Tuesday, February 9, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၉)


ကျွန်မ၏ ခြေသလုံးကြွက်သားထဲ ၀င်နေသော ကျည်ဆန်လား၊ ဗုံးဆန် အစအနလားမသိ၊ ခွဲထုတ်မပစ် မီအထိ ကျွန်မ၏ ကျန်းမာရေးအခြေအနေ မကောင်းခဲ့ပါ။ ကျည်ဆန် အစအနကို ခွဲထုတ်ရာတွင် ဘေးမှ အသားများကိုပါ လှီးထုတ်ရပါသည်။  ၎င်းအနာပေါက်ကြီးကို ပိုးဝင်သဖြင့် ကျွန်မ အကြီးအကျယ် ဖျားခဲ့ ရ သေးသည်။

ကျွန်မတို့ကျူးလွန်ခဲ့သော ပြစ်မှုမှ အစအန ခြေရာလက်ရာများကို ဖျောက်ပစ်နိုင်ခဲ့သဖြင့် ကျေနပ် နှစ်သိမ့် နေပါသည်။ အကယ်၍ ဂျပန်စစ်သားများရောက်လာပြီး တစ်ခြံဝင်းလုံး တူးဖော်ရှာဖွေသည့်တိုင် အောင် သူတို့၏ ပျောက်ဆုံးနေသော ရဲဘော်များကိုတွေ့နိုင်စရာ အကြောင်းမရှိတော့ပါ။ တွေ့ချင် တွေ့လျှင် ဖျားနာ၍ ကွယ်လွန်သွားကြသူများ၊သူတို့ပစ်ခတ်သည့်ဗုံးဆန်၊ ကျည်ဆန်မှန်၍ သေဆုံးကြ သူများ၏ ရုပ် အလောင်း များကိုသာ တွေ့ကြရမည် ဖြစ်ပါသည်။ သေဆုံးသွားကြသော ဂျပန်နှစ်ဦး လုယက်လာသော ငွေများ၊ ဆွဲကြိုးများကို မှတ်မိလျှင်တော့ ခြေရာကောက်နိုင်ကြရမည်။
ကျွန်မ၏ပြစ်မှု့ မည်မျှ ကြီးမားသည်ကို စိတ်အဆင်းရဲခံပြီး စဉ်းစားတွေးတောနေရန် အချိန်မရှိသလို ကျွန်မ၏ ကျန်းမာရေးအခြေအနေကိုလည်း ဂရုမစိုက်နိုင်ပါ။

တောင်ကြီးမြို့ သိမ်းပိုက်ရေးအတွက် ဂျပန်စစ်တပ်များနှင့် တရုတ်တပ်များ တစ်ဖက်နှင့် တစ်ဖက် အမြှောက် ကြီး များနှင့် ပစ်ခတ်နေကြပါ သည်။ဂျပန်နှင့်အင်္ဂလိပ် စစ်မကြေညာမီကပင် တရုတ်နှင့် ဂျပန် များတိုက်ခိုက် နေကြပြီး ဖြစ်ပါသည်။ တရုတ်တပ်များသည် ချန်ကေရှိတ်၏ တပ်များဖြစ်၍ ကျွန်မတို့၏ မဟာမိတ် တပ်များပင် ဖြစ်ပါ၏။ တရုတ်တပ်များသည် မဟာမိတ်ဘက်မှ ကူညီတိုက်ခိုက်နေသော် လည်း သူတို့၏ ခိုးဆိုး လုယက်မှုများ ကြောင့်မည်မှုကမျှ သူတို့ကို ကျေနပ်လက်ခံခြင်း မရှိဟု ကျွန်မ သိရပါသည်။

သူတို့သည် တိုက်ခိုက်ရာတွင် တော်သည်၊ ရဲရင့်သည်။ သို့သော်စည်းကမ်းမရှိ။ ရန်သူကို တိုက်ခိုက်ရ မည့်အစား ဗမာလူမျိုးများထံမှ ပစ္စည်းများကို လုယက်သည်၊ လူသတ်သည်ဆိုသော သတင်းများဖြင့် ကျော်ကြား နေကြသည်။ ယင်းသတင်းက မည်မျှမှန်သည် မသိပါ။ အမှန်ဖြစ်နေသည်ကတော့ ရက်စက် ကြမ်းကြုတ် လှသော စစ်ပွဲကြီးများ၏ အလယ်တွင် ကျွန်မတို့မှာသားကောင် ဖြစ်နေရသည့် အချက်ပင် ဖြစ်ပါ သည်။

ကျွန်မတို့၏ ခေါင်းပေါ်မှ အမြှောက်ဆန်များ တရွှီရွှီဖြင့် ဖြတ်သန်း ကျော်ဖြတ် သွားနေပါသည်။ ကျည်ဆန် ကျရောက် ပေါက်ကွဲသော နေရာများမှ ပထ၀ီမြေကြီး တုန်ဟည်းသံများကို ကြားသိခံစားနေ ရသည်။ တရုတ် စစ်တပ်များ သည် ဂျပန်ပြည်နယ်စပ်သို့ အခြေမပျက် ဆုတ်ခွာနေကြသည်။ ဂျပန်တပ် များသည် ဗြိတိသျှတပ်များကို ချေမှုန်းလိုက်ပြီးနောက် အိန္ဒိယနယ်စပ်သို့ အာရုံရောက်နေကြပြီ။
တရုတ်နှင့် ဂျပန်စစ်တပ်များသည် အမှိုက်ပုံသဖွယ် ဖြစ်နေသော တောင်ကြီးမြို့ကို ဖြတ်ကျော်၍ သုံးည လုံးလုံး တစ်ဖက်နှင့် တစ်ဖက်အမြှောက်ဆန်များနှင့် သဲသဲမဲမဲပစ်ခတ်နေကြသည်။ နေ့အချိန်များတွင် တောင်စွယ် တောင်ရိုးများဆီမှ မီးခိုးလုံးများနှင့် အတူအမြှောက်ဆန် ပေါက်ကွဲသံများကို ကြားနေရ တက်ပါ သည်။

ဗုံးဆန်အတော်များများသည် ဆေးရုံပတ်ဝန်းကျင်တွင် ကျရောက်ပေါက်ကွဲပြီး ပျက်စီးနေပြီဖြစ်သော အဆောက် အအုံ များကိုပင် ထပ်မံ၍ထိမှန်ပြန်ပါသည်။ ဆေးရုံအတွင်းရှိ လူနာများက ကယ်ပါယူပါ တစာ စာနှင့် အော်နေပါသည်။ ကျွန်မနှင့် အယ်နီတို့သည် ဆေးရုံတွင် ရှိနေသော ဂေါ်ရခါးလူမျိုးအစေခံများ နှင့်ပါ ၀ိုင်းဝန်း လုပ်ဆောင်ကြသော်လည်း ခရီးမရောက်လှပါ။

ဗုံးဆန်အစအနမျာက ပျက်စီးနေသော ပြတင်းပေါက်များမှ တစ်ဆင့်ဖောက်တွင်း ၀င်ရောက်လာသဖြင့် လူနာသုံးဦး သေဆုံးသွားရသည့်အပြင် အများအပြား ဒဏ်ရာရသွားပါသေးသည်။ ရှင်နည်းရသည့် အထဲ အဂ္ဂလူထွက်ဆိုသလို အရေးထဲရေပိုက်များကို ကျည်ဆန်အစအနများ ထိမှန်ပေါက်ကွဲသွား သဖြင့် ဆေးရုံ အတွင်း၌ ရေတရဟော လျှံထွက်သွားပါသည်။

အမြှောက်ပစ်ခတ်သံများသည် ဖြန်းခနဲစခဲ့သလို ဗြင်းခနဲရပ်စဲသွားခဲ့သည်။ အမျြောက်ဆန်များ တဒိန်းဒိန်း ပစ်ခတ်နေသည်ထက်ပင် ထူးဆန်းစွာ တိတ်ဆိတ်သွားခြင်းက လူကို ပိုမိုချောက်ချားစေပါ သည်။ အချိန် ရခိုက်ကျွန်မတို့သည် လူသေများကို မြှုပ်နှံပေးကြသည်။ ဒဏ်ရာရသူများကို ဆေးထည့် ပေးကြသည်။ ကျန်နေ သူများကို အစားအစာများ ကျွေးမွေးကြပါသည်။

လူတိုင်းလိုလို ခြေကုန်လက်ပန်းကျပြီး တုန်လှုပ်ချောက်ချားနေကြပါသည်။ အခြားသူများကို ကူညီရန် ထားဘိဦး၊ မိမိကိုယ်ကိုယ်မိမိ ကာကွယ်ရန်ပင် အတက်နိုင်ကြပါ။ လူတစ်ယောက်၏ ခံနိုင်ရည်ရှိမှု အတိုင်း အတာကို ကျွန်မထပ်ကာထပ်ကာ အကြီးအကျယ် အံ့အားသင့်မိပါသည်။ သို့သော်လည်း ခံနိုင် ရည်ရှိမှု အတိုင်း အတာကုန်ဆုံးသည့် အချိန်က ရောက်လာရမည်မှာ အမှန်ဖြစ်ပါသည်။
အိပ်ရေးပျက်ခြင်းကလည်း လူကို ပင်ပန်းနွမ်းနယ်စေပါသည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် စိတ်ဓာတ်ကျ ဆင်းရ သည်ကို လူတိုင်း သိကြပါသည်။

ဥာဏ်များထုံထိုင်းပြီး အလွန်ရိုးစင်းသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်ပင် ခက်ခဲစွာ ကြီုးပမးနေရပါသည်။ တက်ကြွပြီး ဖျက်လတ် လှုပ်ရှားနေသောစိတ်သည် ခန္ဓကိုယ်အတွင်းရှိ ဘက်ထရီအိုးကဲ့သို့ ပြန်လည်၍ အားသွင်း နိုင်မှသာ အလုပ်လုပ်နိုင်ပေမည်။ အကယ်၍ ပစ်ထားခဲ့သော် အလုပ်မလုပ်နိုင်တော့ဟု ကျွန်မက သိနေပါသည်။
တစ်ချိန်ချိန်တွင် ကျွန်မတို့ နှစ်ဦးစလုံး ခံနိုင်ရည်ရှိတော့မည်မဟုတ်ပါ။ ကျွန်မတို့ကွယ်လွန်သွားခဲ့သော် ကျွန်မ၏လူနာများသည်လည်း သေဆုံးကြပါမည်။ ကျွန်မတို့သည် သူတို့အမှီပြုနေသည့် ချိုင်းထောက် များဖြစ်ကြပါသည်။
လူသား တစ်ဦးသည် မျှော်လင့်ချက် ရှိနေသမျှ ခံနိုင်ရည်ရှိပြီးအသက်ရှင်နေပါမည်။ သို့သော်ကျွန်မ၏ အခြေ အနေမှာ လျှောက်လှမ်းနေသော ဥမင်ခရီးအဆုံး၌ မျှော်လင့်ချက် ရောင်ခြည်ကို မမြင်ရသကဲ့ သို့ဖြစ် နေပါသည်။ ဆိုးရွားသော အတွေ့အကြုံများကို ရင်ဆိုင်ရပြီး လွတ်မြောက်ရုံရှီသေးသည်။ ပို၍ပို၍ ဆိုးရွားသော ဂြိုဟ်ဆိုးကြမ္မာဆိုးများနှင့် ထပ်ကာထပ်ကာ ရင်ဆိုင်ရသလို ဖြစ်နေပါသည်။ နစ်တော့မည့် သင်္ဘောကြီး ကိုပို၍ပို၍ ကြီးမားသော လှိုင်းလုံးများ ဆင့်ကာဆင့်ကာ အရိုက်ခံနေရသည်နှင့် တူပါသည်။ နောက် ဘာဖြစ်လိမ့်ဦးမလဲဟု စိတ်တထင့်ထင့် ဖြစ်နေပါသည်။ ကောက်ရိုးမျှင်ကလေးနှင့် တည်းချည် ထားပြီး နောက်ဆုံးပြတ်သွားမည့် အချိန်ကို စောင့်စား နေရသလို ဖြစ်ပါသည်။

နောက်တစ်ကြိမ် ရင်ဆိုင်ရသော လှိုင်းလုံးသည် ကျွန်မတို့ အားခြေမွမဖျက်ဆီးနိုင်ပါ။ ကျွန်မတို့ နောက် ဆုံးချီတက်နေသော ပန်းတိုင်သို့ရောက်အောင် တွန်းအားပေးသလို ဖြစ်ပါသည်။ သို့သော်လည်း ကျွန်မတို့ မမျှော်လင့်သော ဘက်မှပေးလာသော တုန်လှုပ်ဖွယ်အတွေ့အကြုံဖြစ်၍ ပိုမိုနာကြည်းမိပါ သည်။ ကျွန်မတို့၏ အသက်အန္တရာယ်ကို ရန်ရှာမည့်သူမှာ ကျွန်မတို့၏ မိတ်ဆွေတရုတ်စစ်တပ်မှ ဖြစ်လိမ့်မည်ဟူ၍ လုံးဝ မျှော်လင့် မထားခဲ့မိပါ။

အမြောက်သံများ တိတ်ဆိတ်သွားပြီးနောက် နာရီအနည်းငယ်အကြာတွင် တောင်ကြီးမြို့၌ မကြားရ သည်မှာ ကြာပြီဖြစ်သော လူသားတို့၏စကားပြောသံများကို ပြန်လည်ကြားလာရသည်။တုန်လှုပ် ချောက်ချားစွာ အော်ပြော နေသံများ ဖြစ်ပါသည်။ တောင်ကြီးမြို့ထဲရှိ ရပ်ကွက်တစ်နေရာဆီက မီးတောက်များကို ဆေးရုံ ၀ရန်တာမှ မြင်တွေ့နေရသည်။ မီးရောင်ကြောင့်လမ်းများပေါ်တွင် တိတ်ဆိတ်စွာ လှုပ်ရှားနေကြသော လူရိပ် မည်းမည်းများ၊ ပျက်စီးနေသော ဆိုင်များ၊အိမ်များအတွင်း သို့ဝင်လိုက်ထွက်လိုက် လုပ်နေကြ သူများကို မြင်တွေ့ရပါသည်။

ထို့နောက် ယူနီဖောင်းဝတ် လူအုပ်ကြီး ကျွန်မတို့ဆေးရုံတူရူသို့ လာနေကြသည်ကို မြင်နေရပြန်သည်။ သူတို့ ထဲမှ အချို့သည်ရိုင်ဖယ်များမောင်းပြန်သေနက်များ စွဲကိုင်ထားကြသဖြင့် စစ်သားများဖြစ်ကြောင်း သိသာလှပါသည်။ အချို့ကမူ ၀ါးလုံးရှည်ကြီးများပေါ်တွင် အထုပ်မျိုးစုံကို ချိတ်ဆွဲလျက် နှစ်ယောက် တစ်တွဲ ထမ်းလာကြသည်။ ကူလီ (အလုပ်သမား)လုပ်လာကြသူများမှာ အများအားဖြင့် ၁၅နှစ်၊ ၁၆နှစ် သားအရွယ် ကလေး သူငယ်များ ဖြစ်ကြောင်းကို တဖြည်းဖြည်းနီးလာသောအခါ သိရပါသည်။

သူတို့လူစု ဆေးရုံဝင်းထဲသို့ စုပြုံဝင်ရောက်လာကြသောအခါ သူတို့၏ ယူနီဖောင်းများသည် အစုတ်စုတ် အပြတ်ပြတ် ညစ်ပတ်ပေရေနေကြောင်းတွေ့ရသည်။ သူတို့တွင်စည်းကမ်း ထိန်းသိမ်းမှုမရှိကြတော့ပါ။ သူတို့သည် လူဆိုး ဓားပြများအုပ်စုဖွဲ့လာကြသလားဟု ပထမထင်မိသည်။ မြို့ပေါ်ရှိအိမ်များမှ စနစ်တ ကျ ဖောက်တွင်း လုယူလာခဲ့ကြပြီး ဆုတ်ခွာလာကြသော တရုတ်စစ်တပ်များ ဖြစ်ကြောင်းနောူက်မှ အသိစိတ် ၀င်လာခဲ့၏။ ထပ်ခါတလဲလဲလုယက်ခြင်းကို ခံကြရသော အိမ်များ၊ ဂိုဒေါင်များ၊ ဆိုင်များမှ တွေ့သမျှ လက်ကျန် ပစ္စည်းများကို အထုပ်ကြီး အထုပ်ကြီးငယ် အသွယ်သွယ်ဖြင့် ထုပ်ပိုးလျက် ၀ါးလုံးတန်းတွင် တစ်ခုချင်း ကို ယူလာကြခြင်း ဖြစ်ပါသည်။

သူတို့သည် အဆောက်အအုံ တစ်ခုချင်းကို ရှင်းလင်းရှာဖွေပြီး နောက်မီးတင်ရှို့ကြသည်။ ဂျပန်စစ်တပ် များဝင်ရောက်နားခိုခြင်း မပြုနိုင်ရန် ပေလော၊ သို့တည်းမဟုတ်မီးရှို့ဖျက်ဆီးရသည်ကို အရသာတွေ့၍ လောမပြောတတ်ပေ။
၎င်းတို့အထဲမှ တစ်ဦးသည် ကျွန်မထံလျှောက်လာသည်။ သူ့တွင်ရာထူးတံဆိပ် အမှတ်အသားမပါရှိ သောယူနီဖောင်းဝတ်ထားစေကာမူ စစ်သားအချို့ကို ကျွန်မအား ဆေးရုံအတွင်းသို့ ခေါ်သွားရန် လက်ဟန်ခြေဟန် ပြလိုက်သဖြင့် ၄င်းသည်အရာရှိဖြစ်ကြောင်း သေချာပါသည်။

စစ်သားအချို့သည် ကျွန်မထံပြေးလာကြပြီး ရိုင်ဖယ်များနှင့် နောက်ကျောကို ထောက်ထားပါသည်။ ကျွန်မကသူတို့တစ်တွေအား ကျွန်မအခန်းသို့ခေါ်လာခဲ့၏။ ကျွန်မ၏ ဧည့်ခန်းသို့ ရောက်သောအခါ စစ်သား နှစ်ယောက် က အပေါက်ဝတွင် စောင့်နေကြပြီး ကျန်နှစ်ယောက်က ကျွန်မ၏ရင်ဝတည့်တည့် ကို လှံစွပ်များ နှင့် ချိန်ထားကြသည်။ အခြားတစ်ဦးကမူ ကျွန်မ၏ဇာက်ပိုးကို ဓားမြှောင်နှင့် တေ့ထားပါ သည်။အရာရှိလုပ်သူက'' မင်းဟာသူလျှိုပဲ၊ ဂျပန်တွေ ဘယ်မှာ ရှိတယ်ဆိုတာ ငါ့ကိုထုပ်ပြောရမယ်'' ဟု အော်ပြော ပါသည်။

ကျွန်မ၏ကိုယ်လုံးကိုယ်ပေါက်၊ အသားအရောင်၊ အရပ်အမောင်းတို့သည် ရှမ်းနှင့်လည်းကောင်း၊ ဗမာနှင့်လည်းကောင်း မတူ၍သာ ကျွန်မအပေါ်တွင် မယုံသင်္ကာဖြစ်သွားကြေင်း နားလည်လိုက်ပါ သည်။သူတို့သည်လည်း ကျွန်မကဲ့သို့ပင်ပန်းနွမ်းနယ် ချောက်ချားနေကြသူများ ဖြစ်ကြောင်း၊ ကျွန်မကသာ ကျွန်မကို သတ်ရန်ဦးမလေးသူများ ဖြစ်ကြောင်းသိနေပါသည်။
ကျွန်မ၏ရင်ဝနှင့် လက်မအနည်းငယ် ခွာပြီးချိန်ထားသော လုံစွပ်နှင့် ဇက်ပိုးကို ထောက်ထားသော ဓားမြှောင်များအောက်ဝယ် ကျွန်မသည်မည်သို့လျှင် စကားကို က္ကုနြေ္ဒရရ ပြေနိုင်ပါမည်နည်း။ သို့သော်တက်နိုင်သမျှ ရှင်းပြခဲ့ပါသည်။
'' ကျွန်မမှာ ဤဆေးရုံကို အုပ်ချုပ်သူဖြစ်ကြောင်း၊ အခြားဥရောပတိုက်သားများနှင့် တစ်ပါတည်း ဆုတ်ခွာ မသွားသည်မှာ ဆေးရုံရိုရောဂါအမျိုးမျိုး စွဲကပ်နေသော လူမမာများ၊ဓဏ်ရာ အနာတရ ရနေကြသူများကို စောင့်ရောက်တာဝန်ယူမည့် သူမရှိ၍ ကျန်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း၊ ဂျပန်များဘယ် အရပ်၌ ရောက်နေ သည်ကို မသိကြောင်း၊ ဂျပန်များပစ်ခတ်သောကျည်ဆန်များမှာ လွတ်ကင်းရန်ကို သာ ဂရုစိုက် နေရကြောင်း '' ဖြင့်ရှင်းပြပါသည်။ ကျွန်မ၏ရှင်းပြချက်များသည် သူ့အားကျေနပ်လက်ခံ လာအောင် အစွမ်းဆောင်နိုင်ပါ။

'' မင်းဟာစပိုင်ပဲ၊ဂျပန်တွေဘယ်မှာရှိသလဲ ပြောပါ'' ဟုထပ်ခါတလဲလဲ အော်နေပါသည်။ အော်သံကလည်း တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကြောက်စရာကောင်းပါသည်။ ကျွန်မသည် သူတို့ ယူဆ သလို စပိုင် မဟုတ်ကြောင်း သက်သေ ပြနိုင်လိမ့်မည်ဟု စိတ်ထဲမှာ ပေါ်ပေါက်လာခဲ့သည်။ ယခုတော့ ကျွန်မ၏ စိုးရိမ်မှု က ကျွန်မအပေါ် တန်ပြန်ခြင်း ခံရလေပြီ။

ကျွန်မကို စစ်ဆေးနေခြင်းမှာ နာရီဝက်ခန့် ကြာပါသည်။ ထိုအတောတွင်း ကျွန်မကို နှိပ်စက်ညှင်းပန်း ခြင်းမပြုပါ။ ခေါင်းဆောင် လုပ်သူသည် ကြက်တူရွေးကဲ့သို့ သူ၏ စွပ်စွဲချက်များကို ထပ်ကာတလဲလဲ ရေရွတ် နေပါသည်။ အပ်ကြောင်းထပ်အောင် ပြောဆိုနေခြင်းကပင် အမှန်တရားဖြစ်၍ ကျွန်မကထုတ်ဖော် ၀န်ခံ လိမ့်မည်ဟု ယူဆ လေသလား မသိပါ။

နောက်ဆုံးတွင် တရုတ် စစ်သားတစ်ဦး အခန်းထဲသို့ ၀င်ရော်ကလားပြီး တရုတ် ဘာသာဖြင့် သူ့အား တိုးတိုး ပြောနေ ပါသည်။သူဘာတွေပြောသည်ကိုတော့ ကျွန်မနားမလည်ပါ။ သို့သော် ကျွန်မ၏ အစစ်ခံ ချက်သည် အမှန် ဖြစ်ကြေင်း၊ ဤနေရာသည် ဆေးရုံဖြစ်ကြောင်း ပြောနေသည် ထင်မိပါသည်။ သူကဘယ်လို ပြောလိုက် သည်မသိ။ မေးခွန်းမေးနေခြင်းကတော့ ဖြုန်းခနဲ ရပ်သွားသွားကာ စစ်သား များက ကျွန်မ အခန်း အတွင်း၌ မွှေနှောက်ရှာဖွေကြပြီး လိုချင်သမျှ ပစ္စည်းများကို ယူသွားကြပါသည်၊ သူတို့ မလိုချင်သည့် မစ္စည်း များကိုမူ အိတ်များနှင့် ထည့်ပြီး ဝါးလုံးတန်းတွင် အခြား ပစ္စည်းများ နှင့် အတူ ချိတ်ဆွဲထားလိုက်ပါသည်။

သူတို့ထဲမှ စစ်သားတစ်ယောက်သည် ရှာလကာရည် ပုလင်းကို ဆာာကေဟု ထင်လေသလား၊ အရက် တမျိုးမျိုး ဟု ထင်နေလေသလား မသိ၊ တစ်ခါတည်း မော့ချလိုက်သည်။ သူ၏ လည်ချောင်းထဲသို့ ရှာလကာရည်များ ၀င်သွားသည်နှင့် မျက်နှာ ရှုံ့မဲ့မဲ့ ဖြစ်သွားပြီး ရှာလကာရည်များကို ထွေးထုတ် လိုက် သည်ကို မြင်ရသောအခါ တထိတ်ထိတ် တလန့်လန့် ဖြစ်နေသည့် ကြားထဲမှပင် မပြုံးဘဲ မနေနိုင်အောင် ဖြစ်ရ ပါသေးသည်။

တရုပ် စစ်သားများသည် အဆောက်အအုံတစ်ခုမှ တစ်ခုသို့ ကူးသန်းသွားလာကြကာ တွေ့သမျှ ပစ္စည်း များကို ယူငင်ပြီး နောက် မီးတင်ရှို့ ကြပါသည်။ ပစ္စည်းနှင့် စားစရာများ ထည့်ထားသော စတိုခန်းကို ဖွင့်၍ ရသမျှ ပစ္စည်းများကို လုယက်သွားကြသည်။ ထင်းပုံအောက် ၌ မြုပ်ထားသော နို့ဆီသေတ္တာ များ၊ ဟင်းချိုဘူး သေတ္တာများကို လည်း တူးဖော် ယူငင်သွားကြ ပါသည်။ တချို့ စစ်သားများက ကြက်များကို လိုက်လံ ဖမ်းဆီးပြီး အရှင်လတ်လတ် အမွေးနှုတ်နေကြပါသည်။

စစ်သားများသည် ကျွန်မတို့ထံမှ ရုတ်တရက် ထွက်ခွာသွားကြသည်၊ တဘက်ခြံဝင်းအတွင်းရှိ ဖြိုဖျက် ထားသော အဆောက်အအုံ အတွင်းသို့ ဝင်ပြေးကြပြီး အကာအကွယ် ယူကာ ဂျပန်များ ရှိမည်ထင်ရသော နေရာများ ဆီသို့ ရမ်းသမ်းပြီး သေနတ်များနှင့် တဒိုင်းဒိုင်းပစ်ခတ်နေကြပါသည်။

ကျွန်မသည် ကျွန်မ၏ အခန်းထဲ၌ တစ်ယောက်တည်း မတ်တတ်ရပ်နေပါသည်။ တစ်စုံတစ်ရာ အနာတရ မဖြစ်သဖြင့် ဘုရားသခင်ကို ကျေးဇူးတင်ရပါသည်။ ဂျပန်နှင့် တရုပ်စစ်တပ်များအကြားတွင် ဆေးရုံအနီး ပတ်ဝန်းကျင် ၌ သဲသဲမဲမဲ တိုက်ပွဲဖြစ်လာမည်ကို မည်မျှကြာအောင် စောင့်ရမည်နည်း ဟု တွေးနေမိ၏။ ယင်းကဲ့ သို့ တိုက်ပွဲဖြစ်လာခဲ့သော် ကျွန်မတို့တစ်တွေ လွတ်မြောက်ရန် မလွယ်ကူ တော့ပါ။

ကျွန်မ၏ တံခါးဝတွင် စူးစူးဝါးဝါး အော်သံ ထွက်ပေါ်လာ၍ တံခါးဖွင့်ကြည့်ရာ စပင်နီယက်ခွေးမျိုးနှင့် သိုးကျောင်း သော ခွေးမျိုးမှ စပ်ကျထားသော လက်စီဆိုသော ခွေးမဖြစ်နေပါသည်။ ခွေးမသည် အလွန် ဆိုးရသည့် အထဲ အစာကလည်း ၀လင်အောင် မစားရ၊ ခွေးကလေး ငါးကောင်ကိုလည်း နို့တိုက်နေရ သဖြင့် စိတ်က ဆတ်နေသည်။ ရန်လိုနေသည်။ ကျွန်မတစ်ဦးတည်းကသာ သူ့အပေါ် သြဇာပေး၍ ရသည်။ ကျွန်မထံသို့ ခွေးမလာခြင်းမှာ အကြောင်းရှိပါသည်။

ရုတ်တရက် အခန်းတံခါး ပွင့်သွားပြီး တရုတ်စစ်သား တစ်ယောက် ၀င်လာကာ ကျွန်မ၏ လည်ပင်းကို ဓါးနှင့် ထောက်ထားသည်။ စစ်သားအား မေးခွန်းထုတ်ရန် အခွင့်အရေး မရပါ။  ခွေးမက ထဟောင် တော့သည်။ ကျွန်မ သည် ခွေးမ၏ လည်းပင်းကို လှမ်းကိုင်ပြီး ထိန်းထားသော်လည်း မရပါ။ ခွေးမက ကျွန်မထက် များစွာ အားသန် သဖြင့် လွတ်ထွက်သွားသည်။
ခွေးမသည် တရုတ်စစ်သား၏ လည်မျိုကို ခုန်ဟပ်ကာ တအားခဲထားသည်။ တရုတ်စစ်သား၏ မျက်နှာ ပေါ်ဝယ် ကြောက်ရွံ့သည့် အမူအရာများ ပေါ်ထွက်နေပါသည်။ သူသည် သူ၏ ဓါးနှင့် လက်စီ၏ လည်ပင်းကို ထိုးလိုက် ရာ ပခုံး အထိ စိုက်ဝင်သွားခဲ့သည်။

ခွေးမသည် သူ၏ စလုတ်ကို မလွတ်တမ်း ကိုက်ခဲ ထားသဖြင့် သွေးများက အဆက်မပြတ် ပန်းထွက် လာသည်။ ကျွန်မ၏ မျက်နှာပေါ်လာရောက်ဖုံးအုပ်သဖြင့် ဘာမျှ မမြင်ရတော့ပါ။ သူသည် ဓါးကို လွတ်ချပြီး နောက် ခွေးကို ဖယ်ရှားပစ်ရန် ကြိုးစားပါသော်လည်း ခွေးက ခဲထားသော နေရာကို မလွတ် တော့ပေ။
သူသည် နောက်ပြန်လဲကျသွားပြီး လှေကားပေါ်မှ မြေကြီးဆီသို့ တလိမ့်ခေါက်ကွေး ကျသွားခဲ့၏။ သွေးများ က လည်းချောင်းတွင် ပိတ်ဆို့ပြီး မချိမဆံ သေဆုံးသွားခဲ့၏။ လက်စီသည် ထိုနည်းဖြင့် ကျွန်မ အား ကယ်တင် သွားခဲ့ပါသည်။

အလွန်ကြောက်စရာ ထိတ်စရာကောင်းသော အဖြစ်အပျက်နှင့် တွေ့ကြုံနေရသော်လည်း မိမိကိုယ် ကိုယ် စိစစ်ဝေဖန် နိုင်ပါသေးသည်။ ကျွန်မ၏ ကုသိုလ်ကံ ကောင်းနေခြင်းသည် ကုန်ဆုံးသွားလေပြီ တကားဟု အသိ ၀င်လာခဲ့၏။

တရုတ် စစ်သားများ ရောက်လာပြီးသေဆုံးနေသော သူတို့၏ရဲဘော်ကို တွေ့ရှိခဲ့သော် တစ်ချက်ကလေး ဆိုင်း မနေဘဲ ကျွန်မကို သတ်ပစ်ပေတော့မည်။ တရုတ်စစ်သားများသည် ဖြုန်းကနဲ့ရောက်လာကြသလို ရုတ်တရက် ထွက်ခွာသွားကြသည်။ သူတို့သည် ကွန်ဗင့်ကျောင်းနှင့် ကရိတ်မိုးအိမ်ကြီး တူရူသို့ ပြေးလွားသွားကြရင်း သေနတ်များကို ပစ်ဖောက်သွားကြသည်။ လမ်းတွင်တွေ့သမျှ အဆောက်အအုံ များမှ ပစ္စည်များ ကို ယူပြီး မီးလည်း ရှို့သွားကြသေးသည်။

လက်စီသည် ပြင်းထန်သော ဝေဒနာကို ခံစားနေရ၍ ညည်းညူနေပါသည်။ သူမ၏ လည်ပင်းမှ ဒဏ်ရာ များကို ဆေးထည့်ပြီး ရိုးရိုးအပ်ချည်နှင့် ကုသရာတွင် အသုံးပြုသော ချည်ကြိုးမရှိသည်မှာ ကြာပါပြီ။ နွားနို့ ပူပူတွင် အက်(စ) ပရင်ဆေးနှင့်ရော၍ တိုက်ပါသည်။ လက်စီသည် ကျွန်မ၏ ကိုယ်ပိုင်ခွေး မဟုတ်မူဘဲ စစ်ပြေး မိသားစု တစ်စုက ပေးသွားသော ခွေးဖြစ်သည်။ 

ဆက်ရန်  
>>>ဆက်ဖတ်ရန်>>> >>

Monday, February 8, 2010

စာဖတ်သူ အသံ (၁)

ဒီနေ့မနက် စောစောနိုးနေတာနဲ့ ကိုယ့်စိတ်ထဲမှာလည်း ရေးချင်တာလေးတွေရှိလို့ စာရေးမယ်လို့ စိတ်ကူးပြီး စက်လေးဖွင့်လို့ ရွှေစင်ဦး ဘလော့ဂ် လေးထဲဝင်လိုက်ပါတယ် ချောချောမောမော ပါဘဲ..၊ စာရေးဘို့ sign in လည်း လုပ်လိုက်ရော connection ကကျသွားပါတယ်..၊ စာရေးချင်တဲ့ စိတ်ကလေး တောင် ဘယ်ရောက် သွားမှန်းမသိပါဘူးဗျာ....။

ဒါနဲ့ တောင်လုပ် မြောက်လုပ် လုပ်နေရင်း ဆရာနေဝင်းမြင့် နဲ့ ဆရာမ ခင်ခင်ထူးတို့ ဆိုင်ရောက်လာတဲ့ အကြောင်းကို ပြန်သတိရသွားပါတယ်..၊ ဆရာ နဲ့ ဆရာမ တို့ ရဲ့ စာတွေကို ကျနော် အင်မတန် လေးစား ပါတယ်..၊ ဆရာ တို့ရဲ့ စာလေးတွေကို ဖတ် ပြီးရင် ဒါမှ အနုပညာ ဆိုပြီး ဂုဏ်ယူလိုက်ရတာလည်း အမောပါ..၊ ကျနော် လေးစားရသော အားကျရသော ဆရာတို့ ၂ယောက် ကို အပြင်မှာ တွေ့လိုက်ရတဲ့ အတွက် ကျနော် ရဲ့ ပိတိဟာ ဖြင့် တော်တော် ကြီးမားပါတယ်..။

 ဆရာတို့က ဆိုင်မှာ မိတ္တူလာကူး တာပါ..လမ်းသင့်နေလို့ ဆိုင်ကို ရောက်လာတာပါ..၊ ဆရာမ နဲ့ ဖွေးဖွေး ကို ကားပေါ်က ဆွဲခေါ်ပြီး အအေး တွေဘာတွေတိုက်ပြီး ကျနော့် ရဲ့ အင်တာဗျူး လေးကိုစဖြစ်တယ် ခင်ဗျား..၊ ကျနော်က ဆရာ တို့ စာရေးရင် ဘာနဲ့ ရေးပါသလည်းလို့ စာရွက်နဲ့လား ကွန်ပျူတာ နဲ့ လားလို့ မေးတာပါ..၊ ဆရာ က စာရွက်နဲ့ ဘဲ ရေးတာပါတဲ့.. ဆရာမ လည်း အတူတူပါဘဲတဲ့..၊ ကျနော့် စိတ်ထဲ မှာ အားမလို အားမရတွေ တအားဖြစ်သွားတယ်..။

ဆရာ ရယ် ကွန်ပျူတာ လေး နဲ့ ရေးပါလား လို့ လျှာရှည်လိုက် ပါတယ်..၊ ဆရာက ကွန်ပျူတာ သိပ်မသုံး ဘူးတဲ့ ကွန်ပျူတာ ရှေ့ထိုင်လိုက်ရင် ဈန်မဝင် တော့ဘူးတဲ့..၊ ကျနော် ကလည်း ကျနော် ဖြစ်စေချင်တာ ဇွတ်ပြောတာဘဲ.. ဆရာ ရယ် ကွန်ပျူတာ နဲ့ စာရေးရင် သိပ်သက်သာတယ် လူမပင်ပန်း တော့ဘူး ဆိုပြီး ပြောပါတယ်..၊ အဲဒီတော့ ဆရာက အားနာလို့ ထင်တယ် ကျနော် ကျိုးစားပါမယ်တဲ့.. ။ 

ဆရာမ ကိုလည်း ကျနော်က ဂတိတွေပေး သေးတာခင်ဗျား.. ဆရာမ ရယ် ကွန်ပျူတာလေး နဲ့ စာရေးပါ.. ဆရာမ အသုံးခက်နေရင် ကျနော် ကူပေးပါမယ်လို့ ပြောလိုက်တယ်ခင်ဗျား..၊ ကျနော့် စိတ်ထဲမှာ ဆရာ တို့ ကို တကယ်ကို မပင်ပန်းစေချင်လို့ပါ..၊ စာရွက်နဲ့ ရေးရတာ အခုမှ စဉ်းစားကြည့် ရင် တော်တော် ခက်တာဘဲဗျာ..၊ အမှားပြင်ရတာလည်း လွယ်မှမလွယ်တာ..၊ ဆရာ တို့လို ဖန်တီး နိုင်စွမ်း မှာ သူ့မတူအောင် တော်နေတဲ့ သူတွေမှာ နည်းပညာ နဲ့ ပတ်သက်တဲ့ အချက် လေးတွေကို ဖြည့် လိုက်ရင် ပိုမို ပြီးတော့ စာတွေ ရေးနိုင်လာအောင် ဆရာတို့ မပင်ပန်းပင်အောင် ပါဗျာ....စေတနာပါ..။

အခု ကျနော် စာရေးတဲ့ အခါမှာ တော့  ကျနော့် က လူပါးဝလွန်းအားကြီးနေတယ်ဗျ.. ကွန်ပျူတာနဲ့ စာရေး တာတင် မကဘူး တခါထဲ ဘလော့ထဲက new post ထဲမှာ ရေးရမှကို ဈာန် ဝင်တော့ တာကိုးခင်ဗျား...အရူး အမဲသားကျွေးမိတယ် ဆိုတာ ဒါမျိုးနေမှာလို့ ကိုယ်ကိုကိုယ့် လည်း သြဘာပေးလိုက်မိတယ်..၊ ဒါတွေက ကြုံလို့ ပြောမိတာပါ..။

အခု ကျနော် ရေးချင်တာက စာဖတ်သူ အသံခင်ဗျား..၊ ကျနော့် စာတွေကို ဖတ်ပြီး တကယ့် ကို ကျနော့်ကို သူတို့ကောင်းစေချင်တဲ့ စေတနာနဲ့ ဝေဖန် အကြံပေးခဲ့ကြသော မိတ်ဆွေ နှစ်ယောက် ရဲ့ ဝေဖန်ချက်ပါ..၊ နှစ်ယောက် ခင်ဗျား..၊ နှစ်ယောက်စလုံး က ကျနော်ထက် အသက်အားဖြင့်တော့ ငယ်ပါတယ်..၊ ဝါအားဖြင့် တော့ ကျနော့် ထက်ကြီးမယ် ထင်ပါတယ်..။

ကျနော် ဟာ ဘာမဟုတ်တဲ့ ဆိုင်လေးမှာ ဘာမဟုတ်တဲ့ application course လေးတွေသင်ပြီး ဘာမှ အထင်ကြီးစရာ မရှိတဲ့ အလုပ် တွေ လုပ်ဘို့ဘဲ သိပါတယ်ခင်ဗျား..၊ ကြီးမားတဲ့ တာဝန် တွေ မထမ်း ဆောင် ဘူးပါဘူး..၊ ကျနော့် ရဲ့ ပညာကလည်း ဗမာပြည်က လူမသုံးတဲ့ ဘွဲ့လေးတဘွဲ့ ထဲ ပါဘဲ..၊ဒါဟာ ကျနော့် ရှိသမျှ အရည်အချင်း အကုန်ပါဘဲ..။

ဒါပေမဲ့ အခုကိစ္စက အဲဒါတွေနဲ့ မဆိုင်ပါဘူး..၊ ကျနော် စာရေးတဲ့ ပုံစံကို ဝေဖန်ခဲ့တာပါ..၊ ပထမ ဆုံး စာရေးတဲ့ ပုံစံက စာမချောဘူး ပေါ့ဗျာ.. စာရေးတာကို ဖတ်တဲ့ အခါမှာ ထောက်တယ်ပေါ့..၊ အဲဒါနဲ့ ပတ်သက်လို့ ကျနော် ပြောချင်ပါတယ်..၊ ဝေဖန် အကြံပေးတာ မှန်ပါတယ်..၊ ကျနော် ဟာ စာရေးချင်တဲ့ စိတ်တွေ သိပ်များ နေတဲ့ အပြင် publish လုပ်ချင်တဲ့ စိတ်တွေ သိပ်များ နေတဲ့ အတွက် သေချာ စာချော အောင် အချိန်မပေးခဲ့ ရဘူးခင်ဗျား..၊ အဲဒီအတွက် ကျေးဇူးတင်ပါတယ်.. ကျနော့် ရဲ့ စာတွေကို ဖတ်ခဲ့ ကြတဲ့ ပရိတ်သတ်ကို မလေးစား ရာရောက်တဲ့ အတွက် ကျနော် ပြုပြင်ပါမယ်.. သေချာ ချောမောအောင်လုပ်ပြီးမှ တင်ပါမယ် လို့ ဒီနေရာကနေ ဂတိပေးပါတယ်..ကျနော် အစွမ်းရှိသမျှတော့ ချောအောင် လုပ်ပေးပါမယ်ခင်ဗျား..။

ဒုတိယ က သတ်ပုံအမှားတွေ သိပ်များနေတယ်တဲ့...၊ အဲဒီ အတွက်လည်း ကျနော် ဝန်ခံပါတယ် ခင်ဗျား..၊ ကျနော်ဟာ စာဘယ်လောက်ဖတ်ဖတ် ကျနော့် ရဲ့ သတ်ပုံ က မှားမြဲမှားနေတာဘဲ ခင်ဗျား..၊ ချစ်ညီမ ကလည်း တတ်နိုင်သလောက်တော့ ပြင်ပေးရှာပါတယ်..၊ သူကလည်း သူ့စာသူသင်.. သူ့အလုပ်သူ လုပ်ရ သေးတာဆိုတော့ အားတိုင်း ရေးနေတဲ့ ကျနော့် ရဲ့ အမှားတွေကို ပြင်ပေးဘို့ အချိန်မပေး နိုင်ဘူး ခင်ဗျား..၊ ကျနော် ကလည်း သူပြင်ပေးတဲ့ အချိန်ထိကို မစောင့်နိုင်ဘူး ...၊  ဒီတချက်ကလည်း ကျနော့် ရဲ့ အားနဲချက် ပါခင်ဗျား..။

စာချစ်သူ တွေကို မလေးစားရာ ရောက်တဲ့ အတွက် ကျနော် တတ်နိုင်သလောက် ပြင်ပေးပါမယ်ခင်ဗျား..၊ နောက်ထပ် အမှားတွေ တွေ့ရင်လည်း ကျနော့် ရဲ့ ပညာ အခြေခံ နည်းပါးမှု့ နဲ့ အလောသုံးဆယ် လုပ်တတ်မှု့ တွေ အတွက် ခွင့်လွှတ်ပေးဘို့တောင်းပန်ချင်ပါတယ်ခင်ဗျား..။

နောက်တခါ ဝေဖန်ခဲ့တာကတော့ ကျနော့် စာတွေဖတ်ပြီးရင် ပူလောင်ရတယ်တဲ့....၊ စိတ်မအေးချမ်း ရဘူး ပေါ့ဗျာ..၊ အဲဒီအတွက်တော့ ကျနော် နဲနဲလောက် ဖြေရှင်းချင်ပါတယ်..၊  ကျနော် စာတွေရေးတဲ့ အခါမှာ ဘဝ မှာ တွေ့ကြုံ ခဲ့ ရသမျှကို အမှန်အတိုင်း သိစေချင်တဲ့ အတွက် ကျနော် မှတ်မိသလောက် အမှန် အတိုင်းဘဲ တင်ပြခဲ့ ခြင်းဖြစ်ပါတယ်..။

ဘယ်သူ့ကိုမှ သာစေ နာစေ သဘောမထားခဲ့ သလို ကျနော့် စိတ်ထဲမှာ အညှိုးအတေး တွေရှိနေလို့ ရေးခဲ့ခြင်းမဟုတ်ဘဲ စာဖတ်သူများ အမှန်အတိုင်း အရာရာကို သိစေချင်တဲ့ အတွက် အမှန်အတိုင်းဘဲ ရိုးရိုးသားသား ဘဲရေးခဲ့ခြင်း ဖြစ်ပါတယ်..၊ ကျနော့် ဘဝ ဟာ ဒီလိုဘဲ ဖြစ်နေလို့ ဒီလို ဘဲ ရေးခဲ့ခြင်း ဖြစ်ပါတယ်..၊ ပူလောင်တယ်လို့ ထင်ခဲ့ရင် ပူလောင်ခဲ့တဲ့ ကျနော့် ဘဝကိုဘဲ အပြစ်တင်ပါတော့ခင်ဗျား..။

နောက်တချက် ကတော့ ကျနော် ဟာ ရင့်ကျက်မှု့(mature) မဖြစ်ဘူးတဲ့..၊ အဲဒီ အတွက်လည်း သေချာ ပြောထား သေးတယ်ခင်ဗျား..၊ ကျနော့် အသက် အရွယ်ဟာ စိတ်အေးချမ်းမှု့ကို ရှာပြီး ဘုရား တရားလုပ် ရမယ့် အရွယ်ပေါ့ဗျာ..၊ ဒါတွေကို ရေးပြီး ဒီလို လုပ်နေတာတွေဟာ (ဘလော့ ထောင်ပြီး မဟုတ်တာတွေရေး ပြိုင်ပွဲ မှာ မကောင်းကြံနေတာကို ပြောတာနေမှာပေါ့) mature မဖြစ်တာတွေကို ပြရာရောက်တယ် လို့ထင်နေပါတယ်....၊ (ဒါလည်း ကျနော် ထင်တာပြောတာပါ၊ ဘာကိုကြည့်ပြီး mature မဖြစ်ဘူးလို့ သူထင်ခဲ့ လည်း ကျနော် သေချာ မသိပါဘူး..)..အဲဒီ အတွက်လည်း ကျနော် မတတ်နိုင်ပါဘူး..၊ mature မဖြစ်တာ ဟာ မဖြစ်တာဘဲ ဖြစ်တဲ့ အတွက် ထင်တဲ့ အတိုင်းဘဲရှိစေချင်ပါတယ်ခင်ဗျား...။

ဘလော့ဂ် ထောင်ပြီး မဟုတ်တရုပ်တွေ ကျနော် ရေးနေခြင်း မဟုတ်ပါ..၊ စာချစ်သူများကို ကျနော့် ဘလော့ဂ် လေးကနေ ကျနော် တတ်နိုင်တဲ့ အခြေအနေမှာ စာကောင်းလေးတွေ ဖတ်စေချင်တဲ့ စေတနာ နဲ့ ကျနော် စာကောင်းလေးတွေ တင်ပေးပါတယ်..၊ နောက်တခုက စာရေးချင်တဲ့ ကျနော့် ဝါသနာကို ကျနော့် ရဲ့ စိတ်အဟာရ ကိုဖြည့်တင်းတဲ့ အနေနဲ့ ကျနော် စာရေးပါတယ်..၊ စာတွေ မကောင်းလို့ မဖတ်ချင်ရင်လည်း ကျနော် အပြစ် မတင်ပါဘူး..ခင်ဗျား..၊ ကျော်ခွပြီးတော့ ဖတ်သွားလို့ ရပါတယ်ခင်ဗျား..။

ကျနော်ဟာ ငယ်ငယ် လေးထဲက စာတွေဖတ်ရင်း ကြီးပျင်းလာခဲ့ပါတယ်..၊ စာဟာ ကျနော့် ရဲ့ ကစားဖော်..၊ စာ ဟာ ကျနော့် ရဲ့ချစ်သူ..၊ စာ ဟာ ကျနော့် ရဲ့ ဆရာ..၊ စာ ဟာ ကျနော့် ဘဝ ရဲ့ ပဲ့ကိုင် ထိမ်းသိမ်းသူ...၊ စာ သာလျှင် ကျနော့် ဘဝ ကို အဆုံးအဖြတ်ပေးသူ ဖြစ်ခဲ့ လို့ ကျနော့် ဘဝကို စာနဲ့ ရင်းနှီးအောင် စတင် ပြုစု ပျိုးထောင်ပေးတဲ့ ကျနော့် ဖေဖေ..၊ စာကောင်း တွေကို ဖတ်တတ်အောင် ပြုစုပျိုးထောင်ပေးတဲ့ (choice of book ) လုပ်ပေးခဲ့ တဲ့ ကျနော့် ရဲ့ ငယ်ဆရာ အုန်း (ဦးအုန်းမြင့်လှိုင်) တို့နဲ့ ကျနော် ဖတ်ခဲ့ တဲ့ စာအုပ်တွေကို ရေးခဲ့ကြတဲ့ ..၊ ကျနော် မဖတ်ဖြစ်တဲ့ စာအုပ်များကို ရေးခဲ့ ကြတဲ့ ...ဆရာ ..ဆရာမ များရဲ့ ကျေးဇူးတရားကို အမြဲ အောင့်မေ့ အမှတ်ရနေရနေကြောင်း ထပ်ဆင့် ဖော်ပြပါတယ်..။

စာဖတ်ခြင်းကြောင့် ကျနော် လို ဘာမှ မဟုတ်တဲ့ (ဉာဏ်လည်း မကောင်း၊ နိုင်ငံခြား မှ ပေးသော ဘွဲ့များကိုလည်း မရ၊ ရာထူးကြီး အဆင့် မှာလည်း တာဝန် ထမ်းဆောင်နိုင်ခြင်းမရှိ၊ ငွေကြေးလည်း မချမ်းသာ) တဲ့ ကျနော်ဟာ အခုလို ကမ္ဘာကြီး နဲ့ ဆက်သွယ် နိုင်လာပါတယ်..၊ အခုလို ကိုယ်လက်လှန်းမှီ သလောက် ကျနော့် သား သမီး များကို အလုပ်တခုပေးနိုင်လာပါတယ်..၊ ဒါတွေအပြင် ဆိုင်မှာ လာရောက် အားပေးကြတဲ့ မိတ်ဆွေများ စိတ်ချမ်းသာအောင် လုပ်ကိုင်ပေးနိုင် ခဲ့ပါတယ်..၊ ဒါတွေဟာ.. စာဖတ်ခြင်း ကြောင့် ပါလား.. ဆိုပြီး တခြား လူများလည်း ကျနော်ထက် အဆပေါင်းများစွာ ကမ္ဘာကြီး အတွက် အကျိုးပြု နိုင်အောင် စာကောင်းများ ကို လက်လှန်းမှီသလောက် ဖတ်နိုင်အောင် ကျိုးစားပေးနေပါတယ်..။

နောက်တဆင့် အနေနဲ့  စာကောင်းပေကောင်းများ ရေးနိုင်အောင်လည်း ကျိုးစားနေပါတယ်..၊ ဒါပေမဲ့ ကျနော် ရေးတဲ့ စာတွေကို ဖတ်ပြီး ပူလောင်စေသူများ..၊ mature မဖြစ်ဘူးလို့ ယူဆပြီး ဘာအကျိုးအမြတ် တခုမှ ရမသွားတဲ့ အပြင် စိတ်မအေးချမ်း နိုင်သူများ ရှိနေတဲ့အတွက် တော့ ကျနော်ဟာ ဝမ်းနဲလို့ မဆုံး နိုင်အောင် ဖြစ်နေ ရပါတယ် လို့ ပြောရင်း ဒီ ပို့စ် လေးကို ရေးပါတယ်ခင်ဗျား..။

နောက်ဆုံး အနေနဲ့ ကျနော် ပြောရရင် ဒီလောက် mature မဖြစ်တဲ့ ကျနော့် ရဲ့ စာများကို စိတ်ရှည်စွာ သည်းခံ ဖတ်ပေး ကြတဲ့ ကျနော့် ရဲ့ စာဖတ်သူများကို ကျေးဇူးများ ထပ်ခါထပ်ခါ တင်ပါကြောင်းနဲ့  ကျနော် mature မဖြစ်ပေမဲ့ mature ဖြစ်တဲ့ သူများရဲ့ စာများကိုလည်း တင်ပေးထားတဲ့ အတွက် လာရောက် ဖတ်ကြပါ ခင်ဗျား..၊ mature မဖြစ်တဲ့ ကျနော့် ရဲ့ စာများကို မဖတ်ဘဲ ချန်ထားလို့ရပါတယ် ခင်ဗျား..၊ အဲဒီလို ဖတ်သွားတဲ့ အတွက်လည်း ကျနော် ဟာ ကျေးဇူးတင်ပါတယ်..လို့ ပြောကြားရင်း တကယ်ကိုဘဲ အဆုံးသတ် လိုက်ပါပြီခင်ဗျား...အားလုံးအတွက် ကျေးဇူးပါ..။

စာကြွင်း

ကျနော့် ကို ဝေဖန် အကြံပြုချင်ရင် အားမနာ ပါနဲ့ ခင်ဗျား.. comment ကနေ ပြောလို့လည်း ရပါတယ်..၊ ကျနော် တင်ပေးပါ့မယ်..၊ အီမေးလ် ကနေ ပို့ချင် ရင်လည်း shwezinu1961@gmail.com ပါ..၊ mail ကို မဖော်ပြ စေချင်ရင်လည်း မဖော်ပြပေးပါဘူး ခင်ဗျား.. ကျေးဇူးအထူးတင်ပါတယ်..။

စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၈)

ကျွန်မသည် ဘေးချော် ရေးနေမိပါသည်။
သူတို့တပ်ဖွဲ့ နောက်ဆုံး ထွက်ခွာမသွားမီ တပ်ကြပ်ကြီးသည် ကျွန်မထံရောက်လာပါသေးသည်။ စုတ် ပြတ်ဟောင်းနွမ်နေ၍  စွန့်ပစ်ထားဟန်တူသော ပို့ဒ်ဆီဒင်ကားနှင့် သူရောက်လာခြင်းဖြစ်ပါသည်။ ကျွန်မသည် ထိုအချိန်၌ ခွဲစိတ်ခန်းကို ဆေးကြောသန့်စင်နေစဉ် ၀ရန်တာမှ လျှောက်လာသော သူ၏ ဖိနပ်သံ ကို ကြားရပါသည်။

"ရှင်တို့လူစု ထွက်သွားကြပြီလို့ ထင်နေတာ"ဟု ကျွန်မက ပြောပါသည်။
"ကျွန်တော်တို့ အခုပဲ ထွက်ကြတော့မယ်၊ ဒီကို ပြန်ရောက်မှာမဟုတ်တော့ဘူး"
ကျွန်မသည် သူ၏ စုတ်ချာချာ ကားကလေးကို ကြည့်ရင်း အားယူပြုံးလိုက်သည်။
"ရှင်က ဇိမ်နဲ့ခရီးထွက်ရတော့မှာကိုး"ဟု မှတ်ချက်ချမိသည်။

"မင်းအတွက် ယူလာတာပါ  ဖလော၊ ဒီကားကို ငှားလာတာပါ၊ မင်းစိတ်သဘောထား ပြောင်းမယ်ဆိုရင် တို့ရဲ့ လော်ရီကား တစ်စီးစီးပေါ် တက်ပေါ့"
ကျွန်မက ဘာမှပြန်မပြောဘဲ ခေါင်းခါပြသည်
"ဒီကားကို ဆေးရုံနောက်ဖက် တစ်နေရာရာ မှာ ၀ှက်ထားပါ၊ ဂျပန်တွေ ရောက်လာတဲ့ အခါကျရင် ဆန့် သလောက် လူတွေတင်ပြီး ဝေးနိုင်သလောက် ဝေးဝေးကို မြန်မြန်သာ မောင်းပြေးပါ"
"ကားထဲမှာ သော့ ထားခဲ့သလား"
"သော့ မရှိဘူး ၀ိုင်ယာကြိုး ဆက်ပြီး မောင်းလာတာ၊ တိုင်ကီထဲမှာ ဓာတ်ဆီ တစ်ဝက် ကျော်ကျော်ရှိ တယ်၊ ဝေးဝေး ရောက်နိုင်သလောက် ရောက်အောင် သွားပါ"သူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီး လေသံ တိုးတိုးဖြင့် "ဘုရား သခင်က မင်းကို စောင့်ရှောက်ပါစေ"ဟု ပြောပါသည်။

"ဂွတ်ဘိုင် တပ်ကြပ်ကြီး"
"ဂွတ်ဘိုင် ညီမလေးရေ"ဟု သူက ပြောသွားသည်။
"ညီမလေးရေ"ဟူသော အသုံးအနှုန်းသည် ကျွန်မအား အချိုသာဆုံး ဂုဏ်ပြုခြင်း ဖြစ်ပါသည်။ အကယ် ၍သာ သူက 'ဖလော'ဟူသော အသုံးအနှုန်းကို သုံးခဲ့သော် သူအား ကျွန်မ မုန်းတီးနေမိပါလိမ့်မည်။
ဒီအခေါက်သည် သူ့ကို နောက်ဆုံးတွေ့ရခြင်း မဟုတ်ပါ။

ညနေ၀င်ရီတရောတွင် သူတို့သည် တစ်တန်ခွဲ လော်ရီကားကို စီး၍ ဆေးရုံနားမှဖြတ်မောင်းပြီး လက်ဝှေ့ ယမ်း ပြသွားကြသည်။ သူတို့လာမည် ကို ကျွန်မက ကြိုတင်သိနေသဖြင့် စိတ်ဓာတ်ကျနေသည့် ပုံပန်းမျိုး မဖြစ်ရလေအောင် အသန့်ရှင်းဆုံး သော သူနာပြုဝတ်စုံကို ၀တ်ဆင်ထားပါသည်။ ကျွန်မက ပြုံးပြီး ပြန်လည် ၍ လက်ဝှေ့ယမ်းပြပါသည်။ ကားနောက်ပိုင်း၌ ဖုန်လုံးကြီးထလာသောအခါ ကားနောက်သို့ ပြေးလိုက် သွားမိခဲ့ပါသည်။

ကျွန်မသည်  ကိုက်အနည်းငယ်မျှ ပြေးလိုက်မိသည်ဟု ထင်ပါသည်။ ယင်းနောက်ကျွန်မသည် ဆေးရုံ သို့ ပြန်လာ ခဲ့သည်။
ကားနောက်မြီးတွင် ထကျန်ရစ်ခဲ့သော ဖုန်များအကြားမှပင် သူ့တို့၏ပြုံးဖြဲဖြဲ ပါးစပ်ထဲမှ  သွားများကို လှမ်းမြင် နေရသည်။ သူတို့အား မျက်စိတဆုံးကြည့်နေမိသည်။ နောင်၃နှစ်ခွဲ အချိန်အတွင်း ကျွန်မ နောက်ဆုံးမြင် တွေ့ရသော လွတ်လပ်သူများပင် ဖြစ်ပါသည်။

(၃)
ကျွန်မသည် ၀ရန်တာ၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး အထီးကျန်ဘ၀၏ ခံစားမှု့ လွမ်းခြုံလျက် ပူဆွေး ၀မ်းနည်း နေပါသည်။
သင်္ဘောလမ်းများနှင့် ကမ်းဝေးပြီး လူသူမရှိ ချောင်ကျသည့် ကျွန်းတစ်ကျွန်းပေါ်၌ သောင်တင်နေ သောကြောင့် ကယ်မည့်သူ ဝေးနေသော လူတစ်ယောက် ကဲ့သို့ ခံစားနေမိသည်။
ကျွဲနွားများ သယ်ဆောင်သည့် အလွန်ကျယ်ဝန်းသော သင်္ဘောဧရာထဲဝယ် တစ်ယောက်တည်း လူးလိမ့် နေရသလို ခံစားမိသည်။ ကြေကွဲ ၀မ်းနည်းသွားမိသည်။

သို့သော် ယခုလို စိတ်လွတ်ထွက်သွား သည်မှာခဏလေးပင် ဖြစ်ပါသည်။ ကျွန်မသည် မိမိ၏ ကြမ္မာကို မိမိ ကိုယ်တိုင် ရွေးချယ်ခဲ့သည် မဟုတ် ပါလားဟုမိမိကိုယ်ကိုယ် ပြန်သတိပေးရသည်။ ကိုယ့်ကိုယ်ကိုယ် သနား မိရာမှ ရှက်လာပြန်သည်။ ဗိုလ်မှူးကြီးဘရော့ကယ်လ်ဟပ်(စ် )က ဒီနေရာကို ထွက်ခွာသားရန် တိုက်တွန်း ခဲ့စဉ် ကျွန်မက ရဲရဲတောက် ခွန်းတုံ့ပြန်ခဲ့တာကို သတိရလာမိပြီး သူကပင် ကျွန်မအား ကွယ်ရာမှ ချောင်းကြည့် နေသည် ဟုခံစားရကာ မျက်နှာများနီ၍ ရှက်သွေးဝင်သွားခဲ့၏။

ကျွန်မသည် ခါးကို ဆန့်လိုက်ပြီး ဘာတွေလုပ်ရမလဲဟု လေးလေး နက်နက်စဉ်းစား လိုက်သည်။ ကျွန်မတို့၏ အခြေ အနေသည် အလွန်ဆိုးရွားနေကြောင်းကို ဟန်ဆောင်း၍ မရပါ။ ပြင်ပကမ္ဘာနှင့် အဆက်ပြတ် သွားပြီဖြစ်၍ စစ်၏အခြေအနေ မည်သို့ရှိသည်ကို မခန့်မှန်းနိုင်ပါ။ ဒါပေမဲ့သေချာတာ တစ်ခုကတော့ ကျွန်မတို့ ဘက်က အခြေအနေ မဟန်တာပါပဲ။
နောက်တစ်ကြိမ် ယူနီဖောင်းဝတ် စစ်သားတွေနှင့် ဆုံခဲ့သော် ထိုစစ်သားသည် ဗြိတိသျှ စစ်သားများ ၀တ်သည့် ယူနီဖောင်းမဟုတ်နိုင်တော့ ဆိုသည်ကို သိနေပါသည်။ ရုပ်ရှင်ဇာတ်လမ်း ဆန်ဆန်လာ ရောက် ကယ်တင် မည့်နည်းလမ်းတွေကို စဉ်းစားနေ၍ မဖြစ်ပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မက အသက်ဆက်ရှင်နေမှသာ ကျွန်မ၏ လူနာများ အသက်ဆက် ရှင်ဖြစ်ပါသည်။
''မည်သို့ လုပ်ရမည်နည်း '' ဟုကိုယ့်ကိုယ် ပြန်မေးရပါသည်။ ၀မ်းနည်းပူဆွေးပြီး ကြံရာမရသော လူတွေ လုပ်ပုံလုပ်နည်းအတိုင်း ခေါင်းငုံ့၍ ဘုရားကို တိုင်တည်လိုက်သည်။ '' သူနာပြုဆရာမ တစ်ဦး၏ လက်စွဲ ဘုရားရှိခိုးလင်္ကာ'' ကို ခပ်ကျယ်ကျယ် ရွတ်ဆိုမိပါသည်။ ကျွန်မ၏ ခေါင်းရင်းတွင် ဤလင်္ကာလေး ကိုမှန်ပေါင် သွင်း၍ ထားပါသည်။ လင်္ကာကို ပြန်ကြည့်ရန် မလိုပါ။ ကျွန်မ အနေနှင့် ဇဝေဇ၀ါ ချီတုံချတုံ ဖြစ်နေသော ကာလ များ၌ ထပ်ခါတလဲလဲ ရွတ်ဆိုခဲ့ဖူးသဖြင့် ကျွန်မ၏ အသည်းတွင် တွဆိပ်ခတ်ထား ဘိသကဲ့သို့ အလွတ် ရနေပါသည်။ လောလောဆယ် အရေးတကြီး လိုအပ်ချက်မှာ တောင်းကြီးမြို့ တွင် ကျွန်မ ချန်နေရစ် ခဲ့ခြင်း၏ အကြောင်းတရားကို ပြန်လည်သတိရနေရန်သာ ဖြစ်ပါသည်။

ကျွန်မလုပ်တာ မှန်သည်၊ အခြားနည်းလမ်း တစ်ခုခုကို ကျွန်မအလုပ်နိုင်ဟူသော ယုံကြည်စိတ်ချမှုကို အလိုရှိ နေပါသည်။
'' သူနာပြု ဆရာတစ်ဦး၏ လက်စွဲဘုရားရှိခိုး'' ကဗျာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ကမ္ဘာနှင့် အ၀န်းဘေးဒုတ်က္ခ အသွယ်သွယ်တို့ဖြင့် ကြုံတွေ့နေရသော လူပေါင်းတို့၏ ကယ်တင်ရှင် အို ဘုရား သခင်၊ နားဆင်တော်မူပါ။
ရောဂါ ဝေဒနာတို့၏ ဇာစ်မြစ်ကို မြင်သိနိုင်သော စက္ခုအာရုံ၊ နာကျင်ကိုက်ခဲမှုများကို လက်ဖြင့် ထိတွေ့ရုံ မျှနှင့်ပျက်ကင်းစေနိုင်သော စွမ်းအင်၊ ဝေဒနာ ခံစားနေရသူများ၏ ညည်းညူသံကို ဆောလျင်စွာ ကြားနိုင်သည့် သောတ အာရုံ၊ လူအပေါင်းတို့အား ဖြေသိမ့်နိုင်ပြီး အားအင်ဖြည့်တင်း ပေးနိုင်သည့် ပီယ၀ါ စာ စကားကို ချီးမြှင့် ပေးသနားတော် မူပါအရှင်။

အရှင်၏စွမ်းအင်နှင့် ခြေလုမ်းများအတိုင်း လျှောက်လှမ်းနိုင်ရန်နှင့် သင်၏ မွန်မြတ်သော လုပ်ငန်းများ ကိုဆောင်ရွတ်နိုင်ရန် ကျွန်ုပ်ကိုခွန်အား ပေးသနားတော်မူပါ။
ဘုရားရှိခိုးသည် အတိတ်ကာလ ကျွန်မအတွက် လက်စွဲဖြစ်နေသဖြင့် စာသားများက အလိုလိုပါးစပ် ထဲသို့ရောက်လာခဲ့၏။ အရေးတကြီးအခြေအနေမျိုးမှာ ထုတ်ပြီးရေရွတ်ရလိမ့်မည်ဟု ကျွန်မမထင်ခဲ့ပါ။ ယခုတော့ အရေးကြုံလာပါပြီ။

ဘုရားရှိခိုးကို ထပ်ခါတလဲလဲ ရေရွတ်ပြီးနောက် နေသာထိုင်သာရှိသွားပါသည်။ ဘုရားရှိခိုးသည် လင်္ကာသာရ ရှုထောင့်က ကြည့်လျှင်အဆင့်အတန်းမြင့်လှသည် မဟုတ်သောလည်း စာသားများက အဆင့်အတန်းမြင့်လှ၍ ကျွန်မအလိုရှိသည်ကိုတော့ ဖြည့်တင်းပေးလိုက်ပါသည်။ ယင်းဘုရားရှိခိုးသည် ကျွန်မအားဘ၀မှန်သို့ ပြန်ပို့ပေးခဲ့သည်။ ကျွန်မ၏အခြေအနေကို ပြန်လည်စဉ်းစားနေခြင်းထက် ကျွန်မမှာလုပ်စရာတွေ တစ်ပုံတစ်ခေါင်း ရှိနေပါသည်။ ကျွန်မသည်ဘုရားသခင်အား တိုင်တည်ပြီး နောက်အ၀တ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးသော် လူနာဆောင်များအတွင်း၌ လှည့်လည်ကြည့်ရှုရန် တာဝန်ရှိသူ တစ်ယောက်အဖြစ်လှမ်းထွက်ခဲ့ပါသည်။

ကျွန်မ၏ ယုံကြည်မချက်များသည် လွင့်ပါးသွားပါသည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်မ၏ ဆုတောင်းကို ချက်ချင်းဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့ရုံမျှမက ဝေဒနာခံစားနေရသူတို့၏ နာကြည်းစွာညည်းညူသံများက ကျယ်လောင်လှပါသည်။ သို့သော် ကျွန်မအလိုရှိသည်များကို အင်အားအပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွတ်နိုင်တော့မည်ဟု ခံစားလာရသည်။
ကျွန်မသည် လူနာကုတင်တိုင်းရှိ ခြေရင်း၌ မတ်တတ်ရပ်၍ လူနာများကို အားပေးစကား အနည်းငယ် စီပြောကြားခဲ့ပါ၏။ အခြေအနေများတိုးတတ်ကောင်းမွန်လာ သယောင်ယောင် သူတို့ကို ထင်မှတ် စေပါသည်။

'' အခုဆိုရင် ကျွန်မတို့ချည်းပဲ ကျန်တော့တယ်၊ဒီလိုကြားရတာအားလုံး ၀မ်းသာကြမှာပါ၊ ရှင်တို့တစ်တွေ ကျန်းမာလာအောင် ထူထူထောင်ထောင် ဖြစ်လာအောင် ကျွန်မဂရုစိုက်နိုင်တာပေါ့၊ ဒါပေမဲ့ကိုယ်ကိုယ်လည်း ဂရုစိုက်ပါ၊ ကျွန်မပြောတာ မှတ်ထားကြနော်''ဟူ၍ ပြောကြားခဲ့ပါသည်။

ကျွန်မပြောသွားသော စကားလုံးများသည် သူနာပြုနှင့် လူနာတွေ့လျှင် သုံးနေကျ စကားများဖြစ်၍ သန်းချီ၍ သုံးစွဲသွားခဲ့ဖူးပြီး ဖြစ်ပါသည်။ကျွန်မ၏စိတ်ထဲ၌ သင်္ကြန်အမြောက်ကဲ့သို့ ထင်မှတ်စေကာမူ သူတို့ တစ်တွေ စိတ်ချမ်းသာ သွားကြပါ၏။ လူမမာတစ်ဦးတစ်ယောက်ကို '' စိတ်ဓာတ်ခိုင်ခိုင်ထားပါ၊ မကြာခင် ရောဂါ ပျောက်ကင်း သွားမှာပါ''ဟူသောအားပေးမှုသည် ဆေးကောင်းတစ်လက်ထက်ပင် ပိုမိုခရီးရောက်ပါသည်။

ထို့ကဲ့သို့ ရင်ဖွင်လိုက်ပြီးသောအခါ အဆုံးအစမရှိသော နိစ္စဓူဝ အလုပ်များကို ပြန်လုပ်ရပြန်သည်။ လူနာ ဆောင်များကို သန့်စင်ဆေးကြောသည်။ ဒဏ်ရာရသူများအား သန့်စင်ဆေးထည့်ပေးသည်။ လူမမာ များအား ဆေးပေးသည်။ အစားအစာများလုပ်ပေးသည်။ ကျွန်မ၏အစားအသောက်က တစ်မျိုးတည်းပါ။ အစာလည်း အကြေပါ။ သို့သော်ကျွန်မတို့ရိက္ခာပြတ်ပြီး ငတ်မနေကြပါ။ ကျွန်မတို့ ဆေးရုံဝင်းထဲရှိ ထင်းပုံ အောက်၌ အရေးပေါ်လာခဲ့သော် စားရန်မြှုပ်ထားသော အစားအစာများမှာ အချိန်အတော်ကြာကြာ စားနိုင် ပါလိမ့်မည်။

နို့ဆီနှစ်သေတ္တာကို ၀ှက်ထားခဲ့ပါသည်။ ကလေးမိခင်နှင့် ကလေးတွေအတွက် သီးသန့်ချန်ထားခြင်း ဖြစ်ပါသည်။ နောက်ပြီး ဟင်းသီးဟင်းရွက်နှင့် ပြုပြင်ထားသော ဟင်းချိုဘူးများကလည်း သုံးသေတ္တာ ရှိပါသေးသည်။ ယင်းဟင်းချိုဘူးတွေကိုလည်း ကြက်တွေအတွက် လျာထားသော ကြက်စာနှင့် ရောကျိုပြီး စားကြပါသည်။ အစေကြေချင်မှ ကြေမည် ဖြစ်စေကာမူ ယင်းထက် ကောင်းသောအစား အစာ သို့တည်း မဟုတ် အခြားအစားအစာများနှင့် အစားထိုးနိုငသော အခြေအနေအရှိပါ။ ဤအစား အစာများနှင့်ပင် လူတွေ အသက် ရှင်သန် နေကြပါသည်။

ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ အတွေ့အကြုံများ၏ နောက်ဝယ်စွန့်ပစ် ခံထားရသူများသဖွယ် ခံစားနေ ရခြင်း ကပင်လျှင် စိတ်သက်သာရာရစေပါသည်။ ဂျပန်များက ကျွန်မတို့တစ်တွေသည် တန်ဖိုးရှိသော ပစ်မှတ်များမဟုတ် ယူဆလေရော့သလား အသိပါ။ ဗုံးခိုကျင်းများသို့ ကျွန်မတို့ပြေးလွှား ပုန်းအောင်းရန် မလိုတော့ပါ။ လူနာများကိုလည်း ချိမ၍ ဘေးကင်းရာ နေရာများသို့ မသယ်ရပါတော့ပါ။ တိတ်ဆိတ် ခြင်းသည် တုန်လှုပ်စရာကောင်းသည် မှနစေကာမူ ဗုံးဆန်အမြှောက်ဆန်များ နောက်ဝယ် တုံးလုံးပက် လက်သေကြေ ဒဏ်ရာရသူများ၊ စိတ်ဓာတ်ချောက်ချားပြီး အော်ဟစ်နေသူများနှင့် စာလျှင်ကြိုက်နှစ် သက်ဖွယ်ဖြစ်ပါသည်။

အေးချမ်းတည်ငြိမ်မူ ရသည့်ကာလမှာ တိုတောင်းလှပါသည်။ တစ်နံနက်တွင် အယ်နီတစ်ယောက် ကျွန်မထံ ပေါက်လာပြီး စိုးရိမ်တုမ်လှုပ်စွာဖြင့် '' ဗမာလူမျိုးနှစ်ဦးသည် ဆေးရုံအပြင်ဘက်တွင် သကာင်္မကင်း ဖွယ်ရာ အပြုအမူများ လုပ်နေကြကြောင်း''လာပြောသည်။ သူတို့သည် လုယက်ရန်အတွက် ပစ္စည်းများကို လိုက်လံ ရှာဖွေနေသူများသာ ဖြစ်မည်ဟု ကျွန်မမှတ်ထင် ယုံကြည်သွားမိပါသည်။
ကျွန်မသည် ဆင်ဝင်ဆောင်လှေကားမှ ဆင်းသွားကာ စိတ်ခိုင်ခိုင်ထားပြီး၊ ၄င်းတို့နှစ်ဦးအား '' မည် သည်တွက် ပုဂ္ဂလိကပိုင် ၀င်းခြံထဲဝင်ရောက်နေကြသနည့်း''ဟုမေးပါသည်။

၎င်းတို့နှစ်ဦး၏ ရုပ်သွင်လက္ခဏာမှာ အခြားတိုင်းရင်းသားများကဲ့သို့ပင် ဖြစ၍ ထူးထူးခြားခြား ကြောက် စရာမရှိပါ။ ဆံပင်များရှည်နေပြီး သူတို့သည်ဗမာလူမျိုးများကဲ့သို့ အကျီင်္နှင့် လုံချည်များ ၀တ်ဆင်ထား ကြသည်။ ၄င်းတို့က '' ဆာလောင်မွတ်သိပ်နေ၍ အစားအစာများကို လိုက်လံရှာဖွေနေကြကြောင်း'' ရိုကျိုးစွာ ပြန်ပြော ပါသည်။

သူတို့ ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်တည်း ဗမာလူမျိုးမဟုတ်သည်ကို ကျွန်မသိလိုက်ပါပြီ။ မြန်မာစကား ပြောရာ၌ လေသံမှာ အလွန် ထူးဆန်းနေပါသည်။ ကျွန်မသည်အမှန်ပင် တုနလှုပ်ချောက်ချားလာ ပါပြီ ကြောက်ရွံ့မှုများကို အတတ်နိုင်ဆုံး ဖုံးကွယ်၍ '' ကျွန်မတို့ မှာလည်း အစားအစာ လိုအပ်နေ ကြောင်း၊ ကျွန်မ တို့ထံတွင် ရှိသည်များမှာ ဆေးရုံရှိ လူနာများ အတွက်သာ ဖြစ်ကြောင်း၊ ၄င်းတို့ အနေနှင့် အခြား တစ်နေရာ တွင် သွားရောက်ရှာဖွေသင့်ကြောင်း'' ပြောလိုက်သည်။

ကျွန်မ၏ ရှင်းပြချက်များကို နားပင်းနေကြသလား မသိ၊နားမထောင်ဘဲ ကျွန်မဆီသို့ လျှောက်လှမ်းလာ နေသည်။ ထိုမှတစ်ဆင့် တစ်ယောက်က ဆက်ခနဲ ကျွန်မထံ ပြေးလာသည်။ အခြားတစ်ယောက်က အယ်နီ့ထံပြေးသွားသည်။ ကျွန်မထံပြေးလာသူက ကျွန်မ၏ လက်တစ်ဖက်ကိုကျောဘက်သို့ ဆွဲဖမ်းပြီး လှန်ချိုးလိုက်သည်။ ကျန်တစ်ယောက်က အယ်နီ၏ လည်ပင်းကို ဆွဲဖမ်းပြီး အယ်နီအား မြေကြီးပေါ်သို့ တွန်းလှဲ လိုက်သည် ကျွန်မမှာ နာကျင်လွန်းလှ၍ တအားအော်ပြီး '' တို့အသားကို မထိနဲ့၊ သေနတ်နဲ့ ပစ်လိုက်မယ်'' ဟုပြောလိုက်ပါသည်။

ကျွန်မ၏ ခြိမ်းခြောက်မှုသည် သူတို့အတွက် ရယ်စရာပါ။ ကျွန်မတို့ကို ထိရုံအခြေအနေက ကျော်လွန် လာခဲ့ပြီမို့ ရယ်စရာလို ဖြစ်နေပါသည်။ အယ်နီကို ချုပ်ကိုင်ထားသူက အယ်နီ၏ လည်ပင်းကို လိမ်ချိုး နေသည်ကို တွေ့ရပါသည်။ ကျွန်မကို ချုပ်ဖမ်းထားသူကလည်း သူ့တွင်ရှိသမျှ အင်အားအပြည့် ထုတ်သုံးပြီး ကျွန်မ၏ လက်ကို ချိုးပစ်ရန် ကြိုးစားနေပါသည်။ သို့သော် ကျွန်မ၏ လက်တစ်ဖက်က တော့ လွတ်လွတ် လပ်လပ် ရှိနေပါသည်။

ဆုတ်ခွာ သွားခါနီး ကလေးမှာပင် ဂျော့(ခ်ျ)ဂရက်တီသည် ကျွန်မကို ပွိုင့်၃၈ ခြောက်လုံးပြူးတစ်လက် လိုရ မည်ရ ထုတ်ပေးခဲ့သည်။ သူ့ပါးစပ်က မည်သို့မျှထုတ်ဖော်ပြောဆိုခြင်း မရှိစေကာမူ ဂျပန်များက ကျွန်မကို ဖမ်းပြီး မုဒိမ်း ကျင့်ခဲ့သော် ကျွန်မ ကိုယ်ကိုယ်ကို ကာကွယ် နိုင်ရန် ရည်ရွယ် ခဲ့ဟန် တူပါသည်။

ဥရောပ တိုက်သားများသည် ၄င်းတို့၏ အမျိုးအမီးများအား ယင်းသို့အကြံပေးခဲ့ကြသည်ကို ကျွန်မ ကြားဖူး ပါသည်။ ဥရောပ တိုက်သူ တစ်ဦးကို အရှေ့တိုင်းသား တစ်ဦးက မုဒိမ်း ကျင့်ခဲ့သော် သေရသည်က ပင် ကောင်းသေး သည်ဟူသော အယူအဆအတွက် စောဒကတက်ရန်မလိုပါ။ ကျွန်မတွင် ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံဖို့မရှိစေကာမူ ခြောက်လုံးပြူးကိုတော့ လက်ခံထားလိုက်ပါသည်။ သို့သော်ကျွန်မကို ကာကွယ်ရန်အတွက် အသုံးပြုရအံ့ဟု မထင်မှတ်ခဲ့ပါ။ ခိုးဆိုး လုယက်ရန် လာသူကို သေနတ်ပြပြီး ခြိမ်းခြောက် ရန်သာ လိုမည်ဟု ထင်ခဲ့ပါသည်။

ကျွန်မဘောင်းဘီ၏ နောက်အိတ်ကပ်ထဲတွင် သေနတ်ကို အမြဲ ထည့်ထားလေ့ ရှိပါသည်။ ဒါကိုကျွန်မ အမှတ် မထားမိရုံမက သေနတ်ကိုပင် စိတ်အား ထက်သန်စွာဖြင့် အသုံးချ ရလိမ့်မည်ဟု မျှော်လင့် မထား ပါ။ ယခု မမျှော်လင့်ဘဲ ဖြစ်လာရပါပြီ။ လွတ်နေသော လက်တစ်ဖက်ကို ဘောင်းဘီအိတ် ထဲသို့ သွင်းလိုက်ပြီး သေနတ်ကို ဆွဲထုတ် လိုက်သည်။

အယ်နီသည် မြေကြီးပေါ်မှာ လူးလှိမ့်ပြီးဟစ်အော်နေသည်။ ကျွန်မက သေနတ်ကို  ဆွဲမ၍ ချိန်လိုက် သောအခါ သူမကို မှန်သွားမှာ အလွန် စိုးရိမ်မိသည်။ ဖြုန်းခနဲ ထိုသူ၏ ခေါင်းက သူမနှင့် တသီးတခြား ဖြစ်သွားသည်။ ကျွန်မက ခလုပ်ကို ဆွဲညှစ်လိုက်ရာ အသံက နားကွဲလုမတက် မြည်သွားသည်။ ပေါက်ကွဲမူသည် ကျွန်မ၏မျက်နာကို လာဟပ်ရုံမျှမက ယမ်းနံ့များကိုလည်း ရှူရှိက်မိပါသည်။ ကျည်ဆန် လွဲ သွားလိမ့်မည်ကို ကျွန်မစိုးရိမ်ခဲ့မိသည်။ လက်တည့်၍တော့ မဟုတ်ပါ။ ကုသိုလ်ကံ  ကောင်း၍ထင့်၊ သူ၏ ခေါင်းခွံ ပွင့်ထွက်သွားခဲ့ပါသည်။

အယ်နီသည် ထိုသူ လဲကျသွားသည်နှင့် တစ်ပြိုင်တည်း ကမန်းကတန်း မတ်တက်ရပ်ပြီး ကျွန်မကို ကူညီရန် ပြေးလာ ပါသည်။ ကျွန်မအား ချုပ်ကိုင်ထားသူသည် သူ၏အဖော် လူယုတ်မာ လဲကျသေဆုံး သွားသည်ကို မြင်တွေ့ ရသောအခါ အံ့အားသင့် သွား၍ ကျွန်မ၏ လက်ကို ဖြေပေးလိုက်သည်။

ကျွန်မက သူ၏မျက်ခွက်တည့်တည့်ကို သေနတ်နှင့် ပစ်လိုက်သည်။ သူ့မျက်နှာသည် ကျွန်မနှင့် လက်မ အနည်းငယ်မျှသာ ကွားဝေးပါသည်။ အမှည့်လွန် နေသော ဖရဲသီးကို ရိုက်ခွဲ လိုက်သလို သူ၏ မျက်နှာ သည်လည်း တစ်စစီ ဖြစ်သွားပါသည်။ ကျွန်မ တစ်ကိုယ်လုံးမှာ အရိုး အစအနများ၊ သွေးများနှင့် ပေကျံ ကုန်ပါသည်။
ကျွန်မ၏ လက်ထဲမှ သေနတ် လွတ်ကျ သွားခဲ့သည်။

မထိန်းနိုင် မသိမ်းနိုင်အောင် တုန်လှုပ်သွားခဲ့ပြီး တရှုပ်ရှုပ် ငိုကြွေးနေမိသည်။ ကျွန်မလုပ်ခဲ့သည် တို့ကို ပြန်မကြည့် ရက်ပါ။ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိသူများ၏ အလောင်းများသည် ကြည့်ရက်စရာ မရှိပါ။ ကျွန်မ လက်ချက်နှင့် သေသွားရသော အလောင်းများဖြစ်၍ ဆိုဖွယ်ရာ မရှိတော့ပါ။ '' ငါတော့ လူသတ်မိလေပြီ'' ဟူသော အသိနှင့်အတူ အပြစ် ရှိနေပြီဟု နောင်တ ရနေပါသည်။

ကျွန်မ ဘ၀တွင် လူမျုား၏အသက်ကိုသာ ကယ်ဆယ်လာခဲ့သည်။ မကြာသေးခင်ကပင် လူအပေါင်း၏ အသက် ကို ကယ်ရပါလိုကြောင်း ဘုရားထံတွင် ဆုတောင်းခဲ့ပါသေးသည်။ ယခုလူသတ်သမားဖြစ်နေ ရပြီ။ ကျွန်မ၏ စိတ်ထဲဝယ် မှားများ သွားလေပြီလား ဟူသော သံသယဖြင့် လူရော စိတ်ပါ ၀မ်းပန်းတနည်း ဖြစ်နေ ပါသည်။ ကျွန်မထင်သလို သူတို့နှစ်ယောက်သည် တကယ့်လူသတ်သမား တွေလား၊ အခြား အကြောင်း တစ်စုံတစ်ရာ မရှိဘဲ ထမင်းဆာသည်ဆိုသော အချက်တစ်ခုတည်းနှင့် သတ်မိလေရော့သလား ဟူ၍ အလွန် စိုးရိမ် ကြောက်ရွံ့ သွားပါသည်။

အယ်နီတစ်ယောက် အလန့်တကြား အရူးလို ဟစ်အော်နေသည်ကို ကျွန်မသတိပြုမိပါသည်။ သူမ ဘက်သို့လှည့်ကြည့်လိုက်သည်။ အယ်နီသည်သေဆုံးသူအနီး၏ အလောင်ဘေးတွင် ဒူးထောက်လျက် အကျီင်္ကို ဆွဲလှန်ရာမှ အောက်ဘက်တွင် အစိမ်းရောင်စစ်အင်္ကျီနှင့် တံဆိပ်များ ထွက်ပေါ်လာ သည်ကို တွေ့သဖြင့် '' ကြည့်ပါဦး၊ ဒါဟာ ဂျပန်စစ်သားတွေပဲ၊ သူတို့အတွက်တော့ ငိုမနေပါနဲ့၊ သူတို့ဟာ ညစ်ပတ် တဲ့ ခွေးတိရိစ္ဆာန်တွေပဲ'' ဟုဟစ်အော်နေပါသည်။

အသက်တစ်ချေင်း၏ တန်ဖိုးမည်မျှရှိသည်ကို ကျွန်မသင်ကြားခဲ့ဖူးသော်လည်း အယ်နီ၏ စကားများ ကြားရ သောအခါ ကျွန်မစိတ်ချမ်းသာ သွားခဲ့ပါသည်။ ကျွန်မသည် ကျန်အလောင်းဘေးတွင် ဒူးထောက်၍ အကျီင်္ကို ဆွဲဖွင့်လိုက်သောအခါ စစ်အကျီင်္နှင့် ရာထူးတံဆိပ် အမှတ်အသားများကို တွေ့ရပါသည်။ မည်သည့်တံဆိပ် အမှတ် အသားဟူ၍ ကျွန်မမသိပါ။ ဂျပန်လူမျိုးဟု သိရသည်နှင့်ပင် မြွေများ အရေခွံလဲသလို ကျွန်မ၏ ရင်ထဲ၌ အပြစ်ရှိသူ ဟူသောခံစားချက်ကို ခွာချပစ် လိုက်ပါသည်။

သူတို့သည်မည်သည့်အတွက် မြန်မာအ၀တ်အစားများကို ၀တ်၍ ကျေးတောသား ယောင်ဆောင်ထား ကြသနည်း။ ယင်းသို့ဆိုလျှင် ဂျပန်စစ်တပ်ကလည်း သိပ်မဝေးနိုင်တော့ပြီ။ ဂပန်စစ်တပ်သည် မကြာခင် ရောက်လာတော့မည်။ ရောက်လာခဲ့သော် သူတို့၏ ရဲဘော် ဂျပန်စစ်သားများ အလောင်းကို တွေ့သွားမည်။ အလောင်းများကိုတွေ့လျှင် ''အယ်နီနှင့်ကျွန်မတို့နှစ်ယောက်ကိုတော့ သေနတ်နှင့် ပစ်သတ်တော့မှာပဲ '' စသည်ဖြင့် တစ်မျှော်တစ်ခေါ် အတွေးများ ပေါ်လာသည်။အလွန်တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော အတွေးများဖြစ်စေကာမူ မိမိကိုယ်ကိုယ် မကြောက်အောင် ထိန်းထား ရန် အချိန်ဖြုန်းနေ၍ မဖြစ်တော့ပါ။

'' သူတို့ ဒီနေရာကို ရောက်လာတယ်ဆိုတဲ့ အစအန မကျန်ရစ်ခဲ့အောင် ဖျောက်ဖျက်ပစ်ရမယ် အယ်နီ''ဟု ကျွန်မက ပြောသည်။ ကျွန်မပြောလိုက်သည့်အသံက တည်တည်ငြိမ်ငြိမ် ဖြစ်သော်လည်း စိတ်ထဲကမူ ဂျပန်စစ်တပ်များ ချီတက်လာသံကို ကြားနေရသလို ခံစားမိသည်။

အယ်နီက သဘောတူကြောင်း အထိမ်းအမှတ်အဖြစ် ခေါင်းညိတ်ပြသည်။ ကျွန်မတို့ နှစ်ဦးသည် အလောင်း တစ်လောင်း၏ ခြေထောက်ကို တစ်ယောက်တစ်ဖက်ကိုင်၍ ဗုံးခိုကျင်းသို့ဆွဲယူသွားကြ သည်။ အလောင်း၏ ခေါင်းက လမ်းတွင် တဒုံးဒုံးဆောင့်ပြီး ပါလာသည်။ ဆွဲကြောင်းတစ်လျှောက်၌ ဖုန်နှင့် သွေးများ အလိမ်းလိမ်း ပေကျံ နေရစ်သည်။

ကျွန်မတို့သည် အလောင်းကို ကျင်းထဲသို့ ပစ်ချ လိုက်သောအခါ အင်္ကျီအိတ်ကပ်များထဲမှ အဖိုးတန်စိန် ရွှေရတနာများ၊ ငွေများ၊ထွက်ကျလာပါသည်။ အယ်နီသည်သူမကိုင်ထားသော ခြေထောက်ကို လွှတ်ချပြီး စိန်ရွှေရတနာများနှင့် ငွေများကိုကုန်း ကောက်ရင်း '' ကျွန်မတို့ ပစ္စည်း ပစ္စယ ၀ယ်ရအောင် လိုရမည်ရ ယူထားမယ်'' ဟု ပြောပါသည်။ ကျွန်မက '' အဲဒီပစ္စည်းတွေ အားလုံး အိတ်ကပ်ထဲ ပြန်ထည့်လိုက်၊ ဒီပစ္စည်းတွေ မရှိဘဲနဲ့ နေနိုင်တယ်ဟု'' စိတ်ဆိုးဆိုးနှင့် ပြောလိုက်သည်။

ကျွန်မတို့သည် ကျန်အလောင်းကိုလည်းပထမ အလောင်းနည်းတူ ဗုံးခိုကျင်းထဲသို့ ဆွဲသယ်လာပြီးပစ် ချလိုက်ပါသည်။ ကျင်းနှုတ်ခမ်းတွင် မတ်တတ်ရပ်ပြီး ကျွန်မတို့၏ လုပ်ရပ်ကို ပြန်လည်သုံးသပ်ပါသည်။ အလောင်းနှစ်လောင်းကတော့ ကျင်းအောက်ခြေတွင် ပုံပျက်ပန်းပျက် အနေအထား၌ ရှိနေပါသည်။ ကျွန်မက အယ်နီအား
’’ အလောင်းတွေရဲ့ အရိပ်ယောင် အစအန မကျန်အောင် မီးရှို့ ရမယ်၊ ဒါကြောင့် ထင်းနဲ့ ရေနံဆီပုံး တွေ ကျွန်မနဲ့ အတူတူ ကူသယ်ပေးပါ’’ဟု ပြောရသည်။

ကျွန်မတို့သည် အဆောတလျင် သစ်ကိုင်းခြောက်များ၊ ထင်းများကိုစုဆောင်း၍ အလောင်းများအပါ်၌ စုပုံထားကြသည်။ ပင်းပန်းလှသဖြင့် ချွေးတို့ဖြင့် စိုရွှဲနေကြသည်။ တချိန်လုံးတွင်ပင် ဂျပန်စစ်တပ်များ ဒီကြားထဲ ရောက်လာလေမလားဟု ပခုံးပေါ်မှ ကျော်ပြီး စိုးရိမ်ပူပန်စွာ ရှာဖွေရသည်က အမောသကော ရှိလှသည်။ အလောင်းများပေါ်၌ ထင်းများကို စုပုံပြီးသော် ရေနံဆီလောင်း၍ မီးရှို့ကြသည်။ လူသေ အလောင်းမျုား ကို မီးရှို့ရာတွင် အလွန်ခက်ခဲသည်ကို လက်တွေ့ ကြုံကြရပါသည်။ မီးတောက် မီးလျှံများ  မီးငြိမ်း သွားသောအခါ အလောင်းများမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်မသွားတာ မှတ်မိနေပါသည်။

 ထင်းများကို အလောင်းပေါ်၌ တင်သည်၊ တငွေ့ငွေ့လောင် စေရန်အတွက် သစ်ရွက်များကိုပါ ရောပုံပါ သည်။ ရေနံဆီလောင်းပြီး မီးရှို့ပြန်ပါသည်။ သို့သော်လည်း ကျွန်မတို့ကျူးလွန်ခဲ့သော ပြစ်မှုကို ဖုံးကွယ်၍ မရ သေးပါ။ ကျွန်မတို့သည် လောင်စာဆီ မှန်သမျှကို ရှာဖွေစုဆောင်းကြရာ စားသုံးဆီပါမကျန် အလောင်း များပေါ်သို့ လောင်းထည့်ပြီး မီးရှို့ကြပြန်သည်။ တမေ့တမော ကြာတော့မှ မည်းမည်း အရောင် ပြာပုံကြီး ကျန်ရစ်ပါတော့သည်။ ကျွန်မတို့သည် မူလက မရှိခဲ့သယောင်ဖြစ်အောင် ပြန်ဖို့ပြီး အပေါ်မြေသားကို ပုံပန်းမပျက်စေရန် ညှိကြသည်။ သွေးများဖြင့် လိမ်းကျံနေသော မြေကြီးပေါ်မှ ဆွဲကြောင်းကြီးကို လှဲကျင်း ဖျောက်ဖျက် ပစ်လိုက်သည်။

ကျွန်မမှာ အလွန် ပင်ပန်း လှသဖြင့် မတ်တတ်ပင် အနိုင်နိုင်ရပ် နေရပါသည်။ ကျွန်မကို အယ်နီက ၀ရန်တာ သို့ ဆွဲခေါ်လာသဖြင့် ထိုင်ခုံပေါ်မှာ ခြေပစ် လက်ပစ် ထိုင်ချ လိုက်သည်။

ဆက်ရန်
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၃)

သေတ္တာအတွင်းမှ ရတနာပစ္စည်းများ

များမကြာမှီ မန္တလေးမြို့မှ ကျမ၏ဘိုးဘုရား မျှော်လင့်စရာမရှိတော့၍ အမြန်လာဖို့ကြေးနန်းရောက် ရှိလာသဖြင့် ကျေးဇူးရှင်ကြီးအား နောက်ဆုံးကန်တော့သော အနေဖြင့်သွားကြရပါသည်။ မန္တလေး ရောက်သော အခါ သက်တော်(၈၈)နှစ်မျှ ရှိသောဘိုးဘုရားအား အသက်မှီသည်ဆိုရုံမျှသာ မှီပါတော့သည်။ သား, မြေး, မြစ်တို့နှင့် အဆွေတမျိုး တပည့်တပန်းများမှာ အပါးတွင်ဝိုင်းရံလျက် အရိပ်ကြည့် နေကြရ ပါသည်။ ဆရာတော် သံဃာတော်ကြီးများလည်း ကြွရောက်လာလျက်ပရိတ် တရားတော်များရွတ်ဖတ် သရဇ္ဈာယ် ကြပါသည်။

ဆရာတကာဖြစ်သော ဘုန်းတော်ကြီးများအလှည့်ကုန်လျင် သ္မီးများ မြေများက ပရိတ်တော်များ ရွတ်ကြ ရမည် ဖြစ်ပါသည်။ သ္မီးများ ရွတ်ဖတ်၍ မြေများ အလှည့်ရောက်သောအခါ ဘကြီးဖြစ်သူက သူ၏သ္မီး အလတ် အား အထူးအခွင့်အရေးပေးပြီး တဦးတည်းသာ ရွတ်ဖတ်စေပါသည်။ မဟာသမယ သုတ်၊ အနတ္တ လက္ခဏာ သုတ်၊ ဓမ္မစကြာသုတ် တို့မှာ ကျမအဖို့ ၉-နှစ်အရွယ် ၁၀-နှစ်အရွယ်ကပင် ၀တ်ရွတ်သော လူကြီး များနှင့် ၀တ်ရွတ် နေကျဖြစ်၍ အားကျမခ့သင့်အံလေ့ကျက် ယူရသူမဟုတ်ပါ၊ သို့ရာတွင်ကျမအား ရှေ့တိုး၍ ရွတ်ဆို ပေးခွင့် မပြုဘဲ ချန်လှပ်ထားသည်။ ချန်လှပ်ထားရုံ ဆိုလျှင် တော်ပါသေးသည်။

ဝိညာဉ် ချုပ်ငြိမ်းမည့် အချိန်ကိုဝိုင်းရံစောင့်နေကြရသော လူမမာအနီးအပါးက လူများဘက်သို့လှည့် ကာ စာတတ်တယ် ဆိုဒါ ခုလို နေရာမျိုးမှာ အသုံးချရမှ အဖိုးတန်တာ၊ တွေ့ကရာ စာတွေ ဖတ်နေတတ် လို့ အလကား ပဲဟုကျမကို မျက်စောင်းထိုး ကြည့်ပြီး ပြောလိုက်သည် ကိုခံရပါသေးသည်။ အရေး ထဲအရာ ပေါ်ပြီး သ္မီးကိုဂုဏ်ဖော်ပေးသည်ထက် ကျမဘက်ကတွေးလျှင်လည်း ဘိုးအေ၏အရေး၌ ပင်ပရိတ်ရွတ်ရန် အခွင့်အရေးမရပိတ်ပင် တားဆီးမှုခံရသည်က တသက်တာတွင် မေ့နိုင်စရာအ ကြောင်းမရှိတော့ပါ။

ရည်ရွယ်ချက် ကတော့ ၀ိညာဉ်ချုပ်ငြိမ်းခါနီး လူမမာအားဘုရားတရား အာရုံကိုစွဲမြဲသွားစေရန် ထုံးစံ အရ ပြုကြခြင်း ဖြစ်ပါသည်။ ရေတွင်းရေကန် ရှစ်သောင်းလေးထောင်၊ ဘုရာစေတီပေါင်း ရှစ်သောင်း လေးထောင် ပြုခဲ့သော ကုသိုလ်ပါရမီရှင် သီရိဓမ္မာသောက မင်းကြီးပင်လျှင်ဝိညဉ်ချုပ်ခါနီး ဘုရားတရား အာရုံတခု မတော် တဆ လွတ် သွားမှုကြောင့် တမလွန်ဘ၀ ၌ ခေတ္တခဏ စပါးကြီးမြွေ ဘ၀ ရောက်ရသေး သောကြောင့် ထုံးစံ အလေ့အလာ အတိုင်း မတော်တဆ သတိလစ် ခဲ့သော မြတ်စွာ ဘုရားနှင့် တရားတော် တို့ကို သတိရ စေရန်ဖြစ်ပါသည်။

ကျမရောက် ၍ နောက်တနေ့၌ ဘိုးဘုရား အနိစ္စ ရောက်ပါသည်။ မြန်မာဘုရင် တို့၏ မှုးတော်မတ် တော်ကြီး များအနက် အားလုံး ကွယ်လွန် အနိစ္စရောက်ကုန်ကြပြီး တယောက် ထီးထီး အသက် (၈၈) တိုင်တိုင် နေထိုင် ကျန်ရစ်ခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်၍တကြောင်း၊ ထူးကဲသော ပညာရှိကြီးတဦး အဖြစ် နှင့် တမြို့လုံး ကြည်ညို ရိုသေကြသည် တကြောင်း၊ ဆင်းရဲချမ်းသာ ဂုဏ်နိမ့်ဂုဏ်မြင့် မရွေး အကူ အညီ အလိုရှိ၍ အရေး ဆိုလာလျှင် သားသ္မီးများ၏ကိစ္စကို ဆောင်ရွက်ပေးသည်နှင့်မခြား တတ်အား သမျှ အကူအညီ ပေးလေ့ရှိသာ ပုဂ္ဂိုလ်ကြီးတဦး ဖြစ်သောကြောင့်တကြောင်း၊ အင်္ဂလိပ်အစိုးရတို့ အတွက်လည်း အခက်အခဲပေါ်လာသမျှ ဖြေရှင်းပေးရခြင်းကြောင့် လေးစားရိုသေခြင်း ခံရသူဖြစ်ရာ နောက်ဆုံး ကျန် မှုးတော် မတ်တော်ကြီး တပါး၏ မသာတော် အခမ်းအနား မှာ မြို့လုံးကျွတ်မျှ သောင်းသောင်း ဖျဖျ ပို့ဆောင် သဲဂြိုဟ် ကြပါသည်။
 
ရက်လည်ဆွမ်းများကျွေးပြီးမှ ကျမတို့ ပြန်ကြရမည်ဖြစ်ရာ၊ ရက်မလည်မီ အတွင်း ပစ္စည်းဥစ္စာ ကိစ္စ နှင့် သားချင်း တွေ ကျွတ်စီ ကျွတ်စီ ဖြစ်ကြသည်ကိုလည်း တွေ့ရပါသည်၊ အကြောင်းကား ဘိုးဘုရား အနိစ္စ မရောက်မီ မဖွင့်ဘဲ ထားသော သံသတ္တော တစ်ခု၏ ကိစ္စဖြစ်ပါသည်။ ထိုသံသေတ္တာမှာ ဖွားဖွား၏ ပစ္စည်း ပစ္စယများ ထည့်ထားသော သေတ္တာဖြစ်ပါသည်။  ဖွားဖွား ၀န်ကတော်ကြီး ဆုံးသောနေ့မှ စ၍ ဘယ်သူမှ မဖွင့် ဘိုးဘုရား ကိုယ်တိုင်လည်း (အမသေတ္တာကိုမဖွင့်လို) ဟုဆိုထား၍ ဘိုးဘုရား အသက် ထင်းရှားရှိစဉ် မဖွင့်ဘဲ ထားခဲ့သော သေတ္တာဖြစ်ပါသည်။ ၀က်မစွတ် မြို့စားမင်းကြီးက ၀န်ကတော်ကြီး အား(အမ)ဟု ခေါ်လေ့ ခေါ်ထ ရှိပါသည်။ မိမိထက်အသက်ကြီး၍ ခေါ်ခြင်းမဟုတ်ဘဲ လေးစားသမှုပြု၍ ခေါ်ခြင်း ဖြစ်ပါ သည်။

ဝက်မစွတ် မြို့စားမင်းကြီးအား အခြားသော မှူးတော် မတ်တော်များကဲ့သို့ အဆွယ် အမျှောင်မယား များ မထားဘဲ ၀န်ကတော်ကြီးမှ လွဲ၍ တဦးမှမရှိသူဟု သီပေါဘုရင်၏ မိဖုရားကြီး စုဖုရားလတ်က ချီးကျူးခဲ့၊ ကြည်ညို လေးစားခဲ့သည်မှာ ဘုရင် အဖြစ် နန်းစံစဉ်အချိန်မှစပြီး ထီးနန်းကျ၍ ရန်ကုန်မြို့ သို့ပြန်လည် ကြွရောက် နေထိုင်တော် မူသည်အထိ ဖြစ်ပါသည်၊ ပစ္စည်းဥစ္စာ ဘက်မှလည်း တံစိုး လက်ဆောင် မစားသူ အဖြစ် ကျော်ကြားခဲ့သည်။ ယခု ၀န်ကတော်ကြီး၏ သံသေတ္တာတွင်းမှ ပစ္စည်းများသည် မိဘဘိုးဘွား လက်ထက် မှ ရခဲ့သော ပစ္စည်းများနှင့် အင်္ဂလိပ် လက်ထက် စောဘွားကြီးများက မိလိုဘလို ကြည်ညို၍ ကန်တော့သော ပစ္စည်းများသာ ဖြစ်သည်။

အများအားဖြင့် မိုးမိတ်စောဘွားကလေး ကန်တော့သော အဖိုးတန် ပတ္တမြားလက်စွပ်မျိုး၊ သီပေါ စော်ဘွား ကြီး ဆာစောချယ်က သူ၏ဖခင် စော်ဘွားကြီး စားသုံးသော ပတ္တမြားစီရွှေထုံးဗူးများ၊ မိုင်ခိုင်းမင်း၏ အမွေ ရသော မင်္ဂလာအခမ်းအနားတွင် သုံးလေ့ရှိသဖြင့် အစဉ်အလာလုပ်ဆောင် ထားသော ရွှေရည် သောက် ဖလား၊ ရွှေဇွန်း၊ မိုးကြိုး ရေတံခေါင်း၊ ရွှေကလပ်၊ ငွေကလပ်၊ မှူးတော် မတ်တော် အသုံးဆောင် ဖြစ်သော ရွှေစလွယ်၊ ရွေသွယ်ပြောင်း၊ ဘောင်းနားဒေါင်းများ၊ ဖြစ်ရာ အချို့ရွှေစလွယ်၊ ဘောင်းနားဒေါင်း များကို ရောင်းချပြီး အရွယ်ကြီး၍ ရှင်မပြုရသေးသော မြေးများကို လှူဒါန်း သင်္ကန်းဝတ် ပေးဘူးသည် မှ တပါး အားလုံးပင် ကျန်ရှိ နေသေးသည်။

သမီးများ ၀တ်ဆင်သော လက်ဝတ် လက်စား၊ မိုးကုတ်မြို့မှ ပြန်လာစဉ်က ကျမ၏ မိဘများက မှတ်မှတ်ရရ ကန်တော့ ထားသော စိန်ချယ်ပတ္တမြား လက်စွပ်ကြီးအထိ၊ သေတ္တာ ဖွင့်ကြည့် ရာ၌မရှိတော့ပါ။ ငွေကလပ် အကျိုးအပဲ့ နှင့် ရွှေဇွန်း ရွှေဖလား ဘ၀မှ မိုးကြိုးဇွန်း မိုးကြိုး ဖလားဘ၀ ကူးနေကြသော ပစ္စည်းပစ္စယ အနည်းငယ် မျှသာ တွေ့ကြရ ပါတော့သည်၊ လောကကြီးကား သာယာစီး လက်ဦးရာစား တွေသာ ဖြစ်ပါသည်။ ကျမ၏ မိခင်မှာ အိမ်ခွဲနေရသူဖြစ်၍ ဤအရှုပ်တော် ပုံထည်းတွင် ပါဝင်ခဲ့သူ မဟုတ်ပါ၊ ကျမ ကလဲ လူငယ်နှင့် မဆိုင်ရာ ကိစ္စ၌ ၀င်မပါတော့ဘဲ ရန်ကုန်သို့ ပြန်လာခဲ့ပါသည်။

ပေါ့စေလို၍ကြောင်ရုပ်ထိုး

မန္တလေးမှရန်ကုန်သို့ ပြန်ရောက်လာသောအခါ မှုလအလုပ်များနှင့် ၀င်သမျှငွေကို ကုန်မည့်နည်း အမျိုးမျိုးနှင့် သုံးစွဲလျက်ရှိနေပါသည်။ ကျမသုံးဖြုန်းပစ်ရာတွင် ပါဝင်မှီတွယ်ရသူများကလည်း ပျော်တပြုံးပြုံး တရုံးရုံးရှိ ကြပါသည်။ ပွဲလမ်းသဘင်ရုပ်ရှင် ရုံများတ၀ိုက်တွင်၎င်း၊ တရုပ်တန်းမဂို လမ်း ညဈေးတန်း စသော စားခန်း, သောက်ခန်း များတွင်၎င်း၊ ကျမခေါင်းဆောင်ရ တသိုက်တ၀န်း ကြီး ပါလာစမြဲဖြစ်သည်။ ကျမက ဤသို့ရသမျှ သုံးစွဲပစ်လေတဘက်မှ အနေအထိုင်ပေါ့၍ လာလေ၊ လူရိုသေရှင်ရှိသေ ဖြစ်အောင် အလုပ် တခုခု ချိပ်မိခြင်းမရှိဖြစ်နေရာ ကြာတော့ဘိန်းစားကို မယားက ဈေးရောင်းကြွေါ်ရသေားဥပမာနှင့် အလားတူ လာမည်စိုးသော ကြောင့် ရှက်လာသည်။ သို့ရာတွင် အပြင်အပ လူတွေနှင့် အဆက်အသွယ် မရှိ၍ မသိကြသေး၊ သူတို့ပတ်ဝန်းကျင် လောက်ကဤ အတွင်းရေးကို သိကြသဖြင့် တော်သေး၏။

အယူအဆ မတူမျှခြင်းပြောအဆို မပြေပြစ်ခြင်းကြောင့်လည်း မကြာခဏကတောက် ကဆဖြစ်ကြရ သည်။ ပေါ့စေလို၍ ကြောင်ရုပ်ထိုးရာမှာ ဆေးအတွက်ဝန်လေးလာခဲ့သည်။ ဆင်းရဲခြင်း၊ ချမ်းသာ ခြင်းမှာ ပဓါန မဟုတ်။ စိတ်သဘောတူမျှ၍ အေးအေးချမ်းချမ်း နေရခြင်းကလူ့ဘ၀၏ သာယာမှု ဖြစ်ကြရပါမည်။ ကျမ၏ ဘ၀သည် လှုပ်လေ, မြှုပ်လေ ဆိုသည့် အဖြစ်ကို လက်တွေ့ ရောက်လာပေ ပြီ၊ သို့ကြောင့် ဤဘ၀ဆိုးတွင် ကြာရှည် အနစ်မျော မခ့ချင်သဖြင့်အကြိမ်ကြိမ် တိမ်းရှောင်ရုန်းကန် ကြည့်သည်၊ ရုတ်တရက် မလွတ် မြောက်ပဲ တ၀ဲလည်လည်သာ ရှိနေရသေးသည်။
ထို အခိုက်အတန့် ကျမ၏စာပေရေးသားခြင်းများ ခေတ္တရပ်နားထားခဲ့မိသည်။ အိမ်နားနီး၌ရှိသူ လယ်တ္တီ ပဏ္ဍိတ ဆရာဦးမောင်ကြီးသည် ကျမကိုဒဂုန်ခင်ခင်လေး ဖြစ်သည်ဟုဘယ် အချိန်ဘယ် သူက ဖောက်သယ် ချလိုက် သည်မသိ၊ အချိန်စောစောစီးစီး ခရီးရောက်စကပင် သိရှိနေပြီကို နောက်ပိုင်းမှ ကျမသိရပါသည်။

ဆရာ ဦးမောင်ကြီးသည် ကျမနှင့်တွေ့တိုင်း စားများ ရေးသားဖို့ရာ တိုက်တွန်း ပါသည်။ ကျမက လည်း စိတ်လေလွင့် နေသေး၍ ကလောင်တန်ကိုခဏ ချထားမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။ နောက်ဆုံး အကြိမ် မှာတော့ ဒူးထော့နဲ့,  ထော့နဲ့နှင့်နာနေရှာသော လယ်တီပဏ္ဍိဆဆရာ ဦးမောင်ကြီးခမြာမှာ ကျမထံ အိမ်တိုင် ယာရောက်လာပြီး ဒဂုန်မဂ္ဂဇင်းထည်း မှာ ၀တ္ထုများကို ယခင်တုန်း ကလို ရေးပေးဖို့ ပြောလာ ပါသည်။ ကျမမှာအခြား အလုပ်များကလည်း တဖက်ရှိနေ သည်တိုင်အောင် စာရေးဖို့ကိုတော့ မစွန့်ပယ် နိုင်ပဲရှိ၍ ယခင် လိုများ, များမရေးပေးနိုင်သည့် တိုင်အောင်တလလျှင် ၀တ္ထုတပုဒ် တော့ပါနိုင်ရန် ကြိုးစား ရေးပေး ပါမည်ဟု အာမခံ ကတိပေး လိုက် ရပါသည်။

ဤတွင် ၀တ္ထုကို တလတပုဒ်ကျ မှန်မှန် ရေးပေးရပြန်သည်။ မန္တလေးမြို့တွင် နေစဉ်က ၀တ္ထုစာမှု လာယူခြင်း၊ ဥာဏ်ပူဇော်ခ လာပို့ခြင်း တို့ကိုဆိုင်ဆိုင်ခွဲ မန်နေဂျာက လာရောက်ပို့သလို ယခုလည်း ဒဂုန်မဂ္ဂဇင်း မန်နေဂျာ ဦးလှဖေ၊ ယခုဒဂုန်ဦးလှဖေက တာဝန်ယူ၍ လာရောက် ပေးပို့ရှာ ပါသည်။

လက်မှုပညာလုပ်ငန်းများ ဦးစီးရင်းစာရေးလိုက်၊ အပြင်အပထွက်လည်ခြင်းဖြင့် ဦးနှောက်ဆေး လိုက်၊ ကတောက် ကဆဖြစ်လိုက်နှင့် လုံးလယ်ချာလယ် လိုက်နေစဉ် လက်မှုပညာလုပ်ငန်း၏ ၀င်ငွေမှာ ယခင်ကလို မသွက်မလက် ဖြစ်လာသည်၊ ကုန်တိုက်ကြီးများမှာလည်း ရိုး၍ ခေတ်တိမ် လာသော ပစ္စည်းမျိုး အတွက် ရောင်းချက်မရှိသော အခါအလုပ်များ,  များမအပ်နိုင်တော့ပဲ ခပ်ကြဲ ကြဲဖြစ်လာသည်၊ ဒါတွေကို အစကပင်နားလည်ခဲ့ပါသည်။ အ၀တ်အစားဆိုသည်မှာ ပေါ်ပင်ခေတ် စားနေဆဲသာ ၀ယ်ယူ အ၀တ်များပြီး၊ ရိုးသွားလျှင် နောက် တခုက၀င်၍ဆန်းသစ် လာသည်ကိုကူး ပြောင်းဝယ်ယူကြမြဲဖြစ်ပါသည်။

သို့ကြောင့်၊ နောက်ဆန်းသစ်လာသော ကုန်ပစ္စည်းတမျိုးကို ကူးပြောင်းလုပ်ကိုင်ရန် ကြံစဉ်လျှင် ဖြစ်နိုင် သော်လည်း ကျမသည်ဘာမှ မလုပ်တော့ပဲဇွတ်ပေ၍ ဖြစ်သလိုနေလိုက်သည်၊ ရသလောက် ၀င်ငွေနှင့် မျှမျှတတ ခြိုးခြံနေသောအခါ သုံးဖြုံးရာတွင် နောက်မှတကောက်ကောက် လိုက်ပါခဲ့သူ များမှာ မနေတတ်,  မထိုင်တတ်ဖြစ်လာသည်။ ကာယကံရှင်က နေနိုင်သေလောက် သူတို့မှာ လျှာလယ် အာလျှပြတ်နေရမှုကို မကျေမနပ် ဖြစ်ပုံရသည်။ ကိုယ့်တာဝန်ကိုမယူပဲ သူတပါးနှာခေါင်း နှင့်အသက်ရှူချင်သော စိတ်မျိုး ပေါ်လာကြလျှင် သာ၍ပင်ခက်တော့မည် ဟုနောင်ရေးကို မျှောတွေးလျက် ငွေဝင်မည့်အလုပ်အကိုင်များနှင့် အဆက်ပြတ်ခါ ဖြစ်တတ် သလို နေလိုက်ပါသည်။

ဤသို့နေ၍ ခြောက်လလောက်ကြာလျှင် မန္တလေးမှ ကြေးနန်းတစောင်ရောက်လာ ပြန်ပါသည်။ ထိုကြေးနန်းစာမှာ ကျမအဖို့စိတ်သောက အကြီးအကျယ်ရောက်စေ သောကိစ္စဖြစ်ပါသည်။ မိခင် ဖြစ်သူ မျှော်လင့်ချက်မရှိအောင် မမာမကျန်းဖြစ်နေ၍ အမြန်လာခဲ့ပါ ဆိုသောကြောင့် မှီရာရထား နှင့်အပြေးအလွှား မန္တလေးသို့ပြန်ရောက်လာခဲ့ရ ပါသည်။ ရောက်သောအခါ လေဖြတ်သော ဝေဒနာနှင့် အိပ်ယာထဲ လဲနေသော မိခင်ကြီးကိုတွေရ ပါသည်၊ ကျမမှာမချိမဆန့်နှင့် ရင်ကွဲမတတ် အသဲနာမိပါသည်။ အချိန်အခါ အားဖြင့်တန်ဆောင်မုန်းလ ဖြစ်၍အလွန်အေးချမ်းသော ရာသီဖြစ် သည်။ ဤရာသီ ဤကာလအခါမှာ မန္တလေးမြို့တွင် ကထိန်ပွဲများ ခြိမ့်ခြိမ့်သဲသဲနှင့် ပွဲလမ်းသဘင် တွေကျင်းပနေချိန် ဖြစ်ပါသည်။

သားဖြစ်သူမှာ အပျော်တမ်းတီးဝိုင်း၏ အရေးပါသူဖြစ်၍ ညဥ့်နက်သန်းခေါင် ပွဲပြီးမှပြန်လာတတ် ရာ ချစ်သော သားအပြန်တွင် အရန်သင့် တံခါးဖွင့် ပေးလိုသော စေတနာကြောင့် အိမ်ပေါ်မအိပ်ပဲ အိမ်အောက် ထပ်မှာဆင်း၍ အိပ်သဖြင့် အအေးမိရာမှ လေဖြတ်သည့်ဝေဒနာ ဖြစ်ရရှာသည်ကို သိရပါသည်။ ကျမသည် မိခင်ကို ပစ်ခွာလာခဲ့ရခြင်းမှာ မိခင်စိတ်တိုင်းကျခွဲ လာရခြင်းသာဖြစ်၍ ကျမအပြစ်မဟုတပါ၊ မှုအားဖြင့် ကွဲလွဲခြင်းသာ ကျမ၏အပြစ်ဖြစ်ပါသည်။ မူလမိခင်၏အလိုမှာ မန္တလေးတွင် အိုးအိမ်နှင့်ခံနေ စေချင်သည်။

ကျမ မန္တလေးတွင် မနေချင်၍ တမြို့တရွာ ခွဲထွက်လာခဲ့ သည်။ မေမေသည်ကျမ မရှိသည့်နောက် စိတ်ရှိ လက်ရှိ သား၏ အလိုကို လွတ်လွတ်လပ်လပ် လိုက်နေမိနေရာ စိတ်ရောလူပါ မည်မျှ ပင်ပန်းခံ နေရသည် များကို ယခုလိုမကျန်းမမာနှင့် မျှော်လင့်စရာ မရှိတော့တာ ဝေဒနာ ခံစားရမှုကသာ သက်သေ ပြလျက် ရှိနေသည် ကို တွေ့ပါသည်။ သို့ရာတွင် လွန်ပြီးသားတွေကို တသနေ၍မဖြစ် တော့ပါ တတ်အား သလောက် ဆရာဝန် နှင့် အသက်ကို သေမင်းလက် မှ လုယူနေရပါသည်။

ပရိဒေဝမီးကြီးမှ အကြပ်အတည်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, February 7, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၁၂)

အိမ်ထောင်မှုစံနစ်ဆိုးများ

ငယ်စဉ်က သတ္တိမျိုးကလေးများက တခါတရံပေါ်လာပြီး ခပ်ကြမ်းကြမ်းနှင့် ယောကျာင်္းစိတ် ၀င်လာကာ ကိုယ့်မာနဇွဲနဲ့ ကိုယ့်ကိုယ့်ကို အားကိုး၍ တခုခုလုပ်ကိုင်နေထိုင် သွားလိုသောဆန္ဒသာ ရှိခဲ့သည်။ အချို့ မိန်းမပျို သူငယ်ချင်းများ အိမ်ထောင်ကျ၍ လင်ယောကျာင်္းလုပ်စာကို ထိုင်စားကြသည်၊ ယောကျာင်္းကို ထမင်း တလုပ်နှင့် ကျွန်ကဲ့သို့လုပ်ကျွေး ပြုစုရသည်၊ ယောက္ခမ ကိုလည်း မျက်နှာချိုသွေးရ၊ ပေးကမ်း ထောက်ပံ့ ရသည်၊ သားသ္မီးတွေကိုလည်း မွေးရသေးသည်၊ အချို့အိမ်က ပါလာသော ပစ္စည်းဥစ္စာကိုပင် လင်ဖြစ်သူက ဖြုန်းတီး ပစ်ကြသည်၊ လခစား ဂုဏ်ရှိ အရာရှိဆိုလျှင် မိန်းမရှင်က တင်တောင်း ရသည်၊ ဤကိုယ်တွေ့ မျက်မြင် လူ့အစဉ်အလာတွေကို ကျမလက်မခံချင်၍ပင်၊ တခါ၊ တခါ ကျမရေးသော ၀တ္ထုများ၌ ထည့်သွင်း ပြောင်လှောင် ထားခဲ့မိ ပါသည်။

ဒါကြောင့် အိမ်ထောင်ပြုသောနည်းဖြင့် အိမ်ကခွဲထွက်ဖို့ကိစ္စကို ဘယ်အခါမှအတွေးမပေါ်ခဲ့ ဘဲရှိနေပါ သေးသည်၊ မိစုံဖစုံနှင့် ပစ္စည်းပေါလျှင် ဂုဏ်လက်ကိုင်ရှိသူများက ဂုဏ်နှင့်ပစ္စည်းဖလှယ် သော မေတ္တာစစ် မဟုတ်သည့် အိမ်ထောင်ရေးပွဲစားများသည် သားရှင်သ္မီးရှင်များ အိမ်သို့ဝင်ကာ ထွက်ခါ သုံးဦးစပ် ကိုယ်ကျိုး ရှာကြပုံ တွေကို ကျမအဖို့အကြားအမြင်နှင့် စက်ဆုတ်ရွံ့ရှာ ခဲ့သည်၊ ပစ္စည်းမထည့်နိုင်သော သ္မီးပျိုများ အဖို့မှာတော့ မုဆိုးဖို-တခုခပ်များ ဦးလေးရွယ် အဖေအရွယ်များ ကသာလျှင် သိမ်းပိုက်တတ် ကြသည်က များပါသည်။ ဤစံနစ် ဆိုးကြီးများမှာ မိန်းမဖြစ်လာလျှင် လင်ယောကျာင်္း၏ လုပ်စာနှင့်ထိုင်စားရမည့် ဆိုသော မူသေ ရှေးစံနစ် ဗီဇမှ ပေါက်ဖွားဖြာထွက်လာ သောအကိုင်းအခက် အမျိုးမျိုးတွေ ဖြစ်သည်၊ ဘယ်အကိုင်း အခက်မှာမှ သဘောကျစရာ မတွေ့ မမြင်ရဘဲအမြဲလှောင်ပြောင် ပျက်ရယ်ပြုမိသော စာတွေကိုရေးမိသည်။

ဤအယူအဆကြောင့် ကိုယ့်ကိုယ်အားကိုးပြုကာ မာနတက်လာခဲ့၍ အသက်နှစ်ဆယ်ကျော်သည် အထိ ထွေထွေ ထူးထူးမရှိ၊ သည်လိုအတိုင်းဘဲ နေသွားနိုင်လိမ့်မည်ဟု ယူဆမိသည်၊ သို့ရာတွင် အဆင်မပြေသော မိသားစု ပြဿနာကြောင့် ဘာလုပ်ရမှန်းမသိအောင် တွေဝေလာခဲ့သည်၊ ကျမရေးလာသမျှ ၀တ္ထုများတွင် ဇာတ်လမ်း အရ ဖို-မ ချစ်ကြိုက်မှုများနှင့် စပ်လျဉ်း၍ စတင်တွေ့မြင် ခြင်းချစ်, ကြိုက်, ကွဲ, ညား လူ့သဘာဝ များနှင့် ၀တ္ထုကိုဝတ္ထုလို အကွက်စေံအောင် ရေးသွားရသော် လည်း ထိုစဉ်အခါကတော့ မလွှဲမရှောင်သာ၍ ရေးသားရခြင်းဖြစ်ပါသည်၊ အိမ်ထောင်ရေးကို မရည်မှန်းခဲ့သူပီပီ၊ လက်တွေ့သဘောတရား တွေကို မကြုံဘူး သေးပေ၊ ဤနေရာမျိုးတွင် မကျွမ်းကျင်သေးသော နလဗိန်တုံးဘ၀၌သာ ရှိနေတဲ့အတွက် ရင်ဆိုင် လျက်ရှိသော အခက်အခဲကို ပြေလည်အောင် ရှင်းလင်းခြင်းမပြုနိုင်ပါ။

ဤအတောအတွင်း မှာ မိခင်ဖြစ်သူ၏ သားချင်း အကိုအရင်း၏ သ္မီး တဦးသည် အရာရှိ မုဆိုးဖို တဦး နှင့်မင်္ဂလာ စကား စေ့စပ်ကြောင်းလမ်း ပြီးနောက် မင်္ဂလာပွဲပြုသောအခါ အသုံးပြုရန်ခန်းဝင် ပစ္စည်းအဖြစ် ကုတင်နှင့်ဘီရိုတခုကို လှည်းနှစ်စီနှင့် တိုက်ခါကျမတို့နေသော အိမ်တွင် ထားလာပါ သည်။ ၎င်းမင်္ဂလာ ကိစ္စ ကိုမေမေက အစ်ကို၏ ခိုင်းစေချက်အရ ပါဝင် ဆောင်ရွက်ရသူ ဖြစ်ပါသည်။ စာအုပ်များ ရိုက်ရောင်း၍ မိခင်၏ ပစ္စည်းဥစ္စာများ ဖြုန်းပစ်သူဟူသော စွဲချက်မျိုး၊ မိခင်ကိုလည်း သားသ္မီးများကိုပင် ကြောက်ရွံ့နေရသူ ဟူ၍၎င်း၊ အမြဲတန်းရေရွတ် မြည်တွန်ခြင်းပြုပါသည်။ ကျမတို့က မိုက်မဲသလောက် သူ၏သားသ္မီးများက လိမ်မာ သည်ဟုလည်း အမြဲ ဂုဏ်ယူ ပြောဆို ပါသည်။

ကျမတို့က မျက်နှာငယ် ဘ၀၌ လူများပြောသမျှ ငြိမ်ခံနေရသော်လည်း ဘကြီးဖြစ်သူကတော့ မန္တလေးမြို့မှာ ယစ်မျိုး ဘက်မှ အရာရှိတဦးအဖြစ် မျက်နှာပွင့်နေသောကြောင့် ပြောသမျှ တင့်တယ် ပါသည်။ သို့သော် ဘယ်သို့ပင် လိမ်မာသည်ဟု ၀င့်ကြွားစေကာမူ အိမ်ထောင်ရေးပြဿနာကိုတော့ သားသ္မီး တိုင်းကို ထိန်းသိမ်း ၍ မရနိုင်ပါ။ တနေ့သ၌ ကိုကြိုက်ရာကိုယ် လုပ်သွားကြသည်ကို ခံရမြဲ ဓမ္မတာဖြစ်ပါသည်။ လိမ်မာ ပါသည် ဆိုသူတိုင်းလည်း အပြောနှင့်အဟော ညီချင်မှညီပေမည်။ မလိမ်မာ မိုက်မဲသူများလည်း နည်းလမ်း မှန်ချင်က မှန်သွားရသည်မှာ ဘ၀အကြောင်း ကံ၏ ပြုပြင် သမျှ ရမြဲသာ ဖြစ်ပါသည်။

ထိုခေတ်က သ္မီးပျိုများ မင်္ဂလာဆောင်ရှိမှသာခန်းဝင်ပစ္စည်း အဖြစ်ကုတင်သစ်၊ မှန်ဘီရိုသစ်များ ၀ယ်လေ့, ၀ယ်ထ ရှိကြရာ ကျမတို့အိမ်သို့ ကုတင်တွေ, ဘီရိုတွေလှည်းနှင့် တိုက်လာသော အခါ အရပ်က ၀ိုင်း ကြည့်ခြင်း ခံရပါသည်။ မင်္ဂလာဆောင်ဖို့ ပစ္စည်းများ သာဟု မမေးဘဲ နားလည်းနေပါ သည်။ စေ့စပ် ကြောင်းလမ်းခြင်း လက္ခံထားသူ ညီအမ၀မ်းကွဲ၏ အမည်မှာလဲ ကျမအမည် နှင့် ဆင်ဆင် ဖြစ်နေရာ နားစွန် နာဖျား ကြားသူများ အဖို့ အထူးယုံမှား နေစရာမလိုတော့ပါ၊ အကယ်၍ ထိုမင်္ဂလာပွဲသည် ကာယကံရှင် များ ကိုယ်တိုင် ထမြောက် အောင်မြင်စွာ ဆင်နွဲ့ဖြစ်မည် ဆိုလျှင်လည်း တနည်းတဖုံ ပြဿနာပြေ လည် သွားမည် ဖြစ်ပါသည်။

သို့ရာတွင် ကံမကောင်းတော့ ၎င်းတို့မင်္ဂလာပွဲသည် စေ့စပ်ကြောင်းလမ်း၍ ခန်းဝင်ပစ္စည်းများ ပို့ပြီးမှ သတို့သား ဘက်က အကြောင်း မညီညွတ်သော ကိစ္စ ပေါ်လာသောကြောင့် ဖျက်သိမ်း လိုက်ရပါသည်၊ ဤဒဏ်ချက် က လည်း မြို့ဝန်အတွက် င၀တ်ကဒဏ်ခံရသလို နာမည်ဆင်တူခြင်း အိမ်မှာကုတင်, ဘီရို တွေလာ ထားခြင်း ခံရသောကြောင့် အရပ်က တလွှဲထင်ကာ ကျမအပေါ်တွင် စက်ကွင်း မိရပြန်ပါသည်။ ဤ ကိစ္စမျိုး မှာလည်း တယောက်ခြင်းလိုက်လံ ရင်းလင်းရန် မဖြစ်နိုင်သော ကိစ္စမျိုး ဖြစ်ပါသည်။

စိတ်ဓါတ် ကြံ့ခိုင်သူလည်း မဟုတ်ဘူးဆိုလျှင် အပြင်အပ အပေါင်းအသင်းတွေ ရောရော ထွေးထွေး နေသူလည်း ဖြစ်မည် ဆိုလျှင် ထိုအချိန်ကကျမသည် အပ်ဖျားပေါ်တွင် တင်ထားသော မုံညင်းစေ့ အလား ကျချင်ရာ ချောက်ကမ္ဘား သို့ ကျသွားဖို့ အလွန် လွယ်ကူနေချိန် ဖြစ်ပါသည်။ အကယ်၍ ခြေတလှမ်းမှားပြီး ချောက် ကမ္ဘား ကျသွားလျှင်လည်း ကျမအဖို့မလိမ်မာ မိုက်မဲသည်ဟု သူတို့ဝါဒ ဖြန့်ထားမှုထည်းမှာ နှစ် အတန်ကြာ မျောပါခဲ့ရပြီး ဖြစ်နေသောကြောင့် အကြောင်းထူး လှမည်တော့ မဟုတ်ပါ၊ လိမ်မာသူ တွေပင် မကြာခဏ ယောင်းမ မြင်းစီးပြလိုက် ကြသည်ကိုတွေ့မြင် ရသော ကြောင့်ဖြစ်ပါသည်။
နောက်များ မကြာမှီ ဆိုသလိုအိမ်ထောင်ပြုရေးကို အရေးဆို၍ ရင်ဆိုင်ရမလို ဖြစ်လာပါသည်။ မေမေ သည် ကျမအား အိမ်ထောင် ရက်သားပြုလျက် အပြင်ဘက် ရောက်သွားပြီးမှ သူတို့သားအမိအား တတ်အား သလောက် ထောက်မ ပြုစုစေလိုသော လက္ခဏာ ရှိသည်။ ကျမသည် အိမ်တွင် ရှိနေလျှင် သားကို သူ့ စိတ်တိုင်းကျ အလို လိုက်ရာ၌ ကျမ၀င်၍ ကာဆီး, ကာဆီး ပြုမည်ကို မလိုးလားသော ကြောင့်ဖြစ်သည်။ ထို့ကြောင့်သည်မူကို အရေးတကြီးစိုင်းပြင်းလေတော့သည်။

ဤကိစ္စအောင်မြင်သွားလျှင် ကျမဖို့မန္တလေးမြို့က ပတ်ဝန်းကျင်တွင်သာ သေသည်အထိ နေထိုင် သွားရ တော့မည် ဖြစ်ပါသည်။ ဒါကိုအလွန်အမင်း ကြောက်သွားသည်။ ဤပတ်ဝန်းကျင်နှင့် ဝေးရာသို့ပြေးခွာ ရှောင်တိမ်း၍ မထင်မရှားနေလိုသော မူလအစီအစဉ်စိတ်ကူယဉ်ကြီး ပျက်စီးသွား ရတော့မည်ကို အနည်း ငယ်မျှ မလိုလား အောင်ရှိနေပါသည်။

ဖခင် သေဆုံး၍ သည်ပတ်ဝန်းကျင်တွင် ၁၀-နှစ်ကျော်လုံးလုံး ကုန်းရုန်းခံခဲ့ရသော ဖိနှိပ်ရှုံချခြင်း၊ ကဲ့ရဲ့ခြင်း စသော ခံစားချက်ဒဏ်ရာအမျိုးအမျိုး တို့မှာ အသဲကျင်အောင်နာခဲ့သည်နှင့် အမျှ ဤသဲကန္တာရ ဤ ငရဲပြည်ကြီး မှ ထွက်ပြေးတိမ်းရှောင်၍ လွတ်အောင်ရုန်းလိုက်ရလျှင် တနေရာတွင် စိတ်အေးချမ်းသာ နေနိုင်မှာ ပဲဟူသော အစွဲကလည်း ဇွဲကောင်းလျက်ရှိနေပါသည်။

ထို့ကြောင့် ဤပြဿနာကို ဘယ်လိုဖြေရှင်ရမည် မသိသေးပဲ၊ အချိန်အခါကိုငံ့ဆိုင်းပြီး အကြံထုတ် ရပြန်ပါသည်။ လူ့ဘ၀သက်တန်းမှာ တွေ့ကြုံလာရသော ကိစ္စများအနက် ဤတကွက်မှာ တသက်လုံး ၏ အရေးသာလျှင်ဖြစ်၍ လေးလေးနက်နက်ဆုံးဖြစ်ချက်ချ ရတော့မည်။ စွန့်စားခန်းတရပ်အနေ နှင့်လည်း လူ့ဘ၀ကြီး၏အရှုံး- အနိုင်လမ်းနှစ်သွယ်၏ လမ်းဆုံးမှာ ရပ်နေမိလေပြီ၊ မိသားစု၏ အိမ်တွင်းရေး အေးချမ်း ညီညာလျှင် ဗိုင်နေမြဲ, ကြားနေမြဲ နေနိုင်ကာ သည်ပြဿနာတွေကို လွယ်ကူစွာ ဖြေရှင်းနိုင်မည် ဖြစ်သော်လည်း မညီညာမှုပေါ်တွင် အခြေတည်းကာ ဝေးရာသို့ပြေး ခွာချင်သော စိတ်ကသာလျှင် ရှေ့ဆောင် နေချိန်ဖြစ်သဖြင့် ကိုယ်ရေးကိုယ်တာဘ၀ ခရီးစခန်းကို ဘယ်လို, ဘယ်ပုံ လှမ်းရမည် မသိသေးဘဲ ဤပတ်ဝန်းကျင်ကြီးထဲ့က ဤသို့မနှစ်မျို့စရာ တွေဖြင့် ခြံရံသော အသိုင်းအ၀ိုင်းကြီး ထဲမှ ခွဲထွက် လိုက်ဖို့ စူးစူး စိုက်စိုက် စိတ်ဝင်စားနေခိုက် ဖြစ်သူကျမမှာ တုန်းတိုက်တိုက်, ကျားကိုက်ကိုက် ဖြစ်ချင်ရာ ဖြစ်စေတော့ ဟူသည့် ဆုံးဖြတ်မှု့ တခုကို နောက်ဆုံး ပြုလိုက်ပါတော့သည်။

မိမိကိုယ်သာလျှင် အားကိုးချင်သော ၀ါသနာက အမြဲစွဲလန်းနေပါသည်။ အိမ်ထောင်ပြုခြင်းဖြင့် သူတပါး လက်တွင်းသို့ ကိုယ်ကိုယ်အပ်နှင်း၍ သားချင်းမိဘစသူတို့ အတွက်ကိုပါတာဝန်ယူ ပြုစု ကျွေးမွေး ရခြင်း၊ စောင့်ရှောက်ထောက်ပံ့ခြင်း စသည်တို့မှာ စိတတူသဘောမျှသော အိမ် ထောင်ဘက်မျိုးကိုရသော်၎င်း၊ အကြောင်းကြောင့်ကြောင့် အလေ့ဝါသနာမတူ အသက်အရွယ်ချင်း မမျှအစစဘက်မညီ သူနှင့်ခရီးတွင် စိတ်ပင်ပန်းဆင်းရဲခြင်းသာ ဖြစ်ရမည်။ ပင်ပမ်းဆင်းရဲခြင်းသာ ဖြစ်ရမည်။ ပင်ပမ်းဆင်းရဲစွာ နေသွား ရမည်ဆိုလျှင် ဤအိမ်စား ငွေရှာရသူများနှင့် ခြားနားတော့ မည်မဟုတ်သဖြင့် စက်ဆုပ်ရွံရှာ ဖွယ်ရာသာ ဖြစ်သည် ဟုယူဆပါသည်။

ဤအချိန်ပိုင်း မှာ အိမ်ထောင်ဘက် ဖြစ်လာမည့်သူတဦးနှင့် တွေ့ရသည်။ သို့ရာတွင် အလုပ်အကိုင် ရှိသေးသူ မဟုတ်ပဲ အထက်တန်းကျောင်းတွင် ပညာ ဆက်လက်သင်ကြားသည့် အချိန်မှာ ရန်ကုန်မှ မန္တလေး သို့ ခေတ္တ အလည် ရောက်လာရာတွင် တွေ့ကြုံရခြင်းဖြစ်သည်။ ကျမ ကလည်း မန္တလေးမြို့တွင် အိုးအိမ် တည်ထောင် ၍ အမြစ်တွယ် မနေချင်သူ ဖြစ်သည့်အတိုင်း ဝေးရာ တမြို့မှာ ဖြစ်သရွေ့ နှင့် ဘ၀ ခရီးကို ခြေလှမ်း စတော့မည်ဟု ဆုံးဖြတ်ပြီး စွန့်စားမှုကြီး တရပ်ကိုပြုလိုက်လေ သည်။ စောစောပိုင်း ကတော့ ယင်းသို့ စွန့်စားလိုက်လျှင် တခါတည်း ဤ ပတ်ဝန်းကျင် မှ လွတ်ပြီ ကျွတ်ပြီ ဟု ထင်သော်လည်း ကိစ္စက မပြီးသေးပဲ ဈေးဆွဲခြင်း ခံရပြန်ပါသည်။

အကြောင်းပြချက် မှာ အသိုင်းအ၀ိုင်း ပကာသနနှင့် ထုံးစံ ရှိသမျှ ကျင်းပ ရဦးမည့် မင်္ဂလာ လက်ထပ်ပွဲ အခမ်းအနား ဖြစ်ပါသည်။ ဘိုးဘွား မိဘဂုဏ်ကို ထုံးတမ်းစဉ်လာ မပျက် ပြုရဦးမည်။ သို့ရာတွင် တယောက် ကလည်း မိဘမရှိ။ အုပ်ထိန်းသူ အဖွားနှင့် အမများကို အားထားမှီခို နေရသေးသော ကျောင်းသား လူထွက် အလုပ် အကိုင် မရှိသေးသူဖြစ်သည်၊ ကျမကလည်း မိခင်ကို အားမထားရဘဲ အိမ်ထဲမှဝင်ငွေကိုရှာ၍ ကိုယ့် တာဝန် ကိုယ် ယူနေသူ ဖြစ်ပါသည်။ သို့ကြောင့် ဘယ်နည်း ဘယ်ပုံနှင့် အခမ်းအနား စရိတ် ကို ဖြေရှင်း ရမှန်မသိပါ။ ယခုခေတ် အခါကဲ့သို့ ရုံးသွားပြီး တရားသူကြီး တဦးဦး ရှေ့မှာ အကျဉ်းရုံး၍ ဖြစ်နိုင် ပါလျှင်လည်း ကိစ္စပြီးမည် ဖြစ်ပါသည်။ ဤအခက်အခဲ ကို မျက်နှာ လွှဲကာ စိတ်နာနာ နှင့် တင်းမာ နေမိ သော်လည်း နောက်ဆုံးမှာ ကျေးဇူးရှင်ဘိုးအေကြီး မျက်နှာက ကွက်ခနဲ ပေါ်လာပါသည်။

ဤပုဂ္ဂိုလ်ကြီး၏ မျက်နှာကိုဖြင့် အထိခိုက်မခံနိုင်တော့ပါ။ သို့ကြောင့် ပတ်ဝန်းကျင်၏ အယူသီးမှု ကို လက်ခံ လိုက်ရပါသည်။ သည်တော့မှ မြို့ပေါ်ရှိ အသိမိတ်ဆွေများနှင့် ညာတကာနံ တို့အား ဖိတ်စာ များပို့ကာ မဏ္ဍာပ် ကန္နး အငြိမ့်ပွဲများ ပါမကျန် ထမင်းခွန့်ထမင်းခံ ပူဇော်ပွဲရံ နှင့် အခါပေး ဘိတ်သိတ်သွန်း ပုဏ္ဍားတော် များ အပါအ၀င် ဆင်နွဲပေးရမည့် မျိုးရိုးစဉ်လာ မင်္ဂလာလက်ထပ်ပွဲ မျိုးကိုကျင်းပ လိုက်ရပါသည်။ စရိတ်စက အကုန်အကျ များကို သတို့သားဘက်မှ ရသမျှ အပြင် ကျမကိုယ် ၌ ၀တ်ဆင်ထားသော ပစ္စည်း အချို့ကို ထုခွဲ ဖြည့်စွက်ခါ ဂုဏ်ပကာသန၏ ဒဏ်ကို အံ ကြတ်၍ ခံလိုက်ရပါသည်။

ဤအခါတွင်မှ ညာတကာနံ တို့ကလည်း ဧည့်ခံပွဲမှာ ကျော့ကျော့မော့မော့ ပွဲနေပွဲထိုင် ရောက်လာ ကြပြီး အိုက်စကရင် -ပလိန်းကိတ် နှင့် ဆိတ်သားသွပ်မုန့်များ အ၀အပြဲစားရုံမက အိမ်ဖို့ များတောင် စက္ကူအိတ် နှင့် ထည့်ကာ သယ်ယူသွားလိုက်ကြပါသေးသည်။ ဘာအကြောင်းမှ မသိရှာသော သက်တာ်(၈၇)နှစ်ရှိ ဘိုးဘုရား မှာ ဒူးနာရောဂါကြောင့် အိမ်ပေါ်မှပင် လူတွဲနှင့် သွားနေရသော်လည်း မြေးမင်္ဂလာ ကိစ္စကို ချီးမြှင့်ရန် ကြိုးစား ကြွရောက်ရှိပြီး အင်္ဂလိပ်အရာရှိကြီးပိုင်းက ဧည့်သည်များ ကို ပါ ဧည့်ခံလျက် မိတ်ဆက် ပေးရှာ သည်။

ကျမသည် ယင်းသို့လက်ထပ်မင်္ဂလာကိစ္စ ပြီးသောအခါ ဘာပဲဖြစ်ဖြစ် လွတ်ရာသို့ပြေးတော့မည် ဆိုသော ရည်ရွယ်ချက် အတိုင်း အချိန်သိပ်မဆိုင်းတော့ပဲ ပြေးရှောင်လာခဲ့ပါတော့သည်။ သို့မဟုတ် ပါက နောက်ဆက်တွဲ လာဦးမည့် ကဲ့ရဲ့ ရှုံ့ချသံများသည် နားမဆန့်အောင် ကြားလာ ရပါမည်။ ပြေးမလာမှီ အချိန်ပိုင်း ကလေးမှာပင် မင်္ဂလာကိစ္စကတော့ ပြီးသွားပြီ၊ ဒီလူကို ဘာမျှော်မြင် ယူသလဲ။ အလုပ်မရှိတဲ့ ကျောင်းသား ဆိုတော့ ဘယ်လို နေထိုင်ကြမှာတုံး ဟူသော စကားလုံးတွေနှင့် စလုံးရေ စ, လာကြသော ထောပနာသံ သြဘာသံ များသည်၊ အပြင်အပ လူများထက် ညာတကာနံတို့၏ ရွှေနှုတ်တော်မှ ထုတ်ဖော် မြွတ်ကြားခြင်း ကြောင့် ဖြစ်ပါသည်။

ဘ၀သစ်သို့စွန်းစားရောက်လာခြင်း

ယင်းသို့လျှင် အဆွေအမျိုး တည်းဟူသော ညာတကာနံတို့၏ နှုတ်ပြစ်ဒဏ်ကို ၁၂-နှဏ်ကျော် ခံခဲ့ရပြီ။ နောက်ဆုံး စွန့်စားမှု့ကြီး တရပ် အနေနှင့် ဝေးရာသို့ ပြေးရှောင် လာခဲ့ခြင်ဖြင့် ရန်ကုန်မြေကို နင်းမိ ပေပြီ။ ရောက်ခါစ မှာ ဘာမှ စိတ်မ၀င်စားသေးဘဲ သဲကန္တာရမှာ လွတ်မြောက် လာသူ ပမာ ရှုပ်ထွေး ကြပ်တည်း လာခဲ့သော ဦးနှောက်များကိုအနားပေး၍ ဆေးကြောပစ် နေသည့်အလား၊ သွားလာ လည်ပတ်ခါ ဖြင့် အချိန် ကို ဖြုန်းလျက် ရှိပါသည်။

တမြို့တရွာ ရောက်လာခြင်းကြောင့် မျက်နှာသိ ဟူ၍ မရှိသေးပါ။ တရံတခါ မိတ်ဟောင်း ဆွေဟောင်းများ နှင့် ရင်ဆိုင် ရမှာ ကိုပင် တမင်တကာရှောင် တိမ်းနေလိုက်မိပါသည်။ ရန်ကုန်ရောက်၍ နောက်မှ တွေ့မြင် သိရှိရသော အသိအကျွမ်း များအားလည်း ကျမသည် မည်သူ၏ သားသ္မီး မြေး ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုခြင်း မပြုပဲ ဇာတ်မြုတ် နိုင်သမျှ မြှုတ် ထားလိုက်ပါသည်၊ ယုတ်စွ အဆုံး စာပေများ ရေးသားနေသော ကလောင် အမည်ကိုပင် လူမသိစေချင်၍ လျှို့ဝှက် ထားမိလေသည်။

ရောက်ခါစ၌ အညတြဘ၀နှင့် ရန်ကုန်၏ အတွေ့အကြုံများကို လက်တွေ့ ဆည်းပူးရာဝယ် မအီမလယ်နှင့် နားထဲမှာ စူးစူးဝါးဝါး ၀င်လာတတ်သည့် အသုံးအနှုန်းများကို ပထမဦးဆုံး ရင်ဆိုင် ရပါသည်။ ထို အသုံး အနှုန်းများမှာ အသက်အရွယ်ကြီးသော အဒေါ်အရွယ် အမေအရွယ် အဖွားအရွယ် မိန်းမကြီး များက စကား ပြောလျှင် ညည်းနှင့် ငါနှင့် ပြောခြင်းကို ခံရခြင်း ဖြစ်ပါသည်။

မန္တလေးမြို့ ကတော့ မင်းမျိုးမင်းနွယ်တို့တွင် မဆိုထားနှင့် လူလပ်တန်းစားပိုင်းမှာပင် ညည်းနှင့်ငါ နှင့် မသုံးကြပါ။ သ္မီးရယ်၊ တူမရယ်၊ မြေးရယ်ဟု ခေါ်၍ ဒေါ်ဒေါ်က ဘယ်သို့၊ အဖွားက ဘယ်ပုံစသည် ဖြင့် ယဉ်ကျေးစွာ သုံးစွဲ ပြောဆို နေကျဖြစ်၍ ဒါတွေကို ကြားရသော အခါ နားခါးလှပါသည်။ သို့သော် သူတို့ ရပ်ရွာဓလေ့သာ ဖြစ်သည်။ ကျမ ကိုမှ တမင် သက်သက် ဖိနှိပ် ခေါ်ပြောခြင်း မဟုတ်ကြောင်း နားလည် ကာ စိတ်ကို ဖြေရပါသည်။

သို့ကြောင့် နားခါးမှုကို သက်သာရာရစေရန် ဤသို့ညည်းလုံး, ငါလုံးမသုံးကြပါနှင့်ဟု မသုံးကြပါ နှင့်လို့ တားမြစ်လို့လဲ မတော်ပါ၊ ဒါဟာကျမတို့ဋ္ဌာနနယ်မြေမဟုတ်ပါ။ အသက်သာဆုံး နည်းလမ်းကို ရှာရ ပါတော့သည်။ အကောင်းဆုံး က သူတို့ကို တွေ့ရအောင် နေရခြင်းက ပို၍ သင့်လျှော်မည် ဟု ထင်ကာ အသက် အရွယ် ကြီးကြီး အဒေါ်ကြီး များကို မြင်လျှင် နှုတ်ခွန်း မဆက်ရခင် က ရှောင်တိမ်း နေလိုက် မိပါသည်၊ ဈေးဝယ်ရာ မှာပင် ဒေါ်ကြီး အရွယ် ဈေးသည် ကို ခေါ်၍ မ၀ယ်ဝံ့ပါ။

၎င်းပြင် ကျမ၏ နာမည်ကို ခင်ခင်လေး ဟု မခေါ်ကြဘဲ မခင်လေးဟု ခေါ်ကြသည်၊ ကျမအဖို့ကြား နေကြ အကျင့် ကမရှိ ၍ အင်မတန် နာကျည်း မိပါသည်။ ကျမထက် အသက် ငယ်ရွယ်သူ ကလေး များက လည်း အမကြီး အရွယ်၊ ဒေါ်လေးအရွယ် ဟူ၍ ဂါဝရမရှိ ခေါ်လိုက်ပုံမှာ 'မခင်လေး' သာဖြစ်ပါ သည်။ ကျမ ရောက်လာသော ပတ်ဝန်းကျင်မှာ ဒါတွေနဲ့ရှေးဦးစွာ ရင်ဆိုင်သမှုပြုရပါသည်။ နားမချမ်းသာ- ဃာန, သုခ မရှိသော်လည်း၊ သူတို့ ပတ်ဝန်းကျင် သူတို့စရိုက်မို့- မကျေနပ်မှုကို ထုတ်မပြောပဲ အလိုက်အထိုက် အသက် အောင့်ကာ သည်းခံ ရပါတော့သည်။

ကျမတို့မူနှင့် အယူအဆ အစဉ်အလာမှာ (ခင်ခင်) သာလျှင် နာမည်၏ ရှေ့က ၀ိသေသ ဖြစ်သည်ဟူ သော အစွဲ အလန်း က ပါလာသဖြင့် ခင်ခင် မပါလျှင် အလွန် ရိုင်းသည်ဟု ယူဆ ပါသည်။ သူတို့အယူ အဆ ကလည်း နာမည်၏ ရှေ့မှ(မ) ဆိုသော ၀ိသေသ မပါလျှင် ရိုင်းပါသည်။ ဤသို့ ယဉ်ကျေးမှု အယူအဆ, အသုံးအနှုန်း ချင်းက ခြားနား နေခြင်းကြောင့် သာဟု စိတ်ကိုဖြေကာ နေရပါသည်။

အထွေထွေသော အကြောင်းများ အပြင် ကျမအား အိမ်ထောင်ချ ပေးလိုက်ခြင်းဖြင့် တနေရာ တဋ္ဌာန အိုးအိမ်ခွဲ ၍ ကဏ္ဍ ခြားသွားစေချင်သော ကျမမိခင်၏ စိတ်တိုင်းကျ စိတ်နာနာ နှင့် အရွဲ့တိုက်၍ တိမ်း ရှောင် နေမှု့က ၂၅-ရာခိုင်နှုန်း ပါဝင်ခဲသော ကျမ၏ အိမ်ထောင် ပြုလိုက်ရမှုတွင် ပထမဦးစွာ ရင်ဆိုင်ရ သော အထက်ပါ အသေးအဖွဲ ကိစ္စ ကလေးမျိုးမှာ နောက်ပိုင်း၌ အဓိကထား၍ပြောပ လောက်သော ကိစ္စများ မဟုတ် တော့ပါ။ သူ့ထက်ကဲ၍, ကဲ၍လာသော အစိတ်အပိုင်းမျိုးစုံတွေသည် သာလျှင်မ ကြာ ခဏ ခြေလှမ်း စ၍ နင်းကျော် ခဲ့ရပါသည်။

နှစ်လ, သုံးလလောက်မှာတော့ ရောက်စပေါက်စမို့ ဧည့်သည်အဖြစ် နေလို့ကောင်းသေးသော် လည်း၊ သည်ပုံ သည်နည်း အတိုင်း ကြာကြာကြီး နေ၍မဖြစ်ပါ၊ ကျမအတွက် မိခင်ဖြစ်သူကိုပင် တာဝန် မကြီးစေချင်သူဖြစ်ရာ တစိမ်းတရံဆံများကို ပိုလို့ပင်အားတုန့် အားနာရှိလှပါသည်။ သူတို့ မှာလည်း သူတို့ အလျောက် ပတ်ဝန်းကျင် မှ ဝေဖန်သံ မျိုးတွေ ထွက်လာပါသည်။ ကျောင်းလဲ ဆက်မနေ အလုပ်လဲ မလုပ် ဘဲနှင့် အိမ်ထောင်ရေး စခန်းကို ဘယ်လို လှမ်းကြမည်။ သည်ဆွေ, ဒီမျိုး အားထားပြီး တသက်လုံး နေသွား ကြတော့ မလား စသော စကားမျိုးများ ကို ကြားစ ပြုလာသည်နှင့် မဆိုင်းမတွ ကျမတို့ နေရေး, ထိုင်ရေး အတွက် ရုတ်တရက် စီမံဖန်တီးမှု ပြုရတော့သည်။

မှုလ အစီအစဉ်မှာလည်း သူများနှာခေါင်းနှင့် အသက်ရှုရန် ဘယ်သောအခါ မှ ရည်သန် ရွယ်စူးခြင်း မရှိခဲ့ပါ။ ဝေးရပ် မြေတာတွင် ကိုယ်တတ်သမျှ ပညာနှင့် သက်မွေး ၀မ်းကျောင်း တခုခု ကိုပြုလုပ်နေ ထိုင်နိုင် လိမ့်မည်ဟု ယုံကြည် စိတ်ချ၍ လာခဲ့သူ ဖြစ်ပါသည်။ မထင်မရှားဘ၀နှင့် နားအေး, စိတ်အေး တအိမ်, တအိုး ကလေး၏ တာဝန်ကို ဦးနှင့်ပဲ ချီ၍ ညီညွတ်စွာ နေရန်မှာ များစွာဖြစ်၍ ကိုယ်ချင်းစာ ကာနေရေး, စားရေး ပါ တာဝန်ယူ လိုက်ပါသည်။

သူတို့သည် ကျမအပေါ်၌ ယနေ့ထိ ကျေးဇူးတင် မည်, မတင်မည် ကိုမသိရ သော်လည်း ကျေးဇူး မဲ့ခြင်း, မကောင်း ကြံစည်ခြင်း ပြုလုပ်သူ များ မဟုတ် ကြပါ။
ထိုအချိန်အခါ က အစားအစာ ကုန်ပစ္စည်းတွေ အလွန်ပေါ၍ တန်ဖိုးနည်းပြီး ငွေကြေး က တန်ဖိုးရှိ သော အချိန် ဖြစ်ပါသည်။ ကျမမှာ နေရင်းထိုင်ရင်း အိမ်တွင်းမှာ သုံးရာက ခြောက်ရာအထိ ၀င်ငွေ ရှိနေ သော်လည်း စုဆောင်း သိုမှီခြင်း မပြုချင်တော့ဘဲ စိတ်ရှိ လက်ရှိသုံးဖြုံး လို့ချည့် ပစ်လိုက်ပါသည်။

ခေတ်စားတုန်း ပေါ်ပင် အဖြစ်နှင့် တွင်ကျယ်သော ရောင်းကုန် လုပ်ငန်းဖြစ်ပြီး ခေတ်မစား၍ အရောင်းရ ပါးလာလျှင် အဆိုပါ ပိုးကုန်တိုက်ကြီး များက လုပ်အား ရှိတော့မည် မဟုတ်သည်ကို တွေး မိသော်လည်း အရေး မကြီး၊ နောင်လာ နောင်ခါဈေး သည်ကွေ့သည်တတ်နှင့် လှော်၍ ဟိုကွေ့ကျ တော့လည်း ဟိုတတ်နှင့် လှော်ဦးမည် ဟု ဘ၀ကို အရွဲ့တိုက်ထားသူ ဖြစ်ပါသည်။

သေတ္တာအတွင်းမှ ရတနာပစ္စည်းများ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၅)

အကောင်းဆုံး နည်းပညာအကျိုးပြု စာပေဘလော့ဂ်ဆု
  • သံလုံငယ် (http://thanlonnge.info) (34%, 127 Votes)
  • ညီနေမင်း (http://www.nyinaymin.com) (31%, 119 Votes)
  • IT Reshare Site (http://sbsangpi.blogspot.com) (14%, 52 Votes)
အကောင်းဆုံး သာသနာတော်အကျိုး ပြု စာပေဘလော့ဂ်ဆု
  • သီတဂူစတား (http://www.sitagustar.net) (39%, 58 Votes)
  • အဖြူရောင်မတ္တာ (http://www.apymt.com) (18%, 26 Votes)
  • ထေရဝါဒ ဗုဓ္ဓသာသနာ ပြန့်ပွားရေး (http://www.theravadasarsanar.blogspot.com) (18%, 26 Votes)
အကောင်းဆုံး နိုင်ငံအကျိုးပြု သတင်းနှင့် စာပေဘလော့ဂ်ဆု
  • စည်းလုံးခြင်းရဲ့အင်အား (http://photayokeking.org) (47%, 84 Votes)
  • အာဇာနည် (http://arzarni.blogspot.com) (14%, 25 Votes)
  • မျိုးချစ်မြန်မာ (http://myochitmyanmar.org) (12%, 22 Votes)
အကောင်းဆုံး လူမှု့အကျိုးပြု ပရဟိတအသင်းအဖွဲ့ဘလော့ဂ်ဆု
  • စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း (http://www.everyoneit.com) (68%, 91 Votes)
  • RAVEN Blood Donor Club (http://mm.ravenbdc.org) (11%, 15 Votes)
  • SAW (http://socialactionforwomen.blogspot.com) (10%, 13 Votes)
အကောင်းဆုံး ပညာရေးနှင့် ပညာပေး စာပေဘလော့ဂ်ဆု
  • ြမန်မာစာပေမြန်မာစကား (http://myanmarsar.zaung.net) (37%, 77 Votes)
  • kiki-idiotlove (http://www.kiki-idiotlove.com) (27%, 55 Votes)
  • ဧရာဝတီစာကြည့်တိုက် (http://www.awdlibrary.co.cc) (18%, 37 Votes)
အကောင်းဆုံး လူမှု့ဘဝသရုပ်ဖော်စာပေဘလော့ဂ်ဆု
  • နှင်းနဲ့မာယာ (http://mysterysnow.blogspot.com) (28%, 64 Votes)
  • မိုးချိုသင်း(http://moechothin.blogspot.com) (27%, 62 Votes)
  • SHWE ZIN U (http://shwezinu.blogspot.com) (14%, 33 Votes)
အကောင်းဆုံး ရင်တွင်းဖြစ်ခံစားမှု စာစုများနှင့် ရသကဗျာစာပေဘလော့ဂ်ဆု
  • မြစ်ကျိုးအင်း (http://page-28.blogspot.com) (32%, 95 Votes)
  • MYpoemBAG (http://mypoembag.mmgenius.com) (18%, 53 Votes)
  • ကိုရင်နော် ခင်လေးငယ် (http://koyinnawkhinlaynge.blogspot.com) (13%, 38 Votes)
အကောင်းဆုံးအစုအဖွဲ့ဘလော့ဂ်ဆု
  • ငပေါများဂေဟာ (http://www.crazyvilla.net) (34%, 60 Votes)
  • စည်းလုံးခြင်းရဲ့အင်အား (http://photayokeking.org) (21%, 38 Votes)
  • Public Health in Myanmar (http://health.ngoinmyanmar.org) (12%, 21 Votes) 
အကောင်းဆုံး ဘာသာပြန်ရသ စာပေဘလော့ဂ်ဆု
  • ကိုပီတာရဲ့ အတွေးပုံရိပ်များ (http://kopeter.blogspot.com) (37%, 73 Votes)
  • သက်တန့်ချို (http://thettantcho.blogspot.com) (34%, 67 Votes)
  • mysteries tour (http://www.myanmarreader.co.cc) (7%, 13 Votes)
အကောင်းဆုံး အထွေထွေ ဘလော့ဂ်ဆု
  • မိုးအိမ့်ဖြူ (http://www.blog.moeeaintphyu.net) (29%, 64 Votes)
  • လင်းဦး (စိတ်ပညာ) (http://linoo.myanmarbloggers.org) (12%, 27 Votes)
  • တွေးမိတွေးရာ... ရေးမိရေးရာ... (http://maydar-wii.blogspot.com) (10%, 21 Votes)
သြ...အချိန်နှင့် တပြေးညီ မဲ ရလဒ် များကို ဖော်ပြလို့.. သူကိုသူများ အမေရိကန် ရွေးကောက်ပွဲ ဝင်တာကြနေတာဘဲ..

သိချင်သူ.....ကဲ ဘလော့ဂ်ဂါ ဒေါ်ရွှေစင်ဦး ခင်ဗျား ကျနော် တို့ အချိန်ရှိတုန်း မှာ နောက်ဆက်တွဲ အင်တာဗျူး လေးကို စလိုက်ကြရအောင် ခင်ဗျား
  
ရွှေ............ဟုတ်ကဲ့ ကျနော် ပြောဘို့ အဆင့်သင့်ပါဘဲ.. ဒီလို ပြောချင်လွန်းလို့ ညကထဲက မအိပ်ဘဲ စောင့် နေပါတယ်

သိချင်သူ......အခုဆိုရင် ဒေါ်ရွှေစင်ဦး ရဲ့ ဘလော့ဂ် ဟာ တတိယ နေရာကို ရောက်သွားပြီနော်..အဲဒီလို ရောက်အောင် အချိန်တို အတွင်းမှာ ဘယ်လို များ မဲတွေ ရအောင် လုပ်ခဲ့ ပါသလဲ ခင်ဗျား

ရွှေ............နောင်လာနောက်သား များ ကျနော် ကဲ့သို့ ကျင့်သုံးနိုင်အောင် ဆရာစားမချန် အားကျိုး မာန်တက် ကျနော်ရဲ့ မဲဆွယ်မှု့များကို ပြောပြပါမယ်

ကျနော်ဟာ ပထမဆုံး ကျနော့် ရဲ့ ဂျီတော့ခ် ကို ၂၄ နာရီ ဖွင့်ထားပါတယ်.. နိုင်ငံခြား ရောက်နေတဲ့ သူငယ်ချင်း များ online ကို မျက်စေ့လည် ပြီးများ ရောက်လာခဲ့ ရင် စက္ကန့် မဆိုင်း hi လုပ်လိုက် ပါတယ် ခင်ဗျား.. ပြီးတော့ သူတို့ ဘာပြောပြော ကျနော် စိတ်မဝင်စားပါဘူး.. အခွင့် သင့်တာနဲ့ ဟေ့ ငါ့ကို မဲပေးပြီး ပြီလား.. အရင် မေးပါတယ်..တချို့ ကတော့ ပေးပြီးပါပြီပေါ့.. တချို့ကလည်း ဘာမဲလည်းပေါ့ အေးအဲဒါဆိုရင် ငါ့ဘလော့ ကို အခုဖွင့်လိုက် ဆိုပြီး မဲပေးနည်း အမြန် သင်တန်း ဖွင့်ပြီး ရှင်းပြပြီး ပေးခိုင်းပါတယ်ခင်ဗျား..

သူတို့ တကယ်ပေး မပေးလည်း သိရအောင် ကျနော်ဟာ မဲ အရေအတွက် ကိုလည်း စောင့်ကြည့် နေပါတယ်..၊ သူတို့ ကိုလည်း ကြိုတင် သတိပေးထားပါတယ်၊ ငါ အခု မဲ တွေကို ကြည့်နေတယ် ၃၀ ရောက်နေတယ်.. နင် အခုပေးလိုက်ရင် ၃၁ ဖြစ်မှာပေါ့ဗျာ.. အမှန်ကတော့ သူတို့မညာ ရဲအောင် ချိန်းခြောက် တဲ့ သဘောပေါ့... သူတို့ ကလည်း ကြောက်ကြောက် နဲ့ ပေးရှာတယ်ခင်ဗျား.. မဲလည်း တခါထဲ တက်သွားရော သူတို့ကို လှည့် ကို မကြည့်တော့ဘူး အရေးလုပ်လည်း နှုတ်ဆက် မနေဘူး.. ကျနော်ဟာ နောက် တမဲ အတွက် ကြိုးစားရအုန်းမှာ ကိုးဗျား... ဒါကတော့ ချိန်းခြောက်၊ အနိုင်ကျင့် ပြီး မဲ ရယူတဲ့ နည်းပေါ့ 

နောက်တခါ မလှိမ့်တပတ်လုပ်တဲ့ နည်း၊ လှည့်ဖျား တဲ့ နည်းကိုလည်း သုံးပါသေးတယ်.. ဥပမာ

ကျနော် မှာ စင်ကာပူမှာ ရောက်နေတဲ့ ငယ်သူငယ်ချင်း အင်ဂျင်နီယာ တယောက်ရှိပါတယ်..၊ သူ ဟာ အင်မတန် တိကျဖြောင့်မတ်တဲ့ သူငယ်ချင်းပါ.. သူ ကို ကျနော် မဲပေးခိုင်းတော့ သူက မပေးသေးဘဲ နဲ့ သေချာ ကြည့်သေးတယ်ဗျ..... ခင်ဗျား နဲ့ အတူ ပြိုင်မဲ့ ထဲက ကိုကြီးကျောက် ရဲ့ ဘလော့ဂ် ကိုလည်း ကျနော် ကြိုက်တယ်ဗျ တဲ့.. ကျနော် က အင်း သူ့ကိုတော့ ငါ ခြိမ်းခြောက် လို့ မရလောက်ဘူး ငါ့ ရဲ့ မလှိမ့် တပတ် လုပ်တဲ့ နည်းကိုဘဲ သုံးရတော့မှာ ဘဲ ဆိုပြီး .. နင်ကြိုက်ရင် နောက်တခါ ကိုကြီးကျောက် ကို ပေးပေါ့ အခုတော့ ငါ့ ကို အရင် ပေးလိုက်နော် ဆိုပြီး ပေးခိုင်းလိုက်တယ်..  သူ့စီက မဲလည်း ရရော.. ကျနော် ဟာ သူစီက ကိုကြီးကျောက် ကိုရော ဘယ်လိုပေးရမလည်း ဆိုတော့ အေး နောက်နှစ်မှသာ ပေးလိုက်တော့ ဆိုပြီး ကိုကြီးကျောက် ရဲ့ မဲတမဲ ကိုလည်း အဲဒီလို လှည့်ဖျား ယူခဲ့သေးတယ် ခင်ဗျ....

သိချင်သူ......သြ တော်လိုက်တာနော်

ရွှေ.........ဒါထက့်ပိုတော်တာ တွေ တွေ့ရအုန်းမယ်ခင်ဗျား

သိချင်သူ......ဆက်ပြောပါခင်ဗျား
ရွှေ..........ကျနော် ဟာ ပြိုင်ဘက်ကို အဆက်မပြတ် လေ့လာ နေရမယ် ဆိုတဲ့မူအတိုင်း ကျနော် ရဲ့ ပြိုင်ဘက် တွေဆီကို သွားရောက် လေ့လာခဲ့ ပါတယ်.. 

သိချင်သူ...... ဘယ်သူတွေစီလည်း ခင်ဗျား..ကိုမောင် လား ကိုကြီးကျောက် လား 

ရွှေ....... အဟင်း..ဟင်း.. ကျနော်က သူတို့ကို အခုဆိုရင် ပြိုင်ဘက်လို့ ကို သဘောမထား တော့ပါဘူး ခင်ဗျား.. တန်းမတူ ပါဘူး.. 

သိချင်သူ......မသိလို့ပါခင်ဗျား...ဆက်ပြောပါ..

ရွှေ........ကျနော့် အထက်က ဘယ်သူတွေရှိလဲ.. ပထမ နေရာက မြစ်တို့ ၏ မာယာ

သိချင်သူ... မှားနေပြီ ထင်တယ်.. နှင်းနဲ့ မာယာ.. နှင်းနဲ့ မာယာ.......၊ နှင်းနဲ့ မာယာကို အဲဒီလို့ လေ့လာ လိုက်တော့ ဘာဖြစ်လည်း ခင်ဗျ.. 

ရွှေ..... ပြောစရာ အပြစ်မရှိပါဘူး၊ အရေးအသား လေးကလည်း ကောင်း အတွေးအခေါ် လေးကလည်း အဆင့် အတန်းမြင့် ကောင်းတယ် ခင်ဗျ.. ဒါပေမဲ့ ကျနော် ဟာ အပြစ် ရှာ စရာ မရှိတော့ သူ ဘယ်တုန်း ကများ ဒီဘလော့လေး ကို စရေးတာလည်း ပေါ့ ဗျာ..လေ့လာတယ် ခင်ဗျ..

သိချင်သူ... ဘာဖြစ်လို့လည်းဗျ

ရွှေ........ အမှန်တော့ဗျ..အကယ်ဒမီဆုကြီး ရဲ့စည်းမျဉ်းစည်းကမ်းထဲမှာ တလ ကို တခါ ကိုယ်ပိုင် ပို့စ် တင်ရမယ်..ဆိုတဲ့ စည်းကမ်း ပါတယ်ဗျ.. ကျနော် ဟာ အဲဒီ စည်းကမ်း နဲ့ မညီရင် ချက်ခြင်း အကြောင်း ကြားပြီး ပြိုင်ပွဲ က နေပယ်ဘို့ အကြံဆိုး ထုတ်တာပါခင်ဗျ...

သိချင်သူ.... တော်လိုက်တာဗျာ..

ရွှေ... ကျနော့် ရဲ့ အပေါ်က ရောက်နေတဲ့ ဂုရုကြီး ရဲ့သမီး ဘလော့ ကိုလည်း ရောက်သေးတယ် ခင်ဗျ.. သူ့ အရေးအသား လေး ကလည်း ဂုရုကြီး နည်းတူပါဘဲ ကောင်းလိုက်တာ...

သိချင်သူ.... ဒါဆိုရင်တော့ ဂုရုကြီး သမီးနဲ့ ဒီဆုကြီးနဲ့ တော့ ထိုက်တန်တယ်ပေါ့နော်

ရွှေ..... အမယ်လေး..လေး.. ဘယ်လိုများ ပြောလိုက်တာလည်းဗျာ....ဒီဆုကြီးက ဘယ်သူနဲ့ မှ မထိုက်တန် ဘူးဗျ..ကျနော် နဲ့ မှ ထိုက်တန်တာ.. ကျနော် သာလျှင် ဘလော့ စာချစ်သူများ အတွက် အပင်ပန်းခံပြီး  ဘလော့ဂ် လောကကြီး သာယာ ဖွင့်ဖြိုး ဘို့ စည်ပင်သာယာ ဘို့ ကိုယ်ကျိုးမဖက် ဘလော့ဂ်ချစ် စိတ် အပြည့်အဝနဲ့လုပ်ခဲ့တာ ဆိုတော့ ကျနော် သာလျှင် ဒီ ဆုကြီးနဲ့ အထိုက်တန်ဆုံးပါ..

သိချင်သူ..... ဒါပေမဲ့စိတ်တော့ မဆိုးနဲ့နော်.. မဲတွေက တအားပြတ်နေတော့ ပထမ နေရာကို ရောက်ပြီး နိုင် ဘို့ လွယ်ပါအုန်း မလားခင်ဗျ....

ရွှေ......အဲဒီအတွက်တော့ မပူပါနဲ့ခင်ဗျ.. ကျနော့် မှာ အစီအစဉ် ရှိပြီး သားပါ..

သိချင်သူ....... ကျနော့် ကို ပြောပြနိုင်ပါသလားဗျာ

ရွှေ....... ဘာလို့ မပြောနိုင်ရမလည်း ခင်ဗျာ.. ကျနော် ကြောက်ရမဲ့သူ ဘလော့ဂ် လောကမှာ တယောက်မှ မရှိပါဘူး...ကျနော် ပြောပြပါမယ်...

နောက်ဆုံး အချိန်ကြရင် ကျနော် ဟာ မဲပေါင်းစည်းရေးလုပ်မှာ ခင်ဗျား...  ဘယ်အမှတ်စဉ် မှာဘဲ ကျနော် ရောက်နေနေ......သူများ မဲ ပုံး တွေထဲက မဲတွေ ကို ကျနော့် မဲ တွေထဲ ပေါင်းထည့် တဲ့ မဲပေါင်းစည်း ရေး ခင်ဗျ.... မဲပေါင်းစည်းရေး.......

သိချင်သူ..... တော်လိုက်တာဗျာ...မဲပေါင်းစည်းရေး....မဲပေါင်းစည်းရေး
                    ထိုက်တန် ပါပေတယ်....မြန်မာဘလော့ အကယ်ဒမီ ဆုကြီး နဲ့ ထိုက်တန်ပါပေတယ်..

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
http://shwezinu.blogspot.com
မဲပေးချင်ရင်...http://www.mmblogpress.org/to-vote/
(အကြိမ် တစ်သောင်း နှင့် နှစ်ကြိမ် မြောက် မဲဆွယ်ခြင်း)
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၇)

သို့သော် အလွန် အရေးကြီးသည့် အပိုင်းများကို ဆက်လက်ဆောင်ရွက်ရပါဦးမည်။ ငုံးတိတိ ဖြစ်နေ သော အရိုးကိုဖုံး၍ အပ်နှင့်ချုပ်ရဦးမည်။ ဆေးထည့်ပေးရဦးမည်။ တပ်ကြပ်ကြီးမှာ အလွန် စိတ်လှုပ်ရှား နေသော်လည်း ကျွန်မကို ကူညီနေဆဲပင်။ သူ၏ စစ်သားတစ်ယောက်ကမူ သတိလစ်သွားပါသည်။
ကျွန်မက လှုပ်နှိုးရသည်။

''ဟေ့ ထပါဦး။ တို့တစ်တွေ လူနာကို သူ့အိပ်ရာပေါ် ပြန်တင်ရအောင် ကူညီပါဦး'' ဟု ကျွန်မက ပြောရ သည်။
''ကျွန်တော် စစ်ပွဲတွေမှာ လူတွေကို သတ်ခဲ့ပါတယ်၊ အခုလို အဖြစ်မျိုးတော့ တစ်ခါမှ မကြုံဖူးသေးဘူး'' ဟု စစ်သားက တောင်းပန်တိုးလျှိုးသံ နှင့်ပြော၏။
အဘိုးကြီး၏ သွေးတိုးနှုန်းကို ကျွန်မ စစ်ကြည့်သည်။ သူ၏ ကျန်းမာရေးက မကောင်းလှသော်လည်း ဝေဒနာကို အပြင်းအထိန်ခံစားခဲ့ရပြီးနောက် အသက်ဘေးမှ သူ လွတ်မြောက်သွားပြီကို ကျွန်မ သိပါသည်။ အသက်ရှင်လျက် ရှိနေသေးသမျှ မျှော်လင့်ချက် ရှိပါသေးသည်။

ကျွန်မတို့သည် သူ့အား ကုတင်ဆီသို့ တွန်းသွားကာ ညင်သာစွာ မတင်လိုက်ပါသည်။ ထိုစဉ် စစ်သားတစ်ဦး က ကျွန်မတို့ထံ အလွန်ပူလောင်နေသော လက်ဖက်ရည် သုံးခွက်ယူလာပေးပါသည်။
“ခင်ဗျား လက်ဖက်ရည် ပူပူလေးသောက်လိုက်၊ ဒါမှ နေသာထိုင်သာရှိသွားမယ်“ဟု ပြောပါသည်။
အင်္ဂလိပ် စစ်သားများအတွက် ဆေးတစ်ခွက်ပမာ ဖြစ်သောလက်ဖက်ရည်ကား ထိရောက်လှပါသည်။ လက်ဖက်ရည်ကို သောက်ပြီးနောက် အဘိုးကြီး၏ ကုတင်ဘေး ကြမ်းပြင်ပေါ်မှာပင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားခဲ့ပါတော့သည်။

မည်သည့်အချိန်ထိ အိပ်ပျော်သွားခဲ့သည် မသိပါ။ အဘိုးကြီး အိပ်နေရာမှ လှုပ်ရှားသံကြောင့် ကျွန်မ နိုးလာ ပါသည်။ ကျွန်မ မတ်တတ်ရပ်လိုက်ပါသည်။ အဘိုးကြီးသည် သူ့မှာ ခြောက်ထောက် တစ်ဖက် မရှိတော့ သည်ကို ခံစားသိရှိသွားကြောင်း ကျွန်မ ရိပ်မိလိုက်သည်။ သို့သော် သူသည် စိတ်လှုပ်ရှားခြင်း မရှိရုံသာ မက ကျွန်မကို ကြည့်ပြီး
“ငါ့ကို မင်း ကူညီနိုင်ပါစေဆိုပြီး ဘုရားမှာ ဆုတောင်းခဲ့တယ်၊ ငါဟာ အသက်ရှင်နေဖို့ သံန္နိဋ္ဌာန်ချထားတယ်၊ ငါ မသေနိုင်တော့ဘူး“ ဟု ပြောပါသည်။

ကျွန်မသည် သူ၏ နာမည်ကိုပင် မသိသေးကြောင်း သတိရလာခဲ့သည်။ သိသည် မသိသည်က အရေးမကြီး ပါ။ သိသိ မသိသိ လုပ်ပေးရမှာက လုပ်ပေးရမှာပါပဲ။ ကျွန်မတို့ အခုလို လုပ်ပေးလိုက်ခြင်းမှာ လူ့သဘာဝ၏ အလွန်ထူးခြားသော အဖြစ်အပျက်တစ်ရပ် ဖြစ်ပါသည်။
“ကျွန်မမှာ လုပ်စရာ တစ်ပုံကြီး ရှိသေးတယ်၊ ရှင်နဲ့ မတ်တပ်ရပ်ပြီး စကားပြောနေလို့ မဖြစ်သေးဘူး“ဟု ပြော လိုက်ပြီး အပြင်ဘက်သို့ ထွက်လာသည်။ ကျွန်မသည် တပ်ကြပ်ကြီးနှင့် သူ၏ လက်ထောက်လုပ်သူ တို့အား “ခြေထောက်အပြတ်ကို အပြင်သို့ ယူသွားပြီး မီးရှို့ပစ်ရန် “ ညွှန်ကြားလိုက်ပါသည်။

အစပထမက မသိဖူး မကြားဖူးသော၊ သူတို့၏ ကျောင်းမှာ ရှိသည့်မြေပုံတွင် ဖော်ပြထားသောတိုင်းပြည်ကို ကာကွယ်ရန် ကမ္ဘာ့ခရီးတစ်ဝက်ကို ဖြတ်သန်းလာခဲ့ကြသည်။ သူတို့မှာ တာဝန်ကျေပွန်သည် သာမကဘဲ သူတို့၏ လုပ်ရပ်ကို လေးစားခြင်း၊ သူတို့အပေါ်တွင် လေးလေးနက်နက် ကျေးဇူးတင်ရှိခြင်းတို့ကြောင့် ထိုက်ထိုက် တန်တန် ကျေးဇူးဆပ်ရန် အခန်းထဲတွင် ထိုင်၍ တစ်ညလုံး စဉ်းစားခဲ့သည်။ ကျေးဇူးဆပ်ဖို့ ကျွန်မတွင် မည်သည့် ပစ္စည်းမျှ မရှိပါ။ ပါးစပ်နှင့် ထုတ်ပြောရုံဖြင့် မလုံလောက်နိုင်ပါ။

ထို့နောက် ကလပ်မှ အသင်းဝင် လူကြီးအချို့က ကလပ်သို့ ၀င်ထွက်ဆဲရှိနေကြသည်ကို သတိရမိသည်။ ကလပ် တွင်မူ အဖျော်ယမကာနှင့် အရက်များ လုံလုံလောက်လောက် ရှိနေပါသေးသည်။ ဒီလူကြီးတွေ ကလပ် ကို စွဲစွဲမြဲမြဲ သွားနေခြင်းကို ကျွန်မ သဘောမပေါက်ခဲ့ပါ။ မကြာမီ ကွယ်ပျောက်ရန် ဘေးအန္တရာယ် နှင့် ရင်ဆိုင်နေရသော မျိုးစုတစ်ခုမှ အဖွဲ့ဝင်များသည် သူတို့၏ လွတ်မြောက်ရေးလမ်းစကို ငြင်းဆန် နေကြသကဲ့သို့ ကလပ်မင်ဘာကြီးများသည်လည်း သူတို့၏ ဘ၀ကို ပြောင်းလဲမှုမပြုဘဲ ကလပ်ကိုပင် ဖက်တွယ် ထားကြပါသည်။

ကျွန်မသည် လူသူ ခြောက်သွေ့နေပြီး မီးငွေ့များ ရှိနေသေးသည့် လမ်းမအတိုင်း ကလပ်သို့ ရောက်လာခဲ့ ပြီး တံခါးကို တွန်းဖွင့်၍ အရက်ဘားရှိရာသို့ လျှောက်လာခဲ့သည်။ ပုဂ္ဂိုလ်အချို့သည် ကြိမ်ကုလားထိုင်များ ပေါ်တွင် စုဝေးထိုင်နေကြကာ အတိတ်သည် အစဉ်အမြဲ ပျောက်ကွယ်သွားလေပြီ တကားဟု သတိရပြီး ပူဆွေး ၀မ်းနည်းနေကြဟန်ရှိပါသည်။
 
ကျွန်မသည် အသင်းဝင် လူကြီးတစ်ဦးထံသို့ သွားပြီး ကျွန်မ၏ စစ်သားများအတွက် ဘီယာပုလင်း အနည်းငယ် ထုတ်ပေးပါရန် မေတ္တာရပ်ခံပါသည်။ ယင်းစစ်သားများက ကျွန်မတို့ ဆေးရုံတွင် မည်သည့် အလုပ်များ လုပ်နေကြသည်ကိုလည်း တိုတို တုတ်တုတ် ရှင်းပြလိုက်၏။ သူသည် စိတ်ရှုပ်ထွေးဟန်ဖြင့် ကျွန်မကို ကြည့်ရင်း “မဖြစ်နိုင်ပါဘူး မစ္စရော့ဒရစ်၊ ဒီကလပ်က အရာရှိတွေအတွက် သပ်သပ်ပဲ“ ဟု ပြန်ပြော ပါသည်။

ကျွန်မ သောက်ရန် စားပွဲပေါ်တွင် ချထားသော ဖျော်ရည်ခွက်ကို လက်ဖျားနှင့်ပင် မတို့တော့ဘဲ စကားလည်း တစ်ခွန်းမှ မဟတော့ဘဲ ကလပ်ထဲမှ ထွက်လာခဲ့သည်။
ထိုနေ့ည ညဥ့်နက်ပိုင်းတွင် ကျွန်မသည် ကွန်မင်ဒိုတပ်သားများကို ခေါ်ယူ စုဝေးပြီး “သူတို့အတွက် လျှို့ဝှက်လုပ်ငန်းတစ်ခု ရှိကြောင်း၊ ထိုလုပ်ငန်းကို သူတို့ နှစ်သက်သဘောကျမည် ဖြစ်ကြောင်း“ ပြောလိုက် ပါသည်။ သူတို့အား သွပ်ဖြင့် လုပ်ထားသော ရေချိုးစည်ပိုင်းများကို ယူဆောင်စေပြီး ညမှောင်မိုက်ထဲတွင် ကလပ်သို့ ထွက်လာခဲ့ကြသည်။

သူတို့ကို ကျွန်မ ဘာမျှ မပြောပါ။ တရားဥပဒေသည် အရပ်သူ အရပ်သားများအတွက် မရှိတော့ပြီဖြစ်သော် လည်း စစ်သားများအတွက် တာဝန်နှင့် စည်းကမ်းက ရှိနေသေးသည် မဟ်ုတ်ပါလော။ သူတို့ လုပ်မည့် အလုပ်ကို မသိလေ ကောင်းလေ မဟုတ်ပါလော။ သူတို့သည် တုံ့ဆိုင်းဆိုင်းဖြစ်နေသေးသည်။ သို့သော်လည်း ပေးအပ်လာသော တာဝန်ကို လုပ်ရန် အသင့်ပင်။ ကျွန်မသည် ခုန်နေသော ရင်ဘတ် ပေါ်သို့ လက်ကို ဖိထားပြီး ''ငါဟာ အမှားတွေ မကျူးလွန်ပါဘူး''ဟု အားတင်းရသည်။ ဘာပဲဖြစ်ဖြစ် လက်စား ချေရခြင်း၏ ချိုမြိန်မှုသည်သာ အရသာအရှိဆုံးဖြစ်ချေသည်တကား။
 
ကျွန်မ ပေါက်စန အရွယ်ကပင် ကလပ်၏ ၀ရန်တာတွင်ထိုင်ပြီး အေးမြလှသော လင်မနစ်ကို သောက်နေကျ ဖြစ်သည်။ အဆောက်အအုံနောက်ဘက်တွင် ရှိနေသော အရက်များ သိုလှောင်ထားသည့် အခန်းတံခါး ဆီသို့ မျက်နှာကို အ၀တ်နှင့် စည်းထားစေဦး သွားတတ်ပါသည်။

ကျွန်မတွင် အမြင်အားဖြင့် ကြောက်စရာကောင်းသော အရပ်သားကိုင် ဓားတစ်လက် ပါလာသည်။ ၄င်းဓားသည် သော့ကို ကလန့်ပြီး တံခါးကိုဖွင့်နိုင်ပါသည်။ ကျွန်မတို့ရှေ့တွင်ကား ဇိမ်ခံပစ္စည်းများဖြစ်သော ဘီယာပုလင်းများ၊ အရက်မျိုးစုံ၊ ကြေးချွတ်ပေါင်ဒါနှင့် အရည်များ၊ အိမ်သာသုံးစက္ကူများကို တွေ့ရသည်။ ကျွန်မက စစ်သားများကို "ရနိုင်သမျှသော ပစ္စည်းများကို ရေစည်ပိုင်းအတွင်းသို့ ထည့်ရန်" တိုးတိုး ပြောပါသည်။ ကလပ်၏ အတွင်းရေးမှူး နာမည် ရေးမှတထားသည့် ကြီးမားသော ၀ီစကီ သေတ္တာကို စစ်သား တစ်ယောက်က မယူနေသည်ကို တွေ့ရသောအခါ ကျွန်မ အထူးပင် ၀မ်းမြောက်ဝမ်းသာ ဖြစ်သွား မိပါ သည်။

ကျွန်မတို့သည် သယ်ယူနိုင်သမျှသော ပစ္စည်းများကို ယူပြီးနောက် ဆေးရုံသို့ ပြန်လာခဲ့ကြသည်။ ကျွန်မ တို့ကိုသာ တစ်ဦးတစ်ယောက်က မြင်တွေ့ခဲ့သော် အလွန်တရား အံ့အားသင့်ပြီး ခေါင်းကုတ် မိနေပေ လိမ့်မည်။

လွန်ခဲ့သော ရက်ပိုင်းအတွင်းက တောင်ကြီးမြို့ပေါ်တွင် ထူးဆန်သော စီတန်းလမ်းလျှောက်မှုများ ရှိခဲ့ သောလည်း ကျွန်မတို့ လူစုလောက်တော့ ပုံပန်းပျက်မည် မဟုတ်ပါ။ အပျက်အစီးများနှင့် ရှုပ်ထွေးနေ သော လမ်းများ ပေါ်တွင် အ၀တ်ထုပ်ကြီးကို ခေါင်းပေါ်ရွက်လျက် ခြင်းတစ်ခြင်းစီကိုလည်း လက်တစ်ဖက် တစ်ချက် က ဆွဲလျက် စစ်သားများကမူ လေးလံသော စည်ပိုင်းများကို ထမ်းပိုးလျက် စီတန်းသွား နေကြ သည်ကို တွေ့ရလျှင် အံ့အားသင့်ကြမည် ဖြစ်ပါသည်။

ဆေးရုံသို့ ပြန်ရောက်ပြီးနောက် ကျွန်မသည် စစ်သားများ အားလုံးကို ကျွန်မ၏အခန်းသို့ ဖိတ်ခေါ်ကာ ၀ီစကီ၊ ဂျင်၊ ဘီယာတို့ကို သူတို့ကြိုက်သလောက် သောက်ကြရန် ဧည့်ခံပြုစုပါသည်။ မယုံကြည်နိုင် သော မျက်နှာ များပေါ်တွင် အပြုံးမိုးများ ရွာချနေပါသည်။ ကျွန်မတို့ကို ထင်ရာစိုင်းနေသည်ဟု ယူဆ၍ မရပါ။

စစ်သားများသည် သူတို့၏ အချိန်ကို အသုံးချပြီး အိပ်ပျော်သွားကြသည်။ နောက်တစ်နေ့တွင် ကျွန်မ က ဘီယာနှင့် အရက်များကို နေ့စဉ် ရာရှင်စနစ်နှင့် တိတိကျကျ ထုတ်ပေးမည်ဟု ထုတ်ဖော်ကြေညာ ပါသည်။ ကျွန်မတို့ ခိုးလာသော ပစ္စည်းများကို ကျွန်မ၏ အခန်းအောက်ဘက် မြေကြီးပေါ်တွင် ရှိနေ သော ၀ါးလုံး ဒေါက်များ အောက်၌ ၀ှက်ထားခဲ့သည်။ ကျွန်မတို့ လုပ်ရပ်ကို မည်သူများ တွေ့သွားလေ သနည်းဟု စောင့်ကြည့် နေမိသည်။

နောက်တစ်နေ့ နံနက်တွင် ကလပ်အသင်းဝင် မင်ဘာကြီးသည် နောင်တရသောမျက်နှာနှင့် ကျွန်မထံ ရောက်လာ သည်။ သူသည် အရာရှိမဟုတ်သူများကို အရက်ပုလင်းများ ထုတ်ပေးရန် ငြင်းဆန်ခဲ့ခြင်းကို စိတ်မကောင်းဖြစ်ပြီး တစ်ညလုံး အိပ်ရေးဝခဲ့ဟန် မတူပါ။ သူက "မနေ့က မင်းလာတောင်းတုန်းက ထုတ်ပေး လိုက်ဖို့ ကောင်းတယ်၊ ညက သူခိုးတွေ ၀င်ခိုးသွားတာ အားလုံး ပြောင်သွားပြီ၊ ဒီကောင် တွေနဲ့စာရင် မင်းရဲ့ လူတွေ လက်ထဲရောက်တာကမှ ကောင်းဦးမယ်" ဟု ၀မ်းနည်းစွာ ပြောပါသည်။ သူ့အား ပြန်၍ ၀မ်းနည်း စကား ပြောရသည်။ အရက်တစ်ခွက်တစ်ဖလား ဧည့်ခံမည်ဆိုပါက မိုက်မဲရာသာ ကျပါမည်။

ကွန်မင်ဒိုများသည် သူတို့၏ ဖောက်ခွဲရေးလုပ်ငန်းများနှင့် အလုပ်ရှုပ်နေကြပါသည်။ အချိန်ကိုလုပြီး လုပ်နေကြရလေရာ သူတို့ လူစုအား တပ်က ပြန်ခေါ်ပြီး အကူအညီတောင်းလေ့ရှိသဖြင့် သူတို့သည် အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်နေကြသောကြောင့် အိပ်ချိန်ပင် ကောင်းစွာ မရကြရှာပါ။ ဆေးရုံတွင် ပေးထားသော အလုပ်များမှာ သူတို့အတွက် တာဝန်ကြီးသလို ဖြစ်လာခဲ့ပါသည်။ ဒါပေ မယ့် သူတို့သည် နောက်တွန့် ခြင်း မရှိပါ။

၁၉၄၂ခုနှစ်၊ ဧပြီလ ၂၀ရက်နေ့တွင် မြို့ပြအုပ်ချုပ်ရေးဘက်ဆိုင်ရာ အရာရှိများသည် တောင်ကြီးမြို့မှ ထွက်ခွာသွားကြရာ အုပ်ချုပ်ရေးရပ်သွားပါပြီ။ သူတို့ကို အပြစ်တင်၍ မဖြစ်ပါ။ အကယ်၍ ထိုသို့မသွား ခဲ့သော် ဂျပန်များ၏ ဖမ်းဆီးခြင်းခံရပြီး ထိန်းသိမ်းထားခြင်းလည်း ခံရမည် ဖြစ်ပါသည်။

ကျွန်မ၏ စိတ်ထဲ၌ တထင့်ထင့် စိုးရိမ်နေသော အချိန်သည် မကြာမတင် ရောက်လာတော့မည်ကို သိပါ သည်။ ကွန်မင်ဒိုတပ်ဖွဲ့များကို ဆုတ်ခွာရန် အမိန့်ပေးပေတော့မည်။ ဂျပန်တပ်များက တဖြည်းဖြည်း နီးကပ်လာချေပြီ၊ ဗိုလ်မှူးကြီး၏ တပ်သားများအား ဖောက်ခွဲဖျက်ဆီးရေး အလုပ်အပြင် အခြား အရေး ကြီးသော တာဝန်တစ်ရပ်ကိုလည်း ပေးထားပါသေးသည်။ ရှမ်းစော်ဘွားများထံမှ ရန်ပုံငွေအဖြစ် ကောက်ခံ ထားသော ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားကို ဂျပန်တို့လက်တွင်းသို့ မကျရောက်မီ သယ် ဆောင်သွား ရန် တာဝန်ပေးထားခြင်း ဖြစ်သည်။

ရှမ်းပြည်တွင် ဘိန်းအမြောက်အမြား စိုက်သဖြင့် ရှမ်းစော်ဘွားများသည် ချမ်းသာကြွယ်ဝကြသည်။ ကျွန်မငယ်ငယ်က မင်းခမ်းမင်းနားများတွင် ထီးလက်ကိုင်ရိုးကို ရွှေဖြင့်ပြုလုပ်ပြီး စိန် ရွှေ ကျောက်သံ ပတ္တမြား များ စီခြယ်ထားခြင်း၊ အင်္ကျီအ၀တ်အစားများတွင်လည်း အလားတူ အဖိုးထိုက် အဖိုးတန်များ စီခြယ်ထားခြင်းများကို တွေ့ဖူးပါ၏။ ယင်းရန်ပုံငွေမှာ အလေးချိန်အားဖြင့် ၁၄တန်ရှိ၍ ငွေစက္ကူများ၊ အဖိုးတန် ကျောက်သံပတ္တမြားများ၊ ရွှေတုံး ရွှေခဲများဖြစ်ပါသည်။ ၎င်းပစ္စည်းများကို တောင်ကြီးမြို့အစိုး ရ  ငွေတိုက် ၌ သိမ်းဆည်းထားသည်ဟု သိရှိခဲ့ပါသည်။

ငွေစက္ကူများကို မီးရှို့ဖျက်ဆီးပစ်နိုင်စေကာမူ အခြား ရွှေတုံးများ၊ ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါးများ ကျောက်သံ ပတ္တမြားများကိုမူ ဖျက်ဆီး၍ မရပါ။ ယင်းအဖိုးထိုက်တန်သော ပစ္စည်းများကို ရန်သူ ဂျပန်များ လက် တွင်းသို့ အရောက်မခံနိုင်ပါ။ မဟာမိတ်တပ်များ၏ စစ်ရေးစစ်ရာတွင်သာ သုံးစွဲသင့်ပါသည်။ အဆိုပါ ပစ္စည်းများကို သူခိုး၊ ဓားပြများက လုယူရန် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသည်။ စစ်အတွေ့အကြုံများအရ အဖိုးထိုက်တန်သော ရွှေငွေများနှင့်သာလျှင် ခဲယမ်းမီးကျောက်နှင့် လက်နက်များကို ၀ယ်ယူရနိုင် ကြောင်း သိထားပါသည်။ ထိုသို့မှမဟုတ်လျှင် အမေရိကန် နယ်ချဲ့တို့ကဲ့သို့ လိုသမျှအလကားပေး မည်ဆိုသော လူစားမျိုးနှင့် တွေ့ရန် လိုပါသည်။

ကွန်မင်ဒိုများအတွက် အထူးတာဝန်တစ်ရပ်၊ ပေးထားကြောင်း စစ်သားများထံမှ သိရပါသည်။ သို့ဖြစ်၍ တစ်နေ့သော နံနက်ခင်းတွင် ဗိုလ်မှူးကြီးကိုယ်တိုင် ရောက်လာပြီး ၎င်းတို့လူစု တောင်ကြီးမှ ထွက် သွားတော့မည်ဟု ပြောလာခြင်းကို မအံ့သြတော့ပါ။ လန်ဒန်အရှေ့ပိုင်းသား တပ်ကြပ်ကြီးက "ဖလော အတွက် ရော"ဟု မေးသံကြားရပါသည်။ သူသည် အရေးအကြောင်းထဲမှပင် ကျွန်မ၏နာမည် 'ဟယ် လင်'ကို ခေါ်ရမှာ ၀န်လေးနေပါသည်။

ဗိုလ်မှူးကြီးသည် ကျွန်မကို သူ့နံဘေးသို့ ဆွဲယူလိုက်ပြီး ''နောက်ချန်နေရစ်ခဲ့သည်အထိ မမိုက်မဲသင့် ကြောင်း၊ ရင်ဆိုင်ရမည့် အန္တရာယ်အသွယ်သွယ်နှင့် ဂျပန်များက ကျွန်မ၏ဆေးရုံအလုပ်ကို ဆက်လက် လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း"ဖျောင်းဖျပြောဆိုပါသည်။

ကျွန်မကလည်း "ကျွန်မ၏ လူနာများကို ပစ်ပြီး ထွက်မသွားနိုင်ကြောင်း" ခေါင်းမာနေပါသည်။ ကျွန်မ ပြောသည်မှာ မှန်ကန်ကြောင်း သူလက်ခံသွားဟန် တူပါသည်။ ကျွန်မကိုဆက်ပြီး မတိုက်တွန်းတော့ပါ။ နောက်တစ်ကြိမ် သူပြန်လာသည်။ ပုံစံတစ်မျိုး ပြောင်းလာသည်"တို့ သွားကြစို့"ဟု ကျွန်မကို အမိန့် ပေးပါသည်။
 
"ရော့ ဟောဒီမှာ မင်းအတွက်"ဟုပြောပြီး ကာကီအင်္ကျီနှင့် ဘောင်းဘီတစ်စုံ ထုတ်ပေးသည်။ "မင်း ဆံပင် လည်း တိုတိုညှပ်ရမယ်"ဟု ပြောသေးသည်။ ကျွန်မကို စစ်သားတစ်ယောက်အလား အမိန့်ပေး နေပါသည်။ "မြန်မြန် လုပ်၊ မင်းအတွက် ၁၀မိနစ်ပဲ အချိန်ရမယ်"ဟု ပြောနေပြန်ပါသည်။

"ဒီအတွက်တော့ ကျွန်မအဖို့ ၁၀မိနစ်လည်း မလိုဘူး၊ ၁၀ရက်လည်းမလိုဘူး၊ ကျွန်မဆုံးဖြတ်ပြီးပြီ ရှင် တို့ သွားကြပါတော့"ဟု ပြောလိုက်ရပါသည်။ ကျွန်မတို့ ဆက်လက်ငြင်းခုံနေ၍လည်း အကြောင်းထူး လာမည် မဟုတ် သည်ကို သူသိပါသည်။ သူမည်မျှ စိုးရိမ်ပူပန်သွားသည်ကို သူမျက်နှာပေါ်တွင် ကျွန်မ မြင်နေရသည်။
"ငါတော့ ငါ့သမီးတစ်ယောက်ကို ချန်ထားရစ်ခဲ့ရသလိုပါပဲ"ဟု သူက ပြောပါသည်။

ကျွန်မသည် ဆေးရုံဘက်သို့ ရုတ်တရက်လှည့်ကြည့်ပြီး
"လူနာတွေဟာ ကျွန်မနဲ့ မိသားစုလို ဖြစ်နေပြီး သူတို့မှာ အကူအညီမဲ့နေပါတယ်၊ ကျွန်မသာ ဒီက ထွက်သွားရင် သူတို့ သေကုန်မှာပဲ"ဟု ပြောလိုက်သည်။
"မင်းဘာတွေ လုပ်နေတယ်ဆိုတာ သိရဲ့လား မင်းကို ဂျပနတွေက မုဒိမ်းကျင့်မယ်၊ နှိပ်စက်မယ်"ဟု သူ က ပြောသည်။ သူသည် နာရီကို ငုံ့ကြည့်ရင်း "တို့မှာ အချိန်မရှိတော့ဘူး၊ မင်းအတွက် နောက်ဆုံး အခွင့် အရေးပဲ"ဟု ပြောပါသည်။

"ဗိုလ်မှူးကြီး အနေနဲ့ ကျွန်မရဲ့ စိတ်သဘောထား ပြောင်းအောင် အမျိုးမျိုး နားချပြီးပြီပဲ၊ ဒါကြောင့် ဒီ ကိစ္စနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးမှာ တာဝန်လုံးလုံး မရှိတော့ပါဘူး၊ စိတ်ဖြောင့်ဖြောင့်ထားပြီး သွားကြ ပါတော့"ဟု ကျွန်မ၏ ပါးစပ်ထဲမှ စကားကြီး စကားကျယ်များ ရုတ်တရက် ထွက်သွားခဲ့ပါသည်။ ဗိုလ်မှူးကြီး ၏မျက်နှာတွင် ပြုံးယောင်တစ်ချက် သန်းသွားရင်း မသက်မသာစွာနှင့် မုတ်ချက်ချသည်။

"မင်းဟာ အလွန်ထူးခြားတဲ့ အမျိုးသမီးတစ်ဦးပါပဲ၊ မင်းလည်း သိပါတယ်လေ"
ကျွန်မက ပြန်လည်ပြုံးပြရင်း
"ကမ္မသကာပေါ့ရှင်"ဟု ပြန်ပြောလိုက်သည်။
"မင်း အသက် ငယ်သေးတယ်၊ ခံနိုင်ရည်ရှိပါ့မလား"
"ကြိုးစားရမှာပဲ၊ ကျွန်မအတွက်  စိတ်ပူမနေပါနဲ့၊ ရှင် ခရီးဆုံးမရောက်ဘဲ ဖြစ်သွားလိမ့်မယ်"

နောင်နှစ်ပေါင်း များစွာကြာသောအခါ ကျွန်မ၏ မုတ်ချက်သည် မှန်ကန်သွားကြောင်း သိရပါသည်။ ဗိုလ်မှူးကြီးသည် တစ်ဖက်နိုင်ငံသို့မရောက်ပါ။ ဗိုလ်မှူးကြီးနှင့် သူ၏ လူအများစုသည် ကျည်ဆန်မှန်၍ လား၊ ရေနစ်လို့လား၊  ဖျားနာလို့လား၊ အစာရေစာ ငတ်ပြတ်လို့လားမသိ၊ လမ်းခရီး၌ ကျဆုံးကုန်ကြ သည်။ တပ်ကြပ်ကြီးနှင့် နှစ်ဦး သုံးဦးခန်သာ အသက်မသေ ကျန်ရစ်ပါသည်။ ကျွန်မသည် စိတ်ထဲက မပါဘဲ ပေါ့ပေါ့ တန်တန် မှတ်ချက်ချခဲ့စဉ်က ရယ်စရာအဖြစ်သာ ပြောခဲ့ခြင်း ဖြစ်ပါသည်။ သူတို့ကဲ့သို့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ရော သတ္တိဗျတ္တိပါ ပြည့်စုံသူများကို မည်သည့်ရန်သူကမျှ မဖြိုဖျက်နိုင် ဟု ကျွန်မ လေးလေး နက်နက် ယုံကြည်ခဲ့သည်။

သေဆုံးသွားသူမျာအနက် အမှတ်အသားမရှိသော မြေပုံထဲ၌ မြှုပ်နှံထားသူများ၊ တချို့ကျတော့လည်း မြေပုံ ပင် မရှိရှာကြသူများမှာ မြန်မာပြည်၌ ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပါသည်။ စစ်ကြီးပြီးသွားသောအခါ ကွန်မင် ဒိုများနှင့် ပေးလိုက်သည့် ရတနာများအကြောင်း စုံစမ်းကြည့ပါသေးသည်။ အစအနပင် သတင်းမရပါ။ ဂျပန် တွေကပဲ ရသွားသလား၊ လူဆိုးသူခိုးတွေ လက်ထဲပဲ ရောက်သွားသလား၊ တစ်နေရာရာမှာပဲ မြှုပ် နှံထားခဲ့ လေသလား မသိပါ။

ဆုတ်ခွာကြသည့် အချိန်တုန်းက လူအချို့သည် သူတို့၏ အဖိုးထိုက်အဖိုးတန် ရတနာပစ္စည်းများကို မြှုပ်နှံခဲ့ကြသည်။ တစ်နေ့ပြန်လာပြီး တူးယူမည်ဟု မျှော်လင့်ခဲ့ကြသည။ သို့သော ပြန်လာနိုင်သူက အလွန် နည်းသည်။ မြန်မာပြည်၏ မြေကြီးအောက်၌ ရှိနေသော ရတနာသိုက်များသည် သူတို့ကိုလာပြီး ခလုတ် တိုက်မည့် တောသူတောင်သားများကို မျှော်လင့်နေကြပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Saturday, February 6, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၆)

လူသေအလောင်းများကိုလည်း ဆွေမျိုးသားချင်းများက လာရောက်ရွေးထုတ်ခြင်း မရှိသောကြောင့် ရင်ခွဲရုံ ထဲ၌ တောင်လိုပုံနေပါသည်။ ကြံ့ခိုင်သန်မာသော စစ်သားများသည် လူသေ အလောင်းများကို မူလက ရွံ့တွံ့တွံ့ ရှိခဲ့သော်လည်း အတွေ့အကြုံများ ရလာသောအခါ မရွံရှာနိုင် ကြတော့ပါ။ အလောင်းများကို မမြှုပ်ဘဲ ကြာကြာထားလေ၊ အလောင်းတွေက တိုးလာလေ၊ အပုပ်နံ့ တထောင်းထောင်းနှင့် ယင်တလောင်း လောင်း ဖြစ်လေ ကြုံရတော့မည့် အခြေအနေကို ကျွန်မကဲ့သို့ သူတို့တစ်တွေ သိကြပါသည်။

အစပထမတွင် အပုပ်နံ့များကို ဆေးဖျန်းပြီး သက်သာအောင် လုပ်နိုင်ခဲ့သော်လည်း ဆေးကရှားပါးလာ၍ မသုံးနိုင် သောအခါ လူသေအလောင်းများ၏ အပုပ်နံ့သက်သာစေရန် တွေးတော ကြံဆရပါသည်။ မူလက ဗုံးခိုရန် တူးထားသော ကျင်းများထဲသို့ လူသေများကို ထည့်ပြီး အစုလိုက် အပြုံလိုက်မြှုပ်နှံသည်။ သို့သော် ဘာသာရေး လိုအပ်ချက်အရ သရဏဂုံမတင်နိုင်ခဲ့ပါ။ မည်သို့ ကြိုးစားရှင်းလင်းပါစေ လူသေ အလောင်းများ နေရာ တွင် လူသေအသစ်များက အစားထိုးလာပါသည်။

လူသေများကို မြှုပ်နှံပေးရုံမျှဖြင့် ရောဂါကူးစက် ပြန့်ပွားခြင်းကို အကာအကွယ်ပေးနိုင်မည် မဟုတ်ကြောင်း အချိန်က ထုတ်ဖော် ပြသလာပါသည်။ ယင်းဘေးအန္တရာယ်ကို အပြီးအပိုင် ဖယ်ရှားနိုင် ရေးမှာ မီးသင်္ဂြိုလ်ခြင်း ဖြစ်ပါသည်။ ဒါကို ကျွန်မက ဗိုလ်မှူးကြီး ဘရော့ကယ်လ်ဟပ်(စ်)ုကို တင်ပြပါသည်။ သူသည် ကျွန်မ၏ ဆန္ဒကို ကူညီ ပေးခဲ့သူ၊ သူ့စိတ်နှင့် မတွေ့စေကာမူ ကူညီခဲ့သူ ဖြစ်သော်လည်း ယခု အကြိမ်၌ တုံ့ဆိုင်းဆိုင်း ဖြစ်သွား ခဲ့ပါသည်။
''ငါ့အနေနဲ့တော့ မစွန့်စားရဲဘူး၊ မီးသာရှို့လိုက်ရင် မိုင်ပေါင်း များစွာက မြင်နေရပြီး တို့ရဲ့နေရာ ဘယ်မှာ ရှိကြောင်း ရန်သူကို ပြလိုက်သလို ဖြစ်သွားမှာပေါ့''ဟု သူက ပြောသည်။

အမှန်ကတော့ မီးကြောင့် ဂျပန်က ကျွန်မတို့ နေရာကို သိရှိရန် မလိုပါ။ ကျွန်မတို့နှင့် ပတ်သက်၍ ဘယ်နေရာ မှာ ဘယ်သူတွေ ရှိနေကြောင်း ဂျပန်များက အလွတ်သိပြီး ဖြစ်ပါသည်။ သို့သော်လည်း ဗိုလ်မှူးကြီး၏ ကျေးဇူး များက များလွန်းနေသဖြင့် အရေးမကြီးသည့် ကိစ္စအတွက် အတိုက်အခံ မပြောလိုတော့ပါ။

ဗိုလ်မှူးကြီးက မြို့ပြင်တွင် ကျင်းကြီးတစ်ကျင်းထဲ၌ လူသေအလောင်းများကို စုပြုံ မြှုပ်နှံခြင်းကို လိုလား ပါသည်။ မြို့ထဲတွင် လူနည်းစုအဖြစ် ကျန်ရစ်ခဲ့သော အရာရှိတစ်ဦးက ''ယင်းသို့ မြှုပ်ခဲ့သော် ဗုဒ္ဓဘာသာဝင်များနှင့် ခရစ်ယာန်များ၊ ဟိန္ဒူနှင့်မွတ်စလင်ဘာသာဝင်များ ရောနှောကုန်မည် ဖြစ်ပြီး ဘာသာရေး ရှုထောင့်မှ ကြည့်လျှင် မဖြစ်နိုင်ကြောင်း'' ထောက်ပြပါသည်။ အမှန်ပင် ဘာသာအယူဝါဒ မတူသူများကို ခွဲခြားမြှုပ်နှံရပါမည်။

ဗိုလ်မှူးကြီးသည်လည်း ကျွန်မတို့ကဲ့သို့ပင် ပင်ပန်းနွမ်းနယ်နေပါသည်။ သူ့မျက်နှာပေါ်တွင် ပင်ပန်းမှု များက ထင်ဟပ်နေပြီး ရက်ပေါင်းများစွာ အိပ်ရေးပျက်ခဲ့ကြသော သူ၏ တပ်သားများအတွက် စိုးရိမ် ပူပန် နေဟန်ရှိပါသည်။ ဘာသာရေးနှင့် အသေးစိတ် အချက်အလက်များ ကွဲပြားခြားနားမှုကို သူက ဘ၀င် ကျဟန်မတူပါ။ အရာရှိဘက်သို့ လှည့်၍ သူက ''လူဟာ သေပြီးရင် တစ်လမ်းတည်းပဲ သွားရတာ မဟုတ်လား'' ဟု ပြောပါသည်။ ကျင်းတစ်ကျင်း တူးရသည်ပင် အင်အားထုတ်၍ တူးရသည်ဖြစ်ရာ ကျင်းပေါင်း များစွာ တူးရမည့်သူ၏ တပ်သားများအတွက် ရင်လေးနေပါလိမ့်မည်။ သူသည် အတိုက်အခံ လုပ်တတ်သူ မဟုတ်ပါ။

သူက''ကျင်းအကြီးကြီး တစ်ခုတူးမယ်၊ ကျင်းကို ၀ါးလုံးတွေနဲ့ ကန့်ထားမယ်၊ သူ့လူမျိုးနဲ့ သူပေါ့၊ လူတွေဟာ အသက်ရှင်နေခိုက် အကွဲကွဲအပြားပြား ဖြစ်နေကြပြီး သေတဲ့အခါမှာတောင် ညီညွတ်မှု မရနိုင်သေးဘူး'' ဟုညည်းညူပါသည်။

စစ်သားများက ပုပ်ပွနေသော လူသေအလောင်းများကို မြှုပ်နှံရန် မြို့ပြင်သို့ သယ်ဆောင်လာရသော အလုပ်ကို ကြည့်၍ ကျွန်မ ဆေးရုံတစ်ခုမှ တစ်ခုသို့ လူနာများ သယ်ဆောင်ခဲ့သော လုပ်ရပ်သည် အသေးအဖွဲ့ပါလားဟု သုံးသပ်မိပါသည်။ သူတို့သည် ကျင်းအကြီးကြီးတစ်ခု ဖြစ်လာစေရန် တစ်ညလုံး မရပ်မနား တူးခဲ့ကြသေးသည်။ ပုပ်ပွပြီး အနံ့တထောင်းထောင်းထနေသော လူသေ အလောင်းများကိုလည်း ကိုယ်တိုင် သယ်ပိုးလာကြရသေးသည်။

အ၀တ်များကို ရောဂါမကူးနိုင်သော ဆေးရည်တွင် နှစ်၍ သူတို့၏ ပါးစပ်ကို ဖုံးအောင် စည်းနှောင်ပြီး အပုပ်နံ့ကို ခံနိုင်အောင် ကြိုးစားကြပါသည်။ အလောင်းများအနက် အချို့က ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး အချို့ကခေါင်းတစ်ခြား ကိုယ်တစ်ခြား ဖြစ်နေသဖြင့် လူသေများကို မည်သူမည်ဝါဟု ခွဲခြား စာရင်းမလုပ်နိုင်ခဲ့ပါ။ လူသေ အလောင်းများ မြှုပ်နှံရာတွင် အရပ်ထဲမှ သေဆုံးသူများ၏ ဆွေမျိုးသားချင်း လူ ၅၀ ခန့် လာရောက် ဟစ်အော်ငိုကြွေးနေကြသဖြင့် မြင်ကွင်းက မိုပိုအကျည်းတန် သွားပါသည်။ အမှန်အားဖြင့် သူတို့သည် ကျင်းတူးရာတွင် ပါဝင်ကူညီရမည့်အစား အနှောင့်အယှက်ပေးနေကြခြင်းသာ ဖြစ်ပါသည်။

လင်းတများက အနားပတ်ဝန်းကျင်ရှိ သစ်ပင်များပေါ်၌ အသားစားရန် မျှော်လင့်ချက်နှင့် နားနေကြသည်။ ကျွန်မတို့ တစ်တွေ မျက်နှာလွှဲသွားသည်နှင့် ကျင်းများကို ပြန်ဖော်ပြီး လူသေကောင် များမှ အ၀တ်အစားများကို ချွတ်ယူရန် စောင့်နေသူများနှင့် စာလျှင် လင်းတများက သာပါသည်။ ယင်းလူယုတ်မာများ၏ ဘေးရန်မှ ကာကွယ်ရန် အစောင့်များ ချပေးထားခဲ့ရသည်။

သို့သော်လည်း သူတို့သည် အစားအစာ ငတ်ပြတ်၍ လူသေအသားများကို စားရန် တငမ်းငမ်းဖြစ်နေကြသောခပ်လှမ်းလှမ်းတွင် စောင့်နေကြသည့် ခွေးများကိုမူ မောင်းထုတ်နိုင်မည် မဟုတ်ပါ။ ခွေးများသည် သေနတ်နှင့်ခြောက်၊ ရာဘာဖိနပ်များနှင့်ရိုက်နှက် ကန်ကျောက်နေသည့် ကြားထဲကပင် မကြောက်ရွံ့ လူသေအလောင်းများကို လာဆွဲကြသည်။ သေနတ်နှင့် ပစ်သူများကိုပင် ပြန်ရန်မူရန် သွားတဖြဲဖြဲ လုပ်နေကြသည်။ ကျွန်မက ခွေးတွေကို လိုက်လံရိုက်နှက်ခြင်းမပြုရန် တားမြစ်ရသည်။ ကျွန်မတို့မှာ ပြဿနာပေါင်းစုံကို ရင်ဆိုင်နေရသည် မဟုတ်ပါလား။ ထိုကြားထဲက ခွေးကိုက်ခံကြရမည်ဆိုပါက ခွေးရူးပြန်ရောဂါရပြီး ပြဿနာက ပိုရှုပ်လာပါဦးမည်။

ကျွန်မသည် အိန္ဒိယပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးသော အတွေ့အကြုံများအရ အစားအစာငတ်၍ သေဆုံးသူများ၊ ရောဂါခန္တရကပ်ဆိုက်၍ သေဆုံးသူများ တောင်လိုပုံနေသည့်အပေါ် တွင် လင်းတများသည် ခုတ်ဆွ ခုန်ဆွလုပ်၍ တပျော်တပါး လူ၏ အစိတ်အပိုင်းများအား စားသောက်နေ ကြသည်ကို မြင်ဖူးခဲ့၍ ကျွန်မ အတွက် လူသေကောင်းများဟု ယဉ်နေပြီဖြစ်ပါသည်။

သို့သော် စစ်သားများကမူ ရင်ဆိုင်ကြုံတွေ့နေရသည့် မြင်ကွင်းကို ရွံသလိုလို၊ ရွံ့သလိုလို ဖြစ်နေကြ ကြောင်း သူတို့ မျက်နှာများပေါ်၌ ပေါ်လွင်နေပါသည်။ သူတို့အတွက် အခံပြင်းဆုံးမှာ လူသေ အလောင်း များကို ပြန်လည်တူးဖော်ပြီး အ၀တ်အစားများကို ချွတ်ယူကြရန် စောင့်ဆိုင်းနေကြသော လူများ၏ အကျင့်ယုတ် အကြံယုတ် ပင်ဖြစ်သည်။ စစ်သားတစ်ဦးကမူ ''တိရစ္ဆာန်တွေ လောက်တောင် အဆင့် အတန်း မရှိတဲ့ ကောင်တွေ'' ဟု ပြောပါသည်။
ကမ္ဘာ့အရှေ့ဖျားဒေသများ၌ လူ့အသက်တစ်ချောင်းသည် တန်ဖိုး မရှိကြောင်း သူ့ကို ရှင်းပြလျှင်လည်း ပိုနေမည် ဖြစ်ပါသည်။ ရှင်းပြရန်လည်း အချိန်မရပါ။ ရောဂါဆိုးများ မကူးစက်မီ လူသေအလောင်းများကို အမြန် မြှုပ်နိုင်ရေးသည်သာ အဓိကဖြစ်ပါသည်။

ကျွန်မစိတ်ထဲတွင် အသက်ရှင် ကျန်နေသူများက သေဆုံးကြသူ များကို အကြွေးဆပ်ရန် တာဝန်ရှိသည်ဟု မှတ်ယူ ပါသည်။ လူသေ အားလုံး မြေမြှုပ်ပြီးချိန်တွင် မှောင်စပျိုးနေပါပြီ။ ကျင်းနက်နက် တူး၍ မြှုပ်လိုက် ရသဖြင့် မည်သူမျှ သူတို့၏ အေးငြိမ်းမှုကို အနှောင့်အယှက် ပေးနိုင်လိမ့်မည် မဟုတ်ပါ။

စစ်သားအချို့သည် နောက်တစ်နေ့ နံနက် ဆေးစပ်ခန်းရှေ့၌ တန်းစီနေကြသောအခါ တိုင်ပင်မထားကြ ဘဲ နေမကောင်းကြသူများ အုပ်စု၌ သွားရပ်နေကြပြီး ''သူတို့ရင်ထဲ၌ ပျို့ချင်သလို အန်ချင်သလိုလို ဖြစ်နေသည် ကို ပျောက်အောင် ကုသပေးရန် '' တောင်းဆိုနေကြပါသည်။

သူတို့ ခြောက်ဦး ကျွန်မထံသို့ လာရောက် သတင်းပို့စဉ်က သူတို့သည် သူနာပြု လုပ်ငန်းနှင့် ပတ်သက်၍ 'နကန်း' တစ်လုံးမျှ မသိကြပါ။ သို့သော် သူတို့သည် ကျရာတာဝန်ကို ကျေပွန်အောင် ဆောင်ရွက် နိုင်ရုံ သာမက ဘဲ သူတို့၏ တိုးတက်မှုမှာ များစွာ လျင်မြန်လှပါသည်။ အရိုးကျိုး၊ အဆစ်လွဲ သည်ကို ပြန်လည် တည့်ပေးခြင်း နှင့် အသေးစား ခွဲစိတ်ခြင်းတို့၌ ကျွန်မကို ၀င်ရောက် ကူညီနေကြပါပြီ။ နောက်ဆုံး၌ ခွဲစိတ် ကုသမှုကြီး များ၌ပင် ပါဝင်ကူညီလာနိုင်ခဲ့ကြပါသည်။ သူနာပြု လုပ်ငန်း၌ အမြင့်ဆုံး အစဉ်အလာအရ မိမိတာဝန် ထက် ပိုမိုထူးချွန်စွာ လုပ်ကိုင်သူကို ဆုချီးမြှင့်မည်ဆိုပါက သူတို့ ခြောက်ဦးကတော့ အမှန် တကယ် ဆုရထိုက် သူများ ဖြစ်ပါသည်။

လန်ဒန်မြို့ အရှေ့ပိုင်းသား တပ်ကြပ်ကြီးကမူ အလုပ် လုပ်ရာတွင် အလွန်ထူးချွန်စွာ လုပ်နိုင်ခဲ့ပါသည်။ သူသည် ရံဖန်ရံခါ သည်းမခံနိုင်လောက်အောင် ကျွန်မ၏ စိတ်ကို အနှောင့်အယှက်ပြုခဲ့သည်။ ကျွန်မ၏ နာမည်မှာ 'ဟယ်လင်' ဖြစ်ကြောင်း သူက သိနေပါလျက် ကျွန်မကို 'ဖလောရင့်(စ်)' ဟူ၍ ခေါ်လေ့ရှိပြီး နောက်ပိုင်း တွင် နာမည်၏ အတိုကောက် 'ဖလော'ဟု ခေါ်ပါသည်။ ကျွန်မ လုပ်ရပ်တွေကို သူ လေးစား ကြောင်းပြလို၍ ခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်မည်ထင်ပါသည်။

သို့သော်လည်း မီးအိမ်တစ်လုံးကို ကိုင်လျက် စစ်မြေပြင်၌ လျှောက်သွားနေသော အမျိုးသမီး သူနာပြု ဆရာမလေး ဖလောရင့်(စ်) နိုက်တင်ဂေးနှင့် နှိုင်းသည်ကို လက်မခံနိုင်ပါ။ ဖလောရင့်(စ်)တစ်ယောက် ကရီးမီးယား စစ်မြေပြင်၌ မီးအိမ်တစ်လုံး ကိုင်စွဲပြီး ဒဏ်ရာရသူများကို ပြုစုနေသည်က ဆေးရုံ လူနာဆောင် များ၌ ကျွန်မ လှည့်လည်ပြုစုရသည်နှင့် မနှိုင်းယှဉ်အပ်သည်ကို ကျွန်မ ၀န်ခံလိုပါ သည်။

နောင်တွင် တပ်ကြပ်ကြီးသည် ကျွန်မအား မြှောက်ပင့်သရော်နေသည်ကို ကျွန်မက လက်ခံ ကြိုဆိုခြင်း မရှိကြောင်း ယုံကြည်သွားသည်။ သူက ကျွန်မကို သမိုင်းပညာ မသင့်ခဲ့၍သာ သူ ခေါ်ဝေါ် သုံးစွဲသော နာမည်ကို လက်ခံလိုဟန် မရှိကြောင်း၊ ကျွန်မသည် နိုက်တင်ဂေး ငှက်နာမည်ကိုသာ ကြားဖူးနားဝ ရှိဟန်တူ ကြောင်း ထင်နေပါသည်။

အထူး အလုပ်များသော နေ့တစ်နေ့တာ ကုန်ဆုံးပြီးနောက် မှောင်ရီပျိုးစတွင် အယ်နီတစ်ယောက် ကျွန်မထံ ရောက်လာပြီး ''ဆေးရုံဝင်းခြံတံခါးမကြီးမှ ကြောက်စရာ ညည်းညူသံတစ်ခု ထွက်ပေါ်နေကြောင်း'' ပြောပါသည်။ မီးအိမ် သို့မဟုတ် လက်နှိပ်ဓာတ်မီး တစ်ခုခုကို သုံးစွဲရန် မဖြစ်နိုင်၍ အသံထွက်ပေါ်လာသည့် နေရာသို့ မှန်းပြီး စမ်းတ၀ါးဝါး လာခဲ့သည်။

အသံက ရပ်သွားလိုက် ကျွန်မက ရပ်ပြီး နားစွင့်လိုက်နှင့် လျှောက်သွားရာ ပျက်စီးနေသော အဆောက် အအုံ အနီး အမှိုက်ပုံ၌ အလွန်ပိန်ပြီး မောင်းဂွတ် လူမျိုး ရုပ်လက္ခဏာရှင် အဘိုးကြီး တစ်ဦး လဲကျနေ သည်ကို တွေ့ရသည်။ အလင်းရောင် မှိန်ပျပျတွင် နှစ်ပေါင်းများစွာက ကျွန်မ သိနေသူတစ်ဦးဖြစ်ကြောင်း မှတ်မိ ပါသည်။ သူသည် ဈေးနေ့များ၌ အချိုမုန့်နှင့် သကြားလုံးမျး ရောင်းချနေကျဖြစ်၍ ကျွန်မကလည်း ကလေး ဘ၀က သူ၏ ဖောက်သည်တစ်ဦး ဖြစ်ခဲ့၏။
သူ့ဒဏ်ရာ ကို ကျွန်မ မမြင်ရသေးဘဲနှင့်ပင် သူ ဒဏ်ရာ ပြင်းအထန် ရနေသည်ကိုတော့ သိနေပါသည်။

ကျွန်မသည် လူနာအား သယ်ဆောင်ပေးရန် ဟစ်အော် အကူအညီတောင်းပြီးနောက် စစ်ဆေးကြည့်ရှု နိုင်ရန် လူနာဆောင် တစ်ခုသို့ သူ့ကို သယ်လာခဲ့သည်။ အလွန် သနားစရာ ကောင်းပါသည်။ သူ၏ ခြေထောက် များသည် ဒဏ်ရာကြောင့် ကြေမွနေပြီး အရိုးနှင့် အသားများက ပုပ်စ ပြုနေပါပြီ။ သူ့အနေနှင့် ဒဏ်ရာ ရခဲ့သည့် အချိန်ကို မမှတ်မိတော့ပါ။ သူသည် မကြာခဏ အနာရှိန်ကြောင့် သတိမေ့သွားလေ့ရှိသဖြင့် မမှတ်မိ နိုင်တော့ပါ။
 
ဈေးရပ်ကွက်သို့ ပထမအကြိမ် ဗုံးလာကြံစဉ်က ရရှိခဲ့သော ဒဏ်ရာဟူ၍ကား မှတ်မိနေပါသည်။ သူသည် ရွာသို့ ပြန်သွားခဲ့ သည်။ ရွာသူရွာသားများက ရွာကို စွန့်ခွာ ထွက်ပြေးကြ၍ လူတစ်ယောက်မှ မတွေ့ခဲ့ရပေ။ ဒုက္ခ ရောက်နေခိုက် ကူညီမည့် ဆွေမျိုးသားချင်းကလည်းမရှိ၊ ပြန်စရာ အိမ်ကလည်း မရှိတော့၍ သူ့ကို ကူညီနိုင်မည့် တစ်ခုတည်းသော နေရာမှာ ဆေးရုံဖြစ်ကြောင်း တွေးမိပြီး ရောက်လာ ခြင်းဖြစ်ပါသည်။

သူ့ကို ကျွန်မ ရေချိုး သန့်စင်ပေးသည်။ သူ၏ ကြေမွနေသော အနာများကို ဆေးကြောပေးနေစဉ် သူက ကျွန်မကို အလွန်အားကိုးတကြီးနှင့်ကြည့်ပြီး အင်္ဂလိပ်လို မတတ်တတ်ဖြင့်
''ကျွန်တော့်ကို ကူညီနှိင်မယ် မဟုတ်လား''ဟု မေးပါသည်။
ကျွန်မကလည်း သူ့ကို ငုံ့ကြည့်ပြီး ကြင်နာယုယသော လေသံဖြင့် ''ကျွန်မ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်၊ ရှင့်ရောဂါ က သိပ်ပြင်းထန်တယ်၊ ကျွန်တို့ဆီမှာ ဆရာဝန် မရှိဘူး၊ ရှင့်ကို ခွဲစိတ်ကုသပေးဖို့ လိုတယ်'' ဟုပြန် ပြောသည်။

ကျွန်မ ဘာကို ဆိုလိုကြောင်း တိတိကျကျ သိလိုပါသည်ဟု ထပ်ခါတလဲလဲ မေးနေပါသည်။ ယခင် ရက်တွေ တုန်းကဆိုလျှင် ကျွန်မအနေနှင့် အမှန်ကို ဖွင့်ပြောခဲ့မည်မဟုတ်ပါ။ ယခု ရက်ပိုင်းအတွင်းမှာ သေတာတွေက မဆန်းတော့ပြီဖြစ်၍ ကျွန်မ အရေထူးလာပါပြီ။ ကျွန်မသည် သူ့အား အမှန်အတိုင်း ဖွင့်ဟ မပြောရန် အကြောင်းမရှိပါ။

သူသည် အသက်အရွယ်ကြီးပြီး ခံနိုင်ရည်ရှိသူဖြစ်၍ သေရမည်ကို ကြောက်ရွံ့လိမ့်မည် မဟုတ်ဘဲ ရင်ဆိုင်ရဲသူ ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် မှန်ကန်တိကျသော မဟုတ်ဘဲ ရင်ဆိုင်ရဲသူ ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် မှန်ကန်တိကျသောစီရင်ချက်ကို ခံယူသင့်သည် ဟုကျွန်မ ထင်ပါသည်။ အခြေအနေသာ ပြောင်းလဲ သွားမည်ဆိုပါက ကျွန်မသည် သူ နောက်ဆုံး အသက်ထွက်သည့် အချိန်အထိ သူ့ကုတင်ဘေး တွင် ထိုင်စောင့် နေမိမည် ဖြစ်ပါသည်။

သို့သော် ကျွန်မ၏ ပတ်ဝန်းကျင်မှ ငိုယိုသံများ၊ ညည်းညူသံများက ကျွန်မတွင် အခြား အရေးကြီးသော တာဝန်များ ကျန်ရှိနေပါသေးကလားဟူ၍ သတိပေးသလို ဖြစ်နေကြသည်။ ထို့ကြောင့် တုံးတိတိ ပြောလိုက် သည်။

''ရှင့်ကို ဆရာဝန်တစ်ဦးဦးနဲ့ ခြေထောက် ဖြတ်ပစ်ရမယ်၊ နို့မဟုတ်ရင် ရှင်သေမယ်၊ ကျွန်မတို့ဆီမှာ ဆရာဝန် မရှိဘူး၊ ကျွန်မ ကြိုးစားဖြတ်ရင်လည်း ရှင်သေမှာပဲ မထူးပါဘူး''
သူ၏ ပါးရေတွန့် နေသော သူ့မျက်နှာတွင် ထူးခြားမှု တစ်စုံတစ်ရာမပြဘဲ ''မင်းသာ မင်းအဖေရဲ့ သမီးမှန်ရင် ငါ့ခြေထောက် ကို မင်းဖြတ်ပေးမှာပါ'' ဟု ပြောပါသည်။

ကျွန်မက အပြင်ဘက်သို့ ထွက်သွားပြီး ငိုချလိုက်မိတော့သည်။ ထို့နောက် ဆုတောင်းရပါသည်။ '' ငါ ဘာလုပ်ရမလဲ'' ဟု ထပ်ခါတလဲလဲ တွေး၍ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။ ကျွန်မကို လမ်းညွှန် ပြရန် ကောင်းကင်မှ ထူးခြား အံ့သြဖွယ် အသံတစ်သံ ထွက်ပေါ်လာလိမ့်မည် မဟုတ်သည်ကို ကျွန်မ၏ နှလုံးသား က သိနေပါသည်။ ဆုံးဖြတ်ရမည့်သူမှာ ကျွန်မပင်။ ကျွန်မမှ တစ်ပါး အခြားမရှိပါ။

ကျွန်မသည် သူရှိရာ အဆောင်သို့ ပြန်ရောက်သောအခါ ကျွန်မ၏ ပြဿနာကို ပြေလည်သွားအောင် သူ အသက် ထွက်သွားလေပြီလားဟု တစ်ဝက်တစ်ပျက် မျှော်လင့်မိပါ၏။ သို့သော် သူက သတိရနေသည့် အပြင် စကား ပြောနိုင်ပါသည်။

''မင်း ငါ့ကို ဖြတ်ပေးမှာလား'' ဟုမေးရာ ကျွန်မက ခေါင်းညိတ်ပြလိုက်သည်။ ဤမျှ ကျွန်မအပေါ် သူ ယုံကြည်မှု ရှိနေပါသည်။ ကျွန်မ အနေနှင့် သူ့ခြေထောက်ကို ဖြတ်ပေးမှ တရားရာ ကျပေလိမ့်မည်။

ကျွန်မသည် ခွဲစိတ်ကုသခန်းထဲသို့ ၀င်သွားပြီး ထိုင်စဉ်းစားသည်။ ခြေလက်များ ဖြတ်ရာတွင် တွေ့ကြုံ ကြားသိ ရသည်များနှင့် စာအုပ်များတွင် ဖတ်ခဲ့ရသည်များကို တစိမ့်စိမ့် စဉ်းစားလိုက်သောအခါ ခြေလက် ဖြတ်တောက် ရသည်မှာ ဗုံးစနတ်တံ ဖြုတ်တုန်းကလို ဆောင်းပါး မရှိစေကာမူ သိပ်တော့ အခက်ကြီး အဆိုးကြီး မဟုတ်ပါ။

ကြောက်ရွံ့နောက်တွန့်နေလို့မဖြစ်။ ကြာလေ အနာက ဆိုးလေဖြစ်မည်။ ကျွန်မသည် မတ်တတ် ရပ်လိုက် ပြီး တပ်ကြပ်ကြီးအား ယုံကြည်မှု အပြည့်အ၀ရှိသောလေသံဖြင့် ''ကျွန်မ လူနာတစ်ယောက်ကို ခြေထောက် ဖြတ်တောက် ပေးဖို့အတွက် ခွဲစိတ်ခန်းကို အဆင်သင့် ဖြစ်အောင် ကူညီပါ''ဟု ပြောလိုက်သည်။

နိစ္စဓူဝ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြောနေကျ လေသံ လိုဖြစ်နေခြင်းက ကျွန်မအသံကို ကျွန်မ ပြန်ကြား နေရခြင်းပင်။ တပ်ကြပ်ကြီးက ကျွန်မ၏ ပြောဆိုချက် ကိုလက်ခံယုံကြည်ဟန်မရှိ။ သူ့စိတ်ထဲတွင် သူ့ခေါင်းပေါ်သို့ ခေါင်မိုးကြီး ပြိုကျလာလေပြီလားဟု ယူဆဟန် ရှိပါသည်။ သို့သော် သူက '' ဘာလုပ် ရမယ်ဆိုတာသာ ပြောပါ ဖလော၊ ကျွန်တော် ကြိုးစားပါ့မယ်'' ဟု ပြန်ပြောပါသည်။

ကျွန်မက ''ရှင်တို့ထဲက ဘယ်သူများ မေ့ဆေး ပေးတတ်ပါသလဲ'' ဟု မေးသောအခါ သူက ခေါင်းခါပြ သည်။
''ကျွန်တော်တို့ကိုသာ ပြပေးပါ။ ကျွန်တော်တို့က တတ်လွယ်ပါတယ်''ဟု သူက တစ်ဖက်သို့လှည့်ပြီး ရယ်ကျဲကျဲဖြင့် ပြောပါသည်။
ကျွန်မသည် အသံကို ထိန်း၍ အေးဆေးတည်ငြိမ်စွာဖြင့် ''ရေကို ၄ ဂါလံဝင် သံပုံးနဲ့ ဆူအောင် ကျိုပါ၊ ခွဲစိတ် ကုသ ရမယ့် ပစ္စည်းကိရိယာတွေကို သယ်ပိုးနိုင် အောင်စီစဉ်ပါ'' ဟု အမိန့်ပေးရသည်။

ခွဲစိတ်ခန်းကို သန့်စင်ဆေးကြောစေပြီးမှ လူနာကို သယ်ဆောင်၍ ခွဲစိတ်ကုတင်ပေါ် တင်ကာ မရွေ့ ရှားနိုင်ရန် ချည်တုပ်ကြပါသည်။ ကျွန်မက စစ်သားများအား ''လူနာအား မေ့ဆေးပေးရာတွင် ပြည့်ပြည့် ၀၀ မရှိခဲ့သော် လူနာသည် အကျောက်အကန် ရုန်းလိမ့်မည်ဖြစ်ကြောင်း'' ပြောထားရသည်။ ခန်းဆီးများကို ချပြီး မီးဖွင့် လိုက်ပါသည်။

ကျွန်မတို့ လူထုထဲတွင် အတည်ငြိမ်ဆုံးသူမှာ လူနာ အဘိုးကြီးဖြစ်ပါသည်။ သူသည် သတ္တိကောင်းသူ ဖြစ်ပြီး သူ့အသက်ကို လူသတ်သင်တန်း တက်ရောက်ခဲ့ကြသော စစ်သားများနှင့် လက်များ တုန်လှုပ် နေ၍ အပ်ပေါက် ထိုးရန်ပင် အခက်အခဲဖြစ်နေသည့် သူနာပြု ဆရာမတစ်ဦးတို့၏ လက်တွင် ၀ကွက်ကာ ယုံကြည် မှု့ အပြည့်နှင့် အပ်နှံထားပါသည်။

ကျွန်မသည် သူ၏ ခြေထောက်ကို အရက်ပြန်နှင့် ဆေးကြောပြီး ဖော်ဖင်း(ထုံဆေး) ထိုးပေးပါသည်။ ၄င်းနောက် စစ်သားများအား မေ့ဆေးပေးပုံ ပေးနည်းများကို ရှင်းပြ၍ မေ့ဆေးပေးပါသည်။ ကျွန်မက ''သူ ဘယ်နည်းနဲ့မှ သတိ ပြန်မလည်စေနဲ့နော်'' ဟု ပြောပါသည်။
မျက်နှာဖြူဖပ်ဖြူရော်နှင့် ကြောက်ရွံ့နေဟန်ရှိသော စစ်သားများအား ''ဒီိကိစ္စက တော်တော် အရေးကြီး တယ်၊ ရှင်တို့ထဲက တစ်ယောက်ယောက် ချွတ်ချော် တိမ်းပါးတာမျိုး ဖြစ်လို့မရဘူး'' ဟု သတိထပ်ပေးရသည်။

အမှန်အားဖြင့် ပြောသာ ပြောရသော်လည်း ကျွန်မ၏ အခြေအနေက သူတို့ထက် သာမည်မဟုတ်ပါ။ ဟန်ဆောင် ရခြင်းကို ကျွန်မ အကြောက်ဆုံးဖြစ်ပါသည်။
ကျွန်မတို့သည် မျက်နှာဖုံးများ စွပ်လိုက်ကြပြီးနောက် ခြေထောက်ဖြတ်ရမည့်နေရာကို မှတ်သားလိုက် ပါသည်။ ကျွန်မသည် အရိုးကို ဖြတ်တောက်နိုင်ရန် တပ်ကြပ်ကြီးထံမှ ပြုတ်ထားပြီးသား ''ဓား'' ကို တောင်းလိုက် ပါသည်။ ဘုရားစာကို တိုးတိုးရွတ်ဆိုပြီးနောက် ကျွန်မသည် ညိုမည်းနေသော အသား အောက်သို့ ဓားကို လှီးထည့်လိုက်သည်။

တပ်ကြပ်ကြီး သည် ထိုအချိန်က လူနာကို သွေးသွင်းနေရာ သူ့ကိုယ်သူ မနည်း ထိန်းချုပ် ထားရဟန် ရှိပါသည်။ အရိုးပေါ်သို့ ဓားရောက်သွားသောအခါ ကျွန်မက ''လွှ''ကို တောင်းပါသည်။ ကျွန်မ မျှော်လင့် ထားသည် ထက်ပင် အရိုးကို လွှနှင့်ဖြတ်ရသည်က ပိုမိုခက်ခဲလှပါသည်။ လွှ၏ လက်ကိုင်ပေါ်၌ လက်နှစ်ဖက် ကို ရုတ်တရက် ကျွန်မ တွေ့ရပါသည်။ ကျွန်မ အလွန်လိုလား တောင့်တ နေသော အကူအညီကို တပ်ကြပ်ကြီး က ပေးနေခြင်းဖြစ်ပါသည်။ တစ်ကြပ်ကြီး၏ လက်သည် ခိုင်မြဲလှ ပါသည်။ ကျွန်မတို့ အောင်မြင် သွားကြပေပြီ။

စစ်သားများ၏ နဖူးပေါ်တွင် ချွေးသီး ချွေးပေါက်များ သီးနေပါသည်။ သူတို့သည် မဟာလူသားများ၏ အလုပ်ကို လုပ်ကိုင်နေကြကြောင်း ကျွန် သိပါသည်။ လူတစ်ယောက်၏ အသက်သည် သူတို့၏ လက်ထဲတွင် ရှိနေ ပါကလားဟူသော အသိတရားကြောင့် သူတို့သည် ကျွန်မကဲ့သို့ အတွင်းအား စိတ်ဓာတ်များ ပိုမို ခိုင်မာ လာကြပါသည်။ ခြေထောက်အရိုး ပြတ်လုပြတ်ခင်တွင် ရေပုံးတစ်လုံး အမြန် ယူခိုင်းလိုက်ပါသည်။ ခြေထောက် အပြတ်ကြီး ရေထဲသို့ ''ပလုံ''ခနဲ ကျသွားသံနှင့်အတူ ကျွန်မသည် ပျို့ချင် အန်ချင် ဖြစ်လာ ပါသည်။ အရေးကြီးသော ခွဲစိတ်ကုသမှု မလုပ်မီ ရက်ပေါင်းများစွာ အစာမစားဘဲ နေရခြင်း၏ အကြောင်းရင်း ကို အများကြီး နောက်ကျပြီးမှ ကျွန်မ သဘောပေါက်ပါတော့ သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>