Wednesday, February 3, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၃)

အခန်း(၁) အဆက်

တောင်ကြီးမြို့သည် အလွန်နေချင်စဖွယ်ကောင်းသောမြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၅၀၀ ကျော်အမြင့်တွင် ရှိ၍ ရှုမျှော်ခင်းများက ထူးခြားလှပသည်။ ရာသီဥတုကလည်း အလွန်ကောင်းသည်။ နေသာ သောနေ့များ၌ တရုတ်ပြည်ဘက်မှ ဆီးနှင်းများကိုပင် လှမ်းမြင်ရသည်။ တောင်ကြီးမြို့၌ ကျွန်မ အလွန်ပျော်မွေ့ပါသည်။ တောင်ကြီးမြို့တွင် ကျွန်မ၏ ကလေးဘ၀ကို မြုပ်နှံလိုသည့်ဆန္ဒမှ တစ်ပါး အခြား မရှိပါ။

 ကျွန်မ၏မိဘများကမူ ထိုသို့မယူဆကြပါ။ မြင်းစီးလိုက်၊ ရေကူးလိုက်၊ ခုန်ပေါက်မြူးတူးလိုက်၊ မောင်ဖြူဟု နာမည် ပေးထားသော ကျွဲပေါ်တက်၍ မှိန်းလိုက်လုပ်နေ၍ မဖြစ်သေးကြောင်း ပြောပါသည်။ ကျွန်မအား မိဘများက တောင်ကြီးတွင် နေခွင့်မပေးသော်လုံးဝ ကျိုးကြောင်းမျှတမှု ရှိလိမ့်မည်မဟုတ်ပါ။ ကျွန်မ၏ အိမ်မက် ကမ္ဘာ ပျက်သုဉ်းသွားပါက ကျွန်မအားထိခိုက်နစ်နာဖွယ်ရှိပါသည် ဟုတင်ပြနေသော်လည်း ကျွန်မ၏ ဘ၀တွင် လူတစ်လုံး သူတစ်လုံးဖြစ်လာရေးအတွက် စာပေသင်ကြား ရန် လိုအပ်သည်ကို သိနေ ပါသည်။

မေမေသည် ကျွန်မကို အိဒင်ဘာရာသို့ခေါ်သွားပြီး ကျောင်းအပ်ပါသည်။ ကျွန်မ နေသားကျသွားစေရန် မေမေ ကိုယ်တိုင် တစ်နှစ်အတူနေပေးပြီးမှ မြန်မာပြည်သို့ ပြန်သွားခဲ့သည်။ ကျွန်မကိုအဘွားနင့် ထားရစ် ခဲ့သည်။ အီဒင်ဘာယာမြို့တွင် ပျော်သင့်သလောက် ပျော်စေကာမူ တောင်ကြီးမြို့၌ နေထိုင် ခဲ့ရသည် တို့ကို လွမ်းတသသ ဖြစ်ခဲ့ရသည်။ ပြန်ရမည့်နေ့ကိုသာ လက်ချိုးရေတွက်မိနေပါသည်။
 
ကျွန်မ၏ အဘွား ကွယ်လွန်သွားသောအခါ တောင်ကြီးမြို့ သို့ပြန်ချိန်ရောက်ပြီဟု နားလည်လိုက်ပါသည်။ လမ်းခရီးတွင် အုပ်ထိန်းသူအဖြစ် သဘောင်္ကပ္ပတိန်အား ကျွန်မကိုကျွန်မ ထိုးအပ်ပြီး မိဘများထံမှ တစ်စုံ တစ်ရာ အကြောင်း ကြားခြင်း၊ မရှိသေးမီ လစ်ဗာပူလ်မှ ရန်ကုန်သို့ ထွက်လာသောပင်လယ်ကူး   သဘောင်္နှင့် လိုက်ပါလာရပါသည်။ ကိုလံဘိုမြို့သို့ သဘောင်္ဆိုက်သောအခါ ကျွန်မအား ရန်ကုန်သဘောင်္ဆိပ် တွင် လာရောက်ကြိုဆို ပါရန် မိခင်ထံသို့ ကြေးနန်းရိုက် အကြောင်းကြားခဲ့ပါသည်။

ပျော်စရာကောင်းသော အိမ်ပြန်ခရီး ဖြစ်စေကာမူ တောင်ကြီးတွင်ကြာကြာ မနေရပါ။ အ၀တ်အစားများ ထုပ်ပိုးပြီး ပညာဆက်လက်သင်ကြားရန် ဒါချီလင်မြို့သို့ ထွက်ခဲ့ရပြန်သည်။ ကျွန်မ၏ ဖခင်သည်လည်း အလုပ်မှ အနားယူပြီး အိမ်တွင်နေကာ လက်သမားအလုပ်ကို လုပ်ကိုင်နေပါသည်။ ဖေဖေက ရယ်စရာ ပြောတတ် ပါသည်။
'' ငါဟာ အရိုးဖြတ် လွှဘ၀က စုတေပြီး သစ်သားဖြစ် လွှဖြစ်သွားပြီ'' ဟု ပြောလေ့ရှိပါသည်။

ကျွန်မတောင်ကြီးမြို့ကို ပြန်ရောက်သည့်အခါ အချိန်များသည်ရပ်နေပြီး ကျွန်မအလာကို စောင့်ဆိုင်း နေဘိသကဲ့သို့ ယခင်ကနှင့်ဘာမျှ ခြားနားသည်ကို မတွေ့ရပါ။
 
ဒါဘာပွဲများ၌ ဥရောပတိုက်သား အရာရှိကြီ်းများသည် တောက်ပြောင်သော ယူနီဖောင်းများကို ၀တ်ဆင်၍ သူတို့၏ ခါးတွင် ဓားများချိတ်ဆွဲလျက် သူတို့၏ ဇနီးများကလည်း လေတွင် တဖျက်ဖျက်လွင့် နေသော အကျီင်္ရှည်များကို ၀တ်ပြီး ခေါင်းတွင်လည်း ဘောင်လာဦးထုပ် ပုံသဏ္ဍန်ဗောင်းထုပ်များ အုပ်လျက်၊ နယ်ဘက် ဆိုင်ရာ အရာရှိများကလည်း ကိုယ်ကျပ်အကျီင်္နှင့် ပျံလွှားငှက်ကြီးကဲ့သို့ ရှည်လျား သောမနက်ခင်း ၀တ် အကျီင်္များကို ၀တ်ဆင်ကာ ဒါဘာဆုပေးပွဲသို့ စီတန်းတက်ရောက်လာကြသည် တို့ကို ကျွန်မ မှတ်မိနေပါ သေးသည်။

အင်းလေးကန်သို့ ကျွန်မတို့အပျော်ခရီးထွက်ရာတွင် လှေများကိုအလှအပများဖြင့် မွမ်းမြံ့ပင်ဆင်ထား ပါသည်။ လှေလှော်သူများမှာ အ ခြားဒေသများမှာကဲ့သို့ မဟုတ်ဘဲ ခြေထောက်ဖြင့် လှေတက်ကို ထိန်းပြီး လှော်ခတ်သူများ ဖြစ်ပါသည်။
ကျွန်မသည် သေနတ်ပစ်ရာတွင် ကျင်လည်၍ ငါးမျှားရာတွင်လည်း ကျွမ်းကျင်လှပါသည်။

အ၀တ်အစားများးကို စိတ်ကူးရသလို ၀တ်ဆင်ပြီး ကျင်းပသောပြိုင်ပွဲများတွင်လည်း ကျွန်မကသာ ဆုများ ရလေ့ ရှိပါသည်။ သို့သော်ပျော်ရွှင်ခြင်းကို အဆုံးသတ်ရပါတော့မည်။ ကျွန်မသည် အလုပ်တစ်ခု ကိုလုပ်ရ ပါတော့မည်။
ကျွန်မ၏မျက်နှာကို မှန်ထဲတွင် မကြာခဏ ကြည့်ဖူုးပါသည်။ ကာလသားများ ကြိုက်သည့် ပထမတန်းစား အလှ ပိုင်ရှင်မဟုတ်ပါ။ ရွက်ကြမ်းရေကျို အလှမျိုးသာ ဖြစ်ပါသည်။ ယင်းရုပ်ရည်မျိုး သည်ကျွန်မ၏ အလုပ် နှင့် အံဝင်ခွင်ကျပင် ဖြစ်ပါသည်။ ကျွန်မသည် ဖနောင့်တစ်ချက်ဆောင့်ရုံမျှဖြင့် လူတွေက ကျွန်မကို ဂရုစိုက် နိုင်လာအောင်နှင့် တင်းတင်းကျပ်ကျပ် အလုပ်ထားပါဘဲ အမိန့်ကို နာခံလာအောင် လုပ်နိုင်ခဲ့ပါသည်။

ကျွန်မသည် ဖေဖေနှင့် နီးနီး ကပ်ကပ် နေလာခဲ့ရသည်ဖြစ်၍ လူနာများကို စည်းရုံးနိုင်သော နည်းလမ်း များ ဖေ့ဖေ့ထံမှ ရခဲ့ပါသည်။ ဆေးက အ၀င်ဆိုး၍ ဆေးမသောက်လိုသူများ ဆေးသောက်ချင်လာအောင် စွမ်းဆောင် နိင်ခဲ့ပါသည်။ အလွန်စကားများသော လူနာများ၊ အလွန်ပင်ပန်း နွမ်းနယ်နေသော ရောဂါ သည်များ ငြိမ်သက်သွားစေရန် အဖျားတိုင်းပြဒါးတိုင်သည် အစွမ်းထက်သည့် လက်နက်တစ်မျိုးဟု သိလာ ပါသည်။

အခြေခံ အားဖြင့် ကျွန်မသည် ရှက်တတ် ကြောက်တက်ပါသည်။ ကျွန်မ၏ ပင်ကိုယ်သဘောမှာ မိမိနှင့်မ ဆိုင်သော ကိစ္စများ၌ စိတ်ဝင်စားမှု့ မရှိခြင်းပင် ဖြစ်ပါသည်။ ကျွန်မ၏ပွင့်လင်းသော အမူအကျင့်များ သည် မိမိ ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု နည်းပါးနေခြင်း အပေါ်တွင် ဖုံးကွယ် သွားပါသည်။ ကျွန်မ၏ အသက်က ငယ်ရွယ် စေကာမူ ကမ္ဘာပေါ်တွင် အလှပဆုံး ဒေသရှိ ဆေးရုံတစ်ရုံမှ သူနာပြု ဆရာမကြီး ဖြစ်သည်ကိုတော့ ပြင်ပကမ္ဘာက ကျွန်မကို အသိအမှတ် ပြုရပါသည်။

မြန်မာပြည်သည် စစ်ဘေစစ်ဒဏ် မခံရသေးပါ။ ဥရောပတိုက်တွင်မူ ဗြိတိန်နိုင်ငံသည် မိမိ၏ တည်မြဲမှု အတွက် စစ်တိုက်နေရသည်။ သို့သော် ဗြိတိသျှအင်ပါယာ၏ ချောင်ကျသော နေရာတွင် ရှိသည့်မြန်မာ နိုင်ငံကို မည်သူကမျှ ဂရုမစိုက်သဖြင့် စစ်တိုက်လာမည် မဟုတ်ဟု ကျွန်မတို့ကိုထပ်တလဲလဲ အာမခံ ချက်ပေးနေ၍ တောင်ကြီးမြို့သူ မြို့သားများသည် လွတ်လွတ်လပ်လပ် ပျော်ပျော် ပါးပါးနေခဲ့ကြပါ သည်။စစ်ဘေးစစ်ဒဏ်အတွက် တွေးတောပူပင်စရာ အကြောင်မရှိပါ။

သို့ဖြစ်၍ ဥရောပတိုက်သားများက အကမပျက် အသာက်မပျက်၊ အပျော်မပျက် နေခဲ့ကြသည်။
'' တို့တစ်တွေမကြာခင် ဘ၀ဆုံးတော့မှာပဲ'' ဆိုသောအသိကရှိနေလိုများ ထင်မြင်ရာ စွတ်လုပ်နေကြ လေရော့ သလား၊ သို့မဟုတ် ရင်ဆိုင်ကြုံ တွေ့လာမည့် ဘေးဆိုး အန္တရာယ်ကို သတိမမူ ဂူမမြင် ဖြစ်နေကြ လေရော့လား မသိပါ။
တောင်ကြီး မြို့တွင် ဥရောပတိုက်သားများ ၁၅၀ ခန့် ရှိပါသည်။ အများစုမှာ ဗြိတိသျှ အရာရှိများနှင့် သာသနာပြု အဖွဲ့မှ အီတာလျံ သီလရှင် များ ဖြစ်ပါသည်။
ငွေကြေးချမ်းသာသော ဗမာလူမျိုး၊ရှမ်းလူမျိုး၊အင်္ဂလိပ်မြန်မာ ကပြား၊အင်္ဂလိပ်ကုလားကပြား၊ ၀တ်လုံများ၊ ရှ့နေများ၊ ကျောင်းဆရာများ ကုန်သည်ပွဲစားများ သည် အငြိမ်းစားယူပြီး တောင်ကြီးမြို့၌ အခြေ ချနေကြ သည်။ အလွန်အေးချမ်းသောနေရာ၊ စစ်၏အနိဌာရုံများနှင့် ကင်းဝေးသည့်နေရာဟူ၍ မှတ်ထင် ထားခဲ့ ပါသည်။

ဝေးလံသောဒေသများမှ အမြောက်သံ၊ဗုံးသံများ တဖြည်းဖြည်းနီးကပ်လာနေသည်ကို သတိမမူမိကြပါ။ ကျွန်မ၀ယ်ထားသော ရေဒီယိုမှ ဂျပန်တို့ပုလဲဆိပ်ကမ်းကို ဗုံးကြဲပုံကို ၀င်ရောက် တိုက်ခိုက်ပုံ၊ ပရင့်စ်အော့်(ဖ်) ဝေးလ်နှင့်ရီပါ့လ်စ် စစ်သဘောင်္ကြီးနှုစ်စီး နစ်မြုပ်သွားပုံတို့ကို နားတောင်ကြားသိနေ ကြစေကာမူ ကျွန်မတို့ တစ်တွေသည် စစ်နယ်ပယ်အတွင်းသို့ မရောက်နိုင်ဟု ယုံကြည်နေကြလေသည်။
 
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၃ ရက်နေ့တွင်ရန်ကုန်မြို့ကို ဂျပန်ဗုံးကြဲလေယာဉ်များက ဗုံးလာကြဲသည်။ စက်သေနက်နှင့်လည်း ပစ်သေးသည်။ အစိုးရလုပ်ငန်းများ ရပ်သွားခဲ့သည်။
အမှန်မှာ ဗုံးကြဲသည့်နေ့ကို အထူးတလည် မှတ်မိနေခြင်း မဟုတ်ပါ။ တောင်းကြီးမြို့' ဆေးကရက်ဟတ်' ဘုရားရှိခိုးကျောင်းတွင် ထိုနေ့က ကျွန်မ၏ ညီမအစ္စဘယ်လ်နှင့် ၀ါလတာဖူးလား တို့နှစ်ဦး လက်ထပ်သော နေ့နှင့် တိုက်ဆိုင်နေ၍  မှတ်မိနေခြင်းဖြစ်ပါသည်။ ပရိတ်သတ်အနည်းငယ်ကို သာဖိတ်ကြားထားသည် ဖြစ်၍ အေးအေးဆေးဆေး ရှိလှသည်။

ဝါလတာ၏ အစ်မနှစ်ဦးမှာလည်း သူနာပြု ဆရာမကြီးများပင်ဖြစ်၍ ရန်ကုန်ကို ဗုံးကြဲသောနေ့တွင် တောင်ကြီး မြို့သို့ ရောက်နေခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးသည် အိန္ဒိယပြည်သို့ ကုန်းလမ်းမှ စစ်ပြေးကြ ရာတွင်လမ်းခရီး၌ သေဆုံးသွားကြသည်။ သူတို့နှစ်ဦး၏ ရုပ်ကလာပ်ကို လမ်းဘေးတစ်နေရာတွင် တွေ့ရသော အချိန်၌ လက်ထဲတွင် စာရွတ်တစ်ရွတ် ကိုင်ထားသည်ကို တွေ့ရသည်။ စာရွက်သည် မစ္စလ်ဘီ ဆိုသူ အမျိုးသမီးက သူနှင့်သူ၏ ကလေးသုံးဦး သေရအံ့ဆဲဆဲတွင် ပေးသွားသော သေတမ်းစာပင် ဖြစ်သည်။

မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစစ်သည် လူအများအား မိမိတို့တာဝန်ကျသော နေရာများ တွင် နေကြရန်စိတ်အားထက်သန်စွာ တိုက်တွန်းသွားပါသည်။ မြန်မာနိုင်ငံသည် ရန်သူကိုရင် ဆိုင်ရန် အသင့်ရှိ နေပါသည်ဟု ပြောသွားခဲ့သည်။ သို့သော်ရန်ကုန်မြို့ကို ပထမအကြိမ်ဗုံးကြဲ ခံရသည့် အချိန် တွင်ပင် မြို့ပေါ်ရှိ လူအများအပြားသည် ဘုရင်ခံ၏ စကားကို အယုံအကြည် မရှိကြ၍ တစ်သုတ် ပြီးတစ်သုတ် ထွက်ခွာ သွားလေတော့သည်။

ဒီဇင်ဘာ၊ ၂၅ ရက် ခရစ္စမတ်နေ့တွင် နောက်တစ်ကြိမ် ဗုံးလာရောက်ကြဲချသောအခါ ထောင်ပေါင်းများ စွာသောမြို့သူမြို့သားများသည် အထက်မြန်မာပြည်သို့ တစ်သုတ်ပြီး တစ်သုတ် ထွက်ပြေးကုန်ကြ သည်။ ဥရောပ တိုက်သားများနှင့် အခြားစစ်ပြေးများပါ တဖြည်းဖြည်း တောင်ကြီးမြို့သို့ရောက်လာကြ သည်။ ကျွန်မတို့ တစ်တွေက ဂရုမထားခဲ့စေကာမူ စစ်ကြီးသည်ကျွန်မတို့ထံသို့ ဆိုက်ရောက် လာပါပြီ။

သတင်းတွေကား မယုံနိုင်စရာ ဖြစ်နေသည်။ '' ကျွန်မတို့၏ စစ်သည်များသည် ဂျပန်လူဝါကလေးများ ထက် စစ်ရေး ကျွမ်းကျင်သည်၊ ကျွန်ုပ်တို့၏ လေယာဉ်တွေက ပိုမိုခေတ်ပြီးဂျပန်လေယာဉ်ပျံများကို မြန်မာ ကောင်းကင်မှ မကြာမတင် ရှင်းလင်းပစ်တော့မည် ဟူ၍ ကျွန်မတို့ကို သတင်းလွှင့်ထားပါသည်။ အမှန်မှာ ကျွန်မတို့တွင် လေယာဉ်မရှိပါ။ ကျွန်မတို့၏စစ်သားများကလည်း လေ့ကျင့်မှုမပြည့်ဝသည့် အပြင် လက်နက် များ က ခေတ်နောက်ကျနေပါပြီ။

မြန်မာပြည်မှ ဆုတ်ခွာရေးအစီအစဉ်ကို ကျွန်မဝေဖန်ချင်ပါသည်။ အစီအစဉ်က ကမောက်ကမနိုင်လှပါ သည်။ မြန်မာပြည်မှ ဆုတ်ခွာရာတွင် မည်သည့်အတွက် ရန်ကုန်ရေလမ်းခရီးဖြင့် မဆုတ်ခွာ စေသနည်း။ နယ်စပ် တောင်ပေါ်ဒေသများသို့ စစ်ပြေးများအား စေလွှတ်ရာတွင်သည့်တွက် ကြိုဆို လက်ခံရေးအဖွဲ့များ ကြိုတင်မစီစဉ်ခဲ့သနည်း။ တကယ်လို့များ တောင်ကြီးမြို့က ထွက်ခွာရ မည်ဆိုလျှင် မည်သို့ ထွက်ခွာ ကြမည်နည်း။ ကျွန်မသည် ထိုအချိန်အထိ တောင်ကြီးမြို့က ဆုတ်ခွာ ထွက်ပြေး ကြရ လိမ့်မည်ဟု မထင်မှတ် သေးပါ။မည်ဆိုပါလျှင် မည်သို့ထွက်ခွာကြမည်နည်း။ ကျွန်မသည် ထိုအချိန်ထိ တောင်ကြီးမြို့က ဆုတ်ခွာ ထွက်ပြေးကြ ရလိမ့်မည်ဟု မထင်မှတ်သေးပါသည်။

ပျော်ပျော်ပါးပါးနှင့် အချိန်များ ကုန်သွားခဲ့သည်။ တောင်ကြီးကလပ်တွင် ဖဲရိုက်မပျက်၊ အရက်သောက် မပျက်၊ အကမပျက်ရှိကြသည်။ ကျွန်မကတော့ အရာရှိကတော်အချို့ကို သူနာပြုသင်တန်းပေးသည်။ ဆေးသတ္တာများ ထုပ်ပုံထုပ်နည်း၊ ကျပ်စည်းပုံစည်းနည်းများ သင်ပြပေးသည်။ အရာရှိကတော် အချို့က လည်း ရှမ်းစော်ဘွားသားများ ကျောင်းတွင်ယာယီဖွင့်ထားသော စစ်ဆေးရုံရှိဒဏ်ရာရ စစ်သားများကို သွားရောက် အားပေးသည်။ ဂျပန်များ ရန်ကုန်သို့ ချီတတ်ရာတွင် ကြားဖြတ်ခုခံတိုက်ခိုက်ခဲ့၍ ဒဏ်ရာ ရလာသူများ ဖြစ်သည်။
ကျွန်မမှာ ပျော်အပါးကိုများကို စိတ်ကူးရန်အချိန်မရပါ။ ဆေးရုံအလုပ်နှင့်ပင် မအားလပ်အောင် ဖြစ်နေ ပါသည်။ ငှက်ဖျားရောဂါ၊ ၀မ်းကိုက်ရောဂါက တစ်မျိုး၊ ထိုခိုက်ဒဏ်ရာ ရသူများနှင့် ကိုယ်ဝန်ဆောင်များ က တစ်ဖုံ၊ အူအတတ်ပေါက်သူများ ခွဲစိတ်ကုသရေးက တစ်သွယ်ဖြင့် မိုးလင်းကမိုးချုပ် မအားရပါ။

ဆေးရုံတွင် အမှုထမ်းများက နည်းနေရသည့်အထဲ ဆေးရုံအုပ်ဆရာဝန် ဗိုမှုးကြီး တက်ကင်စတန်ကို စစ်တပ်က ဆွဲထားသေးသည်။ အစားပေးသူက တရုတ် မြန်မာ ကပြား၊ အသက်ကြီးပြီး ပင်စင်ပေးဖို့ပင်၊ လွန်နေသော အရွယ်ဖြစ်သည်။
နောက်ပြီးအမေရိကန် သာသနာပြုအဖွဲ့မှာ ဆရာဝန်ကြီးဂေါ်ဒင်ဆီးဂရေ့၏ ဆေးရုံမှ လေ့ကျင့်ပေး လိုက်သော သူနာပြု ဆရာမခြောက်ဦး၊ အဆောင့်စောင့်လေးဦးနှင့် တိုင်းရင်းသား ဆရာဝန် လေးဦးတို့ လည်း ဆေးရုံကို ရောက်လာကြပါသည်။

စစ်ပြေးဒုက္ခသည်များ တဖြည်းဖြည်းရောက်လာကြရာ ကျွန်မ တို့၏သီးသန့် အခန်းများကိုပင် ပေးထား ရသည်။ ကျွန်မတို့၏တာဝန်က ပိုကြီးလာသည်။ စစ်ပြေးများထဲတွင် မျက်နှာဖြူများလည်း ပါရှိ ပါသည်။ အချို့သော မျက်နှာဖြူများ၌ အဖိုးထိုက်အဖိုးတန် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြား များကို အင်္ကျီ အနားချုပ်ရိုး များတွင် ၀ှက်ပြီးယူလာသည်ကို တွေ့ရပါသည်။
 
ယခုကဲ့သို့ ၀ှက်ယူလာသည်များကို ကြုံတွေ့ရသောအခါ ဒေါပွမိသည်။ အမှန်တော့ အရေးရယ်အ ကြောင်းရယ် လို့ ပေါ်လာလျှင် ထုတ်သုံးဖို့ လွယ်ကူရန် ယူဆောင်လာကြသည်ကို ကျွန်မအနေဖြင့် ဒေါမပွ သင့်ပါ။ ထိုအချိန်အခါက ကျွန်မစိတ်ထဲတွင် "ဘယ်သူသေသေ ငတေမာ ပြီးရော" လူစားမျိုးကို ရွံ့မုန်း ခဲ့ပါသည်။ ထိုစိတ်ဓာတ်သည် ၁၉၁၉ခုနှစ်က ဖြစ်ပေါ်ခဲ့သော တုပ်ကွေးရောဂါ ကပ်ထဲ၌ကျွန်မ သေမလို ဖြစ်ခဲ့ရာမှ အမွေရ လိုက်ခြင်း ဖြစ်သည်ဟုမေမေက ပြောပါသည်။

ကျွန်မသည် ထိုအချိန်က မြန်မာပြည်၏အရှင်သခင်များ (အားလုံးတော့ မဟုတ်ပါ)ကို မျက်စိထဲတွင် ကြည့်မရ ခဲ့သည်ကိုတော့ ၀န်ခံပါသည်။ ထိုသို့သော အရှင်သခင်ကြီးများသည် တင်နစ်ကစားရာတွင် ဆားဗေစ်(စ်)စ ပေးရသည့် ရိုပ်ချက်ဟုထင်မှတ်နေကြသူများ ဖြစ်သည်။ သူတို့ကိုအပြစ်တင်၍လည်း မဖြစ်ပါ။ သူတို့သည် ပညာကိုကောင်းစွာ သင်ကြားလာကြသူများ ညာဏ်ရှိသူများဖြစ်သော်လည်း စနစ်တစ်ခု၏သားကောင်များ ဖြစ်ပါသည်။ တင်းကျပ်သော လူတန်းစားဖွဲ့စည်းပုံက သူတို့အားပေါ့ပေါ့ တန်တန်နေထိုင်သည့် အကျင့် ပါစေပြီးလူကို ထိုင်းမှိုင်းသွားစေခဲ့ပါသည်။
 
အရာရှိကြီး တစ်ဦးဦး၏အိမ်သားစာရင်း ၀င်သွားပြီဆိုပါလျှင် အခြွေအရံ၊ ကျေးကျွန်များက သူနေ့ရာနှင့် သူရှိနေကြပြီးဖြစ်၍ ဘာတစ်ခုမျှ ဘာတစ်ခုကိုယ်တိုင်လုပ်ရန် မလိုတော့ပါ။ ထမင်းချက်၊ ကလေးထိန်း၊ စားပွဲထိုး၊ အစေခံများကို အမိန့်ပေးရုံနှင့်အစစ ပြည့်စုံသွားကြ၍ကိုယ့်ကိုယ်ကိုယ် အားကိုးချင်စိတ်ပင် မရှိတော့ပါ။

အိန္ဒိယပြည်သို့ထွက်ပြေး လွတ်မြောက်သွားသူများတွင် စိတ်ဓာတ်ခိုင်မာသူများ၊ အစွမ်းအစရှိသူများ၊ ပါဝင်ကြပါသည်။ တောင်ကြီးသို့ရောက်လာ ကြသူများသည် ထိုသို့မဟုတ်ပါ။ သူတို့သည် ကလပ်ကို သူတို့၏ဘ၀ရပ်တည်ရေး လည်ပတ်ရန်အတွက် ဗဟိုပြုနေကြသည်။ ကလပ်မှနေ၍ လှုပ်ရှားနေခြင်း ဖြင့် လူဖြူမဟုတ်သော လူတန်းစားအလွှာ အသီးသီးထက် သီးခြားကင်းလွတ် မြင့်မြတ်သူများအဖြစ် ပြုမှု နေကြပါသည်။

ယနေ့ခေတ်လူတွေက အသားအရောင် ညိုမှောင်စေရန်အတွက နေပူစာလှုံရန်နေရာများကို ရှာဖွေကြ သည်။ မြန်မာပြည်တွင်မှု နေရောင်ကောင်းကောင်းရပါလျက် အမျိုးသမီးများက သူတို့၏ဆင်စွယ် ရောင် အသားကို ကာကွယ်ရန် နေရိပ်ကို ခိုကြသည်။ ဆင်စွယ်ရောင် အသားပိုင်ရှင် သည် သာ လူတန်း စားခွဲ ရာတွင် ထင်ပေါ်သည် မဟုတ်ပါလား။
ခြေအိတ်လတ်အိတ်အရှည်များ ၀တ်ခြင်း၊ အရိပ်ထဲ၌နေခြင်းတို့ကို ကျွန်မမကြိုက်ပါ။ ကျွန်မ၏ မိဘများက သူတို့၏အပေါင်းအသင်း ရိပ်မြုံထဲသို့ မ၀င်စေလို၍ မဟုတ်ပါ။ ကျွန်မ၏မိဘများသည် ဥရောပတိုက်သူ တိုက်သားများဖြစ်၍ ကျွန်မကိုအသားအရောင်ကြေင့် မညသည့်အခါတွင်မျှ သူတို့၏ အပေါင်းအသင်းမှ ဖယ်ထားခြင်းမရှိပါ။ အဖြူရောင်၏ အာနိသင်သည် မည်သည့်အရာနှင့် မဆိုကွဲပြား ခြားနားသည်ဟူသော အတွေးအခေါ်ကို ကျွန်မကြီးပြင်လာသော ပတ်ဝန်းကျင်က လက်ခံယုံကြည်နေ သောကြောင့်ဖြစ်ပါသည်။

ကျွန်မ၏ အသားအရေမျာပျားရည်ရောင် ထနေပါသည်။ ဥရောပါသူများလို ဖြူဖြူကြမ်းကြမ်း မဟုတ်ပါ။ အကယ်၍သာ ကျွန်မသည်အင်္ဂလိပ် မြန်မာကပြား၊ သို့တည်းမဟုတ် အင်္ဂလိပ်ကုလားကပြား ဖြစ်မည် ဆိုပါကနှိမ့်ချခြင်း၊ အပေါ်စီးမှကြည့်ခြင်၊ အထိတထိစောင်းမြောင်း ပြောဆိုခြင်းတို့ကို ခံရမည်မှာသေ ချာလှပါသည်။ ပေါ်တူဂီသွေးက တစ်ဝက်၊ စကော့သွေးက တစ်ဝက်ဖြစ်၍သာ သက်သာမှု ရှိခဲ့ပါ၏။

ကျွန်မ၏မိဘ အရင်းအချာများကို မဆိုထားဘိ၊ ပေါ်တူဂီလူမျိုး ဗတ်(စ်)ကိုဒဂါးမားနှင့် စကော့လူမျိုး ရောဘတ်ဆန်း(စ်)တို့နှင့် လူမျိုးတစ်မျိုးဖြစ်ရသည်ကို ပြောင်းလဲလိုစိတ် မရှိခဲ့ပါ။ သို့သော် ကျွန်မ၏ စိတ်ထဲတွင် လူဖြူမျိုး ဖြစ်ရသည့်အတွက် အခြားသူများထက် မြင့်မြတ်သည်ဟူ၍ မယူဆပါ။ လူပျိုလူလွတ် ဥရောပ တိုက်သားတစ်ဦးက တိုင်းရင်းသူ အမျိုးသမီး တစ်ဦးနှင့် တွဲလာနေသည်ကို မကြည့်လို၍ ကပွဲမှ ထွက်သွားသူများ အပေါ်တွင်လည်းကျွန်မက သည်းခံနိုင်သူ မဟုတ်ပါ။

ကျွန်မသည် အသားအရောင် ခွဲခြားခြင်းကိုဆန့်ကျင်သော စိတ်ဓာတ်ပြင်းထန်သူများ၏ ကိုယ်စားလှယ် တော့မဟုတ်ပါ။ အသားအရောင်ခွဲခြားမှု စနစ်၏မညီမျှမှုကို အဆုံးသတ်ရန် တောင်းဆိုနေသူ မဟုတ် သလိုအနှိမ်ခံ လူတန်းစားများအတွက် ၀မ်းနည်းပက်လက်ဖြစ်နေခြင်းလည်း မရှိပါ။ ကျွန်မအနေဖြင့် ထိုကဲ့သို့သော သူများအတွက် လက်ခုပ်တီးမိမည် ဖြစ်ပါသည်။ ကျွန်မ၏ဘ၀ အတွေ့အကြုံများက လူတန်းစား ခွဲခြားခြင်းသည် တန်ဖိုးမရှိဟူ၍ သင်ကြားပေးခဲ့ပါသည်။ ကျွန်မ၏ဘ၀တွင် ယင်းသင်ခန်း စာကို မေ့ပျောက်လိမ့် မည်မဟုတ်ပါ။

သူနာပြုလုပ်ငန်းသည် အယုတ်အလတ်အမြတ်ရွေး၍ ဖြစ်သောလုပ်ငန်း မဟုတ်။ လူတန်းစားအလွှာ အသီးသီးကို တစ်ပြေးညီတည်း ဖြစ်အောင် ညှိပေးရသော လက်နက်ပင်ဖြစ်ပါသည်။ အရေခွံအောက်၌ ရှိနေသောသွေးသည် လူမျိုးမရွေးနီကြသည်သာ ဖြစ်သည်။ တိတိကျကျပြောရပါလျှင် သွေးသည်ပြာ နေခဲ့သောသင်သည် သင်္ချိင်းသို့ ခပ်မြန်မြန်ကြွရပေတော့မည်။ ဒေ၀ဒနာခံစားရခြင်းသည်လည်း အသား အရောင်ခွဲခြားခြင်း မရှိပါ။ ကျွန်မ၏အလုပ်က ယင်းသို့စိတသဘောထားမျိုး ထားရှိရန်လမ်းညွှန် ပေးနေခြင်း မဟုတ်သော်လည်း ထိုအတွေးအခေါ်ကိုပင် ခံယူရမည်ဖြစ်ပါသည်။

ဘုရားတရားကို သက်ဝင်ယုံကြည် လေးစားသော မိသားစုမှ ကြီးပြင်းလာရသူဖြစ်၍ ကျွန်မတို့၏ ဘာသာ၌နိဗ္ဗာန်ဟူသည် အသားအရောင်မျိုးစုံတို့၏ ခိုလှုံရာဟုစွဲမြဲ ယုံကြည်ပါသည်။ ကျောင်းခန်းမ များ၌ချိတ်ဆွဲ ထားသော ၀ိတိုရိယ ဘုရင်မကြီး၏ ဓာတ်ပုံထဲတွင်သူမ ပိုင်ဆိုင်ထားသည့် နိုင်ငံများမှ အသား အရောင်ညိုမှောင်သော ကလေးငယ်များ ၀န်းရံနေကြသည်ကို ကျွန်မမြင်ယောင်နေမိပါသည်။
ကျွန်မတို့တွင် အိမ်ဖော်များရှိပါသည်။ ဖေဖေသည်အိမ်ဖော်များကို တန်းတူရည်တူ ဆက်ဆံခြင်းမရှိ စေကာမှု သူတို့သည် လူသားများဖြစ်သည်ကို မမေ့ကြရန်တော့ အမြဲသတိပေးလေ့ရှိပါသည်။ ကျွန်မတို့အားအိမ်ဖော်များနှင့် ဆက်ဆံစကားပြောရာတွင် အင်္ဂလိပ်ဘာသာနှင့် ပြောခွင့်မပြုပါ။ သို့ဖြင့် ကျွန်မသည် အူရဒူ၊ မြန်မာ၊ ဟိန္ဒူစတန်နီ စကားများကိုသွက်လက်စွာ ပြောဆိုနိုင်ပါသည်။

အိမ်ဖော်များသည် သူတို့အတွက်ပေးထားသော မြေကွက်များ၌ ကျွန်မတို့နည်းတူ စိုက်ပျိုးရေးမွေးမြူ ကြပါသည်။ ကျွန်မသည် မြန်မာလူမျိုးမဟုတ်ပါ။ သို့သော်မြန်မာ့မြေပေါ်၌ မွေးပြီးကြီးပြင်းလာခဲ့သူ ဖြစ်ပါသည်။ အင်္ဂလန်နိုင်ငံ၏ အလေ့အကျင့်များနှင့် ယဉ်ကျေးမှုများကို မြန်မာ့မြေပေါ်၌ ပြန်လည် အသက် သွင်းလိုသူများထဲ၌ ကျွန်မမပါပါ။
ကဗျာဆရာ ဘုန်းတော်ကြီး ဂျွန်ဒွန်နေကဲ့သို့ ကျွန်မသည်သီးခြား ကင်းလွတ်စွာ အထီးကျန်နေလိုသူ မဟုတ်ပါ။ အစုအဝေးတစ်ခု၏ အစိတ်အပိုင်းတစ်ခုအဖြစ် နေချင်ပါ၏။ အင်္ဂလန်နိုင်ငံ ဆားရေးနယ်မြေ မှ သယ်ဆောင်လာသော ၀တ္တက မြေပေါ်တွင် တည်ဆောက်ထားသည့် အလား 'ကလပ်'ကို ကိုးကွယ် ဆည်းကပ်ကြည်ညို နေကြသောလူစုများ၏ အလယ်တွင်တော့ ကျွန်မမနေလိုပါ။ စေတီပုထိုးများသည် ဗုဒ္ဓဘာသာ တိုက်သားများကလည်း ကလပ်သည်မြင့်မြတ်သူများ၏ ပျော်စံရာဖြစ်သည်ဟု ယုံကြည်ကျင့် သုံးနေကြ ပါသည်။

ဂျပန်များသည် မြောက်ဘက်အရပ်ဆီသို့ မှန်မှန်ချီတက်လျက်ရှိပြီး ရက်စက်မှု အပေါင်း၌ သရဖူ ဆောင်းနေကြစဉ် ကလပ်သည် အင်္ဂလိပ်များအတွက်သာ ဟူသော သဘောထားကိုသဲသဲမဲမဲ စွဲမှတ် ထားကြဆဲ ပင် ဖြစ်သည်။
အလွန်သန့်ရှင်းပြီး ခေါက်ရိုးမပျက် အ၀တ်အစားများးကို ၀တ်ဆင်ထားကြသည့် စားပွဲထိုးများသည် လှခန့်ညားသော ပရိဘောဂများကို ခင်းကျင်းထားပြီး ခန်းလုံးပြည့် ကော်ဇောများပေါ်တွင် တိတ်ဆိတ် စွာသွားလာလျက် ၀ီစကီ၊ ဂျင်၊ ဘရန်ဒီများကို ခွက်ကြီးခွက်ငယ်များ အတွင်းသို့ လိုက်လောင်းထည့်ပေး နေကြ ပါသည်။

ဆေးလိပ်သောက်သော အခန်း၊ ဘိလိယက်အခန်း၊ အမျိုးသမီးများ ဖဲရိုက်သည့်အခန်း၊ အကောင်းဆုံး အစားအစာများရသည့် ထမင်းစားခန်းအရက်ဘားခန်း၊ ရေကူးကန်နှင့် တင်းနှစ်ကွင်းများသည် ကလပ်၏ အဆောင် အယောင်များ ဖြစ်ပါသည်။ ကလပ်များသည် လူအများတွေ့ဆုံ၍ သတင်းများဖ လှယ်ရန်၊အတင်းအဖျင်း ပြောဆိုရန် ဆုံဆည်းကြသည့် နေရာလည်းဖြစ်ပါသည်။
ကျွန်မသည် ကလပ်ပေါ်တွင် စိတ်ဝင်စားမှု မရှိခဲ့ပါ။ သို့သော်စစ်ပြေးလာကြသူများက ကလပ်ကို ၄င်းတို့ ဇိမ်ယူရန်ခုတုံးလုပ် အသုံးပြုလာသည့် အခါကျမှ သတိမူမိခြင်း ဖြစ်ပါသည်။ ဒါတွေကို ယနေ့တိုင်အ မှတ်ထင်ထင် ပြန်လည်ဖော်ပြနေခြင်းမှာ ထိုအချိန်က ဥရောပတိုက်သားများ၏ ပတ်ဝန်းကျင် အခြေအနေကို ခြုံငုံသိရှိစေရန်နှင့် မြန်မာပြည်စစ်ပွဲ၌ မည်သည့်အတွက်မှ အဆင်သင့် မဖြစ်ခဲ့သည်တို့ ကိုနားလည် စေရန်ဖြစ်ပါသည်။

မြန်မာပြည်တွင်းသို့ ချင်းနင်းတိုက်ခိုက်လာသော ဂျပန်များက သွေးစုပ်ခံမြန်မာတစ်မျိုးသားလုံး အရင်ရှင်များလက်မှ ရုန်းတွက်နိုင်စေရန် ကူညီခြင်းပါဟု ကြေညာနိုင်အောင် သူတို့တစ်တွေ၏ နေပုံ ထိုင်ပုံ များက မီးထိုးပေးသလို ဖြစ်နေ့ပါသည်။ တစ်နည်းအားဖြင့် ဗမာလူမျိုးများသည်ကလပ်ပျော်  လူတန်းစားများ၏ လက်အောက်မှ လွတ်မြောက်လိုကြပါသည်။ ထို့ကြောင့်ပင် အင်အားတောင့်တင်း သောရန်သူ အားပေး မျိုးချစ်တပ်အများ အပြားပေါ်ပေါက်လာခဲ့ပြီး ၄င်းတို့၏ လက်ချက်ဖြင့် လူတန်းစား မရွေး လူမျိုးမရွေး၊ ဘာသာမရွေး အိန္ဒိယပြည်သို့ ထွက်ပြေးကြသူများး လမ်းခရီး၌ သေဆုံးကုန်ကြရ ခြင်းဖြစ် ပါသည်။

ထိုအချိန်တွင် မိမိတို့ဘက်မှ ဆုံးရှံးကျဆုံးမှုများက ရပ်နားနေသည်မဟုတ်ပါ။ ကျွန်မတို့မှာ အဖြစ်မှန်ကို ဘာမျှမသိကြသဖြင့် ပျော်ပျော်ပါးပါးဖြင့် အချိန်တွေ ကုန်ခဲ့သည်။ ကျွန်မတို့တွင်သတင်းစာများ မရိပါ ရေဒီယို ကလည်း အကောင်းဘက်ကနေပြီး အသံလွင့်နေသည်ကိုသာ ကြားနေရပါသည်။ တိုင်းသူပြည် သားများအား အမှန်တိုင်းထုတ်ဖော်ပြောပြခဲ့သော် စိတ်ဓာတ်ကျမည်ကို အာဏာပိုင်များက စိုးရိမ် နေပါ သည်။
စစ်ပြေးများသည် လားရှိုးဘက်သို့ ထွက်ခွာသွားကြ၏။ အချို့လည်းကျန်ရစ်ခဲ့၏။ ဆာရယ်ဂျီနယ် ဒေါ်မန် စမစ်က '' ရန်သူတွေ ရောက်မလာပါဘူး' ဟုပြောထားသည် မဟုတ်ပါလား။
မတ်လစောစောပိုင်းက ရန်သူများ၏ လက်သို့ ရန်ကုန်မြို့ကို စွန့်လွှတ်ခဲ့ရသည့် တိုင်အောင် နောင် ဖြစ်ပေါ် လာမည့် အခြေအနေများကို အချို့က လက်မခံလိုကြသေးပေ။ သူနာက သေတော့မည်၊ သူတို့ တစ်တွေ ကမူ ရောဂါဇာစ်မြစ်ကို ရှာဖွအတွေ့သေးသော ဆရာဝန်နှင့် တူကြပါသည်။ ရောဂါဇာစ် မြစ်ကို ရှာဖွေ ရန် အလိုတော့သည့် အခြအနေက ရောက်လာပေတော့သည်။
၁၉၄၂ ခုနှစ်၊ ဧပြီလ၊ ၁၀ရက်နေ့တွင် ဘေးဆိုင်အန္တရာယ်သည် အမှန်တကယ်ပင် ဆိုက်ရောက်လာခဲ့ ပါတော့သည်။

တစ်နေ့ကပင် မိတ်ဆွေဟောင်း ဗိုလ်မှူးကြီး ကင်စတန်သည်အင်းလေးကန်ထွက် ငါးကြီးကြီးများကို ၀ယ်လို၍ တောင်ကြီးမြို့သို့ ရောက်လာခဲ့ရာ ကျွန်မနှင့် အမှတ်မထင် တွေ့ကြပါသည်. သူသည် အေး ဆေးတည်ငြိမ်သူ တစ်ယောက်ဖြစ်သည့်ပြင် ကြောက်တတ်သူလည်း မဟုတ်သောကြောင့် သူ ပြောပြ သည်တို့ကို တလေး တစား နားထောင်ရသည်။ သူက'' မိထ္တီလာမှာ လူတွေငတ်ကုန်ကြပြီ ဂျပန်တွေ လည်း တဖြည်းဖြည်း နီးကပ် လာပြီ၊ အချိန်ရှိတုန်းရှိခိုက် မင်းရဲ့မိခင်နဲ့ ဖခင်တို့ကို ခေါ်ပြီး ထွက်သွားပါ'' ဟုအကြံပေးပါသည်။

ဖေဖေသည် အသက်ကလေးရလာပြီ ကျန်းမာရေးကလည်းမကောင်း၍ ခရီးဝေးသွားရမည်ကို ရင်လေးနေပါသည်။ လေယာဉ်ကွင်းသို့သွားရာတွင် သူပါနေ၍ ခရီးဖင့်နေမည်ကို သူကစိုးရိပ်နေမိ သည်။ သူ့အတွက်အစစအရာရာ ပြည့်စုံပြီး ပျော်ရွင်နေသော အိမ်မှ စွန့်ခွာသွားရမည်ကို အမှန်ပင် ၀န်လေး နေပါသည်။ ဘယ်လိုအကျိုးအကြာင်းပြပြ သူကတော့သူ့အိမ်မှ ခြေတစ်ဖ၀ါးမှ အခွာနိုင်ဟု ခေါင်းမာ နေပါသည်။ နောက်တစ်ကြိမ် ဂျပန်လေယာဉ်များ၊ မလာမီ ဖေဖေ့ကိုတော့ နားချ၍ ရမည်မ ဟုတ်ပါ။

ဗုံးကြဲခံရသည့် ပထမနေ့က ဖြစ်ပျက်ခဲ့သည်တို့မှာ အလွန်ထိတ်လန့် ရင်နာဖွယ်များ များပြားနေပါသည်။ ဘာတွေဖြစ်ခဲ့သည်ကို ကောင်းစွာလည်းမမှတ်မိတော့ပါ။ အားလုံးမှုန်ဝါးဝါး ဖြစ်နေခဲ့ပါသည်။
ဆေးရုံကို ဗုံးကြဲချပြီး ပထမအသုတ် ပျံသန်းသွားစဉ် ဗုံးဆန်ထိမှန်ခံထားရသော လူနာဆောင်မှ လွင့်စဉ် လာသည့် မှန်ကွဲစများကို ရည်ရွယ်ချက်မရှိဘဲ လမ်းလျေက်နေသော ဆရာဝန်ကြီးက ကောက်ယူ၍ အိတ်ကပ်ထဲ ထည့်နေသည်ကို တွေ့ရပါသည်။ ဆရာဝန်သည် တုန်လှုပ်မှုကြောင့်လား၊ ဗုံးပေါက်ကွဲမှု ကြောင့်လား မသိပါ။ သူ၏စိတ်ထားမှာ မမှန်ကန်တော့ပေ။ သူအားဆေးရုံမှ အမြန်ထွက်သွားစေရန် တိုက်တွန်းခြင်း သည်သာ ကိုယ်ချင်းစာနာမှုနှင့် လူဝတ္တရား ကျေပွန်ရာ ကျမည်ဟု ကျွန်မထင်ပါသည်။

အရေးကြီးဆေးကုသမှု ပေးရန် လူနာအများအပြားပင် ရောက်နေကြသည်။ စိတ်ဖောက်ပြန်သွားသော အဘိုးကြီးတစ်ဦးအတွက် ၀မ်းနည်းမျက်ရည်ကျရန် အချိန်မရပါ။ ကျွန်မတို့တစ်တွေသည် အနာများကို ဆေးကြောကာ ဆေးထည့်ရဦးမည်။ကွဲပြဲနေသည်တို့ကို ချုပ်ပေးရဦးမည်။ ကလေးများကို အစာ ကျွေးရ ဦးမည်။ သေဆုံးသူများကို ဖယ်ရှားသယ်မရဦးမည်၊လူမမာများအား ဗုံးခိုကျင်းထဲ ပို့ရဦးမည်။ အရေး ထဲတွင် ရင်ခွဲရုံက သေးသေးလေး သေသွားသည့် အလောင်းတွေက များလွန်းနေ၍ မဆံ့မပြဲဖြစ်နေ သည်။

အလုပ်နှင့် လက်မမျှအောင် အလွန်အလုပ်ရှုပ်နေစဉ် လူနာဆောင် သန့်ရှင်းရေး အမျိုးသမီးတစ်ဦးက ကျွန်မ အကျီင်္စကို ဆွဲပြီး သူနှင့်လိုက်ခဲ့ရန်ခေါ်သည်။
'' ဆရာမကြီး မြန်မြန်လာပါ၊ ဗုံးကြီးထဲက အသံတွေ မြည်နေတယ်'' ဟုပြောလည်းပြော၊ ဗုံးမြည်သံကို လည်း မြည်ပြနေပါသည်။
ကျွန်မက ဆေးရုံဝင်းထဲသို့  သူမနှင့်အတူ ထွက်လာခဲ့ရာ ရင်ခွဲရုံနှင့်မလှမ်းမကမ်းတွင် အခန်းတစ်ခန်း စာလောက်ကျယ်သည့် ချိုင့်ကြီးထဲ၌ မပေါက်ကွဲသေးသော ဗုံးတစ်လုံးကို တွေ့ရသည်။ ယနေ့ တိုင်အောင် ကျွန်မ၏စိတ်ထဲဝယ် ဗုံးမြည်သံ ထွက်ပေါ်နေခဲ့သည်ဟု ယုံကြည်နေပါသည်။ အမှန် အားဖြင့် ဗုံးပေါက်ကွဲသံ များကို အဆက်မပြတကြားနေရပြီး နားတွေအူကုန်သဖြင့် ထိုသို့မြည်သံ ကြားရခြင်းဖြစ်ကြောင်း ရှင်းပြကြ၍ ကျွန်မက လက်ခံထားပြီး ဖြစ်ပါသည်။ ကျွန်မသည် စာရွက် တစ်ရွက်ပေါ်တွင် စာရေး၍ လူနာဆောင်စောင့် အား မြို့စောင့်တပ်ဖွဲ့မှ အင်ဂျင်နီယာဂျော့(ခ်ျ) ဂရက်တီထံပေးခိုင်းလိုက်သည်။

အကယ်၍သူချက်ချင်း လိုက်မလာဘဲ ဗုံးဆန်ကို တစ်စုံတစ်ရာမလုပ်နိုင်ခဲ့သော သူလာရောက်လည် ပတ်ရန် ဆေးရုံသည် ရှိတော့မည်မဟုတ် ဟု စာရေးလိုက်ပါသည်။
ကျွန်မသည် အိမ်မွေ့အချခံထားရသူပမာ ဗုံးဆန်ကြီးကို ငေးစိုက်ကြည့်နေမိသည်။ ယခုပင်ထပြီး ပေါက်ကွဲ တော့မည်လားဟု ထင်နေသည်။ တောင်ကြီးမြို့ကို ရစရာမရှိအောင် ဗုံးကြဲထားပြီးဖြစ်၍ နောက်ထပ် ဗုံးတစ်လုံး ထပေါက်ရုံမျှနှင့် မည်သို့မျှ ခြားနာမှုမရှိနိုင်တော့ပါ။ ကျွန်မသည် လူနာများထံ ပြန်သွားပြီး အလုပ် လုပ်ရင်း စိတ် ကို ဖြေဖျောက်နေသော်လည်း စိတ်ကတော့ မပေါက်ကွဲသေးသည့် ဗုံးဆန်နှင့် ကျွန်မ စာပေးလိုက် သူတို့ထဲ ရောက်နေပါသည်။

အချိန်မည်မျှ ကြာသွားသည်မသိပါ။ စာပေးခိုင်းသူအမောတကောပြန်ရောက်လာသည်။ အရေးကြီး သောတာဝန်ဖြင့် အပြင်သို့သွားနေသော ဂျော့(ခ်ျ)ကို မတွေ့ခဲ့ရ၍ စာမပေးရ ပါဟု ပြန်ပြောပါသည်။ ဂျော့(ခ်ျ) တစ်ယောက်အားလပ်မှ ကျွန်မတို့ထံရောက်လာပြီး ဗုံးစစ်ဆေးမည့်အချိန်ကို စောင့်နေရပါ လျှင် လူတွေ တောင်ပုံရာပုံ သေဆုံးတော့မည့် အရေးကို မြင်ယောင်နေမိပါသည်။
ကျွန်မ၏ မိဘများအိမ်ရှိ စားပွဲပေါ်၌ အမြဲတမ်းထင်ထားလေ့ရှိသော မဂ္ဂဇင်းတစ်စောင်ကို ထိုအချိန်တွင် သွား၍ သတိရသည်။ ဖေဖေလစဉ်မှာယူ ဖတ်နေသော Scientific American နောက်ဆုံးထုတ် စာစောင်၌ ဗုံးတစ်လုံး ၏ပုံကို ဆွဲပြထားပြီး ဖြူး(စ်) စနက်တံမည်သို့ ဖြုတ်ရမည်ကို ရှင်းပြထားသည်။ ယခုကဲ့သို့ ဆောင်းပါး မျိုးကို မည်သူက အရေးတယူ ဖတ်မည်နည်း။ အချိန်ကုန်သည်ဟုပင် ကျွန်မက ယူဆခဲ့ ပါသေး သည်။

သို့သော် အယ်ဒီနာများက သူတို့၏ စာဖတ်ပရိသတ်များကို ရှေးတန်း စစ်မျက်နှာသို့ ရောက်နေသလို လုပ်ပေးရန် တာဝန်ရှိသည်ဟု သဘောထား ဟန်ရှိပါသည်။ ဆောင်းပါး၇ှင် အနေဖြင့် သူ၏ဆောင်းပါးကို ဖတ်ပြီး အရေးအကြောင်းပေါ်လာ၍ လက်တွေ့ကျင့်သုံးရလိမ့်မည်ဟု စိတ်ကူးမိချင်မှ ကူးမိပါလိမ့်မည်။ ကျွန်မသည် စာပေးခိုင်းလိုက်သူအား အိမ်သို့ထိုမဂ္ဂဇင်းကို သွားရောက်ယူငင်ရန် စေလွှတ် လိုက်ပါသည်။ မဂ္ဂဇင်း ရောက်လာသော အခါ ဆိတ်ငြိမ်သော ချောင်တစ်ခု၌ထိုင်၍ ဖတ်ကြည့်ပါသည်။

စက်ဘီး ကျွတ်ပေါက်သည်ကို ဖာထေးဖူးခြင်းနှင့် အောက်စီဂျင်လေဘူး ကို လဲလှယ်ဖူးသည်မှ အပ ကျွန်မတွင် စက်မှုပညာ အခြေခံမရှိခဲ့ပါ။ သို့ဖြစ်၍ ရုပ်ပုံဆွဲထားသည်တို့ကို လေ့လာပြီးအသေးစိတ် အချက် အလက်များကို အသည်းထဲနှလုံးထဲစွဲ နင့်ဝင်သွားအောင် ဖတ်ကြည့်ပါသည်။ နာရီဝက်ခန့် လေ့လာပြီးနောက် အရေးကြီးသော အချက်အလက် အားလုံးကို ကျွန်မသိသွားပါသည်။

ဆက်ရန်
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၈)

ဝတ္ထု, မဂ္ဂဇင်း ထုတ်ခဲ့ခြင်း

ထိုအချိန်မှာ ကျမသည် ၀တ္ထု, မဂ္ဂဇင်း ခေါ်သော စာစောင်ငယ်တခုကို ရေးထုတ်လိုသောဆန္ဒရှိလာ ပါသည်။ မဂ္ဂဇင်းမှာ ၁၅-ရက်တကြိမ် ထုတ်ရန်ဖြစ်၍ ၀တ္ထုတိုတပုဒ်နှင့်ဆက်ရန် ၀တ္ထုရှည်တခဏ်း ကို ကိုယ်တိုင်ရေးမည်၊ တန်ဘိုးမှာ ယခု-၂၅ပြားနှင့် ညီမျှသော ၄-ပဲထားရမည်ဖြစ်ပါသည်။ ရုပ်ပုံများနှင့် ဒဂုန်မဂ္ဂဇင်းက တကျပ်တန်ဘိုးထား၍ အထွေထွေ ဗဟုသုတ အခဏ်းနှင့် ၀တ္ထုများပါ သော ပညာအလင်း မဂ္ဂဇင်း၊ သူရိယ မဂ္ဂဇင်းတို့က တန်ဘိုး ၁၂-ပဲနှင့် ၈-ပဲမျှထားသောကြောင့် ကျမထုတ်မည့်ဝတ္ထု မဂ္ဂဇင်း ကလေးကို ၄-ပဲမျှသာ တန်ဘိုးထားရခြင်းဖြစ်ပါသည်။

အပြင်သို့ မထွက်ရသူဖြစ်၍ လုပ်ကိုင်စီမံဖန်တည်းရေးကို စာတွေ့ဗဟုသုတနှင့်သာ စံနစ်ဇယားချ၍ စီစဉ်မှုပြုရပါသည်။ ထုတ်ဝေမည့်အကြောင်း ကြော်ငြာခြင်း၊ မြို့နှင့် နယ်ကိုယ်စားလှယ်များကို စာအားဖြင့် ဆက်သွယ်ခြင်း၊ ၀င်ငွေ-ထွက်ငွေ လက်ခံခြင်းစသော အုပ်ချုပ်မှုကိုလည်း တဦးတည်း ဒိုင်ခံ၍ တာဝန် ယူရဦးမည် ဖြစ်ပါသည်။ ပုံနှိပ်တိုက်ရှင် မိတ်ဆွေတဦးနှင့် ဆွေးနွေးသောအခါမှာ လည်း ၄-ပဲတန် စာတအုပ်၏ အပြီးအငြိမ်း ရိုက်ခငွေမှာ တပဲခန့်သာ အရင်းကျသည်၊ ကိုယ်စားလှယ် များကို ၂၅-ရာခိုင်နှုန်း နှင့် စာတအုပ်လျှင် တပဲပေးလိုက်ပါက နှစ်ပဲကျန်မည်၊ ထိုလက်ကျန်နှစ်ပဲမှ စရိပ်စက အနည်းငယ် ထုတ်လိုက် ရုံမှတပါး အမြတ်ကျန်နေပြီကို တွေ့ရပါသည်။

သို့ကြောင့် ထိုအလုပ်ကို စိတ်ဝင်စားသဖြင့် မေမေနှင့်တိုင်ပင်ကာ သဘောတူ စာအုပ်ထုတ်ရန် ဆုံးဖြတ် လိုက် ကြပါသည်။
ယင်းသို့ ၀တ္ထု မဂ္ဂဇင်းကို ထုတ်ဝေရန် စီမံဆုံးဖြတ်ပြီးနောက်၊ ကျမသည် ၀တ္ထုရှည်တပုဒ်နှင့် ၀တ္ထုတို ၃-၄ ပုဒ်ကို စတင်ရေးလျက်ရှိသည်၊ တခါတခါလည်း ၀တ္ထု မဂ္ဂဇင်းအနေအထားနှင့် ကဏ္ဍအပိုင်း အခြားများထိပ်စီးစာလုံးများကို အကြမ်းမျှ ရာထားကြည့်သည်၊ ထိုခေတ်က ပုံနိုပ်တိုက်များမှာ အများအားဖြင့် ကျမ်းစာအုပ်များ၊ တရားစာအုပ်များသော အငှားရိုက်လက်ခံလေ့ရှိသဖြင့် ၀တ္ထု မဂ္ဂဇင်း အနေအထားကို မည်သို့မည်ပုံထားရန် စသည်မျာအတွက် ဆွေးနွေးရာ၌ အတော်အခက် အခဲတွေ့ရပါသည်။

အထူးသဖြင့် မန္တလေးမြို့်မှ မဂ္ဂဇင်း ၀တ္ထုပုံနှိပ်ထုတ်ဝေမှုတွေ မစကြသေးပါ၊ ရွှေလိပ်ပြာ ၀တ္ထုတိုက်၊ ငွေစန္ဒာ ၀တ္ထု မဂ္ဂဇင်းတိုက်များပင် ကျမထုတ်သောစာအုပ်တိုက် ဖျက်သိမ်း ပြီး တနှစ်လောက်ရှိမှ ထုတ်ဝေ ကြပါသည်၊ သို့ကြောင့် ယုတ်စွအဆုံး စာပြင်ဆရာများနှင့်ပင် သတ်ပုံသတ်ညွန်းကိစ္စ၌ မဂ္ဂဇင်းဟု မရေးရ၊ မဂ္ဂဇဉ်းဟု ညငယ်သတ်၍သာ ရေးသာသုံးနှုန်းရမည် ဟု အငြင်းပွားနေကြရသေးသည်၊ ကျမအမြင်ကတော့ ခေတ်မှီလိုသည်၊ သူတို့အမြင်က ရှေးသတ်ပုံ ကို မဖျက်ဆီးလို၊ မဂ္ဂသဒ္ဒါက ဘာဘဲညာဘဲစသော သဒ္ဒါကျမ်း ၀ိဂြိုဟ်ကျမ်းများ က၀ိလက္ခဏာ သတ်ပုံကျမ်းကြီးများနှင့်ကိုင်၍ ပေါက်ကြသည်။

သို့သော်မဂ္ဂဇင်း, ဂျာနယ်, ဆိုသော စကားလုံးမှာ အနောက်နိုင်ငံမှလာသော အသုံးအနှုန်းဖြစ်၍ တလတကြိမ် ထုတ်လျှင် မဂ္ဂဇင်း၊ တပါတ်တကြိမ်ထုတ်လျှင် ဂျာနယ်ခေါ်သဖြင့် ၄င်းအသံထွက်အတိုင်း မြန်မာစာနှင့် လိုက်ရေးရခြင်းသာဖြစ်ပါသည်၊ က၀ိလက္ခဏာ သတ်ပုံကျမ်း၊ သဒ္ဒါကျမ်းတွေ ရေးသားစဉ် ခေတ်က မဂ္ဂဇင်းဂျာနယ်ဆိုသော ဝေါဟာရတွေ မပေါ်သေးကြောင်း အတော်ပင် တောင်းပန် ရပါသည်၊ ဒါတောင်မှ ကျမထုတ်မည့်စာစောင်မှာ တလတကြိမ်လည်းမဟုတ်၊ တပတ် တကြိမ်လည်းမဟုတ် ၁၅-ရက် တကြိမ်ကျဖြစ်၍ ကြည်တော်ဆက် ၀တ္ထု မဂ္ဂဇင်းဟု ဆုံးဖြတ်လိုက်ပါ လျက် စာအုပ်ထွက်လာချိန်မှာ ကြည်တော်ဆက် ၀တ္ထု ဟု စာမျက်နှာတိုင်း၏ ခေါင်းစီးစာလုံးများ ထည့်လွတ် လိုက်ပါသေးသည်။

၁၉၂၀-ခု ပဋ္ဌမ ကျောင်းသားသပိတ်ကြီးခေတ်မှာတော့ ရန်ကုန်မြို့ထက် ခေတ်နောက်ကျနေသေး သော မန္တလေးမြို့ကလည်း နိုင်ငံရေးလှုပ်ရှားမှု၌ ပုခုံးချင်းယှဉ်၍ တက်လာနိုင်ခဲ့သည်။ ဂျီစီဘီအေ၏ န၀မမြောက် ကွန်ဖရင့်ကြီးမှာ မန္တလေးမြို့တွင် ကျင်းပလိုက်ခြင်းကြောင့်လည်းတကြောင်း၊ အင်္ဂလန်နိုင်ငံသို့ ပဋ္ဌမဆုံးအကြိမ် ကိုယ်စားလှယ်တော်များအဖြစ်၊ ဖေ, ပု, ရှိန် ခေါ်သည့် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်မှာ သုံးဦးသွားကြရာတွင် ဦးထွန်းရှိန်မှာ မန္တလေးမြို့ ဗုဒ္ဓဘာသာကျောင်းမှ ကျောင်း အုပ်ဆရာကြီး တဦးဖြစ်၍လည်း ယခင်အေးဆေးငြိမ်သက်စွာ နေလေ့ရှိသောမန္တလေးက ဂုဏ်ယူကာ သွေးကြွ လာစ ဖြစ်နေပါသည်။

ကျမတို့ ယိုးဒယားဈေးရပ်သို့ ပြောင်းရွေ့လာစက သပိတ်ကြီးအတွင်းနှင့် န၀မ ကွန်ဖရင့်ကြီးပြီးစက လေးဖြစ်ပါသည်။ မန္တလေးမြို့က စာစောင်အထွက် နှေးနေသော်လည်း ရန်ကုန်မှထုတ်ဝေသော စာစောင် ဂျာနယ်အမျိုးမျိုးတွေမှာ၊ ဖတ်၍မကုန်နိုင်အောင် တခုပြီးတခု တိုးပွားများပြားပါသည်။ ဗန္ဓုလဂျာနယ်-လေဘာတီဂျာနယ်၊ လွတ်ငြိမ်းဘွယ်ဂျာနယ်စသော နိုင်ငံရေးနှင့် အထွေထွေ ဆောင်းပါး ၀တ္ထုများ ပါဝင်သောဂျာနယ်မျိုးပေါင်းမှာ စောင်ရေနှစ်ဆယ်ထက်နည်းမည် မဟုတ်ပါ၊ သို့သော် တချို့မှာ ထုတ်ပြီး မကြာခင် ပျက်သွားသည်၊ ဗန္ဓုလဂျာနယ်မှာ တည်တန့် ကျန်ရစ်ခဲ့ သည်၊ ကျမလည်း နိုင်ငံရေးလေသံ ဆောင်းပါး များကို ဗန္ဓုလဂျာနယ်၌ ကလောင်အမည်ဝှက်နှင့် မကြာခဏရေးပို့မိသည်။ ၀ံဿနုစိတ်ဓါတ်က အများနည်းတူ ၀င်လာသဖြင့် ပိုးဖဲကတ္တီပါအ၀တ်တွေ စွန့်ပစ်ပြီး ပင်နီအင်္ကျီနှင့် ယောထမီကိုသာ ၀တ်၍ ၀ံဿနုကို အားပေး၍ လူကိုယ်တိုင်မှာတော့ အပြင်မထွက်ရသဖြင့် ၀ံဿနုတရားပွဲများ ခေတ်စားချိန်ပင်ဖြစ်ငြားလည်း သွားရောက်နားထောင် ခွင့်သော်၎င်း၊ ဟောပြောခွင့်သော်၎င်း မရခဲ့ပါ၊ ဒါကြောင့်ပင် ထွက်ပေါ်လာသော ဂျာနယ်များသို့ နိုင် ငံရေးဆောင်းပါးများကို အတော်များများကလေး ကလောင်ဖြင့် ရေးသားလှုံ့ဆော်ပေးမိပါသည်။

ထွက်လာသမျှသော စာစောင်များကို တနိုင်ငံလုံးက အားပေးဖတ်ရှုသောကြောင့် အတော်အားတက် ဘွယ်ရာ ဖြစ်ပါသည်။ မိန်းကလေးများသာ ဦးစီးရေးသားထုတ်ဝေလိုပါသည် ဆိုသော ကျမ၏ ကြည်တော်ဆက် ၀တ္ထု မဂ္ဂဇင်းမှာလည်း ထွက်နေပါပြီ၊ အပြင်အပ မြို့ပေါ်ရှိ ကိုယ်စားလှယ်များထံ သွားပို့ရန်၊ ငွေတောင်းရန်၊ ပါဆယ်ပို့ရန် ဆွေမျိုးမကင်းသူထည်းမှ တဦးကို လခနှင့်ထား၍ ကျန်အလုပ်များကို ကျမတယောက်ထည်း တအားကြုံး၍လုပ်ကိုင်ပါသည်၊ စာတိုက်မှလပေးကြည့်သူများနှင့် ပါဆယ် ထုတ်ကပ်ရန် လေဘယ်လ်ပေါ်မှာ လိပ်စာရေးပေးခြင်းကအစ ဗီပီပီပုံစံရေးခြင်း၊ ရောက်လာသော ငွေများ လက္ခံသော စာရေးငွေထိန်းနေရာနှင့် ကြော်ငြာဆိုင်ရာ ကိုပါတယောက်ထည်း သေတ္တာ မှောက်ထိုင်လုပ်ရပါသည်။

ဝတ္ထုကော်ပီပေးရင်း အနေအထားကိုပါ အပြီးအငြိမ်းပြောအပ် လိုက်သော်လည်း ပဋ္ဌမထုတ်စာအုပ် တွင်စာမျက်နှာ များနေသည်ဟုဆိုကာ စဆုံးဝတ္ထုတိုကိုလည်း တပိုင်းဖြတ်လိုက်ပြီး ၀တ္ထုရှည်ကို လည်း တပိုင်းဖြတ်၍ စာတအုပ်လုံး ၂-ပိုင်းဖြတ်ကြီးနှင့် အမှတ်(၁) စာစောင်ကိုထွက်လာရပါသည်၊ စာအုပ်ချုပ်ပြီးမှ သိရသဖြင့်ဘာမှ မတတ်နိုင်ပါ၊ သို့ရာတွင်ထိုအချိန်အခါက စာဖတ်ပရိသတ်မှာ သီးခံကြပါသည်၊ နောက် အမှတ် (၂)မှ အစပြုပြီး နည်းစံနစ်မှန်လာပါသည်။

ကျမ၀တ္ထုမဂ္ဂဇင်းထုတ်ဝေစ တလလောက်မှာ ဆောက်ထားသော အိမ်ကလည်းပြီးစီးသွား ပါသည်၊ အိမ်တက်ပရိတ်နာ၍ ပြောင်းမည့်ဆဲဆဲမှာပင် မန္တလေးမြို့မင်းစုံပွဲသို့ ဆင်းလာမည့်စော်ဘွားကြီး များအနက်မှာ စကားစော်ဘွားကြီးတွက် ကျမတို့အိမ်မှာ တည်းခိုစရာအလိုရှိပါသည်ဟု မေတ္တရပ် ခံပါသည်။
ထိုကြောင့်စကားစော်ဘွားကြီး ၁၅-ရက်မျှသောရက်ပိုင်းမျှ တည်းခိုစေရန်ပေး၍ ကျမတို့မပြောင်း ရွှေ့သေး ဘဲ နေလိုက်ပါသည်။

အင်္ဂလိပ်အစိုးရများသည် ယခင်ကဆိုလျှင် စော်ဘွားကြီးများ၏ မင်းစုံပွဲခေါ် အစည်းအဝေးကို မန္တလးမြို့ တွင်သာ ကျင်းပလေ့ရှိပါသည်။ နောင်သောအခါ မြန်မာမားက နိုင်ငံရေး စိတ်ဓာတ် အား တက်ကြွ လာ သဖြင့် စော်ဘွားကြီးများအား မန္တလေးသို့မဆင်းစေဘဲ တောင်ကြီးမြို့၌သာ စည်းဝေးပွဲကို အမြဲတန်း ကျင်းပ စေသည်၊ စော်ဘွားများ၏ သားသ္မီးကိုလည်း မန္တလေး၊ ရန်ကုန်ကျောင်းများ၌ ရှေးကလိုမြန်မာ ကျောင်းသား များနှင့် ရောနှောပညာသင်ကြားမှု မပြုစေဘဲ တောင်ကြီးမြို့၌သာ သီးခြား ကျောင်းခွဲ ဖွင့်ပေး ပါသည်။ စကားစော်ဘွားကြီး ကျမတို့အိမ်လာ ရောက်တည်းခိုသော နှစ်သည်ပင် အစီစဉ်ရှိပြီးသားဖြစ်၍ အလွှဲသာသောကြောင့် ပြုလုပ်ရရာ နောက်ဆုံးနှစ်အဖြစ် မှတ်တမ်းတင်ဘွယ်ရာ ဖြစ်ပါသည်။

ကြည်တော်ဆက် ၀တ္တုမဂ္ဂဇင်းသည် ၁၅-ရက်တကြိမ် အကြိမ်မှန်မှန်ထွက်ရန် ဖြစ်သော်လည်း ရက်ချိန်းထက် ၂-ရက် ၃-ရက် နောက်ကျသည့်အခါလည်း ကျလျက်ရှိပါသည်။ ပုံနိုပ်တိုက်ရှင်များ ကလည်း ရှေးလူကြီး တွေဖြစ်သည်၊ စာအုပ်ရေများများရိုက်လျှင် ရိုက်ခသက်သာသည်။ စက္ကူဘိုး ကလည်း တထုပ်မှ နှစ်ကျပ် လောက်ကျသည်။ အုပ်ရေတသောင်း ရိုက်ပေးမည်ဆိုပြီး အမှတ်၁၊ ကိုတသောင်းရိုက်ချ လိုက်သည်၊ ကျမကလည်းလက်တွေ့အားဖြင့် လူရေမလည်သေးသော ကြောင့် သဘောတူလိုက်ပါသည်၊ သို့သော် ထိုအခါက စာအုပ်တသောင်း ကုန်အောင်း ရောင်းရသော ခေတ်မဟုတ် သေးသည်ကို မတွေးမိပါ၊ နောက်အမှတ် မှာတော့ ငါးထောင်နှင့် သုံးထောင် ကြားတွင် ကစားလျက်ရှိပါသည်။

လာကြပြန်ပြီ ဆွေသာကီ


မန္တလေးမြို့မှာ ရှေးအခါက ဆောင်းကုန်ခါနီးဆိုလျှင် ပလိပ်ရောဂါဖြစ်လေ့ရှိသည်။ ပလိပ်ရောဂါပိုး ပါသောကြွက်များသည် လူနေအိမပေါ်မှသေတတ်သည်။ ထိုကြွက်သေတွေ့လျှင် ကြွက်ကျသည် ဟုခေါ်ပြီး ထိုအိမ်မှခေတ္တခဏ ဖယ်ရှားပြောင်းရွှေ့နေကြရသည်။ ကြွက်သေတွေ့လျက်နှင့် မပြောင်းမရွှေ့ ဘဲပေ နေလျှင် ကြွက်မှကျန်ရစ်သော ပလိပ်ရောဂါပိုးသည် လူကိုကူးစက်ခါ ပလိပ်ရောဂါဖြစ်၍ သေဆုံး တတ်ကြပါသည်၊ တခါတရံတအိမ်သို့ ပြောင်းနေရာကြွက်သေ ထပ်တွေ့လျှင် ဒုတိယ တအိမ် ပြောင်းကြရ ပြန်သေးသည်။ ခေတ်ဟောင်းကမန္တလေးမြို့တွင် ဆောင်းကုန်တိုင်း ဒုက္ခမှာအလေ့အထ တခု ဖြစ်နေပါသည်။

ဤအချိန်တွင် ပြဿနာတခုသည် ပေါ်လာခဲ့၏ ထိုပြဿနာ မှာ စကားစော်ဘွားကြီး မဟာဒေ၀ီသားသ္မီး တပည့် တပန်းများ စည်းဝေးပွဲပြီး၍ ရှမ်းပြည်သို့ ပြန်သွားကြသောအခါ ဘိုးဘိုးဝက်မစွတ် မြို့စားမင်း ကြီးအိမ်တွင် ပလိပ်ရောဂါပိုး ပါသောကြွက် သေများတွေ့၍ နေချင်း, ညဥ့်ချင်း အလျင်အမြန် အိမ်ရွှေ့နေရမည့် ကိစ္စပေါ်လာလေသည်၊ ဤအခါ၌ငိုချင်လျက် လက်တို့ဆိုသလို သ္မီးအလတ်နှင့်အတူ လာနေချင်သော ဆန္ဒရှိသူ မေမေ၏ဖခင်ကြီးသည် ခေတ္တပြောင်းရွှေ့လာခဲ့မည်ဟု အကြောင်းကြား လာသည်။ ကျမတို့က ၀မ်းသာအားရ ကြိုဆိုရမည်ဖြစ်သော်လည်း ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီး နှင့်အတူ သားသ္မီး မြေးများ တပည့်တပန်းများပါ အတူပါဝင်ရောနှော လိုက်လာကြမည်ဟု သိရသောအခါ အနည်းငယ် စိတ်လေးမိကြပါသည်။ အတူနေကြစဉ်က တကျီကျီ တကြက်ကြက် ဖြစ်ခဲ့ရသူများဖြစ်၍ ရန်အေး,နားအေး ထွက်ပြေးလာရရာ၌ ဒါတွေနှင့်ပြန်လည်ဆုံစည်း ရဦးမည်ကိုကြောက်လန့် စိုးရိမ် သွားမိသည်၊ သို့သော် လူကြီးများ၏ ရည်ရွယ်ချက်က ပြန်လည် ပြေပြစ်သွားရန်နှင့် စုစုစည်းစည်း ဖြစ်စေလိုသော ဆန္ဒရှိပုံရသည်။

သို့ကြောင့် ကျမတို့သည် အိမ်သစ်ကိုမတတ်ကြသေးဘဲ ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီးနှင့် အတူ ပါရှိလာသော သားသ္မီးမြေးမြစ်နှင့် တပည့်တပန်းများပါ လူပေါင်းနှစ်ဆယ်ကျော် နေသာ အောင်တအိမ်လုံး ပေးအပ် လိုက်ပါသည်။ မေမေသည်ဒေသ,လောဘ အာဃတမထားတက်သူ ယုတ်စွအဆုံးစကားကိုပင် ကျယ်ကျယ် လောင်လောင် မပြောတတ်သူဖြစ်၍ သူ့အားထိပါးပုတ်ခတ် စကားပြောခံရသည် တိုင်အောင် မျက်ရည်ရွှဲရွှဲနှင့်သာ သီးခံနေလေ့ရှိသူ နူးညံ့သူဖြစ်သဖြင့် တကြောင်း၊ အိမ်ရှင်နှင့်ဧည့်သည် ဘ၀ရောက်နေထိုင်သော ဆွေမျိုးသားချင်း များကလည်းဧည့် သည်ဘ၀၌ ခပ်ခပ်လျော့လျော့ ခပ်ပြော့ပြော ဆက်ဆံလာကြသဖြင့် တကြောင်း၊ တလခွဲနှစ်လ ကြာအိမ်ချင်းယှဉ် နေထိုင်ခဲ့ကြရာတွင် ဘာမျှ ပြောပ လောက်အောင် အစွန်းမထင် အပြစ်မတွေ့ရှိ ခဲ့ပါသည်။ ကျမမှာတော့ ထိုအချိန်အခါက စာပေ လောက ထဲတွင် စိတ်ပါဝင်စား မြောပါးနေချိန်ဖြစ် ၍ နေ့ရောညဥ့်ပါဆိုသလို ကြည်တော်ဆက်ဝတ္တု မဂ္ဂဇင်း အတွက်ကိုပင် လုံးပန်းနေရကာ အိမ်ပေါ်မှ အိမ်အောက်သို့ပင် မဆင်းအားဘဲ ရှိနေပါသည်။

ကားပြန်ရောင်းပစ် လိုက်ရသော ကိစ္စကို၎င်း၊ ကျမ၀တ္ထုရေးသား၍ မဂ္ဂဇင်းငယ်တစောင် ထုတ်ဝေနေ သည့်ကိစ္စကိုသော်၎င်း၊ ထိုအချိန်မှာဘာမှာ ဝေဖန်ပြောဆိုသံများ ထွက်မလာ၊ ဒီရေးအတက်အကျမ ရှိသေးမီ "ရေအီ" နေသကဲ့သို့ ရှိနေပါသည်၊ သို့သော်မိန်းကလေးဆိုလျှင် ဘုရားတရား စာအုပ်က လွဲ၍ဖတ်ရန် မသင့်ဟု အယူအဆနှင့်အယူသီး အုပ်စုကြီးများထည်းတွင် ပါဝင်ကြသူများဖြစ်ပါသည်၊ ထိုခေတ် ကအပြင် စာပေ တည်း ဟူသော သတင်းစာဂျာနယ်ဝတ္ထုစသည် များကို မိန်းခလေးများ ဖတ်လျှင် လူကြီးမိဘ များသည် ပြင်းပြင်းထန်ထန် အပြစ်တင်လေ့ရှိကြပါသည်။ တရားစာပေကလွဲ လျှင် ဘာမှမဖတ်ရ၊ အချို့ဆရာတော်ကြီးများမှာ တရားစာပေနှင့် အကျွမ်းဝင်လျက်ရှိသော မဟာရ ဋ္ဌသာရ၏ ကိုးခန်းပျို့ကိုပင် မြတ်စွာဘုရား၏ အပြစ်တော်များကိုရေးသား စီကုံးထားပါလျက်က ဂီတသံ ပါသည်၊ ပျို့ကိုဖတ်လျှင် သံနေ သံထား နှင့်ဆွဲ၍ ဖတ်ရသောကြောင့် မနှစ်မျို့ကြဟုဆိုသည်၊ တရားစာပေမှလွဲ၍ အခြားသောလောကီ ကျမ်းဂန်များဖတ်လျှင် သမ္ဗပ္ပလာပဖြစ်သည်ဟု ခါးခါးသီး သီးပြစ်တင် ဝေဖန်ကြသည်ကို ခံရသဖြင့် ငယ်ရွယ်သူ မိန်းခလေးများမှာ ၀တ္ထုစာအုပ် မဂ္ဂဇင်းစာအုပ် များကို လူကြီးများ မမြင်ကွယ်ရာ၌ တိတ်တိတ်ခိုး ၍ ဖတ်ကြရပါသည်၊ အချို့မှာအိပ်ရာဝင် ခြင်ထောင်ချ၍ ဖတ်ကြရပါသည်။

ဤမျှကြပ်တည်းသော ခေတ်မျိုးတွင် ကျမသည်ဝတ္ထုမဂ္ဂဇင်း ဂျာနယ်များကို ဖတ်ယုံမကကိုယ် တိုင်ပင်ဝတ္ထုရေးသားခြင်း၊ ၀တ္ထုမဂ္ဂဇင်းထုတ်ဝေခြင်း ပြုနေမိရာ ဧရာမတော်လှန်မှုကြီး တခုကို ကျူးလွန် နေသကဲ့သို့ ရှိပါသည်၊ သို့အတွက်ကြောင့် အယူသီးသူအားလုံးကို အသိမပေးဘဲ ထား ကာ ကုန်ပစ္စည်း တခု ရောင်းချသော အလုပ်လိုလို အထင်ရောက်စေလျက် ခပ်အုပ်အုပ်နှင့် လျှို့လျှို့ ၀ှက်ဝှက် ရေးသား ထုတ်ဝေခြင်း အမှုကို ပြုလုပ်ရပါသည်။

သို့နှင့်ဆောင်းရာသီကုန်ဆုံး၍ နွေရာသီတန်ခူးလသို့ ရောက်သောအခါ ပလိပ်ရောဂါများ ကင်းရှင်းသွား ပြီးဖြစ်သောကြောင့် ဧည့်သည်များသည် သူတို့အိမ်သို့ပြန်၍ ပြောင်းရွှေ့သွားကြ ပါသည်၊ ထိုအခါကျမှ ကျမတို့လည်း အိမ်သစ်သို့ပြောင်ရွှေ့ နေထိုင်ကြရပါတော့သည်၊ ကျမတို့ အိမ်သစ်သို့ရောက်သောအခါ ဘိုးဘိုး ၀က်မစွတ် မြို့စားမင်းကြီးသည် အလုပ်အကျွေး တပည့်ငယ် တယောက်နှင့်အတူ ချန်နေရစ်ခဲ့ပါသ်၊ သားသ္မီးများအား အရင်ပြောင်းရွှ့ သွားနှင့်ကြဦး၊ သ္မီးခင်ခင် လတ်အိမ်မှာ ဆယ့်လေးငါးရက်နေဦးမည်ဟု အမိန့်ရှိကာ နေရစ်ခြင်းဖြစ်ပါသည်၊ ထိုအခါမျိုး၌ ၀တ်ကြီးဝတ်ငယ်ပြုစုရန် လွတ်လပ်စွာ အခွင့်အရေး ရရှိကြပါတော့သည်။

ကျမတို့အားအမိသည် အိမ်သစ်၏အိမ်ဦးခန်း၌ သင်ဖြူးချောကလေးပေါ်တွင် ကတ္တီပါအုံးဝန်းကြီး ကိုလက်ထောက်၍ စိတ်ပုတီးစိပ်လိုက်၊ ကျမ်းစာအုပ်များဖတ်လိုက်နှင့် စိတ်အေးချမ်းစွာနေရှာသော ဘိုးဘိုး ၀က်မစွက် မြို့စားမင်းကြီးအား တတ်နိုင်သမျှသော စားဦးစား ဖျား၊ စားကောင်းသောက် ဖွယ်များဖြင့် ပြုစု လုပ်ကျွေးလျက်ရှိသည်၊ အရှေ့ဝင်းအိမ်မှ ထမင်းချက် တပည့်ကလည်း ထမင်း အုပ်လာ၍ပို့ရသေးသည်။

ဝက်မစွတ် မြို့စားမင်းကြီးလက်ရှိနေထိုင်ရာ အိမ်ကိုအရှေ့ဝင်းအိမ်ဟု အတိုကောက်ခေါ်ခြင်းဖြစ်၍  ယခုကျမတို့နေသာဝင်းကို အနောက်ဝင်းဟုခေါ်ခြင်းပြုပါသည်။ အရှေ့ဝင်းအိမ်က သားသ္မီးများက ကျမတို့ အိမ်တွင် ကြာကြာနေသွားမည်၊ သို့မဟုတ် တခါတည်းများအတူ နေထိုင်သွားမည်လား ဟုစိုးရိမ်မကင်း ဖြစ်သွားပုံရသည်။ သို့ကြောင့်နည်းအမျိုးမျိုးနှင့် ပြန်လာဖို့အကြောင့်ပြလျှောက် ထားပေးရန် ဘေးကလူများ ကိုခိုင်းကြပါသည်။

အရှေ့ဝင်းအိမ်ကြီးသို့ ဆရာတော်-သံဃာတော်ထေရ်ကြီး ၀ါကြီးများမပြတ် ကြွလာသည်။ ၀က်မ စွတ်မြို့စား မင်းကြီး မရှိသဖြင့် မတွေ့ရဘဲပြန်သွားရသည်ဟု လာရောက်လျှောက်ထားကြသည်၊ စင်စစ်အားဖြင့်လည်း အတူနေသွားမည် မဟုတ်ပါ၊ ခေတ္တခဏနေရစ်ခြင်းသာဖြစ်ပါသည်။ သို့ကြောင့် ၁၅-ရက်ခန့်ကြာသောအခါ ပြန်ကြွသွားပါသည်၊ အရှေ့ဝင်းအိမ်ရောက်သော်လည်း ရှေးအခါကကဲ့သို့ပင် တရက်ခြား,နှစ်ရက်ခြား ဆိုသလိုနေ့လည်း နေ့ခင်းအချိန်၌ ကြွရောက် လာတတ်ပြီး ညနေစာစားချိန်နီးမှ ပြန်လေ့ရှိပါသည်။

ကျမထုတ်ဝေနေသော ၀တ္တုမဂ္ဂဇင်းမှာ တွင်ကျယ်သင့်သလောက် တွင်ကျယ်ကျယ်လျက် ရှိပါသည်၊ သို့ရာတွင် ၄-လခန့်ရှိသောအခါ ၀င်ငွေ, ထွက်ငွေစာရင်းမှာ ၀င်ငွေရသော်လည်း ထွက်ငွေက ပိုလျက် ရှိသည်၊ ပိုရခြင်းအကြောင်းမှာလည်း အိမ်စရိတ်သုံးငွေမှာ အခြားနေရာမှမ၀င် သဖြင့် သည်အထည်း ကပင် လွယ်လွယ်နှိုက်၍ သုံးလာကြရသည်၊ ကိုယ့်အလုပ်နှင့်ကိုယ့်ဝင်ငွေကို  ပြန်သုံးခြင်းသာဖြစ်သည်ဟု စာရင်း မခွဲတော့ဘဲ ပုံနှိပ်ခရိုက်ပေးခလဲ ဒီအထဲမှယူ၍ ပေးရသည်၊ နောက်ပိုင်းမှာ စာအုပ်ကိုယ်စား လည်များထံမှ ငွေရှင်းတမ်းလည်း မမှန်ခြင်း၊ အချို့လုံးဝတောင်း၍ ပင်မရခြင်း စသော စာအုပ်တိုက် တတိုက်၏ ဖြစ်ရိုးဖြစ်စဉ်မလွှဲမရှောင်သာ သောကိစ္စများက ၀င်ရောက် မွှေနောက် လာပြန်ပါသည်။

ယင်းသို့ချိနဲ့ ခြူခြာစပြုရာတွင်၊ အမြတ်တော်ခွန်ကောက်ရန် စရင်းပြပါဆိုသော စာရွက်ကလေး တရွက် ကလည်း ရောက်လာသောအခါ ရှေ့ဆက်ရန်မဟန်သော ဤအလုပ်ကို အခြေအနေအရ ခေတ္တဆိုင်းထားရ တော့မည် ကဲ့သို့ ဖြစ်လာပါသည်။

ဤအတွင်း နိုင်ငံရေးလှုံ့ဆော်မှု များသည်လည်း တဘက်တလမ်းမှ ပြင်းထန်လာချိန် ဖြစ်နေရာ ၀တ္တု မဂ္ဂဇင်း ပုံနှိပ် တိုက်ရှင်များနှင့် အစီအစဉ်တခု ပြုလုပ်ကြပါသည်။ ပုံနိုပ်တိုက်ရှင်တို့က ကိုယ်ပိုင် နေ့စဉ်သတင်းစာ ထုတ်ဝေစပြုပါသည်၊ သတင်းစာ၏ အမည်မှာဟုမ္မရူး သတင်းစာဖြစ်၍ ထိုသတင်းစာထွက်သည့် နေ့မှစ၍ ကျမက ဟုမ္မရူးလမ်းညွှန် ဆိုသော အခန်းတခုကို ရေးပေးပါ သည်၊ ထိုအခန်းတွင် ရေးသောစာမှ မြန်မာပြည် တွင်ထိုအချိန်က ခေတ်စားနေသော ကိုယ်အုပ်ချုပ် ရေးခေါ် ဟုမ္မရူးအစစ်ရလိုကြောင်း စိတ်ဝင်စား နေကြသည့်အလျောက်၊ အင်္ဂလိပ်အစိုးရက ပေးမည်ဟု ကြံရွယ်သော ဒိုင်အာခီအုပ်ချုပ်ရေးကို မလိုလား အပ်ကြောင်း၊ ပထမကမ္ဘာစစ်ကြီး အတွင်းက ဘိလပ်မှ မွန်တေဂူ၏ကတိမှလည်း ဗြိတိသျှအင်ပိုင်ယာ နိုင်ငံများကို ကိုယ်ပိုင်အုပ်ချုပ် ရေး ဟုမ္မရူးကိုပေးမည် ဆိုထား၍ဟုမ္မရူးအစစ်က တပြားမှ လျှော့မယူ ထိုက်သည့် အကြောင်းရေး သားလှုံ့ဆော်သော နိုင်ငံရေးဆောင်းပါးများကို စိတ်ဝင်စားစွာ ရေးနေပါသည်။

နေရှင်နယ်ဂျာနယ်၏ အယ်ဒီတာ ဆက်ရန်

.
>>>ဆက်ဖတ်ရန်>>> >>

Tuesday, February 2, 2010

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၂)

မြန်မာပြန်သူ၏ အမှာ

၁၉၈၅ ခုနှစ်၊ စက်တင်ဘာလ၊ ၂၃ ရက်နေ့တွင် ဗြိတိန်နိုင်ငံ ဘာဆယ်လ်ဒန်မြို့၌ အလုပ်လုပ်နေသော သမီးနှင့်သားမက်များ လာခေါ်သဖြင့် အလည်အပတ် ရောက်ခဲ့၏။ ဘာဆယ်လ်ဒန် မှာ လန်ဒန်မြို့  အရှေ့ဘက်မိုင် ၃၀ ခန့်အကွာတွင် ရှိသည်။
တနေ့တွင် ဘာဆယ်လ်ဒန် စာကြည့်တိုက် ရောက်သွားခဲ့ရာ ' မြန်မာပြည်၏ ဟယ်လင်' (Helen of Burma) ကိုစာအုပ် စင်ပေါ်၌ တွေ့၍ ငှားလာခဲ့သည်။ ဤစာအုပ် လက်ဝယ်ရရှိပြီး များမကြာမီ ကျွန်ုပ်၏ ခြေထောက် နှစ်ဖက် စလုံးမှာ ခြေချောင်းကလေးများ မတော်တဆ မီးလောင်သွားသည်။

ဗြိတိန်နိုင်ငံသို့ ရောက်ပြီး တစ်လတိတိဖြစ်သောအောက်တိုဘာလ၊၂၄ရက်နေ့တွင် ဆေးရုံတက်ခဲ့ရ သည်။ ဆေးရုံတက်နေစဉ် လမ်းလျှောက်ခွင့်မပြုပါ။ ပျင်းပျင်းရှိတိုင်း မြန်မာပြည်၏ ဟယ်လင်ကို  အဖော်ပြုရသည်။
ဒုတိယ ကမ္ဘာစစ်ကြီး မြန်မာနိုင်ငံသို့ ကူးစက်လာသောအချိန်တွင် ဟယ်လင်သည် တောင်ကြီးမြို့ ဆေးရုံ၌ သူနာပြုချုပ်အဖြစ် တာဝန်ယူနေသည်။ ၁၉၄၂ ခုနှစ်၊ဧပြီလ ၁၀ရက်နေ့တွင် တောင်ကြီးမြို့ကို  ဂျပန် လေတပ်က လာရောက်ပြီး ဗုံးကြဲစက်သေနတ်နှင့် ပစ်ခတ်၍ လူအမြောက်အမြား သေဆုံးဒဏ်ရာ ရသည်။ အဆောက်အအုံနှင့် အိမ်များ၊ဆေးဆိုင်များ၊ ရုပ်ရှင်များ မီးလောင်၍ ကမ္ဘာပျက်သလို  ဖြစ်ခဲ့သည်။

ဆေးရုံမှဆရာဝန်များ၊ သူနာပြု ဆရာမများ အားလုံးလွတ်ကင်းရာသို့ အပြီးအပိုင် ထွက်သွားကြသည်။ ဟယ်လင်တစ်ဦးတည်း ဆေးရုံကို တာဝန်ယူ ကျန်ရစ်ခဲ့သည်။ တိုင်းမင်းကြီးနှင့် စစ်ဘက်အကြီးအကဲတို့က ဟယ်လင်အား တောင်ကြီးမြို့မှ ထွက်ခွာသွားရန် ပထမ တိုက်တွန်း သည်။ နောက် အမိန့်ပေးသည်။ ဟယ်လင် က ဆေးရုံတွင် ရှိနေကြသော မကျန်းမာသူများ၊ ဒဏ်ရာရသူများကို ပစ်ပြီး မသွားရက်၍ ခေါင်းမာ နေသည်။ နောက်ဆုံး အင်္ဂလိပ်စစ်တပ်၊ တရုတ်စစ်တပ်များ ဆုတ်ခွာသွားကြသောအခါ  ကျန်နေ ရစ်ခဲ့သည်။

ဟယ်လင်၏ ဖခင်မှာ ပေါ်တူဂီ အမျိုးသား သမားတော်ကြီးဖြစ်သည်။ မိခင်မှာ စကော့အမျိုးသမီးဖြစ်သည်။ မြန်မာနိုင်ငံ ဆေးဘက်ဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ဆုံး  တောင်ကြီးမြို့သို့ ဆရာဝန်ကြီးအဖြစ် ရောက်သွားသည်။
တောင်ကြီးမြို့သည် စကော့တလန်နှင့် ရေ မြေ ရာသီဥတု အစစ တူညီနေမှုကြောင့် ဟယ်လင်၏ မိဘများက မြန်မာနိုင်ငံတွင် ခေါင်းချတော့မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ အငြိမ်းစားယူပြီး မြေယာများ ၀ယ်ယူ ၍ အိမ်ဆောက်ကြသည်။

ဟယ်လင်သည် သူမ၏ စစ်အတွင်း အတွေ့အကြုံများကို ရေးသားထားသည်။ ဗုံးဒဏ်၊ စက်သေနတ် ဒဏ်ကြောင့် ဒဏ်ရာရသူများကို ပြုစုကုသရာတွင် သူမ၏ အပင်ပန်းခံနိုင်မှု၊ စိတ်စေတနာ ရှိမှုတို့သည်  အံ့မခန်း ချီးကျူးဖွယ်ရာအတိ ဖြစ်ပါသည်။
စစ်ဦး ဘီလူးဆိုဘိသကဲ့သို့ ဂျပန်စစ်သားများ၊ တရုတ်စစ်သားများ၏ အနိုင်ကျင့် ဗလက္ကာရပြုခြင်း ခံရသော အချိန်တွင် သူမက သတ္တိရှိရှိဖြင့် ရင်ဆိုင်ရာတွင်လည်း သည်းထိတ်ရင်ဖိုဖြစ်ဖွယ်  ကောင်းလှပါသည်။

ဂျပန်စစ်သားနှစ်ဦးအား နပန်းခံလုံးခဲ့ရုံမျှမက သေနတ်နှင့် ပစ်သတ်ခဲ့သည်။ တရုတ်စစ်သား တစ်ဦး သည်လည်း သူမအား အနိုင်ကျင့်ရင်း အသက်ပေးသွားခဲ့ရသည်။
ဂျပန်ကင်ပေတိုင်က သူမအား သူလျှိုအဖွဲ့တွင် ပါဝင်သည်ဟု စွပ်စွဲ၍ ရက်ပေါင်းများစွာ ဖမ်းဆီးထားပြီး ညှဉ်းပမ်း ရိုက်နှက်ခဲ့သည်။ လက်သည်းခွံများ ခွာခဲ့သည်။ ဖမ်းဆီးထားသူများကို သူမမြင်နိုင်သည့်  နေရာသို့ အကြိမ်ကြိမ် ခေါ်ယူလာခဲ့ပြီး သူမ၏ရှေ့တွင် သေနတ်နှင့် ပစ်သတ်ခဲ့သည်။ ထိုလူသတ်ပွဲများကို သူမအား အတင်းအဓမ္မ ကြည့်ခိုင်းသည်။
ဟယ်လင်သည်ဂျပန်ဆိုးများနှင့် ခါးသီးစွာ တွေ့ကြုံခဲ့ရသလို ဂျပန်လူကောင်းများနှင့်လည်း ရင်းနှီးစွာ ဆက်ဆံ ခဲ့ ရသေးသည်။

အင်္ဂလိပ်စစ်ပြေးများ၏ အကျဉ်းစခန်းမှ ဗိုလ်ကြီးမူရန်နိုင်သည် အင်္ဂလိပ်တပ်များ ရောက်လာသော အခါသတ်သေသွားခဲ့သည်။ ဟယ်လင်တို့က ပုပ်ပွနေမှ အလောင်းကိုသွားတွေ့သည်။ အလွန်စိတ်သ  ဘောထား မွန်မြတ်သူ ဖြစ်၍ ရုပ်အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးရန် ဟယ်တို့က စီစဉ်သည်။
ယင်းအခိုက် အင်္ဂလိပ်စစ်ဗိုလ်များ စခန်းသို့ရောက်လာကြသည်။ ညတွင် ကပွဲပြုလုပ်မည်ဖြစ်၍ အသက် ငယ်ရွယ်သူ အမျိုးသမီးများအား ညကပွဲသို့တက်ရောက်ရန် ဖိတ်ကြားလာခြင်း ဖြစ်သည်။
ဟယ်လင် ငိုကြွေးနေသည်ကို ကြည့်ပြီး အင်္ဂလိပ်စစ်ဗိုလ်တစ်ဦးက ပြက်ရယ်စကားဆိုသည်။ ဟယ်လင်သည် သူစီးထားသော ခုံဖိနပ်ကို ချွတ်၍ စစ်ဗိုလ်အား ပါးချခဲ့သည်။

ဘာသာပြန်သူသည် ဘာသာပြန်ခြင်းနှင့် စိမ်းနေသူဖြစ်သည်။ ဘာသာပြန်ဖြစ်ခြင်းမှာ ဟယ်လင် အပေါ် ၌ အလွန် လေးစားသည်လည်း ပါပါသည်။ ခြေချောင်းများ မီးလောင်၍ အိပ်ရာထဲ၌ လဲနေသူတစ်ဦး  စိတ်ဓာတ် မကျစေရန် ဖြေဖျောက်သည်လည်း ပါသည်။ စစ်အတွင်း အတွေ့အကြုံများကိုယနေ့ မြန်မာစာတ် ပရိသတ်အား ဖတ်စေချင်သော စေတနာလည်းပါသည်။
မိမိ၏ ညီငယ်ပမာ ချစ်ခင်သော အထောက်တော်လှအောင် မိမိ၏စာမူကို တည်းဖြတ်ပြင်ဆင်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ အတောက်တော်လှအောင်က စေတနာအပြည့်အ၀ဖြင့် တည်းဖြတ်ပေးခဲ့သဖြင့်  သူ့အား ကျေးဇူးအနန္တ တင်ရှိကြောင်း ဖော်ပြလိုသည်။

စစ်ကြိုခေတ်ကတည်းက ဟယ်လင်နှင့် သိကျွမ်းရင်းနှီးခဲ့သော ရဲဘော်ကြီးသခင် ကျော်စိန်အား မိတ်ဆက် အမှာစာရေးပေးရန် ဟယ်လင်၏ မူရင်းစာအုပ်ကို ဖတ်ကြည့်ရန် ပန်ကြားခဲ့သည်။
သခင်ကျော်စိန်ကလည်း သူနှင့်ဟယ်လင်တို့မည်သို့မည်ပုံ ကြုံတွေ့လာခဲ့သည်ကို မိတ်ဆက်အမှာ စာတွင်ဖော်ပြထားသည်။ စာအုပ်နှင့် ပတ်သက်၍လည်း သူ၏အမြင်ကို ကွက်ကွက်ကွင်းကွင်း ရေးသား  ခဲ့သည်။
သခင်ကျော်စိန်အား အထူးပင် ကျေးဇူးတင်ကြောင်းဖော်ပြလိုပါသည်။

 စကားချီး

ကျွန်ုပ်သည် ဟယ်လင်ရောဒရစ် ကို တစ်ကြိမ်သာ ဆုံတွေ့ခဲ့ဖူးပါသည်။ သို့သော် အမှတ်ထင်ထင် ဖြစ်သောကြောင့် ကျွန်ုပ် သူမကို ဘယ်တော့မှ မေ့ပျောက်တော့မည်မဟုတ်ပါ။ သူမသည် အလွန်ဝပါသည်။ 
သို့သော် သူမ၏ ဖိုင့်ဖိုင့်ကြီး အခြေအနေထက် သူမ၏ အားအင်နှင့်အသက်ဝင်လှုပ်ရှားးမှုတို့ကိုသာ ခံစားမိသည်။ သမားရိုးကျ စံချိန်များအရ သူမသည် အရုပ်ဆိုးပါ၏။ သို့စင်လျက် သူမ၏ သူရ သတ္တိ နှင့် ဂုဏ်ကျက် သရေ ရှိမှုတို့ကြောင့် တစ်မျိုးလှပါသည်။ သေမတတ် ခံလိုက်ရသည့် နှလုံးရောဂါ ဒဏ်ခံရပြီးနောက် ဖြည်းဖြည်းချင်း နာလန်ထလာနေပေသည်။ ၄င်းပြင် လပေါင်းများစွာတွင် ပထမဦးဆုံး  အိမ်ပြင် ထွက်ခြင်းလည်း ဖြစ်ပါ၏။ ခြေဖ၀ါးများကို မကြာမြင့်မီက ခွဲခဲ့ရာ ဒဏ်ရာများမှာ ရင်းနေသည်။

မြေကြီးနှင့် ခြေဖ၀ါးထိတိုင်း မချိမဆံ့ ခံရရှာသည်။ မော်တော်ကားမှနေ၍ စားသောက်ဆိုင်စားပွဲအထိ ကိုက်သုံးဆယ်ခန့်သာရှိပါ၏။ ယင်းခရီးကို တစ်ကြိမ်လျှင် လက်မအနည်းငယ်မျှ ရှပ်တိုက်  လျှောက်လာခဲ့ရာ ဆယ့်တစ်မိနစ် မျှထိ ကြာသည်။ သူမ၏ မျက်နှာမှာ နာကျင်လွန်း၍ ရောင်နေသည်။ ပြက်လုံးထုတ်လိုက်၊ ညည်းလိုက်၊ ကိုယ့်ဒုက္ခကိုယ် သရော်တော်တော် တိုးတိုးရေရွက်လိုက်နှင့်  ရှိနေသည်။ အမှန်မှာ ကျွန်ုပ်တို့က သူ့အိမ်လာခဲ့ရမှာ ဖြစ်သည်။ သို့သော် သူမက သူ အိမ်ပြင်ထွက်ချိန် တန်ပြီဟု ဆုံးဖြတ်ပြီးနေပြီ။ ဒီတော့ ဘာမှမပြောသာ။ သူမ ဘာလုပ်အပ်သည်ကို ဟယ်လင်  ဆုံးဖြတ်ပြီးလျှင် သာမန်လူသားကတော့ သူ့စိတ်ကို မပြောင်းနိုင် ကောင်းပါ။

သူမ ထိုင်ရမည့် ကုလားထိုင်ကို ရောက်သောအခါ မိနစ်အနည်းငယ်အမောဖြေ နားနေသည်။ သို့သော် သူမ ရှိနေခြင်း မှာ ၀ိုင်းတွင် လွှမ်းမိုးနေသည်။ စကားစပြောသည်နှင့် သူမကို ၀ိုင်း၍ အာရုံစိုက်ကြ၏။ 
စကား ရှည်ရှည် သို့မဟုတ်ဲ ကျယ်ကျယ်လောင်လောင် ပြော၍ မဟုတ်ပါ။ ထိုသို့မဟုတ်ရုံသာမကဘဲ သူမ သည် တစ်ပါးသူ ပြောစကားကို ကောင်းကောင်းကြီးနားထောင်သူဖြစ်၍ သူမအကြောင်းကိုလည်း  ပြောချင် လှသူမဟုတ်ပါ။ စကားလုံးတိုင်းတွင် ပါလာသည့် သူမ၏ပုဂ္ဂလိက အားအင်ကြောင့်သာ သူမအား ၀ိုင်းဝန်း အာရုံစိုက်ကြခြင်း ဖြစ်ပါသည်။

စိတ်ရှည် ညင်သာစွာ ဖြည်းဖြည်းချင်း တိုက်တွန်းသည် ပထမ ကမ္ဘာစစ်အတွင်း မြန်မာပြည်၌ သူမ ကြုံတွေ့ခဲ့ရသည့် ဘ၀ကိုပြောလာသည်။ ရိုးရိုးစင်းစင်းနှင့် ဟာသပါပါ ပြန်ပြောပြ ခြင်း ဖြစ်သည်။ ၄င်းပြင် မိမိကိုယ် မိမိကရုဏာသက်မှုလည်း လုံးဝမပါ။ အဖြစ်အပျက်များ သည်ကြောက်ခမန်းလိလိဖြစ်ပြီး ဖိစီး တွန်းကန်မှု များမှာလည်း မပြတ်မလပ်ဖြစ်ရာ လူတစ်ယောက်အဖို့ မည်သို့ ကျော်လွားခဲ့သည်ကို  စဉ်းစားရန် ပင်ခက်လှသည်။ အသတ်ခံရမူးမူးလည်း ဖြစ်ခဲ့ပေါင်း များခဲ့ပေပြီ။ သို့ရာတွင်ထိုညက ကျွန်ုပ်တို့ အား ပြောပြနေသည့် အမျိုးသမီး၏ စိတ်ဓာတ်ကိုကား မည်သည့်အရာ ကမျှ ချေမှုန်းခဲ့နိုင်မည်  မဟုတ်ပေ။

နောက်ခြောက်လ ခန့်် အကြာတွင် သူမ၏ ဘ၀ မှတ်တမ်း ပထမ စာမူကြမ်း ကောလင်းထုတ်ဝေရေးသို့ ရောက်ရှိလာသည်။ သူမရေးထားသည့် အနက် အများစု အထောက်အထားများအရ မှန်ကန်ကြောင်း  ထင်ရှား ပါသည်။ ဥပမာ ဂျော့ခ်ျ တံဆိပ်ဆိုလျှင် ပေါ့ပေါ့ တန်တန် နှင့် ရသည်မဟုတ်ပါ။ သို့စင်လျက် စာရေးသူကိုသာ မသိခဲ့လျှင် သူမ၏ ဇာတ်လမ်းမှာ တကယ်ပင် မယုံစရာ ထင်မြင်ရပါမည်။ 
ဇာတ်လမ်းမှာ မြင့်မြတ် လှသည့် စွန့်စား စွန့်လွှတ်မှု ဇာတ်လမ်းဖြစ်သည်။ ခံနိုင်ရည်ရှိမှုများလည်း သံန္န်ဋ္ဌာန် ချမှတ်ထားသည့် သဖွယ်။ လူသား တို့၏ မကုန်ခန်းနိုင်သော စွမ်းအားများကို အံ့ချီးရုံသာရှိသည်။ 'မြန်မာပြည် ၏ ဟယ်လင်' ကို ဖတ်လျှင် လူသားတို့အနေနှင့် ဟယ်လင်ရောဒရစ် ကြောင့် ပိုမို ကြီးမြတ် လာရသည်ဟု ခံစား ရမည်မှာ အမှန်ပင်။

အတန်ကြာသည်တွင် သူမသေရှာပါသည်။ သူမစာအုပ်၏နောက်ဆုံး ပုံပန်းကို မမြင်လိုက်ရရှာ။ အသေ စောပါ၏၊ ၀န်နှင့်အားမမျှအောင် ထမ်းခဲ့ရသည့် နှလုံးသည် မခံနိုင်တော့။ အိပ်နေစဉ် သေသွားသည်။ 
သူမသာ ရှိလျှင် ဝေဖန်ချက်များ၊ ဆောင်းပါးများကို အရသာခံ ဖတ်မည်ဖြစ်သည်။ ပုဂ္ဂိုလ် အနေနှင့် အထင် ကရ ဖြစ်ခြင်းကို သူမနှစ်သက်မည် မဟုတ်။ သို့သော် ကျက်သရေရှိရှိ ခံယူပေလိမ့်မည်။ 
ဤစာအုပ်သည် သူမအဖို့ကျောက်တို်င်အဖြစ် ရပ်တည်ရပေမည်။ ရိုးရိုးလေးနှင့် စိတ်လှုပ်ရှား စရာ ပြောထားသည့် ဇာတ်လမ်းမှာ ကျွန်ုပ်တို့ မျိုးဆက်တွင် အကြီးမြတ်ဆုံး အမျိုးသမီး တစ်ဦး၏ ဇာတ်လမ်း  ဖြစ်ပေသည်။

ဟယ်လင်သာရှိလျှင် ဤစာအုပ်ပုံနှိပ်ထုပ်ဝေရာတွင် သူမ၏မိတ်ဆွေ ဖြစ်သူ အယ်ဖရက်ဒရေပါ ၏ ဆောင်ရွက်ချက်ကို ဂုဏ်မပြုဘဲ နေမည်မဟုတ်ပေ။ အယ်ဖရယ်သည် သူမအား အကြံဥာဏ်ပေးသည်၊   အားပေး သည်၊ ထိုအကြံဥာဏ် အားပေးချက်များသည် ဤဇာတ်လမ်း ပြောဖြစ်သွားအောင် ကြီးစွာ အထောက် အကူပြုခဲ့ပေသည်။

(၁)

ဧပြီလ ၁၀ ရက်နေ့နံနက် ၁၀ နာရီထိုးပြီးစ အချိန်တွင် အေးချမ်းသာယာလှပသော တောင်ပေါ်စခန်း မြို့ဖြစ်သည့် တောင်ကြီးမြိုသို့ စစ်ဘေးစစ်ဒဏ် ကျရောက်လာခဲ့ပါသည်။ လေထုကို ခွဲ၍ ကျလာသော ဗုံးသံများ၊ဗုံးပေါက်ကွဲသံများ၊ စက်သေနတ်ဖြင့် တရစပ် ပစ်ခတ်သံများ သည် တိတ်ဆိတ်ငြိမ်သက်နေမှုကို ဖျက်ဆီးပစ်လိုက်ပါသည်။ အထက်မြန်မာနိုင်ငံ ရှမ်းပြည်နယ်  တောင်ပိုင်း၏ သေးငယ်သော မြို့တော်သည် မိနစ်ပိုင်းအတွင်းမှာပင် သားသတ်ရုံသဖွယ် ဖြစ်သွားခဲ့ပါ သည်။

ဗုံးကြဲလေယာဉ်ပျံများ၊ တိုက်လေယာဉ်များသည် အသစ်တစ်ဖန်တိုက်ခိုက်ရန်အတွက် နိမ့်နိမ့်ကလေး ပျံသန်းနေရမှ ကောင်းကင်သို့ ထိုး၍ တက်သွားခိုက် အချိန်၌ ဒဏ်ရသူများ၊ သေအံ့မူးမူးရှိနေသူ များ၏  ကမ္ဘာ ပျက်ခမန်း အော်ဟစ် ညည်းညူသံများကို ကြားနိုင်ကြပါသည်။
အကာအကွယ်မဲ့နေသော မြို့ကို တစ်န်ာရီပြီး တစ်န်ာရီ ဂျပန်လေသူရဲများက ချေမှုန်းနေကြပါသည်။ လက်လွတ်စပယ်၊ အဓိပ္ပာယ်မဲ့ ဖျက်ဆီးနေခြင်း ဖြစ်ပါသည်။ အဆင့်အတန်း မြင့်မြင့် ကျွမ်းကျင်ပြီး သော လေသူရဲများအနေဖြင့် အားစိုက်စရာ မလိုဘဲ အလွယ်တကူပင် လေ့ကျင့်ခန်း ဆင်းသလို ပစ်ခတ်သလို ပစ်ခတ်တိုက်ခိုက် နိုင်ကြပါသည်။ သူတို့သည်  နိမ့်နိမ့်ပျံသန်း၍ ပစ်မှတ်ကို စိတ်ကြိုက် ရွေးချယ် ဖျက်ဆီး ပစ်နိုင်ကြပါသည်။

စစ်စည်းကမ်းများကို လုံးဝ ဂရုမပြုဘဲ သူတို့သည် ဆေးရုံနှစ်ရုံကို အထူးတလည် ရွေးချယ်၍ တိုက်ခိုက်ကြလေသည်။ ဗြိတိသျှ စစ်ဆေးရုံလုပ်ထားသော တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ၏  ကျောင်းဟောင်း နှင့် အသက် ၂၆ နှစ်အရွယ် သူနာပြုဆရာမချုပ် လုပ်နေသော ကျွန်မတို့၏ဆေးရုံနှစ် ကိုမဲနေ ကြပါသည်။
စာဖတ်သူများ အနေနှင့် စိန့်သောမတ်(စ်)ဆေးရုံကြီးလို သို့တည်းမဟုတ် စိန့်ဘာသိုလိုမြူး(စ်) ဆေးရုံကြီးလို ကြီးကျယ်ခမ်းနားသည့် ဆေးရုံများကိုသာ ဆေးရုံအဖြစ် သိနေကြရာ ကျွန်မတို့၏ဆေးရုံ  ကိုလည်း အလယ် အလတ် တန်းစားဟု ယူဆကြပေလိမ့်မည်။ အမှန်တော့ ကျွန်မတို့ဆေးရုံမှာ သွပ်မိုးပြီး လေးဘက်လေးတန် ၀ရန်တာထုတ်ထားသော တစ်ထပ်တိုက်ကလေးသာ ဖြစ်ပါသည်။ မိုးရွာသော အခါသွပ်မိုးမှထွက်လာသည့် အသံသည် ဗုံးအလုံးပေါင်းတစ်ထောင် တီးနေသလိုထင်ရ၏။

ကျွန်မအတွက်မှု အားလုံးပြည့်စုံပါသည်။ ပြင်ပလူနာဋ္ဌာန၊ ခွဲစိတ်ကုသသော ယောက်ျားဆောင်၊ ခွဲစိတ် ခန်းမ၊ ကလေးများနှင့် ရောထားသော အမျိုးသမီး လူမမာများအတွက်အဆောင်၊ ဆေးပေးခန်းနှင့်  ယောကျာ်း ဆေးကုအဆောင် များရှိပါသည်။
 ဆေးရုံဝင်း အတွင်း၌ ၀န်ထမ်းများ နေရန်ဆောက်ထားသည့် အဆောက်အအုံမှ ကျွန်မအတွက် သေးငယ် သော အခန်းနှစ်ခန်း ပေးထား၍သက်သောင့်သက်သာ ရှိပါသည်။ ဆေးရုံနှင့် အိမ်မှာနီးနီး  ကပ်ကပ် ရှိမှုကြောင့် အလုပ်ဆင်းရာတွင် လမ်းများများမလျှောက်ရပါ။ မိဘများ၏ အိမ်နှင့်လည်း မဝေး လွန်းလှပါ။

ပထမဦးဆုံး ဗုံးကျလာသည့်အချိန်တွင် ကျွန်မသည် ဆီးချိုရောဂါရှင် လူမမာအဘိုးကြီးတစ်ဦး၏ ခြေချောင်း ကလေးများ ဖြတ်ပေးပြီးစ ဖြစ်ပါသည်။ ခြေချောင်းကလေးများအား ဆေးကြာသုတ်သင်ပေး  စက်သေနတ် ဒဏ်ကြောင့် ပြတင်းပေါက်မှ မှန်စအကွဲများ လွင့်စဉ်လာပါသည်။
လူမမာ မှာ လှုပ်ရှားနိုင်မည် မဟုတ်၍ ကျွန်မသည်လူမမာအား အိပ်ရာခင်းနှင့်အတူ ချီမပြီးကြမ်းပြင်ပေါ် ၌ချထားလိုက်သည်။ စက်သေနတ်သံများ ပျေက်သွား၍ခေါင်းမော့ကြည့်လိုက်သောအခါ အုတ်နံရံတွင် စက်သေနတ် ကျည်ဆန်ရာ များမှာ အကျီင်္ချုပ်ရိုးကဲ့သို့ သီတန်းနေသည်ကို တွေ့ရပါသည်။

ကျွန်မ၏ အလိုအလျောက်ဖြစ်ပေါ်လာသော စိတ်ဖြင့် လူမမာကိုအိပ်ရာပေါ်မှ ဖယ်ရှားခြင်းမပြုခဲ့သော် ကျွန်မတို့နှုစ်ဦးစလုံး စက်သေနတ်စာ ဖြစ်သွားဖို့သေချာပါသည်။
'' ငြိမ်ငြိမ်နေ၊ မလှုပ်နဲ့ '' ဟုကျွန်မက လူမမာအားပြောလိုက်သည်။ ထိုအချိန်က ထိုစကားကို ပြောခဲ့စေကာမူ ယခုပြန်လည်စဉ်းစားကြည့်သောအခါ လူမမာသည်လှုပ်ရှားနိုင်သောအခြေအနေတွင် မရှိပါ။
ဗုံးကြဲချပြီး နာရီအနည်းငယ် ကြာသည်အထိ ကျွန်မ၏စိတ်အစဉ်သည် မှုန်ဝါးဝါးဖြစ်နေခဲ့သည်။ ကျွန်မတို့ စိတ်အစဉ်သည် မှုန်ဝါးဝါးဖြစ်နေသည်။ ဘာတွေဘယ်လိုဖြစ်ကုန်သည်ဆိုတာကို အစီအရီ  တွေးမရခဲ့ပါ။ ကျွန်မနှင့် လက်အောက်ခံသူနာပြု အဖွဲ့တို့အနေမူ ကမ္ဘာပျက်သလို ဖြစ်ခဲ့ရပါသည်။ ကျွန်မတို့သည် ၉၆ ပါးသော ရောဂါဝေဒနာရှင် များကို ဆေးကုသပေးနေကြရာမှ လူသား အချင်းချင်းနှိပ်  စက်မှု ကြောင့် ဖြစ်ပေါ်လာသော ခြေကျိုး၊ လက်ကျိုးများ၊ ကျည်ဆန်(သို့မဟုတ်) ဗုံးဆန်တို့ကြောင့် ဖြစ်ပေါ်လာသော ဟောင်းလောင်း ပေါက် ဒဏ်ရာများ၊ သွေးတစ်ပေါက်ပေါက် ပန်းထွက်နေသော  ဒဏ်ရာများ၊ ခြေပြတ် လက်ပြတ် များကို ကုသပေးကြရပါသည်။

လေယာဉ်ပျံများက ဗုံးကြဲ၊ စက်သေနတ်များနှင့် ပစ်ခတ်သွားပြီး နောက်မကြာခင်မှာပင် အမြှောက်ဆန် များကတောင်ကြီးမြို့ပေါ်သို့ ကျရောက်လာကြပြန်ပါသည်။
တောင်ကြီးမြို့မှာ စစ်ဘက်ရေးရာနှင့် ကြည့်လျှင်အရေးကြီးသော မြို့မဟုတ်ပါ။ မီးရထားလမ်းဆုံး ဖြစ်သော ဟဲဟိုးမြို့နှင့် ၂၂ မိုင်ကွာဝေး၍ နွားလှည်းနှင့် သွားရပါသည်။ ကျွန်မ၏စိတ်ထဲ၌ လူတွေကို  ရက်ရက် စက်စက် သတ်ဖြတ်ပွဲ ကျင်းပနေရော့သလား ဟုယူဆပါသည်။

ယနေ့သည် တောင်ကြီးမြို့၏ ဈေးနေ့ ဖြစ်ပါသည်။ တောင်ကြီးမြို့ပတ်ဝန်းကျင် ကျေးရွာများမှ တောင်သူ များသည် ဟင်းသီးဟင်းရွတ် သစ်သီးဝလံများ၊ ငါးများ၊ ငွေလက်ကောက်များ၊ ယက်ထည်များကို ဈေးနေ့တွင် မြို့ပေါ်သို့ တက်ရောက်ရောင်းချသော အလေ့အကျင့်မှာ နှစ်ပေါင်းရာ နှင့်ချီနေပါပြီ။ ဒီလိုနေ့ရက်မျိုးကိုမှ ရွေးပြီးဗုံးကြဲ၊ စက်သေနတ်နှင့်ပစ်ရသည်ကို အားမရဘဲအမြောက်  နှင့်တ၀ုန်းဝုန်း ထုနေပြန်ပါသည်။

ကျွန်မငယ်စဉ်တောင်ကျေး ကလေးဘ၀ကပင် တောင်သူများကိုသိနေ့သည်။ သူတို့လောက်ချစ်စရာ ကောင်းပြီးကလေးဆန်သော တိုင်းရင်းသားများ မြန်မာနိုင်ငံတွင် မရှိပါ။ တောင်သူများသည်  အသောက် အစား၊ အကစား မရှိ။ လူသတ်မှုဆိုသည်ကိုလည်း မသိ၊ ခိုးမှုကိုလည်းနားမလည်ကြပါ။ လွပ်လွပ် လပ်လပ် ပျော်ပျော် ရွှင်ရွှင် နေတတ်ကြသူများဖြစ်ပါသည်။
ဈေးရောင်းလာကြသော တောင်သူပျိုဖြူများ၏ ရုပ်သွင်ကထူးခြင်းလှပသလို မျိုးရိုးစဉ်လာအရ အကျီအနက်၊ စကတ်အနက်တို့နှင့် တွဲဖက်ဆင်ယင်လာသော ခြေကျင်းနှင့် လက်ကောက် များသည်  ၎င်းတို့နှင့် တွဲသီ ထားသည့် တချွင်ချွင်အသံထွက်ပေါ်လာသော ငွေကွင်းကလေးများနှင့်တင့်တယ်လှ ပါနေကြပါသည်။ ရိုးသားပြီး အစွဲအလမ်းကြီးသူများဖြစ်၍ ငွေကွင်းများသည် သူတို့ကိုဘေးအန္တရာယ်မှ  အကာ အကွယ် ပေးသည်ဟု ယုံကြည်ကြသည်။ ခြောက်ကိုက်မျှ ရှည်လျားသော အနီရင့်ရင့် အ၀တ်ကို လည်းခေါင်း၌ ပေါင်းထား ကြသည်။

နောက်ကျောတွင် ကလေးများကိုအ၀တ်နှင့် ရစ်ပတ်ချီပိုးထားကြသေးသည်။ သူတို့ကြောင်း ရာင်းချရန် သယ်ယူလာကြသော ပစ္စည်းများအနီး၌ ဆောင့်ကြောင့်ထိုင်၍ ဈေးဝယ်လာမည့်သူများကို  ငံ့လင့်လျက် ရှိကြပါသည်။ သူတို့အတွက် သေမင်းတမန်သည် မိုးပေါ်ကကျလာလိမ့်မည်ဟု လုံးဝမထင်မှတ်ခဲ့ကြပါ။
ထိုအချိန်မှာပင် ကောင်းကင်ယံမှ စက်သေနတ်သံများ ပေါ်ထွက်လာကာ တောင်သူအမျိုးအသီးမျာိး၏ ရင်ဘတ်တွင်ဒဏ်ရာရရှိပြီး သေဆုံးကုန်ကြရရှာသည်။ ရင်နာစရာမြင်ကွင်းပင် ဖြစ်ပါသည်။ 
ကလေးများ ၏ သနားဖွယ်ရာငိုကြွေးသံ။ ဒဏ်ရာရသူများ၏မချိမဆံ့ ညည်းညူသံနှင့် ဖုန်တထောင်း ထောင်းထနေ သော ဈေးဝင်းအတွင်း၌ အနီရောင်ခေါင်းပေါင်းစများက သွေးအိုင်ထဲတွင်   စိုနစ် လျက်ရှိ ပါသည်။ ဗုံးအစ အနများမှန်၍ ဒဏ်ရာရနေကြသော ကျွဲနွားများ၏ ဟစ်အော် ညည်းညူသံ များကလည်း ဆူညံ လျက်ရှိပါ သည်။

ကလေးအများစုမှာမူ အသက်ရှင်ကျန်ရစ်လျက်ရှိသည်။ သေရအံ့ဆဲဆဲမိခင်များသည် ကျောတွင်ချီပိုး ထားကြသောကလေးငယ်များကို ကာကွယ်ပေးနိုင်ရန် ကျော့ကော့ပစ်ကြသည်။ မိခင်၏ မေတ္တာသည်  သေအံ့ ဆဲဆဲတွင်ပင် ကြီးမား လှပေသည်။ ကလေးများသည် သူတို့၏မိခင်များကို ဆုံးရှုံးရသည်သာ မကသေးပါ။ သူတို့၏အိမ်များမီးလောင်သွားပြီဖြစ်၍ အိုးမဲ့အိမ်မဲ့လည်းဖြစ်ကုန်ကြရရှာပါပြီ။
ကျွန်မတို့သည်ရန်သူ ဂျပန်များနှင့်ဤမျှနီးကပ်နေသည်ကို လည်းကေင်း၊ ရန်သူများသည် ဤမျှအထိ ရက်စက်လိမ့်မည်ဟူ၍လည်းကောင်း မထင်မှတ်ခဲ့ကြပါ။ တောင်ကြီးတစ်မြို့လုံးသည် အမှတ်တမဲ့ခံ  လိုက်ရခြင်း ပင်ဖြစ်သည်။ ယခုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ထိုနေ့ထိုရက်တွင် တစ်ခုခု တော့ အလိုလိုဖြစ်လိမ့်မည်ဟု ကျွန်မ၏စိတ်ထဲ၌ ကြိုတင်သိနေသလိုဖြစ်ခဲ့ပါ၏။

တောင်ကြီးမြို့ဈေးနေ့မှာ ရက်သတ္တပတ်မှတစ်ကြိမ်သာရှိသည်။ မေမေသည်ဈေးနေ့တွင် ဈေးဝယ် ထွက်လေ့ ရှိသည်။ တစ်ကြိမ်တစ်ခါမျှမပျက်ကွက်ခဲ့ပါ။ သို့သော်ထိုနေ့တွင် တစ်စုံတစ်ရာက လှုံ့ဆော်  ပေးလေ သလားပဲမသိပါ။ မေ့မေ့ကိုဈေးမသွားရန်ပြောမိသည်။ မေမေဈေးသို့မသွားဖြစ်ပါ။ ကျွန်မသည် လည်း ဆေးရုံ မသွားမီ စာတိုက်သို့သွား၍ စုထားသောငွေများကို လိုရမည်ရထုတ်ယူလိုက်ပါသည်။
ဗုံးသံများ၊ စက်သေနတ်သံများပျောက်သွားသောအခါ ဒဏ်ရာပြင်းထန်စွာရရှိထားသော လူနားများကို နွားလှည်းများဖြင့် တစ်မျိုး၊ တစ်ပုခက်များနှင့် တစ်ဖုံ၊ တွန်းလှည်းများနှင့်တစ်သွယ် သယ်ယူလာသည့်  ရှည်လျား သောလူတန်းကြီးသည် ကျွန်မတို့၏ ဆေးရုံသို့ရောက်လာကြပါသည်။ တစ်ချို့ကဒဏ်ရာရ သူများ ကလေးဘက်တွား၍ လာသည်လည်းရှိပါသည်။ အချို့ကိုလည်း ကျောတွင်ချီပိုးလာကြသည်။
ကျွန်မတို့၏ဆေးရုံမှာ လူ ၁၂၀စာမျှသာ ဆံသော်လည်းယခုရောက်လာကြသူများက လူပေါင်း ၄၀၀ ကျော်ရှိ ပါသည်။

အိမ်များ၊ ဈေးဆိုင်များသည် မီးလောင်နေကြပြီး လမ်းမများပေါ်၌ တိရိစ္ဆာန်နှင့်လူသေအလောင်းများက ပြန့်ကြဲနေပါသည်။ အသားများကို မီးလောင်သောအခါ ထွက်ပေါ်လာသည့် ညော်နံ့များကလည်း  တစ်လောကလုံး ကို ဖုံးအုပ်ထားပါသည်။
ပျောက်ဆုံးနေသော ဆွေမျိုးများ၊ မိတ်ဆွေအပေါင်းအသင်းများကို ရှာဖွေနေကြလေသလား မသိပါ။ ခြေဦး တည့်ရာ လျှောက်သွားနေကြသူများကိုလည်း တွေ့ရပါသည်။ ပျက်စီးနေသော ပြတင်းပေါက်မှ မြို့ဘက် သို့ မျှော်ကြည့်လိုက်သည်တွင် မီးလောင်နေသော အဆောက်အအုံများပေါ်ဝယ် မီးခိုးလုံးများ ကို မြင်ရ သည့်အခါ ကျွန်မ၏ရင်ထဲ၌ နတ်ဘုံနတ်နတ်တမျှ ထင်မှတ်ထားခဲ့သော တောင်ကြီးမြို့သည်  အပြီး အပိုင် ကွယ်ပျောက် သွားခဲ့ပါပြီိ။

ကျွန်မ၏ဘ၀ကို ကြားဖြတ်ပြီးတင်ပြပါသည်။
စကော့တလန်သူမိခင်နှင့် ပေါ်တူဂီလူမျိုး ဖခင်တို့၏ သမီးဦးဖြစ်သောကျွန်မသည် မြန်မာနိုင်ငံရှမ်းကုန်း မြေမြင့်၌မည်သို့မည်ပုံ ကြီးပြင်းလာရသည်ကို စ၍ဖော်ပြရန်လိုအပ်ပါသည်။
ကျွန်မ၏ဖခင်မစ္စတာလင်းဘတ်၊ ကင်နက်၊ ရော့ဒရစ်သည် အိနိ¢ပြည်မှ ဆရာဝန်ဘွဲ့ကို ရရှိခဲ့သည်။ သူသည်စကော့တလန်ပြည်အီဒင်ဘာရာ တက္ကသိုလ်မှ အမ်အာစီပီ ဘွဲ့ယူရန်အတွက် အီဒင်ဘာရာမြို့  ရောက်လာခဲ့သည်။ သူနာပြုဆရာမလုပ်နေသော ကျွန်မ၏မိခင်နှင့်သူတို့နှစ်ဦး တွေ့ဆုံချစ်ကြိုက် ကြသည်။

ကျွန်မ၏အဘိုးမှာလည်း ၎င်းယူနီဘာစီတီတွင် အနာတော်မီနှင့် သဘောမတူကြပါ။ စကော့လူမျိုး မိကောင်း ဖခင်သားသမီးများနှင့် အသားအရောင်ညိုသော သူစိမ်းတစ်ရံများလက်ထက်ခြင်းကို သဘောမတူကြပါ။ သို့ဖြင့် ဖခင်သည် လက်လျှော့ပြန်သွားခဲ့ရသည်။
ဖေဖေသည် နောင် နှစ် နှစ်ကြာသောအခါ စကော့လားရှစ်ဆုကို ရပြီး အမ်အာစီပီ၊ ပီအယ်(လ်)အာစီပီ၊ ဒီပီအိပ်ခ်ျဘွဲများကို ဖြေဆိုရန်အရည်အချင်းရှိသူ တစ်ယောက်အဖြစ်အီဒင်ဘာရာသို့ ပြန်ရောက်လာ  ပြန်သည်။ ယူနီဘာစီတီတွင် ဂုဏ်ထူးရကျောင်းသားများ၏ အမည်များ ရေးထားသော ကျောက်သင်ပုန်း ၌ ဖေဖေ၏ နာမည်မှာ ယနေ့တိုင်ရှိနေပါသေးသည်။

ဖေဖေသည်ဆေးပညာကိုသာ အပတ်အကုတ် ကြိုးစားသည်မဟုတ်ပါ။ မိန်းမပိုးရာတွင်လည်း ဇွဲနပဲ ကြီးသူ ဖြစ်ပါသည်။ မိခင်ဘက်မှ လက်ထပ်ပေးရန်သဘောမတူသည်ကို သူအောင်နိုင်ခဲ့ပါသည်။ အခြား  အတား အဆီးတစ်ခုမှာ ဖခင်ဘက်ကဘရင်ဂျီဘာသာဖြစ်၍ မိခင်ဘက်က ပရိုတက်(စ်)တင့် ဖြစ်နေခြင်းပင်။ နောက်ဆုံး၌ သူတို့၏ လက်ထပ်ပွဲကို ဘုရားရှိခိုးကျောင်း နှစ်ခုစလုံး၌ ကျင်းပရန် ညှိနှိုင်းလိုက်ကြ သည်။

ဖေဖေသည် မြန်မာနိုင်ငံ ကျန်းမာရေးဌာန၌ ၀င်ရောက်အလုပ်လုပ်ခဲ့ပါသည်။ ပထမဦးဆုံး အလုပ်မှာ ချင်းတောင် တွင်ဖြစ်ပါသည်။ ကျွန်မကို ၁၉၁၄ခုနှစ်၊ အော်တိုဘာလ၊ ၂၄ရက်နေ့တွင် ချင်းတောင်၌ပင်  မွေးဖွား ခဲ့ပါသည်။ ဖေဖေသည်ပထမကမ္ဘာစစ်ပွဲကြီး၌ မက်ဆိုပိုတေးမီးယား စစ်မြေပြင်၊ ၎င်းနောက် အာဖဂန် နစ္စတန် စစ်မြေပြင်၌ စစ်မှုထမ်း ခဲ့ ပါသည်။
ပထမကမ္ဘာစစ်ကြီးပြီးဆုံးသွား၍ မြန်မာပြည်သို့ရောက်လာသောအခါ ဖေ့ဖေ့အားဝေသီခေါင်ဖျားကျ သော ဒေသများသို့ ပို့ထားပြီး ချောင်းထိုး ထားခဲ့သည်။ နေရာ တစ်ခု၌မူ မေမေသည် တစ်ညတည်း တွင်  မြွေငါးကောင်ကို အိမ်ထဲမှာပင် သတ်ခဲ့ရပါသည်။ ယင်းနောက် ဖေ့ဖေ့ကို တောင်ကြီးမြို့ဆေးရုံ၌ ခရိုင် ဆရာဝန်ကြီး အဖြစ် ခန့်ထားခဲ့ပါသည်။

မိခင်မှာကျန်းမာရေးမကောင်းသဖြင့် ဖေဖေကပင်စကော့တလန်ပြည်သို့ အပြီးအပိုင်ပြန်ရန် အကြံပေး ပါသည်။ ၁၉၁၉ခုနှစ်က ဖြစ်ပွားခဲ့သော တုပ်ကွေးရောဂါကပ်ထဲတွင် ထမင်းချက်၊ မြင်းထိန်းနှင့်  ကလေး ထိန်းသုံးဦးကွယ်လွန်သွားခဲ့သည့် အချိန်မှစ၍ မေမေသည်တရှောင်ရှောင်ဖြစ်နေခဲ့သည်။ သို့သော် မေမေ သည် တောင်အကြီးကြီး ရှိနေသည့် တောင်ကြီးမြို့သို့ရောက်လာသည်တွင် သူမ  အလွန် နေချင်သော မြို့ဟု နားလည်ခဲ့သည်။

"ငါ့တိုင်းပြည်ကို ပြန်ရောက်နေသလို သိပ်လှတဲ့မြို့ပါကလား"ဟုမေမေက ရင့်ကျုးခဲ့သည်။ "တို့တစ်တွေ ဒီမှာပဲ တစ်သက်လုံးနေမယ်"ဟု ထုတ်ဖော်ပြောခဲ့ပါသည်။ ဆရာဝန်ကြီးအတွက် သတ်မှတ်ထားသော အိမ်တွင် ကျွန်မတို့ မိသားစုနေကြသည်။ ဆေးရုံနှင်နီး၍ သွားရေးလာရေးအဆင်ပြေလှပါသည်။
ဖေဖေသည်သူအိမ်၌ နေလိုသူဖြစ်သည်။ ထို့ကြောင့် မြေရှစ်ဧက ၀ယ်ပြီး အိမ်အကြီးကြီး တစ်လုံးကို သူ စိတ်ကူး ရသမျှတို့နှင့် တန်ဆာဆင်ကာ အကောင်းဆုံးလက်သမား၊ အကောင်းဆုံး ပန်းရံ၊ အကောင်းဆုံး ပစ္စည်းများ သုံး၍ ပြီးသွားသော အခါ မေမေ၏ဇာတိဖြစ်သော "ကရိတ်မိုး" မြို့၏ နာမည်ကို ပေးခဲ့သည်။

သူသည်ခြံဝင်းအတွင်း၌ တိရိစ္ဆာန်များ၊ ငန်း၊ ဘဲ၊ ကြက်များသစ်သီးပင်များ စိုက်ပျိုးမွေးမြုပါသည်။ မြင်းဇောင်း နှင့် နွားတင်းကုပ်များတည်ဆောက်ကာ မြင်းနှင့်ကျွဲနွားများ မွေးမြူပါသည်။ ရေကန်ကျယ်ကျယ် တစ်ခု ကိုလည်း တူးဖော်ပါသေးသည်။

ဖေဖေသည် ထိုမျှနှင့် မကျေနပ်သေးပါ။ သူ၏မိတ်ဆွေတစ်ဦး ပြင်သစ်ပြည်သို့ အပြီးအပိုင် ပြန်သွား သည် တွင် မြေလေးဧကပေါ်၌ ဆောက်ထားသော "ဂလင်းဗျူး" အမည်ပေးထားသည့်အိမ်ကို ၀ယ်ပါ  သေးသည် ထိုမြေ၌သစ်သီးပင်အမျိုးမျိုးနှင့် သစ်ပင်အများအပြား စိုက်ပျိုးရာတွင် အတွင်းဘက်ကျကျတွင် ရှိနေ သဖြင့် လျှံကျလာသောရေများကို ဆည်၍ မြောင်းများဖောက်ကာ သွယ်တန်းယူပါသည်။  မြေသြဇာ က အလွန် ကောင်းသည်။ တကူး တကန့် မစိုက်ရဘဲ အပင်ပေါက်ပါသည်။

မေမေသည် ဘိုးစဉ်ဘောင်ဆက် လက်ထက်ကတည်းက တရိုတသေ သိမ်းဆည်းလာခဲ့သော အဖိုးထိုက် အဖိုးတန်ပစ္စည်းများကို စကော့တလန်နိုင်ငံမှ သယ်ယူလာခဲ့ပြီး ရန်ကုန်မြို့ သောမတ်(စ်) ကွတ်  ကုမ္ပဏီ တွင် နှစ်ပေါင်းများစွာ အပ်ထားခဲ့ရာမှ ပြန်ယူကာဤအိမ်နှစ်အိမ်တွင် တန်ဆာဆင်ခဲ့ပါ သည်။ ငွေထည် ပစ္စည်း အသုံးအဆောင်များ၊ အိုးခွက်များ၊ ကြည့်မှန်များကို အိမ်နှစ်လုံး စလုံးတွင် တပ်ဆင် ခဲ့ပါ သည်။

မြန်မာပြည်ရှိ ဘိလပ်သားများသည် မိမိတို့အိမ်ကိုပြင်ဆင်မွမ်းမံရာတွင် ပြည်တွင်းဖြစ်ပစ္စည်းများကိုသာ အသုံးပြုကြသဖြင့် ကျွန်မတို့ကို အိမ်နီးနားချင်းများက မနာလိုကြပေ။ အိမ်ထောင် ပရိဘောဂများမူ   ကျွန်းသားဖြင့် မြန်မာပြည်၌ လုပ်သော ပစ္စည်းကများပါသည်။ နံရံများပေါ်၌ စကော့တလန်နိုင်ငံ၏ ရှုမျှော်ခင်းများ၊ ဖေဖေအာဖဂန်နစ္စတန်နိုင်ငံ လေလံပွဲမှ ၀ယ်ယူလာခဲ့သော ကော်ဇောများဖြင့် တန်ဆာ  ဆင်ထား ခဲ့ပါသည်။

ပန်းခြံထဲ၌မူ အရောင်မျိုးစုံဖူးပွင့်နေကြသော နှင်းဆီပန်းများ၊ ရောင်စုံပန်းအမျိုးမျိုးနှင့် သစ်ခွပန်းများ ဝေဆာ လျက် ရှိပါသည်။ မိတ်ဆွေ အပေါင်းအသင်းများက မေမေ့ကိုသစ်ခွပန်းပါရဂူဟူ၍ နာမည် ပေးထားကြသည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, February 1, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၇)

ဝတ္ထုစ၍ ရေးရချိန်

ပညာ့အလင်း မဂ္ဂဇင်း၌ ပါရှိသော (သစ္စာနှင့်မေတ္တာ) (စိန်နှင့်ဘေး) (အချစ်နှင့်အပြစ်) စကားပြေ ၀တ္ထု တို ကလေး များကို၎င်း၊ ဤနှစ်ထည်းမှာပင် ရှေ့ဆက် နောက်ဆက် ထုတ်ဝေသော သူရိယမဂ္ဂဇင်း မှ ခေတ်ဝတ္ထုတို တပုဒ်ကို ဖတ်ရသောအခါ ကျမ ရေးလိုသော နိုင်နိုင်နင်းနင်းရေးနိုင်မည့် အရေးအသားမျိုး ဟု ယူဆ ပိုင်းဖြတ်ပြီး တခါတည်း စ၍ရေးလိုက် မိခြင်းဖြစ်ပါတော့သည်။
 
စာရေးလိုက်၍ အစပျိုးပြီးတွေးတောကြံဆနေချိန်ကမှု လူတွေ၏ ပြောင်းလဲသော စရိုက်နှင့်စိတ်နေ သဘောထားကို ရေးသားလိုသည်၊ သို့သော် ဦးတည်၍ တိုက်ခိုက်လိုသော စစ်မျက်နှာကို ကလောင် လက်နက် မချိန်မိဘဲ၊ ဘတ်ကောင်းစေမည့် ဇာတ်အိမ်ကလေးတခု မူထားပြီးလူတို့၏ စရိုက်များကို တတ်အား သလောက် အကောင်းအဆိုး ခွဲခြား ဖေါ်ပြသွားရန်ဖြစ်ပါသည်။

သို့ကြောင့်  ၁၉၁၆- ခုနှစ်ထည်းမှာ ပဋ္ဌမဦးဆုံးပွဲဦးထွက် အနေနှင့် နွဲ့နွဲ့ဟူသော ခေါင်းစီးအမည်တပ် သည့်ဝတ္ထုတိုတပုဒ်ကို ရေးမိသည်။ ဇာတ်လမ်းမှာ စိတ်ကောင်းရှိသူနှင့် စိတ်ထားမကောင်းသူတို့ နှစ်ဦး ကြား၌ ဖြစ်ပျက်တွေ့ကြုံ သွားရသောနွဲ့နွဲ့အမည်ရှိ မိန်းကလေးတယောက်၏ ၀တ္တုဇာတ်လမ်း ဖြစ်ပါသည်။ ၀တ္တုရေးပြီးသောအခါ ပညာ့အလင်းမဂ္ဂဇင်းမှာ ဦးတင်မောင်နှင့် ဦးမောင်ကြီးတို့က တာဝန် ယူ၍ ၀တ္ထုတိုကလေးများ ရေးနေသောကြောင့် အပြင်မှပေးပို့သည်ကှို လက်ခံမည်ဖြစ်ကြောင်း နှင့် ထည့်သွင်း ပါရှိသော ၀တ္ထုတို၏အစတွင် ရေးသူဆုရသည်ဟု ရေး၍ ၀တ္ထု ၏ အဆုံးတွင် ရေးသူ၏ ကလောင်အမည်ကို ထည့်ထား ပါသည်။

ထို့ကြောင့် စီးကမ်းချက်အတိုင်း စာတိုက်မှပို့ပေးလိုက်ပြီး မေ့မေ့လျော့လျော့ နေခဲသည်။ ၎င်းအချိန်နှင့် မရှေးမနှောင်းမှာပင် ၀တ္ထုတိုတခုကိုလည်း ရေးသားပြီးစီးသွားပြန်သည်။ ၎င်းတ္ထုတိုမှာ တနှစ်လောက်ရှိမှ ဒဂုံမဂ္ဂဇင်း ၏ ၀တ္ထုတိုပြိုင်ပွဲတွင် ၀င်ရောက် အရွေးခံရန် ပို့လိုက်ရပါသည်။

ကျမစာရေးစ ပြုနေချိန်တနှစ်အတွင်း၌လည်း အိမ်တွင်းရေး တိုက်ပွဲအမျိုးမျိုးကို မိခင်ဖြစ်သူနှင့် အတူ ကျမပါ ဝေပုံကျခံစားတွေ့ကြုံ လာရပါသည်၊ ရှေးယခင်က မိခင်ဖြစ်သူ၏ ပေးကမ်းထောက်ပံ့ခံရများ သည် မုဆိုးမ ဖြစ်နေသောမိခင် ဖြစ်သူအားနှစ်မြောသည်၊ တွန့်တိုသည်၊ ကပ်စေးနဲသည်ဟူသော ဘွဲ့ ထူး, ဂုဏ်ထူးများ နှင့်ရှုံ့ချ ဖိနှိပ်ပြောဆိုခြင်း ပြုနေသည်ကိုပင်အားရ တင်းတိမ်မှုမရှိသေးဘဲ၊ ကျမတို့မိ သားစုသုံးယောက်ကို သံယောဇဉ်ကြီးစွားနှင့် လာရောက်နေထိုင်ကာဝေယျာဝစ္စ လုပ်ကိုင်ပေးခြင်း၊ ဈေးသွားထမင်းချက် စသော မီးဖိုချောင်ကိစ္စများကို လုပ်ကိုင်ပေးနေသူ ဖခင်၏တပည့်လင်မယားအား ကျမ၏မိခင်နှင့် အဆင်မပြေ အောင်သွေးခွဲ ပေးလိုက်ပါသည်။ သူတို့လင်မယား ရွာကိုပြန်သွားကြ သောကြောင့် ထိုအချိန်မှာ တပည့်တပန်း အိမ်ဖေါ် မငှါးမဖြစ်၍ ငှါးရသည်၊ ငှါးထားသော သူများကိုလည်း ဖြစ်သည့်နည်းနှင့် မနေနိုင် အောင် သာ တဘက်လှည့်နှင့် မောင်းထုတ်ပစ် ကြပြန်သည်။

စကားနည်း၍ သီးခံတတ်သော မိခင်သည် အိမ်ဖေါ်ငှါးခြင်းကိစ္စကို လက်မြှောက်လိုက်ပြီး သူကိုယ်တိုင် မီးဖို တခု နှင့် စားမှုသောက်မှုစီစဉ်ရပါသည်။ သည်အဖြစ်ကို တွေ့မြင်ရသူ ကျမမှာ မိခင်၏ ဒုက္ခကို ကြည့်မနေနိုင် တော့ပါ။ ဤ အသက် အရွယ်အထိ မီးဖိုချောင် ကို တခါမှ မ၀င်ဘူးသေးသော်လည်း တနေ့ ကြည့်ယုံနှင့် ထမင်းချက် နည်း ဟင်းချက်နည်း ကို လက်တွေ့ ဆည်းပူးနည်းယူကာလေ မီးဖိုတခု နှင့် ချက်မှုပြုတ်မှုကို တာဝန်ယူ လိုက်ပါသည်။ လောကဓံကို ကြံ့ကြံ့ခံ၍ ရင်ဆိုင်မည်ဟု ယူဆတတ်သေးသော အရွယ် မဟုတ် စေကာမှု မခံချင်စိတ်တခုကို အရင်းထား၍ ကြိုးစားလိုက်ခြင်းသာ ဖြစ်ပါသည်။
 
ယင်းသို့စားဖိုဆောင်ကိစ္စ တာဝန်ယူ၍ တက်သမျှ မှတ်သမျှနှင့် သန့်သန့်ရှင်းရှင်း ဖျပ်ဖျပ်လပ်လပ် လုပ်ကိုင် ပြန်ရာမှာလည်း မလိုလားသော မျက်နှာထားနှင့် ခါးထောက်ကြည့်ကာ တသက်လုံး ဗိုလ်မစိတ် ပေါက်နေတဲ့ မိန်းခလေး ခုတော့ ဘာတတ်နိုင်သေးလဲ-ဟု ကြေနပ် ၀မ်းသာစွာ ရင့်ကျူးခံရပါသည်။ မခံ ချင်မှု တခုကို အရင်းတည်၍ အိမ်မှုကိစ္စနှင့်တကွ မီးဖိုဆောင်၏ အလုပ်ဝတ္တရားကို နားလည်ကျွမ်းကျင် ပြီးသား ဖြစ်သွားရ သည့်အတွက် ကျမအဘို့ တွက်သားကိုက်သည်ဟု ဆိုရမည်ဖြစ်ပါသည်။

မောင်ငယ်လေးအား လေးနှစ်သားတွင် မေမေက ကျောင်းစအပ်ပါသည်။ ဖခင်အမှုထမ်းရင်း သေဆုံး၍ သူ့အတွက် ကျောင်းစရိတ်ကို အစိုးရကစတိုင်ပင်ထောက်ပံ့ သောကြောင့် အိတ်ထည်းကမစိုက် ရစေကာမှု ပစ္စည်းများကို ထုခွဲရောင်းချ စားသောက်ရသော အချိန်တွင်ရှိနေပါသည်၊ ကျမသည် အိမ်ထည်းမှနေ၍ ၀င်ငွေရသော အလုပ်တခုခုကို လုပ်ချင်သောစိတ် ဖြစ်ပေါ်လာသည်။ ဇာထိုးပန်းချုပ် အလုပ်များကို ခပ်စောစောပိုင်းက လေ့အထရှိထားသဖြင့် တက်တင်းခေါ်ဇာတမျိုးနှင့် သံအပ်နှစ်ချောင်း နှင့် ထိုးသော ခေါင်းအုံးစွပ် ဇာမြိတ် (ထိုအချိန်က ခေတ်အစားဆုံး လက်မှုပညာ) များကို အချိန်အားတိုင်း ထိုး၍ စုထား တတ်ပါသည်။ များလားသောအခါ သူငယ်ချင်း မိတ်ဆွေများသို့၎င်း၊ ကုန်တိုက်များသို့၎င်း ပေးပို့ ရောင်းချသော အလုပ်ကို စတင် လုပ်ကိုင်မိပါသည်။

မိခင်ဖြစ်သူ၏ အတွင်းပစ္စည်းဥစ္စာများကား တစတစ ထုခွဲရောင်းချလာရသည်မှာ ပဋ္ဌမပိုလျှံနေသော မိုးကုတ်ကျောက် ပတ္တမြားများမှ စိတ်ထည် ရွှေထည် လက်ဝတ်လက်စား များအထိဖြစ်ပါသည်။ ရောင်းချ ပေးသော စိတ်ကျောက်ပွဲစားများသည် ပွဲခရောအမြတ်ပါ နှစ်မျိုးမရလျှင် ရုတ်တရက် ရောင်း ထုတ်မပေး တတ်ကြပါ၊ တဘက်၌ အမြတ်မရဘူးဆိုလျှင် ပစ္စည်းရှင်ဘက်သို့ ထိုးစစ်ဆင်ကာ တန်ဘိုးကို အဆမတန် နှိပ်ချ ပေးလေ့ ရှိပါသည်။ ဤအခါ၌ ငွေအသုံး လိုနေသောမိခင်က ရသမျှအဘိုး နှင့်ပင် ရောင်ချရန် သဘောတူ လိုက်ရသည်။

စိန်ကျောက် ပတ္တမြားစသည်တို့ကို ရောင်းဝယ်သော ပွဲစားကုန်သည်များမှာလည်း ၎င်းတို့ထံမှ ပစ္စည်း ၀ယ်မည့်သူဆိုလျှင် လျှာထွက်တံတွေးမတင် အင်မတန်မှလောကွတ်ကြေ သည့် အမြှောက်အပင့်တွေ နှင့် ခြေမကိုင်မိ, လက်မကိုင်မိ ရှိတတ်သည်။ သူတို့ ရောင်းလာသော ပစ္စည်းများမှာ ထိုက်တန်သော ဘုန်းကံ ရှိသူမှရနိုင်သော ပစ္စည်းမျိုးဖြစ်သည်။ အပြစ်, အနာအဆာ ဆို၍လည်း ပြစရာဘာမျှ မရှိကြောင်း ရွမ်းရွမ်းဝေ အောင် ပြောပြီး ရောင်းတတ်သည်။

ယခုငွေရေးကြေးရေးကြောင့် အသုံးလို၍ ပြန်ထုတ်ပေးရန်ပြန်အပ် သောအခါ ယခင် ချီးကျူးထားသော သူတို့ပစ္စည်းများကို သူတို့ကိုယ်တိုင်ပြန်၍ အပြစ်အမျိုးမျိုးပြပြီး နှိမ့်ချတတ်သည်။ ပစ္စည်းဝယ်နိုင်စဉ်က လို ချိုပြုံးသော မျက်နှာမျိုးလည်း မထားတော့ဘဲ အကဲရောက်သော ဟန်ပန်လေသံများသာ ထားကြ ခြင်းခံရပါသည်။ ပစ္စည်းဝယ်နိုင်သော ဖေါက်သယ်တဦးဖြစ်စဉ်က ဖျာလိုလိပ်၍ ထိပ်ပေါ်တင်ကြ သလောက် နောက်ပိုင်း အ၀ယ်ဘက်သို့ ကူးပြောင်းလာရသောအခါ ဟ,ဟခေါ်ချင်သူပင် အတော်ရှား နေသည်။ သို့သော် အချောင်ရမည် ထင်သူ ပွဲစားများကလည်း မျက်နှာထားတည်တည်ပင် စိတ်ထည်း မှာ စားလမ်း ကိုစောင့်ကာ စိတ်မပါ့တပါ ဆက်ဆံကြသေးသည်။

ကျမသည် မိခင်၏ငွေရေး, ကြေးရေးကို ငဲ့၍ ငယ်စဉ်ကကဲ့သို့ လိုချင်ရာရာကို ပူဆာခြင်း မပြုဘဲ အိမ်ထဲ မှနေ၍ လက်မှုပညာဖြင့် ရှာသော ရငွေနှင့် လိုရာကို သုံးစွဲခြင်းပြုပါသည်။ ထိုအတော်အတွင်း၌ ရေးပို့ ထားသော ၀တ္တုများက ဆုငွေများ ရရှိလာပြန်ပါသည်။ မဂ္ဂဇင်းတိုက်များမှ မန်နီအော်ဒါနှင့် ငွေရောက်လာ သည်ကိုပင် အိမ်သူအိမ်သားများအား အသိမခံဝံ့ပါ။ သူတို့မှာဝတ္ထု စာပေရေးသားနေသည်ဟု သိသွား လျှင် ချီးကျူး အားပေးမည်ဝေးစွ၊ အဖတ်ဆယ်၍ မရအောင်ပင်ပြစ်တင် ကဲ့ရဲ့ကြမည့် အရိပ်အခြေ တွေကို တွေ့နေ ရသောကြောင့် ဖြစ်လေသည်။

နေ့ခင်းနေ့လည်အခါ ဇာထိုးရင်းက စားရေးစရာ အချက်အလက်များ စိတ်ကူး ရှာဖွေ လျက်ရှိသည်။ စိတ်ကူး ပေါ်သည်နှင့် တပြိုင်တည်း အနီးတွင်ချထားသော ဖေါင်တိန်နှင့် စာရွက်ကို ကောက်ယူ ရေးမှတ် လိုက်သည်။ များလာသောအခါ စာတပုဒ်ရေးရပြန်သည်။ ဒါကလေးမျိုးကိုပင် တွေ့မြင်ပါ များသွားသောအခါ ရီးစားစာရေးဘို့ လေ့ကျင့်နေသည်ဟု ယုတ်ညံ့စွာပြောဆိုခံရသည်။ အသက်မှာ ဆယ်သုံး လေးနှစ် မျှရှိလာပြီဖြစ်၍ ရှက်ကြောက်စိုးရွံ့ ဖြစ်လာတတ်သော အရွယ်နမှာ ဤအပြောမျိုးနှင့် သားသမီးချင်းမစာ ပြောခံရသောကြောင့် ပူထူ, ရှိန်းဖိန်း သွားမိသည်။ စိတ်ဆိုးခြင်း၊ စိတနာခြင်းများ လည်း ရောပြွမ်း လျက်ရှိသည်။

ဖခင်ရှိစဉ်ကမှု လုပ်သရွေ့ အကောင်းချည်းသာဟု မျက်နှာလိုအားရ ချီးမွမ်းခဲ့သမျှ ယခုအချိန်မှာ အကောင်း လုပ်သည်ကိုပင် လှုပ်ရှားသမျှ၌ ရှုတ်ချကဲ့ရဲ့ လျက်သာရှိသဖြင့် ကျမသည်ငယ်ရွယ်သူဖြစ် သည်တကြေင်း၊ လောကရေးရာကိုဝေဖန်နိုင်စွမ်း မရှိသေးသည်တကြောင်း၊ ထိခိုက်ခံရပါများလျှင် မကြာခဏထိုးဆွ ခံရသော မြွေဟောက် ပမာ တရှူးရှူး တရှားရှား ပါးပျဉ်းထောင်လာသလို ဒေါသ အလျောက်ပြန်လှန်ချေပ တတ်လာ သည်။ လဆန်းနေတက်, ရေတက် မွေးသောစနေသ္မီးပီပီ မဟုတ်မခံချင် သောစိတ်ဓါတ်ကလည်း တားမနိုင် ဆီးမရ ဖြစ်လာပြီး ချုပ်တီး သီးခံရမှန်းသိသေးသော အရွယ်ကလည်း မဟုတ်သဖြင့် ဇတ်ဇတ် မကြဲချင် ပေမဲ့လည်း တခါ, တခါတော့ ကျောင်းမှန်း, ကန်မှန်း သိအောင် ကြဲ ပေးလိုက်မိသည်။

ဤအခါမျိုးမှတော့ သာ၍ဆိုးလာပါသည်။ စွာသည်၊ မိုက်ကန်းသည်ဆိုတော့ ဘွဲ့ထူး, ဂုဏ်ထူး တမျိုး ထပ်မံ တိုးလာပါသည်။ အိမ်မှုကိစ္စ လုပ်မြဲလုပ်သည်။ လက်မှုပညာနှင့် စာရေးခြင်းကို နေ့လည်အချိန်မှာ လုပ်မြဲ လုပ်လေ့ ရှိပြီး ဘိုးဘိုးဝက်မစွတ်မြို့စားမင်း၏ ထမင်းပွဲကိုလည်း မနက်တကြိမ်, ညတကြိမ် လိုက် မြဲ လိုက်လျက် ရှိသည်။ ပေးသမျှဗဟုသုတများ ခံယူသည်၊ နေ၀င်မီးထွန်းချိန်မှာ အိမ်ဦးရှိ ဘုရားဆောင်၌ ဖွားဖွား ၀က်မစွတ်မြို့စား ကတော်ကြီး နှင့် အတူကူညီ၍ ရေချမ်းလဲခြင်း၊ ဆီမီးပူဇော်ခြင်း၊ ဘုရားရှိခိုးဝတ် ပြု၍ ပရိတ်တော်များ ရွတ်သည်။ 

ဖွားဖွားနှင့်အတူအရဟံဂုဏ်တော် ပုတီးစိပ်သည်မှာ ၈-နာရီလောက်မှ ပြီးစီး ပါသည်။ နောက်ပိုင်းဖွားဖွား ၀န်ကတော်ကြီး နေထိုင်မကောင်းသော အခါ ဘုရားဆောင်ကိစ္စကို ကျမ တဦးတည်းပင် တာဝန်ယူ၍ လုပ်ကိုင်ပါသည်။ သို့သော် ဤကိစ္စမျိုးကိုတော့ မည်သူမှအသိအမှတ် မပြု၊ မြင်လျက်နှင့်ပင် မမြင်ချင်ပြုနေကြသည်။ ကျမကလည်း သူတို့မြင်သည်ဖြစ်စေ၊ မမြင်သည်ဖြစ်စေ ဂရုစိုက် နေသူ မဟုတ်ပါ။ ငယ်စဉ်အခါကပင် ကုသိုလ်နှင့် အကုသိုလ်ကို ခွဲခြားအသိပေးထားသော ဘိုးဘွားတို့ အဆုံး အမ ကြောင့် ကောင်းသော ကုသိုလ်ပြုမှုကို စိတ်ဝင်စား၍ လုပ်နေခြင်းသာ ဖြစ်ပါ သည်။

 အဘမဲ့ မျက်နှာငယ်ဘ၀၌ နောက်ပိုင်းက မည်သို့ပင် နှိမ့်ချခြင်းခံရစေကာမှု အိမ်ဦးခန်းဘက်သို့ ရောက်လာသောအခါ ကျမ၏လှုပ်ရှားမှုကို ကောင်းမွန်ကြေနပ်စွာ လက်ခံလျက်ရှိသူကား ဘိုးဘိုးဝက်မ စွတ်မြို့စားမင်းကြီး ဖြစ်ပါသည်။ ထိုစဉ်က အတူနေ မြေလေးယောက်ရှိသည့် အနက်၃-ယောက်မှာ ယောကျာင်္လေး ဖြစ်ပြီး အင်္ဂလိပ်ကျောင်းသားများ အဖြစ်ပညာသင်ကြား လျက်ရှိသောကြောင့် အဘိုး အပါးသို့ လာရောက်ချဉ်းကပ် မှု မပြုနိုင်ကြပါ။ ကျမသာလျှင်မိန်းခလေးဖြစ်၍ အိမ်မှာမြဲသလောက် ဘိုးအေ အပါးကပ်၍ စာပေဗဟုသုတ သင်ပြသလောက် လိုလို လားလားခံယူနေသူ ဖြစ်သည်။ သင်ပြ သလောက် လည်း တတ်လွယ်သည်ဟု ချီးကျူးခံရသည်။ မသိသော ခဲရာခဲဆစ် များကိုလည်း အချိန်အခါ မရွေး သွားရောက် မေးမြန်း တတ်သည်။

ဤသို့မေးသည်ကို ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီးသည် အလွန်သဘောကျသည်။ မေးတိုင်း, မေးတိုင်း တပြုံးပြုံးနှင့် ငါ့မြေးကအရွယ်နှင့် မလိုက် ဗဟုသုတလို လားသည်။ ဘိုးဘိုးက ဒီလိုစိတ်မျိုး ရှိသူကို အထူး သဘောကျ ကြေနပ်မိသည်ဟု ပြောတတ်ပါသည်။ ဘိုးဘိုးဝက်မစွတ်မြို့စား မင်းကြီးသည် ရဟန်းရှင်သူများ အား၎င်း၊ မိမိထံသို့ ခဲရာခဲဆစ်ရှိတိုင်း လာရောက် မေးလျှောက်လေ့ ရှိသူများအား၎င်း၊ အမြဲတမ်း လက်ခံကာ မငြီးမငြူ အိမ်ဦးခန်းမှ ထိုင်ရင်း ဖြေရှင်းလျက် သူ၏ ပညာရွှေအိုးကြီးကို နှိုက်ယူဝေငှ နေတတ်သူ ဖြစ်ပါည်။ မြေးထည်း မှ ပညာရွေအိုးကို နှိုက်ယူနေသူမှာ ကျမတယောက်သာ လက်တွေ့အားဖြင့် တွေ့မြင် ရသော ကြောင့် ဝမ်းသာအားရ ခွဲဝေ ပေးနေခြင်းဖြစ်ပါသည်။

သို့ကြောင့် အိမ်နောက်ပိုင်းမှ တခါတခါ မီးလို ပူသော်လည်း အိမ်ကြီး၏ ရှေ့ပိုင်းသို့ ထွက်လာမိသော အခါ သီတာ ရေစင်နှင့် တွေ့ထိလိုက်ရသည့်အလား ကျမ၏ စိတ်ထဲမှာ အေးမြကြည်လင်သွားမြဲ ဖြစ်ပါသည်။ ကျမ ရေးသား ထားသော ၀တ္ထုကို ကလေးများသည် ၂-နှစ်အတွင်း ကြိုးကြား၊ ကြိုးကြား သူရိယ မဂ္ဂဇင်း တွင် ပါရှိပါသည်။ ထိုအချိန်ကတော့ သူရိယ မဂ္ဂဇင်းတစောင်သာ ၀တ္ထုတိုများ တလတပုဒ် ထည့်သဖြင့် ကျမ ၀တ္ထုတို မှာ ၃-လ တကြိမ်လောက် အလှည့် သင့်သလို ပါရခြင်းဖြစ်ပါသည်။

အိမ်အုပ်ချုပ်ရေးတိုက်ပွဲ

ဤအတောအတွင်းမှာ ဖွားဖွားဝက်မစွတ်မြို့စား ၀န်ကတော်ကြီးသည် မကျန်းမမာ ဖြစ်ရာမှ ကွယ်လွန် အနိစ္စ ရောက်သွားပါသည်။ ထို့ကြောင့် အိမ်နောက်ပိုင်းတွင် သ္မီးသုံးယောက်ကသာ ဖခင် ၀က်မစွတ် မြို့စားမင်းကြီး၏ ၀တ်ကြီး ၀တ်ငယ် ပြုစု၍ အိမ်ထောင်ကြီးကို ထိန်းသိမ်းပေးရန် တာဝန်ကျ ရောက်လာ ပါသည်။ သ္မီးသုံးယောက် ဆိုရာမှာလည်း အကြီး နှင့် အလပ်မှာ မုဆိုးမများဖြစ်၍ အငယ်ဆုံးမှာ အိမ်ထောင် မရှိသော်လည်း မျက်စိ ရောဂါကြောင့် သူ့အတွက် တပါးသူက စောင့်ရှောက်ပြုစု ပေးနေခြင်း ခံရသူ ဖြစ်ရာ အိမ်၏ တာဝန်ကို ဦးစီးနိုင်သူ မဟုတ်ပါ။ သို့ဖြစ်၍ သမီးကြီးနှင့် သမီးလပ် ၂ဦး အား  တလှည့်စီ အိမ်တာဝန် ကို အပ်နှင်း ပါသည်။

သို့သော် ကျမ၏ မိခင်မှာ စကားနည်း၍ အေးအေး နေတတ်သူဖြစ်သည်၊ သူ့သားချင်းများက ငြူစူရန် လုပ်သည့် တိုင်အောင် မျက်ရည် လဲ့လဲ့နှင့် ကြိတ်ခံလေ့ရှိရာ အိမ်ကို အုပ်ချုပ်ရေး၌ တဘက်က နယ်လု ခံရခြင်း၊ အခွင့် အရေး ပိုယူလိုခြင်း စသော အန္တရာယ်မျိုးကို ရင်မဆိုင်ရမှီက လာမည့်ဘေး အဝေးက ရှောင်သလို ရှောင်ချင် ပါသော်လည်း ဖခင်ကြီး၏ အမိန့်အာဏာကို မလွန်ဆန်ဝံ့၍ အိမ်တာဝန် ထိန်းသိမ်းရာ တွင် ပါဝင်တန်သမျှ ပါဝင်ရပါသည်။

ဤတွင် တဘက်မှ မကျေနပ်မှုများကြောင့် အိမ်တွင်းရေး တိုက်ပွဲသည် တခါတခါ တကျီကျီတစာစာ ဖြစ်လာသည်။ ဘယ်အခါမဆို ဖြစ်လာသမျှ သဘောကောင်း၍သီးခံတတ်သူ မေမေက သာလျှင် အရှုံးပေးရ သည်ချည်းဖြစ်ပါသည်။ ကျမသည် မိခင် မျက်လုံးနီစို့စို့ဖြစ်တိုင်း တခုခု ကြိတ်ခံရပြီဟု အတတ်သိ၍ မရမက မေးမြန်းစုံစမ်းကာ တခါတခါ ၀င်စွာ ပစ်လိုက်တတ်သည်။
 
အိမ်ရှေ့ဆောင်တွင် စံနေသေ အိမ်ဦး နတ်မင်းကြီးမှာ ဤလို အသေး အဖွဲ့များကို ဘာမျှမသိရှာပါ၊ သိရန်ထိုက်သော ပုဂ္ဂိုလ်ကြီးမျိုးလည်း မဟုတ်ပါ၊ ယင်းသို့ ရှိစဉ်တွင် အဝေးမြို့၌ ယစ်မျိုးဌာန အရာရှိအဖြစ် အလုပ် လုပ်နေသူသားအကြီးဆုံးသည် မန္တလေးမြို့သို့ ပြောင်းရွှေ့လာပြီး သမီးမုဆိုးမများနှင့်သာ နေရသော ဖခင် ၀က်မစွတ်မြို့စား မင်းကြီးအား စောင့်ရှောက်ရန် ဤအိမ်ကြီးမှာပင် အတူလာ၍ နေထိုင် ပါသည်။

ရောက်စ၌ လူတွေ စုရုံးမိသဖြင့် ပျော်သလိုလို ရှိလိုက်သော်လည်း အတော်ကြာလာသော အခါ ထွေလာ ကေလာတွေ များလာသည်။ အချင်းချင်း သွေးခွဲလာသည်။ လူငယ်ချင်း ရန်တိုက်ပေးခြင်း။ ဂုဏ်တု၊ ဂုဏ်ပြိုင် အမှုမျိုးတွေနှင့် သွေးထိုးပေးခြင်း စသော မပြေမပြစ်သည့် ကိစ္စများဖြစ်ပွား လာစေသည်။ ကျမတို့ မှာ မျက်နှာငယ်၍ ကုတ်ကုတ်နေရသော ဘ၀ရောက်ခါမှ နိုင်ထက်စီးနင်းနှင့် ဂုဏ်ပြိုင်ခြင်း၊ ၀ါကြွားခြင်း၊ ဖိနှိပ်ခြင်း စသည်တို့ဖြင့် မည်သူက ထိုးစစ် ဆင်စေကာမူ တုန့်ပြန်ရန် လိုအပ်သည် မဟုတ်ကြောင်း နားလည် ပါသည်။

မေမေသည် ပစ္စည်းရတနာများ ထုခွဲရောင်းချရာ၌ သူ့အတွက် ပြုလုပ်ထားသော ပစ္စည်းများကို သာ ထုတ်ရောင်း၍ ၀တ်စားဆင်ယင်သော အရွယ် ငယ်သေးသူ ကျမ၏ လက်ဝတ်လက်စား များကို တတ်အားသမျှ ချန်လှပ် ထားရှာပါသည်။ နောက်ပိုင်း၌ ၀င်ငွေမရှိလျှင် ကျန်သော ပစ္စည်းကလေးများပါ တာရှည်မည် မဟုတ်ကြောင်း တွေးမိသည်။ အိမ်တွင်းက အိမ်ပြင် ထွက်ဘူးကြသူများ မဟုတ်သဖြင့် ဘာမှလည်း မလုပ်တတ်၊ မရောင်းမ၀ယ်တတ်၍ အကြပ်တည်း တွေ့နေပါသည်။

ဤအချိန်မှာ ကံအားလျော် စွာ မိတ်ဆွေဟောင်း တဦး၏ ဆက်သွယ်ပေးမှုကြောင့် ကွယ်လွန်သူ ဖခင်ကြီး၏ မိတ်ဆွေ ဂျီမက်ကင်ဇီ ကုမ္ပဏီ မန်နေဂျာ မျက်နှာဖြူ တဦးနှင့် တွေ့ရသည်။ ထိုအချိန်က ဂျီမက်ကင်ဇီ ကုမ္ပဏီသည် မန္တလေးမြို့ အတွက် မော်တော်ကားများ ရောင်းချသော ကုမ္ပဏီဖြစ်သည်။ ၎င်း ကုမ္ပဏီမှ ရောင်းသော ကားများမှာ အိုဗာ လင်ဖိုးခေါ်သော ကားအမျိုးအစားများဖြစ်ပါသည်။ မက်ကင်ဇီ ကုမ္ပဏီ မန်နေဂျာက ကားသစ်တစီး ထုတ်၍ ပရိုက်ဘိတ် တက္ကစီ ပြေးလျှင် ငွေဝင်ကောင်းမည်ဟု အကြံပေးသည်။

ကားဘိုးငွေ ကိုလည်း တ၀က် သာပေးပါ၊ ကျန်သောငွေကို လစဉ် အရစ်ကျ ပေးသွင်းသွားခြင်းဖြင့် ကားအပိုင် ရပါစေမည်ဟုဆိုသည်။ ၄င်းပြင် ကားငှားစီးသူများမှာ နိုင်ငံခြားသားများသာဖြစ်၍ သူတို့ ကုမ္ပဏီ ကပင် အငှားအော်ဒါများ လက္ခံပေး ခြင်းကို တာဝန်ယူပေးမည် ဆိုသည်။ ဥပမာအားဖြင့် ထိုအချိန်က မေမြို့နှင့်မန္တလေး ကားလမ်းဖောက်စဖြစ် သည်။ မေမြို့ကို နေ့ချင်းပြန်တခေါက်ဆိုလျှင် ငွေနှစ်ရာရသည်။ သည်မြို့ပေါ်တွင် တစ်နေကုန်ငှားလျှင် တနေ့တရာရသည်။ သည်ထက် ကောင်းသော အလုပ် ဘယ်မှာ ရှိပါတော့မည်နည်း။ ၄င်းအချိန်က ကားအ မှတ်တွင် (R)ဆိုသော ရေဂျစ္စတီ တလုံးနှင့် နံပါတ် ဂဏန်း များသာ ရှိသေးသည်။ (R.A) (R B) စသည်များ မပေါ်သေးရုံမက (T) ဟု ရေးကပ်ရသော တက္ကစီများ မော်တော်ယာဉ် ထိန်း ရဲဠာနာများလည်း မန္တလေးမြို့၌ မရှိသေးသော အချိန်အခါဖြစ်ပါသည်။

သို့ကြောင့် ၀င်ငွေမရှိလျှင် ရှေ့အဘို့နေရေးထိုင်ရေးခက်မည် စိုးရိမ်သော မေမေသည် ကားဘိုးငွေတ၀က် ချေရန် မရှိသဖြင့် သူဝတ်သော စိန်လက်ကောက်ကို ရောင်း၍ ကားဝယ်လိုက်သည်။ မက်ကင်ဇီ ကုမ္ပဏီ၏ မန်နေဂျာ ကလည်း ကားဝယ်သည့်နေ့ကစ၍ နားရက်မရှိ အငှားအော်ဒါရက်များကို အစီအစဉ်ပြုလုပ်ပေးသ ဖြင့် မျှော်လင့်သည့် ၀င်ငွေနှင့် ကားစရိတ် ကားဘိုးသွင်းငွေများ ကြေနပ်လောက်အောင် ရရှိပါတော့သည်။

သို့သော် မကျေနပ်သူများမှာ မိခင်ဖြစ်သူ၏ သားချင်းများသာဖြစ်ပါသည်။ မုဆိုးမတန်မဲ့နှင့် ကားဝယ်စီးရသ လား၊ ကြွားရသလား၊ ဆွေထဲမျိုးထဲမှာ ဘယ်သူမှ ကားဝယ်မစီးနိုင်ကြဘဲ သူက ထူးထူးကဲကဲ ကားဝယ်စီးပြီး မော်မောက် နေသည်ဟု တယောက်တပေါက် ပြောကာ စကားတင်းဖွဲ့သည်။

ထိုနှင့် အားရကြေနပ်မှုမရှိဘဲ ရန်စ,ရန်ရှာ၍ ငြိုးသူရန်ဘက်ပမာ ပြုမူလာကြသည်။ မော်တော်ကားမှာ ညဥ့်ဘက်တွင် အိမ်အောက်ထပ်မှာ ဒရိုင်ဘာက သွင်းထားခဲ့ပြီး ပြန်သွားသည်၊ မနက်သူလာလျှင် ကားမှတ ခုခု ချို့ယွင်းပျက်စီးနေသည်ကိုသာ တွေ့ရသည်။ ထိုမျှမက နောက်ပိုင်းတွင် ကားကို မီးရှို့ပစ်လိမ့်မည်ဟု တစွန်းတစ ကြားရသောအခါ ကျမတို့ မိသားတစုမှာ ထိုအိမ်ကြီးပေါ်တွင် မနေ၀ံ့တော့ဘဲ လူရော ကားပါ ပစ္စည်းတွေသယ်ပြီး ဘေးအန္တရာယ်ကင်းမည့် နေရာသို့ ဆင်းပြေးလာခဲ့ကြရပါတော့သည်။

ရွေ့လာရသောနေရာမှာ ဘိုးဘိုး ၀က်မစွတ်မြို့စားမင်းကြီး၏ မြေယာကွက်တွင် ရှိသော အဆောင်ကိုင် ခေါင်းမင်း ၏ သမီးများ အိမ်တွင် ခေတ္တနေရသည်။ ၄င်းမြေနေရာကို ၀က်မစွတ်မြို့စားမင်းဝင်း ဟု ခေါ်ပါ သည်၊ ယခု မန္တလေးမြို့ ယိုးဒယားဈေး ရဲဌာနနှင့် မျက်နှာချင်းဆိုင်ဝင်း ဖြစ်ပါသည်။

သီပေါဘုရင်မင်း အိန္ဒိယသို့ ပါတော်မူသွားပြီးနောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရများသည် နန်းတွင်း၌ တပ်စွဲ ချထားရာမှ မြန်မာဘုရင်မင်း၏ ဆွေတော်, မျိုးတော်, မှုးတော်, မတ်တော် အစ အမှုထမ်း, ရာထမ်းငယ် များအထိ မြို့ပြင်သို့ထွက်နေကြရန် စီမံသည်။ မှုးတော်, မတ်တော်ကြီးများမှာ မြို့တွင်း၌ အိမ်ဝင်းကြီး ကျယ် ကျယ်၊ တပည့်ငယ်သား အများအပြား အခြံအရံနှင့် နေရသူများဖြစ်၍ အသိုက်အအုံကြီးနှင့် ပြောင်းရွေ့ရ သည်မှာ လွယ်ကူလှသော အလုပ်မဟုတ်သဖြင့် အချိန်ကာလကြာသည်၊ အင်္ဂလိပ်အစိုးရများသည် မြို့ပြင်တွင် ကြိုက်ရာမြေကွက်များကို ၀ယ်ယူနိုင်ရန် ငွေထုတ်ပေးပြီး မှုးတော်, မတ်တော်များနှင့် ဘုရင့်ဆွေ တော်, မျိုးတော်များအား ပင်စင်လစာငွေများ ထောက်ပံ့ထားပါသည်။

ယခုကျမတို့ ရောက်လာသော ယိုးဒယားဈေးအရပ်ရှိ ၀က်မစွတ်မြို့စားမင်းကြီး၏ ၀င်းမှာ နန်းတော်တွင်းမှ မြို့ပြင်ပြောင်းဘို့ ပဋ္ဌမစ၍ ၀ယ်ယူသော မြေဖြစ်ပြီး ထိုမြေပေါ်၌ အိမ်ဆောက်နေသည်။ နန်းမြို့တွင်းမှ ပါရှိ လာသော တပည့်ငယ်သားများကိုလည်း ဘေးနားတ၀ိုက်၌ အိမ်ငယ်ကလေးများ ခြံရံဆောက်ခါ အသိုက်အ အုံမပျက်နေစေသည်။ သို့သော် ၁၅-နှစ်ခန့်ရှိသောအခါ ၀က်မစွတ်ဝန်ကတော်ကြီး မကျန်းမာသည်တ ကြောင်း၊ ၄င်းဝန်ကတော်ကြီး၏ဖခင် မိုင်းခိုင်းအတွင်းဝန်မင်းသည် ကွယ်လွန်အနိစ္စရောက်၍ မိုင်းခိုင်းမြို့စား အတွင်းဝန်မင်း၏ ၀င်းနေရာကို ပြောင်းရွေ့လာပြီး အိမ်သစ်ကြီးဆောက်နေခြင်း ဖြစ်ပါသည်။ ယိုးဒယားဈေး ၀င်းဟောင်းရှိ အိမ်ဟောင်းကိုဖျက်၍ ကျောင်းဆောက် လှူးဒါန်း သဖြင့် မြေရာလွတ်သာရှိနေပါသည်။

ခြံဝိုင်းကြီးအလယ်တွင် မြေလွတ်ရှိ၍ ခြံနံဘေးပိုင်းမှာ ရှေးအသိုက်အအုံမှ နေထိုင်ကျန်ရစ်သော အိမ်နှစ်ခု ရှိပါသည်။ ကျမတို့ ခေတ္တခဏစတည်းချနေသောအိမ်မှာ အဘိုး ၀က်မစွတ်မြို့စားမင်းကြီး ၏ မှူးတော်, မတ်တော်တို့ ထားရှိရမြဲဖြစ်သော အဆောင်ကိုင် အမှုထမ်းသားများ အပေါ်တွင် အကြီး, အမှူးပြုလုပ် အုပ်ချုပ်ရသူ အဆောင်ကိုင်ခေါင်း၏ အိမ်ဖြစ်၏။ သူ့အား အဆောင်ကိုင်ခေါင်း မင်းဟု ခေါ်ကြပါသည်၊ ကျမတို့ လူလားမြောက်သောအခါ သူ၏ သားသ္မီး များသာရှိပါတော့၏။ ကျန်သော အိမ်တအိမ် မှာ ၀က်မစွတ် မြို့စားမင်းကြီး ၏ နှမအရင်း သံတော်ဆင့်ကတော် မိသားစုများ ဆောက်လုပ် နေထိုင်သော အိမ်ဖြစ်ပါသည်။

ထိုအိမ်မှာ စတည်းချပြီး ကျမတို့နေစရာ အိမ်ဆောက်မည်ဟု စီစဉ်ရပါသည်၊ နောက်နေ့များတွင် မသယ်နိုင်သေး၍ ကျန်ရစ်ခဲ့သော ဖခင်၏ ဆီဆေးပန်းချီကားကြီး များနှင့် ဘိုးဘွားမိဘ တို့၏ ပုံကြီး ချဲ့ထားသော ဓါတ်ပုံကားကြီးများကို သွား၍ အသယ်ခိုင်းရပါသည်။ ပန်းချီကား-ဓါတ်ပုံကား ကြီးများမှာ ထိုခေတ်ကပင် တထောင်မှ ငါးရာအထိ တန်ဖိုးပေးထားရသော ကားများဖြစ်စေကာမူ ပါလာသောအခါ၌ ပုံကြီးများတွင် မျက်လုံး ရှိသမျှ ဒါးစူး နှင့်ထိုးဖောက်ထားကြသည်ကို တွေ့ရပါသည်၊ မည်သူ့လက်ချက်မှန်း မသိရသော ရက်စက်သေးနုပ်လှသည့် အပြုအမူကို ခံရသော်လည်း လက်သည်တရားခံ အကောင်အထည် မရှိသဖြင့် ရင်နင့်နင့်နှင့် ကြိတ်ခံရပါသည်။

ထိုဓါတ်ပုံများအနက် ဘိုးဘိုးမြို့အုပ်ကြီး ဦးဘိုးဆွေ၏ပုံတခုမှာ မျက်လုံးထိုးဖောက်ထားသော ဒဏ်ရာနှင့် ယနေ့အထိ ကျမထံ၌ ကျွင်းကျန် ရှိနေပါသေးသည်။
ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီးသည် သ္မီးဖြစ်သူခွဲထွက် ပြောင်းရွေ့သွားသည်ကို စိတ်မချမ်းမသာ ဖြစ်ရှာ သည်။ ဒီသ္မီးမှာ စိတ်သဘော နူးညံ၍ အေးအေးနေတတ်သော သူတော်ကောင်းသ္မီးဟု ယခင် ကတည်းက ဂရုဏာပိုခဲ့သည်၊ မေမေသည် ထွေထွေထူးထူး မပြောခဲ့ပါ၊ ထွက်လာစဉ် ဦးချ ကန့်တော့ရင်း ဖျကျွန်မ တို့ဒီမှာနေလို့ မဖြစ်တော့ပါဆိုသော စကားတခွန်းသာ ပြောခဲ့သည်။ သူ့ဖခင်ကြီး သည် မျက်နှာ မကောင်းပါ။ သို့သော် ပညာရှိအမျက်ပြင်မထွက်ဆိုသလို မည်သူ့ကိုမျှ အပြစ်တင် ခြင်း၊ မေးမြန်း စီစစ်ခြင်း မပြုဘဲ လျစ်လျူ ရှုသလိုသာ နေရှာသည်။

ဒါပေမယ့် သ္မီးထံသို့ တပါတ်အတွင်း သုံးကြိမ်ထက်မနည်း လာရောက် ကြည့်ရူပါသည်။ အိမ်ဆောက်ရန် စီမံ ခန့်ခွဲသည်မှ အိမ်ပြီးသည်အထိ ခြောက်လခန့် ထိုအိမ်ငယ်တွင် နေထိုင်လျက် ရှိပါသည်။ ၆-လ လောက် ရှိသောအခါ ၀င်ငွေမှန်သည်ဆိုသော မော်တော်ကား ကိစ္စမှာလည်း ဖေါက်ပြန် လာပါသည်။ ကားဘိုး ငွေကြေ သော်လည်း ကားစရိတ် တွေကများလာသဖြင့် ၀င်ငွေမကျန် သလောက်ရှိသည်၊ ကားမောင်းသူ၏ မရိုးဖြောင့် မှုကြောင့်လည်း တကြောင်း၊ မက်ကင်ဇီ ကုမ္ပဏီမှ နိုင်ငံခြားအော်ဒါများ ရှေးကလို များများ မရတော့ဘဲ  ကိုယ်ပိုင်ကား ၀ယ်စီးသူတွေ များလာသည်က တကြောင်းကြောင့် နောက်ဆုံးတွင် ကားကို ရောင်းချ ပစ်လိုက် ရပါသည်။

ဝတ္ထု, မဂ္ဂဇင်း ထုတ်ခဲ့ခြင်း ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

မြန်မာပြည်၏ ဟယ်လင် အပိုင်း ( ၁)

 
 


ဦးမြင့်ဆွေက "မြန်မာပြည်၏ ဟယ်လင်" ကို ဖတ်ကြည့်စမ်းပါဟု ပြော၍ ညအိပ်ရာဝင်သောအခါ ဖတ်ရှု ခဲ့သည်။ စာအုပ်၏ ဆွဲဆောင်မှုကြောင့် တစ်ညလုံး မအိပ်တော့ဘဲ ဖတ်ရှုခဲ့ရာ မိုးလင်း သွားခဲ့ ၏။

သခင်တင်မြ

အစ်ကိုကြီး ဦးမြင့်ဆွေက ကျွန်တော့်အား သူ့စာမူကို ဖတ်ပါ တည်းဖြတ်ပေးပါဟု ပြောသဖြင့် ကျွန်တော် ပထမ အစမ်းသဘော ဖတ်ရှုခဲ့သည်။ လက်က မချနိုင်သဖြင့် တစ်ထိုင်တည်း အပြီးဖတ် လိုက်သည်။

အထောက်တော် လှအောင်
ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် အမှာစာ

တောင်ငူခရိုင် ဂျပန်ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြင့်ဆွေ(ဖြူး) ဗြိတိန်နိုင်ငံ သို့ ရောက်ရှိစဉ် မြန်မာပြည်၏ ဟယ်လင် (Helen of Burma) စာအုပ်ကို တွေ့ရှိခဲ့ပြီး အထူး နှစ်ခြိုက် သဘော ကျ၍ ဘာသာပြန် ဆိုခဲ့ခြင်း ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားလာသောအခါတွင် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် နှင့်တကွ အစိုးရအုပ်ချုပ်ရေးဆိုင်ရာ အရာရှိများအားလုံး ကိုယ်လွတ်ရုန်းထွက်ပြေးကြ ချိန်၌ မိမိ အသက် ဘေး ကို မငဲ့ကွက်ဘဲ မြန်မာပြည်သူပြည်သားများနှင့်အတူ ကမ္ဘာစစ်ကြီး၏ ဒဏ် ကို ခါးစည်း ရင်ဆိုင် ခဲ့သည့် အမျိုးသမီးသူနာပြု ဆရာမလေး ဟယ်လင်ရော့ဒရစ်၏ စွန့်စားမှုများမှာ ယုံနှိုင်ဖွယ် မရှိအောင် ပီပြင် ပြတ်သား လှပါသည်။

သူမ၏ ကိုယ်ကျိုးမဖက် အများအတွက် စွန့်လွှတ် အနစ်နာခံမှုများနှင့် ဒုတိယကမ္ဘာစစ်အတွင်းက တောင်ကြီး မြို့တွင် လူနာများကို ပြုစုကုသ စောင့်ရှောက်ခဲ့ခြင်းများအတွက် ဗြိတိသျှအစိုးရ ကလည်း သူရ သတ္တိဆိုင်ရာ ဆုတံဆိပ် (The George Medal) ဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ှ

လော့မောင့်ဘက်တန် (Lord Mountabttern of Burma)၏ ဇနီး လေဒီမောင့်ဘက်တန် (Lady Mountbatten) ဒုတိယ ကမ္ဘာစစ်အတွင်း တောင်ကြီးမြို့ ဆေးရုံတွင် သူနာပြု ဆရာမအုပ်အဖြစ် လုပ်ကိုင်ခဲ့သော ဟယ်လင် ရော့ဒရစ် (Helen Rodriguez)ကို 'ဟယ်လင့်အော့ဖ်ဘားမား' (Helen of Burma) ဟု မှည့်ခေါ်ခဲ့သည်။ အသိ မိတ်ဆွေ အချို့ကလည်း ၎င်းအမည်ဖြင့်ပင် စာများ ရေးခဲ့ ကြသည်။
ဂျော့ခ်ျတံဆိပ်ရှင် ဆရာမကြီး ဟယ်လင်ရော့ဒရစ်သည် ထို (Helen of Burma) အမည်ကို ယူ၍ သူနာပြုဆရာမတစ်ဦး၏ စစ်အတွင်း အတွေ့အကြုံအတ္ထုပ္ပတ္တိစာအုပ်ကို ရေးသား၍ ၁၉၈၃ခုနှစ် တွင် ထုတ်ဝေသည်။ စာအုပ်ထွက်လာချိန်တွင် သူနာပြု ဆရာမကြီး ဟယ်လင်ရော့ဒရစ်မှာ နှလုံး ရောဂါဖြင့် ကွယ်လွန် သွားရှာပြီ ဖြစ်သည်။

ဟယ်လင့်ရော့ဒရစ်ကို ဖခင် ပေါ်တူဂီလူမျိုး ခွဲစိတ်ကု ဆရာဝန်ကြီးနှင့် မိခင် စကော့လူမျိုး သူနာပြု ဆရာမတို့မှ ၁၉၁၄ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ရက်နေ့၌ မြန်မာနိုင်ငံ ချင်းတောင်တန်းတွင် မွေးဖွားခဲ့သည်။ ဖခင် ပြောင်းရွှေ့လုပ်ကိုင်သော တောင်ကြီးမြို့တွင် ကြီးပြင်းခဲ့သည်။ အိန္ဒိယနိုင်ငံ ဒါဂျီလင်တွင် ပညာသင်ပြီး ရန်ကုန်၌ သူနာပြု ဆရာမအဖြစ် ၀င်ရောက်လုပ်ကိုင်သည်။ ၁၉၄၁ခုနှစ်၊ သြဂုတ်လတွင် တောင်ကြီး ဆေးရုံ သို့ သူနာပြုဆရာမအုပ်အဖြစ် ပြောင်းရွှေ့လုပ်ကိုင်ရသည်။

သူနာပြုဆရာမတစ်ဦး၏ စစ်အတွင်း အတွေ့အကြုံများ အကြောင်းကို ရေးသားထားသည့် (Helen of Burma) စာအုပ်တွင် တောင်ကြီးမြို့မှ အဖြစ်အပျက် အကြောင်းအရာများကို အများဆုံး ရေးသားထားသည်။

သတ္တိခဲ သူနာပြု ဆရာမ ဟယ်လင်ရော့ဒရစ် အတ္ထုပ္ပတ္တိ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် "Helen of Burma" ကို "မြန်မာပြည်၏ ဟယ်လင်" အမည်ဖြင့် ဆရာကြီး ဦးမြင်ဆွေ(ဖြူး) ဘာသာပြန်ဆို ထုတ်ဝေခဲ့သည်မှာ ၁၉၈၇ ခုနှစ် က ဖြစ်၍ ယခုအချိန်၌ အနှစ်(၂၀)တိတိ ကြာညောင်းခဲ့ပြီ ဖြစ်ရာ ဒုတိယကမ္ဘာစစ်ကြီးနှင့် ဖက်ဆစ် ဂျပန် များကိုမိမိတစ်ဦးတည်း ကြံ့ကြံ့ခံ အန်တုခဲ့သည့် အမျိုးသမီး သူနာပြု ဆရာမလေး ဟယ်လင် ရော့ဒရစ် ကို ဂုဏ်ပြုသည့်အနေဖြင့် နေရီရီစာအုပ်တိုက်က ယခု ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါ သည်။
ဒုတိယအကြိမ် ထုတ်ဝေနိုင်ရန်အတွက် ခွင့်ပြုခဲ့သော ဆရာကြီး ဦးမြင့်ဆွေ၏ သမီးများဖြစ်သည့် ဒေါက်တာ ဒေါ်ရင်ရင်ဦး၊ ဒေါ်နီနီတို့ကိုလည်းကောင်း၊ ဤစာအုပ်နှင့် ပတ်သက်၍ အကူအညီပေးခဲ့သည့် ဆရာကြီး သခင်တင်မြ အား လည်းကောင်း အထူး ကျေးဇူးတင်ရှိပါသည်။
သခင်ကျော်စိန်၏ မိတ်ဆက်အမှာ

တောင်ငူခရိုင် ဂျပန်ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သူ ရဲဘော်ကြီး ဦးမြင့်ဆွေ ဘာသာပြန် ထားသော 'Helen of Burma' စာအုပ်ကို ဖတ်ရှုကြည့်ရန် ကိုယ်တိုင် ယူလာခဲ့ပြီး ပထမ တွင် 'စစ်အတွင်းက သူနာပြု ဆရာမတစ်ဦး၏ သာမန် အတွေ့အကြုံမျှသာ ဖြစ်မှာပါ'ဟူသော သဘောဖြင့် အကြမ်းဖျင်း ကြည့်မိ ပါသည်။ ထိုသို့ ကြည့်လိုက်ပါမှ ဂျပန်ခေတ် မြန်မာနိုင်ငံသမိုင်းကို သူ့ရှုထောင့်၊ သူ့အတွ့ အကြုံ၊ သူ့အမြင် များဖြင့် ရေးထားသည်ကို တွေ့ရသဖြင့် လုံးစေ့ပတ်စေ့ တစ်ခေါက် ပြန်ဖတ်ရပါတော့သည်။

၁၃၀၀ပြည့် အရေးတော်ပုံ၏ ရှေ့ပြေး အခန်းတစ်ခန်း ဖြစ်ခဲ့သော ၁၉၃၈ခု၊ ဒီဇင်ဘာလ၊ ၂၀ရက်နေ့ ရန်ကုန်မြို့ အတွင်းဝန်များရုံးကို ကျောင်းသားများ ဆန္ဒပြ သပိတ်တားစဉ်က ကွယ်လွန်သွားရှာသူ ဗိုလ်အောင်ကျော်နှင့် ကျွန်တော်တို့ 'ကိုလိုနီပုလိပ်'များ၏ ရိုက်နှက် လူစုခွဲရာတွင် ဒဏ်ရာများ အသီးသီး ရရှိပြီးလျှင် ရန်ကုန်ဆေးရုံကြီး အခန်း၇နှင့် ၈သို့ တက်ရောက်ခဲ့ရစဉ်က စာအုပ်ရေးသူ Helen Rodriguezကို စတင် တွေ့ရှိ သိကျွမ်းခဲ့ရပါသည်။ ထိုအခါက အလုပ်သင် ကျောင်းသူ သူနာပြု ဆရာမကလေးအဖြစ် အမှုထမ်းနေပါသည်။ လူနာများကို ကိုယ်ချင်းစာနာပြီး ယုယုယယ စေတနာ ကြီးမားစွာဖြင့် ပြုစု ပေးခဲ့ သည်ကို ယနေ့တိုင် မမေ့နိုင် ဖြစ်ရပါသည်။ နောက် ကျွန်တော်၏ ဦးခေါင်းမှ ဒဏ်ရာမှာ အနည်းငယ် 'ရင်း' ချင်သလိုလို ဖြစ်နေ၍ ရန်ကုန်ဆေးရုံကြီးအခန်း၁၃နှင့် ၁၄သို့ ပြောင်းပြီး ကုသခံနေရစဉ်တွင်လည်း ညဥ့်ဆရာမ ဒေါ်အေးငွေ၏ လက်ထောက် ဆရာမ ကလေးအဖြစ် ရက်ပေါင်း ၃၀တိတိ ထပ်မံ ကြုံဆုံခဲ့ရပါသည်။ ကျန်းမာသန်စွမ်း၍ လူနာများကို စေတနာအပြည့်ဖြင့် နှစ်သိမ့်ပေးပြီး ပြုစုစောင့်ရှောက်မှု တာဝန် အရပ်ရပ်ကို လိုလေသေး မရှိရ အောင် ထိုအခါက ပြုစုခဲ့သည့် ကျေးဇူးကိုလည်း တွေးမိတိုင်း သတိရ နေပါသည်။

'Helen of Burma' စာအုပ်ထဲတွင် သူနာပြု လက်မှတ်ရ စာမေးပွဲ အောင်မြင်ပြီးနောက် ရှမ်းပြည် နယ် တောင်ကြီး ဆေးရုံတွင် ဆရာမအုပ် (Matron)အဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဒုတိယကမ္ဘာ စစ်ကြီးသည် ကမ္ဘာ့ အနောက်ပိုင်းမှ အရှေ့ပိုင်းသို့ ကူးစက်ပြန့်ပွားလာသောအခါ တောင်ကြီး မြို့ပေါ်၌ တစ်ဖက် နှင့် တစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ပွဲများ သာမက လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံရပုံများ၊ စစ်သား၊ လူနာများ၊ အရပ်သား လူနာများကို ကူညီ ကုသပေးရာတွင် လူနာများ သက်သာရေးနှင့် အသက်ရှင် ရေးအတွက် အဆက်မပြတ်လိုလို ပစ်ခတ်နေသော အမြောက်ဆန် များကြား၌ ယာယီ စစ်ဆေးရုံမှ လူနာများ၊ အရပ်ဘက်ဆေးရုံမှ လူနာများကို သက်စွန့်ဆံဖျား သူ မတူအောင် ပြုစု လုပ်ကိုင် ဆောင်ရွက် ပေးခဲ့ပုံတို့ကို ဤစာအုပ်တွင် ဖော်ပြထားသည်တို့မှာ ဖြစ်ရပ် မှန်များ ဖြစ်ပါသည်။ ထို့ကြောင့်လည်း 'မိမိ အသက်ကို ပမာမပြုဘဲ နမူနာယူလောက်သော ကိုယ်ကျိုးစွန့်လွှတ်မှုဖြင့် အလွန် မွန်မြတ်သန့်ရှင်းသော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်း' ဖြစ်၍ ဗြိတိသျှအစိုးရက 'George Medal' ဘွဲ့တံဆိပ်ကို ပေးအပ် ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။

ထိုစဉ်က မြန်မာပြည်ဘုရင်ခံ Sir Reginald Dorman Smithက အစိုးရအမှုထမ်း၊ အရာထမ်းတိုင်း မိမိတို့ တာဝန်ကျရာ နေရာအသီးသီးတွင် ဘာပဲဖြစ်ဖြစ် နေမြဲသဘောဖြင့် (stay-put) တာဝန် ထမ်းဆောင်ရန် အမိန့်တစ်ရပ် ထုတ်ဆင့်ခဲ့ပါသည်။ စစ်မြေပြင် စစ်တလင်း တကယ်ဖြစ်လာသော အခါတွင်မူ ထိုအမိန့်ကို ထုတ်ဆင့်ခဲ့သော ဘုရင်ခံနှင့်တကွ ဆရာဝန်များ၊ သူနာပြုများ အပါအ၀င် အစိုးရအမှုထမ်း၊ အရာထမ်း အားလုံးလိုလိုသည် ဘေးလွတ်ရာ လွတ်ကြောင်းအတွက် ထွက်ပြေး ကြသော စစ်ပြေးဒုက္ခသည်များ ဘ၀သို့ ရောက်ခဲ့ ကြပါသည်။ ဖခင်ဖြစ်သူ အငြိမ်းစားဆရာဝန်ကြီး မှာမူတောင်ကြီးရှိ 'မိခင်အိမ် မှ စစ်ပြေး ဒုက္ခသည်များ နားမှ မခွာ' ဟု ဆုံးဖြတ်နေထိုင်နေစဉ် စစ်ပြေးဒုက္ခသည်များ ကားကြုံတစ်စီးပေါ်သို့ မိခင်နှင့် အစ်မ ဖြစ်သူတို့ကို တင်ပေးလိုက်ပါသည်။

    တောင်ကြီးမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်လာသောအခါ မိတ်ဆွေများက ဖခင်ဖြစ်သူကို ဘေးလွတ် ရာ ရွာတစ်ရွာသို့ ခေါ်ဆောင်သွားသဖြင့် တောင်ကြီးကို ဂျပန်များသိမ်း လိုကသောအခါ၌ မိကွဲ၊ ဖကွဲ ဖြစ်ခဲ့ရပုံများ၊ ဆေးရုံလုပ်ငန်း၊ လုနာပြုစု ကုသရေး လုပ်ငန်းတို့ကို ကူညီဆောင်ရွတ်ပေးနေသူများနှင့် ဆက်လက် လုပ်ကိုင်ပေးနေပုံကို တွေ့ရှိရသောအခါ ပထမပိုင်း၌ အထင်မှားသလို သံသယ ဖြစ်နေသော် လည်း နောင်တွင်ဆက်ပြီးလုပ်နေရန် ဂျပန်စစ်တပ်က ခွင့်ပြုခဲ့ပုံများ၊ ဖခင်ကို ပြန်တွေ့ပြီးနောက် ကွဲသွား ခဲ့သော မိခင်နှင့်အစ်မကို လိုက်ရှာရင်းပြင်ဦးလွင်ရှိ စစ်ပြေးဒုက္ခသည်များနှင့် ပူးပေါင်းမိပုံများ၊ ရန်ကုန်မြို့သို့ ဆင်း၍ အလုပ်ရှာပြီး လုပ်ခဲ့ရပုံများ၊ ထို့နောက်ပြင်ဦးလွင်ရှိ ဖခင်ထံပြန်ခဲ့ပြီး ရောက်ရာနေရာတွင် 'အမျိုးသမီး မွေးလူနာ' များအပါအ၀င် လူနာအမျိုးမျိုးကိုပြုစုစောင့်ရှောက် ကုသပေးနေစဉ်' ဗြိတိသျှ သူလျှို'ဟုစွပ်စွဲကာ ဂျပန်ကင်ပေတိုင်  စစ်ပုလိပ်တို့က ဖမ်းဆီးပြီး ပလိုင်ယာဖြင့် လက်သည်းများကို ဆွဲထုတ် ညှင်းပန်းသည်အထိ အမျိုးမျိုးခံခဲ့ရပုံများ၊ ဂျပန်ကင်ပေတိုင် စစ်ပုလိပ်ငရဲမှ လွတ်လာသောအခါ ပြင်ဦးလွင် ဒုက္ခသည်များ စခန်းတွင် စနစ်တကျ စည်းရုံးနေထိုင်ခဲ့ရပုံများ၊ နောက်ပိုင်းတွင်မဟာမိတ်' လေထီး' ဆင်း များနှင့် ဆက်သွယ်ပြီး မဟာမိတ်တပ်များကို လျှို့ဝှက်အသံလွှင့်စက်ဖြင့် ကူညီလုပ်ကိုင်ပေးခဲ့ ပုံများ၊

မိမိတို့ဒုက္ခသည်များ စခန်းရှိ ပျိုငယ်သော အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပေးခဲ့ပုံ များ၊ မိဘမဲ့ကလေးများကို သားသမီးအရင်းကဲ့သို့ ပြုစုခဲ့ရပုံများ၊ မဟာမိတ်များ ပြန်လည်ရောက်ရှိ လာသောအခါ ရောဂါသည် ဖခင်ကြီးကို အိန္ဒိယသို့ ဆေးကုသရန်ပို့ပေးသော်လည်း ကလကတ္တားမြို့ ဆေးရှံတွင် ကွယ်လွန် သွားခဲ့ပုံများ၊ နေက်သူကိုယ်တိုင် အိန္ဒယသို့ လိုက်ပါသွားပြီး မိခင်နှင့် အစ်မကိုပါ ပြန်လညိတွေ့ဆုံရပုံများ၊ အိန္ဒိယတွင် အလုပ်လုပ်နေစဉ် ဗြိတိသျှအစိုးရက ' George Medal ' ကိုချိးမြှင့် ပေးအပ်ခဲ့ပုံများ၊ မြန်မာပြည် အစိုးရကလည်း စစ်ကြီးအတွင်းသူမတူအောင် တာဝန်များ စွန့်စွန့်စားစား လုပ်ဆောင်ချက်များကို ချီးကျူး သောအား ဖြင့်ဆုငွေ ၅,၀၀၀ ပေးခဲ့ပုံများ၊ စစ်ပြေးဒုက္ခသည်များ အိန္ဒိယသို့ သွားရာလမ်း တစ်လျှောက်တွင် အလုအယက်မခံရဘဲ ကျန်ရှိနေသည့် လက်ဝက်လက်စားနှင့် အတူပါသွားသော ရတနာများကို 'နောင်တစ်နေ့ ပြန်လည်ရယူနိုင်ကောင်းရဲ့'ဟုသဘောပိုက်ပြီး သိုဝှက်ထားခဲ့ပုံများ၊ လမ်းတွင် အစာပြတ်၍ လည်းကောင်း၊ ပင်ပန်း၍ လည်းကောင်း၊ ရောဂါဆိုးများကြောင့် လည်းကောင်း၊ အတုံးအရုံး သေကြေ ပျက်စီး ခဲ့ကြပုံများ အစရှိသဖြင့် သည်းထိတ်ရင်ဖို ဖြစ်ရပ်ပေါင်းများစွာတို့ကို အမှန်ဖြစ်ရပ်များအတိုင်း ရေးသား ထားပါသည်။ စ၍ဖတ်မိလျှင် လက်မှမချနိုင်လောက်အောင် စာအုပ်အဆုံးအထိ ကွက်ကွက် ကွင်းကွင်း ရေးသား ထားသည်ကို ဖတ်ရှုနိုင်ကြပါသည်။ စာအုပ်ကို အဆုံးထိရေးသား၍ မပြီးမီစစ်အတွင်း ကြုံကြိုက် ခဲ့ရသော ဒုက္ခအမျိုးမျိုးတို့၏ ဖိစီးနှိပ်စက်မှု ဒဏ်ဖြင့်ကွယ်လွန်သွားပုံတို့ကို ကြေကွဲဖွယ်ဖတ်ရှုရမည် ဖြစ်ပါသည်။

    Miss Helen Ridriguez ရန်ကုန်ဆေးရုံကြီးတွင် အလုပ်သင်သူနာပြု ကျောင်းသူဆရာမ ကလေးအဖြစ်လုပ်ကိုင်ခဲ့စဉ်က ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည်၊ ကျွန်တော်၏ဇနီး ဒေါ်မိမိကြီး တို့၏ လက်ထောက် အဖြစ်လုပ်ကိုင်ခဲ့ဖူဲးရာ စိတ်သဘောထား မြင့်မြတ်ပုံ၊ လူနာများအ ပေါ်စေတနာ အမြဲ ထားရှိပုံ၊ အလုပ်တာဝန်များကို စိတ်ရောကိုယ်ပါ ပေါ့ပါးဖျက်လတ်စွာ လုပ်ကိုင်ခဲ့ပုံတို့ကိုလည်း တစ်ဆင့် စကား ကြားသိရပါသည်။

    ဤစာအုပ်ကို ဖတ်ရှုကြည့်ခြင်းအားဖြင့် ဂျပန်ခေတ် မရောက်မီကစ၍ မဟာမိတ်များ ပြန်လည်ရောက်သည်အထိ စစ်ပြေးဒုက္ခသည် လူနာများ၊ ဂျပန်ဗုံးဒဏ်ခံခဲ့ရသော လူနာများကို ပြုစုပေးခြင်း၊ ဘီအိုင်အေ စစ်သားလူမများ၊ အရပ်သားလူမမာများကို ကိုယ်ကျိုးလုံးဝမပါဘဲ ပြုစုပေး ခဲ့ရုံမျှမက ဆေးတက္ကသိုလ်သင်တန်းများ၊ သူနာပြုဆရာမသင်တန်းများကို စစ်တလင်း စစ်မြေပြင် အခြေအနေတွင် အခက် အခဲမျိုးစုံ၊ ချို့တဲ့မှုမျိုးစုံတို့ကို ရင်ဆိုင်ပြီး ပြည်သူတို့၏ ကျန်းမာရေးကို အာရုံတစ်ခုထား၍ မလျှော့သော စွဲ လုံ့လ၊ ကြီးစွာသော ကိုယ်ကျိုးစွန့်လွှတ်မှုတို့ဖြင့် ကြီးစွာသော ကိုယ်ကျိုး စွန့်လွှတ်မှုတို့ဖြင့် လုပ်ခဲ့ကြသော ဆရာဝန်ကြီး ဒေါ်တာဦးဘသန်း နှင့် ဆရာဝန်များ၊ ဆရာမများ၊ အနယ်နယ် အရပ်ရပ်ရှိ ဂျပန်ခေတ် ဆေးရုံ အမှုထမ်း များ၏ အားထုတ်ခဲ့ ပုံများကို ကောင်းစွာ စဉ်းစားကြည့် နိုင်ကြပါသည်။

၁၉၄၃ အကုန် ခန့်မှ စ၍ မဟာမိတ်များ ပြန်လည် ရောက်ရှိလာသည် အထိ ရန်ကုန်မြို့ကို မဟာမိတ် ဗုံးကြဲ လေယဉ်တို့က နေ့စဉ်လိုလို ဗုံးမိုးများ ရွာချနေသည့် ကြားမှ တစ်ခါတစ်ရံ လေး ငါးရက် နေ့ရောညပါ အိပ်သည် ဆိုရုံ မျှ ကလေး ခေတ္တနားကာ နာရီမပြတ် အလှည့် နှင့် ခွဲစိတ်ကုသ ပြုစုပေးခဲ့ ရသော ဒုက္ခမျိုးစုံကိုလည်း တွေးကြည့် နိုင်ကြပါကြောင်း အလျှင်းသင့်၍ ဖော်ပြပေးလိုက်ရပါသည်။
ဤ 'Helen of Burma' မြန်မာပြန်စာအုပ်ကို ဖတ်ရှုကြသော ပရိသတ်ကို စစ်မြေပြင်၊ စစ်တလင်းပေါ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက လူနာများ လူမမာများကို အသက်ကယ်ဆယ်ရေး၊ စိတ်ချမ်းသာရေး၊ ရောဂါပျောက်ကင်းရေး တို့အတွက် စံနမူနာ ယူလောက်အောင် အန္တရာယ် မျိုးစုံ ကိုရင်ဆိုင်ပြီး ကိုယ်ကျိုးစွန့် လုပ်ကိုင် ခဲ့ကြသော ဆရာဝန်များ ဆရာမများနှင့် ဆေးဘက်ဝန်ထမ်းတို့ ၏ မဟာကုသိုလ် လုပ်ငန်းကြီးကို သာဓုအနုမောဒန ပြုကြရန်တိုက်တွန်းအပ်ပါသည်။

ဆက်ရန်
. 
>>>ဆက်ဖတ်ရန်>>> >>

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၆)

မုန်တိုင်းတချီ စ, လေပြီ

သို့နှင့် မန္တလေးမြို့ရှိ မိဘများအိမ်ကြီးတွင် ခေတ္တစတည်းချကာ ရောဂါအခြေအနေကို ဆရာဝန်ကြီးများနှင့် ပြသရာ သုံးလထည်းနား၍ ဆေးကုရန် ဆရာဝန်ကြီးက အတန်တန်တောင်းပန် သောကြောင့် ဆရာဝန် စကား နားထောင်ကာ ဆေးကုရပါသည်၊ ဆရာဝန်ကြီးမှာမန္တလေး ဆေးရုံးကြီးမှ ဆရာဝန်ကြီး မစ္စတာပင်နီ ဆိုသော ဘိလပ်သား ဆရာဝန်ကြီး ဖြစ်၍ ၎င်း၏ လက်ထောက်ဆရာဝန်မှာ၊ ဦးစံခြူး ဖြစ်ပါသည်၊ ဆရာဝန်ကြီး မစ္စတာပင်နီက  တနေ့တခေါက် လာ၍ဦးစံခြူးက တနေ့လျှင် နှစ်ခေါက်လာ၍ ရောဂါ အခြေ အနေကို ကြည့်၍ ကုသကြသည်၊ သို့သော်၃-လပြည့်လာသော အခါလည်း ရောဂါ အခြေအနေ က မကောင်းသေး ဟုဆိုကာ ထပ်၍ခွင့်ယူစေပါသည်၊ စင်စစ်အားဖြင့် ထိုရောဂါသည် တဖြေးဖြေ ကျွမ်းစေမည့် ရောဂါသာ ဖြစ်၍ ဆရာဝန်ကြီးက ရောဂါရှင်နှင့် သားမယားများ စိတ်မကောင်းမည်ကို စိုးရိမ်သဖြင့် ပြတ်ပြတ် သားသား ထုတ်ဖေါ်မပြောဘဲ လက် စွမ်းကုန်ကျဲ၍ ကုသ နေခြင်းသာဖြစ်ပါသည်။

ငယ်ရွယ်သူ ကျမကိုယ်တိုင် မပြောထား နှင့် မိခင်ဖြစ်သူ ကိုယ်တိုင်လည်း ပဋ္ဌမအကြိမ်လောကဓံ မုန်တိုင်း ကြီးစ, တော့မည်ကို မရိပ်မိသေးဘဲ ရှိနေပါသည်၊ မေမေသည်ပါလာသော အိမထောင် ပစ္စည်း များကိုပင် တပည့်ငယ်သားတို့အား နေရာတကျထားသိုစေရန် မစီမံမခန့်ခွဲနိုင်ဘဲ အခန်းရှိသမျှ၌ ကစင့် ကရဲ ပစ်ထားပြီး နေထိုင်မကောင်းသူကိုသာ ပြုစု စောင့်ရှောက်လျက် ရှိပါသည်။
ပါလာခဲ့သော တပည့်တပန်းများနှင့် အတူ လူမမာနှင့် သင့်တင့်မည့် အစားအစားများကို ချက်ပြုတ် ကျွေးမွေး စေပါသည်၊ သို့သော် ဘိုးဘိုးဝက်မစွတ် မြို့စားမင်းကြီးသည် သူစားသောက်သော ထမင်းအုပ် ကဲ့သို့ အလားတူ ထမင်းတအုပ်ကို သားမက်နှင့် သမီးအခန်း သို့ ပို့စေရသည်၊ သို့သော် မေမေက နောက်ပိုင်း ရှိ လူများကို သက်ညှာ၍ ဟင်းတခွက်တလေ သာယူပြီး တိတ်တဆိတ် ပြန်ယူ သွားစေပါသည်။

ကျမကလည်း ဘိုးဘိုးဘုရား ထမင်းစားသောအခါ အမြဲအနီးတွင် ထိုင်၍ ထမင်းလိုက်ပေးခြင်း ငါးအရိုးသင် ပေးခြင်းစသည်များကို ပြုလုပ်ပေးလေ့ရှိသည်။ ထမင်းပွဲမှာရှေးအခါက မှုးကြီးမတ်ရာ တို့စားလေ့ ရှိသော ယဉ်ကျေးမှု ဓလေ့အတိုင်း ဒေါင်းပေါင်ခေါ်အုပ်တမျိုးတွင် ဟင်းမျိုးစုံထည့်၍ ထမင်းပုဂံကို ကလပ်နှင့် တင်ရသည်။ တယောက်စား ထမင်းအိုးငယ် ကလေးကို မီးငွေ့ငွေ့နှင့် ထားပြီး ဇွန်းကဲ့သို့သော ငွေယောက်မငယ် နှင့် ကော်ထည့်ပေးရသည်။ ထမင်းပွဲမ, ချီသယ်ပိုးလာသူများနှင့် အတူယပ်ရိုးရှည်ကို အနီးမှ ထိုင်၍ ခပ်ပေးရသော တပည့်ငယ် တယောက်ကလည်း ရှိသေးသည်။ ထမင်းစားရင်းလည်း ကျမအား အမျိုးမျိုးသော ရှေးဟောင်းနောက်ဖြစ် မှတ်သားစရာ စကားများ ပြောကြားလေ့ရှိပါသည်။ မင်းပွဲစိုးပွဲများနှင့် အခြား သွားစရာရှိသော နေရာများကိုလည်း အမြဲခေါ်သွားတတ်ပါသည်။

ဗေဒင်ကျမ်း ကို အင်္ဂ၀ိဇ္ဇာနှင့် လက်ရိုးကျမ်းမှ ဇာတာဖွဲ့တတ်သည်အထိ သင်ပြပါသည်။ ဖေဖေ ဦးမြတ်ကျော် မှာ ဆရာဝန်နှင့် ကုနေရသောလူမမာ ဖြစ်သော်လည် အိပ်ယာထည်း ၌ လဲနေသူမဟုတ်ပါ။ ငြိမ်ငြိမ်သက် သက် နေထိုင်လှုပ်ရှားမှု ပြုနိုင်ပါသည်။ တခါတရံ ခြံဝင်းထဲမှာ လမ်းလျှောက်ခြင်း၊ အိမ်ပေါ်၌ အပျင်းပြေ သူအလွန် ၀ါသနာပါသော ပတ္တလား တီးခြင်းများ ပြုနိုင်ပါသေးသည်။ သို့သော်ရောဂါနှင့် ဆေးကုရသည် မှာတော့ ငွေကို ရေလိုသွန်နေရပါသည်။ ဆရာဝန်ကြီးကလည်း တဖြည်းဖြည်း ယင်းသွင်း၍ ခွင့်ယူခိုင်းခဲ့ သည်မှာ သုံးလပေါင်း ၄-၅ကြိမ်ရှိလာပါပြီ၊ တကြိမ်၌သူမနေနိုင်တော့ဘဲ ခွင့်ဆက်မယူဟု ဆိုကာ ရန်ကုန် သို့ အလုပ်ဝင်ရန် ဇွတ်ထွက်သွားသည်၊ သူ့နောက်မှ ပါသွားသူမှာ ရန်ကုန်ကျောင်းသား ဘ၀တုံးက အိမ် မှ ထည့်လိုက်သော ငယ်တပည့်ဖြစ်ပါသည်၊ ၎င်းတပည့်မှာလည်း သူ့ဆရာ မမာမကျန်း ဖြစ်နေသည်ကို လာရောက် ပြုစုနေထိုင်သူ ဖြစ်ပါသည်။

ချိန်းထားသည့် အလား သာစည်ဘူတာတွင် ရန်ကုန်မှပြန်လာသော ဆရာဝန်ကြီးမစ္စတာ ပင်နီ နှင့် စားပွဲရုံ ထဲတွင် သွားတွေ့လေသည်။ ဆရာဝန်ကြီးသည် ဆက်မသွားရန် အမျိုးမျိုး ဖြောင်းဖျ ချော့မော့ခေါ်လာသဖြင့် မန္တလေးသို့ ပြန်ပါလာခဲ့ရာ ဤအခါတွင်မှု သူ့မျက်နှာ မကောင်းတော့ပါ၊ သူသေရတော့မည်ဟု ရိပ်မိ လာသည်။ သည်ပစ္စည်းနှင့် သည်သားသမီးများ နေထိုင်စားသောက် လောက်ဦးမည် မဟုတ်၍ ရှာဖွေ ပေးခဲ့ချင် သေးသည်ဟု ခဏ,ခဏငြီးထွားနေပါသည်။ သို့ရာတွင် သူရှာဖွေထားသော ပစ္စည်းများမှာ သူအသုံး အဖြုန်း ကြီးခြင်း၊ မကျန်းမာ၍ကုသနေရသော နှစ်ပိုင်း အထိ ကုန်ကျစရိတ်တွေ များပြားခြင်း ရှိနေစေ ကာမှု မေမေ၏ ကျစ်လစ်မှုကြောင့် အတွင်းပစ္စည်းတွေ အများအပြား ကျန်ရှိနေပါ သေးသည်။

လူကြီး မျက်နှာညိုးငယ်နေသည်ကို မြင်ရသောအခါ ကျမမှာလည်း ရှေးအခါကလို ပျော်မွေ့ကြည် လင်မှု မရှိတော့ပါ၊ စိတ်ကလည်း ဂဏာမငြိမ်ဖြစ်လာသည်။ တွေ့ရာစာအုပ်များကို ကောက်ဖတ်မိသည်။ တခါ, တခါလည်း ဘာတွေ တွေးမှန်းမသိ အတွေးသမား၊ အငေးသမားဘ၀ကို ရောက်မှန်း မသိ ရောက်လာ ခဲ့ပါသည်။
ဖေဖေဦးမြတ်ကျော်သည် သုံးနှစ်သားမျှသာ ရှိသေးသော သားအငယ်ကလေး နှင့် တခါတရံ ခြံဝင်း ထဲမှာ လက်တွဲ လမ်းလျှောက်သည်။ အင်္ဂလိပ်ရုပ်ရှင် ဇာတ်ကားများကို ကျမနှင့်အတူ သားအဖသုံး ယောက် သွားကြည့်လေ့ ရှိကြသည်၊ မန္တလေးမြို့တွင် ရွှေတိုက်ရုံ၊ အလ်ဖင်စတုံးရုပ်ရှင်ရုံနှင့် သီပေါ ရုပ်ရှင်ရုံတို့မှာ အင်္ဂလိပ်ကားများပြလေ့ ရှိပါသည်။ ပလိုတီယာ မိန်းမလူစွမ်းကောင်း ဇာတ်ထုတ်နှင့် ဇီးကိုးမား ခေါ် ယောက်ျား လူစွမ်းကောင်း ဇာတ်ကားများ စတင်ရောက်လာချိန်က ဖြစ်ပါသည်။

သို့သော်နောက်ပိုင်းမှာ ပြင်ပသို့ သားငယ်ကိုခေါ်သွားခြင်း မပြုရုံမက သားကလေး သူ့အနား လာသည် ကိုပင် မကြည့်ရက် သလို မျက်နှာလွှဲ၍, လွှဲ၍နေသည်။ တခါတခါ မျက်ရည်တွေ ၀ဲနေသည်။ သူ့တပည့်သည် ဆရာ့ အကြောင်းကို ကောင်းကောင်း ရိပ်မိသူဖြစ်ရာ၊ သားကလေး မောင်မောင်ကို သူ့ဆရာ မမြင်ကွယ်ရာ မှာသာ အမြဲသွား၍ ထိန်းနေတတ်သည်။ ရောဂါအခြေအနေသည် တနေ့ထက်တနေ့ ဆိုးလာပါသည်။ လှုပ်ရှားမှု့များ မပြုနိုင်တော့ဘဲ မှီးအုံးတွင်မှီ၍၎င်း၊ မှောက်၍၎င်း၊ အသက်ကိုခဲခဲ ယဉ်းယဉ်း ရှူရှိုက် နေရရှာ ပါသည်။
ဤတွင် ရင်းနှီးသော ဖေဖေဘက်မှ ဆွေမျိုး သားချင်းများထံသို့ ကြေးနန်းရိုက်၍ ခေါ်ရသည့် အခြေ အနေ သို့ ရောက်လာပြီး တနေ့သောကံဆိုး မိုးမှောင်ရက်၏ နံနက်လင်းအားကြီး အချိန်မှာ ကျမ၏ဖခင်ကြီးသည် နှလုံးရောဂါနှင့် အနိစ္စ ရောက်သွားရှာတော့သည်။ ကျမတို့မိသားတစု အဘို့မှီခို အားထားရာ မြင့်မိုရ် တောင်ကြီး ပြိုခဲ့လေပြီ။ လောကဓံ လှိုင်းတလုံးသည် ပြုံးပြုံးရွှင်ရွှင်နှင့် ဆီးကြို ငံ့လင့်လျက်ရှိလေပြီ။

လောကဓံ၏ နှိပ်စက်မှု အသေးစိပ်ကလေးများသည် ကြိမ်တံပြာနှင့် တဆပ်ဆပ်ရိုက်၍ နှိပ်စက်များ သည့်အလား နာကျင်ဘွယ်ရာတစုတို့သည် တခုပြီးတခုတွေ့ကြုံ ဆုံစီးလာတော့မည်။ သို့သော် ဒါတွေကို ကြိုတင် မသိမြင်နိုင်သေးပါ။ လောလောဆယ် ကြုံလာရသော ပူဆွေးဒုက္ခများကို ခါးစီး၍ ခံရင်း မေမေသည် ဖေဖေအား သဂြိုဟ်ပုံ အခမ်းအနားအတိုင်း အိမ်ဦးတွင် စီစဉ်နေပါသည်။ ရာထူး လက်ရှိနှင့် သေဆုံးသော ပုလိပ် အရာရှိ တဦးဖြစ်သည့် အပြင် ၀က်မစွတ် မြို့စားမင်းကြီး ၏ မျက်နှာကြောင့် မျက်နှာဖြူ ပုလိပ်မင်းကြီး၊ ရာဇ၀တ်ဝန်ကြီး တို့ အမိန့်ဖြင့် လိုသည်ထက်ပိုအောင် လက်နက်ထမ်း ပုလိပ်တပ်သား များကို မသာ အခမ်းအနား မှာ လိုက်ပို့စေခြင်း၊ အမိန့်ပြန်တမ်း ဖတ်စေခြင်းများ သည် မေမေအား အလူးအလဲ ပူဆွေး ဒုက္ခ ဖြစ်စေပြန်ပါသည်။
ဖခင်ကြီး ဆုံးပါးသွားသေအခါ မေမေမှာအသက် သုံးဆယ်ခန့်သာ ရှိ၍ ကျမအသက်၁၂-နှစ်ကျော် မောင်ငယ်လေး က သုံးနှစ်သား မျှသာ ရှိပါသေးသည်။ ဤမိသားစုနှင့် တပည့်တပန်းများ သည် အဘယ်မှာ နေရမည် မသိခဲ့၊ သို့သော် ၀က်မစွတ်မြို့စား မင်းကြီးသည် ငယ်ငယ်ရွယ်ရွယ် နှင့် မုဆိုးမ ဖြစ်ရသော သမီးအား ရင်အုပ်မကွာ ထိန်းသိမ်း စောင့်ရှောက် လို၍ သူ၏ အရိပ်အာဝါက အောက်မှာပင် နေစေသည်။

မေမေသည် အနေအထိုင်ကို ကျဉ်းနိုင်သမျှကျဉ်းအာင် ကြိုးစားပြီးမလိုတော့သော ဘွိုင်ကုလား၊ သားငယ် ထိန်းသော ကုလားမအာယား စသည်များကို ဖြုတ်လိုက်ပြီး၊ လက်ရင်းတပည့် လင်မယား နှစ်ယောက်သာ ထားတော့သည်၊ ပိုလျှံနေသော အိမ်ထောင်ပစ္စည်း များကို လှည်းနှင့်တိုက်၍ အင်္ဂလိပ် လေလံဆိုင် များသို့ ပို့၍ ရောင်းချစေသည်၊ ဖခင်ကြီး အမြတ်တနိုးထားသော မိဘဘိုးဘွား တို့၏ ပုံတူဆီဆေး ပန်ချီ ကားကြီးများ နှင့် ဓါတ်ပုံကြီးများမှ တပါး အစိုးရအ၀တ်အစား၊ ဓါး, သေနတ် စသည်များကိုပါ မိတ်ဆွေပုလိပ် အရာရှိများသို့ ရောင်းချပြီး သွားလေသူအဘို့ ကုသိုလ်ကောင်းမှု ပြုရတော့သည်။

ပေးနိုင်မှ မျက်နှာချိုသွေး


ဤအတွင်း နောက်ပိုင်း၌ အခြေအနေသည်တမျိုးတဖုံ ပြောင်းမှန်းမသိပြောင်းလဲ လာပါသည်၊ ယခင်က လူမြင်လျှင် မျက်နှာချို သွေးနေကျ၊ အဆွေအမျိုးများသည် မျက်နှာထားခပ်တည်တည် ဖြစ်လာကြသည်၊ ရှင်းရှင်း ရေးရလျှင် မေမေသည် မိန်းမသားမုဆိုးမ ဖြစ်နေသဖြင့် ရှေးအခါကလို မချွေ နိုင်တော့ပြီ၊ အထူးသဖြင့် ဖခင်သည် လက်ကြီးသူ ဖြစ်သည့်အတိုင်း တူသားနောင်မယ်တို့ကို မုန့်ဘိုးပေးကမ်းရာ မှာပင် ငွေကို ပေးသည့်အခါ ပေး၍ တခါတရံ ရွှေဒင်္ဂါးကိုပင် ပေးတတ်သည်၊ ရွှေဒင်္ဂါး၏ တန်ဘိုးမှာလည်း ထိုစဉ် အခါတုန်း ကတော့ ဆယ့်လေးငါးကျပ်သာ တန်ဘိုးရှိပါသည်။
မေမေက မုဆိုးမ ဘ၀ကို ယခုမှ လပ်လပ်ဆပ်ဆပ် ရင်ဆိုင်ရသူ ဖြစ်သော်လည်း မေမေ၏အစ်မကြီး မှာ ခပ်စောစော အချိန်ပိုင်း ဆီကပင် အိမ်ထောင်နှင့်ကွဲလာပြီး သားနှစ်ယောက်နှင့် မိဘရိပ်တွင် ၀င်ရောက် နေထိုင် လျက်ရှိသည်။

ဝက်မစွတ်မြို့စားမင်းကြီးသည် တမျိုးတဖုံစီ အိမ်ထောင်ရေး အဆင်မပြေသူ သ္မီးနှစ်ယောက်အား သနား ကြင်နာစွာ ထိန်းသိမ်း စောင့်ရှောက်ပါသည်။ ကျမတို့ သားအမိကို ယခင်လို အိုးခွဲ မစား စေလိုသော စေတနာ ထားရိုးကား မှန်ပါသည်၊ သို့သော် အိမ်ဦးပိုင်း က လူကြီးများ၏စေတနာသည် အနောက်ဆောင် မိန်းမပိုင်းတွင် ပယောဂ ၀င်၍လာပါသည်။ မုဆိုးမ ဆိုသော်လည်း ပစ္စည်းဥစ္စာထုပ် ကြီး ရင်ခွင်ပိုက်လျက် မိဘ ကျွေးစာ၊ မွေးစာ ကို စားရန်မသင့်ဟု စောင်း၍တဖုံ၊ တည့်တည့် တမျိုး ပြောကြသောမေမေ၏ သားချင်း ဆွေမျိုးတို့ အသံကထွက်လာသည်၊ မေမေမှာယောကျာ်းဆုံး ပြီးစဖြစ်၍ မျက်ရည်မစဲသေးခင် တပည့်များနှင့် မီးဖိုချောင်ကိစ္စကို ပြန်မကြည့်နိုင်သေးမှီ ဤမျှ အမြင်တိုစွာနှင့် မနာလိုမရှုစိမ့်သော သဘောထားသေးမှုကို အချိန် အစောဆုံး ရင်ဆိုင်ရသည်။ တပည့် တပန်းများ အားလည်း စားသော ထမင်းလုပ်ကို မျိုမကျအောင် စူကြ, ဆောင့်ကြ သည်၊ ထို့သို့မြင်းက မလှုပ် ခုံကလှုပ်သူ များမှာ မေမေရောက်လေရာ မြို့သို့လိုက်၍ ပေးကျွေး မှုကို ခံယူခဲ့ဘူးသူများက ပို၍ဆိုးရွားပါသည်။

သို့ကြောင့် ယခင်အတိုင်းပင် တသီးတခြားပြန်၍ စားအိုးတည်ရသည်၊ သို့သော်ရှေ့ပိုင်းက မေမေ၏ မွေးဖခင် အား အသိမပေးပါ၊ ကျမအဘို့ဤကိစ္စကို စောစောပိုင်းက မရိပ်မိ မသိရှိပါ၊ ကျမကိုယ်တိုင်လည်း ထမင်းဟင်း ကို စားနေကြမဟုတ်၍ မစားသောကြောင့် သူတို့ မီးဖိုဆောင်ပိုင်း သို့ မ၀င်မိသဖြင့် မသိရခြင်း လည်း ဖြစ်ပါသည်။

ကျမမှာမွေးဖခင်၏ ပေါင်မုန့်နှင့် ကြက်သားရိုးစ်ကို အကျင့် လုပ်ပေးထားခဲ့မှုကြောင့် ထမင်းနှင့် ဟင်းကို စားသော အကျင့်မရှိဘဲ နေသူဖြစ်၍ ယခုအခါ တားမြစ်မည့်သူ မရှိတိုင်း လွတ်လပ်ရေးရပြီး ကြိုက်ရာ မုန့်များကို ၀ယ်စား တတ်လာသည်၊ အရင်ကတခါမှ မစားရဘူးသော လက်သုတ်၊ မုန့်တီ စသည်တို့အား များစွာ ကြိုက်နှစ်သက်နေပါသည်၊ ထိုအချိန်ကမန္တလေးမြို့တွင် မုန့်စုံအထုပ်များကို ခံတောင်းနှင့်ထည့်၍ အရပ်ထဲ သို့လည်ရောင်းသည်၊ ထိုလက်သုတ်သယ် မုန့်တီသည်မုန့်စုံ အထုပ်များမှာ ကျမ၏ အဟာရ အတွက် ဖေါက်သည်များ ဖြစ်နေသည်။ မင်းစိုးရာဇာအိမ်ဆိုပြီး ဈေး သည်များ အိမ်ရှေ့မလာဝန့်ပါ၊ နောက်ဖေးဘက် လှေခါးမှ တတ်ရပါသည်၊ ဈေးသည်တွေ ကလည်း ဘုရားထူးပြီး ရောင်းသည်၊ သူတို့ ဈေးတောင်း ချပြီး မသိသေးလျှင် (မောင်မောင်တို့ ခင်ခင်တို့ ကိုယ်တော်လေးတို့မုန့်သည်လာပြီဘုရာ့) ဟု ခပ်အုပ်အုပ် အော်ပြောသည်။

ထိုအခါက ကြိုက်ရာမုန့်ကို ၀ယ်စားပြီး ကာဖီတခွက် ဖျော်ခိုင်းပြီး သောက်လိုက်ခြင်းဖြင့် မနက်စာ ညစာ ကိစ္စ ပြီးစီး သွားပါသည်၊ အများအားဖြင့် အနောက်ဆောင်ခေါ် မိန်းမပိုင်းတွင်ကျမ မနေချင်သော အကြောင်း ရှိသည်၊ ထိုအကြောင်းမှာ ယခင်ကကျမ ဘာဘဲလုပ်လုပ် ချီးမွမ်း မြှောက်ပင့်နေကြသော အိမ်သူအိမ်သား အချို့တို့သည် ကျမကိုမြင်လျှင် မေးငေါ့သည်၊ ဘာကို ငေါ့မှန်းတော့ မသိပါ၊ ခါတိုင်းလို သူတို့ဝိုင်းနား ကပ်လျှင် ကောင်းစွာ လက်မခံချင်၊ အို ဖယ်စမ်းပါ-ဟူ၍၎င်း၊ နေဒါထိုင်ဒါကြီး ကကြမ်းလိုက်တာ- ဟူ၍၎င်း အပြစ် တင်ကြ ဖယ်ထုတ်ကြသည်။ ကျမသည် ဒါကို ချီးမွမ်းခြင်း, ကဲ့ရဲ့ခြင်း ဆိုသော လောကဓံ ဟူ၍ နားမလည် သေးသော ငယ်ရွယ်သူ ဖြစ်ယုံမက တကြိမ်အတခါမှ ဤသို့ ပြောခြင်းမျိုးမခံရ ဘူးသဖြင့် အံ့အား သင့်လျက် မတွေးတတ်အောင် ရှိနေဆဲပင် ဖြစ်ပါသည်။

ဝတ်စား ဆင်ပြင်မှုနှင့် ပတ်သက်လာလျှင်လည်း ထိုနည်း၎င်း အပြစ်တင် ခံရပြန်သည်၊ ယခင်ရေးဘူး သည့် အတိုင်း မေမေသည် မိုးကုတ်မြို့တွင် နေ့စဉ်က ပတ္တမြားကျောက်နီ အဘိုးတန်များ အများ အပြား ပါလာရာ မေမေက တဆင်စာနှင့် သ္မီးတဆင်စာ သားအမိနှစ်ယောက် ရဲရဲတောက် နီးမြန်း နေအောင် ၀တ်ဆင် ခဲ့ရသည်။ ထို့အပြင် ကျမ ဖေဖေက အနောက်တိုင်းသား ဆန်ဆန် အယူအဆ နှင့် ရွှေနှင့်ပတ္တမြား စီခြယ် ထားသည့် တပေခွဲခန့်အရှည်ရှိသော ထီးရိုး တခုကို လုပ်၍ ဆောင်းစေသည်။ ဟိုအချိန် တုန်းက သည်ပစ္စည်း တွေ ၀တ်ဆင်လျှင် ၀ိုင်းအုံ ချီးကျူးကြသူ တွေမှာ သူတို့ဘဲဖြစ်၍ ယခု ဒါတွေ ၀တ်မိလျှင် ရိုင်းလိုက်တာ တောက လာတဲ့ သူကြီးသ္မီး လိုလို၊ ရှမ်းပြည်ကဆင်းလာတဲ့ စော်ဘွားသ္မီး လိုလိုဟု  သြဘာ ပေးကြပြန် ပါသည်။

ကျမသည် လူ့သဘောကိုစတင် ရင်ဆိုင်ရသော ပဏာမနိဒါန်းအဖြစ် အထက်ပါကိစ္စမျိုး တွေခဏ, ခဏ ကြုံရ ကြားရ များသောအခါ သူတို့အနားကို မသွားတော့ဘဲ ဘိုးဘိုးဝက်မစွတ် မြို့စားကြီး အနားကပ်ခါ စာပေ ဗဟုသုတ ပေးသမျှ ရအောင်ယူခဲ့သည်။ ထိုမှ အားလျှင် ပစ်ထားခဲ့ရသော အင်္ဂလိပ် ဖတ်စာအုပ် ကလေးများ ပြန်လှန် လေ့လာသည်။ နောက်ပိုင်းမှာ လူ့ဘ၀၏ ပြောင်းလဲမှုတွေ ကို မတွေးတတ် တွေးတတ် နှင့် အတွေးနယ်ချဲ့ လာသည်။ မိမိစိတ်ဓါတ် ၌ ခံစားချက် အရပ်ရပ် များကို တခုခု ပွင့်ပွင့်လင်းလင်း ပေါက်ကွဲ ပစ်လိုသည်။

သို့သော်ဆွံ့အသူ အိမ်မက်မက်သကဲ့သို့ ပြန်၍မပြောတတ်သလို ရှိနေသည်။ မြုံ၍အုံ၍ နေသော တွေးတော မှု့များသည် ပြည့်သည်ထက် ပြည့်ကြပ်လာသည်။ ပြည့်အားကြီးလျှင် ဆီများကဲ့သို့ ယိုဖိတ် စီးဆင်းရန် ထွက်ပေါက်ကို တွန်းကန်လိုက်ရှာလျက် ရှိရာမှ နောက်ဆုံးထွက်ပေါက်၏ အစကိုတွေ့ရသည်။ ထိုထွက်ပေါက်ကို တအုံနွေးနွေးခံစားရ ပြီဖြစ်သော ဘ၀၏ အဆင်မပြေမှု၊ လူတွေ ပြောင်းလဲမှုစသည်များကို ပုံပမာ တခုသဘွယ် ချယ်လှယ်မွမ်းမံကာ စာဖွဲ့ရေးသားချင်သော စိတ်ဆန္ဒ ပေါ်ပေါက် လာရသည့် ထွက်ပေါက် ပင်ဖြစ်ပါသည်။

မိမိခံစားချက်ကို မှုတည်၍ရေးသားလိုသော်လည်း ထိုခေတ်ထိုအချိန် အခါကရေးအသားမှာ ခန့်ငြား သောစားကြီး,ပေကြီးတွေသာ ဖြစ်သည်။ မှာတမ်းလင်္ကာ ဆိုသည်ပင်အောင်ထစ်ဆုံး အပေါစား အသုံး အစွဲ ဖြစ်သည်ဟု ပညာရှိပိုင်းက ယူဆနေကြသည်။ စကားပြေ အရေးအသားမျိုးကို တတ်မည့်သာ တတ်ကြသည်၊ လူရာ မသွင်းခဲ့သေးပေ၊ သို့အတွက် ရေးလိုသောစာတခုခုကို ဘာနှင့်ရေးရမည့်ဟု မဝေခွဲနိုင်၊ အုန်းသီး ကိုင်ထားသော မျောက် လိုဖြစ်နေပါသည်။

မှာတမ်းလင်္ကာမျိုးနှင့် စရမည်လားဟု စချီရေးကြည့်သည်။ ဦးပုညမေတ္တာ စာမျိုးလိုအထေ့အငေါ့၊ အရွှမ်း အသော ကလေးများနှင့် စကြည့်သည်။ တောင်တွင်း ဦးသြဘာသနှင့် မှန်နန်းရာဇာဝင်သုံး စကား ခန့်ခန့်ကြီးများနှင့် ရေးသားကြည့်သည်။ ကဗျာဘက်မှ လှည့်၍ တေးထပ်၊ ဒွေးချိုး၊ လေးချိုး၊ ဘောလယ် စသည် နှင့် စမ်းသည်။ တပိုင်းတစ တစိတ်တဒေသ မျှသာ လိုသလို ရခဲ့ပြီး ရှေ့ခရီးကို ဆက်၍ ရေးသား ချီတက်ရမည်မှာ ကျမ်းစာအုပ်တအုပ်လောက် ရှည်ရှည်လျားလျား ဖြစ်လာမှ အဆုံးသတ် ၍ ရမည်။ သို့ကြောင့် တပိုင်းတစတွေ ကလောင်စမ်းခဲ့သမျှ တို့ကို ခေတ္တရပ်ဆိုင်းထားပြီး တမျိုးတဖုံ လှည့်ရေးရန် စဉ်းစား မိပြန်သည်။

စဉ်းစားခြင်းမှာ တကယ်တန်း စဉ်းစား ဆင်ခြင် တတ်သေး၍တော့ မဟုတ်ဘဲ ဘာလုပ်ရမည်ဟု မရဲတရဲ ဖြစ်နေခြင်း သာ ဖြစ်ပါသည်။ နေ့စဉ်ကြားသိ တွေ့မြင် နေရသော အိမ်ဦးခန်း မှ လူကြီးများ စကား အသုံးအနှုန်း အပြောအဆို ဆွေးနွေးချက်များ နှင့် ဖတ်ကြား မှတ်သား ရသော လက်တွေ့ စာပေများက လည်း အရွယ်နှင့် မကိုက်ညီအောင် အဆင့်အတန်းမြင့်တာတွေချည်းသာ တွေ့နေရပါသည်။
နန်းတွင်း ဇာတ်ဝတ္တုတော်ကြီးများ အဖြစ် ဖတ်ခဲ့ရသော ဣန္ဒာဝံသ၊ ကေသာသီရိ၊ ဇင်းမယ်ကဏ္ဏာသ၊ ဦးကြင်ဥ၊ ဦးပုညတို့ပြဇာတ်များ ကဲ့သို့ရေသားရန်မှာလည်း သူတို့ခေတ်၏ပတ်ဝန်းကျင် စရိုက်အယူ အဆ အတိုင်း ရှင်ဘုရင်များ အကြောင်းတွေ၊ ဘုရင့်သားသ္မီးတို့၏ ချစ်ခန်းကြိုက်ခန်း စစ်တိုက်ခန်း၊ နတ်သိကြား များက မနေနိုင်၍ ကူညီရပုံ၊ ဘုန်းတန်ခိုးကြီး၍ နဂါးများ ဘီးလူးများ၊ ၀ိဇ္ဇာဇော်ဂျီ များက လာရောက် ခစားပြီး လူသား တို့နှင့် ထွေးလား,လုံးလား ရှိနေပုံ၊ အကြောင်းတွေချည်းသာ မူတည်ရေးကြ ခြင်းဖြစ်ရာ ရှေးဦးစွာ ကျမ ရေးချင်သည်မှာ ဒါတွေ မဟုတ်သေးပါ။

ထိုအဖြစ်အပျက်များသည် ကျမ၏မျက်မှောက် လက်တွေ့တွေ့မြင်ရသော အဖြစ်အပျက်မျိုး မဟုတ်ဘဲ ဘတ်ကောင်းသော ဒဏ္ဍရီတခုလိုသာ ရှိသည်။ ကျမပွင်အံထွက်ချင်သည်မှာတော့ ယခု လက်ငင်း တွေ့ ကြုံ ရင်ဆိုင်နေရသော လက်ရှိအခြေအနေနှင့် လက်ရှိခေတ်အမြင် အတွေ့များကိုသာ မှုတည်ရေးသား လိုခြင်း ဖြစ်ပါသည်။ ဒါတွေကို စကားပြေ ရိုးရိုးနှင့် ရေးဘို့မှာလည်း အလွန်လွယ်ကူသော အလုပ်ဟု ယူဆ လာမိပါသည်။

သို့ရာတွင် လူကြီးပိုင်းမှ အယူအဆကြောင့် သိမ်ဖျင်းသေးနုပ်သည်ဟု အထင်ရောက်ပြီး ရဲရဲကြီး ရေးမချဝံ့ဘဲ ထစ်ငေါ့ နေဆဲရှိပါသည်၊ နောက်ဆုံး ကျမကို အောင်မြင်စွာ စာရေး ဖြစ်အောင် စ၍ တွန်းပို့ လိုက်ရခြင်း ခံရသော မဂ္ဂဇင်း နှစ်စောင် ထွက်လာပါသည်။ ၎င်းမှာ မြန်မာမဂ္ဂဇိန် ခေါ်သော မဂ္ဂဇင်း ပျက် သွားပြီးနောက် ပေါ်ထွက်လာသော ပညာ့အလင်း မဂ္ဂဇင်း နှင့် သူရိယမဂ္ဂဇင်း တို့ ဖြစ်ကြပါသည်။

ဝတ္ထုစ၍ ရေးရချိန် ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>