Thursday, January 28, 2010

ဒဂုန်ခင်ခင်လေး နှစ်ပေါင်း ၆ဝ အပိုင်း (၂)

ထီးငွေ့နန်းသက် မပျက်စဉ်လာ

မှန်နန်းအပျိုတော်ကြီး ကျောက်ပန်းတောင်းသခင်သည် မြို့အုပ်ကလေး ကိုမြတ်ကျော်အတွက် မြန်မာ ဘုရင်၏ မှူးတော်မတ်တော်ကြီးများ၏ သ္မီးချောများကို စိတ်ကူးနှင့်လိုက်ရှာသည်။ တောင်ခွင် မြို့စား၊ ပင်းသာ မြို့စား၊ မြို့သစ် မြို့စား တို့၏ သ္မီးများမှာ လက်ထပ်ပြီးစီးကုန် ပြီဖြစ်၍ ၊ ၀က်မစွတ်မြို့စားမင်း မှာ အကြီးဆုံးသာ အိမ်ထောင်ချလိုက်သည်၊ အငယ်နှစ်ယောက် ရှိသေး၏၊ သို့သော်၎င်း နှစ်ယောက်မှာ အရွယ် ငယ်လှသည်။ ထိုခေတ် ထိုအချိန်က သ္မီးများကို အိမ်ထောင်ချပေးရာ ၌ အိမ်ထောင်ကို ထိန်းသိမ်း နိုင်မည့် အသက်နှစ်ဆယ်ကျော် အစိတ်အပိုင်းတွင် မှ သာ ထိမ်းမြား ပေးလေ့ရှိသည်။

သို့သော် ၀က်မစွတ်မြို့စားမင်းကြီး၏ သ္မီးအလပ်မှာ ၁၇နှစ် ခန့်ရှိ၍ အပြောကောင်း လျှင် မရနိုင်စရာ မရှိဟု ယုံကြည်သည်။ နောက်တကြောင်း မှာလည်း ၀က်မစွတ်မြို့စားမင်း၏ ၀န်ကတော်ကြီးမှာ မင်းတုန်း ဘုရင်မင်း လက်ထက် ပဉ္ဇမသင်္ဂါယနာ တင်ရာ ပိဋကတ်တော်အုပ် မိုင်းခိုင်းမြို့စား အတွင်းဝန်မင်း၏ သ္မီး မှန်နန်း အပျိုတော်ကြီး သုနိမ္မာ ဖြစ်သည်၊ မှန်နန်းအပျိုတော်ကြီး သုနိမ္မာနှင့် မှန်နန်းအပျိုတော်ကြီး ကျောက်ပန်းတောင်း သခင် တို့မှာ ခင်မင်ရင်းနှီး ပြီးသူများဖြစ်ကြ သည်။

ထို့ကြောင့်တနေ့သောအခါ ကျောက်ပန်းတောင်းသခင်က ဆွမ်းကျွေးတရား နာမည်ဖြစ်၍ ၀က်မစွတ် မြို့စား ကတော်ကြီးအား တအိမ်သားလုံးကြွရောက်ပါရန် ဘိတ်ကြားလေသည်။ ထိုအခါ၌ အသက်နှစ်ဆယ် မကျော်သေးလျှင် ခလေးဟုယူဆ၍ အိမ်တွင်းမပုန်းရသေးသော သ္မီးနှစ်ယောက်နှင့် ၀န်ကတော်ကြီးတို့ ဆွမ်းကျွေး တရားနာ သို့ လာရောက်ကြသည်။ တရားနာပြီး၍ ဧည့်သည်များကို ကျွေးမွေးရန် ထမင်းအုပ် များကို တည်ခင်းသည်၊ ထိုခေတ်က နန်းတွင်းသူနန်းတွင်းသားများဖြစ်ကြ သည့် အားလျော်စွာ ဟင်္သာပြဒါး ရွှေရေး အုပ်ကြီး အတွင်း ကျောက်စိမ်းရောင် ဟင်းပန်းကန်များ ထည့်လျက် ၄-၅ယောက် ၀ိုင်းထိုင်သည်။ ထမင်းပန်းကန် ကို အုပ်နှင့် အမြင့်ချင်း မတိမ်းမယိမ်းရှိ သည့်ရွှေရေးယွမ်းကလပ် များပေါ်တင်သည်။ ဘေးမှ သောက်ရေ လက်ဆေးရေ၊ လက်ဆေးခံ အချိုအုပ်လဘက်အုပ် စသည်တို့ကလည်း ၀ိုင်းလျက် ထားရသည်။

ထမင်းအုပ်ဝိုင်းမှာ ကျောက်ပန်းတောင်းသခင်နှင့် ၀က်မစွတ်ဝန်ကတော်ကြီး သားအမိသုံးဦးပါမှ ၄-ယောက် သာရှိသည်။ မနီးမဝေးတွင် ထမင်းအုပ်ဝိုင်းနှစ်ခုဝိုင်းသာရှိပြီး တမြို့တရွာမှ လာရောက် တည်းခိုနေကြသော ဧည့်သည်များဟု ပြောထားသည်။ ထိုဧည့်သည်များကား အခြားမဟုတ်၊ မြို့အုပ်ကြီးဦးဘိုးဆွေနှင့် မြို့အုပ် ကလေး ကိုမြတ်ကျော်တို့ မိသားစု၏ ထမင်းဝိုင်းဖြစ်သည်။ ကိုမြတ်ကျော်တို့မိသားစု၏ ထမင်းဝိုင်း ဖြစ်သည်။ ကိုမြတ်ကျော်သည် ၀က်မစွတ်မြို့စားကတော် ကြီးအနီးရှိ သ္မီးအလပ်ဖြစ်သူ ခင်ခင်လတ်ကို ခဏ ခဏ ခိုးကြည့်သည်။ အကြည့်ခံရသူကတော့ အကြောင်းမသိ၍ရှက်ရမှန်းမသိ သူကြိုက်တတ်သော ၀က်သားနီတုံး ထိပ်မှ အသားများကို ဖဲ့ယူ စားကောင်းတုံးဖြစ်သည်။ စားသောက်ပြီး၍ လက်ဆေးရေ လောင်းသူ များက လောင်းပေးသောအခါ ထူးခြားသောအမျိုးကောင်း ရေမွှေးရနံ့များ ပေါ်လာသည်။ မည်သူမှ မလုပ်ဘဲ ပိုလွန်းသည်မှာ မြို့အုပ်ကလေးကိုမြတ်ကျော် လက်ချက်ဖြစ်ကြောင်း နောက်မှ သိရသည် ဟု  အဆိုရှိသည်။

နောက်ပိုင်းတွင်အချိုအုပ် ဘလက်အုပ်များစားချိန်၌ အိမ်ရှင်ကျောက်ပန်းတောင်းသခင်က သူ့အိမ်တွင် တည်းခို နေသောဧည့်သည်များနှင့် ၀က်မစွတ်ဝန်ကတော်ကြီးကို မိတ်ဆက်ပေးသည်၊ ဒါက ကျောက်ပန်းတောင်း မြို့အုပ်ကြီးနှင့် မြို့အုပ်ကြီးကတော်မမသက်၊ ဒါကသ္မီးငယ် ၊ဒါက သား ပျဉ်းမနားမြို့မှ (ထိုအချိန်တွင် ကိုမြတ်ကျော်မှာ သဲတော မှ ပျဉ်းမနားသို့ ပြောင်းရွေ့ရပြီ) မြို့အုပ် ကလေး မောင်မောင်ကျော်၊ ဤသို့ နိဒါန်းပျိုးပြီး နောက်ပိုင်းတွင် ကျောက်ပန်းတောင်းသခင်နှင့်အတူ မြို့အုပ်ကြီး ဦးဘိုးဆွေ သည် ၀က်မစွတ်မြို့စားမင်းကြီး အိမ်သို့ လက်ဆောင်ပဏ္ဏာ များနှင့် မကြာခဏ ၀င်ထွက် သွားလာပြီး ရင်းနှီးအောင် ပြုလေသည်။

ကျောက်ပန်းတောင်သခင်ကလည်း ၀န်ကတော် ကြီးကို နားဖေါက်သည်၊ သ္မီးငယ်ပါသေးသည် ဆိုသော ၀ါဒစွဲကိုလည်း ချွတ်လိုက်သဖြင့် နောက်ဆုံး လက်ခံ လိုက်သည်။ သို့သော် ဟိုခေတ်အလိုက် ကရိကထ အတော်များသည်။ နေ့နံသင့်မသင့်၊ ဇာတာကိုက်ခြင်း၊ မင်းညောင်စောင်း ၌ စုလျားရစ်ပါတ်လက်ထပ်သော အခမ်းအနားမှာ ပုဏ္ဏားဖြူ ပုဏ္ဏားညို ထမင်းခွန့် ထမင်းခံ၊ နောက်ပြီး အကမ်းအလှမ်း ပွဲလမ်းသဘင် ခန်းဝင်ပစ္စည်း လက်ဖွဲ့ပစ္စည်း စသည်များကလည်း မိဘ ဆွေမျိုး အင်အား တောင့်တင်း သည်နှင့်အမျှ ပါရသေးသည်။

ဒီအပေါ်တွင် ကျောင်းသားဘ၀ကဘဲ အသုံးအဖြုန်း၌အကောင်းဆုံးကိုမှ ကြိုက်တတ်သောမြို့အုပ် ကလေး ကိုမြတ်ကျော် ၏ လက်ထပ်မင်္ဂလာပွဲကား တရားလွန်မပြုလုပ်ရသမျှ သူမကျေနပ်တော့ပြီ။ ဦးဘိုးဆွေ နှင့် တကွ တမျိုး တဆွေလုံးကလည်း ရတနာပုံနေပြည်တော်ဟောင်းမှ မှူးကြီး မတ်ကြီး၏ သမီး၊ တကယ့် ထိပ်သီး ကိုရသည်ဟု ကြေနပ်မှု ရှိကြသည်။ ရှိသည်နှင့်အမျှ တမျိုးတဆွေလုံးဝိုင်း၍ လက်ဖွဲ့ လိုက်ကြ သည်မှာ စာရင်း စာတမ်းကို စာမျက်နှာ အတော်သုံးရသည်ဟု ဆိုသည်။ ထိုခေတ် ကငွေကို လက်ဖွဲ့ခြင်း သည် ရိုင်းသည်ဟုယူဆကြသည်။ ထို့ကြောင့်လက်ဖွဲ့ပစ္စည်းများမှာ ရွှေထည် စိန်၊ ကျောက်၊ ပတ္တမြားထည် များနှင့် လယ်, ခြံမြေ, ဥယျာဉ်နှင့်မြင်းနွားစသည်များဖြစ်ကြသည်၊ ကျောက်ပန်းတောင်း နယ်မှာ ထန်းလျက် ထွက်သောအရပ်ဖြစ်၍ များသောအားဖြင့် လက်ဖွဲ့ပစ္စည်း များမှာ ထန်းတောများ အများဆုံး ပါဝင် လေသည်။

နန်းတွင်းဇာတ်တော်ကြီးများလည်း အုပ်စမကွဲသေးချိန်ဖြစ်၍ အီနောင်ဦးစံတုတ်၊ ယင်းတော် မမလေးတို့ ခေါင်းဆောင် သော အီနောင်ဇာတ်၊ ဣန္ဒာဒေ၀အဆိုတော် ဦးလူကြီး စသည်တို့ အသိုင်း အ၀ိုင်း မှာ ရွိုင်ရယ် ဖယ်မလီ ခေါ် ထိုခေတ် နန်းတော်သူ နန်းတော်သားတို့စိတ်ကြိုက် ဖြစ်ပါသည်၊ စေ့စပ် ကြောင်းလမ်း ခြင်းက အစ ပြု၍ လက်ထပ်မင်္ဂလာပြုပြီးသည်အထိ တနှစ်နီးပါး အချိန်ကြာသည်။ ထိုအတွင်း မြို့အုပ် ကိုမြတ်ကျော် သည် ရာထူးဌာန ကို ပြောင်းလွှဲလုပ်ကိုင်ရန် အတွင်းကြိတ် စီစဉ်ထားသည်။

ကျောင်းနေဘက် သူငယ်ချင်းဖြစ်သူ ကိုထွန်းမင်းသည် ထိုအချိန်ကမန္တလေးမြို့သို့ ရာဇ၀တ် ၀န်ထောက် ကလေး အဖြစ် အလုပ်ရလာပြီး၊ ပင်းသာမြို့စားမင်း၏ သ္မီးအငယ်ဆုံး ခင်ခင်လေးနှင့် လက်ထပ်ပြီးဖြစ်ရာ၊ ကိုမြတ်ကျော် အား ကိုထွန်းမင်းက မန္တလေးမှ မင်းမျိုးဇနီးများရပုံခြင်းလည်း တူသည်။ ရာဇ၀တ်ဘက်ကို ပြောင်း၍ ယူရန် တိုက်တွန်းသည်။ ထိုအချိန်က အင်္ဂလိပ်များသည် ဗမာ ကို နယ်ပိုင် အဆင့်အတန်း အထိ တိုး၍ ခန့်ရန် အလွန်ဝန်လေးသည်။ အရေးပိုင်ရာထူး၊ မင်းကြီး ရာထူးများကိုလုံးဝမတန်ဟု ယူဆသဖြင့် ရာထူးကြီး နေရာများမှန်လျှင် သူတို့မျက်နှာဖြူများကိုသာ ခန့်အပ် အခွင့်အရေး ပေးလေ့ရှိသည်၊ ထို့ကြောင့် အချို့မှာ မြို့အုပ်ရာထူးနှင့်ပင် မတိုးတက်တော့ ဘဲ အိုနာပြီး ပင်စင်ယူကြရသည်။

ရာဇ၀တ်ဘက်မှာလည်း ရဲဝန်ကြီးရာထူးမျိုးကို အစလုပ်၍ မခန့်သေး၊ ရဲဝန်ကလေး နေရာမျိုးကိုပင် မျက်နှာဖြူ များသာဖြစ်၍ တရာလျှင်တယောက်သာ မြန်မာထည်းကရာထူးရလေသည်၊ ကိုမြတ်ကျော်သည် ခင်ခင်လတ် နှင့် လက်ထပ်ပြီး များမကြာမှီရာဇ၀တ်ဘက်သို့ ခုန်ကူးလိုက် ပြန်သည်။ ပျဉ်းမနားမြို့အုပ်မှ (အမှုလိုက် အင်စပိတ္တော)ခေါ်သော ရာဇ၀တ်ဌာနသို့ပြောင်းသည်။ ထိုရာထူးမှာ ခဏနေ၍ ရာဇ၀တ်ဝန် ကလေး ရာထူး ကို ပေးမည် ဟုဆိုင်ရာနှင့် စီးဝါးကိုက်ထားပြီး ဖြစ် သည်။

မန္တလေးမြို့ပေါ်တွင် ဘုန်းမီး နေလတန်ခိုး တောက်ပ နေကြသော မျက်နှာဖြူ သိုးဆောင်းအရာရှိများ သည် ၀က်မစွတ် မြို့စားမင်းကြီး အား ကြည်ညိုလေးစားလျက် အုပ်ချုပ်ရေးဘက်၌ မကြာခဏ အခက်အခဲ ဖြစ်ပေါ် လာတတ်သော ဘာသာရေးသာသနာရေးနှင့် မင်းဆွေစိုးမျိုးတို့အတွက် ပင်စင် လစာငွေ ထောက်ပံ့ရေး စသည်တို့တွင် သူတို့မျက်နှာဖြူအယူအဆနှင့် မသိ၍ မပြေလည်သော ကိစ္စများ ရှိလျှင် ၀က်မစွတ် မြို့စားမင်းကြီးထံသို့ လာရောက်ဆွေးနွေးမေးမြန်းလေ့ရှိသည်၊ မှန်ကန် သော အဆုံးအဖြတ် ကိုပေးလိုက် သောအခါ လေးလေးစားစား လိုက်နာ ကျင့်သုံးလေ့ ရှိသည်။

၎င်းအပြင်ထိုခေတ်က မင်းမျိုးမင်းနွယ် မှူးကြီးမတ်ရာသေနာပတိတို့၏ သားသ္မီးများ၏ မင်္ဂလာ ကိစ္စ အခမ်း အနားများမှာ အစဉ်အလာအတိုင်း ကျယ်ဝန်းခမ်းနားစွာ စီမံကျင်းပလေ့ရှိသဖြင့် အနောက် တိုင်းသား မျက်နှာဖြူအရာရှိတို့အနေနှင့် အရှေ့တိုင်း၏ ယဉ်ကျေးမှုများကို အလွန်လေ့ လာချင်သည်၊ ထိုသို့သော မင်းမျိုးစိုးနွယ်တို့၏ မင်္ဂလာအခမ်းအနားများတွင် ဧည့်သည်အဖြစ် လာရောက်လေ့ရှိ၏ သူတို့ ထုံးတမ်းစဉ်လာ မှာ ဘိနပ်ချွတ်ပြီးသင်ဖြူးကော်ဇောပေါ်တွင်  ရှေးခတ် မြန်မာလို ကြုံကြုံ့ရုံ့ရုံ့ မထိုင်တတ် ၍ အနိမ့်တွင် စင်ထိုးလျက် စားပွဲကုလားထိုင်များနှင့် ထား၍ ဧည့်ခံရသည်။

သူများထက် မပိုရလျှင် မကျေနပ်သော ကိုမြတ်ကျော်သည် အရှေ့တိုင်း၏ နန်းတွင်းယဉ်ကျေးမှုသာ မက အနောက် တိုင်းသားတို့၏ ဆက်ဆံမှုနှုင့် အစားအစာများကိုပါ စီစဉ်ဧည့်ခံလိုက်ပြန်ရာ ထိပ်တန်း မျက်နှာဖြူ အရာရှိကြီးများက ကိုမြတ်ကျော်ကို အတော် ခင်မင် သွားပြန်သည်။

သို့နှင့်ကိုမြတ်ကျော်သည် လက်ထပ်ပြီးနောက်  များမကြာမှီ မိတ္ထီလာမြို့သို့ အမှုလိုက်အင်စပိတ် တော်ရာထူး နှင့် ပြောင်းရွေ့လာရသည်။ ထိုအခါက ပုလိပ်မင်းကြီးမှာ ကာနယ်ဒီဘိုး ဟုခေါ်သော် လည်း ကျားမင်းကြီး ဟု ပုလိပ်အရာရှိပိုင်းက ခေါ်ကြသည်၊ ၎င်းကာနယ်ဒီဘိုးအား ၀က်မစွတ်မြို့စား မင်းကြီးက သူ့သားမက် နှင့်သ္မီးအား ငယ်ရွယ်သူများ ဖြစ်သည်တကြောင်း၊ ရာထူးကလေးငယ်သည် တကြောင်း၊ ကြည့်ရှု စောင့်ရှောက် လိုက်ပါဟု အပ်လိုက်သည်၊ ကာနယ်ဒီဘိုးမှာ မြင်းပြိုင်ခြင်း, ပိုလိုရိုက်ခြင်းကို ၀ါသနာပါ၍တကြောင်း၊ မိတ္ထီလာကန်နှင့် ရာသီအနေအထားကို ကြိုက်သည် တကြောင်းကြောင့် မိတ္ထီလာ ကိုဗဟိုရ်ပြု၍ အနေများသူဖြစ်လေသည်။

ရှေးကမိတ္ထီလာမှာ အလွန်သာယာသန့်ရှင်းသည်၊ ပုလိပ်ကွာတား၏ ထိပ်ပိုင်းတွင် ရာဇ၀တ် အုပ်များ၊ ဌာနအုပ်, အမှုလိုက်အင်စပိတ္တော်တို့ နေအိမ်ကလေးများက သူ့ဝင်းခြံနှင့် အလိုက်သင့်ရှိ ကြသည်၊ ကျားမင်းကြီး သည် မနက်တိုင်းမိတ္ထီလာကန်စောင်းတွင် လမ်းလျှောက်ပြီးနောက် အင်စပိတ္တော် ကလေးကိုမြတ်ကျော်တို့ ဇနီးမောင်နှံအိမ်ကို ၀င်လာတတ်သည်။ ကိုမြတ်ကျော်တို့က လည်း မနက်စာ ဘရိတ်ဖတ်(စ်) အဖြစ် ကြက်ဥကြော်, ပေါင်မုန့်ကင်, ထောပတ်သုတ်, လဘက်ရည်, ဌက်ပျောသီး, သဘောင်္သီး စသော အသီးတခုခုတို့ကို သူတိုနှင့်အတူစားသောက် ကျွေးမွေး လေ့ရှိသည်၊ "ကျား"ကလည်း ဆွေမျိုး သားချင်း ကဲ့သို့ ခင်မင်၍ ၀င်ထွက်စားသောက်ခြင်းဖြစ်သည်။

သို့သော် ပုလိပ်ဌာနက တခုလုံးက မျက်လုံးပြူးတူးပြဲတဲဖြစ်ကုန်ကြသည်။ အလွန်ဆိုး၍ ကျားဟု အမည် ပေးထားသော ပုလိပ်မင်းကြီး ရင့်မာကြီးက ရာထူးငယ်သူထံ ဤသို့လာရောက်ဝင်ထွက် နေသည်ကို သူတို့ အနေနှင့် အနေအထိုင်ကျဉ်းကြပ်ကုန်ကြသည်၊ ဤလိုပုလိပ်မင်းကြီး မပြောထားနှင့် ၀န်ကြီးဝန်ကလေးများ တလတခါ, နှစ်လတခါဂါတ်စစ်လာသည်ကိုပင် အလွန်ကြက် သိးထ၏။ အဆင်မပြေ မှုများ တွေ့မြင် သွားလျှင် ရာထူးလျှော့ရချည့်ရဲ့၊ အလုပ်ပြုတ်ရချည်ရဲ့ စသော ပူပင်သောကများ ရှိတတ်ကြရာ ၀န်ကြီး ထက် မကသော ထန်းပင်ထိပ်က ဟာကြီး ဒီလိုလာ-လာနေသည့်အတွက် ကမ္ဘာပျက်တော့မှာလို ကြောက်ကြ သည်။

တခါတလေ တော့လည်း ကိုမြတ်ကျော်ကို အခြားတနေရာသို့ ပြောင်းသွားစေချင်ကြသည်။ တကြိမ်တွင် မျက်နှာဖြူ ၀န်ထောက်ကြီး အပြောင်းအလွှဲဖြစ်ရာ ၀န်ထောက်အသစ်ကို သွားရောက် တွေ့ဆုံ နှုတ်ဆက် ရမည့် ၀တ္တရားပေါ်လာသည်။ ကိုမြတ်ကျော်သည် ဇနီးသည်ကိုဝန်ထောက်၏ အိမ်ဝအထိ လိုက်ပို့ပြီး ပြန်သွားသည်၊ အင်စပက်ကတော်ကလေး ခင်ခင်လတ်က နှုတ်ဆက်ရန် ၀န်ကြီး အကြောင်းကြားပြီး အခန်း အတွင်း သို့ဝင်သွားသည်၊ မျက်နှာဖြူဝန်ထောက်လင်မယားက  စားပွဲခုံ နှင့် ကုလားထိုင် နှင့် ထိုင်ပြီး ခင်ခင်လေး ထိုင်ဘို့ ဆိုပြီး သူတို့ စားပွဲထိုး က ကြမ်းပေါ်မှာ သင်ဖြူးတချပ် ခင်းပေးသည်၊ ခင်ခင်လတ် က မထိုင်ဘဲ မတ်တပ် ရပ်နေသည်၊ ကျမ မထိုင်တော့ဘူး၊ နှုတ်ဆက်ရအောင်လာပါတယ် ဟု ၀တ္တရား မပျက် ပြောပြီး ပြန်လာ ခဲ့သည်။

နောက်တနေ့မနက် "ကျား"သည် မနက်လဘက်ရည်သောက်ချိန်၌ ရောက်လာရာထိုအဖြစ်အပျက် ကို ခင်ခင်လတ် က "ကျား"ကြီးအား ပြောပြလိုက်သည်၊ ကျားကအားတုံ့အားနာကြီးဖြစ်သွားသည်၊ ရှေးခေတ် က မျက်နှာဖြူ အရာရှိများသည် လက်အောက်မြန်အရာရှိငယ်များက ဘုရားထူးဒူးတုပ် ရှိခိုး ခစားခြင်း၏ အရသာ ကိုသိနေသူများဖြစ်သည်၊ ဘုရားနာနာထူးပြီး ရှိခိုးဦးတင်လက်ဆောင်နှင့် ၀င်သူများအား ရာထူးများ တိုး, တိုး ပေးသွားတတ်သည်၊ ထို့ကြောင့်၎င်းဝန်ထောက်မှာလည်း လက်အောက်ခံ မြန်မာ အရာရှိ ကတော်များလာလျှင် ဤနည်းသာလက်ခံရသည်ဟု နားလည်ထား သူများဖြစ်ဟန်တူပေသည်၊

သို့သော်"ကျား"ကြီးက ဘယ်လိုဟိန်းဟောက် ကြိမ်းဝါးထားလိုက် သည်ဟု အတတ်မသိရသော်လည်း နောက်သုံးရက် မြောက်သောနေ့တွင် မိတ္ထီလာမြို့ရှိမိုင်ဒါကွင်း ကြီးထဲမှာ ပိုလိုရိုက်သော ပွဲကြီးပွဲကောင်း တခု၏ ရက်ချိန်းသို့ရောက်လာခဲ့သည်၊ ထိုပိုလို ရိုက်ပြိုင်ပွဲသို့ အထက်မြန်မာပြည်ရှိ မျက်နှာဖြူအရာရှိများ၊ အိန္ဒိယတိုင်းသား စစ်ကြပ်များ (၎င်းတို့မှာမြန်မာပြည်သိမ်းစဉ်က အိန္ဒိယက ပါလာ သူများဖြစ်၍ စစ်တပ်တွင်ရာထူးနှင့်ထားမြဲ ထားသည်) မြင်းစီးပိုလိုရိုက်ရာ၌ ပန်ချာပီစစ်ကြပ် များမှာ အထူး ကျွမ်းကျင် သူများဖြစ်သည်။

ထိုပိုလိုရိုက်ပွဲတွင် "ကျား"ကြီးကိုယ်တိုင်ဝင်နွှဲမည်ဖြစ်၏ ခင်ခင်လတ်အား လာကြည့်ရန်ပြောသည်။ ကိုမြတ်ကျော် ကတော့ အနီရောင်ရဲပိုးပုဆိုး၊ ရဲခေါင်းပေါင်းကွတ် အင်္ကျီအဖြူဘွတ်ဘိနပ်အနက်၊ ငွေရောင် ဒါးလွယ် စသော ရဲယူနီဖေါင်းအပြည့်အစုံဝတ်၍ ပွဲကြပ်ရန်တာဝန်ကျနေသူဖြစ်သည်။ (ထိုခေတ်က ရာဇ၀တ် ပုလိပ်ဘက်တွင် သူနီဖေါင်း ၂မျိုးထားသည်။ ရဲပုဆိုး၊ ရဲခေါင်းပေါင်း နှင့်တမျိုး၊ ကာကီရောင် ဘောင်းဘီ၊ အင်္ကျီဂေါ်ရခါးပုံ သက္ကလပ်အနက်၊ ခြေသလုံးပတ်တီး၊ ဘွတ်ဘိနပ်၊ ဒါးစလွယ်များနှင့် တမျိုး ထားသည်)။ သို့ကြောင့်ပွဲနေ့တွင် "ကျား"ကိုယ်တိုင် ခင်ခင်လတ်ကိုလာခေါ်ပြီး သူတို့မျက်နှာဖြူ အရာရှိကြီး တွေထိုင်သော ထိပ်တန်းအုပ်စုနေရာသို့ ရောက်သောအခါ သင်ဖြူးဝန်ထောက်ကြီး လင်မယား အနားရှိ သူ့ကုလားထိုင်ကို ထိုင်စေသည်။

မထိုင်ရခင် ၀န်ထောက်လင်မယားက ခင်ခင်လတ်အား ပြာပြာသလဲထနှုတ်ဆက်ယုံမက ၀န်ထောက် ကတော်က သူ့ပခုံးမှာဖြန့်တင်ထားသော သားမွေးတဘက်တို ကလေးကို ဘေးမှ ကုလားထိုင် တွင် ဖြန့်တင်ခင်း ပေးသည်။ သူ့တို့ကျူးလွန်မိသော အမှားကို ခွင့်လွှတ် စေနိုင်သောနည်းနှင့် ကြိုးစား ဟန်တူသည်။ ခင်ခင်လတ် မှာလည်း ဒီလိုအခါကျပြန်တော့ အားတုန့်အားနာကြီး ဖြစ်ရပြန် တော့၏ "ကျား"သည် ကြေနပ် ၀မ်းသာစွာနှင့် ထွက်သွားပြီး ပိုလိုကစားရန် မဒရပ်မြင်းကြီးပေါ်သို့ လွှားကနဲ တက်သွားလေပြီ။ သို့သော် အစိုးရ လခစားအလုပ်တွင် အစဉ်သဖြင့် ဤသို့အစိုးရ လခစားအလုပ်တွင် အစဉ်သဖြင့် ဤသို့ အဆင်ပြေနိုင်မည် မဟုတ်ကြောင်းကို ကြိုတင်တွေးတော ခြင်းလည်း မပြုသေးသော ငယ်ရွယ်သူ မာနရှင် များသာ ဖြစ်နေကြသေး၏။

ပုခက်တင်မင်္ဂလာ

ယင်းသို့ မတ္ထီလာမြို့၌နေထိုင်စဉ် ကိုမြတ်ကျော်၏ဇနီး ခင်ခင်လတ်မှာ ရင်သွေးရချိန်တိုင် ရောက်လာ ခဲ့ပါသည်။ မန္တလေးမြို့ရှိ မိဘများကလည်း ထုံးစံအတိုင်း ဗါရာဏသီချဲ့ကြပါပြီ၊ သားသ္မီးဦး ဖြစ်သော ကြောင့် မိဝေးဘဝေးတွင် မွေးဖွါးခြင်းကို စိတ်မချ။ မွေးဘွားမည့်ကလေးကို လည်းမန္တလေး နေပြည်တော် သူသာလျှင် ဖြစ်ရမည်ဟူသော ၀ါဒစွဲကြောင့် မိတ္ထီလာတွင် မမွေးမဖွါး ရဟုဆိုကာ သ္မီးကို လာရောက် ခေါ် ဆောင်သွားကြပါသည်။

ကိုမြတ်ကျော်မှာ ထိုအချိန်တွင် မန္တလေးနှင့်မိတ္ထီလာကို ကူးချီသန်းချီ အလုပ်တခု ပိုလာသည်။ မန္တလေး မသွား ရသောနေ့ အလုပ်ဝတ္တရား ရပ်နားချိန်ဆိုလျှင် သူ့အိမ်တွင်ဝယ်ထားသော မှန်စီရွှေချ ၀ါးပတ္တလား ကိုတလှဲ့၊ စန္ဒားယားတလှဲ့ တီးနေတတ်၏။ ထိုခေတ်ကပေါ်သော စန္ဒာယား ခေါ် ပီယာနို မှာ ယခုကဲ့သို့ ကုလားထိုင်နှင့် ထိုင်၍ တီးရပါသည်မဟုတ်ဘဲ ဖျာပေါ်တွင် တင်ပလင်ခွေ ထိုင်တီးရပါသည်။ မိန်းမ ယောကျာ်း ပရိသတ် နားထောင်သူများကလည်း ကော်ဇော သင်ဖြူး စသည်များ ပေါ်တွင် ကြုံ့ကြုံ့ ဒူးပဆစ်တုပ် ထိုင်ကြသဖြင့် ပီယာနို တီးသူ တို့အား အဂါရ၀မ ဖြစ်ရလေအောင်တပြေးတည်း ကြမ်းပြင် ပေါ်ချတီး ကြရခြင်းဖြစ်ပါသည်။ ထို့ကြောင့် "စန္ဒယား ထိုင်ဆိုအဖွဲ့"ဟူ၍လည်း ခေါ်ခဲ့ကြပါသည်။

ကိုမြတ်ကျော် သည် အတီးအမှုတ် ဂီတ ဘက်တွင် ၀ါသနာထုံသူဖြစ်၍ အစိုးရအလုပ်နှင့်သွားလေရာ တွင် မှန်စီရွှေချ ပတ္တလား တခုအမြဲပါသည်။ စန္ဒကတော့ မိတ္ထီလာရောက်မှ "ပီယားမားမက်"ခေါ် စူရတီ လူမျိုး သူဌေး တစ်ဦး ထံမှ ၀ယ်ယူခြင်းဖြစ်သည်။ (ထိုစန္ဒယားကြောင့် ရာထူးကိုထိခိုက်ပုံ နောက်ပိုင်းတွင်ပါ-ပါမည်)။ မဟာဂီတ၀င်သီချင်းကြီးသီချင်းခံမှန်သမျှကို ပညာသင်အဖြစ် နာမည်ခံ မှန်သမျှကို ပညာသင် အဖြစ် နာမည် ခံနေသူတို့နှင့် အတူယှဉ်၍ တီးနိုင်သူဖြစ်သည်။

နောက်တစ်ကြိမ် မန္တလေးမြို့သို့ သွားသောအခါ ကိုမြတ်ကျော်၏ ဇနီး ခင်ခင်လတ်မှာ သ္မီးကလေး မွေးဖွားချိန် နှင့် ကြုံသဖြင့် သားဦးရသော မိဘတို့ဓမ္မတာအတိုင်း အလွန်အကျူး ၀မ်းသာလျက် ရှိကြ သည်။ ထိုသ္မီးငယ် သည် ယခု စာရေးနေသူ ကျမ ပင်  ဖြစ်ပါတော့သည်။

ဤတွင် သ္မီးဦးနှင့် မြေဦးတို့အတွက် ဖခင်ကတမျိုး၊ ဘိုးဘွားနှင့်ပတ်ဝန်းကျင်က တသွယ်၊ အကျယ် ချဲ့၍ ငွေဖြုန်း ကြပြန်ပါသည်။ ဖခင်ဖြစ်သူဦးမြတ်ကျော်က မျက်နှာဖြူတို့အစားအသောက်အသုံး အဆောင် အနေအထိုင် မျိုးကိုမှ ကြိုက်နှစ်သက်သူဖြစ်သည့်အလျောက်၊ ထိုခေတ်ကမျက်နှာဖြူအရာရှိ များ အိမ်မှာသာ ငှားရမ်း သုံးစွဲစေခိုင်းလေ့ရှိသော ကုလားမအာယားကို လခကြီးပေး၍ ငှားသည်၊ ခလေး နှင့် ဆိုင်ရာ အ၀တ်အစား အသုံးအဆောင် မှန်သမျှ ကိုလည်း ၀ှိုက်တလေး အင် လိပ်တလော ကုမ္ပဏီ နှင့် ဘောင်ရာအင်ဆောင်ဒင် ပစ္စည်းများကိုသာ မှာယူအသုံးပြုသည်။

ဘိုးဘွားများ နှင့် သူတို့ပတ်ဝန်းကျင်ကတော့ မင်းစိုးမှုမတ်မျိုးဆိုင်ရာ နန်းတွင်း အစဉ်အလာအတိုင်း အသိုင်း အ၀ိုင်း များနှင့် ပုခက်တင်အခမ်းအနားကို ကျင်းပရမည်။ သူတို့၌လုပ်ရိုးလုပ်စဉ်လည်းရှိ သည်။ ဒါကိုလည်း ဦးမြတ်ကျော်က မငြင်း၊ ကောင်းသထက် ကောင်းတာတွေကိုသာ သူ့ဝါသနာ အတိုင်း စီစဉ် လေတော့၏ ။

ဤပုခက်တင် မင်္ဂလာ အခမ်းအနားမှာလည်း အခါတော်ကြား ဘုရင့် လက်ထက်က မင်းဆရာဗြဟ္မဏ ပုဏ္ဏားတော် များဖြစ်သူ ဦးစိန္ဒာ၊ ဦးက၀ိ စသည်တို့နှင့် ဘိသိက်သွန်းသည့် ပုဏ္ဏား(၈)ယောက် ထမင်း ခွန့် ထမင်းခံ စသော မင်းခမ်းမင်းနားတွေ ဧည့်ပရိတ်သတ်ထောင်နှင့်ချီ၍ ဘိတ်ပြီး မိန်းမဆိုလျှင် ခြုံပုဝါရှည်၊ ယောက်ကျား ဆိုလျှင် ပေါင်းပုဝါများ ကမ်းရသေးသည်။ အကျွေးအမွေးမှာ ထိုခေတ်က ထောပတ်ထမင်း နှင့် ကြက် ၀က်စသော ဟင်းစုံ အချိုအုပ်၊ အချဉ်အုပ်၊ လဘက်၊ ဆေးလိပ်၊ ရှလပတ် ရည် စသည်များကို မနက်စာ ရောညစာပါ အရှပယ်ကျွေးရသေးသည်။ ဧည့်ခံပွဲ၌ ထိုင်ဆို စန္ဒယားဝိုင်း၊ ညဉ့်ဧည့်ခံမှာ ဇာတ်ရုပ်သေး နှင့် အလွန်စရိတ်ကုန်ကျသော ချဲ့ထွင်မှုတရပ် ဖြစ်ပြီး ပုခက်တင်သော ခလေးငယ် အဘို့ ကိုလည်း ဘိုးဘွားမိဘဆွေမျိုးတို့က လက်ဖွဲ့သောပစ္စည်း ရွတ်ဆိုပြရသေးသည်။ ထိုစဉ်က ကျမ ကိုယ်တိုင် မှတ်မိသော အရွယ်မဟုတ်၍ မသိစေကာနောက် လူ မှန်းသိသောအခါလည်း နန်းတွင်းအဆက်အနွယ်တို့၌ လုပ်ရိုး လုပ်စဉ် ဖြစ်ကြောင်း အခြား ခလေးငယ်များ ပုခက်တင်ကြသည်ကို မျက်မြင် သိရှိ ရပါသေးသည်။

ဤနည်းဖြင့် ပြုဘွယ်ကိစ္စ အ၀၀များကို ဘိုးဘွားမိဘတို့ အားရကြေနပ်လောက်အောင် ပြုလုပ်ပြီး စီးသော အခါ မိတ္ထီလာမြို့သို့ ပြန်လာကြပါသည်၊ ကျားမင်းကြီးကာနယ်ဒီဘိုးသည် မနက် ၀င်လာသောအခါ ကုလားမ အားယား လက်က ခလေးလက်တွန်းလှည်း ကို ဆွဲယူ၍ အမိုးဖွင့်ကြည့်ရသော အလုပ်တခု တိုးလာ ပြန်ပါသည်။

တနှစ်ကနှစ်နှစ် ဆိုသလို အချိန်များပြောင်းရွေ့လာခဲ့လေသည်။ ထိုအတွင်း ကာနယ်ဒီဘိုးသည် ဆုံဆို့နာ ရောဂါ ဖြစ်လာသဖြင့် အခွင့်ယူ၍ဆေးကုရာ မှ မသက်သာဘဲ သေဆုံးသွားရှာတော့သည်။ နောက်ပိုင်းတွင် အလှည့်ကျ ပြောင်းရွေ့လာကြသော မျက်နှာဖြူရာဇ၀တ်ဝန်ကြီး ၀န်ကလေးတို့မှာ သဘောကောင်း သူလည်းရှိ၊ မကောင်းသူလည်းရှိသည်၊ ကျား မင်းကြီးလို မိတ္ထီလာတွင်အနေများ သော ပုလိပ်မင်းကြီးလည်း မရှိ တော့ချေ။

ဤတွင်ပြဿနာတခုပေါ်လာပါသည်။ အမလိုက် အင်စပိတ်တော်ဦးမြတ်ကျော်ကို မိတ္ထီလာမှာ သုံးနှစ်နီးပါး ကြာပြီဖြစ်၍ အခြားတနေရာသို့ပြောင်းရွေ့ရန်ဖြစ်ပါသည်။ သို့သော် အင်စပိတ်တော်ကြီး အဆင့် နှင့် တိုးမြှင့် ၍ တောင်ငူမြို့ သို့ ပြောင်းရန် အမိန့်ကျလာသည်။

မပြောင်းမှီ အိမ်ထောင်မှုပစ္စည်းတွေက ရာထူးနှင့်မလိုက်အောင် များပြားနေသည်။ စန္ဒယားကြီးနှင့် ထိုခေတ် က မျက်နှာဖြူများသာသုံးလေရှိသော ဗိုလ်သုံးဗိုလ်ဆောင် စာပွဲကုလားထိုင် ဘီရိုစသည် တို့အား မသယ်နိုင် မပိုးနိုင်ဖြစ်နေသည်။ သည်တော့ဒါတွေကိုဘိလပ်သား အရာရှိကြီးများ နယ်ပြောင်းရွှေ့ သည့်အခါ လုပ်သလို လေလံတင်ရောင်းပစ်ရသည်။ ပစ္စည်းကများလွန်းသော ရုတ်တရက် ကိစ္စ မပြီး တော့ပြီ၊ သို့ကြောင့် တောင်ငူမြို့ကို ခန့်ထားရက်အချိန်မှီ မရောက်နိုင်ရုံမက လူသစ် မျက်နှာဖြူ ၀န်ထောက် က ရာထူးသေးငယ်သော မြန်မာအရာရှိကလေးတစ်ဦးက ဘိလပ်သားလို နေနိုင်သည်ကို သ၀န်တို နေခဲ့ရာတွင် သူတို့ပင်မထားနိုင်သော စန္ဒယားသံကြောင့် ရန်ငြိုးသိုကာ အပြစ် ရှာကွက် တခု ရလာသဖြင့် တောင်ငူမြို့ကို အမြန် လူစားထိုး ပို့လိုက်ပြီး ထိုခေတ်က ငှက်ဖျားမိတတ်သည်ဟု ဘယ်သူမှ မသွားလို၍ ပြန်လမ်းမရှိဆိုသော မိုးကုတ်မြို့သို့ မူလ ရာထူးနှင့်ပို့လိုက်ပါတော့သည်။

သို့သော် ဦးမြတ်ကျော် ကတော့ မကြောက်ပါ၊ လူကြီးတွေက ပူပင်ကြောင့်ကြသည့် တိုင်အောင် သူ့ဇနီးနှင့် သမီးငယ် အတွက် မစိုးရိမ်ပါ။ ငှက်ဖျားရောဂါ ကာကွယ်နည်းကို သူက ခေတ်မီစွာ သိပြီးသား ဖြစ်သည်။ ထိုအချိန်က မိုးကုတ်မြို့သို့သွားရသည်မှာလည်း မလွယ်ကူပါ။ ရေလမ်းမှ သပိတ်ကျဉ်း မြို့အထိ သွား၍ ထိုမှတဖန်ကားလမ်းမပေါက်သေးသောကြောင့် ကြပ်ပြင်ရွာမှနေ၍ ကျောက်တောင် ကျောက်ကမ္ဘား ပေါင်း များစွာ တို့အား ဖြတ်ကျော် သွားရသည်။

တောင်ကမ္ဘာယံစောင်း များ၏ တဘက်မှနက်ရှိုင်းသော ချောက်ကြီးများက သေမင်းခံတွင်းကြီး ဟထား သလိုရှိ၍ ခြေချော်, လက်ချော်တချက်လွဲသွားလျှင် တခါတည်းကိစ္စတုံးသွားနိုင်သည်၊ သို့ကြောင့် တောင်တက်ရာ ၌ ခြေကုတ် အလွန်မြဲသော လားဝန်တင်သမားများကို ငှားရမ်း သွားရသည်။ သေတ္တာ ပစ္စည်း၊ အိပ်ရာလိပ်များကို လားဝန်တင်ပေါ်တင်၍ လူတကိုယ်စီး၍ လားဝန်တင် မိုင်းသားအမျိုးသားတို့က အောက်မှဆွဲယူထိန်းသွားရသည်။ ကျမ၏ ဖခင်သည်သ္မီးငယ်ကို ရင်ဝယ် ပိုက်လျက် အ၀တ်နှင့်သိုင်းပြီး လားဝန်တင်မှာ စီး၍ မိခင်ဖြစ်သူက ရှမ်းဘောင်းဘီပွကြီးဝတ်ခါ လားဝန်တင်ပေါ် ထိုင်လိုက်ရသည်ဟု နောင်သော အခါ သူတို့၏စွန့်စားခန်းကို ပြန်လည်ပြောကြား သဖြင့် မှတ်သားခဲ့ရပါသည်။

မိုးကုတ်မြို့သို့ ရောက်၍ အနေအထိုင်ကျ သွားသောအခါ၊ သူတို့ အလွန်ပျော်ကြသည်ဟု ဆိုပါသည်။ မိုးကုတ်မြို့မှာ သံပုရာပိုင်းခေါ်သော ဒယ်အိုးကဲ့သို့မြေကွက်ပြန့်ပြန့်မှာ တောင်များဝိုင်းရံပတ်လည် နေသော မြို့ဖြစ်၍၊ အစိုးရပိုင်ကလူများအဘို့၊ တောင်ကမ္ဘာရံအမြင့်ပိုင်းတွင် ရာထူးဌာနအလိုက် အိမ်များ ကို အကြီးအသေး အရွယ်အမျိုးမျိုး ဆောက်လုပ်ပေးထားသည်။ ဈေးမှာ၅-ရက်မှတဈေးရှိ၍ တောင်ပေါ်ပိုင်း မှ မိုင်းသာလီရှော စသော အမျိုးသားအမျိုးသမီးများသည်၊ တောတောင်အတွင်းမှ ရှာဖွေရရှိသော သစ်ဥသစ်သီးများ နှင့် ၎င်းတို့ကိုယ်တိုင် စိုက်ပျိုး လုပ်ကိုင်သော သီးနှံများကို ဈေးနေ့ တိုင်း လာရောက် ရောင်းပြီးလျှင် အပြန်တွင် သူတို့ကြိုက်တတ်သော အစားအစာ၊ အသုံးအဆောင် များကို အင်အား အလျှောက် ၀ယ်ယူကာ တောင်ပေါ်ပိုင်းသို့ ပြန်တက်လာကြသဖြင့် ဈေးနေ့တိုင်း တောင်ဆင်း တောင်တက် အထမ်းသမား တွေသည် အမြင့်ပိုင်းတွင်နေထိုင်ကြသော အရာရှိကြီးငယ် တို့၏ အိမ်များမှ ရှုခင်း တရပ် အနေနှင့် အလွန်ကြည့်ကောင်းနေသည်။

တောင်ဆွယ်မှ ကောက်ကောက် ကွေ့ကွေ့ ဆင်းသွား သော မြေနီလမ်းကလေး သည် လူနေ အိမ်ခြေ များသော ရပ်ကွက်နှင့်ဈေးအနီးတွင် လျှိုးဝင် ပျောက်ကွယ် သွားပြီးနောက်၊ မြို့၏တနေရာ၌ တည်ရှိသော ရေကန်ကြီးတစ်ခုက ရေပြင်ဖွေးဖွေးတွင် လူတွေ လှုပ်လှုပ်ယွယွဆင်းပြီး တစုံတခု တကုန်းကုန်း ရှာဖွေနေကြသော လူအုပ်တစု ကို တွေ့မြင်နိုင် လေသည်။

ရေကန်ထဲတွင် လုံချည်ဒူးထိမြှင့်ဝတ်သော ရှမ်း၊ လီရှော၊ မိုင်းသာ စသည် အမျိုးသမီးများ၏ အလုပ်မှာ ပုတ်တော ခေါ် တဘက်ဖွင့် စကောခွက်ငယ်နှင့် ရေထည်းမှ ကျောက်ခဲသလဲ များကို ကော်ယူပြီး အတွင်းမှာ မွှေနှောက် ရှာဖွေလျှင် ပတ္တမြားကျောက်နီများ ကံကောင်းလျှင် ၁၀ိ-၁၅ိတန် မှ ၅၀ိ-၁၀၀ိ တန် အထိ ရရှိ တတ်သဖြင့် သူ့ထက်ငါရှာဖွေလုပ်ကို စားသောက်ကြခြင်း ဖြစ်သည်၊ မိုးကုတ်မြို့မှာ ပတ္တမြား ကျောက်နီ၊ နီလာများ ထွက်ရာ ရတနာမြေ ဖြစ်၍ ထိုအချိန်ကပြင်သစ်လူမျိုးများက လက်ဝါ ကြီးအုပ်၍ တူးဖေါ် ယူငင် လျက်ရှိသည်။

သူတို့မလိုချင်သော ကျောက်မဲသလဲနှင့် ကျောက်ဖြုံးများကို ရေပိုက်နှင့်မှုတ်ထုတ်လိုက်ရာ အဆိုပါ ရေကန်ကြီး အတွင်းသို့ ရေနှင့်ကျောက်ခဲအဖြုံးများ ပါလာသည်ကို ထိုရတနာမြေနယ်ဇာတိ လူတန်းစား များက (ကောက်သိမ်းကောက်) သလို ရှာဖွေစားသောက်ရခြင်း ဖြစ်သည်။ ၎င်းပြင် ထိုခေတ်ဆီက မိုးကုတ် တမြို့လုံး၏ အလုပ်သည် ပတ္တမြားကျောက်နီများ ရောင်းဝယ်ခြင်း ပင်ဖြစ်ပါ သည်။

ရာသီဥတုသည် အလွန်အေး၍ အနွေးထည်များကိုသာ အမြဲဝတ်ရသည်၊ ဆောင်းတွင်း၌ ရေများခဲ လေ့ ရှိသည်၊ ဦးမြတ်ကျော်သည် တခါတရံ ထမင်းစားပွဲ ကျွေးတတ်သည်မှ တပါး တခြား သုံးဖြုန်းရန် မရှိ တော့သော အရပ် ဖြစ်၍ ဇနီးသည်ခင်ခင်လတ်က သိမ်းထုပ်ဥစ္စာဆိုသော စကားအတိုင်းပိုသမျှ ငွေကို ပတ္တမြား ကျောက်နီကောင်းများကို စုဆောင်း ၀ယ်ယူလျက် နေတတ်ပါသည်၊ ကျမသည် မိုးကုတ်မြို့ကို ရောက်စက မသိ မမှတ်မိ တတ်သော အရွယ်ဖြစ်စေကာမူ နောက် တနှစ်ကျော်ခန့် ကြာလာသောအခါ မိုးကုတ်မြို့ ၏ အနေအထားနှင့် ရံဖန်ရံခါ သွားလာ နေထိုင်လှုပ်ရှားမှုများကို အိမ်မက် ပမာ တရေးရေး မှတ်မိ တတ်သော အသိတရား ၀င်လာပါသည်။

ညနေပိုင်း ဖခင်ရုံးပြန်လာသောအခါ တောင်ဆွယ်အစဆီမှ  ချီပိုးထားသော ကုလားမအထိန်းနှင့် အတူ ဆီးကြို ပုံများကို၎င်း၊ တခါတရံရေကန်မှာ ကျောက်ရှာသူလူတစုကို သွားရောက်ကြည့်ရှု ၍၎င်း တခါတရံ ရုံးအား သောနေ့များ၌ အိမ်နောက်ဘက်ရှိ တောင်အမြင့်ပိုင်းသို့ ဖခင်နှင့် အတူ တောတက်သွား ရင်း တောတွင်းရှိ ဒေါင်း, ရစ်, ခါ, တောကြက် ကလေးများ၏ အသိုက်မှ အကောင်ပေါက်စ ကလေး များကို ကိုင်တွယ် ကစားခြင်း စသည်များ လောက်သာ ခလေးဘဝ မှတ်မိသိရှိရပါသည်။

ဝိုးတဝါး လူ့ဘဝမှ မှတ်မိသမျှ ဆက်ရန်
.

No comments: