Monday, February 15, 2010

ပန်းသတင်း (ဖေဖော်ဝါရီ ၁)

     သူမ

သူမဟာ
သူမဘာသာ သူမ ရပ်တည်နိုင်လောက်အောင်
ချောမောသူပါ

အဲဒီနေ့က အင်္ကျံ နက်ကျောပြင်မှာ
ဆံပင်နက်လျားလျားတို့  ဖြူလက်ကခုန်နှုတ်ဆက်
ရုံးဆင်းလာ နှစ်ဆင့်ချိုင့်လေးဆွဲလို့
ဖယ်ရီခေါင်းရှည်ကားစိမ်း ပေါ်ကဆင်း
ညနေငါးနာရီ မတ်တင်းဝန်းကျင် အချိန်မှန်စွာ

အလို
ရေပုပ်ရေသိုးတွေပေါ် ငိုက်မျဉ်းနေတဲ့
၂၁ရာစု ဂေါ်ကီရပ်ကွက်ထဲ သူမ
ချိုးဝင်သွားတော့
အို
ဆယ်ပေအိမ်လေးများလား အငှားလား အပိုင်လား အမွေဆိုင်လား
`အမေနေကောင်းလား`
`သမီးပြန်လာပြီ`
`ဖေကြီးဘာထူးလဲ`
မနက်ဖြန် ၀တ်ဖို့ဝတ်စုံ ကမန်းကတန်းလျှော်
`ညော်ကြော်မယ် တော်ရေ့`
အမေငူတူတူ
ဖယောင်းတိုင် သေးစွ အရဲကိုး
မိသားစုလက်ကျန်လေး
ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်
ဘယ်မှာ ဘာ့ကြောင့်ပဲဖြစ်ဖြစ်
ထမင်းစားနေကြပါတယ် လက်ဆုံ ။       ။


အုန်းမြင့်လှိုင်
မြန်မာသစ် (၂၀၁၀ ဖေဖော်ဝါရီလ)

ကျနော် စာကောင်းကောင်း ဖတ်တတ်အောင် အုန်း (အုန်းမြင့်လှိုင်) က သင်ပေးတယ်..၊ အုန်း ရဲ့ ပန်းသတင်း စာအုပ်ဆိုင်လေး ထဲမှာ ကျနော် စာဖတ်တတ်လာခဲ့ပါတယ်..၊ ဒါကြောင့် ကျနော့် ဘလော့ဂ် လေးမှာ ငယ်ဘဝ က အုန်း ရဲ့ ပန်းသတင်း စာအုပ်ဆိုင် နံမည်လေး ယူပြီး လစဉ် ကျနော် ဖတ်တဲ့ အထဲက ကျနော်.. ကြိုက်တဲ့ စာလေးတွေ တင်ပေးထားတယ်..၊ အခု အုန်း ရဲ့ ကဗျာလေး တွေ့လို့ အမှတ်တရ ထည့် ပေးလိုက် ပါတယ်...။
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁၅)

ဂျပန်လူမျိုးများနှင့် များများဆက်ဆံရလေလေ သူတို့အကြောင်းကို  နားမလည်လေ ဖြစ်ရပါ၏။ စစ်သား အချို့သည် အလောင်းကောင်များ ပတ်ဝန်းကျင်၌ ပေါက်ရောက်နေသော ပန်းပင်များမှ ပန်းပွင့်များကို ခူးပြီးနမ်း နေကြသည်ကို ကျွန်မ ကိုယ်တိုင် မြင်တွေ့ရပါသည်။ လိပ်ပြာများ ကိုလည်း ဖမ်း၍ သူတို့၏ လက်ဝါး ထဲ၌ ထည့်ကာ လှပြီး ရွနေသည်ကို ငေးမော အံ့သြ နေကြသည်ကို တွေ့ ရပါသည်။ သို့သော် လူများကို အကြောင်းတစ်စုံတစ်ရာ မရှိဘဲ လူသတ်ရသည်ကို ၀ါသနာ တစ်ခုကဲ့သို့ လူတစ်ယောက်၏ နောက်စေ့ ကို သွေးအေးအေးနှင့် ပစ်သတ်ကြသည်။
 
ကလောသို့ ထွက်မည့် ရထားများကို စုံစမ်းရန် ကျွန်မနှင့် ဘမောင်တို့သည် မီးရထား ဘူတာရုံသို့ ထွက်လာကြသည်။ ဘူတာရုံတွင် လှုပ်လှုပ်ရွရွ ဖြစ်နေခြင်း မရှိပါ ။ ဂျပန်ရုံပိုင် သည် ပလက်ဖောင်း စင်္ကြံန် တွင် တင်ပျဉ်ခွေ ထိုင်နေရင်း ဓာတ်စက်ဖွင့်ပြီး နားထောင်နေပါသည်။ သူ၏ ခွေးကလည်း သူ၏ ဓာတ်စက် အနီးတွင် ရှိနေသည်ဖြစ်၍ နာမည်ကျော် ခွေးတံဆိပ် ဓာတ်ပြားထဲက ကြော်ငြာပုံနှင့် တူနေပါသည်။ ကျွန်မတို့ မေးမြန်းစုံစမ်းသည်ကိုပင် သူက ဇိမ်ပျက်မည် စိုး၍လား မသိ၊ အဖြေ မပေးပါ။ ဂျပန်ရုံပိုင်သည် လုယက်၍ ရလာဟန်ရှိသော အင်္ဂလိပ်၊ ဂျပန်၊ မြန်မာ ဓာတ်ပြားများကို ဖွင့်ပြီး အရသာ ခံနေပါသည်။

 ကျွန်မနှင့် ဘမောင်တို့ နှစ်ဦးစလုံးသည် ရေကို လုံးဝ မသောက်သည်မှာ ၄၈နာရီ ရှိပါပြီ။ လျှာများကို ကွဲပြီး ရောင်နေပါသည်။ ကျွန်မတို့သည် ရေအနည်းငယ် တွေ့ရပါသော်လည်း ရောဂါပိုးများ ရှိနေမည်စိုး၍ မသောက် ရဲကြပါ။ မည်သူဖြစ်ဖြစ် ၀မ်းရောဂါ သို့မဟုတ် တိုက်ဖွိုက်ရောဂါသာ စွဲကပ်မည်ဆိုပါက ကောင်းစွာ ဆေးကုသမှု မခံရလျှင် သေဖွယ်ရာသာ ရှိပါမည်။

ကျွန်မတို့ နှစ်ဦးသည် ရထားလမ်းဘေးတွင် ထိုင်နေကြပြီး ရေငတ်လွန်လွန်း၍ ရူးသွပ်သွားမလား ဟူ၍ အောက်မေ့မိပါသည်။ နောက်ဆုံး၌ ကျွဲနွားများ တင်ဆောင်လာသော ရထားတစ်စီး ဘူတာထဲသို့ ၀င်လာပြီး ရှန်တိန် လုပ်နေသည်ကို ဘမောင်က တွေ့သွားသည်။ ဘမောင် သည် ကျွန်မ၏ လက်ကို တအားဆွဲ၍ ရထား လမ်းအတိုင်း ပြေးကြသည်။ ဇလီဖားတုံးများနှင့် ခလုတ်တိုက်ပြီး လဲမ လိုလို ဖြစ်ပါသေးသည်။

သူသည် ရထားနောက်ကို ပြေးလိုက်ရင်း တွဲနှစ်ခုအကြား တွဲချင်း မတိုက်ခိုက်မိရန် ထိန်းထားသော တွဲဆက်ပေါ်တွင် ခွထိုင်မိပြီး ကျွန်မကို သူ့ဘေးသို့ ဆွဲတင်ပါသည်။ ကျွန်မတို့နှစ်ဦးသည် အတန် ကြာအောင် အမောဖြေကြပြီးမှ ပွန်းပဲ့သော ဒဏ်ရာများဖြင့် အနံ့အသက် ဆိုးရွားသော တွဲပေါ်သို့ ရောက်သွားကြကာ ကိုယ်ကို မထိန်းနိုင်တော့ဘဲ လဲကျသွားပါသည်။

ရထားသည် ကလောဘက်သို့ ခုတ်မောင်း နေသည်ဟု ထင်ပါသည်။ မောပန်းလွန်း လှသဖြင့် စိတ်ပူ မနေနိုင်ပါ။ အရေးအကြီးဆုံးမှာ သာစည်မှ ထွက်လာနိုင်ခြင်းပင် ဖြစ်ပါသည်။ သာစည်တွင် ဆက်လက် နေရပါလျှင် ကျွန်မတို့၏ ကျန်းမာရေး အခြေအနေအရ သေမင်းက ခေါ်သွားမည့်နေ့ကို စောင့်နေရသလို ဖြစ်ပါမည်။ ကူးစက်တတ်သော ရောဂါပိုးများဒဏ်မှ ကျွန်မတို့သည် ကာကွယ်နိုင်မည် မဟုတ်ဘဲ အသက် ဆုံးရှုံး ရမည်သာ ဖြစ်ပါသည်။

ရေမသောက်ရဘဲ နောက်ထပ် ၂၄နာရီ ကုန်လွန်သွားပြန်ပါသည်။ နေရာပေါင်းများစွာ၌ ရထား ရပ် သော်လည်း ကျွန်မတို့သည် ရထား မည်မျှကြာကြာ ရပ်မည်ကို မသိပါသောကြောင့် ရထားပေါ်မှ ဆင်းပြီး ရေ မရှာဝံ့ ပါချေ။

ရေငတ်နေခြင်းနှင့် ပတ်သက်ပြီး အတွေးပေါင်းစုံ ၀င်လာခဲ့သည်။ ကျွန်မသည် ပန်းပင် သစ်ပင် များ အပေါ် တွင် ရေဂါလံ ထောင်ပေါင်းများစွာကို လောင်းခဲ့ဖူးပါသည်။ ရေမြောင်းထဲသို့ ရေများကို သွန် ပစ်ခဲ့ ဖူးသည်။ ရေချိုးကန်ထဲသို့ ရေဖွင့်ချခဲ့ဖူးသည်။ ယခု ရေတစ်ဇွန်းတလေ သောက်ရပါက ဘာပဲ ပေးရပေးရ ပေးရန် အသင့် ရှိနေပါသည်။ အာခေါင်ခြောက်ကာ လျှာက ရောင်အန်းပြီး ညိုနေသဖြင့် စကားလည်း မပြောချင်ပါ။

    ထို့နောက် ကျွန်မတို့သည် ကလောမြို့သို့ ချဉ်းကပ်လာကြပြီ ဖြစ်ကြောင်း သိရ၍ များစွာ စိတ်ချမ်းသာ သွားခဲ့သည်။ မိုးလင်းစပြုနေပြီဖြစ်၍ ဘူတာပလက်ဖောင်းပေါ်၌ ရှမ်းအမျိုးသမီးတစ်ဦး နွားနို့ရောင်း နေသည်ကို တွေ့ရသဖြင့် ခေါ်ယူပြီး နွားနို့ တစ်ခွက် ၀ယ်၍ ရေငတ်ပြေစေရန် တအား သောက်ချ လိုက်ပါသည်။ မူလက လျှာနှင့် လည်ချောင်းများ နာကျင်နေရသည့်အထဲ နွားနို့ကပါ ပူလောင်နေသဖြင့် အနာ ပေါ် တုတ်ကျသလို မခံမရပ်နိုင်အောင် ဝေဒနာ ခံစားရပါသည်။

ကျွန်မနှင့် ဘမောင်တို့သည် မြို့ထဲသို့ သွားကြသည်။ ဤမျှ  ခရီးပေါက်လာသည်ကို ၀မ်းသာရပါ သည်။ သို့သော် ကျန်နေသေးသည့်ခရီးကို မည်သို့ ဆက်ရမည်ဖြစ်ကြောင်း စဉ်းစား၍ မရသေးပါ။ အရာရာသည် တောင်ကြီးမြို့မှ ရွေ့လျား သွားလေရော့သလား ထင်ရသည်။ ခြေထောက်မှ အနာက နာကျင်လွန်းသဖြင့် သွားလိုက် နားလိုက် လုပ်နေရသည်။ ကားလမ်းမကြီးပေါ်ရှိ ဓာတ်ဆီ ဆိုင်တစ်ဆိုင်တွင် ကျွန်မတို့ နှစ်ဦး အကြာကြီး နားနေကြသည်။

နာရီပေါင်းများစွာ ကြာပြီးနောက် ဂျပန်စစ်ကား အုပ်စု တစ်စု ရောက်လာပြီး ဓာတ်ဆီဆိုင်တွင် ရပ်နေ ကြသည်။ နောက်ဆုံး လော်ရီကားပေါ်တွင် နောက်ဘက်ခန်း၌ ဖျာများ ခင်းထားပြီး ဂျပန်အရာရှိ တစ်စု စိတ်အေး သက်သာစွာ နေရာယူထားကြသည်။

ကျွန်မတို့နှစ်ဦး ကားနောက်ပြီးမှ တက်လာသည်ကို မမြင်လေဟန်၊ သတိမမူဟန် ကျွန်မတို့ ဘက်သို့ လှည့်ကြည့် ဖော်ပင်မရပါ။ ကျွန်မတို့ နှစ်ဦးကို သူတို့က ဖုတ်လေသည့် ငါးပိ ရှိလေဟန်မတူပါ။ ဂျပန် အရာရှိ များ အတွက် သီးသန့်လုပ်ထားသော ကားပေါ်သို့ ဗမာတောသားတစ်ဦးနှင့် ဥရောပသွေးပါသော အမျိုး သမီး တစ်ဦးတို့ တက်ရောက် လာသည်ကို အမေးအမြန်းမရှိခြင်းကို ပြန်လည်စဉ်းစားလိုက် သောအခါ မဖြစ်နိုင် ဟု တွေးမိသည်။ ထိုအချိန်က ကျွန်မမှာ အလွန်မောပန်းနေသဖြင့် ဘာတွေလုပ်ခဲ့မိ သည်ကိုပင် မသိပါ။ ယင်းသို့ ထူးခြားသော ဖြစ်ရပ်ကို ထိုစဉ်က အမှတ်တမဲ့ ဖြစ်ခဲ့သော်လည်း နောက် ကျမှ ကျွန်မတို့၏ အောင်မြင်မှု နောက်ကွယ်တွင် လျှို့ဝှက်ချက်ရှိကြောင်း တွေ့ရသည်။

ကလောမှ တောင်ကြီးသို့ မိုင်ပေါင် ၄၄မိုင် ကွာဝေး၍ ၅နာရီ ခရီး လာရပါသည်။ ဂျပန်များသည် ကျွန်မ တို့အား ဈေးတွင် ချပေးခဲ့ပါသည်။ ဘမောင်သည် ခရီးအလွန်သွားနိုင်သော တောင်ပေါ်သား တစ်ဦး ဖြစ်၍ ၂မိုင်ခရီးကို မနက်စာ မစားမီ လမ်းလျှောက် နေသလို လျှောက်သွား နိုင်ခဲ့ပါသည်။

အခြား တစ်ဖက်တွင်တော့ လူကလည်း ပင်ပန်း ခြေထောက်များကိုလည်း မသယ်ချင်တော့ သောကျွန်မ အတွက် ဒီခရီးကို ရောက်အောင်လျှောက်နိုင်ပါ့မလားဟု သံသယ ဖြစ်မိသည်။ ကျွန်မ၏ ခြေထောက် များတွင် အလေးများ ဆွဲထားသလို ခြေထောက်ကို တစ်လှမ်းချင်း သယ်ပြီး ဖခင်ကြီးအား ရွေ့ပြောင်း ထားခဲ့သော ဘန်ဂလိုသို့ ရောက်အောင် ပင်ပန်းစွာ သွားနေရသည်။
ကျွန်မတို့ကို စောင့်မျှော်ကြိုဆိုသူများတွင် မစ္စတာ မက္ကင်တိုင်ယာမိသားစု၊ ဦးသင်နှင့် အခြား မိတ်ဆွေ များကို တွေ့ရပါသည်။ မစ္စတာမက္ကင်တိုင်ယာတို့မှာ ကျွန်မ ထွက်သွားပြီးမှ တောင်ကြီးသို့ ရောက်လာ ကြခြင်း ဖြစ်ပါသည်။

ဖခင်ကြီးက ကျွန်မထံမှ သတင်းကို ကြားချင်နေသည်။ ကျွန်မကမူ ရေကိုသာ အငမ်းမရ သောက်ချင် နေသည်။ ရေတွင်း တစ်တွင်းလုံးကုန်သွားအောင် သောက်ပစ်ချင်နေသည်။ ထိုသို့ သောက် လျှင် အလွန် အန္တရာယ် များမည်ဖြစ်၍ ထိုအကြံကို လက်လျှော့လိုက်ရသည်။ ရေက အကောင်းဆုံး ရှန်ပိန် ထက်ပင် အရသာ ရှိသလို ထင်မိသည်။
 
စကား ပြောနေစဉ် ပါးစပ်ထဲတွင် နာကျင်သော ဝေဒနာကို ခံစားနေရသည်။ သို့သော် မေမေနှင့် ညီမလေး တို့နှစ်ဦး ကောင်းမွန်စွာအိန္ဒိယ ပြည်သို့ရောက်သွားကြကြောင်းကို သိရ၍ ပြုံးရွှင်နေသော ဖခင်ကြီးကို ကြည့်ပြီး ကြမ်းတမ်းသော ခရီးကို သွားခဲ့ရကျိုးနပ်သည်ဟူ၍ သဘောထားမိပါသည်။

နောက်နှစ်ည ကြာပြီးနောက် ကျွန်မတို့ စကားဝိုင်းဖွဲ့ပြောနေကြစဉ် ဦးသင် က ဘမောင်သည် အကြား အမြင်ရသူ တစ်ဦး ဖြစ်ကြောင်း ပြောလာပါသည်။ ဦးသင်က သူ၏ဇနီးနှင့် သမီးနှစ်ယောက် မှာ လမ်းခရီးတွင် လူစုကွဲ၍ ပျောက်ဆုံးသွားခဲ့ကြောင်း၊ သူ့တို့၏သတင်းကို သိလိုသဖြင့် ဘမောင်အားမေး ရန်ပြောကြား ထားကြောင်း ပြောပါသည်။
မစ္စတာ မက္ကတိုင်ယာ ကလည်း ထိုသို့ မေးမြန်းရာတွင် သူညီဆရာဝန်တစ်ဦး၏ သတင်းကို သိလို၍ သူလည်း ပါဝင် မေးမြန်း လိုကြောင်း ပြောပါသည်။

ဝိညာဉ်ကမ္ဘာနှင့် ဆက်သွယ်နိုင်သည့် ၀ိသေသကို ပိုင်ဆိုင်ထုတ်ပြောသော လူမျိုးကို ကျွန်မလုံးဝအယုံ အကြည်မရှီပါ။ ကျွန်မတို့၏ ဘာသာတရားက ကျွန်မတို့တွင် လိုအပ်နေသော အင်အားနှင့် ယုံကြည် မှုကို ပေးထားပြီးဖြစ်၍ အကြားအမြင်ရသည်ဆိုသော လိမ်ညာမှုမျိုးကို လက်မခံနိုင်ပါ။

'' ငါဟာ အတော်ပဲတစ်ကိုယ်ကောင်း ဆန်ပါကလား'' ဟုအတွေးပေါ်လာ၏။ ကျွန်မကတော့ မိခင်နှင့်ညီမတို့ ဘေးမသီ ရန်မခသည်ကို သိထားပြီး အခြာသူများ၌ သူ့တို့၏ ချစ်ခင်သော မိသားစုများ ပျောက်ဆုံးနေ၍ ၄င်းတို့၏ သတင်းကိုမည်မျှ သိချင်နေကြရှာမည်ကို ထည့်၍ မတွေးမိပါ။ သို့ဖြစ်၍ သူတို့နှင့်မတူ မေးမြန်း ရန် သဘောတူ လိုက်ပါသည်။
ကျွန်မက ထင်နေသည်။ အမေနှင့် ညီမတို့ကျန်းမာချမ်းသာစွာ ရှိနေကြောင်းကိုပင် ပြောလိမ့်မည်။ ထိုသို့ ပြောသည့်အတွက် အချိန်ကုန်တာကတော့ မှန်သည်။ သို့သော် ဘာများ ဆုံးရှုံးသွားမည်နည်း။ ဖေဖေ ကတော့ ကျွန်မတို့ လူစုထဲတွင် ၀င်မပါပါ။ အခန်းထဲတွင်ပင် မထိုင်တော့ဘဲ ထွက်သွားပါသည်။ မဟုတ်တမ်း တရမ်း တွေကို နားထောင်ချင်ဟန် မတူပါ။

အယူသီးမှု့ အတွေ့အကြုံ တစ်ရပ်ပင်ဖြစ်သည်။ ကျွန်မတို့သည် ဘမောင်ကို အလယ်တွင် ထားကာ ဘေးမှ ၀ိုင်းပြီး တင်ပျဉ်ခွေ ထိုင်ကြသည်။ ကျွန်မတို့ မေးချင်သည်တို့ကို ဦးသင်မှ တစ်ဆင့် မေးကြ ရသည်။
တောင်ပေါ်သား ဘမောင်က နတ်ဝင်သလို ဖြစ်သွားသည်။ ဦးသင်က သူ၏မိသားစုများ မည်သည့် အရပ်သို့ ရောက်နေ သနည်းဟု မေးသည်။ ဘမောင်က သူ၏ မူလအသံနှင့် မဟုတ်ဘဲ အခြားအသံ တစ်သံဖြင့် ပြန်ပြောသည်။

'' ရေလမ်းခရီးနဲ့ မြောက်ဘက်အရပ်ကို သွားတယ်၊ ဘုန်းကြီး တွေကြားထဲ ရောက်နေတယ်၊ သူတို့အား လုံး ကောင်းကောင်း မွန်မွန်ပါ'' ဟုပြန်ပြောသည်။
မစ္စတာမက္ကင်တိုင်ယာက သူ့ညီဆရာဝန်ဖြစ်သူ နော်မန်၏ အကြောင်းကို ဆက်မေးသည်။ စောစောက ဘမောင် ပြောနေသော အသံသည် တိုးသွားပြီး
''ရေရောင်မည်းမည်းတွေ တွေ့တယ်၊ ရေကအနက်ကြီးပဲ'' ဟုပြောသည်။ မက္ကင်တိုင်ယာက ထပ်ကာ ထပ်ကာ မေးခွန်းထုတ်သော်လည်း ဆက်မပြောတော့ပါ။
ကျွန်မတို့ အလှည့်သို့ရောက်သောအခါ ကျွန်မ၏မိခင်နှင့်ညီမတို့ အကြောင်းကို မေးပါသည်။ ဘမောင်၏ ပါးစပ်မှ ထွက်လာသော လေသံကမာကျောပြီး စိတ်ဆိုးဟန်ပါသည်။
'' ခင်ဗျား မယုံကြည်ဘဲနဲ့ ဘာကြောင့်ဒါတွေ မေးနေရသလဲ'' ဟုပြောပါသည်။

ကျွန်မမှာ ရုတ်တရက် အံ့အားသင့်သွားပြီး မည်သို့ ပြန်ပြောရမှန်း မသိအောင် ဖြစ်သွားမိပါသည်။ ကျွန်မ၏ စိတ်ထဲတွင် အမှန်ရှိသည့်အတိုင်း ပြောချလိုက်သည်။
''ကျွန်မက မယုံကြည်ဘူးဆိုတာ မှန်ပါသည်၊ ဒါပေမယ့် လေးလေးစားစားနဲ့ ကျွန်မ ရဲ့ မိခင်ရော ညီမပါ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ သိချင်လို့ မေးနေတာပါ'' ဟုပြောလိုက်သည်။
တစ်ခန်း လုံးတိတ်ဆိတ်သွားသည်။ ဘမောင်ထံမှ ကလေးသံလေးဖြင့် '' သူတို့ မြောက်ဘက်အရပ်က တောင်ဘက်အရပ်ကို သွားနေကြတယ်၊ သူတို့နိုင်ငံခြားမှာ ရှိနေတယ်'' ဟုပြောလိုက်သည်။
ကျွန်မသည် စိတ်ဝင်စားမှု မရှိလှပါ။ အသစ်အဆန်း သူတို့ထံက ဘာမျှမကြားရပါ။ မိခင်နှင့် ညီမတို့ အိန္ဒိယပြည် သို့ ရောက်သွားကြပြီကိုလည်း ကျွန်မကိုယ်တိုင်က သိထားနှင့်ပြီး ဖြစ်နေသည်။ အခြားသူ များကို သူ ပြောကြားသည်နှင့် ပတ်သက်၍လည်း ဘ၀င်မကျလှပါ။

အမှန်တကယ်ဖြစ်ပျက်သည်များကို ကျွန်မတင်ပြနေခြင်း ဖြစ်ပါသည်။ နောင် နှစ်ပေါင်း အတန်ကြာသော အခါ ကျွန်မနှင့် ဦးသင်တို့ အိန္ဒိယပြည်၌ ဆုံမိကြ၍ သူ၏မိသားစုအကြောင်းကို မေးမြန်းပါသည်။
''ချောင်ကျသော ရွာကလေးတစ်ရွာ၌ သူ၏မိသားစုကို ဘုန်းကြီးများက စောင့်ရှောက်ထားသဖြင့် ကျန်းကျန်း မာမာနှင့် ပြန်လည်တွေ့ရကြောင်း၊ ဘမောင်က မစ္စမက္ကတိုင်ယာကို ဟောလိုက်သည်မှာ လည်း မှန်ကန်ကြောင်း၊ မက္ကတိုင်ယာ၏ညီ နော်မန်သည် မုတ်သုံရာသီ၌ ရေကြီးနေသော မြစ်ကို ဖြတ်ကူးရာမှ ရေနစ် သေဆုံးသွားကြောင်း ပြောပြပါသည်။''
ခရီးထွက်ခဲ့သည့် ပင်ပန်းနွမ်းနယ်မှုများမှ နာလန်ထူအောင် ရက်သတ္တပတ်ပေါင်း များစွာ အချိန်ယူခဲ့ရ ပါသည်။ ကျွန်မပြန်၍ နေကောင်းလာသည်နှင့် တစ်ပြိုင်နက် ဖခင်အား ပြင်ဦးလွင်သို့ သွားရန်အချိန် ကျပြီ ဖြစ်ကြောင်း ပြောရသည်။

ကိုဒါမသည် တောင်ကြီးမြို့သို့ ပြန်ရောက်နေပြီးဖြစ်၍ သူကိုပင် အကျိုးအကြောင်း သွားပြောပြပြီး အကူအညီ တောင်းရ ပါသည်။ သူကလည်း မဆိုင်းမတွ ကူညီခဲ့ပါသည်။ တောင်ကြီးမြို့ကဲ့သို့ မော်တော် ကား ရှားပါးပြီး စစ်တပ် က ကားများကို ရအောင်ငှားပေးနိုင်သည်မှာ ထူးခြား ပြောင်မြောက်မှုဖြစ်ပါသည်။
နောက်ခန်းထဲသို့ ဖခင်ရော သူ၏အိပ်ရာကိုပါ တင်ပေးလိုက်သည်။ ကျွန်မတို့ပို့ပစ္စည်းအနည်းငယ် ပါပါသည်။ မက္ကင်တိုင်ယာနှင့် သူ၏ကလေး ၄ ယောက်တို့ပါ ကားပေါ်တက်ကြပါသည်။ ခွေးနှစ်ကောင် ကြက်တူရွေး တစ်ကောင်နှင့် ဘဲများပါ ကားပေါ်သို့ တင်သည်။ ကား၏လေးများ ညွှတ်ကွေးနေသည်။

အယ်နီကို ကျွန်မတို့နှင့် တစ်ပါတည်း လိုက်ခဲ့ရန် ခေါ်ပါသည်။ အယ်နီသည်က ခေါင်းခါသည်။ တောင်ကြီးမြို့ ကို ပထမအကြိမ် ဗုံးကြဲခံရစဉ်က ပျောက်ဆုံးသွားခဲ့သော သူမ၏ယောက်ျား မဒရာစီ ကုလား အရက်သမားက အိမ်ပြန်ရာက်နေပြီ၊ သူပြန်ရောက်လာစဉ်က အရက်များမူး နေပါသည်။ သူသည် နေ့ရောညပါ အရက်မူး နေပြီး လူတွေကို စိတ်အနှောက်အယှက်ဖြစ်စေသောကြောင့် ကျွန်မ၏ အိမ်ဝင်းထဲ သို့ ၀င်ခွင့် မပေးခဲ့ပါ။

သူမ၏ယောက်ျားကို မမျှော်လင့်ဘဲပြန်ရောက်လာခြင်းအတွက် အယ်နီသည်လည်း ကျွန်မကဲ့သို့ စိတ် အနှောက် အယှက် ဖြစ်ခဲ့ပါသည်။ သို့သော် သူမ၏ ယောကျာ်းကိုတော့ မစွန့်ပစ်နိုင်ပါ။ သူမက ကျွန်မကို လေးစား ချစ်ခင် ပါသော်လည်း သူမ၏ ယောကျာ်း အပေါ်တွင် သစ္စာရှိရပါဦးမည်၊ အယ်နီအတွက် ကျွန်မ ၀မ်းနည်း မိပါသော်လည်း အငြင်းအခုံ လုပ်ရန်တော့ မဖြစ်ကြောင်း ကျွန်မ သိပါသည်။ သို့သော် တန်ဖိုး မရှိသော လင်တစ်ယောက်အတွက် သူမ၏ အနစ်နာခံမှု့ ကိုတော့ ခါးသီးမိပါ သည်။ ကျွန်မ ပေးနိုင် သမျှသော ငွေကြေးနှင့် ပန်းကန်ခွက်ယောက်များ၊ အိုးခွက်များ ကို ပေးခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး ကြေကွဲစွာ ဖက်ထားကြသည်။

ကျွန်မတို့ ကားထွက်လာသောအခါ သူတစ်ဦးတည်း မတ်တတ်ရပ်၍ လက်ပြရင်း ငိုယို ကျန်ခဲ့သည်။ ကျွန်မတို့ ပြန်လည်တွေ့ရန်မှာ အလားအလာ ရှိတော့မည် မဟုတ်ကြောင်း နှစ်ဦးစလုံးက သိနေကြပါ သည်။ တဲတစ်တဲ အတွင်း၌ကား သူမ မပစ်ပယ်နိုင်သူ တစ်ဦးက အရက်မူးပြီး အိပ်နေသည်။ သူ့အတွက် သူ့ဇနီးက မည်မျှ ကိုယ်ကျိုး စွန့်လွှတ် ခဲ့သည်ကို သူသိမည်မဟုတ်။ ဂရုစိုက်လိမ့်မည်လည်း အဟုတ်ပါ။
လမ်းမ များပေါ်တွင် စစ်ပြေးဒုက္ခသည် များနှင့် ပြည့်ကျပ်နေဆဲပင် ဖြစ်သည်။

တောင်ကြီးမှ ၁၂မိုင်ဝေးသော ရွှေညောင် အထိ လူတန်းကြီးက ရှိနေ၍ ရောက်မှ ရောက်ပါ တော့မလား ထင်ရသည်။
ကျွန်မတို့သည် ရွှေညောင်ဘူတာတွင် ပါလာသော ပစ္စည်းများကို ချပြီးကုန်များ အတင်အချ လုပ်သည့် နေရာ၌ စခန်းချကြသည်။ ကျွန်မတို့အတွက် နောက်ခရီးကို သယ်ဆောင်ပေးရမည့် ရထားကို စိတ်ရှည် ရှည်ထား ၍ စောင့်မျှော်ရပါဦးမည်။ ရုံပိုင်သည် ကျွန်မတို့လူစုအား တွဲနှစ်တွဲပေါ်သို့ တင်ပေးပြီး '' ရထားကို မည်မျှလောက် ကြာအောင်စီးရမည်၊ ရထားသည်ကျွန်မတို့သွားလိုရာသို့ ရောက်မည်မရောက်မည်ကို သူကတိ မပေးနိုင်ကြောင်း'' ပြောပါသည်။

အကြိမ်ပေါင်းများစွာ ပျက်ကွက်ပြီးနောက် ရွှေညောင်မှ ကလေးသို့ ရထားသည် ကလင်ကလန်၊ ကလင် ကလန် စသောအသံများပေးကာ စတင်ထွက်ခွာ ပါတော့သည်။ မောင်းတံတစ်ခုကို ဆွဲလိုက်တိုင်း ခေါင်းတွဲကြီး တစ်စစီဖြစ်သွားမည်လားဟု စိုးရိမ်မိပါသည်။ ကလော တွင်လည်း မုန်းစရာ ကောင်းအောင် ကြန့်ကြာ နေပြီးမှ ခေါင်းတွဲကို စက်နှိုး၍ ရပါသည်။ ရထားသည် ဥသြဆွဲကာ တောင်အောက် လွင်ပြင်ဆီ သို့ ခုတ်မောင်း သွားပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၂ဝ)

ရည်ရွယ်ချက် (၂) ခု

သည်တစ်ကြိမ်သာ မတော်တဆနှင့် နဂါးနီတိုက်ရောက်သွားမိပြီး မန်နေဂျာလုပ်သူနှင့် သိရသည်။ နဂါးနီမှ အစုရှယ်ယာ များကိုလည်း ချဲ့ထွင် ရှာဖွေနေသည်။ အသိမြင်လျှင် အစုရှယ်ယာ မပါ, ပါအောင် လိုက်လံ နှိုးဆော်ခြင်း၊ မရ၊ အရ အေးဒမြတိုက်သည့်နည်းနှင့်လည်း ဇွတ်အတင်းရှယ်ယာ အစုအ၀ယ်ခိုင်းခြင်းများကို နီးစပ်ရာ အသင်းဝင် ရှယ်ယာရှင်များက တဆင့်၊ တဆင့် ကူး၍ ဆောင်ရွက်ပေးကြသည်။ 

အလုပ်ဌာန တိုးချဲ့ရာ ၌ ငွေရေး၊ ကြေးရေး ခိုင်လုံတောင့်တင်းအောင် ၀ိုင်းဝန်း ကူညီကြရာတွင် ကျမကလဲ တဦး အပါအ၀င် ဖြစ်နေသည်။ ကျမ ၀ယ်ယူလာခဲ့ရသည်။ ကျမနှင့် နီးစပ်သော စာပေ၀ါသနာပါသူ မိတ်ဆွေ များထံမှလည်း ရှယ်ယာရရှိရေးအတွက် မန်နေဂျာ သည် မကြာခဏအကူအညီလာတောင်းလေ့ ရှိပါသည်။ နဂါးနီစာအုပ်တိုက်၏ ၀င်ငွေအင်အား တောင့်တင်းခိုင်မာစေလိုသော စေတနာကြောင့် အားပေး ခဲ့ရာမှ နဂါးနီစာအုပ်တိုက်၏တတိယ မြောက် မန်နေဂျာ ကျွန်တော် ခြေလျင်အုန်းခင် ပါဆိုသူနှင့် အသိ မိတ်ဆွေ အဖြစ် ရောက်ရှိလာခဲ့ရ ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် မင်းကြီးဦးကျော်က ကျမ သဘောကျရာ ရိုက်လိုရာ စာပုံနှိပ်တိုက်ကို စာအုပ်များ အပ်ရန် တာဝန် လွှဲပုံလိုက်သည့်အတိုင်း ပုံနှိပ်ခ ရခြင်းရလျှင် နဂါးနီပုံနှိပ်တိုက်ကိုသာ ရစေချင်သော စေတနာဖြင့် "စစ်ရောင်ခြည်" ၀တ္ထုစာအုပ်ရေ (၅၀၀၀၀) ငါးသောင်းကို စတင်ပုံနှိပ်ပေးရန် အပ်နှံ လိုက်ပါသည်။ စာအုပ်များ ရိုက်နှိပ်ပြီးစီးသောအခါ တနိုင်ငံလုံးရှိ ခရိုင်အသီးသီးသို့ ဖြန့်ချီရန် ကိစ္စ ကို ဆောင်ရွက်ရန် စာရေး တယောက် နှင့် တိုက်ခန်းတစ်ခုကို ဆူးလေဘုရားလမ်းတနေရာတွင် ငှါး ထားသည်။ 

စာအုပ် ပြီးစီးအောင် ရိုက်နှိပ်ပေးခြင်း၊ အစိုးရ ဌာန၏ စာရင်းပေးချက်အရ ခရိုင်မင်းကြီး တစ်ဦးပိုင် ဖြစ်သော မြို့နယ်ခရိုင်အသီးသီးသို့ ရောက်အောင် ဖြန့်ချီပေးခြင်း စသော တာဝန်များကို စာအုပ် ငှားရိုက်မည့်သူ နဂါးနီမန်နေဂျာက တာဝန်ယူပါမည်ဆိုသောကြောင့် ကျမက မင်းကြီး ဦးကျော်ထံ ခေါ်သွား ပြီး စကား ကမ်းလှမ်းပေးခဲ့သည်။ ကျမက စာမူကိုသာ စိတ်အေး၊ လက်အေး ရေးပေးနိုင်မည်။ သည် အထွေထွေ ကိစ္စများ ကို တာဝန်မယူလို၍ ဖြစ်ပါသည်။

စစ်ရောင်ခြည်စာအုပ် ဖြန့်ချီနေဆဲမှာပင် နောက်ထုတ်မည့် "ကမ္ဘာ့ရန်သူ" စာမူကို ရေးသားပြီးစီး သွားပါသည်။ ထိုစာအုပ်မှာ မျက်နှာ-၁၆၀ ခန့် ပုံနှိပ်တိုက် အခေါ် (၁၀)ဖေါင်မျှသာ ရှိသည်။ ပုံနှိပ်မည့် စာအုပ်ရေ မှာ တစ်သိန်း ဖြစ်ပါသည်။ ထိုစာအုပ်ရိုက်နှိပ်ရာ အုပ်ရေတစ်သိန်းအတွက် ကုန်ကျမည့် စရိတ် စက မျက်နှာဖုံး ပန်းချီဘလောက်၊ အတွင်းပန်းချီဘလောက်နှင့် စက္ကူဘိုးခ၊ စာစီခ၊ ရိုက်ခ၊ စာအုပ်ချုပ်ခ စသဖြင့် အလုံးစုံ တွက်ချက် တင်ပြစေသည်။ ဖြန့်ချီရာ၌ ကုန်ကျသော စရိတ်များ၊ အခန်း ငှါးခ စာရေးငှားခများပါ ဦးကျော်၏  ဌာနမှ စာရင်းကျသလောက် ထုတ်ပေးရမည်။ ဖြန့်ချီဆဲ ဖြစ်သော စစ်ရောင်ခြည် ၀တ္ထုမှာလည်း အစစသည်နည်းအတိုင်း ဦးကျော်တို့ဌာနက ကုန်ကျစရိတ် ခံရပါသည်။

သို့ကြောင့် ကမ္ဘာ့ရန်သူဝတ္ထုကို ဒုတိယအကြိမ်နဂါးနီတိုက်မှဘဲ ရိုက်နှိပ်စေပါသည်။ ကမ္ဘာ့ရန်သူ ၀တ္ထု၏ ဇာတ်ကြောင်း မှာ ဂျာမဏိပြည်တွင် အာဏာရှင် ဟစ်တလာ၏ နာဇီဝါဒလက်အောက်၌ ဘယ်မျှလောက် ကြောက်မက်ဘွယ် နေထိုင်ကြသည်ဆိုသော အတွင်းရေးများကို ပေါ်လွင်လာစေ သည့် ဇာတ်ကွက် ဇာတ်လမ်း များကို တည်ဆောက်ရေးသား ရပါသည်။ ၀တ္ထုစဖွင့်ရာ၌ ဂျာမပြည်မြူ နစ်မြို့ ဆင်ခြေဖုံး ရပ်ကွက် တွင် နေထိုင်သော မိသားစု တစ်အိမ်ထောင်ကို အကြောင်းခံကာ ရေးသားရပါသည်။

ထိုအခါက ကျမမှာ ကမ္ဘာလှည့်ပြီး ထိုအရပ်ဒေသများသို့ ရောက်ခဲ့ဘူးခြင်း မရှိပါဘဲ လေဘမ်း၍ ဒါန်းလွှဲ ရသူအလား စိတ်ကူးနှင့်သာ အကွက်ချ၍ ရေးသားရခြင်း ဖြစ်ပါသည်။ နိုင်ငံခြားကို မသွား မရောက်ဘူး သေးမှီ နိုင်ငံခြားသားတို့ဌာနီမှ နိုင်ငံခြားသားများကို ဇာတ်ဆောင်ပြု ဇာတ်အိမ်တည်၍ ရေးရသည်မှာလည်း လွယ်ကူ လှသည့်တော့ မဟုတ်ပါ။ နာဇီဝါဒ၏ အသွေး အရောင်ကိုတော့ စာအုပ်စာတမ်းများတွင် တွေ့မြင် သိရှိ ရသလောက်နှင့် ဗဟုသုတ ပေါက်ခဲ့ပါ သည်။
စာအုပ်၏ ပထမစာမျက်နှာမှာ ကျမ၏  ရည်ရွယ်ချက် အောက်ပါအတိုင်း အမှာ ရေးလိုက်ရပါသေး သည်။

ရည်ရွယ်ချက်

ဤ၀တ္ထုကို ရေးသားရာ၌ ရည်ရွယ်ချက် ၂ခု ရှိပါသည်။ ပထမရည်ရွယ်ချက်မှာ ဂျာမဏီ ပြည်တွင် နာဇီဝါဒ လွှမ်းမိုးသည့် နေ့ကစ၍ ယနေ့တိုင်အောင် ဂျာမဏီအမျိုးသားချင်းပင် ဖြစ်လင့် ကစား နာဇီဂိုဏ်းဝင် မဟုတ်သော ဂျာမဏီလူမျိုးတို့မှာ မည်သို့သော ညှင်းပန်း နှိပ်စက်ခြင်း အမှုတို့ နှင့် ရင်ဆိုင် တွေ့ကြုံ နေရ သည်ကို မြန်မာပြည်က ကွင်းကွင်းကွက်ကွက် နားလည်စိမ့်သော ငှာဘော်ပြလို၍ ဖြစ်ပါသည်။

ဒုတိယရည်ရွယ်ချက်မှာ လွတ်လပ်ရေးကို လိုလားတောင့်တနေကြ ကုန်သော မြန်မာလူမျိုးများ သည် သခင် ပြောင်းလိုသော ကိစ္စမျိုးဖြင့် သူတထူးကိုအားကိုး၍ ကောင်းနိုးနိုး ရော်ယမ်းမှန်းဆကာ အလဟဿ အချိန် မကုန်ကြစေဘဲ မိမိတို့လိုလားသော လွတ်လပ်ရေးကို မိမိတို့ဘာသာ ကိုယ့်ဒူး ကိုယ်ချွန် ကြိုးပမ်း အားထုတ် ကြစေလို၍ ပင် ဖြစ်ပါသည်။
စာဖတ်သူ တို့သည် နဇီဝါဒ၏ အကောင်းအဆိုး အကျိုးအပြစ်ကို ကိုယ်ပိုင်ဥာဏ်နှင့် စီစစ်နိုင်ရန် အတွက် ဤ၀တ္ထုကို ဇာတ်ကွက်ဆင်ကာ ရေးသားဖေါ်ပြရခြင်း ဖြစ်ပါသည်။ စသော အမှာ နိဒါန်းကို ပဏာမခံ၍ ပေးလိုက်သည်။

သို့လျှင် ကျမရေးသော ကမ္ဘာ့ရန်သူ ၀တ္ထုစာအုပ်များသည် မြန်မာပြည် စာအုပ်ရာဇ၀င်၌ ပဋ္ဌမဆုံးအုပ်ရေ တစ်သိန်း ရိုက်နှိပ်ဖြန့်ချီ ရပြီး မြန်မာပြည်အရပ်ရပ် လှည်းနေလှေ အောင်း တောအုံချုံကြား မကျန် ပြန့်နှံ့ သွားသည်။ ပြန့်နှံ့သည်ဆိုရာမှာလည်း တခရိုင်လျှင် ခရိုင် မင်းကြီးတပိုင်ကအောက်ခြေသိမ်း ဆယ်အိမ် ခေါင်း အထိ လူဦးရေနှင့် ကြည့်ဖြန့်ကြသောကြောင့် ဖြစ်ပါသည်။
 
ကမ္ဘာ့ရန်သူ စာအုပ်ထွက်သောအခါ နိုင်ငံရေးအယူသီးသူများ၏ ဝေဖန်မှုသည် ဆုလာဘ်အဖြစ် ရရှိ ပါသည်။ ဘာဘဲဖြစ်ဖြစ် အစိုးရကလုပ်လျှင် မကြိုက်သော လက်မခံချင်သော အချိန်အခါ၏ အစွဲ အလန်း အတိုင်း အစိုးရအတွက် စာရေးပေးသူကိုပါ အလိုတော်ယိစာရင်းသို့ သွတ်သွင်းလိုက်ကြ လေသည်။ သို့သော် ဂျပန်ခေတ်ရောက်၍ စပ်စပ်ကလေး အထိခံရသောအခါ အရေလယ်သွားကြ ဟန် တူပါသည်။

စစ်ကြိုခေတ်မှအယူအဆ

ဒုတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေသော ကမ္ဘာ့ရန်သူ ၀တ္ထုများ ဖြန့်ချီနေချိန်မှာ စစ်ဂျာနယ်တစ်ခု ထုတ်ဝေရန် ဦးကျော်က တိုင်ပင်ပြန်သည်။ ကျမကလဲ ၀တ္ထုများကို အမြဲ ဆက်ရေးရန်မဟုတ်၊ တစ်အုပ်၊ နှစ်အုပ်သာ ရေးမည် ဖြစ်သဖြင့် ဂျာနယ်ထုတ်ရင် သဘောတူပါသည်။ သို့ရာတွင် ဂျာနယ် မှာ ရေးသားစရာ အခဏ်း ကဏ္ဍများ စုံလင်စွာ ပါရမြဲဖြစ်၍ ကျမ တာဝန်မယူချင်ကြောင်း ပြောပါ သည်။ 

ဦးကျော်က ဂတိ ထားသည် မှာ ကျမ ဘာမှ မရေးရပါ၊ စစ်နှင့်ဆိုင်ရာ တိုက်ပွဲ ဓာတ်ပုံများ၊ သတင်းများကို သူတို့ ဌာနက ရသည့် အတိုင်း ထည့်သွားပါမည်၊ အယ်ဒီတာလည်း အသင့် ရှိပါ သည်။ အနီးရှိ အင်္ဂလိပ်ကပြား အဘိုးကြီး တစ်ဦးကို ညွှန်ပြ၍ သူက အလုပ်ရှိသမျှ လုပ်ပါလိမ့်မည်။ ဂျာနယ်ကိုလည်း အစိုးရ ပုံနှိပ် ထုတ်ဝေသူ အဖြစ် အမည်ခံ ထားရုံသာ ကူညီပါဟု ဆိုပါသည်။ သို့ဖြစ်၍ ဂျာနယ်၏ နောက်ကျော ဘက်မှာ ထုတ်ဝေသူ ဒဂုန် ခင်ခင်လေး ဆိုသော အမည်ခံရန်မျှ သဘောတူလိုက်ပါသည်။

ကျမ ရေးခဲ့ပြီးသော ကမ္ဘာ့ရန်သူ စသော ၀တ္ထုစာမူခမှာ တစ်ပုဒ်လျှင် ငွေငါးထောင်ရသည်။ စာအုပ် ရိုက်ခ၊ အခြား တင်ပို့စရိတ် ကုန်ကျသလောက် စာရင်းအတိုင်း ပေးရမည့်ငွေများကိုလည်း ကျမ အမည်နှင့်သာ ထုတ်ပေး သောကြောင့် ထိုငွေမျာကို ရရှိအောင် အစိုးရနှင့် ဆိုင်ရာ ငွေစာရင်း မင်းကြီးရုံးတွင် သွားရောက် ပြီးမှ ကျမက လက်မှတ်ထိုး၍ ထုတ်ပေးရပါသည်။ 

ထို့ကြောင့် အလုပ် ကိစ္စရှိသမျှတို့ကို တိုင်ပင် ဆွေးနွေး ရခြင်း၊ ငွေရေး၊ ကြေးရေး ထုတ်ပေးရန် ငွေစာရင်း မင်းကြီးရုံး သွားရခြင်း၊ တစ်ခါ တစ်ခါ စာအုပ်ထုတ်ဝေရာ အလုပ်တိုက်ခန်း သွားကြည့်ရခြင်း၊ မင်းကြီး ဦးကျော် ၏ ရုံးခန်းမှာ လုပ်ငန်းနှင့် ဆိုင်ရာ ကိစ္စအတွက် သွားသည့်အခါ သွားရလာရခြင်း စသည်များတွင် နဂါးနီ မန်နေဂျာက စာအုပ်ထုတ်မှု လုပ်ငန်း၌ ပါဝင် လုပ်ကိုင်ပေးနေသူ ဖြစ်၍ အတူတကွ သွားတန်သည့် နေရာများကို ခေါ်သွားရပါသည်။

ပို့ရသော စာအုပ်များကလည်း ခရိုင်အသီးသီးက များလှ၍ တော်တော်နှင့် မပြီးပါ။ စာဖောင်များ ရိုက်ရာမှာ စာအုပ်ရေ တစ်သိန်းအတွက် ရိုက်နှိပ် ရခြင်းဖြစ်၍ လက်ရှိ မြန်မာပြည်မှ စာပုံနှိပ်စက်များနှင့် လိုသော ရက်တွင် တချိန်တည်း မပြီးစီးနိုင်ပါ၊ စာအုပ်ကို ပြီးစီးနှင့် သလောက် ခွဲ၍ ရိုက်ရခြင်း၊ ပြီးသမျှကို စာအုပ်အဖြစ် ချုပ်သူက ချုပ်လုပ်ပေး ရခြင်း၊ ဖြန့်ချီသူကလည်း ပြီးစီသလောက်တသုတ်စီ ခွဲ၍ ဖြန့်ချီ ပေးပို့ နေရပါသည်။

ထိုအချိန်နှင့် မရှေ့မနှောင်းမှာပင် ဂျပန် သူလျှို့ခေါ်သော စာအုပ် တစ်အုပ် ပေါ်လာပ်ြပါသည်။ ၀င်ရိုးတန်း နိုင်ငံအပါအ၀င် ဂျပန်နိုင်ငံမှာလည်း ဂျာမဏီက နာဇီဝါဒကဲသို့ ကြောက်မက်ဘွယ် ကောင်းကြောင်း ရေးသား ထားပါသည်။ ဂျပန်များ ဗမာပြည်ကို တိုက်ခိုက် သိမ်းယူပြီး စိုးမိုးသော အခါ ဂျပန်သူလျှို စာအုပ်ရေး သူမှာ ဂျပန် ပင်ပေတိုင်၏ နှိပ်စက် ညှဉ်းဆဲမှုကြောင့် မချိမဆန့် ခံလိုက်ရပြီးနောက် အနိစ္စ ရောက်ရရှာ ပါသည်။

အကယ်၍ ဗမာပြည်ကို ဂျပန်က ၀င်မသိမ်းဘဲ ဂျာမဏီကသာ ၀င်လာမည်ဆိုလျှင် နာဇီဝါဒ အကြောင်း ရေးသားခဲ့သော ကျမ အဘို့လည်း သက်သမည် မဟုတ်ဟု တွေးမိပါသည်။ သို့ရာတွင် ဂျာမဏီမှာ အလှမ်း ကွာသဖြင့် ဗမာပြည်ဘက် မရောက်လာဘဲ ဂျပန်နေမျိုးနွယ်များကသာ တရုပ် ပြည်နှင့် တဆက်ထဲ တမြေထဲ စပ်နေရာ ဗမာပြည်သို့ အလွယ်တကူ ရောက်လာကြပါသည်။ မူလ နိုင်ငံရေးသမားများနှင့်လည်း လျှို့ဝှက်သော အဆက်အသွယ် ရှိခဲ့၍ ပိုမို လွယ်ကူသည်။ 

ဝင်လာ သော ဂျပန်များကို အားကိုး အားထား ပြု၍ ကြိုဆိုခဲ့ကြသည်။ ဂျပန်သည် အင်္ဂလိပ်ကို တိုက်ထုတ် ပစ်လိုက်ပြီး ဗမာများ လက်ထည်းသို့ လွတ်လပ်ရေး ကြီးကို အထပ်လိုက်၊ အထပ်လိုက် ပုံပြီး အပ်လိုက်မည်ဟု ရည်မှန်းခဲ့ကြသည်။ ထိုကြောင့် ဂျပန် သူလျှို့စာအုပ်ကိုလည်း အယူသီးသမားများ က မကြိုက်မနှစ်သက်ကြဘဲ ဝေဘန် ဆဲဆိုကြသည်ဟု သိရှိရ ပါသည်။

နောက်ပိုင်း ဂျပန်နှင့် နဖူး တွေ့၊ ဒူးတွေ့ တွေ့ပြီး လက်သည်းခွါ၊ ရေနွေးလောင်းစသော မချိမဆန့် ခံရသည့် ဆုလာဘ်ကြီး များ ရလာသော သုံးနှစ်တာ အချိန်အတွင်းမှာ ကျောချမှ ဒမြမှန်း သိလာကြပြီး တော်လှန်ရေး ကိစ္စ ကြီးကို ကြိတ်၍ လုပ်ကြရပြန်သည်။ အရင် ဘုန်းကြီးက တချက်သာ ခေါက်၍ နောက် ဘုန်းကြီး က အချက်တရာလောက် အခေါက်ခံရသော မျောက်ကလေးပမာ လက်တွေ့ နာကျည်းဘွယ်ရာ အမျိုးမျိုး ခံစားရခြင်းမှာ လွတ်ကင်းအောင် ရုန်းထွက်ကြရပြန်ပါသည်။ ဒီအခါမျိုးမှာ တဘက်က စစ်ရေး သာလာသော အင်္ဂလိပ် အမေရိကန်တို့ကလည်း လျှို့ဝှက်နည်းနှင့် ဂျပန်တော်လှန်ရေးမှာ အကူ အညီ ပေးကြ ရပြန်ပါသည်။

နိုင်ငံရေးဆိုသည်မှာ ချာချာလယ်နေသည်။ ဖေါက်လွှဲ ဖောက်ပြန်ဖြစ်ပြန် ပျက်ပြန်နှင့် ဓမ္မဓိဋ္ဌာန်ပြု၍ တခု တည်းသော အယူအဆနှင့် လုပ်မရကြောင်း ပေါ်လွင်လာသည်။ မုန်းသူကိုလဲ ပြန်ချစ်တန်က ချစ်ဟန်ဆောင်ရသေးသည့် ဗဟုသုတတို့ကို စစ်ကြိုခေတ် စစအတွင်း ခေတ်နှင့် စစ်ပြီး ခေတ်များကို ကိုယ်တွေ့ မျက်မြင် ကြုံတွေ့ ခံစားခဲ့ရသူများအတွက် လက်တွေ့ သဘောပေါက်ခဲ့ကြရပါတော့သည်။ ရေးလက်စ နှင့် ကွက်ကျော်ချ၍ ရေးသွားခြင်း ဖြစ်ပါ၏။

ယခု စစ်ကြိုအချိန်တွင် ဖြစ်ပျက်သမျှ ရေးပြဆဲ ဖြစ်ပါသည်။ သို့နှင့် မင်းကြီး ဦးကျော်၏ ၀ါဒဖြန့်ချီရေး ဋ္ဌာနက ထုတ်ဝေသော စစ်ဂျာနယ်များပင် စတင်၍ ထွက်လာပါသည်။ သည်အခါတွင် ကျမ ရေးသော ကမ္ဘာ့ ရန်သူ စာအုပ်များ တင်ပို့ ဖြန့်ချီပြီးစီးသလောက် ဖြစ်သွားပါပြီ၊ သို့ရာတွင် အချို့ ခရိုင်များက စာအုပ်များ လုံလောက်အောင် မရကြောင်း တိုင်ကြားကြသည်။ စုံစမ်းသောအခါ စာအုပ်က တစ်ပြိုင်တည်း အုပ်ရေ တစ်သိန်း မပြီး၍ ပြီးသလောက် ခွဲပို့ရသည်ဆို၏။

နောက်ပိုင်းမှာ စာအုပ်ရိုက်ခြင်း၊ တင်ပို့ ဖြန့်ချီခြင်းများ မနိုင်မနင်းရှိ၍ တာဝန်ခံ ဦးစီးလုပ်ကိုင်ပေးသူ နဂါးနီ မန်နေဂျာ နှင့် မင်းကြီး ဦးကျော်တို့ စာအုပ်ရိုက်ခ ငွေစာရင်း ရှင်းရာတွင် ရုတ်ရုတ် ရုတ်ရုတ် ဖြစ်လာ သည်ကို တွေ့ရပါသည်။ ကျမက ဘာမှ မသိ၊ ဘာတာဝန်မှလည်း မခံသူဖြစ်၍ မေးမြန်း စုံစမ်းခြင်း ပင် မပြု တော့ပါ။

ထိုအတွင်းမှာ နဂါးနီ စာအုပ်တိုက်တွင်လည်း အမှုဆောင် လူကြီးများ စည်းဝေးရာ၌ ကမ္ဘာ့ရန်သူ စာအုပ် အငှားရိုက်ခြင်း၊ ဂျပန်သူလျှိုစာအုပ် ထုတ်ဝေခြင်းများကို အလိုမတူသူ တချို့နှင့် အတိုက် အခံ ဖြစ်ကြ သည်ဟု ကြားသိရသည်။ ကျမ၏ ကမ္ဘာ့ရန်သူ စာအုပ်ရိုက်ခြင်းမှာ စာအုပ်တစ်သိန်း ရိုက်ခ ၀င်ငွေ ရစေ လိုသော စေတနာကြောင့် အပ်ခဲ့ခြင်းသာ ဖြစ်သည်။ နဂါးနီတိုက်က ထုတ်ဝေ သော စာအုပ် မဟုတ်ပါ။ အခ ယူ၍ အငှါးရိုက်ပေးခြင်းသာ ဖြစ်ပါသည်။ ဂျပန် သူလျှိုစာအုပ်မှာတော့ နဂါးနီတိုက်က ထုတ်ဝေ သည်ဟု ထင်သည်။ ကျမ ကောင်းစွာ မမှတ်မိတော့ပါ။

ရည်ရွယ်ချက်တူ၍ ဘဝခရီးဖော်ပြုခြင်း
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, February 14, 2010

ငယ်ဘဝများ (၁၆) နှင့် ရွှေစင်ဦၤး မူးသွားခြင်း အပိုင်း (၁)

ရွှေစင်ဦး မူးသွားခြင်း ဆိုတော့ ရေးဖော်၊ ရေးဖက် အသောက်သမား ဘလော့ဂ်ဂါ ကြီးများ ကတော့ ပျော်သွားကြမှာဘဲ.. သူကလည်း ခေသူမဟုတ်ဘူး မူးသွားခြင်း တဲ့ ဆိုပြီး သိချင်နေကြမှာ.. နေအုန်း မရေးသေးဘူး..။

ကျနော် ငယ်ငယ်က အိမ် အပေါ်ထပ်မှာ ကျနော် တို့ နေတယ် ၊ အောက်ထပ် မှာ စာသင်ခန်း ရှိတယ်ဗျ.. ဖေဖေ သူငယ်ချင်းတွေ စာလာသင် ကြတယ်..၊ အဲဒီ.... စာသင်တဲ့ အထဲမှာ ဆရာဦးမိုးထက်ကျော် (ရူပဗေဒ) လည်းပါတယ်..၊ ဆရာ က အဲဒီတုန်းက နံမည် သိပ်မကြီး သေးဘူး..၊။

ပထမပိုင်း နှစ်တွေမှာ.. ၄-၅ ယောက်လောက်ဘဲ ရှိမယ်ထင်တယ်..၊ ဒါပေမဲ့ ဖြေးဖြေးခြင်း တော့ လူများ လာတယ်...၊ အဲဒီအချိန်မှာ ကျူရှင် စာရေး လိုလာပြီပေါ့.. စာရေးကြီး ခေါ်လာပါတယ်..၊ အဲဒါ DBio က ဆရာကြီး ကိုနေမျိုး (စံ ဘော်ဒါ) ပေါ့ ... ကိုနေမျိုးက ဆေးကျောင်း တက်နေတုန်း ထင်တယ်...။

ဆရာ စာသင်ချိန်က မနက် အစောကြီး ၊ မနက် ၆နာရီလောက် ဆို အတန်း အမြဲရှိတယ်..၊ ဆရာမလာခင် ကိုနေမျိုး က စောရောက်တယ်..၊ ဝိရိယ ကောင်းတဲ့ လူဆိုတော့ မနက်ဆို အစောကြီး ကြိုကြို ရောက်နေ တယ်..။

အဲဒီမှာ..အိမ်စာရေးကြီး ကျနော် နဲ့ ထိပ်တိုက်တွေ့တာပေါ့.. ကျနော် က အိမ်ဝန်းတံခါး ထထဖွင့်ပေးရတာ ကိုး ဆောင်းတွင်းဆို မနက်အစောကြီး ချမ်းကချမ်း နဲ့ ကွေးကောင်း နေတုန်း ရှိသေးတယ်.. ကိုနေမျိုးက ရောက်လာပြီ.. သူကတော့ ဆရာမလာခင် ကြိုတင်ပြီး ဘာညာလုပ်ထားချင် လို့ နေမှာပေါ့.. ကျနော် ကတော့.. ဟင်း အစောကြီးရှိသေးတယ်.. လာပြီပေါ့...ဝိရိယ ကလည်း ကောင်း ကောင်း နိုင်လွန်းပေါ့ ... (အခုတော့ ဝိရိယ ကောင်း လွန်း၊ တော်လွန်းလို့ စံဘော်ဒါကြီး ထောင်နိုင်သွားတာပေါ့ နော်) အဲလို မုဒိတာ တွေပွားပြီး.. ကျနော်က ရွတ်ဖတ် ပြီးမှ အိပ်မှုံစုံဖွား နဲ့ တံခါး ထ..ထ ဖွင့် ပေးရတာတော့ မှတ်မိတယ်ဗျ..။

ကိုနေမျိုး ကလည်း ဒီကောင်မလေး အပျင်းလေး.. အမြင်ကပ်စရာလေး လို့ထင်မှာဘဲ...၊ ဒါက comment ထဲမှာ ကိုနေမျိုး ကျောင်းက ထွက်တဲ့ ချော (အစိမ်းရောင် လွင်ပြင်) အတွက် ကျနော် နဲ့ ကိုနေမျိုး နဲ့ သိခဲ့ တာလေး တခု ကြုံ လို့ရေးပြလိုက်တာပါ..။

မကူးရေ ၁၆ ကျောင်းမှာ တက်ခဲ့တဲ့ ခုနှစ် တော့ မမှတ်မိတော့ဘူး ကျနော်တို့ မောင်နှမ အားလုံး သူငယ်တန်း ကနေ ၁ဝ တန်း ထိ အစဉ်အဆက် နေခဲ့ ကြပါတယ်..၊ မောင်နှမ ကလည်း ၆ယောက်တောင် ရှိတာဆိုတော့ တယောက်မဟုတ် တယောက်နဲ့တော့ မကူး နဲ့ သိမှာပါ..ကျနော် ကတော့ အများကြီး စောမယ်ထင်တယ်..၊ ကျနော် တို့ လက်ထက်က ၉တန်းမှာ Chemistry သင်တာ ဒေါ်မြတ်သူဇာ၊ ဆယ်တန်း မှာ သင်တာက ဦးခင်မောင်တိုး (ဘိုတိုး)၊ အင်္ဂလိပ်စာ သင်တာက (ဘိုရဲ) အောင်မှတ်မရ ရင် အတန်း ရှေ့ ခေါ် ပြီးရိုက်တယ်..၊ တခါတော့ ကျနော် က အင်္ဂလိပ်စာကျတယ်..၊ သူ ရိုက်မဲ့ နေ့ သိနေတော့ ကျောင်းမ သွားဘူး..၊ လွတ်များ လွတ်မလားလို့.. အဟိ.. နောက်နေ့ ကြမှ တကိုယ်တော် အရိုက်ခံ လိုက်ရတယ်.. မှတ်မိနေတာလေး တချို့ပါ..။

ကဲ.. ကျနော် မူးသွားခြင်းကို စရအောင်..၊ ကျနော် ၈ တန်း နှစ် လား ၉တန်း နှစ် မှာလား မသေချာဘူး၊  ကျုရှင်တက်တော့ ဝရဇိန်ကျူရှင် ဗျ.. ၇၃ လမ်းပေါ်က ကျုံးမရောက်ခင်လေး..၊ ဆရာက ဦးစိန်ဝင်း လား မသိ ဘူး (ဖေဖေ သူငယ်ချင်းဘဲ) ဓါတုဗေဒ ဆရာ (တရုပ် ဆရာကြီး) နံမည်ကြီးပါ..၊ လူက လည်း အခန်းပြည့်..၊ ဆရာကလည်း ကျနော့် ကို ချစ်တယ်၊ ဖေဖေ့ သမီး ဆိုတော့ ဂရုလည်း စိုက်တယ်..၊ ကျနော် ကတော့ အတော် ဆိုးတဲ့ အချိန်ပေါ့..။

ကျူရှင်နဲ့ ကျနော် တို့ အိမ်နဲ့ က သိပ်မဝေးဘူး တခါတလေ စက်ဘီးနဲ့ တခါတလေ ခြေလျှင် လျှောက်သွား တယ်..၊ တနေ့ တော့ ဘာစိတ်ကူးပေါက် တယ်မသိဘူး.. ကျူရှင်နားက ကွမ်းယာဆိုင်မှာ ကွမ်းယာ ဝယ်စားမိတယ်..၊ ဆေး နဲ့ လား တဲ့..၊ ကျနော့် မေမေ က ကွမ်းစားတယ်.. တခါတလေပေါ့ ကျနော် ဝယ်ပေးနေကြ.. ဒါပေမဲ့ ရိုးရိုး အချို ဘဲသိတာ..၊ ဆေး နဲ့ လားဆိုတော့.. ခပ်တည်တည် နဲ့ အင်းပေါ့ .. များများလား ဆိုတော့ လောဘ က နေရာတကာ ကြီးတာဆိုတော့ များများပေါ့..၊ ကွမ်းယာ ထုပ်ကလေး အသာဖွက်ပြီးကျူရှင်ခန်း ထဲယူလာတယ်..၊ မကောင်းတာက အဲဒီလို.. ဆရာ စာသင်နေတုန်း အပျင်းပြေ စားဖို့ယူလာတာလေ..။

အဲဒါနဲ့ ဆရာစာသင်နေတုန်း ကွမ်းယာလေး ပါးစပ်ထဲထည့် စားလိုက်ပါတယ်..၊ မထွေးနိုင် မအံနိုင် ဖြစ်ပြီး ပူစပ်ပူလောင်ကြီး.. ဆရာကလည်း စာသင်နေ ဘာလုပ်ရမှန်းလည်း မသိတာနဲ့ ကြိတ်မှိတ်ပြီး မြိုချ လိုက်ပါတယ်..၊ အမယ်လေး ဆေးများများ ရဲ့ အစွမ်း ကလည်း တခါထဲတန်း ပြတော့ တာဘဲ..၊ ခေါင်းကို မထောင်နိုင်တော့ဘူး မူးသွားတာလေ.. ဘယ်လိုမှ ဟန်မဆောင်နိုင်ဘူး.. ခေါင်းငိုက်စိုက်ကျပြီး စာသင် ခုံပေါ် မှောက်အိပ် လိုက်ရတော့တာဘဲ..။

အဲဒီမှာ ဆရာလည်း စာသင်ရပ်ပြီး မေးရတော့တာပေါ့.. ဘာဖြစ်လည်းပေါ့.. ကျနော်လည်း ကွမ်းစားလို့ မူးတယ်လို့ ဘယ်ပြောရဲမှာလည်း.. မူးလို့ပါဆိုပြီး ပြောရတာပေါ့.. အဟီး. ဆရာများ ရိုးရှာတယ်.. တခါထဲ ကျူရှင် ပိတ်လိုက်ပြီး ကျနော့် ကို ဖေးဖေးမမ နဲ့ ဆိုက်ဂျဲရိုး ငှားပြီး သူကရှေ့ကထိုင် ကျနော့် ကို နောက်ခုံမှာ တင်ပြီး အိမ်တိုင်ယာရောက် လိုက်ပို့ရှာတယ်..၊ ရွှေစင်ဦး တို့မကောင်းပုံများတော့ အခုစဉ်းစားကြည့် အခု အားနာစရာ ကောင်းတယ်.. ဆရာရေ ကန်တော့ ပါနော်..။

ဒါက ရွှေစင်ဦး မူးသွားခြင်း (ကွမ်း..ကွမ်း) ပါ..။

(သြ..တခုကျန် နေသေးတယ်.. ရွှေစင်ဦး ကို ချစ်သူများ.. ရွှေစင်ဥ လို့ မခေါ်ကြပါနဲ့ ခင်ဗျား..ကျနော်က ဥ ကို တွေ့လိုက်ရင်.. စားချင် စားချင်သွားတယ်.. ကျနော်က ဘဲဥ ကြိုက်တယ်..)

စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ငယ်ဘဝများ (၁၅) နှင့် အ.ထ.က ၁၆ မှ ချီတက် ဆန္ဒပြ ပွဲကြီး

ကျနော် ၆ တန်းနှစ် အရောက်မှာ ကျနော်တို့ အိမ်နဲ့ ၁အိမ်ကျော်မှာ အိမ်ဝယ်ပြီး မိသားစု တစု ပြောင်းလာကြ တယ်ဗျ..၊ နယ်က ထင်တယ် တော်တော် ရှေးကြပြီးတော့ နေပုံထိုင်ပုံက ရိုးသားကြတယ်..၊ အဲဒီ မိသားစုထဲမှာ ကျနော့် ထက် တတန်း ကြီး ပြီး (၇ တန်း မှာတက်နေတယ်) ကျနော် တို့ ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူ တယောက် ပါလာတယ်..၊ ကျနော်က အဲဒီ ကောင်မလေး ကို နေရင်း ထိုင်ရင်း ကြည့်မရ ဖြစ်နေတယ်..။

သူက နယ်ကဆိုတော့ ဆံပင်က အုပ်လုံးသိမ်း ကနေပြောင်းထားတဲ့ ဆံပင်ပုံ..၊ နောက်ပြီး ဝဝ တုတ်တုတ် နဲ့ သူ့ ပုံစံက ကျနော့် မျက်လုံးထဲ မှာ စချင်စရာဖြစ်နေတယ်..၊ စကားပြောတဲ့ လေသံတွေက လည်း ကျနော့် နားထဲမှာ ရီစရာတွေ ဖြစ်နေတယ်..၊ ကျနော်က သူ့ကို စချင်တယ်..၊ ကျောင်းသွားရင် သူ့နောက်က လိုက်ပြီး မကြားတကြားနဲ့ သူပြောတဲ့ လေသံနဲ့ လိုက်ပြောတယ်..။

နောက် တမျိုးမဟုတ်တမျိုး စ..စ ပြီးတော့ သူ့နောက်ကနေ လိုက်လိုက် ပြောင်တယ်..၊ ကျောင်းကလည်း တကျောင်းထဲ အိမ်ကလည်း တအိမ်ကျော် ဆိုတော့ အဲဒီကောင်မလေး က ကျနော့် လက်က ပြေး မလွတ်ဘူးဗျ..၊ သူ ဘယ်လိုရှောင်ရှောင် မရဘူး ကျောင်းသွား မဟုတ်ရင် ကျောင်းပြန် တွေ့တွေ့ နေတာ ကျနော် ကလည်း တွေ့တိုင်းပြောင်နေတော့ ကျနော့် ကို တော်တော် အမြင်ကပ် နေတယ် ထင်တယ်..၊ ကျနော် ကလည်း တော်တော် စွာတော့ ပြန်လည်း မပြောရဲဘူး အတော်တော့ မုန်းနေ မှာပေါ့...။

ကျနော်တို့ အိမ် နဲ့ ကျောင်း ကြားမှာ ကိုးနဝင်း ဘုရားရှိတယ်..၊ လမ်းလျှောက်ပြန်ရင် ဘုရားထဲက ဖြတ်ပြန်ရတယ်..၊ ဆိုက်ဂျဲရိုး နဲ့ ဆိုရင်တော့ အပြင်လမ်းကပေါ့...၊ ကျနော်တို့ မောင်နှမ တွေအတွက် ဆိုက်ဂျဲရိုး အသွားအပြန် လပေးငှားတာရှိတယ်..၊ ဒါပေမဲ့ ကျနော့် ရဲ့ ပွေပွေလီလီ လုပ်ရပ်တွေက ရှိနေတော့ လမ်းတဝက်မှာ ဆင်းနေခဲ့ တာတို့.. ကိုယ်ဘာသာကိုယ် လမ်းလျှောက်ပြန်တာတို့ ဆိုတာ အမြဲတန်းရှိတယ်..။

မိုးရာသီဆိုရင် ဘုရားထဲမှာ သပြေပင်တွေ အများကြီးရှိတော့ သပြေသီး ခူးစားလို့ရတယ်.. သရက်သီး ပေါ်ချိန် ဆိုရင်လည်း သရက်သီး စားလို့ရတယ်..၊ အသွားမှာလည်း ဘုရားထဲက ဘီလူးမကြီး ခေါင်းပေါ်က လင်ဘန်းထဲက ဘုရားဆွမ်းတော် စွန့်ထားတဲ့ မုံတွေကို ကံကောင်းရင်စားလို့ရတယ်..၊ နောက်ပြီး ဘုရား အပြင်ဘက်မှာ ရေချောင်းကြီး တခုရှိတယ်..၊ အဲဒီအချိန်ကတော့ ရေက ကြည်သန့် နေတယ်..၊ အဲဒီမှာ ရေဆင်းချိုး လို့ရတယ်..၊ ရေမချိုးတောင် ရေထဲဆင်းဆော့လို့တော့ ရတယ်..၊ ကျနော်လို အဆော့မက်.. အစားမက် တဲ့ သူက တော်ရုံဆို ဆိုက်ဂျဲရိုး နဲ့ လိုက်လေ့မရှိဘူး..၊ အဲဒီလို့ ဆော့ချင်လို့ ခြေလျှင် လျှောက်တာ များတယ်..။

ကံဆိုးမိုးမှောင် ကြတဲ့ တနေ့ ရောက်လာတယ်ဗျ..၊ ကျောင်းအပြန်မှာ ကျနော်ဟာ ခုန ပြောတဲ့ ကောင်မလေးကို စပြီး နောက်ကနေ လိုက်လာတယ်..၊ ဘုရား အပေါက်ဝရောက်ရော ဘယ်အချိန်က ကျနော့် ကို အလစ်ချောင်း နေမှန်း မသိတဲ့ အဲဒီကောင်မလေးက သစ်ကိုင်း ခြောက်နဲ့ နောက်ကနေ ရိုက်ထည့်လိုက်တာ ကျနော် က ဘိနပ်ကုန်းချွတ်လိုက်တဲ့ အချိန် ဆိုတော့ ခေါင်းကို ရိုက်မိသွားတယ်..၊ သွေးတွေမှ ဖျာကနဲ ပေါ့ဗျ..၊ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ကျန်တဲ့ သူငယ်ချင်းတွေက သွေးတွေ သွေးတွေ ဆိုပြီး ဝိုင်းအော် ကြတော့ အဲဒီကောင်မလေးက လွယ်အိတ် နဲ့ ဘိနပ် ပြစ်ချပြီးတော့ ထွက်ပြေးတယ်ဗျ...၊။

အဟဲ..ခေါင်းဆောင်ကြီးတော့ အကြီးအကျယ် ခံလိုက်ရပြီ..၊ ကျနော် က အစောပိုင်းက တော့ နောက်က ပြေးလိုက်ပြီး နဗန်းလုံး မလို့ဗျ..၊ နောက်တော့ ဘယ်လိုစိတ်ပြောင်းသွားလည်း မသိဘူး သူကျန်ခဲ့တဲ့ ဘိနပ်နဲ့ လွယ်အိတ် နဲ့ ကို ရေချောင်း ထဲ ပြစ်ချလိုက်တယ်..၊ လွယ်အိတ် ပြစ်တော့ ဘာတွေ ဘယ်လို စဉ်းစား လိုက်မှန်းမသိဘူး လွယ်အိတ်ထဲက စာအုပ်တွေကို လွှင့်ပြစ်လိုက်ပြီးမှ လွယ်အိပ်ကလေး သက်သက် ပြစ်ချလိုက်တာဗျ..၊ အဲဒီလို လုပ်ပြီးမှ ကိုယ့် ဒဏ်ရာကိုယ် စမ်းကြည့်တယ်.. သွေးတွေက အများကြီးဘဲ..။

ဆေးခန်းကို ဘယ်သူက လိုက် ပို့ လိုက် မှန်းတောင် မသိပါဘူး.. အိမ်ပြန်ရောက်တော့ ပတ်တီးဖြူဖြူ လေးနဲ့ ၂ချက်လား ၃ချက်လား မသိဘူး ချုပ်ရတယ်..၊ အခုထိ အဲဒီဒဏ်ရာလေး က ဆံပင် မပေါက်တော့ နဖူးဆံစ အစွန်းမှာ ဗွေလေး လိုဖြစ်ပြီး လှတပတ လေးပေါ့ဗျာ.. ချစ်ချစ်ကြီး က နဖူးစပ်မှာ ဆံပင် ခွေကောက် ကောက် လေးနဲ့ ဗွေလေးက လှတယ်ပေါ့..၊ ကျနော် လည်း အသာ မသိချင်ယောင်ဆောင်ပြီး မပြောပါဘူး ခင်ဗျား တို့သာ ခင်လွန်းလို့ ပြောပြတာပါ..။

အဲဒီလို ဖြစ်ပြီး ကျနော်ဟာ ကျောင်းမသွားရဲတော့ဘူး ရှက်တာလား.. ဘာလားတော့ မသိဘူး ကျောင်း ၂ရက် မတက်ဘူး..၊ အဲဒီအချိန်မှာ ကျနော့် တို့ အတန်းထဲမှာ.. အဲဒီသတင်း တွေက ရောက်နေပြီ.. ဒို့ အတန်းထဲက ဒို့ အချစ်ဆုံး သူငယ်ချင်းကြီးတော့ ခံလိုက်ရပြီဆိုပြီး .. အတန်းထဲမှာ တော်တော် ရုတ်ရုတ် သဲသဲ ဖြစ်နေပြီဗျ...။

အဲဒီတုန်းက ကျနော် ပြောခဲ့တဲ့ အတိုင်းဘဲ အတန်း ထဲမှာ ဗိုလ် ဖြစ်တဲ့ အပြင် ပုပု သေးသေးလေး နဲ့ စွာတာတာ လေးဆိုတော့ အကြီးပိုင်းက လူတွေကလည်း အတော်ချစ်တယ်..၊ ကျနော် ခုထိ မှတ်မိနေတာ ယောက်ကျားလေး အသင်းခေါင်းဆောင် အရပ်အရှည်ကြီးနဲ့ ကိုမျိုးညွန့် တဲ့ သူတို့ မောင်နှမ တွေကလည်း ကျောင်း မှာ တော်တော် ပေါ်ပြူလာဖြစ်တယ်.. အိမ်မှာ လည်း တီးဝိုင်းတွေဘာတွေ ထောင်ထား တာဆိုတော့ အတော် လူသိများပြီး ကျောင်းမှာ ထင်ရှားတယ်..၊ သူကလည်း ကျနော် ကို အတော် ချစ်တယ်..၊ နောက်ပြီး မိန်းခလေး ထဲက ဆိုရင် မန္တလေး ဟော်တယ် နောက်နားမှာ နေတဲ့ ကရင် ခရစ်စယန် ဂျူးလီးယက် ဆံပင်ပုံလေးနဲ့ မမဇာနည် လို့ ကျနော် တို့က ခေါ်တယ်.. သူကလည်း ကျနော့် ကို တော်တော်ချစ်တယ်..၊ သူတို့ နဲ့ ကျနော့် ဘော်ဘော် တွေက ကျနော် ကျောင်းတက်မဲ့ ရက်ကို စောင့်နေ ကြတာဗျ...။

၃ရက်မြောက် ကျနော်လည်း ကျောင်းတက်ရော ကျနော့် ကို ဒီလို သွေးထွက်အောင် လုပ်တဲ့ ကျောင်းသူ ကို မကျေနပ်ဘူးပေါ့ဗျာ.. အတန်းရှေ့သွားပြီး ထွက်လာခိုင်းမယ် စိန်ခေါ်မယ်ပေါ့ ... ကျနော် က အရွယ်လည်း ငယ်တယ်.. အတန်းလည်းငယ်တယ်.. (ဘယ်လောက် ဆိုးတယ် ဆိုတာတော့ မသိချင်ယောင် ဆောင်နေ ကြတယ်..) ဒါ မတရားလုပ်တာဆိုပြီး တတန်းလုံးက သွေးတွေ ကြွနေပြီ..၊  ကျနော် တို့ အတန်း ထဲက စပ်စပ်စုစု သူငယ်ချင်းတွေကလည်း အဲဒီကောင်မလေး ကို သွားသွား ချောင်းနေပြီ အဲဒီ ကောင်မလေး ကလည်း ကျောင်းမတက်မချင်း အတန်းထဲကို မဝင်ရဲဘူး ကြောက်နေတယ် ထင်တယ်..။

နောက်တော့ ကျောင်းတက်ခါနီးလေး မှာ တတန်းလုံး ကို ကိုမျိုးညွန့် တို့ မမဇာနည် တို့က  ဦးဆောင်ပြီး အဲဒီ ၇တန်း အေ ရှေ့ကို ချီတက် သွားကြတယ်ဗျ.. (အဟီး...88 အရေးအခင်းကြီး အတိုင်းပေါ့) မလိုက်တဲ့ လူ သစ္စာဖောက် ပေါ့..၊  ကျနော် ပြောတာ မဟုတ်ဘူး နော်.. ကျနော် ကို ချစ်ကြတဲ့ ကိုမျိုးညွန့်တို့ မမဇာနည် တို့ကပြောတာ.. ။

တတန်းလုံးက စိတ်ဓာတ်တွေ တက်ကြွပြီး.. သတ်မယ်.. ဖြတ်မယ်.. ပါးပါးလှီးမယ် ပေါ့..၊ ဟိုအတန်း ရှေ့ ရောက်တော့ သူတို့ အတန်းကလည်း မခံဘူးဗျ.. သူတို့ အတန်းသူ ကို ဘယ်လွယ်လွယ် နဲ့ ရှေ့ထုတ် ပေးမလည်း..၊ အဲဒီလို တဘက်နဲ့ တဘက် ရန်စောင် နေတုန်းမှာဘဲ.. ဆရာမ ရောက်လာပြီး အကျိုး အကြောင်း မေးပြီး အဲဒီကောင်မလေးကို အပြစ်ပေး ပါမယ်ဆိုမှ.. ကျနော်တို့ရဲ့ ဆန္ဒပြပွဲ ကြီးဟာ အောင်မြင်စွာ ပြီးဆုံးသွားပါတယ် ခင်ဗျား.. ။

(ကဲ.. ဒီလောက် စည်းရုံးရေးကောင်းပြီး ချစ်ခင်သူတွေ များတဲ့ ရွှေစင်ဦးလေးကို ဘယ်သူတွေ ကများ ၂၀၁၀ မှာ စည်းရုံးရေးမှုး တာဝန်ပေးမလည်း လို့.. ကျနော် ကတော့.. များများရတဲ့ဘက်..လိုက်မှာဘဲ..)

ဒါကတော့ ကျနော် မှတ်မိသလောက်.. ငယ်ငယ်က ဆိုးခဲ့တေခဲ့ တာလေးတခုပါ..။

စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၉)

စစ်ရောင်ခြည်

အတွင်းဝန်များ ရုံးကြီးအောက်ထပ် မှ အခန်းကျယ်ကြီး တစ်ခုတွင် ရှိသော ဦးကျော် ၏ အလုပ်စားပွဲ ထိုင်မိ သောအခါ မောင်မောင်ပြေ ပြောသည့် အတိုင်း ဦးကျော်သည် ဖော်ရွေ လေးစားစွာနှင့် ဧည့်ခံ စကား ပြောလျက် သူ၏ ရည်ရွယ်ချက်ကို ပြောပြပါသည်။ ထိုစဉ်က ဦးကျော်၏ ၀ါဒဖြန့်ချီရေး ရုံးခန်း မှာ အင်္ဂလိပ်အစိုးရ  နည်းစံနစ်အရ သားနားသပ်ရပ် ခံညားလှ ပါသည်။ သာမန် ဧည့်သည်များ မ၀င်ရဘဲ သီးသီးသန့်သန့် ခြားခြားနားနားထားပြီး အရေးပါအရာရောက်သော လူကြီးများသာ စီမံခန့်ခွဲ အမိန့်ပေးရာ အခန်း တစ်ခု ဖြစ်၍ အပြင်အပ လူများ ဥဒဟို သွားလာဝင်ထွက်  ခြင်း မပြုနိုင်ကြသည်ကို တွေ့ရပါသည်။

တခါတရံ စစ်ဗိုလ်ယူနီဖေါင်း ၀တ်ထားသော ဦးအေးကို တွေ့ရပြီး တခါတရံလည်း ဦးမြင့်သိန်း ယခု နိုင်ငံတော် တရားလွှတ်တော်ချုပ် နိုင်ငံတော်ဝန်ကြီးချုပ် အား တွေ့ရပါသည်။ ဦးကျော် နှင့် တွေ့သောအခါ မောင်မောင်ပြေ ကြိုတင်ပြောပြထားသော အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များ ထပ်မံဆွေးနွေး ခြင်းပြုကြပါသည်။ ဦးကျော်၏ ဆန္ဒ မှာကျမရေးပေးမည့် ၀တ္ထုများကို လိုသလောက် စာမူခ၊ ဥာဏ်ပူဇော်ပါမည်။ ၎င်းအပြင် ၀တ္ထုများကို စာအုပ်အဖြစ်ရိုက်ထုတ်ရာ၌လည်း ဒေါ်ခင်ခင်လေး၏ သဘော အတိုင်း သဘောကျရာ စာပုံနှိပ် တိုက်တွင် အပ်နှံပါ။ စာအုပ်ထုတ်ဝေရန် ဌာနတစ်ခုကိုလည်း ဖြန့်ချီ တင်ပို့ပေးရန် စသည်များကို အခြေခံကာ တိုင်ပင်ကြပါသည်။

ကျမသည် ၀တ္ထုစာမူရေးဘို့ ဆွေးနွေးရုံသာမက စာအုပ်အဖြစ်ရိုက်နှိပ်ရန် ကိစ္စတာဝန် အပြင် မြန်မာ တပြည်လုံး ကို ဖြန်ချီရန်စာအုပ်ဌာနတခုကို ဖွင့်ပြီး ဦးစီးရမည့် တာဝန်တခုနှင့် မြန်မာတ ပြည်လုံးရှိ ခရိုင် မင်းကြီး များ အုပ်ချုပ်ရာ ခရိုင်နယ်အသီးသီး သို့ တင်ပို့ပေးရန် ဖြစ်ပါသည်။ ရိုက်နိုပ်ရမည့် စာအုပ်များ မှာလည်း သိန်းနှင့်ချီ၍ ရိုက်ရပါမည်။ အစိုးရ စာပုံနှိပ်စက်ကြီး တခုလုံးရှိပါ လျက်နှင့် ကျမလက်သို့ တာဝန် အသီးသီး စုပုံပြီးပေးအပ်လိုက်သည်မှာ စားလိုသူစားတတ်သူတို့ အဖို့တော့ သွားရည်ယိုစရာ အလုပ်ကြီး တစ်ခု ဖြစ်ပါသည်။ သို့ရာတွင် ကျမမှာ စာမူခလောက်သာ လိုချင်သူဖြစ်၍ အပိုတာဝန်တွေကို ပင်ပန်းကြီး စွာ ဆောင်ရွက်ရပြီးမှ ၀င်ရမည့်လာဘ်လောဘကို  ရှေ့ရှုမက်မောနေသူ မဟုတ်ပါ။ သို့ကြောင့် ကျမ စာမူ ပြီးလျှင် ပုံနှိပ်ရန်အပ်ချင်သော စာပုံနှိပ်တိုက် များကို စဉ်းစား ရာထားနေသည်။

သိန်းနှင့်ချီ၍ ရိုက်ရမည် စာအုပ်များအတွက် စက္ကူဘိုးကပင် အများကြီး အရင်းဝင်နေသည်။ စာစီခရိုက်ခ မှ အစ စာအုပ်ချုပ်ပြီးသည်အထိ စရိတ်စက မည်မျှကြရောက်သည်တို့ကို အကြမ်းအား ဖြင့် တွက်ချက် ခိုင်းကြည့် ရာ စာအုပ်၏ စာမျက်နှာ အနည်းအများကို တိတိကျကျ မရသေး ၍ခပ်အေးအေး စာမူပြီးအောင် ရေးနေ ခဲ့သည်။ စာမူပြီး၍ စာအုပ်ရိုက် ရတော့မည့် အခြေအနေ ရောက်လာလျှင်လည်း ကုန်ကျစရိတ် များကို ကျမက စိုက်ထုတ်ရမည် မဟုတ်ပါ။

ကျမအပ်နှံရန် ရွေး ချယ်ရာ စာပုံနိုပ်တိုက်များကလည်း ဤမျှ အရင်းအနှီးများသော စာအုပ်များကို စက္ကူ စိုက်ထုတ်ရိုက် ပေးနိုင်မည့် အင်းအားမရှိပါ။ သို့သော် ပုံနိုပ်လုပ်ငန်းရှင်တို့၏ စီးပွားရေးအရ တအီတ၀ကြီး ရရှိမည့် ပုံနိုပ်ခကိုတော့ မက်မောကြပါလိမ့်မည်။  ကျမ ပဌမစတင်ရေးနေသော ၀တ္ထုစာမူ တခုပြီးစီးလေပြီ။ ထိုဝတ္ထုမှာ သူနာပြု အလုပ်ကိုအရိုးကြေကြေ  အရေစုတ်စုတ် စွန့်စွန့်စားစား ပြုလုပ်ခဲ့သောကမ္ဘာကျော် အမျိုးသမီးကြီး ဖလော်ရင့် နိုက်တင်းဂေးလ်စ် အကြောင်း ကိုမူတည်လျက် ဘယ်လဂျီယံ နှင့် ဂျာမဏီတို့၏ စစ်တိုက်ခန်း အရပ်ရပ်မှ ဆိုးဝါး ရက်စက်မှု အဖြစ်မှန်များအား ဇာတ်ကွက်ဝင်အောင် ထည့်သွင်း ရေးသား ထားခြင်း ဖြစ်ပါသည်။

၎င်းဝတ္ထုမှာ စာမျက်နှာဖွဲ့ လျှင် ၈၀ ကျော်မျှ သာရှိ၍ စာပုံနိုပ်တိုက် အခေါ် ၅ - ဖောင်မျှသာ ရှိပါသည်။ မျက်နှာဖုံး ဘလောက်ရိုက်ပုံ ကို စက္ကူချောနှင့် ရိုက်ရန် စသည် တို့ကိုပါ စရိတ်စကတို့ကို နှစ်နေရာ သုံးနေရာ ခွဲ၍  တွက်ခိုင်း ထားပြီးလေပြီ။ သို့သော် မည်သည့် ပုံနိုပ်တိုက်မှာ အပ်တော့ မည်ဟု  ကျမ သဘော အတိုင်း စစ်ရောင်ခြည်ဟု ပေးလိုက်သောအခါ မင်းကြီးဦးကျော်က အလွန် သဘောကျနေသည်။ ဇာတ်အိမ် ဇာတ်လမ်း နှင့်တကွ ရည်ရွယ်ချက်များပေါ်လွင်နေသောကြောင့် စာအုပ် အဖြစ်မြန်မြန် ထုတ်ဝေ ရန်  အလောတကြီး ဖြစ်နေတော့သည်။

ဤတွင် ကျမက စာအုပ်ရိုက်ရန် ကုန်ကျမည့်စရိတ်များကို တင်ကြိုထုတ်ပေးရန်နှင့် ထိုသို့ တင်ကြို ထုတ်ပေး ပြီး ပုံနှိပ်အလုပ်ကို ပြီးမြောက်အောင် ရိုက်နှိပ်ပေးရန် တာဝန်ခံနိုင်သော တိုက်များ မှသာ အလုပ် ကို အပ်နှံဝန့်မည်။ စရံစကငွေတွေယူပြီးမှ ဖြောင့်ဖြောင့်မှန်မှန်လိုသော နေ့ရက်ကို မအပ်နိုင်လျှင် ကျမက တာဝန်မကင်းဖြစ်နေဦးမည်ကိုလည်း တနည်းအားဖြင့် စိုးရိမ်ရသေးသည်။

၎င်းစာအုပ်ကို ထုတ်ဝေရာ ဌာနအဖြစ် ကျမနေထိုင်သော ဒါလဟိုဇီလမ်းရှိ တိုက်ခန်းအမှတ် နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက်မှ ထုတ်ဝေသည်ဟု စာအုပ်တွင် နေရာကို အတည်ပြုကြပါသည်။ ဦးကျော်၏ ဆန္ဒအရ စာအုပ်ကို ခပ်မြန်မြန်ထွက်ပေါ်လာစေလိုမှုကြောင့် ကျမစိတ်တိုင်းကျ ပုံနှိပ် တိုက်တခုကို ရွေးချယ်ဘို့ ဆုံးဖြတ်လိုက်ပါသည်။ ၄င်းပုံနှိပ်တိုက်မှာ နဂါးနီ ပုံနှိပ်တိုက်ဖြစ်ပါသည်။

ကျမသည် နိုင်ငံရေးအယူသီးသူအဟုတ်၊ မျက်ကန်းမျိုးချစ်စိတ်မျိုး ထား၍ သူတပါးနောက် လိုက် လုပ်ခဲ့သူလည်း မဟုတ်သဖြင့် သင့်တင့်လျောက်ပတ်သော အယူအဆနှင့် ကိုယ်ပိုင်ဥာဏ်မှီ သမျှ ချင့်ချိန် စဉ်းစား၍ ရသမျှကိုသာ ယုံကြည်လာခဲ့သူဖြစ်ပါသည်။ တကယ်တန်း မြန်မာနိုင်ငံက ကိုယ်ပိုင် လွတ်လပ်ရေး ရမည်ဆိုလျှင် လိုချင်သူထည်းမှာ ကျမလည်း ရှေ့တန်းက အပါအ၀င်ဖြစ်ပါသည်။ အရွယ် ငယ်စဉ် မြန်မာပြည် နိုင်ငံရေး၏ ပဋ္ဌမအရစ် သွေးကြွခဲ့ကြသော ဂျီ, စီ, ဘီ, အေ ခေတ် ကပင် စာနယ်ဇင်း လောက တွင် ပါဝင်၍ ကလောင်နှင့် နှိုးဆွလျက် တတ်အားသမျှ အားပေး ရေးသား ခဲ့သည်။
 
သို့သော် ဂျီ, စီ, ဘီ, အေ ကောင်းစားပြီး လူထုကြီးတရပ်လုံး အထင်ကြီး တခွဲသားနှင့် အားထား နေကြစဉ် ဂျီ, စီ, ဘီ, အေ၏ ထိပ်တန်းခေါင်းဆောင်ကြီးများ အစိပ်စိပ်, အမွှာမွှာ ကွဲပြားသွားပြီး ခေါင်းဆောင် လူကြီးတွေ တယောက်တပေါက်ဖြစ်ခါ သူတို့အတွင်းရေး အရှုပ်အထွေးတွေကိုပါ ကလော်ကြ ဖော်ကြ၍ တိုင်းပြည် က ဖြစ်ရပ် အထွေထွေ သိကုန်ကြ လေတော့သည်။

ဤအချိန်ကစ၍ ကျမ၏ စိတ်အားထက်သန်မှုတွေလည်း တဖြည်းဖြည်း ယိုင်လဲ သွားခဲ့လေသည်။ နောက်ပိုင်း မှာတော့ ယခု ဒိုင်အာခီခေါ် ၉၁-ဋ္ဌာနအုပ်ချုပ်ရေး လက်ခံကြသည် အထိ ပေါ်ထွက်လာသည့် နိုင်ငံရေး အဖွဲ့အသီးသီးများကိုပါ အထင်ကြီးသော စိတ်မပေါ်ဘဲ နေရာမရခင် အမျိုးမျိုး အော်ဟစ် နေကြသူ ဟု၎င်း၊ ရာထူးဋ္ဌာန ခွေးသေကောင်ပုပ်များစားလို၍ ၀ဲပျံနေသော  ဠင်းဒ တွေသာဟု ၄င်း စိတ်ထဲ က ကြိတ်၍ ယူဆ လာခဲ့ သူဖြစ်တော့သည်။ ရှင်းရှင်းဆိုရလျှင် အမျိုး ချစ်လှပါသည်ဟု ကြွေးကြော်နေသော နိုင်ငံရေး သမားကို ယုံကြည်မှု အလျင်းမရှိ လိုတော့ခြင်း သာဖြစ်ပါသည်။

အိပ်ဂျီဝဲလ် ၏ ဧည့်ခံပွဲ

သို့ကြောင့် သူတို့လည်း သူတို့ဘာသာဘာဝ ရာထူးစသော နေရာအခွင့်အရေးရနိုင်မည့် နည်းအမျိုးမျိုးနှင့် ကြိုးစားဟစ်အော်နေကြသလို ကျမကလည်း  ကျမကိုယ်ပိုင်အသိဥာဏ်ရှိသမျှ  ဗဟုသုတငုံမိသမျှနှင့်သာ ကိုယ်ကလောင်နှင့် ဆိုင်ရာ အရေးအသား အယူအဆကို လူထုအား ၀တ္ထု ဇာတ်သွားဖြင့် ကြားညှပ်တင်ပြ ရေးသားခဲ့ပါသည်။

ယခုကျမရေးသားပြီးစီး၍ စက်တင်ပုံနှိပ်တော့မည့် စာအုပ်ဖြစ်သော ''စစ်ရောင်ခြည်'' ၀တ္ထု မှာ သူနာပြု ဆရာမကြီး ဖလော်ရင့်နိုက်တင်ဂေးလ်နှင့် ဂျာမဏီ၏ ရက်စက်မှုကြောင့် ဘယ်လ်ဂျီယံစ သော နိုင်ငံရှိ လူသားများ ဒုက္ခရောက်ကြောင်းလောက်သာရှိသဖြင့် သိသင့်, သိထိုက်သော အကြောင်းအရာ မှန် များကိုသာ ရေးသားထားခြင်း ဖြစ်ပါသည်။ ၄င်းစာအုပ်မှာ အုပ်ရေ ငါးသောင်း ပဋ္ဌမ စ၍ ရိုက်ရန် ဆုံးဖြတ် ပြီး နဂါးနီ ပုံနှိပ်တိုက်မှာ အပ်ပါသည်။

နဂါးနီပုံနှိပ်တိုက်မှာ ကျမ အစုရှယ်ယာလည်း ပါထားသည်။ တိုက်ကြီးပွားထွန်းကားပြီး အမြတ်အစွန်း များလာ စေလိုသော စေတနာထား၍ အခြားပုံနှိပ်တိုက်များက လက်ယားနေအောင် လိုချင်မည့် ပုံနှိပ်ခ များကို နဂါးနီပုံနှိပ်တိုက်သာ ရစေတော့ဟု ပိုင်းဖြတ်လိုက်ရခြင်း ဖြစ်ပါသည်။ ဤ စာတအုပ်သာမက နောက်ထပ် ထုတ်ဝေဦးမည့် ကျမရေးသားသော ''ကမ္ဘာ့ရန်သူ'' ဆိုသည့် စာအုပ် ကိုလည်း အုပ်ရေ ''တသိန်း'' တိတိ အလုပ်အပ်ရန်ရှိသေးသည်။ ၄င်းအလုပ်ကိုလည်း နဂါးနီတိုက်မှာ သာ အပ်ရန် ရည်ရွယ် ထားပြီး ဖြစ်ပါသည်။

သို့ဖြစ်၍ နဂါးနီတိုက်မှ မန်နေဂျာနှင့် စာအုပ်အကြောင်းပြုပြီး ဆက်သွယ်ရသည်။ နဂါးနီမန် နေဂျာများမှာ ဦးထွန်းရွေ၊ ဦးထွန်းအေး စသဖြင့် တဦးပြီးတဦး ပြောင်းလဲလာသော်လည်း တဦးကိုမျှ တွေ့မြင်ဘူး ခြင်းမရှိပါ၊ တခါသော် ရွှေတိဂုံဘုရားစောင်းတန်း၌ မိတ်ဆွေအမျိုးသမီး တဦးနှင့် ဘုရား ဖူးတက်ရင်း လမ်းမှာ သူ၏ အသိယောက်ျားတဦးနှင့် ရင်ဆိုင်မိ၍ ရပ်ခါနှုတ်ဆက်ပါသည်။ ပြီးမှ ကျမ အား နဂါးနီတိုက် မန်နေဂျာ ဦးထွန်းအေးဆိုဒါဘဲဟု မိတ်ဆက်ပေးပါသည်။ သူကလည်း နဂါးနီစာ အုပ် အသင်းသူတဦးဖြစ်၍ စာအုပ်ထုတ် သောအခါ လစဉ်သွားရောက် ၀ယ်ယူသူဖြစ်သည်။

သို့သော် လူနှင့်အမည်မှားနေသည်ကို နောက်မှသိရသည်။ မကြာမှီ စာရေးဆရာကြီး အိပ်ဂျီ ၀ဲလ် ဗမာပြည် လာရာ၌ မြန်မာစာရေးဆရာများက တွေ့ဆုံမိတ်ဆက်ကြမည် ဖြစ်သောကြောင့် စာရေးဆရာများ၏ အမည် နေရပ် ကို လိုက်ရှာ၍ ငွေကောက် အလှုခံကြသူများသည် ကျမ နေရာတိုက်ခန်း အပေါ်ထပ်ကို ကတ်သီး ကတ်သတ် မေးမြန်းစုံစမ်း ရောက်လာကြပြီး လဘက်ရည်ပွဲ စရိတ် လည်း အလှူခံသည်။ လူကိုယ်တိုင် မိတ်ဆက် လာရောက် ဘို့လည်း ဘိတ်ကြားပါသည်၊ ၄င်းလာ ရောက်အလှူခံသူများတွင် စာရေးဆရာ တက်တိုး က ခေါင်းဆောင်၍ ရောက်လာသည်ဟု ထင်ပါ သည်။

ကျမမှာ အပြင် လောကနှင့် သိပ်ပြီးဆက်ဆံလိုသူမဟုတ်ပါ၊ ကျမ စာရေးဆရာမကြီးပါဟု ဖေါ် လိုသော စိတ်လည်း လုံးဝမရှိခဲ့၍ ငယ်စဉ်က အလေ့အကျင့်အတိုင်း ကုတ်နိုင်သမျှ ကုတ်၍ ငုတ်နိုင် သမျှ ငုတ်လျှိုး၍ နေခဲ့ စေကာမူ ယခုလို အိမ်တိုင်ရာရောက် ဘိတ်ခေါ်လာမှုကြောင့် ငြင်းဆိုရမည်ကို အားတုံ့, အားနာ ဖြစ်နေ ပါသည်။ အလှူခံငွေကို ထည့်ဝင်လိုက်ပြီး ဧည့်ခံပွဲသို့ လာနိုင်ရန် ကြိုးစားပါ မည်။ သို့ရာတွင် ကျမ တယောက် တည်း ဘယ်လိုလာရမည် မသိသဖြင့် မလာနိုင်လျှင် ခွင့်လွတ်စေ ချင်ပါသည်ဟု ကတိကို အရင် ပေးရပါသည်။ ဒါပေမဲ့ မလာဖြစ်မည် စိုးသဖြင့် သူတို့ ၀င်ခေါ်ပါမည်ဟု အာမခံသွားပါသည်။

စာရေးဆရာကြီး အိပ်ဂျီဝဲလ်ကို လဘက်ရည်ပွဲနှင့် ဧည့်ခံမည့် နေရာဋ္ဌာနမှာ အင်းယားကန် စောင်း လှေလှော်အသင်းရုံရှေ့ရှိ မြက်ခင်းပြင်တွင် ဖြစ်ပါသည်။ ထိုနေ့က အချိန်စောစောပိုင်းတွင် ယခင် မိတ်ဆွေမ သည် အိမ်သို့ ပေါက်လာပြီး စကော့ဈေး (ယခု ဗိုလ်ချုပ်ဈေး) သို့ သွားရန် အဖော် စပ်လာသည်။ ကျမက အနောက်ဘက်တန်းရှိ ပိုးထည်တိုက်တခု၌ ပိုးဖြူစတခုမှာထားရာ ယနေ့ရ မည်ဟု ချိန်းဆို ထားသောကြောင့် ပိုးစ ယူရန် သူနှင့် အတူ လိုက်လာခဲ့ပါသည်။

ကျမကိစ္စပြီးသော် လည်း အတူလာသူ မိတ်ဆွေ သူငယ်မကြီးမှာ ဟိုဟာစပ်စု၊ သည်ဟာ စပ်စုနှင့် တော်တော် နှင့် သူ့ကိစ္စ ၀ယ်ခြမ်းမူများက မပြီးနိုင်ပါ၊ ကျမကလည်း အိပ်ဂျီဝဲလ်၏ ဧည့်ခံပွဲ လာခေါ်မည် ဆိုသော အချိန်နီးပြီ ဖြစ်၍ ပြန်ရန် နှိုးဆော်နေရင်းမှ သူ့ကိစ္စက ပြီးဘဲ မပြီးနိုင်သေး၊ နဂါးနီတိုက်က စာအုပ် အသစ် ကလေး ၀င်ယူလိုက်ပါရစေဦးဟု ပြောကာ ချာကနဲ စွပ်ဝင်သွား ပြန်ပါတော့သည်။

မချောကြီးမှာ စကားတန် ရှည်နေလျက် တော်တော်နှင့် ပြန်ထွက်မလာရုံမက ကျမလက်ကို လာဆွဲခေါ်ပြီး ဆိုင်ထဲသို့ သွင်းခဲ့သည်။ သူ့ကို ဧည့်ခံနေသောလူမှာ ယခင် ဘုရားစောင်းတန်းတွင် တွေ့ရသော သူ့အပြော မန်နေဂျာ ဦးထွန်းအေး ဆိုသူပင် ဖြစ်သည်။ ဒီလူကို ကျမအား ဒဂုန်ခင်ခင်လေး ဖြစ်ကြောင်း သူပြော ထားပြီး ဖြစ်သည်။ အိပ်ဂျီဝဲလ်၏ ဧည့်ခံပွဲသွားရန် လာကြိုသူများနှင့် လွဲနေ မည်စိုး၍ ပြန်ကြမည် ပြောသောအခါ နဂါးနီမန်နေဂျာက သူတို့လဲ ယခုပင် သွားမည်ဖြစ်၍ တခါတည်း လိုက်ခဲ့ရန် ပြောသည်။ မိတ်ဆွေမ ကလည်း စာရေးဆရာ မဟုတ်ဘဲ တခါတည်း ရောနှော လိုက်လာချင်သည်။ အိပ်ဂျီဝဲလ်ကို မြင်ဘူး ချင်သည်ဆိုပြီး အတင်း ထောက်ခံနေပြန်လေ သည်။

ထိုအတောအတွင်း စာရေးဆရာမ ခင်မျိုးချစ်က ဆိုင်ခန်းထည်း ၀င်လာပြီး စာရေးဆရာကြီး အိပ်ဂျီဝဲလ် လဘက်ရည် ပွဲ သွားရန် ကားကြုံလာမေးပြန်သည်။ နဂါးနီမန်နေဂျာ ဆိုသူကို ခင်မျိုးချစ် ခေါ်လိုက်သော အမည်မှာ ကျမမိတ်ဆွေမက ယခင် ပြောထားသော ဦးထွန်းအေး ဆိုသည့် အမည်မဟုတ်ပါ၊ လူတဦးတည်း နာမည် နှစ်မျိုးရှိနေသလားဟု မစပ်စုကြီးက အံ့အားသင့်ပြီး မေးတော့မှ ဦးထွန်းအေးမှာ မကြာသေးမှီက အလုပ် ထွက်သွားကြောင်း အဖြေရပြီး ကျွန်တော်က နဂါးနီ မန်နေဂျာ အသစ် ခြေလျင် အုန်းခင် ပါဟု ပြောမှ မချောကြီးသည် မြင်းစီးပြီးမှ အထီးမှန်း အမမှန်း ပြန်ကြည့်ရသလို သူ့ဟာသူ အမည် မှားခဲ့သည့် အတွက် ရှက်ကိုး ရှက်ကန်းကြီး ဖြစ်နေဒါ တွေ့ရသည်။

ထိုအတော အတွင်းမှာ တက်ဘုန်းကြီး သိန်းဖေ (သိန်းဖေမြင့်) ရောက်လာပြန်သည်။ သူကလဲ အိပ်ဂျီဝဲလ်၏ ဧည့်ခံပွဲ သွားရန်ဖြစ်သည်။ အဆင်သင့်ဘဲ ကားနောက်ပိုင်းမှာ စီး၍ မောင်းသူပါ ယောကျာ်း သုံးယောက်က ရှေ့ထိုင်ခုံက စီးလာကြသည်။ အင်းယားကန်စောင်းရှိ လှေလှော်အသင်းတွင် ခင်းကျင်းဧည့်ခံသော လဘက်ရည်ပွဲ မှာ စာရေးဆရာများ အတော်စုံလင်စွာ ရောက်ရှိ လာကြသည်။
 
တယောက်ကို တယောက်နီးစပ်ရာ နှုတ်ဆက်ကြပြီး စာရေးဆရာကြီး အိပ်ဂျီဝဲလ် နှင့် လည်း တဦးချင်း မိတ်ဆက် ကြ၍ လဘက်ရည် မိတ်ဆက် ဧည်ခံပွဲမှာ ညနေပိုင်းလောက် ပြီးစီး သွားရာ စာရေးဆရာ တစု တသိုက် တ၀န်း နှင့် ဧည့်သည် စာရေးဆရာကြီး အိပ်ဂျီဝဲလ်ပါ အမှတ်တရ ဓါတ်ပုံ များပင် ရိုက်လိုက် ကြပါ သေးသည်။

ရည်ရွယ်ချက် ၂ ခု ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁၄)

    သူ၏ ကတိစကားအတိုင်း နောက်တစ်နေ့ နံနက် တွင် ထရပ်ကား တစ်စီးနှင့် ရောက်လာပြီး သတင်း ထောက်များ ပတ်လေ့ရှိသော လက်ပတ် တစ်ခု ကျွန်မကို ထုတ်ပေးပါသည်။ လော်ရီကား နောက်ခန်းတွင် တင်ဆောင်ပြီး ပျင်းရိဖွယ်ကောင်းသော ခရီးအတွက် သက်သောင့်သက်သာ နေရန်ပြောပါသည်။

    လမ်းများက ကျင်းတွေ ချိုင့်တွေနှင့် အပြည့်ဖြစ်၍ ကားကဆောင့်သဖြင့် စီးရသည်မှာ မသက်သာလှပါ။ စစ်ပြေးများကလည်း တစ်လမ်းလုံးပြည့်ကျပ်နေပြီး သူတို့ခြေထောက်ကိုပင် သယ်နိုင်ကြပုံ မပေါ်ပါ။ ပိန်ချုံးနေပြီး သနားစရာကောင်းသော သတ္တ၀ါများသည် သေမင်းထံသို့ ယိမ်းယိုင်စွာ လျှောက် လှမ်းသွား နေသည်နှင့် တူလှပါသည်။ ကျွန်မသည် မိခင်နှင့် ပြန်လည်တွေ့ဆုံရမည့် အရေးကို တွေးပြီး ရင်ထဲ၌ လှုပ်ရှား နေပါသည်။

    ကျွန်မတို့သည် မိတ္ထီလာ၊ ကျောက်ဆည်မြို့များကို ဖြတ်ကျော်၍ မန္တလေးမြို့သို့ သွားနေကြပါ သည်။ နေရာတိုင်းမှာလိုပင် ချီတက်လာကြသော ဂျပန်စစ်တပ်များ၏ တိုက်ခိုက်ခံရမှုကြောင့် ပြာပုံအတိ ဖြစ်နေ သည်ကို တွေ့ရပါသည်။

    အမြင့်ပေ ၄,၀၀၀ တွင်ရှိသော မြန်မာပြည်အစိုးရ၏ နွေရာသီမြို့တော် ပြင်ဦးလွင်သို့ တောင် တက်ခရီး စပါပြီ။ ပြင်ဦးလွင်နှင့် အိန္ဒိယပြည်ရှိ ဆင်းမလားမြို့များမှာ ဆင်တူယိုးမှား ဖြစ်ကြပါသည်။ တစ်ကြိမ်က အလွန် သာယာလှပသော တောင်ပေါ်စခန်းမြို့၊ ယခုအခါ စစ်ဒဏ်ကြောင့် ပျက်စီးနေသည့် ပြင်ဦးလွင်ကို ကျွန်မတို့ ရောက်သွားသောအခါ သန်းခေါင်ပင် ကျော်ပါပြီ။
    ကျွန်မသည် စိန်ဂျိုးဇက် ကွန်ဗင့်ကျောင်းတွင် အိပ်ရာ တစ်နေရာစာ ရရှိလိမ့်မည်ဟု ကိုဒါမ ကို ပြော၍ ကျောင်းသို့ သွားပြီး တံခါးထုပါသည်။ သီလရှင်များ အိပ်ရာဝင်သွားကြပြီဟု ထင်ပါသည်။ မည်သူမျှ တံခါး လာ၍ ဖွင့်မပေးကြပါ။ ကျွန်မ၏ ခြေထောက်မှ အနာကလည်း မခံမရပ်နိုင်အောင် နာကျင်လာပါသည်။

    ကိုဒါမ သည် ကျွန်မ၏ အဖြစ်ကို ကြည့်၍ သတင်းထောက်များ ဌာနချုပ်သို့ ခေါ်ဆောင် သွားပါသည်။ ယင်းသို့ ပြုမူခြင်းသည် သူ့အနေနှင့် အလွန်အတင့်ရဲခြင်းနှင့် ရက်ရောစွာ ပြုလုပ်ခြင်း ဖြစ်ပါ သည်။ အခြား သတင်းထောက်များ အနေနှင့် ရန်သူအပေါ်တွင် သူကဲ့သို့ သဘောထားမျိုး ရှိနိုင် မည်မဟုတ်၍ မေးခွန်းများ ထုတ်ခဲ့သော် အခက် တွေ့ရပေမည်။
    သူသည် အခန်းကျဉ်းကျဉ်းကလေးတစ်ခုသို့ ကျွန်မကို ခေါ်သွားပြီး အိပ်ရာကို ညွှန်ပြကာ "ခင်ဗျား ဒီမှာ အိပ်နိုင် ပါတယ်" ဟု ပြောသည်။

    လူက ပင်ပန်းနေသည် မှန်သော်လည်း အိပ်၍ မရပါ။ တံခါးတွင် မင်းတုပ် မရှိပါ။ ဤနေရာတွင် ယောက်ျား အများအပြား ရှိနေသဖြင့် သူတို့ကို စိတ်ချယုံကြည်၍ မရပါ။ မှောင်မည်းမည်းတွင် ကြောက်ရွံ့ စိတ်က ပိုမိုကြီးမားလာသည်။ အသံ ချိုးချိုးချွတ်ချွတ် ကြားရလျှင်ပင် တစ်ယောက်ယောက် ၀င်လာသလို ထင်မိသည်။ တစ်စုံတစ်ယောက်က ကျွန်မ အိပ်နေသော ဖျာကို မနေသည်ဟု ခံစားရသ ဖြင့် ကြောက်ရွံ့ပြီး အော်မိ မလို ဖြစ်သွားခဲ့သည်။

    ''ကျွန်တော်ပါ၊ ခြင်တွေ သိပ်များလို့  ခြင်ထောင် ထောင်ပေးမလို့ပါ၊ စိတ်မပူပါနဲ့" ဟူ၍ ကိုဒါမ ၏ အားပေး သံကို ကြားရသည်။
    နောက်တစ်နေ့ နံနက်စောစောတွင် အပြင်၌ ရှိသော အဆောင်တစ်ခုအတွင်းသို့ သွား၍ ရေချိုးသည်။ မိမိကိုယ်ကိုယ် ပြုပြင်ပြီးနောက် ထမင်းစားဆောင်သို့ သွားပါသည်။ ဘာများ ကျွေးမလဲဟု တွေးမိသည်။ ရှည်လျားသော စားပွဲတန်းများတွင် ဂျပန် သတင်းထောက်များနှင့် ပြည့်ကျပ်နေပြီး အင်္ဂလိပ်စကား ပြောတတ်သူ တစ်ယောက်တလေမျှ မပါရှိသဖြင့် ကျွန်မကို ပြုံးပြကြပြီး စားသောက်လက်စကို ဆက်လက် စားနေကြ ပါသည်။

    အချို့က မျက်တွင်း ဟောက်ပက်နှင့် နွမ်းနယ်နေပုံရပြီး အချို့က ရွှင်ရွှင်ပျပျလန်းလန်း ဆန်းဆန်း ရှိပါသည်။ သတင်းထောက်တိုင်း လိုလိုပင် မျက်နှာသုတ်ပ၀ါများကို ခေါင်းတွင် တင်းကျပ်စွာ စည်းနှောင် ထားကြသဖြင့်  ခေါင်းးပေါင်းထားသလို ဖြစ်နေ၏။ နောက်မှ ကျွန်မ သိရသည် မှာ သူတို့သည် နာရီမလပ် သူ့အဆိုင်းနှင့်သူ သတင်းများကို ရေးပြီး ဂျပန် ပြည်သူပြည်သားများ နံနက်စာ စားပြီးချိန်၌ ဖတ်နိုင်ရန် ပို့နေကြသူများ ဖြစ်သည်။

    ကိုဒါမသည် ကျွန်မအား မြန်မြန်စားရန် မပြောပါ။ စားသောက်ပြီးကြသောအခါ စောင့်ဆိုင်း နေသော ဂျစ်ကား တစ်စီးဆီသို့ ခေါ်သွား၏။ ဗြိတိသျှ စစ်သားများ ထွက်ခွာသွားကြစဉ်က စွန့်ပစ် ထားခဲ့ရသော ဂျစ်ကား အများအပြားသည် ဂျပန်စစ်တပ်များလက်တွင်း ကျရောက်သွားခဲ့၏။
    လားရှိုးမြို့ ဘက်သို့သွားသော မော်တော်ကားလမ်းအတိုင်း ထွက်လာခဲ့ကြသည်။ နောက်ဆုံး ၌ ကျွန်မတို့သည် စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသော ကျေးရွာလေးတစ်ခုသို့ ရောက်လာကြပါ သည်။   

    စစ်ပြေးများသည် လက်လှမ်းမီရာ သံပုံးများမှ ဖြတ်တောက်ထားသော သံပြားများ၊ သွပ်အ တိုအစများ ၊ ၀ါးများ၊ ထန်းလက်များဖြင့် ယာယီတဲများဆောက်၍ ဖြစ်သလို ပြွတ်သိပ်နေထိုင်ကြသည်။ ရှေးခေတ် လူသားများ နေထိုင်ခဲ့ကြသည့် ပုံစံမျိုး ဖြစ်ပါသည်။ မိန်းမများ၊ ကလေးများ ထွက်လာကြပြီး ကျွန်မကို ၀ိုင်းအုံ ကြည့်နေကြသည်။ သူတို့ကို တွေ့မြင်ရသောအခါ မနက်က ကျွန်မ စားသောက်လာ ခဲ့သော အစား အစာများကို ပြန်အန်ချင်သလို ဖြစ်ခဲ့ရပါ၏။

    ကလေးများသည် မျက်တွင်း ဟောက်ပက်နှင့် ဗိုက်ပူနံကား ဖြစ်နေကြသည် အစားအစာ အလျှံ ပယ် စားရ၍ ဗိုက်ပူနေခြင်း မဟုတ်ပါ။ ငတ်ပြတ်နေ၍ ဖြစ်ပါသည်။ အမျိုးသမီးများသည်လည်း ပိန်ချုံးနေကြပြီး စိတ်ထိခိုက် ဟန်ဖြင့် ဘ၀ သေနေကြပါသည်။ သူတို့သည် အိန္ဒိယပြည်သို့ လိုက်ပါ ခွင့် ဆုံးရှုံးပြီး ကျန်ရစ် နေသူများ ဖြစ်ပါသည်။ မျှော်လင့်ချက်ကင်းမဲ့သော အသွင်ကို ဆောင်ထားကြ ပြီး ပြေးစရာ မြေမရှိ၊ ပေးစရာ ငွေမရှိဆိုသော ဘ၀မျိုးသို့ ရောက်နေကြသူများ ဖြစ်ပါသည်။

    ကျွန်မသည် သူတို့  လူစုအတွင်းသို့ လျှောက်သွားပြီး "မစ္စစ်ရော့ဒရစ်ကို သိကြပါသလား" ဟု လိုက်လံ မေးမြန်းပါသည်။ နောက်ဆုံး၌ အမျိုးသမီးတစ်ဦးက ခေါင်းညိတ်ပြပြီး မီးရောင်မှိန်မှိန် ထွန်း ထားသော ရှုပ်ပွနေသည့် တဲတစ်ခုအတွင်းသို့ ခေါ်သွားသည်။ အခန်းတွင်းသို့ ၀င်သွားစဉ် ရင်ခုန်နေမိသည်။ ကျွန်မအား အသားညိုညို ပါးရေတွန့်နေပြီဖြစ်သော အဘွားကြီးတစ်ဦးနှင့် မိတ်ဆက်ပေး သည်။ အဘွားကြီးက
    "မစ္စစ်ရော့ဒရစ် ဆိုတာ ငါပဲ၊ ဘာများ အလိုရှိပါသလဲ"ဟု မေးပါသည်။

    ကျွန်မမှာ ခဲလေသမျှ သဲရေကျရပြီ၊ ရုပ်ချင်း မဆင်ရုံမျှမက နာမည်ကို စာလုံးပေါင်း ရာတွင်ပင် အလွန် ခြားနားလျက် ရှိပါသည်။ ဂျစ်ကားထဲ၌ စောင့်ကျန်ရစ်သော ကိုဒါမ ထံသို့ ကျွန်မ ပြန်လာခဲ့၏။ ဂျစ်ကား ထဲ၌ ၀င်ထိုင်လိုက်သည်။ စကားတစ်ခွန်းမျှ မပြောပါ။ ပြောစရာလည်း မလိုပါ။ ကျွန်မ မျက်နှာ မြင်ရ ရုံနှင့်ပင် ကျွန်မကိစ္စ အချည်းနှီး ဖြစ်ခဲ့သည်ကို သူရိပ်စားမိနိုင်ပါသည်။

    ကျွန်မတို့သည် တစ်ဦးနှင့်တစ်ဦး စကားမပြောကြဘဲ ပြင်ဦးလွင်သို့ ပြန်လာခဲ့ကြသည်။ ကျွန်မ ၉နှစ် သမီးအရွယ်က စာသင်ခဲ့သော စိန်ဂျိုးဇက်ကွန်ဗင့်ကျောင်းတွင် ချထားပေးပါရန် သူ့ကို ပြောရသည်။ ကျွန်မကို မစ္စတာ အီမယ်ဒါက လာတွေ့သည်။ စစ္စတာက ကျွန်မကို မစ္စတာပေါလ်နှင့် အက်ဒွပ် တို့နှစ်ဦးထံ ခေါ်သွားခဲ့သည်။ ရှေးနှစ်ပေါင်းများစွာ ပျော်ပျော်ပါးပါး နေခဲ့ကြသည့် ခေတ်ကတည်းက ကျွန်မတို့ချင်း သိခဲ့ကြပါသည်။

    ကျောင်းစာသင်ခန်းများ၌ စစ်ပြေးဒုက္ခသည်များနှင့် ပြည့်ကျပ်နေသည်။ ကျွန်မသည် စစ္စတာ အီမယ်ဒါ အား စစ်ပြေးများအနက် လားရှိုးဘက်မှ လာကြသူများ ပါရှိသလားဟု မေးပါသည်။ အကယ်၍ ပါလာ ခဲ့သော် မိခင်နှင့် ညီမတို့အကြောင်းများ သိကြမလားဟူ၍ မျှော်လင့်ချက် အနည်းငယ် ထားမိသည်။ စစ္စတာက လားရှိုးလေဆိပ်က နောက်ပိတ်ဆုံး လေယာဉ်ပျံ ထွက်သွားစဉ် လူမဆံ့၍ ကျန်ရစ်ခဲ့ သော လူတွေ ဒီမှာ ရှိနေသည်ဟု ပြောပြသဖြင့် ၎င်းတို့နှင့် တွေ့လိုကြောင်း ပြောရ၏။

    လွတ်နေသည့် ကြမ်းပြင်ပေါ်၌ ဖြစ်သလို တုံးလုံးပက်လက် အိပ်နေကြသော သူတို့တစ်တွေကို ကြည့်ပြီး သနား နေမိသည်။ သူတို့တစ်တွေ ပြေးလာကြစဉ်က ပါလာကြသော ပစ္စည်းများမှာ သူတို့၏ ပတ်ပတ် လည်တွင် ၀န်းရံလျက် ရှိသည်။

    သူတို့အကြား၌ လျှောက်သွားနေစဉ် ကျွန်မသည် မစ္စစ်မာတီရှော့(တ်)ကို သွားတွေ့သည်။ သူမသည် ကလေး၎ယောက်နှင့်အတူ လားရှိုးမှ ထွက်ပြေးလာခဲ့သည်။ သူမ၏ နံဘေးတွင် ထိုင်ချလိုက် ပြီး သူမအား "မစ္စစ်ရော့ဒရစ်နဲ့၊ မစ္စတာနဲ့ မစ္စစ်ဖောင်လာတို့ အကြောင်းကြားခဲ့ မြင်ခဲ့တာများ ရှိပါ သလား"ဟု မေးပါ သည်။ သူမသည် အတော်ပင် တုန်လှုပ်သွားခဲ့သဖြင့် ရုတ်တရက် ပြန်မပြောနိုင်ဘဲ ဖြစ်သွားခဲ့၏။

    "မစ္စစ်ရော့ဒရစ်နဲ့ ဘာသေတ္တာမှ မပါလာဘူး၊ ပစ္စည်းပစ္စယတွေ ထုတ်ထားတဲ့ အထုပ်တစ်ထုပ် နဲ့ ခွေးကလေး တစ်ကောင်ကို ပိုက်လို့ တွေ့ခဲ့တယ်။ သူ့ကို နောက်ဆုံးထွက်တဲ့ လေယာဉ်ပျံထဲ ဆွဲသွင်း လိုက်တဲ့ အချိန်မှာ ကားကို လားရှိုးလေဆိပ်မှာ ပြန်တွေ့လို့ သက်ဆိုင်ရာ အရာရှိကို ဒီကားဟာ သူ့ ပစ္စည်း အမှန်ဖြစ်ကြောင်း လက်ခံလာအောင် ပြောရတယ်ဆိုတာရယ်၊ ကုလား တစ်ယောက်ကို ငွေသုံးထောင်နဲ့ ရောင်းတဲ့အခါ ကုလားက သူ့ရဲ့ခွေးကို လက်ခံပြီး ကောင်းကောင်း မွန်မွန် ကျွေးရ မယ်ဆိုတဲ့ ကတိတောင်းလို့ ပေးလိုက်ရတဲ့အကြောင်းရယ်၊ ဒီခွေးကို ကရိကထခံ ယူလာပြီးမှ လေယာဉ်ပျံက သယ်ဆောင် ခွင့်မပေးလို့ အခက်အခဲဖြစ်နေတယ်ဆိုတာကိုပါ ပြော သွားသေးတယ်"ဟု မစ္စစ် မာတီ ရှော့(တ်) က ပြောပြပါသည်။

    လေယာဉ်ပျံသည် နေ့လယ်မွန်းတည့် အချိန်တွင် လေဆိပ်မှ ထွက်ခွာသွားခဲ့သည်။ နေ့လယ် နာရီ ပြန် နှစ်ချက်၌ ဂျပန် ဗုံးကြဲလေယာဉ်ပျံများ ရောက်လာကြပြီး လားရှိုးမြို့ကို ဗုံးကြဲရာ တစ်မြို့လုံး မီးလောင် ပျက်စီးသွားကြောင်း သူမက ဆက်လက် ပြောကြားပါသည်။
    မာတီရှော့(တ်)တွင် ကျွန်မကို နောက်ထပ် ပြောပြရန် သတင်းမရှိတော့ပါ။ ကိုယ်တိုင် မမာမကျန်း ဖြစ်နေ၍ သူမ၏ မိသားစု လုံခြုံရေးကိုလည်း စိုးရိမ်နေရှာပါသည်။ သူတို့ မိသားစုမှာ လားရှိုးမှ နောက်ဆုံး ထွက်မည့် လေယာဉ်နှင့် တေ့လွဲ လွဲသွားပြီး ပြင်ဦးလွင်၌ သောင်တင်နေရှာ ပါသည်။ အခြားသူများကဲ့သို့ သူတို့၏ ကံကြမ္မာသည်လည်း အနာဂတ်တွင် မည်သို့ ဖြစ်လာမည်ကို သိကြမည် မဟုတ် ပါ။

    ကျွန်မက သူ့ကို ကျေးဇူးတင်စကား ပြောပြီး ဖေဖေထံသို့ ၀မ်းမြောက်ဖွယ် သတင်းတစ်ရပ်ကို သယ်ဆောင် သွားနိုင်လေပြီတကားဟု တွေးတောနေမိပါသည်။ မိခင်ကြီးနှင့် ညီမဖြစ်သူတို့သည် ဘေးမသီ ရန်မခ သော အခြေအနေသို့ ရောက်သွားကြလေပြီ။

    ထိုနေ့ညနေတွင် ကျွန်မသည် သီလရှင်များနှင့် စကားလက်ဆုံ ကျနေမိပါသည်။ သီလရှင် များက " ပြင်ဦးလွင်တွင် စစ်ပြေး အများအပြား ရှိနေကြောင်း၊ အချို့သည် လွတ်နေသော အိမ်များ၊ ဘန်ဂလိုများတွင် ၀င်ရောက် နေထိုင်လျက် ရှိကြောင်း၊ တောင်ကြီးမြို့တွင် ထီးထီးကြီး နေထိုင်ပြီး ပစ်မှတ်ဘ၀ မျိုးနှင့်နေမည့်အစား ဖခင်ကိုခေါ်ကာ ပြင်ဦးလွင်သို့ ပြောင်းရွှေ့လာသင့်ကြောင်း" တိုက် တွန်းကြပါသည်။

    ကျွန်မ၏ ရည်ရွယ်ချက်များကို ကိုဒါမအား ပြန်လည် ပြောပြသောအခါ သူက "ချက်ချင်းပင် အကူအညီ ပေးမည် ဖြစ်ကြောင်း၊ သူကိုယ်တိုင်ကလည်း တောင်ကြီးမြို့တွင် မနေရန် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့သည် မဟုတ်ပါလား" ပြောပါသည်။ "သူသည် တာဝန်အရ ပြင်ဦးလွင်တွင် ဆက်လက် နေထိုင်ရမည်ဖြစ်၍ သူကိုယ်တိုင် လိုက်ပါပြီး တောင်ကြီးသို့ ပြန်မပို့နိုင်သည်ကို ခွင့်လွှတ်ပါရန်" တောင်းပန်နေပါသည်။ ကျွန်မ ဖခင်ထံ ပြန်လည် ရောက်ရှိရေးအတွက် လိုလေလေးမရှိအောင် စီစဉ် ပေးပါမည်ဟုလည်း ပြောပါ သေးသည်။

    နောက်တစ်နေ့ မနက်တွင် ကိုဒါမသည် ၀ါးခြမ်းပြား ထောင်ထားသလို ပိန်လှီလှသော ဘမောင် ဆိုသူ ဗမာ တစ်ဦးနှင့် မိတ်ဆက်ပေးပါသည်။ ဘမောင်သည် ကျွန်မကို အစောင့်အရှောက်လို တစ်မျိုး၊ သက်တော်စောင့်လို တစ်ဖုံအဖြစ်နှင့် စီစဉ်ပေးခဲ့ပါသည်။ ဘမောင်သည် တောင်ကြီးမြို့သို့ ချောမောစွာ ရောက်ရှိ ရေးအတွက် တာဝန်ယူလိမ့်မည် ဖြစ်ကြောင်း၊ မိမိအနေနှင့် ယခုထက်ပို၍ လုပ်ပေးနိုင်မည် မဟုတ်ကြောင်း ဖြင့် ကိုဒါမက ပြောပါသည်။

    တောရွာ ကျေးလက်များတွင် စစ်ပြေး ဒုက္ခသည်များထံမှ ပစ္စည်းယူပြီး လူသတ်ရန် ဦးမလေးကြ သည့် ဓားပြဂိုဏ်း များက ထကြွ သောင်းကျန်းလျက် ရှိပါသည်။ အခြေအနေများက တဖြည်းဖြည်း ကောင်းမွန် လာလိမ့်မည်ဟု မျှော်လင့်၍ ရနိုင်မည် မဟုတ်သောကြောင့် ကျွန်မ၏ ဖခင်ထံ ပြန်လည် ရောက်ရှိရေး ကိုသာ စိတ်စောနေမိပါသည်။

    အပြန်ခရီးမှာ ပြောပြ၍ မရနိုင်လောက်အောင် အိပ်မက်ဆန်လှပါသည်။ လာစဉ်တုန်းက တောင်ကြီး နှင့် ပြင်ဦးလွင်ကို ၁၂နာရီသာ ကြာခဲ့သည်။  အပြန်ခရီး၌ကား ရထားစီး ရပါမည့်အကြောင်း တောင်းပန် နေရသဖြင့် ၄ရက်ခရီး ကြာခဲ့သည်။ သုံးကြိမ်တိုင်တိုင် ဂျပန်ဘတ်စ်ကားတန်းများကို လက်ပြတားပြီးနောက် ဘမောင် နှင့် ကျွန်မတို့ သာစည်မြို့သို့ ရောက်လာကြသည်။

    သာစည်မြို့၌ ရထားလမ်းခွဲ ရှိပါသည်။ သာစည်မြို့ လမ်းများပေါ်တွင် ပုပ်ပွနေသော လူသေ ကောင်များ၊ ခွေးသေ ကောင်၊ ကြောင်သေကောင်၊ မြင်းနှင့် ကျွဲနွားအသေကောင်များကို မြင်မကောင်း အောင် တွေ့ရ ပါသည်။ အသေကောင်များ၏ အပုပ်နံ့က လေထဲတွင် တထောင်းထောင်း ထနေပြီး လူများ အနားကပ် သွားခဲ့သော် ထပြီး ပျံပြေးကြသော ယင်မမဲရိုင်းအုပ်ကြီးများကလည်း သောင်းကျန်း နေပါသေးသည်။ အချို့သော လူများသည် အူရောင်ရောဂွ၊ ၀မ်းရောဂါ၊ ၀မ်းကိုက် ရောဂါများ၏ ဖိစီး နှိပ်စက် မှုဖြင့် သေဆုံး သွားကြခြင်း ဖြစ်ပါသည်။

    ဂျပန်များသည် ကူးစက်တတ်သော ရောဂါများကို အလွန်အကျွံ ကြောက်ကြပါလျက် မည် သည့်အတွက် လူသေ ကောင်များကို မြေမြှုပ်ခြင်း၊ မီးသဂြိုဟ်ခြင်း မပြုကြသည်ကို နားမလည်နိုင်ပါ။ အချို့သော လူသေကောင် များကမူ ဗုံးဆန်၊ စက်သေနတ် ကျည်ဆန်များ ထိမှန်၍ သေကြဟန်ရှိ ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, February 13, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၈)

ဥာတကာနံ၏ အညှဉ်းဆဲခံဘဝ
ထိုသို့လျှင် ဖြစ်ရာဘ၀ ကုတ်ကုတ်ကလေးနှင့် အေးချမ်းသာယာစွာ နေလာခဲ့သည်မှာ ၂နှစ်ကျော် ၃နှစ်  နီးပါး ရှိ လာခဲ့ပါသည်။ ထို ၃နှစ်အတွင်းမှာ ကျမတို့နေအိမ် တိုက်ခန်းကလေးသို့ အိပ်ယာလိပ်နှင့် လက်ဆွဲသေတ္တာ ကလေးကိုင်တက်လာသော တည်းခိုသူ ဧည့်သည်များမှာ စဲလှသည်စု မရှိပါ။ ထိုဧည့်သည်များမှာ အခြား သူတွေမဟုတ်ပါ ကျမတို့ အလွန်စက်ဆုတ်စွာ စိတ်နာကျည်းခဲ့သော မန္တလေးမှ ဘကြီးနှင့် ကြီးတော်၏ သားသမီး ဆွေမျိုးရင်းခြာတို့ပင် ဖြစ်ပါသည်။

ကျမတို့က နာကျည်းလွန်းလှ၍ ဘယ်လိုဘဲ ရှောင်နေသည်ဖြစ်စေ မျက်နှာပြောင်လှသောောကာင့် အံ့သြမဆုံး နိုင် ရှိရပါသည်။ ကျမသည် လူသားတစ်ယောက်သာ ဖြစ်သည်။ ဘယ်လိုပင် စိတ်နာကျည်း၍ အဆက်အသွယ် ဖြတ်ထားသော်လည်း ရန်ကုန်မြို့ကြီးတွင် တည်းစရာ ခိုစရာ မရှိ၍ ကျမအိမ်ကို အားထား စွန့်စားတက်လာသူများကို ပက်ပက်စက်စက် နှင်မချရက်ပါ။ လူမဆန်သော စိတ်ဓါတ်မျိုးမထားတတ်သူပီပီ ကြည်ကြည်သာပင် လက်ခံလိုက်ရပါတော့သည်။

ကျမပေါ်မှာတော့ သူတို့တတွေသည် မစ္ဆေယစိတ်များ အလွန်ထားခဲ့သူများဖြစ်သည်။ ငယ်စဉ်ကစ၍ လူသားတို့ထားအပ်သော စိတ်ထားမျိုးများ ကျမတို့ မောင်နှမအပေါ်တွင် သူတို့မိသားစုများက မထားခဲ့သူများ ဖြစ်သည်ကို ကိုယ်တွေ့အကြိမ်ကြိမ် ကြုံကြိုက်ခံစားခဲ့ရသော်လည်း  ကျမအိမ်ပေါ်သို့ ဇွတ်တက်သောအခါ၌  ကျမကပြန်၍ လူမဆန်သော စိတ်ယုတ်မာများ မထားရက်ပါ။ 

ထိုအခါက ရန်ကုန်မြို့သို့ တခြားမြို့က လာရောက်သူများမှာ တည်းခိုစရာလူရင်းမရှိလျှင် အင်မတန်မှ ကသိကအောက်ဖြစ်လေ့ရှိပါသည်။ ရင်းနှီးသော အသိမိတ်ဆွေများ ရှိလင့်ကစား ထိုသူများမှာ ကိုယ့်အိုးနှင့် ကိုယ်ဆန်သိပ်ထည့်ထားသည့်အလား တိုက်ခန်းနှင့်လူနှင့် အပြည့်နေကြသူများပါသည်။ ယခုအခါကဲ့သို့ ရန်ကုန်မြို့က ကျယ်ကျယ်ပြန့်ပြန့်လည်း မရှိသေး မန္တလေးနှင့် ရန်ကုန်စုန်ချည် ဆန်ချည် ရောင်းဝယ် ကူးသန်း သွားလာဘို့ ဦးမလေးမည့် သွင်းကုန်လိုင်စင် ဖက်စပ်ခေတ်မျိုးလည်း မရှိသေးသဖြင့် အထက်မြို့ရွာမှ လာရောက်နေထိုင်ကြသူများလည်း ပြောလောက်အောင် မများကြသေးသော အချိန်အခါ ဖြစ်ရာ တော်ရုံလူများမှာ တည်းခိုးစရာ အကြပ်အတည်းကြောင့် ရန်ကုန်မြို့ကြီးသို့ လာရောက်ဘို့ ခြေမသွက်နိုင်ကြသော ခေတ်အခါ ဖြစ်ပါသည်။

လာပြန်တော့လည်း စားရတတ်သမျှမှ ခွဲဝေကျွေးမွေးလျက် ဧည့်ဝတ်မပျက်ရန် တာဝန်ခံလိုက်ရပါသည်။ အချို့က ခေတ္တခဏလာသော်လည်း ဤအထဲ ကြီးတော်၏သား နှစ်ဦးမှာ တဇွန်းကူသောက်သော အနေဖြင့် အနေဖြင့် ညီအစ်ကို နှစ်ဦး အိမ်ထောင်သားသမီး အစုံအလင်နှင့် နှစ်လ သုံးလ ကျကျနန နေထိုင် သွားကြပါသေးသည်။ နေထိုင်ကြသည့် အတောအတွင်း အ၀တ်အစားနှင့် သုံးစွဲသွားလာစရိတ်များ ကိုပင် ယူငင်သုံးစွဲခြင်းဖြင့် ညှဉ်းဆဲခြင်း ခံလိုက်ရပါသေးသည်။ 

သို့ရာတွင် သူတို့ အခိုက်အလှည့် မသင့်ခင်သာ ဤသို့လာရောက်အကူအညီ ခံသော်လည်း သူတို့ ညီအစ်ကို စီးပွားရေး အလှည့်သင့်ချိန်အခါက ကျမတို့ မောင်နှမအား လူစာရင်း သွင်းထားသူများ မဟုတ်ကြပါ။ မျက်နှာကြီးရာကိုသာ လောကွတ် ပိုကြပါသည်။

ယင်းသို့ လွတ်လွတ် ကျွတ်ကျွတ် နေကြပါသော်လည်း ဖိစီးနှိပ်စက်လာသော ဥာတကာနံ၏  အညှဉ်းဆဲခံ ဘ၀၌ ကိုယ့်ရှိသမျှ အင်အားကလေးနှင့် ပြေးမလွတ် ၀ဋ်ခံနေရဆဲမှာ မန္တလေးမြို့မှ အိမ်အပေါင်ခံသူဟု အမည်တပ်ထားသော ချစ်တီးကုလားက သုံးနှစ်ရှိ၍ အတိုးရော အရင်းပါပေးပြီး လာရွေးရမည် မရွေးလျှင် တရားစွဲမည်ဟု နို့တစ်စာပေးခြင်းခံရပါသည်။ 

ဒီအရေးကို ကြိုတင်တွေးမိပြီး ဖြစ်သောကြောင့် စောစောစီးစီး အိမ်ကြီးတစ်ခုလုံး အပိုင်စီးလိုက်ပါတော့ ဆိုစဉ်က မယူဘဲ ယခုမှ အကြပ်ကိုင်သောအခါ ဘာတတ်နိုင်ဦးမှာလဲ တရားသာ စွဲပေတော့ဟု ပေနေလိုက် ရတော့သည်။

သမ္မာန်စာချ၍ ရုံးချိန်များမကြာခဏ ခေါ်သော်လည်း ကျမတို့ မောင်နှမက သွားပြီး ဘာလုပ်ရဦးမည်နည်း အချည်းနှီး လမ်းစရိတ် အပိုကုန်ရုံသာ ဖြစ်နေမှာပါ သို့ရာတွင် ကျမတို့ ဘက်မှ မေတ္တာရိ သက်သက်လို မန္တလေးမြို့ရှိ ရှေ့နေကြီး ဦးဆင့်က ၀င်ပြီး အကျိုးဆောင်ပေးရှာပါသေး၏။ သို့သော်လည်း နောက်ဆုံး အကြိမ်မှာတော့ ငွေရင်း ၂၃၀၀ နှင့် သုံးနှစ်တွက် ကုန်ကျငွေများပါပေးစေ မပေးနိုင်ပါက ပေါင်ထားသော အိမ်ကို လေလံပစ်၍ ယူစေဟူသော တဘက်သတ် စီရင်ချက်ဖြင့် လက်စသိမ်းလိုက်ပါတော့သည်။

ဤတွင်မှ ကျမတို့လည်း အိမ်နှင့် စပ်လျဉ်း၍ တာဝန်ပေါ့သွားကြသည်။ အစက ကိစ္စငြိမ်းထိုးပေးပါလျက် ရုံးတက်နေလိုက်ရသေးသည်။ လေလံပစ်၍ ယူသည်ဖြစ်စေ သည်အတိုင်းဘဲ သိမ်းလိုက်သည်ဖြစ်စေ ကျမတို့ အနေနှင့် တစုံတရာ စွဲလမ်းငြိတွယ်နေသော မက်မောမှု သံယောဇဉ်ဆို၍ ဤအိမ်ပေါ်တွင် လုံးဝ မရှိတော့ပါ။ မွေးမိခင် ခေါင်းချနေထိုင်သွားသော အိမ်ကို မြင်နေရလျှင် ထိန်းသိမ်းနေရလျှင် စိတ်မကောင်းစရာ အနာဟောင်းကို ဆွခံရသည်နှင့်သာ တူသောကြောင့် တွယ်တာ စုံမက်ကင်းပြတ် သွားရသည်ကိုသာ လိုလားလျက် ရှိပါသည်။

ဤအတောအတွင်းမှာ ဒုတိယ ကမ္ဘာစစ်ကို ကြိုဆိုနေကြသော အရိပ် လက္ခဏာတွေသည် တကမ္ဘာလုံးမှာ ပေါ်လာလေသည်။ ဂျပန် ဂျာမဏီ အီတလီတို့က အာဏာရှင် စံနစ်နှင့် နိုင်ငံ၏ ကြီးပွားရေး ထူထောင်ခြင်း  လက်နက်အင်အားတောင့်တင်ခြင်း သတင်းများ ၀ါဒဖြန့်ကြသလို အင်္ဂလိပ် အမေရိကန်နှင့် ရုရှားတို့ ကလည်း နည်းအမျိုးမျိုးနှင့် အင်အားထုတ်ပြ ကြွားဝါကြသည်။ ဗမာပြည်က နိုင်ငံရေးသမားများကလည်း တလှုပ်လှုပ် တရွရွ ဖြစ်နေကြရာ ရေနံမြေ သပိတ်ကြီးနှင့် ဗိုလ်အောင်ကျော် ကျဆုံးမှုကိစ္စက တဟုန်ထိုး ကြွထချိန်နှင့် ရွှေဖီ၏ ကုလားဗမာ အဓိကရုဏ်း စသော အဖြစ်အပျက်တွေက တခုပြီးတခု ဆက်တိုက် အုံကြွနေသည်။ နိုင်ငံရေး သွေးထနေသူ တစုကတော့ အင်္ဂလိပ်အစိုးရကို ကြည်ညိုမှု လုံးဝကင်းမဲ့လျက် အင်္ဂလိပ်၏ တဘက်ရန်သူများဖြစ်လာမည့် ဂျပန်ကို၎င်း ဂျာမဏီကို၎င်း အီတလီကို၎င်း ရည်ရွယ်မျှော်မှန်း ကာ စိတ်ဝင်စားနေကြပါသည်။

နယ်ချဲ့အင်္ဂလိပ်အစိုးရများ လက်အောက်မှ ရုန်းထွက်ရန် လွတ်မြောက်မှုကို လိုလားခြင်းကြောင့် ဂျပန် ဂျာမဏီ အီတလီ စည်တို့ကိုသာ စိတ်ညွတ်နေကြရာ ထိုအခါက စာနယ်ဇင်းလောကမှာ ၀င်ရိုးတန်း သုံးနိုင်ငံ၏ အာဏာရှင်စံနစ် အကြောင်း ကောင်းချီးပေး၍  ရေးသားကြသည်။ 

ရုပ်ပုံတွေ ဝေေ၀နှင့် သွားရေကျလောက်သော အမြောက်တပ်ကြီးတွေ၏ အင်အား တိုက်လေယာဉ်ပျံများ စစ်သင်္ဘော ရေငုပ်သင်္ဘော စသည့် ဓါတ်ပုံ ဘလောက်များနှင့်တကွ အာဏာရှင် ဟစ်တလာ မူဆိုလူနီတို့၏ ပုံများဂျပန်ပြည်မှ စစ်တပ်အင်အားရှိပုံများကို ဘယ်စာနယ်ဇင်းမှာ ဖြစ်စေ မိုးမွှန်အောင် တွေ့နေကြရသည်။

ဒုတိယကမ္ဘာစစ်နှင် နဂါးနီ ခေတ်
လူတွေသည် စစ်ကို စိတ်အားထက်သန်စွာ ကြိုနေကြသည်။ ကိုရီးယားစစ်ပွဲက အရှေ့ဘက် ဂျပန်မှ စသည်။ အဘိဆီနီယားနှင့် ဂရိတ်ပြည်ကိစ္စက အီတလီမှ စသည်။ ဂျမဏီကတော့ ရုရှားနှင့် အင်္ဂလန်ကို နှစ်ဘက်ခွ ချိန်နေသည်။

ပန်၊ဏိ၊အိ၊ ရာ သီချိန်မှာဟု ဆိုထားသော တပေါင်ကိုလည်း အားထားကြသူက မရှား စကြာမင်းနှင့် ဘိုးဘိုးအောင်ကို ယုံစားသော ဂိုဏ်းဝင်များကလည်း စကြာတံဆိပ်နှင့် ပေါ်လာသော အာဏာရှင် နာဇီခေါင်းဆောင်ကြီး ဟစ်တလာမှာ စကြာမင်း ဂိုဏ်းဝင် ဖြစ်လေဟန်နှင့် ဂျပန်နေမျိုးနွယ်များကိုလည်း အလွန်အမင်း အထင်ကြီးနေကြသော အခါဖြစ်ပါသည်။

နိုင်ငံရေး ၀ါဒရေး စာအုပ်များမှာလည်း အရှိုအရှို ဟိုကပေါ်သည်ကပေါ် နှင့် အမျိုးမျိုး ထုတ်ဝေနေကြသည်။ ဤအထဲမှာ နာမည်ထင်ရှားလူသိများသော စာအုပ်တိုက်မှာ သခင်နု (ယခု ၀န်ကြီးချုပ် ဦးနု) ခေါင်းဆောင် သော နဂါးနီ စာအုပ်အသင်းမှ နဂါးနီ စာအုပ်တိုက်ထုတ် စာအုပ်များဖြစ်၍ ၎င်းမှာ တရှိန်ထိုး နာမည်တက် လာပါသည်။ နဂါးနီ ပထမ တိုက်အုပ် ဦးထွန်းရွှေတို့ လက်ထက်ကပင် အစုရှယ်ယာများ ခေါ်ကာ စာအုပ် တိုက်ကို စတင်တိုးချဲ့လာခဲ့သည်တွင် ကျမက နောက်ပိုင်းမှာ ရှယ်ယာအစုများဝင်ထားခဲ့ပါသည်။ စောစော ပိုင်းကလည်း အသင်းသားအဖြစ် စာအုပ်များ ၀ယ်ယူအားပေးခဲ့သူ ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်မီးသည် ဗမာပြည်သို့ တိုက်ရိုက်ဦးတည်၍ မလာသေးခင် ဥရောပတခွင်၌ တိုက်ခိုက်လျှက် ရှိသည်မှာ ကြာပါပြီ နိုင်ငံရေး စိတ်ဝင်စားသူများမှာ နေ့စဉ်သတင်းစာများတွင် ဘယ်နေရာမှာ ဂျာမဏီက နိုင်လိုက်ပြီ ဟု ပါလျှင် အင်မတန် အားရ၀မ်းသာ ဖြစ်ကြသည်။ အင်္ဂလိပ် အစိုးရကို မုန်းတီးသဖြင့် ရှုံးစေချင် သော စေတနာတွေသာ ဝေဖြာနေကြပါသည်။

ကျောင်းသားလောကမှ နိုင်ငံရေး စိတ်ဓါတ်များမှာ တဟုန်ထိုး သွေးကြွနေကြသည်နှင့် အမျှ တိုင်းပြည် လူထုကလည်း အားပေးကြသည်။ ကျောင်းသား သွေးမြေကျရသော အချိန်ကစပြီး ကျောင်းသားမှာ လူထု၏ အကြီးဆုံးသော လေးစားကြင်နာမှုရခဲ့သည်။

ကျောင်းသားအရေးနှင့် သပိတ်ကြီးများကြောင့် ဒေါက်တာဗမော် အစိုးရ ပြုတ်ကျရလျက် ဂဠုန်ဦးစော အစိုးရ တက်၍ အုပ်ချုပ်ရေး ကိုင်နေရသော အချိန်ဖြစ်ပါသည်။ အုပ်ချုပ်ရေး ကိုင်နေရသော အချိန်ဖြစ်ပါသည်။ အုပ်ချုပ်ရေးဆိုသည် မှာလည်း  လွတ်လပ်သော အစိုးရမျိုး မဟုတ်ပါ။  ၉၁ဋ္ဌာန အမည်နှင့် အင်္ဂလိပ်ဘုရင်ခံ လက်အောက်ခံ အစိုးရသာဖြစ်၍ အရေးကြီးလျှင် ဘုရင်ခံကသာ ချယ်လှယ်မှု ပြုသမျှ ခံရပါသည်။

ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းကို ဖမ်းဆီးမည်ပြုရာမှ ငုတ်လျှိုး ကွယ်ပျောက်သွားသောအခါ ဆုငွေ ၅ိ နှင့် ၀ရမ်းထုတ်ပြီး ကိုအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) သာမက အပေါင်းအဖော် တစုတို့မှာ ဂျပန်ပြည်သို့ ဖြစ်သည့်နည်းအမျိုးမျိုးနှင့် စွန့်စား ရောက်သွားကြသည်ကို အတွင်းကျကျ ဘယ်သူမျှ မရိပ်စားမိကြသေးသော အချိန်အခါလည်း ဖြစ်ပါသည်။

အင်္ဂလိပ်အစိုးရဘက်မှလည်း အာဏာရှင် နိုင်ငံများ၏ အတွင်းရေးများကို ရရှိသမျှ ရှာဖွေကာ အာဏာရှင် စံနစ်မကောင်းကြောင်း နာဇီဝါဒ၏ အတွင်းရေးများကို လက်ထောက်ပြလျက် သူတို့၏ ဒီမိုကရေစီ ၀ါဒသာလျှင် နည်းလမ်းမှန်ကြောင်း ၀ါဒဖြန့်လျက် ရှိသည်။ သို့သော်လူထုက အာဏာရှင်စံနစ်နှင့် အုပ်စိုးသော နိုင်ငံများဘက်ကိုသာ တိမ်းညွတ်နေကြသည်။ အာဏာရှင် ဖက်ဆစ်စံနစ် မကောင်းဘူး ဆိုခြင်းမှာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အင်္ဂလိပ်ကို မလို၍ ယုံကြည်လက်ခံလိုသူဟု ၍ နိုင်ငံရေး ရပ်ကွက်က ခလေးလူကြီးမှန်သမျှ ရှာမရအောင် ရှားပါသည်။

ထိုအတောအတွင်းမှာ အင်္ဂလိပ်အစိုးရ၏ ၀ါဒဖြန့်ချီရေးဋ္ဌာနမှ အရာရှိကြီးတစ်ဦးသည် နာဇီဝါဒ၏ အတွင်းရေး အဖြစ်အပျက်နှင့် ဂျာမဏီပြည်သူပြည်သားတို့၏ ခံစားရချက်များကို သိရှိရန် လူထုထံသို့ တင်ပြလိုသည်။ လူထု စိတ်ဝင်စားမှု ရှိအောင် ဖတ်ချင်အောင် ၀တ္ထု ဇာတ်ကွက်တစ်ခုသဖွယ် ရေးသား ထုတ်ဝေလိုက်ရလျှင် ပိဿချိန်နှင့် ရောင်းပစ်ကြသော ရိုးရိုးဝါဒဖြန့် စာရွက်စာတမ်းနှင့် သတင်းစာများ ထက် ခရီးရောက်မည်ဖြစ်ကြောင်း စဉ်းစား ဆုံးဖြတ်ခါ သူလိုသော သဘောတရား ပါဝင်မည့် ၀တ္ထု ရေးသား ပြုစုပေးမည့် စာရေးဆရာတစ်ဦးကို စူးစမ်း ရှာဖွေနေသည်။

သူတို့ရှာဖွေသူ စာရေးဆရာ၏ အရည်အချင်းမှာ ၀ါဒစွဲ ပုဂိုလ်စွဲမရှိသူ နိုင်ငံရေး တယူသန်သမား မဟုတ်သူ နှင့် ကလောင်နာမည်ရသူလည်း ဖြစ်ရမည် ဖက်ဆစ်နှင့် ဒီမိုကရေစီ လမ်းနှစ်ခွ နှစ်ဘက်မျှတ၍ ကြည့်တတ် သူလည်း ဖြစ်ရမည် စသော အရည်အချင်းများ ဖြစ်ပါသည်။ ထိုအရာရှိကြီးမှာ တိုင်းမင်းကြီး ဦးကျော် ဖြစ်၍ ဦးကျော်၏ ဆန္ဒအရှရှာဖွေနေရသူမှာ ထိုအစဉ်အခါက ၎င်းဋ္ဌာန၌ အလုပ်လုပ်နေသူ ဦးမောင်မောင်ပြေ ဖြစ်ပါသည်။ 

ဦးမောင်မောင်ပြေသည် တနေ့တွင် ကျမတိုက်ခန်းသို့ ရောက်လာသည်။ ဦးမောင်မောင်ပြေတို့ မိသားစုနှင့် ကျမတို့မှာ ငယ်စဉ်ကပင် ဆွေရင်း မျိုးခြာကဲ့သို့ ခင်မင်လာကြသူများဖြစ်ပါသည်။ မောင်မောင်ပြေ မောင်မောင်ကြည် စသော သူတို့ ညီအကို တစုမှာ ကျမ၏ မောင်ငယ် မောင်မောင်နှင့်လည်း အရွယ်တူ ကစားဘက်များဖြစ်ကြပါသည်။

မောင်မောင်ပြေက ကျမထံသို့ ရောက်လာပြီး မင်းကြီး ဦးကျော်၏ ကိစ္စကို ပြောပြပါသည်။ ကျွန်တော်လဲ မမလေးကလွဲပြီး ရှာလို့မရအောင် ဖြစ်နေပါတယ် ဒါကြောင့်ဒီကိစ္စကို ဆွေးနွေးရအောင် တနေ့ လာခေါ် ပါရစေ။ မင်းကြီးဦးကျော်နှင့် တိုင်ပင်ဆွေးနွေးပြီးမှ မမလေး သဘောကျရင်လဲ လက်ခံတာပေါ့ သဘောမကျရင်လဲ ဘယ်လို ပြုပြင်ရမည်ဆိုတာ အကြံဥာဏ်ပေးပါ ကျွန်တော်တော့ ဒီကိစ္စကို ကူညီတဲ့ အနေနဲ့ ဆောင်ရွက်နိုင်ရင် တိုင်းပြည်မှာလဲ သိသင့်ဒါ သိစေချင်တယ် အစိုးရဘက်ကလဲ သူတို့ လုပ်လို့တဲ့ အလုပ်တခု ဖြစ်မြောက်စေချင်ပါတယ် စသဖြင့် နားချလေသည်။ မောင်မောင်ပြေမှာ ငယ်စဉ်က အတိုင်း ကျမနှင့် တွေ့လျှင် ခလေးဆိုးကြီးကဲ့သို့ မရမက ပူတတ်သူဖြစ်သည်။

ကျမကလည်း ငယ်စဉ်အခါက ခေါ်သော အမည်အတိုင်း နှုတ်ကျိုးနေ၍ သူတို့ညီအကိုအား ဗိုလ်ပြေ ဗိုလ်ကြည် ဟု ခေါ်ခဲ့ရာ ယနေ့အသက် ငါးဆယ်နီးပါး ရှိမည်ဖြစ်သော ဦးမောင်မောင်ပြေကို တွေ့လျှင်လည်း ဗိုလ်ပြေကြီးဟု ပင် ခေါ်မိပါသည်။ သို့ကြောင့် နားပူခြင်းမှ အေးစေသောငှာ ဆွေးနွေးဘို့ သဘောတူလိုက် ရပါသည်။ ချိန်းဆိုသောနေ့ ရောက်သောအခါ ဟေ့ ဗိုလ်ပြေကြီး မင်းနားပူလို့သာ လိုက်ခဲ့ရဒါ မင်းကြီး ဦးကျော်က ငါ့ကို ဘယ်သူမှန်း သိလို့လားဟု လူတဘက်သား၏ အထင်သေးမခံချင်သော ကျမ၏ မာနက တံခွန်ထူ၍ ပြလိုက်မိပါသည်။

အမယ်လေး ဗိုလ်ပြေ ပြောပြီးပြီ မမလေး ဘယ်သူဆိုတာ သိသွားလို့ ပိုပြီးလေးစာ ယုံကြည်နေပါတယ် ဒါတွေ တွေးပူမနေပါနှင့် ဟူသော အဖြေကို ထပ်တလဲလဲ ပြောလျှက်ရှိပါသည်။

စစ်ရောင်ခြည် မျှော်






>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁၃)

ထိုစဉ် 'ဟယ်လို ဟယ်လင် ကျွန်တော်ကို မမှတ်မိတော့ဘူးလား၊ အဆက်အသွယ်မလုပ်တာ ကြာသွားတာ ကို ခွင့်လွှတ်ပါဗျာ' ဟု ကျွန်မ ကျက်မိနေသော အသံနှင့် ပြောလာသဖြင့် အံ့အားသင့်ပြီး စိတ်သက်သာရာ ရသွားသည်။

သူသည် ချာလီဘခက်ဖြစ်သည်။ အိန္ဒိယ ဆေးတပ်မှ ဗိုလ်မှူးကြီး ဘခက်၏သားဖြစ်၍ အခြားသူတစ်ဦးမှာ တောင်ကြီးမြို့မှ စိုက်ပျိုးရေးဝန်ထောက် ဦးသင်ဖြစ်ပါသည်။
ဆုတ်ခွာသွားကြသော တရုတ်စစ်တပ်က ကျွန်မ၏ဖခင်အား ခြေလက်များကို ကြိုးနှင့် တုပ်နှောင်ပြီး ခေါင်းဖြတ် သတ်ပစ်ရန် အတွက် ကရိတ်မိုးနှင့် ၁၂မိုင်ဝေးသော တောင်ခြေတစ်ခုသို့ ဒရွတ်တိုက် ဆွဲခေါ် သွားခဲ့၏။

ဦးသင်သည် သတ်မည့်ဆဲဆဲတွင် ရောက်သွားပြီး ဖခင်နှင့်တကွ အတူ အဖမ်းခံနေရသော ဂေါ်ရခါးအစေခံ သုံးဦးကိုပါ အသက်ဘေးမှ ချမ်းသာပေးရန် တောင်းပန်ခဲ့သည်။ တရုတ်များသည် မဟာမိတ်တိုင်းပြည်မှ အိုမင်းမစွမ်း မကျန်းမမာ ဖြစ်နေသူ တစ်ဦးအား သတ်ပစ်ရန် လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့သလို လွှတ်ပစ်ရန် လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့သလို လွှတ်ပစ်ရန်ကိုလည်း တစ်ခွန်းတစ်ပါဒမျှ ငြင်းမနေတော့ဘဲ ခွင့်ပြု လိုက်သည်။

ဦးသင်သည် ဗိုလ်မှူးကြီးဘခက်အပါအ၀င် ထင်ရှားသော အခြားမြန်မာ အရာရှိများနှင့်အတူ အဆင့် အတန်း မြင့်သော ရှမ်းများနှင့် ဖေဖေတို့လူစုကို ပုန်းခိုနေသည့် တောတွင်းတစ်နေရာသို့ ခေါ်ဆောင် သွားသည်။ သူတို့လူစုသည် ဘ၀တည်မြဲ ရေး အမဲလိုက်ခြင်း ငါးမျှားခြင်း ဟင်းသီးဟင်းရွက် ရှာဖွေ ဆွတ်ခူးခြင်း တို့ဖြင့် ရုန်းကန်နေကြရရှာသည်။
ချာလီက 'မင်းအဖေ ကောင်းကောင်းမမာဘူး၊ နောက်ပြီး သူကလည်း မင်းအတွက် အတော်ပဲ စိတ်ပူ နေတယ်' ဟု ပြောပါသည်။

'သူ့ကို တောင်ကြီးခေါ်လာမှ ကျွန်မကိုယ်တိုင် ပြုစုပေးလို့ရမှာ' ဟု ပြောရာ ချာလီက
'ဒါလည်းသိပ်လွယ်တဲ့ အလုပ် မဟုတ်ဘူး ' ဟု ပြန်ပြောပါသည်။
ဂျပန်များသည် သူတို့၏ ရန်သူများ၊ ရန်သူဖြစ်ရန် အလားအလာရှိသူများ တောလက်ကျေးရွာများ၌ ပုန်းခို နေထိုင်ကြခြင်းကို မလိုလားကြသလို စစ်ပြေးများအား မြို့တွင်းတွင် လက်ခံလိုက်ပါက ထမင်းကျွေး ရမည်ကိုလည်း ၀န်လေးနေကြလေသည်။

ဂျပန်များက အလုပ်သမားများကို ခိုင်းစေသော စနစ်တစ်ခုထွင်ထားသည်။ မည်သူမဆို မိမိတို့၏ ၀မ်းရေး အတွက် တောင်ကြီးမြို့တွင်းသို့ ၀င်ရောက်၍ ကူလီလုပ်လိုသော ၀င်ခွင့်ရှိသည်။ မြို့တွင်းမှ ပြန်ထွက်ခဲ့သော် အလုပ်သမား တိုင်းသည် သူတို့ အလုပ်လုပ်ခရသော ငွေတစ်ကျပ်ကို အစောင့်တပ်သားများအား ပြနိုင်မှ သာ တကယ် အလုပ်လုပ်ခဲ့ကြောင်း သက်သေပြရာ ရောက်သည်။
ဒုတိယနေ့ ကုန်ဆုံးသွားသောအခါသူ့တွင် ငွေနှစ်ကျပ်ရှိနေမည်။ ငွေတစ်ကျပ်ကို အစားအစာဝယ်ရန် သုံးပြီးကျန် ငွေတစ်ကျပ်ကို နောက်တစ်နေ့ မြို့ထဲသို့ ပြန်ဝင်လာနိုင်ရန် ချန်ထားရမည်။ ဤနည်းဖြင့် အလုပ်သမား များက တောင်ကြီးမြို့ သို့ နေ့စဉ် မှန်မှန် ရောက်လာကြသည်။

ယင်းစနစ်သည် ရှုပ်ထွေးပြီး မိုက်မဲရာ ကျနေပါသည်။ ၎င်းပြင် ကျွန်မ ဖခင်အား မြို့ထဲဝင်လာ၍ မရအောင် လုပ်ထားသလို ဖြစ်နေသည်။ ဂျပန်များသည် မကျန်းမမာဖြစ်နေသူတစ်ဦး တောင်ကြီးမြို့တွင်း၌ အလုပ် လုပ်ရန် ၀င်လာသည်ကို မည်သည့်နည်းနှင့်မှ လက်ခံလိမ့်မည် မဟုတ်ပါ။
ချာလီ သည် ဥာဏ်ရှိသူ တစ်ဦးဖြစ်၍ ဂျပန်များ၏ စိတ်နေသဘောထားကို သူက သိနေသည်။

မည်သူမဆို ငွေတစ်ကျပ် ပြနိုင်ခဲ့သော် သူသည် မြို့တွင်း၌ အမှန် အလုပ်လုပ်ခဲ့သူဖြစ်၍ ထိုသူအား မြို့တွင်းသို့ ၀င်ခွင့်ပေးရမည် ဟူသော အမိန့်များက ထုတ်ထားပြီး ဖြစ်သည်။ ငွေတစ်ကျပ် ပြနိုင်သူတိုင်း အမှန်တကယ် အလုပ်လုပ်ခဲ့၍သာ ငွေရှိနေခြင်းဖြစ်သည်။ ဖျား၍ မလုပ်နိုင်ဆိုသည်ကိုလည်း လိုက်ကြည့် နေမည် မဟုတ်ကြောင်းဖြင့် ချာလီက ပြောပြပါသည်။
မင်းအဖေ မကျန်းမာတော့ သူ့ကို တောင်ကြီးမြို့ထဲအရောက်သယ်ယူလာဖို့ လူ ၄ ယောက်လိုလိမ့်မယ် လမ်းခရီးမှာလည်း ပြုစုပေးဖို့ လူလိုလိမ့်မယ် အဲဒီလူတွေကို ပေးဖို့ငွေ အလုံအလောက်ရှိမယ်ဆိုရင် မင်းအဖေ ကို တောင်ကြီးမြို့ထဲ ခေါ်သွင်းလာဖို့ မခက်ခဲတော့ပါဘူး၊ မင်းမှာ ငွေရှိရဲ့လား ဟယ်လင် ဟုမေး ပါသည်။

ကျွန်မက ခေါင်းယမ်းပြသည်။
ကျွန်မမှာ ပဲစေ့ တစ်စေ့တောင် မရှိပါဘူး၊ ကျွန်မက ငွေပေးတာကို အမြဲတမ်း လက်မခံခဲ့ဘူးလေ၊ စားစရာ သောက်စရာပဲ လက်ခံတာပါ ဟု ပြန်ပြောလိုက်သည်။
အယ်နီက ကျွန်မမှာ ပိုက်ဆံရှိပါတယ် ဟု၍ ၀င်ပြောလိုက်သဖြင့် ကျွန်မ အံ့အားသင့်သွားခဲ့ပါသည်။

အံ့သြစရာ ကောင်းသော အယ်နီပေ။ ဂျပန်များကို မှောင်ခို ကြက်ဥများ ရောင်းချရာတွင် ဈေးအဆ မတန်တင်၍ ရောင်းချခဲ့သည်။ ငွေတစ်ကျပ်လျှင် ကြက်ဥသုံးလုံးဆိုသည်မှာ တကယ်ပေါက်ဈေး၏ နှစ်ဆ ဖြစ်ပါသည်။ ဂျပန်များသည် တခြားလူများလိုပင်မှောင်ခိုဈေး၌ ၀ယ်ယူနေကြသည်။ အယ်နီသည် ထိုနည်း ဖြင့် အမြတ်အစွန်းများ မြိုးမြိုးမြက်မြက် ရနေခဲ့ပါသည်။
ကျွန်မ၏ ဆေးရုံနှင့် ပတ်သက်နေသော မည်သူမဆို မှောင်ခိုဈေးနှင့်ကင်းကင်းနေရန် ကျွန်မက တင်းကျပ် စွာ စည်းကမ်းချမှတ်ထားပါသည်။

ထိုကြောင့် အယ်နီတစ်ယောက် မှောင်ခိုလုပ်နေသည်ကို သိခဲ့လျှင်လည်း ကျွန်မက တားမြစ်မည်သာ ဖြစ်ပါ သည်။
ယင်းသို့ တားမြစ်မည် မှန်သော်လည်း အကျဉ်းအကျပ်ထဲတွင် သူမ၏ မဟုတ်တရုတ် စည်းကမ်း ဖောက်ဖျက် မှုကြောင့် ၀မ်းလည်းသာ ကျေးဇူးလည် တင်ရပါတော့သည်။
အယ်နီက ချိုမြသော အပြုံးဖြင့်အရေးရယ် အကြောင်းရယ် ပေါ်လာရင် သုံးဖို့ ကျွန်မစုထားတာပါ။ ဟောဒီ မှာပါ ဟု ပြောပြီး ငွေများကို ထုတ်ပေးခဲ့သည်။
ချာလီနှင့် ဦးသင်တို့သည် ငွေများကို အိတ်ကပ်တွင်းသို့ ထည့်၍ ကျွန်မဘက် လှည့်ပြီး တို့အနေနဲ့ ဂျပန်အစောင့်တွေကို အရူးလုပ်လို့ရရင် မင်းအဖေကို နက်ဖြန် မနက်မှာဘဲ ဆက်ဆက်ခေါ်လာမယ် ဟု ပြောဆို နှုတ်ဆက်သွားကြပါသည်။

ကျွန်မသည် ထိုနေ့ညက တစ်ညလုံး အိပ်၍ မပျော်ခဲ့ပါ။ ဖခင်နှင့် ပြန်လည်တွေ့ဆုံရမည့် အရေးအတွက် စိတ်လှုပ်ရှားနေပါသည်။ ရောင်နီ မလာမီကပင် ကြိုတင်ပြီး အိပ်ရာမှ ထသည်။ ကျွန်မသည် အဆောက် အအုံ တစ်ခု၏ အိမ်ခေါင်းမိုးပေါ်သို့ တက်ကာ ခပ်လှမ်းလှမ်းရှိ တောအုပ်ဆီသို့ မျှော်ကြည့်နေပါသည်။
တောင်များပေါ်မှ အလင်းရောင်ထွက်ပေါ်လာသောအခါ လူတစု တန်းစီလာနေကြသည်ကို တွေ့ရပါသည်။ ပုခက်တစ်ခုကို ထမ်းလာသူများသည်လည်း ထိုလူစုထဲတွင် ပါဝင်ပါသည်။ သူတို့သည် နှေးကွေးစွာဖြင့် ချုံနွယ် ပိတ်ပေါင်း တို့ ပေါက်ရောက်လျှက် ရှိသော မြို့အ၀င်ဝဆီသို့ သွားနေကြပါသည်။

အစောင့်တဲတွင် ၎င်းလူစုရပ်သွားသောအခါ ကျွန်မ၏ ရင်ထဲမှာ ထိတ်လန့်သွားမိပါသည်။ ဖျားနာနေသော လူမမာတစ်ဦး ရောက်လာသည်ကို ဂျပန်များက ဂရုမစိုက်ပါ။ မြို့ထဲသို့ ၀င်နိုင်ရန် လူတစ်ကိုယ် ငွေတစ်ကျပ် ပါရှိလာရေးသာ ဂျပန်များအတွက် အဓိကဖြစ်ပါသည်။

ကျွန်မသည် လူတန်းကြီးကို ကြိုဆိုရန် ပြေးထွက်လာခဲ့သည်။ ပုခက်ထဲထည့်ပြီး ထမ်းယူလာသော ဖခင်ကြီး၏ အခြေအနေကို ကြည့်ကာ များစွာတုန်လှုတ်သွားမိပါသည်။ သူသည် တိုတောင်းသော အချိန် အတွင်း မည်သည့်အတွက် လူရုပ်မပီမသ ဖြစ်သွားရသနည်း။ ဖေဖေ့ကို ငုံ့ကြည့်နေမိရင်း တောတောင် များအတွင်း၌ မောရမှန်းမသိဘဲ အမဲလိုက်ပြီး ကျွန်မကို သေနတ်ပစ်နှင့် ငါးမျှားသင်ပေးခဲ့သော ဖေဖေဟု မယုံကြည်နိုင် အောင်ဖြစ်နေမိသည်။ လူတစ်ကိုယ်လုံး ချုံးကျသွားရုံသာ မက ကျွန်မ၏ မိခင်နှင့် ညီမတို့ မည်သည့်နေရာသို့ ရောက်နေကြမှန်း မသိကြ၍ လည်း စိတ်ထိခိုက်နေသူဖြစ်ပါသည်။
ကျွန်မတို့ တစ်တွေ၏ မြင်ကွင်းမှာ စိတ်မထိန်းနိုင်စရာပင်ဖြစ်သည်။

ထမင်းချက် ဥယျာဉ်မှူးနှင့် အိမ်စေ လုပ်နေကြသော ဂေါ်ရခါး သုံးဦးသည် ဖေဖေ့ထံတွင် အမှုထမ်း နေသည်မှာ နှစ်ပေါင်း ၃၀ကျော်ပါပြီ။ အလံတော် ကိုသော်လည်းကောင်း အကြောင်း တစ်စုံတရာ ကိုသော်လည်းကောင်း လူတစ်ဦးတစ်ယောက်ကို သော်လည်းကောင်း သစ္စာရှိသည်ဆိုသည်မှာ တန်ဖိုးဖြတ်၍ မရပါ။ သူတို့သည် ဖေဖေ၏ ခြေရင်းတွင် ထိုင်ပြီး ငိုယိုနေကြပါသည်။ ကျွန်မသည်လည်း မရှက်နိုင် မကြောက်နိုင်ဘဲ ဖေဖေနှင့် ဖေဖေ၏ အစေခံများအတွက် တအားငိုချလိုက်မိပါသည်။ ဖေဖေ သည် သူ့အပေါ် သစ္စာ စောင့်သိခြင်းအတွက် တုံ့ပြန် ကျေးဇူးဆပ် ပေးကမ်းနိုင်ခြင်း မရှိတော့ပါ။

ကျွန်မသည် ဖေဖေ၏ အ၀တ်အစားများကို ချွတ်၍ အိပ်ယာထက်တွင် အိပ်စေပါသည်။ သူ၏ အ၀တ် အစားများကို အယ်နီက လျှော်ဖွပ်ပေးပါသည်။ ဖေဖေသည် ၀တ်စားရာတွင် အလွန် သန့်ပြန့်သူဖြစ်ပါသည်။ ယခုအခါ သူတောင်းစားကပင် ရွံရှာစွာ စွန့်ပစ်မည် အစုတ်အပြတ်များကို ဖေဖေ့ခမျာ ၀တ်နေရသဖြင့် သူ၏ ဂုဏ်သိက္ခာ ကျဆင်းမည်ကို သိနေမည်သာဖြစ်ပါသည်။
ကျွန်မ သည် ဖေဖေ့ကို အစွမ်းကုန် ပြုစုယုယခဲ့ပါသည်။ သို့သော် ဖေဖေနှင့် အစ္စဗယ်တို့၏ သတင်းက ဆေးထက် ပိုမို အစွမ်းထက်မည်ကို ကျွန်မသိပါသည်။

ရော့ဒရစ် အမည်ရှိသော အမျိုးသမီးတစ်ဦးသည် ပြင်ဦးလွင်မြို့ပြင်တနေရာရှိ ကျေးရွာကလေး၌ စစ်ပြေး များနှင့် အတူ နေထိုက်လျှက်ရှိကြောင်း ယုံကြည်စိတ်ချရသော နေရာတစ်ခု မှ သတင်းရပါသည်။ မည်သို့ မည်ပုံ သွားရမည်ကို ကျွန်မအနေနှင့် မသိသော်လည်း ထိုနေရာ မရောက်ရောက်အောင် သွားရပေမည်။

စစ်အတွင်းဖြစ်နေသောကြောင့် တစ်ချိန်က နွေရာသီ၏ မြို့တော် ဖြစ်သော ပြင်ဦးလွင်သည်လည်း ကမ္ဘာ၏ တစ်ဖက်ခြမ်းသို့ ရောက်ချင်ရောက်နေပေလိမ့်မည်။ ခရီးသွားခြင်းနှင့် ပတ်သက်၍ စစ်တပ်များက အပြောင်း အရွေ့ကိုသာ ခွင့်ပြုထားသည် ဖြစ်သောကြောင့် ကျွန်မအတွက် ခရီးသွားလာခွင့် ရရန်မလွယ်ပါ။

ကျွန်မခရီးမထွက်မီ ဖခင်အတွက် နေရာထိုင်ခင်း ရှာဖွေရပါဦးမည်။ ဖခင်ကိုယ်တိုင် ကျွန်မထံသို့ ဘေးမသီ ရန်မခဘဲ ပြန်လည်ရောက်ရှိလာပြီဖြစ်၍ ဆေးရုံတွင် ဆက်လက်နေထိုင်ရန် အကြောင်း မရှိတော့ပါ။ ဆေးရုံကို အကဲခတ်နေသော ဂျပန်အား ကျောက်ရောဂါများ ကင်းရှင်းသွားပြီ ဖြစ်၍ ဆေးရုံမှ ဖယ်ပေးရန် အသင့် ရှိနေပြီဟု ကျွန်မက ပြောလိုက်ပါသည်။
လူနာများအားလုံးကလည်း ဆေးရုံမှ ဆင်းလိုကြပါပြီ။ ဆေးကုသခံရန် မလိုတော့ပြီ ဖြစ်၍ သူတို့၏ မိသားစု များနှင့် ပြန်လည် တွေ့ဆုံ လိုကြပြီ ဖြစ်သည်။ ဦးသင်ကမူ သူသည် ကျွန်မ၏ ဖခင်ကို ကြည့်ရှု စောင့်ရှောက်ရင်း နေရစ်ခဲ့မည်ဟု တာဝန်ယူပါသည်။

ဂျပန်များ သိမ်းယူခြင်း မပြုရသေးသော အိမ်အနည်းငယ်ကျန်ရှိနေသေးရာ လူအချို့က သင့်လျော်ရာ အိမ်ကို ရွေးချယ် နေထိုင်လျက် ရှိသဖြင့် ဖခင်သည်လည်း ၎င်းလူစုနှင့်အတူ နေရစ်ခဲ့မည်ဖြစ်၏။
ကျွန်မသည် ခရီးထွက်ရေးအတွက် လေးလေးနက်နက်စဉ်းစားရသည်။ လောလောဆယ်တွင် အဆာ ဟိရှင်ဘွန်း သတင်းစာနှင့် တွဲဖက်ထားသော သတင်းစာဆရာ ကိုဒါမင်၏ အကူအညီရရှိရေးကို ကြိုးပမ်းရန် ဆုံးဖြတ် လိုက်သည်။ သူသည် ကျွန်မ၏ လုပ်ငန်းများကိုလည်း စိတ်ဝင်စားသူဖြစ်၍ သူနှင့် ကျွန်မ ရင်းနှီး နေပါသည်။

သူသည် ဂျပန်ပြည်နှင့် ကနေဒါနိုင်ငံများရှိ သာသနာပြုကျောင်းထွက်ဖြစ်၍ အင်္ဂလိပ်စကားကို သွက်လက် စွာ ပြောဆိုနိုင်သည့်အပြင် ဂျပန်ဘုရင်မင်းမြတ်၏ စစ်အောင်နိုင်ရေးကို စိတ်ရောကိုယ်ပါ ထောက်ခံသူ လည်း မဟုတ်ပါ။ သူ၏ အလယ်အလတ်ကျသော အတွေးအခေါ်များက သူ့အတွက် ဘေးအန္တရာယ် များကို ဖိတ်ခေါ်နေသလို ဖြစ်နေပါ၏။ သူသည် ရက်ရောပြီး ကြင်နာတတ်သူ တစ်ဦးဖြစ်သည်နှင့် အညီ တောင်ကြီးမြို့ တွင် ကျွန်မသည် တစ်ဦးတည်းသော မျက်နှာဖြူ အမျိုးသမီး ဖြစ်ကြောင်း မလိုလား အပ်သော စွန့်လွတ်ခြင်းမျိုး မလုပ်သင့်ကြောင်း တောင်ကြီးမြို့မှ အမြန်ထွက်သွားသင့်ကြောင်း မကြာခဏ တိုက်တွန်း လေ့ရှိသည်။

သူသည် အကြိမ်ပေါင်းများစွာ စားစရာ ရာရှင်ဘူးများ စီးကရက်များ ထုတ်ပေးသည့်အပြင် ဖခင်ကြီးအား လည်း ဆေးတံ သောက်ဆေးများထုတ်ပေးလျှက်ရှိပါသည်။ သက်ဆိုင်ရာကသာ သိရှိ သွားခဲ့လျှင် ခုံရုံး အတင် ခံရမည့် အမှုများပင် ဖြစ်သည်။

အောင်နိုင်သူများ အဖြစ် ချီတက်လာသော စစ်တပ်ကြီးများ၏ သတင်းများကို ရေးသားရန် လိုက်ပါလာကြသည့် သတင်းစာ ဆရာများသည် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ပါသည်။ ကျွန်မ ပြင်ဦးလွင် သို့ သွားနိုင်ရေးအတါက် အကူအညီကို သူ့ထံမှ တောင်းရမည်ကိုပင် မ၀ံ့မရဲ ဖြစ်နေမိသည်။ ကျွန်မ အတွက်နှင့် သူ့တွင် ကြီးမားသော စွန့်စားခြင်းမျိုး မဖြစ်စေလိုပါ။ သူက မည်သည့်အတွက် ကျွန်မကို ကူညီ ရမည်နည်း ဆိုသည်ကိုလည်း အဖြေရှာမရပါ။

မတတ်နိုင်သည့် အဆုံး သူ့ထံသို့ သွားပြီး အခြေအနေကို ရှင်းပြသော အခါ သူက တုံ့ဆိုင်းမနေပါ။ သတင်းထောက် များ၏ ဌာနချုပ်သည် ပြင်ဦးလွင်နှင့် မလှမ်းမကမ်းတွင် ရှိသောကြောင့် နောက်တနေ့ မနက် တွင်ပင် ကျွန်မကို ခေါ်သွားနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း ပြောပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ငယ်ဘဝများ (၁၄) နှင့် စပ်မိစပ်ရာများ

အမှန်တော့  ဒီနေ့ ကျနော့် ငယ်ဘဝများ ထဲက အ.ထ.က ၁၆ မှ ရွှေစင်ဦး ခေါင်းဆောင်သော ဆန္ဒပြ ပွဲကြီးကို ရေးမလို့ဗျ.. ဒါပေမဲ့ ..အင်္ဂလိပ်စာ သင်တာနဲ့ လည်း ဆက်သွားအောင် ကျနော့် ဖေဖေ နဲ့ ပတ်သက် တာလေး တွေလည်း လက်ကျန်လေးတွေ ရေးချင်လို့ ဒီပို့စ် ကို အရင်ရေး လိုက်တာ ဗျ... ကဲ ဆက်လက် ရှု့စားရအောင်...။

အမှန်တော့ ကျနော် နဲ့ ဖေဖေက မတည့် အတူနေဗျ.. ဒါပေမဲ့ တော်တော်တော့ ချစ်တယ် ထင်ရတာဘဲ...၊ ကျနော့် ရဲ့ အင်္ဂလိပ် စာ သင်တန်းကြီး ရပ်သွားတယ် ဆိုတာလည်း အရင်ပို့စ် ထဲမှာ ပြောခဲ့ တာတင် မဟုတ်သေးဘူးဗျ..၊ ပုံမှန် အတိုင်း ဆိုရင် ရန်ဖြစ်လိုက် ပြန်သင်လိုက် လုပ်နေရအုန်းမှာ..၊ အခုဟာက ကျနော့် အဖေကလည်း နိုင်ငံခြားသွားရဘို့ ဖြစ်လာလို့ဗျ..၊ သူ အင်္ဂလန်ကို ပညာတော် သင်သွားရတယ်...။

အဲဒီမှာ ကျနော့် ပညာရေးလည်း ဖြစ်ချင်ရာတွေ အကုန်ဖြစ်ကုန်တာဘဲ...နောက်ပိုင်း မှ ပြန်ပြောပါမယ်...၊ အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ပြောရရင်တော့ တသက်လုံး ရန်ဖြစ်လိုက်၊ ပြန်သင်လိုက် နဲ့ အခု အချိန် ထိပါဘဲဗျာ...၊ သူ့မှာ သင်စရာ တပည့် မရှိရင် ကျနော့် ကိုလာလာ မျက်စောင်းထိုး နေတာ ဆိုတော့ သနားလို့ အသင်ခံလိုက်ရပါတယ်..၊ အခုတော့ စာဖတ်တာပေါ့ဗျာ.. ဆောင်းပါးကောင်းလေးတွေ .. ကမ္ဘာကျော် ဝတ္ထု retold လေးတွေပေါ့..၊ ဒါပေမဲ့ ကျနော့် အင်္ဂလိပ်စာက အခုထိ very poor ပါဘဲ..၊ ခင်ဗျား တို့ စကားပုံ တခုကြားဘူးတယ် မဟုတ်လား.. တပည့် မကောင်း ဆရာ ခေါင်း ဆိုတာလေ..၊ .. ကျနော် မတော်တာ တွေအားလုံးဟာ ကျနော့် အပြစ်မဟုတ်.. ကျနော့် ဖေဖေ အပြစ်များသာဖြစ်ပါကြောင်း..။

ကျနော့် မေမေ က တော့ ကျနော် ပြောခဲ့သလိုဘဲ ဘာမှ နားမလည် ဘူးဗျ..ကလေး တယောက်လိုဘဲ.. သားသမီး ကိုလည်း ချစ်တာဘဲ သိတယ်..၊ ကျန်တာ ဘာမှ မသိဘူး အကုန် သားသမီးသဘောဘဲ..၊ သားသမီး လုပ်သမျှ မှန်တယ်.. ထောက်ခံမယ် .. ဒါဘဲသိတယ်..(မြန်မာပြည်သားဗျ...) ။

ကျနော့် ဖေဖေ နဲ့ အကြောင်း ဆက်ပြောရရင်..... ကျနော့် ဖေဖေ ရဲ့ နိုင်ငံခြားက ရေးလိုက်တဲ့  စာတွေကို ဖတ်ကြည့် ရင်တော့ ကျနော့်ကို တော်တော်ချစ်တယ် ထင်ရတာဘဲ..၊ သမီးကြီး မဦး..မဦး.. နဲ့ နေတာဘဲ.. အပြင်မှာတော့ ရွှေစင်ဦး.. နင် နဲ့  ငါနဲ့ .. အမြဲ ပြောတယ်..၊တခါ တလေ စိတ် ရမှ ဖေဖေ နဲ့ ရွှေစင်ဦး  ပြောတာ၊  နိုင်ငံခြားရောက်နေတုန်း ကတော့ စိတ်တွေ မှန်ပြီး သမီး မဦး ဘာလိုချင်လည်းပေါ့..။

ကျနော် လည်း တသက် တခါ ငါ့ အဖေ ရဲ့ ဒီလို စကားလေး ကြားရခဲ မျှဆိုပြီးတော့ ပထမဆုံး အကြိမ် အဖြစ် နာရီလေး မှာလိုက်တယ်ဗျ... နာရီ မှာ တာကလည်း အကြောင်း ရှိတယ်..၊ ကျနော်ဟာ တသက် လုံး ဝတ္ထု ပစ္စည်း ဘာကိုမှ တန်ဘိုးမထားသလို.. အချိန် ကိုလည်း တန်ဘိုးမထားဘူးဗျ.. ကျနော့် အတွက် အချိန် ကန့်သတ်ချက်မရှိဘူး.. ဥပမာ.. တခုပြောမယ်.. မနက်ဖြန် စာမေးပွဲ ဖြေရမယ်..  စာကျက်ရမယ် ဆိုတဲ့ အချိန် ကန့်သတ်ချက် ကို ထည့်မတွက်ဘူး.. ။

ကျနော် အခု စာ (ဝတ္ထု) ဖတ်ချင်တယ်.. ဖတ်ပစ်လိုက်တာဘဲ..၊ စာမေးပွဲ ကို နဲနဲ မှ ထည့်မတွက်ဘူး.. အဲဒီလိုဘဲ ကျနော် ဖတ်ချင်တဲ့ စာအုပ် ဆိုရင် မိုးချုပ်လို့ အိပ်ချိန်ရောက်လို့ မနက်အစောထရမှာ မလို့ ဆိုတဲ့ အချိန်ကန့်သတ်ချက်ကို ထည့် မတွက်ခဲ့ဘူး..၊ ဒါက အချိန် နဲ့ ပတ်သက်လို့ ငယ်ဘဝ တုန်းကပါ..၊ အခု များတော့  အချိန် ဟာ  ကျနော့် ကို မျက်နှာသာ ကို မပေးတော့ တာပါ..၊ ဒီလောက် တောင် အချိန်တွေ အလကား ဖြုန်းတီး ပစ်ရသလား ဆိုပြီး ကျနော့် ကို အညှိုးနဲ့ တိုက်ခိုက် နေသလို ပါဘဲ..၊ အခု ဒီစာလေး ရေးနေတာကို ..အကြိမ် ၂၀ လောက် ထိုင်လိုက် ထလိုက် လုပ်ပြီး ရေးနေ ရတာပါ...၊။

ဒါပေမဲ့ ... အချိန် ကို ဘယ်လောက် တန်ဘိုး ထား ထား မထား မထား .... နာရီ လေးတွေ ကိုတော့ ချစ်တယ် ဗျ.. ကြိုက်လည်း တအား ကြိုက်တယ်..၊ အခု အသက်အရွယ် ရောက်တဲ့ ထိ လက်မှာ နာရီ မရှိရင် တခုခု လိုနေသလို ခံစားရတယ်..။

ဒါကြောင့် ဖေဖေ ကို အရင်မှာလိုက်တာက နာရီ ဗျ..၊ ဖေဖေ ကလည်း ပို့ပါတယ်.. သူ့ ချစ်ချစ်ကြီး အတွက် တောင် ဘာမှ မပို့ရသေးဘူး ကျနော့် အတွက် နာရီ အရင်ဆုံးပို့ ပေးတယ်.. Made in England ပေါ့ဗျာ..၊ ရွှေရောင် အဝိုင်းလေး၊ ကြိုးက သားရေအစစ် အညိုလေး နဲ့ တအားလှတယ်..၊ အဲဒီနာရီလေး က ကျနော့် ဘဝ ရဲ့ ပထမဆုံး နာရီလေးပါ..။

နောက်တခါ ကျနော် လိုချင်တဲ့ ဂစ်တာ တလက်..၊ ဘောင်းဘီရှည် အများကြီး..၊ ဆွယ်တာ..အကုန် ပို့လိုက်ပါတယ်..၊ ဒါက ကျနော့် ဖေဖေ နဲ့ ပတ်သက် လို့ တစိတ်တပိုင်းပါ..။

နောက်တခါ ဖေဖေ ပို့လိုက်တဲ့ ပစ္စည်း လေး တွေ ကို တန်ဘိုး ရှိရှိ အသုံးချပုံ ကို ဆက်လက် ရှု့စား ကြရ အောင်ဗျာ..၊ ကျနော် က ဖေဖေ ကို ဂစ်တာကြီး မှာထားတာဆိုတော့ ငါ့ အဖေပို့လိုက်တဲ့ ဂစ်တာကြီး ရရင် ဆိုပြီး နွေရာသီ တခုမှာ ဂစ်တာသင်တန်း သွားတက်တယ်ဗျ..၊ ကယ်ရီ Church ထဲက ဆရာချစ် စီမှာပါ..၊ ဒါပေမဲ့ ဆရာချစ် သင်တာ ဘယ်လောက်ကောင်းကောင်း ကျနော့် ရဲ့ ကုသိုလ် ကံ မကောင်းပုံများ ကိုဆက်ပြောပါအုန်းမယ်..၊ ကျနော်က အဲဒီအချိန်မှာ မျက်စိမှုံနေပြီ မှုံတာမှ -250 ဒီဂရီ ထိရောက်နေပြီ..၊ အဲဒါကို မသိဘဲ အတန်းထဲမှာလည်း ကျောက်သင်ပုန်း ပေါ်က စာမမြင်ရတာ ကို သူငယ်ချင်း စီက ကူးချ ရင်း အလွယ်ဖြေရှင်းလာတာ.. မျက်စိမှုန် နေလို့ မမြင်ရတာ ဆိုတာလည်း မတွေးမိဘူး..။

ကျနော် ရဲ့ ငယ်ဘဝ တခုထဲမှာ အဲဒီအကြောင်းရေးထားပါတယ်..၊ အဲဒီလို မမြင်မကန်း နဲ့ ဂစ်တာတီး သင်တန်း သွားတက်တဲ့ အချိန်မှာ ဆရာချစ်ရဲ့ လက်ဖောင်းဖောင်း တုတ်တုတ်ကြီး တွေဟာ ဘယ်ကြိုးကို ထောက်နေမှန်းကို မမြင်ရတာ အဲဒါလည်း ဘာ့ကြောင့် ဆိုတာ မစဉ်းစား တတ်ခဲ့ဘူး..၊ အဲဒီလို နဲ့ ဖြစ်သလို သင်လာပြီး နဂို ကထဲကလည်း အနုပညာ ဗီဇက မပါ ဆိုတော့ ကျနော် တတ်တာ ရစ်သမ် တခုထဲ.. အဲဒါတောင် တိုင်မင် မှန်အောင် တီးတတ်တာ မဟုတ်ဘူး..၊ အဲဒီလို အနုပညာ ကိုယ်ခံအားတွေကို အပြည့် ဖြည့်ပြီး ဂစ်တာကြီး အလာကို စောင့် နေတယ်ခင်ဗျား..။

ဖေဖေစီကလည်း  ဂစ်တာကြီး လည်း ရောက်ရော.. အစွမ်းပြတော့  တာပါဘဲ..၊ သော်တာဆွေ ရဲ့ ဒီမောင့် လက်သံဒေါင်ဒေါင်ညံ ကိုသာ ဖတ်ကြည့်လိုက် ကြပါတော့ဗျာ...။ 

ဂစ်တာကြီးကလည်း အကောင်းစားကြီးဗျ.. ၊ ကျနော့် ဂစ်တာကြီးကို မြင်ဘူး တွေ့ဘူး ပြီး ကျနော့် လက်သံ ကို နားဆင်ဘူး တဲ့ သူများကတော့ အမြင်မတော် ဆင်တော် နဲ့ ခလောက်ဖြစ်နေတာကို တော်တော် ကြည့် မရဖြစ်နေကြတယ် ထင်တယ်.. (လူတွေများ တယ်မနာလို ဖြစ်ကြတာဘဲ)..ကျနော့် စီက ဂစ်တာကြီးကို ဈေးကောင်းကောင်းပေးပြီး လာဝယ်ကြတယ်.. ကျနော်ကလည်း မရောင်းဘူးပေါ့ဗျာ... ငါ့ အဖေ ကို လက်သံလေး နဲ့ ဖျော်ဖြေအုန်းမယ် ဆိုပြီး.. ဖေဖေ ပြန်အလာကို စောင့်နေတယ် ခင်ဗျ...။

ဖေဖေ ပြန်လာတဲ့ အချိန်ကြမှ ဂစ်တာကြီးကို ဖုံတွေဘာတွေခါပြီး ဖေဖေ ကြားလောက်တဲ့ နေရာ ကနေ ဆိုတီးလေး ဖျော်ဖြေ ဖျော်ဖြေ ပြနေတယ်.. ၊ ဒါပေမဲ့  ကျနော့် ဖေဖေ ရဲ့  အနုပညာ အခံကလည်း လေတောင် ဖြောင့်အောင် မချွန်တတ်ဘူးဆိုတော့ ကျနော့် ရဲ့ လက်သံကို လည်း မခံစားတတ်ဘူး.. အဲဒီတော့ သူ့ရဲ့ ရင်တွင်းဖြစ် စကားတွေက တနေ့တော့ ပွင့် ထွက်လာတယ်ဗျ.. ။

ဟိတ် ရွှေစင်ဦး တဲ့ နင့် သီချင်းတွေကဘဲ တပုဒ်ပြီး တပုဒ် ပြောင်းသွားတယ်.. ငါ့ နားထဲမှာတော့ နင့် ရဲ့ ဂစ်တာသံက ဗျင်း ဗျင်း ဗျင်း ဗျတ် လို့ဘဲ ကြားနေတယ် တဲ့ ...၊ သီချင်း သံလေး ထွက်အောင် တီးစမ်း ပါတဲ့...၊ ကျနော် လည်း တော် တော် မခံချင် ဖြစ်သွားတယ်.. ဒါနဲ့ ဖေဖေက အနုပညာ ကိုဘယ်လောက် သိလို့လဲ ဒါက ရစ်သမ် လို့ခေါ်တယ်..၊ ဖေဖေ ပြောတာက လိဒ် တို့ ဘေ့စ် တို့ခေါ်တယ်လို့ ရှင်းပြတယ်..၊။

ဒါပေမဲ့ လက်မခံဘူးဗျ.. နင်ဘာသာနင် ဘာခေါ်ခေါ် တဲ့ ငါ့ကိုသာ သီချင်းသံထွက်အောင် တီးပြတဲ့..၊ ကျနော် လည်း တော်တော် အကြံရကျပ် သွားတယ်..၊ ဒါနဲ့ ဉာဏ်နီဉာဏ်နက် တွေထုတ်ပြီး ဖေဖေ စောင့်အုန်းနော် အဲဒါတွေတီး ဘို့ ကြိုးတွေ ဘာတွေ ညှိ ရအုန်းမှာ ဆိုပြီး အချိုသတ်ထားတယ်ဗျ..၊ ဖေဖေ ကတော့ ပြောပြီးမေ့သွားတယ်.. ကျနော်မှာတော့ တနေ့တနေ့ ဂစ်တာကြီး ကြည့်ကြည့် ပြီး.. ဟင်း ငါ့ကို ဘယ်အချိန်များ သီချင်းသံထွက် အောင်တီးခိုင်းအုန်း မှာလည်း ဆိုပြီး အတော် ညစ်နေတာဗျ...။

နောက်တော့ ဖေဖေ က ဂစ်တာ ကို မမြင်ရင် ငါ့ ကို ဂီတာတီးခိုင်းဘို့ လည်း မေ့ သွားမှာပါလေ ဆိုပြီး.. တခါထဲ အမြစ်ပြတ် သွားအောင် ရောင်းစားလိုက်တယ်ဗျ...၊ ဒါက ကျနော် နဲ့ ဂစ်တာ တလက် လမ်းခွဲခန်း ပေါ့ (ဘယ် ကလောက် အနုပညာ မြောက်လိုက်သလဲ ဆိုတာ)..။

နောက်တခါ နာရီလေး အလှည့် နာရီလေး ကိုတော့ တော်တော် ချစ်တယ် ဆိုတော့ သေသေချာချာ ထိန်းသိမ်း ထားပါတယ်.. ၊ ဒါပေမဲ့ .. နာရီလေးက ကျနော့် ကို မချစ်ဘူးဗျ.. ဘယ်အချိန်က ပျောက်သွားမှန်း တောင် မသိတော့ပါဘူးဗျာ..အသံလေးတောင် မပေးပါဘူး..။

ဒါပေမဲ့ နာရီလေး ကြ ကျနော် က အတော် နှမြော တာဆိုတော့ နောက်တလုံးထပ်မှာ တယ်ဗျ..၊ ဖေဖေ ကလည်း ပို့ပေးပါတယ်..၊ ဒီတခါ နာရီလေးက ဒီဂျစ်တယ် နာရီလေးဗျ.. ဂဏန်းလေး တွေ ပေါ်နေတာ..၊ အဲဒီ ခေတ်ကတော့ အဲဒီလို နာရီမျိုး တချို့လူတွေ မြင်တောင် မမြင်ဘူးကြပါဘူး..၊ ကျနော် တန်ဘိုး ထားပုံကတော့ နာရီလေး က သူကိုယ်သူ water resistance လို့ ပြောနေတယ် ဆိုပြီး ရေစိမ် လို့စိမ် ရေဝတ်ချိုးလို့ချိုးနဲ့ နောက် နာရီလေး မှာ ရေငွေ့လိုလို ဘာလိုလို မကြည်မလင် တွေ့တာနဲ့ သူချမ်းလို့ နေမှာ ဆိုပြီး မီးသီးလေး မှာ နာရီလေး ပတ်ပြီး မီးကင် ပေးလိုက်တာ တခါထဲ အမြစ်ပြတ်ရောဆိုပါတော့..။

ကဲ.. ကျနော်လည်း ဟိုရောက် ဒီရောက်နဲ့ လျှောက်ရေးနေတာ .. စာဖတ်သူများကိုလည်း အားနာပါပြီ.. ဒီ  ပိုစ့် အဖို့တော့ ဒီလောက် နဲဘဲ နားလိုက်ပရစေတော့ဗျာ...။

ကျနော် အခုရေးတာ အားလုံးကို နဲနဲတော့ ချင့် ယုံကြပါဗျာ.. ဇောက်ထိုးဖတ်ရတဲ့ အဆင့်လောက် မဆိုး တောင် ၂၀ဒီဂရီလောက်တော့ စောင်းဖတ်ကြပေါ့ဗျာ..၊ ဖေဖေက ကျနော် အခု ဘလော့ဂ် ရေးနေတော့ သူ့ အကြောင်းကို မရေးနဲ့တဲ့ .. မေမေ အကြောင်း ကို တော့ လျှောက်ဖော်ကောင် လုပ်ပြီး အဲဒါတွေ ရေးဆိုလို့... ကျနော် ဖေဖေ အကြောင်းတွေ ရွေးပြီး သေချာရေးနေတာပါ...၊ ဖေဖေ ရေ အဖေ ဆိုတာ မရှိရင် သမီးဆိုတာ မရှိပါဘူး.. အခု သမီး ကသူ့အကြောင်း သူ ရေးနေတာ ဆိုတော့ ဖေဖေ အကြောင်း မပါလို့ မရတဲ့ အတွက် ခွင့်လွှတ်ပါ.... ရေးစရာ လေးတွေတော့ ရေးပရစေ....။ 

စာရေးသူ-ရွှေစင်ဦး

စာဖတ်သူ များ အတွက် အရေးပေါ် ကြေညာချက်.. 
 
(ဆိုင်မှာ အလုပ်သိပ်များ နေတဲ့ အတွက် ဒီနေ့ အဖို့ ပုံမှန် တင်နေကြ ၂ ပုဒ် မသေချာပါ... ကျနော့် စာလေးကိုဘဲ ခဏ အပျင်းပြေ ဖတ်ထားကြပါခင်ဗျား.. ကျန်စာ များကို တင်ရင်လည်း မိုးချုပ်မှ တင်နိုင်မယ်ထင်ပါတယ်...ကျေးဇူးပါ..)
.
>>>ဆက်ဖတ်ရန်>>> >>