Sunday, July 24, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၁၅)

အခန်း (၁၆)

နန်စီ ၏ လက်များသည် ဖြန့်လိုက် ဆုပ်လိုက်ဖြစ်နေသည်။
ကိုယ်ပေါ်မှ စောင်ကို ဆွဲနေသည်။
လင်ဒန် က နန်စီ၏လက်ချောင်းကလေးများကို ညင်သာစွာ ဆုပ်ကိုင်ပေးထားသည်။
နန်စီ မှာ သောကကြောင့် ပင်ပန်းကြီးစွာ အသက်ရှူနေရသည်။
"နန်စီ… မပူနဲ့နော်… ကလေးတွေ ဒုက္ခရောက်အောင် ဘယ်နည်းနဲ့မှ မင်းမလုပ်ဘူးဆိုတာ လူတိုင်း က သိကြ ပါတယ်ကွယ်၊ မင်း ပြောချင်တာ အဲဒါပဲ မဟုတ်လား"
လင်ဒန်က မေးသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ကလေးတွေ ဒုက္ခရောက်အောင် ကျွန်မလုပ်နိုင်တယ်လို့ လူတွေက ထင် နေကြ တယ်၊ သူတို့ကို ကျွန်မ ဘယ်လိုလုပ်ပြီးသတ်နိုင်မလဲ၊ ကျွန်မပါ သူတို့နဲ့ အတူတူ သေသွားမှာ ပေါ့"
"တို့ ချစ်တဲ့လူ တစ်ယောက်ယောက် ကို ဆုံးရှုံးလိုက်ရရင် တို့အားလုံးဟာ ခဏတော့ သေသွားကြ တာချည်း ပါပဲ နန်စီ၊ ဒီဒုက္ခတွေ မစခင်တုန်းက အကြောင်းတွေကို ငါနဲ့အတူတူ ပြန်စဉ်းစားကြည့်ကြ ရအောင် နော်၊ အိုဟိုင်းယိုးပြည်နယ်မှာ မင်းနေခဲ့တုန်းက အကြောင်းတွေ ပြန်ပြောကြရအောင်၊ မင်း ဘယ်လို ကြီးပြင်းလာတယ်ဆိုတာ ပြောပြပါဦး"
"ကျွန်မ ကြီးပြင်းလာတဲ့အကြောင်းလား"
နန်စီ၏ အသံ သည် လေသံတိုးတိုးကလေးအဖြစ် ပြောင်းလဲသွားလေသည်။ စောစောက မာတောင့် တောင့်ကြီး ဖြစ်နေသော သူ့ခန္ဓာကိုယ်မှာလည်း ပျော့ပျောင်းစပြုလာသည်။

"ဟုတ်တယ်၊ မင်းအဖေအကြောင်း ပြောပြစမ်းပါဦး၊ သူ့ကို ငါ လုံးဝမသိခဲ့ဘူး"
ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင်မှာ ဂနာမငြိမ်ဖြစ်နေသည်။
မကြာခဏ လှုပ်နေသောကြောင့် သူထိုင်နေသည့်ကုလားထိုင်မှ အသံမြည်နေသည်။
လင်ဒန် က အသိပေးသည့်အနေဖြင့် သူ့ကိုလှမ်းကြည့်သည်။
"ဒီမေးခွန်း ကို မေးရတာ ကျုပ်မှာအကြောင်းရှိတယ်၊ ခင်ဗျား သည်းခံလိုက်ပါဦး"ဟုလည်းပြောသည်။

"ဒက်ဒီ့အကြောင်းလား"
နန်စီ၏အသံနည်းနည်းလေး ပိုကျယ်လာသည်။ ပြီးတော့ ခပ်သာသာတစ်ချက်ရယ်သည်။
"ဒက်ဒီ ဟာ သိပ်ရယ်စရာကောင်းတယ်၊ သူလေယာဉ်မောင်းပြီးပြန်လာတဲ့အခါမှာ မာမီနဲ့ကျွန်မက ကား မောင်းပြီး လေယာဉ်ကွင်းမှာ သွားကြိုပေးလေ့ရှိတယ်၊ ဒက်ဒီပြန်လာရင် မာမီနဲ့ကျွန်မအတွက် တစ်ခုခု တော့ အမြဲတမ်းပါလာတာပဲ၊ လက်ဆောင်တစ်ခုခုမပါတဲ့ အခေါက်ရယ်လို့ လုံးဝမရှိခဲ့ဘူး၊ ဒက်ဒီ ခွင့်ရက်ရတဲ့ အခါတွေမှာ ကျွန်မတို့သားအမိ သားအဖသုံးယောက်ဟာ တစ်ကမ္ဘာလုံးကို လျှောက်လည် တာပဲ၊ ဒက်ဒီနဲ့မာမီဟာ ကျွန်မကို ဘယ်တော့မှချန်မထားခဲ့ဘူး၊ သူတို့သွားလေရာကို အမြဲခေါ်တယ်၊ ခရီးတစ်ခု အကြောင်း ကို ကျွန်မ သတိရနေသေးတယ်"
ရေးသည် နန်စီ၏ကိုယ်ပေါ်မှာ မျက်နှာကို မခွာနိုင်အောင်ဖြစ်နေသည်။ နန်စီ ယခုလို လှိုက်လှိုက် လှဲလှဲ စကား ပြောခြင်း ကို သူတစ်ခါမှ မကြားဖူးချေ။

ယခု စကားပြောနေပုံမှာ လှိုက်လှဲနေရုံမျှသာမကသေး ရယ်မောသံကလေးများပါ ခပ်လွင်လွင်ပါနေ သည်။
ထိုသို့သော ပျော်ရွှင်သည့်အသံကို သူ တောင့်တခဲ့သည်မဟုတ်လား။
နန်စီ ကြောက်ကြောက်ရွံ့ရွံ့နေနေရသည်ကို သူ မကြည့်ရက်ဖြစ်ခဲ့သည် မဟုတ်လား။
ယခု သူ မျှော်လင့်တောင့်တခဲ့သည့်အရာကို တွေ့နေ၊ ကြားနေရလေပြီ။
ဂျိုနသန်နိုးလ်စ် က နန်စီပြောသမျှကို စိတ်ပါဝင်စားစွာဖြင့် အာရုံစိုက်ပြီး နားထောင်နေသည်။

နန်စီ သူ့ကိုယ်သူ ယုံကြည်မှုရှိလာအောင်၊ စိတ်ပေါ့ပေါ့ပါးပါးထားနိုင်သွားအောင် ဒေါက်တာ လင်ဒန် မိုင်းလ်စ် သုံးသည့် နည်းပရိယာယ် ကို သူ ထောက်ခံနေမိသည်။
ဟာမွန် နှင့် ရခဲ့သည့်ကလေးနှစ်ယောက် ပျောက်ဆုံးသွားသည့်အကြောင်းကို အသေးစိတ်မမေးမီ နန်စီ သည် သူ့ကိုယ်သူ ယုံကြည်မှုရှိပြီး စိတ်ကိုလည်း လျှော့ထားဖို့အရေးကြီးသည်။
ထို အခြေအနေမျိုး ကို ရအောင် လင်ဒန်က ဖန်တီးယူနေခြင်းဖြစ်သည်။
အခန်းထဲမှာ ရှိနေသည့် ရှေးဟောင်းတိုင်ကယ်နာရီကြီးမှ စက်သံက ခပ်တိုးတိုးမြည်နေသည်။
သို့သော်လည်း အခန်းထဲတွင် အားလုံးက နန်စီကို အာရုံစိုက်နေကြလေရာ တိုင်ကပ်နာရီကြီး၏ တိုး တိတ် သော စက်သံသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြည်ဟည်းနေသည်ဟု ထင် မှတ်ရ လေသည်။

နောက်ပြီးတော့ အချိန်တွေ ကုန်ဆုံးသွားသည့်အကြောင်းကိုလည်း သတိပေးသလိုဖြစ်နေသည်။
ဒေါ်ရော်သီ ကို ဂျိုနသန် လှမ်းကြည့်သည်။
စောစောက အိမ်နောက်ဖေးတွင် ဒေါ်ရော်သီနှင့်တွေ့တုန်းက သူ့ဘက်က မာမာထန်ထန်ဆက်ဆံ ခဲ့မိသည်။
ဒေါ်ရော်သီသည် နန်စီနှင့်ပတ်သက်ပြီး အမှန်ကိုမပြောဘဲ လိမ်ညာခဲ့သောကြောင့် သူ့စိတ်ထဲမှာ အောင့် သက်သက် ဖြစ်ခဲ့သည်။
ထို့ကြောင့်လည်း ထိုသို့ ဆက်ဆံခဲ့မိခြင်းဖြစ်ပါသည်။
ဒေါ်ရော်သီ နှင့် နန်စီတို့ဘက်မှ ပြန်စဉ်းစားကြည့်တော့လည်း သူတို့မှန်နေသည်။

ဘာကြောင့် သူတို့အကြောင်းရင်းအဖြစ်မှန်ကို မိမိအားပြောပြရမည်နည်းဟုစဉ်းစားကာ ဂျိုနသန်က ဖြေလိုက် သည်။
ထို့ကြောင့် သူ၏ရိုင်းပြသော ဆက်ဆံရေးနှင့်ပတ်သက်၍ ဒေါ်ရော်သီကို တောင်းပန်ဖို့ သူ့မှာ လူမှုရေး အကြွေး တင် သွားလေပြီ။
နောက်ပြီးတော့ ဒေါ်ရော်သီလည်း သိပ်နေကောင်းပုံမရ။
အာရုံစူးစိုက်မှုများလွန်းနေသည်။ ကုတ်အင်္ကျီကြီးကို ယခုတိုင်မချွတ်ဘဲ ၀တ်ထားသည်။ လက်နှစ် ဘက် ကို လည်း ကုတ်အင်္ကျီအိတ်ထဲ ထည့်ထားသည်။
အခွင့်အရေး သာလျှင်သာချင်း ဒေါ်ရော်သီကို စကားပြောဖို့ သူဆုံးဖြတ်လိုက်သည်။
စိတ်သက်သာ ရာရအောင် သူ ဖျောင်းဖျရမည်။

ဒေါ်ရော်သီသည်လည်း ကလေးများအကြောင်းကိုသာ တစ်ချိန်လုံးစဉ်းစားနေမည်မှာသေချာသည်။
အခန်းထဲ မှ လျှပ်စစ်မီးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားသည်။ ပြီးတော့ အားလုံးငြိမ်းသွားသည်။
"ထင်သားပဲ"
ဂျက်ကော်ဖင်က သူ့ဘာသာသူပြောသလိုပြောပြီး စားပွဲပေါ်မှာ မီးခြစ်ရှာနေသည်။ မုန်တိုင်းကြောင့် လျှပ်စစ်မီး များ ငြိမ်းသွားခြင်းဖြစ်သည်။
ရေးက မီးလင်းဖိုဘေးရှိ ဓာတ်ငွေ့မှန်အိမ်များကို ထွန်းပေးလိုက်သည်။ အ၀ါရောင်မီးရောင်များ အခန်းထဲ မှာ လင်းလာသည်။
အပြင် မှာ ရာသီဥတု တစ်စထက်တစ်စ ဆိုးသည်ထက် ဆိုးလာသည်။

သည်လိုရာသီဥတုဆိုးနေသည့်အချိန်မျိုးတွင် ကလေးနှစ်ယောက်၏ကံကြမ္မာ မည်သို့ရှိမည်ကို မည် သူမှ တပ်အပ်သေချာမပြောနိုင်ကြချေ။
အ၀ါရောင် မှန်အိမ် အလင်းရောင်အောက်တွင် နှင်းဆီသွေးရောင် ပြေးနေသည့် နန်စီကို ရေးက လှမ်းကြည့် သည်။
မနေ့ညတုန်းက သူအိပ်ရာမှအနိုးတွင် မစ်စီချောင်းဆိုးနေသည်ကို ကြားရသည်။
ထို့ကြောင့် ကလေးများအိပ်သည့်အခန်းထဲသို့ သူဝင်သွားသည်။
သည်တော့ လည်း မစ်စီ နှစ်ခြိုက်စွာအိပ်ပျော်နေသည်ကို တွေ့ရသည်။
စောင် ကို သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် သူပြင်ခြုံပေးသည်။

မစ်စီ၏ကိုယ်လုံးလေး တွန့်သွားသည်။
"ဒက်ဒီ…"ဟုလည်း အိပ်ချင်မူးတူးသံဖြင့် ယောင်နေသည်။
သို့သော်လည်း ကျောကိုအသာပုတ်ပေးလိုက်သောအခါ နှစ်ခြိုက်စွာပြန်လည်အိပ်ပျော်သွားလေ သည်။
ပြီးတော့ မိုက်ကယ်အကြောင်း သူ စဉ်းစားသည်။
သူတို့ သားအဖ နှစ်ယောက် မနေ့မနက်က ပင်ဝစ်ဂင်ဆိုင်မှာ နို့သွားသောက်ကြသေးသည်။

ဝစ်ဂင်ဆိုင်ထဲသို့ သူတို့သားအဖအ၀င်တွင် မစ္စတာဟန့်၏ရှုခင်းသာအိမ်ကြီးတွင် ငှားနေသော မစ္စတာပါးရစ် က ဆိုင်ထဲအတွက်နှင့် သွားတိုးသည်။
ပါးရစ် က သူတို့သားအဖကို ဖော်ရွေစွာခေါင်းညိတ်ပြပြီး နှုတ်ဆက်သွားသည်။
သို့သော်လည်း သူ့ကားထဲသို့ဝင်ပြီး မောင်းထွက်သွားသည်နှင့် မိုက်ကယ်၏မျက်နှာမှာ မနှစ်မြို့ သည့် အမူအရာဖြင့် ရွံ့တွနေသည်။
"အဲဒီလူကြီးကို ကျွန်တော် နည်းနည်းမှကြည့်လို့မရဘူး ဒက်ဒီ"ဟုလည်း ပြောသေးသည်။
ထိုအကြောင်း များကို ပြန်သတိရတော့ ရေးသည် ပြုံးမိတော့မလို ဖြစ်သွားသည်။

မိုက်ကယ်သည် ကလေးပဲရှိသေးသည်။
သို့သော်လည်း အရုပ်ဆိုးအကျည်းတန်မှုကို ရွံမုန်းရာတွင် သူ့အမေနှင့်တူလှသည်။
ကုတ္တနေပါးရစ်ကလည်း တစ်မျိုးဖြစ်သည်။ အလွန်နှေးကွေး လေးကန်သူဖြစ်သည်။ ဘယ်အခါ ကြည့်ကြည့် လှုပ်လီ လှုပ်လဲ့သာဖြစ်နေတတ်သည်။ စွဲမက်ခင်တွယ်စရာလည်း တစ်ချက်ကလေးမှ မရှိ။
ဝစ်ဂင် ကလည်း ထိုအတိုင်းမြင်ပုံရသည်။
ပါးရစ်ထွက်သွားတော့ သူ့ထင်မြင်ချက်ကို ပြောသည်။

"ကျုပ် တွေ့ဖူးသမျှ လူတွေထဲမှာတော့ လှုပ်ရှားမှုအနှေးကွေးဆုံးလူပဲ၊ ဈေးလာဝယ်ရင်လဲ တစ် ကမ္ဘာလုံး မှာ ရှိတဲ့ အချိန်တွေကို သူတစ်ယောက်တည်း ပိုင်ထားတဲ့အတိုင်းပဲ၊ တရွေ့ရွေ့လုပ်နေတာ မပြီးနိုင် တော့ဘူး"
ထိုစကားကြောင့် မိုက်ကယ် ချက်ချင်းလှုပ်ရှားလာသည်။
"ကျွန်တော့်မှာဖြင့် အချိန်ဆိုတာ လုံလောက်တယ်ကိုမရှိပါဘူးခင်ဗျာ၊ ကျွန်တော့်အခန်းကို ဒက်ဒီ ရှင်းတဲ့ အခါ ကူပြီးရှင်းပေးရတယ်၊ ကျွန်တော်အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင် ကျောင်းသွားချိန် ရောက်နေပြီ"
"ရေး… ခင်ဗျားမှာ လက်ထောက်ကောင်းတစ်ယောက်ရနေပါပေါ့လား၊ သူအလုပ်လိုချင်ရင် အချိန်မ ရွေး ကျုပ် ခန့်မယ်၊ တကယ့်အလုပ်သမားကောင်းတစ်ယောက်လိုပဲ"ဟု ၀စ်ဂင်က မှတ်ချက်ချသည်။
မိုက်ကယ်က အထုပ်ကို ကောက်ယူသည်။

"ကျွန်တော်က သန်လဲသန်တယ်ခင်ဗျ၊ ပစ္စည်းတွေ သယ်နိုင်တယ်၊ ကျွန်တော့်ညီမလေးကို အကြာ ကြီး ချီ ထားနိုင်တယ်"
ထိုအကြောင်းများ ကို ပြန်သတိရနေသည့် ရေးသည် လက်ဝါးတစ်ဘက်ထဲသို့ လက်သီးတစ်ဘက် ကို ထိုးထည့် လိုက်မိသည်။
ဘယ်လိုနည်း နဲ့ မှ မဖြစ်နိုင်ပါ။
ကလေး တွေ ပျောက်နေသည်။
နန်စီ ကို အိပ်မွေ့ချသည့် ဆေးထိုးပေးထားသည်။
နန်စီ ဘာတွေပြောနေသလဲ။
နန်စီ သည် စောစောကလိုပင် အသံအနည်းငယ်မြှင့်ပြီး အားတက်သရောပြောနေသည်။

"မာမီ နဲ့ ကျွန်မ ကို ဒက်ဒီ က သူ့မိန်းကလေးတွေလို့ ခေါ်လေ့ရှိတယ်"
ပြောရင်း သူ့အသံ နစ်သွားသည်။
"ဘာပြောတယ်နန်စီ၊ မင်းအဖေက မင်းကိုသူ့မိန်းကလေးတွေလို့ ခေါ်သလား၊ အဲဒီလိုခေါ်တာ မင်း မကြိုက် ဘူးလား"
"မဟုတ်ဘူး.. မဟုတ်ဘူး.. မဟုတ်ဘူး.. ကျွန်မတို့ကို သူ့မိန်းကလေးတွေ လို့ခေါ်တာ ဒါကတစ်မျိုး… ဒါက တစ်မျိုး၊ မတူဘူး အဲဒါနဲ့လုံးလုံးမတူဘူး"
ကန့်ကွက်သည့် သဘောမျိုးဖြင့် သူ့အသံ စူးစူးရှရှပေါ်ထွက်လာသည်။
လင်ဒန် ၏ အသံကတော့ ချော့မော့သည့်အသံပင်ဖြစ်နေသည်။

"ကောင်းပါပြီ နန်စီ အဲဒီအတွက် မပူပါနဲ့၊ တက္ကသိုလ်အကြောင်း ပြောကြဦးစို့၊ တခြားမြို့က တက္ကသိုလ်မှာ မင်း ကျောင်းသွား နေချင်သလား"
"ဟုတ်ကဲ့ ကျွန်မ နေချင်ပါတယ်၊ တကယ်နေချင်တာပါ၊ တစ်ခုတော့ရှိတယ် မာမီ့ အတွက် ကျွန်မ ပူတယ်"
"ဘာကြောင့် ပူရတာလဲဟင်"

"သူ တစ်ယောက်တည်းနေခဲ့ရမှာကို ကျွန်မ စိတ်မချဘူး။ ဘာကြောင့်လဲဆိုတော့ ဒက်ဒီ ကျွန်မတို့ အိမ်ကို ရောင်းပစ် လိုက်တယ်၊ မာမီ က အိမ်ခန်းလေးတစ်ခန်းမှာ ပြောင်းနေတယ်၊ သူ့အတွက် အ ပြောင်းအလဲ တွေ အကြီး အကျယ်ဖြစ်ကုန်တယ်၊ နောက်ပြီးတော့ အလုပ်သစ်တစ်ခုမှာ မာမီဝင်လုပ် တယ်၊ ဒါပေမယ့် အလုပ် လုပ်နေရတာကို သူသဘောကျတယ်၊ သူက ကျွန်မကို အဝေးကြီးမှာ ကျောင်းသွားနေစေချင်တယ်၊ မာမီက ပြောလေ့ ရှိတယ်၊ ဒီနေ့ဟာ… ဒီနေ့ဟာ… ဒီနေ့ဟာ"
"ဒီနေ့ဟာ ဆက်လျှောက်ရဦးမယ့် ငါတို့ဘ၀ရဲ့ပထမဆုံးနေ့ပဲ"
နန်စီ ဆက် မပြောနိုင်သောစကားကို လင်ဒန်က ညင်သာသောလေသံဖြင့် ဆက်ပြောပေးလိုက် သည်။

မှန်ပါသည်။ ပရစ်ဆီလာက သူ့ကိုလည်း ထိုစကားပြောခဲ့သေးသည်။
တက္ကသိုလ်ကျောင်းသွားတက်ရန် နန်စီကို လေယာဉ်ပျံပေါ်တင်ပေးခဲ့ပြီး သူ့ရုံးကို ပရစ်ဆီလာ ပြန် ရောက် လာသော နေ့တစ်နေ့က ဖြစ်သည်။
နန်စီ စီးနင်းလိုက်ပါသွားသည့် လေယာဉ်ပျံကြီး ကောင်းကင်သို့ရောက်သွားသည့်တိုင်အောင် သူ လက်ပြ နေခဲ့မိသည့် အကြောင်း ပရစ်ဆီလာ က လင်ဒန်ကို ပြောပြခဲ့သည်။
သူ့ မျက်လုံးအိမ်ထဲ မှာ မျက်ရည်တွေ ၀ိုင်းနေသည်။
ပြီးတော့ တောင်းပန်ပြုံးကလေး သူ ပြုံးသည်။

"ရယ်စရာ ကောင်းတယ်နော်၊ သမီးလေး အတွက် အရမ်းစိတ်ပူတတ်တာပဲ"
သူ့ကိုယ်သူ ပြန်ပြောရင်း ပရစ်ဆီလာက ရယ်သည်။
"မင်း အနေအထားဟာ ပုံမှန်ပါပဲကွယ်"
လင်ဒန်က သူ စိတ်သက်သာရာရအောင် ဖျောင်းဖျပြောဆိုခဲ့သည်။

"လူ့ဘ၀ဟာ မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားတတ်တယ်၊ ဘ၀ရဲ့အရေးအကြီးဆုံး အစိတ်အပိုင်းဟာ ဖြုန်းခနဲပြောင်းလဲသွားတတ်တယ်၊ အဆုံးသတ်သွားတတ်တယ်၊ တစ်ခါတစ်လေ ကျတော့ လဲ သိပ်အံ့သြစရာတွေ သိပ်ပျော်စရာတွေဖြစ်တတ်တယ် နောက်ကြောင်းကို ပြန်တောင်မ ကြည့်နိုင်ဘူး၊ စိတ်မကောင်းစရာတွေကိုတောင် မတွေးနိုင်တော့ဘူး၊ ကျွန်မက နန်စီကို အဲဒီအ ကြောင်း တွေ ဒီကနေ့ပြောပြတယ်၊ ကျွန်မကြောင့် သူ နောက်ဆံတင်းမနေစေချင်ဘူး၊ ကျောင်းမှာ သူ ပျော်စေချင်တယ်၊ ကျွန်မတို့နှစ်ယောက်စလုံး "ဒီနေ့ဟာ ဆက်လျှောက်ရဦးမယ့် ငါတို့ဘ၀ရဲ့ ပထမဦးဆုံး နေ့ပဲ"ဆိုတဲ့ ဆိုရိုးစကားလေး သူ့ကို ပြောပြလိုက်တယ်"

ထိုအချိန်က သူ့ရုံးခန်းထဲသို့ လူနာတစ်ယောက်ဝင်လာသောကြောင့် သူတို့နှစ်ယောက်စကားပြတ် သွားသည့် အကြောင်း ကိုလည်း သူ ပြန်သတိရနေမိသည်။
"… ဒါပေမယ့် ဒါဟာ အရေးမကြီးပါဘူး"
နန်စီ၏ အသံကို သူကြားရသည်။
သူ့စိတ်အာရုံ များ နန်စီထံသို့ ပြန်ရောက်လာသည်။
နန်စီ စကားပြောနေပုံမှာ တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။
ထစ်အ ထစ်အ ဖြစ်နေသည်။

"မာမီရဲ့စာတွေဟာ အရမ်းပျော်မြူးနေတာပဲ၊ သူ့အလုပ်ကို သူမြတ်နိုးတယ်၊ ဒေါက်တာမိုင်းလ်အ ကြောင်း ကို သူ အများကြီးရေးတယ်၊ ကျွန်မလဲ ပျော်တယ်"
"ကျောင်းတက်ရတာ မင်းပျော်ရဲ့လား နန်စီ၊ မင်းမှာ သူငယ်ချင်း အပေါင်းအသင်းတွေ အများကြီးရှိ သလား"
လင်ဒန် က မေးသည်။
"အစကတော့ ရှိတယ်၊ မိန်းကလေးသူငယ်ချင်းတွေ အများကြီးပဲ၊ သူတို့နဲ့ချိန်းပြီး လျှောက်လည် တယ်"
"ကျောင်းစာ တွေ လိုက်နိုင်ရဲ့လား၊ မင်းယူတဲ့ဘာသာရပ်တွေကို သဘောကျရဲ့လား"
"အိုး… သဘောကျပါတယ်၊ ကျွန်မယူတဲ့ဘာသာရပ်တွေ အားလုံးလွယ်ပါတယ်၊ ဘိုင်အိုကလွဲရင် ပေါ့"
သူ့လေသံ ပြောင်းသွားသည်။

စိတ်ဒုက္ခရောက်သည့်လေသံမျိုး ဖြစ်သွားသည်။
"ဘိုင်အိုဘာသာရပ်က အရမ်းခက်တာပဲ၊ ကျွန်မ သိပ္ပံဘာသာတွဲကို နည်းနည်းလေးမှ သဘောမကျ ဘူး၊ ဒါပေမယ့် ကျွန်မ နေတဲ့ ကောလိပ်မှာက သိပ္ပံဘာသာကို မယူလို့မရဘူး၊ ဒါကြောင့် ကျွန်မ ယူခဲ့ ရတာ"
"အဲဒီလို နဲ့ ကားလ် ဟာမွန်ကို မင်းတွေ့ရောဆိုပါတော့"

"ဟုတ်ပါတယ်၊ သူ… သူက ကျွန်မ ညံ့နေတဲ့ဘိုင်အိုဘာသာကို ၀ိုင်းကူပေးတယ်၊ ကျွန်မကို သူ့ရုံးကို ခေါ်တယ်၊ ပြီးတော့ ဘိုင်အိုဘာသာသင်ပေးတယ်၊ သူက ပြောတယ်၊  ကျွန်မ လည်တာပတ်တာ များလွန်း တယ်တဲ့၊ အလည်အပတ်ကို ရပ်ပစ်ရမယ်တဲ့၊ ဒီလိုမှမဟုတ်ရင် ကျွန်မ နေမကောင်းဖြစ် လိမ့်မယ် တဲ့၊ သူ အရမ်းသဘောကောင်းတာပဲ၊ ကျွန်မအပေါ် သိပ်ကောင်းတာပဲ၊ ကျွန်မနဲ့ပတ်သက် ပြီး သူစိုးရိမ်တယ်၊ ကျွန်မကို ဗိုက်တာမင်းဆေးတွေ သူစကျွေးတယ်၊ သူပြောတာမှန်တယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မ.. အရမ်း ပင်ပန်း နေပြီ၊ မောနေပြီ၊ အရမ်းမောတာပဲ၊ နောက်ပြီးတော့ စိတ်ဓာတ်လဲအရမ်းကျစပြုလာတယ် မာမီ့ ကိုလဲ အရမ်းလွမ်းတယ်"

"ဒါပေမယ့် ခရစ္စမတ်ကျောင်းပိတ်ရက်ကျရင် မင်းအိမ်ပြန်ရမယ်ဆိုတာ သိနေတယ် မဟုတ်လား"
"ဟုတ်ပါတယ်၊ ဒါပေမယ့် ကိုယ့်စိတ်ကိုယ်အားတင်းလို့မရဘူး၊ ရုတ်တရက်ကြီး ဖြုန်းစားကြီးကို အရမ်း ဆိုးကုန်တယ်၊ မာမီ စိတ်မကောင်းဖြစ်အောင်လဲ ကျွန်မ မလုပ်ချင်ဘူး၊ဒါကြောင့် ကျွန်မ ဘာ တွေဖြစ်နေတယ် ဆိုတာ မာမီ့ဆီကို စာမရေးဘူး၊ ဒါပေမယ့် မာမီသိနေတယ်လို့ ကျွန်မထင်တယ် စနေ တနင်္ဂနွေရုံးပိတ်ရက်မှာ သူ ရောက်လာတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မကိုစိတ်မချလို့ပဲ၊  ကျွန်မ သိတယ်၊ အဲဒီနောက် သူသေတာပဲ၊ ဘာကြောင့်လဲဆိုတော့ ကျွန်မကိုတွေ့ရအောင် လာမိ လို့သေရတာ၊ ဒါဟာ ကျွန်မအပြစ်ပဲ ကျွန်မအပြစ်ပဲ"
သူ့လေသံ သည် အလွန်တစ်ရာ နာကျင်သည့်လေသံမျိုးဖြစ်လာသည်။

ပြီးတော့ ရှိုက်ငိုလိုက်သည်။
ရေးက ထိုင်ရာမှ ထသည်။
သို့သော်လည်း ဂျိုနသန်က ဆွဲထားလိုက်သည်။
ဓာတ်ငွေ့မှန်အိမ်မှ အလင်းရောင်က နန်စီ၏မျက်နှာပေါ်သို့ ကျလာနေသည်။
မျက်နှာ မှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။
"မာမီ…"
ရှိုက်ငိုရင်း သူ အော်ခေါ်သည်။

"မာမီ… မာမီ မသေပါနဲ့၊ နေပါဦး မာမီ၊ ကျေးဇူးပြုပြီး နေပါဦး မာမီ၊ မသေပါနဲ့ဦး၊ ကျွန်မဘ၀မှာ မာမီ မရှိလို့ မဖြစ်ဘူး၊ မသေပါနဲ့ မာမီ၊ မသေပါနဲ့"
ဒေါ်ရော်သီက မျက်နှာကိုတစ်ဘက်သို့ လွှဲလိုက်သည်။
မျက်ရည်မကျအောင် သူ တင်းခံနေသည်။
မိုက်ကယ် နှင့် မစ်စီ၏ မွေးစားဘွားအေအဖြစ် သူ လုပ်လိုကြောင်း နန်စီကို ပြောဖူးသည်။
ထိုအခါ နန်စီ စိတ်ဆိုးခဲ့သည်။
နန်စီ ဘာကြောင့် စိတ်ဆိုးခဲ့ကြောင်း ယခုမှ သူကောင်းစွာသဘောပေါက်တော့သည်။

နန်စီသည် သူ့အမေကို ဘာနှင့်မှနှိုင်းယှဉ်၍မရအောင် ချစ်ကြောင်း ယခုမှ သိတော့သည်။
ဒါလောက်ချစ်သည့် အမေ၏နေရာတွင် မည်သူနှင့်မစားထိုးနိုင်ပါမည်နည်း။
သည်နေရာမှာ ဘာကြောင့်လာထိုင်နေသနည်း။
သူ့ကို မည်သူကမှလည်း ဂရုမစိုက်ကြ။ သူရှိနေသည်ကိုပင် သတိထားမိပုံမပေါ်။ ထို့ကြောင့် သူ ဘာမှ အသုံးမ၀င်။
မီးဖိုချောင်ထဲမှာ ကော်ဖီသွားဖျော်ခြင်းက သည်နေရာမှာနေနေသည်ထက် ပိုပြီးအဓိပ္ပာယ်ရှိဦးမည် ဟု သူ တွေးမိ သည်။

ခဏနေလျှင် နန်စီလည်း ကော်ဖီသောက်ချင်ပေလိမ့်မည်။
ကုတ်အကျီကြီးကို သူချွတ်ပစ်ဖို့ကောင်းသည်။ သို့သော်လည်း သူအရမ်းချမ်းနေသည်။ မချွတ်နိုင် ပါ။
နောက် ပြီး အဖော်မဲ့သူလိုလည်း ခံစားနေရသည်။
ကြမ်းပြင်ပေါ်က ကော်ဇောကို ငုံ့ကြည့်နေမိသည်။
သူ ခေါင်းပြန်မော့သည်။
ဂျိုနသန်နိုးလ်စ် က သူ့ကိုကြည့်နေကြောင်း သတိပြုမိသည်။

"မင်းအမေဆုံးတဲ့အခါမှာ ကားလ်စ်က မင်းကိုကူညီတယ်မဟုတ်လား၊ မင်းအပေါ်မှာ သူကောင်းခဲ့ တယ် မဟုတ်လား"
လင်ဒန်မိုင်းလ်စ် သည် စိတ်ထိခိုက်စရာကောင်းသည့် ဇာတ်လမ်းကြီးကို ဘာကြောင့်ပြန်ဖော်နေသ နည်း။
ထိုအကြောင်း များကို နန်စီ ပြန်လည်သတိရခြင်းအားဖြင့် ဘာထူးလာမည်နည်း။
ဒေါ်ရော်သီ မစဉ်းစားတတ်ပါ။
ထိုင်ရာမှ သူ ထရပ်လိုက်သည်။
နန်စီ က လင်ဒန်၏မေးခွန်းကို အေးအေးဆေးဆေး ပြန်ဖြေသည်။

"ဟုတ်ပါတယ်ရှင်၊ သူဟာ ကျွန်မအပေါ်မှာ အရမ်းကောင်းပါတယ်၊ ကျွန်မကို နေရာတကာမှာ ဂရု စိုက်ပါတယ်"
"အဲဒီနောက် သူနဲ့မင်း လက်ထပ်တယ်"
"ဟုတ်ပါတယ်၊ ကျွန်မကို စောင့်ရှောက်သွားပါ့မယ်လို့ သူ ပြောပါတယ်။ အဲဒီနောက် ကျွန်မအရမ်း မော တယ်၊ ကျွန်မအပေါ်မှာ သူ သိပ်ကောင်းခဲ့ပါတယ်"
"နန်စီ၊ မင်းအမေသေရတာနဲ့ပတ်သက်ပြီး မင်းကိုယ်မင်း ပြန်အပြစ်မတင်နဲ့လေ၊ မင်းအမေသေရ တာဟာ မင်းအမှား မှ မဟုတ်ဘဲ"
"ကားမှောက် တာလား"
နန်စီ ၏ လေသံသည် မျှော်လင့်ချက်ရှိသည့်လေသံမျိုးဖြစ်လာပြန်သည်။

"ကားမှောက်တာလား၊ ဒါပေမယ့် ဒါဟာကားမှောက်လို့သေရတာမှ မဟုတ်ဘဲ၊ မတော်တဆ ကား မှောက် သွားတာမှ မဟုတ်ဘဲ၊ သူ့အလိုလို ကားမှောက်သွားတာမှ မဟုတ်ဘဲ"
"ဟုတ်ပါတယ်၊ မတော်တဆ ကားမှောက်ပြီး သေသွားရတာပါ"
လင်ဒန် ၏ လေသံမှာ တည်ငြိမ်နေဆဲဖြစ်သည်။
သို့သော်လည်း သူ့လည်ချောင်းထဲမှာ တစ်ဆို့ဆို့ကြီးဖြစ်လာသည်ကို သူ သိနေသည်။
"ကျွန်မ မသိဘူး၊ ကျွန်မမသိတော့ဘူး"
"ကောင်းပြီ၊ ဒီအကြောင်းကိုတို့နောက်မှပြောကြရအောင်၊ ကားလ်အကြောင်း တို့ကိုပြောပြစမ်းပါဦး"
"ကျွန်မ အပေါ် သူကောင်းခဲ့တယ်"

"ဒီစကားကိုပဲ မင်းထပ်ခါတလဲလဲပြောပြောနေတယ် နန်စီ၊ မင်းအပေါ်မှာ သူ ဘယ်လောက်တောင် ကောင်း သလဲ"
"ကျွန်မ ကို သူစောင့်ရှောက်တယ်၊ ပြုစုတယ်၊ ကျွန်မက နေမကောင်းဘူး၊ သူဟာ ကျွန်မအတွက် အောက်ခြေသိမ်း လုပ်ကိုင်ပေးခဲ့တယ်"
"မင်း အတွက် သူ ဘာတွေလုပ်ပေးသလဲ နန်စီ"
လင်ဒန် က အေးအေးဆေးဆေး မေးနေသည်။

"ဒီအကြောင်း ကျွန်မ မပြောချင်ဘူး"
"ဘာဖြစ်လို့လဲ နန်စီ"
"မပြောဘူး၊ မပြောဘူး"
"ကောင်းပြီ နန်စီ၊ မပြောပါနဲ့၊ ကလေးတွေအကြောင်း ပြောပြစမ်းပါဦး"
"သူတို့ အရမ်းကောင်းတယ်"
"သူတို့လိမ္မာတာကို ပြောတာလား နန်စီ"
"သူတို့ သိပ်ကောင်းတယ်၊ အရမ်းကောင်းတယ်"
"နန်စီ… "ကောင်းတယ်"ဆိုတဲ့စကားလုံးကိုပဲ မင်းပြောပြောနေတယ်၊ ကားလ်က မင်းအပေါ်မှာ အရမ်းကောင်း တယ်၊ ကလေးတွေကလဲ အရမ်းကောင်းတယ်၊ ဒီလိုဆိုရင် မင်း သိပ်ကိုပျော်ခဲ့မှာပေါ့၊ သိပ် ကို စိတ်ချမ်းသာခဲ့မှာပေါ့"

"ပျော်တယ်လား၊ ကျွန်မ အရမ်းမောတယ်"
"ဘာကြောင့် မင်း မောရတာလဲ"
"ကားလ်က ပြောတယ်၊ ကျွန်မ အရမ်းနေမကောင်းဘူးတဲ့၊ သူဟာ ကျွန်မအပေါ်မှာ အရမ်းကောင်း တယ်"
ထို စကားလုံး ကိုပဲ သူ ထပ်ခါတလဲလဲ ပြောနေသည်။
"နန်စီ တို့ကို မင်းပြောပြမှဖြစ်မယ် ကားလ်က မင်းအပေါ်မှာ ဘယ်လိုကောင်းတာလဲ"

"ကျွန်မ နေကောင်းလာမယ်လို့ သူက ကတိပေးတယ်၊ ကျွန်မကို သူက နေကောင်းလာစေချင်တယ် ကျွန်မဟာ မိန်းမကောင်းလေးတစ်ယောက်ဖြစ်ရမယ်လို့ သူ ပြောတယ်"
"မင်း ဘယ်လို နေမကောင်းတာလဲ နန်စီ၊ မင်း ဘယ်လို ခံစားနေရလို့လဲ"
"မင်းကို ဘယ်လို ကူညီတာလဲ"
"အဲဒီအကြောင်း ကျွန်မ မပြောချင်ဘူး"
"ဒါပေမယ့် မင်းပြောမှဖြစ်မှာပေါ့ နန်စီ၊ ကားလ်က ဘာလုပ်သလဲ"
"ကျွန်မ မောနေပြီ ကျွန်မ အခုမောနေပြီ"
"ကောင်းပြီ နန်စီ ခဏလောက် မင်း နားလိုက်ပါ၊ နားလိုက်ရင် ကောင်းသွားလိမ့်မယ် နားပြီးလို့ အမောပြေ သွားရင် တို့စကားထပ်ပြောကြသေးတာပေါ့၊ နားလိုက် စိတ်အေးလက်အေးနားနေလိုက်"
လင်ဒန်က ထိုင်ရာမှထသည်။

ရဲအရာရှိဂျက်ကော်ဖင်က သူ့လက်မောင်းကိုဖမ်းကိုင်လိုက်ပြီး အခန်းအပြင်ဘက်သို့မေးငေါ့ပြသည်။
အခန်းအပြင်ဘက်သို့ ရောက်လျှင်ရောက်ချင်း ဂျက်က ပြောသည်။

"ခင်ဗျား ဆေးထိုးပြီးမေးခွန်းတွေ မေးနေပေမယ့် ကျွန်တော်တို့အတွက် ဘာမှအကျိုးမထူးလာဘူး ဒီအတိုင်းသွားနေလို့ကတော့ နာရီပေါင်းမျုားစွာ အချိန်ကုန်သွားမယ်။ ဒါပေမယ့် ဘာမှအကြောင်း ထူးလာမှာမဟုတ်ဘူး၊ သူ့အမေ မော်တော်ကားမှောက်ပြီး သေရတာနဲ့ပတ်သက်လို့ ကောင်မလေး က သူ့ကိုယ်သူ အပြစ်ပြန်တင်နေတယ် ဘာကြောင့်လဲဆိုတော့ သူ့အမေက သူနဲ့တွေ့ရအောင်လာ လို့ပဲ၊ ဒါကြောင့် သေရတယ်ဆိုပြီး သူ ယူကျုံးမရဖြစ်နေတယ်၊ အဖြေက ရိုးရိုးလေးပဲ၊ ဟာမွန်ရဲ့က လေးတွေ အသတ်ခံ ရတာနဲ့ပတ်သက်ပြီး ခင်ဗျားအဖြေရနိုင်တယ်ဆိုရင် ရအောင်လုပ်ပါ။ ဘာအ ဖြေမှရအောင် မထုတ်နိုင်ရင် တော့ ကောင်မလေးကို ရဲစခန်းခေါ်သွားပြီး ကျုပ်မေးရမြန်းရလိမ့်မယ်"

"အဲဒီလိုတော့ အတင်းအဓမ္မအကျပ်မကိုင်ပါနဲ့ဗျာ၊ ဘာဖြစ်တယ်ဆိုတာကို သူ အခုစပြောနေပါပြီ၊ အခုလို အိပ်မွေ့ချထားတဲ့အချိန်မှာတောင် သူ ဘာဖြစ်ခဲ့တယ်ဆိုတော့ ကောင်းကောင်းပြောချင် တာ မဟုတ်ပါဘူး၊ အတော် ချော့ နေရတာပဲ"
"ကလေးတွေ အသက်ရှင်နေသေးတယ်ဆိုရင် ကျုပ်ကလဲ ဒီနေရာမှာအကြောင်းမဲ့အချိန်ဖြုန်းမနေ ချင်ဘူး"
ရဲအရာရှိ က လေသံမာမာဖြင့် ပြန်ပြောသည်။

"ကောင်းပါပြီ၊ ဒီနေ့မနက်အကြောင်းပဲ သူ့ကိုကျုပ်မေးပါတော့မယ်၊ ဒါပေမယ့်ဟာမွန်ရဲ့ကလေးတွေ ပျောက်သွားတဲ့ နေ့အကြောင်းကိုတော့ ပြန်မေးပါရစေဦး၊ တကယ်လို့ ကလေးပျောက်မှုနှစ်မှုမှာ ဆက်သွယ်မှု ရှိနေတယ်ဆိုရင် သူ ဖွင့်ပြောကောင်းပြောလိမ့်မယ် ထင်တယ်"
ဂျက်ကော်ဖင်က လက်ပတ်နာရီကို ငုံ့ကြည့်သည်။
"ဘုရားသခင်… လေးနာရီတောင်ထိုးတော့မှာပါလား၊ နောက်နာရီဝက်လောက်ဆိုရင် အလင်းရောင် ပျောက် တော့မယ်၊ ရေဒီယို ဘယ်မှာလဲဟေ့ ငါ သတင်းနားထောင်ချင်တယ်"
"မီးဖိုချောင်ထဲမှာ ရေဒီယိုတစ်လုံးရှိပါတယ် ဆရာကြီး"
အိမ်ကို စောင့်ဖို့ တာဝန်ကျနေသည့် ပတ္တရောင်ရဲသား ဘာနီမေးလ်စ်က ဖြေသည်။

သူ့အသက်သုံးဆယ်ကျော်ပြီ။
ရဲတပ်ဖွဲ့တွင် ၀င်ရောက်အမှုထမ်းသည်မှာ ဆယ့်နှစ်နှစ်ရှိပြီ။
သူ၏ အမှုထမ်းသက်တစ်လျှောက် တွင် ယခုအမှုသည် စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် ချောက် ချားဖွယ် အကောင်းဆုံးအမှု ဖြစ်လေသည်။
နန်စီဟာမွန်…
နန်စီအဲလ်ဒရက်ခ်ျ သည် နန်စီဟာမွန်ဖြစ်နေသည်။
ရေးအဲလ်ဒရက်ခ်ျ ၏ မိန်းမဖြစ်နေသည်။

ယခုတော့ အားလုံးဇာတ်ရည်လည်လာသည်။
လူတို့၏အတွင်းစိတ်တွင် ဘာတွေရှိနေသည်ကို မသိနိုင်ကြ။
လူတို့သည် ကိစ္စရပ်ပေါင်းများစွာကို မျိုသိပ်သိုဝှက်ထားကြသည်။
ဘာနီမေးလ်စ်နှင့် ရေးတို့သည် ငယ်ပေါင်းကြီးဖော်များဖြစ်ကြသည်။
ကလေးဘ၀ ကတည်း က ဘောလုံးကန်ဖက်ဖြစ်သည်။ ကျောင်းနေဖက်ဖြစ်သည်။
နောက်ပိုင်းတွင် ရေးက ဒတ်မတ်တက္ကသိုလ်သွားတက်သည်။

ထိုမှတစ်ဆင့် စစ်ထဲဝင်သွားသည်။
ကိပ်ကော့သို့ ရေးပြန်လာပြီး နေထိုင်တော့မည်မဟုတ်ဟု ဘာနီ ထင်သည်။
သို့သော်လည်း တပ်မှထွက်လာပြီးနောက် ကိပ်ကော့သို့ သူ ပြန်လာကာအခြေချနေထိုင်လေသည်။
နောက်ပြီးတော့ သူ့အိမ်ကိုငှားနေသည့် မိန်းကလေးတစ်ယောက်နှင့် သူလက်ထပ်လိုက်သေးသည်။
သူ နှင့် လက်ထပ်သည့်မိန်းကလေးသည် အလွန်တစ်ရာချောမောလှပကြောင်း လူတိုင်းကပြော သည်။
လူအချို့ကမူ ရေး၏မိန်းမကိုမြင်လျှင် တစ်နေရာရာမှာမြင်ဖူးသည့် တစ်ယောက်ယောက်နှင့် တူ သည်ဟု ထင်ယောင်ဝိုးတ၀ါး ဖြစ်ကြသည်။
ထိုစကား ကို ကြားတော့ ဘာနီကလည်း စဉ်းစားသည်။

လောကတွင် လူတူမရှား၊ နာမည်တူမရှား၊ မဟုတ်ပါလား။
ထို့ကြောင့်လည်း သူတို့မြင်ဖူးသူတစ်ယောက်ယောက်နှင့် ရေး ၏ မိန်းမ ရုပ်ချင်းဆင်နေခြင်းကို မြင်ဖူး သလို ရှိသည် ဟု ထင်ကြခြင်းသာဖြစ်ပေလိမ့်မည်ဟု မှတ်ယူထားလိုက်တော့သည်။
မီးဖိုချောင်ထဲ သို့ ဘာနီဝင်သွားသောအခါ ဒေါ်ရော်သီကိုတွေ့သည်။
ဒေါ်ရော်သီက ကော်ဖီအိုးထဲသို့ ကော်ဖီဖြည့်နေသည်။
ဘာနီ က ထရန်စစ္စတာ ရေဒီယိုကို ဖွင့်လိုက်သည်။
သတင်းကြေညာ နေသူ၏အသံက အခန်းထဲမှာ ချက်ချင်းလွှမ်းမိုးသွားလေသည်။

"ပျောက်ဆုံးနေသော အဲလ်ဒရက်ခ်ျ၏သားသမီးများအမှုနှင့် ပတ်သက်၍ နောက်ထပ်အရှုပ်တော်ပုံ အသစ်တခု ပေါ်ပေါက်ပါသည်။ အမှတ်နှစ်ဆယ့်ရှစ်လမ်းမကြီးပေါ်ရှိ ဓာတ်ဆီဆိုင်အလုပ်သမား အော်တိုလင်ဒန် က ကျွန်ုပ်တို့အသံလွှင့်ဌာနသို့ ဖုန်းဆက်ပြီးသတင်းတစ်ခု ပေးပို့သည်။ ၎င်းပေးပို့ သော သတင်း မှာ ယနေ့နံနက် ကိုးနာရီက ရော့လဂ္ဂလာ၏မော်တော်ကားကို သူကိုယ်တိုင် ဆီဖြည့် ပေးလိုက်ရ သည့် အကြောင်းဖြစ်ပါသည်။"

"ရော့လဂ္ဂလာဆိုသူသည် လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က ဖြစ်ပွားခဲ့သော ဟာမွန်၏သားသမီးများ ပျောက်ဆုံးမှု နှင့် နောင်အလောင်းများပြန်တွေ့ရသည့် အမှုတွင် အဓိကသက်သေဖြစ်ပါသည်။ အမှု စစ်နေဆဲမှာပင် ရော့လဂ္ဂလာပျောက်ကွယ်သွားခဲ့သည်။ သူ ပျောက်သွားသောကြောင့်လည်း တရားခံ နန်စီဟာမွန်ကို သေဒဏ် ပေးရန် စီရင်ချက် ကို ဆိုင်းငံ့ထားခဲ့ရသည်။"
"ထိုရော့လဂ္ဂလာသည် ယနေ့နံနက်ကိုးနာရီက အော်တိုလင်ဒန်အလုပ်လုပ်နေသည့် ဓာတ်ဆီဆိုင် သို့ရောက်လာပြီး သူ့မော်တော်ကားကို ဓာတ်ဆီထည့်ကြောင်း၊ အော်တိုလင်ဒန်က ဓာတ်ဆီထည့် ပေးကြောင်း၊ သူ့ကိုမတွေ့ချင်သူတစ်ယောက်နှင့် တွေ့ရန်သူလာခြင်းဖြစ်ကြောင်း ပြောပြသည်ဟု အော်တိုလင်ဒန် က ကျွန်ုပ်တို့အသံလွှင့်ဌာနသို့ သတင်းပေးပို့ပါသည်။ သူမောင်းနှင်လာသောကား မှာ ဒေါ့ခ်ျ အမျိုးအစား အနီရောင်ကားဖြစ်ပါသည်" ဂျက်ကော်ဖင်က ခပ်တိုးတိုးဆဲသည်။

"ဘာမှ သောက်သုံးမကျတဲ့ကိစ္စကြီးကို ဒီမှာလာထိုင်ကြည့်နေရင်း သက်သက်မဲ့ ငါအချိန်ဖြုန်းနေမိ တာပဲ"
တယ်လီဖုန်းရှိရာသို့ သူ လျှောက်သွားသည်။
သူအနားရောက်တော့ ဖုန်းခေါင်းလောင်းမည်သည်။
သူ ကောက်ကိုင်သည်။
တစ်ဘက် မှ ဆက်သူက သူ မည်သူမည်ဝါဖြစ်ကြောင်း ပြောနေပုံရသည်။
ဂျက်က စိတ်မရှည်နိုင်သလို ပြန်အော်သည်။

"ငါ ကြားပြီးပြီ၊ ငါ ကြားပြီးပြီ၊ လမ်းတွေအကုန်ပိတ်၊ တံတားတွေ အကုန်ပိတ်၊ ၀င်ထွက်သွားလာနေ တဲ့ ကားတွေ အားလုံး ကို ပိတ်ဆို့ပြီးရှာ၊ အက်ဖ်ဘီအိုင်က ကြေညာထားတဲ့ တပ်ပြေးစာရင်းနဲ့တိုက် ကြည့်၊ ရော့လဂ္ဂလာဆိုတဲ့အကောင် အခုနောက်ဆုံးအချိန်မှာ ဘယ်ရောက်နေတယ်ဆိုတာကိုရ အောင် စုံစမ်း၊ အနီရောင် ဒေါ့ခ်ျကား ကို ၀ိုင်းရှာဖို့ အမိန့်ထုတ်ပေးလိုက်"
ဆုံးသည်နှင့် ဖုန်းကို တအားဆောင့်ချသည်။
ပြီးတော့ လင်ဒန်ဘက် သို့ သူ လှည့်ကြည့်သည်။
"ကဲ ဒီမှာ ဒေါက်တာ၊ မစ္စက်အဲလ်ဒရက်ခ်ျကို ရိုးရိုးလေးနဲ့ ရှင်းရှင်းလေး မေးခွန်းတစ်ခုမေးပေးစေ ချင်ပါတယ်၊ ရော့လဂ္ဂလာ ဒီနေ့မနက်ဒီကို ရောက်လာသလား၊ မလာဘူးလား၊ လာတယ်ဆိုရင် ဘာ တွေ ပြောသွားသလဲဆိုတာ မေးပေးပါ"
လင်ဒန် သူ့ကို ပြန်စိုက်ကြည့်နေသည်။

"ခင်ဗျား ဆိုလိုတာက…"
"ကျွန်တော် ဆိုလိုတာက  ရော့လဂ္ဂလာဆိုတဲ့အကောင်ဟာ နန်စီအဲလ်ဒရက်ခ်ျကို လူသတ်မှုနဲ့ ပြန် စစ်အောင် တတ်နိုင်တဲ့လူဖြစ်တယ်၊ ဟာမွန်ရဲ့ကလေးတွေ အသတ်ခံရမှုကို လုံးဝပိတ်ပစ်သေးတာ မဟုတ် ဘူး"
ဂျက်ကော်ဖင်က လင်ဒန်ဘက်သို့ လျှောက်သွားသည်။ ပြီးတော့ သူ့စကားကိုဆက်ပြန်သည်။
"အခုအတိုင်းဆိုရင် ရော့လဂ္ဂလာဟာ ကနေဒါနိုင်ငံထဲမှာ ပုန်းနေတာဖြစ်ရမယ်၊ ခြောက်နှစ် ခုနစ်နှစ် လောက် ကြာအောင် သူပုန်းနေတာ ဖြစ်ရမယ်၊ သူပိုက်ဆံလိုပြီ၊ နန်စီကလဲ သူ့မိဘတွေရဲ့အမွေ တွေ ရထားတယ် မဟုတ်လား၊ အနည်းဆုံး ငွေတစ်သိန်းခွဲ နှစ်သိန်းလောက်ရထားတယ် မဟုတ် လား၊ အဲဒီလို အမွေ ရခဲ့တာကိုလဲ ဒီကောင်သိတယ်၊ ဒါကြောင့် အခုလို သူ ငွေလိုလာတဲ့အခါမှာ နန်စီ ဘယ်ရောက်နေတယ်ဆိုတာ သူစုံစမ်းရတော့မယ်" ဂျက်က ပတ်ဝန်းကျင်မှ လူများကို လှည့်အကဲခန်းသည်။

"နန်စီ ဘယ်မှာရှိနေတယ်ဆိုတာ စန်ဖရန်စစ္စကို ခရိုင်ရှေ့နေရုံးက အမှုထမ်းတွေသိတယ်၊ လဂ္ဂလာ ဟာ ကနေဒါ နိုင်ငံထဲကနေ ဒီဘက်ကိုပြန်ကူးလာပြီး နန်စီ ဘယ်မှာရှိနေကြောင်း ခရိုင်ရှေ့နေရုံးမှာ စုံစမ်း နိုင်တယ်၊ ရုံးတော်မှာ သူ ပြန်ပြီးအစစ်ခံမယ်ဆိုရင် နန်စီရဲ့အမှုကို ပြန်စစ်ရမယ်၊ နန်စီ သေ ဒဏ် စီရင်တာ ကို ခံရမယ်၊ ဒါကို အကြောင်းပြပြီး ငွေညှစ်ဖို့ လာတာဖြစ်ရမယ်"
"နန်စီဟာ ဟာမွန်နဲ့ရတဲ့ သူ့ကလေးနှစ်ယောက်ကို နန်စီကိုယ်တိုင် သတ်ပစ်ခဲ့တယ်လို့ ခင်ဗျား ဆိုလို တာလား"
ဒေါက်တာလင်ဒန်မိုင်းလ်စ် က မကျေနပ်သည့် လေသံဖြင့်မေးသည်။

ပြီးတော့ အဖြေကိုမစောင့်ဘဲ သူက ဆက်ပြောသည်။
"နောက်ပြီးတော့ နန်စီကိုကြိုးစင်တင်လုဆဲဆဲဖြစ်အောင် သက်သေခံခဲ့တဲ့ ဒီကျောင်းသားဟာ ကလေးပျောက်မှု နှစ်မှုစလုံးမှာ ပါဝင်ပတ်သက်နေတယ်လို့ ဆိုလိုတာလား။ ကလေးတွေပျောက် တိုင်း အနီးအနား တစ်ဝိုက် မှာ သူ ရှိနေတယ်လို့ ခင်ဗျား ထင်သလား"
လင်ဒန်က ဂျက်၏အဖြေကိုမစောင့်ဘဲ တောင်းပန်သည့်လေသံဖြင့် ဆက်ပြောသည်။
"ကျွန်တော့ကို အခွင့်အရေးကလေး တစ်ခုလောက်တော့ ပေးပါဗျာ၊ ဟာမွန်ရဲ့သားသမီးတွေ ပျောက်ဆုံးသွားတဲ့နေ့အကြောင်း နန်စီကို ကျုပ်မေးကြည့်ပါရစေ၊ အဲဒီနေ့အကြောင်း ပထမဆုံး ပြောပြ စေချင်ပါတယ်"

"ကောင်းပြီ ခင်ဗျား နာရီဝက်အချိန်ရမယ်၊ ဒီထက်လုံးဝ ပိုမပေးနိုင်ဘူး"
ဒေါ်ရော်သီက ဗန်းပေါ်မှာတင်ထားသည့် ကော်ဖီပန်းကန်များထဲသို့ ကော်ဖီထည့်နေသည်။ ပြီး တော့ မနေ့တုန်း က နန်စီဖုတ်ထားသည့် ကိတ်မုန့်ကိုလှီးသည်။
"ကော်ဖီသောက် လိုက်ကြရင် အထိုက်အလျောက်တော့ နွေးသွားမှာပဲ"ဟုလည်း ပြောသည်။
ဗန်းကို အိမ်ရှေ့ခန်းသို့ယူသွားသည်။ ရေးက နန်စီ၏အနီးသို့ လင်ဒန်ဆွဲရွှေ့ထားသည့် ကုလားထိုင် ပေါ်မှာ ထိုင်နေသည်။ နန်စီ၏လက်ကလေးများကို ဆုပ်ကိုင်ထားပြီး အသာအယာ ဆုပ်နယ်ပေးနေ သည်။
နန်စီ က အိပ်ရာပေါ်မှာ ငြိမ်ငြိမ်ကလေး လဲလျောင်းနေသည်။ အသက်ကို မှန်မှန်ရှူနေသည်။

သို့သော်လည်း အခန်းထဲသို့ ဒေါ်ရော်သီ ၀င်သွားသောအခါ လူးလွန့်လာပြီး အသံထွက်အောင် ညည်း နေသည်။
ဂျိုနသန်က မီးလင်းဖိုနားမှာ ရပ်နေသည်။
ဆေးတံဖွာနေသည်။
အခန်းထဲ မှာ သူ့ဆေးတံနံ့များ ဖုံးလွှမ်းနေသည်။
ဒေါ်ရော်သီ က ကော်ဖီဗန်းကို စားပွဲပေါ်သို့တင်ရင်း အသက်ပြင်းပြင်းရှူသည်။
ကွယ်လွန်သူ သူ့ယောက်ျားလည်း ဆေးတံသောက်သူဖြစ်သည်။
ပြီးတော့ ယခု ဂျိုနသန်သောက်သည့် ဆေးအမျိုးအစားကိုပင် သောက်သူဖြစ်လေရာ ကွယ်လွန်သူ ခင်ပွန်းသည် ကို သတိရလိုက်မိလေသည်။
ယခုလို ရာသီဥတုဆိုးရွားသည့်နေ့မျိုးတွင် သူတို့လင်မယားသည် အခန်းတံခါးပိတ်ပြီး မီးလင်းဖိုထဲ မှာ မီးထည့်ရင်း ၀ိုင်အရက်ကို အတူသောက်ခဲ့ကြဖူးလေသည်။ ယခုတော့ မိမိမှာ မုဆိုးမဘ၀ဖြင့် အဖော်မဲ့ နေရသည့်အဖြစ် ကို ရင်နာစွာ တွေးလိုက်မိလေသည်။

"ကော်ဖီ နဲ့ ကိတ်မုန့်ကလေး သောက်လိုက်ပါဦး"
ဒေါ်ရော်သီ က ဂျိုနသန်ကို ပြောသည်။
ဂျိုနသန် က သူ့ကိုခပ်တွေတွေပြန်ကြည့်ပြီး ဖြေသည်။
"ကျေးဇူးပါပဲဗျာ"
ဂျိုနသန် သည် မလိုင် နှင့် သကြားတစ်ဇွန်းသာ သောက်ကြောင်း ဒေါ်ရော်သီ သိသဖြင့် သူ ကြိုက် တတ်သည့် အတိုင်း ဖျော်ပေးသည်။
"ခင်ဗျား ကုတ်အင်္ကျီကြီး မချွတ်တော့ဘူးလား"
"ခဏနေမှပဲ ချွတ်တော့မယ်၊ ချမ်းနေသေးလို့"
ဒေါက်တာ လင်ဒန်မိုင်းလ်စ်နှင့် ရဲအရာရှိ ဂျက်ကော်ဖင်တို့နှစ်ယောက်လည်း ဒေါ်ရော်သီ၏နောက်မှ လိုက်လာကာ ကော်ဖီဝိုင်းကူထည့်ပေးနေသည်။

ဒေါ်ရော်သီက ရေးဆီသို့ ကော်ဖီတစ်ခွက်ယူသွားသည်။
"ရေး… ကော်ဖီလေးသောက်ထားလိုက်ဦး"
ရေးက မော့်ကြည့်သည်။
"ကျေးဇူးပါပဲဗျာ"
ပြီးတော့ နန်စီ ဘက် ပြန်လှည့်သွားပြီး ခပ်တိုးတိုးပြောလိုက်သည်။
"ခဏနေရင် အားလုံးအဆင်ပြေသွားမှာပါ မိန်းကလေးရယ်"
နန်စီ၏ ကိုယ်လုံးမှာ အကြီးအကျယ်တုန်ယင်သွားလေသည်။
မျက်လုံးများပွင့်လာသည်။

လက်နှစ်ဘက်ကို ဆတ်ခနဲမြှောက်လိုက်သည်။
ရေးကိုင်ထားသည့် ကော်ဖီပန်းကန်ကို တိုက်မိသည်။
ကော်ဖီပန်းကန်က ကြမ်းပေါ်သို့ ကျကွဲသွားသည်။
သူ့ကိုယ်ပေါ် သို့လည်း ကော်ဖီများ ဖိတ်သွားသည်။

သူခြုံထားသည့်စောင်နှင့် ကြမ်းပေါ်က ကော်ဇော်ကို ကော်ဖီများစိုကုန်သည်။
ကော်ဖီပန်းကန် က ကြမ်းပေါ်မှာ ကွဲသွားသည်။
နန်စီ နှင့် ရေးးကိုပါ ကော်ဖီများ စဉ်ကုန်သည်။
နှစ်ယောက်စလုံး တွန့်ခနဲ ဖြစ်သွားသည်။
နန်စီက ထောင်ချောက်ထဲမှာ ဖမ်းမိနေသော တိရစ္ဆာန်တစ်ကောင် ကြောက်အားလန့်အား အော် သလို တစ်ချက် အော်လိုက်သည်။
"ကျွန်မ မိန်းကလေး မဟုတ်ဘူး၊ ရှင့်ရဲ့မိန်းကလေးမဟုတ်ဘူး၊ ကျွန်မကို မိန်းကလေးလို့ မခေါ်နဲ့"

အခန်း (၁၇) ဆက်ရန်
.

2 comments:

mstint said...

ဖတ်သွားပြီ ညီမရေ။ ကျေးဇူးပါနော်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဖတ်ပြီးပြီအမရေကျေးဇူးပဲနော်