Saturday, February 6, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၁၁)

အနုပညာမြတ်နိုးမှု

ကျမသည် ထိုအချိန်က တယောခေတ်စား၍ တယောတလက် ၀ယ်ထားပြီး"မြိုင်ကြီးဟေမာ" သီချင်းကို တီးကွက် လေ့ကျင့်လျက် ရှိပါသည်။ တရက်ခြားနှစ်ရက်ခြား ဆိုသလို တီးကွက်ပ်ြသေးသူမှာ ကွယ်လွန် သူ နာမည်ကျော် သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင် ဖြစ်ပါသည်။ မစ္စကွစ်ကုမ္ပဏီမှ ငှါးထားသော စန္ဒယား တစ်လုံရှိ၍ စန္ဒယားသင်ပေးသူက ဆရာမောင်ဖြစ်ပြီး သူကလည်းနှစ်ရက်တစ်ခါ, သုံးရက်တစ်ခါ ကြိုးသီချင်း ကြီးများကိုလာ၍ ပြသပေးပါသည်။ ထိုခေတ်က ဆရာမောင်တို့ စန္ဒယားတီးနည်းမှာ လက်ညှိး၂ ချောင်းနှင့်တို့၍ တီးသည်က များပြီးဒရန့်ခေါ်သော အကွက်ကလေးများ တီးသည့်အခါမှ သာ ညာဘက်လက် မှ လက်ခလယ် နှင့် လက်သူကြွယ်တို့ကို ထည့်၍သုံးပါသည်။ ယခုခေတ်ကဲ့သို့ ၀ဲ, ယာ လက် လေးငါးချောင်း အသုံးပြုနည်းက ခေတ်စား ကျယ်ဝန်းခြင်းမရှိသေးပါ။

စန္ဒယား ဆရာမောင်မှာ ကျမတို့ရပ်ကွက်နှင့် မနီးမဝေးနေရှင်နယ် ကျောင်းတ၀ိုက်ရှိ လမ်းတလျှောက် တွင် နေထိုင်ကြသူ ဂီတအနုပညာသည်ကြီးများ ဖြစ်သော်ဦးချစ်ဖွယ်၊ ဒေါ်စိန်သုံးကြီး၊ မြန်မာညွှန့် ဦးချစ်မောင်တို့ နှင့် တလမ်းတည်း နေသူ ဖြစ်ပါသည်။ နန်းတော်ရှေ့ ဆရာတင်မှာတော့ ကျမတို့ ၀င်းအတွင်းရှိ ကျမတို့ အိမ်သစ် မဆောက်မှီ ပြောင်းရွေ့လာစဉ်က နေထိုင်ဘူးသော အိမ်မှာလာရောက် အိမ်ငှါးနေခြင်းဖြစ်ပါသည်။ ထိုအိမ်တွင် လာနေသည်မှာလည်း မေမေကသူ့မျက်စေ့ အောက်မှာ လာရောက်နေထိုင်စေချင် သောကြောင့် နေလာရခြင်းဖြစ်ပါ သည်။ နန်းတော်ရှေ့ ဆရာတင်မှာငယ် စဉ်ကကျမမိဘများက တူသား ကဲ့သို့ အိမ်မှာ ခေါ်ထားဘူး၍ ဖြစ်ပါသည်။

နန်းတော်ရှေ့ ဆရာတင်၏ ဖခင်မှာမြန်မာရှင်ဘုရင် များလက်ထပ်က မြို့စာရေး, အမှာတော်ရေး, မင်း ခေါ် အရာရှိ ဖြစ်၍ ဘိုးဘိုးဝက်မစွက်မြို့စားမင်း ထံ မကြာခဏ၀င်ထွက် နေသူဖြစ်ရာ သူ့သားငယ် မောင်တင် သည် အင်္ဂလိပ်ပညာသင်၍ ၇-တန်း အရောက်တွင် စာသင်ကျောင်းသို့ မသွားဘဲ ပွဲလမ်းသဘဝ ဇာတ်စင်၊ ရုပ်သေးစင်တို့နောက်မှာ တကောက်ကောက်ပါနေပြီး အဆိုအတီးဘက်၌ အလွန် ၀ါသနာထုံ နေသူ ဖြစ်သည်။ သူ့အဖေက ဘယ်လိုပင်ရိုက်နှက် ဆုံးမသော်လည်း မရသဖြင့်ကျမ ဖေဖေထံသို့ လာရောက် အပ်နှံထားသည်၊ ထိုအချိန်မှာ ပထမကမ္ဘာစစ်ကြီး ဖြစ်စနားထွင်း အလှူကိစ္စ အပြီး တွင်ဖြစ်ပါ သည်။

ကျမဖခင်က ပတ္တလားတီးရာ၌ အဆိုသမားလိုနေချိန်တွင် ၁၇-နှစ်သားမျှ ရှိသေးသောမောင်တင် ရောက်လာ သောကြောင့် သူဆိုနိုင်သော ရှေးမဟာဂီတ၀င် သီချင်းကြီးများကို သိဆိုစေ၍ ပတ္တလားတီး ပါသည်။ ကျမငယ်စဉ်က ဆိုတတ်သရွေ့ကိုလည်း မောင်တင်နှင့်အတူ လိုက်ဆိုပေးလေ့ရှိသည်။ ထိုနောက် အခွင့် စေ့၍ အလုပ် ၀င်သောအခါ မောင်တင်က သူ့အဖေအမှာတော်ရေး မင်းအိမ်သို့ပြန်နေ သည်။

နောက်သူ့သတင်းကို မကြားရတော့ပါ၊ သူဝသည်စစ်ကြီးအတွင်းက စိတ်လေးပြီးစစ်ထည်း လိုက်သွား၍ မက ဆိုပိုတေးမီးယား စစ်မြေပြင်အထိရောက်သွားခဲ့ကြောင်း။ တိုင်းပြည် အေးချမ်း၍ စစ်ပြေငြိမ်းပြီးနောက် သုံးလေးနှစ် အရှိတွင် ရွှေကျီးညိုသီးချင်းနှင့် အောင်ပင်လယ်သီချင်းများ၊ ဦးရွှေရိုး သီချင်းများ တနိုင်ငံလုံး ခေတ်စား လျက် သီးချင်းရေးသူ နန်တော်ရှေ့ ဆရာတင်ဟု ကျော်ကြားလာ သည်။ အစကမောင်တင်သည် နန်တော်ရှေ့ ဆရာတင်ဖြစ်နေသည်ကိုမသိပါ၊ သူကမေးစမ်းလိုက်ရှာ၍ ပြန်တွေ့ရခြင်းဖြစ်ပါသည်။

သူသည် နာမည်ကြီး၍ လက်ဖျားမှာငွေသီး နေသလောက် အသုံးအဖြုံးကြီးသူ ဖြစ်နေမှန်းသိသဖြင့် မေမေကမင်း- ငါ့မျက်စေ့အောက်မှာနေပြီ့းပစ္စည်းဥစ္စာ အဖတ်တင်အောင် လုပ်ရမည်ဆိုသော ကြောင့် သူဇနီးနှင့်အတူ အိမ်ငှါးနေလာခြင်းဖြစ်ပါသည်။ နာမည်ကျော် စာရေးဆရာအဖြစ်နှင့် ခေတ်စားချိန်ဖြစ် ၍ သူ့သီချင်းများကိုဆိုမှ ပရိသတ်သဘောကျသောကြောင့် ဇာတ်မင်းသ္မီး, မင်းသား၊ အငြိမ့်မင်းသ္မီးများ သူထံသို့တရုံးရုံးလာရောက် သီးချင်းတောင်းသည်။ ဇာတ်ထောင်၊ အငြိမ့်ထောင်သူများ၊ ရှပ်ရုင်တီးဝိုင်း သမားများလည်းအတွက်, အ၀င်မစဲသူ့အိမ်သို့ လာကြသည်။ အချို့ကလည်း နန်းတော်ရှေ့ဆရာတင် အား လေးစားသလို ဆရာတင်ကမိဘလို ရိုသေကျိုးနွံနေ သော မေမေ၀င်ရောက်နှုတ်ဆက်ကြသည်။ စားဦး, စားဖျား လက်ဆောင်များ လာပေးတတ်ကြသည်။ ကွယ်လွန်သူ နာမည်ကျော်အငြိမ့်လူပျက် ဓါတ်ဆီကဆိုလျှင် အိမ်မှာတောက်တိုမယ်ရ အိမ်ဖေါ်မိန်းခလေးများကို သူ့နေရပ်ရွာမှ မကြာခဏ ခေါ်လာ ထားပေး လေ့ ရှိပါသည်။

ဤ အကွက် အခန်းကလေးများကို ယူလျက်တဘက်အိမ်မှ အမြဲစောင့်၍ ကဲ့ရဲ့နေသူများသည် ကျမအား တီးသမား, မှုတ်သမား များနှင့် ဒူးတင်ပေါင်တင် တယောတီးသင်၍ တရုံးရုံးနေထိုင်သည် ဟု မဲ့ကာ, ရွဲ့ကာ နှင့်သတင်းလွှင့် ခံရပြန်ရာကျမနားသို့ ပြန်ပြီးပဲ့တင်ခပ်ဝင်လာသည်။ ပြောကြပါ စေတော့လေဟု သာ သဘောထား ယုံမှ တပါးထူးခြားခြင်း မရှိတော့ပါ။

ကျမက တတ်သင့်သောပညာ မှန်သမျှကိုမလွတ်တန်း ရယူလိုခြင်းဖြစ်၍ ယခုခေတ်အခေါ် အားဖြင့် အနုပညာနှင့်စပ်လျဉ်းသည်တို့ကို မြတ်နိုးတတ်သူ ဖြစ်သည်ဟု ယူဆကြမည်ဖြစ်သော်လည်း ကျမတို့ပတ်ဝန်းကျင်က သည်လိုမယူဆပါ။ ကျဉ်းမြောင်းသော အမြင့်ဖြင့်ကဲ့ရဲ့ရှုံ့ချမှု့ အမျိုးမျိုးတို့ ကိုသာဆုလာဘ် အဖြစ်ရရှိခဲ့ပါသည်။

သို့သော် ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီးကတော့ တခါ,တခါ အိမ်သို့ကြွရောက် လာလျှင် စန္ဒယား ကိုလက်နှင့်တို့၍ တီးပြပါသည်။ ဇေယျာရွှေမြေခေါ်သော သီချင်းကြီးကိုလည်း ဘယ်နည်း ဘယ်ပုံ ဆိုရသည်ဟု အဖြတ်အတောက်အဆွဲအငင်နှင့် တကွရွတ်ဆိုသင်ပြ တတ်ပါသည်။ ရှေးပညာ ရှိကြီးများသည် အဋ္ဌာရသပညာအ၀င်အပါ၊ ပန်းချီရေးခြင်း၊ သီဆိုတီးမှုတ်ခြင်း၊ ဗေဒင်ကျမ်း၊ ဆေးကျမ်း စသဖြင့်တတ်မြောက် သူချည်း ဖြစ်ပါသည်။ ၀က်မစွတ်မြို့စား မင်းကြီးမှာ အခြားသော မှူးဆော်မတ်တော်များ ထက်ပို၍ အမှတ်အသားထူးကဲကျနသူဖြစ်ရာ မဟာဂီတကျမ်း ကြီးတစောင်လုံးကို သူကိုယ်တိုင်စိတ်တိုင်းကျသတ်ပုံ သတ်ညွှန်းသဝေ, ၀စ္စ, ပုဒ်ဖြတ်, ပုဒ်စပ်မှန် ကန်အောင် တည်းဖြတ်ထားသော ပေမှုတခုကို စိရင်ခဲ့ပါသည်။ ၎င်းပေမှုရင်းကို ကျမ၏ဖခင်နှင့် သီပေါစော်ဘွားကြီး ဆာစောချယ်တို့ကလည်း ပေမူများတပြိုင်နက် ကူးယူထားခဲ့ရာ ကျမထံတွင် မဟာဂီတပေမူမှန်မှာ ယခုတိုင်အထမမြောက်ခဲ့သေးပေ။

စန္ဒယား ဆိုသည်မှာ မင်းတုန်းမင်းလက်ထက် နောက်ပိုင်းနှင့် သီပေါမင်းတို့ လက်ထက်၌ နိုင်ငံခြား မှ ရောက်လာခြင်း ဖြစ်၍၊ (ပြနိုး) ဟုခေါ်ကြောင်း။ ပြနိုးဆိုသည်မှာ အင်္ဂလိပ်မခေါ် ပီယာနိုးကိုမြန်မာ အသံနှင့် အနီးဆုံး ပြီးစလွယ် ခေါ်ခြင်း ဖြစ်သည်။ စန္ဒယားမှာ ပတ္တလား များ၏ ခုနှစ်သံ နှင့်ညှိ၍ အလားတူစမ်းသပ်တီးကြည့်ရာ မြန်မာသီချင်းကြီးများတီးလို့ ရသဖြင့်နောက်မှာ စန္ဒယားဟူသော မြန်မာ ဝေါဟာရ အခေါ်တခု ဖြစ်လာသည်ဟု လည်း ပြောပြပါသည်။

ထိုအချိန်မှာ ၀က်မစွတ်မြို့စား မင်းကြီးသည် အသက်၈၀-ကျော်၍ ဒူးကလည်းနာရှာသဖြင့် သမီးအလတ် အိမ်သို့ ရှေးကလိုမကြာခဏမကြွရောက်နိုင်ဘဲ တလမှသုံးကြိမ်လောက်သာ ရောက်လာနိုင်သည်။ ကျန်သော နေ့များမှာ မေမေကသွားတွေ့ရပါသည်။ သမီးမလာဘဲ နေလျှင် နေကောင်း,မကောင်း လူလွတ် ၍ မေးခြင်းခံရပါသည်။

သို့ကြောင့် မေမေကလည်းနေ့စဉ် မရောက်နိုင်သည်တိုင်အောင် တရက်ခြားတော့ အမြဲ သွားရောက် ဦးချ ရပါသည်။
ထိုအခါမျိုး မှာလည်း အမြဲကျမလိုက်ပါ မသွားပါ။ ကျမမှာစရေးရခြင်းကြောင့်လည်း အားလပ်သည် မရှိ သည်က တကြောင်း၊ အလွမ်းမသင့်သူများနှင့် တွေ့လျှင်မခံချင်စရာထိပါး ပုတ်ခတ်သော စကားသံများ ကြားရ ဦးမည် စိုးသောကြောင့် တကြောင်း၊ အသွားအရောက် နည်းပါသည်။ ဒါတောင် မှတခါ, တခါ မေမေ အရှေ့ဝင်း အိမ်က ပြန်လာလျှင် မျက်စိမျက်နှာမကောင်းပါ။ ကျမကဘာဖြစ် လာသလဲဟုမေးသော်လည်း မရဘဲရှိသည်။ တယောက်ယောက်က လေမှုတ်လွှတ်လိုက်ပြီဟု ရိပ်မိသဖြင့်ခဏ,ခဏ မသွားရန် တားမြစ်မိ ပါသော်လည်း ဖခင်ကြီး၏စိတ်ချမ်းစာ မှုကိုရှေ့ရှုလျှက် သွားမြဲသွားရှာပါသည်။
မေမေက ဖခင်ကြီးအပေါ် သံယောဇဉ်ကြီးသကဲ့သို့ သူ၏သားငယ်ကိုလည်း ဖခင်မရှိသူဖြစ်၍ သနားပိုကာ အထူး လိမ္မာစေလိုသည်။

ပညာကိုလည်းကြိုးစားစေလိုသည်။ သို့ကြောင့် အိမ်မှပင်မ ထားဘဲ ဆရာမများထံတွင် ဘော်ဒါ အဖြစ်ထားပါသည်။ ၁၀-နှစ်သားအထိ ဆရာမများနေသော မိန်းမကျောင်းမှာ နေပြီးမှ ယောင်္ကျား ကလေး ကျောင်း သို့သူ့ အတန်းပြဆရာမများနှင့် အတူသွားအတူပြန်လေ့ ရှိသည်၁၀-နှစ်ကျော် လာသောအခါယောင်္ကျား အတန်းပြဆရာထံမှာ ပြောင်းပြီး ဘော်ဒါ ထား၍ သူ့ဆရာနှင့် အတူကျောင်းသို့ တက် စေပါသည်။ သို့ကြောင့် အသက်၁၄-နှစ် သားလောက်တွင် ၇-တန်းသို့ရောက်ခဲ့ပါသည် အိုမင်းမစွမ်း ရှိသော အခါ ဒီသားကိုဘဲ အားကိုးအားထားပြုလိုရှာသည်။

အရွယ်အတန်းကြီးလာ သဖြင့် သားမောင်မောင်အား သူ့မျက်စေ့အောက်တွင် ထားလိုသောကြောင့် တကြောင်း၊ ၇-တန်းစာမေးပွဲကို နှစ်ချင်းမအောင်သောကြောင့် တကြောင်း၊ နောက်တနှစ်၌ မှုလကျောင်း မှထုတ်၍ အိမ်မှာထားပြီး၊ အိမ်နှင့်အနီးကပ်ဆုံး ဖြစ်သောမန္တလေး နေရှင်နယ်ကျောင်း ခေါ် အမျိုးသားကျောင်း သို့ ပြောင်းရွှေ့ ထားပါသည်။ ကျောင်းအုပ်ကြီး မှာ ဆရာကြီးရာဇ၀တ် (ဗိုလ်ချုပ် အောင်ဆန်း နှင့် အတူကျဆုံးသူ)ဖြစ်၍ အတန်းသားများတွင် မှတ်မိသူမှာ ကိုဘဟိန်း ကွယ်လွန်သူ တို့ ဖြစ်ပါသည်၊ ကိုဘဟိန်းတို့၁၀-တန်းအောင်သွားသော်လည်း မောင်မောင်မှာ ၇-တန်းမှာဘဲ ကျန်ရစ် ပါသည်။

နောက်ပိုင်းဆရာကြီးနှင့် တွေ့သောအခါ၎င်း၊ အတန်းပြဆရာမနှင့် တွေ့သောအခါ၎င်း၊ ကျောင်းတက်ရက် မမှန်ဟု သိရပါသည်။ ကျောင်းမရောက် လာသောနေ့မှာ တရုပ်တန်းတ၀ိုက်တွင် ဘင်ဂျို တလုံးနှင့် တီးမှုတ် တတ်သူ တစုရှိရာ ဋ္ဌာနေ၌နေပြီး ကျောင်းဆင်းချိန်ရောက်မှ စအုပ်ပိုက် ပြန်လာတတ်သည်၊ မေမေသည်သား အတွက် ရင်နင့် နေသည်။ ချစ်၍လည်း အလိုလိုက်ချင်သည်။ ပညာလည်းတတ်စေချင်သည်၊ သို့ကြောင့် အပြင်တွင် လည်းမနေဘဲ၊ ဘင်ဂျိုတီးလိုလျှင် အိမ်မှာ တီးရန်ဝယ်ပေးသည်။ ကျောင်းချိန်ရောက်လျှင် ကျောင်းမှန်မှန် တက်ခါ ပညာသင်ကြားစေရန် တိုးတိုးတသွယ် ကျယ်ကျယ်တလှည့် ဖျောင်းဖျ နားချ ရှာ သည်။

ထိုအထဲကပင် ကျောင်းအားသော အခါဘင်ဂျိုကိုဆွဲကိုင်သော လိုက်ပါသွားပြီး သန်းခေါင်သန်လွဲ အခါမှ ပြန်လာ တတ်ပါသည်။ သို့နှင့် နောက်ဆုံးမှာတော့ မန္တလေးမြို့၌ နာမည်ကျော်ပျော်တမ်းတီးဝိုင်း ၂-၀ိုင်း ဖြစ်သောမြို့မတူရိယာ အဖွဲ့နှင့် မာဃတူရိယ အဖွဲ့နှစ်ခုတွင် မောင်မောင်သည် မာဃတူရိယာအဖွဲ့မှ နာမည်ရ ဘင်ဂျိုတီး ဇာတ်လိုက်ကြီးဖြစ်နေသည်ကို သိရှိရပါတော့သည်။

မာဃမောင်မောင်ဆိုးပြီးသူ့ အသိုင်းအ၀ိုင်းနှင့် သူထင်ပေါ်နေသော်လည်း ကိုယ်ရေးအတွက်ပညာ စခန်းက မတိုးတက် ဘဲ ရှိနေပါသည်။ ထိုခေတ်မှာ အနည်းဆုံး၁၀-တန်း လောက်မှမအောင်လျှင် လူရာဝင်မည့် အလုပ် အကိုင်များ မရနိုင်ပါ။

မေမေသည် သားအတွက် စိတ်မကောင်းသော်လည်း မဆိုရက် မငေါက်ရက် နှင့် အစားအ၀တ် မှ အစ အောက်ကျ, နောက်ကျ မရှိစေရအောင် ထားသောကြောင့် ပူပင်ကြောင့်ကြ ရမှန်း မသိသော သားငယ် ကလည်း လူပျိုလူရွယ် အလျောက် ၀တ်စားသုံးစွဲကာ သူလိုရာကိုမိခင်က ဖန်တီးပေးနိုင် သည်ဟူသော ယုံကြည်မှု တခုကို လက်ကိုင်ပြုနေသူ ဖြစ်ပါသည်။ ထိုအရေးကိစ္စနှင့် ပတ်သက်၍ ကျမသည် မိခင်ဖြစ်သူနှင့် စိတ်သဘောချင်း မတိုက်ဆိုင်မှု ကလေးများ တခါတရံ ဖြစ်စ ပြုလာပါသည်။

ကျမက အဖြစ်မှန်ကို မသိစေဘဲ အလိုလိုက်ထားခဲ့သဖြင့် မှားသည်ထင်ကြောင်း ပြောလျှင် မိခင်ဖြစ် သူက ခါးခါး သီးသီး ဖြစ်သွားတတ်ပါသည်။ သည်သားကလေးမှာ ပစ္စည်းဥစ္စာ ပျက်စီးမှလူလား မြောက်ရံရှာသဖြင့် သနား ကရုဏာ ပိုခြင်းကြောင့် သူစိတ်မကောင်းမည့် စကားမှန်သမျှ ဘာမှအသိ မပေးဘဲ ယနေ့ အထိ လိုတရ စေရန် ကြံဖန်ကြိုးစား အားခဲကြောင်းနှင့်သာ အကာအကွယ်လုပ် လျက်ရှိပါသည်။

ရေလယ်မှာလှေငယ်နဲ့မျောခဲ့ရပုံ

ဤအချက် များကို အကွက်ယူ၍ မေမေ၏သားချင်းများက သားဆိုး, သ္မီးဆိုးများကို အလိုလိုက်လွန်း သည်ဟု မေမေကို ၀ိုင်း၍ အပြစ်တင်ခံရသည်။ ကျမတို့ကွယ်ရာ၌ နိုင့်ထက်စီးနင်း ပြောလွှတ် သမျှ မျက်စေ့မလှ မျက်နှာမလှ နှင့် အိမ်ပြန်ရောက်တိုင်း မေးမြန်း မရဖြစ်ပေါင်း  များလှပါသည်။
တမြို့တည်းနေ မေမေ၏သားချင်းဆွေမျိုး တွေကသာကိုယ့်ထမင်း ကိုယ်စား၍၊ အားပါးတရ ပြစ်တင် ဝေဖန်မှု တို့ကို ခံနေရပြီးသည့်နောက် ကျောက်ပန်းတောင်းမြို့ ဖေဖေ၏သားချင်းများက လည်း စခန်း တမျိုးထ ကြပါ သေးသည်။

သူတို့က အနေဝေးသည် တကြောင်း၊ ဖခင်မရှိသည်နောက်- အရောက်အပေါက် အဆက်အသွယ် ကလည်း နည်းလျက် ရှိရာမှ၊ တနေ့သောအခါတွင် ဖွားဖွားမသက် အနိစ္စရောက်သွားပြီးဖြစ်ကြောင်း၊ ကျန်ရှိ ရစ်သော နေအိမ် အတွင်းပစ္စည်း အရပ်ရပ် နှင့်တကွ လယ်ယာခြံမြေမှန်သမျှ တို့ကိုလည်း အလုံးစုံ သ္မီးအငယ်ဆုံး အား အမည် လွှဲပြောင်း ပေးသွား ကြောင်းနှင့် မိတ်ဆွေ တဦးထံမှ စာရောက် လာပါသည်။

သားသုံးယောက် လုံး သေဆုံးကြပြီး ဖြစ်၍ သ္မီးအငယ်ဆုံး တယောက်ထည်းအား ရှိပစ္စည်း အားလုံး စုပုံ ပြောင်းလွှဲ ပေးလိုက်စဉ် အခါက လက်ထိုး ပြုမူကြသဖြင့် အသိ မပေးဘဲ ထားခဲ့ သောကြောင့်၊ ဖွားဖွား သေဆုံးသော အခါလည်းအကြောင်း မကြားဘဲ လျို့ဝှက်ထားကြောင့် သိရှိရပါသည်။ ဤအကြောင်းများ သိရသော အချိန်မှာ အဖွားဆုံး ပြီးခြောက်လလောက်ကြာမှ သိရှိရခြင်းဖြစ်ပါသည်။

သားအကြီးဆုံးမှာ သားသ္မီးမထွန်းကား၊ သားအငယ်တွင် ကျမတို့မောင်နှမ ကျန်ရစ်သောကြောင့်၊ သားအစု အတွက် အမွေမမှီသော်လည်းမြေး အစုအတွက်ရထိုက်သော ဗုဒ္ဓဘာသာ ဓမ္မသတ်ရှိပါ သည်။ သို့ရာတွင် မြေးစု အတွက် ပေးဖို့နေနေသာသာ ဖခင်နှင့်မိခင်တို့လက်ထပ်စဉ် အခါကလက်ဖွဲ့သော လယ်ယာ ထန်းတော အချို့ အမည် မလွှဲဘဲ ကျန်ရှိနေသည်များထည်းမှပင် မြေး၂-ယောက်အားခွဲမမေးတော့ဘဲ၊ အလုံးစုံ သ္မီးအား လွှဲလိုက်သည်။ ယူသော သူကလည်း ခပ်ပြောင်ပြောင်ပင် ယူလိုက်သည်။ ချမ်းသာ လောက်သော ပစ္စည်းဖြစ်၍ ယူလိုက်သည် ဆိုရန်ကလည်း ထိုအချိန်က ထန်းတောတတော ဆိုလျှင် ထန်းပင် ငါးဆယ် မှ တရာခန့်ရှိ၍ တပင်မှ နှစ်ကျပ်နှုန်း လောက် တန်ဘိုးရှိပါသည်။

မြေမှာ တန်ဘိုးထည်း၌ပင် မထည့်ပါ။ ထန်းတောများကို လည်း လယ်ငှါးချ ရသကဲ့သို့ လုပ်သား ချထား ရသည်။ လုပ်သားက ထန်းရည်မှ ထန်းလျက်ထွက်သည် အထိ ကျိုချက်မှ သုံးစုတစု ရသည်။ ထန်းလျက် တပိဿာမှာ တမူးမျှသာ တန်းဖိုးရှိ၍ တနှစ်လုံး၏ ထန်းတောတတောမှ ၀င်ငွေသည် ငါးကျပ် တဆယ်မျှသာ ရှိပါသည်။ စုံမက်လောက် ဖွယ်ရာ မဟုတ်ပါ။

မျက်စေ့ မှိတ်၍ ယူလိုက်သူကိုလည်း သူဋ္ဌေးမဖြစ်စေနိုင်၊ မရလိုက်သူများအတွက် ကလည်းထူး၍ ဆင်းရဲ မသွားနိုင် သော တန်းဖိုး မရှိသည့် ပစ္စည်းကလေးများနှင့် တရားမဲ့လှသည်ဟု ဖျောက်မရသော အမဲကွက် ကြီးကို တသက်လုံး အစွန်း အထင်း ခံလိုက်ပါသည်။ အကယ်၍ ဖခင်သာ အသက်ထင်ရှား ရှိပါမှု ဤသို့ မထေမဲ့မြင် ပြုဝံ့မည် မဟုတ်ကြောင်း နားလည်ပါသည်။ သို့သော် လူသတ္တ၀ါတို့မည်သည် လောဘ ကို သိမ်းဆည်းနိုင်သူ နည်းပါသည်။ ရသာလျှင် ဘနဖူးကိုပင် သိုက်တူးယူ ကြသည် ဆိုသော စကားပုံအတိုင်း ကျင့်သုံးလိုက်နာ သွားသူတွေသာ များလှပါသည်။

သို့ကြောင့် နောက်ပိုင်း၌ နှစ်ပေါင်းများစွာ အဆက်အသွယ် ပြတ်သွား ကြပါသည်။ သို့ရာတွင် လွန်ခဲ့သော သုံးလေးနှစ်ခန့် ကွယ်လွန်သူ ဘိုးဘိုးမြို့အုပ်ကြီး ဦးဘိုးဆွေ၏ ကောင်းမှု ကုသိုလ်ဖြစ် သော ကျောက်ပန်းတောင်း မြို့ရှိ ရွှေတော်ဦး ဘုရားတောင်ကုန်း တခုလုံး မြင်မကောင်းအောင် ပျက်စီး ယိုးယွင်း နေသည်ကို ကျမ တွေ့ခဲ့ရသဖြင့် မွမ်းမံပြင်ဆင် ပါသည်။

တောင်ထပ်မှ စေတီတော်ကို ရွှေချခြင်း- တောင်ထိပ်မှ တောင်အောက်အရောက် သွပ်မိုး စောင်းတန်းကြီး တခု အသစ်ပြုပြင် ဆောက်လုပ်ခြင်၊ ဘုရားတောင်ပေါ်သို့ ဓါတ်မီး သွယ်တန်း၍ ယနေ့ အထိ ညစဉ် မီးပူဇော်ခြင်း၊ နှစ်ပေါင်း များစွာက ဂေဇက်ဝင် ဘုရားပွဲတော် ဖြစ်ခဲ့သည်ပင် မကျင်းပ နိုင်ဘဲ ပစ်ထားခဲ့ရ၍ ဘုရားပြင် ပြီးသည်မှ အစပြုပြီးတနှစ်တကြိမ်ဘုရား ပွဲတော်ပြုလုပ်လှူဒါန်းခြင်းများ ပြုလုပ်ပါသည်။ ထိုကောင်းမှု များသည် ကွယ်လွန်သူ ဘိုးဘွားနှင့် ကျမ၏ ဖခင်အတွက် ရည်စူးလျက် လှူဒါန်းသောကြောင့် သီးသန့် ရေစက်ချ လိုက်ပါသည်။

ယင်းသို့လျှင် ဆွေမျိုးအသိုက်အအုံက နှစ်ဘက်လုံးတောင့်တင်းလှသည်ဟု အပြင်ကမြင်သူတို့ နားလည် ကြသော်လည်း၊ ကျမတို့သားအမိတစုမှာ တက်လက်မပါသော လှေငယ်နှင့်ရေလယ်မှာ မျောနေသကဲ့သို့ ရှိကြ ပါသည်။ ပစ္စည်းဥစ္စာများ ကုန်ခမ်းလာပုံကလည်း တခါတည်းပျက်စီးသွား ခြင်းမျိုးမဟုတ်၊ ရေအိုး အောက် မှ ကရွက်ပမာ တအေးအေး တဖြေးဖြေးနှင့် ဆွေမြေ့လာခြင်းဖြစ် ပါသည်။ မိခင်မှာ အစိုးရ ထောက်ပံ့ကြေး ပင်စင်ကလေးသာ မရှိပါက မလုပ်တက်, မကိုင်တတ်နှင့် အကြပ်အတည်းတွေ့ရမည်။ ယခုတော့  ဣနြေ္ဒမပျက် နေနိုင်ပါသည်။ ဒါပေမဲ့ မိခင်ဖြစ်သူမှာ သားငယ် အတွက် ဒုက္ခတခုပိုလာသည်။

သားငယ်က မိခင်၏ ရည်ရွယ်အားကိုးချက် အတိုင်း ပညာရအောင် ကြိုးစားလိုစိတ်မရှိတော့ဘဲ ဂီတ လောက ထဲသို့ ခြေစုံပစ်၍ ၀င်နေပါသည်။ ကြေးစားတီးဝိုင်းမျိုး မဟုတ်ရှိုးထိုတ်ရသော အပျော်တမ်းတီးဝိုင်းများ ဖြစ်သည့် အတိုင်း ပြိုးပြိုးပြောင်ပြောင် နိကယ်ရောင် တောက်သည့် အနောက်နိုင်ငံက တီးဝိုင်း အသုံး အဆောင် များ နှင့်လူတွေက ၀တ်ဆင်ရသည့် အ၀တ်အစား များကလည်း ပိုးနှင့်ဘန်ကောက် အလဲလဲတရှဲရှဲ မြည် သော အသစ်စက်စက်များ ကိုသာ ၀တ်စားရ သည်။ နာမည်ရ အပျော်တမ်းတီးဝိုင်းများ ဖြစ်ကြသည် နှင့် အမျှ မြို့ပေါ်က ဧည့်ခံပွဲ ရှိသမျှ၏ ဖိတ်ကြားခြင်း ခံရ၍ သွားရောက် တီးမှုတ် ပေးကြရသည် မှာလည်း နားရက် မရှိသလောက်ပင် ရှိပါသည်။

ဤတွင် သားအတွက် အ၀တ်အစားအသစ်များကို မနားတမ်းလိုည်ထက် ပို၍၀ယ်ယူပေးရခြင်း၊ တီးစရာ ဘင်ဂျိုမှာ ကော်နက်-ကော်နက် ဆိုသော မှုတ်စရာက တဆင့်၊ ဆိုက်ကဆိုဖုံး ခေါ်သော မှုတ်စရာ အကြီး ဆုံးကြီး အထိ တဆင့်ထက်တဆင့် မြင့်၍, မြင့်၍ တက်လာသော အခါ၊ မိခင်၏ ၀င်ငွေ ပင်စင်မှာ မလောက် မငှ ဖြစ်လာပါသည်။ သို့ရာတွင် မိခင်ဖြစ်သူက သား၏စရိတ်စက ပြဿနာကို ကျမ မသိအောင် ကြိတ်၍ ဖြေရှင်း ပေးနေသည်ဟု ရိမ်မိလာပါသည်။

ငွေကြေးလိုလာသောအခါ မိခင်သည် တနေရာ၌ မရအရချေးငှါးရှာဖွေပြီး သားလိုသောပစ္စည်းကို ကြိတ် ၀ယ်ပေးလိုက်သည်၊ ပင်စင်ရသောအခါမှ ဆပ်တန်သည်တို့ကို ပေးဆပ်ပါသည်။ လဆန်းသောအခါ ကြွေးတို ကြွေးစ လာတောင်း သူများအား လက်သိပ်ထိုး ပေးလိုက် ရသည်ကို ကျမရိုးတိုးရိပ်တိတ်မြင်ရသည်၊ မိခင်နှင့် အယူမတူ၍ မကြာခဏပြောရလျှင်ပင် သဘောကွဲလွဲမှု ဖြစ်ရသောကြောင့် နောက်ပိုင်းမှာ ဘာဘဲ လုပ်လုပ် နေနေ မပြောဘဲ ရေငုံနေလိုက် ပါသည်။

ကျမအလိုမှာ မျှမျှတတ သုံးစွဲခြင်းဖြင့် ဖြစ်သလိုရောင့်ရဲ နေထိုင်ရခြင်းသည် လူ့အောက်မကျဟု ယူဆခြင်းသာဖြစ်ပါသည်၊ ကျမ၏တာဝန်ကို မိခင်ဖြစ်သူ မထမ်းဆောင်ရလေအောင် အိမ်တွင်းမှနေ ၍အမြဲဖြေရှင်းလာခဲ့သည်၊ ကျမအသုံးစရိတ်မှ ပိုလျှံသမျှကိုလဲ ခွဲဝေကူညီခဲ့သည်၊ သို့ရာတွင် တခါ, တခါ၌ အသုံးကြမ်းလာသော မောင်ငယ်၏ ဒဏ်ကိုကျမပါ ကူးစက်ခံယူ လာရပြန်ပါသည်။

ဤသို့ မပြေမလည် ဖြစ်နေသည်ကို ကျမသည်စိတ်မချမ်းမသာ ဖြစ်ရပါသည်၊ ပတ်ဝန်းကျင်၏ ဖိနှိပ်ရှုံ့ချ မှုများမှာလည်း ယခင် တင်ပြလာခဲ့သည့်အတိုင်း အမြဲဝိုင်းရံလျက်ရှိသည်၊ အိမ်တွင်မှ အိမ်ပြင်မထွက်ဘဲ ကလောင်တန် ကိုင်လိုက် ဆေးရေးစုပ်တန် ကိုင်လိုက်၊ ဇာထိုးအပ်ကိုင်လိုက်နှင့် မည်သူ့ကိုမှ အားမကိုး ကိုယ့်ကိုယ်သာ အားကိုး၍ လူနေမှုမနိမ့်ကျအောင် ပြဿနာကို ဖြေရှင်းနေပါလျက် တဖက်မှလှေခွက် ချည့် ကျန်သော်လည်း အလံမလွှဲ၊ မာနကြီးလှသည်ဟု ကြွေးရှင်များ၏ ဝေဖန်မှုတခု တိုးလာရပြန်သည်။ အထက်ပါ အတိုင်း လစဉ်ကြွေးတို၊ ကြွေးစ ရှင် များက ပင်စင်ထုတ်ပြီးစ ၌ လာကြတောင်းကြခြင်းကို ကျမက အသိ လုပ်၍ သူတပါးထံမှ ချေးငှါးခြင်းကို ကန့်ကွက်မိသဖြင့် မိခင်၏မကျေနပ်မှုက လစဉ်နှင့်အမျှ တထပ်တိုး, တိုးလာ ပြန်သေးသည်။

လောကဓံရေလယ်ကြော၌ လှေငယ်နှင့်မျောနေကြသော သားအမိသုံးဦးအနက်မှာ ကြာတော့ ကျမတဘက် အုပ်စုကွဲနေသလိုလို ဖြစ်လာပါသည်၊ သို့ကြောင့် မရှိအေးအေး, ရှိအေးအေးမဟုတ် တော့ဘဲ နေရထိုင်ရသည်မှာလည်း၊ ပျော်ရွှင်မှုဟူ၍ မရှိတော့ပါ၊ ဤမြို့ဤပတ်ဝန်းကျင် ဤ၀င်းခြံနှင့် ဤအိမ်ကြီးမှာ နေရခြင်းသည် ကျမအဖို့ခြောက်သွေ့သော သဲကန္တရကြီးလိုလို၊ ငရဲပြည်ကြီးလိုလို၊ ထင်မြင်လာစေပါသည်၊ အသက်ကလည်း နှစ်ဆယ်ကျော်လာပြီ၊ လွတ်လပ်စွာ တနေရာ၌ မျက်စေ့အေး၊ နားအေးသွားပြီးအလုပ်, လုပ်နေချင် စိတ်မျိုး တွေပေါ် ပေါက်လာတော့ သည်။

သို့သော်ထိုအချိန် ထိုခေတ်က မိန်းခလေးများအဖို့ ဘာအလုပ်မှမရှိပါ၊ အလွန်ဆုံး ကျောင်းဆရာမ အလုပ် သာ ရှိပါသည်၊ ကျောင်းဆရာမ လုပ်၍ နေရာရာမှာ သွားနေရလျှင် ဖြစ်နိုင်သေးသော်လည်း ကျမမှာ ကျောင်းဆရာမ လုပ်နိုင်ရန် ဆရာဖြစ် စာမေးပွဲ အောင်လက်မှတ်ကိုလဲ ရယူ ထားခဲ့ခြင်း မရှိပါ။ ယောင်္ကျား ကလေး ဆိုလျှင်တော့ မုချအိမ်ပြေး ဘ၀ရောက်ခဲ့ရမည်၊ မိန်းမ အိမ်ပြေးဘ၀နှင့် နေရန်လည်း ယခုခေတ် ကဲ့သို့ မိန်းမ ကလေးများအဖို့ လွတ်လပ်စွာ သွားလာ နေထိုင်ခြင်း အလေ့အထ မရှိ၍ တွေးမျှပင် မတွေးဝံ့ သောအခါ ကာလ ဖြစ်ပါသည်။

အိမ်ထောင်မှု့ စနစ်ဆိုးများ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ကိုယ့်အကြိုက် (ထမီလေး တထည်)

သူငယ်ချင်း ချစ်ကြည်အေး က တက်ဂ်ထားတယ် ဆိုလို့ ဘာခေါင်းစဉ်လည်း ဆိုတာ အပြေးအလွှား သွားကြည့် မိတယ် ခင်ဗျား.. အမယ်လေး..လေး အောက်ပိုင်း တက်ဂ် ကြီးပါလား..(အထင်တော် မလွဲ လိုက်ပါနဲ့ ထမိန်တော် ပါတဲ့ခင်ဗျား)...ကျနော်လည်း တနေ့တနေ့ ထီးသုံး နန်းသုံး တွေ ဖတ်ရလွန်းလို့  အကျင့် ပါသလိုတောင် ဖြစ်နေပြီ..။

ကဲ..ချစ်ညီမ ရေ ထမိန် တက်ဂ် တဲ့ဟေ့ ဆိုပြီး.. တဝုန်းဝုန်း နဲ့ အပေါ်ပြေးတက် ဘီရို တံခါးဖွင့် ပြီး ထမီ တွေ ဆွဲထုတ်တယ်ခင်ဗျား..၊ ချစ်ညီမက..နောက်က ပြေးလိုက်လာပြီး ခင်ဗျား ဒါဘာလုပ်တာလဲ တဲ့..ကျနော် လည်း ခပ်တည်တည် နဲ့ ဘာလုပ်ရမှာလည်း သူငယ်ချင်းက တက်ဂ်ထားလို့ ထမိန် တွေ ဓါတ်ပုံရိုက် မလို့လို ပြောလိုက် တယ်ခင်ဗျား..။

ချစ်ညီမက တဟားဟား နဲ့ အော်ရီတယ်...၊ အမယ် ခင်ဗျားက ဒီထမိန် တွေ ဓါတ်ပုံ ရိုက်ပြီး ဘလော့ဂ် ပေါ်တင်အုန်းမယ် ဟုတ်လား..၊ အမယ်လေး  ခင်ဗျားမလို့ မရှက်တယ်တဲ့.. အဲဒါနဲ့ ကျနော် လည်း စိတ်ဆိုးသွားပြီး..ဟေ့ မင်းစကားကို ဆင်ဆင်ချင်ချင် ပြောရင် ကောင်းမယ်..၊ ဒို့ ဘလောဂ် ညီအမတွေစီ မင်းသွားကြည့်လိုက်အုန်း အားလုံး ဒီလို တင် နေကြတာဘဲ.. ထမီ လေးတွေ မှ လှမှလှ...၊ ဘာရှက် ရမှာလည်း.. လို့ ပြောလိုက်တယ်..။

အင်း...ခင်ဗျား..မဲ မနိုင်တာလည်း မပြောနဲ့ တော်တော် တုံးတာ..အဲဒါတွေက ရှယ်တွေ ဗျ..၊ ခင်ဗျား မှာ ဘာများ အကောင်းရှိလို့လည်းတဲ့..၊ ဘာ မကောင်းရမှာလည်း ငါလည်း အခုဝတ်နေတာဘဲ ဆိုတော့ ခင်ဗျား ဟာတွေက တခုမှ တန်းမဝင်ဘူး.. အကုန်လုံး အပြဲ နဲ့ အဖာ နဲ့ အစွန်း နဲ့ ပြီးတော့ အပေါစား တွေ တဲ့..အေးအေး နေပါ ကိုယ့်အမရယ်..ရှက်စရာတွေ မလုပ်စမ်းပါနဲ့တဲ့...။

ကဲ..သူငယ်ချင်း ရေ ကြားတဲ့ အတိုင်းဘဲ...၊ ကိုယ့်မှာ အခုတလော မဲဆွယ်ပွဲ အတွက် မအားလပ် ရအောင် အလုပ်များ နေတော့ ချစ်ညီမ နဲ့ ချစ်ချစ်ကြီးကို မျက်နှာချို သွေးနေရတယ်.. တနေ့တနေ့ ကွန်ပျူတာ ရှေ့က မခွာဘဲ ဘလော့ဂ်ရှု့..ဘလော့ဂ်ထိုင် လုပ်ပြီး ဘလော့ဂ်တရားနာ နေတာနဲ့..ဆိုင်လည်း ပစ်ထား တာဆိုတော့..ချစ်ညီမက ထိမ်းသိမ်း စောင့်ရှောက်နေရတဲ့ အတွက် သူ့စကား ကို နာခံမှ ဖြစ်မယ် ကွယ်..။

ဒါပေမဲ့ သူငယ်ချင်းရေ..ကိုယ် အကြိုက်ဆုံး ထမိန် လေးတထည် တော့ ရှိတယ်..ပြောပြမယ်နော်..
ဆရာမ နုနုရည် (အင်းဝ) ရဲ့   ပထမဆုံး ဝတ္ထုတို လေး ဖြစ်တဲ့ ထမိန်လေး တထည် ( ပေဖူးလွှာ မဂ္ဂဇင်း ) ကိုတော့ အသဲထဲမှာ စွဲနေအောင် ကြိုက်မိပါရဲ့.......

သူငယ်ချင်း  ချစ်ကြည်အေး ကျေနပ်မယ် ထင်ပါတယ်

စာရေးသူ- ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

Friday, February 5, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၅)

အခန်း (၂)

ဂျပန်ဗုံးကြဲလေယာဉ်ပျံများ အလာကျဲသွားသဖြင့် ကျွန်မနှင့်အယ်နီတို့သည် ဆေးရုံတွင်နေသားတကျ ဖြစ်အောင် လုပ်နိုင်ခဲ့ကြသည်။ ဂျပန်များက ကျွန်မတို့အပေါ်သနားကရုဏာရှိ၍တော့ မဟုတ်ပါ။ တောင်ကြီး မြို့ပေါ်တွင် ဗုံးကြဲချရမည့်နေရာ မကျန်တော့၍ ဖြစ်ပါသည်။

တောင်ကြီးမြို့တွင် ခြောက်ကပ်ကပ်ဖြစ်နေပါသည်။ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ဗြိတိသျှအရာရှိများနှုင့် သူတို့၏၀န်ထမ်းများကျန်နေသေးစေကာမူ အုပ်ချုပ်ရန်မြို့သူမြို့သားများကတော့ မရှိတော့ပါ။
တစ်နေ့သောနံနက်ခင်းတွင်တိုင်းမင်းကြီး ဖရက်ဒီပီးယား(စ်)ကျွန်မထံရောက်လာပါသည်။ ကျွန်မအနေ နှင့် တောင်ကြီးမြို့မှ ထွက်ခွာသွားရမည့် လူမမာများ၏ စာရင်းကိုပြုစုရန် ပြောပါသည်။

ကျွန်မက စာရင်းလုပ်ထားပြီးဖြစ်ကြောင်း၊ ခရီးမသွားနိုင်၍ကျန်နေမည့် လူနာများကို စွန့်ခွာမသွားနိုင် ပါကြောင်း ပြန်ပြောလိုက်သည်။ ၎င်းအပြင် ကရိတ်မိုးနေအိမ်၌ သူ့အပေါ်အလွန်သစ္စာစောင့်သိကြ သော အစေခံ များနှင့် အတူရှိနေသည့် ဖခင်အတွက်လည်း ထည့်သွင်းစဉ်းစားရပါဦးမည်။

ဘုရင်ခံတိုက်တွန်းခဲ့သလို ကျွန်မသည် တာဝန်နှင့်အလုပ်တွင် နေရမည့်အကြောင်းကိုလည်း အသံ တိုးတိုးနှင့် ရိလိုက်ပါသေးသည်။ ဖရက်ဒီကိုကျွန်မငယ်စဉ်ကပင် သိခဲ့ပါသည်။ သူသည် သည်းခံကြင်နာ စိတ်ရှိသူ ဖြစ်ပါသည်။ သူကတော့ ဒီကောင်မလေးဟာ တယ်မိုက်ပါလား။ ဥာဏ်လည်းမရှိဘူးဟု ထင်ကောင်း ထင်မည် ဖြစ်သော်လည်း ပါးစပ်ကမူ ထုတ်ဖော်ပြောမပြဘဲ မျိုသိပ်ထားပါသည်။
 
မင်းအနေနဲ့လူမှုရေးအရ တာဝန်ကျေပွန်ခဲ့ပြီဖြစ်လို့ အခုနေထွက်သွားရမယ်ဆိုရင်လည်း နောင်တ ရစရာ မရှိတော့ပါဘူး ဟု သူကတိုက်တွန်းနေပါသည်။ ကျွန်မက ကျွန်မရဲ့ လူမမာတွေကို ကြည့်ရှုဖို့ကျွန်မမှာ တာဝန် ရှိသလို သူ့အရာရှိများကိုလည်း သူ့အနေနဲ့ ဂရုစိုက်သင့်ကြောင်း တိုတို တုတ်တုတ် ပြန်ပြော လိုက်မိသည်။

သူ့လက်အောက်တွင် အမှုထမ်းနေသော အစိုးရအရာရှိများသည် သူတို့၏ တာဝန် ၀တ္တရား ထက် သူတို့၏ သားမယားနှင့်ဆွေမျိုးများအချိန်ရခိုက် ထွက်သွားနိုင်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်နေခြင်း ကို ကျွန်မ ဘ၀င် မကျခဲ့ပါ။ ဖရက်ဒီ၏အကြံပေးချက်မှာ မှန်ကန်ကောင်းမွန်ပါသော်လည်း သည်းမခံနိုင် ဘဲ ပြန်ပြော လိုက်မိခြင်း ဖြစ်ပါသည်။

ကျွန်မကို မော်တော်ကားများပေးမည်ဟု ကတိပေးသော်လည်း အကောင်အထည်ပေါ်မလာခဲ့ပါ။ ထိုအချိန်၌မြန်မာနိုင်ငံတွင် တောင်မင်းကို မြောက်မင်းမကယ်နိုင်သော အခြေအနေဖြစ်နေ၍ မည်သူ့ကို မျှအပြစ်တင်ရန်မရှိပါ။ ရိုးရိုးသားသားကတိပေးကြခြင်းဖြစ်၍ အပြစ်တင်၍လည်းမရပါ။

ဆုတ်ခွာနေကြသော ဗြိတိသျှစစ်တပ်များကလည်း စစ်နှင့်ပတ်သက်သော အသုံးဝင်မည့်ပစ္စည်းများကို ရန်သူ၏ လက်တွင်းသို့ မကျရောက်စေရန် မီးရှို့သည့်စနစ်ကို အသုံးပြုလျက် ရှိသဖြင့် ယာဉ်များ ရှာဖွေ ရရှိရေးမှာ မလွယ်ကူပါ။ ထောင်ပေါင်းများစွာ စစ်ပြေးဒုက္ခသည်များက မြန်မာပြည်နှင့် အိန္ဒိယပြည် လမ်းမ တစ်လျှောက် တွင် တစ်ဆို့နေကြသဖြင့် ဗြိတိသျှတပ်များ စနစ်တကျ ဆုတ်ခွာရေး မဖြစ်နိုင်တော့ ပါ။
လမ်းမကြီးထဲ ၀ဲယာတစ်လျှောက်၌ ၀မ်းရောဂါ၊ ၀မ်းကိုက်ရောဂါ၊ ငှက်ဖျား၊ ဒဏ်ရာရသူ။ အစာရေစာ ငတ်ပြတ်သူများ ရာပေါင်းများစွာ သေဆုံးနေကြပါသည်။ ၎င်းပြင် ဓားပြများ၊ မြန်မာမျိုးချစ်တပ်သားများ ၏ လက်ချက် ကြောင့်လည်း သေဆုံးသူအများအပြားရှိပါသေးသည်။ လမ်းဘေး ၀ဲယာနှင့် တောတောင် များအတွင် အများအပြားရှိပါသေးသည်။

လမ်းဘေးဝဲယာ နှင့် တောတောင်များအတွင် အမှတ်အသားမဲ့ လူသေသင်္ချိုင်းမြေပုံများ ပြန့်ကျဲလျက် ရှိပါသည်။ ကျွန်မတို့ဆေးရုံတွင် သေဆုံးသူများအတွက် တရားစာများရွတ်ဆို ဆုတောင်းနိုင်ခြင်း၊ ကောင်းမွန် စွာ မြေမြုပ် သဂြိုလ်ခွင့်ရခြင်းတို့ကြောင့် တစ်ပန်းသာပါသည်။
ကျွန်မတို့၏ လူနာစာရင်းမှာလည်း တဖြည်းဖြည်းနည်းသွားပါပြီ။ သို့သော်အယ်နီ နှင့် ကျွန်မတို့နှစ်ဦး လုပ်နိုင်သည် ထက်တော့ အလုပ်ကပိုများနေပါသေးသည်။ ကျွန်မ၏ကံကြမ္မာကို ကျွန်မကိုယ်တိုင် ဆုံးဖြတ် သည်ဖြစ် ၍ ဆူးခင်းသော လမ်းတွင် လျှောက်ရသည် ဖြစ်ပါစေ မိမိကိုယ်မှ တစ်ပါး အခြား သူများကို အပြစ် တင်ရန် မလိုပါ။

နောက်တစ်နေ့ တွင် ဗိုလ်မှူးကြီးဘရော့ကယ်လ်ဟပ်(စ်) ဆေးရုံသို့ရောက်လာပါသည်။ ဗိုလ်မှူး မိုက်ကားလ်ဗတ် အုပ်ချုပ်သော တောတွင်း တိုက်ခိုက်ရေး သင်တန်းကျောင်းတက်လာခဲ့ကြသည့် ကွန်မန်ဒို အထူး တပ်ဖွဲ့သည် လမ်းများ၊ တံတားများဖျက်ဆီးရာတွင် အလွန်ကျွမ်းကျင်ကြပါသည်။

ဗိုလ်မှူးကြီးက သူတို့တပ်ဖွဲ့အား တောင်ကြီးတစ်ဝိုက်တံတားအားလုံးကို ချိုးပစ်ရန်တာဝန်ပေးထား ကြောင်း၊ ဂျပန်များချီတက်ရာတွင် နှေးကွေးသွားစေရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ဆုတ်ခွာနေကြ သောဗြိတိသျှ တပ်များမှာ ထောင်ပေါင်းများစွာသော စစ်ပြေးဒုက္ခသည်များကြောင့် နှောင့်နှေးနေခြင်းကို ကာမိမည် ဖြစ်ကြောင်း။ တိုက်ပွဲများမှာ တောင်ကြီးတစ်ဝိုက်တွင် ဖြစ်နေ၍ ပထမဆုံးတိုက်ပွဲတွင် သူ၏ အတွေ့အကြုံ အရ အလွန်တရာ ကြောက်စရာ ကောင်းကြောင်း များကို ပြောပါသည်။

ဗိုလ်မှူးကြီးမှာ အရပ် မြင့်မြင့်၊ အရိုးအရင်းကြီးကြီး၊ ခါးဘေးတွင်လည်၊ ကြီးမားသော ခြောက်လုံးပြူးကို ချိတ်လျက် ကျောင်းသားကလေးများ၏ စွန့်စားခန်းစာအုပ်များ၌ ပါရှိသော လူစွမ်းကောင်းရုပ် ပေါက်နေ ပါသည်။ သူသည် စာဖတ်ပုဂ္ဂိုလ် တစ်ဦးကဲ့သို့၊ မိကောင်းဖခင် သားသမီး များကဲ့သို့ စကားကို တိုးတိုး ပြောပါသည်။ လူကို အပြင်ပန်း အကဲခတ်လျှင်ထူးခြားမှု မရှိစေကာမူ သူ့ခန္ဓာကိုယ် အတွင်း သံမဏိကဲ့သို့ မာကျောသော စိတ်ဓာတ် ရှိနေသည်ကို သူ၏လေသံက ဖုံးကွယ်ထားနိုင်စွမ်းရှိပါ။ ကျွန်မ အနေနှင့် နောက်မှ သိရသည် မှာ ဗိုလ်မှူးကြီးသည် ကွင်းမေရီမိဖုရားကြီး ၏ တူဖြစ်၍ အိမ်ရှေ့စံ ၀င်ဆာမြို့စားကြီးနှင့် အမဲ လိုက်ဖက် ဖြစ်ကြောင်း၊ အီသီယိုးပီးယား နိုင်ငံတွင် ဗိုလ်ချုပ်ဝင်းဂိတ် နှင့် တိုက်ဖော်တိုက်ဖက်၊ အရှေ့ အလယ်ပိုင်း စစ်ပွဲ၌ ထင်ရှားစွာ မှတ်တမ်းတင် ခံရသူ တစ်ဦး ဖြစ်ကြောင်း သိရပါသည်။
 
''မြို့ထဲတွင် ကျန်ရစ်နေခဲ့ကြသော လူ လက်တစ်ဆုပ်စာအတွက် အချိန်များများစားစား မကျန်တော့ ကြောင်း၊ စနက်တံနှင့် ယမ်းအိုးတို့တွေ့ဆုံတော့မည်ဖြစ်ကြောင်း၊ လူ့လူများ၏ ဖောက်ခွဲရေးလုပ်ငန်းများ ပြီးစီးသည်နှင့်သူတို့လူစုမြို့မှ ဆုတ်ခွာတော့မည်ဖြစ်ကြောင်း၊ ကျွန်မကို သူတို့နှင့်အတူ လိုက်လိမ့်မည်ဟု မျှော်လင့်ကြောင်း''ပြောပါသည်။
သူ၏အမိန့်ကို လူအများက လိုက်နာကြသလို သူကကျွန်မကို မေတ္တာရပ်ခံခြင်းထက် အမိန့်ပေးသလို ပြောဆို နေခြင်းဖြစ်ပါသည်။

ကျွန်မက''အချိန်နည်းနည်းရနေသေးခိုက် ကျွန်မ၏ လူနာများကို စောင့်ရှောက်ခွင့်ပေးရန်၊ အခက်အခဲ ဖြစ်ပါလျှင် အခြေအနေကို ပြန်လည်သုံးသပ်ကြရန်'' ပြောပြပါသည်။ ကျွန်မကို သူရဲကောင်း သို့မဟုတ် ဂြိုလ်မွှေသူတစ်ယောက်အဖြစ် မြင်ချင်ရာ မြင်ပါစေတော့၊ ကျွန်မ၏ ခံယူချက်ကို လမ်းပြောင်းသွားနိုင် သောစွမ်းအင် မရှိတော့သဖြင့် အတိုက်အခံ ပြောနေရခြင်းဖြစ်ပါသည်။
ဗိုလ်မှူးကြီး ဘရော့ကယ်လ်ဟပ်(စ်)က ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်ပြီး ကျွန်မ၏ တင်ပြချက်ကို ကန့်ကွက် စရာမရှိသေးသော ဟန်ဖြင့်''သူ့လူခြောက်ဦးကို ဆေးရုံတွင် ကူညီလုပ်ကိုင်ပေးရန် အခြေအနေ ပေးလျှင် စေလွှတ်မည် ဖြစ်ကြောင်း'' ပြောပါသည်။

တပ်ကြပ်ကြီးတစ်ယောက်အပါအ၀င် သူ့လူခြောက်ယောက် ထိုနေ့တွင်ပင် ရောက်လာကြပါသည်။ သူတို့ သည် မည်သည့် တာဝန်မဆို လုပ်ဆောင်ရန် ကျွန်မ၏ညွှန်ကြားချက်များကို တစ်သဝေမတိမ်း လိုက်နာ ဆောင်ရွက် ဖို့ ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းတို့သည် ဂျပန်စစ်သားများနှင့် တန်းတူရည်တူ တိုက်ခိုက်နိုင်ရန် စစ်ရေးလေ့ကျင့်ပြီး စစ်သားများ ဖြစ်ပါသည်။ တောတွင်းတိုက်ပွဲသင်တန်းများကိုလည်း တက်လာခဲ့ကြသည်။ တပ်ကြပ်ကြီးမှာ စစ်သား ဟောင်းကြီး တစ်ယောက်ဖြစ်ပြီး အပြင်ပန်းက ရုပ်ရည်ကြမ်းတမ်းသလောက် အတွင်းနှလုံးသားလှသူ ဖြစ်ပါသည်။ သူသည် လန်ဒန်မြို့ အရှေ့ပိုင်းသားတစ်ဦးဖြစ်၍ ရယ်စရာများကို ကောက်ကာငင်ကာ ပြောတတ် ပြီး အဆိုးနှင့် ရင်ဆိုင်နေရပါစေ အကောင်း ဘက်မှ ကြည့်တတ်သူတစ်ဦးဖြစ်ပါသည်။

ကျွန်မတို့တွင် ရှိနေသော အစားအစာများကို မထိဘဲ ကျောက်ခဲကဲ့သို့ မာသည့် ဘီစကွတ်များ၊ အမဲ သားများ စသော သူတို့၏ အစားအစာများ ကို ယူလာခဲ့ကြသည်။ ကျွန်မတို့အား စစ်ပြေးများက ပေးထားခဲ့ ကြသော ကြက်များ၊ ဘဲများကို ချက်ပြုတ်စားသောက်ရန် သူတို့ကို တိုက်တွန်းရသည်။ မူလ လက်ခံထား ခဲ့စဉ်က ယင်းသို့ ပြဿနာကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု မေတွေးတော့ခဲ့မိပါ။
ကျွန်မက အမိန့် တစ်စုံတစ်ရာ ပေးခဲ့သော် တပ်ကြပ်ကြီး ဂျွန်၏ လူများသည် သူတို့ကို စစ်ရေးပြကွင်းထဲ၌ တပ်ကြပ်ကြီးကိုယ်တိုင် အမိန့်ပေးနေသည့်အလား လိုက်နာကြသည်။ 

ထို့အပြင် သူ၏ ကြူးနစ်အင်္ကျီ လက်မောင်းပေါ်၌ ရေးမှတ်ထားသော အဖြူစင်း သုံးစင်းသည် ဆေးနှင့်ပတ်သက်သော ညွှန်ကြားချက်များ၌ တန်ဖိုးလုံးဝ မရှိပါဟူ၍ သူကပြောပါသေးသည်။ ပေးသမျှ တာဝန်များကို စောဒကမတက်ဘဲ ဦးလည်မသုန် ဆောင်ရွက်ကြပါသည်။ သူတို့ကို ယခင်က တံတား များချိုးဖျက်ခိုင်းခဲ့သည့်အတိုင်း ယခုအခါ တာဝန်သစ်များကို ထမ်းဆောင်ခိုင်းရပါသည်။ သူတို့အား အညစ်အကြေးများကို သန့်ရှင်းရန်၊ အိပ်ရာများကို ပြင်ဆင်ပေးရန် တာဝန်ပေးသောအခါ ''ကျွန်တော်တို့ တစ်တွေ ဗော်လံတီယာ မလုပ်ခဲ့မိရင် ကောင်းမှာပဲဗျာ'' ဟု ရယ်စရာပြောကြပါသည်။
ကျွန်မသည် ဆေးရုံတစ်ခုလုံး ၂၄ နာရီလည်ပတ်နေစေရန် သူတို့ ခြောက်ဦးကို သုံးစုခွဲလိုက်ပြီး တစ်စုကို ၆ နာရီစီ တာဝန်ယူစေပါသည်။

မြန်မာပြည်မြေပေါ်မှ တောင်ကြီးမြို့ကို ပျောက်ကွယ်သွားစေလိုသလားမသိ။ ဂျပန်တို့သည် ဗုံးမိုး၊ စက်သေနတ်မိုးများ ရွာချစေသည် သာမက အမြောက်များနှင့်လည်း ပစ်ခတ်နေပြန်ပါသည်။ ဂျပန်တပ်များ တောင်ကြီးမြို့နှင့် ၁၂မိုင်မျှသာ ကွာသော ဟိုပုံးမြို့သို့ ရောက်နေကြပြီး အမြောက်တပ်ဖွဲ့ ကမူ တောင်ကြီးမြို့ကို အပေါ်စီးမှ မြင်နေရသော ကျောက်အငူကြီးပေါ်ဝယ် စခန်းချ၍ အမြောက်များနှင့် အဆက်မပြတ် ပစ်ခတ်နေပါသည်။

အမြောက်ကျည်ဆန်များနှင့်အတူ မကောင်းဆိုးဝါးကို တောထုတ်သလို သံပုံးများကို တီးခတ်သံများက တညံညံ ထွက်ပေါ်လာတတ်ပါသည်။ အချင်းချင်း သတိပေးသည့်သဘော ဖြစ်ပါသည်။ အမြောက်ပစ် ခတ်သံနှင့်အတူ စက်သေနတ်သံများပါ ပေါ်လာပါသည်။ ဆေးရုံသို့ ဒဏ်ရာရသူများ ရောက်လာ ကြပြန်သည်။ စစ်သားများသည် ရွံ့မုန်းစရာ ကောင်းသောတာဝန်များကို သူတို့ဘာသာ ဖြေရှင်း သွားနိုင်ကြ သည်ကို တွေ့ရ၍ အံ့သြမိပါသည်။ သူတို့သည် သင်တန်းတက်ပြီးသော ဆေးမှုထမ်း သူနာပြု များ ကဲ့သို့ ညင်သာစွာ၊ ကိုယ်ချင်းစာနာစွာ ဒဏ်ရာရသူများကို ပြုစု ကုသပေးသွားကြပါသည်။

အပျက်အစီးများ၊ မှန်ကွဲမှန်စများကို ရှင်းလင်း၍ ဘေးအပြင်ခန်းကို ဟိုယခင်ကအတိုင်းဖြစ်အောင် ဖန်တီး ပေးကြပါသည်။ အပျက်အစီးများကို ဖယ်ရှားသောအခါ အမှိုက်ပုံထဲတွင် ပိုက်ဆံကို လိုက်လံ ရှာဖွေသကဲ့သို့ ဆေးလုံးမျးကို တစ်လုံးချင်း လိုက်လံရှာဖွေကောက်ယူ ကြရပါသည်။ ပတ်တီးများ၊ ဂွမ်းများ၊ ကွီနင် ဆေးပြားများပါမကျန် ကွဲနေသော ပုလင်းများမှ ဖိတ်စဉ်သည်တို့ကို ရှာဖွေခဲ့ကြသည်။ မည်မျှပင် သေးငယ်သော ဆေးလုံးဖြစ်ပါစေ လူ့အသက်တစ်ချောင်းကို ကယ်နိုင်သည်ဟူ၍ ကျေနပ် နှစ်သိမ့် နေကြသည်။

တစ်ကြိမ်တွင် ဆေးရုံကို အမြောက်ဆန်က တိုက်ရိုက်ထိမှန်လာပါသည်။ အနီးအနားတွင် ပေါက်ကွဲသော ဗုံးဆန်ကြောင့်လည်း အဆောက်အအုံက ပျက်စီးသွားသေးသည်။ အဆောက်အအုံမှာ သစ်သားအများအပြား ပါရှိလေရာ မီးစွဲလောင်လေတော့သည်။ လူနာများ အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံရတော့မလို ဖြစ်နေ၍ အဆောင်တစ်ခုလုံးမှ အမြန်ပြောင်းရွှေ့ပေးရသည်။ မီးဖိုထဲသို့လည်းကောင်း၊ အစားအသောက် သိုလှောင်ခန်း၌လည်းကောင်း၊ ၀ရန်တာ၌လည်းကောင်း လူနာများအတွက် အိပ်ရာများ ပြင်ဆင်ပေးရသည်။

စစ်သားများက သူတို့ ရင်ဆိုင်ရသမျှ အလုပ်များကို အသေးအဖွဲ့များပမာ လုပ်ကိုင်သွားကြသည်။ ပါးစပ် ကလည်း တစ်ခွန်းတလေမှ မကျေနပ်သံ ထွက်ပေါ်မလာခဲ့ပါ။ သူတို့သည် လူနာများကို ဗုံးခိုကျင်းထဲသို့ ရွှေ့ပြောင်းလိုက်၊ ဆေးရုံအဆောင်များ မီးစွဲနေသည်ကို ငြိမ်းသတ်လိုက်၊ လူများ လာရောက်လုယက် ယူငင် မည်ကို ရှာဖွေလိုက် စသည်ဖြင့် လူတစ်ယာက်တည်း တစ်ကြိမ်တည်း အလုပ်မျိုးစုံ လုပ်နေကြရသည်။

လောလောလတ်လတ် ဒဏ်ရာရသူများကိုလည်း ထမ်းစင်နှင့် ရွှေ့ပြောင်းပေးရသေးသည်။ သောက်သုံး ရေ များ ကို တစ်စက်မကျန် ကျိုချက်ခဲ့သော်လည်း ၀မ်းရောဂါနှင့် ၀မ်းကိုက်ရောဂါ ပိုးများကို ကာကွယ် နိုင်မည်မဟုတ်ကြောင်း ကြိုတင်သိရှိခဲ့ပါသည်။ စဉ်းစား၍ မရနိုင်လောက်အောင် ကြောက်စရာကောင်းသော အခြေအနေ မျိုးနှင့် ဆေးရုံသို့ ရောက်လကြသော လူမမာများက ပိုးမွှားရာထောင်ကို ယူဆောင် လာခဲ့ ကြပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၁၀)

ဒဂုန်မဂ္ဂဇင်းမှာ ရေးခဲ့သမျှ

ထိုအချိန်ကစ၍ ဒဂုန်မဂ္ဂဇင်းတွင် ကျွန်မ၏၀တ္တုများ၊ မြင်းခင်းတော်ဆောင်းပါးနှင့် အိမ်သူကညာ မှတ်စရာမှ ဇာထိုး, ပန်းထိုးအခန်းများမှာ လစဉ်, လတိုင်းပါဝင်ရေးသားပေးပို့နေရသည်။ သို့နှင့် ကိစ္စမပြီးသေးဘဲ လယ်တီ ပဏ္ဍိတဆရာ ဦးမောင်ကြီးကလည်း သူဖွင့်ထားသော ယုဝတီစက္ခုခေါ် အခဏ်းမှာ ကျမပါဝင် ရေးစေ လိုကြောင်းစာနှင့် အကြောင်းကြားပြန်ပါသည်။ 

သူ၏လိုလားချက်မှာ ထိုစဉ်က အမျိုးသမီး စာရေးသူများ မရှိသလောက်ဖြစ်နေသေး၍ သူရေးနေသော ဒဂုန်မဂ္ဂဇင်းမှ ယုဝတီစက္ခုအခဏ်းမှာ မန္တလေး ခင်တုတ်၊ ရန်ကုန်ခင်ဆွေ၊ သလ္လာဝတီတင့်အုန်၊ ပျဉ်းမနားစုစု စသူတို့မှာ သူတစ်ဦးတည်း စိတ်ကူးပေါက် သလို ရေးနေခြင်းဖြစ်၍ မြင်းခြံခင်ချစ်၊ မြစ်သားအကျော့၊ မော်လမြိုင်သန်းသန်းတို့မှာလည်း နောက်ပိုင်းမှ ၀င်ရောက် လာသည်။ စာပေရေးသားရာဝါသနာပါ သော ယောက်ျားကြီးတွေသာ ပေးပို့သောကျမ၏ လက်ရာကို အထူး လိုလားပါသည်ဟု အဆိုရှိပါ သည်။ ဒါကြောင့် ယုဝတီစက္ခုအခဏ်းမှာ ရတနာပုံ ထိပ်တင်လှိုင် ဟူသော အမည်နှင့်စာပေးစာယူ ဆောင်းပါးရေးပို့ခဲ့ရပြီး ပုဂံခေတ်၏ ဆံထုံး ၅၅-မျိုး အကြောင်းကို ဆံထုံးပုံစံများနှင့် အစပ်ဆိုင်ဆုံး ဖြစ်သောဆံထုံးဋီကာကိုပါ ရေးသား ခဲ့ပါသည်။

ထိုနှင့်မျှမပြီးပြန်ပါ၊ မြန်မာအဆွေကုမ္ပဏီမှ ရှေးဦးစွာရိုက်ကူးထုတ်လုပ်၍ ပြသခဲ့သော တောမြိုင်စွန်း က လွန်းအောင်ဖန်ခေါ်သော ရုပ်ရှင်ဇာတ်ကားပြပြီးနောက် လူကြိုက်များလှသော ထိုဇာတ်ကား၏ အဆက်    ဥစ္စာာစောင့် ကလေးနှုင့် ကိုဘဌေးတို့ကို ထပ်မံတောင့်တနေကြပြန်သဖြင့် ဇာတ်လမ်းတခု ရေးသား ဖန်တီး ပေးရန် စာအတန်တန် ပို့ပြန်ပါသည်။

ထိုတောမြိုင်စွန်းဇာတ်ကားတွင် နာမည်ရခဲ့သော အဘိုးကြီးဦးရွှေရိုး(ကွယ်လွန်သူ ကာတွန်းဦးဘကလေး) အတွက် ရယ်စရာဇာတ်ထုတ်တခုအဖြစ် ရိုက်ရန်နောက်ထပ် လိုလားပြန်၍ ပလုပ်တုတ် တုတ်စကြာရှင်ခေါ် ဇာတ်ကား၌ကင်မရာထရိတ်ခေါ်သော ဓါတ်ပုံလှည့်စားရိုက်နည်းမျိုး အများဆုံး သုံးရမည့်အတွက် အခဏ်း များကို စိတ်ကူးရေးသားပေးပို့ရန်စာ ရောက်လာပြန်ပါသည်။
 
ကျွန်မလည်း စိတ်ကူးယဉ်ယဉ်နှင့် လက်ထဲတွေ့သလောက် အလျင်အမြန်ပင်ေ၇းသားပေးလိုက် သည်။ ၎င်းတောမြိုင်စွန်းအဆက် ဇာတ်ကား၏ဇာတ်လမ်းကို ၀တ္တုကဲ့သို့ ဖတ်ကောင်းဘို့မရေးဘဲ ဇာတ်ကား ရိုက်ဘို့ အကွက်ချ ရေးရသည်ကိုဇာတ်ညွှန်းရေးခဆို၍ ငွေသုံးရာနှင့်ရွှေဒင်္ဂါး ၃ ပြားခန့် ရှိ ရွှေတံဆိပ်တခုကို ဥာဏ်ပူဇော်ခ ပို့လိုက်ကြပါသည်။

သို့သော်တော်မြိုင်စွန်းအဆက်ကို ရုတ်တရက်ဆက်၍ မရိုက်နိုင်သေးဘဲ ကျားသစ်မယ်၊ အဘရေစ သည့် ဇာတ်ကား များကို ကြားဖေါက်ရိုက်ကူးနေစဉ် ဥစ္စာစောင့်မကလေးအဖြစ် နာမည်ရခဲ့သော ဇာတ်လိုက် မင်းသမီး မမြညွှန့်နှင့်ရိုက်ရန် အကြောင်းမညီညွှတ်၍ ဆိုင်းရပြန်သည်။ ထိုမှတဖန် မှိုင်းဝေေ၀ဇာတ်ကားကို မဲပြီးရိုက် နေချိန်လည်းဖြစ်ရာ နောက်ဆုံး၌ ဇာတ်လိုက်မင်သမီး မခင်သစ် လည်း အိမ်ထောင်ကျသွား၍ ဇာတ်ကား မရိုက်တော့ဘဲ ရှိခဲ့ရာထိုဇာတ်လမ်းမှာ နောက်၆ နှစ်ခန့်ကြာမှ ဇာတ်လိုက်မင်းသား မောင်မောင် ကလေးနှင့် ခင်ခင်အေးတို့ ခေါင်းဆောင်ပြု၍ စိမ်းရောင်စိုဟူသော အမည်နှင့် ဇာတ်ထုပ်တခု ရိုက်ထုတ် အသုံး ပြုလိုက် ကြသည်ကို တွေ့ရပါသည်။

သို့သော်ဦးရွှေရိုး၏ရိုက်ကွက်ရယ်စရာကင်မရာ  လှည်းစားခန်းများကို တကဲ့ဇာတ်ကားကောင်းကြီး တစ်ခု ဖြစ်သော မြတဘက်ဇာတ်ကား၌ ပြောင်းလဲထည့်သုံးထားသည်။ ဆင်ပျံနှင့်ကောင်းကင် တက်ခန်းများ၊ နတ်ဘီလူး ၏ကိုယ်လုံး အသေးဆုံးမှအကြီးဆုံး ကူးပြာင်းခန်းများနှင့် အချို့မမှတ်မိ တော့ပါ၊ နောက်ပိုင်း မှာတော့ လူကိုကြီးအောင်သော်၎င်း၊ အလွန်ငယ်အောင်သော်၎င်း၊ လှည့်စား ကွက်များသည် ဆန်းပြား အံ့သြ စရာ မဟုတ်တော့ပဲ အပေါစား လှည့်ကွက်များ ဖြစ်လာပါသည်။

မြတဘက် ဇာတ်ကားမှာ ရှေးပုံပြင်ဇာတ်လမ်းဖြစ်သော်လည်း ဓါတ်ပုံလှည့် စားကွက် အမျိုးမျိုးနှင့် အသိုင်း အ၀ိုင်း ပြုထားသောကြောင့် ပရိသတ်က စွဲလန်း နှစ်သက် ကြသည်။ ထိုခေတ်က သူ, မတူအောင် ခမ်းနား ဆန်းပြားသော ဇာတ်ကားဟူ၍လည်း ကောင်းချီးပေးခံရသည်။ ထို့ကြောင့် ဒုတိယအကြိမ်လည်း ၎င်း ဇာတ်ကား မျိုးကိုသာ ရိုက်ထုတ်ရန်ရည်ရွယ်လျက် ဒဂုန်မဂ္ဂဇင်းမှာ ထည့်ရန် ပေးပို့ ထားသော "တမြေစံ" ခေါ်ကျမ၏ ၀တ္တုကို "မြအေးယဉ်"ဟု အမည်ပေးပြီး အရေးတကြီး ရိုက်ကူးကြပါသည်။ ဇာတ်ထုပ် ရိုက်ကူး တော့မည်ဆိုလျှင်ပင် မင်းသားမောင်မောင်စိုးနှင့် မင်းသမီး တို့၏ စတေလ်ခေါ်ပုံသေဓာတ်ပုံများ၊ ဇာတ်ကွက်နှင့် ဆိုင်ရာအခန်းများကို ရုက်ကူးလျက်မဂ္ဂဇင်းမှာ ကြော်ငြာပါသည်။ ထိုကြော်ငြာများနှင့်အတူ မြအေးယဉ် ဇာတ်ကား၏ ဇာတ်လမ်းမှာ ဒဂုန်ခင်ခင်လေးရေးသော ၀တ္ထုဇာတ်လမ်းဖြစ်ကြောင်း ကျေညာ လိုက်ပါသည်။

ဒဂုန်ခင်ခင်လေးဆိုသည်မှာ ပရိတ်သတ်ကမည်သူမှန်းလည်း မသိကြသေးဘဲ ရှိပါသည်။ ယောက်ျားကြီး များကလည်း အမျိုးသမီးအမည်ကလောင်နာမည်ယူ၍ ရေးနေကြသည်။ အထူးသ ဖြင့်လယ်တီပဏ္ဍီတ ဦးမောင်ကြီး၏ ယုဝတီစက္ခုအခန်းမှ မန္တလေးခင်တုတ်လို အမည်လွှဲများကို အကြောင်းပြု၍ မိန်းမ အမည် ပါလျှင် ဦးမောင်ဟုသာစွပ်စွဲကြသည်။ အချို့ကလည်း ဘုန်းတော်ကြီး တစ်ပါးဖြစ်ရမည်ဆိုသည်။ ထိုအခါက စာပေ ကဗျာ ရေးသားပေးပို့သော ၀ါသနာရှင်အချို့မှာ အမျိုးသမီးနာမည်ခံထားသည့် ဘုန်းတော်ကြီး များနှင့် ဘုန်းကြီးလူထွက်များသာ အများအပြားရေး လေ့ရှိပါသည်။

တကြိမ်မှာလည်း ဒဂုန်မဂ္ဂဇင်းကဗျာခန်း၌ ကဗျာရှင် အများအပြား ၀င်ရောက်ရေးသား နေကြရာမှ ရှင်သန်းမေ အမည်ခံ ကဗျာရှင်၏ ကဗျာများသည် ကြွကြွရွရွ သွက်သွက် လက်လက် ရှိ၍ လူကြိုက် များနေ သည်။ သူ့ကဗျာတွေနာမည်ရသွားချိန်၌ အခြား ကဗျာရှင် ယောကျာ်းကြီး နှစ်ဦးက ချိတ်တိတ်တိတ် ရိပ် တိတ်တိတ် နောက်ပို့ခန်း ဖွင့်သောကဗျာများ ပါလာလေသည်။ ထိုကဗျာရှင်တို့မှာ တဦးက ကျော်စွာ၊ တဦးက ကျော်စွာ၊ တဦးကနင်းပြားဆိုသူတို့ ဖြစ်ကြပါသည်။ ဤတွင် အတွင်းသိ ကဗျာရှင် တဦးဖြစ်သူ ဦးဇေယျဟာ လက်မနေနိုင် ၍ ၀င်ကလိလိုက်သည်ကို အမှတ်ရမိပါသည်။

 တုံချပ် တုံချပ်နှင့် ဘုံပတ်ဆော်က ဒဂုန်ဇာတ်တော်မှာ နွှဲရှာကြ...အစချီသော ကဗျာနှင့်နောက်ပိုး ကဗျာ ရှင်နှစ်ဦးကို ချလိုက်သည်။ သူတို့သည်ရှင်သန်းမေကို တကယ်မိန်းမမှတ်သည် သျှင်သန်းမေ ဆိုလျှင်တော့ ၀ိဝါဒ ရှိချင်ရှိလေဦးမည်။ ရကောက်နှင့်ရှင့်မှာတော့ တကဲ့ မိန်းမ အစစ်ပင် ဖြစ်ရမည်ဟု တထစ်ချ ယူဆလိုက် ဟန်တူပါသည်။ တဖန်အစေခံရဖန်များလာသောအခါ ရှင်သန်းမေ ကဗျာရှင် မှာ မခံချင်စိတ် ဖြစ်လာသော ကြောင့်လားမသိ၊ ကဗျာတခုနှင့်ဖိ၍ ထောင်းလိုက်သည်ကို တွေ့ရသည်။ ထိုကဗျာ၏ အဆုံး၌ အရေးကြီးသော အချက်နှင့်နှက်လိုက်သည်မှာတော့ အောက်ပါအတိုင်းဖြစ်ပါ သည်။

သရည်စာကျော်စွာစားရန်ဘို့၊ အနှီဟာပေါ်ကာသွားတဲ့အောင်။ ထမီသာတော်ရာထားလိုက်ရင် ပြားယောင်နှင့် လုံး။ ဟုသူ့ဘ၀မှန်ကိုထုတ်ဖေါ်လိုက်သဖြင့် မီးနှင့်ရေသတ်သလို ငြိမ်ဝပ်ပိပြား သွားကြ ပါတော့သည်။ ထိုစဉ်က ရှင်မေသန်းမှာ ရဟန်းတော်ဖြစ်သည်၊ နောက်ပိုင်းမှာတော့ သျှင်မေသန်းဟု အမည်ကို ပြောင်း၍ ကဗျာရေးရင်းပင် လူဝတ်လဲကာစာပေလောကသို့ ၀င်ရောက်လာပါသည်။

ယင်းသို့သော် အထောက်အထားများကြောင့် ဒဂုန်ခင်ခင်လေးရေးသော စာများကိုကဏ္ဍအမျိုးမျိုး နှင့်ဖတ်ကြဖန် များ၍ မေးမြန်းကြသည်။ အချို့က ဒဂုန်ခင်ခင်လေးဆိုသူမှာ နှုတ်ခမ်းမွေး ရေးရေးနှင့် ကတုံးပြောင်ကြီး ဟု ၎င်း၊ ဘုန်းကြီး တပါးက မိန်းကလေး နာမည်ကို ကလောင်အမည်ခံ ယူ၍ ရေးနေ သူဖြစ်ကြောင်း သာ ဆုံးဖြတ်မှုပြုပါသည်။ ကျွန်မကိုယ်တိုင် ကလည်း စာဖတ်ပရိသတ် ကို အသိ မပေးခဲ့ပါ။ ယခုခေတ် ကဲ့သို့ ဓါတ်ပုံများ ထည့်ပြရခြင်းကိုလည်း ပတ်ဝန်းကျင်ကြောင့် အပြစ်  တခုခု ကျုးလွန်လိုက် ရတော့ မလိုရှက်ရွံ့ခြင်း၊ ကြောက်လန့် စိုးရိမ်ခြင်း ကြီးလှသည်။ သို့ကြောင့် ဒဂုန် မဂ္ဂဇင်းနှင့် ဆိုင်ရာ တို့ကလည်း အထူး သက်ညှာစွာ ဖုံးဖိ လျှို့ဝှက် ပေးထားပါသည်။

သို့လျှင် စာရေးသူကို မသိမမြင်စေရဘဲကလောင်အမည်နှင့်သာ စာဖတ်ပရိတ်သတ် ကို ရင်ဆိုင် တွေ့ဆုံလျက် ရှိခဲ့သော်လည်း ကြာတော့ မန္တလေးမှ နီးစပ်သူ စာဖတ် ပရိတ်သတ် အချို့ကတော့ ဘယ်သူ ဖြစ်ကြောင်း သိကြပါပြီ။ သူတို့မှတဖတ်တဆင့် စကားကြောင့်လည်း အပြင်လူတွေပါ ကြားသိ ကုန်ကြ ပါသည်။ သို့ကြောင့်ဒဂုန်းခင်ခင်လေးဆိုသူမှာ နှုတ်ခမ်းမွေးနှင့် ကတုံးပြောင်လူကြီး တစ်ယောက်လည်း မဟုတ်၊ ရွှေမျက်မှန်နှင့် ဘုန်းတော်ကြီးတပါးလည်း မဟုတ်ကြောင်း ပြဿနာရှင်း သွားကြပါသည်။

ထိုအချိန်အထိ ကျမအသက်မှာ ၁၈-နှစ်ခန့်ရှိလာပါပြီ ၄-၅နှစ်ကာလအတွင်းမှာ မိခင်၏အတွင်း ပစ္စည်း များလည် ထုခွဲရလွန်း၍ ကုန်သလောက်ရှိလာသည်။ အသေးအဖွဲ့ အကျွင်းအကျန်ကလေး များမှာလည်း အရေးတကြီး အသုံးလိုသောအခါ ရောင်းချနေလျှင် အချိန်ကြာမည်စိုး၍ မတန်တဆ နှင့် ခေတ္တခဏ အပေါင် သဘောထား ပေးထားပြီး ငွေများ ယူသုံးလေ့ရှိပါသည်။ ရင်းနှီးသူ သားချင်း ဖြစ်၍ ထုတ်ယူ ရောင်းချပေး လိုက်လျှင် အပိုသုံးရန် ကျန်ရှိဦးမည်ထင်၍ ရောင်းလိုသော အခါ ခေတ္တ ရောင်းရန် ပြသဘို့ တောင်းသည် ကိုပင် မယုံသင်္ကာ ဖြစ်ခါ ပြန်မပေးတော့ဘဲ အချိန် ဆွဲထားလျက် အတိုး တက်နေပြီဖြစ်၍ တန်ဘိုး ပြည့်နေပြီ ဆိုကာ အပိုင်စီးခြင်း ခံရပါသည်။

ကိုယ်ပိုင်အိမ်ကြီးရာကြီးနှင့် နေရသော်လည်း မေမေမှအစိုးရ ထောက်ပံ့ကြေး ပင်စင်ရနေသည်မှ တပါး အတွင်း ပစ္စည်း ကတစ တစ်ကုန်ခန်းလာသောအခါ ရွှေကျောင်းပြောင်ပြောင် ဆွမ်းခေါင်ခေါင် ဆိုသော ကိန်းမျိုးသို့ ဆိုက်ရောက် နေပါသည်။ သည့်အခါကျတော့ ဝေဘန်ရှုတ်ချခြင်း၊ အမနာပ ပြောဆိုခြင်း ကလည်း အင်အားပြန်ကောင်းလာပါသည်။ အိမ်သို့တစ်ခါတစ်ရံရောက်လာသော မေမေ၏ ဆွေမျိုးသားချင်း များနှင့် ယခင်က ရင်းနှီးခဲ့သူ မိတ်ဆွေသင်္ဂဟအချို့သည် ကြည်တော် ဆက်မဂ္ဂဇင်းအမှတ် ၁-ကို ငါးထောင် ပိုရိုက်မိ၍ ရောင်းမကုန်၊ ကျန်ရှိသော စာအုပ်ပုံကြီး ကို ကြည့်ကာ မဲ့ရွဲ့ကြပါသည်။ ဒါတွေကို ရိုက်ပြီး မရောင်းရတော့ ပိုက်ဆံတွေ သိပ်ကုန်သွားသည်ဟု ရိုးစွပ်ကြ သည်။ စင်စစ်စာအုပ်ငါးထောင်၏ တန်ဘိုးမှာ ငွေသုံးရာ လေးရာနီးပါးသာ ရှိပါသည်။

သမီးကို အလိုလိုက်ပြီး စာအုပ်တွေရိုက်ရောင်းစေသောကြောင့် ရှိပစ္စည်းများ မွဲသွားပြီဆိုသော သတင်းကို မေမေ၏ ရင်းချာသော သွေးသားများက အားရပါးရပြောကြခြင်းကို ခံရပါသည်။ ကျမ အပေါ်၌ မူလကပင် မလိုလားသော စိတ်ရင်းစေတနာအရ စာပေလေးစားသူများက ချီးကျုးသမှုပြု လာသည်ကို အလွန်အမင်း မလိုလား ခြင်းကြောင့် မိခင်၏ပစ္စည်းများဖြုန်းတီးပစ်သည်ဆိုသော အမည်ဆိုးကိုလူသိအောင် ကြိုးစား ၀ါဒဖြန့် ပေးကြပါသည်။

တခါတရံလည်း ကျမရေးသောစာအမျိုးအမည်ကို ဖတ်မကြည့်ဘဲနှင့် ဒါတွေဟာသူ့အစွမ်းအစနှင့် ရေးခြင်း မဟုတ်ပါ၊ ဘိုးဘေးဆီမှတောင်းယူရရှိသော ရှေးကစာတွေကို ကူးယူ ရေးသားနေသည်ဟု ဆိုပါသေးသည်။ သို့သော်ကျမရေးသော ၀တ္တုဆောင်းပါးများကို ဘိုးဘိုးဝက်မစွတ်မြို့စား မင်းကြီးအား တကြိမ်တခါမျှမပြ၀ံ့ပါ၊ အိမ်သို့ မပြတ် မပြတ်ကြွရောက်လာသည့်တိုင်အောင် သည်ခေတ်ပေါ် ၀တ္တုစာမူတခုကို ပြမိပါသည်။ ဖတ်ရန်ပြသ မိသည်မှာလည်း ထိုဝတ္တု စာမူမှာ ထီးနန်း အတွင်းက အနေအထိုင် အသုံးမနှုန်းများနှင့် စာစီကုံးရာ ၌ အလင်္ကာဂုဏ်မြောက်ရန်၊ ရှေးပညာ ရှိတို့ရေးဟန်ရေးနည်းမှုတို့နှင့် ကိုယ်ပိုင်စိတ်ကူးအရ ဇာတ်လမ်း ဇတ်အိမ် ဖွဲ့ထားရာ ရသဂုဏ်ပါ မပါအကဲဖြတ် ဝေဖန်ပေးစေ လိုသောကြောင့်သာ ပြသ မိခြင်း ဖြစ်ပါသည်။

ထိုဝတ္တု၏ အမည်မှာ မြိုင်ယံဘွားဖြစ်ပါသည်၊ စာမူကိုကြည့်နေစဉ် ရင်တဒိတ်ဒိတ် ခုန်နေပါသည်၊ ဖတ်ပြီးသော အခါ ပြုံးပါသည်၊ ထိုအခါသာ၍ စိတ်လှုပ်ရှားမိပါသည်၊ လူမိုက်တရာ မဲ့ရွဲ့ကဲ့ရဲ့ပါလည်း ဂရုစိုက်စရာ မဟုတ်၊ ပညာရှိကြီး တဦး၏ ပြုံး၍ကြည့်လိုက်ခြင်းမှာ အပြစ်တင်ရန် ရယ်ဘွယ်ရာ တခုကဲ့သို့ ဖြစ်များ နေလေရော့ သလားဟုကြောက်လန့်တကြား ရှိနေစဉ် ငါ့မြေးအင်မတန် စာအရေးအသား တော်နေ ပါကလား၊ သည်အထဲက တချို့ ပေါရာဏစကား အသုံးအနှုန်း များမှ စကားလုံးပြောင်ပါပေရဲ့ ဟု အမိန့်ရှိလိုက် မှ ရင်ထဲက အလုံးကြီးကျသွားပါသည်။

ထိုဝတ္တုမှာ အရေးအသား၌ ပညာရှိသူတို့က လင်္ကာဂုဏ် ရသဂုဏ် မြောက်သည်ဟု ဆိုထားသည့် ပြင် ဇာတ်လမ်းများ အားဖြင့်လည်း နန်းတွင်းယဉ်ကျေးမှုနှင့် တောတွင်းလူရိုင်း တဦးအား ရောမွှေထားခြင်း ကြောင့် ဇာတ်ကွက် ဇတ်လမ်းပြည့်ဝ မြိုင်ဆိုင်သဖြင့် မြိုင်ယံဘွား ဇာတ်ကားကို နောင်သောအခါ၌ အေ၀မ်းရုပ်ရှင် ကုမ္ပဏီက ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြုကြပါသေးသည်။
သို့သော် ကောင်းသည်ကို ပြောလိုခြင်းထက်မကောင်းသည်ကို ပြောရခြင်းကပို၍မြိန်ရေယှက်ရေ ရှိတတ်သော လူတို့ဓမ္မတာ အတိုင်း ဆိုပေမဲ့ မေမေ၏ သွေးချင်းများမှာ ကျမအပေါ်၌ ပိုပိုသာသာ အလေးတင်း ထားသူများ ဖြစ်သောကြောင့် ဦးတကဲသာ ဒေါ်တကဲသာ များဟု စိတ် ထဲက စွဲမှတ်ထား ရုံမှတပါး ဟု ပြန်စကားချေပခြင်း မပြုခဲ့တော့ပါ။

နူရာဝဲစွဲလဲရာသူခိုးထောင်းဆိုသော စကားဥပမာကဲ့ သို့မျက်နှာကြီး၍ (ချွေနိုင်လျှင်) (ရွှေ) ကြသော ထုံးစံ အတိုင်း အမြှောက်အပင့်အသိုင်းအ၀ိုင်း ခံရဘူး လျှင် မပေးမကမ်းနိုင်သော အခြေဆိုက် သည့်နှင့် တစ်ပြိုင်နက် မျက်နှာငယ်ဘ၀ရောက်ခဲ့ရသည်မှာ လက်တွေ့ကိုယ်တွေ့ဖြစ်၍ ဟ-ဟ မခေါ်ချင်သူများ၊ မထီးမဲ့မြင်ပြုသူများ၊ နောက်ပိုင်းမှမြင်တွေ့ ကြရသော အိမ်နီးချင်းလူသစ်များ၏ ထိပါးပုတ်ခတ်၍ (မင်းမျိုး စိုးမျိုးလဲ ဆိုသေး၊ ဘာမှလဲမရှိဘူး) စသောမေးငေါ့မှုများခံရသည်မှာ ရှေးသွားသီချင်းခံကြီး ရွတ်ဆို ပြသည့် ပမာ ရိုးနေပါတော့သည်။

ရုပ်ရှင်ဇာတ်ညွှန်းများ


ကျမသည် မန္တလေးမြို့တွင် ၅-နှစ် ၆-နှစ်နေထိုင်မိသောအခါ ငယ်ငယ်က နှစ်စဉ်ခေတ္တခဏလာဘူး တိုင်း ကြုံတွေ့ ရသည့်သမ္ပတ္တိ ခေတ်နှင့်ယခုလက်တွေ့ဝိပတ္တိခေတ်ကို ယှဉ်ကြည့်မိပါသည်၊ ထိုခေတ်က မန္တလေးသည် ရှေးနန်းတွင်းအဆက် အနွယ်တွေကြောင့် ယဉ်ကျေးသော ကိုယ်အမူအရာ နှုတ်အမူအရာ တွေဖြင့် တမြို့လုံးဖုံးလွှမ်းလျက်ရှိလေသည်၊ အောက်ပြည် အောက်ရွာမှအစိုးရအရာရှိသူ မျက်နှာရှိသူဆိုပြီး သူ့ထက်ငါ ၀င်ထွက်ဆက်ဆံ ပေါင်းသင်းတတ်ကြ သည်။

သူတို့၌နဂိုရ်ပါလာပြီးဖြစ်သော မိမွေးတိုင်းဖမွေးတိုင်း မှည့်ခေါ်ထားသည့်နာမည်များ ရှေးမှ မောင်မောင် တို့ ခင်ခင်တို့ ထပ်၍ တပ်ခေါ်ပေးကြသည်၊ သည်ကဘုရားမှဘုရားပါ ဘုရားဆိုသော လောကွပ်တွေ ဘုရားထူး ဒူးတုပ်တွေနှင့် လုပ်လိုက်သောအခါ မူလကရိုးရိုးသားသားအရာရှိ ခမြာ များမှာ မူလက ရိုးရိုးသားသား အရာရှိခမြာများမှာ သာယာမှုတွေဖြစ်လာတတ်သည်၊ ဘုရားထူးပြော မှကြိုက်လာသည်၊ ခင်ခင် မောင်မောင်ခေါ်မှ ကြိုက်လာသည်၊ ခင်ခင်မောင်မောင်ခေါ်မှ ကြိုလာသည်၊ သူတို့ကို မြှောက်ပေါင်း နေမှန်းမသိ အောက်ခြေလွတ်လွတ်သွားတတ်သည်၊ အောက်ခြေလွတ်အားကြီး လာသောအခါ အပြင်အပက လူများအမြင် တွင် ရူးကြောင်ကြောင်ပေါ တောကြီးထင်လာပြီးပြုံးတတ်ကြသည်၊ ဒါကိုသူတို့မသိရှာပါ၊ ၎င်းပြင် ထိုခေတ်က မောင်ကြီးနှမ ကျားကိုက်ပါစေရဲ့ အရင်းတိုင်း နှင့် ရောင်းပါသည်ဟု ဆိုသဖြင့် ဒါလောက် ကျိန်ပြောရင် ဈေးသက်သာ မှာဘဲဆိုပြီး ၀ယ်ခဲ့ရာ နောက်ပိုင်း ပြုံးကျန်ရစ်သည်ကို လှည့်ကြည့် မိလျှင် ကျုံးထဲ ဆင်းသေချင် မလား မသိရပါ။

ကျမကိုယ်တိုင် မန္တလေး အဆက်အနွယ်ဖြစ်နေရာ ဒါတွေသိနေပါသည်၊ သူတို့မြှောက်ပင့်ထားသူများက မင်းစိတ် စိုးစိတ် ၀င်လာပြီး နန်းတွင်းသူနန်းတွင်းသားကြီးတွေ လိုအထင်ရောက်၍ ခြေထောက်နှင့် မြေကြီး ကွာလာမှန်း သိသောခါ အတောင်းအရမ်းအချေးအငှား တွေထူ လာတတ်ပါသည်။ မြှောက်ပင့်ပြီး အရူး လုပ်နည်း မှာလည်း အမျိုးမျိုးရှိပါ၏ အချို့မှာဘုရားထူး ဒူးထောက်၍ မောင်မောင်ခင်ခင်စသော အသုံးအနှုန်း နှင့် မြောက်၍ မြောက်သွားသည်။ အချို့မှာ ကြိုက်တတ်သော စရိုက်အမျိုးမျိုးကို စောင့်ကြည့်ပြီး ကျင်လည်စွာ ကျုံးသွင်း၍ လုပ်သမျှဘာဘဲ လုပ်လုပ်ကောင်း လှပါသည်ဆိုသော ပိပိယိယိ မြှောက်လုံးမျိုး နှင့်စပြီးမှ ရှေ့လိုရာခြေလမ်းများကို ဆက်နင်းတတ်ကြသည်။ မန်းမြေမှ မြှောက်၊ မြူ ၊ မြိုက် ဆိုသော မ ခြောက်လုံးမှာ အတော်နာမည်ကြီး ခဲ့ဘူးပါသည်။

မိမိကိုယ်ကိုလယ်လှပြီဟု ယူတထားသူများပင် ထိမှန်းမသိအထိခံလိုက်ကြရသည်။ ကျမတို့ကဲ့သို့ ဇာတိ နွယ်ချင်း ပင်လျှင် ပစ္စည်းရှိလျှင်တမျိုး၊ မရှိလျှင်တဖုံ၊ ဆုံစည်းတွေ့ကြုံခဲ့ရာ ဓာတ်ယာယီမသိ ရှာသော မျက်နှာစိမ်းများအဘို့တော့ ရုတ်တရက်ရိပ်စားမိရန် ခဲယဉ်းလှပါတော့သည်၊ စားပေါက် စားလမ်း အခွင့်အရေး တည်းဟူသော အညှီအဟောက်ကလေး ရှိရာတွင်တအုံးအုံး တရုံးရုံး ယင်တွေ အုံလာသကဲ့သို့ တကြိမ်မှာလည်း ဂျမားသူဌေးကြီး၏ ပဲဖြူကလေးအ၀ယ်တော် ကိုယ်စားလှယ် တဦး၏ အိမ်မှာစကြာမင်းနှင့် ဘိုးဘိုးအောင် ရောက်နေသည့်အလား ပြားပန်းခပ်မျှဝိုင်းအုံခစား လိုက်ကြသည်မှာ ပဲဖြူကလေးဈေးကျ၍ အရှုံးပေါ်ပြီး ငုတ်လျှိုးသွားရတော့မှာဘဲ လူစဲပြီး ကိစ္စအေးရ ပါတော့သည်။

ဆိုခဲ့ပြီးသော ပတ်ဝန်းကျင်မျိုးမှာ ကျမတဦးတည်းတလူးလွန့်လွန့်နေရင်း စာရေးခြင်းကိစ္စနှင့် အချုပ်အလုပ် ပါ နှစ်ဘက်နှစ်လမ်း မှ ငွေဝင်ရအောင် ရှာလျက် ကိုယ်တွက် ကိုယ်တာ သုံးစွဲ၍ မိခင်ဖြစ် သူကိုလည်း အထောက် အကူ ပြုခြင်း ထိုမှပိုလျှင် ရွှေတိုရွှေစများပင် ၀ယ်ခြမ်း ၀တ်ခြင်းပြုနိုင်ပါသည်။ သို့ရာတွင် အထင် သေးချင်သော သူတို့ အစွဲအလန်း အယူအဆကြောင့် ၀တ်ဆင်ထားသော  ခြေကျင်း လက်ကောက် စသည်များကို တကူးတကန့် လာရောက် ကိုင်တွယ်ကြည့်ကာ ဒါရွှေအစစ် တွေလားဟူသော  အမေးမျိုး ကိုလည်း ခံခဲ့ရဘူး ပါသည်။

ထိုသို့သော အချိန်အတောအတွင်းမှာ ကျမရေးသားပေးသည့် တမြေစံဝတ္တုကို ရုပ်ရှင်ဇာတ်ကား အဖြစ် ရိုက်ကူးလိုက်သော မြအေးယဉ် ဇာတ်ကားမှာ ရန်ကုန်မြို့၌ရုံတင်ပြသတော့မည့် အချိန်တွင် ဇာတ်ကား လည်းကြည့်ရန် ရန်ကုန်မြို့သို့အလည်အပတ် ဘုရားဖူးရင်း လာကြရန် ကွယ်လွန်သူ မြန်မာအဆွေ သူဌေးကြီး ဦးဘညွှန့်သူဌေးကတော်ဒေါ်ငြိမ်းရှင်တို့က စာအတန်တန် ရေး၍ ဘိတ်ခေါ်နေသဖြင့်၊ ကျမတို့ သားအမိ သုံးဦး သည် ရန်ကုန်မြို့ သို့ အလည် လာခဲ့ကြပါသည်။ ထိုအခါက မီးရထား ပဌမတန်း သီးသန့် တွဲ အသွားအပြန် နှင့်တကွ ကုန်ကျခံ၍ မြန်မာအဆွေတိုက်၏ သုံးထပ်ပေါ်တွင် သူဌေးကြီး မိသားစုများ က ဖေါ်ရွေ ခင်မင်စွာ ပြုစု ဧည့်ခံလိုက်ကြပါသည်။

ထိုအချိန်၌ ရန်ကုန်မြို့ရှိ ကမ်းနားရုံးသစ်ကြီးမှာ အုဋ္ဌ်မြစ်ချပြီးစဖြစ်၍ ယခုမြို့တော် ခန်းမခေါ် တောင်း ဟောလ်ကြီး နေရာမှာ မြေယာကွက်လပ်ကြီးအဖြစ်ရှိသဖြင့်၊ ဦးဘိုးစိန်ဇာတ်အဖွဲ့မှ သူပိုင်ရွက်ထည် ရုံကြီးနှင့် မကြာခဏကပြလျက်ရှိပါသည်။ မြအေးယဉ်ဇာတ်ကားမှာ ပန်းဆိုးတန်းထိပ်ရှိ အော်လံပီယာရုံ တွင် ရုံတင် ပြသ ပါသည်။ မြန်မာအဆွေသူဌေးနှင့် သူဌေးကတော်ကြီးတို့က သူတို့သ္မီးဖြစ်သူ ဒေါ်ခင်ခင်နှင့် ကျမကို အမျိုးသ္မီးဒါရိုက်တာလုပ်၍ ဇာတ်ထုတ်တခု ရိုက်ကူးရန် ပြောဆို တိုင်ပင်ကြ ပါသည်။ ကျမ ရောက်သော အချိန်တွင် မခင်ခင်(ဒေါ်ခင်ခင်) မှာ ဦးဘကလေးနှင့် ကွဲကွာပြီးဖြစ်ပါသည်။

၎င်းအပြင် ရန်ကုန်၌ တည်းခိုနေဆဲကျမရေးသားခဲ့သော နှမလေးဆိုသည့်ဝတ္တု ကိုလည်း ရုပ်ရှင်ရိုက် ကူး တော့မည်ဖြစ်၍ ဦးညီပုနှင့်ဇာတ်လိုက်မင်းသ္မီးသစ် ခင်ခင်ထားတို့၏ ပုံသေ စတေလ်များရိုက်ကူး ပြီး ဒဂုန်မဂ္ဂဇင်း မှာ ထည့်လိုက်ပါသည်။ ဧည့်သည်အဖြစ်တည်းခိုနေစဉ်အခါ မြန်မာအဆွေ မိသား တစုတို့က ရုပ်ရှင်ဇာတ်လမ်းအကြောင်းများကို ၀ိုင်းဖွဲ့မိတိုင်းစိတ်အားထက်သန်စွာ ပြောဆိုကြ သည်က များပါသည်။

ဒေါ်ခင်ခင်က သူတို့နှင့်တကြိမ်က မန္တလေးမြို့မှာ တွေ့ဘူးသည်ဟုဆိုပါသည်။ ကျမက မမှတ်မိပါ။ တွေ့သော နေရာမှာ မန္တလေးမြို့ တွင် မြန်မာအဆွေကုမ္ပဏီ နာမည်ကြီးစက ဆိုင်ခွဲဖွင့်ထားပြီး တနှစ်တကြိမ် စာရင်းပိတ်လျှော့ဈေးများလာရောက်ပြုလုပ်လေ့ရှိသည်။ ၀ှိုက်တဝေးကုမ္ပဏီ၊ ရိုးကုမ္ပဏီ စသည် တို့ထက် လာဘ်မြင်သေ မြန်မာအဆွေသူဌေးဦးဘညွှန့်၏ အစီအစဉ်နှင့် လျှော့ဈေး၌ တကျပ်တန် ပစ္စည်း ၀ယ်သူကို တမတ်တန် ပစ္စည်း လက်ဆောင် တခုခု ၀ယ်သောငွေ၏ အချိုး က ပြန်ပေးသော စနစ်ဖြင့် တည်ထွင်ကာ၊ ဆိုင်းသံဗုံသံငြိုးငြိုးညံ၍ ကြော်ငြာစာရွက်တွေ ပလူပျံအောင် ကမ်းလှမ်းခြင်းဖြင့် လျှော့ဈေး လာဝယ်သူများ မှာ ကြိတ်ကြိတ်တိုးနေလေ့ရှိပါသည်။

ဤအချိန်က ကျမတို့သားအမိကလည်း အထည်ပစ္စည်းအဆန်းအပြားနှင့် ဖခင်အတွက် ထမင်းပန်း ကန်စုံများသွားရောက်ဝယ်ခြမ်းစဉ် ယခုဒါရိုက်တာမောင်တင်ယု၏ မိခင်ဒေါ်မြခင်နှင့် ဒေါ်ခင်ခင်တို့ ညီအမမှာ အပျိုအရွယ်များဖြစ်ကြသည်။ ကျမကသူတို့ကို ကုန်ရောင်းသူစာရေးမကလေးများဟု သာထင်၍ လိုချင်သော ပစ္စည်းများပြောပြ၀ယ်ခြမ်းခါ အပေါ်ထပ်မှ အောက်ထပ်သို့ဆင်းလာခဲ့ပါ သည်။ ထိုအခါ၌ ကျမ ဆောင်း လာသော ကျောက်စီ ရွှေထီးရိုးကြီးမှာ သူတို့ညီအမ ရပ်နေသော အထည် အလိပ် ဘီရိုနား၌ မေ့ကျန် ခဲ့၍ ဒေါ်ခင်ခင် ကိုယ်တိုင်လှေခါးရင်းအထိ လိုက်ပေးရကြောင်း ပြန်ပြောပြမှ အမှတ်ရ ပါတော့ သည်။

မဂ္ဂဇင်းဝတ္တုနှင့်ဆောင်းပါးများကို တဘက်က ရေးသားရသည်ထက်၊ ရုပ်ရှင် အတွက် ၀တ္တုဇာတ်လမ်း များ ဇာတ်ညွှန်း များကို ပို၍ရေးသားရန်တိုက်တွန်းလိုက်ကြပါသည်။ ကျမကလည်း တတ်နိုင်သမျှ ရေးသား ရပါသည်။ ထိုအချိန်က ရုပ်ရှင်ဇာတ်ကားများမှာ အသံထွက် မပေါ်လာသေး၍ ဇာတ်ညွှန်း များတွင် စကား ပြောဘို့တိုင်တလ်ခေါ်သော စကားပြောကွက်များကို ဇာတ်ညွှန်းစာရွက် ၏အလယ်၌ ရေး၍ ဘေးမှ တီ ဆိုသော အင်္ဂလိပ်စာလုံး အတိုကောက်နှင့် ပြပေးရသည်။ စာတွေများနေလျှင် လည်းမရ။

တိုလွန်းလျှင်လည်း အဓိပ္ပာယ်မပြည့်စုံ၊ ပြောရမည့်စကားလုံးအတွက် ထိထိမိမိ စာသား က ပြောင်မြောက် ရသေးသည်။ တခါတခါအကွက်ဆိုက်လျှင်၊ ဒွေးချိုးကလေးစ သဖြန်ကလေး စလည်းထည့်ရေးရ၏ ညအခါ လသာသာ၌ လမင်းကိုတိုင်တည်ပြီး ရည်းစားမျှော်ခဏ်းများတွင် လည်း တေးထပ်များ၊ ဘောလယ်များ ပါရသေးသည်။ လွမ်းခဏ်းဆိုလျှင်လည်း ရှေးသီချင်းများမှ အလွမ်းပုဒ်များကို အလျဉ်းသင့်ရာ ဖြည့် ရေးပေး ရသေးသည်။ ရုပ်ရှင်ကားအဖြစ်ပြသောအခါ၊ ဒါတွေကိုတီးဝိုင်းမှ အဆိုတော်များက အံကျအောင်လိုက်၍ သီဆို တီးမှုတ် ပေးရသည်။ ကြည့်သူ များက အလွမ်းမိလျှင် မိသလောက် မျက်ရည် ပေါက်ပေါက် ကျကြရှာ ပါသည်။

သို့နှင့်မန္တလေးမြို့ တွင်ကျမ ဇာတ်လမ်းရေးသော မြအေးယဉ်ဇာတ်ကား ပြသပါတော့သည်။ ထီးနန်း သုံးနှင့် ရှေးဇာတ်ကားတွင် ရုပ်ရှင်ကင်မရာလှည့်စားခဏ်းများပါ၍ ပရိသတ်ကြိုက်ကြပါသည်။ ပရိသတ် ကြိုက်၍ ဇာတ်လမ်းရေးသူ ဒဂုန်ခင်ခင်လေးဆိုသောအမည်ကိုပါ ပဏာမစာတမ်းထိုးပြစဉ် ပါဝင်လျက် ရှိလေရာ၊ ဇာတ်ကားကြည့်သွားသူများမှတဆင့် ဈေးစကား အရပ်စကား ကာဖီဆိုင် စကားများ တွင် စကား စပ်မိသူ များက ကျမအမည်ပါ ထည့်ပြောကြမိပါလိမ့်မည်။

သည်တွင် ရုပ်ရှင်ဆိုသည်မှာ ဘာမှန်းမသိသေးသော (ကြည့်လေ့ကြည့်ထ မရှိခြင်းကို ဆိုလိုပါသည်) ရှေးကျကျ ရပ်ကွက်မှ လူကြီးတချို့က ကျမအား ရုပ်ရှင်ထဲလိုက်နေဆိုပါကလားဟု လေသံကြား နှင့်တရားနာသလို ကဲ့ရဲ့ အပြစ်ဆိုကြပြန်ပါသည်။ တချို့ကတော့ ကျမနှင့်တွေ့လိုက် လျှင် (ရုပ်ရှင်ထဲ လိုက်နေပြီဆို ဟုတ်လား)ဟု ခပ်ငေါ့ငေါ့ နှင့်မေးခြင်းခံရပါသည်။ ကျမအဘို့ကြူကြူ ချ၍ ငိုပစ်လိုက်ချင် အောင်ပင် စိတ်နှလုံးထိခိုက်သွားပါတော့သည်။

သူတို့ခေတ်က သူတို့သဘော ထားမှာ ဤအလုပ်ကိုလုပ်သော မိန်းကလေးမျိုး အား ကြေးစား ပြည့်တန်ဆာ နှင့် မတိမ်းမယိမ်း သဘောထားကြောင်း ကျမကိုယ်တိုင်သိပါသည်။ ထို့ကြောင့် ကျမသည် လှိုက်လှိုက်လှဲလှဲ ၀မ်းနည်းမိခြင်း ဖြစ်ပါသည်။ ကျမတို့၏ပတ်ဝန်းကျင်နှင့် ရှေးကျသော အယူအဆ များနှင့် မလိုသူ များ၏ဒဏ်ကိုကျမသည် အလူးအလဲခံလိုက်ရပါသည်။ ပါးစပ်ပေါက်ရှိသမျှကို ကျမက ဘယ်ပုံ ဘယ်သို့လိုက်၍ ရှင်းချက်ထုတ်ရမည်ဟု မစဉ်းစားတတ်တော့ပါ။ ဖြစ်သမျှ အကြောင်း ခေါင်းငုံ့ခံနေ ရုံမှတပါး အခြားအကြောင်းမရှိတော့ပါ။

သို့သော် ခေတ်မှီသူများနှင့် စာပေ၀ါသနာရှင်တို့ ရပ်ကွက်ကမူ ကျမ၏ အရေးအသားနှင့် ရုပ်ရှင် ဇာတ်ညွှန်း များအတွက် ချီးကျူးလျကှ်ရှိကြောင်း သတင်းကောင်းစာများ ရရှိပါသည်။ သို့ပေမင့် တဘက်မှ လည်း ဆွေမျိုး မကင်းသော တ၀င်းတည်း တခြံတည်းနေအိမ် တအိမ်မှဆွေမျိုးထည်းသို့ နောက်မှ နီးစပ် ၀င်ရောက်လာသူအချို့သည် ကျမတို့ အိမ်ဘက်သို့မသင်္ကာသောမျက်နှာနှင့် မျက်တောင်မခပ် စိုက်ကြည့် ကာ နေထိုင်စားသောက်လှုပ်ရှားသမျှကို အမြဲတမ်းလိုကဲ့ရဲ့နေရုံမက စောစောပိုင်းမှ ပတ်ဝန်းကျင် တို့၏ အဆက်အသွယ်ဖြစ်ပြီး မကောင်းသော လှုပ်ရှားမှုများဟုသာ ယူဆကာ အပြင်ဘက်သို့ ၀ါဒဖြန့် ပေးလိုက် သေးသည်။

အနုပညာမြတ်နိုးမှု ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၄)


နောက်ဆုံးရ  မြန်မာဘလော့ အကယ်ဒမီဆုကြီး သတင်း

ကဲဘလော့ ချစ်မိတ်ဆွေများ ခင်ဗျား ကျနော်ဟာ မြန်မာ ဘလော့ အကယ်ဒမီဆုကြီး ကို မဲဆန္ဒ ၁၀၀% အပြည့် ရပြီး နိုင်ချင်ဇောနဲ့  မဲအနိုင် ရရှိရေး ကော်မတီ အဖွဲ့တဖွဲ့ ဖွဲ့ပြီး တညလုံး မအိပ် မစား မသောက် မပေါက် ဘဲနဲ့  အစည်းအဝေး တရပ် ကျင်းပခဲ့ပါတယ် ခင်ဗျား..။

အစည်းအဝေး ဆုံးဖြတ်ချက် အရ ပထမဆုံး ကျနော့် ရဲ့ မဲဆန္ဒ ရှင်များ နဲ့ ကလေး ရော ခွေးပါ မကျန် ပါးစပ် ထဲမှာ စွဲပြီး ညတရေးနိုး ရင်တောင် ထရွတ်ရမဲ့ ကြွေးကြော်သံ ၃ ရပ်ကို ကန့်ကွက်မဲ မရှိ ထောက်ခံမဲ အပြည့်နဲ့ သဘော တူညီမှု့ ရရှိသွားပါပြီခင်ဗျား..။

ကဲ ပထမ ဆုံး အနေနဲ့ ကျနော့် ရဲ့ ကြွေးကြော် သံများကို ကျနော့် ဘလော့ ကို မဖတ်ရမနေနိုင်သူများ အား လိုက်လံ ကြွေးကြော် ကြရန် နှိုးဆော် တိုက်တွန်းလိုက်ပါသည်..။

ကြွေးကြော် သံများ 
(သုံးကြိမ်တိတိရွတ်ရန်)

၁။ မြန်မာစာပေ ချစ်သူတိုင်း ရွှေစင်ဦး ကို မဲပေးကြ
၂။ မဲမပေးသူ ရွှေစင်ဦး ရန်သူ
၃။ ရွှေစင်ဦး မဲနိုင်ဖို့အရေး   (တို့အရေး ) သုံးကြိမ်

နောက်ဆုံးရ သတင်း

ဘလော့ဂါချုပ်ကြီး ရွှေစင်ဦးက မဲပေးပွဲတွင် အကြပ်ကိုင် ခြိမ်းခြောက်ခြင်း 
စာဖတ် ပရိတ် သတ်ကြီးများ ခင်ဗျား 

အကယ်၍ ကျနော်၏ ကြွေးကြော် သံများအား ရွတ်ဆိုရန် ငြင်းပယ်ခဲ့သော် ၃ ရက်တိတိ စာအသစ် မတင်သော နည်း ဖြင့် ဒဏ်ခတ် အပြစ်ပေးမည် ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်

ကျနော် ဟာ မဲ အနိုင်ရရှိရေးအတွက် ၂၄ နာရီ လုံးလုံး အဆက်မပြတ် ဒရစပ် လုပ်ကိုင်ခဲ့ ပါတယ် ခင်ဗျား..
ကဲ.....အခုဆိုရင် လွန်ခဲ့တဲ့ ၂ရက် က ကျနော် နဲ့ မဲတူနေတဲ့ ကိုကြီးကျောက် ထက် ကျနော်ဟာ (၅) မဲတိတိ သာသွားပါပြီဆိုတဲ့ သတင်းကောင်း ပြောချင်ပါတယ်..

နောက်ပြီး ကျနော့်ထက် မဲ အပြတ်အသတ် သာနေတဲ့ ကိုမောင် နဲ့ လည်း သူ အပေါ်ရောက်လိုက် ကိုယ် အောက်ရောက်လိုက် တလှည့်စီ ဖြစ်နေပါပြီ ခင်ဗျား.. (အထင် မလွဲလိုက်ပါနဲ့  ခင်ဗျာ မဲ နေရာကို ပြောတာ ပါနော် ) (အင်း တော်တော် တော် တဲ့ ငါ ပါလား)...

ဒါကတော့ ကျနော် ပိုက်ဆံပေး ခေါ်ထားတဲ့ ဘလော့ဂါလစ် နဲ့ အထူး အင်တာဗျူးခင်ဗျား...

ဘလော့ဂါ ဒေါ်ရွှေစင်ဦး ခင်ဗျား ကျနော် သိချင်သူပါ ဒေါ်ရွှေစင်ဦး ရဲ့ ရည်ရွယ်ချက်က ဒီ ဘလော့ အကယ်ဒမီ ဆုပေးပွဲကြီးမှာ ၁၀၀ % အပြည့် နဲ့ မဲ အနိုင်ရဘို့လို့ သိရပါတယ်.. မဲတွေကလည်း အံသြ လောက် အောင် တက်လာတယ် ခင်ဗျား.. အဲဒီလို မဲတွေရအောင် ဘယ်လိုများ လုပ်ခဲ့ သလည်း ဆိုတာ သိချင်ပါတယ်...ကဲ ကျနော် စ မေးမယ်နော် မလိမ်မညာ မရှက်မကြောက် ဘဲ ရဲရဲ ဖြေပါ ခင်ဗျား..

သိချင်သူ.....ဘာတွေများ လုပ်ခဲ့ လို့ ဒီလောက် မဲတွေတက်လာတာလည်းဗျာ..သိချင်လိုက်တာ..

ရွှေ.........ကျနော်နဲ့ ပြိုင်ဘက်တွေဖြစ်တဲ့  ကိုကြီးကျောက် တို့ ကိုမောင် တို့ကို သွားမပြောရင် တော့ ပြောပါ မယ် ခင်ဗျား....

သိချင်သူ....စိတ်ချ ကျနော် မပြောပါဘူး

ရွှေ.. ပထမဆုံး ကျနော် နဲ့ ချစ်ညီမ ဟာ သိသမျှ ဘလော့တွေ အားလုံးကို သွားရောက်လည်ပတ်ပြီး ကျနော့် ကို မဲပေးဘို့ တိုက်တွန်း နှိုးဆော်ခဲ့ ပါတယ်ခင်ဗျား...

မဲလေး တမဲ ကိုင်ပြီး ဟိုလိုလို ဒီလိုလို လုပ်နေတဲ့..ကိုဏီလင်းညို တို့ ကိုမိုးခါး တို့ လို လူမျိုး တွေကိုလည်း သူတို့ အကြိုက်လေး တွေ ပေးပြီး မဲဆွယ် ခဲ့ပါတယ်ခင်ဗျား..(သိချင်သူများ တိုက်ရိုက် ဆက်သွယ်မေးမြန်း နိုင်ပါတယ်)

ဒုတိယ အနေနဲ့ ကျနော် နဲ့ အတူ ပြိုင်ပွဲဝင်ကြတဲ့ ဘလော့ မောင်နှမ တွေအိမ် ကိုသွားပြီး  တဘလော့ဂ်ဆင်း တဘလော့ဂ်တက် မဲဆွယ်ခဲ့ ပါတယ်ခင်ဗျား...

ဥပမာ 
အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှု စာစုများ နှင့် ရသစာပေ ဘလော့ဂ်ဆု ထဲက

အုပ်စုတူ ဖြစ်နေတဲ့ ကိုမြစ်ကျိုး ၊ ကိုမိုး၊ ကိုနွေဆူး တို့ အားလုံး ကို ကျနော် ခင်ဗျား တို့အတွက် မဲပေးခဲ့ ပါတယ်..ကျနော့် ကိုလည်း ပေးကြပါဆိုပြီး တလေသံ ထဲ ပြောခဲ့တယ် ခင်ဗျ..သူတို့က ပြိုင်ပွဲ ဝင်တဲ့ သူ အခြင်းခြင်း ဆိုတော့ ငါတို့ အတွက်တောင် သူပေးရင် သူအတွက် လည်း ငါတို့ ပေးရမယ် ဆိုပြီး ပေးကြ တယ်ခင်ဗျား...။

အထူးသဖြင့် ကိုမိုးတို့ ကိုနွေဆူး တို့ဟာ ပွဲသိပ်ကြပ်နေတဲ့ အတွက် အတော် စိတ်ညစ်နေကြတာ ဆိုတော့ တမဲ ရ နဲလား ဆိုပြီး မစဉ်းစား မစဉ်ချင် ဘဲ ပေးကြတယ် ခင်ဗျား..

ကိုမြစ်ကျိုးကတော့ ထိပ်ဆုံးက ကျနော် ဆိုတော့ မဲမဆွယ်ဘဲ တိတ်တိတ်ပုန်း  ကြက်တိုက် နေတယ်ခင်ဗျား.. 
ဒါပေမဲ့ ကျနော့် ရဲ့ မဲဆွယ် မှု့ကိုတော့ မခံနိုင်ရှာ ပါဘူး..

ကိုမြစ်ကျိုး ရေ ကျနော့် သမီးတွေက ချောတယ်နော်..လို့ ပြောလိုက်တာနဲ့ တခါထဲ တမဲ ရလာတယ် ခင်ဗျား..


နောက်ပြီး
အကောင်းဆုံး ဘာသာပြန် ရသစာပေဆုမှာ 

ထိပ်ဆုံး ကနေ သူလိုလို ကိုယ်လိုလို နဲ့ ပထမ နေရာကို သူရောက်လိုက် ကိုယ်ရောက်လိုက် နဲ့ အပြိုင်ဖြစ် နေကြတဲ့ ကိုသက်တန့် ကိုလည်း ကိုသက်တန့် ရေ ဘယ်သူမှ မပြောနဲ့ နော် သူငယ်ချင်း အတွက် ကိုယ် မဲပေးခဲ့ ပြီ ဆိုပြီး တမဲ ရနဲလား ဆိုပြီး ဆွယ်ခဲ့ ရသေးတယ်ခင်ဗျား...

အဲ..နောက်ဆုံးကျန်တာက ကျွန်တော့် သမီးတွေဗျ.. သူတို့လေးတွေကတော့ ကျနော့် လက်ခုပ် ထဲက ရေဆိုတော့ ကျနော့် မပြောခင်ကထဲက ဒို့ဆရာမကို မဲပေးမယ်..ဒို့ဆရာမ ဘလော့ ကို လာလည် တဲ့ သူမဲပေးမယ် ဆိုပြီး တတွတ်တွတ် ရွတ်နေကြတယ်ခင်ဗျား..

ဒါကို သိရဲ့သားနဲ့ ပိုသေချာအောင် ငါ့သမီး တွေကို လကုန်ရင် လခ တိုးပေးမယ်..ဆရာမကို မဲပေးကြနော် ဆိုပြီး စိတ်ချရအောင် မဲဆွယ်သေးတာ ခင်ဗျား...ကဲ..တိုးပေးမဲ့ လခက (ပြား ၂၀၀၀၀) တိတိ ဆိုတာကို တော့ ခင်ဗျားတို့ကို ခင်လွန်းလို့ တိုးတိုး ပြောခဲ့မယ် နော် သမီးတွေတော့ မသိပါစေနဲ့...

အဲ နောက်ဆုံး တခုကတော့ လာဘ်ထိုးတာ ခင်ဗျား ဥပမာ.. မနေ့ကဆိုရင် လိုင်း တွေပြင်နေတော့ စာတွေ ဘယ်လိုမှ တင်လို့ မရဘူး အဲဒါ  ညီမ မိုမိဂျိ ကို g-talk ထဲကနေ ကြိုတင်ပြီး ပို့ပေးလိုက်တယ်ခင်ဗျား..

နောက်တခါ ညီမ အင်ကြင်း ကိုလည်း ဇီးထုတ် တွေ စားချင်သလောက် ကြွေးပါမယ် ဆိုပြီး သွားပြော ရတယ် ဗျ..

သူငယ်ချင်း ချစ်ကြည်အေး ကို လည်း ထမီ တက်ဂ် ပို့စ် တင် မက ပါဘူး ချစ်ချစ်ကြီးရဲ့ ပုဆိုး တက်ဂ် ပိုစ့်ပါ ရေးပေး ပါမယ်ပေါ့...

ညီမ မမေဓါဝီ ကိုလည်း မဲ သာပေးပါ ဖတ်ချင်တာ တင်ပေးပါမယ်ဆိုပြီး ပြောခဲ့တယ်ခင်ဗျား...

သိချင်သူ...ထူးချွန်ပါပေတယ် ခင်ဗျား..မြန်မာ ဘလော့ဂ် အကယ်ဒမီဆုကြီး နဲ့ ထိုက်တန်လှပါပေတယ်...

ဒါက အရေးပေါ် ပထမ အင်တာဗျူးပါ..အခွင့် သင့်ရင် ဆက်လက်ဖော်ပြပေးပါမယ်...

လုပ်သင့် လုပ်ထိုက်တဲ့ အရာ ဘာများကျန် ခဲ့ ပါသေးလည်း .....

နောက်ဆုံး တော့ ကျွန်ုပ် ၏ ဘလော့ အား စာလာဖတ်ကြသော စာချစ်သူများ အား အထူး သတိပေး ရုံဘဲ ကျန်ပါတော့တယ်ခင်ဗျား...

ကိုယ်ဖိ ရင်ဖိ အသက်သေသေ အရိုးကြေကြေ မဲဆွယ် နေတဲ့ ကြားက ကျနော် များ မဲ ရှုံးခဲ့ ရင် ကျနော် ဘလော့ ပေါ် မှ စာများ အား အသင်တို့ မြင်ရတော့ မည်မဟုတ်..

ကျွနှ်ပ် သည် သင်တို့ အား စာဖြတ် သောနည်း ဖြင့် ဒဏ်ခတ် အပြစ်ပေးမည် ဖြစ်ပါသည်.....

စာမပြတ်ချင်ရင်တော့ အခုချက်ခြင်း မဲတမဲလောက် သနားပါခင်ဗျား .....
(ခြောက်လိုက်. ချော့လိုက် ဆိုတာ ဒါမျိုးနေမှာ အရှက်ကိုမရှိဘူး)

ကဲ SDL လေး နဲ့ ဒေါ်ဝါးတား တို့ လည်း ကြားတယ်နော်....

ကဲ ပရိတ်သတ်ကြီးရေ ကြွေးကြော် သံလေးနဲ့ ပိတ်လိုက်ကြရအောင်
(သုံးကြိမ်တိတိ ရွတ်ရန်)

၁။ မြန်မာစာပေ ချစ်သူတိုင်း ရွှေစင်ဦး ကို မဲပေးကြ
၂။ မဲမပေးသူ ရွှေစင်ဦး ရန်သူ
၃။ ရွှေစင်ဦး မဲနိုင်ဖို့အရေး   (တို့အရေး ) သုံးကြိမ်

လေးစားစွာဖြင့်

စာရေးသူ-ရွှေစင်ဦး 
http://shwezinu.blogspot.com
မဲပေးချင်ရင်...http://www.mmblogpress.org/to-vote/
(အကြိမ် တစ်သောင်း နှင့် တကြိမ် မြောက် မဲဆွယ်ခြင်း)
.
>>>ဆက်ဖတ်ရန်>>> >>

Thursday, February 4, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆၀ အပိုင်း (၉)

နေရှင်နယ်ဂျာနယ်၏ အယ်ဒီတာ

ထို့ကြောင့် နိုင်ငံရေးအခန်း ကဏ္ဍများများပါဝင်စေမည့် ဂျာနယ်တစောင်ကို ထပ်မံထုတ်ဝေပါဝင် စေမည့် ဂျာနယ်တစောင်းကို ထပ်မံထုတ်ဝေရန်ဖြစ်ပါသည်။ ၎င်းဂျာနယ်မှာ ကျမနှင့်ပုံနိုပ်တိုက်ရှင် တို့နှစ်ဦး ပေါင်းစပ် ၍ ထုတ်ဝေဖို့စီစဉ်ပြီး ဂျာနယ်၏အမည်ကို "နေရှင်နယ်" ဂျာနယ်ဟူ၍ရွေးချယ် လိုက်သည်။ ပုံနှိပ် ထုတ်ဝေခွင့် ကိုလည်းအရေးပိုင်ရုံးတွင် လျှောက်လွှာတင်လိုက်ပါသည်။ ထိုလျှောက်လွှာမှာ တာဝန်ခံ အယ်ဒီတာ အဖြစ်ကကျမ အမည်နှင့်ဖြစ်ပြီး ပုံနိုပ်မည့် တိုက်ရှင်က ပုံနှိပ်ခွင့်ပါ အတူတွဲ၍ယူရန် စာတင်သွင်း လိုက်ကြ ပါသည်။

ကျမတို့ဝတ္ထု,မဂ္ဂဇင်းများကို ရိုက်နှိပ်ပေးသော ပုံနိုပ်တိုက်၏ အမည်မှာဆိုင်းတန်းရပ်ရှိ ၀ဇီရာမဏ္ဍလ ပုံနှိပ်တိုက် ဖြစ်ပါသည်။ ပုံနှိပ်တိုက်ပိုင်ရှင် ဒေါ်ဒေါ်ရွက်တို့က ထုတ်ဝေသော ဟုမ္မရူး သတင်းစာ ၏ အယ်ဒီတာချုပ် မှာ ကျောက်မြောင်း အတွင်းဝန်မင်း၏ သား ဦးခင်မောင်ကြီး ဖြစ်ပါသည်။ ကျမရေး ပေးနေသော "ဟုမ္မရှုးလမ်းညွှန်" အခန်းကို တိုက်ရှင်နှင့် အယ်ဒီတာ မှ တပါး မည်သူ ရေးသည်ဟု အသိ မပေးဘဲ လျှို့ဝှက်ထားပါသည်။ သို့ရာတွင် နိုင်ငံရေးလှုံ့ဆော်မှု အရေးအသားများကြောင့် ထိုစဉ်က ခေတ်စား နေသော ပုဒ်မ ၁၂၄(က)နှင့် မကြာခဏ,ပွတ်ခါ, သီခါ ရှိသည်ဟု အစိုးရပိုင်းမှ ဂရုစိုက် စောင့်ကြည့် ခြင်း ခံနေရသည်။ မည်သူဟု လည်း စုံစမ်း နေကြသည်။ အချို့ကလည်း အယ်ဒီတာချုပ် ကျောက်မြောင်း ဦးခင်မောင်ကြီး သာလျှင် ဖြစ်ရမည်ဟု စွပ်စွဲကြသည်ဟုဆိုသည်။

ဟုမ္မရူး သတင်းစာနှင့် ပုံနိုပ်တိုက်ရှင် ဒေါ်ဒေါ်ရွက်၏ ခင်ပွန်းသည် ဦးစံမြမှာ ထိုအခါက အရေးပိုင်ရုံး စာရေးကြီး ဖြစ်၍ ရုံးပြင်ကန္နားကအတွင်း ကျသောသတင်းများကို ကြားသိရခြင်းဖြစ်ပါသည်။

အထက်ပါ အစီအစဉ်များအတိုင်း "နေရှင်နယ် ဂျာနယ်"အမည်နှင့် အရေးပိုင်ရုံး တွင် ပုံနှိပ်ထုတ်ဝေ ခွင့်နှင့် ရေစစ္စတြီ အမှတ် ယူသောအခါ ကျမအမည် အယ်ဒီတာနှင့် ပတ်ဗလစ်ရှာ ခေါ် ပုံနှိပ်ထုတ်ဝေသူ အဖြစ် မှတ်ပုံတင် လက်မှတ်ထိုးရန် အရေးပိုင်ရုံး သို့ပုံနှိပ်တိုက်ရှင်များနှင့် ကျမကိုယ်တိုင် လိုက်သွားရပါသည်။ လက်မှတ်ထိုး အမိန့်ရပြီးမှ မျက်နှာဖြူ လူမျိုးအရေးပိုင်က ကျမကိုကြည့်ပြီး ခင်ဗျားအသက်လဲငယ်တယ်၊ မိန်းခလေးလဲ ဖြစ်တယ်၊ အံ့သြစရာပဲ-ဟုပြောလိုက်သေးသည်။ ၎င်းအရေးပိုင်မှာ မစ္စတာဂရန့်ဖြစ်၍နောက် ဒုတိယ ကမ္ဘာစစ်ဖြစ်ခါနီး အချိန်အထိ ရန်ကုန်မြို့အတွင်းဝန် များရုံး ထိုအခါက (စက္ကရီတေရီယက် ခေါ်သည်) ၌ ရာထူးဌာန မင်းကြီးအဖြစ် အမှုထမ်း သွားသူ ပင်ဖြစ်ပါသည်။

ထိုခေတ်က မန္တလေးမြို့အတွက် အရေးပိုင်နှင့် ရာဇ၀တ်ဝန်ကြီးများကို မျက်နှာဖြူဘိလပ်သား အစစ်များသာ ခန့်ထား၍ မြန်မာထည်းကဆိုလျှင် ထိုခေတ်က ဒီဝိုငိအက်စ်ပီဟု အတိုကောက် ခေါ်လေ့ရှိသော ရာဇ၀တ် ၀န်ထောက် ကလေးနှင့် တရာမဋ္ဌာနကဆိုလျှင်လည်း နယ်ပိုင် ၀န်ထောက် ရာထူးရှိ သူများသာ ထားလေ့ ရှိပါသေးသည်။ ဒါတောင်မှ တခါတခါ မြန်မာနေရာကို အင်္ဂလိပ်ကပြား များအား အစားထိုး၍ ထားတတ် ပါသေးသည်။ ဒါမှလဲ မြန်မာများ အုပ်ချုပ်ရေးကို မနိုင်မနင်းသေး သဖြင့် ကိုယ်ပိုင် အုပ်ချုပ်ရေး ခေါ်သော ဟုမ္မရူးကို ရုတ်တရက် လွှတ်မပေးပဲ ဒိုင်အာခီ ခေါ် ပူးတွဲအုပ်ချုပ် ရေးနှင့် အစပျိုးယူရန်သာ သင့်သည်ဟု အဓိပ္ပာယ် ပေါ်လွင်လာစေမည့် အလှည့်ကလေးများ ဖြစ်သည်။

ယင်းသို့နေရှင်နယ်ဂျာနယ် ထုတ်ဝေရန် စီစဉ်နေချိန် ကြော်ငြာများထည့်၍ နယ်များနှင့် ဆက်သွယ် လျက် ရှိနေဆဲမှာပင် ထိုအချိန်က နိုင်ငံရေးကိုစတင်လှုံ့ဆော်ပေးရာ၌ ထိပ်တန်းမှပါဝင်လျက်ရှိသော ဦးဥတ္တမ ကိုယ်တော်ကြီး သည် မန္တလေးမြို့သို့ ကြွလာမည် ရှိရာ မန္တလေးမြို့က နိုင်ငံရေး ဂျီစီဘီအမ် အဖွဲ့ ကိုယ်စားလှယ် များ ဟုမ္မရူးစ် ခေါ်သော အဖွဲ့နှင့်တကွ ကုမ္မာရီအသင်းသူများ၊ ကိုယ်ပိုင်အုပ် ချုပ်ရေး လိုလားသော နိုင်ငံရေး စိတ်အားထက်သန်သူ ရဟန်း၊ ရှင်လူ များက သောင်းသောင်း ဖျဖျ ကြိုဆိုမည် ဖြစ်သည်။ ကြိုပြီး လှည့်လည် ဆောင်ကျဉ်း လာမည့် ခရီး တစ်လျှောက် မှာလည်း နိုင်ငံရေး ကြွေးကြော်သံ များနှင့် လှုံ့ဆော် ကြမည်ဟု အစီအစဉ် ပြုထားကြပါသည်။ ရှေ့မှ ဦးဆောင် ချီတက်မည့် သူမျုားမှာလည်း စိတ်ဓာတ် တက်ကြွ နေသော ဘုန်းတော်ကြီး များ ဖြစ်ပါသည်။

ဦးဥတ္တမ ကိုယ်တော် လှည့်လာသောနေ့တွင် မျက်နှာဖြူ အရာရှိများသည် လက်အောက်ခံ ပုလိပ် အရာရှိ များအား ဦးဥတ္တမ ကိုယ်တော် လှည့်လည်လာမည့် လမ်းတစ်လျှောက်၌ အစောင့်ချ ထားခြင်း၊ မူလ အစီအစဉ် ပြုထားသော လမ်းတလျှောက် မှ အချို့နေရာများကို ဖြတ်ကျော် မသွားရဟု တားဆီးခြင်း ကြောင့် အလွန် စိတ်ဓာတ်တက်ကြွနေသော လူထုလူအုပ် မှာ စိတ်ဆိုးလာသည် မခံချင်စရာ ကြွေးကြော်သံ များလည်း ပိုကဲလာသည်။ နိုင်ငံရေး လူထုသာမက နိုင်ငံရေးစိတ်ဓာတ် ထက်သန် နေသော ရဟန်းတော် များ ကလည်း ရှေ့ဆုံးမှ ဦးဆောင်လှည့်လည်လာကြရသူများဖြစ်၍ ပိုပြီး မခံမရပ်နိုင်ဖြစ်ကြသည်။

လမ်းမပေါ်မှ လှည့်လည်လာကြသော လူအုပ်သည် လမ်းဘေး လမ်းထိပ်များမှ စောင့်ကြည့် နေသော ပုလိပ် အရာရှိ များကို မြင်ကြတိုင်း အသံပို၍ ကျယ်လာကြသည်။ ယင်းသို့ လှည့်လာရင်း ကျောက်သွေးတန်း လူအစည်ကားဆုံး ရက်ကွက်သို့ရောက်သောအခါ ရှေ့မှ ပိတ်ဆို့ တားဆီးထား သော လမ်း တစ်နေရာသို့ ရောက်လာသည်။ ရှေ့ဆုံးမှ ချီတက်သော ရဟန်းတော် များ အများဆုံးမြို့ ဖြစ်၍ အင်အားမှာ အလွန် ကြီးမား လှပါသည်။ နောက်မှ လိုက်ပါလာသော လူအုပ်ကြီး ကလည်း တညီ တညာတည်း ကြွေးကြော်သံများ တစ်ခါ ချီတက် လာသည်။

ဤတွင်ရှေ့တန်းက ချီတက်သော ဘုန်းတော်ကြီးများနှင့် အစောင့်အတား ပုလိပ်အရာရှိများ ရုန်းရင်း ဆန်ခတ် ရိုက်ပွဲကြီး ဖြစ်သွားသည်။ ကျောက်သွေးတန်း ရပ်ကွက် တခုလုံး ရိုက်ကြ နှက်ကြ ပြေးလွှားကြနှင့် စစ်ပွဲကလေး ပမာ အထိတ်တလန့် ဖြစ်သွားကြတော့သည်။ သည်တိုက်ပွဲ၌ ဘုန်းတော်ကြီးများ နှင့် လှည့်လည်လာသော နိုင်ငံရေး အဖွဲ့ဝင်များ ဘာမှဖြစ်သည်ဟု မကြားရသော် လည်း ပုလိပ်အရာရှိ အချို့ ထိခိုက်ဒဏ်ရာ ရခြင်း၊ အချို့ သေဆုံးခြင်း ဖြစ်ကြရသည်။

အရေးပိုင် မစ္စတာဂရန့်သည် ဤအချိန်မှစ၍ မန္တလေးမြို့ကို ခပ်ကြမ်းကြမ်း အုပ်ချုပ်သည်။ ပုဒ်မ၁၄၄ နေ၀င်မီးငြိမ်း အမိန့်ဆိုဒါတွေနှုင့်လည်း တားဆီးချောက်လှန့်လိုက်သည်။ သို့ဖြစ်၍ နောက်နေများ ဘာဖြစ်ဦးမည် မသိဟု တမြို့လုံး ချောက်ချားလျက် ရှိနေကြပါသည်။ နိုင်ငံရေး၏ ပထမ အစချီသော တိုက်ပွဲ ဖြစ်၍မြန်မာ အမျိုးသား သွေးတူသားတူ များ ဖြစ်ကြသော်လည်း အစိုးရ အမှုထမ်းပုလိပ် အရာရှိများနှင့် နိုင်ငံရေးသမား တို့မှာ ရန်သူပမာ တစောင်းစေးနှင့် မျက်ချေးကဲ့သို့  ဖြစ်လာ ကြသည်။

စုံထောက် အဖွဲ့ကလည်း လိုက်နိုင်သမျှ လိုက်၍် ရုန်းရင်းဆန်ခတ် ကိစ္စမှ ခေါင်းဆောင်မှု ပြုသူတို့အား အပူတပြင်း စုံစမ်းဘမ်းဆီးကြသည်။ နိုင်ငံရေး အငွေ့အသက်ရှိသော ပုံနှိပ်တိုက်များကိုလည်း အဆက် အသွယ် ဘယ်သူနဲ့ ရှိ,မရှိ လိုက်၍ စုံစမ်းကြသည်။ သို့ကြောင့် တမြို့လုံး ငြိမ်ဝပ်နေကြရသော အချိန်ပိုင်း ကလေး ဖြစ်နေ ပါသည်။ ဤအချိန်အခါမှာ ကျမတို့ စီစဉ်မှုပြုနေကြသော နေရှင်နယ်ဂျာနယ် ကိုလည်း  အခိုက် အတန့် အားဖြင့် ဆိုင်းငန့် နေကြရပါသည်။

နေရှင်နယ် ဂျာနယ်ကိုသာ မဟုတ်သေး၊ ထုတ်ဝေလက်စ ရှိသော ကြည်တော်ဆက် ၀တ္ထု မဂ္ဂဇင်းကိုပင် နောက်တပါတ် အတွက် ရိုက်နှိပ်မည့် စာမူများ မပေးတော့ဘဲ ခေတ္တ ရပ်စဲထားရသည်။ မြို့ရွာ ချောက်ချား၍ အရောင်းအ၀ယ် များလည်း အခြေပျက် အနေပျက် ဖြစ်သွားသည်။ ပွဲလမ်းသဘင် ပျော်ရွှင် ဘွယ်ရာ များလည်း ခေတ္တခဏ တန့်နား သွားကြသည်။ ခါတိုင်း ဆိုလျှင် မန္တလေးမြို့မှာ ဘယ်နေရာ သွားသွား ဇာတ်, အငြိမ့်, ရုပ်သေးများ တချိမ့်ချိမ့် တွေ့ရသော မြို့ဖြစ်ပါသည်။

ဘုရားပွဲ, ဆွမ်းတော်ကြီးပွဲ များ ပေါများ သလောက် ဘုရားပွဲ, ဆွမ်းတော်ကြီး ကပ်ပွဲမှန်လျှင် ဇာတ်၊ အငြိမ့်၊ ရုပ်သေး များ ပါရသည်။ မင်္ဂလာဆောင် ဆိုလျှင်လည်း အငြိမ့် ပါရသည်။ ရှင်ပြု နားထွင်း အလှူဆိုလျှင် အငြိမ့် သာမက ဆိုင်းရော၊ ဇာတ်ရော တတ်နိုင်သလောက် ထည့်ကြသည်။ ယုတ်စွအဆုံး ဇာတ်၊ အငြိမ့် များသည် သေတ္တာဖွင့် ဆိုပြီး အလကားပင် ကပြလေ့ရှိကြသည်။ ထိုမျှ စည်ကား ဆူညံ ဆိုင်းသံ ဗုံသံ မစဲသော သဘင်ပညာသည် ပေါလှသည့် မြို့ဖြစ်သော မန္တလေး၏ ညအချိန်များမှာ ကြောက်စရာ ကောင်းအောင် ငြိမ်သက် တိတ်ဆိတ်လျက် ရှိပါသည်။

ယင်းသို့သော အခြေအနေ အရပ်ရပ်တို့ကြောင့် ခေတ္တ ရပ်နားလိုက်ရသော ကျမ၏ အလုပ်များကို ပြန်ကိုင်ရ နိုးနိုး စောင့်မျှော်ခဲ့ရာ နေ့ရက် အချိန်တွေ ကုန်၍သာလာသည်၊ ဂျာနယ် ထုတ်မည့် သူကလည်း စိတ်ပျက် သွားပြီး ကျမ၏ ၀တ္ထုမဂ္ဂဇင်း အတွက်လည်း ငွေဆက်၍ လိုက်နိုင်စေကာမူ ဆက်လက်ထုတ်ဝေသွားရန် ခန့်မှန်းချက် က တွက်သား မကိုက်သေးသဖြင့် အချိန်ကာလကို မျှော်ငေးစောင့်စားရင်းမှ လုံးဝ ရပ်ဆိုင်း လိုက်ရသော အဖြစ်သို့ ရောက်သွား ခဲ့ပါတော့သည်။

အလုပ်မရှိလျှင် မနေတတ်သူ

စာရေးရန် အလုပ်ရပ်နားထားရသောအခါ မနေတတ်၊ မထိုင်တတ် ဖြစ်သွားပါသည်၊ အချိန်ပို တွေ များနေသောကြောင့် ဇာထိုးပန်းချုပ်စသော လက်မှုပညာ အလုပ်တို့ကို ပြန်လုပ်ပါသည်၊ မိမိလက်ဖြစ် ဇာပန်း စသည့်တို့ကို အိမ်သုံး အတွက် လှလှပပ ပုံအသစ်အဆန်း ထွင်သုံးရာမှ ထိုအသစ်အဆန်းတို့ကို များများကြီး ထိုးချုပ် ပြုလုပ်ပြီး ကုန်တိုက် တွေမှာ ကော်မရှင်နှင့် အပ်၍ ရောင်းချစေပါသည်၊ သို့အတွက် ကုန်ဆိုင် စတိုးဆိုင် များတွင် ကျမလက်ရာ ဖြစ်သော ရေခဲချည်စောင်၊ တက်တင်းဇာများ၊ ပုတီးစေ့ လက်ပွေ့အိတ်၊ ပိုးပွင့်ထိုး နှင့် ဆီဆေး၊ ရေဆေး ပန်းရေးလုံချီတျွေမှာ ရောင်းခန်းအလှပြ မှန်ဘီရိုများ၌ အမြဲမပြတ် တွေ့မြင်နိုင်ပါသည်၊ မစွန့်နိုင်သော ၀တ္ထု ရေးလိုသည့် စိတ်ကလည်း ရှိသဖြင့်၊ လက်က ဇာထိုးရင် တွေးမိသမျှ အချက်အလက် အကွက်အခန်းများ ရလျှင် လုပ်လက်စအလုပ်ကို ရပ်ခါ စာရွက်နှင့်အပ်၍ ရေးမိ ပါသည်။

သို့နှင့် ရေးပြီးသော ၀တ္ထုများရှိလာသောအခါ ဆုပေး၍အမြေဲခေါ်ထားသော သူရိယမဂ္ဂဇင်းကိုဘဲ ထပ်ပို့မိပါ သည်၊ ဒဂုန်မဂ္ဂဇင်းကလည်း ဒုတိယအကြိမ် တိုးချဲ့စီစဉ်သည့် အနေနှင့်ဝတ္ထုပြိုင် ပွဲ ပြန် လုပ်သဖြင့် ကျမ၏၀တ္ထုတခုကို ထပ်ပို့လိုက်ပါသည်၊ သည်အချိန်တုန်းက အပြင်အကမှ မဂ္ဂဇင်းထုတ်ဝေသူတို့နှင့် ကျမသည်တယောကနှင့်မှ အသိမိတ်ဆွေမရှိခဲ့ပါ၊ မိတ်ဆွေဖြစ် မျက်နှာသိဖြစ်၍ မျက်နှာလိုက်ပြီး ထည့်ပေးခဲ့သောဝတ္ထုမျိုးနှင့် တခါမှမကြုံရဘူးဘဲ ပြိုင်ပွဲ တို့မှာသာပါဝင်ရခြင်းဖြစ်ပါသည်။

ပြိုင်ပွဲသို့မဟုတ် ဆုပေးမည်ဟု ဖိတ်ခေါ်ခြင်း မရှိသော အချိန်မျိုးမှာလည်း အကြောင်းမဲ့ စာမှုကို ရေးပို့ရန် အလွန် ရှက်စနိုးဖြစ်မိသည်၊ ၎င်းဇွဲ၎င်း မာနကလေးမှာ ထိုအခါက စွဲကပ် အမြစ်တွယ် နေသောကြောင့် စာမူ ကိုယူပါ, သုံးပါဟု ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ဘယ်ထုတ်ဝေသူ များထံသို့မှ မပို့ခဲ့ဘူးပါ၊ ဒဂုန်မဂ္ဂဇင်း ဒုတိယ အကြိမ် ဆုပေးပွဲမှာလည်း ကျမပို့လိုက်သော ရွှေဒေါင်းညိုခေါ် ၀တ္ထုမှာ ပဋ္ဌမ ရရှိပါသည်၊ ၎င်းမှာ မြန်မာအဆွေကုမ္ပဏီ မှ ရိုက်ကူးသော မှိုင်းဝေေ၀ရုပ်ရှင် ဇာတ်ကား ၏ တနည်းတဖုံ ကြော်ငြာခြင်းနှင့် ဆက်သွယ် စပ်ဆိုင်သော ၀တ္ထုပြိုင်ပွဲသာ ဖြစ်ပါသည်။

ရွှေဒေါင်းညို ၀တ္ထုပါရှိပြီးသည့် နောက်ပြိုင်ပွဲ မရှိပြန်၍ ၀တ္ထုမပြိုင်ဘဲ ရှိခဲ့ရာ ဒဂုန်မဂ္ဂဇင်း အယ်ဒီတာချုပ်က ကျမထံမှ ၀တ္ထုများ မပြတ်ပေးပို့ရန် စာရောက်လာပါသည်၊ ဤအခါမျိုး တွင်လစဉ် မဟုတ်သော်လည်း ၀တ္ထုပေါင်း ၁၀-ပုဒ်နီးပါး ပါဝင်ရိုက်နှိပ်ပြီးသည်အထိ ရေးပို့ပါသည်၊ သို့သော်ထိုဝတ္ထုများမှာ ဆုပေးဝတ္ထု တို့ကဲ့သို့ ငွေမရသဖြင့် ငွေတောင်းစာ ရေးရမှာလည်းရှက်သောကြောင့် နောက်ထပ် ၀တ္ထုရေး မပို့ဘဲ ခဏရပ် ဆိုင်း ထားပါသည်။

သို့ရာတွင် ဒဂုန်မဂ္ဂဇင်းကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးဦးစီး၍ ထပ်မံချဲ့ထွင် လုပ်ကိုင်လာသော အခါကျမထံသို့ ၀တ္ထုပို့ပါရန် စာရေးပြန်ပါသည်၊ ထိုအချိန်က ဒဂုန်မဂ္ဂဇင်းမှာ မောင်သစ္စာ, ပီမိုးနင်း, ရွှေဥဒေါင်း, ဓူဝံ, ဦးဥာဏ, ဦးဇေယျနှင့် ဒဂုန်ခင်ခင်လေးတို့မှာ ဒဂုန်မဂ္ဂဇင်းမှ ခွဲထွက်၍ ကိုယ်ပိုင် ဂျာနယ် ထုတ်ကြသည်၊ လေးတရာဟု အမည်ပေးသည် ထင်ပါသည်၊ ကောင်းစွာမမှတ်မိပါ၊ ကျမ၏ ၀တ္ထုများ ပြတ်နေ ၍ပေးပို့ရန် စာမရောက်မှီက စိတ်ကူးရ၍ရေးထားသော ၀တ္ထုနှစ်ပုဒ်ခန့်နှင့် မြင်းကင်းစက် ထိုးပွဲတော် အကြောင်းများ မြင်းစီးရေး ၃၇-ချင်းရုပ်ပုံနှင့် သီချင်းများကိုလည်း စုဆောင်းရရှိ ထား၍ ဗဟုသူတအလို့ငှါ ခေတ်လူတို့ နားလည်နိုင်သော အသုံး အနှုန်းများ ဖြည့်စွက်ရေး သား စီစဉ်ထားပါသည်။

ထို့ပြင်လည်း ဟိုအချိန်တုန်းက မပေါ်ပေါက်သေးသော အိမ်သူက ညာမှတ်စရာအခန်း တခုအဖြစ် ထိုခေတ်က ခေတ်စားသလောက် လူတိုင်းစိတ်ဝင်စား စေမည့်ပန်းထိုး ပန်ဖေါက်- ဇာဖေါက်- ဇာချုပ်နည်း များကို လုပ်နည်းပုံစံများနှင့် တကွဒဂုန် မဂ္ဂဇင်း မှာ ထည့်သွင်းဖော်ပြရန် စီမံထားပါသည်။ ၀တ္ထုရေးခြင်း ဆောင်းပါး များ ရေးခြင်းကို ညဥ့်ဘက်တွင်ရေးသား၍ အချုပ်အလုပ်များကို နေ့ပိုင်းတွင်ပြုလုပ်ခါ အချိန်ကို နှစ်ပိုင်း ခွဲလိုက်ပါသည်။ သို့ကြောင့် စာရေးနေသည်ကို မြင်တွေ့သူနည်း၍ ချုပ်လုပ်နေသည်ကို တွေ့မြင် ရသူသာ များပါသည်။

တနေ့သောအခါ မန္တလေးမြို့ မြန်မာအဆွေ တိုက်ခွဲ ရှိ မန်နေဂျာဦးထွန်းမြိုင်နှင့် ဒုတိယမန် နေဂျာ ဦးဘမောင် တို့သည် ရန်ကုန်တိုက်ကြီးမှ  အပူတပြင်း အကြောင်း ကြားစာအရ ကျမ ၏ လိပ်စာအတိုင်း ရှာဖွေပြီး ရောက်လာ ကြပါသည်၊ လက်ကိုင်ပုဝါ နှစ်ဒါဇင်နှင့် အခြားလက် ဆောင်ပစ္စည်းအချို့ပါ ရန်ကုန် တိုက်ကြီးမှ ကျမအတွက် ပို့လိုက်၍ လာရောက် ပေးကြကြောင်း နှင့် ဒဂုန်မဂ္ဂဇင်း အတွက် ၀တ္ထုများ ဆောင်းပါး များကို လစဉ် အမြဲတန်း ရေးသားပေးပို့ရန် တောင်းသောစာနှင့်တကွ ငွေရေးကြေးရေး နှင့် စာမှုပို့ရေး ကိစ္စ တို့ကိုပါ မန္တလေးမြို့ ရှိ မြန်မာအဆွေ ကုမ္ပဏီဆိုင်ခွဲက တာဝန်ယူ၍ ဆောင်ရွက်ပါမည်၊ ကျမ ကိုယ်တိုင် ငွေလာယူရခြင်း စာမှုလာပို့ရခြင်း မပြုရပါဟုဆိုလာ ကြပါသည်။

ကျမအဘို့မှာ ပတ်ဝန်းကျင်၏ တားဆီးချုပ်ချယ်မှုများ၊ ကဲ့ရဲ့ရှုံ့ချမှုများကြောင့် စာရေးသည်ကို ပြင်ပ လူများအား အသိမပေးဝံ့ခဲ့သော အကျင့်ကပါနေသဖြင့်၊ ယခုကဲ့သို့ စရေးဆရာမ တယောက်အဖြစ် နေရပ်ကို ရှာဖွေ မေးမြန်း၍ ရောက်လာကြသော လူစိမ်းတွေ နှင့် ရှေးဦးစွာ မျက်နှာချင်းဆိုင် တွေ့လိုက် ဆုံလိုက် ရသောအခါ ရာဇ၀တ်မှုတခု ကျူးလွန် မိသူကဲ့သို့ ထိတ်လန့်ကြောက်ရွံ့သလိုလည်း ဖြစ်သွားသည်၊ ရှက်သလို ရွံ့သလို မျက်နှာ တွေ ပူနေမိသည်။

ကြာကြာ ရင်ဆိုင်နေရမည်ကို စိုးရိမ်ကသူတို့ မြန်မြန်ပြန်သွားကြ ပါစေတော့ဟု ရှိပြီး ၀တ္ထု နှစ်ပုဒ်နှင့် ဇာထိုး, ပန်းချုပ်နည်းတွေ စိတ်ကူးရသလို စီစဉ်ချဲ့ထွင်ထားသော မြင်းခင်းစက်ထိုး ပွဲတော်မှ ရုပ်ပုံနှင့် သီးချင်းများ၊ ဒါးရေး ၃၇-ချင်း၊ လှေတော်တက်ရေး ၃၇-ချင်းစသည်များ ရေးသားပြီး စာမူ တချို့တ၀က် ပေးလိုက်ပါသည်။

ဒဂုန် မဂ္ဂဇင်းမှာ ရေးခဲ့ သမျှ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း (၄)


မီးစက်ရှိရာသို့သွားပြီး ၀က်အူလှည့်၊ ပလိုင်ယာနှင့်ခွများကို ယူငင်ပါသည်။ ကျွန်မသည် ဗုံးကြီး ရှိနေသည့် ကျင်းဘက်သို့ သွားစဉ် "ဒီကိစ္စကိုဘယ်သူ့မှ အသိပေးလို့မဖြစ်ဘူး"ဟု မိမိဘာသာ သတိပေးနေမိသည်။ ကျွန်မသည် ကျင်းထဲသို့ဆင်းပြီး ဗုံးကြီးဘေး၌ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေ သည်ကို အသက်အရွယ် ရနေပြီ ဖြစ်သော ဂေါ်ရခါးကြီးက "ဆရာမကြီးက ကျုပ်တို့ နေတဲ့နေရာကို တစ်စစီ ဖြစ်သွားအောင် လုပ်မ လားလို့" ဟု မေးနေပါသည်။ ကျွန်မ ကိုယ်နှိုက်ကလည်း ထိုကဲ့သို့ပင် တွေးနေမိပါသည်။ ကျွန်မက "ရှင် လူတွေ ကို လျှောက်မပြောနဲ့ဦး" ဟု ပြောလိုက်ပါသည်။ ဂေါ်ရခါးကြီးသည် မည်သူ့ကိုမှ မပြော ပြဘဲ တာဝန် သိစွာဖြင့် အနီးရှိဆေးရုံမှလူနာများကို ဗုံးရှိသည့်နေရာနှင့်ဝေးရာ စာသင်ကျောင်းသို့ ရွှေ့ပြောင်းပေးခဲ့သည်။

ကျွန်မ၏ မျက်နှာပေါ်သို့ ချွေးသီးချွေးပေါက်များ စီးကျလာပါသည်။ ကျွန်မ၏ အ၀တ်အစားများမှာ လည်း ရေပိုက်နှင့် ရေပက်ခံ ထားရသလို ရွှဲနစ်နေပါသည်။ ဗုံးဘေးတွင်ရှိသော နတ်များကိုခွနှင့် လှည့်ဖြုတ်နေစဉ် ကျွန်မ၏ လက်များသည် ထိန်းမရအောင် တုန်လှုပ်နေပါသည်။ ကျွန်မသည် ရုပ်ပုံ ထဲတွင် ပြထားသည့် အတိုင်း စနက်တံ ဖြူး(စ်) ရှိမည်ထင်ရသောနေရာမှ နတ်ကိုခွဖြင့်လှည့်နေပါ သည်။ ခွတံနှင့် ဗုံးကြီး ထိမိသည့် အသံက ကျယ်လောင်လွန်းသဖြင့် ဗုံးကြီး ထပေါက် တော့မည်လား ဟု ထင်မိပါသည်။

ဘယ်လိုပင် ဖြစ်စေကာမူ ကျွန်မ ဖြုတ်နေသော နတ် ကတော့ အလွယ်တကူ ပြုတ်ပြီးပါလာပါသည်။ ဆောင်းပါး တွင် ပါသည့်အတိုင်း ဆက်လက် ဆောင်ရွက်ပြီးသော် အပေါ်သို့ တက်လာခဲ့ကာ ဆေးရုံသို့ ပြန်သွားခဲ့သည်။ လူနာများ စကားပြောဆိုနေသံများ၊ ညည်းညူနေသံများကို နားထဲတွင် မကြားမိပါ။ ဗုံးကြီး ဘယ်တော့ ထပေါက်မည်နည်း ဟု အသည်း တထိတ်ထိတ်ဖြင့် ကျွန်မနားစွင့် နေမိသောကြောင့်  ဖြစ်ပါ သည်။

နောက် ၂နာရီခန့် ကြာပြီးနောက် ဂျော့(ခ်ျ) ဂရက်တီတစ်ယောက် ဆေးရုံသို့ ရောက်လာပါသည်။ သူက "ဟယ်လင်ရေ မင်းဆီမှာ မပေါက်ကွဲရသေးတဲ့ ဗုံးကြီးတစ်လုံး ရှိတယ်လို့ ငါ ကြားရတယ်၊ ဗုံးကြီးကို သွားကြည့် ရအောင် ငါနဲ့လိုက်ခဲ့ပါ"ဟု ပြောပါသည်။
ကျွန်မစိတ်ထဲတွင် မလုံမလဲဖြစ်နေပါသည်။ သူ့ဘက်သို့ လှည့်ပြီး "ကျွန်မ စနက်တံကို ဖြုတ်ပြီးပါပြီ"ဟု ပြန်ပြော လိုက်ပါသည်။
ဂျော့(ခ်ျ)သည် ချိုင့်ထဲတွင်ကျနေသော ဗုံးကြီးကိုသေသေချာချာ စစ်ဆေးကြည့်သည်။ စပ်ဖြဲဖြဲ မျက်နှာဖြင့် ဂျော့(ခ်ျ)က "မင်းလည်း မခေပါဘူး၊ စနက်တံ ပြုတ်သွားပါပြီ၊ ဒီဗုံးကြီး အန္တရာယ် မရှိတော့ပါဘူး" ဟု ပြောပါ သည်။

သူ့အား အသေးစိတ် မမေးတော့ပါ။ ကုသိုလ်ကံကောင်း၍ဖြစ်စေ၊ ဘုရားသခင် ကြည့်ရှုစောင့်မ၍ ဖြစ်စေ၊ စနက်တံကို ဖြုတ်ပြီးသွားပါပြီ။ ဗုံးကြီးမှ စနက်တံ ဖြုတ်နေစဉ် ကျွန်မတွင်ရှိသော စိတ်ဓာတ်ကို ကျွန်မဘာသာ ဖျက်ဆီးလိုက်ပါသည်။ ကျွန်မကြိုးပမ်းမှုသည် အချည်းနှီး ပါဟူသောစကားကို မကြားချင်ဆုံး ဖြစ်ပါသည်။ မပေါက်ကွဲ ရသေးသော ဗုံးများ ဖယ်ရှားရေး၌ ကျွန်မသည် ဂုဏ်ထူးနှင့် စာမေးပွဲအောင်ခဲ့ပါပြီ။ ဗုံးကြီး ကတော့ ကျင်းထဲတွင် ကြောက်စရာကောင်းသော သတ္တ၀ါကြီး တစ်ကောင် အိပ်ပျော်နေသလို တစ်မိုးတွင်း လုံး ရှိနေပေတော့မည်။

ဗုံးကြဲခံရပြီးနောက် တောင်ကြီးမြို့တွင် ဘာမျှ မကျန်တော့ပါ။ ကျွန်မတို့ ဈေးဝယ်နေကျ လမ်းမကြီး ပေါ်မှ ကုလားဆိုင်တန်းကြီးမှာလည်း ပြာကျနေပါပြီ။ ကျွန်မတို့ ၀ယ်နေကျဖျော်ရည်များ၊ ဘီစကစ်များ၊ လက်ဖက်ခြောက်နှင့် ကော်ဖီမှုန့်များ၊ အသားနှင့် ပြောင်းဖူး ရောစပ်ထားသော ဘူးများသည် လည်း ပြာပုံ အတိဖြစ်နေပါသည်. သကြားလုံးကအစ ရှူးဖိနပ်၊ လက်နှိပ်ဓာတ်မီးနှင့် ဓာတ်ခဲပါမကျန် ရောင်းချသော စက်ဘီး အရောင်းဆိုင်များလည်း မရှိတော့ပါ။ ရုပ်ရှင်ရုံကလည်း နောက်ထပ် ဇာတ်ကားသစ်ပြနိုင်တော့မည် မဟုတ်ပါ.၊
ကယ်တင်ရေး အဖွဲ့များက ဒဏ်ရာရသူများကို ဆေးကုသပေးရန် ရွေး၍ သယ်ဆောင် သွားကြသဖြင့် ကျန်နေရစ် ခဲ့သည့် လူသေအလောင်းများမှာ ကြည့်မကောင်း ရှုမကောင်း တုံးလုံးပက်လက် ဖြစ်နေ ကြပါ သည်။

တောင်ကြီးမြို့သူ မြို့သားများလည်း ကြောက်လန့် ကုန်ပါပြီ။ လူစုလူဝေးနှင့် လားရှိုးဘက်နှင့် အခြား ဘေးအန္တရာယ် ကင်းရှင်းရာ ဒေသများသို့ ရွှေ့ပြောင်း နေကြပါသည်။ စောစောက တောင်ကြီးမြို့သို့ ရောက်လာ ကြသော စစ်ပြေးများသည် လမ်းခရီး၌ ယူဆောင် သယ်ပိုးသွားရာ တွင် အခက်အခဲရှိမည့် ပစ္စည်း မှန်သမျှ ထားရစ်ခဲ့ပြီး တောင်ကြီးမြို့မှ တစ်ဖန် ပြန်လည် ထွက်ခွာနေ ကြပါသည်။ ကျွန်မထံတွင် မလိုချင် ပါဘဲလျက် တိရစ္ဆာန်ပေါင်းစုံ ရောက်နေကြပါသည်။ ခွေး၊ ကြောင်၊ ကြက်တူရွေး နှင့် ငန်းများ ဖြစ်ပါသည်။

ကျွန်မ၏ မိခင်ကို ဘေးကင်းရာသို့ ပို့ရန် အချိန်ဆွဲနေ၍ မဖြစ်တော့ကြောင်း နားလည်ပါသည်။ ဖခင် ကတော့ သူ အလွန်ချစ်သော တောင်ကြီးမှ တစ်ဖ၀ါးမှ မခွာဟု ဆုံးဖြတ် ပြီးပါပြီ။ သူ ဆုံးဖြတ်တာ မှားနေပြီဆိုပြီး သူ့ထံ သွား၍ နားချလျှင်လည်း ရတော့မည် မဟုတ်ပါ။ မိခင်ကလည်း ဖခင်ကို အဖော်လုပ်ပြီး နေရစ်ခဲ့ရန် အကြောင်း မရှိပါ။ သူတို့နှစ်ယောက် အတူတူပဲ နေရစ်စေကာမူ ဂျပန် များ အဖမ်းခံရပါက အတူတူ နေရန် အခွင့် အရေးက နည်းနည်းပဲ ရှိပါသည်။ မိခင်၏ အသားက ဖြူ သည်။ ဖခင်ကတော့ ဥရောပ တိုက်သား တစ်ဦး ဖြစ်စေကာမူ အသားက ညိုပါသည်။

ထိုညတွင် တိုင်းရင်းသား မြန်မာဆရာဝန်များသည် မျက်နှာငယ်ငယ်နှင့် သူတို့၏ အိမ်ခန်းသော့များ ကို လာအပ် ကြသည်။ သူတို့တစ်တွေ သွားကြတော့မည်ဟု လာပြောကြသည်။ ကျွန်မက သူတို့ကို အပြစ်မ တင်လိုပါ။ သူတို့တစ်တွေ ထွက်ခွာမသွားဘဲ အလုပ်တွင် နေရစ်ခဲ့ပါက သစ္စာဖောက်များ အဖြစ် မြန်မာပြည်၏ ကယ်တင်ရှင်များ၏ သေဒဏ်ပေးခြင်းကို ခံရနိုင်ပါသည်။ တိုင်းရင်းသူ ဆရာမ လေးဦး နေရစ် ခဲ့မည် ဆိုပါက ရန်သူက သူမတို့ တစ်တွေကို သတ်ပစ်နိုင်ပါသည်။ မုဒိမ်းကျင့် ခံရမည်ဖြစ်ပါသည်။ သူတို့ ကိုလည်း တာဝန် အကြောင်းပြ၍ တားရန် မဖြစ်နိုင်ပါ။

အရေး အကြောင်း ရှိလျှင် သူတို့တစ်တွေ ဆုတ်ခွာနိုင်ရေး အတွက် အာဏာပိုင်များက စီစဉ်ပေးထား ခြင်း မရှိပါ။ သူတို့သည် အသားအရောင် ကွဲပြားမှုကြောင့် သူတို့၏ ဘ၀ကြမ္မာကို သူတို့ဘာသာ ဖန်တီး ရတော့မည် ဖြစ်လေရာ သူတို့ ထွက်ခွာသွားကြမည်ကို ခွင့်လွှတ်ရမည်သာ ဖြစ်ပါသည်။ တာဝန်ကြီးကြီး လခ ကောင်းကောင်း ယူထားကြသော ဥရောပတိုက်သားများက ထွက်ပြေးနှင့် ကုန်ကြပြီဖြစ်၍ သူတို့တစ်တွေ အတွက် အကြောင်းပြ ကောင်းကြပါသည်။

တောင်ကြီးမြို့တွင် ထိုအချိန်က ကြွားစရာ မော်တော်ကား သုံးစီးရှိပါသည်။ ကျွန်မ၏ ဖခင်ပိုင် ဒေါ့(ခ်ျ) ကားအဟောင်း တစ်စီး ရှိသည်။ ရံဖန်ရံခါ သူနာပြုကားအဖြစ် အသုံးပြုသည်။ ပြင်ပလူနာ များအတွက် တက္ကစီ အဖြစ်လည်း အသုံးပြုပါသေးသည်။ အချိန်ကျလာ၍ တောင်ကြီးမြို့မှ စွန့်ခွာ ထွက်ပြေး ရလျှင် ဤကားကို သုံးမည်ဟု ရည်မှန်းထားသည်။ သို့သော် သိပ်မကြာပါ။ စစ်ဘက် အရာရှိတစ်ဦးက မော်တော်ကားကို သိမ်းယူလိုက်ပြီး သူ၏ ကိုယ်ပိုင်ပစ္စည်းများကို သယ်ဆောင်၍ လားရှိုးဘက်သို့ ထွက်သွား ခဲ့သည်။ ကျွန်မ၏ မိခင်နှင့် ဆေးရုံအတွင်း လူနာများထဲမှ ခရီးသွားနိုင် သူများ လွတ်မြောက် ထွက်ပြေးနိုင်ရန် မော်တော်ကားကတော့ လိုနေပါသည်။

အချိန်တွေကလည်း ကုန်လွယ်လှပါသည်။ မြို့ထဲတွင် ဘာမျှမကျန်တော့သည့်တိုင်အောင် လေယာဉ်ပျံ တွေ ဗုံးလာကြဲလိမ့်မည်ဟု ထင်မှတ်နေပါသေးသည်။ ရှာဖွေရေးအဖွဲ့များဖွဲ့၍ တောင်ကြီးမြို့ ပတ်ဝန်းကျင်၌ ရတတ် သမျှ ပစ္စည်းများကို ရှာဖွေစရာ လော်ရီကားပျက်ကြီးတစ်စီးကို ရှာဖွေတွေ့ရှိရာ ဆရာဝန် တစ်ယောက် က ကားပြင် တတ်သည်။ လူတွေကတာယာ၊ ဘက်ထရီ နှင့် ဓာတ်ဆီများကို ရှာဖွေ ယူငင် လာကြသည်။ လော်ရီ ၏ နောက်ဘက်ကြမ်းခင်းတွင် ဖျာများခင်း၍ ခွဲစိတ် ကုသ ပေးရန် အရေးတကြီး လိုအပ် နေသည့် လူနာများကို တက်စေသည်။ ယင်းနောက် ဆရာဝန်များ ဆရာများကို ပြွတ်သိပ် တက်စေသည်။ 

ကျွန်မကား ကားမောင်းသူအား "သူတို့အားလုံးကို လားရှိုးမြို့နဲ့ ကျွန်မ ညီမဆီ အရောက် ပို့ပေးပါ" ဟု ပြောပြီး ကားကိုထွက်စေခဲ့ပါသည်။ မေမေက ကျွန်မ ကိုယ်တိုင်အတူ လိုက်လိမ့်မည်ဟု ထင်မှတ် နေပါသည်။ ပါးစပ်က "သမီးရေ တက်လေ၊ ဟယ်လင်ရေ မြန်မြန်တက်ပါ" ဟု တကြော်ကြော် အော်နေ ပါသည်။ ကျွန်မက "ဖေဖေ နေကောင်းတာနဲ့ အမြန်လိုက်လာပါ့မယ်" ဟု ပြန်ပြောလိုက် ရသော်လည်း ဖေဖေသည် 'ကရိတ်မိုး' အိမ်ကြီးက တစ်ဖ၀ါးမှ ခွာမည် မဟုတ်သည်ကို သိထားပါသည်။

စိတ်ပျက် ၀မ်းနည်းစွာနှင့် ကျွန်မသည် ကားလမ်းမပေါ်၌ မတ်တတ်ရပ်နေမိပါသည်။ ကားပေါ်တွင် ရှိသော ၀န်နှင့်အားမမျှသဖြင့် လေးတွေကညွှတ်နေပြီး သွားလိုက်ရပ်လိုက် ဖြစ်နေပါသည်။ ကားပေါ်မှ လူများ ယိမ်းထိုးနေကြသည့် မြင်ကွင်းကသနားစရာပင် ကောင်းပါသည်။ မေမေသည် ငိုယိုပြီး လက်ပြ သွားပါသည်။ နောက်၃နှစ်ခွဲကြာမြင့်သည်အထိ ယခု မေမေ့ကို မြင်လိုက်ရခြင်းမှာ နောက်ဆုံး ဖြစ်ပါ သည်။

ကျွန်မ၏ လူနာများရှိသည့် ဆေးရုံသို့ ပြန်လာသောအခါ ကျွန်မကို ရှမ်းအမျိုးသမီး အိမ်ဖော် မစိန်ခေါ် အယ်နီကဆီးကြိုနေပါသည်။ သူ၏အမြဲတစေသန့်ရှင်းစွာ ၀တ်ထားလေ့ရှိသောထဘီနှင့် အင်္ကျီပေါ်တွင် သွေးများဖြင့်ပေကျံနေပါသည်။ ကျန်ရှိနေသေးသည့် လူမမာများ၊ လူနာများ အားလုံးသည် ကျွန်မတို့ နှစ်ဦး၏ တာဝန်လုံးလုံး ဖြစ်သွားပါသည်။ ကျွန်မသည် လားရှိုးမြို့သို့လိုက်သွားရန် စိတ်ထဲ၌ ဖြစ်ပေါ်လာခိုက် ပျက်စီးနေသော ပြတင်းပေါက်များကို ဖြတ်သန်းပေါ်ထွက်လာသည့် လူနာများ၏ မချိမဆံ့ ညည်းညူသံ များကိုသာ ကြားယောင်နေခဲ့ပါသည်။ ဂျပန်တွေ ကလည်း ထပ်ကာထပ်ကာ ပြန်လာကြပါသည်။

ကျွန်မနှင့် အယ်နီသည် အိပ်ပျော်ရင်း သတိလက်လွတ် လမ်းလျှောက်နေကြသူများကဲ့သို့ အလုပ် များကို လုပ်နေကြသည်။ မိမိတို့ စွမ်းအားရှိသမျှ ဒဏ်ရာ ရရှိလာကြသူများကို ပြုစု ကုသပေးပါ၏။ ဒဏ်ရာ ရသူများကလည်း ၀င်လာမစဲတသဲသဲ ဖြစ်နေပါသည်။ ဒဏ်ရာ အပြင်းအထန် ခံစားရသူများကို သက်သာ စေရန် အိပ်ဆေးထိုးပေးရသည်။ စားဆေး၊ ထိုးဆေး၊ သောက်ဆေးများကိုမူချွေတာ နေရသည်။ နေ့စဉ် လုပ်နေကျ သန့်ရှင်းရေးကိုမူ မလုပ်နိုင်ကြပါ။ လူနာဆောင်များတွင် ပေကျံနေသော သွေးများကိုသာ သန့်ရှင်း သွားစေရန် မီးသတ်ရေပိုက်ခေါင်းများနှင့် ရေပက်ကြသည်။
လောရီကားများမကြာမီ ရောက်လာကြပြီး လူနာများသယ်ဆောင်သောအခါ ကျွန်မပါလိုက်ပါ စောင့်ရှောက်ပေးရမည်ဟူ၍ ပြောထားသဖြင့် ဆုတောင်းပြီး စောင့်မျှော်နေကြစေကာမူ ပေါ်မလာ ကြပေ။ လူနာများ၏အခြေအနေကြောင့် ကျွန်မ မအားမလပ်အောင်ဖြစ်နေပါ၍ ကျွန်မ၏အသက် ဘေးအန္တရာယ် လုံခြုံမှု့ ကိုပင် လုံးဝ မစဉ်းစားမိပါ။

ကြိုတင်စီစဉ်သည့်သဘောဖြင့် ကျွန်မသည်ဆေးဝါးပစ္စည်းများကို အထုပ်ကလေးများထုပ်ပြီး ဆေးရုံ ပတ်ဝန်းကျင်၌ ခွဲဝေဖြန့်ဖြူးထားပါသည်။ သူခိုးဓားပြများလက်ထဲသို့ မကျရောက်စေရန် ကြိုတင် ကာကွယ် ခြင်း ဖြစ်ပါသည်။ သို့သော် ကျွန်မ၏ နည်းပရိယာယ်မှာ သဲထဲရေသွန်သလို အရာမရောက်ခဲ့ပါ။ သူခိုး ဓားပြများသည် ကျွန်မတို့ ၀ှက်ထားသမျှတို့ကို တွေ့ရှိသွားပြီး ယူဆောင်ကာ တောထဲသို့ ထွက်သွား ကြသည်။ ခွဲစိတ်ကုသသည့် ကိရိယာတန်ဆာပလာများကိုမူ တောင်းကြီး တစ်လုံးတွင် ထည့်ပြီး ကျွန်မ၏ မျက်စိအောက်မှ အပျောက်မခံဘဲ ထားခဲ့ပါသည်။
သင်သည် အလွန် ပင်ပန်းနွမ်းနယ်နေပါက မတ်တတ်ရပ်လျက် အိပ်ပျော်နေတတ်ပြီး အလုပ်များကို အလိုအလျောက် လုပ်နေတတ်သည့် အလေ့အကျင့်က သင်၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထား သောကြောင့် သင်ဘာတွေ လုပ်နေသည်ကို အသိစိတ် မရှိပါဘဲလျက် သင်၏ အလုပ်များကို လုပ်ကိုင် သွားနိုင်ခဲ့သည်။

အယ်နီ၏ အကူအညီမပါဘဲ ကျွန်မအနေဖြင့် ဆေးရုံအလုပ်များကို အုပ်ချုပ်လုပ်ကိုင်သွားနိုင်မည် မဟုတ်ပါ။ အယ်နီမှာ လင်ရောသားပါ ပျောက်ဆုံးနေပါသဖြင့် စိုးရိမ်ပူပန်နေရသည့် အထဲမှာမှ မနားတမ်း အလုပ်လုပ် နေသူ ဖြစ်၍ ကျွန်မထက် ပိုပြီး ချီးမွမ်းထိုက်သူ ဖြစ်ပါသည်။

လူနာများ၏ အနံ့အသက်က ဆိုးရွားလှသည်။ ချေး၊ သေး အညစ်အကြေးများကို ကျွန်မတို့ နှစ်ဦး တည်း ဆေးကြော သုတ်သင်ကြရသည်။ ပိုးသေစေရန် ရေကို ဆူပွက်သည်အထိ ကျိုချက်ရသည်။ လူသေများကို မြှုပ်နှံကြရသည်။ ရောဂါ ကူးစက်ပြန့်ပွားခြင်း မရှိစေရန် အစွမ်းရှိသမျှ လုပ်ကိုင် ဆောင်ရွက်ကြရသည်။
ဆေးရုံကို မှောင်ချထားသဖြင့် နေ့နှင့်ည ဟူ၍ မကွဲပြားတော့ပါ။ အညစ်အကြေးများကို ရှင်းလင်းရ သည်က ၂၄နာရီ ပတ်လုံး နားရသည်ဟူ၍ မရပါ။ ကျွန်မသာ သူနာပြုဆရာမကြီး မဟုတ်ခဲ့သော် "ဒီဆေးရုံမှာ ဘာတွေ ဖြစ်နေတာလဲ"ဟု စိုးရိမ်တကြီး မေးမိမည်ဟု ထင်ပါသည်။

လူမမာများ၏ အခြေအနေ တိုးတက်မှု မှတ်တမ်းမှ တစ်ပါး အခြားမှတ်တမ်း မှတ်ရာများကို ရေးမှတ် နိုင်ခြင်းမရှိပါ။ ကျွန်မကိုယ်တိုင် သူနာပြုဆရာမလေးများကို တာဝန်ပေးလေ့ရှိသော နေ့စဉ်အသေးစိတ် မှတ်တမ်းစာအုပ်များ ထားရှိရန်ဆိုသည်မှာ အချိန်မရ၍ လည်းကောင်း၊ လူမရှိ၍ လည်းကောင်း မသွင်း နိုင်တော့။ နားချိန်ရ၍ ခေတ္တအိပ်ခွင့်ရသည်မှ တစ်ပါးအိပ်ရေး၀၀ မအိပ်ရပါ။ ကျွန်မမှာ အမြဲလိုလို ပင်ပန်း နွမ်းနယ်၍ နုံးချည့်နေပါတော့သည်။

ဟိုတုန်းက ကျွန်မလုပ်ခဲ့သည်တို့ကို ယခုအခါရေးရေးသာ မှတ်မိပါတော့သည်။ ကျွန်မ၏ဘ၀ တစ်သက်တာ တွင် အပြောင်မြောက်ဆုံး၊ အထက်မြက်ဆုံးအချိန်များ ဖြစ်စေကာမူ ရုပ်ပုံကားချပ်မှာ မှေးမှိန်နေပါသည်။ လူတွေကဟိုတုန်းက ဖြစ်ခဲ့တာတွေမေး၍ ပြန်ပြောပြသောအခါ ကျွန်မ၏ အတွေ့အကြုံများသည် လိမ်ညာ ခြင်းဖြစ်သည်ဟု အချို့ကယူဆကြပါသည်။ ကျွန်မလုပ်ကိုင်ခဲ့ သည်တို့ကို ပြန်လည် သတိ မရချင်တော့ပါ။ အမှတ်မထင် အသေးစိတ် အချက်အလက်များကို ဖုံးဖိ ထားမိကောင်း ထားမိပါသည်။ သတိရလေလေ ရင်နာ ရလေလေ အချိန်များ ဖြစ်ပါသည်။

နှစ်ပေါင်းများစွာ ကြာပြီးမှ တည်ငြိမ် လေးနက်စွာ ပြန်လည် စဉ်းစားလိုက်သောအခါ တစ်စစီ ဖြစ်နေ သော ရုပ်ပုံကားချပ်ကို သူ့နေရာနှင့်သူ ပြန်လည် ကပ်ပေးလိုက်သဖြင့် ရုပ်လုံး ပေါ်လာသလို ဖြစ်ရပါသည်။ နှစ်ပေါင်း များစွာ ကြာခဲ့သော်လည်း ယင်းအကြောင်းများကို တွေးမိတိုင်း မျက်ရည်ကျရပါ သေးသည်။
တစ်ကြိမ်တွင် ဂျပန်များက စစ်ဆေးရုံကို သဲသဲမဲမဲ အမြောက်များနှင့် ပစ်ခတ်နေပါသည်။ ကျွန်မတို့ နှင့် တစ်မိုင်သာသာခန့်ဝေးသော စစ်ဆေးရုံကိုမမြင်ရသည့် တစ်နေရာမှလှမ်းပစ်နေသော အမြောက် ကျည်ဆန် များ လေကို ခွင်း၍ လာနေသံ၊ ဘေးပတ်ဝန်းကျင်ရှိ တောင်များမှ ပဲ့တင်သံများ သည် ကျွန်မ၏ နားထဲတွင် ပွက်လော ရိုက် နေပါသည်။ ထိုအစဉ်အခိုက်
"ကျေးဇူးပြုပြီး မြန်မြန်လာပါ၊ ဟိုမှာ ဒဏ်ရာရထားတဲ့ စစ်သားတွေ ရှိနေတယ်"ဟု လူစိမ်း တစ်ယောက် ပေါက်လာပြီး ပြောပါသည်။

ကျွန်မမှာ ကိုယ့်အလုပ်နှင့် ကိုယ် မအားလပ်သဖြင့် ဤရက်များအတွင်း စစ်ဆေးရုံသို့ မရောက်ခဲ့ပါ။ ဂရုလည်း မစိုက်ခဲ့မိပါ။ ကျွန်မ စိတ်ထဲတွင် စစ်ဆေးရုံသည် တစ်နေရာသို့ ပြောင်းရွေ့သွားပြီဟုပင် ထင်နေမိပါသည်။ ယခုတော့ ကျွန်မ မျှော်လင့်မထားသော ကိစ္စဖြစ်ပေါ်လာသည်။ ကျွန်မကို လာခေါ်သော လူစိမ်းကတော့ မျက်စိအောက်က ပျောက်သွားပါပြီ "ဟိုမှာ ဘာတွေ ဖြစ်နေသလဲ။ လူနာတွေအတွက် ဘာတွေ လုပ်ပေးရမလဲ" ဆိုသည်ကို မျက်မြင် ကိုယ်တွေ့ဖြစ်ရန် ကိုယ်တိုင် သွားမှ ဖြစ်တော့မည်ကို ကျွန်မ သိပါသည်။

မည်သို့မည်ပုံ ရင်ဆိုင်ရမည်ကို မသိပါ။ ဒါဘာ ခန်းမကြီးအနီးတွင်ရှိသော စစ်ဆေးရုံသို့ အပြေး အလွှား သွားရောက် ခဲ့ပါသည်။ တံခါးမကြီးနှင့် နီးလာသောအခါ အဆောက်အအုံ အနီးအနား၌ အမြောက် ကျည်ဆန် များ တဖွဲဖွဲ ကျနေသည်ကို မြင်ရပါသည်။ ကျွန်မ ရောက်နေသော နေရာမှ ကြည့်လျှင် ဆေးရုံ၌ လူတစ် ယောက် မျှ မရှိသလို ထင်ရပါသည်။ အတွင်းသို့ ၀င်သွားသောအခါ ကယ်ပါယူပါ တစာစာ အော်သံ များကို ကြားရသည်။

ဒဏ်ရာအပြင်းအထန်ရနေသော အင်္ဂလိပ်စစ်တပ်မှ စစ်သားများနှင့် တရုတ်စစ်သားအချို့သည် ကြောက်ရွံ့ ထိတ်လန့် စွာဖြင့် သူတို့၏ ခုတင်များပေါ်၌ မှောက်နေကြပါသည်။ သူတို့သည် ခြေကျိုး လက်ကျိုးများ၊ ဗုံးဆန်၊ ကျည်ဆန် ထိမှန်ထား၍ ဒဏ်ရာ ပြင်းထန်စွာ ရထားသူများ ဖြစ်ကြပါသည်။
ကိုယ်လုံးကိုယ်ထည် ကြီးမားသော စစ်သားကြီး တစ်ဦးကမူ သူတို့ကို ပစ်သွားရကောင်းလားဟု ဆိုကာ ထိန်းမနိုင်သိမ်းမရ ချုံးပွဲချ ငိုနေပါသည်။ ကုလားစစ်သား တစ်ဦးကမူ အင်္ဂလိပ်စကား ပီသစွာဖြင့် "ကျွန်တော် တို့ ထမင်းမစားရတာ နှစ်ရက်ရှိပြီ၊ ဒီအဆောက်အအုံ အနှံ့ ပြေးလွှားပြီး ထမ်းစင်သယ်တဲ့ လူတွေများ ရှိမလားဟု အော်ဟစ်မေးမြန်း ရှာဖွေခဲ့ပါတယ်၊ ကျွန်တော် ကြောက်ကြောက်လန့်လန့် အော်လိုက်တဲ့ အသံကပဲ ကျွန်တော့်ဆီ ပဲ့တင်သံအဖြစ်နဲ့ ပြန်လာပါတယ်။ ဒီက လူတွေအတွက် တစ်ခုခုတော့ အမြန် လုပ်ပေးမှ ဖြစ်တော့မယ်၊ ဂျပန်တွေ ပစ်တဲ့အမြောက်က လက်တည့်နေတော့ မကြာခင် ဒီအဆောက် အအုံဟာ ကျွန်တော်တို့ မျက်စိထဲက ပျောက်သွားတော့မယ်"ဟု ပြောပါ သည်။

ကျွန်မသည် ကိုယ်လုံး ကိုယ်ထည် တောင့်တင်း၍ ကြည့်ပျော်ရှုပျော် အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ သို့သော် အစားအစာများကို မှန်မှန် မစားခဲ့ရသသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့ရုံမျှမက ခြေကုန် လက်ပန်း ကျနေသော အခြေအနေတွင် ရှိပါသည်။ သူတို့အတွက် မည်သို့ မည်ပုံ ထိထိ ရောက်ရောက် လုပ်ပေးနိုင် လိမ့်မည် ဆိုသည်ကို လေးလေးနက်နက် မစဉ်းစားနိုင်ဘဲ ရှင်တို့ ကလည်း ကျွန်မကို ပြန်ကူညီပါ"ဟူ၍ ပြောလိုက် မိသည်။

ကျွန်မ ခံစားရသည်ထက် ယုံကြည်ချက်က ပိုသွားပါသည်။ အလွန်ပြင်းထန်သော ဒဏ်ရာများ ရထား ကြသဖြင့် မလှုပ်နိုင် မရှားနိုင် ဖြစ်နေသည့် လူနာများက ကျွန်မကို မည်သို့ ကူညီနိုင်မည် နည်း။ အရပ်၆ပေကျော်ခန့်ရှိ၍ ကိုယ်အလေးချိန် ၁၂စတုံ (၁၆၈ပေါင်)ခန့်ရှိ ပထန်လူမျိုး တစ်ဦးက "ကျွန်တော်တို့က လူကောင်ကြီးကြီးတွေ၊ ခင်ဗျားက ဘယ်လိုကူညီနိုင်မလဲ"ဟု မေးသည်။ ကျွန်မ ကလည်း "သိပ် စိတ်မပူပါနဲ့၊ တစ်နည်း နည်းနဲ့ ရအောင် ကူညီရမှာပေါ့"ဟု ပြန်ပြောသည်။

ဒဏ်ရာ အပြင်းအထန် ရနေသူများကို ပထမ ရွှေ့ရန် စဉ်းစားလိုက်ရာ ပထန်းကြီးမှာ တစ်ယောက် အပါ အ၀င်ဖြစ်၍ သူ့ကို စတင်ရွှေ့ရန် ဆုံးဖြတ်လိုက်သည်။ ကျွန်မသည် ပထန်ကြီး၏ ကုတင်ဘေး တွင် ထိုင်၍ ကျွန်မ၏ ပခုံးနှစ်ဘက်ကို သူ့လက်နှစ်ဘက်နှင့် မြဲမြံစွာ ချုပ်ကိုင်ထားရန် ပြောပါသည် အားယူနိုင်ရန် အသက်ကို ရှူသွင်းလိုက်၊ မှုတ်ထုတ်လိုက်နှင့် အကြာကြီး အချိန်ယူပြီးမှ ပထန်းကြီး ကို ပခုံးပေး 'မ' တင် လိုက်ပြီး တဖြည်းဖြည်း မတ်တတ်ရပ်ပါသည်။ အရက်မူးသမား တစ်ယောက် ကဲ့သို့ ယိုင်တိ ယိုင်တိုင် နှင့်ပင် သူ့အား ဘေးကင်းရာ ဗုံးခိုကျင်းသို့ ပို့ပေးနိုင်ခဲ့ပါသည်။

 နောက်တစ်ခေါက်ခေါ်ထုတ်ရန် သွားရပြန်ပါသည်ဂျပန်များကလည်း စစ်ဆေးရုံသည်လုံးလုံး ပြိုကျသွားရန် အချိန်မည်မျှကျန်ပါသေးသနည်းဟု စဉ်းစားနေမိသည်။ ဒဏ်ရာ အပြင်းအထန်ရနေသော စစ်သားများကို ကျွန်မတို့ပြည်သူ့ဆေးရုံသို့ ရွေ့ပြောင်းရမည်ဆိုပါက တစ်ကြိမ်လျှင်တစ်ယောက်သာ သယ်နိုင်မည်ဖြစ်၍ ကျွန်မ မရှိခိုက်ကျွန်ရစ်သူတွေ အသက်၇ှင်နိုင်ပါ့မည်လားဟု တွေးမိသည်။ ကျွန်မ တွင်ကူဖော်လောင်ဖက် တစ်ယောက် တလေမှ မရှိသဖြင့် အကူအညီရရေးကို စောစောကတည်းက မျှော်လင့်မထားခဲ့ပါ။

လူနာကတစ်ဒါဇင်လား၊ ၁၀ ယောက်လား၊ ၈ ယောက်လားဆိုသည်ကိုမူ မမှတ်မိတော့ပါ။ ဆေးရုံနှင့် ဗုံကျင်းကို မနားမနေသယ်ပိုးနေပါသည်။ အားလုံးလိုလိုဗုံးခိုကျင်းထဲသို့ ပို့ပေးပြီးနောက် ပထန်ကြီးကိုပင် ကျွန်မ တို့ဆေးရုံသို့စတင်သယ်ဆောင်ပါသည်။ ဖြတ်လမ်းဖြစ်သော ဒါဘာဆုပေး ခန်းမဆောင်၊ ၎င်းနောက် ငွေတိုက်ဝင်း အတွင်းမှ တစ်ဆင့်ဆေးရုံသို့သယ်ရသည်။ သူ၏ ကိုယ်လုံးကြီး က လေးလံလွန်းသဖြင့် လမ်းတွင် ခဏခဏ ရပ်၍ အားရှိအောင်အသက်မှန်မှန်ရှုရသည်။

ကျွန်မအစိုးရိမ်ဆုံးမှာ သူ့ကိုပြန်ချပြီး တစ်ခါပြန်မလျှင် ရနိုင်လိမ့်မည်မဟုတ်ဟူသောာ အချက်ဖြစ်ပါ သည် တောင်ကြီးမြို့၌ မိုးရာသီတွင်ရေဆင်းမြောင်းဖောက်ထားပုံက အကူအညီဖြစ်လာခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းချိန်၌ တရဟောစီးလာသည့်ရေများ အလွယ်တကူစီးဆင်းသွားနိုင်ရန် လမ်းဘေးတွင် ရေဆင်း ပိုက်များ သွယ်တန်းထားသည်။ အလွန်ခိုင်ခံ့သော ကွန်ကရစ်ပိုက်များဖြစ်ရာ လမ်းမပေါ်၌ ပိုက်က ၃ ပေခန့် မြင့် တက်နေပါသည်။ ကျွန်မသည်လမ်းတစ်လျှောက်လုံး၌ ပထန်ကြီးကို ရေဆင်းပိုက်ပေါ်တွင် တင်ပေး၍ အနား ယူပြီးပြန်ထမ်းသောအခါ မခက်ခဲတော့ပါ။
ကျွန်မတို့၏ ဆေးရုံသို့ရောက်သောအခါ မလှုပ်ချင်တော့ပါ။ အလွန်မောပန်းသွားပါသည်။ သို့သော်လည်း ဒီနေ့အဖို့ငါနောက်တစ်ခေါက်တော့ ပြန်သွားရဦးမယ်ဟု ဆုံးဖြတ်လိုက်ရပါသည်။ ကျန်ရစ်သော စစ်သား များကို အစားအသောက်များဝေငှပေးပြီး နောက်တစ်နေ့မနက်ပြန်လာပါမည်ဟု နှုတ်ဆက် ကတိ ပေးခဲ့ ရသည်။

ယင်းနောက်ဗုံးခိုကျင်းသို့ ပြန်သွားပြီးလူနာတစ်ဦးကို ခက်ခဲပင်ပန်းစွာ ဆေးရုံသို့သယ်ပိုးလာခဲ့ရသည်။ ကျွန်မ၏စိတ်ထဲတွင် ညာဘက်ရောက်လျှင် အမြောက်ပစ်ရပ်သွားလိမ့်မည်ဟု ထင်ခဲ့သည်။ ထင်သည့် အတိုင်းလည်း ရပ်သွားခဲ့၏ နောက်တစ်နေ့မနက်မိုးလင်းလျှင် လင်းချင်းဆေးရုံအတွင်းရှိ လူနာများ အားလုံးကိုဘေးကင်းရာ ဗုံးခိုကျင်းထဲသို့အရောက်ပို့ပေးမည်ဟူသော ဆုံးဖြတ်ချက် နှင့် ကျွန်မ ထွက်လာ သော အခါ အမြောက်ဆန် များက တဖွဲဖွဲကျလာပြန်ပါသည်။

လူနာတစ်ယောက်ကို ထမ်းပိုးပြီး အနည်းငယ်သာ လမ်းလျှောက်ရပါသေးသည်။ တံကောက်ကွေးကို ကျည်ဆန် လား၊ အမြောက်ဆန်အစအနလားမသိ လာမှန်ပါသည်။ သွေးတွေကလည်းစိုရွှဲနေပါသည်။ အလွန် မောပန်းနေ၍လား မသိပါ။ နာကျင်ရမှန်းမသိဘဲ စစ်သားကို ဗုံးခိုကျင်းသို့အရောက် သယ်ပိုး သွားနိုင် ခဲ့ပါသည်။ ကျွန်မ၏ဒဏ်ရာကို သွေးတိတ်အောင်လုပ်ပြီး ဆေးထည့်ရပါသည်။ ယင်းနောက် ဆေးရုံ အတွင်းရှိ လူနာများအားလုံး ကုန်စင်သည်အထိ ဗုံးခိုကျင်းထဲသို့ ပို့ပေးခဲ့ပါသည်။

ကျွန်မတို့ဆေးရုံ၌အဆုတ်ရောဂါဖြင့် ဆေးရုံတက်နေသော တရုတ်လူမမာအဘိုးကြီးတစ်ယောက် ရှိပါသည်။ ၎င်းအဘိုးကြီးကို ကျွန်မတစ်ယောက်တည်း လူနာများကို ထမ်းပိုးသယ်ဆောင်နေသည်ကို မကြည့် ရက်နိုင် သဖြင့် ကျွန်မထံလာရောက်ကူညီသည်။ သူ့ထံမှအကူအညီရလိမ့်မည်ဟု ကျွန်မထံ လာရောက်ကူညီသည်။ သူ့ထံမှအကူအညီရလိမ့်မည်ဟု ကျွန်မလုံးဝမျှော်မှန်းမထားခဲ့ပါ။ ကျွန်မတို့ နှစ်ဦးသည်အမြောက်ဆန်များ ရပ်သွားသည့်အချိန်အထိ ဗုံးခိုကျင်းထဲ၌ အတူနေခဲ့ကြပါသည်။

လူနာများအားလုံးရွှေ့ပြောင်းပြီးသော် ကျွန်မ၏စိတ်ထဲလုပ်စရာ လွယ်ကူသောအပိုင်းကတော့ ပြီးသွား ပြီ။ ခက်ခဲကြမ်းတမ်းသည့် အပိုင်းကအတွင်းရောက်နေသူ အားလုံးကိုကျွန်မ၏ ဆေး၇ုံသို့ရောက် အောင် သယ်ယူ ရပါဦးမည်။ ဒဏ်ရာရနေသူ မိန်းမသားတစ်ဦးနှုင့် လူမမာအဘိုးကြီးတစ်ဦးတို့၏ မလွယ်ကူလှသော အလုပ် တစ်ခုပင် ဖြစ်ပါသည်။
နွားလှည်းတစ်စီးတလေ ရမလားဟု အနီးပတ်ဝန်းကျင်တွင် ကြိုးစားရှာဖွေပါသေးသည်။ တိရစ္ဆာန်တွေ တစ်ကောင် မကျန် တောထဲရောက်သွားလေပြီလား။ စစ်ပြေးများကပင် ယူဆောင်သွာကြလေပြီလား မသိ၊ တစ်ကောင်တစ်မြီးမှပင် မတွေ့ရတော့ပေ။ သူတို့အားလုံးကို ထမ်းပိုးသယ်ယူသွားရုံမှတစ်ပါး အခြား နည်းလမ်း မရှိပြီ။ ချောင်းတဟွပ်ဟွပ်ဆိုးနေသော တရုတ်အဘိုးကြီးက လူနာများကို ကျွန်မ ကျောပေါ် တင်ပေးပြီး စောင်နှင့်တင်းတင်းကျပ်ကျပ်ချည်နှောင်ပေးပါသည်။ ကျွန်မက လူနာများကို တစ်ယောက်ပြီး တစ်ယောက် ချီပိုးပြီး ဆေးရုံသို့သယ်လာခဲ့သည်။

ဆေးရုံသို့လူနာများကို သုံးလေးကြိမ်မျှ ထမ်းယူသယ်ဆောင်ပြီးနောက် ကျွန်မ၏ ဒဏ်ရာပြင်းထန်စွာ ရနေသော စစ်သားကတစ်ခွန်းတလေမျှ ညည်းညူခြင်းမပြုဘဲလျက် ကျွန်မက သည်းနေ၍မဖြစ်ပါ။
သူတို့ကပင် ကျွန်မကို နီးလာပြီ နီးလာပြီ ဟု  မှန်မှန်အားပေးနေကြပါသေးသည်။ အခေါက်တိုင်းတွင် ကျွန်မတို့သည် ရေဆင်းပိုက်များကို အားကိုးရပါသည်။ အကြိမ်ကြိမ်ပင် ကျွန်မကိုယ်ပေါ်၌ သယ်ပိုးလာ သောဝန်ထုပ်ကိုချပစ်ရန် စိတ်ကူးပေါက်မိပါသည်။ ဆေးရုံသို့ပြန်ရောက်လာသောအခါ တစ်ကိုယ်လုံး ခဲပေါက်ခဲထားရသလို နာကျင်ကိုက်ခဲနေပါသည်။

စစ်သားခြောက်ဦးကို ဆေးရုံသို့ခလုတ်မထိ ဆူးမငြိပို့ပေးပြီးနောက် အယ်နီကိုခြေထောက်မှ အနာအား ဆေးထည့်ခိုင်းရပါသည်။ အယ်နီက သူလည်းလိုက်လာလိုကြောင်း ပြောစေကာမူ ဆေးရုံ အတွင်းရှိ လူနာနှင့်လူမမာများကို စောင့်ရှောက်ရန် တစ်ယောက်ယောက်ရှိနေမှ ဖြစ်မည်မို့ နေရစ်ရန် ပြောသော် လည်း သူက ခေါင်းမာနေပါသည်။ နွေရာသီ ပူအိုက်သော အခါများ၌ မျက်နှာဖြူများ နှင့် သူတို့၏ သားသမီး များခရီး သွားကြသောအခါ ဝေါယာဉ်ကို အသုံးပြုသလို ကုလားထိုင်တစ်လုံးရှာပြီး လုပ်ရလျှင် မကောင်း ဘူးလားဟု အယ်နီကအကြံပေးသည်။

ကျွန်မသည်ဆေးရုံဝင်းထဲ၌ ကုလားထိုင်များကို လိုက်လုံရှဖွေရာတွင် ကြိမ်ကုလားထိုင်တစ်လုံးကို သွားတွေ့ သည်။ ၀ါးလုံးများနှင့်ကုလားထိုင်ကို သေချာစွာချည်တုပ်လိုက်သောအခါ မြင်းလှည်းတွင် ဘီးနှစ်ခု ကြားက ၀င်ရိုးတန်းလိုဖြစ်သွားသည်။ သယ်ပိုးရာတွင်ကျိုးများသွားမလားဟု တထိတ်ထိတ်ဖြစ် ခဲ့ရပါ သော်လည်း အလွန် ထိရောက်လှပါသည်။ ၀ါးလုံးများကိုရှေ့ဘက်မှ သယ်မရင်းကျွန်မသူနာပြု ဆရာမ အလုပ်လျှောက် ခဲ့စဉ် လူတွေ့မေးမြန်းရာ၌ ရွေးချယ်ရေးအဖွဲ့မှ လူကြီးတစ်ဦးက ကျွန်မကို ကြည့်ပြီး သူနာသူဆရာမ အလုပ်လုပ်ဖို့ သိပ်ကို နုနယ်လွန်းပါတယ်ဟု မှတ်ချက်ချခဲ့သည်ကို သတိရနေမိပါသည်။

လူနာစစ်သားများရွေ့ပြောင်းရသည်မှာ ၄ ရက်တိတိကြာခဲ့သည်။ နောက် ၃ နှစ်ခွဲခန့်ကြာသောအခါ အလုပ် တာဝန်ကို ကျေပွန်စွာဆောင်ရွက်ခဲ့မှုနှင့် ရဲစွမ်းသတ္တိရှိစွာ ဆောင်ရွက်ခဲ့မှုတို့ကြောင့် ကျွန်မတို့ ဂျော့ခ်ျ် တံဆိပ် ချီးမြင့်သည်ဟု သိရပါသည် ဂျော့ခ်ျတံဆိပ်သည် ကျွန်မ၏ပိုင်ဆိုင်မှု အားလုံး၌ ဂုဏ်အရှိဆုံး။ အဖိုး အထိုက်တန်ဆုံး ဖြစ်စေကာမူ အချိန်ကိုပြန်ရွေ့၍ ရနိုင်မည်ဆိုပါလျှင် ထိုဆုတံဆိပ်အစား နွားလှည်း တစ်စီး ကိုပင် လိုချင်လှပါသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Wednesday, February 3, 2010

http://shwezinu.blogspot.com နှင့် မြန်မာဘလော့ အကယ်ဒမီဆုကြီး (၃)

အကောင်းဆုံးလူမှု့ဘဝသရုပ်ဖော် စာပေဘလော့ဆု

    *မိုးချိုသင်း (http://moechothin.blogspot.com) (27%, 22 Votes)
    *နှင်းနဲ့မာယာ (http://mysterysnow.blogspot.com) (23%, 19 Votes)
    * မောင်မောင်၏ဘလော့ (http://maungmaungmfs.blogspot.com) (14%, 11 Votes)
    *ဖိုးစိန်(http://phoesein.blogspot.com) (14%, 11 Votes)
    * သက်ပိုင်သူ (http://www.thetpaingthu.com) (10%, 8 Votes)
    * For those who love reading (http://lettwebaw.mylovecafe.com) (9%, 7 Votes)
    * ရွှေရတုမှတ်တမ်း (http://penai22.blogspot.com) (5%, 4 Votes)
    * my NOTEBOOK (http://pan-nwe.blogspot.com) (5%, 4 Votes)
    * SHWE ZIN U (http://shwezinu.blogspot.com) (5%, 4 Votes)
    * လောရှည်ကတဲ့ပွဲ (http://opera.lawshay.com) (5%, 4 Votes)
    * လေနုအေး (http://laynuaye.blogspot.com) (2%, 2 Votes)
    * TTSweet (http://auntysweet.blogspot.com) (2%, 2 Votes)
    * သက်ဝေ (http://thet-wai-blog.blogspot.com) (-21%, 2 Votes)


အင်း....... မြန်မာဘလော့ အကယ်ဒမီဆုကြီး (၃) ကို ရေးရအုန်းမယ်ဗျ..၊ ကျနော်က ဒီဆုကြီး နဲ့ ဘယ်လို မှ မသက်ဆိုင်တဲ့အတွက် နှမလက်လျှော့ နေလေတော့လုပ်ထားတာ ကြာပါပြီဗျာ..၊ နောက်ပြီး ကျနော့် သဘောထား ကိုလည်း ကျနော့် ရဲ့ Myanmar Blogs  Label ထဲမှာ အကယ်ဒမီဆု (၁) ၊ (၂) ဆိုပြီး  ရေးထား ပြီးသားပါဗျာ..၊ စာရေးချင် လို့ ဘလော့ လေးတခုထောင်ပြီး စာရေးနေပါတယ်..စာဖတ်စေချင်လို့ စာကောင်းလေးတွေ တင်ထားပါတယ်..၊ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး.၊ အဲဒီ မြန်မာ ဘလော့ အကယ်ဒမီ  ဆုကြီး အကြောင်းကိုလည်း မနော်မြေ ဘလော့ ကို အလည်ရောက် သွားမှ ဖတ်မိ လို့ စာရေး ချင် စိတ် ပေါ်လာတာနဲ့ ရေးမိတာပါ....။

ကျနော့် သဘောနဲ့ ကျနော် ဘယ်တော့မှ စာရင်းပေးပြီး ပြိုင်မှာ မဟုတ်ပါဘူး....ပြိုင်ဘို့ အဆင့်လည်း မရှိပါဘူး..၊ နောက်တချက်က ကိုယ်ဘာသာကိုယ် စာရင်းသွင်းပြီး ပြိုင်ရတဲ့ မူကို မကြိုက်ပါဘူး..၊ အပိုင်း (၂) ထဲမှာ အတိအလင်း ရေးပြီးသားပါ..၊ မဖတ်ရသေးသူများ ပြန်လည် ဖတ်ကြည့်နိုင်ပါတယ်..။

ဒီနေ့ ကျနော် လိုင်းလေး နဲနဲ ကောင်းတာနဲ့ g-talk ထဲဝင်လိုက်ပါတယ်..၊ ချစ်မိတ်ဆွေ ဘလော့ဂါ တဦး နဲ့ တွေ့လို့ ကျနော့် နံမည် ကို မဲပေးလိုက်ကြောင်းပြောလာပါတယ်..၊ အဲဒီကြမှ ကျနော့် ဘလော့ နံမည်ဟာ ပြိုင်ပွဲ စာရင်းထဲမှာ ပါနေကြောင်း သိရပါတယ်..၊ ကျနော်လည်း ရှက်ရှက် နဲ့ ကျနော် စာရင်းမသွင်း ထားဘူး ဘယ်လို ရောက်နေလည်း မသိဘူးဆိုပြီး ရှက်စိတ်က ငယ်ထိပ် ရောက်သွားပါတယ်ဗျာ...၊ အဲဒါနဲ့ အမြန် သွားကြည့်တော့မှ ကျနော့် ဘလော့ နံမည် ဟာ အကောင်းဆုံးလူမှု့ဘဝသရုပ်ဖော် စာပေ ဘလော့ဆု   မှာ ထင်းထင်းကြီး တွေ့လိုက်ရပါတယ်ဗျာ..ရှက်ရှက်နဲ့ ငါ ဘဲဥ မှ ကွဲရဲ့လား ဆိုပြီး မရဲတရဲ နဲ့ view results မှာ ကြည့်လိုက်တော့ အ..ဟဲ..ဟဲ..  ၄ မဲ ဗျ.. ကောင်းလိုက်တာ ..၊ ဘဲဥတော့ ကွဲသွားပြီ ဆိုပြီး ပထမဆုံး စဉ်းစားလိုက်တယ်..။

ဒုတိယ က တရားခံရှာ ရတယ်ဗျ..အိမ်မှာ အနီးကပ်ဆုံးနေတဲ့ ချစ်ညီမ ကို ရန်လုပ်ပြီး မင်းများ စာရင်း ပေးလိုက်တာလား ဆိုပြီး ချောက်တခါ..ချော့တခါ လုပ်ရပြန်တယ်..၊ သူကလည်း မပေးပါဘူးဗျာ.. ကျုပ်တို့ ရွာသူ တွေ ဘယ်နားသွား ဘာလုပ်ရမှန်းတောင် သိတာ မဟုတ်ပါဘူး.. ဆိုပြီးပြောလိုက်မှ ယုံလိုက်ရတယ်..၊ နောက်တခါ ချစ်မောင်လေး ဗျ..၊ သူကလည်း ကျနော့် ဘလော့ ဖတ်နေကြဆိုတော့ သူများ စာရင်း သွင်းလိုက်လား ဆိုပြီး အိပ်ကောင်းခြင်း မအိပ် ရအောင် ခုလေးတင် ဖုန်းဆက် မေးလိုက်တယ်..၊ သူကလည်း မဟုတ်ပါဘူး တဲ့ဗျာ..၊ အဲဒီတော့ တရားခံ ချစ်ချစ်ကြီး ပေါ့ ..၊ အလကားစတာပါဗျာ..အခုမှ ကြုံလို့ ကြွား လိုက်ပါအုန်းမယ်.. ချစ်ချစ်ကြီးက ကျနော့် ဘလော့ကို မဖတ်ပါဘူး..၊ ကျနော်က သူကြိုက်မယ် ထင်တဲ့ ဟာလေးတွေ print ထုတ်ပေးမှ ဖတ်ပါတယ်..။

အဲဒီတော့ တယောက် ယောက် တော့ တယောက်ယောက်ပေါ့ ဗျာ.. ကျနော့် ကို ချစ်ခင်တာလား ဂျောက်ပေါက် ချတာလားတော့ မသိတော့ပါဘူး.. ချစ်ခင် တာဖြစ်ဘို့များပါတယ်..ဆု စာရင်းထဲ ထည့်ထား တာဆိုတော့ သူ့စိတ်ထဲမှာ ကျနော့် ဘလော့ ဟာ ဆု နဲ့ ထိုက်တန် တယ် ထင်လို့ နေမှာပေါ့ ဗျာ..၊ အစကတော့ ကျနော် ဆုရွေးချယ် ရေးအဖွဲ့ကို အကြောင်းကြားပြီး ဘလော့ နံမည် ဖျက်ခိုင်းမလို့ပါ အခုတော့ သဘောထားပြောင်းသွားပါပြီ..ကျနော့် ကို ချစ်ခင်လို့ ပေးထားတဲ့ မဲ လေး မဲ ကို အားနာတဲ့ အတွက် ကြောင့် ၎င်း ..၊ ဘဲဥ ကွဲ သွားပြီ ဖြစ်တဲ့ အတွက် ကြောင့်၎င်း..၊ နောက်ပြီး ဆုရွေးချယ် တဲ့ အဖွဲ့ကို အားနာ၍ ၎င်း.. ကျနော် စာရင်း မဖျက်ခိုင်းတော့ပါဘူး....၊ ကျနော် စာရင်း ပေးတာတော့  လုံးဝ မဟုတ် ပါဘူးနော်...  ဘုရားစူး..မိုးကြိုးပွတ် ...။

ကဲ..တရားခံ မမ လား ကိုကို လား မသိတော့ရေ......စာရင်းသွင်းပြီး မဲနိုင်အောင် ကွင်းဆင်း လှုတ်ရှား ပါလေတော့ .....၂၀၁၀ ဖေဖော်ဝါရီ ၁၅ ရက် မဲပိတ်ချိန်က နီးပါပြီ..စတင်ပြီးတော့ လူထု ထဲ ကွင်းဆင်း အဲ.. ယောင် လို့... ဘလော့ ထဲ ဆင်းပြီး... မဲ ဆွယ်ကြပါကုန်လော...လာဘ် ထိုး သင့် သည် များကို (ကျနော် ဟာတွေ မဟုတ်) သင်တို့ ဟာတွေ နဲ့ လာဘ် ထိုး ၊ ချိန်းခြောက် သင့်တာ ချိန်းခြောက်..၊ အနိုင်ကျင့် သင့်တာကျင့်....ပြီး အနိုင် ရအောင် လုပ်ပါတော့ဗျား..စာရင်းပေးသူမှာ တာဝန်အပြည့်ရှိပါသည် ခင်ဗျာ..။

အဲ..အဲ..ကိုကြီးကျောက်ကြီး နဲ့ မဲ တူနေတဲ့ အတွက် ကိုကြီးကျောက် ရဲ့ အောက်လမ်း ပညာများ၊ သရဲ..သစ္ဆေ..မှင်စာ..ဖုတ်ကောင် များကိုလည်း သတိထား ရှောင်ရှားကြလေလော...၊ နောက်တခု သတိပေး စရာကား မဲစာရင်း ကို အမြဲဖွင့် ပြီးတော့ check လုပ်နေပါလော ကိုကြီးကျောက် နိုင်မဲ့ သဘော ရှိရင် ဟိုး နောက်ဆုံး ပို့စ် ထဲမှာ ပါတဲ့ သူရဲ့ မော်တော်ကား သစ်သစ်ကြီးထဲမှာ ဘလော့ မရေးနိုင်အောင် ပိတ်လှောင် ထားစေသော်.. ကိုကြီးကျောက် ကြီး ဘလော့ ဆင်းပြီး မဲ မဆွယ်နိုင်ရင် ခင်ဗျားတို့ ချစ်တဲ့ http://shwezinu.blogspot.com ကြီး သေချာပေါက် နိုင်မှာဗျ..ကဲ ကိုယ်လူတို့ရေ ကြာသလားလို့... .ဝိုင်းလိုက်ကြရအောင်..ကိုကြီးကျောက် မော်တော်ကားကြီး......

စာရေးသူ-ရွှေစင်ဦး 
http://shwezinu.blogspot.com
မဲပေးချင်ရင်...http://www.mmblogpress.org/to-vote/

စာကြွင်း

ကဲ ကျနော် နဲ့ အတူ ပြိုင်ပွဲ ဝင်မဲ့ ချစ်သော ဘလော့ဂါ အပေါင်းတို့ ရေ စတင်ပြီးတော့ မတရားသော နည်းများဖြင့် ဗြောင်ကျကျ (မျက်နှာပြောင် တိုက်၍) မဲဆွယ် နေပါပြီ သတိထား၍ ရှောင်ကြ ရှားကြ လေလော .....

အပိုင်း (၁) ထဲမှာ ကျနော့် ကို မဲပေးထားတဲ့ ၁၄ ယောက်လည်း ဘယ်ပျောက် သွားကြတယ် မသိဘူး.. ဟင်းနော် သူများက အခုမှ ၄ မဲထဲ ရသေးတယ်.. သူများကို မဲပေးမယ် မဲပေးမယ် ဆိုပြီး.. မညာကြနဲ့ဗျ.....

(သြ.. ရောဂါ.. ရောဂါ.. နောက်ဆုံး အချိန် တွင်းနှုတ်ခမ်း နားရောက်နေတာတောင်.. မဲနိုင်ချင်တဲ့ ရောဂါ.. )

ကျွန်ုပ် မဲ မနိုင် လျှင်ကား သင်တို့ သေဖို့ သာ ပြင်ပေတော့.......အဲ..အဲ..ပြောတာလွန်သွားပြီ.. မနာလို စိတ်တွေ ကြီးလွန်းလှချီလား... သတိထား.. သတိထား...

ကဲ..ကဲ..စတာပါဗျာ..အားလုံးဘဲ ကိုယ်နှစ်သက်ရာကို ကိုယ့် ဆန္ဒ နဲ့ အညီ သွားရောက် မဲပေး နိုင်ကြပါပြီ....
တရားမျှ တ သော မဲ ပေးမှု့အား ကြိုဆိုလျှက်.....
.
>>>ဆက်ဖတ်ရန်>>> >>