Friday, April 30, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၄)
သားသ္မီး အချင်းချင်း ကစားခုန်စားရာမှ ခလေးချင်းဖြစ်သော ရန်ပွဲမှာမကြာခဏ လူကြီးချင်းသို့ပါ ကူးစပ် လျက် ခိုက်ရန် ဖြစ်ကြရပြန်လေ၏ ခလေးအတွက်နှင့် မိန်းမ ၂ယောက်ဖြစ်ရသော ရန်ပွဲမှာ တခါလည်း မဟုတ် ၂ခါလည်းမဟုတ် အခါတရာမက အမြဲဖြစ်ပွား၍သာနေလေတော့ရာ ၀မ်းလန်းမှာ စိတ်ချမ်းသာမှူကို မတွေ့ စိတ်ညစ်မှူဖြင့်သာ အချိန်ကုန်ရလေတော့၏။
တခါတရံ မိန်းမ၂ယောက်မျက်နှာချင်း ဆိုင်မိလျှင် မျက်စောင်းတခဲခဲနှင့် နှုတ်ခမ်းတွေ စူပွလာလျက် နန်းအန် ၏ မိန်းမက အိမ်မှာ ဒီလိုမျက်နှာပြောင်တဲ့ အရှက်မရှိ အမျိုးညံ့မိန်းမ၁ယောက်ရှိနေတာ သိပ်ရင်လေး တာဘဲ ဒါကြောင့်ဟိုက ၀က်သားနီတုံးနှင့် တူတယ်လို့်ပြောသွားတာ ဒါနဲ့တောာင်မရှက်ဘူး ပြန်ရယ် လိုက်သေး စားလိုက်လျှင် နန်းဝင်၏မိန်းမက ပြန်၍ ဒါသက်သက်မနာလိုတာ သူ့ကိုရစရာမရှိတဲ့ ငါးဟင်း နဲ့နှိုင်းသွား ဒါနဲ့ လူကိုသက်သက် မနာလိုဝန်တိုနေတာဘဲဟု ပြန်ပြောရာမှ တယောက်မျက်နှာကို တယောက် ကုပ်တော့မလို ဖဲ့တော့မလို မျက်နှာမျိုးဖြင့် ကြည့်ကြလေ၏ သို့သော်နန်းအင်၏ မိန်းမမှာ တောသူ နှင့်ဖက်၍ရန်မဖြစ်လိုဟူသော သဘောမျိုးဖြင့် ရှောင်သွားတက်ခြင်းဖြင့် ဖက်သတ်ရသည့် အခြေ သို့ မရောက်ဘဲ မျက်စောင်းထိုး နှုတ်ခမ်းစူ ရန်ပွဲဖြင့်ပင် ပီးသွားတက်လေ၏ ။
သို့သော် ကလေးများအတူရော၍ ကစားမည်ပြုပြန်လျှင် နန်းအင်၏ မိန်းမ က သူ့ကလေးများအား အောက် မဆင်း နဲ့ ဒီအမျိုးညံ့ ကလေးတွေနဲ့ သွားမကစား နဲ့ ဟု တဖက်သား မခံချင်အောင် ရန်စပြန် လေ၏ ထိုအခါ နန်းဝင်၏မိန်းမကလည်း သူ့ခလေးများအား "ဒီမြွေပွေးကလေးတွေနဲ့ သွားမစား နဲ့ လို့ပြောနေ နင်တို့ကိုကိုက်လွှတ်လိုက်လိမ့်မယ် ဟိုက"ဟု ပြန်၍လက်တုန့်ချေ ပြန်လေ၏
ဤသို့ဖြင့် မိန်းမ ၂ယောက်မှာ တစောင်းမဲမဲအကဲတကြည့်ကြည့်နှင့် ဝှေ့တော့ရန် စောင်နေသော နွား ၂ ကောင်လို ဖြစ်၍နေလေ၏ မိန်းမအချင်းချင်း မတည့်သောအခါ ညီအစ်ကိုအချင်းချင်းလည်းမုန်း၍ လာကြ လေ၏။
နန်းအင်က ညီနန်းဝင်တောသူကိုဟူ၍ မိမိတို့ဂုဏ်နိမ့်ကျသည်ဟုထင်၏ ဘခင်ဖြစ်သူက ငွေရေး ကြေးရေး ကိစ္စ နန်းဝင် ကို လွှဲထားသည်ကိုလည်း သဘောမကျ မရှုစိမ့်နိုင်ပေ။
ဝမ်လန်း ပို၍ စိတ်ညစ်ရသည့် အကြောင်းတခုကား အစေခံမကလေး မယ်သစ်ကို ကြာပဒုံမျက်မုန်း ကျိုး နေသည့်ကိစ္စဖြစ်ပေ၏ မယ်သစ်မှာ ကြာပဒုံ စိတ်ပြေ ပါစေတော့ဟု မူလ က ထက် ပို၍ခယ၀ပ်တွား ကြိုးစား ပြုစုသော်လည်း ကြာပဒုံမှာ ဒေါသမပြေ မယ်သစ်ကို မုန်းမြဲမုန်းနေလေ၏။
၎င်းမှာ အိုလင် ၏ ၀ဋ်ပြန်၍လည်နေလေ၏ မယ်သစ်ကို ၀မ်လန်းနှင့် စိတ်မချ နိုင်အောင်ဖြစ်လျက် အမြဲ မနာလို ၀န်တို နေပြန်လေ၏ အခန်းထဲ၌ မယ်သစ်ရှိခိုက် ၀မ်လန်းဝင်လာလျှင် မယ်သစ်ကိုနှင်၍ပစ်၏ ထိုနောက် ၀မ်လန်းအား မယ်သစ်နှင့်အမျိုးမျိုး စွပ်စွဲပြောဆို၏ ။
ဤသို့ စွပ်စွဲခြင်း မှာ ၀မ်လန်း၏စိတ်ကို နှိုးဆ၍ပေးသလိုဖြစ်လေ၏ အစက၀မ်လန်းမှာ မယ်သစ် အပေါ်တွင် ရိုးသားဖြူစင် သော မေတ္တာဖြင့်သာ သနားမိ၏ ကြာပဒုံက ဆွပေးလိုက် သောအခါ တောင်တောင် အီအီ တွေးတော ၍ လာမိလေသည်။
မယ်သစ် မှာ အလွန်ချောသော မိန်းခလေး တယောက်ဖြစ်ကြောင်း ကိုလည်း သတိပြုမိလာလေ၏။
ကြာပဒုံ ကား အဘိုးကြီးအိုတွေ သေခါနီး ရိက္ခာယူတတ်သည့် အလေ့ကို နားလည်သိရှိသူဖြစ်လေရာ မယ်သစ် ကို ဟော်တယ်သို့ ရောင်းစား ပစ်လိုက်မည်ဟု ပြောလေ၏ သို့သော် ဥသြမယ်မှာ အသက် ကြီးလာခဲ့ပြီ ဖြစ်၍ ခိုင်း၍စီ၍ ဟန်မကျဖြစ်နေပြီး မယ်သစ်သာ မိမိ၏အလိုတော်ကို တချက်မလစ် အောင် အရိပ်ကြည့် ၍ ပြုစုနိုင်သူဖြစ်နေပြန်သောကြောင့် ကြာပဒုံမှာ အခက်ကြုံ၍ နေပြန်လေသည်၊ သို့ဖြစ်လေရာ ကြံရာမရ ခေါင်းရှုပ်လျက် ခေါင်းရှုပ်တိုင်း စိတ်တိုကာ မုန်ယိုသော ဆင်မအိုကြီးလို စိတ်ခက်ထန် ၍ နေလေ၏ ။
စိတ်ညစ်စရာ အကြောင်းတခု ထပ်၍ပေါ်လာပြန်ခြင်းကား ၀မ်လန်း၏ သားအငယ်ဆုံးမှာ တဏှာရှုး မောင်စစ်သား တို့ လူစုအိမ်၌အနေကြာသွားသည့်အခိုက် စာသင်ချင်စိတ်မှ စစ်သားဖြစ်လိုစိတ် ပြောင်း သွားခြင်း ဖြစ်လေ၏ ၎င်း၏ဆရာထံမှ စစ်ပွဲများအကြောင်းပါသော စာအုပ်များကို တောင်းယူ ဘတ်ရှု၍ နေလေ၏ ဆရာကစစ်ပွဲများအကြောင်းပြောလျှင် စိတ်ဝင်စူးစိုက်၍ နားထောင်နေလေ၏ တနေ့ သ၌ ၀မ်လန်းထံသို့ ရောက်လာပြီး "အဖေကျွန်တော်စစ်ထဲဝင်ပီး စစ်တိုက်သွားချင်တယ်"ဟု လာရောက် ပြောဆိုလေ၏ ဤအကြောင်း ကို ကြားရသောအခါ ၀မ်လန်းမှာ ကြီးစွာစိတ်ပျက်သွားလျက်
"ဘာအရူး ထပြန်တာလဲ ဒီသားရေးသ္မီးရေးကိစ္စတွေချည်း တနေ့တနေ့ စိတ်မချမ်းသာအောင် လာလာ နှောင့်ယှက် နေတယ်၊ ငါဘယ်တော့ ဒီဝတ်ကကျွတ်ရပါ့မလဲ"ဟု ပြန်၍အော်လေ၏။ နက် မှောင် ထူထဲသော မျက်ခုန်းမွှေးကြီး တွေ ကြုတ်သွားလျက် စိတ်အလိုမပြည့်ဖြစ်သွားသောသားကို တွေ့ရသောအခါ မျက်နှာ ကို ပြောင်းလိုက်ပြီး ချော့ရ ပြန်လေ၏။
"သားရာ ရှေးလူကြီးတွေ ပြောစကားရှိတယ် သံကောင်းဆိုတာ နေရာတကာမှာ အသုံးမချရဘူးတဲ့ ငါ့သား ဟာ လူလိမ်မာကလေးဖြစ်ပါတယ် ငါ့သား စစ်မြေပြင်ထွက်နေတဲ့အချိန်မှာ အဖေ ဘယ့်နှယ် လုပ် အိပ်ပျော် နိုင်ပါ့မလဲ သားရယ်"
သို့သော် သားတော်မောင်ကား သူ့စိတ်ကိုသူ ဆုံးဖြတ်ပြီးသားဖြန်နေလေ၏။
"ဘာပြောပြော ကျွန်တော်တော့ စစ်ထဲလိုက်မှာဘဲ"
စစ်ထဲ တော့ မလိုက်ပါနဲ့  သားရယ် သားဘယ်ကျောင်းသွားချင်သလဲပြော အဖေပို့မယ် အောက်အရပ်က ကျောင်းကြီး တွေကို သွားချင်သလား နိုင်ငံခြားကကျောင်းတွေကိုဘဲ သွားနေချင်သလား အဖေလွှတ်မယ် သားသဘော ကျတဲ့ ကျောင်းကိုသာပြော။ သားငယ်က ခတ်မဆတ်နေလေ၏။
"အဖေ့ကို ပြောပြစမ်းပါကွယ်၊ မင်းဘာပြုလို့ ဒါလောက်တောင် စစ်သားဖြစ်ချင်ရတာလဲ"
ထိုအခါ သူငယ်၏မျက်လုံးများသည် တောက်ပြောင်လာလျက်-
"ကျွန်တော် တို့မကြားဘူးတဲ့ စစ်ကြီးတခုဖြစ်လိမ့်မယ်အဖေ အဲဒီစစ်ကြီးမှာ ကျွန်တော်ဝင်တိုက်ချင် တယ် ဒါမှ လွတ်လပ်ရေး ရမယ်"
"လွတ်လပ်ရေး မင်းပြောတာ ငါနားမလည်ဘူးလားရာ ဒို့လယ်တွေ ဒို့မြေတွေဟာ အခုလွတ်လပ်ပြီး သား မဟုတ်လား ဒို့ပိုင်ပြီးသားမဟုတ်လား ဒါကြောင့်ဘဲ ငါပိုင်လို့ ငါအခု ငါသဘောကျတဲ့လူ ငါလယ်ငှား ချထားတယ် မဟုတ်လား နှစ်တိုင်းနှစ်တိုင်း ဒီလယ်တွေက ငါပိုက်ဆံရတယ်၊ စပါးရတယ်  ဂျုံရတယ် ဒါတွေ ကို မင်းတို့အခုစားနေရတယ်မဟုတ်လား၊ ဒီလယ်တွေကရတဲ့ပိုက်ဆံနဲ့ မင်းတို့အခု ၀တ်နေ ရတယ် မဟုတ်လား ဒါထက်ပိုပီး ဘယ်လိုလွတ်လပ်ရေးမျိုးများ လိုချင်သေးလို့လဲကွ"
"အို..... အဖေနားမလည်ပါဘူး အဖေဟာ အိုလှပီ ဒါတွေနားမလည်ပါဘူး"
ဝမ်လန်း သည် သားတော်မောင်ကိုကြည့်လျက် စဉ်းစားနေလေ၏။ ၄င်း၏စိတ်ထဲတွင် ထိုသားအား လယ်အလုပ် ကိုသာ လုပ်စေချင်၏။
"မင်းကို ငါမကြာခင် မိန်းမပေးစားမယ်"
"ဒီတော့ ကျွန်တော်ထွက်ပြေးမှာပေါ့ ကျွန်တော့်ကို အစ်ကိုကြီး နန်းအင်လို မိန်းမ မက်တဲ့ကောင်မျိုး မှတ်လို့ လား"
"အေးလေ အေးပါလေ မဟုတ်ပါဘူး မပေးစားပါဘူး မင်းမလိုချင်သေးရင် မပေးစားပါဘူး ငါပြောတာ က ကျွန်မ ကလေး တယောက်ယောက်"
"ကျွန်တော့်ကို ဒီပြင်လူတွေလို မမှတ်လိုက်ပါနဲ့ အဖေ၊ ဒါမျိုးတွေ ၀ါသနာမပါဘူး၊ ကျွန်တော့်မှာ အကြံ ရှိတယ်၊ ကျွန်တော် ကျော်ဇောခြင်းဆိုတဲ့ ဂုဏ်တခုဘဲလိုချင်တယ်၊ အဲဒီဂုဏ်မျိုးက ရှားတယ် မိန်းမတွေက ပေါတယ်"
ဤသို့ ပြောရာက တစုံတရာကို ရုတ်တရက် သတိရသကဲ့သို့-
"အိမ်မှာရှိတဲ့ ကျွန်မတွေလောက် အရုပ်ဆိုးတာ ဘယ်မှာမှ မတွေ့ဘူးဘူး၊ မယ်သစ် တယောက်ဘဲ တော်တော် ရှိတယ်"ဟု ပြောလိုက်လေ၏။
ဝမ်လန်း၏ စိတ်ထဲတွင် ထိုစကားကို ကြားလိုက်ရသောအခါ မခံချင်သလိုလို မနာလိုချင်သလိုလို ဖြစ် ၍ သွားလေ၏။ သက်ရွယ်ပင် အိုသထက် အိုသွားသည်ဟု ထင်လိုက်မိလေ၏။ သားကိုပြန်ကြည့် လိုက်သော အခါ ငယ်ရွယ်နုပျိုသော အဆင်းကို မြင်ရလေ၏၊ ထိုအခါ စိတ်ထဲတွင် သာ၍လေးသွား လေ၏။
"ဒီ ကျွန်မတွေကို ထည့်မပြောနဲ့ တော်တော့ ငါ့အိမ်မှာ ငါ့သားတွေ ကျွန်မနဲ့ ရှုပ်ရှုပ်ပွေပွေလုပ်တာ မကြိုက်ဘူး" ဟု ပြောလိုက်မိလေ၏။
ထိုအခါ သားဖြစ်သူက မျက်ခုန်းကိုပင့်ပြီး ပခုန်းကိုတွန့်လျက်-
"နို့ အဖေဘဲ ဒီစကားကို စပြောတာ ပါကလား"ဟု ပြန်ပြောပြီးလျှင် ချာကနဲ လှည့်ထွက်သွားလေရာ ၀မ်လန်းမှာ တယောက်တည်း ဒေါကြီးလျက် ကျန်ရစ်ခဲ့လေ၏။
"အို.... ငါဘယ်တော့်မှ ဒီဒုက္ခတွေနဲ့ လွတ်ပါ့မလဲ"ဟု ညည်းရာက သူ့မျက်စိထဲတွင် လှပသော မယ် သစ်၏ မျက်နှာ ကို မြင်၍နေလေ၏။
သုံးဆဲ့သုံး
တညတ၌ ၀မ်လန်းသည် ပန်းပင်တပင်အောက်၌ ထိုင်နေရင်းညဥ့်၏အရသာကိုခံ၍ နေလေ၏။ ထိုညမှာ ခါနွေဆန်းစညတညဖြစ်ရကား လေအေးသည် သင်းပြန့်သော ပန်းယနံ့များကိုဆောင် လျက် တသုံသုံ မြူးလျက် ရှိလေ၏ ၀မ်လန်းမှာ ထိုယနံ့များကို ရူရှိုက်ရသောအခါ ည၏တိတ်ဆိတ် ခြင်း၌ စိတ်ပျို ကိုယ်နု ၍လာလေ၏ အတော်ညဉ့်နက်လာသော်လည်း ထိုင်ရာမှမထဘဲ လောက သစ်၌ စိတ်ပျော်၍နေလေ၏။
ထိုခဏ၌ ၎င်း၏အနီးမှဖြတ်သွားသော သဏ္ဍာန်တခုကို အမှောင်ထဲ၌ မထင်မရှားမြင်ရလေ၏ ထိုသဏ္ဍာန် မှာ မယ်သစ်ဖြစ်လေ၏
"မယ်သစ်" ဟု လေသံဖြင့်လှမ်းခေါ်လိုက်ရာ မယ်သစ်သည် လှုပ်ရှားနေရာမှ ရပ်၍သွားလေ၏ ထို့နောက် အသံ ထွက်ပေါ်လာရာဆီသို့ ခေါင်းကလေးငဲ့လျက် ဆက်လက်နားစွင့်နေသည်ကို တွေ့ရလေ၏
"မယ်သစ် ဒီလာစမ်းခဏ" ၀မ်လန်းက ထပ်၍ခေါ်လိုက်သည်တွင် မယ်သစ်သည် သူဌေးကြီးဖြစ်ကြောင်း သိသွား လျက် ကြောက်ကြောက်ရွံ့ရွံ့နှင့် အနားသို့ကပ်လာပြီး ရပ်နေလေ၏ မှောင်လွန်းသဖြင့် ၀မ်လန်းမှာ မယ်သစ် ၏ သဏ္ဍာန်ကောင်းစွာမမြင်ရပေ၊ သို့သော် နီးကပ်စွာရပ်နေရကား မယ်သစ်၏အကျီစကို လှမ်းဆွဲ လိုက်ပြီး တုန်လှုပ်နေသောအသံဖြင့်-
"ခလေး" ဟု ခေါ်လိုက်လေ၏။
ဝမ်လန်း မှာ ရှေ့သို့စကားမဆက်နိုင်ဘဲ ရှိလေ၏ မိမိလိပ်ပြာကို မိမိရှက်၍ လာလေ၏ "ငါ့အဘိုးကြီးပါ ကလား ငါ့လိုသားတွေမြေးတွေနဲ့ လူတယောက်က ဒါမျိုးလုပ်ဘို့တော်ပါ့မလား၊ ဂုဏ်ပျက်စရာ အလုပ် တခု ကို ငါလုပ်မိပါကလား"ဟု စိတ်ထဲ၌ချီတုံချတုံဖြစ်ရင်း ၎င်း၏လက်များမှာ မယ်သစ်အကျီ စကို ကစား၍ နေလေ၏။ မယ်သစ်ကာ ကြောက်ကြောက်နှင့် ရပ်၍နေရာမှ ၀မ်လန်း၏ကိုယ်မှ ပူနွေးသောအငွေ့ကို ခံစား နေရ သောအခါ နေ၏ဒဏ်ကိုမခံနိုင်သဖြင့် ညိုးကျသွားသော ပန်းပွင့်လို မတ်တတ်မှဆောင့်ကြောင့်ထိုင် ၍ ကျသွား လေ၏။
"ခလေး"
ဝမ်လန်း၏အသံ နောက်ထပ်ထွက်ပေါ်လာပြန်လေ၏
"ခလေး-ငါအိုလှပီနော်-သိပ်အိုနေပီ"
ထိုအခါ မယ်သစ်သည် လှုပ်ရှား၍လာလေ၏။
"မယ်သစ် တော့ အဘိုးကြီးအိုမှ ကြိုက်တယ်၊ အဘိုးကြီးတွေဟာ သိပ်ကြင်နာတတ်တယ်"ဟု ပြန်ပြော လေ၏ ဤစကားကို ကြားရသောအခါ ၀မ်လန်းသည် မယ်သစ်အပေါ် အနည်းငယ်ငုံ့လိုက် ပြီး-
"မင်းလို ခလေးမကလေးမျိုးဟာ အရပ်မြင့်မြင့်နဲ့ အသက်ငယ်ငယ် လူပျိုကလေးတယောက်နဲ့မှ လိုက်တယ်" ဟု ပြောလိုက်ပြီးစိတ်ထဲကမူ အသံမထွက်ဘဲ "ငါ့သားအငယ်မျိုးကလေးလိုဟာမျိုး"ဟု ဖြည့်စွက်၍ ထည့်လိုက်လေ၏၊ ဖွင့်၍ကား မပြောရဲပေ၊ ပြောလိုက်လျှင် မယ်သစ်စိတ် တိမ်းညွှတ် သွားမည် ကို စိုးမိလေ၏ သို့သော် မယ်သစ်က...
"လူငယ် တွေဟာ အကြင်နာစိတ်မရှိဘူး အင်မတန်ကြမ်းတမ်းတယ်"ဟု ပြန်ပြောလေ၏။
ထိုအခါ မျိုသိပ်အောင့်အီး၍ ထားရသော ၀မ်လန်း၏ မေတ္တာရေအိုး မှာ လောက်စာလုံး ထိမှန်လိုက် သလို ဗြုန်းခနဲ ပေါက်ကွဲလျက် ခြေထောက်ရင်းတွင် ကြုံ့ကြုံ့ကလေး ထိုင်နေသော မယ်သစ်အပေါ် သို့ ဖိတ်စင် ၍ ကျလေ၏ မယ်သစ်၏လက်ကလေးကို ကောက်ဆွဲလိုက်ပြီး သူ့အခန်းထဲသို့ ခေါ်သွားလေ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၉၂)
နှစ်ပေါင်း ၆၀အတွင်းမှ ကဏ္ဍ
ယင်းသို့ ဂျပန်တခေတ်လုံး ဗုံးကြား စက်သေနတ်ကြားတွင် စီးပွားရှာခဲ့ကြသည်။ ရန်ကုန်မြို့ထည်း၌ မည်သူ မျှ မနေ၀ံ့ ကျောင်းကြိုကျောင်းကြား၊ ဘုရားကြိုဘုရားကြားနှင့် မြို့စွန်ရပ်ဖျားများတွင် သင့်သလို ခိုအောင်း နေကြသော စစ်အတွင်း ဂျပန်ခေတ်ဖြစ်၍ လူအများတို့ အစားအသောက် အနေအထိုင် ကြပ်တည်း ဆင်းရဲချိန် တွင် ဆွေမျိုး မိတ်ဆွေ တပည့်လက်သားအများ အိမ်ထောင် သည်အများ စုစုပေါင်း လူလေးဆယ်၊ ငါးဆယ်ခန့်တို့အား ကျမအိမ်ပေါ်နှင့် ရှစ်ခန်းတွဲရှိ နောက်ဖေးတန်းလျား ရှည်ကြီးပါမကျန် ခေါ်ယူ တင်ထား၍ ကျွေးမွေးစောင့်ရှောက် ကူညီခဲ့သည်။ ခိုကိုးစေခဲ့သည်။ ကျမအိမ်မှာ အဆင့် အတန်းမြင့် သော ဒုက္ခသည်စခန်းတခုကဲ့သို့ ဖြစ်နေခဲ့ပါသည်။
ကျမ၏ အဓိဋ္ဌာန်ချက် စေတနာမှာ ကျောင်းကန်ဘုရား တည်ထား ဆောက်လုပ် လှူဒါန်းသာ အလှူ ဒါနမျိုး နှင့် အလားတူ အတိဒုက္ခရောက်နေသော စစ်အတွင်း ကပ်ဆိုးကြီးအတွင်း၌ ကာလဒါနတရပ် အဖြစ် သူတပါး တို့၏ စားရေး၊ ၀တ်ရေး၊ နေရေး တည်းဟူသော ကြပ်တည်းမှုဒုက္ခမှ သက်သာရာ ရစေခဲ့သည့် မြတ်သော ဒါန အလှူဟူ၍ ရည်မှန်းကြည်နူးခဲ့ခြင်း ဖြစ်ပါသည်။
မည်မျှ စရိတ်စကကုန်ကျခံ၍ လှူဒါန်းကျွေးမွေးပေးကမ်း ထောက်ပံ့နေသော်လည်း ဂျပန်ငွေစက္ကူ များမှာ မကုန်ခန်း နိုင်ဘဲ ပုံနေသည်။ ဂျပန်ငွေစက္ကူ၏ တန်ဘိုးမဲ့မည့် အခြေအနေကို တွေး၍ ပစ္စည်း တခုခု အမြဲတမ်း ၀ယ်ပစ်တတ်သောကြောင့် ကျမအိမ်တွင် စိန်ကုန်သည်၊ ရွှေကုန်သည်နှင့် ပုံနှိပ် စက္ကူ ပုံနှိပ်စက် ရောင်းသူ ပွဲစားများ ဥဒဟို ခြေချင်းရှုပ်ခဲ့ပါသည်။
သို့နှင့် ဂျပန်အစိုးရ ထွက်ပြေးသော နောက်တနေ့မှာပင် တန်းလန်း ကျန်ရစ်သော အစိုးရပုံနှိပ်တိုက် မှ စာစီသမားများ အယ်ဒီတာများ၏ ၀မ်းရေးပြဿနာကို ဆက်လက် ဖြေရှင်းရန်တကြောင်း၊ စပ်ကူး မတ်ကူး၌ ဗမာ့ခေတ် သတင်းစာကို ကျမတို့ပိုင် သတင်းစာအဖြစ် ရက်ဆက်မပြတ် ရအောင် ငွေရင်းစိုက်၍ ရိုက်နှိပ် ထုတ်ဝေ ခဲ့သည်။ ကက်စဘီအစိုးရလက်ထက်၌ အစိုးရ ပုံနှိပ်တိုက်မှ အလုပ် သမားများနှင့် စာစီခုံများ ပြောင်းရွှေ့ မသွားမှီ ကျမပိုင်စာစီခုံများနှင့် ခွဲခြားထုတ်ဝေခဲ့ခြင်းဖြစ်ရာ ပုံနှိပ်လုပ်ငန်းမှ လိုရာ ပစ္စည်း များကို လည်း ထပ်ဖြည့် ၀ယ်ယူသုံးစွဲခဲ့ရပြန်ပါသည်။
သို့ကက်စဘီခေတ်မှ ဗိုလ်ချုပ်အောင်ဆန်းခေတ်။ ဖဆပလခေတ်အထိ ဗမာ့ခေတ်သတင်းစာကို အနှောင့်အယှ့် အဖျက်အဆီး အမျိုးမျိုးကြားမှ မားမားမတ်မတ်နှင့် ကြံ့ကြံ့ခံ၍ ထုတ်ဝေခဲ့ရသည်။
မူလက ဆွေရင်းမျိုးခြား ညီအစ်ကို မောင်နှမတွေပမာ အိမ်သို့ ၀င်ထွက် ရင်းနှီးလျက် ရှိကြသော နိုင်ငံရေးသမားများမှာ အလံနီ အလံဖြူ ကွန်မြူနစ်များ၊ ဆိုရှယ်လစ်များအဖြစ် လူစုကွဲကာ ဗမာ့ခေတ် သတင်းစာကို လက်ပစ်ဗုံးနှင့် ပစ်သူ၊ စက်သေနတ်နှင့်ဆွဲသူ တရားသဖြင့် ၀ယ်ယူထား သော ပုံနှိပ်စက်ကြီး များကို လေးထပ်ရုံးကြီးပေါ်တင်သူ၊ ပုံနှိပ်တိုက်ချိပ်ပိတ်၊ လူ ပုဒ်မ၅နှင့် ဆွဲ စသော လက်ဆောင် ကောင်း များကို တိုင်းကျော် ပြည်ကြား ရရှိခဲ့သည်မှာ အုပ်ချုပ်သူ၏ မလိမ်မာမှု ကြောင့် ခံခဲ့ရသော ဒဏ်ရာများဟု ယူဆ ခဲ့ ပါသည်။
ဗမာ့ခေတ် ဒဏ်ရာရတိုင်း တဘက်မှ ကျမပစ္စည်းများနှင့် ကုစားဖါထေးခဲ့ရမြဲဖြစ်ရာ နောက်ဆုံး ဦးစောဟန်၊ ဗိုလ်မှူး တက်မြင့် စသူတို့နှင့် တသိန်းတန်လျော်ကြေးမှုကြီးများမှာပင် ကျမ၏ ယခု လက်ရှိ နေအိမ် ဂရံကို ၂သိန်း နှင့် အာမခံ တင်ပေးထားရပါသည်။ ထိုအိမ်မှာ ဗမာ့ခေတ်သတင်းစာ မှ မြတ်စွန်း၍ ၀ယ်ယူသော အိမ် မဟုတ် ဂျပန်ငွေတွေ မထားလို၍ ၎င်းဂျပန် ငွေတွေနှင့် လဲလှယ် ၀ယ်ယူထားခဲ့သော စိန်ထည် ပစ္စည်း များမှ တန်ဘိုးတက်ကြွ အမြတ်အစွန်းရငွေနှင့် ၀ယ်ယူခဲ့သော ကျမတဦးတည်းပိုင် အိမ်ဖြစ်ပါသည်။ ဤသို့ အရေး ပေါ်တိုင်း ကုစားဖါထေးခဲ့ရသဖြင့် ဗမာ့ခေတ်၏ အခြေအနေမှာ ယနေ့အထိ မယိမ်းမယိုင် ကြံ့ကြံ့ခံ နိုင်ရေ ရှိခဲ့ခြင်း ဖြစ်ပါသည်။
ဂျပန်ခေတ်အတွင်းက ကျမနေအိမ် ကယ်တင်ရှင် စခန်းတွင် လာရောက်နေထိုင်သူများအနက် စောင်း ဦဘသန်း တအိမ်ထောင်၊ စာရေးဆရာရွှေတိုင်ညွန့် (ကွယ်လွန်သူ) ပန်းချီဆရာ ဦးဘလုံကြီး ကွယ်လွန် သူနှင့် သူ့၏ဇနီး၊ ပန်းချီဆရာ ဦးအုန်းလွင်၊ မယား၊ ခယ်မ၊ ယောက်ဖများပါ တအိမ်ထောင်၊ ကွယ်လွန်သူ ပန်းချီဆရာဆောင်နှင့် ၎င်း၏ဇနီးတို့လည်း အပါအ၀င် ဖြစ်ပါသည်။
ပုံနှိပ်တိုက် လုပ်ငန်းတိုးချဲ့၍ (စက်ကြီးနောက်ကြည့်) အလုပ်သမားနေရာတွင် အပါကြီးဆိုသူ (ယောဂီ ပုံနှိပ်တိုက် မှ စက်နောက်ကြည့် အလုပ်သမားဟောင်း)က အလုပ်လာတောင်း၍ တနေ့ ၂ကျပ်စား စက်ကြီး နောက်ကြည့် အလုပ်ပေးခန့်ထားရာတွင် ၎င်း၏မိခင်နှင့် ညီငယ်၊ ညီမငယ်များ နေထိုင်စရာ မရှိ၍ နောက်ဖေး တန်းလျား၌ နေပါရစေ အခွင့်တောင်းသောကြောင့် အခန်းတခန်း နေရာချထားပေးရသည်။ ၎င်းသည် လုပ်သက်ရလာသောအခါ ကျမပုံနှိပ်တိုက်မှာ ဖိုမင်အဆင့် အတန်းသို့ တက်လာရပြီး ကျမ အိမ် လာ နေသော ပန်းချီဦးအုန်းလွင်၏ ခယ်မနှင့် ဆရာမိဘ၀တ္တရား ထိမ်းမြားပေးလိုက်သည်အထိ ကြည့်ရှု စောင့်ရှောက် ခဲ့ရာမှ ထိုအခါက ကျမ မသိသေးသော အတွင်းရေးတခုကို မူတည်၍ အလုပ်ထွက်ခါ တနေရာ ၌ စာပုံနှိပ်တိုက်ငယ်တခု တည်ထောင်နိုင် အောင် တဟုန်ထိုး ခုန်တက်သွားလေသည်။ (ဤဘဏ္ဍ ကလေး များသည် နောက်ပိုင်းတွင် အကောင်အထည်ပေါ်လာဦးမည့် ကဏ္ဍလေးတခု ဖြစ်ပါသည်။)
သစ်တပင်ကောင်း ငှက်တသောင်းခိုရ
သို့နှင့် ကျမပိုင် တိုင်းပြည်ပြု ပုံနှိပ်တိုက်သည် လွတ်လပ်ရေး ရပြီးသည်အထိ အမည်မပြောင်းသေး ဘဲ၊ ဗမာ့ခေတ်သတင်းစာကို ပုံနှိပ်ထုတ်ဝေသည်။ ရွှေဂုံတိုင်လမ်းမှ ယခုလက်ရှိ ဘောင်ဒရီလမ်းနေ နေအိမ်သို့ ရွှေ့ပြောင်းလာသောအခါမှ ဗမာ့ခေတ်သတင်းစာနှင့်အတူ ဗမာ့ခေတ်ပုံနှိပ်တိုက်ဟု အမည်တခုတည်း ပြောင်းလဲလိုက်ပါသည်။
လွန်ခဲ့သော ၄-၅နှစ် အချိန်ကစ၍ ကျမသည် ကျန်းမာရေးကြောင့် မျက်နှာလွဲ၍ နေခဲ့သည်။ အလုပ် တိုက်တွင် ကျမ၏မောင်ဝမ်းကွဲ တယောက်ကို မန်နေဂျာအဖြစ် အလုပ်ခန့်အပ်ခဲ့သည်။ ဘိုကလေး၊ ပန်းတနော် တို့မှ အလွန်ဆင်းရဲနွမ်းပါးသော သူ၏ဆွေမျိုးသားချင်း တူ၊ တူမစသည် များမှာ ခေတ်ပညာ မတတ် သူများ ဖြစ်၍ မီးဖိုချောင်မှ ပန်းကန်ဆေး၊ အိုးဆေး၊ ဘ၀မှ အစပြု၍ ခိုဝင်လာခဲ့ ပြီး နောက်ဆုံး လခနှစ်ရာမှ သုံးရာအထိ ချီးမြှင့်ပေး၍ ယနေ့ဘာဂျော်ဂျီ ကုန်းပေါ်၌ ပျဉ်ထောင် သွပ်မိုးအိမ်ပိုင်များ မော်တော်ဆိုင်ကယ်ခြောက်လုံးပြူး ကိုယ်စီနှင့် ဖြစ်သည်အထိ ကြည့်ရှု စောင့်ရှောက်ခဲ့သည်။ ထိုမျှမက သူ့ရပ်ရွာမှ အသိအကျွမ်းများ ရပ်ဆွေ ရပ်မျိုးများပါ မကျန်ရ ယုတ်စွအဆုံး အပေါက်စောင့်ဒရ၀မ်ကအစ ဗမာ့ခေတ် အလုပ်တိုက်မှ ဋ္ဌာနအသီးသီးမှာ လက်ရှိ အလုပ်သမားဦးရေ၏ သုံးချိုးတချိုးမျှ ထိုးသွင်း အလုပ် ပေးထား ခဲ့ပါသည်။
ထိုမျှမကသေးပါ။ သူ၏ တူနှစ်ယောက်နှင့် ကျမ၏ မောင်ဝမ်းကွဲမန်နေဂျာ (လွန်ခဲ့သော ၃လခန့်က အလုပ်မှ ရပ်စဲ လိုက်သူ)တို့အား ဗမာ့ခေတ်အစုရှယ်ယာများဆိုပြီး ပေးအပ်သည်အထိ ကြည့်ရှု စောင့်ရှောက် ခဲ့ပါ သည်။
မှတ်ချက်။       ။ ထိုဆောင်ပါးရေးစဉ် အချိန်က ကျမအမည်မပါသော စာချုပ်လိမ်ကိစ္စမသိရသေး ပေ။
သစ်တပင် ကောင်းလျှင် ငှက်တသောင်း ခိုရသည်ဆိုသော စကားကဲ့သို့ ဤမျှအထိ ကြည့်ရှု စောင့်ရှောက် ထားခဲ့ခြင်းဖြင့် သူတို့တတွေ စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်ကြရသလို ကျမ၏ မုဒိတာတရားကို တုံ့ပြန် ချစ်ကြည်ညို ကြလိမ့်မည်ဟုလည်း ယုံကြည်မိခဲ့သည်။
ထို့ကြောင့် ဗမာပြည်အမြို့မြို့ အရွာရွာသို့ လှည့်လည်ရင်း ကုသိုလ်ကောင်းမှုများကို စိတ်အေး လက်အေး ပြုလုပ်လှူဒါန်းခဲ့သည်။ ကမ္ဘာကို ၂ကြိမ်မျှ လှည့်ခဲ့ရာ၌လည်း (သတင်းစာတိုက်မှ ရငွေ နှင့် မဟုတ်သော) ကျမတကိုယ် အတွက် ကိုယ်ပိုင် ဘဏ်အပ်ငွေမှ ထုတ်ယူကုန်ကျခဲ့သည်။ ၎င်းဘဏ် ငွေထုတ်ချက်စာအုပ် လက္ခံ ဖြတ်ပိုင်းများ၌ ယနေ့အထိ တိကျစွာ ရေးမှတ်ထားလျက် ရှိ ပါသည်။
ဤသို့ ထုတ်ဖေါ်ရေးသားခြင်းမှာ သတင်းစာတိုက် အသုံးစာရင်းငွေများ၌ ကျမအတွက် ကမ္ဘာလှည့် စရိတ် ထုတ်ပေး ရသည်ဟု ၂ထပ်ကွမ်း စာရင်းလိမ်၍ တင်ထားကြောင်း သိရသဖြင့် ရေးခဲ့ခြင်း ဖြစ် ပါသည်။
ပုထိုးတော်ကြီးဘုရားမှထီး ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Thursday, April 29, 2010
ရွှေစင်ဦး ဘယ်လဲ
ဒီနေ့တော့ ပျင်းနေတာ နဲ့ ဘလော့တွေ လိုက်ဖတ်ရင်း နဲ့ ကိုယ့် ဘလော့ ကိုယ်လည်း ဝေဖန်သုံးသပ် မှု့ ကလေး လုပ်မိတယ်...၊ ကျနော် တင်တဲ့ ပိုစ့် တွေ မှာ ချစ်ကိုယ်တွေ့ ရယ် စားစရာ တွေ အကြောင်းရယ် ဆို ရင် လူကြိုက် များတယ်ဗျ....၊ ကျနော် လည်း မန့် တာလေး တွေ ပြန်ဖတ်ရင်း အင်း ငါ ရှိတဲ့ အလုပ်ကလေး ပြစ်ထားပြီး နိုင်ငံခြား သွား အညာဟင်း ချက် ရောင်းအုန်း မှ လို့ လည်း စိတ်ကူးပေါ်မိတယ်...။
စာဖတ်သူ များ စိတ်ကြိုက် ကျနော် ချက်ကျွေးချင် ပါတယ်.... ၊ ချက်ကျွေး မယ် လုပ်ရင်း ကျနော့် ဖေဖေ မှတ်ချက် ကလေး လည်း သတိရသွားတယ်...၊ ရွှေစင်ဦး က ဟင်းချက်လည်း ကောင်း တယ်.. စားလို့ လည်း ကောင်းတယ်... ဒါပေမဲ့ တနှစ် တခါလောက် ချက်တော့ ဘယ်နဲ့ လုပ်မလည်း တဲ့...။
အခုလည်း ကျနော် ဟာ စိတ်ပါ မှ ဟင်းချက် တတ်ပေမဲ့....ကျနော် ရဲ့ စာဖတ်သူများ အတွက် တော့ မကြာ မကြာ ကျိုးစားချက် ကျွေးပါမယ်..၊ ကျနော့် ချစ်တဲ့ သူများ ဆိုတော့. ချက်ကျွေးရမှာပေါ့ လေ..(ကျနော့် စာလေး ဖတ်တာ လည်း ဒီလူတွေဘဲ ရှိတာ ဆိုတော့ အဟဲ....) အဲဒီတော့ အညာစာ စားချင်တဲ့ စာဖတ်သူ များ အတွက် ချက်မဲ့ အစီအစဉ် ရှိပါတယ်ဗျာ...။
နောက်တခါ ချစ်ကိုယ်တွေ့ အဲဒါကတော့ ကျနော့် မှာ ရှားရှား ပါးပါး တဦးတည်းသော ရီးစား နဲ့ တဦးတည်း သော ယောက်ကျား ချစ်ချစ်ကြီး ဘဲ ရှိတာဆိုတော့ အခက်သား..၊ ချစ်ချစ်ကြီး နဲ့ ပတ်သက်တာ လည်း တော်တော် ရေးပြီး သွားပြီဆိုတော့... အင်း ပရိတ်သတ်ကြီး အတွက် အသစ်ကလေး ရှာမှပါ....။
ကဲ.. ဟိုရောက်..ဒီရောက် ပြောရင်း နဲ့ မကေ ရဲ့ အတင်း ပိုစ့် လေး သွားဖတ်မိတယ်...၊ စာရေးတာလေး က ကောင်းလိုက်တာ ပါးပါးလေး နဲ့ တင်ပြပုံ လှလိုက်တာ... ကျနော် တောင် ဖတ်ရင်း နဲ့ အဲဒီထဲ က အတုံး လိုက် အတစ်လိုက် ပြောတဲ့ ဘလော့ဂ် အတင်း ကို ပြောတော့ ကျနော့် များ ပြောလေသလားလို့.. အဟီး ရွှေစင်ဦး ကလည်း ရေးလိုက်ရင် အတုံးလိုက် အတစ်လိုက် ဆိုတော့ စိုးရိမ်မိတယ်..၊ ကျနော် ရေးတာတွေ က ဟုတ်ရဲ့လား လို့လည်း စိတ်ထဲလည်း ခံစား သွားမိတယ်.. အိုးမလုံ အုံပွင့် ဆိုတာ ဒါမျိုးနေမှာ..။
အဲဒီတော့ ကျနော့် အကြောင်းတော့ နဲနဲ ဝန်ခံမှ ဖြစ်မယ်.. ကျနော် ကတော့ ပြောရရင် ငယ်ငယ်လေး ကထဲက တော်တော် ဒုံးဝေးတယ်..၊ တော်ရုံ ပြောရင် နားမလည် တတ်သလို အမှန် အတိုင်း  ဗွင်းဗွင်း ကြီး ပြော တတ်တယ်...၊ ကျနော့် ကို  အိမ် က လူတွေက ညောင်တုန်း သူမကြီး တဲ့ ...၊ အဲဒီ ပုံပြင်တော့ ခင်ဗျား တို့ သိမှာပါနော်..၊ မှန်တာ တွေ ပြောလွန်းတာ အပြင် ရန်လို တတ်တဲ့ အပြောအဆိုတွေ အတွက်  ရွာပြင် ထုတ်ထား တဲ့ မိန်းမကြီး ပေါ့ ဗျာ..၊ ကျနော် နဲနဲ လောက် ပြန်နွေး ပေးပါမယ်...။
တနေ့တော့ ခရီးသွားတယောက် က ရွာပြင်မှာ တယောက် ထဲ နေတဲ့ အဖွားကြီး ကို သနားပြီး အဖွား ရယ် မှန်တာတွေ ပြောတာနဲ့ ဒီလို ရွာပြင်ထုတ်ထား တယ် ဆိုတော့ ရွာသူရွာသား တွေ လွန်ပါတယ် ဘာ ညာ ဆိုပြီး အဲဒီ ညောင်တုန်း သူကြီးဘက်က လိုက်ပြီး ပြောပေး တယ်...။
ညောင်တုန်း သူအဖွားကြီး ကလည်း ဝမ်းတွေ သာလို့ပေါ့ သူ့ဘက်က လိုက်ပြောပေးလို့ပေါ့... ရေတွေ တိုက် ဆေးလိပ် တွေ တိုက် နဲ့ ဧည့်ခံ လို့ပေါ့..၊ ခဏနေတော့ .. သူလည်း နှုတ်ဆက် ပြီး ခရီးဆက်သွား ပါရော..၊ နဲနဲ သွားမိတော့ နောက်ကနေ ခေါ်သံ ကြားတယ် တဲ့ ... ဟေ့ဟေ့.. မျက်စေ့ တဘက်လပ် နဲ့ သူငယ်လေး မီးခြစ် ကျန်ခဲ့ တယ်တဲ့..၊ အဲဒါနဲ့ ခရီးသွား ကလည်း ရွာပြင်ထုတ်ခံ ရတာတောင် နည်းသေး တခါထဲ ငရဲပြည် ပို့လိုက် ရမှာတဲ့....။
ကျနော် က အဲလို အမှန် တွေ ပြောတတ် သလို .. သူများ တွေ ပြောရင်လည်း အမှန်အတိုင်း  ပြောတာဘဲ လို့ ထင်တယ်..၊ ဖေဖေ ကလည်း ငယ်ငယ် ကထဲက မလိမ် ဘို့ကို အဓိက ထား သင်ထား တယ်... ၊ ဖေဖေ ကိုယ် တိုင်လည်း လိမ်မပြောဘူး.. ညစ်ညမ်း တဲ့ စကားတွေ ဆဲ တာတွေ မပြောဘူး... ကျနော့် တို့ ညီမ တွေ ကိုတောင် စိတ်ဆိုး လွန်း မှ အရင့် သီးဆုံး စကား ခွေးမ လို့ ပြောတာဘဲ ကြားဘူးတယ်... ဒါတောင် တခါ နှစ်ခါ ပါဘဲ... ငယ်ငယ်တုန်းက..။
ကဲ ပြောချင်တာက တော့ ကျနော် ဟာ ရိုးရိုး ကြီး ဘွင်းဘွင်း ပြောတတ်သလို စာဖတ်ရင်လည်း  ရိုးရှင်း တဲ့ အရေး အသား များကို ဘဲ နှစ်ခြိုက်ပါတယ်... အခု ခေတ်ပေါ် မော်ဒန် များ ပိုစ့် မော်ဒန် များကို ဖတ်ရင် လည်း နားမလည် တတ်ပါ...၊ နောက် တချို့ ကဗျာ များ ဆိုလည်း  နားမလည်တာ ထက် မခံစား တတ်ပါ.. အရိပ် ပြ လို့လည်း အကောင် မထင်တတ်ပါ..၊ အဲဒါ တွေ ကတော့ ရွှေစင်ဦး လေး ရဲ့ စာပေ အရည် အချင်း တွေပါဘဲ...။
ဒီနေ့.. ရွှေစင်ဦး ဘယ်လဲ ဆိုတာနဲ့ အဆုံးသတ် ပါမယ်.. အခုခေတ်မှာ ဗျာ .. သုံးကြ လွန်းလို့ ဟိုဟာ..  ဘာလဲ..ဘယ်လဲ.. ဒီဟာ ဘာလဲ...ဘယ်လဲ .. ဆိုတော့ ရွှေစင်ဦး လေးလည်း ကိုယ့် အဆင့် နဲ ကိုယ် ရွှေစင်ဦး ဘယ်လဲ ဆိုတာ လေး သတိရသွားလို့ပါ...။
ကျနော် ငယ်ငယ် က ကျနော် တို့ အိမ် မှာ ကား ရှိဘူး ပါတယ်.. ကျနော် နဲ့ ဖေဖေ နဲ့ မောင်း ပါတယ်.. ဖေဖေ မောင်းရင် ကျနော် အဖော်လိုက်ပြီး သူ ပျင်းရင် မောင်းပေးတာပါ.. ၊ အဲဒီတုန်းက  ကျနော် အသက် မပြည့် သေးတဲ့ အတွက် လိုင်စင် မရှိပါဘူး.. မောင်းတာလည်း မကျွမ်းကျင် သေးတဲ့ အချိန် ပေါ့ သင်မောင်း လေး ပေါ့..။
တနေ့တော့ အဲလို မောင်းရင်းနဲ့ လမ်းအချိုး တခုမှာ ကွေ့ လိုက်တာ.. ဟိုဘက်က ထွက်လာ တဲ့ ဆိုက်ကား နဲ့ တိုက်မိ ပါလေရော ဗျာ..၊ လူတွေ က လည်း ချက်ခြင်း ဝိုင်းလာကြတယ်..၊ ဆိုက်ကားလည်း ဘာဖြစ် သွားမှန်း မသိဘူး... ၊ ကျနော် လည်း ဘရိတ်အုပ် လိုက်ပြီး  ရုတ်တရက် ဆိုတော့ ဘာဆက် လုပ်ရမှန်း မသိ ဖြစ်ပြီး ကားပေါ် ကနေ ခုန်ဆင်းလိုက် တယ်..။
အဟဲ... နောက်ကနေ ကျနော့် ဖေဖေ က လှမ်းဆွဲ လိုက်တယ်.. ပါးစပ် ကလည်း အော်လိုက်တယ်.. ရွှေစင်ဦး ဘယ်လဲ တဲ့.. ကျနော်လည်း အဲဒီကြ မှ ဟုတ်ပါဘူး အောက်ဆင်းကြည့် မလို့ပါ လို့... အမှန်တော့ လစ်ရင် လူအုပ်ထဲ ဝင်ရှောင် မလားလို့ ပါ.. ကြောက်တာကိုးဗျ... ဘာဖြစ် သွားမှန်း လည်း မသိ ဆိုတော့... နောက်ပြီး... ကျနော့် မှာ လိုင်စင် ရှိသေးဘူးလေ.. ငယ်သေး တယ် မဟုတ်လား ...၊ ဖေဖေ များ ကျနော် အစား ဝင်ပြီး ကျနော် မောင်းပါတယ် ဆိုရင် ကောင်းမှာ လို့... ရပါဘူးဗျာ.. ၊ သမီး မောင်းပါတယ်.. လိုင်စင်လည်း မရှိပါဘူး တဲ့... အဟင်း သူမြှောက် ပေးတုန်း က မြှောက် ပေးပြီး...။
(နောက်ဆက်တွဲ.. တော်ပါသေးတယ်.. ဘယ်သူ မှ ဘာမှ မဖြစ်လို့.... ဟိုဘက်ကလည်း ကလေး လေး က လည်း သင်နင်း နင်း လာလို့ ..... ဘဲစား ဘဲချေ ပေါ့..)
အားလုံးအား လေးစားလျှက်
စာရေးသူ-ရွှေစင်ဦး
.
ပုံအား Google မှယူပါ၏။
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၃)
ကြာပဒုံမှာ နာရီတလုံးနှင့် လက်စွပ်တကွင်း နောက်ထပ်လိုချင်နေသူဖြစ်လေရာ ၀မ်လန်းက ဤသို့ ပြောလိုက် သောအခါ နောက်ထပ်အတိုက်အခံ မလုပ်တော့ဘဲ ငြိမ်၍သွားလေ၏ ထိုအခါ ၀မ်လန်း က ဥသြမယ် ဘက်သို့လှည့်၍ "ဟိုအကောင့်ဆီကို မင်းကသွားပြောစမ်း မယ်သစ်မှာ ကုမရနိုင်တဲ့ ရောဂါကြီး တခု ရှိနေတယ်လို့ ဒီရောဂါမရွံ့ဘူး မကြောက်ဘူးဆိုရင်တော့ ယူနိုင်တယ်လို့ ဒါမှမဟုတ် သူ့ကို မယူချင် တော့ဘူး ဆိုရင်လဲ တခြားတယောက်ရှာပေးမယ်လို့ အဲဒါမင်းကသွား ပြောစမ်းကွယ်"ဟု ခိုင်းစေ လိုက်လေသည်။
ထို့နောက် ၀မ်လန်းသည် အနီးတွင်ရပ်နေကြသော ကျွန်မကလေးများကို တယောက်ပြီး တယောက် ကြည့်လျက် မောင်စစ်သားအတွက် သင့်တော်မည့် ကျွန်မကလေးကို ရှာဖွေ၍ နေလေ၏ ထိုအခါ ကျွန်မ ကလေး များသည် ရှက်ကြောက်ခြင်းကြီးလှသည်ဖြစ်၍ မနေတတ် မထိုင်တတ်ဖြစ်ကာ မျက်နှာ ကလေး များကို ငုံ့၍ ထားကြလေ၏ ၎င်းတို့အနက် အသက် ၂၀ခန့်ရှိ ပြီထင်ရသော အရပ် ထောင်ထောင် မောင်းမောင်း မိန်းခလေးတယောက်ကမူ ခစ်ခနဲရယ်လိုက်ရင်း။ "မှန်လှပါ ဒီကိစ္စကို ကျမ စမ်းကြည့် စမ်းချင် ပါတယ် သူဌေးကြီးရှင့် ဒီလူဟာဒါလောက်တောင် ကြောက်စရာ ကောင်းတယ်လို့ ကျမ မထင်ပါဘူး" ဟု ပြောဆိုလေ၏။
သို့ဖြင့် ၀မ်လန်းမှာ အလုံးကြီးကျသွားလျက် ထိုမိန်းခလေးအား မောင်စစ်သားထံ ဥသြမယ်နှင့် အတူ စေလွှတ် လိုက်ရလေ၏ ထိုအချိန်အထိ မယ်သစ်မှာ ၀မ်လန်း၏ ခြေထောက်များကို ဘက်မြဲဘက်၍ ထားလေ ၏။ ကြာပဒုံမှာ မယ်သစ် အပေါ်တွင်ကြီးစွာ ဒေါသထွက်၍နေလေရာ ထိုင်ရာမှထပြီး စကား တလုံးမျှ မပြောဘဲ အဆောင်ထဲသို့ ၀င်သွားလေ၏။
ဝမ်လန်းသည် မိမိ၏ ခြေထောက်များကို ဘက်ထားသည့်မယ်သစ်အား ညင်သာစွာ ဆွဲ၍ မလိုက်လေ၏ မယ်သစ် မှာ ၀မ်လန်းရှေ့၌ ခေါင်းကလေးကို ငုံ့၍ရပ်လေ၏ မျက်နှာကို သတိထား၍ ကြည့်မိသည့်အခါ ဖြူဖွေးသော အသားကလေးများမှာ များစွာနုနယ်လှသည့်အဖြစ်ကို တွေ့မြင် ရလေ၏ နှုတ်ခမ်းများမှာ နီရဲ နေလျက် သွေးရောင်လွှမ်း၍နေလေ၏ ၀မ်လန်းမှာ သနားလှသည်ဖြစ် ၍ ယုယကြင်နာသည့် အသံဖြင့်။
"ကိုင်း မင့်သခင်မကြီး ဒေါသဖြစ်နေတုန်း တရက်နှစ်ရက်လောက်တော့ ရှောင်နေလိုက် ခလေးရေ့ ဟိုအကောင် ကိုလဲ အမြင်မခံနဲ့ မြင်နေရင် ဂွကျနေအုံးမယ်"ဟု ပြောလိုက်ရာ မယ်သစ်သည် မျက်လွှာ ကလေး ကို ပင့်လက် ၀မ်လန်းအား အလွန် ချစ်ခင်နှစ်သက်လှသော ကြည့်ခြင်းဖြင့် ကြည့်ရာက ငြိမ်သက်စွာ ထွက်ခွါကွယ်ပျောက်၍ သွားလေ၏။
တဏှာရူး မောင်စစ်သားသည် ၀မ်လန်း၏အိမ်တွင် တလခွဲမျှနေလေ၏ ထိုတလခွဲအတွင်း ၀မ်လန်း ပေးစား ထားသော ကျွန်မကလေးနှင့် ပေါင်းသင်းနေထိုင်လျက် အထက်က အမိန့်ကျလာ သဖြင့် သူ့စစ်တပ် နှင့် အတူ ပြောင်းရွေ့ထွက်ခွာ၍ သွားလေ၏ ၎င်းတို့ပြောင်းရွှေ့ထွက်ခွာသွား သောအခါ ကျွန်မကလေးကို ထားခဲ့ လျက် ၀င်းဝ၎င်းတို့ စခန်းချသွားရာ အဆောင်များမှာ နွားတအုပ်ဝင်ရောက် ဖျက်ဆီး သွားဘိ သကဲ့သို့ ညစ်ပတ်ပေကျံယိုယွင်းပျက်စီး၍ ကျစ်ရစ်ခဲ့လေ၏။
တဏှာရူး မောင်စစ်သားသည် ထိုအိမ်ကြီးမှထွက်ခွာသွားတော့မည်ရှိသောအခါ သေနတ်ကိုထမ်း၍ အားလုံး ရှေ့တွင် ရပ်ရာက။
"ခင်ဗျား တို့ဆီ ကျုပ်ပြန်ရောက်မလာတော့ဘူးဆိုရင် ကျုပ်အဘေအတွက် မြေးကလေး တယောက် ထားပစ်ခဲ့ တယ်ဗျို့ တခြားလူတွေဆိုရင် ရောက်ရာအရပ် တလနှစ်လ ကလေး နေရတုန်း ဘယ်ကျုပ်လို ခလေး တယောက် ထားပစ်ခဲ့နိုင် မလဲ ကျုပ်ကတော့ စစ်သားမို့လို့ ဒီနေရာမျိုးမှာ တဘန်း သာသွားတယ် သူထွက်သွား ပေမဲ့ သူချပစ်ခဲ့တဲ့မျိုးစေ့ကို နောက်ကရေလောင်း ပျိုးထောင် ပေးမဲ့လူက အဆင်သင့် ဟား- ဟား- ဟား-ဟား"ဟု ရယ်ရင်း သူ့စစ်တပ်နှင့်အတူ ထွက်ခွာ၍သွား လေ၏။
သုံးဆယ်နှစ်
တဏှာရူးမောင်စစ်သား ထွက်ခွာသွားသောအခါ ပျက်စီးယိုယွင်း၍ ကျန်ရစ်ခဲ့သော အဆောင် အယောင် များကို လက်သမားများခေါ်၍ ပြင်ဆင်ရလေ၏ ပန်းပင်များက အသစ်စိုက်ပျိုးရလေ၏ ရေကန် ကလေးများကို အမှိုက်သရိုက်ဆယ်၍ အသစ်ပြုပြင်ရလေ၏ တနှစ်အတွင်းတွင် အိမ်ကြီးမှာ မူလကအတိုင်း ပြန်လည် စိုပြေတင့်တယ်လှပလျက် နတ်ဥယျာဉ်ကြီးတခုသဖွယ် ဖြစ်လာပြန်လေ၏
တဏှာရူး မောင်စစ်သားပေါင်းသင်း၍ ထားပစ်ခဲ့သော ကျွန်မခလေးအား ၀မ်လန်းသည် မောင်စစ်သား ၏ မိခင် အခန်းသို့ ပို့ထားလျက် ထိုမိန်းမကြီး၏ ဝေယျာဝစ္စကို ပြုလုပ်စေလေ၏။
ဝမ်လန်း စိတ်ဧချမ်းသာယာ သွားရသောကိစ္စတခုကား အဆိုပါကျွန်မကလေးသည် သားယောကျာ်း ကလေး မမွေးဘဲ မိန်းမလေးတယောက်သာ မွေးဖွားခြင်းဖြစ်လေ၏ ယောကျာ်းကလေးသာ မွေးခဲ့ ချေသော် ဆွေအခွင့်အရေး မျိုးအခွင့်အရေးများနှင့် စပ်လျဉ်း၍စကားပြောရမည့် ကိစ္စများပေါ်ပေါက် လာဘွယ် ရှိလျက် ယခုမူမိန်းခလေးသာ မွေးသဖြင့် ကျွန်မ က မွေးသော ကလေးသာဖြစ်သွားပြီးလျှင် ၀မ်လန်း အတွက် တာဝန်ကြီးတခုလည်း ပေါ့၍သွားလေတော့၏။
သို့သော် ၀မ်လန်းသည် တခါတည်းပစ်ပစ်ခါခါကား မလုပ်ရှာပေ ကျွန်မကလေးအား အကယ်၍ ၎င်း၏ ယောက္ခမ မိန်းမသူကြီး ကွယ်လွန်ခဲ့သည်ရှိသော် ထိုယောက္ခမကြီးနေခဲ့သည့် အခန်းနှင့် အိပ်ရာ ခုတင် များကို အပိုင်စား ပေးမည်ဖြစ်ကြောင်းနှင့် ဂတိပေးထား၏ ထိုမျှမက ငွေများပင်လည်း ပေးပေသေး၏ ကျွန်မ ကလေးလည်း ကျေကျေနပ်နပ် ပင် ရှိလျက်၊ ငွေများကို ပေးသောအခါ၌မူ လက်မခံဘဲ။
"ဒီငွေတွေကို ကျမနောက်အိမ်ထောင်ပြုတဲ့အခါ ခန်းဝင်ပစ္စည်းအဖြစ်တင်ဘို့ သခင်ကြီးဆီမှာဘဲ သိမ်းထား စေချင် ပါတယ် သခင်ကြီးနောက်ပီးတော့လဲ ကျမကို လယ်သမားတယောက်ယောက်နဲ့ ဘဲဖြစ်ဖြစ် ရှာဖွေပေးစား စေလိုပါတယ် သခင်ကြီး"ဟု ပြောဆိုလေ၏ ထိုအခါဝမ်လန်းက အလိုရှိ သည့်အတိုင်း ဆောင်ရွက် ပေးမည်ဟု ဂတိပြုလေ၏ ဤသို့ ဂတိပေးမိရင်း ဆင်းရဲသောကျွန်မ ကလေး၏ အဖြစ် ကိုကြည့်ကာ တခါကမိမိလည်း ဆင်းရဲသားကျွန်မကလေး အိုလင်ကိုလာ၍ တောင်းခဲ့ရသည့်အဖြစ်ကို ပြန်တွေးမိ လျက် အိုလင်ကိုပြန်ပြောင်း သတိရမိရင်း ရင်ထဲ၌ဆို့၍လာ လေ၏
"အေးအေး ဟိုဘိန်းစားမကြီး သေရင် မင်းကိုငါယောကျာ်းတယောက် ရှာပေးစားပါမယ် ဒီမိန်းမကြီး သေဘို့ လဲ သိပ်မဝေးလှတော့ပါဘူး"
ထို့နောက် နေ့ရက်တွေရွေ့လျား၍ လာခဲ့လေ၏၊ တနေ့သ၌ ကျွန်မကလေးသည် ၀မ်လန်းထံ ရောက် လာပြန်ပြီ။
"ကိုင်း-ကတိအတိုင်း ဆောင်ရွက်ပေးပါတော့ သခင်ကြီးကျမယောက္ခမတော့ ညကအနိစ္စရောက် သွားပါပြီ ကျမဘဲ ခေါင်းသွင်းထားခဲ့ပါပြီ"ဟု ပြောဆိုလေ၏
ဤတွင် ၀မ်လန်းမှာ ထိုကျွန်မကလေးနှင့် သင့်တော်မည့် ယောကျာ်းတယောက်ကို စဉ်းစား စိတ်ကူး ရှာဖွေ ရလေ၏ သို့စိတ်တွေးကြည့်သည့်အခါ တခါက "ချင်း"သေဆုံးရသည့် ကိစ္စတွင် လက်သယ် တရားခံ ဖြစ်ခဲ့ဘူးသော လယ်လုပ်သားတယောက်ကို ပြေး၍မြင်မိလေ၏။
"အဆုံးမတော့ တမင်သက်သက် သေပါစေတော့လို့ လုပ်တာမဟုတ်ပါဘူး ဒင်း-အလုပ်နားမလည် လို့ ချင်း က နားလယ်အောင် တက်လုပ်ပြရင်း သူ့ဘာသာ သူသေကံရောက်ရတာဘဲ"ဟု တွေးရင်း ထိုသူနှင့် ပေးစားရန် ကြံရွယ်လျက် လူတယောက်ကို လယ်ထဲသို့စေလွှတ်ပြီး သူငယ်ချင်းကို အခေါ် ခိုင်းလိုက် လေ၏။
ထိုသူငယ်ရောက်လာသောအခါ ၀မ်လန်းသည် မိမိမိန်းမတောင်းလာစဉ်က သူဌေးကတော်ကြီးထိုင် ၍ မိမိတို့ကို စကားပြောခဲ့ဘူးသော နေရာတွင်ပင် သွားထိုင်လျက် ထို ၂ ယောက်ကို မိမိရှေ့သို့ ခေါ်ယူလေ၏ ၂ ယောက် အတူလာ၍ ရပ်နေကြသောအခါ ၀မ်လန်းက။
"ကဲ-အဲဒါ မင်းမိန်းမဘဲဟေ့ ဒီသူငယ်မလေးဟာ ငါဦးလေးသားနဲ့တော့ ညားပီးပီ မင်းယူချင်ရင် ယူ နိုင်တယ်" ဟုပြောလိုက်ရာ လယ်သမားကလေးမှာလည်း မိမိအခြေအနေအလိုက် ထိုမိန်းမမျိုး ထက် သာလွန်သော မိန်းမတယောက်ကို မရနိုင်တော့သည့်အတိုင်း ကျေးဇူးတင်စွာနှင့်ပင် ပေါင်းသင်းပါမည်ဟု ပြောဆို လေ၏။
ထိုကိစ္စ ပြီးစီးသွားသောအခါ ၀မ်းလန်းသည် မိမိအဖြစ်ကို မိမိပြန်လည် တွေးတောနေလေ၏၊ လူ့ဘ၀၌ လိုအင်ဆန္ဒကို တောင်တသည့်အတိုင်း မယွင်းမသွေရရှိခံစားခဲ့ရသူမှာ မိမိပင်ဖြစ် သည်ဟု တွေးတောမိ၏၊ ယခုအခါ မိမိမှာဆင်းရဲသား လယ်သမားတယောက်ဘ၀က ထောက်တခုန်မင်ခဲ့သော ဆန္ဒအတိုင်း ယခုအခါ အစစအရာရာ ပြည့်စုံ၍နေချေပြီ ပိုက်ဆံလည်း ချမ်းသာခဲ့ပြီ မိမိနေလိုသော အိမ်ကြီး၌လည်း နေနိုင်ခဲ့ပြီ၊ သားတွေ သ္မီးတွေ မြေးတွေနှင့်လည်း သိုက်သိုက်ဝန်းဝန်းကြီး နေထိုင်ရပေပြီ၊ အသက်လည်း ၆၅-နှစ်သို့ နီးနေလေပြီ၊ မိမိတွင် လူအိုတို့ဘာဝ ဧဧချမ်ချမ်း စိတ်ဧလက်ဧ နေဘို့သာရှိတော့၏၊ သား အငယ်ဆုံး ကို နေရာချပြီး သည့်နောက်၌ကား မိမိမှာတာဝန်ကြီးကြီးမားမား တခုမျှရှိတော့မည်မဟုတ်ပေ။
သို့သော် ၀မ်လန်းမှာ မိမိတွေးထင် မှန်းဆသည့်အတိုင်း သုခချမ်းသာကို မရရှိနိုင်သေးပေ၊ တဏှာရူး မောင်စစ်သား တို့လူစု လာရောက်မွှေနှောက်သွားခြင်းမှာ "ငိုချင်ရက်လက်တို့" ဆိုဘိ သကဲ့သို့ နဂိုရ်ကမှ သင့်မြတ်ခြင်း မရှိခဲ့သော နန်းဝင်နန်းအင် ညီနောင် ၂ယောက်၏ ဇနီး ၂ ယောက်အကြားမှ မီးပွား ရန်စနက် ကို လေပင့်၍ ပေးသွားသလို ဖြစ်လေ၏ ။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၉၁)
လူကောင်းယောင်ဆောင် မျက်နှာပြောင်တိုက်
ယင်းသို့လျှင် ဆံပင်ဖွေးဖွေးဖြူလျက် အသက်အရွယ်ဂုဏ်သိက္ခာနှင့် မမျှတအောင် ပုပ်ပွဆိုးဝါးလှ သော မတော်တရာ ကျော်မကောင်း ကြားမကောင်း တဏှာရောဂသောင်းကျန်းလှသည့် သတင်းတွေ အတွင်းရေး တွေက ပွစိ ပွစိ ဖြစ်လာချိန် ထိုသတင်းဆိုးတွေ ဒေါင့်အမျိုးမျိုးမှ ဆီလိုက် အပေါက်ရှာ၍ ထွက်ပြူသမျှတို့ကို မရမက လိုက်၍ ဖုံးကြဖိကြသည်။ သတင်းမှန်ကို မှောင်ချထားစေ ပြီး၊ လူတော် လူကောင်းကြီး ယောင်ဆောင်လျက် မျက်နှာပြောင်တိုက်နေခဲ့သည်။
ဤလူတော် လူကောင်းအပြစ်မရှိသူအား အပြစ်မရှိသူအား ကျမက မဟုတ်မတရား စွပ်စွဲပြီး ပစ္စည်း တွေ အပိုင် စီးကာ နှင်ချလေဟန် စားဖါးတသိုက်နှင့် သတင်းဖြန့်နေလေသည်။ ပဋ္ဌမတော့ ယုံသူ တွေလည်း ရှိချင် ရှိမည်။ အချို့မှာ သိပါလျက် မျက်စိမှိတ်၍ ဇွတ်အတင်းငြင်းပေးကြရသော လူတွေကလည်း ရှိပါသေး သည်။ ထိုအထည်းမှာ ကျမ အိမ်ဝင်ထွက် ဆက်ဆံနေသော အမျိုးသမီး ပိုင်းက ခပ်များများ ပါရှိနေသည်မှာ အတော် အံ့သြစရာ ဖြစ်နေပြန်ပါသည်။
ထိုအတွင်း အယ်ဒီတာ ဦးကိုလေး၏ နောက်ဆုံးပန်ကြားသော ရက်ချိန်း လွန်လာသည့်အခါ ဆိုခဲ့ပြီး အတိုင်း နှစ်ပေါင်း ၂၀ဆောင်းပါး ကြော်ငြာအစကို ကျမက ရေး၍ ထည့်လိုက်ပါသည်။ ၁၉၆၀ခုနှစ်၊ နိုဝင်ဘာလ ၁၇ရက် နေ့ထုတ် ဗမာ့ခေတ်သတင်းစာတွင် ပဋ္ဌမ စတင်ပါလာသော နှစ်ပေါင်း ၂၀ဆောင်းပါး၏ အစမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
၁၇-၁၁-၆၀နေ့စွဲ ဗမာ့ခေတ်သတင်းစာမှာ ပါရှိသော နှစ်ပေါင်း ၂၀ဆောင်းပါး။
နှစ်ပေါင်း၂၀ ဒဂုန်ခင်ခင်လေး ရှင်းပြသည်။
ကျမ၏ အသက်သည် ယခု ၅၆နှစ်ရှိ၍ ကောင်းမှု ကုသိုလ်ရေး၌သာ မွေ့လျော်နေသည်ကို တိုင်းပြည် နှင့် အ၀ှမ်း သိရှိပြီး ဖြစ်ပါလိမ့်မည်။
အရွယ်နှင့် ဂုဏ်သိက္ခာများကို စောင့်စည်းသော အားဖြင့် ဤရှင်းလင်းချက်ဆောင်းပါးကို မရေးလို လှသော်လည်း အခြေအနေအရ မဖြစ်နိုင်လွန်း၍ ထုတ်ဖော်ရေးသားရခြင်း ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း ၂၀ကျော် အချိန် ၁၉၃၉ခုနှစ် ကုန်ခါနီး၌ ကျမပိုင် ချွေးနည်းစာ (ကလောင်နှင့် စာရေး၍ ရသော ငွေများ)နှင့် တိုင်းပြည်ပြု ပုံနှိပ်တိုက်နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက်ကို ရန်ကုန်မြို့ ၄၇လမ်းတွင် တည်ထောင်ဖွင့်လှစ်၍ ၀တ္ထုရှည်များကို တလလျှင် ၂-ကြိမ်ကျ ထုတ်ဝေ ခဲ့ပါသည်။ ထိုအချိန် တွင်ပင် (.......) သူနှင့် အိမ်ထောင်ပြုခဲ့သည်။ သူသည် နဂါးနီစာအုပ်တိုက်မှ သခင်နု (ယခု ၀န်ကြီးချုပ် ဦးနု)နှင့် အုပ်ချုပ်သူများက အပြစ်အလျောက် အလုပ်မှ ဖြုတ်ပစ်လိုက်၍ ကျမနှင့် အိမ်ထောင်ပြု သော အခါတွင် အ၀တ်တထည် ကိုယ်တခုနှင့် ရောက်လာလျက် အလုပ် လက်မဲ့ ဖြစ်နေရုံမက နဂါးနီ စာအုပ်တိုက်မှ နှိုက်ယူသုံးစွဲထားသော ငွေပို အကြွေးများ အစားထိုး ပေးဆပ်ရန် မရှိသဖြင့် ကျမ၏ နဂါးနီ စာအုပ်တိုက် အစုရှယ်ယာပါမကျန် ခုနှိမ် ပေးဆပ်လိုက်ရပါ သည်။
နောက်ပိုင်း ၁၉၄၀ခုနှစ် တနှစ်လုံး ကျမ၏ တိုင်းပြည်ပြုပုံနှိပ်တိုက်နှင့် ဒဂုန်ခင်ခင်လေးဝတ္ထုတိုက်မှာ ၀င်ငွေ ကောင်းလှသော အခါ အခွင့်ကို ရရှိနေပါသည်။ ၎င်းအချိန်၌ သူသည် ကျမအလုပ်တိုက်ကို ကူညီခြင်း မရှိဘဲ ဗြိတိသျှ ဘားမား ရုပ်ရှင်ကုမ္ပဏီ သူဌေးဦးညွန့် (ကွယ်လွန်သူ) ပိုင် ဟံသာဝတီ ပုံနှိပ်တိုက်တွင် တလလျှင် လခငွေ ၁၅၀ိ နှင့် ဟံသာဝတီဂျာနယ် ကို သွားရောက် ထုတ်ဝေ လုပ်ကိုင် နေပါသည်။
ထိုအချိန်က ကျမပိုင် တိုင်းပြည်ပြု ပုံနှိပ်တိုက်မှ ဖိုမင် မောင်သန်း (သူနှင့်အတူ နဂါးနီတိုက်မှ အလုပ် ထုတ်ခံရသူ) အား ကျမက တလလျှင် ၁၅၀ိ နှင့် ဖိုမင်ခန့်ထား လုပ်ကိုင်စေရုံမက၊ အလားတူ နဂါးနီ တိုက်မှ ထုတ်ပစ် လိုက်သော ညွန့်မောင်၊ ဘိုနီ၊ ကံအေး၊ လှတင်၊ လှဖေ စသော ပါဆယ် စာရေး၊ မင်းစေ၊ စာစီ၊ စက်ရိုက် စသော သူတို့ကိုလည်း ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက်နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက်မှပင် ဆိုင်ရာ အလုပ်များ ပေးအပ်လုပ်ကိုင်စေခဲ့ပါသည်။
သို့နှင့် အမှတ်တရ ဖြစ်သော ၁၉၄၀ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက်နေ့ မနက်ပိုင်းတွင် ယနေ့ ဟံသာဝတီတိုက်မှ အပြီး အပြတ် နှုတ်ထွက်ရန် နောက်ဆုံး သတိပေးခြင်းအနေနှင့် ပြောသော ကြောင့် ၎င်းနေ့မှာ ထွက်စာ ပေးပြီး၍ ခါတိုင်းထက်စောစော ပြန်လာခဲ့ပါပြီဟု ပြောနေစဉ် ဂျပန် လေယာဉ်ပျံများသည် ရန်ကုန်မြို့ကို စတင်ဗုန်းကြဲပါတော့သည်။
ဤအချိန်မှစ၍ ကျမ၏ အလုပ်တိုက်နှင့် လူများပါ တိုက်ကြီးမြို့သို့ စစ်ပြေးအဖြစ်နှင့် ပြောင်းရွှေ့ ရှောင်ရှား နေရပြီး ဂျပန်ဝင်ပြီးမှ ရန်ကုန်သို့ ပြန်လာ၍ ရွှေဂုံတိုင်လမ်းတွင် နေထိုင်ကာ တိုင်းပြည်ပြု ပုံနှိပ်တိုက် နှင့် ဒဂုန်ခင်ခင်လေး စာအုပ်တိုက်ကို ပြန်လည်ဖွင့်လှစ်ခြင်း ပြုပါသည်။
ထိုအချိန်မှာ ကျမ၏ ၀တ္ထုရေး လက်စများ၊ မြေပဒေသာ စသော ဘာသာပြန် ၀တ္ထုများနှင့် သခင်နု၏ ရက်စက် ပါပေ့ကွယ်၊ ပုထုဇနောဥမ္မတ္တကောစသော ၀တ္ထုများကို ဆက်လက် ထုတ်ဝေရုံ မက ဂျပန်အစိုးရ၏ ၀ါဒဖြန့် ပိုစတာများ ကေဘိုထိုင်ကပိုစတာများပါ ရိုက်နှိပ်ပေးရခြင်းတို့ကြောင့် ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက်ကို အလုပ်သမားများ တိုးထားရခြင်း၊ ပုံနှိပ်စက်ကြီးများကို မရ အရ ရှာဖွေ ၀ယ်ယူခဲ့ရာတွင် ပုံနှိပ်စက် များ တိုးချဲ့ဝယ်ယူရာ၌ ငွေလိုတိုင်း ကျမ၏ ပိုလျှံ၍ အသုံးမပြု သော လက်ဝတ်လက်စားများကို ဂျပန်ငွေ အဆမတန် အမြတ်ရသဖြင့် ထုခွဲရောင်းချ၍ ပုံနှိပ်စက် ကြီးများကို ၀ယ်ယူ ရင်းနှီးခဲ့ရသည်။ နောက်ဆုံး ဂျပန်ခေတ်ဒေါက်တာ ဘမော်အစိုးရ၏ ဗမာ့ခေတ် နေ့စဉ် သတင်းစာကိုပင် ကျမ၏ တိုင်းပြည်ပြု ပုံနှိပ်တိုက်မှ အငှါးရိုက်နှိပ်ပေးနေရသည်မှာ ဂျပန်အစိုးရ ထွက်ပြေးရသောနေ့အထိပင် ဖြစ်ပါ သည်။
နှစ်ပေါင်း ၆၀အတွင်းမှ ကဏ္ဍ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Wednesday, April 28, 2010
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၉၀)
ရန်ကုန်မှ တဏှာဂေဟာ
သို့ကြောင့် ၂၃-၁၁-၆၀နေ့စွဲ တနင်္သာရီနေ့စဉ်မှာ အောက်ပါအတိုင်း တဖွဲ့တနွဲ့ ဆက်လက်ဖေါ်ပြ ပြန်ပါ သည်။
တချို့ကတော့ အိပ်ဆေးသောက်တာပါဟုလည်း ပြောကြဆိုကြသည်။ မည်သို့ပင်ဆိုစေ နော်အုန်းခင် ကတော့ သေလုမျောပါး ဘ၀ခြား လုနီးနီးပင် ဖြစ်ခဲ့သည်မှာ မှန်မမှန်ကုသရသူ ဒေါက်တာမြသွင်ကို မေးကြည့် က ပို၍ မှန်ရမည်ဟုသာ ကျွန်တော် နတ်လမ်း ညွှန်လိုသည်။
ထိုဇာတ်လမ်းတွင် မထူးလျက် ဆန်း၍နေသော ပုစ္ဆာတခုကတော့ မိုးကြိုးဦးအုန်းခင် လာသည့်နေ့ တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ဘာ့ကြောင့်များ နော်အုန်းခင်က အဆိပ်သောက်ရပါလိမ့်ဟူသော အချက်ပင် ဖြစ်ပါ သည်။
ထန်းသီးကြွေသည်နှင့် ဆုံဆီးခြင်း ဖြစ်ကောင်း ဖြစ်ပေမည်။ အဲသလို နော်အုန်းခင်တယောက် အဆိပ် အတောက် ပြင်းထန်နေသည့် ကာလတွင်တော့ မိုးကြိုးဦးအုန်းခင် မှာ ကပြာကရာလော၊ အစီအစဉ် အရလောဟူ၍ ဇင်းကျိုက်ရွာကတော့ မပြောတတ်ကြ၊ ရွာက မှတ်မိလိုက်ကြသည် ကတော့ တညအိပ်ပြီး မိုးအလင်း တွင် ဦးအုန်းခင်တယောက် ရန်ကုန်သို့ တောက်လျှောက်ကြီး ပြန် သွားခဲ့ခြင်းပင် ဖြစ်သည်။
ဇင်းကျိုက်သို့ သူပြန်မလာ သည်ကတော့ တလ လောက်ရှိ၍ နေပါချေပြီ၊ နော်အုန်းခင်ကလည်း တောရပ် ဌာနီ ခရမ်းကျွတ်ရွာသို့ ခွင့်ရက်ရှည်ယူကာ ပြန်သွားရရှာသည်။ အုန်းခင် (၂) အုန်းခင်၏ ဇာတ်လမ်းကား ဒုတ်ထမ်း ၍ ပြောရမလိုလို ရွာဇင်းကျိုက်ကတော့ ထင်မြင်ချက်တွေ တဝေေ၀နှင့်။
စသဖြင့် ပါရှိလေသည်။ ရန်ကုန်သတင်းစာတစောင့် နှစ်စောင်က ထိုသတင်းများကို အထောက် အကူ ပြုလျက် လက်ရှိမျက်မြင်အခြေအနေကို စုံစမ်းကာ သိုးသိုး သန့်သန့် အစပြု၍ ရေးလာကြပြီး မှ ရုတ်တရက် မီးရေ နှင့် ပက်လိုက်သလို ငြိမ်သက်ကျသွားကြလေသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဆက်မည်ဆိုလျှင် ရေးသားစရာ သတင်းစဉ်တွေ တသီတထွေးကြီး ရှိလေ သေးသည်။ ဇင်းကျိုက်က အမျိုးသမီးမှာ အလုပ်ဌာနဆိုင်ရာသို့ လျော်ကြေးပေးပြီး သူ့ရွာ၌ ထာဝရ ဇာတ်မြှုပ် နေသည် မဟုတ်ပါ။ မကြာမှီ ရန်ကုန်ရွှေမြို့တော်ကြီးသို့ ခေါ်ယူပြီး ၀င်္ဂဘာလမ်းထည်းရှိ ၀န်ကြီး တဦး အိမ်အနီးတွင် စတည်းချထားလျက် တဏှခန်းဆက် ဇာတ်လမ်းပြာကို ရိုက်ကူး ကပြ လျက် ရှိပါသည်။
ထိုမျှသာမက အကာလ ညအခါ ဆိုလျှင် လမ်းကြို လမ်းကြား အသွယ်သွယ် ၌ လယ်သလို နေရာချ ထားသော အဆွယ် အမြှောင် များထံသို့ အလှည့်ကျ ၀င်ထွက်ကျက်စားလျက် ရှိရာ ဖဆပလ ကွက်သစ်မှာ အရပ် က ၀ိုင်း၍ ခဲနှင့်ပေါက်ထုတ်သဖြင့် တချီတမောင်း ထွက်ပြေးခဲ့ရပြီး၊ ဒုတိယတခု မှာ အရပ်က လက်မခံဘဲ ခဲ နှင့် ၀ိုင်း၍ သြဘာပေးလိုက်ကြသည့်အတွက် ပွက်ပွက်ဆူညံသွားပြန်ရာ ရဲဋ္ဌာနသို့ပင် သတင်း ပေါက်ကြား လာရပြန်သည်ဟု အဆိုပြုသည်။
အရပ်က ခဲနှင့် ပေါက်ထုတ်ခံရသည်မှာ စလေသူ စာစီမ ဇာတ်လိုက်မင်းသမီးနှင့် နှစ်ပါးသွားသူ စာစီမ ဇာတ်လိုက် မင်းသမီးနှင့် နှစ်ပါးသွား (လပ်ဖဆင်း) တွဲကချိန် ဖြစ်ကြောင်းကို ပြန်ပြောင်းပြော ပြ အတိတ် ဆောင်လာကြသူများကတော့ ထိုအရပ်တ၀ိုက်မှာ နေထိုင်ကြသော တိုက်က အလုပ် သမားအချို့အပြင် ယာယီ မန်နေဂျာနှင့် အလုပ်ထွက်သွားသူ အယ်ဒီတာဟောင်းတို့ ဖြစ်ကြပါ သည်။
ထိုအချိန် မှာတော့ ထိုသတင်းများမှာ ကျမအဘို့ ဆန်းဆန်း ကျယ်ကျယ် မရှိတော့ပါ။ ပဲခူး၊ ပြည်၊ ပုသိမ်၊ မန္တလေး စသ်ညများမှလည်း ဇင်းကျိုက်ရွာ နည်းတူ အလားတူ ကာမစခန်းခွဲရာဂ ပွဲရုံ ကလေးတွေက ခြေလှမ်း ချရာ နေရာတိုင်းမှာ သူ့အဆိုင်းနှင့်သူ ကိုယ်စီကိုယ်စီရှိနေကြောင်း သိပြီး သား ကြားပြီးသား ဖြစ်ပါသည်။ ကျမထက် ပို၍ သိသူများမှာ အလုပ်တိုက်သားများ ဖြစ်ကြပါသည်။
ဖေါ်ကောင်၂၀၀ိ စား
တခြားမြို့များ၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သမျှ အကြောင်းတွေကို ရန်ကုန်ဗမာ့ခေတ်တိုက် အလုပ်ခန်းက လူတွေက အလိုလိုနေရင်း သိနေကြသည်မှာ တခြားအကြောင်း မဟုတ်ပါ။ သွားလေရာအတူပါသူ၊ အခါပေး ဆရာမြှောက်ပင့်ညာစားဆရာ၊ သောက်ဖေါ်သောက်ဘက် လူကြီးတဦးက ခရီးမှ ပြန်လာ တိုင်း လာတိုင်း ရောက်ရာမြို့မှာ သူ့ဆရာ ၏ တော်သလင်း ကျလာခဲ့သမျှ အားရပါးရ ခရေစေ့ တွင်းကျ အလုပ် သမား များအား မြိန်ရေ၊ ရှက်ရေ စာရင်းချပြ အန်ထုတ်ပြခြင်းကြောင့် သိကြရခြင်း ဖြစ်သည်။
ဤသို့ အလုပ်တိုက် အတွင်းလာ၍ တော်သလင်း ကျမှု၊ ကမြင်းကြောထမှုတွေ ပြောပြီး အားရလေ သော အခါ သူ့ဆရာ၏ လစဉ်ထောက်ပံ့ကြေးစားစရိတ် ငွေနှစ်ရာကို အကြည်သာ ထုတ်ယူသွားမြဲ ဖြစ်ပါသည်ဟု ဗမာ့ခေတ် အလုပ်ခန်းထဲမှ ထွက်လာသော ယုံကြည်လောက်သည့် သတင်းတရပ်က ဆိုပါသည်။
ဒီတော့ ကျွေးရကျိုး၊ မွေးရကျိုး နပ်ပါပေသည်။ စေတနာမပါ အရေခွာ နေသူတွေအား ဘုရားတဆူ ဂူတလုံး သဖွယ် ယုံကြည် ကိုးကွယ်ရကျိုးနပ်မနပ် အကဲခပ်နိုင်ပေသည်။ ကျမက ကွာရှင်းပြီးသား ဖြစ်နေတော့ ဒါတွေကို ဂရုစိုက်နိုင်ရန် အချိန်အခါ မဟုတ်တော့သည်အားလျော်စွာ နကမ္ပတိ မတုန် မလှုပ် နေနိုင် ပါသည်။
လူကောင်းယောင်ဆောင် မျက်နှာပြောင်တိုက် ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၂)
သို့သော် ၀မ်လန်းဦးလေ၏ သားကော ငါ့ဆွေမျိုးဘဲ ဟူသော သဘောဖြင့် အခန်းထဲသို့ ရောက်အောင် ၀င်လေ၏။ လက်ထဲ၌ လှံစွပ်ကြီးကို ကိုင်လျက် ၀င်းကနဲဝင်းကနဲ နေအောင် ၀င့်ရင်း အခန်းထဲ ရှိရှိသမျှ မိန်းခလေး များကို တယောက်မကျန် လိုက်၍ ကြည့်လေ၏။ နန်းအင်မှာ တထိတ်ထိတ်နှင့် နောက်မှ လိုက်ရ ရှာ လေ၏။ လှံစွပ်ကြီးကြောင့် ဘာစကားမှ မပြောဝံ့ ဒေါသကို မျိုသိပ်ချုပ်တီး၍သာ ထားရလေ၏။ တဏှာရူး မောင်စစ်သားကား စပ်ဖြဲဖြဲမျက်နှာထားနှင့် လူစေ့ အောင် ရှောက်၍ ကြည့်ရာက မိန်းခလေး များမှာ ချစ်စရာကောင်းအောင် လှကြပါပေသည်"ဟု ချီးမွမ်းပြောဆို၍ နေလေ၏။
နန်းအင်၏ မိန်းမရှေ့သို့ ရောက်သောအခါ။
"တကဲ့ကို ချောတဲ့ မိန်းမဘဲဟေ့ မြို့သူကလဲဖြစ် ခြေထောက်ကလေးများကလဲ သေးလိုက်တာ ကြားဖူး ကလေးတွေ ကျနေတာဘဲ" ဟု ပြောလေ၏။ နန်းဝင်၏ မိန်းမရှေ့သို့ ရောက်သောအခါ၌ ကား။
"ဒါကတော့ တောကထွက်တဲ့ မုံလာဥနီထွားထွားကြီး ကျနေတာဘဲ၊ ၀က်သားနီတုံးကြီးနဲ့ လဲတယ် တူ" ဟု ပြောလေ၏။
နန်းအင်၏ မိန်းမမှာ ရှက်သဖြင့် ခေါင်းငုံ့နေနေသော်လည်း၊ မုံလာဥနှင့် အနှိုင်းခံရသော နန်းဝင်၏ မိန်းမ ကမူ ပျော်တတ်သူတယောက်ဖြစ်သည့်အတိုင်း ပြန်၍ရယ်မောရာက။
“ဟုတ်တယ် တချို့ကတော့ အဲဒီမုံလာဥနီမျိုးတို့ ဒါမှမဟုတ် ၀က်သားနီတို့မှဘဲ အရသာ တွေ့တယ်ရှင့်”ဟု ပြန်ပြော လိုက်လေ၏ ထိုအခါ တဏှာရှုးမောင်စစ်သားက-
“ကျုပ်လိုပေါ့” ဟုပြောကာ၊ လက်ကိုဘမ်းကိုင်တော့မည့်အသွင် လုပ်လေ၏။
ဤအခြင်းအရာ ကိုမြင်ရသော နန်းအင်မှာ အရှက်ကြီးရှက်၍ သွားလေ၏ အထူးသဖြင့် ဇနီးသယ်ကို ပို၍ှ ရှက်မိလေ၏ မိန်းမတန်မဲ့နှင့် စကားလက်တုံ့ပြန်နေသော ခယ်မနှင့် ရိုင်းစိုင်းလှသော အဘေ့ ဦးလေး၏ သားကို တပြန်စီကြည့်ပြီး မိမိဇနီး ကိုပြန်၍ကြည့်လေ၏ နန်းအင်၏ စိတ်ထဲတွင် မည်သို့ ဖြစ်နေသည် ကို ရိပ်မိသော မောင်စစ်သား က အရွံ့တိုက်လျက်။
“ကျုပ်သာ ဆိုရင် ဟောဟိုကဟာလို အရသာမရှိ ဧစက်နေတဲ့ ငါးဟင်းမျိုးကိုစားမဲ့အစား ၀က်သားနီဟင်း ကို စားမှဘဲ” ဟု ပြောလိုက်ပြန်ရာ နန်းအင်၏ မိန်းမသည် အိနြေ္ဒကြီးစွာဖြင့် ထလျက်ကပ်နေသော အခန်း ထဲသို့ဝင်သွားလေ၏ ထိုအခါ မောင်စစ်သားက အက်ကွဲသော အသံကြီးဖြင့် ရယ်လိုက်ရင်း။
“ဒီမြို့သူတွေဟာ အင်မတန်ကို ကိန်းကြီး ခန်းကြီး နိုင်တယ်မဟုတ်လားသခင်မကြီး”ဟု ကြာပဒုံအား လှမ်း၍ မေးလိုက်လေ၏ ထို့နောက်ကြာပဒုံ၏ မျက်နှာကို သေချာစွာကြည့်လျက်။
“သခင်မကြီး ကလဲ တယ်ဖြောင့် နေပါကလား ကိုဝမ်လန်း ဘယ်လောက် ချမ်းသာနေတယ်ဆိုတာ သခင်မကြီး ကြည့်လိုက်တာနဲ့ သိတာဘဲ ၀လိုက်တဲ့ အသားတွေကလဲ တောင်ကြီးတွေလို ကျနေတာဘဲ အစားကောင်း အသောက်ကောင်း စားပီး တကဲ့ သူဌေးကတော်ကြီး ဖြစ်နေတော့တာ ကိုး”ဟု မြှောက်ပြန် လေ၏
ကြာပဒုံမှာ သခင်မကြီး အခေါ်ခံရသဖြင့် အကျေနပ်ကြီး ကျေနပ်သွားကာ ဟား...ဟား...ဟား..ဟား နှင့် ရယ်လိုက် ရင်း။
“တယ်ဒီအကောင် ငါ့ကို နောက်ပြန်ပါပြီ”ဟုဆိုကာမျက်စောင်းကလေး ချီနေလေ၏
တဏှာရှုး မောင်စစ်သားသည် ထိုအခန်းထဲမှထွက်ခဲ့ပြီးနောက် သူ့အမေအခန်းသို့သွားလေ၏
အိပ်ရာထဲ တွင် ဘိန်းမှိန်း နေသော မိခင်အားမြင်သောအခါ၊
“သားတစ်ယောက်လုံး ရောက်လာတာ အိပ်နေနိုင်လွန်းတယ်” ဟု နှုတ်ဆက်လေ၏ သူ့မိခင်သည် သားဖြစ်ကြောင်း သိရသောအခါ ဘိန်းပြောင်းကိုထိုး၍တည်လေ၏ သို့သော် မောင်စစ်သားသည် ဘိန်းရှုရန် ငြင်းဆန်လျက် ခဏမျှ ထိုအခန်းထဲ၌ ထိုင်နေပြီးနောက် သူ့နေရာသို့ပြန်လေ၏။
ထိုနေ့မှ စ၍ ၀မ်လန်းတို့အိမ်သားများမှာ တထိတ်ထိတ်နှင့် အသက်ဘယ်ထားရမည်မသိ ဖြစ်နေလေ၏ စစ်သားများ တည်းခိုခန်းချနေသော အဆောင်များကား ပျက်စီးချင်သလို ပျက်စီး၍ နေလေ၏ သစ်ပင်များ ကို ချိုးဖဲ့၍ ပစ်ကြ၏ ကုလားထိုင်ကြီးများ ကို ဘွတ်ဘိနပ်ကြီးများဖြင့် တက်နင်းကြ၏ ရွှေငါးကလေးများ မွေးထား သော ရေကန်များကို ဖျက်ဆီး၍ပစ်လေ၏ ငါးကလေးများမှာ ရေကန်ထဲတွင် ပုပ်ပွကာ ပေါလော ပေါ်၍ နေကြလေ၏ သို့သော်ဝမ်လန်းမှာ ၎င်းတို့ထက်ဦးလေး၏ သားကိုပို၍မုန်းတီးမိလေသည်။
မောင်စစ်သား ကား၊ အိမ်တအိမ်လုံးတွင် အစိုးရနေလေ အခန်းမှန်သမျှ ပိုင်စိုင်း ပိုင်နင်း ၀င်ထွက်သွားလာ၍ နေလေ၏ ကျွန်မကလေးများကို အမြဲမျက်စောင်းထိုး၍ နေလေ၏ မိမိတို့၏ ဇနီးများကိုပါ စိတ်မချသဖြင့် ၀မ်လန်းနှင့် တကွ သားများအမြဲစောင့်ကြပ် ဂရုစိုက်၍နေကြရလေရာ အအိပ်ပျက်ဖြစ်လျက် မျက်တွင်း ဟောက်ပက် ကလေးများနှင့် ဖြစ်နေကြရလေ၏ ဤတွင်ဥသြမယ် က အကြံတခုရလေ၏
“ဒါလောက်တောင် စိုးရိမ်ထိတ်လန့်မနေရအောင် သူ့ကိုကျွန်မကလေးတယောက်ယောက် ပေးထား လိုက် ပါလား သူဒီမှရှိတုန်း” ဟု ပြောလေ၏။
“ဒီအကြံကောင်းတယ်”ဟု ၀မ်လန်းက ထောက်ခံလေ၏ ထို့နောက် ဥသြမယ်အား မောင်စစ်သား ထံ လွှတ်လျက် ကျွန်မကလေးများအနက် မည်သည်ကျွန်မကို ကြိုက်သည့် အကြောင်းမေးခိုင်း လိုက်လေ၏ ဥသြမယ် သည် မောင်စစ်သားထံသွားရောက်မေးမြန်းခဲ့ပြီးနောက် ၀မ်လန်းထံ ပြန်လာလျက် မောင်စစ်သား က ကြာပဒုံသခင်မကြီး ၏ အခန်းထဲ၌ အိပ်သည့် ကျွန်မကလေးကို အလိုရှိသည်ဟု ပြောလိုက် ပါကြောင်း နှင့် ပြန်ကြားလေ၏။
ဤ ကျွန်မကလေးကား အခြားမဟုတ် တခါက ရေကြီး၍ ငတ်မွတ်နေသဖြင့် ၀မ်လန်းထံ သ္မီးကလေးများကို လာရောင်း ကြသည့်အနက် ကြာပဒုံက အ၀ယ်ခိုင်းသဖြင့် ၀ယ်ယူထားလိုက် သော မယ်သစ် အမည်ရှိ ကျွန်မ ကလေးဖြစ်၏ မယ်သစ်မှာ အခြားသောကျွန်မကလေးများနှင့်မတူ ငယ်ရွယ်နုနယ် လှသည်ဖြစ်၍ အလုပ်ကြမ်း များမလုပ်ရ ကြာပဒုံ အတွက် ဆေးလိပ်ညှိပေးခြင်း၊ လဖက်ရည် ယူပေးရခြင်းစသည့် အလုပ်ကလေး များလောက်သာ လုပ်ရလေ၏ ။
ဥသြမယ် လည်း မောင်စစ်သားထံမှပြန်လာပြီး ၀မ်လန်းအား ထိုအကြောင်းကို ပြောပြနေသည့် အချိန်ဝယ် မယ်သစ်မှာ လဖက်ရည်ဘမ်းကိုကိုင်လျက်  ကြာပဒုံအနီး၌ ရပ်လျက်ရှိလေရာ မိမိကို မောင်စစ်သား အလို ရှိကြောင်း ကြားလိုက်ရသည်နှင့် တပြိုင်နက်လက်ထဲမှ လဘက်ရည်ဘမ်းမှာ လွတ်ကျသွားလေ၏ လဘက်ရည် ခရား မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားလျက် ကြမ်းပေါ်တွင် လဘက်ရည်တို့သည် အိုင်ထွန်း ၍ စီးဆင်းသွားကြကုန်၏ သို့သော်မယ်သစ်မှာ ကြောက်လန့်ခြင်း ဖြင့် သွေးမွှန်နေသူ ဖြစ်ရကား လဘက်ရည် ဘမ်းလွတ်ကျ ၍ လွတ်ကျမှန်း မသိ ကြာပဒုံ၏ ခြေထောက်ရင်းတွင် ဒူးထောက်လျက် ဦးခေါင်း ကို ကြမ်းငြဖ့် အခါခါထိကာ “သခင်မကြီးဘုရား ကျွန်မ ဒီအလုပ်မလုပ်ပါရစေနဲ့၊ ကျွန်မကို မခိုင်းပါနဲ့ သူ့ကို ကျွန်မကြောက် လွန်းလို့ပါ သခင်မကြီး ဘုရား”ဟု တောင်းပန်လေ၏ သို့သော် ကြာပဒုံ မှာ နားမ၀င် ဥသြမယ်ဘက် သို့လှည့်၍ “ဒီကျွန်မကို သူ့ဆီ ခေါ်ပို့လိုက်”ဟု ခိုင်းလိုက်လေ၏။
ထိုအခါ မယ်သစ်မှာ တကိုယ်လုံးဆတ်ဆတ်တုံလာလျက် လက်ကလေး ၂ဘက်ကိုယှက်ကာ မိမိ အား ချမ်းသာပေး ပါရန် အမျိုးမျိုးငိုယိုတောင်းပန်၍ နေလေ၏ အနီးရှိလူများကိုလည်း အားကိုး အသနားခံသည့် မျက်နှာ ကလေးဖြင့် လူစေ့အောင်လျှောက်၍ ကြည့်ရှာလေ၏။
ဝမ်လန်း၏ သားများကား ကြာပဒုံ၏ အမိန့်ကို ၀င်ရောက် ကန့်ကွက်ပြောဆိုခြင်းဌာ မ၀န့်ကြပေ ထိုနည်း တူစွာ ၎င်းတို့၏ ဇနီးသယ်ကလေး များမှာလည်း မပြောဝံ့ကြရကား အားလုံးငြိမ်၍ နေကြလေ၏ ၀မ်လန်း၏ သားအငယ်ဆုံး ကား နက်မှောင်တူထဲလှသော သူ့မျက်ခုံးကြီးများကို ကြုတ်လျက် လက်ပိုက်ကာ မယ်သစ်ကို စိုက်ကြည့် နေလေ၏ သို့ဖြစ်လေရာ မယ်သစ်၏ သနားစဖွယ် ငိုယိုတောင်းပန်နေသံမှာ အခန်းတခုလုံး တွင် ငြိမ်သက်ခြင်းကို ဖေါက်ထွင်းလျက် စူးယှကျယ်လောင်စွာ ထွက်ပေါ်နေလေ၏။
သနားတတ်သော ၀မ်လန်းမှာ အိနြေ္ဒမဆောင်နိုင်လောက်အောင် မျက်နှာပျက်၍ နေလေ၏ ကရုဏာ ပြင်းပြ နေသည့်အရိပ်အရောင်မှာ သူ့မျက်နှာတါင် မဖုံးကွယ်နိုင်အောင် ယှက်သန်း၍နေလေ၏ မယ်သစ် သည် ၀မ်လန်း၏မျက်နှာကိုမြင်သောအခါ ခြေထောက်ကိုပြေး၍ ဖက်လေ၏ မျက်နှာကို ခြေခုံပေါ်၌ နှစ်လေ၏ မယ်သစ်၏ မျက်ရည်များမှာ ၀မ်လန်း၏ခြေဖမိုး ပေါ်တွင် အိုင်ထွန်း၍နေလေ၏ ကိုယ်ကလေးမှာ တဆတ်ဆတ် တုံနေလျက်၊ ၀မ်လန်း၏စိတ်ကို အရေပျော်၍ သွားစေလေ၏ ၀မ်လန်းမှာအသက်ဝင်၍ လာလေ၏။
“ဟဲ့ဥသြမယ်သူ့အလိုမတူဘဲနဲ့ အတင်းတိုက်တွန်း လို့ မကောင်းဘူးထင်တယ်ကွယ်”
ထိုအခါ ကြာပဒုံ က ၀င်၍ “ဒီကခိုင်းတဲ့အတိုင်း လုပ်ရမယ် ဘာအရူးထတာလဲ မိန်းမမှန်ရင် ဒီကိစ္စမျိုး တနေ့ကျ ကြုံရမှာချည်းဘဲ”ဟု ပြောလေ၏ ၀မ်လန်းကပြန်၍ “နေပါအုံးကွယ် ဒိပြင်နည်းနဲ့ တတ်နိုင် အုံးမလား ကြည့်ကြစမ်းပါအုံး မင်းအတွက် ငါနောက်ထပ် ကျွန်မ တယောက် ထပ်ဝေ ပေးပါ့မယ် ဒီကိစ္စ ကိုတော့ တခြားနည်းနဲ့ ဖြစ်အောင်လုပ်နိုင်မလား ကြည့်ကြစမ်း ပါအုံးဟဲ့ မင်း လိုချင်တာ ငါဝယ် ပေး ပါ့မယ်”
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Tuesday, April 27, 2010
စားကြမလား ရန်ကုန် မုန့်ဟင်းခါး
မုန့်ဟင်းခါး ဆိုရင်တော့ ရန်ကုန် မုန့်ဟင်းခါး ဘဲ ကောင်းတယ်....၊ မန္တလေး မုန့်ဟင်းခါး (အညာ မုန့်ဟင်း ခါး) ဆိုရင်တော့ မကောင်း ဘို့များတယ်..၊ ကျနော် တို့ မန္တလေး ရဲ့ လမ်းထောင့် တွေမှာ တွန်းလှည်း လေးတွေ နဲ့ မုန့်ဟင်းခါး ရောင်းလေ့ ရှိတယ်...၊ အဲဒီ မုန့်ဟင်းခါး က ပဲမှုန့် တွေ ဖျော်ထည့် ထားတာ များတယ်..၊ စားလို့ မကောင်းဘူး..၊ ကျနော် လည်း မကြိုက်ဘူး..၊ ငယ်ငယ်က ရန်ကုန် သွားတော့ အမျိုး တွေက မုန့်ဟင်းခါး ချက်ကျွေးမယ် လို့ ပြောတယ်..။
ကျနော် မကြိုက်ဘူး လို့ ပြောတော့ ရန်ကုန် မုန့်ဟင်းခါး ချက် မှာ မန္တလေး မုန့်ဟင်းခါး နဲ့ တခြားစီ စားကြည့် အုန်းလို့ ပြောပြီး ချက်ကျွေးတယ်..၊ စားရတာတောင် နောက်ကြ သွားသေးတယ်.. တခါထဲ ကြိုက်သွား တာဘဲ...၊ ငံပြာရည် မွှေးမွှေး ငါး များများ ကြက်သွန်ဥ နိုင်နိုင် ငှက်ပျောအူဖတ် နုနုလေး တွေ နဲ့ စားလို့ ကောင်းလိုက်တာ...၊ မုန့်ဟင်းခါး ဆိုတာ အသဲစွဲ သွားတယ်..၊ ကျနော် တို့ အညာ မုန့်ဟင်းခါး ကတော့ သိတဲ့ အတိုင်းဘဲဗျာ...၊ ကောင်းပါတယ် ဆိုပြီး မန္တလေး ချစ်သူတွေ မငြင်း ကြနဲ့အုန်းနော်.. ကျနော် ပြောတာ အများစု က မကောင်းတာပါ ထူးချွန် ပြောင်မြောက်တဲ့ တချို့ ဆိုင်တွေတော့ ရှိကောင်း ရှိမှာ ပေါ့..၊ ကျနော် တော့ မစားဘူး ဘူး...။
မုန့်ဟင်းခါး  ကြိုက်သွားတော့ ဘယ်မြို့ရောက်ရောက် မုန့်ဟင်းခါး စားကြည့် တယ်..၊ ရန်ကုန် မုန့်ဟင်းခါး ကို မှီတာတော့ မတွေ့ဘူးသေးဘူး..၊  ချစ်ချစ်ကြီး မော်လမြိုင်သွားတော့ မော်လမြိုင် မုန့်ဟင်းခါး စားခဲ့တယ်တဲ့ မုံဖတ် အကြီး တွေကို ချက်ခြင်း ကြိတ်ပြီး ရေထဲက ဆယ် ထဲ့ ပေးတယ် လို့ပြော တယ်...၊ရေစိမ် မုန့်ဟင်းခါး ပေါ့... ကျနော် တော့ မစားဘူးသေးဘူး.. (သွားသော နေရာက စားခဲ့ သော အစား အသောက် အကြောင်းကို အစီရင် မခံပါက ပြစ်မှု့ ကြီး ပါသည်)..၊ တောင်ငူ မုန့်ဟင်းခါး.. ဟင်္သာတ မုန့်ဟင်းခါး တွေလည်း ကောင်းပါတယ်...။
အနီးစခမ်း မှာ လည်း ကျနော် တဆိုင်စားဖူးတယ်... တော်တော် ကောင်းတယ်.. ဘယ်လိုချက်လည်း ဆိုတော့.. ငါးကင်ပြီး... မြေပဲ နဲ့ ချက်တာလို့ ပြောပါတယ်...။ တချို့ ကတော့ ကုလားပဲ နဲ့ ချက်တယ်... အဲဒါလည်း ကောင်းပါတယ်.. ရန်ကုန်ချက်ကလည်း ကုလားပဲ ပြုတ် ထည့် တယ်ထင်တယ်..။
အခုတော့ မန္တလေး မှာ ရောင်းတဲ့ ဆိုင်ကြီးတွေ က မုန့်ဟင်းခါး တွေကတော့ ရန်ကုန် စတိုင်ချက်တာတွေ များသွားပါပြီ..၊ ဒါပေမဲ့ သိပ်ကောင်းတဲ့ မုန့်ဟင်းခါး မရှိသေးဘူး.. ရန်ကုန်မှာတော့ ဘယ်ဆိုင်မှာ စားစား ကောင်းတာ များတယ်...။
ကျနော် နောက်ဆုံးတခေါက် ရန်ကုန်သွားတော့ ကျနော့် မောင်လေး က မနက်တိုင်း မုန့်ဟင်းခါး... ဝယ်ကျွေးတယ်..၊ ဒီနေ့ က ပြိုင်ပွဲ မှာ ပထမ ဆုရတဲ့ မုန့်ဟင်းခါး..၊ နောက် နေ့ ဒုတိယ ရတဲ့ မုန့်ဟင်းခါး.. နောက်နေ့ ကြတော့ ဒါက စမ်းချောင်း မှာ နာမည်ကြီး တဲ့ မုန့်ဟင်းခါး... ဆိုပြီး တလှည့်စီ ကျွေးတယ်...၊ နောက် တနေ့ကြတော့ မမရွှေစင် ရယ် နေ့တိုင်း မုန့်ဟင်းခါး ဖြစ်နေတာ အပြောင်းအလဲ ဘိတ် ကတ်ကြေးကိုက် လေး လိုက်ကျွေးမယ်နော် ဆိုပြီး သွားကြတယ်..။
ဟိုရောက်တော့ မောင်လေး က အမှိုက် မထည့် တာ တပွဲ.. အစုံ တပွဲ ဆိုပြီး မှာလိုက်တယ်... ကတ်ကြေး ကိုက် ထဲမှာ ပါတဲ့ ပဲပင်ပေါက် တို့ ပဲပြုတ် တို့ကို မောင်လေး က အမှိုက် လို့ ယူဆပါတယ်..၊ ကျနော် က အဲဒီ အချိန် တုန်းက အဲဒါကို မစားဘူး သေးဘူး...  စာအုပ် တွေထဲ မှာ ဘဲ ဖတ်ဘူးတာ ဆိုတော့ အခုတော့  တကယ် စားရ တော့မယ် ဆိုပြီး ဝမ်းတွေ သာနေတယ်...၊ ခဏ နေတော့ အငွေ့တထောင်းထောင်း နဲ့  လာချ တယ်..။
စားရတော့မယ် ဟဲ့ ဆိုပြီး....တူလေး ကိုင်ကာ ရှိသေး.. မောင်လေး ရဲ့ အမှိုက်တွေ ဘာလို့ထည့် လာတာ လည်း သေချာ မှာရဲ့ သားနဲ့ ဆိုပြီး အော်လိုက်တဲ့ အသံထွက်လာတယ်.. ဆိုင်က လည်း ပြန်ကျော် ပေးပါမယ်.. ဘာညာ မပြောဘဲနဲ့ ဖယ်လိုက် ရင် ရတာဘဲ ဆိုပြီး မချေမငံ ပြန်ပြောတယ်.. မောင်လေး ရဲ့ ဒေါသမီး က တော်တော် ပေါက်ကွဲ ပြီး ပိုက်ဆံပစ် ချလိုက်ပြီး လာ မမရွှေစင် ဒါမျိုး ဆိုင် တသက်မစား နဲ့ ဆိုပြီး ဆွဲခေါ်သွားပါတယ်...၊ ကျနော့် မှာတော့ စားရခါနီးမှ.. ပုတ်ချ ခံလိုက်ရတဲ့ ကလေးလေး  လို့..... မုန့် ပန်းကန်လေး လှည့်ကြည့် လှည့်ကြည့်  နဲ့ ဟင့်..ဟင့်....ပြန်ပြောရင် ငိုချင်တယ်နော်..။
ကဲ.. ဟိုရေး ဒီရေး နဲ့ မုန့်ဟင်းခါး အကြောင်း က ပျောက်သွားပြီ.. မုန့်ဟင်းခါး ကိုတော့ ကောင်းကောင်း မချက်တတ်လို့ ပင်လယ်ပြာက မုန့်ဟင်းခါး အစို ထုတ် ဝယ်ပါတယ်... ငါးဖယ် (ပင်လယ်ပြာ ကဘဲ)..၊ ဘဲဥ.. နဲ့ ကြက်သွန်နီ ဥကြီးများ ငှက်ပျောအူ နုနုလေး များကို ထပ်မန် ဖြည့်စွက် ထားပါတယ်.. တော်တော် ကောင်းပါ တယ်... ပင်လယ်ပြာ ရန်ကုန် မုန့်ဟင်းခါး ပါ။
အောက်က အသုပ် ကတော့  စားဖူး တဲ့ သူ နဲ မယ် ထင်တယ်..၊  ငှက်ပျောဖူး သုပ်ပါ..၊ ငှက်ပျောဖူးကို ငှက်ပျောသီး သေးသေးလေး တွေ ပါတဲ့ အပိုင်းတွေ အားလုံးဖယ်ပစ် ပါတယ်..၊ နောက်ဆုံး ကျန်တာလေး ကိုမှ ဆားထဲ့ ထားတဲ့ ရေးအေး ထဲ ကို ပါးပါးလှီးထည့် ပြီး ခဏစိမ် ထားတယ်..၊ သုပ် ခါနီးမှ ရေ စင်အောင် ညှစ်ပြီး တခြား အသုပ် တွေ သုပ် တဲ့ အတိုင်း သုပ် ပါတယ်...၊ တော်တော် လေး ကို ကောင်းပါတယ်...၊ အချဉ်ကြိုက်ရင် သံပရာသီး လေး တစိတ်လောက် ညှစ်ထဲ့လိုက်ပါ.. ဆွေမျိုးမေ့ သွားပါ လိမ့်မယ်...။
အားလုံး စိတ်ကြိုက် စားတော် မူ ကြပါ....။
ငှက်ပျောဖူး ပုံအား ဓါတ်ပုံ ရိုက်မထားလိုက်ရတဲ့ အတွက် Google မှ ယူသုံးပါ၏။
အားလုံးအား လေးစားလျှက်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄၁)
ဝမ်လန်းမှာ နန်းဝင်ကို အခြားသားများထက် ပို၍ သဘောကျမိသည့် အချက်တခုကား နန်းဝင်၏ လက်ထပ် ပွဲ ကျင်းပသည့်အခါ နန်းဝင်ကိုယ်တိုင် ငွေအသုံးအစွဲကို သေချာစွာ ဂရုစိုက် သုံးစွဲနေ ခြင်းပင် ဖြစ်ပေ၏။ မကုန်သင့် သည့်နေရာ မကုန်ရအောင် မသုံးတန် သည့်နေရာ မသုံးရအောင် ငွေနည်းနိုင်သမျှ နည်းရန် ကိုယ်တိုင် စစ်စစ်ဖါဖါ စီမံလျက်ရှိသည်ကို တွေ့ရလေ၏။ မင်္ဂလာဆောင် သို့ လာရောက်ကြသည် ဧည့်ပရိသတ်များကိုပင် အတန်းအစားခွဲ၍ ကျွေးမွေးလေ၏။ မြို့ပရိသတ် ကို မြို့နှင့်လိုက်အောင် ကျွေးမွေး လျက် တောပရိသတ်ကို မြို့စာမကျွေး တောစာသာ ကျွေး၏။
ငွေဖြင့်၎င်း ပစ္စည်းဖြင့်၎င်း လက်ဖွဲ့ကြသည့် ပစ္စည်းများကိုလည်း သေချာစွာ ဂရုစိုက်လက်ခံလေ၏။ အိမ်ရှိ အစေခံများကို မင်္ဂလာဆောင် အထိမ်းအမှတ်အဖြစ်ဖြင့် ဆုလာဘ်များ စွန့်ကြဲဝေငှသည့် အခါ၌လည်း စွန့်ကြဲသည် ဆိုရုံမျှ တပြားတချပ် စွန့်ကြဲလေရကား ဥသြမယ်မှာ ငွေစကလေး ၂စသာ ရရှိသဖြင့် မကျေ မနပ် ဖြစ်နေလေ၏။
"သူဌေးသား တယောက်လုံး လုပ်နေပြီးတော့ ဒါလောက်တောင် ကပ်စေးနဲ့ဘို့ မလိုပါဘူးတော် ဒီလို ကပ်စေးနဲ တဲ့ အပြုအမူမျိုးကို တခြားလူတွေမြင်ရင် ဒီအိမ်ကြီးမျိုးနဲ့ တန်တဲ့လူတွေ မဟုတ်ဘူးလို့ ပြောကြ လိမ့်မယ်"ဟု ဥသြမယ် ပြောလိုက်သည်ကို သားအကြီး နန်းအင်က ကြားရလေ၏။ ထိုအခါ ရှက်၍ သွားလေ၏။ ဥသြမယ်အား အသာလက်တို့၍ ခေါ်ကာ မိမိ၏အိတ်မှ နှိုက်၍ ငွေထပ်ပေး လိုက်ရရင်း ညီအငယ် နန်းဝင်အား စိတ်ဆိုးမိလေ၏။ သို့ဖြင့် မင်္ဂလာစ၍ ဆောင်သည့်နေ့မှာပင် အချင်းချင်း စိတ်ဝမ်းကွဲ မှုများ ပေါ်၍လာလေ၏။
နန်းအင်ကား နန်းဝင်၏ ကပ်စေးနဲမှုကို ရှက်သည်တကြောင်း သတို့သမီးမှာ မြို့သူတယောက် မဟုတ်ဘဲ တောသူ ဖြစ်နေ၍ ရှက်လှသည်တကြောင်းကြောင့် ၎င်း၏မိတ်ဆွေများကို မင်္ဂလာဆောင် သို့ အားလုံး မဘိတ် ဘဲ အနည်းငယ်မျှလောက်သာ ဘိတ်ကြားလေ၏။
"ဒီအကောင်ဟာ အဖေ့ အခြေအနေနဲ့ ကျောက်စိမ်းခွက် ကလေးမျိုးကို ရနိုင်ရက်သားနဲ့ မြေအိုးမှ ရွေးယူ တယ်"ဟုလည်း ပြောဆိုသေး၏။ ညီနှင့် ခယ်မက လာ၍ ကန်တော့သောအခါ နန်းအင်သည် ခပ်တည် တည် ပင် ပြန်၍ ခေါင်းငြိမ့်ခြင်း ပြုလေ၏။ ၎င်း၏မယားကလည်း ခေါင်းငြိမ့်သည်ဆိုရုံမျှ ပြန်၍ ခေါင်းငြိမ့် လိုက်လေ၏။
သို့ဖြင့် တအိမ်လုံးတွင် စိတ်ဆန္ဒတမျိုးစီ ဖြစ်နေကြလျက် တယောက်သဘောနှင့် တယောက် မတိုက် ဆိုင်ဘဲနေခဲ့ကြရာ၌ အားလုံးထဲတွင် အပူအပင်မရှိ သောကဗျာပါ ကင်းဝေးချမ်သာသူကား တယောက်သာ ရှိလေ၏။ ၎င်းမှာ ၀မ်လန်း၏ မြေးကလေး ဖြစ်လေ၏။ ၀မ်လန်းမှာ နေ့စဉ်နှင့်အမျှ ထိုမြေးကလေးနှင့်သာ ကစား ခုန်စား၍ နေလေ၏။ ထိုမြေကလေး တယောက်ထံမှသာ သုခ ချမ်းသာကို ရရှိလေ၏။
နန်းအင်၏ ဇနီးသည် အဆိုပါ သားလေးကလေး၏ နောက် တနှစ်လျှင် တသားကျ မှန်မှန်ကြီး မွေး၍ နေလေ၏။ သားတယောက်ရတိုင်း ကျွန်မတယောက်ထပ်၍ ၀ယ်လေ၏။ သို့ဖြစ်လေရာ အိမ်ကြီးမှာ တနေ့ တခြား လူဦးရေ တိုးပွားများပြားလာလျက် ကျွန်ယောက်ျား ကျွန်မိန်းမ သားမြေး ချွေရံတို့ဖြင့် သိုက်သိုက် ၀န်းဝန်း မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ဖြစ်၍လာလေ၏။ ထိုအတွင်း နန်းဝင်၏ ဇနီးသည် ပဋ္ဌမဆုံး သမီးဦးလေး တယောက် ဖွားမြင်ရရှိခဲ့လေသတည်း။
ဝမ်လန်းမှာ မြေးကလေးတယောက် တိုးလာတိုင်း  တိုးလာတိုင်း သဘောကျ ကျေနပ်၍ နေလေ၏။ တယောက် ယောက်က "ဟော နန်းအင် မိန်းခလေး မွေးပြန်တော့မယ်၊ ပါးစပ်ပေါက်တယောက် တော့ နောက်ထပ် တိုးလာအုံးတော့မှာဘဲ"ဟု ပြောလိုက်လျှင် ၀မ်လန်းသည် အားရပါးရ ရယ်မော လျက် "တိုးပေစေဗျာ တိုးပေးစေဗျာ ဆန်တွေ အများကြီး ရှိတယ်၊ လယ်တွေ အများကြီး ရှိတယ်" ဟူ၍ သာ ပြန်ပြော လေ့ရှိ၏။ ၅နှစ်အတွင်း ၀မ်လန်းတွင် မြေးယောက်ျားကလေး လေးယောက် မြေးမိန်းကလေး ၃ယောက် ရရှိခဲ့ လေ၏။
ထိုနှစ်ဆောင်းရာသီကား ခါတိုင်းဆောင်းရာသီများနှင့်မတူ အထူးသဖြင့် အဧဓာတ်ပြင်းထန်၍ နေလေ၏။ အနှစ် ၃၀ အတွင်း ဤလ လော်ကချမ်းအေးသော လမျိုးကို မကြုံဘူးခဲ့ချေ။ မြို့တံခါး အနီး ပတ်လယ်မှ ကျုံးများ မှာ ရေခဲလျက် လူများမှာ ထိုရေခဲများပေါ်တွင် ဖြတ်သန်း၍ပင် သွားနိုင် ပေ၏။ အရှေ့မြောက်မှ အေးစက် သောလေပြေမှာ အမြဲသဖြင့်  တိုက်ခိုက်ပက်ဖြန်းနေလျက် မည်သည့်ထူထဲသောစောင်မှ ချုံကွေး ၍ မနွေးနိုင်အောင် ရှိလေ၏။ ၀မ်လန်းတို့အိမ်ကြီးတွင် အခန်း တိုင်း မီးလင်းဖိုများ ဖို၍ ထားရလေ၏။
ထိုအချိန်တွင် ၀မ်လန်း၏ ဦးလေးနှင့် ၎င်း၏ မိန်းမမှာ ဘိန်းတန်ခိုးဖြင့် နတ်စည်းစိမ် အခံစားလွန်ကြ သည်ဖြစ်၍ အိပ်ရာထဲ၌ တုတ်ချောင်းကို လှဲထားသည့်အလား ပိန်ချုံးအားပြတ်၍ နေကြလေ၏။ ဦးလေး ဖြစ်သူမှာ လှုပ်လိုက်တိုင်း ပါးစပ်မှ သွေးကျ၍ နေလေ၏။ ကြာရှည်မခံတော့မည် မဟုတ် ကြောင်း သိရသော ၀မ်လန်း သည် လင်မယားနှစ်ယောက် အသေမှ ဖြောင့်ပါစေတော့ဟု ခေါင်း နှစ်လုံးဝယ်ယူပြီး သူတို့ နှစ်ယောက် မြင်နိုင်သည့် နေရာမှာ သွား၍ ထားလေ၏။
ထိုအခါ ဦးလေးဖြစ် သူက ကျေးဇူးတင် စကားပြေလေ၏။ ဦးလေး၏ မိန်းမကလည်း
"ငါသေရင် ငါ့သားကို မိန်းမကောင်းကောင်း ရှာပေးစားပါမယ့်ကို ဂတိပေးစမ်းပါ"ဟု ဂတိတောင်း လေ၏။ ၀မ်လန်းက ပြောသည့်အတိုင်း ဆောင်ရွက်ပါမည်ဟု ဂတိထားလိုက်လေ၏။
တနေ့တွင် ၀မ်လန်း၏ ဦးလေးသည် အိပ်ရာထဲ၌ သေလျက် ရှိသည်ကို အစေခံမိန်းမက တွေ့ရ လေရာ ၀မ်လန်း သည် ဆီးနှင်းတွေ ဖုံးလွှမ်း မှိုင်းညှို့နေသော နေ့တနေ့၌ ဦးလေး၏ အလောင်းကို သင်းဂြိုဟ် လိုက်လေ၏။ ဘခင်၏အလောင်းနှင့် ယှဉ်၍ မြှုပ်နှံပြီး ၀မ်လန်းနှင့် အိမ်သူအိမ်သားသည် ၀မ်းနည်းခြင်း အထိမ်း အမှတ်အဖြစ်ဖြင့် တနှစ်တိတိ အ၀တ်ဖြူများကိုသာ ၀တ်ဆင်၍ စိတ်ဆင်းရဲ အောင် လုပ်ခဲ့သူတဦး ကွယ်လွန် ဇာတ်သိမ်းသွားပြီးသဖြင့် ၀မ်လန်းမှာ တနည်းဝန်ပေါ့ စိတ်ချမ်း သာသွားမိ၏။ ထုံးစံရှိသဖြင့်သာ အ၀တ်ဖြူ ၀တ်လျက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ပြရခြင်း ဖြစ်၏။
ဦးလေး သေသွားသောအခါ ဦးလေး၏မိန်းကို မြို့ကအိမ်သို့ ပြောင်းရွှေ့ထားလေ၏။ ၎င်းအတွက် အခန်းတခန်း သပ်သပ်ပေးထားပြီး အစေခံတယောက်နှင့်အတူ ထားရှိလေ၏။ ၀မ်လန်းသည် အိပ်ရာထဲတွင် ဘိန်းပြောင်း ကို မချဘဲ အမြဲသဖြင့် မှိန်းနေသော မိန်းမကြီးကို မြင်ရသောအခါ သူဌေးကြီးဟွံ ၏ ဇနီး ဘိန်းစားမ သူဌေးကတော်ကြီးနှင့် တူလှလေချင်းဟု အောက်မေ့ထင်မြင်မိလေ သတည်း။
အခန်း (၃၁)
"အဖေ စပါးဈေး ဆန်ဈေးတွေ တက်ကုန်ပြီ အဖေရဲ့ အောက်ဘက်မှာ စစ်ဖြစ်နေပြီတဲ့"
တနေ့သ၌ နန်းဝင်သည် စပါးဒိုင်မှ ပြန်လာပြီး ဘခင်ကြီး ၀မ်လန်းအား စစ်ဖြစ်သည့်အကြောင်းကို ပြောပြလေ၏။
"ကျွန်တော်တို့တော့ စပါးတွေ လှောင်ထားမှာဘဲ စစ်နီးလာလေလေ စပါးဈေးတက်လေလေ ဖြစ်မှာ ဘဲ ဒီတော့မှ ထုတ်ရောင်းရအောင်"ဟု နန်းဝင်က ဆက်လက်အကြံပေးလေ၏။
ဝမ်လန်းကား ထိတ်လန့်ခြင်းမရှိ ထမင်းစားမြဲ စားနေကာ "အေး စစ်ဆိုတာ ကြားသာကြားဘူးတယ် ငါတခါမှ မမြင်ဘူးဘူး၊ ကြည့်ဘူးကြုံဘူးတယ်ရှိအောင် ကြည့်လိုက်ချင်တယ်ကွာ"ဟု ပြန်ပြောလေ၏။ ၀မ်လန်း ကား တခါက ထိုစစ်ကို ကြောက်ရွံ့ ထိတ်လန့်ခဲ့ဘး၏။ ယခုမူ အသက်ကလည်းကြီး ပစ္စည်း ကလည်း ပြည့်စုံနေပြီဖြစ်၍ ယခင်တခါက ကဲ့သို့ စစ်ကူလီလုပ်ရ အဆွဲခံရမည့်ဘေးမှ ဝေးခဲ့ပြီးဟု ကြောက်လန့်ခြင်း မရှိတော့ပေ။ သို့ဖြစ်လေ ရာ များစွာ ဂရုမစိုက်ဟန်ဖြင့် "ဒို့ စပါးတွေ ကိစ္စတော့ မင့်သဘော အတိုင်းဘဲ မင်းတော်သလိုသာ ကြည့်လုပ်"ဟု ပြန်ပြောလိုက် လေ၏။
ထိုရက်များအတွင်း၌ ၀မ်လန်းသည် မြေးများနှင့်သာ ပျော်၍ နေလေ၏။ တနေ့သ၌ လမ်းထဲသို့ စစ်သားတွေ ၀င်လာ သည်ကို တွေ့ရလေ၏။ ထိုအချိန်၌ ၀မ်လန်း၏ မြေးကလေးတယောက်သည် ၀င်းဝ၌ အစေခံ တယောက်နှင့် ရပ်လျက်ရှိရာ လမ်းထဲသို့ စီတင်း၍ လျှောက်လာကြသော စစ်သားများကို မြင်သည့်အခါ ၀မ်လန်း ထံ ပြန်ပြေး၍ လာပြီး-"ကြည့်စမ်း ကြည့်စမ်း ဘိုးဘိုး ဘာတွေလဲ မဆိုနိုင်ဘူး" ဟု ပြောလေ၏။
ဝမ်လန်းသည် မြေးကလေး၏ လက်ကိုဆွဲလျက် ၀င်းဝသို့ လိုက်ကြည့်သောအခါ တလမ်းလုံး တမြို့လုံး ပြည့်နေသော စစ်သားများကို မြင်ရလေ၏။ စစ်သားတိုင်းမှာ လှံစွပ်ကြီးတွေ တပ်ထားသော သေနတ်များကို ထမ်း လျက် ၎င်းတို့၏ မျက်နှာထားများမှာ ကြမ်းတမ်း ခက်ထရော်ခြင်း ရှိကြ၍ ရိုင်းစိုင်းသော အမူအရာ များမှာ လူငယ်ကလေးများသာ ဖြစ်သည်ကို  တွေ့ရလေ၏။ အချို့မှာ လူငယ်ကလေးများသာ ဖြစ်သည်ကို တွေ့ရလေ၏။ ၀မ်လန်းသည် မြေးကလေးကို အနီးသို့ ဆွဲယူလျက် "အထဲဝင်ကြစို့ ငါ့မြေး သူတို့ကို ကြည့်နေလို့ မဖြစ်ဘူး လာ လာ တံခါးတွေ ပိတ်ထားရအောင်" ဟု ပြောနေစဉ် စစ်သားများ အနက်မှ တဦး သော စစ်သားသည် မြေးအဘိုး ၂ယောက်ကို မြင်သွားလေ၏။
ထိုသူက "အောင်မယ် ဟိုမှာ လက်စသတ်တော့ ငါ့အဘေရဲ့ တူကြီး ပါကလားဟ"ဟု အော်၍ ပြောလိုက်လေ၏။ ၀မ်လန်းသည် ထိုစစ်သားကို လှည့်ကြည့်လိုက်သည့်အခါ ဦးလေး၏သား ဖြစ်နေသည်ကို တွေ့ရလေ၏။ ၎င်းမှာ စစ်ဝတ်စစ်စားများနှင့် ဖြစ်နေလျက် မျက်နှာမှာ ယခင်ကထက် ပို၍ အမြင်ကပ်စရာ ကောင်းနေ လေ၏။ ၀မ်လန်းလှည့်ကြည့်သည်ကိုမြင်လျှင် အဆိုပါ ဦးလေး၏သား တဏှာရူး မောင်စစ်သား သည် ၎င်း၏ အဖေါ်များအား "ဟေ့ ရဲဘော်တို့ ဒို့ဒီမှာ နားကြမယ်ဟေ့ အဲဒါကိုယ့်ဆွေမျိုးအိမ်ကွ"ဟု ပြောလိုက်သည်ကို တွေ့ရလေ၏။
ဝမ်လန်းမှာ ထိတ်လန့်ခြင်းဖြင့် ငေးငိုင်လျက်ရှိနေစဉ် တဏှာရူး မောင်စစ်သားခေါင်းဆောင်သော စစ်သားများ သည် အိမ်ထဲသို့ တပြုံကြီးဝင်၍ လာကြလေ၏။ ကန်ဘောင် ကျိုးပေါက်၍ ရေလုံးကြီး ရိုက်ဝင်လာ သည့်အလား စစ်သားများသည် ၀င်းဝမှ အလုံးလိုက် အခဲလိုက် ၀င်ရောက်လာကြပြီးနောက် အခန်း ရှိသမျှ ၀င်ရောက်ကြကာ လှဲသူလှ အိပ်သူအိပ် ရေကန်ကလေးများထဲမှ ရေကို လက်နှင့် ကုန်း သောက်သူ ကသောက် တံတွေးထွေးသူ ကထွေးနှင့် ဗြောင်းဆန်သွားလျက် အချို့မှာ နန်းအင် ၀ယ်ထားသော စားပွဲကြီးများပေါ်တွင် လှံစွပ်ကြီးများကို ပစ်ချကြလေ၏။ အိမ်ကြီးတခုလုံးမှာ ၎င်းတို့ ၀င်လာခြင်း ဖြင့် အုပ်အုပ် အုပ်အုပ်နှင့် ကာလပျက်သလို ဖြစ်သွားလေ၏။
ဝမ်လန်းမှာ ကြက်သေ သေ၍ ရပ်ကြည့် နေမိရာမှ  အသက် ၀င်လာကာ မြေးကလေးကို ဆွဲပြီး နန်းအင် ရှိရာသို့ ပြေးခဲ့မိ၏။ နန်းအင်မှာလည်း စစ်သားများနှင့် အဘေ့ဦးလေး၏ သားကို မြင်ရ သောအခါ "ဒါးတွေ ကိုယ်စီနဲ့ ပါလား အဘေ" ဟုသော ပြောနိုင်လျက် ငေးကြည့်နေပြီးနောက် မည်သို့မျှ မတတ်နိုင် တော့သည့်အတိုင်း ကောင်းမွန်စွာပင် နှုတ်ဆက်ရလေ၏။
"ဧည့်သည်နဲနဲတော့ ပါလာတယ်ဗျို့"
"အို  ကိစ္စမရှိပါဘူး ရှေ့ခရီးဆက်မသွားခင် စားရအောင် တို့ထမင်းတောင် ချက်ကျွေးလိုက်အုံးမယ်"
"ထမင်းတော့ ချက်ပါလေ ဒါပေမဲ့ သိပ်တော့ အလောသုံးဆယ် မလုပ်ကြပါနဲ့ ကျုပ်တို့ဘယ်မှ သွားကြအုံးမှာ မဟုတ်ပါဘူး တလ ဘဲကြာမလား တနှစ်ဘဲကြာမလား ၂နှစ်ဘဲ ကြာမလား မသိ သေးဘူး ဒီမြို့ထဲဘဲ အထက် က အမိန့်မကျမချင်းနေရမှာမို့ ကျုပ်တို့အိမ်မှာ ချက်ချင်း ထွက်သွားဘို့ စိတ်မကူးဘူး အေးအေး ပေါ့လဗျာ"
ဝမ်လန်းတို့သား အဘကား ရင်ထဲတွင် လေး၍ သွားလေ၏။ သို့သော် အရောင်ထွက်နေသော ဒါးများကို မြင်ရသော အခါ မျက်နှာအမူအရာကို အားခဲ၍ ပြုံးကြရလေ၏။
"အို ဒါဖြင့် နေရာကျတာပေါ့"ဟု ပြောဆိုရကာ နန်းအင်သည် ထမင်းချက်ပြုတ်ရန် စီမံဦးမည်ဆို လျက် ဘခင်၏ လက်ကို ဆွဲပြီး အတွင်းဆောင်သို့ ၂ယောက်သား သုတ်သုတ်သုတ်သုတ်နှင့် ပြန်ခဲ့ ကြလေ၏။ တံခါးကိုလုံအောင် ပိတ်လိုက်ပြီးနောက်၊ တယောက်မျက်နှာကို တယောက် စိုက်ကြည့် နေမိကြလေ၏။ ထိုအခိုက် နန်းဝင်သည် အလုပ်မှ အူးယားဖါးယား ပြန်ရောက်လာပြီး တံခါးကို အပြင်မှ ခေါက်ပြန်လေ၏။ တံခါး ကို ဖွင့်ပေးလိုက်သောအခါ အထဲသို့ မောကြီးပန်းကြီး ၀င်လာလျှက်။
"စစ်သားတွေ နေရာတိုင်းမှာ ရောက်နေကြပြီ အဘေ အိမ်တွေလဲ ဆင်းရဲသားအိမ်ကော ဘာကော မချန်ဘူး အကုန် တက်နေကြတာဘဲ ကျွန်တော် အခုပြန်လာတာဟာ သူတို့တတွေ တကယ်တော့ သူ့အိမ် စစ်သားတွေတက်နေပြီကြားလို့ အိမ်ပြန်ပြေးတာ အိမ်ရောက်တော့ တအိမ်လုံး စစ်သားတွေ ပြည့်နေပြီး ဖျားနေတဲ့ သူ့မိန်းမ အခန်းထဲလဲ ၀င်နေကြတာ တွေ့တယ်။ သူက မနေဘို့ ပြောတော့ ဒါးနဲ့ ပြန်ထိုး လိုက်တာ တခါထဲ ဟိုဘက်ဒီဘက်ကို ထုတ်ချင်းခတ် ပေါက်သွားတာဘဲ၊ သူတို့ ဘာလိုချင်လိုချင် ကျွန်တော်တို့ ပေးမှဘဲ စစ်သားမြန်မြန် တခြားဘက် ရောက်သွားပါ စေလို့ ဆုတောင်းကြရုံဘဲရှိတယ်"ဟု ပြောလေ၏။
ထိုနောက် ၃ယောက်သား ကြောက်ကြောက် လန့်လန့်နှင့် တယောက်မျက်နှာတယောက် ကြည့်နေ ကြလေ၏။ နန်းအင်မှာ သူ့မိန်းမအတွက် တွေး၍ ပူမိလေ၏။ စစ်သားများ၏ မျက်နှာကို တွေးမိတိုင်း ကြောထဲမှ ချမ်း၍ လာလေ၏။
"အိမ်ကမိန်းမတွေကို အတွင်းဘက် အကျဆုံး အခန်းထဲ ပြောင်းထားပြီး တံခါးတွေ အလုံပိတ်ထား မှ ဖြစ်မယ်၊ ကျွန်တော်တို့လဲ နေရောညရော စောင့်နေမှ မတော်လို့ အရေးအကြောင်းရှိရင်လဲ အလွယ်တကူ ပြေးနိုင်အောင် နောက်ဖေးဘက်က မလွယ်ပေါက်ကို အသင့်လုပ်ထားမှ ကောင်း မယ်"
ထိုအကြံကို အားလုံး သဘောတူလျက် မိန်းမများနှင့် ခလေးများကို နောက်ဖေးဘက် အတွင်းအကျ ဆုံးအဆောင်သို့ တစုတလုံးတည်း ပြောင်း၍ ပို့ထားလိုက်လေ၏။ ထိုနောက် သားအဘ ၃ယောက် စလုံး တံခါးဝမှ နေ့ရောညပါ စန်ဒရီ အလုပ်ကို လုပ်၍ နေလေ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၈၉)
လူပျိုသိုးကလေး
(မိုးကြိုး) ဦးအုန်းခင်ဇင်းကျိုက်သို့ အဲဒီတခေါက် ရောက်လာစဉ်တွင် ကျန်းကျန်းမာမာ ၀၀ဖြိုးဖြိုးဖြိုး လူပျိုသိုးကလေးအသွင်ပင် ရှိနေပါလျက် သူနာပြုဆရာမကလေး၏ အပြုအစုကို ခံယူရခြင်းမှာ ဦးဏှောက် ခြောက် သောသော ရောဂါပါ လာသည် ဟူ၍လည်း ဇင်းကျိုက်ရွာတွင် နာမည်ကြီး ကျောင်းဆရာ မွန်မင်းသားကြီး ကိုခင်မောင်ကြီးတယောက် ယိုးဒယားပြည် ဘန်ကောက်မြို့တော် ဇာတ်ရုံကြီးတွင် မျောက်က သွားရောက်က ခဲ့ဘူးသော သတင်းထက် မကြီးသော်လည်း (မိုးကြိုး) ကြီး၏ ဦးဏှောက် ခြောက်ရောဂါ သတင်းမှာ ဇင်းကျိုက်ရွာငယ်ကလေးတွင် တပြေးတည်း တတန်း တည်း မွန် ခင်မောင်ကြီး မျောက်က သတင်းနှင့် နင်လား ငါလား သူပြော လူပြောများ၍ ရေပန်းစား နေခဲ့လေသည်။
(မိုးကြိုး) ဦးအုန်းခင်၏ ဤဦးဏှောက်ခြောက်ရောဂါကို ဇင်းကျိုက်ရွာ ပြည်သူ့ကျန်းမာရေး ဆေးပေး ဌာနမှ အလှဆုံး နော်အုန်းခင် ကလေးကို ရွေးကာ ကံက စီမံလာသည်။ နော်အုန်းခင် တယောက် ကပင် ဦးအုန်းခင် (မိုးကြိုး) တည်းခိုရာ ဆရာကိုမောင်ကြည် နေအိမ်သို့ သွားကာ သွားကာနှင့် ပြုစု ပေးနေရရှာဆဲတွင် တညတော့ ပြဿနာကြီး တရပ်ပေါ်၍ လာသည်။ ညဘက်များတွင် အဖေါ်မပါ ဘဲ ဘယ်မှ ထွက်ခွာလေ့ မရှိသူ နော်အုန်းခင် တယောက် အဲဒီ တညမှာ ပျောက်၍ သွားသည်။
ညနေ ၇နာရီ၊ ၈နာရီ၊ ၉နာရီ၊ ၁၀နာရီ၊ ၁၁နာရီအထိ အတူနေသူ သူနာပြုဆရာမကလေးများ စုကာ နော်အုန်းခင်ကို ဇင်းကျိုက်ရွာတွင် အရှာထွက်ကြတော့သည်။
ဟိုဟိုဒီဒီ ရှာမည့်အစား နော်အုန်းခင်သွားမည်ဟု သူတို့တတွေက အလိုလို သိနေကြသလိုပင် (မိုးကြိုး) ဦးအုန်းခင် တည်းခိုရာ ဆရာခင်မောင်ကြည်ကို နေအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွား မိကြသည်။
နော်အုန်းခင်ရေ ဟေ့ နော်အုန်းခင်။ တယောက်သော သူနာပြုမက ခေါ်လိုက်ပါသည်။ အထဲမှ အသံပြန် မကြားရ။ ဆက်၍ခေါ်သင့် မခေါ်သင့် သူတို့အချင်းချင်း ခေတ္တရပ်ပြီး တိုင်ပင်လိုက်ကြသေး သည်။
ဤသို့ တနင်္သာရီနေ့စဉ် ၂၀-၁၁-၆၀ နေ့ထုတ်သတင်းစာ၏ မျက်နှာဖုံး သတင်းအဖြစ် ပါလာပြန် သည်။ လက်ကျန်သတင်းများကို မူအတိုင်း ဆက်လက်ဖေါ်ထုတ်ပြရဦးမည်ဆိုလျှင်..........
သူနာပြုဆရာမပျောက်လို့ရှာ 
ဤသို့လျှင် တနင်္သာရီ နေ့စဉ်၌ ၄-၅-၆ရက် ဆက်တိုက်ပါလာလျက် ရှိပါသည်။ (သတင်းအဆက် မှာ) သူနာပြုဆရာမ အဖေါ်တစုသည် နော်အုန်းခင်ကို ဒီလိုလာခေါ်ဘို့ သူတို့တတွေက ရွံ့နေကြ သည်။ မင်းခေါ်ပါ၊ ငါခေါ်ပါဟု တယောက်နှင့် တယောက်ပင် အငြင်းပွားသည်အထိ သူမတို့တတွေ လန့်၍ နေကြသေးသည်ဟု အဆိုအပြော ရှိနေကြပါသည်။
လန့်ကြသည်ကတော့ မိုးကြိုး ဦးအုန်းခင်သည် လူကြီးလူကောင်းတဦး ဖြစ်သည်။ ၀န်ကြီးချုပ်မှ အစ ကျန်းမာရေးဝန်ကြီး အလယ် နယ်အရာရှိတွေ အဆုံး အကုန်လုံးနဲ့ ပုလဲနံပသင့်သည်။
ဤလို ပုဂ္ဂိုလ်ကြီးတဦး၏ တည်းခိုရာနေအိမ်ကို သူမတို့ကလာ၍ သန်းခေါင်၊ သန်းလွှဲ နှိုးမိနေကြသည်မှာ ဆွမ်းခံရင်း ငှက်သင့်ဆိုသလို နော်အုန်းခင်ကို အခေါ်လာသည်မှာ ဧည့်သည်တော် ပုဂ္ဂိုလ်ကြီး ဦးအုန်းခင်ကို အနှောင့်အယှက်ပေးသလိုများ ဖြစ်သွားမှာလား။ ဧည့်သည်တော်ကြီး အိပ်ယာမှ နိုးပြီး စိတ်များ ဆိုးလေ မည်လား။ အဲဒီလိုများ ဆိုရင် သူတို့အလုပ်တွေဘဲ ထိခိုက်နိုင်သလား။
သို့လော သို့လော တွေးတောပြီး သူမတို့ လန့်သွေးဝင်နေကြခြင်းဟု အဆိုရှိသည်။ နောက်ဆုံးတွင် တော့ သူတို့အထဲမှ အိမ်ထောင်ရှင် သူနာပြု ဆရာမတဦးက ဇွတ်မှိတ်ပြီး ခေါ်လိုက်ပါသည်။
'နော်အုန်းခင် ....... ဟေ့ နော်အုန်းခင်' ဤအသံအဆုံးတွင်တော့ အိမ်ရှေ့တံခါးမ ပွင့်၍ လာသည်။ နော်အုန်းခင် ၏ အဖေါ်သူနာပြုပျိုဖြူ တစုက ရှိုးတိုးရှန့်တန့်ကြားမှ လည်တဆန့်ဆန့် ဖြစ်နေကြပါ သည်။
တံခါးပွင့် အလာတွင် နော်အုန်းခင်ကို တွေ့ကြရသည်။ ပြန်ကြပါစို့လား နော်အုန်းခင်ဟု သူမတို့က ခေါ်ကြသည်ဟု အဆိုအပြော ရှိကြပါသည်။ သို့သော်လည်း နော်အုန်းခင်ကတော့ ထိုညတွင် ဧည့်သည် တော်ကြီး တဦး တည်းခိုရာ ဆရာကိုမောင်ကြည်အိမ်မှာဘဲ အိပ်၍ ကျန်ရစ်ခဲ့သည်။
အဖေါ်သူနာပြု ဆရာမတို့တတွေ ထိုညက တညလုံး အိပ်၍မပျော်ဘဲ နေကြသည်။ နော်အုန်းခင် တစ်ယောက် သည်လောက်အထိ သွားရောက် ဂရုစိုက်ကာ ပြုစုနေရှာသည်မှာ ဦးအုန်းခင်၏ ရောဂါ အခြေအနေ ကြောင့် ဖြစ်ကောင်း ဖြစ်လေသလားဟု သူမတို့တတွေက ထင်ကြသည်။ မထင်ကြ သည် ဟူသည် မှာကား အငြင်းပွားမှု မရှိကြပါ။ ထိုညသူမတို့တတွေက အိပ်၍မပျော်ဘဲ ရှိကြသည်။ တညလုံး နော်အုန်းခင် ကိုသာ စောင့်နေကြသည်။
ည ၁နာရီ၊ ၂နာရီ၊ ၃နာရီ၊ ၄နာရီအထိ သူမအဖေါ်တို့ မအိပ်ဘဲ စောင့်နေကြသည်။ သို့ပေမဲ့ နော်အုန်းခင်ကား မပေါ်လာပါ။ အမှန်မှာတော့ အိုးကမပူ စလောင်းကပူမိနေကြခြင်းသာဟု ခုအခါမှာ သူမတို့ တတွေ သတိသံဝေဂ ရနေကြသည်။
ထိုညက နော်အုန်းခင်တယောက် ထိုအိမ်တွင် သွား၍ အိပ်ရခြင်းမှာ ဧည့်သည်တော် မိုးကြိုး ဦးအုန်းခင်ကို တဖက်မှ ပြုစုရင်း ရွာအခြေအနေကလဲ သူပုန်သူကန်ဝင်လာတော့မလိုလို သတင်းပြေး နေသောကြောင့်ဟု သူမတို့ တတွေက နောင်အခါမှ နော်အုန်းခင်၏ ပြောပြချက်အရ သိကြရသော ကြောင့် ဖြစ်သည်။ ထိုတည တွင် သူမတို့တတွေ မိုးစင်စင်လင်းသည်အထိ စောင့်နေကြသည့် အခိုက်တွင် နော်အုန်းခင် ပြန်၍ လာပါ သည်။
ဤသည်တွင် ပြဿနာတရပ် ပေါ်၍လာသည်။ ဋ္ဌာနဆိုင်ရာ ဦးခင်ညွန့် က ထိုနေ့ည လွန်မြောက်ပြီး နောက်တနေ့ နံနက်တွင် နော်အုန်းခင်ကိုခေါ်၍ စစ်လား၊ မေးလား ဖြစ်ပွား၍ လာခြင်း ဖြစ်သည်။
သို့ဆိုင်ရာဌာန အရာရှိက စစ်လား၊ မေးလား ပြဿနာ ပေါ်လာသောအခါ ဘယ်လိုဖြစ်သည် မသိ၊ နော်အုန်းခင် က မျက်ရည်အဖြိုင်ဖြိုင်အိုင် ၍ ကျဆင်းလာသည်ဟု အဆိုရှိသည်။
နော်အုန်းခင်က ပြောသမျှတွေကိုတော့ သူ့ဌာနအရာရှိ ဦးခင်ညွန့်ကို မေးကြည့်လျှင် ပို၍ သင့်မည် ဟု ကျွန်တော် ထင်သည်။
ကျွန်တော် ဇင်းကျိုက် ရွာရိုးတလျှောက်သို့ ထိုသတင်းကို မွှေသမျှ၊ နှောက်သမျှ တွင်တော့ သူပြော၊ ငါပြောတွေ တချို့ ကိုးယိုး ကားယားကြားသမျှတော့ ကြားသည်။ သို့ပေသိ နားရှိ၍သာ ကြားရ သည်ဟု သဘောထား လိုက်ပါသည်။
ကျားကျား ယားယားကြီး မိုးကြိုး ဦးအုန်းခင်တယောက်က ဒီလောက်တော့လဲမဟုတ် တန်ရာဟု ကျွန်တော် ထင်သည်။ ကျွန်တော်နှင့် အခြား သူတို့ အထင်အမြင်ချင်း တူညီမှ တူညီမည်ဟူ၍ကား ကျွန်တော် မပြောတတ်ရိုး အမှန် ဖြစ်ပါ သည်။
အဲသည်မှစ မိုးကြိုးဦးအုန်းခင် တယောက် ဇင်းကျိုက်မှ ရန်ကုန်သို့ တထောက် နောက်ကြောင်း ပြန်သွား ခဲ့သည်။
နော်အုန်းခင်၏ အပြောနှင့် လူပြောသူပြော ပြောသူ တို့အရ သူနာပြု ဆရာမလေးကို ဒီဘ၀မှ မိုးကြိုး ဦးအုန်းခင်က ကယ်တင်မည်။ လျော်ကြေးငွေ ၂၀၀၀ိ ပေးလျော်၍ပင် ကယ်တင်မည်ဟူသော သတင်းတရပ်မှာ ဇင်းကျိုက်ရွာတွင် သတင်းစကားများ ထွက်ပေါ်လျက် ရှိနေလေသည်။
ထိုနေ့မှ အစ နော်အုန်းခင် ဘာ့ကြောင့်ရယ်လိုတော့မသိ၊ တမှိုင်မှိုင်၊ တတွေတွေနဲ့သာ နေသည်။ တနေ့ပြီး တနေ့ ရပ်ရွာထဲတွင် တမျိုးလိုလို ဖြစ်နေသည်ဟု အဆိုအပြော ရှိကြသည်။ မှိုင်၍ မှိုင်၍ နေရာမှ နောက်တနေ့ တွင်တော့ နော်အုန်းခင်အား မိုးကြိုးဦးအုန်းခင်က ကယ်တင်ရန် ငွေ ၂၀၀၀ိ စာချုပ်ကို လျော်၍ သူနာပြု ဆရာမကလေးဘ၀မှ လွတ်မြောက်စေရန် ဇင်းကျိုက်ရွာသို့ တကြော့ ပြန်ရောက်၍ လာတော့ မည်ဟု တရွာလုံးက သိနေကြပါသည်။
အဲဒီနေ့၏ နေ့ခင်း မှာပင် နော်အုန်းခင် တယောက် ဘာကြောင့်ရယ့်မသိ အဆိပ်သောက်လိုက်ပြီဟု သတင်း တရပ် ဇင်းကျိုက်ရွာတွင် ဟိုးလေးတကျော် ပေါ်၍လာသည်။ ယင်းသို့ တနင်္သာရီ နေ့စဉ် သတင်းစာမှ ၂၂-၁၁-၆၀ နေ့စွဲနှင့် ၂၃-၁၁-၆၀ နေ့စွဲအထိ မဆုံးသေးဘဲ သတင်းထောက်က ခပ်ဆွဲဆွဲကလေး ရေးလာလျက် နောက်တနေ့သို့ ဆက်ခဲ့ပြန်ပါသည်။
ရန်ကုန်မှ တဏှာဂေဟာ ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Monday, April 26, 2010
ဒဂုန်ခင်ခင်လေး၏ မြေပဒေသာ အပိုင်း (၄ဝ)
အခန်း ၃၀
ဝမ်လန်းကား... ယခုအခါ ဘာမျှလိုချင်တပ်မက်ခြင်း မရှိတော့ဘဲ၊ လူကြီးပီပီစိတ်ဧ လက်ဧ နားချမ်းသာ စိတ်ချမ်းသာနှင့်သာ နေလိုသော ဆန္ဒရှိနေလေ၏ သို့သော် နန်းအင်ကား ဤသို့မဟုတ်ပေ။ ၀မ်လန်း အားမကြာခဏ နားပူနားဆာလုပ်သူမှာ နန်းအင်ပင်ဖြစ်လေ၏ "အိမ်တွင် ဘာလိုနေပြန်ပြီ.. ညာလို နေပြန်ပြီ.. ဒီလိုနေလို့မဖြစ်ဘူး၊ ဘာထပ်လုပ်ပါအုံး"ဟု အမြဲ သဖြင့် ၀မ်လန်းစိတ်ရှုပ်အောင် လုပ်လေ့ရှိ၏ တနေ့တွင် လည်း နန်းအင်သည် ၀မ်လန်းအနီးသို့ ကပ်လာပြီး။
"သူဌေးဆိုတာသူဌေးနဲ့ တူအောင်နေမှပေါ့အဘေ... အခုကြည့်စမ်း ကျွန်တော်တို့နေရတာဟွံ... အိမ်မှာ နေရတယ် ဆိုတယ်၊ တအိမ်လုံးနေရတာမဟုတ်ဘူး၊ ၀င်းဝနား က အဆောင်တွေမှာဆိုရင် အခုထက်ထိ လူဗျောက် သောက်တွေ ဌားနေကြတုံးဘဲ။ အခု- ညီလေးနန်းဝင် မင်္ဂလာဆောင်ဘို့ ကလဲ သိပ်လိုတော့ တာမဟုတ်ဘူး။ နောက်ထပ် ၆ လလောက်ဘဲ လိုတော့တယ်။ အခုအိမ်မှာ ဧည့်သည် တွေ လာလို့မှ ထိုင်စရာကုလားထိုင်က မလုံလောက် ပုဂံခွက်ရောက်က မပြည့်စုံ-အို... ဘာမှပြည့်စုံတာမရှိဘူး၊ လက်ထပ် တဲ့ နေ့ကျ.... ဒီ....လူဗျောက်သောက်တွေ ဌားနေတဲ့ဝင်းဝက အဆောင်တွေကို ဧည့်သည်တွေ ဖြတ်ဝင် လာရမှာ ကလား။ ဘယ့်လောက်ရှက်စရာကောင်းသလဲ လို့။ ညီလေးကလဲ လက်ထပ် လို့ လူကလဲ ပိုလာတော့ မယ်ဆိုတော့၊ အဲဒီအဆောင်တွေကိုပါ ထပ်ဌားမှ ကောင်းလိမ့်မယ်အဘေ။"
"ဘာကွ-ဘာလုပ်ရအုံးမယ်။"
"၀င်းဝ က အဆောင်တွေ ထပ်ဌားပါလို့ ကျွန်တော်ပြောတယ်။ သူဌေးနာမည်ယူပီး သူဌေးနဲ့တူ အောင်လို့ ပြောတာ၊ ပိုက်ဆံတွေ ဒါလောက်ရှိပီး လယ်တွေ ဒါလောက်ရှိနေမှဟာ" "လယ်တွေက-ငါ့လယ်၊ မင်းလက်ဖျား နဲ့ ၀င်တို့ဘူးသလား။"
"သြော်-ဒါတော့အဘ (အသံကျယ်ကျယ်ဟစ်လျက်) အဘေ ဘဲ ကျွန်တော့ကို ကျောင်းထားပစ်တာ ကိုး၊ ဂုဏ်နဲ့ လိုက်အောင် သားကကောင်းဘို့ ပြောပြန်တော့ စိတ်ဆိုးတယ် ပြန်အော်တယ် ဘာမှမလုပ်ဘူး၊ ဒါ-ကျွန်တော် တို့ လင်မယားနှစ်ယောက်ကို လူရာမသွင်းဘဲ အိမ်မှာခိုင်းထားတဲ့ လူနှစ်ယောက်လို သဘောထား လို့ဘဲ။"
နန်းအင်မှာ ဒေါသူပုန်ထလျက်၊ ပြန်လှည့်ထွက်ခွါသွားလေ၏ ဤတွင်ဝမ်လန်းမှာ သားဖြစ်သူ စိတ်ညစ်ညစ် နှင့် တစုံတရာ လုပ်လိုက်မည်ကို စိုးရိမ်ကာ။
"မင်းသဘော အတိုင်းလုပ်၊ မင်းသဘော အတိုင်းလုပ်၊ ငါ့သာလာပြီး ဒုက္ခမပေးနဲ့"ဟု လှမ်းပြော လိုက်ရ လေ၏ ထိုအခါ နန်းအင်မှာ စိတ်ပြေသွားလျက်၊ သူ့သဘော အတိုင်း သူဌေးအိမ်နှင့် တူအောင် အိမ်ကို အမျိုးမျိုး ပြင်ဆင် မွမ်းမံ၍ နေလေ၏ ဆူချောင်းသို့ ခန်းညားလှပသော စာပွဲကြီးများနှင့် ကုလားထိုင်များမှာ ယူလေ၏။ အနီရောင် ပိုးအခန်းဆီးကြီး များကို၎င်း၊ အလှထား ပန်းအိုးကြီးများကိုသော်၎င်း၊ အလှထား ကျောက်ဆောင် ကျောက်တုံးများကို သော်၎င်း၊ အောက် အရပ်၌ မြင်ခဲ့ဘူးသမျှ၊ စိတ်တိုင်းကျ ၀ယ်ယူ ပြင်ဆင် ခင်းကျင်း၍နေလေ၏။
ဝမ်လန်း၏ နာမည်တွင်လည်း "သူဌေးကြီး" ဆိုသောစကားတစ်လုံး ရှေ့မှတိုး၍လာခဲ့လေသတည်း။
သို့သော် ဤသို့အိမ်ကြီးကို တခမ်းတနားပြင်ဆင်မွှန်းမံ နေခြင်းအတွက် ငွေဒလဟော သွန်ထွက် ကုန်ကျ နေခြင်းကို သဘောမကျနိုင်သူကား နန်းအင်၏ညီ နန်းဝင်ပင် ဖြစ်လေသည်။
"အဘေ- ငွေတွေဒါလောက်တောင် အကုန်ခဲနေတာ ဘယ်တော့မှ အဆုံးသတ်မှာလဲ၊ ကျွန်တော် တို့ နန်းတော်ကြီး လို ဖြစ်နေတဲ့အိမ်မျိုးမှာ နေဘို့လိုသေးသလား။ အခု ကျန်တဲ့ငွေတွေကို ၂၀ရာခိုင်နှုန်း အတိုးနဲ့သာ ချေးထားလိုက်ရင် ဘယ့်လောက်အကျိုးရှိလိုက်မလဲ၊ ဒီရေကန်တွေက တစ်မျိုး၊ ပန်းပင်တွေက တဖုံ၊ ဘာအသီး မှ မသီးဘဲနဲ့ အလှစိုက်ထားတာတွေကော ဘာအသုံးကျ လို့လဲ..."ဟု ၀မ်လန်းအား လာ၍ပြောဆိုလေ၏ ဤတွင်ဝမ်လန်းမှာ ထိုကိစ္စအတွက် ညီအစ်ကို  ၂ယောက် ရန်ဖြစ်တော့မည်ကို သိသော ကြောင့်၊
"ကွာ-မင့်မင်္ဂလာဆောင် မှာ ဂုဏ်ရှိအောင်လုပ်တာပါ"ဟု ပြောဆိုရလေ၏ သို့နှင့်လည်း နန်းဝင်မှာ မကြေနပ်ပေ။
မဲ့လျက် " မင်္ဂလာဆောင်ကလဲ အဘေရာ၊ သတို့သ္မီးထက်တောင် ဆယ်ဆ ပိုအဘိုးတန်နေပီ၊ ဒီပစ္စည်းတွေ ဟာ အဘေ သေသွားရင် ကျွန်တော်တို့ အချင်းချင်းခွဲယူရမဲ့ အမွေတွေဗျ...၊ အခုလိုအစ်ကိုက သူ့ဘာသာ သူ ဂုဏ်လိုချင်လို့ အလဟဿဖြုန်းပစ်နေရင် ဘယ်ကောင်းမလဲ၊"
"အေးပါကွာ-  အေးပါ၊ ငါနောက်ထပ် ငွေမကုန်အောင် မင်းအစ်ကိုကို ပြောပါ့မယ်၊ ဟုတ်တယ် တော်လောက်ပီ၊ မင်းပြောတာမှန်တယ်။"
ထိုအခါ နန်းဝင်သည် စာရွက်တခုပေါ်တွင် ရေးမှတ်ထားသော အိမ်ပြင်ဆင်မွမ်းမံရာတွင် ကုန်ကျသည့် စားရိတ်စားရင်း ကို ထုတ်ပြလေ၏ ၀မ်လန်းမှာ စာမတတ်သော်လည်း ရှည်လျားသော စာရင်းကြီးကို ကြည့်ကာ လန့်ဖြန့်သွားလေ၏။
ဝမ်လန်း သည် ထိုနေ့မှာပင် သားအကြီးနန်းအင်ကိုခေါ်၍ ပြောလေ၏
"မင်းအိမ်ကို ပြင်ဆင်နေတာ တော်လောက်ပီကွာ၊ အဆုံးမတော့ တို့တတွေဟာ တောသားတွေ ပါပဲကွ။"
"ဘယ်ဟုတ် မလဲ အဘေ (နန်းအင်က ခတ်ကြွားကြွားပြန်၍) အခုလူတွေက သူဌေးကြီးဝမ်တို့ မိသား တစု ဆိုပြီး ကျွန်တော်တို့ကိုခေါ်နေကြပီ၊ အဲဒါလိုခေါ်နေကြတဲ့အတိုင်း၊ အခေါ်နဲ့လိုက်အောင် နေမှထိုင်မှပေါ့၊ အဘေရ၊ ကျွန်တော့်ညီက ငွေကုန်တာကလေးသာ မျက်မွှေးတဆုံးကြည့်တာ ကျွန်တော်တို့ လင်မယား တော့ အဘေ့ဂုဏ်နဲ့လိုက်အေင် အဘေဂုဏ်မနိမ့်အောင် နေသွားမှာဘဲ"
ဝမ်လန်း မှာ မိမိအားလူများက ဤသို့ခေါ်ဝေါ်နေကြသည့် အကြောင်းကို ယခုမှသိရလေရာ၊ ရင်ထဲတွင် ကြိတ်၍ သဘောကျသွားလျက် "ဒါပေမဲ့ကွာ-ချမ်းသာတဲ့လူတွေဟာ အများအားဖြင့် လယ်ထဲမှာ ထွက်လာကြာတာ များတာဘဲ၊ ပီးလယ်ထဲမှာဘဲ အမြစ်တွယ်အခြေတည်နေကြတာဘဲ"ဟု ပြောလိုက်ရာ နန်းအင်က သွက်သွက် လက်လက်နှင့်ပြန်၍။
"ဟုတ်တယ်ဒါပေမဲ့ သူတို့ဟာ လယ်ထဲမှာတခါထဲမနေကြဘူး အကိုင်းအခက်တွေ ထွက်ပီးသီးကြ ပွင့်ကြတာဘဲ" ဟု ပြန်၍ပြောလိုက်လေ၏ ၀မ်လန်းမှာ ဤသို့ပြန်ပြောခြင်းကို မနှစ်သက်နိုင်ပေ။
"ဟေ့-ငါပြောခင်တာဟာ ဒါဘဲ၊ နောက်ထပ်ငွေကိုမဖြုန်းပါနဲ့တော့၊ အသီးသီးမဲ့အပင်မျိုးဟာ မြေကောင်းကောင်း မှာ မစိုက်ရင်ဘယ်မှာသီးနိုင်ပွင့်နိုင်မလဲ"ဟု စကားကိုပိတ်လိုက်လေ၏
သို့ဖြင့် ဤကိစ္စမှာ ဤနေရာတွင်ပင် ပြီးသွားခဲ့သော်လည်း၊ ၀မ်လန်းမှာ နားအေးသက်သာရာမရ သေးပေ၊ ထိုင်ရာ မထ နန်းအင်ကဆက်လက်၍။
"ကိုင်း-ဒါဖြင့် တော်ပါပီ" နောက်ငွေထပ်မသုံးတော့ပါဘူး၊ ဒါပေမဲ့ဒိပြင်ကိစ္စတခု ရှိသေးတယ် ၀မ်လန်းမှာ စိတ်ညစ် သွားလျက် အသံကိုဟစ်ထုတ်ပြီး။
"ငါ့ကို ချမ်းသာ ပေးကြပါအုံး စိတ်ညစ်လှပါပြီ၊ ဘယ်တော့စိတ်ချမ်းသာရပါ့မလဲ။"
"အခုပြောမှာက ကျွန်တော့်အတွက်မဟုတ်ဘူး၊ ကျွန်တော့်သားကလေးအတွက်လဲ မဟုတ်ဘူး၊ အဘေ့ သားအငယ်ဆုံး အတွက်ပြောမလို့၊ သူ့ကို အခုလိုထားလို့ မတော်ဘူးထင်တယ်၊ ကျောင်းထားမှ ကောင်း လိမ့်မယ်"
"မလိုတော့ဘူးဟေ့၊ နှစ်ယောက်တတ်ရင် တော်ပီ သူဟာငါသေရင် ငါ့ခြေရာကိုနင်းပီး လယ်ထဲ ဆင်းရမယ်"
"အဲဒါကြောင့် အဘေ့သား တငိုထဲငိုနေတာဘဲ"
ဝမ်လန်း မှာ သားအငယ်ဆုံးကလေး၏သဘောကို တခါမျှ မမေးမြန်းမစုံစမ်းခဲ့ရ သေးပေ၊ ၎င်း၏ သဘော အလိုကား၊ ထိုသားကလေးကို လယ်အလုပ်သာလုပ်စေချင်၏ သို့သော် နန်းအင်၏ ပြောစကားကို ကြားရသော အခါ ငြိမ်သက်၍သွားလေ၏ သားငယ်ကလေးကား သူ့အစ်ကိုများလို မဟုတ်ပေ။
သူ့အမေနှင့် တူလျက်များစွာ နှုတ်နည်းလှ၏ ၀မ်လန်းသည်အတန်ကြာ စဉ်းစားနေပြီး နောက်၊ နန်းအင်အား။
"သူပြောတာ မင်းကြားလို့လား"ဟု မေးလိုက်ရာ၊ နန်းအင်က။
"ဒါပေမဲ့ ငါ့သားထဲက တယောက်ယောက်တော့ လယ်အလုပ်ကိုလုပ်မှဖြစ်မယ်။"
"ဘာပြုလို့လဲ အဘေ-အဘေ့လိုလူတယောက်ဟာ သားတွေလိုကျွန်လိုထားဘို့ မလိုပါဘူး၊ အခြားလူ တွေမြင်ရင်" ဟာ-အဘေကတော့ မင်းသားလိုနေပီး သားတွေကိုတော့ ကျွန်လိုခိုင်းထား တယ်လို့ ပြောကြ မှာပေါ့၊ ဆရာတယောက်ခေါ်ပြီး အိမ်မှာအသင်ခိုင်းပါ အဘေ။ ပြီးတော့ အောက်အရပ်က ကျောင်းတ ကျောင်း ကို ပို့လိုက်တာပေါ့၊ အိမ်မှာဆိုရင် ကျွန်တော်နဲ့ နန်းဝင် ၂ယောက်စလုံး ရှိပါသေးတယ်၊ ညီလေး တော့ သူသဘောကျရာလုပ်ပါစေ။
"ငါ့ဆီလွှတ်လိုက်ကွာ-"
ခဏကြာသောအခါ ၀မ်လန်း၏သားအငယ်ဆုံးသည် ၀မ်လန်းရှေ့သို့ရောက်လာလေ၏ အရပ် ရှည်ရှည် သေးသေး သွယ်သွယ် အဘေနှင့်မတူ အမေနှင့်လည်း မတူသောသားတယောက်ဖြစ်လေ ၏ သို့သော် မိခင် ကဲ့သို့ နှုတ်ဆိတ်စကားနည်းသူတယောက်ဖြစ်လေ၏ ထူးခြားချက်တခုကား၊ ထူထဲနက်မှောင်သော မျက်ခုံး မွေးကြီး များ အရွယ်နှင့်မလိုက်အောင် တန်းနေခြင်းဖြစ်ပေ၏
"မင်းစာသင် ချင်တယ်လို့ မင့်အစ်ကိုက ပြောပါကလား"
"ဟုတ်ကဲ့"
"ဒီလို ဆိုတော့ မင်းလယ်ထဲကိုမဆင်းချင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ ငါ့မှာသားတွေအများကြီး ရှိရက်သားနဲ့ သားတယောက်မှ လယ်အလုပ်ကို လုပ်ချင်တဲ့လူမရှိဘူး။"
ဝမ်လန်း မှာစိတ်နာကျဉ်းလှဟန်ဖြင့် ပြော၍နေလေ၏ သားအငယ်ကမူ ဘာတခွန်းမျှပြန်မပြောဘဲ နှုတ်ပိတ်၍ ရပ်နေလေ၏ ဤတွင်ဝမ်လန်းမှာ ဒေါသပိုထွက်လာပြီး အော်ငေါက်လျက်။
"မင်းဘာပြု လို့စကားမပြောသလဲ။ ငါမေးနေတယ်။ မင်းလယ်ထဲကို မဆင်းချင်တော့ဘူးဆိုတာ အမှန် ဘဲလား"
"ဟုတ်ကဲ့"
ဝမ်လန်း မှာ သားဖြစ်သူကို ကြည့်ရင်း ကြည့်ရင်း ဒီအကောင်တွေ မွေးထားရတာ ငါ့မှာ အပိုဘဲ အခုလို ငါအသက်ကြီး လာတဲ့ အချိန်မှာ ၀န်ထုပ်ဝန်ပိုးကြီးတွေ ထမ်းထားရသလိုဘဲ ဒင်းတို့ကို ငါဘယ့်နှယ် လုပ်ရပါမလဲ ဟု စိတ်ထဲတွင် နောက်ကျိ၍ သွားလေ၏။ ထိုနောက် စိတ်ဆိုးသထက် ဆိုးလာပြီးလျှင် "သွား ငါ့နား က ထွက်သွားအခု" ဟု အော်ငေါက်၍ နှင်လွှတ်လိုက်လေ၏။
သို့သော် စိတ်ဆိုးခိုက်သာဖြစ်လျက် ဒေါသပြေသည်နှင့် တပြိုင်နက် သားများ၏ အလိုကို လိုက်ရသူ တဦး ဖြစ်သည့် အတိုင်း ထိုနေ့ည၌ သားအကြီးအား ခေါ်၍ ဆရာတယောက် ငှားပြီး သားအငယ်ဆုံး ကို စာသင်ပေး စေရန် ခိုင်းလိုက်လေ၏။ ထိုနောက် နန်းဝင်ကို ခေါ်ပြန်လျက် "မင်းက လယ်အလုပ်တွေကို ကြည့်ပါ လယ်ငှားခတို့ ဘာတို့ လယ်ကရတဲ့ငွေတွေကို မင်းက စာရင်းလုပ်ပါ မင်းဟာငါ့ကိုယ်စားလှယ်ဘဲ" ဟု တာဝန် လွှဲလိုက်လေ၏။
နန်းဝင်ကား ဤတာဝန်ကို ၀မ်းမြောက်ဝမ်းသာ လက်ခံ၏။ ၎င်းမှာ ထူးခြားသော သူငယ်တယောက် ဖြစ်လေ၏။ ငွေကြေး အသုံးအစွဲနှင့် ပတ်သက်၍ များစွာ စေ့စပ်သေချာသူ ဖြစ်လေ၏။ ငွေရေး ကြေးရေး ကိစ္စ မိမိအား တာဝန်ချထားခြင်းခံရသောအခါ အသုံးအစွဲတွင် များစွာ စီစစ်သူက တယောက် ဖြစ်သည့် အတိုင်း လိုသည်ထက်ပို၍ သုံးစွဲသည်ကိုတွေ့လျှင် တားမြစ်ပြောဆိုနိုင်သည့် အခွင့်အရေးကို ရရှိလာပြီ ဖြစ်၍ များစွာ ၀မ်းမြောက်နေလေ၏။
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၈၈)
ဣတ္တိယသိုက်ကာမ ကန်ထရိုက်
အတွင်းကျကျ သိသူများက စိတ်အခန့်မသင့်ကြသည်ဟု သတင်းဖြန့်ထား၍ သတင်းစာလောက မှလည်း သိသင့် သလောက် သိကြလျက် နှာစေးနေကြစဉ် ယခင်ဖေါ်ပြပြီးအတိုင်း မော်လမြိုင်မြို့မှ ထုတ်ဝေသော တနင်္သာရီ သတင်းစာက အစဖေါ်လိုက်ပြီးနောက် ရန်ကုန်မြို့ပေါ်က သတင်းစာ တစောင်၊ နှစ်စောင် လောက်က သိုးသိုးသန့်သန့် စလာကြသည်။ ဗူးတရာ အပေါက်ကို ပိတ်နိုင် သလောက် ပါးစပ်တပေါက်စီကို လိုက်မပိတ် နိုင်အောင် ဖြစ်လာပါသည်။ ရန်ကုန်က သတင်းစာ တစောင်သည် တနင်္သာရီ သတင်းစာမှ တဆင့် ယူ၍ ထည့်လိုက်သည်။ အခြားသတင်းစာ တစောင် ကလည်း ဤသတင်းအကျဉ်းချုပ်ထည့်လိုက်ပြီး တန်ဆောင်း အလှူဆိုင်းဘုတ်မှ အမည်ကို ဖြုတ်ချ လိုက်သည်ဟု ရေးသားလာလေသည်။
ထိုအချိန်မှစ၍ ဆက်ခါ ဆက်ခါ မော်လမြိုင် မြို့ထုတ် တနင်္သာရီသတင်းစာ၌ ရုပ်ရှင်ပြဇာတ်လိုက် ကာမေသု မင်းသားကြီး၏ ခြင်ထောင်စီမံကိန်းသစ် သတင်းတပုဒ် ထပ်မံ ပါလာပြန်ပါသည်။ ၎င်း သတင်းမှာ သွားရင်း၊ လာရင်း ဇင်းကျိုက်သူ ကရင်မကလေးတဦးနှင့် ရာဂပူးသော သတင်း ဖြစ်ပါ သည်။ အလွန် သန့်ရှင်း စင်ကြယ်သော လူတော်၊ လူကောင်းကြီး တယောက်ပါ၊ ဘာအပြစ်မှ မရှိဘဲ အ၀တ်တထည် ကိုယ်တခု နှင့် ကျမက နှင်ချ လွှတ်လိုက်ပါသည်။
သို့ကြောင့် သိမ်ဖြူလမ်းမှာ ဖြစ်သလိုစား၍ ဖြစ်သလိုနေရပါသည်ဟု ပတ်ဝန်းကျင်ကို ဒါဝဖြန့်ထားသည်။ ရဲအရာရှိ ပင်စင်စား နှစ်ထပ်တော် ယောက်ဖကလည်း သူ့ခမြာ သနားစရာပါ။ ဖြစ်သလို နေရှာပါသည်။ ခုနေ အခါ ၀န်ကြီးချုပ်အိမ်သွားနေမယ်ဆိုလဲ နေနိုင်ဒါဘဲ၊ သို့ပေမဲ့ ဒီမှာလာပြီး အဆင်းရဲခံ နေပါသည်ဟု ဆို၏။ အပြစ်မရှိပါဟုလည်း ဆို၏။ ကျမကသာ တွေ့က မိန်းမတွေနဲ့ စွပ်စွဲ သမုတ်နေသည်။ မိန်းမ မှန်သမျှ နှင့် ပေးစားခံနေရသည်၊ ယခုအဖေါ်မရှိ၊ သူတကိုယ်ထဲနေ နေပါသည် စသည်ဖြင့် အသံကောင်း ကုန်းဟစ် နေသော်လည်း ရာဂမီး တဟုန်းဟုန်း တောက်လောင်လျက်သာ ရှိပါသေး သည်။ ဒီဂရီ မလျှော့ကျ သေးပေ။
နောက် နောက်က ထိန်းမနိုင်၊ သိမ်းမရအောင် ကြုံသမျှနှင့် ကာမရာဂမီးတွေ လောင်ခဲ့ အရမ်းကျခဲ့သဖြင့် ဒီကနေ့ ဒီအဖြစ်မျိုး ဆိုက်ရောက်ကြရသည့် တိုင်အောင် ကာမဂုဏ် စိတ်ဆွဲဆောင်ရာသို့သာလျှင် လိုက်ပါ နေသေး သူ ဖြစ်ကြောင်း ထင်ရှားနေ ပါသည်။ ဤမျှ အများအပြား လိုက်စားခဲ့ရရုံနှင့် တင်းတိမ်၊ ရောင့်ရဲမှု မရှိ။ ကိုယ့်အပြစ် ကိုယ်ငုံ့ ကြည့်ပြီး သတိနောင်တမရ တွေ့သမျှ မြင်သမျှ မရှောင်တိမ်း၊ သရမ်းမြဲ၊ သရမ်း နေသည် ကို ထိုဇင်းကျိုက်မြို့က နောက်ဆက်တွဲ သတင်းခုက ထုတ်ဖေါ်ပြလိုက် ပြန်ပါသည်။
၎င်းသတင်းသည် ကျမနှင့် ကွာရှင်းပြီး အိမ်မှ ဆင်းသွားရသည့်နောက် သိမ်ဖြူလမ်းနေအိမ်ရောက် ခါမှ ရသည့် နောက် သိမ်ဖြူလမ်း နေအိမ်ရောက်ခါမှ အရေကို အလွှာ၊ အလွှာ ခွါစားနေကျဖြစ်သူ နောက်လိုက် နောက်ပါ၊ အခြွှေအရံ၊ သာပေါင်းညာစား၊ တသိုက်တမြုံနှင့် သထုံဇင်းကျိုက်နယ်သို့ ထွက်လေသည်။ ထွက်ရ သော အကြောင်းမှာ စစ်တောင်းတံတားကြီး ဆောက်ရာ၌ ကျောက် ကန်ထရိုက်သွင်းရန် ရည်ရွယ်ချက် ဖြင့် ထွက်ကြသည်ဟု လူယုံတော် ယာယီမန်နေဂျာ ဦးဗအေးက ပြောပြ သတင်းပေးခြင်း ဖြစ်ပါ သည်။ သို့ရာတွင် ကျောက်ကန်ထရိုက်က အလုပ်ဖြစ်သည်။ မဖြစ် သည် မသိရ၊ ဣတ္တိယသိုက်ကာမ ကန်ထရိုက် အလုပ်တစ်ခုကတော့ တိုးရ လာပြန်သည်ဟု ဆို လေသည်။
ဇင်းကျိုက်မှ မိန်းမကန်ထရိုက် သွင်းလိုက်သူအား အချိန်စောစောပိုင်းကပင် ဗမာ့ခေတ်သတင်းစာ ကိုယ်စား လည်နှင့် သတင်းထောက် အလုပ်များ ခန့်ထားခြင်း၊ ထိုမျှမက ဗမာ့ခေတ်သတင်းစာ အလုပ်တိုက်မှ ငွေငါးရာ အော်ဒီမန်စာချုပ်နှင့် ထုတ်ပေး ချေးငှါးထားလိုက်ခြင်း စသော ကျေးဇူး များကြောင့် ထိုဇင်းကျိုက် သား သတင်းစာ ကိုယ်စားလည် ကျောင်းဆရာက သည်းချေကြိုက် ဓာတ်စာဖြစ်သော သမီးကညာရှာ၍ ဆက်ခြင်း ဖြင့် ဧည့်ဝတ်ပြုလိုက်လေသည်။
၎င်းသတင်းက ဇင်းကျိုက်လိုမြို့ငယ်၊ ရွာငယ်ကလေးအပေါ်မှာ ဟိုးဟိုးကျော်၍ ဟော်ဟော် ကျိုးသွား သောကြောင့် မော်လမြိုင်မြိုက်အထိ သံလွင်မြစ် တဘက်ကမ်းကို လက်ပစ်ကူးရောက် သွားရခြင်း ဖြစ်ပါ သည်။ ဤတွင် တနင်္သာရီနေ့စဉ် သတင်းစာ၏ မျက်နှာဖုံးမှာ စာလုံးမဲကြီးဖြင့် လူတော် လူကောင်း သက်ကြား အို တယောက်၏ အညှီအဟောက် သတင်းတွေမှာ ဝေေ၀ဆာဆာ နေ့စဉ် ပါလာပြန်ပါသည်။
၎င်းသတင်းများမှ လိုရင်းအချုပ်ကို ထုတ်နှုတ်၍ ပြန်လည်တင်ပြရလျှင် အောက်ပါအတိုင်းပင် ဖြစ်ပါ သည်။
(မိုးကြိုး) ဦးအုန်းခင်တယောက် သုဝဏ္ဏနယ်မြေ ပေါင်ဒေသ ဇင်းကျိုက်ရွာသို့ ရောက်ရင်း၊ ကိလေသာ အရှုပ် အရှင်း တခု၌ ကာယကံမြောက်ငြိစွန်းမိသလိုလို သတင်းအစတခု ထွက်ရှိလာ သည်။ သို့နှင့်မည်သို့ ဖြစ်ပါလိမ့်ဟု တနင်္သာရီ၏ အထူးသတင်းထောက် တဦးအား ဇင်းကျိုက်ရွာသို့ ယမန်နေ့ကပင် စေလွှတ်ခဲ့၏။ အခိုင် လုံဆုံး ဖြစ်အောင် တတ်နိုင်သမျှ စုံစမ်းပြီးနောက် အထူး သတင်းထောက်က အောက်ပါအတိုင်း သတင်း ရေးသား ပေးပို့လိုက်သည်။
(မိုးကြိုး) ဦးအုန်းခင်တယောက် ကျောက်ကန်ထရိုက်၊ ကျောက်မိုင်း လုပ်ရင်း ဇင်းကျိုက်ရွာသို့ ရောက်ရှိ လာသည်။ မရှေးမနှောင်းပင် ဇင်းကျိုက်ရွာမှ တင်းတင်းရင်းရင်း ရွှေဘိုမင်းတို့အကြိုက် အရပ်အမောင်း ကောင်း၊ ဂိုက်ကောင်း၊ ဆိုက်ကောင်း ရွာဇင်းကျိုက်၏ ကွမ်းတောင်ကိုင် သူနာပြု ဆရာမလေး နော်အုန်းခင် တယောက် အဆိပ်သောက်ကာ သေကြောင်းကြံသည်ဟူသော သတင်း တို့သည် အဆက်အစပ် မရှိ သကဲ့ သို့ ထင်ရသော်လည်း ကျွန်တော်ဇင်းကျိုက်သို့ရောက်ပြီး တနာရီ အတွင်းတွင် ဇာတ်လမ်းတခုပမာ စီကာ ပတ်ကုံး အစီအရီ ပေါ်ထွက်လာပါသည်။ ဇင်းကျိုက်ရွာတွင် အယုတ်၊ အလတ်၊ အမြတ်မရွေး ကလေးကအစ ၎င်းဇာတ်လမ်း ကို အတွင်းသိ၊ အစင်းသိ ဖြစ်နေ ကြသည်။
နိုင်ငံရေးရှုပ်ရှုပ်ပွေပွေ လုပ်နေတာမကြိုက်
၎င်းဇာတ်လမ်းကို ဒုတ်ထမ်း၍ ပြောရန်မလိုသော်လည်း ဇာတ်လမ်း၏ နိဒါန်းကို အစပြန်ကောက်မှ ရှင်းလင်း မည် ဖြစ်သည်။
သတင်းစာ လောကတွင် ကျွန်တော်တို့၏ ဘိုးတော်ဘုရားမျှနာမကြီးလှသော (မိုးကြိုး) ဦးအုန်းခင် တယောက် ရွေးကောက်ပွဲမတိုင်မှီက ရွှေဝါရောင် အမတ်လောင်းဦးခင်ဆွေအတွက် ဇင်းကျိုက်သို့ စည်းရုံး ရေး လာခဲ့ဘူးသည်။
ထိုစဉ်အခါက ဒေါ်ဒဂုန်ခင်ခင်လေးလည်း ပါခဲ့သည်ဟု ဆိုကြပါသည်။ ဇင်းကျိုက်တောင်ရိုးမှ စေတီတော် များတွင် ညဘက်မှာ သပ္ပါယ်၍ နေလေသော မီးချောင်းကြီးငယ်တို့မှာ ထိုအခါက တပ်ဆင် လှူဒါန်း သွားသော ကောင်းမှုတော်များပင် ဖြစ်သည်။
(မှတ်ချက်) ထိုအခါက မော်လမြိုင်မှ ခရုံဂူဘုရား၊ ခေါင်းဆေးကျွန်းဘုရားများကို ပြုပြင်လှူဒါန်းလို၍ တကြောင်း၊ ကျိုက်က္ခံမီရေလည်ဘုရားနှင့် သထုံဇင်းကျိုက်စသည်မှ ဘုရားများ ဖူးမျှော်၍ လှူဒါန်း ရန် ပေါ်လျှင် လှူဒါန်းပြုပြင်ရန် ကျမ၏စိတ်ဆန္ဒအရ ခရီးထွက်ခဲ့ခြင်းဖြစ်ရာ ရောနှောလိုက်ပါ၍ တဘက် တလမ်း မှ ကျမ မသိအောင် စည်းရုံးရေး လုပ်ကောင်းလုပ်မည် ထင်ပါသည်။ သို့ရာတွင် ကျမက နိုင်ငံရေး အလုပ် တွေကို ရှုပ်ရှုပ်ပွေပွေ လုပ်နေသည်ကို မကြိုက်၊ သတင်းစာ သမားပီပီ ကိုယ့်ဂုဏ်သိက္ခာနှင့် နေစေ လိုသည် ဟု အမြဲတားမြစ် ဟန့်တားထားချက် အရ ကျမရှေ့မှာတော့ ဗြောင်ကျကျ သိသိသာသာကြီး လုပ်သည် ကို မတွေ့ရပါ။
သို့နှင့် မိုးကြိုး ဦးအုန်းခင်တယောက် ဒေါ်ဒဂုန်ခင်ခင်လေးနှင့် ဟိုးလေးမကျော့တကျော်ကွဲကာ ရွာသာယာ ဇင်းကျိုက် သို့ စက်တင်ဘာလ (၁၉၆၀ခုနှစ်)အတွင်းက တပြန်ကျော့ရောက်ခဲ့သည်။
ဦးဏှောက်ခြောက် ၍ အပန်းဖြေခြင်းလော။ ကျောက်မိုင်းကိစ္စလာခဲ့ခြင်းလောဟု ရွာဇင်းကျိုက်က လူများ က မေးလာမြန်းလား ရှိသည် မရှိသည်တော့ တတ်အပ်သေချာမသိရပါ။ သိလာသည် ကတော့ ရွာကို ရောက်ပြီး တညတွင် သူနာပြုဆရာမလေး နော်အုန်းခင် က တည်းခိုရာဌာနသို့ လာရောက် ပြုစု ရသည် ဆို၏။
လူပျိုသိုးကလေး
ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>
Sunday, April 25, 2010
ရွှေစင်ဦး သိတဲ့ နောက်ဆုံးနေ့ များ အကြောင်း (၂)ဇာတ်သိမ်း
၃-၈-၁၉၉၄(၉-၁၀ နာရီ)
မနက် အိမ်က ထွက်လာတယ်..၊ ဆိုင်မှာ ဝင် .... စားသောက်ပြီး အိမ်ဘက်ထွက်လာတယ်..၊ ဆိုင် ကို တချက် ပြန်ကြည့်လိုက်တယ်..၊ စိတ်ထဲမှာ တမျိုးကြီး အရမ်းခြောက်သွေ့ ပြီး မသာယာ တဲ့ ခံစားချက် တမျိုး ကို ထူးထူး ခြားခြား ခံစား လိုက်ရတယ်...။
၃-၈-၁၉၉၄ (၁၁-၁၂ နာရီ)
အိမ်ရောက်တော့ မေ့မေ့ပျောက်ပျောက် ဟိုလုပ်ဒီလုပ် လုပ်နေတုန်း .. ယောက်က္ခမ အထီး ကြီး ရဲ့ သားကြီး ရေ ဆိုတဲ့ အသံကြားရတယ်...၊ ဖေဖေ အရင်ဦးအောင်ဆင်းသွားတယ်..၊ ကိုကြီး အပြင်ပြန်ထွက် သွားတယ်တဲ့..၊  အိမ်ရှေ့မှာဘဲ ယောက်က္ခမကြီး က ဖေဖေ ကို ဖက်ပြီး ကျနော် မိန်းမ မရှိတော့ ဘူး ကားမှောက်လို့ ဆုံးပြီတဲ့ လို့ ပြောရင်း မျက်ရည်ကြ ပါတယ်..။
အဲဒီမှာ ကျနော် လည်း ငိုပါတယ်...၊ နောက်ပြီး သူ့ ကို အိမ်  ပြန်လွှတ်ရင်း  ကျနော် ချစ်ချစ်ကြီး ကို ရှာပြီး လိုက်လာမယ် အိမ် က ဘဲ စောင့်ပါဆိုပြီး ပြန်ပို့ ပေးလိုက်ရပါတယ်...၊ နောက်တော့ တမြို့လုံး အနှံ သွားနေတဲ့ ချစ်ချစ်ကြီး ရှာပုံတော် ဖွင့်ရပါတယ်..၊ အိမ် ကို အရေးကြီးလို့ အမြန်လာပါဘဲ ပြောထား တယ်...၊ အားလုံး သွားတတ်တဲ့ နေရာတွေ ရှာဖွေပြီးတော့ အိမ်ကဘဲ ပြန်စောင့်ပါတယ်...။
ခဏနေ ချစ်ချစ်ကြီး ရောက်လာပါတယ်...၊ ကျနော် မပြောရက် ဘူး...မေမေ ကိုဘဲ ပြောခိုင်းရပါတယ်...၊ မေမေ ပြောလိုက်တယ်...၊ တည်တည် ငြိမ်ငြိမ် ပါဘဲ... ၊ ဖေဖေ စီသွားမယ်...၊ ဘာလုပ်ချင်လည်း တိုင်ပင် မယ် ပြောပြီး ကျနော်တို့ ၂ယောက် သူ့ ဖေဖေ စီသွားပြီး လိုက်ဘို့ရာ စီစဉ်ရပါတယ်...။
 ၃-၈-၁၉၉၄ (နေ့လည် ၂နာရီ)
ကား ငှားပြီး အားလုံး လိုက်သွားမယ်ဆိုပြီး ၂နာရီခွဲ လောက်မှာ မန္တလေး က စထွက်ပါတယ်.. လူ ၁၅-၂၀  လောက်ပါ တယ်..၊ ရှမ်းပြည် က အမျိုးတွေကလည်း ချက်ခြင်းထွက်လာမယ် တောင်ငူမှာ ဘဲ ဆုံကြ မယ်ပေါ့...။
ဘယ်လို ဖြစ်တာလည်း အကျိုးအကြောင်း ကို သေချာ မေးတော့ တောင်ငူအဝင် မှာ မိုးဖွဲဖွဲ ရွာနေတော့ သားအလတ်က ကားသမား မောင်းတာမြန်လို့ သူ မောင်းမယ်ဆိုပြီး မောင်းတယ်တဲ့ ဖြေးဖြေး ဘဲ မောင်းပါတယ် တဲ့ .. အဲဒီကြားထဲက ကားက စလစ်ဖြစ်ပြီး လဲသွားတယ် ပြောတယ်.. အားလုံး ကားပေါ်မှာ ၆ယောက် လောက် ပါတယ်.. ဘယ်သူမှ ဘာမှ မဖြစ်ပါဘူး.. ယောက်က္ခမကြီး တယောက်ဘဲ ဖြစ်သွား တာပါ.. သွေးတစက် မထွက်ပါဘူး နံရိုး ကျိုးပြီး အသဲမှာ စိုက်သွားတယ် ပြောတာဘဲ...၊ အပြင် ဒဏ်ရာ ဘာမှ မရှိပါဘူး...။
တောင်ငူ ဟိုဘက် မှာလည်း ရေကြီးနေတာပါ.. အဲဒီအချိန်က အညာဘက်မှာသာ မိုးမရွာပေမဲ့ အဲဒီဘက်မှာ ရေတွေကြီး မိုးတွေ တောက်လျှောက်ရွာ နေတာ ခရီးလမ်းပန်း မသာပါဘူး.. အဲဒါလည်း ကျနော်တို့ ရဲ့ ဗဟုသုတ နည်းမှု့ ပေါ့လေ...၊ နောက်ပိုင်းတော့  သူ့ သားငယ် ကတော့ သူ မသိလိုက်လို့ သူ သိရင် မေမေ မလိုက်လာရဘူး လမ်းခရီး မှ မသာယာ တာ ဆိုပြီး ပြောနေပါတယ်..။
ကျနော် တို့ သွားတဲ့ တလမ်းလုံးမှာ ချစ်ချစ်ကြီး ဟာ ကားပေါ်မှာ ထိုင်မနေနိုင်ပါဘူး.. စိတ်တအားစောပြီး .. ၊ ဟိုင်းလက် ကား နောက်ကနေ မတ်တပ်ရပ်လိုက်ပြီး ရှေ့ကိုဘဲ တောက်လျှောက် မျှော်ကြည့် လိုက်လာ ပါတယ်..၊ ထိုင်ခိုင်းလို့လည်း မရဘူး...၊  စကားလည်း မပြောပါဘူး..၊ ဖြစ်တဲ့ နေရာရောက်တော့ လည်း ကားကို ရပ်ခိုင်းပြီး လမ်းအနေအထား ကို သေချာ ကြည့်တယ်.. ၊ လမ်း ကဘယ်လို ဘဲ ဖြစ်ဖြစ်.... အားလုံး ဟာ ပြီးသွား ခဲ့ ပြီဘဲ....၊ အင်း .. စိတ်မကောင်း စရာတွေပါဘဲ...။
ကျနော် တို့ တောင်ငူမြို့ ကို ဝင်တော့ မိုးတော်တော် ချုပ်နေပါပြီ..၊ ဆေးရုံကိုဘဲ တန်းသွားပါတယ်...၊ ဆေးရုံ မှာ သားအလတ်နဲ့ သူ့သူငယ်ချင်းများက စောင့်နေပါတယ်...၊ ည ၁၂ နာရီလောက်ရှိ ပြီမို့ အိမ်ကို ဘဲ သွားကြရအောင် မနက်မှ ကြည့်တာပေါ့ လို့ ပြောပေမဲ့ အားလုံး က မြင်ချင်တယ် ဆိုတာနဲ့ ဆေးရုံ ရင်ခွဲတိုက် ကို ဖွင့်ပြီး ပြပါတယ်..။
တောင်ငူက မြို့ ကြီးပေမဲ့ အဲဒီအချိန်တုန်းက ရင်ခွဲရုံ လေးက သေးသေးလေးပါ.. ကျနော် တွေ့တဲ့ အတိုင်း ပြောရရင် .. ပထမဆုံး တံခါးဖွင့်လိုက်တော့ ရှေ့ဆုံး ကျောက်ခုံပေါ်မှာဘဲ အဝါရောင် ဝမ်းဆက် နဲ့ ပက်လက်ကလေး ကျနော့် ယောက်က္ခမကြီး ကိုတွေ့လိုက် တာပါဘဲ..၊ ဆံပင်တွေကလည်း ကျောက်ခုံ အောက်မှာ လွင့်နေပါတယ်..၊ အဲဒီကျောက်ခုံ ဘေး သမံသလင်း ခင်း ပေါ်မှာတော့ ယောက်ကျား ကြီး တယောက် တိုက်ပုံအဖြူနဲ့ .. ပက်လက် တလောင်း...၊ ဒုတိယ ကျောက်ခုံပေါ်မှာတော့ ကလေး လေး ၁၀ နှစ်လောက် ရှိမယ်ထင်တယ်...၊ အင်း မသာယာ စရာတွေပေါ့...။
အားလုံး ဟာ အိမ်က ထွက်သွားတာမှ တည နဲ့ တနေ့ ဘဲ ရှိသေးတယ်.. ဒီလိုမျိုး တွေ့ လိုက်ရတော့ အားလုံး ရင်ကွဲ ပက်လက် ပါဘဲ....၊ သနပ်ခါး တွေကလည်း ဖွေးလို့ပါဘဲ.. ခြေသဲနီလက်သဲနီ တွေ ကလည်း တစက် မပျက်သေးပါဘူး...၊ သွေး တစ မမြင်ရပါဘူး.. အပြင်က တိုက်လာတဲ့ လေအေး လေးကြောင့် ဆံပင်တွေ လွင့် သွားတာ မြင်ရတဲ့ အခါ အခုဘဲ ထလာတော့ မလိုလို တောင်ထင် ရပါတယ်.. ကျနော် ဆံပင်တွေ ပြန်သိမ်း ပေးပါတယ်...။
နောက်ဆုံးတော့ လည်း သူတခါ မှ မသိတဲ့ အသက်မရှိတဲ့ သူတွေကြားထဲမှာ နေခဲ့ ရတာပါဘဲလား..၊ ချစ်ချစ်ကြီး တို့ မိသားစု ရဲ့ ဘုရင်မ သား၃ယောက် သမီး ၁ယောက် မွေးထား ပြီး...၊ သားတွေ ကလည်း လိမ္မာ လိုက်ကြတာ သူတို့ မေမေ ကို ချစ်လိုက်ကြတာ.. သမီး က လည်း တယောက် ထဲ မွေးထားလို့ ဆိုးလိမ့်မယ် မထင်ပါနဲ့ အမေ ကို မျက်နှာ တချက် အညိုမခံပါဘူး..။
ယောက်ကျား ကဆိုရင်ကော နှစ်ပေါင်း ၄၀ လောက် ပေါင်းလာတဲ့ အိမ်ထောင် သက်မှာ သူ့ မိန်းမ စိတ်ညိုညင် အောင် တခါမှ ကို မလုပ်ခဲ့ဘူး... ကျနော် တို့ သိသလောက်တော့ ချစ်လိုက်တာ တုံနေ တာပါဘဲ...၊ အားလုံး ဟာ သူ့အမိန့် အတိုင်း လှုတ်ရှား နေခဲ့ကြတာ... အခုတော့ ဘာတွေ ဘယ်လို စီစဉ် ရမ လည်း ဆိုတာ ပြောမပေးနိုင် တော့ဘူး လား.. သြ... လောက.. လောက ဘ၀ စာမျက်နှာတွေ ဟာ ဒီလိုဘဲ ... တမျက်နှာပြီး တမျက်နှာ လှန် ရင်း နိဂုံး ကို ရောက် သွားရမှာ ပါလား...။
မိတ်ဆွေ သူငယ်ချင်း နဲ့ ဓလေ့ထုံးစံ တွေ အကြောင်း နဲနဲ ပြောချင်ပါတယ်...၊  ဒီလို ကား accident ဖြစ်ပြီး တဲ့ အချိန် မှာ သူ့ သားအလတ်ဟာ တကယ့်  တစိမ်းတရံ မြို့ ကြီး မှာ ဖြစ်နေတာပါ.. သူ့မှာ ဘာအားကိုး ရာမှ မရှိတော့ သူ ပြန်စဉ်းစားလိုက်တော့ သူနဲ့ အတူ မော်လမြိုင်  တက္ကသိုလ် (အဏ္ဏာဝါ ဇီဝဗေဒ ပထမ အသုတ်) မှာ အတူတူ တက်ခဲ့တဲ့ သူငယ်ချင်း တယောက် ကို သွားသတိရလိုက်တယ် တဲ့..။
သစ်စက် ထောင်တာ အမှတ်ရတယ်... အဲဒါနဲ့ မေးစမ်း ကြည့်ပြီး သူငယ်ချင်း နဲ့ ဆက်မိသွားတယ်.. ၊ သူငယ်ချင်း နဲ့ မိဘ မောင်နှမ တစု ဟာ လိုလေသေး မရှိ ကူညီ ခဲ့ ကြပါတယ်.. သူတို့ အိမ်မှာ ဘဲ အားလုံး တည်းခိုစေကာ accident ဖြစ်တဲ့ ကားကိုလည်း သူတို့ အိမ်ဝန်းထဲမှာဘဲ တောက်လျှောက် ထားခဲ့ ပါတယ်..။
အသုဘ ကိစ္စ တွေကိုလည်း ရက်လည် ဆွမ်းသွတ်တဲ့ အထိ .. ၊ အဲဒီအိမ် ကနေဘဲ အကုန် စီစဉ်ပေး ခဲ့ပါတယ်..၊ တော်ရုံ မြန်မာ လူမျိုးတွေ ဆိုရင် မဟုတ်တဲ့ အယူအဆ တွေကြောင့် အပူသည် မိသားစု တစုဟာ မျက်နှာစိမ်း မြို့ တမြို့မှာ တော်တော် ဒုက္ခရောက်မှာပါ.. အခုတော့ သူတို့ ကိုယ်တိုင်လည်း ဒီလို အစွဲ တွေ မရှိဘဲ တကယ့် ကိုယ်ချင်းစာ တရားနဲ့ လုပ်ကိုင်ပေးခဲ့ကြပါတယ်.. ၊ တကယ့် ကို ရှားပါး မိသားစု တွေပါဘဲ...။
ချစ်ချစ်ကြီး ရဲ့ ဖေဖေ ကလည်း ကျေးဇူးတင်လွန်းလို့ ဒီမိသားစု တစု လုံး ကို ကျေးဇူးရှင် များ အဖြစ် သတ်မှတ် ထားပါ.. သူငယ်ချင်း မိဘ များကိုလည်း မိဘ နဲ့ တဂိုဏ်းထဲ ထားပါဆိုပြီး သေချာ ဆုံးမ ခဲ့ပါတယ်...၊ အခုထိ လည်း ကျနော် တို့ အားလုံး ဟာ သူတို့ ကျေဇူးတရား ကို မမေ့လျှော့ခဲ့ပါဘူး.. ။
၅-၈-၁၉၉၄ (၁၁ နာရီ)
ဆွေမျိုးတွေ အားလုံးစုံပြီဖြစ်တဲ့ အတွက် ဖြစ်ပြီး ၂ ရက်ကြာ တဲ့ အချိန် မှာ ဘဲ အသုဘ ချဘို့ ပြင်ဆင် ပါတယ်..၊ တောင်ငူ ဆည်မြှောင်းရုံးက မိသားစု တွေအားလုံးနဲ့ ကျေးဇူးရှင်မိသားစု မျက်နှာ နဲ့ အားလုံးဟာ စည်စည် ကားကား သိုက်သိုက်ဝန်းဝန်း ပါဘဲ..၊ ဂူသွင်း မလား မီး သင်္ဂြုလ် မလား.. ချစ်ချစ်ကြီး ကဘဲ ဆုံးဖြတ် ပေး လိုက်ပါတယ်.. အားလုံး အစွဲအလန်း တွေဖြစ်နေမှာ စိုးလို့ မီးသင်္ဂြုလ် ပြီး ထားခဲ့ ကြပါတော့ တဲ့ မေမေ ဆိုတာ မရှိတော့ ပါဘူး...၊ အားလုံး မစွဲလန်း ပါတော့ နဲ့ ဆိုပြီး ကျနော် တို့ အားလုံး ဟာ ချစ်သော မိသားစု ၀င် တဦး ကို တစိမ်းမြေ  မှာ ထားခဲ့ ရပါပေါ့....။
အားလုံး အတွက် ပန်ကြားချက်
ကျနော် နဲ့ ချစ်ချစ်ကြီး မှာ သားသမီး အရင်း မရှိပါဘူး သားသမီး မယူတာပါ ကျနော် တို့ ၂ယောက် ရဲ့ တူညီသော အယူအဆ တခုကြောင့်ပါ.. ကျနော် တို့ ကိုယ်တိုင်တောင် ဒုက္ခသစ္စာ တခု ကတောင် မလွတ် မြောက်နိုင် သေးတဲ့ အတွက် လူဖြစ် ရတဲ့ ဆင်းရဲ ခြင်းတွေ ကို ရင်ဆိုင်နေရတဲ့ အချိန်မှာ .....၊ ကျနော် တို့ ၂ယောက် ရဲ့ ပယောဂကြောင့်  ရလာမဲ့ သားသမီး တွေ နောက်ထပ် သံသရာ (ဝဋ်ဆင်းရဲခြင်း) တပတ် မလည်  စေချင် လို့ပါဘဲ.. ၊ ဒါက ကျနော် တို့ ရဲ့ အယူအဆ ပါ.. အားလုံးဘဲ ကိုယ့်စိတ်ကြိုက် ယူဆနိုင်ပါတယ်.. ကြိုက်သလို ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်...။
ကျနော်တို့ ၂ယောက် ဟာ အဲဒီ အယူအဆကြောင့် သားသမီး မယူခဲ့ပေမဲ့ .. ယောက်က္ခမကြီး ကတော့ တအား မြေးယူချင်ပါတယ်.. ကျနော် တို့ သူ့ ဆန္ဒကို မဖြည့်နိုင်ခဲ့ပါဘူး... ချစ်ချစ်ကြီး ရဲ့ ညီအလတ် ဟာ သူ့ မေမေ ဆုံးပြီး မှ မင်္ဂလာ ဆောင်ပါတယ် .. ယောက်ကျားလေး မြေးဦး လေး မွေးဖွားပါတယ်..။
ကျနော် နဲ့ ချစ်ချစ်ကြီး ရဲ့ အသဲကျော်ပါ.. ကျနော့် မွေးစားသားလေး ပေါ့ ...၁၁ ရက်သား ကလေး ကထဲက နို့ဘူး လေး နဲ့ ကျနော် သွားလေရာ ကို ခေါ်သွားပါတယ်... အခုတော့ လူပျိုပေါက်စ လေး ဖြစ်နေ ပါပြီ.. (ခေါ်ချင်သူများ ကျနော်အား ယောက်က္ခမ ကြီး ခေါ်နိုင်ပါတယ်) ၊ သူ ဟာ သူ့အဖွား အကြောင်း တွေ မသိပါဘူး.. သူ့အဖွားသာ ရှိခဲ့ရင်တော့ သူ့ကို ချစ်လို့ ဝမှာ မဟုတ်ပါဘူး..။
ဒါကြောင့် ကျနော် တတ်နိုင်သလောက် သူ့အဖွား အကြောင်းတွေ သိစေချင်လို့လည်း ဒီပို့စ် လေးကို ရေးခဲ့တာပါ...၊ တကယ်လို့ များ စာဖတ်သူများ စိတ်နှလုံး မချမ်းမြေ့ဘူး ဆိုရင်တော့ ခွင့်လွှတ်ပါ.... အားလုံး ကို ကျေးဇူးတင်ပါတယ်....။
အားလုံးအားလေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>
ဒဂုန်ခင်ခင်လေး နှစ်ပေါင်း (၆၀) အပိုင်း (၈၇)
တနင်္သာရီနေ့စဉ် မျက်နှာဖုံးသတင်း
ရန်ကုန်သတင်းစာများက ၀ိုင်းဝန်းညှာတာလျက် သူ့လို ပက်ပက် စက်စက် သူတပါး အရှက်ရ မည့် အညှီ အဟောက် သတင်းမျိုးကို ဖေါ်ပြခြင်း မပြုကြဘဲ သတင်းကို ထိန်ချန် လျှို့ဝှက်ထားပေးကြပါ သည်။ သို့သော် အချင်းချင်းတွေ့ရာမှာ ကြိတ်ဝိုင်းဖွဲ့၍ ပါးစပ်သတင်းကြီးနေချိန်မှာ မော်လမြိုင်မြို့မှ တနင်္သာရီ သတင်းစာ ကနေပြီး အစပြု၍ ဖေါ်လိုက်ပါသည်။ သတင်းမှာတော့ ရန်ကုန်မြို့ပေါ်မှာ သတင်းစာ တိုက်တတိုက် က မော်လမြိုင်မြို့ တနင်္သာရီသတင်းစာတိုက်နှင့် ဆက်သွယ်ထားသော သတင်းထောက် များက ပေးပို့လိုက်သော သတင်း ဖြစ်သည်ဟု သိရပါသည်။ ရန်ကုန်ထုတ် သတင်းစာတွင် မထည့်ဘဲ မော်လမြိုင် ထုတ် သတင်းစာတိုက်သို့ နယ်လွှဲလိုက်ခြင်း ဖြစ်ပါသည်။
ထိုသတင်းအစကို ၁၉၆၀-ခု အောက်တိုဘာလ ၁၆ရက်နေ့ထုတ် တနင်္သာရီသတင်းစာ မျက်နှာဖုံး တွင် စာလုံး မဲမဲကြီးတွေ ခေါင်းစီးပြုလျက် ပါရှိလာပါသည်။ ခေါင်းစီး စာသားမှာတော့ (ဗမာ့ခေတ်၏ နန်းတွင်း ရေး အကွဲ ဇာတ်လမ်း)ဟု တကြောင်းတပ်၍ ဒုတိယ ခေါင်းစီး စာလုံးမဲကြီးမှာ (မိုးကြိုးကြီး တို့ ထွက်တော်မူ တိုက်ကခွာ ဟု ပါရှိပါသည်။ ရန်ကနု အထူးသတင်းထောက်ထံမှ ဆိုပြီး အပို ခေါင်းစဉ် စာလုံးမဲ ကလေးများနှင့် လည်း ဤသို့ အဆစ်ပါလာလေသေးသည်။
သာဗိန္ဒ နှင့် ဒေါ်မြညွန့်တို့ ကိစ္စတွင် ၀က်ဝက်ကွဲအောင် ရေးသားခဲ့သော ဗမာ့ခေတ် သတင်းစာတိုက် ပိုင်ရှင် ဦးအုန်းခင် နှင့် ဒဂုန်ခင်ခင်လေး တို့မှာ အိမ်ထောင်ရေး အဆင်မပြေသည့်အတွက် လင်မယား ချင်း ကွာရှင်း ပြတ်စဲ လိုက်ပြီဆို၏။
ယင်းခေါင်းစဉ် စာလုံးမဲကလေးများ အောက်မှ သူတို့ ရရှိသမျှ သတင်းများကို အောက်ပါအတိုင်း ဖေါ်ပြ ထားပါသည်။
ထိုသို့ လင်မယားကွာရှင်း ပြတ်စဲရာတွင် ဗမာ့ခေတ် သတင်းစာတိုက်ကို ဒဂုန်ခင်ခင်လေး ရရှိပြီး ဦးအုန်းခင် မှာ အိမ်ပေါ်မှ ဆင်းပေးရသဖြင့် သိမ်ဖြူလမ်းရှိ မိုးကြိုးကုမ္ပဏီတွင် သွားရောက် နေထိုင် သည်။ ဗမာ့ခေတ် သတင်းစာ ကို ဒဂုန်ခင်ခင်လေးက ရရှိလိုက်သည့်အတွက် ဦးအုန်းခင် တပည့်  ဖြစ်သော အယ်ဒီတာနှင့် မန်နေဂျာ တို့ကို အလုပ်မှ ဖြုတ်လိုက်ပြီး လူစားခန့် ၍ ဗမာ့ခေတ်ကို ဆက်လက် ထုတ်ဝေနေသည်။
ဦးအုန်းခင် ကလည်း အလုပ်ဖြုတ်ခံရသော ၎င်း၏တပည့်ဟောင်းများနှင့် ပြန်လည်စုပေါင်းကာ သတင်းစာ တစောင် ထုတ်ဝေရန် စီမံစိုင်းပြင်းနေပြီဖြစ်ရာ မကြာမီ ထုတ်ဝေနိုင်တော့မည် ဆို၏။ ၄င်းတို့ ထုတ်ဝေရန် စိုင်းပြင်း လျက်ရှိသော သတင်းစာ အမည်မှာမူ ရွေးချယ်ဆဲဟု ဆိုသည်။ ၄င်း သတင်းစာ အမည်ကို မကြာမီ သတင်းစာ များမှ ကျေညာမည်ဟုဆို၏။
စသည်ဖြင့် ရေးသားဖေါ်ပြပါရှိလာသည်။ ရန်ကုန်မြို့ပေါ်က သတင်းစာတွေမှာ မပါဘဲ အဝေးက သတင်းစာ ၌ပါလာမှ အချို့တဆင့် စကား တဆင့်ကြား၍ ပြန့်ပွားသွားသည်။ သိလိုသူများက တနင်္သာရီသတင်းစာကို မရမက ရှာမေးဖတ်ကြသည်။ တနင်္သာရီသတင်းစာမှလည်း ရန်ကုနိသု့ များ များမရောက်လာ။ မော်လမြိုင်၊ သထုံ၊ အဆက်ရှိသော သူများနှင့် အသင်းသားများထံ၌သာ အများအားဖြင့် ရရှိကြပါသည်။ ထိုသတင်းစာ ကို ကျမ ရရှိသည်မှာ မော်လမြိုင် ဗမာ့ခေတ် သတင်းစာကိယ်စားလည်က ဗမာ့ခေတ်သတင်းစာတိုက်သို့ တကူးတက ပို့လိုက်၍ ရရှိခြင်း ဖြစ်ပါ သည်။ ကိုယ်စားလည်က ပို့လိုက်ခြင်းမှာလည်း မမှန်သတင်းဟု ယူဆ ပြီး တိုက်ရှင်ဟောင်းကြီးကို ကြည်ညိုသူ အထင်ကြီးသူဖြစ်၍ မဟုတ်မမှန်ပါက အရေးယူရန် တရားစွဲရန် အကြံပေး စာပင် ပူးတွဲ ရေးပို့လိုက်ပါသေးသည်။
၎င်း  တနင်္သာရီသတင်းစာက ဈေးဦးပေါက် ပါလာရာ၌ မူရင်း သတင်းများမှာ မှန်ကန်သော်လည်း အယ်ဒီတာ ထုတ်ပစ်ခြင်း ဆိုသည်မှာ မမှန်ပါ၊ အယ်ဒီတာက သူ့အလိုလျောက် အယ်ဒီတာ အချင်းချင်း အဆင်မပြေ မှုကြောင့် နှုတ်ထွက်သွားခြင်း ဖြစ်ပါသည်။ သတင်းစာခေါင်းကြီးပိုင်း အပေါ်မှ ထုံးစံအတိုင်း ထည့် နေကျ စာရင်းကိုတော့ ကွာရှင်းပြီးစကပင် ဖြုတ်ချထားလိုက်ပြီး တာဝန်ခံ အယ်ဒီတာ မောင်သန်းညွန့်် အမည်ကို သတင်းစာကျောဘက်၌ ပုံနှိပ်ထုတ်ဝေသူ ဦးကိုလေးအမည်နှင့် ပူးတွဲ ထည့်ထား လျက် ရှိပါသည်။ အယ်ဒီတာမောင်သန်းညွန့် နှုတ်ထွက်သွားသောအချိန်မှ သူ့အမည် ကို မထည့်ဘဲ တားခဲ့ခြင်းဖြစ်ပါသည်။ မန်နေဂျာထုတ်ပစ်ရ သည်မှာတော့ သတင်းစာတွေမှာကျေညာချက်နှင့် ထုတ်ပစ် ခဲ့ရခြင်းဖြစ်၍ ရှင်းနေပြီးသား ဖြစ်ပါသည်။
သို့ရာတွင် သူ့လူဟူသောသဘော သေးနုတ်သည့် အပြုအမူမျိုးနှင့် ထုတ်ပစ်ခြင်း မဟုတ်ပါ။ စင်စစ် အားဖြင့် ထုတ်ပြစ်ရသော မန်နေဂျာမှာ ကျမ၏ မောင်နှစ်ဝမ်းကွဲ တော်စပ်ပြီး ၄င်းတို့မောင်နှမသားချင်း တစုလုံး အား ကျမက ကြည့်ရှုစောင့်ရှောက်ထားခဲ့သူများ ဖြစ်ပါသည်။ မန်နေဂျာ၏ တဘက်သတ် မတရား အလိုတော်ကျလုပ်၍ ကိစ္စအရှုပ်တို့ကိုဖုံးအုပ်ပေးခဲ့ခြင်း၊ ငွေရေး, ကြေးရေးများကို တပါးကျွန်သဘွယ် ဖလှယ်ပေးခဲ့ခြင်း၊ သတင်းစာတိုက် အလုပ်ကြီးတခုလုံးကိုပင် ကျမနာမည်တိတ်တဆိတ်ဖြုတ်ချ၍ သူ့အမည် သွင်းပေးကာ မျှနှင့် စာချုပ်လိမ်မှာ ကြံရာပါပြုခဲ့ခြင်းစ သော အပြစ်ကြီးများကြောင့် အပြစ်များ လှသည့် အလျောက် ထုတ်ပစ်ခဲ့ရခြင်းဖြစ်ပါသည်။
ဤမျှ ကျေးဇူးပြုထားခဲ့သော အမအပေါ်၌ တော်လှန်ခြင်း၊ ကျေးစွပ်ခြင်း၊ မဖြောင့်မတရားပြုခြင်းများက အထင် အရှား ရှိနေသူဖြစ်ပါသည်။
မဟာဗောဓိ တန်ဆောင်းကြီးကိစ္စ နောက်ကိစ္စတခုကလည်း ရွှေတိဂုံစေတီတော်ယင်ပြင်ရှိ မဟာဗောဓိ တန်ဆောင်း ကြီးနှင့် ပတ်သက် ၍ တီးတိုးစကားပေါ်လာပြန်ပါသည်။ ကျမဆောက်လုပ်သည့် အဆိုပါ တန်ဆောင်းကြီးမှာ ပြီးစီး လှုနီး ဖြစ်နေပါပြီ။ ရွှေစာလုံးကြီးများနှင့် အလှူရှင် နာမည်တွေပင် တတ်ဆင် ပြီးစီး နေပါပြီ။ အသေးစိတ် မွမ်းမံ ချယ်လှယ်ခြင်း၊ ဆင်းတုတော်များ ရွှေချ၍ ပြီးသောအခါ လာမည့် တပေါင်း လဆန်း ကျမ မွေးလ မွေးရက် မွေးနေ့ ကြုံသောရက်မှာ ရေစက်ချရန် ရည်မှန်းထားပြီးသား ဖြစ်ပါ သည်။
တန်ဆောင်းကြီး ရေစက်ချရမှီ ကွာရှင်း ပြတ်စဲသွားပြီဖြစ်၍ ကျမတဦးတည်းသာ ရေစက်ချ ရပါမည်။ ဤ တန်ဆောင်းကြီးကို ဆောက်လုပ် လှူဒါန်းသည်မှာလည်း ကျမစေတနာအရ၊ ကျမ သုံးစွဲ ၀တ်ဆင်သော စိန်ထည် များ ရောင်းချ ရေစက် သွန်းလျက် စင်ကြယ် မွန်မြတ်သော စေတနာ နှင့် ဆောက်လုပ် လှူဒါန်း ခြင်း ဖြစ်ပါသည်။ တန်ဆောင်းကြီး ပြီးစီးသည်အထိ ကျမသာလျှင် ကုန်းတော်ပေါ်သို့ အမြဲသွား၍ ကျမ စိတ်ကြိုက် ကြည့်ရှုစီမံခဲ့ပါသည်။
ကျမတဦးတည်းသာ မကြာ ခဏလာ၍ တန်ဆောင်းကို ကြီးကြပ် ဆောက်လုပ်သည်။ ငွေရေး၊ ကြေးရေး ပေးစရာ ရှိလျှင်လည်း ကျမတဦးတည်းသာ နယ်သာလင် ဘဏ်တိုက်၌ သီးသန့်အပ်ထားသော အလှူငွေ စာရင်းမှ ချက်လက်မှတ်များနှင့် အရစ်ကျ ငွေထုတ်၍ တာဝန်ယူပေးချေလျက် ရှိပါသည်။ ထိုတန်ဆောင်း ကြီး အား တနှစ်ကြာမျှ မေတ္တာနှင့် စီမံတည်ဆောက်ပေးသော ကန်ထရိုက်တာကြီး ဦးနီကိုယ်တိုင် အသိ ဖြစ်ပါ သည်။ ကန်ထရိုက်စံနစ်အရ အရစ်ကျ ဦးနီသို့ ပေးချေခဲ့သမျှ ငွေများသည် မဟာဗောဓိ တန်ဆောင်း ကြီး ပြီးစီးသည်အထိ ငွေပေါင်းတသိန်းကျော်ခဲ့ရာ ကျမအမည်နှင့် သီးသန့်ထားသော နယ်သာလင် ဘဏ်စာရင်း မှ ငွေများသာ ဖြစ်၍ ဦးနီသို့ ပေးသမျှ ချက်လက်မှတ်များမှာလည်း ကျမ အမည် လက်မှတ် နှင့်ချည်းသာ ဖြစ်ပါသည်။ ကျမထံတွင် ကျန်ရှိနေသော ချက်လက်မှတ်စာအုပ်၏ လက်ခံဖြတ်ပိုင်း များမှာလည်း အရစ်ကျများနှင့်တကွ ယနေ့အထိ ရှိနေပါသည်။ ဗမာ့ခေတ် အလုပ်တိုက်မှ ဘဏ်ငွေ စာရင်း များနှင့် တခြားစီ ဖြစ်ပါသည်။
ထို့ကြောင့် တပေါင်းလဆန်းတွင် ရေစက် ချရာ၌ ကျမတဦးတည်း ရေစက်ချရမည်။ ကွာရှင်းပြီး ကြ၍ နှစ်ယောက်ရေစက်ချရန် မဟုတ်၍ နှစ်ယောက်နာမည်ပါသော စာလုံးများကိုလည်း မလိုတော့သောကြောင့် ရေစက်မချမှီ နှစ်ဦးနာမည်ကို ဖြုတ်ခါ ကျမတဦးတည်း အမည်ကိုသာလျှင် ပြုပြင် တပ်ဆင်ပေးရန် စီမံ ရပါသည်။ ယခင်က ဗမာပြည် အရပ်ရပ်၌ လှူခဲ့တန်းခဲ့သမျှ ရေစက်ချ ခဲ့သမျှတို့မှာ ကျမပိုင် ပစ္စည်းတွေနှင့် ကျမသဘောကျ လှူခဲ့သော်လည်း တသီးတခြား မခွဲပါ။ သူ့စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ နှစ်ဦးနာမည်တွေနှင့်ချည်း ကမ္ဗည်းဆိုင်းဘုတ် တင်ထားခဲ့ပါသည်။ ရေစက်ချပြီးသော ကမ္ဗည်း ဆိုင်းဘုတ် ဟောင်းများ ကို ဖြုတ်ချ ပြင်ဆင်ခြင်း တခုမျှ မပြုခဲ့ပါ။ ယခု မဟာဗောဓိ တန်ဆောင်းသစ်ကြီးမှာတော့ ရေစက် မချရသေး၍ ကမ္ဗည်းဆိုင်း ဘုတ်ကို ပြုပြင်စေခြင်း ဖြစ်ပါသည်။
အခြား အကြောင်းတခုကလည်း သံသရာ၌ အလွန်အရေးကြီးသည်ဟု ယူဆမိသော အကြောင်း တစ်ခု ရှိပါသည်။ ကျမသည် ဗုဒ္ဓဘာသာ ပီပီသသ ဖြစ်ကြသော ဘေးဘိုးမိဘတို့မှ ဆင်းသက်လာ ခဲ့သူ ဖြစ်သည့် အတိုင်း ဘာသာရေး ကိုင်းရှိုင်းရာ၌ ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို အထူးသက်ဝင် ယုံကြည်ခဲ့သည်။ ပိဋကတ် ကို ထုံးလိုချေ ရေလိုနှောက်ခဲ့သော ပိဋကတ်တော် အုပ်မိုင်းခိုင်း မြို့စား အတွင်းဝန်မင်းမှာ ဘေး ဖြစ်၍ တောင်ခွင်သာသနာပိုင် ဆရာတော်မှာ ဘိုးဖြစ်သည်။ ထို့ကြောင့် ကုသိုလ်၊ အကုသိုလ်ကို ငယ်စဉ် ကပင် ခွဲခြားသိလာသူ ဖြစ်သည့်အတိုင်း နိဗ္ဗာန်မဂ်ဖိုလ်ကို ရည်မှန်းလျက် တတ်အားသမျှ စင်ကြယ် မွန်မြတ်စွာ သံသရာကို ယုံကြည်စွာနှင့် လှူဒါန်းခဲ့ခြင်း ဖြစ် ပါသည်။ အပါယ်ငရသွားရမှာ ကြောက်ရွံ့သည်။ နိဗ္ဗာန် မဂ်ဖိုလ် မရောက်မှီကြားကလာတို့မှာ သံသရာခရီးရှောက်ရာတွင် အပါယ်ငရဲသို့ မ၀င်ရလို၊ အပါယ် တံခါးပိတ် လိုသည်။ တစတစ မြင့်တက်၍ အရဟတ္တ မဂ်ဖိုလ်လမ်းသို့သာ ရည်မှန်းလာခဲ့သူ ဖြစ်ပါသည်။
ငယ်စဉ်က ယနေ့အထိ မိမိပြုခဲ့သမျှ တတ်အားသမျှသော ဒါန၊ သီလ၊ ဘာဝနာ စသည်တို့ကို ၀ိပဿနာ တင်လျက် ပြန်လည် ဆင်ခြင်သုံးသပ်ချက်ပြုသောအခါလည်း နိဗ္ဗာန်မရမှီ ဘ၀သံသရာ ခရီးတလျှောက် တွင် ကျင်လည်ရာ၌ အကုသိုလ်တွေပြုခဲ့သူတို့ သွားမြဲလမ်းသို့ဖြင့် ဦးဆောက်ဂျွမ်း ပြန် ကျဆင်းရန်မရှိဟု ယုံကြည် မိသည်။ ဤဂျွမ်းပြန် ကျဆင်းရန်မရှိဟု ယုံကြည်မိသည်။ ဤယုံကြည်ချက်မှာ ဗုဒ္ဓဘာသာဝင် အစစ် အမှန် တို့၌ ဖြစ်ပေါ်မြဲသော ယုံကြည်မှုသာလျှင် ဖြစ်ပါ သည်။ ငါးပါးသီလ စသည်တို့ကို လုံခြုံစွာ ထိန်းနိုင်သူ၊ ကံငါးပါးတို့၌ ကျူးလွန် လွဲမှားမှု မရှိခဲ့သူ၊ အကုသိုလ် ဒုစရိုက်အလုပ် ပါ ဏာတိပါတကံ အဒိန္နဒါနကံ၊ မုသာဝါဒကံ စသော သူ့အသက်သတ် ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ မုသားစကားဆိုခြင်းတို့ဖြင့် မကင်း သော အသက်မွေးဝမ်းကျောင်း မပြုခဲ့ သူတို့သည် ကျမလိုဘဲ ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို ယုံမှတ် ကိုးကွယ် သူများ မှန်လျှင် ဤအတိုင်း သာ သံသရာ ခရီးတလျှောက်မိမိသွားရမည့်လမ်းမှာ သာယာ ဖြောင့်ဖြူး ခြင်း ရှိလိမ့်မည်ဟု ယုံကြည် စိတ်ချကြမည် မလွဲပါ။
သို့ကြောင့် ပြုခဲ့ပြီးသော ရေစက်ချခဲ့ပြီးသော အလှူများ၌ ပြင်ဆင်၍ မရတော့သော်လည်း ယခု မဟာဗောဓိ တန်ဆောင်းတော် သစ်ကြီး ရေစက်ချရာ၌ တလမ်းစီသွားရတော့မည့် လူချင်း ဖြစ်ကြောင်း ယခုမှ ကောင်းစွာ နားလည် သိရှိခဲ့သောကြောင့်လည်း ရေနှင့်မီးကဲ့သို့ ပူးတွဲမရ သည့် သဘောအတိုင်း ဖြစ်နေ ပါသည်။
ဗုဒ္ဓဘာသာ ဆိုသော်လည်း အပရိကသာ အမည်ခံလျက် သက်မွေး ၀မ်းကျောင်းကလည်း၊ အကုသိုလ်နှင့် ရင်းနှီးကြီးပြင်းခဲ့ရသော အဆက်အနွယ်နှင့် အကုသိုလ် ပတ်ဝန်းကျင်မှ လူဖြစ်လာရသည်။ ငါးပါးသီလကိုမှ အလွတ် မရ၊ ကံငါးပါးကို မစောင့်စည်းနိုင်၊ မရိုးမသား သူတပါးပစ္စည်းလိမ်းကောက်ခိုးယူခြင်း၊ ကိုယ့်ပစ္စည်း ကို ပြန်ခိုးယူခြင်း၊ သေရည် သောက်ခြင်း၊ မုသားပြောခြင်း၊ ကာမေသုခြင်းစသော ကုသိုလ်၊ အကုသိုလ်ကိုလည်း ယုံကြည် လေးစားခဲ့သူ မဟုတ်၍ လွယ်လွယ်နှင့် ကျူးလွန်ခဲ့ပြီး သံသရာခရီး၌ ကြီးလေးသော အကုသိုလ် ၀န်ထုပ် ၀န်ပိုးကြီးတွေ အကြွေးတွေကို ထမ်းဆောင် ပေးချေနေရဦးမည့် လူတဦး တယောက်အား ဘ၀တလျှောက်မှာ အလှူရေစက်ကြောင့် ရေစက်ပါနေရဦးမှာ အထူးသဖြင့် ကြောက်ရွံ့ ထိတ်လန့် မိပါသည်။ ကျမသည် ဗုဒ္ဓဘာသာပီပီ ဗုဒ္ဓမြတ်စွာဘုရား၏ တရားတော်ကို သက်ဝင် ယုံကြည်သူ ပီပီ ဤအချက်ကို လေးလေးနက်နက် ကြောက်ရွံ့မိခြင်း ဖြစ်ပါသည်။ သူဌေးသား လေးယောက် ၏ သာဓက ကို သိရှိကြလျှင် ဘုရားတဆူနှင့်တဆူ ပွင့်တော်မူသည့်အကြား၌ ဆီပူအိုးမှ ဘွားကနဲ တကြိမ် သာပေါ်၍ -ဒု-သ-န-သော-ဟု တခွန်းစီသာ အော်နိုင်လျက် ပြန်မြှုပ်သွားရသည်ဆိုသော ကျမ်းဂန် အထောက် အထားမှာ သူတပါး မယားတွေချည်းလိုက်၍ ပျော်ပါးသာယာနေတတ်သော သူ့တော် သလင်းမျိုး အတွက် ရယ်စရာ ပုံပြင်တခုဟုသာ မှတ်ထင်နေစေကာမူ အကုသိုလ် ကျူးလွန် ဘို့ ဟီရိသြတ္တပ္ပ တရား စောင့်စည်းသူတို့မှာ သံသရာ၌ပေးဆပ်ရန် ကြွေးထုပ်ကြီးကို ထမ်းပိုးနေရ သည်ဟု မြင်နေပါသည်။
အောက်လမ်းသွားအထူးခရီးသည်
သို့ကြောင့် ရှင်းရှင်းရေးရလျှင် အထက်သို့ တက်မည့်သူနှင့် အောက်သို့ ဆင်းမည့်သူဟူ၍ ခွဲခြား သတ်မှတ် ထားလိုက်ပြီး ရေစက်မချရသေးသော မဟာဗောဓိတန်ဆောင်းမှ နာမည်ကို ဖြုတ်ချ ပစ်လိုက်ခြင်းဖြစ်ရာ၊ တလမ်း သွားကို လိုလားသူ တချို့က ကျမကို ခလေးဆန်ဆန်လုပ်သည်ဟု ထင်သည်၊ ပြောကြသည်။ သို့ရာတွင် ကျမအယူအဆက ခရီးတလျှောက်၌ အောက်လမ်းသို့ အထူး ခရီးသည်အဖြစ် သွားမည့် လူနှင့် ပြတ်ပြတ် သားသား လမ်းခွဲခြားလိုက်ခြင်း၊ လေးလေးနက်နက်ကို သက်ဝင်ယုံကြည်သူတဦးအဖြစ်နှင့် ပြုပြင် လိုက်ရခြင်းသာ ဖြစ်ပါသည်။
ဣတ္တိယသိုက် ကာမ ကန်ထရိုက် ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>