Friday, February 12, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၇)

အဓိဌာန်ပြည့်ခဲ့ရပုံ

သို့ရာတွင် ဖြစ်မြဲပျက်မြဲ သင်္ခါရတရားအတိုင်း ဂျပန်တခေတ်လုံး လူတွေဝင်နေပြီး ဘုရား လက်တော်တွေ ခြင်ထောင်ကြိုးချီခံခဲ့ရရုံမက လွတ်လပ်ရေးခေတ်သို့ ရောက်ခါမျ အလွန် လှပ အဘိုးတန်သော ပျော်ဘွယ်ကြီး တန်ဆောင်းမှာ ဓာတ်မီးကြိုးပြတ်၍လား ခိုသိုက် တက်နှိုက်သူများ၏ ဆေးလိပ်မီးကြောင့် လားမသိ၊ မီးခ ပျက်စီး သွားခဲ့ရပါသည်။ နှစ်အတန်ကြာ မပြုမပြင်ထားရာမှ ယခု ထိုတန်ဆောင်းနေရာတွင် ကျမက ၀င်၍ မဟာဗောဓိတန်ဆောင်း ကြီး ဆောက်လုပ်လှူဒါန်းခွင့်ရသည်မှာ ထိုအချိန် ထိုအခါက ကျမ၏ ပြင်းပြသော ဆန္ဒနှင့် အဓိဌာန်ပြုကာ တောင်းခဲ့သောဆု ပြည့်စုံလာရသည်သာဟု ယုံကြည်မိပါသည်။ တချိန်က ဤနေရာတွင် အထည်ကြီးပျက်၊ လူရောစိတ်ပါ ဆင်းရဲဒုက္ခခံနေသော ဒုက္ခသည်အဖြစ်နှင့် နေ့စဉ် လာရောက် ဆုတောင်းခဲ့ရသူ တစ်ဦး ဖြစ်နေသည်မှာ ကိုယ်တွေ့ကိစ္စ ကိုယ်တွေ့ ခံစားရချက် များဖြစ်၍ ဘယ်လို နည်းနှင့်မျှ တသက်မေ့မရတော့ပါ။

မိမိ အဆင့်အတန်းနှင့် စာလျှင် လူက အလွန်တရာ ဆင်းရဲနေစေကာမူ စိတ်မဆင်းရဲလျှင် ရသမျှနှင့် ရောင့်ရဲ တင်းတိမ်ခြင်းဖြင့် လူဆင်းရဲသည်ကို ကာကွယ်ခုခံနိုင်သော်လည်း စိတ်ဆင်းရဲမှုကို ကြာလျှင် သီးခံနိုင်ခြင်း မရှိပါ။ ကျောပူခြင်းထက် နားပူခြင်း မခံမရပ်နိုင် ဆိုသလို သဘောထားမတူ အယူအဆချာင်း မတိုက်ဆိုင် တိုင်း တကျက်ကျက် ဖြစ်ရပေါင်း များ၍ နားပူ နားဆာခြင်း၏ ဆင်းရဲဒုက္ခမှာ တနေ့ထက်တနေ့ ၀န်လေး ဖိစီး လေသည်။

သည်နည်းအတိုင်း သွားလျှင် တသက်လုံး သည်လိုသာ တကျည်ကျည် တလောင်လောင် ဖြစ်နေရ တော့မည်။ ခေါင်းရှင်းရှင်း နားအေးအေး ဘ၀ကို ဘယ်ပုံ ဘယ်နည်းနေရမည်ကို ရွေးချယ်လျက် ရှိပါသည်။ ထိုအတွင်း ပုလိပ်မင်းကြီးရုံး၌ အလုပ်ဝင်လုပ်ရ၍ ခြောက်လခန့် မျှ သာ ရှိသေးသည်။ အခြားသော မိန်းမ တစ်ဦးနှင့် အဆက်အသွယ်ဖြစ်လျက် မျက်နှာ ကွယ်ရာတွင် တိတ်တဆိတ် ညား၍ပင်နေကြောင်း ကြားသိ ရပါသည်။

မကောင်းမည့်အတူတူ စလယ်ဝင် ဖင်မမဲခင်က ကွဲဘို့အတန်တန် ကြိုးစားခဲ့သော်လည်း ၀ဋ် မကုန်သ၍ သုံးနှစ်ခန့် နေလိုက်ရသေးသည်။ ယခုအခါမှာ ကျမ ရှာပေးထားသော အလုပ် နှင့် တဆင့် တက်ပေးဦးမည့် ရာထူး ကိုပင် မစောင့်စား တဘက်မှာ မယားတယောက် ရထားခြင်း တည်းဟူသော (အတွယ်အတာ) ရှိသွားပြီ ဖြစ်သောကြောင့် ပြတ်ပြတ်သားသား ဖြစ်အောင် ကြိုးစားဘို့ အခွင့်အလမ်း ပေါ်လာပေပြီ။ ဤတွင်မှ ကျမသည် ကွာရှင်း စာချုပ် ကို အမြန်ရေးသားခိုင်းကာ သက်သေစုံရာနှင့် နှစ်ဦးနှစ်ဘက် လက်မှတ် ထိုးကာ အပြီး အငြိမ်း ကွာရှင်း ပြတ်စဲပစ်လိုက်ရပါသည်။
ထိုသို့ ယတိပြက် ပြဿနာ ဖြေရှင်းလိုက်သောအခါ ပေါ့ပေါ့ပါးပါးနှင့် နာအေးစိတ်အေး ဖြစ်လာသည်။

တရုပ်တန်း ရပ်ကွက် ဒါလဟိုဇီလမ်း တနေရာမှာ တိုက်ခန်းတစ်ခုငှားပြီး အိမ်ဖေါ်မကလေးတစ်ဦးသာမက၊ မောင်ငယ်နှင့် ယောင်းမတို့ကိုပါ အတူလာနေရန် အဖေါ် ခေါ်ထားလိုက်ပါသည်။ ကျမသည် ဗမာရပ်ကွက် ကုလားရပ်ကွက် စသည်ဖြင့် နေခဲ့ပေါင်း များလှပြီ၊ အိမ်နီးနားချင်းဆိုသည်မှာ မပေါင်းလည်းအခက်၊ အပေါင်းအသင်းလုပ်လျှင် လည်း ရှုပ်ရှုပ်ရှက်ရှက် ဖြစ်တတ်သောကြောင့် ဘယ်သူနှင့်မှ အပေါင်းအသင်း မလုပ်ရဘဲ ခပ်အေးအေး ဇာတ်မြှုပ်နေရမည့်အရပ်ကို ရွေးချယ်သောအခါ၊ ဤနေရာတိုက်ခန်းကလေး ကို အကြိုက်ဆုံး ဖြစ်ပါသည်။ တိုက်ခန်းက သုံးထပ်တွင်ရှိ၍ မိမိကသာ လူတွေကို မြင်ရ သည်။ လူတွေက ပြန်၍မမြင်ရ၊ တရုပ်ရပ်ကွက်ဖြစ်သောကြောင့် စားကောင်း သောက်ကောင်း ဟူသမျှ အောက်ဆင်း လိုက်ရုံနှင့် အချိန်မရွေး ရပါသည်။ မြစ်ဘက်မှ လာသော လေကောင်းလေသန့်ကလည်း အမြဲတိုက်ခတ် လျက်ရှိသောကြောင့် ဈေးနဲနဲနှင့် အကဲထိုက်သော နေရာကလေးဟု စိတ်တိုင်းကျခဲ့မိပါသည်။

ရုပ်ရှင်ဇာတ်ညွှန်းများ

စိတ်အနှောင့်အယှက်များ မကပ်မသီ၊ လွတ်ပြီ ကျွတ်ပြီဖြစ်၍ ခေါင်းအေးအေးနှင့် ရေးချင် သော စာတွေကို ရေးနိုင်လေသည်။ ၀င်ငွေ, ထွက်ငွေမျှတခြင်းမှာလည်း တနည်းအားဖြင့် လူနေမှုကိစ္စမှာ အေးချမ်း သာယာခြင်း ဖြစ်ရပါသည်။ ကျမက နေရေး၊ စာရေး တာဝန် ယူထား သဖြင့် မောင်ငယ်လင်မယားမှာ သူတို့ရရှိလာသော ၀င်ငွေဖြင့် လုံလောက်အောင် သုံးစွဲနိုင်ကြရာ အခြေအနေမှာ အလိုက်အထိုက် သာယာလျက် ရှိနေကြပါသည်။ အေ၀မ်းရုပ်ရှင်ကုမ္ပဏီမှ ဦးလှဘူး ကလည်း ကုမ္ပဏီမှ စေလွှတ်ချက်အရ အသံထွက် ရုပ်ရှင်ဇာတ်ညွှန်းများကို မကြာခဏ လာရောက် တောင်းသဖြင့် ရှေးဇာတ်ကား၊ ခေတ် ဇာတ်ကား များ ရိုက်ကူးဘို့ ရပ်နားရသည်မရှိအောင် ရေးသား ပေးနေရပြန်ပါသည်။

ထိုဇာတ်ကား များတွင် အေးဝမ်းကိုတင်အောင်နှင့် ခင်နှင်းရီတို့၏ ပွဲကြီး ပွဲကောင်းဟု ဆိုရမည် ဖြစ်ပြီး ဦးလေးကြီး ဆိုသော အမည်နှင့် ဦးတင်မောင်အား နာမည်ကြီးသွားစေသော ချစ်စနိုး ဇာတ်ကားမှာ ကျမ၏ ဇာတ်ညွှန်း မပါ ၀တ္ထုကိုသာ သုံးလိုက်သော်လည်း နောက်တစ်ဇာတ်ဖြစ်သော မမထားနှင့် အပါဟုနာမည် ရလာ ပြန်သော မြားနတ်မောင် ဇာတ်ကားမှာတော့ ကျမက ဇာတ်ညွှန်း ရေးပေးရပါသည်။ မူလ ဇာတ်လမ်း အတိုချုပ်မှာတော့ ဒဂုန်မြတ်လေးနွယ်က တကယ့်အဖြစ်အပျက် တစ်ခုကို ရေးပို့ လိုက်ခြင်း ဖြစ်ရာ အသက်ငယ်ရွယ်သူ လူပျိုပေါက်စနှင့် အပျိုကြီးမမတို့ အဖြစ် အပျက်ဖြစ်၍ ထိုစာရွက်၂ရွက်မျှသာ ရှိသော ဇာတ်လမ်းအတိုချုပ်ကို စကားပြောကွက် ဒိုင်ယာ လောက်များနှင့်တကွ ဇာတ်ကွက်ဇာတ်လမ်းများ ပြည့်ဝ စုံလင်လာရန် ထပ်မံဖြည့်စွက် ရေးသား ပေးရသည်။

ယခင်ချစ်စနိုး ဇာတ်လမ်းတွင် အသက်ငယ်ရွယ်သူ မိန်းခလေးများနှင့် လူပျိုကြီး ကိုတင်မောင်တို့ အချစ် ဇာတ်လမ်းကို ပရိသတ်စွဲလမ်းသကဲ့သို့ ထိုဇာတ်လမ်းကို ဗြောင်းပြန်ထား၍ ကိုတင်မောင်နှင့် မေရှင်တို့ တွဲထားသော ကာလသား လူပျိုပေါက်စနှင့် အသက်ကြီးသော အပျိုကြီး တစ်ဦးတို့ အချစ်ဇာတ်ကားဖြစ်ရာ ဇာတ်အိမ်ဇာတ်ကွက် အကြောင်းအရာချင်းကတော့ ချစ်စနိုးနှင့် တဘာသာစီ ခြားနားလျက် ရှိပါသည်။ ဤတွင် လူပျိုကြီး ကိုတင်မောင်မှာ ကာလသား လူပျို ပေါက်စ အပါအ၀င်ဖြစ်၍ ပရိသတ် ကြိုက်သွား ပြန်ပါသည်။

ထိုပြင် ရှေးနန်းတွင်း ဇာတ်ကားများဖြစ်သော ရေနန်းသိဒါ ခေါ် ဇာတ်ညွှန်းတစ်ခုနှင့် ရွှေပုပ္ပါး ဇာတ်ညွှန်း တစ်ခု မှတ်မှတ်ရရ ရေးပေးလိုက်ရပြီး အခြားမမှတ်မိသော  တစ်ပိုင်းတစ်ဇာတ်ညွှန်းများ လည်း ရှိခဲ့သေး၏။ ထိုအချိန်က ဇာတ်ညွှန်းအပြည့်အစုံ ရေးခသည် ၅၀၀ိ မျှသာ ရသော်လည်း ငွေတန်ဘိုး ရှိနေသော အချိန်အခါ ဖြစ်ပါသည်။ သို့ရာတွင် ရေနန်း သူဇာနှင့် ရွှေပုပ္ပါး ဇာတ်ကားတို့ မှာ ခမ်းခမ်း နားနား အချိန်ယူ၍ ရိုက်ရန် စီမံနေရင်း စစ်ကြီး ဖြစ်လာပြီး စစ်အတွင်းက အေ၀မ်းခြံမှာ မီးလောင် ဗုံးကျသဖြင့် ပါသွား သည်ကိုဟု သိရပါသည်။ ကျမထံမှာ ဇာတ်လမ်းအတိုကောက် မှတ်ချက်ကလေးများ ကျန်ရှိနေ သောကြောင့် ဖတ်ကောင်းမည့် ၀တ္ထုရှည်အဖြစ် ထပ်ရေးဦးမည် ရည်ရွယ်ထားသော်လည်း ယနေ့အထိ အထ မမြောက်ခဲ့သေးဘဲ ရှိနေပေသည်။

ဥာတကာနံ၏ အညှဉ်းဆဲခံ ဘဝ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁၂)

ကျနော် တင်တဲ့ စာအုပ်လေးတွေကို နှစ်သက်ကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်..၊ ကျနော် ပထမ နှစ်အုပ် ကွိ နဲ့ မောင်သိက္ခာ တုန်းက scan ဖတ်ပြီး upload လုပ်ပါတယ်..ဒါပေမဲ့ ကော်နက်ရှင် မကောင်းတဲ့ အတွက် ည ၂နာရီလောက်မှ upload ရပါတယ်..၊ ကျနော်လည်း အဲဒီတုန်းက အိပ်ရေးတွေပျက်ပြီး တော်တော် ဒုက္ခ ရောက်တဲ့ အတွက် အခု upload လုပ်ရမှာကို ကြောက်သွားပါတယ်..။ အဲဒီအတွက် နဲနဲ သီးခံပြီး ဖတ်ကြပါဗျာ..၊ အများကြီးဖတ်ချင်ရင် ၂ရက်တခါ ၃ရက်တခါ လောက်မှ ဖတ်ပါ..။ အခု အချိန်က ဆိုင်မှာ အလုပ်များတဲ့ အချိန်လည်း ဖြစ်နေလို့ပါ နဲနဲ အလုပ်ပါးသွား တာနဲ့ အများကြီးတင်ပေးပါမယ်..ကျေးဇူးပါ..။

အကောင်းပကတိ ရှိနေသေးသော ပန်းကန်ပြား နှစ်ချပ်ကို ရင်ခွင်ကြားထဲသို့ သွင်းပြီး အိမ်ကြီးကို တစ်ချက်မျှ လှည့်မကြည့်ဘဲ ထွက်လာခဲ့တော့သည်။

အိမ်နားတွင် ရစ်သီရစ်သီ လုပ်နေရန် အကြောင်းမရှိတော့ပါ။ ဖေဖေ ဘယ်ဆီသို့ ရောက်နေသည်ကို မေးမြန်းရမည့်သူ တစ်စုံ တစ်ယောက်မှ မကျန်ခဲ့တော့၍ မသိနိုင်ပါပြီ။

ကျွန်မသည် တောင်အောက်သို့ ဆင်းလာခဲ့ပြီး ကားနောက်ခန်းသို့ တက်ရောက်၍ ဆေးရုံသို့ ပြန်မောင်းရန် ညွှန်ပြပါသည်။ ကျွန်မက ဖေဖေ၏ အကြောင်းကို တစ်စုံတစ်ရာပြောမပြပါ။ ခွေးများရူးနေကြ၍ သတ်ပစ်ခဲ့ကြောင်းတော့ ပြောပြပါသည်။ သူတို့သည် ကျွန်မ၏သေနတ်သံကို ကြားသည် မကြားသည် မသိပါ။ တိုဘာယာရှီသို့ အစီရင်ခံသည် မခံသည်ကိုလည်း မသိပါ။

သူတို့ သတင်းပို့ကောင်းပို့ခဲ့ပါမည်။ သို့သော် ဗိုလ်တိုဘာယာရှီက ထိုအကြောင်းနှင့် ပတ်သက်၍ ကျွန်မအား တစ်စုံတစ်ရာ မေးမြန်းခြင်းမပြုပါ။
ထိုနေ့ ညနေဘက်တွင် ကွန်ဗင့်ကျောင်းသို့ သွားရောက်ပြီး မာသာ စူပီးရီးယားအား ကျွန်မရင်ဆိုင် နေရသော ဘေးအန္တရာယ် အသွယ်သွယ်နှင့် ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်များကို အိတ်သွန်ဖာမှောက် ပြောပြ ခဲ့၏။

မာသာကြီးက ကျွန်မ၏ လက်ကို ဆွဲလျက် ဘုရားရှစ်ခိုးကျောင်းထဲသို့ ၀င်သွားက်ြပြီးနောက် ကျွန်မက ဒူးထောက်၍ 
'ကျွန်မ၏ ဖခင်ကြီးနှင့် သူ့အစေခံများ မည်သည့်ဒေသတွင် ရောက်ရှိနေကြသည်ဖြစ်စေ ခလုတ်မထိ ဆူးမငြိ ပြန်လည်ပို့ပေးပါရန် နှင့် သူတို့အား ဘေးအန္တရာယ်အသွယ်သွယ်မှ အကာအကွယ် ပေးပါမည့်အကြောင်း' ဆုတောင်းပါသည်။

နောက်တစ်နေ့တွင် ဂျပန် အရာရှိတစ်ဦး ရောက်လာပါသည်။
သူသည် လင်ပန်းတစ်ချပ် လာငှားခြင်း ဖြစ်ပါသည်။ ယာဉ်ကျေးသိမ်မွေ့စွာ ပြောကြားပါသည်။ ကျွန်မထံတွင်ရှိသော အကောင်း ဆုံး ယွန်းလင်ပန်းတစ်ချပ်ကို ထုတ်ပေးလိုက်ပြီး ' မည်သို့ မည်ပုံ အသုံး ပြုနည်း' ဟု မေးမြန်းမိသည်။

'တောင်ကြီးမြို့ကို သိမ်းပိုက်ရရှိသော အထိမ်းအမှတ်အဖြစ် အောင်ပွဲသဘင် ဆင်ယင်ကျင်းပမည်ဖြစ်၍ စစ်သည်တော်များ၏ စစ်ရေးပြပွဲကို တောင်ကြီးမြို့ အားကစားကွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း ထင်ရှား သော အောင်ပွဲကို ချီးကျူးသည့် အနေဖြင့် ဘုရင်မင်းမြတ်၏ ဂုဏ်ပြု ချီးကျူး သ၀ဏ်လွှာကို ယွန်းလင်ပန်း တွင် ထည့်၍ သယ်ဆောင်သွားမည်ဖြစ်ကြောင်း' သူက၀င့်ကြွားစွာ ပြောပြပါသည်။

ဧည့်သည်တော်အဖြစ် အောင်ပွဲ အခမ်းအနားတက်မည်ဆိုပါက ၀မ်းသာစွာ ကြိုဆိုမည်ဟု သူက ပြောလာ သေးသည်။ ကျွန်မက စစ်ရေးပြပွဲသို့ မတက်ရောက်တော့ပါ။ သို့သော် ကိစ္စ၀ိစ္စများပြီးပါက လင်ပန်းကို ပြန်လည် ပို့ပေးရန် ပြောပါသည်။

ထိုနေ့ညက ကျွန်မအိမ်မပျော်ပါ။ ၀ရန်တာသို့ ထွက်၍မတ်တပ်ရပ်ပြီး 'ကရိတ်မိုး' အိမ်ကြီးဆီသို့ လှမ်းမျှော်ကြည့်ရင်း ဖခင်ကြီးသည် တရုတ်စစ်သား မောင်ရမ်းကားများ၏ ဘေးရန်မှ လွတ်မြောက် သွားပါ၏လော ဟူ၍ တွေးတောနေမိသည်။

အိမ်ဟောင်းကြီးကို မျှော်ကြည့်ရင်း မိခင်ကြီးသည် မည်သည့်ဒေသသို့ ရောက်နေပါသနည်းဟုလည်း စဉ်းစားနေမိပါသည်။
လပင်သာစေကာမူ တိမ်ဖုံးနေ၍ အလင်းရောင်မှိန်မှိန်တွင် အရိပ်မည်းမည်းတစ်ခု ကျွန်မ၏ တူရူသို့ ချဉ်းကပ် လာနေပါသေးသည်။ ကျွန်မ၏ ဖခင်လေလားဟု ထင်မြင်မိ၍  ခေတ္တ အသက်ရှု ရပ်သွား ပါသေးသည်။

သို့သော် အချို့သူများက အောင်ပွဲဆင်နိုင်ကြသည်ဖြစ်၍ ပျော်ရွှင်တပြုံးပြုံး ဖြစ်၍ အရှုံးနှင့် ရင်ဆိုင် နေကြရသော ရှုံးနိမ့်သူများ ကမူ ၀မ်းနည်းကြေကွဲနေကြပါသည်။

ကျွန်မသည် ထိုအချိန် ထိုအခါကပင် ယနေ့အောင်ပွဲဆင်၍ ပျော်တပြုံးပြုံး မော်မဆုံးဖြစ်နေသော ဂျပန်များသည် တနေ့နေ့ တချိန်ချိန်တွင် သွေးနှင့်ရင်းပြီး သုတ်သင်ခြင်းခံရလိမ့်မည်ဟု တွေးမိပါသည်။ မည်သည့်တိုင်းပြည်မဆို စစ်ပွဲမှာ အမြတ်ထုတ်ယူ၍ ရမည်မဟုတ်။ အရှုံးကြီးနှင့် အရှုံးလေးသာ ကွာခြား မည်ဟု ကျွန်မက သေသေချာချာ ယုံကြည်ခဲ့ပါသည်။

နေ့ရက်များသည် တထိတ်ထိတ် တလန့်လန့်နှင့် ကုန်ဆုံးသွားခဲ့ပါသည်။ ကျွန်မသည် လူနာများနှင့် မအားလပ် နိုင်အောင် အလုပ်ရှုပ်နေပါသော်လည်း ကျွန်မ၏စိတ်အစဉ်သည် ဖခင်ထံသို့သာ အမြဲရောက် နေပါ၏။

ကျွန်မသည် 'ကရိတ်မိုး' ၏ အပျက်အစီးများကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ဖခင်ကြီးသည် ကျွန်မ တွေ့ခဲ့သလို တိရ စ္ဆာန်များ ကို အစာငတ်ရေငတ်ဘ၀ဖြင့် မည်သည့်နည်းနှင့်မျှ ထားရစ်ခဲ့မည် မဟုတ်ပါ။ ခွေးများ မှာ လှောင်အိမ်အတွင်း၌ အစာမရှိ ရေမရှိ ငတ်ပြီး ရူးကုန်ကြသည်။ သေကုန်ကြသည်။

ဖခင်ကြီးအား မည်သည့်အရပ်သို့ ခေါ်ဆောင်သွားခဲ့ပါသနည်း။ သူ့အား ရှာဖွေရန် ကျွန်မတွင် နည်းလမ်းမရှိတော့ပါ။ နယ်မြေတစ်ခုလုံး ကို စစ်နယ်မြေအဖြစ် ကြေညာထားသဖြင့် ကျွန်မအနေဖြင့် လှုပ်ရှား ရန် မလွယ်ကူပါ။ အနေကျုံ့လှပါသည်။

အရေးထဲမှာ အရာက ပေါ်လာပြန်သည်။ ဆေးရုံတွင် လူနားများ အခြေအနေမှာ တဖြည်းဖြည်း ကောင်းလာပြီ ဖြစ်သဖြင့် တိုဘာယာရှီက ကျွန်မအား ဆေးရုံမှ ဖယ်ရှားပေးရန် ပြောပါသည်။ ဆေးရုံသို့ မှန်မှန်လာပြီး လူနာများ၏ အခြေအနေကို အကဲခတ် ကြည့်ရှုသော ဂျပန်က တိုးတက်လာသော အခြေ အနေကို သူ့အား ပြောပြခြင်းဖြစ်ပါသည်။

ကျွန်မကမူ ဆေးရုံမှ မည့်သည့်နည်းနှင့်မျှ ဖယ်မပေးရန် သန္နိဋ္ဌာန်ထားသည်။ ကျွန်မ၏ ဖခင်ကြီး သိထားသော ကျွန်မ၏ နေရပ်သည် ဤဆေးရုံပင်မဟုတ်ပါလား။ ဖေဖေသည် ကျွန်မနှင့် မဆက်သွယ်ဘဲ နေမည် မဟုတ်ပါ။

သို့ပင်ဖြစ်လင့်ကစား ဆေးရုံ၌ ဆက်လက်နေဖို့က အကြောင်းပြတော့ ကောင်းရပါလိမ့်မည်။ သိပ်တော့ မလွယ်ပါ။ ကျွန်မ ဖခင်အတွက် ဆက်လက်နေခွင့်ပြုပါရန် အမှန်အတိုင်းပြောပါလျှင်လည်း ကျွန်မကလွဲ၍ မည်သူကမှ ကျွန်မ ဖခင်၏ ကံကြမ္မာကို စိတ်ဝင်စားကြမည် မဟုတ်ပါ. ယုတ်စွ အဆုံး ဗိုလ်တိုဘာယာရှီ သည်လည်း အတူတူနှင့် အနူနူပင်။

မြန်မာပြည် တစ်နံတစ်လျားတွင် စစ်ပြေးများ၏ အလောင်းများနှင့် ပြန့်ကျဲလျှက်ရှိပါသည်။ ဖုန်ထူသော လမ်းကြီးလမ်းသွယ် တစ်လျှောက်တွင် အမှတ်အသားမရှိသော မြေပုံများကို ဟိုတစ်ပုံ သည်တစ်ပုံ တွေ့နေရသည်။ အလောင်းတစ်လောင်း တိုးလာ၍ လည်း အောင်ပွဲခံနေသော ဂျပန်စစ်သည်များအဖို့ မည်သို့ မျှ ထူးခြားလာမည် မဟုတ်ပါ။
ကျွန်မသည် ယင်းပြဿနာကို မည်သို့ ဖြေရှင်းရပါမည်နည်းဟု တစ်နာရီပြီးတစ်နာရီ အချိန်ယူ၍ ထိုင်စဉ်းစား နေပါသော်လည်း အဖြေက ထွက်ပေါ်မလာပါ။

ဂျပန်များသည် ကူးစက်တတ်သော ရောဂါများကို ကြုံရလေတိုင်း အလွန်ကြောက်တတ်ကြသူများ ဖြစ်ကြောင်း ပြန်ပြောင်း သတိရမိ၏ ရောဂါအကြောင်းပြောပြရုံနှင့်ပင် ခပ်ဝေးဝေးသို့ ရှောင်တိမ်း သွားကြသူများဖြစ်၏။ မည်သူမျှ ကူးစက်တတ်သော ရောဂါကို လက်တည့်မစမ်းဝံ့ပါ။ ကျွန်မကသာ လိုအပ် သော ပြင်ဆင်မှုကို ပိရိစွာ လုပ်နိုင်မည်ဆိုပါက ကျွန်မအဖို့ စိတ်အေး နိုင်မည်ဖြစ်ပါသည်။

ဂျပန်များက ကူးစက်တတ်သောရောဂါဆိုလျှင့် လှုပ်ပင် မလှုပ်ရဲအောင် ကြောက်ရွံ့ကြပါသည်။ သို့သော် အကာအကွယ် ဆေးများ မရှိပါ။ သူတို့၏ အသိက ရောဂါရသူနှင့် ဝေးဝေးရှောင်နေခြင်းပင် ဖြစ်ပါသည်။
ကျွန်မသည် ကျောက်ရောဂါဖြစ်နေကြောင်း အယောင်ဆောင်ရန် ဆုံးဖြတ်လိုက်ပါသည်။

ယုံကြည်စိတ်ချရ၍ လှုပ်လှုပ်ရှားရှား သွားလာနိုင်သော လူသုံးဦးကို လူမမာများထဲမှ ရွေးထုတ်လိုက်သည်။ သူတို့ကို ခေါင်းမှ ခြေဖျားအထိ ဆေးရုံတွင် ရှိနေသော မိုက်ကူရိုက ရှမ်းဆေးဖြင့် တစ်ကိုယ်လုံး အဖုအပိမ့်များသဏ္ဍာန် ဆေးခြယ်ပေးသည်။ ယင်းနောက် ၎င်းတို့ သုံးဦးအား အခန်းတစ်ခန်းတွင် သီးသန့် ထည့်ထားသည်။ ဆိုင်းဘုတ်တစ်ခုကို အခန်းအပြင်ဘက်၌ ကပ်ထားသည်။

'ကျောက်ရောဂါ၊ မလာရ' ဟူ၍ဖြစ်သည်။
နောက်တစ်နေ့တွင် ဂျပန်အကဲခတ်သမားသည် ဆေးရုံသို့ လူနာဆောင်များ စစ်ဆေးရန် ရောက်လာသည်။ သူက ဤဆေးရုံမှ အမြန်ဖယ်ရှားပေးရန် တတွတ်တွတ်ပြောနေပါသည်။

'မင်းဟာ ခုထက်ထိ ကန့်လန့်တိုက်နေတယ်' ဟုလည်း ပြောပါသေးသည်။
'ဒီနေရာက ဖယ်ပေးဖို့ ကိစ္စနဲ့ပတ်သက်ပြီး ရှင်နဲ့ကျွန်မ သဘောချင်းတိုက်ဆိုင်ပါတယ်၊ ကျွန်မရဲ့ တာဝန်ဝတ္တရားတွေ ကုန်ဆုံးတဲ့အခါမှာ ပြောင်းပေးရမယ်ဆိုရင် ကျွန်မထက် ပိုဝမ်းသာမယ့်သူ မရှိနိုင်ပါဘူး။ ဒါပေမယ့် အခုတော့ မဖြစ်နိုင်သေးဘူးရှင့်'
'မင်းဟာ ဒီဆင်ခြေချည်းပဲ ပေးနေတာပဲ' ဟု သူကပြောသည်။

'ဘာကြောင့် ပြောင်းမပေးနိုင်သေးသလဲဆိုတဲ့အကျိုးအကြောင်း ကို ရှင်သိချင်သပဆိုရင် ကျွန်မပြမယ်၊ ကျွန်မနောက်လိုက်ခဲ့' ဟုစိတ်ဆိုးဟန်ဆောင်ပြီး ပြောလိုက်သည်။
လူမမာ သုံးဦးထားသော အခန်းသို့ သူ့ကို ခေါ်သွားသည်။ ကျောက်ရောဂါ၊ မလာရ ဟူသော ဆိုင်းဘုတ်ကို ညွှန်ပြ ပြီး သူ့ကို အထဲသို့ ခေါ်သွားသည်။

အနီရောင်ရဲရဲ နှင့် ခြယ်ထားသည့် လူမမာ သုံးဦးကို သူက ဖျတ်ခနဲ ကြည့်လိုက်ရင်း `ကျောက်` ဟု တစ်လုံး တည်း ရေရွတ်သည်။
ကျွန်မ၏လူများကလည်း ဟန်ဆောင် ကောင်းလှပါသည်။ ကျွန်မက အသားလွတ် နှစ်သိမ့်နေသည်ကို နားထောင်ပြီး ဝေဒနာ အပြင်းအထန် ခံစားနေရလေဟန် ညည်းညူနေကြပါသည်။ အကဲခတ်သမား၏ မျက်နှာ ဖြူရော်ရော် ဖြစ်သွားပြီး သူ၏ တပ်မှုးထံသို့ သုတ်ခြေတင် ပြေးပါလေတော့သည်။

ခဏအကြာတွင် သူပြန်လာပြီး ကျွန်မတို့ အနားသို့ပင် မကပ်ဝံ့ တော့ဘဲ ခပ်ဝေးဝေး ကနေ၍
`မင်းတို့ ဒီမှာပဲနေပါ၊ တခြားဘယ်မှ မသွားရဘူး၊ ဒါဟာ အမိန့်ပဲ` ဟု ပြောသွားခဲ့သည်။

ကျွန်မ ကြားချင်တာကလည်း ဒီအတိုင်းပင် ဖြစ်သည်။ သူ့အမိန့် ကြောင့် ကျွန်မ အသက်သေနိုင်ကြောင်း၊ သို့တည်းမဟုတ် အကြီးအကျယ် နာဖျားနိုင်ကြောင်း သူ ထင်မှတ်ယုံကြည်နေည်မှာ သံသယ ဖြစ်စရာ အကြောင်း မရှိပါ` ရှောင်တခင် လာစစ်ခဲ့သော် တစ်သက်လုံး ဖုံးသမျှ ကုန်းတော့မှပေါ် `ဖြစ်မှာဘဲ စိုးရိမ်ရသည်။ ထို့ကြောင့် နေ့စဉ်ပင် လူမမာများကို ဆေးခြယ်ပေးရပါသည်။

သို့သော် နောက်တစ်ခါ ထပ်ပြီး ကျွန်မကို ဒုက္ခ မပေးတော့ပါ။ အချိန်များကား တရွေ့ရွေ့ ကုန်လွန်လျက် ရှိသည်။ ဆေးရုံ မှာ ကြာကြာ ဆက်၍ နေရအောင် ကျွန်မ၏ ဖန်တီးမှုသည် အချည်းနှီး ဖြစ်လေပြီလား ဟု စိုးရိမ်စိတ် ၀င်လာသည်။ ဖေဖေသည် မည်သည့် နေရာသို့ ရောက်နေကြောင်း သတင်းအစအန တစ်ခုမှ ရောက်မလာပါ။

ဖခင်အား ဂရုစိုက်ပြုစု ဆေးကုသမှု့ မပေးခဲ့သော် သူ၏ ကျန်းမာရေး အခြေအနေ အရ အသက်ရှင်လျှက် ရှိပါဦးမလား၊ သူ သေမား သေသွားပြီလား ဟု စိုးရိမ်စိတ် ၀င်လာသည်။ ဖေဖေ သည် မည်သည့် နေရာသို့ရောက်နေကြောင်း သတင်းအစအန တစ်ခုမျှ ရောက်မလာပါ။
ဖခင်အားဂရုစိုက်ပြုစု ဆေးကုသမှု မပေးခဲ့သော် သူ၏ ကျန်းမာရေးအခြေအနေအရ အသက်ရှင်လျှက် ရှိပါဦးမည်လား ၊ သူ သေမာ်းသေသွားပြီလား ဟု စိုးရိမ် နေခိုက် ကရိတ်မိုးအိမ်ကြီးသို့ သွားရောက်ခဲ့သည့် ရက်သတ္တသုံးပတ် ပြည့်ရန် တစ်ရက်အလိုတွင် အယ်နီသည် ကျွန်မ ရှိနေသော အခန်းတွင်းသို့ ကမန်းကတန်း ဝင်လာပြီး ကျွန်မကို မြန်မာ လူစိမ်းနှစ်ယောက် က တွေ့လိုကြောင်း ပြောပါသည်။

ကျွန်မသည် ပုံပန်းပျက်နေကြသော သူနှစ်ဦးထံသို့ သံသယ အပြည့်ဖြင့် တုံ့နှေးစွာ လျှောက်သွားပါသည်။ သူတို့၏ ပုံပန်းမှာ တစ်ကိုယ် လုံး ရွံ့များပေကျံလျက် အင်ကျီ အဝတ်အစားများက စုတ်ပြတ်လျှက် ပိန်ချုံးပြီး ထမင်းငတ်နေသူများ အသွင် ဆောင်နေသူများအသွင် ဆောင်နေပါသည်။ ထမင်းတစ်နပ် အတွက် လူသတ်ရန် ဝန်မလေးမည့် သူများလားဟု ကျွန်မ ထင်မှတ်မိပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, February 11, 2010

ငယ်ဘဝများ (၁၃) နှင့် ရွှေစင်ဦး နံမည် အပြောင်းခံရခြင်း အပိုင်း (၂)

ဒစ်ရှင်နရီ ကြီးလည်း စားပွဲပေါ် ရောက်ရော book ကို လှန်စမ်း ဆိုတော့ ကျနော် လည်း ဝမ်းသာ သွားပြီး book ကတော့ စာအုပ် ဟဲ့ ဆိုပြီးတော့ စာအုပ်ကြီးကို တဖတ်ဖတ် နဲ့ လျှောက်လှန်ပါရော့၊ ဟင်း..ကျနော် သိတဲ့ မြန်မာစကားလုံးလေး  တလုံးမှ တောင် မတွေ့ဘူး..၊ ခဏနေတော့  ဖေဖေက နင်ရှာနေတာလည်း ကြာလိုက် တာ မတွေ့သေးဘူးလားတဲ့..၊ ကျနော်လည်း အဲဒီအချိန်ထိ သူဘာပြောနေမှန်းကို မသိတာ.. လှန်နေတာ ဘဲလေ ဆိုမှ သူက book နေရာ book နေရာ ဆိုပြီး အော်လိုက်တာဗျာ တော်ရုံလူ ဆိုရင် လွင့်သွား လောက်ပါရဲ့..၊ ကျနော် လည်း ပေစုတ်စုတ် နဲ့ ဖေဖေ ဘာပြောမှန်း မသိဘူး ဆိုပြီး ပြန်ပြောတာပေါ့...၊ အဲဒီကြမှ ကျနော် တကယ် ဒစ်ရှင်နရီ မသုံးတတ်ဘူး ဆိုတာ သိသွားပြီး ကျနော် တို့ ခေတ်ရဲ့ ပညာရေး အခြေအနေကို သဘော ပေါက် သွားတယ်..။
သဘောပေါက်တာ အရေးမကြီးဘူး ကျနော့်ကို ငါမကယ် သေဘွယ်သာ ရှိတော့တယ်လို့ သဘောထားပြီး သူ အင်္ဂလိပ်စာ သင်မယ်ပေါ့..။

ကျနော်ကတော့ သူသင်မယ်ဆိုကထဲက စိတ်ဓါတ်က အဝိဇိ ရောက်နေပါပြီ..၊ ဒါပေမဲ့ မရဘူးဗျ.. သိပ်တက်ကြွနေတာဆိုတော့ သင်ကိုသင်မှာဘဲ.. ဆိုပြီး အဲဒီခေတ်က work book ၂ အုပ်လောက် ဝယ်လာတယ်..၊ ညရောက်ရင် သင်တော့တာပါဘဲဗျာ...၊ ကျနော်ကလည်း စာသင်တာ စာကျက်တာဆိုရင် တီကို ဆားနဲ့ တို့တာထက်တောင် ကြောက်သေး..၊ အင်္ဂလိပ် စာလေး နဲနဲလောက် ကျက်လိုက်တယ် ဆိုတာလည်း အသစ်အဆန်း ဖြစ်နေတာရယ်..၊ အင်္ဂလိပ် ဆရာမက meaning မရရင်ရိုက်လို့ပါ..။
ဒီလိုစာသင်ခံရတာ သိပ်မုန်းတာဘဲ ဆိုတော့ ဘယ်လို ဆန့်ကျင့် တော်လှန်ရမလည်း ဆိုတာ အမြဲစဉ်းစား နေတယ်ဗျ... သိပ်မကြာပါဘူး.. ကျနော့် ရဲ့ အကဲစမ်း ပွဲကြီးက စပါပြီ.. work book ထဲမှာ A လို့ဖြေရမဲ့ နေရာဆိုရင် A ကို အကြီးကြီး ရေးပြီး ဆန္ဒ ပြတဲ့ နည်းပေါ့..၊ အစောပိုင်းက သူက မသိဘူးဗျ.. နောက်တော့ ကျနော့် A ကြီးက ကြီးလာလိုက်တာ စာမျက်နှာ အပြည့် ကိုဖြစ်လာပါရော.. အဲဒီအချိန်ကြမှ ဖေဖေ က သိသွားတယ်..၊ ကျနော့် ကို လည်း တအား ဒေါသဖြစ်ပြီး.. နင် အဲဒီလောက် စာမသင်ချင်ရင် အိမ်မှာ မနေနဲ့ ဆိုပြီး အပြင်ကို နှင်လွှတ်တယ်..၊ ကျနော်လည်း စာမသင်ရဘဲ အိမ်ပြင်ထွက်ရ နည်း လားဆိုပြီး.. ဈေးတွေ ဘာတွေဆစ် မနေပါဘူး.. မြန်မြန်လေးကို ပြေးထွက်လိုက်တယ်..။

မှတ်မှတ်ရရ မိုးကတော်တော် ချုပ်နေပြီ ဆိုတော့ ကစားဘက် အဖော်တွေ မရှိတော့ဘူး..၊ကျနော်လည်း ဟိုကြည့် ဒီကြည့် လုပ်ရင်း လူအဖော်မရှိတော့ ဘာဖြစ်လည်း ဆိုပြီး အိမ်ရှေ့ အိပ်နေတဲ့ ခွေးအဖော် တကောင်ကို ရန်စပြီး ရှေ့ကပြေး.. ခွေးက နောက်က လိုက်..၊ နောက်တခါ.. ခွေးကမှီလာရင်..ပြန်လှည့်ပြီး ခွေးနောက်ကလိုက်...၊ ခွေးနဲ့ လူနဲ့ စိန်ပြေးလိုက်တန်း ကစားနေလိုက်တယ်..။

ခဏနေတော့ မေမေက ရှေ့ထွက်လာပြီး အထဲပြန်ခေါ်တယ်..၊ အထဲရောက်လို့ ရေလေးဘာလေး သောက်ပြီး အမောဖြေနေတုန်းရှိသေးဗျ.. ကျနော့်အဖေရဲ့ ကြေညာချက်က ထွက်လာပါတယ်..၊ 'ဟေ့ ရွှေစင်ဦး တဲ့ ငါ တသက်လုံး နင့်ကိုစာမသင်တော့ဘူးတဲ့ ' ကျနော် လည်းဝမ်းသာသွားတယ်.. တသက်လုံးတဲ့ ပျော်စရာကြီးပေါ့.. ပြီးတော့ ဆက်ပြောသေးတယ်..' ငါ့ရှေ့ မှာ လည်း ဘယ်တော့ မှ နင့် ရဲ့ ကို့ယိုးကားယား အင်္ဂလိပ်စာ ကိုလာမကျက်နဲ့ တဲ့...' ... ကျနော် လည်း စိတ်ချပေါ့..သူက တသက် ဆိုတော့ ကျနော်က ဆယ်သက် ပေါ့ (စိတ်ထဲက..စိတ်ထဲက) ..အဲဒီလိုနဲ့ ကျနော့် နဲ့ ဖေဖေ ရဲ့ အင်္ဂလိပ်စာ အထူ သင်တန်းကြီး ဟာ အောင်မြင်စွာ ပွဲသိမ်းသွားပါတယ်..။

နဂိုကထဲက သိပ်ကျက်ချင်လှတယ် မဟုတ်တဲ့ ကျနော်ဟာ အင်္ဂလိပ်စာကို အိမ်မှာ ယောင်လို့တောင် မှ မကျက်မိတော့ပါဘူး.. ကျောင်းမှာရော ဆိုတော့ ပိုဝေးပေါ့... ၊ ဒီလိုနဲ့  ကျနော်ဟာ အင်္ဂလိပ်စာ ကို တသက်လုံး  ထူးချွန်လာပါတယ်..။

ဒါနဲ့ ဘယ်နားတောင် ရောက်သွားပါလိမ့် သြ ရီပို့ကဒ် လေးကို ကြည့်ပြီး ငိုင်တိုင်တိုင် လုပ်နေတယ်..အင်း ကိုယ့် နောက် ဘယ်နှစ်ယောက် ရှိသေး လည်း ဆိုတာ စိတ်တွက် တွက်ပြီး... စိတ်ဓါတ်ကျကျ နဲ့ ငိုင်နေတုန်း ရှိသေးတယ်.. အလိုက်ကန်းဆိုးမသိတဲ့ ကျနော့် သူငယ်ချင်း (Bot: ပါမောက္ခဟောင်း ဒေါက်တာ သန်းထွန်းရဲ့ သား အငယ်ကောင်ဗျ) ကလာပြီး ဟေ့ ရွှေစင်ဦး ဒီမှာ ကြည့်စမ်း ဆိုပြီး သူ့ ရီပို့ကဒ်လေး လာပြတယ်..၊ ကျနော်လည်း ဖတ်ဆို ဆွဲယူပြီး ကြည့် လိုက်တော့ သူက ဒီမှာ ကြည့်စမ်း အဆင့် ၁ အီဖေကိုကြီးက အဆင့် ၁..၊ ပြီးတော့ က ကြီးကွတဲ့..၊ ကျနော် လည်း သူ့ ရဲ့ အဆင့် ၁ ၊ ကကြီး ကြီးကို တော်တော် အမြင်ကပ်သွားပြီး ၁ အုန်းဟယ်၊ ကကြီး အုန်းဟယ် ဆိုပြီး ခြေမြန်လက်မြန်နဲ့ ရီပို့ကဒ်လေးကို ဗျတ်..ဗျတ် နဲ့ လေးခေါက်ချိုးပြီး ဖတ်ဆို သူ့ကို ပစ်ပေးလိုက်တယ်..။

သူက ရီပို့ကဒ်လေး ကို အတော်တန်ဘိုးထားပြီး ခေါက်ရိုး မကျိုးအောင် ထားတာ ဆိုတော့ အတော် ဒေါသဖြစ်သွား တယ်ထင်တယ်..၊ ကျနော့် ကို အတန်းရှေ့ထွက်ပြီး စိမ် ခေါ်တယ်ဗျ.. အဲဒါ ထမင်းစားချိန်မှာ ဖြစ်နေတာနော်..၊ ကျနော်လည်း တကယ်စိမ်ခေါ်တော့ လန့်သွားတယ်..၊ ပြောရရင် ကျနော်က အတန်း ထဲမှာ အငယ်ဆုံး ဆိုတာထက် အညှက်ဆုံး အပုဆုံးဆိုတော့ အင်အားက မရှိဘူးဗျ.. လုံးသတ်ရင်တော့ ရှုံးမှာ သေချာပေါက်ဘဲ.. ဒီလို အကြံခက်နေတုန်းမှာဘဲ ကျနော် သူငယ်ချင်း ကယ်တင်ရှင်ပေါ်လာတယ်.. ။

အညို တဲ့ သူက သူ့အဖေက ဂျူဒိုသင်တဲ့ ဆရာဆိုတော့ သူကလည်း တတ်တယ်ဗျ.. အရပ်ကလည်း ပုပြတ်ပြတ်လေး နဲ့ အတော်သန်မာတယ်..၊ သူက နဂိုကလည်း အဲဒီ ကောင်လေး ကို အမြင်ကတ် နေ (ပထမ ရတာနဲ့လည်း သက်ဆိုင်တယ်ထင်တယ်...ပထမ ရသူများ..သတိထားကြနော်) ကျနော် ကိုလည်း စိမ်ခေါ်တယ် ဆိုတော့..တော်တော် မုန်းသွားတယ်ထင်တယ်..၊ ဟေ့ ရွှေစင်ဦး နဲ့ မသတ်နဲ့ ငါနဲ့ သတ်မယ် ဆိုပြီး အတန်းရှေ့ထွက်လာပါရော.. အဲဒီမှာ ဟိုကောင်လေး လည်း လန့်သွားပြီး မသတ်လည်း မဖြစ်တော့ အတန်းရှေ့မှာ လုံးကြတော့ တာဘဲဗျာ..၊ နောက် မှ အားလုံးဝိုင်းဆွဲ ကြမှ ပွဲက ပြီးသွားတယ်..။

ကျနော်က သူတို့ ရန်ပွဲ ကို စိတ်မဝင်စားနိုင်ဘူး ဟိုကောင်လေး ပြောတဲ့ တစ် ရော ကကြီးရော ဆိုတာကိုဘဲ စိတ်စွဲ နေတယ်..၊ တစ်ကတော့ အဆင့် တစ် ပေါ့.. ကကြီးက ဘာပါလိမ့်ပေါ့.. အဲဒါနဲ့ ရီပို့ကဒ် ကို ဖင်ပြန်ခေါင်းပြန်ကြည့်မိတယ်..၊ အဲဒီကြမှ ရီပို့ကဒ် အောက်ခြေမှာ ရှိတဲ့ ဆရာမ မှတ်ချက်ပေးရတဲ့ နေရာလေးကို သွားတွေ့တယ်..၊ အကျင့်စာရိတ္တ ဆို က..၊ ခ...၊ ဂ ပေါ့..၊ ကျောင်းခေါ်ချိန် ဆို က..၊ ခ...၊ ဂ...ပေါ့...၊ နောက်ပြီး အများအကျိုးဆောင်ရွက်မှု့ က..၊ ခ..၊ ဂ..၊ ပေါ့ ။

အဲဒါကို ကျနော်စိတ်ထဲမှာ ဆရာမ က မှတ်ချက်ပေးရတယ် ဆိုတာ မသိဘူး..၊ ကျနော့် ရီပို့ကဒ် မှာလည်း ဆရာမ က မေ့တာလား မပေးသေးတာလား မသိဘူး အဲဒီနေရာတွေမှာ ဘာမှ ခြစ်မထားဘူး..၊ အဲဒီမှာ ကျနော် က ကျနော်လည်း က ရနိုင်တဲ့ အခြေအနေကို သိသွားပြီး အဲဒီနေရာ တွေ အားလုံးကို က ကြီး ပေးပြစ် လိုက်တယ်..၊  ဘယ်လောက်ဘဲ မှင်နီရဲ လို့ တစ်မရလည်း ကကြီး တော့ ရသွားပြီ ဆိုပြီး ကိုယ့်ဘာသာ ကိုယ် ဂုဏ်ယူနေတယ်..၊ ငါလည်း ကကြီး ရပြီဆိုပြီးပေါ့..။

နောက်နေ့ ဆရာမကို ရီပို့ကဒ် အပ်ရတဲ့ အချိန်လည်း ရောက်ရော ဆရာမ က တခုခြင်းစစ်ကြည့်တော့ ကျနော့်ရဲ့ ကကြီး ၃ လုံးတန်းကို တွေ့သွားပြီး ကျနော့် နံမည် ကိုလည်း အဲဒီအချိန်က စပြီး ရွှေစင် ကကြီး ဆိုပြီး ဆရာမ က ခေါ်တော့တာပါဘဲဗျာ...။

ပြောချင်တာကတော့ ကျနော် တို့ တိုင်းပြည်မှာ ကျနော် ကလေးတုန်း ကလို ကိုယ်ကိုကိုယ့် ကကြီးပေးမဲ့ သူတွေ အတော်များနေသေးတဲ့ အတွက် မြန်မာ ကကြီး ဆိုပြီး နံမည်ပြောင်း ပေးရကောင်း မလား လို့ပါဗျာ...။

စာရေးသူ- ရွှေစင် ကကြီး
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁၁)

ကျွန်မကိုလည်း လူနာများနှင့် အတူတူ လူနာ တစ်ယောက်အဖြစ် မြင်တွေ့နိုင်ကြပါသည်။ သို့သော် ဒဏ်ရာမှာ အပေါ်ယံရုပ်ထိခြင်းဖြစ်၍ မကြာမီနာလန်ထလာပြီး ကျွန်မ၏တာဝန်များကို ပြန်လည် ထမ်း ဆောင်နိုင်ပါ၏။

ကျွန်မသည်လူနာအဖြစ် ခုတင်ပေါ်၌လဲလျောင်းနေစဉ် ကျွန်မငယ်ငယ်က မိခင်ပြောခဲ့သော အပြစ်အ ပျက်ကို သတိရနေမိပါသည်။ မိခင်သည် မည်သည့်အတွက် ထိုအကြောင်းအရာများကို ပြောခဲ့သည် မသိပါ။ ကျွန်မငယ်စဉ်က ဘေးအန္တရာယ်များနှင့် ရင်ဆိုင်ခဲ့ရရာတွင် ဘေးမသီရန်မခ ဖြစ်ခဲ့ရသည်များ ကို မိခင် ကိုယ်တိုင် တွေ့ကြုံရသောကြောင့် ပြောခြင်းလည်း ဖြစ်နိုင်ပါသည်။ မိခင်က "ဟယ်လင်ရေ သမီးမှာ အလွန် ထူးဆန်းတဲ့ ပါရမီ ပါလာတယ်" ဟုပြောဖူးသည်။ '' သမီးရဲ့ ဖေဖေ မက်ဆိုပိုတေးမီးယား စစ်မျက်နှာကို စစ်ထွက်သွားရတုန်းက ပထမကမ္ဘာစစ် ဖြစ်နေတုန်းကပေါ့၊ မေမေက မိဘများ ရှိတဲ့ စကော့တလန်ကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။

'' ပက်ထရစ်ဟင်ဒါဆင် ကုမ္ပဏီက သင်္ဘောကြီးနဲ့ ရန်ကုန်မြို့က မေမေတို့ ထွက်လာကြတော့ မေမေ့လိုပဲ သားသည် အမေတွေ ပါလာကြတယ်၊သင်္ဘော ကက်ပတိန် လုပ်တဲ့သူက သိပ်ပြီး အယူသည်းတယ်၊ ရန်သူ ရေငုပ်သင်္ဘော အများအပြား ကျက်စားနေတဲ့ မြေထဲပင်လယ်ထဲ ရောက်တယ် ဆိုရင်ပဲ သူ့သင်္ဘောပေါ်မှာ ခရီးသည်အဖြစ် ပါလာကြတဲ့ သားသည်အမေတွေအားလုံးကို ဖိတ်ခေါ်ပြီး တစ်နေရာမှာ စုဝေးစေတယ်၊ သူက မေးတယ်၊ ခင်ဗျားတို့ ကလေးမျက်မှာ မြင်စဉ်တုန်းက အိမ်သာသုံးစက္ကူလို ပါးလွှာတဲ့ ရေမြွာတစ်ကိုယ်လုံး အုပ်ပြီးမွေးတဲ့ ကလေးများပါသလားလို့ မေးတယ်။

မေမေက အတော်အံ့အားသင့်သွားတယ်။ ဒါပေမဲ့ မေမေကသမီးမွေး တုန်းက ရှင်ပြောသလိုပါပဲလို့ ပြောလိုက်တယ်၊ အဲဒီမှာတင် သင်္ဘောကပ္ပတိန်ဟာအားရ ၀မ်းသာဖြစ်ပြီးသားသည်  အမေတွေကို ခင်ဗျာတို့ရန်သူ ရေငုပ်သင်္ဘောရဲ့ ရန်ကြောက်စရာ မလိုတော့ဘူး၊ ကျွန်တော်တာဝန် ယူတယ်၊ ကျွန်တော်တို့ သင်္ဘောပေါ်မှာ လာဘ်ကောင်းတဲ့ အဆောင်(မေမေ) ပါလာပြီလို့ပြောတယ်။
မေမေကတော့ သူနာပြု ဆရာမလည်း ဖြစ်ပြန်လက်တွေ့ ကျကျကိုမှ လက်ခံတဲ့သူလည်း ဖြစ်ပြန်ဆို တော့ ကပ္ပတိန်ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဂရုမစိုက်ပါဘူး၊ စိုးရိမ်နေကြတဲ့ သားသည်အမေတွေ ကို အကြောက် ပြေအောင် နှစ်သိမ့်နေတာပဲလို့ ယူဆမိသည်။

အဲဒီနေ့ညမှပဲ မေမေတို့ သင်္ဘောနဲ့ယှဉ်ပြီး သွားနေတဲ့ သင်္ဘောကို တော်ပီဒို လာမှန်လို့ မြုပ်သွား တယ်၊ မနက်ကျတော့ အသက်ရှင်တဲ့သူ တစ်ယောက်တလေ ကျန်နေမလားဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်  ပြန်ရှာ ကြရ သေးတယ်၊ တစ်ယောက်မှ မတွေ့ဘူး။

ကပ္ပတိန်ကတော့ ထပ်ခါတလဲလဲ ပြောတယ်၊ မေမေသာ သင်္ဘောပေါ်မှာ ပါမလာခဲ့ရင် သူ့သင်္ဘောကို တော်ပီဒိုမှန်မှာ သေချာတယ်တဲ့ ထိုအကြောင်းများကို ကျွန်မပြန်လည် သတိရနေမိပါသည်။ ကျွန်မ    မိခင် အနေဖြင့်မူ သဘော မပေါက်ခဲ့ပါ။ သို့သော်ကျွန်မ အတွက်ကြောင့် လူ့အသက်ပေါင်းများစွာ ဘေးကင်း သွားရ သည်ကိုတော့ မေမေက သတိရနေ မည်ဖြစ်ပါသည်။

ကျွန်မသည်လည်း အယူသည်းသူ တစ်ယောက်တော့မဟုတ်ပါ။ တောင်ကြီးမြို့ပေါ်သို့ စတင်ကျရောက် သည့် အချိန်ကစပြီး ယခုအချိန်အထိ အပြစ်အပျက်များကို ပြန်လည်စဉ်းစားလိုက် သောအခါ သေရအံ့ ဆဲဆဲ တေ့လွဲ ကလေးပေါင်း များစွာကြုံရဆုံရသဖြင့် သင်္ဘောကပ္ပတိန် ကြီးပြောကြားသွာသည်မှာ အယူသည်းခြင်း မဟုတ်ပဲ တစ်ခုခုတော့ ဖြစ်မှာပါဟု ဆေးရုံအတွင်းလူနာ ကုတင်ပေါ်၌ တုံးလုံးလှဲနေ ရင်း တွေးနေခဲ့ မိပါသည်။ ဗုဒ္ဓဘာသာ အယူအဆအားဖြင့် ဥပစ္ဆေဒကကံ သူတစ်ပါးလက်ချက်နှင့် အစိမ်းသေ မသေရခြင်း တစ်စုံ တစ်ခုသော ကံတရားကြောင့် သူတစ်ပါးလက်ချက်ဖြင့် ကျွန်မ မသေနိုင် ဟူသောအတွေး ပေါ်လာ သောအခါ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ပါသည်။

အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြည့်ရခြင်းအားဖြင့် စစ်ကြီး ကတော့ ကြာပါဦးမည်၊ ကျွန်မ ဆီသို့ ရောက်လာ ကြမည့် တစ်စစီ ဖြစ်နေသော ကံတရားကိုပင် ဆုပ်ကိုင်၍ တာဝန် များကို ယူရပါဦးမည်။
ကျွန်မ နေကောင်းစ ပြုလာသည်နှင့် ဗိုလ်တိုဘာယာရှီအား တွေ့ခွင့် တောင်းပါသည်၊ သူက တွေ့ခွင့် ပေးသော အခါ 'အိုမင်းမစွမ်းဖြစ်ပြီး မကျန်းမမာ ဖြစ်နေသော ဖခင်အတွက် အလွန်စိုးရိမ် ပူပန်နေပါကြောင်း ဖခင်ကို သူ၏သစ္စာရှိ အစေခံများက စောင့်ရှောက်လျှက်ရှိကြောင်း တရုပ်စစ်သားများ ကျမထံမှ နောက်ဆုံး ထွက်ခွာ သွားကြစဉ်က သူနေထိုင်သည့် ကရိတ်မိုး အိမ် တူရူသို့ သွားခြင်းဖြစ်ကြောင်း သူနေ ထိုင်၍ ကောင်း မကောင်း သိချင်၍ သူထံသွားလိုကြောင်း သူ့ကို ကျမ ၏ အိမ်သို့ ခေါ်လာခဲ့လိုကြောင်း' ဖြင့် ကျမက တင်ပြ ပါသည်။

တိုဘာယာရှီက  ခတ္တဆိုင်းနေပြီး ခေါင်းကို ယမ်းခါပါသည်၊ ကျမ၏ မေတ္တာရပ်ခံချက်မျိုးကို မလိုက်လျှော နိုင်၍ ၀မ်းနဲကြောင်း ဖခင်၏ အိမ်နေရာမှာ စစ်နယ်မြေအဖြစ် သံဆူးကြိုးများ ကာရံထားသည့်အပြင် စစ်တပ်က မျက်ခြည် မပြတ် စောင့် ကြည့်နေသော နေရာ ဖြစ်ကြောင်း ပြန်ပြောပါသည်၊ ကျမက မရမက တောင်းဆိုသောအခါ သူက ခြွင်းချက် ဖြင့် ခွင့်ပြုပါသည်။

'သူ့ထံမှ စစ်ကားတစ်စီး လွှတ်ပေးမည်၊ ကျွန်မကို စစ်ကားနှင့် ကရိတ်မိုး ၀င်းခြံအား တားစီးထားသော သံဆူးကြိုး တံခါးအထိ ပို့ပေးမည်။ ကျွန်မက အိမ်ဆီသို့သွားနေစဉ် သူ့လူများက  ကျွန်မကို သေနတ်နှင့် ချိန်ထားမည်၊ အကယ်၍ ထွက်ပြေးရန် ကြိုးစားလျှင် သော်လည်းကောင်း မဟုတ်တရုတ် လုပ်လျှင် သော်လည်းကောင်း ကျွန်မကို သေနတ်နှင့် ပစ်သတ်မည်' ဟု ပြောပါသည်။
ကျွန်မကို ကားနှင့် လာခေါ်ပါသည်။ ကားနောက်ပိုင်းပေါ်တက်သွားသောအခါ ကျွန်မကို စောင့်ကြပ်ရန် လက်နက်ကိုင် စစ်သားများ ပါလာကြသည်။ ကရိတ်မိုးအိမ်၏ တောင်ခြေရင်းသို့ ကားကို မောင်းသွား ကြသည်။ ကျွန်မသည် မတ်စောက်သော တောင်ကုန်းကို ဖြတ်ကျော်၍ အိမ်ကြီးရှိရာ တောင်ပေါ်သို့ တက်သွားစဉ် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ကျွန်မကို သေနတ်နှင့်ချိန် ရွယ်ထားသည့် စစ်သား များ ကို တွေ့ရပါသည်။

သူတို့က ငါ့ကို တကယ်ပဲ ပစ်တော့မှာလား ဟူသော ကြောက်စိတ်ဝင်လာခဲ့ပါသေးသည်။ သို့သော် စစ်သား များထဲမှ တစ်ဦးက ကျွန်မကို ဆက်လက်သွားရန် သူ့သေနတ်ဖြင့် ဝှေ့ယမ်း အချက်ပြနေ၍ ကြောက်စိတ် ပြေသွားခဲ့၏။

အိမ်ကြီးအနီးသို့ ချဉ်းကပ်မိသောအခါ ထူးဆန်းသော တိတ်ဆိတ်မှုက  အိမ်ကြီးကို လွှမ်းခြုံလျှက်ရှိပါ သည်။ လမ်းကို မြန်မြန် လျှောက်နေရာမှ ပြေးသွားမိ၏။ ကျွန်မ၏ ခြေထောက်နှင့် ဗိုက်မှ ဒဏ်ရာများက နာကျင် ကိုက်ခဲ လာပါသည်။ ကျွန်မအပေါ်သို့ကျရောက်တော့မည့် ဂြိုလ်ဆိုး ကြမ္မာဆိုးကို သတိမူမိသဖြင့် နာကျင်ခြင်း ကို ဂရုမစိုက်တော့ဘဲ တောင်ပေါ်သို့ ဆက်တက်ခဲ့ပါသည်။ ကျွန်မတို့၏ ၀န်းခြံသို့ ရောက်လာ သောအခါ စိုးရိမ်ခဲ့မိသည့်အတိုင်း တွေ့မြင်ရပါသည်။ ခြံတခြံလုံး မြင်မကောင်းအောင် ဖြစ်နေပြီး အိမ်တွင်း၌ မွေးမြူ ထားသော ငှက်များမှာ ငှက်လှောင်အိမ် အတွင်း သေဆုံး နေကြပါသည်။ အစာရေစာ ငတ်ပြတ်၍ တုံးလုံး ပက်လက်ဖြင့် သေဆုံးနေကြသော ခွေးသေကောင် များကိုလည်း ခွေးခြံ အတွင်းမှာ တွေ့ရပါသည်။
ကျွန်မက အော်ခေါ်ပါသည်။

'ဖေဖေ၊ ဖေဖေရေ ဖေဖေ ဘာမှ မဖြစ်ပါဘူးနော်' ဟု အော်မေးသော်လည်း ဘာသံမှ ပြန်မကြားရပါ။
ကျွန်မသည် တုန်လှုပ်စွာဖြင့် အိမ်ရှေ့တံခါးမကြီးကို တွန်းဖွင့်၍ အိမ်တွင်းသို့ ၀င်သွားရင်း ဖေဖေ့အား တကြော် ကြော် အော်ခေါ်မြဲ အော်ခေါ် နေမိပါသည်။
တစ်အိမ်လုံး ရှုပ်ပွနေပါသည်။ တစ်အိမ်လုံးကို မွှေနှောက် ရှာဖွေ သွားကြပါပြီ။ ကျွန်မ၏ မိဘများ ဂုဏ်ယူ မဆုံး ရှိခဲ့သော အိမ်ထောင် ပရိဘောဂများ သည်လည်း တစ်ချို့က မီးလောင်ကျွမ်းနေပြီး တချို့က ကြေမွ ကျိုးပဲ့ နေသည်။ ကျွန်မတို့ တစ်တွေ၏ တန်ဖိုး မဖြတ်နိုင်သော ပန်းကန်ခွက်ယောက် အိုးခွက် များသည် လည်း တစ်စစီ ကွဲနေပြီး တစ်အိမ်လုံး ပြန့်ကျဲနေသည်။ ဖေဖေ ကိုယ်တိုင် စိတ်ရှည်လက်ရှည် လက်ရာ မြောက်မြောက် ဖြင့် ထွင်းထုထားသော ကျွန်သား ပစ္စည်းတင်ခုံ သည်လည်း ဓားနှင့်ခုတ် လွှနှင့် ဖြတ်ထားပြီး သေနတ်စင် ဖြစ်နေပါပြီ။

ငွေထည် ပစ္စည်းများ အားလုံးကတော့ မရှိတော့ပါ။ မီးခံသေတ္တာ မှာလည်း ဖောက်ခွဲခံထားရပြီး အထဲတွင် ရှိသော တန်ဖိုး မဖြတ်နိုင်သည့် စာချုပ်စာတမ်းများ တစ်ခုမှ မရှိတော့ပါ။ ကြမ်းလုံးပြည့် ခင်းထားသော ကော်ဇောများ အိမ်နံရံများ ပေါ်၌ ချိတ်ဆွဲထားသော အလွန်တရာ လှပ အဖိုးတန်သည့် ပန်းချီကားများကို အရိပ် အယောင်ပင် မတွေ့ရတော့ပါ။
ကျွန်မသည် မိမိ ကိုယ် ကိုယ် မထိန်သိမ်း နိုင်တော့ပါ။ ချုံးပွဲချ ငိုကြွေးမိပါသည်။ ဘာပဲဖြစ်ဖြစ် တစ်အိမ်လုံး အနှံ့အပြား ရှာဖွေရခြင်း မရှိသေးသဖြင့် မိမိစိတ်ကို ထိန်းသိမ်းရမည် ဖြစ်ပါသည်။  သို့ဖြင့် ကျွန်မသည် ဥယျာဉ် ထဲသို့ ဆင်းလာခဲ့၏။

ဥယျာဉ်ထဲတွင် ရေချိုးစည်များ ပြန့်ကျဲနေပါသည်။ ရေချိုးစည်များ သည် ၎င်းတို့တွင် တပ်ဆင်ထား သော ပစ္စည်း များကို ဖြုတ်၍ ရေနွေးကျိုရန် ရေနွေးအိုးများအဖြစ် ဘ၀ပြောင်းလဲ သွားပါပြီ။ မီးဖိုထားသော နေရာများကို နေရာ အနှံ့အပြားမှာ တွေ့ရပြီး စားပွဲများ ဗီရိုများကမူ ချက်ပြုတ်ရန် အတွက် ထင်းဖြစ် သွားကြပါပြီ။
ကျွန်မသည် ကရိတ်မိုး အိမ်ကြီး၏ သင်္ခါရ သဘောတရားကို တွေးတောနေစဉ် အောက်ဆုံးထပ် ခွေး လှောင်အိမ် ဘက်ဆီမှ ရင်ကွဲဖွယ် ကောင်းသည့် အသံများ ထွက်ပေါ် လာသည်ကို သတိပြုမိ ပါသည်။ ကျွန်မ လျှောက်လှမ်း သွားခဲ့ပါ၏။

ခွေးလှောင်အိမ် သို့ ရောက်သွားသောအခါ အလွန် သနားဖွယ်ရာ ကောင်းသည့် မြင်ကွင်းကို တွေ့ရသည်။ အစာနှင့် ရေကို ရက်ပေါင်းများစွာ ငတ်ပြတ်နေခဲ့ကြရသော အသက်ရှင်နေသေးသည့် ခွေးများသည် ကယောင်ကတမ်း လှည့်ပတ် ပြေးလွားနေကြရင်း ပြင်းထန်သော ဝေဒနာကို ခံစားနေကြရသဖြင့် ကျယ်လောင်စွာ အူနေကြသည်။ သူတို့ကို ကယ်ဆယ်၍ မရတော့ပါ။ ပစ်သတ်မှ ဖြစ်တော့မည်။
တိုဘာယာရှီသည် မည်သည့် အကြောင်းကြောင့် ဟူ၍မသိ။ ကျွန်မထံမှ သေနတ်ကို သိမ်းဆည်းခြင်း မပြုခဲ့ပါ။ ကျွန်မထံတွင် သေနတ်တစ်လက်ရှိနေသည်ကို သူသိဟန်မတူပါ။
ကျွန်မ၏ မိတ်ဟောင်း ဆွေဟောင်းများ၏ ခေါင်းတည့်တည့်သို့ သေနတ်ဖြင့် မပစ်ရက်ပါ။ သို့သော် သူတို့ တစ်တွေ ဒုက္ခဝေဒနာ ခံစားနေရသည်ကို မကြည့်ရက် မမြင်ရက်၍ တစ်ကောင်ပြီး တစ်ကောင် ပစ်သတ် လိုက်တော့သည်။ ထို့နောက် အိမ်အတွင်းသို့  ပြန်လှည့် လာခဲ့ပါသည်။

အခန်းတိုင်း သို့ ကျွန်မ ၀င်ကြည့်သည်။ တစ်ခန်းနှင့် တစ်ခန်း ဖြစ်ပျက်နေပုံမှာ အတူတူပင်ဖြစ်ပါသည်။ သယ်ယူ ရွှေ့ပြောင်း၍ ရသော ပစ္စည်းများ မရှိတော့ပြီ။ သယ်ယူရန် ခက်သော ပစ္စည်းများ ကိုမူ ဖျက်ဆီး သွားကြသည်။ ကျွန်မသည် ဖေဖေ၏ အခန်းဆီသို့ လာရင်း 'ဖေဖေ၊ ဖေဖေ' ဟု တကြော်ကြော် အော်ခေါ် နေမိသည်။ အခန်းထဲတွင် ဘာမျှ မရှိတော့ပါ။
ခရစ်တော်အား ကားစင်တင်ထားသော ကားချပ်ကမူ မှန်ပေါင်နှင့်တကွ ရှိနေပြီး သံမှိုနှက်ထားသည့် ခြေထောက် အောက်တွင် 'ကျွန်ုပ်တို့၏ ထံသို့လာလော့ ' ဟူသော စာတမ်းနှင့်အတူ တွေ့ရပါသည်။
ကျွန်မသည် ပန်းခြံထဲသို့ ပြန်ဆင်းလာပြီး အပျက်အစီး ပုံများ အကြား၌ ကရိတ်မိုး အိမ်ကြီးအား အစဉ်အမြဲ သတိရ နေစေရန်အထိမ်းအမှတ် တစ်ခုခုကို ရှာဖွေနေမိပါသည်။

အကောင်း ပကတိ ပစ္စည်း တစ်စုံတစ်ရာ ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်တော့ဟူ၍ လက်လျှော့တော့မည် ဆဲဆဲတွင် မေမေ၏ ပန်းကန်ပြား နှင့် ပန်းကန်လုံး ၇၂ချပ် ပါဝင်သည့် ညစာ ထမင်းစားပွဲတစ်စုံ နှင့် လက်ဖက်ရည် ပန်းကန်တစ်စုံတို့ အထဲမှ အကောင်း ပကတိ ပန်းကန်ပြားနှစ်ချပ် ကို တွေ့ရပါသည်။

မေမေသည် ကရောင်းဒါဘီ ဟု အမည်ပေးထားသည့် ညစာပန်းကန်စုံ လက်ဖက်ရည် ပန်းကန်စုံတို့ အတွက် အလွန် ဂုဏ်ယူ ၀င့်ကြွားလေ့ ရှိပါသည်။ မိသားစု ထမင်းစားပွဲများ သို့မဟုတ် အလွန် အရေးကြီးသည့် ဧည့်သည် များကို တည်ခင်းသည့် ဧည့်ခံပွဲများတွင်သာ ထုတ်သုံးလေ့ ရှိပါသည်။ မေမေသည် သူ၏ ပစ္စည်း များကို အလွန် တန်ဘိုးထားသူဖြစ်၍ ဆေးကြောရာတွင်ပင် အစေခံများအား မဆေးစေဘဲ သူကိုယ်တိုင် ဆေးကြော ပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၆)

ချစ်တီးနှင့် လှည့်ကိုင်ခြင်း

ထိုအခိုက် အတန့်မှာ ချစ်တီးကုလား တယောက် အိမ်ဝသို့ ရောက်လာသည်။ ငွေချေးစားသော ချစ်တီး ကုလား လာရပ်သော အိမ်မှာ မင်္ဂလာ မရှိ၊ အလွန် ရှက်စရာ ကောင်းသည်။ အတိုးကြီးစား သွေးစုပ်ကောင် များဟု အမည်ပေးခံရသော ချစ်တီးကုလားလာသော အိမ်မှာ ဖွတ်တက်ခံရခြင်းက ကြာလေဦးမည်ဟု ဆိုရိုး စကား ရှိပါသည်။ သို့ကြောင့် ချစ်တီးဆို အလွန် ရွံမုန်းကြသည်။ သူတို့ အလုပ်မှာ ငွေချေးစားသူပီပီ လယ်ပေါင် မြေပေါင်၊ အိမ်ပေါင်ခံ၍ အပေါင်အနှံကိစ္စနှင့် မကြာခဏ စာချုပ်များ မှတ်ပုံတင်ရသဖြင့် ရေစစ္စတြီ ရုံးများတွင် ၀င်ထွက် ကျက်စားကာ ရုံးအရာရှိများနှင့် အထူး သင့်တင့်အောင် ပေါင်းသင်းထား တတ်သူများလည်း ဖြစ်ကြပါသည်။ ကျမတို့သည် ချစ်တီး ကုလားကို အံ့အားသင့်၍ ကြည့်ကာ လာသော ကိစ္စကို မေးရပါသည်။

သူသည် ကျမတို့ မောင်နှမ လက်မှတ်ထိုးထားသော အော်ဒီမန် စာချုပ်နှင့် အိမ်ဂရံ ထုတ်ပြပြီး ၎င်းစာချုပ်ကို ကျမတို့ ဘကြီးတော်သူ ရေစစ္စတြီရုံး အရာရှိ ၀က်မစွတ် မောင်မောင်ကြီးက သူ့အား လွှဲပြောင်းလိုက်သည်။ သို့ကြောင့် အိမ်ပေါင်ကိစ္စကို အော်ဒီမန် စာချုပ်နှင့် တရားမ၀င်၍ ရုံးတွင် စာချုပ်အသစ်လုပ်ပြီး ရေစစ္စတြီ လုပ်ရမည်ဟု ဆိုလာသည်။ မူလက အတိုးပေါ် အတိုးထပ် ယူထားသော ငွေရင်း ၁၃၀၀ိပေါ်မှာ ယခု အတိုးရရန် တနှစ်ရှိလာပြီဖြစ်၍ အတိုး ၈၀၀ိ တက်လာ သည်။ ရုံးစရိတ်စခပါ တထောင်ဖြစ်ရန် ငွေ၂၀၀ိ ထပ်ပေးပြီး ၂၃၀၀ိ စာချုပ်ရေးမည်။

၎င်းစာချုပ်ပေါ် မှာမှ တရာ ၅ကျပ်တိုး ထပ်ယူဦးမည်ဟု သိရပါသည်။ အတိုးတွေ သုံးထပ်ကွမ်း, လေးထပ် ကွမ်း ပေးရမည့်အတူ ယခုတခါတည်း အိမ်ကို အပိုင်စီးယူလိုက်ပါစေတော့ စာချုပ်တွေ၊ ဘာတွေ လုပ် မနေပါစေတော့ ဟု ပေးသော်လည်း လူလယ် ချစ်တီးကုလားမှာ စေသော ကျွန်သာဖြစ်၍ တရား ဥပဒေ ၀င်အောင် အိမ်ပေါင်စာချုပ်ကို ရေစစ္စတြီ လုပ်ဘို့သာ နားချပါသည်။ ထို့ကြောင့် ကျမတို့ လည်း ချိန်းဆိုသော နေ့တွင် ရုံးသု့ သွား၍ လက်မှတ်ထုးပေးလိုက်ပါသည်။ ဤတချိန်မှာ ဘကြီး ရေစစ္စတြီ အရာရှိက ရှောင်တိမ်း နေပြီး စာရေးကြီးများနှင့်သာ ကိစ္စငြိမ်း အလုပ် လုပ်နိုင်အောင် ကြိုတင် စီစဉ်၍ ထားခဲ့ပါသည်။

အိမ်ပေါင်ကိစ္စမှာ တကယ်တန်း ရယူခဲ့သော ငွေ ၈၀၀ိ တွင် အတိုးကို အထပ်ထပ် စာရင်းပေါင်းပြီး အတိုး အညွန့် တွေ ဝေနေအောင် ယူလာခြင်းကြောင့် ၂၃၀၀ိ ဖြစ်အောင် အရင်းထား၍ စာချုပ်ခါ လောဘသား တို့ကို ချွေးသိပ်စေရန် ရေစစ္စတြီ လုပ်ပေးပြီးသော်လည်း နားမအေးရသေးပါ။ လစဉ် လစဉ် လာ၍  အတိုး ၁၀၅ ပေးရန် ပူပြန်ပါသည်။  ချစ်တီးကုလား လာသည်ကို မလိုမှန်းသိ၍ တမင်လာ နေစေခြင်း ဖြစ်သည်။ ကိစ္စ ပြီးပြတ်အောင် အိမ်ကို ရသရွေ့နှင့် ရောင်းမည်ဆိုတော့လည်း မြေက မောင်နှမလေးဦး မခွဲရသေး၍ အပြင်လူများ မ၀ယ်ဝံ့အောင် ၀ါဒ ဖြန့်ထားကြသည်နှင့် ဘာမှ မလုပ် နိုင်ပါ။ နဂိုရ်ကပင် မနေချင်သော ဌာနေမှာ မတတ်သာ၍ ခေတ္တလာရာ၌လည်း အေးအေး မနေနိုင် ရန် ကြံဖန် ဖြစ်ပေါ်ခဲ့သော အကြောင်း များက တမျိုး၊ ကိုယ်အားကိုယ်ကိုး၍ နေကြပြန်ပါသော် လည်း နည်းအမျိုးမျိုးရှာ၍ အမနာပ ပြောခြင်း များသည် နားမချမ်းသာရန် အတန်တန် ကြားနေရ ပါသည်။

ထိုအခိုက် ကံအားလျော်စွာ အိမ်ငှားလာသူနှင့် တိုးမိသဖြင့် အိမ်ကို ထိုးအပ်ခဲ့ဘို့ စီမံရပြန် တော့သည်။ မပျော်တဲ့ မြေ မနေချင်ပါ။ ရန်ကုန်မှသာ မထင်မရှား နေချင်ပါသည်။ စိတ်ပျက်နေသော အိမ်ထောင် ဘက်နှင့် အဆက်အသွယ် မပြုချင်သောကြောင့် ပြန်ရန် ခပ်လေးလေး ဖြစ်နေချိန်မှာ အလုပ်လုပ်၍ ကောင်းစွာ နေပါမည်ဆိုသော ကတိပေးစာများ ရောက်လာပြီး မောင်အငယ်၏ ယောက္ခမကလည်း သ္မီး တယောက် တည်းသာ ဖြစ်၍ စိတ်ပြေပြီး အတူလာနေကြရန် စာတတန်းရေး၍ ခေါ်ကြသော အခါ သူတို့ကိုပါ ခေါ်လျက် ရန်ကုန်သို့ ပြန်လာပါသည်။

ကျမ ပြန်ရောက်သောအခါ ကိုယ့်အိုးအိမ်နှင့် နေရန် အလုပ်လုပ်ပါတော့မည် ဆိုသော်လည်း ကျမ ရောက်လာမှဘဲ အလုပ်ရှာပေးရခြင်း ဖြစ်ပါသည်။ နောက်ဆုံးမှာ ရန်ကုန်မြို့၌ လက်ရှိ ပုလိပ် မင်းကြီး ဖြစ်နေသူ အင်္ဂလိပ် လူမျိုး မစ္စတာ ပရက်စကော့မှာ မန္တလေးတွင် ရာဇ၀တ်ဝန်ကြီး ဘ၀နှင့် နေစဉ်ကပင် ခင်မင် သိကျွမ်းခဲ့သူဖြစ်သောကြောင့် သူ့ထံသွား၍ နားပူရတော့သည်။ သူသည် ထင်သလို ကူညီချင် သော်လည်း စည်းကမ်းဥပဒေ သတ်မှတ်ထားသော အကန့်အသတ်ကို ကျော်ဖြတ်၍ မလုပ်နိုင်အောင် ရှိနေ ပါသည်။ သူတို့ လူမျိုးမှာ သူတို့ချထားသော စည်းကမ်း ဥပဒေ ကို ရိုသေသူများ ဖြစ်ကြပါသည်။ ထိုစည်းကမ်း မှာ အလုပ်ခန့်ထားရာ၌ သူတို့ မူသေထားသော ပညာအဆင့်အတန်း အောင်လက်မှတ်များ ဖြစ်ပါသည်။ သူ့ပညာ အဆင့်နှင့် အလုပ်အဆင့် အတန်း ကို ကျော်၍ ပေးခွင့် မပြုနိုင်ပါ။ သို့ရာတွင် ဖြစ်သည့်နည်းနှင့် သူ့ရုံးကြီး မှာ ခေါ်ပြီး အလုပ်ပေးပါ သည်။

ထိုမှတဆင့် အခွင့်သင့်သလို တိုးတက်ပေးသွားမည်၊ ၎င်းတို့ ဌာန၏ အရာရှိ နေရာများသို့ ပို့ပေး မည် ဆိုသည်။ ထို့ကြောင့် အလုပ်အကိုင်နှင့် သင့်တင့်မျှတသော အိမ်ထောင်တခုကို ထမ်း၍ အစမ်း သဘော နေထိုင်ကြည့်သည်။ အလကားရသော အိမ်တွင် အများနှင့် ရောနှော မနေဘဲ သီးခြား အိမ်သပ်သပ် ငှားနေရာ ရေကျော်ရပ်မှ အလုံရပ်ကွက်အထိ နေကြည့်ပါသည်။ ငှား၍ရသော အိမ်ခန်းကလေးများမှာ သစ်သစ် လွင်လွင် သန့်သန့်ရှင်းရှင်း ရှိသော်လည်း ကျမအဘို့ တနေ့ တကြိမ်မှန်မှန် ပြင်းပြင်းထန်ထန် မခံမရပ် နိုင်သော မိလ္လာသိမ်းချိန်၏ အနံ့အသက်များကြောင့် ပိုက်ဆွဲ အိမ်သာရှိရာ ရပ်ကွက်များကို လှည့်လည် ပြောင်းရွှေ့နေရပါသည်။

မူလ ရည်မှန်းချက်အတိုင်း တာဝန်ကိုယ်စီနှင့် တအိုးတအိမ် တည်ထောင် နေထိုင်ရလျှင် နားအေး၊ စိတ်အေး ဖြစ်မည် ထင်ခဲ့သော်လည်း စိတ်သဘောချင်း ရင်းနှီးစပ်ဟပ် မရ၍ ယခင်အတိုင်း တကျည်ကျည်၊ တကျက်ကျက် နှင့်သာ ဆက်လက် စခန်းသွား နေရပါသည်။

အဓိဋ္ဌာန်ဆုတောင်း

ယင်းသို့ ကျမနေ့စဉ်လိုလိုပင် စိတ်သဘောမညီညွတ်မှုနှင့် ရင်ဆိုင်နေရသော အချိန်မှာ မောင်အငယ်တို့ ဇနီး မောင်နှံက ယောက္ခမအိမ်တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်လျက် ရှိကြပါသည်။ မောင်မောင်၏ အလုပ် အကိုင်မှာ သူဝါသနာပါလွန်းသော အလုပ်ကိုသာ စိတ်အားထက်သန်နေ သဖြင့် အေ၀မ်းရုပ်ရှင် တီးဝိုင်းက လူများ နှင့် သွား၍ ပေါင်းဆုံမိပါသည်။

ထိုအချိန်မှာ အေ၀မ်း ရုပ်ရှင်ကလည်း အသံထွက် ဇာတ်ကားများသာ ဆက်တိုက် ရိုက်ထုတ်လာ သဖြင့် ကိုယ်ပိုင် တီးဝိုင်းတခု တည်ထောင်စဖြစ်သည်တွင် ဦးတင်မောင်၊ မောင်တင်ယု၊ ပြည်လှဖေ၊ ခေတ္တရာအေး၊ မောင်မောင် နှင့် အဆိုတော် မအေးမိ၊ ရုပ်ရှင်င်းသမီး မေရှင်စသဖြင့် ဖွဲ့စည်းထားပြီး အေ၀မ်း ဓာတ်ပြား လုပ်ငန်းကိုပါ ပူးတွဲ လုပ်ကိုင်လျက် ဒိုရာမသန်းနှင့် မလှရွှေ၊ (ယခုရက်ပိုင်းတွင် ကွယ်လွန်ရှာသူ ဒေါ်လှရွှေ) တို့၏ သီချင်းဓာတ်ပြားများကိုပါ ထုတ်လျက် ရှိပါသည်။

ဝါသနာပါသော အလုပ်ကိုသာ စွဲစွဲမြဲမြဲ လုပ်တော့မှာဖြစ်၍ သည်အတိုင်း လွှတ်ထားလိုက်ရပါသည်။
ကျမသည် မောင်အငယ်အတွက် ဖြစ်သလိုနှင့် စိတ်အေးသွားရပါပြီ။ ရေးရန်ဝတ္ထုများကို ညဥ့်ဘက် တွင်သာ စာအရေး များ၍ နေ့အချိန်များမှာ အိမ်တံခါးပိတ်ပြီး ရွှေတိဂုံဘုရားသို့ အဓိဋ္ဌာန် ပုတီး သွားစိပ်ခါ နေကုန် ခါနီးမှ ပြန်လာသည်။ ဘုရား သွားရာတွင် ဓာတ်ရထား ပဋ္ဌမခန်း၌ အသွားအပြန် စီးရသည်မှာ သက်သက် သာသာနှင့် သန့်သန့်ရှင်းရှင်းလည်း ရှိပါသည်။ ယခုခေတ်ကဲ့သို့ ကြပ်ကြပ် တည်းတည်း မရှိပါ။ ဥပုပ်နေ့ များမှာ န၀င်္ဂသီလကိုစောင့်လျက် အဓိဋ္ဌာန်စိတ်ပုတီးသာမက မေတ္တာ ဘာဝနာ ကမ္မဋ္ဌာန်းကို အထူး အားထုတ် ပါသည်။

ကျမမှာ ၁၀-နှစ်ရွယ်ကစ၍ အရဟံ ဂုဏ်တော် ပုတီးပတ်ကို တနေ့လျှင် ဂုဏ်တော်တထောင်ကျော် အဓိဋ္ဌာန်နှင့် စိပ်လာခဲ့သူ ဖြစ်ပါသည်။ ဂုဏ် တော်ပေါင်း ရှစ်သောင်းလေးထောင် အပြန်ပြန်ဆောင်နိုင်ရမည် ဆိုသော ကြိုးစားချက်ကို မပျက်စီး စေရန် ယနေ့အထိ ၀တ္တရား အပျက်မခံခဲ့ပါ။ ထိုအခါက ရွှေတိဂုံ ကုန်းတော်ပေါ်မှာ ဘုရားဖူးခြင်း၊ အဓိဋ္ဌာန် ပုတီးစိပ်ခြင်းပြုသော ဗဟန်းတန်ဆောင်းနှင့် ရာဟုဒေါင့်ရှိ ဆုတောင်းပြည့် ဘုရားရှေ့  တော်တွင် ဖြစ်ပါသည်။ သို့သော် ထိုနေရာများမှာ ဘုရားဖူးလာသူတွေ ခလေး မြေးငယ်တွေနှင့် မကြာခဏ ဆူညံလှ၍ အာရုံ ပျက်စေသောကြောင့် လူရှင်းရှင်း နေရာတခုကို ရှာသောအခါ သွေးဆေးကန် စောင်းတန်းထိပ် ယပ်ပြင်တော် မြောက်ဘက်က ပျော်ဘွယ်ကြီး တန်ဆောင်း အတွင်း၌ အုတ်လက်ရမ်း အကာအကွယ် တခု၏ နောက်ကွယ်မှာ ပြောင်းရွှေ့ အာရုံပြုရပါသည်။

ထိုတန်ဆောင်းမှာ စေတီကြီးကို မျက်နှာစာ ပြုထား၍ ဘုရားကြည်ညိုရာ အကောင်းဆုံးလည်း ဖြစ်သည်။ အကာ အကွယ်နှင့် နေရာကျဉ်းမြောင်းသဖြင့် ဘုရားဖူးဝင်သူများလည်း နည်းပါးခြင်း ကြောင့်၊ ကျမအဘို့ အာရုံ ဖြောင့်ဖြောင့် ထား၍ ပုတီးစိပ်များ တွင်ကျယ်စေရာ နောက်ကို ဤနေရာ တန်ဆောင်းမှာ အမြဲတန်း တနေကုန်နေလေ့ ရှိပါသည်။ ရွှေတိဂုံ ဘုရားကြီး ကုန်းတော် အနောက်မျက်နှာမှစ၍ လွန်ခဲ့သော တနှစ် ကျော်က မီးလောင်ခံရသဖြင့် တန်ဆောင်းအပျက်အစီး များ အတော်များသည်။ အနောက်ဘက်မှ မီးသည် အရှေ့ဘက် ဗဟန်း တန်ဆောင်းကိုပင် မီးလောင်းကျွမ်းလိုက်သဖြင့် ဘုရားကုန်းတော်မှာ မီး၏ ဒဏ်ရာ၊ ဒဏ်ချက်တွေ အများအပြားပင် ကြည့်မကောင်း၊ ရှုမကောင်း တွေ့မြင်နေရပေသည်။

အချို့သော ဘုရားတန်ဆောင်းရှင်များက ပြုပြင်နိုင်သော်လည်း အချို့ ကုသိုလ်ရှင်များမှာ စီးပွားရေး အလှည့် မသာသဖြင့် သည်အတိုင်း ကြည့်နေရရှာကြသည်။ ထိုအခါ ဘုရားတန်ဆောင်း အပျက်အစီးများကို ကြည့်ကြည့် ပြီး ကျမ စိတ်ထဲမှာ ပြင်ဆင်တည်ဆောက် လှူဒါန်းလိုသော ဆန္ဒ က ပြင်းပြ၍သာနေပါသည်။ သို့သော် ကျမ၏ အခြေအနေမှာ ဘုရားတန်ဆောင်း ကျောင်းကန် ဇရပ်များ လှူဒါန်းနိုင်ဘို့နေနေသာသာ ကိုယ်ရေး ကိုယ်တာအတွက် လုံလောက်အောင် နေနိုင်ရုံ ကလေးမျှ ရှိပါသည်။ ဒါတောင်မှ အသွင်မတူသူနှင့် အိမ်ထောင်ပြု နေရသောကြောင့် နားအေး စိတ်အေး မဖြစ်လွန်းလှ၍ ရသမျှ အချိန်မှာ ဘုရားသို့ လာပြီး ပုတီး စိပ်ခြင်း ဘုရား အာရုံပြုခြင်းဖြင့် စိတ်၏ ချမ်းသာအေးမြမှုကို ရှာနေရသူ ဖြစ်ပါသည်။

ယင်းသို့ စေတနာ ပေါက်နေရာတွင် လက်ကမပါ နိုင်သောအခါ ကျမသည် ရွှေတိဂုံ စေတီတော်မြတ် ကြီးအား အဓိဋ္ဌာန်ပုတီး များ စိပ်အပြီး၌ ကြိတ်၍ ဆုတောင်းလျက် ရှိပါသည်။ ကျမ၏ အဓိဌာန်နှင့် ဆုတောင်း မှုကား ဤရွှေတိဂုံ စေတီတော်ကြီး၏ ထီးတော်ရိပ်နှင့် မဝေးမကွာသော အရပ်မှာ ပုံသေ ကားကျ နေထိုင် ရပြီး စေတီတော်ကြီး၏ အထွဋ်အထိပ် ဖြစ်သော ငှက်မြက်နားစိန်ဖူးတော်မှာ အဘိုးတန်ရတနာ စိန်ကျောက် ပတ္တမြား များ လှူဒါန်းနိုင်ရန်နှင့် ယင်ပြင်တော်၌ ပျက်စီးယိုယွင်းသော တန်ဆောင်းကြီးများကို ပြင်ဆင် ရလိုပါ၏ ဟူသော ဆုတောင်း ဖြစ်ပါသည်။

ကျမသည် ပြင်းပြသော ဆန္ဒအရ တ၀ါတွင်းလုံး မိုးရွာ နေပူမရှောင် လာရောက်ခါ ထိုနေရာမှ မိုးပက်လျှင် လည်းမထ၊ နေပူ လျှင်လည်း မရွှေ့ဘဲ သဲသဲမဲမဲ အဓိဋ္ဌာန်နှင့် ဆုတောင်းမိ ခဲ့သည်။ ဘာသာရေး၌ မယုံကြည် မလေးစား သူတို့က ဤသို့ အတိအကျ ရေးပြသည်ကို ပြုံးရယ်ကောင်းပြုံးရယ် မိကြမည် ဖြစ်သော် လည်း ကျမအဘို့ ထိုအချိန် ထိုအခါက ပြင်းပြစွာ စွဲလန်းခဲ့သော စိတ်ဆန္ဒကို မဖေါ်ပြဘဲ မနေနိုင် အောင် ရှိပါသည်။

သို့ရာတွင် ရွှေတိဂုံ စေတီတော်၏ စိန်ဖူးတော်လည်း တင်ပြီးသွားပြီ၊ ပျက်စီးယိုယွင်းသော တန်ဆောင်း များလည်း ထိုက်သည့် အားလျော်စွာ ပြင်ဆင်ပြီး ကုန်ကြလေပြီ၊ ကျမ အမြဲတန်း ထိုင်ပြီး အဓိဋ္ဌာန်ပုတီးစိပ်၍ ဆုတောင်းနေသော ပျော်ဘွယ်ကြီးတန်ဆောင်းမှာလည်း မှန်စီရွှေချ အရောင်တို့ဖြင့် ပြိုးပြိုးပြောင်ပြောင် လှပ တင့်တယ် ကြည်နူးဘွယ်သာ ရှိနေပါသည်။

အဓိဌာန် ပြည့်ခဲ့ရပုံ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ငယ်ဘဝများ (၁၃) နှင့် ရွှေစင်ဦး နံမည် အပြောင်းခံရခြင်း အပိုင်း (၁)

တောင်းပန် စကား နဲ့ ကျေးဇူးတင် စကား ပြောကြားခြင်း

ငယ်ဘဝလေး များ ကို ဖတ်ချင်တဲ့ ကိုကြီးကျောက် နဲ့ တခြား စာဖတ်သူများ အတွက် ကျနော် ငယ်ငယ် ကအကြောင်းလေး တွေနဲနဲ ရေးပြချင်ပါတယ်..။
ဒီ ပိုစ့် လေး ကိုမရေးခင် ကျနော့် ရဲ့ စာဖတ်သူ အသံ (၁) နဲ့ ပတ်သက်လို့ ဘလော့ဂ် ပေါ်တင်ပေးခဲ့ တဲ့ ကျနော့် ရဲ့ မရင့်ကျက် မှု့အတွက် အရင်ဆုံး တောင်းပန်ပါတယ်..၊ ပိုစ်လေး တင်ပြီးမှ ဝင်လာတဲ့ ကော့မန် တွေ ဆီပုံးထဲက စာတွေ ဖတ်ဖတ်ပြီး ပိုပိုပြီး ခံစားသွားရပါတယ်..၊ သြ.. ကျနော်ဟာ သူပြောသလို တကယ်ဘဲ မရင့်ကျက် သေးပါလားလို့ ခံစားမိပါတယ်..၊ ဒါကြောင့် နောက်ဆိုရင် ကျနော့် ကို ဝေဖန်ခဲ့ ကြရင် ကျနော်ဘာသာ တိတ်တိတ်ကလေး ဘဲပြုပြင်ပါတော့မယ်..၊ ဒီ စာဖတ်သူ အသံ (၁) ဟာ နောက်ဆုံးပါလို့ ပြောပရစေ..။

ဆက်လက်ပြီးတော့ ကျနော့် ကို တကယ် ချစ်ခဲ့ကြတဲ့ ကျနော့် ဘက်က ရန်ထောင်ပေးခဲ့ ကြတဲ့ ကျနော့် ရဲ့ ချစ်ညီမငယ်များ ကို ကျေးဇူးတင်ပါကြောင်းနဲ့ မန္တလေး လာခဲ့ ရင် အမောပြေ ရေ အေးအေး လေး တိုက်ပါမယ် လို့ ဂတိ ပေးပါတယ်.... နောက်ပြီး အားပေးခဲ့ ကြတဲ့ ချစ်မိတ်ဆွေများ ကိုလည်း ကျနော်  တကယ် ကို ကျေးဇူးတင် ပါတယ်..၊ ခင်ဗျားတို့ အားပေး စကားတွေကြားမှ တော်တော် တော်တဲ့ ငါ ပါလား (ဟင်း..ဟင်း..) ဆိုပြီး သိသွားတဲ့ အတွက်လည်း ပိုပို ပြီးတော့ ကျေးဇူးတင်ပါတယ် ခင်ဗျား..။

သူများ တွေလို ရန်ထောင်ရုံတင် မကဘူး လက်ပါ ပါဘို့ကျိုးစားခဲ့တဲ့ သူငယ်ချင်းကောင်းကြီး လမ်းမတော် ကြည်အေး ကိုလည်း ကျေးဇူးပါ.. ချစ်ချစ်ကြီး နဲ့ ရန်ဖြစ်ရင် လည်း အားကိုး ပရစေ လို့ ကြိုတင် ပြီးအကူအညီ တောင်းခံပရစေ..။

အားလုံးအားလုံး အထူးကျေးဇူးပါ
ရွှေစင်ဦး
ငယ်ဘဝများ (၁၃) နှင့် ရွှေစင်ဦး နံမည် အပြောင်းခံရခြင်း  အပိုင်း (၁)

ကျနော် ငယ်ငယ် က နံမည် အပြောင်းခံ ရသေးတယ်ဗျ..၊ အခုမှပြန်စဉ်းစားကြည့်တော့ ကျနော် ဟာ တော်တော် လူလည်ကြခဲ့တာ ပါလားလို့..၊ နောက်ပြီး ကျနော် နံမည် အပြောင်းခံခဲ့ ရတာက ငယ်ဘဝက ..၊ ဒါပေမဲ့ တချို့လူများစုက အခု အချိန်ထိ အဲဒီလိုဘဲ ခံယူထားကြတဲ့ အတွက်  ကျနော်တို့ တိုင်းပြည်ကြီး မတိုးတက် တာဘဲလို့ထင်ပါတယ်..၊  နောက်ပိုင်း မှာ အသေးစိတ် ဖော်ပြထားပါတယ်.. ဆက်လက် ဖတ်ရှု့ပါရန်..။

ကျနော့် ငယ်ဘဝများ ထဲမှာ ကျနော့် အကြောင်းနဲနဲ ပြောထားဘူး ပါတယ်..၊ ကျနော် ငယ်ငယ်က တော်တော် ဆိုးတယ် ဆိုတာလေ.. ဆိုးရုံတင် မကဘူးဗျ.. အင်မတန်လည်း လူရည်လည်တယ်..၊ ကောင်းတဲ့ဘက် မဟုတ်ဘူးနော် မကောင်းတဲ့ဘက်...၊ ဥပမာ တခုပြောရရင် ကျနော် ဟာ ၃-၄ တန်း မှာ အတန်းထဲမှာ ဗိုလ် ဆိုတာ ပြောခဲ့တယ် ထင်တယ်..၊ ဗိုလ် မှ တော်တော့် ဗိုလ် မဟုတ်ဘူး အချုပ်ကြီးဗျ..၊ ဥပမာ ဆိုရင် ကျောင်းဆင်းချိန်မှာ ကလေး အခြင်းခြင်း ကစားတဲ့ ပွဲ တွေ အကြောင်းကို နဲနဲပြောပြပါမယ်..၊ ကြိုးခုန်တမ်း ဆိုပါတော့ ၂ ယောက်က ကြိုးကိုင်ရတယ်..၊ ကျန်တဲ့ သူတွေက လိုက်ခုန် တယ်ပေါ့ .. အဲဒီမှာ ကြိုးနဲ့ ထိတဲ့ သူက တခါ ကြိုးကိုင်ပေါ့.. နောက် ကစားပွဲ ထဲ ပါချင်တဲ့ သူ အသစ်ရှိရင်လည်း သူူက တခါ ကြိုး ကိုင်ပေါ့..၊ အဲဒီလို ကစားပွဲ တွေမှာ ကျနော် ဟာ ဘယ်တော့ မှ အရေးလုပ်ပြီး ကြိုးမကိုင် ခဲ့ ဘူး....၊ ထိ ထိ မထိထိ ဘယ်အချိန် ဝင်ခုန်ခုန်ပေါ့..၊ ဘယ်သူမှလည်း ကျနော့် ကို မပြောရဲဘူးဗျ.. ကျနော် ဘာလုပ်လုပ် ခံနေကြတယ်..မပြောရဲကြဘူး..။

နောက်တခါ ထုတ်စီးတိုးတန်း လိုမျိုးပေါ့.. တဘက်စီမှာ ခေါင်းဆောင် တယောက်စီ ပါရတယ်.. ဘက် ၂ဘက် ရှိတယ်.. တဘက်က ခေါင်သူကြီးကတော့ ကျနော့် ဘဲ ဆိုတာ ပြောစရာ မလိုဘူးထင်တယ်..၊ နောက် ငယ်သားတွေ ဘက်ခွဲတဲ့ အခါ ကျနော့် ဘက်က ..လက်ရွေးစဉ် တွေဘဲ ရလေ့ရှိတယ်..ရမှာ ပေါ့ ဗျာ.. အမြဲတန်း စီးဝါးကိုက် ထားတာကိုးဗျ...၊ တဘက်က ခေါင်သူကြီးက မကျေနပ်လို့ တခွန်းပြော မယ် မကျန်နဲ့ ကျနော့် ရဲ့ လေမုန်တိုင်း အောက်မှာ လွင့်သွားလိမ့်မယ်.. မကျေနပ် လည်း ငြိမ်ခံပြီး ကစားရတာဘဲဗျ..အဲဒါ ဗိုလ်ကျခဲ့ တဲ့ တပိုင်းတစ..။

နောက်တခါ အတန်းထဲမှာ ကျနော်နဲ့ မခေါ်တဲ့သူကို ဘယ်သူမှ မခေါ်ရဲ အောင်လုပ်လေ့ ရှိပါတယ်....၊ ကျနော် နဲ့ မခေါ်ရင် တတန်းလုံးရဲ့ ဝိုင်းဝန်း မခေါ်ခြင်းကို ခံရတယ်..၊ အဲလောက် အစွမ်း ကြီးမားပါတယ်..၊ ကျနော်လည်း အခုမှ ပြန်စဉ်းစားမိတယ်.. ဘာကြောင့်များ ဒီလောက် ဆိုးခဲ့ သလည်း၊ ဗိုလ် ကျခဲ့ သလည်း ဆိုတာ... မသိတော့ဘူးဗျာ..  ဆိုးလို့ လို့ သာ မှတ်လိုက်တော့ အဲဒါ အမှန်ဆုံးဘဲ..၊ အသေးစိတ် တော့ မမှတ်မိတော့ဘူး..။

ပညာရေးနဲ့ ပတ်သက်ရင်တော့ ဘယ်တော့ မှ မတော်ခဲ့ တဲ့ ကျနော်ဟာ ငယ်ငယ်တုန်းက ဆိုရင် ပိုဝေးပေါ့..၊ အမြဲတန်း မှင်နီ တရဲရဲ နဲ့ပေါ့..၊ တခါတော့ ကျနော်ဟာ ရီပို့ကဒ် လေး ကိုင်ပြီး ခပ်ငိုင်ငိုင် လုပ်နေခဲ့တယ်..၊ တချိန်လုံး အတန်းထဲမှာ ဘယ်လိုဘဲ ဗိုလ် ကျကျ ဆရာမ ကို ဗိုလ် ကျမရတော့ ဘိတ်ချီးဟာ ဘိတ်ချီးဘဲ ပေါ့ဗျာ.. အတန်းထဲမှာ လူ ၅၀ ရှိတယ် ဆိုရင် ကျနော့် အဆင့်ဟာ ရှေ့ ၄၀ နောက် ၁၀ ပေါ့ မှင်နီ က ၂ချောင်း၃ချောင်းပေါ့ အဲဒီလို အမြဲတန်းဗျ..။

အဲဒီ မှင်နီ တရဲရဲ နဲ့ ရီပို့ကဒ်လေး ကိုကိုင် ပြီး ခပ်ငိုင်ငိုင် လုပ်နေတဲ့ ကျနော်ဟာ ကျနော့် အမှတ်လေးတွေ ပြန်ကြည့် မိတယ်.. မြန်မာစာ..၄၅ မှတ် (စာဖတ်ပေမဲ့ စားလုံးပေါင်းမှားတဲ့ အကျိုးပေါ့) ၊ သချာၤ...၈၀ (ဖဲရိုက်တဲ့ အကျိုးပေါ့ဗျာ)၊ နောက်တော့ အင်္ဂလိပ်စာ..၂၀ (ဒါကတော့ ကျနော့် ဖေဖေ ရဲ့ ပြုစုပျိုးထောင်မှု့ပေါ့)၊ မယုံဘူးလား တကယ်ပြောတာ.. ကျနော် ငယ်ငယ်က ၅တန်းရောက်မှ အင်္ဂလိပ်စာ သင်ရတယ်..၊ အဲဒီ အကြောင်းလည်း နဲနဲ ပြောချင်တယ်..။

ကျနော် က အင်္ဂလိပ်စာတွေ သင်ရတော့ ဝမ်းသာအားရပေါ့ ဗျ...ညညကြ စာအော်ကျက်တယ်ဗျ.. book ဘွတ်ခ် စာအုပ်ပေါ့ ruler ရူးလား ပေတံပေါ့... အမယ်လေးဗျ.. စာကျက် လို့တောင် ပါးစပ် မပိတ်သေး ပါဘူး.. မိုးခြုန်း သံအလား ကျနော့် ဖေဖေ အသံက ထွက်လာပါတယ်.. ဟိတ် ရွှေစင်ဦး နင့်ကို book ဘွတ်ခ် စာအုပ်လို့ ဘယ်သူက ပြောလည်း..တဲ့ဗျာ.. ကျနော် လည်း နဂိုကမှ စမ်းတဝါးဝါးလုပ်နေတဲ့ အထဲ သူက အဲဒီလိုပြောလိုက်တော့ ကြောက်ကြောက်နဲ့ ဆရာမ ထင်တာဘဲ ဆိုတော့.. ဟင်း နင့် ဆရာမ လည်း အလကား ဘဲတဲ့ ဘွတ်ခ် မှာ တခြားအဓိပ္ပါယ် တွေ ရှိသေးတယ် ဆိုတာ နင်မသိဘူးလားတဲ့..(စာအုပ် ဆိုတာတောင် မသိသေးလို့ ခဏခဏ အရိုက်ခံ နေရပါတယ် ဆိုမှ ဗျာ) မသိပါဘူး လို့ ပြောလိုက်တော့..၊ သွား တဲ့ ငါစားပွဲပေါ်က ဒစ်ရှင်နရီ ယူခဲ့ ဆိုပြီး အင်္ဂလိပ်စာ သင်ကြား ရေး.. အထူ သင်တန်းကြီး (စာအုပ်ကြီးက အထူ ကြီးဗျ) စလိုက်တာပါဘဲဗျာ......၊ a အသေးနဲ့ A အကြီးတောင် အတူတူ ဘဲ ဆိုတာ မသိလို့ အဗျင်း ခံနေရတဲ့ ကျနော်လည်း ဒစ်ရှင်နရီ ကြီး  ကို မနိုင်တနိုင် မ လာပြီး...အဟင့်..ဟင့် ပေါ့..။

အပိုင်း (၂) ဆက်လက်ဖတ်ရှု့ပါရန်..
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 10, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁၀)

လက်စီသည် ကျွန်ျမအပေါ်တွင် အလွန်သစ္စာရှိသည့် အပြင် လူသားတစ်ဦးကဲ့သို့ နားလည်မှုရှိပါသည်။ လူ့ဘ၀နှင့်အလွန် နီးစပ်သော ခွေးမပါ။ ကျွန်မ၏ဖခင်ထံသို့ လူကိုယ်တိုင်မသွားရောက် နှိင်သော အခါများ၌ စာရေး၍ သူမ၏လည်ပတ်တွင် ဆွဲပေးလိုက်သောအခါ ဖခင်ထံ တန်းတန်းမတ်မတ် သွားပြီး စာပေးတတ်ပါသည်။ ကျွန်မသည် လက်စီအသက်ရှင် သန်လာလိမ့်မည်ဟု မျှော်လင့်ချက် ကြီးကြီးမားမား မထားခဲ့ သော်လည်း လက်စီသည် တဖြည်းဖြည်းပြန်၍ သက်သာလာပါသည်။

သို့သော်ကြာကြာတော့် အသက်မရှည်ပါ။ ဂျပန်များ ရောက်လာကြ သောအခါ ခွေးမျိုး ဖြုတ်ရန် ကြိုးစား လာသည်။ ခွေးအမြီး ဖြတ်ပေးသော စစ်သားအား ဆုပေးသည့်စနစ် ဖြစ်သည်။ လက်စီ ကိုကျမက "ဂျက်"ဟု အော်လျှင် ပုန်းအောင်းနေရန် သင်ထားသည်။ လက်စီကလည်း ကျွန်မစကားကို နားထောင်ပြီး ဂျပန်များလက်မှာ လွတ်အောင် ပုန်းအောင်းနိုင်ခဲ့သည်။ သို့သော် ခွေးခွေးချင်း ကူစက်ပြီး ဖြစ်ပေါ်လာသော ရောဂါ ကိုမှု မကာကွယ်နိုင်ပဲ သေဆုံးသွားခဲ့၍ မြေမြှုပ်သဂြိုံဟ်ခဲ့ရပါသည်။

ကျွန်မသည် လူနာဆောင်များသို့ ပြန်လာခဲ့၏။ စိတ်ထဲတွင်မူ ဖခင်ထံသို့ရောက်နေခဲ့၏။ တရုတ်စစ် သားများသည် ဖခင်၏အိမ်သို့ ရောက်သွားခဲ့သော် မည်သို့ပြုကျင့်လေမည်နည်းဟု စိုးရိမ်နေသည်။ သို့သော် ကျွန်မသည် ဖခင်အား မည်သို့အကူအညီ ပေးနိုင်ပါမည်နည်း။ ကျွန်မအနေနှင့် ဖခင်ထံသွား ၍ တရုတ် စစ်သား များနှင့် တိုးမိသော် အသတ်ခံရမည်မှာ သေချာပါသည်။ အသက်အရွယ် အိုမင်းပြီး နာမကျန်း ဖြစ်နေသော ဖခင်အား တရုတ်စစ်သားများက အသက်ချမ်းသာခွင့် ပေးပါရန် ဘုရားသခင်ထံ ဆုတောင်း ရပါသည်။

ကျွန်မ၏ဖခင်ဘယ်လိုများ ဖြစ်နေပါလိမ့်ဟူ၍ စဉ်စားရန်အချိန်မရ တော့ပါ။ကျွန်မ နားထဲတွင် ထူးခြား သောဘာသာတစ်မျိုးနှင့် စိတ်လှုပ်ရှားစွာ ပြောဆိုနေသံများကို ကြားရသည်။ အပြင်ဘက်သို့ ထွက် ကြည့်သောအခါ ဂျပန်စစ်သားတစ်ခု ကျွန်မတို့၏ နေအိမ်ခန်းများဆီသို့ လာနေကြသည်ကို တွေ့ရပါ သည်။ သူတို့ကို ဦးဆောင်လာသူမှာ ပြောင်နေအောင်ပွတ်တိုက်ထားသော မြင်းစီးဖိနပ်ကို စီး၍ဓား ရှည်တစ်လက် ကို ခါးတွင်ချိတ်ဆွဲလျက် သစ်လွင်သည့် ယူနီဖောင်းကို ၀တ်ဆင်ထားသူ အရာရှိတစ်ဦး ဖြစ်ပါသည်။

သူသည် "ဗိုလ်တိုဘာယာရှီ" ဖြစ်ကြောင်းဖြင့် အင်္ဂလိပ်စကားပီပီသသဖြင့် သူဘာသာသူ မိတ်ဆက်ပါ သည်။ သူသည် လည်း တရုတ်စစ်သားများ ကဲ့သို့ပင် ကျွန်မကို အထင်လွဲ နေပြန်ပါသည်။ သူကကျွန်မ အား "မင်းဟာ အင်္ဂလိပ် မိန်းမသား တစ်ယောက်ပဲ၊ ဘာကြောင့် တစ်ယောက်တည်း ဒီမှာရှိနေရတာလဲ၊ မင်းဟာ သူလျှိုပဲ"ဟု ပြောလာပါသည်။

တရုတ်စစ်သား များကဲ့သို့ မဟုတ်မှုပဲသူသည် စကားကို တိုးတိုးသက်သာ ယဉ်ကျေး သိမ်မွေ့စွာဖြင့် ပြောဆို ပါသည်။ ကျွန်မက ဆင်ခြေဆင်လက် တက်စရာမလို၊ သူပြောတာ တကယ် မှန်ကန်သည် ဟူသော သဘောမျိုး နှင့် စွပ်စွဲနေခြင်းမျိုးပါ။ ကျွန်မကလည်း သူပြောနေတာ မှန်နေ သလိုလို ခံစားမိ သည်။ စောစော တရုတ်များ စစ်ဆေးခဲ့သလို ကြိမ်းမောင်းရန်လိုသည့် သဘောမျိုးကို မတွေ့ရသဖြင့် ရယ်စရာကောင်း နေသည်။

တရုတ်သည် ကျွန်မတို့၏ မဟာမိတ်ဖြစ်၍ ဂျပန်ကကျွန်မတို့၏ မဟာရန်သူ မဟုတ်ပါလား။
"ကျွန်မသာ သူလျှိုဖြစ်ရင် ဒီနေရာမှာ နေရစ်ခဲ့လောက်အောင် မိုက်မဲပါ့မလား၊ ကျွန်မဟာ သူနာပြု ဆရာမပါ"ဟု စိတ်ဆိုးမာန်ဆိုး ပြန်ပြောမိသည်။
"မင်း လိမ်ပြောနေတာပဲ၊ မင်းပြောတဲ့ လူနာတွေ ဆိုတာဘယ်မှာလဲ"
"ရှင်ကျွန်မနဲ့ လိုက်ခဲ့ပါ၊ ကျွန်မပြမယ်"

ဂျပန်စစ်ဗိုလ် သည် ကျွန်မကိုခေါင်းညိတ်ပြ၍ သူ့ကိုလမ်းပြရန် ပြေပါသည်။ ကျွန်မတို့သည် အခန်းမှ ၀င်းခြံ ကိုဖြတ်၍ ဆေးရုံသို့လာကြပါသည်။ လူနာကုတင်တန်းများ အကြားသို့ ခေါ်သွားပါသည်။ စစ်ဆေးရုံမှာ လူနာများ ရွှေ့ပြောင်းရာတွင် ကျွန်မကို အကူအညီပေးခဲ့သော တရုတ်အဘိုးကြီး ၏ ကုတင် အနီးသို့ ရောက်လာသောအခါ တရုတ်အဘိုးကြီးသည် အိပ်ရာထက်တွက် ကပျာကယာ ထထိုင်၍
"သူ့ကို ဘာမှ မလုပ်ပါနဲ့၊ သူနာပြုဆရာမ ပါ ရောဂါဝေဒနာ စွဲကပ်နေသူကို ကြည့်ရှု့စောင့်ရှောက်နေ တာပါ။ ကျုပ်ကတော့ တရုတ်လူမျိုး၊ ခင်ဗျာတို့ရဲ့ရန်သူပဲ၊ သတ်ချင်း သတ်ရင် ကျုပ်ကိုသတ်ပါ၊ သူ့ကို တော့ ဘာမှ ရန်မှရှာပါနဲ့"ဟု ပြောပါသည်။

စစ်ဗိုလ်က မည်သို့မျှ ပြန်မပြောပါ။ ကျွန်မကို ခေါင်းညိတ်ပြီး သူ့နောက်လိုက်ခဲ့ရန် ခေါ်သွားပါသည်။ ကျွန်မ၏ အခန်းသို့ ပြန်ရောက်သောအခါ ကျွန်မ ပြောပြသမျှ အချက်အလက် အားလုံးကို ဂရုတစိုက် နားထောင်ပြီး နောက် သူ၏ဓားရှည်ကို ဓားအိမ်အတွင်းမှာ ဟန်ပါပါဆွဲထုတ်ကာ ကျွန်မအားအလေးပြု ရင်း ပါးစပ်မှ "ခင်ဗျားဟာ အလွန်ရဲရင့်တဲ့ အမျိုးသမီးပဲ၊ ခင်ဗျားကိုကျွန်တော် လေးစားပါတယ်၊ ဂုဏ်ယူပါတယ်၊ ခင်ဗျား ကို ဘေးမသီ ရန်မခရအောင် ကျွန်တော်စောင့် ရှောက်ပါ့မယ်"ဟု ပြောပါသည်။

ဂျပန်စစ်ဗိုလ်က "သူသည် တောင်ကြီးမြို့ကို သိမ်းပိုက်ထားသော စပ်တပ်၏ တပ်မှူးဖြစ်ကြောင်း၊ ကျွန်မ၏ အလုပ် တာဝန်ကို ဆောင်ရွက်ရာ၌ မည်သူတစ်ဦးတစ်ယောက်မျှ ၀င်ရောက် အနှောင့်အယှက် မပေးရန် အမိန့်ထုတ်ပေးမည်" ဟု ပြောပါသည်။

ကျွန်မထံ စာရွက်လွတ်များ တောင်း၍ထုတ်ပေးရသည်။ ဂျပန်စာ နှင့် နို့တစ်စာ နှစ်စောင် ရေးပါသည်။ ရေနံဆီ သံပုံးကို သူ၏ဓာနှင့်ခုတ်ဖြတ်၍ သံပြားတစ်ခုစီပေါ်တွင် နို့တစ်စာ တစ်စောင်စီ ကပ်ပါသည်။ သံပြား တစ်ချပ်ကို ဆေးရုံအပြင်ဘက်တွင် ကပ်၍ အခြားတစ်ချပ်ကို ကျွန်မအခန်း အပြင်ဘက်တွင် ကပ်ရန် ဖြစ်သည်။

"ညဘက်မှာ သံပြားတွေနဲ့အတူ မီးအိမ်တစ်လုံးစီ ထွန်းထားပါ။ ဒါမှသာ ညအချိုန်တွေမှာ ထင်ထင်ရှား ရှား မြင်သာပြီး ဂရုတစိုက်ဖတ်မိကြမယ်၊ ငါရေးထား တဲ့စာကို ငါ့စစ်သားတွေ ဖတ်မယ်ဆိုရင် မင်းကိုသူ တို့ မနှောင့်ယှက်ဝံ့ပါဘူး"ဟု ပြောပါသည်။
ကျွန်မ၏ ခြေထောက်မှာဒဏ်ရာ အကြောင်းကိုသူ့အား ပြောပြသောအခါ သူသည်အလွန် စိတ်ပူသွား ပြီး သူ့တပ်မှာ ဆရာဝန်တစ်ဦးကို လွှတ်ပေးပါမည်ဟု ပြောပါသည်။
"တောင်ကြီးမြို့ မှာ တခြားဥရောပတိုက်သား တွေ ရှိပါသေးသလား"ဟု မေးပါသည်။

ကွန်ဗင့်ကျောင်း တွင်ရှိသော မီးခိုးခေါင်းတိုင်တစ်ခုမှ မီးခိုးတလူလူ ထွက်နေသည်ကို တွေ့ရသဖြင့် ဘုန်းကြီး တစ်ပါးနှင့် ပြင်သစ်လူမျိုး ခရစ်ယာန်မယ်သီလရှင်များ ရှိနိုင်ကြောင်း ကျွန်မက ပြန်ပြောပါသည်။ သူက ဘယ်လို သွားရသလဲဟု မေးသဖြင့်လမ်းညွှန် လိုက်ရပါသည်။ သူသည်ရုတ်တရက် ထရပ်ကာသူ၏ ခြေဖနောင့် နှစ်ခုကို ဆက်လိုက်ပြီးကျွန်မကို အလေးပြုထွက်ခွာ သွားပါသည်။
ခဏ ကြာသောအခါ သူသည်ပြင်သစ်လူမျိုး မာသာစူပီးရီးယားနှင့် အတူကျွန်မထံ ပြန်ရောက်လာခဲ့ သည်။ သူသည် ကျွန်မကိုပေးသော အခွင့်အရေးအတိုင်း မည်သူ တစ်စုံတစ်ယောက် ကမှ မာသာကြီး အား အနှောင့်အယှက် မပြုကြရန် တာဝန် ယူထားပါသည်။ သူသည် မာသာကြီးနှင့် ပြင်သစ်လို ရေရေ လည်လည် ပြောဆို နေပါသည်။

တိုတာယာရှီ သည် နောက်တစ်နေ့ နံနက်တွင်သူ၏ တပ်မှဆရာဝန်တစ်ဦးအား ကျွန်မခြေထောက်မှာ အနာကို စစ်ဆေး ကုသပေးရန် စေလွှတ်လိုက်ပါသည်။ သူသည် ကတိတည်သူ ဖြစ်ပါသည်။ ဆရာဝန် သည် ကျွန်မ၏ အနာကိုကုသပေးပြီးနောက် သူတို့တပ်မျာ ချီတပ်လာစဉ် လမ်းခရီး၌သူ၏ မျက်မှန်ကွဲ သွားသဖြင့် ပြင်ပေးနိုင်ပါမည်လောဟု မေးသည်။
ကျွန်မတွင် မျက်စိရောဂါနှင့် ပတ်သက်၍အတွေ့အကြုံ မရှိပါကြောင်း၊ သို့သော်ပြင်ပ လူနာဋ္ဌာနတွင် မျက်စိ များကို စမ်းသပ်ရန် အတွက်ပစ္စည်းကိရိယာ ရှိကြောင်းပြန်ပြောလိုက် သည်။ သူကမျက်မှန် လုံးလုံး မရှိတာထက် တတ်သလောက် မှတ်သလောက် သူ၏ မျက်စိကို စမ်းသပ် ပေးပါရန် ပြောပါသည်။

သူ့အား ကုလားထိုင်တစ်လုံးပေါ်မှာ ထိုင်စေပြီးခပ်လှမ်းလှမ်းရှိ ကတ်ပြားဘေးတွင် ရေးထားသောစာ လုံးများမှာ စာတစ်လုံးချင်းကို ထောက်ပြကာ မျက်စိတစ်လုံးချင်း မှန်တစ်ချပ်ချင်း အပြောင်းအလဲ လုပ်၍ ဖတ်ခိုင်း ရသည်။
သူက"ကောင်းကောင်းမထင်ရှားဘူး၊ မမြင်ရသေးဘူး၊ ဟော ဖတ်လို့ရပြီ"စသည်ဖြင့် ပြောပါသည်။ အချိန် ကြာမြင့်စွာ စမ်းသပ်ပြီးနောက် သူ၏စိတ်တိုင်းကျ မှန် နှစ်ခုကို ရွေးချယ်ပါသည်။ သူ၏ မျက်မှန် ကိုင်းဟောင်း ထဲတွင် မှန်အံဝင်ကျ ဖြစ်အောင် တပ်ပေးပြီး ပြုတ်ထွက်မသွားအောင် ၀ိုင်ယာကြိုးစများနှင့် တုပ်နှောင် ပေးပါ သည်။

ကျွန်မအတွက် ၀မ်းနည်းစရာ မလိုသောလုပ်ရပ်တစ်ခုပင် ဖြစ်ပါသည်။ ဆရာဝန်သည် တင်းကျပ်သော စည်းမျဉ်း ဥပဒေများ၊ စစ်အောင်နိုင်ရေး ရည်မှန်းချက်များထက် သူ၏အလုပ်တာဝန်ကို ပို၍ ဦးစားပေးသူ တစ်ဦး ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ဗိုလ်တိုဘာယာရှီနှု့် ဆရာဝန်တို့က ဂျပန်ပြည်သည် လူမဆန်သောတိရစ္ဆာန်များ၏ ဒေသဟုကျွန်မ သတ်မှတ်၍ မဖြစ်အောင်အဖြေပေး နေကြပါသည်။ ကျွန်မ၏ လုပ်ငန်းများအနှောင့် အယှက်မရှိပဲ ဆောင်ရွက်နိုင်ရေးကို သူတို့နှစ်ဦးစလုံးက အစွမ်းကုန်ကူညီသည့် အပြင်ကျွန်မအပေါ်တွင် ကြင်ကြင် နာနာ ဆက်ဆံကြပါသည်။

သို့သော် သူတို့၏ အကောင်းဆုံးသည်ပင် အမြဲတမ်း ကောင်းနေသည်တော့ မဟုတ်ပါ။ ဗိုလ်တိုဘာယာ ရှီက ကျွန်မအပေါ်တွင် ဂရုတစိုက်ရှိမှု အနည်းငယ် ပျက်ကွက်သွားသည်နှင့် တပြိုင်နက်တည်း ကျွန်မ မှာ ဘေးအန္တရာယ် တစ်ရပ်နှင့် ရင်ဆိုင် ရပါတော့သည်။
ညနေ၅နာရီ အချိန်လောက်တွင် လူနာများအတွက်ချက်ပြုတ် ပြင်ဆင်နေခိုက် စက်ဘီးစီး၍ ကင်းလှည့် နေသော ဂျပန်စစ်သား နှစ်ဦးဆေးရုံသို့ ရောက်လာကြပြီး စက်ဘီးပေါ်မှာဆင်း၍ မီးဖိုခန်းထဲသို့ တန်းဝင် လာပါသည်။ သူတို့အရက်မူးနေကြသည်ဟု ကျွန်မထင်ပါသည်။ ဘာမပြောညာမပြောနှင့် သူတို့၏ လှံစွပ်များကို ဆုပ်ကိုင်လျက် ကျွန်မထံတန်းတန်း မတ်မတ်လျှောက်လာကြ သည်။ ကျွန်မ အနေနှင့် အမှတ်တမဲ့ ကြုံကြိုက် သွားခဲ့သဖြင့် ထွက်ပြေးရန် အချိန် မရတော့ပါ။

သူတို့ ယခုကဲ့သို့  တိုက်ခိုက်လာခြင်း၏ ရည်ရွယ်ချက်ကို ကျွန်မမသိပါ။ ဂျပန်စစ်သား များ အရက် အလွန် အကျွံ မူးခြင်းနှင့် မုဒိမ်းကျင့်ခြင်းတည်းဟူသော အလုပ်များမှာ မထူးဆန်းတော့ပါ၍ ယခုလည်း ကျွန်မအား မုဒိမ်းကျင့်ရန် ရည်ရွယ်ချက် ရှိပါလိမ့်မည်။ ဘာအကြောင်းပဲ ဖြစ်ဖြစ် ကျွန်မကို သူတို့ လှံစွပ် များနှင့် ကျွမ်းကျင်မှု ထက် အင်အားကိုအသုံးပြုပြီး ထိုးနှက်နေကြပါသည်။
ကျွန်မကလည်း ရှိသမျှအင်းအားဖြင့် သူတို့ကိုပြန်လည်း ရိုက်နှက် ကန်ကျောက် ပါသည်။

ကျွန်မ၏ ဗိုက်တွင် ပြင်းထန်သော နာကျင်မှု့ ကို ခံစားလိုက်ရသည်။ အချက်ပေါင်း များစွာ လှံစွပ်နှင့် ထိုးနေသည် ဖြစ်၍ တစ်ချက်မထိတစ်ချက် ကတော့ထိမည်သာ ဖြစ်ပါသည်။ ကျွန်မသည် နာကျင်နေရာကို လက်ဖြင့် စမ်းသပ်ကြည့်ရာ လက်ချောင်း များ အကြားတွင် သွေးများမြင်တွေ့ရသဖြင့်
"သြော် လူတွေသေကြတယ်ဆိုတာ ဒါမျိုးပါပဲလား"ဟု ကျွန်မကိုယ် ကျွန်မတွေးမိပါသည်။ ကျွန်မ ကိုယ့်   ကိုယ်  ကို ကာကွယ်နိုင်မည့် မဟုတ်သဖြင့် ကျွန်မ၏ အသက်ကို တမလွန်ဘ၀သို့ ပို့မည့် လှံစွပ်ထိုးချက်ကို သာ စောင့်ဆိုင်း နေမိပါတော့သည်။

ထိုစဉ် ကျွန်မ၏ နာမည်ကို ခေါ်လိုက်သော ဗိုလ်တိုဘာယာရှီ၏ အသံကြား ရပါသည်။ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ တင်း၍ သိကြားမင်းကြီး ဆင်းလာလေ ရော့လားဟု ထင်မှတ်ကာ ၀မ်းမြောက် ၀မ်းသာ၍ မဆုံး နိုင်အောင် ဖြစ်မိခဲ့ပါသည်။
ကျွန်မအတွက် ကုသိုလ်ကံကောင်းသွားပါသည်။ ဂျပန်စစ်သားနှစ်ဦးသည် ဗိုလ်တိုဘာယာရှီ၏ အသံကို ကြားသည်နှင့် အဆောက်အအုံအတွင်းမှ ရုတ်တရက်အားကုန် သုတ်ခြေတင်ထွက် ပြေးကြပါသည်။
ကျွန်မသည် နံရံကိုမှီ၍ ထိုင်နေပြီး သွေးမလွန်စေရန် ကြိုးစားနေစဉ် အခန်းထဲသို့ ဗိုလ်တိုဘာယာရှီ နှင့် သီလရှင် တစ်ဦး ၀င်လာကြပါသည်။
ကံကောင်းနေသည်မှာ သီလရှင်သည် လက်မှတ်ရ သူနာပြုဆရာမ တစ်ဦးဖြစ်နေခြင်းပင်။ သူမသည် (First Aid) ပထမပြုစုခြင်း ချက်ချင်း လုပ်ပေးပါသည်။ သီလရှင်က "ဒဏ်ရာသည် အပြင်တွင် ဆိုးရွားသော် လည်းဗိုက်သားအောက်မှ အဆီပြင်ကို ဖောက်ထွင်း မသွားသောကြောင့် စိုးရိမ်ဖွယ် မရှိကြောင်း" ဖြင့် နှစ်သိမ့် ပါသည်။ "ဒဏ်ရာကို ဂရုတစိုက်ကုသ ပါကမကြာမတင် ပျောက်ကင်းပါမည်" ဟု ပြောပါသေးသည်။
ဗိုလ်တိုဘာယာရှီမှာ အလွန် စိတ်ဆိုးနေပါသည်။ ကျွန်မ ကို နှိပ်စက်သွားသူ နှစ်ဦး မည်သည့်နေရာသို့ ထွက်ပြေး ကြကြောင်းကို သိချင်နေသည် သူတို့ကမန်းကတန်း ထွက်ပြေးသွားစဉ် မြင်တွေ့လိုက်သော အယ်နီက တစ်ဖက်ခြံ အတွင်းရှိချုံပုတ် မြင့်မြင့် တစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်း နေကြောင်း ပြောလိုက် ပါသည်။ အယ်နီမှာ ဂျပန်နှစ်ဦးအား အပြစ်ဒဏ်ပေးခြင်းကို မြင်လိုသည်။ ဗိုလ်တိုဘာယာရှီ သည် ဓားရှည်ကို ဓားအိမ်မှာထုတ်ကာ ဒေါသတကြီးနှင့် ချုံပုတ်ရှိရာသို့ သွားပြီး သူ့လူများကို ထွက်လာရန် အော်အမိန့် ပေးပါသည်။

သူတို့နှစ်ဦး သည် ခေါင်းများကို ငုံ့၍ ရှက်ကိုး ရှက်ကန်း မျက်နှာများဖြင့် ထွက်လာကြ သည်။ ကျွန်မကို အကြမ်းပတမ်းနှိပ်စက်ခဲ့ စဉ်ကဘီးလူး သဘက်စီးနေသော မျက်နှာထားမျိုး မရှိတော့ပါ။ တိုဘာယာရှီ သည် ဂျပန်နှစ်ဦးအား တိရစ္ဆာန်များသဖွယ် ကန်ကျောက်ရုံမက ဓားပြားနှင့်လည်း ရိုက်နှက်ပါသေးသည်။ သူတို့ နှစ်ဦး သည် သတိအနေအထားနှင့် မတ်တတ်ရပ်နေကြပြီး သူတို့ မျက်နှာပေါ်တွင် နာကျင်မှု တစ်စုံ တစ်ရာ ကို မပြကြပါ။

သတိုက ကိုင်ဆောင်လာကြသော ရိုင်ဖယ်များကိုထုတ်ပေးရန် အမိန့်ပေးသော အခါကျမှ ဂျပန်နှစ်ဦး မှာ မျက်စိ မျက်နှာ ပျက်သွားကြပါတော့သည်။ ၎င်းတို့နှစ်ဦးအား စက်ဘီး များထားခဲ့ပြီး တပ်သို့ ပြန်ရန် နှင့် နောက်မှ ၎င်းတို့အမှုကို စစ်ဆေးမည်ဟုအမိန့်ပေးလိုက်ပါသည်။

ဂျပန်လူမျိုးများ၏ ဓလေ့ထုံးစံ၌ မိမိကိုင်ဆောင်ထားသော လက်နက်ကို စွန့်လွှတ်ရခြင်းသည် ဂုဏ်သိက္ခာ ကျဆင်း စေသည် ဖြစ်၍ သေဒဏ် ခံရသည်ထက်ပင် ဆိုးပါသေးသည်။
ကျွန်မသည် သောတပန်တစ်ဦး မဟုတ်သောကြောင့် ဂျပန်နှစ်ဦးခံရသည့် အပြစ်ဒဏ်သည် ၎င်းတို့ခံ သင့် ခံထိုက်၍ ခံရခြင်းဖြစ်သည်ဟူ၍ သဘောထားလိုက်မိပါ၏၊ သေချာသည်ကတော့ ၎င်းတို့နှစ်ဦး စလုံးသည် တစ်သက်တာ တွင် အမျိုးသမီး တစ်ဦး တစ်ယောက် အား မည်သည့်အခါမှ စော်ကားဝံ့တော့ မည် မဟုတ်ပါ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၅)

သောကတွေကြားမှ (ရီးစားဒမြ)

ကျမသည် ရုတ်တရက် ဘာမျှ မကြံမစည်တတ်အောင် ဒုက္ခခံနေရသည်။ နောက်ဆုံး အခြေအနေအရ အလွန် အရုပ်ဆိုးလှသဖြင့် အိမ်ပေါင် မှ ငွေထပ်ပေးရန် သံကြိုးပို့၍ မှာသော်လည်း တုတ်တုတ်မျှ မလှုပ် တော့ပါ။ ရန်ကုန်တွင် ရှာဖွေချေးငှါးရန်မှာလည်း အပေါင်ပစ္စည်းမပါက ရနိုင်မည် မဟုတ်၍ မကြံနိုင်အောင် ဖြစ်နေပါသည်။ မောင်ငယ်၏ မျက်နှာကိုမြင်ရသောအခါလည်း ရခါစ သူ့ဇနီးနှင့် ခွဲခွာထားခြင်း ခံရသောကြောင့် နေမထိ ထိုင်မသာ ရပ်တည်ရာမရ ရှိနေပါသည်။ သူ့ဇနီးသည်ကလည်း ထိုနည်း၎င်း၊ အကြောင်း မညီညွတ်မှုကို အရင်းထား၍ တကွဲတပြားစီ နေရသည်ကို တငိုငိုတရီရီ ဖြစ်နေ လေသည်။

ကြားမှ ဒါးစားခံ လိုက်လာရသော ကျမအဖြစ်ကလည်း စိတ်ငြစ်ငြူးနေရာက ကြိုးစားနိုင် သမျှ ကြံဖန်ကြိုးစား နေဆဲ ဖြစ်သည်။ ဤမျှ ဦးခေါင်း, စိတ်ရှုပ်ဖြစ်နေသည့်အထဲတွင် ရုပ်ရှင် ရိုက်ကူးရန် ဇာတ်ညွှန်း တခုကို အရေး တကြီးလို၍ ရေးပေးပါရန် အေ၀မ်း မောင်မောင်စိုးက နားပူလာပြန်သည်။ ဒီလောက်တောင် ဖြစ်လှတာ စိတ်ရှုပ်သမျှတွေ ခဏသက်သာရာ ရလေအောင်ဟု ကလောင်ကိုကိုင်ပြီး ညတိုင်း, ညတိုင်း ထိုင်၍ စာရေးပစ်လိုက်ရာ (ရီးစားဒမြ)ဆိုသော ဇာတ်ညွှန်းနှင့် ၎င်းဇာတ်ညွှန်းကို ၀တ္ထုသွားနှင့်ဖတ်ရန် ရွှေစွန်ညို ၀တ္ထုများအဖြစ် ပြီးစီးခဲ့သည်။

မဂ္ဂဇင်းဝတ္ထုများအတွက်လည်း မြန်မာပြည်၏ နယ်ခြား အရပ် ဒေသ၏ စွန့်စားသွားလာမှုများကို  အားပေး ထားသော ရွှေစင်ချောင်းဆိုသည့် ၀တ္ထုနှင့် ရွှေစေတီဆိုသော ၀တ္ထုများကို ရေးသား ပြီးစီးသွား ပါသည်။ ဤတွင်မှ စိတ်ရှုပ်လေ စာရေး၍ လက်တွေ့လေ ဖြစ်လာသော ကျမအဖြစ်ကို ပြုံးရယ်မိပါသည်။

သို့သော် ရီးစားဒမြ ဇာတ်ညွှန်းကို အပူတပြင်း ရိုက်လို၍ ရေးပေးရန် တောင်းဆိုသော ဦးမောင်မောင်စိုးမှာ ရှမ်းပြည် သွား၍ လူပေါင်း မြောက်မြားစွာနှင့် လှည်းဝိုင်းကြီးများ ပြုလုပ် ရန်အပြင် အခြား အသိုင်း အ၀ိုင်း များကြောင့် အချိန်ယူနေရင်းက သုံးနှစ်လောက်ရှိမှ ထိုဇာတ်ကားကို ရုံတင်ပြသနိုင်သည်။ သို့သော် ထိုဇာတ်ညွှန်း ထည်းမှ တခဏ်းတကဏ္ဍဖြစ် သော သီပေါမင်းပါတော်မူအခဏ်းကိုမူ ထုတ်နှုတ်၍ အောင်သပြေခေါ် ဇာတ်ကားတွင် ထည့်သုံး ရိုက်ကူးထားကြောင်း ဦးမောင်မောင်စိုးက ပြောပြပါသည်။ ထို့ကြောင့် ရီးစားဒမြ ဇာတ်ကား မပြမှီ အောင်သပြေ ဇာတ်ကားက တနှစ်ကျော်မျှစော၍ ရုံတင်ပြသရာ နောက်ပိုင်း မှာ ၎င်းဇာတ်ကားကို နိုင်ငံရေးသွေးပူရန် ထိုးဆွပေးသည်။ အင်္ဂလိပ်အစိုးရကို မုန်းတီး စေသည်ဟု ယူဆပြီး မပြရဟု ပိတ်ပင်ခြင်း ခံရပါသည်။

ကျမ စာရေးနေသော ရက်ပိုင်းအတွင်းမှာ ကိန္နရာချောင်းခြား ဇာတ်ထုပ် ခင်းနေကြသူများ သည် သူတို့ အိမ်သူ အိမ်သားအတွင်း လူအချို့၏ အကူအညီနှင့် ပိတ်ထားသော နောက်ဖေးတံခါးသော့်ကို ဖျက်၍ ဒုတိယ အကြိမ်မြောက် ထွက်ပြေးကြပြန်ပြီဟု သိရပါ သည်။ ဤအကြိမ်မှာတော့ သူတို့သည် မိန်းခလေး၏ ဖခင်နှင့် အမျိုးများ ရှိရာဖြစ်သော မြစ်ဝကျွန်းပေါ်အရပ်ရှိ မြို့တမြို့သို့ ထွက်သွားကြကြောင်း။
၎င်းတို့နှင့် လည်း ပြေပြေလည်လည် ရှိနေပြီ ဖြစ်ကြောင်း စာရေးပို့ လိုက်မှ သူတို့နေထိုင်ရာ ဌာနကို သိရ ပါသည်။ သူတို့ဖြစ်ရပ်မှာ လူငယ်ဘ၀ ဂမူးရှူးတိုး အချစ်ပြင်းထန်မှုကြောင့် နောက်ဆက်တွဲ စွန့်စားမှု ပြုလိုက်ကြခြင်း သာ ဖြစ်ပါတော့သည်။

သူတို့ကိစ္စကို သူတို့ဘာသာ ဖြေရှင်း လိုက်ကြခြင်းဖြင့် ကျမ ဘာမှနောက်ထပ် လုပ်ကိုင် ဆောင်ရွက်စရာ မရှိတော့ပါ။ မိန်းခလေးမိခင်ကလည်း သ္မီးကို သြဇာမညောင်းသည့် အတွက် အမျက်ထွက်နေရသည်။ ဇာတ်ညွှန်း ရေးခ ရလာသော ငွေသုံးလေးရာမှာလည်း သုံးစရာအကွက် မပေါ်တော့ပြီ၊ သို့ကြောင့် မန္တလေးမှ အိမ်အငှားနေမည့် လူသစ်ကို စကားပြောရန် မပြီးပြတ်ခဲ့၍ ခေတ္တပြန်လာခဲ့ပါသည်။ သို့သော် လူသစ်များက မစောင့်နိုင်၍ တခြားအိမ်တခု ငှါးသွားရာ အိမ်ကို သည်အတိုင်း ပစ်မထားလိုသေး၍ ခေတ္တ စောင့်ဆိုင်း နေစဉ် မောင်ငယ်တို့လင်မယားက ဘွားကနဲ ရောက်လာကြပြန်သည်။ သူတို့အပြောမှာ ကျမနှင့်သာ အတူ နေလိုသည်ဟု ဆိုပါသည်။

မှော်ဆရာမှတ်တမ်း

သို့ကြောင့် ပြန်ချီ, သွားချီနှင့် ဒုက္ခများလှသည် မန္တလေးမှာဘဲ ခေတ္တခဏ နေဦးမည်ဟု ဆုံးဖြတ်ခါ မောင်နှမသုံးဦး အိမ်ဖေါ်သူငယ်မတဦးနှင့် အတူ နေကြပါသည်။ မောင်အငယ် အား ကိုယ်စားလှယ် အလုပ်တခုကို ငွေရင်းထုတ်၍ အိမ်ထဲမှာ လုပ်စေခြင်းဖြင့် နေရေး, ထိုင်ရေးပြဿနာကို ဖြေရှင်းစေရသည်။ ကျမတို့သည် ဒီတကြိမ်ပြန်ရောက်လာသောအခါ၌ နာကျည်းဘွယ်ရာ ကောင်းလှသော မေမေ၏ ဆွေရင်း မျိုးခြာတို့နှင့် တခါတည်း အဆက် ဖြတ်လိုက်ပါသည်။ မတော်တဆ လမ်းမှာ တွေ့သည့်တိုင် ခေါ်ပြော နှုတ်ဆက်ချင်သော စိတ်များ ကုန်ခမ်းနေသောကြောင့် မျက်နှာလွှဲပစ်လိုက်မိသည်။ သူတို့ကလည်း အရေးကြီး ပုံ မရပါ။ နောက်ပိုင်းမှာတော့ ကျမတို့မှာ စိတ်အေး, လက်အေးနှင့် နေထိုင်ကြသည်။ ၀တ္ထု နှင့် ဇာတ်ညွှန်းများသာမက မှော်ဆရာ့မှတ်တမ်းဆိုသော ကဏ္ဍကိုဖွင့်၍ စုန်းကဝေ, တစ္ဆေ, သူရဲအကြောင်း ၀တ္ထုများကို ထိုအချိန်ကစ၍ ရေးခဲ့သည်။

ထိုဝတ္ထုမျိုးကို ဖတ်လိုသူတို့ကြောင် တမင်တကာ ဇာတ်လမ်း ဆင်ကာ ရေးရသော်လည်း ကျမက စုန်းကဝေ, တစ္ဆေ, သူရဲ, ဥစ္စာစောင့်နှင့် နတ်ဆိုတာတွေကို အယုံအကြည် လုံးဝ မရှိသူ ဖြစ်ပါသည်။ ယုတ်စွအဆုံး ဗေဒင်ကျမ်းကို တစိပ်တဒေသ သင်ကြား တီးခေါက် တတ်ခဲ့သူ ဖြစ်စေကာမူ ဗေဒင်ဟောချက်များကို အယုံ အကြည် မထားသူဖြစ်ရာ တကြိမ် တခါ မိမိ၏မူလ ဇာတာခွင်၌ ဘယ်ဂြိုဟ်ဝင်၍ ဘယ်ဂြိုဟ်ထွက်လျှင် ဘာဖြစ်မည်၊ ညာဖြစ် မည် သိနေသည်တိုင်အောင် စိတ်ဝင်စားခြင်း မပြု အမှုမဲ့, အမှတ်မဲ့သာ နေလာခဲ့သူ ဖြစ် ပါသည်။

ယခု စုန်း နတ်, တစ္ဆေ, သူရဲ စသည့် ၀တ္ထုတွေ ရေးလေတိုင်း အထောက်အထားဆိုင်ရာ ပညာရှာ မှီးရာတွင် ကဝေသာရကျမ်း၊ တဇ္ဖကဒီပနီစသော အမျိုးမျိုးအလားတူ ရှေးကလောင်ကီကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း ပေူမူအဟောင်းအနွမ်းများမှာ ရှာဖွေပြီး အခေါ်အပြော နည်းစံနစ်တို့ကို လိုသလို ဇာတ်ကွက်ဆင်ထားသော ဇာတ်လမ်းများမှာ သင့်ရာ သရုပ်ပြ အင်း, အိုင် ဆေးဝါး ပြုနည်းတို့ပါ ဖြည့်၍, ထည့်၍ ရေးရခြင်း ဖြစ်ပါသည်။ ယုတ္တိ ယုတ္တာရှိရှိ အထက်လမ်း မှော်ဆရာ ကြီး၏ အန္တေ၀ါသိက တပည့်ကြီးတဦးဖြစ်သူက မှတ်တမ်း, မှတ်ချက်အရ ရေးပြနေသလို ရေးသူ - ကိုကိုလေး ဆိုသော ကလောင်အမည်ကို အသစ်ယူ၍ ရေးခဲ့ပါသည်။

တခါ, တခါ၌ ကြောက်စရာ, လန့်စရာ ဖြစ်နိုင်သော အခဏ်းများကို တွေးဆ ကြည့်ရခြင်းဖြင့် ကိုယ့်စိတ်ကို ကြောက်လာ မလာပင် အတော်လုပ် ဇာတ်ဆင်ရသည်။ ည, ညတွင်သာ ရေးလေ့ရှိသောကြောင့် လူခြေ တိတ်တုန်း အခါဝယ် ကြောက်စရာ, လန့်စရာတွေ တွေးပြီး ရေးရင်း ကိုယ်တိုင်ကြောက်စိတ် ၀င်လာသလို လို ရှိလာမှ ကိုယ့်လုပ်ဇာတ်ကို ပြန်သတိရကာ ရယ်မောမိပြီး ဇာတ်လမ်း၌ ထိုအကွက်ကို ထည့်သုံး ဘို့ စိတ်ကျေနပ်မှု ရှိခဲ့ပါသည်။

ဗေဒင်မေးတတ်သူ၊ နတ်မေးတတ်သူတို့ ယတြာချေ, ဓာတ်ရိုက်, ယုံကြည်မှု အယူ အသီးသူတို့နှင့် စုန်းကဝေ, တစ္ဆေသူရဲ, နာနာဘာဝ၊ အောံလမ်း၊ ဆေးနည်း၊ အင်း၊ အိုင်၊ မန္တယား၊ ရုပ်ထား, နာမ်ထား၊ ခြေရာကောက်၊ ဖနောင့်ပေါက် ဆိုသည်များကို လေ့လာသူ တတ်ကျွမ်းသည်ဟု ဆိုသူများ အား ကျမ ရေးထားသော မှော်ဆရာ မှတ်တမ်း ၀တ္ထုများကို ဖတ်စေသောအခါ သူတို့မှာ တကယ် လှိုက်လှိုက် ယုံကြည်လာကြပြီးလျှင် ဤအထက်လမ်းဆရာကြီးနှင့် တပည့်ကြီး ဦးကိုကိုလေးတို့ကို တွေ့ချင်, ဆည်းကပ်ချင်သည်ဟု ဆိုသောအခါ ကျမက ကြိတ်၍ ရယ်မိပါ သည်။ ဒါပေမဲ့ သူတို့ရဲ့ လက်တွေ့တတ်မြောက်ထားသည်ဆိုသော နည်းကလေး များကိုလည်း စာရေးသောအခါ အသုံးချရန် သူတို့အထည်းမှ ရနိုင်သမျှ နှိုက်ယူလိုက်ရပါသည်။
ယင်းသို့နှင့် မန္တလေးမြို့တွင် ခြောက်လခန့် သောင်တင်နေကြပါသည်။

ချစ်တီးနှင့် လှည့်ကိုင်ခြင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 9, 2010

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၆)


အကောင်းဆုံး လူမှု့ဘ၀သရုပ်ဖော် စာပေဘလော့ဂ်ဆု
  • မိုးချိုသင်း (http://moechothin.blogspot.com) (28%, 94 Votes)
  • နှင်းနဲ့ မာယာ (http://mysterysnow.blogspot.com) (24%, 82 Votes)
  • SHWE ZIN U (http://shwezinu.blogspot.com) (16%, 55 Votes)
အမယ်လေး ဗျာ အကယ်ဒမီ ဆုကြီး ရဘို့ နီးပါပြီဆိုမှ အနှောင့်အယှက် တွေကများပါ့. ကိုကြီးကျောက် ကြီး အောက်လမ်း နည်းတွေ သုံးပြီ ထင်တယ်..၊ ကိုယ့် နှမလေး အရွယ်ပါဗျာ.. အသက်ကြီး မှ မဲတွေ ဘာတွေ နိုင်ချင်မနေပါနဲ့..၊ ကျနော် လို ငယ်ရွယ်သော ဘလော့လောက အတွက် အကျိုးပြုလုပ်ငန်း တွေကို တက်တက်ကြွကြွ လုပ်ဆောင် နိုင်သော..၊ ဘလော့ဂါ များ ချစ်ခင်ကြသော.. (ကိုယ်ရည်သွေး တာလေးကလည်း များပါ့ဗျာ) ကိုယ့် နှမလေး အရွေးခံ ရမှာကို မနာလို မရှိပါနဲ့ဗျာ....။

ကဲ..ကိုကြီးကျောက်..အသာထားလို့...ပြောစရာလေးတွေ ပြောရအုန်းမယ်...အခု အချိန်မှာဆိုရင်.. ကျနော် ဟာ ဘလော့ဂ် အကယ်ဒမီ ဆုကြီး နဲ့ တဖြည်းဖြည်း နှီးကပ် လာပြီဆိုတော့ အင်း .. ငါ များ အနိုင်ရရင် ဘာဆုတွေများ ရမလည်း ဟဲ့ ဆိုပြီး မဟားဒယား ဆုပေးပွဲ ကို ပြေးကြည့် မိတယ်ဗျ... အမယ်လေး ဗျာ.. ဒိုမိန်းကြီး တဲ့ .၊ ဘာကြီးလည်း ဗျာ ကိုမိုးကြီးတော့ သိတန် ကောင်းရဲ့ ဟိုနေ့က ပို့စ် လေး ဖတ်မိတာတော့ ဘလော့ဂ် ကြီး ဘာလုပ်နည်း ဆိုလား ရေးထားတာ တွေ့ရဲ့ ဆိုပြီး... စဉ်းစားလိုက် တယ်ဗျ...။

ဒါပေမဲ့ ဗျာ..ကိုမိုးကြီး နဲ့ တွေ့ဘို့အချိန်ထိကို မစောင့်နိုင်ဘူး လောဘများ ပြောပါတယ်..... ဒါနဲ့... မနှစ်က ဆုပေးရေး အဖွဲ့ ကို ပြေးကြည့် မိတယ်ဗျ..၊ ဆုရွေးချယ်ရေး အဖွဲ့နားမှာ ကိုမြစ်ကျိုး ကြီး တောင် ဟိုမေး ဒီမေး လုပ်နေတာ တွေ့ခဲ့သေး..၊ ကိုမောင် လည်း တွေ့ခဲ့ ပါ့ဗျ...အပေါက်ဝ က မျှော်နေလေရဲ့.....။

ရှေ့ဆက်သွားတော့...ဆု ရထားတဲ့ ကိုမင်းဒင် တို့ နဲ့ တွေ့ဆုံခန်းကို ဖတ်မိတယ်..၊ ကိုမင်းဒင် က သူလည်း ဆုရတဲ့ အချိန်ထိ ကောင်းကောင်း မသိဘူး ဆိုတော့ တော်သေးရဲ့ပေါ့ အဖော်ရှိသေးရဲ့လို့..၊ မနိုင်းနိုင်းစနေ ကတော့ ဘလော့ စပေါ့ လိုမျိုး အလကား ရထားတာ နဲ့ အတူတူ ဆိုလား..၊ အင်း သူကတော့ လှူဘို့ တန်းဘို့ စာအုပ်တွေ ခဲတံတွေ ရရင် ပိုကောင်းမယ်တဲ့..၊ ကျနော် လည်း ရှေ့ ဆက် မဖတ်တော့ ဘူး ဒီလောက်ဆိုရင် ရပြီပေါ့..၊ ဒါဟာ .. တန်ဘိုး ရှိတာ တခုဘဲပေါ့...။

တန်ဘိုး ရှိတဲ့ ဆုကြီး အကြောင်းစဉ်းစားရင်း.... မအိပ်ခင်လေး စိတ်ကူးယဉ် မိတယ်..၊ ဒီဆုကြီး ကို ရရင်  ခွဲ ဝေ ရောင်းချမယ်ပေါ့.. ဟိုး ကျနော့် ဘလော့ဂ် ကို လာနေကြ .. ဂျပန်နိုင်ငံ က ဒေါ်ဝါးတား တို့ ရောင်းရရင် ဈေးကောင်း ပေးပါ့မလားပေါ့ ....၊ အင်း မိုမိဂျိလေး လည်း ချော့ မော့ ရောင်းအုန်းမှပေါ့...၊ စိတ်ကူးများ ပြောပါတယ်..၊ ခဏနေ တနှစ်ပြည့်သွားရင် မရတော့ ဘူး ဆိုတာကလည်း ပါရဲ့ ... ။

နောက်ဆုံးတော့.... ဆုရွေးချယ် ရေးအဖွဲ့ ကို အချိုသပ်ပြီး ကျနော် သေ မှ ပြန်အပ်ပါ့မယ်ဆိုပြီး .. မသိသလို.. မျက်နှာပြောင်တိုက် နေလိုက်ရင်ရော ဆိုပြီး.....အမျိုးမျိုး စိတ်ကူးနေတာ တခြားလူများ ကြားသွားရင် ရှက်စရာတောင်ကောင်းပါရဲ့...၊ ဒါပေမဲ့လည်း လေ..အရှက်ဆိုတာ အတက် လေးနဲ့လား လို့ မေးရအောင် ကို ဒီ ဘလော့ လေး ထောင်မိမှ ဘဲ အရှက်ကုန် သွားတာ ကြာပါပေါ့..ကဲ လုပ်စရာရှိတာလေး လုပ်မှပါ... ဘလော့လေး ရှေ့ထွက် ပြီး သိချင်သူ ကိုမျှော်မိပါတယ်..။

ဟိုးနားက ခပ်ရေးရေးလေးက သိချင်သူ များလား..၊ ဟုတ်ပါ့ဗျာ... ကိုယ်တော်က ဟိုငေး ဒီငေး နဲ့ ကျနော် ထွက်ကြို နေတာကိုများ မသိသလို လုပ်နေပြန်ပါရောလား...။

မြန်မြန်လေးဗျ...၊...ဒီမှာ မျှော်နေတာ အတော် တောင်ကြာနေပြီ...၊ နောက်ကြလိုက်တာဗျာ...၊ ကဲ ... စလိုက် ကြရအောင်..အင်တာဗျူးလေး...။

သိချင်သူ........အင်တာဗျူး လေး စ တာတော့ ဟုတ်ပါတယ်ဗျာ..၊ ဒေါ်ရွှေစင်ဦး မဲစာရင်းလေး များရော သွားကြည့် မိသေးလားဗျ...

ရွှေ...... ကြည့် ပါတယ်ဗျာ..  စက္ကန့် မလတ် အကဲခတ် လျှက်ပါ..

သိချင်သူ......ဒါဆိုရင် မဲ စာရင်း ကွာဟ မှု့ကိုလည်း သိမှာပေါ့နော်.....

ရွှေ....သိပါတယ်ဗျာ....ကျနော် ဟာ ပထမ နေရာနဲ့ တဝက် တိတိ မဲကွာ နေပါတယ်....

သိချင်သူ..... ဒါဆိုရင် တော့ ကျနော် လည်း သွားပရစေအုန်း ခင်ဗျား.. ပထမ နေရာကို ရောက်နေတဲ့ ဂုရုကြီး သမီး ဘလော့ နဲ့ တွေ့ဆုံခန်း လုပ်ရအုန်းမှာ ဖြစ်တဲ့အတွက် ...ခွင့်ပြုပါနော်...

ရွှေ........ ခဏလေး..ခဏလေး..... နေပါအုန်းဗျာ. မဲပေါင်းစည်း ရေး.... မဲပေါင်းစည်း ရေး...

သိချင်သူ... တော်ပါပြီ ဗျာ...ဘာ မဲပေါင်းစည်းရေး လည်း....အရှက်မရှိ.. ခင်ဗျား ရဲ့ စိတ်ကူးယဉ် အကယ်ဒမီ မဲပေးပွဲ ကြီး မှာ အနိုင်ရရှိရေး စီမံကိန်း ကြီးကို စွန့် လွှတ်လိုက်ပါတော့ ဗျာ...

ကမ္ဘာကြီးက ပြောင်းလဲ နေပြီဗျ... အားလုံးက စောင့်ကြည့် နေကြတယ်... ခင်ဗျား လိမ်ချင်သလို လိမ်..၊ လုပ်ချင်သလို လုပ်နေတဲ့ ခေတ်ကြီး ကုန်ဆုံးနေပြီဆိုတာ မသိတာတော့ အံသြလို့ မဆုံးဘူးဗျာ...ကဲ..ကဲ သနားသဖြင့် နှုတ်ဆက်ခဲ့မယ်..good bye

ရွှေ....... အမလေး..လေး.. မပေး..ပေး ..ပေး...ငါ့ အကယ်ဒမီ ဆုကြီးပေး...ငါ့ အကယ်ဒမီ ဆုကြီးပေး.. ပေး......ပေး.........

သိချင်သူ..... နိုင်ချင်ဇော နဲ့ ရူးသွားရှာပြီ...နဲ သေးတယ်..သေသွား အေးတာဘဲ.. ဒီလောက် ယုတ်ကန်း နေတာ...... ဂုရုကြီး သမီး ဘလော့ဂ် မဲနိုင်ရေး..ဒို့အရေး...ရေး...

ရွှေ..........ဟင်း...သာကူး.....(သတိတချက် ရ အလာတွင် ထအော်လိုက်ခြင်း)

ဖေဖော်ဝါရီ လ (၁၅) ရက် (မဲပိတ်ရက်)

ဘလော့ဂ် လောက ၏ နောက်ဆုံး စက်ရပ် သတင်း အဖြစ် ဘလော့ဂါ ဒေါ်ရွှေစင်ဦး သည် အကယ်ဒမီ ဆုကြီး ကို ရချင်ဇော နှင့် မသမာ မှု့ နည်းပေါင်းစုံ ကို သုံးခဲ့ သော်လည်း  ဂုရုကြီး သမီး ဘလော့ဂ် အား မည်ကဲ့ သို့မှ မနိုင် ပါသဖြင့်.. စိတ် ကယောက်ကယက် ဖြစ်သွား၍ တံတားလေး  စိတ်ကု ဆေးရုံ သို့ ပို့လိုက် ရပါကြောင်း... ဘလော့ဂ် ချစ်သူ အားလုံးအား အသိပေး ကြေညာအပ်ပါသည်...။

(..ကောင်းလေစွ...ကောင်းလေစွ...ကောင်းလေစွ....)

အားလုံးကိုကျေးဇူးတင်လျှက်

စာရေးသူ-ရွှေစင်ဦး (နောက်ဖြစ်-ရှေ့ဖြစ် ဟောသူ) 
(ကိုကြီးကျောက် (စုန်း၊ ကဝေ၊ သရဲ စပါယ်ရှယ်လစ်) ၏ နှမ )
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၄)

ပရိဒေ၀မီးကြီးမှ အကြပ်အတည်း

မည်မျှ ကြိုးစား ပြုစု ကုသသော်လည်း ဖိစီး နှိပ်စက် နေသော ရောဂါ၏ ဒုဒယ်မှာ အနေ့နေ့အရက်ရက် က စုဆောင်း ထားသမျှ တချီထည်း ပေါက်ကွဲ ထွက်သကဲ့သို့ ဖြစ်သဖြင့် ကြိုးစား ရကျိုး မနပ်တော့ပါ၊ ကျမ ရောက်သည်ကို နားက ကြားပုံရသော်လည်း စကားတော့ မပြောနိုင်ရှာ၊ ပြောနိုင်လျှင်လည်း သားမောင် မောင် ကို ကြည့်လိုက်ပါတော့ ဆိုသောစကားသာ ပြောမည်ဖြစ်ပါသည်။ ကျမက လည်း သားငယ်အတွက် စိတ်ချရန် ကတိပေးရပါသည်။ သို့နှင့်မိခင်ကြီးချစ်စွာသော သားကို အဆုံးစွန်ပစ်ခွါခွဲထွက် သွားရရှာပါသည်။

မိခင်ကြီးသည် သူ၏ စိတ်ကောင်း စေတနာနှင့် နူးညံ့စွာ ရှိခဲ့သလို သေတကံ, ရှင်တကံ ဆိုသော ကုသိုလ်မျိုး တွင် မပါဝင်ခဲ့ပါ၊ မှုးတော မတ်တော်ကြီး တဦး၏ သားသ္မီးပီပီ လှပတင့်တယ် သိုက်မြိုက် ခမ်းနားစွာ မင်းဆွေ, မင်းမျိုးတို့ အဖို့သီးသန့်ထားသော သင်းချိုင်းမှာ သဂြိုဟ် ရပါသည်၊ ထိုအချိန်က အစိုးရဘက်မှလည်း မင်းဆွေ, စိုးမျိုး ပင်စင်ရငွေ ၏ အချိုးကျ နှစ်, နှစ်စာ ထုတ်ပေးသောကြောင့် လှူဖွယ်ဝတ္ထု တွေမြိုင်မြိုင် အကမ်း အလှမ်း များကလည်း လှိုင်လှိုင်နှင့် မန္တလေးမြို့၏ သုမင်္ဂလ, ဒုမင်္ဂလ မှန်သမျှ ပကာသနပါရမြဲ အတိုင်း ၀ိုင်းဝန်း စီမံလိုက်ကြပါသည်။

မိခင်ကြီးကို သဂြိံဟ်ရာအသုဘ အခမ်းအနားကို လာရောက် စီမံကြသူများမှာ မေမေ၏သားချင်းအရင်း အကို, အမများ ဖြစ်ပါသည်။ အခြားသောဆွေသား, မျိုးသားနှင့် မိတ်သင်္ဂဟများကလည်း လာရောက် ကြပါသည်။ ကျမတို့ မောင်နှမမှာ လူငယ်များဖြစ်သည် တကြောင်း၊ အပူသယ်များ ဖြစ်နေသည်တကြောင်း၊ သူတို့ ကောင်းသလို  လုပ်ကိုင်စီမံကြသည်ကိုသာ ငေးကြည့်နေကြရပါ သည်။
မိခင်ကြီးကို သဂြိံဟ်ခြင်းကိစ္စ ပြီးစီး၍ ရက်လည် အမျှအတန်း ဝေပြီးသောအခါ ကျမသည် မောင်ငယ်ကို ခေါ်၍ ရန်ကုန်မြို့သို့ ပြန်ရပါတော့မည်။

မပြန်မီတနေ့တွင် မေမေ၏မကို ကျမ၏ ဘကြီးဖြစ် သူပင်စင်စား လက်ရှိရေစစ္စတြီ အရာရှိအလုပ်ကို လုပ်နေသော ၀က်မစွတ်မောင်မောင်ကြီးမှာ စာချုပ်တခုကို ကိုင်ကာကျမတို့ မောင်နှမကို လက်မှတ်ထိုးရန် ပြောလာ ပါသည်။ အကြောင်းရင်းမှာ လွန်ခဲ့သောသုံးနှစ်ခန့်က မေမေသည် မြေတန်ဖိုးမပါ အိမ်ဆောက်စဉ် က ကုန်ကျ စရိတ် ရှစ်ထောင်ခန့်တန် ယခု သူပိုင်နေအိမ်၏ အိမ်ဂရံ စာချုပ်ကို ငွေသုံးရာနှင့် ခေတ္တအ ပေါင် ထား၍ အကိုရင်းဝက်မစွတ် မောင်မောင်ကြီးထံမှ ငွေချေးယူသည်ဟု ပြောပါသည်။ ဤတွင်မှ လွန်ခဲ့သော သုံးနှစ်ခန့်က ကျမနှင့် အတူနေစဉ်သားငယ် လိုချင်သည်ဟု ပူဆာသော တီးဝိုင်းမှမှုတ် စရာကြီး တခုဖြစ်သည့် ဆိုက်ဆိုဖုံး တခုကြိတ်ဝယ် ပေးထားသည်ကို သွား၍သတိရပါသည်။ ထိုစဉ်က ကျမမေးလျှင် သူများ ပစ္စည်း ငှားမှုတ်သည်ဟု ပြောထားပါသည်။

အိမ်ဂရံကိုအပ်၍ ငွေသုံးရာချေးငှါးသည့် အဖြေပေါ်လာပြီးနောက် ယခုထိုငွေသုံးရာမှာ တရာလျှင် ၅-နှုန်း အတိုးနှင့် သုံးနှစ် အတွက် အတိုးချည်းသပ်သပ်က ၅၄၀- ဖြစ်သည်။ အရင်းက ၃၀၀နှင့်ပေါင်း သော်၈၄၀- ဖြစ်နေပြီ၊ ရှော့ရှော့ ပေါ့ပေါ့အစွန်းထွက် ငွေ၄၀- ကိုတော့ဖြုတ်လိုက်မည်၊ နောက်ပြီးတ နေ့က မေမေ သဂြိုံဟ်ရာ၌ မျက်နှာသုတ်ပ၀ါများ စိုက်ဝယ်၍ကမ်းလှမ်းတဲ့ အတွက် ကြွေးပေးရန် ငွေ၅၀၀- ကျန် နေသေးသည်။

သို့အတွက် မူလ ငွေသုံးရာ အတိုးနှင့်ပြန်ပေါင်းထား ငွေ၈၀၀၊ ယခု ထပ်တင်သော ကြွေးငွေ ၅၀၀- နှစ်ရပ် ပေါင်းငွေ ၁၃၀၀-ကို တလလျှင် တရာ၅-နှုန်းအတိုးနှင့် အော်ဒီမန်း စာချုပ်တွင် မောင်နှမနှစ်ယောက်က လက်မှတ် ထိုးသွားရမည်ဟု ဆိုပါသည်။ ကျမတို့ ကလည်း မညည်း မငြူ လွယ်ကူစွာ လက်မှတ်ထိုး လိုက်ပါသည်။ မိခင်၏ ပစ္စည်းများကို မိခင်အတွက် ကုသိုလ်ပြုရာ၌ သုံးခြင်းဖြစ်သည်ဆိုတော့ စေတနာ ဖြူစင် ပါသည်။ နောက်ဆုံးတနေ့ ဤအိမ်နှင့် မြေမှာတသောင်း ပတ်ဝန်းကျင် တန်ဖိုးရှိသဖြင့်ရောင်း ချပေး လိုက်လျှင် ကြွေးတထောင်ကျော်ကို မပေးမဆပ်နိုင်စရာ အကြောင်းမရှိဟု ယူဆခဲ့ခြင်းကြောင့်လည်း ဖြစ်ပါ သည်။

ကျမသည် မောင်ငယ်ကို ခေါ်၍ရန်ကုန်ပြန်ရောက် လာပါသည်။ သူ့အား လည်းပညာ မကြိုးစားခဲ့ ကောင်းလား၊ မိခင်ကိုနွဲ့ဆိုး, ဆိုးရကောင်းလားဟု စကားတလုံးနှင့်မျှ ပစ်တင်ခြင်းမပြုတော့ပါ၊ သူကိုယ်တိုင် လည်း မိခင်ကြီးကွယ်လွန်သွားမှ နောင်တတရားရခြင်း၊ စိတ်မချမ်းမသာဖြစ်ရခြင်း၊ ကျမကိုပဲ အားကိုး တခု ပြုနေခြင်းကြောင့် ဖြစ်ခဲ့သမျှ အပြစ်မတင်ရက်အောင် ရှိပါသည်။ သည်အ ရွယ်ရောက်မှ ကျောင်းပြန် ထားနေဖို့ ရာမှာလည်း သူစိတ်ဝင်စား တော့မည် မဟုတ်ပါ။

သို့ကြောင့် ယခုလက်ရှိအခြေအနေသည်၊ ကျမကဘယ်သူ့ကိုမျှ အားမကိုးရတော့ပဲ ကျမကိုအား ထားမည့် သူသာ တွေ့နေပါသည်။ အိမ်တွင်း လက်မှုပညာနှင့် ငွေဝင်မည့်အလုပ်များ ရပ်နားထားခဲ့ ရာမှတခါ, တခါလည်း နေထိုင်စားသောက်ရေး မကြပ်တည်းယုံကလေးသာ စီမံလုပ်ကိုင်ပါသည်။ ကျမ၏ မောင်ငယ် ဖြစ်သူ မောင်မောင်မှာ ရန်ကုန်ရောက်လာမှ တီးမှုတ်မှု့များ ဂီတ၀ိုင်းအပေါင်း အသင်းများနှင့် ကွဲကွာ အလှမ်းပြတ်လာသောကြောင့် အတော်အသင့် စိတ်ငြိမ်ဖို့နားချသော အခါ လုပ်ပါမည်ဟု ကတိပြုပါသည်။

ဤတွင် သူနှင့်သင့်တော်မည့် အလုပ်များကို စုံစမ်းကြည့်ရာ ထိုခေတ်တွင် ပညာ အရည်အချင်းနှင့် အောင်လက်မှတ် ရှိသူများပင် လခစားအလုပ်ခွင်တို့ကို တိုးဝင်ရန် မလွယ်ကူလှသော အချိုန်အခါ ပင် ဖြစ်ပါသည်။ သူသာအစက ပညာကြိုးစားခဲ့လျှင် အစိုးရ ထောက်ပံ့သော စတိုင်ပင်နှင့် တန်းကုန် အောင်သင် နိုင်မည်၊ အထက်တန်း လခစား အလုပ်အကိုင်များကို အလွယ်တကူနှင့် ရနိုင်ပေမည်။
ယခုတော့ ရရာအလုပ်မှာလည်း လူနှင့်အဆင့်မတူလျှင် ၀င်လုပ်ချင်မည် မဟုတ်ပါ။ မိုဃ်းလွန်မှ ထွန်ချသော ကိန်းကို ဆိုက်ရောက်နေပါသည်။

နောက်ဆုံးတွင် ကံအားလျော်စွာ မီးရထားဘက် ရဲဋ္ဌာနမှာ စာရေး တနေရာတွင် ခေတ္တ၀င်လုပ်ရန် ရရှိ လာပါ သည်။ သူသည်အလုပ်ကို အချိန်မှန်သွား သည်။ အချိန်မှန်ပြန်သည်။ သည်တော့မှ ကျမကလည်းရင်ထုမနာ ဖြစ်ရပါသည်။ ယောကျာင်္ ကလေး အလုပ်အကိုင် မရှိလျှင် ပေါ့လျှော့သော့သွမ်းမည်ကြောင့်သာ အလုပ်, လုပ်ခိုင်း ရခြင်း ဖြစ်သည်။ သို့သော် နှစ်လခန့်မျှရှိလာလျှင် မန္တလေးက သူ့တီးဝိုင်းမှ မိတ်ဆွေ တဦး ရောက် လာသည်။

ထိုသူမှာ ရန်ကုန်သို့ ရုပ်ရှင်ကားများ ကန်ထရိုက်နှင့် လာငှါး၍ အထက်ပိုင်းမှ မြို့နယ် များသို့ပြသ သူလည်း ဖြစ်သည်။ သူရောက်လာ၍ မကြာမှီပင် သူ့အလုပ်ခွင်သို့ဆင်ရမည်ကို ရှက်သလိုရွံ့သဘို ဖြစ်လာသည်ဟု အပြစ်ပြ လာသည်။ သူ့မိတ်ဆွေ ကလည်း သည်အလုပ်နှင့် မတန်ဟု ဖျက်ဆီးပြန်ရာတနေ့ အလုပ်မှ ဇွတ် နှုတ်ထွက် လာခဲ့လေသည်။ ကျမ ရည်ရွယ်ချက် ပျက်စီး ခဲ့ရသော်လည်း အပြစ် မတင်ချင်တော့ပြီ။

တာဝန်ပိုလာသော ၀တ္တရားတခု

မောင်အငယ်ကို အလုပ်မလုပ်ရကောင်းဟု အပြစ်တင်ချင်သော်လည်း တဘက်သက်နိုင်စရာ လူကိုသာ ဖိနှိပ် သလိုဖြစ်ရာ ကျနေမည် စိုးသဖြင့်အရိပ်အခြေကို စောင့်ကြည့်နေမိပါသည်။ မန္တလေးက ရုပ်ရှင် ကန်ထရိုက် နှင့် တီးဝိုင်းဆရာကလည်း မပြန်သေးဘဲ မောင်ငယ်နှင့်ပူးတွဲ, ပူးတွဲ ရှိနေပါသည်။ ထိုအတော အတွင်း မှာပင် မန္တလေးမှ မေမေ၏အစ်မရင်း၏သား မောင်ဝမ်းကွဲတ ယောက်ကလည်းသူ့ မိန်းမကိုပါခေါ်၍ အလုပ် အကိုင်ရှာရန အိမ်ပေါ်မှာလာနေ ပြန်ပါသည်၊ ကျမ မှာ မရှိမဲ့, ရှိမဲ့နှင့် လူပိုတွေ တင်ကျွေးရသော ဒုက္ခနှင့် ရင်ဆိုင် ရသောအခါ ယခင်ကလိုဝင်ငွေကို ရှာလိုသောဆန္ဒလည်း မရှိတော့သဖြင့်ဇွတ်ပေ နေသည်။ သူတို့ ကလည်း အလုပ် ရှာထွက်ရသည် မှာ အမောသာ အဖတ်တင်သည်။ သို့သော် တနေ့မှာ အရောင်း အ၀ယ် အလုပ်တခု ရ၍ မန္တလေး ပြန်သွား သဖြင့် ကျမ တာဝန်ပေါ့ သွားပါသည်။

ဒါပေမဲ့ကျမ ခေါင်းပေါ်မှာပုံလားဦးမည့် ကိစ္စတခုသည် ဦးတည်နေပါပြီ။ မောင်အငယ်သည် အိမ်နားနီးချင်း ဖြစ်သော ဆန်စက်ပိုင် ဟောင်းတဦး၏ သမီးနှင့်ချစ်ကြိုက်နေသည်။ သည်ကိစ္စကို အားပေးနေသူမှာ မန္တလေး မှာ လာသောတီးဝိုင်းဆရာ ဧည့်သည်ဖြစ်ပါသည်။ ဤအတွင်း နေရေး, ထိုင်ရေး အဆင်မပြေသည် တကြောင်း၊  မန္တလေးအိမ်မှာ အိမ်ငှါးနေသူများ တမြို့တရွာပြောင်းရွေ့ သွားကြသဖြင့် ခေတ္တသွားရောက်ပြီး လူသစ်များတင်ရန် စကားများပြောလို သောကြောင့်မန္တလေး သို့ခဏပြန်ရန် ပြင်ဆင်လျက်ရှိပါသည်။
ထိုအချိန်နှင့် စီးဝါးကိုက်ထားသလို ကျမမန္တလေးမသွားမှီ တရက်ကြို၍ မောင်အငယ်သည် တီးဝိုင်း ဆရာ ဧည့်သည်၏ အကူအညီနှင့် မိန်းမခိုးပါတော့သည်။ ကျမမှာဘာတခုမျှ မသိရပဲသ္မီးရှင်များက အိမ်မှာ လာရှာ တော့မှ သိရသည်။

ကျမကမန္တလေးသွားမည်ဆဲဆဲ အိမ်ထောင်မှုပစ္စည်းများပင် မီးရထားတန်ဆာ လုပ်ပြီးတွဲထဲရောက် နေချိန် မှာ တအိမ်လုံး သဘောရှိ ရှာဖွေကြရန်အခွင့် ပြုရပါသည်။ သ္မီးပျောက်ရှာသူများလည်း သ္မီးကို မတွေ့ သည့်အပြင် အိမ်ထောင်မှု့ အသုံးအဆောင်တခုမှ မရှိတော့ပဲပြောင်းရှင်း နေသောအခန်းများ ကြည့်ကာ လူနေအိမ်မှ ဟုတ်ပါလေစဟု သံသယမကင်းဖြစ်ပြီး ပြန်ဆင်းသွားကြပါတော့သည်။
သို့သော် သူတို့သည် ရန်ကုန်မြို့မှထွက်ပေါက်ဟူသမျှ မီးရထားလမ်း၊ သင်္ဘောလမ်း၊ ကားလမ်း များမှာ ဆီးကြို ရှာဖွေနေကြပါသည်။

ကျမသည်နောက်တနေ့ မနက်မှာတဦးတည်း မန္တလေးသို့ ထွက်လာပါသည်။ သူတို့တတွေ ဘယ်နေရာမှာ ပုံးရှောင်နေသည်ဟု မသိရပါ။ ဤကိစ္စကို ဒါရိုက် တာလုပ်သူ တီးဝိုင်း ဆရာကိုလည်း မတွေ့ခဲ့ရတော့ပဲ၊ လူစု ကွဲ၍ မန္တလေးရောက်လာပါသည်။

ကျမ မန္တလေး ရောက်၍ နှစ်ရက်သုံးရက်လောက်ရှိမှ သူတို့ရောက်လာကြပါသည်။ အကျိုးအကြောင်း မေးသော အခါ သူတို့ဒါရိုက်တာတီးဝိုင်း ဆရာက ရုပ်ရှင်ဇာတ်လိုက် မင်းသမီး မခင်မေလေး တို့အိမ်မှာ နှစ်ရက်မျှ သွားဝှက်ထား၍ ခိုနေလိုက်ရပြီးနောက် ယခုကားလမ်းမှ အလစ်ထွက်လာခဲ့ ကြသည်ဟု သိရှိ ရပါသည်၊ သို့သေည်ကျမနှင့်အတူ လာမနေကြသေးပဲ၊ တနေရာရှိသူတို့ အသိ တဦးထံမှာ ပုန်းနေ ကြပါသည်။

မန္တလေးမြို့ ရောက်လာသောအခါ အိမ်တ၀င်းထဲမှာနေသော အမျိုးအဆွေနှင့် အပြင်အပက အမျိုး အဆွေ တို့သည် မောင်မောင်အား ပိုက်ဆံ ချမ်းသာသော စက်ပိုင်သူဋ္ဌေးသမီးကို ခိုးလာသည်ဟု သိရသောအခါ မလိုလားသော စိတ်များဖြစ်ပေါ်ကာ သ္မီးရှင်မိဘထံသို့ ပစ်စာ အမျိုးမျိုးပို့ကြပါသည်။ ပစ်စာမှာ သ္မီးကို ပြန်သိမ်းရန် မပေးစားရန် အဓိကထား၍ မကောင်းရှုံ့ချကာ အထင်သေးအောင် ရေးသားကြပါသည်။ ထိုစာများကို နောင်သောအခါ သ္မီးရှင်မိဘများက ကျမကိုထုတ်ပြသော ကြောင့်မည်သူ့လက်ရေး၊ မည်သူ အသုံးပြုသော စာရွက်များ ဖြစ်နေသည်ကို ပါ အတတ်သိရပါ သည်။

သူတို့၏မလိုလားမှု မနာလိုမှုမှာ စက်ပိုင်သ္မီး ပိုက်ဆံရှိသူကိုရပြီး ချမ်းသာသွားမည်ကို မကြည့်မမြင် လိုသော မစ္ဆေယ စိတ်ထားတခုကို မှုရင်းထားသော်လည်း၊ ကာယကံရှင် ကိုယ်တိုင်က ပစ်စာပို့သူ များ အထင်ကြီး သလို မဟုတ်သဖြင့်၊ သူတို့အကြောင်း သူတို့သိပြီးဖြစ်ပါသည်။ သို့ကြောင့်ပစ်စာ၏ မြှားချက်က မစူးမ၀င် အထင် မသေးကြပါ။ သို့ရာတွင် မျိုးရိုးအဆက်အနွယ် နာမည်ကိုသိသွား ကြလေသဖြင့်၊ လူကြီးမိဘ အုပ်ထိမ်းသူ များနှင့်နှစ်ဘက် အပေးအယူမျှစွာ ထိမ်းမြားပေးစားရန် စကားဆိုလို့ ရန်ကုန်မှကိုယ်စားလှယ် လွှတ်ပါသည်။ ကိုယ်စားပြုသူမှာလည်း မန္တလေးမြို့ရောက် သောအခါမြို့ခံလူကြီး လူကောင်းများနှင့် ကျမတို့ အမျိုးအဆွေ အရင်းအချာထည်းမှ လူကြီးအဖြစ် ထင်ရှားရှိနေသူဖြစ်သော ဘကြီးတော်သူ ၀က်မစွတ်မောင်မောင်ကြီးထံသွား၍ သားရေးသ္မီးရေး ကိစ္စ ပြေလည်အောင် ဆောင်ရွက် ပေးဖို့ အရေး ဆိုကြ ပါသည်။

ဧည့်သည်လူကြီးများရှေ့တွင်တော့ လူကြီးဝတ္တရား အတိုင်း မျက်နှာဘန်း လှအောင် စကားလက္ခံ ပြောလိုက် ပြီး၊ လူကြီးများပြန်သွားသောအခါ ဒီကိစ္စနှင့်ပတ်သက်၍ ဘာမှတာဝန်မယူနိုင်ဟုဆိုကာ ကျမအား ပြစ်တင် ကြိမ်းမောင်းသော စကားလုံးများဖြင့် နားမချမ်းသာအောင် ဆူပူခြင်းခံရပါသည်။ ကျမစီစဉ်ခဲ့သော အလုပ် မဟုတ်ပဲ လူငယ်ချင်း မေတ္တာမျှ၍ တဇွတ်ထိုးဖြစ်လာခဲ့ကြသော ကိစ္စကို ဘယ်လို ဖြေရှင်းပေးရမည် မသိပါ။ တဖက်ကလည်း လူကြီးတွေရှိသောကြောင့် ၀တ္တရားမပျက် ဆောင်ရွက်လိမ့်မည် အထင်ကြီးနှင့် လိုက်လာ ကြခြင်း ဖြစ်ပါသည်။ ကျမကလည်းလူစိမ်းများကို ဖြစ်ကြောင်း ကုန်စင်ဖွင့်ဟ လိုက်ချင်ပေမဲ့ မတော် သေး တဲ့အတွက် မြို့သိပ်နေရပါသည်။

သို့နှင့် နောက်တနေ့မှာ ရန်ကုန်မှလိုက်လာကြသူများအား ဇနီးမောင်နှံ အသစ်စက်စက် ထွက်ပြေး လာကြ သူများကို ခေါ်ယူတွေ့စေပြီး သူ့မိဘထံခေါ်သွားရန် ထည့်အပ်လိုက်ပါသည်။ ထမရေပူလာ လျှင် လျှာလွှဲသော သဘောနှင့်ကျမအားလည်း ဒါးစားခံအဖြစ်နှင့် ခေတ္တရန်ကုန် ပြန်လိုက်သွားပြီး မိန်းကလေး၏ မိဘများ ထံအပ်နှံရမည်ဆိုကာ အတင်းတွန်ထိုးထည့် လိုက်သဖြင့်ဘုမသိ, ဘမသိ နှင့် အိမ်ငှါးကိစ္စမပြီးပြတ် တန်းလန်းထားခဲ့ပြီး အရေးတကြီး ရန်ကုန်မြို့သို့ ပြန်လိုက်လာရပြန် ပါသည်။

ထင်သည့်အတိုင်းပါပဲ ရန်ကုန်သို့ ရောက်သောအခါ သ္မီးရှင်ကမင်္ဂလာကိစ္စအတွက် ခန်းဝင်ပစ္စည်း ဘယ်မျှ တင်မည်နည်းဟု ကျမအားမေးပါသည်။ ကျမကလည်းလက်ထဲမှာ ငွေမပါလာ၊၊ ပါလာသည့် တိုင်အောင် ခရီး စရိတ်မျှသာဖြစ်၍ မင်္ဂလာကိစ္စကို ဆောင်ရွက်နိုင်မည့် စရိတ်၏ အဆင့်အတန်းကို မမှီပါ။ သို့ဖြစ်သော ကြောင့် အကျိုးအကြောင်း စာရေးရပါသည်။ မလွှဲမရှောင်သာသောကိစ္စ ဖြစ်၍မိခင်၏ အိမ်ပေါင်စာချုပ်မှ ငွေငါးရာ သို့မဟုတ် သုံးရာခန့်ထပ် ပို့ရန်ဖြစ်ပါသည်။ သို့သော် ပြန်လာသောစာမှာ အလွန်အားနာစရာ ကောင်းလှ ပါသည်၊ အိမ်ပေါင် မှ တပြားမှ ထုတ်မပေးနိုင် ကြောင်း၊ သ္မီးရှင် က မင်္ဂလာစရိတ် ထုတ် ကုန်ကျ ရန် ပြောရမည်။

ဤသို့ မပြောခြင်းပင် ကျမ၏ ညံ့ဖျင်းမှု တခုဟုပြစ်တင် ကြိမ်မောင်းစာ ဖြစ်ပါသည်။ သည်စကားမျိုး အား သ္မီးရှင်ကို ကျမကဘယ်နည်းနှင့်မျှ ပြောမထွက်ရက်ပါ သို့ကြောင့် မပြေမလည်နှင့် အချိန်ကုန်ရ ပြန်ပါသည်။ သို့အချိန်ကုန်သည်ကို အကြောင်းပြုလျက် မင်္ဂလာမဆောင်ရ သေးပဲနှင့် သမက်ကို အိမ်ပေါ်မှာ ကြာရှည် ထားလျှင် မသင့်တော်သေး၍ ခဏ တခြားစီနေပါဟုဆိုကာ သ္မီးရှင်က အလိမ္မာ နှင့် ခွဲလိုက်ပါသည်။ မောင်မောင် ကျမနှင့် လာနေသောအခါ သ္မီးအား အပြင် မထွက်နိုင်ရန် ကြပ်တီးစွာ သော့ခပ် ထားလိုက်ပြီဟု ကြားရ ပါသည်။

သောကတွေကြားမှ (ရီးစား ဒမြ) ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>