ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၆)
မြန်မာပြည်တွင် လူတစ်ယောက်မည်မျှ တင်ကျယ်သင့်သနည်း …
ရန်ကုန်မြို့မှ အပေါက်များအကြောင်း လန့်ဖျားသူတွေ …
မော်သော်က တင်ပါးဗြက်အကျယ် ၁၆ လက်မ …
တော်တော်ကြီးကိုကြီးတဲ့ ကျွန်တော့်သမီးတင်ပါး …
တင်တစ်နေရာ ဗြက်အကျယ် ပြဿနာကြီးမားနေပြီ …
အောရီဂျင်နယ် မောင်သော်က ဘယ်တော့မှ မဆိုးပါ …
ကျွန်တော့် ဆောင်းပါး ခေါင်းစဉ်ကိုကြည့်၍ လန့်သွားသူ၊ ဖျားသွားသူများစွာရှိကြပါသည်။ ယခုလည်း လန့် ကောင်း လန့်ကြပါလိမ့်မည်။ သို့သော် … သို့သော် … မလန့်ပါလေနျင့်။ " အော်ရီဂျင်နယ် မောင်သော်က ဘယ်တော့မှ မဆိုးဆိုတာ ပြောထားမှတော့ကာ မိတ်ဆွေတို့၏ သွေးတိုးရောဂါသည် အသက် ၅၀၊ အပေါ် သွေး ၁၄၀၊ အောက်သွေး ၉၀ ရှိလျှင် ကျွန်တော်ပျော်ပါသည်။
ကျွန်တော် က ရေးသည်။ ဟုတ်လား … ဘာတဲ့ "ရန်ကုန်မြို့မှ အပေါက်များ အကြောင်း" တဲ့။ လန့်ဖျားသူ တွေ အတန်များသည်ဟု ကြားရသည်။ ရှိပါစေတော့၊ ရှိစေတော့။ မောင်သော်က လွန်ရာ ထားလိုက် ပေရော့ …။
ကဲ … ရွှေဘိုက ပြန်လာပြီ၊ ဘာပါသနည်း၊ သနပ်ခါး သုံးလေးတုံးနှင့် ဆောင်းပါးတစ်ပုဒ်ပါလာသည်။ ရွှေဘို မှာ နေခိုသော်လည်း ရေချို မရှိသည့်အကြောင်း၊ အားလုံး လူတွေကတော့ ဖတ်ကောင်းသည် ပြောတာပဲ။ သို့သော် … သို့သော် … ရွှေဘိုမှ တချို့ငနဲတွေက အခဲမကြေတဲ့။ ရှိစေတော့ …၊ ရှိစေတော့ … ။ သူတို့ ကောင်းကျိုးကို ကျွန်တော်က မျက်မုန်းကျိုးခံ အကျိုးပြုနေကြောင်း မသိတဲ့လူအပေါင်း ပြောနေ မှတော့ အာကုန်၍ ပြာပုံသာ ခေါင်းချရတော့မည်။ ဟင်း … အလောင်းဘုရား ဦးအောင်ဇေယျ သွေး ဆိုပါလား …၊ ကျဲသေး။
ဒီငနဲ ဘာတွေရေးမည်ထင်သနည်း။ မြန်မာပြည်တွင် လူတစ်ယောက်မည်မျှတင်ကျယ်သင့်သနည်းဆိုပါ လား။ မှန်ပါ့ ဒါကို ကျွန်တော်တို့ သုတေသန လုပ်သင့်ကြပြီဖြစ်ပါသည်။
ဇန်န၀ါရီ ၁ ရက်နေ့က ကျွန်တော် ရွှေဘိုသွားသည်။ ရန်အောင်-မန်း အမြန်ကားနှင့် လက်မှတ်က သုံးစောင်။ ကြိုတင်ကာ ဘိုကင်လည်း လုပ်ထားရသေးသည်။ ၀ါးတန်းကားဂိတ်က စီးကြရသည်။ ဟော ရောက် ပါပြီ၊ ကောင်းလှတဲ့ ကမ္ဘာစစ်လက်ကျန်ကားကြီး ကုန်တွေတင်ထားတာကလည်း ဟည်းလို့၊ ပဒေသာပင် သီးလို့။
" ကျွန်တော့်လက်မှတ်ကလေးခင်ဗျာ "။ ကျွန်တော်က ယောက္ခမချိုချို သမက်မမျိုဝံ့သည့်အလား မေးရ သည်။
" ဟုတ်ကဲ့။ ပြပါ၊ ရပါတယ်။ သြော် နံပါတ် ၃၁၊ ၃၄၊ ၃၅ ကိုး။ ရှေ့ပေါက်က တက်ပါ။
တက် လာပါပြီ၊ ဆရာ မောင်သော်က နေရာက ဘယ်မှာနည်း။ ထိုင်နေသူက အားလုံးက ခပ်တည်တည်။
" မိတ်ဆွေကြီး …. ဒါ ကျွန်တော့် ခုံနံပါတ် ထင်ပါရဲ့ "
ကျွန်တော် က မ၀ံ့မရဲ မေးလိုက်သည်တွင် မိတ်ဆွေကြီးသည် ကျွန်တော်အား ရန်သူအလား ၀ါးစားမတတ် ကြည့်ကာ တစ်နေရာ ထ သွားသည်။ နေရာဖြင့်ကျကပြီ။ ကျွန်တော့် တင်သည် ခဲသီးဆွဲထားသည့်အလား သူ့ နေရာတွင် စွေ့ခနဲ ၀င်ထိုင်လိုက်သည်။
" လာ … သမီး "
ကျွန်တော်က သမီးဖြစ်သူကို ဘေးနားတွင် ထိုင်စေရန် ညွှန်ပြလိုက်၏။ သမီးက ထိုင်သည်။ ကျွန်တော်တို့ နှစ်ယောက် သည် ခုံတန်းတစ်ခုပေါ်တွင် ကျနစွာ ထိုင်မိကြ၏။ ကျွန်တော့် ရဲဘော် ရှေ့နေဇော်ကြီးကမူ နေရာ မရသေး။ သူသည် သူ၏ခုံနံပါတ်လက်မှတ်နှင့် သူ့တင် တစ်နေရာစာ ရှာ၏။ မတွေ့ပြီတည်း။
" ဒီမှာဗျာ၊ ကျွန်တော့်ခုံနံပါတ် နေရာများလား "
ရှေ့နေ သည် တရားခွင်၌သာလျှင် လျှာသွက်ကောင်း သွက်မည်။ ဘတ်စ်ကားပေါ်တွင်မူ သူက စပယ်ယာ ကို ကြောက်နေရသေးသည်။ ဘတ်စ်ကားစပယ်ယာက သူ့လက်မှတ်ကို ယူကြည့်ကာ -ဝ
" ဟာ … ခင်ဗျားနေရာ ဒီမှာပဲဗျာ။ ဗျို့ ဆရာကြီး ဒူးစေ့စီးပါဗျာ။ ဟိုဘက်နားလည်း နည်းနည်းတိုး။ ခရီး သည်ချင်း ကိုယ်ချင်းစာပါ" ဟု ကျွန်တော့် အား ညွှန်ကြား၏။ တစ်နည်း သဟောက်သဟာပြု၏။ တစ်နည်း ချဲ၏။
ကျွန်တော်က နားမလည်သည့်အတွက်ကြောင့် သူ့အား မျက်မွေးထော် မော်မကြည့်ဝံ့သည့်တိုင် ဖြဲကြည့် ၏။ ကျွန်တော့် သမီးကမူ မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်နေ၏။
" ခင်ဗျားတို့ ထိုင်နေတာ သုံးယောက်တန်းဗျ၊ ကိုယ့်ထိုင်ခုံနံပါတ်လည်း ကိုယ်ပြန်ကြည့်ပါဦး၊ တင် မှာ မျက်စိ မပါတာ ကျနေတာပဲ "
စပယ်ယာ က ကျွန်တော့်ကို ပညာပေးသည်။
ကျွန်တော့်ဖင် မှာ မျက်စိမပါ၊ ကျွန်တော့် ခြေတွင်ပါသည့် ခြေမျက်စိက လှည့်ကြည့်မရပါ။ ကျွန်တော်က ထိုင် နေသော ခုံတန်းလျားကို ကြည့်မိ၏။ လား … လား ၃၁၊ ၃၄၊ ၃၅ ပါတကား။ ဘယ်နည်းဘယ်ပုံနှင့် ခုံနံပါတ် ကျော်၍ တစ်တန်းတည်း ဖြစ်နေသည်ကိုတော့ ကျွန်တော်မသိ။ ကျွန်တော် သိသည်မှာ တင်နေရာ ကျူးလွန် မှုတစ်ခု ဖြစ်နေပြီတကား။ ကျွန်တော့်သမီးတင်ကလည်း နည်းနည်းကြီး၏။
" သမီး၊ ဟိုဘက် နည်းနည်းတိုး လေ
သမီးက တိုးရှာပါ၏။ သူ့လက်မောင်းသားများသည် ကား နံရံ တွင် စုပ်ထားသော ၀က်အူခေါင်းပင် နစ်မြုပ် သည်အထိ " ဘပ်လေးကပ်ပေးနေရပါသည်။ ကျွန်တော်ကလည်း ဒုံးနှစ်လုံးကို အစွမ်းကုန်စေ့သည်။ ခုံတန်းလျား တစ်ဖက်စွန်းတွင် လေးလက်မစာလောက် နေရာအစွန်းပေါ်လာသည်။
" အဲဒါ သုံးဆယ့်တစ် ပဲ ထိုင် "
စပယ်ယာ က အမိန့်တော်မြတ်ချမှတ်သည်နှင့် ကျွန်တော့် မိတ်ဆွေရှေ့နေဇော်သိန်းထွန်း သည် လျှောက်လဲ ချက် မပေးသာတော့ဘဲ ကတ်သီးကတ်သပ်တင်တစ်လုံးတွင် တစ်ခြမ်းကပ်၍ ထိုင်ရသည်။
ဤတွင် ကျွန်တော်၏ သုတေသနပြုချက်မှာ " မြန်မာပြည်တွင် လူတစ်ယောက် မည်မျှ တင်ကျယ်သင့် သနည်း "
ကျွန်တော့် တင်(၀ါ) တင်ပါးအကျယ်သည် ဗြက်တစ်ဆယ့်ခြောက်လက်မရှိ၏။ ကျွန်တော့်သမီး၏ တင်ပါး က လည်းတော်တော်ကြီးကို တော်တော်ကြီးတဲ့ တော်တော်ကြီးဖြစ်ပါသည်။ ကျွန်တော်တို့သားအဖ စွေ့ခနဲ ထိုင်ရာ၌ သုံးယောက်ထိုင်ခုံဟု သတ်မှတ်ထားသော ဘတ်စ်ကားထိုင်ခုံသည် တင်သားများနှင့် ပြည့် သတည်း။ သနားစရာ ရှေ့နေပေါက်စ ခမျာမှာ မိုင် ၇၀ ကျော်ခရီးကို တင်တစ်ခြမ်းအရင်းအနှီးပြုကာ ဖင်ညောင့်ရိုး နာနာ နှင့် လိုက်ပါခဲ့ရပါသတည်း။
ယင်းကြောင့် တင်တစ်ချပ် ၏ ဗြက်အကျယ်ပြဿနာ။ ဤပြဿနာကို ကျွန်တော်တို့ နေ့တိုင်း တွေ့ကြုံ နေရ သော်လည်း ရန်ကုန်မြို့ဆိုသည်မှာ တစ်ခါ ကားစီးလျှင် မိနစ်လေးဆယ်ထက်မပိုခြင်းကြောင့် တင် ကိစ္စ အရေးမကြီးဟု ထင်ရသည်။ မိုင် ၆၀-၇၀ ခရီးကျတော့ တင်က စကားပြောလာသည်။
ကဲ … ရန်ကုန်မြို့က ဘတ်စ်ကားဆိုသည်များကကော၊ ကျွန်တော် အလွန်စိတ်ဆင်းရဲရပါသည်။ ကျွန်တော် သည် အရပ် ငါးပေ ရှစ်လက်မ၊ ကိုယ်အလေးချိန် ပေါင် တစ်ရာ့ရှစ်ဆယ်၊ ဒူးအရှည် နှစ်ဆယ့် လေးလက်မ၊ တင်ဗြက်အကျယ် တစ်ဆယ့်ခြောက်လက်မ ရှိသူဖြစ်သည်။ မြန်မာပြည်တွင် လူထွား တစ်ဦးဟု ဆိုနိုင်ပါသော်လည်း ကမ္ဘာ့စံချိန်ဆိုသော် လူညှက်ကလေးသာဖြစ်သည်။ သို့သော် ကျွန်တော့်လို ကိုယ်ခန္ဓာ အချိုးအစားသည်ပင် မြန်မာပြည်၌ ကျိန်စာသင့်သော အတ္တဘောကြီးဖြစ်နေပြီတည်း။
အမှတ် ၃ ကား၊ မထသကားသည် ကျွန်တော်၏ ကိုယ်ပိုင်ကားမာစီးဒီးများဖြစ်ကြပါသည်။ မြို့ထဲသွားလျှင် ဒီကား၊ အပြန်တွင် ဒီကား၊ သို့သော် အမှတ် ၃ ကားဆိုသည်မှာ ဒုတိယကမ္ဘာစစ်လက်ကျန် " ချက် "နှင့် "ဘက်ဖို့ " ခေါင်းတိုကားများသာဖြစ်ကြသည်။ လူ ၂၄ ယောက်၊ ၃၂ ယောက်ဟု လိုင်စင်က ဆိုသည်။ တ ကယ်တင်သည်က လူ ၅၀ ကျော်နှင့် ၇၀ ကျော်သာဖြစ်သည်။ ရပ်လျှင် ငါးပေရှစ်လက်မ ခေါင်းမလွတ်ပါ။ စပယ်ယာ က တီးတိုးဆိုသည်။ ထိုင်လျှင် တင်ကျယ်သမို့ သုံးယောက်တန်း တစ်ခြမ်းပြည့်ပါသည်။
စပယ် ယာက ကျိန်ဆဲသည်။ ရှေ့တန်းခုံမှာ လက်မ ၂၀ ကျော်သာ ကွာခြားသည်ကြောင့် ဒူးမလွတ်ပါ။ မခို့တရို့ လေးဘေးစောင်းထိုင်လျှင် အဆဲခံရသည်။ ဒူးသိမ်း၍ တည့်တည့် ထိုင်ပြန်တော့ ရှေ့တန်းခုံက မချောတို့၏ တင်ပါးကို ကျွန်တော့် ဒူးခေါင်းက နှုတ်ဆက်ပြီးသားဖြစ်နေသည့်အတွက် လည်ပြန် မျက်စောင်း ထိုးခြင်းခံရ သည်။ ဘယ်လိုပင် မျက်စောင်းထိုးထိုး မသိသလိုနှင့် မျက်နှာ လွှဲနေလိုက်သည်။ တစ်ခါတစ်ရံတွင် ကျွန်တော်သည် ညအခါ လူလစ်လျှင် ကိုယ့်ဒူးခေါင်းကိုကိုယ် ကုန်း ၍ နမ်းမိ ပါသေး သည်။ အတွေ့အကြုံက လည်း သူကများလှပြီကိုး။
အဲ … တစ်ကျပ်တစ်ကျပ် အော်သည့် လိုင်းဆွဲ သုံးဘီးကားစီးလျှင်ကောတဲ့ … ။ ကားမောင်းသူသည် ကျွန်တော်၏ ပေါင်တရာ့ရှစ်ဆယ် အတ္တဘောကို မြင်သည်၌ ၀ုန်းခနဲ ထွက်သွားတော့သည်။ ရန်ကုန်မှ သုံး ဘီးကားများမှာ တရားဝင် ဆယ့်တစ်ယောက် တင်ဖြစ်သည်။ သုံးဘီးကားတွင် ၅ ယောက်ဟု ရေးထား သည်မှာ ဥပဒေလွတ်သည်။ သူ့အလိုက ၅ ယောက်ဟူသည်မှာ တစ်စင်းလုံးမှာ ဥပဒေလွတ်သည်။ သူ့ အလိုက ၅ ယောက်ဟု ရေးထားခြင်းကြောင့် နှစ်ဖက်ပေါင်းသော် ဆယ်ယောက်၊ ရှေ့ခန်းက တစ်ယောက် ပါနှင့်ဆိုလျှင် ဆယ့်တစ်ယောက်ဖြစ်သည်။ ဓာတ်ဆီစော် အင်မတန်ညှော်သော အင်းစိန်၊ အာလိန်ငါးဆင့် ဟမ်းဘီးကားဆိုလျှင် တစ်ဆယ့်နှစ်ယောက်ကို တစ်ပြုံးပြုံးနှင့် တဒုန်းဒုန်း မောင်းတော့သည်။
အမှတ် ၂ ကား၊ အမှတ် ၁၂ ကား ဟီးနိုးများဆိုလျှင် ပို၍ မထူးခြားတော့။ ကိုရွှေနိပွန်များက အရပ်ပုသည်။ ဒူးတံ၊ ပေါင်တံတိုသည်။ သူတို့ကိုယ်ဟန်စံချိန်နှင့် တည်ဆောက်ထားသော ကားများမှာ အဲ … သူတို့အဆို အရ ခုံစေ့လူစေ့ ပါစင်ဂျာ ၂၅ ယောက် တိတိသာ တင်ပါလျှင်တော့ တော်ပါသေး၏။ သို့သော် ကျွန်တော် တို့သည် ပါစင်ဂျာဦးရေကို ဘယ်တုန်းက ဂရုပြုဖူးပါသနည်း။ ကားတစ်ဖက်စောင်းနေစေလည်း မမျောက်သေးလျှင်တော့ လိုရာခရီး ရောက်မည်ပေါ့၊ အသက်ရှူကျပ်တာကတော့ မင့်အဘမို့လား။ ကြက်မ တစ်ဝပ်စာနေရာရှိသေးလျှင် လူလေးငါးယောက်တင်လို့ ရသေးသည်ဟု စပယ်ယာက ပြောသည်။
ကျွန်တော်သည် ကားအသစ်ကိုတော့ "ည"ကျမှ ဇိမ်ရှိရှိစီးတော့မည်ဟု မှန်းထားသည်။ ယခု "ည" ရောက် ပြီ။ ကားအသစ်မပြောနှင့် "ဃ" ပင်မစီးနိုင်သေး။ "ဋ" ရောက်လျှင်တော့ "ဃ" ကားကို ထည်ထည်ဝါ၀ါ စီးနိုင် မည်ထင်သည်။ သည်ဒုက္ခများမှ ကင်းဝေးရန်အတွက်မူ "အ" နံပါတ်ရောက်မှ …။
သောင်းပြောင်းထွေလာရယ်စရာ၊ မတ်၊ ၁၉၈၀
ဆက်ရန်
.
No comments:
Post a Comment