခါးရွက် များ ထရံများကိုပါ ခွာယူပြီး မီးမွှေးကြပါသည်။
သို့ကြောင့်အိမ်ပိုင်ရှင်များမှာ နေပေးမည့်လူကို ရှိခိုးဦးတင်လိုက်ရှာနေရသော အခိုက်အတန့်တွင် ကျမတို့ မှာတော့ ရွှေဂုံတိုင်လမ်း အမှတ် ၂၂၁ရှိ အိမ်ကြီး တလုံးကို တလလျှင် လခ ၁၀၀ိနှင့် သွားရောက် ငှားရမ်း ရပါသည်။ ရွှေဂုံတိုင်ရပ်ကွက်မှာ ထိုအခါက အန္တရာယ်ကင်းပြီး တိုက်လေယဉ်ပျံများလာ၍ ဗုန်းချ တတ်သော နေရာမျိုးမဟုတ်ဟု ယူဆကာ၊ ပြောင်းရွှေ့နေထိုင်ရန် ပိုင်းဖြတ်ရခြင်း ဖြစ်ပါသည်။
အိမ်ကြီးမှာ ၀င်းခြံနှင့် တောင်ပူစာ ကလေးပေါ်တွင် တည်ဆောက်ထားသော နှစ်ထပ်အိမ်ကြီး ဖြစ်ပါသည်။ နောက်ဖေး အစေခံ တန်းလျားရှည်ကြီးကပင် ၈-ခန်းမျှရှိသည်ဟုထင် ပါသည်။ အိမ်ကကြီးပြီး နေသူက နေးနေရာတွင် ကျမထံ၌ သားသ္မီးအဖြစ် မွေးပါတော့ဟု အပနှံထားသော ခလေးမကလေး သုံးဦး၏ဖခင်၊ ယခင် ဒလဘက်၌ လယ်ကူလီလုပ်သူသည်။
ရုတ်တရက ရွှေထုပ်ကြီးကိုင်ကာ ပေါက်လာပါတော့သည်။ သူယူလာသော ရွှေထုပ်ကြီးကို ဖြေပြသောအခါ ရွှေခြေကျင်း ရွှေလက်ကောက်၊ ရွှေဆွဲကြိုးများကို တွေ့မြင့်ရပါသည်။ သူသည ဘီအိုစီမှ ရေရည်တွေကို သယ်ယူ ရောင်းချသော အလုပ်နှင့်ချမ်းသာ လာပြီဖြစ်၍ သ္မီးများဝတ်ဆင်ရန် သည်ရွှေတွေယူလာသည် သ္မီများ ကိုလည်းး သှူနှင့်အတူနေထိုင်ရန် ပြန်ခေါ်သွားတော့မည်ဟု ဆိုပါသည်။
ပုံနှိပ် လုပ်ငန်း ပြန်လည်တာစူခြင်း
.
>>>ဆက်ဖတ်ရန်>>> >>
မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၂၀)
သူသည် ကျွန်မ၏ အလုပ်ရှင်ဖြစ်ကြောင်းဖြင့် ဒေါက်တာဆူဇူကီးက အမြဲမပြတ်သတိပေးလေ့ရှိ ပါသည်။ ဗိုလ်မှူးကြီး ၌ ရာထူးအရှိန်အ၀ါ ရှိသည် မှန်သော်လည်း ပြင်ဦးလွင်၌ နေထိုင်၍ မဖြစ်နိုင် ကြောင်း ကျွန်မကို တိုက်တွန်း ပြောဆိုလေ့ရှိပါသည်။
မင်းသာ တကယ်လို့ မလိုက်နာခဲ့သေည် ဖြစ်ပေါ်လာမည့်အခြေအနေသည် အလွန်းဆိုးရွားလိမ့် မည်ဖြစ် ကြောင်း ဖြင့်ဒေါက်တာဆူဇူကီးက သတိပေးပါသည်။ သူ၏စကားကို နားမထောင်၍ မဖြစ်ပါ။ သူသည် ဘုရင်ခံ တစ်ဦးပင်ဖြစ်၍ အစပထမ၌သူ၏ ခြမ်းခြောက်မှုကို တော်လှန်ရန် ရည်ရွယ်ချက် မရှိခဲ့ပါ။
အချိန်များက တဖြည်းဖြည်း ကုန်လွန်ခဲ့သည်။ ကျွန်မ၏ သတ္တိများကိုပြန်လည် စုစည်းပြီးစွန့်စား ကြည့်ရန် ဆုံးဖြတ် လိုက်သည်။ ယင်းကဲ့သို့ တစ်ခုခုကို စွန့်စားရန် ဆုံးဖြတ်ခြင်း မပြုခဲ့သော် စစ်ပွဲကြီး ပြီးဆုံး သွားသည်အထိ ရန်ကုန်တွင် သောင်တင်နေမည် ဖြစ်ပါသည်။ ဒေါက်တာဆူဇူကီး သည်အခြေအနေအရ ကျွန်မပေါ်၌ ကျေနပ်နေသူဖြစ်၍ ကျွန်မကိုပြန်ခေါ်၍ မရခဲ့သေည်စိတ်ဆိုး မည်ဖြစ်ပါသည်။ သို့သော် သူသည် ကျွန်မအားဖမ်းဆီး သည်အထိပြုမှုလိမ့်မည် မဟုတ်ဟု ယူဆထားပါသည်။
နောက်တစ်ခေါက် ကျွန်မ ပြင်ဦးလွင်သို့ သွားသောအခါ သူ၏အမိန့်ကို ဖီဆန်ရန်ကျွန်မဆုံးဖြတ် လိုက် ပါသည်။ သူထံမှကျွန်မအား ရန်ကုန်မြို့သို့ ချက်ချင်းပြန်လာရန် အမိန့်ပေးသောစာနှစ်စောင် ရရှိခဲ့သည်။ သို့သော် ကျွန်မက နားမထောင်ခဲ့ပါ။
ပြီးပြီး ပျောက်ပျောက် ဖြစ်သွားပြီဟု စိတ်ထဲတွင် ထင်မှတ်နေစဉ် ပြင်ဦးလွင် ရဲဋ္ဌာနသို့အမြန်သွား ရောက် သတင်းပို့ရန် ကျွန်မထံသတိပေးစာ တစ်စောင်ရောက်ခဲ့သည်။
ဋ္ဌာနက "ကျွန်မသည် ပေးအပ်သော အမိန့်တာဝန်ကို ပြောင်ပြောင်တင်းတင်း ငြင်းပယ်ခဲ့ခြင်း အတွက် စစ်အရာရှိများ ရိပ်သာတွင် အစေခံအဖြစ်ဆောင်ရွက် ရမည်"ဟု ပြောလိုက်ပါသည်။ ထိုအ လုပ်သည် မည်သို့သော အလုပ်ဖြစ်သည်ကို အခြားသူများထံမှ ကျွန်မသိထားပြီး ဖြစ်ပါသည်။
"ကျွန်မသည် သူနာပြုဆရာမတစ်ဦးသာ ဖြစ်၍ မမာမကျန်းဖြစ်သူ များအား ဆေးကုသပေးသူ တစ်ဦး ဖြစ်ကြောင်း" ဖြင့်စိတ်ဆိုးဆိုးနှင့် ပြောချလိုက်သည်။ ကျွန်မအနေနှင့် စစ်တပ်တွင် ဖြေဖျော်သူတစ်ဦးအဖြစ် မလုပ် နိုင်ကြောင်း ဒေါသတကြီးနှင့် ပြောပြစေကာမှု ပုလိပ်အရာရှိများက နားမ၀င်ကြပါ။ သို့သော် လာဘ်ထိုး လိုက်သောအခါ ဟန်ကျသွားခဲ့၏။ သူတို့ကပြင်းထန်စွာ သတိ ပေးပြီးပြန်လွှတ်လိုက်ပါသည်။ သို့ဖြင့် ဂျပန်စစ်တပ်၏ 'ဖြေဖျော်သူ'(မိန်းမရွှင်) အဖြစ်မှ ကင်းလွတ် ခဲ့ရပါသည်။
ဒီဇင်ဘာလထဲသို့ ရောက်သောအခါ ကျွန်မနှင့်ဖခင်တို့အား လက်ရှိနေထိုင်လျက် ရှိသော ဂျိုင်းဗီးလ် နေအိမ် မှ ပြင်ဦးလွင်နှင့် လားရှိုးလမ်းပေါ်တွင် ရှိသည့်စစ်တပ်က သိမ်းထားသော အိမ်သို့ ရွှေ့ပြောင်း ပေးရန် စစ်တပ်မှ အမိန့်စာ ရောက်လာသည်။
မက္ကင်တိုင်ဟာမိသားစုမှာ ထိုအမိန့်မျိုးကို ခပ်စောစောကပင်ရရှိခဲ့ ပြီးဖြစ်၍ပြောင်းသွားနှင့် ပါပြီ။ ကျွန်မ တို့သည်လည်း ယင်းအမိန့်စာကို စောဒကတက်မနေတော့ဘဲ ခွေးနှစ်ကောင်၊ မက္ကင်တိုင်ယာ တို့ ပေးထား ခဲ့သော ကြက်တူရွေး တစ်ကောင်၊ ဘဲနှစ်ကောင်နှင့် အတူ သတ်မှတ်ပေးသည့် အိမ်သို့ပြောင်းလာခဲ့သည်။
အိမ်က ကြီးပြီး မှောင်သည်။ လူကနည်းသဖြင့် နေထိုင်ရသည်မှာ အထီးကျန်နိုင်လှသည်။
ရက်များ တဖြည်းဖြည်း ကုန်လွန် သွားသောအခါ ပြောင်းရွေ့ရန် အမိန့်ကျ၍ ပြောင်းလာသူအများ အပြားသူ အများ အပြားသည် ဤအရပ်သို့ဗြိတိသျှလေထီး သမားများဆင်းသက်လာလိမ့် မည်ဟူသော ကော လာဟလ သတင်း ထွက်နေသောကြောင့် မြို့ပြင်သို့ ရွှေ့ပြောင်း သွားကြကုန်သည်။
လူအများ ဘေးကင်းရာသို့ ရွှေ့ပြောင်း သွားကြသဖြင့် ကျွန်မ၏လူနာများ နည်းပါး သွားခဲ့ပါသည်။ ရေနွေးပူပူ ထဲသို့ ပြဒါးတိုင်းထည့်ထားသလို ကုန်ဈေးများကခေါင်ခိုက် နေသဖြင့်ရန်ကုန်တွင် စုဆောင်း လာခဲ့သောငွေများ မကြာမီပင်ကုန် သွားတော့သည်။
ခရစ်စမတ် ပွဲတော် မတိုင်မီတစ်နေ့တွင် ကျွန်မသည်အလွန် စိတ်ဓာတ်ကျနေသည်။ ပွဲတော်တွင် စားသောက် ရမည့်ပစ္စည်းဆို၍ ဘာမျှမရှိ။ ဘဲနှစ်ကောင်မှလွဲ၍ စားစရာစိုးစဉ်မျှမရှိပါ။ ပူအိုက်သော ဒေသ များ၌ အလွန်တရာလိုအပ်သော ဆားပင်လျှင်တစ်ပွင့် တလေမှမရှိ။
သင်သည် ဆားမရှိသည့် အချိန်နှင့်ကြုံကြိုက်သောအခါ ဆား၏ တန်ဖိုးရှိပုံကို နားလည်ပါလိမ့်မည်။ အလွန် ပူအိုက်သောရာသီ၌ ဆားမရှိလျှင် လူပင် သေနိုင်ပါသည်။ ဆားပုံးအလွတ်ကို ခလောက်လှုပ် ခါချနေရင်း လစာဆိုသော salary သည် လက်တင်ဘာသာ sal မှ ဆင်းသက်လာပြီး sal သည်ပင် ဆား (salt) ဖြစ်ကြောင်း စဉ်းစား နေမိသည်။ ဆားသည် လူအများအတွက် အမြင့်ဆုံးတန်ဖိုး ရှိသော ပစ္စည်းဖြစ်ပါသည်။
အများနှင့်လိုက်ပြီး ပြောင်းရွေ့သွားခြင်း မပြုသူများတွင် မစ္စတာဟက်စကင်တို့ ပါဝင်ပါသည်။ မိသားစုမှာ မိဘနှစ်ပါးနှင့် သားနှစ်ယောက်ဖြစ်သည်။ မစ္စတာဟတ်စကင်မှာ အိပ်ရာထဲမှထနိုင် သူမဟုတ်၍ သူ့ဇနီး အခြေအနေမှာ ကျွန်မထက်ပင်ကုသိုလ် ဆိုးပါသေးသည်။ ဒီကြားထဲတွင် သူမကကျွန်မတို့သားအဖကို သတိရဖော် ရရှာသည်။ သူမ၏သားနှစ်ယောက်ကို ကျွန်မတို့ထံသို့ သာယာချမ်းမြေ့သော ခရစ္စမတ် ဖြစ်စေကြောင်း ဆန္ဒပြုရန် စေလွတ်လိုက်ခြင်း ဖြစ်ပါသည်။
သူတို့နှစ်ယောက်၏ အသက်မှာတစ်ယောက်က ၁၆နှစ်ဖြစ်၍ အခြားတစ်ယောက်က ၁၄နှစ်ဖြစ်ပါ သည်။ တံခါးဝသို့ ရောက်လာကြသော သူတို့နှစ်ဦးမှာ ၀ါးခြမ်းပြားထောင်ထားသလို ပိန်လှီနေကြ သဖြင့်သူတို့၏ အသက် ကိုကျွန်မ မခန့်မှန်းနိုင်ခဲ့ပါ။ သူတို့ကိုကြည့်ပြီး စိတ်မကောင်းပါ။
ငါ့မှာတော့ ဘဲနှစ်ကောင် ရှိတယ်၊ မင်းတို့ဖမ်းလို့ရရင် ဖမ်းပြီး အိမ်ပြန်ရောက်ရင် မင်းတို့ အမေကို ပေးလိုက်ပါ ဟု ကျွန်မ ပြောလိုက်ပါသည်။
ကျွန်မသည် သူတို့ နှစ်ယောက်လောက် လျင်မြန်စွာ လှုပ်ရှားနိုင်သူ များကို မမြင်ဖူးပါ။ သို့ဖြင့်ဘဲ နှစ်ကောင် ကတော့ သူတို့လက်ထဲရောက်သွားမည် အမှန်ပင်။
သူတို့ နှစ်ယောက် ပြန်သွားသောအခါ ဘဲနှစ်ကောင် အဆက်မပြတ်တဂတ်ဂတ် အော်သွားသံကို  ကြားနေ ရသည်။ ကျွန်မ၏စိတ်ထဲတွင် မတင်မကျဖြစ်မိသေးသည်။ ကျွန်မ၏ အဆုံးအဖြတ်စော သွားခြင်း ကို စိတ်မကောင်း မဖြစ်ပါ။ ဖုန်အလိမ်းလိမ်း ထနေသောဥယျာဉ်ထဲတွင် လမ်းလျှောက်ရင်း ကျွန်မတို့အတွက် ပွဲတော် အတွင်း ချက်ပြုတ် စားသောက်ရန်အသားနှင့် ပစ္စည်းများ မည်သို့ ရနိုင်မည်ကို စဉ်းစားနေမိသည်။
ထိုအချိန်တွင် လူတစ်ယောက်စက်ဘီးစီး၍ ခြံထဲသို့ ၀င်လာသည်ကို တွေ့ရသည်။ သူ၏စက်ဘီး လက်ကိုင်တန်း နှင့် ဘားတန်းပေါ်၌ အထုပ်အပိုးပေါင်းများစွာ တင်ထားသည်ကို တွ့ရ၏။ ခြံတွင်းသို့ ၀င်လာပြီး အနီးရောက်၍ဆလံ ပေးတော့မှလက်ကျိုး၍ ကျွန်မကိုယ်တိုင်အရိုး ဆက်ပေး လိုက်သော ကလေးမလေး၏ ဖခင်ဖြစ်ကြောင်း မှတ်မိပါတော့သည်။
သူက သူ့သမီးလေး ၏ လက်သည် ပြန်လည်၍ ဆက်သွားခဲ့ပြီး မှုလကအတိုင်း လက်ကို ပြန်လည် အသုံးပြု နိုင်ခဲ့သဖြင့် ထိုအကြောင်းကို ကျွန်မအားပြောပြလို၍ နေရာအနှံ့အပြား လိုက်လံရှာဖွေခဲ ကြောင်း၊ မကြာ သေးမီကမှု တစ်စုံတစ်ယောက်က ကျွန်မမည်သည့် အရပ်တွင်နေထိုင်ကြောင်း ပြောသဖြင့် ခရစ္စမတ်ပွဲတော် ၌ စားသောက်နိုင်ရန် အသားနှင့် လိုအပ်သော ဟင်းချက်စရာပစ္စည်း အနည်းငယ် ယူလာခဲ့ကြောင်း ပြောပြ ပါသည်။
ကျွန်မသည် အထုပ်များ ကို စားပွဲပေါ်သို့ ဖြေချရင်း ၀မ်းပန်းတနည်းဖြင့် ငိုမိပါသည်။ ဆိတ်ပေါင် တစ်ပေါင်၊ ဟင်းသီး ဟင်းရွက်များ၊ ဆီပုံးများဂျုံအိတ်များ၊ ဆန်၊ အမွှေးအကြိုင်များနှင့် ကျွန်မစိတ်ကို ကြိုတင် သိနေသည့် အလား ဆားပါ ပါလာသည်။ ကျွန်မက ကျေးဇူးတင်စကား ပြောသည်ကိုပင် လက်မခံဘဲ စက်ဘီးပေါ် တက်ပြီး ထွက်သွား ပါတော့သည်။
သူ့ကိုနောက်ထပ်မတွေ့ရတော့ပါ။ လမ်းဘေးတွင် ရှိသော ခြတောင်ပို့က ကျွန်မတို့၏ ခရစ္စမတ်ပွဲ တော် အောင်အောင် မြင်မြင် လုပ်နိုင်ရေး အတွက် ကယ်တင် လိုက်ခြင်း ဖြစ်ပါသည်။
ကလေးမလေး၏ လက်ပြန်လည်ကောင်းမွန်သွားသည့် အတွက် ၀မ်းသာရပါသည်။ ဖြစ်သလို ကုသ ပေးခဲ့ ရသော်လည်း အောင်မြင်ထိရောက် သွားသည့် အတွက် ၀မ်းသာရပါသည်။ သို့သော် ၀မ်းအသာဆုံး မှာ ခရစ္စမတ်ပွဲတော်နေ့ တွင် ဟန်ကျ ပန်ကျ စားသောက်ရတော့မည့်အတွက် ဖြစ်ပါသည်။ နောက်တစ်နေ့ တွင် ခရစ္စမတ်ပွဲတော်၏ ညစာကို ကျွန်မတို့ ကျကျနန စားသောက် နိုင်ခဲ့ကြပါသည်။  ခွေးများသည်ပင် ကူညီ စားသောက် ကြပါ၏။
ဇန်န၀ါရီလ အစပိုင်း၌ဗြိသိသျှ ဗုံးကြဲလေယာဉ်ပျံများ၏ ပထမဆုံးအကြိမ် ဗုံးကြဲခြင်းကို ကျွန်မတို့ ခံကြ ပါသည်။ အချိန်မှာမနက်တစ်နာရီထိုးပြီးစ ဖြစ်သည်။ အချိန်ကိုတော့အတိအကျ သိ၏။ သတင်းစာနှင့် ပြက္ခဒိန် မရှိသောကြောင့် ရက်အတိအကျ ကိုမူ မသိပါ။ ကောင်းကင်ယံ တွင် လေယာဉ်ပျံစက်သံများ နှင့် ဆူညံ နေပါသည်။ ရုတ်တရက် ချက်ချင်း နေထွက်လာသလို ကောင်းကင်ယံ တစ်ခုလုံး လင်းထိန် သွားပါသည်။
ကျွန်မသည် ဆင်ဝင်အောက်သို့ ပြေးထွက်သွားကာ မီးရှူးမီးပန်း များပါသည့် လေးထီးများ မြေပြင် သို့ ဖြည်းဖြည်း ကျဆင်းလာသည်ကို မှင်တက်စွာ ဖြင့် ကြည့်နေမိသည်။ စိတ်ထဲတွင်လည်း သိပ်လှတာပဲဟု ထင်မိပါသည်။ ထိုအလင်းရောင်ကိုယူပြီး ဗုံးများကိုသွန်ချပါတော့သည်။ ကျွန်မသည်ဖခင်အား စားပွဲ အောက်သို့ ရွှေ့ပြောင်းပေနေစဉ်မှာပင် စူးရှသော လေချွန်သံနှင့် အတူ ပြင်းထန်သော ပေါက်ကွဲသံ ပေါ်ထွက် လာပြီးကျွန်မမှာ အခန်းထောင့် တစ်နေရာသို့ လွင့်စဉ် သွားခဲ့ပါသည်။
နောက်ထပ် ပေါက်ကွဲသံများ ဆက်ကာ ဆက်ကာကြားရသော်လည်း အိမ်ကတော့ပြိုကျ မသွားသေး ပါ။ ဘာတွေများ ဖြစ်ကုန်ပြီလဲဟူသော သိချင်စိတ်ဖြင့် အပြင်သို့ ထွက်ကြည့်ရာ ကျွန်မတို့၏ အိမ် နှင့် ကိုက်၂၀၀ခန့်သာ ဝေးသော ရေတွင်းတည့်တည့် သို့ ဗုံးတစ်လုံး ကျရောက် သွားပြီး မပေါက်ကွဲ သေးသည်ကို  တွေ့ရပါသည်။
ဗုံးကြဲ နေခိုက်မှာပင် ဘီးများလှိမ့်လာသံ၊ လှည်းဝင်ရိုးမှ ဆီမထိုး၍ ထွက်ပေါ်လာသံ များကို အဆက်မပြတ် ကြားနေ ရ၏။ အပြင်သို့ ကျွန်မ ထွက်ကြည့်သောအခါ လမ်းပေါ်တွင်အထုပ်အပိုး ကိုယ်စီဖြင့် ရနိုင်သော ယာဉ်များ အပေါ်၌ ပစ္စည်းများတင်ဆောင်ပြီး မြို့ကိုစွန့်ခွာ ပြေးကြမည့်လူများ ပြည့်ကျပ်နေသည်ကို တွေ့ရ ပါသည်။ နွားလှည်းများ၊ လက်တွန်းလှည်းများ၊ ကလေးများတင် ဆောင်သည်တွန်းလှည်းမျာကို တွေ့ရသ်။ သူတို့သည် ခြေဦးတည့်ရာသို့ သွားနေကြသူများဖြစ် သည်။ ကျွန်မနည်းတူ သူတို့သိနေကြသည်က ဗုံးတစ်ခါ ကြဲပြီဆိုလျှင် နောက်ထပ်အကြိမ် ပေါင်းများစွာ လာတော့မည် ဟူ၍ပင် ဖြစ်သည်။ အစရှိက အနောင်နောင် ဆိုရိုးစကားရှိသည် မဟုတ်ပါလော။
ထိုညတွင် အိပ်၍ မရတော့ပါ။ ကျွန်မသည် ဖခင်ကြီးအား နံနက်စာ ကျွေးပြီး အထုပ်အပိုးများ ပြင်ဆင် ထားရန် မှာကြားခဲ့ကာ ဘုန်းတော်ကြီး ကီးအိုထံသို့ သွားပါသည်။ ကျွန်မအနေနှင့် ဘေးအန္တာရယ် ကင်းရှင်းသော နေရာကိုလိုက်ရှာနေခိုက် ဖခင်ကြီးအားလက်ခံထားပါရန် လျှောက်ထားရန် ဖြစ်ပါသည်။ ဘုန်းတော်ကြီး ကီအို ကလည်း ဝမ်းမြောက်ဝမ်းသာ ပင် လက်ခံမည် ပြောသဖြင့် ကျွန်မသည် လက်တွန်း လှည်း တစီးငှား၍ တွန်းလှည်း ပေါ်တွင် ဖခင်ကြီး နှင့် သူ၏ အဝတ် အစားများ၊ ကြက်တူရွေး နှင့် ခွေးနှစ်ကောင် ကို တင်ကာ ဘုန်းကြီးကျောင်းသို့ ပို့ခဲ့သည်။
ဆက်ရန်
>>>ဆက်ဖတ်ရန်>>> >>
Friday, February 19, 2010
လှဲခကျြကနာ
ဒီနေ့ မနက် ဘာရေးရမလည်း စဉ်းစားနေတာ ဆီပုံး ထဲ ဖတ်လိုက်တော့ ကံဆိုးသူ ကိုဆိုဆီဂါးဒိုး (sosegado) ကိုသွားတွေ့ တယ်...၊ မန္တလေးမှာ လွဲသွားတယ် တဲ့..(ကိုဆိုဆီ ရေ လွဲချက်ကနာ ဗျ..)...။
ကျနော် ဘလော့ လေး စရေးဖြစ်တဲ့ အကြောင်းလေး စပြောချင်တယ်..၊ ကျနော့် ဆိုင်မှာ အင်တာနက် စတတ် ချိန်က စပြီးတော့ ဘလော့ဂ် တွေ လျှောက်ဖတ်တယ်ဗျ..၊ တချို့ ဘလော့ဂ်လေး တွေ ဖတ်လို့ တော်တော် ကောင်း တယ်..၊ ကျနော် လည်း ရေးချင်စိတ်ပေါက်လာတယ်..၊ ကိုမင်းဒင်တို့ ကိုနဗန တို့ဆို ကျနော် တော်တော်ကြိုက်တယ်..၊ စာရေးတော်တော် ကောင်းကြတယ်..၊ ဒါနဲ့ ငါလည်း ရေးမယ်ဆိုပြီး ရေးဖြစ် သွားပါတယ်..၊ ဘလော့ဂ် စ ရေးကထဲက ကျနော် ရဲ့ favorite ဘလော့ဂ်ဂါ များရဲ့ အကြံဉာဏ် တွေကို တောင်းပါတယ်..၊ စာရေးတာ ဘာတွေ လိုလည်း ပေါ့ ..၊ ၂ယောက်စလုံး သေသေချာချာ အကြံ ပေးကြ ပါတယ်..၊ ကျေးဇူးပါဗျာ..။
ကျနော် ဘလော့ မထောင်ဖြစ်ခင်က ကျနော်က ဆိုင်မှာ နေတာများတယ် ဆိုတော့ ချစ်ချစ်ကြီးတို့ ချစ်ညီမ တို့ အပြင်ထွက်တယ် ဆိုရင် ကျနော်က လိုက်ချင်တယ်..၊ ဘယ်လဲပေါ့..၊ ချစ်ချစ်ကြီးကလည်း အရင်တုန်းက တော့ ဘယ်သွားသွားခေါ်တယ်ဗျ..၊ နောက်ပိုင်း ကြ ကျနော့် ကို ရှုတ်တယ်ပေါ့ ..၊ သိပ်မခေါ်ချင်တော့ဘူး..၊ ဆိုင်တဘက်နဲ့ ဆိုတော့ ပိုဆိုးတာပေါ့..၊ ဆိုင်ပစ်ပြီးတော့ လိုက်ချင်တယ်ဆိုပြီး ပိုပြီးမခေါ်ချင်တော့ဘူး..၊ ချစ်ညီမ ကလည်း ဒီလိုဘဲ..၊ ကျနော်လည်း အဲဒီလို မခေါ်ချင်လေ လိုက်ချင်လေဘဲ..၊ ကျနော့် အလစ်ချောင်းပြီး အပြင် ထွက်ချင် တဲ့ သူတွေကို နောက်ကနေ အတင်းပြေးပြေး ပြီးတော့ မှီရာ ဆွဲ လိုက်တယ်ဗျ....၊ တလွဲ မတွေးနဲ့နော် ထမိန်တို့ ပုဆိုး တို့ပါ..။
အခုလို ဘလော့ဂ်ထောင်ပြီး စာရေးနေတဲ့ အခါကြတော့ ကျနော်က သူတို့ကို ဂရုကို မစိုက်တော့ဘူး.. ဒင်းတို့ ဘာသာ ငရဲပြည်သွားသွား နတ်ပြည်သွားသွား ငါ့အလုပ်မဟုတ်ဘူး ဆိုပြီး.. လှည့်ကို မကြည့် တာ..၊ အဲဒီအခါကြတော့ သူတို့က သဘောပြောင်းသွားပြီဗျ....၊ လူ့ စိတ်များ သိပ်ခက်ဆိုတာ ဒါမျိုးနေမှာ.. လိုက်ချင်တုန်းကတော့ ဟိုရှောင်ပြေး ဒီရှောင်ပြေး နဲ့ အခုကြ ကျနော် မလိုက်ချင်ဘူးဆိုတော့ ခေါ်ချင်ကြပြန်ရော.. မင်းမလိုက်ရင် မဖြစ်ပါဘူး.. အညောင်းမိလိမ့်မယ်.. လေညှင်းခံလေး လိုက်ခဲ့ပါအုန်း နဲ့ ခေါ်လိုက်ကြတာဗျာ..။
ရွှေစင်ဦး ကို ဒီလို စမ်းလို့ဘယ်ရမလည်း.. ၊ ရွှေစင်ဦး တို့က မင်းတို့သွားတဲ့ မန္တလေး မြို့ထဲက နေရာလေး တွေကို ပျင်းတယ်.. မင်းတို့ရဲ့ မန္တလေးက မိတ်ဆွေတွေကိုလည်း ပျင်းတယ်.. ငါ့မိတ်ဆွေတွေက ကမ္ဘာအနှံမှာ ရှိတယ်..၊ ရွှေစင်ဦး လေးကိုလည်း ခင်ကြတယ်.. ချစ်ကြတယ်.. လို့ပြန်ပြောလိုက်တယ်..၊ အမယ် ချစ်ချစ်ကြီးက ... ငါတော့ မယုံပါဘူးတဲ့.. ကျနော်လည်း ကိုဆိုဆီ နဲ့ သက်သေ ပြမယ်ပေါ့ .. သူက နှစ်ကူး လာမယ်ဆိုတော့ ကျနော့် စိတ်ထဲ သင်္ကြန်နှစ်ကူးမှတ်နေတာ...၊ သင်္ကြန်ကြရင်ကြည့်ပေါ့ ဆိုပြီး စောင့်နေတယ်ဗျ.. တရုပ်နှစ်ကူး မှာ ကိုဆိုဆီ က ရောက်လာတယ်..၊ လိပ်စာ ကလည်း အိမ်လိပ်စာ ဖုန်းကလည်း မောင်လေး ဖုန်းနံပါတ် ဆိုတော့ အိမ်ရှာရခက် ဖုန်းဆက်ခက် နဲ့ ကိုဆိုဆီ နဲ့ လွဲသွားတယ်ဗျာ..။
ဒါပေမဲ့လည်း သူခမျာ.. မေမြို့ရောက်တော့ ကို ဖုန်းလှန်းဆက်ရှာ ပါသေးတယ်..၊ ကိုဆိုဆီ ရဲ့ ညီမ ပါ တဲ့ အသံလေး ကလည်း သာယာလိုက်တာ လူလေး ဆိုရင် လည်း ဘယ်လောက် ချောလိုက်မလည်း.. အင်း... ရွှေစင်ဦး တို့ ကံဆိုးတာ.. ဆိုင် ကိုများ ရောက်လာခဲ့ရင်  ကျနော့် ရဲ့ချစ်ချစ်ကြီးတို့ ချစ်ညီမ တို့ ချစ်သား သမီး များတို့ကို ဘယ်လောက်များ ကြွားလို့ကောင်းလိုက်မလည်း.. အင်း ကိုဆိုဆီ ရေ လွဲချက်က တကယ် ကို နာပါတယ် ခင်ဗျား...။
(ရွှေစင်ဦး ကိုချစ်သူများ.. မန္တလေး ရောက်လို့များ ရွှေစင်ဦး လေးစီကို လာလည်ချင်ရင် Advertisement Label ထဲမှာ SS Public Internet Access, See Sein Computer and Copy ကမှ ကျနော် ရဲ့ လိပ်စာ အမှန်ပါ ခင်ဗျား.. ရောက်ရင် လည်း ဝင်ခဲ့ကြပါ.. ရွှေစင်ဦး လေး ကြွားဘို့ရာပါ.. )
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>
မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁၉)
အချိန်အားရ လျှင်ဈေးများအတွင်း လှည့်လည်လာပြီး ပြင်ဦးလွင်၌ အစအနမရှိတော့သော ပစ္စည်းများကို ရှာဖွေ စုဆောင်းပါသည်။
တစ်နေ့တွင် မမျှော်လင့်ဘဲ ကျွန်မသည်စားရကံကြုံ၍ မုတ်ဆိတ်ပျားစွဲသည့်ကိန်းနှင့် သွား၍တိုးမိ ပါသည်။
ပြင်ပလူနာဌာနသို့ တစ်နေ့ရောက်သွားသောအခါ ဒေါက်တာဆူဇူကီးနှင့် ဂျပန်အရာရှိ တစ်ဦးတို့ စိတ်ပါ ၀င်စားစွာ စကားပြောနေသည်ကို တွေ့ရပါသသည်။ သူတို့နှစ်ဦး၏ မျက်လုံးများသည် ကျွန်မထံသို့ ရောက်နေ ကြ သဖြင့် ကျွန်မအကြောင်းပြောနေခြင်းကို အဝေးကပင် ခန့်မှန်းနိုင်ပါသည်။ ဂျပန် အာဏာပိုင် များ သည် ကျွန်မ၏ရပ်တည်မှုကို မလိုလားကြလေသလောဟု စိုးရိမ်မိပါသေးသည်။ နောက်မှ ထို အတွေး အခေါ် ကို ဖျောက်ပစ်ပြီး '' ငါသူတို့ကိုဘာတစ်ခုမှ ဒုက္ခ မပေးခဲ့ပါကလား'' ဟုစဉ်းစားကာ စိတ်သက်သာရာ ရသွား ပါသည်။
ဒေါက်တာဆူဇူကီးက ကျွန်မကိုသူ့အနီးသို့ ခေါ်ယူ၍ '' ဤဆေးရုံနှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် ရှိသည့်ခွဲစိတ်ခန်းမဆောင် တစ်ခု၌ အလုပ်လုပ်လိုပါသလား'' ဟုမေးပါသည်။ စည်းကမ်းချက်မှာ မျက်စိနှင့် နားးကို ပိတ်ထားပြီး ပါးစပ်က လျှောက်မပြောရန် ဖြစ်ပါသည်။ ဤစည်းကမ်းချက်မှာ ကျွန်မလက်ရှိ ကျင့်သုံး နေရသောကြောင့် အခက်အခဲ မရှိဘဲအလုပ်ကိုလက်ခံလိုက်ပါသည်။
နောက်သုံးရက်ခန့် ကြာသောအခါ ထိုအရာရှိကြီး ရုံးခန်းသို့ ခေါ်ယူပါသည်။ ဂျပန်စစ်သားက ကျွန်မ၏ မျက်နှာကို အ၀တ်ဖြင့်စည်း၍ ကားတစ်စီးပေါ်သို့ တင်ပေးသည်။ ယင်းနောက်ပြည်လမ်း ပေါ်ရှိ အလွန် အရေးကြီးသော လူကြီးများနှင့် အထက်တန်းအရာရှိများသာ တက်ရောက်ကုသခွင့် ရသည့်ဆေးရုံသို့ ခေါ်ယူ သွားခဲ့၏။
ဂျပန်များ၏အရောင်ရာ နနွင်းလူးသော ကိစ္စအေတွက် ခေါင်းရှုပ်သွားခဲ့မိသေးသည်။ ကျွန်မ အနေနှင့် ဆေးရုံနေရာကို သိပြီးဖြစ်၍ ယခုလိုခေါ်ယူလာခြင်းမှာ အချိန်ကုန်လူပင်ပန်း ဖြစ်ရုံသာ ရှိပါသည်။ ရန်ကုန်မြို့ နှင့်ရင်းနှီးပြီးဖြစ်သည့်အပြင် ကျွန်မအလိုရှိသော ပစ္စည်းများကို ရှာဖွေဝယ်ယူ ရန်မျက်စိများးကို အ၀တ်စည်း ထားစေကာမူ မည်သည့်နေရာသို့  သွားနေကြောင်းအလိုလို သိနေပါသည်။
ဆေးရုံသို့ ရောက်သွားသောအခါ ကျွန်မမျက်နှာပေါ်၌ စည်းထားသော အ၀တ်စကို ဖြေပေးပါသည်။
ကျွန်မကိုအကောင်းဆုံးသော ခွဲစိတ် ကိရိယာပစ္စည်းများ အသင့်ရှိပြီး အသန့်ဆုံး လုပ်ထားသည့် ခေတ်အမီ ဆုံး ခွဲစိတ်ကု အခန်းကြီး တစ်ခုဆီသို့ ခေါ်သွားပါသည်။ အလွန်အရေးကြီးသော ခွဲစိတ်ကုသမှုအတွက် ကျွန်မက ပါဝင်လုပ်ဆောင်ရန် လိုအပ်ကြောင်းပြောပြီး ပိုးသတ်ထားသည့် အကျီင်္ဝတ်ရုံ၊ ဦးထုပ်၊ မျက်နှာဖုံး၊ ဖိနပ်နှင့် လက်အိတ်များကို ထုတ်ပေးပါသည်။
အကြောင်းတစ်ခုခုတော့ ရှိပါလိမ့်မည်။ ခွဲစိတ်ဆောင်ထဲ၌ ဂျပန်ဘာသာစကားကိုသာ ပြောဆိုသုံးစွဲ ပါသည်။ ကျွန်မမှာ ဂျပန်စကားတစ်လုံးတလေမှ မတတ်သဖြင့် ဆရာဝန်၏ ညွှန်ကြားချက်များကို နားမလည်ပါ။ သို့သော်ချောမောစွာ တာဝန်ထမ်းဆောင်နိုင်ခဲ့ပါသည်။ခွဲစိတ်ကုသမှု ပြီးစီး၍ လက်များကိုဆေးကြောနေစဉ် ကျွန်မကိုငွေတစ်ရာပါ စာအိတ်တစ်အိတ်ပေးပါသည်။ ကျွန်မ၏ မျက်နှာကို အ၀တ်စည်းပြီး ကားပေါ်တင်၍ ကျွန်မ၏အခန်းရှိရာသို့ ပြန်ပို့ပေးပါသည်။
ကျွန်မအနေနှင့် ခွဲစိတ်မှုခံယူမည်သူမည်ဝါ ဖြစ်ကြောင်းမသိပါ။ ဘာကြောင့် လျှို့ဝှက်စွာ ကျင့်သုံးနေ သည့်အကြောင်း ကိုလည်း မသိခဲ့ပါ။ ခွဲစိတ်ကြသည့်တစ်ဖွဲ့လုံး ဘာကြောင့်ဂျပန်စကား ကိုသာ အသုံးပြု ကြောင်း ကိုလည်း မသိခဲ့ပါ။ ကျွန်မသည် ထိုဆေးရုံသို့ နောက်ထပ်အကြိမ်ကြိမ် သွားခဲ့ ရပါသည်။ သွားသည့်အခါတိုင်း ထုံးစံအတိုင်းအခကြေးငွေ ရရှိခဲ့ရပါသည်။ ထိုငွေသည် ပတ်တီးစများ၊ ကြယ်သီး များ ၀ယ်ရန်ဖြစ် လာပါသည်။
 ဈေးများသို့ ရောက်သွားတိုင်း သီလရှင်ဝတ်ရုံများးကို ရောင်းချရန်ပြထားသည်ကို တွေ့ရ၍ စိတ်ထဲတွင် ဇဝေဇ၀ါဖြစ်မိသည်။ထိုဝတ်စုံများကိုဝယ်ယူမည့်သူ မရှိ။ သို့သော်ထင်ရှားစွာ ခင်းကျင်ပြသထားသည်။ ဤသည် မှာကျွန်မအတွက် ပြဿနာတစ်ရပ် ဖြစ်နေ၍ စုံစမ်းသမှုပြုခဲ့ ပါသည်။
ယခုဆေးရုံလုပ်ထားသော သီလရှင်များ၏ ကျောင်းသို့ ဂျပန်များရောက်လာကြပြီး သီလရှင်များကို ဆင်းရဲသားရပ်ကွက်တစ်ခုသို့ ခေါ်သွားကာ နေရာချပေးထားသည်။သီလရှင်များမှာ တစ်ဦးချင်း နေထိုင် ကြရပြီး အ၀တ်အစားကိုယ်ရုံများ မရှိကြ၍ အပြင်သို့မထွက်နိုင်ကြပါ။ ဂျပန်များက သက်သက်နှိမ်လို၍ ဘာသာရေး ၀တ်စုံများကို ခင်းကျင်းပြသထားသည်ဟု ကျွန်မယူဆပါသည်။
ကျွန်မခြိုးခြံချွေတာ၍ စုဆောင်းထားသော ငွေများမှာ ထွက်ပေါက်ရသွားပြန်ပါသည်။ ကျွန်မ၏ငွေ များဖြင့် ရနိုင်သမျှသာ သီလရှင်ဝတ်ရုံများကို ၀ယ်လိုက်သာကြောင့် ငွေပေါင်းများစွာ ကုန်သွားခဲ့၏။
ဒေါက်တာဆူဇူကီး၏ ကားဖြင့်အမိုးထိပုံ၍ သယ်ဆောင်သွားသော ၀တ်ရုံများကို သီလရှင်များက ပြန်တွေ့ သောအခါ ၀မ်းသာ၍မဆုံးကြတော့ပါ။ ၀တ်ရုံများကို ပြန်လည်အသုံးပြုပြီး စိတ်လက် ချမ်းသာ ရှိကြပါစေဟု ကျွန်မ ဆုတောင်း မိပါသည်။
ကျွန်မသည် ရန်ကုန်မြို့တွင် နေထိုင်ရသည်ကိုငြီးငွေ့လာပါသည်။ ဖခင်နှင့် ပြန်လည်တွေ့ဆုံ လိုစိတ်က ပြင်းထန် လာသဖြင့် ပြင်ဦးလွင်သို့ ပြင်ခွင့်ပြုရန် ဒေါက်တာဆူဇူကီးအား မကြာခဏ ပူဆာပါသည်။ နောက်ဆုံး ၌ အင်တင်တင်ဖြင့် ခွင့်ပြုလိုက်ပါသည်။
'' မင်းပြန်မလာရင် ဖမ်းရမှာပဲ'' ဟုလည်း ပြောလိုက်သေးသည်။
မန္တလေးသို့ပြန်လာရာ၌ လမ်းခရီးတွင် အခက်အခဲများစွာ မရှိခဲ့ပါ။ ဖခင်သည် ကျွန်မနှင့်ပြန်လည် ဆုံတွေ့ရ သောအခါ များစွာ ရွှင်လန်း ၀မ်းမြောက်သွားပါသည်။ ကျွန်မကို ပြင်ဦးလွင်တွင်ပင် ဆက်လက်နေထိုင်ရန် အစွမ်းကုန် ဖျောင်းဖျပြောဆိုပါသေးသည်။ ကျွန်မကလည်း အလွန်နေချင် ပါသည်။ သို့သော် ဒေါက်တာ ဆူဇီကီး အား စိတ်အနှောက်အယှက် မဖြစ်စေရန် ကျွန်မတွင် အသိဥာဏ် ရှိပါသေးသဖြင့် ရန်ကုန်သို့  ပြန်လာခဲ့ပါသည်။
ယင်းအချိန်တွင် ကျွန်မသည် ၀င့်ကြွားသော ဂျပန်ဗိုလ်မှုးကြီး တစ်ဦးနှင့် ရင်ဆိုင်ခဲ့ရပါသည်။ လူပုံက ပိန်ပိန် အရပ်မြင့်မြင့် သူ၏ မုတ်ဆိတ်မွေးက ဆိတ်များတွင် တွေ့ရသော တွဲလောင်းကျနေသည့် မုတ်ဆိတ်မွေး မျိုး ဖြစ်ပါသည်။ အလွန်သန့်ရှင်းပြီး ကော်တင်ထားသည့် ယူနီဖောင်းများကို ကျနစွာ ၀တ်ဆင် ထားလေ့ ရှိပါသည်။
သူနှင့် ကျွန်မ သုံးလေးကြိမ် တွေ့ဆုံရပြီးနောက် ကျွန်မအပေါ်တွင် ဂရုတစိုက် ဆက်ဆံလာကြောင်း တွေ့ရပါသည်။ သူက ရှေ့တိုးပြီး ချစ်ရေးဆိုသည်တို့ကို ကျွန်မက ငြင်းပယ်ခဲ့ပါသည်။
ဗိုလ်မှုးကြီးသည် ရန်ကုန်မြို့၌ တန်ခိုးထွားသူဖြစ်၍ ဆက်ဆံရေး ပြေပြစ်သင့်ကြောင့်ဖြင့် ဒေါက်တာ ဆူဇီကီး က ကျွန်မကို အကြံပေးပါသည်။ အလွန်သင့်လျော်သော အကြံပေးချက်ပင်ဖြစ်ပါသည်။
သို့သော် ခက်နေသည်က ကျွန်မ၏ နှလုံးသားတွင် ဂျပန်ဗိုလ်မှုးကြီးက ပုံမလာခြင်းပင် ဖြစ်ပါသည်။ ညအခါ လသာသာတွင် မည်သည့် ဂျပန် မည်သည့် ဂျပန်အရာရှိနှင့် ဖြစ်ပါစေ မော်တော်ကား ယှဉ်တွဲစီးရန် ကျွန်မ လိုလားသူ မဟုတ်ပါ။ သူနှင့်ဆိုကာ ပို၍ ဝေးပါသေးသည်။ ကျွန်မက သည်အတိုင်းပင် ပြောင်ပြောင် ပြောလိုက်ပါသည်။
သို့သော်လည်း ဗိုလ်မှုးကြီးက နောက်ဆုတ်မသွားဘဲ ဇွဲနပဲ ကြီးစွာနှင့် ချစ်ခွင့် ဆက်လက်ပန်နေပါ သေးသည်။ စကားနှင့် သွေးဆောင် မရသောအခါ တံစိုးလက်ဆောင်များနှင့် ဆက်လက် ကြိုးစားပြန်ရာ ကျွန်မ က ငြင်းမြဲ ဆက်ငြင်းနေပါသည်။
ဇွဲနပဲနှင့် ပတ်သက်၍ သူ့ကို အမှတ်ပြည့် ပေးသင့်ပါသည်။ တနေ့သော နံနက်တွင် ဆေးရုံသို့ ကားတစီးရောက်လာသည်။ ကားပေါ်တွင် အလွန်ကြီးမားသော ပန်းပု ပန်းပြောက်များနှင့် ရွှေချထားသည့် မှန်တင်ခုံ တစ်လုံးကို သယ်ယူလာကြပါသည်။ မှန်တင်ခုံကို စစ်သားနှစ်ဦးက ချွေးတလုံးလုံးဖြင့် ကျွန်မ၏ အိပ်ခန်း သို့ သယ်ယူလာကြပါသည်။ ကျွန်မက စိတ်ဆိုးဆိုးဖြင့် 'ဒီပစ္စည်းကို ပြန်ယူသွား ' ဟု အော်ပါသည်။ ဂျပန်များ က ကျွန်မကို ဂရုမစိုက်ကြပါ။
'ဒီပစ္စည်းဟာ ဗိုလ်မှုးကြီးရဲ့ လက်ဆောင်မို့လို့ သူတို့၏ အသက်ထက်ပင် တန်ဖိုးရှိနေလို့ မယူနိုင်ပါ။' ဟု ပြောကြ ပါသည်။
ကျွန်မကသူပေးသော ပစ္စည်းကို နှစ်သက်၍ လက်ခံလိုသည်ပင် ဖြစ်ပါစေ ထိုပစ္စည်းကို ကျွန်မ အခြေအနေ အရ လက်ခံထား၍ မဖြစ်ပါ။ အကယ်၍သာ မှန်တင်ခုံကို အိပ်ခန်းထဲသို့ သွင်းမည် ဆိုပါက အခန်းက အလွန်ကျဉ်းလှသည်ဖြစ်၍ ဖင်မလှည့်သာ ခေါင်းမလှည့်သာ ဖြစ်သွားပါမည်။ ကျွန်မက စိတ်ဆိုးမာန်ဆိုးနှင့် ခုန်ပေါက် အော်ဟစ် ဆူပူသော အခါကျမှ ဂျပန်များက မှန်တင်ခုံကို ပြန်သယ်သွားကြပါသည်။
ဗိုလ်မှုးကြီးသည် သူ၏ နည်းပရိယာယ်ကို ပြောင်းလိုက်ပြန်သည်။ ညဘက်တွင် ကားအတူစီးရန် ခေါ်ခြင်း တံစိုးလက်ဆောင်ထိုးခြင်းတို့နှင့် မရသောအခါ ချစ်သ၀ဏ်လွှာများနှင့် ကြိုးစားပြန် ပါသည်။ ကျွန်မထံသို့ ရည်းစား စာများ ရေး၍ ပို့လေ့ရှိသည်။ ကျွန်မက ဘာတွေများ ရေးထားပါလိမ့် ဟု စူးစမ်းလိုသဖြင့် ဘာသာ ပြန်ကြည့် သည်။
'ကျွန်မ၏ ဟယ်လင် မင်းရဲ့ မျက်လုံးတွေဟာ ပြင်ဦးလွင်က ရေကန်တွေကို နေရောင်ဟပ်သလိုပ'ဲ ဟု ရေးထား သည်။ ရည်ရွယ်ချက်ကောင်းသော်လည်း ကျွန်မ၏ အသည်းနှလုံးကို ဆုပ်ကိုင်ဖမ်းယူ နိုင်သော အရေးအသားမျိုးမဟုတ်ပါ။ ကျွန်မနှင့် ပတ်သက်၍ သူဘာကို ဆိုလိုသည်ကို မသိပါ။ သို့သော် တင်စား ထားသည်ထက် ကျွန်မက အလှပိုသည်ဟုတော့ ထင်မိပါသည်။
သူ့အား ညင်ညင်သာသာနှင့် ငြင်းပယ်နေ၍ မရတော့ပါ။ သို့ဖြင့်တခုသော မွန်းလွဲပိုင်းတွင် ကျွန်မသည် ဗိုလ်မှုးကြီးအား ရင်ဆိုင်တွေ့ဆုံပြီး 'ဗိုလ်မှုးကြီးသည် အလွန်အရေးပါသူ တစ်ဦးပါ။ ဗိုလ်မှုးကြီးမှာ အထက်က အမိန့်ရှိ ပါသည်။ ကျွန်မကဲ့သို့သော လူမျိုးနှင့် စကားပြောဆို ဆက်ဆံခြင်း မပြုရဆိုသည်ကို ဗို်လ်မှုးကြီး သိပါသည်။ ကျွန်မတယောက်လုံးက ယင်းအမိန့်မျိုး မဖောက်ဖျက်ပါပဲလျက် ရှင်ကမည်သည့်အတွက်ကြောင့် မထိန်းသိမ်း  နိုင်ရသနည်း' ဟု ပြောချ လိုက်ပါသည်။
သူသည် ငိုင်ငိုင်ကြီးကြီး မတ်တတ်ရပ်နေသည်။ သူ၏ ဓါးအိမ်အတွင်းရှိ ဓါးကို လှုပ်ခါပြီး 'မင်းခြေလှမ်း မမှားနဲ့' ဟု ပြောပါသည်။
ရည်းစားစာများ လက်ဆောင်များ မလာတော့ပါ။ ကျွန်မပြောလိုက်သည်က သူ့အတွက် အလွန်ထိမိ သွားခြင်း ဖြစ်ပါ သည်။ သူသည် ကျွန်မအပေါ်တွင် အခင်အမင် မပျက် ဆက်ဆံခဲ့ပါသည်။ ကျွန်မစိတ်ဓါတ်ပေါ်တွင် သူ ရန်ငြိုး မထားခဲ့ကြောင်း ထင်ရှားပါသည်။
မိတ်ဆွေဖြစ်ရခြင်း၏ အခွင့်အရေးကို အခါလားလျော်စွာ ကျွန်မက ယူခဲ့မိသည်ကိုတော့ ၀န်ခံရ ပါမည်။ ထိုသို့ ယူမိခြင်းအတွက် စိတ်ထဲတွင် စနိုးစနောင့် မဖြစ်မိပါ။ ကျွန်မ ဖခင်ထံသို့ ရာရှင် ပစ္စည်းများ ပို့ပေးခြင်း ဆေးဝါးများ မကြာခဏ ပေးခြင်း အခါအားလျော်စွာ ပြင်ဦးလွင်သို့ ပြန်ခွင့် ပေးခြင်း စသော အခွင့် အရေး များကို သူ့ထံမှ ရခဲ့ပါသည်၊ စစ်သားများ အပြည့် တင်ဆောင်ထားသော စစ်ရထားများပေါ်တွင် ကျွန်မ တစ်ဦးတည်း သာ မိန်းမသား ရှိပါသည်။ သူသည် အိုင်တွေ့တိုင်း ခြေဆေးတတ်သူ ဟု နာမည်ကြီး နေစေကာ မူ ကျွန်မ အနား ကိုတော့ သူ မကပ်နိုင် ကြောင်း လူတွေ ပြောစမှတ်ပြုကြပါသည်။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၂၄)
စစ်ပြေးဘဝ
ကျမတို့ လဲ စစ်ပြေး လူထုထည်းမှာ ထိုနေ့ ညနေပိုင်းက ဈေးဦးဖေါက် ပါဝင် လိုက်ပါသည်။ မတော်တဆ စစ်ဘေးက ပြေးရမည်ဆိုလျှင် ကိုယ်ပိုင်ယာဉ်အဖြစ် အသုံးချရန် ဟူသော အမြှော်အမြင် နှင့် ၀ယ်ယူ ထားခဲ့ သော အော်စတင်ကား တပါတ်ရစ်ကလေးသည် ဤနေရာ ၀ယ် အသုံးဝင် လာရှာသည်။ ဒါကလေး ကိုစီး၍ သားရေသေတ္တာ ကလေးတလုံး ယူကာ အိမ်ကို တံခါးပိတ်ထားခဲ့ပြီး ရန်ကုန်နှင့် မိုင်၅၀-အကွာတွင် ရှိသော တိုက်ကြီးမြို့ သို့ ပြေးခဲ့ ရပါသည်။
တိုက်ကြီးမြို့သည် ရန်ကုန်နှင့် အနီးဆုံးမြို့ ဖြစ်သည်။ တနေ့တည်း အသွား အပြန်ပြုနိုင်ပါသည်။ တိုက်ကြီးမြို့ ကိုမှ ရောက်လာရခြင်းမှာလည်း ထိုအခါက မောင်ဝမ်းကွဲ အစိုးရအရာရှိ တဦးနှင့် ဘုန်းတော်ကြီး တပါးကပါ သူတို့နှင့် အတူ ပြေးကြရန် အဖေါ်စပ် လာသောကြောင့် ဖြစ်ပါသည်။ ရုတ်တရက် တည်းခိုရန် အိမ်တခုကို သင့်တော် သော အခနှင့် ငှါးရန် ဘုန်းတော်ကြီးကိုပြောရာ သူ့တွင် ရင်းနှီးသော တကာတဦး၏ အိမ်ရှိ ပါသည်။ ထိုအိမ်တွင်ပင် အခငွေကြေးသဘောပေးပြီး ရောနှောနေပါ။ နောက် နှစ်သက်ရာသီခြား အိမ်ငှား၍ ရတော့မှ ပြောင်းရွှေ့ပါဟူသော ကတိပြုချက်အရ ၎င်း ဘုန်းတော်ကြီး၏ တကာရင်း ထိုသူ၏ အိမ်တွင် ရှေးဦးဆုံး ၀င်၍ စတည်းချ ကြရပါသည်။
ကျမတို့ပြေးလာစဉ်က သားသမိးသဘွယ် မွေးကျွေးထားသော အိမ်ဖေါ်ခလေး ၅-ယောက် ပါ လာပါသည်။  ယောက်ျားကလေးနှစ်ယောက်မှာ အထက်အညာ ပခုက္ကူမှ တယောက် ဖြစ်၍ မန္တလေးမြို့မှာ တစ်ယောက် ဖြစ်ပါသည်။ မိန်းကလး၃-ယောက်မှာ ညီအစ်မ အရင်း ဖြစ်ပြီး အကြီးဆုံးကမှ ဆယ့်သုံးလေးနှစ်ခန့် ရှိသေး၍ အငယ်ဆုံးခလေးမမှာ ၇-နှစ်ခန့်သာ ရှိပါသည်။ သူတို့၏ ဘခင်သည် ပျော်ဘွယ်ကြီးရွာမှာ လယ်ကူလီ လုပ်သည်။
မိခင် ပစ်သွား ၍ ဤခလေးမ သုံယောက်အား ၀လင်အောင် ရှာဖွေ မကျွေးနိုင်သဖြင့် အပြီးအပိုင် မွေးပါတော့ ဟု လာပို့ထားခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ကျမတို့ပြေးခဲ့ရာတွင် အိမ်မှာ မှီခိုလာသော ထိုခလေးများအား သူ့ရပ်ရွာပြန်ပို့ ရန်မဖြစ်၊ ပစ်ထား ခဲ့ရန် လည်း မသင့်တော်သောကြောင့် ကားကလေးပေါ်မှာ ကြပ်ကြပ် တည်းတည်း တင်ခေါ်လာခဲ့ရပါသည်။ အိမ်တွင် မီးဖိုတာဝန်ဆောင်ရွက်သူ မိန်းမတစ်ဦး ကတော့ သူ့ဌာန ပျော်ဘွယ်ကြီး ရွာသို့ ပြန်သွားပါသည်။
တိုက်ကြီးမြို့ သို့ ရောက်သောအခါ ကျမတို့ နှစ်ယောက်နှင့် ထိုခလေး ၅-ဦးမျှသာ ဖြစ်သော်လည်း အတူ ပါလာသော အရာရှိ မောင်ဝမ်းကွဲမှာ အိမ်ထောင်မရှိသေးသူ၊ တပည့်သားမြေးလည်း မပါသူ ဖြစ်သဖြင့် ဘုန်းတော်ကြီး နှင့်အတူ စားရေးသောက်ရေးကို ကျမတို့ အိမ်သားစာရင်းတွင် စုပေါင်းကာ တာဝန် ယူခဲ့ သည်။ ထိုမျှမကသေး၊ စစ်ပြေးဒုက္ခသည်တို့မှ အချို့ အသိအကျွမ်း မိတ်ဆွေ များအားလးည်း ၀င်လာမစဲ တသဲသဲ ဆိုသလို ကြုံလျှင် ကြုံသလို ထမင်းပွဲနှင့် ဧည့်ခံ ပြုစု ရတော့သည်။
ကျမသည် နေ့စဉ်နှင့်အမျှ အလုပ်စားပွာမှာ ကလောင်တချောင်းနှင့် ထိုင်လာခဲ့ရသော အလေ့ အကျင့် ကြောင့် ယခုလို ရုတ်ကနဲချည်း အလုပ်နှင့်လက်နှင့် ပြတ်ပြီး တနေကုန် အလကားထိုင်လို့ မနေတတ်တော့ဘဲ တခုခုကို အလုပ်ဖြစ်အောင် လုပ်ရာ၌ စားဖိုဆောင် ၏ တာဝန်မှူးတစ်ဦး ဖြစ်လာပါသည်။ ထိုကြောင့် မနက်လင်း လျှင် ခလေးများ အသင့်ပြင် ထားသော ကော်ဖီစားပွဲမှာ ထိုင်သောက်ပြီး တိုက်ကြီးဈေးသို့ ဈေးဝယ် ထွက်လေ့ ရှိသည်။ အိမ်မှာ ရှိရစ်ခဲ့သော ခလေးမများက မိးဖိုကိစ္စ လိုအပ်သည်တို့ကို ဆောင်ရွက် ထားရသည်။ ယောက်ျားကလေး နှစ်ဦးက ဈေးဆွဲခြင်းကြီး ဆွဲမရန် လိုက်ခဲ့ကြရသည်။
တိုက်ကြီးမြို့ ဈေးမှာ ရန်ကုန်မှ ပြေးလာသူတွေ ခြေချင်းလိမ်နေသည်။ ကျောက်လမ်းဘေး မှာလည်း ကားကြီး ကားငယ်နှင့် ရန်ကုန်မှ ထွက်လာကြသူတွေကို ဆီးကြို ကြည့်ကြ၊ မေးကြနှင့် နေ့စဉ်နှင့်အမျှ ဘုရားပွဲ ဈေးတန်းကြီးလို ရှိနေသည်၊ တချို့သည်ပြည်၊ ဟင်္သာတ သွားကြဘို့ဖြစ်၍ အချို့ကလည်း ပြည်လမ်း တလျှောက် နီးစပ်ရာမြို့ အသီးသီး သို့ ခိုနေကြမည်။ အချို့ကားပုံသေကားကျမရှိ၊ ခြေဦးတည့်ရာ ပြေးမိ ပြေးရာ ပြေးပုံးရှာကြ သည်မှာ ဗန်းမော်၊ ကသာ၊ မြစ်ကြီးနားဆိုသော အထက်ဗမာပြည် နယ်စပ်အထိ ရောက် သွားကြပါသည်။
သို့ရာတွင် ဤမျှဝေးဝေး ကွာကွာ ပြေးပါသော်လည်း စစ်မီးသည်ရှေ့က ပြေးနောက်လိုက်နေသလို တနေ့မှာ မျက်နှာချင်း ဆိုင်ရပြီး ခရီးဝေးသလောက် ပိုလို့ဘဲ ဒုက္ခ ရောက်ကြရသည်ဟု ပြောပြကြပါသည်။ ကျမ တို့မှာတော့ ရန်ကုန်၏ အနီးအနားမှာ ခိုဝင်နေကြသဖြင့် လာမည့်ဘေးကို အဝေးကြီး ပြေးရှောင်မနေရဘဲနှင့် သည်တနေရာ မှာ ဂျပန်များ ၀င်လာသည်အထိ နေကြရပါသည်။
ထိုအခါ တိုက်ကြီး မှော်ဘီ စသည်တို့မှ ကုန်စိမ်းပစ္စည်းများ ဖြစ်သော ဟင်းသီးဟင်းရွက် မုံလာ၊ ကော်ဖီ များမှာ ရန်ကုန်မှ ပြေးလာသူ စစ်ပြေးတို့အတွက် အိမ်ခဈေး အဆမတန် တက်သဘောက် စားကုန် သောက်ကုန် များ အလကား ဘာသာနှင့် ပေါပေါများများ စားကြ ရသောကြောင့် အထုပ်အထယ် ပစ္စည်း မပါရှာသော စစ်ပြေးများအတွက် သက်သာရာရစေ တော့သည်။ သို့ရာတွင် ခိုကိုးနေထိုင်စရာမှာတော့၊ ဓနိ တဲငယ် ကလေးတခုကိုပင် ၅၀ိ-၁၀၀ိ ပေးပြီး ဖြစ်သလို ခိုနေကြရရှာပါသည်။
လခစား များမှာလည်း စစ်ပြေးဘ၀နှင့် အလုပ်လက်မဲ့ ဖြစ်ကြရသည်။ ကြံရာမရသောအခါ အလုပ်သစ် သမားများထံမှ ပစ္စည်း ပစ္စယ ၀ယ်ယူပြီး တဆင့်အမြတ်တင်၍ ရောင်းစား တတ်ကြကာ အမြတ် ထွက်သော ၀င်ငွေဖြင့် ပရိယေသနကို ငြိမ်းစေရသည်။ အလုပ်သစ် သမားဆိုသည်မှာ ရန်ကုန်မြို့ကြီးမှ အိုးပစ်အိမ်ပစ် ထွက်ပြေး ကြသူတို့၏ အိမ်များ၊ ပိတ် ထားခဲ့ရသော ဈေးရုံ ကုန်ဆိုင်၊ ဂိုဒေါင် စသည်များမှ ဖေါက်ဖျက်၍ အလစ်သုတ် နေကြ သော အလုပ်သမားများ ဖြစ်ပါသည်။
ထိုသူတို့မှာလည်း သယ်ယူရရှိသော ပစ္စည်းပစ္စယ အထည်အ၀တ် အသုံးအဆောင်မှန်သမျှတို့ကို ကြုံရာ နေရာ၌ ရသမျှနှင့် စုလိုက်၊ ပုံလိုက် ရောင်းချတတ်ကြသည်။ ပစ္စည်းအမျိုးမျိုး၏တန်ဘိုးကို နားမလည်ကြရှာ၊ တထောင်တန် ပစ္စည်းကိုလည်း ၅ိစ ၁၀ိစနှင့် ချရောင်းကြသည်။
သို့ကြောင့် နားလည်သူများက ကြုံလျှင်ကြုံသလို ၀ယ်ယူပြီး တဆင့်ခံ၍ အမြတ်ပြန်ရ အောင် ရောင်စား တတ်လာ ကြသည်။ တကယ်တန်း ကျွမ်းကျင်ပါးနပ်သူတို့ကား စွန့်စွန့် စားစားလုပ်ရဲသလောက် ခေတ်ပျက် သူဋ္ဌေးကြီး ဘ၀ ရောက်ခဲ့ကြသူများလည်း အများ အပြား ထွက်ပေါ်လာကြပါသည်။ ဤသို့လျှင် စစ်မီးကြောင့် ပြေးရင်း လွှားရင်း ဖြစ်ရာဘ၀၊ ကျရာ အရပ်၌ တတ်သလောက် မှတ်သလောက် လုပ်ကိုင် စားသောက်ခြင်း ဖြင့် ၀မ်းရေး ပြဿနာကို ရှင်းနေကြသူများအတွက် အပြစ်ဆိုရန်လည်း ခက်လှပါသည်။ သို့ရာတွင် ဒါမျိုးတွေက အစပြုကာ တကမ္ဘာလုံးရှိ စစ်ဘေးစစ်ဒဏ်နှင့် မကင်းသမျှ နိုင်ငံများသည် စိတ်ဓာတ်ကျ၍ စာရိတ္တ ပျက်ပြားမှုရောဂါဆိုးကြီး ကြီးပွား ကျယ်ပြန့်လာရခြင်းမှာ မငြင်းနိုင် သော အကြောင်းတရပ် ဖြစ်ခဲ့ပါ သည်။
အောင်မြင်စွာ ဆုတ်ခွာချိန်
ရန်ကုန်မြို့ ၄၇လမ်းတွင် ကျန်ရစ်ခဲ့သော တိုင်းပြည်ပြု စာပုံနှိပ်တိုက်နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက်မှာ ဆိုင်းဘုတ်သာ ကျန်ရစ်ပြီး တိုက်တွင်းရှိ ပစ္စည်းပစ္စယ အားလုံးကို တိုက်ကြီးမြို့သို့ အရောက် တဖြေးဖြေး သွားပြီး သိမ်းဆည်းသယ်ယူထားရပါသည်။ ကားငယ်ကလေးမှာ အ၀တ်အစား အသုံးအဆောင် တိုတို ထွာထွာ ပစ္စည်းအနည်းငယ်မျှ သာ တင်နိုင်၍ စာပုံနှိပ်တိုက် ဆိုင်ရာဝန်လေး ပစ္စည်းကြီးများကိုတော့ လော်ရီကား ကြီး များ နှင့် ငှါး၍သယ်ယူလာရပါသည်။
ထိုပုံနှိပ်တိုက် ပစ္စည်များမှာ စောစောပိုင်းက မသယ်သေး ဘဲ လွယ်လွယ်နှင့် အေးသွားလျှင်လည်း သည်အတိုင်း အစောင့် တယောက်လောက်နှင့် ထားရစ်ကြံသည်၊ သို့သော် အင်္ဂလိပ်အစိုးရမှာ ထိုအချိန်က အောင်မြင်စွာ ဆုတ်ခွါလေ့ ရှိ သည့်အတိုင်း ၄၈နာရီအတွင်း ရန်ကုန်၌ ရှိသူတွေကို နှင်ထုတ်ပြီး တမြို့လုံး မီးရှို့ ပစ်ခဲ့ တော့မည်ဆိုမှ ပုံနှိပ်တိုက်ပစ္စည်းများကို နောက်ဆုံးထား၍ သယ်ယူလာရခြင်း ဖြစ်ပါသည်။
နေ့စဉ် ရေဒီယို သတင်းတွင်း ဂျပန်တပ်များသည် ယိုးဒယား၊ မာလာယုတို့မှ ဖြတ်၍ တမြေတည်း ဆက်စပ် နေသော မြန်မာပြည်၏ တနင်္သာရီတိုင်းတွင်းသို့ ထိုးဖောက်ခါ မြိတ်၊ ထားဝယ်တို့ကိုပင် ၀င်လာပြီး ဗမာ့ တပ်မတော် ဘီအိုင်အေကလည်း မြိတ်၊ ထားဝယ် စသော တနင်္သာရီတိုင်းနယ်တို့၌ တွင်ကျယ်စွာ လွှမ်းမိုးနိုင် လျက် ဂျပန်နှင့်ပုခုံးချင်းရှက်၊ လက်ချင်းတွဲ၍ အောင်ပွဲ ဆင်နေသည်ဆိုသော သတင်းများ ကြားရလေတိုင်း ဗမာများ က အားရကျေနပ်လျက် ရှိကြပါသည်။
၄၈နာရီ နို့တစ်ပေးပြီးသော နောက်ပိုင်းမှာ အင်္ဂလိပ်များ သည် ရန်ကုန်မြို့ကြီးကို မြေလှန်စံစနစ်နှင့် ဖျက်ဆီး ပစ်ရာတွင် တမြို့လုံးရှိ အဆောက် အဦးများကို ကုန်စင်အောင် ဖျက်ဆီးဖြိုခွင်းပစ်ခဲ့ရန် အချိန် မရသော အခါ အရေးကြီးသော ဋ္ဌာနတွေကိုသာ ရွေး၍ မီးရှို့ဖျက်ဆီးသည်။ အဆောက်အဦးကြီးများ အတွင်းရှိ အစိုးရပိုင် နိုင်ငံခြား ကုမ္ပဏီကြီးများ ပိုင်သော အသုံးအဆောင် ကုန်ပစ္စည်းများကို ကားကြီး ကားငယ် နှင့် သယ်ယူ ဆောင်ကျဉ်း သွားကြသည်။
ဗမာပြည် တပြည်လုံး ကို ကြိုးကိုင်နေသော အတွင်းဝန်များ ရုံးကြီးရှိ အစိုးရအဖွဲ့ကိုပါ အထက် အညာသို့ ပြောင်းရွှေ့ သွားပါသည်။
သူတို့ ရည်ရွယ်ချက်မှာ အင်အား သာ၍ ပြန်ချနိုင်ပါက အထက်အညာဒေသမှ နေရာယူမည်။ အခြေမလှ လျှင်လည်း အိန္ဒိယပြည်သို့ ပြေးကြရန် လမ်းသုံးသွယ်မှာ ပြည်မြို့တဘက်ကမ်း ရှိ ပန်းတောင်း တောင်ကုတ် လမ်း၊ ချင်းတွင်းနယ် ဟုမ္မလင်းမှ တမူးလမ်းနှင့် အထက် ဗမာပြည် မြစ်ကြီးနားနယ်မှ ဆက်သွယ်ထားသော လီဒို လမ်းမကြီး စသည်များ ဖြစ်ပါသည်။ ပြေးရင်း၊ လွှားရင်း မသယ်နိုင်သော ပစ္စည်းများကို ပစ်ချဖြန့်ကြဲ ထားခဲ့ကြရသည်။
သို့ကြောင့် အလွန်ခေါင်သော နယ်ပယ်များမှာ ရိုးသားဆင်းရဲရှာသော ရွာသူရွာသားများ သည် စားစရာ စည်သွတ် ပစ္စည်း သေတ္တာများကို လမ်းပေါ်မှ မလိုချင်အဆုံး ကောက်ယူ ရရှိခြင်း၊ စခန်းချသွာသော အင်္ဂလိပ် စစ်တပ်များ က စွန့်ပစ်သွားကြခြင်းဖြင့် တောသူ တောင်သားများမှာ အ၀တ်အထည်မှတပါး အခြား ပစ္စည်းများကို အသုံးချရန် နားမလည်ရှာ ကြဘဲ စည်သွတ်ဘူး အတွင်းမှ တွေ့ရသော ထောပတ်များကို လှည်းပဒေါင်း တွင် ထည့်သူ ထည့်ပြီး၊ ဒိန်ခဲဘူးများကို ဖွင့်ကြည့်ကာ ဆပ်ပြာတုံးအထင်နှင့် အ၀တ်လျှော် သူက လျှော် ကြရသည်။
သို့သော် ထိုအချိန်အခါက လူရည်တတ်များ အိုးအိမ်ပစ်၍ ကြောက်လန့်ထွက်ပြေး နိုင်ကြ သလို စရိတ်မရှိ၍ မပြေးနိုင် ရှာသော လူမွဲများသည် မြို့ဆင်ခြေဖုံးများ၌ ဖြစ်သလို ခိုကပ် နေကြရင်း ဂိုဒေါင် တိုက်ခန်းများ အတွင်းက အကျန်အကြွင်း ပစ္စည်းများကို စွန့်စား သယ်ယူ ရောင်းစားကြသည်။ ဤနည်းမှာ ရန်ကန်ုမြို့ကြီး တွင် သာမက မြို့သိမ်၊ ရွာသိမ်များအထိ သူ့အထွာနှင့်သူ ရှိကြသည်။ ရွှေမရှား၊ ငွေမရှား လက်ဖျားမှာ ငွေသီး လာကြသည်။
လူမွဲ တွေ တခဏခြင်း သူဋ္ဌေး ဖြစ်ကြသည်။ သိုက်တပေါင်စကားကိုလည်း တီးတိုးပြောကြား နေ ကြသည်။ ပန်၊ ဏီ၊ အိ ရာသီချိန်ရောက်မည်၊ ထိုအခါလူမွဲတွေ ကောင်းစားမည်၊ ဗမာပြည် ကိုယ့်ထီး၊ ကိုယ့်နန်းနှင့် နေရမည်၊ မမှန်လျှင် လက်ဖြတ်ခံမည် ဆိုသော ဟောကိန်း တပေါင်ကို၎င်း၊ ကုလားသေ တပြေ၀ဆိုသော တပေါင်း အတိုင်း ကုလားဖြူတွေသေလျှင်  တပြည်လုံးဝပြောမည်၊ မြန်လျှင်တပေါင်းနှောင်းလျှင် တန်ခူးဟု ဆိုသော ကိန်းအရ တပေါင်းတန်ခူး လရောက်တိုင်း ကြိတ်ဝိုင်း ပြု၍ မျှော်လင့်နေကြသူ ၀ါသနာအိုးတို့မှာ ယခု အခါ ရောက်မှ မှန်လှချေကလားဟု လက်ဖျားခါနေကြသည်။
ဂျပန်စစ်ဗိုလ် စစ်တပ်များနှင့် ဗမာ့တပ်မတော် စစ်ဗိုလ်၊ စစ်သားတို့ လက်တွဲချီတက် သိမ်းပိုက် လာကြ သည်မှာ တနင်္သာရီတိုင်းကို လွန်မြောက်၍ ဟံသာဝတီခရိုင် ပဲခူးနယ် ဘက်သို့ပင် ရောက်လာပြီ ဖြစ်သည်။ ထိုအချိန် မှာ အင်္ဂလိပ်ကပြေး ဂျပန်က လိုက်နေ သည်။ တချို့နေရာတွင် အင်္ဂလိပ်က ချောင်ပိတ်မိပြီး ခံရသည်။ 
ပြေးရာ မှာလည်း ဖြောင့် ဖြောင့်မပြေးရ၊ ဘီအိုင်အေ တပ်မတော်သားတို့နှင့် အဆက်အသွယ် ပြုထားသော သခင် များ၊ နိုင်ငံရေး ပျောက်ကြားသမားများက နေရာအနှံ့အပြား၌ စံနစ်တကျ ကြိုတင် ပြင်ဆင် မထားဘဲနှင့်ပင် ကျားကွက်ဆင်ထားသလို အလိုလို စိတ်ဓာတ်ချင်း ကိုက်ညီနေကြသည်။ အင်္ဂလိပ် စစ်တပ် များ ရှိရာကို သတင်းပေးကူညီ မောင်းထုတ်ကြခြင်းဖြင့် ငါတို့ ခေါင်းပေါ် မှာ အနှစ်တရာလောက် လာရောက် ချုပ်ချယ် ဖိနှိပ်သူများဟု ဗမာတွေက လက်စား ချေ လိုက်ကြပါသည်။
ယင်းသို့ ဓမ္မဓိဋ္ဌာန်အားဖြင့် သိမ်းကြုံးပြီး မုန်းတီးနေကြသော်လည်း တဦးချင်း၊ နှစ်ဦးချင်း ရင်ဆိုင်တွေ့ရသော ဒုက္ခသယ် အင်္ဂလိပ်အမေရိကန် စစ်ဗိုလ်၊ စစ်သားအား ဗမာ၏ သနား တတ်သော ကရုဏာ စိတ်ဓာတ်ကြောင့် နောက်မှ လိုက်လာသော ဂျပန်စစ်သားတို့ရန်ကို ကြောက်လန့်ဘို့ သတိမရ၊ တခဏ ဖြစ်စေ အသက်ရှည်ပါစေ ဟူသော စေတနနှင့် အကာ အကွယ် ပေးလျက် သိုဝှက်ကယ်ဆယ် ထားကြသူများလည်း အများအပြားပင် ရှိကြပါ သေးသည်။
ဤသဘောတရားမှာ အင်္ဂလိပ်ကိုသာမဟုတ် စက်ဆုတ်ရွံမုန်းစွာနှင့် ဂျပန်ကို ပြန်၍ တော်လှန်ရေး လုပ်ကြသော အခါမှာလည်း ရန်သူဂျပန် ဖြစ်စေကာမူ ယခင်နည်းတူ မျက်နှာရင်ဆိုင်ကြုံတွေ့ရသောအခါ သနား ကရုဏာ မကင်းတတ်သဖြင့် အခွင့်သင့် သလို ကယ်ဆယ်တဲ့ ၀ှက်ထားကြပြန်သေးသည်။
ကျမတို့လည်း တည်းခိုနေသော တိုက်ကြီးမြို့မှာလည်း တဖြေးဖြေး ရုတ်ယက်ခပ် လာသည်၊  ဆုတ်ပြေး လာသော အင်္ဂလိပ်တပ်များမှာ တိုက်ကြီး၊ ဥက္ကံစသော မြို့အနီး တ၀ိုက်တွင် စတည်းချလိုက်၊ ရှေ့ဆက် သွားလိုက်၊ နောက်တထပ် ရောက်လာပြီး တည်းချလိုက်၊ ရှေ့သွားလိုက်နှင့်အဆက် ပြတ်သည်မရှိ၊ အတွင်း ဘက် ကျသော ကျေးရွာ ဒေသများ ချောင်ကျရာ နေရာများနှင့် ရိုးမတောင်ခြေရှိ ရွာများတွင် ခိုဝင်သော နယ်လွန် သူ နိုင်ငံရေးသမား သခင်များကို ဆိုင်ရာ အရပ်ဒေသရှိ စုံထောက်များက ရှာဖွေ သတင်းပို့ နေကြ သဖြင့် စစ်အမိန့် အုပ်ချုပ်နေပြီဖြစ်၍ မတော်တဆ တွေ့ရှိသွားပါက တွေ့ရာ သင်းချိုင်း ဒိုင်းကနဲ ပစ်သတ် ခဲ့ကြရမည် ဖြစ်ပါသည်။ 
ထိုရက်ပိုင်းအတွင်း နယ်လွန်ပြီး ပိတ်မိ နေသော ပုသိမ်မှ နိုင်ငံရေးသမား သခင်နှစ်ဦး အား ကားကလေးနှင့် အသက်ဆံဖျား သွားရောက် ခေါ်ယူလျက် ကားခြေနင်း ခွက်ထဲတွင်ဝပ်၍ အ၀တ် ဖုံးပြီး လိုက်ပါစေရင်း စစ်ချီတက်နေသော အင်္ဂလိပ်စစ်သားတွေ ဘေးမှဝန်းကာ ကားကိုဒလကြမ်း မောင်း ခေါ် လာခဲ့ရပြီး အိမ်တည်းမှာ ကျကျနန ထားလိုက် ရပါသေးသည်။
အင်္ဂလိပ်အပြေး ဂျပန်အဝင် ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Thursday, February 18, 2010
ရွှေစင်ဦး ကြိုက်တဲ့ အရိုး ဆန်ပြုတ်
ကျနော် လည်း တရက် စာမရေးရရင် တရက် စားမဝင်၊ အိပ်မပျော် ဖြစ်နေတော့ ဒီနေ့ လည်း စာရေးအုန်းမှ ပါလို့...၊ အင်း ဘာအကြောင်း ရေးရကောင်း မလည်း.. အညာဟင်းလေး ချက်ရကောင်းမလား... အကယ်ဒမီ ဆုကြီး အသင်းတုပ် ရကောင်းမလား.. စဉ်းစားတယ်ခင်ဗျ...။ 
ဟင်းချက်တာနဲ့ ပတ်သက်ရင် ကျနော့် စိတ်ကိုသိတဲ့ ကျနော့် ဖေဖေ ပြောတာလေး သွားသတိရမိတယ်.. ကျနော် ဟင်းချက်တာ ကောင်းတယ်တဲ့ဗျ.. စားဘူးတဲ့ သူတိုင်းကလည်း ထောက်ခံကြတယ်.. ကျနော် ဟင်းချက်ပြီဆိုရင် ချက်ရမဲ့ ဟင်းကို လိုက်ပြီး ထည့် ရမဲ့ အစာပလာ အကုန်ပါမှ ချက်တယ်ဗျ.. ကျနော် ထည့် ချင်တာ မရရင် အဲဒီဟင်းဟာ မပြည့်စုံဘူးလို့ထင်တယ်..ဒါကြောင့် ကျနော် ချက်တဲ့ ဟင်းတိုင်းဟာ ကောင်းတယ်.. နောက်ပြီး ကျနော် ချက်ချင်တဲ့ စိတ်ရှိမှ ချက်တယ်..၊ စိတ်မရှိရင် မချက်ဘူးဗျ.. ။
အဲဒီတော့ ကျနော့် ဖေဖေက ပြောတယ် ရွှေစင်ဦး ဟင်းချက်တာကောင်းတယ်.. ဒါပေမဲ့ တနှစ်မှ တခါလောက် ချက်တော့ ဘယ်လိုလုပ်မလည်းတဲ့.. အဟဲ..မမေဓါဝီ ရေ ခဏ စောင့်ပါအုန်းနော်.. တနှစ်ပြည့် ဘို့ နဲနဲဘဲ လိုတော့တာပါ...။
ဟင်းတော့ ဒီနေ့ မချက်တော့ဘူး.. ဆန်ပြုတ်တော့ ပြုတ်မှ ဖြစ်မယ်ဗျ.. ကျနော် ချစ်အကိုကြီး ကိုကြီးကျောက် ကြီးလည်း ဖျားနေတယ်တဲ့.. နောက်ပြီး ချစ်ညီမ မိုမိဂျိ လေးလည်း သွားကိုက်လို့ တဲ့ဗျာ.. နှစ်ယောက်စလုံး အတွက် ဆန်ပြုတ် ပြုတ်ပေးပါမယ်..၊ ပြီးတော့ ဆန်ပြုတ်ကြိုက်တဲ့ ချစ် သော စာဖတ်သူများ အတွက် ရောပေါ့...။
ကျနော် ကြိုက်တဲ့ အစာ ထဲမှာ ဆန်ပြုတ်ပါတယ်ဗျ.. ၊ အိမ်မှာ ပြုတ်ရင်ပြုတ်သောက်.. ၊ ဒါမှမဟုတ် ဝယ်သောက်.. ကျနော် သောက်နေကြ ဆန်ပြုတ်ဆိုင်တွေက  အရင်တုန်းက ရတနာပုံ ရုပ်ရှင် ရှေ့က တွန်းလှည်း လေးနဲ့ ဆန်ပြုတ် ၊ ကျနော် သောက်တာကိုက အနှစ် ၂၀ ကျော်ပြီ.. သူ့ အရသာကတော့ ကြက်ပြုတ်ရေ နဲ့ ရိုးရိုးပါဘဲ.. ဒါပေမဲ့ ကျနော်က ဆန်ပြုတ်ထဲမှာ မုံကြွပ်ဖတ် မျှင်မျှင် လေး အကြွပ်ကြော်လေး ဖြူးပေးတာ ကြိုက်လို့ သောက်နေပါတယ်..။
နောက် တဆိုင် က ကောင်းမှကောင်း ဆန်ပြုတ်ပါ.. ၃၇ လမ်း ၈၂-၈၃ ကြား ထင်တယ်.. အဲဒီဆိုင်က ကြတော့ ကြက်ပေါင်းရေ ကို သီးသန့် ထားတယ်..၊ ဆန်ပြုတ် မှာမှ ကြက်ပေါင်းရေ ထဲ့ ပြီး ဆန်ပြုတ်ထဲ ထည့် ပေးပါတယ်..၊ ငုံးဥ၊ အသဲအမြစ် အကုန်ရတယ်..၊ အဲဒီဆိုင်မှာ စားတာလည်း နှစ် ၂၀ ကျော်ပါပြီ..၊ နောက်တဆိုင်ကတော့ ဆေးရုံကြီး နဲ့ မျက်နှာခြင်းဆိုင်က ဆန်ပြုတ် ဆိုင်ပေါ့ဗျာ..၊ ဒါပေမဲ့ အဲဒီဆိုင်ကတော့ တကယ် နေမကောင်းမှ ကျနော် ကြိုက်တဲ့ ဆိုင်တွေ မဖွင့်မှ သောက်တာပါ..၊ ဟိုဆိုင်တွေက ညနေပိုင်းမှ ဖွင့်တာဆိုတော့ မရှိသုံးလေး ပေါ့ဗျာ...။
ကျနော် အကြိုက်ဆုံးကတော့ ကျနော်ဘာသာပြုတ်တဲ့ ဝက်ရိုးဆန်ပြုတ် ဗျ...၊ ကျနော်က အရိုးဆန်ပြုတ် တော့ ကြိုက်တယ်.. ဒါပေမဲ့ ဈေးထဲမှာ ဝက်ရိုး ဝယ်ရမှာတော့ ရှက်တယ်ဗျ.. ဒါကြောင့် ဆန်ပြုတ် သောက်ချင်ရင် အရင်ဆုံး ဝက်ရိုးကောင်းကောင်း လေး ရွေးဝယ်တယ်..၊ အရိုးဝယ်ရတာ ရှက်လို့ အသားအရင် ဝယ်ပြီးမှ အိမ်က ရွှေစင်ဦး လေး အရိုးကိုက်ရအောင် ဆိုပြီး အရိုးလေး သီးသန့်ဝယ်ရတယ်...။
ပြီးတော့ ငရုပ်ကောင်းစေ့..၊ ဒါလည်း ready made ထုတ်တွေ ရှိပေမဲ့ မသုံးဘူးဗျ.. ကိုယ်ဘာသာ လှော်ထည့် တယ်..၊ နောက်တခါ ဘဲဥ ဗျာ..၊ ကြက်သွန်ဖြူကြော်..၊ တရုပ်နံနံ .. ကဲ အားလုံးပြည့်စုံရင် စပြီဗျာ..။
ပေါ်ဆန်းမွှေး ဆန် နို့ဆီဗူး တလုံးလောက် ရေဆေးပြီးရင် မီးအေးအေးနဲ့ ဒယ်အိုးထဲ ဆန်ထည့်ပြီး လှော်တယ်.. နဲနဲလေး နီပြီး မွှေးလာပြီ ဆိုမှ အအေးခံထားတယ်..၊ အဲဒီအချိန်မှာ ဝက်ရိုး ကို ပဲငံပြာရည် တို့ ဂျင်းတို့ နဲ့ နှယ်ပြီး ပြုတ်လိုက်တယ်.. ဘဲဥပါ ရေစင်စင် ဆေးပြီး ပြုတ်တယ်..၊ ခဏနေ ကြတော့ ဆီစိမ်း ထဲမှာ ကြက်သွန်ဥလိုက် ကြက်သွန်ဖြူ အမြှောင်းလိုက် ဆီသတ်တယ် ဆီနဲနဲ ဘဲထည့်ရတယ် အရောင်တင် နနွင်း ဘာမှ မထည့်ရဘူး..၊ ကြက်သွန် အစိမ်း နံ မနံ အောင် ဆီသတ်တာဘဲ ဆီတွေလည်း ဆန်ပြုတ်အိုးထဲ မထည့်ရဘူး..၊ ကြက်သွန် တွေဘဲ ဆယ်ထည့်ရတယ်..။
အားလုံး အဆင့်သင့် ဖြစ်ရင် ခုန ဆန်လှော် တွေကို နဲနဲလေး ငရုပ်ဆုံထဲ ထည့်ထောင်း တပိုင်းကြိုးလေးတွေ ဖြစ်သွားအောင် မထောင်းလည်း ရတယ် သူဘာသာ သူ ခဏနေ ကြေသွားရော..၊ အဲဒီ ဆန်လှော် တွေ ကို ရေထဲဲပြုတ်.. ခုန ဝက်ရိုး တွေနဲ့ ဝက်ရိုးပြုတ်ရေ တွေလည်း ထည့်..ကြက်သွန် ဖြူ နီတွေလည်းထည့် .. ပဲငံပြာရည် တို့ ဆားတို့ထည့် ပြီး ဝက်ရိုး မနူးမခြင်း ပြုတ်တော့ဗျာ...၊ သြ မေ့တော့ မလို့ ခုနက ဘဲဥပြုတ် တွေကို အခွံခွာပြီးတော့.. ပါးပါးလှှီးပြီး ဆန်ပြုတ်ထဲ ထည့်လိုက်အုန်း..၊ ကျန်သေးတယ်ဗျ.. ဝယ်ထားတဲ့ ဝက်သားတွေထဲက ဟင်းမချက်ခင် မေမေ ဆီက ဒါးမြတိုက်ထားတဲ့ ဝက်သားပြုတ် တွေလည်း ပါးပါးလှီးထည့် လိုက်အုန်း...။
ဆံပြုတ်နံ တွေ မွှေးကြိုင်လာပြီဆိုရင် ငရုပ်ကောင်း လှော်မှုံလေး နဲ့ တရုပ်နံနံ ပင်လေး လှီးထည့် လိုက်အုန်းဗျ...၊ ကဲ.. ရွှေစင်ဦး အကြိုက်ဆုံး ဝက်ရိုး ဆန်ပြုတ်လေး ကျက်ပါပြီဗျ.....ချစ်သော စာဖတ်သူများ သုံးဆောင် နိုင်ပါပြီ...။
မေ့တော့ မလို့ဗျ... နေမကောင်းတဲ့ ကိုကြီးကျောက် နဲ့ မိုမိဂျိ လေး အတွက် တဂျိုင့်ဆီ ထည့်ပြီး အရင်ပို့လိုက်ကြအုန်းဟေ့.. ကိုကြီးကျောက် အတွက် ဟိုး..မော်ဒယ်မမလေးများ (အဲ..ယောင်လို့ )...ကိုပီတာ ဘလော့ထဲက မော်ဒယ် ဖွားဖွားလေး များက ချော့တိုက်စေ.. ညီမ မိုမိဂျီလေး အတွက်တော့ ချော့ကလက် လေးပြပြ ပြီးတော့ တိုက်စေ....။
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>