Saturday, January 30, 2010
ငယ်ဘဝများ (၁၂) နှင့် ငယ်ကျွမ်းဆွေ တယောက် အကြောင်း (၁)
လူမှန်းသိတတ်စ ကထဲက ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေထဲမှာ တယောက်အပါအဝင်ပေါ့..၊ ကျနော် တို့ အိမ် နဲ့ မျက်နှာချင်းဆိုင် အိမ်မှာနေကြတယ်..။
အဲဒီခေတ်က အိမ်ဝန်းကြီးတွေက အကျယ်ကြီးတွေ..၊ ကျနော် တို့ အိမ်ဝန်းကလည်း ကျယ်တာဘဲ..ဒါပေမဲ့ သူတို့ အိမ်ဝန်းက ပိုကျယ်တယ်..၊လူ လည်းနည်းတော့ ပိုပြီးတော့ ကျယ်သလိုဘဲ.....အဖိုး အဖွား ရယ် ဦးလေး ၂ ယောက်ရယ် သူငယ်ချင်းရယ်..စုစုပေါင်း ၅ယောက် ဘဲ နေကြတယ်..၊ တဝန်း ထဲ မှာ အိမ် ၂လုံး ဆောက်ထားတယ်..၊ အိမ် အကြီး တလုံးမှာ သူတို့ နေကြတယ်..၊ နောက်တလုံးက သူတို့ အဖိုး အလုပ် လုပ်တဲ့နေရာ..အဲဒီအိမ်လေး ထဲမှာ သားရေ ပိုက်ဆံအိတ် ကလေးတွေလုပ်တယ်..ယောက်ကျား ကိုင် ပိုက်ဆံအိတ် အသေးလေး တွေနဲ့ မိန်းမ တွေ ကိုင် ဘို့ ဆလင်းဘက် တွေလည်း လုပ်တယ်.. သားရေ အစစ်နဲ့ အိတ်ပေါ်မှာ မြန်မာ ရိုးရာ ပန်းချီပုံလေးတွေကို ဖောင်းကြွ ရေးပြီး.. ဆေးချယ် ထားတယ်.. မင်းသား မင်းသမီး ရုပ် ကလေးတွေနဲ့ တခြား မြန်မာ့ရိုးရာ ပုံလေး တွေပေါ့..၊ လက်ဖြစ် ဆိုတော့ အိတ်လုံး ရေ နဲနဲဘဲ ထွက်တယ် ဈေး လည်း ကြီးတယ်..၊ အဲဒီခေတ်က နိုင်ငံခြားသား ဧည့်သည်တွေ ကိုရောင်းဘို့ နဲ့ ပိုက်ဆံရှိတဲ့ သူတွေသာ သုံးနိုင်တဲ့ အိတ်လေးတွေပေါ့..။
ကျနော် က သူငယ်ချင်း စီကိုသွားလည်ရင်း  အဲဒီအိတ်ကလေးတွေနဲ့ ရင်းနှီးနေတယ်..၊ ကျနော့် သူငယ်ချင်း က သူ့အဖိုး ကို အလုပ်ကူ လုပ်ပေးရတယ်..၊ အိတ် အရောင်တင်ပေးတာတို့ အိတ်ဘေး လေးတွေကို သားရေ ကြိုးနဲ့ တွဲချုပ်တာတို့ ကလေး လုပ်နိုင်တဲ့ အလုပ်ကလေး တွေပေါ့..။
ကျနော့်သူငယ်ချင်းက အဲဒီအိမ်ရဲ့ မြေးဦးပါ .....ဒါပေမဲ့ သူ့အမေက မိဘတွေ သဘောမတူတဲ့ လူနဲ့ ယူလို့  ဆိုပြီး သေခန်းဖြတ် ထားတာတဲ့..၊ ကျနော့် သူငယ်ချင်း တယောက်ထဲကိုဘဲ သူတို့က ခေါ်ထားတယ်..၊ သူ့ အဖေ ရော အမေ ရော အိမ် ကို အဝင်အထွက် မလုပ်ရဘူး..၊ နောက်ပြီး သူငယ်ချင်း အမေတို့ က ရှမ်းပြည် က ရွာလေး တရွာမှာ နေကြတယ်တဲ့..၊ ကျနော်တောင် တော်တော်ကြီးမှ သူ့အမေ ကိုတွေ့ဘူးတယ်..။
သူ့ အဖိုးအဖွားတွေက ကျနော့် သူငယ်ချင်းကို စည်းကမ်း အရမ်းတင်းကြပ်ထားပြီး မျက်နှာသာလည်း မပေးဘူး..၊ သူ့ အဖိုး ကလည်းတော်တော်ဆိုးတယ်..၊ ဦးလေး တွေကလည်း လူ့ဂွစာ တွေ..၊ ကျနော့် သူငယ်ချင်း ဟာသူ့ အဖိုး အိမ် မှာ တော်တော် မျက်နှာငယ် ပါတယ်..၊ သူငယ်ချင်း က မျက်နှာငယ်ရတော့ ကျနော်ကလည်း သူ နဲ့ ပေါင်းတာဆိုတော့ ကျနော် ပါ အဲဒီအိမ် မှာ မျက်နှာငယ်ရပါတယ်..။
ကျနော်တို့ အတွက် သူတို့အိမ်ဝန်းထဲမှာ ဆော့စရာတွေ စားစရာအပင်တွေ အများကြီးပါ..၊ ကျနော် မှတ်မိသလောက် ပြောရရင် အိမ်ခေါင်းရင်းမှာ သက်တန်းရင့် စက္ကူပန်းရောင်စုံ ခြုံကြီးရှိတယ်၊ စပယ်ရုံတွေ ရှိတယ် ..၊ မာလကာပင် ၃-၄ ပင်လောက်ရှိတယ်..၊ နောက်ပြီး ထူးထူးဆန်းဆန်း ကျနော် တို့ မန္တလေး မှာ စိုက်လေ့ မရှိတဲ့ ဖြစ်လည်း မဖြစ်ထွန်းတဲ့ ဖျော်ရည်သီးပင် (ပင်မှဲ့ သီးပင်) စင်ကြီး ရှိပြီး အသီး သီးချိန် ဆိုရင် အဲဒီ အပင်ကြီးက အသီးတွေ အများကြီး သီးတယ်..၊ နောက်ပြီး အုန်းပင် ၂ပင် ၃ပင် ရှိတယ်..၊ အဲဒါက အိမ်ခေါင်းရင်း မှာ..၊ အိမ်နောက်မှာ လည်း အဲဒီလိုဘဲ..အပင် အစုံရှိတယ်၊ သြဇာပင် တွေလည်းရှိတယ်..၊ အိမ်ရှေ့မှာ နှင်းဆီပန်း ရောင်စုံတွေ ကိုလည်း အိုးတွေနဲ့ စိုက်ထားသေးတယ်..၊ ကျနော် တို့ ကလေး တွေ အတွက် ဆိုရင်တော့ အားလုံးဟာ မက်မောစရာ ဆော့စရာတွေ ကြီးဘဲပေါ့..။
သူငယ်ချင်း ရဲ့ အိမ်ဝန်းတံခါး က အမြဲ ပိတ်ထားတယ်..၊ သော့ပိတ်ထားတာ..၊ ကျနော်ကလည်း သူငယ်ချင်းနဲ့ ဆော့ချင်တယ်..သူငယ်ချင်းကလည်း အဲဒီအတိုင်းဘဲ.. ကျနော် တို့ ၂ယောက်ဟာ သူတို့ အိမ်က လူကြီးတွေ အရိပ်အခြေကြည့်ပြီး အခွင့်သာတာနဲ့  သူတို့ အိမ်တံခါး သော့ဖွင့် ပြီး အထဲဝင် ရတယ်.. သူငယ်ချင်းက ဖွင့်ပေးတာပါ.၊ သူငယ်ချင်းက အပြင်မှာ ဘယ်တော့မှ မဆော့ရဘူး ရပ်ကွက် ထဲက ကလေးတွေ နဲ့ လည်း သူတို့ အိမ်က ပေးမဆော့ဘူး ကျနော် တယောက် ကိုဘဲ မလွဲသာလို့ အဝင်ခံ တာနဲ့ တူပါတယ်..။
ကျနော်က ရပ်ကွက်ထဲ ဗျောင်းဆန်အောင် ဆော့ပြီးရင် သူငယ်ချင်း အတွက် အဖော် သွားလုပ် ပေးရ သေးတယ်.၊ အိမ်ထဲရောက်ပေမဲ့ သူငယ်ချင်းက သူ့အလုပ်တွေ မပြီးသေးရင် မဆော့နိုင် သေးပါဘူး.. သူ့အလုပ်တွေ ပြီးအောင်လုပ်ရသေးတယ်..၊ ကလေး လည်း ကလေး နဲ့ တန်အောင် သူ့အဖိုး က ခိုင်းသေးတာ..၊ သူ့အဖိုး က ဆိုးလွန်းတော့ အလုပ်သမား လေး ၂ယောက်လောက် ရှိတာ ဝင်လိုက် ထွက်လိုက် နဲ့ ဆိုတော့ သူတို့ မရှိတဲ့ အချိန်မှာ အဲဒီအလုပ် တွေကို ကျနော့် သူငယ်ချင်းလေး ဘဲ လုပ်ရတာပါ။ 
ကျနော်ကလည်း စပ်စုတဲ့သူ နောက်ပြီး အလုပ်ပြီးမှ ဆော့ရမှာ ဆိုတော့ သူငယ်ချင်း ရဲ့ အလုပ်တွေ ကူလုပ် ပေးရတော့ တာပေါ့..၊ အလုပ်လည်း လုပ် ပေးရသေးတယ်..သူ့အဖိုး မကြိုက်ရင် အငေါက်က ခံရသေးတယ်..၊ အဲဒီ အိမ်  မှာ သူငယ်ချင်း နဲ့ ဆော့ဘို့ တော်တော်လေး မျက်နှာငယ်ခဲ့ရပါတယ်..၊ နောက်ပြီး အိမ်ဝန်းထဲမှာ ဆော့တာ ဆိုတော့ သိပ်ပြီး ပြေးတာလွှားတာတွေ မကစား နိုင်ပါဘူး.. တူတူပုန်းတမ်း တို့ အိုးပုတ်တန်း တို့ပေါ့ ..ဒါပေမဲ့ သူငယ်ချင်းက ယောက်ကျားလေး ဆိုတော့ အိုးပုတ်တန်း တွေဘာတွေ မဆော့ချင်ပါဘူး..၊။
အချိန် တော်တော်များများကို ကျနော်တို့ ကာတွန်းစာအုပ်တွေ ထိုင်ဖတ်ကြတယ်.. အပင်တွေ ပေါ် တက်လိုက် ဆင်းလိုက် ဆော့တယ်..၊ သားရေကွင်းပစ်တန်း၊ ပိုလိုကား ရိုက်တန်း၊ ပေသီး လှိမ့်တန်း ကစားတယ်..၊ စားရတဲ့ အသီးတွေ အကုန် ခူးစားတယ်..၊ နောက်ပြီး သူငယ်ချင်းက ဗန်ဒါစေ့ တွေ ထုပေးတယ်..၊ အဆန် မကြေအောင် ထုပေးတာလေ.. စားလို့ ကောင်းတယ်..နောက်ပြီး ကျနော့် အတွက် မာလကာသီး (ရွက်ပုန်းသီး) တွေ ခူးထားပြီး ကျွေးတယ်..၊ ဒါတွေက သိပ်ငယ် တဲ့ ဘဝလေးတွေ ထဲက သူငယ်ချင်းနဲ့ ပတ်သက်လို့ တစိတ်တပိုင်းပေါ့..။
သူငယ်ချင်းက တော်တော်ရိုးပါတယ်.. ကလေး အတွေးနဲ့ ပြောရရင် တော်တော် အ ပါတယ်..၊ သူ့ အဖိုး တို့ ဦးလေး တို့ကလည်း သူတို့မကြိုက်တာ တွေ့ရင် လက်ပိုက်ခိုင်းပြီး ကြိမ်လုံးနဲ့ ရိုက်တာပါ..၊ ကျနော် တို့ လို ဘယ်တော့ မှ အရိုက်မခံရတဲ့ သူတွေရဲ့ စိတ်ထဲ မှာတော့ သူငယ်ချင်းဟာ အတော် သနားစရာ ကောင်းနေပါတယ်..၊ ဒါကြောင့်လည်း ကျနော် က သူငယ်ချင်း အတွက် မျက်နှာ အငယ်ခံပြီး သူငယ်ချင်း လုပ်ပေးခဲ့ ရတာပါ..။
သူငယ်ချင်း ကတော့ ကျနော်က ဒီလောက် အနစ်နာခံ ပေါင်းပေးထားတာတောင် ကျနော်တို့ မောင်နှမတွေ များဆော့ကြရင် ကျနော်က ဘက်မတူဘဲနဲ့ အငယ်တွေနဲ့ ဆော့တယ် ဆိုပြီး သူက မောင်လေး ညီမလေး တွေဘက်က ကူပြီး နိုင်အောင် ဆော့ပေးခဲ့တယ်..၊ ကျနော့် သားရေကွင်းတွေ ပေသီးတွေ ပိုလိုကား တွေဆိုရင် မောင်နှမ တွေနဲ့ နိုင်ထားသလောက် သူ ကူပြီး ဆော့ ပေးရင် အကုန် ကုန်တာဘဲ..အဲဒီမှာ ကျနော် သူ့ကို မခေါ်ဘဲ ခဏခဏ နေဘူးပါတယ်..ကျနော် ရှုံးအောင်လုပ်တဲ့ အမှု့နဲလေ..။
ဒါပေမဲ့ သူ ပြန်ချော့တဲ့ မာလကာသီးတွေ နဲ့ ဘန်ဒါစေ့ဆံ တွေကြားမှာ ကျနော် မခေါ်တာ ကြာကြာ မခံပါဘူး..၊ ပြန်ပြန် ခေါ်သွားကြတာပါဘဲ..၊ သူ ကျနော်ကို ချော့တဲ့ အထဲမှာ သူ့အဖိုး အလုပ် က ပိုက်ဆံအိတ် သေးသေးလေးတောင် ပါပါသေးတယ်..၊ အဲဒီပိုက်ဆံအိတ်ကလေးတွေက ချစ်စရာ အရုပ်ကလေး တွေနဲ့ သိပ် လှပေမဲ့  တခါမှ ကိုယ်နဲ့ သက်ဆိုင်တယ်လို့ မထင်မိပါဘူး..၊ ဒါပေမဲ့ သူငယ်ချင်း လုပ်ပေး တဲ့ အိတ်ပေါက်စ လေးကိုတော့ စွဲလန်းမိပါတယ်..။
ကျနော့် အတွက် ဘယ်အချိန် ကထဲက သူ့အဖိုးမသိအောင် လုပ်ထားတဲ့ အိတ်ကလေး လည်း မသိပါဘူး မင်းသမီး လေး ဆီမီးခွက် ကနေတဲ့ အရုပ်ကလေး ပါတဲ့ အိတ်ကလေးပါ..၊ ချစ်စရာလေးပါ.. ဒီအိတ်ကလေး မျက်နှာနဲ့ အဲဒီတခါက သူ့ကို ချက်ခြင်း ပြန်ခေါ်လိုက် ရပါတယ်..။
အဲဒီ အိတ်ကလေး ကို ကျနော် သိတ်ချစ်ပါတယ်.. အချိန်တော်တော်ကြာ သိမ်းထားပါသေးတယ်.. သူ ကလည်း ပြောပြတယ်.. ဒီအိတ်ကလေး ပြီးအောင် သူကိုယ်တိုင် သားရေအပိုင်း သေးသေး လေးရှာပြီး ချုပ်ထားတာပေါ့. နောက်ပြီး အဲဒီအပေါ်က ဖောင်းကြွ ပုံကြမ်းလေး ကို လည်း သူ ဘဲ မတတ်တတတ်နဲ့  ဆေးချယ် ထားတယ်ပေါ့..၊ ဒါကြောင့် မင်းသမီးလေး ရဲ့ ဆေးရောင် လေးတွေက သိပ်မသေသပ်ပါဘူး... ဒါပေမဲ့  ချစ်တဲ့ သူငယ်ချင်း ကိုယ်တိုင် ကျနော့် အတွက် ရည်ရွယ် လုပ်ထားတာ ဆိုတော့ အိတ်သေးသေး လေး ကို ချစ်ခဲ့ပါတယ်..။
ဒီလိုနဲ့ ကျနော်တို့ တတွေကြီးပြင်းလာခဲ့ ကြပါတယ်..၊ ကြီးပြင်းလာတာနဲ့ သူငယ်ချင်း ဘဝ လေးဟာ ပိုပိုပြီး ခက်ခဲလာတယ် ထင်တယ်..၊ နောက်ပြီး သူ့ဦးလေး တွေ နဲ့ အဖိုးကလည်း ကျောင်းသွားချိန်က လွဲလို့ ငယ်ငယ်က အတိုင်းဘဲ သူ့ ကို အိမ်ထဲမှာ ဘဲ ထိမ်းချုပ်ထားချင်သေးတယ် ထင်ပါတယ်..၊ သူငယ်ချင်း ကလည်း အရွယ်ရောက် ခဲ့ပြီ ဆိုတော့ သူသွားချင်၊ လာချင်တာတွေကို လစ်ရင်လစ်သလိုထွက်သွားလေ့ ရှိသလို.. သူဦးလေး တွေကလည်း အလျှော့ မပေးဘဲ သူ့ကို အဲဒီအချိန်ထိဘဲ လက်ပိုက်ခိုင်းပြီး ကြိမ်လုံး နဲ့ ရိုက်လေ့ ရှိတုန်းပါဘဲ..။
သူငယ်ချင်းက ရှက်တတ်ပါပြီ..၊ သူ ဘဝမှာ သူ မနေပျော်တော့ပါဘူး..၊ လွတ်လပ်ခြင်းကိုလည်း သူ နှစ်သက် တတ်ပါပြီ...........
လပြည့်ည တည ကျနော် တို့အိမ်ရှေ့က မြလေးပန်းရုံ အောက်က တန်းလျှားခုံ လေးမှာ ကျနော် တယောက် ထဲ မိုးချုပ် တဲ့ထိ ထိုင် ပြီး လရောင် နဲ့ တိတ်ဆိတ်ခြင်း ရဲ့ အရသာကို ခံစားနေတုံး သူငယ်ချင်း ရောက်လာတယ်..၊ ကျနော့် ဘေးမှာ ဝင်ထိုင်လိုက်တဲ့ သူငယ်ချင်း ရဲ့ ပုံရိပ် ဟာ နူးညံလွန်း တယ်....။
ကျနော် မမျှော်လင့် တဲ့ စကားတွေ ပြောလာတယ်.. သူ ကျနော့် ကို တသက်လုံးချစ်လာခဲ့ပါတယ်တဲ့ ..၊ သူ အခု အဝေးကို ထွက်သွားတော့ မှာမို့ ဖွင့်ပြောတာပါတဲ့..လ ရောင် တွေ စွန်းထင်းနေတဲ့ သူ့မျက်ဝန်းမှာ အချစ်ရောင် တွေနဲ့ ဖိတ်ဖိတ်လက် နေတာကို ကျနော် မယုံကြည် နိုင်စွာနဲ့ ငေးကြည့် မိတယ်..၊ သြ ..သူငယ်ချင်းဟာ တကယ်ဘဲ အချစ်အကြာင်း ပြောတတ်တဲ့ ယောက်ကျားတယောက် ဖြစ်လာပါ ပေါ့လား လို့.. ကျနော် တကယ်ဘဲ သူ့ကို ယောက်ကျား တယောက် အဖြစ် သဘောမထားတဲ့ အပြင် ကျနော့် ကို ဒီလို ချစ်စကား ပြောလာလိမ့်မယ် ဆိုတာလည်း မျှော်လင့်မထားခဲ့ပါဘူး..။
သူ့ ချစ်စကားတွေဟာ ကျနော့် အသဲနှလုံးကို ဆွဲကိုင် မလှုတ်နိုင်ခဲ့ပါဘူး..၊ သူ့ ချစ်စကားတွေထက် ပညာ တပိုင်းတစနဲ့ သူ့ဘဝလေး ဒုက္ခရောက်သွားမှာကိုဘဲ ပိုပြီးတော့ အစိုးရိမ်ကြီး နေခဲ့ပါတယ်..........
ကျနော် တို့ ၂ ယောက်ပညာတွေ အတူတူ သင်ကြမယ်.. ချစ်ခြင်းတွေကို နောက် မှ စဉ်းစားကြမယ် သူငယ်ချင်းရေ... ထွက်မသွားလိုက်ပါနဲ့လို့ ကျနော်ပြောခဲ့ပါတယ်..၊ သူ ကလည်း ပြောခဲ့ပါတယ်.. သူ ဟာ ယောက်ကျား တယောက် ပါတဲ့ ဆုံးဖြတ်ပြီးတဲ့ ကိစ္စ တခုကို ဘယ်တော့မှ မပြင်ဘူးဆိုပြီး ပြောခဲ့ပါတယ်..။
သူ မသွားခင် တညက  ခုံတန်းလေးမှာ ဘဲ ကျနော်တို့ တွေ့ခဲ့ကြသေးတယ်.. ကျနော်စီက တိကျတဲ့ အဖြေ တခု ရခြင်ပါတယ်တဲ့.. ချစ်ခြင်းတရား တွေ သယ်ဆောင်သွားပြီး .. သူ ပိုက်ဆံချမ်းသာအောင် လုပ်မယ်တဲ့.. ကျနော့် အတွက် ချစ်ခြင်း နဲ့ ချမ်းသာခြင်း တွေကို သူလက်ဆောင် ပြန်ယူ ခဲ့ပရစေတဲ့..၊ သူငယ်ချင်း ရေ ဒို့ တကယ် မချစ် တတ် သေးပါဘူး...လို့ ပြန်ပြော ခဲ့တဲ့ ကျနော့် လက်မောင်း ၂ဘက် ကို ဆွဲကိုင် လှုတ် ရင်း မျက်ရည် တွေကျလာတယ်......ဒို့ ၂ ယောက် တသက်လုံး ဝေးပြီနော် တဲ့..........
ငယ်သူငယ်ချင်းလေး အကြောင်းကို ပြန်စဉ်းစားမိတဲ့ ကျနော့် လက်မောင်းလေး နှစ်ဘက် နာကြင်လာခဲ့ ရသလို .............
ဘယ်တော့မှ ပြန်လည် မဆုံဆည်း တော့တဲ့ ကျနော့် ငယ်သူငယ်ချင်းလေး အတွက် ကျနော့် နှလုံးသား လေးလည်း နာကြင် ခဲ့ဘူးပါတယ် ......
ချစ်သူငယ်ချင်းရေ..တကယ်ဘဲ တသက်လုံး ဝေးခဲ့ ပြီနော်....။
စာရေးသူ..ရွှေစင်ဦး
.
10 comments:
မေဓာဝီ said...
ဖတ်ရတာ လွမ်းမောစရာလေးပဲ မရွှေစင်ဦး ...
အဲဒီသူငယ်ချင်းကို ပြန်မတွေ့တော့ဘူးလားဟင် ...
~ဏီလင်းညို~ said...
မရွှေစင်ရေ....
ဒီစာလေးဖတ်ရင်း...အာရုံထဲမှာ သူငယ်ချင်းကောင်းမလေးနဲ့ ကောင်လေးကိုမြင်ယောင်လာမိတယ်...။ ပြီးတော့ ကောင်လေးကို ယောကျာ်းလေးချင်းကိုယ်ချင်းစာနာစွာနဲ့ သနားလာမိတယ်...။ တစ်ဖတ်သတ်အချစ်...၊ နောက် အနှိမ်ခံဘ၀နဲ့နေခဲ့ရတဲ့သူ့ဘ၀လေးကို မြင်ယောင်မိရင်း...မျက်ရည်ဝဲလာမိခဲ့တယ်....။
တစ်ကယ်ပဲ ပြန်မတွေ့ရတော့ဘူးလားဗျာ....း(
(ကျွန်တော်ကတော့ ဒီလိုကိုယ်တိုင်ရေးတဲ့စာလေးတွေဆို ပိုနှစ်သက်မိတယ်တာ အမှန်ပဲဗျာ....)
ခင်မင်တဲ့
ဏီလင်းညို
:P said...
ပြန်ဆုံရင် မှတ်မိကြမှာလား...။
အဲဒီသူငယ်ချင်း ဘာတွေဆက်ဖြစ်သွားလဲ သိချင်လိုက်တာ။
Anonymous said...
ငယ်ကျွမ်းဆွေ လုပ်လိုက် ချစ်ချစ်ကြီးလုပ်လိုက်နဲ့ အမတို့ကတော့ ဟန်ကိုကျလို့ဗျာ
စကားမစပ် face book မှာ ရှာကြည့်လေ သူများတကာတွေကတော့ ငယ်ကျွန်းဆွေတွေ ပြန်တွေ့ဆိုဘဲ စမ်းကြည့်လိုက်အုံးနော အရှုံးမရှိပါဘူး ဖတ်ရတာ လွမ်းလွမ်းပြီး မောမောသွားတယ် တော့တိုးချန် လဲဒီလိုဘဲ နောက်ထပ် ဇာတ်လမ်းကောင်းတွေ တင်အုံးနော် စားချင်တာတွေ တ၀ကြီး ကျွေးအုံးမှာ...
မောင်မောင် said...
အင်းလေ ငယ်က အချစ် အနှစ်တစ်ရာ မမေ့ သာ တဲ့။
စိတ်မကောင်းပါဘူးဗျာ။
အရေးအသား က လဲ ဆွဲဆောင်မှု့ တကယ်ရှိပါတယ်။
ဖတ်တဲ့ လူ ရဲ့  ရင် ကို တကယ်ထိစေတယ်။
ကျေးဇူးတင်ပါတယ်မရွှေစင်ဦး
မောင်မောင်
ရွှေရတုမှတ်တမ်း said...
ဝတ္ထုလား...ကိုယ်တွေ့လား...
ချစ်ချစ်ကြီးကတော့..ကျောင်းမှာတွေ့တဲ့သူငယ်ချင်းလား
Anonymous said...
အဲ့လို အမကိုယ်တိုင်းရေးလေးတေါကိုလဲ လွမ်းပါတယ်။ အမကိုယ်တိုင်ရေးကိုလဲကြိုက်တယ်။ အမစာရေးတာလေးက အရမ်းကောင်းတာကို။ အချိန်ရရင် အမရေးတာလေးတွေလဲ တင်နော်..
အဲဒီသူငယ်ချင်းနဲ့ လုံးဝပြန်မတွေ့တော့ဘူးလား အမ။ ဘာလို့လဲ ဟင်။
ကျနော်လည်း သူယငယ်ချင်းတယောက်ကို သွားသတိရမိသေးတယ်။ ဟီး
ချစ်ကြည်အေး said...
ရွှေစင်တို့ တကယ်လွမ်းနေတာပါလား....တို့လဲ ညီလင်းလိုပဲ ရွှေစင့် ကိုယ်တွေ့လေးတွေ ဖတ်ရတာ ပိုသဘောကျတယ်....။
မြစ်ကျိုးအင်း said...
ငယ်ဘဝရဲ့လွမ်းမောဖွယ်လေးပါပဲ အမရေ ။
ဘယ်သူပဲဖြစ်ဖြစ် ဒီလိုအဖြစ်မျိုးကြုံခဲ့ရင် ပြန်တွေးတိုင်း ဝမ်းနည်းနာကျင်ရမှာ သေချာပါတယ်။
thaingarra said...
ဒီလို အတိတ်ကို ပြန်တွေးရတာ ...
တကယ်ပဲ နာကြင်ရပါတယ် မရွှေစင် ...