(၃၆)
လိုသာသည် ရေကားများ၊ ပစ္စည်းပစ္စယများနှင့် အခိုင်းအစေများအား တောင်ခြေစခန်း၌ ထားခဲ့ပြီး တစ်ယောက် တည်း ထွက်လာခဲ့ရာ နှစ်ညအကြာ ညအိပ်စခန်း ချစဉ် ယခုဖြစ်ရပ်နှင့် ကြုံရခြင်း ဖြစ်သည်။
မေ့မြော နေသော စင်တိန်နှင့် ကလေးအား သူ၏ ညအိပ်စခန်းသို့ ခေါ်သွားခြင်းထက် ညအိပ်စခန်းအား ဤနေရာ သို့ ပြောင်းလာခြင်းက ပိုလွယ်မည်။ ထို့နောက်မှ စင်တိန်ရော ကလေးပါ အခြေအနေ ကောင်းလာ မှ မိမိ၏ပင်မစခန်းကြီးသို့ ခေါ်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် ကလေးကို သူနှင့်အတူ ခေါ်ပြီး မြင်းနှင့်ညအိပ်စခန်းသို့ သွားကာ ပစ္စည်းများ ပြောင်းရွှေ့ သယ်ယူလာရာ မိနစ် ၂၀ပင် မကြာပါချေ။ သို့သော် သတိမေ့နေသော စင်တိန်ကို တစ်ယောက်တည်း ထားခဲ့ ရသဖြင့် အချိန်တိုင်း စိတ်မချ ဖြစ်နေရသည်။ မြင်းအပိုတစ်ကောင်တွင် ပစ္စည်းများ တင်ပြီး ပြန်ရောက်လာချိန်၌ စင်တိန်ကို ထားခဲ့သော နေရာ၌ ပြန်တွေ့ရတော့မှ စိတ်သက်သာရာ ရသွားသည်။ ကလေး ကား နောက်ဖေးသွားသောအခါ မြက်ခြောက်များဖြင့် ကလေးအား နောက်ဖေးကုန်းပေးရင်း လိုသာ သည် သူ့သားကလေးအား သတိရ တမ်းတမိလာပြန်သည်။ ကလေးအား သူ့မိခင်နို့ကို လှမ်းစို့၍ ရနိုင်သည့် နေရာ အခင်းပေါ်တွင် အသာ တင်ထားလိုက်သည်။
ထို့နောက် စစ်ရေဘူးတွင် ရေထည့်ပြီး မီးဖိုကာ ရေနွေးကျိုသည်။ အ၀တ်ချုပ်သော အပ်နှင့် ချစ်ခင် တစ်တွေး ကို ရေနွေးထဲ ထည့်ပြီး ပြုတ်ကာ ပိုးသတ်လိုက်သည်။ သူ့လက်နှစ်ဖက်ကိုလည်း ရေနွေးနှင့် ကာဘော်လစ် ဆပ်ပြာတို့ဖြင့် ဆေးကြော သန့်စင်လိုက်သည်။ ထို့နောက် စင်တိန်၏ ခြေထောက်မှ ဒဏ်ရာ ကိုလည်း ရေနွေးနှင့် ကာဘော်လစ်ဆပ်ပြာတို့ဖြင့် ဆေးကြောသန့်စင်ပေးသည်။
စင်တိန် က ခပ်တိုးတိုး ညည်းညူပြီး အနည်းငယ်မျှသာ လူးလွန့်လာသည်။ လိုသာသည် သူ လေးနှစ်လုံးလုံး လိုရမည်ရ အရေးကြုံလျှင် သုံးရန် ဆောင်ထားသော ၀ီစကီပုလင်းကို ထုတ်ယူကာ စင်တိန့် ခြေသားလုံးထဲမှ ဒဏ်ရာများထဲသို့ စိတ်ရှည်လက်ရှည် လောင်းထည့်ပေးသည်။ ထို့နောက် ရေနွေး နှင့် ပြုတ်ထားသော အပ်နှင့် အပ်ချည်ကြိုးကို ယူလိုက်သည်။ စင်တိန့်ခြေထောက် နှစ်ချောင်းကို သူ့ပေါင်ပေါ် သို့ တင်လိုက်သော အခါ တောရိုင်းမယ်လေးအသွင် စကပ်တိုတို ၀တ်ထားသော အလှအပကို မရှုချင်မြင်လျက်သား ဖြစ်ရပြီး သက်ပြင်းမောကြီး ချလိုက်မိသည်။
"အင်းလေ သူမေ့မြောနေတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ"
စင်တိန့် ခြေသားလုံးသားမှ ဟက်တက်ကွဲနေသော ဒဏ်ရာများကို ချုပ်ရသည်မှာ တစ်နာရီကျော် ကြာသည်။ ထို့နောက် ခြင်္သေ့အသေကောင်ကို ရှင်းပစ်လိုက်သည်။
နေမ၀င်ခင်ပင် အိပ်နေသော ရှာဆာကလေး နိုးလာသည်။ ကလေးငယ်အား မိခင်နို့အနားတွင် ထားပြီး နို့စို့ စေသည်။ သို့သော် နို့စို့၍မရသောအခါ ကလေးက ပိုဒေါသထွက်ပြီး ပိုငိုလာသည်။ စင်တိန် အကြောက် လွန် ပြီး ထိတ်လန့်သွားကာ နို့မထွက်တော့မှန်း လိုသာ သိလာရသည်။
လိုသာ ကြံရဖန်ရ ပြန်သည်။ သားအမိနှစ်ယောက်ကို ခွေးများ၊ ၀ံပုလွေများ မကပ်နိုင်အောင် သစ်ကိုင်း သစ်ခက်များဖြင့် အကာအက်ွလုပ်ထားခဲ့ပြီး လိုသာ မြင်းနှင့် ထွက်လာခဲ့သည်။ သိပ်မဝေးလှသော တစ်နေရာ တွင် မြင်းကျာ်အုပ်တစ်အုပ်ကို တွေ့သည်။ သားငယ်လေးများနှင့် မြင်းကျား အစ်မကြီး တစ်ကောင် ကို သေနတ်နှင့်ပစ်သည်။ မြင်းကျားမကြီး တုံးခနဲ လဲပြီး အသက်ပျောက်သည်။ အခြား မြင်းကျား များ ပြေးကြသည်။ သေကာစ ပူပူနွေးနွေး မြင်းကျားမကြီးနို့ကို လိုသာ ညှစ်ယူရာ မတ်ခွက် တစ်ဝက်ခန့် ရ လာသည်။
ရေနွေးနှင့် မြင်းကျားနို့ ကို ဆတူရောလိုက်သည်။ ထို့နောက် သူ့အင်္ကျီမှ ပိတ်စတစ်စကို ထုတ်ပြီး နို့တွင် စိမ်ကာ ရှာဆာ့ ပါးစပ်ထဲသို့ တစ်စက်ချင်း ဖြည်းဖြည်းချင်း ညှစ်ထည့်ပေးသည်။ အစပိုင်းတွင် ရှာဆာမစို့ တတ် သော်လည်း မကြာခင် စို့တတ်သွားပြီး အဆင်ပြေသွားသည်။
ထိုညက လိုသာသည် ရှာဆာကို မိမိရင်ခွင်တွင် ထားကာ အိပ်သည်။ နံနက်လင်းသောအခါ ကလေးက နို့ဆာ ၍ ငိုပြန်သဖြင့် မြင်းကျားနို့အကျန်ကို ထပ်တိုက်လိုက်သည်။ နို့ဝသောအခါ ကလေးက လိုသာ မြင်းဆီ သို့ လေးဘက်သွားပြီး ၀မ်းသာအားရ ရယ်သည်။ လိုသာသည် ကလေးကို မြင်းကျားပေါ်တင်ချီပြီး ချော့မြူ သည်။ လိုသာအဖို့ သေဆုံးသွားသော သားလေးကို ပြန်သတိရလာပြီး ရင်ထဲ၌ ခံစား လာရပြန်သည်။
"မင်း လမ်းမလျှောက်တတ်ခင် မြင်းစီးတတ်အောင် ငါသင်ပေးမယ် ကလေးရေ" လိုသာက ပြော လိုက်သည်။
ထို့နောက် သတိလစ်နေသော စင်တိန့်ကို ကြည့်လိုက်ရာ အ၀တ်အစားလဲပေးရန်လိုမှန်း သိလာသည်။ ထို့ကြောင့် စကတ်တို နှင့် ရင်စီးမလုံတလုံကို ချွတ်ပြီး ရေနွေးနှင့် ဆေးကြောသန့်စင်ကာ အန်ပေးလိုက် သော ချည်ထည် ၀တ်စုံတစ်ထည်ကို ၀တ်ပေးလိုက်သည်။
လိုသာသည် အာသဝေါကုန်ခန်းသော ရဟန်းမဟုတ်သဖြင့် ဣတ္တိယအလှအပ ရှိုက်ဖိုကြီးငယ် အသွယ် သွယ် ကို မျက်စိအောက်၌ လွှဲမရအောင်မြင်နေရသောကြောင့် စိတ်လှုပ်ရှားမိသော်လည်း ရမ္မက် ဆင်ရိုင်းကို အသိဥာဏ်ချွန်းဖြင့် အုပ်ကာ သတိရှိရှိ လုပ်ကိုင်သွားသည်။
"မင်းအကြောင်း ငါ ဘာမှ မသိဘူး၊ ငါ့ကိုလဲ မင်းက မင်းအနားမှာ ရှိနေမှန်းတောင်မှ မသိပါလား မိန်းကလေး ရယ်" လိုသာက ညည်းတွားလိုက်သည်။
ညနေပိုင်းတွင် လိုသာသည် စင်တိန်အား မြင်းအပိုပေါ်တွင် မှောက်လျက်ကန့်လန့်တင်ပြီး သူနှင့် ရှာဆာက ရှေ့မြင်း မှစီးပြီး ဦးဆောင်ကာ တောင်ခြေရှိ သူ၏ပင်မစခန်းသို့အရောက်ပြန်သွားသည်။
ဟင်းဒရစ်နှင့် စခန်းမှ အခိုင်းအစေများက ထွက်ကြိုကြပြီး အံ့အားတသင့် မေးမြန်းကြသည်။ စပ်စု ကြသည်။ လိုသာကမူ သူတို့အား အမိန့်ပေးလိုက်သည်။
"ငါ့တဲဘေးမှာ ကပ်ပြီး ဒီအမျိုးသမီးအတွက် သီးခြားတဲတစ်လုံး ဆောက်ကြဟေ့၊ အအေးဒဏ်ခံနိုင်အောင် အပေါ် က သက်ငယ်မိုး၊ ဘေးမှာတော့ ကင်းဘတ်စတွေကာကွာ၊ နေ့ခင်းဘက် ကင်းဘတ်စတွေ မတင် ထား လိုက်၊ လေ၀င်အောင်ပေါ့၊ အဲ မိုးမချုပ်မီ အဲဒါ မင်းတို့ အပြီး ဆောက်ကြ"
လိုသာသည် စင်တိန်အား သူ့အိပ်စင်ပေါ်တွင် ဦးစွာတင်ထားလိုက်သည်။ စင်တိန်သည် မျက်လုံး တစ်ကြိမ် ပွင့်လာသော်လည်း ပြန်ပိတ်သွားကာ သတိမေ့နေဆဲပင် ရှိသည်။ ပြင်သစ်စကားဖြင့် ဗလုံးဗထွေး ပြောဆို ရေရွတ်ရာ လိုသာ နားမလည်ပေ။
"မင်း အန္တရာယ်ကင်း ဘေးရှင်းတဲ့နေရာ ရောက်နေပါပြီ၊ မိတ်ဆွေတွေဆီ ရောက်နေပြီ မိန်းကလေးရယ်" လိုသာ အိပ်မောကျနေသော လှတစ်ပါးအား ပြောလိုက်သည်။
လိုသာ သည် သူ့ဆေးသေတ္တာကို ယူလိုက်ပြီး စင်တိန့်ဒဏ်ရာများအား ဆေးကျော သန့်စင်ပေးကာ သူ၏ မိရိုးဖလာ လက်သုံး ၉၆ပါးပျောက် လိမ်းဆေးကို လိမ်းပေးလိုက်သည်။ ထို့နောက် ပတ်တီး အသစ် များလည်း စည်းပေးလိုက်သည်။
ရှာဆာက နို့ဆာလာပြန်သည်။ လိုသာ စခန်းတွင် နို့စားဆိတ်မတစ်ကောင်ရှိရာ ရှာဆာအား ဆိတ်နို့ ညှစ်ပြီး သူ့ပေါင်ပေါ်တင်ကာ ဇွန်းဖြင့် တဖြည်းဖြည်း တိုက်ကျွေးသည်။ ထို့နောက် စင်တိန် ပါးစပ်ထဲ သို့လည်း ဟင်းချိုရည် နွေးနွေးလေးကို ဇွန်းဖြင့် ထည့်ပေးကြည့်သည်။ စင်တိန်က မျိုမချနိုင်ဘဲ သီးသဖြင့် ရပ် လိုက်ရသည်။
စင်တိန်အား သူမအတွက် ဆောက်ပြီးသွားသော တဲထဲမှ အိပ်စင်ပေါ်သို့ ပြောင်းပို့လိုက်သည်။ သိုးရေ အိပ်ရာခင်း ပေါ်တွင် တင်ပြီး စောင်အသစ်ကို ခြုံပေးလိုက်သည်။ ကလေးကိုလည်း မိခင် ဘေးတွင် ပင်ထားပြီး အိပ်စေသည်။
ထိုညက လိုသာ ကောင်းကောင်းအိပ်မပျော်။ မကြာခဏ နိုးနေပြီ စင်တိန့်တို့သားအမိကို စိတ်မချသဖြင့် နိုးတိုင်း သွားကြည့်သည်။ အရုဏ်မတက်မီကလေးတွင်မှ မှေးခနဲ အိပ်ပျော်သွားသည်။ သို့သော် တစ်စုံ တစ်ယောက်က လှုပ်နိုးလိုက်သောအခါ လိုသာ ချက်ချင်း နိုးလာပြီး သူ့လက်က ခေါင်းရင်းတွင် အသင့် ထား သော ရိုင်ဖယ်ဆီသို့ ရောက်သွားသည်။
"ဘာလဲ ဘာဖြစ်လို့လဲ" လိုသာက မေးလိုက်သည်။
"လာ မြန်မြန်လာ၊ မြင်းတွေ ဂနာမငြိမ် ဖြစ်နေတယ် ခြင်္သေ့ကပ်တယ်နဲ့ တူတယ်" ဟင်းဒရစ်က လိုသာ နားရွက်နား ကပ်ပြီး တိုးတိုး ပြောလိုက်သည်။
"ဒါများကွာ မင်းဟာမင်းသွားပြီး ခြောက်လှန့်ပစ်လွှတ်လိုက်ပါလား"
"ခြင်္သေ့ မဟုတ်ဘူး ခြင်္သေ့ထက်ပိုဆိုးတဲ့ ဆန်လူရိုင်းတွေလို့ ထင်တယ်၊ သူတို့စခန်း ပတ်ပတ်လည်မှာ သွားသွားနေတာ တစ်ညလုံးပဲ၊ သူတို့ ကျွဲနွားတိရစ္ဆာန်တွေ လာခိုးတယ်ထင်တယ်"
လိုသာ၏ အိပ်စင်ပေါ်မှ လွှားခနဲ ဆင်းလိုက်ပြီး ဖိနပ်ရှည်ကြီးကို ကောက်စွပ်လိုက်သည်။
"ဗတ်ဂျန်နဲ့ ကလိန်းဘွိုင်ကော ပြန်လာပလား" လိုသာက လူအုပ်စုဖြင့် လိုက်ရလျှင် ပိုလွယ်မည်ဖြစ်၍ မေး လိုက်သည်။
"မရောက်သေးဘူး" ဟင်းဒရစ်က ခေါင်းခါပြီး ဖြေသည်။
"ကောင်းပြီလေ ဒါဖြင့် တို့နှစ်ယောက်တည်း လိုက်တာ မြင်းတွေ အသင့်ပြင်ထား"
အိုဝါ သည် လူစိမ်းများ၏ စခန်းနှင့် ခြေလှမ်း ၂၀၀ခန့် အရောက်တွင် ရှေ့သို့ မတိုးရဲအောင် ဖြစ်နေသည်။ ခြေလှမ်း၂၀၀ခန့်မျှ ဝေးကွာနေသေးသော်လည်း ထူးခြားသော အသံများနှင့် အနံ့များကို သူနားနှင့် နှာခေါင်း တို့က ရရှိနေရာ စိတ်ထဲ၌ ရှုပ်ထွေးနေသည်။ ဝေခွဲမရ ဖြစ်နေသည်။
သစ်သား ကို ပုဆိန်ဖြင့် ပေါက်နေသော အသံ၊ ရေပုံးသံ၊ ခွက်သံ၊ ဆိတ်အော်သံတို့အပြင် ဆပ်ပြာအနံ့၊ ကာဖီ အနံ့နှင့် သိုးမွေးထည်တို့ကို ရရှိခံစားနေရသည့်အပြင် လူသံများကိုလည်း ကြောက်မက်ဖွယ် ကြား နေရ သည်။
အိုဝါသည် မြေကြီးတွင် ၀မ်းလျားမှောက် ရင်ခုန်လှိုက်မောနေရာမှ ဟာနီအား တိုးတိုးပြောလိုက်သည်။
"နောက်ဆုံးတော့ နမ်ချိုင်းဟာ သူ့အမျိုးတူ လူတွေဆီ ရောက်နေပြီပဲ၊ သူဟာ တို့အတွက် ဆုံးရှုံးပျောက် ကွယ်သွားရပြီပေါ့ အမေကြီးရယ်၊ သူ့နောက်ကို ငါတို့ဆက်လိုက်ယင် ငါတို့အဖို့ မိုက်မဲရာကျလိမ့်မယ်၊ ငါတို့ ဒီမှာ ရှိနေတာကိုတောင် သူလူမျိုးတူ လူတွေတွေ့သွားယင် တို့ကိုသတ်မယ်ဆိုတာ သေချာတယ်၊ ဒီတော့ နောက်ကြောင်း ပြန်လှည့်ကြပါစို့ အမေကြီးရယ်"
"နမ်ချိုင်းဒဏ်ရာရသွားတယ်ဆို၊ မိုပါနီသစ်ပင်ကြီးအောက်က ခြင်္သေ့အသေကောင်ကြီးရှိတဲ့ နေရာက အမှတ် လက္ခဏာတွေကို ကြည့်ပြီး ရှင်ပဲ ပြောခဲ့တာပဲရှင့်၊ နမ်ချိုင့်ရဲ့ သွေးစက်တွေကို မြေကြီးပေါ်မှာ ရှင်မြင်ခဲ့ တယ်ဆို" ဟာနီက ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
"သူ့ အမျိုးတူလူတွေဆီ ရောက်နေပြီပဲကွာ၊ သူတို့ပြုစုစောင့်ရှောက်ပါလိမ့်မယ်၊ သူ့အတွက် တို့မလိုအပ် တော့ပါဘူး၊ သူက ညကြီးမင်းကြီး ထွက်သွားပြီး တို့ကို နှုတ်ဆက် စကားလေးတစ်လုံးတောင် ပြောမသွား တာပဲကွာ" အိုဝါက ခေါင်းမာစွာဖြင့် ထပ်ပြောလိုက်ပြန်သည်။
"ဒီမှာ အဖေကြီး ရှင်ပြောတာ မှန်ပါတယ်၊ ဒါပေမယ့် သူ့မှာ ဘယ်လောက် ဒဏ်ရာရသွားတယ်ဆိုတာ ကျွန်မ မသိရယင် ဒီတစ်သက် ကျွန်မအဖို့ တစ်ခါတောင် နောက်ထပ် ပြုံးနိုင်တော့မှာ မဟုတ်ဘူး၊ မြေးကလေး ရှာဆာဟာ သူ့အမေရင်ခွင်ထဲမှာ ရှိနေတယ်ဆိုတာ ကျွန်မ မမြင်ရယင်လဲ ကျွန်မတစ်သက် အိပ်လို့ ပျော်တော့မှာ မဟုတ်ပါဘူးရှင်ရယ်"
"တို့ကို မချစ်လို့ ခွဲခွာသွားတဲ့သူကို တစ်ခဏကလေး မြင်ရဖို့အတွက် မင်းက တို့နှစ်ယောက်ရဲ့ အသက်နဲ့ ရင်းပြီး စွန့်စားချင်တာကိုး၊ တို့ဘ၀ထဲမှာ သူတို့ မရှိတော့ပါဘူးကွာ၊ မေ့လိုက်တော့"
"နမ်ချိုင်းဟာ ကျွန်မ ၀မ်းနဲ့ လွယ်မွေးခဲ့ရတဲ့ သမီးမဟုတ်ပေမယ့် အသည်းနဲ့ရင်းပြီး မွေးထားရတဲ့ သမီးပါ၊ သူအသက်ရှင်နေတယ်ဆိုတာကို မတွေ့ရမမြင်ရယင် ကျွန်မဘ၀ဟာ ဘာမှ အဓိပ္ပာယ်ရှိတော့မှာ မဟုတ် တော့ပါဘူး၊ ဒါကြောင့် ကျွန်မနဲ့ ရင်းပြီး စွန့်စားမယ်၊ သွားကြည့်မယ် ရှာဆာလေးကို တစ်ခါလောက် ကိုင်တွယ်ကြည့်ရဖို့အတွက် ကျွန်မအသက်စွန့်ဖို့လဲ ၀န်မလေးပါဘူး၊ ဒီတော့ ရှင်မလိုက်ချင်နေခဲ့ပါ၊ ကျွန်မ အတင်း မခေါ်ပါဘူး"
ဟာနီက ၀ပ်နေရာမှ ထလိုက်သည်။ အိုဝါက မည်သို့မျှ မတားလိုက်မီမှာပင် ချုံပုတ်များကြားမှ လှမ်းမြင် နေရ သော မီးပုံမှိန်မှိန်လေးဆီသို့ ပြေးသွားတော့သည်။ အိုဝါ လေးဘက်ထောက် ထလိုက်သည်။ သို့သော် သတ္တိ များ ကွယ်ပျောက် ထွက်ပြေးပြန်သဖြင့် ပြန် မှောက်ချလိုက်ပြီး ညည်းတွားလိုက်သည်။
"တယ်မိုက်မဲတဲ့ အမေကြီးပဲ၊ မင်းမရှိယင် ငါ့အသည်းဟာ သဲကန္တာရ ဖြစ်သွားမယ်ဆိုတာ မင်းသိရဲ့လား၊ သူ တို့က မင်းသတ်လိုက်ယင် ငါလဲ အခါတစ်ရာပြန် သေသွားလိမ့်မယ်"
ဟာနီသည် စခန်းအနီးသို့ လေးဘက်ထောက်ပြီး တွားသွားသည်။ မီးပုံမှ မီးခိုးငွေ့ကို ကြည့်ကာ စခန်း၏ လေအောက်ဘက် ကွေ့ပတ်သည်။ အကယ်၍ မိမိ လေညာကသွားလျှင် မြင်းများ ကျွဲနွားများက မိမိအနံ့ ရသော် လှုပ်လှုပ်ရှားရှာ ဖြစ်လာပါသည်။ စခန်းရှိ လူများ နိုးလာနိုင်သည်။ ၀မ်းလျားမှောက်၍ ရှေ့သို့ တရွေ့ရွေ့ တိုးသွားရင်း အသံကို နားစွင့်သည်။ ရေကားများ၊ ပစ္စည်းတင် လှည်းများနှင့် လူနေတဲ အရိပ်များ ကို မျက်ခြည်မပြတ် ကြည့်သွားသည်။ သတ္တုလက်နက်ပြောင်ပြောင်လက်လက်များကို လွယ် ထားသော လူမည်းတစ်ယောက်ကို တွေ့ရသည်။
သူတို့အားလုံး အိပ်ပျော်နေကြသည်။ မီးပုံပတ်လည်တွင် အိပ်ပျော်နေသော လူတချို့ကို တွေ့ရသည်။ ဟာနီသည် မှောင်ရိပ်များခိုကာ တဲတစ်လုံးအနီးသို့ ဦးစွာကပ်သွားသည်။ နမ်ချိုင်းတဲထဲမှာ ရှိရမည်ဟု သူတွေးသည်။ သို့သော် တဲအရွေးမှားလျှင် ဒုက္ခများမည်။ ထို့ကြောင့် အနီးဆုံးတဲဝသို့ လေးဘက်ထောက် ပြီး သွားသည်။ သူ့မျက်လုံးအစုံက ကြောင်မျက်လုံးလိုပင် အမှောင်ထဲ၌ ကောင်းစွာ မြင်ရသည်။ အိပ်စင်ပေါ် တွင် လူပုံသဏ္ဍာန်တစ်ခုကို မြင်ရသည်။ သို့သော် စင်တိန် မဟုတ်။
ထိုလူက လူးလွန့်လိုက်ပြီး ချောင်းဆိုးလိုက်သည်။
ယောက်ျားတစ်ယောက် ...
မိမိရင်ခုန်သံက ထိုလူနိုးသွားသည်ဟုပင် ဟာနီထင်လိုက်မိသည်။ နောက်သို့ အသာပြန်ဆုတ်ပြီး ဒုတိယတဲ သို့ ချဉ်းကပ်လိုက်ပြန်သည်။ ဒုတိယတဲမှ အိပ်စင်ပေါ်တွင်လည်း အိပ်နေသော လူပုံသဏ္ဍာန်ကို မြင်ရသည်။ ထိုအိပ်စင်ဆီသို့ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ဖြည်းဖြည်းချင်းသွားသည်။ လက်တစ်ကမ်း အလိုသို့ ရောက်သောအခါ သူမနှာခေါင်းက ပွစိပွစိဖြင့် အနံ့ရလာသည်။ ရှာဆာ၏ နို့နံ့သင်းသော အနံ့နှင့် စင်တိန်၏ ကိုယ်နံ့တို့ကို ဟာနီ မှတ်မိသွားသည်။
အိပ်စင်ဘေးတွင် ဟာနီဒူးထောက်ထိုင်လိုက်သည်။ ဟာနီအနံ့ကိုလည်း ရှာဆာရသွားပြီး တအီအီ အော်မြည်လာသည်။ ရှာဆာ့နဖူကို ဟာနီက လက်ဖြင့် စမ်းလိုက်သည်။ ထို့နောက် သူမ၏ လက်ညှိုးထိပ် ကလေးကို လက်ဖြင့် စမ်းလိုက်သည်။ ထို့နောက် သူမ၏ လက်ညှိုးထိပ်ကလေးကို ကလေးပါးစပ်ထဲ ထည့်ပေးလိုက်ရာ ကလေးက တပြွတ်ပြွတ် စုတ်တော့သည်။ ဟာနီသည် ရှာဆာအား ဤပညာကို ကောင်းစွာ သင်ပေးထားသည်။ ဆန်လူမျိုးများအဖို့ ကလေးများ အသံမထွက်အောင် ဤသို့ လေ့ကျင့်ပေး ထားမြဲ ဖြစ်သည်။ အကျဉ်းအကျပ်ထဲ၌ ကလေးငိုပါက သူတို့အားလုံး ဒုက္ခရောက်မည် ဖြစ်သည်။ ရှာဆာ သည် ဟာနီ၏ အတွေ့အထိနှင့် အနံ့တို့တွင် ရစ်မူးသာယာကာ ငြိမ်သက်သွားသည်။
ဟာနီက နမ်ချိုင်း၏ မျက်နှာကို လက်ဖြင့် စမ်းသပ်လိုက်သည်။ အပူငွေ့ရသဖြင့် အနည်းငယ်ဖျားနေမှန်း သိလိုက်သည်။ အသက်ရှူသံကို နားထောင်လိုက်ပြန်သည်။ ဝေဒနာခံစားနေပြီး ဖျားနေသည့်ညည်းသံကို ကြားရသည်။ စင်တိန် အနားများကို ကြည့်ရှုပြီး ဆေးထည့်ပေးချင်သော်လည်း မဖြစ်နိုင်မှန်း သိ၍ စိတ်လျှော့ လိုက်ရသည်။
သို့သော် စင်တိန့်နားရွက်နားသို့ သူ့ပါးစပ်ကို ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ငါ့အချစ်ကလေး ... သမီးလေး၊ မင်းကို ကာကွယ် စောင့်ရှောက်ပေးဖို့ တို့လူမျိုးနဲ့ နတ်ဒေ၀ါအားလုံးကို ငါတိုင်တည်ပါတယ်၊ မင်းကို အားရှိလာအောင် ကုသပေးဖိုပအတွက် မင်းအဖေကြီး အိုဝါနဲ့ ငါနတ်ဒေ၀တာ တွေ ကို အကနဲ့ ပူဇော်ပသပါမယ်ကလေးရယ်"
ဟာနီအသံက သတိလစ်နေသော စင်တိန်၏ကိုယ်ခန္ဓာအတွင်းပိုင်းထဲသို့ စိမ့်ဝင်သွားသည်။ စင်တိန်စိတ်ထဲ အိပ်မက်ထဲ၌ ပုံရိပ်များ ပေါ်လာသည်။
"အမေကြီး ... အမေကြီး"
စင်တိန်က အိပ်မက်ထဲမှ ပုံရိပ်များကို ခပ်တိုးတိုး ညည်းကာ လှမ်းခေါ်လိုက်သည်။
"ငါ မင်းနဲ့အတူ ရှိနေပါတယ် ကလေးရယ်၊ အမြဲတမ်းပဲ မင်းနဲ့ အတူရှိနေမှာပါ"
ဟာနီ ထိုမျှ ပြောနိုင်သည်။ ထို့ထက်ပို၍ မပြောနိုင်တော့။ လည်ချောင်းထဲ၌ ဆို့တက်လာသော အလုံးကြီးကို ငိုရှုက်သံဖြင့် ထွက်ပေါ်လာပါက အန္တရာယ်ရှိလာပေမည်။
ဟာနီသည် စင်တိန်နှင့် ရှာဆာတို့ကို တစ်ကြိမ် ထပ်မံကိုင်တွယ် စမ်းသပ်လိုက်ပြန်သည်။ ထို့နောက် မျက်ရည်အသွယ်သွယ် စီးကျကာ အိပ်စင်မှ ခွာလာခဲ့သည်။
တဲအတွင်းမှ ထွက်ပြီး မှောင်ရိပ်ခိုကာ တောစပ်သို့ ပြေးသည်။ မြင်းတစ်ကောင်က အနံ့ရပြီး ခေါင်းထောင် လှုပ်ရှားသွားသည်။ ညအမှောင်ထုထဲသို့ ဟာနီဝင်ရောက် ပျောက်ကွယ်သွားချိန်တွင် မီးပုံဘေး၌ အိပ်နေသူ တစ်ယောက်က ငေါက်ခနဲ ထထိုင်လိုက်သည်။ စောင်ကို ဆွဲဖယ်လိုက်ပြီး ဂနာမငြိမ် ဖြစ် နေသော မြင်းဆီသို့ သွားသည်။
လမ်းတစ်ဝက်မှာပင် သူတုံ့ခနဲ ရပ်လိုက်သည်။ မြေပြင်ဖုံမှုန်များပေါ်၌ သေးငယ်သော ခြေရာလေးတစ်ခုကို သူ တွေ့လိုက်ရသည်။
အိုဝါနှင့် ဟာနီတို့သည် လျှို့ဝှက်သော တောင်ကြားသို့ ဦးတည်ကာ တောင်တန်းကြီး၏ အောင်ခြေကို ပတ်ပြီး ပြန်လာသော ခရီးသည် အလာခရီးနှင့်မတူဘဲ အလွန်ပင် ပင်ပန်း နွမ်းနယ်နေသည်။
ရှာဆာ နှင့် နမ်ချိုင်းတို့နောက်သို့ လိုက်လာခဲ့စဉ်ကမူ စိုးရိမ်ကြောင့်ကြမှုနှင့် ပူပန်သောကမှုတို့ ဇောကပ်ပြီး မောရပန်းရမှန်း မသိဘဲ တအားတက်သုတ်နှင်လာခဲ့သည်။ ဟာနီသည် အရွယ်နှင့် မလိုက်အောင်ပင် သွက်လက်မြန်ဆန်ပြီး ငယ်ငယ်တုန်းကလိုပင် လျင်မြန်ဖျတ်လတ်စွာ သွားလာခဲ့သည်။
ယခု အပြန်ခရီးတွင်မူ သူမသည် အသည်းနစ်အောင် ချစ်ခဲ့ရသော နမ်ချိုင်းနှင့် ရှာဆာတို့အား ထာဝရ ကျောခိုင်းလာရပြီး ဖြစ်သောအခါ ခြေလှမ်းများက မသယ်ချင်လောက်အောင် လေးလံထိုင်းမှိုင်းနေသည်။
သူမရှေ့မှ အိုဝါကလည်း တစ်လှမ်းချင်းသော လျှောက်နေသည်။ ထိုတစ်လှမ်းချင်းသည်ပင် သူ့အတွက် အနိုင်နိုင် သွားနေရခြင်း ဖြစ်သည်။ အိုဝါ ထိုသို့ ခြေကုန်လက်ပန်းကျပြီး အားအင်ကုန်ခန်းမှုမျိုး ဟာနီ တစ်သက်တွင် တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ အိုဝါက မောဟိုက်လွန်းသဖြင့် ထိုင်ချလိုက်သောအခါ ဟာနီ ကလည်း သူ့ဘေးတွင် ဆောင့်ကြောင့် ၀င်ထိုင်လိုက်သည်။
"အမေကြီး ... ငါသိပ်ပင်ပန်းနေပြီ၊ ခဏလောက် တစ်ရေးတစ်မော အိပ်ချင်သေးတယ်၊ နေသိပ်ပူလွန်းလို့ မျက်စိ က ကြည့်မရလောက်အောင် ကျိန်းနေတယ်"
အိုဝါက ဟာနိအား ခပ်တိုးတိုး ပြောလိုက်သည်။ နေရောင်ကြောင့် မျက်စိကို လက်နှင့် ဆုပ်ထား လိုက်သည်။
"ကျွန်မတို့ နှစ်ယောက် ခရီးကြမ်း ခရီးရှည်ကြီးကို လျှောက်ခဲ့တာပဲ၊ ဒီလောက်တော့ မောမှာပေါ့ အဖေကြီး ရယ်၊ ဒါပေမယ့် ကျွန်မတို့ကို စောင့်ရှောက်တဲ့ နတ်ကောင်းနတ်မြတ်တွေက မလို့ အားလုံးအဆင်ပြေ ချောမောခဲ့ရပြီ၊ အခု နမ်ချိုင်းနဲ့ ဆာရှာလဲ သူ့အမျိုးတူလူတွေထက်ကို ချောချောမောမော ရောက်နေပြီ၊ ဒီတော့ အခု ကျွန်မတို့ တစ်အောင့်တစ်ဖြုတ်တော့ နားကြတာပေါ့"
ဟာနီက ပြောလိုက်သည်။ သူမအဖို့ ကြေကွဲလွမ်းဆွတ်သော ဝေဒနာကို ပြန်လည် ခံစားလာရသော်လည်း မျက်ရည်မကျတော့။ ကျစရာမျက်ရည်မကျန်တော့သလို ဖြစ်နေသည်။ သို့သော် သူမ ရင်ထဲ အသည်းထဲ တွင်မူ မြားတစ်စင်းဝင်စူးနေသလို ခံစားနေရသည်။
ထိုစဉ် အိုဝါက ရုတ်တရက် ခေါင်းထောင်ပြီး နားစွင့်လိုက်သည်။ သူ့အမူအရာတွင် ကြောက်လန့်စရာပုံ ပေါ် နေသည်။ ထို့ကြောင့် ဟာနီကလည်း နားစွင့်လိုက်သည်။ မြင်းခွာသံများကို သူတို့ ကြားရသည်။
"သူတို့ တို့ကို တွေ့သွားပြီ၊ မြင်းခွာသံတွေက တို့နဲ့နီးနေပြီ"
အိုဝါက ပြောလိုက်သည်။
ဟာနီက ထိုင်နေသော အိုဝါကို တွဲထူလိုက်သည်။]
"ဒီကွင်းပြင်ထဲမှာဆိုယင် ကျွန်မတို့အဖို့ သူတို့လက်က လွတ်မှာ မဟုတ်ဘူး"
ဟာနီက ပြောပြောဆိုဆိုနှင့် တောင်တန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ မြင့်မားမတ်စောက်သော တောင်စောင်း တစ်ခု၏ အောက်ခြေတွင် သူတို့ ရောက်နေသည်။ ချုံပုတ်များ ကျောက်သား ကျောက်ဖု များက မတ်စောက်သော တောင်နံရံတွင် ရှိနေသည်။
"ကျွန်မတို့လဲ အဲဒီတောင်ထိပ်ပေါ် ရောက်အောင် တက်နိုင်ယင် ဘယ်မြင်းမှ အဲဒီအပေါ်ထပ်တက်နိုင်မှာ မဟုတ်ဘူး" ဟာနီက အိုဝါအား ခပ်တိုးတိုးလေး ပြောလိုက်သည်။
"သိပ်မြင့်လွန်း သိပ်မတ်စောက်လွန်းတယ်လ အိုဝါက ကန့်ကွက်လိုက်သည်။
"ဒီလမ်းကလွှဲလို့ တခြားလွတ်လမ်း မရှိတော့ဘူး"
တောင်ခြေမှ အပေါ်ဘက်သို့ မြွေလိမ်မြွေကောက် တက်သွားသော လမ်းပျပျလေးကို ညွှန်ပြရင်း ဟာနီက ပြော သည်။
ဟာနီသည် အိုဝါ၏ လက်ကို ဆုပ်ကိုင် ဆွဲခေါ်လိုက်ပြီး ကျောက်တုံးတစ်တုံးမှ တစ်တုံးသို့ ခုန်ပျံကျော်လွှား ပြီး ပြေးသည်။ သို့သော် ကျောက်တောင်စွန်း၏ အောက်ခြေသို့ မရောက်မီမှာပင် အိုဝါသည် အလွန်ပင် မောပန်း ၍ ဟောဟဲလိုက်ကာ ဒယိမ်းဒယိုင်နှင့် ဒရွတ်ဆွဲလိုက်နေရသည်။
"ရင်ထဲမှာ သိပ်ထိုးနေတယ်၊ ငါ့ရင်ထဲမှာ အကောင်တစ်ကောင်ဝင်ပြီး အူတွေအသည်းတွေကို ကိုက်ဖြတ် နေသလို ခံစားနေရတယ်" အိုဝါက မောပန်းသံကြီးဖြင့် ပြောလိုက်ရင်း ကျောက်တုံးနှစ်တုံး အကြား လဲကျ သွားသည်။
"ကျွန်မတို့ ဒီမှာရပ်လို့ မဖြစ်ဘူး၊ ဆက်ပြေးမှ ဖြစ်မယ်"
ဟာနီက ဘေးမှ မတ်တတ်ရပ်လျက် ပြောလိုက်သည်။ အိုဝါကို ဆွဲထူရန်လည်း ကြိုးစားလိုက်သည်။
"င့ါရင်ထဲမှာ အသည်းကို အကောင်တစ်ကောင် ကိုက်နေသလို နာနေတယ်" အိုဝါက နာကျင်လွန်းသော အသံဖြင့် ပြန်ပြောသည်။
ဟာနီသည် အိုဝါအား လဲနေရာမှ ထိုင်လျက် အနေအထား ဖြစ်အောင် အတင်းဆွဲထူလိုက်သည်။ ထိုစဉ်မှာပင် တောင်ခြေမှ လာသော အသံသဲ့သဲ့ကို ကြားလိုက်ရပြန်သည်။
"သူတို့ ကျွန်မတို့ကို မြင်သွားပြီ၊ ကျွန်မတို့နောက်ကို လိုက်လာနေပြီရှင့်"
ဟာနီ သည် တောင်အောက်ဘက်၌ သစ်တောထဲမှ မြင်းစီးထွက်လာသော လူနှစ်ယောက်ကို ငုံ့ကြည့်ရင်း ပြော လိုက်သည်။
လူနှစ်ယောက်သည် မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ မြင်းများကို သစ်ပင်တွင် ချီပြီး မတ်စောက်သော တောင်စောင်းအတိုင်း တက်လာသည်။ တစ်ယောက်မှာ အသားမည်းဖြစ်င်္ပြီး ကျန်တစ်ယောက်မှာ အသားဖြူ ဖြစ်သည်ကို ဟာနီ တွေ့ရသည်။ သူတို့က အော်လိုက်ပြန်သည်။
ထိုအသံ ကြောင့် အိုဝါ နိုးကြားလာသည်။ ဟာနီက တွဲထူပေးသဖြင့် ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ဖိရင်း အိုဝါ ထလိုက်သည်။ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသော အသွင်က သူမျက်နှာ၌ အထင်းသား ပေါ်လွင် နေသည်။
"ကဲ ကျွန်မတို့ ပြေးမှ ဖြစ်တော့မယ်"
ဟာနီသည် အိုဝါအား မတတ်သည့်အဆုံး ဒယဥ့်တိုက် ဆွဲပြေးတော့သည်။
"ငါမလိုက်နိုင်တော့ဘူး၊ မပြေးနိုင်တော့ဘူး"
"အိုဝါ့အသံက လေသံကလေးမျှ သဲ့သဲ့သာ ထွက်နိုင်တော့သည်။
"အို ဘယ်ဖြစ်မလဲ၊ လာကျွန်မ နောက်ကလိုက်ခဲ့၊ ကျွန်မခြေချသွားတဲ့ ခြေရာအတိုင်း နောက်ကထပ်ချပ် လိုက်ခဲ့"
ဟာနီက ရှေ့မှနေ၍ တောင်စောင်းပေါ်သို့ တက်ပြေးသည်။ အိုဝါက နောက်မှ ဒယိမ်းဒယိုင်ဖြင့် လေးလံ နှေးကွေးစွာ လိုက်တက်နေရသည်။
ပေတစ်ရာခန့်တက်သွားပြီး ကျောက်စွန်းအကွယ်ကလေးတစ်ခုသို့ ရောက်သွားသည်။ ထိုနေရာသည် သူတို့ အား အောက်မှလူများ မမြင်အောင် ကာကွယ်ပေးထာသည်။ ထိုကျောက်စွန်းကို ဟာနီက ရှေ့မှ တွယ်တက် သွားသည်။ အိုဝါက နောက်မှ တွယ်တက်လိုက်ရာတွင် တစ်နေရာ၌ လက်ကချော်ပြီး အောက်သို့ ပြုတ်ကျ သွားတော့မလို ဖြစ်သွားသည်။
ထိုအခါ ဟာနီက အိုဝါကို လှမ်းဆွဲပြီး အပေါ်သို့ ဆွဲတင်ရင်း ပြောလိုက်သည်။
"ကျွန်မ နောက်ကသာ လိုက်ခဲ့၊ အောက်ဘက်ကို ပြန်လှည့်မကြည့်နဲ့ အဖေကြီး၊ ကျွန်မခြေထောက်ကို ကြည့်ပြီး ကျွန်မ ခြေလှမ်းအတိုင်း လိုက်နင်းလာခဲ့ပေတော့"
သူတို့ ကျောက်တောင်ကို တွယ်ပြီး အပေါ်သို့ တက်သွားသည်။ မြင့်သည်ထက် မြင့်သွားသည်။ ထိုသို့ မြင့်သွားသည်နှင့်အမျှ အောက်ဘက်မှ အမဲလိုက်မုဆိုးများက သူတို့အား ထင်ထင်ရှားရှားကြီး မြင်နေရသည်။
"အပေါ်ကို နည်းနည်းလေးတက်လိုက်ယင် ကျွန်မတို့ လွတ်ပြီ၊ ပေး ပေး ရှင့်လက်ကို လှမ်းပေးစမ်း၊ ကျွန်မ ဆွဲတင်မယ်"
ဟာနီက အောက်ဘက်သို့ ငုံ့ကြည့်ကာ အိုဝါအား ဆွဲတင်ရန် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ သူတို့ နောက်မှ လိုက်လာသော မုဆိုးနှစ်ယောက်အား မြင်ရသည်။
ထိုနှစ်ယောက်သည် ကျောက်ဆောင်စွန်း၏ အောက်ခြေ သူတို့နှစ်ယောက်၏ အောက်ဘက်တည့်တည့်၌ ရှိနေပြီး သူတို့နှစ်ယောက်အား မော့ကြည့်နေသည်။ မျက်နှာဖြူလူသည် သူ၏လက်ကို မြှောက်တင်လိုက်ပြီး သူနှင့်ပါလာသော ခပ်ရှည်ရှည်ပစ္စည်းတစ်ခုကို မိမိထံ ချိန်ရွယ်လိုက်သည်ကို ဟာနီ မြင်ရသည်။
ဟာနီသည် ရိုင်ဖယ်ကို တစ်ခါမျှ မမြင်ဖူး။ ထို့ကြောင့် ဖုံးကွယ်ပုန်းရှောင်ရန် မကြိုးစားဘဲ အောက်ဘက်မှ ချိန်ရွယ် နေသူအား စိုက်ကြည့်နေသည်။ သူမသိသည်မှာ မိမိသည် အင်အားအကောင်းဆုံးမြားတစ်ကမ်း အကွာ အဝေးမှ လွတ်ကင်းနေပြီ။ ထို့ကြောင့် ထင်ထင်ရှားရှားကြီး အမြင်ခံပြီး လှမ်းကြည့်နေသည်။
လူဖြူ၏လက်က ဆန့်ထုတ်လိုက်သည်ကို ဟာနီ မြင်ရသည်။ ထို့နောက် ထိုသူ့လက်ထဲရှိ ပစ္စည်းထိပ်ဖျားမှ မီးခိုးငွေ့ ဖြူဖြူလေး ထွက်လာသည်ကို မြင်လိုက်ရသည်။
ဟာနီသည် ရိုင်ဖယ်ပစ်သံ တစ်ခါမှ မကြားဖူး။ ယခုလည်း အသံထက် ကျည်ဆန်က အလျင်ရောက်လာ သဖြင့် အသံကို ကြားချိန် မရလိုက်ပေ။ ကျည်ဆန်ထိပ်ဖူးခဲသားသည် ဗိုက်ထဲမှ ဖြတ်ဝင်လာပြီး ကျောဘက် မှ ဖောက်ထွက်သွားသည်။ ကျည်ဆန်ထိမှန်ခံရသော အရှိန်ကြောင့် ဟာနီ နောက်သို့ လန်ဆင်း သွားပြီး အောက်ဘက်တောင်စောင်းတောင်ကြားထဲသို့ ပစ်ကျသွားသည်။ ထိုသို့ ပစ်ကြသွား သော ဟာနီခန္ဓာကိုယ် တွင် ၀ိဥာဉ် မရှိပါတော့ချေ။
အိုဝါက တအားကြုံးအော်ပြီး လှမ်းဆွဲလိုက်သည်။ သို့သော် အဘွားကြီး၏ ခန္ဓာကိုယ်ကို အဘိုးကြီးကို ထိသည်ဆိုရုံလေးသာ ထိမိလိုက်တော့သည်။
"ငါ့အသက် ... ငါ့အသည်းလေးကလေး"
အိုဝါက အော်လိုက်သည်။ လှမ်းဆွဲလိုက်သော လှုပ်ရှားမှုကြောင့် သူလည်း ဟန်ချက်ပျက်ပြီး မထိန်းနိုင် တော့ဘဲ အောက်သို့ ကျသွားတော့သည်။ ထိုစဉ်မှာပင် သူ့ပါးစပ်က သူ့တစ်သက်တာ၌ နောက်ဆုံး စကား ကို ပြောလိုက်သည်။
"ငါလဲ မင်းနောက်ခဲ့ပြီး အမေကြီးရေ ... နောက်ဆုံးခရီးရဲ့အဆုံးအထိ လိုက်ခဲ့ပါပြီကွာ"
လိုသာသည် လူရိုင်းလူပုကလေး တစ်ယောက်၏ ၀ိညာဉ်မဲ့ခန္ဓာကိုယ်တင်နေသော ကျောက်စွန်းတစ်ခုသို့ ရော်ကအောင် ပေ၂၀ခန့် တက်လာရသည်။
အသက်ကြီးသော ယောက်ျား လူရိုင်းလူပုကလေး တစ်ယောက်ဖြစ်ကြောင်း လိုသာ တွေ့ရသည်။ အမြင့်မှ နေ၍ အောက်သို့ ပစ်ကျထားသဖြင့် ပုံပျက်ပန်းပျက် ဖြစ်နေသည်။ သူ၏ သိပ်ကျဉ်းသော ခါးမျ တိရစ္ဆာန် သားရေ ခါးပတ်တွင် မောင်းချဓားတစ်ချောင်း ချိတ်ဆွဲထားသည်ကို ထူးထူးခြားခြား တွေ့လိုက်ရသည်။ ဗြိတိသျှစစ်သားများ ကိုင်လေ့ကိုင်ထရှိသော ပုံသဏ္ဍာန်အမျိုးအစား ဖြစ်သည်။ ကာလာဟာရိ တောနက် ကြီးထဲမှ လူရိုင်းလူပုလေးတစ်ယောက်ထံတွင် ဤလိုဓားမျိုး တွေ့ရလိမ့်မယ်ဟု လိုသာ လုံးဝမထင်မှတ်ခဲ့ ပေ။ လိုသာသည် လူပုကလေးမှ ဓားကို ဖြုတ်ယူပြီး သူ့အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။
လိုသာသည် ဟင်းဒစ်စောင့်နေသည့် တောင်စောင်းတစ်ခုသို့ ဆက်တက်သွားသည်။
"ခင်ဗျား ဘာတွေ့ခဲ့ရသလဲ" ဟင်းဒရစ်က မေးသည်။
"လူရိုင်းလူပုအဘိုးကြီးတစ်ယောက်ပါဗျာ၊ ဒါပေမယ့် သူ့ဆီက ဒါတွေ့ခဲ့တယ်"
လိုသာက မောင်းချဓားကို ထုတ်ပြပြီး ပြောလိုက်သည်။ ဟင်းဒရစ်က သိပ်ထူးခြားသလို ခေါင်းညိတ်ပြပြီး ပြန်ပြောသည်။
"ဟုတ်ပါတယ် အဲဒီသတ္တ၀ါတွေဟာ ကြောက်စရာကောင်းတဲ့ သူခိုးတွေဗျ မျောက်တွေလိုပဲ၊ ဒါကြောင့် သူတို့ ကျွန်တော်တို့ စခန်းတစ်ဝိုက်မှာ လှည့်ချောင်းနေကြတာကိုးဗျ"
"နောက်တစ်ယောက်ကော ဘယ်နေရာကျသွားသလဲ ဟင်းဒရစ်"
"ဟို အောက်ဘက်တောင်စောင်း တစ်ခုက ချုံပုတ်တွေထဲ ကျသွားတာပဲ၊ ဆင်းရမှာ အန္တရာယ်များပါတယ် ဆရာ"
"ဒါဖြင့် မင်းဒီမှာ စောင့်နေ ငါဆင်းသွားမယ်"
လိုသာသည် ဟင်းဒရစ် ညွှန်ပြသော အောက်ဘက် တောင်စောင်းတစ်ခုသို့ ခက်ခက်ခဲခဲ ကုတ်ခြစ်တွယ် ဖက်ကာ ဆင်းသွားသည်။ မိနစ် ၂၀ခန့် ကြာသောအခါ သူသေနတ်ပစ်လိုက်သဖြင့် ထိမှန်သေဆုံးသွးသော လူရိုင်းလူပုကလေးရှိရာ တောင်စွန်းတစ်နေရာသို့ ရောက်သွားသည်။
ချုံပုတ်ပေါ်တွင် တင်နေသော အလောင်းကို အောက်သို့ ဆွဲချကြည့်လိုက်သောအခါ မိန်းမတစ်ယောက် ဖြစ်နေမှန်း သိရသည်။ သူခန္ဓာကိုယ်ပေါ်မှ သေနတ်ဒဏ်ရာသည် သူချိန်ချပစ်လိုက်သည့်နေရာအတိုင်း ကွက်တိ ခွင်ကျထိမှန်ထားမှန် သိရသောအခါ လိုသာ ၀မ်းသာသွားသည်။
လိုသာ မျက်စိသည် အလောင်း၏ ကျည်ဆန်ထိမှန်ရာ နေရာကို ကြည့်နေရာမှ အလောင်း၏ လည်ပင်းရှိ ထူးခြားလှပ၍ ဆန်းပြားသော လည်ဆွဲဆီသို့ ရောက်သွားသည်။ လိုသာသည် အာဖရိက တောင်ပိုင်း တစ်ဝန်း၌ ဤသို့ ထူးခြားလှပသော လည်ဆွဲမျိုးကို မတွေ့ခဲ့ဖူးပေ။.
လိုသာသည် အလောင်းမှလည်ဆွဲကို ဖြုတ်ယူလိုက်သည်။ လည်ဆွဲကြိုးတွင် သွေးတို့ စွန်းထင်းနစ်ဝင်နေ သည်။ လည်ဆွဲကို အ၀တ်စတစ်ခုနှင့် ပတ်ပြီး သူ၏ အင်္ကျီအိတ်ထဲ၌ ဂရုတစိုက် ထည့်သွင်း သိမ်းဆည်း ထား လိုက်သည်။
ဆက်ရန်
.
No comments:
Post a Comment